မာတိကာသို့ ခုန်သွားရန်

ကဗျာဥယျာဉ်

ဝီကီရင်းမြစ် မှ

ကဗျာဥယျာဉ်

ဓမ္မစကူးလ် (Dhamma School)

နံနက်ခင်းမှာ နေခြည်လင်းတော့
ဓမ္မစကူးလ်ကို သွားကြမယ်။
မောင်လည်း လိုက်မယ်၊ ချန်မထားနဲ့
မမသွားတော့ ပျင်းလှတယ်။

ဓမ္မစကူးလ်မှာ ဗုဒ္ဓဝင်နဲ့
ဘုရားအဆုံးအမ နာယူမယ်။
ဗုဒ္ဓဘာသာ တကယ်ဖြစ်ဖို့
ဘုရားစကား နားထောင်ကွယ်။

ဓမ္မစကား ကြားဖန်များတော့
နှလုံးသားမှာ ဘုရားတည်။
နှလုံးသားမှာ ဘုရားကိန်းတော့
လိမ္မာယဉ်ကျေး လာကြမယ်။
သွားကြမယ်၊ သွားကြမယ်။

ဦးတည်ချက်

ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်
ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့
ငါပါအသက် ဆုံးစေမည်
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။

သဗ္ဗညုဉာဏ်တော်စွမ်းအင် သုံးပါး

သိရန်မှန်က မကျန်ရအောင်
လုံးဝစုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

သိသည့်တရား များအပြား၌
ဟောထားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣန္ဒြေစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန်စံသည့်တိုင်အောင်
သယ်ယူဆောင် ဘုန်းခေါင် ငါတို့ ဘုရားတည်း။

ပညာရှာပါ

ငယ်စဉ်အခါ သင်ပါကွဲ့စာများ
မသင်ချင် တကယ်ပျင်းလျှင် ဖျင်းလိမ့်မှတ်သား။
ဖျင်းတဲ့သူ၊ မတူဘူး လူချင်း
ဆင်းရဲစွာ နေထိုင်ရမယ်၊ လောကအတွင်း။
ချမ်းသာလို စာကိုတဲ့ အမြဲ
တတ်ပညာ တန်းကုန်ထိုက်အောင် အားစိုက်လို့ခဲ။
ပညာဉာဏ်မြတ်ရွှေအိုးကို ခိုးဖို့ခက်ခဲ။

လေ့လာပါ

ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူတွေ ဟောညွှန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြမည်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။
ရွတ်သော်ရန်စွယ် အန္တရာယ်ကင်းလို့ ကောင်းခြင်းသုခ ရလိမ့်မည်။
အကျိုးနှင့်ကံ ဝေဖန်တတ်မှ ကံကောင်းကံမြတ် ပြုလိမ့်မည်။
ပြုမည် ပြုမည်။

ကိုယ်ကျန်းမာရေး

ခြေသည်း၊ လက်သည်း ရှည်တဲ့သူ၊ ဝက်ဝံကြီးနဲ့တူ
ဝက်ဝံကြီးက မောင်ရုပ်ဆိုး၊ သူဘယ်တော့မှ ရေမချိုး
ရေမချိုးတဲ့ မောင်ညစ်ပတ်၊ နံတယ် နံတယ် အနားမကယ်။

နားလည်အောင် ပြောပြပါ

သားသားတို့က ကလေးပါ။
မီးမီးတို့က ကလေးပါ။
ကလေးဆိုတာ နားမလည်ပါ/ မဆိုးပါ/ မသိပါ။
နားလည်အောင်သာ ပြောပေးပါ။
နားထောင်ချင်အောင် ပြောပေးပါ။
အဲဒါ အမေတို့ အဖေတို့ တာဝန်ပါ။
အဲဒါ အားလုံး တာဝန်ပါ။

ဘုရားရှိခိုးအိပ်ပါ

သားငယ်ငယ် သမီးငယ်ငယ်၊ ဘုရားရှိခိုး အိပ်ပါကွယ်။
ဘုရားမှာ ဘာတွေရှိ၊ ဂုဏ်တော် ၉-ပါးရှိ။ (ရှိ)
ဂုဏ်တော်ရှိဖို့ တို့ဘုန်းကြွယ်၊ ဘာတွေ ဖြည့်ကျင့်တယ်။
စွန့်ခြင်း ၅-သွယ် ကျင့် ၃-ပါး၊ ပါရမီတွေ ဖြည့်ကျင့်ပွါး။
လောကသားတို့ အကျိုးငှါ၊ ဗုဒ္ဓလမ်းစဉ် အတုခိုးပါ။ (ခိုး)
ဂုဏ်ရှိတာကို ရှိခိုးတော့၊ ရှိခိုးတယ်လို့ ခေါ်တာပေါ့။

ဗုဒ္ဓလမ်းစဉ် အားကိုးပါ

ဖေဖေရယ် မေမေရယ်
သားသားမီးမီး ချစ်ပါကွယ်၊
သားသားမီးမီး ဘာတွေရှိ
ချစ်စရာတွေ အားကြီးရှိ။
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘာတွေ ဖြည့်ကျင့်တယ်။
ပြောလွယ် ဆိုလွယ် စိတ်ကောင်းထား
ယဉ်ကျေးလိမ္မာ ဖြည့်ကျင့်ပွား။
သူ, ငါများတို့ အကျိုးငှါ
ဗုဒ္ဓလမ်းစဉ် အားကိုးပါ၊
ပညာရှိကို အားကိုးတော့
ချစ်စရာကလေးဖြစ်တာပေါ့။

အားလုံးကောင်းမှ

ကလေး ကလေး အထင်မသေးနဲ့
ကလေးက လူကြီး ဖြစ်တာ။
ကလေးကောင်းမှ လူကြီးကောင်းမှာ။
လူကြီးကောင်းမှ အားလုံးကောင်းမှာ။

ယဉ်ကျေးလိမ္မာ နေထိုင်ကြ

ရုပ်လှချင်သလား ကလေးတို့ရယ်
စိတ်ကလေးလှပါကွယ်
စိတ်ကလေးလှတော့ စိတ်ဆိုးမဖြစ်
အားလုံးဝိုင်း၍ ချစ်
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘုန်းတွေကြီးလို့ တန်ခိုးကြွယ်
တန်းခိုးကြွယ်တော့ လိုတရ
ယဉ်ကျေးလိမ္မာ နေထိုင်ကြ။

ယဉ်ကျေးလိမ္မာ ဆုံးမစာ

မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍နော်ကွဲ့ မစားနဲ့။
ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့။
ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
လက်ကိုလျှက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
နှုတ်ခမ်းပါးနား၊ လျှက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
လျှာကိုထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
ဟင်းရေသောက်ပြန်၊ ရှူးရှူးသံ၊ ဧကန်မပြုနဲ့။
ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နှင့်မကိုင်နဲ့။
ထမင်းဟင်းပေလျက်၊ ညာလက်နှင့်၊ ဇွန်းကိုမကိုင်နဲ့။
ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့။
စားပြီးသောအခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့၊ ကောင်းကောင်းတဲ့။

သူတော်ကောင်း

သူတော်ကောင်း သူတော်ကောင်း၊
သူမတော်လည်း ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း၊
သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေး ဖြစ်စေချင်၊
စိတ်ထားလှဖို့ပြင်။
နေ့စဉ်လစဉ် ခန္တီသုံး၊
ဒါမှ အမြတ်ဆုံး။

သူယုတ် သူညံ့

သူများအပြစ်ကို စ'မပေးနဲ့ မမေးခင်က ပြောချင်ချင်၊
ကိုယ့်ကျေးဇူးကို စ'မပေးနဲ့ မမေးခင်က ပြောချင်ချင်၊
သူများကျေးဇူးကို ဘယ်လိုအစ်ထုတ်
အင်းမလှုပ် အဲမလှုပ် အင်တင်တင်၊
ကိုယ့်ကျေးဇူးကို မမေးမြန်းဘဲ
သာသာကဲကဲ ပြောချင်ချင်
၄-ချက်ကိုက်ရင် အဖော်မလုပ်နဲ့
သူယုတ်သူညံ့ ဝေးဝေးကြဉ်...
ဝေးဝေးကြဉ်.. ဝေးဝေးကြဉ်။

ဤခရီး နီးသလား

လှိုင်းသံ လေသံ ရေသံကြားတော့
ပင်လယ်ကြီးနဲ့ နီးလာပြီ။
ဘုရားသံ တရားသံ သံဃာသံကြားတော့
နိဗ္ဗာန်ကြီးနဲ့ နီးလာပြီ။

သူမြတ် သူမွန်

သူများအပြစ်ဆို မေးမြန်းဦးတော့
လျော့လျော့ပေါ့ပေါ့ မှိန်မှိန်ဖော်။
ကိုယ့်ကျေးဇူးကို မေးမြန်းဦးတော့
လျော့လျော့ပေါ့ပေါ့ မှိန်မှိန်ဖော်။
ကိုယ့်အပြစ်ဆို မမေးမြန်းလည်း
လျှမ်းလျှမ်းတောက်တောက် ထိန်ထိန်ဖော်။
သူများကျေးဇူးကို မမေးမြန်းလည်း
လျှမ်းလျှမ်းတောက်တောက် ထိန်ထိန်ဖော်။
သူမြတ်သူမွန် စံချိန်ကိုက်သကွဲ့
လှိုက်လှိုက်လှဲလှဲ သာဓုခေါ် (သာဓုခေါ်)၂

ကိုယ့်အတွက်

မျက်စိကိုဖွင့် နားကိုစွင့်
အသင့်နေပါ ကိုယ့်တွက်တာ။
မျက်စိကိုမှိတ် နားကိုပိတ်
တိတ်တိတ်နေပါ ကိုယ့်တွက်တာ။

ကျေးဇူးသိတတ်ပါ

ရှေးရှေးတုန်းက ရေထဲမှာ၊ သစ်ပင်တစ်ပင် ရှိနေတာ။
သစ်ပင်ပေါ်မှာ ရွှေချိုးငှက်၊ နေ့စဉ်နားခိုလျက်။
သစ်ပင်ထက်က ပျားတစ်အုံ၊ ချိုးငှက်နည်းတူ သူခိုလှုံ။
လေအဟုန် ပြင်းတဲ့နေ့၊ ပျားကလေး ကန်ထဲကျပြီဟေ့။
ချိုးငှက်တွေ့တော့ သစ်ရွက်ချွေ၊ ပျားကလေးနားမှာ ကြွေ။
သစ်ရွက်လှေပေါ် ပျားတွယ်တက်၊ သေဘေးလွတ်လို့ အသက်ဆက်။
တစ်နေ့တစ်ရက် တစ်ခါဝယ်၊ မုဆိုး ချိုးကို လေးနှင့်ရွယ်။
ပျားသူငယ် သူဝင်တုတ်၊ မုဆိုး လေးမြား ပြုတ်။
သားသားမီးမီး မှတ်သားဖွယ်၊ သူ့ကျေးဇူးကို သိရမယ်။
အတုံ့အလှည့် သူ့ကျေးဇူး၊ ခွင့်ခါသင့်လျှင် ဆပ်ပေဦး။

ဘုန်းဘုန်းခေါ်ရင်

ဘုန်းဘုန်းခေါ် ဘယ်လိုထူး
အရှင်ဘုရားလို့ သာယာထူး။
ဘုန်းဘုန်းထံ ဘယ်လိုသွား
လက်အုပ်ချီလို့ ဦးညွတ်သွား။
ဘုန်းဘုန်းထံမှ ဘယ်လိုပြန်
လက်အုပ်ချီလို့ ဦးညွွှတ်ပြန်။

သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေး မဖြစ်အောင်
ခြင်အန္တရယ်ကိုရှောင်
လုံလုံခြုံခြုံဝတ်ကြမောင် အိပ်ရင်ခြင်ထောင်ထောင်
ရေစည်တိုင်ကီများ ဖုံးကာအုပ်လို့ထား
ပိုးလောက်လန်း ခြင် နှင်ထုတ်ပေး
သွေးလွန်တုပ်ကွေးပြေး။

မင်းဘယ်ကတုန်း

ရယ်တပြုံးပြုံး မင်းဘယ်ကတုန်း
၃-ပျောက်လို့ ၅-ခွါ၊
၆-ရွာနှင့်လွဲ၊
လူ့ပြည်မှာ အပျော်ကဲရင်
၄-ရွာကဆွဲ။

နှုတ်ဆက်ပါသည်-၁

မလိမ္မာတာတွေ နှုတ်ရမည်။
အလိမ္မာတွေနှင့် ဆက်ပါမည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။

မကောင်းမှုတွေကို နှုတ်ရမည်။
ကောင်းမှုတွေနှင့် ဆက်ပါမည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။

ပျင်းရိတာတွေ နှုတ်ရမည်။
ကြိုးစားမှုနှင့် ဆက်ပါမည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။

နှုတ်ဆက်ပါသည်(၂)

