ကမ္မဋ္ဌာနဒီပနီ
ကမ္မဋ္ဌာနဒီပနီ - ပဌမ လယ်တီဆရာတော်
မာတိကာ
အဘိယာစကနှင့် ပဋိညာဉ်
ဒုလ္လဘဟူသော အက္ခရာတံဆိပ်ကြီး
မနုဿတ္တ ဒုလ္လဘကို ပြဆိုခြင်း
နခသိခသုတ္တန်
သုဂတိ ဒုဂ္ဂတိနှစ်ရပ်
ကာဏကစ္ဆပေါပမသုတ္တန်
အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာအရ ပြဆိုပုံ
ဒိဋ္ဌိကို စွန့်ခွာရန်
ဉာဏ်ဆီမီး ရှာရန်
ရေ၌ချအပ်သော ကျောက်ကြီးဥပမာ
လူ့ပြည် လူ့ရွာ ဘဝပဒေသာ
ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို ပြဆိုခြင်း
ဘုရားဖြစ်ရန် ခဲယဉ်းပုံ
ဘုရားနှင့် သာသနာကို ကြုံတွေ့ခဲပုံ
ဘုရားသာသနာနှင့် လူ့အဖြစ်
ခန္ဓာငါးပါးတို့ကို ပြဆိုခြင်း
ရူပက္ခန္ဓာ
ဝေါဟာရမြေ
ပရမတ်မြေ
မာဆတ်သော ပရမတ်
အလွန်နူးညံ့သော မုဒု ပရမတ်
ဝိကာရ ရုပ္ပနအပျက်
ဓာတ်မျက်လုံး မရှိသူ၏ အပြစ်
ဝါယောဓာတ်၏ လှည့်ပတ်ပုံ
ပရမတ်လေကို ဖျက်ရန်
ရေမြှုပ်ပမာ ရုပ်ခန္ဓာ၏ အပြစ်
မဟာဘုတ် လေးပါး မြွေအလား
သူသတ်ရိုးရာ ဘုတ်လေးဖြာ
လေးပါးသော ဓာတုဘာဝနာ ပြီးမှု
ဝေဒနာက္ခန္ဓာစသည်ကို ပြဆိုခြင်း
တဏှာ၏ကုန်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း
ဝေဒနာသုံးဝ၌ အနိစ္စရှုပုံ
စေတသိကဝေဒနာတို့၌ ဥဒယဗ္ဗယဉာဏ်
အလုပ်ဖွင့်ပုံ
ဝေဒနာသုံးချက် ရေပွက်ပမာ
ပုထုဇဉ်တို့၏ သူနှမ်းနှင့်တူပုံ
ဝေဒနာသုံးပါး သင်တုံးသွားနှင့် တရားဆင်ပုံ
သညာက္ခန္ဓာကို ပြဆိုခြင်း
သညာ၏ဓမ္မတာ လက္ခဏာ
ပညတ်သဘာဝ သဏ္ဌာန၊ သန္တတိ
တံလျှပ်နှင့်သမင် ဥပမာ
လူ နတ် ဗြဟ္မာ ဘုံသုံးရွာနှင့် နှိုင်းယှဉ်ပုံ
နာမ် ရုပ်ဟူသရွေ့ ဘုံဓလေ့ကိုငြီးငွေ့ရန်
သင်္ခါရက္ခန္ဓာကို ပြဆိုခြင်း
သင်္ခါရသဘာဝ အမျိုးမျိုး
ဂါဟနှင့် စပ်ဖက်၍ မာန်တက်ပုံ
ငှက်ပျောတော ဥပမာ
သတ္တဝါ ပုထုဇဉ်နှင့် ဆက်ဆံသော ဥပမေယျ
အဝိဇ္ဇာကို မကြောက်၍ ဘေးရောက်ရပုံ
သက္ကာယဒိဋ္ဌိကိုချစ်၍ဘေးဖြစ်ပုံ
ပရိယတ္တိဉာဏ် ဘေးမကယ်နိုင်ပုံ
သင်္ခါရဓမ္မ ပျက်လွယ်ပုံ
ဝိညာဏက္ခန္ဓာကို ပြဆိုခြင်း
ဝိညာဏ်ခြောက်ပါးတို့၏ မှောက်မှားပုံ
ဝိညာဏ်ခြောက်ရပ်နှင့် မျက်လှည့် ဥပမာ
ပုထုဇ္ဇန်များ မျက်လှည့်ဆရာနှင့် ပေါင်းပုံ
ဓာတ်မျက်မှန်ဖြင့် ရုပ်နာမ်ကို ကြည့်ရှုရန်
အတွင်းအာယတန ခြောက်ပါး
ဘီလူးရှိသည့် ရွာဆိုးကုန်း ဥပမာ
ဣန္ဒြေမစောင့်၍ မှောက်မှားရပုံ
အပြင်အာယတန ခြောက်ပါးတို့ကို ပြဆိုခြင်း
ရွာဖျက်ဓားပြ ဥပမာ
ဗောဓိပက္ခိယကို ဓားပြ ဖျက်ပုံ
ဓာတ် ၁၈-ပါးကို ပြဆိုခြင်း
တဏှာသင်္ခယ သုတ္တန်
ဓာတ်တစ်ဆယ့်ရှစ်ပါး ခွဲနည်း
ဓာတ်အိမ် ဓာတ်အိုး
စက္ခုဝိညာဏဓာတ်ကို သိရန်
စက္ခုနှင့် ဟဒယဓာတ်
ဓာတ်တို့၏ ဆန်းကြယ်ပုံ
ရုပ်အကြည် ငါးရပ်နှင့် ဝိညာဏဓာတ်
ဟဒယဝတ္ထု၌ ထိသိမှု အထွေထွေ
ရုပ်ဓာတ် နာမ်ဓာတ် နှစ်ရပ်
ဓာတ်ကမ္မဋ္ဌာန်း ရှုရန်
စက္ခုဝိညာဏဓာတ်၏ သဘော
သဒ္ဓါစသော ဓာတ်အများ
ဝိပဿနာအားထုတ်ခြင်း၏ အကျိုး
မီးခြစ်နှင့် မီးခြစ်တံ ဥပမာ
ကံသုံးလီ၏ အဓိပ္ပါယ်
မိန်းမ၏ အဆင်းဓာတ် လက်နက် စူးဝင်ပုံ
ကံသုံးပါးတို့၏ ဗီဇမူလကို ဖြတ်ရန်
လက္ခဏာရေး သုံးပါး ဝိမောက္ခမုခဉာဏ် သုံးပါး
လက္ခဏဝိမောက္ခ ရောပြွမ်းပုံ
ဝိမောက္ခသုံးဖြာနှင့် လက္ခဏာ သုံးသွယ်
ဝိပဿနာသုံးပါး၌ အချက်ကျ မကျ
ကိလေသာ၏ နိုင်ငံကြီး သုံးရပ်
နိမိတ္တမြို့ကြီး၌ အုပ်စိုးသော မာနကို ပယ်ရန်
ပဏိဟိတမြို့၌ တဏှာ
အတ္တဇီဝဒိဋ္ဌိကို ပယ်ပုံ
နိုင်ငံကြီး သုံးချက်ကို ဖြိုဖျက်ရန်
နိဂုံး
“ကမ္မဋ္ဌာန ဒီပနီ”
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အဘိယာစကနှင့် ပဋိညာဉ်
သက္ကရာဇ် ၁၂၆၅-ခု၊ ဝါဆိုလအတွင်း၊ ရန်ကုန်မြို့မှ မုံရွာမြို့သို့ လာရောက်၍ မုံရွာမြို့ အနောက်တောင် ခရီး မြန်မာ တစ်တိုင်ကျော်အကွာ လက်ပံတောင်းတောင် ဝါဆိုစြင်္ကံကျောင်း၌ ဝါတွင်း သုံးလပတ်လုံး ဥပုသ် စောင့်ထိန်းလျက် သမထဝိပဿနာ တရားများကို ကြိုးစားအားထုတ် ၍နေသူ၊ ရန်ကုန်မြို့ ပုဇွန်တောင် တောင်လုံး ပြန်ရပ်နေ ဓာတ်ဆရာကြီး ဆရာမြို့ သည် “ရံခါရံခါ မိမိနာခံမှတ်သားရသော တရားဓမ္မများကို မိမိကဲ့သို့ ပညာရှိသူတော်ကောင်းအများတို့လည်း ကြားနာသိမှတ်ကြ စေရန် စာအုပ် ရေးတင် စီရင် ချီးမြှင့်ပါစေလိုကြောင်း” နှင့် တောင်းပန် လျှောက်ထားအပ်သည်ဖြစ်၍ ဒုလ္လဘတရားငါးပါး, ခန္ဓာငါးပါး၏ ဥပမာအကျယ်, အတွင်း အာယတန ငါးပါး, အပအာယတန ငါးပါးတို့၏ ဥပမာအကျယ် - စသည်ဖြင့် အထက် ရိုက်ထုတ်သော စာအုပ်များမှာမပါ၊ ကျန်ရှိသော တရားအချက်များကို ရေးသားပြဆိုပေအံ့ သတည်း။
ဒုလ္လဘဟူသော အက္ခရာတံဆိပ်ကြီး
ဒုလ္လဘတရားငါးပါး ဆိုသည်ကား - အကြင်မူလတရား ငါးပါးကို တွေ့ကြုံရရှိ ခဲ့သည်ရှိသော် အလွန်မြင့်မြတ်ကြီးကျယ်သော အကျိုးအာနိ သံသ အနန္တကို ရယူနိုင်၏၊ ထိုမူလတရားငါးပါးကို လောက၌အများ ကြားသိ သတိရရှိစေကြရန် ကမ္ဘာတန်းဆာ အက္ခရာ တံဆိပ်ကြီးပြု၍ ဘုရား အစရှိသော ပညာရှိကြီးတို့ ဒုလ္လဘ တရားငါးပါး ဟု နတ် လူအများ သိထင်ရှားအောင် ထုတ်ဖေါ် မြွက်ကြားတော် မူကြ ကုန်၏၊ ထိုမူလ တရားကြီး ငါးပါးကို ဒုလ္လဘတရားငါးပါးဆိုသည်။
အကျိုးအာနိသံသ အနန္တကို အရယူနိုင်ကြရန်ထုတ်ဖေါ် မြွက်ကြားထားတော်မူခဲ့ရင်း ဖြစ်၍လည်း ထိုအကျိုးအာနိသံသ အနန္တကို ရယူနိုင်ကြသော သူတို့သည်သာလျှင် ထိုထိုဒုလ္လဘကို တွေ့ကြုံကြ ရသူ မည်ကုန်၏၊ အကျိုးအာနိသံသ အနန္တကို မရမယူ နိုင်ကြသော သူတို့သည် ထိုထိုဒုလ္လဘကို တွေ့ကြုံကြရသူဟူ၍ မဆိုစလောက်ကုန်။ ဒုလ္လဘတရား ငါးပါးတို့တွင် မနုဿတ္တဒုလ္လဘကို ရှေ့ဦးစွာပြဆိုရာ၏။
- လူအဖြစ် အဘယ်သို့ ရခဲသနည်း။
- လူ့အဖြစ်ကို ရရှိခဲ့သည်ရှိသော် အဘယ်အကျိုးအာနိသံသ အနန္တကို ရယူနိုင်ကြ သနည်း။
အမေးပုစ္ဆာ ၂-ချက်။
မနုဿတ္တ ဒုလ္လဘကို ပြဆိုခြင်း
နခသိခသုတ္တန်
“လူ၏အဖြစ်ကို အဘယ်သို့ ရခဲသနည်း” ၏၊ အဖြေကား မြတ်စွာဘုရားသည် လက်သည်းတော် ပေါ်၌ မြေမှုန့်ငယ်တို့ကို တင်ထားတော်မူ၍ -
“ရဟန်းတို့ - မဟာပထဝီမြေကြီးပေါ်မှာ ရှိနေသော မြေမှုန့်စုနှင့် ငါ၏ လက်သည်း ပေါ်တွင် တင်ရှိ သော မြေမှုန့်စုသည် အဘယ်က များသနည်း” ဟုမေးတော်မူ၏။
“နှိုင်းယှဉ်ခြင်းငှါပင် မထိုက်၊ လက်သည်းတော်ပေါ်ရှိ မြေမှုန့်စုကား အလွန်နည်းလှ ပါ၏၊ မဟာ ပထဝီမှာရှိနေသော မြေမှုန့်စုကား အလွန်တရာ များလှပါ၏” ဟု လျှောက်ကြကုန်၏။ ထိုအခါ -
“ရဟန်းတို့ သုဂတိဘုံမှ စုတေကြသူ အပေါင်းတို့တွင် သုဂတိဘုံသို့ ရောက်နိုင်သူ တို့ကား လက်သည်းတော်ပေါ်တွင် တင်ရှိသော မြေမှုန့်အလားကဲ့သို့ အလွန်နည်းပါး လှ၏၊ အပါယ်ဘုံသို့ ရောက်ကြသူတို့ကား မဟာပထဝီ မြေမှုန့်အလား ကဲ့သို့ အလွန်တရာ များလှ၏” ဟု ဟောတော် မူပေ၏။
ဤသုတ္တန်ကို “နခသိခသုတ်” ဟုခေါ်တွင် ထင်ရှား၏၊ အလွန်တရာ များပြား လှသည့် အတွက်ကြောင့် မဟာပထဝီရှိ မြေမှုန့်ကို ဥပမာပြုတော်မူသည် ဟု သိရာ၏။
ဤသုတ်ကို မြော်ထောက်၍ တစ်ယောက်တစ်ယောက်သော သတ္တဝါ၏ အနမတဂ္ဂ အတိတ် သံသရာ၌ ကျင်လည်၍ လာခဲ့ရာ သုဂတိ ဒုဂ္ဂတိဘဝ အလားကိုလည်း သိမြင်နိုင်ရာ၏၊ အဘယ် ကဲ့သို့ သိမြင်နိုင်ရာသနည်း ၊ သုဂတိဘုံ၌ ငါဖြစ်ခဲ့သော ဘဝစုကား လက်သည်းတော်ပေါ်ရှိ မြေမှုန့် အလားကဲ့သို့ အလွန်နည်းပါးလှ၏၊ ဒုဂ္ဂတိဘုံ၌ ငါဖြစ်ခဲ့သော ဘဝတို့ကား မဟာပထဝီရှိ မြေမှုန့် အလားကဲ့သို့ အလွန်များပြားလှကုန်၏ ဟုသိမြင်နိုင်ရာ၏။
ထိုစကားမှန်၏၊ အနမတဂ္ဂ သံသရာ၌ ကျင်လည်၍လာခဲ့သော တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ သုဂတိဘဝသည် ဤမျှလောက် နည်းပါးသည့် အတွက် ကြောင့်သာလျှင် သုဂတိဘုံရှိ သတ္တဝါခပ်သိမ်းကို အကုန်ပေါင်းစု၍ အချုပ်တရား ဟောကြားရာ၌ သုဂတိဘဝသို့ ရောက်နိုင်သူ ထိုမျှလောက် နည်းပါးခြင်း ဖြစ်နိုင် လေသတည်း၊ အနာဂတ်သံသရာမှာ ကျင်လည်ကြရာ၌လည်း ဤနည်းအတူ သိကြလေ။
ဤကား နခသိခသုတ္တန် ဒေသနာတော်အရကို ဖော်ပြသော အချက်တည်း။
ထိုသုတ္တန် ဒေသနာတော်အတိုင်း သိမြင်ယုံကြည်နိုင်ရန် အချက်ကိုပြဆိုအံ့။ စိတ္တက္ခဏ မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြတ်ခန့် ကာလ၌ ကုဋေ တစ်သိန်းမက အဖြစ်မြန်သည်ဟူ၍ ကျမ်းဂန်ဆိုရိုး ရှိ၏။
သဗ္ဗေ တေ အဓောဂင်္ဂမနီယာ၊
သဗ္ဗေ တေ ဥပရိဘာဂင်္ဂမနီယာ။
(သလ္လေခသုတ် ပါဠိတော်)
သဗ္ဗေ - အလုံးစုံကုန်သော၊
တေ -ထို အကုသိုလ်ဟူသမျှတို့သည်၊
အဓောဂင်္ဂမနီယာ - အောက်သို့ စုန်ဖို့ချည်း ဖြစ်ကြကုန်၏။
သဗ္ဗေ - အလုံးစုံကုန်သော၊
တေ - ထို ကုသိုလ်ဟူသမျှတို့သည်၊
ဥပရိဘာဂင်္ဂမနီယာ - အထက်သို့ ဆန်ဖို့ချည်း ဖြစ်ကြကုန်၏။
ဇနကသတ္တိ အားဖြင့်လည်းကောင်း, ဥပနိဿယသတ္တိ အားဖြင့်လည်းကောင်း အကုသိုလ်ဖြစ်အံ့၊ တစ်ခု, တစ်ခုသော စိတ္တက္ခဏသည် တစ်ခု, တစ်ခုသော ဒုဂ္ဂတိ ဘဝကို ဖြစ်စေနိုင်၏။ ကုသိုလ်ဖြစ်အံ့၊ တစ်ခု တစ်ခုသော စိတ္တက္ခဏသည် တစ်ခု, တစ်ခုသော သုဂတိဘဝကို ဖြစ်စေနိုင်၏၊ ဤကား အဘိဓမ္မာအရိုးတည်း။
သုဂတိဘုံ၌ ရှိကြကုန်သော လူ, နတ်, သတ္တဝါ အပေါင်းတို့၏ စိတ်ကို အမှန်းအဆ အားဖြင့် အကုန်ပေါင်းစု၍ ထောက်မြော်သည်ရှိသော် ကုသိုလ် စိတ္တက္ခဏသည် လက်သည်းတော်ပေါ်ရှိ မြေမှုန့်အစုအလား အလွန်နည်းပါးရာ၏၊ အကုသိုလ် စိတ္တက္ခဏသည် မဟာပထဝီမှာ ရှိနေသော မြေမှုန်အစုအလား အလွန်များပြားရာ၏။ အနမတဂ္ဂ ဘဝသံသရာ တစ်ခုလုံးမှာ ဤနည်းတူချည်း မှတ်။
မိမိတို့ကိုယ်မှာ တစ်နေ့, တစ်နေ့ အဖို့တွင် ခြောက်ဒွါရတို့၌ အချည်းနှီးသော မြင်မှု, ကြားမှု စသည်နှင့် အကျိုးရှိသော မြင်မှု, ကြားမှု စသည်သည် အဘယ်က အလွန်များသနည်း - ဟု စေ့စေ့စပ်စပ် ရှုမြော်ချင့်ချိန်၍ စမ်းလျှင် သိသာထင်ရှားပါ၏။
ဤကား ကုသိုလ်ဖြစ်မှု အကုသိုလ်ဖြစ်မှုနှင့် ထောက်မြော်၍ နခသိခသုတ္တန် ဒေသနာ တော်အတိုင်း သိမြင်ယုံကြည်နိုင်ရန် အချက်တည်း။
သုဂတိ ဒုဂ္ဂတိ နှစ်ရပ်
သုဂတိဘုံမှာရှိနေသော သတ္တဝါစုနှင့် ဒုဂ္ဂတိဘုံမှာရှိနေသော သတ္တဝါစုကို ထောက်မျှော်၍လည်း သိမြင်ယုံကြည်နိုင်ရာ၏။ သုဂတိဘုံ၌ နတ်, ဗြဟ္မာတို့၏ ကိုယ်သဏ္ဌာန်သည် သုံးဂါဝုတ်မျှ ရှိ၏၊ မြန်မာတိုင်အားဖြင့် လေးတိုင်ခွဲကို သုံးဂါဝုတ် ဆိုသည် ။ ဘုံဗိမာန်တို့ကား ၁၂ ယူဇနာ, ၁၅ ယူဇနာ, ယူဇနာ-၂၀, ယူဇနာ-၃၀, ယူဇနာ-၆၀, စသည်ရှိ၏၊ တစ်ခု, တစ်ခုသော ဘုံဗိမာန်သည် ငါတို့ မြန်မာနိုင်ငံ၌ အလုံမြို့ကြီး, ဒီပဲရင်းနယ်မြို့ကြီး တစ်ခု, တစ်ခုမျှမက ကြီးကျယ်၏၊ နေဗိမာန် တစ်ခုသည်ပင်လျှင် ငါတို့မြန်မာနိုင်ငံမက ကြီးကျယ်၏၊ ထို့ကြောင့် သုဂတိဘုံသည် ဘုံနယ်သာ အလွန်ကျယ်၍ ဘုံနေ သတ္တဝါ အရေအတွက်ကား အလွန်နည်းပါး၏။
ဒုဂ္ဂတိဘုံသည်ကား ဘုံနယ်လည်း အလွန်ကျယ်၏။ ဘုံနေသတ္တဝါ အရေအတွက် လည်း အလွန်များပြား၏၊ လူ့ဘုံ, နတ်ပြည် ၆- ထပ်, ရူပဗြဟ္မာ ၁၆- ဘုံ, အရူပဗြဟ္မာ ၄- ဘုံ အလုံးစုံကို ပေါင်းသော် သုဂတိ ၂၇- ဘုံ ဖြစ်၏၊ ငါတို့ စကြဝဠာတွင် သုဂတိ ၂၇- ဘုံရှိ သတ္တဝါတို့ကို တစ်ယောက်မကျန် အကုန်ရေတွက် သော်လည်း ငါတို့ မြန်မာနိုင်ငံတွင်းရှိ ပုရွက်ဆိတ်ခေါ်သော သတ္တဝါတစ်မျိုးကိုမျှ အရေအတွက် အားဖြင့် မမှီနိုင်ရာ။ ပုရွက်ဆိတ်သတ္တဝါမျိုးမှတစ်ပါး ငါတို့ မြန်မာနိုင်ငံအတွင်း၌ အညာပြည် အောက်ပြည် ရေသတ္တဝါအမျိုး အနန္တ၊ ကုန်းသတ္တဝါအမျိုး အနန္တကျန်ရှိသေး၏။
ငါတို့ မြန်မာနိုင်ငံမှအလွတ် ငါတို့စကြဝဠာတွင်းရှိ ကျွန်းကြီး လေးကျွန်း ကျွန်းငယ် နှစ်ထောင် တောင်ကြီး, တောင်ငယ် အနန္တ၊ တောကြီး တောငယ် အနန္တ၊ မြို့နယ်, ရွာနယ် အနန္တ တို့၌ ရှိနေ ကြသော ကုန်းသတ္တဝါ တိရစ္ဆာန်အမျိုး အနန္တ အနန္တ တို့သည်လည်းကောင်း၊ အိုင်ကြီး အိုင်ငယ် အနန္တ၊ မြစ်ကြီး မြစ်ငယ်၊ ချောင်းကြီး ချောင်းငယ်၊ မြောင်းကြီး မြောင်းငယ်၊ တွင်းကြီးတွင်းငယ် အနန္တ၊ မဟာသမုဒ္ဒရာကြီး လေးစင်း၊ သီတာသမုဒ္ဒရာကြီး ခုနစ်စင်းတို့၌ ရှိနေကြကုန်သော ရေသတ္တဝါ တိရစ္ဆာန်အမျိုး အနန္တ အနန္တ တို့သည်လည်းကောင်း ကျန်ရှိ ကုန်သေး၏။
တိရစ္ဆာန် သတ္တဝါတို့နှင့် နှိုင်းစာ၍ ကြည့်ခဲ့လျှင်ပင် သုဂတိ ၂၇-ဘုံရှိ သတ္တဝါစုသည် လက်သည်းတော်ပေါ်တွင် တင်ရှိသော မြေမှုန့်စုအလား အလွန်နည်းပါးပုံ၊ တိရစ္ဆာန် သတ္တဝါ တို့သည်မူကား မဟာပထဝီမှာရှိ နေသော မြေမှုန့်စုအလား အလွန်တရာ များပြားပုံများကို ယုံကြည် နိုင်ရာ၏။
ထိုမှတစ်ပါး ဇမ္ဗူဒီပါကျွန်းကြီးကဲ့သို့ ယူဇနာတစ်သောင်း၊ တစ်သောင်းစီ အကျယ်ရှိ၍ အထက် အောက် ယူဇနာတစ်သောင်း ငါးထောင်စီ ကွာခြားလျက် တည်ရှိကြသော ငရဲကြီးရှစ်ပြည်ထောင် တို့တွင် အောက်ဆုံးဖြစ်သော ငရဲကြီးကား မဟာအဝီစိ ငရဲကြီးတည်း။
အဘယ့်ကြောင့် မဟာအဝီစိ ခေါ်သနည်းဆိုသော် ဝါးကျီတောက်အတွင်း၌ သိပ်နှက်၍ ထားအပ်သော မုန်ညှင်းစေ့တို့ကဲ့သို့ ငရဲသူ ငရဲသား သတ္တဝါတို့၏ အခြား အကွက်လပ် မရှိ၊ ပြည့်နှက်၍ နေသောကြောင့် အဝီစိငရဲ ခေါ်သည်- ဟု အဋ္ဌကထာကြီးတို့၌ ဖွင့်ကြကုန်၏။
ထိုအဝီစိ ငရဲကြီးကိုမူကား အကုသိုလ်ကံ ကြီးလှသော သူတို့မှသာ ကျရောက်ကြ ကုန်၏။ အကုသိုလ်ကံ ကြီးလှသော သူတို့မှ ကျရောက်ကြကုန်ရာ မဟာအဝီစိငရဲကြီး မှာပင် ငရဲသူ သတ္တဝါတို့ ထိုမျှလောက် ပြည့်လေ၏။ ထိုအောက် ပေါ့လျော့သော အကုသိုလ်ကံ သာမန်တို့နှင့်ပင် ကျရောက်နိုင်ကြရာ ဖြစ်ကုန်သော အထက်ထက်သော ငရဲကြီး ခုနစ်ပြည်ထောင်တို့မူကား ငရဲသူ သတ္တဝါတို့ အဘယ်မျှလောက် ပြည့်နှက် လျက် ရှိနေကြကုန်သနည်း ဟု ဆင်ခြင်မိကုန်ရာ၏။
ထိုမှတစ်ပါး ထိုထို တောအနန္တ တောင်အနန္တတို့၌ ရှိကြကုန်သော ငရဲဘုံစု၊ သမုဒ္ဒရာ အလယ် ကျွန်းငယ်တို့၌ ရှိကြကုန်သော ငရဲဘုံစု၊ စကြဝဠာ သုံးခုတို့၏ဆိုင်ရာ အပေါက်အကြား၌ ရှိကြကုန် သော လောကန္တရိက် ငရဲဘုံစု ကျန်ရှိကုန်သေး၏။ ထို့အတူ ပြိတ္တာဘုံ အနန္တ၊ အသူရကာယ်ဘုံ အနန္တ တို့သည် ကျန်ရှိကုန်သေး၏။
ဤသို့သော မျက်မြင်ဒိဋ္ဌအလား ထင်ရှားသော အချက်ကြီးတွေကို တွေ့မြင်ကြား သိကြရကုန် သဖြင့် သုဂတိ ၂၇- ဘုံရှိ သတ္တဝါတို့ကား လက်သည်းတော် ပေါ်တွင် တင်ရှိသော မြေမှုန့်စုအလား အလွန် နည်းပါးလှကုန်၏၊ အပါယ်ဒုဂ္ဂတိ လေးဘုံရှိ သတ္တဝါ တို့သည်မူကား မဟာပထဝီ မြေကြီးမှာရှိနေသော မြေမှုန့်စုအလား အလွန် တရာ များပြားလှကုန်၏- ဟု သိမြင်ယုံကြည်နိုင် ရာသည်၊ အနမတဂ္ဂသံသရာ ကမ္ဘာတိုင်း ကမ္ဘာတိုင်း တို့၌လည်း ဤနည်းတူပင် သိမြင်ယုံကြည်နိုင် ကုန်ရာသည်။
ထိုသို့ သိမြင်ယုံကြည် ကြကုန်သည်ရှိသော် အနမတဂ္ဂ သံသရာတွင် တစ်ယောက်, တစ်ယောက်သော သတ္တဝါအားလည်း သုဂတိဘုံမှာ ဖြစ်ရသော ဘဝအရေအတွက် ကား လက်သည်းတော် ပေါ်တွင် တင်ရှိသော မြေမှုန့်စုအလား အလွန်နည်းပါးလှ၏၊ ဒုဂ္ဂတိဘုံမှာ ဖြစ်ရသော ဘဝ အရေတွက် တို့သည်ကား မဟာပထဝီမှာရှိနေသော မြေမှုန့်တို့အလား အလွန်တရာ များပြားလှ ကုန်၏ - ဟု သိမြင် ယုံကြည်ကြ ကုန်ရာသည်။
ဤကား နခသိခသုတ္တန် ဒေသနာတော်ဖြင့် သိအပ်သော မနုဿတ္တ ဒုလ္လဘအရ လူအဖြစ် ရခဲပုံကို ပြဆိုချက် တည်း။
ကာဏကစ္ဆပေါပမသုတ္တန်
ယခုအခါ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် ဗာလပဏ္ဍိတ သုတ္တန် ဒေသနာတော်၌ လိပ်ကန်း ထမ်းပိုး ဥပမာဖြင့် ဟောတော်မူသော မနုဿတ္တ ဒုလ္လဘကို ပြဆိုပေအံ့၊ အဘယ်သို့ ဟောတော် မူသနည်း ဟူမူကား-
“ရဟန်းတို့- ဥပမာဆိုသည် ရှိသော်ကား ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်တို့၏ ပြင်ဖက်၌တည်ရှိသော အနက်ယူဇနာရှစ်သောင်း နှစ်ထောင်၊ အနံယူဇနာ ရှစ်သောင်း နှစ်ထောင်၊ အလျားယူဇနာ သုံးသန်း ခြောက်သိန်းကျော် ရှိသော မဟာသမုဒ္ဒရာကြီးသည် ရှိ၏။ ဇမ္ဗူဒီပါကျွန်း၏ တောင်ဖက်မျက်နှာ မဟာသမုဒ္ဒရာ၏ အလယ်၌ အပေါက်တစ်ခုသာရှိသော ရထားထမ်းပိုးငယ် တစ်ခုသည် ရှိလေရာ၏၊ ထိုထမ်း ပိုးငယ်သည် အရပ်လေးမျက်နှာသို့ လေဆောင် ယူရာ မျောပါ လွင့်ပါး၍နေလေရာ၏၊ ဥတ္တရကုရုကျွန်း၏ မြောက်ဖက်မျက်နှာ မဟာသမုဒ္ဒရာ၏ အလယ်၌ မျက်စေ့နှစ်ဖက် အစုံပျက်သော လိပ်ငယ်တစ်ခုသည် ရှိလေရာ၏၊ သမုဒ္ဒရာ၏အတွင်း၌ ရောက်မိ ရောက်ရာ သွားလာ၍ နေလေရာ၏၊ အနှစ်တစ်ရာမှ တစ်ခါ၊ အနှစ် တစ်ထောင်မှ တစ်ခါ သမုဒ္ဒရာ ရေမျက်နှာသို့ ဦးခေါင်း ပေါ်လေရာ၏၊ ထိုသို့ လိပ်ကန်းငယ်၏ ဦးခေါင်းသည် ထိုထမ်းပိုးငယ်၏ အပေါက်မှာ စွတ်မိရာသော အခွင့်သည် ရှိ၏လော” ဟု ရဟန်းတို့ကို မေးတော်မူ၏။
“စွပ်မိရာသော အခွင့်ပင် မရှိနိုင်ရာပါ၊ သို့သော်လည်း ကမ္ဘာမည်သည် အလွန်တရာ ရှည်ကြာလှ သည်ဖြစ်ပါ၍ လိပ်ကန်းငယ်လည်း မသေမပျောက်ပါမူ၊ ထမ်းပိုးငယ် လည်း မပုပ်မဆွေး တည်ရှိပါမူ နှစ်ပေါင်း အသင်္ချေ ကြာမြင့်လေရာ တစ်ရံတစ်ခါ၌ စွပ်မိသော် စွပ်မိရာပါသေး၏ဘုရား” - ဟု လျှောက်ထားကြကုန်၏။
“ရဟန်းတို့ ဤအမှုထက် ခဲယဉ်းသော အမှုသည် ရှိလေ၏၊ ဤလူ့ပြည်မှ စုတေ သေလွန်၍ အပါယ်သို့ ကျရောက်သောသူ၏ ဤလူ့ပြည်သို့ တစ်ဖန် ပြန်လာရန် အရေးသည် ထိုလိပ်ကန်း ထမ်းပိုးစွပ်မိရာ အရေးထက် အဆ အထောင်မက ခဲယဉ်း လှချေ၏၊ အဘယ်ကြောင့်နည်းဆိုသော် အပါယ်ဘုံတို့၌ ကုသိုလ်ကောင်းမှု ပြုခြင်း မည်သည် မရှိ၊ ကုသိုလ် အကုသိုလ်ဟူ၍ပင် မသိကြ ကုန်၊ အချင်းချင်း နိုင်ရာနိုင်ရာ သတ်ဖြတ်ညှဉ်းပန်းမှု၊ နိုင်ရာနိုင်ရာ ဖမ်းယူ ကိုက်စားမှုတို့သည်သာ ရှိကြကုန်ရာ၏” ဟူ၍ ဟောတော်မူသည်။
ဤဒေသနာတော်ဝယ် သိမြင် ယုံကြည်နိုင်ကြရန် ယုတ္တိကား လောက၌ အကြင်သတ္တဝါ တို့သည် ကုသိုလ်ကို စော၍ သေကုန်၏၊ ထို သတ္တဝါတို့သည် သုဂတိဘုံသို့ လားကြ ရကုန်၏၊ အကြင် သတ္တဝါတို့သည် အကုသိုလ်ကို စော၍ သေကုန်၏၊ ထိုသတ္တဝါ တို့သည် ဒုဂ္ဂတိဘုံသို့ လားရကုန်၏။ ဤကား အဘိဓမ္မာ ရိုးရာတည်း။
မသေမီ ရှေးအဖို့၌ ထိုထို ကုသိုလ်ကို လေ့ကျက်၍ နေကြကုန်သော သူတို့သည်ပင်လျှင် သေရန်ဒုက္ခနှင့် တွေ့ကြုံသော အခါ၌ ကုသိုလ်ကို စောနိုင်ကြရန် အလွန်ခဲယဉ်းကြ ကုန်သေး၏၊ မသေမီ ရှေးအဖို့၌ ကုသိုလ်ဟူ၍ပင် မသိကြကုန်မူ၍ လောဘစိတ် ဒေါသစိတ် မောဟစိတ် တို့နှင့်သာ နေ့ ရက် နှစ် လ ကုန်ရှာကြကုန်သော အပါယ် ဘုံသားတို့အား ကုသိုလ်ကိုသာစော၍ သေနိုင်ရန်အခွင့် ဘယ်မှာ ရှိကုန်တော့အံ့နည်း။
ငါတို့မြန်မာနိုင်ငံအတွင်း၌ တစ်နေ့ တစ်နေ့တွင် သေဆုံးကြကုန်သော ကုန်းသတ္တဝါ တို့သည် အသင်္ချေများစွာ ရှိကုန်ရာ၏၊ ရေတိရစ္ဆာန်သတ္တဝါတို့သည် အသင်္ချေများစွာ ရှိကုန်ရာ၏၊ ထိုသတ္တဝါ အပေါင်းတို့၌ ကုသိုလ်ကိုစော၍ သေနိုင်ရာသော သတ္တဝါ မည်သည်ကား ရှာကြံ၍မရ ရှားပါးလှ၏။
အပါယ်ဘုံသို့ ရောက်ကြကုန်သော သူတို့မည်သည် ဒါန, သီလ, ဘာဝနာဟူသော ကုသိုလ်ဓမ္မ တို့နှင့် တစ်ဘဝထက်, တစ်ဘဝ ကွာဝေး၍ သွားကြကုန်၏၊ အကုသိုလ် ဓမ္မတို့သည် တစ်ဘဝထက်, တစ်ဘဝ ဝန်လေး၍ သွားကြကုန်၏၊ တစ်ဘဝထက်, တစ်ဘဝ မိုက်မဲ တွေဝေ၍သာ သွားကြ ကုန်၏၊ တစ်ဘဝထက်, တစ်ဘဝ နစ်၍ နစ်၍သာ သွားကြကုန်၏၊ တစ်ဘဝထက်, တစ်ဘဝ မြုပ်မြုပ်၍သာ သွားကြကုန်၏။
ဥပမာဆိုသည် ရှိသော်ကား သိန်း သန်း ကုဋေမျှသော ကျောက်တိုင် ကျောက်လုံး တွေကို မဟာသမုဒ္ဒရာ ရေအပြင်မှာ ပစ်ချအပ်ကုန်သည်ရှိသော် အစဉ် အတိုင်းသာ နစ်ကြလေကုန်ရာ၏၊ မြုပ်ကြလေကုန်ရာ၏၊ တစ်ခုသော ကျောက်တိုင်ကျောက်လုံးမျှ ပေါ်တက်၍ လာသည်ဟု မရှိနိုင်လေရာ။ ဤသို့သော ဥပမာကို ပြဆိုရာ၏။
ပါရမီသမ္ဘာ ရင့်သန်တော်မူကြပေကုန်သော အလောင်းအလျာကြီးများကို ချန်ထား၍ တစ်ပါးသော သတ္တဝါတို့သည် အပါယ်သို့သာ ကျရောက်ကုန်သည်ရှိသော် ဘဝ တစ်ထောင်နှင့်လည်း လူ့ဘုံသို့ ပြန်ခွင့်မရ၊ ဘဝ တစ်သောင်းနှင့်လည်း ပြန်ခွင့်မရ၊ ဘဝတစ်သိန်းနှင့်လည်း ပြန်ခွင့်မရ၊ ဘဝတစ်သန်းနှင့်လည်း ပြန်ခွင့်မရ၊ ဘဝ အကုဋေ၊ ဘဝ အသင်္ချေ မရေမတွက်နိုင် ကြာမြင့်လှမှ လူ့ဘုံ, လူ့ဘဝသို့ ပြန်ခွင့် ရနိုင်ကုန်ရာသတည်း။
ဤသို့သော ယုတ္တိကို ထောက်ထားသဖြင့်လည်း အနမတဂ္ဂ သံသရာ၌ ကျင်လည်၍ လာခဲ့သော တစ်ယာက်, တစ်ယောက်သော သတ္တဝါမှာ သုဂတိဘုံ ကျင်လည်ခဲ့ရသော ဘဝအရေအတွက်ကား လက်သည်းတော်ပေါ်မှာ တင်ရှိသော မြေမှုန့်စုအလား အလွန် နည်းပါးလှချေ၏။ ဒုဂ္ဂတိဘုံ၌ ကျင်လည်ခဲ့ရသော ဘဝအရေ အတွက်တို့သည်ကား မဟာပထဝီမှာရှိနေသော မြေမှုန့်တို့အလား အလွန်တရာ များပြားလှကုန်ရာ၏ ဟူသော အချက်ကိုလည်း ထင်မြင်ယုံကြည် နိုင်ကြကုန်ရာ သတည်း။
ဤကား လိပ်ကန်းဥပမာ ဒေသနာတော်ဖြင့် ပြဆိုအပ်သော မနုဿတ္တ ဒုလ္လဘ အချက်တည်း။
အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာအရ ပြဆိုပုံ
ယခုအခါ အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာကြီး၌ ဖွင့်ပြသော အချက်ကို ပြဆိုဦးအံ့။ အနမတဂ္ဂ သံသရာ၌ ကျင်လည်၍ နေကြကုန်သော ပုထုဇဉ် သတ္တဝါတို့အား သူတော်ကောင်းတရားနှင့် ပြည့်ပြည့်စုံစုံ လုံခြုံချောမောသော ဘဝမည်သည် အလွန် နည်းပါး၏၊ အပါယ်ဘဝ၊ မိစ္ဆာ ဒိဋ္ဌိဘဝ၊ ဒုစ္စရိုက်ဘဝ တို့သည်ကား မဟာပထဝီ မြေမှုန့်ပမာ အလွန်တရာ များပြားလှ၏။
အကုသိုလ်မှု မည်သည် တစ်နေ့ တစ်နေ့ အဖို့မှာပင် ကာယကံ, ဝစီကံ, မနောကံ အလားအားဖြင့် သိန်း သန်း ကုဋေမက ဖြစ်ပွားနိုင်၏၊ တစ်လ, တစ်လ အဖို့၊ တစ်နှစ်, တစ်နှစ်အဖို့၊ တစ်သက်, တစ်သက်အဖို့မှာ ဆိုဖွယ်မရှိ၊ စိတ္တက္ခဏတစ်ခု တစ်ခုလျှင် တစ်ဘဝ တစ်ဘဝ အပါယ်သို့ ပစ်ချသဖြင့် အပါယ်ဒုက္ခကိုခံရ၍ ပြေငြိမ်းပြီးသော ကံတို့လည်း တစ်ယောက် တစ်ယောက်မှာပင် အသင်္ချေချေ မရေမတွက်နိုင် များပြား လှလေကုန်ပြီ။
အပါယ်သို့ ပစ်ချရန် အလှည့်အခွင့်ကို မရသေးသဖြင့် သက္ကာယဒိဋ္ဌိ၌ တွယ်တာလျက် သတ္တဝါတို့၏ ရင်တွင်း စိတ်နှလုံးတွင်း၌ အသိုက်အအုံ စုပုံဖွဲ့စည်း၍ ဖြစ်လေရာရာ အစဉ်တစိုက်လိုက်ကာ ပါ၍ နေကြကုန်သော ဒုစရိုက်ကံတို့သည်လည်း တစ်ယောက် တစ်ယောက်သော သတ္တဝါမှာပင် အသင်္ချေချေ မရေမတွက်နိုင် များပြားလှလေကုန်၏၊ မဟာအဝီစိ ငရဲကြီးသို့ ပစ်ချရန် ကံပေါင်းပင် အသင်္ချေ၊ တာပနငရဲကြီးသို့ ပစ်ချရန် ကံပေါင်းပင် အသင်္ချေ စသည်ဖြင့် အကျယ် ဝေဖန်၍ မြော်လေ။
ထို့ကြောင့် တစ်စုံတစ်ခုသော ကုသိုလ်ကံ အခွင့်သာသဖြင့် လူ့ရွာ လူ့ပြည်၌ ကြုံကြိုက် ကြကုန်သော သူဌေး သူကြွယ် ပဒေသရာဇ် ဧကရာဇ်မင်း စကြာမန္ဓာတ်မင်း နတ်ရွာ နတ်ပြည်၌ ကြုံကြိုက်ကြကုန်သော နတ်မင်း သိကြားမင်း- ဗြဟ္မာရွာ, ဗြဟ္မာပြည်၌ ကြုံကြိုက်ကြကုန်သော ဗြဟ္မာမင်းတို့သည် ပင်သော်လည်း ရှေးရှေးဘဝတို့၌ ကမ္မပထမြောက်ပြီး၊ အဝီစိအစရှိသော ထိုထို အပါယ် စာရင်းပေါက်ပြီး၊ ရှေ့သို့ အခွင့်ရရာဘဝ၌ ပစ်ချရန် ဆုံးဖြတ်ချက်ချပြီး၊ အမှုကြီးပေါင်း ကြွေးဟောင်း အနန္တ မိမိတို့ အဇ္ဈတ္တ၌ ပါရှိနေသည်များကို အကုန်အစင် သိမြင်ကြပါမူကား တစ်ခါတစ်ရံမျှ ပြုံးနိုင်ကြဖွယ်၊ ရွှင်နိုင်ကြဖွယ် မရှိလေကုန်၊ အရှူအရှိုက် အလှိုက်အလှဲ အသည်းအသံ ငိုပွဲခံ၍ အုံးအုံးညံ နေကြကုန်ရာသတည်း။
ဒိဋ္ဌိကို စွန့်ခွာရန်
ထို့ကြောင့် သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ -
သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဍယှမာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ
သတ္တိယာ - လှံမကြီးသည်၊
ဩမဋ္ဌောဝိယ - ရင်ညွန့် ရင်ဝ၌ စူးစိုက်မြုပ်မြန်း တန်းလန်းရှိနေသော ယောက်ျားကဲ့သို့ လည်းကောင်း၊
မတ္ထကေ - ဦးခေါင်း တစ်ခုလုံး၌၊
ဍယှမာနောဝ - လောင်မီးစက်ကွင်း အတင်းကျမှုန်း တဟုန်းဟုန်း လောင်၍နေသော ယောက်ျား ကဲ့သို့ လည်းကောင်း၊
ဘိက္ခု - သံသရာဘေး အပါယ်ရေးကို မြော်တွေးမြင်သူ ရှင်လူရဟန်းသည်၊
သတော - မမေ့မလျော့ မပေါ့သာပဲ မြဲသောသတိ ရှိသည်ဖြစ်၍၊
သက္ကာယဒိဋ္ဌိပ္ပဟာနာယ - သက္ကာယဒိဋ္ဌိကို ပယ်ခြင်းငှါ၊
ပရိဗ္ဗဇေ - သမထ ဝိပဿနာ ဘာဝနာများကို ခန္ဓာအသက် မငဲ့ကွက်ပဲ ရက်ရက်ရဲရဲ တသွင်ထဲ အားထုတ်ရာသတည်း။
ဤဥပမာနှစ်ပါးသည် ဟီနူပမာသာတည်း။ ထိုသူနှစ်ဦး၌ လက်ငင်း တွေ့ရှိ၍နေသော လှံမဘေး၊ မီးဘေးများသည် မသေမီကာလ တစ်ခဏသာ နှိပ်စက်နိုင်၏။ အကုသိုလ် ကံဟောင်း အနန္တတို့ကို လက်ကိုင်ပွေ့ပိုက် အုပ်ချုပ် ထိန်းသိမ်း၍ သတ္တဝါတို့၏ ရင်တွင်းနှလုံးတွင်း၌ တင်းလင်းရှိသော သက္ကာယဒိဋ္ဌိဘေးကြီးသည်သာ ကြီးကျယ် လှစွာသတည်း။ ထို့ကြောင့် ထိုနှစ်ဦးသောသူသည် တတ်စွမ်းခွင့်ရပါမူ မိမိ၌ စူးစိုက် လောင်မြိုက်၍နေသော ထိုလှံမ လောင်မီးများကိုပင် အလေးမပြု လျစ်လျူရှု၍ သက္ကာယဒိဋ္ဌိ ပယ်သတ်မှု ကိုသာ အလျှင်စလို အားထုတ်ရာ၏။
ဉာဏ်ဆီမီးရှာရန်
ဓမ္မပဒပါဠိတော် ၌လည်း -
ကိန္နု ဟာသော ကိမာနန္ဒော၊ နိစ္စံ့ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန ဩနဒ္ဓါ၊ ပဒီပံ န ဂဝေသထ -
နိစ္စံ - ဖြစ်လေရာရာ အစဉ်တစိုက် အမြဲလိုက်သည်ဖြစ်၍၊
ပဇ္ဇလိတေ - ပဇ္ဇလိတာနံ - ရှေ့သို့ အပါယ်ကျရောက်ဖို့အပြီး အမှုပူကြီးတွေ အနန္တ ရင်ထဲ နှလုံး ထဲ၌ ရဲရဲတောက် ပါရှိလျက် နေကြကုန်သည်၊
သတိ-သတံ - ဖြစ်ကြကုန်သော၊
တုမှာကံ - သင်တို့အား၊
ဟာသော - ပြုံးဖွယ်, ရွင်ဖွယ်သည်၊
ကိန္နု အတ္ထိ - အဘယ်မှာရှိအံ့နည်း၊
အာနန္ဒော - နှစ်သက် ပျော်မြူးဖွယ်သည်၊
ကိန္နု အတ္ထိ - အဘယ်မှာရှိအံ့နည်း၊
အန္ဓကာရေန - အဝိဇ္ဇာမှောင်တိုက် အမိုက်ထုကြီးသည်၊
ဩနဒ္ဓါ - မိမိကိုယ်တွင် အစဉ်ပါ၍ ရှိနေသော ပူပန်ဖွယ်တွေ အနန္တကိုမျှ မသိရ လေအောင် ပိတ်လှောင် မြှေးယှက်အပ်ကုန်သော၊
တုမှေ - သင်တို့သည်၊
ပဒီပံ - ပညာတည်းဟူသော ဆီမီးအလင်းကို၊
ကိံ - အဘယ့်ကြောင့်၊
န ဂဝေသထ - မရှာကြကုန်သနည်း။
ထိုသူဌေး သူကြွယ်အစရှိသော လူ နတ် ဗြဟ္မာ သတ္တဝါတို့အား အပါယ်ဘဝသို့ တလှည့်တပတ် ကျရောက်ပြန်ကြသောအခါ၌ ထိုကံဟောင်း အနန္တတို့သည် အကုန်လုံး အခွင့်သာကြလေကုန်၏။ ကြီးစွာသော သစ်ပင်၏ အပေါ်မှ မြေသို့ကျ၍ ကြောင် တစ်ထောင် ကြောင်တစ်သောင်း အလယ်သို့ ပြေးဝင်မိသော ရှဉ့်သူငယ်ကို ကြောင်တို့ လုယက် နှိပ်စက် ကိုက်စားခွင့် သာသကဲ့သို့တည်း။
အနည်းငယ်မျှ အကုသိုလ်ကြောင့် လူနှင့်နီးစပ်သော နွား, ကျွဲ, ခွေး, ဝက်, ကြောင်, ကြက် စသည်ဖြစ်လေရာ အခွင့်သာသော ထိုကံဟောင်းတို့သည် တစ်ခုပြီးလျှင် တစ်ခု ဘဝအဆက်ဆက် နက်သည်ထက် နက်သော အပါယ်ဘဝသို့ ပစ်ချ၍ သွားကြသဖြင့် ပြိတ္တာငယ်, ပြိတ္တာကြီး၊ ငရဲငယ်, ငရဲကြီး အဆင့်ဆင့် နစ်မြုပ်လေ၍ မဟာအဝီစိ ငရဲကြီးသို့ဆိုက်၍ ကမ္ဘာပျက်သောအခါမှ ကျွတ်လွတ်ခွင့် ရလေ၏။
ဤကဲ့သို့သော သတ္တဝါတို့သည် ငရဲ, ပြိတ္တာတို့၌ အသင်္ချေချေ မရေတွက်နိုင် ရှိကြကုန်၏ - ဟူ၍ အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာကြီး၌ ဖွင့်ဆိုပေသည်။
ယခုဘဝ၌ များလှစွာသော အကုသိုလ်ကံသမားတို့၏ လည်းကောင်း၊ ကြီးလှစွာသော အကုသိုလ်ကံသမားတို့၏ လည်းကောင်း အပါယ်သို့ ကျရောက်ကြရာ၌ ဆိုဖွယ်ပင် မရှိချေပြီ။
ဤအဋ္ဌကထာကြီး ဖွင့်ဆိုသောစကားကို ထောက်ထားသဖြင့်လည်း အနမတဂ္ဂ သံသရာ၌ ကျင်လည်သော တစ်ယောက် တစ်ယောက်သော သတ္တဝါအား သုဂတိ ဘဝသည် လက်သည်း တော်ပေါ်တွင် တင်ရှိသော မြေမှုန့်အလား အလွန် နည်းပါး လှချေ၏၊ ဒုဂ္ဂတိဘဝ တို့သည်မူကား မဟာပထဝီမြေကြီးရှိ မြေမှုန့်အလား အလွန်တရာ များပြားလှချေ၏ - ဟု ထင်မြင် ယုံကြည် နိုင်ရာသတည်း။
ဤကား အဋ္ဌကထာကြီးမှလာသော နည်းအားဖြင့် မနုဿသတ္တ ဒုလ္လဘကို ပြချက် တည်း။
အပါယ်သို့ တလှည့်တပတ် ကျရောက်လေသော သူအား လိပ်ကန်း ထမ်းပိုး ဥပမာ ဒေသနာတော် နည်းအားဖြင့် ကုသိုလ် အစအနနှင့် တစ်ဘဝထက်, တစ်ဘဝ ဝေးကွာ၍ အသစ်, အသစ်ဖြစ်ပွါး၍ သွားသော အကုသိုလ်ဗလဝတို့၏ တစ်ဘဝထက် တစ်ဘဝ ဝန်လေး၍ သွားရသဖြင့် လူ့ဘဝကို တစ်ဖန် ပြန်နိုင်ရန်အရေး အလွန်ကွာဝေးမှုကို ပြဆိုတော်မူသည်။ အဋ္ဌကထာနည်းအားဖြင့် ကုသိုလ်အစအနနှင့် တစ်ဘဝထက်, တစ်ဘဝ ဝေးကွာ၍ ရှေးသံသရာ ဘဝအဆက်ဆက်ထဲက အစဉ်ပါရှိ၍နေသော အကုသိုလ်အနန္တတို့၏ အခွင့်ရမှုကြောင့် လူ့ဘဝသို့ တစ်ဖန် ပြန်နိုင်ရန်အရေး အလွန်ကွာဝေးမှုကို ပြဆိုတော် မူသည်။
ရေ၌ချအပ်သော ကျောက်ကြီးဥပမာ
ပါဠိတော်နည်း အဋ္ဌကထာနည်း နှစ်ရပ် နှစ်ပါး အလိုအားဖြင့် သုဂတိဘုံမှ အပါယ်ဘုံသို့ ကျရောက်ကြလေကုန်သော သူတို့အား ယေဘုယျနည်းအားဖြင့် သမုဒ္ဒရာအပြင်၌ ပစ်ချအပ်သော ကျောက်တိုင် ကျောက်လုံး တို့ကဲ့သို့ တစ်ဘဝထက် တစ်ဘဝ နစ်၍နစ်၍သာ သွားကြကုန်မြဲ၊ တစ်ဘဝထက် တစ်ဘဝ မြုပ်၍မြုပ်၍သာ သွားကြကုန်မြဲ၊ အပါယ်သံသရာ၌သာ ဘဝအသင်္ချေချေ မျောပါနစ်မွန်း၍ နေမြဲဟူသော ဓမ္မတာသဘောကို သိအပ်ကုန်သတည်း။ ဤသို့ သိအပ်သဖြင့် လူ့ဘဝ၏ ရခဲပုံ အခွင့်အလမ်းကို လည်းကောင်း ဤသံသရာကြီး၏ အလွန် ကြောက်မက်ဖွယ် ကြီးကျယ်ပုံကို လည်းကောင်း ထင်မြင် ယုံကြည်နိုင်ကြကုန်ရာသည်။
ဤတွင်ရွေ့ကား လူ့အဖြစ်ကို အဘယ်သို့ ရခဲသနည်း၏ အဖြေပြီး၏။
လူ့ပြည် လူ့ရွာ ဘဝပဒေသာ
“ယခုအခါ လူ့အဖြစ်ကို ရခဲ့သည်ရှိသော် အဘယ်သို့သော အကျိုးအာနိသံသ အနန္တတို့ကို ရယူနိုင်ကြလေသနည်း” ၏ အဖြေကို ပြဆိုပေအံ့။
နတ်ပြည်ခြောက်ထပ် နတ်မင်း, သိကြားမင်းတို့၏ အသက်ခန္ဓာ စည်းစိမ်ချမ်းသာ တို့သည် လူ့ပြည်မှာ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲဝယ် နတ်မျိုး, သိကြားမျိုးကို စိုက်ပျိုးမွေးမြူမှ နောက်နောက် ဘဝတို့၌ နတ်ပြည် ခြောက်ထပ်မှာ နတ်အဖြစ်ကို သိကြား အဖြစ်ကို ရနိုင်ကြကုန်၏။
ဗြဟ္မာပြည် နှစ်ဆယ်၌ ဗြဟ္မာမင်းတို့၏ အသက်ခန္ခာ ဘုန်းတန်ခိုး ဣဒ္ဓိပါဒ် ချမ်းသာတို့သည်လည်း လူ့ပြည်မှာ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲမှာ ဗြဟ္မာမျိုးတို့ကို စိုက်ပျိုးမွေးမြူမူ နောက်ဘဝ၌ ထိုထိုဗြဟ္မာမင်း အဖြစ်ကို ရနိုင်ကြကုန်၏။
လူ့ပြည် သူဌေး သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ် အသက်ခန္ဓာစည်းစိမ် ချမ်းသာတို့သည်လည်း လူ့ပြည်၌ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲ၌ သူဌေးမျိုး သူကြွယ်မျိုး, ပဒေသရာဇ်မျိုး, ဧကရာဇ်မျိုး, စကြာမန္ဓာတ် မျိုးတို့ကို စိုက်ပျိုးမွေးမြူကြမှ နောက်နောက်ဘဝ၌ သူဌေးအဖြစ် သူကြွယ်အဖြစ် ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ်အဖြစ်ကို ရနိုင်ကြကုန်၏။
အနမတဂ္ဂ သံသရာ၌ သံသရာဝဋ်မှ ကျွတ်လွတ်၍ သာဝကဗောဓိရှင် ပစ္စေကဗောဓိရှင် သဗ္ဗညုဗောဓိရှင် ဖြစ်ကြပေကုန်သော လူ, နတ်, ဗြဟ္မာ အရိယာသူမြတ် ပရမတ် ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ကျော် အပေါင်းတို့သည်လည်း လူ့ပြည်၌ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ မိမိတို့ စိတ်နှလုံးထဲ၌ ထိုထိုဗောဓိမျိုးတို့ကို စိုက်ပျိုးမွေးမြူကြမှ ထိုထို အရိယာသူမြတ် ပရမတ် ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ကျော်အဖြစ်သို့ ရောက်နိုင်ကြကုန်၏။
ထို့ကြောင့် ဤလူ့ပြည် လူ့ရွာသည် ဘဝပဒေသာပင်ကြီး မည်၏၊ လူ နတ် ဗြဟ္မာ လောကီ လောကုတ္တရာချမ်းသာ ခပ်သိမ်းတို့သည် လူ့ပြည် လူ့ရွာ ဘဝပဒေသာပင်ကြီး မှ ထွက်သော အသီးအရွက် အကိုင်းအခက်တို့သာတည်း။
လူ့ဘဝ၌မူကား ဘဝသမ္ပတ္တိ နှင့် ဘောဂသမ္ပတ္တိ နှစ်ပါးရှိ၏၊ လူ့ရုပ်, လူ့နာမ်, လူ့ခန္ဓာစု သည် ဘဝသမ္ပတ္တိ မည်၏၊ သား, မယားနှင့် စီးပွါးဥစ္စာ, လယ်ယာ, မိုးမြေ, ရွှေ, ငွေ, ရတနာ ပြည်ရွှာ, တိုင်းကား အစရှိသည်ဟု ဆိုအပ်သော သူဌေး သူကြွယ်, ပဒေသရာဇ်, ဧကရာဇ် စကြာမန္တာတ် စည်းစိမ်ချမ်းသာတို့သည် ဘောဂသမ္ပတ္တိ မည်၏။
ထိုနှစ်ပါးတို့တွင် ဘဝသမ္ပတ္တိကို ခင်မင်ကြ ကုန်သော သူတို့သည် ဘောဂသမ္ပတ္တိကို အဆုံးခံကြရကုန်၏၊ ဘောဂသမ္ပတ္တိကို ခင်မင်သော သူတို့သည် ဘဝသမ္ပတ္တိကို အဆုံးအရှုံး ခခံကြရကုန်၏။
အဘယ်သို့လျှင် ဘဝသမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့သည် ဘောဂသမ္ပတ္တိကို အဆုံးခံ ကြရကုန်သနည်း ဟူမူကား - အကြင် ပညာရှိအပေါင်း သူတော်ကောင်း တို့သည် ပြဆိုခဲ့ပြီးသော နည်းအားဖြင့် လူအဖြစ်၏ ရခဲမှုကို သိမြင်ကုန်၏၊ ဤ သံသရာဝဋ်ကြီး၏ အလွန် ကြောက်မက်ဖွယ် ကြီးကျယ်မှုကို သိမြင်ကုန်၏၊ လူ့ဘဝ၏ ပဒေသာပင်ကြီးဖြစ်ကြောင်းကိုလည်း သိမြင်ကြကုန်၏။
ထိုပညာရှိအပေါင်း သူတော်ကောင်းတို့အား ငါတို့သည် ယခုရရှိ၍နေသော သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္တာတ် စည်းစိမ်ချမ်းသာကို အထွဋ်အမြတ် ထင်မြင် ခင်တွယ်မက်မော၍ နေ့, ရက်, နှစ်, လ, ကုန်လွန်ကြကုန်သည်ရှိသော် အလွန် ရခဲစွာလှ ရရှိ၍နေကြသော ဤလူ့ဘဝ, လူ့ခန္ဓာ ပဒေသာပင်ကြီးသည် အညွန့်မပေါက် အခက်မပေါက် မတ်တတ်သေ, မတ်တတ်ခြောက် ကွယ်ပျောက် ဆုံးရှုံး၍ သွားလေ ရာ၏။
ယခုရရှိသော ဘောဂသမ္ပတ္တိကို စွန့်လွှတ်၍ ယခုရရှိသော ဘဝပဒေသာပင် ကြီးကို တစ်နေ့တစ်ခြား ပွါးစီးစည်ပင် လေအောင် ပျိုးထောင်ပြုစုလျက် နေ့, ရက်, နှစ်, လ, ကုန်လွန်ကြ ကုန်သည်ရှိသော် ငါတို့ယခုရရှိသော ဘဝသမ္ပတ္တိ, ဘောဂ သမ္ပတ္တိမျိုးတို့ကို နောင်ဘဝ တစ်ထောင်မက, ဘဝ တစ်သောင်းမက ရကြကုန်လတ္တံ့၊ ဤမျှမကသော နတ်မင်းစည်းစိမ်, သိကြားမင်းစည်းစိမ် တို့ကိုလည်း နောင်ဘဝ တစ်ထောင်မက, ဘဝတစ်သောင်းမက, ရကြကုန်လတ္တံ့။
ဤမျှမကသော မဟာကမ္ဘာများစွာ သက်ရှည်ချမ်းသာ စည်ပင်လှသော ဗြဟ္မာမင်း စည်းစိမ် ကိုလည်း ရကြကုန်လတ္တံ့။
ဤမျှမက မြင့်မြတ်လှသော သာဝကဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သမ္မာသမ္ဗောဓိ ဉာဏ် ကိုလည်း ရကြကုန်လတ္တံ့ - ဟု မြော်မြင်မိကြကုန်၏၊ ထိုပညာရှိ သူတော်ကောင်း အပေါင်းတို့သည် ထိုသို့ မြော်မြင်မိကြသောအခါမှစ၍ နေ့ ရက်, နှစ်, လ, ကို များစွာအကုန် မခံကြကုန်မူ၍ - အချို့သောသူတို့သည် မိမိလက်ရှိဖြစ်သော သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္တာတ် စည်းစိမ် ချမ်းသာတို့ကို တံတွေးပေါက်ကဲ့သို့ မငဲ့မကွက် ရက်ရက်စွန့်ပစ်၍ ရသေ့ ရဟန်းအဖြစ်နှင့် တောထွက် ကြလေကုန်၏။
အချို့သောသူတို့သည် ပကတိသော လူ့အဖြစ်၌ တည်ကြကုန်၍ နိစ္စအာဇီဝဋ္ဌမက သီလ, ဥပေါသထသီလတို့ကို ခိုင်မြဲစွာ အားထုတ်၍ လက်ရှိစည်းစိမ်ချမ်းသာတို့ကို ခင်တွယ် မက်မောခြင်း မရှိကြကုန် ဘိသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား တွင်တွင် ပေးကမ်း လှူဒါန်းစွန့်ကြဲ၍ နေ့, ရက်, လ, နှစ်ကို ကုန်လွန်စေကြကုန်၏၊ ဤသို့လျှင် ဘဝ သမ္ပတ္တိကို ခင်မင်ကြကုန်သောသူတို့သည် ဘောဂသမ္ပတ္တိကို အဆုံးအရှုံး ခံကြကုန်၏။
အဘယ်သို့လျှင် ဘောဂသမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့သည် ဘဝသမ္ပတ္တိကို အဆုံးအရှုံး ခံကြရကုန်သနည်း ဟူမူကား - အကြင်သူတို့အား လူအဖြစ် ရခဲမှုကို လည်းကောင်း၊ သံသရာ ဘေးဘယကို လည်းကောင်း၊ ဘဝပဒေသာပင်ကြီး၏ အခြင်းအရာကို လည်းကောင်း ကောင်းကောင်း မြော်မြင်နိုင်သော ဉာဏ်ပညာကား မရှိ၊ ဉာဏ်မျက်စေ့ မပေါက်၊ ထိုသူတို့သည် ယခုဘဝရရှိကြသော ဘောဂသမ္ပတ္တိတို့ကို ထိန်းသိမ်းစောင့်ရှောက်မှု ပွါးများအောင် ကြံဆောင်မှု, ခံစားမှု, စံစားမှုတို့နှင့်သာ နေ့, ရက်, နှစ်, လကို ကုန်လွန်စေရာ၏၊ ထိုအမှုတွေ တန်းလန်းနှင့်ပင် သေဆုံးကြ ရကုန်၏၊ ထိုသူတို့အား လူ့ဘဝ, လူ့ခန္ဓာ ပဒေသာပင်ကြီးသည် အညွန့်မပေါက် အခက် မပေါက် မတ်တတ်ခြောက် မတ်တတ်သေ ဆုံးရှုံး၍ သွားလေကုန်၏၊ ဤသို့လျှင် ဘောဂသမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့သည် ဘဝသမ္ပတ္တိကို အဆုံးအရှုံး ခံကြရ ကုန်၏။
ဘဝကို အလေးပြုကြကုန်သော သူတို့သည် ဒါန, သီလ, ဗဟုသုတ ဓမ္မ အစီးအပွားတို့ကို အလေးပြုကြကုန်၏၊ ဘောဂကို အလေးပြုကြကုန်သော သူတို့သည် လောကီစီးပွားကို အလေးပြုကြကုန်၏။
- ဓမ္မစီးပွား၌ စိတ်များ၍ လောကီစီးပွား၌ စိတ်နည်းသော သူ၊
- လောကီစီးပွား၌ စိတ်များ၍ ဓမ္မစီးပွား၌ စိတ်နည်းသော သူ၊
- စီးပွားနှစ်ဖက်၌ စိတ်ထက်ဝက်စီရှိသော သူ၊
- စီးပွားနှစ်ပါးမှ အလွတ်ဖြစ်၍ အကျိုးမရှိသော အလေ့အကျင့်နှင့် နေ့ ရက် နှစ် လကို ကုန်စေ သောသူ ဟူ၍ လူလေးမျိုး ရှိကြကုန်၏။
ယခုအခါ၌မူကား စီးပွားနှစ်ဖက်၌ စိတ်ထက်ဝက်စီ ရှိပေလျှင်ပင် ချီးမွမ်းလောက် လှပေပြီ၊ ဓမ္မစီးပွား ၌ စိတ်များသူကိုကား ဆိုဖွယ်မရှိ၊ လောကီစီးပွား၌ စိတ်များသူ သည်ကား မနုဿတ္တဒုလ္လဘကို အမြင်နည်းလှသေးသော သူပေတည်း၊ စီးပွား နှစ်ဖက်မှ အလွတ်ဖြစ်သော သူသည်ကား လောက မျက်စေ့ ဓမ္မမျက်စေ့ နှစ်ဖက်ကန်း မည်၏၊ ဒုစရိုက်၌ လေ့ကျက်ကုန်သော သူတို့မူကား လူ အရေအတွက်၌ မသွင်းရကုန် ဤသို့လည်း သိကြကုန်ရာ၏။
ဘုရားလက်ထက်တော်၌လည်းကောင်း၊ ဇာတ်တော် နိပါတ်တော်တို့၌ လည်းကောင်း၊ သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, ထီးနန်းစည်းစိမ်တို့ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်၍ တစ်အိမ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး, တစ်ပြည်ထောင်လုံး တောထွက်ကြ ကုန်သော သူတို့သည် မနုဿတ္တ ဒုလ္လဘကို ကောင်းကောင်း သိကြကုန်သော သူတို့ပေတည်း။
ဤသို့လျှင် အလွန်တရာ ရခဲလှစွာသော မနုဿတ္တကို တရံ တခါ အခွင့်သာ၍ ကောင်းစွာရရှိ ကြကုန်သောအခါ၌ ဘောဂသမ္ပတ္တိကို အဆုံးခံ၍ ဘဝသမ္ပတ္တိကို ခင်မင်ကြကုန်လျက် ဘဝပဒေသာပင်ကြီးမှထွက်သော မြင့်မြတ်ကြီးကျယ်စွာသော အကျိုးအာနိသံသ အနန္တတို့ကို မိမိတို့ ကာယဗလ, ဉာဏဗလ အခွင့်ရှိသမျှ အရအမိ ယူနိုင်ကြကုန်သော သူတို့သာလျှင် မနုဿတ္တဒုလ္လဘကို ရကြသော သူတို့ဟူ၍ ဆိုထိုက်ပေသည်၊ အဘယ့်ကြောင့် ဆိုသော် မနုဿတ္တ ဒုလ္လဘဟူသည် ထိုအကျိုး အာနိသံသ အနန္တတို့အတွက် ထုတ်ဖော်ကြော်ငြာ အပ်သော ကမ္ဘာ့ တံဆိပ်တော်ကြီး ဖြစ်ပေသောကြောင့်တည်း။
ဤကား သာသနာပ၌ လူ့အဖြစ်ကို ရကြကုန်သော သူတို့နှင့် လျော်စွာ ပြဆိုလိုက်သော မနုဿတ္တ ဒုလ္လဘ အဓိပ္ပါယ်တည်း။
သာသနာတွင်း၌ ကြုံကြိုက်ကြကုန်သော သူတို့အား ရထိုက် ယူထိုက်သော အကျိုး အာနိသံသ အနန္တသည်မူကား- ဗုဒ္ဓုပ္ပါဒဒုလ္လဘ၏ အကျိုးအာနိသံသ အနန္တမှာ အတွင်းဝင်၍ ပါလတ္တံ့သတည်း။
ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို ပြဆိုခြင်း
ဘုရားဖြစ်ရန် ခဲယဉ်းပုံ
