မာတိကာသို့ ခုန်သွားရန်

ကမ္မဋ္ဌာန်း ဘာသာဋီကာ

ဝီကီရင်းမြစ် မှ
6047ကမ္မဋ္ဌာန်း ဘာသာဋီကာ — အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

ကမ္မဋ္ဌာန်း ဘာသာဋီကာ

▬▬ஜ۩۞۩ஜ▬▬

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

မာတိကာ

ပလ္လင်ခံ
အနုသန္ဓေ
သမထ
ဝိပဿနာ
ဘာဝနာ
ကမ္မဋ္ဌာနံ
သမထကမ္မဋ္ဌာန်းဝယ် သိဘွယ်များ
စရိယာ
ရာဂါဒိကေတိကေသတ္တ
သဒ္ဓါဒိကေ တိကေ သတ္တ
ဧကမူ
ဒွိမူ
တိမူ
စရိုက် အကဲခတ်
ရာဂစရိုက်
သဒ္ဓါစရိုက်
ဒေါသစရိုက်
ပညာစရိုက်
မောဟစရိုက်
ဝိတက်စရိုက်
စရိုက် ဖြစ်ကြောင်း
ဝါသနာဘာဂီ ဆက်တိုင်းမှီ

ကသိုဏ်း ၁၀ ပါး

ပထဝီကသိဏံ
အသုဘ ဆယ်ပါး
ရှင်တုန်းလည်း အသုဘပင်

အနုဿတိ

ဗုဒ္ဓါနုဿတိ
ဓမ္မာနုဿတိ
သံဃာနုဿတိ
သီလာနုဿတိ
စာဂါနုဿတိ
ဒေဝတာနုဿတိ
ဥပသမာနုဿတိ
မရဏာနုဿတိ
ကာယဂတာသတိ
အာနာပါနဿတိ

အပ္ပမညာ လေးပါး

မေတ္တာ
မေတ္တာတု
ငါးရာနှစ်ဆယ် ရှစ်သွယ်မေတ္တာ
နောဓိ-ပဉ္စ
ဩ-သတ္တ
န္တု လေးဖြာ, မြောက်ဆင့်ပါမူ
ရပ်ဆယ်ဖြင့်လှောက်
အနက်
ကရုဏာ
မုဒိတာ
ဥပေက္ခာ
ဥပေက္ခာ ၂ မျိုး
ဗြဟ္မဝိဟာရ
အာဟာရေ ပဋိကူလသညာ
ဓာတုဝဝတ္ထာန်
ဘုံအားဖြင့် ခွဲခြားခြင်း
ပရမတ် ပညတ် ကမ္မဋ္ဌာန်း
ဘာဝနာဘေဒ
နိဗ္ဗာန်နှင့် မဟဂ္ဂုတ် ပရမတ် အာရုံများ
ကမ္မဋ္ဌာန်းနှင့် ဈာန်ကို တွဲပြခြင်း
အသုဘနှင့် ကာယဂတာ
မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာ
နိမိတ္တဘေး
ပထဝီကသိုဏ်း စီးဖြန်းပုံ
အခြေခံ
ဒုတိယဈာန် စသည်သို့ တက်ခဏ်း

ဝသိဘော်

အာဝဇ္ဇနဝသိတာ
သမာပဇ္ဇနဝသိတာ
အဓိဋ္ဌာနဝသိတာ
ဝုဋ္ဌာနဝသိတာ
ပစ္စဝေက္ခနဝသိတာ
အာရုပ္ပဈာန်တက်ခဏ်း
ပဌမာရုပ္ပမပ္ပေတိ
အာကာသဝဇ္ဇိတ
ဒုတိယာရုပ္ပဈာန်ခဏ်း
တတိယာရုပ္ပဈာန်ခဏ်း
စတုတ္ထာရုပ္ပဈာန်ခဏ်း
ချီးမွမ်းသော်လည်း မလိုချင်
အာရုပ္ပ ၄ ပါးတို့အဆင့်ဆင့်သာပုံ

အဘိညာဉ်ခဏ်း

ဣဒ္ဓိဝိဓ အဘိညာဉ်
အဓိဋ္ဌာနိဒ္ဓိ
ဝိကုဗ္ဗနိဒ္ဓိ
မနောမယိဒ္ဓိ
ဒိဗ္ဗသောတ အဘိညာဉ်
ပရစိတ္တဝိဇာနန အဘိညာဉ်
ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
ဒိဗ္ဗစက္ခု အဘိညာဉ်
ယထာကမ္မူပဂ အဘိညာဉ်
အနာဂတံသ အဘိညာဉ်

ဝိပဿနာကမ္မဋ္ဌာန်းအဖွင့်

လက္ခဏ
အနိစ္စလက္ခဏံ
ဇီဝအတ္တ
အနတ္တ
အနတ္တလက္ခဏာ
အနုပဿနာ ၃ ပါး

သီလ ဝိသုဒ္ဓိ အဖွင့်

ပါတိမောက္ခသံဝရသီလ
ဣန္ဒြိယသံဝရသီလ
အာဇီဝပါရိသုဒ္ဓိသီလ
ပစ္စယသန္နိဿိတသီလ
စတုပါရိသုဒ္ဓိသီလ
ဒေသနာသုဒ္ဓိ
သံဝရသုဒ္ဓိ
ပရိယေဋ္ဌိသုဒ္ဓိ
ပစ္စဝေက္ခဏသုဒ္ဓိ
စိတ္တဝိသုဒ္ဓိ
ဒိဋ္ဌိဝိသုဒ္ဓိ
ကင်္ခါဝိတရဏဝိသုဒ္ဓိ
အဟေတုကဒိဋ္ဌိ
ဝိသမဟေတုကဒိဋ္ဌိ
သမဟေတု
ကံ
နာမ်ခန္ဓာ၏ အကြောင်း
ကင်္ခါ ၁၆ ပါး
စူဠသောတာပန်

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

သမ္မသနဉာဏ်
သမ္မသနနည်း ၄ မျိုး
ကလာပသမ္မသနနည်း
အနိစ္စံ ခယဋ္ဌေန
ဒုက္ခံဘယဋ္ဌေန
အနတ္တာအသာရကဋ္ဌေန
အဒ္ဓါသမ္မသနနည်း
သန္တတိ သမ္မသနနည်း
ခဏသမ္မသနနည်း
ဥဒယဗ္ဗယဉာဏ်
သြဘာသ
ပီတိ
ပဿဒ္ဓိ
အဓိမောက္ခ
ပဂ္ဂဟ
သုခ
ဉာဏ
ဥပဋ္ဌာန
ဥပေက္ခာ
နိကန္တိ
ဥပက္ကိလေသ
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဘင်္ဂဉာဏ်
ဘယဉာဏ်
ဘယဉာဏ်မကြောက်
အာဒိနဝ, နိဗ္ဗိဒါ, မုစ္စိတုကမျတာ
ပဋိသင်္ခါဉာဏ်
သင်္ခါရုပေက္ခာဉာဏ်
အနုလောမဉာဏ်
အနုလောမဉာဏ် ပေါ်လာပုံ
မဂ်ရခါနီး စိတ်အစဉ်
ဝုဋ္ဌာနဂါမိနိ ဝိပဿနာ
ဂေါတြဘုစိတ်
အနုလောမဉာဏ်နှင့် ဂေါတြဘု သတ္တိထူး
မဂ်စိတ် ပေါ်လာပုံ
ပစ္စဝေက္ခဏာ ဝီထိ

ဉာဏဒဿနဝိသုဒ္ဓိ

ဝိမောက္ခ
တမျိုးမျိုး ရှုရုံမျှဖြင့် ကိစ္စမပြီး
ဣန္ဒြေအားဖြင့် ဝိပဿနာကွဲပြားပုံ

ပုဂ္ဂလဘေဒ အဖွင့်

သောတာပန် ပုဂ္ဂိုလ်
သောတာပန် ၃ မျိုး
သကဒါဂါမ်
အနာဂါမ်ပုဂ္ဂိုလ်
ရဟန္တာပုဂ္ဂိုလ်
မဂ်က ကိလေသာ ပယ်ပုံ

ဥယျောဇဉ်

ပလ္လင်ခံ

သယံဗုဒ္ဓေါ သမ္ဗောဓေသိ,
ဓမ္မေပိ ဓမ္မသတ္တိယော၊
အဟော နော တဿ သုတတ္တံ,
အဟော နော ဓမ္မစိန္တနံ။

ယောဇိနော - မကဋ်ရောင်လျှံ, သျှောင်ပျံဝယ်, အောင်လံ စွင့်စွင့်, လွှင့်တလူလူ, အကြင် အောင်တော်မူ မြတ်ဘုရားသည်၊
ဓမ္မေပိ - နောက်စဉ်လျက်, ဖြစ်တိုင်းပျက်၍ ဆက်ဆက်မနှော, တရားသဘောတို့ကို၎င်း၊
ဓမ္မသတ္တိယောပိ - တရားတိုင်း၏, ဓာတ်ခံပြည့်လျက်,သတ္တိအင်အား, စွမ်းပကားတို့ကို၎င်း၊
သယံဗုဒ္ဓေါ - ဗောဓိမဏ္ဍိုင်, ခမ်းဝါမြိုင်ဝယ်, ကိုယ်တိုင်စထွင်, သိမြင်တော်မူပြီးသည် ဖြစ်၍၊
သမ္ဗောဓေသိ - သိတန်သမျှ, ဝေဏေယျကို, မြွက်ဟလှစ်ဘော်, သိစေတော်မူခဲ့ပေပြီ၊
တဿဇိနဿ - အောင်မြေနက်သန်, ဗောဓိမဏ်ဝယ်, အောင်လံစွင့်စွင့်, လွှင့်တလူလူ, ထို အောင်တော်မူ မြတ်ဘုရား၏၊
သုတတ္တံ - တရားဓမ္မ, ဩဝါဒကို, ကြားရရွှင်ပျော်, သားသ္မီးတော် ဖြစ်ရခြင်းသည်၊
အဟောနော - ကိုယ့်တွက် ကိုယ်တာ, ကိုယ်ကျိုးပါသဖြင့်, ကိုယ့်မှာခုနှယ်, ဪ ..... ဝမ်းမြောက်ဘွယ်ကြီး ပါတကား၊
ဓမ္မစိန္တနံ - ဓမ္မသက်သက်, ရှေ့နောက်ဆက်၍, ဖြစ်ပျက်နေဟန်, ကြောင်းကျိုးမှန်ကို ဖန်ဖန် ခွဲဝေ, ကြံစည်၍ နေရခြင်းသည်၊
အဟောနော - ကိုယ့်သန္တာန်တွင်း, ဉာဏ်ရောင်လင်း၍, ရှင်းကာ ရှင်းကာ, ဪ ... အားရဘွယ်ကြီး ပါတကား။

ယခုလက်ရှိ ကမ္ဘာလောကကြီး၌ ဗုဒ္ဓဘာသာ ဟိန္ဒူ ဘာသာ ခရာစ်ယာန်ဘာသာ မဟာမေဒင်ဘာသာ ဟု ဘာသာကြီး ၄ ရပ် ထင်ရှားလျက် ရှိ၏၊ ထို ဘာသာကြီး ၄ ရပ်ကို ကိုးကွယ်ကြသူ လူကြီး လူကောင်း သူတော်ကောင်း အခေါ်ခံသူတို့မှာ မိမိတို့ ဘာသာ၏သခင် (ဘာသာကို စထွင်ခဲ့သော) ဗုဒ္ဓရှင်တော်ကို ညွှန်ပြကြဘို့ရန် တာဝန်ရှိကြသည့်အလျောက် မြားမြောက်လှစွာသော အခြား ဘာသာဝင် လူကြီး လူကောင်း တို့သည် မိမိတို့ ဘာသာ၏ သခင်ကို ထာဝရဘုရားရှင် ဟုညွှန်းပြခဲ့ကြလေသည်။

ထို ဘုရားရှင်တို့ ပညတ်အင် ဟောပြအပ်သော တရားတို့၌ ဗုဒ္ဓဘာသာ၏ သခင် သဗ္ဗညု ဘုရားရှင်၏ တရားတော်များကဲ့သို့ “စက္ခုဝိညာဉ် ဖြစ်ပြီးနောက် သမ္ပဋိစ္ဆိုန်းစိတ် ပေါ်လာသည်, သမ္ပဋိစ္ဆိုန်းနောက် သန္တီရဏ ပေါ်လာသည်” စသည်ဖြင့် သိမ်မွေ့သော စိတ်အစဉ်၏ အဖြစ်အပျက် အဆက်ဆက် နိယာမ ဓမ္မတာကိုလည်း ဖေါ်ပြခြင်း မရှိ၊ “မည်သည့် အကျိုးတခု ဖြစ်ဘို့ရန် မည်မျှလောက်သော အကြောင်း အပေါင်းတို့က မည်ကဲ့သို့သော သတ္တိဖြင့် ပြုစီမံရသည်”ဟု ဟေတု အာရမဏ စသော ပစ္စည်းတရား တို့ကိုလည်း ခွဲခြားချက် မရှိချေ။

အတိအလင်း ဘွင်းဘွင်းကြီး ရေးသားရမည် ဆိုသော်--

ထို အခြား ဘာသာတရားတို့၌ ဖဿ ဝေဒနာ သညာ စသော သဘောရိုးကလေးများ၏ နာမည်လောက်မျှ မတွေ့ရပေ၊ ယခုခေတ်၌ လောကဓာတ်ပညာ လွန်စွာ ထွန်းကားလာစေကာမူ ထိုလောကဓာတ်ပညာဖြင့် (တိုက်ရိုက် မဟုတ်) မှန်းဆ၍သိရသော ဓာတ်မှုန့်ကလေးမှာ“Atom” ခေါ် အနုမြူကလေးသာတည်း၊ ထိုအနုမြူမှုန့်ကလေး၌ မည်သည့် ဓာတ်သဘောတွေ စုနေသည်-ဟု သိဘို့အရေးမှာ လောကဓာတ် ပညာ၏ အရာ မဟုတ်တော့ပြီ၊

သဗ္ဗညုဘုရားရှင်ကား ထိုအနုမြူထက် သေးသော ပရမာနုမြူမှုန့်ကလေး၌ အသေးဆုံး ရုပ်ကလာပ်တွေ ပေါင်းစပ်လျက်ရှိ၏, ကလာပ်တခုတခု၌ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဟူသော ရုပ် ပေါင်း ရှစ်ခု စုမိကာ သဟဇာတသတ္တိ အညမညသတ္တိ နိဿယသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိတို့ဖြင့် အပြန်အလှန် ကျေးဇူးပြုလျက် ရှိကြသည်-ဟု တာဝတိံသာ နတ်ပြည်ငယ် နတ်ဗြဟ္မာတို့ အလယ်မှာ လောကဓာတ် ပညာရပ်တို့ကို ကောင်းစွာ ပြသတော်မူခဲ့ပေသည်။

အချုပ်အားဖြင့်ကား--

ထိုကဲ့သို့ ဘာသာ အမျိုးမျိုး ရောယှက် ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်လာရခြင်းသည် မိမိတို့အတွက် ကံကောင်းလေစွ၊ ထိုဗုဒ္ဓရှင်တော်မြတ် ရွှေနှုတ်တော်ထွက် တရားအချို့ ကို (ပဋ္ဌာန်း သတိပဋ္ဌာန် ဓမ္မစကြာ အနတ္တလက္ခဏသုတ် မင်္ဂလသုတ် ပရိတ်တော်) မိမိတို့ နှုတ်တွင်းသို့ သွင်းကာ သွင်းကာ ရွတ်ဆို နေရခြင်းသည် မိမိအတွက်မှာ မင်္ဂလာကြက်သရေ ရှိလေစွ၊

မြို့ရွာအူသံ မဆူညံဘဲ လူသံ တိတ်ချိန်ဝယ် ဆိတ်ငြိမ်သော ကျောင်းကလေး၌ လေဧလေညှင်းတို့ တသင်းသင်း လာတုန်းမှာ တကမ္ဘာလုံး၏ ရုပ်နာမ် အစဉ်ကို ဝိပဿနာတင်၍ ဆင်ခြင် ကြည့်ရှုရသည့်အခါ မြဲသောအရာ ချမ်းသာအစစ် အနှစ်သာရ ဘာတခုမျှ ရှာမရဘဲ “ဤအကြောင်း တရားကြောင့် ဤ အကျိုးတရား ဖြစ်ပေသည်, ဤ အကြောင်းတရား မရှိလျှင် ဤ အကျိုးတရားလည်း မရှိနိုင်တော့ပြီ ” ဟု မိမိ၏ ရုပ်နာမ်နှင့်တကွ ဟုတ်မှန်သော အချက်ကို နက်နက်နဲနဲ မြင်နိုင်သောကြောင့် ဗုဒ္ဓရှင်တော်မြတ် တရားတော်များကို စဉ်းစား ကြံစီ၍ နေရခြင်းသည် တကယ်တမ်း နိဗ္ဗာန်လိုသူမှာ ချက်ခြင်း ရနိုင်ဘွယ်ရာ အကြောင်း-ဆုတမျိုးမျိုး မြှော်ကိုးသူတို့မှာ ပါရမီဓာတ်ခံ ရင့်သန်ဘွယ်ရာ အကြောင်း ဖြစ်၍ ဪ .... အလွန့်အလွန် ကောင်းမြတ်လေစွ တကား။

ဤသို့လျှင် မိမိတို့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းက ပဌမကံ ကောင်း၍ ဒုတိယ တဆင့်တက်ကာ အခြား ဘာသာတို့မှာ မရှိနိုင်သော ရုပ်တရား နာမ်တရားကို ခွဲခြားခြင်း, ထိုရုပ်တရား နာမ်တရားတို့သည် အနိစ္စ-ဒုက္ခ-အနတ္တ တရားချည်းပါတကား၊ ဟု သိနိုင်သော ဝိပဿနာဉာဏ်ကို ရနိုင်ခြင်းက ဒုတိယ ကောင်းခြင်း ဖြစ်၍ ထိုရုပ်တရား နာမ်တရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ ဉာဏ်ဖြင့် ရှုနေရသောအခါ ယခု တလောကလုံးကို အရုပ်ဆိုးအောင် လုပ်နေသော လောဘ ဒေါသ မောဟနှင့် မာန်မာန ဣဿာ မစ္ဆရိယတို့ အလိုလို သန့်ရှင်း၍ ကြည်လင်သော စိတ်ဓါတ်ဖြင့် ဧမြ ချမ်းသာစွာ ကမ္ဘာကို လစ်လျူရှု၍ နေနိုင်ခြင်းက တတိယအဆင့် အမှန် ကြည်နူးဘွယ် ကောင်းခြင်းဖြစ်၍ မခဲယဉ်းလှသော ထိုအဆင့်သို့ ရောက်ဘို့ရန် ယခု ညွှန်ပြမည့် တရား လမ်းစဉ်ကို ကြည်လင်စွာ စိတ်ထားဖြင့် လျှောက်သွားနိုင်ကြပါစေသတည်း၊

အရှင် ဇနကာဘိဝံသ

ကမ္မဋ္ဌာန်း ဘာသာဋီကာ

▬▬ஜ۩۞۩ஜ▬▬

သမထဝိပဿနာနံ, ဘာဝနာန.မိတောပရံ၊
ကမ္မဋ္ဌာနံ ပဝက္ခာမိ, ဒုဝိဓံပိ ယထာက္ကမံ။

အနုသန္ဓေ

ရှစ်ပါးသော အပိုင်း အခဏ်း တို့ဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဟူသော ပရမတ္ထတရားကို၎င်း စိတ် စေတသိက် ရုပ်တို့၏ အကျိုးအကြောင်း ဆက်သွယ်နေပုံကို၎င်း ပိုင်းခြား သိစေပြီး၍ ယခုအခါ ထို ရုပ်နာမ်ကို ဟုတ်မှန်စွာ သိပြီးသော ပုဂ္ဂိုလ်တို့အား ကမ္မဋ္ဌာန်း အစီအရင်ကို ညွှန်ပြတော်မူလိုသော အရှင်အနုရုဒ္ဓါ မဟာထေရ်မြတ်သည် “သမထဝိပဿနာနံ” အစချီသော ပဋိညာဉ်ကို မိန့်တော်မူသည်။

သမထ

ကိလေသေ - ကာမစ္ဆန္ဒနီဝရဏ စသော ကိလေသာတို့ကို၊
သမေတိ - ငြိမ်းဧစေတတ်၏၊
ဣတိ - ကြောင့်၊
သမထော - သမထမည်၏၊

မဟာကုသိုလ်နှင့် ရူပကုသိုလ် ပဌမဈာန်၌ ရှိသော သမာဓိတရားတည်း၊

ထိုစကားမှန်၏-

ပုထုဇဉ်တို့ ကမ္မဋ္ဌာန်း စတည် အားထုတ်သည့်အခါ မဟာကုသိုလ် စိတ် ဖြစ်၏, ထို ကမ္မဋ္ဌာန်းပေါက်၍ ဈာန် အထမြောက်သည့်အခါ ရူပ ပဌမဈာန်စိတ် ဖြစ်၏၊ ထို စိတ်များသည် ထကြွ သောင်းကြမ်းလေ့ ရှိသော နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်သက် ဧမြစေတတ်၏၊

ထို စိတ် စေတသိက်များတွင် သမာဓိ ခေါ်သော ဧကဂ္ဂတာသည် အချုပ်အခြာတည်း၊ ရဟန္တာဖြစ်ပြီးမှ လောကီဈာန်ကို အားထုတ်ရာ၌ကား ထိုကဲ့သို့ ကိလေသာ အပူဓာတ်ကို ငြိမ်ဝပ်စေဘွယ် မလိုရကား “စိတ္တံ သမေတီတိ သမထော” ဟု ဝိဂြိုဟ်ပြု၊ စိတ္တံ- အာရုံ များစွာကို ယူနေသည့်အတွက် မငြိမ်သက်သောစိတ်ကို၊ သမေတိ-ငြိမ်သက်စေတတ်၏၊ “သမာဓိမရခင် အာရုံ အမျိုးမျိုးကို ယူနေရသဖြင့် (အလုပ်များသူကဲ့သို့) စိတ် မငြိမ်မသက်ရှိ၏၊ ထို့ကြောင့် “ဈာန်၏အာရုံတခု၌ စိတ်ကို ငြိမ်သက်စေတတ်သည်” ဟူလို၊

ဒုတိယဈာန်စသည်၌ ရှိသော သမာဓိကား ကိလေသာကိုလည်း ငြိမ်သက်စေဘွယ်မလို စိတ်ကိုလည်း ငြိမ်သက်စေဘွယ်မလို, ဝိတက် စသော ရုန့်ရင်းသော ဈာန်အင်္ဂါကို ငြိမ်းစေတတ်သောကြောင့် “ဝိတက္ကာဒိသြဠာရိကဓမ္မေ - ဝိတက် အစရှိသော ရုန့်ရင်းသော ဈာန်အင်္ဂါ တရားတို့ကို၊ သမေတိ – ငြိမ်းစေတတ်၏ ” ဟူသော ဝစနတ်အရ သမထ မည်ရပြန်လေသည်။

ဝိပဿနာ

ဝိသေသေန ပဿတီတိ ဝိပဿနာ

ဝိသေသေန - ထူးခြားသောအားဖြင့်၊
ပဿတိ - ရှုတတ်သိမြင်တတ်၏၊
မဟာကုသိုလ် မဟာကြိယာစိတ်၌ ယှဉ်သော ဉာဏ်ပညာ အထူးတည်း၊

ချဲ့ဥုးအံ့ -

ရုပ်နှင့် နာမ် ပေါင်းစပ် နေသည့် သဝိညာဏက အကောင် အထည်ဒြဗ်ကို လူကောင် နတ်ကောင် ဗြဟ္မာကောင် သတွာကောင် ယောက်ျား မိန်းမ ကျွဲ နွား ဆင် မြင်း စသည်ဖြင့်၎င်း, ရုပ်ကလာပ်တွေ ပေါင်းစပ် တွေခဲနေသော အရာဝတ္ထုကို အိမ် ကျောင်း သစ်ပင် ဥယျာဉ် တော တောင် စသည်ဖြင့်၎င်း နိစ္စ သုခ အတ္တ သုဘအားဖြင့်၎င်း ထင်မှတ်လျက် ရှိကြ၏။

ဝိပဿနာ ခေါ်သော ဉာဏ်ကား ထိုကဲ့သို ရိုးရာ ထင်မြင်ပုံမှ ထူးခြား၍ ရုပ်ဘဲနာမ်ဘဲ အနိစ္စ ဒုက္ခ အနတ္တ အသုဘဘဲ ဟု စွဲမြဲ ထွင်းဖေါက် အတွင်းရောက် သိမြင်နိုင်ပေသည်၊ ထို့ကြောင့် “ဝိသေသေန ပဿတိ” အရ ဝိပဿနာဉာဏ် အမည်ရလေသည်၊

တနည်း -

ဝိဝိဓေန - အထူးထူး အပြားပြားသော၊
အနိစ္စာဒိ အာကာရေန - အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဟူသော အခြင်းအရာအားဖြင့်၊
ပဿတိ - ရှုမြင်တတ်၏၊
ဣတိ - ထို့ကြောင့်၊
ဝိပဿနာ - မည်၏။

ဘာဝနာ

ထို သမထ ဝိပဿနာ ၂ ပါးလုံးပင် ပြခဲ့သည့် အတိုင်း လွန်စွာ အကျိုး များပေရကား မိမိသန္တာန် ဖြစ်ပေါ် လာအောင်, တကြိမ်ဖြစ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်ထိုက်သောကြောင့် “ဘာဝနာ” ခေါ်၏၊

ဘာဝေတဗ္ဗာတိဘာဝနာ

ဘာဝေတဗ္ဗာ - မိမိ သန္တာန်၌ ဖြစ်စေအပ် တိုးပွား စေအပ်ကုန်၏၊
ဣတိ - ထိုကြောင့်၊
ဘာဝနာ - ဘာဝနာတို့မည်၏၊

ထိုသမထဝိပဿနာ တပါးပါးကို မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် အားထုတ်မှ တကြိမ်ဖြစ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်မှုကိုလည်း ဘာဝနာ ဟုခေါ်သေး၏၊ ဘာဝီယတေ - ပွားများစေခြင်း၊ ဘာဝနာ - ပွားများစေခြင်း။

ကမ္မဋ္ဌာနံ

ကမ္မဋ္ဌာန်းသည် အာရုံ ကမ္မဋ္ဌာန်း အာရမဏိက ဘာဝနာ ကမ္မဋ္ဌာန်းဟု ၂ မျိုးရှိ၏၊

ထိုတွင် ပထဝီ ကသိုဏ်း အစရှိသော အာရုံ တေဘူမက သင်္ခါရ ဟူသော အာရုံများသည် အာရုံ ကမ္မဋ္ဌာန်းတည်း၊

ကမ္မဿ - ဘာဝနာအားထုတ်မှု၏၊
ဌာနံ - တည်ရာအာရုံတည်း၊
ကမ္မဋ္ဌာနံ – ဘာဝနာ အားထုတ်မှု၏ တည်ရာအာရုံ ”
၏ အဓိပ္ပါယ်ကို ရည်ရွယ်၍ “ဒုဝိဓဘာဝနာကမ္မဿ ပဝတ္တိဋ္ဌာနတာယ ကမ္မဋ္ဌာန ဘူတံ အာရမဏံ” ဟု ဋီကာကျော်ဖွင့်ပြီ။

[ဒုဝိဓဘာဝနာ ကမ္မဿ -၂ ပါး အပြားရှိသော ဘာဝနာကို အားထုတ်မှု၏၊
ပဝတ္တိဋ္ဌာနတာယ - ဖြစ်ခြင်း၏ တည်ရာ၏ အဖြစ်ကြောင့်၊
ကမ္မ+ဋ္ဌာနဘူတံ - “ ကမ္မ+ဋ္ဌာန်း”ဖြစ်၍ ဖြစ်သော၊
အာရမဏံ - အာရုံကို။]

ပွားများ အားထုတ်မှုသည် အာရမဏိက ဘာဝနာ ကမ္မဋ္ဌာန်းမည်၏၊
ကမ္မဿ - နောက်နောက် အားထုတ်မှု၏၊
ဌာနံ- တည်ရာဖြစ်သော ရှေးရှေးအားထုတ်မှတည်း၊
ကမ္မဋ္ဌာနံ - နောက်နောက် အားထုတ်မှု၏ တည်ရာ ဖြစ်သော ရှေးရှေး အားထုတ်မှု၊

“ရှေးရှေးအားထုတ်မှု၌အခြေတည်၍ နောက်နောက် (အထက်အထက်) အားထုတ်မှုများဖြစ်ရကား ရှေးရှေး အားထုတ်မှုသည် နောက်နောက် အားထုတ်မှုဟူသော ကမ္မ၏ တည်ရာဌာန ဖြစ်ကြသည် ” ဟူလို၊ ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ “ဥတ္တရုတ္တရယောဂကမ္မဿ ပဒဋ္ဌာနတာယ ကမ္မဋ္ဌာနဘူတံ ဘာဝနာဝီထိံ” ဟု ဖွင့်ပြီ၊

[ဥတ္တရုတ္တရယောဂကမ္မဿ - နောက်နောက် အားထုတ်မှု၏၊
ပဒဋ္ဌာနတာယ - အခြေခံအကြောင်း၏ အဖြစ်ကြောင့်
(နီးစွာသောအကြောင်း၏ အဖြစ်ကြောင့်)၊
ကမ္မ+ဋ္ဌာနဘူတံ - “ကမ္မ+ဋ္ဌာန်း” ဖြစ်၍ ဖြစ်သော၊
ဘာဝနာဝီထိ - ဘာဝနာအစဉ်ကို။

သမထကမ္မဋ္ဌာန်းဝယ် သိဘွယ်များ

ဒသကသိဏာနိမှစ၍ တီဏိ နိမိတ္တာနိ စ ဝေဒိတဗ္ဗာနိ တိုင်အောင်သောစကားတို့ဖြင့် သမထကမ္မဋ္ဌာန်းဝယ် သိမှတ်ဘွယ် အချက်တို့ကိုပြ၏၊ ထိုအားလုံးအတွက် အကျယ်လာဥုးမည် ဖြစ်၍ ဤနေရာဝယ် စရိတ အဓိပ္ပါယ်ကိုသာ အကျယ် ပြနှင့်ဥုးမည်၊

[သင်္ဂြိုဟ်၌ စရိတဟု ပါဠိရှိသော်လည်း အဋ္ဌကထာကြီးများ၌ “စရိယာ” ဟုရှိသည်၊ စရိုက်သဘောကို ဟောရာ၌ ကိရိယာပုဒ်ကဲ့သို့ စရိယာ ဟု ရှိခြင်းက ကောင်း၏၊ ပုဂ္ဂိုလ်ကို ဟောရာ၌ကား “ရာဂစရိတော”ဟု ရှိပေသည်။]

စရိယာ

ပင်ကိုယ်ရိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များခြင်းကို “စရိယာ “ဟု ခေါ်၏၊ ရာဂစရိုက် ရှိသူသည် ဒေါသ မောဟဖြစ်လောက်သည့် အာရုံမျိုး၌ မဖြစ်အောင် ချုပ်တည်း နိုင်သော်လည်း ရာဂ ဖြစ်လောက်သည့် အာရုံ၌ကား မချုပ်တည်းနိုင်ဘဲ ရှိ၏၊ အခြားစရိုက်များလည်း ဤနည်းပင်တည်း၊

ထို့ကြောင့် “စရဏံ ပဝတ္တနံ စရိယာ” ဟု ဝိဂြိုဟ်ပြု၊ ,
စရဏံ ပဝတ္တနံ - မပြတ်မလပ် ဖြစ်ခြင်းသည်၊
စရိယာ - စရိယာ မည်၏၊
ဝါ - စရိုက်မည်၏၊

ဤစရိုက်တို့သည် သတွာတယောက်လျှင် တမျိုးကျစီသာ ရှိရမည်မဟုတ်၊ အချို့၌ မည်သည့်စရိုက်ဟု အထင်အရှား မရှိ၊ အချို့ မှာ ၂ မျိုး ၃ မျိုး စသည်ဖြင့် အရောရော အနှောနှောပင်ရှိ၏၊ ထို့ကြောင့် ဤ ဆိုအပ်လတံအတိုင်း ပုဂ္ဂိုလ်အမျိုးမျိုး အလိုက် စရိုက်အပြားကို သိရာ၏။

ရာဂါဒိကေ တိကေ သတ္တ, သတ္တ သဒ္ဓါဒိကေ တိကေ၊
ဧက ဒွိ တိက မူလမှိ, မိဿတော သတ္တသတ္တကံ။

ရာဂါဒိကေ - ရာဂ အစရှိသော၊
တိကေ - တိုက်၌၊
သတ္တ - ၇ မျိုးတို့သည်၎င်း၊
သဒ္ဓါဒိကေ - သဒ္ဓါ အစရှိသော၊
တိကေ - တိက်၌၊
သတ္တ - ၇ မျိုးတို့သည်၎င်း၊
ဧကဒွိတိကမူလမှိ - ဧကမူ ဒွိမူ တိမူ၌၊
မိဿတော - ရောနှောသောအားဖြင့်၊
သတ္တသတ္တကံ - သတ္တက ၇ လီသည်၎င်း၊
ဟောတိ - ဖြစ်၏။

ရာဂါဒိကေတိကေသတ္တ

ရာဂ ဒေါသ မောဟ ၃ ခု၌ တခုစီ အားဖြင့်၎င်းထိုက်သလို ရောနှော၍၎င်း စရိုက် ၇ မျိုး ရ၏၊

၁။ ရာဂစရိုက်၊
၂။ ဒေါသစရိုက်၊
၃။ မောဟစရိုက်၊
၄။ ရာဂ ဒေါသစရိုက်၊
၅။ ရာဂ မောဟစရိုက်၊
၆။ ဒေါသ မောဟစရိုက်၊
၇။ ရာဂ ဒေါသ မောဟစရိုက်တည်း၊

[ဤသို့ စရိုက် ၁ မျိုး ရှိသူ ၂ မျိုးရှိသူ ၃ မျိုးရှိသူအားဖြင့် ရာဂ ဒေါသ မောဟနှင့်စပ်၍ ပုဂ္ဂိုလ် ၇ မျိုး ပြားသည် ဟူလို။]

သဒ္ဓါဒိကေ တိကေ သတ္တ

၁။ သဒ္ဓါစရိုက်၊
၂။ ဗုဒ္ဓိ
၃။ ဝိတက္က
၄။ သဒ္ဓါဗုဒ္ဓိ၊
၅။ သဒ္ဓါဝိတက္က၊
၆။ ဗုဒ္ဓိဝိတက္က၊
၇။ သဒ္ဓါဗုဒ္ဓိဝိတက္ကစရိုက်။

ဧကမူ

[ရာဂကို မူတည်, သဒ္ဓါစသည် မူလီသွတ်၊]

၁။ ရာဂ သဒ္ဓါစရိုက်၊
၂။ ရာဂ ဗုဒ္ဓိ၊
၃။ ရာဂ ဝိတက္က၊
၄။ ရာဂ သဒ္ဓါ ဗုဒ္ဓိ၊
၅။ ရာဂ သဒ္ဓါ ဝိတက္က၊
၆။ ရာဂ ဗုဒ္ဓိ ဝိတက္က၊
၇။ ရာဂ သဒ္ဓါ ဗုဒ္ဓိ ဝိတက္ကစရိုက်၊

ဒေါသကိုမူတည်, သဒ္ဓါ စသည်ကို မူလီသွတ်၍လည်း ၇ မျိုးတည်း၊
မောဟကိုမူတည်, သဒ္ဓါစသည်ကို မူလီသွတ်၍လည်း ၇ မျိုးပင်တည်း၊
ဤသို့လျှင် ဧကမူ၌ ၇ x ၃ လီ (၂၁) ရ၏။

ဒွိမူ

ရာဂဒေါသကို မူတည် သဒ္ဓါစသည်ကို မူလီချွတ်၍ “ရာဂ ဒေါသစရိုက်” စသည်ဖြင့် ၇ မျိုး၊
ရာဂမောဟကို မူတည် သဒ္ဓါ စသည်ကို မူလီသွတ်၍ “ရာဂ မောဟ သဒ္ဓါ စရိုက်” စသည်ဖြင့် ၇ မျိုး၊
ဒေါသမောဟကို မူတည်, သဒ္ဓါ စသည်ကို မူလီသွတ်၍ “ဒေါသမောဟသဒ္ဓါစရိုက် ” စသည် ဖြင့် ၇ မျိုး၊
ဤသို့လျှင် ဒွိမူ၌လည်း ၇ x ၃ လီ (၂၁) ပင်ရ၏။

တိမူ

ရာဂဒေါသမောဟ ၃ ပါးကို မူတည်၍ သဒ္ဓါ စသည်ကိုမူလီသွတ်ရာ၌ကား စရိုက် ၇ မျိုးသာရ၏၊

ဤသို့လျှင် “ရာဂါဒိကေ တိကေ သတ္တ, သတ္တ သဒ္ဓါဒိကေ တိကေ” အရ သုဒ္ဓစရိုက် ၁၄၊ ဧကမူ ဒွိမူ တိမူ အရ မိဿက စရိုက် ၄၉ အားဖြင့် စရိုက်ပေါင်း ၆၃ မျိုးပြား၏၊ ထိုထိုစရိုက် ရှိသော ပုဂ္ဂိုလ်အပေါင်းလည်း ၆၃ မျိုး ပင်တည်း။

စရိုက် အကဲခတ်

ပရစိတ္တဝိဇာနနဉာဏ်ကို မရလျှင် သူတပါး၏ စရိုက်ကို သိဘို့ ခဲယဉ်းလှ၏၊ သို့သော် -

အသွားအလာ အနေအထိုင် ဣရိယာပုထ်ကို၎င်း၊
ထိုထို ကိစ္စ၌ ကျန မကျနကို၎င်း၊
နှစ်သက်တတ်သော အစာ အာဟာရကို၎င်း၊
ရူပသဒ္ဒ စသော အာရုံ၌ ကြည့်ရှုပုံ နားထောင်ပုံ စသည်ကို၎င်း၊
ကုသိုလ် အကုသိုလ်အရာဝယ် များစွာ ဖြစ်လေ့ရှိသော ကိုယ်ကျင့်တရားကို၎င်း၊
စဉ်းစား ကြည့်ရှု သတိပြု၍ အကဲခတ်လျှင် –
“မည်သည့် စရိုက် ရှိသူ” ဟု ခန့်မှန်းနိုင်ဘွယ် ရှိပေသည်။

ဣရိယာပထတော ကိစ္စာ, ဘောဇနာ ဒဿနာဒိတော၊
ဓမ္မပ္ပဝတ္တိတော စေ, စရိယာယော ဝိဘာဝယေ။

ရာဂစရိုက်

ရာဂစရိုက် ရှိသူသည် ဣရိယာပုထ် အားဖြင့် အသွားအလာ အနေအထိုင် ယဉ်ကျေးပျပ်ဝပ် လျောက်ပတ် ဇမ္ဘယ် တင့်တယ်၏၊ ကိစ္စအားဖြင့် တံမြက်လှည်းမှ အဝတ်ဖွပ်လျှော်ဆိုးမှု ဝတ်စားတန်ဆာ ဆင်ယင်မှုတို့၌ ကျန သေသပ်၏၊ ဘောဇဉ်အားဖြင့် အချို အဆိမ့် အမွှေး အကြိုင် ပြန့်လှိုင် နညံ့သော ဘောဇဉ်ကို နှစ်သက်တတ်၏၊ ဒဿန စသည်အားဖြင့် အတော်အတန် လှပသာယာသော ရူပါရုံ သဒ္ဒါရုံနှင့် တွေ့ကြုံလျှင် မခွါချင်အောင် ဖြစ်တတ်၏၊ ဓမ္မပ္ပဝတ္တိ အားဖြင့် ပရိယာယ် မာယာများ၏, ကောက်ကျစ် စဉ်းလဲမှု သာဌေယျ ပေါ၏, မာနကြီး၏, လောဘရမက် ကြီး၏။

သဒ္ဓါစရိုက်

ရာဂစရိုက်ရှိသူ၌ပြခဲ့သော ဣရိယာပုထ် စသော ရှေ့ ၄ ပါးသည် သဒ္ဓါစရိုက် ရှိသူ၌လည်း ဖြစ်လေ့ ရှိ၏၊ သို့သော် သဒ္ဓါစရိုက် ရှိသူ၌ကား ဓမ္မပ္ပဝတ္တိအားဖြင့် မာယာစသော အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်လင် ရွှင်လန်းစွာ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ ရှိ၏, ရဟန်းသံဃာကောင်း ဝတ်ကျောင်းဘုရားကို ဆည်းကပ် ကိုးကွယ်ကာ တရား ဒေသနာကို နာယူ မှတ်သားလေ့ ရှိပေသည်။

[ဆောင်]
ရာဂစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ယဉ်ကျေးလေ၏၊ ထွေထွေကိစ္စ, ပြုသမျှလည်း, ကျနစေလတ်, လွန်သေသပ်နှင့်, လေးမြတ်ဘွယ်ရေး,ဘောဇဉ်ရွေးက, ချိုမွှေးဆိမ့်အိမ့်, လွန်နှစ်သိမ့်သ, မစိမ့်လောက်တုံ ကာမဂုဏ်ကြောင့်, အာရုံစွဲကာ, ခွဲမခွါတည်း, မာယာ ဗလဝ, သာဌေယျနှင့်, မာနဘိစီး, အလိုကြီး၏၊ ထို နည်းသဒ္ဓါ, စရိုက်မှာမူ, မာယာစသော, ပြစ်မနှောဘဲ, သာမောရွှင်လန်း, လှူပေးကမ်းလျက်, ရဟန်းတော် ပေါင်း, ထေရ်ရှင်ကောင်းနှင့်, ဝတ်ကျောင်းဘုရား, မြတ်တရားကို, မှတ်သားနာယူ, လွန်ကြည်ဖြူသည်, သူမွန်မြတ် ပေတကား။

ဒေါသစရိုက်

ဒေါသစရိုက်ရှိသူ၌ ဣရိယာပုထ်အားဖြင့် နွားရူးစူးထိုး နဖါးကြိုး တင်းသည့်ပုံဟန် လျင်မြန်ရှူးရှား ခြေဖျားဖြင့် နင်းလျက် ရှုံ့ရင်း ကြမ်းတန်းသော အသွားအလာ အနေအထိုင်ရှိ၏၊ ကိစ္စလုပ်ငန်းကို ပြုလုပ်ရာဝယ် တင့်တယ် သပ်ရပ်ခြင်းမရှိ, ကြည့်ရှုတိုင်း အဆင်တန်လျက်, ချဉ် ငန် စပ် ခါး စူးရှသော အရသာ များကိုသာ နှစ်သက် တတ်၏၊ မကောင်းမြတ်သော ရူပ သဒ္ဒ စသည့် အာရုံနှင့် တွေ့ကြုံ ပြန်လျှင် ယမ်းပုံတွင် မီးကျ သကဲ့သို့ သည်းခံ အောင့်အည်း ချုပ်တည်းခြင်း မရှိဘဲ ဆို ဆဲ ငေါက်ငန်း ကြမ်းတန်း စိတ်တိုတတ်၏၊ ဓမ္မပ္ပဝတ္တိအားဖြင့်ကား ရန်ငြိုးဖွဲ့မှုဟူသော အာဃာတ, ဣဿာ မစ္ဆရိယနှင့်, သူများဂုဏ်ကို ချေဖျက်လိုခြင်း ဟူသော မက္ခ, ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်ခြင်းဟူသော ပဠာသ အဆုံးအမ ခက်ခြင်း ဟူသော ဒုဗ္ဗစတို့ မုချအဖြစ်များလေသည်။

ပညာစရိုက်

ပညာစရိုက် ရှိသူ၌လည်း ဣရိယပုတ်စသော ရှေ့သဘောများမှာ ဒေါသစရိုက်ရှိသူနှင့်တူ၏၊ သို့သော် စိတ်တိုခြင်း (ကောဓ) စသော အပြစ်များနှင့် မရောနှောဘဲ ဆိုဆုံးမ လွယ်ခြင်း စားသောက်ဘွယ်အားလုံး၌ မိမိနှင့် သင့်မသင့်ကို နှိုင်းချင့်၍ စားသောက်လေ့ရှိခြင်း ဘဝဘန်ခါ သံသရာရေးကို သတိသမ္ပဇဉ်ဖြင့် ဆင်ခြင် မြော်ကြည့်၍ ဂတိကောင်းဘို့ရန် ကုသိုလ်ကောင်းမှု အစုစုကို လုံ့လဝီရိယ သန်သန်ဖြင့် မှန်မှန်ကြီး ပြုလုပ်လေ့ ရှိပေသည်။

[ဆောင်]
ဒေါသစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ကြမ်းတန်းလေ၏၊ ထွေထွေကိစ္စ, ပြုသမျှလည်း, ကျနမဖွယ် မတင့်တယ်တည်း, စားသွယ် ငန်ချဉ်, စပ်ခါး မင်၏, ငါးအင်အာရုံ, မဖွယ်ကြုံလျှင်, ယမ်းပုံမီးကျ, စိတ်တိုလှ၍ ကောဓထန်သီး, ရန်ငြိုးကြီးလျက်, ဖိစီး ဣဿာ မစ္ဆေရာနှင့်, မက္ခာပဠာသ, ဒုဗ္ဗစတို့, မုချဆစ်ပွါး, အပြစ်များ၏၊ တရားပညာ, စရိုက်မှာမူ, ရှေ့လာအားလုံး, နည်းတူသုံးလည်း, လုံးလုံးကောဓ, စသည် ဆိတ်ကွယ်, ဆုံးမ လွယ်၏၊ စားဘွယ်ကသိုဏ်း တွေ့ကြုံတိုင်းလည်း, နှိုင်းနှိုင်းချိန်ချိန်, သုခမိန်တည်း, ကြိမ်ကြိမ်နှောင်လာ သံသရာကို, ပညာသတိ, မြှော်ခေါ်ညှိ၍, ဂတိနောင်လျှင်, ကောင်းအောင်ပြင်သည် လူတွင် သူမြတ်ပေတကား။

မောဟစရိုက်

မောဟ စရိုက် ရှိသူကား ဖွတ် ပဒတ် အသွင် မယဉ်မကျေး မှိုင်ငေး ပေါ့ပျက် ရှုပ်ရှက်ခတ် အနေအထိုင် အသွားအလာ ဣရိယာပုထ် ရှိ၏၊ လုပ်ငန်းကိစ္စ အထွေထွေလည်း ပွေပွေလိမ်လိမ် ပင်တည်း၊ စားသောက်ရာ ဌာနဝယ် ဘယ်ဟာကို နှစ်သက်သည်-ဟု အမှတ်တရမရှိ၊ မိမိအစွမ်းဖြင့် စုံစမ်းနှိုင်းချိန်၍ အကောင်း အဆိုး အကြောင်း အကျိုးကို မဆုံးဖြတ်တတ်သဖြင့် အရပ်ရပ်မှာ သူတကာ၏ နောက်လိုက်သာ ဖြစ်သောကြောင့် သူများချီးမွမ်းသူကို မိမိ ကလည်းရော၍ ချီးမွမ်းတတ်၏၊ သူများ ကဲ့ရဲ့သူကိုလည်း မိမိက ကဲ့ရဲ့တတ်၏၊ သတိပညာကင်းလျက် ထိုင်းမှိုင်း ဖျင်းအခြင်း ဟူသော ထိနမိဒ္ဓ, ပျံ့လွင့်ခြင်းဟူသော ဥဒ္ဓစ္စတို့နှင့် ကာလ ကုန်ရသည်သာ များ၏။

ဝိတက်စရိုက်

ဝိတက် စရိုက် ရှိသူများလည်း မောဟသမားနှင့် ထူးမခြားပင်တည်း၊ အကြံတွေများ စကားတွေ ပေါလျက် ကိစ္စမချောဘဲ မျောနေသည်သာများ၏၊ ကောင်းသောလုပ်ငန်း ကုသိုလ်လမ်း၌မူ အစွမ်းအစ မရှိ ပျင်းရိရိသာ တည်း၊ မိမိလို လူ့ပေါက်ပန်းတို့နှင့် ရောပြွမ်း မွေ့လျော်ကာ ထွေရာလေးပါး အကြံများလျက် သက်သက် လူအား လူပိုတွေသာတည်း။

[ဆောင်]
မောဟစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ရှုပ်ပွေပွေနှင့်, ထွေထွေကိစ္စ, ရှုပ်ထွေးစွတည်း၊ ဘောဇနအရာ, စားသောက်ပါလည်း, ဘယ်ဟာမိမိ, မြဲမရှိခဲ့, ကိုယ်၏အစွမ်း, စုံထောက်လှမ်း၍, အဆန်း အရိုး ကြောင်းအကျိုး, ကောင်းဆိုးယုတ်မြတ်, မသိတတ်သဖြင့်, အရပ်ရပ်မှ နောက်လိုက်သာတည်း၊ ပညာ သတိ, ကင်းကွာဘိ၍ ထိန မိဒ္ဓ, ဥဒ္ဓစ္စနှင့်, ကာလ ကုန်ဆုံး, အချိန်ဖြုန်း၏၊ ထုံးနည်းမခြား, ဝိတက် များလည်း, စကားတွေပေါ ကိစ္စမျောလျက်, ကောင်းသောလုပ်ငန်း, ကုသိုလ်လမ်းမူ, အစွမ်းမရှိ ပျင်းရိရိတည်း၊ မိမိတို့တမ်း, လူ့ပေါက်ပန်းနှင့်, ရောပြွမ်း ပျော်ပါး, အကြံများသည်, လူအား လူပိုတွေတကား။

ဤ ပြအပ်ပြီးသည့်အတိုင်း အနေအထိုင် စသည်ကို အကဲခတ်တတ်လျှင် မည်သည့်စရိုက် ရှိသူဟု သိနိုင်၏၊ သို့သော် အချို့ ပုဂ္ဂိုလ်မှာ စရိုက် တမျိုးထည်းသာမဟုတ်, ၂ မျိုး ၃ မျိုး စသည် ရောနှောလျက် ရှိတတ် သောကြောင့် ၎င်း, အသိ အလိမ္မာ ဗဟုဿုတ များသောကြောင့် အရာရာဝယ် သတိ သမ္ပဇဉ်ဖြင့် ဆင်ခြင်၍ ပြင်ဆင်နေထိုင်သူတို့မှာ ပင်ကိုယ်စရိုက်များ အမှန်အတိုင်း မထင်ရှားသောကြောင့်၎င်း ပြခဲ့သော ဣရိယာပုထ် စသည်ကို တထစ်ချ မှန်ပြီဟု မမှတ်ယူထိုက်ပေ။ ဆရာ အစဉ်အဆက် ပြောဆိုရိုးရှိ၍သာ အဋ္ဌကထာ ဆရာလည်း ဖွင့်ပြရပေသည်။ သို့ဖြစ်၍ ပရစိတ္တဝိဇာနနဉာဏ် ရမှသာ စရိုက် အမှန်ကို ဧကန်သိနိုင်ပေလိမ့်မည်။

စရိုက် ဖြစ်ကြောင်း

“လူချင်း တူပါလျက် အဘယ့်ကြောင့် စရိုက် အမျိုးမျိုး ကွဲပြားပါလိမ့်မည်နည်း”ဟု စဉ်းစားဘွယ်ရှိ၏၊

ရှေးဘဝ ကုသိုလ်ကံ ပြုစဉ်က ထိုထိုဘဝစည်းစိမ်ကို လိုလား တောင့်တမှု လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံ အကျိုး ပေးရာဘဝ၌ ရာဂစရိုက်များတတ်၏၊

ဒေါသ ခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏၊

အသိဉာဏ် နည်းပါးလျက် မောဟ ကြီးစွာဖြင့်ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်၏၊

ပညာဖြင့် ဆင်ခြင်၍၎င်း ပညာကြီးဘို့ရန် ဆုပန်၍၎င်း ပညာရေးဆိုင်ရာ ကုသိုလ်များကို ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာဘဝ၌ ဗုဒ္ဓိစရိုက် ရှိတတ်၏၊

သဒ္ဓါ ထက်သန်စွာဖြင့် ပြုခဲ့လျှင် သဒ္ဓါစရိုက် ရှိတတ်၏၊

ကာမဝိတက်စသည့် မကောင်းသော အကြံ ခြံရံလျက် ကံ ပြုလျှင် ဝိတက်စရိုက် ရှိတတ်၏၊

ဤသို့လျှင် စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာလျှင် ပဓာနဖြစ်၍ နောက်နောက် ဘဝ၌ မကောင်းသော စရိုက်များ မပါရအောင် ယခုဘဝ ကံ ပြုရာကာလ၌ သဒ္ဓါ ပညာ ခြံရံလျက် ထက်သန်သော ကောင်းမှုများကို တည်ထောင် အားထုတ်ကြရာသည်။

ဝါသနာဘာဂီ ဆက်တိုင်းမှီ

မကောင်းသော အရာ၌ ဝါသနာ ဟူသည် ကိလေသာ၏ သတ္တိတည်း၊ ကောင်းသော အရာ၌ ဝါသနာကား သမ္မာဆန္ဒတည်း၊ ထိုဝါသနာများသည် သတွာတို့ သန္တာန်၌ အနုသယဓာတ်ကဲ့သို့ ဘဝတိုင်းမှာ စွဲကပ်ပါ နေတတ်၏၊ ထို့ကြောင့် ရှေးကံ အားလျော်စွာ ရာဂ စရိုက် အားကြီးနေပါမူ ထို ရာဂအတွက် ယောက်ယက် ခတ်သော ဝါသနာသည် စိတ်အစဉ်မှာ စွဲထုံလျက် ရှိရကား ထို စရိုက်ဆိုးကို ယခုဘဝ၌ တရားသဖြင့် မနှိမ်ချိုးနိုင်ပါလျှင် ထို ဝါသနာ အထုံစွဲကပ်၍ နောက်ဘဝများသို့ လိုက်ပါလာတတ်၏၊ ဒေါသ မောဟ ဝိတက်များလည်း ဤနည်းပင်တည်း၊

ပညာစရိုက် ရှိသူ၌လည်း စရိုက် အားလျော်စွာ အခွင့်သာ သလောက် ကြိုးစားပါလျှင် ထိုပညာ၏ အထုံ ဝါသနာ စွဲကပ်လေရကား နောက်နောင်အခါ သံသရာ တလျှောက်လုံးပင် ပညာတုံးကြီး ဖြစ်နေတတ်၏၊ ဘုရား ဆုပန်လျှင် ပညာဓိက၊ သာဝကဆုပန်လျှင် အရှင်သာရိပုတြာတို့ကဲ့သို့ ပညာဘက်က ဧတဒဂ် ရကြသည်မှာ ထို ဝါသနာဘာဂီက ဆက်တိုင်း မှီနေသောကြောင့်သာ ဖြစ်သည်၊ သဒ္ဓါစရိုက်လည်း ဤ နည်းပင်တည်း၊

ထို့ကြောင့် ယခုဘဝ၌ မကောင်းသော စရိုက်များ ပပျောက်၍ စရိုက်ကောင်း တခုခု အထမြောက်အောင် ထူထောင်ဘို့အရေးကား စဉ်းစားတိုင်း ကြီးလေးကြပေသတည်း။

ကသိုဏ်း ၁၀ ပါး

ပထဝီကသိဏံ

တထွာနှင့် လက်လေးသစ်မျှ ပမာဏသော ခွက်ငယ် စကောငယ်လောက်ဖြစ်စေ, ကောက်စပါးနယ်ရာ တလင်းပိုင်းလောက် ကြီးသည်ဖြစ်စေ, ကမ္မဋ္ဌာန်းရှုဘို့ရာ ဝိုင်းဝိုင်းစက်စက် ပြုလုပ်ထားအပ်သော မြေသည် “ပထဝီ” မည်၏၊
ကသိဏသဒ္ဒါကား “အလုံးစုံ”ဟူသော အနက်ကို ဟော၏၊ “ကမ္မဋ္ဌာန်း ရှုသူက အပိုင်း အကန့်ချန် မထားဘဲ အလုံးစုံ ရှုစားအပ်သော မြေဝိုင်း” ဟူလို၊

ပထဝီယေဝ ကသိဏံ ပထဝီကသိဏံ

ပထဝီယေဝ - မြေဝိုင်းသည်ပင်လျှင်၊
ကသိဏ် - အလုံးစုံ ရှုအပ်သော အာရုံတည်း၊
ပထဝီ ကသိဏံ - မြေဝိုင်းသည်ပင်လျှင် အလုံးစုံ ရှုအပ်သောအာရုံ၊

ထိုမြေဝိုင်းနှင့် အလားတူစွာ ထင်လာသော ပဋိဘာဂနိမိတ်ကား ဥပစာရအားဖြင့် “ပထဝီကသိဏ” ဟု အမည်ရ၏၊

[ဥပစာဟူရာ၌ မဏိမဉ္ဇူက “သဒိသူပစာရ” ဟု ဆို၏၊ ဝိသုဒ္ဓိမဂ်ဋီကာက ဌာနဖြစ်သော မြေဝိုင်းကိုအစွဲပြု၍ ထင်လာသော ဌာနီဟု ယူဆ၍ “ဌာနူပစာရ” ဟု ဆိုသည်၊]

ထို ပဋိဘာဂနိမိတ် အာရုံကို အာရုံပြု၍ ရအပ်သော ဈာန်လည်း ဥပစာအားဖြင့်ပင် “ပထဝီကသိဏဈာန်” ဟု အမည်ရ၏၊ [အာပေါကသိုဏ်း စသည်ကို ဝိသုဒ္ဓိမဂ်၌ရှု။]

ဤ ဥပစာ အရမှာလည်း ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ ဌာန ဖြစ်သော အာရုံ၏ အမည်ကို ဌာနီဈာန်ပေါ် တင်စား ထားသည်-ဟု ယူဆ၍ “ဌာနူပစာရ”ဟုပင် ဆို၏၊ မဏိမဉ္ဇူ၌ကား မြေဝိုင်း၏ ပထဝီကသိဏ အမည်ကို ပဋိဘာဂနိမိတ်ပေါ်၌ တင်စားပြီးနောက်, ဈာန်ပေါ်၌ တဆင့်တင်စားရပြန်သောကြောင့် “ပရမ္ပရူပစာရ” ဟု အဆိုရှိလေသည်။

[ကသိုဏ်းသတ္တိ]

ပထဝီကသိဏ, စွမ်းဗလကြောင့်, ဧကဗဟု, ဗဟုဧက, စသည်ဖြစ်ခြင်း ကောင်းကင် ရေတွင်း မြေဘန်ဆင်း၍, သွားခြင်း ထိုင်လျောင်း, ရကောင်း အဘိဘာ, စစွာသဘော, ပြီးကြောင်း ဟော၏၊ အာပေါစွမ်းအင်, မြေတွင်ပေါ်လျှိုး, မိုဃ်းသမုဒ်မြစ်, ဖြစ်စေ ဖေါင်ဖေါင်, မြေတောင်ပြသာဒ်, လှုပ်လတ်စေမော ရေလျှံပြော၏၊ တေဇော လျှံခိုး, မီးကျီးမိုဃ်းတည်း, သူ့တန်ခိုးကို, နှိမ်ချိုးနိုင်လေ, လောင်စေချင်ရာ, ဒိဗ္ဗာစက္ခု, အလင်းပြုလတ်, တေဇောဓာတ်လောင်, မိုက်မှောင် ပယ်လျှော၊ ဝါယောစွမ်းမှာ, လျင်စွာလေမျှ မုန်တိုင်းထစေ ရောက်လေ လိုရာ၊ နီလာ ကသိုဏ်း, ညိုမှိုင်းအဆင်း, မိုက်စေခြင်းတည့်, အဘိဘာယတန သုဘဝိမောက္ခာ, ရလေရာ၏၊ ပီတာ ရွှေဆင်း, ရွှေဘန်ဆင်း၏, ရလျှင်းအဘိဘာ, သုဘာဝိမောက္ခ၊ ဩဒါတမူ ဖြုရောင် ဘန်ဆင်း, ကင်းဝေး မည်းငိုက်, မှောင်မိုက်ဖျောက်ထ, ဒိဗ္ဗစက္ခု, ရှုဘို့အလင်း, ပြုခြင်းစွမ်းထ၊ အာကာသဝယ်, ပိတ်ကွယ်ခါဟင်း, ရေမြေတွင်း၌, ဖန်ဆင်းကောင်းကင် ပြုပြင်ယာပိုထ်, မခိုက်မငြိ, တိရောကုဋ္ဋ, စသည်ကွယ်ခြား, သွားနိုင်ငြားသည်, ဆယ်ပါးကသိုဏ်း သတ္တိ တည်း။ -[ပရမတ္ထသရူပဘေဒနီလာ လင်္ကာတည်း၊ အကျယ်ကို ဝိသုဒ္ဓိမဂ်မှာ ရှု။]

အသုဘ ဆယ်ပါး

အသုဘသဒ္ဒါသည် “မတင့်တယ်” ဟူသော အနက်ကို ဟော၏၊ ဤနေရာဝယ် ခန္ဓာကိုယ်နှင့် စပ်၍ သေသည့် အခါ အမျိုးမျိုး ဖြစ်ပေါ်လာတတ်သော ပုံသဏ္ဌာန်ဒြဗ်ကို အသုဘ ဟု ခေါ်ဆိုအပ်၏၊

[သရီရံ ဟူသော ပုဒ်ကို ငဲ့၍ “ဥဒ္ဓုမာတကံ” စသည်ဖြင့် နပုံးလိန်နှင့်ထားသည်၊ ဥဒ္ဓုမာတက စသည်တို့၏ အကျဉ်းချုပ် ပုဒ်အနက်ကို အခြေပြု၌ ပြခဲ့ပြီ၊ အကျယ်ကို ဝိသုဒ္ဓိမဂ် စသည်မှာ ရှု။]

ရှင်တုန်းလည်း အသုဘပင်

အသုဘ အခြင်းအရာကို သူသေကောင်၌သာ ရနိုင်သည် မဟုတ်, အသက် ရှင်တုန်းမှာလည်း လေဖြန်း၍ ဖေါယောင် နေသည့်အခါ အနာမှ သွေး ပြည် ယိုထွက် လိမ်းကျံ ပေတေနေသောအခါ သွားရိုး ပေါ်သော အခါများ၌ ဥဒ္ဓုမာတက ဝိပုဗ္ဗက လောဟိတက အဋ္ဌိက သဘောများ ရနိုင်ပေသည်၊