လောဘကို နှုတ်ရမည်၊
အလောဘနှင့် ဆက်ပါမည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။

ဒေါသကို နှုတ်ရမည်၊
အဒေါသနှင့် ဆက်ပါမည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။

မောဟကို နှုတ်ရမည်၊
အမောဟနှင့် ဆက်ပါမည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။

အကုသိုလ်တရားကို နှုတ်ရမည်။
ကုသိုလ်တရားနှင့် ဆက်ပါမည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။

ဘယ်ကျောင်းတွေမှာ နေနေ

ဘယ်ကျောင်းတွေမှာ နေနေ
ဘယ်ကျောင်းသို့လေ သွားသွား
စိတ်ကောင်းရှိဖို့ သတိထား
ကိုယ့်ကျင့်တရား လေးစားကာ
ကျန်းမာသန့်ရှင်း ဖြစ်စေပါ
ဝတ်စားတတ်ခါ နေထိုင်တတ်
ပြောဆိုတတ်လို့ သွားလာတတ်
ချမှတ်ထားတဲ့ စည်းကမ်းရိုသေ
စာတတ်ဖို့လည်း ကြိုးစားလေ
ဒီဆယ်ချက်ကို ကရုစိုက်
နေဆဲကျောင်းတိုက် လွန်ပျော်ပိုက်
ပညာသင်ခိုက် စူးစူးစိုက်
တရားနာခိုက် စိတ်အားစိုက်။

ငါတို့ဘုရား

ကဆုန်လပြည့် နေ့သောကြာ ဘုရားဖွားတဲ့ နေ့မြတ်ပါ၊
သက္ကရာဇ်မှာ ၆၈ သုဒ္ဓေါမင်းဖ-စစ်။
မာယာဒေဝီ မွေးမယ်တော် ကပ္ပိလဝတ် နေပြည်တော်၊
သာကီမျိုးနော် ထင်ရှားလှ နွယ်တော် ဂေါတမ။
သိဒ္ဓတ္ထတဲ့ မည်နာမံ ၁၆-နှစ်မှာ ထီးနန်းစံ၊
၂၉-မှန် တောထွက်သွား ၆-နှစ်ကျင့်တရား။
၃၅-နှစ်ပြည့်လေတုံ ၁၀၃-ခုကြုံ၊
လပြည့်ကဆုန် ဗုဒ္ဓဟူး ဘုရားဖြစ်တဲ့ နေ့အထူး။
တရားဦးမြတ် ဓမ္မစက္ကေ ဝါဆိုလပြည့် ဟောစနေ၊
သက်ရှစ်ဆယ်လေ တိုင်အောင်ထိ သတ္တဝါကျိုး သယ်ပိုး၏၊
သောင်းထိုက်မှူးကြီး ဒို့မြတ်စွာ ဘုံသုံးပါးလုံး ထင်ရှားပါ၊
လူနတ်ဗြဟ္မာ လွန်ကျော်ကြား (ငါတို့ဘုရား ဒို့ဘုရား)၃

ကိုယ်ကျင့်သီလ

သီလဆိုတာ ခြေထောက်ပါ ဒို့ရဲ့ ထောက်တည်ရာ
ကိုယ့်ခြေထောက်ကို ကျိုးစေနဲ့ ယိုင်လဲသွားမယ်ကွယ့်
သီလဆိုတာ လှေကားပါ အထက်တက်ဖို့ရာ
ထပ်တန်းရောက်ချင် ထိန်းပါကွယ့် လှေကား ပျောက်စေနဲ့
သီလဆိုတာ ပိတောက်ဝါ သင်းပျံ့ မွှေးကြိုင်တာ
ကိုယ့်သီလကို ထိန်းပါကွယ့် ရနံ့ ပြယ်စေနဲ့

သန့်ရှင်းတိတ်ဆိတ်

ဗုဒ္ဓမြတ်စွာ ပွင့်လာမှုကြောင့် ဉာဏ်စက္ခုလည်း ရကြသည်။
ဉာဏ်စက္ခုတွေ သာ၍လင်းဖို့ သန့်ရှင်းတိတ်ဆိတ် ရှိသင့်သည်။
သာယာဆိတ်ငြိမ် တိတ်ဆိတ်ကြမှ သမာဓိကရနိုင်သည်၊
ပွတ်လောဆူညံ လူသံပွဲတို့ ကျောင်းဘုရားထဲ လုပ်ကြသည်။
ဗုဒ္ဓဘာသာ အတွင်းလူဖျက်လို့ ဘာသာပျက်၍ ခက်လိမ့်မည်။

ဝမ်းနည်းဖွယ်

ကုသိုလ်ဥစ္စာ ကျန်းမာမျိုးနှင့်
ပညာတန်ခိုး တစ်မျိုးမျိုးမှ
အကျိုးမထွက် ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်။

သုံးပွင့်ဆိုင် မေတ္တာ

ပြသူ သင်သူ ချီးမြှောက်သူ
စိတ်တူ ညီညွတ်ကြ။
သံဃာနှင့် လူ အုပ်ချုပ်သူ
ကြည်ဖြူ ညီညွတ်မှ။
မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်
ပျံ့လှိုင် တိုးတက်ရ။
မေတ္တာနှလုံး အလှဆုံးကြောင့်
ရွှင်ပြုံးကြည်သာ တို့မြန်မာ
ကမ္ဘာကပင် မော်ကြည့်ရ။

အယုတ်နှင့် အမြတ်

၁။ သူတော်ကောင်းတွေ ဓလေ့တစ်ခုက
ဆိုးမှုပြုဖို့ ရှက်ကြောက်တယ်။
၂။ မသူတော်တွေ ဓလေ့တစ်ခုက
ကောင်းမှုပြုဖို့ ရှက်ကြောက်တယ်။
၃။ ရှက်တာကြောက်တာ တူသော်လည်းကွယ့်
ကွဲလွဲလှပေါ့ အကြောင်းရယ်၊
၄။ ရှက်ကြောက်ကြောင်းခံ ဝေဖန်တတ်လို့
ယုတ်မြတ်မှတ်ကျောက်တင်ပေါ့ကွယ်၊
တင်ကွယ်.. တင်ကွယ်..။

သားသားမီးမီး ငြိမ်းချမ်းဖို့

သားသား မီးမီး ဘယ်ကလာ
ရပ်ကွက်ထဲကလာ
သားသားမီးမီး ဘယ်ကိုသွား
ဓမ္မစကူးလ်ကိုသွား
ဓမ္မစကူးလ်က ဘာတွေသင်
တရားကျင့်ဖို့သင်၊
တရားကျင့်တာ ဘာလုပ်ဖို့
သားသားမီးမီး ချမ်းသာဖို့။
တရားကျင့်တာ ဘာလုပ်ဖို့
သားသားမီးမီး ငြိမ်းချမ်းဖို့။

ယဉ်ကျေးလိမ္မာဖို့

သားသားကလေး ဘယ်ကလာ
ဓမ္မစကူးလ်ကလာ၊
မီးမီးကလေး ဘယ်ကလာ
ဓမ္မစကူးလ်ကလာ၊
သားသားကလေး ဘယ်ကိုသွား
ဓမ္မစကူးလ်ကိုသွား။
မီးမီးကလေး ဘယ်ကိုသွား
ဓမ္မစကူးလ်ကိုသွား။
ဓမ္မစကူးလ်ကဘာတွေ သင်
ဓမ္မစာပေသင်၊
ဓမ္မစာပေ ဘာလုပ်ဖို့
ယဉ်ကျေးလိမ္မာဖို့။

ဘဝအားမာန်

ကြက်တူရွေးပင် စကားသင်ပေး ပြောတတ်သေး၏၊
မျောက်ကလေးပင် လူတို့သင်ပေး ကတတ်သေး၏၊
ငါကလူသား ငါလူသားတည်း၊
လူသားတို့မာန် လုံ့လသန်၍ ဉာဏ်ရည်ကိုပြု
ဇွဲဖြင့်တုသော် လူတို့ပြည်မှာ မစွမ်းရာသည်
ဘယ်ဟာရှိနိုင်ပါအံ့နည်း။

စိတ်

ရေကြောင့်ဖြစ်လာ ရွံ့ညွှန်မှာ
ရေဖြင့်သာဆေး ပြောင်စင်ဖွေး၏၊
စိတ်ကြောင့်ဖြစ်လာ မကောင်းမှုမှာ
စိတ်ဖြင့်သာ ဆေး ပြောစင်ဖွေး၏၊

မင်း သူ ငါ

မင်းမပါ ဘယ်ဟာမပြီး၊
မင်းချည်းတော့လည်း ဘယ်ဟာမပြီး၊
သူမပါ ဘယ်ဟာ မပြီး၊
သူချည်းတော့လည်း ဘယ်ဟာမပြီး၊
ငါမပါ ဘယ်ဟာမပြီး၊
ငါချည်းတော့လည်း ဘယ်ဟာမပြီး၊
(မင်း, သူ, ငါ ညီညာစုံမှ)၂ အလုံးစုံ အကုန်ပြီး၊ ပြုကြစုစည်း။

သူ့အကျိုး ကိုယ့်အကျိုး

နောက်ဆုံးနေ့ရောက် တောက်လျှောက် လုပ်မည်၊
သူ့အကျိုး ကိုယ့်အကျိုး နှစ်မျိုးစုံညီ၊
နေမြတ် သေမြတ် ကျေနပ်ပါပြီ၊
ဘဝတိုင်း မဆိုင်းလုပ်ဦးမည်၊
ဘဝသစ် ဖြစ်တိုင်း လုပ်ဦးမည်။

ရည်ရွယ်ချက်

ရည်ရွယ်ချက်ကင်း လူပျင်းများစွာ
ထူးခြားအဆင့် ရလင့်ဝေးစွာ
ထူးခြားမှုများ လိုလားသူမှာ
ရည်ရွယ်ထား ကြိုးစား ဖန်ခါခါ။

မေမေချစ်တဲ့သား

လိမ္မာသိမြင် ပညာရှင်၊ သားလေး ဖြစ်စေချင်။
နေ့စဉ်မှန်မှန် ကျောင်းကိုသွား၊ မေမေချစ်တဲ့သား။
လေးစားထိုက်တဲ့ မြတ်ဆရာ၊ သားလေး ရိုသေပါ။
ဆရာပြောတာ ဂရုစိုက်၊ သားလေး စူးစူးစိုက်။
ငိုက်မနေနဲ့ သားလေးရာ၊ စာရေး စာဖတ်ကွာ။
တွေးပါ မေးပါ စိတ်ဝင်စား၊ သားလေး စာကြိုးစား။
တရားနာတဲ့ အချိန်မှာ သားလေး တရားနာ။
စာသင်ချိန်မှာ စာကိုချစ် ဒါမှ မေ့သားချစ်။

ချစ်တတ်ရဲ့လား

မိမိကိုယ်ကို ချစ်တယ်ဆို ဘယ်လို ချစ်ရမည်၊
အရွယ်သုံးပါး တစ်ပါးပါး တရားရအောင် ကျင့်ရမည်၊
မိမိကိုယ်ကို ချစ်တယ်ဆို ဒီလို ချစ်ရမည်။
မိမိမှီခို ရပ်ကွက်/တိုင်းပြည်ကို ဘယ်လိုချစ်ရမည်၊
မိမိအတွက် ဂုဏ်မပျက် ဂုဏ်တတ်စေရမည်၊
မိမိမှီခို ရပ်ကွက်/ တိုင်းပြည်ကို ဒီလို ချစ်ရမည်၊
မိမိအတွက် ဂုဏ်မပျက် ဂုဏ်တတ်စေရမည်၊
မိမိမှီခို သာသနာကို ဒီလို ချစ်ရမည်။

ပညာရွှေအိုး

မိုးစက်ကလေးများ ကျဖန်များ
ဆည်မြောင်အင်းအိုင် ပြည့်လို့သွား
ပညာများကို ရှာသောချာ
မိုးစက်များလို စုရမှာ
စုဖန်များသော တတ်မြောက်ငြား
ပညာရှိကြီး ဖြစ်နိုင်သား၊
ကြိုးစားပါကွယ် ကလေးတို့ရယ်
ပညာရှိမှ ဂုဏ်ဝင့်ကြွယ်
သိမြင်ကြွယ်အောင် မပြတ်ကြိုး
ပညာဟူသည် မြတ်ရွှေအိုး။

မမေ့နဲ့နော်

ငါသည် တစ်ရက် မေ့ပေါ့ပျက်လျှင်
ငါ့ထက်သာသူ ငါ့အောက်သူကား
ငါ၏ခေါင်းပေါ် သူတို့ ကျော်လိမ့်။

သူတော်ကောင်း လက္ခဏာ

ကျေးဇူးသိတတ်၊ ကျေးဇူးဆပ်၊ ပေါင်းအပ် မိတ်ကောင်းသာ။
မိတ်ကောင်းကိုလည်း၊ အသည်းစွဲ၊ အမြဲဆည်းကပ်ပါ။
မိမိမျက်မှောက်၊ ဒုက္ခရောက်၊ ပံ့ထောက်ကူညီပါ။
သူတော်လက္ခဏာ၊ ဤငါးဖြာ၊ လိုက်နာကျင့်သုံးရာ။