ယခုအခါ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို ပြဆိုပေအံ့။ ဘုရားအဖြစ်ကို ကြုံကြိုက်ခဲမှုသည် ကမ္ဘာ၌ ကြုံကြိုက်ခဲမှု၊ အသီးအသီးသော မိမိ မိမိတို့၏ ကြုံကြိုက်ခဲမှု - ဟူ၍ နှစ်ပါး အပြားရှိ၏။
- အဘယ်သို့လျှင် ဘုရားအဖြစ်ကို ကမ္ဘာ၌ ကြုံကြိုက်ခဲလေသနည်း။
- အဘယ်သို့လျှင် အသီးအသီးသော မိမိ မိမိတို့ ကြုံကြိုက်ခဲလေသနည်း။
အမေးနှစ်ချက်။
ပထမအမေး၌ အဖြေကို ပြပေအံ့။
တစ်ခုသော မဟာကမ္ဘာကြီး မည်သည် အဘယ်မျှ နှစ်ကာလ ရှည်လျားသနည်း ဆိုသော် အလျား တစ်ယူဇနာ, အနံ တစ်ယူဇနာ, အမြင့် တစ်ယူဇနာရှိသော တစ်ခဲနက် ကျောက်အတိပြီးသော ကျောက်တောင်ကြီးသည် ရှိရာ၏၊ ထိုကျောက်တောင်ကြီးကို နူးညံ့လှစွာသော လဲဝါဂွမ်းဖြင့် အနှစ်တစ်ရာမှ တစ်ခါ၊ အနှစ်တစ်ထောင်မှ တစ်ခါ ပွတ်တိုက်ဖန် များလတ်သော် ထို ကျောက်တောင်ကြီးသည် ကုန်ခြင်းသို့ ရောက်လေ ရာ၏၊ တစ်ခု တစ်ခုသော မဟာ ကမ္ဘာကြီး၏ နှစ်ကာလသည် မကုန်လေရာ၊ တစ်ခု တစ်ခုသော မဟာ ကမ္ဘာကြီး၏ အသက်သည် ဤမျှလောက် ရှည်၏ဟူ၍ ဟောတော် မူသည်။
လောက၌ ဘုရားပွင့်မှုမည်သည် ထိုမျှလောက်သော မဟာကမ္ဘာကြီးပေါင်း တစ်ရာ လွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ တစ်ထောင် လွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ တစ်သောင်းလွန်မှ တစ်သိန်းလွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ ရံခါရံခါ၌ ထိုမျှလောက်သော မဟာကမ္ဘာကြီးပေါင်း အသင်္ချေလွန်မှ ကြုံကြိုက်၏၊ အသင်္ချေ ဆိုသည်ကား - ကုဋေကို (၁) ဂဏန်းပြု၍ မဟာ ကမ္ဘာကြီးပေါင်း တစ် ကုဋေလျှင် (၁)၊ နှစ်ကုဋေလျှင် (၂) စသည်ဖြင့် ရေတွက်သော်လည်း ဂဏန်း ဝေါဟာရသည်သာ ကုန်လေရာ၏၊ ဘုရားဖြစ်မှုမှ ဆိတ်ကင်းသော မဟာကမ္ဘာကြီး အစဉ်မူကား မကုန်လေရာ၊ ဤမျှလောက်ရှည်ကြာသော သုည ကမ္ဘာကြီးတွေ အစဉ်တစ်ခုကို အသင်္ချေတစ်ခု ခေါ်သတည်း။
ထိုမျှသော သုည ကမ္ဘာကြီးတွေ အသင်္ချေလွန်မှ တစ်ခါသာ ကြုံကြိုက်၏၊ ကြုံကြိုက် သော ကမ္ဘာမှာလည်း ကမ္ဘာ၏ နှစ်ကာလ မည်သည် ပြဆိုခဲ့ပြီးသော ကျောက်တောင် ကြီး ဥပမာနှင့်အညီ အသင်္ချေတွေ အသင်္ချေတွေ အသင်္ချေအနန္တ ရှည်လျား၏၊ ဘုရား ပွင့်ရာ သာသနာ တည်ရှိသော နှစ်ကာလမည်သည် အလွန်ဆုံးအားဖြင့် တစ်သိန်း တမ်းတွင် ပွင့်ခဲ့လျှင် သာသနာနှစ်ပေါင်း နှစ်သိန်း သုံးသိန်းမျှသာ တည်ရှိ၏၊ ထို ကမ္ဘာ၌ ကျန်ရှိသော နှစ်အသင်္ချေ အသင်္ချေတွေသည်ကား သုညနှစ်တွေသာတည်း။
ဤကား ဘုရားပွင့်မှု၏ ကမ္ဘာပေါ်တွင် ကြုံကြိုက်ခဲမှုကို ပြဆိုချက်တည်း။
ဘုရားနှင့် သာသနာကို ကြုံတွေ့ခဲပုံ
ဒုတိယပုစ္ဆာ၏ အဖြေကို ပြဆိုပေအံ့။
အဘယ်သို့လျှင် မိမိ မိမိဟုဆိုအပ်သော တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ ကြုံကြိုက် ခဲမှုသည် ဖြစ်လေသနည်းဟူမူကား ဘုရားပွင့်ရာ စကြဝဠာသည်ကား ဤစကြဝဠာတစ်ခုသာရှိ၏၊ စကြဝဠာအနန္တကျန်ရှိ၏၊ သတ္တဝါတို့မည်သည် ဤသူ ဤသူတို့ကား ဤစကြဝဠာ၌သာ အမြဲ ကျင်လည်ကုန်သည်ဟူ၍ မရှိကုန်၊ ဤဇမ္ဗူဒီပါကျွန်းမှာ ဘဝများစွာ ကျင်လည်ကြသော သူတို့ သည်၊ ဤသူ ဤသူ တို့ကား ဤမြို့ ဤရွာတွင်သာ အမြဲကျင်လည်ကုန်သည် ဟူ၍ မရှိကုန် သကဲ့သို့တည်း။
မြင့်လှစွာသော ကောင်းကင်၌ ဝဲ၍နေကြကုန်သော လင်းတငှက်တို့သည် မိမိတို့၏ အောက်၌ အသောင်း အသိန်း မကသော လယ်ကွက် ယာကွက်တွေကို မြင်ကြလေ ဘိသကဲ့သို့ အထက်ဗြဟ္မာပြည်၌ နေကြကုန်သော ဗြဟ္မာတို့သည် မိမိတို့အောက်၌ များစွာသော စကြဝဠာ တွေကို ပကတိမျက်စိနှင့်ပင် မြင်နိုင်ကြကုန်၏၊ ဗြဟ္မာပြည်တို့သည် စကြဝဠာ အနန္တပေါ်တွင် တပြင်တည်း တည်ရှိကုန်၏၊ ထိုထို ဗြဟ္မာပြည်မှ စုတေကြကုန်သောအခါ မြင်ရှိ၍နေရာ စကြဝဠာတို့တွင် ရောက်မိ ရောက်ရာ ရောက်ကြလေကုန်၏၊ ရောက်မိရောက်ရာ စကြဝဠာ၌ နိကန္တိ အခြေစိုက် သဖြင့် ထိုစကြဝဠာ၌ပင် ဘဝများစွာ ကမ္ဘာများစွာ ကျင်လည်ရပြန်၏။
ဤနည်းအတူ အဆင့်ဆင့် လွင့်ပါး၍ နေကြကုန်၏၊ နိယတဗျာဒိတ် ရပြီး အလောင်းတော်ကြီးများ သည်သာ ဤစကြဝဠာ၌ မြဲကြရ၏၊ ဘုရားပွင့်ခိုက် ကြုံကြိုက်ကြမူကား ဤစကြဝဠာမှ ဝန်းကျင် စကြဝဠာပေါင်း တစ်သောင်းအတွင်း ရှိကြကုန်သော နတ် ဗြဟ္မာတို့သည် ကျွတ်နိုင်ကြကုန်၏၊ ပြင်ပ စကြဝဠာရှိ နတ်, ဗြဟ္မာတို့ကား ကျွတ်ခြင်း မရှိကြကုန်၊ လူဖြစ်ခဲ့မူကား ဤဇမ္ဗူဒီပါ ကျွန်းသူတို့သာ ကျွတ်ခွင့်ရကြကုန်၏၊ သုံးကျွန်းသူ, တစ်ပါး စကြဝဠာသူတို့ကား ကျွတ်ခွင့် မရကြကုန်။
ဤသို့သော အလားများကို ထောက်ထား မြော်မြင်ကြသဖြင့် တစ်ယောက် တစ်ယောက်သော သတ္တဝါအား လူ့အဖြစ်ကို ရခဲမှုထက် ဘုရားပွင့်ရာ သာသနာ၌ တွေ့ကြုံရန်အမှုသည် အသိန်း အသန်းမက သာလွန်၍ ခဲယဉ်းလှလေသည် ဟူ၍လည်းကောင်း၊ ကမ္ဘာပေါ်၌ ဘုရားပွင့်မှု ကြုံကြိုက်ခဲသည်ထက် တစ်ယောက်, တစ်ယောက်သော သတ္တဝါ၏ ဘုရားသာသနာနှင့် ကြုံကြိုက်ရန်အမှုသည် အဆ အသိန်း အသန်းမက သာလွန်၍ ခဲယဉ်းလှသည် ဟူ၍လည်းကောင်း မှတ်ယူ ယုံကြည်ကြကုန်ရာသည်၊ ပွင့်ခဲလှစွာသော ဘုရားပေါင်းဆူရေ အသိန်း အသန်းပင် ပွင့်သော်လည်း စကြစဠာတစ်ပါး၌ လွင့်ပါးကျင်လည်၍ နေခိုက် ကြုံချေက တွေ့ကြုံမည်ဝေးစွ သတင်းမှ မကြားရ ဟူလိုသည်။
ဤစကြဝဠာမှာ ကျင်လည်ခိုက် ကြုံကြိူက်သော်လည်း ဘုရားသာသနာနှင့် အလွန်တွေ့ကြုံခဲလှ၏၊ ဘုရားမပွင့်သော ကမ္ဘာတို့နှင့် ကြုံကြိုက်ပြန်လျှင်လည်း ဘုရားသာသနာနှင့် မတွေ့ရ၊ ဘုရားပွင့်သော ကမ္ဘာပင် ဖြစ်သော်လည်း ဘုရား သာသနာ တည်ထွန်းရာ ခဏသည် အလွန် တိုလှ၏၊ ကမ္ဘာ အသက်ရှည်ပုံနှင့် ချင့်တွက်သော် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် မျှကဲ့သို့ ဖြစ်၏။
ဘုရားသာသနာ တည်ဆဲအခါ၌ မိမိက တိရစ္ဆာန်ဘဝတို့၌ နစ်မျော၍နေခိုက် ကြုံကြိုက်သဖြင့် တစ်သာသနာလွန်၍ သွားပြန်၏၊ သာသနာကွယ်ပ၍ မှောင်အတိ ဖြစ်သောအခါမှ လူ့ဘဝသို့ ရောက်လာ၏၊ နောင် ကမ္ဘာကြီးများစွာလွန်၍ ဘုရား သာသနာ တစ်လှည့် ပေါ်ခိုက် ကြုံပြန်သော် မိမိက ငရဲဘဝတို့၌ နစ်မျော၍နေခိုက် ကြုံကြိုက်သဖြင့် တစ်သာသနာလွန်၍ သွားပြန်၏၊ ဤနည်းအတိုင်း ဘုရားသာသနာ ပေါ်ရှိခိုက် မိမိက ရပ်ပြစ်ရှစ်ဌာန၌ ကြုံကြိုက်၍ နေသဖြင့် ဘုရားပေါင်း အသိန်းအသန်းပင် ပွင့်သော်လည်း တစ်လှည့် တစ်ကြိမ်မျှ တွေ့ကြုံခွင့်မရ အလွန် တရာ ခဲယဉ်းလှလေသတည်း။
အာဠာရ ရသေ့သည် အသေစော၍ ၇ ရက်မျှကွာသည့် အတွက် တစ်သာသနာ ပြီးလေ၏၊ ဥဒက ရသေ့သည် ရှေ့သန်းခေါင် နောက်သန်းခေါင်မျှ ကွာသည့်အတွက် တစ်သာသနာ ပြီးလေ၏၊ ထိုရသေ့တို့သည် အရူပဘုံ၌ ဖြစ်ကြလေကုန်၍ လူ့ဘုံ တစ်ဖန် ရောက်ပြန်သောအခါ သုည ကမ္ဘာကြီးတွေ အတွင်း၌ ကျရောက်ကုန်လတ္တံ့၊ တစ်သန်းခေါင်မျှ ချော်သည့်အတွက် ဤမျှလောက် တာသွား၏။
ဤသို့လျှင် လွန်ခဲ့ပြီးသော အနမတဂ္ဂ သံသရာ၌ ဘုရားပေါင်း ဂင်္ဂါသဲလုံးမျှမက ပွင့်ကုန်ကြရာ ဘုရားအသိန်း အသန်းတွင် တစ်ဆူကျကိုမျှ လှလှမတွေ့ဖူးကြ သည့်အတွက် ယနေ့ထက်တိုင် သံသရာ၌ နစ်မွန်းလျက် ရှိနေကြကုန်သည်၊ ဤစကား၌ “လှလှ မတွေ့ကြ” ဆိုသည်ကား ကျွတ်လွတ်လောက်အောင်လည်း မတွေ့ဖူးကြ၊ နိယာတဗျာဒိတ် ရလောက်အောင်မျှလည်း မတွေ့ဖူးကြသည်ကို ဆိုလိုသည်။
ဤသို့ လှလှမတွေ့ကြကုန်မူ၍ ယောင်တီးယောင်တ အတုအပ တွေ့ကြုံကြကုန်သော သူတို့သည် ကား တွေ့ရှိသော ဘုရားသာသနာကို ကောင်းစွာ မတွယ်နိုင်ကြသည့် အတွက် နောက်ဘုရားကို အားကိုး ယောင်ယောင်၊ နောက်ဘုရားမှာမှ နေရာကျ လိမ့်ယောင်ယောင် ရှောင်သာတိမ်းသာ နေသာထိုင်သာ ရှိကြရုံ စိတ်ဖြစ်ကြမြဲ ပေတည်း။
ထိုသို့ ဖြစ်ကြသော်လည်း ထိုနောက်ဘုရားနှင့် လွဲနိုင်ရန် ဘုရားတို့သည် မိမိတို့ ကိုယ်တွင်း၌ အသင်္ချေအနန္တ ပါရှိလျက်နေကြကုန်သောကြောင့် ထိုနောက်ဘုရား တစ်ဆူကို မဆိုထားဘိဦး၊ နောက်နောက် ဘုရားပေါင်း အသိန်းအသန်းကိုပင် လွဲကြပြန်ကုန်ရာ၏၊ ယခုအခါ၌လည်း တွေ့ရှိ၍နေသော ဤဘုရားသာသနာကို စွန့်စွန့် စားစား မတွယ်တာနိုင်ကြသည့်အတွက် နောက် မေတ္တေယျဘုရားကို အားကိုး ယောင်ယောင် - နောက်မေတ္တယျဘုရားမှာမှ နေရာကျလိမ့်မည် ယောင်ယောင် ရှောင်သာတိမ်းသာ နေထိုင်သာ ဓမ္မတာ လမ်းရိုးကြီးအတိုင်း စိတ်ဖြစ်မြဲ ဖြစ်ကြ ကုန်၏။
နောက်မေတ္တေယျ တစ်ဆူကို မဆိုထားဘိဦး၊ နောက်နောက် ဘုရားပေါင်း အသိန်း အသန်းကိုပင် လွဲနိုင်ကြရန် အခွင့်အလမ်းကို မထင် မမြင်နိုင်ကြလေကုန်၊ အခွင့်အလမ်းတွေ ဆိုသည်ကား နခသိခ သုတ္တန် ဒေသနာတော် နည်းအားဖြင့် လည်းကောင်း၊ ကာဏကစ္ဆပေါပမ သုတ္တန် ဒေသနာတော် နည်းအားဖြင့် လည်းကောင်း၊ အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာကြီး၌ ပြဆိုအပ်သော နည်းအားဖြင့် လည်းကောင်း သိအပ်သော အခွင့်အလမ်းစုပေတည်း။
ဤမှတစ်ပါးလည်း မိမိသန္တာန်၌ ယခုရှိနေကြသော သဒ္ဓါ, ပညာ အစရှိသော ကုသိုလ် တရားတို့၏ နှုံ့နှေးမှု၊ လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ အစရှိသော အကုသိုလ် တရားတို့၏ ထက်သန်မှု အစရှိသည်ဖြင့် သိအပ်သော အခွင့်အလမ်း အလွန် များပြား၏၊ ဤသည်ကား မနုဿတ္တ ဒုလ္လဘထက် လည်းကောင်း၊ ကမ္ဘာမြေပေါ်၌ ဘုရားပွင့်ခွင့် ကြုံကြိုက်ခဲမှုထက်လည်းကောင်း တစ်ယောက်, တစ်ယောက်သော သတ္တဝါ၏ ဘုရားသာသနာနှင့် တွေ့ကြုံခဲမှုသည် အသိန်း အသန်းမက သာလွန်၍ ခဲယဉ်းသည်ကို ပြဆိုသော အခန်းတည်း။
“ဘုရားအဖြစ်ကို အဘယ်သို့ ကြုံကြိုက်ခဲပါသနည်း” ဟူသော ပုစ္ဆာ၏ အဖြေ ပြီး၏။
ဘုရားသာသနာနှင့် လူ့အဖြစ်
“ဘုရားသာသနာနှင့် တွေ့ကြုံရသည်ရှိသော် အဘယ်သို့သော အကျိုးအာနိသံသ အနန္တတို့ကို ရနိုင်ပါသနည်း” ဟူသော ဒုတိယပုစ္ဆာ၏ အဖြေကို ပြဆိုပေအံ့။
မနုဿတ္တဒုလ္လဘတွင် မဟာအဋ္ဌကထာကြီး နည်းအားဖြင့် ပြဆိုခဲ့သည်အတိုင်း အကြင် သတ္တဝါ တို့အား ရုပ်, နာမ်တရားတို့ကို ငါ၏ အတ္တဟု ထင်မြင်ခိုင်မြဲ စွဲယူမှောက်မှား သော သက္ကာယဒိဋ္ဌိ တရားသည် ရှိနေ၏။
ထိုသတ္တဝါတို့အား ရှေးရှေးသော အတိတ်ဘဝ, အတိတ် ကမ္ဘာ, အတိတ်သံသရာတို့၌ မိုက်ခဲ့သမျှ, မှားခဲ့သမျှသော ဒုစရိုက်ကံပေါင်း အမှုဟောင်း အနန္တတို့သည် ရင်တွင်း, စိတ်နှလုံးတွင်းမှာ အစဉ်အမြဲ တစ်လုံး တစ်ခဲတည်း ပါရှိ၍နေကုန်၏။
ထိုဒုစရိုက်ကံပေါင်း ကြွေးဟောင်း, မြီဟောင်း, အမှုဟောင်းကြီးတွေ အစဉ်အမြဲ တစ်လုံးတစ်ခဲ တည်း ပါရှိ၍ နေကြသည့်အတွက် ဘဝဂ်ဘုံမှာ ဗြဟ္မာကြီးပင် ဖြစ်ကြကုန်သော်လည်း မိမိ, မိမိတို့၏ စိတ်နှလုံးမှာ အခိုင်အမြဲ အကြပ်အတည်း ဖွဲ့ချည် တည်ရှိကုန်သော အပါယ်ကြိုး အပါယ်လွန်၊ အဝီစိကြိုး, အဝီစိလွန် တန်းလန်းတွေ အနန္တတို့နှင့်သာ နေကြကုန်၏။
ထို့အတူ ထိုသတ္တဝါတို့အား ထိုသက္ကာယဒိဋ္ဌိ ရှိနေသမျှ ကာလပတ်လုံး အနာဂတ် ကာလ ကျင်လည်ရာဘဝတို့၌ တွေ့ရှိသမျှသော အမိုက်မျိုး အနန္တတို့ကို မိုက်မဲကြရန်၊ အမှားမျိုး အနန္တတို့ကို မှောက်မှားကြရန် ကိလေသာအညစ် အမြစ်ဗီဇ အနန္တတို့သည် ရင်တွင်း စိတ်နှလုံး တွင်းမှာ အစဉ်အမြဲ တစ်လုံးတစ်ခဲတည်း ပါရှိ၍ နေကြကုန်၏၊ အကြင်အခါ၌ အနတ္တ လက္ခဏာရေးကို ကောင်းစွာထင်မြင်သဖြင့် သက္ကာယဒိဋ္ဌိသည် အပြီးတိုင်ချုပ်ငြိမ်းခြင်းသို့ ရောက်လေ၏၊ ထိုအခါ၌ ထိုအတိတ် ဒုစရိုက် ကံပေါင်း အမှုဟောင်း အနန္တတို့သည်လည်းကောင်း၊ နောက်နောက် အနာဂတ် ကာလတို့၌ ပါပဒုစရိုက် အမိုက်မျိုးဗီဇ အနန္တ၊ အမှောက်အမှား မျိုးဗီဇ အနန္တတို့သည် လည်းကောင်း၊ တစ်ပြိုင်နက် တစ်ချက်တည်း အပြီးတိုင် ကွယ်ပကြလေကုန်၏။
ထိုသူမှာ အပါယ်သံသရာကြီးလည်း အနမတဂ္ဂ ဘဝသံသရာ ကာလပတ်လုံး အပြီးတိုင် ကျွတ်လွတ်လေ၏၊ အပါယ်သံသရာသည်သာ မဟုတ်သေး၊ ရပ်ပြစ်ရှစ်ပါး လည်း အပြီးတိုင် ကျွတ်လွတ်လေ၏၊ ဘုန်းတန်ခိုး စည်းစိမ် အလိမ်အမာ ယုတ်ညံ့ စွာသော လူ့ဇာတိမျိုး၊ နတ် ဇာတိမျိုး၊ ဗြဟ္မာဇာတိမျိုးလည်း အပြီးတိုင်ကျွတ်လွတ် လေ၏၊ ဘုန်းတန်ခိုး စည်းစိမ် အလိမ်အမာ ကြီးမြတ်စွာသော လူအရိယာဇာတိ နတ်အရိယာဇာတိ ဗြဟ္မာအရိယာဇာတိ တို့သာ ကျန်ရှိကုန် တော့သည်။
ဤသည်ကား သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသောအတိတ် ဒုစရိုက်ကံအနန္တ ပစ္စုပ္ပန် ဒုစရိုက်ကံ အနန္တ, အနာဂတ် ဒုစရိုက်ကံအနန္တတို့၏ အချုပ်အခြာ ဖြစ်ပုံတည်း။
သာသနာပ၌ ဖြစ်ကြကုန်သော ခပ်သိမ်းကုန်သော လူပညာရှိ, နတ်ပညာရှိ ဗြဟ္မာပညာရှိ အပေါင်းတို့သည် ထိုဒုစရိုက်ကံတို့၏ ရှေ့အလား နောက်အလားတို့ကို မိမိတိုဉာဏ်စွမ်းရှိသမျှ မြော်မြင်နိုင်ကြကုန်၏၊ အချုပ်အခြာဖြစ်သော အမှုသည်ရင်း ကိုမူကား ပိတ်ပိတ်သား မသိနိုင်ကြ မမြင်နိုင် ကြလေကုန်၊ မြတ်စွာဘုရား အလောင်းတော်ကြီးများ မှသော်လည်း မသိနိုင်ကြ၊ မမြင်နိုင် ကြကုန်၊ ဗောဓိပင်နှင့် ရွှေပလ္လင် ပေါ်သို့ ရောက်၍ ဘုရားဖြစ်ခါနီးမှပင် သိကြ မြင်ကြကုန်သည်။
ထိုလူ, နတ်, ဗြဟ္မာ ပညာရှိအပေါင်း တို့သည်မူကား သာသနာနှင့် တွေ့ကြုံကြမှ ထိုဒုက္ခဝဋ်ကြီး အပြီးတိုင် လွတ်ငြိမ်းနိုင်ကြမည် - ဟု သိမြင်နိုင်ကြကုန်သည်ဖြစ်၍ သိနိုင်သမျှသော ဘဝတိုင်း, ဘဝတိုင်းတို့၌ ဘုရားကိုသာ မျှော်ကြရကုန်၏၊ ဘုရား တရားတော်ကိုသာ မျှော်ကြရကုန်၏၊ ဘုရား သာသနာတော်ကိုသာ မျှော်ကြရကုန်၏၊ “ဗုဒ္ဓုပ္ပါဒေါဒုလ္လဘော” ဟူသော အက္ခရာတံဆိပ်ကြီးကို ကမ္ဘာပေါ်၌ ထုတ်ဖော် ကြော်ငြာ၍ ထားကြကုန်၏။
ဘုရားသာသနာနှင့် တွေ့ကြုံကြသောအခါ၌ ဇောတိကသူဌေး, ဇဋိလသူဌေး စသောသူတို့သည် ပင်လျှင် သူဌေးစည်းစိမ်ကိုပစ်၍ ဘုရားသာသနာကို အရအမိ တွယ်ကြရကုန်၏၊ ဘဒ္ဒိယမင်း, ပက္ကုသာတိမင်း, မဟာကပ္ပိနမင်း အစရှိသော သူတို့ပင်လျှင် ထီးနန်းစည်းစိမ်ကို စွန့်ပစ်၍ ဘုရား သာသနာကို အရအမိ တွယ်ကြရကုန်၏၊ လေးကျွန်းလုံးကို အစိုးရသော စကြာမင်းကြီး တို့သည်လည်း လေးကျွန်း စည်းစိမ်ကို စွန့်ပစ်၍ ဘုရားသာသနာကို အရအမိ တွယ်ကြရကုန်၏။
အဘယ်ကြောင့်နည်းဆိုသော် ထိုသူဌေးစည်းစိမ်, မင်းစည်းစိမ်တို့သည် ပြဆိုခဲ့ပြီးသော သက္ကာယ ဒိဋ္ဌိ အမှူးရှိသော အတိတ် အနာဂတ် ဒုစရိုက်ကံ အနန္တတို့၏ အပင်းအသင်းတို့သာ ဖြစ်ကြကုန်၏၊ ထိုသူဌေးစည်းစိမ် မင်းစည်းစိမ်တို့သည် မသေမီ ကာလ၌သာ မြင်တိုင်းမြင်တိုင်း ကြည်လင် ရွှင်လန်းဖွယ် ဖြစ်ကုန်၏၊ သေမည်ပြုသော အခါ၌မူကား မမြင်ဝံ့ မရှုဝံ့တို့သာတည်း၊ မြင်မိ ရှုမိမည်ကို အလွန်ကြောက်ကြ ရကုန်၏၊ မြင်၍ ရှု၍ သေလျှင် အပါယ်သို့ကျရကုန်၏။
ဘုရားသာသနာကို အရအမိ တွယ်နိုင်ကုန်ကြသော သူတို့သည်မူကား အနမတဂ္ဂ သံသရာ၌ ဖြစ်လေရာရာ အစဉ်အမြဲ ပါရှိ၍ နေကြကုန်သော သက္ကာယဒိဋ္ဌိ အမှူး ရှိသော ဒုစရိုက်ကံ အနန္တ တို့၏ အပြီးတိုင် ချုပ်ငြိမ်းခြင်းဟူသော အတုမရှိ ကြီးမြတ် လှသော ချမ်းသာသုခကြီးကို ရကြလေကုန်၏၊ ဤဘဝနောက်၌ အပါယ်သံသရာကြီးမှ လည်းကောင်း၊ မိစ္ဆာဒုစရိုက် အမိုက် ခပ်သိမ်းတို့မှ လည်းကောင်း အမျိုး၏ ယုတ်ညံ့ခြင်း အနွယ်၏ ယုတ်ညံ့ခြင်း အဆင်းသဏ္ဏာန် ကြင်အင် လက္ခဏာ၏ ယုတ်ညံ့ခြင်း, စည်းစိမ်ဥစ္စာ၏ ယုတ်ညံ့ခြင်း, အကျင့်အာစာရ၏ ယုတ်ညံ့ခြင်း, အသိ အလိမ္မာ၏ ယုတ်ညံ့ခြင်း အစရှိသော ယုတ်ညံ့ခြင်း ခပ်သိမ်းတို့မှ လည်းကောင်း အပြီးတိုင်လွတ်ငြိမ်းခွင့်ကို ရကြလေကုန်၏။
ဘုရားသာသနာတော်ကို အရအမိ တွယ်တာမှု ဆိုသည်ကား- လက္ခဏာရေးသုံးပါးကို ကြိုးစားအားခဲ မြဲစွဲ အားထုတ်သဖြင့် ရုပ်နာမ်ခန္ဓာ တရားတို့ကို ငါ၏ကိုယ် ငါ၏အတ္တ - ဟု ထင်မြင်စွဲလမ်း၍ ရှိနေသော သက္ကာယဒိဋ္ဌိ၏ ချုပ်ငြိမ်းခြင်းသို့ရောက်၍ မြတ်စွာဘုရား၏ သားတော်အစစ်, သမီးတော်အစစ်, အရိယာဇာတိ အဖြစ်သို့ ရောက်သည် တိုင်အောင် တွယ်တာမှု ကိုဆိုသတည်း။
ဤကဲ့သို့ မြတ်စွာဘုရား၏ သားတော်အစစ်, သမီးတော်အစစ်, အရိယာအဖြစ်သို့ ရောက်ကြ ကုန်သော သူတို့သည်ကား ယခုဘဝမှစ၍ ဖြစ်လေရာရာ ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ ဓမ္မစက္ခု အမြဲပါသဖြင့် သာသနာပသောဘဝ သာသနာပသော ကမ္ဘာ သာသနာပသောအခါ ဟူ၍ တစ်ရံတစ်ဆစ်မျှ မရှိကြကုန်ပြီ၊ ထိုသူတို့အား အဆုံးစွန် နိဗ္ဗာန် ရသည်တိုင်အောင် ပရိယတ္တိ သာသနာတော်မြတ်ကြီးလည်း အစဉ် အမြဲ ပါရှိလေတော့သည်၊ ပဋိပတ္တိ သာသနာတော်မြတ်ကြီး လည်း အစဉ်အမြဲ ပါရှိလေတော့သည်၊ ပဋိဝေဓ သာသနာတော်မြတ်ကြီးလည်း အစဉ်အမြဲ ပါရှိ လေတော့သည်၊ မိမိတို့၏ အတွက်နှင့်မူကား နောက်နောက် သာသနာကို မျှော်ဖွယ် ကိစ္စ မရှိကြကုန်ပြီ၊ ဘုရားကို မျှော်ရသောဒုက္ခ သာသနာတော်ကိုမျှော်ရသော ဒုက္ခမှ အရှင်းလွတ်ငြိမ်း ကြလေကုန်၏။
ဤသို့လျှင် ဘုရားသာသနာနှင့် တွေ့ကြုံကြသည်ရှိသော် ဤကဲ့သို့ မြင့်မြတ်ကြီးကျယ် လှသော အကျိုး အာနိသံသ အနန္တကို ရနိုင်လေသတည်း၊ ဤကဲ့သို့သော အကျိုး အာနိသံသ အနန္တကို ရကြ ကုန်သော သူတို့သည်သာလျှင် ဘုရားသာသနာတော်ကို တွေ့ကြုံ ကြရသော သူတို့ မည်ကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ဟူသည် ထိုကဲ့သို့သော အကျိုးအာနိသံသ အနန္တတို့ အတွက် ကမ္ဘာပေါ်၌ ထုတ်ဖော် ကြော်ငြာသော အက္ခရာတံဆိပ်ကြီး ဖြစ်ပေသောကြောင့်တည်း။
ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ပြီး၏။
[ကြွင်းသော ဒုလ္လဘသုံးပါး၏ အကျိုးအာနိသံသနှင့်တကွ အကျယ်ဝိတ္ထာရ အစီအရင် ကိုမူကား မန္တလေးမြို့ ဗုဒ္ဓဘာသာသာသနာပြုအသင်း မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာပြုအသင်း စက္ကရီတေရီ ပညာရုံး စာရေးကြီး မောင်သော်ဆိုသူ မေးလျှောက် ချက် ပုစ္ဆာတို့ကို ငါတို့ဖြေဆိုရာ ဖြစ်သော “ဥတ္တမပုရိသ ဒီပနီ” ဓမ္မပဒေသာ အမည်ရှိသော စာအုပ်အဆုံး ဩဝါဒကထာမှာ ကြည့်ရှု၍ ယူလေ။]
ခန္ဓာငါးပါးတို့ကို ပြဆိုခြင်း
ယခုအခါ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၌ ဟောတော်မူအပ်သော ခန္ဓာငါးပါးတို့၏ ဥပမာအကျယ် အဓိပ္ပါယ်များကို ပြဆိုပေအံ့ -
ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုဗ္ဗုဠူပမာ။
မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။
မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာဒိစ္စဗန္ဓုနာ။
ရူပံ - ရူပက္ခန္ဓာကို၊
ဖေဏပဏ္ဍူပမံ - ရေမြှုပ်စိုင် ရေမြှုပ်ခဲနှင့်တူစွာ၊
ဒဋ္ဌဗ္ဗံ - ရှုအပ်၏၊
ဝေဒနာ - ဝေဒနာက္ခန္ဓာကို၊
ပုဗ္ဗုဠူပမာ - ရေပွက်နှင့် တူစွာ၊
ဒဋ္ဌဗ္ဗာ - ရှုအပ်၏၊
သညာ - သညာက္ခန္ဓာကို၊
မရီစိကူပမာ - တံလှပ်နှင့်တူစွာ၊
ဒဋ္ဌဗ္ဗာ - ရှုအပ်၏၊
သင်္ခါရာ - သင်္ခါရက္ခန္ဓာတို့ကို၊
ကဒလူပမာ - ငှက်ပျောတုံး လက်ပံတုံးနှင့်တူစွာ၊
ဒဋ္ဌဗ္ဗာ - ရှုအပ်ကုန်၏၊
ဝိညာဏံ - ဝိညာဏက္ခန္ဓာကို၊
မာယူပမံ - မျက်လှည့်အမှုနှင့်တူစွာ၊
ဒဋ္ဌဗ္ဗံ - ရှုအပ်၏၊
ဣတိ - ဤသို့၊
အာဒိစ္စဗန္ဓုနာ - နေမင်း၏အနွယ် ဖြစ်တော်မူသော ငါဘုရားသည်၊
ဒေသိတံ - ဟောတော်မူအပ်၏။
ရူပက္ခန္ဓာ
ကိဉ္စ ဘိက္ခဝေ ရူပံ ဝဒေထ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။ ကေန ရုပ္ပတိ၊ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယတိ ရုပ္ပတိ၊ ဍံသ မကသ ဝါတာတပ သရီသပ သမ္ဖဿေနပိ ရုပ္ပတိ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။
(ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်၊ နှာ-၇၁။)
ဘိက္ခဝေ - ရဟန်းတို့၊
ကိဉ္စ - အဘယ့်ကြောင့်လျှင်၊
ရူပံ - ရုပ်ဟူ၍၊
ဝဒေထ - ဆိုကြကုန်မည်နည်း၊
ဘိက္ခဝေ - ရဟန်းတို့၊
ခေါ - စင်စစ်လျှင်၊
ရုပ္ပတိ - အတည်အမြဲ အနဲနဲလျှင် ဖောက်လဲဖောက်ပြန် ဖြစ်တတ်၏၊
ရုပ္ပတိ - ခဏချင်းလျှင် ယိုယွင်းယိုင်ရွေ့ မြေ့မြေ့ကြေမွ ရွရွကြေကွဲ အနဲနဲ ဖောက်ပြန်တတ်၏၊
ဣတိတသ္မာ - ထိုကြောင့်၊
ရူပန္တိ - ရုပ်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏၊
ကေန - အဘယ်အကြောင်းများကြောင့်၊
ရုပ္ပတိ - ဖောက်ပြန်တတ်သနည်းဟူမူကား၊
သီတေနပိ - သီတတေဇောနှင့် တွေ့ခြင်းကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
ဥဏှေနပိ - ဥဏှတေဇောနှင့် တွေ့ခြင်းကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
ဇိဃစ္ဆာယပိ - ဆာလောင် ပူပန်သော တေဇောနှောင့်ယှက်ခြင်းကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
ပိပါသာယပိ - မွတ်သိပ်ပူပန်သော တေဇောနှောင့်ယှက်ခြင်းကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
ဍံသသမ္ဖဿေနပိ - ခြင်ဆိပ် တေဇောနှင့်တွေ့ခြင်းကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
မကသ သမ္ဖဿေနပိ - မှက်ဆိပ်တေဇောနှင့် တွေ့ခြင်းကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
ဝါတသမ္ဖဿေနပိ - လေစိမ်းမှာပါသော သီတဥဏှ တေဇောအစိမ်းနှင့် တွေ့ခြင်း ကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
အာတပသမ္ဖဿေနပိ - နေပူတေဇောနှင့် တွေ့ခြင်းကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
သရီသပသမ္ဖဿေနပိ - မြွေဆိပ် ကင်းဆိပ်ဟူသော သီတဥဏှ တေဇောနှင့် တွေ့ခြင်း ကြောင့်လည်း၊
ရုပ္ပတိ - ဖောက်ပြန်တတ်၏၊
ဘိက္ခဝေ - ရဟန်းတို့၊
ခေါ - စင်စစ်လျှင်၊
ရုပ္ပတိ - ဖရိုဖရဲ ဖောက်လဲ ဖောက်ပြန်ဖြစ်တတ်၏၊
ရုပ္ပတိ - ဖရိုဖရဲ ပြိုကွဲ ပျက်ပြားတတ်၏၊
ဣတိ တသ္မာ - ထိုကြောင့်၊
ရူပန္တိ - ရုပ်ဟူ၍၊
ဝုစ္စတိ - ဆိုတတ်၏။
ဝေါဟာရမြေ
ဤပါဠိတော်မြတ်၌ “သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ” အရကို သိသာရုံမျှ ပြဆိုဦးအံ့။ မြေ, ရေ, လေ, မီးဟူသော ဓာတ်ကြီး လေးပါးတို့တွင် မြေဓာတ်သည် လောကဝေါဟာရမြေ, အဘိဓမ္မာ၌ ဟောတော်မူသော ပရမတ်မြေ ဟူ၍ မြေ ၂-မျိုး ရှိ၏။
ထိုတွင် ဝေါဟာရမြေ ဆိုသည်ကား - ပရမာဏုမြူ, အဏုမြူ, တဇ္ဇာရီမြူ, ရထရေဏုမြူ, ကညစ်စာ, သန်းဥ, သန်းဖျ, သန်းမ, နှမ်းဆန်, မုယောတို့မှစ၍ မဟာပထဝီ မြင့်မိုရ်တောင်စသည်တိုင်အောင် အစိုင်အခဲရှိနေသော ဝတ္ထုမျိုးကို ဝေါဟာရမြေ ဆိုသည်၊ သတ္တဝါ၏ သဏ္ဌာန်၌လည်း ဆံပင်, မွေးညင်း အစရှိသော အထည်သဏ္ဌာန်နှင့် မျက်စိမြင်ကောင်းသော ဝတ္ထုမျိုးသည် ဝေါဟာရမြေ သာတည်း။
ဝေါဟာရမြေ ဟူသမျှသည် မြေဓာတ် အစစ်မဟုတ်သေး၊ မုချမြေ မဟုတ်သေး၊ လက္ခဏာရေး သုံးပါး၏ သက်ဆိုင်ရာ မဟုတ်သေး၊ ဝိပဿနာဉာဏ်မည်သည် ပရမတ္ထဓမ္မကို အာရုံပြု၍ ဖြစ်မြဲ၊ ထိုမြေစုကား ပရမတ်မြေအစစ် မဟုတ်၊ ဝေါဟာရ ပညတ် မြေမျိုးသာတည်း၊ ဝေါဟာရ ပညတ်ဆိုသည်ကား မုချစင်စစ် အမှန်ရှိရင်း တရားကိုမထိ၊ အဟုတ်ရှိရင်း တရားကို မထိ၊ ဧကန်ရှိရင်း သဘောသို့ မဆိုက်၊ တကယ်ရှိရင်းဖြစ်သော ဓာတ်ရင်းသို့မရောက်၊ ထို့ကြောင့် ဝိပဿနာဉာဏ်၏ အရာမဟုတ်။
ပရမတ်မြေဆိုသည်ကား ခက်မာခြင်းကြိယာ အမူအရာ သက်သက်သာတည်း၊ ထိုထိုဝတ္ထုကို ဆုတ်ကိုင် ဖိနှိပ် တီးခေါက်၍ စမ်းကြရာ၌ နူးညံ့သည် ခက်မာသည်ဟု လူတိုင်းပင် သိကြကုန်၏၊ ထိုသို့သိကြကုန်ရာ၌ ပညတ်သိ ပရမတ်သိ ၂-မျိုးရှိ၏။
နူးညံ့သော ဝတ္ထု၌ နူးညံ့မှု ကြိယာနှင့် ထိုဝတ္ထု တစ်ခုလုံးကို တစ်ပေါင်းတည်းပြု၍ တစ်ခုတည်းပြု၍ သိကြသည်ကား ပညတ်သိတည်း၊ ပရမတ်သိ မဟုတ်၊ စိတ်သိ, သညာသိတည်း၊ ဉာဏ်သိ မဟုတ်၊ ထိုဝတ္ထု၌ နူးညံ့မှုကြိယာ သက်သက်ကို သီးသန့် ကွက်ခြား၍ သိသည်ကား ပရမတ်သိ တည်း၊ ပညတ်သိမဟုတ် ဉာဏ်သိတည်း၊ စိတ်သိ သညာသိ မဟုတ်။
သီးသန့် ကွက်ခြား၍ သိမှု ဆိုသည်ကား ထိုဝတ္ထု၌ မြေဓာတ်မှတစ်ပါး ရေဓာတ် မီးဓာတ် လေဓာတ် အဆင်းဓာတ် အနံ့ဓာတ် ရသဓာတ် ဩဇာဓာတ်ဟူ၍ ဓာတ် ၇-မျိုး ရှိကြသေး၏၊ ရော၍မပါ ရအောင် ဝတ္ထုတစ်လုံးကို အကုန်ခြုံ၍ ဤဝတ္ထုသည် နူးညံ့၏ ဟုဆိုသည်ရှိသော် ထိုဓာတ်ခုနစ်မျိုးပါ အကုန်နူးညံ့ခြင်းဟူသော မြေဓာတ် တစ်ခုပြု၍ သိမှု ပြောမှု ဖြစ်၏။
ဤဝတ္ထုသည်, ဤ အဏုမြူသည်, ဤမွေးညင်းသည် အစရှိသည်ဖြင့် အထည်ဒြဗ် ပညတ် သဏ္ဌာန်ကို စိတ်၌ထင်မြင်၍ သိမှု, ပြောမှု ဖြစ်သည့်အတွက် ပညတ်သိသာဖြစ်၏၊ ဓာတ် ၇-ပါးကို အဟုတ် သိသည်လည်း မဟုတ်၊ စမ်းသပ် လိုက်သောအခါ၌ ကာယဝိညာဏ် သည်ကား မြေဓာတ် သက်သက်ကိုသာ သိ၏၊ ပရမတ်မြေဓာတ် သက်သက်ကို သီးသန့်ကွက်ခြား၍ ယူသေး၏၊ ထိုအခါ ဓာတ် ၇-ပါး တို့ မပါကုန်သေး၊ ပညတ်လည်း မဟုတ်သေး၊ နောက်လိုက် မနောဝိညာဏ် တို့သည်ကား ကာယဝိညာဏ် သိသော မြေဓာတ်နူးညံ့မှု သက်သက်ကို ထိုဝတ္ထုဒြဗ် ပညတ် အထည် နူးညံ့မှုပြုလုပ်၍ သိကြကုန်၏၊ ကာယဝိညာဏ်သိကား မပြဋ္ဌာန်းနိုင်၊ မနောဝိညာဏ် သိတို့သည် ကား ပြဋ္ဌာန်း၍ နေကုန်၏၊ မနောဝိညာဏ်သိ အတိုင်းသာ လူတို့က အဟုတ်မှတ်ထင် အသိအမြင် ပြု၍နေကြကုန်၏။
မီးရထားစီး၍ သွားကြရာ၌ လယ်ကွင်း, ယာကွင်း, သစ်ပင်, ချုံနွယ်, တော, တောင်တို့ကို မျှော်ရှုကြရာ၌ စက္ခုဝိညာဏ်သည်ကား ထိုဝတ္ထုတို့ တည်ရှိကြသည့် အတိုင်းသာ မြင်ပေ၏၊ နောက်လိုက် မနောဝိညာဏ်တို့ မဟုတ်မယမ်း ဆန်းပြား ပွေလီမှုအတွက် ချာချာလည်ဝိုင်း ခုန်စိုင်းပြေးသွား အမှောက်အမှား ထင်မြင်ချက် ပြဋ္ဌာန်းလျက် ရှိနေကြသကဲ့သို့တည်း၊ စက္ခုဒွါရ၌ လူတိုင်း ဒိဋ္ဌမျက်မြင် ဥပမာတည်း၊ မဟုတ်မှန်းသိလျက်နှင့် မနောဝိညာဏ်တို့ ပြဋ္ဌာန်းလှသည့် အတွက်ကြောင့် ချာချာလည်ဝိုင်း ခုန်စိုင်းပြေးသွား အမှောက်အမှား ထင်မြင်ချက်ကြီးကို ဖျက်သိမ်း ၍ပင် မရကြလေ။
ရထားမစီးမီက သိရှိရင်းဖြစ်ကြ၍သာလျှင် ထိုဝတ္ထုတို့ကား မပြေးမသွားသည် အမှန်၊ ရထား သည်သာ ပြေးသွား၏ဟု ဉာဏ်သိ ပေါ်နိုင်ကြသေး၏၊ ဓာတ်သဘာဝ အရာတို့၌ကား အနမတဂ္ဂ သံသရာမှာ တစ်ခါမှ သိရှိရင်း မဟုတ်ကြသောကြောင့် ဉာဏ်သိဟူ၍ မပေါ်နိုင်ကြပြီ၊ ဤကား နူးညံ့သော ဝတ္ထု၌ နူးညံ့ခြင်းကြိယာဟူ၍ ဆတ်ဆတ်သော ပရမတ် မြေဓာတ်ကို ဝတ္ထုဒြဗ်တည်းဟူသော ပညတ်မှ ဉာဏ်ဖြင့် အသီးထုတ်၍ သီးသန့်ကွက်ခြား၍ သိမြင်ပုံတည်း။
ထိုဝတ္ထုမှာ နူးညံ့မှုကြိယာကို ပရမတ်မြေဓာတ်အစစ် ဆိုရာ၌လည်း ထိုဝတ္ထုတစ်ခု လုံး၌ နူးညံ့မှု အားလုံးကို တစ်ခုသော ပရမတ် မြေဓာတ်ဟု ဆိုသည်မဟုတ်၊ အကယ်၍ တစ်ခုသော မြေဓာတ်ဖြစ်ခဲ့ငြားအံ့ အစိတ်အစိတ် ခွဲခြမ်းစိတ်ဖြာခြင်းငှါ မတတ်ကောင်း သည်သာ ဖြစ်ရာ၏။
ပရမတ်မြေ
တစ်ခုသော ပရမတ္ထတရား မည်သည် အပိုင်းအပိုင်းဖြတ်၍ မရကောင်း၊ အစိတ်အစိတ် ခွဲ၍ မရကောင်း၊ မျက်မြင် လက်စမ်း တွေ့ရှိအောင် လှုပ်ရှား၍ အမူအရာ ပြောင်းလဲသည် ဟူ၍ မရှိ၊ ရှေးရှေး အမှုဟောင်း ကွယ်ပျောက် နောက်နောက် အမှုသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ်သည်ကို လောက၌ လှုပ်သည်, ရှားသည်, ကြွသည်, ထသည်, ရွေ့ရှားသည်ဟု ခေါ်ဝေါ်ပြောဆိုကြသည်။
ပရမတ္ထတရား မည်သည် ကြိယာအမူအရာ သက်သက်မျှ ဖြစ်၍ ရှေးရှေးအမူဟောင်း ကွယ်ပျောက် မှုဆိုသည်ကား - ရှေးရှေးပရမတ် ဓာတ်ဟောင်းတို့ ချုပ်ပျက် သေဆုံးမှု ပေတည်း၊ နောက်နောက် အမှုသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုဆိုသည်ကား - နောက်နောက် ပရမတ် ဓာတ်သစ်တို့ တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုပေတည်း၊ ဓာတ်သစ်, ဓာတ်ဟောင်း၊ ပရမတ်သစ်, ပရမတ်ဟောင်း ပြောင်းလဲကြရာ၌ အပိုင်းအခြား အာကာသသည်ရှိ၏၊ မျက်စိနှင့်ကား မမြင်ရ၊ ပရမတ်ကြိယာ သဘာဝကို မြင်တတ်သော ဉာဏ်နှင့်သာလျှင် ထိုအပိုင်းအခြားကို မြင်နိုင်၏၊
အပိုင်းအခြား ဆိုသည်ကား - ရှေးရှေးတရား၏ ဘင်စွန်းနှင့် နောက်နောက်တရား၏ ဥပါဒ်စွန်း အကြားတည်း၊ ကောင်းကောင်း မြင်အောင် ကြည့်ကြကုန်ရာ၏။
နူးညံ့မှု ပထဝီမြေဓာတ် စစ်ခန်းပြီး၏၊ ခက်မာမှု ပထဝီမြေဓာတ် မှာလည်း ဤနည်းကို မှီ၍ သိလေ။
ဝေါဟာရမြေ ပရမတ်မြေ ခွဲခန်း ပြီး၏။
မာဆတ်သော ပရမတ်
အေးမြလှစွာသော သံတုံး, သံခဲကို အားကြီးလှစွာသော ရှားမီးကြီးစုအတွင်း၌ ထည့်၍ ဖိုများစွာ ဆိုင်၍ အပြိုင်အားတိုက်ထိုး၍ အရည်ကျိုရာ၌ သံတုံးခဲ၌ နဂိုရ် ပကတိရှိနေသော ခက်မာမှု အခြင်းအရာ အမူအရာသည် ဥဏှမီးပူ အပြင်းအထန် နှိပ်စက်ဖိစီးမှုကြောင့် ရှေးရှေးအမူအရာ ပျက်၍ပျက်၍ အမူအရာသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ်၍ အရည်ကြည်ကြည် ဖြစ်ရ၏။
ခက်မာမှု အမူအရာဟောင်း အဆင့်ဆင့် ချုပ်ပျက်ကွယ်ဆုံးပုံ နူးညံ့သော အမူအရာသစ် အဆင့်ဆင့် ဖြစ်ပေါ်ပုံကို မြင်အောင်ကြည့်လေ၊ သံခဲ, သံတုံး အတွင်းအပြင် တစ်ခုလုံး ပျက်မှု, ဖြစ်မှု ရွရွ ရွရွနေပုံကို မြင်လိမ့်မည်၊ ရေမြှုပ်ဆိုင်, ရေမြှုပ်ခဲနှင့် အနှစ်မရှိခြင်း တူလှပုံကို မြင်လိမ့်မည်၊ ဉာဏ်၌ အတုံးကြီး, အခဲကြီး ဟူသော သဏ္ဌာန်ဒြဗ် ပညတ်ကြီးပေါ်ရှိ ခုခံပိတ်ဆီး၍ မနေစေနှင့်၊ အတွင်း၌ ခက်မာမှုတွေ တရွရွနေသည်ကို ဉာဏ်နှင့် စူးစိုက်ထိုးထွင်း၍ မြင်အောင်ကြည့်လေ။
တစ်ဖန် ထိုသံရည်ကို ရေအေး သီတဥတုနှင့် လောင်း၍ အရည်ကြည်ကြည်မှ ပကတိ ခဲမြဲခဲ မာမြဲမာပြန်ရာ၌လည်း နူးညံ့သော ပထဝီတွေ အဆင့်ဆင့် ချုပ်ကွယ်သေဆုံး၍ ခက်မာသော ပထဝီတွေ အဆင့်ဆင့် ဖြစ်ပေါ်လာရာ၌လည်း နည်းတူသိအပ်ကုန် ရာ၏။
ခက်မာမှုဟူသော ပရမတ်မြေဓာတ် လက္ခဏာ၌ အမာကြီး အဆင့်ဆင့်၊ အမာနု အဆင့်ဆင့် ရှိပြန်၏၊ အမာနုကို နူးညံ့မှုဆိုသည်၊ မဟာပထဝီမြေကြီး မြင်းမိုရ်တောင်, စကြဝဠာတောင်, သတ္တရဘန် တောင်ကြီးတွေကို ကမ္ဘာမီး အပြင်းအထန် နှိပ်စက် ဖိစီး၍ လောင်ရာ၌ အတွင်းပရမတ် မြေဓာတ်အမူအရာ ကြိယာစုကို စူးစိုက်ထိုးထွင်း၍ ကြည့်နိုင်ပါမူ ရေမြှုပ်ခဲကြီးတွေနှင့် တူပုံထင်ရှားပေါ်လိမ့်မည်။
ဤကား အနမတဂ္ဂ သံသရာ၌ တစ်ခါမျှ မပေါ်ပေါက်ဖူးသေးသော ဓာတ်မျက်စိ ဓာတ်မျက်လုံး ပေါ်ပေါက်အောင် အစစွာ ထူထောင်ပုံ စံနစ်တည်း။
ဤမျက်စိကို ပါဠိတော်တို့၌ “ဓမ္မစက္ခုံ ဥဒပါဒိ” ဟူ၍ ဟောတော်မူသည်၊ ဤမျက်စိ ပေါက်မှသာ ဘုရားကို မြင်နိုင်သူမည်သည်၊ တရားကို မြင်နိုင်သူမည်သည်၊ သာသနာတော်ကို တွေ့ရသူ မည်သည်၊
ထိုကြောင့် -
ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။
ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ - ဟူ၍ ဟောတော်မူ၏။
ဝက္ကလိ - ဝက္ကလိ ရဟန်း၊
ယော - အကြင်သူသည်၊
ဓမ္မံ - သမ္မုတိ ပညတ်ဒြဗ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့်သီးသန့်ကွက်ခြား၍ ထုတ်ဖော် ရှုမြင်အပ်သော ပရမတ္ထသဘောကို၊
ပဿတိ - ဉာဏ်မျက်စိဖြင့် မြင်နိုင်၏၊
သော - ထိုသူသည်၊
မံ - ငါဘုရားကို၊
ပဿတိ - တွေ့မြင်ရသောသူ မည်၏၊
ယော - အကြင်သူသည်၊
မံ - ငါဘုရားကို၊
ပဿတိ - တွေ့မြင်၏၊
သော - ထိုသူသည်၊
ဓမ္မံ - သမ္မုတိပညတ် ဒြဗ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့် သီးသန့်ကွက်ခြား၍ ထုတ်ဖော်ရှုမြင်အပ်သော ပရမတ္ထသဘောကို၊
ပဿတိ - ဉာဏ်မျက်စိဖြင့် တွေ့မြင်ရသောသူ မည်နိုင်၏။
ဤကား အလွန်ဆုံးသောခက်မာမှုကို ပြဆိုချက်တည်း။
အလွန်နူးညံ့သော မုဒု ပရမတ်
ယခုအခါ၌ အလွန်နူးညံ့သိမ်မွေ့သော ပရမတ် ပထဝီကို ပြဆိုပေအံ့။ လဝန်းသဏ္ဌာန်မှ ထွက်၍ မြေပြင်သို့ ရောက်အောင် သက်ဆင်းလွင့်ပါး ရွေ့ရှားပြေးသန်း၍ ကျရောက် လာသော လရောင် တို့၌လည်းကောင်း၊ ရှိန်ရှိန်, ရှိန်ရှိန်, လူလူ, လူလူတောက် ထ၍နေသော မီးတောက် မီးလျှံ တို့၌လည်းကောင်း၊ ရွေ့ရွေ့, ရွေ့ရွေ့ စီးသွား၍ နေသော မြစ်ရေအလျဉ်တို့၌ လည်းကောင်း၊ တစ်ခဏမျှ ရပ်တန့် တည်နေခွင့် မရပဲ ရုပ်ကြိယာ ရုပ်အမူအရာ အပျက်အဖြစ် အရွှေ့အပြောင်း လျင်မြန်မှုကို မြင်ကြသဖြင့် ထိုဝတ္ထုတို့၌ အလွန် နူးညံ့စွာပါရှိသော ပရမတ် မြေဓာတ်၏ အဖြစ်အပျက်ကို မြင်နိုင်ရာ၏။
ဤကား အလွန်သိမ်မွေ့ နူးညံ့သော ပထဝီကို ပြဆိုချက်တည်း။ အမာဆုံး, အနုဆုံး နှစ်ချက်ကို ပြဆိုလိုက်သဖြင့် အလယ်အလတ် ဖြစ်သော ပထဝီတို့ကိုမူကား သိမြင် နိုင်ကြကုန်ရာပြီ။
ဝိကာရ ရုပ္ပနအပျက်
သတ္တဝါတို့၏ သန္တာန်၌မူကား သီတဥဏှ အတက်, အသက် ခဏမစဲ ရှိနေ၏၊ ဥတုသုံးပါး အပွား အဆုတ်၊ ရတုခြောက်ပါး အပွားအဆုတ်၊ ဆယ့်နှစ်ရာသီခေါ်သော ဓာတ်မီး ဆယ့်နှစ်ပါး အပွား အဆုတ်၊ လဆန်းလဆုတ် တနင်္ဂနွေ တနင်္လာစသော ခုနစ်နေ့ဟု ဆိုအပ်သော ဓာတ်မီးခုနစ်ပါး တို့၏ အစဉ်အတိုင်း အတက်အဆုတ်၊ နေ့နာရီ ညနာရီ ခေါ်သော ဥဏှသီတ ဓာတ်မီးတို့၏ အပွားအဆုတ် တို့ကို မျက်မြင် ရှိကြသည့်အတိုင်း မိမိတို့၏ အဇ္ဈတ္တ သန္တာန်မှာလည်း ရွရွ, ရွရွ ခဏမစဲ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်ထာဝရ အတက်အသက် ရုပ်ကြိယာ ရုပ်အမူအရာတွေ ရွေ့ရွေ့, ရွေ့ရွ့ ပြောင်းလဲ၍ နေကြပုံကိုလည်း မြင်အောင် ရှုရာ၏။
ဣရိယာပုထ်ကြီး လေးပါး ခပ်သိမ်းသော ကိုယ်အင်္ဂါ လှုပ်ရှားမှု တို့၌လည်းကောင်း၊ အာဟာရ ဓာတ်မီး အာဟာရ ဓာတ်ဆီတို့၏ အတက်အဆုတ် တို့၌လည်းကောင်း ထို့အတူ မြင်အောင်ရှုရာ၏၊ မိမိသန္တာန်မှာ တစ်ခု တစ်ခုသော အင်္ဂါ၌ ထင်မြင်အောင် ထူထောင်၍ တစ်ကိုယ်လုံး ဓာတ်မျက်လုံး ပေါက်အောင် စွဲမြဲကြလေ။
မိမိသန္တာန်တစ်ခု၌ ဓာတ်မျက်လုံးလှလှ ပေါက်လျှင် ခပ်သိမ်းသော သတ္တဝါတို့၏ သန္တာန်၌ လည်းကောင်း၊ သစ်ပင် တော တောင် စသော ဗဟိဒ္ဓသန္တာန် တို့၌ လည်းကောင်း ဓာတ်မျက်လုံး ပေါက်တော့သည်၊ ခပ်သိမ်းသော ရုပ်ဟူသမျှသည် ပထဝီ၌ မှီတွယ်၍ ဖြစ်ကြရ၏၊ ခပ်သိမ်းသော ပဉ္စဝေါကာရ နာမ်ခန္ဓာဟူသမျှသည် ရုပ်၌မှီတွယ်၍ ဖြစ်ကြရ၏၊ ပထဝီ၏ ဖြစ်မှုပျက်မှု ဥဒယဗ္ဗယအချက်ကို ထင်မြင်နိုင် ပါလျှင် ကြွင်းသော ရုပ်နာမ်တို့၏ ဖြစ်မှုပျက်မှု ဥဒယဗ္ဗယ အချက်အစုကိုလည်း ထင်မြင်ခြင်းငှါ လွယ်လှ၏။
ဤကား ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံး တည်ထောင်ပုံတည်း။ ပရမတ် မြေဓာတ်၌ လည်းကောင်း၊ ပရမတ္ထ မီးဓာတ်၌လည်းကောင်း ဓာတ်မျက်လုံးဖော်မှု ကိုကား ငါတို့ ရေးသား စီရင်သော “ဝိဇ္ဇာမဂ္ဂဒီပနီ” စာအုပ်မှာ ယူလေ။
ဓာတ်မျက်လုံးအမြင် စင်ကြယ်စွာ ပေါက်သော အခါ၌မူကား မိမိရူပကာယ ကိုယ်ခန္ဓာ သူတစ်ပါး တို့၏ ရူပကာယကိုယ်ခန္ဓာ, ဗဟိဒ္ဓသန္တာန် ရုပ်ခန္ဓာတို့ကို ဓာတ်မျက်လုံး ကျယ်သမျှ ချိန်ရွယ် စူးစိုက်၍ ရှုမျှော်လိုက်သည့်အခါ ဖြစ်မှုပျက်မှုတွေ တရွရွ နေသည်ကို မြင်ကြကုန်လတ္တံ့၊ ရုပ်တုံးရုပ်ခဲ ဟူသမျှသည် အနှစ်သာရ မရှိသော ရေမြှုပ် ခဲတွေနှင့် တူလှစွာ၏ဟု မြွက်ဆိုကြရလတ္တံ့၊ ထို့ကြောင့် “ဖေဏ ပိဏ္ဍူပမံ ရူပံ” ဟူ၍ ဟောတော် မူပေသည်တကား ဟု မြတ်စွာဘုရား ကိုလည်း တွေ့မြင်ကြရလတ္တံ့။
ဓာတ်မျက်လုံး မရှိသူ၏ အပြစ်
ဓာတ်မျက်လုံး မပေါက်မူ၍ ခွေး, ဝက်, ကြက်, ငှက်တို့မှာ ပင်ရှိကြသော ပုဂ္ဂိုလ် သတ္တဝါ အင်္ဂါကြီးငယ် ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း စသည်ကိုသာ မြင်တတ်သော ပညတ် မျက်လုံးအတိုင်းနှင့် ရှိနေကြမူကား ဘုရားကို တွေ့မြင်သူ မဆိုရချေ၊ အနှစ်သာရ မရှိသည့်အတွက် ရေမြှုပ်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် ရူပက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝ, ရူပက္ခန္ဓာ၏ အနိစ္စ, ရူပက္ခန္ဓာ၏ ဒုက္ခ, ရူပက္ခန္ဓာ၏ အနတ္တကို ပြတော်မူလိုရင်း ဖြစ်သတည်း။
အနှစ်သာရ မရှိသည့်အတွက် ရေမြှုပ်နှင့်တူသည်ဟု ဟောတော်မူသဖြင့် အဘယ် သို့လျှင် ရူပက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝကို ပြတော်မူသနည်း ဟူမူကား အနှစ်သာရရှိသည်ဟု ထင်မှတ်စွဲလမ်းသော သူတို့အား အနှစ်သာရ မရှိမှုသည် ကြီးစွာသော အပြစ်ဒေါသ အာဒီနဝမှုကြီး ဖြစ်၏။ ရူပက္ခန္ဓာသည် ဓာတ်မျက်စိ မရှိသော အန္ဓဗာလပုထုဇဉ် သတ္တဝါတို့အား အနှစ်သာရ အနေနှင့် လှည့်ပတ်၍ ကြီးစွာသော အပြစ် ဒုက္ခကို ဖြစ်စေ၏။
အဘယ်သို့ အနှစ်သာရ အနေနှင့် လှည့်ပတ်သနည်း ဟူမူကား ပြဆိုခဲ့ပြီးသော ခက်မာမှုကြိယာ သက်သက်မျှသာ ဖြစ်သော မြေဓာတ်ဟူသော ရူပက္ခန္ဓာသည် အသင်္ချေ အနန္တ စုဆောင်းမှု ဟူသော သမူဟ သဏ္ဌာနပညတ်ကို ပြ၍ လည်းကောင်း၊ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်ဆက်စပ် မပြတ် ဖြစ်ပွားမှုဟူသော သန္တတိ ပညတ်ကို ပြ၍လည်းကောင်း အနှစ်သာရမရှိသော မိမိသဘောကို ဖုံးဝှက်၏၊ အနှစ်သာရရှိသည် ထင်မြင်စွဲလမ်း ရအောင်ပြ၏၊ ပရမာဏုမြူမျှ အထည်ဒြဗ် မရှိသော မြေဓာတ်ကိုပင် အထည်ဒြဗ်ကြီး ထင်မြင်ရ၏။
ပုဂ္ဂိုလ်, သတ္တဝါ ထင်မြင်ရ၏၊ မိန်းမ, ယောက်ျား, နတ်သား, နတ်သမီး ထင်မြင်ရ၏၊ ပထဝီ သက်သက် မြေသက်သက် ကိုပင် ဆင်, မြင်း, ကျွဲ, နွား ထင်မြင်ရ၏၊ လူ ထင်ရ၏၊ နတ် ထင်ရ၏၊ သိကြား ထင်ရ၏၊ ဗြဟ္မာ ထင်ရ၏၊ ဦးခေါင်း, ခြေ, လက်, မျက်နှာ, ခံတွင်း, လည်ပင်း, ရင်ဝ ထင်ရ၏၊ အိမ်ရာ, ကျောင်းကန်, ဗိမာန်, ဘုံနန်း ထင်ရ၏၊ ရွှေ, ငွေ, ရတနာ ထင်ရ၏၊ အဝတ်ပုဆိုး, အိုးအင်, တင်းတောင်း, ညောင်စောင်း, ခုတင် ထင်ရ၏။ တော, တောင် ထင်ရ၏၊ သစ်ပင်အမျိုးမျိုး, ချုံနွယ်အမျိုးမျိုး ထင်ရ၏။
ဤကား သမူဟ ပညတ်မှုတည်း။
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်မရှည် အတည်မမြဲ ပြိုကွဲပျက်ပြား ဆုံးပါးချုပ်သေ၍ နေရသော မြေဓာတ်သည် မိမိကိုယ်ကို တစ်ရက်, တစ်လ, တစ်နှစ် စသည် အသက်ရှည်သမျှ ခိုင်မြဲ သည်ဟုပြ၏၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၌ တစ်ရက်, တစ်လ, တစ်နှစ် စသည်ရှည်နိုင်သော အသက် ဧကန္တရှိသည်ဟု ထင်ရ၏။
ဤကား သန္တတိ ပညတ်မှုတည်း။
ပထဝီသည် အကယ်မဟုတ်သော ထိုပညတ်နှစ်ပါးကို မျက်လှည့်အယောင် ထူထောင် ဖန်ဆင်း၍ အမြဲထား၏၊ အနမတဂ္ဂ သံသရာ၌ တစ်ခါတစ်ရံမျှ ဓာတ်မျက်လုံး မပေါက်ဖူးကြကုန်သေးသော အန္ဓဗာလ ပုထုဇဉ် သတ္တဝါတို့သည် ရေမြှုပ်နှင့် တူလှသော သဘာဝဓာတ်ရင်းကို အိပ်မက်တွင်မျှ မမြင်ဖူးကြ၊ မသိဖူးကြ၊ မဟုတ် တယုတ် လုပ်ကြံလှည့်ပတ် ပညတ်ကြီးနှစ်ပါးနယ်၌သာ အကယ် ထင်စွဲ အခဲအကြိတ် စိတ်အလိုက် မာန်အလိုက် အရိုးစိုက်၍ နေကြကုန်၏၊ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိ ဟူသမျှသည် ထိုနယ်ကြီးနှစ်ပါးမှ ဖြစ်ပွား၏၊ ခပ်သိမ်းသော ဒုစရိုက်မှု ဟူသမျှသည် ခပ်သိမ်းသော အပါယ်ဘေး ဟူသမျှသည် ထိုနယ်ကြီးနှစ်ပါးမှ ဖြစ်ပွား၏။
ထို နယ်ကြီးသူ, နယ်ကြီးသား ဖြစ်ကြကုန်သော သတ္တဝါတို့သည် မိစ္ဆာဒိဋ္ဌိ အစီးအပွား, ဒုစရိုက် အစီးအပွား, အပါယ်ဒုက္ခ အစီးအပွား တို့ကိုပင် ကိုယ်ကျိုး ကိုယ်စီးပွား ပြုလုပ်၍ ဗာလုဿုက္က အမှုတို့နှင့်သာ နေ့, ရက်, နှစ်, လ ဘဝသံသရာတွေ ကုန်ခဲ့ကြကုန်၏၊ စိတ်တွေ ဉာဏ်တွေ ကုန်ခဲ့ကြကုန်၏၊ ခန္ဓာတွေ အသက်တွေ ကုန်ခဲ့ကြကုန်၏၊ ဂင်္ဂါသဲမျှ ပွင့်ကြကုန်သော ဘုရား သာသနာတော်တွေကို ကျောပေး၍ ကျောပေး၍ အလွတ်ရှောင်၍ ရှောင်၍လာခဲ့ကြကုန်၏၊ ယခုတွေ့ကြုံ၍ နေကြသော ဘုရား သာသနာတော်ကိုလည်း အရအမိ တွယ်တာမည်ဟု မကြံ၊ နောက် ဘုရားကို ကိုးစားလေဟန် ကျောပေး ဉာဏ်ကိုယ်စီနှင့် ရှိနေကြကုန်၏။