ပကတိရိုးရာအားလုံး ခန္ဓာကိုယ်မှာပင် ဆံပင် မွေးညှင်း စသော ကောဋ္ဌာသ အစုများကို စဉ်းစား ဆင်ခြင်၍၎င်း အတွင်းက အရိုးတွေကို တိုင်ထူလျက် အသားဖြင့် မွမ်းမံပြီးလျှင် အကြောတည်း ဟူသော ကြိန်နွယ်တို့ဖြင့် ဖွဲ့ကြက် တုပ်နှောင်ကာ အပေါ်ယံက အရေပါးကို တင်လွှမ်း ထားသည့်အတွက် ခန္ဓာအိမ်ကြီး ဖြစ်နေပုံကို စဉ်းစား ဆင်ခြင်၍၎င်း အသုဘ အခြင်းအရာကို ထင်လာ မြင်လာစေ နိုင်ဘွယ်ရှိသည်။

ယထေဝ မတသရီရံ, ဇီဝံပိ အသုဘံ တထာ၊
အာဂန္တုကာ.လင်္ကာရေန, ဆန္နတ္တာ တံ န ပါကဋံ။

မတသရီရံ - ဥဒ္ဓုမာတက, စသည်များမြောင်, သူသေကောင်သည်၊
အသုဘံယထေ၀ - စက်ဆုပ်ရွံဘွယ်, မတင့်တယ်သကဲ့သို့၊
တထာ - ပုံစံထားယူ, မခြားအတူသာလျှင်၊
ဇီဝံပိ - ဝတ်စားဆင်ပြင်, အသက်ရှင်ဆဲ ကိုယ်သည်လည်း၊
အသုဘံ အသုဘံယေဝ - စက်ဆုပ် ရွံဘွယ်, မတင့်တယ်သည်သာတည်း၊
အာဂန္တုကာ.လင်္ကာရေန - ညစ်ကြေး သုတ်သင်, အငှါးဆင်၍, ပြုပြင်ဖန်ထား, တန်ဆာများဖြင့်၊
ဆန္နတ္တာ - မဖွယ်ရာကို ကွယ်ကာဖုံးထား အပ်သည့်အတွက်ကြောင့်၊
တံ - ထို ရွံဘွယ်ညစ်ပေ, အသုဘသဘောတွေသည်၊
နပါကဋံ - အမြင်အားဖြင့် မထင်ရှားဘဲ ရှိရလေသတည်း။

ဣမံ ဟိ သုဘတော ကာယံ, ဂဟေတွာ တတ္ထ မုစ္ဆိတာ၊
ဗာလာ ကရောန္တာ ပါပါနိ, ဒုက္ခာ န ပရိမုစ္စရေ။

ဣမံဟိကာယံ - အသုဘသဘော, ရွံဘွယ်ပေါသည့်, ကိုယ်ရောသူပါ, ဤ ကိုယ်ခန္ဓာကိုပင်၊
သုဘတော - စွဲမက်စဘွယ် တင့်တယ်ပေ၏ဟူ၍၊
ဂဟေတွာ - ရှိရင်းပြောင်းပြန်, မမှန်ကန်အောင်, ကြံဖန်စွဲလမ်းကြကုန်၍၊
တတ္ထ - ထို အယုတ်တမာ, များစွာပြည့်လှောင်, အပုတ်ကောင်၌၊
မုစ္ဆိတာ - စရိုက်ဓလေ့ အမိုက်ငွေ့ဖြင့်, အတွေ့ကြီးတွေ့, မေ့ကြီးမေ့ကြကုန်လျက်၊
ပါပါနိ - မိစ္ဆာစာရ, စသည်ညစ်ကျူ, ယုတ်မာမှုတို့ကို၊
ကရောန္တာ - အမဲရိုး၌, ခွေးငတ်ကြိုက်သို့ နှစ်ခြိုက်ရွှင်မြူး လွန်ကျူးကြကုန်သော၊
ဗာလာ - ရာဂစရိုက်ပွား, ငမိုက်သားတို့သည်၊
ဒုက္ခာ - အပါယ်လေးဖြာ, အို နာ သေရေး, ဆင်းရဲဘေးမှ၊
နပရိမုစ္စရေ - ကရွတ်ကင်းလျှောက်, ထပ်ပြန်ရောက်သဖြင့်, လွတ်မြောက်ခွင့် မရကြလေကုန်။

တသ္မာ ပဿေယျ မေဓာဝီ, ဇီဝတော ဝါ မတဿ ဝါ၊
သဘာဝံ ပူတိကာယဿ, သုဘဘာဝေန ဝဇ္ဇိတံ။

တသ္မာ - ထိုသို့ အသုဘပင်, သုဘထင်သမျှ ဒုက္ခဝဋ်တွင်းမှ မလွတ်ကင်းနိုင်ကြလေသောကြောင့်၊
မေဓာဝီ - သတိတမာန် ပညာဉာဏ်ဖြင့်,လမ်းမှန်မြော်မြင်, သူတော်စင်သည်၊
ဇီဝတောဝါ - ဝတ်စားဆင်ပြင်, အသက်ရှင်သူ မူလည်းဖြစ်သော၊
မတဿဝါ - ဥဒ္ဓုမာတက, စသည်မြားမြောင်, အသေကောင်မူလည်း ဖြစ်သော၊
ပူတိကာယဿ - အပုတ်တွေလှောင်, ဤ ကိုယ်ကောင်၏၊
သုဘဘာဝေန - အမှန်စင်စစ်, တင့်တယ်သော အဖြစ်မှ၊
ဝဇ္ဇိတံ - လုံးဝအစဉ်, ရှောင်ကြဉ်အပ်ပြီး ဖြစ်သော၊
သဘာဝံ - မတင့် မတယ်, ရွံဘွယ် စင်စစ်, မူလ အဖြစ်ကို၊
ပဿေယျ - အမိုက် ကင်းပျောက်, အလင်း ရောက်အောင်, ထွင်းဖေါက်ရှုစားသင့်ပေတော့သတည်း။

အနုဿတိ

အာရုံတခုကို အဘန်ဘန်အထပ်ထပ် မပြတ် အောက်မေ့ ဆင်ခြင်မှုကို “အနုဿတိ”ဟု ခေါ်၏၊

ပုနပ္ပုနံ - အဘန်ဘန်၊
သတိ - အောက်မေ့တတ်သော သတိတည်း၊
အနုဿသတိ - အဘန်ဘန် အောက်မေ့တတ်သော သတိ”

[“အနု+သတိ” ဖြစ်သင့်လျက် သရဓာတ်မှ ဖြစ်သောသတိက ဒွေဘော်ရောက်မြဲဖြစ်၍ “အနုဿတိ”ဟု ဖြစ်သည်။]

ဗုဒ္ဓါနုဿတိ

ဘုရားရှင်၏ ခန္ဓာကိုယ်တော်ဒြဗ်ကို ဗုဒ္ဓ သဒ္ဒါက ဟောပြရိုးဖြစ်သော်လည်း ဤနေရာ၌ ခန္ဓာတော်တွင် တည်ရှိသော အရဟံ စသော ဂုဏ်တော်ကို ဌာနူပစာရ အားဖြင့် ဗုဒ္ဓအရယူပါ၊

ဗုဒ္ဓံ အနုဿတိ ဗုဒ္ဓါနုဿတိ

ဗုဒ္ဓံ - ဘုရားရှင်၏ အရဟတာစသော ဂုဏ်တော်ကို၊
အနုဿတိ - အဘန်ဘန် အောက်မေ့ခြင်းသည်၊
ဗုဒ္ဓါနုဿတိ - ဗုဒ္ဓါနုဿတိ မည်၏၊

ဘုရားဂုဏ်တော်ကို အောက်မေ့ရာဝယ် သပ္ပါယ်သော ခန္ဓာတော် ဒြဗ်လည်း ဘဂဝါ ဂုဏ်တော်တွင် ပါဝင်သော သိရီဘုန်းတော်ပင် ဖြစ်ပေရကား ဘဂဝါဂုဏ်တော်ကို ဆင်ခြင်သည့်အခါ ခန္ဓာတော်ဒြဗ်ကိုလည်း ဂုဏ်တော် အနေအားဖြင့် အောက်မေ့ထိုက်သည်သာ။

[အရဟံစသော ဂုဏ်တော်များ၏အကျယ်ကို ဝိသုဒ္ဓိမဂ်၌ရှု။]

ဓမ္မာနုဿတိ

ဓမ္မအရပရိယတ်တရား မဂ် ၄ပါး ဖိုလ် ၄ ပါး နိဗ္ဗာန်တရားများတည်း၊ ဤဆယ်ပါးသော တရားတော်၏ သွက္ခာတ စသော ဂုဏ်တော် ၆ ပါးကို အဘန်ဘန် အောက်မေ့ခြင်းသည် ဓမ္မာနုဿတိမည်၏။

သံဃာနုဿတိ

မဂ်၌တည်သော (မဂ်ရသော) အရိယာ ပုဂ္ဂိုလ်ကို “မဂ္ဂဋ္ဌ” ဟု ခေါ်၏။
ဖိုလ်၌တည်သော (ဖိုလ်ရသော) အရိယာပုဂ္ဂိုလ်ကို “ဖလဋ္ဌ” ဟု ခေါ်၏၊

ထိုမဂ္ဂဋ္ဌ ၄မျိုး ဖလဋ္ဌ ၄ မျိုးအားဖြင့် ၈ မျိုးပြားသော အရိယာသံဃာတော်များ၏ သုပ္ပဋိပန္နတာ စသော ဂုဏ်တော် ၉ ပါးကို အဘန်ဘန် အောက်မေ့ခြင်းသည် သံဃာနုဿတိ မည်၏။

[သွက္ခာတတာ စသော တရားဂုဏ်တော် ၆ ပါး, သုပ္ပဋိပန္နတာ စသော သံဃာ့ဂုဏ်တော် ၉ ပါး၏ အဓိပ္ပါယ်များ ကိုလည်း ဝိသုဒ္ဓိမဂ်၌ ရှု။]

သီလာနုဿတိ

မိမိသီလ၏ မကျိုး-မပေါက်- မကျား-မပြောက် လုံလုံခြုံခြုံ ရှိပုံကို၎င်း, ထိုသီလကို အကြောင်းပြု၍ လူနတ်ချမ်းသာကို မတောင့်တသဖြင့် တဏှာ၏ကျွန် တာဝန် လွတ်ကင်းပုံကို၎င်း, ထိုသီလကို အရင်းခံလျက် မဂ်ဖိုလ်အထိ သမာဓိရနိုင်ပုံကို၎င်း အဘန်ဘန် အောက်မေ့ခြင်းသည် သီလာနုဿတိမည်၏။

အဟော မေ ဝတ သီလံ ဟေ, အခဏ္ဍံ အဆိဒ္ဒံ ဟဝေ၊
အသဗလံ အကမ္မာသံ, ဘုဇိဿံ အပရာမသံ၊
ပသဋ္ဌံ သဗ္ဗဝိညူဟိ, သမာဓိ သံဝတ္တနကံ။

မေ - အများမဆံ, တရားမှန်ကို, အားသန်ကျင့်လို, ဤ ငါ့ကိုယ်၏၊
သီလံ - ထိန်းသိမ်းစောင့်စည်း, သီလတည်းဟူသော အကျင့်ကြီးသည်၊
ဟေ အဟောဝတ - အားရစဘွယ်, ဟယ် ဟုတ်လှပေစွ တကား၊ ......
ဟဝေ - စင်စစ်ဧကန်, အမှန်အားဖြင့်၊
အခဏ္ဍံ - အဝတ်အနား, ပြတ်သည့်လားသို့ အနား မြိတ်စပ်, အကျိုး အပြတ်လည်း မရှိပါတကား၊
အဆိဒ္ဒံ - အဝတ်အလယ်, ပေါက်သည့်နှယ်သို့, အလယ်သိက္ခာ, အရာရာတွင်, အပေါက်လည်း မထင်ပါ တကား၊
အသဗလံ - နွားကြောင် နွားကြား, ပုံအလားသို့, အများဆက်လျက်, အကြား အကွက်လည်း မရှိပါတကား၊
အကမ္မာသံ - ဝါစိ ပြောက်နွား, ပုံအလားသို့, ကြိုးကြား ပေါက်အင်, အပြောက်လည်း မထင်ပါတကား၊
ဘုဇိဿံ - လောကီချမ်းသာ, မမှန်းပါသဖြင့်, တဏှာ၏ ကျွန်, တာဝန် မဲ့ကင်း, သန့်ရှင်းလေစွတကား၊
အပရာမသံ - တစုံတရာ, ပြစ်အနာကို, ဖွေရှာသုံးသပ်, မစွပ်စွဲအပ်လေစွတကား၊
သဗ္ဗဝိညူဟိ - အဘိဇ္ဈာကင်း, ဣဿာ ရှင်း၍ ကောင်းခြင်းလိုလား ပညာရှိအများတို့သည်၊
ပသဋ္ဌံ - နည်းလမ်းအလိုက်, ချီးမွမ်းထိုက်သည်ဖြစ်၍၊
သမာဓိသံဝတ္တနကံ - ဈာန်မဂ်ဖိုလ်ရှိ သမာဓိကို, ထိမိစေရန်, အခြေခံဘို့ ဧကန် ကောင်းမြတ်ပေစွတကား။

စာဂါနုဿတိ

မိမိပစ္စည်းကို မလှူဒါန်း မပေးကမ်းရက်သော မစ္ဆေရစိတ်တွေ လွန်စွာပေါများ၍ ဝတ်မှု စားမှု ကြွားမှုတို့၌ အားစိုက်နေကြသော လူအပေါင်း တို့တွင် ထိုကဲ့သို့ မစ္ဆေရ ရန်သူပုန်ကို လွှမ်းမိုး နှိမ်နင်းလျက် ဝတ်မှု စားမှုကို ခြိုးခြံ၍ စွန့်ကြဲပေးကမ်း လှူဒါန်းနိုင်ပေသည်၊ လှူဒါန်းပေးကမ်း ရသည်ကိုပင် အလွန်ပျော်ရွှင်သည် ဟု မိမိ၏ စွန့်ကြဲနိုင်သည့် ဂုဏ်ကို အဘန်ဘန်အာရုံပြု၍ ပီတိဖြင့် မွေ့ခြင်းသည် စာဂါ နုဿတိမည်၏။

မနုဿတ္တံ သုလဒ္ဓံ မေ, ယွာ.ဟံ စာဂေ သဒါ ရတော၊
မစ္ဆေရပရိယုဋ္ဌာယ, ပဇာယ ဝိဂတော တတော။

ယွာဟံ, ယောအဟံ - သံသရာနောင်ရေး, မြော်ခေါင်တွေး၍ လေးလေးပင်ပင်, ဆင်ခြင်လေ့လာ, အကြင်ငါသည်၊
မစ္ဆေရ ပရိယုဋ္ဌာယ - မပေးရက်လို, သဝန်တိုသဖြင့်, ထိုထိုဒါန, ဟူသမျှ၌, မစ္ဆေရရန်, ပုန်ကန် သောင်းကြမ်းလျက် ရှိသော၊
ပဇာယ - ဝတ်မှု စားမှု, အကြွားမှု၌, အားပြုငဲ့စောင်း, လူအပေါင်းတွင်၊
တတော - ထိုထိုဒါန, မစ္ဆေရဟု, ထကြွပုန်ကန်, သူပုန်ရန်မှ၊
ဝိဂတော - ရှေးဝါသနာ, အထုံ ပါသဖြင့်, ကောင်းစွာလွတ်ကင်း, သန့်ရှင်းသည်ဖြစ်၍၊
စာဂ - စွန့်ကြဲဝေငှ, လှူဒါန်း၍ နေရခြင်း၌၊
သဒါရတော - ကိုယ်တွက် ခြိုးခြံ, ပင်ပန်းခံ၍, အမှန်မွေ့လျော်, အပျော်ကြီး ပျော်နိုင်ပေပြီ၊
တဿမေ - ဒါနစာဂီ, ပါရမီဖြင့်, သာကြည်မွေ့လျော်, ထိုကဲ့သို့ ပျော်နိုင်သော ငါသည်၊
မနုဿတ္တံ - ပဋိရူပ, ဤဒေသ၌ ဖြစ်ရစင်စစ်, လူ့အဖြစ်ကို၊
သုလဒ္ဓံဝတ - သံသရာ နောင်ရေး မြော်ခေါ်တွေးက, ဧမြရွှင်ပျော်, ဪ ... အရ တော်လေစွတကား။

ဒေဝတာနုဿတိ

သဒ္ဓါ သီလ သုတ စာဂ ပညာ စသော ဂုဏ်တို့ဖြင့် ပြည့်စုံကြသူတို့သည် ဤလူ့ပြေမှ စုတေကြသည့်အခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ နတ်ဗြဟ္မာဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ကြရပေသည်၊ ငါ့မှာလည်း ထိုကဲ့သို့ သဒ္ဓါ သီလ စသော ဂုဏ်တွေ အပြည့်အစုံ ရှိပေပြီ-ဟု နတ်ဗြဟ္မာများ၏ သဒ္ဓါ စသည်တို့ အကျိုးပေးဟန်ကို သက်သေခံထား၍ မိမိ၏ သဒ္ဓါ စသော အကျင့်ဂုဏ်ကိုပင် ဆင်ခြင်အောက်မေ ပီတိဖြင့် မွေ့ခြင်းသည် ဒေဝတာနုဿတိ မည်၏။

ယေဟိ သဒ္ဓါဒိဂုဏေဟိ, ဒေဝတာ ဒေဝတ္တံ ဂတာ၊
မယှံပိ တေ သံဝိဇ္ဇန္တိ, အဟော မေ ဂုဏဝန္တတာ။

ဒေဝတာ - စတုမဟာ, ဝတိံသာနှင့်, နတ်ရွာ ခြောက်လီ, ဗြဟ္မာ့ပြည်ဝယ်, ကိုယ်စီစံစား, နတ်ဗြဟ္မာ အများတို့သည်၊
ယေဟိသဒ္ဓါဒိဂုဏေဟိ - သဒ္ဓါသီလ, များသုတနှင့်, စာဂပညာ, စဉ်လာလောက်လုံ, အကြင် ကျေးဇူး ဂုဏ်တို့ကြောင့်၊
ဒေဝတ္တံ - ရောဂါမကပ်, ဥပဒ်မတွယ်, စားသောက်ဘွယ်ရေး, နေထိုင်ရေးနှင့်, မင်းဘေး စိုးတာ, ကင်းစင်ကွာလတ်, ဗြဟ္မာနတ်၏အဖြစ်သို့၊
ဂတာ - ဤလူ့ပြေမှ, စုတေကြလျှင်,ခဏမနေ, ကပ်ရောက်ကြရလေကုန်ပြီ၊
မယှံပိ - ဘုရား အကြိုက်, တရားလိုက်၍, အားစိုက်နှစ်လို, ဤငါ့ကိုယ်မှာလည်း၊
တေဂုဏာ - နတ်ဗြဟ္မာနန်း, ကပ်ခါမြန်းဘို့, စခန်းလောက်လုံ, ထိုကဲ့သို့သော ဂုဏ်တို့သည်၊
သံဝိဇ္ဇန္တိ - အမြဲမပြတ်, သတိချပ်သဖြင့် မလပ်ပုံသေ, ရှိကြပေကုန်၏၊
မေ - ငါ၏၊
ဂုဏဝန္တတာ - သဒ္ဓါသီလ, စသည်လောက်လုံ, ဂုဏ်ပေါင်းစုံသူ၏ အဖြစ်သည်၊
အဟောဝတ - တမလွန်ရေး ကြံတိုင်းဧဘို့, လေးလေးပင်ပင်, အစဉ်မျိုးမှန်, ဪ... အဘိုးတန်ပေစွတကား။

ဥပသမာနုဿတိ

နိဗ္ဗာန်၏ ချမ်းသာ ဧမြ သန္တိသုခ ရှိပုံကို အဘန်ဘန် အောက်မေ့ခြင်းသည် ဥပသမာနုဿတိ မည်၏။

နိဗ္ဗာန်တရားကို ရုပ်ဝိသေသ နာမ်ဝိသေသဟု၎င်း, ခန္ဓာကိုယ်တွင်း၌ အနှစ် အမတေအလား မြဲခိုင်သော နိစ္စ တရား ရှိ၏၊ ရုပ်နာမ် တရားများ ချုပ်ပျောက်သည့်အခါ ထို အနှစ် အမတေသာ အဖတ်တင်ရစ်၏, ထို အနှစ် အမတေ အဖြစ်ဖြင့် တည်နေရခြင်း သည်ပင် နိဗ္ဗာန်တည်း ဟု၎င်း, နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့်မရလျှင် အဘယ်မှာ ချမ်းသာ ဟုဆိုနိုင်ပါအံ့နည်းဟု၎င်း, မိမိတို့ထင်ရာ မြင်ရာ ပြောဆို ရေးသားကြ၏၊

တစုံတခုသော အာရုံ၏အကြောင်းကို ထိုအာရုံ ရရှိဘူးသူသာလျှင် ပိုင်ပိုင် နိုင်နိုင် သိမြင်နိုင်ရိုး ရှိသကဲ့သို့ နိဗ္ဗာန်၏ အကြောင်းကိုလည်း နိဗ္ဗာန် ရပြီးသော အရိယာတို့သာ ပိုင်နိုင်စွာ သိမြင်နိုင်ပေသည်, ယခု ပုထုဇဉ် တို့၏ အတွေးဖြင့် လေးနက်သော နိဗ္ဗာန်ကို အမှန် မထိမိနိုင်ရာ၊ သို့သော် ကျမ်းလာ သာဓက ယုတ္တိကို ချိန်ဆ၍ ဉာဏ်မြင် သလောက် ရေးပြဥုးအံ့။

နိဗ္ဗာန်ဟူသည် စိတ် စေတသိက် ရုပ် ပရမတ်တို့မှ သီးခြား ဖြစ်သော ပရမတ္ထတရားတည်း၊ ထို့ကြောင့် ရုပ်နာမ် သင်္ခါရ နှင့် လုံးဝ ဆက်သွယ်ခြင်း မရှိရကား ရုပ်ဝိသေသ နာမဝိသေသ မဟုတ်နိုင်၊ အဇ္ဈတ္တ ဗဟိဒ္ဓ ၂ မျိုးတွင် ဗဟိဒ္ဓါ ဓမ္မာ ဟူသော မာတိကာပုဒ် အရတွင် ပါဝင်သည့် ဗဟိဒ္ဓတရား ဖြစ်သောကြောင့် ခန္ဓာကိုယ်တွင်း၌ အနှစ် အမတေ အဖြစ်ဖြင့် တည်ရှိသော ဓာတ် တမျိုးလည်း မဟုတ်နိုင်၊

နိဗ္ဗာန်သည် ပုဂ္ဂိုလ် သတ္တဝါကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်, ရူပ သဒ္ဒ စသည် အာရုံ ကာမဂုဏ်ကဲ့သို့ ခံစားအပ်သော တရားလည်း မဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိသည်မှာ အမှန်ပင်တည်း၊ သို့သော် ဝေဒယိတ သုခထက် အဆပေါင်း များစွာ သာလွန်သည့် သန္တိသုခ ဧမြ ငြိမ်းချမ်းသော သဘောကားဧကန် ရှိပေသည်။

ချဲ့ဦးအံ့ -

ခံစားမှု ဟူသော ဝေဒယိတ သုခသည် ခံစား စံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ် ရအောင် ထူထောင်ရ၏, ထိုအသစ်အသစ် ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက် ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရား ခံစားမှု အတွက် အပါယ်သွား၍ သုခ အကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရသည်မှာ တွေးမိတိုင်း ဝမ်းနည်းစရာကြီးပေတည်း၊ ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိသုခ သဘောကား ရုပ်နာမ် သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် ငြိမ်းချမ်းခြင်း သဘောပေတည်း၊

ထင်ရှားစေအံ့ -

လောကီ အာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သေဋ္ဌေး တယောက်သည် အားရ ပါးရ အိပ်ပျော်နေစဉ် လောကီ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသည့်အခါ “အအိပ် ဖျက်ရမလား” ဟု ကြိမ်းဝါး မောင်းမဲမည်သာတည်း၊ ထိုသူ အိပ်နေစဉ် ခံစားမှု အထင်အရှား မရှိ, သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှု ကိုပင် ခံစားမှု သုခတွေထက် နှစ်သက်ပေသေးသည်၊ ထို ခံစားမှုမပါသော အိပ်ပျော်ခြင်း သုခကိုပင် “အိပ်ရကောင်းလိုက်ထာ ” ဟု အမွှမ်းတင်ကြသေး၏၊ ရုပ် နာမ် အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မှန်းဆသင့်တော့သည်။

ဆက်ဥုးအံ့ -

အနာဂါမ် ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ် ခန္ဓာမှကင်းနိုင်သမျှ ကင်းဘို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူကြ၏၊ ထိုသမာပတ် အတွင်း၌ ခံစားမှု လုံးဝမရှိ, စိတ် စေတသိက် တည်းဟူသော နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုကဲ့သို့ ရုပ်နာမ် အချို့တို့ ချုပ်ငြိမ်းနေခြင်းကိုပင် အင်မတန့် သုခကြီးဟု သဘောရ၍ နိရောဓ သမာပတ်ကို ဝင်စားတော်မူကြပေသည်၊

ထို့ပြင်—-အသညသတ် အရူပဗြဟ္မာတို့၏ အဖြစ်သနစ်ကို စဉ်းစားပြန်လျှင်လည်း သန္တိသုခ၏ ဧမြ ငြိမ်းချမ်းပုံများ ထင်ရှားပြန်၏၊ အသညသတ် ဗြဟ္မာတို့၌ နာမ်တရားမရှိ, ခံစားမှု မရှိ၊ ကမ္ဘာ ၅ဝဝ ခန့်မျှ နာမ်တရားတို့မှ ဧမြငြိမ်းချမ်းလျက် နေရ၏၊ အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ ဧမြ ငြိမ်းချမ်းလျက် ရှိ၏။ အထက်ဆုံး အရူပဗြဟ္မာ့ သန္တာန်ဝယ် ဖြစ်ခွင့်ရှိနေသော နာမ်တရားသည်ပင် အလွန် နည်းပါးလှချေပြီ၊

ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ ၈, နေဝသညာနာသညာယတနဝိပါက် ၁, ကြိယာ ၁, အရဟတ္တဖိုလ်စိတ် ၁, အားဖြင့် ယှဉ်ဘက် စေတသိက် များနှင့် တကွ စိတ်ပေါင်း ၁၂ ပါးသာ ဖြစ်ခွင့် ရှိတော့၏၊ ထို ၁၂ ပါးလည်း တခုစီသာ ဖြစ်နေရကား ထို ရဟန္တာဗြဟ္မာကြီး၌ ထိုစိတ်ကလေးတခု နောက်ထပ် မဖြစ်လျှင် ရုပ်နာမ် အားလုံး ကင်းပျောက် ချုပ်ငြိမ်း ရုပ်သိမ်းရလေ၍, ထိုကဲ့သို့ ရုပ်သိမ်းသည့်အခါ သန္တိသုခ ခေါ်သော နိဗ္ဗာနဓာတ် တရားသည် မုချဆတ်ဆတ် ထင်ရှားတော့လတံ့၊

ထိုသန္တိသုခ နိဗ္ဗာနဓာတ်သည် အများဆိုင် ဘုံတရားကဲ့သို့ တပါးထည်း မဟုတ်ပေ, ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီး အသီး ရှိကြ၏၊ ထို့ကြောင့်ပင် အရိယာ အရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြဗ် ထင်ရှားရှိစဉ် မိမိတို့ နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စားတော်မူကြပေသည်။ ထိုဖလသမာပတ် ဝင်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တန်း၍ နေရခြင်းသည်ပင် အင်မတန် ချမ်းသာကြသောဟူ၏၊

ထေရာ ထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ကျုးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရ ပါးရ စွန့်ပစ်ခဲ့ကြသည်မှာ ရုပ်နာမ်ကို အမြတ်တနိုး ခင်မင်နေကြသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဘွယ်ကြီးပါတကား၊ ထို့ကြောင့် ငါတို့ သားအဘတစု ပြင်ထိုင်ကြဥုးစို့ “ ဆိုသလို, သူတော်ကောင်းတွင် စာရင်းဝင်လိုကြသော ငါတို့ပုထုဇဉ် တစုလည်း ရုပ်နာမ် သင်္ခါရ အပေါ်တွင် တမျိုးပြင်၍ ရှုကြဥုးစို့၊ နိဗ္ဗာန်၏ ဥပသမ ဂုဏ်တော်ကို အာရုံမှန်းပြီးလျှင် နိဗ္ဗာန်ရောက် လုပ်ငန်းကို ကြိုးပန်းကုန်စို့။

သဒေဝကဿ လောကဿ, ဧတေ ဝေါ သုခသမ္မတာ၊
ယတ္ထ စေ တေ နိရုဇ္ဈန္တိ, တံ တေသံ ဒုက္ခသမ္မတံ။

သဒေဝကဿ - ဗြဟ္မာသကြား နတ်အများနှင့်တကွသော၊
လောကဿ - ပုထုဇဉ်ဟု, ဉာဏ်မြင်ပေတုံး, တလောကလုံးသည်၊
ဧတေ - ရူပ သဒ္ဒ, စသည့်အာရုံ ဤကာမဂုဏ်တို့ကို၊
သုခ သမ္မတာ - ချမ်းသာဘွယ်တောင်း, အကောင်းဟု သမုတ်အပ်ကုန်ပြီ၊
ယတ္ထ - အရိယာအများ, လွန်လေးစားသည့်, တရားမျက်ရှင်, အကြင်သို့သောနိဗ္ဗာန်၌၊
ဧတေ - ရူပ သဒ္ဒ, စသည့် အာရုံ, ဤကာမဂုဏ်တို့သည်၊
နိရုဇ္ဈန္တိ - ကွယ်ပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းကြရလေကုန်၏၊
တံစ - ကာမဂုဏ်အားလုံး ပြုတ်ပြုတ်ပြုန်းလျက်, ဆုံးရာအမှန်, ထိုနိဗ္ဗာန်ကိုကား၊
တေသံ - ထို ဉာဏ်မြင်ပေတုံး, ပုထုဇဉ်အားလုံးတို့သည်၊
ဒုက္ခသမ္မတံ - ခံစားဘွယ် အချက်, ကင်းသည့်တွက်ကြောင့်, သက်သက် ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။

[ဧတေဝေါ၌ ဝေါ အတွက်အနက်မရှိ။]

သုခံ ဒိဋ္ဌမရိယေဘိ, သက္ကာယဿ နိရောဓနံ၊
ပစ္စနီကမိဒံ ဟောတိ, သဗ္ဗလောကေန ပဿတံ။

သက္ကာယဿ - ပရမတ္ထအားဖြင့်, ထင်ရှားဘိတောင်း, ခန္ဓာငါးပါးအပေါင်း၏၊
နိရောဓနံ - ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော၊
သုခံ - နိဗ္ဗာနဓာတ်, ချမ်းသာမြတ်ကို၊
အရိယေဘိ - အရိယာအရှင်, သူတော်စင်တို့သည်၊
ဒိဋ္ဌံ - ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင်, သိမြင်အပ်ပေပြီ၊
ဣဒံ - များပုထုဇဉ်, ဉာဏ်အမြင်ဖြင့်, မမြင်နိုင်တန်, ဤ နိဗ္ဗာန်ကို၊
ပဿတံ - တပ်အပ် ထင်ထင်, ကိုယ်တိုင်မြင်သည့်, အရှင်အပေါင်း, သူတော်ကောင်းတို့မှာ၊
သဗ္ဗလောကေန - အဝိဇ္ဇာဖုံး, တဏှာတုံးဟု, အာလုံးလောက, ဟူသမျှနှင့်၊
ပစ္စနီကံဟောတိ - ကျောချင်း ကပ်ယှဉ် ပြေးကြအင်သို့, အစဉ်ဆက်ဆက်, ဆန့်ကျင်ဘက် အနေ, ဖြစ်ရလေတော့သတည်း၊

.... သဠာယတနသံယုတ် ဒေဝဒဟဝဂ်

မရဏာနုဿတိ

၁။ ရဟန္တာတို့၏ ဝဋ်ဒုက္ခပြတ်ကင်း၍ ပရိနိဗ္ဗာန်စံဝင်ခြင်း ဟူသော သမုစ္ဆေဒမရဏ,
၂။ သင်္ခါရတို့၏ ဘင်ခဏ ဟူသော ခဏိကမရဏ,
၃။ သစ်ပင်သေသည် ပြဒါးသေသည် သံသေသည်ဟု ခေါ်ဝေါ်ရာ၌ သစ်ပင်စသည်တို့၏ သေခြင်း ဟူသော သမ္မုတိမရဏ,
၄။ တဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေ အစဉ်၏ ပြတ်စဲခြင်း ဟူသော ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏ,

မရဏ ၄ မျိုးရှိ၏၊

ထိုတွင် သမုစ္ဆေဒမရဏသည် အများနှင့် မဆိုင် ရဟန္တာများနှင့်သာဆိုင်၏၊
ခဏိကမရဏသည် ဆင်ခြင်၍ ထင်မြင်နိုင်ခဲ၏၊
သမ္မုတိမရဏမှာ သံဝေဂ ဖြစ်ဘွယ်ရာ မဟုတ်၊
ထို့ ကြောင့် ထို ၃ ပါးကို ဤအရာ၌ မလိုအပ်၊

ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏသာလျှင် အများနှင့်လည်းဆိုင်, ထင်မြင်နိုင်ဘွယ်လည်းရှိ သံဝေဂဖြစ်ခြင်း၏ အကြောင်းလည်း ဟုတ်သောကြောင့် ဤ ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏကို အဘန်ဘန် ဆင်ခြင် အောက်မေ့မှုသည် မရဏာနုဿတိ မည်၏။

အောက်မေ့ပုံ

သူသေကောင်ကို ကြည့်၍ ဖြစ်စေ ရှေးရှေးက တွေ့မြင်အပ်ဘူးသော စည်းစိမ်ရှင်ကြီးတို့၏ သေရပုံကို ဖြစ်စေ ကြည့်ရှုဆင်ခြင်၍ “မရဏံ ဘဝိဿတိ, မရဏံ ဘဝိဿတိ = ဤကဲ့သို့ သေရဥုးလတ္တံ့, ဤကဲ့သို့ သေရဥုးလတ္တံ့ ဟု သေခြင်းသဘောတရားကို အဘန်ဘန် ပွားများရာ၏၊

ထိုကဲ့သို့ ပွားများရာ၌ အသင့်အတင့် နှလုံးသွင်းမှုလည်း ရှိစေရသည်၊ မသင့်မတင့် နှလုံးသွင်းမိ၍ သံဝေဂဉာဏ်မပါလျှင် ချစ်ခင်သူတို့ သေရမည်ကို ဆင်ခြင်ရာ၌ စိုးရိမ်သောက ဖြစ်တတ်၍, မုန်းသူ၏ သေမည်ကို ဆင်ခြင်ရာ၌ ဝမ်းမြောက် နေတတ်သည်၊ မမုန်း မချစ်အပ်သူတို့၏ သေခြင်းကို ဆင်ခြင်ရာ၌ သေခြင်းသဘော မထင်နိုင်ဘဲ အမှတ်တမဲ့သာ ဖြစ်တတ်၍ မိမိသေရမည်ကို ဆင်ခြင်ရာ၌မူ ကြောက်ရွံ့ ထိတ်လန့်တတ်သည်၊ သို့ဖြစ်၍ သတိသံဝေဂ ရှေ့သွားဖြင့် အသင့်အတင့် နှလုံးထား၍ မည်သူ၏သေခြင်း မဆို သေခြင်းသဘောတရားကိုသာ ပွားများဆင်ခြင်ရာ၏။

ကာယဂတာသတိ

ကာယသဒ္ဒါသည် “အပေါင်း” ဟူသော အနက်ကိုဟော၏၊
“ဆံပင် အမွေး စသော ၃၂ ပါးသော အစု အဝေးတို့၏ အပေါင်း” ဟူလို၊

ကာယေဂတာ ကာယဂတာ, ကာယဂတာစ သာ သတိစာတိ ကာယဂတာ သတိ

ကာယေ - ဆံ အစရှိသော အစုအဝေးအပေါင်း၌၊
ဂတာ - (အာရုံပြုသောအားဖြင့်) ဖြစ်သော သတိတည်း၊
ကာယဂတာသတိ - ဆံ အစရှိသော အစုအဝေးအပေါင်း၌ ဖြစ်သော သတိ၊
[ကာယဂတသတိ - ဟုဖြစ်သင့်လျက် တာ၌ အာကိုရဿ မပြုဘဲ ထားသည်၊]

ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ဒွတ္တိံသကာယ ကမ္မဋ္ဌာန်းဟု၎င်း, ကောဋ္ဌာသ ကမ္မဋ္ဌာန်းဟု၎င်း ခေါ်၏၊

[ဒွတ္တိံသကာယ - ၃၂ ပါးသော အစုအဝေးအပေါင်း၊
ကောဋ္ဌာသ သဒ္ဒါလည်း အဘို့အစု (အစုအဝေး) ဟူသော အနက်ကိုဟော၏။]

ဤကမ္မဋ္ဌာန်းကိုစီးဖြန်းလိုသော ပုဂ္ဂိုလ်သည် ပါဠိကို နားလည်သူဖြစ်က-

အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော, မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ, ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ, အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ, ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ, အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ”-

ဟု ပါဠိအတိုင်း ရွရွနှုတ်တက် ဆောင်ရွက် ကျက်မှတ်၍ ရှေးဥုးစွာ နှုတ်ဖြင့် ရွတ်ဘာသ် သရဇ္ဈာယ်ရာ၏။

ပါဠိကို နားမလည်သူ ဖြစ်လျှင် -

“ဤ ငါ့ကိုယ်တွင် ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရေ, အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့, နှလုံး အသည်း အမြှေး အပြင် အဆုတ်, အူမ အူသိမ် အစာသစ် အစာဟောင်း ဥုးနှောက်, သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ, မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်” ဟု မြန်မာလို နှုတ်တက် ကျက်၍ ရွတ်ဘာသ် သရဇ္ဈာယ်ရာ၏၊

ထိုကောဋ္ဌာသတို့ အကျယ်ကို ဝိသုဒ္ဓိမဂ် စသည်၌ရှု။

အာနာပါနဿတိ

အာနာပါနေ - ဝင်သက်ထွက်သက်၌၊
ပဝတ္တာ - အာရုံပြုသောအားဖြင့် ဖြစ်သော၊
သတိ - သတိသည်၊
အာနာပါနဿတိ - အာနာပါနဿတိ မည်၏၊

မိမိ၏ ဝင်သက် ထွက်သက်ကို အာရုံပြုသော သတိသည် အာနာပါနဿတိ မည်၏၊ ဤအာနာပါနဿတိကို ယခုအခါ အမျိုးမျိုးနည်းဖြင့် အားထုတ်လျက် ရှိကြ၏, ထိုတွင် နည်းအချို့မှာ ဝိသုဒ္ဓိမဂ် စသည်တို့၌ လာသောနည်းနှင့် ဆန့်ကျင်ကွဲလွဲ၏၊ ထို့ကြောင့် သူတော်ကောင်း စင်စစ် ဖြစ်လိုသူတို့မှာ ကျမ်းဂန်လာတိုင်း ကြိုးစား အားထုတ်သင့်၏၊ ဤ၌ အကျယ်ရေးက ကျမ်းလေးမည် စိုးသောကြောင့် မရေးတော့ပြီ။

အာနာပါနဆိုသည်နှင့် အဿာသ ပဿာသ ဆိုသည်မှာ သဘောတူပင်တည်း။
အာနာပါန - အာန+အပါန
အာန-ထွက်သက် + အပါန-ဝင်သက်” ဟု ဝိနည်းအဋ္ဌကထာဆို၏၊

ဤဝိနည်း အဋ္ဌကထာကား ပဌမဖြစ်ပုံအစဉ် (ဥပ္ပတ္တိက္ကမ) အတိုင်းဆို၏၊ ဂဗ္ဘသေယျကသတွာတို့သည် အမိဝမ်း၌နေစဉ် အသက် မရှူမရှိုက် ကြရသဖြင့် ဖွါးမြင်သည်နှင့် တပြိုင်နက် ဝမ်းတွင်းမှ လေတို့ အပြင်ဘက်သို့ ရှေးဥုးစွာ ထွက်ကြ၏, ထို့နောက် အပြင်ကလေကိုရှူသဖြင့် ဝမ်းတွင်းသို့ လေဝင်လာသည်၊ ထို့ကြောင့် ထွက်သက် ( ရှိုက်လေက) ပဌမ ဖြစ်၍ ဝင်သက် (ရှူလေက) နောက်မှဖြစ်ကြရသည်။

အဿာသော၌ “ အာ+သာသ” ဟု ပုဒ်ဖြတ်, အာ သဒ္ဒါသည် အာဒိအနက်ဟောတည်း၊
အာဒိမှိ - အစ၌၊
သာသနံ - ရှိုက်ခြင်းသည်၊
အဿာသော - အဿာသ မည်၏၊”

ပဿာသော၌ “ပ+သာသ”ဟု ပုဒ်ဖြတ်, သဒ္ဒါသည် ပစ္ဆာ အနက်ဟောတည်း
ပစ္ဆာ - နောက်မှ၊
သာသနံ - ရှုခြင်းသည်၊
ပဿာသော - ပဿာသ မည်၏၊

အာနနံ - ရှိုက်ခြင်း၊
ဝါ - ရှိုက်ခြင်းကြောင့် ဖြစ်သော ထွက်သက်လေ၊
အာနံ - ရှိုက်ခြင်း၊
ဝါ - ထွက်သက်လေ၊

အပါနံ၌ “အပ+အာန” ဟု ပုဒ်ဖြတ်, အပသဒ္ဒါသည် ပစ္ဆာအနက်တည်း၊
ပစ္ဆာ - နောက်မှ၊
အာနနံ - ရှူခြင်း (ရှူခြင်းကြောင့်ဖြစ်သော ဝင်သက်လေ) သည်၊
အပါနံ - မည်၏။

သုတ္တန် အဋ္ဌကထာတို့၌ကား ကမ္မဋ္ဌာန်း အားထုတ်မှုကို အစွဲပြု၍ ပဝတ္တိအခါ၌ ဖြစ်ပုံအစဉ် (ပဝတ္တိက္ကမ) အတိုင်း ဝင်သက်ကို အဿာသ-အာန ဟုဆို၍, ထွက်သက်ကို ပဿာသ-အပါန ဟုဆို၏၊

အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သူတို့သည် ရှေးဥုးစွာ ဝင်သက်လေကို (ရှူလေကို) အာရုံပြု၍ နောက်မှ ထွက်သက်လေကို (ရှိုက်လေကို) အာရုံပြုသတတ်၊ ပုဒ်အကြံမှာ မထူးပြီ၊ ထွက်သက်အရာ၌ ဝင်သက်, ဝင်သက် အရာ၌ ထွက်သက်ဟု ပြောင်းလွှဲဆိုရုံသာတည်း။

[ဤအာနာပါန မရနိုင်သူများကို ရူပပဝတ္တိက္ကမ၌ ပြခဲ့ပြီ။]

[ဗုဒ္ဓါနုဿတိ စသည်၌ အနုသဒ္ဒါပါ၍, ကာယဂတာသတိနှင့် အာနာပါနဿတိတို့၌ အနုသဒ္ဒါမပါ၊ ဘာ့ကြောင့် ပါနည်း - ဟု စဉ်းစားသော်, ဗုဒ္ဓစသည်တို့၏ ဂုဏ်သည် ပရမတ်တရားများဖြစ်၏ အလွန်နက်နဲ၏, ထို့ကြောင့် အဘန်ဘန် အထပ်ထပ်ရှုမှသာ ထင်မြင်နိုင်သောကြောင့် အနုဿတိ ဟု အနုသဒ္ဒါနှင့် တကွ ပြ၍ ကာယနှင့် အာနာပါနတို့ဝယ် ကာယဟူသည် ကောဋ္ဌာသ ပညတ်တရားတည်း, အာနာပါန ဟူသည် ဝါယောဓာတ် အပေါင်း ဖြစ်သော သမူဟပညတ်ပင်တည်း, ထိုသို့ ပညတ်ဖြစ်၍ ပရမတ် အာရုံများလောက် မသိမ်မွေ့ မခက်ခဲသဖြင့် အနုသဒ္ဒါ မထည့်ဘဲ ကာယဂတာသတိ အာနာပါနဿတိ ဟု ဟောပြတော်မူဟန် တူသည်၊ ဤကား အကြံ။]

အပ္ပမညာ လေးပါး

မေတ္တာ

မိဇ္ဇတိ သိနိယှတိ - ချစ်ခင်စိုစွတ်,စေးကပ်တတ်၏၊
ဣတိ - ကြောင့်၊
မေတ္တာ - မေတ္တာမည်၏၊

တရားကိုယ်အားဖြင့် အဒေါသ စေတသိက်တည်း၊ ပိယမနာပဖြစ်သော သတွာပညတ်ကို အာရုံပြု၏၊ [ပိယ - ချစ်အပ် + မနာပ - စိတ်ကို တိုးပွားစေတတ်သူ၊ ဝါ- မြတ်နိုးအပ်သူ၊]

သတွာ တယောက်ယောက်ကို အာရုံပြု၍ ဒေါသဖြစ်သည့်အခါ ထို ဒေါသနှင့် ယှဉ်သော စိတ်ဓာတ်သည် စိုစိုဖတ်ဖတ်မရှိ, ခြောက်ကပ်ကပ် ဖြစ်လျက် အာရုံပြု၏၊ မေတ္တာကား သတွာတို့အပေါ်၌ စိုစိုဖတ်ဖတ် စေးကပ်လျက် အာရုံပြုသည်။

မေတ္တာတု

တဏှာပေမ အချစ်မျိုးလည်း ချစ်ခင်အပ်သူ အပေါ်၌ စေးကပ်စိုစွတ်လျက် အာရုံပြု၏, သို့ဖြစ်၍ ထိုအချစ် မျိုးကို “မေတ္တာ”ဟု ခေါ်ကြ၏၊ မေတ္တာအစစ်မှာ ကုသိုလ် ကြိယာ တခုခုသာတည်း၊ တဏှာပေမကား လောဘ (အကုသိုလ်) ပင်ဖြစ်၏၊

ထို့ကြောင့် သားမယားချစ် ဆွေမျိုးချစ် စသော သံယောဇဉ်မကင်းသော ချစ်ခြင်းများ၌ မေတ္တာစစ် မဟုတ်, တဏှာပေမသာ များ၏၊ ထိုအချစ်မျိုးကို ကျမ်းဂန်တို့၌ ဂေဟဿိတပေမ ဟု ဆိုသည်၊ “အိမ်၌မှီသောအချစ်” ဟူလို၊

ဘုရားရှင်၏ ငယ်ကျွန်တော်ရင်းဖြစ်သော ဆန္ဒထေရ်သည်ပင် ဘုရားရှင် အပေါ်၌ ထို ဂေဟဿိတပေမ (အရှင်သခင်ချစ်) ချစ်လျက် သံယောဇဉ် ဖြစ်နေသောကြောင့် ဘုရားထင်ရှား ရှိတော်မူစဉ် တရားထူးမရ, ပရိနိဗ္ဗာန်စံမှ သံယောဇဉ်ပြတ်၍ တရားထူးရသည်၊

သို့သော် ထိုကဲ့သို့ သားချစ် မယားချစ် ဆွေမျိုးချစ် စသည်ဖြင့် ချစ်အပ်သူ အပေါ်မှာ တရံတခါမျှ မေတ္တာစစ် မဖြစ်နိုင်တော့ဘူး-ဟု မမှတ်, အခါပေါင်းများစွာ မေတ္တာအစစ်လည်း ဖြစ်ကြပေမည်သာ၊ ထို့ကြောင့် မေတ္တာ၏ အကျိုးကိုပြရာ၌ သားကို နို့ တိုက်နေသော နွားမ၏ တန်ခိုးကို ပြသည်၊ [နို့တိုက်နေသော နွားမကို မူဆိုးက လှံဖြင့် ထိုးရာ လှံမစူးဘဲ ထန်းရွက်ကဲ့သို့ လျောကျသွားသတတ်၊]

အချုပ်မှာ - မခွဲနိုင်မခွာရက်အောင်ပင် သံယောဇဉ်ဖြစ်ရသော အချစ်သည် တဏှာပေမ (ဂေဟဿိတပေမ) တည်း၊ ခွဲသာခွာသာ အကျိုးစီးပွားကို လိုလားသော သဘောကား မေတ္တာအစစ်တည်း၊ ထို့ကြောင့် မေတ္တာ ဘာဝနာကို ပွားများရာ၌ ဒေါသ တည်းဟူသော အဝေးရန်သူ, မေတ္တာတု တည်းဟူသောအနီး ရန်သူ, ဤ ၂ ပါးကို ရှောင်ရှား၍ ပွားများရသည်။

ငါးရာနှစ်ဆယ့် ရှစ်သွယ်မေတ္တာ

မေတ္တာစိတ်ဖြင့် သူတပါးကိုမှန်း၍ အာရုံပြုမှုကို ယခုကာလ၌ “မေတ္တာပို့သည်- မေတ္တာကို စေလွှတ်သည်” ဟု ပြောစမှတ်ပြုကြ၏၊ ထိုမေတ္တာ ပို့နည်းကို ကျမ်းဂန်တို့၌ ၅၂၈ မျိုးပြ၏၊ ၅၂၈ မျိုးကား-

အနောဓိသောမေတ္တာ ဖရဏာနည်း ၅, ဩမိသောမေတ္တာ ဖရဏာနည်း ၇, ပေါင်း ၁၂ တည်း၊

ထို ၁၂ ကို “အဝေရာ ဟောန္တု, အဗျာပဇ္ဇာ ဟောန္တု, အနီဃာဟောန္တု, သုခီ အတ္တာနံ ပရိဟရန္တု” ဟူသော “န္တု” ၄ ခုဖြင့် မြှောက်လျှင် ၄၈ ဖြစ်၏၊

ဤ ၄၈ ကို အရပ် ဆယ်မျက်နှာဖြင့်မြောက်လျှင် ၄၈ဝ ဖြစ်၏၊

ဤ ၄၈ဝ နှင့် မူလ ၄၈ ပေါင်းသော် “ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ” ဖြစ်၏။

[ဆောင်]

နောဓိ - ပဉ္စ, ဩ - သတ္တဖြင့်, ဒွါဒသဟု, ပုဂ္ဂိုလ်စုကို, န္တု လေးဖြာ, မြောက်ဆင့် ပါမူ, ရှစ်ဖြာ လေးဆယ်, ဂဏန်း ကြွယ်၏၊ ရပ်ဆယ်ဖြင့် လှောက်, ထပ်ဆင့် မြှောက်၍, မှတ်လောက်ပွားက, လွန်များလှသည်, ငါးရာ့နှစ်ဆယ် ရှစ်စွန်းတည်း။ [န္တုကို“နတု” ဟု ဘတ်။]

နောဓိ-ပဉ္စ

သဗ္ဗေသတ္တာ, သဗ္ဗေပါဏာ, သဗ္ဗေဘူတာ, သဗ္ဗေပုဂ္ဂလာ, သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ” - ဤ ၅ ခုကား “မည်သူ မည်ဝါ, ယောက်ျားမိန်းမ” စသည်ဖြင့် ပိုင်းခြား ကန့်သတ်ခြင်း မရှိသောကြောင့် “အနောဓိသော ဖရဏာ” ၅ မျိုးတည်းဟု မှတ်။

[အနောဓိဩဓိသဒ္ဒါသည် အရေးအသား အပိုင်းအခြား အဘို့အစု ဟူသော အနက်ကို ဟော၏၊
အနောဓိသော - အပိုင်းအခြား မရှိသော အားဖြင့်၊
မေတ္တာဖရဏာ - မေတ္တာကိုဖြန့်ခြင်း။”]

အနောဒိဿ မေတ္တာ”ဟု ခေါ်ကြသည်မှာ ကျမ်းဂန်လာ မဟုတ်။

ဩ-သတ္တ

သဗ္ဗာဣတ္ထိယော, သဗ္ဗေပုရိသာ, သဗ္ဗေ အရိယာ, သဗ္ဗေ အနရိယာ, သဗ္ဗေဒေဝါ, သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါတိကာ” - ဤ ၇ ခုကား မိန်းမနှင့် ယောက်ျားကို တကန့်စီ အရိယာနှင့်ပုထုဇဉ်ကို တကန့်စီ နတ်လူနှင့် ဝိနိပါတိက တို့ကိုလည်း တကန့်စီ, ဤသို့ ပိုင်းခြား ကန့်သတ်လျက် သူ့အဘို့နှင့်သူ အာရုံ ယူသွားရသောကြောင့်, ဩဓိသော - အပိုင်းအခြားအားဖြင့်၊ မေတ္တာဖရဏာ - မေတ္တာကို ဖြန့်ခြင်းသည်၊ ဩဓိသောမေတ္တာဖရဏာ-မည်၏။

[ဩဒိဿမေတ္တာ-ဟု ခေါ်ကြသည်မှာ ကျမ်းဂန်လာ မဟုတ်။]

န္တု လေးဖြာ, မြှောက်ဆင့်ပါမူ

ထို ၁၂ မျိုးသောပုဂ္ဂိုလ် တို့ကို မေတ္တာပို့ရာ၌ အဆုံးအဆုံးမှာ “အဝေရာ ဟောန္တု” စသော ၄ မျိုးတွင် တမျိုးမျိုး ပါရ၏၊

ဥပမာ-
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု,
သဗ္ဗေသတ္တာ အဗျာပဇ္ဇာ ဟောန္တု,
သဗ္ဗေသတ္တာ အနီဃာ ဟောန္တု,
သဗ္ဗေသတ္တာ သုခီ အတ္တာနံ ပရိဟရန္တု,
ဟူသည်တည်း၊

ဤသို့ ပုဂ္ဂိုလ် ၁၂ မျိုးကို မေတ္တာပို့ရာ၌ “န္တု” ၄ ပါးတွင် တပါးပါးဖြင့် အဆုံးသတ်ရသောကြောင့် ထိုပုဂ္ဂိုလ် ၁၂ ယောက်ကို နု္တ ၄ ခုဖြင့် မြှောက်၍ ၄၈ ပါး မေတ္တာ ပွားနည်းဖြစ်သည်။

ရပ်ဆယ်ဖြင့်လှောက်

ထို ၄၈ ပါးကို -

ပုရတ္ထိမာယ ဒိသာယ,
ပစ္ဆိမာယ ဒိသာယ,
ဥတ္တရာယ ဒိသာယ,
ဒက္ခိဏာယ ဒိသာယ,
ပုရတ္ထိမာယ အနုဒိသာယ,
ပစ္ဆိမာယ အနုဒိသာယ,
ဥတ္တရာယ အနုဒိသာယ,
ဒက္ခိဏာယ အနုဒိသာယ,
ဟေဋ္ဌိမာယ ဒိသာယ,
ဥပရိမာယ ဒိသာယ

ဟု အရပ် ဆယ်မျက်နှာဖြင့် မြှေက်ဆင့်ပွားများလျှင် ပွားနည်း ၄၈ဝ ဖြစ်၏၊

ပွားများပုံကား-

ပုရတ္ထိမာယ ဒိသာယ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု,
ပုရတ္ထိမာယ ဒိသာယ သဗ္ဗေသတ္တာ အဗျာပဇ္ဇာ ဟောန္တု
” ဤသို့ စသည်ဖြင့် ပုရတ္ထိမဒိသာနှင့် တွဲဘက်၍ ၄၈ ထွက်၏၊

ပစ္ဆိမဒိသာ စသည်နှင့် တွဲဘက်၍ လည်း ၄၈ စီထွက်၏၊

ဤသို့လျှင် အရပ် ဆယ်မျက်နှာနှင့် တွဲဘက်၍ ၄၈ဆယ်လီ ၄၈ဝထွက်၏၊

အရပ် ဆယ်မျက်နှာနှင့် မတွဲဘဲ ပွားများရသော မူလ ၄၈ နှင့် ပေါင်းသော် ၅၂၈ ပွားနည်းဖြစ်၏။

မှတ်ချက်

ဤငါးရာ့နှစ်ဆယ့်ရှစ်သွယ် မေတ္တာသည် မေတ္တာပွားနည်း အပြားသာ ဖြစ်၏၊

လူတယောက် အပေါ်ဝယ် ဤ ငါးရာ့ နှစ်ဆယ့်ရှစ်သွယ် မေတ္တာစိတ်ဖြင့် အာရုံ ပြုနိုင်သည်ဟု ယခုကာလ ထင်မှားပုံကို သတိထားပါ၊

သဗ္ဗေ သတ္တာ” အရာဝယ် သတွာကို ဟောသော “သဗ္ဗေဇီဝါ, သဗ္ဗေ ဇန္တူ” စသည်ဖြင့်လည်း ပွားများ ကောင်းပါ၏, သို့သော် ပါဠိတော်၌ကား အများသုံးစွဲရိုး ဖြစ်၍ အနက်ထင်လွယ်သော သတ္တ-ပါဏ-ဘူတ-ပုဂ္ဂလ-အတ္တဘာဝပရိယာပန္န- ပုဒ်များကိုသာ ပြထားပေသည်၊

မာဂဓ ပါဠိလို မဆိုဘဲ -
အားလုံး သတွာတွေ ဘေးရန် ကင်းကြပါစေ,
အားလုံး သတွာတွေ ဒေါသ ဗျာပါဒ ကင်းကြပါစေ,
အားလုံး သတွာ တွေ ဆင်းရဲဒုက္ခ ကင်းကြပါစေ,
အားလုံးသတ္မွာတွေ ချမ်းချမ်း သာသာ မိမိကိုယ်ခန္ဓာကို ဆောင်ရွက်နိုင်ကြပါစေ”
ဟု မြန်မာ လိုသက်သက်လည်း မေတ္တာပို့ကောင်း၏,
မြန်မာလူမျိုးတို့၌ မြန်မာလို ရွတ်ဆို ပို့သခြင်းက သာ၍ ထင်မြင်၏။

အနက်

ပုရတ္ထိမာယ ဒိသာယ - အရှေ့ အရပ်၌၊
ပစ္ဆိမာယ ဒိသာယ - အနောက် အရပ်၌၊
ဥတ္တရာယ ဒိသာယ - မြောက်အရပ်၌၊
ဒက္ခိဏာယ ဒိသာယ - တောင်အရပ်၌၊
ပုရတ္ထိမာယ အနုဒိသာယ - အရှေ့တောင်ထောင့် အရပ်၌၊
ပစ္ဆိမာယ အနုဒိသာယ - အနောက်မြောက်ထောင့်အရပ်၌၊
ဥတ္တရာယ အနုဒိသာယ - အရှေ့ မြောက်ထောင့် အရပ်၌၊
ဒက္ခိဏာယ အနုဒိသာယ - အနောက် တောင်ထောင့်အရပ်၌၊
ဟေဋ္ဌိမာယ ဒိသာယ - အောက်အရပ်၌၊
ဥပရိမာယ ဒိသာယ - အထက်အရပ်၌၊

သဗ္ဗေသတ္တာ - အလုံးစုံသော သတွာတို့သည်၊
သဗ္ဗေပါဏာ - အလုံးစုံသော အသက်ရှိသူတို့သည်၊
သဗ္ဗေ ဘူတာ - အလုံးစုံသော ဖြစ်နေသူတို့သည်၊
သဗ္ဗေပုဂ္ဂလာ - အလုံးစုံသော ပုဂ္ဂိုလ်တို့သည်၊
သဗ္ဗေအတ္တဘာဝပရိယပန္နာ - အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သူတို့သည်၊
(သဗ္ဗာ ဣတ္ထိယော စသည်၌ အနက် ထင်ရှားပြီ)
သဗ္ဗေဝိနိပါတိကာ - အလုံးစုံသော အပါယ်ဘုံသားတို့သည်၊

အဝေရာ - ကိုယ်တွင်း ကိုယ်, ရန်မရှိကြကုန်သည်၊
အဗျာပဇ္ဈာ - စိုးရိမ် သောက ဗျာပါရ မရှိကြကုန်သည်၊
အနီဃာ - ဆင်းရဲဒုက္ခ မရှိကြ ကုန်သည်၊
သုခီ - ကိုယ်စိတ် နှစ်ဖြာချမ်းသာခြင်း ရှိကြကုန်လျက်၊
အတ္တာနံ - မိမိအတ္တဘောကို၊
ပရိဟရန္တု - အသက်ရှည်အောင် ရွက်ဆောင်နိုင်ကြပါစေ၊

[အားလုံး မေတ္တာပို့နည်းအတွက် အနက်ကို ရော၍ ရေးလိုက်သည်။]

🌱 ကရုဏာ

အာရုံ ဝစနတ္ထနှင့်တကွ ကရုဏာအစစ် အတုများကို စေတသိက်ပိုင်း၌ ပြခဲ့ပြီ၊ ဤ ကရုဏာလည်း “သဗ္ဗေ သတ္တာ, သဗ္ဗေပါဏာ, သဗ္ဗေဘူတာ, သဗ္ဗေပုဂ္ဂလာ, သဗ္ဗေ အတ္တဘာဝပရိယာပန္နာ” ဟု အနောဓိသော ဖရဏာ ၅မျိုး, သဗ္ဗာဣတ္ထိယော စသော သြဓိသောဖရဏာ ၇ မျိုးအားဖြင့် ပုဂ္ဂိုလ်နှင့် စပ်၍ ၁၂ မျိုးရ၏၊

ထို ၁၂ မျိုးလုံးမှာပင် “ဒုက္ခာ မုစ္စန္တု = အားလုံး သတွာတွေ ဒုက္ခမှလွတ်မြောက်ကြပါစေ”ဟု ဒုက္ခိတသတွာ (ဆင်းရဲနေသူကို) အာရုံပြု၍ ပွားများရာ၏၊

၁၂မျိုးကို“ပုရတ္ထိမာယ ဒိသာယ သဗ္ဗေသတ္တာ ဒုက္ခာ မုစ္စန္တု” စသည်ဖြင့် အရပ် ဆယ်မျက်နှာနှင့်တွဲဘက်၍ ပွားများလျှင် ဒိသာဖရဏာ ပွားနည်း ၁၂ဝ ဖြစ်၏၊