ဘဝတိုက်ပွဲ

ဤလူ့ဘဝ အလွန်မှပဲ ရောက်ရခဲ၏၊
ရောက်ပြန်သော်လည်း ချမ်းသာခဲ၏၊
ချမ်းသာသော်လည်း တည်မြဲခဲ၏၊
ဆင်းရဲလေစွ ကြမ်းတမ်းလှ၏၊
ဒုက္ခမှုပွေ ဤလူ့ပြည်သို့
တစ်ခါတစ်ခေါက် သင်ရောက်လာစဉ်
ပညာလုံ့လ ဉာဏ်နှင့်စ၍ ဘဝတိုက်ပွဲ သင်ဝင်နွဲလော့။

ပန်းတိုင်သို့

ခြေထောက်မပါ မြွေသတ္တဝါလည်း
လိုရာကိုပြေး၊ ရောက်နိုင်သေး၏၊
ဦးခေါင်းမပါ ပုဇွန်မှာလည်း
လိုရာကိုပြေး ရောက်နိုင်သေး၏၊
ငါ့မှာ လက်ခြေ စုံလင်ပေခဲ့
တစ်ထွေဦးခေါင်း ပြည့်စုံရှောင်းခဲ့
အပေါင်းအင်္ဂါ စုံလင်ပါသော်
လိုရာပန်းတိုင် ငါလှမ်းကိုင်
အနိုင်ရဖို့ သေချာလှ။

ကိုယ့်အားကိုယ်ကိုး

ရှေးလူကြီးများ ဆိုရိုးစကား၊ ကိုယ့်အားကိုယ်ကိုးပါ။
တစ်ပါးသောသူ၊ အားကိုးမူ၊ ဤလူ ဖျင်းနုံချာ။
ကိုယ်ထူ ကိုယ်ထ၊ လုပ်ဆောင်မှ သုခရမည်သာ။
ဤလောကတွင် လူတိုင်းပင်၊ စွမ်းအင် ရှိသည်သာ။
ကိုယ့်စွမ်းကိုယ့်အင်၊ သုံးချလျှင်၊ စည်ပင်တိုးပွားမှာ။

မေတ္တာသာရဏီယတရား ကာယကံ မေတ္တာ

မေတ္တာနှင့်ယှဉ် ပြုမူလျှင် အစဉ်အောက်မေ့ဖွယ်
သူ့ဂုဏ်ကျေးဇူး မမေ့ဘူး အထူးအောက်မေ့တယ်။
အများချစ်ခင် ရိုသေချင် ခင်မင်လေးစားတယ်
စိတ်ဝမ်းမကွဲ တစ်သွေးတည်း ညီလည်း ညီညွတ်တယ်။
ညီညွတ်သူဆောင် ဆောင်တိုင်းအောင် လူ့ဘောင် ငြိမ်းချမ်းတယ်။

သာသနာပြုနိုင်ဖို့

စာပေချစ်ခင် ပညာသင်သည်
မော်ကြွားချင်၍ မဟုတ်ပါ။
ကျော်ကြားချင်၍ မဟုတ်ပါ။
စော်ကားချင်၍ မဟုတ်ပါ၊
ဖိနှိပ်ချင်၍ မဟုတ်ပါ၊
ဘွဲ့ရရုံမျှ မဟုတ်ပါ။
လိမ္မာဖို့ရေး၊ မျှော်ထောက်တွေး၊
ကျင့်ရေးပညာ သင်ပါသည်။
ယဉ်ကျေးဖို့ရေး မျှောက်ထောက်တွေး၊
ကျင့်ရေးပညာ သင်ပါသည်။
အနေအထိုင်တတ်ရေး၊ မျှော်ထောက်တွေး၊
ကျင့်ရေးပညာ သင်ပါသည်။
ချမ်းသာဖို့ရေး၊ မျှော်ထောက်တွေး၊
ကျင့်ရေးပညာ သင်ပါသည်။
စာတကယ်တတ်ရေး၊ မျှော်ထောက်တွေး၊
ကျင့်ရေးပညာသင်ပါသည်။
တိုင်းပြည်အရေး၊ မျှော်ထောက်တွေး၊
ကျင့်ရေး ပညာသင်ပါသည်။
စွန့်လွှွတ်ဖို့အရေး၊ မျှော်ထောက်တွေး၊
ကျင့်ရေး ပညာသင်ပါသည်။
သာသနာပြုရေး၊ မျှော်ထောက်တွေး၊
ကျင့်ရေး ပညာသင်ပါသည်။

ဝစီကံ မေတ္တာ

မေတ္တာနှင့်ယှဉ် ပြောဆိုလျှင် အစဉ်အောက်မေ့ဖွယ်။
ချိုသာစကား ကျိုးလိုလား ကြားရချမ်းသာတယ်။
သူ့ဂုဏ်ကျေးဇူး မမေ့ဘူး အထူးအောက်မေ့တယ်။
အများချစ်ခင် ရိုသေချင် ခင်မင်လေးစားတယ်
စိတ်ဝမ်းမကွဲ တစ်သွေးတည်း ညီလည်း ညီညွတ်တယ်။
ညီညွတ်သူဆောင် ဆောင်တိုင်းအောင် လူ့ဘောင် ငြိမ်းချမ်းတယ်။

မနောကံ မေတ္တာ

မေတ္တာနှင့်ယှဉ် စိတ်ထားလျှင် အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး မမေ့ဘူး အထူးအောက်မေ့တယ်။
အများချစ်ခင် ရိုသေချင် ခင်မင်လေးစားတယ်
စိတ်ဝမ်းမကွဲ တစ်သွေးတည်း ညီလည်း ညီညွတ်တယ်။
ညီညွတ်သူဆောင် ဆောင်တိုင်းအောင် လူ့ဘောင် ငြိမ်းချမ်းတယ်။

နည်းလမ်းလေးသွယ်

ပြဋ္ဌာန်းချက်စုံ စွမ်းအားထုံ အကုန်ကြိုးစားရ။
အကြားမရှိ စွမ်းအားပြည့်ရန် စိတ်အားသန် မှန်မှန်ကြိုးစားရ။
ကာလရှည်ကြာ ကြိုးစားကာ လွန်စွာဇွဲရှိရ။
အလုပ်လေးစား ရိုသေငြား စွမ်းအားလွန်တက်ကြွ။
နည်းလမ်းလေးသွယ် ပညာကြွယ် ခံ့ထည် စွမ်းပြည့်ဝ။

သူ၏ ကျေးဇူး

သူ၏ ကျေးဇူး ရှိခဲ့ဖူး
အထူးပြန်ဆပ်နိုင်စေသော်
မဆပ်နိုင်နေ ရှိပါစေ
မချေဖျက်မိစေသော်
နင်က ဘာလဲ ငါဘာလဲ
ပြိုင်ပွဲ မဝင်မိစေသော်။

သီလအကျိုး အဆင့်ဆင့်တိုး

သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ၊ တောင်းတိုင်းတတိုင်း ရနိုင်တယ်။
ပဒေသာပင် အိမ်မှာပေါက်သလို၊ ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်း၊ ဂုဏ်သတင်းလဲ သင်းပျံ့မယ်။
ရောက်လေရာရာ ပွဲလယ်တင့်လို့၊ ရဲရင့်ရွှင်ပျ ခင်ကြမယ်။
သေရသော်ပင် သတိကောင်းလို့၊ ဂတိပြောင်းတော့ နတ်ပြည်ဝယ်။
သီလကောင်းကျိုး ချက်ချင်းတိုး၊ အားကိုးလောက်ပေတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သီလ ဒီဘဝ တည်ကြမြဲကြမယ်။

လောကဓံဟူသည်

လောကဓံကို နှစ်ပိုဒ်ခွဲတော့
လောကနှင့် ဓမ် ဖြစ်ပါတယ်။
လောကဆိုတာ သတ္တဝါများပေါ့
ဓမ်တရားက ရှစ်ပါးရှိတယ်။
စည်းစိမ်ဥစ္စာ ရ/မရနဲ့
ယသ ခြွေရံ ရ/မရရယ်။
ချီးမွှမ်းပြစ်တင် ချမ်းသာခြင်းနှင့်
ဆင်းရဲခြင်းများ ဓမ်ရှစ်ပါးကွယ်။
သတ္တဝါမှန်ရင် ဒီရှစ်မျိုးနဲ့
တွေ့ရိုးကြုံရိုး မလွဲတယ်။
အကောင်းလေးမျိုး ဆိုးလေးမျိုး
ဖြစ်ရိုး ဓမ္မတာနွယ်။
အဲဒါကြောင့် လောကဓံရှစ်ပါး မြတ်ဘုရား
ဟောကြားတော်မူတယ်။

ငါးပါးသီလ အလင်္ကာများ

၁။ သူ့အသတ်ကို သိလျက်သားနဲ့ ဒေါသစိတ်ထား သေစေလို
လုံ့လပြုကာ သေအောင်သတ်တော့ ပါဏာတိပါတ် အကုသိုလ်၊
လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ရောဂါစွဲ ဆင်းရဲ အသက်တို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၂။ သူ့ဥစ္စာကို သိလျက်သားနဲ့ လောဘစိတ်ထား ခိုးယူလို
လုံ့လပြုကာ ခိုးယူမိက အဒိန္နာဟု အကုသိုလ်၊
လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်းကို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၃။ ရှောင်ရှားအပ်သူမိန်းမများ၌ ရာဂစိတ်ထား ပေါင်းဖော်လို
လုံ့လထုတ်ကာ ကျူးလွန်မိက ကာမေသုတဲ့ အကုသိုလ်၊
လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်က နပုန်းပ မိန်းမဖြစ်တတ်သကို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၄။ မဟုတ်မမှန် တစ်ဘက်သားကို ချွတ်ယွင်းလှည့်စား မုသားဆို၊
အဓိပ္ပါယ်ကို ထိုသူသိ၍ အကျိုးကိုသိ အကုသိုလ်၊
လွန်းကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ပါးစပ်ပြဲ သွားကျဲ နှုတ်ခမ်းတို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၅။ မူးယစ်တတ်စွာ သေရည်များကို မူးယစ်သောက်စား ဘိန်းရှူမျို
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့ မကောင်းစင်စစ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်ဦး လူမေ့မူး အရူးဆက်တိုင်းကို်ယ်
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

ဘဝနောင်ခါ သံသာရေးကို မြှော်တွေးရှုစား များလူဗိုလ်၊
ငါးပါးပဉ္စသီ လုံအောင်ထိန်းလို့၊
မတိမ်းစေနဲ့ ကိုယ့်ကိုယ်ကိုယ်၊ လုံသူတွေမှာ တကယ်ပဲပေါ့၊
အပါယ်ငရဲ ကင်းတယ်ဆို၊
အပါယ်ကင်းလျှင် နတ်ရွာရောက်လို့
မြတ်စွာထံမှောက် ကျွတ်တမ်းခို၊
အဲဒါကြောင့် ဒီဘဝ သီလ တည်ကြပါစေလို။

လှပအောင်ပြင်

မလေးလှဖို့ မလေးပြင် ကိုယ်ကစ၍ စိတ်ပါပြင်
စိတ်ယဉ်ပါလို့ ကိုယ်ယဉ်က ပြင်ဆင်တိုင်းလှ ပြင်တိုင်းလှ
မလေးနေတဲ့ အိမ်ဂေဟာ ဘုရားဆောင်က စပြင်ပါ။
မလေးအိပ်ရာ ခန်းသာလဲ လှအောင် ပအောင် ပြင်အမြဲ။
အိမ်ကြီးကလည်း လှပါပေ ဘုရားဆောင်က ပြောင်ဝေဝေ
အိမ်ဝင်းကလေ လွန်သန့်ရှင်း ဥယျာဉ် သစ်ပင် တင့်လှခြင်း။
အိမ်ဝင်းပေါက်ဝ လမ်းမကျန် ပြင်ဆင်ကြလို့ လှနေပြန်
ရပ်ကွက်လှရန် ပြင်ဆင်ပေး မြို့လုံးရွာလုံး လှစေရေး။
တိုင်းလုံး ပြည်လုံးလှဖို့ရာ ကမ္ဘာလုံးလည်း လှအောင်ကွာ
လူ လူတိုင်းမှာ ပြင်ပါကြ
မလေး ကစ, ပြင်ပါဗျ။(၂)
(မလေး နေရာ၌ မောင်လေးလို့ ပြောင်းဆိုပါ။)