ဤကား ဓာတ်မျက်လုံး မရှိကြသော အန္ဓဗာလတို့၏ အပေါ်၌ ပထဝီ ဟူသော မြေဓာတ်လှည့်ပတ် တည်ထောင်၍ထားသော ကြီးကျယ် လှစွာသော အပြစ်ဒေါသ အာဒီနဝကြီးပေတည်း၊ အာပေါဟူသော ရေဓာတ် တေဇော ဟူသော မီးဓာတ် ဝါယောဟူသော လေဓာတ်တို့ကိုလည်း ဤနည်းတူ သိမြင်လေ။
ဝါယောဓာတ်၏ လှည့်ပတ်ပုံ
လောက၌ ဓာတ်မျက်လုံး မရှိကုန်သော သူတို့၏အပေါ်၌ ဝါယော လေဓာတ်သည် အလွန် ဆန်းကြယ်စွာပြုလုပ်၍ လှည့်ပတ်နိုင်ကြကုန်၏၊ ပွဲဦးထွက် ကြိုးစုံ ရုပ်သေးရုပ်ကို ကြိုးစုံဆွဲက၍ ပြသကဲ့သို့ ရုပ်ခန္ဓာတွေကို သတ္တဝါအရှင်တွေ မှတ်ထင်စွဲလမ်းရအောင် လျောင်း၍ပြ၏၊ ထိုင်၍ ပြ၏၊ ထ၍ ပြ၏၊ သွား၍ ပြ၏၊ လာ၍ ပြ၏၊ အင်္ဂါကြီးငယ်တို့မှ အမျိုးမျိုးသော လှုပ်ရှားမှုကြိယာ တွေကို ကြိုးစုံဆွဲ၍ပြ၏၊ ကုန်းသတ္တဝါ ရေသတ္တဝါ ကောင်းကင်ပျံသတ္တဝါ ရုပ်ခန္ဓာတွေကို ကမ္ဘာမြေ ပေါ်၌ နေ့နေ့ညည တရုံးရုံးတသောသော နေကြအောင် လုပ်ဆောင်၍ ပြ၏၊ ကာယကံ, ဝစီကံ ဒုစရိုက်မှုမျိုးတို့ကို စိတ်အလိုရှိတိုင်း ပြီးစီးအောင် လုပ်ဆောင်၍ နေကြ၏။
ဤကား ဝါယောဓာတ်၏ အခွင့်အထူး အရာအထူးတို့ကို အနည်းငယ်မျှ ဖော်ပြချက် တည်း။
ပရမတ်လေကို ဖျက်ရန်
စင်စစ်အမှန်အားဖြင့်မူကား ဓာတ်မျက်လုံးမရှိ၍ သန္တတိပညတ်ကိုသာ မြင်ကြသော အန္ဓဗာလတို့၏ သန္တတိပညတ် နိုင်ငံကြီးမှာသာလျှင် ထိုကဲ့သို့သော လှုပ်ရှားမှုရှိ၏၊ ပရမတ်နိုင်ငံ၌ မရှိ၊ ပရမတ္ထဓမ္မတို့မည်သည် ကြိယာအမူအရာသက်သက်မျှဖြစ်ကြ၍ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် ဖြစ်မှုပျက်မှု ရှေ့နောက် အကြိမ်ပေါင်း အထောင်မက ဆက်လက် ရအောင် အသက်တိုလှကုန်၏။
ဥပါဒ်နှင့် ဖြစ်ပေါ်ပြီးသော တစ်ခုသော ပရမတ်တရားသည် ချုပ်ကွယ်ခြင်းသို့ မရောက်မီအကြား၌ လောကလှုပ်ရှားမှုမျိုးအားဖြင့် လှုပ်ရှားမှုအမူအရာ ပြောင်းလဲမှု ဟူ၍ မရှိ၊ အမူအရာ ပြောင်းလဲလျှင် တရားလည်း ပြောင်းလဲတော့သည်၊ ထို့ကြောင့် ပရမတ်နိုင်ငံ၌ လောကလှုပ်ရှားမှုမျိုးဟူ၍ မရှိ၊ ဖြစ်ရာဌာနက ပြောင်းရွေ့ခြင်းဟူ၍ မြူခြမ်းမျှ မရှိ၊ အာကာသဓာတ်အခြား, ဥပါဒ်အခြား, ဘင်အခြားတို့နှင့် အပေါင်း ရှေ့နောက်အားဖြင့် သိန်း, သန်း, ကုဋေ, အသင်္ချေမျှသော တရားတွေကို ဘယ်ဝတ္ထု တစ်ခု ဘယ်အမှုတစ်ခုဟု တစ်ခုတည်း ထင်မြင်ကြသော သမူဟ သန္တတိနိုင်ငံတို့၌သာ လှုပ်ရှားမှု ရွေ့ရှားမှုဟူ၍ ရှိလေသတည်း၊
ဤကား ဝါယောဓာတ် မျက်လှည့်မှု ကို ဓာတ်မျက်မှန်နှင့် ဖျက်ပုံတည်း၊ ဓာတ်မျက်မှန် ကြည်လှမှ မြင်နိုင်မည်၊ ထိုသို့ပင် အနုကြီး အစိတ်ကြီးအတိုင်း မမြင်နိုင်ကြသော်လည်း တစ်နာရီ, တစ်နာရီအတွင်းမှာ တစ်ကိုယ်လုံး တစ်ကောင်လုံး အခါများစွာ ဓာတ်သေမှု ဓာတ်ချုပ်မှုကို ကောင်းကောင်း မြင်နိုင်ကြလျှင်ပင် အနိစ္စဓာတ်မျက်လုံး ပေါက်တော့သည်။
ဤတွင်ရွေ့ကား ရူပက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝဒုက္ခကို ပြဆိုချက်တည်း။
ရေမြှုပ်ပမာ ရုပ်ခန္ဓာ၏ အပြစ်
“အနှစ်မရှိသည့်အတွက် ရေမြှုပ်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် ထိုရူပက္ခန္ဓာ၏ အနိစ္စ အချက်ကို အဘယ်သို့ ပြတော်မူသနည်း” - ဟူသောမေးခွန်း၌ ရှေး၌ ပထဝီ၏ အမာဆုံးဖြစ်သော သံတုံး, သံခဲ ဥဒါဟရုဏ် ပထဝီ၏ အနူးညံ့ဆုံးဖြစ်သော လရောင် မြစ်ရေ ဥဒါဟရုဏ်တို့နှင့် အနှစ်မရှိပုံ ရေမြှုပ်နှင့်တူပုံကို ကြံသာရုံမျှ ပြဆိုခဲ့သော အချက်စုသည် အနိစ္စလက္ခဏာကို ပြဆိုချက်ပင်ဖြစ်၏၊ အဘယ်ကြောင့်နည်း ဆိုသော် အနှစ်မရှိမှုနှင့် အမြဲမရှိမှုသည် တစ်ထပ်တည်း ကျလေသောကြောင့်တည်း။
ဤမှတစ်ပါးလည်း ရူပက္ခန္ဓာ၏ အနိစ္စလက္ခဏာမှုများကို “ဝိဇ္ဇာမဂ္ဂဒီပနီ” စာအုပ်၊ “အာဟာရဒီပနီ” စာအုပ်တို့မှာ အတန်ငယ် အကျယ်ပါရှိလေပြီ။
“အနတ္တာ အသာရကဋ္ဌေန” ဟူသောပါဌ်နှင့်အညီ “ဖေဏ ပိဏ္ဍူပမံ ရူပံ” ဟူသော ပါဠိတော်မြတ် နှင့် အနတ္တလက္ခဏာကို တိုက်ရိုက် ပြဆိုရင်းဖြစ်သတည်း၊ ထိုကြောင့် ရေမြှုပ်နှင့် တူသည်ဟု ဟောတော်မူ မှုသည် အနှစ်မရှိ, အနိစ္စ, အနတ္တ ဤသုံးရပ်ကို တစ်ချက်တည်းပြ တော်မူပေတည်း။
အဘယ်သို့ ဤသုံးရပ်ကို တစ်ချက်တည်း ပြတော်မူခြင်း ဖြစ်ပေသနည်း ဟူမူကား ရုပ်တရားတို့မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ မချုပ်မပျက်ပဲ ခိုင်မြဲစွာ တည်နေနိုင်သော တရားမျိုး မဟုတ်၊ မီးတောက်မီးလျှံ ရုပ်ကလာပ်တို့၌ပါရှိသော ပထဝီစသော ရုပ်ခုနစ်ခုတို့သည် သဟဇာတ်မီးဓာတ် လောင်မြိုက်သဖြင့် ခဏချင်း ခဏချင်း ကုန်ဆုံးကြကုန် သကဲ့သို့ ခပ်သိမ်းသောရုပ်ကလာပ်တို့သည် သဟဇာတ်မီး လောင်မြိုက်သဖြင့် ခဏချင်းခဏချင်း ကုန်ဆုံးကြရ ကုန်၏၊ ခပ်သိမ်းသော ရုပ်ကလာပ်တို့၌ အမာခံအနေနှင့် ပါရှိသော ပထဝီသည် သဟဇာတ်တေဇော၏ မီးစာပေတည်း။
၁။ မီးစာရှိမှ မီးရှိမြဲ ဓမ္မတာတည်း။
၂။ မီးစာကို လှလှစွဲမိမှ မီးပွားမြဲ ဓမ္မတာတည်း။
၃။ မီးစာကုန်လျှင် မီးသေမြဲ ဓမ္မတာတည်း။
(ဓမ္မတာသုံးချက်)
သဟဇာတ် တေဇောသည် သဟဇာတ် ပထဝီကို ဌီသို့ရောက်လျှင် လှလှစွဲလေ၏၊ ထိုအခါ မီးပွားလေ၏၊ မီးပွားမှုဆိုသည်ကား သားသမီးရုပ်ကလာပ် ပေါက်ဖွားမှုကို ဆိုသတည်း၊ ထိုကြောင့် ခပ်သိမ်းသော ရုပ်ကလာပ်တို့သည် သဟဇာတ်မီးဘေး အမြဲသင့်ကြသဖြင့် သတ္တရသာယုကထက် ပိုမို၍ မျက်တောင်တစ်ခတ်မျှ တည်နေ နိုင်သော အခိုင်အမာ အနှစ်သာရမျိုး မဟုတ်ကုန်၊ အနှစ်သာရမျိုး မဟုတ်က နိစ္စမျိုး, ဓုဝမျိုး, ထာဝရမျိုး အမှန်ဟုတ်နိုင်တော့အံ့နည်း၊ အနိစ္စမျိုးသာ အမှန်ဖြစ်ကြကုန်၏။
အတ္တ ဆိုသည်ကား - ပုဂ္ဂိုလ်၏ ဧရာတည်, အထည်ခံ, အမာခံကို လောက၌ အတ္တဆိုသည်၊ သတ္တဝါ၏ ဧရာတည် အထည်ခံ, အမာခံကို လောက၌ အတ္တ ဆိုသည်။
အမာခံ ဆိုသည်ကား - သူအသက်ရှည်၍ တည်နေသမျှကာလပတ်လုံး ပုဂ္ဂိုလ်သတ္တဝါ အသက် ရှည်၍ တည်နေရ၏၊ သူသေဆုံးမှ ပုဂ္ဂိုလ်သတ္တဝါ သေဆုံး၏၊ ပုဂ္ဂိုလ်သတ္တဝါ သေဆုံးမှပင် သူသေဆုံး၏၊ ပုဂ္ဂိုလ်သတ္တဝါ မသေဆုံးပဲ အနှစ်တစ်ရာ အသက် ရှည်လျှင် သူလည်း အနှစ်တစ်ရာ အသက်ရှည်သည် - ဟု သိရ၏၊
ဤကား အတ္တသာရ အချက်တည်း။
ပြဆိုခဲ့ပြီးသော ခက်မာမှု အမှုအရာမျှသာဖြစ်သော ပထဝီကို ပုဂ္ဂိုလ်၏ အတ္တ, သတ္တဝါ၏ အတ္တဟု စွဲလမ်းကြ၏၊ ပုဂ္ဂိုလ်၏အနှစ်သာရ, သတ္တဝါ၏ အနှစ်သာရဟု စွဲလမ်းကြ၏၊ “စွဲလမ်းကြပုံကား ဘယ်ဟာကို ပုဂ္ဂိုလ်ဆိုသနည်း သတ္တဝါဆိုသနည်း” မေးခဲ့လျှင် သည်ဟာကိုဆိုသည်ဟု ရုပ်ခန္ဓာကို ပြကြကုန်လတ္တံ့၊ “ငါ, ငါ- ဟု သင်ဆို၏၊ ဘယ်ဟာကို ငါ ဆိုသနည်း” - ဟုမေးခဲ့လျှင် မိမိရုပ်ခန္ဓာကို ပြကြ ကုန်လတ္တံ့၊၊ သင်သည် ရုပ်ခန္ဓာကို ပုဂ္ဂိလ် သတ္တဝါ ငါ-ဟုပြ၏၊ “ရုပ်ခန္ဓာသည် ပုဂ္ဂိုလ် သတ္တဝါ ငါ အသက်ရှည်သမျှ အသက်ရှည်နိုင်သော အနှစ်သာရမျိုး ဟုတ်ပါ၏ လော” - ဟု မေးရာ၏၊ ဟုတ်ပါ၏၊ ရုပ်ခန္ဓာ အသက်ရှည်သမျှကာလပတ်လုံး ပုဂ္ဂိုလ် သတ္တဝါ ငါ အသက်ရှည်သည်ကား မျက်မြင်ဒိဋ္ဌတည်း။
ရုပ်ခန္ဓာ ပျက်ဆုံးမှပင် ပုဂ္ဂိုလ် သတ္တဝါ ငါ ပျက်ဆုံးရသည် - ဟုပြောပေလတ္တံ့၊ ပုဂ္ဂိုလ် သတ္တဝါသည် တစ်ဘဝတွင် အစ၌ တစ်ခါသာ ဖြစ်မှု ပဋိသန္ဓေနေမှု ရှိ၏၊ အဆုံး၌ တစ်ခါသာ ပျက်မှု သေမှုရှိ၏၊ “ရုပ်ခန္ဓာသည်လည်း တစ်ဘဝတွင် တစ်ခါသာ ဖြစ်မှု ပဋိသန္ဓေနေမှု ရှိသလော၊ အဆုံး၌ တစ်ခါသာ ပျက်မှု သေမှု ရှိသလော” - မေးရာ၏၊ ရုပ်ခန္ဓာသည် တစ်ဘဝတွင် အစ၌ တစ်ခါသာ ဖြစ်မှုရှိ၏၊ အဆုံး၌ တစ်ခါသာ ပျက်မှုရှိ၏-ဟု ပြောပေလတ္တံ့။
ဤကား ဓာတ်မျက်စိ မရှိကြကုန်သော အန္ဓဗာလတို့အား ရုပ်ခန္ဓာကို အတ္တသာရ စွဲလမ်းကြပုံ အကြမ်းတည်း။
တစ်နှစ်တွင်း၌ ပုဂ္ဂိုလ်သည် တစ်နှစ်ပတ်လုံး တည်နေ၏၊ “ရုပ်ခန္ဓာသည် တစ်နှစ်ပတ်လုံး တည်နေ၏လော” - စသည်ဖြင့် နာရီ, မိနစ် မျက်တောင်တစ်ခတ် တိုင်အောင် အမေးထုတ်လေ၊ ခြေလှုပ်ခြင်း, လက်လှုပ်ခြင်း အစရှိသော တစ်ခု, တစ်ခုသော လောကမျက်မြင် ကြိယာစု တို့၌လည်း တစ်ခု, တစ်ခုသော ကြိယာကို ပိုင်းခြား၍ အမေးထုတ်လေ၊ မေးတိုင်း တည်နေပါ၏ - ဟု ပြောပေလတ္တံ့။
ဤကား စွဲလမ်းပုံ အလတ်တည်း။
ဓာတ်မျက်စိပေါက်သူကို မေးခဲ့လျှင် တစ်ခု, တစ်ခုသော ရုပ်ခန္ဓာသည် တစ်နာရီ, တစ်မိနစ် လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သည်ကို ဉာဏ်၌မမြင် တစ်ထိုင်အတွင်းမှာပင် အခါများစွာ ဓာတ်၏သေခြင်းဖြင့် သေဆုံးမှု ဓာတ်အသစ်အသစ် ပဋိသန္ဓေ နေခြင်းဖြင့် ဖြစ်ပေါ်မှုတို့ကိုသာ ဉာဏ်၌မြင်သဖြင့် ရုပ်နှင့်ပုဂ္ဂိုလ် ယှဉ်ဖက်၍ အကြမ်းမေးနည်း အလတ်မေးနည်း နှစ်မျိုးလုံး၌ပင် ပုဂ္ဂိုလ်တည်နေသကဲ့သို့ ရုပ်ခန္ဓာ မတည်နိုင်ဟု ဖြေဆိုလတ္တံ့၊ အဇ္ဇျတ္တသန္တာန်တွင်း၌ ဉာဏ်စူးစိုက်သဖြင့် တကယ်မြင်၍ ဖြေဆိုမှု မှန်ခဲ့လျှင် အနတ္တ ဓာတ်မျက်လုံး ပေါက်ပေပြီဟု သိရာ၏၊ ဤသို့မြင်သော အခါ၌ကား ရုပ်ခန္ဓာသည် ပုဂ္ဂိုလ် သတ္တဝါ၏ အထည်ခံ အမာခံ အနှစ်သာရ အတ္တ ဖြစ်နိုင်မည်ဝေးစွ၊ ပုဂ္ဂိုလ် သတ္တဝါကိုမျှ ရှာကြံမရ ရှိလတ္တံ့၊
ဤကား ရူပက္ခာသည် ရေမြှုပ်နှင့်တူသည်ဟု ဟောတော်မူသဖြင့် အသာရ အနိစ္စ အနတ္တ တစ်ချက် တည်း ပြီးစီးပုံတည်း။
“အနှစ်သာရမျိုး မဟုတ်သည့်အတွက် ရေမြှုပ်နှင့်တူသည်ဟု ဟောတော်မူသဖြင့် ရုပ်ခန္ဓာဒုက္ခကို အဘယ်သို့ပြတော်မူသနည်း” - မေးခွန်း၌ “ဘယဋ္ဌေန ဒုက္ခံ” - ဟူသည်နှင့်အညီ အကြင်တရားမျိုး သည် မိမိကိုတွယ်တာသော သူတို့အား များစွာ သောဒုက္ခကို ဖြစ်စေတတ်၏၊ ထိုတရားမျိုးသည် ကြောက်မက်ဖွယ် ကောင်းလှသော ဘေးဘယမျိုး စစ်စစ်ဖြစ်၍ ဒုက္ခတရားမျိုးမည်၏၊ ရှေ့၌ ပြဆိုခဲ့ပြီးသည့်အတိုင်း အသာရ အနိစ္စ အနတ္တ စစ်စစ်ဖြစ်သော မြေဓာတ်ကို ဦးခေါင်းအင်္ဂါပြု၍ တွယ်တာမှု အတွက် မျက်စိအင်္ဂါ, နားအင်္ဂါ, နှာခေါင်းအင်္ဂါ, ခံတွင်းအင်္ဂါ, ဦးနှောက်အင်္ဂါ လည်ပင်း အင်္ဂါ, အသည်း - အဆုတ် - နှလုံး သည်းပွတ် အင်္ဂါစသည် ပြု၍ တွယ်တာမှုအတွက် အသက်မွေးမှု ဒုက္ခဘေးကြီး အမြဲကပ်သင့်၍နေ၏၊ ကုန်းသတ္တဝါ ရေသတ္တဝါ ကျေးငှက်ဟု ဆိုအပ်သော ကောင်းကင်ပျံသတ္တဝါတို့၏ အသက်မွေးမှု ဘေးကြီး အမြဲကပ်တိုက်၍ နေပုံကို အကုန်မျှော်လေ။
အနမတဂ္ဂသံသရာ၌လည်း ဤနည်းအတိုင်းပင် အသက်မွေးမှုကဲ့သို့ ကြီးကျယ်သော အပါယ်ဒုက္ခ ဘေးကြီးမည်သည်မရှိ၊ ဤကား အနှစ်သာရမရှိသော ရေမြှုပ်နှင့်တူသော မြေဓာတ်ကို ကိုယ်ထည် ပြုလုပ်၍ တွယ်တယ်မှုကြောင့် အနမတဂ္ဂသံသရာနှင့်အမျှ အသင့်ခံ၍ နေကြရသော အထင်ရှား ဆုံးသော ဒုက္ခဘေးကြီးစုကို ပြဆိုချက်တည်း၊ ရှေး၌ပြဆိုခဲ့ပြီးသော အာဒီနဝအချက်စုသည်လည်း ပထဝီမြေဓာတ်၏ ဒုက္ခအချက်စု ပင်တည်း၊
ဤမှတစ်ပါးသော ဒုက္ခအချက်စုကား “အာဟာရဒီပနီ” “အနတ္တဒီပနီ” “စတုသစ္စဒီပနီ” စာအုပ် တို့၌ပါရှိလေပြီ၊ ရေဓာတ် မီးဓာတ် လေဓာတ် တို့၌လည်း ထိုနည်းတူသိလေ။
မဟာဘုတ်လေးပါး မြွေအလား
ဤအရာ၌ - စတ္တာရော အာသီဝိသာ ဥဂ္ဂတေဇာ ဃောရဝိသာတိ ခေါ ဘိက္ခဝေ စတုန္နေတံ မဟာဘူတာနံ အဓိဝစနံ - ဟူသော ပါဠိတော်ကို ပြဆိုရာ၏။
ဘိက္ခဝေ - ရဟန်းတို့၊
အာသီဝိသာ - လျှင်သောအဆိပ်ရှိကုန်ထသော၊
ဥဂ္ဂတေဇာ - ထက်သန်သော တန်ခိုး ရှိကုန်ထသော၊
ဃောရဝိသာ - ကြမ်းတမ်းသော အဆိပ်ရှိကုန်ထသော၊
စတ္တာရော - မြွေနဂါးကြီး လေးမျိုးတို့ဟူသည်၊
စတုန္နံ - လေးပါးကုန်သော၊
မဟာဘူတာနံ - မဟာဘုတ်တို့၏၊
အဓိဝစနံ - အမည်တည်း။
မြွေနဂါးကြီးလေးခုတို့၏ အထူးကိုမူကား-
၁။ ပတ္ထဒ္ဓေါ ဘဝတိ ကာယော၊ ဍဋ္ဌော ကဋ္ဌမုခေန ဝါ။
ပထဝီံဓာတု ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
၂။ ပူတိကော ဘဝတိ ကာယော၊ ဍဋ္ဌော ပူတိမုခေန ဝါ။
အာပေါဓါတု ပကောပေန၊ ဟောတိ ပူတိမုခေဝ သော။
၃။ သန္တတ္တော ဘဝတိ ကာယော၊ ဍဋ္ဌော အဂ္ဂိမုခေန ဝါ။
တေဇောဒါတု ပကောပေန၊ ဟောတိ အဂ္ဂိမုခေဝ သော။
၄။ သဉ္စိန္နော ဘဝတိ ကာယော၊ ဍဋ္ဌော သတ္ထမုခေန ဝါ။
ဝါယောဓာတု ပကောပေန၊ ဟောတိ သတ္ထမုခေဝ သော။
(အဋ္ဌကထာပါဌ်)
၁။ ယော ကာယော - အကြင်ခန္ဓာကိုယ်ကို၊
ကဋ္ဌမုခေန ဝါ - ကဋ္ဌမုခ မြွေမျိုးသည်လည်း၊
ဍဋ္ဌော - ကိုက်အပ်၏၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
ပတ္ထဒ္ဓေါ - ထင်းချောင်းသဏ္ဌာန် ခက်ထန်တောင့်တင်း၍ သေရသည်၊
ဘဝတိ - ဖြစ်၏၊
သတ္တာနံ - သတ္တဝါတို့၏၊
ကာယေ - ကိုယ်၌၊
ပထဝီဓာတု ပကောပေန - မြေဓာတ်စောင်းမာန် ခက်ထန်အဓမ္မ ထကြွသောင်းကျန်း ခဲ့သည် ရှိသော်၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
ကဋ္ဌမုခေဝ - ကဋ္ဌမုခ မြွေကိုက်သော ကိုယ်၌ကဲ့သို့၊
ပတ္ထဒ္ဓေါ - ထင်းချောင်းသဏ္ဌာန် ခက်ထန်တောင့်တင်း၍ သေရသည်၊
ဟောတိ - ဖြစ်၏။
၂။ ယော ကာယော -အကြင်ခန္ဓာကိုယ်ကို၊
ပူတိမုခေန ဝါ - ပူတိမုခမြွေမျိုးသည်လည်း၊
ဍဋ္ဌော - ကိုက်အပ်၏၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
ပူတိကော - ဒွါရထိုထို အရည်ယိုလျက် စိုစိုရွှဲရွှဲ ညိုမဲမည်းမှောင် ညှီဟောင်နံစော် အပုပ်ပျော်၍ သေရသည်၊
ဘဝတိ - ဖြစ်၏၊
သတ္တာနံ - သတ္တဝါတို့၏၊
ကာယေပိ - ကိုယ်၌လည်း၊
အာပေါဓာတု ပကောပေန - ရေဓာတ်စောင်းမာန် ခက်ထန်အဓမ္မ ထကြွသောင်းကျန်း ခဲ့သည် ရှိသော်၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
ပူတိမုခေဝ = ပူတိမုခမြွေကိုက်သော ကိုယ်၌ကဲ့သို့၊
ပူတိကော - ဒွါရထိုထို အရည်ယိုလျက် စိုစိုရွှဲရွှဲ ညိုမဲမည်းမှောင် ညှီဟောင်နံစော် အပုပ်ပျော်၍ သေရသည်၊
ဟောတိ - ဖြစ်၏။
၃။ ယော ကာယော - အကြင်ခန္ဓာကိုယ်ကို၊
အဂ္ဂိမုခေန ဝါ - အဂ္ဂိမုခမြွေမျိုးသည်လည်း၊
ဍဋ္ဌော - ကိုက်အပ်၏၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
သန္တတ္တော - အလူးအလဲ အသည်းအထန် ပူပန်လောင်ကျွမ်း၍သေရသည်၊
ဘဝတိ - ဖြစ်၏၊
သတ္တာနံ - သတ္တဝါတို့၏၊
ကာယေပိ - ကိုယ်၌လည်း၊
တေဇောဓာတု ပကောပေန - မီးဓာတ်စောင်းမာန် ခက်ထန်အဓမ္မ ထကြွသောင်းကျန်း ခဲ့သည် ရှိသော်၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
အဂ္ဂိမုခေဝ - အဂ္ဂိမုခ မြွေကိုက်သော ကိုယ်၌ကဲ့သို့၊
သန္တတ္တော - အလူးအလဲ အသည်းအထန် ပူပန်လောင်ကျွမ်း၍ သေရသည်၊
ဟောတိ - ဖြစ်၏။
၄။ ယော ကာယော - အကြင်ခန္ဓာကိုယ်ကို၊
သတ္ထမုခေန ဝါ - ဓားလက်နက်နှင့်တူသော သတ္ထမုခမြွေမျိုးသည်လည်း၊
ဍဋ္ဌော - ကိုက်အပ်၏၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
သဉ္ဆိန္နော - ရင်းတွင်း ဝမ်းတွင်း နှလုံးတွင်း၌ အရင်းအမြစ် အဆစ်အစပ် သွေးကြော ပြတ်၍ မတ်တပ်တိမ်းလဲ ရုတ်ခနဲချင်း သေတုံလျှင်းသည်၊
ဘဝတိ - ဖြစ်၏၊
သတ္တာနံ - သတ္တဝါတို့၏၊
ကာယေပ - ကိုယ်၌လည်း၊
ဝါယောဓာတု ပကောပေန - လေဓာတ်စောင်းမာန် ခက်ထန်အဓမ္မ ထကြွသောင်းကျန်း ခဲ့သည် ရှိသော်၊
သော ကာယော - ထိုခန္ဓာကိုယ်သည်၊
သတ္ထမုခေဝ - သတ္ထမုခမြွေကိုက်သော ကိုယ်၌ကဲ့သို့၊
သဉ္ဆိန္နော - ရင်းတွင်း, ဝမ်းတွင်း, နှလုံးတွင်း၌ အရင်းအမြစ် အဆစ်အစပ် သွေးကြောပြတ်၍ မတ်တပ် တိမ်းလဲ ရုတ်ခနဲချင်း သေတုံလျှင်းသည်၊
ဟောတိ - ဖြစ်၏။
(ထင်ရှားရာကို ထုတ်ဖော်၍ ပြလိုက်သော အနက်တည်း)
သေသည်ဖြစ်စေ မသေသည်ဖြစ်စေ ကိုယ်တွင်းကိုယ်ပ အနာရောဂါ မအီမသာ ဖြစ်ကြသမျှသည် ထိုမြွေတို့ကို ကိုက်မှုချည်းပင်တည်း၊ တစ်ကိုယ်လုံး၌ တည်ရှိကြ ကုန်သော မြွေကြီးလေးမျိုးတို့သည် မလျှော်သော ဥတုအာဟာရသည် ထိခိုက်သဖြင့် အမျက်စောင်းမာန် အပြင်းအထန် ထကြွ သောင်းကျန်းကြသည် ရှိသော် တစ်ကိုယ်လုံး၌ အခိုးအလျှံ လွှတ်ခြင်း လေဆိုး, မိုးဆိုးကျစေခြင်း စသည်ကိုပြု၍ အဖျားအနာရောဂါ ဥပဒ်တို့ကို ဖြစ်စေကြကုန်၏။
ရူပကာယတို့၌ ဖောဋ္ဌဗ္ဗအစွယ်ချက်, နာမကာယတို့၌ ဖဿ အစွယ်ချက်ကိုပေး၍ ဒုက္ခဝေဒနာတို့ကို ဖြစ်စေကြကုန်၏။
- ဦးခေါင်း၌ တည်ရှိကြကုန်သော မြွေကြီးလေးမျိုးတို့သည် ဦးခေါင်းကို ကိုက်၍ ဦးခေါင်းနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
- ရင်၌ တည်ရှိကြကုန်သော မြွေကြီးလေးမျိုးတို့သည် ရင်တွင်းရှိ နှလုံးသည်းပွတ် တို့ကိုကိုက်၍ ရင်နာအမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
- မျက်စိ၌ တည်ရှိကြကုန်သော မြွေကြီးလေးမျိုးတို့သည် မျက်လုံးကို ကိုက်၍ မျက်စိနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
- ထိုနည်းအတူ နား၌ တည်ရှိကြကုန်သော ဓာတ်ကြီးတို့သည် နားနာ အမျိုးမျိုးတို့ကို ဖြစ်စေ ကြကုန်၏။
- နှာခေါင်း၌ တည်ရှိကြကုန်သော ဓာတ်ကြီးတို့သည် နှာခေါင်းနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
- ခံတွင်း၌ တည်ရှိကြကုန်သော ဓာတ်ကြီးတို့သည် ခံတွင်းနာ အမျိုးမျိုးတို့ကို ဖြစ်စေကြကုန်၏။
ဤသို့ အစရှိသည်ဖြင့် တစ်ကိုယ်လုံးအနှံ့အပြား မြင်လေ။
သူသတ်ရိုးရာ ဘုတ်လေးဖြာ
လောက၌ အနာရောဂါဖြစ်မှုဟူသမျှ, သေဆုံးမှုဟူသမျှသည် ဓာတ်ကြီးလေးပါး လှုပ်ရှားမှုနှင့် ကင်း၍ ဖြစ်သည်မရှိ၊ အဇ္ဈတ္တဓာတ်ကြီးလေးပါး လှုပ်ရှားဖောက်ပြန်ခြင်း မရှိခဲ့သည်ရှိသော် မိုးကြိုးပင် ပစ်သော်လည်း နာကျင်မှု သေဆုံးမှု မရှိလေရာ၊ မိုးကြိုးပစ်၍ သေဆုံးမှု၊ ဗုံးဆန် အမြောက်ဆန်, သေနတ်ဆန်ထိမှန်၍ သေဆုံးမှု၊ ဓားလှံထိ၍ သေဆုံးမှု၊ မြွေဆိုး, ကင်းဆိုး ကိုက်၍ သေဆုံးမှု၊ အလုံးစုံ တို့၌ပင်လျှင် အဇ္ဈတ္တ ဓာတ်ကြီးလေးပါး လှုပ်ရှားဖောက်ပြန်၍ သေဆုံးမှုကြီး သာတည်း၊ အပ အန္တရာယ်တို့သည်ကား ထိုအဇ္ဈတ္တဓာတ်ကြီး လေးပါးတို့ကို တို့မီးစ ရှို့မီးစတို့ သာတည်း၊ သေကြသမျှ အလုံးစုံတို့၌ အဇ္ဈတ္တဓာတ်ကြီးလေးပါးတို့သည်သာ ဧကန်မုချ အစဉ် ထာဝရ သူသတ် လက်သည် ရိုးရာကြီးတို့ပေတည်း၊ ထို့ကြောင့် သံယုတ်ပါဠိတော်၌
၁။ ယော ဘိက္ခဝေ ပထဝီဓာတုယာ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ။
ယော အာပေါဓာတုယာ ဥပ္ပါဒေါ ဌိတိ၊ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ။
ယော တေဇောဓာတုယာ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ။
ယော ဝါယောဓာတုယာ ဥပ္ပါဒေါ ဌိတိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ -
ဟူ၍ ဟောတော်မူသည်။
ဘိက္ခဝေ - ရဟန်းတို့၊
ပထဝီဓာတုယာ - ခက်မာမှုသဘော၏၊
ယောဥပ္ပါဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊
ယာ ဌိတိ - အကြင်တည်ထောင်၍နေခြင်းသည်၊
ယာ အဘိနိဗ္ဗတ္တိ - အကြင်လွန်စွာ ဖြစ်ပွါးခြင်းသည်၊
ယော ပါတုဘာဝေါ - အကြင် ထင်ရှားစွာ ဖြစ်ပွါးခြင်းသည်၊
အတ္ထိ - ရှိ၏၊
ဧသော - ထိုပဋိသန္ဓေအခါ၌ ပထဝီဓာတ်၏ ဖြစ်ပေါ်မှုသည်၊
ဒုက္ခဿ - ဒုက္ခခပ်သိမ်း၏၊
ဥပါဒေါ - ဖြစ်လာမှုပင်တည်း၊
ယာ ဌိတိ - အကြင်ပထဝီဓာတ်၏ တည်ထောင်၍နေမှုသည်၊
ရောဂါနံ - ရောဂါ အမျိုးမျိုးတို့၏၊
ဌိတိ - ပဋိသန္ဓေ တည်နေသည်မှစ၍ များသော အထု တည်ထောင်မှုပင်တည်း၊
သော ပါတုဘာဝေါ - ထိုပထဝီဓာတ်၏ ထင်ရှားဖြစ်ပေါ်မှုသည်၊
ဇရာမရဏဿ - အိုမှု သေမှု၏၊
ပါတုဘာဝေါ - ပဋိသန္ဓေ တည်နေသည်မှစ၍ များလျားထင်ရှား ဖြစ်ပေါ်မှုပင်တည်း။
အာပေါဓာတုယာ - ဖွဲ့စည်းမှု, ယိုစည်းမှုသဘော၏၊
ယော ဥပ္ပဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊
ယာ ဌိတိ - အကြင် တည်ထောင်၍နေခြင်းသည်၊
ယာ အဘိနိဗ္ဗတ္တိ - အကြင် လွန်စွာဖြစ်ပွားခြင်းသည်၊
ယော ပါတုဘာဝေါ - အကြင်ထင်ရှားစွာ ဖြစ်ပွားခြင်းသည်၊
အတ္တိ - ရှိ၏၊
ဧသော - ထိုပဋိသန္ဓေအခါ၌ အာပေါဓာတ်၏ ဖြစ်ပေါ် မှုသည်၊
ဒုက္ခဿ - ဒုက္ခခပ်သိမ်း၏၊
ဥပ္ပါဒေါ - ဖြစ်လာမှုပင်တည်း၊
ယာ ဌိတိ - အကြင်အာပေါဓာတ်၏ တည်ထောင်၍ နေတော်မူသည်၊
ရောဂါနံ - ရောဂါအမျိုးမျိုးတို့၏၊
ဌိတိ - ပဋိသန္ဓေ တည်နေသည်မှစ၍ များသော အထုတည်ထောင်မှုပင်တည်း၊
သော ပါတုဘာဝေါ - ထို အာပေါဓာတ်၏ ထင်ရှားဖြစ်ပေါ်မှုသည်၊
ဇရာ မရဏဿ - အိုမှု သေမှု၏၊
ပါတုဘာဝေါ - ပဋိသန္ဓေ တည်နေသည်မှစ၍ များလျားထင်ရှား ဖြစ်ပေါ်မှုပင်တည်း။
တေဇောဓာတုယာ - ပူမှု အေးမှုသဘော၏၊
ယော ဥပ္ပါဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊
ယာ ဌိတိ - အကြင် တည်ထောင်၍နေခြင်းသည်၊
ယာ အဘိနိဗ္ဗတ္တိ - အကြင် လွန်စွာ ဖြစ်ပွါးခြင်းသည်၊
ယော ပါတုဘာဝေါ - အကြင် ထင်ရှားစွာ ဖြစ်ပွားခြင်းသည်၊
အတ္တိ - ရှိ၏၊
ဧသော - ထိုပဋိသန္ဓေအခါ၌ တေဇောဓာတ်၏ ဖြစ်ပေါ်မှုသည်၊
ဒုက္ခဿ - ဒုက္ခခပ်သိမ်း၏၊
ဥပ္ပါဒေါ - ဖြစ်လာမှုပင်တည်း၊
ယာ ဌိတိ - အကြင်တေဇောဓာတ်၏ တည်ထောင်၍နေမှုသည်၊
ရောဂါနံ - ရောဂါအမျိုးမျိုးတို့၏၊
ဌိတိ - ပဋိသန္ဓေတည်နေသည်မှစ၍ များသော အထုတည်ထောင်မှုပင်တည်း၊
သော ပါတုဘာဝေါ - ထို တေဇောဓာတ်၏ ထင်ရှားဖြစ်ပေါ်မှုသည်၊
ဇရာမရဏဿ - အိုမှု သေမှု၏၊
ပါတုဘာဝေါ - ပဋိသန္ဓေတည်နေသည်မှစ၍ များလျားထင်ရှား ဖြစ်ပေါ်မှုပင်တည်း။
ဝါယောဓာတုယာ - လှုပ်ရှားမှု, ထောက်ပံ့မှု ပို့ဆောင်မှု သဘော၏၊
ယော ဥပ္ပါဒေါ - အကြင်ပဋိသန္ဓေအခါ၌ ဖြစ်လာခြင်းသည်၊
ယာ ဌိတိ - အကြင်တည်ထောင်၍နေခြင်းသည်၊
ယာ အဘိနိဗ္ဗတ္တိ - အကြင်လွန်စွာဖြစ်ပွားခြင်းသည်၊
ယော ပါတုဘာဝေါ - အကြင်ထင်ရှားစွာ ဖြစ်ပွါးခြင်းသည်၊
အတ္ထိ - ရှိ၏၊
ဧသော - ထိုပဋိသန္ဓေအခါ၌ ဝါယောဓာတ်၏ ဖြစ်ပေါ်မှုသည်၊
ဒုက္ခဿ - ဒုက္ခခပ်သိမ်း၏၊
ဥပ္ပါဒေါ - ဖြစ်လာမှုပင်တည်း၊
ယာ ဌိတိ - အကြင်ဝါယောဓာတ်၏ တည်ထောင်၍နေမှုသည်၊
ရောဂါနံ - ရောဂါအမျိုးမျိုးတို့၏၊
ဌိတိ - ပဋိသန္ဓေတည်နေသည်မှစ၍ များသောအထု တည်ထောင်မှုပင်တည်း၊
သော ပါတုဘာဝေါ - ထို ဝါယောဓာတ်၏ ထင်ရှားဖြစ်ပေါ်မှုသည်၊
ဇရာမရဏဿ - အိုမှု သေမှု၏၊
ပါတုဘာဝေါ - ပဋိသန္ဓေတည်နေသည်မှစ၍ များလျားထင်ရှား ဖြစ်ပေါ်မှုပင်တည်း။
ဤသတ္တဝါတို့၌ ပဋိသန္ဓေအခါ ဓာတ်ကြီးလေးပါး ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် ယခုဘဝ၌ တွေ့ကြုံရလတ္တံ့သော ဒုက္ခခပ်သိမ်းတို့သည် ဖြစ်ပေါ်ပြီးမည်ကုန်၏၊ ရောဂါကြီးငယ် ခပ်သိမ်းတို့သည် တည်ထောင်ပြီး မည်ကုန်၏၊ အိုမှု သေမှု ခပ်သိမ်း တို့သည် ထင်ရှားဖြစ်ပေါ်ပြီး မည်ကုန်၏ ဟူလိုသည်။
ဤသို့သော အရာအချက်များကို မျှော်မြင်မိကြကုန်သည်ရှိသော် လောက၌ ဝိရူပက္ခ, ဧရာပထ အစရှိကုန်သော မြွေနဂါးမျိုးတို့ကို အာသိဝိသ, ဃောရဝိသ, ဥဂ္ဂတေဇဟူ၍ မဆိုလောက်ကြ လေကုန်၊ ထို မြွေနဂါးမျိုးတို့ထက် တန်ခိုးရှိန်ဝါ ကြီးကျယ်စွာသော ဂဠုန်မင်း, နတ်မင်း, သိကြားမင်း, ဗြဟ္မာမင်းတို့မှ မလွတ်ရအောင် နှိပ်စက်ညှဉ်းဆဲ အမြဲကိုက်သတ်၍နေသော အဇ္ဈတ္တ ဓာတ်ကြီးလေးပါးတို့ကိုသာလျှင် အာသိဝိသ, ဃောရဝိသ, ဥဂ္ဂတေဇဟူ၍ ခေါ်ဆိုလောက်ကြ ပေကုန်သတည်း။
ထို့ကြောင့် “စတ္တာရော အာသိဝိသာ ဥဂ္ဂတေဇာ ဃောရ ဝိသာ ခေါ ဘိက္ခဝေ စတုန္နေတံ မဟာဘူတာနံ အဓိဝစနံ” ဟူ၍ ဟောတော်မူပေသည်။
ဤဒေသနာတော်ဖြင့် ဓာတ်ကြီးလေးပါးဟူသော ရူပက္ခန္ဓာ၏ ကြောက်မက်ဖွယ်သော ဒုက္ခ လက္ခဏာသည် အလွန်ထင်ရှားလှ၏၊ ထိုကဲ့သို့ ဆန့်ကျင်ဖက်အကြောင်းနှင့် တိုက်ဆိုင်ခဲ့သည် ရှိသော် မိမိ ပကတိအနေကို ချက်ချင်း စွန့်ကြကုန်၏၊ ပထဝီ၏ ထင်းချောင်းကဲ့သို့ ဖောက်ပြန်မှု အာပေါ၏ အပုပ်ပျော်၍ စီးယိုမှု တေဇော၏ လောင်ခြစ်မှု, ဝါယော၏ဖြတ်သတ်မှုတို့သည် ရေမြှုပ်ကဲ့သို့ အနှစ်မရှိကြကုန်သည့် အတွက် အကာသက်သက်တို့သာတည်း၊ ထိုကြောင့် “ဖေဏ ပိဏ္ဍူပမံ ရူပံ” - ဟူ၍ ဟောတော်မူပေသတည်း။
လေးပါးသော ဓာတုဘာဝနာ ပြီးမှု
ရုပ် အဋ္ဌဝီသ ဟုဆိုအပ်သော ရူပက္ခန္ဓာတရား အများရှိပါလျက် ဓာတ် ၄-ပါးကိုသာ ပြဆိုသည်မှာမူကား-ဓာတ် ၄-ပါးနှင့်ပင် ဝိပဿနာကိစ္စ ပြီးစီးနိုင်ကြောင်းကို စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော် (နှာ-၄၃၈) ၌ ဟောတော်မူချက် ရှိသောကြောင့်တည်း။
၁။ အထ ခေါ အာယသ္မာ ရာဟုလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိသာဒေတွာ ဧကမန္တံ နိသီဒိ၊ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ရာဟုလံ ဘဂဝါ ဧတဒဝေါစ။ ယာ စ ရာဟုလ အဇ္ဈတ္တိကာ ပထဝီဓာတု။ ယာ စ ဗာဟိရာ ပထဝီဓာတု။ ပထဝီ ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ပထဝီ ဓာတုယာ နိဗ္ဗိန္ဒတိ။ ပထဝီဓာတုယာ စိတ္တံ ဝိရာဇေတိ။
၂။ ယာ စ ရာဟုလ အဇ္ဈတ္တိကာ အာပေါဓာတု။ ယာ စ ဗာဟိရာ အာပေါဓာတု။ အာပေါ ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အာပေါ ဓာတုယာ နိဗ္ဗိန္ဒတိ။ အာပေါ ဓာတုယာ စိတ္တံ ဝိရာဇေတိ။
၃။ ယာ စ ရာဟုလ အဇ္ဈတ္တိကာ တေဇောဓာတု။ ယာ စ ဗာဟိရာ တေဇောဓာတု။ တေဇော ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ တေဇော ဓာတုယာ နိဗ္ဗိန္ဒတိ။ တေဇော ဓာတုယာ စိတ္တံ ဝိရာဇေတိ။
၄။ ယာ စ ရာဟုလ အဇ္ဈတ္တိကာ ဝါယောဓာတု။ ယာ စ ဗာဟိရာ ဝါယောဓာတု။ ဝါယော ရေေဝသာ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နေသော မေ အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ဝါယော ဓာတုယာ နိဗ္ဗိန္ဒတိ။ ဝါယော ဓာတုယာ စိတ္တံ ဝိရာဇေတိ။
ယတော ခေါ ရာဟုလ ဘိက္ခု ဣမာသု စတူသု ဓာတူသု နေဝတ္တာနံ န အတ္တနိယံ သမနုပဿတိ၊ အယံ ဝုစ္စတိ ရာဟုလ သမ္မဒသော ဘိက္ခု အစ္ဆေစ္ဆိ တဏှံ ဝိဝတ္တယိ သံယောဇနံ၊ သမ္မာ မာနာဘိသမယာ အန္တမကာသိ ဒုက္ခဿာတိ။
၁။ အထ ခေါ - ထိုအခါ၌၊
အာယသ္မာ ရာဟုလော - အရှင် ရာဟုလာသည်၊
ယေန - အကြင်အရပ်၌၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
အတ္ထိ - ရှိတော်မူ၏၊
တေန - ထိုဘုရား ရှိတော်မူရာအရပ်သို့၊
ဥပသင်္ကမိ - ကပ်လေ၏၊
ဥပသင်္ကမိတွာ - ကပ်လေပြီး၍၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
အဘိဝါဒေတွာ - ရှိခိုးပြီး၍၊
ဧကမန္တံ - သင့်တင့်သော အရပ်၌၊
နိသီဒိ - နေ၏၊
ဧကမန္တံ - သင့်တင့်သောအရပ်၌၊
နိသိန္နံ ခေါ - နေပြီးသော၊
အာယသ္မန္တံ ရာဟုလံ - အရှင်ရာဟုလာကို၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
ဧတံ - ဤဆို လတ္တံ့သော စကားတော်ကို၊
အဝေါစ - မိန့်တော်မူ၏။
ရာဟုလ - ရာဟုလာ၊
အဇ္ဈတ္တိကာ - အဇ္ဈတ္တ သန္တာန်၌ဖြစ်သော၊
ယာ စ ပထဝီဓာတု - အကြင် ပထဝီဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊
ယာ စ ပထဝီဓာတု - အကြင် ပထဝီဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဧသာ - ဤပထဝီဓာတ်နှစ်ပါးသည်၊
ပထဝီရေဝ - မြေသဘော သက်သက်သာတည်း၊
ဧတံ - ဤပထဝီဓာတ် နှစ်မျိုးလုံးသည်၊
န မမ - ငါပိုင်ဥစ္စာ မဟုတ်၊
ဧသော - ဤပထဝီဓာတ် နှစ်မျိုးလုံးသည်၊
န အဟမသ္မိ - ငါ မဟုတ်၊
ဧသော - ဤပထဝီဓာတ် နှစ်မျိုးလုံးသည်၊
န မေ အတ္တာ - ငါ၏အတ္တ မဟုတ်၊
ဣတိ ဧဝံ - ဤသို့၊
ဧတံ - ဤပထဝီဓာတ် နှစ်မျိုးလုံးကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုအပ်၏၊
ဧဝံ - ဤသို့၊
ဧတံ - ဤပထဝီဓာတ်ကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒိသွာ - မြင်၍၊
ပထဝီ ဓာတုယာ - ပထဝီဓာတ်၌၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့၏၊
ပထဝီဓာတုယာ - ပထဝီဓာတ်၌၊
စိတ္တံ - စိတ်သည်၊
ဝိရောဇေတိ - တပ်ခြင်းကင်း၏။
၂။ ရာဟုလ - ရာဟုလာ၊
အဇ္ဈတ္တိကာ - အဇ္ဈတ္တသန္တာန်၌ဖြစ်သော၊
ယာ စ အာပေါဓာတု - အကြင် အာပေါဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊
ယာ စ အာပေါဓာတု - အကြင် အာပေါဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဧသာ - ဤ အာပေါဓာတ် နှစ်ပါးသည်၊
အာပေါရေဝ - ရေသဘောသက်သက်သာတည်း၊
ဧတံ - ဤ အာပေါဓာတ် နှစ်မျိုးလုံးသည်၊
န မမ - ငါပိုင်ဥစ္စာ မဟုတ်၊
ဧသော - ဤ အာပေါဓာတ် နှစ်မျိုးလုံးသည်၊
န အဟမသ္မိ - ငါ မဟုတ်၊
ဧသော - ဤ အာပေါဓာတ် နှစ်မျိုးလုံးသည်၊
န မေ အတ္တာ - ငါ၏အတ္တ မဟုတ်၊
ဣတိ ဧဝံ - ဤသို့၊
ဧတံ - ဤ အာပေါဓာတ် နှစ်မျိုးလုံးကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုအပ်၏၊
ဧဝံ - ဤသို့၊
ဧတံ - ဤ အာပေါဓာတ်ကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒိသွာ - မြင်၍၊
အာပေါ ဓာတုယာ - အာပေါဓာတ်၌၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့၏၊
အာပေါဓာတုယာ - အာပေါဓာတ်၌၊
စိတ္တံ - စိတ်သည်၊
ဝိရောဇေတိ - တပ်ခြင်းကင်း၏။
၃။ ရာဟုလ - ရာဟုလာ၊
အဇ္ဈတ္တိကာ - အဇ္ဈတ္တသန္တာန်၌ဖြစ်သော၊
ယာ စ တေဇောဓာတု - အကြင် တေဇောဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊
ယာ စ တေဇောဓာတု - အကြင် တေဇောဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဧသာ - ဤ တေဇောဓာတ် နှစ်ပါးသည်၊
တေဇောရေဝ - မီးသဘောသက်သက်သာတည်း၊
ဧတံ - ဤ တေဇောဓာတ် နှစ်မျိုးလုံးသည်၊
န မမ - ငါပိုင်ဥစ္စာ မဟုတ်၊
ဧသော - ဤ တေဇောဓာတ် နှစ်မျိုးလုံးသည်၊
န အဟမသ္မိ - ငါ မဟုတ်၊
ဧသော - ဤ တေဇောဓာတ် နှစ်မျိုးလုံးသည်၊
န မေ အတ္တာ - ငါ၏အတ္တ မဟုတ်၊
ဣတိ ဧဝံ - ဤသို့၊
ဧတံ - ဤ တေဇောဓာတ် နှစ်မျိုးလုံးကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုအပ်၏၊
ဧဝံ - ဤသို့၊
ဧတံ - ဤ တေဇောဓာတ်ကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒိသွာ - မြင်၍၊
တေဇော ဓာတုယာ - တေဇောဓာတ်၌၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့၏၊
တေဇောဓာတုယာ - တေဇောဓာတ်၌၊
စိတ္တံ - စိတ်သည်၊
ဝိရောဇေတိ - တပ်ခြင်းကင်း၏။
၄။ ရာဟုလ - ရာဟုလာ၊
အဇ္ဈတ္တိကာ - အဇ္ဈတ္တသန္တာန်၌ဖြစ်သော၊
ယာ စ ဝါယောဓာတု - အကြင် ဝါယောဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဗာဟိရာ - အပသန္တာန်၌ဖြစ်သော၊
ယာ စ ဝါယောဓာတု - အကြင် ဝါယောဓာတ်သည်လည်း၊
အတ္ထိ - ရှိ၏၊
ဧသာ - ဤ ဝါယောဓာတ် နှစ်ပါးသည်၊
ဝါယောရေဝ - လေသဘောသက်သက်သာတည်း၊
ဧတံ - ဤ ဝါယောဓာတ် နှစ်မျိုးလုံးသည်၊
န မမ - ငါပိုင်ဥစ္စာ မဟုတ်၊
ဧသော - ဤ ဝါယောဓာတ် နှစ်မျိုးလုံးသည်၊
န အဟမသ္မိ - ငါ မဟုတ်၊
ဧသော - ဤ ဝါယောဓာတ် နှစ်မျိုးလုံးသည်၊
န မေ အတ္တာ - ငါ၏အတ္တ မဟုတ်၊
ဣတိ ဧဝံ - ဤသို့၊
ဧတံ - ဤ ဝါယောဓာတ် နှစ်မျိုးလုံးကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုအပ်၏၊
ဧဝံ - ဤသို့၊
ဧတံ - ဤ ဝါယောဓာတ်ကို၊
ယထာဘူတံ - ဟုတ်မှန်သည်အတိုင်း၊
သမ္မာ - ကောင်းစွာ၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ဒိသွာ - မြင်၍၊
ဝါယော ဓာတုယာ - ဝါယောဓာတ်၌၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့၏၊
ဝါယောဓာတုယာ - ဝါယောဓာတ်၌၊
စိတ္တံ - စိတ်သည်၊
ဝိရောဇေတိ - တပ်ခြင်းကင်း၏။
ရာဟုလ - ရာဟုလာ၊
ယတော - အကြင်အခါ၌၊
ဘိက္ခု - ရဟန်းသည်၊
စတူသု - လေးပါးကုန်သော၊
ဣမာသု ဓာတူသု - ဤဓာတ်တို့၌၊
နေဝတ္တာနံ - အနှစ်သာရ အတ္တမဟုတ်သည်ကို၊
န အတ္တနိယံ - ကိုယ်နှင့် မစပ်သည်ကို၊
သမနုပဿတိ - ကောင်းစွာမြင်၏၊
ရာဟုလ - ရာဟုလာ၊
အယံဘိက္ခု - ဤသို့မြင်သောရဟန်းကို၊
သမ္မဒသော - ကောင်းစွာမြင်သော ရဟန်းဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏၊
တဏှာ - တဏှာသည်၊
အစ္ဆေဇ္ဇိ - ပြတ်ပြီ၊
သံယောဇနံ - သံယောဇဉ်သည်၊
ဝိဝတ္တယိ - ပြီးပြတ်ပြီ၊
သမ္မာ - ကောင်းစွာ၊
မာနာဘိသမယာ - မာနကိုပယ်နိုင်ခြင်းကြောင့်၊
ဒုက္ခဿ - အမျိုးမျိုးသော ဝဋ်ဆင်းရဲ၏၊
အန္တံ - အဆုံးကို၊
အကာသိ - ပြုနိုင်၏။
ပထဝီရေဝေသာ ပါဌ်၌ အဓိပ္ပါယ်ကား- မြေကြီး, တော, တောင် စသည်တို့၌ရှိသော ဗာဟိရ ပထဝီ သည်လည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်း မဟုတ်၊ ငါ့အတ္တလည်း မဟုတ်-ဟု ထင်ရှား၏။ သို့ ထို့အတူ မိမိတို့၏ အဇ္ဈတ္တသဏ္ဌာန်၌ရှိသော ခက်မာမှု ကြိယာကိုလည်း ငါပိုင်ဥစ္စာ မဟုတ်၊ ငါလည်းမဟုတ်၊ ငါ၏အတ္တလည်း မဟုတ်-ဟု ဉာဏ်အမြင်၌ ထင်ရှားစေရမည်၊ ပထဝီနှစ်မျိုး ထပ်တူကျစေရမည်၊ အဇ္ဈတ္တပထဝီ ကို ပုဂ္ဂိုလ် သတ္တဝါ ငါဖြစ်၍ မနေစေနှင့်၊ ငါ၏ဥစ္စာဖြစ်၍ မနေစေနှင့်၊ ငါ၏အတ္တ ဖြစ်၍ မနေစေနှင့်-ဟု ဧဝကျောက်ကန် လျှာလိပ်သံပြင်းပြင်းနှင့် ခပ်တင်းတင်း ဟောတော်မူပေတည်း။
ဤတွင်ရွေ့ကား ဖေဏပိဏ္ဍူပမံ ရူပံ ဟူသော ဒေသနာတော်မြတ်အရ ဖော်ပြသော အခန်း ပြီး၏။
ဝေဒနာက္ခန္ဓာစသည်ကို ပြဆိုခြင်း
တဏှာ၏ကုန်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း
ဘန္တေ ဘဂဝါ - ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊
ကိတ္တာ ဝတာ - အဘယ်မျှလောက်သော အကျင့်ဖြင့်၊
ဘိက္ခု - ရဟန်းသည်၊
သံခိတ္တေန - အကျဉ်းအားဖြင့်၊
တဏှာသင်္ခယ ဝိမုတ္တော - တဏှာ၏ကုန်ရာ နိဗ္ဗာန်သို့ ကျွတ်လွတ်၍သွားသည်၊
ဟောတိ နု ခေါ - ဖြစ်ပါသနည်း။
(သိကြားမင်း မေးလျှောက်ချက်)
ဒေဝါနမိန္ဒ - သိကြားမင်း၊
ယံကိဉ္စိ - အလုံးစုံသော၊
သုခံ ဝါ - သုခလည်းဖြစ်ထသော၊
ဒုက္ခံ ဝါ - ဒုက္ခလည်းဖြစ်ထသော၊
အဒုက္ခ မသုခံ ဝါ - သုခဒုက္ခမှ အလွတ်ဥပေက္ခာလည်း ဖြစ်ထသော၊
ဝေဒယိတံ - ခံစားမှုကို၊
ဝေဒေတိ - ခံစား၏၊
တာသု ဝေဒနာသု - ထိုသုံးပါးသော ခံစားမှုတို့၌၊
အနိစ္စာနုပဿီ - အနိစ္စဟု အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍၊
ဝိဟရတိ - နေ၏၊
တာသု ဝေဒနာသု - ထိုသုံးပါးသော ဝေဒနာတို့၌၊
အနိစ္စာနုပဿီ - အနိစ္စဟု အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍၊
ဝိဟရတော - နေသောသူသည်၊
လောကေ - လောက၌၊
ကိ ဉ္စိ - တစ်စုံတစ်ခုသော အာရုံကို၊
န ဥပါဒိယတိ - မစွဲလမ်း၊
အနုပါဒိယံ - အနုပါဒိယန္တော - မစွဲလမ်းသည်ရှိသော်၊
န ပရိတဿတိ - မတောင့်တ၊
အပရိတဿံ - အပရိတဿန္တော - မတောင့်တသည်ရှိသော်၊
ပစ္စတ္တညေဝ - မျက်မှောက် ဘဝ၌ပင်လျှင်၊
ပရိနိဗ္ဗာယတိ - ကိလေသာမီး ငြိမ်းအေး၏။
ဒေဝါနမိန္ဒ - သိကြားမင်း၊
ဧတ္တာဝတာ - ဤမျှလောက်သော အကျင့်ဖြင့်၊
ဘိက္ခု - ရဟန်းသည်၊
သံခိတ္တေန - အကျဉ်းအားဖြင့်၊
တဏှာသင်္خယဝိမုတ္တော - တဏှာ၏ကုန်ရာနိဗ္ဗာန်သို့ ကျွတ်လွတ်၍သွားသည်၊
ဟောတိ - ဖြစ်၏။
(မြတ်စွာဘုရား ဖြေကြားတော်မူချက်)
ဝေဒနာသုံးပါး၌ အနိစ္စကောင်းကောင်း ထင်မြင်နိုင်ပါလျှင် ဤဘဝမှာပင် နိဗ္ဗာန်သို့ ပေါက်ရောက် နိုင်၏ဟူလိုသည်။
(စူဠတဏှာသင်္ခယသုတ် ပါဠိတော်)
ဝေဒနာသုံးဝ၌ အနိစ္စရှုပုံ
ဝေဒနာသုံးပါး၌ အနိစ္စ အလုပ်ဖွင့်နည်းကို ပြဆိုလိုက်အံ့။
ဝေဒနာသုံးပါးတို့တွင် ဒုက္ခဝေဒနာ သည် အထင်ရှားဆုံးဖြစ်၏၊ ထို့ကြောင့် ဒုက္ခဝေဒနာ ၌ အနိစ္စရှုနည်းကို ရှေးဦးစွာ ပြဆိုရာ၏၊ ဒုက္ခဝေဒနာသည် ကာယိကဒုက္ခဝေဒနာ၊ စေတသိက ဒုက္ခဝေဒနာ - ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင် ကာယိက ဒုက္ခဝေဒနာ သည် အတွင်းအပ တစ်ကိုယ်လုံး၌ အနှံ့အပြားဖြစ်ပေါ်နိုင်၏၊ စေတသိက ဒုက္ခဝေဒနာ သည် စိတ်နှလုံးတွင်းမှာသာ ဖြစ်ပေါ်နိုင်၏။
ကာယိယဒုက္ခဝေဒနာ ဆိုသည်ကား- မခံသာသော ပူမှု အိုက်မှု အေးမှု, ချမ်းမှု, နာမှု, ကျင်မှု, ကိုက်မှု, ခဲမှုအစရှိသည်သည်ကာယိက ဒုက္ခဝေဒနာသည် မည်၏။
စေတသိကဒုက္ခဝေဒနာ ဆိုသည်ကား- စိတ်နှလုံးမချမ်းသာမှု စိတ်နှလုံးမသက်သာမှု စိတ်နှလုံး ပူပန်မှု, စိတ်နှလုံးပင်ပန်းမှု, စိတ်နှလုံး ညှိုးနွမ်းမှုစုသည် စေတသိက ဒုက္ခဝေဒနာ မည်၏၊
ဒုက္ခဝေဒနာ နှစ်ပါးခွဲနည်း ပြီး၏။
ဖဿပစ္စယာ ဝေဒနာ
ဖဿပစ္စယာ - ထိုထိုကိုယ်အင်္ဂါ အစိတ်၌သော်လည်းကောင်း, စိတ်နှလုံး၌သော် လည်းကောင်း ထိုထို အာရုံတို့၏ ထိခိုက်မှုကြောင့်၊
ဝေဒနာ - ဝေဒနာဟူသော ဓာတ်ဝိသေသသည်၊
သမ္ဘဝတိ - တဖွားဖွား ဖြစ်ပေါ်၏။
ဤပါဌ်၏ အဓိပ္ပါယ်ကိုမူကား ဓာတ်ရုပ်ကြီးဥပမာဖြင့် ထင်ရှားစေရာ၏၊ ပြဒါး, စိန်, ဆေးဒန်း အစရှိသော ဓာတ်သတ္တုမျိုးတို့၌ အလွန်ဆန်းကြယ်စွာ ပြုလုပ်အပ်သော လူ့သဏ္ဌာန်ပမာဏရှိသော မီးဓာတ်ရုပ်ကြီးတစ်ခု ရှိသတတ်၊ ထိုဓာတ်ရုပ်ကြီး၌ ဘယ်နေရာမှာမဆို တစ်စုံတစ်ခုသော ဝတ္ထုဖြင့် ထိခဲ့သည်ရှိသော် ထိရာတိုင်း ထိရာတိုင်းမှာ ရဲခနဲ ရဲခနဲ မီးပေါ်၏၊ ထိမှု လွတ်ကွာပြန်လျှင် ထိုမီး သေပျောက်ပြန်၏၊ ပြင်ပမှ မီးရှိန်ထိရာ နေရှိန်ထိရာ, လေထိရာ, ရေထိရာ၌လည်း ထို အတူပင်။
လူတို့၌ ဥတုပြောင်း ဥတုလဲကြိမ်၍ ဓာတ်လေးပါးလှုပ်ရှားခြင်း ဖြစ်ကြလျှင်လည်း ထို ဓာတ်ရုပ်ကြီး၏အတွင်းရှိ ဓာတ်သားတို့သည် လှုပ်ရှားကြွရွခြင်း ရှိကြကုန်၏၊ အတွင်းရှိဓာတ်သား တို့ လှုပ်ရှားကြွရွရာ ဌာနတို့၌ ဓာတ်သားချင်းချင်း ခိုက်မှု တိုက်မှု တိုးဝှေ့မှုရှိတိုင်းရှိတိုင်း ရဲခနဲ ရဲခနဲ မီးပေါ်၏၊ လူတို့ကဲ့သို့ ခြေအင်္ဂါ, လက်အင်္ဂါ, ဦးခေါင်းအင်္ဂါ, ကိုယ်အင်္ဂါ, လှုပ်ရှားမှု ထိုင်မှု ထမှု သွားမှုတို့ကို ထိုဓာတ်ရုပ်ကြီး ပြုလုပ်သောအခါ အတွင်းအပ လှုပ်ရှားရာ ဌာနတို့၌ မီးပေါ်၏၊ ထိုဓာတ်ရုပ်ကြီး၏ ကျောက်ကုန်းသား တစ်ပြင်လုံး၌ မီးရှိန်နေရှိန်စသည် တစ်ပြိုင်နက် ထိခိုက်ရာ ကျောက်ကုန်းသား တစ်ပြင်လုံး တစ်ပြိုင် နက် မီးပေါ်၏၊ ကြွင်းသော အတွင်းအပ ဓာတ်သားတို့၌ လည်း ဤနည်း တူသိလေ။
ထိုမီးသည် ဓာတ်ရုပ်ကြီး၏ ဓာတ်သားကို လောင်မှုမရှိ၊ ဓာတ်သားကို စွဲမှီရုံမျှသာ ဖြစ်၏၊ မီးရှိန် နေရှိန်စသည် ထိခိုက်မှု စဲကင်းပြန်လျှင် ထိုမီးသည် ခဏချင်းသေဆုံး ကွယ်ပျောက်၏၊ ထိုနေရာမှာ ပကတိဓာတ်သားအတိုင်းသာ တည်ရှိ၏၊ ထို့ကြောင့် ထိုမီးသည် ဓာတ်ရုပ်ကြီး၏ အတွင်း၌ ဖြစ်ပေါ်သော်လည်း ဓာတ်ရုပ်ကြီး၏ဆိုင်ရာ မဟုတ်၊ ခဏခဏဖြစ်ပေါ်၍ ခဏခဏ သေဆုံးသော အာဂန္တုမီး သက်သက်သာ တည်းဟု ဉာဏ်တွင်ထင်မြင် ပိုင်းခြားနိုင်ရာ၏၊
ဤကား ဓာတ်ရုပ်ကြီး ဥပမာတည်း။