မူလ အနောဓိသော ဖရဏာ ၅, ဩဓိသောဖရဏာ ၇ ပါးနှင့် ပေါင်းသော် ကရုဏာပွားနည်း ၁၃၂ မျိုး ဖြစ်၏၊

ဤ ကရုဏာ ပွားရာ၌ တကယ် ဆင်းရဲသော ဒုက္ခိတ သတွာသာ မက ဒုစရိုက် အားကြီးနေသော သုခိတ သတွာ (လူချမ်းသာကြီး၏) နောက်ဘဝ၌ ရောက်ရမည့် အပါယ်ဘေးကို တွေးကာ သုခိတသတွာ လူယုတ်မာကိုလည်း အာရုံပြုနိုင်သည်သာ။

မုဒိတာ

အာရုံ ဝစနတ္ထနှင့်တကွ မုဒိတာ အစစ် အတု များကို စေတသိက်ပိုင်း၌ ပြခဲ့ပြီ၊ မြှောက်ပွားပုံမှာလည်း ကရုဏာအတိုင်း မြှောက်ပွား၍ ၁၃၂ ပါးရ၏၊

ဒုက္ခာမုစ္စန္တု အရာဝယ် “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု”ဟူသော စကားကို လဲလှယ်ပွားများရုံသာတည်း၊

ဥပေက္ခာအပြားလည်း အတူပင် ဖြစ်၏။

[ယထာလဒ္ဓသမ္ပတ္တိတော - အကြင် အကြင် ရအပ်သော စည်းစိမ်မှ၊
မာဝိဂစ္ဆန္တု - မကင်းလွတ်နိုင်ကြပါစေ၊
“ရှိပြီးသောချမ်းသာမှ လက်မလွတ်ကြပါစေ” ဟူလို။]

[ဆောင်]

နောဓိ-ပဉ္စ, ဩသတ္တဖြင့်, ဒွါဒသဟု ပုဂ္ဂိုလ်စုကို, ပြု၍အာရုံ, ပွားများတုံလော၊ တဖုံဆယ်ဖြာ, ရပ်ဒိသာနှင့်, မြှောက်ကာဆက်သွယ်, ရာ့နှစ်ဆယ်တည်း၊ နှစ်သွယ် ပေါင်းစစ်, သုံးဆဲ့နှစ်တို့, စွန်းလစ်တရာ, ကရုဏာနှင့်, ပေက္ခာ-မုဒိ, ပြားတူရှိသည်, မြှောက်ကြည့်လေတော့ မခဲတည်း။

⚖️ ဥပေက္ခာ

ဥပေက္ခတိ - မုန်းချစ် မပြု, သင့်တော်ရုံ ရှုတတ်၏၊
ဣတိ - ကြောင့်၊
ဥပေက္ခာ - ဥပေက္ခာ မည်၏၊

မေတ္တာ သဘောကဲ့သို့ သူတပါး၏ စီးပွားကို ဆောင်ရွက်လိုခြင်းလည်း မရှိ, ကရုဏာသဘောကဲ့သို့ သူတပါး ဆင်းရဲကို ပယ်ရှား လိုခြင်းလည်း မရှိရ, မုဒိတာသဘောကဲ့သို့ သူတပါးစည်းစိမ် ချမ်းသာကို ဝမ်းမြောက်ခြင်းလည်း မရှိရဘဲ သတွာတို့အပေါ်၌ “သဗ္ဗေသတ္တာ ကမ္မဿကာ = အလုံးစုံသော သတွာ တို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြ၏” ဟု ကမ္မဿကာ ချတတ်သော သဘောသည် ဥပေက္ခာသဘောတည်း၊ တရားကိုယ်မှာ တတြမဇ္ဈတ္တတာ စေတသိက်တည်း, လစ်လျူ ရှုအပ်သော သတွာပညတ်ကို အာရုံပြု၏၊ “ဒုက္ခာ မုစ္စန္တု” အရာဝယ် “ကမ္မဿကာ” ကို လဲလှယ်၍ ကရုဏာနည်းတူ မြှောက်ပွားလေ။

[မှတ်ချက်။
။လစ်လျူရှုတိုင်းလည်း ဥပေက္ခာ ဗြဟ္မဝိဟာရ မဟုတ်, သတွာတို့အပေါ်၌ ချစ်ရ မုန်းရမှန်းမသိ၍ လစ်လျူ ရှုနေသော အညာဏုပေက္ခာ (အညာဏ+ဥပေက္ခာ) လည်း ရှိသေး၏, တရားကိုယ်မှာ မောဟတည်း။]

ဥပေက္ခာ ၂ မျိုး

ပါရမီဆယ်ပါး၌လာသော ဥပေက္ခာ ပါရမီနှင့် ဥပေက္ခာဗြဟ္မဝိဟာရသည် မတူတတ်ပေ၊ ပါရမီဥပေက္ခာသည် သတွာတို့က မိမိအပေါ်၌ ကောင်းမွန်စွာ ပြုမှု မတော်တရော်ပြုမှုများကို အာရုံပြု၍ စိတ်မဆိုး ဝမ်းမသာဘဲ လစ်လျူ ရှုထားနိုင်သော သဘောတည်း၊ ဤဥပေက္ခာ ဗြဟ္မဝိဟာရကား ထို ပြုမှုမျိုးနှင့် မဆိုင်, သက်သက် သတွာတို့ အပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာမဖြစ်ဘဲ လစ်လျူ ရှုနိုင်သော သဘောတည်း။

[သီလက္ခန်ဋီသစ်]
ကထံ ပန မဟာကာရုဏိကာ ဗောဓိသတ္တာ သတ္တေသု ဥပေက္ခကာ ဟောန္တီတိ၊ န သတ္တေသု ဥပေက္ခကာ, သတ္တကတေသု ပန ဝိပ္ပကာရေသု ဥပေက္ခကာ ဟောန္တီတိ ဣဒမေ ဝေတ္ထ ယုတ္တံ။

🧘 ဗြဟ္မဝိဟာရ

ဝိဟရန္တိ ဧတေဟီတိ ဝိဟာရာ, ဗြဟ္မာနော ဝိဟာရာ ဗြဟ္မဝိဟာရာ

ဧတေဟိ - ဤ တရားတို့ဖြင့်၊
သပ္ပုရိသာ - သူတော်ကောင်းတို့သည်၊
ဝိဟရန္တိ - နေကြကုန်၏၊
ဣတိ - ကြောင့်၊
ဝိဟာရာ - ဝိဟာရတို့မည်၏၊

ဤ တရား ၄ ပါးတွင် တပါးပါးကို သတွာတို့ အပေါ်၌ ပြန့်နှံ့စေလျက် (ပို့သလျက်) နေခြင်းသည် မွန်မြတ်သော နေခြင်းပေတည်း။

[အခြားတနည်း ရှိသေး၏, ဝိသုဒ္ဓိမဂ်၌ ရှုလေတော့။]

🤢 အာဟာရေ ပဋိကူလသညာ

စားသောက်ဘွယ် အစာ ဟူသမျှကို အာဟာရဟု ခေါ်၏၊ ထိုအာဟာရ၌ “စက်ဆုတ် ရွံဘွယ်ရာ” ဟု မှတ်ထင်လာအောင် ဆင်ခြင်မှုကို “အာဟာရေ ပဋိကူလသညာ” ဟု ခေါ်၏၊ ထိုကဲ့သို့ ပဋိကူလသညာ ဖြစ်ပေါ်လာအောင် ဆင်ခြင်ရာ၌ ဆင်ခြင်နည်း ၁၀ မျိုးပြား ၏၊ အကျယ်ကို ဝိသုဒ္ဓိမဂ်မှာရှု,

အကျဉ်းချုပ်ကား -
ဂမနာ ဧသနာ ဘောဂါ, အာသယာ စ နိဓာနတော၊
အပက္ကာ စ ပက္ကာ ဖလာ, နိဿန္ဒတော စ မက္ခနာ၊
ဧဝံ ဒသာဟာကာရေဟိ, ဣက္ခေယျ ပဋိကူလတာ။

၁။ ဂမနာ - အာဟာရကို ရနိုင်ရာ အရပ်သို့ အရောက်သွားရခြင်း အားဖြင့်၎င်း၊
၂။ ဧသနာ - ရှာဘွေရခြင်း အားဖြင့်၎င်း၊
၃။ ဘောဂါ - စားသောက်သုံးဆောင်ရခြင်း အားဖြင့်၎င်း၊
၄။ အာသယာစ - သလိပ် သည်းခြေ သွေး ပြည်ဟူသော အာသယ ၄ပါး အားဖြင့်၎င်း၊
၅။ နိဓာနတော - စုဝေး တည်နေရာ အစာသစ်အိမ်အားဖြင့်၎င်း၊
၆။ အပက္ကာစ - မကြေ မကျက်ခင် အားဖြင့်၎င်း၊
၇။ ပက္ကာ - ကြေကျက်ပြီးသော အားဖြင့်၎င်း၊
၈။ ဖလာ - အကျိုးရင်း အားဖြင့်၎င်း၊
၉။ နိဿန္ဒတောစ - အကျိုးဆက် အားဖြင့်၎င်း၊
၁၀။ မက္ခနာ - အလူးလူး အလဲလဲ ဖြစ်ပုံအားဖြင့်၎င်း၊
ဧဝံ - ဤသို့၊
ဒသဟိ အာကာရေဟိ - ဆယ်ပါးသော အခြင်းအရာတို့ဖြင့်၊
ပဋိကူလတာ - စက်ဆုတ် ရွံဘွယ်၏ အဖြစ်ကို၊
ဣက္ခေယျ - ရှုဆင်ခြင်ရာ၏။

🔬 ဓာတုဝဝတ္ထာန်

ခန္ဓာကိုယ်၌ ပုဂ္ဂိုလ်သတွာ ငါ သူတပါး ယောက်ျား မိန်းမ ဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး အစုအဝေးသာဟု ထင်မြင်လာအောင် ခန္ဓာကိုယ်ရှိ ဓာတ် ၄ ပါးကို ပိုင်းခြား သတ်မှတ်သော ဉာဏ်သည် ဓာတုဝဝတ္ထာန် မည်၏၊

ချဲ့ဥုးအံ့ —
ခန္ဓာကိုယ်၌ ကေသာ အစ မတ္ထလုင်္ဂ ကျအောင် ကောဋ္ဌာသ ၂ဝ သည် မာခဲသည့် အတွက် ပထဝီလွန်ကဲသော ရုပ်တရားများတည်း၊ ထို့ကြောင့် ပထဝီဓာတ် ၂ဝ ရှိ၏ဟု မှတ်၊

ပိတ္တံ အစ မုတ္တံ ကျအောင် ကောဋ္ဌာသ ၁၂ သည် အရည်ရုပ်များဖြစ်၍ အာပေါဓာတ် လွန်ကဲသော ရုပ်များတည်း၊ ထို့ကြောင့် အာပေါဓာတ် ၁၂ ပါးရှိ၏ဟု မှတ်၊

ရုပ်ပိုင်း၌ ပြခဲ့သော သန္တပ္ပနစသော တေဇောဓာတ် ၄ မျိုးလည်း ရှိသေး၏၊

ဥဒ္ဓင်္ဂမဝါတ - အထက်သို့ ဆန်တက်သောလေ,
အဓောဂမဝါတ - အောက်သို့ စုံဆင်းသောလေ,
ကုစ္ဆိသယဝါတ - ဝမ်းတွင်း၌ တည်သောလေ
ကောဋ္ဌာသယဝါတ - အူတွင်း၌ တည်သောလေ,
အဿာသ ပဿာသဝါတ - ထွက်သက်ဝင်သက်လေ,
အင်္ဂမင်္ဂါနုသာရီဝါတ - အင်္ဂါကြီးငယ်သို့ လျှောက်သောလေ,
ဤသို့ ဝါယောဓာတ် ၆ မျိုးလည်း ခန္ဓာကိုယ်၌ ရှိသေး၏၊

အကျဉ်းအားဖြင့် ၄ ပါး, အကျယ်အားဖြင့် ၄၂ ပါးသော ဤဓာတ်အစုအဝေး မှတပါး အခြားသော အရာဝတ္ထု တစုံတခုမျှ မရှိတော့ချေ။

[အာရုပ္ပကမ္မဋ္ဌာန်းများကား နောက်၌ ထင်ရှားလတ္တံ့။]

🌍 ဘုံအားဖြင့် ခွဲခြားခြင်း

အထက် နတ်ပြည်၌ အသုဘ အလောင်းကောင် မရှိ, သေလျှင် မီးတောက် ငြိမ်းသကဲ့သို့ ခန္ဓာကိုယ် ချုပ်ငြိမ်း ကွယ်ပျောက်၏၊ ဆံ အစရှိသော အချို့ ကောဋ္ဌာသများ ရှိသော်လည်း စက်ဆုတ်ဘွယ်ရာ မဟုတ်, အလွန် တင့်တယ်သည်၊ ရွံဘွယ်ဖြစ်သော အစာသစ် အစာဟောင်း နှပ် တံထွေး စသည်တို့မှာ လုံးဝမရှိ၊ အစာ အာဟာရလည်း အဆီ အနှစ် နတ်ဩဇာသာ ဖြစ်ရကား ပဋိကူလ သညာ ထင်နိုင်ဘွယ် မရှိ၊ ထို့ကြောင့် နတ်ပြည်၌ အသုဘနှင့် ကာယဂတာသတိ, အာဟာရေပဋိကူလသညာ, ဤ ၁၂ ပါး မရနိုင်

[နတ်ပြည် ဟူရာ၌ အထက် နတ်ပြည်ကို ဆိုသည်၊ လူ့ပြည်မှာ တည်ရှိသော နတ်အချို့၌ကား ထိုက်သလို ရသင့်ဘွယ်ရှိ၏၊]

ရူပဗြဟ္မာဘုံ၌ အသက် မရှူရှိုက်ရကား ထို ၁၂ ပါးအပြင် အာနာပါနဿတိ ကမ္မဋ္ဌာန်းလည်းမရ၊ အရူပဘုံ၌ ကား အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါးသာ ထိုက်သလိုရ၏၊ [အထက် အထက်ဘုံ၌ အောက်အောက် အာရုပ္ပကမ္မဋ္ဌာန်း များမရနိုင်၊]

ဤလူ့ဘုံ၌ကား ကမ္မဠာန်း ၄၀ လုံးပင် ရကောင်း၏

[ဆောင်]
အသုဘနှင့်, ကာယဂတာ, သညာဒွါဒသ်, နတ်၌မရ, ဗြဟ္မာ့ပြည်မှာ, အာနာပါန-လည်း မရတည်း၊ အရူပ ဝယ်, လေးသွယ်သာရ, နတ်မှ ကြွင်းတုံ, ကာမဘုံဝယ် အကုန်လေးဆယ် ရသတည်း။

📜 ပရမတ် ပညတ် ကမ္မဋ္ဌာန်း

ဤ ကမ္မဋ္ဌာန်း ၄၀ တွင် -

  • ကသိုဏ်း ၁ဝ,
  • အသုဘ ၁ဝ,
  • ကာယဂတာသတိ၏ အာရုံ ဖြစ်သော ကောဋ္ဌာသပညတ်,
  • အာနာပါနဿတိ၏ အာရုံ ဖြစ်သော အာနာပါနပညတ်,
  • ဗြဟ္မဝိဟာရ ၄ ပါး၏အာရုံ ဖြစ်သော သတွာပညတ် ၄ မျိုး,
    1. ၁-ပိယမနာပ သတွာပညတ်,
    2. ၂-ဒုက္ခိတသတွာပညတ်,
    3. ၃-သုခိတသတွာ ပညတ်,
    4. ၄-မဇ္ဈတ္တ သတွာပညတ်။
  • အာရုပ္ပ ၄ ပါးတွင် ပဌမာရုပ္ပ ဝိညာဉ်၏ အာရုံဖြစ်သော အာကာသပညတ်,
  • တတိယာရုပ္ပ ဝိညာဉ်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်,

၂၈ ပါးသော ကမ္မဋ္ဌာန်းများသည် ပညတ် ကမ္မဋ္ဌာန်းတည်း၊

ဗုဒ္ဓါနုဿတိ စသည်တို့၏ အာရုံဖြစ်သော ဂုဏ်တော် စသည်တို့မှာ သီလ သမာဓိ ပညာ စသော ပရမတ် တရားများတည်း၊ အစာ အာဟာရ ဟူသည်လည်း ရုပ်ပရမတ်များသာတည်း၊ ဓာတ်ကြီး ၄ ပါး၊ ဒုတိယာရုပ္ပ စတုတ္ထာရုပ္ပတို့၏ အာရုံ ဖြစ်သော ပဌမ တတိယအာရုပ္ပ ဝိညာဉ်တို့၏ ပရမတ် ဖြစ်ကြောင်း၌ ထပ်လောင်းဘွယ် မလို၊ ထို့ကြောင့် -

ရှေ့အနုဿတိ ၈ ပါး (ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏာနုဿတိ) ၏ အာရုံ ၈ ပါး,
အာဟာရ,
စတုဓာတု,
အာရုပ္ပ (ဒုတိယာရုပ္ပ, စတုတ္ထာရုပ္ပ) ၂ ပါး
အားဖြင့် ပရမတ်အာရုံ ကမ္မဋ္ဌာန်း ၁၂ ပါးရှိ၏ ဟု မှတ်။

[ဆောင်]
ကသိုဏ်းဆယ်ဝ, အသုဘနှင့်, ကောဋ္ဌသပါ, အာနာပါန, ဗြဟ္မဝိဟာ - ထိုလေးဖြာ၏, သတွာပညတ် လေးရပ် ဟု ပြ, အာရုပ္ပဝယ်, နှစ်သွယ်ပ-တ, ဋ္ဌဗ္ဗီသတို့, မုချပညတ်, အာရုံမှတ်လော, ကြွင်းလတ်ဆယ့်နှစ်, ပရမတ်စစ်သည်, ခွဲလှစ်လေးဆယ် ကမ္မဋ္ဌာန်းတည်း။

ဘာဝနာသု ပန သဗ္ဗတ္ထာပိ ပရိကမ္မ ဘာဝနာ လဗ္ဘတေဝ၊ ဗုဒ္ဓါနုဿတိ အာဒီသု အဋ္ဌသု သညာ ဝဝတ္ထာနေသု စာတိ ဒသသု ကမ္မဋ္ဌာနေသု ဥပစာရ ဘာဝနာဝ သမ္ပဇ္ဇတိ, နတ္ထိ အပ္ပနာ၊ သေသေသု ပန သမတ္တိံ သကမ္မဋ္ဌာနေသု အပ္ပနာဘာဝနာပိ သမဇ္ဇ္ပတိ။

🔄 ဘာဝနာဘေဒ

ဘာဝနာသည် ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာ ဟု ၃ မျိုးရှိ၏၊ ထိုတွင် -

ပရိကရောတိ - အထက်အထက် ဘာဝနာကို ပြုပေးတတ်၏၊
ဣတိ - ကြောင့်၊
ပရိကမ္မံ - မည်၏”

နှင့်အညီ, ဆိုင်ရာ ကမ္မဋ္ဌာန်းအာရုံ တခုခုကို အာရုံပြု၍ ပထဝီ ပထဝီ စသည်ဖြင့် နှုတ်က ရွတ်၍၎င်း စိတ်က မှန်း၍၎င်း ရှေးဥုးစွာ စီးဖြန်းမှု ပွားများစေမှုကို ပရိကမ္မဘာဝနာ ဟု ခေါ်၏၊ မည်သည့် ကမ္မဋ္ဌာန်းမဆို ဤ ပရိကမ္မဘာဝနာနှင့် မကင်းနိုင်, ဤ ပရိကမ္မ ဘာဝနာကို စတည်၍သာ အထက်အထက် ဘာဝနာသို့ တက်ကြရသည်။ ထို့ကြောင့် “သဗ္ဗတ္ထာပိ ပရိကမ္မဘာဝနာ လဗ္ဘတေဝ” ဟု ဆိုပေသည်။

ဥပ (သမီပေ) စရတိ ပဝတ္တတီတိ ဥပစာရော

ဥပ (သမီပေ) - အပ္ပနာဘာဝနာ၏ အနီး၌၊
စရတိ ပဝတ္တတိ - ဖြစ်၏၊
(အိမ်၏ အနီးအပါး ဖြစ်သော ရှေ့မျက်နှာသာ အရပ်ကို အိမ်ဥပစာ ခေါ်သကဲ့သို့, အပ္ပနာဘာဝနာ၏ အနီးအပါး ဖြစ်သော ရှေ့က ဘာဝနာကို ဥပစာရဘာဝနာ ဟု ခေါ်၏၊)
အပ္ပေါတိ နိဝိသတိ - ဥပစာ ဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်၏၊
ဣတိ - ထို့ကြောင့်၊
အပ္ပနာ - အပ္ပနာ မည်၏၊
(ဥပစာရ ဘာဝနာထက် ခိုင်မြဲစွာ အာရုံ၌ တည်နေသောဈာန်များကို အပ္ပနာဘာဝနာ ဟု ခေါ်၏။)

ဗုဒ္ဓါနုဿတိ ၊ပေ၊ ဥပစာရ ဘာဝနာဝသမ္ပဇ္ဇတိ -
ဗုဒ္ဓါနုဿတိ စသော အနုဿတိ ၈ ပါး, အာဟာရေ ပဋိကူလသညာ, စတုဓာတု ဝဝတ္တာန်, ဤ ကမ္မဋ္ဌာန်း ၁ဝ ပါးကို အားထုတ်ရာ၌ ဥပစာရဘာဝနာ တိုင်အောင်သာ ပြည့်စုံနိုင်, ရနိုင်၏၊ အပ္ပနာ ဘာဝနာ ခေါ်သော ဈာန်ကို မရနိုင်

ဘာ့ကြောင့်နည်း -
ဘုရား ဂုဏ်တော် စသော အာရုံများသည် ပရမတ်တရား ဖြစ်၍ အလွန် နက်နဲကြပေသည်၊ သို့ဖြစ်၍ နက်သောရေ၌ ထောက်၍ မမှီသဖြင့် ငြိမ်သက်စွာ လှေမတည်နိုင်သကဲ့သို့, ဘုရား ဂုဏ်တော်စသော အာရုံများ၌လည်း ဝိတက်စသော ဈာန်အင်္ဂါတို့ ခိုင်မြဲစွာ မထောက်တည်နိုင်ကြသဖြင့် အပ္ပနာ ဘာဝနာ မရ နိုင်၊

ထို့ပြင် -
ဘုရားဂုဏ်တော် စသည်တို့သည် အသင်္ချေမက အလွန်များပြားကုန်၏, ထို အမျိုးမျိုးအဖုံဖုံ အရသာစုံသော ဂုဏ်တော်တွေကို ဆင်ခြင်ရသည့်အခါ ဂုဏ်တမျိုးထည်း၌ တင်းမတိမ်နိုင်ဘဲ တမျိုးပြီးတမျိုး ဆင်ခြင်နေ သဖြင့်လည်း အာရုံ တမျိုးထည်း၌ကဲ့သို့ စူးစိုက်ခြင်း မရှိနိုင်၊

ဤသို့လျှင် ပရမတ် အာရုံဖြစ်၍ နက်နဲခြင်း, အာရုံက များပြားခြင်းကြောင့် ဗုဒ္ဓါနုဿတိစသော ၇ ပါး၌ အပ္ပနာဘာဝနာ မရနိုင်၊ မရဏာနုဿတိ ပဋိကူလသညာနှင့် ဓာတုဝဝတ္ထာန်တို့ အတွက်မှာ ပရမတ်အာရုံ ဖြစ်၍ နက်နဲသောကြောင့်သာ အပ္ပနာဘာဝနာ မရ-ဟု မှတ်။

ပရမတ္ထ ဂမ္ဘီရတ္တာ, နေကတ္တာ နေကလမ္ဗတော၊
ဗုဒ္ဓါနုဿတိ အာဒီသု, ဥပစာရောဝ နာပ္ပနာ။

ပရမတ္ထ ဂမ္ဘီရတ္တာ - အာရုံက ပရမတ်ဖြစ်၍ နက်နဲ ခက်ခဲသည်၏ အဖြစ်ကြောင့်၎င်း၊
အနေကတ္တာ - ဘုရားဂုဏ်တော် အစရှိသော အာရုံတို့က များလှသည့်အတွက်၊
အနေကလမ္ဗတော - အများကိုပင် အာရုံ ပြုနေခြင်းကြောင့်၎င်း၊
ဗုဒ္ဓါနုဿတိ အာဒိသု - တို့၌၊
ဥပစာရောဝ - ဥပစာရဘာဝနာသာ ဖြစ်နိုင်၏၊
န အပ္ပနာ - အပ္ပနာဘာဝနာ မဖြစ်နိုင်။

🌌 နိဗ္ဗာန်နှင့် မဟဂ္ဂုတ် ပရမတ် အာရုံများ

နိဗ္ဗာန် စသော အာရုံတို့သည် ပရမတ်ဖြစ်၍ နက်နဲကြသော်လည်း သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ စသော ဝိသုဒ္ဓိအစဉ် သမ္မသနဉာဏ် စသော ဉာဏ်အစဉ်အားဖြင့် အဆင့်ဆင့် တက်၍တက်၍ လာခဲ့ရာ ဘာဝနာ လွန်စွာ အားရှိကြသဖြင့် ထိုဘာဝနာအစဉ်၏ အစွမ်းကြောင့် နိဗ္ဗာန်ကို အာရုံပြုလျက် လောကုတ္တရာ အပ္ပနာသို့ တက်နိုင်ကြပေသည်။ “မည်မျှပင် ခက်သော်လည်း တစတစ တက်လျှင် ရောက်နိုင်ရိုးပင် ” ဟူလို၊

အာရုပ္ပဈာန်တို့ကား အောက်အောက် ဈာန်၏ အာရုံကို လွန်နိုင်လျှင် အထက် အထက် ဈာန်ကို ရမြဲဖြစ်၍ အောက်အောက် အာရုံကို လွန်မြောက်နိုင်သော ဘာဝနာအစွမ်းကြောင့် အထက် ပရမတ် အာရုံကို အာရုံပြုကာ အပ္ပနာဘာဝနာ ဖြစ်နိုင်ကြပေသည်။

ပရမတ္ထဂမ္ဘီရေပိ, ဘာဝနာ အနုက္ကမတော၊
လောကုတ္တရော အာရုပ္ပါတု, အာလမ္ဗ သမတိက္ကမာ။

ပရမတ္ထဂမ္ဘီရေပိ - ပရမတ် ဖြစ်သည့်အတွက် အာရုံက နက်နဲပါသော်လည်း၊
ဘာဝနာ အနုက္ကမတော - ဘာဝနာအစဉ်၏ အစွမ်းကြောင့်၊
လောကုတ္တရော - လောကုတ္တရာ အပ္ပနာ ဖြစ်နိုင်၏၊
အာရုပ္ပါတု - အာရုပ္ပ အပ္ပနာ ၂ ခု တို့ကား၊
အာလမ္ဗသမတိက္ကမာ - အောက်အောက် အာရုံကို လွန်မြောက်ကြောင်း ဘာဝနာစွမ်းကြောင့်၊
သမ္ပဇ္ဇန္တိ - ပြည့်စုံနိုင်ကုန်၏။

🔗 ကမ္မဋ္ဌာန်းနှင့် ဈာန်ကို တွဲပြခြင်း

အပ္ပနာဘာဝနာ တိုင်အောင် ရွက်ဆောင်နိုင်သော ကမ္မဋ္ဌာန်း ၂ဝ တွင် -

  • ကသိုဏ်း ၁ဝ ပါးနှင့် အာနာပါန ကမ္မဋ္ဌာန်း, ဤ ၁၁ ပါးတွင် တပါးပါးကို အားထုတ်လျှင် ပဉ္စမဈာန်တိုင်အောင် ရူပဈာန် ၅ ပါးလုံးကိုအဆင့်ဆင့် ရနိုင်၏၊
  • အသုဘ ၁ဝ ပါးနှင့် ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့သည် ပဌမဈာန်ကိုသာ ရစေနိုင်၍,
  • မေတ္တာ ကရုဏာ မုဒိတာတို့က ပဌမ ဒုတိယ တတိယ စတုတ္ထဈာန် တိုင်အောင် ရစေနိုင်လျက်,
  • ဥပေက္ခာ ဗြဟ္မဝိဟာရကမူ ပဉ္စမဈာန်ကိုသာ ရစေနိုင်သည်။

အသုဘနှင့် ကာယဂတာ

အသုဘ ၁ဝ ပါးနှင့် ကာယဂတာသတိ၏ အာရုံတို့သည် ရုန့်ရင်း ကြမ်းကြုတ် စက်ဆုတ်ဘွယ် အာရုံများတည်း၊ ထို့ကြောင့် ကြမ်းတန်းသော ရေအယဉ်မှာ ထိုးဝါးကောင်းကောင်းဖြင့် ထောက် မထားပါလျှင် လှေ မတည်တန့်နိုင်သကဲ့သို့, ထို့အတူ ထိုစက်ဆုတ်ဘွယ် အာရုံပေါ်သို့ တင်ပေးမည့် ဝိတက် တည်းဟူသော ထိုးဝါး မပါလျှင် ထိုစက်ဆုတ်ဘွယ် အာရုံ၌ စိတ်အစဉ် မတည်တန့်နိုင်၊ သို့ဖြစ်၍ အသုဘ စသည်ကို အာရုံပြုလျက် ဝိတက်မပါသော ဒုတိယဈာန် စသည်တို့ မဖြစ်နိုင်

နာဝါ အရိတ္တဗလေန, စဏ္ဍသောတမှိ တိဋ္ဌတိ၊
ဧဝါသုဘေသု စိတ္တံပိ, တက္ကဗလေန တိဋ္ဌတိ၊
တေနေတ္ထ ပဌမံ ဈာနံ, န ဟောန္တိ ဒုတိယာဒိနိ။

နာဝါ - လှေသည်၊
အရိတ္တဗလေန - ထိုးဝါးအစွမ်းကြောင့်၊
စဏ္ဍသောတမှိ - ကြမ်းတန်းသော ရေအယဉ်၌၊
တိဋ္ဌတိ ယထာ - တည်နိုင်သကဲ့သို့၊
ဧဝံ - ဤ့အတူ၊
စိတ္တံပိ - ဘာဝနာစိတ်သည်လည်း၊
တက္ကဗလေန - ဝိတက်အစွမ်းကြောင့်၊
အသုဘေသု - မတင့်တယ်သော အာရုံတို့၌၊
တိဋ္ဌတိ - တည်နိုင်၏၊
တေန - ထို့ကြောင့်၊
ဧတ္ထ - ဤ မတင့်တယ်သော ကမ္မဋ္ဌာန်း အာရုံ၌၊
ပဌမံဈာနံ - ဝိတက်ပါသော ပဌမဈာန်သာလျှင်၊
ဟောတိ - ဖြစ်၏။
ဒုတိယာဒီနိ - ဝိတက် ကင်းသော ဒုတိယဈာန် အစရှိသည်တို့သည်၊
နဟောန္တိ - မဖြစ်နိုင်ကုန်။

မေတ္တာ ကရုဏာ မုဒိတာ

ဤမေတ္တာ စသော ၃ ပါးသည် ဒေါမနဿကြောင့် ဖြစ်သော ဗျာပါဒ ဝိဟိံသ အနဘိရတိတို့မှ လွတ်မြောက်ကြောင်း တရားများဖြစ်၏၊

ထင်ရှားစေအံ့—
မေတ္တာသည် သတွာတို့ကို ချစ်မြတ်နိုးလျက် အကျိုး လိုလားသောတရားတည်း၊ ဗျာပါဒကား သတွာတို့၌ မုန်းတီး ရွံရှာ ပျက်စီးရာ ပျက်စီးကြောင်း မကောင်း ကြံသော တရားတည်း၊ တရားကိုယ်မှာ ဒေါသပင် ဖြစ်၏၊ ဒေါသ မှန်လျှင် ဒေါမနဿနှင့် မကွေမကွာ ယှဉ်ဘက်ဖြစ်၍ ဒေါမနဿကြောင့် ဖြစ်သည်-ဟု ဆိုရသည်၊

သို့ဖြစ်၍ ဒေါမနဿကြောင့် ဖြစ်သော ဒေါသ ဗျာပါဒမှ လွတ်မြောက်သော မေတ္တာသည် ဧကန် သောမနဿနှင့်သာ ယှဉ်ထိုက်လေသည်၊ ထို့ကြောင့် မေတ္တာ ကမ္မဋ္ဌာန်းဖြင့် သောမနဿ (သုခ) ယှဉ်ရာ အောက် ရူပဈာန် ၄ ပါးကိုသာ ရခွင့်ရှိလေသည်

ကရုဏာသည် ဒုက္ခိတ သတွာကို လွန်စွာ သနားတပ်၏၊ ဝိဟိံသကား မသနားသည့်ပြင် ညှဉ်းဆဲပင် ညှဉ်းဆဲချင်သေး၏, တရားကိုယ်မှာ ဒေါမနဿကြောင့်ဖြစ်သော ဒေါသပင်တည်း၊ ထို့ကြောင့် ထိုဝိဟိံသ၏ ဆန့်ကျင်ဘက် ဖြစ်၍ ဝိဟိံသမှ လွတ်ထွက်ရသော ကရုဏာလည်း သောမနဿနှင့် ယှဉ်ရာ အောက် ရူပဈာန်ကိုသာ ရစေနိုင်သည်

မုဒိတာသည် သတွာတို့ သမ္ပတ္တိ ဖြစ်နေသည်ကို ဝမ်းမြောက်၏၊ အနဘိရတိ ကား ထို သူတပါး စည်းစိမ် ချမ်းသာကို မကြည့်ရှုနိုင် မမွေ့လျော်နိုင်သော ဒေါသတည်း၊ ထို့ကြောင့် အနဘိရတိ၏ ဆန့်ကျင်ဘက် ဖြစ်သော မုဒိတာသည် ဒေါမနဿ၏ ဆန့်ကျင်ဘက် ဖြစ်သော သောမနဿနှင့်သာ ယှဉ်သင့်ရကား အောက် ရူပဈာန် ၄ ပါး ကိုသာ ဖြစ်စေနိုင်သည်။

မေတ္တာဒယော တယော ပုဗ္ဗာ, ဒေါမနဿဇ-နိဿရာ၊
သောမနဿာ.ဝိပ္ပယောဂါ, ဟေဋ္ဌာ စတုက္ကဈာနိကာ။

မေတ္တာဒယော - မေတ္တာ အစရှိကုန်သော၊
တယောပုဗ္ဗာ - ရှေ့ ဗြဟ္မဝိဟာရ ၃ ပါးတို့သည်၊
ဒေါမနဿဇနိဿရာ - ဒေါ မနဿကြောင့် ဖြစ်သော ဗျာပါဒ ဝိဟိံသ အနဘိရတိတို့မှ လွတ်မြောက်ကြောင်းး တို့သည်၊
ဟုတွာ - ဖြစ်ကုန်၍၊
သောမနဿာ.ဝိပ္ပယောဂါ - သောမနဿနှင့် မကွေမကွာ ယှဉ်သင့်ခြင်းကြောင့်၊
ဟေဋ္ဌာစတုက္ကဈာနိကာ - သောမနဿရှိရာ အောက်ဈာန် ၄ ပါးနှင့်သာ ယှဉ်ကြလေကုန်၏။

ဥပေက္ခာ

သတွာတို့ အပေါ်၌ လစ်လျူ ရှုနိုင်သော ဥပေက္ခာ ဗြဟ္မဝိဟာရသည် အပ္ပနာသို့ ရောက်သည့်အခါ ဥပေက္ခာ ဝေဒနာနှင့်သာယှဉ်သင့်၏၊ ထို့ကြောင့် ထိုဥပေက္ခာ ဗြဟ္မဝိဟာရဖြင့် ပဉ္စမဈာန်ကိုသာ ရနိုင်သည်၊

မေတ္တာ ကရုဏာ မုဒိတာ တပါးပါးဖြင့် အောက်ဈာန် ၄ ပါးကို ရပြီးသော ယောဂီသာလျှင် ဤ ဥပေက္ခာဗြဟ္မဝိဟာရကို အားထုတ်သင့်၏၊

ဘာ့ကြောင့်နည်း -
သတွာ ပညတ်ချင်း အာရုံ တူသောကြောင့်တည်း၊ ကသိုဏ်း စသော ကမ္မဋ္ဌာန်းဖြင့် အောက်ဈာန် ၄ ပါးကို ရခဲ့သူမှာ အာရုံချင်း မတူသည့်အတွက် ဤဥပေက္ခာကို အားထုတ်သော်လည်း ပဉ္စမဈာန်ကို မရနိုင်။

မဇ္ဈတ္တဝေဒနာ ယောဂါ, ပဉ္စမေ ဇာတု.ပေက္ခကာ၊
မေတ္တာဒီဟိ စ လဒ္ဓဇ္ဈာ-နိကဿေ.ဝေသ ဝတ္တတိ။

ဥပေက္ခကာ - ဥပေက္ခာ ဗြဟ္မဝိဟာရသည်၊
မဇ္ဈတ္တဝေဒနာ ယောဂါ - ဥပေက္ခာဝေဒနာနှင့် ယှဉ်ခြင်းကြောင့်၊
ပဉ္စမေ - ပဉ္စမဈာန်၌၊
ဇာတာ - ဖြစ်၏၊
- ဆက်ဥုးအံ့၊
မေတ္တာဒီဟိ - မေတ္တာ အစရှိသော ဗြဟ္မဝိဟာရတို့ဖြင့်၊
လဒ္ဓဇ္ဈာနိကဿေဝ - ရအပ်သော ဈာန်ရှိသော ယောဂီ၏သာလျှင်၊
ဧသ (ဧသာ) - ဤဥပေက္ခာဗြဟ္မဝိဟာရသည်၊
ဝတ္တတိ - ဖြစ်သင့်၏။

🎯 နိမိတ္တဘေဒ

နိမိတ္တသဒ္ဒါသည် “အကြောင်း”ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် ဘာဝနာ၏ အကြောင်း ဖြစ်သော အာရုံကို “နိမိတ္တ” ခေါ်သည်-ဟု မှတ်၊ ထို နိမိတ်သည် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် ဟု ၃ မျိုးရှိ ၏၊

ထိုတွင် ပရိကမ္မ ဘာဝနာ၏ အာရုံသည် ပရိကမ္မနိမိတ် မည်၏၊ ကမ္မဋ္ဌာန်းစ၍ စီးဖြန်းသည့်အခါ အာရုံ ပြုအပ်သော ပထဝီကသိုဏ်းဝန်း စသော အာရုံများတည်း၊ [ပရိကမ္မဿ - ပရိကမ္မ ဘာဝနာ၏၊ နိမိတ္တံ- အကြောင်း အာရုံတည်း၊]

ကမ္မဋ္ဌာန်း စီးဖြန်း၍ စိတ်ထည်း၌ အတော် စွဲလမ်းသည့်အခါ (မျက်စိဖြင့် တိုက်ရိုက် မကြည့်တော့ဘဲ စိတ်ဖြင့် မှန်း၍ တန်းတန်း မတ်မတ် ထင်ထင်ရှားရှား ယူနိုင်သည့်အခါ) ထို အာရုံသည်ပင် ဥဂ္ဂဟနိမိတ်မည်၏၊ [ဥဂ္ဂဟေတဗ္ဗံ - စိတ်ဖြင့်မှန်း၍ ယူအပ်၏၊ ဣတိ - ကြောင့်၊ ဥဂ္ဂဟံ - ဥဂ္ဂဟမည်၏၊ ( ဥဂ္ဂဟော ဟု ပုံးလိန်လည်း ဖြစ်သင့်၏၊]

ပဋိဘာဂသဒ္ဒါသည် “အတု - အတူ” ဟူသော အနက်ကို ဟော၏၊ မူလ စီစဉ်ထားအပ်သော ကသိုဏ်းဝန်း စသည်နှင့်တူစွာ စိတ်ထည်းမှာ ထင်ပေါ်လာသော အာရုံတည်း။

ပရိကမ္မနိမိတ္တံ ဥဂ္ဂဟနိမိတ္တဉ္စ သဗ္ဗတ္ထာပိ ယထာရဟံ ပရိယာ ယေန လဗ္ဘန္တေဝ -
ကမ္မဋ္ဌာန်း ၄၀ လုံး၌ပင် ပရိကမ္မနိမိတ် နှင့် ဥဂ္ဂဟနိမိတ်များ ရကောင်းပေသည်၊ သို့သော်“ယထာရဟံ ပရိယာယေန” ဟူသောစကားအရ ထိုနိမိတ် ၂ ပါး ခွဲခြားမှုမှာ ကမ္မဋ္ဌာန်းတိုင်း၌ ပိုင်းပိုင်းတိတိ ခွဲခြား၍ ရကောင်းသည်-ဟု မဆိုသာ၊ တချို့ ကမ္မဋ္ဌာန်း၌ မုချအားဖြင့် ခွဲခြားရကောင်း၏, တချို့ ကမ္မဋ္ဌာန်း၌ ပရိယာယ် အားဖြင့်သာ ခွဲခြား ရကောင်းသည်၊

ထင်ရှားစေအံ့ -
ပထဝီကသိုဏ်းဝန်းကို စီမံပြီး၍ “ပထဝီ ပထဝီ”ဟုနှုတ်ဖြင့်ရွတ်၍၎င်း, မရွတ်ဘဲ မျက်စိဖြင့် စူးစိုက် ကြည့်ရှု၍၎င်း ပွားများနေစဉ် ထို ပထဝီကသိုဏ်းဝန်းသည် ပရိကမ္မနိမိတ်တည်း၊ ထို့နောက် ပထဝီ ကသိုဏ်းဝန်း အနားမှခွာ၍ သင့်လျော်ရာ အရပ်၌နေစဉ် ထိုပထဝီကသိုဏ်းဝန်းကို မှန်း၍ စီးဖြန်းလိုက်သည့် အခါ မျက်စိဖြင့် ကြည့်နေရသလို ထင်ထင်ရှားရှား စိတ်ဖြင့်ယူနိုင်၏၊ ထိုအခါ စိတ်ဖြင့် မှန်းယူအပ်သော ထိုပထဝီ ကသိုဏ်းဝန်းသည် ဥဂ္ဂဟနိမိတ် အစစ်တည်း၊

ဤသို့လျှင် ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်း ၂၂ ပါးတို့၌ မုချအားဖြင့် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ၂ ပါး ခွဲခြားရကောင်း၏။

ပဋိဘာဂနိမိတ် မရကောင်းသော ဗုဒ္ဓါနုဿတိ စသည်တို့၌ကား မူလစ၍ စီးဖြန်းကတည်းကပင် စိတ်ဖြင့် မှန်း၍ စီးဖြန်းရ၏။ ထို့ကြောင့် မည်သည့် အခိုက်အတန့်ကို ပရိကမ္မနိမိတ်, မည်သည့် အခိုက်အတန့်ကို ဥဂ္ဂဟနိမိတ်ဟု အတိအလင်း မခွဲခြားနိုင်၊ ဂုဏ်တော်စသော အာရုံများ စိုက်ထည်း၌ ကောင်းစွာ မထင်ရှား သေးခင် အာရုံပြုအပ်သော အာရုံကို ပရိကမ္မနိမိတ်, စိတ်ထည်း၌ ကောင်းစွာ ထင်ရှား လာသည့်အခါ ပြုအပ်သော အာရုံကို ဥဂ္ဂဟနိမိတ် ဟု ပရိယာယ်အားဖြင့်သာ ခွဲခြား၍ရကောင်းသည်။

[ဤ၌ ပရိယာယ် ဟူရာဝယ် သဒိသူပစာရလည်း ကြံသင့်၏။]

ပဋိဘာဂနိမိတ္တံ ပန ကသိဏာ သုဘကောဋ္ဌာသ အာနာပါနေ သွေ၀ -
ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်းများ၌ စီးဖြန်းခါစလည်း ဘုရားဂုဏ်, အသားကျသည့် အခါလည်း ဘုရားဂုဏ် စသည်ပင်ဖြစ်၍ တမျိုးတဖုံ အာရုံအတု ထင်လာဘွယ် မရှိ၊ ပကတိ ဘုရားဂုဏ် စသော အာရုံများသာလျှင် ရှင်းလင်းစွာ ထင်လာဘွယ် ရှိသည်၊

ထို့ကြောင့် ဗုဒ္ဓါနုဿတိ စသော အနုဿတိ ၈ ပါး, ပဋိကူလသညာ, စတုဓာတုဝဝတ္ထာန်, ဗြဟ္မဝိဟာရ ၄ ပါး, အာရုပ္ပ ၄ ပါး, ဤ ၁၀-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်မရနိုင်

ကသိုဏ်း အသုဘ ကောဋ္ဌာသ အာနာပါန ဟူသော အာရုံ ၂၂ ပါး၌သာ ပဋိဘာဂ နိမိတ်များ ရကောင်းသည်

🟡 ပထဝီကသိုဏ်း စီးဖြန်းပုံ

အခြေခံ

ကာမဂုဏ်အပြစ်ကို ကောင်းစွာမြင်၍ ဈာန် မဂ် ဖိုလ် နိဗ္ဗာန်ကို ဧကန် တောင့်တသော သူတော်စင်သည် မိမိဆိုင်ရာ သီလကို အတည်တကျ စောင့်သုံး၍ အနှောင့် အထုံး အတွယ်အတာ မရှိစေဘဲ စင်ကြယ်သော မိမိသီလကိုပင် အခါခါ ဆင်ခြင်လျက် ကြည်လင် ရွှင်လန်း ပီတိများ တဖြန်းဖြန်းထကာ “ဤသီလကို အခြေခံ၍ ဧကန် ဈာန် မဂ် ဖိုလ်ကို ရပေတော့မည်” ဟု သီလကိုပင် အားကိုး အားထား ပြုပြီးနောက် အာဝါသ ကုလ စသော ပလိဗောဓကြီးများကို ဖြတ်တောက်ပြီးလျှင် ကလျာဏ မိတ်ဆွေစစ် ဖြစ်ထိုက်သော အရှင်ကောင်းထံ ချဉ်းကပ်၍ မိမိစရိုက်နှင့် သင့်မြတ်သော ကမ္မဋ္ဌာန်းကို ယူရာ၏၊

ထို့နောက် ကမ္မဋ္ဌာန်းဆရာ သီတင်းသုံးရာဌာနသည်ပင် မိမိနှင့် သင့်မြတ်က ထိုအရပ်မှာပင် နေ၍ မသင့်မြတ် သေးလျှင် သင့်မြတ်ရာကျောင်းသို့ ရွှေ့ပြောင်းလျက် ရှည်သော ဆံပင် ခြေသည်း လက်သည်းများကိုပင် ရိတ်ဖြတ်ခြင်း သင်္ကန်းကို ဖွပ်လျှော် ဖာထေးဘွယ်ရှိက ဖွပ်လျော် ဖာထေးခြင်း စသော ကိစ္စငယ်များကို အားလုံး ပြီးစီးအောင် ပြုလုပ်ဖြတ်တောက်ပြီးလျှင် အစဉ်မပြတ် ကြိုးစားရမည်။

ပထဝီမဏ္ဍလာဒီသု နိမိတ္တံ ဥဂ္ဂဏှန္တဿ ၊ပေ၊ ပရိကမ္မ နိမိတ္တန္တိ ပဝုစ္စတိ၊ သာ စ ဘာဝနာ ပရိကမ္မဘာဝနာ နာမ -
ရှေးဘဝက ပထဝီ ကသိုဏ်းကို စီးဖြန်း၍ ဈာန်ရခဲ့ဘူးသူ ဖြစ်လျှင် ကသိုဏ်းဝန်းကို တမင် စီမံနေဘွယ်မလို, ပင်ကိုယ် ရှိရင်း ဖြစ်သော ကောက်နယ် တလင်းမြေ လယ်ထွန်ရာ အရပ်မြေကို မြင်ရုံမျှဖြင့် “ ပထဝီ ပထဝီ ” ဟု စီးဖြန်းလိုက်လျှင် ပဋိဘာဂ နိမိတ် ထင်လာနိုင်၏၊

ထိုကဲ့သို့ မလေ့လာခဲ့ဘူးသူတို့ကား ဩဒါတ လောဟိတ နီလ ပီတ ဟူသော အခြား ကသိုဏ်းများနှင့် မရောနှောစေဘို့ရာ အဖြူ အနီ အညို အရွှေ လေးထွေသော အဆင်းတို့နှင့် ရောယှက်ခြင်း မရှိသော အာရုံ အရောင်အဆင်းကဲ့သို့ မဝင်းလွန်း မဝါလွန်းသော နုံးမြေကို ရှာဘွေ၍ ထိုမြေကို ညက်စွာဆင့်လျက် ရေဖြင့် ဖျော်ပြီးလျှင် ပျဉ်ချပ်ပေါ်မှာ ဖြစ်စေ သားရေပိုင်း အဝတ် စသည်တို့ အပေါ်မှာ ဖြစ်စေ တထွာနှင့် လက် ၄ သစ်ခန့် ကျယ်ပြန့် ဝိုင်းစက်စွာ သုတ်လိမ်း၍ ထက်ဝန်းကျင် ပတ်လည် အနားကို မဲ နယ်, သို့မဟုတ် ဆေးဒါန်း မြင်းသီလာဖြင့် ပိုင်းခြားလျက် စည်မျက်နှာ အပြင်ကဲ့သို့ ချောမွေ့ ညက်ညောအောင် စီမံပြီးလျှင်, လူ ရှင် ကင်းဆိတ်ရာ ကျောင်းတိုက် အစွန်အဖျား တောကြား တောင်ခေါင်း သစ်ရွက် ကျောင်းစသည်၌ ထားရာ၏။

ထိုသို့ကသိုဏ်းဝန်းကို စီမံပြီးနောက် ထိုအရပ်ကို တံမြက် လှည်းခတ်၍ ကသိုဏ်း၏ ၂ တောင့်ထွာ အတွင်း လောက်၌ ခင်းထားအပ်သော ထိုင်ခုံပေါ်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးကာ မှန်အပြင်၌ မျက်နှာရိပ်ကို ကြည့်သူပမာ မဖွင့်လွန်း မမှိတ်လွန်းဘဲ ကသိုဏ်းဝန်းကို ကြည့်ရှုရာ၏၊

ထိုသို့ကြည့်ရှုရာ၌ ကသိုဏ်းဝန်းမှာ ထင်နေသော အာရုံရောင် အဆင်းကိုလည်း မဆင်ခြင်ရ၊ ပထဝီဓာတ်၏ ထဒ္ဓ လက္ခဏာ (ခိုင်မာခြင်းသဘော) ကိုလည်း နှလုံးမသွင်းရ၊ အဆင်းနှင့်စပ်သော မြေဒြဗ်ကိုသာ အားလုံး ကုန်ထင်စေလျက် မြန်မာလို“မြေ=မြေ” ပါဠိလို “ပထဝီ=ပထဝီ ”ဟု အလိုရှိသလို နှုတ်ဖြင့် ရွတ်ဆို၍၎င်း နှုတ်က မရွတ်ဘဲ စိတ်ဖြင့်သာ ဆင်ခြင်၍၎င်း ရံခါ မျက်လုံး ဖွင့်၍ကြည့်, ရံခါမှိတ်၍ စိတ်ဖြင့်ဆင်ခြင်, ဥဂ္ဂဟ နိမိတ် မထင်သမျှ ထိုင်နေရာ ပူနွေးလာအောင် အခါပေါင်း ထောင်သောင်းမက ပွားများစီးဖြန်း ကြိုးပမ်း အားထုတ်ရာ၏၊ ဤကဲ့သို့ အားထုတ်မှ ဘာဝနာ စိတ်ကို ပရိကမ္မဘာဝနာဟု ခေါ်၏၊ ထိုကဲ့သို့ စီးဖြန်းအပ်သော ကသိုဏ်းဝန်း အာရုံကို ပရိကမ္မနိမိတ်ဟု ခေါ်သည်။

ယဒါ ပန တံ နိမိတ္တံ စိတ္တေန သမုဂ္ဂဟိတံ ဟောတိ, စက္ခုနာ ပဿန္တဿေဝ မနောဒွါရဿ အာပါတမာဂတံ၊ တဒါ တမေဝ အာရမဏံ ဥဂ္ဂဟနိမိတ္တံနာမ -
ဤကဲ့သို့ မှိတ်တုံ ဖွင့်တုံ အဖုံဖုံ စီးဖြန်းလေရာ မှိတ်၍ ဆင်ခြင်သည့်အခါလည်း ဖွင့်၍ ကြည့်ရသလို စိတ်ထည်းမှာ ထင်ရှားစွာ ပေါ်လာ၏၊ ထိုအခါ စိတ်ဖြင့် ကောင်းစွာ ယူမိပြီဖြစ်၍ ထို အာရုံကို ဥဂ္ဂဟနိမိတ် ဟု ဆိုအပ်၏၊

ထိုကဲ့သို့ ဥဂ္ဂဟနိမိတ် ထင်သည့်အခါ ကသိုဏ်းဝန်း အနားမှာ နေသော်လည်း ကျေးဇူး မများတော့သဖြင့် နေမြဲဖြစ်သော နေရာသို့ ပြန်လာ၍ ပဋိဘာဂနိမိတ် ထင်လာဘို့ရာ ထို ဥဂ္ဂဟနိမိတ်ကိုပင် အထပ်ထပ် ဆင်ခြင်ရာ၏၊ တစုံ တခုသော အကြောင်းကြောင့် ဥဂ္ဂဟနိမိတ် ပျောက်ကွယ်လျှင် ယခင် ကသိုဏ်းဝန်း အနားသို့သွား၍ ရှေးနည်းအတိုင်း မှိတ်တုံ ဖွင့်တုံ အဖုံဖုံ ဆင်ခြင်ရာ၏၊ ဥဂ္ဂဟနိမိတ် ထင်လာသည့် အခါ တဖန် ပြန်လာ၍ ရှေးနည်းအတိုင်း ပွားများရာ၏၊

ထို ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ပွားများသော ဘာဝနာစိတ်ကား ပရိကမ္မဘာဝနာ အဆင့်အတန်းမှာ ရှိသေး၏၊ သို့သော် ပရိကမ္မနိမိတ်ကို အာရုံပြုတုန်းကထက် အဆများစွာ သမာဓိရ၍ တည်ကြည် လှလေပြီ၊ ထို့ကြောင့် “သာ စ ဘာဝနာ သမာဓိ ယတိ”ဟု မိန့်တော်မူသည်။

တထာ သမာဟိတဿ ၊ပေ၊ ပဋိဘာဂနိမိတ္တံ သမုပ္ပန္နံ ပဝုစ္စတိ -
ထို ဥဂ္ဂဟနိမိတ်ကို မှန်း၍ ပရိကမ္မ ဘာဝနာဖြင့် အခါခါ စီးဖြန်းလတ်သော် သဒ္ဓိန္ဒြေ စသော ဣန္ဒြေငါးပါးတို့ လွန်စွာ တိုးတက် သန့်ရှင်းရကား ကုသိုလ်စိတ်ကို နှောင့်ရှက်တတ်သဖြင့် “ပရိဗန္ဓ” ဟု ခေါ်ဝေါ်အပ်သော ကာမစ္ဆန္ဒ စသော နီဝရဏတို့သည် တွဲဘက်ကိလေသာတို့နှင့်တကွ ကင်းကွာကြရလေတော့၏၊ ထိုအခါ ဘာဝနာစိတ်အစဉ်၌ ဝိတက် စသော ဈာန်အင်္ဂါ ငါပါးလည်း အထင်အရှား ပေါ်လာလေတော့သည်၊

ရူပဈာန် အပ္ပနာသို့ မဆိုက်သေးသော်လည်း ကာမာဝစရစိတ် ဟူသော ဘာဝနာ အစဉ်သည် ရူပဈာန် ပမာ အာရုံ၌ လွန်စွာ တည်ကြည်ရကား ရူပဈာန်၏ အနီး ဥပစာသို့ ရောက်လေပြီ၊ ပရိကမ္မဘာဝနာ အဆင့်ကို လွန်မြောက်၍ ဥပစာရဘာဝနာအဖြစ်သို့ ရောက်ပြီဟူလို၊ ဤဥပစာရ ဘာဝနာကိုပင် “ဥပစာရဈာန်” ဟု လည်းခေါ်ဝေါ်ကြ၏၊

ထိုကဲ့သို့ ဘာဝနာစိတ်ဓာတ်က တည်ကြည်လှသဖြင့် စီးဖြန်းအပ်သော အာရုံလည်း ဥဂ္ဂဟနိမိတ် အဖြစ်ကို လွန်မြောက်၍ ပဋိဘာဂနိမိတ် အဖြစ်သို့ရောက်ခဲ့ပြီ၊ ဥဂ္ဂဟနိမိတ်၌ ကသိုဏ်းဝန်းပြုလုပ်စဉ်က ထင်နေသော လက်ချောင်းရာ လက်ဖနောင့်ရာ စသော မသန့်ရှင်းသော အပြစ်များရှိ၏၊ ပဋိဘာဂနိမိတ်မှာ ထိုကဲ့သို့ အပြစ်များ မထင်ချေ၊ ပွတ်တိုက်အပ်သော ခရုသင်း, အိမ်မှ ထုတ်အပ်ခါစ ဖြစ်သော ကြေးမုံမှန်, တိမ်တိုက်မှ ထွက်လာသော လဗိမာန်, မိုဃ်းတိမ်ညို စခန်း၌ ပျံသန်းသော ဗျိုင်းဖြူ ကလေးကဲ့သို့ ဥဂ္ဂဟနိမိတ်ကို ဖေါက်ခွဲ၍ ထွက်လာသည့် ပမာ ဥဂ္ဂဟနိမိတ်ထက် အဆ ရာ ထောင် မက သာလွန် တင့်တယ်သော ဟူ၏၊

[ကြွင်းသော မှတ်ဘွယ်များကို အခြေပြု၌ ဆိုထားပြီ။]

တဉ္စ ခေါ ပဋိဘာဂနိမိတ္တံ နေဝ ဝဏ္ဏဝန္တံ န သဏ္ဌာန ဝန္တံ အပရမတ္ထ သဘာဝတ္တာ” ဟူသော ဝိသုဒ္ဓိမဂ် မဟာဋီကာနှင့် အညီ, ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့မှာ မြေသား ဒြဗ် အဋ္ဌကလာပ်ရုပ်ဖြစ်၍ ပရမတ္ထတရား ဖြစ်သော်လည်း ဤ ပဋိဘာဂနိမိတ်ကား ပရမတ္ထ သဘောတရား မဟုတ်တော့ပြီ၊ ပရမတ်ဖြစ်သော ကလာပ်တွေ ပေါင်းစုနေမှ ပုံသဏ္ဌာန်နှင့် ရူပါရုံ ဟူသော အဆင်းများ ရနိုင်သည်၊

ပရမတ်မဟုတ်သော ဤ ပဋိဘာဂနိမိတ်မှာ အဆင်းအရောင်လည်း မရှိ, ပုံသဏ္ဌာန်လည်း မရှိတော့ချေ၊ “ကေဝလံ ဟိ သမာဓိလာဘိနော ဟိ ဥပဋ္ဌာနာကာရမတ္တံ” ဟူသော ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာနှင့် အညီ သမာဓိ အားကောင်းသော ဘာဝနာအစွမ်းကြောင့် ယောဂီ ပုဂ္ဂိုလ်၏ စိတ်ထည်း၌ ထင်ပေါ်လာသော ပညတ် တမျိုးသာ ဖြစ်သည်၊ ထို့ကြောင့် သင်္ဂြိုဟ်၌ “ဝတ္ထုဓမ္မ ဝိမုစ္စိတံ ပညတ္တိ သင်္ခါတံ ဘာဝနာမယံ စိတ္တေ သန္နိသိန္နံ သမပ္ပိတံ” ဟု မိန့်ပြီ၊

[ဤ ပဋိဘာဂ နိမိတ်သည် မူလကသိုဏ်းဝန်းနှင့် အယွယ်အားဖြင့် တထွာလေးသစ်ချင်း တူစွာ ထင်လာ၏၊ သို့ဖြစ်၍ အလွန် ကျဉ်းငယ်ရကား တဖြေးဖြေး ကျယ်ဝန်း လာအောင် စိတ်ဖြင့်မှန်း၍ ချဲ့ကာ ချဲ့ကာ စီးဖြန်း ပွားများနိုင်သည်၊ ချဲ့ပုံကို ဝိသုဒ္ဓိမဂ်မှာ ရှု။]

တတောပရံ ၊ပေ၊ ပဌမဇ္ဈာနမပ္ပေတိ
ပဋိဘာဂ နိမိတ် ထင်လာ၍ ဥပစာရဘာဝနာသို့ ရောက်ပြီးနောက် ထိုပဋိဘာဂနိမိတ်ကို အာရုံပြုလျက် ဆက်၍ အားထုတ်လျှင် ဉာဏ်ကြီးရှင်တို့မှာ မကြာမတင် အပ္ပနာဘာဝနာ ခေါ်သော ရူပါဝစရဈာန် ပေါ်လာ၏၊ ထိုမျှလောက် မထက်မြက်သူမှာ “စကြမင်းလောင်း ဟု အဟောထွက်သော ကိုယ်ဝန် သူငယ်ကို မယ်တော် မိဖုရားကြီးက အထူး ယုယ စောင့်ရှောက်သကဲ့သို့ ထိုရအပ်ပြီးသော ပဋိဘာဂနိမိတ်ကို ပျောက်ကွယ် မသွားရအောင် အထူးစောင့်ရှောက်လျက် အဆက်မပြတ် အားထုတ်ရမည်၊ ဤသို့ အားထုတ်ခြင်းကိုပင် “သမာသေဝန္တဿ” ဟု ဆို၏၊

ထိုထို စောင့်ရှောက်မှု မရှိ၍ ပဋိဘာဂနိမိတ် ကွယ်ပျောက်လျှင် ဘာဝနာ အစဉ်လည်း ဥပစာရ ဘာဝနာ အတန်းမှ လျှောကျသဖြင့် ပရိကမ္မဘာဝနာ အတန်းသို့ ပြန်ရလိမ့်မည်

[စောင့်ရှောက်ပုံနှင့် တကွ ဆက်လက်၍ အားထုတ်ရပုံကို ဝိသုဒ္ဓိမဂ်မှာရှု။]