ပညာသင်နေ ကျန်းမာစေ

ဝတ်စားစင်ကြယ် သန့်ပြန့်ရှင်းမှ
ကျန်းမာခြင်းနှင့် ညီညွတ်မယ်။
ချေးညှော်တင်လွယ် ဝတ်အစားကို
ဂရုထားလို့ လျှော်ရတယ်
ပွဲသွားအိမ်လည် ချိန်မဖြုန်းနှင့်
စိတ်ကိုဆုံးမ စာကြည့်ကွယ်။
အားလပ်ချိန်ဝယ် ကျန်းမာရေးကို
အားသစ်ပေးလို့ လိုက်စားကွယ်။
မှတ်ကွယ် မှတ်ကွယ်။

စောင့်ထိန်းရိုသေ မျိုးချစ်ဆွေ

အမျိုးဘာသာ တိုးကာတက်အောင် ဒို့တွေ မပျက် ဆောင်ရွက်မယ်။
အမှုကြီးငယ် သွယ်သွယ်ရှိက အားပြည့်အင်ပြည့် ညီညွတ်မယ်။
ကြီးကြီးငယ်ငယ် ကျားမ မရွေးကွဲ့ ဗမာ့သွေးက စွမ်းအားကြွယ်။
ချစ်ကြင်နာဖွယ် ယဉ်ရာစကားနဲ့ အစဉ်ကြိုးစား စံပြဖွယ်။
ချစ်မယ် ချစ်မယ်။

ထိန်းသိမ်းဖို့လေ တို့ပိုင်မြေ

တို့ဘိုး တို့မေ တို့မြေကြီးမို့ တို့ရွှေသီးလို့ မြတ်နိုးပေ။
ချစ်မြတ်ရိုသေ အသက်ပေးလို့ ပြည်ရေးအတွက် ကာဆီးလေ။
ရန်သူလာလျှင် ကြူပင်ခုတ်လို့ ကြူငုတ်တောင်မှ ချန်ဖူးလေ။
အမျိုးရိုသေ ညီနောင်များတို့ ပြည်ထောင်သားမို့ သွေးစည်းနေ။
တို့ပြည်.. တို့ပြည်..။

အိမ်ပြန်သောအခါ ယဉ်ကျေးပါ

အိမ်ပြန်သော်အခါ စီကာတန်းလို့ ညီညာရွှင်လန်း ပြန်ကြလေ။
လမ်းဘေးတစ်ခါ ထင်ရာမသွားနဲ့ ဆူညံ့ရှောင်ရှား ယဉ်ကျေးစေ။
တုတ် ဓား သစ်ချွန် လက်နက်များကို မကိုင်ရှောင်ရှား စောင့်စည်းနေ။
ကျောင်းသူ ကျောင်းသား သတိထား ကြိုးစားလိုက်နာစေ။
အဲဒါမှ ဒို့ကျောင်းတော်ရဲ့ စည်းကမ်းဥပဒေ။

ဥပုသ်စောင့်

ဆွမ်းအုပ်နီနီ အမေရွက်လို့၊
နက်ဖြန်မနက် ကျောင်းတက်မယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့၊
အမေသွားတော့ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့၊
ဘုန်းကြီးအော့လို့၊ ရိုက်လိမ့်မယ်။
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့၊
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ်.. လိုက်မယ်။။

အရက်သမားဝါဒ ကဗျာ

ထူးတယ် ရူးတယ် မူးမယ်ဟဲ့လို့
မြူးဖွယ်အရက် မှတ်လို့ရယ်
ကြိတ်ကာမှိတ်ကာ မျိုကာသွင်းတော့
လူနှင့် လူချင်း စချင်တယ်။
ဒီပုလင်းမလောက်ရင် ဟိုပုလင်းသောက်လို့
တစ်ယောက်တစ်ပေါက် ဆူအုံးမယ်။
ရှက်ကြောက်တရား မရှိငြား အရက်သမားဝါဒရယ်။
အဲဒါကြောင့် ရှောင်ကြပါတော့
ထာဝရကင်းအောင်ကွယ်။

၂။ ဘီလူးစိတ်ဝင်ကာ ထင်သလိုမိုက်လို့
တွေ့သမျှလိုက်လို့ ရမ်းတတ်တယ်။
အဝတ်ဗလာ ကိုယ်မှာပျောက်လျက်
ရွာရိုးလျှောက်လို့ ဆဲလိမ့်မယ်။
မကြည့်ချင်သူ တုတ်နဲ့နှက်တော့
အုတ်ဆက်ကွဲလို့ သေတတ်တယ်။
အရက်သမား "ငတိ"များ ရန်ပွားတတ်ပါတယ်။
အဲဒါကြောင့် ရှောင်ကြပါတော့
ထာဝရကင်းအောင်ကွယ်။

၃။ လမ်းဘေးအိပ်ကာ လူညွှန်တုံးလျက်
အသက်ပါဆုံး ပျက်စီးမယ်။
ဒါ့ကြောင့် မောင်မယ် တစ်စက်လောက်မှ
အရက်မသောက်ဖို့ တောင်းပန်တယ်။
အရက်မသောက်ရင် လူအပေါင်းက
သူတော်ကောင်းလို့ ဆိုကြမယ်။
အသိတရားစိတ်မှာထား ရှောင်ရှားသင့်ပါတယ်။
အဲဒါကြောင့် ရှောင်ကြပါတော့
ထာဝရကင်းအောင်ကွယ်။

၄။ ဓားကိုဖျက်တော့ ဝါးမျက်ပေါ့
လူကိုဖျက်တော့ အရက်ကွယ်။
သောက်လေမူးလေ ထူးထွေချက်က
အရူးဆက်ဆက် ဖြစ်တတ်တယ်။
ရှောင်လေရှားလေ အဆိပ်တုံးဟု ၏
ဘဝဆုံးမည့် အရက်ကယ်။
သောက်တဲ့သူများ သတိထား စဉ်းစားပါဦးကွယ်
အဲဒါကြောင့် ရှောင်ကြပါတော့
ထာဝရကင်းအောင်ကွယ်။

သင့်ရာနေတတ် ရှိခိုးတတ်

ဘုန်းဘုန်းရှေ့မှာ ဘယ်နေရာ
နေသင့်သလဲ ရွေးချယ်ပါ။
ဝေးလွန်းနေရာ မနေသင့်ပါ
နီးလွန်းရာလည်း မနေအပ်ပါ။
မြင့်မောက်ရာနှင့် လေညာ လေဆန်
နေမိရင်လည်း နေရာမမှန်
ရှေ့တည့်တည်ထံ မနေရပါ။
နောက်ကွယ်ရာလည်း ဟန်မကျပါ
ဒီပြစ်ခြောက်ဝ လွတ်ရာနေ
ဆရာကောင်းတပည့်တွေ ပီသစေ
တည်ခြင်းငါးထွေ ညီစွာပါ့
သုံးကြိမ်ဦးချ ရှိခိုးကြ)၃

ထူးတတ် လျှောက်တတ် နေတတ်ကြ

ဘုန်းဘုန်းခေါ် ဘယ်လိုထူး
အရှင်ဘုရားလို့ သာယာထူး
လျှောက်ထားပါဦး ဘုရားတပည့်တော်
သုံးနှုန်းတတ်စေနော်
မေးတော်မြန်းတော် 'ဘူး-တယ်' များ
မပြောမိအောင် သတိထား
'...ပါ အရှင်ဘုရား' လျှောက်တတ်စေ
ငြိမ်ငြိမ်တိတ်တိတ် နေတတ်လေ
လက်ချိုးဆော့တွေ ပြုမထား
(ဆရာ့ရှေ့နား နေတတ်သား)၂

သွားတတ် ကပ်တတ် ယူတတ်ကြ

ဘုန်းဘုန်းထံ ဘယ်လိုသွား
လက်အုပ်ချီထား ဦးညွတ်တွား
ဘုန်းဘုရားနား ရောက်တဲ့ခါ
ရိုသေလေစွား ဝတ်တွားပါ
ကပ်စရာပါ လက်နှစ်ဖက်
ကောင်းစွာ သပ်ရပ် ကပ်တတ်လျက်
ဆရာ့လက်က ပေးပြန်မူ
လက်နှစ်ဖက်နှင့် ကောင်းစွာယူ
ဆရာ့ရှေ့တူ ရပ်ပါလတ်
ခြေစုံမတ်မတ် ရိုသေရပ်
ဆရာမြတ်က လွှတ်မှလေ
ဝတ်တွား ထရလေ
လက်အုပ်ချီစေ နောက်ဆုတ်သွား
မေ့၍မထား တပည့်များ

ကျောင်းပေါ်တက်လျှင်

ဘုန်းတော်ကျောင်းပေါ် ဘယ်လိုတက်
သာသာညက်ညက် ရိုသေတက်။
ခြေစိုနေလျှက် မြေညက်ဖုန်ပေ
ပြောင်စေပြီးမှ တက်ပါလေ။
ကြမ်းပြင်ပေါ်ခြေ သာသာနင်း
ဆောင့်၍ မနင်း အောင့်မနင်း။
ပြေးခုန်လွှားခြင်း ပြုနဲ့ဟာ
ခြေသံကြားအောင် မသွားရာ။
သန့်ရှင်းနေရာ ချွေးပေနဲ့
ထိုင်နဲ့လေနဲ့ အိပ်လေနဲ့။
ပေပွနေတဲ့ လက်နဲ့ဆို
နံရံတံခါး မကိုင်လို
ကျောင်းကြီးပေါ်ကို ရှုပ်ပွေနဲ့
ရှင်းခဲ့ပါလေ ရှင်းခဲ့လေ)၃

ညီညွတ်ကြစေ မောင်နှင့်မေ

ပညာသင်နေ တပည့်များတို့
တစ်မိသားသို့ ချစ်ခင်လေ။
ကိစ္စရှိလျှင် တူဆောင်ရွက်လို့
မတွယ်မကပ်နှင့် မောင်နှင့်မေ။
စည်းကမ်းရိုသေ မလစ်ဟင်းနဲ့
အပြစ်ကင်းလို့ ကြိုးစားနေ။
အရေးရှိလျှင် တူယှဉ်တွဲလို့
ဆင်နွဲကြစို့ တို့တစ်တွေ။
အဲဒါမှ ကမ္ဘာ့စံပြ ကျောင်းမြတ်ခေါ်နိုင်ပေ။

ညီညွတ်ဖို့ရေး ပုံတိုလေး

တို့ကျောင်းတော်မှာ ဝေးရပ်နီးက
ကြိုးစားလာပြီး ပညာမှီ
တပည့်စုံညီ ကျားမ မရွေးကွဲ့
ညီညွတ်ဖို့ရေး ပုံပြမည်။
ဟို ရှေးအခါ ဗာရဏရဲ့
ပုရိတ္တိမ ရှေ့ရပ်ဆီ။
စိတ္တရဂီဝါ ဘုရားအလောင်းနှင့်
ခိုဝယ်ထောင်သောင်း ကျက်စားမှီ။
မျိုးချစ်စုံညီ ခေါင်းဆောင်စကားကို
အစဉ်လေးစား ထောင်နားညီ။
အဲဒါကြောင့် ရန်သူဟူက မြူမျှမကပ်နိုင်ပြီ။

ကျောင်းလိုက်မယ်

ညီညီထွေးထွေး ကျောင်းတော်ဝိုင်းသို့
ချိန်မှန်နေ့တိုင်း လိုက်စို့ကွယ်
အတတ်ပညာသင်အံကျက်မှ
ကိုယ့်အတွက်နောင်ရေး စိတ်အေးမယ်။
စာမတတ်လျှင် လူဗာလတဲ့
ခုဘဝဖြင့် ရှက်ကြောက်ဖွယ်
နောင်သံသရာ ဟိုဘက်ရှေ့တောင်
အထုံဓလေ့ ပါတတ်တယ်။
လိုက်မယ် လိုက်မယ်။

မှတ်သားမယ်

မြတ်တဲ့ပညာ တက်ဖို့ရေးမို့
ညီညီထွေးထွေး ကြိုးစားကွယ်
စည်းကမ်းသွယ်သွယ် လိုက်နာပြီးတော့
ပျော်ပျော်ကြီးဖြင့် သင်ကြမယ်။

အချိန်မှန်မှန် စာအံဖို့ဖို့မှာ
တို့ဝတ္တရားကွဲ့ ညီထွေးရယ်
စာအံနေလျှင် စာကိုကြည့်လို့
မပျင်းမရိ မှတ်သားကွယ်
မှတ်မယ် မှတ်မယ်။

စာကျက်မယ်

အတတ်ပညာ ပြည့်ကာဖြိုးအောင်
ဝီရိယအကျိုးဖြင့် လျှော့ဖူးကွယ်
ပျင်းစိတ်ကိုပယ် လုံ့လတရားနဲ့
ဇွဲစိတ်ထားလို့ အောင်ရမယ်။

မြဲမြဲခိုင်ခိုင် အားမာန်တင်းလို့
မညံ့ဖျင်းနဲ့ ညီထွေးရယ်။
တို့များကြီးရင် လူတော်ဖြစ်ဖို့
အားသစ်ကြိုးစား သင်ရမယ်
ကျက်မယ် ကျက်မယ်။