ဥပမေယျ၌ သတ္တဝါ၏ကိုယ်ခန္ဓာကြီးသည် ဓာတ်ရုပ်ကြီးနှင့် တူ၏၊ သတ္တဝါ၏ ကိုယ်ခန္ဓာကြီးမှာ ခြေဖဝါးအပြင်မှစ၍ ဆံပင်ဖျားတိုင် ကိုယ်ခန္ဓာကြီး၌ရှိသော ရုပ်ခန္ဓာစုသည် ထိုဓာတ်ရုပ်ကြီး တစ်ခုလုံးရှိ ဓာတ်သားစုနှင့် တူ၏၊ ထိုဓာတ်ရုပ်ကြီး၌ ဘယ်နေရာမှာမဆို တစ်စုံတစ်ခုသော ဝတ္ထုနှင့် ထိခိုက်မှု ထိပါးမှုတို့နှင့် သတ္တဝါ၏ ကိုယ်ခန္ဓာ၌ ဘယ်နေရာမှာ မဆို မီးရှိန်, နေရှိန်, လေ, ရေ, အဝတ်အရုံ, အခင်းအနှီး, မြေကြီး, ကျောက်, အုတ်, တုတ်, ဓား, ဆူး, ငြောင့်စသော တစ်စုံ တစ်ခု သောဝတ္ထုနှင့် ထိခိုက် ထိပါးမှုဟူသော ဖဿတရား နှင့် တူ၏၊ ခြေဖဝါး တစ်ပြင်လုံး တစ်ပြိုင်နက် ထိပါးခဲ့ပါလျှင် ခြေဖဝါးတစ်ပြင်လုံး တစ်ပြိုင်နက်ကဲ့သို့ ဖဿဓာတ် တွေဖြစ်ပေါ်၏၊ ဖဿပစ္စယာ ဝေဒနာ - ဟူ၍ ယောတော်မူသောကြောင့် ဖဿဓာတ်ဖြစ်ပေါ်သမျှ နေရာစု၌ ဒုက္ခ ဝေဒနာဓာတ် လည်း အပြည့်ဖြစ်ပေါ်၏၊ တစ်ကိုယ်လုံးမှာ ဤနည်း အတိုင်း သိလေ။
တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ ဝေဒနာဓာတ် ဖြစ်ပေါ်မှုသည် ဓာတ်ရုပ်ကြီးမှာ ထိုထိုနေရာ၌ မီးပေါ်မှုနှင့်တူ၏၊ ဓာတ်ရုပ်ကြီးမှာကိုယ်တွင်းရှိ ဓာတ်သားတို့ လှုပ်ရှားထကြွရာ ဌာနတို့၌ ဓာတ်သား အချင်းချင်း ခိုက်မှုတိုက်မှု တိုးဝှေ့မှုတို့ ဖြစ်ကြ သောအခါ ခိုက်ရာ တိုက်ရာ တိုးဝှေ့ရာဌာနတို့၌ မီးဖြစ်ပေါ်ခြင်းကဲ့သို့ သတ္တဝါ၏ ကိုယ်ခန္ဓာမှာ ကိုယ်တွင်းရှိ ဓာတ်လေးပါးတို့ လှုပ်ရှားထကြွရာ ဌာနတို့၌ အတွင်း ဓာတ် ချင်းချင်း တိုက်မှု ခိုက်မှု တိုးဝှေ့မှု ဖြစ်ကြသောအခါ ခိုက်ရာ တိုက်ရာ တိုးဝှေ့ရာဌာနတို့၌ ဒုက္ခဝေဒနာဓာတ် ဖြစ်ပေါ်၏၊ တိုက်ခိုက် တိုးဝှေ့မှု ဒဏ်ဟုန် ပြေပျောက်လျှင် ထိုမီးသည် သေဆုံးကွယ်ပျောက် လေသကဲ့သို့ သတ္တဝါ၏ ကိုယ် ခန္ဓာမှာလည်း နေရှိန်, မီးရှိန် စသည်ထိခိုက်ရာဌာနတို့၌ ဖြစ်ပေါ်သော ဒုက္ခဝေဒနာ တို့သည် ထိခိုက်မှုဒဏ်ဟုန် ပြေပျောက်လျှင် အကုန်လုံးသေဆုံး ကွယ်ပျောက်ကြ လေကုန်၏။
အထူးကား ဓာတ်ရုပ်ကြီးမှာ နှစ်နေရာ သုံးနေရာ လေးနေရာ စသည်တို့၌ မီးတို့သည် ပြိုင်၍ ပေါ်နိုင်ကုန်၏၊ သတ္တဝါ၏ ကိုယ်ခန္ဓာ၌မူကား ထိုသို့ပြိုင်၍ ဝေဒနာဖြစ် ပေါ်ခြင်းမရှိ၊ တစ်ခုသော ကိုယ်အင်္ဂါမှာ ဝေဒနာဓာတ်ဖြစ်ပေါ်ခိုက် ကြွင်းကျန်သော တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်ခြင်း မရှိ၊ ဤကား အထူးတည်း။
ဓာတ်ရုပ်ကြီး၌ ထိုမီး၏ ခဏခဏ ပျက်ဆုံးကွယ်ပျောက်မှု ဟူသော အနိစ္စကို ဒိဋ္ဌမျက်မြင်ရ အပ်သကဲ့သို့ သတ္တဝါ၏ကိုယ်ခန္ဓာ တစ်ခုလုံးမှာ ထိုထိုနေရာ၌ ထိုဒုက္ခဝေဒနာဓာတ်၏ ခဏခဏဖြစ်ပေါ်၍ ခဏခဏ သေပျောက် ချုပ်ကွယ်မှု ဟူသော အနိစ္စအချက် ကိုလည်း ကိုယ်တွေ့ ဉာဏ်တွေ့ ဒိဋ္ဌမျက်မြင် ထင်နိုင်ရာ သတည်း။
သိမှတ်ဖွယ်အထူးကား - မိမိကိုယ်ခန္ဓာ၌ အနိဋ္ဌာရုံနှင့် တွေ့ကြုံလာမှ ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာ ဓာတ်ကြီးသည် ရံဖန်ရံခါသာ ဖြစ်၏၊ အမြဲရှုကြည့်ရန် ကိုယ်ခန္ဓာမှာ မပြတ်မစဲ ဖြစ်ပေါ်၍နေသည် မဟုတ်၊ ထို့ကြောင့် ဒုက္ခဝေဒနာ ကမ္မဋ္ဌာန်းအလုပ် ကို စွဲမြဲလိုသော ပုဂ္ဂိုလ်သည် မိမိကိုယ်ခန္ဓာ ကိုယ်အင်္ဂါ၌ ဒုက္ခဝေဒနာဓာတ်ကြီးကို ဉာဏ်နှင့်ဖော်၍ ကြည့်ရှုပွားများရာ၏၊ အဘယ်သို့ ဉာဏ်နှင့်ဖော်ရသနည်းဟူမူ -
- မိမိကိုယ်အင်္ဂါ၌ မီးရှိန်ထိခဲ့လျှင် ဘယ်လိုပူသည်။
- နေရှိန် ထိခဲ့လျှင် ဘယ်လိုပူသည်။
- တစ်စုံတစ်ခုသော အုတ်, ကျောက်, သစ်, ဝါး, တုတ်, ဓား, လှံတံတို့ဖြင့် အပြင်း အထန် ထိခိုက်ခဲ့လျှင် ဘယ်လိုကျင်နာသည်။
ဤသို့အစရှိသည်ဖြင့် ကိုယ်တွင်းကိုယ်ပ ဒုက္ခဝေဒနာ ဓာတ်ကြီးဖြစ်မှု အမျိုးမျိုး တွေကို အတိတ်၌လည်း တွေ့ဖူး, ကြုံဖူး ခံရဖူး လှကြပြီ၊ အနာဂတ်၌လည်း တွေ့ကြ ကြုံကြ ခံကြရလတ္တံ့၊ ထိုသို့ တွေ့ဖူး ကြုံဖူး တွေ့ရ ကြုံရလတ္တံ့သော နာမှု, ကျင်မှု, ပူမှု, အေးမှု, အစရှိသော ဒုက္ခဝေဒနာ ဓာတ်တွေကြီးကို ယခုကိုယ်အင်္ဂါအတွင်းမှာ ဉာဏ်နှင့် ဖော်၍ကြည့်ရမည်။
အဘယ်သို့ ကြည့်ရမည်နည်းဟူမူ ခြေဖဝါးအပြင်၌ အပြင်းအထန် တုတ်, လှံတံ ထိခိုက်မိသည် ရှိသော် ထိခိုက်ရာဌာမှာ ဘယ်လိုနာလတ္တံ့၊ ဘယ်လိုအနာဖြစ်ပေါ်၍ လာလတ္တံ့- ဟု ဉာဏ်နှင့်ကြံဖန်၍ ဖော်ရာ၏၊ မထိခိုက်မီ ခြေဖဝါးအပြင်မှာ ထို ကျင်နာမှု မရှိ၊ ထိခိုက်သောအခါမှ ထိုကျင်နာမှုဖြစ်ပေါ်၍ လာသည်ကိုကား လူတိုင်းသိကြ၏၊ ခြေဖဝါးအပြင်သည်ကား ရူပက္ခန္ဓာကြီး တည်း၊ ထိုခြေဖဝါးအပြင်မှာ ယခုဖြစ်ပေါ်၍လာသော ကျင်နာမှုကား ဝေဒနာက္ခန္ဓာကြီး တည်း - ဟု ခြားနား၍ မူကား မသိကြ၊ ထိုကျင်နာမှုကား ဝေဒနာက္ခန္ဓာကြီးတည်း။
သညာက္ခန္ဓာကြီး, သင်္ခါရက္ခန္ဓာကြီး, ဝိညာဏက္ခန္ဓာကြီး သုံးပါး တို့သည်လည်း ထို ဝေဒနာက္ခန္ဓာ ကြီးနှင့် ဖြစ်အတူ ပျက်အတူ မကွေမကွာ အတူပါမြဲဓမ္မတာဖြစ်ရကား ထိုကျင်နာမှုမှာ နာမက္ခန္ဓာကြီးလေးပါး ဖြစ်ပေါ်မှုပင်ဖြစ်၏၊ ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာကြီးနှင့်ပေါင်းသည် ရှိသော် ထိုကျင်နာရာဌာနမှာ ခန္ဓာကြီးငါးပါး ပေါင်းဆုံ မိကြ၏၊ ထိုအခိုက်အတန့်၌ ထိုကျင်ရာဌာနမှ ကြွင်းကျန်သမျှ တစ်ကိုယ်လုံးမှာ ရူပက္ခန္ဓာကြီးတစ်ခု ရှိမြဲဓမ္မတာတည်း၊ နာမက္ခန္ဓာကြီးလေးပါး အတူတကွ ပေါ်ရှိကြ သော်လည်း ဝေဒနာက္ခန္ဓာသည်သာ အထင်ရှားဆုံးဖြစ်၏၊ ယခုပြဆိုခဲ့ပြီးသော အလုပ်ကလည်း ဝေဒနာက္ခန္ဓာ အလုပ်ဖြစ်၏၊ ထို့ကြောင့် ကျင်နာမှုဟူသော ဝေဒနာက္ခန္ဓာကြီး တစ်ခုကိုသာ လိုရင်းပြု၍ ပြဆိုခဲ့ပေသတည်း။
ကျင်နာမှုဟူသော ဝေဒနာက္ခန္ဓာကြီးကို မျက်စိနှင့်မြင်သကဲ့သို့ ဉာဏ်နှင့်ပြက်ပြက် ထင်ထင် မြင်အောင်ရှု၊ ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာကြီးနှင့် ထွေး၍မနေစေလင့်၊ လောက၌မူကား ခြေဖဝါးနာသည်ဟူ၍ ခြေဖဝါးနှင့်နာမှု တစ်ခုတည်းပြု၍ ထားကြ၏၊ ခြေဖဝါးကား ရူပက္ခန္ဓာကြီး တည်း၊ နာမှုကား ဝေဒနာက္ခန္ဓာကြီးတည်း ဟု ခန္ဓာကြီးနှစ်ပါး ခွဲခြမ်း၍မသိကြ၊ ခြေဖဝါးအပြင်ကား ရုပ်တရား တည်း၊ နာမှုကား နာမ်တရား တည်း၊ ကြည်လင်လှစွာသော ရေရှိသော ရေအိုင်ထဲမှာ ရေပိုး ရေမွှား ပြေးသွား၍ နေကြသည်ကို ကြည့်ရှုကြရာ၌ ရေတစ်ခြား ပိုးမွှားတစ်ခြား ခြားနား၍ မြင်ကြသကဲ့သို့ ခြေဖဝါးအပြင် ဟူသော ရုပ်ခန္ဓာကြီးကား တစ်ခြား၊ ကျင်နာမှုဟူသော နာမ်ခန္ဓာကြီးကား တစ်ခြား ခြားနား၍ ထင်မြင်အောင်ရှု။
ဤကား ဝေဒနာက္ခန္ဓာကြီးကို ဉာဏ်နှင့်မိအောင် ဖမ်းယူသောအခန်းတည်း။
ဝေဒနာက္ခန္ဓာကြီးကို ဉာဏ်၌လှလှဖမ်းမိ၍ ကောင်းကောင်းကြီး ထင်မြင်နိုင်သော အခါ -
(၁) ထိုဝေဒနာက္ခန္ဓာကြီး၏ ဥဒယမှု ကို ဒိဋ္ဌမြင်အောင်ရှုရာ၏။
(၂) ထိုဝေဒနာက္ခန္ဓာကြီး၏ ဝယမှု ကို မြင်အောင်ရှုရာ၏
ထိုဝေဒနာက္ခန္ဓာကြီး၏ ဥဒယမှု ဆိုသည်ကား - အပြင်းအထန် တုတ်လှံတံ ထိခိုက်မှု ကြောင့် ထိုနာကျင်မှု ဝေဒနာက္ခန္ဓာကြီး တဖွားဖွား ဖြစ်ပေါ်မှုသည် ဥဒယမှုမည်၏။
ထိုနေရာ၌ ထိခိုက်မှုဒဏ်ဟုန် ပြေပျောက်သောအခါ ထိုနာမှုဟူသော ဝေဒနာက္ခန္ဓာကြီး ၏ ချုပ်ပျောက် ပျက်ဆုံးမှုသည် ဝယမှုမည်၏၊
ဥဒယမှုကား ထိုဝေဒနာက္ခန္ဓာကြီး၏ ရှေ့အစွန်းတည်း၊ ဝယမှုကား ထိုဝေဒနာက္ခန္ဓာ ကြီး၏ နောက်အစွန်းတည်း၊ ဤကား ခြေဖဝါးအပြင်၌ ဒုက္ခဝေဒနာက္ခန္ဓာကြီး ဖြစ်ပေါ်ရာ၌ ဥဒယဗ္ဗယဉာဏ် ဖြစ်ပုံ အစီအရင်တည်း။
ဤခြေဖဝါးမှာ ဖြစ်ပေါ်သော ဒုက္ခဝေဒနာက္ခန္ဓာကြီး၌ ဥဒဗ္ဗယဉာဏ် လှလှတည်ထောင် မိသောအခါ တစ်ကိုယ်လုံးမှာ ထိုနည်းတူ ဒုက္ခဝေဒနာကြီးကို ဉာဏ်နှင့် လုပ်ကြံ ထုတ်ဖော်၍ ကြည့်ရှုတိုင်း ကြည့်ရှုတိုင်း ဥဒယဗ္ဗယဉာဏ်ကို ရနိုင်လတ္တံ့၊ ဤ ဒုက္ခဝေဒနာက္ခန္ဓာကြီးကို တစ်ကိုယ်လုံးမှာ အတွင်းအပ အပ်သွားရာမျှ မလပ်ရအောင် အထပ်ထပ်ဖော်၍ရှုလေ။
ဒုက္ခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်း ပြီး၏။
ယခုအခါ သုခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်းကို ပြဆိုပေအံ့။
သုခဝေဒနာ ဆိုသည်ကား - ခံ၍ကောင်းသော အမှုတည်း၊ ဤခံ၍ ကောင်းသောအမှုကို ချမ်းသာမှုဆိုသည်၊ ပူအိုက်သောအခါ ထိုခြေဖဝါးအပြင်မှာ အေးမြစွာသောရေကို သွန်းလောင်းခဲ့အံ့၊ ခြေဖဝါး အပြင်မှာ အေးမြစွာသော ရေ၏တွေ့ခြင်းထိခြင်းဟူသော ဖဿတရား ဖြစ်ပေါ်ခြင်းကြောင့် ခံ၍ကောင်းခြင်းဟူသော သုခဝေဒနာက္ခန္ဓာကြီး သည် တဖွားဖွား ဖြစ်ရာ၏၊ ထိုအေးမြစွာသော ရေ၏တွေ့ခြင်းထိခြင်းဟူသော ဖဿတရား ကုန်ခန်းကွယ်ပျောက်၍ သွားသော အခါ ထိုခံ၍ ကောင်းခြင်းဟူသော သုခဝေဒနာက္ခန္ဓာကြီးသည် ချုပ်ပျောက်ကွယ်ဆုံးလေ၏။
(၁) ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာကြီးနှင့်တစ်ခုတည်း ထင်မြင်မှု ကွယ်ပျောက်ရန် သုခ ဝေဒနာက္ခန္ဓာကြီးကိုသီးသန့်ခြားနားစွာ ဉာဏ်၌ထင်မြင်အောင်ရှုမှု။
(၂) ထိုသုခဝေဒနာက္ခန္ဓာကြီး၏ ဥဒယစွန်းကို ဉာဏ်၌ ထင်မြင်အောင်ရှုမှု။
(၃) ထိုသုခဝေဒနာက္ခန္ဓာကြီး၏ ဝယစွန်းကို ဉာဏ်၌ ထင်မြင်အောင်ရှုမှု။
ဤသုံးချက်ကို လှလှမိအောင် အားထုတ်လေ၊ ဤနည်းအတိုင်း တစ်ကိုယ်လုံးမှာ အတွင်းအပ အပ်သွားရာမျှ မကျန်ရအောင် တွေ့ဖူးသမျှ ကြုံဖူးသမျှ သုခဝေဒနာက္ခန္ဓာ ကြီးတွေကို ဉာဏ်နှင့်ထုတ်ဖော်၍ ကြည့်ရှုလေ။ ဓာတ်ရုပ်ကြီးပမာဏနှင့်တကွ ဒုက္ခဝေဒနာက္ခန္ဓာကြီးမှာ ပြဆိုခဲ့သမျှ အလုံးစုံကိုလည်း ဤသုခဝေဒနာ၌ ယူဆောင်၍ သိလေ။
သုခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်းကို ပြဆိုခန်း ပြီး၏။
စေတသိကဝေဒနာတို့၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်ပုံ
ယခုအခါ စေတသိက ဒုက္ခဝေဒနာ၊ စေတသိက သုခဝေဒနာ တို့၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်နည်း ကို ပြဆိုပေအံ့။ အနိဋ္ဌာရုံ အနိဋ္ဌမှု အနိဋ္ဌဝတ္ထုတို့နှင့် တွေ့ကြုံ၍ စိတ်မသာခြင်း စိတ်ပင်ပန်းခြင်း အမှုသည် စေတသိကဒုက္ခ မည်၏၊ ထိုဒုက္ခဝေဒနာ သည် ရင်ချိုင့်အတွင်းမှာ တည်ရှိသော နှလုံးအိမ်တွင်းရှိ နှလုံးသွေးအတွင်းမှာ တဖွားဖွား ဖြစ်ပေါ်၏။ ဤနှလုံးသွေး၏ အတွင်း၌လည်း ထိုဝေဒနာသည် -
- ရံခါ ရှေ့အဖို့၌ တဖွားဖွား ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။
- ရံခါ နောက်အဖို့၌ တဖွားဖွား ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာ ဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။
- ရံခါ လက်ျာအဖို့၌ ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။
- ရံခါ လက်ဝဲအဖို့၌ ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာဌာန၌ပင် ချုပ်ပျောက်ကွယ်ဆုံး၏။
- ရံခါ အလယ်တည့်တည့်အဖို့၌ တဖွားဖွား ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာ ဌာန၌ပင် ချုပ်ပျောက် ကွယ်ဆုံး၏။
ဤသို့အစရှိသည်ဖြင့် ဖြစ်ပေါ်ဌာန အများပင်ရှိ၏၊ နှလုံးသွေးသည် ရူပက္ခန္ဓာကြီး တည်း၊ နှလုံး မသာမှု, စိတ်မချမ်းသာမှုသည် ဝေဒနာက္ခန္ဓာကြီး တည်း။
ဤကား ခန္ဓာခွဲခန်းတည်း။
ထိုဝေဒနာက္ခန္ခာကြီး၏ အနိဋ္ဌာရုံ ထိခိုက်မှုကြောင့် တဖွားဖွား ဖြစ်ပေါ်၍နေမှုသည် ဥဒယမှုတည်း။ အနိဋ္ဌာရုံထိခိုက်မှု ပျောက်ကင်းပြန်လျှင် ထိုနေရာ၌ပင်လျှင် အကုန်ပျောက်ကွယ် သေဆုံးမှုသည် ဝယမှုတည်း၊ ထိုနှလုံးမသာမှု စိတ်မချမ်းသာမှု ဟူသော ဝေဒနာက္ခန္ခာကြီးနှင့်တကွ ထိုခန္ခာကြီး၏ ဖြစ်ပေါ်မှု ပျက်ဆုံးမှုကို မျက်စိနှင့်မြင်ရသကဲ့သို့ ဉာဏ်၌ဒိဋ္ဌထင်မြင်အောင် ရှုရာ၏။
ဤကား စေတသိကဒုက္ခဝေဒနာ၏ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်ပုံ နည်းလမ်းကို ပြဆိုခန်းတည်း။
မိမိအလိုရှိအပ် ချစ်မြတ်နိုးအပ်သော ဣဋ္ဌာရုံ, ဣဋ္ဌဝတ္ထု, ဣဋ္ဌမှုတို့နှင့် တွေ့ကြုံဆဲ အခါ၌ စိတ်နှလုံး ရွှင်လန်းမှု၊ စိတ်နှလုံး ချမ်းသာမှုသည် စေတသိကသုခဝေနာ မည်၏၊ အကြွင်းမှာ စေတသိကဒုက္ခဝေဒနာ၌ ပြဆိုခဲ့ပြီးသော နည်းလမ်းအတိုင်း အကုန်ချဲ့၍ သိလေ။
ဤကား စေတသိကသုခဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်လမ်းဖွင့်ပုံ နည်းလမ်းကို ပြဆိုခန်း တည်း။
ထင်ပေါ်ထိခိုက်လာသော ဣဋ္ဌမဇ္ဈတ္တာရုံကို အာရုံပြု၍ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာဝေဒနာ သည်ကား - စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, မနောဒွါရဟူသော ငါးဒွါရတို့၌ ဖြစ်၏။
- မျက်စိနှင့် ထိုထိုဝတ္ထုကို မြင်ဆဲအခါ၌ မျက်စိထဲမှာ တဖွားဖွား ဖြစ်ပေါ်၏။
- နားနှင့် ထိုထိုအသံကို ကြားဆဲအခါ၌ နားတွင်း၌ တစ်ဖွားဖွား ဖြစ်ပေါ်၏။
- နှာခေါင်းနှင့် ထိုထိုအနံ့ကို နံဆဲအခါ၌ နှာခေါင်းတွင်းမှာ တဖွားဖွား ဖြစ်ပေါ်၏။
- လျှာနှင့် ထိုထိုရသာရုံကို သိသောအခါ လျှာပေါ်မှာ တစ်ဖွားဖွား ဖြစ်ပေါ်၏။
- စိတ်နှင့် ထိုထိုအာရုံကို ကြံမိသောအခါ၌ နှလုံးသွေးအတွင်းမှာ တဖွားဖွား ဖြစ်ပေါ်၏။
ဤဥပေက္ခာဝေဒနာ၌လည်း တဖွားဖွားဖြစ်ပေါ်၏၊ “တဖွားဖွားဖြစ်ပေါ်၏” - ဟူသော စကားကို စိတ်နှလုံး၌ အမြဲအစွဲထား၍ မျက်စိအစရှိသော ငါးဒွါရ ငါးဌာနတို့၌ အလှည့်အလည်အားဖြင့် တဖွားဖွား ဖြစ်ပေါ်မှု၊ ရဲရဲငြိသော သံတွေခဲအပေါ်၌ တစ်ဖွားဖွားကျသော နှင်းပေါက်ငယ်တို့၏ ခဏချင်းခဏချင်း ကုန်ခန်း ကွယ်ပျောက် ခြင်းကဲ့သို့ ထို့အတူ ထိုထိုနေရာ၌ တဖွားဖွားဖြစ်ပေါ်သော ဝေဒနာဓာတ်ကြီးတို့၏ ခဏချင်း ခဏချင်း ကုန်ခန်းသေဆုံးမှုတို့ကို ထင်မြင်အောင်ရှုလေ။
ဥပေက္ခာဝေဒနာမည်သည် သုခဝေဒနာဒုက္ခဝေဒနာတို့ကဲ့သို့ ထင်ရှားလှသော ဝေဒနာ မဟုတ်၊ ခန္ဓာခွဲမှုမှာပင် ဉာဏ်၌ ဥပေက္ခာဝေဒနာကို မိမိရရ ထင်မြင်ခဲ၏၊ ဖြစ်မှုပျက်မှု တို့၌ကား သာ၍ထင်မြင်ခဲတော့သည်၊ ထိုကြောင့် ဥပေက္ခာဝေဒနာကို ရှုသော ပုဂ္ဂိုလ်သည် -
- မျက်စိ၌ အမြင်ဓာတ် ပေါ်မှု ချုပ်မှု၊
- နား၌ အကြားဓာတ် ပေါ်မှု ချုပ်မှု၊
- နှာခေါင်း၌ အနံဓာတ် ပေါ်မှု ချုပ်မှု၊
- လျှာ၌ ရသဓာတ် ပေါ်မှု ချုပ်မှု၊
- မနော၌ ထိုထိုအာရုံကိုအကြံဓာတ်အသိဓာတ် ပေါ်မှုချုပ်မှု
တို့နှင့်ဖက်တွဲ၍ ဥပေက္ခာဝေဒနာက္ခန္ဓာကြီး ၏ ဖြစ်ပေါ်မှု ချုပ်မှု ပျက်မှုကို ထင်မြင် အောင်ရှုလေ၊
အဋ္ဌကထာတို့၌ကား -
ဥပေက္ခာဝေဒနာမည်သည် မထင်ရှားလှသော ဝေဒနာ ဖြစ်၍ ထိုထိုဝေဒနာကို ဉာဏ်နှင့် ဦးတိုက် ဖမ်းယူခြင်းငှါ မတတ်ကောင်း၊ မိဂပဒဝဠဉ္စန နည်းအားဖြင့်သာ ဖမ်းယူရာ၏ ဟု မိန့်ဆိုကြပေကုန်၏။
မိဂပဒဝဠဉ္စန နည်းအားဖြင့်သာ ဖမ်းယူပုံကား - မျက်စိနှင့် တစ်စုံတစ်ခုသော ဝတ္ထုကို ကြည့်ရှု ထင်မြင်၍ နေဆဲအခါ၌ ကိုယ်အင်္ဂါမှာ လည်းကောင်း စိတ်နှလုံးမှာ လည်းကောင်း သုခဝေဒနာ ဒုက္ခဝေဒနာဖြစ်ပေါ်၍ လာသည်ဖြစ်၏၊ သုခ, ဒုက္ခ ဖြစ်ပေါ်ဆဲအခါ မျက်စိရှိ ဝေဒနာ ချုပ်ကွယ်ရာ၏၊ မျက်စိမှာ ဥပေက္ခာဝေဒနာ ဖြစ်ပေါ်ဆဲအခါ ထိုသုခ, ဒုက္ခချုပ်ကွယ်ရာ၏၊ ဤကဲ့သို့ အလှည့်အလည်အားဖြင့် ဖြစ်မြဲဓမ္မတာပေတည်း။
ထိုသို့ ဖြစ်ရာ၌ ကာယ, ဟဒယတို့၌ သုခ, ဒုက္ခဖြစ်ပေါ်မှုကား ထင်ရှား၏၊ အကြိမ်ကြိမ်ဖြစ်ပေါ် သော သုခ, ဒုက္ခတို့၏ အကြားအကြား ခဏတို့၌ မျက်စိမှာ ဥပေက္ခာဝေဒနာ၏ ဖြစ်ပေါ်မှု ချုပ်ကွယ်မှု သဘာဝမှုတို့ကို ဉာဏ်နှင့်ဆ၍ သိရာ၏၊ မျက်စိနှင့် ကြည့်မြင်၍နေဆဲမှာပင် ခြေဖဝါး၌ သုခ ဒုက္ခဝေဒနာ ဖြစ်ပေါ်မှု ထင်ရှားသိသာနိုင်လာခဲ့လျှင် မျက်စိရှိ ဥပေက္ခာဝေဒနာ ချုပ်ကွယ်မှုကို ဉာဏ်နှင့်ဆ၍ သိရာ၏၊ မျက်စိနှင့် ကြည့်မြင်၍ နေဆဲအခါ ထိုထိုကိုယ်အင်္ဂါတို့၌ သုခ ဒုက္ခ ဖြစ်ပေါ်လာရာတို့၌လည်း ထိုနည်းအတူမှတ်။
ထိုထိုအသံကို ကြား၍ နေဆဲအခါ ထိုထိုအနံ့ကို နံ၍ နေဆဲအခါ ထိုထိုအရသာကို ခံစား၍နေဆဲအခါ ထိုထိုကိုယ်အင်္ဂါ၌ သုခဝေဒနာ ဒုက္ခဝေဒနာကြားချပ်၍ ဖြစ်ပေါ် လာရာတို့၌လည်း ထိုနည်းအတူ မှတ်လေ၊
ဤကား မိဂပဒဝဠဉ္စနနည်း အားဖြင့် ဥပေက္ခာဝေဒနာ၌ ဥဒယဗ္ဗယဉာဏ် အလုပ်ဖွင့်ပုံ နည်းလမ်းကို ပြဆိုချက်တည်း၊ ဝေဒနာသုံးပါးတို့၌ ဥဒယဗ္ဗယဉာဏ် ဟူသော အနိစ္စဉာဏ် အလုပ်ဖွင့်ပုံနည်းလမ်း ကို ပြဆိုချက် အမြွက်စကား ပြီး၏။
အစ၌ ထုတ်ပြခဲ့သော တဏှာသင်္ခယသုတ် အလုပ်ဖွင့်နည်း ဤတွင် ပြီး၏။
ဝေဒနာသုံးချက် ရေပွက်ပမာ
“ဝေဒနာ ပုဗ္ဗုဠူပမာ” ဟူသော ဒေသနာတော်မြတ်၌ ရေပွက်ဥပမာကို ရှေးဦးစွာ ပြဆိုပေအံ့။
ရေတို့ဖြင့် ပြည့်သော အင်းအပြင်, အိုင်အပြင် ရေကန်အပြင်တို့၌ လေငြိမ်လျက်သာ ကြီးစွာသော မိုးပေါက်တို့ဖြင့် မိုးကြီး သည်းထန်စွာ ရွာသောအခါ အင်းအပြင် အိုင်အပြင်, ကန်အပြင်တို့မှာ ငွေကြယ်ပွင့်တွေ စီခြယ်၍ ထားဘိသကဲ့သို့ ဖွေးဖွေးဖြူသော ရေပွက်ကြီးငယ်တို့သည် အပြည့်ဖြစ်ပေကုန်၏၊ မိုးစဲသောအခါ၌ တစ်ခုမကျန် ကွယ်ပျောက်ကုန်၏၊ ရေအပြင်သာ ကျန်ရှိကုန်၏၊ မိုးရွာဆဲအခါ၌လည်း ဖြစ်ပျက်မစဲ ရှိကုန်၏။
ထိုရေပွက် ဖြစ်ပုံကား အဟုန်နှင့်တကွ ကျလာသော မိုးပေါက်ကြီးသည် အောက်ခံ ရေထဲသို့ စူးမြုပ်၍ သွားပြီးလျှင် ရေအချင်းချင်းဖြစ်၍ အောက်ရေနှင့်ရောမိကြ၏၊ မိုးပေါက်နှင့် အတူပါသော လေသည်ကား ရေထဲမှာ ကျန်ရှိလေ၏၊ လေမည်သည် အာကာသရှိမှ နေ၏၊ ရေမည်သည် ယိုစီးမှု ရှိ၏၊ အာကာသကို ဖျက်၏၊ ထိုလေသည် နေရာမရှိ၊ မိုးပေါက်ကျရာလမ်းသို့ မီးခိုးလျှောက် တက်လာ၏၊ ဖွဲ့စည်းခြင်း လက္ခဏာ ရှိသော အာပေါသည် ထိုလေကို အုပ်ဆောင်းနှင့် အုပ်သကဲ့သို့ အုပ်၏၊ အုပ်သော်လည်း အောက်ရေ ဖိညှပ်သည့်အတွက် အတင်းတိုးတက်၍ လာ၏၊ ရေအပြင် ပေါ်သို့ ရောက်၍ အောက်ရေဖိညှပ်မှု မရှိသောအခါမှ အာကာသ အတည်ရသဖြင့် ရေလွှာ အုပ်နိုင်လေ၏၊ ရေပွက်ဖြစ်လေ၏၊ အနှစ်အမာမရှိသည့် အတွက်ကြောင့် ခဏချင်း ခဏချင်း ပျက်လေ၏။
စိတ်ပညာ မပြည့်ဝသော သူရူးသူနှမ်းတစ်ယောက်သည် ရှိလေရာ၏၊ ရေပွက်ကို ငွေကြယ်ပွင့် ထင်မှတ်၍ အလွန်သာယာ စွဲလမ်းမှု ရှိ၏၊ ရေပွက်ကို ကြည့်၍မြင်၍ ကိုင်တွယ်ထိပါး၍ နေရမှ နေနိုင်၏၊ ရေပွက်နှင့် ကင်းကွာလျှင် မနေတတ် မထိုင်တတ် စိတ်ငြီးငွေ့ ခြောက်ထပ် ပူပန်ခြင်း ဖြစ်၏၊ မိုးရွာသောအခါ အင်း, အိုင်, ရေကန်သို့ သွား၍ ရေပွက်တို့ကို ကြည့်ရှု၍ ကိုင်တွယ်ထိပါး စုဆောင်း၍နေ၏။
တစ်နေ့လုံး မိုးရွာ၍ တစ်နေ့လုံးမနေမနား စုဆောင်းသော်လည်း တစ်ပဲ တစ်ရွေးမျှ အသားမရ၊ လူသာ လွန်စွာ ပင်ပန်းရလေ၏၊ သူနှမ်းဖြစ်၍ယူကောင်း ရကောင်းသော အနှစ်အသားမရှိဟု မသိ၊ မိုးမရွာသောအခါ ရေရှိရာသို့သွား၍ ရေအချင်းချင်း လောင်း၍ စုဆောင်း မြင်ရရုံ အတန်ငယ်မျှ ကိုင်ရရုံသာ ရှိ၏၊ အသားတင်ကား မရ၊ မြင်ရလျက် အတန်ငယ် ထိရကိုင်ရလျက် ရှိသည့် အတွက်ကြောင့် အလွန်စွဲလမ်းချက် ရှိနေ၏၊ မိမိတို့အိမ်၌ ရေတို့ကို အိုးတို့ဖြင့် များစွာ ထမ်းဆောင်၍ ထားရာ၏၊ နေ့မဆို ညမဆို ထိုထိုစွဲလမ်းမှု လှုံ့ဆော် ပူပန်၍လာလျှင် ရေရှိရာသို့ ချည်းကပ်၍ ရေပွက်ဖြစ်ရန် ပယောဂနှင့်နေရ၏၊ အနှစ်တစ်ရာနေ၍ ထိုစွဲလမ်းမှု တန်းလမ်းနှင့်ပင် သေလွန်လေ၏။
အကယ်၍ ရေပွက်သည် အနှစ်တစ်ရာတိုင် ခိုင်ခံသော အနှစ်သာရမျိုး ဖြစ်ခဲ့ငြားအံ့၊ မိုးကြီးရွာဆဲအခါ၌ တစ်ကြိမ်တစ်ခါ များစွာ စုဆောင်း ယူဆောင်၍ထားလိုက်လျှင် အနှစ်တစ်ရာ ပတ်လုံး ရေနှင့်စပ်သော ဒုက္ခမျိုးတို့မှ ငြိမ်းလေရာ၏၊ အနှစ်သာရမျိုး မဟုတ် ခဏချင်း ခဏချင်း ချုပ်ပျက်မျိုးဖြစ်သည့်အတွက် ထိုရေပွက်ကို တွယ်တာ စွဲလမ်းမိသော သူနှမ်းသည် ရေကို ဘယ်အခါမှာမှ မလွှတ်သာပြီ၊ ရေနှင့်စပ်သော ဒုက္ခမျိုး ရေပွက်ပေါ်အောင်စေ့ဆော်ရသော ပယောဂ ဒုက္ခမျိုးတို့သည် အသက်ရှည် သမျှ ကာလပတ်လုံး ထိုသူနှမ်းကို နေ့စဉ် နှိပ်စက် ညှဉ်းပန်းကုန်၏၊ ထိုသူနှမ်းအား အကြင်အခါ၌ အနှမ်းပျောက် ပြေသဖြင့် ရေပွက်၌ တွယ်တာစွဲလမ်းမှုသည် ပျောက်ကင်းလေရာ၏၊ ထိုအခါမှစ၍ ထိုဒုက္ခမျိုးစုသည် အကုန်ကျွတ်လွတ်လေရာ၏။
ဤကား ရေပွက်ဥပမာတည်း။
ပုထုဇဉ်တို့၏ သူနှမ်းနှင့်တူပုံ
လူ နတ် ဗြဟ္မာ ပုထုဇ္ဇန်သတ္တဝါစုသည် ထိုသူနှမ်းနှင့်တူ၏၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ ချမ်းသာဟုဆိုအပ်သော ပီတိသောမနဿ သုခဝေဒနာစုသည် အနှစ်သာရ မရှိသော ထိုရေပွက် တွေနှင့် တူ၏၊ စက္ခုဒွါရခေါ်သောမျက်လုံး, သောတဒွါရ ခေါ်သော နား, ဃာနဒွါရ ခေါ်သော နှာခေါင်း, ဇိဝှါဒွါရခေါ်သောလျှာ, ကာယဒွါရ ခေါ်သော အတွင်းအပ တစ်ကိုယ်လုံး, မနာဒွါရခေါ်သော စိတ်နှလုံး, ဤဒွါရ ခြောက်ပါးစုသည် အင်းအပြင် အိုင်အပြင် ရေကန်အပြင် ရေအင် ရေအိုးအခံ ရေစုနှင့်တူ၏၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဟူသော အာရုံခြောက်ပါးစုသည် အိုင်အပြင်စသည်တို့၌ ကျရောက်သော ရေပေါက်တို့နှင့် တူ၏။
- မျက်စိဥပစာ၌ရှိကြကုန်သော အဆင်းသဏ္ဌာန် ဟူသမျှတို့သည် မျက်စိအပြင်၌ တိုက်ဆိုက် ကျရောက်ကုန်၏။
- နားဥပစာ၌ဖြစ်လာကုန်သော အသံဟူသမျှတို့သည် နားအပြင်၌ တိုက်ဆိုက် ကျရောက်ကုန်၏။
- နှာခေါင်းဥပစာ၌ရှိကြကုန်သော အနံဟူသမျှတို့သည် နှာခေါင်းအပြင်၌ တိုက်ဆိုက် ကျရောက် ကုန်၏။
- လျှာပေါ်၌ ရောက်လာကုန်သော အရသာဟူသမျှတို့သည် လျှာအပြင်၌ တိုက်ဆိုက် ကျရောက် ကုန်၏။
- ကိုယ်နှင့်ထိပါးကြသော ဖောဋ္ဌဗ္ဗာရုံဟူသမျှတို့သည် အတွင်း အပကိုယ်အင်္ဂါအပြင်၌ တိုက်ဆိုက် ကျရောက်ကုန်၏။
- မိုက်ဂုဏ် လိမ္မာဂုဏ်အစရှိသော ဓမ္မာရုံဟူသမျှတို့သည် နှလုံးအပြင်၌ တိုက်ဆိုက် ကျရောက် ကုန်၏။
ရေပွက်တို့မည်သည် မိုးသီးမိုးပေါက် ထိမှန်၍ နေဆဲအခါ၌သာ အိုင်ပြင်၌ တဖွားဖွား ဖြစ်ပေါ်၍ နေကုန်၏၊ မိုးပေါက်ပြတ်စဲ သွားခဲ့လျှင် ရေပွက်တို့သည် တစ်ခု မကျန် ချုပ်ပျက်ကွယ်ပျောက် ကုန်၏၊ ထို့အတူ ထိုထိုအာရုံတို့သည် ထိုထိုဒွါရအပြင်၌ တိုက်ခိုက် ထိမှန်၍ နေဆဲအခါ၌သာလျှင် ထိုထိုဒွါရအပြင်မှာ ခံစားမှု၊ ခံစားမှုဟူသော ဝေဒနာတို့သည် တဖွားဖွားဖြစ်ပေါ်၍နေကုန်၏၊ ထိုထိုအာရုံနှင့် ကင်းကွာပြန်လျှင် ထိုဝေဒနာတို့သည် တစ်ခုမကျန် ချုပ်ပျက်ကွယ်ပျောက်ကုန်၏။
သူနှမ်းသည် ရေပွက်အကုန် ကွယ်ပျောက်ပြန်လျှင် မနေတတ် မထိုင်တတ် ခြောက်ထပ် ငြီးငွေ့ ခြင်းသို့ ရောက်ပြန်သဖြင့် ရေရှိရာသို့ ကိုယ်တကြွကြွ ခေါင်းတမော့မော့ စိတ်တမော့မော့ ကြည့်မျှော် တသ ပူပန်ရသကဲ့သို့ ပုထုဇဉ်သတ္တဝါတို့သည် စိတ်ပျော်စရာအာရုံ ကင်းဆိတ်သဖြင့် ၆-ဒွါရမှာ သုခဝေဒနာ အကုန်ကင်းကွာပြန်လျှင် မနေတတ် မထိုင်တတ် ခြောက်ထပ်ငြီးငွေ့ခြင်းသို့ ရောက်ကြသဖြင့် မိမိတို့ စိတ်ပျော်ရာ အာရုံရှိရာသို့ ကိုယ်တကြွကြွ ခေါင်းတမော့မော့ စိတ်တမော့မော့ ကြည့်မျှော် တ, သ, ပူပန်ကြရကုန်၏၊ ပူပန်မှု လှုံ့ဆော်ဖန် များလတ်သော် သူနှမ်း သည် နေ့မဆို ညဉ့်မဆို ရေရှိရာသို့ သွားရောက် ချဉ်းကပ်၍ ရေပွက်ဖြစ်ပေါ်ရန် ပယောဂနှင့် နေရသကဲ့သို့ သတ္တဝါတို့သည် ပူပန်မှု လှုံ့ဆော်ဖန်များလတ်သော် အာရုံနှင့်ပေါင်းဆုံမှု ထိုထိုဒွါရမှာ ဝေဒနာဖြစ်ပေါ်ရန် ပယောဂနှင့်နေကြကုန်၏။
ရေပွက်၌ သာယာ တွယ်တာသော သူနှမ်းသည် ရေပွက်ကြီးကြီး မားမား များသည် ထက် များသည်ကိုသာ အလိုရှိ၏၊ မိုးမည်သည် မိုးအခါတွင် ရံဖန်ရံခါ၌သာ ရွာ၏၊ သူနှမ်းသည် ပူပန်မှု လှုံ့ဆော်ရာ ဘယ်အခါမဆို ရေပွက်ကိုရနိုင်ရန် ရေကန် ရေတွင်း, အိုင်, အင်း, အိုး, အင် ရေအများတို့ကို အမြဲထူထောင် ဝန်းရံ၍ထားသကဲ့သို့ သတ္တဝါတို့သည် လိုသောအခါ ဝေဒနာ ကိုရနိုင်ကြရန် လူမိန်းမ, လူမိဖုရား, နတ်မိန်းမ, နတ်မိဖုရား ဝတ်စားတန်ဆာ ရတနာရွှေငွေ အစရှိသော အာရုံဝတ္ထုတို့ကို စုဆောင်း ထူထောင် သိမ်းပိုက်မွေးမြူ၍ ထားကြရကုန်၏၊ ဝေဒနာကို သာယာတွယ်တာကြ ကုန်သော သတ္တဝါတို့မည်သည် သုခဝေဒနာ အလုံးအခဲ ကြီးသည်ထက် ကြီးမှု, များသည်ထက်များမှုကို အလိုရှိမြဲဖြစ်ကုန်၏။
“လူ, နတ်, ဗြဟ္မာ ချမ်းသာ စည်းစိမ်” - ဟူသော စကား၌ ၆-ဒွါရမှာ ဖြစ်ပွား သောဝေဒနာသည် လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာမည်၏၊ လူမိန်းမ, လူမိဖုရား, နတ်မိန်းမ, နတ်မိဖုရား, ဝတ်စားတန်ဆာ, ရွှေငွေရတနာ, အိမ်ရာ, ဝင်းခြံ ဘုံဗိမာန်အစရှိသော မိမိတို့ ဆိုင်ပိုင်ရာ သက်ရှိသက်မဲ့အလုံးစုံသည် စည်းစိမ်မည်၏၊ ရေသတ္တဝါ, ကုန်းသတ္တဝါ, ကောင်းကင်သတ္တဝါ အများတို့၌ တရားသဖြင့် အသက် မွေးမှု မတရားသဖြင့်အသက်မွေးမှု၊ စည်းစိမ်ဥစ္စာ ရှာကြံ စုဆောင်း စောင့်ရှောက် ထိန်းသိမ်းမှုသည် သင်္ခါရဒုက္ခမှု မည်၏။
ဝေဒနာ ချမ်းသာကိုငါထင်၍ သာယာမှောက်မှားမှု ရှိကြသည့်အတွက် စည်းစိမ်ဥစ္စာ တို့ကို ငါ၏ ဥစ္စာထင်၍ သာယာမှောက်မှားမှု ရှိကြကုန်၏၊ စည်းစိမ်ဥစ္စာတို့ကို ငါ၏ဥစ္စာထင်၍ သာယာ မှောက်မှားမှု ရှိနေကြသည့်အတွက် ဆင်းရဲသားအလုပ်, သူကြွယ်အလုပ်, သူဌေးအလုပ်, မင်းစိုးရာဇာတို့အလုပ်ဟု ဆိုအပ်သော သင်္ခါရဒုက္ခမှု တို့ကိုလည်း ကိုယ့်အလုပ်, ကိုယ့်အကိုင်, ကိုယ့်အရေး, ကိုယ့်အရာ, ကိုယ့်အကျိုး, ကိုယ့်စီးပွားထင်၍ သာယာမှောက်မှားမှု ရှိနေကြကုန်၏။
လောက၌ခပ်သိမ်းသော ဒုစရိုက်မှု, ခပ်သိမ်းသော အပါယဒုက္ခမှု, ခပ်သိမ်းသော ဝဋ္ဋဒုက္ခမှုတို့သည် ထိုမှောက်မှားခြင်း ၃-ချက်တို့မှ ဖြစ်ပွားကြကုန်၏၊ သူနှမ်းသည် အနှစ်သာရ မရှိသော ရေပွက်၌ သာယာတွယ်တာခြင်းလျှင် အရင်းရှိသော ရေနှင့် စပ်ဆိုင်သော ဒုက္ခတွေ တန်းလန်းနှင့် သေဆုံးရလေသကဲ့သို့ ဤသတ္တဝါအပေါင်း တို့သည်လည်း အနှစ်သာရမရှိသော ဝေဒနာချမ်းသာကို သာယာတွယ်တာခြင်း ရှိနေကြသည့်အတွက် အနမတဂ္ဂသံသရာ၌ မှောက်မှားခြင်းသုံးပါး တန်းလန်းနှင့်ပင် ဘဝတိုင်းဘဝတိုင်း သေဆုံးခဲ့ကြရကုန်၏။
ဤကား ရေပွက်ကဲ့သို့ အနှစ်သာရမရှိသော အနိစ္စဓမ္မ အနတ္တဓမ္မကို သာယာ တွယ်တာ ကြကုန်သော သတ္တဝါတို့၏ ဓမ္မတာထုံးတမ်း သွားမြဲလမ်းပေတည်း။
ဝေဒနာသုံးပါး သင်တုံးသွားနှင့် တရားဆင်ပုံ
အလွန်တွေ့ကြုံခဲလှစွာသော ဗုဒ္ဓုပ္ပါဒဒုလ္လဘကို ရံဖန်ရံခါ တွေ့ကြုံကြကုန်သော်လည်း ဝေဒနာကို သာယာခြင်းလျှင် အရင်းရှိသော မှောက်မှားခြင်း ၃-ချက် သင်တုံးစက်ကြီး မိ၍နေကြသည့်အတွက် မြတ်စွာဘုရား၏ သားတော်အစစ် သမီးတော်အစစ် ဖြစ်ကြရန် အရေးကို ကျောပေး၍ ပေး၍ချည်း လာခဲ့ကြကုန်၏၊ ဤကား ရေပွက်ကဲ့သို့ အနှစ်သာရမရှိသော အနိစ္စဓမ္မ အနတ္တဓမ္မကို သာယာ တွယ်တာကြကုန်သော သတ္တဝါတို့၏ ဓမ္မတာထုံးတမ်း သွားမြဲလမ်းပေတည်း။
အကြင်ပညာရှိတို့သည် ဤကဲ့သို့သော ဝေဒနာ၏ အာဒီနဝဒုက္ခစက်ကြီးကို မျှော်မြင် မိကြကုန်၏၊ ထိုပညာရှိတို့သည် အဝတ်ကောင်း ဝတ်ခြင်း, အစားကောင်းစားခြင်း, ကျောင်းကောင်း, အိမ်ကောင်း, တိုက်ကောင်း, တာကောင်း အိပ်ရာကောင်း, နေရာ ကောင်း၌ မွေ့လျှော်ခြင်း လူအလယ် ရှင်အလယ်၌ တင့်တယ်သော ကျက်သရေကို ခံစားခြင်း အစရှိသော ဝေဒနာ အစီးအပွားတို့ကို တတ်အားသမျှ ခြိုးခြံ၍ ယခုတွေ့ရှိကြသော ဘုရားသာသနာ၌ ဘုရားသားတော် အစစ် သမီးတော်အစစ် ဖြစ်ကြနိုင်ရန်အရေးကိုသာ အလေးဂရု ကိုယ့်စီးပွားပြုကြလေကုန်၏။
ထိုပညာရှိသူ ရှင်လူအများ ယောက်ျား မိန်းမ အပေါင်းတို့သည်သာလျှင် ပြဆိုခဲ့ပြီး သော သတ္တဝါတို့၏ ဓမ္မတာထုံးတမ်း သွားမြဲလမ်းမှ ဆန်တက်ကြ၍ တွေ့ရှိသော သာသနာ၌ ဘုရားသားတော်အစစ် သမီးတော်အစစ် ဖြစ်နိုင်ကြကုန်သဖြင့် အပါယ ဒုက္ခ သံသရာဒုက္ခမှ ကျွတ်လွတ်ကြလေကုန်၏။
ဤကား ဝေဒနာက္ခန္ဓာ၏ ရေပွက်နှင့်တူပုံကို အပြစ်ဒေါသ အာဒီနဝနှင့်တကွ အကြမ်း အားဖြင့် ပြဆိုချက်တည်း။
အနုစိတ်အားဖြင့် ပြဆိုမှုကိုကား “အနတ္တဒီပနီ” စာအုပ်မှာ ဝေဒနာ၏ အာဒီနဝခန်း, အနိစ္စခန်း, ဒုက္ခခန်းတို့၌ ပြဆိုပါရှိလေပြီ၊ ဝေဒနာက္ခန္ဓာသည် အနှစ်မရှိသည့်အတွက် ရေပွက်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် သိအပ်သော ဝေဒနာက္ခန္ဓာ၏အနိစ္စ ဝေဒနာက္ခန္ဓာ၏ဒုက္ခ, ဝေဒနာက္ခန္ဓာ၏ အနတ္တများကိုလည်း “အနတ္တဒီပနီ” စာအုပ်မှာပြည့်စုံစွာ ပြဆိုလျက်ပါရှိလေပြီ။
“ဝေဒနာ ပုဗ္ဗုဠူပမာ” ဟူသော ဒေသနာတော်အရ ဖော်ပြချက်ကား ဤတွင်ပြီး၏။
သညာက္ခန္ဓာကို ပြဆိုခြင်း
သညာ၏ဓမ္မတာ လက္ခဏာ
“မရီစိကူပမာ သညာ” ဟူသော ဒေသနာတော်၌ သညာဆိုသည်ကား - အမှတ်ပြု၍ သိမှုတည်း- မှတ်မိသားမိမှုတည်း၊ မိမိတို့၏ ဖြစ်ရာဘုံဓလေ့၊ အမျိုးဓလေ့၊ အရပ်ဓလေ့၊ မိရိုးဖလာဓလေ့ အလုံးစုံတို့၌ အကုန်ကျွမ်းကျင်မှုတည်း၊ တတ်သိလိမ္မာ မှုတည်း။
ဤကား သညာဓာတ်လက္ခဏာတည်း။
- ဓာတ်နိုင်ငံကြီး တစ်ပါး
- ပညတ်နိုင်ငံကြီး တစ်ပါး ဟူ၍ နိုင်ငံကြီး နှစ်ပါးရှိကြ၏။
ဓာတ်နိုင်ငံကြီးဆိုသည်ကား - နူးညံ့ခက်မာသော အမူအရာ ကြိယာမှုသည် ပထဝီဓာတ် မည်၏၊ ဖွဲ့တွယ်စေးကပ်, ပျောင်းအိ ယိုစီးမှုသည် အာပေါဓာတ်မည်၏၊ အေးချမ်းမှု, ပူလောင်မှုသည် တေဇောဓာတ်မည်၏၊ ထောက်ကန်မှု, လှုပ်ရှားမှုသည် ဝါယောဓာတ် မည်၏၊ မျက်လုံး၌တည်သော အကြည်အလင်မှုသည် စက္ခုဓာတ်မည်၏၊ နား၌ တည်သော အကြည်အလင်မှုသည် သောတဓာတ် မည်၏၊ နှာခေါင်း၌ တည်သော အကြည်အလင်မှုသည် ဃာနဓာတ်မည်၏၊ လျှာ၌တည်သော အကြည်အလင်မှုသည် ဇိဝှါဓာတ်မည်၏၊ အတွင်းအပတစ်ကိုယ်လုံး၌တည်သော အကြည်အလင်မှု သည် ကာယဓာတ်မည်၏။
အဆင်းသည်ရူပဓာတ်မည်၏ - အသံသည် သဒ္ဒဓာတ်မည်၏ အနံ့သည် ဂန္ဓဓာတ် မည်၏၊ အရသာသည် ရသဓာတ်မည်၏၊ အတွေ့အထိသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏၊ ဤသို့အစရှိသော ရုပ်ဓာတ် အသိုက်အအုံစုသည် လည်းကောင်း။
ကြံမှုသိမှုသည် စိတ်ဓာတ်မည်၏၊ အာရုံ၌ ခိုက်တိုက်မှုသည် ဖဿဓာတ်မည်၏၊ ခံစားမှုသည် ဝေဒနာဓာတ်မည်၏၊ မှတ်မှု, သားမှုသည် သညာဓာတ်မည်၏၊ စေ့ဆော်မှုသည် စေတနာဓာတ် မည်၏၊ ကြံဖန်မှုသည် ဝိတက်ဓာတ်မည်၏၊ အာရုံ၌ တရစ်ဝဲဝဲနေမှုသည် ဝိစာရဓာတ် မည်၏၊ ဤသို့အစရှိသော နာမ်ဓာတ်အသိုက် အအုံစု သည် လည်းကောင်း ဓာတ်နိုင်ငံကြီးမည်၏။
ပညတ်သဘာဝ သဏ္ဌာန, သန္တတိ
သဏ္ဌာနပညတ် သန္တတိပညတ်နှစ်ပါးသည် ပညတ်နိုင်ငံကြီး မည်၏။
သဏ္ဌာနပညတ်ဆိုသည်ကား - ဓာတ်တို့၏ ပေါင်းဖွဲ့တည်ထောင်မှုကို အစွဲပြု၍ ဤကား အဏုမြူ တစ်ခုတည်း၊ ဤကား ပရမာဏုမြူ တစ်ခုတည်း အစရှိသည်ဖြင့် အကြီးအငယ် အရှည်အတို ဒြဗ်သဏ္ဌာန် ထင်မြင်ပြောဆိုကြသမျှ အလုံးစုံသည် သဏ္ဌာနပညတ်မည်၏။ အမူအရာကြိယာမှု သက်သက်မျှသာဖြစ်ကြသော ဓာတ်နိုင်ငံ ကြီး၌ကား ထိုကဲ့သို့ပရမာဏုမြူမျှ အကြီးအငယ် အရှည်အတို ဒြဗ်သဏ္ဌာန် ရကောင်း သောတရားဟူ၍ တစ်စုံတစ်ခုမျှမရှိ။
သန္တတိပညတ် ဆိုသည်ကား- ဓာတ်တို့၏ရှေ့ဖြစ်နောက်ဖြစ် အစဉ်အဆက်များစွာကို တစ်ခုတည်း ပြု၍ ဤဝတ္ထုသည် ခဏများစွာ တည်ရှိ၏၊ ဤဝတ္ထုသည် ရှေ့ခဏမှ နောက်ခဏသို့ ရောက်လာ၏၊
ဤဝတ္ထုသည် ငြိမ်ရာမှ လှုပ်၏၊ လှုပ်ရာမှ ငြိမ်၏၊ ဤမီးတောက်သည် လှုပ်၏, ထ၏ ကြွ၏, ဆုတ်၏, ကျ၏၊ ဤရေသည် လှုပ်၏, ရှား၏, စီးသွား၏၊ ဤလေသည် ထိုနေရာမှ ဤနေရာသို့ ရောက်လာ၏၊ ဤသို့အစရှိသည်ဖြင့် ထင်မြင်ပြောဆိုကြသမျှ အလုံးစုံသည် သန္တတိပညတ် မည်၏။
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် ကာလအတွင်းမှာပင် ဓာတ်အမူအရာ ကြိယာပေါင်း အကြိမ်တစ်ထောင် တစ်သောင်းမက ချုပ်ပျက်သဖြင့် အလွန်အသက်တို လှသော ဓာတ်နိုင်ငံကြီး ၌ကား လောကမျက်မြင်မှတ်ထင်ပြောဆိုကြသော တည်ရှိမှု ထကြွမှု လှုပ်ရှားမှု ရွေ့ရှားမှုဟူ၍ တစ်စုံတစ်ခုမျှ မရှိ၊ ဉာဏ်ဖြင့် ဓာတ်နိုင်ငံကြီးကို အလင်းဖွင့်ခဲ့လျှင် ပညတ်နိုင်ငံနှင့်စပ်သော ဝေါဟာရစုအကုန် ကွယ်ပျောက်၏၊ မရှိ - မဟုတ် ဖြစ်၍ကုန်၏၊ ဤသို့ မရှိ-မဟုတ် ဖြစ်၍ ကုန်သည်ကို တုစ္ဆ သုညဆိုသတည်း။
ပညတ်နိုင်ငံကြီးကို ဖွင့်ခဲ့လျှင် ဓာတ်နိုင်ငံနှင့်စပ်သော အမှု ဟုတ်၊ အမှုမှန်စု အကုန်ဖုံးကွယ်၏၊ မိစ္ဆာဒိဋ္ဌိနှင့်မရှိ မဟုတ်ဟု ငြင်းပယ်ဖွယ်တွေသာ များ၏၊ အမှတ်သညာရှိကြသည့်အလျောက် ပထဝီ၊ အာပေါ၊ စိတ်၊ ဝေဒနာ ခက်မာမှု, ဖွဲ့စည်းမှု, ကြံဖန်မှု, ခံစားမှု စသည်ဖြင့် ပရမတ်စကား ဓာတ်စကား ပြောဆိုကြရာ အစ၌ပရမတ်ကို ဦးတည်၍ စမိသောအခါ၌ မိမိတို့စိတ် ကျင်လည် နေကြဖြစ်သော ပညတ်နိုင်ငံကြီးသို့ ပေါလောပေါလော ဉာဏ်မျော၍ပါကြလေကုန်၏၊ ဦးတည်ရာ နိုင်ငံ၌ စူးစိုက်တန့်စား ရပ်နား တည်ထောင်၍ မနေနိုင်ကြကုန်။
ဓာတ်နိုင်ငံကြီး၌ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့်မျှ အသက်ရှည်၍ တည်နေနိုင်သော နိစ္စတရားဟူ၍ သုခတရားဟူ၍ အတ္တတရားဟူ၍ တစ်စုံတစ်ခုမျှမရှိ၊ ပညတ်နိုင်ငံကြီး၌သာ နိစ္စ၊ သုခ၊ အတ္တ ပါရှိ၍နေ၏။
ဤကား နိုင်ငံကြီးနှစ်ပါးခြားနားချက်တည်း။
ပကတိသော လူတို့၏အသိအမှတ် အတတ်အလိမ္မာ ခေါ်ကြသော သညာတရား၏ အနမတဂ္ဂ သံသရာကာလ၌ ထာဝရကျင်လည်ရာ ဌာနမူကား ပညတ်နိုင်ငံကြီး ပေတည်း။
တံလျှပ်နှင့် သမင် ဥပမာ
ယခုအခါ တံလျှပ်ဥပမာကို ပြဆိုပေအံ့၊ တံလျှပ်ဆိုသည်ကား အတွင်း၌ ရေဓာတ် အားကြီးစွာ ရှိနေသော အင်းအပြင် အိုင်အပြင် သဲသောင်အပြင်တို့မှာ ကောင်းကင်၌ မိုးရေမိုးပေါက်ဖြစ်ခြင်းငှါ သိမ်မွေ့စွာသော ရေအခိုးတို့သည် နေပြင်းထန်စွာ ပူသော အခါ၌ ထကြကုန်၏၊ အထက်မှ ကျရောက်သော နေရောင်နှင့်ပေါင်းဆုံရောနှော မိကြရာ အဝေးမှ ကြည့်မျှော်ကြကုန်သော သူတို့အား ရေအပြင် လှိုင်းအပြင် ဂယက်အပြင်ကဲ့သို့ ဖွေးဖွေးဖြူ ထင်မြင်ကြကုန်၏၊ ထိုနေရာသို့ ရောက်ကြလျှင် မမြင်ကြကုန်ပြီ။
တောကြီး, မြိုင်ကြီး အနီးအပါး၌ အင်းပြင်ကြီးတို့သည် ရှိကြကုန်၏ နွေလအခါ၌ ရေကုန်ခန်း၏။ တောကြီး, မြိုင်ကြီးအတွင်း ရှိကြသော ထုံးအိုင်ကြီးငယ်တို့၌ ရေကုန်ခန်းသဖြင့် အထောင် အသောင်း သားသမင်အပေါင်းတို့သည် ရေငတ်ခြင်း ပြင်းထန်စွာ နှိပ်စက်သည်နှင့် ထို အင်းပြင်ကြီး ရှိရာသို့ ရေရှာပြေးလာကြကုန်၏၊ ပူလှတုန်း ထည်းထည်း မွန်းတိမ်းကြီးအခါ၌ အင်းကမ်းပါးသို့ ဆိုက်ကြကုန်၍ အင်းအပြင်ကို ကြည့်မျှော်ကြကုန်သည်ရှိသော် အလယ်၌ ထ၍နေသော တံလျှပ်တို့ကို မြင်ကြကုန်၍ လှိုင်းဂယက် တဖွေးဖွေးနေသော ရေအပြင်ကြီးဟု မှတ်ထင်ကြကုန် သဖြင့် ကိုယ်၌ အပူအအိုက်, ဝမ်း၌ အမွတ်အသိပ်တို့ကို ပျောက်ငြိမ်းကြစေရန် အလျင်အမြန် ပြေးကြကုန်ရာ အလယ်သို့ ရောက်ကြလျှင် ကွယ်ပျောက်၍ကုန်လေ၏။
တစ်ဖန် ကြည့်မျှော်ကြကုန်ပြန်သော် တစ်ခုသော ကမ်းအနီးမှာ မြင်ကြကုန်ပြန်၏၊ ပြေးကြ ကုန်ပြန်၏၊ ထိုနေရာသို့ ရောက်ကြလျှင် ကွယ်ပျောက်ပြန်လေ၏၊ တစ်ဖန်ကြည့်မျှော်ကြပြန်ရာ တစ်ပါးသောနေရာမှာ မြင်ကြပြန်ကုန်၏၊ ပြေးကြကုန် ပြန်၏၊ ထိုနေရာသို့ ရောက်ကြလျှင် ကွယ်ပျောက်ပြန်လေ၏၊ ပြေးဖန်များလေလေ ပူဆာငတ်မွတ် ပင်ပန်းခြင်း ပြင်းထန်လေလေ ဖြစ်ကုန်ကြ၍ အပူကြီး အငတ်ကြီး တင်းလင်းနှင့်ပင် အင်းပြင်မှာ မတ်တတ်လဲ၍ သေဆုံးကြ လေကုန်၏၊
ဤကား တံလျှပ်ဥပမာတည်း။
လူ နတ် ဗြဟ္မာ ဘုံသုံးရွာနှင့် နှိုင်းယှဉ်ပုံ
ဤ ဥပမာ၌ ဘုံသုံးပါးသည် အင်းပြင်ကြီးနှင့် တူ၏၊ ဤသတ္တဝါတို့သည် ရေငတ်သော တောသမင် တွေနှင့် တူ၏၊ တဏှာသည် အပြင်းအထန် ပူပန်သော ငတ်မွတ်မှုနှင့် တူ၏၊ ဓာတ်နိုင်ငံကြီးသည် ချိုး၍ သောက်၍ အပူအငတ် ပြေပျောက်ရန် အနှစ်သာရ မရှိသော ပကတိ တံလျှပ်အစုနှင့် တူ၏၊ ပညတ်နိုင်ငံကြီးသည် အခိုက်အတန့်အားဖြင့် ချိုး၍ သောက်၍ အပူအငတ် ပြေပျောက်ရန် အနှစ်သာရရှိသည်ဟု ထင်မြင်ကြသော လှိုင်းကြီး, လှိုင်းငယ်, ဂယက်ကြီး, ဂယက်ငယ်တို့ဖြင့် ခြယ်လှယ်သော ရေအပြင်ကြီး တွေနှင့် တူ၏။
မိမိ မိမိတို့၏ ကိုယ်ခန္ဓာမှစ၍ တစ်သက်လုံး တွေ့ရှိမှတ်သိ သမျှတို့ကို စိတ်နှင့် လည်းကောင်း၊ မျက်စိနှင့်လည်းကောင်း၊ ကြည့် မျှော်ကြသည်ရှိသော် တောတစ်ခွင်, တောင်တစ်ခွင်, မြေပြင်, လယ်ပြင်, ယာပြင် သစ်ပင်, တောချုံ, မြို့ရွာ, နိဂုံး, ကျောင်း, အိမ်, ဈေးလမ်း အိမ်တန်း, ဝင်းခြံ အစရှိသည်တို့ကိုလည်းကောင်း၊ ကုန်းသတ္တဝါ, ရေသတ္တဝါ မည်ဝါမည်သူ လူရှင်အများ ယောက်ျား မိန်းမ အစရှိသည်တို့ကို လည်းကောင်း၊ ထင်မြင်ကြကုန်လတ္တံ့၊ မိမိတို့ ကိုယ်ခန္ဓာမှာလည်း ဦးခေါင်း, ခြေလက်, မျက်စိ, နား, နှာ အစရှိသည်တို့ကိုလည်းကောင်း ဆံပင်, မွှေးညင်း, ခြေသည်း, လက်သည်း အရေ, အသား အစရှိသည်ကိုလည်းကောင်း ထင်မြင်ကြကုန်လတ္တံ့၊ ဤအလုံးစုံကို ပညတ်နိုင်ငံကြီး ဆိုသတည်း။
ထိုသမင်တို့သည် တံလျှပ်တွေကို ရေထင်လျက် အင်းအပြင်၌ တရုန်းရုန်း တအုန်းအုန်း လိုက်ကြကုန်သကဲ့သို့ ထိုအတူ ဤသတ္တဝါတို့သည်လည်း စားမှု, ဝတ်မှု, ဝတ္ထုအာရုံ ကာမဂုဏ် ဟူသောအကြောင်းကြောင့် လုပ်မှု ကိုင်မှု, သွားမှု, လာမှု, ရှာကြံမှုတို့ဖြင့် ကာယကံ တရုန်းရုန်း ဝစီကံတရုန်းရုန်း, မနောကံတရုန်းရုန်းနှင့် နေကြကုန်၏၊ ထိုသမင်တို့သည် အပူ အငတ် တင်းလင်း ၌ပင် အင်းအပြင်မှာ မတ်တတ် လဲ၍ သေဆုံးကြကုန်သကဲ့သို့ ထိုအတူ ဤသတ္တဝါအပေါင်း တို့သည်လည်း အနမတဂ္ဂ သံသရာဖြစ်လေရာဘဝတို့၌ ပစ္စုပ္ပန်စီးပွါး သံသရာစီးပွါး လိုက်စားမှု တင်းလင်း ရလို, ယူလို, ขံစားလို, စံစားလိုသော တဏှာ အငတ် တင်းလင်းနှင့်ပင် မတ်တတ်လဲ၍ သေဆုံးကြကုန်၏။
နာမ် ရုပ်ဟူသရွေ့ ဘုံဓလေ့ကိုငြီးငွေ့ရန်
ထိုသမင်တို့သည် ဉာဏ်နှင့်ကြည့်မျှော် တတ်ကြပါကုန်မူကား တံလျှပ်ပကတိကို သိကြကုန်သဖြင့် ငါတို့၏ ပူမှု အိုက်မှု ငတ်မှု မွတ်မှု ပင်ပန်းမှုတို့ကို ပျောက်ငြိမ်း စေနိုင်သော ဝတ္ထုမျိုးမဟုတ်၊ စင်စစ်မူကား ပူမှု, အိုက်မှု, ငတ်မှု, မွတ်မှု, ပင်ပန်းမှုတို့ကို အဆင့်ဆင့် ပွားစီးစေလျက် အသေသတ်မည့် ဝတ္ထုမျိုးသာ ဖြစ်ချေ သည်ဟု သိကြကုန်၍ ထိုတံလျှပ်ကို ရှောင်ကွင်းလျက် မြစ်တစ်ပါး ချောင်းတစ်ပါးသို့ သွားရောက် ချိုးသောက်ကြကုန်ရာ၏။
ထို့အတူ ဤလောက၌ ပညာရှိတို့သည် ဉာဏ်ပညာနှင့် ရှုမျှော်တတ်ကြ ပါကုန်မူကား ဓာတ်နိုင်ငံကြီး ပကတိကို သိမြင်ကြကုန်သဖြင့် ဤအနှစ်မရှိ အနိစ္စမျိုးဖြစ်သော ဓာတ်သဘာဝဓမ္မ အသိုက်အအုံစုသည် သင်္ခါရဒုက္ခဟူသော ပူမှု, အိုက်မှု တဏှာသုံးပါး တည်းဟူသော ငတ်မှု, မွတ်မှု, သောက ပရိဒေဝစသော ပင်ပန်းမှုတို့ကို ပျောက်ငြိမ်း စေနိုင်သော ဝတ္ထုမျိုးမဟုတ် စင်စစ်အားဖြင့်မူကား ထို ပူမှု, အိုက်မှု, ငတ်မှု, မွတ်မှု, ပင်ပန်းမှုတို့ကို အဆုံးမရှိ ဘဝအဆက်ဆက် ကမ္ဘာ အဆက်ဆက် ဆင့်ဆင့် ပွါးစီး စေလျက် သေ၍မဆုံးနိုင်သောစခန်း အပါယဒုက္ခစခန်းသို့ သွေးဆောင်ဆွဲငင်၍ တွင်တွင်သတ်မည့် ဝတ္ထုမျိုးသာ ဖြစ်ချေသည်ဟု သိကြကုန်၍ အနိစ္စဉာဏ် ဒုက္ခဉာဏ် အနတ္တဉာဏ်တို့ဖြင့် ထိုဓမ္မတို့၌ တွယ်တာသော တဏှာဒိဋ္ဌိတို့ကို ဖြတ်တောက် ရှောင်ကွင်းလျက် မြတ်စွာဘုရား သာသနာတည်းဟူသော အေးမြကြည်လင်သော ရေယဉ် မြစ်ချောင်းသို့ သွားရောက် ချိုးသောက်ကြကုန်ရာ သတည်း။
သညာက္ခန္ဓာ၏ အနှစ်မရှိသည့်အတွက် တံလျှပ်နှင့်တူပုံကို အကျဉ်းအားဖြင့် ပြဆို ချက်ပြီး၏။