နိမိတ္တံ ရက္ခတော လဒ္ဓ-ပရိဟာနိ န ဝိဇ္ဇတိ၊
အာရက္ခမှိ အသန္တမှိ လဒ္ဓံ လဒ္ဓံ ဝိနဿတိ။

နိမိတ္တံ - ပဋိဘာဂနိမိတ်ကို၊
ရက္ခတော - စောင့်ရှောက်သူ၏၊
လဒ္ဓပရိဟာနိ - ရအပ်ပြီးသော ဥပစာရဈာန်၏ ဆုတ်ယုတ်ခြင်းသည်၊
နဝိဇ္ဇတိ - မရှိ၊
အာရက္ခမှိ - စောင့်ရှောက်မှုသည်၊
အသန္တမှိ - မရှိလတ်သော်၊
လဒ္ဓံ လဒ္ဓံ - ရအပ် ရအပ်သော ဥပစာရဈာန်သည်၊
ဝိနဿတိ - ပျက်စီးရလေတော့၏။

⬆️ ဒုတိယဈာန် စသည်သို့ တက်ခဏ်း

ဒုတိယဈာန်သို့ တက်လိုသော ယောဂီသည် ရအပ်ပြီးသော ပဌမဈာန်ကို ငါးတန်သော ဝသိဘော် ပေါက်အောင် အဝါးဝစွာ လေ့လာရဥုးမည်၊ “အသားကျနေအောင် အထပ်ထပ် ဝင်စားရမည်” ဟူလို၊

ထိုကဲ့သို့ မလေ့လာဘဲ အထက်ဈာန်ကို တိုးတက် အားထုတ်လျှင် “ဖွတ်မရ, ဒါးမ ဆုံး” တဲ့ ကိန်းလို မူလ ရပြီးသော ဈာန်သည်ပင် အသားမကျခင် ပစ်ထားမိသဖြင့် ပျောက်ကွယ် သွားတတ်သည်၊ ထိုသို့ ကွယ်ပျောက် မသွားဘဲ အထက်ဈာန်၏ အခြေခံဖြစ်အောင် အဘန်ဘန်ဝင်စားရာ၌ အသား မကျသေးခင် အလိုရှိရာ ခဏ၌ ချက်ခြင်းဝင်စား၍ မဖြစ်, ဈာန်၏ အာရုံကို အတော်ကြာအောင် အာရုံပြု၍ ပွားများမှ ဈာန်စိတ် ပေါ်လာ၏၊

ထို ဈာန်အစဉ် (ဈာနသမာပတ္တိဝီထိ) ဖြစ်ပေါ်လာလျှင်လည်း ဈာန်မှ ထလိုရာ ခဏ၌ ချက်ခြင်းထ၍ မဖြစ်သေး, ရည်ရွယ်သော အချိန်ထက် ပို၍ဖြစ်စေ လျော့၍ ဖြစ်စေ ဈာန်မှ ထရလေသည်၊ ထို့ကြောင့် ရအပ်ပြီးသော ဈာန်ကို ငါးတန်သော ဝသိဘော် ပေါက်ရောက်အောင် အခေါက်ခေါက်ဝင်စားရမည်။

ဝသိဘော်

ဝသနံ သမတ္ထနံ - စွမ်းနိုင်ခြင်း၊
ဝသီ - စွမ်းနိုင်ခြင်း၊
ဝသီဧဝ - စွမ်းနိုင်ခြင်းသည်ပင်၊
ဝသိတာ - ဝသိတာ မည်၏၊

ဤသို့ ဋီကာတို့၌ တာ ပစ္စည်းကို အနက်သီးခြား မရှိ၊ သွတ္ထ-ဟု ကြံလိုရိပ် ထင်၏၊ သို့သော် “ဝသနံ သမတ္တနံ ဝသော, ဝသော ယဿ အတ္ထီတိ ဝသီ, (စွမ်းနိုင်ခြင်းသတ္တိ ရှိသော ယောဂီပုဂ္ဂိုလ်ရ၏၊) ဝသိနော -စွမ်းရည်သတ္တိရှိသော ပုဂ္ဂိုလ်၏၊ ဘာဝေါ - ဖြစ်ကြောင်းဖြစ်ရာ အစွမ်းသတ္တိသည်၊ ဝသိတာ - ဝသိတာ မည်၏” ဟု ဘာဝတဒ္ဓိတ်ပြု၍ တာပစ္စည်း အနက်ရှိ ကြံရလျှင် သာ၍ အဓိပ္ပါယ် ရရုံမက, ထောမနိမိ အဘိဓာန်နှင့် လည်း ညီညွတ်သည်၊ ဝသိတာနှင့် ဝသိဘာ၀ ပုဒ်တို့မှာ အနက်တူတည်း၊ “ဝသိနော ဘာဝေါ ဝသိဘာဝေါ”ဟု သမာသ်ပြုလေ၊

[ဤ ဝသိဘာဝ ပုဒ်ကို ရည်ရွယ်၍ “ဝသိဘော်”ဟု မြန်မာပြန်ကြသည်၊ သမာသ် တဒ္ဓိတ်တို့ အလယ် ဒီဃကိုရဿ အပြုများသောကြောင့် “ဝသိဘာဝ-ဝသိတာ” ဟု ရဿဖြင့် ပုဒ်မှန်ရွတ်။]

အာဝဇ္ဇနဝသိတာ

အာဝဇ္ဇနေ - ဈာန်အင်္ဂါကို ဆင်ခြင်မှု၌၊
ဝသိတာ - စွမ်းရည်သတ္တိ ရှိသူ၏ အဖြစ်သည်၊
အာဝဇ္ဇန ဝသိတာ - အာဝဇ္ဇန ဝသိတာမည်၏၊

ပဌမဈာန်ကို ဝင်စား၍ ဈာန်မှ ထလတ်သော် ပဌမဈာန်၌ပါသော ဝိတက်ဈာန်အင်္ဂါကို ဆင်ခြင်ဘို့ရန် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဖြစ်ပြီးလျှင် ဝိတက်ကို အာရုံပြုသော မနောဒွါရာဝဇ္ဇန်း ဖြစ်၏, ထို့နောက် ပစ္စဝေက္ခဏာဇောလည်း (၇ ကြိမ်မစောဘဲ) ၄-၅ ကြိမ်သာ စော၍ ဝိစာရကို ဆင်ခြင်ဘို့ရန် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒတို့ ဖြစ်ပြီးလျှင် မနောဒွါရာဝဇ္ဇာန်း ဖြစ်ပြန်၏, ထို့နောက် ပစ္စဝေက္ခဏာဇော စော၍ ရှေးနည်း အတိုင်း ပီတိ သုခ ဧကဂ္ဂတာ တို့ကို ဆင်ခြင်သော ဝီထိများ ဆက်ကာဆက်ကာ ဖြစ်ကြ၏၊

ဤသို့ ဆင်ခြင်ရာဝယ် ဈာန်အင်္ဂါ အသီးသီးကို ဆင်ခြင်သော ဝီထိတခုနှင့် တခု အကြားဝယ် ဘဝင် အပို များစွာ မပါတော့ချေ, မပါလျှင် မပြီးသော ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ လောက်သာ ပါတော့၏၊ ဈာန်အင်္ဂါကို ဆင်ခြင်မှု၌ ဤမျှလောက် လျင်မြန်အောင် စွမ်းရည်သတ္တိ ရှိသည့်အခါ အာဝဇ္ဇနဝသိတာ မြောက်ပြီဟု ဆိုအပ်၏၊ ဤကား ဘုရားရှင် စသည်တို့ တန်ခိုးပြတော်မူရာ စသည်၌ အသုံးပြုအပ်သော အမြန်ဆုံး ဆင်ခြင်နည်းပေတည်း၊ ထိုမျှလောက် မမြန်ဘဲ ဘဝင် အနည်းငယ် အပိုခြား၍ ဆက်ကာဆက်ကာ ဆင်ခြင်နိုင်လျှင်လည်း အာဝဇ္ဇန ဝသိဘော်ပင် ဆိုထိုက်ပါ၏၊

ဆိုလိုရင်းကား အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကိုပင် အာဝဇ္ဇန ဝသိဘော် ဟု ဆိုလိုသည်။

သမာပဇ္ဇနဝသိတာ

သမာပဇ္ဇနေ - ဈာန်ဝင်စားခြင်း၌၊
ဝသိတာ - စွမ်းရည်သတ္တိ ရှိသူ၏ အဖြစ်သည်၊
သမာပဇ္ဇနဝသိတာ - မည်၏၊

ဈာန်ဝင်စားလိုသော ဆန္ဒ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ပြီးနောက် ဘဝင်အပို မကျတော့ဘဲ ဘဝင်္ဂစလန ဘဝင်္ဂု ပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဖြစ်၍ အလိုရှိသမျှ ဈာန်စိတ် များစွာ ဖြစ်စေနိုင်ခြင်းသည် သမာပဇ္ဇနဝသိတာ မည်၏၊ ဤကား တန်ခိုးပြရာ ကာလ စသည်၌ အရေးတကြီး ဝင်စားနိုင်သော အလွန် ထက်မြက်သူတို့၏ သတ္တိတည်း၊ ထိုမျှလောက် မမြန်ဘဲ ဘဝင်အပို အနည်းငယ် ကျသော်လည်း သမာပဇ္ဇန ဝသိတာ ဆိုထိုက်ပါသေး၏။

အဓိဋ္ဌာနဝသိတာ

[ဤ၌ အဓိသဒ္ဒါသည် အဘိဘဝန အနက်ဟောတည်း, ဌာနသဒ္ဒါ၌ ကာရိတ်ပစ္စည်း ကြေသည်၊]
ဘဝင်္ဂံ အဘိဘုယျ ဈာနံ ဌပနံအဓိဋ္ဌာနံ

ဘဝင်္ဂံ - ဘဝင်ကို၊
အဘိဘုယျ - လွှမ်းမိုး၍၊
ဈာနံ - ဈာန် အစဉ်ကို၊
ဌပနံ - ထားခြင်းသည်၊
အဓိဋ္ဌာနံ - အဓိဋ္ဌာန မည်၏၊
အဓိဋ္ဌာနေ - ဘဝင်ကို လွှမ်းမိုး၍ ဈာန်အစဉ်ကို ထားနိုင်ခြင်း၌၊
ဝသိတာ - သည်၊
အဓိဋ္ဌာနဝသိတာ- မည်၏၊

ဈာန်စိတ်ချည်း ဆက်၍ ဖြစ်နေခြင်းကို “ဈာန်ဝင်စားသည်” ဟု ခေါ်၏၊
ဈာန်အစဉ် ပြတ်၍ ဘဝင်စိတ် ဖြစ်ပေါ်လာမှုကို “ဈာန်မှထသည်” ဟု ခေါ်၏၊

လက်ဖျစ် တချက်တီးချိန်မျှ ဝင်စားလိုလျှင် ထိုခဏ၌ ဘဝင် မကျအောင် လွှမ်းမိုး၍ ထို့ထက် ကြာကြာ ဝင်စားလိုလျှင် ဝင်စားလိုရာ အချိန် စေ့အောင် (ရေကာတာရိုးသည် ရေကို တားထားသကဲ့သို့ ) ဘဝင်ကို တားဆီး၍ ဈာန်အစဉ်ကို ထားနိုင်သော သတ္တိတည်း။

ဝုဋ္ဌာနဝသိတာ

ဝုဋ္ဌာနေ - ကာလ အပိုင်းအခြား အတိုင်း ဈာန်မှ ထခြင်း၌၊
ဝသိတာ - သည်၊
ဝုဋ္ဌာနဝသိတာ - မည်၏၊

ကြာရှည်စွာ ဝင်စားလိုလျှင် ကြာရှည်စွာ ဝင်စား၍, တခဏမျှ ခတ်တိုတို ဝင်စားလိုလျှင် ခတ်တိုတို ဝင်စား၍ ရည်မှန်းအပ်သော ကာလ အပိုင်း အခြားထက် မပိုစေဘဲ ဈာန်မှ ထစွမ်းနိုင်သော သတ္တိသည် ဝုဋ္ဌာနဝသိတာ မည်၏၊

[အဓိဋ္ဌာန ဝသိတာသည် ရည်မှန်းထားသော အချိန်မစေ့ခင် ဘဝင် မကျအောင် တားဆီးနိုင်၏၊ ဝုဋ္ဌာနဝသိတာကား ရည်မှန်း ထားအပ်သော အချိန်မလွန်ခင် ဈာန်မှ ထနိုင်၏။]

ပစ္စဝေက္ခနဝသိတာ

ပစ္စဝေက္ခဏေ - ဈာန်အင်္ဂါ ဆင်ခြင်မှု၌၊
ဝသိတာ - သည်၊
ပစ္စဝေက္ခဏဝသိတာ - မည်၏၊

ဈာန်အင်္ဂါ ဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့၏ အစွမ်းကို ပစ္စဝေက္ခဏဝသိတာ ဟု ဆိုသည်၊ ဈာန်အင်္ဂါကို ဆင်ခြင်သော ဝီထိတို့၏ တဝီထိနှင့် တဝီထိ အကြားဝယ် ဘဝင်များစွာ မခြားဘဲ ဆက်ကာ ဆက်ကာ ဆင်ခြင်နိုင်သော သတ္တိတည်း၊

ထို့ကြောင့် အာဝဇ္ဇနဝသိဘော် မြောက်လျှင် ပစ္စဝေက္ခဏဝသိဘော် လည်း ပြီးစီးတော့၏၊ မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇန ဝသိဘော်, ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာ ဝသိဘော် ဟု ၂ မျိုး ခွဲထားသည်၊

[အားလုံး ဆောင်ပုဒ်ကို အခြေပြုမှာရှု၊]

ဝိတက္ကာဒိက ၊ပေ၊ ပဒဟတော ဒုတိယဇ္ဈာနာဒယော ယထာ ရဟ မပ္ပေန္တိ။

ဤသို့လျှင် ဝသိဘော် ၅ တန် မြောက်အောင် ပဌမဈာန်ကို အဘန်ဘန် ဝင်စား၍ ဈာန်အင်္ဂါစုကို ဆင်ခြင်ဘန် များလတ်သော် ဝိတက် ဈာန်အင်္ဂါပေါ်မှာ ရုန့်ရင်း ကြမ်းတန်းသည် ဟု ထင်လာ၏၊

ဝိတက်သည် အာရုံ အမျိုးမျိုးသို့ စိတ်ကို တင်ပေးတတ်၏, သူ့အတွက်ကြောင့် လောကီအာရုံ ကာမဂုဏ် ဘက်သို့ စိတ်စက် ရောက်သွားဘို့ နီးလာသဖြင့် ကာမစ္ဆန္ဒနီဝရဏ ဘေးရန်နှင့် ဧကန်တွေ့မည် စိုးရသည်, ဝိတက်မပါမှသာ စိတ်ငြိမ်ဘွယ်ရှိသည်”

ဟု ဝိတက်ကို အပြစ်ရှု၍ ဝိတက်မပါသော ဒုတိယဈာန်ကို ရည်သန်ပြီး လျှင် ဝိတက်ကို ပယ်ရှားနိုင်ခြင်း, ပဌမဈာန်တုန်းကထက် သိမ်မွေ့သည့် ဝိစာရစသော ဈာန်အင်္ဂါများ ပေါ်လာစေခြင်း အကျိုးငှါ ပဋိဘာဂနိမိတ် တည်းဟူသော ပထဝီကသိုဏ်း ပညတ်ကိုပင် ပရိကမ္မ ဘာဝနာစသော ဘာဝနာ ၃ မျိုး အစဉ်ဖြင့် အာရုံပြုလျက် တိုးတက်အားထုတ်၏။ [ဤ အားထုတ်မှုသည် ဝိတက်ကို စက်ဆုပ်ခြင်းသဘော ပါသောကြောင့် ဝိတက္က ဝိရာဂဘာဝနာ မည်၏။]

ထိုသို့ အားထုတ်လေရာ ဝိတက်ပေါ်၌ စွဲလမ်းချက် နိကန္တိတဏှာ ကောင်းကောင်း မကွာသေးခင် ပရိကမ္မဘာဝနာ မည်၏၊ [ဤ၌ ပရိကမ္မဘာဝနာက ပဋိဘာဂ နိမိတ်ကိုပင် အာရုံပြုသည်ကို သတိပြု၊ ဝိတက် အပေါ်၌ နိကန္တိတဏှာ ကောင်းစွာ ကင်းကွာလျှင် ဒုတိယဈာန်၏ အနီးဥပစာသို့ (ဥပစာရဘာဝနာသို့) ရောက်ပြီ၊ ထို့နောက် ဆက်၍ အားထုတ်လျှင် ဝိတက် ဈာန်အင်္ဂါ မပါဘဲ ပဌမဈာန်တုန်းကထက် သိမ်မွေ့စွာ ဝိစာရ စသော ဈာန်အင်္ဂါ ၄ ပါး ပြည့်စုံသော ဒုတိယဈာန်ခေါ် အပ္ပနာ ဘာဝနာ ပေါ်လာလေသည်။

တတိယဈာန်သို့ တက်ရောက်ရာ၌ ပြခဲ့ပြီးသော အစဉ် အတိုင်း “ဝိစာရသည် ရုန့်ရင်း ကြမ်းတန်း၏, ဝိစာရသည် ဝိတက်နှင့် တွဲဘက်ဖြစ်ရကား မကြာခင် ဝိတက်နှင့်တွဲ၍ ပဌမဈာန်ဖြစ်မြဲ ဖြစ်ရလိမ့်မည်, ဝိစာရ မပါသော တတိယဈာန် သာလျှင် မွန်မြတ်၏” ဟု ဝိစာရကို အပြစ်ရှု၍ ဝိစာရ ဝိရာဂဘာဝနာကို ပရိကမ္မ စသော အစဉ် အတိုင်း အားထုတ်လေရာ, ဝိစာရအပေါ်၌ နိကန္တိ တဏှာတပ်မက်မှု မကွာသေးခင် ပရိကမ္မ ဘာဝနာ မည်၏၊ ဝိစာရ၌ နိကန္တိတဏှာ ကွာသည့်အခါ ဥပစာရ ဘာဝနာ မည်၏၊ ထို့နောက် ဆက်၍ အားထုတ်သည့်အခါ ဝိစာရ မပါဘဲ ဒုတိယဈာန်တုန်းကထက် သိမ်မွေ့သော ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃ ပါးပါသည့် တတိယဈာန် ခေါ် အပ္ပနာ ဘာဝနာ ဖြစ်ပေါ်လာသည်၊

စတုတ္ထဈာန်ကို တက်ရာ၌ “ပီတိသည် နှစ်သက်ခြင်းသဘောရှိ၍ စိတ်ကိုကောင်းစွာ မငြိမ်သက်စေနိုင်, ပီတိ မပါမှသာ စိတ်ငြိမ်သက်မည်” ဟု ပီတိကို အပြစ် ရှု၍ ပီတိ ဝိရာဂ ဘာဝနာကို အားထုတ်ရာ၏၊

ပဉ္စမဈာန်ကို တက်ရာ၌ “သုခသည် ပီတိနှင့် သဘောတူပင် ဖြစ်၏ ပီတိ ဟူသော ရန်သူနှင့် ပေါင်းမိသဖြင့် တတိယဈာန်သို့ လျောကျမည်ကို စိုးရ၏”ဟု သုခကို အပြစ်ရှု၍ သုခ ဝိရာဂဘာဝနာကို အားထုတ်ရာ၏၊

ထိုသို့ ဝိတက်ကို စက်ဆုပ်၍ အားထုတ်လျှင် ဒုတိယဈာန်ရ, ဝိစာရ စသည်ကို စက်ဆုပ်၍ အားထုတ်လျှင် တတိယဈာန် စသည်ကို ရသဖြင့် ထိုက်သင့်သလို ရကြသောကြောင့် “ယထာရဟ မပ္ပေန္တိ” ဟု သင်္ဂြိုဟ်၌ ဆိုသည်။

ဤသို့လျှင် အထက် အထက်ဈာန်ကို တိုးတက် အားထုတ် ကတည်းက အောက်အောက် ဈာန်အင်္ဂါများကို အပြစ်မြင်ကာ စက်ဆုပ်လာခဲ့ခြင်းကြောင့် ထိုဘာဝနာတို့ အထွဋ်အထိပ် အပ္ပနာသို့ ရောက်သည့်အခါ “အိမ်သာမှ ဧည့်လာ” ဆိုတာလို “ အောက်အောက် ဈာန်အင်္ဂါကို ဘာဝနာက မကြည်သာသောကြောင့် အပ္ပနာဘာဝနာ (ဈာန်) ဝယ် အောက်အောက် ဈာန်အင်္ဂါများ မပါလာဘဲ ရှိရလေသည်၊

ထို့ကြောင့် ထိုထို ဈာန်စိတ်ဝယ် ဈာန်အင်္ဂါ အမျိုးမျိုး ယှဉ်ရာ၌

  • ၁ - အောက်အောက်ဈာန်အင်္ဂါကို စက်ဆုပ်မှုဟူသော အဇ္ဈာသယ,
  • ၂ - ထို အဇ္ဈာသယ အတိုင်း ပွားများ အားထုတ်မှု ဟူသော ဘာဝနာ,

ဤ ၂ မျိုးသောအကြောင်းသာလျှင် အချုပ်အခြာ ဖြစ်ပေသည်-ဟုမှတ်၊

ဤပြခဲ့သော အစဉ်သည် ဝိတက် ဝိစာရ ၂ ပါးစုံကို တဆက်ထည်း အပြစ် မမြင်နိုင်သော မန္ဒပည ယောဂီ၏ ဘာဝနာ အစဉ်တည်း၊

တိက္ခပညပုဂ္ဂိုလ် အလိုအားဖြင့် ဝိတက် ဝိစာရ ၂ ပါးစုံကို တပြိုင်နက် လွန်မြောက်၍ ဝိတက် ဝိစာရ မပါသော ဒုတိယဈာန်ကို ရနိုင်ကြောင်းကိုလည်း သတိပြုရာ၏၊

အဝသေသေသု ပန အပ္ပမညာ သတ္တ ပညတ္တိယံ ပဝတ္တန္တိ” ဟူသော သင်္ဂြိုဟ်၌ အပ္ပမညာ ၄ ပါး၏ ဆိုင်ရာ သတွာပညတ်ကို အာရုံပြုပုံမှာ ထင်ရှားပြီ၊ [ကမ္မဋ္ဌာန်း အားထုတ်၍ ဈာန်ရပုံအစဉ်မှာ ဝိသုဒ္ဓိမဂ် စသည်၏ တာဝန်သာတည်း။]

---

အာရုပ္ပဈာန်တက်ခဏ်း

အာကာသ ဝဇ္ဇိတ ကသိဏေသု ယံကိဉ္စိ ကသိဏံ ဥဂ္ဃါဋေတွာ လဒ္ဓမာကာသံ။

ခန္ဓာကိုယ်ကို “ကရဇကာယ” ဟု ခေါ်၏၊
[ကရ - မိဘတို့၏ သုတ်သွေးကြောင့် + - ဖြစ်ရသော + ကာယ - ကိုယ်၊ ]

ကရဇကာယ ရှိခြင်းကြောင့် ဒုတ် ဒါး စသော လက်နက် စွဲကိုင်လျက် သတ်ပုတ် ရိုက်နှက်ကြ၊ မျက်စိရောဂါ နားရောဂါ စသည်ဖြင့် ရောဂါ အမျိုးမျိုး ခံစားကြရ၏၊

ကရဇကာယ မရှိရာ အရူပဘုံ၌ကား ထို အပြစ်မျိုးမှ ကင်းသဖြင့် ရှင်းလင်း ဧမြပေလိမ့်မည်-ဟု ကရဇကာယ ရုပ်တရားပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ ရောက်ရန် အာကာသာနဉ္စာယတန ဈာန်ကို အလိုရှိသော ယောဂီသည် (တဇ္ဇေ ကြောက်တတ်သူသည် ညဉ့်အခါ ထန်းပင်ငုတ်ကိုပင် တဇ္ဇေ ထင်၍ ကြောက်နေသကဲ့သို့) ရူပဈာန်၏ အာရုံ ဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုပ်လေတော့၏။

[ကရဇကာယကို အပြစ်ရှုပုံမှာ သာသနာပအခါ အတွက်သာတည်း၊ သာသနာတွင်း၌ အရူပဈာန် အားထုတ်သူကား ထိုကဲ့သို့ အပြစ်မရှု၊ အဘိညာဉ်အကျိုး မြော်၍သာ အရူပဈာန်ကို အားထုတ်ကြသည်-ဟု ကြံသင့်၏။]

ယထာ ပိသာစ ဘီရုကော၊ ရတ္တိံ ခါဏုမ္ပိ ဘာယတိ၊
ဧဝံ ကရဇဘီရုကော၊ ယောဂီ ကသိဏရူပကံ။

ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့ မုန်းတီးနေသော ယောဂီသည် ရူပပဉ္စမဈာန်ကို ငါးတန်သော ဝသိဘော် မြောက်အောင် အခေါက်ခေါက် အခါခါ လေ့လာ ဝင်စားပြီးလျှင် ဈာန်မှ ထသည့်အခါ “ဤ ပဉ္စမဈာန်သည် ငါ စက်ဆုပ်အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုနေ၏” ဟု မိမိနှင့် မတဲ့သူကို အရေးပါနေလျှင် ထိုသူ့ကိုပါ ရွံမုန်းသကဲ့သို့ ပဉ္စမဈာန်ကိုလည်း ရွံမုန်း၏၊

အောက် စတုတ္ထဈာန်၌ ပါသော သုခနှင့် နီးကပ်နေသဖြင့်လည်း မငြိမ်သက်ဟု ထင်၏၊ အထက် အရူပဈာန်ကို ထောက်လျှင် ရုန့်ရင်း ကြမ်းတန်းသေး၏ ဟု လည်း အပြစ်မြင်၏၊ ဤသို့ ရူပပဉ္စမဈာန်ကို အပြစ် မြင်၍ ပဌမာရုပ္ပ ဝိညာဉ်ကို ငြိမ်သက်၏ ဟု အထင်ရှိသော ယောဂီသည် အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း ၉ ပါးတို့ တွင် တပါးပါးကို အလိုရှိသလောက် မှန်း၍ (ကျဉ်းကျဉ်းလိုလျှင် တထွာ လက် ၄ သစ်မျှ, ကျယ်ကျယ် လိုလျှင် စကြာဝဠာ တံတိုင်းထိမျှမှန်း၍) ဖြန့်ထားရာ၏။ စိတ်ထည်းဝယ် ပဋိဘာဂ နိမိတ် ကသိုဏ်းဝန်းကြီး ထင်နေလိမ့်မည်။

---

အနန္တ ဝသေန ပရိကမ္မံကရောန္တဿ

ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံ မပြုတော့ဘဲ ကသိုဏ်းဝန်း ပြန့်နှံ့ရာ အရပ်ကို “အနန္တော အာကာသော = အနန္တော အာကာသော” ဟု ကောင်းကင်ကိုသာ စိတ်ဖြင့် နှလုံးသွင်း ဆင်ခြင်နေမှုကို “ပရိကမ်” ပြုသည်ဟု ခေါ်၏၊

ဤသို့ ပရိကမ် ပြုဘန်များလျှင် ထမင်းအိုးဝတွင် ဖုံးထားသော အဝတ်ကို ဖွင့်လှစ်လိုက်သည့် အခါ ကသိုဏ်းဝန်း ကွယ်ပျောက်၍ ကသိုဏ်းဝန်း ပြန့်နှံ့ရာ အရပ်အားလုံး၌ ကောင်းကင်ဟင်းလင်းဖြစ်၍ ထင်လာသည်၊

ဤသို့ မူလဖြန့်အပ်သော ကသိုဏ်းဝန်းကို နှလုံးမသွင်းဘဲ ခွါခြင်းကို “ကသိုဏ်း ခွါသည်”ဟု ခေါ်သည်၊ “ခွါ ” ဟူသော စကားအရ ခင်းထားသော ဖျာကိုလိပ်၍ ခွါယူသကဲ့သို့၎င်း, ရွှံ့အိုးကင်းမှ မုံ့ရှက်ကို ခွါယူသကဲ့သို့၎င်း မမှတ်အပ်။

ကသိဏံ ဥဂ္ဃါဋေန္တော သော၊ န ကိလဉ္ဇံ ပူဝံပိ ဝါ၊
ကေဝလံ တ.မနာဝဇ္ဇံ အာကာသော ဣတိ ဣက္ခတိ။

---

ပဌမာရုပ္ပမပ္ပေတိ

ဤသို့ မူလကသိုဏ်းကို နှလုံးမသွင်းဘဲ ခွါ၍ ရအပ်သော (စိတ်ထည်း၌ ထင်လာသော) ကောင်းကင်ကို အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် “အာကာသော အနန္တော” ဟု အထပ်ထပ် နှလုံးသွင်းလတ်သော် ရူပပဉ္စမဈာန်အပေါ်၌ နှစ်သက်မှု နိကန္တိတဏှာ ကင်းကွာသည့်အခါ ဥပစာရဘာဝနာ အဆင့်အတန်းသို့ ရောက်၏၊ ထို့နောက် ဆက်၍ ကောင်းကင်ကိုပင် အာရုံပြုလျက် တိုးတက် အားထုတ်သည့်အခါ ပဌမာရုပ္ပ ဝိညာဉ် ခေါ်သော အာကာသာနဉ္စာယတနဈာန် အပ္ပနာ ဖြစ်ပေါ်လာလေသည်၊

[“အာကာသော အနန္တော” ဟူရာ၌ “အနန္တော” အရ အပိုင်းအခြား မရှိ ဟူသည်ကား ကောင်းကင် ပညတ်သည် ပရမတ် မဟုတ်ရကား ဥပါဒ်ခြင်းဟူသော အစ အပိုင်းအခြားလည်း မရှိ, ဘင်ဟူသော အဆုံး အပိုင်းအခြားလည်း မရှိသည်ကို “ အနန္တော” ဟု ဆိုသည်၊ ဤ အနန္တောသဒ္ဒါ မပါဘဲ “အာကာသော အာကာသော”ချည်းလည်း ပွားများနိုင်၏၊ ဋီကာတို့၌ “အာကာသံ” ဟု နပုံးလိန်ဆို၏၊ သင့်သည်ချည်းပင်။]

---

အာကာသဝဇ္ဇိတ

“ကသိုဏ်း ခွါရာဝယ် အာကာသ ကသိုဏ်းကို အဘယ့်ကြောင့် ကြဉ်ရသနည်း”ဟု မေးဘွယ်ရှိ၏၊ အာကာသ ကသိုဏ်းသည် ခွါထိုက်သော ကသိုဏ်း (ခွါ၍ ရကောင်းသော ကသိုဏ်း) မဟုတ်, ထို့ကြောင့် ကြဉ်ရသည်၊

ချဲ့ဥုးအံ့ -

အာကာသ ကသိုဏ်းသည် ပင်ကိုယ်ကပင် ကောင်းကင် ဟင်းလင်း ဖြစ်နေသောကြောင့် ထိုအာကာသ ကသိုဏ်းကို အာရုံမပြုဘဲ ခွါလိုက်သော်လည်း မူလ ကောင်းကင် အတိုင်း ဖြစ်၍ ထူးမခြားနားပြီ၊ အောက်အောက်အာရုံကို လွန်မြောက်နိုင်မှလည်း အထက်အရူပဈာန်ကို ရနိုင်၏၊ အာကာသ ကသိုဏ်းကို ခွါ၍ မရလျှင် ထိုအာကာသကို ထပ်၍ အာရုံပြုရာ ရောက်သောကြောင့် လွန်မြောက်နိုင်တော့မည် မဟုတ်၊

ဤသို့လျှင် အာကာသ ကသိုဏ်းသည် ခွါ၍မရနိုင်, ခွါ၍မရဘဲ ထပ်တလဲလဲအာရုံပြုပြန်လျှင် လွန်မြောက် နိုင်မည်မဟုတ်, အောက်အောက် အာရုံကိုမလွန်မြောက်လျှင် အထက် အရူပဈာန်သို့ မရောက်နိုင် သောကြောင့် ကသိုဏ်း ခွါဘို့အရာဝယ် အာကာသကို ကြဉ်ဖယ်ရလေသည်။

---

ဒုတိယာရုပ္ပဈာန်ခဏ်း

ဝိညာဏဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် အာကာသာနဉ္စာယတန ဈာန်ကို အဘန်ဘန် ဝင်စား၍ အသားကျသည့်အခါ အာကာသာနဉ္စာယတနဈာန်မှ အထတွင် “ငါ ရအပ်ပြီးသော အာကာသာနဉ္စာယတန ဈာန်သည် ရူပပဉ္စမဈာန် တည်းဟူသော ရန်သူနှင့် နီးလှ၏, (အဘန်ဘန် မလေ့လာဘဲ အမှတ်တမဲ့ နေလျှင် ရူပပဉ္စမဈာန်သို့ လျောကျဘွယ် ရှိသည်-ဟူလို၊)

ဒုတိယာရုပ္ပ ဈာန်လောက်လည်း မငြိမ်သက်ဟု အပြစ် ရှုပြီးလျှင် ကောင်းကင် ပညတ်ကို အာရုံ မပြုတော့ဘဲ လွန်မြောက်၍ ပဌမာရုပ္ပဝိညာဉ်ကို အာရုံပြုကာ “အနန္တံ ဝိညာဏံ” ဟု အဘန်ဘန် ပွားများလတ်သော် ထို အာရုံ၌ စွဲမြဲလျက် ပဌမာရုပ္ပ ဝိညာဉ်၌ နိကန္တိတဏှာ ကင်းကွာသည့်အခါ ဥပစာရ ဘာဝနာသို့ ရောက်၏၊ ထို့ နောက် ဆက်လက် အားထုတ်လျှင် ဒုတိယာရုပ္ပဝိညာဉ် ခေါ်သော ဝိညာဏဉ္စာယတနဈာန် အပ္ပနာဘာဝနာ ဖြစ်ပေါ်လာသည်။

[“အနန္တံ ဝိညာဏံ” ဟူရာ၌ ပဌမာရုပ္ပဝိညာဉ်သည် အနန္တ ဖြစ်သော ကောင်းကင် ပညတ်ကို အာရုံပြု၏၊ ထို အကြောင်း အာရုံ၏ အနန္တအမည်ကို အကျိုး အာရမဏိက ဖြစ်သော ဝိညာဉ်ပေါ်၌ တင်စား၍ ကာရဏူပစာရ အားဖြင့် ဝိညာဉ်ကို အနန္တဟုဆိုသည်၊ အာရုံနှင့် စိတ်တွင် အာရုံက အကြောင်း, အာရမဏိက စိတ်က အကျိုးတည်း၊

ဤနည်း အလို-

အနန္တ - အနန္တမည်သော၊
ဝါ - ဥပါဒ် ဘင် အားဖြင့် အပိုင်းအခြား မရှိသော ကောင်းကင်ကို အာရုံပြုသော၊
ဝိညာဏံ - ပဌမာရူပ္ပဝိညာဉ် ” ဟု အနက်ပေး၊

တနည်း-

ဒုတိယာရုပ္ပဈာန်ကို အားထုတ်သော ဘာဝနာစိတ်သည် ပဌမာရုပ္ပ ဝိညာဉ်ကို အာရုံပြုသည့်အခါ ဥပါဒ်ကို ပိုင်းခြား၍ ဖြစ်စေ ဌီကို ပိုင်းခြား၍ ဖြစ်စေ ဘင်ကို ပိုင်းခြား၍ဖြစ်စေ အာရုံ ပြုသည် မဟုတ်, အပိုင်းအခြား မထားဘဲ ဝိညာဉ် တခုလုံးကို အာရုံပြုသည်၊

ဤသို့ အာရမဏိက ဘာဝနာစိတ်က အနန္တ ဖြစ်အောင် (အပိုင်းအခြားမရှိအောင်) အာရုံ ပြုအပ်သောကြောင့် “အနန္တဝိညာဏ” ဟု ခေါ်သည်၊ ဤနည်းအလို အနန္တံ - အပိုင်းအခြားမရှိဘဲ အာရုံပြုအပ်သော၊ ဝိညာဏံ - ဝိညာဉ်” ဟု အနက်ပေး၊ အနန္တသဒ္ဒါမပါဘဲ “ဝိညာဏံ=ဝိညာဏံ” ဟုလည်း ပွားများနိုင်၏။]

---

မလွှဲသာ၍အာရုံပြု

ဒုတိယအာရုပ္ပကို ရအောင် အားထုတ်သူသည် ပဌမ အာရုပ္ပဝိညာဉ်၌ အပြစ် မြင်သော်လည်း ဒုတိယ အာရုပ္ပသို့ ရောက်ဘို့ အရေးဝယ် ပဌမာရူပ္ပဝိညာဉ်မှ တပါး အခြား ပြုဘွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် ပဌမာရုပ္ပဝိညာဉ်ကိုသာ ဘာဝနာ အစဉ်နှင့်တကွ ဒုတိယာရုပ္ပ ဝိညာဉ်က အာရုံ ပြုရတော့သည်၊

ဥပမာ -

ရှင်ဘုရင့် အပေါ်၌ အပြစ် မြင်နေသော မှူးမတ်တဦးသည် အသက်မွေး ဝမ်းကြောင်းဘို့ အရေးဝယ် ရှင်ဘုရင်ကို ခစားမှုမှတပါး အခြား လုပ်ငန်းကောင်း မရှိတော့သဖြင့် အပြစ်မြင်အပ်သော ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရတော့သကဲ့သို့တည်း၊

[စတုတ္ထာရုပ္ပဝိညာဉ်နှင့် ဘာဝနာ အစဉ်တို့က အပြစ် မြင်အပ်ပြီးသော တတိယာရုပ္ပဝိညာဉ်ကို အာရုံပြုရာ ၌လည်း ဤနည်းပင်တည်း။]

အာလမ္ဗနံ ကရောတေဝ၊ အညာဘာဝေန တံ ဣဒံ၊
ဒိဋ္ဌဒေါသမ္ပိ ရာဇာနံ၊ ဝုတ္တိဟေတု ဇနော ယထာ။

အညာဘာဝေန - ပဌမာရုပ္ပဝိညာဉ်မှတပါး အခြားသော ပြုစရာအာရုံ မရှိခြင်းကြောင့်၊
ဣဒံ - ဤ ဒုတိယာရုပ္ပ ဝိညာဉ်သည်၊
တံ - ထို ပဌမာရုပ္ပ ဝိညာဉ်ကို၊
အာလမ္ဗနံ ကရောတေဝ - အာရုံပြုရတော့သည်သာ၊
ကိမိဝ - အဘယ်ကဲ့သို့နည်း၊
ဇနော - မင်းခစား ယောက်ျားသည်၊
ဒိဋ္ဌဒေါသမ္ပိ - မြင်အပ်သော အပြစ်ရှိပါသော်လည်း၊
ရာဇာနံ - မင်းကို၊
ဝုတ္တိဟေတု - အသက် မွေးဝမ်းကြောင်း ဟူသော အကြောင်းကြောင့်၊
သေဝတိ ယထာ - ခစားရသကဲ့သို့တည်း။

---

တတိယာရုပ္ပဈာန်ခဏ်း

အာကိဉ္စိညာယတနဈာန်ကို အလိုရှိသော ယောဂီသည် ဝိညာဏဉ္စာယတန ဈာန်ကို အဘန်ဘန် ဝင်စား၍ အသားကျသည့် အခါ ဈာန်မှ အထတွင် “ငါရအပ်ပြီးသော ဝိညာဏဉ္စာယတနဈာန်သည် အာကာသာ နဉ္စာယတနဈာန် တည်းဟူသော ရန်သူနှင့်နီး၏, တတိယာရုပ္ပဈာန်လောက်လည်း မငြိမ်သက်” ဟု အပြစ်ရှုပြီးလျှင် ပဌမာရုပ္ပဝိညာဉ် တည်းဟူသော အာရုံကို အာရုံမပြုတော့ဘဲ လွန်မြောက်၍ နတ္ထိဘော ပညတ် တည်းဟူသော အာရုံကိုမှန်းလျက် “နတ္ထိ ကိဉ္စိ, နတ္ထိ ကိဉ္စိ”ဟု စီးဖြန်းဘန် များလတ်သော် ထိုအာရုံ၌ စွဲမြဲလျက် ဒုတိယာရုပ္ပ ဝိညာဉ်၌ နိကန္တိတဏှာ ကင်းကွာသည့်အခါ ဥပစာရ ဘာဝနာသို့ရောက်၏၊ ထို့နောက် ဆက်လက် အားထုတ်လျှင် တတိယာရုပ္ပ ဝိညာဉ် ခေါ်သော အာကိဉ္စညာယတနဈာန် အပ္ပနာဘာဝနာ ဖြစ်ပေါ်လာသည်။

[နတ္ထိကိဉ္စိ၌ သဒ္ဒါနက် ထိရုံမှာ “ကိဉ္စိ - ဇိုးဇဉ်း အနည်းငယ်မျှ၊ နတ္ထိ - မရှိတော့ပြီ” ဟု ဆိုရာ၏၊ မရှိ -ဆိုသည်မှာလည်း အရာအားလျော်စွာ ပဌမာရုပ္ပ ဝိညာဉ်၏ မရှိခြင်းတည်း-ဟု မှတ်၊ ဥပါဒ်ကစ၍ ဖြစ်ပေါ် လာသော ပဌမာရုပ္ပ ဝိညာဉ်သည် ကြွင်းကျန်ဥုးမည် ဆိုလျှင် ဘင် အခိုက်လောက်တော့ ကြွင်းကျန်သင့်သေး၏၊ ယခုမှာ အယုတ်ဆုံး ဘင်မျှ မကြွင်းကျန်တော့ဘူး-ဟူလို၊ ထို့ကြောင့် “ကိဉ္စိ - နည်းငယ်ဇိုးဇဉ်း ဘင်မျှအကြွင်းသည်၊ နတ္ထိ - မရှိ”ဟု အနက်ဆို၊ ကိဉ္စိသဒ္ဒါမပါဘဲ “နတ္ထိ-နတ္ထိ”ဟုလည်း စီးဖြန်း ပွားများနိုင်၏။]

ထင်ရှားစေအံ့–

ဒုတိယာရုပ္ပဈာန်သည် ပဌမာရုပ္ပဝိညာဉ်ကို အာရုံပြုနေ၏၊ ထိုပဌမာရုပ္ပဝိညာဉ်ကို လွန်မြောက်နိုင်မှ တတိယာရုပ္ပဈာန်ကို ရမည်၊ လွန်မြောက် ဆိုသည်မှာလည်း ထို အာရုံကို အာရုံမပြုဘဲ အခြား အာရုံတခုကို တိုးတက်၍ အာရုံပြုခြင်းပင်တည်း၊

ထို့ကြောင့် ပဌမာရုပ္ပဝိညာဉ် တည်းဟူသော အာရုံကို အာရုံမပြုတော့ဘဲ “နတ္ထိ ကိဉ္စိ” ဟု ပရိကမ်ပြုလေရာ, ပဌမာရုပ္ပဝိညာဉ် ကွယ်ပျောက်၍ ထိုပဌမာရုပ္ပဝိညာဉ်၏ မရှိခြင်းသာ ထင်ရှားရစ်တော့သည်၊

ဥပမာ -

လူတယောက်သည် စည်းဝေး နေသော သံဃာ့ ပရိသတ်ကို မဏ္ဍာပ်တခုမှာ တွေ့မြင်ပြီးနောက် ကိစ္စတခု အတွက် အပြင်သို့ ထွက်သွားစဉ် အစည်းအဝေး ရုပ်သိမ်း၍ သံဃာများ ပြန်ပြီးမှ လာရောက်ပြန်ရာ သံဃာများကို မတွေ့ရတော့ဘဲ သံဃာများ စည်းဝေးရာ အရပ်ဝယ် ဘာမျှမရှိခြင်းကိုသာ တွေ့တော့ သကဲ့သို့တည်း၊ ဤသို့ ပဌမာရုပ္ပဝိညာဉ် ပျောက်ကွယ်၍ ထို ပဌမာရုပ္ပဝိညာဉ်၏ အရာဝယ် ထင်ရှားရစ်သော ဘာမျှ မရှိခြင်းကိုပင် အာရုံပြုကာ တတိယာရုပ္ပဈာန် ဖြစ်ရလေသည်၊

[ဘာမျှမရှိခြင်းကို ပါဠိလို “နတ္ထိဘာဝ” ဟု ခေါ်၏၊ နတ္ထိဘာဝ - မရှိသည်၏အဖြစ်၊ ဝါ - မရှိခြင်း၊ ထို မရှိခြင်းသည် ပရမတ်အထည်ကိုယ် မဟုတ်, ပညတ်မျှသာ ဖြစ်သောကြောင့် “နတ္တိဘောပညတ်”ဟု ဆိုအပ်၏။]

---

စတုတ္ထာရုပ္ပဈာန်ခဏ်း

နေဝသညာနာသညာယတန ဈာန်ကို အလိုရှိသော ယောဂီသည် ရှေးနည်းအတိုင်း တတိယာရုပ္ပဈာန်ကို လေ့လာပြီး၍ အသားကျသည့်အခါ ဈာန်မှ အထတွင် “ငါရအပ်ပြီးသော အာကိဉ္စညာယတနဈာန်သည် ဝိညာဏဉ္စာယတနဈာန် တည်းဟူသော ရန်သူနှင့်နီးကပ်လှ၏၊ စတုတ္ထာရုပ္ပဈာန်လောက်လည်း မငြိမ်သက် သညာသည် အိုင်း အမာ ဆူးငြောင့်နှင့် တူ၏, နေဝသညာနာသညာယတန သမာပတ်ကား မွန်မြတ်လှပေ၏” ဟု အာကိဉ္စာယတနဈာန် ကို အပြစ်ရှုလျက် နေဝသညာ နာသညာယတနဈာန်ကို မွန်မြတ်သည် ဟု ထင်ပြီးလျှင် နတ္ထိဘောပညတ်အာရုံကို အာရုံ မပြုတော့ဘဲ လွန်မြောက်၍ တတိယာရုပ္ပဈာန်ကို အာရုံပြုကာ “သန္တမေတံ, ပဏီတမေတံ” ဟု အဘန်ဘန်ပွားများ လတ်သော် ဝိညာဏဉ္စာယတနဈာန်၌ နိကန္တိ တဏှာကင်း ကွာသည့်အခါ ဥပစာရဘာဝနာသို့ ရောက်၏၊ ထိုနောက် ဆက်လက် အားထုတ်လျှင် စတုတ္ထာရုပ္ပခေါ်သော နေဝသညာ နာသညာယတနဈာန် အပ္ပနာ ဖြစ်ပေါ်လာလေသည်။

[ ဧတံ - ဤ တတိယာရုပ္ပဈာန်သည်။
သန္တိ - မရှိခြင်းကိုပင် အာရုံပြုနိုင်သည့် အတွက် ငြိမ်သက်ပါပေစွ၊
ဧတံ - သည်၊
ပဏီတံ - မရှိခြင်းကိုပင် အာရုံပြုတတ်သဖြင့် မွန်မြတ်ပါပေစွ, ဟု အနက်ဆို၊

များစွာသောစိတ်တို့သည် တစုံတခုသော ဒြဗ်ကို အာရုံပြုနေရမှ ကြာရှည်စွာ မွေ့လျော်နိုင်ကြ၏၊ ဤ တတိယာရုပ္ပဈာန်ကား ဘာမျှ မရှိခြင်း နတ္ထိဘော ပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် အင်မတန် ငြိမ်သက် မွန်မြတ်ပေသည်-ဟု ယောဂီပုဂ္ဂိုလ်က ချီးမွမ်းသည်၊

- စတုတ္ထာရုပ္ပဈာန်၌ ရှိသော စိတ် စေတသိက် များလောက် မငြိမ်သက်သဖြင့် “မငြိမ်သက်ဘူး”ဟု ရှေး ပရိကမ်ပြုခါနီးတုန်းက အပြစ်ရှုခဲ့သည်၊ သန္တမေတံ, ပဏီတမေတံ-ဟု ချီးမွမ်းခြင်းကား မရှိခြင်းကို အာရုံ ပြုနိုင်သည့် အတွက် ချီးမွမ်းခြင်းတည်း၊ ထို့ကြောင့် အပြစ်အားလျော်စွာ အပြစ်ရှု၍ ဂုဏ်အားလျော်စွာ ချီးမွမ်းသည့် အတွက် ဆန့်ကျင်ဘက်မဖြစ်-ဟု မှတ်၊ အရုပ်ဆိုး၍ လိမ္မာသော မိန်းကလေး၌ ရုပ်အဆင်း အတွက် ကဲ့ရဲ့ထိုက်၍, အလိမ္မာ အတွက် ချီးမွမ်းထိုက်သကဲ့သို့တည်း၊

သန္တမေတံ၌ ဧတံမပါဘဲ “သန္တံ=သန္တံ, ပဏီတံ=ပဏီတံ”ဟု လည်း စီးဖြန်းနိုင်၏။]

---

ချီးမွမ်းသော်လည်း မလိုချင်

တတိယာရုပ္ပဈာန်ကို ချီးမွမ်းထိုက်၍ ချီးမွမ်းနေသော်လည်း ထို တတိယာရုပ္ပဈာန်ကို မဝင်စားလို သောကြောင့် အလို အားလျော်စွာ တတိယာရုပ္ပဈာန်ကို လွန်မြောက်၍ စတုတ္ထာရုပ္ပဈာန်သို့ ရောက်နိုင်ပေ သည်၊

ဥပမာ -

ဘုရင်တပါးသည် လက်မှုပညာပြပွဲကို လှည့်လည် ရှုစားတော်မူစဉ် ပုဆိုးတထည်ကိုခေါင်းပေါင်း တထည်ကို ခါးတောင်းကြိုက်၍ တကိုယ်လုံး၌ ဖွေးဖွေးဖြူသော ဆင်စွယ်မှုန့်များဖြင့် ကြိုးကြိုး စားစား သားနား သပ်ယပ်သော ဆင်စွယ်ရုပ် ကလေးများကို ပြုလုပ်နေသော ဆင်စွယ် ပွတ်သမားကို မြင်တော်မူရာ“တော်ပါပေသည်, စွမ်းပါပေသည်” ဟု အားရနှစ်သက်မြိန်ရှက်စွာ ချီးမွမ်းသော်လည်း ကိုယ်တိုင်ကား ထီးနန်းကို စွန့်လွှတ်၍ ဆင်စွယ်ပွတ်သမား မဖြစ်လို၊ ထိုကဲ့သို့ ချီးမွမ်းလျက်ပင် ဆင်စွယ်ပွတ်သမားတို့ကို ကျော်လွန်၍ နန်းတော်ရောက်အောင် ကြွမြန်းလေသကဲ့သို့တည်း။

ဒန္တကာရေ ဝဏ္ဏေန္တောပိ၊ န ရာဇာ တတွကာမိကော၊
အသမာပတ္တိကာမောဝ၊ ယောဂီ တတိယတိက္ကမော။

ဒန္တကာရေ - ဆင်စွယ် ပွတ်သမားတို့ကို၊
ဝဏ္ဏေန္တောပိ - ချီးမွမ်းပါသော်လည်း၊
ရာဇာ - မင်းသည်၊
နတတွကာမိကော - ဆင်စွယ် ပွတ်သမား အဖြစ်ကို အလိုမရှိ၊
ယောဂီ - တတိယာရုပ္ပဈာန်ကိုရပြီးသော ယောဂီသည်၊
ဝဏ္ဏေန္တောပိ - သန္တမေတံ ပဏီတမေတံ ဟု တတိယာရုပ္ပဈာန်ကို ချီးမွမ်းပါသော်လည်း၊
အသမာပတ္တိကာမောဝ - မဝင်စားလိုသည်ဖြစ်၍ သာလျှင်၊
တတိယတိက္ကမော - တတိယဈာန်ကို လွန်မြောက်နိုင်ပေသတည်း။

---

အာရုပ္ပ ၄ ပါးတို့အဆင့်ဆင့်သာပုံ

အာရုပ္ပသမာပတ်တို့၌ ဥပေက္ခာ ဧကဂ္ဂတာအားဖြင့် ဈာန်အင်္ဂါ ၂ ပါးစီ ညီမျှသောကြောင့် တပါးနှင့် တပါး မထူးခြားသကဲ့သို့ ထင်ရသော်လည်း စင်စစ်မှာ အောက်အောက် သမာပတ်ထက် အထက် အထက် သမာပတ်က တိုးတက် ပွားများအပ်သော ဘာဝနာ အစွမ်းကြောင့် သာလွန် မွန်မြတ်ပေသည်၊

ဥပမာ -

၄ ထပ် တိုက်တလုံးဝယ် အောက်ဆုံး အထပ်၌ စားသောက်ဘွယ်နှင့် တကွ ယုယ ဖြေဖျော်မည့် ကချေသည်တို့ဖြင့် လှပမွှေးကြိုင် တထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထားရာ၏၊ ဒုတိယ တတိယ စတုတ္ထ အထပ်တို့၌လည်း ထိုနည်း အတိုင်းပင် ပြင်ဆင်ထားရာ၏၊ သို့သော် အောက်အောက် အထပ်ထက် အထက် အထက်အထပ်က ပိုမို သားနားသကဲ့သို့၎င်း,

ရက်ကန်းသည် တယောက်သည် ကြမ်းသောချည်၊ နုသောချည်၊ ထို့ထက် နုသောချည်၊ ထို့ထက်ပင် အလွန်နုသောချည်-ဟု ချည် ၄မျိုးဖြင့် ပုဆိုး ၄ ထည်ကို ရက်ရာ၌ အလျားအနံ တူမျှသော်လည်း တထည်ထက် တထည်မှာ သာလွန် နုနယ်သကဲ့သို့၎င်းတည်း။

သုပဏီတတရာ ဟောန္တိ၊ ပစ္ဆိမာ ပစ္ဆိမာ ဣဓ၊
ဥပမာ တတ္ထ ဝိညေယျာ၊ ပါသာဒ တလ-သာဋိကာ။

[ဤမှ နောက်ဝယ် ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့၌ “ဣတိပိ သောဘဂဝါ အရဟံ ”စသည်ဖြင့် နှုတ်ဖြင့် ရွတ်၍၎င်း စိတ်ဖြင့် အာရုံပြု၍၎င်း ပွားများမှုသည် ပရိကမ္မဘာဝနာ မည်၏။

ဘုရားဂုဏ်တော်သည် ပရိကမ္မနိမိတ် မည်၏၊

ထို ဂုဏ်တော်၌ သမာဓိ ကောင်းစွာရသည့်အခါ ပရိကမ္မနိမိတ်ကို လွန်၍ ဥဂ္ဂဟနိမိတ်ထင်ပြီဟု ဆိုရာ၏၊ ဘာဝနာမှာ ပရိကမ္မ ဘာဝနာပင် ရှိသေး၏၊

ထို့နောက် နီဝရဏ ကင်းကွာ၍ ဝိတက် စသော ဈာန်အင်္ဂါတို့ ကာမာဝစရ အခိုက်မှာပင် မိမိဆိုင်ရာ ကိစ္စကို ရွက်ဆောင် ကြသည့်အခါ ဥပစာရဘာဝနာ ဖြစ်ပြီ၊ (ဥပစာရ ဈာန်သို့ရောက်ပြီ ဟူလို၊) အပ္ပနာ ဘာဝနာကား မဖြစ်နိုင်တော့ပြီ၊ မဖြစ်နိုင်ခြင်း၏ အကြောင်းကို “ပရမတ္တ ဂမ္ဘီရတ္တာ” စသည်ဖြင့် ပြခဲ့ပြီ။]

---

အဘိညာဉ်ခဏ်း

အဘိညာဝသေန ၊ပေ၊ ရူပါဝစရ ပဉ္စမဇ္ဈာနံ—

[ဤ ရူပါဝစရပဉ္စမဇ္ဈာနံပုဒ်ကို ယထာရဟ မပွေတိ၌စပ်၊] “ဝိသေသတော ဇာနာတီတိ အဘိညာ” သမာဓိ အားကောင်းလှသည့် အတွက် သတ္တိထက်မြက်ရကား အလွန်အကြူး သိတတ်သော ရူပပဉ္စမဈာန်၌ ရှိသော ဉာဏ်သည်ပင် အဘိညာဉ် အဆင့်အတန်းသို့ တက်လှမ်းရသည်၊

ထိုသို့ အဘိညာဉ် အဆင့် အတန်း ရောက်အောင်ကား ပါရမီထူးရှိသူ မဟုတ်လျှင် ပထဝီ ကသိုဏ်းကို အာရုံပြု၍ အကြိမ်များစွာ ဝင်စားခြင်း, အာပေါ စသော ကသိုဏ်းတို့ကို အာရုံပြု၍ ဈာန် အကြိမ် များစွာ ဝင်စားခြင်း, ဤသို့ စသည်ဖြင့် တန်ဆာ အမျိုးမျိုးကို ပြုလုပ်လိုသော ပန်းထိမ်ဆရာသည် ရှေးဥုးစွာ ရွှေကို နူးညံ့အောင် ပြုသကဲ့သို့ မိမိစိတ်ကို နူးညံ့အောင် ပြုပြီးလျှင် “ဆန္ဒ ရှိလျှင် ဘာ့ကြောင့် မပြည့်စုံဘဲရှိအံ့နည်း” စသည်ဖြင့် အဓိပတိ ၄ ပါး တွင် တပါးပါးကို ရှေ့သွားပြု၍ ဈာန် ၉ ပါးလုံး ကသိုဏ်း ၁ဝ ပါးလုံး၌ အသားကျစွာ လေ့လာပြီးမှသာ ဤအဘိညာဉ် ကို ရနိုင်ကြသည်၊

[ပါရမီ အထူး ရှိသူများကား ထိုကဲ့သို့ မလေ့လာသော်လည်း မဂ်ရရုံမျှဖြင့်၎င်း ရူပပဉ္စမဈာန် ရရုံမျှဖြင့်၎င်း အဘိညာဉ်ကို ရနိုင်ကြ၏။]

အဘိညာပါဒက ၊ပေ၊ ဝုဋ္ဌဟိတွာ အဓိဋ္ဌေယျာဒိက မာဝဇ္ဇေတွာ—

ပါဒကဈာန်, ပရိကမ်နှင့်, တဘန် ပါဒက ဖြစ်ပြီးမှ, ကျတုံ အဘိညာ” ဟူသည်နှင့်အညီ ဆိုခဲ့ပြီးသော နည်းအရ စိတ်ကို ဆုံးမ၍ အဘိညာဉ်တခုခုကို ဖြစ်စေလိုသော် ရှေးဦးစွာ အဘိညာဉ်၏ အခြေခံ ဖြစ်သော ရူပပဉ္စမဈာန်ကို ဝင်စားရာ၏၊

ထိုဈာန်မှ ထပြီးနောက် အဘိညာဉ်၏ ဆိုင်ရာ အဓိဋ္ဌေယျ စသော အာရုံတခုခုကို မှန်း၍ “သတံ ဟောမိ သဟဿံ ဟောမိ” စသည်ဖြင့် ပရိကမ်ပြုသင့်၏ “ပရိကမ် ပြုသော ကာမဇော မနောဒွါရဝီထိဖြစ်၏”ဟူလို၊ [ဤ ပရိကမ္မဝီထိကို အဓိဋ္ဌာန် ပြုသော ဝီထိဖြစ်၍ အဓိဋ္ဌာနဝီထိ ဟုလည်း ခေါ်သည်၊]

အဓိဋ္ဌာတဗ္ဗံတိ အဓိဋ္ဌေယျံ

ယံ - အကြင် အာရုံကို၊
အဓိဋ္ဌာတဗ္ဗံ - အဓိဋ္ဌာန်အပ်၏၊
ဣတိ - ကြောင့်၊
တံ - ထို အာရုံသည်၊
အဓိဋ္ဌေယျံ - အဓိဋ္ဌေယျမည်၏၊

နိမ္မိတ ရုပ်ပေါင်း တရာ ဖြစ်စေလိုလျှင် “သတံ ဟောမိ” ဟု အဓိဋ္ဌာန် ပြုရာ၏၊
တထောင် ဖြစ်စေလိုလျှင် “သဟဿံ ဟောမိ” ဟု ပရိကမ် ပြုရာ၏၊
ဤသို့ ပရိကမ်ပြုအပ် အဓိဋ္ဌာန်ပြုအပ်သောအာရုံကို အဓိဋ္ဌေယျ ဟု ဆိုသည်၊
ဣဒ္ဓိအမျိုးမျိုးတွင် အဓိဋ္ဌာနိဒ္ဓိကို ရည်ရွယ်၍ ပြသော အာရုံတည်း၊
အဓိဋ္ဌေယျာဒိအာဒိသဒ္ဒါဖြင့် အခြားဣဒ္ဓိဆိုင်ရာ အာရုံများကိုယူ။

ရူပါဒီသု အာရမဏေသု ၊ပေ၊ မပ္ပေတိ -

ထို ပရိကမ္မ ဝီထိ ဖြစ်ပြီးနောက် ဤသင်္ဂြိုဟ်ကျမ်း၌ တဘန် ပါဒကဈာနဝီထိကို မပြတော့ဘဲ ရူပါရုံစသော ဆိုင်ရာ အာရုံတခုခုကို အာရုံပြု၍ ရူပပဉ္စမဈာန ဝီထိသည် အဘိညာဉ်ဟူသော အမည်ဖြင့် အပ္ပနာသို့ ရောက်သည်-ဟုပြ၏၊ အဋ္ဌကထာကြီးများ၌လည်း တချို့ အရာဝယ် တဘန် ပါဒကဈာနဝီထိကိုပြ၍ တချို့ အရာ၌ မပြချေ၊

သဘောယုတ္တိကို စဉ်းစားရလျှင် -

အဘိညာဉ်၌ အလေ့အလာမရသေးလျှင် တဘန် ပါဒကဈာနဝီထိ ကျပြီးမှ အဘိညာဉ်ဝီထိ ဖြစ်ထိုက်၍ အဘိညာဉ်၌ အလေ့အလာ ရပြီးသူမှာ တဘန် ပါဒကဈာနဝီထိ မလို, ပရိကမ္မဝီထိပြီးလျှင် အဘိညာဉ် ဝီထိ ဆက်လက် ဖြစ်ပေါ်သည်ဟုယူရန်ရှိသည်၊ ဤအဘိညာဉ်ဝီထိ ဖြစ်သည်နှင့်တပြိုင်နက် နိမ္မိတရုပ်စသော ဆိုင်ရာအကျိုးများ ပေါ်လာလေသည်၊