အကျင့်ကောင်း

တို့ကျောင်းတော်မှာ ဂုဏ်ရောင်တင့်ဖို့
အခါမလင့် ကြိုးစားကါယ်
စည်းကမ်းတကယ် လိုက်နာပြီးတော့
ဆရာတပည့် ပီသဖွယ်

စိတ်ထားစင်ကြယ် သန့်သန့်ထားမှ
စာရိတ္တတရား ခိုင်မြဲမယ်
လူ၏အလယ် ရှက်ဖွယ်မရှိအောင်
သတိထားလို့ ယဉ်ကျေးကွယ်
ကျင့်မယ် ကျင့်မယ်။

ကျောင်းမှာနေစဉ် မောင်ရင်းနှမတို့

ရှောင်ကြဉ်ကြဖို့ ရေးရပေ
သိမ်မွေ့စွာနေ ကျင့်ဝတ်တရားနှင့်
နေ့ညဉ့်မှတ်သား ယဉ်ကျေးစေ။

ကိုယ်နှုတ်စိတ်ကြံ ပွေလိမ်မစောင်းနှင့်
ရွှေဆီဖယောင်းသို့ နူးညံ့လေ
ပြောဆိုရာတွင် လွန်တော်ကြအောင်
ကျွန်တော် ကျွန်မ ရှိပါစေ။
မှတ်လေ မှတ်လေ။

ပေါင်းသင်းဆက်ဆံ ယဉ်ကျေးရန်

ကိုယ့်ထက်ကြီးသူ လူရှင်အပေါင်းတို့
သံချိုခွင့်တောင်း လွန်ရိုသေ
ဘိုးဘွားမောင်မေ မမကြီးနှင့်
ဦးကြီးရွယ်ကျ ဦးကြီးပေ။

ဒေါ်ကြီးမောင်ငယ် ညီမလေးနှင့်
ညီထွေတော်က ခေါ်ရဲစေ
ပြောဆိုရာတွင် လွန်ယဉ်ကျေးဖို့
သွန်သင်ပေးရ မောင်နှင့်မေ။
မှတ်လေ မှတ်လေ။

ပစ္စည်းရိုသေ သိမ်းဆည်းလေ

ဒို့ကျောင်းတော်မှာ ညီ ညီမတို့
ကိုယ်စီပါကြ ပစ္စည်းတွေ
သိမ်းဆည်းရိုသေ ထင်ရာမထားနှင့်
အစဉ်မှတ်သား ကောက်သိမ်းပေ။

သူ၏ ဥစ္စာ ကိုင်ချင်ငြားက
ပိုင်ရှင်ထံသွား ပန်ကြားလေ။
စာအုပ်ပေတံ ကျောက်သင်ပုန်းနှင့်
ကျောက်တံပျောက်ဆုံး မရှိစေ
သိမ်းလေ သိမ်းလေ။

သုတနည်းပါး လူ့ငနွား

နေ့စဉ်နဲ့ နေ့တိုင်းမှာ များသုတရှာဦး
များသုတာ ရှာမသုံးလျှင် နွားကဲ့သို့ရုန်း
သုတတဲ့ နည်းသူမှာ လူလိမ်ညာခံဦး
လူလိမ်ညာ ခံမသုံးအေင် သုတရှာဦး။

နေ့စဉ်နဲ့ နေ့တိုင်းမှာ ကျမ်းစာကိုသင်ပေး
လက်ရေးကို လှအောင်ရေးပါကွဲ့ သားလှလူလေး။
ပြတ်သား၍ ပီသစွာ ဖတ်ပါကွဲ့စာမွှေး
ပြောအဆို လေ့ကျင့်ပေးပါကွဲ့ သားလှလူလေး။

ပညာသင်ခါ တွေးတောပါ

ပညာသင်ခါ တွေးတောပါ
မြတ်ကျောင်းတော်မှာ ဝေးရပ်နီးက
ပညာရှာမှီး လာကြတယ်။
ကြီးကြီးငယ်ငယ် တပည့်များကို
သတိထားဖို့ ပြောပြမယ်။

ငယ်စဉ်အခါ ပညာဘက်ကို
သင်အံလေ့ကျက် ကြိုးစားကွယ်။
နောင်သောအခါ ပညာရှိမှ
အမြင်မှန်သိ
တိုးပွားမယ်။

ပညာပါးရှား ထိုသူအား
ဆိုးဝါးမျက်နှာငယ် အဲဒါကြောင့်
ဒီပုံပြင်ကို သင်တို့ မှတ်ပါကွယ်။

ပညာမပါ အလွန်နာ

ပညာမပါ အလွန်နာ
ဟိုရှေးအခါ ဗာရဏက
လွန်ကြွယ်ဝတဲ့ သူဌေး မောင် မယ်။
ပုတ္တသည်းချာ သားရတနာအစစ်ကို
တစ်ဖွားမခွါချစ်လို့ မခွဲနိုင်ဖွယ်။

အယူသန်ကာ အချစ်မှားတော့
အပြစ်များ၍ ချိန်ဖြုန်းတယ်။
နေ့ရက်ကုန်ခါ စာမတတ်တော့
ဗလချာမပြတ် မိုက်သွေးကြွယ်
တောင်မြောက်လေးပါး မသိငြား ဆိုးဝါးလှပါတယ်
အဲဒါကြောင့် ပညာသင်ခါ ယဉ်ရာသုံးမောင်မယ်

ငယ်စဉ်အခါ ပညာများကို

ငယ်စဉ်အခါ ပညာများကို
သင်ပါကြိုးစား နေ့တိုင်းသာ။
ပျင်းစိတ်ကိုပယ် ပွဲသိပ်မသွားနဲ့
ဇွဲစိတ်ထားလို့ ကြိုးစားရှာ။

ကစားကိုသာ အာရုံမထားနဲ့
စာရိတ္တတရား ခိုင်မြဲပါ။
အပေါင်းမှားခါ မိတ်တု မပျက်အောင်
စိတ်ရှုလျက်နှင့် ရှောင်ရှားကွာ။

ငယ်စဉ်ကြိုးစား စာပေများ သင်ကြားကျက်မှတ်ပါ။
အဲဒါမှ လောကပေါ်မှာ လူတော် လူလိမ္မာ

ယုတ်မြတ်နှစ်ပါး ကံတရား

ကံလျှင်ဥစ္စာ သတ္တဝါ သူငါရှိကြသည်၊ (ကမ္မဿကာ)
ကံလျှင်အမွေ ခံစံပေ ခွဲဝေယူရသည်၊ (ကမ္မဒါယာဒါ)
ကံလျှင်အကြောင်း ဆိုးအကောင်း အပေါင်းမှန်လှသည်။ (ကမ္မယောနိ)
ကံလျှင်ဆွေမျိုး ကောင်းအဆိုး ကြောင်းကျိုးမှန်လှသည်။ (ကမ္မဗန္ဓု)
ကောင်းဆိုးကံသာ ကိုးကွယ်ရာ သေချာမှန်လှသည်။ (ကမ္မပဋိဿရဏာ)
ယုတ်မြတ်နှစ်ပါး ကံတရား ခွဲခြားကျိုးပေးသည်။ (ကမ္မံ သတ္တေ ဝိဘဇ္ဇတိ ယဒိဒံ ဟိနပ္ပဏီတဘာဝါယ)
ဗြဟ္မာနတ်လူ ဖန်ဆင်းသူ ဘယ်သူမဟုတ်ပြီ။

ကိုယ်ကျိုးသမား မိတ်ဆွေတု ၄-ယောက်

သူများဥစ္စာ အယူသာရှိလို့
မိမိကတော့ မပေးသူ(၁)။

နည်းနည်းပေးကာ သူ့ပစ္စည်းကို
များများကြီးပေါ့ လိုချင်သူ(၂)။

ဘေးရန်ရောက်ခါ သူတစ်ပါးကို၊
ကပ်ကာဖားလို့ လုပ်ပေးသူ(၃)။

ကိုယ်ကျိုးတွက်သာ တစ်ဘို့ထားလို့
သူတစ်ပါးနှင့် ပေါင်းမယ့်သူ(၄)။

ကိုယ်ကျိုးသမား မိတ်တုများ
လေးပါးမှတ်ကာယူ။
အဲဒါကြောင့် ရှောင်ကြ ကြဉ်ကြ ဗုဒ္ဓမိန့်တော်မူ

အပြောသမား မိတ်ဆွေတု ၄-ယောက်

လွန်ပြီး ဥစ္စာ ပစ္စည်းများနဲ့
လောကွတ်စကား ပြောတတ်သူ(၁)
လာမည့်ဥစ္စာ ပစ္စည်းများနဲ့
မစားရ ဝခမန်း ပြောတတ်သူ(၂)။

လက်ကဗလာ နှုတ်နဲ့ပြီးတဲ့
အချည်းအနှီး ချီးမြှောက်သူ(၃)။
ကူညီလိုဟန် ပျက်ပြားရတဲ့
အကြောင်းပြလို့ မကူညီသူ (၄)။

အပြောသမား မိတ်တုများ လေးပါး မှတ်ကာယူ။
အဲဒါကြောင့် ရှောင်ကြ ကြဉ်ကြ ဗုဒ္ဓမိန့်တော်မူ

အကြိုက်ပြောသမား မိတ်ဆွေတု (၄)ယောက်

ကောင်းတာပြုလျှင်
အကြိုက်ပြော (၁)လို့
မကောင်းမှုရော
လိုက်လျောသူ (၂)။

ရှေ့မှာဆိုလျှင် ချီးမွမ်းပြ(၃)လို့
ကွယ်ရာကျတော့ ကဲ့ရဲ့သူ(၄)။

အကြိုက်သမား မိတ်တုများ လေးပါးမှတ်ကာယူ။
အဲဒါကြောင့် ရှောင်ကြ ကြဉ်ကြ ဗုဒ္ဓမိန့်တော်မူ

အပါယ်ဖော် မိတ်ဆွေတု ၄-ယောက်

အရက်သေစာ သောက်ဖက်သမား(၁)နဲ့
အခါမဲ့သွား ပေါင်းဖက်သူ(၂)။

အကျိုးယုတ်အောင် ပွဲသဘင်မှု၌
တွဲယှဉ်ကြည့်ရှု ပေါင်းဖော်သူ(၃)။

လောင်းကစားဆို ထိုအမှု၌
အဖော်ပြုလို့ ပါဝင်သူ(၄)။

အပါယ်ဖော်သမား မိတ်တုများ လေးပါးမှတ်ကာယူ။
အဲဒါကြောင့် ရှောင်ကြကြဉ်ကြ ဗုဒ္ဓမိန်တော်မူ

ကျေးဇူးပြုသော မိတ်ဆွေစစ် (၄)ယောက်

မူးသော် မေ့သော် ကိုယ့်ပစ္စည်းကို
အနီးချဉ်းကပ် စောင့်ရှောက်သူ(၁)
အရပ်တစ်ပါး ခရီးသွားလည်း
ကိုယ့်ဥစ္စာများ စောင့်ပေးသူ(၂)။

ကြောက်စရာဘေးရန် ပေါ်လာငြားက
အားကိုးအားထား ပြုရသူ(၃)။
ပြုဖွယ်ကြုံလာ လိုတာထက်ပေါ့
နှစ်ဆတက်လို့ ကူညီသူ(၄)။

ကျေးဇူးပြုငြား မိတ်စစ်များ လေးပါးမှတ်ကာယူ။
အဲဒါကြောင့် ပေါင်းကြ ဖော်ကြ ဗုဒ္ဓမိန့်တော်မူ

အကျိုးစီးပွား ပြောကြားသော မိတ်ဆွေစစ် ၄-ယောက်

မကောင်းမှုကို အပြစ်တွေ့ရှိလို့
မပြုမိအောင် တားမြစ်သူ(၁)
ကောင်းမှုဆိုလျှင် အကျိုးရှုလို့
ကြိုးစားပြုဖို့ တိုက်တွန်းသူ(၂)

လောကုတ်လောကီ မကြားဘူးတဲ့
တရားကြောင်းထူး ပြောပြသူ(၃)
နတ်ရွာ နိဗ္ဗာန် ရောက်ရန်အကြောင်း
လမ်းမှန်လမ်းကောင်း ညွှန်ပြသူ(၄)

အကျိုးပြောကြား မိတ်စစ်များ လေးပါး မှတ်ကာယူ
အဲဒါကြောင့် ပေါင်းကြ ဖော်ကြ ဗုဒ္ဓမိန့်တော်မူ

စောင့်ရှောက်တတ်သော မိတ်ဆွေစစ် ၄-ယောက်

စီးပွားဂုဏ်သိရ် ကိုယ့်မှာပျက်တော့
မနှစ်သက်လို့ မကြည့်ရက်သူ(၁)။
စီးပွားဂုဏ်သိရ် ကိုယ့်မှာပွားတော့
နှစ်သက်လိုလား ဝမ်းမြောက်သူ(၂)။