သညာက္ခန္ဓာသည် အနှစ်သာရ မရှိသည့်အတွက် တံလျှပ်နှင့်တူသည်ဟူ၍ ဟောတော်မူသဖြင့် သညာက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝ သညာက္ခန္ဓာ၏ အနိစ္စ, ဒုက္ခ, အနတ္တကို ပြတော်မူသည်ဟူသော အချက်၌ အာဒီနဝကို ပြဆိုမှုမှာ တောသမင်ဥပမာနှင့်ပင် ထင်ရှားလေပြီ။ အနိစ္စ, ဒုက္ခ, အနတ္တ အစီအရင်မှာ “အာဟာရဒီပနီ” နောက်ပိုင်းမှာ ပါရှိလေပြီ။
“မရီစိကူပမာ သညာ” ဟူသော ဒေသနာတော် အရကို ဖေါ်ပြခန်း ပြီး၏။
သင်္ခါရက္ခန္ဓာကို ပြဆိုခြင်း
သင်္ခါရ သဘာဝ အမျိုးမျိုး
“သင်္ခါရာ ကဒလူပမာ” ဟူသော ဒေသနာတော်မြတ်၌ သင်္ခါရ ဆိုသည်ကား အကျဉ်း အားဖြင့် -
(၁) ဣရိယာပုထ်လေးဖြာ ကိုယ်အင်္ဂါ ပြုပြင်လှုပ်ရှား လုပ်ဆောင်မှုဟူသော ကာယကံ သင်္ခါရ တစ်ပါး,
(၂) နှုတ်လျှာ ပြုပြင်လှုပ်ရှား ပြောဆို လှုပ်ဆောင်မှုဟူသောဝစီကံသင်္ခါရ တစ်ပါး,
(၃) စိတ်အင်္ဂါ ပြုပြင်လှုပ်ရှား ကြံဖန် သိမြင် လှုပ်ဆောင်မှု ဟူသော မနောကံသင်္ခါရ တစ်ပါး -
ဟူ၍ သုံးပါးရှိ၏။
“စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဟူသော ပါဠိတော်နှင့်အညီ ပဓာနတရားကိုယ် အားဖြင့် စေတနာစေတသိက်သာတည်း။
လျောင်းမှု ထိုင်မှု, ရပ်မှု, သွားလာမှု, ဦးခေါင်း, လက်, ခြေ အစရှိသော ထိုထိုကိုယ်အင်္ဂါ ပြုပြင်လှုပ်ရှား လုပ်ဆောင်မှုအမျိုးမျိုးတို့နှင့် ခွဲခြမ်းစိတ်ဖြာ၍ ဆိုသည်ရှိသော် ကာယကံမှုသည် အလွန်များပြား ကြီးကျယ်၏၊ ထိုအတူ နှုတ်အင်္ဂါမှု, စိတ်အင်္ဂါမှု တို့သည်လည်း အသီး အသီး များပြားကြီးကျယ်ကြကုန်၏၊ အဘိဓမ္မာနည်း အားဖြင့် မူကား သင်္ခါရတရားကိုယ် ငါးဆယ်အပြားရှိ၏၊ ထိုငါးဆယ်တို့တွင် စေတနာကိုပြဆို ခဲ့ပြီ၊ ကြွင်းသော ၄၉-ပါးတို့ကိုလည်း စေတနာကဲ့သို့ ကာယကံအဖို့ ဝစီကံအဖို့ မနောကံအဖို့ အားဖြင့် သုံးပါးသုံးပါးစီ ခွဲခြမ်းစိတ်ဖြာရာ၏။
ထင်ရှားရာကို ရွေးကောက်၍ဆိုမူကား လောက၌ လောဘ၏ အချက်အရာဖြစ်သော ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့သည် အလွန် ထင်ရှားများပြား ကြီးကျယ်ကုန်၏၊ ပါဏာတိပါတ အစရှိသော ဒေါသ၏ အချက်အရာ, မာန၏အချက်အရာ, ဒိဋ္ဌိ၏ အချက်အရာ စသည်တို့သည်လည်း အလွန်ထင်ရှား များပြား ကြီးကျယ်ကုန်၏၊ လုံ့လ ဝီရိယ၏ အချက်အရာတို့သည် တစ်လောကလုံး၌ အလွန်ထင်ရှားများပြား ကြီးကျယ် လှကုန်၏၊ သင်မှု, ကြားမှု, လောကရေး, ဓမ္မရေးတို့၌ တတ်သိ လိမ္မာ လုပ်ဆောင်မှု တို့သည်လည်း အလွန်ထင်ရှား များပြား ကြီးကျယ်ကုန်၏၊
ဤကား ထင်ရှားသော သင်္ခါရတို့ကို ပြဆိုချက်တည်း။
ဂါဟနှင့် စပ်ဖက်၍ မာန်တက်ပုံ
ဤသင်္ခါရဓာတ်မျိုးတို့သည် သတ္တဝါတို့အား တဏှာ, မာန, ဒိဋ္ဌိ ဟူသော အပြင်းအထန် စွဲလမ်းဖမ်းတွယ်မှုဟု ဆိုအပ်သော ဂါဟတရား သုံးပါးကို အလွန်ပွားစီး ကြီးမားမောက်မာ စေတတ်ကုန်၏၊ လုပ်အား, ကိုင်အား ပြောအား, ဆိုအား, ကြံအား, စည်အား, တတ်သိလိမ္မာအား တို့ကို အမှီပြု၍ ဤသတ္တဝါတို့၏စိတ်သည် သံတိုင်သံခဲ ကျောက်တိုင် ကျောက်ခဲကဲ့သို့ ခက်ထန်မောက်မာ၍နေ၏၊ နေ့မဆို ညဉ့် မဆို သေလွယ်ပျောက်လွယ်လှသော မရဏဘေး အဝီစိအစရှိသာ အပါယ် ဘေး, သံသရာဘေးတို့နှင့် ခြိမ်းခြောက်သော်လည်း မနွံနာနိုင်ကြ သံဝေဂ မကပ်နိုင်ကြ ရှိနေ၏၊ သတ္တဝါတို့ကို ထိုသင်္ခါရဓာတ်တို့၏ မြှောက်စားချက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ ရှိနေကုန်သော ဆွေဂုဏ် မျိုးဂုဏ် ဥစ္စာဂုဏ်, ဓနဂုဏ်, သူရဂုဏ်, ကာယဗလဂုဏ်, ဉာဏဗလဂုဏ်, သီလဂုဏ်, ဗဟုသုတဂုဏ်, ပရိယတ္တိဂုဏ်, ပဋိပတ္တိဂုဏ်, ဣဿရိယဂုဏ်, မဟိဒ္ဓိကဂုဏ်, မဟာနုဘာဝဂုဏ် အစရှိကုန်သော ဂုဏ်တို့သည်ကား မိုးဖျား စွင့်စွင့် မြင့်စွာဆောက်လုပ်၍ ထားအပ် သော ငြမ်းကြီးတို့ မည်ကုန်၏။
သင်္ခါရဓာတ်တို့သည်ကား ထိုငြမ်းကြီးအပေါ်၌ တည်၍ သတ္တဝါတို့၏စိတ်ကို အမြဲလျှင် လွှင့်တင် မြှောက်စားကုန်၏၊ သံသရာ၌ ထို သင်္ခါရဓာတ်တို့၏ မြှောက်စားချက် ကြောင့် ဘုရားကိုလည်း ခုခံတိုက်ခိုက်ခဲ့ကြလှလေပြီ၊ တရားတော်ကိုလည်း ခုခံ တိုက်ခိုက်ခဲ့ကြလှလေပြီ၊ သံဃာကိုလည်း ခုခံတိုက်ခိုက်ခဲ့ကြလှလေပြီ၊ သာသနာတော် ကိုလည်း ခုခံတိုက်ခိုက် ခဲ့ကြလှလေပြီ၊ ရသေ့ သူတော်ကောင်း ရဟန်းသူတော်ကောင်း တို့ကိုလည်း နှိပ်စက် ညှဉ်းပန်းခဲ့ကြလှလေပြီ။
လောက၌ ရှိနေကြသော ဒုစ္စရိုက်အနန္တ, အမိုက်အမဲအနန္တ, အမှောက်အမှား အနန္တ တို့သည် သင်္ခါရဓာတ်တို့၏ အမှုချည်းသာတည်း၊ အပါယသံသရာကြီးသည် ဒိဋ္ဌိအမှူး ရှိသော သင်္ခါရဓာတ် တို့၏ အစီးအပွါးချည်းသာတည်း၊
ဤအရာ၌ နိုင်ငံကြီးနှစ်ပါးကိုလည်း ခွဲခြမ်း၍ထားလေ။
ငှက်ပျောတော ဥပမာ
ငှက်ပျော ဥပမာကို ပြဆိုပေအံ့၊ တစ်ခုသော တောကြီး၌ ကြီးစွာသော ငှက်ပျောတော ဥယျာဉ်သည် ရှိရာ၏၊ ငှက်ပျောပင်၏ အခြင်းအရာကို အနည်းငယ်မျှ မသိတတ်သော သူနှမ်းအများသည် ငှက်ပျောတော ဥယျာဉ်ကြီးကို တွေ့မြင်ကြလေရာ အပင်သဏ္ဌာန် အရွက်သဏ္ဌာန် စေ့စပ် ချောမွေ့လှသည် အတွက်ကြောင့် အခေါက်အခွံမရှိပဲ သံတိုင်သံခဲကဲ့သို့ တစ်ခဲနက် အနှစ်အတိ ဖြစ်သော အလွန်ခက်မာ ခိုင်ခံ့လှစွာသော သစ်မျိုးဟု မှတ်ထင်ကြလေ၏။
ဤတောအတွင်း၌ ရှိနေကြကုန်သည်ရှိသော် တိုင်းရှင် ပြည်ရှင် မင်းကိုပင် ထီမထင် ခုခံပုန်စား နိုင်၏၊ တောဆင်ရိုင်းပေါင်း တစ်ထောင်ပင် လာသော်လည်း မတိုးဝှေ့နိုင်၊ မြင်းမိုရ်တောင်ထိပ်၌ ရန်သူတစ်ပါးတို့သည် အောင်ခြင်းငှာ မတတ်ကောင်းသော အယုဇ္ဈမြို့ကြီးနှင့် အလားတူ၏ ဟု မှတ်ထင်ကြကုန်၏၊ ငှက်ပျောပင်၏ အနှစ်ကို ဝေးစွ အကာမရှိ အလွန်ပျော့ညံ့လှစွာသော အဖတ် အအူမျှ ရှိသည်ကို မသိကြ မောက်မာသောစိတ်ထား မောက်မာသောစကားဖြင့် ငှက်ပျောပင် တွေကို သစ်တပ်မြို့ပြု၍ တည်ကြကုန်၏၊ ပြည့်ရှင်မင်းကြီး ကြားသိလတ်သော် ရဲမက်တော် များကို စေလွှတ်၍ ပစ်ခတ်စေသော် ခဏချင်း အကုန်လုံး ပျက်ပြုန်း၍ သေဆုံး ကြလေကုန်ရာ၏။
ဤကား ငှက်ပျောတော ဥပမာတည်း။
သတ္တဝါ ပုထုဇဉ်နှင့် ဆက်ဆံသော ဥပမေယျ
သတ္တဝါတွေသည် သူနှမ်းနှင့်တူ၏၊ ကိုယ်ခန္ဓာတွေသည် ငှက်ပျောဥယျာဉ်တွေနှင့် တူ၏။ သင်္ခါရဓာတ်တွေသည် ငှက်ပျောပင်တွေနှင့် တူ၏၊ သေမင်းသည် ပြည့်ရှင်မင်းနှင့် တူ၏၊ လောက၌ရှိသော အနာရောဂါ စသော အဇ္ဈတ္တဘေးမျိုး, ဘီလူး, သံဘက်, မြွေ, ကင်း, သန်း, ဥတု, ငှက်, ခွေးစသော ဗဟိဒ္ဓဘေးမျိုးသည် ရဲမက်တော် သားစုနှင့် တူ၏။
ထိုသူနှမ်းတို့သည် ငှက်ပျောသစ်တပ်ကို သိကြားမြို့ကဲ့သို့ ထင်မှတ်၍ ပြည့်ရှင် မင်းကိုမျှ ထီမထင် နေကြသကဲ့သို့ ဤသတ္တဝါတို့သည် အလိုရှိတိုင်းပြုနိုင်သော ကာယကံမှု, ဝစီကံမှု, မနောကံမှု ဟူသော သင်္ခါရဓာတ်တို့၏ မြှောက်စားမှုအတွက်နှင့် ဘဝ အဆက်ဆက်တို့၌ သေမင်းကိုမျှ ထီမထင် နေကြကုန်၏။
“ထီမထင်” ဆိုသည်ကား အရွယ်မရောက်သေးက မိမိကိုယ်ကို သေနိုင်လိမ့်မည် မထင်ကြ၊ အရွယ်ရောက်၍ သေရမည်ကိုလည်း မစက်ဆုပ်ကြမူ၍ အများဓမ္မတာပေဟု အဖြေနှင့် ကျေအေး၍ နေကြသည်ကို ထီမထင်ဆိုသတည်း။
ရဲမက်တော်တို့ ပစ်ခတ်လာလျှင် ငှက်ပျောသစ်တပ်၏ ခုခံမှုမရှိခြင်းကြောင့် ဘယ်အခါ မဆို သေဆုံးကြကုန်ရာသကဲ့သို့ ပြဆိုခဲ့ပြီးသော သေမင်း၏ရဲမက်တို့ ဆိုက်ရောက် ဖျက်ဆီးခဲ့လျှင် အနှစ်သာရမရှိသော သင်္ခါရဓာတ်တို့က အနည်းငယ်မျှ ခုခံမှု မရှိခြင်းကြောင့် တစ်ယောက် တစ်ယောက်သော သတ္တဝါအား ကလလရေကြည် အခါ၌ သေခဲ့ရသော ဘဝပေါင်းလည်း မရေ မတွက်နိုင်ရာပြီ၊ အမြှုပ်အခါ၌ သေခဲ့ ရသော ဘဝပေါင်းလည်း မရေမတွက်နိုင်ရာပြီ၊ ပဋိသန္ဓေ နေပြီးနောက် တွေ့ရှိကြသော ညစဉ်, နေ့စဉ်, နာရီစဉ် ခဏစဉ်ပေါင်းတို့တွင် မသေဖူးသေးသော ည၊ မသေဖူး သေးသောနေ့၊ မသေဖူးသေးသော နာရီ၊ မသေဖူးသေးသော ခဏဟူ၍ တစ်ခုမျှ မရှိရာပြီ၊ တစ်ခု, တစ်ခုသော ခဏ၌ပင် အခါပေါင်း အနန္တ သေခဲ့လှလေရာပြီ။
ဤကား သေမင်းကို ထီမထင် ပြုကြသည့် အတွက်တည်း။
အဝိဇ္ဇာကို မကြောက်၍ ဘေးရောက်ရပုံ
တစ်နည်းကား အဝိဇ္ဇာသည် ပြည့်ရှင်မင်းနှင့်တူ၏၊ ဇာတိဘေး, ဇရာဘေး, မရဏဘေး, သောကဘေး, ပရိဒေဝဘေး, ဒုက္ခဘေး, ဒေါမနဿဘေး, ဥပါယာသဘေး သည် ရဲမက်တော် နှင့်တူ၏၊ သင်္ခါရဓာတ်တို့၏ မြှောက်စားမှုအတွက်နှင့် ဘဝ အဆက်ဆက်တို့၌ အဝိဇ္ဇာကိုပင် ထီမထင် နေခဲ့ကြကုန်၏။
“အဝိဇ္ဇာကို ထီမထင်နေကြမှု” ဆိုသည်ကား - ယခုဘုရား သာသနာတွင်းမှာပင် တရားကျမ်းဂန် မဖတ်မှု၊ မသိမှု၊ မလိမ်မာမှု၊ အနိစ္စ, ဒုက္ခ, အနတ္တ မထင်နိုင်မှု၊ မမြင်နိုင်မှုသည် မိမိတို့၌ ငုတ်တုတ် ရှိနေကြသည်ကို သိကြလျက်နှင့်ပင်လျှင် မပူမပင် ရွှင်ရွှင်ပျပျ နေနိုင်ကြမှုကိုဆိုသတည်း။
ဇာတိဘေး ဆိုသည်ကား-
၁။ ကိလေသာ ဇာတိဘေး,
၂။ ကမ္မ ဇာတိဘေး,
၃။ ဝိပါက ဇာတိဘေး ဟူ၍ သုံးမျိုးရှိ၏။
ဖြစ်ခွင့်ဆိုက်သည်ရှိသော် လောဘ, ဒေါသ, မာန, ဒိဋ္ဌိ အစရှိသော ကိလေသာ အညစ်အညမ်းတို့၏ ဘယ်ခါမဆို ဖြစ်ပေါ်မှုသည် ကိလေသာဇာတိဘေး မည်၏။
ကိလေသာဖြစ်မှုရှိပြန်က ဒုစ္စရိုက်ကံတို့၏လည်း ဘယ်အခါမဆို ဖြစ်နိုင်သောအမှုသည် ကမ္မဇာတိဘေး မည်၏။
ဖြစ်ခွင့်ဆိုက်သည်ရှိသော် ကိုယ်ခန္ဓာ၌ စက္ခုရောဂါစသော ရောဂါဘေး အနာဘေးဖြစ်မှု ဘယ်အခါမှာမဆို သေခဲ့လျှင် အပါယဇာတိ စသည်ဖြစ်မှုသည် ဝိပါကဇာတိဘေး မည်၏။
ဇရာဘေး ဆိုသည်ကား - ကြည်လင်ရွှင်လန်း ရှိနေသော ရုပ် နာမ် ခန္ဓာတို့၏ ညှိုးနွမ်း လျော့ပါးခွင့် ဆိုက်ခဲ့လျှင် ဘယ်အခါမှာမဆို ခဏချင်း ညှိုးနွမ်းလျှော့ပါးမှုကိုလည်း ဇရာဘေးဆိုလေ၊ မရဏဘေးကို ပြဆိုခဲ့ပြီ၊ သောကဘေး စသည်ကိုလည်း ထိုနည်း တူသိလေ။
ထိုဘေးတို့သည် ဆိုက်ရောက်ခဲ့လျှင် သင်္ခါရဓာတ်တို့၏ ရေမြှုပ် ရေပွက်မျှ အနှစ်သာရမရှိမှု အခုအခံ မရှိမှုကြောင့် စင်း၍ခံနေကြရတော့သည်၊
ဤကား အနမတဂ္ဂသံသရာကာလ၌ အဝိဇ္ဇာကို ထီမထင် ပြုကြသည့်အတွက်တည်း။
သက္ကာယဒိဋ္ဌိကို ချစ်၍ ဘေးဖြစ်ပုံ
တစ်နည်းကား ယခုကာလ အားလျှော်စွာ ဆိုသည်ရှိသော် သက္ကယဒိဋ္ဌိသည် ပြည့်ရှင် မင်းနှင့်တူ၏၊ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိမှု, ခပ်သိမ်းသော ဒုစ္စရိုက်မှုတို့သည် ပြည့်ရှင် မင်း၏ ရဲမက်တော်သားနှင့် တူကုန်၏။
“ခပ်သိမ်းသော ဒုစ္စရိုက်မှု” ဆိုသည်ကား - မနုဿတ္တဒုလ္လဘ၊ ဗုဒ္ဓုပ္ပါဒဒုလ္လဘ အခန်း တို့၌ ပြဆိုခဲ့ပြီး သော ရှေးရှေးသော ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက်တို့က မိုက်ခဲ့သမျှ, မဲခဲ့သမျှ, မှောက်ခဲ့သမျှ, မှားခဲ့သမျှ, အသိုက်မပျက်၊ အအုံမပျက် သတ္တဝါ တို့၏ စိတ်နှစ်လုံးထဲမှာ အစဉ် ပါရှိ၍နေသော ဒုစရိုက်ကံဟောင်း အနန္တ, ရှေ့သို့ဖြစ် လတ္တံ့သော ဒုစရိုက်ကံသစ် အနန္တတို့ကို ခပ်သိမ်းသော ဒုစရိုက်မှု ဆိုသတည်း။
သင်္ခါရဓာတ်တို့၏ မြှောက်စားမှုအတွက်ကြောင့် ဘဝ အဆက်ဆက်တို့ကို မဆိုထား ဘိဦး၊ ယခုအခါ ဘုရားသာသနာအတွင်း၌ပင်လျှင် အပါယ်အိုးကြီး ငရဲအိုးကြီးဖြစ် သော သက္ကာယဒိဋ္ဌိကိုပင် ထီမထင်ပြု၍ နေကြကုန်၏။
“သက္ကာယဒိဋ္ဌိ” ဆိုသည်ကား - အကြင်သူတို့သည် ဓာတ်နိုင်ငံကြီးသို့ တစ်ခါ တစ်ခေါက်မျှ မရောက်ဖူး မပေါက်ဖူးကြကုန်၊ ထိုသူတို့သည် ခပ်သိမ်းသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ပုဂ္ဂိုလ်ပြု၍ စွဲလမ်းကြကုန်၏၊ သတ္တဝါပြု၍ စွဲလမ်းကြကုန်၏၊ ငါပြု၍စွဲလမ်းကြကုန်၏၊ စက္ခုဝိညာဏဓာတ် မြင်မှုကို ငါမြင်မှုပြု၍ စွဲလမ်းကြ ကုန်၏၊ သောတဝိညာဏဓာတ် ကြားမှုကို ငါကြားမှုပြု၍ စွဲလမ်းကြကုန်၏၊ မနောဝိညာဏဓာတ် ထွေထွေလာလာ ကြံမှု, သိမှုကို ငါကြံမှု, ငါသိမှုပြု၍ စွဲလမ်း ကြကုန်၏၊ လောဘဓာတ် ချစ်မှု, ခင်မှု, လိုချင်မှု, သာယာမှုကို ငါချစ်မှု ငါခင်မှု ငါလိုချင်မှု ငါသာယာမှုပြု၍ စွဲလမ်းကြကုန်၏။
သက္ကာယဒိဋ္ဌိစွဲလမ်းမှု အကျယ်ကိုမူကား ငါတို့စီရင်အပ်သော ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ် အကျယ် - ပဋိစ္စသမုပ္ပါဒဒီပနီ စာအုပ်မှာယူလေ။
ဤသို့လျှင် ဓာတ်နိုင်ငံမှုတို့ကို ပညတ်နိုင်ငံ၏ အစွမ်းသတ္တိ ပြုလုပ်စွဲလမ်း မှောက်မှားခြင်းသည် သက္ကာယဒိဋ္ဌိမည်၏၊ ပညတ်နိုင်ငံ ပြုလုပ်သည့်အတွက် ဓာတ်အမှုစုသည် နိစ္စ, သုခ, အတ္တသာရ တွေ ဖြစ်၍ကုန်၏၊ ခပ်သိမ်းသောဒိဋ္ဌိ ခပ်သိမ်းသောကိလေသာ, ခပ်သိမ်းသောဒုစရိုက် ဟူသမျှသည် ထို နိစ္စဒိဋ္ဌိ, သုခဒိဋ္ဌိ, အတ္တဒိဋ္ဌိဟုဆိုအပ်သော သက္ကာယဒိဋ္ဌိမှ ပေါက်ဖွားကြကုန်၏၊ သက္ကာယဒိဋ္ဌိသည် အပါယ်မျိုး အပါယ်မြစ်၊ ငရဲမျိုး ငရဲမြစ်၊ အဝီစိမျိုး အဝီစိမြစ်ကြီး စင်စစ်ဖြစ်၏။
ထို သက္ကာယဒိဋ္ဌိကိုပင် ထီမထင်ပြု၍နေကြပုံကား အလွန်အဆိပ်ထန်လှစွာသော မြွေနဂါးကို ပွေ့ပိုက်ချီငင် အကျွမ်းဝင်ဘိသကဲ့သို့ ငါ မြင်သည် ငါကြားသည် အစ ရှိသော အဝီစိမြစ်ကြီး စင်စစ်ဖြစ်သော သက္ကာယဒိဋ္ဌိကို အဟုတ်ပြင်ပြင် အကယ် ထင်လျက် အစဉ်ခြိုက်မြိုက် အရိုးစိုက်၍ နေကြသည်ကိုဆိုသတည်း။
ရဲမက်တော်ဖြစ်ကုန်သော ဒုစရိုက်ကံဟောင်းတို့သည် သတ္တဝါ အပေါင်းတို့ကို အပါယ်ငရဲသို့ နေ့မစဲ, ညဉ့် မစဲ အမြဲအစဉ် တွင်တွင်ကြီး ပစ်ချကုန်၏၊ တွင်တွင်ကြီး ပစ်ချမှုကိုမူကား မနုဿတ္တဒုလ္လဘ၌ ပြဆိုခဲ့ ပြီးသော နခသိခသုတ် ဒေသနာတော်ကို လည်းကောင်း၊ အပါယ် လေးဘုံ ၌ သတ္တဝါအနန္တ များပြားလှပုံများကိုလည်းကောင်း ထောက်မျှော်၍ သိအပ်၏။
အလွန်ကြီးကျယ်လှစွာသော လေပွေကြီးသည် အနှစ်မရှိသော သစ် ရွက်ခြောက် မြက်ခြောက် တို့ကို ကောင်းကင်၌ မြှောက်တင်လွှင့်ထွေ ဝဲ၍နေစေဘိသကဲ့သို့ ပုထုဇဉ် သတ္တဝါတို့၏စိတ်ကို တလူလူ တကြွားကြွား ငါတကား သူတကား ထောင်လွှား မြောက်မြင့်အောင် မြှောက်မြှင့် လွှင့်တင် အစဉ်မြှောက်စား၍ နေကြကုန်သော သင်္ခါရဓာတ် အပေါင်းအဖော်တို့သည် အပါယ်ကျမှုကို ခုခံဖော်မရ ဝိုင်းညာ၍သာ ချလိုက်ကြကုန်၏။
ဤကား သက္ကာယဒိဋ္ဌိကို ထီမထင် ပြုကြသည့်အတွက်တည်း။
လိုရင်းအချုပ်ကား လောက၌ လျောင်းခြင်း, ထိုင်ခြင်း, ရပ်ခြင်း, သွားခြင်း, လာခြင်း, အင်္ဂါကြီးငယ် တို့၏ လှုပ်ရှားခြင်းဟူသော ကာယကံ မှုသည် ငှက်ပျောတောကြီးကဲ့သို့ အလွန်ထင်ရှားသော အမှုကြီးဖြစ်၏၊ ထိုအမှုကြီး၌ အမှုသည် အမှန်ဖြစ်သော ဓာတ်နိုင်ငံကို ဖွင့်၍ကြည့်သည်ရှိသော် စေတနာပြဌာန်းသော သင်္ခါရဓာတ်တို့၏ အမှုသာဖြစ်၏၊ ထိုသင်္ခါရ ဓာတ်တို့သည် အဏုမြူမျှ အနှစ်အမာ မရှိကြကုန်။
ပရိယတ္တိဉာဏ် ဘေးမကယ်နိုင်ပုံ
အလွန်ကြီးကျယ်သော ပရိယတ္တိဉာဏ်တည်းဟူသော သင်္ခါရဓာတ်ကြီးနှင့် ပြည့်စုံသော သူပင် ဖြစ်သော်လည်း နာခွင့်ဆိုက်လျှင် ခဏချင်းနာ၏၊ ကျင်ခွင့်ဆိုက်လျှင် ခဏချင်း ကျင်၏၊ ပူခွင့် ဆိုက်လျှင် ခဏချင်း ပူမှုဒုက္ခရောက်၏၊ အေးခွင့်ဆိုက်လျှင် ခဏချင်း အေးမှုဒုက္ခ ရောက်၏၊ မူးခွင့်ဆိုက်လျှင် ခဏချင်း မူးမှုဒုက္ခရောက်၏၊ ဝေခွင့် ဆိုက်လျှင် ခဏချင်း ဝေမှုဒုက္ခ ရောက်၏၊ သေခွင့်ဆိုက်လျှင် ခဏချင်း သေ၏၊ သောကဖြစ်ခွင့်, ပရိဒေဝဖြစ်ခွင့် ကာယိကဒုက္ခ စေတသိကဒုက္ခဖြစ်ခွင့်, ဒေါမနဿ ဖြစ်ခွင့်, ဥပါယာသဖြစ်ခွင့်ဆိုက်လျှင် ခဏချင်း ဥပါယာသ ဒုက္ခရောက်၏။
ထိုဉာဏ်ပညာတည်းဟူသော သင်္ခါရဓာတ်ကြီးသည် ထိုဒုက္ခတို့ ကိုယ်ခန္ဓာသို့ မကပ်နိုင်ကြအောင် ကိုယ်ခန္ဓာတွင်းမှ မျက်တောင်တစ်ခတ်မျှ တင်းတင်းကြံ့ခိုင်ခုခံ စောင့်ရှောက်၍နေနိုင်သော အနှစ်အမာမျိုး မဟုတ်၊ ထိုဉာဏ်ပညာတည်းဟူသော သင်္ခါရဓာတ်ကြီးကို ကြံဖန်ဝင်စား၍ နေဆဲအခါ ထိုဒုက္ခတို့ ဆိုက်ရောက်လာလျှင် ထိုသင်္ခါရဓာတ်ကြီးသည် ခဏချင်း ချုပ်ပျက် ကွယ်ပျောက်လေ၏၊ ကိုယ်သဏ္ဌာန်မှာ ဒုက္ခဓာတ်တွေ တဖွားဖွား ဖြစ်ပေါ်၍နေ၏၊ နာလေခြင်း, ကျင်လေခြင်း, ပူလေခြင်း, အေးလေခြင်း အစရှိသဖြင့် စိတ်နောက် စိတ်ညစ်တွေ ပေါ်၍နေ၏၊ သင်ကြားလေ့လာ ကောင်းစွာတတ်မြောက်ပြီးသော ထိုပညာကြီးကို ကြံစည်ဝင်စား၍ နေလိုပါ သော်လည်း ဘယ်ဒုက္ခရှိနေ၍ မတတ်နိုင်၊ ဘယ်သောကရှိနေ၍ မတတ်နိုင်ဟု ပြောဆိုကြရ၏၊ လောဘဖြစ်ခွင့်ဆိုက်လျှင် ထိုပညာဓာတ် ချုပ်ပျောက်၍ ခဏချင်း လောဘဓာတ် ကပ်ရောက်၏၊ ဒေါသ, မာန စသည်တို့လည်း နည်းတူ။
ဤသို့ ငှက်ပျောတုံးကြီး ငှက်ပျောတောကြီးကဲ့သို့ လောက အချက် ပညတ်နိုင်ငံဖက်၌ အလွန်ထင်ရှားလှသော ဉာဏ်ပညာခေါ်သော သင်္ခါရဓာတ်ကြီးသည်ပင်လျှင် အမှန် ရှိရင်းဖြစ်သော ဓာတ်သဘောအားဖြင့် အဏုမြူမျှ အခိုင်အမာ အနှစ်သာရမရှိချေ၊ ထိုမှကြွင်းသော သင်္ခါရဓာတ်နုပ် ဓာတ်ဖွဲတို့မှာ ပြောဖွယ်ရာ မရှိပြီ။
သင်္ခါရဓမ္မ ပျက်လွယ်ပုံ
စိတ်သန္တာန်၌ ဝင်စား၍နေသော ထိုထိုကုသိုလ်သင်္ခါရ ဓာတ်တို့သည် ထိုထိုအကုသိုလ် ဝင်လာလျှင် ခဏချင်း ပျောက်ပျက်ကုန်၏၊ လှူအံ့, ဒါန်းအံ့, ပေးအံ့, ကမ်းအံ့ဟု ဖြစ်၍နေသော ဒါနကုသိုလ်မျိုးသည် မစ္ဆေရလောဘဝင်လာလျှင် ခဏချင်း ပျောက်ပျက်၏၊ သီလကုသိုလ်မျိုးသည် ဒုဿီလ အကုသိုလ် ဝင်လာလျှင် ခဏချင်း ပျောက်ပျက်၏၊ သမထဘာဝနာ ဝိပဿနာဘာဝနာ မှုကို အာရုံပြု၍နေရာ ထိုထိုဝိတက် ဝိစာရ ဥဒ္ဓစ္စဝင်လာလျှင် ဘာဝနာသင်္ခါရ ခဏချင်း ကွယ်ပျောက်၍ စိတ်ရောက်မိ ရောက်ရာ ရောက်သွား၏။
ဤသို့ အစရှိသည်ဖြင့် အလုံးစုံသော သင်္ခါရဓာတ်တို့၏ အနှစ်သာရ မရှိကြသည့် အတွက် လျှပ်အချက်ကဲ့သို့ ပျက်လွယ် ပျောက်လွယ်ဖြစ်၍ နေကြပုံကို မိမိသန္တာန်၌ လည်းကောင်း, လောက၌လည်းကောင်း ကိုယ်တွေ့ မျက်မြင် အထင်အရှား ဖြစ်၏၊ အနှံ့အပြား ထင်မြင် အောင်သာ ကြည့်ရှုကြလေ။
အလွန်ထက်သန် ကြီးမြတ်သော တန်ခိုးအဘိညာဉ် တည်းဟူသော သင်္ခါရဓာတ်ကြီးကို ဝင်စား၍ ကောင်းကင်၌ပျံသွား၍ နေစဉ်အခါ မာတုဂါမအဆင်း မာတုဂါမအသံတို့နှင့် တွေ့ကြသဖြင့် ခဏချင်း ကွယ်ပျောက်၍ ကောင်းကင်မှ မြေသို့ကျ၍ မာတုဂါမနှင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ရသော ဝတ္တုများကိုလည်း မျှော်လေ။
ဒါန သီလ ဘာဝနာ သဒ္ဓါ ပညာအစရှိသော သင်္ခါရဓာတ်တို့၏ အနှစ်သာရမရှိပဲ ဓာတ်နုတ်ဓာတ်ဖွဲတွေ ဖြစ်ကြသည့် အတွက်ကြောင့် အနမတဂ္ဂ သံသရာ၌ အခါခါ ရရှိသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတို့လည်း ခဏမကြာ ရေမြှုပ်ရေပွက်ကဲ့သို့ ကျေပျက်သေဆုံး၍ အပါယ်ငရဲသို့ တလဲလဲကျရောက်ခါ နေကြရကုန်သည်၊ တစ်ယောက် တစ်ယောက်သော သူမှာပင် အနမတဂ္ဂသံသရာ၌ ဒါနသင်္ခါရဓာတ် မျိုးလည်း အနမတဂ္ဂဖြစ်ခဲ့လှလေပြီ၊ ယခု တစ်တိုတစ်စမျှ အဖတ်ရှာ၍မရ၊ လောကီ သီလ သင်္ခါရဓာတ်မျိုးလည်း အနမတဂ္ဂဖြစ်ခဲ့လှလေပြီ၊ ဈာန်အဘိညာဉ် သမာပတ် တည်းဟူသော လောကီဘာဝနာ သင်္ခါရ ဓာတ်မျိုးလည်း အနမတဂ္ဂ ဖြစ်ခဲ့လှလေပြီ၊ ယခုတစ်တို တစ်စမျှ ရှာ၍မရ။
ဒါနလည်း မွဲလျက်ပင် ဖြစ်၏၊ သီလလည်း မွဲလျက်ပင် ဖြစ်၏၊ ဘာဝနာလည်း မွဲလျက်ပင် ဖြစ်၏၊ အတတ် အသိ အလိမ္မာ ဉာဏ်ပညာလည်း မွဲလျက်ပင် ဖြစ်၏၊ နောက်နောက်သံသရာ၌လည်း ဤနည်းအတိုင်း မြင်လေ။
ဤကား အနမတဂ္ဂ သံသရာ၌ ဒါနငှက်ပျောတောကြီး သီလငှက်ပျောတောကြီး ဘာဝနာ ငှက်ပျောတောကြီး အသိအလိမ္မာ ပညာ ငှက်ပျောတောကြီးကို ပြဆို လိုက်သော အချက်တည်း။
ထို့ကြောင့် “သင်္ခါရာ ကဒလူပမာ” ဟူ၍ ဟောတော်မူပေသည်။
“သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့် တူသည်ဟူ၍ ဟောတော်မူသဖြင့် သင်္ခါရက္ခန္ဓာကြီး၏ ကြီးကျယ်စွာသော အာဒီနဝ တော်မူသဖြင့် သင်္ခါရက္ခန္ဓာကြီး၏ ကြီးကျယ်စွာသော အာဒီနဝ သင်္ခါရက္ခန္ဓာ၏ အနိစ္စ ဒုက္ခ အနတ္တကို အဘယ်သို့ ပြတော်မူသနည်း” ဟူသော အမေး၌ အဖြေကိုမူကား “အဟာရဒီပနီ” စာအုပ် မနောသဉ္စေတနာ အာဟာရ၏ အာဒီနဝခန်း၊ အနိစ္စ ဒုက္ခ အနတ္တခန်းမှာ အကျယ် ပြဆိုလျက်ရှိလေပြီ။
ဤတွင်ရွေ့ကား “သင်္ခါရာ ကလဒလူပမာ” ဟူသော ဒေသနာတော်ကို ထုတ်ဖော် ပြဆိုခန်းပြီး၏။
ဝိညာဏက္ခန္ဓာကို ပြဆိုခြင်း
ဝိညာဏ်ခြောက်ပါးတို့၏ မှောက်မှားပုံ
“မာယူပမဉ္စ ဝိညာဏံ” - ဟူသော ဒေသနာတော်မြတ်၌ -
- စက္ခု၌ အဆင်းသဏ္ဌာန် အရိပ်အသွင်မျိုး ခိုက်တိုက်၍ နေဆဲအခါမှာ စက္ခု၌ တဖွားဖွား ဖြစ်ပေါ် သော မြင်မှုသည် စက္ခုဝိညာဏဓာတ် မည်၏။
- နား၌ အသံအမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ သောတ၌ တဖွားဖွား ဖြစ်ပေါ်သော ကြားမှုသည် သောတဝိညာဏဓာတ် မည်၏။
- နှာခေါင်း၌ အနံ့အမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ ဃာန၌ တဖွားဖွား ဖြစ်ပေါ်သော နံမှုသည် ဃာနဝိညာဏဓာတ် မည်၏။
- လျှာ၌ အရသာအမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ လျှာအပြင်၌ တဖွားဖွား ဖြစ်ပေါ်သော လျက်မှုအရသာကို သိမှုသည် ဇိဝှါဝိညာဏဓာတ် မည်၏။
- ဦးထိပ်အပြင်မှ အောက်ခြေဖဝါးအပြင်တိုင်အောင် အတွင်းအပ တစ်ကိုယ်လုံး၌ ထိတွေ့ရန် အမျိုးမျိုး ခိုက်တိုက်၍ နေဆဲအခါမှာ ထိုထိုကိုယ်အင်္ဂါအရပ်၌ တဖွားဖွား ဖြစ်ပေါ်သော ထိမှု သိမှုသည် ကာယဝိညာဏဓာတ် မည်၏။
- စိတ်နှစ်လုံး၌ သိရှိသမျှသော ကုသိုလ် အကုသိုလ် ထိုထိုအာရုံတို့ ခိုက်တိုက်၍ နေဆဲအခါမှာ စိတ်နှလုံး၌ တဖွားဖွား ဖြစ်ပေါ်သော ကြံမှု သိမှု အလုံးစုံသည် မနောဝိညာဏဓာတ် မည်၏။
ဤခြောက်ပါးသော ဝိညာဏ်တို့သည် ဓမ္မစက္ခု မရှိကြကုန်သော အန္ဓဗာလ သတ္တဝါအပေါင်းတို့ကို အနမတဂ္ဂသံသရာ၌ တစ်ရံတစ်ခါမျှ အဟုတ်အမှန်ကို မသိစေ မမြင်စေမူ၍ မဟုတ်မမှန်သော ပညတ်နိုင်ငံကို လုပ်ကြံဖန်တီး အကြီးအကျယ် မွေ့လျော်ဖွယ် ထင်ရဲအောင် ဖော်ပြသမားတို့ ပေတည်း။
ဝိညာဏ်ခြောက်ရပ်နှင့် မျက်လှည့်ဥပမာ
ထို ဝိညာဏဓာတ် ခြောက်ပါးသည် အဘယ်သို့ မျက်လှည့်အမှုနှင့် တူလေသနည်း ဟူမူကား - တစ်ခုသောအရပ်၌ ရှားစောင်းတောကြီး တစ်ခုသည်ရှိ၏၊ တစ်ယောက် သောသူသည် မျက်လှည့်အတတ်ဖြင့် ထိုရှားစောင်းတောကြီးကို ရွှေပဒေသာပင်တွေ ပြုလုပ်၍ ပြလေ၏၊ တစ်ယောက်သောသူသည် အဟုတ်ရွှေပဒေသာပင်တွေ မှတ်ထင်၏ ပင်စည်တို့ကိုလည်း ရွှေတုံးတွေထင်၏ အကိုင်းကြီး, အကိုင်းငယ်, အခက်ကြီး, အခက်ငယ်တို့ကိုလည်း ရွှေသားအတိ ထင်၏၊ အပွင့်အသီး တို့ကိုလည်း ရွှေပွင့် ရွှေသီးထင်၏၊ ငါ၏ရှေးဘုန်း ရှေးကံကြောင့် ငါအားနတ်သိကြား ဖန်ဆင်း၍ ပေးသည်ဟု အလွန်ဝမ်းမြောက်၏၊ ဤရွှေတို့ကိုယူ၍ ပန်းတိမ်ဖိုမှာ ရွှေအိုး, ရွှေခွက်, ရွှေဖလား, ရွှေနားဍောင်း, ရွှေလည်ကပ်, ရွှေလက်စွပ်, ရွှေပုတီးစသည် ပြုလုပ်စေ၍ ရောင်းချသည်ရှိသော် အကုဋေများစွာသော အပြာတို့ကိုရယူ၍ သူဌေးကြီး ဖြစ်ရပေတော့အံ့ဟု အကြံပြု၍ ရွှေပန်းတိမ်ဖို၌ ချလေသော် ရွှေသား မဟုတ် ရှားစောင်းကြီးသား သာ အစစ်အမှန်ဖြစ်၍ ရွှေရည်မဖြစ် အသုံးမကျသော ပြာ သက်သက်သာ ဖြစ်လေ၏။
ထိုသို့ဖြစ်ပါလျက် အပင်၌မျက်မြင် ကြောင်တောင် ရွှေရောင်ရွှေရည် ရှိနေသည့် အတွက် ရွှေဇာတိပင် မှတ်ထင်ရင်းအတိုင်းကို မစွန့်နိုင်ဘဲ သာယာစောင့်ရှောက် ဆဲမှာပင် အသက်ဝိညာဏ် ဆုံးရလေ၏။
ဥပမာ - ဘုံသုံးပါးသည် ရှားစောင်းတောကြီးနှင့်တူ၏၊ ဝိညာဏ်ခြောက်ပါးသည် မျက်လှည့်ဆရာ နှင့်တူ၏၊ အဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာငါးပါးသည် ရှားစောင်းပင် ပကတိနှင့် တူ၏၊ ဓာတ်နိုင်ငံကြီးသည် ရှားစောင်းပင် ပကတိနှင့်တူ၏ သော်လည်း ဆိုလေ၊ ပညတ်နိုင်ငံကြီးသည် မျက်လှည့်အတတ်နှင့် ထင်မြင်စေအပ်သော ရွှေပဒေသာပင်ကြီး နှင့်တူ၏၊ ကိုယ်အင်္ဂါ ဦးခေါင်း, ခြေ, လက်အင်္ဂါ၊ မျက်စေ့, နှာခေါင်း အစရှိသော အင်္ဂါ၊ ဆံပင်, မွှေးညင်းအစရှိသော အင်္ဂါတို့သည် ရွှေပဒေသာပင်ကြီး၏ ပင်စည်ကိုင်းခက် အရွက်အပွင့် အသီးတို့နှင့် တူကုန်၏၊ ထိုသူ့အား ရွှေပဒေသာပင်ကြီးကို တွေ့မြင် လေရာ ဝမ်းမြောက်ဝမ်းသာ ကြီးကျယ်စွာသော အကြံအစည်တွေ ဖြစ်သွားသကဲ့သို့ ထို့အတူ ဤသတ္တဝါတို့အား ပြဆိုခဲ့ပြီးသော ပညတ်နိုင်ငံကြီးကို ထင်မြင်၍ နေကြသည့်အတွက် ဃရာဝါသ လောကတန္တိ လောကီစီးပွါးတို့၌ စိတ်အားကိုယ်အား ရှိကြသမျှ ဘဝတိုင်း, ဘဝတိုင်း လုပ်ကြံလိုက်စား၍ နေကြကုန်၏။
မီးသို့ချလျှင် အသုံးမကျသော ပြာမှုန့်သက်သက် ဖြစ်သည်ကို မြင်ပါလျက် အပင်၌ မျက်မြင် ကြောင်တောင် ရွှေရောင်ရွှေရည် ရှိနေသည့်အတွက် ရွှေဇာတိပင် မှတ်ထင်ရင်း အတိုင်းကို မစွန့်နိုင်ပဲ သာယာ စောင့်ရှောက်ဆဲမှာပင် အသက်ဝိညာဏ် ဆုံးလေဘိသကဲ့သို့ ထိုအတူ ကြီးကြီး ငယ်ငယ် သေဆုံးကြ၍ အသုံးမကျ အချည်းနှီး မြေကြီး၏ အစီးအပွါးဖြစ်၍ သွားကြသည်ကို တစ်သက်လုံး ကိုယ်တွေ့ဒိဋ္ဌ ဖြစ်ကြပါကုန်လျက် အသက်ဝိညာဏ်ရှိစဉ်အခါ၌ သူသူ ငါငါ သတ္တဝါ ပုဂ္ဂိုလ် ထိုထို ဘဝသို့ကျင်လည် ပြောင်းသွားနိုင်ကြသူ လူပဲ နတ်ပဲ အထင်လွဲမှုကို မစွန့်နိုင်ကြကုန် မူ၍ သာယာစောင့်ရှောက် ဆဲမှာပင် အသက်ဝိညာဏ် ဆုံးခြင်းသို့ ရောက်ကြ လေကုန်၏။
ထိုရှားစောင်းတောကြီးသည် အသုံးမကျသော တုစ္ဆ သုညမျိုး သာအမှန်ဖြစ်၍ ဖိုမှာချသောအခါ ၌လည်း အသုံးမကျသော တုစ္ဆ သုည အဖြစ်သို့ ရောက်လေသကဲ့သို့ ဤအဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာစုသည် အသုံးမကျသော တုစ္ဆမျိုး, သုညမျိုး, အသာရကမျိုး အစစ်အမှန်ဖြစ်၍ အဆုံး အဆုံး၌လည်း အသုံးမကျသော တုစ္ဆ သုညမြေကြီး အစီးအပွါးသာ ဖြစ်လေကုန်၏။
ခန္ဓာငါးပါးကို အသုံးမကျသော တုစ္ဆမျိုး သုညမျိုး ဆိုသည်မှာမူကား ဓာတ်နိုင်ငံကြီးကို ဖွင့်၍ ကြည့်သည်ရှိသော် လောက၌အဟုတ်ရှိ အကယ်ရှိ ထင်မြင်မှတ်ယူ သာယာစွဲလမ်း၍ နေကြသော ပုဂ္ဂိုလ် သတ္တဝါဟူ၍၊ အင်္ဂါကြီး ငယ်ဟူ၍၊ မျက်တောင်တစ်ခက်မျှ အသက်ရှည်၍ တည်နေနိုင်သော ဝတ္ထုဟူ၍၊ တစ်စုံတစ်ခုမျှ မရှိသည်ကို တုစ္ဆ သုည ဆိုသတည်း၊ ပကတိအခါကပင် ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ အင်္ဂါကြီးငယ်မဟုတ်၊ တုစ္ဆမျိုး, သုညမျိုး အစစ်အမှန် ဖြစ်သည့်အတွက်ကြောင့် အသုံးမကျ၊ နိရတ္ထက တုစ္ဆ သုညဖြစ်သော အိုမှု, သေမှု မြေကြီး အစီးအပွါးဖြစ်မှုသို့ ရောက်လေ မြဲဓမ္မတာ ဖြစ်လေသတည်း။
ဖြစ်လေရာ ဘဝတိုင်းတို့၌ ခန္ဓာတွေကို သာယာမှုနှင့် ပြုစုမွေးမြူ အရေးယူမှု, အတင့်အတယ် အဖွယ်အရာကို လိုက်စားမှု ခံစားမှု စံစားမှု အလုံးစုံတို့သည် သေနေ့ သေရက်သို့ ဆိုက်ရောက် သည်နှင့် တစ်ပြိုင်နက် သဲထဲရေသွန် အဖတ်မရ အသုံးမကျ တုစ္ဆ သုညအဖြစ်သို့ ရောက်လေ ကုန်၏၊ ရှားစောင်းပင်ကို ရွှေထင်၍ စောင့်ရှောက်ရာ၌ ထင်သလိုမဟုတ်သည်နှင့် အားထုတ်သမျှ အလုံးစုံသည် အကုန် တုစ္ဆ ဖြစ်လေသကဲ့သို့ ပုဂ္ဂိုလ်မဟုတ် သတ္တဝါမဟုတ်၊ တုစ္ဆ သုညဖြစ်သော ဓာတ်နိုင်ငံကြီးကို ပုဂ္ဂိုလ် သတ္တဝါ အတ္တသာရထင်၍ ခင်မင်သာယာ တွယ်တာ စောင့်ရှောက်ကြရာ၌ ထင်သလို မဟုတ်သည်နှင့် အားထုတ်သမျှ အားကျသမျှ အလုံးစုံ သည် အကုန် တုစ္ဆ သုည ဖြစ်ရလေ၏ဟု ဆိုလိုသည်။
ဗုဒ္ဓုပ္ပါဒဒုလ္လဘ၌ ပြဆိုခဲ့ပြီးသည့်အတိုင်း သူသူ ငါငါ သတ္တဝါတို့၏ ရင်တွင်း နှလုံးတွင်း၌ ဒုစရိုက် ကံဟောင်းတွေ အနန္တ၊ အပါယ်ကြွေးဟောင်းတွေ အနန္တ၊ နောက်ဘဝ အဆက်ဆက် မိုက်မဲ မှောက်မှားရန် ဓာတ်ဆိုး ဓာတ်ဝါးကြီးတွေအနန္တ ရှိနေကြ၏၊ ဘဝတွေ အနမတဂ္ဂ ကမ္ဘာတွေ အနမတဂ္ဂ သံသရာတွေအနမတဂ္ဂ ကြာညောင်းကြသော်လည်း ကိုးကွယ်ရာတစ်ခုမျှ ယခုတိုင် မရှိကြပဲ ဒိဋ္ဌိကြီး တန်းလန်းနှင့် အပါယ်နှုတ်ခမ်းမှာ တူလျူတူလျူ ပင့်သက်ရှူလျက် နေကြမှုသည် တုစ္ဆ သုည၏ ဒိဋ္ဌိသက်သေပင်တည်း။
ပုထုဇ္ဇန်များ မျက်လှည့်ဆရာနှင့် ပေါင်းပုံ
ယခုအခါ မျက်လှည့်သည်အသွင်ကဲ့သို့ ဝိညာဏ်ခြောက်ပါး အမှောက်အမှား လှည့်စား၍ နေပုံ ကိုပြဆိုပေအံ့။
အဟုတ်ရှိ တကယ်ရှိဖြစ်၍ အဟုတ်ဧကန် တကယ်မှန်သော ဓာတ်နိုင်ငံကြီးကိုမူကား ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက်တို့၌ အိပ်မက်တွင်မျှ မမြင်ဖူးကြ မသိဖူးကြကုန်မူ၍ မဟုတ်မမှန်သော သဏ္ဌာန်ဒြဗ် ပညတ်ကြီးငယ်တို့ကိုသာလျှင် သိမြင်တွေ့ကြုံ၍ လာခဲ့ကြရကုန်၏၊ မျက်စိဥပစာ၌ရှိသမျှသော ဝတ္ထုဒြဗ်တို့ကို မျက်စိဖြင့်မြင်ကြရာ၌ အဟုတ်ရှိ တကယ်ရှိဖြစ်သော ဓာတ်သဘာဝကို မြင်ကြသည် မဟုတ်၊ ဝိညာဏ်သည် မဟုတ်မမှန် လုပ်ကြံဖန်ဆင်း ခင်းကျင်း ဖော်ပြသော ပုဂ္ဂိုလ်, သတ္တဝါ, မိန်းမ, ယောက်ျား, ဝတ်စားတန်ဆာ, အိမ်ရာ, ကျောင်းကန်, ဝင်းခြံ, တုံးတိုင်, ဖျာရိုင်, အိုးအင်, သစ်ပင်, ချုံနွယ် အစရှိသော အထည် ဒြဗ် ပညတ်နိုင်ငံ၏ အဆောက်အဦတွေကိုသာ မြင်ကြရကုန်၏။
ဤအရာ၌ အဆင်းတည်းဟူသော ရူပဓာတ်ကို မြင်ကြသည် မဟုတ်လော၊ ရူပဓာတ်သည် ပရမတ္ထတရား အစစ်မဟုတ်လော၊ အဘယ်ကြောင့် မဟုတ်မမှန်ကို မြင်ကြကုန်၏ဟု ဆိုဘိသနည်း ဟူငြားအံ့။
ရူပဓာတ်ကို မြင်ကြသည် မှန်ငြားသော်လည်း ရူပဓာတ်တစ်ခု တစ်ခုစီကို အသီးအသီး ခြားနား၍ မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ ဥပါဒ် ဇာတိမှုကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ ဇရာမှုကို မြင်ကြသည် မဟုတ်၊ ရူပဓာတ်၏ ခယမှု ဝယမှု မရဏမှုကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ အနိစ္စအချက်ကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ ဒုက္ခအချက်ကို မြင်ကြသည် မဟုတ်၊ ရူပဓာတ်၏ အနိစ္စအချက်ကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ အနတ္တ အသာရ အချက်ကို မြင်ကြသည်မဟုတ်၊ ရူပဓာတ်၏ သဟဇာတဓာတ်အသိုက် အအုံကို မြင်ကြသည် မဟုတ်။
စင်စစ်မူကား အဆင်းဟူသော ရူပဓာတ်ကိုမြင်ကြရာ၌ မျက်လှည့်သည် ဝိညာဏ်သည် ပြဆိုခဲ့ပြီးသော ဥပါဒ်ဇာတိမှု အစရှိသော ဓာတ်နိုင်ငံလမ်းကို မဖွင့်၊ သဏ္ဌာန်ဒြဗ် ပညတ် နိုင်ငံလမ်းကိုသာ ဖွင့်၏၊ ထို့ကြောင့် သတ္တဝါတို့သည် ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ တစ်စုံတစ်ခုသော ဝတ္ထုအထည်မဟုတ်၊ တုစ္ဆ သုည သဘာဝမျိုး ဖြစ်သော ရူပဓာတ်ကို ငါမြင်သည်ဟု မဖြစ်ကြကုန်၊ မည်သည့်ပုဂ္ဂိုလ်ကို မြင်သည်၊ မည်သည့် သတ္တဝါကို မြင်သည်၊ မည်သည့်အထည် ဝတ္ထုကို ငါမြင်သည်ဟု ဖြစ်ကြကုန်၏၊ ဤသို့သော မြင်မှုကို စတုသစ္စအရာ ဝိပဿနာအရာတို့၌ မဟုတ်မမှန်ကို မြင်ကြကုန်၏ဟု ဆိုသတည်း။
နားဥပစာ၌ ဖြစ်လာသမျှသော အသံစကားကို ကြားကြရာ၌ လည်းကောင်း, နှာခေါင်းဥပစာ၌ ရှိနေသမျှသော အနံ့ကို နံကြရာ၌ လည်းကောင်း, လျှာပေါ်သို့ ရောက်သမျှသော အရသာကို သိကြရာ၌ လည်းကောင်း, ကိုယ်အင်္ဂါ၌ ထိမှု ခိုက်မှု ပူမှု အေးမှု စသည်ကို သိကြရာ၌ လည်းကောင်း, စိတ်ထဲ၌ ထွေထွေလာလာ ကြံကြ သိကြရာ၌ လည်းကောင်း စက္ခုဒွါရအတိုင်း အမေးအဖြေထုတ်ဆိုလေ၊ ဤကား မျက်လှည့်သည် အသွင်ကဲ့သို့ ဝိညာဏ်ခြောက်ပါး အမှောက် အမှား လှည့်စား၍နေပုံကို သိသာရုံမျှ ပြဆိုလိုက်သော အချက်တည်း။
ဓာတ်မျက်မှန်ဖြင့် ရုပ်နာမ်ကို ကြည့်ရှုရန်
ရှားစောင်းတောဥပမာ၌ တစ်ယောက်သောသူသည် လူတို့၏ မျက်လှည့်အတတ် နတ်ဘီလူးတို့၏ မျက်လှည့်အတတ်တို့ကို အဖြောင့်အမှန် ပေါ်စေနိုင်သော နတ်ဆေး နတ်ဝါးဖြင့်ပြီးသော ဓာတ်မျက်မှန်ကို ရရှိ၏၊ ထိုသူသည် ထိုရှားစောင်းတောကို ပကတိသောမျက်စိဖြင့် ကြည့်သော အခါ ရွှေပဒေသာပင်တွေပင် ထင်မြင်၏၊ တစ်ဖန် မျက်စိ၌ဓာတ်မှန်ကိုတပ်၍ ကြည့်သောအခါ ဆူးအပြည့်ရှိနေသော အလွန်ပူလောင် သော အစေးတို့ဖြင့်ပြည့်သော အနံ့အရသာဆိုးဝါးလှသော အနည်း ငယ်မျှ အနှစ် သာရဟူ၍ မရှိသည့်အတွက် သက်သက်အသုံးမကျသော ရှားစောင်းတော ပကတိကို ထင်ရှားစွာ မြင်လေ၏။
ထိုသူအား နောက်အခါ၌ ပကတိမျက်စိတွင် ရွှေဟု ထင်ငြားသော်လည်း ဓာတ်မှန်နှင့် ရှင်းလင်းပြီးဖြစ်၍ သတ္တဝါအများတို့အား မှောက်မှားကြစေဖို့ ဥပဒ်ကြီးစွာ ဖြစ်ကြစေဖို့ ဖြစ်လာကြ သော အမှုကြီး ဖြစ်ချေသည် ဟု သိပြီး မြင်ပြီးဖြစ်သည်နှင့် မိမိမှာ ရွှေထင်သည့်အတွက် တစ်စုံတစ်ခုမျှ စွန်းငြိခြင်း မရှိမူ၍ မဟုတ်တရုတ်ကြီးကို မမြင်လို မကြားလိုသဖြင့် လွတ်အောင် ရှောင်ရှားကာ နေလေတော့သည်။
ထိုဥပမာအတူ အသီးသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကိုလည်းကောင်း၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာဓာတ်တို့ကိုလည်းကောင်း၊ အလင်း ထင်မြင်စေနိုင်သော ဓမ္မစက္ခု ကိုရရှိသောသူတို့အား ပကတိသောမျက်စိတွင် ပုဂ္ဂိုလ် သတ္တဝါထင်မြင်ကြငြား သော်လည်း ဓမ္မစက္ခုနှင့် ရှင်းလင်းပြီးဖြစ်၍ သတ္တဝါအများတို့အား မှောက်မှားကြစေဖို့ ဒုစရိုက်တရား ပွားများကြစေဖို့ အသုံးမကျသော တုစ္ဆ သုညပမာဒတရား ပွားများကြစေဖို့ ဖြစ်နေသော အမှုကြီးဖြစ်ချေသည်ဟု သိပြီး မြင်ပြီး ဖြစ်ကြ သည်နှင့် မိမိတို့မှာ ပကတိမျက်မြင်တွင် ပုဂ္ဂိုလ် သတ္တဝါ ထင်ကြသည့်အတွက် မှောက်မှု မှားမှု စွန်းငြိခြင်း မရှိကြကုန်ပြီ၊ ထိုသို့သော ဓမ္မစက္ခုကို ရရှိကြစေခြင်းငှါ “မာယူပမဉ္စ ဝိညာဏံ” ဟူ၍ ဟောတော်မူပေသည်။
ဝိညာဏက္ခန္ဓာသည် အမှောက်အမှား လှည့်စားတတ်သော မျက်လှည့်သည်နှင့် တူသည်ဟူ၍ ဟောတော်မူသဖြင့် မိမိဟုဆိုအပ်သော ဝိညာဏ်ခြောက်ပါး၌ နိစ္စ, သုခ, အတ္တအနေနှင့် ထင်မြင်၍ နေကြမှုသည်လည်း မိမိလှည့်စားမှုပင် ဖြစ်၏၊ ထင်မြင်၍ နေကြသော ဝိညာဏ်၏ နိစ္စမှုသည် ထင်မြင်တိုင်း အခိုင်အမာ အမှန်ရသော အနှစ်သာရမျိုး မဟုတ်ဟု ပြတော်မူသည်ဖြစ်၍ ဝိညာဏက္ခန္ဓာ၏ ကြီးစွာသော အာဒီနဝဝိညာဏက္ခန္ဓာ၏ အနိစ္စ ဒုက္ခ အနတ္တတို့ကို ပြတော် မူလိုရင်း ဖြစ်၏၊ “အာဟာရဒီပနီ” စာအုပ်တွင် ဝိညာဏာဟာရ ကမ္မဋ္ဌာန်း အစီအရင်မှာ အတန်ငယ် အကျယ်ပါရှိလေပြီ။
ဤတွင်ရွေ့ကား “မာယူပမဉ္စ ဝိညာဏံ” ဟူသော ဒေသနာ တော်အရကို ဖော်ပြခန်း ပြီး၏။
ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုဗ္ဗုဠူပမာ။
မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။
မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာ ဒိစ္စဗန္ဓုနာ-
(ခန္ဓဝဂ္ဂသံယုတ္တ၊ ပါ၊ နှာ-၁၁၆)
ဟူသော ဒေသနာဂါထာ၏ အနက်အဓိပ္ပါယ်ကို ပြဆိုခန်းပြီး၏။
အတွင်းအာယတန ခြောက်ပါး
အဇ္ဈတ္တိကာယတနတို့၏ သဘာဝ
သုညော ဂါမောတိ ခေါ ဘိက္ခဝေ ဆန္နေတံ -
အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ။
(သဠာယတနသံယုတ္တ၊ ပါ၊ နှာ-၃၈၃)
ဘိက္ခဝေ - ရဟန်းတို့၊
သုညော ဂါမောတိ ဧတံ - ရွာပျက်ကုန်းကြီး ရွာဆိုးကုန်းကြီးဟူသော ဤအမည်သည်၊
ဆန္နံ - ခြောက်ပါးကုန်သော၊
အဇ္ဈတ္တိကာနံ အာယတနယနံ - အတွင်းအာယတနတို့၏၊
ဓိဝစနံ - အမည်တည်း။
မျက်လုံးအိမ်တွင်း၌ ခဏမစဲ တဖွားဖွားဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှုဖြစ်သော စက္ခုဓာတ်သည် စက္ခာယတနမည်၏၊ ရေကြည် မှန်ကြည်မှာ မျက်နှာရိပ် ထင်ရသကဲ့သို့ ဤစက္ခုအကြည်မှာ အဆင်းသဏ္ဌာန် အရိပ်အသွင်ဟူသမျှ ထင်ရ၏၊ စက္ခုအကြည် မှာ အဆင်းသဏ္ဌာန် အရိပ်အသွင် ထင်ပေါ်ခိုက်တိုက်၍ နေဆဲအခါ ထိုစက္ခုအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍နေသော မြင်မှုသည် မနာယတန မည်၏၊ ဤ၌ စက္ခုဝိညာဏဓာတ်ကို မနာယတန ဆိုသတည်း။
နားအိမ်တွင်း၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှု ဖြစ်သော သောတဓာတ်သည် သောတာယတနမည်၏၊ ဤသောတာ ယတန၌ အသံဟူသမျှ တို့သည် အရိပ်အသွင်ထင်ကြကုန်၏၊ အသံအရိပ်အသွင် ထင်ပေါ်ခိုက်တိုက်၍ နေဆဲအခါ ထိုသောတအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍ နေသော ကြားမှုသည် မနာယတန မည်၏၊ ဤ၌သောတဝိညာဏဓာတ်ကို မနာယတန ဆိုသည်။
နှာခေါင်းအိမ်တွင်း၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင် မှုဖြစ်သော ဃာနဓာတ်သည် ဃာနာယတနမည်၏၊ အနံ့ဟူသမျှတို့သည် ဤဃာနာယတန၌ ထိခိုက်ကြကုန်၏၊ ထိခိုက်၍နေဆဲအခါ ဤဃာနအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍နေသော နံမှုသည် မနာယတန မည်၏၊ ဤ၌ ဃာနဝိညာဏ ဓာတ်ကို မနာယတန ဆိုသည်။
လျှာပေါ်၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှုဖြစ်သော ဇိဝှါဓာတ်သည် ဇိဝှါယတနမည်၏၊ အရသာမျိုးတို့သည် ဤဇိဝှါအကြည်၌ ထိခိုက်ကြကုန်၏၊ ထိခိုက်ဆဲအခါ ဤဇိဝှါအကြည်ထဲမှာ တဖွားဖွား ဖြစ်ပေါ်၍နေသော လျက်မှုသည် မနာယတန မည်၏၊ ဤ၌ ဇိဝှါဝိညာဏဓာတ်ကို မနာယတန ဆိုသည်။
အတွင်းအပဖြစ်သော တစ်ကိုယ်လုံး၌ ခဏမစဲ တဖွးဖွား ဖြစ်ပေါ်၍နေသော ကမ္မဇမဟာဘုတ်တို့၏ ကြည်လင်မှုဟူသော ကာယဓာတ်သည် ကာယာယတနမည်၊ ပူမှု အေးမှုအစရှိသော ဖောဋ္ဌဗ္ဗဓာတ် တို့သည် ဤကာယအကြည်၌ ထိခိုက်ကြကုန်၏၊ ထိခိုက်ဆဲအခါ ဤကာယအကြည်ထဲမှာ တဖွားဖွားဖြစ်ပေါ်သော နာမ်၏တွေ့ထိမှု သည် မနာယတန မည်၏၊ ဤ၌ကာယဝိညာဏဓာတ်ကို မနာယတန ဆိုသည်။
ဤကာယဝိညာဏဓာတ်ခေါ်သော စိတ်သည်ကား အတွင်းအပ တစ်ကိုယ်လုံးမှာ ဖောဋ္ဌဗ္ဗဓာတ် ထိခိုက်ရာဌာနတို့၌ ဖြစ်ပေါ်၏၊ ခြေဖဝါးအပြင်မှာ ဆူးငြောင့်, ခလုတ်, အုတ်, ကျောက်, မီး, ရေအစရှိသော ဖောဋ္ဌဗ္ဗဓာတ် ထိခိုက်လျှင် ထိခိုက်ရာ ခြေဖဝါးပြင်မှာ ဤဝိညာဏ်စိတ်ဖြစ်ပေါ်၏၊ တစ်ကိုယ်လုံးမှာ ဘယ်နေရာ၌မဆို ပူသည်, အေးသည်, ယားသည်, ယံသည်, ညောင်းသည်, ညာသည်, နာသည်, ကျင်သည်, ကိုက်သည်, ခဲသည်, လှုပ်သည်, ရှားသည် အစရှိသည်တို့ကို သိကြသမျှ သည် ကာယဝိညာဏ်စိတ် ပေါ်ရာ ဌာနမှာမှသာ သိနိုင်ကြ၏။
ခြေဖဝါး၌ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်မှ ခြေဖဝါး ပူသည်, အေးသည် အစရှိသည်ဖြင့် သိရသည်၊ အူအတွင်း, အသည်းတွင်း, အဆုတ်တွင်းတို့၌ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်မှ ဝမ်းထဲက ပူသည်, နာသည်၊ ရင်ထဲက ပူသည်, နာသည် အစရှိသဖြင့် သိကြရသည်၊ ကျောက်ကုန်းတစ်ပြင်လုံး၌ နေပူဟူသော ဖောဋ္ဌဗ္ဗထိခိုက်လျှင် ကျောက်ကုန်းတစ်ပြင်လုံးမှာ ဤဝိညာဏ်စိတ် ဖြစ်ပေါ်၏၊ ဤဝိညာဏ်စိတ် ဖြစ်ပေါ်ရာ ကျောက်ကုန်းအပြင်စုမှာ ဤနေရာ၌ ပူသည်၊ ထိုနေရာ၌ ပူသည်ဟု သိကြရ၏၊ ဤနည်းအတိုင်း အတွင်းအပ တစ်ကိုယ်လုံးအနှံ့ သိအပ်ကုန်၏။
နှလုံးအိမ်အတွင်း၌ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ဟဒယဝတ္ထုရုပ်ကို အမှီပြု၍ ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော အကြံအမျိုးမျိုး အသိအမျိုးမျိုးသည် သုဒ္ဓမနာယတနမည်၏၊ ထိုမနာယတနသည် -
(၁) ဘဝင်မနော,
(၂) ဇောမနော - ဟူ၍ နှစ်မျိုးရှိ၏။
(၁) ခန္ဓာကိုယ်ကို မသေမပျောက်ရုံမျှ စောင့်ရှောက် ချုပ်ထိန်းသော စိတ်မျိုးသည် ဘဝင်မနော မည်၏။
(၂) ကိုယ်အင်္ဂါ လှုပ်ရှားခြင်း, နှုတ်အင်္ဂါ လှုပ်ရှားခြင်း စိတ်အင်္ဂါ လှုပ်ရှားခြင်း ကြံဖန်ခြင်းကို ပြုနိုင်သော စိတ်မျိုးသည် ဇောမနော မည်၏။