[“ရူပါဒီသု အာရမဏေသု ယထာ ရဟံ” အရ ဆိုင်ရာအာရုံတို့၌ အာရုံပြုပုံကို၎င်း ပရိကမ်ပြုပုံကို၎င်း ဝီထိ ဆိုရိုး၌ ပြထားပြီ။]

---

ဣဒ္ဓိဝိဓ အဘိညာဉ်

ဣဇ္ဈတီတိ ဣဒ္ဓိ, ဣဒ္ဓိယာ ဝိဓော ယဿာတိ ဣဒ္ဓိဝိဓံ

ဣဇ္ဈတိ - ပြီးစီးအောင်မြင်တတ်၏၊
ဣတိ - ကြောင့်၊
ဣဒ္ဓိ - ဣဒ္ဓိမည်၏၊
ယဿ - အကြင်ဉာဏ်၏၊
ဣဒ္ဓိယာ - တန်ခိုး၏၊
ဝိဓော - အပြားသည်၊
ဝါ - အစုသည်၊
အတ္ထိ - ရှိ၏၊

တန်ခိုးအမျိုးမျိုးရှိသောဉာဏ်, တန်ခိုးအမျိုးမျိုးကို ဖြစ်စေနိုင်သောဉာဏ် ဟူလို၊ [ဝိဓ သဒ္ဒါသည် အစု ဟူသော အနက် အများအပြားဟူသော အနက်ကို ဟော၏၊]

ဣဒ္ဓိဝိဓ အရာဝယ် ဣဒ္ဓိဟူသော ပုဒ်နှင့်စပ်၍-

“အ-ဝိ-မ-ဉာဏ်, သ-အ-ကမ်, ပုညံ- ဝိဇ္ဇာ-တတ်၊
ဣဒ္ဓိဝိဓာ-ဘိညာမှာ, စစွာ သုံးပါးမှတ်”

ဟူသော ဣဒ္ဓိ ဆယ်မျိုးကို ထုတ်ပြန်ရိုးရှိကြ၏။

  1. - အဓိဋ္ဌာနိဒ္ဓိ,
  2. ဝိ - ဝိကုဗ္ဗနိဒ္ဓိ,
  3. - မနောမယိဒ္ဓိ,
  4. ဉာဏ် - ဉာဏဝိပ္ဖါရိဒ္ဒိ,
  5. - သမာဓိဝိပ္ဖါရိဒ္ဓိ,
  6. - အရိယိဒ္ဓိ,
  7. ကမ် - ကမ္မဇိဒ္ဓိ,
  8. ပုညံ - ပုညဝတောဣဒ္ဓိ,
  9. ဝိဇ္ဇာ - ဝိဇ္ဇာမယိဒ္ဓိ,
  10. တတ် - တတ္ထတတ္ထ သမ္မာပယောဂ ပစ္စယာဣဒ္ဓိ-

ဤ ဆယ်ပါးတွင် အဓိဋ္ဌာနိဒ္ဓိ ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ ၃ ပါးသည် ဣဒ္ဓိဝိဓအဘိညာဉ်၏ အပြားတည်း၊

ကျန်ဣဒ္ဓိ ၇ ပါးကား ဤအဘိညာဉ်များနှင့်မဆိုင်, ထို၇ပါး ၏အကျယ်ကို ဝိသုဒ္ဓိမဂ်မှာ ရှု၊

မှတ်နှင့်ရန် အကျဉ်း ဆောင်ပုဒ်ကား …

[ဆောင်]
၁ - ထိုတွင်ကားတစ်, အများဖြစ်ဟု, စလစ်အမှန် အဓိဋ္ဌာန်ပင်။
၂ - ကိုယ့် ရုပ်သွင်ကို, စွန့်လျှင်ဝိကုဗ်, အဟုတ် ခေါ်ဆို။
၃ - ကိုယ့်ကိုယ် အတွင်း, ဖန်ဆင်း ကာယော, မနောမယ
၄ - အရဟတ္တာ, ဖြစ်သည့်ခါမှ, ပုဗ္ဗာပရ, တင်္ခဏ၌, ဉာဏစွမ်းမြတ်, ထူးပြီးလတ်သား, ဝိပဿနာ, မဂ်လေးဖြာဖြင့်, ကိလေသာပယ်, ငါးဝမ်းဝယ်နေ မသေနိုင်ထ, ဗာကုလတည်း သံကိစ္စမှာ, ဂဗ္ဘတည်နေ, အမိသေလည်း, မသေနိုင်လို ရာဇဂြိုဟ်မြို့, ယက္ခဝန်းခြံ, ညဉ့်သုံးယာမ်လည်း, တယောက်ထည်းသာ, ထင်းလှည်းအောက်နေ, မသေနိုင်သူ, ဘူတပါလ, ဒါရကတို့, ဉာဏဝိပ္ဖါ-ရိဒ္ဓိသာတည်း၊
၅ - ရှစ်သမာပတ်, ခါသုံးမှတ်၍, ပစ္စတ်ပယ်ခွါ, တပေါဒါချောက်, ဘီလူးခေါက်လည်း သေပျောက်ကျင်နာ, ဆိတ်စာမရှိ, ထေရ်သာရိတည်း, တစိထိုမှ, သဉ္ဇီဝကို, နိရောဓဝင်, အသေထင်၍, မီးတင်ဝိုင်းစု, ထိုအတုပင်, ခါဏုတွင်ထ, ကောဏ္ဍညကို, စောရငါးရာ, ဘဏ္ဍာထုပ်ဖိ, မသေရှိ၏, သေဋ္ဌိဓီတာ, ဥတ္တရာကို, ဝန်တိုလှစွာ, သိရီမာဟု, ပြည့်တန်ဆာမ, ဆီပူချလျှင်, ဝင်ထမေတ္တာ, သာမာဝတီ, မာဂဏ္ဍီကြောင့်, ဥတီန−ခင်, လေးကိုတင်၍, မနှင်မချ, နိုင်ရလေဘိ, ဘေးမထိသား, သမာဓိဝိပ္ဖါ
၆ - အနိဋ္ဌာကို မေတ္တာဓာတု, နှလုံးပြု၍, ရှုနိုင် ဣဋ္ဌ, ယင်းဣဋ္ဌကို, အသုဘနှင့်, အနိစ္စပြု, နိဋ္ဌိရှု၏, စက္ခုရူပ, တွေ့ရာစလည်း, နေဝသုမနော, နောစဒုဋ္ဌု, ဆဠင်္ဂုပေက္ခာ, ရဟန္တာ၏ အရိယာဣဒ္ဓိ
၇ - ပက္ခိဒေဝ, ကပ်စ-မနု, ပိယင်္ဂုမာတာ, မာတာ ဥတ္တရ, ဖုဿမိတ္တာ, ဝိနိပါတို့, ဝေဟာ ပျံကျ, ကမ္မဇတည်း။
၈ - စက္ကဝတ္တိ, မိုဃ်းပျံဘိ၏, ဇောတိ သေဋ္ဌေး, ခြောက်ဆဲ့လေးထွေ, ပဒေသာများ, ပဒမြားပြာသာဒ်, ပေါက်လတ်မြေမှ, ဇဋိလဝယ်, ရှစ်ဆယ်အတောင်, ရွှေတောင်ပေါက်ရ, ဃောသကကို, သတ္တဋ္ဌာနေ, သေကြောင်းဖွေလည်း, မသေနိုင်ထ, မေဏ္ဍက၏, ဧကသီတာ, ထွန်ကြောင်းရာ၌, ရတနာခုနစ်, ဆိတ်ရုပ်ဖြစ်ရ, မေဏ္ဍကနှင့်, စန္ဒပဒုမာ, ဓနာစယ, ချွေးမ သုမနာ, ကျွန်မှာ ပုဏ္ဏ, ငါးဝဘုန်းရှိ, ပုညိဒ္ဓိကို, ကျမ်းရှိထုတ်ဆို။
၉ - ဝိဇ္ဇာဓိုရ်တို့, ထိုထိုမန္တံ, ဆေးစွမ်းအံဖြင့်, မိုဃ်းပျံနိုင်လျှင်း, ဆင်မြင်းရုပ်ပုံ, စစ်တပ်ပုံပြ, ဝိဇ္ဇာမယတည်း။
၁၀ - နေက္ခမ္မက, အရဟတ္တတိုင်, ပယ်နိုင်သမျှ, ထိုမှတပါး, များပြားစွာလှ, ဗျူဟာစသည့်, သိပ္ပဝိဇ္ဇာ, ဝေဒါပိဋက, ထွန်ထကြဲစိုက်, လူ၌ပြုက, ပြီးသမျှပင်, တတ္ထတတ္ထာ- သမ္မာပယောဂ- ပစ္စယဣဒ္ဓိ, အမည်ရှိသည့်, မှတ်သိဆောင်ရွက်ရာသတည်း၊ --ပရမတ္ထသရူပ ဘေဒနီ။

---

အဓိဋ္ဌာနိဒ္ဓိ

ဗဟုဘာဝါဒိကဿ အဓိဋ္ဌာနံ ယဿာတိ အဓိဋ္ဌာနာ, အဓိဋ္ဌာနာ စ သာ ဣဒ္ဓိ စာတိ အဓိဋ္ဌာနိဒ္ဓိ

ယဿာ - အကြင်ဣဒ္ဓိ၏၊
ဗဟုဘာဝါဒိကဿ - အများဖြစ်ခြင်း အစရှိသည်ကို၊
အဓိဋ္ဌာနံ - အဓိဋ္ဌာန်ခြင်းသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ကြောင့်၊
အဓိဋ္ဌာနာ - မည်၏၊

အဓိဋ္ဌာနိဒ္ဓိကား -

  • “တယောက်ကို အများဖြစ်စေခြင်း,
  • အများကို တယောက် ထည်းဖြစ်စေခြင်း,
  • ကိုယ်ထင်ပြခြင်း,
  • ကိုယ်ဖျောက်ခြင်း,
  • နံရံ တံတိုင်းကျောက်တောင် စသည်တို့၏ ဟိုမှာဘက်သို့ အဆီး အတား မရှိ သွားနိုင်ခြင်း,
  • မြေအပြင်ကို ရေအသွင်ပြုခြင်း,
  • ရေအယဉ်ကို မြေအသွင်ပြုခြင်း,
  • ကောင်းကင်၌ သွားနိုင်ခြင်း,
  • လ နေ တို့ကို ကိုင်နိုင်ခြင်း,
  • ဗြဟ္မာ့ပြည်သို့ သွားနိုင်ခြင်း အားဖြင့်” အလွန်များပေသည်။

---

ဝိကုဗ္ဗနိဒ္ဓိ

ဝိဝိဓံ ကုဗ္ဗနံ ယဿာတိ ဝိကုဗ္ဗနာ, ဝိကုဗ္ဗနာ စ သာ ဣဒ္ဓိ စာတိ ဝိကုဗ္ဗနိဒ္ဓိ

ယဿာ - အကြင်ဣဒ္ဓိ၏၊
ဝိဝိဓံ - အထူးထူးသော အသွင် အယောင်ကို၊
ကုဗ္ဗနံ - ပြုလုပ်ဆောင်ပြခြင်းသည်၊
အတ္ထိ - ရှိ၏,
စသည်ဖြင့် အနက်ဆို၊

မိမိပင်ကိုယ် အသွင်သဏ္ဌာန်ကို ဖျောက်၍ သူငယ်အသွင် နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗနှင့် ဒေဝဗြဟ္မာ သမုဒြာ တောတောင် သားကောင် အမျိုးမျိုး ဆင် မြင်း ရထား ခြေလျင်အားဖြင့် စစ်အင်္ဂါ အမျိုးမျိုးဖြစ်အောင် အယောင်ဆောင် ပြနိုင်သော တန်ခိုးတည်း၊

ပရိကမ်ပြုသည့်အခါ အလိုရှိသလို “လုလင်ပျို ဖြစ်စေသား, နဂါး ဖြစ်စေသား” စသည်ဖြင့် ပရိကမ်ပြုရာ၏။

---

မနောမယိဒ္ဓိ

မနသာ နိဗ္ဗတ္တာ မနောမယာ, မနောမယာ စ သာ ဣဒ္ဓိ စာတိ မနောမယိဒ္ဓိ

မနသာ - စိတ်ကြောင့်၊
နိဗ္ဗတ္တာ - ဖြစ်သော တန်ခိုးတည်း,

သန်လျက်အိမ် အတွင်း၌ အိမ်နှင့် ပုံသဏ္ဌာန် တူသော သန်လျက် ရှိသကဲ့သို့၎င်း, မြွေ ရေလဲနှင့် မြွေအကောင်သည် တထပ်တည်း တူသကဲ့သို့၎င်း, ထို့အတူ ပကတိ ခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုး ဖန်ဆင်းနိုင်ခြင်းသည် မနောမယိဒ္ဓိ မည်၏၊

ပါဒကဈာန်ကို ဝင်စားပြီးနောက် “အယံကာယော သုသိရော ဟောတု - ဤ ငါ့ကိုယ်သည် အခေါင်း ဖြစ်စေသား” ဟု ပရိကမ်ပြု၍ အဘိညာဝီထိ ဖြစ်သည့်အခါ ကိုယ်တွင်း၌အခေါင်းကြီးဖြစ်၏၊

ထို့နောက် တဘန် ပါဒကဈာန် ဝင်စားပြီးလျှင် “တသ အဗ္ဘန္တရေ အညော ကာယော ဟောတု - ထို ကိုယ်ခေါင်း အတွင်း၌ အခြားကိုယ်တမျိုး ဖြစ်စေသား” ဟု ပရိကမ်ပြု၍ အဘိညာဝီထိ ဖြစ်သည့်အခါ ထိုကိုယ်ခေါင်း အတွင်း၌ အလားတူ ကိုယ်တမျိုး ဖြစ်ပေါ်လာ၏၊

ဤသို့ ပရိကမ် အဘိညာဉ်တို့ ၂ ထပ်ဖြစ်ပြီးမှ လိုရာတန်ခိုး ပြီးစီးသည်။

[ဝိကုဗ္ဗနိဒ္ဓိက မိမိခန္ဓာကိုယ်ကို ဖျောက်၍ အမျိုးမျိုး ဆောင်ပြ၏၊ မနောမယိဒ္ဓိကား မိမိကိုယ်ကို မဖျောက်ဘဲ ကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုးဖြစ်စေ၏၊ ကြွင်းသမျှတန်ခိုးမှာ အဓိဋ္ဌာနိဒ္ဓိ အရာတည်း။]

---

ဒိဗ္ဗသောတ

ဒိဝိ ဘဝံ ဒိဗ္ဗံ, ဒိဗ္ဗဉ္စ တံ သောတဉ္စာတိ ဒိဗ္ဗသောတံ, ဒိဗ္ဗသောတံ ဝိယာတိ ဒိဗ္ဗသောတံ

ဒိဝိ - နတ်ပြည် ဗြဟ္မာ့ပြည်၌၊
ဘဝံ - ဖြစ်သည်တည်း၊
ဒိဗ္ဗံ - နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သည်၊
ဒိဗ္ဗဉ္စ - နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သည်လည်း ဟုတ်၏၊
တံ - ထိုဒိဗ္ဗဟူသည်၊
သောတဉ္စ - သောတလည်း ဟုတ်၏၊
ဣတိ - ကြောင့်၊
ဒိဗ္ဗသောတံ - ဒိဗ္ဗသောတ မည်၏၊

နတ်ဗြဟ္မာတို့၏ ထူးမြတ်သော ကံကြောင့်ဖြစ်သော သောတ ပသာဒသည် သလိပ် သည်းခြေ သွေး လေ စသော အနှောက်အရှက် မရှိရကား အလွန် ကြည်လင် သန့်ရှင်းသည့် အတွက် ဝေးကွာသောအသံ တိုးတိုး သာသာ သိမ်မွေ့စွာသောအသံကို ကြားစွမ်းနိုင်၏၊

[သဒ္ဒါရုံ ရုပ်ကလာပ်တို့သည် ပဌမပေါ်ထွက်လာသော အရပ်မှစ၍ အနီးအပါး၌ ရှိသော မဟာဘုတ်တွေကို ထိခတ် ပွတ်တိုက်သွားသဖြင့် အသံ ဖြစ်လောက်သော မဟာဘုတ်များကို ထိခတ်မိသည့်အခါ အလားတူ အသံကို ဖြစ်ပေါ်စေတတ်၏၊ လူတို့၏နား၌ မထင်ရှားသော်လည်း ထို ထိခတ်သံကလေးတွေသည် နတ်တို့ နား၌ကား ကွဲကွဲပြားပြား ထင်ရှားပေလိမ့်မည်၊ ယခုခေတ်ဝယ် အသံဖမ်းနိုင်သော ဓာတ်အိုးဖြင့် အင်္ဂလန်က အသံကို မြန်မာနိုင်ငံမှ ဖမ်းယူကြားသိနိုင်ပုံက လက်တွေ့ ဖြစ်နေသောကြောင့်လည်း ဒိဗ္ဗသောတတို့ သိမ်မွေ့ သေးငယ်သောအသံ ဝေးသောအသံကို ကြားနိုင်သည်မှာ အံ့ဩဘွယ်ရာမဟုတ်တော့ပြီ၊]

ဒိဗ္ဗသောတအဘိညာဉ်လည်း ထူးခြားသော သမာဓိကြောင့်ဖြစ်ရကား ထိုကဲ့သို့ အသံမျိုးကို ကြားစွမ်း နိုင်ပေသည်၊ ထို့ကြောင့် “ဒိဗ္ဗသောတံဝိယ - နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သော သောတပသာဒနှင့် တူ၏” ဟူသော ဥပမာတဒ္ဓိတ် အရ ဒိဗ္ဗသောတ အမည် ရပေသည်။

[ဤဒိဗ္ဗသောတ အဘိညာဉ် ရဘို့ရာ အစီအစဉ်ကို ဝိသုဒ္ဓိမဂ်မှာ ရှု၊ နောက် အဘိညာဉ်များ၌လည်း အကျယ်မပြပြီ။]

---

ပရစိတ္တဝိဇာနနာ

ပရေသံ စိတ္တံ ပရစိတ္တံ, ပရစိတ္တံ ဝိဇာနာတီတိ ပရစိတ္တဝိဇာနနာ

သူတပါးတို့စိတ်ကို သိစွမ်းနိုင်သော အဘိညာဉ်တည်း၊ “စေတောပရိယ အဘိညာဉ်” လည်းခေါ်၏။

---

ပုဗ္ဗေနိဝါသာနုဿတိ

နိဝသီယိံ သူတိ နိဝါသာ, ပုဗ္ဗေနိဝါသာ ပုဗ္ဗေနိဝါသာ, ပုဗ္ဗေနိဝါသာနံ အနုဿတိ ပုဗ္ဗေနိဝါသာနုဿတိ

နိဝသီယိံသု - စွဲမှီ နေအပ်ဘူးကုန်ပြီ၊
ဣတိ - ကြောင့်၊
နိဝါသာ - တို့မည်၏၊

ဤ၌ နိဝါသအရ မိမိနေခဲ့ဘူးရာ ဘုံဌာန လောက်ကိုသာ ဆိုလိုသည်မဟုတ်, ရှေးရှေး ဘဝတို့၌ မိမိစိတ်ဖြင့် တွေ့ဘူး ကြုံဘူး အာရုံပြုအပ်ဘူးသော မိမိခန္ဓာကိုယ်- သူတပါးခန္ဓာကိုယ်- ထိုခန္ဓာနှင့်ဆက်သွယ်လျက် ရှိသော အမျိုးအနွယ်, ထိုသူတပါးတို့ ပရိနိဗ္ဗာန်စံပြီးဖြစ်လျှင် ထိုပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်, ဤ အလုံးစုံသည် စိတ်ဖြင့် စွဲမှီအပ် ကိုယ်တိုင်တွေ့အပ် အာရုံပြုအပ်ဘူးသောကြောင့် ပုဗ္ဗေနိဝါသ မည်သည် ချည်းတည်း။

ထို့ကြောင့် ပုဗ္ဗေနိဝါသအရ ကျမ်းဂန်တို့၌ အာရမဏနိဝါသ အဇ္ဈာဝုတ္ထနိဝါသဟု ၂ မျိုး ပြသည်၊

အာရမဏနိဝါသ ဟူသည် အာရုံပြုအပ်သော သူတပါး၏ ခန္ဓာ စသည်တည်း၊

အဇ္ဈာဝုတ္ထနိဝါသ ဟူသည်ကား မိမိ ကိုယ်တိုင် တွေ့ကြုံအပ်သော မိမိခန္ဓာ စသည်တည်း၊

ထို အလုံးစုံကို ပြန်ပြောင်း၍ အောက်မေ့နိုင်သော သတိနှင့် ယှဉ်သောဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် မည်၏၊

[ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ကို ရနိုင်သော ပုဂ္ဂိုလ်, သိနိုင်ရာကမ္ဘာ အပိုင်းအခြား, သိပုံ အခြင်းအရာများကို ဝိသုဒ္ဓိ မဂ်၌ရှု။]

---

ဒိဗ္ဗစက္ခု

နတ်ဗြဟ္မာတို့၏ စက္ခုပသာဒသည် ထူးမြတ်သော ကံကြောင့်ဖြစ်ရသည့်ပြင် သလိပ် သည်းခြေ သွေး လေ စသော ဘေးရန်တို့မှ ကင်းရှင်းရကား အလွန်ကြည်လင်သည့် အတွက် ဝေးကွာသော အဆင်း သေးငယ် သိမ်မွေ့သော အဆင်းတို့ကို မြင်စွမ်းနိုင်၏၊

[သစ်ပင် တော တောင်စသည်တို့ ကွယ်ကာနေသော်လည်း ထိုသစ်ပင် တောတောင် စသော ရုပ်ကလာပ်တို့ အကြား၌ အာကာသခေါ် အကြားရှိ၏, ထို အကြားအရပ်ဖြင့် ခြားကွယ်နေသော အဆင်းကို နတ်မျက်စိက မြင်နိုင်သည် ဟု ကြံကြသည်၊]

ဒိဗ္ဗစက္ခုအဘိညာဉ် ရသူလည်း ထူးခြားသော သမာဓိအစွမ်းကြောင့် ထိုကဲ့သို့ အဆင်းများကို မျက်စိဖြင့် မြင်ရသကဲ့သို့ အဘိညာဉ်ဉာဏ်ဖြင့် သိမြင်နိုင်ပေသည်။

[စုတိခါနီးသူ ပဋိသန္ဓေနေပြီးစ သူကိုလည်း မြင်နိုင်သောကြောင့် “စုတူပပါတဉာဏ်”ဟုလည်း ခေါ်၏။]

ယထာကမ္မူပဂ အဘိညာဉ်

ဒိဗ္ဗစက္ခုကိုရလျှင် ဤ အဘိညာဉ်များလည်း ပြီးစီးပြီး ဖြစ်၍ သင်္ဂြိုဟ်၌ အထူးမပြသော်လည်း သတ္တိထူးပုံကို သိသင့်ကြ၏။

ယထာကမ္မံ - ကံအားလျော်စွာ၊
ဥပဂစ္ဆန္တိ - ထိုထိုဘဝသို့ ကပ်ရောက်ရကုန်၏၊
ဣတိ - ကြောင့်၊
ယထာကမ္မူပဂါ - တို့မည်၏”

ကံအားလျော်စွာ ထိုထိုဘဝ၌ ရောက်နေကြသူကို ယထာကမ္မူပဂ ဟု ခေါ်၏၊
ထိုသူတို့၏ ရှေးကံကို သိသော အဘိညာဉ်သည် ယထာကမ္မူပဂ အဘိညာဉ် မည်၏၊

ရှေးဥုးစွာ ဒိဗ္ဗစက္ခုဖြင့် ထိုထိုဘဝ၌ ရောက်နေသူကို သိမြင်၏။ ထို့နောက် ပါဒကဈာန်ကို ဝင်စား၍ ဈာန်မှထပြီးလျှင် “ဘယ်ကံကြောင့် ဤဘုံ၌ ဖြစ်ပါလိမ့်မည်နည်း” ဟု ဆင်ခြင်သော ပရိကမ္မဝီထိဖြစ်၏။ [ရှေးဆရာတို့ကား “ဧတဿ ကမ္မံ ဇာနာမိ” ဟုပရိကံပြုပုံကို ပြကြ၏၊] ထို့နောက် တဘန် ပါဒကဈာန် ဝင်စားပြီး၍ အဘိညာဉ်ဝီထိဖြစ်သည့်အခါ ထိုဘဝသို့ ရောက်ကြောင်းကံကို အမှန်အတိုင်းသိရသည်။

အနာဂတံသ အဘိညာဉ်

[အနာဂတ = အနာဂတ် ဖြစ်သော + အံသ = အဘို့]

သတွာ တယောက်၏ အနာဂတ်၌ ဖြစ်ရမည့် အကြောင်းအရာကို သိသောဉာဏ်တည်း၊

အဝေး၌ နေသူကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှု၍ (မျက်မြင် တွေ့နေသူကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုဘွယ်လိုမည် မထင်) ထိုသူ၏ အတိတ်ကံကို၎င်း, ယခုဘဝ၌ ပြုခဲ့ပြီးသော ကံကို၎င်း, ယထာကမ္မူပဂ ဉာဏ်ဖြင့် သိပြီးလျှင်, ဤ ကံများကြောင့် အနာဂတ်ဘဝဝယ် ဘယ်ပုံ ဖြစ်ဘွယ် ရှိပါလိမ့်မည်နည်း-ဟု ပရိကမ္မဝီထိဖြစ်၏။ ထို့နောက် ပါဒကဈာနဝီထိ ဖြစ်ပြီးလျှင် အဘိညာဉ်ဝီထိဖြစ်သည့်အခါ ထိုသူ၏ အနာဂတ်အကြောင်းအရာတွေကို သိနှင့်ရလေသည်။

ဝိပဿနာကမ္မဋ္ဌာန်းအဖွင့်

ဝိပဿနာ ကမ္မဋ္ဌာန်းဝယ် သိဘွယ်များကား -

  • ၁။ ဝိသုဒ္ဓိ ၇ ပါး,
  • ၂။ လက္ခဏာ ၃ ပါး
  • ၃။ အနုပဿနာ ၃ ပါး,
  • ၄။ ဉာဏ် ၁ဝ ပါး,
  • ၅။ ဝိမောက္ခ ၃ ပါး,
  • ၆။ ဝိမောက္ခမုခ ၃ ပါး

ဤအချက်များတည်း၊

ထိုတွင် ဝိသုဒ္ဓိ စသည်တို့၏ အကျယ်မှာ နောက်၌ ထင်ရှားလတ္တံ့၊

ယခု အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာ ၃ပါးကိုဖွင့်ပြပေအံ့။

လက္ခဏ

လက္ခီယတိ လက္ခိတဗ္ဗံ အနေနာတိ လက္ခဏံ

အနေန - ဤ အမှတ်အသားဖြင့်၊
လက္ခိတဗ္ဗံ - မှတ်သားထိုက်သော တရားကို၊
လက္ခီယတိ - မှတ်သားအပ်၏၊
ဣတိ - ကြောင့်၊
လက္ခဏံ - လက္ခဏမည်၏၊

သင်္ခတဟုတ်-မဟုတ် စစ်တမ်း ထုတ်ဘို့ရာ အမှတ်လက္ခဏာတည်း၊ ထိုလက္ခဏာများကား အနိစ္စတာ ဒုက္ခတာ အနတ္တတာ တို့တည်း၊ တရားတခုကို မြဲသလား- မမြဲဘူးလား”ဟု စစ်ဆေးကြည့်, မမြဲမှု ပျက်စီးမှုကို တွေ့ရလျှင် ဧကန် သင်္ခတတရား ဟု ဆုံးဖြတ်ရမည်၊ တနည်းနည်းဖြင့် ဆင်းရဲရမှုကို တွေ့ရလျှင်, အတ္တ မဟုတ်သော အချက်ကို တွေ့ရလျှင် ဧကန် သင်္ခတတရားဟု ဆုံးဖြတ်ရမည်-ဟူလို။

[မြဲနေလျှင် - ဆင်းရဲမှု မရှိလျှင်ကား သင်္ခတ တရား မဟုတ်, အသင်္ခတနိဗ္ဗာန် တရားသော်လည်း ဖြစ်မည်, သို့မဟုတ် အထည်ကိုယ် မထင်ရှားသော ပညတ်သော်လည်း ဖြစ်လိမ့်မည်။]

အနိစ္စလက္ခဏံ

အနိစ္စ ဟူသည် မမြဲသော ရုပ် နာမ် သင်္ခတ တရားတည်း၊ အနိစ္စလက္ခဏာ ဟူသည်ကား ထိုအနိစ္စ ဖြစ်သော သင်္ခတတရားတို့၏ အမှတ်အသားတည်း၊ ထိုအမှတ်အသား ဟူသည် “ခယဋ္ဌေန အနိစ္စံ” အရ ကုန်ဆုံး ပျက်စီးခြင်းပင်တည်း၊

အနိစ္စဿ - မမြဲသော သင်္ခတ တရား၏။
လက္ခဏံ - အမှတ်အသားသည်၊
အနိစ္စလက္ခဏံ - အနိစ္စလက္ခဏာ မည်၏၊

တနည်း -

အနိစ္စဿဘာဝေါ အနိစ္စတာ, အနိစ္စတာယေဝ လက္ခဏံ အနိစ္စတာ လက္ခဏံ” ဟု ဆိုလိုလျက် တာ ပစ္စည်းကို ချေ၍ အနိစ္စလက္ခဏံ ဟု ဆိုသည်၊

အနိစ္စဿ - မမြဲသော သင်္ခတတရား၏၊
ဘာဝေါ - ဖြစ်ကြောင်း ဖြစ်ရာ ကုန်ဆုံး ပျက်စီးခြင်းသည်၊
အနိစ္စတာ - အနိစ္စတာ မည်၏”ဟု အနက်ပေး၊

ဤ စကားစဉ်အရ - အနိစ္စနှင့် အနိစ္စ လက္ခဏာတို့ ခြားနားပုံကို သိပါ၊ ဒုက္ခနှင့် ဒုက္ခလက္ခဏာ, အနတ္တနှင့် အနတ္တ လက္ခဏာတို့ ခြားနားပုံကိုလည်း ဤနည်း အတိုင်း သိရာ၏၊

ထိုတွင် အနတ္တ အရ အတ္တ အကြောင်းကို အတ္တဝါဒုပါဒါန်ခဏ်း၌ ပြခဲ့ပြီ၊ ဤ၌ ဇီဝ အတ္တကို ထပ်မံ ပြဥုးအံ့။

ဇီဝအတ္တ

အတ္တကို သာသနာပ ဖြစ်သော တိတ္ထိတို့ အမျိုးမျိုး ကြံဆလျက် စွဲလမ်းကြ၏၊ ကြံဆပုံကား - မျက်စိ နား နှာ အင်္ဂါခြေလက်နှင့်တကွ ခန္ဓာကိုယ် တခုလုံး အတ္တ၏ အဆောက်အဥုးကြီး - အတ္တ၏ တည်နေရာ အိမ်ကြီးတည်း၊ အတ္တကား ထိုအိမ်၌ တည်လျက် အမျိုးမျိုးသော အမှုကိုပြု၏, ရှေးက ကောင်းမှု မကောင်းမှု အကျိုးကို ခံစား၏၊ ယခုဘဝ၌ လုံ့လဝီရိယ၏ အကျိုးကိုလည်း ခံစား၏၊

တချို့ ဆရာတို့က “ထို အတ္တသည် နှလုံးအိမ်၌တည်နေ၏, ပရမာနုမြူမျှ ပမာဏရှိသဖြင့် အလွန်သေးငယ်၏” ဟု ယူဆ၏၊ တချို့က “သားမြီးဖျားကို အစိတ်တရာစိတ်၍ တစိတ်မျှ ပမာဏရှိ၏”ဟု ယူဆ၏၊ တချို့က “ ခန္ဓာကိုယ် ပမာဏရှိ၍ ခန္ဓာကိုယ်ကြီးလျှင် အတ္တ ကြီး၏, ခန္ဓာကိုယ်ငယ်လျှင် အတ္တငယ်၏”ဟု ယူဆ၏၊

တချို့ကမူ “ခန္ဓာကိုယ်တွင်း၌ ထွက်သက် ဝင်သက်လေတို့၏ သွားလာရာ အကြောမကြီး ၂ ခုရှိ၏, လက်ဝဲ လက်ျာ တဘက် တချက်၌ တည်၍, အခြားသောအကြောမကြီး တခုကား အထက်သို့ တည့်တည့်မတ်မတ် တက်သွား၍ ဥုးခေါင်းမှာ ရှိသော ပေါက်တခုသို့ ဆိုက်ရောက်၏၊

[ထိုအပေါက်ဖြင့် ထွက်သွားသော အတ္တသည် ဗြဟ္မာ့ပြည်သို့ ရောက်သောကြောင့် ထို ဥုးထိပ်က အပေါက်ကို “ ဗြဟ္မရန္ဓ = ဗြဟ္မာ့ပြည် သွားကြောင်း လမ်းပေါက်” ဟု ခေါ်သတတ်။]

ထို အကြော ၃ ခု၏ အလယ် တည့်တည့်ဝယ် လရောင်နှင့် တူသော အရောင်ဝိုင်း ရှိ၏၊ ထို အရောင်ဝိုင်း၏ အလယ်၌ အတ္တသည် (လေငြိမ်ရာ ထွန်းအပ်သောမီးကဲ့သို့) မလှုပ်မလှက် တောက်ပလျက် တည်သည် ” ဟု ယူဆ၏၊

ဤသို့လျှင် ရုပ်နာမ်သဘော ရုပ်နာမ်၏ဖြစ်ကြောင်း သဘောကို မသိနိုင်ကြ၍ သာသနာပ ပညာရှိကြီးတို့ ပုံသဏ္ဌာန် အမျိုးမျိုး တည်နေရာ အမျိုးမျိုးနှင့်တကွ အတ္တကို ကြံဆ ပြောဆိုခဲ့ကြလေသည်။

အနတ္တ

န+အတ္တာ, အနတ္တာ

အတ္တာ - အတ္တသည်၊
- မဟုတ်၊
အနတ္တာ - အတ္တမဟုတ်၊

ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဟူသော ခန္ဓာ ၅ပါးသည် ပြခဲ့သော အတ္တ မဟုတ်သဖြင့် အနတ္တ တရားများတည်း၊

နတ္ထိ အတ္တာ ယေသူတိပိ အနတ္တာ

ယေသု - အကြင် ခန္ဓာငါးပါးတို့၌၊
အတ္တာ - အတ္တသည်၊
နတ္ထိ - မရှိ၊
ဣတိပိ - ထို့ကြောင့်လည်း၊
အနတ္တာ - အနတ္တတို့ မည်၏။

ခန္ဓာငါးပါး၌ ပြခဲ့သော အတ္တမျိုး မရှိ၊ ထို့ကြောင့် ခန္ဓာငါးပါးလုံး အနတ္တပင်တည်း၊ ရုပ် နာမ် ခန္ဓာမှတပါး နိဗ္ဗာန် ပညတ်တရားတို့၌လည်း ထိုအတ္တမျိုးမရှိ၊ သို့ဖြစ်၍ သင်္ခတ အသင်္ခတ တရားဟူသမျှ အနတ္တ ချည်းတည်း

[အနိစ္စ ဒုက္ခဟူရာ၌ သင်္ခါရ (သင်္ခတ) တရားသာ ရ၏၊ အနတ္တ ဟူရာ၌ကား သင်္ခါရ (သင်္ခတ) နှင့် အသင်္ခတ နိဗ္ဗာန် ပညတ်တရား အားလုံးရ၏၊ ထို့ကြောင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာ ဒုက္ခာ” ဟု ဟောတော်မူပြီးလျှင် “သဗ္ဗေ ဓမ္မာ အနတ္တာ” ဟု အနတ္တအရ ဓမ္မအားလုံးကို သိမ်းကြုံး ဟောတော်မူသည်။]

အနက်ဆိုကြပုံ

အနက်ဆိုရာ၌“အနတ္တာ-ကိုယ်မဟုတ်” ဟု ဆိုကြ၏၊ ကိုယ်မဟုတ်ဟူသော စကား၌ ဤခန္ဓာကိုယ်ကြီးကို ရည်ရွယ်လျှင် အမှားတည်း၊ ဤခန္ဓာကိုယ်ကြီးသည် အဘယ်မှာ ကိုယ်ကာယ မဟုတ်ဘဲ ရှိအံ့နည်း ကိုယ်ကာယကြီး အဟုတ်ပင်တည်း၊

ပြခဲ့သော အတ္တတရား၌ အထည်ကိုယ်-အမာခံ- အနှစ်သာရဟု စွဲလမ်းကြ၏၊ ထိုအထည်ကိုယ်ဟု စွဲလမ်း အပ်သော အတ္တကို ရည်ရွယ်လျှင် “အနတ္တာ-အထည်ကိုယ် မဟုတ် အမာခံ အနှစ်သာရမဟုတ်” ဟု အနက် ဆိုသင့်၏၊ “အနတ္တာ- အတ္တမဟုတ်”ဟု အနက်ဆိုလျှင် မလွဲနိုင်တော့ပြီ။

အနတ္တလက္ခဏာ

ရုပ်နာမ် အားလုံးကို ဉာဏ်ဖြင့် စိစစ်ကြည့်လျှင် ခိုင်မြဲသော အနှစ်သာရ မဟုတ်ကြ, သူတို့ အလိုသို့လည်း မည်သည့် အရာဝတ္ထုကိုမျှ မလိုက်ပါစေနိုင်, သူတို့ကလည်း မည်သူ့အလိုသို့မျှ မလိုက်ပါကြ၊ အကြောင်း အားလျော်စွာ ဖြစ်ပြီးလျှင် မကြာခင်ပင် ချုပ်ပျက်ကြလေသည်၊ သို့ အတွက် အနှစ်သာရ မဟုတ်ခြင်း အလိုသို့ မလိုက်စေနိုင်ခြင်းသည် ခန္ဓာ ၅ ပါး၌ အတ္တမဟုတ်ကြောင်း အတ္တ မရှိကြောင်း မှတ်တမ်းတင်ဘို့ရာ အနတ္တလက္ခဏာပေတည်း၊

အချုပ်ကား -

ရုပ်နာမ်တရားတို့၏ ဖေါက်ပြန် ပျက်စီးတတ်ခြင်း ဝိပရိဏာမ သဘောသည် အနိစ္စလက္ခဏာတည်း, အဖြစ်အပျက် ဟူသော ဒဏ်ရာ ဒဏ်ချက်ဖြင့် အမြဲ အနှိပ်စက်ခံရသော ဥဒယဗ္ဗယ ပဋိပီဠန သဘောသည် ဒုက္ခလက္ခဏာတည်း၊ အသာရက - အဝသဝတ္တန သဘောသည် အနတ္တလက္ခဏာတည်း။

အနုပဿနာ ၃ ပါး

တေဘူမက သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တ လက္ခဏာ ထင်ပေါ်လာအောင် အခါခါ ရှုတတ်သောဉာဏ်သည် အနုပဿနာမည်၏၊

အနိစ္စဿ - မမြဲသော ရုပ်နာမ်တရားကို၊
အနုပဿနာ - အနိစ္စလက္ခဏာ ပေါ်လာအောင် (အနိစ္စ အချက် ထင်ရှားအောင်) အခါခါ ရှုခြင်းသည်၊
အနိစ္စာနုပဿနာ - အနိစ္စာနုပဿနာ မည်၏၊

တနည်း-

အနိစ္စတာယ - မမြဲသည်၏ အဖြစ်ကို (အနိစ္စလက္ခဏာကို)၊
အနုပဿနာ - အဘန်ဘန် ရှုခြင်းသည်၊
အနိစ္စာနုပဿနာ - မည်၏၊

အနိစ္စတာနပဿနာ ဟု ဆိုလိုလျက် တာပစ္စည်းကို ချေ၍ အနိစ္စာနုပဿနာဟု ဆိုသည်။
ဒုက္ခ အနတ္တပဿနာတို့၌လည်း ဤနည်းပင်တည်း။

[ဝိပဿနာဉာဏ် ၁၀ ပါး, ဝိမောက္ခမုခ ၃ ပါးသည် နောက်၌ ထင်ရှားလတ္တံ့။]

သီလ ဝိသုဒ္ဓိ အဖွင့်

ပါတိမောက္ခသံဝရသီလ

သီလ ဟူသည် ကိုယ်မှု နှုတ်မှု စိတ်မှု၌ ဒုစရိုက် မဖြစ်ရအောင် ကိုယ် နှုတ် စိတ်တို့ကို စောင့်စည်းခြင်းတည်း၊

ပါတိံ - မိမိကို စောင့်ရှောက်သူကို၊
မောက္ခေတိ - အပါယ်ဘေး ဝဋ်ဒုက္ခဘေးမှ ကင်းဝေး လွတ်မြောက်စေတတ်၏၊
ဣတိ - ကြောင့်၊
ပါတိမောက္ခံ - ပါတိမောက္ခ မည်၏၊”

သံဝရတိ ဧတေနာတိ သံဝရော
စောင့်စည်းကြောင်း အကျင့်တည်း၊

ပါတိမောက္ခမေဝ သံဝရော ပါတိမောက္ခ သံဝရော
ပါတိမောက္ခ မည်သော စောင့်စည်းကြောင်း အကျင့်တည်း၊

ပါတိမောက္ခ သံဝရောစ သော သီလဉ္စာတိ ပါတိမောက္ခသံဝရသီလံ
ပါတိမောက်မည်သော စောင့်စည်းကြောင်း အကျင့်သီလ၊

ပါတိမောက္ခသံဝရသီလသည် အကျဉ်းအားဖြင့် ဘိက္ခု၊ ဘိက္ခုနီပါတိမောက်၌ လာသော သီလတည်း၊

အကျယ်အားဖြင့်ကား ကုဋေ ကိုးထောင့် တရာ့ ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်သော သိက္ခာ တို့တွင် ဣန္ဒြိယသံဝရ အာဇီဝပါရိသုဒ္ဓိ ပစ္စယသန္နိဿိတသီလ အချို့မှ တပါး ကျန်အားလုံး သိက္ခာများတည်း၊

ထို သိက္ခာ အကျယ်ကို “နေ-နတ်-နီ-တိုင်, ဂ-နိုင်-မိုး-နံ, ဟုန်-ယာဉ်-ဈာန်, မှတ်ရန်သိက္ခာ ဂဏန်းတည်း”ဟူသော ပိဋက သင်္ချာဖြင့် ပြကြ၏၊

[ပိဋကသင်္ချာ ယူပုံကို အခြေပြု သင်္ဂြိုဟ် ဝီထိပိုင်း အဆုံး၌ ပြထားသည်၊ ဤ ပါတိမောက္ခ-သံဝရ သီလသဒ္ဓါပြဓာန်း၏၊ သဒ္ဓါထက်သန်စွာဖြင့် ဖြည့်ကျင့်သူမှသာ ဤ သီလကို လုံခြုံစေနိုင်မည်၊ ဤ ပါတိမောက္ခ-သံဝရ သီလဖြင့် ကိုယ် နှုတ်ကိုသာ စောင့်စည်းနိုင်၏ စိတ်ကိုကား မစောင့်စည်းနိုင်သေး“မနောဒွါရေ အနာပတ္တိ” အရ အများအားဖြင့် စိတ်သက်သက် အာပတ် မသင့်နိုင်။]

ဣန္ဒြိယသံဝရသီလ

ဣန္ဒြိယာနံ - ဣန္ဒြေတို့ကို၊
သံဝရော - စောင့်စည်းကြောင်း သီလသည်၊
ဣန္ဒြိယသံဝရော - ဣန္ဒြိယသံဝရသီလ မည်၏၊

အဘိဇ္ဈာ ဒေါမနဿ စသော အကုသိုလ် မဖြစ်ရအောင် စက္ခုန္ဒြေ သောတ ဃာန ဇိဝှါ ကာယ မနိန္ဒြေ ဟူသော ဣန္ဒြေ ၆ ပါးကို စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရ သီလတည်း၊ ဤသီလ၌ သတိပြဋ္ဌာန်း၏၊ မြင်သမျှ ကြားသမျှ စသည်၌ အကုသိုလ် မဖြစ်ရအောင် သတိကြပ်ကြပ် ထားနိုင်မှ ဤသီလ လုံသည်၊ သတိ မထားနိုင်လျှင် ကျောင်းတိုက်အတွင်းမှာပင် ဤသီလ ပျက်နိုင်သည်၊ အချုပ်အားဖြင့် စိတ်ကို စောင့်စည်းနိုင်မှ ဤသီလလုံမည်။

အာဇီဝပါရိသုဒ္ဓိသီလ

အာဇီဝ ဟူသည် အသက်ရှည်ကြောင်း (အသက်မွေးဝမ်းကြောင်း) ဖြစ်သော ကိုယ်မှု နှုတ်မှုတည်း၊

ထို အသက်မွေးဝမ်းကြောင်း ဖြစ်သော ကာယပယောဂ ဝစီပယောဂ၏ စင်ကြယ်ကြောင်း သီလသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊

အာဇီဝန္တိ ဧတေနာတိ အာဇီဝေါ, အာဇီဝဿ ပါရိသုဒ္ဓိ အာဇီဝပါရိသုဒ္ဓိ

ဧတေန - ဤ ကာယပယောဂ ဝစီပယောဂဖြင့်၊
အာဇီဝန္တိ - အသက်ကို ဖြစ်စေကုန်၏၊(အသက်မွေးရကုန်၏)၊

ဘုရားရှင် စက်ဆုပ်တော်မူအပ်သော ကုလဒူသန အနေသန စသော မိစ္ဆာဇီဝကို ရှောင်ကြဉ်လျက် ထက်ဝန်းကျင် စင်ကြယ်အောင် ပစ္စည်း ၄ ပါးကို တရားသဖြင့် ရှာမှီး၍ အသက်မွေးနိုင်မှ ဤသီလ လုံခြုံမည်၊ ဤသီလ၌ ဝီရိယ ပြဋ္ဌာန်း၏၊ ဝီရိယကင်း၍ အပျင်း ထူနေလျှင် ချောင်ချောင် လယ်လယ်ဖြင့် ပစ္စည်းရအောင် ကုလဒူသန စသော အမှုတို့ကိုပြုသည့်အတွက် ဤသီလပျက်တော့၏၊

မှောက်မှားစွာ အသက်မွေးကြောင်း မကောင်းသော ကိုယ်မှု နှုတ်မှုများကို မိစ္ဆာဇီဝ ဟု ခေါ်၏၊ ထို မိစ္ဆာဇီဝသည် ဒကာ ဒကာမတို့အား ထိုထို ပစ္စည်းကို ပေးခြင်း, မိမိကိုယ်ကို ဒကာ ဒကာမတို့ အထင်ကြီး၍ ကြည်ညိုလာအောင် ဟန်အမျိုးမျိုး ထုတ်လျက် ကြောင်သူတော်လုပ်ခြင်း, အတင်းအကြပ် မလှူချင်- လှူချင်အောင် ပြောဆို တိုက်တွန်းခြင်း, ဆေးဝါး ပယောဂ ဗေဒင်ဟောပြခြင်း စသောအားဖြင့် အတော်များစွာ ဝိသုဒ္ဓိမဂ်၌လာ၏၊ ထို အမှုများကြောင့် လှူသော ပစ္စည်းသည် ထို ရဟန်းသာမက တသာသနာလုံးပင် မသုံးစွဲထိုက်တော့ပြီ။

အနေသနာယ စိတ္တံပိ, အဇနေတွာ ဝိစက္ခဏော၊
အာဇီဝံ ပရိသောဓေယျ, သဒ္ဓါပဗ္ဗဇိတော ယတိ။

ဝိစက္ခဏော - ဘုရာ့မျက်နှာ, သာသနာနှင့်, ကိုယ့်မှာနောင်ရေး, မြှော်တွေးဆင်ခြင်, ပညာရှင်လည်း ဖြစ်ပေထသော၊
သဒ္ဓါပဗ္ဗဇိတော - ဘယာမဘက်, သဒ္ဓါတွက်ကြောင့်, ခွါထွက်သမျှ, ရဟန်းပြုခဲ့သူလည်း ဖြစ်ပေထသော၊
ယတိ - သာသနာဝန်, အားသွန်ကြိုးပန်း, ထမ်းဘို့ရည်ရော်, ရဟန်းတော်သည်၊
အနေသနာယ - ဘုရားစက်ဆုပ်, လွန်သေးနုပ်သည့်, အယုတ်တမာ, လေးဖြာပစ္စည်း, ရှာဖွေနည်း၌၊
စိတ္တံပိ - ပြုလုပ်ဘို့ရန်, စိတ်အကြံကိုမျှလည်း၊
အဇနေတွာ - သာသနာ့အရှိန်, ကိုယ့်အရှိန်၌, ဂုဏ်သိမ်ညစ်ပေ, မဖြစ်စေဘဲ၊
အာဇီဝံ - တသက်လျှာမျှ, တဝမ်းဝတို့, တခဏတွက်ကလေး, အသက်မွေးကို၊
ပရိသောဓေယျ - ဝန်းကျင်ခပင်း, ပြစ်မျိုးကင်းအောင်, ရှင်းလင်း သုတ်သင်ရာသတည်း။

ပစ္စယသန္နိဿိတသီလ

ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း ၄ ပါး၌ မှီသောသီလတည်း၊

အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်စွာဖြင့် ရအပ်သော ပစ္စည်း ၄ ပါးကို “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ” စသည်ဖြင့်၍ သုံးစွဲမှ ဤ ပစ္စယသန္နိဿိတသီလလုံခြုံသည်၊

ထိုသို့ ဆင်ခြင်ရာ၌ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ” စသည်ဖြင့် နှုတ်က ရွတ်ဆိုမှုသည် ဆင်ခြင်မှု မဟုတ်သေး၊ ပစ္စည်း ၄ ပါးတွင် တပါးပါးကို သုံးဆောင်ရသည့်အတွက်“အသက်ရှည်ကြာ, ဘေးရောဂါတို့ ကိုယ်မှာမကပ်, ပရိယတ်နှင့်, ပဋိပတ်ရေး, မြှော်ထောက်တွေး၍, ဤဆေး ဤဆွမ်း, ဤ သင်္ကန်းနှင့်, ရွှင်လန်းဘွယ်ကောင်း, ဤစံကျောင်းကို မှီအောင်း သုံးစွဲပါသတည်း၊” ဤသို့ ဉာဏ်ဖြင့် ဆင်ခြင်မှ စိတ်ဖြင့် ဆင်ခြင်စဉ်းစား ပွားများမှုကိုသာ “ဆင်ခြင်” ဟုဆိုသည်၊

ထိုသို့ မဆင်ခြင်ဘဲ အမှတ်တမဲ့ ဖြစ်စေ, သို့မဟုတ် လောကီ ပကာသန အလှအပအတွက် ဖြစ်စေ သုံးစွဲနေလျှင် ပစ္စယသန္နိဿိတသီလ ပျက်၏၊

တနေ့အဘို့မှာ အာရုံမတက်ခင် ပစ္စည်း ၄ပါးကို သုံးစွဲရသဖြင့် အကျိုးများပုံကို ဆင်ခြင်မိစေရမည်၊ သင်္ကန်း လဲတိုင်း, ဆွမ်း အလုပ်တိုင်း, ကျောင်းတွင်း ဝင်တိုင်း, ဆေး သုံးစွဲတိုင်း ဆင်ခြင်နိုင်ပါမှ သာ၍ ကောင်းမြတ်တော့၏။

အမွှမ်းတင် ဆင်ခြင်မှု

ပစ္စယသန္နိဿိတသီလ၌ အမွှမ်းတင် ဆင်ခြင် နည်းများလည်း ရှိ၏၊ ထို ဆင်ခြင်နည်းကား -

“စက်ဆုပ်ဘွယ်ရာ ဤခန္ဓာကိုယ်ကြီးနှင့်စပ်၍ သုံးဆောင်အပ်သမျှ ပစ္စည်း ၄ ပါးလည်း စက်ဆုပ်ဘွယ် ချည့်သာ ဖြစ်တော့ လတ္တံ့” ဟု ပဋိကူလသညာဖြင့် ဆင်ခြင်နည်း, “ခန္ဓာကိုယ်နှင့်တကွ ပစ္စည်း ၄ ပါးလုံး ဓာတ်တုံး ဓာတ်စုသာ” ဟု ဓာတုမနသိကာရ ဆင်ခြင်နည်းများတည်း၊

ဤပဋိကူလသညာ ဓာတုမနသိကာရတို့မှာ အမွှမ်းတင်သာ ဖြစ်၍ မဆင်ခြင်သော်လည်း သီလမပျက်, ပစ္စဝေက္ခဏာ မဆင်ခြင်မှသာ သီလပျက်သည်၊ ဤ သီလ၌ ဉာဏ်ပညာဖြင့် ဆင်ခြင်ရသောကြောင့် ဉာဏ် ပြဋ္ဌာန်း၏၊ သို့ဖြစ်၍ ရှင်ဖြစ်စ သာမဏေငယ်တို့၌ ပဋိသင်္ခါယောနိသော စသော ပုတီးစိတ်ပါဠိတော်ကို အရ ကျက်ဘို့ထက် ဉာဏ်ဖြင့်ဆင်ခြင်တတ်ဘို့ အရေးက သာ၍ ကြီးလေးသည်

စတုပါရိသုဒ္ဓိသီလ

ဤ ပြခဲ့သော သီလ ၄ မျိုးကို စတုပါရိသုဒ္ဓိသီလ ဟုခေါ်၏၊

[စတု = ၄ ပါး + ပါရိသုဒ္ဓိ ထက်ဝန်းကျင် စင်ကြယ်သော + သီလ = ကိုယ်နှုတ် စိတ်ကို ကောင်းစွာ ထားကြောင်းအကျင့်၊ “ကိုယ်နေ နှုတ်ပြော စိတ်သဘော ထားတတ်ကြောင်း ကောင်းသော အကျင့် ၄ ပါး ဟူလို။”]

ဤသီလများပျက်လျှင် ထပ်မံ၍ စင်ကြယ်ကြောင်းနည်းကောင်း ၄ ပါးကိုလည်း ပြထားလျက်ရှိ၏။

ဒေသနာ သံဝရော ဧဋ္ဌိ-ပစ္စဝေက္ခဏဘေဒတော၊
သုဒ္ဓိ စတုဗ္ဗိဓာ ဝုတ္တာ, မုနိနာ.ဒိစ္စဗန္ဓုနာ။

ဒေသနာသုဒ္ဓိ

ပါတိမောက္ခသံဝရသီလ ပျက်လျှင် မိမိနှင့် သီတင်းသုံးဘော် ရဟန်းတော်အား “မိမိမှာ မည်သည့် သီလ ပျက်သွားပါသည်” ဟု ပြောပြမှုကို ယခုကာလ၌ “ဒေသနာကြား” ဟု ခေါ်၏၊ ထိုသို့ ဒေသနာ ပြောပြလျှင် ထုလ္လစ္စယ စသော အောက်အာပတ် ၅ ပါးအတွက် ပြန်၍ စင်ကြယ်၏၊ ထို့ကြောင့်“ဒေသနာသုဒ္ဓိ” ဟု ခေါ်၏၊

[ဒေသနာ - ပြောပြခြင်းကြောင့်၊ သုဒ္ဓိ - စင်ကြယ်ခြင်း၊]

သံဃာဒိသိသ် အာပတ်အတွက် ပရိဝါသ် မာနတ် ဆောက်တည်မှု, ပါရာဇိက အာပတ်အတွက် လူထွက်မှု များလည်း ဒေသနာတွင် သွင်းယူရမည်၊ “စာဂေါ ယော ဘိက္ခုဘာဝဿ, သာ ပါရာဇိက ဒေသနာ” ဟူသော ခုဒ္ဒသိက္ခာကိုထောက်၊

ဘိက္ခုဘာဝဿ - ရဟန်းအဖြစ်ကို၊
ယောစာဂေါ - အကြင် စွန့်လိုက်ခြင်းသည်၊
အတ္ထိ - ထင်ရှား၏၊
သာ - ထိုရဟန်းဘဝကို စွန့်လွှတ်လိုက်ခြင်းသည်ပင်၊
ပါရာဇိကဒေသနာ - ပါရာဇိကအာပတ်ကို ဒေသနာ ပြောခြင်းပင်တည်း၊

ထို့ကြောင့် သံဃာဒိသိသ် အာပတ်သင့်၍ ပရိဝါသ် မာနတ်ဆောက်တည်လျှင် သီလပြန်၍ စင်ကြယ်၏၊ ပါရာဇိကကျ၍ လူထွက်လျှင် သီလ စင်ကြယ်တော့၏၊ မဂ် ဖိုလ် နိဗ္ဗာန် နတ်ရွာ ဈာန်များကို မတားမြစ် နိုင်တော့ပြီ၊

ဆိုင်ရာ သီလပျက်ပျက် မကုစားလျှင် အထင်အရှား သိနေသော ဒုက္ကဋ် အပတ်ကလေးကပင် နတ်ရွာ နိဗ္ဗာန် မဂ်ဖိုလ် ဈာန်ကို တားမြစ်နိုင်၏

ဒေသနာ ပြောပြရာ၌“အာယတိံ သံဝရ - နောင်ခါ စောင့်စည်းမည် ဟု နှလုံးသွင်းမှု” မရှိသော်လည်း စင်ကြယ်တော့၏-ဟု ဆရာအများ ယူဆကြ၏၊ အာယတိံ သံဝရစိတ် ရှိမှသာ စင်ကြယ်သည် ဟု ယူကြသော ဆရာတို့လည်း အများအပြားပင်, စဉ်းစားကြပါလေ။

သံဝရသုဒ္ဓိ

စက္ခုန္ဒြေ စသော ဣန္ဒြေ ၆ ပါးတွင် တပါးပါး ပေါက်ကြား၍ လောဘ ဒေါသ စသည်ဖြစ်လျှင် “နောင်အခါ ဤကဲ့သို့ မပေါက်ကြားစေတော့အံ့”ဟု ဓိဋ္ဌာန်၍ စောင့်စည်းက ဣန္ဒြိယသံဝရသီလ ပြန်၍ စင်ကြယ်၏။

[သံဝရ - စောင့်စည်းမှုကြောင့် + သုဒ္ဓိ - စင်ကြယ်ခြင်း။]

ပရိယေဋ္ဌိသုဒ္ဓိ

ကုလဒူသန အနေသန စသော မိစ္ဆာဇီဝကို ရှောင်၍ တရားသဖြင့် ရှာဖွေနိုင်မှသာ အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်သည်။

[ပရိယေဋ္ဌိ - ရှာမှီးခြင်း ဟူသော၊ သုဒ္ဓိ - စင်ကြယ်ခြင်း။]

ပစ္စဝေက္ခဏသုဒ္ဓိ

ပစ္စည်း လေးပါးအတွက် ရရှိသော သာသနာကျိုးကို ဆင်ခြင် စဉ်းစား၍ သုံးစွဲနိုင်မှသာ ပစ္စယသန္နိဿိတ သီလ စင်ကြယ်၏၊

[ပစ္စဝေက္ခဏာ - ဆင်ခြင်မှုဟူသော + သုဒ္ဓိ - စင်ကြယ်ခြင်း၊]

ရဟန်းတော်များ၌ ဤပြခဲ့သော စတုပါရိသုဒ္ဓိသီလ ၄ ပါးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်၏၊ ကမ္မဋ္ဌာန်းကို တကယ်တမ်း အားထုတ်တော့မည် ဆိုလျှင် လူ စသည်တို့မှာလည်း ဤသီလ ၄ မျိုးကို မိမိတို့နှင့် ဆိုင်ရာ စင်ကြယ်စေရမည်ပင်။

စိတ္တဝိသုဒ္ဓိ

ဥပစာရသမာဓိ အပ္ပနာ သမာဓိစေတိ ဒုဝိဓောပိ သမာဓိ စိတ္တဝိသုဒ္ဓိနာမ”—

ဟူသည်နှင့် အညီ, ကာမစ္ဆန္ဒနီဝရဏ စသော အညစ်အကြေးတို့မှ စိတ်၏ သန့်ရှင်း စင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိမည်၏၊

သမထကမ္မဋ္ဌာန်းကို အားထုတ်၍ ဥပစာရ ဘာဝနာသို့ရောက်လျှင် ထို နီဝရဏတို့မှ စင်ကြယ်ပြီဖြစ်၍ စိတ္တဝိသုဒ္ဓိဖြစ်ပြီ၊ အပ္ပနာဘာဝနာဈာန်ကို ရပါမူ ပြောဘွယ်ရာ မရှိတော့ပေ၊

ဝိပဿနာ ကမ္မဋ္ဌာန်းကို အဟုတ်ကြိုးပမ်းမည့် ယောဂီသည် သမထကမ္မဋ္ဌာန်းကို ရှေးဥုးစွာ ဥပစာရ သမာဓိလောက် ဖြစ်စေ အပ္ပနာသမာဓိသို့ ရောက်အောင်ဖြစ်စေ အားထုတ်၍ မိမိစိတ်ကို နီဝရဏ အညစ်အကြေးမှ ကင်းဝေး စင်ကြယ်နှင့်စေရမည်-ဟူလို၊

[“စိတ္တဿ ဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ

စိတ္တဿ - စိတ်၏၊
ဝိသုဒ္ဓိ - နီဝရဏတို့မှ စင်ကြယ်ခြင်းသည်၊
စိတ္တဝိသုဒ္ဓိ - မည်၏။]

ဒိဋ္ဌိဝိသုဒ္ဓိ

လက္ခဏ ရသ ပစ္စုပဋ္ဌာန ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိနာမ” -

ဟူသည်နှင့်အညီ, စိတ် စေတသိက် ဟူသော နာမ်နှင့် နိပ္ဖန္နရုပ်တရားတို့ကို စိတ်ပိုင်း စေတသိက်ပိုင်း ရုပ်ပိုင်း၌ ပြခဲ့သည့်အတိုင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တင်၍ ဆင်ခြင်လိုက်သည့်အခါ -

“သိမှုသည် စိတ်,
ခံစားမှုသည်ဝေဒနာ,
မှတ်သားမှုကား သညာ,
ပြုလုပ် အားထုတ်မှုကား သင်္ခါ,
ဖေါက်ပြန်တတ်သော ဤခန္ဓာကိုယ် ကြီးကား ရုပ်တည်း၊

ဤ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် တို့မှတပါး အတ္တဟူသော တရားတမျိုး မရှိတော့ပြီ”ဟု သိမြင်နိုင်၏၊ ဤသို့ သိမြင်င်းသည်ပင် အတ္တစွဲလမ်းမှု ဟူသော အညစ်အကြေးမှ ကင်းဝေး စင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိမည်၏၊

[ဒဿနံ ဒိဋ္ဌိ - သိမြင်ခြင်း သဘောတရား, ဉာဏ်တည်း၊
ဝိသုဇ္ဈတီတိ ဝိသုဒ္ဓိ - အတ္တ အညစ်အကြေးမှ ကင်းဝေး စင်ကြယ်သော ဉာဏ်ပင်တည်း၊

ဒိဋ္ဌိယေဝ ဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ

ဒိဋ္ဌိ ယေဝ - နာမ်ရုပ်တို့ကို လက္ခဏာ စသည်တင်၍ သိမြင်တတ်သော ဉာဏ်သည်ပင်၊
ဝိသုဒ္ဓိ - အတ္တ အညစ်အကြေးမှ ကင်းဝေးသော တရားတည်း။]

ဤသင်္ဂြိုဟ်ကျမ်းကား အဘိဓမ္မာ ပါဠိတော်ကို မှီ၍ စီရင်သော ကျမ်းတည်း၊ ထို့ကြောင့် အဘိဓမ္မာ ပါဠိတော်၌ လာသော စိတ် စေတသိက် ရုပ် အားလုံးကိုပင် လက္ခဏာ စသည် တင်၍ ဆင်ခြင် သိမ်းဆည်းမှုကို ဒိဋ္ဌိဝိသုဒ္ဓိ ဟု ဆိုပေသည်၊

သုတ္တန် ပါဠိတော်များ၌ကား ဓာတ်ကြီး ၄ ပါးနှင့် အာကာသဓာတ် ဝိညာဏဓာတ် ဟူသော ဓာတ် ၆ ပါးကို ပိုင်းခြား ဆင်ခြင်နိုင်ရုံမျှဖြင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၍ မဂ်ဖိုလ် ရသူများကို တွေ့ရ၏၊ ဤဓာတ် ၆ ပါး ဆင်ခြင်ပုံကို ရုပ်ပိုင်း ရူပသမုဒ္ဒေသ၌ ပြခဲ့ပြီ၊

ထို ၆ ပါးမျှကိုလည်း ပင်ကိုယ်က ဗဟုဿုတ အခြေခံ မရှိလျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ၄ ပါးလုံး စုံလင် အောင်တင်၍ ဆင်ခြင်နိုင်ဘို့ရာ လွန်စွာ ခဲယဉ်းပေလိမ့်မည်၊ စာတလုံးမျှ ရှေးက မသင်ဘူးဘဲလျက် ဝိပဿနာ အားထုတ်၍ မဂ်ဖိုလ်ရကြသူတို့မှာ စာတတ်သူတွေထက်ပင် ပေါများသေး၏၊

ထို့ကြောင့် နည်းကောင်းလမ်းမှန်ကို နာခံ၍ ဇွဲသန်သန် အားထုတ်လျှင် နာမ်ရုပ် အားလုံးကို လက္ခဏာ စသည် မတင်နိုင်သော်လည်း အထိုက်အလျောက် သိရုံမျှဖြင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ဘွယ်ရာ ရှိပေသည်၊

အကျဉ်းချုပ်မျှ ဆင်ခြင်နည်းကား -

ထိုထို အာရုံကို သိမှုကား ဝိညာဏက္ခန္ဓာတည်း၊
ကိုယ်ဖြင့် ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စိတ်ဖြင့်ဖြစ်စေ ပြုလုပ်မှု ပြောဆိုမှု ကြံစီမှုများကား သင်္ခါရက္ခန္ဓာတည်း၊
ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးကို ခံစားမှုကား ဝေဒနာက္ခန္ဓာတည်း၊
ထိုထိုအာရုံကို မှတ်သားမှုကား သညာက္ခန္ဓာတည်း၊
ဤ ခန္ဓာ ၄ ပါးကို နာမ်တရား ဟု ခေါ်၏၊

ဤ ခန္ဓာကိုယ်ကြီးကို ဖေါက်ပြန် ပျက်စီးတတ်သောကြောင့် ရုပ်ဟု ခေါ်၏၊ [အပြင်ပ၌ ရေ မြေ တော တောင် သစ်ပင် အိမ်စသည်များလည်း ရုပ်ပင်တည်း၊ သို့သော် ဝိပဿနာ ရှုခမ်း၌ အရေးတကြီး မသက်ဆိုင်၊]

ဤမျှလောက် သိလျှင်ပင် တွေ့ရာ မြင်ရာ၌ “ဤကား ရုပ်ဤကား နာမ်, ဤ နာမ်တွင် သိမှုကား ဝိညာဉ်” စသည်ဖြင့် လေ့လာရာ၏၊ ထိုကဲ့သို့ လေ့လာပြီးလျှင် “ငါ သူ ယောက်ျား မိန်းမ အတ္တ ကိုယ် သတွာ ပုဂ္ဂိုလ်”ဟူသော အရာများကို လုံးလုံး ရှာမရအောင် (ဝါ - အတ္တဒိဋ္ဌိကင်းအောင်) ဆက်လက်ဆင်ခြင်ရန်ကား -

ယထာပိ အင်္ဂသမ္ဘာရာ, ဟောတိ သဒ္ဒေါ ရထောဣတိ၊
ဧဝံ ခန္ဓေသု သန္တေသု, ဟောတိ သတ္တောတိ သမ္မုတိ။

အင်္ဂသမ္ဘာရာ - ဝင်ရိုးစက်ဘီး, အသီးသီးတို့, ဖွဲ့စည်း ပေါင်းဆုံ, အဆောက်အအုံကြောင့်၊
ရထောဣတိ သဒ္ဒေါ - လူသူအများ, စီးနင်းသွားဘို့, ရထား ခေါ်အပ်, နာမည် ပညတ်သည်၊
ဟောတိယထာ - ဖြစ်ပေါ်လာသကဲ့သို့၊
ဧဝံ - ဤအတူ၊
ခန္ဓေသု - ရုပ်နာမ် နှစ်ဖြာ, ခန္ဓာ ၅ ပါးတို့သည်၊
သန္တေသု – ထင်ရှားပေါင်းဆုံ, ရှိကြကုန်သော်၊
သတ္တောတိ သမ္မုတိ - သတွာဟု, ခေါ်ဝေါ်ပြုဘို့, သမ္မုတိမှတ်, နာမည် ပညတ်သည်၊
ဟောတိ - ရုပ်နာမ် နှစ်ပါး မကွဲပြားက, ထင်မှားဘွယ်ရာ, ဖြစ်ပေါ်လာပေသည် တကား၊

ထို့နောက် တဘန် ဆက်လက်၍ ဆင်ခြင်ရန်ကား...