ကိုယ့်အကြောင်းကို မကောင်းပြောက
အမှန်သဘောနဲ့ တားမြစ်သူ(၃)။
ကိုယ့်ကျေးဇူးဂုဏ် ပြောသူတွေ့က
သဘောတူ ဖြေလို့ ချီးမွှမ်းသူ(၄)။

စောင့်ရှောက်တတ်ငြား မိတ်စစ်များ လေးပါးမှတ်ကာယူ။
အဲဒါကြောင့် ပေါင်းကြ ဖော်ကြ ဗုဒ္ဓ မိန့်တော်မူ

ကောင်းကျိုးရဖို့ စာဖတ်စို့

လူကိုစိတ်က ဦးဆောင်တယ်
စိတ်ကောင်းထားပါကွယ်
စိတ်ကို ဦးဆောင် တာကတော့
အသိညာဏ်ပညာပေါ့

ပညာကိုတော့ ဦးဆောင်တာ
ဗဟုသုတပါ
သူ့ကို ဦးဆောင်တာကတော့
စာအုပ်စာပေပေါ့

မမေ့မလျော့ စာအုပ်တွေ
များများ ဖတ်ပါလေ
ဖတ်ပြီးခါလေ အသုံးချ
ဒါမှ ကောင်းကျိုးရ

ကိုယ့်အား ကိုယ်ကိုး

ညီမလေးငယ် ညီလေးငယ်
ကိုယ့်ကိုယ်သာ အားကိုးကွယ်
ကိုယ့်ကိုယ်သာ ကိုယ်အားကိုး
အစဉ်အမြဲ ကောင်းကျိုးတိုး။

ကောင်း-မကောင်းကျိုးရတာဟာ
သူတစ်ပါးနဲ့ မဆိုင်ပါ။
ကိုယ်က- ကောင်းတာပြုလုပ်က
ပြုတဲ့ကိုယ့်မှာ ကောင်းကျိုးရ။

ကိုယ်က-မကောင်းတာ ပြုလုပ်လျှင်
ပြုတဲ့ကိုယ့်မှ ဆိုးကျိုးဝင်။
ဤသို့ အမြင် ပြတ်သားမှ
ဗုဒ္ဓနည်းလမ်း ကျမည်ပ။

ဒါ့ကြောင့် ညီမ ညီငယ်ရေ
ဘိုးတော် မယ်တော် ဂိုဏ်းထွေထွေ
နတ်တေလေတွေ မကိုးနဲ့
ကိုယ့်အား ကိုယ်ကိုးကြပါကွယ့်။

သမ္ပဒါ ၄-ပါး

ဗျဂ္ဃပဇ္ဇ အမျိုးသားအား
ဒို့ဘုရားက ဟောခဲ့တာ
အလုပ်ဆိုင်ရာ ကျွမ်းကျင်ရှိလို့
ဝီရိယ ဇွဲ သတ္တိပါ။
ကိုယ်ရော သူပါ အလုပ်စေ့စပ်အောင်
စီမံတတ်မှ ဥဋ္ဌာန။ (ဥဋ္ဌာနသမ္ပဒါ)

ဘေးရန်ကာကွယ် မလွင့်မပျောက်အောင်
စောင့်ရှောက်နိုင်မှ အာရက္ခာ။ (အာရက္ခသမ္ပဒါ)
တော်ကောင်းမိတ်ဆွေ ပေါင်းဖော်မှုနဲ့
အတုယူပြုမှ မိတ္တတာ။ (ကလျာဏ မိတ္တတာ)

နေ့စဉ်ထွက်ငွေ လွန်နည်းပါးလို့
ဝင်ငွေများမှ သမဇီပါ။ (သမဇီဝိတာ)
ခုဘဝမနှေး ကြီးပွားရေး
လေးပါး သမ္ပဒါ
အဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။

စီးပွားပျက်ကြောင်း

မိန်းမကြူးကာ(၁) သေသောက်စားလို့(၂)
လောင်းကစားလည်း လိုက်စားကာ(၃)
မိတ်ဆွေယုတ်မာ တွဲဖက်ပေါင်းတော့(၄)
စီးပွားပျက်ကြောင်း ဤလေးဖြာ

ပျက်ကြောင်းလေးဖြာ ရှောင်ကာရှားမှ
ဖြစ်ကြောင်းလေးပါး အမှန်လာ။
ပျက်ကြောင်းရှောင်ရှား ဖြစ်ကြောင်းများ
ဆောင်ထား အမြဲသာ။
အဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။

ကန်ရေပြည့်ဥပမာ

ရေထွက်ပေါက်တွေ ပိတ်ကာထားလို့
ဝင်ပေါက်များမှ ရေတည်မှာ
မပြတ် မကြာ မိုးရွာချတော့
ကန်ရေပြည့်ဝ ဤပမာ။

ပျက်ကြောင်းလေးဖြာ ထွက်ပေါက်များကို
ပိတ်ကာထားကြ မြဲမြံစွာ
ဖြစ်ကြောင်းလေးဖြာ ဝင်ပေါက်များတော့
ဖွင့်ထားကြပါ အမြဲသာ။

လေးပါးသမ္ပဒါ မိုးရွာချတော့
တိုးကာပြည့်ဝ မြတ်ဥစ္စာ
ခုဘဝမနှေး ကြီးပွားရေး
လေးစား လိုက်နာရာ
အဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။

သင်္ဂဟဝတ္ထုလေးပါး

တို့မျိုးဘာသာ တိုးတက်လမ်းက
ပေးကမ်းစွန့်ကြဲ ချီးမြှင့်ပါ။ (ဒါန)
ခေါ်ဝေါ်ပြောဆို ချစ်ဖွယ်စကားလည်း
သကာပျားလို လွန်ချိုသာ။ (ပေယျဝဇ္ဇ)

ကိစ္စကြုံလျှင် မေတ္တာသက်လို့
သူကျိုးဆောင်ရွက် ကူညီရာ။ (အတ္တစရိယ)
နိမ့်မြင့်ဆူကြုံ မခွဲခြားနဲ့
တန်းတူထားလို့ ဆက်ဆံပါ။ (သမာနတ္တတာ)

မျိုးဘာသာမရွေး တိုးတက်ရေး
လေးပါး သင်္ဂဟာ
အဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။

သုခ (၄)ပါး

တို့မျိုးဘာသာ မောင်မယ်များတို့
ဥစ္စာစီးပွား ကြိုးစားရှာ။
စီးပွားဥစ္စာ ပြည့်စုံရှိတော့
တွေးမိတိုင်းပေါ့ စိတ်ချမ်းသာ။ (အတ္တိသုခ)

ရှိသည့်ဥစ္စာ အသုံးချလို့
ခံစားရတော့ စိတ်ချမ်းသာ။ (ဘောဂသုခ)
ဥစ္စာပြည့်စုံ ကြွေးမြီကင်းတော့
တွေးမိရင်းပေါ့ စိတ်ချမ်းသာ။ (အာနဏျသုခ)

ပြောဆိုလုပ်ကိုင် ကိစ္စခပင်း၌
အပြစ်ကင်းလို့ စိတ်ချမ်းသာ။ (အနဝစ္စသုခ)
တို့မောင်မယ်များ အရကြိုးစား
လေးပါး ဤချမ်းသာ။
အဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။

ဥစ္စာယိုထွက်ကြောင်း(၆)ပါး

တို့မျိုးဘာသာ ချမ်းသာပွားဖို့
တို့ဘုရားက ဟောမိန့်မှာ။
ပျင်းရိနေတာ(၁) မေ့လျော့များ(၂)လို့
ကြိုးစားလုံ့လ မရှိတာ(၃)။

စောင့်စည်းကင်းကွာ(၄) အိပ်လွန်ကဲ(၅) နှင့်
ပျင်းကြောဆွဲဆန့် အခါခါ(၆)။
စည်းစိမ်းဥစ္စာ ကုန်ပျက်ပျောက်အောင်
ယိုထွက်ပေါက်က ဤခြောက်ဖြာ

ထွက်ပေါက်ခြောက်ပါး ပိတ်ကာထား
ကြိုးစားလွန်ချမ်းသာ။
အဲ..ဒါမှ ဗုဒ္ဓဝါဒ "ဘဝလမ်းညွှန်"ပါ။

စိတ်ကောင်းထားကြစို့

ကံကောင်းချင်သလား ကလေးတို့ရယ်
စိတ်ကောင်းထားပါကွယ်။
စိတ်ကောင်းထားရင် နှုတ်လည်းကောင်း၊
ကိုယ်ဟန်မူရာ ကြည့်လို့ကောင်း။

ကိုယ်ကောင်း, နှုတ်ကောင်း, စိတ်ကောင်းရင်
ဖြစ်လာသမျှ ကောင်းမည်ပင်။
ဖြစ်လာသမျှ ကောင်းစေဖို့၊
စိတ်ကောင်းထားကြစို့

ဆောင်ကြ ရှောင်ကြ ယဉ်ကျေးလှ ကဗျာများ

၁။ ပြောင်ရှင်းလှတဲ့ ကွင်းသာဝယ်၊
လူသွားလမ်း အလယ်။
ညစ်ကြေးကျင်ငယ် စွန့်မထား၊
ထွေးနဲ့ တံတွေးများ။

၂။ မြက်ပင်မှိုက်များ ချုံကြားရယ်၊
သစ်ပင်ရင်းနားဝယ်။
တံတွေးထွေးဖွယ် နေရာများ၊
သိတတ်ပါစေသား။

၃။ စားသောက်ကြတဲ့ အနားမှာ၊
ဝေါ့ဝါး ထွီ ထွမ်း ထွာ။
နှပ်ညှစ်ချေတာ သတိချင့်၊
လေတက်တာမျှ မပြုနှင့်။

၄။ ရေအိုးစင်သွား ရေသောက်လျှင်၊
သန့်ရှင်းခဲ့ပါရှင်။
ဖြူဖွေးစင်စင် သောက်ရေဖလား၊
မှောက်ခဲ့ပါတော့လား။

၅။ ပါးစပ်ပေပွ လက်ပွပေ၊
ရေမသောက်နဲ့လေ။
ပါးစပ်စင်စေ လက်စင်ဆေး၊
ပြီးမှ သောက်ပါလေး။

၆။ ကိုယ်ထိုင်ထားတဲ့ တန်းလျားခုံ၊
စားပွဲ စသည်စုံ။
ကမြင်းဆော့ခုန် နှဲ့ကန်ကစား၊
မပြုအပ်လေငြား။

၇။ အများသုံးတဲ့ ရေတွင်းရေကန်၊
တုတ် ခဲ မချရန်။
ဖုန် မှိုက်ချရန် ဝေးစွာရှား၊
ထွေးနဲ့ တံထွေးများ။

၈။ ရေတွင်းဘေးနား ကန်နားတွင်၊
ရှုပ်ထွေး ပေပွမြင်။
ရှင်းခဲ့ဖို့ပင် လက်မနှေး၊
ကုသိုလ်ယူခဲ့လေး။

၉။ တန်ဆောင်း ပြသာဒ် ဇရပ်ရေကန်၊
ဘုရား ကျောင်း မကျန်။
ညစ်ကြေးပေရန် ပြုမထား၊
ဆွဲနဲ့ မင်ခဲများ။

၁၀။ တုတ် ခဲ များနဲ့ မပေါက်ရာ၊
မဖျက်ဆီးနဲ့ကွာ။
ဆောက်ဦးဆိုတာ ဖြစ်ဖို့အရေး၊
အလွန် ခက်လှသလေး။

၁၁။ ရှုပ်ထွေးမှိုက်များ ဖုန်များပေ၊
ရှင်းခဲ့ပါတော့လေ။
ထက်ရပ်နတ်ပြည် ဝတိံနန်း၊
စောင်းတန်း သွယ်လို့တန်း။

၁၂။ အများနေတဲ့ ဇရပ်သစ်ပင်၊
ရှုပ်ထွေး မှိုက်များမြင်။
သန့်ရှင်းဖို့ပင် ဝန်မလေး၊
နတ်ပြည်ရောက်တဲ့ဆေး။

၁၃။ မာဃဝတ္ထု ရှုကြလေ၊
အမှိုက်ရှင်းလို့ပေ။
တာဝတိံပြည် မြို့တော်နန်း၊
သူတို့ တည်ကြဆန်း။

၁၄။ ခရီးလမ်းက ရေချမ်းစင်၊
ရေသောက်မလို့ဝင်။
မသန့်ရှင်းရင် ပြုပြင်ထား၊
သာဓုခေါ်လို့ မေတ္တာပွား။

၁၅။ အများသွားတဲ့ လမ်းလယ်ခေါင်၊
ချိုင့် ကျင့် ငြောင့် ဆူးထောင်။
ညစ်ကြေးဖုံးထောင် နွယ်ထောင်ထား၊
ပြုနဲ့ မောင်မယ်များ။

၁၆။ ဒီမကောင်းမှု ပြုသူတွေ
ရောက်ရ ငရဲပြည်။
လူဖြစ်ပြန်လေ ရောဂါများ၊
ကျိုးတတ် ပဲ့တတ်သား။