အတွင်းအာယတနခြောက်ပါး ခွဲဝေခန်းပြီး၏။
ဘီလူးရှိသည့် ရွာဆိုးကုန်း ဥပမာ
ရွာဆိုးကုန်း ဥပမာကို ပြဆိုသောအချက် ကာလအရှည် စည်ကား၍ လလာခဲ့သော မြို့ရွာ နိဂုံးကြီး သည်ရှိရာ၏ ထိုမြို့ရွာ နိဂုံးကြီးသည် နောက်အခါ၌ တစ်စုံတစ်ခုသော ဘေးကြီးကြောင့် ပျက်စီးလေ၏၊ လူသူတစ်ဦး တစ်ယောက်မျှမရှိ အစိမ်းသူရဲ, ဘီလူး, သံဘက်တို့သာ ကျန်ရှိကုန်၍ ရွာဆိုးကုန်းကြီး ဖြစ်လေ၏၊ အဝေးက မြင်လျှင် အလွန်စည်ပင်သော မင်းနေပြည်ကြီး ထင်ရ၏။
အရပ်ကြီး ဒေသကြီးမှာ နေထိုင်လို၍ အရပ်ကြီး ဒေသကြီးကို ရှာကြံကြကုန်သော အဝေးနိုင်ငံသား ခရီးသည်တို့သည် နွေလအခါ၌ အလွန်ပင်ပန်းစွာ ကန္တာရခရီးဖြင့် လာခဲ့ကြရာ ထိုမြို့ရွာ နိဂုံးအနီးသို့ ရောက်၍ ညို့ညို့မှိုင်းမှိုင်းကြီး မြင်ကြရာ အလွန်စည်ပင်သာယာသော မြို့ကြီးသို့ ငါတို့ရောက်ကြပေ ကုန်တော့သည်၊ ဤမြို့ကြီး သို့ ရောက်ကြကုန်မှ ကောင်းမွန်စွာ စားသောက် ဝတ်ဆင်၍ ချမ်းသာစွာ နေထိုင်ကြရ ပေကုန်တော့မည်ဟု အလွန်အားတက်သရော ရှိကြကုန်၏။
မြို့တွင်း ရွာတွင်းသို့ဝင်ရောက်ကြသောအခါ တစ်စုံတစ်ယောက်သော လူကိုမှ မတွေ့မမြင်ကြ ကုန်မှု၍ အိမ်ပျက်, ရာပျက်, ဝင်းပျက်, ခြံပျက်တို့ကိုသာ တွေ့မြင်ကြလေကုန်၏၊ ဆာလောင် မွပ်သိပ်ရှိကြ၍ အိမ်ရာ တိုက်ခန်းသို့ဝင်၍ ဖွင့်လှစ်ရှာကြံ စမ်းသပ်ကြကုန်ရာ တစ်စုံ တစ်ခုသော စားရန်, သောက်ရန်ကိုမျှ မတွေ့၊ အသုံးသက်သက် မကျသော အိုးကွဲ, အင်းကွဲ, ဖျာစုတ်, တောင်းစုတ်, အစရှိသော အမှိုက်အစု တို့ကိုသာ တွေ့ရှိကြကုန်၍ အဆာမပြေ, အမွတ်မပြေ ရှိနေကြရာ အချို့သောသူတို့သည် သင်္ချိုင်းပြင်ကြီးကဲ့သို့ ထင်ကြကုန်၏။
အိမ်ပေါ် တိုက်ပေါ်မှာ နေကြပြန်လျှင် အိမ်တွင်း တိုက်တွင်း အိမ်ကြိုအိမ်ကြား တိုက်ကြိုတိုက်ကြား တို့မှ အစိမ်း, သူရဲ, ဘီလူး, သံဘက်တို့သည် ယခုပင်ထွက်၍ ဖမ်းယူအံ့ဟု ထင်ကြကုန်၏၊ သစ်ပင်ကြီး, ဝါးပင်ကြီး အရိပ်၌ နေကြပြန်လျှင် သစ်ပင်ကြီး ဝါးပင်ကြီးတို့ အထက်မှ အစိမ်းကြီး, သူရဲကြီး, ဘီလူးကြီး သံဘက်ကြီးတို့သည် ယခုပင်ဆင်း၍ ဖမ်းယူအံ့ဟု ထင်ကြကုန်၏၊ ညဥ့် အိပ်၍ မနေကြကုန်ပဲ အလျင်အမြန် ထွက်၍ ပြေးကြလေကုန်၏၊ အချို့သောသူတို့သည် အမှတ်မထင် ရှိကြ၍ မောပန်းလှသေးသည်ဟု အိပ်၍နေကြကုန်ရာ ညဥ့် အခါသို့ ရောက်သဖြင့် ထိုရွာတွင် အစာငတ်မွတ်လျက် ရှိနေကြကုန်သော အစိမ်း, သူရဲ, ဘီလူး, သံဘက်တို့အစာ ဖြစ်ကြ လေကုန်၏။
ဤ ဥပမာ၌ သတ္တဝါတို့၏ ကိုယ်ခန္ဓာမှာ -
- မျက်စိမြင်မှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊
- နားကြားမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊
- နှာခေါင်းနံမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊
- လျှာလျှက်မှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊
- ကိုယ်တွေ့ထိမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊
- မနောကြံမှု သိမှုသည် ရွာဆိုးကုန်းကြီး တစ်ခု၊
ဟူ၍ ရွာဆိုးကုန်းကြီး ခြောက်ဌာန ရှိကြ၏။
မျက်စိမြင်မှုသည် အဘယ်သို့ ရွာဆိုးကုန်းကြီးနှင့် တူသနည်း ဟူမူကား - မျက်စိဥပမာမည်သည် ကျယ်ဝန်း၏ အရပ်ဆယ်မျက်နှာ၌ တော တောင်, ရေ, မြေ, နေ, လ, နက္ခတ် အလုံးစုံတို့နှင့်တကွ မျက်စိဦးတည်ရာ မျက်စိဥပစာ ထင်နိုင် မြင်နိုင်သော နယ်ပယ်သည် ကျယ်ဝန်းလှ၏၊ ထိုမြင်မှုကြီးကို သတ္တဝါတို့သည် အလွန်ကြီးအားပြုကြကုန်၏၊ ထိုမြင်မှုကြီးသည် သတ္တဝါတို့၏ စိတ်ကို အလွန် မြှောက်စားနိုင်၏၊ ထိုမြင်မှုကြီး မြှောက်စားသည့်အတွက် သတ္တဝါတို့သည် သေမင်း၏ မျက်မှောက်၌ ဓားအောက်လည်ခံ ဖြစ်နေကြပါကုန်လျက် သေမင်းကိုပင် ထီမထင် ရှိနေကြကုန်၏၊ အဝိဇ္ဇာမှောင်ကြီးကိုပင် ထီမထင် သက္ကာယဒိဋ္ဌိကြီးကိုပင် ထီမထင်, ရင်တွင်း နှလုံးတွင်း၌ ယခုငုတ်တုတ်ရှိလျက်နေကြသော အပါယ်ကြွေးဟောင်း အနန္တတို့ကိုပင် ထီမထင်, ရှေ့သို့ မိုက်မဲလတ္တံ့သော ဒုစရိုက်အနန္တတို့ကိုပင် ထီမထင်, အပါယ်သံသရာကြီးကိုပင် ထီမထင်, ရှိနေကြကုန်၏၊ ထိုရွာဆိုးကုန်းကြီးကို အဝေးက မြင်ကြရာ၌ကဲ့သို့တည်း။
ထိုသို့ထီမထင် ရှိနေကြကုန်သော်လည်း အဆက်ဆက်သေမှု အနန္တတင်းလင်း ရှိနေကြသော အပူကြီးကို အေးငြိမ်းကြစေရန် တစ်စုံတစ်ခုကိုမျှ ထိုမြင်မှုကြီးထဲမှာ ရှာကြံစမ်းသပ်၍ မရကြကုန်၊ အဝိဇ္ဇာမှောင်ကြီး ပျောက်ကင်း၍ အလင်းသို့ မြင်ကြရန် တစ်စုံတစ်ခုကိုမျှ ရှာကြံစမ်းသပ်၍ မရကြကုန်၊ သက္ကာယဒိဋ္ဌိအပါယ်မြစ်ကြီး ကျွတ်လွတ်ရန် တစ်စုံတစ်ခုကိုမျှ ရှာကြံစမ်းသပ်၍ မရကြကုန်၊ အပါယ်ကြွေးဟောင်း တွေအနန္တကို ပြေငြိမ်းကြစေရန် တစ်စုံတစ်ခုကိုမျှ ရှာကြံစမ်းသပ် ၍ မရကြကုန်၊ ရှေ့သို့ ဒုစရိုက်အနန္တ ဖြစ်မှုတွေ လွတ်ငြိမ်းရန် တစ်စုံတစ်ခုကိုမျှ ရှာကြံ စမ်းသပ်၍ မရကြကုန်၊ ရှေ့သို့ကျရောက် လတ္တံ့သော အပါယ်သံသရာကြီး ကျွတ်လွတ်ရန် ထိုတစ်သက်လုံး မြင်မှု ဘဝအဆက်ဆက် မြင်မှုတို့မှ တစ်စုံတစ်ခုကိုမျှ ရှာကြံ စမ်းသပ်၍ မရကြကုန်၊ ထိုခရီးသည် တို့၏ ထိုရွာကြီးတွင်းသို့ ရောက်ကြ၍ တစ်စုံတစ်ခုသော အကောင်းအမွန်ဝတ္ထုကို ရှာကြံစမ်းသပ်၍ မရကြသကဲ့သို့တည်း။
ဣန္ဒြေမစောင့်၍ မှောက်မှားရပုံ
လောဘ, ဒေါသ, မောဟ, အဝိဇ္ဇာ, တဏှာ, မာန, ဒိဋ္ဌိ, ဣဿာ, မစ္ဆေရ - အစရှိကုန်သော ကိလေသာအညစ်အညမ်း အကြမ်းအကြုတ် အယုတ်တမာကြီး တို့သည် ထိုမြင်မှုကြီးထဲမှာ ကြီးပွါးစည်ကား၍ ရှိနေကြကုန်၏၊ မျက်စိကိုဖွင့်၍ ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း ထို အကြမ်းအကြုတ် အယုတ်တမာတို့သည် ကပ်ရောက်ဝင်ပူး၍ အရူးတိုက်လိုတိုက် အနှမ်းတိုက် လိုတိုက် အမိုက်မျိုးအနန္တ, အမဲမျိုးအနန္တ, အမှောက်အမှားမျိုး အနန္တတို့ကို တိုက်တွန်း၍ ကိလေသာကျွန်, ကိလေသာစားဖတ်, ဝါးဖတ် သုံးသပ်နင်းနယ်ရာ အဖြစ်သို့ ရောက်ကြလေ ကုန်၏၊ မျက်စိမြင်သူတို့မှ ဖြစ်နိုင်ကြသော ကိလေသာမှု ဒုစ္စရိုက်မှုတွေကို ရေသတ္တဝါ, ကုန်း သတ္တဝါတို့၌ မြင်အောင်ကြည့်အပ်ကုန်၏၊ ထိုရွာဆိုးကုန်းကြီး၌ ညဥ့် အိပ်၍နေသူတို့ ဘီလူးအစာ ဖြစ်ကြလေကုန်သကဲ့သို့တည်း။
စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါနမဿာ ပါပကာ အကုသလာဓမ္မာ အနွာဿဝေယျုံ။
(သဠာယတနဝဂ္ဂသံယုတ္တ၊ ပါ၊ နှာ-၃၈၄)
စက္ခုန္ဒြိယံ - စက္ခုန္ဒြေကို၊
အသံဝုတံ - မပိတ်မဆို့မူ၍၊
ဝိဟရန္တံ - နေသောသူကို၊
အဘိဇ္ဈာ ဒေါနမဿာ - အဘိဇ္ဈာဒေါမနဿတို့သည်လည်းကောင်း၊
ပါပကာ - အကြမ်းအကြုတ် အယုတ်တမာ ဖြစ်ကုန်သော၊
အကုသလာဓမ္မာ - မကောင်းဆိုးဝါး တရားအမိုက် တို့သည်လည်းကောင်း၊
အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်း စသည်ကို ပြုကြ ကုန်ရာ၏။
ဓာတ်နိုင်ငံကြီးသို့ အမြန်ကူးရောက် အမြင်ပေါက်ကုန်သော သူတို့သည် ထိုရွာတွင်း၌ ညဥ့် မအိပ်ပဲ လွတ်ရာအရပ်သို့ ထွက်ပြေးသော သူတို့နှင့် တူကုန်၏၊ ပညတ်နိုင်ငံ၌ စိတ်လိုလိုက်နေကြသော သူတို့သည် ထိုရွာဆိုးကုန်းကြီး၌ ညဥ့် အိပ်၍ နေကြကုန်သော သူတို့နှင့်တူကုန်၏၊
ဤကား စက္ခုဒွါရ၏ ရွာဆိုးကုန်းကြီးနှင့် တူပုံကို ပြဆိုချက်တည်း။
ထိုနည်းအတူ အသံအမျိုးမျိုးကို ကြားမှုဟူသော သောတဒွါရနယ်ကြီး၏ ရွာဆိုးကုန်းကြီးနှင့် တူပုံ၊ အနံအမျိုးမျိုးကို နံမှုဟူသော ဃာနဒွါရနယ်ကြီး၏ ရွာဆိုးကုန်းကြီးနှင့် တူပုံ၊ အချို အချဉ် အစရှိသော အရသာ အမျိုးမျိုးကို ခံစားမှုဟူသော ဇိဝှါဒွါရနယ်ကြီး၏ ရွာဆိုးကုန်းကြီးနှင့် တူပုံ၊ အဝတ်အရုံ မေထုန်ကာမအစရှိသော ဖောဋ္ဌဗ္ဗကို ခံစားမှုဟူသော ကာယဒွါရနယ်ကြီး၏ ရွာဆိုး ကုန်းကြီးနှင့် တူပုံ၊ မနားမနေ အထွေထွေ အလာလာ ကြံမှု သိမှုဟူသော မနောဒွါရ အနန္တ၏ ကြီးကျယ်လှစွာသော ရွာဆိုးကုန်းကြီးနှင့် တူပုံများကိုလည်း စက္ခုမှာကဲ့သို့ အသီးအသီး အကျယ် နှင့်တကွ သိအပ်ကြကုန်၏။
သောတိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။
ဃာနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။
ဇိဝှိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။
ကာယိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။
မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။
(သဠာယတနဝဂ္ဂသံယုတ္တ၊ ပါ၊ နှာ-၃၈၄)
(စက္ခုန္ဒြိယံ ဝါကျကိုမှီး၍ ဝါကျဖော်ထားသည်)
သောတန္ဒြိယံ - သောတိန္ဒြေကို၊
အသံဝုတံ - မပိတ်မဆို့မူ၍၊
ဝိဟရန္တံ - နေသောသူကို၊
အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊
ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊
အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊
အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။
ဃာနိန္ဒြိယံ - ဃာနိန္ဒြေကို၊
အသံဝုတံ - မပိတ်မဆို့မူ၍၊
ဝဟရန္တံ - နေသောသူကို၊
အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊
ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊
အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊
အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။
ဇိဝှိန္ဒြိယံ - ဇိဝှိန္ဒြေကို၊
အသံဝုတံ - မပိတ်မဆို့မူ၍၊
ဝိဟရန္တံ - နေသောသူကို၊
အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊
ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊
အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊
အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။
ကာယန္ဒြိယံ - ကာယိန္ဒြေကို၊
အသံဝုတံ - မပိတ်မဆို့မူ၍၊
ဝိဟရန္တံ - နေသောသူကို၊
အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊
ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊
အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊
အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။
မနန္ဒြိယံ - မနိန္ဒြေကို၊
အသံဝုတံ - မပိတ်မဆို့မူ၍၊
ဝိဟရန္တံ - နေသောသူကို၊
အဘိဇ္ဈာ ဒေါမနဿာ - အဘိဇ္ဈာဒေါမနဿ တို့သည်လည်းကောင်း၊
ပါပကာ - အကြမ်းအကြုတ် အယုတ်တမာဖြစ်ကုန်သော၊
အကုသလာ ဓမ္မာ - မကောင်းဆိုးရွား တရားအမိုက်တို့သည် လည်းကောင်း၊
အနွာဿဝေယျုံ - မီးခိုးလျှောက်လျှင် ကပ်ရောက်ဝင်ပူး အရူးတိုက်ခြင်းစသည်ကို ပြုကြကုန်ရာ၏။
ငရဲဘုံ၌ ရှိနေကြသော သတ္တဝါအနန္တ တိရစ္ဆာန်ဘုံ၌ ရှိနေကြသော သတ္တဝါအနန္တ, ပြိတ္တာဘုံ၌ ရှိနေကြသော သတ္တဝါအနန္တ, အသူရကာယ်ဘုံ၌ရှိနေကြသော သတ္တဝါအနန္တ တို့ကို ခြောက်ပုံ ခြောက်စု ပြုသည်ရှိသော် တစ်ပုံတစ်စုသည် စက္ခုနယ်ကြီးမှ ဖြစ်သော ဥပဒ်နှင့် ကျရောက်သူတို့ တည်း၊ တစ်စုံတစ်စုသည် သောတနယ်ကြီးမှ ဃာန, ဇိဝှါ, ကာယ, မနောနယ်ကြီးမှဖြစ်သော ဥပဒ်နှင့် ကျရောက်သူတို့တည်း၊ ထိုခြောက်ဌာနမှ အလွတ်ဟူ၍ မရှိပြီ။
ဤတွင်ရွေ့ကား “သုညော ဂါမောတိ ခေါ ဘိက္ခဝေ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ” ဟူသော ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို အကျယ်ဖော်ပြ ခန်း ပြီး၏။
အပြင်အာယတန ခြောက်ပါးတို့ကို ပြဆိုခြင်း
ဗာဟိရာယတန သဘာဝ
စောရာ ဂါမဃာတကာတိ ခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ-
ဟူသောပါဠိတော်မြတ်၌ -
ဘိက္ခေဝေ - ရဟန်းတို့၊
ဂါမဃာတကာ - ရွာကို တိုက်ဖျက်တတ်ကုန်သော၊
စောရာ - ဓားပြတို့ဟူသည်၊
ဆန္နံ - ခြောက်ပါးကုန်သော၊
ဗာဟိရာနံအာယတနာနံ - အပ အာယတနတို့၏၊
ဧတံ အဓိဝစနံ - ဤအမည်တည်း။
၁။ အဆင်းအမျိုးမျိုးဟူသော ရူပါယတန၊
၂။ အသံအမျိုးမျိုး ဟူသော သဒ္ဒါယတန၊
၃။ အနံ့ အမျိုးမျိုးဟူသော ဂန္ဓာယတန၊
၄။ အရသာအမျိုးမျိုးဟူသော ရသာယတန၊
၅။ ပထဝီ, တေဇော, ဝါယောဟုဆိုအပ်သော အတွေ့အထိ အမျိုးမျိုးဟူသော ဖောဋ္ဌဗ္ဗာယတန၊
၆။ ပြဆိုခဲ့ပြီးသော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ၊ အတွင်း အာယတန ခြောက်ပါးနှင့်တကွ လောကဂုဏ်, ဓမ္မဂုဏ်, အမိုက်ဂုဏ်, အလိမ္မာဂုဏ်ဟူသော ဓမ္မာယတန၊
ဤခြောက်ပါးသည် အတွင်းအာယတနခြောက်ပါးတို့မှ အပဖြစ်သော ဗာဟိရာယတန ခြောက်ပါးမည်ကုန်၏။
ရွာဖျက်ဓားပြ ဥပမာ
ထို ဗာဟိရာယတန ခြောက်ပါးတို့သည် မြို့ရွာတို့ကို တိုက်ခိုက် လုယက်နှောင့်ယှက် ဖျက်ဆီးစားသောက်ပြီးလျှင် နေကြကုန်သော တောအုပ် ဓားပြတပ်ကြီးတွေနှင့် တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း ဟူမူကား ထိုထိုတောအုပ်တို့၏ အနီး၌ မြို့ရိုး, ကျုံးမြောင်း, သူရဲ, သူခက်, လက်နက်ကြိယာ, ဆူးစည်း, တံခါး, အစောင့် အရှောက် တို့မှ ကင်းကြကုန်သော မြို့ရွာကြီးငယ်တို့သည် ရှိကြကုန်ရာ၏၊ ထိုထို တောအုပ် တို့၌လည်း မြို့ရွာကို တိုက်ဖျက်လုယက်၍ အသက်မွေးကြ၊ အသောက်အစားနှင့် လောင်းကစား ကြူးကြကုန်သော ငါးရာအစု တစ်ထောင် အစုရှိကြကုန်သော ဓားပြ တို့သည် ရှိကြကုန်ရာ၏။
ထိုဓားပြတို့သည် နေ့မဆို ညဥ့် မဆို တိုက်ခိုက်လိုသောအခါ နီးရာနီးရာ မြို့ရွာ နိဂုံးတို့ကို ဝန်းဝိုင်းတိုက်ခိုက်၍ အလိုရှိရာ သက်ရှိသက်မဲ့ ဥစ္စာတို့ကို ယူဆောင်ကြ လေကုန်၏၊ ရွာနေလူတို့ကို ခေါ်ငင်၍ ချောပို့ဝန်ထမ်း ခိုင်းစေကြကုန်၏၊ ထိုထိုမြို့ရွာသူတို့သည် လက်နက် ကြိယာမြို့ရိုး, ကျုံးမြောင်း, ဆူးဝင်း, စည်းတပ်, တံခါး, အစောင့်အကြပ် မရှိကုန်သည်ဖြစ်၍ ဓားပြတို့ အနှိပ်အစက်ကို အမြဲခံကြရကုန်၏၊ ပစ္စည်းဥစ္စာ ရှာကြံလုပ်ဆောင် စုဆောင်း၍ ထားကြကုန် သော် လည်း အထုပ်အထည် အကြွယ်အဌေး မဖြစ်နိုင်ကြ၊ အမွဲအတီးဖြစ်၍ နေကြကုန်၏၊ အချို့အချို့သော သူတို့သည် ပစ္စည်းဥစ္စာ စားရာမဲ့ ဝတ်ရာမဲ့ဖြစ်ကြသဖြင့် ဓားပြတို့၏ အစီးအပွားကိုပင် အားရှိသမျှ သည်ပိုးရွက်ဆောင်၍ စားသောက်ခါ နေကြရကုန်၏။
ဗောဓိပက္ခိယကို ဓားပြဖျက်ပုံ
ဤဥပမာ၌ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟီရိ, ဩတ္တပ္ပ တည်းဟူသော သူတော်ကောင်းဥစ္စာ ခုနှစ်ပါးသည် သံသရာ၌ ကျင်လည်ကြသူ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ဥစ္စာ မည်ကုန်၏၊ သာသနာတော်တွင်း၌ကား ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးကို အတွင်းဥစ္စာ ဆိုလေ။
အတွင်းအာယတန ခြောက်ပါးတို့၏ အပေါင်းအစုဖြစ်ကြသော ဤကိုယ်ခန္ဓာစုသည် ထိုမြို့ ထိုရွာစုနှင့် တူကုန်၏၊ သက်ရှိ, သက်မဲ့, အဆင်း, သဏ္ဌာန်, အသံ, အနံ့, အရသာ အစရှိသော ဗာဟိရာယတန ခြောက်ပါးသည် ဓားပြတပ်တွေနှင့် တူကုန်၏၊ အာဇီဝဋ္ဌမကသီလ ဣန္ဒြိယ သံဝရသီလ ကာယဂတာသတိ အစရှိသည်တို့မှ ကင်းလွတ်ကြကုန်သော ဗာလပုထုဇဉ် သတ္တဝါတို့သည် လက်နက်ကြိယာ, မြို့ရိုး, ကျုံးမြောင်း, ဆူးစည်း, တံခါးတို့မှ ကင်းကုန်ကြသော ထိုမြို့ ရွာသူတို့နှင့် တူကုန်၏။
ခြောက်ဒွါရ ဥပစာ၌ရှိနေကြကုန်သော အာရုံခြောက်ပါးတို့သည် အမြဲအကြပ် စောင့်ထိန်းအပ်သော သီလသံဝရ ဆူးစည်း တံခါးလည်း မရှိကြကုန်သော အသုဘဘာဝနာ, ကာယဂတာသတိ အစရှိသော လက်နက်ကြိယာတို့မှလည်း ကင်းရှင်းကြကုန်သော ထိုထိုခန္ဓာ မြို့ရွာ နိဂုံးတို့ကို ဒွါရခြောက်သင်း ဟာလာဟင်း တို့မှ တစ်ထိုင်တွင်းမှာပင် အကြိမ်တစ်ရာမက အတင်းဝင်ရောက် ကြကုန်၍ ထိုထိုကုသိုလ်စိတ် ကုသိုလ်မနော ကောင်းသောအကြံအဖန်တည်းဟူသော ပစ္စည်း ဥစ္စာတို့ကို အတင်းတိုက်ဖျက် လုယက် ဆုံးရှုံးစေကြကုန်၏။
ကောင်းသောမနောကို ဝင်စား၍ နေစဉ်အခါ၌ ခြောက်ဒွါရတွင် ခိုက်တိုက်လာသော ထိုထို အာရုံသည် ထိုကုသိုလ်မနောကို အသေသတ်၍ ထိုပုဂ္ဂိုလ်ကို မိမိအထံသို့ တကြံကြံ တမော့မော့ နေအောင်ပြု၏၊ ထိုပုဂ္ဂိုလ်သည် ထိုကုသိုလ်အကြံကိုလွတ်၍ ထိုအာရုံထံသို့ ရောက်ရ၏၊ ထိုအာရုံ ဓားပြနောက်သို့ပါရလေ၏၊ ထိုကုသိုလ် မနောသည် ဘယ်အခါမှ အားအင်ရှိစွာ ဘာဝနာအစစ် အထုပ်အထည်အဖြစ်သို့ ရောက်အောင် တည်ထောင်စုဆောင်းမိသည်ဟု မရှိကြရကုန်။
ယခုဘုရားသာသနာတော်တွင်းမှာ ကြုံကြိုက်ကြ၍ ဘုရား တကာ ကျောင်းတကာ ခံကြလျက် အသက်ခြောက်ဆယ် အသက်ခုနစ်ဆယ် အသက်ရှစ်ဆယ် ရှိသည်တိုင် အောင် အပအာရုံ ဓားပြ တို့က ဥဒ္ဓစ္စ, ဝိတက်, လက်နက်ခပင်းနှင့် တဒိုင်းဒိုင်း ပစ်ခွင်းမှုမစဲ ရှိနေသောကြောင့် အာနာပါနဿတိ အစရှိသော ဘာဝနာအထုပ်အထည် လက်ကိုင် မရှိနိုင်ကြကုန်ပဲ မွဲလျက် တီးလျက်နှင့်ပင် နေကြသေကြရကုန်၏။
အနမတဂ္ဂ ဘဝသံသရာ ကြာညောင်းကြကုန်သော်လည်း အပါယ်ဒုက္ခ စသည်တို့မှ အစဉ်ထာဝရ လွတ်ငြိမ်းစေနိုင်သော ဘာဝနာ ဓမ္မဓနဥစ္စာတို့နှင့် ကင်းကွာတုံလစ် လက်မဲ့ဖြစ်၍သာ လာခဲ့ကြသည့် အတွက်ကြောင့် ယခုထက်တိုင် အဝိဇ္ဇာမှောင်းကြီး တန်းလန်း သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီးတန်းလန်း ဒုစရိုက်ကံဟောင်း အနန္တတန်းလန်း ဒုစရိုက်ကံသစ် ဖြစ်ခွင့် တန်းလန်း အပါယ်ဘေးကြီးတန်းလန်း ရှိနေကြကုန်၏။
ဘဝတိုင်း, ဘဝတိုင်းတို့၌ ဘာဝနာတရား စားရမဲ့ ဝတ်ရာမဲ့ ဖြစ်ကြကုန်၍ မျက်စိ အာရုံဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, နားအာရုံ ဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, နှာခေါင်းအာရုံ ဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, လျှာအာရုံဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, ကိုယ်ခန္ဓာအာရုံဟူသော ဓားပြတပ်ကြီး၏ အစီးအပွါး, မနောအာရုံ ဟူသော ဓားပြတပ်ကြီး၏ အစီးအပွါးတို့ကို အင်အားရှိသမျှ အားထုတ် လုပ်ဆောင်ကာ လာကြရကုန်၏။
အာရုံခြောက်ပါး ဓားပြတို့၏ လက်နက်ကြိယာတို့ကား တစ်ထောင့်ငါးရာ ကိလေသာ တည်းဟူသော မီးထုပ်လက်နက်စုပေတည်း၊ အာရုံခြောက်ပါး တည်းဟူသော ဓားပြတို့သည် ထိုထိုသတ္တဝါ ကိုယ်ခန္ဓာတည်းဟူသော မြို့ရွာကို တစ်ထောင့်ငါးရာ ကိလေသာတည်းဟူသော ဓာတ်မီးထုပ် တို့နှင့် မပြတ်မစဲ တိုက်ရှို့ကြကုန်၏၊ ထိုခန္ဓာတည်းဟူသော မြို့ရွာတို့၌ သတိပဋ္ဌာန်စသော အနှစ်ဥစ္စာ ရတနာတို့သည် ဘယ်မှာ တည်နိုင်ကြကုန်အံ့နည်း။
ဤသို့သော အနက်ကို ပြခြင်းငှါ “စောရာ ဂါမဃာတကာတိ ခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ” ဟူ၍ ဟောတော်မူပေသည်။
ဤတွင်ရွေ့ကား ဗာဟိရာယတန ခြောက်ပါးကို ပြဆိုခန်းပြီး၏။
ဓာတ် ၁၈-ပါးကို ပြဆိုခြင်း
ယခုအခါ ဓာတ် ၁၈-ပါးကို ပြဆိုပေအံ့။
၁။ သေယျထာပိ ဘိက္ခဝေ ကဋ္ဌဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ကဋ္ဌဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။
၂။ သကလိကဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ သကလိကဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။
၃။ တိဏဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ တိဏဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။
၄။ ဂေါမယဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ဂေါမယဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။
၅။ ထုသဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ထုသဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။
၆။ သင်္ကာရဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ သင်္ကာရဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ။
၁။ ဧဝမေဝ ခေါ ဘိက္ခဝေ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ စက္ခုဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။
၂။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ သောတ ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။
၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ ဃာန ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။
၄။ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ ဇိဝှါ ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။
၅။ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ ကာယ ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။
၆။ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ ဝိညာဏံ မနော ဝိညာဏန္တေဝ သင်္ချံ ဂစ္ဆတိ။
(မဟာတဏှာသင်္ခယသုတ် ပါဠိတော်)
၁။ ဘိက္ခဝေ - ရဟန်းတို့၊
သေယျထာပိ - ဥပမာဆိုသည်ရှိသော်ကား၊
ကဋ္ဌဉ္စ - ထင်းသစ်သားကိုလည်း၊
ပဋိစ္စ - စွဲမှီ၍၊
ယော အဂ္ဂိ - အကြင်မီးသည်၊
ဇလတိ - တောက်၏၊
သော အဂ္ဂိ - ထိုမီးသည်၊
ကဋ္ဌဂ္ဂိတွေဝ - ထင်းမီးဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၂။ သကလိကဉ္စ - ထင်းပေါက်ကိုလည်း၊
ပဋိစ္စ - စွဲမှီ၍၊
ယော အဂ္ဂိ - အကြင်မီးသည်၊
ဇလတိ - တောက်၏၊
သော အဂ္ဂိ - ထိုမီးသည်၊
သကလိကဂ္ဂိတွေဝ - ထင်းပေါက်မီးဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၃။ တိဏဉ္စ - မြက်ကိုလည်း၊
ပဋိစ္စ - စွဲမှီ၍၊
ယော အဂ္ဂိ - အကြင်မီးသည်၊
ဇလတိ - တောက်၏၊
သော အဂ္ဂိ - ထိုမီးသည်၊
တိဏဂ္ဂိတွေဝ - မြက်မီးဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၄။ ဂေါမယဉ္စ - နွားချေးကိုလည်း၊
ပဋိစ္စ - စွဲမှီ၍၊
ယော အဂ္ဂိ - အကြင်မီးသည်၊
ဇလတိ - တောက်၏၊
သော အဂ္ဂိ - ထိုမီးသည်၊
ဂေါမယဂ္ဂိတွေဝ - နွားချေးမီးဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၅။ ထုသဉ္စ - ဖွဲကိုလည်း၊
ပဋိစ္စ - စွဲမှီ၍၊
ယော အဂ္ဂိ - အကြင်မီးသည်၊
ဇလတိ - တောက်၏၊
သော အဂ္ဂိ - ထိုမီးသည်၊
ထုသဂ္ဂိတွေဝ - ဖွဲမီးဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၆။ သင်္ကာရဉ္စ - အမှိုက်စုကိုလည်း၊
ပဋိစ္စ - စွဲမှီ၍၊
ယော အဂ္ဂိ - အကြင်မီးသည်၊
ဇလတိ - တောက်၏၊
သော အဂ္ဂိ - ထိုမီးသည်၊
သင်္ကာရဂ္ဂိတွေဝ - အမှိုက်မီးဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၁။ ဘိက္ခဝေ - ရဟန်းတို့၊
ဧဝမေဝခေါ - ဤအတူသာလျှင်၊
စက္ခုဉ္စ - စက္ခုဓာတ်ကိုလည်းကောင်း၊
ရူပေ စ - အဆင်းအမျိုးမျိုးဟူသော ရူပဓာတ်တို့ကို လည်းကောင်း၊
ပဋိစ္စ - အစွဲပြု၍၊
ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊
စက္ခုဝိညာဏန္တေွဝ - စက္ခုဝိညာဏဓာတ်ဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၂။ သောတဉ္စ - သောတဓာတ်ကိုလည်းကောင်း၊
သဒ္ဒေ စ - အသံအမျိုးမျိုးဟူသော သဒ္ဒဓာတ်တို့ကိုလည်းကောင်း၊
ပဋိစ္စ - အစွဲပြု၍၊
ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊
သောတဝိညာဏန္တေဝ - သောတဝိညာဏဓာတ် ဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၃။ ဃာနဉ္စ - ဃာနဓာတ်ကိုလည်းကောင်း၊
ဂန္ဓေ စ - အနံ့အမျိုးမျိုးဟူသော ဂန္ဓဓာတ်တို့ကိုလည်းကောင်း၊
ပဋိစ္စ - အစွဲပြု၍၊
ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊
ဃာနဝိညာဏန္တေဝ - ဃာနဝိညာဏဓာတ်ဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၄။ ဇိဝှဉ္စ - ဇိဝှါဓာတ်ကိုလည်းကောင်း၊
ရသေ စ - ဖန် ခါး ချို ငန် ချဉ် ပြန် အစပ် ရသဓာတ်အမျိုးမျိုးတို့ကိုလည်းကောင်း၊
ပဋိစ္စ - အစွဲပြု၍၊
ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊
ဇိဝှါဝိညာဏန္တေဝ - ဇိဝှါ ဝိညာဏဓာတ် ဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
၅။ ကာယဉ္စ - ကာယဓာတ်ကိုလည်းကောင်း၊
ဖောဋ္ဌဗ္ဗေစ - အတွေ့အထိ အမျိုးမျိုးဟူသော ဖောဋ္ဌဗ္ဗဓာတ်တို့ကိုလည်းကောင်း၊
ပဋိစ္စ - အစွဲပြု၍၊
ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊
ကာယဝိညာဏန္တေဝ - ကာယဝိညာဏဓာတ်ဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
မနဉ္စ - ဘဝင်စိတ်ကိုလည်းကောင်း၊
ဓမ္မေ စ - ၆၉ ပါး ဓမ္မဓာတ်များ တို့ကိုလည်းကောင်း၊
ပဋိစ္စ - အစွဲပြု၍၊
ယံ ဝိညာဏံ - အကြင် ဝိညာဏဓာတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
တံ ဝိညာဏံ - ထိုဝိညာဏဓာတ်သည်၊
မနောဝိညာဏန္တေဝ - မနောဝိညာဏဓာတ် ဟူ၍သာလျှင်၊
သင်္ချံ - ခေါ်ဆိုရေတွက်ခြင်းသို့၊
ဂစ္ဆတိ - ရောက်၏။
စက္ခုဓာတ် - ၁၊ ရူပဓာတ် - ၁၊ စက္ခုဝိညာဏဓာတ် - ၁၊
ဤဓာတ်သုံးပါး တစ်စုံ။
သောတဓာတ် - ၁၊ သဒ္ဒဓာတ် - ၁၊ သောတဝိညာဏဓာတ် -၁၊
ဤဓာတ်သုံးပါး တစ်စုံ။
ဃာနဓာတ် - ၁၊ ဂန္ဓဓာတ် - ၁၊ ဃာနဝိညာဏဓာတ် - ၁၊
ဤဓာတ်သုံးပါး တစ်စုံ။
ဇိဝှါဓာတ် - ၁၊ ရသဓာတ် - ၁၊ ဇိဝှါဝိညာဏဓာတ် - ၁၊
ဤဓာတ်သုံးပါး တစ်စုံ။
ကာယဓာတ်- ၁၊ ဗောဋ္ဌဗ္ဗဓာတ် -၁၊ ကာယဝိညာဏဓာတ် -၁၊
ဤဓာတ်သုံးပါး တစ်စုံ။
ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေးဟုဆိုအပ်သော မနောဓာတ် -၁၊
အာရုံငါးပါးတို့မှ ကြွင်းသော ခပ်သိမ်းသော ကုသိုလ် အကုသိုလ် အဗျာကတဓမ္မဓာတ် -၁၊
မနောဝိညာဏဓာတ် -၁၊
ဤဓာတ်သုံးပါး တစ်စုံ။
ဓာတ်ဖက် ၃-ပါး အစုံပေါင်း ၆-စုံ ဖြစ်၏။
တဏှာသင်္خယ သုတ္တန်
ဤသုတ္တန်ဒေသနာတော်ကို ဥပမာများစွာနှင့် ဟောတော်မူရခြင်း၏အကြောင်းကား ဘုရားရှင် လက်ထက်တော်၌ “သာတိ” အမည်ရှိသော ရဟန်းအား “တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ န အညံ” ဟူသော မိစ္ဆာဒိဋ္ဌိအယူသည် ဖြစ်၏၊ နိစ္စဒိဋ္ဌိ တည်း။
တဒေဝိဒံ ဝိညာဏံ - ထိုဝိညာဏ်တစ်ခုသည်ပင်လျှင်၊
သန္ဓာဝတိ - ပြေးသွား၏၊
သံသရတိ - ပြောင်းရွှေ့၏၊
(အညံ - အသစ်အသစ် တစ်ပါး တစ်ပါးဖြစ်၍၊
န သန္ဓာဝတိ - ပြေးသွားသည် မဟုတ်၊
န သံသရာတိ - ပြောင်းရွှေသည် မဟုတ်။)
အဓိပ္ပါယ်ကား ဝိညာဏ်သည် သတ္တဝါ တစ်ယောက်မှာ တစ်ခုသာ ရှိ၏၊ ရင်တွင်းမှာ အမြဲတည်၏၊ မျက်စိမှာ ရူပါရုံ ထင်လာသော အခါ၌ ထိုဝိညာဏ်သည်ပင်လျှင် ရင်တွင်းမှ မျက်စိပေါက်သို့ ပြောင်းရွေ့၍ ရူပါရုံကို ကြည့်ရှု၏၊ နားမှာ အသံ ထင်လာပြန်လျှင် နားသို့ ပြောင်းရွေ့၍ သဒ္ဒါရုံကို ကြား၏၊ ဤနည်းအတူ ခြောက်ဒွါရ တို့၌ အာရုံဆိုက်တိုက်လာရာ ပြောင်းရွေ့ပြေးသွား၍ ထိုထိုအာရုံကို ယူ၏၊ ခံစား၏၊ တစ်ဘဝလုံး တစ်ခုတည်းဖြစ်၍ အမြဲတည်၏၊ ဘဝပြောင်းပြန်လျှင် ထိုဝိညာဏ် တစ်ခုတည်းသည်ပင်လျှင် ထိုထိုဘဝသို့ ပြောင်းသွားလေ၏၊ ချုပ်သည် ပျက်သည် သေသည်ဟူ၍ မရှိ၊ ကမ္ဘာ အဆက်ဆက် အမြဲတည်၏ ဟူလိုသည်၊ သဿတဒိဋ္ဌိမျိုး တည်း။
ထိုအယူကို ပယ်ဖျောက်၍ ဝိညာဏ်၏ အနိစ္စဓမ္မမျိုး, အနတ္တဓမ္မမျိုး စစ်စစ်ဖြစ်ကြောင်း ကို ပြတော်မူခြင်းငှါ ဤဒေသနာတော်ကို ဟောတော်မူပေသတည်း၊ ဤဒေသနာ တော်၌ ဝိညာဏ် ၆- ပါးကိုသာ ဟောတော်မူလိုရင်း ဖြစ်ငြားသော်လည်း ဓာတ် ၁၈-ပါးလည်းပါဝင်သည်၊ ဥပမာ ဥပမေယျနှင့်လည်း ပြည့်စုံလှသည်၊ ဓာတ် ၁၈-ပါး တို့တွင်လည်း ဝိညာဏဓာတ် ၇-ပါး၌ နိစ္စအယူ, အတ္တအယူ အလွန်ခိုင်မြဲကြ လှသည်ဖြစ်၍ ဤစာအုပ်မှာ ဓာတ် ၁၈-ပါးအရာ၌ ဤဒေသနာ တော်မြတ်ကို ထုတ်ပြပေသတည်း။
ဓာတ်တစ်ဆယ့်ရှစ်ပါး ခွဲနည်း
▬▬▬▬▬▬▬▬▬▬
ဓာတ် ၁၈-ပါး အစဉ်ခွဲနည်းကား ဓာတ်ဖက် ၃- ပါး၊ ၆- စုံတို့တွင် ရှေ့ငါးစုံမှာ ရှေ့၌ပြဆိုခဲ့ပြီးသော အတိုင်းပင်၊ နောက်ဆုံး ၃-ပါး တစ်စုံ၌မူကား မနောဓာတ်- ၁၊ မနောဝိညာဏဓာတ်- ၁၊ ဓမ္မဓာတ်- ၁ ဟူ၍ ဆိုလေ။
မနောဓာတ်မှာလည်း ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေး - ဤစိတ် သုံးခုကို ယူလေ။
မနောဝိညာဏဓာတ်မှာလည်း ပဉ္စဝိညာဏဓာတ်- ၁၀၊ မနောဓာတ်- ၃-ခုမှ ကြွင်းသော စိတ်ပေါင်း ၇၆- ခုကို ယူလေ၊ ဓမ္မဓာတ်မှာလည်း စေတသိက်- ၅၂ ၊ သုခုမရုပ်- ၁၆၊ နိဗ္ဗာန်တို့ကို ယူလေ၊ ထုတ်ပြခဲ့ပြီးသော ဒေသနာတော်၌ကား ဒွါရ ၆- ပါး၊ အာရုံ ၆- ပါး၊ ဝိညာဏ် ၆- ပါးကို ပဓာနပြု၍ ဟောတော်မူသည်၊ ဓာတ် ၁၈- ပါး သက်သက်ကို ပဓာနပြု၍ ဟောတော်မူရင်းမဟုတ်။
ဤစာအုပ်၌ ထင်လွယ်မြင်လွယ်ကြစေခြင်း အကျိုးငှါ ထိုဒေသနာတော်နည်းကို အစဉ်မှီး၍ ဓာတ်ကမ္မဋ္ဌာန်းကို ပြဆိုပေအံ့၊ ရှေးဦးစွာ ထုတ်ပြသော ဥပမာ၌
(၁) ထင်းမီးတောက်၊
(၂) ထင်းပေါက်မီးတောက်၊
(၃) မြက်မီးတောက်၊
(၄) နွားချေးမီးတောက်၊
(၅) ဖွဲမီးတောက်၊
(၆) အမှိုက်မီးတောက်၊ (မီးတောက်ခြောက်မျိုး။ )
မီးကို တောက်စေနိုင်သော ယောက်ျား၏ ပယောဂကြောင့် ထင်းချောင်းကိုစွဲမှီ၍ တောက်သော မီးသည် ထင်းမီးတောက်မည်၏၊ ကြွင်းသော မီးတောက်ငါးမျိုး တို့၌လည်း ထိုအတူတည်း။
ထိုမီးတောက် ၆-ပါးတို့သည် အသီးအခြားစီ ဖြစ်ကြကုန်၏၊ ထင်းမီးတောက်သည် ထင်း၌သာ ဖြစ်၏၊ ထင်း၌သာတည်၏၊ ထင်း၌သာ ပျက်၏၊ သေ၏၊ ထင်းပေါက် မီးတောက် စသည်တို့သည် လည်း ထင်းပေါက်စသည်တို့၌သာ ဖြစ်ကုန်၏၊ တည် ကုန်၏၊ ပျက်ကုန်၏၊ သေကုန်၏၊ ထင်းမီး တောက်သည် ထင်း၌ဖြစ်၍ ထင်းပေါက်သို့ ကူးပြောင်းသည် မရှိ၊ ထင်းပေါက်မီးတောက် စသည် တို့သည်လည်း တစ်ခုသည် တစ်ခုသို့ ကူးပြောင်းသည် မရှိကြကုန်။
စောဒနာရန် ရှိသည်ကား အဘယ့်ကြောင့် တစ်ခုသည် တစ်ခုသို့ ကူးပြောင်းခြင်း မရှိကြ ကုန်သနည်း၊ လောကမျက်မြင်၌ မီးတစ်ခုသည် မီးစာတစ်ခုသို့ ကူးပြောင်းမှု ရှိသည် မဟုတ်လောဟု စောဒနာရန် ရှိ၏၊ ကူးပြောင်းမှု မဟုတ်၊ မီးစာတစ်ခု၌ မီးတောက်စေလိုသည် ရှိသော် တစ်ပါးသော မီးတောက်၌ ထိုမီးစာကို ထိ၍ထား၏၊ တစ်ပါးသော မီးတောက်သည် ထိုမီးစာကိုမြှိုက်၍ ထိုမီးစာ၌ ရှိရင်းဖြစ်သော တေဇော ကို လှုံ့ဆော်၏၊ နှိုး၏၊ အားပေး၏၊ ထိုတေဇောသည် ထ၍တောက်၏၊ ထိုမီးစာ၌ မီးတောက်ရ၏၊ တစ်ပါးသော မီးတောက်သည် ထိုမီးစာသို့ ကူးပြောင်းသည် မဟုတ်၊ တစ်ခုသောအိမ်ကို မီးလောင်၍ တစ်ခုသောအိမ်သို့ မီးကူးရာ၌လည်း ဤနည်းတူ၊ မီးသည် မီးစာတစ်ခုမှ မီးစာတစ်ခုသို့ ကူးပြောင်းငြားအံ့၊ ပထမ မီးစာကိုလွှတ်၍ ဒုတိယမီးစာ၌ စွဲရလိမ့်မည်၊ မီးမည်သည် မီးစာမှလွတ်လျှင် သေမြဲဓမ္မတာဖြစ်၍ ပထမမီးစာမှ အလွတ်တွင်သေ၏။
စောဒနာရန် ရှိပြန်သည်ကား မီးတောက်မည်သည် လေ၏ အဟုန်အားဖြင့် တစ်ခုသောဌာနမှ ပြတ်လွင့်လေ၍ တစ်ခုသောဌာနမှာ စွဲနိုင်သည်ကား မျက်မြင် မဟုတ်ပါလောဟု စောဒနာရန် ရှိပြန်၏၊ ပြတ်၍ လွင့်လေသော မီးတောက်၌ တေဇော၏အစွမ်းဖြင့် ပထမမီးစာမှ ဖြစ်ပွား၍ သွားသော ပထဝီမီးစာသည် ပါရှိသည် သာဖြစ်၏၊ ထိုသဟဇာတ် ပထဝီ မီးစာကို စွဲ၍လွင့်လေ၏၊ မီးစာနှင့်ကင်း၍ လွင့်လေသည် မဟုတ်၊ ထိုမီးစာအကုန်တွင် သေရ၏၊ ထိုမီးစာသည် မျက်စိနှင့် မြင်ကောင်းသည် မဟုတ်၊ ထို့ကြောင့် မျက်စိနှင့် မြင်ကောင်းရာမျှကို အစွဲပြု၍ မီးကူးသည်ဟု ဝေါဟာရဖြစ်သတည်း၊ ဤကား မီးကူးမှု၌ လောကဓမ္မ နှစ်ပါး ရှင်းလင်းချက်တည်း။
တစ်ခုသောမီးစာမှ တစ်ခုသောမီးစာသို့သာ မကူးသည် မဟုတ်သေး၊ ထင်းမီးစတစ်ခု၌ တောက်သော မီးသည်လည်း ထိုထင်းမီးစ၌ တစ်ခုသော အဋ္ဌကလာပ်မှ တစ်ခုသော အဋ္ဌကလာပ် သို့ ပြောင်းကူးသည်ဟူ၍ မရှိ၊ သူ့ကလာပ်နှင့် သူ့မီးတောက်သာ ဖြစ်၏၊ သူ့မီးလောင်၍ သူ့ကလာပ်ကုန်ဆုံးလျှင် သူ့မီးလည်း ကုန်ဆုံးမြဲဓမ္မတာ ဖြစ်၏၊ အပြိုင်ဖြစ်သော ကလာပ်တစ်ပါး သို့လည်း ပြောင်းကူးခြင်းမရှိ၊ ရှေ့နောက် အစဉ်ဖြစ်သော ကလာပ်တစ်ပါးသို့လည်း ပြောင်းကူးခြင်း မရှိ၊ မီးကိုလည်းကောင်း မီးတောက်ကိုလည်းကောင်း စေ့စေ့ကြည့်ရှု၍နေလျှင် လှုပ်လှုပ် ရွရွ မြင်ကြရ၏၊ ထိုလှုပ်မှု, ရွမှုဟူသမျှသည် အသီးအသီး သူ့ကလာပ်နှင့် သူ့မီး ဖြစ်ပေါ်မှု ပျက်ဆုံးမှုပေတည်း။
ဤကား လောကဓမ္မ နှစ်ပါးတွင် မုချအမှန်ဖြစ်သော ဓမ္မအလိုကို ပြဆိုချက်တည်း။
ဤတွင် ရွေ့ကား ဥပမာ ၆- ချက်၌ ရှင်းလင်းချက်ပြီး၏။
ဓာတ်အိမ် ဓာတ်အိုး
▬▬▬▬▬▬▬
တစ်ယောက် တစ်ယောက်သော သတ္တဝါသန္တာန်၌ ဓာတ်အိမ် ၆-မျိုး၊ ဓာတ်အိုး ၆- မျိုး၊ ဓာတ်မီးစာ ၆- မျိုး၊ ဓာတ်မီးတောက် ၆- မျိုး၊ ဓာတ်မီးကို ညှိထွန်းသူ ၆- မျိုး၊ ဓာတ်နန်းကြိုး အထောင်မက ရှိကြ၏။
မျက်လုံးအိမ်- ၁၊ နားအိမ်- ၁၊ နှာခေါင်းအိမ်- ၁၊ ခံတွင်းအိမ်-၁၊ အတွင်းအပ တစ်ကိုယ်လုံး- ၁၊ နှစ်လုံးအိမ်- ၁၊ ဤကား ဓာတ်အိမ် ၆-မျိုးတည်း။
မျက်လုံး- ၁၊ နား- ၁၊ နှာခေါင်း- ၁၊ လျှာ- ၁၊ အလုံးစုံသော အရေထူ, အရေပါး အသားဆိုင်, အသားခဲ, အသည်း, အဆုတ်, အူမ, အူသိမ်, နှလုံး, ကျောက်ကပ်, အကြောကြီး အကြောငယ်, ခြင်ဆီ, ဦးနှောက် အစရှိသော အဇ္ဈတ္တသန္တာန်တစ်ခုလုံး - ၁၊ နှလုံးသွေး - ၁၊ ဤကား ဓာတ်အိုး ၆-မျိုးတည်း။
စက္ခုဝတ္ထုရုပ် - ၁၊ သောတဝတ္ထုရုပ် - ၁၊ ဃာနဝတ္ထုရုပ် - ၁၊ ဇိဝှါဝတ္ထုရုပ် - ၁၊ ကာယဝတ္ထုရုပ် - ၁၊ ဟဒယဝတ္ထုရုပ် - ၁၊ ဤကား ထိုဓာတ်အိုး ၆-မျိုးတို့၌ တည်ရှိ သော ဓာတ်မီးစာ ၆-မျိုးတည်း။
စက္ခုဝိညာဏ် - ၁၊ သောတဝိညာဏ် - ၁၊ ဃာနဝိညာဏ် - ၁၊ ဇိဝှါဝိညာဏ် - ၁၊ ကာယ ဝိညာဏ် - ၁၊ မနောဝိညာဏ် - ၁၊ ဤကား ထိုဓာတ်မီးစာ ၆-မျိုးတို့၌မှီ၍ဖြစ်သော ဓာတ်မီးတောက် ဓာတ်မီးအလင်း ၆-မျိုးတည်း။
မှီရာကိစ္စကို အစွဲပြု၍ ဝတ္ထုရုပ် ၆-မျိုးကို မီးစာဆိုပေသည်၊ လောင်စာဖြစ်၍ ဆိုသည်မဟုတ်၊ အာရုံကို အလင်းပြမှုကြောင့် ဝိညာဏ် ၆-ပါးကို ဓာတ်မီးတောက် ဆိုပေသည်၊ ပူလောင်မှုကြောင့် ဆိုသည် မဟုတ်။
အဆင်းအမျိုးမျိုး - ၁၊ အသံအမျိုးမျိုး - ၁၊ အနံ့အမျိုးမျိုး - ၁၊ အရသာအမျိုးမျိုး - ၁၊ အတွေ့အထိအမျိုးမျိုး - ၁၊ ကုသိုလ် အကုသိုလ် အဗျာကတဓမ္မ အမျိုးမျိုး - ၁၊ မိမိ မိမိ တို့ဆိုင်ရာ ဓာတ်မီးတောက်ကို ထအောင်ညှိထွန်းကြသူ ၆-မျိုး။
ရင်တွင်းရှိ နှလုံးသားဟူသော အချုပ်အခြာဖြစ်သော ဟဒယ ဓာတ်အိမ်မှ တစ်ကိုယ် လုံးအနှံ့ သွယ်တန်းလျက်ရှိသော သွေးကြော ကြီးငယ်အပေါင်းကို ဓာတ်နန်းကြိုး အထောင်မကဆိုသည်၊ အဆင်း အမျိုးမျိုးအစရှိသော အာရုံ ၆-ပါးကိုမူကား ရေနံဆီ အလားကဲ့သို့ ဓာတ်မီးကို အလွန်တောက်စေနိုင် ပွားစေနိုင်သော ဓာတ်မီးစာ ၆-မျိုး ဟူ၍လည်းဆိုအပ်၏၊ ဤကား ခန္ဓာပုရဟူသောဓာတ်မြို့ကြီး၏ ဓာတ်ကြိယာစုကို အကျဉ်းပြဆိုချက်တည်း။
ဟဒယဓာတ်အိမ် အချုပ်အခြာဖြစ်ပုံကား ပဋိသန္ဓေ အခါမှစ၍ ဖြစ်ပေါ်၍လာခဲ့သော ဘဝင် ခေါ်သော မနောဝိညာဏ ဓာတ်မီးတောက်သည် ဟဒယဓာတ်အိမ်တွင်းရှိ နှလုံးသွေးနှင့် အပြည့် ရှိနေသော ဟဒယဝတ္ထုရုပ်ကို စွဲမှီ၍ ခဏမစဲ တစ်ဖွားဖွား တစ်လက်လက် ဖြစ်ပေါ်၍နေ၏၊ အလွန်မှိန်မှေးသော ဓာတ်မီးတောက်မျိုးသာတည်း၊ အာရုံမှာလည်း ရှေးဘဝ၌ မရဏာသန္နတွင် ထင်မြင်ခဲ့ဖူးသော အာရုံဟောင်း တစ်ခုခုကိုသာ အမြဲအာရုံပြု၏၊ ယခုဘဝတွင် ထင်မြင်တွေ့ရှိသော အာရုံသစ်ကို အာရုံမပြု၊ ထို့ကြောင့် ထိုဘဝင်၏အာရုံကို ထိုပုဂ္ဂိုလ်သည် မသိနိုင်၊ ထိုဟဒယဓာတ် အိမ်တွင်း၌ တစ်ခြားတစ်ပါးသော ဝိညာဏဓာတ်တို့ ဖြစ်ပေါ်ခိုက် ကြုံကြိုက်သော အခါ၌သာ ထိုဘဝင်စိတ်သည် ပြတ်စဲ၏။
ထိုအတူ စက္ခုဓာတ်အိမ် အစရှိသော ဓာတ်အိမ်တစ်ပါးတို့၌ ပဉ္စဝိညာဏဓာတ်တို့ ဖြစ်ပေါ်ခိုက် ကြုံကြိုက်သောအခါတို့၌လည်း ထိုဘဝင် စိတ်သည် ပြတ်စဲ၏၊ ထို စကားမှန်၏၊ စိတ်မည်သည် တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ တစ်ခုတစ်ခုသာ ဖြစ်ပေါ်မြဲ ဓမ္မတာတည်း၊ တစ်ကိုယ်လုံး မှာ ဤနေရာ ထိုနေရာ၌ ပြိုင်၍ဖြစ်ပေါ်သည် မရှိ၊ စက္ခုဓာတ်အိမ်မှာ ဖြစ်ပေါ်ဆဲအခါ တစ်ကိုယ်လုံးမှာ စက္ခုတွင်သာ စိတ်ရှိ၏၊ ကြွင်းသော တစ်ကိုယ်လုံးမှာ စိတ်မရှိ၊ သောတဓာတ်အိမ် စသည်တို့မှာ ဖြစ်ပေါ်ဆဲ အခါတို့၌လည်း ဤနည်းတူသိလေ၊ ဤကား ဓမ္မတာတည်း။
သို့သော်လည်း စိတ်၏ဖြစ်မှု ပျက်မှုမည်သည်၊ မျက်တောင် တစ်ခတ်ခန့်ခဏ၌ပင် ကုဋေတစ်သိန်း မက လျင်မြန်လှသည် ဖြစ်၍ ထိုထိုအဆင်းကို မြင်မှု ထိုထိုအသံကို ကြားမှု စသည်တို့သည် အပြိုင်ပင် ဖြစ်သကဲ့သို့သာ ထင်ကြရကုန်၏၊ ဤသည်လည်း ဓမ္မတာ တစ်ခန်းတည်း။
စက္ခုဝိညာဏဓာတ်ကို သိရန်
▬▬▬▬▬▬▬▬▬▬▬
စက္ခုဝိညာဏဓာတ် ဆိုသည်ကား - အဆင်းအမျိုးမျိုးကို မြင်မှုသက်သက်သာတည်း၊ ထွေထွေ လာလာ ကြံမှု သိမှုမဟုတ်၊ မျက်စိဖြင့် မြင်ပြီးနောက် ထွေထွေလာလာ ကြံမှု သိမှုတို့သည်ကား ဟဒယဓာတ်အိမ်မှာ ဖြစ်ပေါ်သော မနောဝိညာဏဓာတ်တို့ အမှု သာတည်း၊ ထို့ကြောင့် မြင်ဆဲခဏ၌ ထိုပုဂ္ဂိုလ်သည် ငါမြင်သည်ဟူ၍ပင် မသိသေး၊ နောက်လိုက် မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်သော အခါမှ ငါမြင်သည်ဟု သိ၏၊ မြင်အပ်သော ဝတ္ထု၏ အဖြူ အနီစသော အဆင်း အဝန်း၊ အလျား စသော သဏ္ဌာန် အမည် ပညတ်တို့ကိုလည်း နောက်လိုက် မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်သော အခါမှ သိနိုင်၏။
မြင်မှုကား စက္ခုဓာတ်အိမ်မှ ဖြစ်၏၊ မြင်ပြီးနောက် သိမှုကား ဟဒယဓာတ်အိမ်မှ ဖြစ်၏၊ ဤသို့ တုံးကိုမြင်၍ တုံးမှန်းသိရာ, တိုင်ကိုမြင်၍ တိုင်မှန်းသိရာ၌ ဓမ္မအလိုအားဖြင့် မြင်မှု သိမှုနှစ်ပါး တစ်ခြားစီသာ ဖြစ်၏၊ မြင်မှုတစ်လှည့် သိမှုတစ်လှည့် အစဉ်အတိုင်း သွား၏၊ လောကအလို အားဖြင့်မူကား စိတ်၏ ပြောင်းလဲမှု အလွန် မြန်လှသောကြောင့် မြင်မှု သိမှုတစ်ခုတည်း တစ်ပြိုင်တည်း ထင်ရ၏၊ ထိုထိုအသံကို ကြားမှု သိမှု တစ်စုံ, ထိုထိုအနံ့ကို နံမှု သိမှုတစ်စုံ, ထိုထိုအရသာကို လျက်မှု သိမှုတစ်စုံ, ထိုထိုအပူအချမ်း အကြမ်းအနု စသည်ကို ထိမှု သိမှုတစ်စုံ, ဤလေးစုံ တို့၌လည်း ထိုနည်းတူသိလေ၊ အကြံအသိဟူသမျှသည် ဟဒယဓာတ် အိမ်မှချည်း ဖြစ်၏၊ ဤသည်လည်း ဓမ္မတာတစ်ခန်းတည်း။
စက္ခုနှင့် ဟဒယဓာတ်
▬▬▬▬▬▬▬▬
စက္ခုဓာတ်အိမ်ကို ဖွင့်လှစ်၍ လဗိမာန်ကို ကြည့်ရာ၌ လဝန်း အဆင်းသဏ္ဌာန်သည် စက္ခု ဓာတ်အိမ်တွင်းရှိ စက္ခုအကြည်ဓာတ်၌လည်းကောင်း ဟဒယဓာတ်အိမ်တွင်းရှိ ဘဝင်ဟူသော မနောအကြည်ဓာတ်၌ လည်းကောင်း ဤဓာတ်အိမ် နှစ်ခုမှာရှိသော အကြည်ဓာတ်နှစ်ခု၌ တစ်ပြိုင်နက် တစ်ချက်တည်း ခိုက်၏၊ စက္ခုဓာတ်အိမ်တွင်းမှာ လဝန်းသဏ္ဌာန်တစ်ခု၊ ဟဒယဓာတ် အိမ်တွင်းမှာ လဝန်းသဏ္ဌာန်တစ်ခု၊ တစ်ပြိုင်နက် အရိပ်ပေါ်၏၊ ထိုအရိပ်ပေါ်မှုသည် ဓမ္မသဘာဝ အလိုအားဖြင့် မိုးကြိုးမှန်သကဲ့သို့ ပြင်းထန်၏၊ ထိုအခါ ဟဒယဓာတ်အိုးမှာ ဘဝင်စိတ်လှုပ်ရှား၍ အစဉ်ပြတ်၏၊ ထိုလဝန်းသဏ္ဌာန်ကို ဆင်ခြင်သော အာဝဇ္ဇန်းစိတ်သည် ဟဒယ ဓာတ်အိမ်တွင်းမှာ ရှေးဦးစွာ ဖြစ်ပေါ်၏၊ ဘာလဲဟု ဆင်ခြင်မှုပေတည်း။