ယထာ ပဋိစ္စ ကဋ္ဌာဒိံ, အဂါရန္တိ ပဝုစ္စတိ၊
ဧဝံ ပဋိစ္စ အဋ္ဌုာဒိံ, သရီရန္တိ ပဝုစ္စတိ၊

ကဋ္ဌာဒိံ - တုံး တိုင် သစ်ဝါး, ကြိမ်နွယ်အားဖြင့်, များပြားစုပုံ, အဆောက်အအုံကို၊
ပဋိစ္စ - စုပေါင်းစွဲမှီ, တွဲကာချီသဖြင့်၊
အဂါရန္တိ - အိမ် ကျောင်း မဏ္ဍပ်, ဇရပ် တိုက်တာ, နေရာ ဌာန, အာဝါသဟူ၍၊
ပဝုစ္စတိယထာ - ခေါ်ဝေါ်ပညတ်, သမုတ်အပ်သကဲ့သို့၊
ဧဝံ - ဤအတူ၊
အဋ္ဌုာဒိံ - အရိုးအဆက် အကြောရှက်လျက် ဖွဲ့ကြက်အသား ဖုံးလွှမ်းအပ်သော အရေများကို၊
ပဋိစ္စ - စုပေါင်းစွဲမှီ, တွဲကာတည်သဖြင့်၊
သရီရန္တိ - သူ့ ကိုယ် ငါ့ကိုယ်, ခန္ဓာကိုယ်ဟူ၍၊
ပဝုစ္စတိ - ခေါ်ဝေါ်ပညတ်, သမုတ်အပ်ပေသည် တကား၊

ရဇ္ဇုယောဂါ ဒါရုယန္တံ, သဗျာပါရံဝ ခါယတိ၊
ဧဝံ သုညံ နာမရူပံ, အညမညသမာယုတံ။

ရဇ္ဇုယောဂါ - အရုပ်ကြိုးနှင့်, အသင့် ဆွဲတပ်, တွဲစပ်မိခြင်းကြောင့်၊
ဒါရုယန္တံ - သစ်သားဖြင့်လုပ်, မင်းသ္မီး မင်းသားရုပ်သည်၊
သဗျာပါရံဝ - သွား ရပ် က ခုန်, ဗျာပါရ ရှိပုံကဲ့သို့၊
ခါယတိ - ရှုသူစိတ်တွင်, မှတ်ထင်ရလေ၏၊
ဧဝံ - ဤအတူ၊
သုညံ - အနှစ်သာရ အတ္တမဘက်, အသက်မှ ကင်းဆိတ်သော၊
နာမရူပံ - နာမ်ရုပ်နှစ်ဖြာ, ငါးခန္ဓာသည်၊
အညမည သမာယုတံ - အချင်းချင်းကပ်, ပေါင်းစပ်မိသည် ဖြစ်၍၊
သဗျာပါရံဝ - သွား ရပ် ထိုင် လျောင်း, လိုရာ ပြောင်းလျက်, အကြောင်း အားလျော်စွာ, ဗျာပါရ ရှိနေသကဲ့သို့၊
ခါယတိ - ရုပ်နာမ် ၂ ပါး မကွဲပြားက အများစိတ်တွင်, ထင်မြင်စွဲလမ်း ရလေသည်တကား၊

ဤသို့ စသည်ဖြင့် ဆင်ခြင်ဘန် များလျှင် သတွာမရှိ၊ ပုဂ္ဂိုလ် မရှိ၊ အတ္တ မရှိ၊ ယောက်ျား မိန်းမ မရှိ၊ ရုပ်နာမ်သာ ရှိသည်ဟု မိမိရရ သဘောကျသဖြင့် အတ္တဒိဋ္ဌိ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်၍ ဒိဋ္ဌိဝိသုဒ္ဓိနယ်သို့ ရောက်လေပြီ

ဒိဋ္ဌိဝိသုဒ္ဓိ သည်ပင် နာမ်ရုပ် ၂ ပါး ဟူသော သင်္ခါရတရားကို ပိုင်းခြား တတ်သောကြောင့် နာမရူပဝဝတ္ထာန ညဏ် ဟု၎င်း သင်္ခါရ ပရိစ္ဆေဒဉာဏ်ဟု၎င်း အမည်ရလေသေး၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိ

“ငါသည် ရှေးအတိတ်က ဖြစ်မှ ဖြစ်ခဲ့ဘူးလေရဲ့လား” စသော ယုံမှားမှု “အလုံးစုံကို အကုန် သိမြင်နိုင်သော ဘုရားရှင် ဆိုတာ ရှိမှရှိနိုင်ပါ့မလား” စသော ယုံမှားမှုများကို “ကင်္ခါ” ဟု ခေါ်၏၊ ထိုယုံမှားမှုတို့ကို လွန်မြောက်ကြောင်း ဉာဏ်သည် ကင်္ခါဝိတရဏ မည်၏၊ ထို ဉာဏ်သည်ပင် အဟေတုကဒိဋ္ဌိ ဝိသမဟေတုက ဒိဋ္ဌိ တည်းဟူသော အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့် ဝိသုဒ္ဓိလည်း မည်၏၊

ကင်္ခံ ဝိတရတိ အတိက္ကမတိ ဧတာယာတိ ကင်္ခါဝိတရဏာ, ကင်္ခါဝိတရဏာဧဝ ဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ” ဟု ဝိဂြိုဟ်ပြု၊

တေသမေဝ စ နာမရူပါနံ ပစ္စယပရိဂ္ဂဟော ကင်္ခါဝိတရဏ ဝိသုဒ္ဓိနာမ” ဟူသည်နှင့် အညီ, ဤ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်ဘို့ရန် ဒိဋ္ဌိဝိသုဒ္ဓိဖြင့် သိမြင်အပ်ပြီးသော ရုပ်နာမ်များ၏ အကြောင်းကို သိမ်းဆည်း ဆင်ခြင်ရမည်၊

ထိုအကြောင်းကို မဆင်ခြင်မီ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ တို့ကို စိစစ်ဥုးအံ့။

အဟေတုကဒိဋ္ဌိ

“ရုပ်နာမ်တရားများသည် အကြောင်း မရှိဘဲ ဘာသိ ဘာသာ ဖြစ်ပေါ်လာ၏” ဟူသော အယူမှားသည် အဟေတုကဒိဋ္ဌိ မည်၏။

ထို အယူအတိုင်းမှန်လျှင် ရုပ်ခန္ဓာကြီးသည် တမျိုးထည်း တပုံစံတည်း ဖြစ်နေဘွယ်ရာ ရှိ၏၊ အကြောင်းမှ မရှိလျှင် အဘယ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး ကွဲလွဲ သင့်ပါတော့အံ့နည်း၊ နာမ်တရားတွင်လည်း စက္ခုဝိညာဉ်သည် အကြောင်းမဲ့ ဖြစ်သည်ဆိုလျှင် မျက်လုံး၌သာ အဘယ့်ကြောင့် ဖြစ်ရသနည်း, နား နှာခေါင်း စသည်မှာလည်း ဖြစ်ပါတော့လား, ထို စက္ခုဝိညာဉ်သည် ရူပါရုံနှင့် တွေ့ကြုံမှ အဘယ့်ကြောင့် သိမြင်ရသနည်း, အခါခပ်သိမ်း မြင်နေပါတော့လား ဤသို့ စသည်ဖြင့် တယောက်နှင့်တယောက် ရုပ်ခန္ဓာချင်း မတူကြပုံ, စက္ခုဝိညာဉ် နာမ်တရား တခုပင် မျက်လုံးထည်း၌ တခါတရံမှ ပေါ်လာပုံကိုထောက်လျှင် ဧကန် အကြောင်းမဲ့ မဖြစ်, ဆိုင်ရာ အကြောင်း ရှိကြရမည်

ဝိသမဟေတုကဒိဋ္ဌိ

မညီညွတ် မမှန်ကန်သော အကြောင်း ကို “ဝိသမဟေတု” ခေါ်၏၊ “ဗြဟ္မာ ဗိဿဏိုး ထာဝရဘုရား စသူတို့ ဖန်ဆင်းမှုကြောင့် ဤရုပ်နာမ်ခန္ဓာဖြစ်ပေါ် လာသည် ဟူသော အယူမှားသည် ဝိသမဟေတုကဒိဋ္ဌိမည်၏၊

ထို့ကြောင့် ဝိသမဟေတုဟူသည် “ရုပ်နာမ်၏အကြောင်းရင်း” ဟု သူတို့ ညွှန်ပြအပ်သော ဗြဟ္မာ စသူတို့ပင်တည်း၊ ထို ဗြဟ္မာစသူတို့ကို တမျိုးထည်းထား၍ စိစစ်အံ့ -

ထိုဖန်ဆင်းသူဟူသည် ရုပ်နာမ် ခန္ဓာနှင့် အထင်အရှားလော, သို့မဟုတ် ကောင်းကင်ဟင်းလင်း ပမာ ဘာမျှ မရှိသော အရာလော၊ “ရုပ် နာမ် ခန္ဓာနှင့် အထင်အရှားပါဘဲ” ဆိုလျှင် ထို ဖန်ဆင်းသူ၏ ရုပ် နာမ် ခန္ဓာ ဖြစ်ဘို့ရာ အကြောင်းတမျိုးရှာရလိမ့်ဥုးမည်၊

“ဖန်ဆင်းသူ၏ ရုပ် နာမ်မှာ အကြောင်းမရှိဘဲ ဖြစ်တယ် “ ဟု ဆိုပြန်လျှင် ယခင် အဟေတုက ဒိဋ္ဌိ၌ သက်ဝင်၍ ယခင်ပြခဲ့သော အပြစ်များမှ မကင်းလွတ်ရာ၊ “ထိုသို့အကြောင်းမရှိဘဲ ဖန်ဆင်းသူ၏ရုပ်နာမ် ခန္ဓာဖြစ်တယ်” ဆိုလျှင် ဖန်ဆင်းတတ်သူ ရုပ်နာမ်ခန္ဓာပေါင်း အမြောက်အမြားပင် ကမ္ဘာအပြည့်မျှ ရှိရပေလိမ့်မည်။

ဖန်ဆင်းသူဟူသည် ရုပ်နာမ် ခန္ဓာနှင့် အထင်အရှား မဟုတ်ပါ, အနန္တ တန်ခိုးတော်နှင့် ပြည့်စုံသော ဝိညာဉ်တော်သာဖြစ်သည်” ဟု ဆိုလျှင် (ဝိညာဉ်သည် သာသနာတော် ကျမ်းဂန်အလို နာမ်တရားပင်တည်း၊ သို့သော် သူတို့အလို ရုပ် နာမ်မှ အလွတ်ပင် ဆိုပါစေဥုးတော့၊) ထိုဝိညာဉ် ဘယ်မှာ နေသလဲ, (ကောင်းကင်ဘုံမှာ နေတယ်၊)

ကောင်းကင်ကို သူဖန်ဆင်းသလား ဖန်ဆင်းလျှင် ကောင်းကင်မရှိမီက ဘယ်မှာ နေသလဲ။ သို့မဟုတ် ကောင်းကင်ကို သူ မဖန်ဆင်းဘူးဆိုလျှင် ကောင်းကင်ကို မဖန်ဆင်းနိုင်ဘူးပေါ့, ဘာမျှမရှိတဲ့ ကောင်းကင်ကိုမှ မဖန်ဆင်းနိုင်ဘဲလျက် “ ထင်ရှားသော အရာဝတ္ထုတွေကို ဖန်ဆင်းတယ်” ဆိုသည်မှာ ယုတ္တိ ရှိပါသလော

ထို အချက်များကို ထားလိုက်ပါဥုး၊ ထို ဝိညာဉ်တော်မှာ အနန္တတန်ခိုးရှိလျှင် ထို အနန္တတန်ခိုးကို မည်သူ့ထံမှ ရသနည်း၊ သူများထံမှရလျှင် ထို သူများ၏ အခြွေအရံသာ ဖြစ်ရမည်၊ မိမိအလိုအလျောက် ရတယ်ဆိုလျှင် ထို တန်ခိုးမရခင် ဤ ကမ္ဘာကြီးကို မဖန်ဆင်းခင်က သူ့ကိုယ်တိုင် ဘယ်လိုနေရှာမည်လဲ။

ထို့ပြင် — ဤ ကမ္ဘာလောကကြီးကို ကိုယ်ကျိုး အတွက် ဖန်ဆင်းခြင်းလား, သူများအကျိုးအတွက် ဖန်ဆင်းခြင်းလား၊ ကိုယ်ကျိုးအတွက်ဆိုလျှင် ထိုဝိညာဉ်တော်မှာ အကျိုး လုံလောက်အောင် မပြည့်စုံ သေးဘူးပေါ့၊ “သတွာများအတွက် ဖန်ဆင်းပေးတယ်” ဆိုလျှင် လူတို့၏ ရန်သူဖြစ်ကြသော ခြင်္သေ့ သစ် ကျား မြွေ နဂါး စသည်တို့ကို ဖန်ဆင်းရာ၌ (မဟုတ်သော်လည်း) တစုံတခု အကြောင်းရှာလျှင် ရတန်သေး၏၊ အိုနာ သေရေး ဆင်းရဲဘေးတွေကို မည်သူမျှ မရှောင်သာအောင် ဖန်ဆင်းတော်မူရက်သည်မှာ အဘယ်မျှလောက် ကြီးကျယ်သော မဟာကရုဏာတော် အစွမ်းပေနည်း

ထိုပြင် - လောကကိုဖန်ဆင်းရာ၌ “ ကိုယ်တော့ အကျိုးလည်းမဟုတ်, သတွာများ၏ အကျိုးလည်း မဟုတ်, သတွာတွေ ဖြစ်လိုက် ပျက်လိုက် နေကြပုံကို ရှုစားလျက် အပျော်ကစားဘို့ရာ ဖန်ဆင်းတာဘဲ” ဟုဆိုလျှင် မကစားဘဲ ပျော်နိုင်သော နည်းကိုမျှ မသိရှိသော ဝိညာဉ်တော်သည် အပျော်တခုကိုမျှ လုံလောက်စွာ အစိုးမရပါတကား

ဤသို့ စသော အဖြစ်အပျက်တို့ဖြင့် စစ်ချက်ထုတ်သည့်အခါ ရုပ်နာမ်ကို လုပ်ကြံ ဖန်ဆင်းနိုင်သူရှာ မရတော့သဖြင့် ဝိသမဟေတုကဒိဋ္ဌိ ကင်းစင်ရလေတော့သည်

သမဟေတု

မညီ မမျှသော ဝိသမ အကြောင်းများကို ပယ်ရှားပြီးလျှင် အကြောင်းအကျိုးနှင့် သင့်တင့် ညီမျှသည့် သမ အကြောင်းကို ရှာရမည်၊ ထိုအကြောင်းများကို အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ စသော ပဋိစ္စသမုပ္ပါဒ်နည်း, ဟေတုပစ္စယော စသော ပဋ္ဌာန်းနည်းတို့အရ ဆင်ခြင်နိုင်လျှင် ကောင်းစွာထင် မြင်လွယ်ဘို့ရှိ၏၊

သို့သော် အဘိဓမ္မာသဘောကို မနိုင်လျှင် ဆင်ခြင်ဘို့ ခဲယဉ်းသောကြောင့် ရုပ် ခန္ဓာအတွက် ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း နာမ်ခန္ဓာတို့အတွက် ယောနိသောမနသိကာရ စသော အကြောင်းများဖြင့် စဉ်းစား ဆင်ခြင်ရာ၏။

ကံ

ရုပ်ခန္ဓာသည် ဤဘဝအတွက် မိခင်၏ ဝမ်းတိုက်၌ အလွန် သေးငယ်စွာ ကလလရေကြည် အဖြစ်ဖြင့် တည်၏၊ ထို ရုပ်ကလေးကား မိဘတို့၏ သုတ်သွေးကို မှီတွယ်ရသော်လည်း ရှေးဘဝက အဝိဇ္ဇာ တဏှာ အရင်းခံ၍ ပြုခဲ့သော ကံကြောင့်သာ ဖြစ်ပေါ်လာရပေသည်၊

ထိုကံသည် ဒါနမှု သီလမှု ဘာဝနာမှု စသောအားဖြင့် သတွာ အမျိုးမျိုး၌ ကံ အမျိုးမျိုး ရှိခဲ့ကြပုံကို ထားလိုက်ဥုးတော့၊ လူပေါင်းများစွာ တပြိုင်နက် ပြုကြသော သီလစောင့်မှု ကံတခုကိုပင် တချို့က သဒ္ဓါ ပညာ သတိ ဝိရိယ စသည်တို့ အလွန် ထက်သန်စွာ ပြု၏၊ တချို့က သဒ္ဓါ ပညာ စသည်တို့ သင့်တော်ရုံဖြင့် ပြု၏၊ တချို့က ဝတ်ကြေ တန်းကြေ, တချို့ကား နမူး နထူး အနေဖြင့် ပြု၏၊

ထိုကံအကျိုး ပေးသည့်အခါ တယောက်နှင့် တယောက် ရုပ်ခန္ဓာ မတူတော့ဘဲ တချို့မှာ အလွန်အမင်း လှပ၍ တချို့က သင့်ရုံ တော်ရုံ စသည် ဖြစ်ကြရလေသည်၊

ဤသို့ စသည် ဖြင့် ရှေးကံ မတူ၍ ရုပ်ခန္ဓာ မတူနိုင်ပုံကို အစွမ်းကုန် ခွဲကြည့်ရာ၏၊

[အာဟာရ စိတ် ဥတုတို့ကြောင့် ရုပ်ဖြစ်ပုံကို ရူပသမုဋ္ဌာန်ခဏ်း၌ ပြခဲ့ပြီ။]

နာမ်ခန္ဓာ၏ အကြောင်း

နာမ် ခန္ဓာ ၄ ပါးတွင် ဝိညာဏက္ခန္ဓာသည် အချုပ်တည်း၊ ထိုဝိညာဉ်သည် -

အကောင်းသိ အမှန်သိ တရားသိ ဖြစ်သော ကုသိုလ်,
မကောင်းသိ မတရားသိဖြစ်သော အကုသိုလ်,
အကျိုးတရားအဖြစ်ဖြင့် သိရသော ဝိပါက်,
နောင်အခါ အကျိုးမရ-သိကာမတ္တ ဖြစ်သော ကြိယာဟု ၄ မျိုးရှိ၏၊

ထိုတွင် ကုသိုလ်သည် အရာရာဝယ် သင့်တင့်အောင် နှလုံးသွင်းလေ့ (သင့်တော်အောင် စိတ်ထားလေ့) ရှိသော ယောနိသော မနသိကာရ ကြောင့် ဖြစ်၏၊

အကုသိုလ်သည် မသင့်မတင့် နှလုံးသွင်းလေ့ (စိတ်ထား မတတ်လေ့) ရှိသော အယောနိသော မနသိကာရ ကြောင့် ဖြစ်၏၊

ဝိပါက်ကား ရှေးဘဝက ကုသိုလ် အကုသိုလ်ကံကြောင့် ဖြစ်၏၊

ကြိယာမှာ အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ သန္တာန်၌ ဖြစ်၏၊

ဝိပါက်စိတ်တွင် စက္ခုဝိညာဉ်ဖြစ်ဘို့ရာ -
၁။ စက္ခုပသာဒ
၂။ ရူပါရုံ
၃။ အာလောက (အရောင်အလင်း)
၄။ မနသိကာရ (နှလုံးသွင်း ဆင်ခြင်မှု )
ဤသို့ အကြောင်း လေးပါးရှိ၏၊

ထို အကြောင်း လေးပါး မစုံလျှင် ထာဝရဘုရားပေါင်း ထောင် သောင်းဝိုင်း၍ ဖန်ဆင်းသော်လည်း မဖြစ်နိုင်၊ ထို ၄ ပါးစုံနေပါမူ ထိုဘုရားသခင်တို့ အစွမ်းကုန် တားသော်လည်း မနေ၊ ဧကန် စက္ခုဝိညာဉ် ဖြစ်ပေမည်သာ

နဟေတ္ထ ဒေဝေါ ဗြဟ္မာဝါ, သံသာရဿ.တ္ထိ ကာရကော၊
သုဒ္ဓဓမ္မာ ပဝတ္တန္တိ, ဟေတုသမ္ဘာရ ပစ္စယာ။

ဧတ္ထ - ဤ ရုပ်နာမ်အပေါင်း, အကြောင်းသင့်စွာ, ဖြစ်ပေါ်၍ နေရာ၌၊
သံသာရဿ - အဆက်မပြတ်, ဖက်စပ်တုန့်ပြန်, ရုပ်နာမ်ခန္ဓာ, သံသရာကို၊
ကာရကော - မဖြစ် ဖြစ်အောင် တည်ထောင် ဖန်ဆင်းနိုင်သော၊
ဒေဝေါဝါ - ကျေးဇူးကိုတင်, ဂုဏ်အင်ကိုမှတ်, ပျပ်ဝပ်ရှိခိုးဘို့, ဗိဿဏိုးနတ်မင်းကြီးသည်၎င်း၊
ဗြဟ္မာဝါ - ကမ္ဘာကို စနိုင်သည့်, ထာဝရသခင်, အရှင် ဗြဟ္မာမင်းကြီးသည်၎င်း၊
နဟိ အတ္ထိ - ရှေ့နောက် ပေါင်းလစ်, အကြောင်းစစ်က, စနစ်ဧကန်, မရှိရိုး အမှန်ပင်တည်း၊
သုဒ္ဓ ဓမ္မာ - အနှစ်သာရ အတ္တမဘက်, သက်သက် ရုပ်နာမ် တရားတို့သည်၊
ဟေတုသမ္ဘာရပစ္စယာ - အကြောင်း အဆောက်အအုံ လောက်လုံ သိုက်မြိုက်, တိုက်ဆိုက်ခြင်း ဟူသော အကြောင်းကြောင့်သာလျှင်၊
ပဝတ္တန္တိ - အများမျက်မြင်, အထင်အရှား ဖြစ်ပွား ပေါ်ပေါက်ကြရပေကုန်သတည်း။

🤔 ကင်္ခါ ၁၆ ပါး

ဤသို့ ပစ္စုပ္ပန်ဘဝ၌ ရုပ်နာမ်တို့၏ ဖြစ်ကြောင်းကို ကောင်းကောင်း သိမြင်သည့်အခါ “ရှေးရှေးဘ၀ တုန်းကလည်း အကြောင်း အားလျော်စွာ ရုပ်နာမ် ခန္ဓာတို့ ဖြစ်ခဲ့လှပြီ၊ ရဟန္တာ မဖြစ်သေးသမျှ နောက်နောက် ဘဝတို့၌လည်း အကြောင်း အားလျော်စွာ ဖြစ်ကြရလိမ့်ဥုးလတံ့” ဟု သဘောကျသဖြင့် ၁၆ ပါးသော ယုံမှားမှုများ ကင်းကွာရလေတော့သည်၊

၁၆ ပါးကား -

၁။ အဟောသိံ နုခေါ အဟံအတီတမဒ္ဓါနံ - ရှေးအတိတ် ကာလက ငါဖြစ်ခဲ့တာမှ ဟုတ်ပါလေရဲ့လား။
၂။ နနုခေါ အဟောသိံ အတီတမဒ္ဓါနံ - ငါ မဖြစ်ခဲ့ဘူးလေရော့သလား။
၃။ ကိံ နုခေါ အဟောသိံ အတီတမဒ္ဓါနံ - (ဖြစ်ခဲ့ဘူးလျှင်) မင်း ပုန်ဏား စသည်တွင် အဘယ်သို့သော အမျိုးဇာတ်ဖြင့် ဖြစ်ခဲ့ပါလိမ့်မည်နည်း။
၄။ ကထံ နုခေါ အဟောသိံ အတီတမဒ္ဓါနံ - အဘယ်ပုံသဏ္ဌာန်ဖြင့် ဖြစ်ခဲ့ပါလိမ့်မည်နည်း။
၅။ ကိံဟုတွာ ကိံအဟောသိံ အတီတမဒ္ဓါနံ - ဟို တတိယဘဝက ဘယ်ပုံဖြစ်ခဲ့၍ လွန်ပြီးသော ဒုတိယ ဘဝဝယ် ဘယ်လိုများ ဖြစ်ခဲ့ပါလိမ့်မည်နည်း၊

ဤသို့ အတိတ်ဘဝအတွက် ယုံမှားချက် ၅ မျိုး, “အတီတမဒ္ဓါနံ” အရာဝယ် “အနာဂတံသမဒ္ဓါနံ” ကို ထည့်လျက် အနာဂတ် ဘဝအတွက် ယုံမှားချက် ၅ မျိုး,

ယခု ပစ္စုပ္ပန်အတွက် —
၁။ ပစ္စုပ္ပန္နံ အဒ္ဓါနံ အာရဗ္ဘ ကထံကထီ ဟောတိ - ပစ္စုပ္ပန်ကာလ၌ ဖြစ်သော ခန္ဓာကိုစွဲ၍ သို့လော သို့လော တွေးတောခြင်း။
၂။ အဟံ နုခေါ အသ္မိ - ငါ ဟုတ်မှ ဟုတ်ကဲ့လား။
၃။ နော နုခေါ.သ္မိ - ငါ မဟုတ်ဘဲ ရှိရော့သလား။
၄။ ကိံ နုခေါ.သ္မိ - ဘယ်လိုအမျိုးဇာတ် ဖြစ်ပါလိမ့်မည်နည်း
(မင်းမျိုးလေလား, ပုန်ဏားမျိုးလေလား။)
၅။ ကထံ နုခေါ.သ္မိ - ငါ၏အတ္တသည် ဘယ်လိုပုံသဏ္ဌာန် ရှိပါလိမ့်မည်နည်း။
၆။ အယံ နုခေါ သတ္တော ကုတော အာဂတော, သော ကုဟိံ ဘဝိဿတိ - ဤ အတ္တခေါ်သော သတွာသည် ဘယ်ဘဝကလာခဲ့၍ ဘယ်ဘဝသို့ သွားဥုးမှာပါလိမ့်မည်နည်း၊

ဤကား ယုံမှားမှု ၁၆ ပါးတည်း။

သူ အကြောင်း အားလျော်စွာ ဖြစ်တတ်ပုံကို သဘောကျလျှင် ထို အားလုံးကို ကောင်းစွာ မသိနိုင်သေး သော်လည်း ကြံကြံစီစီကား တွေးတော ယုံမှားခြင်း မရှိတော့ပြီ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ အရဝယ် အဝိဇ္ဇာ ဖုံးကွယ် ထားအပ်သော ဗုဒ္ဓဓမ္မ စသော ၈ ပါး၌ ယုံမှားမှုများလည်း ကင်းကွာလေပြီ၊

ဤသို့ ယုံမှားမှုအားလုံးကို လွန်မြောက်၍ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်သည့်အခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်း ပေါက်ပြီ၊

[ဤ ကင်္ခါဝိတရဏဝိသုဒ္ဓိကို (အကျိုးတရားများ တည်တန့်ဘို့ အကြောင်းကို သိတတ်သောကြောင့်) ဓမ္မဋ္ဌိတိဉာဏ် ဟုလည်း ခေါ်၏၊
ရုပ်နာမ်ကို အကြောင်းနှင့်တကွ ဟုတ်မှန်စွာ သိတတ်သောကြောင့် ယထာဘူတဉာဏ် ဟုလည်း ခေါ်၏၊
မှန်ကန်စွာ သိမြင်တတ်သောကြောင့် သမ္မာဒဿနဟုလည်း ခေါ်၏၊
ဒိဋ္ဌိဝိသုဒ္ဓိတုန်းက ရုပ်နာမ်ကိုသာ သိ၏, ရုပ်နာမ် အကြောင်းကို မသိသေး၊
ဤဝိသုဒ္ဓိ ကျမှ အကြောင်းနှင့်တကွ ရုပ်နာမ်ကို သိသည်။]

⭐ စူဠသောတာပန်

သောတာပန် အစစ် ဖြစ်သူသည် ဒိဋ္ဌိ နှင့် ပိစိကိစ္ဆာကို မိမိသန္တာန်၌ မကြွင်းကျန်ရအောင် သတ်ဖြတ်နိုင်၏၊ ဤကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်သော ယောဂီသည်လည်း ထိုဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ မသတ်နိုင်စေ ကာမူ အတော်ကြာအောင် ပယ်ခွါနိုင်ပြီ၊ ထို့ကြောင့် သောတာပန်နှင့် အလားတူရကား စူဠသောတာပန် အဖြစ်သို့ ရောက်ပြီ “သောတာပန် အငယ်စားဖြစ်ပြီ” ဟူလို၊

သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိတို့ဖြင့် စင်ကြယ်ပြီး တည်တန့် ခိုင်မြဲပြီးသော သီလသမာဓိ ရှိရကား ကမ္မပထ မြောက်လောက်သော ဒုစရိုက် အကုသိုလ်လည်း ဖြစ်ဘွယ် မရှိတော့ပြီ၊ ဤ ဝိသုဒ္ဓိစခန်းမှ မဆုတ်နစ်လျှင် မဂ်ဖိုလ်ကို မရသေးသော်လည်း ဒုတိယဘဝအတွက် သုဂတိကို ဧကန် ရပေတော့မည်၊ ထို့ကြောင့် ယခုလောက် အမြော်အမြင်ရှိသော ဘဝဝယ် အနည်းဆုံး ဤ စူဠသောတာပန် အဖြစ်သို့ ရောက်အောင် ကြိုးစား သင့်လှပေသည်။

ဝိသုဒ္ဓသီလစိတ္တေဟိ, ကင်္ခါဝိတရဏဉာဏိကော၊
စူဠသောတာပန္နောနာမ,တဒတ္ထံ ဝါယမေ တတော။

ဝိသုဒ္ဓသီလစိတ္တေဟိ - ညစ်ကြေးမတင်, လွန်သန့်စင်သည် လေးအင် သီလ, သမထကြောင့်, တောက်ပ လျှံဖိတ်, စင်ကြယ်သော စိတ်တို့နှင့်တကွ၊
ကင်္ခါဝိတရဏဉာဏိကော - ဒိဋ္ဌိ ဝိစိကိစ္ဆာ, ပယ်ခွါနိုင်ဘိ, ဝိသုဒ္ဓိဉာဏ်, အမြင်သန်သော ယောဂီသည်၊
စူဠသောတာပန္နောနာမ - သောတာပန်ဖြစ်, ပုဂ္ဂိုလ်စစ်နှင့် စနစ်တူတန်, စူဠမှန်သည့်, သောတာပန် မည်နိုင်ပေပြီ၊
တတော - ထို့ကြောင့်၊
တဒတ္ထံ - ထိုစူဠသောတာ, ဖြစ်စိမ့်ငှါဖြင့်, ကင်္ခါလွန်မြောက်, ဝိသုဒ္ဓိရောက်ဘို့ အကျိုးငှါ၊
ဝါယမေ - အချိန်ကောင်းဆဲ အားကုန်လွှဲ၍, တပွဲတလမ်း, လွန်ကြိုးပမ်းလျက် စမ်းသပ်အားထုတ်သင့် လေတော့သတည်း။

✨ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

သမ္မသနဉာဏ်

သမ္မသီယတေ ဧတေနာတိ သမ္မသန” (အဝုတ္တ ကတ္တုသာဓန) အရ သုံးသပ်တတ်သော ဉာဏ်ကို သမ္မသနဉာဏ်ဟု ခေါ်၏၊

ရှေး ဝိသုဒ္ဓိ ၄ ပါးအခိုက်၌ အနိစ္စ ဒုက္ခ အနတ္တ ဟု မရှုသေး၊
သီလဝိသုဒ္ဓိ၌ သီလကိုသာ စင်ကြယ်အောင် အားထုတ်ခဲ့ရ၏,
စိတ္တဝိသုဒ္ဓိ၌ စိတ်စင်ကြယ်အောင် သမာဓိရအောင် အားထုတ်ခဲ့ရ၏,
ဒိဋ္ဌိဝိသုဒ္ဓိ၌ ရုပ်နာမ် တရားတို့ကို ပိုင်းခြား၍ သိခဲ့ရ၏,
ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ ရုပ်နာမ်တို့၏ အကြောင်းရင်းကို ရှာဖွေခဲ့၏,

ယခုအခါ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဖြစ်ဘို့ရာ အကြောင်းနှင့် တကွ ပိုင်းခြား၍ သိရပြီးသော တေဘူမက ရုပ်နာမ်တို့ကို လက္ခဏာယာဉ် ၃ ပါး တင်၍ သမ္မသနဉာဏ်ဖြင့် သုံးသပ် ဆင်ခြင်ရတော့မည်။

[အနိစ္စ စသော လက္ခဏာ ၃ ပါးကို မဂ်ဖိုလ်သို့ ရောက်ဘို့ရာ ယာဉ်ရတနာနှင့် တူသောကြောင့် ပါဠိလို ယာနတ္တယ, မြန်မာလို လက္ခဏာယာဉ် ၃ ပါး ဟု ခေါ်၏။]

သမ္မသနနည်း ၄ မျိုး

ဤသမ္မသနနည်းသည် “ကလာပ ဝသေန အဒ္ဓါဝသေန သန္တတိဝသေန ခဏဝသေန” ဟု ဝသေန ၄ ပုဒ်ကိုရှု၍ ကလာပသမ္မသန, အဒ္ဓါသမ္မသန, သန္တတိသမ္မသန, ခဏသမ္မသန, ဤသို့ ၄ မျိုးရှိ၏ဟု မှတ်၊

ထိုတွင် အတိတ်ဘဝ၌ ဖြစ်သော ရုပ် စသည်ဖြင့် မခွဲခြားဘဲ, ရူပန္ဓက္ခာ အားလုံး ဝေဒနာက္ခန္ဓာ အားလုံး စသည်ဖြင့် ခန္ဓာ တခုခုကို အပေါင်းပြု၍ သုံးသပ်ခြင်းသည် ကလာပ သမ္မသန မည်၏၊ [ကလာပ သဒ္ဒါသည် “ရုပ်ကလာပ်”ဟူရာ၌ကဲ့သို့ “အပေါင်း” ဟူသော အနက်ကို ဟော၏၊]

အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာ ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာ စသည်ဖြင့် ဘဝ ခွဲခြား၍ သုံးသပ်ခြင်းသည် အဒ္ဓါ သမ္မသနနည်း မည်၏၊ [အဒ္ဓါ သဒ္ဒါသည် အဓွန့်ကာလကို ဟော၏၊]

အဧရုပ်အစဉ် အပူရုပ်အစဉ် စသည်ဖြင့် တဘဝထည်း၌ပင် အစဉ်အမျိုးမျိုး ခွဲခြား၍ သုံးသပ်ခြင်းသည် သန္တတိသမ္မသနနည်း မည်၏၊

ရုပ်အစဉ် တမျိုးတည်း၌ပင် ဥပါဒ် ဌီ ဘင် ဟူသော ခဏ အားဖြင့် ခွဲ၍ သုံးသပ်ခြင်းသည် ခဏသမ္မသန နည်း မည်၏၊

ထို ၄ မျိုးတွင် ကလာပ သမ္မသနနည်းသည် အလွယ်ဆုံးတည်း၊ အဒ္ဓါ စသော နည်းများကား အဆင့်ဆင့် သိမ်မွေ့၏၊ ထို့ကြောင့် အလွယ်ဆုံး နည်းဖြင့် အသားကျသည့်အခါ အဆင့်ဆင့် တိုးတက်ဘို့ရာ အဒ္ဓါ စသော နည်းများကို ပြထားသည်။

အတီတာဒိဘေဒဘိန္နေသု ခန္ဓာဒိနယံ

အတီတာဒိ၌ အာဒိ အရ အနာဂတ် ပစ္စုပ္ပန် စသော (သမုစ္စည်းပိုင်း ဘေဒါဘာဝေန၌ ပြခဲ့သော) ၁၁ ပါး အပြားကိုယူ၊

ခန္ဓာဒိနယ၌ အာဒိ သဒ္ဒါဖြင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ လာသော -

  • စက္ခုဒွါရ စသော ဒွါရ ၆ ပါး,
  • ရူပါရုံ စသော အာရုံ ၆ ပါး,
  • စက္ခုဝိညာဉ် ၊ပေ၊ မနောဝိညာဉ် ဟူသော ဝိညာဉ် ၆ ပါး,
  • စက္ခုသမ္ဖဿ စသော ဖဿ ၆ ပါး,
  • စက္ခုသမ္ဖဿဇာ ဝေဒနာ စသော ဝေဒနာ ၆ ပါး,
  • ရူပသညာ ၊ပေ၊ ဓမ္မသညာ ဟူသော သညာ ၆ ပါး,
  • ရူပသေဉ္စတနာ စသော စေတနာ ၆ ပါး
  • ရူပတဏှာ စသော တဏှာ ၆ ပါး,
  • ရူပဝိတက္က စသော ဝိတက် ၆ ပါး,
  • ရူပဝိစာရ စသော ဝိစာရ ၆ ပါး,
  • ပထဝီ အာပေါ တေဇော ဝါယော အာကာသ ဝိညာဏ ဟူသော ဓာတ် ၆ ပါး
  • ပထဝီကသိုဏ်း စသော ကသိုဏ်း ၁၀
    (အာလောက ကသိုဏ်း မပါ, ဝိညာဏကသိုဏ်းဟု လာ၏၊),
  • ၃၂ ကောဋ္ဌာသ,
  • အာယတနအကုန်,
  • ဓာတ်အကုန်,
  • လောကီ ဣန္ဒြေ ၁၉ (လောကုတ္တရာဣန္ဒြေ ၃ ပါးကို ဝိပဿနာ မရှုရ),
  • ကာမဓာတ် ရူပဓာတ် အရူပဓာတ် ၃ ပါး
  • ကာမဘဝ စသော (ဓာတုကထာလာ) ဘဝ ၉ ပါး,
  • ကသိုဏ်းအာရုံမှတပါး အခြား အာရုံကို အာရုံပြုရသော ရူပဈာန် ၄ (ကသိုဏ်း ဈာန်မှာ ပါခဲ့ပြီ၊)
  • အပ္ပမညာ ၄,
  • အရူပ သမာပတ် ၄,
  • ပဋိစ္စသမုပ္ပါဒ အားလုံးတည်း။

[ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။]

ခန္ဓာဒိနယ၌ နယသဒ္ဒါဖြင့်လည်း ထိုပဋိသမ္ဘိဒါမဂ်၌ လာသော ခန္ဓာအားဖြင့် ခွဲခြား၍ သုံးသပ်နည်း, ဒွါရအားဖြင့် ခွဲခြား၍ သုံးသပ်နည်း စသည်ကိုပင် ပြသည်။

[အချို့က ခန္ဓာဒိ နယ.မာရဗ္ဘကို ကလာပဝသေန သံခိပိတွာ လောက်တွင်စပ်၍ နယသဒ္ဒါသည် “အကျဉ်းချုပ်နည်း အမြွက်” အနက်ကို ဟော၏ ဟု အဓိပ္ပါယ် ပြောကြ၏၊ အကျယ် မချဲ့တော့ဘဲ “သဗ္ဗံ ရူပံ အနိစ္စံ” စသည်ဖြင့် အကျဉ်းချုပ် သုံးသပ် ပွားများနည်းဟု ဆိုလိုသတတ်၊ သို့သော် ခန္ဓာဒိ၌ အာဒိသဒ္ဒါက အတော် ကျယ်ဝန်းသော နည်းတွေကို ယူထားသေ ကြောင့် ထိုဝါဒကို စဉ်းစားသင့်၏။]

ကလာပသမ္မသနနည်း

သဗ္ဗံ ရူပံ အနိစ္စံ ခယဋ္ဌေန- ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန, သဗ္ဗာဝေဒနာ အနိစ္စာ ၊ပေ၊ သဗ္ဗာသညာ အနိစ္စာ ၊ ပေ ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ ၊ပေ၊ သဗ္ဗေ ဝိညာဏံ အနိစ္စံ ခယဋ္ဌေန- ဒုက္ခံ ဘယဋ္ဌေန- အနတ္တာ အသာရကဋ္ဌေန။

မြန်မာလိုကား -

ရုပ်ဟူသမျှသည် ကုန်ခန်း ပျက်စီးခြင်းသဘောရှိသဖြင့် မမြဲပါတကား၊
ကြောက်မက်ဘွယ် သဘော ရှိသဖြင့် ဒုက္ခချည်းပါတကား၊
အနှစ်သာရ မရှိသည့် အတွက် အတ္တမဟုတ်ကြပါတကား၊
“ဝေဒနာ ဟူသမျှသည်” စသည်ဖြင့်ဆိုလေ။

အနိစ္စံ ခယဋ္ဌေန

ကုန်ခန်း ပျက်စီးတတ်ခြင်းကို ထောက်လျှင် ရူပက္ခန္ဓာ၏ မမြဲကြောင်း ထင်ရှား၏၊
အကြောင်း အားလျော်စွာ ဖြစ်ပြီးနောက် မပျက်စီးနိုင်ဘဲ ခိုင်မြဲမှသာ နိစ္စ-ဟု ဆိုရာ၏၊
ယခုမှာ ဖြစ်ပြီးနောက် ဘင် ခဏတွင် ချုပ်ပျက်စီး၏၊
ထို့ကြောင့် ရူပက္ခန္ဓာသည် အနိစ္စပါတကား။

ဒုက္ခံဘယဋ္ဌေန

မိမိတို့ သန္တာန်၌ ရှိသော ထိုရူပက္ခန္ဓာသည် ဧကန်ပျက်ရဥုးမည်၊
ပျက်ရမည့် အရာ မှန်လျှင်လည်း ဧကန် ကြောက်မက်ဘွယ် ကောင်းလှ၏၊
ရူပက္ခန္ဓာတွင် ပထဝီ စသော ဓာတ်ကြီး ၄ပါးသည် မြွေဆိုးကြီး ၄ ကောင်နှင့်တူ၏၊

ရာဇဝတ်မှုသင့်၍ “မောင်မင်းသည် ဤမြွေဆိုးကြီး ၄ ကောင်ကို အစာမှန်မှန် ကျွေး၍ မွေးမြူရမည်, အစာကျွေးပုံ မဟန်တဲ့ တနေ့မှာ အစာကို မကျေနပ်သောမြွေက မောင်မင်းကို ကိုက်သတ်လိမ့်မည် ” ဟု အမိန့် ချမှတ်ခံရသူသည် ထိုမြွေကြီး ၄ ကောင်ကို အလွန်ကြောက်ရွံ့စွာ အစာမှန်မှန် ကျွေးရာမှ သူတို့ အလို မကျသဖြင့် အကိုက် ခံရတော့သကဲ့သို့,
ထို့အတူ ဤ ဓာတ်ကြီး ၄ ပါးကို အာဟာရ မှန်မှန် ပေးနေရာမှ အာဟာရ မတဲ့ခြင်းကြောင့် ဖောက်ပြန် ပျက်စီးလျက် ရောဂါ အမျိုးမျိုး ဖြစ်ကာ သေကြေ ပျက်စီး ကြရလေသည်၊ သို့အတွက် ဤ ရုပ်ခန္ဓာသည် ကြောက်စရာ ဖြစ်၍ ဧကန်ဒုက္ခတုံးကြီးပါ တကား၊

ဤသို့ စသည်ဖြင့် ရုပ်နာမ် အားလုံးဝယ် ကြောက်မက်ဘွယ် ကောင်းသော အချက်တွေ များလှ၏။

အနတ္တာအသာရကဋ္ဌေန

ရှေး၌ ပြခဲ့သော အနှစ်သာရ မရှိကြသဖြင့် ရုပ်အားလုံး အနတ္တချည်းပါ တကား၊ ဝေဒနာ စသည်တို့၌လည်း အနိစ္စလက္ခဏာ စသည်ကို ဆင်ခြင်ရာ၏၊ ဤ လက္ခဏာ ၃ ပါးသည် တပါးနှင့်တပါး ဆက်သွယ်လျက် ရှိ၏၊

အနှစ် မရှိသောကြောင့် မခိုင်မြဲဘဲ ပျက်စီးရ၏, ပျက်စီးတတ်သဖြင့်လည်း ကြောက်မက်ဘွယ် ဒုက္ခတုံး ဖြစ်၏၊
မပျက်မစီး ခိုင်မြဲ၍ မဆင်းရဲလိုဘဲလျက် ပျက်စီးရ ဆင်းရဲရသဖြင့် အစိုးမရ အနတ္တချည်းဖြစ်၏၊
ဤသို့ လက္ခဏာ တပါးနှင့် တပါး ဆက်သွယ်လျက် ရှိသောကြောင့် တပါးမျှ ကောင်းစွာ ထင်မြင်လျှင် အခြား လက္ခဏာ ၂ ပါးလည်း အလိုလို ထင်ရှားလာနိုင်ပေသည်။

အဒ္ဓါသမ္မသနနည်း

ယံ အတီတေ ရူပံ, တံ ယသ္မာ အတီတေယေဝ ခီဏံ, နယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန - ဒုက္ခံ ဘယဋ္ဌေန - အနတ္တာ အသာရကဋ္ဌေန၊ ယံ အနာဂတံ အနန္တရဘဝေ နိဗ္ဗတ္တိဿတိ, တံပိ တတ္ထေဝ ခီယိဿတိ, န တတော ပရံ ဘဝံ ဂမိဿတီတိ အနိစ္စံ ခယဋ္ဌေန - ဒုက္ခံ ဘယဋ္ဌေန - အနတ္တာ အသာရကဋ္ဌေန၊ ယံ ပစ္စုပ္ပန္န ရူပံ, တံပိ ဣဓေဝ ခီယတိ, န ဣတော ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန - ဒုက္ခ ဘယဋ္ဌေန - အနတ္တာ အသာရကဋ္ဌေန၊

= အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာသည် အတိတ်ဘဝ၌ပင် ချုပ်လေပြီ, ဤ ပစ္စုပ္ပန်ဘဝသို့ မရောက်၊ ထို့ကြောင့် ကုန်ခန်းခြင်းသဘော ရှိ၍ အနိစ္စ-ကြောက်မက်ဘွယ်သဘောရှိ၍၊ ဒုက္ခ-အနှစ်သာရ မရှိ၍ အနတ္တ ပါတကား၊ ဤသို့ စသည်ဖြင့် ပါဠိ အားလျော်စွာ မြန်မာပြန်ပါလေ။

ဤ အဒ္ဓါသမ္မသန နည်း၌ ဘဝအားဖြင့် ခွဲခြား၍ပွားများ သုံးသပ်မှုကိုသာ သင်္ဂြိုဟ်ကပြလိုရင်း ဖြစ်၏၊

သို့သော် အဇ္ဈတ္တ ဗဟိဒ္ဓ ခွဲခြား၍ “ယံ အဇ္ဈတ္တံ, တံပိ အဇ္ဈတ္တမေဝ ခီယတိ, န ဗဟိဒ္ဓါဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန ၊ပေ၊ ယံဗဟိဒ္ဓါ ရူပံ, တံ ပိ ဗဟိဒ္ဓါယေဝ ခီယတိ, န အဇ္ဈတ္တဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန - ဒုက္ခံ ဘယဋ္ဌေန - အနတ္တာ အသာရကဋ္ဌေန” ဟုလည်း ပွားများနိုင်၏၊ ထို့အတူ -

ယံ ဩဠာရိကံ, တံပိ တတ္ထေဝ (ထို သြဠာရိက အဖြစ်၌သာလျှင်) ခီယတိ၊ န သုခုမဘာဝံ ဂစ္ဆတီတိ” စသည်ဖြင့် သြဠာရိက သုခုမခွဲ၍ ၎င်း,
ယံ ဟီနံ, တံပိ တတ္ထေဝ ခီယတိ” စသည်ဖြင့် ဟီန ပဏီတ ခွဲ၍၎င်း,
ယံ ဒူရေ, တံပိ တတ္ထဝ ခီယတိ, န သန္တိကေ ဘာဝံ ဂစ္ဆတီတိ” စသည်ဖြင့် ဒူရေသန္တိကေ ခွဲ၍၎င်း
ပွားများနိုင်၏၊

ဝေဒနာက္ခန္ဓာ စသော နာမ်ခန္ဓာ ၄ ပါးကို ၎င်း, ဒွါရ အာရုံ စသည်တို့ဖြင့် ခွဲခြား၍၎င်း ပွားများနိုင်သည်သာ။

သန္တတိ သမ္မသနနည်း

အပူ၌ နေစဉ် အပူရုပ် အစဉ်ဖြစ်၏, နေရိပ်သို့ဝင်ပြီးနောက် အတော်ကြာလျှင် အပူရုပ် အစဉ် ပျောက်၍ အဧရုပ်အစဉ် ရောက်၏၊
မကျန်းမာတဲ့အခါ မကျန်းမာသော ရုပ်အစဉ် ဖြစ်၏, ကျန်းမာပြန်လျှင် မကျန်းမာသော ရုပ်အစဉ် ပျောက်၍ ကျန်းမာသော ရုပ်အစဉ် ရောက်၏၊
ထိုင်နေတဲ့အခါ ရုပ်အစဉ်သည် ထလိုက်သည့်အခါ ကုန်ပျောက်၍ ထရုပ်အစဉ်ရောက်၏၊
စကား ပြောတုန်းအခါ ရုပ်အစဉ်သည် ဆိတ်ဆိတ် နေသည့်အခါ ကုန်ပျောက်၏၊
ဤသို့ စသည်ဖြင့် အလုပ်ကိစ္စ ပြောင်းလွဲတိုင်း နေရာဌာန ပြောင်းလွဲတိုင်း ဣရိယာပုထ် ပြောင်းလွဲတိုင်း ရုပ်အစဉ် ပြောင်းလွဲပုံကို ၎င်း၊

ရူပါရုံကို အာရုံပြုသော စိတ်ဝီထိ အစဉ်သည် သဒ္ဒါရုံကို အာရုံပြုသော စိတ်ဝီထိ အစဉ်သို့ မရောက်,
အနိဋ္ဌာရုံကိုခံစားသော ဒုက္ခဝေဒနာ အစဉ်သည် ဣဋ္ဌမဇ္ဈတ္တ အတိဣဋ္ဌာရုံကို ခံစားရာ ခဏသို့ မရောက်,
ရူပါရုံကို မှတ်သားသော သညာက္ခန္ဓာ အစဉ်သည် သဒ္ဒါရုံကို မှတ်သားသော သညာက္ခန္ဓာ အစဉ်သို့ မရောက်,
ရူပါရုံကို စေ့ဆော် ပြုလုပ်သော (စက္ခုဝိညာဏဝီထိ၌ အတူတကွ ဖြစ်လျက် ကြည့်ရှုသော) သင်္ခါရက္ခန္ဓာ အစဉ်သည် သဒ္ဒါရုံကို စေ့ဆော်သော သင်္ခါရက္ခန္ဓာ အစဉ်သို့ မရောက်,
ဤသို့ စသည်ဖြင့် အလွန် ကျယ်ဝန်းစွာ ချဲ့ထွင်၍ “အပူရုပ် အစဉ်သည် အဧရုပ် အစဉ်သို့ မရောက်ဘဲ ချုပ်ပျောက်ခြင်းကြောင့် အနိစ္စ၊ ကြောက်မက်ဘွယ် ဖြစ်သောကြောင့် ဒုက္ခ၊ အနှစ်သာရ မရှိခြင်းကြောင့် အနတ္တပါ တကား” ဟု ပွားများ သုံးသပ်ရာ၏၊

ထို့ ပြင် - ဝိသုဒ္ဓိမဂ်လာသည့်အတိုင်း ဖွဲ့ဆိုအပ်သော —

[ဆောင်]
သုံးပါး အယွယ်, ဆယ်ဒသက, ပဉ္စကတည်း, စတုက-တိ, ဒိနှင့် ဧက, သုံးဝဥတု, ရတုခြောက်သွယ်, လကွယ်-လဆန်း, ဒိဝန်း ရတ္တိ, ဆဗ္ဗိအခါ, ကိရိယာဆ- ဥဒ္ဓါရဟု, စသည့်ခြောက်ခု, ထိုထိုစု၌, ရှိမှုဥဿုံ, အလုံးစုံသည်, ရွေ့တုံမဖြစ်, တဆစ်တရပ်, တစပ် တသင်း, နှမ်းအိုးခင်းထက်, နှမ်းစေ့ကျက်သို့, ကွဲပျက် ကြေမွ, အနိစ္စသည်, ဒုက္ခ အနတ္တ ချည်းတည်း။ -ဟူသော ပရမတ္ထသရူပဘေဒနီလာ လင်္ကာ အတိုင်းလည်း ပွားများရာ၏။

ခဏသမ္မသနနည်း

ဥပါဒ် ဌီ ဘင် ဟူသော ခဏတ္တယကို တခဏဟု ယူ၍ “အတိတ်ခဏ၌ ဖြစ်သော ရုပ်သည် ပစ္စုပ္ပန် ခဏသို့ မရောက်ဘဲ ချုပ်ပျောက်ခြင်း သဘောကြောင့် အနိစ္စ” စသည်ဖြင့်၎င်း,
“အတီတ ဘဝင်စိတ်သည် ဘဝင်္ဂ စလနသို့ မရောက်ဘဲ ချုပ်ပျောက်ခြင်း သဘောကြောင့် အနိစ္စ” စသည်ဖြင့်၎င်း,
ရုပ်ဝီထိ နာမ်ဝီထိ အစဉ်ကို ကြည့်၍ ပွားများရာ၏၊

ဤ ခဏသမ္မသန နည်းကား ဘုရားရှင်မှတပါး အခြားပုဂ္ဂိုလ်တို့ဉာဏ်တွင် ထင်မြင်နိုင်ရန် ခဲယဉ်းသည်ဟု ဆိုကြ၏၊ သို့သော် တိုက်ရိုက် မထင်သော်လည်း အနိစ္စ ဒုက္ခ အနတ္တ သဘော ထင်ရှားအောင် အမှန်း အတား အားဖြင့် ပိုင်းခြား ကန့်သတ်၍ ပွားများအပ်၏၊

ဤသို့ တေဘူမက သင်္ခါရ၌ ကလာပသမ္မသန စသော နည်းဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟု သုံးသပ် ဆင်ခြင်တတ်သော ဉာဏ်ကို သမ္မသနဉာဏ် ဟု ခေါ်သည်။

တေဘူမက သင်္ခါရေသု, ပဿတော လက္ခဏတ္တယံ၊
သမ္မသန နာမံ ဉာဏံ, ဇာတံ ပဌမယောဂိနော။

တေဘူမက သင်္ခါရေသု - ကာမရူပ, အရူပတွင်, ပါဝင်သမျှ, သင်္ခါရတို့၌၊
လက္ခဏတ္တယံ - မမြဲနိုင်လစ်, ဒုက္ခစစ်နှင့် အနှစ်မဲ့အင်, လက္ခဏာယာဉ် သုံးပါးကို၊
ပဿတော - နည်းအဖုံဖုံ ကုန်အောင်စုံမျှ, တလုံလဲလဲ, စွဲမြဲ ထင်မြင်အောင်, ဆင်ခြင် ကြည့်ရှုပေသော၊
ပဌမယောဂိနော - ပဌမလျှင်, အစထွင်၍, အစဉ်ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊
သမ္မသန နာမံ ဉာဏံ - သမ္မသန, အမည်ရလျက်, သင်္ခါရထွင်း, ဉာဏ်အလင်းသည်၊
ဇာတံ - ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဘို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍ လာပေသတည်း။

🔥 ဥဒယဗ္ဗယဉာဏ်

[ဥဒယ-အဖြစ် + ဝယ-အပျက်၊ ဝယ ၌ ဝကို ဒွေးဘော်ပြု
ဝ ၂ လုံးကို ဗ ၂ လုံးပြု၍ ဥဒယဗ္ဗယ ဟု ဖြစ်၏။]