၁၇။ လူသွားများတဲ့ လမ်းလယ်တွင်၊
တုတ်များ ခဲများမြင်။
ကန့်လန့်နေရင် ဆူးခတ်များ၊
ကောက်ပစ်ခဲ့ပါလား။

၁၈။ မီးရထားစီး ကားစီးကာ၊
ခရီးသွားကြရှာ။
တုတ်ခဲနှင့်သာ ပေါက်ပါက၊
စည်းကမ်းမဲ့တဲ့ လူ့ဗာလ။

၁၉။ တံတားပေါ်များ လျှောက်သွားရင်၊
ကျေးဇူးကြံလို့တင်။
ဖျက်ဆီးဖို့ပင် ဝေးစွာရှား၊
ခဲငယ်လေးမျှ ပေါက်နဲ့ဗျား။

၂၀။ ကိုယ် ဝင်နားတဲ့ သစ်ပင်ရိပ်သာ၊
သစ်ခက် မချိုးရာ။
အရိပ်နေကာ အခက်ချိုး၊
ဆိုးတဲ့ ထိုလူမျိုး။

၂၁။ သန့်ရှင်းလှတဲ့ လမ်းမဝယ်၊
ခြံဝင်း ကွင်းအလယ်။
အိတ်ခွံ ဘူးခွံ ပစ်မသွား၊
ထွေးနဲ့ ကွမ်းသွေးများ။

၂၂။ မြို့ရော နယ်ရော ရွာငယ်မကျန်၊
သန့်ရှင်းစည်းကမ်း ကျစေရန်။
ဝိုင်းဝန်းညီညာ ဆောင်ရွက်ကြ၊
ဒါမှ တိုင်းပြည်လှ။

၂၃။ မကောင်းမှုမျိုး ရှောင်ကာသွေ၊
ကောင်းမျိုး စိုက်ကြလေ။
ကောင်းမှုထွေထွေ ပြုဖို့အရေး၊
မမေ့ကြနဲ့လေး။
ဒါမှ လူ့ယဉ်ကျေး

မေတ္တာပို့နည်း

မုန်းသူ၊ ချစ်သူ၊ လယ်လတ်သူနှင့်
ရန်သူကိုသာ ဤလေးဖြာ မေတ္တာ မစရ။
လိင်မတူရာ၊ သေသူမှာ၊ မေတ္တာ မပွားနှင့်။

မိမိ၊ ချစ်သူ၊ လယ်လတ်သူနှင့်
ရန်သူတစ်ဖြာ မြတ်မေတ္တာ ပွားကာစဉ်တိုင်းသိ။

ချစ်ချစ်ခင်ခင် နေကြစို့

အဖေနဲ့ အမေ ရန်ဖြစ်ရင်
သားသမီးတို့ မပျော်ဘူးကွယ်
အဖေနဲ့ အမေ စကားများရင်
သားသမီးမျက်နှာငယ်

အဖေ့ကိုလည်း ချစ်တယ်
အမေ့ကိုလည်း ချစ်တယ်
သားသား မီးမီး စိတ်ညစ်တယ်။

သားတို့ သမီးတို့ အဖေ မေရယ်
ချစ်ချစ်ခင်ခင် နေပါကွယ်။

တရားဓမ္မ အားထုတ်ကြ

တရားဘာဝနာ အားထုတ်ထားက၊
စိတ်ဓာတ်မြင့်မြတ် သန့်ရှင်းမယ်(၁)။
စိုးရိမ်ငိုကြွေး ကင်းစင်ဝေးလို့၊
ကိုယ်စိတ် ငြိမ်းအေး ချမ်းသာမယ်(၅)။

သိဉာဏ်ထက်ကာ ကိုယ့်ကျင့်တရား၊
အစဉ်မြင့်မား ဖွံ့ဖြိုးကြွယ်(၆)။
ဒုက္ခချုပ်ရာ နိဗ္ဗာန်တရားကို၊
ဧကန်မျက်မှောက် ပြုရမယ်(၇)။

အဲဒါကြောင့် ဓမ္မတရား ကြိုးစား အားထုတ်ကွယ်။

ဗုဒ္ဓဘာသာအစစ်

ဘုရား တရား သံဃာမှန် သုံးပါးသရဏံ
ယုံကြည်စိတ်သန် အားထားဘိ
ဆည်းကပ်ပါ၏ ဂစ္ဆာမိ..(၂)

သရဏ ဂမန ပါဠိမှန်
သရဏဂုံ ဖြစ်လာပြန်။
သရဏဂုံသုံးတန် တည်သူမှ
လူ့ထက်ဝက်လို့ ခေါ်ပါရ.. (၂)

ငါးပါးသီလ လုံသူမှာ
လူအစစ်လို့ ခေါ်ပေတာ။
ရတနာသုံးဖြာ ဂုဏ်စုံသိ
ဗုဒ္ဓဘာသာ မည်ပါဘိ..(၂)

နိဗ္ဗာန်မြင်သိ ဉာဏ်ပေါ်ပေ
အပါယ်တံခါး ပိတ်တော့ချေ
သောတာပန်လေ တကယ်ဖြစ်
ဗုဒ္ဓဘာသာ အစစ် အစစ်..(၂)

ဒို့ဗုဒ္ဓ

၁။ လူနတ်ဗြဟ္မာ ပူဇော်ရ "အရဟံ"ဂုဏ်ရှင် ဒို့ဗုဒ္ဓ
၂။ ကိုယ်တိုင်မှန်စွာ အကုန်သိတာ "သမ္မာသမ္ဗုဒ္ဓ" ဒို့ဗုဒ္ဓ
၃။ ဉာဏ်နှင့် အကျင့်မှာ၊ ပြည့်စုံတာ "ဝိဇ္ဇာစရဏသမ္ပန္န" ဒို့ဗုဒ္ဓ
၄။ စကားကောင်းစွ ဆိုတတ်လှ "သုဂတ"ဂုဏ်ရှင် ဒို့ဗုဒ္ဓ
၅။ သုံးပါးလောက သိပိုင်လှ "လောကဝိဒူ" ဒို့ဗုဒ္ဓ
၆။ ယဉ်အောင် တုမရှိ၊ ဆုံးမဘိ "အနုတ္တရော ပုရိသ, ဒမ္မသာရထိ" ဂုဏ်တော်ရှိတဲ့ဒို့ဗုဒ္ဓ
၇။ နတ်လူဗြဟ္မာ မြတ်ဆရာ "သတ္ထာဒေဝ မနုဿာနံ" ဒို့ဗုဒ္ဓ
၈။ သစ္စာလေးဝ သိမြင်လှ "ဗုဒ္ဓ"ဂုဏ်ရှင် ဒို့ဗုဒ္ဓ
၉။ ဘုန်းတော်ခြောက်ဖြာ ပြည့်စုံတာ "ဘဂဝါ"ဂုဏ်ရ ဒို့ဗုဒ္ဓ။

ဤဂုဏ်ကိုးပါး၊ ရှင်ဘုရားကို ညွတ်တွားသဒ္ဓါ၊ ရိုသေစွာဖြင့်
သေချာမြတ်နိုး လက်စုံမိုး၍ ရှိးခိုးကန်တော့ပါ၏ အရှင်ဘုရား။

ပြုမြဲဝတ်

နေမင်းရီရီ ညနေစောင်းတော့
မြရေတကောင်း မလေး ပြင်...
ပန်းပေါင်းစုံအောင် စိုက်ကာထိုးလို့
ရေချမ်းပန်းအိုး အမြဲတင်...

နေလုံးကြီးလေ ဝင်ကာသွားတော့
ဘုရားဆောင်ကြား မှောင်ကဝင်..
ဆီးမီးရောင်ရှိန် ထိန်ထိန်ကြွားဖို့
မောင်လေးသွားလို့ ထွန်းနှင့်ရှင်...

မောင်နှမတတွေ ညီညာဖြဖြ
ရှိခိုးကြစို့ ဒို့ပျော်ရွှင်..
သီလယူထပ် ရေပန်းကပ် မလပ် မီးပါတင်
အမြဲပင် အမြဲပင်.. နေ့တိုင်း အမြဲပင်..)၃

ဖန်ဆင်းရှင် သုံးပါး

သားတို့သမီးတို့ စဉ်းစားပါ၊ အရမ်းတော့ မယုံစရာ
စာမေးပွဲမှာ အောင်လိုက၊ စာကြိုးစားလိုက်ကြ။

ဇွဲနှင့်လုံ့လအရင်းခံ၊ ကြိုးစား ချိန်မှန်မှန်
ထိုသူ ဧကန် ချမ်းသာပွား၊ ပညာစီးပွား ကောင်းကျိုးများ။

မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ
ကယ်မည့်သူ ဘယ်မရှိ၊ သေချာ ဒုက္ခရောက်မည်သိ။

ကိုယ့်၏စွမ်းအား ကိုယ့်ကိုပါ၊ သေချာကြီးပွား တိုးတက်မှာ
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား၊ ကောင်းကျိုးလိုလား ကျင့်စေသား

ကံ ဉာဏ် ဝီရိယ စွမ်းအင်များ ဖန်ဆင်းရှင်လို့ မှတ်စေသား။

သီလဆိုတာ

သီလဆိုတာ ကိုယ်နှုတ်များကို
ကောင်းစွာထားဖို့၊ စောင့်ရသလေ။
ကိုယ်နှုတ်လုံလျှင် လူယဉ်ကျေးကွယ့်။

ကောင်းကျိုးပေးမြဲ အမှန်ပေ၊
စိတ်ပါလုံလျှင် ပိုလို့ကောင်းသကွယ့်
ကောင်းသထက် ကောင်းအောင်ကြိုးစားလေ။

စိတ်ပါလုံအောင် ဘာဝနာပွားဖို့၊
မြတ်ဘုရားက မိန့်ခဲ့ပေ။
ကိုယ်နှုတ်စိတ်ထား ဤသုံးပါး
လုံးငြားချမ်းသာပေ။

ယုံကြည်မှု (သဒ္ဓါ)၏ အကျိုးအဆက်ဆက်

ကောင်းဆိုးနှစ်တန် ကံတရားနှင့်၊
သုံးပါးရတနာ ယုံလျှင်လေ။
ဆိုးကံပြုရန် ရှက်ကြောက်များလို့၊
သီလတရား လုံခြုံပေ။

သီလလုံလျှင်၊ ကြည်ရွှင်လန်းလို့၊
ဝမ်းသာအားရ နှစ်သိမ့်ပေ။
နှစ်သိမ့်သောအခါ ကိုယ်စိတ်ငြိမ်လို့၊
ငြိမ်းအေးချမ်းသာ ရသလေ။

ချမ်းသာလေဘိ၊ သမာဓိ၊ ရ၏ ဉာဏ်မြင်တွေ။

အချိန်တန်ပြီ

တရားစစ်မှန် ကျင့်ကြံကြမှ
ချမ်းသာသုခ ရနိုင်သည်။
တရားတုတွေ ကျင့်နေကြလို့
ဗုဒ္ဓါဝါဒ ပြယ်ရသည်။

ယခုမြန်မြန် အမှန်လမ်းသို့
တစ်ဖန်လှမ်းဖို့ ချိန်တော်ပြီ

သို့မှ တိုင်းပြည် ဘာသာရေးကြောင့်
သာယာအေးဆေး ရှိလိမ့်မည်။

နိုင်ရာတာဝန် ယူကြစို့

ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘဝ မသိရ များလှ အပြစ်တွေ။

ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘဝ သိကြရ
များလှ ကျေးဇူးပေ။

ကျေးဇူးတော်ရင် ဘုရားရှင်ကို
ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ သာသနာ
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
ကြိုးပမ်းကြပါလေ။

ဒီနေ့လုပ်ပါ

အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။
န ဟိနော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

စစ်သည်များပြီ သေမင်းအား
ချိန်းထားလက်ဆောင် မရှိပါ။
တွန်းလှန်နိုင်ကြောင်း ဗိုလ်ပါပေါင်း
စုဆောင်ထားခြင်း မရှိပါ။

ဒါကြောင့် ဒို့မှာ နက်ဖြန်ခါ
သေမှာရှင်မှာ ဧကန် မသိပါ။
ဒါကြောင့် နောက်နေ့ ရက်မရွေ့
ယနေပင်လျှင် အားထုတ်ပါ

ဆိုးတဲ့ ဒီကိုယ်

၁။ ပွဲကျ စွဲကြ တကယ်ပဲ မထချင်သလိုလို၊
အစအဆုံး တစ်ညလုံးနေလို
ဘုရားအကြိုက် တရားစိုက်တော့ ခါးကိုက်သလိုလို
ဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်

၂။ အရပ်စကား၊ ဇာတ်စကား တဟားဟားနေလို
သူ့အတင်း ငါ့အတင်း ခုမငြင်းပြောဆို
ဘုရားစကား တရားစကား နားခါးသလိုလို
ဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်