ထိုဆင်ခြင်မှု ချုပ်သည့်နောက်၌ စက္ခုဓာတ်အိမ်တွင်းမှာ စက္ခုဝိညာဏဓာတ်တစ်ကြိမ် ဖြစ်ပေါ်၏၊ မြင်မှုဖြစ်ပေါ်ခြင်းတည်း၊ ထိုမြင်မှုချုပ်သည့်နောက်၌ ဟဒယဓာတ်အိမ် တွင်းမှာ သိမှု ကြံမှုတွေ ဖြစ်ပေါ်၏၊ ထိုနောက်မြင်မှု တစ်လှည့် သိမှု ကြံမှုတွေ တစ်လှည့် ဤသို့ အလှည့်အလည်အားဖြင့် အကြိမ်ပေါင်း အသိန်းအသန်းများစွာ ဖြစ်၍နေကြ၏၊ ထိုသို့ဖြစ်၍ နေသမျှ ကာလပတ်လုံး ဘယ်ဟာကို ငါမြင်သည် ငါကြည့်သည် ငါရှုသည် - အစရှိသည်ဖြင့် ထင်မှတ်စွဲလမ်းကြရကုန်၏။
ဤတွင် မြင်မှု သိမှု၌ ဝိညာဏ်တည်းဟူသော ဓာတ်မီးအလင်းကို တောက်စေခြင်းငှါ လဝန်းဗိမာန်တည်းဟူသော သော့ကိုင် ယောက်ျားသည် မိမိမှထွက်သော အဆင်း အရောင်ဟူသော ရူပဓာတ် သော့တံဖြင့် စက္ခုဟဒယဟူသော ဓာတ်မီးအိမ်နှစ်ခု၌ တစ်ပြိုင်နက် သော့ပေး၏၊ ထင်ခြင်း ထိခိုက်ခြင်းသို့ ရောက်စေ၏ဟုဆိုလိုသည်၊ ထိုအခါ ဟဒယဓာတ်အိမ်၌ ဘဝင်စိတ် နှစ်ကြိမ်လည်၍ ချုပ်ပြီးမှ ဆင်ခြင်မှု မြင်မှု သိမှု ကြံမှုဟူသော ဝိညာဏဓာတ်မီးတောက်တို့သည် အစဉ်အတိုင်း တောက်ကြကုန်၏၊ ဇောခေါ်သော ဝိညာဏဓာတ်မီးသည် အလွန်ကြီးသော အဟုန် ရှိ၏၊ ဝိတက်, ဝိစာရ, လောဘ, ဒေါသ, မောဟ, သဒ္ဓါ, ပညာ, သတိ, ဝီရိယအစရှိသော ပြင်းထန် သော အခိုးအရှိန်ရှိ၏၊ သော့ ပေးသော သက်ရှိသက်မဲ့ ဝတ္ထုအားလျော်စွာ ဥဿာဟဗျာပါရ အထွေထွေကို ဖြစ်စေနိုင်၏။
ချဲ့၍ ပြဦးအံ့၊ သော့ပေးသော ဝတ္ထုသည် လောဘ၏ အစာဖြစ်ခဲ့အံ့၊ ဟဒယဓာတ်အိမ်၌ လောဘမူဓာတ်မီးသည် ဝတ္ထုအားလျော်စွာ အဟုန်နှင့်တကွ တစ်ဟုန်းဟုန်း တောက် ထ၏၊ ထို လောဘမူ ဓာတ်မီးတောက်မှ ဖြစ်ပွားကုန်သော စိတ္တဇရုပ်ကလာပ်တို့သည် တစ်ကိုယ်လုံး၌ တစ်ပြိုင်နက် အပြည့်ပျံ့နှံ ဖြစ်ပွားကုန်၏။
ညအခါ၌ တိုက်ခန်းလယ်မှာ မီးထွန်းကြရာ မီးတောက်သည်နှင့် တစ်ပြိုင်နက် ထို မီးတောက်မှ ဖြစ်ပွားသော မီးရောင်တို့သည် တိုက်ခန်းတစ်ခုလုံး၌ တစ်ပြိုင်နက် အပြည့် ပျံ့နှံဖြစ်ပွားကုန် သကဲ့သို့တည်း၊ သော့ပေးသောဝတ္ထုသည် ဒေါသမီးကို ပွားစီးစေနိုင်သော ဒေါသမီးစာဖြစ်၍ ဒေါသမူဓာတ်မီး တစ်ဟုန်းဟုန်းတောက်ထမှု၊ ဒေါသမူစိတ္တဇရုပ်တစ်ကိုယ်လုံး ခဏချင်း ပြည့်မှုစသည်တို့ကိုလည်း အသီး အသီး ပြည့်စုံစွာ ဆိုလေ၊ မျက်စိ မျက်နှာ၌ ပေါ်လာသောရုပ်ကို မြင်ကြသဖြင့် ထိုသူ၌ သာယာသောစိတ် ဖြစ်သည်, မသာယာသောစိတ် ဖြစ်သည် လျစ်လျူရှု သောစိတ် ဖြစ်သည်ကို သိနိုင်ကြကုန်၏၊ ဤကား ဟဒယဓာတ်အိမ်မှ မနောကံအနေမှ တောက်ထသော ဇောဓာတ်မီးတို့၏ အခြင်းအရာတည်း၊ ပြောခြင်း ဆိုခြင်းအစရှိသော စကားသံ အမျိုးမျိုးကို ဖြစ်စေရာ၌ ဥပမာကား မီးသင်္ဘော၌ ဥဩသံလွှတ်သော ခေါင်းတိုင်ငယ်သည် ရှိ၏၊ ရေနွေးအိုးကြီးမှ ယင်းခေါင်းတိုင်ငယ်သို့ သွားသော အခိုးလေလမ်းသည် ရှိ၏၊ ယင်း ခေါင်းတိုင်ငယ်၏အတွင်း၌ အသံ ပြင်းထန်စွာ ဖြစ်ဖို့ရန် စီမံ၍ထားသော အခင်ကြိယာသည် ရှိ၏၊ ဥဩသံလွှတ်လို လတ်သော် အခိုးလေလမ်းကို ဖွင့်၍ပေး၏၊ အခိုးလေသည် ပြင်းထန်သော အဟုန်နှင့် တက်လေ၍ အခင်ကြိယာကို ပြင်းထန်စွာ တိုးဝှေ့လေ၏၊ ထိုအခင် ကြိယာမှ လိုရာ ဥဩသံဖြစ်၍ ထွက်လေ၏။
ဤဥပမာအတူ လူသံစသည်ဖြစ်မှုကိုလည်း သိရာ၏၊ လည်ချောင်းပေါက်, ခံတွင်း ပေါက်သည် ခေါင်းတိုင်ငယ်အပေါက်နှင့် တူ၏၊ ဟဒယဓာတ်အိမ်မှ ယင်းအပေါက် သို့သွားသော လေလမ်းသည် ရှိ၏၊ အသံကိုပြုအံ့ဟူသော စေတနာ ဥဿာဟဇော ဓာတ်မီးသည် ဟဒယဓာတ်အိမ်မှ တောက်ထလတ်သော် ထိုအပေါက်၌ စိတ္တဇဝါယော လေတို့သည် ဖြစ်ပေါ်လျှောက်သွားကုန်၏၊ လည်ချောင်းအတွင်း၌ အခင်တစ်ဌာန ရှိ၏၊ အာစောက်, အာခေါင်, ခံတွင်း, လျှာရင်း, လျှာလယ်, လျှာဖျား, သွား, နှုတ်ခမ်းတို့၌ အခင်တစ်ဌာနစီ များစွာရှိကြကုန်၏၊ ထိုထိုအက္ခရာ အသံတို့သည် ထိုထိုအခင်ဌာနမှ အခင်ပြုပြင်ချက်အားလျော်စွာ ဖြစ်၍ ထွက်ကြရကုန်၏၊ အခင်ပြုပြင်မှု ဆိုသည်လည်း- အင်္ဂမင်္ဂါနုသာရီ ခေါ်သော စိတ္တဇဝါယောအမှုပင်တည်း။
ဟဒယဓာတ်အိမ်မှတောက်သော ဇောဓာတ်မီးသည် လောဘဇောဖြစ်ခဲ့အံ့၊ တဏှာသံ, ရာဂသံ, လောဘသံတို့သည်ဖြစ်၍ ထွက်ကုန်၏၊ ဒေါသဇော ဖြစ်ခဲ့အံ့၊ ဒေါသသံ ဒေါမနဿသံတို့သည်ဖြစ်၍ ထွက်ကုန်၏၊ ကြွင်းသော ဇောအမျိုးမျိုးတို့၌လည်း ထိုနည်းအတူ သိလေ၊ အသံကို ကြားကြသဖြင့် ထိုသူ၌လောဘဇောဖြစ်၍ နေသည်၊ ဒေါသ ဇောဖြစ်၍နေသည် အစရှိသည်ဖြင့် သိကြကုန်၏။
ဤကား ဟဒယ ဓာတ်အိမ်မှ ဝစီကံကိစ္စနှင့် တောက်ထသော ဇောဓာတ်မီးတို့၏ အခြင်းအရာ တည်း။
ကိုယ်အင်္ဂါကြီးငယ်တို့၏ လှုပ်ရှား, ချီကြွ, ထိုင်, ထ, သွား, ပြေး, ကွေးမှု, ဆန့်မှု အစရှိသော ကာယကံကြိယာ အမျိုးမျိုးကို ပြုကြရာ၌ ဥပမာကား မီးသင်္ဘော၌ ရေနွေးအိုး, စရဏာအိုး, စက်ကြိယာကြီးငယ် အမျိုးမျိုး အဆင့်ဆင့် ရှိကြကုန်၏၊ ထိုအတူ ဤ ခန္ဓာပုရဓာတ်သင်္ဘော ကြီး၌လည်း များစွာသောအရိုးဆက်တို့သည် ခြေဖျားခေါင်းဖျားတိုင်အောင် အတွင်းအပ အနှံ့အပြား လျှောက်သွားကူးယှက်ကာ ရှိနေကြကုန်သော များစွာသော အကြောကြီး အကြောငယ်တို့သည် ရှိကြကုန်၏။
အိပ်နေရာမှ ထိုင်လိုက်အံ့ဟူသော စေတနာ ဥဿာဟဇော ဓာတ်မီးတို့သည် ဟဒယ ဓာတ်အိမ်မှ တောက်ထလတ်သော် ထိုဇောဓာတ်မီးတောက်တို့မှ ဖြစ်ပွားကုန်သော အင်္ဂမင်္ဂါနုသာရီ ခေါ်သော စိတ္တဇဓာတ်လေတို့သည် တစ်ကိုယ်လုံးရှိ အကြောကြီး အကြောငယ်တို့၌ အပြည့်အတင်း ဖြစ်ပေါ်လျှောက်သွားကြကုန်၏၊ နဂါးတွေ ကကြကုန်သကဲ့သို့ ထိုအကြောကြီး အကြောငယ်တို့ သည် စိတ်အလိုရှိရာသို့ ထိုဓာတ်လေတို့၏ သည်ပိုးမှုနှင့် လှုပ်ရှားထြွကခြင်း စသည်ကို ပြုကြကုန်၏၊ ထိုထို အကြောနှင့်စပ်သော ကိုယ်အင်္ဂါတို့သည်လည်း အကြောဓာတ်လေတို့ သည်ပိုးရာ ပါကြရလေကုန်၏၊ ထိုအခါ၌ လှုပ်ရှား, ချီကြွ, ထိုင်, ထ, သွား, ပြေး, ကွေးမှု, ဆန့်မှု စသည်တို့သည် ဖြစ်လေကုန်၏။
ဤကား တစ်ကိုယ်လုံး လှုပ်ရှားမှုကို ပြဆိုချက်တည်း။
ဦးခေါင်းလှုပ်မှု၊ မျက်လွှာ, မျက်လုံးလှုပ်မှု၊ လျှာဖျား, လျှာရင်း, ခံတွင်း, မေးပါး, နှုတ်ခမ်းသားလှုပ်မှု၊ ခြေလက်စသည် လှုပ်ရှားမှုဟူသော ထိုထို အင်္ဂါကြီးငယ် တစ်စိတ်တစ်ဒေသ လှုပ်ရှားမှုတို့၌မူကား ထိုထို လှုပ်ရှားရာ အင်္ဂါ၏ဆိုင်ရာ အကြောကြီး အကြောငယ်တို့ကို ကွက်ခြား၍ ဆိုလေ၊ ဤ ကိုယ်ခန္ဓာသည် ရုပ်သေးရုပ်နှင့်တူ၏၊ အကြောလျှောက် လေဓာတ်တို့သည် ရုပ်သေးကြိုးစုံနှင့် တူ၏၊ ဟဒယဓာတ်အိမ်ဖြစ်သော ဇောစိတ်သည် ရုပ်သေး ကြိုးစုံဆွဲကသူ ယောက်ျားနှင့် တူ၏၊ ဤတွင်ရွေ့ကား အဆင်းအမျိုးမျိုးဟူသော ရူပဓာတ်၏စက္ခုဓာတ်အိမ် ဟဒယ ဓာတ်အိမ်နှစ်ပါးတို့၌ ခိုက်မှုကိုအစွဲပြု၍ ဟဒယဓာတ်အိမ်မှ ထသော ဝိညာဏ ဓာတ်တို့၏ အစွမ်းဖြင့် အမှုအားလျော်စွာ ကာယကံ, ဝစီကံ, မနောကံ သုံးပါးဖြစ်ပွား ၍ သွားပုံကိုပြဆိုသော အခန်းတည်း။
အသံအမျိုးမျိုးဟူသော သဒ္ဒဓာတ်၏ သောတဓာတ်အိမ် ဟဒယ ဓာတ်အိမ်နှစ်ပါးတို့၌ ခိုက်မှု, အနံအမျိုးမျိုးဟူသော ဂန္ဓဓာတ်၏ ဃာနဓာတ်အိမ် ဟဒယဓာတ်အိမ် နှစ်ပါး တို့၌ ခိုက်မှု, အရသာအမျိုးမျိုးဟူသော ရသဓာတ်၏ ဇိဝှါဓာတ်အိမ် ဟဒယဓာတ်အိမ် နှစ်ပါးတို့၌ ခိုက်မှု အပူအချမ်း အကြမ်းအနုအစရှိသော ဖောဋ္ဌဗ္ဗဓာတ်၏ ကာယ ဓာတ်အိမ် ဟဒယဓာတ်အိမ် နှစ်ပါးတို့၌ ခိုက်မှု တို့ကိုအစွဲပြု၍ အသီးအသီး ဟဒယဓာတ်အိမ်မှထသော ဝိညာဏဓာတ်တို့၏ အစွမ်းဖြင့် အမှုအားလျော်စွာ ကာယကံ, ဝစီကံ, မနောကံသုံးပါးတို့ ဖြစ်ပွား၍ သွားပုံ တို့ကိုလည်း ထိုနည်းကို အမှီပြု၍ အကျယ်သိလေ မြင်လေ။
ဓာတ်တို့၏ ဆန်းကြယ်ပုံ
▬▬▬▬▬▬▬▬▬
ဓမ္မာရုံမည်သည် လောကဓမ္မအားဖြင့် အလွန်များပြား၏၊ ထိုဓမ္မာရုံမျိုးနှင့်တကွ ပြဆိုခဲ့ပြီးသော ရူပဓာတ်, သဒ္ဒဓာတ်, ဂန္ဓဓာတ်, ရသဓာတ်, ဖောဋ္ဌဗ္ဗဓာတ်တို့၏ ပဉ္စဒွါရဓာတ်အိမ်နှင့် မဖက်၊ သက်သက် သော ဟဒယဓာတ်အိမ် ဘဝင်မနောမှာ ခိုက်မှုသည်လည်း အလွန်များ ပြား၏၊ ယခု မျက်စိမြင်မှုစသည် ငါးချက်နှင့်ကင်း၍ စိတ်သက်သက်မှာ ဖြစ်သမျှသော အကြံအသိတွေကို ယူလေ၊ ဤဟဒယအိမ် သက်သက်၌ ကံသုံးပါး ဖြစ်ပုံလည်း အလွန်များပြား၏ ဖြစ်ပုံ အခြင်းအရာမှာမူကား မထူးကြလှပြီ။
ဥပမာကို ပြဆိုဦးအံ့ - သံပတ်ဖြင့် စက်ကြီးစက်ငယ် အမျိုးမျိုး၊ သော့အိမ် သော့ပေါက် အမျိုးမျိုး တို့နှင့် စီရင်အပ်သော စက်သူယောင် ရုပ်ကြီးသည် ရှိရာ၏၊ စက္ခုသော့အိမ် သော့ပေါက်မှ တစ်ကြိမ်သော့ပေး၍ စက်တို့ကို နှိုးလိုက်သည်ရှိသော် တစ်မုဟုတ်, နှစ်မုဟုတ်, တစ်နာရီ နှစ်နာရီ အစရှိသဖြင့် သံပတ်လှုပ်ရှားသမျှ ကာလပတ်လုံး စက်ကြိယာတို့ လည်ကြကုန်၏၊ စက်ကြိယာတို့ လည်ကြသမျှ ကာလပတ်လုံး ခံတွင်းမှ ထွေထွေလာလာ အသံတို့သည် ထွက်ကုန်၏၊ ထိုင်ခြင်း ထခြင်း ရပ်ခြင်း သွားခြင်း အင်္ဂါကြီးငယ် လှုပ်ရှားခြင်းတို့သည် ဖြစ်ကုန်၏၊ တစ်စိတ်တစ်ဒေသသော စက်တို့ကို နှိုးခဲ့လျှင် တစ်စိတ်တစ်ဒေသသော အမူအရာ ကိုသာပြု၏။
ဤစက်သူယောင် ဥပမာကဲ့သို့ သတ္တဝါတို့၏ခန္ဓာ၌ ထင်မြင်ရာ၏၊ အပ၌အာရုံ ခြောက်မျိုးသည် သော့တံ ၆-မျိုးတည်း၊ လောက၌ အာရုံ ၆-မျိုး၏ တည်ရှိရာ သက်ရှိသက်မဲ့ဝတ္ထုမျိုးသည် သော့ကိုင်သူ သော့ပေးသူ စက်နှိုးသူ ခြောက်မျိုးတည်း၊ မျက်လုံးအိမ် မျက်လုံးပေါက် အစရှိသဖြင့် သော့အိမ် သော့ပေါက် ၆-မျိုးရှိ၏၊ ဘဝင်တည်းဟူသော သံပတ် ရှိ၏၊ ဇောဝီထိ စိတ္တုပ္ပါဒ်တည်းဟူသော စက်ကြီးစက်ငယ် အမျိုးမျိုးရှိ၏၊ အကြောကြီးငယ် ဟူသော စက်ကြိုး စက်လွန် အမျိုးမျိုးရှိ၏။
မျက်စိဥပစာ၌ရှိသော သက်ရှိသက်မဲ့ဝတ္ထုတို့က အဆင်း အရောင်တည်းဟူသော သော့တံဖြင့် စက္ခုဒွါရသော့အိမ်၌ တစ်ကြိမ်သော့ပေး၍ စက်တို့ကို နှိုးလိုက်သည် ရှိသော် ဘဝင်ဟူသော သံပတ် မသေသမျှကာလပတ်လုံး ဇောဝီထိစိတ္တုပ္ပါဒ် တည်း ဟူသော စက်တို့သည် အဟုန်နှင့်တကွ လည်ကြကုန်၍ ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့ကို ဖြစ်စေကြကုန်၏။
နားဥပစာ စသည်တို့၌ရှိကုန်သော သက်ရှိသက်မဲ့ ဝတ္ထုတို့က အသံစကား အမျိုးမျိုး စသော သော့တံတို့ဖြင့် မိမိ, မိမိတို့ဆိုင်ရာဆိုင်ရာ သောတဒွါရစသော သော့အိမ်တို့၌ တစ်ကြိမ်, တစ်ကြိမ် သော့ပေးရာတို့၌လည်း အသီးအသီး ကာယကံမှု, ဝစီကံမှု, မနောကံမှု ဖြစ်ပွား၍ သွားပုံကို ထိုနည်းတူသိလေ၊ အိပ်ပျော်၍နေမှုကား သံပတ် သေမှုတည်း၊ အိပ်ရာက နိုးတော့မည်ရှိရာ ရှေးဦးစွာ နှိုးလိုက်သော သော့ချက်မှစ၍ တစ်နေ့ပတ်လုံး ကာယကံမှု တလှုပ်လှုပ်, ဝစီကံမှု တဖွားဖွား, မနောကံမှု တရွရွ နေလေ၏၊ ထိုသို့ ကံသုံးပါး တရွရွနေခြင်းသည် ပုဂ္ဂိုလ်၏ အမှု မဟုတ်၊ သတ္တဝါ၏အမှုမဟုတ်၊ ဓာတ်တို့၏ အမှုသက်သက်သာတည်း။
ဤကားဓာတ်တို့၏ အမှုဆန်းကြယ်ပုံကို ပြဆိုလိုက်သော ဓာတ်သူယောင် ဥပမာ တည်း။
ရုပ်အကြည် ငါးရပ်နှင့် ဝိညာဏဓာတ်
▬▬▬▬▬▬▬▬▬▬
ယခုအခါ အထက်ဒေသနာတော်၌ ဥပမာဆောင်၍ ပြအပ်သော မီးတောက် ၆-မျိုး တို့ကဲ့သို့ စက္ခုစသော စွဲမှီရာ အဇ္ဈတ္တဝတ္ထု ၆-မျိုးတို့၌ အဆင်းဓာတ်အစရှိသော အစာအာရုံဓာတ် ၆-မျိုးတို့၏ ခိုက်တိုက်မှု ဒဏ်ချက်အဟုန်ကြောင့် သူ့ဝတ္ထု၌သူ ဖြစ်ပေါ်ကြကုန်သော ဝိညာဏဓာတ်တို့၏ တစ်ဌာနမှ တစ်ဌာနသို့ အဏုမြူခန့်မျှ ပြောင်းရွေ့ခြင်း မရှိကြပုံကို ပြဆိုပေအံ့။
စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယဟူသော ရုပ်ကြည်ငါးပါးတို့သည် တစ်ပါးနှင့် တစ်ပါး ကြည်ပုံခြင်း မတူကြကုန်၊ ထိုကြောင့် အဆင်းဟူသော ရူပဓာတ်သည် စက္ခုဓာတ်နှင့်သာ ခိုက်ဖော် ခိုက်ဖက် ဖြစ်နိုင်၏၊ သောတဓာတ်စသည်တို့နှင့် ခိုက်ဖော်ခိုက်ဖက် မဖြစ်နိုင်၊ မီးရောင်တည်း ဟူသော အဆင်းဓာတ်ကို စက္ခုဓာတ်၌ ပြခဲ့လျှင် ခဏချင်း ခိုက်ကြ၏၊ ရူပဓာတ် စက္ခုဓာတ်နှစ်ပါး ခဏချင်း လုံးထွေး မိကြ၏၊ သံနှင့် သံလိုက်ကဲ့သို့တည်း၊ မီးခတ်နှင့်ကျောက်သား နှစ်ပါးစုံ ခိုက်ကြရာ၌ မီးပွင့်ဖြစ်ပေါ်သကဲ့သို့ ထိုဓာတ်နှစ်ပါး ခိုက်မှုဒဏ်ချက်ကို စွဲ၍ အမြင်ဓာတ် ဖြစ်ပေါ်၏။
စက္ခုဝိညာဏဓာတ်ကို အမြင်ဓာတ်ဆိုသည်၊ ထိုမီးရောင်တည်းဟူသော အဆင်း ဓာတ်ကို နားဝ, နှာခေါင်းဝ, လျှာပေါ်, ကိုယ်အင်္ဂါစု၌ တစ်ကမ္ဘာလုံးပြသော်လည်း ခိုက်ခြင်းမရှိကြ၊ အဆင်းနှင့် လုံးထွေးမှု မရှိကြ၊ ကျောက်ခဲနှင့် သံလိုက်ကဲ့သို့တည်း၊ ခိုက်ခြင်း မရှိကြသောကြောင့် အမြင်ဓာတ် ဖြစ်ပေါ်မှု မရှိ၊ မီးရောင်အဆင်းကို နားနှင့်မြင်ရိုး မရှိ၊ နှာခေါင်းနှင့်မြင်ရိုး မရှိ၊ လျှာအင်္ဂါ ကိုယ်အင်္ဂါတို့နှင့်မြင်ရိုး မရှိ၊ မျက်စိနှင့်သာ မြင်ရိုးရှိသည် ဟူလို။
ထိုကြောင့် အဆင်းကိုမြင်မှုမည်သည် စက္ခုဓာတ်မှသာ ဖြစ်ပေါ်နိုင်၏၊ သောတဓာတ် စသည်တို့မှ မဖြစ်ပေါ်နိုင်၊ မြင်မှုကိုပင် စက္ခုဝိညာဏ်စိတ် ခေါ်သတည်း၊ မာဂဓ ဘာသာ၌ ဒဿနဟူ၍ လည်းကောင်း၊ စက္ခုဝိညာဏဟူ၍ လည်းကောင်း ခေါ်သည်၊ မြန်မာတို့၌ မြင်မှုခေါ်သည်၊ ထိုမြင်မှုကိုပင် စက္ခုဝိညာဏဓာတ်ခေါ်သည်၊ မြင်မှုမှ တစ်ပါး စက္ခုဝိညာဏစိတ် စက္ခုဝိညာဏဓာတ်ဟူ၍ အသီးအခြားမရှိပြီ။
သတ္တဝါတို့၏စိတ်သည် အဇ္ဈတ္တသန္တာန်၌ တစ်ခုတည်း အမြဲတည်နေ၍ မျက်စိ၌ အဆင်း ထင်လာခိုက် ထိုစိတ်သည်ပင်လျှင် မျက်စိသို့ ရောက်လာ၍ မြင်မှုကို ဆောင်ရွက်၏၊ နား၌ အသံ ထင်လာခိုက် ထိုစိတ်သည်ပင်လျှင် နားသို့ရောက်လာ၍ ကြားမှုကို ဆောင်ရွက်၏၊ နှာခေါင်း၌ အနံ့ ထင်လာခိုက် ထိုစိတ်သည်ပင်လျှင် နှာခေါင်းသို့ရောက်လာ၍ နံမှုကိုဆောင်ရွက်၏၊ လျှာ၌ အရသာ ထင်လာခိုက် ထိုစိတ်သည်ပင်လျှင် လျှာပေါ်သို့ရောက်လာ၍ လျှက်မှုကို ဆောင်ရွက်၏။
ထိုစိတ်သည်ပင်လျှင် ရင်တွင်းမှာနေ၍ အထွေထွေသော ကြံမှု သိမှုတို့ကို ဆောင်ရွက် ၏ဟု ယူသော သာတိမည်သော ရဟန်း၏ မိစ္ဆာဒိဋ္ဌိအယူ၌မူကား မြင်မှုကား တစ်ခြား, ထိုမြင်မှုကို ဆောင်ရွက်သော အမှုဆောင်စိတ်ကား တစ်ခြား၊ ဤသို့ အမှုနှင့်အမှုဆောင် နှစ်ပါး ခြားနား၍ယူ၏၊ ထိုသို့ခြားနား၍ယူသောကြောင့် စက္ခု၌မြင်မှုပြီးစီး ကွယ်ပျောက်သော်လည်း မြင်မှုကို ဆောင်ရွက် သော ထိုစိတ်မူကား ကွယ်ပျောက်သည် မရှိဟု ယူ၏၊ ယခုလောက အများ၌လည်း ဤအထင် အမှတ် အယူမိစ္ဆာတင်းလင်း ရှိနေကြလျက်ပင်တည်း။
ဤအယူသည် နိစ္စဒိဋ္ဌိလည်းမည်၏၊ သဿတဒိဋ္ဌိလည်းမည်၏၊ အတ္တဒိဋ္ဌိလည်း မည်၏၊ သက္ကာယဒိဋ္ဌိလည်းမည်၏၊ ဤဒိဋ္ဌိကို ပယ်ဖျောက်စေခြင်းအကျိုးငှါ “ကဋ္ဌဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ကဋ္ဌဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ” - အစရှိသော ဒေသနာတော်မြတ်ကို ဟောတော်မူ၏၊ ဤမျှသော စကားရပ်တို့ဖြင့် စက္ခုဓာတ်အိမ်မှာ ဖြစ်ပေါ်သော မြင်မှုသက်သက်ဟူသော စက္ခုဝိညာဏဓာတ် သည် သောတဓာတ်အိမ်စသည်တို့သို့ ပြောင်းရွှေ့ခြင်းမရှိ၊ စက္ခုဓာတ်ကြည် အပြင်၌သာ အဆင်းထိခိုက်ရာ ပသာဒဝတ္ထု၌ ဖြစ်ပေါ်၍ ထိုဖြစ်ပေါ်ရာ၌သာ ချုပ်ပျက်၏ဟူသော အဓိပ္ပါယ်ကို ပြသတည်း။
သောတဓာတ်အိမ်စသည်တို့သာ မပြောင်းမရွှေ့သည် မဟုတ်သေး၊ ထိုစက္ခုဓာတ် အိမ်မှာ ထင်လာသော အဖြူ အညိုစသော အဆင်းသဏ္ဌာန် အမျိုးမျိုးတို့တွင် လည်းကောင်း၊ ဖြူသော ဝတ္ထုသဏ္ဌာန် အမျိုးမျိုးတို့တွင်လည်းကောင်း၊ မှီရာစက္ခု ဝတ္ထုအမျိုးမျိုးတို့တွင် လည်းကောင်း၊ တစ်ပါးမှတစ်ပါးသို့ ပြောင်းရွှေ့ခြင်းမရှိ၊ အဖြူထိခိုက်မှုနှင့် ဖြစ်ပေါ်သော မြင်မှုသည် အဖြူကို သာမြင်၍ ချုပ်၏၊ အညိုစသည်သို့ ပြောင်းရွှေ့ခြင်းမရှိ၊ အဖြူတွင်လည်း တစ်ခုသောအဖြူ ထိခိုက်မှုနှင့် ဖြစ်ပေါ်သော မြင်မှုသည် ထိုအဖြူကိုသာ မြင်၍ချုပ်၏၊ အဖြူတစ်ပါးသို့ ပြောင်းရွှေ့ ခြင်းမရှိ။
စက္ခုဓာတ်အိမ်တွင်း၌ စက္ခုဝတ္ထုရုပ်တွေ အများရှိကြသည်တွင် တစ်ခုသော ဝတ္ထုရုပ်၌ ဖြစ်ပေါ် သော မြင်မှုသည် ထိုဝတ္ထုရုပ်၌သာ ချုပ်၏၊ တစ်ပါးသော စက္ခုဝတ္ထုရုပ်သို့ ပြောင်းရွှေ့ခြင်းမရှိ၊ တစ်ပါးသော စက္ခုဝတ္ထုရုပ်တို့မှာ အာရုံထင်မှု ဒဏ်ချက်ရှိလာလျှင် အသစ်အသစ်သာ ဖြစ်ပေါ်၏၊ ပြောင်းရွှေ့မှုလည်း မရှိ၊ မြင်မှု ၂-ခု, ၃-ခုစသည် အပြိုင်ဖြစ် ပေါ်သည်ဟူ၍လည်း မရှိ၊ လောကီလူတို့ အထင်အမြင် မိစ္ဆာ၌မူကား ဤဝိညာဏ်ကို မဆိုထားဘိဦး၊ မီးတောက်၌ပင် မီးစာတစ်ခုမှသည် မီးစာတစ်ခုသို့ မီးတောက်ကူးပြောင်းသည်ဟု ထင်မြင်ယူမှတ်လျက် ရှိကြ၏၊ သောတဓာတ် သဒ္ဒဓာတ် သောတဝိညာဏဓာတ် အစရှိသော အစုံဓာတ်လေးမျိုးတို့၌လည်း အသီးအသီး ဤနည်းအတိုင်း အကျယ်သိလေ။
ရုပ်ကြည်ငါးရပ် ဝိညာဏဓာတ် ငါးပါးစစ်တမ်း ပြီး၏။
ဟဒယဝတ္ထု၌ ထိသိမှု အထွေထွေ
▬▬▬▬▬▬▬
တစ်ယောက် တစ်ယောက်သော သတ္တဝါ သဏ္ဌာန်၌ မ,တည်, မူတည်, ဧရာတည် ဖြစ်သော ဟဒယဓာတ်အိမ်၌မူကား အထွေထွေ အပြားပြား အလွန်များ၏၊ ကြံမှု အထွေထွေ သိမှု အထွေထွေ များပြား၏၊ မြင်မှု, ကြားမှု, နံမှု, လျက်မှု, ထိမှုတို့၌ အသီးအသီးလိုက်ရသော ကြံမှု, သိမှုတို့သည်လည်း ဤဟဒယဓာတ်အိမ်မှ ဖြစ်ပေါ်၍ လိုက်ရကုန်၏၊ လိုက်ပုံမှာ ရှေး၌ပြဆိုခဲ့ပြီ၊ မြင်မှုစသည် ငါးချက်တို့မှ အလွတ်ဖြစ်သော ကြံမှု သိမှုတို့သည်လည်း ဤဟဒယဓာတ်အိမ်မှ ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်၍ ကာယကံ, ဝစီကံ, မနောကံသုံးပါး ဖြစ်ပွါးပုံကိုလည်း ရှေး၌ ပြဆိုခဲ့ပြီ။
တစ်ခုတစ်ခုသော ဝတ္ထုကိုကြည့်ရှု၍ နေဆဲအခါ၌ မျက်တောင် တစ်ခတ်ခန့် ကာလအတွင်း ၌ပင်လျှင် မြင်မှု သိမှု အလှည့်အလည် အပြန်ပေါင်း အထောင်မက များပြား၏၊ လူတို့ အထင်အမှတ်၌ကား ထိုအလုံးစုံကို အကုန်ပေါင်း၍ မြင်မှု တစ်ခုတည်း ထင်မှတ်ကြရ၏၊ ထိုသို့ အထောင်မက များပြားကြရာ၌ မြင်မှုသည် စက္ခုဝတ္ထုမှသာ ဖြစ်ပေါ်နိုင်၏၊ သိမှုသည် ဟဒယ ဝတ္ထုမှသာ ဖြစ်ပေါ်နိုင်၏၊ ထို့ကြောင့်တစ်ပါးနှင့်တစ်ပါး ဓာတ်အိမ်ကူးပြောင်းခြင်း မရှိကြ၊ တစ်ခု ချုပ်သေမှ တစ်ခု ဖြစ်ပေါ်ကြရ၏၊ ကြားမှု, သိမှု, နံမှု, သိမှု၊ လျက်မှု, သိမှုတို့၌လည်း ဤ နည်းတူ သိကြလေ။
ယခုအခါ ထိမှု, သိမှုနှစ်ပါးကို ထင်ရှားအောင် ပြဆိုပေအံ့၊ လူတို့ အမှတ်အထင်အတိုင်း အထောင် မကသော ထိမှု သိမှုတို့ကို တစ်ခုတည်းပြု၍ ဆိုမည်၊ သွားခြင်းအမှု၌ ခြေတစ်လှမ်း ခြေတစ်လှမ်း တွင် မြေအပြင်နှင့် ခြေဖဝါးအပြင် ထိခိုက်မှုတို့၌ အောက်မြေအပြင်ကား ပထဝီဖောဋ္ဌဗ္ဗဓာတ်တည်း၊ ခြေဖဝါးအပြင်ဟူသော ကာယ ဓာတ်အိမ် အစိတ်မှာရှိနေသော ကာယဝတ္ထုရုပ်အကြည်တို့နှင့် ထိုဖောဋ္ဌဗ္ဗဓာတ်တို့ ထိခိုက်ကြရာတွင် ထိခိုက်မှုဒဏ်ချက်ကိုစွဲ၍ ထိုကာယဝတ္ထုရုပ်အကြည် တစ်ပြင်လုံးမှာ ကာယဝိညာဏဓာတ်တွေ တဖွားဖွား ဖြစ်ပေါ်ကြကုန်၏။
ဤအရာ၌ ပထဝီဖောဋ္ဌဗ္ဗဓာတ်တို့၏ ခြေဖဝါးအပြင်၌ ထိမှုသည် နှစ်ပါးရှိ၏၊ နှစ်ပါးဆိုသည်ကား - ခြေဖဝါးအပြင်ရှိ ရူပက္ခန္ဓာ၌ ထိမှုတစ်ပါး ထိုရူပက္ခန္ဓာအပြင်မှာ ယခုပေါ်ရှိဆဲဖြစ်သော နာမက္ခန္ဓာ လေးပါးတို့၏ ထိုပထဝီဖောဋ္ဌဗ္ဗဓာတ်၌ ထိမှုတစ်ပါး၊ ဤ ၂-ပါးတည်း။
ထိုနာမက္ခန္ဓာလေးပါးတို့၏ ဖောဋ္ဌဗ္ဗဓာတ်၌ ထိမှုဆိုသည်ကား - ထိုဖောဋ္ဌဗ္ဗဒဏ်ချက်ကို အာရုံပြု သောအားဖြင့် ထိမှုကိုဆိုသတည်း၊ သိခြင်းအထူးတစ်မျိုးကိုပင် ထိမှုဆိုသည်၊ ဤထိမှုကို ဤအရာ၌ ပြဆိုလိုရင်းပေတည်း၊ အောက်မြေအပြင်ဟူသော ပထဝီဖောဋ္ဌဗ္ဗ ဓာတ် ထိခိုက်မှု ဒဏ်ချက်အဟုန်ကြောင့် ခြေဖဝါးအပြင်ဟူသော ရူပက္ခန္ဓာ၌ ဖြစ်ပေါ်ကြကုန်သော ထိုနာမက္ခန္ဓာ လေးပါးတို့သည် ထိုဖောဋ္ဌဗ္ဗ ဒဏ်ချက်ကို ထိကြကုန်၏၊ ထိသောအနေအားဖြင့် အာရုံ ပြုကြကုန်၏ဟု ဆိုလိုသည်။
ဤကား ထိမှု သိမှုနှစ်ပါးတွင် ထိမှုကို ပြဆိုချက်တည်း။
မြေကြီးကို နင်းမိသည်ဟု ပုဂ္ဂိုလ်၏သိမှုကား ဟဒယဓာတ်အိမ် ဆိုင်ရာသာတည်း၊ ဟဒယဝတ္ထု ရုပ်တွင် သိမှုဟူသော မနောဝိညာဏဓာတ်တို့ ဖြစ်ပေါ်၍ ထိမှု၏ နောက်လိုက် ဖြစ်ကြကုန်၏၊ မျက်တောင်တစ်ခတ်ခန့် ကာလအတွင်းမှာပင် ထိမှု တစ်သုတ် သိမှုတစ်သုတ် အလှည့်အလည် အပြန်ပေါင်း အထောင်မက များပြား၏၊ လူတို့အထင်အားဖြင့် ကြိယာတစ်ခုသာဟု ထင်ကြရ၏။
ခြေဖဝါးအပြင်၌ ထိမှုတစ်သုတ် ချုပ်သေမှ ဟဒယဓာတ်အိမ်၌ သိမှုတစ်သုတ် ဖြစ်ပေါ်ရ၏၊ ဟဒယဓာတ်အိမ်၌ သိမှုတစ်သုတ် ချုပ်သေမှ ခြေဖဝါးအပြင်ဟူသော ကာယဓာတ်အိမ်၌ ထိမှုတစ်သုတ် ဖြစ်ပေါ်ရ၏၊ ဤသို့ အလှည့်အလည် အပြန် အလှန်ကို သိလေ၊ ဤ၌လည်း ကာယဓာတ်အိမ်၌ ဖြစ်ပေါ်သော ထိမှုနာမက္ခန္ဓာ လေးပါးသည် ဟဒယဓာတ်အိမ်သို့ ကူးပြောင်းခြင်းမရှိ၊ ကာယဓာတ်အိမ်၌သာ ချုပ်ပျက် သေဆုံးကြလေကုန်၏၊ ဟဒယဓာတ်အိမ်၌ ဖြစ်ပေါ်သော သိမှု နာမက္ခန္ဓာ လေးပါးတို့သည် ကာယဓာတ်အိမ်သို့ ကူးပြောင်းခြင်းမရှိ၊ ဟဒယဓာတ်အိမ်၌သာ ချုပ်ပျက် သေဆုံးကြလေကုန်၏။
လူတို့အထင်၌မူကား ထိုထိမှု သိမှုနှစ်ပါး အပြန်ပေါင်း အထောင် မကများပြားသည်ကို သိမှုကြိယာတစ်ခုတည်းဟု ထင်ကြရ ကုန်၏၊ ထိမှု, သိမှုနှစ်ပါးနှစ်ပါးတို့၏ အကူးအကူး၌ ချုပ်မှု, ပျက်မှု အပိုင်းအပိုင်း ခြား၍ခြား၍ နေသည်ကို မသိမမြင်နိုင် ကြကုန်၍ တစ်ခုတည်းဟု ထင်ကြရကုန်သည်၊ ခြေဖဝါးအပြင်မှာ ထိမှုဟူသော နာမက္ခန္ဓာလေးပါး တဖွားဖွား ဖြစ်ပေါ်ဆဲအခါ၌ ခြေဖဝါးအပြင်မှာသာ ခန္ဓာငါးပါး ရှိ၏၊ ခြေဖဝါးအပြင်မှ ကြွင်းကျန်သော တစ်ကိုယ်လုံး တစ်ကောင်လုံးမှာ ရူပက္ခန္ဓာ ချည်းသက်သက်ရှိ၏၊ ဟဒယဓာတ်အိမ် အပြင်မှာ သိမှုဟူသော နာမက္ခန္ဓာလေးပါး တစ်ဖွားဖွား ဖြစ်ပေါ်ဆဲအခါ၌ ထိုဟဒယ ဓာတ်အိမ်မှာသာ ခန္ဓာငါးပါးရှိ၏၊ ထိုမှကြွင်းကျန်သော တစ်ကိုယ်လုံး တစ်ကောင်လုံးမှာ ရူပက္ခန္ဓာ ချည်းသက်သက်ရှိ၏၊ ရှေး၌ ပြခဲ့ပြီးသောမြင်မှု ကြားမှုစသည်တို့၌လည်း ဤနည်းအတူသိကြလေ။
ရုပ်ဓာတ် နာမ်ဓာတ် နှစ်ရပ်
ခြေချီမှု ကြွမှု လှမ်းမှု ချမှုအစရှိသော တစ်လှမ်းတစ်လှမ်း အတွင်း၌ဖြစ်သော ကာယကံမှု တို့ကိုမူကား ဟဒယဓာတ်အိမ်မှ ပြုပြင်ကြပေကုန်၏၊ ပြုပြင်ပုံကို ရှေး၌ ပြဆိုခဲ့ပြီ၊ ဤခြေတစ်လှမ်းအတွင်းမှာပင် မြင်မှုလည်း မစဲသကဲ့သို့၊ ကြားမှုလည်း မစဲသကဲ့သို့၊ ထွေထွေ လာလာ ကြံမှုလည်း မစဲသကဲ့သို့ ဖြစ်နိုင်လျက်ရှိကြသည်ကား မျက်တောင်တစ်ခတ်၌ ကုဋေ တစ်သိန်းမကဟု ပြဆိုခဲ့သော စိတ်၏အဖြစ်အပျက် အပြောင်းအလဲ မြန်လှသည့်အတွက် ပေတည်း။
ဤကား ပထမခြေလှမ်း ပထမဖဝါး၌ ခန္ဓာငါးပါးဟူသော ဓာတ်တို့၏ အစုအစု အပိုင်းအပိုင်း ဖြစ်နေပုံကို ပြဆိုချက်တည်း၊ ဒုတိယဖဝါးစသည်တို့၌လည်း ဤနည်း အတိုင်း အကုန်သိကြလေ မြင်ကြလေ။
မြေအပြင်ဟူသော ပထဝီ ဖောဋ္ဌဗ္ဗဓာတ် ထိခိုက်မှုဒဏ်ချက်ကြောင့် ခြေဖဝါး အရေအပြင်၌ ဖြစ်ပေါ်သော နာမက္ခန္ဓာလေးပါးတို့တွင် ထိမှုခေါ်သော သိမှုအထူးကား ဝိညာဏက္ခန္ဓာတည်း၊ ထိုသိမှုအထူးမှာပါရှိသော ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း၊ သညာကား သညာက္ခန္ဓာတည်း၊ ဖဿ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ ဤငါးခုတို့ကား သင်္ခါရက္ခန္ဓာတည်း၊ ခြေဖဝါးအပြင်ကား ရူပက္ခန္ဓာတည်း၊ ခြေကို ချီကြွ၍ မြေမှလွတ်သောအခါ နာမက္ခန္ဓာလေးပါးသည် ထိုနေရာမှာအကုန် ချုပ်ဆုံးကွယ်ပျောက်လေ၏၊ အနိစ္စ ရောက်လေ၏၊ အစ၌ ဖောဋ္ဌဗ္ဗဓာတ် အခိုက်တွင် ဖြစ်ပေါ်မှုကား နာမ်၏ဇာတိတည်း၊ ချုပ်ကွယ်မည်ရှိသောအခါ ဆုတ်ယုတ်လျော့ပါး၍ သွားမှုကား နာမ်၏သန္တတိဇရာတည်း၊ ထိုတွင် ခြေဖဝါးအပြင်ရှိ ကာယပသာဒရုပ် ကား ကာယဓာတ်မည်၏၊ အောက်မြေအပြင်ရှိ ပထဝီဓာတ်ကား ဖောဋ္ဌဗ္ဗဓာတ်မည်၏၊ ထိုဓာတ် ၂-ပါး ထိခိုက်မှုကြောင့် ဖြစ်ပေါ်သော သိမှုအထူးကား ကာယဝိညာဏ ဓာတ်တည်း၊ နာမ်၏ဇာတိ နာမ်၏ဇရာ နာမ်၏မရဏတို့နှင့် စေတသိက် ခန္ဓာ ၃-ပါးတို့ကား ဓမ္မဓာတ်တည်း၊ ဤမြေ၌ ခြေဖဝါးနင်း၍ ထိမှန်းသိ၍ နေကြဆဲအခိုက်၌ ခြေဖဝါးရေမှာ ခန္ဓာငါးပါးဓာတ်လေးပါး ခွဲခြမ်းနည်း တည်း။
အကျဉ်းချုံး ပြန်လိုသော် ရုပ်ခန္ဓာ နာမ်ခန္ဓာဟူ၍လည်းကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ် ဟူ၍ လည်းကောင်း ၂-ပုံပြု၍ ရှုရာ၏၊ ခြေဖဝါး ရေမှာရှိနေသော ကာယဝတ္ထုရုပ်၊ မြေအပြင်ဟူသော ဖောဋ္ဌဗ္ဗရုပ်တို့ကား ရုပ်ခန္ဓာ ရုပ်ဓာတ်တည်း၊ နာမက္ခန္ဓာလေးပါး တို့ကား နာမ်ခန္ဓာ နာမ်ဓာတ်တည်း၊ ရုပ်ခန္ဓာ၏ ဇာတိ, ဇရာ, မရဏတို့သည် ရုပ်ခန္ဓာ၌ ဝင်ကုန်၏၊ နာမ်ခန္ဓာ၏ ဇာတိ, ဇရာ, မရဏတို့သည် နာမ်ခန္ဓာ၌ ဝင်ကုန်၏၊ ထိုနေရာ၌ အသီးအခြား ထင်ရှားရှိနေခိုက်ဖြစ်သော ထိမှု, သိမှုဟူသော နာမ်ခန္ဓာကို ဉာဏ်ထဲတွင် အသီးအခြား ထင်ရှားစွာမြင်နိုင် ထင်နိုင်စေရာ၏၊ ရုပ်ခန္ဓာနှင့် ရောထွေး၍ မနေစေနှင့်။
ဤကား ရုပ်ဓာတ် နာမ်ဓာတ် ခွဲနည်းတည်း။
ဓာတ်ကမ္မဋ္ဌာန်း ရှုရန်
ဤသို့ ထိုခြေဖဝါးရေ၌ ရုပ်ဓာတ်နာမ်ဓာတ် ၂-ပါးကို ဉာဏ်၌ အသီးအသီး ခြားနား၍ ထင်မြင်ပြီးမှ ရုပ်ဓာတ်၏ အနိစ္စအချက် နာမ်ဓာတ်၏ အနိစ္စအချက်ကို ရှုရာ၏၊ နာမ်ဓာတ်၏ အနိစ္စအချက်ဆို သည်ကား- “အနိစ္စံ ခယဋ္ဌေန” ဟူသည်နှင့်အညီ ထိုနေရာမှာ ထိမှု, သိမှု၏ ချုပ်ဆုံးပျောက်ပျက်မှုသည် နာမ်ဓာတ်၏ အနိစ္စအချက် ပင်တည်း၊ ရုပ်ဓာတ်၏ အနိစ္စအချက်ကိုမူကား “အာဟာရဒီပနီ” မှာ ရူပက္ခန္ဓာ အနိစ္စခန်း၌ ကြည့်ကြလေ။
ဤကား သွားခြင်း ဣရိယာပုထ်၌ ခြေတစ်လှမ်းတစ်လှမ်းတွင် မြေသို့ ခြေဖဝါး တစ်ခါတစ်ခါ အချတွင်၊ ခြေဖဝါးရေအပြင်မှာ နာမက္ခန္ဓာ လေးပါးဖြစ်ပေါ်ခိုက် ထိုနေရာ၌ ခန္ဓာငါးပါး စုံလင်ခိုက်အခါဖြစ်၍ ထိုနေရာ၌ ဉာဏ်မှာ ခန္ဓာငါးပါး ကွဲအောင်ရှုနည်း၊ ရုပ်ဓာတ်နာမ်ဓာတ် ၂-ပါး ကွဲအောင်ရှုနည်း အစီအရင်တည်း။
ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာသည်ကား တစ်ကိုယ်လုံးမှာ ဘယ်နေရာတွင် ဘယ်အခါ၌ မရှိဟု ဆိုဖွယ်မရှိ၊ နာမက္ခန္ဓာလေးပါး တို့သည်မူကား ခြေဖဝါးအပြင်မှာ ဖြစ်ပေါ်၍ နေခိုက် ခြေဖဝါး အပြင်တွင်သာ ရှိနေကြကုန်၏၊ ခြေဖဝါးအပြင်မှကြွင်းသော တစ်ကိုယ်လုံးမှာ ရူပက္ခန္ဓာသာရှိ၏၊ ဤနည်းအတိုင်း တစ်ကိုယ်လုံးရှိ အရေပေါ်မှာ အကြင်အကြင်နေရာ၌ ထိမှု ခိုက်မှုရှိဆဲဖြစ်၍ ဤနာမက္ခန္ဓာလေးပါး ဖြစ်ပေါ်ဆဲဖြစ်၏၊ ထိုထိုနေရာ၌သာ ခန္ဓာငါးပါး ပေါင်းဆုံမိကြ၏၊ ခြေမထိပ်၌ ထိခိုက်၍ နာမှုဟူသော နာမက္ခန္ဓာတို့ ဖြစ်ပေါ်ခိုက် ခြေမထိပ်၌သာ ခန္ဓာငါးပါးရှိ၏၊ လက်မထိပ်၌ ထိခိုက်၍ နာမှုဟူသော နာမက္ခန္ဓာတို့ ဖြစ်ပေါ်ခိုက် လက်မထိပ်၌သာ ခန္ဓာငါးပါးရှိ၏၊ ဤသို့ အစရှိသည်ဖြင့် နာမက္ခန္ဓာလေးပါးတို့၏ ဖြစ်ပေါ်ခိုက် ကျရာကျရာ ဌာန၌သာ ခန္ဓာငါးပါးရပုံကို သိကြလေ။
ဤကား ခြေဖဝါးမှစ၍ ငယ်ထိပ်တိုင်အောင် တစ်ကိုယ်လုံးကို ဖုံးအုပ်၍နေသော အရေပါးပေါ်မှာ ခန္ဓာငါးပါး ရှုနည်းကို ပြဆိုခန်းတည်း
အတွင်းရေ အတွင်းသား ဦးနှောက်ခဲ, မျက်လုံးခဲ, အသည်းခဲ, အဆုတ်ခဲ အစရှိသော အတွင်းကောဋ္ဌာသ ရှိသမျှတို့သည်လည်း ကာယဓာတ်အိမ်ချည်း ဖြစ်ကြကုန်၏၊ အတွင်းကာယ ဓာတ် အပြည့်ရှိကြကုန်၏၊ ပထဝီ တေဇော ဝါယောဟူသော အတွင်း ဖောဋ္ဌဗ္ဗဓာတ် အပြည့် ရှိကြကုန်၏၊ ကိုယ်အင်္ဂါလှုပ်ရှားမှုကို ပြုခဲ့သော်လည်းကောင်း၊ ဓာတ်လေးပါး ဖောက်ပြန်လှုပ်ရှား ခဲ့သော်လည်းကောင်း ထိုထို ဦးခေါင်းတွင်း ရင်တွင်း ဝမ်းတွင်းအစရှိသော အတွင်းအရပ်တို့၌ အတွင်း ကာယဓာတ်နှင့် အတွင်း ဖောဋ္ဌဗ္ဗဓာတ်တို့၏ ထိခိုက်မှုတို့သည် ဘယ်အခါမှမစဲ ရှိနေကြကုန်၏။
နာမက္ခန္ဓာ လေးပါးတို့သည် ထိခိုက်ရာ ဌာနတို့၌ အလှည့်အလည် အားဖြင့် တဖွားဖွား ဖြစ်ပေါ်ကြကုန်၏၊ နာမက္ခန္ဓာတို့၏ ဖြစ်ပေါ်၍နေဆဲဖြစ်သော ထိုထိုအတွင်း အရပ်တို့ကိုသာလျှင် ငါ့ကိုယ်တွင်းမှာ ဘယ်နေရာက လှုပ်ရှားသည်ဟု သိကြကုန်၏၊ ဘယ်နေရာက ပူသည်, အေးသည်, ညောင်းသည်, ညာသည်, နာသည်, ကျင်သည်, ယားသည်, ယံသည်, အောင့်သည်, အင့်သည် အစရှိသည်ဖြင့် သိကြကုန်၏၊ မီးနှင့်ပင် မြှိုက်သော်လည်း မြှိုက်သည့်နေရာမှာ နာမက္ခန္ဓာလေးပါးတို့ မပေါ်ကြသည်ရှိသော် ပူသည်ဟူ၍ မသိကြကုန်၊ တစ်ကိုယ်လုံး လှုပ်ရှားသွားလာဆဲ အခါတို့၌လည်းကောင်း၊ အဖျား ရောဂါ, ကျောက်ရောဂါ, ကာလရောဂါ စသည်တို့ဖြစ်၍ နေဆဲအခါတို့၌ လည်းကောင်း တစ်ကိုယ်လုံးရှိ ကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ်တို့သည် အချင်းချင်း အုန်းအုန်းဆူ ထိခိုက်ကြကုန်သောအခါ တစ်ကိုယ်လုံး၌ လျှပ်ကြီးတထိန်ထိန် ပြက်ဘိသကဲ့သို့ နာမက္ခန္ဓာလေးပါးတို့သည် အတွင်းအပ တစ်ကိုယ်လုံး တစ်ကောင် လုံး အပြည့် ထင်ရအောင် တလက်လက် တလျှမ်းလျှမ်း ဖြစ်ပေါ်ကြကုန်၏။
ဗာဂျာဆိုသော တူရိယာ ဘဏ္ဍာကို မြိုင်လှစွာတီးသောအခါ၌ အတွင်းမှာရှိနေ ကြကုန်သော ကြိယာတို့သည် အချင်းချင်း အလျင်အမြန် ထိခိုက်ကြကုန်၏၊ ထိခိုက်ရာ ထိခိုက်ရာတို့မှ အသံအထူးထူး အထွေထွေတို့သည် အလျင်အမြန် ဖြစ်ပေါ်ကြကုန်၏၊ ဗာဂျာတစ်ခုလုံးသည် အသံဖြင့်ပြည့်သကဲ့သို့ ထင်ရ၏၊ ဗာဂျာခေါ်သော တူရိယာ ဘဏ္ဍာအထည်ကြီးနှင့် ဤ ခန္ဓာကိုယ် ကြီးသည် တူ၏၊ အတွင်းကြိယာတို့နှင့် အတွင်းကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ်တို့သည် တူကုန်၏၊ အသံအထွေထွေ အလာလာတို့နှင့် ထိုထိုခိုက်ရာဌာန အကွက်အကွက်မှာ ဖြစ်ပေါ် ကြသော နာမက္ခန္ဓာ လေးပါးတို့သည် တူကြကုန်၏။
ဗာဂျာသံတို့၌လည်း တစ်ခုတစ်ခုသော ထိခိုက်မှုတို့မှ ဖြစ်ပေါ်သော တစ်မျိုးတစ်မျိုး သော အသံတို့၏ အဆုံးအဆုံးဟူသော အနိစ္စဓာတ်ကြီး, မရဏဓာတ်ကြီး, ခယ ဝယဓာတ်ကြီး, အပိုင်းပြတ် အပိုင်းပြတ် ဓာတ်ကြီး အသီးအသီးပါရှိသကဲ့သို့ ကိုယ်ခန္ဓာတွင်း၌ ထိခိုက်မှုရှိရာ ထိုထိုနေရာတို့မှာ တလက်လက် ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ တစ်သုတ်တစ်သုတ်တို့၌လည်း အဆုံးအဆုံးဟူသော အနိစ္စဓာတ်ကြီး, မရဏဓာတ်ကြီး, ခယဝယဓာတ်ကြီး အပိုင်းအပြတ် အပိုင်းအပြတ်ဓာတ်ကြီး အသီးအသီး ပါရှိကြကုန်၏၊ တစ်ကိုယ်လုံး ရွလို့နေအောင် မြင်ကြစေ၊ ဝိညာဏ် အပိုင်းအပိုင်းပြတ်တွေကို မြင်ကြစေ၊ နာမက္ခန္ဓာလေးပါးတို့ အပိုင်းအပိုင်းပြတ်တွေကို မြင်ကြစေ၊ ဤ အပိုင်းအပိုင်းပြတ်တွေကို အနိစ္စဓာတ် မရဏဓာတ်ဆိုသတည်း၊ ညောင်းမှု, ညာမှု, နာမှု, ကျင်မှု, ခံသာမှု, မခံသာမှု အလုံးစုံသည် နာမ်ဓာတ် ချည်းသာတည်း၊ ဤကား ဓာတ်ကမ္မဋ္ဌာန်း ရှုခန်းအမြွက်တည်း။
အကျယ်ကိုမူကား “ဝိဇ္ဇာမဂ္ဂဒီပနီ” “အာဟာရဒီပနီ” “အနတ္တဒီပနီ” တို့မှာ ယူလေ၊ ဤတွင် တစ်ခန်းပြီး၏။
စက္ခုဝိညာဏဓာတ်၏ သဘော
လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၏ ကိုယ်ခန္ဓာတွေသည် တစ်စုံတစ်ခုနှင့် မရောမဖက် သက်သက်သော ဓာတ်စု, ဓာတ်ပုံ, ဓာတ်တုံး, ဓာတ်ခဲတွေသာ ဖြစ်၏၊ အဘယ်ကြောင့် ဓာတ်မည်သနည်းဆိုသော် -
“သတ္တဿ - သတ္တဝါ၏၊
ဝသံ - အလိုသို့၊
အဝတ္တိတွာ - မလိုက်ကြကုန်မူ၍၊
အတ္တနော - မိမိ၏၊
သဘာဝံ - သဘောကိုသာလျှင်၊
ဓာရေန္တိ - တစ်ဖြောင့်တည်း တစ်စင်းတည်း ဆောင်တတ်ကြကုန်၏၊
ဣတိ - ဤသို့သောအကြောင်းကြောင့်၊
ဓာတုယော - ဓာတ်တို့ မည်ကုန်၏”
ဟူ၍လည်းကောင်း။ ။
“နိဿတ္တ နိဇ္ဇီဝဋ္ဌေန - သတ္တဝါလည်းမဟုတ်၊ သတ္တဝါ၏ အသက်လည်း မဟုတ်လေ သောကြောင့်၊ ဓာတုယော - ဓာတ်တို့မည်ကုန်၏” ဟူ၍လည်းကောင်း ဓာတ် မည်ကြောင်းကို မှတ်ရာ၏။
အနမတဂ္ဂသံသရာ၌ စကြဝဠာအနန္တ, ကမ္ဘာအနန္တ, သတ္တဝါ အနန္တ, မြေ, ရေ, တော, တောင်အစရှိသော သင်္ခါရ အနန္တ, တို့ကို ဉာဏ်နှင့် အကုန်ပေါင်းစု၍ သတ္တု ထုတ်ယူသည်ရှိသော် ရှေး၌ပြဆိုခဲ့ပြီးသော ဓာတ်သား ဓာတ်နှစ် တစ်ဆယ့်ရှစ်ခုသာ အသားတင်ရ၏၊ စကြဝဠာ ကမ္ဘာသတ္တဝါ သင်္ခါရတွေ မြူမျှမကျန် ကွယ်ပျောက် လေ၏၊ ထိုဓာတ်သားဓာတ်နှစ် တစ်ဆယ့်ရှစ်ခုကို ဓမ္မအားဖြင့် ဝေဖန်သော် စိတ် -၁၊ စေတသိက်- ၅၂၊ နိဗ္ဗာန်-၁ ဟူ၍ နာမ်ဓာတ် ၅၄-ပါး၊ ပထဝီဓာတ် အာပေါဓာတ် အစရှိသော ရုပ်ဓာတ် ၂၈-ပါးဟူ၍ ၈၂-ဖြစ်၏။
ထို ၈၂-တို့တွင် စိတ်ဟူသော ဝိညာဏဓာတ်သည် ပုဂ္ဂိုလ်၏ အလိုသို့ မလိုက်မူ၍ မိမိသဘောကိုသာ တစ်ဖြောင့်တစ်စင်းတည်း အဘယ်သို့ ဆောင်လေသနည်းဟူမူကား ခပ်သိမ်းသောသတ္တဝါတို့၏ ပကတိသဘောသည် မိမိ၏ကိုယ်စိတ်နှစ်ဖြာ အမြဲချမ်းသာခြင်းကိုသာ အလိုရှိ၏၊ ကိုယ်စိတ်နှစ်ဖြာ မချမ်းသာခြင်းကို စက်ဆုပ်၏၊ မိမိ၏ ကောင်းမြတ်သည်ကိုသာ အမြဲလျှင် အလိုရှိ၏၊ မကောင်းသည် မမြတ်သည်ကို အလိုမရှိ၊ ဤကား ပကတိအလိုတည်း။
ဝိညာဏ်အစရှိသော ဝိပလ္လာသဓာတ်တို့၏ နှောင့်ယှက်ခြင်းကြောင့် ဖောက်ပြန်၍ ဥမ္မတ္တက အနေသို့ရောက်၍ နေကြသောအခါ၌ ထိုပကတိအလိုနှင့် ဆန့်ကျင် ဖက်ဖြစ်ကုန်သော ဖောက်ပြန် သော အထင်အမှတ် အစွဲအလမ်းတို့သည် ဖြစ်ကုန်၏၊ ဓာတ်တို့သည်ကား အနမတဂ္ဂ သံသရာ၌ အခါခပ်သိမ်း ပုဂ္ဂိုလ်၏ ပကတိအလိုသို့ လိုက်ခြင်းမရှိကြကုန်၊ ပုဂ္ဂိုလ်တို့ကသာ ဓာတ်တို့၏အလိုသို့ လိုက်ပါ၍ နေကြကုန်၏၊ မျက်စိ၌ ဆိုက်တိုက်လာသော အဆင်းသဏ္ဌာန်ကို မြင်မှုသည် စက္ခုဝိညာဏဓာတ်၏ သဘောတည်း။
ထိုအဆင်းသဏ္ဌာန်မျိုးသည်လည်း ထိုပုဂ္ဂိုလ်ကို ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲခြင်းသို့ ရောက်အောင် နစ်သတ်မည့် အဆင်းသဏ္ဌာန်မျိုးလည်း ရှိ၏၊ ထိုပုဂ္ဂိုလ်ကို ဆိုးဝါးညစ်ညမ်းခြင်းသို့ရောက်အောင် နစ်သတ်မည့် အဆင်းသဏ္ဌာန်မျိုးလည်းရှိ၏၊ ထိုပုဂ္ဂိုလ်ကို မှောက်မှားခြင်းသို့ရောက်အောင် မိုက်မဲခြင်းသို့ရောက်အောင် အပါယ်ငရဲ သို့၌ နစ်မြှုပ်၍ သွားလေအောင် သံသရာဝဋ်၌ နစ်မြှုပ်၍ နေရလေအောင် နစ်သတ်မည့် အဆင်း သဏ္ဌာန်မျိုးလည်း ရှိ၏၊ စက္ခုဝိညာဏဓာတ်သည်ကား မျက်စိနှင့် ဆိုင်မိသမျှသော အဆင်းသဏ္ဌာန်တို့၌ မြင်မှုကိုသာ အသွင်ဆောင်၏၊ ပုဂ္ဂိုလ်၏ ပကတိ အလိုနှင့် ဖက်စပ်၍ မရအပ်၊ ပုဂ္ဂိုလ်တို့ကသာ ဖောက်ပြန်၍ ထိုစိတ်အလိုသို့ လိုက်ကြရကုန်၏၊ ထို့ကြောင့် -
စိတ္တေန နီယတိ လောကော၊ စိတ္တေန ပရိကဿတိ။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသ မနွဂူ -
(သဂါထာဝဂ္ဂသံယုတ္တ၊ ပါ၊ နှာ-၃၆။)
ဟူ၍ ဟောတော်မူပေ၏။
လောကော - ပုဂ္ဂိုလ်သတ္တဝါကို၊
စိတ္တေန - ဝိညာဏဓာတ်ဟုဆိုအပ်သော မိမိစိတ်သည်၊
နီယတိ - မိမိအလိုသို့သာ အပါသွေးဆောင်၏၊
လောကော - ပုဂ္ဂိုလ်သတ္တဝါကို၊
စိတ္တေန - ဝိညာဏဓာတ်ဟုဆိုအပ်သော မိမိစိတ်သည်၊
ပရိကဿတိ - မိမိအလိုသို့သာ အတင်းဆွဲငင်၍ သွား၏၊
တသ္မာ - ထို့ကြောင့်၊
သဗ္ဗေဝ - အလုံးစုံသာလျှင်ဖြစ်ကုန်သော ပုထုဇဉ် သတ္တဝါတို့သည်၊
စိတ္တဿ - မိမိစိတ်ဟုဆိုအပ်သော၊
ဧကဓမ္မဿ - တစ်ခုသောတရား၏၊
ဝသံ - အလိုနိုင်ငံသို့၊
အနွဂူ - အနမတဂ္ဂသံသရာ၌ အစဉ်တစိုက် အမြဲလိုက်၍ နေကြရကုန်၏။
စိတ်၏အလိုနိုင်ငံ ဆိုသည်ကား- “ပါပသ္မိံ ရမတိ မနော” ဟူသော ပါဠိတော်နှင့်အညီ မကောင်း သောအမှု မကောင်းသော အာရုံတို့၌သာ မွေ့လျော်မှုသည် စိတ်၏ အလိုပေတည်း။ သတ္တဝါ တို့သည် စိတ်၏အလိုကို အဘယ်မျှလောက် လိုက်ကြကုန် သနည်းဟူမူကား စိတ်ကိုပင် မိမိကိုယ် ပြုလုပ်စွဲလမ်း၍ စိတ်၏အလိုကို မိမိတို့အလိုဟု ထင်မှတ်စွဲလမ်း၍ ထားကြကုန်၏၊ မိမိတို့၏ ပကတိအလိုကား တစ်လမ်း ဝိပလ္လာသစိတ်၏အလိုကား တစ်လမ်းဟု နှစ်ထွေမရှိကြကုန်မူ၍ ဝိပလ္လာသစိတ်၏ အလိုတစ်ခုသာ ထားကြကုန်၏၊ ဤမျှလောက် စိတ်၏ အလိုကို လိုက်စားကြ ကုန်၏၊ ထိုသို့ လိုက်စားကြလေလေ စိတ်၏ အလိုနိုင်ငံသို့ပါရာ နစ်မျော၍ သွားကြလေလေ ဖြစ်သဖြင့် မိမိတို့၏ ပကတိအလိုနှင့် ကွာလမ်း၍ သွားကြလေလေသာဖြစ်၍ နေကြကုန်၏။
ကမ္ဘာပေါ်၌ ရေသတ္တဝါ, ကုန်းသတ္တဝါ, ကောင်းကင်ပျံ သတ္တဝါတို့ နေကြပုံကို မျှော်လိုက်သော် မိမိတို့၏ပကတိအလိုကို ဉာဏ်ဖြင့်သိ၍ ပကတိအလိုဖက်သို့ အဖြောင့်သွားနိုင်လေအောင် စိတ်ကို သံဝေဂဓမ္မဖြင့် နာနာနှိပ်ကွပ်၍ ပကတိအလိုသို့ လိုက်ပါအောင်ပြု၍ ပကတိအလိုနှင့် ညီညွတ်စွာ နေနိုင်သောသတ္တဝါကား အလွန် နည်းပါးလှ၏၊ စိတ်အလိုရှိတိုင်းကို မိမိတို့အလိုပြု၍ လိုက်စားခွင့် သာသမျှ ကံသုံးပါး တို့ဖြင့် လိုက်စား၍နေကြသော သတ္တဝါတို့သည်သာ အလွန်များကုန်၏။
ကာမဂုဏ်မှု၌ လိုက်စားကြသူ, လောကီစီးပွါး၌ လိုက်စားကြသူ ဒုစရိုက်စီးပွါး၌ လိုက်စားကြသူ မိစ္ဆာဒိဋ္ဌိစီးပွါး၌ လိုက်စားကြသူ အလုံးစုံတို့သည် စိတ်နိုင်ငံသားတို့၏ ချည်းသာတည်း၊ အပါယ်လေးဘုံမှာ သတ္တဝါ အဘယ်မျှလောက် များပြားသည်ဟု မျှော်နိုင်ကြပါလျှင် စိတ်၏အလို နိုင်ငံသည် အဘယ်မျှလောက် ကြီးကျယ်စည်ကား ပွါးစီးသည်ဟု မျှော်နိုင်ကြကုန်ရာ၏။
ဤကား စက္ခုဝိညာဏဓာတ်၏ မိမိသဘောကိုသာ တွင်ကျယ်စွာ ဆောင်မှုကို လည်းကောင်း၊ ထိုသို့ဆောင်မှုကြောင့် ဓာတ်မည်ကြောင်းကို လည်းကောင်း ပြဆို ချက်တည်း၊ ကြွင်းသော ဝိညာဏ ဓာတ် ၆-ပါးတို့ကိုလည်း အသီးအသီး ဤ နည်းချည်းသိကြလေ၊ စိတ် ဓာတ်ပြီး။
ကြွင်းသော ဖဿ ဝေဒနာအစရှိသော နာမ်ဓာတ်ပထဝီ အာပေါ အစရှိသော ရုပ်ဓာတ်တို့ကိုလည်း ပုဂ္ဂိုလ်၏ပကတိအလိုသို့ မလိုက်မူ၍ သူ့သဘောကို သူ အသီး အသီး အကြီးအကျယ် ဆောင်ကြ ပုံနှင့်တကွ အကျယ်ဝိတ္ထာရ သိကြမြင်ကြလေ။
သဒ္ဓါစသော ဓာတ်အများ
ဒါန, သီလ, ဘာဝနာ, သဒ္ဓါ, ပညာ အစရှိသော ဓာတ်ကောင်းမျိုးတို့သည် ပုဂ္ဂိုလ်၏ပကတိအလိုသို့ လိုက်ကြပေကုန်သည် မဟုတ်လော ဟူငြားအံ့၊ လူတို့ အသုံးပြုကြသော မီးဥပမာဖြင့် ဖြေရာ၏၊ မိမိတို့အိမ်၌ မိမိတို့ညှိထွန်း၍ထားသော မီးတောက်ကို မိမိတို့အစိုးရသည်ဟု လောကပညတ်ရှိ၏၊ အလိုလိုက်မှု အစိုးရမှု အတူတူ၊ အလိုလိုက်လျှင် အစိုးရတော့သည်၊ အစိုးရလျှင် အလိုလိုက်ရ တော့သည်။
မုချစင်စစ်အားဖြင့်မူကား ထိုမီးတောက်သည် မီး၏အကြောင်းစုနှင့်သာ အလိုတူ အလိုပါကဲ့သို့ ဖက်စပ်၍ရ၏၊ မီးရှင်ဆိုသူ ပုဂ္ဂိုလ်၏ အလိုနှင့်ကား ဖက်စပ်၍ မရအပ်၊ မီးခွက်, မီးစာ, ဆီ, ပုဂ္ဂိုလ်၏ညှိထွန်းမှု ပယောဂဟူသော အကြောင်းစုနှင့်ကင်း၍ ပုဂ္ဂိုလ်၏ အလိုသက်သက်အားဖြင့် တောက်အောင်လည်း မတတ်နိုင်၊ တစ်ညဉ့် လုံး တည်နေအောင်လည်း မတတ်နိုင်၊ အကယ်၍ စင်စစ်အားဖြင့် အစိုးရသည်ဖြစ်ခဲ့ငြားအံ့၊ ထိုအကြောင်းစုသည် အသုံးမကျရာပြီ၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်က တောက်စေလိုလျှင် ကောင်းကင်သက်သက်မှာပင် တောက်ရလတ္တံ့၊ စိတ်က တည်နေ စေလိုလျှင် နေ့ရက်များစွာ ကောင်းကင်မှာပင် မီးတောက် တည်နေရလတ္တံ့၊ မပူစေလိုလျှင် မပူရလတ္တံ့၊ မလောင်စေလိုလျှင် မလောင်ရလတ္တံ့။
ထိုသို့ကားမဟုတ် အကြောင်းစုနှင့်ကင်း၍ အလိုသက်သက်နှင့် တောက်မှု တည်မှုတို့၌ အစိုးမရ၊ ထိပါးပြန်လျှင် ထိုပုဂ္ဂိုလ်ကိုပင် လောင်လတ္တံ့၊ ထိုပုဂ္ဂိုလ်၏ ပစ္စည်းဘဏ္ဍာ အိမ်ရာဝင်းခြံကိုပင် ခဏချင်း ပြာဖြစ်အောင် လောင်လတ္တံ့၊ ဤသို့ ထိုမီးသည် အကြောင်းစုနှင့် ဖက်စပ်၍ မိမိ၏သဘောကိုသာ ဆောင်၏၊ ပုဂ္ဂိုလ်၏အလို သက်သက်နှင့် ဖက်စပ်၍ မရအပ်၊ အကြောင်းစုကို စုံလင်အောင်ပြု၍ တောက်မှု, မီးစာ, ဆီရှိနေသမျှသာ တည်နေမှုတို့မှာမူကား မီး၌ ထိုပုဂ္ဂိုလ် အစိုးရမှု မဟုတ်၊ မီး၏ကျွန်ခံမှုသက်သက်သာတည်း။
လောက၌ ဥစ္စာကျွန်, လူကျွန် နှစ်ပါးရှိ၏၊ သူဌေးတစ်ဦးက တစ်ယောက်သောသူအား အသပြာငါးရာ ချေး၏၊ နောက်ကာလ၌ မဆပ်မပေးနိုင်ရှိ၍ ထိုသူဌေးအိမ်မှာ ကျွန်ခံရ၏၊ သူဌေးကား ထိုသူ၏ ဥစ္စာကျွန်တည်း၊ ထိုသူကား သူဌေး၏ လူကျွန် တည်း၊ ထိုပုဂ္ဂိုလ်သည်ကား မီး၏ဥစ္စာကျွန်, လူကျွန် နှစ်ပါးဖြစ်၏၊ မီးခွက်, မီးစာ, ဆီစိုက်ရမှုအတွက် ဥစ္စာကျွန်, လူပယောဂ စိုက်မှုအတွက် လူကျွန်ဖြစ်သတည်း၊ ထိုသို့သော မီး၏ကျွန်ခံမှုနှင့် သက်သက်ကင်း၍ မီးတောက်၌ ထိုပုဂ္ဂိုလ်၏အလိုသို့ လိုက်မှု ထိုပုဂ္ဂိုလ်အစိုးရမှုဟူ၍ မရှိ၊ မီး၏ဆိုင်ရာ အကြောင်း အဆောက်အဦ တို့ကို ပေးနိုင်ပါမူကား ပေးနိုင်သမျှသာ အနည်းငယ်အလိုသို့ လိုက်ပါ ယောင်ထင်ရ၏၊ ဥပမာ အတိုင်း ဒါန, သီလ, ဘာဝနာ, သဒ္ဓါ, ပညာ စသည်တို့၌လည်း ပုဂ္ဂိုလ်၏ အလိုသို့ လိုက်မှုမရှိပုံကို သိလေ။
မီးတောက်သည် မီးခွက်, မီးစာ, ဆီ ညှိထွန်းမှု ပယောဂဟူသော အကြောင်းလေးပါးကို စွဲ၍သာဖြစ်၏၊ ပုဂ္ဂိုလ်၏ပကတိအလိုကိုစွဲ၍ ဖြစ်သည်မဟုတ်။
ထိုအတူ ဒါနစေတနာဟူသော ဓမ္မဓာတ်သည်လည်း အလှူ ဝတ္ထု, အလှူခံပုဂ္ဂိုလ်, သဒ္ဓါတရား, လှူဒါန်းမှု ပယောဂဟူသော အကြောင်းလေးပါးကို စွဲ၍သာဖြစ်၏၊ ပုဂ္ဂိုလ်၏ အလိုသက်သက်ကိုစွဲ၍ ဖြစ်သည်မဟုတ်၊ အကြောင်းလေးပါး မရှိခဲ့လျှင် ဘဝတစ်ရာ ဘဝတစ်ထောင်မှာပင် ဒါနကုသိုလ် တစ်ခု ဖြစ်ခွင့်မရ၊ အကြောင်း လေးပါးစုံညီစွာ ရှိနေဆဲ အခါ၌သာလျှင် ဒါနကုသိုလ်သည် ဖြစ်၍ နေ၏၊ အကြောင်း လေးပါး ကင်းခဲ့လျှင် ကင်းသည်နှင့် တစ်ပြိုင်နက် ချုပ်ကွယ်၏၊ ထိုပုဂ္ဂိုလ်သည် အကုသိုလ်မှောင်အတွင်းသို့ ရောက်ရပြန်၏၊ မချုပ်မကွယ်ရအောင် အစိုးမရလေ။
မီးသည် အကိုင်, အတွယ်, အထား, အသို လိမ္မာလှပါမှ ချက်မှု ပြုတ်မှုစသော အနည်းငယ်မျှသော အလိုသို့လိုက်ပါယောင် ရှိ၏၊ မလိမ္မာပါမူကား ထိုသူ့အိမ်ရာ ထိုသူ့ခန္ဓာနှင့်တကွ ထိုရပ် ထိုရွာ သက်ရှိသက်မဲ့ အားလုံးကို နေ့ချင်းညချင်း ပြာဖြစ်အောင် လောင်တတ်သော ကြီးကျယ်လှသော ရန်သူကြီး ရိုးရာမျိုး စင်စစ်ဖြစ်၏။
ထို့အတူ ဒါနကုသိုလ်သည်လည်း လိမ္မာသူကိုမှ သံသရာကြီးအတွင်း၌ လျှပ်တစ်ပြက် စာမျှ ကဲ့သို့သော လူ့ချမ်းသာ, နတ်ချမ်းသာကိုပေး၏၊ မလိမ္မာပါမူကား ထိုဒါန ကုသိုလ်မှ တဏှာ, မာန, ဒိဋ္ဌိစသော ကိလေသာမီးတို့ တောက်ထကုန်၍ အမျိုးအဆွေ အပေါင်းအသင်းတို့နှင့်တကွ ကြီးစွာသောအပါယဒုက္ခ ဝဋ္ဋဒုက္ခသို့ ပစ်ချတတ်၏၊ ဤသို့လျှင် ဒါနဓာတ်မျိုး၏ ပုဂ္ဂိုလ်အလိုနှင့် ဆန့်ကျင်ဖက်စခန်း ကြီးကျယ်ပုံကို သိအပ်၏၊ လောကီသီလ, လောကီဘာဝနာ, လောကီသဒ္ဓါ, လောကီပညာအစရှိသော ဓာတ်တို့ကိုလည်း ဒါနဓာတ်ကဲ့သို့ သိလေ။
ထို့ကြောင့် အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်ကြီး၌-
သဒ္ဓါ သီလံ သုတံ စာဂေါ ပညာ (ပ) ရာဂဿ ဒေါသဿ မောဟဿ မာနဿ ဒိဋ္ဌိယာ ပတ္ထနာယ (ပ) ဥပနိဿယ ပစ္စယေန ပစ္စယော -
(ပဋ္ဌာန၊ ပါ၊ နှာ-၃၁၅။)
ဟူ၍ ဟောတော်မူပေသည်။
သဒ္ဓါ - လောကီသဒ္ဓါ ကုသိုလ်မျိုးသည်လည်းကောင်း၊
သီလံ - လောကီသီလကုသိုလ်မျိုးသည်လည်းကောင်း၊
သုတံ - လောကဓမ္မ ဗဟုသုတပညာမျိုးသည်လည်းကောင်း၊
စာဂေါ - ဒါနကုသိုလ်မျိုးသည်လည်းကောင်း၊
ပညာ - လောကီအသိအလိမ္မာ ဉာဏ်ပညာမျိုးသည်လည်းကောင်း၊
(ပ) ဣမေ - ဤလောကီကုသိုလ်မျိုးတို့သည်၊
ရာဂဿ - ရာဂမီးအားလည်းကောင်း၊
ဒေါသဿ - ဒေါသမီးအားလည်းကောင်း၊
မောဟဿ - မောဟမီးအားလည်းကောင်း၊
မာနဿ - မာနမီးအားလည်းကောင်း၊
ဒိဋ္ဌိယာ - မိစ္ဆာဒိဋ္ဌိမီးအားလည်းကောင်း၊
ပတ္ထနာယ - ဘဝတောင့်တခြင်းဟူသော ဘဝတဏှာမီးအားလည်းကောင်း၊
(ပ) ဥပနိဿယ ပစ္စယေန - အားကြီးစွာမှီရာ ပွားစီးရာဟူသော ဥပနိဿယပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ချီးမြှောက်သမှု ကျေးဇူးပြုတတ်သည်၊
ဟောတိ - ဖြစ်၏။
မလိမ္မာသူတို့အား လောကီသဒ္ဓါ ကုသိုလ်မျိုးသည် -
- ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဒေါသမီးကို အားကြီးစွာ တောက်စေတတ်၏။
- မောဟမီးကို အားကြီးစွာ တောက်စေတတ်၏။
- မာနမီးကို အားကြီးစွာ တောက်စေတတ်၏။
- မိစ္ဆာဒိဋ္ဌိမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဘဝတဏှာမီးကို အားကြီးစွာ တောက်စေတတ်၏။
လောကီဖြစ်သော ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလ, ရဟန်းတော်တို့၏ စတုပါရိသုဒ္ဓိ သီလမျိုးသည် -
- ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဒေါသမီးကို အားကြီးစွာ တောက်စေတတ်၏။
- မောဟမီးကို အားကြီးစွာ တောက်စေတတ်၏။
- မာနမီးကို အားကြီးစွာ တောက်စေတတ်၏။
- မိစ္ဆာဒိဋ္ဌိမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဘဝတဏှာမီးကို အားကြီးစွာ တောက်စေတတ်၏။
လောကဓမ္မ ဗဟုသုတပညာမျိုးသည် -
- ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဒေါသမီးကို အားကြီးစွာ တောက်စေတတ်၏။
- မောဟမီးကို အားကြီးစွာ တောက်စေတတ်၏။
- မာနမီးကို အားကြီးစွာ တောက်စေတတ်၏။
- မိစ္ဆာဒိဋ္ဌိမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဘဝတဏှာမီးကို အားကြီးစွာ တောက်စေတတ်၏။
ဒါနကုသိုလ်မျိုးသည် -
- ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဒေါသမီးကို အားကြီးစွာ တောက်စေတတ်၏။
- မောဟမီးကို အားကြီးစွာ တောက်စေတတ်၏။
- မာနမီးကို အားကြီးစွာ တောက်စေတတ်၏။
- မိစ္ဆာဒိဋ္ဌိမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဘဝတဏှာမီးကို အားကြီးစွာ တောက်စေတတ်၏။
လောကီဖြစ်သော အသိအလိမ္မာ ဉာဏ်ပညာမျိုးသည် -
- ရာဂမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဒေါသမီးကို အားကြီးစွာ တောက်စေတတ်၏။
- မောဟမီးကို အားကြီးစွာ တောက်စေတတ်၏။
- မာနမီးကို အားကြီးစွာ တောက်စေတတ်၏။
- မိစ္ဆာဒိဋ္ဌိမီးကို အားကြီးစွာ တောက်စေတတ်၏။
- ဘဝတဏှာမီးကို အားကြီးစွာ တောက်စေတတ်၏ ဟု ဆိုလိုသည်။
သဒ္ဓါ သီလအစရှိသော လောကီကုသိုလ်တို့သည် အလိမ္မာ မစေ့စုံသူတို့အား ရာဂ ဒေါသစသော မီးကြီး ၆-မျိုး တို့ကို တောက်လောင် စည်ကား ပွားစီးစေတတ် ကုန်သည်ဟူ၍ ဟောတော်မူသဖြင့် ထိုကုသိုလ်ဓာတ်တို့၏ သတ္တဝါတို့ကို နစ်သတ်မှု သည် အဘယ်မျှ ကြီးကျယ်ရာသည်ဟု မျှော်နိုင်လေရာ၏၊ ထိုကြောင့် ထိုလောကီ ကုသိုလ်တို့ကို သူသတ်ယောက်ျား မာရ်မျိုးငါးပါးတို့တွင် အဘိသင်္ခါရမာရ်ဟူ၍ သူသတ်ယောက်ျား မာရ်မျိုးတစ်ပါးအဖြစ်ဖြင့် ဟောတော်မူပေသည်၊ ရှေး၌ ထုတ်ပြခဲ့ သော မီးဥပမာနှင့် အလွန်တူလှ၏၊ လောကီကုသိုလ်တို့သည် ပုဂ္ဂိုလ်၏ ပကတိ အလိုသို့ မလိုက်မှု၊ မိမိတို့သဘောကိုသာ ဆောင်မှုသည် အလွန်ထင်ရှားလှ၏၊ ဤတွင် “အတ္တနော ဧဝ သဘာဝံ ဓာရေန္တီတိ ဓာတုယော” ဟူသော ဝိဂြိုဟ်အရကို အမြွက်မျှ ပြဆိုခန်းပြီး၏၊
“နိဿတ္တ နိဇ္ဇီဝဋ္ဌေန ဓာတုယော” ဟူသော ပါဌ်၏အရကို မူကား “အာဟာရဒီပနီ” တွင် ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝ စစ်ခန်းမှာ ပြဆိုလျက် ရှိပြီ။
ဓာတ်ကမ္မဋ္ဌာန်း အစီအရင် အမြွက်ပြီး၏။
ဝိပဿနာ
အားထုတ်ခြင်း၏ အကျိုး
ယခုအခါ ခန္ဓာ, အာယတန, ဓာတ်တို့၌ ဝိပဿနာမှုကို အားထုတ်ရခြင်း၏ အရင်း မူလဖြစ်သော အကျိုးကို ပြဆိုပေအံ့။
သတ္တဝါတို့၏သန္တာန်တွင် အစဉ်ဖြစ်ပွါး၍နေကုန်သော လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိအစရှိကုန်သော ကိလေသာတရားတို့ကို ပယ်ရှားမှုသည် ခပ်သိမ်းသော ကုသိုလ် တရားတို့ကို အားထုတ်မှု၌ အရင်းမူလဖြစ်သော အကျိုးပေတည်း၊ ကိလေသာတရား တို့တွင် တစ်ခု, တစ်ခုသော ကိလေသာတရား၏ အခိုက်အတန့်တို့သည် ဝီတိက္ကမ အခိုက်အတန့်, ပရိယုဋ္ဌာန အခိုက်အတန့်, အနုသယ အခိုက်အတန့် ဟူ၍ ၃-ပါး ၃-ပါး စီ ရှိကြကုန်၏၊ ကိလေသာတရားတို့ကို ပယ်ရှားမှု တို့သည်လည်း တဒင်္ဂပဟာန်မှု, ဝိက္ခမ္ဘနပဟာန်မှု, သမုစ္ဆေဒပဟာန်မှု ဟူ၍ ၃-ပါး ရှိ၏၊ ပယ်တတ်သော သာသနဗြဟ္မစရိယတရားသည်လည်း သီလ, သမာဓိ, ပညာဟူ၍ ၃-ပါး ရှိ၏။
ချဲ့၍ ပြဆိုအံ့၊ လောဘကိလေသာတစ်ခုသည် ဝီတိက္ကမမှု, ပရိယုဋ္ဌာနမှု, အနုသယ မှုဟူ၍ အခိုက် အတန့်မှု သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် လောဘ၏ ဝီတိက္ကမမှု ဆိုသည်ကား- ဝစီဒွါရမှ လောဘ စကားမျိုး ထွက်၍လာအောင် လွန်စွာသောင်းကျန်း မှုတစ်ပါး, ကိုယ်အင်္ဂါကြီးငယ် ဟူသော ကာယဒွါရမှ လောဘအမူအရာမျိုး ဖြစ်ပွါး၍လာအောင် လွန်စွာ သောင်းကျန်းမှုတစ်ပါး၊ ဤသို့ နှုတ်အင်္ဂါ, ကိုယ်အင်္ဂါ ၂-ပါးလှုပ်ရှားလေအောင် ထမ်းဆောင် ချီကြွ တံခွန်ပြ၍လာသော သာယာမှု, ချစ်ချင်မှု, လိုချင်မှု, ရချင်မှုများသည် ဝီတိက္ကမမှု မည်၏၊ ဤ ဝီတိက္ကမမှုကို မြင်ကြလျှင် ဤသူမှာ သာယာသော တဏှာ, ရာဂ, လောဘဖြစ်သည်ဟု ပကတိ လူတို့ချင်းချင်းပင် သိကြကုန်၏။
ပရိယုဋ္ဌာနမှုဆိုသည်ကား - ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ လှုပ်ရှားသည် တိုင်အောင် မသောင်းကျန်းမူ၍ စိတ်နှလုံးတွင်း၌သာလျှင် ဇောကိစ္စနှင့် ပွက်ပွက်ဆူထ၍နေသော လောဘမှုပေတည်း၊ ဤ ပရိယုဋ္ဌာန လောဘကိုကား ပကတိလူတို့ မသိနိုင်ကြကုန်၊ မိမိစိတ်ကို မိမိသာ သိနိုင်၏၊ သူတစ်ပါး၏စိတ်ကို သိနိုင်ကြကုန်သော အဘိညာဏ်ရ ပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ကိုယ်စောင့်နတ် အစရှိသော နတ်တို့သည် လည်း ကောင်း သိနိုင်ကြကုန်၏။
အနုသယမှုဆိုသည်ကား- မနောဒွါရ၌ ဇောကိစ္စနှင့်အမျှ ထကြွခြင်း မရှိမူ၍ အနမတဂ္ဂ သံသရာနှင့်အမျှ စိတ်သန္တာန်ထဲဝယ် အမြဲထာဝရကိန်းဝပ် ငုပ်အောင်း၍နေသော လောဘမှု ပေတည်း၊ ဤ လောဘမှုကိုကား သဗ္ဗညုဘုရားတို့သာ သိနိုင် မြင်နိုင်ကုန်၏၊ သာသနာပအခါ၌ အခြားတစ်ပါးသော လူ, နတ်, သိကြား, ဗြဟ္မာတို့ကို မဆိုထားဘိ၊ သရဘင်္ဂရသေ့ အစရှိသော အဘိညာဏ်ရ ဘုရားအလောင်းကြီးများ သော်မှလည်း ဤ အနုသယလောဘကို မသိနိုင်ကြ မမြင်နိုင်ကြကုန်။
လောဘမှု၏ ဥပမာ
ဤအရာ၌ ဥပမာကား - စိတ်သန္တာန်သည် မီးခြစ်တံနှင့် တူ၏၊ စိတ်သန္တာန်၌ အစဉ် အမြဲ ကိန်းဝပ်၍ ငုပ်နေသော လောဘမှုသည် မီးခြစ်တံ၌ ရှိနေသော မီးဓာတ်နှင့် တူ၏၊ ပိယရုပ်, သာတရုပ် ဟုဆိုအပ်သော မာတုဂါမအဆင်း အသံအစရှိသော အာရုံ ၆-ပါးသည် ကော်ပတ်နှင့် တူ၏၊ ကော်ပတ်နှင့် မထိခိုက်သေးသမျှ ကာလပတ်လုံး ထိုမီးခြစ်သည် ပိုက်ပွေ့၍ပင် နေသော်လည်း ပူမှု လောင်မှု မရှိသေး၊ အေးမြစွာ နေသည်သာဖြစ်၏၊ ထိုအတူ ထိုအနုသယဟူသော ကိန်းဓာတ် ဝပ်ဓာတ်ငုပ်ဓာတ် မျိုးသည် မိမိကိုထစေတတ်သော အာရုံမျိုးတစ်ခုခုသော ဒွါရတွေ မထိမခိုက် လလာသေးသမျှ ကာလပတ်လုံး မထ မကြွ ငြိမ်ဝပ်စွာနေ၏၊ ကိလေသာမရှိသကဲ့သို့ ထင်ရ၏။
ဤကား အနုသယဟူသော ငုပ်ဓာတ် ဝပ်ဓာတ်၏ အခြင်းအရာပေတည်း
မီးခြစ်နှင့်
မီးခြစ်တံ ဥပမာ
မီးခြစ်၌ဝပ်၍ ငုပ်၍နေသော မီးဓာတ်သည် ကော်ပတ်နှင့် တိုက်ခိုက်သောအခါ ထကြွ၍ မီးခြစ်တံ၌တောက်၍ မီးခြစ်တံကို လောင်၏၊ ထိုအတူ အကြင်အခါ၌ ထိုလောဘ ငုပ်ဓာတ်ကို ထကြွအောင် နှိုးနိုင် လှုံ့ဆော်နိုင်သော အာရုံသည် စက္ခုစသော ဒွါရ၌ ခိုက်တိုက် ဆုံစည်းလာ၏၊ ထိုအခါ ထိုလောဘငုပ်ဓာတ်သည် ခဏချင်း ထကြွ၍ ဇောကိစ္စနှင့် မနောဒွါရအစဉ်မှာ ပွက်ပွက်ဆူ ပူလောင်စွာဖြစ်ပေါ်၏၊
ဤကား ပရိယုဋ္ဌာနဟူသော ထဓာတ် ကြွဓာတ်၏ အခြင်းအရာပေတည်း။
မီးစာနှင့်
မီးခြစ်တံ ဥပမာ
မီးခြစ်တံ၌ တောက်လောင်၍နေသော မီးတောက်သည် မီးစာတစ်ပါး မရှိခဲ့လျှင် မီးခြစ်တံတွင်ပင် သေငြိမ်းလေ၏၊ မီးစာတစ်ပါး ရှိခဲ့မူ ခဏချင်းပင်လျှင် အားကြီးစွာ ပွါးစီး၍ တစ်မြို့လုံး တစ်ရွာလုံး ပြာဖြစ်သည် တိုင်အောင်ပင် သောင်းကျန်းနိုင်၏၊ ထိုအတူ မနောဒွါရ၌ ထကြွ၍နေသော ထိုလောဘမီးသည် သတိပညာနှင့် အုပ်ချုပ်သဖြင့် ပိယဝတ္ထုမီးစာနှင့် တာရှည်ပွားစီးခွင့် မရခဲ့သည်ရှိသော် မနောဒွါရ၌ပင် ရုပ်သိမ်း၍ အိပ်မြဲအိပ် ဝပ်မြဲဝပ် ငုပ်မြဲငုပ် ပြန်လေ၏၊ အကြင်အခါ၌ သတိပညာ အချုပ်အထိန်း မရှိမူ၍ ပိယဝတ္ထုဟူသော မီးစာတစ်ပါးသို့ အကူးခံ၏၊ အာရုံသို့လွတ်၍ ပေး၏၊ ထိုအခါ မနောဒွါရတွင်မက ဝစီဒွါရ ကာယဒွါရတို့ ထကြွသောင်းကျန်း၍ လာ၏၊ ပိယဝတ္ထု၌ တဏှာရာဂ စကားမျိုး ထွက်၍လာ၏၊ ပိယဝတ္ထုနှင့်ပေါင်းဖက်ရန် ကိုယ်အင်္ဂါ လှုပ်ရှားမှု သွားလာမှု စသည်တွေဖြစ်၍လာ၏၊ ဤကား ဝီတိက္ကမဟူသော လွန်ကျူးမှု သောင်းကျန်းမှုပေတည်း၊ အကြမ်း အလတ် အနုဟူသော လောဘ ၃-မျိုး ပြီး၏။
ကံသုံးလီ၏ အဓိပ္ပါယ်
ဒေါသ, မောဟ, မာန, ဒိဋ္ဌိ အစရှိသည်တို့၌လည်း ဤနည်းအတူ အကြမ်း, အလတ်, အနု ၃-မျိုး ၃-မျိုးစီ ခွဲ၍သိလေ၊ ထို ၃-ပါးတို့တွင် ကာယကံ, ဝစီကံဟုဆိုအပ်သော အကြမ်းမျိုးဖြစ်သော ဝီတိက္ကမ ကိလေသာမှုသည် သီလသာသနာ၏ ဆိုင်ရာပေတည်း၊ ထိုကြောင့် သီလသည် ထိုဝီတိက္ကမမှုမျိုးကိုသာ တဒင်္ဂပဟာန်အားဖြင့် ပယ်နိုင်၏၊ ပရိယုဋ္ဌာန ကိလေသာမှုမျိုး အနုသယကိလေသာမှုမျိုးတို့ကို မပယ်နိုင်၊ မနောကံ ဟုဆိုအပ်သော အလတ်မျိုးဖြစ်သော ပရိယုဋ္ဌာနကိလေသာမှုမျိုးသည် ဥပစာရဈာန်နှင့် တကွသော သမာပတ်ရှစ်ပါးဟူသော သမာဓိ၏ ဆိုင်ရာပေတည်း၊ ထိုကြောင့် သမာဓိသည် ထိုပရိယုဋ္ဌာနမှုမျိုးကိုသာ ဝိက္ခမ္ဘနပဟာန် အားဖြင့် ပယ်နိုင်၏၊ အရင်းလဲလျှင် အဖျားထင်းဖြစ်မြဲဆိုသကဲ့သို့ ပရိယုဋ္ဌာနမှုကိုပယ်လျှင် ဝီတိက္ကမမှုသည် ဝိက္ခမ္ဘနအနေအားဖြင့် ပယ်ခြင်းကိစ္စ ပြီးစီးလေ၏။
မိန်းမ၏ အဆင်းဓာတ် လက်နက်စူးဝင်ပုံ
အနုသယဟုဆိုအပ်သော ငုပ်ဓာတ်တို့ကိုမူကား - မပယ်နိုင်သည်သာဖြစ်၏၊ ထိုကြောင့် ဘုရား အလောင်းတော်ကြီးဖြစ်သော ဟရိတစရှင်ရသေ့၊ ဓမ္မဓဇရှင်ရသေ့တို့သည် နှစ်ရှည်များစွာ ဈာန်အဘိညာဏ် သမာပတ်တို့ဖြင့် ဟိမဝန္တာ၌နေ၍ ဗာရာဏသီ ပြည်သို့ ရောက်လာကြရာ မင်း၏ဥယျာဉ်၌ နေကြကုန်၍ နေ့စဉ် ကောင်းကင်ခရီးဖြင့် မင်း၏နန်းတော်သို့ ဆွမ်းစားကြွကြ ကုန်၏။
ထိုသို့ကြွကြရာ တစ်ရံရောအခါ ကောင်းကင်မှ မိဖုရားကြီး၏ အသွင်အပြင်ကို မြင်ကြကုန်ရာ မိဖုရားကြီး၏အသွင်အပြင်ဟူသော ရူပဓာတ်သည် ရှင်ရသေ့တို့၏ စက္ခုဓာတ် ဘဝင်ဓာတ်တို့၌ ခိုက်လေ၏၊ မီး၏ကော်ပတ်နှင့် တိုက်ခိုက်ရာ ခဏချင်းမီးတောက်၍ ထသကဲ့သို့ ကာမစ္ဆန္ဒခေါ်သော လောဘတဏှာ ရာဂမီးသည် အနုသယ ငုပ်ဓာတ်မှ ခဏချင်း တောက်ထ၍ ပရိယုဋ္ဌာနကိစ္စနှင့် နှလုံးအပြင်မှာ ပွက်ပွက်ဆူ ဖြစ်ပေါ်လေ၏၊ ကောင်းကင်သို့ပျံသွားသော ရွှေဟင်္သာကို သေနတ်နှင့် ပစ်ရာ အသည်းကို ကျည်ဆန်မှန်၍ ကျလာသကဲ့သို့ ရှင်ရသေ့တို့သည် မိဖုရား၏အဆင်း တည်းဟူသော ရူပဓာတ်လက်နက် ဘဝင်၌ ထိခြင်းကြောင့် ခဏချင်းကောင်းကင်မှ လျောကျ၍ မိဖုရားအထံသို့ ရောက်ကြကုန်၏။
ဤကား မိန်းမ၏အဆင်းဟူသော ရူပဓာတ်လက်နက် စူးဝင်ပုံဝတ္ထုတည်း။
သီဟိုဠ်၌ ဈာန်အဘိညာဏ်နှင့် ကောင်းကင်သို့ ပျံသွားသော ရှင်သာမဏေသည် မိန်းမငယ် တစ်ယောက်၏ သီချင်းသံကို ကြားလေရာ ထိုအသံဓာတ် ခိုက်မှုကြောင့် ဈာန်လျော၍ ကောင်းကင် မှကျရလေ၏၊
ဤကား မိန်းမ၏အသံဟူသော သဒ္ဒဓာတ်လက်နက် စူးဝင်ပုံဝတ္ထုတည်း။
ထိုရှင်ရသေ့ ရှင်သာမဏေတို့အား လောဘငုပ်ဓာတ် လှုပ်ကြွ၍ ပရိယုဋ္ဌာနအဖြစ်သို့ ရောက်သည် နှင့် တစ်ပြိုင်နက် အနှစ်ရှည်ကြာစွာ အားထုတ်၍ထားအပ်သော ဈာန်အဘိညာဏ် သမာပတ် တို့သည် ခဏချင်း အကုန်ကွယ်ပျောက်လေကုန်၏၊ ကောင်းကင်မှလျောကျ၍ ထိုမိန်းမတို့နှင့် တွေ့ကြသောအခါ ပရိယုဋ္ဌာနတွင် မရပ်၊ ဝီတိက္ကမအဖြစ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အနှစ်ရှည်ကြာစွာ စောင့်ထိန်း၍ ရထားအပ်သော ရသေ့ ရဟန်းသီလသည် ခဏချင်းကွယ်ပျောက် လေ၏၊ ဤသို့လျှင် သမထမည်သည် အနုသယဓာတ်ကို မပယ်နိုင်၊ အနုသယဟူသော ငုပ်ဓာတ်အမြစ်ကို မဖြတ်နိုင်သမျှ ကာလပတ်လုံး ဘဝဂ်ဘုံမှာ ဗြဟ္မာကြီးအဖြစ်သို့ ရောက်သော် လည်း အပါယ်မှ လွတ်ခွင့် မရှိသေး၊ ခေတ္တသီလဝန္တ, ခေတ္တဈာနလာဘီ, ခေတ္တဗြဟ္မာမင်းသာ ဖြစ်နိုင်ကြလေသတည်း။
ကံသုံးပါးတို့၏ ဗီဇမူလကို ဖြတ်ရန်
ကာယကံ, ဝစီကံ, မနောကံတို့မှ အလွတ်ဖြစ်၍ ထိုကံသုံးပါးတို့ ဖြစ်ပွါးရန် အမြစ်မူလ ဗီဇမျိုးစေ့ အနေနှင့် စိတ်သန္တာန်ထဲမှာ အစဉ်အမြဲ ကိန်းဝပ်၍ရှိနေသော အနုသယ ကိလေသာမှုသည် ပညာ၏ ဆိုင်ရာပေတည်း၊ ပညာသည်သာလျှင် သမုစ္ဆေဒပဟာန် ဖြင့် ထိုအနုသယ ကိလေသာမှုကို ဖြတ်တောက်ပယ်ရှားနိုင်၏၊ သီလ သမာဓိတို့၏ ဆိုင်ရာမဟုတ်၊ သီလ သမာဓိတို့သည် မပယ်ရှားနိုင်ကုန်၊ လောဘ၏ အမြစ်အရင်းကို ဖြတ်တောက်ပယ်ရှားလျှင်လည်း လောဘ၏ ပရိယုဋ္ဌာနမှု ဝီတိက္ကမမှုတို့ကိုလည်း သမုစ္ဆေဒပဟာန်အားဖြင့် ဖြတ်တောက် ပယ်ရှားခြင်းကိစ္စ ပြီးစီးလေ၏၊ ထိုပုဂ္ဂိုလ်၏ သန္တာန်မှာလောဘမျိုးပြတ်လေ၏။
ဝသဝတ္တီနတ်ပြည်မှ ဝသဝတ္တီနတ်မင်းကြီး၏ သမီးတော် နတ်သမီးပေါင်း တစ်ထောင် လာ၍ အဆင်းသဏ္ဌာန်, အသံ, အတွေ့ စသည်တို့ဖြင့် တစ်သက်လုံး ထိပါး ဖြားယောင်းသော်လည်း သာယာသော တဏှာ, ရာဂ, လောဘဟူ၍ အဏုမြူမျှ မလာပြီ၊ ရေမိုးကောင်းစွာ ဆွတ်ပြီးသော မီးခြစ်ကို ကော်ပတ်နှင့် အကြိမ်တစ်ရာပင် ခြစ်ချုပ် ပွတ်တိုက်သော်လည်း မီးမျိုးစေ့ ပျက်ဆုံးပြီး ဖြစ်၍ မီးတောက်ခြင်း မရှိနိုင်သကဲ့သို့တည်း၊ အနုသယဟု ဆိုအပ်သော ကိလေသာအမြစ်တို့သည် အဘယ်၌ စူးစိုက် စည်ကားပွါးစီး၍ နေကြကုန်သနည်းဟူမူကား ခန္ဓာငါးပါး, အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါး တို့၌ စူးစိုက်စည်ကား ပွါးစီး၍ နေကြကုန်၏။
ဒိဋ္ဌိကိလေသာ၏ အမြစ်ဖြတ်နည်း မျိုးဖြတ်နည်းကို ဥပမာနှင့်တကွ ပြဆိုအံ့၊ ပျင်းရိသော သဘောရှိသော ယာလုပ်ယောက်ျားသည် တစ်ခုသော တောချုံအရပ်ကို ယခုနှစ်ထွန်သာ ယက်သာရှိရုံအပေါ်တွင် ခုတ်ထွင်ရှင်းလင်း၍ ကြီးမားသော အငုတ်အရင်းတို့ကို ရှောင်ကွင်း၍ ထွန်ယက် မျိုးကြဲလေ၏၊ မိုးလေဖြောင့်မှန်လျှင် တစ်နှစ်စာ စားရ သောက်ရရုံမျှ ရ၏၊ မိုးဦး ကျပြန်လျှင် ယာပြင်တစ်ခုလုံး၌ ချုံနွယ် သစ်ပင် ပြည့်ပြန်၏၊ ခုတ်ထွင်မြဲ ခုတ်ထွင်၍ မျိုးကြဲမြဲ မျိုးကြဲ၍ ရမြဲရပြန်၏၊ ယာကောင်းဖြစ်သည်ဟူ၍ မရှိ၊ နှစ်စဉ်အတိုင်း ခုတ်မှု ထွင်မှု မငြိမ်း ရှိနေ၏၊ မိုးခေါင်၍သော်လည်းကောင်း မိမိကအရပ်တစ်ပါး၌ နေရခိုက် ကြုံ၍လည်းကောင်း မခုတ်မလုပ်ရပဲ ၃-နှစ် ၄-နှစ် ၅-နှစ်စသည် ကြာညောင်းခဲ့လျှင် တောကြီးမြက်မဲ ဖြစ်ပြန်လေ၏။
ဝီရိယကောင်းသော ယာလုပ်ယောကျာ်းသည်မူကား ပေါက်တူး ပုဆိန် ဓား တူရွှင်း စုံလင်စွာ တို့နှင့်တကွ အစမှစ၍ ရှိသမျှသော ချုံနွယ် သစ်ပင်တို့ကို ရှေးဦးစွာ အကိုင်းအခက်တို့ကို ခုတ်ထွင်ရှင်းလင်း၍ အငုတ်အရင်းမျှသာ ကျန်စေ၏၊ နှစ်ကြိမ်မြောက်၌ အငုတ်အရင်းတို့ကို ဖြတ်တောက်ရှင်းလင်း၍ မြေတွင်းရှိ အမြစ်ကြီး အမြစ်ငယ်မျှသာ ကျန်စေ၏၊ သုံးကြိမ်မြောက်၌ အမြစ်ကြီးငယ်တို့၏ စူးစိုက်စည်ကား ပွားစီး၍ နေရာမြေအဖို့တို့ကို အခြေအနေ အကုန်ပျက်စီး၍ ပေါက်တူးစာချည်း ဖြစ်အောင် တူးဆွ၏၊ အမြစ်ကြီးငယ်တို့သည် တွယ်တာရာမရှိ အကုန်လုံး ပေါ်ကုန်၏၊ ကုန်းပေါ်သို့ အကုန်တင်ထား၍ အမြစ်ကြီးများကို ဓားမဖြင့် အပိုင်းပိုင်း ဖြတ်တောက်၍ ပုဆိန်ဖြင့် ၃-စိတ် ၄-စိတ်စသည် ပေါက်ခွဲ၍ မြေတလင်းရှိရာ၌ နေသွေ့စွာ ဖြန့်လှန်းပြီးလျှင် စုပုံ၍ မီးတိုက်လေ၏၊ ပြာအဖြစ်သို့ ရောက်ကြ လေကုန်၏၊ ယာပြင်ကြီးတစ်ခု ဖြစ်လေ၏၊ အနှစ်တစ်ရာ တစ်ထောင်ပင် မလုပ်ပဲ ပစ်ထားသော်လည်း ထိုအပင်တို့ကား တစ်ဖန်ပေါက်ရောက်ခြင်း မရှိကြကုန်ပြီ။
ပါဠိတော်၌ကား - အဆိပ်ပင်ကို သတ်မှုဥပမာပြ၍ ပြာတို့ကိုပင် မြစ်ရေ၌ မျောမှုလာသေး၏၊ ဤဥပမာ၌ အကိုင်းအခက်မျှကို ရှင်းလင်းမှုနှင့် သီလဝိသုဒ္ဓိမှု တူ၏၊ မြေပေါ်၌ ပေါ်ရှိသော အငုတ်အရင်းတို့ကို ရှင်းလင်းမှုနှင့် သမာဓိဟု ဆိုအပ်သော စိတ္တဝိသုဒ္ဓိမှု တူ၏၊ မြေတွင်းရှိ အမြစ်ကြီး အမြစ်ငယ်တို့၏ မှီတွယ်ရာ မြေအဖို့တို့ကို အခြေအနေ အကုန်ပျက်၍ ပေါက်တူးစာ ချည်းဖြစ်အောင် ပြုမှုနှင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ဝိပဿနာရှုမှု တူ၏။
တူပုံကား ထိုမြေကြီးသည် အခြေမပျက် အနေမပျက် ပကတိ အတိုင်းတည်၍ ထိုသစ်မြစ်ကြီးငယ် တို့ကို အစဉ်ထာဝရ ပိုက်ထုပ် ချီပွေ့၍ မြေအခိုး, ရေအခိုးဟူသော အစာရေစာတို့ကို ဝစွာကျွေး၍ မွေးမြူ၏၊ သစ်မြစ်ကြီးငယ်တို့သည် အခြေအနေ ကောင်းသော မြေမှ ကျေးဇူးတွေကိုရ၍ ကြီးပွါး စည်ကားကြကုန်၏၊ ထိုအတူ မိမိကိုယ်ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့သည် ပုဂ္ဂိုလ်, သတ္တဝါ, မိန်းမ, ယောက်ျား, ဦးခေါင်း, ခြေလက်အစရှိသော သဏ္ဌာနပညတ်, သန္တတိပညတ်တည်းဟူသော ပညတ်နိုင်ငံကြီး အခြေအနေနှင့် ထိုကိလေသာတို့ကို ပိုက်ထုပ် ချည်ပွေ့၍ ပိယရုပ်, သာတရုပ်တည်းဟူသော အစာရေစာတို့ကို ဝစွာကျွေး၍ မွေးမြူလျက် ရှိနေကြကုန်၏၊ ကိလေသာတို့သည် မိမိကိုယ် ခန္ဓာငါးပါးတို့မှ ကျေးဇူးတွေကိုရ၍ အနမတဂ္ဂသံသရာ၌ ကြီးပွါးစည်ကား ၍ နေကြကုန်၏။
ထိုမြေအဖို့ကို အခြေအနေအကုန်ပျက်၍ ပေါက်တူးစာချည်း ဖြစ်အောင် ပြုလိုက် သည်ရှိသော် ထိုသစ်မြစ်တို့သည် မြစ်သေး, မြစ်မွှားမကျန် အကုန်ပေါ်၍ တွယ်ရာ မှီရာမှ ကျွတ်လွတ်၍ ကုန်လေ၏သို့၊ ထိုအတူ မိမိကိုယ်ခန္ဓာ တစ်ခုလုံးကို ဓာတ်နိုင်ငံကြီး လုံးလုံးပေါ်အောင် ဝိပဿနာ ဉာဏ်တည်းဟူသော ပေါက်တူးဖြင့် သဏ္ဌာနပညတ်, သန္တတိပညတ် ဒြဗ်အထည်ဟူ၍ အဏုမြူမျှ မကျန်ရအောင် တူးဆွပေါက်ခွဲ၍ ပေါက်တူးစာချည်း ဖြစ်အောင် ပြုလိုက်သည်ရှိသော် ထို ကိလေသာ အမြစ်ကြီးငယ်တို့သည် တွယ်ရာမှီရာမှ ကျွတ်လွတ်၍ ကုန်ကြကုန်၏။
ထိုသစ်မြစ်ကြီးငယ်တို့သည် ထိုနေရာတွင် မွရွသောမြေ၌ ထိုအတိုင်းထားပြန်လျှင် မကြာမီ ရောနှောမိကြ၍ ခဏချင်း အညွန့်အညှောက် ပေါက်ရောက်ကုန်ရာ သောကြောင့် ထိုနေရာမှ ထုတ်တင်၍ မြေတလင်းမာမာ၌ ဖြတ်တောက်စိတ်ဖြာကာ နေသွေ့စွာလှန်း၍ မီးတိုက်လေ၏သို့ ဝိပဿနာဉာဏ်ဖြင့် ခန္ဓာတစ်ကောင်လုံးကို ပေါက်တူးစာချည်းဖြစ်အောင် တူးဆွ ပေါက်ခွဲ၍ ပညတ်နိုင်ငံကြီးငယ် ကွယ်ပျောက်၍ ကိလေသာမြစ်တို့ တွယ်ရာ မှီရာမှ ကျွတ်လွတ်ကုန်ငြား သော်လည်း ထိုအတိုင်း ထားခဲ့လျှင် ခဏချင်း ရောနှောမိကြပြန်၍ ကြီးပွါး စည်ကားမြဲ စည်ကားရန် ရှိနေ သောကြောင့် မဂ်ဉာဏ်တည်းဟူသော မီးဖြင့် အကျွမ်းဖုတ်မြိုက်ရကုန်သတည်း။
ဤဥပမာ၌ သစ်မြစ်တို့၏ မှီတွယ်ရာ မြေအဖို့ကို ပေါက်တူးစာချည်းဖြစ်အောင် ပြုမှုသည် ကြီးကျယ်၏၊ မီးတိုက်မှုသည် ခဏနှင့်ပင် ပြီးစီး၏သို့ ထိုအတူ သဏ္ဌာနပညတ်, သန္တတိပညတ် အခုအခံ မရှိရအောင် ခန္ဓာကိုယ်ကြီးကို ဝိပဿနာ ပေါက်တူးစာ ပြုမှုသည် ကြီးကျယ်၏၊ မဂ်ဉာဏ်မီးတိုက်မှုကား ခဏနှင့်ပြီး၏။
ဤ ကိလေသာ အမြစ်ဖြတ်မှုကိုကား ဘုရားသာသနာ၌ လည်းကောင်း ပစ္စေကဗုဒ္ဓါ တို့၌ လည်းကောင်း ရအပ်၏၊ ထိုမှတစ်ပါးသော သာသနာပအခါတို့၌ မရအပ်၊ အဘယ့်ကြောင့်နည်းဟူမူ ထိုကဲ့သို့သော ပညာသာသနာ၏ ထိုအခါတို့၌ မရှိခြင်း ကြောင့်တည်း၊ သီလ, သမာဓိ နှစ်ပါး တို့ကိုမူကား သာသနာတွင်း၌လည်းကောင်း၊ သာသနာပ၌လည်းကောင်း ခပ်သိမ်းသော ကမ္ဘာ ခပ်သိမ်းသော အနန္တစကြဝဠာ တို့၌ပင် ရအပ်ကုန်၏၊ သီလတရားရှိကြသောကြောင့် ခပ်သိမ်းသော ကမ္ဘာ, ခပ်သိမ်းသော စကြဝဠာတို့၌ လူသတ္တဝါ, နတ်သတ္တဝါ အပြည့် ရှိကြကုန်၏၊ သမာဓိတရား ရှိကြသောကြောင့် ခပ်သိမ်းသောကမ္ဘာ, ခပ်သိမ်းသော စကြဝဠာတို့၌ ဗြဟ္မာပြည် ဗြဟ္မာသတ္တဝါ ဟူ၍ ရှိကြကုန်၏။
ကိလေသာအပေါင်းတို့တွင် ဒိဋ္ဌိဟူသော ကိလေသာသည် အဆိုး အဝါးဆုံးဖြစ်၏၊ ခပ်သိမ်းသော ဒုစရိုက်အမိုက်ကြီး အမှားကြီး ဟူသမျှတို့သည် ထိုဒိဋ္ဌိမှ ဖြစ်ပွါး ကုန်ကြ၏၊ ဒိဋ္ဌိကိလေသာ အမြစ် ပြတ်လျှင် ခပ်သိမ်းသော ဒုစရိုက်အမိုက် အမှားကြီးတို့သည် အမြစ်ပြတ်ကြ လေကုန်၏၊ ထိုသူမှာ အပါယ်သံသရာကြီးအပြီး ချုပ်ငြိမ်း၏၊ အနတ္တဝိပဿနာမှုသည် ဒိဋ္ဌိကိလေသာ အမြစ်ဖြတ်မှု သက်သက် ပေတည်း၊ ပြဆိုခဲ့ပြီးသော ဓာတုကမ္မဋ္ဌာန်းမှုသည် အထူးအားဖြင့် အနတ္တဝိပဿနာမှု ပင်တည်း၊ ထိုကြောင့် ဒိဋ္ဌိအမြစ်ပြတ်ခြင်းကို အလိုရှိသော အမျိုးသားသည် ဘုရားသာသနာ၌ ကြုံကြိုက်ဆဲအခါတွင် ဓာတုကမ္မဋ္ဌာန်းများကို ကြိုးစား အားထုတ် ရာသတည်း။
ဤတွင်ရွေ့ကား “ကဋ္ဌဉ္စ ပဋိစ္စ အဂ္ဂိ ဇလတိ ကဋ္ဌဂ္ဂိတွေဝ သင်္ချံ ဂစ္ဆတိ” အစရှိသော မဟာ တဏှာသင်္ခယသုတ်ကို အမှီပြု၍ ပြဆိုအပ်သော ဓာတ်ကမ္မဋ္ဌာန်းအမြွက် ပြီး၏။
လက္ခဏာရေး သုံးပါး ဝိမောက္ခမုခဉာဏ် သုံးပါး
လက္ခဏဝိမောက္ခ ရောပြွမ်းပုံ
ယခုအခါ၌ လက္ခဏာရေး သုံးပါးကို စွဲမြဲ ကြည့်ရှုကြကုန်သော သူတို့အား မိမိတို့ရှုမြင်ကြသော အနိစ္စ ဒုက္ခ အနတ္တ၏ အနိစ္စမှန် ဒုက္ခမှန် အနတ္တမှန် ဟုတ်မည် မဟုတ်မည်၊ အချက်ကျမည် မကျမည်ကို ဆင်ခြင်နိုင်ကြရန် အနုပဿနာဉာဏ် သုံးပါး ဝိမောက္ခမုခဉာဏ် သုံးပါးတို့၏ ရောနှောခန်းကို ပြဆိုဦးအံ့။
အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်ဟူ၍ အနုပဿနာ ဉာဏ်သုံးပါး၊ အနိမိတ္တာနုပဿနာ အပဏိဟိတာနုပဿနာ, သုညာတာနုပဿနာ ဟူ၍ ဝိမောက္ခ မုခဉာဏ် သုံးပါး၊ ဝိမောက္ခကား ကျွတ်လွတ် မှုတည်း၊ မဂ်, ဖိုလ် နိဗ္ဗာန်တည်း၊ မုခ-ကား တံခါးဝ တည်း၊ တံခါးပေါက်တည်း၊ မဂ်, ဖိုလ်, နိဗ္ဗာန်၏ တံခါးဝကို တံခါးပေါက်ကို ဝိမောက္ခမုခ ဆိုသတည်း။
၁။ အချက်လှလှ ကောင်းကောင်းကျသော အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာဉာဏ် ဆိုသည်။
၂။ အချက်လှလှ ကောင်းကောင်းကျသော ဒုက္ခာနုပဿနာဉာဏ်ကို အပဏိဟိတာနုပဿနာဉာဏ် ဆိုသည်။
၃။ အချက်လှလှ ကောင်းကောင်းကျသော အနတ္တာနုပဿနာဉာဏ်ကို သုညတာနုပဿနာဉာဏ် ဆိုသည်။
ဝိမောက္ခသုံးဖြာနှင့် လက္ခဏာသုံးသွယ်
အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာဉာဏ် ဆိုရာ၌ ဓာတ်တို့၏ ချုပ်ပျက် ကွယ်ပျောက်မှု သည် အနိစ္စမည်၏၊ သတ္တဝါတို့၏ ပကတိစိတ်တွင် ထင်မြင်ပေါ်ရှိ၍ နေသော သဏ္ဌာနပညတ် သန္တတိပညတ် အရိပ်နိမိတ်ကြီးငယ်စုသည် နိမိတ္တမည်၏။
ဓာတ်နိုင်ငံကြီး၏ ခဏမစဲ ချုပ်ပျက်ကွယ်ပျောက်မှုကို ဉာဏ်၌ ကောင်းကောင်း ထင်မြင်သည် ရှိသော် ပကတိစိတ်တွင် ထင်မြင်ပေါ်ရှိ၍ နေသော ထိုအရိပ် နိမိတ်ကြီးငယ်စုသည် ဉာဏ်၌အလိုလို ကွယ်ပ၏၊ ဤသို့ ပကတိစိတ်တွင် ထင်မြင် ပေါ်ရှိ၍နေသော ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ်, ဆံပင်, မွေးညင်း အစရှိသော အရိပ်နိမိတ်ကြီးငယ်တို့ကို ဉာဏ်အမြင်၌ ကွယ်ပစေနိုင်သော အမှု ဖြစ်၍ အနိစ္စာ နုပဿနာကို အနိမိတ္တာနုပဿနာ ဆိုသတည်း။
ဒုက္ခာနုပဿနာဉာဏ်ကို အပဏိဟိတာနုပဿနာဉာဏ် ဆိုရာ၌ တေဘူမက ဓမ္မအသိုက်အအုံ ဖြစ်သော ဓာတ်နိုင်ငံကြီးသည် ဒုက္ခသစ္စာဖြစ်၏၊ “ဘယဋ္ဌေန ဒုက္ခံ” - ဟူသည်နှင့်အညီ ကြောက်မက်ဖွယ်သော အန္တရာယ်အစု ဘေးအစုသာ အမှန်ဖြစ်၏၊ စင်စစ်အားဖြင့် သာယာဖွယ် ဟူ၍ တစ်စုံတစ်ခုမျှ မရှိ၊ အနိစ္စဟုဆိုအပ်သော မရဏဘေးကြီး ခဏမစဲ အမြဲကပ်ကြီး တိုက်၍ နေသော ဓမ္မတို့သာ အမှန်ဖြစ်၏၊ မရဏဘေးကြီး ခဏမစဲ အမြဲကပ်ကြီး ပွက်ပွက်ဆူတိုက်၍ နေသော ဓာတ်နိုင်ငံကြီးကို မိမိ၏ကိုယ်တွင်း အင်္ဂါ၊ မိမိ၏ကိုယ်ပိုင်ဥစ္စာ ပြုလုပ်သိမ်းပိုက်၍ နေကြမှု၏။ အလွန်ဘေးဘယ ကြီးကျယ်များပြားလှသောအပြစ်ကို ရှုမြင်မှုသည် ဒုက္ခာနုပဿနာ ဉာဏ် မည်၏။
လူ့လောက, နတ်လောကတို့၌ ချစ်ဖွယ်, ခင်ဖွယ်, လိုချင်ဖွယ်, ရချင်ဖွယ် အတင့်အတယ် အကောင်းအမြတ် ထင်မြင်ပေါ်ရှိ၍နေသော သုဘ သုခအခြင်း အရာမျိုးစုသည် ပဏိဟိတမျိုး မည်၏၊ သက်ရှိသက်မဲ့ဖြစ်သော ဓာတ်နိုင်ငံကြီး၏ ဒုက္ခအချက်တွေကို ကောင်းကောင်းထင်မြင် သည်ရှိသော် ထိုသုဘ သုခအခြင်းအရာ မျိုးစုသည် ဉာဏ်၌ကွယ်ပျောက်၏၊ ကြောက်မက်ဖွယ်တွေ အတိထင်မြင်၏၊ ဤသို့ လောက၌ ပကတိ စိတ်သညာတွင် ထင်မြင်၍နေကြသော သုဘ သုခ အခြင်းအရာ တို့ကို ဉာဏ်အမြင်၌ ကွယ်ပစေနိုင်သောအမှုဖြစ်၍ ဒုက္ခာနုပဿနာကို အပဏိဟိတာ နုပဿနာ ဆိုသတည်း။
ဓာတ်နိုင်ငံကြီးကို ဉာဏ်မပေါက်သည့်အတွက် သဏ္ဌာနပညတ် သန္တတိပညတ်တို့မှာ ထင်မြင်ပေါ်ရှိ၍နေသော ပုဂ္ဂိုလ် သတ္တဝါ အတ္တဇီဝတို့ကို ပျောက်ကွယ်စေခြင်းငှါ ခန္ဓာငါးပါးတို့ကို အနှစ်သာရ မရှိသည့်အတွက် ရေမြှုပ်, ရေပွက်, တံလှပ်, ငှက်ပျောတုံး, မျက်လှည့်အသွင် ထင်မြင်အောင် ရှုမှုသည် အနတ္တာနုပဿနာဉာဏ် မည်၏။
ရေမြှုပ်, ရေပွက် အစရှိသော အခြင်းအရာအားဖြင့် ထင်မြင်သည်ရှိသော် ထိုပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝသည် ဉာဏ်အမြင်၌ ကွယ်ပလေ၏၊ ခန္ဓာငါးပါးသည် ပုဂ္ဂိုလ် သတ္တဝါ, အတ္တ, ဇီဝ မဟုတ်၊ တုစ္ဆ, သုည အတိ ထင်မြင်လေ၏၊ ဤသို့ ပကတိ စိတ်တွင် အဟုတ်ရှိထင်မြင်၍နေကြသော ပုဂ္ဂိုလ် သတ္တဝါ, အတ္တ, ဇီဝတို့ကို ဉာဏ်အမြင်၌ ကွယ်ပစေနိုင်သောအမှုဖြစ်၍ အနတ္တာနုပဿနာကို သုညတာနုပဿနာ ဆိုသတည်း။
ဝိပဿနာသုံးပါး၌ အချက်ကျ, မကျ
အလိုရှိရာ ခန္ဓာအစိတ်ကို အနိစ္စဉာဏ် ချိန်ရွယ် ရှုကြည့်လိုက်သည်ရှိသော် စက္ကူပုံ စက္ကူပြာသာဒ် ကို ဗုံး အမြောက်ဖြင့် ပစ်ခွင်းလိုက်ဘိသကဲ့သို့ သဏ္ဌာနပညတ်, သန္တတိပညတ်တည်းဟူသော အရိပ်နိမိတ် ကြီးငယ် ပြိုကွဲပျောက်ကွယ်၍ ဓာတ်တို့၏ ချုပ်ပျက်ခြင်းဟူသော အနိစ္စအချက် ထင်မြင်လာသောအခါ အနိမိတ္တဉာဏ် ဖြစ်၏၊ အနိစ္စဉာဏ် အချက်ကျ၏ ဟု သိအပ်၏၊ အရိပ်နိမိတ် ကြီးငယ် ခုခံ၍နေလျှင် အနိမိတ္တဉာဏ်မဖြစ်၊ အနိစ္စဉာဏ် အချက်မကျဟု သိအပ်၏။
ဒုက္ခဉာဏ် ချိန်ရွယ်ရှုကြည့်လိုက်သည်ရှိသော် အကြင်အာရုံဝတ္ထု၌ သာယာသိမ်းပိုက် ချင်ဖွယ်သော ပဏိဟိတအခြင်းအရာ ကွယ်ပျောက်၏၊ ကြောက်ဖွယ်, ရှောင်ကြဉ်ဖွယ်, စွန့်ပစ်ဖွယ်သော ဘယအာဒီနဝပေါ်၏၊ ထိုအာရုံဝတ္ထုတို့၌ အပဏိဟိတဉာဏ်ဖြစ်၏၊ ဒုက္ခဉာဏ် အချက်ကျ၏၊ ပဏိဟိတ အခြင်းအရာ မပျောက်လျှင် ဒုက္ခဉာဏ် အချက်မကျဟု သိအပ်၏။
အနတ္တဉာဏ် ချိန်ရွယ်ရှုကြည့် လိုက်သည်ရှိသော် အတ္တသာရ, ဇီဝသာရ အခြင်းအရာ ကွယ်ပျောက်၏၊ အသာရ အဇီဝ တုစ္ဆ သုည ဓာတ်အစု ဓာတ်အခဲ, ဓမ္မအစု, ဓမ္မအခဲ သက်သက်မျှ ထင်မြင်၏၊ ထိုအခါ သုညတဉာဏ်ဖြစ်၏၊ အနတ္တဉာဏ် အချက်ကျ၏၊ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တသာရ, ဇီဝသာရ ထင်မြင်၍နေသည်ရှိသော် အနတ္တဉာဏ် အချက်မကျဟု သိအပ်၏၊ အတ္တသာရ ဇီဝသာရ စစ်ချက်သည်ကား “အာဟာရ ဒီပနီ” စာအုပ်, “အနတ္တဒီပနီ” စာအုပ်တို့မှာ ပါရှိလေပြီ။
ဤသည်ကား အကျဉ်းအားဖြင့် အနုပဿနာဉာဏ်သုံးပါးနှင့် ဝိမောက္ခမုခဉာဏ် သုံးပါးရောနှော ပုံတည်း။
ကိလေသာ၏ နိုင်ငံကြီးသုံးရပ်
ကိလေသာတို့၏ မှီရာတည်ရာ စည်ကားရာ ဖြစ်ကုန်သော နိုင်ငံကြီးတို့သည် -
- နိမိတ္တနိုင်ငံကြီးတစ်ပါး,
- ပဏိဟိတနိုင်ငံကြီးတစ်ပါး,
- အတ္တဇီဝ နိုင်ငံကြီးတစ်ပါး ဟူ၍ သုံးပါးရှိကုန်၏။ ထိုတွင်-
- ပရမာဏုမြူ အဏုမြူတို့မှစ၍ ပကတိစိတ်တွင် ထင်မြင် ပေါ်ရှိ၍နေကုန်သော သဏ္ဌာနပညတ်, သန္တတိပညတ်, ဒြဗ်ကြီးငယ် အထည်ဝတ္ထုဟူသမျှသည် နိမိတ္တ နိုင်ငံကြီးမည်၏။
- လောက၌ တဏှာဖြင့် သာယာအပ်ကုန်သော အကောင်းအမြတ် အတင့်အတယ် အဖွယ်အရာ ချမ်းသာသုခ သုဘကျက်သရေ ဟူသမျှသည် ပဏိဟိတနိုင်ငံကြီးမည်၏။
- ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, အတ္တသာရ, ဇီဝသာရ, ကာရက, ဝေဒကအစရှိသော အခြင်းအရာမျိုးစုသည် အတ္တဇီဝ နိုင်ငံကြီးမည်၏။
ကာရကဆိုသည်ကား - ဤသတ္တဝါတို့သည် အလုံးစုံသော ကာယကံမှု ဝစီကံမှု မနောကံမှုတို့ကို မိမိတို့အစွမ်းအားလျော်စွာ အစိုးတရ ပြနိုင်ကြကုန်၏ ဟူသော အတ္တဒိဋ္ဌိမျိုးတည်း။
ဝေဒကဆိုသည်ကား - ထိုသို့ ပြုလုပ်ပြီးစီး၍ ရရှိသော ပစ္စုပ္ပန် အကျိုး, သံသရာအကျိုးတို့ကို ခံစားတတ်ကြကုန်၏၊ စံစားတတ်ကြကုန်၏ ဖြစ်သော အတ္တဒိဋ္ဌိမျိုးတည်း။
အုပ်စိုးသော ဓမ္မ
ထိုနိုင်ငံကြီးသုံးရပ်တို့တွင်
- နိမိတ္တနိုင်ငံကြီး၌ မာနအုပ်စိုး၏၊
- ပဏိဟိတနိုင်ငံကြီး၌ တဏှာအုပ်စိုး၏၊
- အတ္တဇီဝနိုင်ငံကြီး၌ ဒိဋ္ဌိအုပ်စိုး၏။
နိမိတ္တမြို့ကြီး၌ အုပ်စိုးသော မာနကိုပယ်ရန်
နိမိတ္တနိုင်ငံကြီး၌ အဘယ်သို့ မာနအုပ်စိုးသနည်း ဟူမူကား - မာန ဆိုသည် “မညနံ - အထင်မှားခြင်း၊ မာနော - အထင်မှားခြင်း” ဟူသည် နှင့်အညီ ဒုက္ခသစ္စာဖြစ်၍ စင်စစ်ဆိုးဝါးသော လောကီရုပ်နာမ်ခန္ဓာ တရားတို့၏ အတွင်းမှာပင် ဤကားအယုတ်, ဤကားအမြတ်, ဤကား အကောင်း, ဤကား မကောင်းဟု အယုတ်အမြတ် အထွေအပြား အထင် မှားခြင်းသည် မာန မည်၏။
ဥပမာကား - မြေစိုင်ခဲနှင့် ရွှေခဲသည် လောကအလိုအားဖြင့် အယုတ်အမြတ် ကွဲကြ၏၊ မြေစိုင်ခဲသည်ကား ယုတ်ညံ့၏၊ ရွှေခဲသည်ကား ကောင်းမြတ်၏။ သစ္စဒေသနာတော် အလိုအားဖြင့် ပထဝီဓာတ်ချင်း အတူတူပင်ဖြစ်၏၊ အာဒီနဝအရာ၌ ကား မြေစိုင်ခဲမှာ တဏှာ, မာန, ဣဿာ, မစ္ဆေရ စသော ကိလေသာ ပွားများရန် အခွင့်မရှိ၊ စောင့်ရှောက်မှုလျှင် အရင်းရှိသော ဒုက္ခတရား ပွါးများရန် အခွင့်မရှိ၊ အပါယ်လားကြောင်း မကောင်းမှု ပွားများရန် အခွင့်မရှိ။ ရွှေခဲမှာမူကား ထိုအလုံးစုံသော အပြစ်ဒေါသ အာဒီနဝတို့သည် ထင်ရှားရှိကုန်၏၊ ထိုကြောင့် ဒုက္ခသစ္စာချင်း တူသည်ဆိုငြားသော်လည်း မြေစိုင်ခဲသည် ဒုက္ခသာမည သာဖြစ်၏၊ ရွှေခဲသည်ကား အလွန်ကြီးမား များပြားသော အပြစ်ဒေါသ ဒုက္ခဘေး မျိုးရှိ၏။
ရသေ့သူတော်ကောင်း, ရဟန်းသူတော်ကောင်းတို့သည်လည်းကောင်း၊ ကာမရာဂမှ ထွက်မြောက် ကြကုန်ပြီးသော လူ, နတ်, ဗြဟ္မာ, အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်တို့ သည်လည်းကောင်း မြေစိုင်ခဲကို အကောင်းအမြတ်ပြု၍ အသုံးပြုသော် ပြုကြကုန် ရာ၏၊ ရွှေခဲကိုမူကား ဝေးစွာ ကြဉ်ရှောင်ကြ ကုန်၏။
အနိစ္စာနုပဿနာဉာဏ်သည်ကား ထိုနိမိတ္တနိုင်ငံကြီးကို မှုန့်မှုန့်ညက်ညက် ထုံးလို ကြေကာ ပြာလိုလွင့်ပျောက်အောင် ပစ်ခတ် ဖျက်ဆီးသော ဝရဇိန်လက်နက်ကြီး ပေတည်း၊ ထိုနိမိတ္တနိုင်ငံကြီး ပျက်စီးခဲ့လျှင် ထိုနိုင်ငံကြီးကို အုပ်စိုးသော မာန ဘုရင်မင်းလည်း အသင်းဗိုလ်ပါနှင့်တကွ ပျက်ဆုံးကြလေကုန်၏ ထိုကြောင့် -
အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနာနုသယ မုဇ္ဇဟ။
တတော မာနာဘိသမယာ၊ ဝူပသန္တော စရိဿတိ။
(သုတ္တနိပါတ၊ ပါ၊ နှာ-၃၂၉။)
ဟူ၍ ရာဟုလသုတ်၌ဟောတော်မူပေသည်။
ပဏိဟိတမြို့၌ တဏှာ
ယခုအခါ ပဏိဟိတနိုင်ငံကြီး ဖြိုဖျက်ခန်းကို ပြဆိုအံ့၊ ရှားမီးကျီး အစုထဲမှ အေးမြသော မီးခဲဟူ၍ ထွက်ခြင်းမရှိသကဲ့သို့ သစ္စဒေသနာတော် အလိုအားဖြင့် အလွန်ဆိုးဝါးသော ဒုက္ခသစ္စာ တရားမျိုး ထဲမှ သုခ, သုဘ, ဣဋ္ဌ, သမ္ပတ္တိ, သီရိ, မင်္ဂလာ ချမ်းသာကောင်းမြတ်သော တရားမျိုး, ဝတ္ထု အာရုံမျိုး ဟူ၍ ထွက်ခြင်းမရှိ၊ ထိုသို့ဖြစ်ပါလျက် လူ့လောက၌ အကောင်းအမွန်တွေ တွေ့ရှိ၍နေကြမှု, နတ်လောက, ဗြဟ္မာလောက၌ အကောင်းအမွန်တွေ တွေ့ရှိ၍နေကြမှုတို့ သည်ကား ပဏိဟိတ နိုင်ငံကြီးကို အုပ်စိုးသော ပဏိဓိ တဏှာ၏ အမှုပေတည်း။
ပဏိဓိ ဆိုသည်ကား တောင့်တမှုတည်း၊ လောက၌ ပုထုဇဉ်တို့၏ ပကတိစိတ်တွင် ကောင်းသည် ဟုတွေ့ရှိကြသော ဣဋ္ဌအာရုံမျိုးကို ကြည့်ချင်, မြင်ချင်မှု, ကြားချင်မှု, နာချင်မှု, စားချင်မှု, သောက်ချင်မှု, လိုချင်မှု, ရချင်မှု, ခံစား စံစားချင်မှုပေတည်း၊ ဒုက္ခာနုပဿနာဉာဏ်သည် ထို ပဏိဟိတနိုင်ငံကြီးကို ထုံးလိုကြေကာ ပြာလို လွင့်ပျောက် ကြောက်ဖွယ်, လန့်ဖွယ်, စက်ဆုပ်ဖွယ် တွေ ဖြစ်၍ကုန်အောင် ပစ်ခွင်း ဖျက်ဆီးသော ဝရဇိန်လက်နက်ကြီးပေတည်း။
အတ္တဇီဝဒိဋ္ဌိကို ပယ်ပုံ
အနိစ္စာနုပဿနာ လက်နက်နှင့် အဖန်ဖန်အထပ်ထပ် ပစ်ခွင်းသဖြင့် နိစ္စနိမိတ်နိုင်ငံကြီး ပျက်စီးကွယ်ပျောက်သည်ရှိသော် အတ္တသာရ ဇီဝသာရ နိုင်ငံကြီးသည်လည်း ပျက်စီးကွယ်ပျောက် တော့သည်သာ ဖြစ်၏၊ အဘယ်သို့ ပျက်စီးကွယ်ပျောက် လေသနည်း ဟူမူကား - တစ်ကိုယ်လုံး၌ ဓာတ်တို့၏ သေဆုံးခြင်း၊ ဓမ္မတို့၏ သေဆုံးခြင်း တို့ဖြင့် မျက်တောင်တစ်ခတ်မျှ မပြတ်မစဲ တစ်ကိုယ်လုံး, တစ်ကောင်လုံး အမြဲသေဆုံး၍ နေသည်ကို ထင်မြင်နိုင်သည်ရှိသော် ရုပ်ဓာတ် နာမ်ဓာတ်တို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အတ္တသာရမျိုး မဟုတ်ကုန်၊ ပုဂ္ဂိုလ် သတ္တဝါကို ကာလအရှည် တည်နေနိုင်အောင် စောင့်ရှောက်နိုင်ကြသော ဇီဝသာရမျိုး မဟုတ် ကုန်ဟု အတ္တမဟုတ် ဇီဝမဟုတ်သည်ကိုလည်း ထင်မြင်တော့မည်သာ ဖြစ်၏။
နိုင်ငံကြီး သုံးချက်ကို ဖြိုဖျက်ရန်
ဉာဏ်အမြင်၌ ဤနိုင်ငံကြီး သုံးရပ်ဖြိုဖျက် ပျောက်ကွယ်သည် ရှိသော် ဓမ္မစက္ခု ပညာစက္ခုတို့သည် ပေါ်ပေါက်ကုန်၏၊ အဝိဇ္ဇာနှင့်တကွသော တဏှာ, မာန, ဒိဋ္ဌိသုံးပါး တို့သည် ချုပ်ဆုံးကုန်၏၊ မြတ်စွာဘုရား သာသနာအလုပ်သည် ထမြောက်ပြီးစီး၏၊ နောင်သာသနာတော် တစ်ပါးကို မျှော်ဖွယ်ကိစ္စမရှိ။
နိဂုံး
တေတ္တိံသကူဋေမဏ္ဍိတေ၊ လက်ပံတောင်းနာမ ပဗ္ဗတေ။
ဝသတာ မဟာထေရေန၊ ကတာ ကမ္မဋ္ဌာနဒီပနီ။
တေတ္တိံသကူဋေမဏ္ဍိတေ - သုံးကျိပ်သုံးပါး နတ်သိကြားတို့ ပျော်ပါးစံရာ မြို့ပမာဖြင့် ရံကာညွတ်ရုံး သုံးဆယ့်သုံးလုံးသော တောင်ထွတ်တို့ဖြင့် တန်ဆာဆင်အပ်ထသော၊
လက်ပံတောင်းနာမ ပဗ္ဗတေ - သလ္လာဝတီ နောက်ကမ်းဆီမှ သုံးလီမိုင်ခန့် ခရီးဆန့်လျက် ကြီးခံ့မြင့်ငြောင်း “လက်ပံတောင်း” အမည်ရှိသော တောင်စောင်း ဝယ် မုံရွာမြို့ အမိန့်တော်ရ မောင်ကြော့, မောင်စံလင်းတို့ ဆောက်လှူဒါန်းအပ်သော စြင်္ကံကျောင်း၌၊
ဝသတာ - ၁၂၆၂ ခုနှစ်၌ အသစ်တည်လတ် ဝါကပ် သီတင်း သုံးနေသော၊
မဟာထေရေန - မဟာထေရ်မြတ်ဖြစ်သော၊
မယာ - လယ်တီတောကျောင်းဆရာ ငါသည်၊
ကမ္မဋ္ဌာနဒီပနီ - ရန်ကုန်မြို့ ပုဇွန်တောင် တောင်လုံးပျံ ဓာတ်ဆရာကြီး ဆရာမြို့ လျှောက်ထား အပ်သည်ဖြစ်၍ ရေးသားအပ်သော “ကမ္မဋ္ဌာနဒီပနီ” ဤစာကျမ်းသစ်သည်၊
ကတာ - ၁၂၆၅ ခု၊ သီတင်းကျွတ်လဆုတ် ၅ ရက်နေ့၌ ပြုစီရင်အပ် အပြီးသတ် သတည်း။
ကမ္မဋ္ဌာနဒီပနီ ပြီးပြီ။
အရှင်ဉာဏဓဇ
အဂ္ဂမဟာပဏ္ဍိတ၊
ပဌမ လယ်တီဆရာတော်၊