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက် အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏၊

နာမ် ရုပ်တို့သည် မဖြစ်ခင်က အဆင်သင့်ဖြစ်ဘို့ရာ စုဆောင်း သိမ်းဆည်းပြီးလည်း မရှိ, ချုပ်သည့် အခါလည်း အရပ်တပါးသို့ ရောက်သွား၍ စုပုံနေသည်လည်း မဟုတ်၊
စောင်းခွက်စောင်းကြိုး၌ တီးခြင်း အမျိုးမျိုးကိုစွဲ၍ ယုတ်ခနဲ စောင်းသံ ပေါ်လာပြီးနောက် အတီးရပ်သည်နှင့် တပြိုင်နက် အသံတိတ်ဆိတ် ပုံကဲ့သို့, ထိုအတူ ရုပ်နာမ်တရားလည်း ဆိုင်ရာ အကြောင်း ကြောင့် ယုတ်ခနဲ ဖြစ်ပြီးနောက် မကြာခင် ချုပ်ပျောက် ကြကုန်၏၊
ထို့ကြောင့် ဖြစ်နေသော ရုပ်နာမ်၌ အဟောင်း မရှိ အသစ်ချည်းသာ ဖြစ်ကြလေသည်။

အနုပ္ပန္နာ ပုပ္ပဇ္ဇန္တိ, ဥပ္ပန္နာပိ နိရုဇ္ဈရေ၊
နိစ္စံ နဝါဝ သင်္ခါရာ, ဝီဏာသဒ္ဒ သမူပမာ။

သင်္ခါရာ-ရုပ်နာမ် ၂ ပါး သင်္ခါရတရားတို့သည်၊
အနုပ္ပန္နာ ဝ - စုဆောင်း သိမ်းဆည်း, ဖြစ်ပြီး မဟုတ်ကုန်ဘဲသာလျှင်၊
ဥပ္ပဇ္ဇန္တိ - အကြောင်းကို စွဲ၍ ယုတ်ခနဲ ဖြစ်ပေါ်လာကြကုန်၏၊
ဥပ္ပန္နာပိ - အကြောင်းအားလျော်စွာ, ပေါ်လာကုန်ပြီး၍လည်း၊
နိရုဇ္ဈရေ - ချက်တဖြုတ် ယုတ်တရက် ချုပ်ပျက်ကြလေကုန်၏၊
နိစ္စံနဝါဝ - ခဏမစဲ အမြဲဖြစ်လျက်, အသစ်စက်စက် တို့သာလျှင်တည်း၊
ဝီဏာသဒ္ဒသမူပမာ - စောင်းကြိုး စောင်းခွက်, တီးမှုတ်တွက်ကြောင်, ပေါ်ထွက်-ပျောက်ဟန်, စောင်းသံနှင့် တူလေကုန်စွတကား။

ပစ္စယ ဝသေန ခဏဝသေန

ဤကဲ့သို့ စဉ်းစားပြီးနောက် နာမ် ရုပ်တရားတို့ကို အကြောင်းနှင့် တွဲဘက်၍ ဆက်လက် ရှုစားရာ၏, ရုပ်တရား၏ ဖြစ်ကြောင်းကား ကင်္ခါဝိတရဏ ဝိသုဒ္ဓိ၌ ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ကံ အာဟာရ တို့တည်း၊ (ထိုအကြောင်းတို့ကြောင့် ဖြစ်ပုံကို ပြခဲ့ပြီ)၊

ထို အကြောင်းများ မရှိလျှင် ရုပ်တရားလည်း မဖြစ်နိုင်၊ နာမ်တရားတို့၏ အကြောင်းကား အာဟာရ အရာဝယ် ဖဿကို ထည့်၍ အဝိဇ္ဇာ တဏှာ ကံ ဖဿ ဟု သိလေ၊ ဤ အကြောင်းတရားကို သိပြီးလျှင် “အဝိဇ္ဇာ ရှိခြင်းကြောင့် ရုပ် နာမ် ဖြစ်ရသည်, အဝိဇ္ဇာကို အကြွင်းမဲ့ သတ်နိုင်လျှင် ဤ ရုပ် နာမ် ဖြစ်နိုင်တော့မည် မဟုတ် ” စသည်ဖြင့် အဘန်ဘန် ရှုဆင်ခြင်သည့်အခါ ဖြစ်မှု ပျက်မှု ဟူသော ဥဒယဗ္ဗယ လက္ခဏာ လွန်စွာ ထင်လာမည်၊

ထိုကဲ့သို့ အလွန့်အလွန် ထင်လာလျှင် ဥပါဒ်ခဏ ဘင်ခဏ အားဖြင့်လည်း ထင်ရှားတော့လတံ့၊ ခဏအားဖြင့် ထင်ရှားအောင်တမင် အားထုတ်ဘွယ် မလို၊ ရေ၌ တုတ်ဖြင့် ရေးခြစ်သည့်အခါ ရှေ့က ခြစ်-နောက်က ပျက်လိုက်သကဲ့သို့, ထို့အတူ ရုပ်နာမ်တရားများလည်း ဖြစ်ပြီးလျှင် ချက်ခြင်း ပျက်တော့၏၊

ရေအိုင်၌ မိုဃ်းရွာ၍ အုဖေါင်း ပွက်ကလေးများ ဖြစ်ရာ၌ “ဖြစ်လျှင်,ပျက်” သကဲ့သို့၎င်း,
နေထွက်သည်နှင့် တပြိုင်နက် ဆီးနှင်းပေါက်တွေ အရည်ပျော် သကဲ့သို့၎င်း,
အပ်နဖါးကို ထွင်းသော စူးဖျားပေါ်၌ မုန်ညင်းစေ့ကို တင်လျှင် တင်သည်နှင့် တပြိုင်နက် လိမ့်ကျ သကဲ့သို့၎င်း,
ရုပ် နာမ်တို့သည် “ ခုဖြစ် ခုပျက်” ပါတကား ဟု အဖြစ် အပျက်ကို ခဏအားဖြင့် ထင်ရှားအောင် ပြုသော ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာလေသည်၊

တေဘူမကသင်္ခါရေသု, ပဿတော ဥဒယဗ္ဗယံ၊
ဥဒယဗ္ဗယနာမံ ဉာဏံ, ဇာတံ ဒုတိယယောဂိနော။

တေဘူမကသင်္ခါရေသု - ကာမ, အရူပတွင်, ပါဝင်ကြတောင်း, သင်္ခါရအပေါင်းတို့၌၊
ဥဒယဗ္ဗယံ - ဖြစ်လျှင် ချက်ခြင်း, ပျက်ပုံအခင်းကို၊
ပဿတော - တုတ်ခြစ်ရေထက်, မိုဃ်းရေပွက်နှင့်, အပ်ထက်မုန်ညင်း, နေထွက်နှင်းသို့, မယွင်းပုံပြ အဘန်ဘန် ရှုလျက်နေသော၊
ဒုတိယ ယောဂိနော - ဒုတိယအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊
ဥဒယဗ္ဗယနာမံ ဉာဏံ - ဥဒယဗ္ဗယ, အမည်ရသည့်, သင်္ခါရထွင်း, ဉာဏ်ရောင်အလင်းသည်၊
ဇာတံ - ဒုက္ခခပ်သိမ်း, ဇာတ်ငြိမ်းဘို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍ လာပေသတည်း။

💫 ဩဘာသ

ဤ ပြခဲ့သည့်အတိုင်း ရုပ် နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သည့်အခါ လွန်စွာ စိတ်ကြည်လင်ရကား စိတ္တဇ ကိုယ်ရောင် ကိုယ်ဝါ - ထို စိတ္တဇ အရောင် အဝါမှဆက်၍ စိတ္တပစ္စယ ဥတုသမုဋ္ဌာန အရောင် အဝါတို့သည် ဉာဏ်ထက်လျှင် ထက်သလောက် မိမိထိုင်နေရာအရပ် တခန်းလုံး, တကျောင်းလုံး, တတိုက်တာလုံး တဂါဝုတ်, ၂ ဂါဝုတ်, တယူဇနာ, ၂ ယူဇနာ စသည်ဖြင့် အကနိဋ္ဌ ဗြဟ္မာ့ဘုံ တိုင်အောင် ထွက်ဖြာလေကုန်၏၊

ထိုအခါ “ငါ့မှာ ရှေးက ဤ ကိုယ်ရောင် ကိုယ်ဝါများ မဖြစ်ဘူးချေ, ဤကိုယ်ရောင်ကိုယ်ဝါကို ထွက်ဖြာစေနိုင် သောစိတ်သည် မဂ်စိတ် ဖိုလ်စိတ်ပင် ဖြစ်ရာ၏၊ ငါ မဂ်ရပြီ ဖိုလ်ရပြီ ” ဟု မှတ်ထင်ပြီးလျှင် အားထုတ်မြဲ ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ကိုယ်ရောင် ကိုယ်ဝါကို သာယာ နှစ်သက်ကာ ဝိပဿနာလမ်း လွဲရှာလေတော့သည်။

🎉 ပီတိ

ဩဘာသသာ မကသေး, စေတသိက်ပိုင်း၌ ပြခဲ့သော ခုဒ္ဒိကာ ခဏိကာ စသော ပီတိ ၅ မျိုးလည်း ထိုက်သင့် သလို ဖြစ်ပေါ်လျက် အလွန်နှစ်သက်၏။

🧘 ပဿဒ္ဓိ

ကိုယ် စိတ် ၂ ပါးလုံးပင် ဧမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တဿဒ္ဓိလည်း ဖြစ်၏၊

[ပဿဒ္ဓိ သာမက, သောဘနသာဓာရဏ ဖြစ်သော လဟုတာ မုဒုတာ ကမ္မညတာ စေတသိက်များလည်း ဖြစ်သည်ပင်၊ ပဿဒ္ဓိ တခုကိုသာ ဥပလက္ခဏ နည်းဖြင့် မှတ်၍ပြထားသည်။]

ထိုအခါ ယောဂီ ပုဂ္ဂိုလ်သည် လွန်စွာငြိမ်းချမ်းသဖြင့် ကမ္မဋ္ဌာန်း၌ စွဲလမ်း မွေ့လျော် ရွှင်ပျော်လေတော့၏။

✅ အဓိမောက္ခ

ကမ္မဋ္ဌာန်း အာရုံ၌ သက်ဝင် ဆုံးဖြတ်တတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်လာ၏၊

[ဤ၌ ယုံကြည်ကာမတ္တ မဟုတ်, စူးစိုက် သက်ဝင်တတ် ဆုံးဖြတ်တတ်သောကြောင့် သဒ္ဓါကိုပင် အဓိမောက္ခ ဟု ဆိုသည်၊ အဓိမောက္ခ စေတသိက်-ဟု မမှတ်လင့်၊
အဓိမုစ္စတိ - သက်ဝင် ဆုံးဖြတ်တတ်၏၊
ဣတိ - ထို့ကြောင့်၊
အဓိမောက္ခော - မည်၏။]

💪 ပဂ္ဂဟ

ဝိပဿနာစိတ်ကို နောက် မဆုတ်ရအောင် အားပေးချီးမြှောက်, ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်လာ၏၊

ပဂ္ဂဏှာတိ - အားပေးချီးမြှောက် ထောက်ပံ့တတ်၏၊
ဣတိ - ကြောင့်၊
ပဂ္ဂဟော - ပဂ္ဂဟမည်၏။

😊 သုခ

ဆီထိသော ဝါဂွမ်းပမာ ယောဂီပုဂ္ဂိုလ်၏ တကိုယ်လုံး၌ မွန်မြတ်သော စိတ္တဇရုပ်တွေကို ပြန့်နှံ့ ထုံမွှမ်း စေတတ်သော သုခဝေဒနာလည်း ဖြစ်ပေါ်လာ၏။

🧠 ဉာဏ

ဝဇီရစိန်လက်နက် မိုးကြိုးစက်သို့ သွက်လက် လျှင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာ၏။ “ ရှုလိုက်တိုင်း ရှုလိုက်တိုင်း ရုပ်နာမ်၏ အဖြစ် အပျက်တွေ အလွန်ထင်ရှားနေသည်” ဟူလို။

⛰️ ဥပဋ္ဌာန

မြင့်မိုရ်တောင်မင်းပမာ ကမ္မဋ္ဌာန်း အာရုံ၌ လွန်စွာတည်တန့်သော သတိလည်း ဖြစ်ပေါ်လာ၏၊

ဥပဋ္ဌတိ - အာရုံ၌ စွဲမြဲတည်နေတတ်၏၊
ဣတိ - ကြောင့်၊
ဥပဋ္ဌာနံ - မည်၏။

⚖️ ဥပေက္ခာ

ဝိပဿနုပေက္ခာ အာဝဇ္ဇနုပေက္ခာ ဟူသော ဥပေက္ခာ ၂ မျိုးလည်း ဖြစ်ပေါ်လာ၏၊

ဖြစ်မှု ပျက်မှုတို့ အလွန်ထင်ရှားနေရကား ထိုအဖြစ်အပျက်ကို ရှုဘို့ရန် ဗျာပါရ မများတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ် နှင့်ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာသည် ဝိပဿနုပေက္ခာ မည်၏။
ထို ဖြစ်မှုပျက်မှုကို ဆင်ခြင်လိုသည့် အခါ၌ အလွန် လျှင်မြန်စွာ ဆင်ခြင်နိုင်သော စေတနာသည် အာဝဇ္ဇနုပေက္ခာ မည်၏။

💖 နိကန္တိ

ဩဘာသ စသည်တို့ဖြင့် အလွန် တင့်တယ်စွာ တန်ဆာဆင်ထား သကဲ့သို့ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်တတ်သော တဏှာသည် နိကန္တိ မည်၏၊ ထို နိကန္တိလည်း ဖြစ်တတ်လေသည်၊

ထိုနိကန္တိ တဏှာသည် လွန်စွာ သိမ်မွေ့ရကား ယောဂီပုဂ္ဂိုလ်က တဏှာမှန်းမသိ, ဝိပဿနာ မွေ့လျော်မှု ဟူသော ဝိပဿနာရတိ ဟုသာ အထင်ရှိလေသည်၊ ဤပီတိ စသည်တို့ ဖြစ်သည့်အခါလည်း “ငါ့မှာ ရှေးက ဤပီတိမျိုးမဖြစ်ဘူးချေ, ဤပီတိကို ဖြစ်စေသော စိတ်ကား မဂ် ဖိုလ်စိတ်ပင် ဖြစ်ရာ၏၊ ငါ မဂ်ရပြီ ဖိုလ်ရပြီ” ဟု မှတ်ထင်ကာ ဝိပဿနာလမ်း လွဲရှာလေ၏။

🚫 ဥပက္ကိလေသ

ဝိပဿနာကို ညစ်နွမ်းစေတတ်သော တရားကို ဥပက္ကိလေသ ဟုခေါ်၏၊ ဩဘာသက စ၍ ဥပေက္ခာ တိုင်အောင်သော ရှေ့ ၉ ပါးသည် အကုသိုလ်တရား မဟုတ်၊ ဤ ဥဒယဗ္ဗယဉာဏ်ခဏ်းသို့ ရောက်လျှင် ဖြစ်တတ်မြဲပေတည်း။

ပီတိစသည်ကား ဝိပဿနာစိတ်နှင့် ယှဉ်ဘက် စေတသိက်များလည်း ဖြစ်၏၊ ထို့ကြောင့် ဩဘာသ စသည်ကို မုချ ဥပက္ကိလေသ-ဟု မဆိုရ, သို့သော် -

ထိုဩဘာသ စသည်တို့သည် “ငါ့မှာ ဖြစ်၏” ဟု စွဲလမ်းသော ဒိဋ္ဌိ
“အလွန် နှစ်သက်ဘွယ် ကောင်းပေသည်” ဟု မှတ်ထင်တတ်သော မာန,
“ငါ၏ ဩဘာသ” စသည်ဖြင့် စွဲလမ်းတတ်သော တဏှာ,
တရား ၃ မျိုး၏ တည်ရာ မှီရာ အာရုံဖြစ်ကြ၏၊

ဤ တဏှာ မာန ဒိဋ္ဌိ တို့ကား ဝိပဿနာစိတ်ကို ညစ်နွမ်း စေတတ်သော ဥပက္ကိလေသပေတည်း၊

ထို့ကြောင့် အာရမဏိက တဏှာ မာန ဒိဋ္ဌိတို့၏ ဥပက္ကိလေသ အမည်ကို အာရုံဖြစ်သော ဩဘာသ စသည်တို့ အပေါ် တင်စား၍ ဖလူပစာရ ဌာနူပစာရ နည်းဖြင့် ဩဘာသ စသည်ကိုလည်း ဥပက္ကိလေသ ဟု ခေါ်ဝေါ် ရတော့သည်၊

နောက်ဆုံး နိကန္တိကား သူကိုယ်တိုင်လည်း မုချအားဖြင့် ဥပက္ကိလေသတည်း၊ ထိုနိကန္တိကိုပင် အာရုံပြု၍ နောက်နောက် တဏှာ မာန ဒိဋ္ဌိများ ဖြစ်တတ်သေးရကား ဖလူပစာရ ဋ္ဌာနူပစာရ အားဖြင့်လည်း ဥပက္ကိလေသ အမည်ရသည်။

ဤသို့လျှင် ဩဘာသ ပီတိ စသော ဝတ္ထုအားဖြင့် ဝိပဿနုပက္ကိလေသ ၁ဝ ပါးရှိ၏၊
တခုတခုကို အာရုံပြုသော တဏှာ မာန ဒိဋ္ဌိဖြင့်မြောက်လျှင် ဝိပဿနုပတ္တိလေသ ပေါင်း ၃ဝ ရှိသည်။

➡️ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (နိဂုံး)

ကမ္မဋ္ဌာန်းအစဉ်၌ မကျွမ်းကျင်သော ယောဂီသည် ထိုသြဘာသ စသည်ကို နှစ်သက်လျက် ကမ္မဋ္ဌာန်း လမ်းလွဲသော်လည်း ကျွမ်းကျင်သော ယောဂီ၌ကား “ဤ သြဘာသ စသည်တို့သည် တဏှာ မာန ဒိဋ္ဌိတို့၏ တည်ရာဖြစ်၍ ဝိပဿနာစိတ်ကို ညစ်နွမ်းစေတတ်သော ဘေးရန်မျှသာ ဖြစ်၏၊ ဤသြဘာသ စသည်ကို သာယာနှစ်သက်မှုသည် လမ်းမှန်မဟုတ် အမဂ္ဂတည်း, ဤဩဘာသ စသည်ကို ဂရုမစိုက်ဘဲ အားထုတ်မြဲ ဝိပဿနာသာလျှင် မဂ်ဖိုလ် ရကြောင်း လမ်းကောင်း မဂ္ဂတည်း” ဟု လမ်းမှန် မမှန်ကို ပိုင်းခြားတတ်သော ဉာဏ်ဖြစ်လာ၏၊

ထိုဉာဏ်သည် သာမန် သိရုံမျှ မဟုတ်, မဂ္ဂ အမဂ္ဂကို မျက်စိဖြင့် ကြည့်ရသလို သိမြင်တတ်သောကြောင့် ဒဿနလည်း မည်၏, ဝိပဿနုပတ္တိလေသတို့မှ စင်ကြယ်သောကြောင့် ဝိသုဒ္ဓိလည်း မည်၏၊ ထို့ကြောင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဟု ခေါ်သည်၊

ဤမျှလောက်သော ဝိပဿနာ အစဉ်ဖြင့် ဥဒယဗ္ဗယဉာဏ် အဆုံး မသတ်သေး၊ ဩဘာသ စသည်တို့၏ နှောင့်ရှက်မှုကြောင့် အဆုံး မသတ်ခင် လမ်းခုလတ်မှာပင် ဝိပဿနာအစဉ် ရပ်နေသည်၊
ထို့ကြောင့် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် ရှေ့ပိုင်းကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနယ် ဟု မှတ်။

🛤️ ပဋိပဒါညာဏဒဿနဝိသုဒ္ဓိ

ပရိဗန္ဓ ဝိမုတ္တဿ

ပရိဗန္ဓန္တိ - ဝိပဿနာအစဉ်ကို နှောင်ဖွဲ့ဖျက်ဆီးတတ်ကုန်၏၊
ဣတိ - ကြောင့်၊
ပရိဗန္ဓာ - ပရိဗန္ဓတို့ မည်၏”
နှင့် အညီ, ဝိပဿနာစိတ်အစဉ်ကို ဖွဲ့နှောင် ဖျက်ဆီးတတ်သော ဝိပဿနုပတ္တိလေသ တရားစုကို ပရိဗန္ဓ ဟု ခေါ်၏၊
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြင့် ထိုပရိဗန် ဘေးရန်မှ လွတ်ခဲ့သောယောဂီကို ပရိဗန္ဓဝိမုတ္တ ဟု ခေါ်သည်။

ဥဒယဗ္ဗယဉာဏတောပဋ္ဌာယ -

ရှေ့က ဥဒယဗ္ဗယဉာဏ်ဖြစ်ခဲ့သော်လည်း ဝိပဿနုပတ္တိလေသတို့၏ နှောက်ရှက်မှုကြောင့် အနိစ္စ စသော လက္ခဏာ ၃ ပါးတို့ ကောင်းကောင်း မထင်ရှားသေး၊ ထို့ကြောင့် ဥပက္ကိလေသ တို့မှ လွတ်ပြီးသည့်အခါ ထို လက္ခဏာ ၃ ပါး အလွန် ထင်ရှားအောင် ဥဒယဗ္ဗယဉာဏ်ကို ထပ်မံ အားထုတ်ရပြန်သည်၊

ထို ဥဒယဗ္ဗယဉာဏ်မှ စ၍ ဘင်္ဂဉာဏ် ဘယဉာဏ် စသောဉာဏ် အစဉ်အတိုင်း အနုလောမဉာဏ် ရောက်သည့် အခါကျမှ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနယ် ဆုံးသည်။

[မဂ်ဖိုလ်သို့ ရောက်ကြောင်း အကျင့်ဖြစ်၍ ပဋိပဒါဟု၎င်း,
တေဘူမကသင်္ခါရကို အနိစ္စ ဒုက္ခ အနတ္တ ဟု သိတတ်သောကြောင့် ဉာဏဟု၎င်း,
သာမန် အသိမျိုး မဟုတ် မျက်စိဖြင့် မြင်ရသလို သိမြင်တတ်သောကြောင့် ဒဿန ဟု၎င်း,
ဆန့်ကျင်ဘက် ကိလေသာတို့မှ ဝေးသည်ထက် ဝေးကွာ၍ လွန်စွာစင်ကြယ်သောကြောင့် ဝိသုဒ္ဓိဟု ၎င်း ခေါ်သည်၊
ပဋိပဇ္ဇန္တိ ဧတာယာတိ ပဋိပဒါ”ဟု ဝိဂြိုဟ်ပြု
ဧတာယ - ဤ ဉာဏ်အစဉ်ဖြင့်၊
ပဋိပဇ္ဇန္တိ - မဂ်ဖိုလ်သို့ ရောက်ကြရကုန်၏”ဟု အနက်ပေး။]

ဘင်္ဂဉာဏ်

ဥဒယဗ္ဗယဉာဏ်ဖြင့် ရုပ်နာမ်၏ အဖြစ်အပျက် ၂ မျိုးလုံးကို ထင်ရှားအောင်ရှု၍ အလွန်ထင်နေသည့်အခါ အဖြစ်အပျက်က အလွန် လျင်မြန်ရကား အဖြစ်ကို အာရုံမပြုမိတော့ဘဲ အပျက်ကိုချည်းသာ မြင်လေတော့၏

ဥပမာ -

ရေအိုင်တွင် မိုဃ်းရွာ၍ ရေအုဖေါင်းပွက်လေးများကို ကြည့်ရာဝယ် ဖြစ်ပြီးသည်နှင့် တပြိုင်နက် အပျက်က မြန်လွန်းရကား အဖြစ်ကို မြင်လိုက်ရဘဲ အပျက်ကိုသာ မြင်ရတော့သကဲ့သို့တည်း၊

ပစ္စုပ္ပန် ရုပ် နာမ် များ၏ အပျက် ဘင်္ဂကို ကျကျနန ရှုသည့်အခါ အတိတ် အနာဂတ် ရုပ် နာမ်များကို မှန်းဆ၍ အာရုံပြုလိုက်သည်ရှိသော် အပျက်ဘင်ကိုသာ အာရုံပြုမိလျက်သား ဖြစ်နေတော့၏၊

သင်္ခါရ တခုခု၏ ဘင်ကို အာရုံပြုသော ဘင်္ဂဉာဏ်၏ ဘင်ကိုပင် နောက်ထပ် ဆက်၍ ဉာဏ်တခုက အာရုံ ပြုနိုင်သောအခါ ဘင်္ဂဉာဏ် အထွဋ် အထိပ်သို့ ရောက်ပြီ။

သင်္ခါရာ.မေ ပုဗ္ဗဠံဝ, ဘိဇ္ဇရေ ဘိဇ္ဇရေ ခဏံ၊
ပဿတွေဝံ ဘင်္ဂဉာဏံ, ဇာတံ တတိယ ယောဂိနော။

ဣမေသင်္ခါရာ - ဤ ရုပ် နာမ် ၂ ပါး, သင်္ခါရ တရားတို့သည်၊
ပုဗ္ဗဠံဝ - ရေအိုင်အထက်, မိုဃ်းရေပွက်တို့, အပျက်လျင်မြန်, ပုံဟန်အတူသာလျှင်၊
ခဏံ - ယုတ်တရက်မျှ, တခဏခြင်း၊
ဘိဇ္ဇရေ ဘိဇ္ဇရေ - အဆက်မပြတ်, တပျက်ထည်း ပျက်တတ်ကုန်စွတကား၊
ဧဝံပဿတော - ဤကဲ့သို့လျှင်, အပျက် မြင်အောင်, ဆင်ခြင်ပွားများလျက်နေသော၊
တတိယယောဂိနော - တတိယအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့် ကြိုးကုတ် အားထုတ်သော ပုဂ္ဂိုလ်၏၊
ဘင်္ဂဉာဏ် - အဖြစ်တွေ ပျောက် အပျက်လောက်မျှ, မျက်မှောက် မြင်ဟန်, ဘင်္ဂဉာဏ်သည်၊
ဇာတံ - ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဘို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍လာပေသတည်း။

.

ဘယဉာဏ်

အသက်ရှည်ကြာ ချမ်းသာကို လိုလား၍ ဘေးကိုများစွာ ကြောက်တတ်သူသည် ခြင်္သေ့ သစ် ကျား သားရဲ များသော တောအရပ်ကိုမြင်လျှင် ကြောက်စရာ အရပ်ဟု ထင်မှတ်သကဲ့သို့, ဘင်္ဂဉာဏ်ဖြင့် ရုပ်နာမ်၏ အပျက်တွေကို မြင်ပြီးရကား -

“ဤ ရုပ်နာမ်တို့သည် ရှေးရှေး ဘဝ၌၎င်း ယခုဘဝ ရှေးကာလ၌၎င်း ပျက်ခဲ့လှပြီ, ယခုလည်း နှမ်းအိုးခင်း၌ နှမ်းစေ့တွေ တဖျစ်ဖျစ်နေသလို တပျက်ထည်း ပျက်လျက်ပင်, နောက်နောက်ကာလ နောက်ဘဝ၌လည်း (သည်ပုတ်ထဲက သည်ပဲ-ဆိုသလို) ဧကန် ပျက်ရဥုးမည်၊ ဤ ရုပ်နာမ်တွေသည် ကြောက်စရာတွေပါတကား

ဟု ထင်မြင်သော ဘယဉာဏ် ဖြစ်ပေါ်လာလေသည်။

နိရုဒ္ဓါ.တီတသင်္ခါရာ, ပစ္စုပ္ပန္နာ စ ဘိဇ္ဇရေ၊
အနာဂတာ ဘိဇ္ဇိဿန္တိ, သဗ္ဗေပိဘာယိတဗ္ဗကာ။

အတီတသင်္ခါရာ - အတိတ်ဘဝ, ရှေးကာလ၌, ဖြစ်ကြအများ, သင်္ခါရတရားတို့သည်၊
နိရုဒ္ဓါ - ငါ၏သန္တာန်, အဘန်ဘန်ဖြင့်, မှန်မှန်ပျက်ပြုန်း, ကုန်ဆုံးကြလေကုန်ပြီ၊
ပစ္စုပ္ပန္နာ စ - ယခုလက်ငင်း, ပက်ပင်းတွေ့ကြုံ, အဖုံဖုံပွား, သင်္ခါရတရားတို့သည်လည်း၊
ဘိဇ္ဇရေ - နှမ်းအိုးခင်းထက်, နှမ်းတွေ ကျက်သို့, ယုတ်တရက်အနေ, ချုပ်ပျက်ကြလေကုန်၏၊
အနာဂတာ - နောက်နောက်ဘဝ, နောက်ကာလ၌ ဖြစ်ကြရန်သင့်, အဆင့်ဆင့်ပွား, သင်္ခါရတရားတို့ သည်လည်း၊
ဘိဇ္ဇိဿန္တိ - သည်ပုတ်ထဲက, သည်ပဲအနေ, ချုပ်ပျက်ရလေကုန်လတ္တံ့ ၊
သဗ္ဗေပိ - ယခုရှေ့နောက်, ငါ့ထံရောက်လျက်, ချုပ်ပျောက် ပျက်ပြုန်း, ရုပ် နာမ် အားလုံးတို့သည်ပင်၊
ဘာယိတဗ္ဗကာ - ကြောက်မက်ဘွယ်ခမန်း, ဘေးဘျမ်းတို့ချည်းပါတကား။

.

ဘယဉာဏ်မကြောက်

ဘယဉာဏ်သည် ကြောက်သလော, ထို ဘယဉာဏ် ဖြစ်သော ယောဂီသည် ကြောက်သလော - ဟု မေးဘွယ် ရှိ၏၊

အဖြေကား -

ကြောက်တတ်သော သဘောမှာ ဒေါသဇောသာတည်း၊ ထို့ကြောင့် မဟာကုသိုလ်၌ ယှဉ်လျက် ဖြစ်သော ဘယဉာဏ်သည် မကြောက်ပါ, ယောဂီပုဂ္ဂိုလ်ကလည်း မကြောက်ပါ၊ သို့သော် “တေဘူမက သင်္ခါရ တရားတွေကို ကြောက်ဘွယ်ကောင်းသော တရားတွေပါတကား”ဟု ရှုတတ်သောကြောင့် ဘယဉာဏ် ဟု ဆိုပါသည်၊

ဥပမာ -

ကလေးမိုက် တယောက်သည် ကလေးချင်း အပေါ်မှာ အတော်ရက်စက်၏၊ ထိုသူနှင့် ကစားသော ကလေးများမှာ ဒုက္ခရောက်ရ၏၊ ထို ကလေးမိုက်ကို လူကြီးတွေက မကြောက်, သို့သော် “ကြောက်စရာ့ ကောင်ကလေး ” ဟု ထင်မှတ်သကဲ့သို့တည်း။

.

အာဒိနဝ, နိဗ္ဗိဒါ, မုစ္စိတုကမျတာ

ရုပ် နာမ်သင်္ခါရတို့၌ ကြောက်မက်ဘွယ် ဘေးကြီးပါတကားဟု ဘယဉာဏ် ပေါ်လာသည့်အခါ ထို သင်္ခါရတို့၌ အပြစ်မြင်သော အာဒီနဝ ဉာဏ်လည်း ပေါ်လာတော့မည်၊

အပြစ်မြင်မိလျှင် ထို သင်္ခါရတို့၌ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်း ဆက်လက် ဖြစ်ပေါ်လာတော့မည်သာ၊

[ဤ ဘယ အာဒီနဝ နိဗ္ဗိဒါဉာဏ် ၃ ပါးသည် ဖြစ်ကာစ၌ ရှုမြင်ပုံ ကွဲသော်လည်း အသားကျသည့်အခါ ဉာဏ် တခုထည်း၌ပင် ဘယ အာဒီနဝ နိဗ္ဗိဒါသဘော ရှိနိုင်လေသည်၊]

ထိုကဲ့သို့ ငြီးငွေ့လာလျှင် (ပိုက်ကွန်တွင် မိသောငါးသည် ပိုက်ကွန်မှ လွတ်ထွက်လိုသကဲ့သို့) ထိုသင်္ခါရတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာ ဉာဏ်လည်း ဖြစ်ပေါ်လာတော့လတ္တံ့။

ဘယတော.ပဋ္ဌာနေ နေဝ, အာဒီနဝံ စ ဇာနတော၊
နိဗ္ဗိန္ဒတော သင်္ခါရေသု, ဇာတာ မုစ္စိတုကမျတာ။

သင်္ခါရေသု - ရုပ်နာမ် ၂ ပါး, သင်္ခါရတရားတို့၌၊
ဘယတော.ပဋ္ဌာနေနေ၀ - ကြောက်ဘွယ်ခမန်း, ဘေးဘျမ်းဟု, စေ့ငုဆင်ခြင်, ထင်မြင်နေခြင်းကြောင့် သာလျှင်၊
အာဒီနဝံ - ပြော၍မကုန်, ပြစ်မျိုးစုံကို၊
ဇာနတောစ - သိမြင်သော ဉာဏ်, ထက်သန်သူလည်း ဖြစ်ပေထသော၊
နိဗ္ဗိန္ဒတော စ - ငြီးငွေ့သော ဉာဏ်, ထက်သန်သူလည်း ဖြစ်ပေထသော၊
ယောဂိနော - ၅ ကြိမ် ၆ ကြိမ်, ဉာဏ်ဝရဇိန်ဖြင့်, အရှိန် ထက်မြက်, ဆက်လက် အားထုတ်သောပုဂ္ဂိုလ်၏၊
မုစ္စိတုကမျတာ - သင်္ခါရစက် သံသာဘက်မှ, လွတ်ထွက်လိုဟန်, ထက်မြက်သောဉာဏ်သည်၊
ဇာတာ - ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဘို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍လာပေသတည်း။

.

ပဋိသင်္ခါဉာဏ်

သင်္ခါရတို့၌ အနိစ္စ ဒုက္ခ အနတ္တ ထပ်မံရှုသော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏၊

[ပဋိ - တဘန် + သင်္ခါ - ရှုတတ်သောဉာဏ်၊]

မုစ္စိတုကမျတာဉာဏ်ဖြင့် သင်္ခါရတို့မှ လွတ်မြောက်လိုရုံသာ ရှိသေး၏, တကယ် မလွတ်နိုင်သေး၊ ဤ ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို စွန့်လွှတ်တော့မည်၊ သို့သော် စွန့်လွှတ်ခါနီး၌ ယုတ်ခနဲ မလွှတ်လိုက်သေးဘဲ ကြပ်ကြပ်နွံနာအောင် (နိစ္စ သုခ အတ္တဟု နောင်ခါ မစွဲလမ်းနိုင်အောင်) တဘန်ထပ်၍ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုပြန်လေသည်၊

ဥပမာ-

တံငါသည် တယောက် ငါးဖမ်းရာဝယ် ရှည်လျားသော အကောင်ကြီးကို ရေထဲ၌ လည်စေ့ ဆုပ်မိရာ “အင်မတန့် ငါးမြွေကြီးကို ဖမ်းမိပြီ”ဟု ရွှင်လန်းအားရလျက် ရေမှ ဖေါ်ထုတ်လေလျှင် မြွေဆိုး၏ အမှတ် လက္ခဏာ ဖြစ်သော လည်ရေးသုံးဆင့်ကို မြင်လေသော် ကြောက်ရွံ့လျက် စိတ်ပျက်ပျက်နှင့် လွှတ်ပစ်လို ပါသော်လည်း အလွှတ်တွင် မိမိလက်ကို ကိုက်သွားမည်စိုးသောကြောင့် ယုတ်တရက် မလွှတ်သေးဘဲ ချာချာလည်အောင် ရစ်ပတ်၍ အတော်နွံနာမှ လွှတ်ပစ်လိုက်ရသကဲ့သို့,

ထို့အတူ သင်္ခါရ ရုပ်နာမ်တို့ကို ပင်ကိုယ်က အတော် နှစ်သက်ခဲ့ပြီးနောက် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ တွေကို တွေ့မြင်ရသည့်အခါကျမှ ဘယ အာဒီနဝ နိဗ္ဗိဒါ မုစ္စိတုကမျတာဉာဏ်တို့ အစဉ်အတိုင်း ဖြစ်ပြီးလျှင်, ယခုအခါ စွန့်ပစ်ဘို့ရာ အနိစ္စ စသော လက္ခဏာများကို ထပ်မံရှုပြန်ရသည်။

.

သင်္ခါရုပေက္ခာဉာဏ်

ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို စွန့်လွှတ်လိုက်ပြီးနောက် သင်္ခါရတို့၌ ဘယ အာဒီနဝ စသည် ဖြင့် မရှုတော့ဘဲ လစ်လျူရှုနိုင်သောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ်မည်၏၊

ဤ ဉာဏ်ဖြင့် လစ်လျူရှုသည်-ဟု ဆိုသော်လည်း လုံးလုံး အာရုံမပြုဘဲနေလို့ မဖြစ်, ဝိပဿနာဉာဏ် ဟူသမျှ သင်္ခါရ ရုပ်နာမ်ကိုပင်အာရုံ ပြုရ၏။ သို့သော် အာရုံပြုသည့်အခါ သာယာ နှစ်သက်ခြင်းလည်း မရှိ, ကြောက်မက်ဘွယ် ဟူ၍လည်း ဂရုမစိုက်ဘဲ လစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တ ဟုဆင်ခြင်နေခြင်းသာ ဖြစ်သည်၊

ဥပမာ-

မယားကို ချစ်ခင်သော ယောက်ျားသည် တပါးသူနှင့် ဖေါက်ပြား နေသည်ကို တွေ့မြင်၍ ထိုမယား၌ ကြောက်ရွံ့ခြင်း အပြစ် မြင်ခြင်းတို့နှင့် ရောနှောကာ မကြာခင် ကွာရှင်းလိုက်၏၊ ထို့နောက် ထိုမယားကို ချစ်လည်းမချစ်, တပါးသူနှင့် ဖေါက်ပြားသည်ကို မြင်သော်လည်း ထူးခြား၍ အပြစ်မမြင်, ဘာဘဲဖြစ်ဖြစ် ဟု လစ်လျူရှု သကဲ့သို့တည်း။

မုစ္စိတုံ ကာမတောယေဝ, ပဋိသင်္ခါယ ဇာနတော၊
သင်္ခါရုပေက္ခာ နာမံ ဉာဏံ, ဇာတံ နဝမ ယောဂိ နော။

မုစ္စိတုံ - သင်္ခါရခပင်း, လွတ်မြောက်ခြင်းငှါ၊
ကာမတော ယေဝ - မြော်လင့်ငံ့စား, လိုလားခြင်းကြောင့်သာလျှင်၊
ပဋိသင်္ခါယ - အနိစ္စ ဒုက္ခ အနတ္တ ဟု, ကြည့်ရှုတဘန်, ဆင်ခြင်သောဉာဏ်ဖြင့်၊
ဇာနတော - နိစ္စ သုခ, အတ္တကင်းစင်, သိမြင်လျက်ရှိသော၊
နဝမယောဂိနော - နဝမအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊
သင်္ခါရုပေက္ခာနာမံ ဉာဏံ - အကြောက်မဘက်, မနှစ်သက်ဘဲ, ပစ်စလက်ခတ်ဟု, လစ်လျူရှုသော ဉာဏ်သည်၊
ဇာတံ - ဒုက္ခခပ်သိမ်း ဝဋ်ဇာတ်ငြိမ်းဘို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍ လာပေသတည်း။

.

အနုလောမဉာဏ်

ဤဉာဏ်မှ တဆင့်တက်လျှင် မဂ်ဖိုလ် ရောက်တော့မည်၊ သို့အတွက် အထက်မဂ်ခဏ်း၌ ရလတ္တံ့သော ဗောဓိပက္ခိယ တရားအား၎င်း ဥဒယဗ္ဗယ စသော အောက်ဉာဏ် ၈ ပါး အား၎င်း လျော်သောကြောင့် ဤဉာဏ်ကို အနုလောမဉာဏ် ဟု ခေါ်သည်၊

ချဲ့ဥုးအံ့ -

အနုလောမဉာဏ်သည် ရှေးဉာဏ်များ၏ ဆိုင်ရာကိစ္စကို ခွင့်ပြု ကျေနပ်သကဲ့သို့, အနိစ္စ ဒုက္ခ အနတ္တ ဟု ထပ်၍ ရှုတုန်းပင်ဖြစ်၏၊ ထို့ကြောင့် ရှေးဉာဏ် ၈ ပါးနှင့် မဆန့်ကျင် - အလျော်ပင် ဖြစ်၏၊ ပင်ကိုယ် ရည်ရွယ်ရင်းက မဂ်ခဏ၌ ဗောဓိပက္ခိယ တရားတို့ကို ရအောင်ရည်ရွယ်ခဲ့၏၊ ထို ရည်ရွယ်ချက်အတိုင်း ထိုတရားများကို ဧကန် ရတော့မည်ဖြစ်၍ ထို ဗောဓိပက္ခိယ တရားတို့အားလည်း လျော်၏၊

ဥပမာ ...

ဘုရင်၏ ရှေ့တော်မှောက်၌ အမတ်ကြီး ၈ ယောက်တို့ ရာဇသတ်နှင့်အညီ တရား စီရင်လေရာ, ဘုရင်မင်းမြတ်ကလည်း “အမတ်ကြီးများ စီရင်ချက်အတိုင်း တည်စေ”ဟု အမိန့်ချမှတ်၏၊ ဤ၌ ဘုရင်၏ အမိန့်သည် အမတ်ကြီး ၈ ယောက်၏ စီရင်ချက်နှင့်၎င်း အထက် ရာဇသတ်ကျမ်းနှင့်၎င်း လျော်သကဲ့သို့ တည်း၊

အနုလောမဉာဏ် ဟူသည် မဂ္ဂဝီထိ၌ပါသော ပရိကမ် ဥပစာ အနုလုံကိစ္စ တပ်သော ဉာဏ်ပင်တည်း၊ ဂေါတြဘုကား သင်္ခါရကို အာရုံ မပြု, နိဗ္ဗာန်ကိုသာ အာရုံပြုသောကြောင့် ဝိပဿနာဉာဏ်၌ မဝင်၊ သို့သော် ဝိပဿနာ ဉာဏ်များ၏ အထွဋ် ဥုးခေါင်းနှင့် တူသောကြောင့် ဝိပဿနာတွင် သွင်းယူရာ၏။

.

အနုလောမဉာဏ် ပေါ်လာပုံ

သင်္ခါရုပေက္ခာဉာဏ်ဖြင့် သင်္ခါရတို့၌ လစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုဆင်ခြင်ဘန် များလတ်သော် သင်္ခါရတို့ကို အာရုံမပြုလိုဘဲ သင်္ခါရတို့မှ တွန့်ဆုတ်လျက် သင်္ခါရ လွတ်ကင်းရာ နိဗ္ဗာန်ကိုသာ စိတ်ညွတ် နေတော့၏၊ သို့သော် နိဗ္ဗာန်ကို တိုက်ရိုက် မမြင်ရသေး သဖြင့် နိဗ္ဗာန်ကို ရှာဘွေရင်းပင် သင်္ခါရတို့ကို အာရုံပြုနေရသေးသည်။

ဥပမာ -

ယခုလို စက်သင်္ဘောများ မထွန်းကားမီ ရွက်လှေကြီးများဖြင့် သမုဒြာဝယ် ကူးသန်းရသော အခါတုန်းက ကုန်သည်တို့သည် လှေပေါ်၌ ကျီးငှက်ကို ယူဆောင်သွားပြီးလျှင် ကမ်းကို မမြင်ရသည့်အခါ ထို ကျီး ငှက်ကို လွှတ်ကြရကုန်သတတ်၊ ထိုကျီးသည်ကမ်းကို ပျံသန်း ရှာဘွေစဉ် ကမ်းမမြင် သေးသမျှ လှေသို့ပြန်လာ၍ ရွက်တိုင်၌ နား၏၊ ထို့နောက် ရှာပြန်၏, မမြင်လျှင် ရွက်တိုင်မှာ လာနား၏၊ ကမ်းမြင်သည့် အခါ၌ကား လှေသို့ မပြန်လာတော့ဘဲ တဟုန်ထည်း ကမ်းရောက်အောင် ပျံသန်းလေတော့၏။

ထို့အတူ ယောဂီ၏စိတ်သည်လည်း နိဗ္ဗာန် မမြင်သေးသမျှ သင်္ခါရကို အာရုံပြုကာ ပြုကာ နိဗ္ဗာန်ကိုသာ ရှာဘွေနေ၏၊ နိဗ္ဗာန် မြင်လောက်သည့် အကြိမ်၌ကား ပရိကမ် ဥပစာ အနုလုံ ဟု အနုလောမဉာဏ် ပေါ်လာပြီးနောက် ဂေါတြဘုဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက် မဂ်ဖိုလ် ရောက်အောင် တိုးတက်လေတော့သည်၊

ဤသို့လျှင် ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ် တိုင်အောင် အဆင့်ဆင့် တိုးတက်လာသော ဝိပဿနာဉာဏ် ၉ ပါးကို ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိဟု ခေါ်သည်၊

သင်္ခါရာ လီနစိတ္တဿ, ဝီတသင်္ခါရ.မေသတော၊
အနုလောမနာမံ ဉာဏံ, ဇာတံ ဒသမယောဂိနော။

သင်္ခါရာ - ရုပ်နာမ် ၂ ပါး, သင်္ခါရတရားမှ၊
လီနစိတ္တဿ - အာရုံမျှကို မပြုလိုသဖြင့်, တွန့်တိုဆုတ်နစ်, စိတ်ရှိသည်ဖြစ်၍ သာလျှင်၊
ဝီတသင်္ခါရံ - သင်္ခါရ ခပ်သိမ်းတို့, ဇာတ်ငြိမ်းရာမှန်, ဧးနိဗ္ဗာန်ကို၊
ဧသတော - စွဲလမ်း နှစ်သက်, ရှာကြံလျက်ရှိသော၊
ဒသမယောဂိနော - ဒသမအဆင့်, ဉာဏ်ကုန်လွှင့်၍ အသင့် ကြိုးကုတ်, အားထုတ်သော ပုဂ္ဂိုလ်၏၊
အနုလောမနာမံဉာဏံ - ရှေ့နောက် လျော်ကန်, အနုလောမ မည်သော ဉာဏ်သည်၊
ဇာတံ - ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဘို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍ လာပေသတည်း။

.

မဂ်ရခါနီး စိတ်အစဉ်

တဿေဝံ ပဋိပဇ္ဇန္တဿ မှစ၍ ပဝတ္တန္တိ တိုင်အောင်သော စကားရပ်ကား ဆိုခဲ့ပြီးသော အနုလောမဉာဏ်ကို ပြသော စကားရပ်တည်း၊

ထို စကားရပ်၌ ဒွေတီဏိ ဝိပဿနာစိတ္တာနိ ဟူသည် ပရိကမ် ဥပစာ အနုလုံ မည်သော ဝိပဿနာ စိတ်များတည်း, တိက္ခ ပုဂ္ဂိုလ် အတွက် ၂ ကြိမ်, မန္ဒပုဂ္ဂိုလ်အတွက် ၃ ကြိမ်ဖြစ်ပုံကို မဂ္ဂဝီထိအတိုင်း သိလေ၊ [အားလုံး မှတ်ဘွယ်ကို ဝီထိပိုင်း ဝီထိဆိုရိုး အပ္ပနာ ဇဝနဝါရ၌ ပြထားပြီ။]

.

ဝုဋ္ဌာနဂါမိနိ ဝိပဿနာ

မဂ်တရားကို ဝုဋ္ဌာနဟုခေါ်၏၊ ထိုဝုဋ္ဌာနမည်သောမဂ်သို့ ရောက်ကြောင်း ဖြစ်သော (မဂ်နှင့် နီးကပ်နေသော) ဝိပဿနာသည် ဝုဋ္ဌာနဂါမိနိ ဝိပဿနာ မည်၏၊

ချဲ့ဥုးအံ့ -

မဂ်တရား မှန်လျှင် သင်္ခါရကို အာရုံမပြု နိဗ္ဗာန်ကိုသာ အာရုံပြု၏၊ ထို့ကြောင့် မဂ်သည် သင်္ခါရ တည်း ဟူသော အာရုံ နိမိတ်မှ ထမြောက်၏၊ မဂ်ကိုရလျှင် သံသရာဝဋ်၌ ကြာရှည်စွာ ခန္ဓာအစဉ် မဖြစ်တော့ပြီ၊ သောတာပတ္တိမဂ် ရလျှင်ပင် ကာမဘုံ၌ ၇ ဘဝမျှသာ ဖြစ်ခွင့် ရှိတော့၏၊ ထို့ကြောင့် မဂ်တရားသည် အစဉ်မပြတ် ဖြစ်ဘွယ်ရှိသော ဝဋ်ခန္ဓာ မှလည်း ထမြောက်တတ်၏၊ ဤသို့ သင်္ခါရနှင့် ဝဋ္ဋပဝတ္တမှ မြောက်တတ်သောကြောင့် မဂ်ကို ဝုဋ္ဌာန ဟု ခေါ်သည်၊ ထို ဝုဋ္ဌာနမည်သော မဂ်သို့ရောက်ကြောင်း ဝိပဿနာကား သင်္ခါရုပေက္ခာဉာဏ်၏ နောက်ဆုံး အပိုင်းနှင့် အနုလောမဉာဏ်ပင်တည်း၊

ထိုစကား မှန်၏ -

သင်္ခါရုပေက္ခာဉာဏ်ကို ရှေ့ပိုင်း အလယ်ပိုင်း မဂ္ဂဝီထိနှင့် ဆက်သွယ်နေသော နောက်ဆုံး အပိုင်းဟု ၃ ပိုင်း ခွဲရာ၏၊ ထိုတွင် ရှေ့ပိုင်း အလယ်ပိုင်းတို့သည် ဤ ဝုဋ္ဌာနဂါမိနိ ပိပဿနာနှင့် မသက်ဆိုင်၊ မနောဒွါရာဝဇ္ဇန်း နောက် ဇော ၇ ကြိမ် ဟူသော သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပြီးလျှင် ဘဝင် အနည်းငယ် ခြား၍ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်းတို့နောက် ပရိကံ ဥပစာ အနုလုံ ဟု အနုလောမဉာဏ်ဖြစ်၏၊ (ထို့နောက် ဂေါတြဘု ဆက်၍ မဂ်ဖိုလ် ဖြစ်တော့လတံ့၊)

ထိုသို့အနုလောမဉာဏ်နှင့် ဆက်စပ် ကပ်နေသော သင်္ခါရုပေက္ခာဉာဏ် နောက်ဆုံး အပိုင်းနှင့် အနုလောမ ဉာဏ်သည် ဝုဋ္ဌာနဂါမိနိ ဝိပဿနာ မည်၏၊

“ဝုဋ္ဌာနံဂစ္ဆန္တိ ဧတာယာတိ ဝုဋ္ဌာနဂါမိနီ”

ဧတာယ - ဤဝိပဿနာဖြင့်၊
ဝုဋ္ဌာနံ - သင်္ခါရနိမိတ္တ ဝဋ္ဋပဝတ္တမှ ထမြောက်သောမဂ်သို့၊
ဂစ္ဆန္တိ - ရောက်ရကုန်၏၊
ဣတိ - ကြောင့်၊
ဝုဋ္ဌာနဂါမိနီ - မည်၏။

[အစဉ်မပြတ် ဖြစ်သော ဝဋ်ခန္ဓာကို ဝဋ္ဋပဝတ္တ ခေါ်သည်။]

သင်္ခါရဘူတနိမိတ္တ-ဝဋ္ဋက္ခန္ဓ ပဝတ္တတော၊
ဝုဋ္ဌာနံ ယာယ ဂစ္ဆန္တိ, ဧသာ ဝုဋ္ဌာနဂါမိနီ။

.

ဂေါတြဘုစိတ်

ပုထုဇ္ဇန ဂေါတ္တံ အဘိဘဝန္တံ ဖြင့် “ဂေါတ္တံ ဘဝတိ အဘိ သမ္ဘုဏာတီတိ ဂေါတြဘု” ဟု ဝိဂြိုဟ်ပြ၏။

ဂေါတ္တံ - ပုထုဇဉ်အနွယ်ကို၊
ဘဝတိအဘိဘဝတိ - လွှမ်းမိုးတတ်၏၊
ဣတိ - ကြောင့်၊
ဂေါတြဘု - မည်၏၊

ဤ၌ ဂေါတ္တ အရ ပုထုဇဉ် အနွယ်ဟူသည် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ မကင်းသော ခန္ဓာအစဉ်တည်း၊ ဂေါတြဘုစိတ် ဖြစ်သည့်အခါ ထို ပုထုဇဉ် အနွယ်ကို လွှမ်းမိုးနိုင်ပြီ၊

- အရိယ ဂေါတ္တံ အဘိသမ္ဘောန္တံ ဖြင့် “ဂေါတ္တံ ဘဝတိ အဘိသမ္ဘုဏာတီတိ ဂေါတြဘု”ဟု ဝိဂြိုဟ်ပြ၏၊

ဂေါတ္တံ - အရိယာအနွယ်သို့၊
ဘဝတိ အဘိသမ္ဘုဏာတိ - ရောက်တတ်၏၊

[ဤ၌ ဘူဓာတ်သည် “ ဘူ=ပတ္တိယံ” ဟူသော ဓာတ်ကျမ်းအတိုင်း ရောက်ခြင်းအနက်ကိုဟော၏၊]

အရိယာအနွယ် ဟူသည် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းပြီးသော ခန္ဓာအစဉ်တည်း၊ ဂေါတြဘုစိတ်ဖြစ်သည့် အခါ ထိုအရိယာအနွယ်သို့ မရောက်သေးသော်လည်း ရောက်တော့မည် ဖြစ်၍ သမီပူပစာ အားဖြင့် ရောက်သည်-ဟု ဆိုသည်။

.

နိဗ္ဗာနံ အာလမ္ဗိတွာ -

ဂေါတြဘုသည် မိမိက ဆင်ခြင်ပေးမည့် အာဝဇ္ဇန်း မရှိဘဲလျက်ပင် နိဗ္ဗာန်ကို အာရုံပြုနိုင်သည်၊

ထင်ရှားစေအံ့ -

မြောင်းငယ် တခုကို ခုန်၍ ကူးသော ယောက်ျားသည် အဝေးမှ အပြေးလာပြီးလျှင် မြောင်း အထက်က သစ်ကိုင်းမှ ကျသော နွယ်ကြိုးကို ကိုင်၍ဖြစ်စေ ဒုတ်ထောက်၍ဖြစ်စေ မြောင်းကိုခုန်လိုက်ပြီးနောက် ဟိုဘက်ကမ်း အထက်သို့ ရောက်သည့်အခါ ကြိုး, သို့မဟုတ် ဒုတ်ကို လွှတ်လိုက်သည်နှင့် တပြိုင်နက် ဟိုဘက်ကမ်းက မြေ၌ ခြေထောက်မိသကဲ့သို့,

ထို့အတူ ဥဒယဗ္ဗယ ဉာဏ်မှစ၍ ဉာဏ်အဟုန်ဖြင့် ပြေးလာခဲ့ရာ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပြီးနောက် ဘဝင်ကျ၍ မနောဒွါရာဝဇ္ဇန်းဖြင့် ရုပ်တရား တည်းဟူသော ကြိုး သို့မဟုတ် နာမ်တရား တည်းဟူသော ဒုတ်ကို ကိုင်၍ ပရိကမ်ဇောဖြင့် နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့ ခုန်လိုက်သည့်အခါ ဥပစာဇောဖြင့် မြောင်းလယ်သို့ ရောက်, အနုလုံဇောဖြင့် နိဗ္ဗာန်ကမ်း အထက်သို့ ရောက်, ထို့နောက် ရုပ်နာမ် တည်းဟူသော ကြိုး ဒုတ်ကို လွှတ်လိုက်သည်နှင့် တပြိုင်နက် နိဗ္ဗာန်တည်းဟူသောကမ်းထက်မှ ဂေါတြဘုခြေ နင်းမိလေသည်။

[သို့ရာဝယ် နှင်းမိခါစ၌ မခိုင်မြဲသေး, မဂ်ခဏကျမှ ခိုင်မြဲစွာ ထောက်မိလေသည်၊]

ဤ ဥပမာအရ မဂ္ဂဝီထိ၌ အကြောင်းအားလျော်စွာ မနောဒွါရာဝဇ္ဇန်း စသော ရှေ့စိတ်များက သင်္ခါရကို အာရုံပြု၍ ဂေါတြဘု မဂ် ဖိုလ်တို့က နိဗ္ဗာန်ကို အာရုံပြုသဖြင့် တဝီထိအတွင်း၌ အာရုံချင်း ကွဲပြားရလေသည်။

.

အနုလောမဉာဏ်နှင့် ဂေါတြဘု သတ္တိထူး

ပရိကမ် စသော အနုလောမဉာဏ်သည် မောဟမှောင်ကိုသာ ပယ်နိုင်၏၊ နိဗ္ဗာန်ကို မမြင်နိုင်၊

ဂေါတြဘုသည် နိဗ္ဗာန်ကိုသာမြင်နိုင်၏, မောဟကို မပယ်နိုင်၊

ဥပမာ -

နက္ခတ်ဆရာသည် ညဉ့်အခါ၌ လကို ကြည့်ရှုလေသော် တိမ်တိုက် ဖုံးကွယ်နေသဖြင့် နက္ခတ်ကို မမြင်ရ၊ ထိုအခါ မကြာခင် လေလာသဖြင့် ခပ်ကြမ်းကြမ်း တိမ်တွေ ကင်းစင်လေ၏၊ ဒုတိယလေ လာပြန်ရာ အလတ်စား တိမ်လွှာများကို လွှင့်သွားပြီးနောက် တတိယ လေပေါက်မှ တိမ်လွှာအားလုံး လွင့်စင်သဖြင့် လကို မြင်ရလေသည်၊

ထို့အတူ နိဗ္ဗာန်တည်းဟူသော လမင်းကို ကြည့်ရှုရာဝယ် မောဟမှောင် ကွယ်ကာသဖြင့် မမြင်ရဘဲရှိလေရာ, ပရိကမ် ဥပစာ အနုလုံ ဟူသော လေ ၃ ကြိမ်အစဉ်အတိုင်းလာမှ မောဟမှောင် ကင်းစင်၍ ဂေါတြဘုဖြင့် နိဗ္ဗာန်တည်းဟူသော လမင်းကို မြင်ရလေသည်၊

ဤသို့လျှင် ဂေါတြဘုသည် နိဗ္ဗာန်ကို ပဌမဆုံး မြင်ရသည်အတွက် မဂ်၏ ရှေ့က ဆင်ခြင်ပေးသည့် အာဝဇ္ဇန်း အရာ၌ တည်သည်ဟု ပြောစမှတ်ပြုကြ၏။

.

မဂ်စိတ် ပေါ်လာပုံ

ဂေါတြဘုစိတ် ချုပ်ပြီးနောက် ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေတတ်သော မဂ်စိတ်ပေါ်လာ၏၊

ထင်ရှားစေအံ့ -

ဆီမီးသည် -

  • မီးစာကိုလောင်ခြင်း၊
  • အမှောင်ကို ပယ်ခြင်း၊
  • အလင်းကို ပြခြင်း၊
  • ဆီကို ကုန်စေခြင်း

ဤ ကိစ္စ ၄ ချက်ကို တပြိုင်နက် ပြီးစေသကဲ့သို့ -

မဂ်တရားလည်း -

  1. ဒုက္ခသစ္စာကို “ဤမျှသာရှိ၏, ဤလောကီ စိတ် စေတသိက် ရုပ်ထက် အပိုမရှိ”ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ,
  2. သမုဒယသစ္စာ တဏှာလောဘကို ပယ်စွန့်ခြင်း ဟူသော ပဟာနကိစ္စ,
  3. နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကရိယာကိစ္စ,
  4. မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းဟူသော ဘာဝနာကိစ္စ,

ဤ ကိစ္စ ၄ ချက်ကို တပြိုင်နက်ပြီးစေနိုင်သည်၊

ဤ အရာဝယ် အာရမဏပဋိဝေဓ အသမ္မောဟပဋိဝေဓ ဟု ပဋိဝေဓ ၂ မျိုးကို မှတ်သားရာ၏၊

မဂ်ခဏ၌ နိဗ္ဗာန်ကို သိရခြင်းမှာ အာရုံပြုလျက် သိရသော အာရမဏပဋိဝေဓ အသိတည်း၊

ဒုက္ခသစ္စာကို သိရခြင်းကား ယုံမှားတွေဝေခြင်း မရှိဘဲ ရှင်းပြီး လင်းပြီးသားဖြစ်သော အသမ္မောဟပဋိဝေဓ အသိတည်း၊

ဆိုလိုရင်းကား -

မဂ်ခဏ၌ ဒုက္ခသစ္စာကို အာရုံ မပြုပေ၊ သို့သော် နိဗ္ဗာန်ကိုအာရုံပြုရင်းပင် ဒုက္ခသစ္စာအပေါ်၌ တွေဝေခြင်း မရှိဘဲ ရှင်းလင်းပြီး ဖြစ်သွားသောကြောင့် အသမ္မောဟ ပဋိဝေဓ အသိဖြင့် “ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသည်” ဟုဆိုလိုသည်၊

[“စတ္တာရိ သစ္စာနိ - သစ္စာ ၄ ပါးတို့ကို၊
ဧကပ္ပဋိဝေဓာနိ - တခုထည်းသော ဉာဏ်ဖြင့် တပြိုင်နက်သိအပ်ကုန်၏”
ဟုဆိုရာ၌လည်း နိရောဓသစ္စာကိုသာ အာရုံပြုလျက် တိုက်ရိုက်သိသည်၊ ကျန်သစ္စာ ၃ ပါး၌ ကား မတွေ မဝေသောအားဖြင့် ရှင်းလင်းပြီး ဖြစ်နေသော အသမ္မောဟပဋိဝေဓ သာတည်း၊
နိရောဓသစ္စာ အတွက်မှာ အာရမဏပဋိဝေဓ သာမက, နိဗ္ဗာန်၌ ယုံမှားတွေဝေခြင်း မရှိသော အသမ္မောဟပဋိဝေဓလည်း ရနိုင်သည်ပင်၊
ဤ ၂မျိုးလုံးသော အသိသည် မဂ္ဂသစ္စာတွင် ပါဝင်သော သမ္မာဒိဋ္ဌိဉာဏ် တခုထည်း၏ စွမ်းရည်သတ္တိတည်း။]

.