၃။ ပျော်ပွဲ ရွှင်ပွဲ၊ နင်ပဲ ခေါင်ဗိုလ်
သူမရ ငါမရ တိုးကြ ရှေ့ကို
တရားကျ၊ အနားမကြွ အဖျားက ချောင်ခို
ဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်

၄။ မင်းသမီး မင်းသား သီချင်းသား ဘယ်လို
ရယ်လုံး ပြက်လုံး တစ်သက်လုံး မမေ့သကို
ဟောသမျှ ပြောသမျှ သောတမနာလို
ဩော်.. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်

တရားနာသူများ

ရုပ်ရှင်ဇာတ်ပွဲ မဲမဲမှောင်မှောင်
သူထက်ငါသွား ရှေ့နားရောက်အောင်
မကြောက်မရှက် မျက်ခွက်ပြောင်ပြောင်
သန်းခေါင်းချဉ်း အလင်းမငိုက်ပေါင်။

ဥပုသ်စောင့်သွား တရားနာသော်
ပိတ်ဆုံးနောက်နား ထောင့်ကြားကမျှော်၊
မျက်တောင်စင်းလို့ ဟောက်ရင်း အိပ်ပျော်
တရားဆုံး တုံလုံးစက်တော်ခေါ်။

အမှောင်မှ အမှောင်သွားမည့်သူ

ဤလောကမှာ တစ်ချို့လူ
ရုပ်ရည်မလှ ရောဂါထူ။
စားသောက်နေမှု ဝတ်ဆင်မွဲ
အောက်ကျနောက်ကျ သူဆင်းရဲ။

အယူလွဲလို့ ရဟန်းမြတ်ဆီ
ရိုသေဆည်းကပ် မပြုပြီ။
သူမယုံကြည် ကံအကျိုးပေး
မကောင်းမှုတွေ ပြုလုပ်သေး။

ကပ်စေးနှမြော ဆိုဆဲကာ
တောင်းရမ်းသူအား မပေးပါ။
သူများပေးကာ တားမြစ်ငြား
အမှောင်မှ အမှောင် ထိုသူသွား
အမှောင်ဆိုတာ ပါယ်လေးပါး

အမှောင်မှ အလင်းသွားမည့်သူ

ဤလောကမှာ တစ်ချို့လူ
ရုပ်ရည်မလှ ရောဂါထူ။
စားသောက်နေမှု ဝတ်ဆင်မွဲ
အောက်ကျနောက်ကျ သူဆင်းရဲ။

ဆင်းရဲသော်လည်း ရဟန်းမြတ်ဆီ
ရိုသေဆည်းကပ် ပြုတတ်သည်။
သူက ယုံကြည် ကံကျိုးပေး
ကောင်းမှုတွေလည်း ပြုလုပ်သေး။

ကပ်စေးနှမြော မရှိရာ
တောင်းရမ်းသူအား ပေးတတ်ပါ။
သူများပေးတာ ဝမ်းမြောက်သား
အမှောင်မှအလင်း ထိုသူသွား
အလင်းဆိုတာ နတ်ရွာများ

အလင်းမှ အမှောင်သွားမည်သူ

ဤလောကမှာ တစ်ချို့လူ
ရုပ်ရည်လှပ ကျန်းမာသူ။
စားသောက်နေမှု ဝတ်ဆင်မရိုး
အထက်တန်းကျ သူဌေးမျိုး။

ကံနှင့်အကျိုး မယုံကြည်
ရဟန်းမြတ်ထံ မကပ်ပြီ။
ကောင်းမှုတစ်လီ ပြုဖို့ဝေး
မကောင်းမှုတွေ ပြုလေသေး။

ကပ်စေးနှမြောဆိုဆဲကာ
တောင်းရမ်းသူအား မပေးပါ။
သူများပေးတာ တားမြစ်ငြား
အလင်းမှ အမှောင်ထိုသူသွား
အမှောင်ဆိုတာ ပါယ်လေးပါး

အလင်းမှ အလင်းသွားမည့်သူ

ဤလောကမှာ တစ်ချို့လူ
ရုပ်ရည်လှပကျန်းမာသူ။
စားသောက်နေမှု ဝတ်ဆင်မရိုး
အထက်တန်းကျ သူဌေးမျိုး။

ကံနှင့်အကျိုး သူယုံကြည်
ရဟန်းမြတ်ထံ ဆည်းကပ်သည်။
ကောင်းမှုအလီလီ ပြုလေသေး
မကောင်းမှုတွေ ရှောင်ကာဝေး။

ကပ်စေးနှမြောမရှိပါ
တောင်းရမ်းသူအား ပေးတတ်ပါ။
သူများပေးတာ ဝမ်းမြောက်သား
အလင်းမှ အလင်း ထိုသူသွား
အလင်းဆိုတာ နတ်ရွာများ

ကောသလမင်းအိမ်မက် (၁၆)ချက်

၁။ မေး။။ နွားနက်လေးကောင်၊ ဝှေ့မည်ယောင်၊ တိမ်းရှောင်ထွက်ပြေးသည်။
ဖြေ။။ လေးဖက်ညိုရောင်၊ မိုးတိမ်တောင်၊ ရွာယောင် ကွင်းလိမ့်မည်။

၂။ မေး။။ တစ်ထွာတစ်တောင်မျှ သစ်ချုံက၊ ပွင့်ကြ သီးကြသည်။
ဖြေ။။ ကညာပျိုမ၊ ဣတ္ထိယ၊ ငယ်က အိမ်ထောင်မည်။

၃။ မေး။။ နွားငယ်မနို့၊ နွားကြီးတို့ စို့လို့ မြင်မက်သည်။
ဖြေ။။ ကျေးဇူးကြီးလှ၊ မိနှင့်ဘ၊ သားက ဝေကျွေးမည်။

၄။ မေး။။ နွားကြီးကိုပယ်၊ နွားကငယ်၊ ဝန်မယ် မရုန်းသည်။
ဖြေ။။ လူကြီးပယ်ရှား၊ လူငယ်များ၊ မြှောက်စား နိုင်ငံပြည်။

၅။ မေး။။ ခံတွင်းနှစ်ပေါက်၊ မြင်းစားသောက်၊ မလောက်မြင်မက်သည်။
ဖြေ။။ လာဘ်နှစ်ဖက်စား၊ မှူးမတ်များ၊ တရားစီရင်မည်။

၆။ မေး။။ မြေခွေးအိုထံ၊ ရွှေခွက်နှံ၊ စွန့်ပြန်ကျင်ငယ်ရမည်။
ဖြေ။။ မိန်းမမြတ်မှာ၊ လူမိစ္ဆာ၊ အိမ်ရာထောင်လိမ့်မည်။

၇။ မေး။။ သားရေလွန်ကား၊ ခြေရင်းထား၊ ပုံစာ ခွေးငတ်မှီ။
ဖြေ။။ လင်မသိအောင်၊ ပစ္စည်းဆောင်၊ လင်မြှောင် ကျွေးလိမ့်မည်။

၈။ မေး။။ ရေပြည့်အိုးကြီး၊ ထပ်လောင်းမှီ၊ ချည်းနှီး အိုးငယ်တည်။
ဖြေ။။ မင်းဘဏ္ဍာသာ၊ တိုးအောင်ရှာ၊ မြို့ရွာနာလိမ့်မည်။

၉။ မေး။။ ရေကန်ကြီးမယ်၊ နောက်အလယ်၊ နားဝယ်ကြည်လှသည်။
ဖြေ။။ မြို့အလယ်တွင် ပွေရှုပ်အင်၊ မြို့ပြင်စည်းကားမည်။

၁၀။ မေး။။ ထမင်းအိုးနှပ်၊ ပျော့မာဆတ်၊ ကျက်လက်သုံးမျိုးတည်။
ဖြေ။။ မင်းနှင့်လူများ၊ မတရား၊ ကွက်ကြားမိုးရွာမည်။

၁၁။ မေး။။ စန္ဒကူးကြုတ်၊ ရက်တက်ပုပ်၊ ရောင်းထုတ်ဝယ်ကြသည်။
ဖြေ။။ တရားဟောခါ၊ ပစ္စည်းရှာ၊ မြို့ရွာလယ်လိမ့်မည်။

၁၂။ မေး။။ ချည်းနှီးဘူးတောင်း၊ ရေနစ်အောင်း၊ ပေါ်ကြောင်း မြင်မက်သည်။
ဖြေ။။ ပညာရှိများ၊ မကျော်ကြား၊ ရှောင်ရှားမြုပ်ကွယ်မည်။

၁၃။ မေး။။ ကျောက်ခဲကြီးများ၊ ရေပေါ်သွား၊ ထင်ရှားမြင်မက်သည်။
ဖြေ။။ မိုက်သူပြောမှ၊ သဘောကျ၊ လောကဖြစ်လိမ့်မည်။

၁၄။ မေး။။ ဖားငယ်မက၊ မြွေဟောက်ထ၊ လိုက်ကြကိုက်စားသည်။
ဖြေ။။ ကညာပျိုမော်၊ လင်အိုပေါ်၊ ငေါက်အော်နိုင်လိမ့်မည်။

၁၅။ မေး။။ ကျီးကို ဟင်္သာ၊ ခြံရံကာ၊ နေတာ မြင်မက်သည်။
ဖြေ။။ ပညာရှိများ လူမိုက်အား ဝပ်တွားရလိမ့်မည်။

၁၆။ မေး။။ ဆိတ်က သစ် ကျား၊ ကျွတ်ကျွတ်ဝါး၊ ကိုက်စားတတ်ကြသည်။
ဖြေ။။ သူယုတ်မြင့်မြတ်၊ ပညာတတ်၊ တောရပ်ပြေးရမည်။

ဆန္ဒနှင့် ပန်ကြား

နေလုံးကြီးက ထွက်လာပြီ ခေါင်းလောင်းသံစီစီ
လက်အုပ်တင်ချီ ရိုသေထား
ဘုန်းတော်ကျောင်းသို့ သွားစို့လား။

ဘုန်းတော်ကျောင်းက ဘုန်းဘုန်းဆရာ
ဘုရားစာပေ သင်ပေးရှာ။
ကျောင်းသားများစွာ ကျောင်းသူများ
ယဉ်ကျေးဖွယ်ရာ သင်ပေးကြား။

ချောင်ဇရပ်က ဆရာကြီးမေ
ဆရာလေးတွေလည်း မကျန်ပေ။
အမျိုးသမီးတွေ လာလာသမျှ
ယဉ်ကျေးဖွယ်ရာ သင်ပေးကြ။

ဆရာ ဆရာမများတို့ရေ
ဘဂဝါဘုရားက မိန့်မှာချွေ။
ယဉ်ကျေးဖွယ်တွေ လိမ္မာရေး
တပည့်တွေကို သင်ကြလေး။

ရွာတိုင်းရပ်တိုင်း မြို့တိုင်းမှာ
ရပ်ကွက်တိုင်းလည်း မကျန်ပါ။
ယဉ်ကျေးလိမ္မာ သာယာရေး
ကြီးသူတွေက သင်ကာပေး။

သမီးသားတို့ လိမ္မာချင်
မိဘများက ဆုံးမသင်။
ဘိုးဘွားကပင် မြေးချစ်က
ပုံကလေးတွေ ပြောကာပြ။

ကြောင်းကျိုးကြည့်ကြ မိဘဆရာ
အပြောပျင်းလို့ မဖြစ်ပါ။
သီလငါးဖြာ လုံခြုံသေး
ပြည်လုံးမြန်မာ ချမ်းသာအေး။
ကမ္ဘာလုံးလည်း ငြိမ်းချမ်းရေး

လေးစားကွယ်

လူ့ဘဝဆိုတာ ရခဲတယ်
ကိုယ့်ဘဝလည်း ရခဲတယ်
သူ့ဘဝလည်း ရခဲတယ်

ကိုယ့်ဘဝလည်း တန်ဖိုးရှိတယ်
သူ့ဘဝလည်း တန်ဖိုးရှိတယ်
ကိုယ်ချင်းစာတရား ထားလို့ရယ်

ကိုယ့်ကိုယ်ကိုယ်လည်း လေးစားကွယ်
သူတစ်ပါးကိုလည်း လေးစားကွယ်
လေးစားကွယ် လေးစားကွယ်

ဆုတောင်း (အများအတွက်)

၁။ သုံးရပ် သာသနာ သူတော်တရားတွေ
ကြာရှည်တည်တံ့ပြန့်ပါစေ။

၂။ အားလုံးသတ္တဝါ လူနတ်များတွေ
အမြတ်တရား ကျင့်ပါစေ။

၃။ ရွာဖို့သင့်ရာ ရပ်ဒေသမှာ
ကောင်းစွာရွှေမိုး ရွာပါစေ။

၄။ တိုင်းသားပြည်သူ ရှင်လူများကို
တရားမင်းများ စောင့်ပါစေ။

ဆုမွန်လေးချက် ပန်ဆင်လျက် မပျက်ပြည့်ပါစေ။