[မဟာဋီကာ]

နိရောဓံ ၊ပေ၊ ပဋိဝိဇ္ဈတီတိ ဧတေန နိရောဓ သစ္စ.မေကံ အာရမဏ ပဋိဝေဓေန စတ္တာရိ သစ္စာနိ အသမ္မောဟ ပဋိဝေဓေန မဂ္ဂညာဏံ ပဋိဝိဇ္ဈတိ။

.

ပစ္စဝေက္ခဏာ ဝီထိ

ဖိုလ်ဇော ၂ ကြိမ် ၃ ကြိမ်နောင် ဘဝင်ကျ၍ ဘဝင်အစဉ်ပြတ်သည့်အခါ -

  1. ငါသည် ဤ မဂ်ဖြင့် နိဗ္ဗာန်ကိုရပြီ ဟု မဂ်ကို ဆင်ခြင်သောဝီထိ,
  2. မဂ်အကျိုးကိုလည်း ခံစားရပေပြီ ဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ,
  3. နိဗ္ဗာန်ကို မျက်မှောက် ပြုရပေပြီ ဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ
  4. ဤမျှလောက်သော ကိလေသာကို ပယ်ပြီးပြီ ဟု ပဟီန ကိလေသာကို ဆင်ခြင်သော ဝီထိ,
  5. ဤမျှလောက်သော ကိလေသာများ ကျန်သေးသည် ဟု သေသ ကိလေသာကို ဆင်ခြင်သော ဝီတိ,

ဤသို့ ပစ္စဝေက္ခဏာဝီထိ ၅ မျိုးဖြစ်၏၊

ထိုတွင် “မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ ပစ္စဝေက္ခတိ” ဟုဆိုသောကြောင့် မဂ် ဖိုလ် နိဗ္ဗာန် တို့ကို ဆင်ခြင်သော ဝီထိ ၃ မျိုးမှာ ဧကန် ဖြစ်ရမည်ဟု၎င်း၊ “ဟီနေ ကိလေသေ သေသေ စ, ပစ္စဝေက္ခတိ ဝါနဝါ” ဟု ဆိုသောကြောင့် ပဟီန ကိလေသာ သေသ ကိလေသာကိုဆင်ခြင်သော ဝီထိကား အချို့ပုဂ္ဂိုလ်၌သာဖြစ်၍ အချို့ပုဂ္ဂိုလ်၌ မဖြစ်ဟု၎င်း သင်္ဂြိုဟ်ကျမ်းက အယူရှိ၏၊

ခုနစ်နှစ် အယွယ် သူငယ်များပင် မဂ် ဖိုလ်ကို ရကြသဖြင့် ထို သူငယ်တို့သည် ပယ်အပ် ပြီးသော ကိလေသာ ကြွင်းကျန်သော ကိလေသာ တို့ကို ခွဲခြား၍ သိဘို့ မလွယ်၊ ဘုရားရှင်၏ နောင်တော်ဖြစ်သော သကဒါဂါမ် တည်ပြီး မဟာနာမ်မင်းကြီး သည်ပင်လျှင် ကျန်ကိလေသာကို မသိသည့်အတွက် “တပည့်တော်များ အဘယ် ကိလေသာတို့ကို မပယ်အပ်ပါသနည်း”ဟု ဘုရားရှင်အား လျှောက်ထားဘူးလေသည်၊

ထို့ကြောင့် “ပဟီန ကိလေသာ သေသကိလေသာတို့ကို တချို့ပုဂ္ဂိုလ် ဆင်ခြင်နိုင်၍ တချို့မဆင်ခြင်နိုင်” ဟူသော စကား၌ အယူအဆ တူမျှပေ၏

“မဂ် ဖိုလ် နိဗ္ဗာန်ကို ဧကန်ဆင်ခြင်ကြသည်”ဟု တထစ်ချ ဆိုသောစကား၌ကား အယူအဆ မတူကြပေ

“သာ ပန န သဗ္ဗေသံ ပရိပုဏ္ဏာ ဟောတိ၊ ဧကော ဟိ ပဟီန ကိလေသ မေဝ ပစ္စဝေက္ခတိ, ဧကော အဝသိဋ္ဌကိလေသမေဝ, ဧကော မဂ္ဂမေဝ, ဧကော ဖလမေဝ, ဧကော နိဗ္ဗာနမေဝ၊ ဣမာသု ပန ပဉ္စသု ပစ္စဝေက္ခဏာသု ဧကောဝါ ဒွေဝါ နော လဒ္ဓုံ န ဝဋ္ဋတိ”

ဟူသော စူဠဒုက္ခက္ခန္ဓ သုတ္တဋ္ဌကထာ အလိုမှာ “ပစ္စဝေက္ခဏာဝီထိ ၅ မျိုးတွင် တမျိုးဖြစ်စေ ၂ မျိုး ဖြစ်စေ ဧကန်ရမည်၊ သို့သော် မည်သည့် ဝီထိဟု အတိကျ မဟုတ်, တချို့ပုဂ္ဂိုလ်က ပဟီနကိလေသာကိုသာ ဆင်ခြင်၍, တချို့က အဝသိဋ္ဌ ကိလေသာ, တချို့ က မဂ်ဖိုလ် နိဗ္ဗာန်တွင် သင့်ရာ တမျိုးမျိုးကို ဖြစ်စေ ၂ မျိုး ဖြစ်စေ ၃ မျိုးလုံးကို ဖြစ်စေဆင်ခြင်မည်”ဟု ဆိုလိုသည်၊

ထို့ပြင် သင်္ဂြိုဟ်၌ “မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ” စသည်ဖြင့် မဂ္ဂ ပစ္စဝေက္ခဏာကို ရှေးဥုးစွာ ပြသော်လည်း ယခင် အဋ္ဌကထာ၌ ပဟီနကိလေသပစ္စဝေက္ခဏာကို ရှေးဥုးစွာ ပြသောကြောင့် ထိုမဂ် ဖိုလ် စသော အာရုံ ၅ မျိုးတွင် အလိုရှိသလို ရှေ့နောက်စဉ်၍ ဆင်ခြင်ကြပေလိမ့်မည်

ဤသို့လျှင် -

  • သောတာပတ္တိမဂ် ရပြီးနောက် ၅ ဝီထိ,
  • သကဒါဂါမိမဂ် ရပြီးနောက် ၅ ဝီထိ,
  • အနာဂါမိမဂ် ရပြီးနောက် ၅ ဝီထိ,
  • အရဟတ္တမဂ်ရပြီးနောက် (သေသကိလေသာကို ဆင်ခြင်ဘွယ်မလိုသောကြောင့်) ၄ ဝီထိ,

အားလုံးပေါင်းလျှင် ပစ္စဝေက္ခဏာဝီထိ အမျိုးအစား ၁၉ ပါး ရနိုင်သည်။

.

ဉာဏဒဿနဝိသုဒ္ဓိ

သီလ ဝိသုဒ္ဓိစသော ရှေ့ဝိသုဒ္ဓိ ၆ ပါးအစဉ်ဖြင့် အဆင့်ဆင့်တက်၍ ရအပ်သောမဂ်ကို (မဂ် ၄-ပါးလုံးပင်) ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်၊

“စတုဿစ္စံ ဇာနာတီတိ ဉာဏံ, ပစ္စက္ခတော ပဿတီတိ ဒဿနံ, ကိလေသ မလတော ဝိသုဇ္ဈနံ ဝိသုဒ္ဓိ”

သစ္စာ ၄ ပါးကို သိတတ်, မျက်စိဖြင့် မြင်ရသလိုတိုက်ရိုက် မြင်တတ်သောကြောင့် ဉာဏဒဿနမည်၏၊

ကိလေသာ အညစ်အကြေးမှ စင်ကြယ်သော ကြောင့် ဝိသုဒ္ဓိလည်း မည်၏၊

နာမည် ၃ ရပ်ကို ပေါင်းစပ်၍ ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်ဝေါ်အပ်သည်၊

ဝိသုဒ္ဓိ ၇ပါး တွင် သီလ စိတ္တဝိသုဒ္ဓိ ၂ ပါးသည် အခြေခံမူလတည်း၊
ထို ၂ ပါးက မစင်ကြယ်လျှင် အထက် ဝိသုဒ္ဓိများ စင်ကြယ်နိုင်မည် မဟုတ်၊
အထက် ဝိသုဒ္ဓိ ၅ ပါးကား အထည်ကို သရီရတည်း၊
ဤကား အဋ္ဌကထာအဆို။

[ဋီကာကျော်၌ကား ဉာဏဒဿနဝိသုဒ္ဓိ ချန်၍ အလယ် ၄ ပါးကို အထည်ကို သရီရ ဟု ဆို၏၊ ဉာဏဒဿနဝိသုဒ္ဓိကို ဥုးခေါင်းနှင့် ဥပမာပြုလိုဟန် တူသည်။ ဝိသုဒ္ဓိ ၇ ပါးနှင့် သမ္မသနစသော ဉာဏ် ၁၀ ပါးကို ရသင့်သလို တွဲပြပုံမှာ အခြေပြု၌ ပါလေပြီ။]

ဝိမောက္ခ

ပဋိပက္ခတော - ဆန့်ကျင်ဘက် ကိလေသာတို့မှ၊
ဝိမုစ္စတိ - လွတ်မြောက်တတ်၏၊
ဣတိ - ကြောင့်၊
ဝိမောက္ခော - ဝိမောက္ခမည်၏”

ဤဝိဂြိုဟ်အရ မဂ်ကို ဝိမောက္ခဟု ခေါ်၏၊

ပဋိပက္ခတော ဝိမုစ္စိတ္ထ - ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ပြီ” ဟူသော ဝိဂြိုဟ်အရ ဖိုလ်လည်း ဝိမောက္ခမည် နိုင်၏၊

ထိုဝိမောက္ခသို့ ဝင်ရောက်ရာ တံခါးအပေါက်ဝသဘွယ် ဖြစ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဝိမောက္ခမုခ မည်၏၊

[အတ္တာဘိနိဝေသ - အတ္တဟူ၍ စွဲလမ်းစွာ သက်ဝင်နေမှု၊
ဝိပလ္လာသ နိမိတ္တ - “ဝိပရိတော - ဖေါက်ပြန်သော အားဖြင့် + အသနံ - ဖြစ်ခြင်း” အရ အနိစ္စတရားကို နိစ္စဟူ၍ ဖေါက်ပြန်စွာ ထင်မှတ်တတ်သော သညာ စိတ္တ ဒိဋ္ဌိ ဟူသော တရားကို “ဝိပလ္လာသ” ဟု ခေါ်၏၊ ထို ဝိပလ္လာသ တရားသည်ပင် ကိလေသာ ဖြစ်ခြင်း၏ အကြောင်းနိမိတ် ဖြစ်သောကြောင့် “ဝိပလ္လာသနိမိတ်” ဟု ခေါ်သည်၊ တဏှာပဏိဓိ ဟူသည်ကား သင်္ခါရ အာရုံ၌ စွဲမြဲစွာ စိတ်ကို ထားတတ် တောင့်တတတ်သော တဏှာတည်း။]

ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ရုပ်နာမ် တခုခုကို အနတ္တဟု ရှုလျှင် အတ္တဟု စွဲလမ်းချက်ကို စွန့်လွှတ် နိုင်သောကြောင့် သုညတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊
[သုညတ - အတ္တမှ ကင်းဆိတ်သော အခြင်းအရာကို + အနုပဿနာ - အဘန်ဘန် ရှုသော ဝိပဿနာ၊]
ထို သုညတာ နုပဿနာ မည်သော ဝိမောက္ခမုခမှထွက်၍ မဂ်ရလျှင် ထိုမဂ်သည် သုညတ ဝိမောက္ခမဂ် မည်၏၊

ဝုဋ္ဌာနဂါမိနိဝိပဿနာက ရုပ်နာမ် တခုခုကို အနိစ္စဟု ရှုလျှင် နိစ္စဟူ၍ ဖေါက်ပြန်စွာ ထင်မှတ်တတ်သော သညာ စိတ္တ ဒိဋ္ဌိ ဟူသော ဝိပလ္လာသ နိမိတ်ကို စွန့်နိုင်သောကြောင့် အနိမိတ္တာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊
ထို အနိမိတ္တာနုပဿနာ ဟူသော ဝိမောက္ခမုခမှထွက်၍ မဂ်ရလျှင် ထိုမဂ်လည်း အနိမိတ္တဝိမောက္ခမဂ် မည်သည်၊

ဝုဋ္ဌာနဂါမိနိဝိပဿနာက ရုပ်နာမ် တခုခုကို ဒုက္ခဟုရှုလျှင် ရုပ်နာမ် သင်္ခါရ၌ တောင့်တသော တဏှာပဏိမိကို စွန့်လွှတ်နိုင်သောကြောင့် အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊ ထိုမှထွက်၍ မဂ်ရလျှင် ထိုမဂ်လည်း အပ္ပဏိဟိတမဂ် မည်၏၊

ဤကား ဝိပဿနာဂမန၏ အစွမ်းဖြင့် မဂ်၌ နာမည် ၃မျိုးတွင် တမျိုးမျိုး ရနိုင်ပုံတည်း။

[ဝိပဿနာ + အာဂမန - အာဂမန = မဂ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော + ဝိပဿနာ = ဝိပဿနာ။]

တထာ ဖလဉ္ဇ မဂ္ဂါဂမနဝသေန မဂ္ဂဝီထိယံ -

ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သောမဂ်သည် မဂ္ဂါဂမနမည်၏၊

မဂ္ဂဝီထိ၌ ပါသော ဖိုလ် ၂ ကြိမ် ၃ ကြိမ်လည်း မဂ်နာမည်ကို လိုက်၍ နာမည် အမျိုးမျိုးရသည်၊

မဂ်က သုညတဝိမောက္ခမဂ် ဖြစ်လျှင် ဖိုလ်လည်း သုညတ ဝိမောက္ခဖိုလ် မည်၏၊
မဂ်က အနိမိတ္တဝိမောက္ခ ဖြစ်လျှင် ဖိုလ်လည်း အနိမိတ္တ ဝိမောက္ခ
မဂ်က အပ္ပဏိဟိတ ဖြစ်လျှင် ဖိုလ်လည်း အပ္ပဏိဟိတ ဖိုလ်ပင်ဖြစ်သည်-ဟူလို။

[“အာဂစ္ဆတိ ဖလံ ဧတေနာတိ အာဂမနံ၊ မဂ္ဂေါယေဝ အာဂမနံ မဂ္ဂါဂမနံ” တည်း။]

ဖလသမာပတ္တိဝီထိယံ ၊ပေ၊ သုညတာဒိဝိမောက္ခောတိစ ပဝုစ္စတိ -

ဖလ သမာပတ်ဝင်စားခါနီး၌ အနိစ္စ ဒုက္ခ အနတ္တဟု ရုပ်နာမ် တခုခုကို ဝိပဿနာ ရှုရသေး၏၊ ထို့ကြောင့် မဂ္ဂဝီထိတုန်းက မဂ်က သုညတဝိမောက္ခစသောမိမိနာမည်ကို ဖိုလ်အား ဆက်လက်၍ ပေးနိုင်သော်လည်း ဖလသမာပတ္တိ ဝီထိခဏ်း၌ မဂ် မပါတော့ပြီ ဖြစ်၍ မဂ်က ဖိုလ်အား နာမည် မပေးနိုင်တော့ပြီ၊

သမာပတ် မဝင်စားမီက ဖြစ်သော ဝိပဿနာကသာ ဖိုလ်အား သုညတဝိမောက္ခ စသော နာမည် တခုခုကို ပေးနိုင်သည်၊ ဥပမာ - သမာပတ်ရှေ့က ဝိပဿနာသည် သုညတာနုပဿနာ ဖြစ်လျှင် ဖိုလ်အား သုညတဝိမောက္ခဟူသော နာမည် ပေးနိုင်သည်၊ ဤသို့စသည်ဖြင့်သိလေ။

ယထာသကံ ဖလမုပ္ပဇ္ဇမာနံပိ ၏ အဓိပ္ပါယ်ကား —

ဖလသမာပတ် ဝင်စားသည့်အခါ မိမိတည်းဟူသော မဂ်အားလျော်သော ဖိုလ်ပင်ဖြစ်၏၊

ဥပမာ —

ပဌမမဂ်ရတုန်းက သုညတ ဝိမောက္ခမဂ် ဖြစ်လျှင် ဖလသမာပတ် ဝင်စားသည့်အခါ ဖိုလ်လည်း ထို သုညတဝိမောက္ခ၏ အကျိုးဖြစ်သော ဖိုလ်စိတ်ပင်တည်း၊ ထိုသို့ ပဌမ ရခဲ့တုန်းက မဂ်၏ဖိုလ်ပင် ဖြစ်သော်လည်း ထိုမဂ်က ဖလသမာပတ် အတွင်း၌ ဖြစ်သောဖိုလ်အား သုညတ ဝိမောက္ခ စသော နာမည်ကို မပေးနိုင်တော့-ဟူလို၊

အကြောင်းကား -

ပဌမရခဲ့သော မဂ်နှင့် သမာပတ် အတွင်းက ဖိုလ်မှာ အလွန် ဝေးကွာခဲ့ပြီ ဖြစ်၍, ယခု သမာပတ် ဝင်စားခါနီး၌ ဖြစ်သော ဝိပဿနာကသာ ဖိုလ်နှင့်နီးကပ်သောကြောင့်တည်း၊

[ယထာသကံ အရာဝယ် မဏိမဉ္ဇူ၌“ယထာသက” ဟုဖွင့်၏၊
ယထာသကဖလံ - အကြင် အကြင် မိမိ၏ ဥစ္စာဖြစ်သော ဖိုလ်သည်” ဟု အနက်ပေးစေလိုသည်၊
နိဂ္ဂဟိတ်မှာ အာဂုံသာတည်းတဲ့။]

အာရမဏဝသေန ၊ပေ၊ သဗ္ဗတ္ထ သဗ္ဗေသံပိ သမမေဝ -

မဂ် ဖိုလ် တို့၌ သုညတဝိမောက္ခစသော နာမည်ရမှုမှာ ဝိပဿနာနှင့် ဆက်သွယ်၍သာ ရသည်မဟုတ်၊ အာရုံနှင့်ဆက်သွယ်၍၎င်း မိမိပင်ကိုယ် သဘောအားဖြင့်၎င်း သုညတ ဝိမောက္ခ စသော နာမည်များကို ရကြသေး၏၊

ထင်ရှားစေအံ့ -

မဂ်ဖိုလ်တို့၏ အာရုံဟူသည် နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်ကား ရုပ်ပိုင်း နိဗ္ဗာန်ခဏ်း၌ပြခဲ့သည့်အတိုင်း သုညတ အနိမိတ္တ အပ္ပဏိဟိတ အမည် ၃ မျိုးလုံးရ၏၊ ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ်ဖိုလ်များလည်း (အကြောင်း အာရုံ၏အမည်ကို အကျိုးအာရမဏိက မဂ်ဖိုလ် ပေါ်တင်စား၍) သုညတဝိမောက္ခ အနိမိတ္တဝိမောက္ခ အပ္ပဏိ ဟိတဝိမောက္ခ ဟု နာမည် ၃ မျိုးပင် မဂ္ဂဝီထိ၌ဖြစ်စေ ဖလသမာပတ္တိ ဝီထိ၌ ဖြစ်စေ အခါခပ်သိမ်း ရနိုင်ပေသည်၊

မိမိ သဘောအတိုင်း အမည် ၃ မျိုးရပုံကား - မဂ်ဖိုလ်တို့၌ ရာဂ စသော ကိလေသာတို့မှ ကင်းဆိတ် သောကြောင့် အမြဲပင် သုညတဝိမောက္ခ အမည်ရ၏၊

[သင်္ခါရတရားတို့သည် ပရမတ် အထည်ဝတ္ထု ဖြစ်၍ ယောဂီတို့ ဉာဏ်မှာ ပုံသဏ္ဌာန် နိမိတ် ထင်၏၊]

ထိုသင်္ခါရနိမိတ်ကို အာရုံမပြုဘဲ နိဗ္ဗာန်ကို အာရုံပြု သောကြောင့် အမြဲပင် အနိမိတ္တဝိမောက္ခ အမည်ရ၏၊

ရာဂ စသော တောင့်တတတ်သည့် ကိလေသာတို့နှင့် မယှဉ်ရကား အမြဲပင် အပ္ပဏိဟိတ ဝိမောက္ခ မည်၏၊

ဤသို့လျှင် အာရုံအားဖြင့်၎င်း မိမိသဘောအားဖြင့်၎င်း မဂ်ဖိုလ်တို့၌ သုညတဝိမောက္ခ စသောနာမည် ၃ပါးကို အမြဲပင် ရရှိနိုင်လေသည်။

တမျိုးမျိုး ရှုရုံမျှဖြင့် ကိစ္စမပြီး

ဝုဋ္ဌာနဂါမိနိဝိပဿနာသည် အနတ္တဟု ရှုလျှင်”စသည်ဆိုခဲ့ပြီ၊ ထိုစကားအရ အနတ္တဟုဖြစ်စေ, အနိစ္စဟု ဖြစ်စေ, တမျိုးမျိုး ရှုရုံမျှဖြင့် မဂ်ကို ရနိုင်သည်ဟု မှတ်ရမည်လော-ဟု မေး၊

အဖြေကား -

တမျိုးမျိုး ရှုရုံမျှဖြင့် မဂ်ကိုမရနိုင်ပါ၊ သမ္မသန စသော ရှေးရှေး ဉာဏ်အခိုက်၌ အနိစ္စဟု၎င်း, ဒုက္ခဟု၎င်း, အနတ္တဟု၎င်း အမျိုးမျိုး ပြောင်းလွှဲ၍ ရှုခဲ့မည်သာ၊ တဝီထိတည်းဖြင့် ထို ၃ ပါးလုံးကို တပြိုင်နက် မရနိုင် သောကြောင့် ဝုဋ္ဌာနဂါမိနိဝိပဿနာ ဝီထိ ကျသည့်အခါ အနိစ္စ ဖြစ်စေ ဒုက္ခဖြစ်စေ အနတ္တဖြစ်စေ တခုခုကိုသာ ရှုနိုင်ရကား “ယဒိ ဝုဋ္ဌာနဂါမိနိဝိပဿနာ အနတ္တတော ဝိပဿတိ”စသောစကားကို ဆိုပေသည်။

ဣန္ဒြေအားဖြင့် ဝိပဿနာကွဲပြားပုံ

ပညိန္ဒြေ ထက်သူသည် အနတ္တဟု၊
သဒ္ဓိန္ဒြေ ထက်သူသည် အနိစ္စဟု၊
သမာဓိန္ဒြေ ထက်သူသည် ဒုက္ခဟု ရှုလျက်သား ရှိတတ်သည်၊

ချဲ့ဥုးအံ့ —

သင်္ခါရတို့၌ အတ္တမှ ကင်းဆိတ်အောင် ရှုနိုင်သော ဉာဏ်သည် ထက်မြက်သော ဉာဏ်သာ ဖြစ်ထိုက်၏။ ပင်ကိုယ်က ဉာဏ်ထက်သူသည် ထိုကဲ့သို့လေးနက်သော အရာကို ရှာရှာဘွေဘွေ သိချင်တတ်တဲ့ ဝါသနာ ရှိ၏။ သို့ဖြစ်၍ ပညိန္ဒြေထက်မြက်သူသည် သမ္မသနစသော ဉာဏ်အခိုက်၌ အမျိုးမျိုး ရှုစေကာမူ အနတ္တ ဟု ရှုခြင်းသာများရာ၏၊ ထို့ကြောင့် ကမ္မဋ္ဌာန်းပေါက် မဂ်ရောက်ခါနီး အရေးကြီးသော အခိုက်ဝယ် အနတ္တ ဟုသာ ရှုလျက် ရှိတတ်လေသည်၊

သင်္ခါရ တရားတို့၌ အနိစ္စ ဟု ဟောတော်မူသော အချက်ကို နှစ်နှစ်သက်သက် ယုံကြည်မှု အားကောင်းသော သဒ္ဓိန္ဒြေ ထက်သူကား အနိစ္စဟုသာ အရှု များပေလတ္တံ့၊ ထို့ကြောင့် မဂ်ရောက်ခါနီးဝယ် ဝါသနာ အားလျော်စွာ အနိစ္စဟု ရှုလျက်သာရှိပေလိမ့်မည်၊

သမာဓိန္ဒြေ ထက်သူကား “သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော”ဟူသည် နှင့်အညီ တောင့်တ တတ်သော ကာမစ္ဆန္ဒတဏှာ ပဏိဓိက ကင်းဝေးရင်း ရှိသောကြောင့် သင်္ခါရတို့၌ အပ္ပဏိဟိတ အခြင်းအရာ ထင်မြင်သဖြင့် သုခမထင် ဒုက္ခဟုသာ များစွာရှုမြင်ရာ၏၊ ထို့ကြောင့် မဂ်ပေါက်ခါနီး၌လည်း ဒုက္ခဟုသာ ရှုလျက်ရှိလိမ့်မည်။

[ဆောင်]

သဒ္ဓါလွန်လျှင်၊ မမြဲအင်ကို၊ ဆင်ခြင်များဘိ၊ သမာဓိကြောင့်၊ ရှုကြည့်ဒုက္ခ၊ ပညာကြွမှု၊ အတ္တကင်းခဏ်း အရှုစွမ်းသည့်၊ မဂ်နန်းဝင်ဘွယ် လမ်းကြောင်းတည်း။

ပုဂ္ဂလဘေဒ အဖွင့်

သောတာပန် ပုဂ္ဂိုလ်

ခန္ဓာကိုယ်၌ အတ္တ ဟုစွဲလမ်း ထင်မှတ်မှုသည် သက္ကာယဒိဋ္ဌိ မည်၏၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိကြီး တို့သည် ဤ သက္ကာယ ဒိဋ္ဌိကို အရင်းခံ၍ ဖြစ်ကြရ၏၊ သို့ဖြစ်၍ ကိလေသာ ၁၀ ပါးတွင် ဒိဋ္ဌိကိလေသာ အယုတ်ကြမ်းဆုံးတည်း၊

ဝိစိကိစ္ဆာလည်း ဒိဋ္ဌိ၏ နောက်တော်ပါပင် ဖြစ်၏၊ တကယ့် ဘုရား တရား သံဃာကို တွေ့မြင် နေပါလျက်လည်း ယုံမှားတုန်းပင် ရှိ၏၊ ပစ္စုပ္ပန်လောက တမလွန်လောကတွင် ကျင်လည်နေရ ပါလျက်လည်း ထို လောကတွေကို ယုံးမှားနေ၏၊ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ရခြင်းစသော ပဋိစ္စသမုပ္ပါဒ် တရားများ၌လည်း ယုံမှား၏၊

သောတာပန် အလောင်းအလျာ ဖြစ်သူတို့ကား ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းလောက်ကပင် ဤ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကိုအတော်များများ ပယ်ခွာ၍ သံသရာအကြောင်း ရုပ် နာမ် ခန္ဓာ သံသရာ အကြောင်းကို ကောင်းကောင်းကြီး ရိပ်မိခဲ့ရကား သောတာပတ္တိ မဂ်ခဏ၌ ဤဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို အနုသယဓာတ် အကပ် အသတ် ကလေးမျှ မကျန်အောင် ရှင်းလင်း သုတ်သင်လိုက်ကြလေတော့သည်။

ပဟီနာပါယဂမနော -

ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို ပယ်လိုက်သဖြင့် အကုသိုလ်စိတ် ၁၂ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ဝိစိကိစ္ဆာ သဟဂုတ်စိတ်များ မဖြစ်ကြတော့ပြီ၊ ဒိဋ္ဌိဂတဝိပ္ပယုတ် ဒေါသမူ ဥဒ္ဓစ္စသဟဂုတ်စိတ် ၆ ပါးကား ဖြစ်ခွင့် ရှိသေး၏၊ သို့သော် ထို အကုသိုလ်များ၏ အပါယ် ကျစေနိုင်လောက်သော သတ္တိအင်အားကိုလည်း ပယ်ရှား ချိုးဖျက်လိုက်ပြီ

သို့ဖြစ်၍ သောတာပန်ပုဂ္ဂိုလ်ဣဿာ မစ္ဆရိယ အစရှိသောအကုသိုလ် အကြမ်းစားတို့ မဖြစ်နိုင်တော့ပြီ၊ (အဋ္ဌသာလိနီ နိက္ခေပကဏ္ဍ ကြည့်) သောတာပန် မဖြစ်မီက ပြုခဲ့သော အပါယ် ရောက်ကြောင်း မကောင်းမှုများ ရှိကြပေဥုးလတံ့၊ ထို မကောင်းမှုများသည် သူတို့ချည့် သက်သက် အပါယ်မချနိုင်၊ အဝိဇ္ဇာ တဏှာ ဟူသော ဝဋ်မြစ်အဖေါ် ရမှသာ အပါယ် ချနိုင်၏၊

သောတာပန် ပုဂ္ဂိုလ်သန္တာန်၌ အဝိဇ္ဇာ တဏှာ ဟူသော ဝဋ်မြစ်တို့ကား အပါယ်၌ တွယ်ကပ်နိုင်သော အစွမ်းသတ္တိ မရှိကြတော့ချေ၊ ထို့ကြောင့် သောတာပန်မဖြစ်မီက ပြုခဲ့ပြီးသော အပါယ်ရောက်ကြောင်း မကောင်းမှုများလည်း အဝိဇ္ဇာ တဏှာ ဟူသော အဖေါ်အပေါင်းမရသဖြင့် အပါယ်မချနိုင်တော့ပြီ။

သတ္တက္ခတ္တုပရမ -

သတ္တက္ခတ္တုံ ပရမံ ယဿာတိ သတ္တက္ခတ္တုပရမော

ယဿ - အကြင် သောတာပန်၏၊
သတ္တက္ခတ္တု - ခုနစ်ကြိမ်၊
ပရမံ - ပဋိသန္ဓေနေဘို့ရန် အလွန်ဆုံး ပမာဏသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ကြောင့်၊
သတ္တက္ခတ္တုပရမော - မည်၏၊

(ပရမသဒ္ဒါသည် အလွန်ဆုံးပမာဏ ဟူသော အနက်ဟောတည်း၊)

သောတာပန် ဖြစ်ပြီးနောက် အလွန်ဆုံး ခုနစ်ဘဝသာ ပဋိသန္ဓေနေဘွယ် ရှိတော့၏၊ ခုနစ်ဘဝ ပဋိသန္ဓေ နေပြီးလျှင် ဧကန် ရဟန္တာဖြစ်မည်-ဟူလို၊

ထင်ရှားစေအံ့ -

ပုထုဇဉ်ဘဝမှာပင် ပါရမီအခြေခံ ကောင်းသူသည် တဖြေးဖြေး စဉ်းစားဉာဏ်ရင့်လျက် သူတော်ကောင်း စိတ်ဓာတ်များ တိုးပွါးလေ့ ရှိ၏၊ ပျော်မှု ပါးမှု ကိစ္စစုနှင့် ကြုံရသော်လည်း ငြီးငွေ့သော သံဝေဂဉာဏ် ထက်သန်တတ်၏၊ အရှင်သာရိပုတြာ အရှင်မောဂ္ဂလာန် အလောင်းတော် ၂ ပါးသည် ပွဲလမ်းသဘင်ကို ရှုစားရာမှ သံဝေဂရ၍ လူ့ဘောင်ကို ခွါရှောင်တော်မူခဲ့ကြ၏၊

ဤသို့လျှင် ပါရမီအခြေခံ ထက်သန်သော ပုထုဇဉ်များ၌ပင် စဉ်းစားဉာဏ်တိုးပွါး၍ သံဝေဂဉာဏ်ရင့်သန်လေ့ ရှိပေသေး၏၊ ဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် ယုတ်ကြမ်းသော အကုသိုလ်ဓာတ်ကို ဖြတ်တောက်ပြီး သောတာပန်မှာ ဆိုဘွယ်ရာမရှိပြီ၊

သံသရာဝယ် လောကီအာရုံ ကာမဂုဏ်၌ ပျော်ချင်တိုင်းပျော် အပေါင်းအဖေါ် မသူတော်တို့နှင့် တွေ့ချင်တိုင်း တွေ့ ကုသိုလ်တရားဝယ် မေ့နိုင်သမျှ မေ့နေစေကာမူ သံသရာ၌ ငြီးငွေ့ရင်းစွဲဖြစ်သော ဓာတ်ခံသည်ကား အမြဲတိုးပွား ရင့်သန်နေမည်သာ ဖြစ်သောကြောင့် သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့က တိုးတက် လာတိုင်း အကုသိုလ် အနုသယဓာတ်တို့ ဆုတ်ယုတ်ကြရလေတော့သည်၊

သို့ဖြစ်၍ သောတာပန်ဟူသမျှ၌ ခုနစ်ဘဝထက်ပို၍ ပဋိသန္ဓေ နေဘွယ်မရှိတော့ပြီ၊

ထို့ကြောင့် “ဘုသံ ပမတ္တာ န တေ ဘဝံ အဋ္ဌမ-မာဒိယန္တိ ” ဟု ရတနသုတ်၌ ဟောတော်မူသည်။

သောတာပန် ၃ မျိုး

သတ္တက္ခတ္တုပရမပရမပုဒ်က ပဋိသန္ဓေနေခွင့်ရှိသော အလွန်ဆုံး ပမာဏကို ပြသောကြောင့် ခုနစ်ဘဝ အောက် ယုတ်လျော့၍ နေခွင့်ရှိကြောင်းကိုလည်း သိသာ၏၊ ထို့ကြောင့် -

  1. တဘဝသာ ပဋိသန္ဓေ နေခွင့် ရှိသော ဧကဗီဇီသောတာပန်
  2. ၂ ဘဝမှ ၆ ဘဝအတွင်း သင့်သလို ပဋိသန္ဓေ နေခွင့်ရှိသော ကောလံ ကောလ သောတာပန်
  3. ၇ ဘဝ ပဋိသန္ဓေနေခွင့် ရှိသော သတ္တက္ခတ္တုပရမ သောတာပန် -

ဟု သောတာပန် ၃ မျိုး ပြားပြန်သည်၊

ဧကံဗီဇံ ယဿာတိ ဧကဗီဇီ

ယဿ - အကြင်သောတာပန်၏၊
ဧကံ - တခုသော၊
ဗီဇံ - ပဋိသန္ဓေ ဟူသောဘဝမျိုးစေ့သည်၊
အတ္ထိ - ရှိ၏၊

ကုလတော ကုလံ ဂစ္ဆတီတိ ကောလံ ကောလော

ကုလတော - အမျိုးမြတ်တခုမှ၊
ကုလံ - အမျိုးမြတ် တခုသို့၊
ဂစ္ဆတိ - ပဋိသန္ဓေအားဖြင့် လှည့်ပတ်ပြောင်းသွားတတ်၏။

[ သောတာပန် ဖြစ်လျှင် အောက်တန်းစားအမျိုး၌ ပဋိသန္ဓေ မနေရတော့ပြီ။]

၃ မျိုး ကွဲပြားကြောင်း

ပင်ကိုယ်ပါရမီဓာတ်ခံ အလိုက်

  1. နုံ့ညံ့သော သဒ္ဓါ ပညာစသော ဣန္ဒြေရှိသည့် မုဒိန္ဒြိယပုဂ္ဂိုလ်
  2. အလယ်တန်းစား ဣန္ဒြေရှိသည့် မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်
  3. ထက်မြက်သော ဣန္ဒြေရှိသည့် တိက္ခိန္ဒြိယပုဂ္ဂိုလ်

ဟု သဒ္ဓိန္ဒြေ စသော ဣန္ဒြေတို့က ခြားနားခြင်းကြောင့် သောတာပန် ၃ မျိုးကွဲပြားရသည်၊

  • မုဒိန္ဒြိယပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမ သောတာပန် ဖြစ်၏၊
  • မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်သည် ကောလံကောလ သောတာပန် ဖြစ်၏၊
  • တိက္ခိန္ဒြိယပုဂ္ဂိုလ်သည် ဧကဗီဇီ သောတာပန်ဖြစ်၏

(တနည်း - “သောတာပန်ဖြစ်ပြီးနောက် အထက်မဂ် အလို့ငှါ အားထုတ်အပ်သော ဝိပဿနာက ထက်မြက်လျှင် ဧကဗီဇီ ဖြစ်၏၊ အနည်းငယ် ညံ့လျှင် ကောလံ ကောလ ဖြစ်၏၊ ထို့အောက်ညံ့လျှင် သတ္တက္ခတ္တုပရမ ဖြစ်၏” ဟု ပုဂ္ဂလပညတ် အဋ္ဌကထာ စသည်၌ ဆို၏၊)

ဧကဗီဇီသည် သောတာပန် ဖြစ်ပြီးနောက် တဘဝ ပဋိသန္ဓေ နေပြီးလျှင် ထို ဘဝ၌ပင် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်၏၊

ကောလံကောလ ပုဂ္ဂိုလ်သည် အလွန်ဆုံး ၆ ဘဝ ပဋိသန္ဓေ နေရ၏၊ ထို ၆ ဘဝ အတွင်း၌ နောက်ဆုံးဘဝ မရောက်ခင် သကဒါဂါမ် ဖြစ်နိုင်၏၊ နောက်ဆုံးဘဝကျမှလည်း သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်နိုင်၏၊

သတ္တက္ခတ္တု ပရမပုဂ္ဂိုလ်လည်း ၇ ဘဝလုံး သောတာပန်အဖြစ်ဖြင့်ချည်း ပဋိသန္ဓေနေသူ၊ ၆ ခုမြောက်ဝယ် သကဒါဂါမ်ဖြစ်သူ ဟု ၂ မျိုးပင် ရှိကောင်း၏၊ ၇ ဘဝမြောက်၌လည်း မုချ အနာဂါမ် ရဟန္တာဖြစ်ရမည်၊

ဧကဗီဇီစသော ၃ မျိုးကိုလည်း ကာမဘုံသားတို့အတွက်သာ ခွဲခြားချက်တည်း။

[ပဋိသမ္ဘိဒါမဂ္ဂဋ္ဌ]

တယောပိ ဣမေ သောတာပန္နာ ကာမ ဘဝဝသေန ဝုတ္တာ၊ ရူပါရူပဘဝေ ပန ဗဟုကာပိ ပဋိသန္ဓိယော ဂဏှန္တိ။

သောတာပန်တမျိုး

ယခုအခါ တာဝတိံသာ၌တည်ရှိ၍ အထက် နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဘုံစဉ်စံ ဖြစ်ပြီးလျှင် အကနိဋ္ဌ ဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန် စံဝင်ကြမည့် သကြားမင်းစသော သောတာပန်တို့မှာ ဤ သတ္တက္ခတ္တုပရမ စသော ၃မျိုး၌ မပါဝင်ချေ၊

ထို့ပြင် လူ့ပြည်၌ချည်း သက်သက် ၇ ကြိမ် ပဋိသန္ဓေနေသူ၊ နတ်ပြည်၌ချည်း သက်သက် ၇ ကြိမ် ပဋိသန္ဓေ နေသူ, ပုဂ္ဂိုလ်များလည်း ထို ၃ မျိုးတွင် မပါဝင်ကြ၊

ဒေဝေစ မနုဿေစ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ” စသော ပါဠိတော် အလိုအားဖြင့် လူ့ပြည်တချို့ နတ်ပြည် တချို့ ရောလျက် ပဋိသန္ဓေနေသူကိုသာ “သတ္တက္ခတ္တုပရမ၊ ကောလံကောလ” ဟု ဆိုလို၍၊ လူ့ပြည်၌ တကြိမ် ပဋိသန္ဓေ နေသူကိုသာ “ဧကဗီဇ”ဟု ဆိုလိုသတတ်၊

ထို့ကြောင့် ၃ မျိုး မှ အလွတ်ဖြစ်သော သောတာပန်လည်း ရှိသေး၏-ဟု မှတ်။

အချို့ဝါဒ

သတ္တက္ခတ္တုံ ဒေဝေ စ မနုဿေ စ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ” ဟူသော ပါဠိတော်အလိုမှာ “လူ့ပြည် နတ်ပြည် အရောရောအားဖြင့် ၇ ကြိမ် ပဋိသန္ဓေ နေနိုင်သည်” ဟု ပြလိုရင်း အမှန်ဖြစ်၏၊

သို့သော် အချို့က “သစေ ဥဒါယိ အာနန္ဒော အဝီတရာဂေါ ကာလံ ကရေယျ၊ တေန စိတ္တပ္ပသာဒေန သတ္တက္ခတ္တုံ ဒေဝေသု ဒေဝရဇ္ဇံ ကရေယျ၊ သတ္တက္ခတ္တုံ ဣမသ္မိံ ယေဝ ဇမ္ဗူဒီပေ မဟာရဇ္ဇံ ကရေယျ” ဟူသော တိကနိပါတ အင်္ဂုတ္တရ ပါဠိတော်ကို ထောက်၍ သတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည် လူ့ပြည် ၇ ကြိမ် နတ်ပြည် ၇ ကြိမ်အားဖြင့် ခုနစ်ပြူး ပဋိသန္ဓေ နေခွင့်ရှိ၏ဟု ယူဆကြ၏၊

သို့သော် ထိုပါဠိတော်အလိုမှာ လူ့ပြည်၌ ဖြစ်မည်ဆိုလျှင် လူမင်း ၇ ကြိမ်၊ နတ်ပြည်၌ ဖြစ်မည်ဆိုလျှင် နတ်မင်း ၇ ကြိမ် ဖြစ်နိုင်ဘွယ် ရှိသည် ဟု ပြလိုရင်း ဖြစ်ယည်။ ၁၄ ကြိမ် ပြလိုရင်း မဟုတ်။

သို့မှလည်း “အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံ ဒိဋ္ဌိသမ္ပန္နော အဋ္ဌမံ နိဗ္ဗတ္တေယျ”စသော ဉာဏဝိဘင်း ပါဠိတော် စသည်နှင့် ညီညွတ်မည်။

အချို့ကား -

ဣတောသတ္တ တတောသတ္တ၊ သံသရာနိ စတုဒ္ဒသ၊ နိဝါသ.မဘိဇာနာမိ၊ ယတ္ထ မေ ဝုသိတံ ပုရေ

ဟူသော ဇနဝသဘသုတ်ပါဠိတော်ကို (သက္ကပဉှသုတ်ဟု ဆိုမှား၍) ထိုပါဠိအရ ၁၄ကြိမ်ပင် ပဋိသန္ဓေ နေနိုင်ကြောင်းကို ပြကြ၏၊

ထိုဝါဒကား “ယတ္ထမေ ဝုသိတံ ပုရေ - တပည့်တော် ရှေးတုန်းက နေခဲ့ရဘူးပါပြီ”ဟူသော စကားကို သတိမထား၊ ကျမ်းရင်းကိုလည်း မကြည့်အားသဖြင့် အမှတ်တမဲ့ဆိုထားခြင်းမျှသာ ဖြစ်သည်၊

ထိုပါဠိတော်ကား –

ဗိမ္ဗိသာရမင်းသည် ဘုရား ကျောင်းဒကာ သောတာပန် ဖြစ်သည့်အတွက် အထက် နတ်ပြည်၌ ဖြစ်လောက်ပါလျက် အဘယ့်ကြောင့် စာတုမဟာရာဇ် နတ်ပြည်ဝယ် ဇနဝသဘ နတ်သား ဖြစ်ရသနည်း စောကြောဘွယ် ရှိသောကြောင့် ထို ဇနဝသဘ နတ်သား ကိုယ်တိုင် ဘုရားရှင်အား လျှောက်ထားသော စကားဖြစ်သည်၊ တပည့်တော်သည် ရှေးတုန်းက (သောတာပန်) မဖြစ်ခင်က ဤ နတ်ပြည် (ဤဘုံ၌) ၇ ကြိမ်၊ ဟို လူ့ပြည်၌ ၇ ကြိမ် ဆက်ကာ ဆက်ကာ ဖြစ်ခဲ့ဘူးပါသည်၊ သို့ဖြစ်၍ မိမိနေရာ ဘုံဌာနဟောင်းကို အောက်မေ့သော နိကန္တိ တဏှာကြောင့် အထက် နတ်ပြည်၌ မဖြစ်ဘဲ ဤ စာတုမဟာရာဇ်မှာ ဖြစ်ရပါသည်” ဟူလို။

သကဒါဂါမ်

ရာဂဒေါသမောဟာနံ တနုကရတ္တာ” ဟူသည်နှင့်အညီ သကဒါဂါမ် ဖြစ်သည့်အခါ ကာမဂုဏ်၌ တပ်မက်သော ကာမ ရာဂနှင့် ဒေါသ မောဟတို့ အတော် နည်းပါးလေပြီ၊ ပုထုဇဉ်များကဲ့သို့ ဖြစ်ရာ အကြိမ်လည်း မများ၊ ဖြစ်ပြန်လျှင်လည်း ပြင်းပြင်းပြပြ မဖြစ်တော့ပြီ-ဟူလို၊

သကိံ အာဂစ္ဆတီတိ သကဒါဂါမီ

သကိံ - တကြိမ်၊
အာဂစ္ဆတိ - ပဋိသန္ဓေ နေလာတတ်၏၊
ဣတိ - ကြောင့်၊
သကဒါဂါမီ - သကဒါဂါမီ မည်၏၊

ဤ အရာဝယ် သကဒါဂါမ် ၆ မျိုးကို မှတ်သားရာ၏။

  1. ဣဓ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ဤလူ့ပြည်၌ သကဒါဂါမ်အဖြစ်သို့ ရောက်၍ ဤလူ့ပြည်၌ပင် ဘဝမခြားဘဲ ဆက်လက်၍ အနာဂါမ် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်စံသူ။
  2. ဣဓ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ဤလူ့ပြည်၌ သကဒါဂါမ်အဖြစ်သို့ရောက်၍ ဒုတိယဘဝဝယ် ထိုနတ်ပြည်၌ ပဋိသန္ဓေနေ၍ အနာဂါမ် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်စံသူ။
  3. တတ္ထ ပတွာ တတ္ထ ပရိနိဗ္ဗာယီ = ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ပင် ပရိနိဗ္ဗာန်စံသူ။
  4. တတ္ထ ပတွာ ဣဓ ပရိနိဗ္ဗာယီ = ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ပြည်၌ ဒုတိယဘဝ ပဋိသန္ဓေ နေပြီးလျှင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသူ၊
  5. ဣဓ ပတွာ တတ္ထ နိဗ္ဗတ္တိတွာ ဣဓ ပရိနိဗ္ဗာယီ = လူ့ပြည်၌ သကဒါဂါမ် ဖြစ်၍၊ ဒုတိယ ဘဝဝယ် နတ်ပြည်၌ ပဋိသန္ဓေနေ၊ တတိယဘဝ၌ ဤလူ့ပြည်ဝယ် ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံသူ။ [ဤပုဂ္ဂိုလ်သည် ပဋိသန္ဓေ ၂ ခါ နေ၏။ ]
  6. တတ္ထ ပတွာ ဣဓ နိဗ္ဗတ္တိတွာ တတ္ထ ပရိနိဗ္ဗာယီ = ထို နတ်ပြည်၌ သကဒါဂါမ်ဖြစ်၊ ဤလူ့ပြည်၌ ပဋိသန္ဓေ ၊ ဤလူ့ပြည်မှတဘန် ထိုနတ်ပြည်၌ ပြန်၍ ပရိနိဗ္ဗာန်စံသူ။ [ဤပုဂ္ဂိုလ်လည်း ပဋိသန္ဓေ ၂ ခါနေပင်၊ ဤပုဂ္ဂိုလ်ကို အချို့ အဋ္ဌကထာ၌သာ ပြ၏။]

သကိံ ဒေဝ ဣမံ လောကံဣမံလောကံ အရကို ဤ လူ့ပြည် လောကကိုသာ ဖွင့်ကြ၏၊

ထိုအဖွင့်အတိုင်း လူ့ပြည် လောကကို တကြိမ် ပြန်လာသူဆိုလျှင် ပင်ကိုယ်က လူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘဝ နတ်ပြည်၌ ပဋိသန္ဓေနေပြီးလျှင် တတိယဘဝ၌ ထိုနတ်ပြည်မှ လူ့ပြည်၌ ပဋိသန္ဓေ တဘန် နေသူ ပဉ္စမမြောက် တယောက်သာလျှင် သကဒါဂါမီပုဒ်နှင့် မုချ သင့်တော်လေသည်၊

ကြွင်းသော သကဒါဂါမ် ၅ မျိုးမှာ ရာဂ ဒေါသ မောဟကို နည်းပါးအောင် ပြုတတ်သူချင်း တူသောကြောင့် သဒိသူပစာရုဠှီ အားဖြင့်သာလျှင် သကဒါဂါမ် အမည်ရသည်-ဟု ဆိုရန်ရှိ၏၊

[ပုဂ္ဂလပညတ် အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာန သုတ္တဋ္ဌကထာ၌ကား “ဣမံလောကံတိ ဣမံ ကာမာဝစရလောကံ သန္ဓာယ ဝုတ္တံ” ဟု လူ့ပြည် နတ်ပြည် ၂ ပါးစုံ ကာမဘုံလောကကို ဖွင့်ပြပြီးလျှင် ပဉ္စမ ပုဂ္ဂိုလ်နှင့် ဆဋ္ဌပုဂ္ဂိုလ် ၂ ယောက်လုံးပင် မိမိ သကဒါဂါမ် ဖြစ်ရာဘုံမှ ဒုတိယဘဝ၌ အခြားဘုံဝယ် ပဋိသန္ဓေ နေပြီးနောက် တတိယ ဘဝ၌ မိမိသကဒါဂါမ် ဖြစ်ရာဘုံသို့ ပြန်လာသူများ ဖြစ်သည်- ဟုဖွင့်ပြ၏၊

ထိုအဋ္ဌကထာ ၂ ရပ်တွင် ဣမံလောကံ အရ ကာမဘုံ သာမညကို ဖွင့်ပြသော အဋ္ဌကထာက သာ၍ ယုတ္တိ ရ၏၊ ဘာ့ကြောင့်နည်း - ဣမံလောကံ ဟူသော ပါဠိတော်ကို လူ့ပြည် နတ်ပြည် ၂ ဌာန၌ပင် ဟောတော်မူရကား ဟောရာ ဘုံဌာနကို ဣမံလောကံအရ စွဲယူသင့်ကြောင်းတည်း၊

ပြခဲ့သော သကဒါဂါမ် ၆ မျိုးမှတပါး ကာမဘုံ၌ သကဒါဂါမ် ဖြစ်ပြီးနောက် ရူပဘုံသို့ တက်သွားသူ၊ ထိုရူပဘုံ၌ပင် သကဒါဂါမ်ဖြစ်သူများလည်း ရှိသေး၏၊ ထိုပုဂ္ဂိုလ်များလည်း ရုဠှီအားဖြင့် သကဒါဂါမ် မည်ကြရသည်။]

အနာဂါမ်ပုဂ္ဂိုလ်

အာဂစ္ဆတိသီလေနာတိ အာဂါမီ၊ န အာဂါမီ အနာဂါမီ” ဤကာမဘုံ၌ ပဋိသန္ဓေ နေလေ့မရှိသော အရိယာပုဂ္ဂိုလ်၊ ကာမရာဂဗျာပါဒါနံ အနဝသေ သပ္ပဟာနေန ဟု ဆိုသောကြောင့် အနာဂါမ် ဖြစ်လျှင် ကာမတရားတို့၌ လိုလားသော တဏှာ ရာဂနှင့် ဒေါသ ဗျာပါဒကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်ပြီ၊ ထိုသို့ ကာမ တဏှာ မရှိသည့်အထွက်ကြောင့်ပင် ကာမဘုံ၌ ပဋိသန္ဓေ မနေလာတော့ပြီ၊

ရူပ အရူပရာဂကို မပယ်နိုင်သေးရကား ရူပ အရူပဘုံတို့၌ ပဋိသန္ဓေ နေရသေး၏။

ရဟန္တာပုဂ္ဂိုလ်

ရဟန္တာ ပုဂ္ဂိုလ်ကား အောက်မဂ်များ မပယ်ရှားနိုင်၍ ကြွင်းကျန်နေသော ကိလေသာ အားလုံးကို အကြွင်း မရှိအောင် ပယ်ရှားနိုင်၏၊

ကိလေသာ ၁၀ ပါးတွင် -
ရူပရာဂ အရူပရာဂ ဟူသော လောဘတစိတ်၊
ဒိဋ္ဌိဂတ ဝိပ္ပယုတ် ဥဒ္ဓစ္စသဟဂုတ်၌ ယှဉ်သော မောဟတစိတ်နှင့်
မာန ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပ တို့ကို၎င်း၊
သံယောဇဉ် ၉ ပါးတွင် -
ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာ ဟူသော ဥဒ္ဓမ္ဘာဂိယ သံယောဇဉ် ၅ ပါးကို၎င်း
အောက်မဂ်များက မပယ်နိုင်၊

ထို ကိလေသာ သံယောဇဉ်များကို ဤအရဟတ္တမဂ် အကြွင်းမရှိအောင် ပယ်သည်။

[“ယေပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာ”အရ အရိယာ ၁၀၈ ပါးကိုထုတ်ပြလေ့ ရှိကြ၏၊
အလိုရှိသူတို့ သုတ္တနိပါတ ရတနသုတ္တဋ္ဌကထာမှာရှု။]

မဂ်က ကိလေသာ ပယ်ပုံ

မဂ်သည် ကိလေသာကို ပယ်ရာ၌ အတိတ် ကိလေသာကို ပယ်သလော၊ အနာဂတ် ကိလေသာကို ပယ်သလော၊ ပစ္စုပ္ပန် ကိလေသာကို ပယ် ဟု မေးမြန်းလေ့ရှိကြ၏၊

အဖြေကား -

အတိတ် ကိလေသာသည် အလိုအလျောက် ချုပ်ပျောက်ပြီး ဖြစ်၍ အတိတ် ကိလေသာကို ပယ်ဘွယ်မလို၊

မဖြစ်သေးသော အနာဂတ် ကိလေသာကို ပယ်ရမည်မှာလည်း အနာမရှိခင် ဆေးတင်သော သမားကဲ့သို့ အကျိုးမများချေ၊

ပစ္စုပ္ပန် ကိလေသာ ဥပါဒ်နေတုန်းမှာလည်း မဂ်စိတ် မဥပါဒ်နိုင်သောကြောင့် ပစ္စုပ္ပန်ကိလေသာကိုလည်း မဂ်က မပယ်နိုင်၊

စင်စစ်မှာ ဘူမိလဒ္ဓုပ္ပန္န ဟု ခေါ်သော အနုသယကိလေသာ ဓာတ်ကိုသာ မဂ်က ပယ်သတ်လေသည်။

[ဤ စကားအရ အနုသယကိလေသာ ဟူသည် အမှန်အားဖြင့် ပစ္စုပ္ပန် အတိတ် အနာဂတ် ၃ မျိုးလုံး မဟုတ်၊ ဘူမိလဒ္ဓုပ္ပန္န တမျိုးသာဟု သိသာပြီ။]

[ဝိသုဒ္ဓိမဂ်]

ဧတေန ကိံ ဒီပိတံ ဟောတိ၊ ဘူမိလဒ္ဓါနံ ကိလေသာနံ ပဟာနံ ဒီပိတံ ဟောတိ၊ ဘူမိလဒ္ဓါ ပန ကိံ၊ အတီတာ အနာဂတာ ဥဒါဟု ပစ္စုပ္ပန္နာ၊ ဘူမိ လဒ္ဓုပ္ပန္နာဧဝနာမ တေ။

ချဲ့ဥုးအံ့ -

ကိလေသာ ဖြစ်တည်ရာ လောကီခန္ဓာ ၅ ပါးသည် ဘူမိ မည်၏၊ ထိုဘူမိကို ရရှိသော ကိလေသာသည် ဘူမိလဒ္ဓ မည်၏၊ မဂ်ဖြင့် မပယ်ရသေးသမျှ အနုသယဓာတ် အနေအားဖြင့် တည်ရှိရကား ဥပ္ပန္နလည်း မည်၏၊

ထင်ရှားစေအံ့ –

သီးပွင့်စေတတ်သော သစ်ပင်၌ အမြစ်မှစ၍ အရွက် အညွှန့် တိုင်အောင် သေးငယ်သော အညှောက် အပင်တုန်းကပင် သီးပွင့်စေနိုင်သော ဓာတ်သတ္တိ ပါရှိ၏၊ ထိုအပင်၌ အသီး မသီးစေလိုလျှင် ရှေ့နှစ်ကသီးပြီး နောက်နှစ်သီးလတံ့ ယခုသီးဆဲ အသီးများကို မပယ်နိုင်၊ ထို သီးစေတတ်သော ဓာတ်ရည်ပြတ်အောင် လိပ်ကြောက်ဆူးစသော အဆိပ်ဆူးတို့ကို လေးမျက်နှာက ထိုးရိုက်သကဲ့သို့၊

ထို့အတူ ဝိပဿနာဉာဏ်ဖြင့် ပိုင်နိုင်စွာ မသိအပ်သေးသော (အသိ မခံရသေးသော ) လောကီ ခန္ဓာ၌လည်း ဖြစ်လေရာဘဝတိုင်းဝယ် ဥပါဒ်မှစ၍ အနုသယ ကိလေသာဓာတ်တို့ ကိန်းဝပ်လျက်ရှိကြ၏၊ ထိုကဲ့သို့ အနုသယ ကိလေသာ ဓာတ်ကိုပင် “ဘူမိလဒ္ဓ” ဟု ဆိုအပ်လေသည်၊

ထိုဘူမိလဒ္ဓ ခေါ်သော အနုသယကိလေသာသည် ဥပါဒ် ဌီ ဘင် အထင်အရှား မဟုတ်သောကြောင့် ပစ္စုပ္ပန် အတိတ် အနာဂတ်ဟု မဆိုအပ်၊ ဘာမျှမရှိသော အဘာဝ ပညတ်လည်း မဟုတ်ရကား “ဘူမိလဒ္ဓ”ဟု တမျိုး မှတ်သားရာ၏၊ မဂ်သည် ထိုဘူမိလပ္ပန္န ခေါ်သော အနုသယဓာတ်ကိုသာ ပယ်သည်။

[ဆောင်]

သစ်ပင်ကြီးကို၊ သီးမလို၍၊ ထိုထိုကြိတ်နင်း၊ အဆိပ်သွင်းက၊ အတွင်းခြောက်ပြီး၊ နောက်မသီးသို့၊ ဤ နည်းပမာ၊ ပင်ခန္ဓာဝယ်၊ ထပ်ကာကိလေ၊ မသီးစေဘို့၊ လေးထွေမဂ်ဟု၊ အဆိပ်စုဖြင့်၊ ကြိတ်ထု သွင်းလတ်၊ အနုသယပြတ်သည်၊ နောက်ထပ် မဥပါဒ်တော့ပြီ။

[ဤမှနောက်၌ ပါဌ်အလျောက် အဓိပ္ပါယ်ကို အခြေပြု သင်္ဂြိုဟ်၌၊ နိရောဓသမာပတ်နှင့်စပ်၍ သိမှတ်ဘွယ်ကို ဝီထိ ဆိုရိုး၌ ပြထား၏။]

ဘာဝေတဗ္ဗံ ပနိစ္စေဒံ၊ ဘာဝနာဒွယ.မုတ္တမံ၊
ပတိပတ္တိ ရသဿာဒံ၊ ပတ္ထယန္တေန သာသေန။

ဥယျောဇဉ်

ဤ“ဘာဝေတဗ္ဗံ” စသော ဂါထာကား အကျင့် ပဋိပတ် အရသာကို သုံးစွဲလိုသော အမျိုးကောင်း သားသ္မီး တိုင်းပင် ပြအပ်ပြီးသော ဘာဝနာ ၂ပါးကို ပွားများ အားထုတ်သင့်ပေသည်-ဟု တိုက်တွန်းသော ဥယျောဇဉ် ဂါထာတည်း၊

တိုက်တွန်းလည်း တိုက်တွန်းထိုက်ပါပေသည်၊ ဤသာသနာတော်ကြီးကို တည်ထောင်တော်မူပေသော ဘုရားရှင်သည် စာပေပရိယတ်ကို တတ်ကျွမ်း လောက်ရုံမျှ ရည်ရွယ်တော်မူခဲ့သည် မဟုတ်၊ ပရိယတ်၌ လာသော ကျင့်စဉ်အတိုင်း ပဋိပတ်ကို ကျင့်ကြံ အားထုတ်၍ ပတိဝေဓ ဖြစ်သော မဂ်ဖိုလ် နိဗ္ဗာန်ကို ခံစံ ရဘို့ရန် ရည်သန်တော်မူခဲ့ရင်း ဖြစ်ပေသည်၊

သို့ရာဝယ် ယခုလက်ရှိ သာသနာ့ အခြေအနေမှာ ပဋိပတ်ကို ဖြူစင်သော စိတ်ထားဖြင့် ကျင့်ကြံသူ နည်းပါးလျက် အမျိုးမျိုးသော ချို့ယွင်းချက်များဖြင့် ပရိယတ်ကိုသာ ကြိုးစားလျက် ရှိကြ၏၊ ထို ပုဂ္ဂိုလ် အားလုံးပင် မိမိတို့ ဘဝသံသရာရေးကို မြှော်တွေးမိပါလျှင် ကိုယ်ကျင့်ပဋိပတ်မှ ကင်း၍ ပရိယတ်သက်သက်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို ထားလိုက်ပါဥုးတော့၊ ဒုတိယ ဘဝမှာပင် ဂတိကောင်းဘို့ မလွယ်ကူဟန်ကို စဉ်းစားဉာဏ်ရှိသော ပုဂ္ဂိုလ်တိုင်း သိနိုင်ကြပါသည်၊ သတိရသဖြင့် ကိုယ်ကျင့်ပဋိပတ်လည်း လက်မလွတ်ကြပါစေသား။

ဤကား ကမ္မဋ္ဌာန်း ဘာသာဋီကာ

အရှင်ဇနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော်