မာတိကာသို့ ခုန်သွားရန်

ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ

ဝီကီရင်းမြစ် မှ
5810မဟာသမယ (၇) သုတ်ကလဟဝိဝါဒသုတ် ပါဌ်-နိဿယအရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

ကုတောပဟူတာ ကလဟာ ဝိဝါဒါ၊
ပရိဒေဝသောကာ သဟမစ္ဆရာ စ။
မာနာတိမာနာ သဟပေသုဏာ စ၊
ကုတောပဟူတာ တေ တဒိင်္ဃ ဗြူဟိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
ကလဟာ - ခိုက်ရန်ဖြစ်ခြင်းတို့သည် လည်းကောင်း၊
ဝိဝါဒါ - ငြင်းခုံခြင်းတို့သည်လည်းကောင်း၊
ပရိဒေဝသောကာ - ငိုကြွေး ခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊
သဟမစ္ဆရာ စ - ဝန်တိုခြင်းတို့သည် လည်းကောင်း၊
မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးကို မထေမဲ့မြင်ပြုခြင်း တို့သည်လည်းကောင်း၊
သဟပေသုဏာ စ - ကုန်း တိုက်ခြင်း တို့သည် လည်းကောင်း၊
ကုတောပဟူတာ - ဘယ်အကြောင်းကြောင့် ဖြစ်ကြပါသနည်း၊
ဣင်္ဃ - တောင်းပန်ပါသည်၊
တံ - ထိုအကြောင်းကို၊
ဗြူဟိ - ဟောကြားတော်မူပါ အရှင်ဘုရား။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

ပိယပ္ပဟူတာ ကလဟာ ဝိဝါဒါ၊
ပရိဒေဝသောကာ သဟမစ္ဆရာ စ။
မာနာတိမာနာ သဟပေသုဏာ စ၊
မစ္ဆေရယုတ္တာ ကလဟာ ဝိဝါဒါ၊
ဝိဝါဒဇာတေသု စ ပေသုဏာနိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်း ကောင်း၊
ဝိဝါဒါ - ငြင်းခုံခြင်း တို့သည် လည်းကောင်း၊
ပရိဒေ၀ သောကာ - ငိုကြွေးခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊
သဟမစ္ဆရာ စ - ဝန်တိုခြင်း တို့သည် လည်းကောင်း၊
မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး ၍သူတပါးကို မထေမဲ့မြင် ပြုခြင်းတို့သည်လည်းကောင်း၊
သဟပေသုဏာ စ - ကုန်း တိုက်ခြင်း တို့သည်လည်းကောင်း၊
ပိယပ္ပဟူတာ - ချစ်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှု အာရုံကြောင့် ဖြစ်ကုန်၏။
ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်းကောင်း၊
ဝိဝါဒါ - ငြင်းခုံခြင်း တို့သည် လည်းကောင်း၊
မစ္ဆေရယုတ္တာ - ဝန်တိုခြင်းနှင့်လည်း သက်ဆိုင် ကုန်၏
ဝိဝါဒဇာတေသု - ငြင်းခုံမှုများ ဖြစ်ပွားကြလျှင်၊
ပေသုဏာနိ စ - ကုန်းချော စကား ပြောကြားခြင်း တို့သည်လည်း၊
ဟောန္တိ - ဖြစ်တတ်ကြပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၃)

ပိယာ သု လောကသ္မိံ ကုတောနိဒါနာ၊
ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။
အာသာ စ နိဋ္ဌာ စ ကုတောနိဒါနာ၊
ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
လောကသ္မိံ - လောက၌၊
ပိယာ - ချစ်ဖွယ်တို့သည်၊
ကုတောနိဒါနာ - ဘယ်အကြောင်း ရှိပါကုန်သနည်း၊
ဝါ - ဘယ် အကြောင်းကြောင့် ဖြစ်ပါကုန်သနည်း။
ယေ စ - အကြင် ပုဂ္ဂိုလ်တို့သည်လည်း၊
လောဘာ - နှစ်သက်လိုချင်သည့် လောဘရှိကြသည်ဖြစ်၍၊
လောကေ - လောက၌၊
ဝိစရန္တိ - လှည့်လည်ကျက်စား ပျော်ပါးနေထိုင်လျက် ရှိကုန်၏၊
တေသံ - ထိုပုဂ္ဂိုလ် တို့၏၊
လောဘောပိ - နှစ်သက်လိုချင်သော လောဘသည်လည်း၊
ကုတောနိဒါနာ - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။
ယေ - ကာမဂုဏ်ငါးပါးစသော အကြင် အကျိုးစီးပွားတို့သည်၊
နရဿ - လူ၏၊
ဝါ - နတ် လူပုဂ္ဂိုလ် သတ္တဝါ၏၊
သမ္ပရာယာယ - မှီခိုရာ အားထားရာ အလို့ငှာ၊
ဝါ - မှီခိုရာ အားထားရာတို့သည်၊
ဟောန္တိ - ဖြစ်ကုန်၏။
တေသု - ကာမဂုဏ်ငါးပါးစသော ထိုအကျိုးစီးပွားတို့၌၊
အာသာ စ - တောင့်တခြင်း သည် လည်းကောင်း၊
နိဋ္ဌာ စ - တောင့်တသည့်အတိုင်း ပြီးစီးပြည့်စုံခြင်းသည်၊
ကုတောနိဒါနာ - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

ဆန္ဒာနိဒါနာနိ ပိယာနိ လောကေ၊
ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။
အာသာ စ နိဋ္ဌာ စ ဣတောနိဒါနာ၊
ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
လောကေ - လောက၌၊
ပိယာနိ - ချစ်ဖွယ် ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှုအာရုံ ဟူသမျှတို့သည်၊
ဆန္ဒာနိဒါနာနိ - နှစ်သက် လိုချင်မှုဆန္ဒ လျှင် အကြောင်းရှိကုန်၏။
ဝါ - နှစ်သက် လိုချင်မှုဆန္ဒကြောင့် ဖြစ်ကုန်၏။
ယေ စ - အကြင် ပုဂ္ဂိုလ်တို့သည်လည်း၊
လောဘာ - နှစ်သက် လိုချင်သည့် လောဘ ရှိကြသည် ဖြစ်၍၊
လောကေ - လောက၌၊
ဝိစရန္တိ - လှည့်လည်ကျက်စား ပျော်ပါးနေထိုင်လျက် ရှိကုန်၏၊
တေသံ - ထို ပုဂ္ဂိုလ်တို့၏၊
လောဘောပိ - နှစ်သက် လိုချင်သည့် လောဘသည်လည်း၊
ဆန္ဒာနိဒါနော - ဆန္ဒကြောင့် ဖြစ်သည်။
ယေ - ကာမဂုဏ်ငါးပါး စသော အကြင် အကျိုးစီးပွားတို့သည်၊
နရဿ - လူ၏၊
ဝါ - နတ် လူပုဂ္ဂိုလ် သတ္တဝါ၏၊
သမ္ပရာယာယ - မှီခိုရာ အားထားရာ အလို့ငှာ၊
ဝါ - မှီခိုရာ အားထားရာတို့သည်၊
ဟောန္တိ - ဖြစ်ကုန်၏။
တေသု - ကာမဂုဏ်ငါးပါးစသော ထိုအကျိုးစီးပွားတို့၌၊
အာသာ စ - တောင့်တခြင်းသည် လည်းကောင်း၊
နိဋ္ဌာ စ - တောင့်တသည့်အတိုင်း ပြီးစီး ပြည့်စုံခြင်းသည်၊
ဣတောနိဒါနာ - ဤ တဏှာဆန္ဒလျှင် အကြောင်းရှိ၏၊
ဝါ - ဤ တဏှာဆန္ဒကြောင့်ပင် ဖြစ်ပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၅)

ဆန္ဒော နု လောကသ္မိံ ကုတောနိဒါနော၊
ဝိနိစ္ဆရာ စာပိ ကုတောပဟူတာ။
ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ၊
ယေ ဝါပိ ဓမ္မာ သမဏေန ဝုတ္တာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
လောကသ္မိံ - လောက၌၊
ဆန္ဒော - လိုချင်နှစ်သက်မှု တဏှာဆန္ဒသည်၊
ကုတောနိဒါနော နု - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။
ဝိနိစ္ဆရာ စာပိ - ချစ်စရာပဲ, မည်သို့ပြုရမည် စသည်ဖြင့် ဆုံးဖြတ်ခြင်းတို့ သည်လည်း၊
ကုတောပဟူတာ - အဘယ့်ကြောင့် ဖြစ်ပါကုန်သနည်း။
ကောဓော စ - အမျက်ထွက်ခြင်းသည်လည်းကောင်း၊
မောသဝဇ္ဇဉ္စ - လိမ်လည် ပြောဆိုခြင်းသည် လည်းကောင်း၊
ကထံကထာ စ - ယုံမှားခြင်းသည်လည်းကောင်း၊
ကုတောပဟူတာ - အဘယ့်ကြောင့် ဖြစ်ပါကုန်သနည်း။
ယေဝါပိ ဓမ္မာ - ယင်း အမျက် ထွက်ခြင်း စသော တရားတို့ကိုလည်း၊
သမဏေန - ဘုရားရှင်ဖြစ်သော ရဟန်းမြတ် သည်၊
ဝုတ္တာ - ဟောတော်မူအပ်ကုန်၏။

မြတ်စွာဘုရား၏ အဖြေဂါထာ (၆)

သာတံ အသာတန္တိ ယမာဟု လောကေ၊
တမူပနိဿာယ ဟောတိ ဆန္ဒော။
ရူပေသု ဒိသွာ ဝိဘဝံ ဘဝဉ္စ၊
ဝိနိစ္ဆယံ ကုဗ္ဗတိ ဇန္တု လောကေ။

လောကေ - လောက၌၊
ယံ - အကြင် အကောင်းအဆိုးကို၊
သာတံ အသာတန္တိ - သာယာဖွယ် မသာယာဖွယ်ဟူ၍၊
အာဟု - ဆိုကြ၏။
ဆန္ဒော - လက်ဦးစ၍ လိုချင်နှစ် သက်သော တဏှာဆန္ဒသည်၊
တံ - ထို သာယာဖွယ် မသာယာဖွယ်ကို၊
ဥပနိဿာယ ဟောတိ - မှီ၍ ဖြစ်ပေသည်။
လောကေ - လောက၌၊
ဇန္တု - ပုဂ္ဂိုလ်သတ္တဝါသည်၊
ရူပေသု - ရုပ်ဝတ္ထုတို့၌၊
ဝိဘဝဉ္စ - ပျက်စီးခြင်းကိုလည်းကောင်း၊
ဘဝဉ္စ - ဖြစ်ပွားခြင်းကိုလည်းကောင်း၊
ဒိသွာ - မြင်၍၊
ဝါ - မြင်တွေ့ရသောကြောင့်
ဝိနိစ္ဆယံ - ချစ်စရာပဲ, မည်သို့ပြုရမည် စသည်ဖြင့် ဆုံးဖြတ်ခြင်းကို၊
ကုဗ္ဗတိ - ပြုပေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ၊
ဧတေပိ ဓမ္မာ ဒွယမေ၀ သန္တေ။
ကထံကထီ ဉာဏပထာယ သိက္ခေ၊
ဉတွာ ပဝုတ္တာ သမဏေန ဓမ္မာ။

ကောဓော စ - အမျက်ထွက်ခြင်းသည်လည်းကောင်း၊
မောသဝဇ္ဇဉ္စ - လိမ်လည် ပြောဆိုခြင်းသည်လည်းကောင်း၊
ကထံကထာ စ - ယုံမှားခြင်းသည်လည်းကောင်း၊
ဧတေပိ ဓမ္မာ - ဤတရားတို့သည်လည်း၊
ဒွယံ ဒွယသ္မိံ ဧ၀ - သာယာဖွယ် မသာယာ ဖွယ်ဟူသော ဤနှစ်ပါးသည်ပင်၊
သန္တေ - ရှိလတ်သော်၊
ဟောန္တိ - ဖြစ်ကုန်၏။
ကထံကထီ - ယုံမှားရှိသောသူသည်၊
သမဏေန - ဘုရားတည်းဟူသော ရဟန်းမြတ်က၊
ဉတွာ - ကိုယ်တိုင်သိပြီးမှ၊
ပဝုတ္တာ ဓမ္မာ - ဟောထားသည့် တရားမှန် တို့ပေတည်း၊
ဣတိ - ဤသို့ ဆင်ခြင်၍၊
ဉာဏပထာယ - ထိုတရားများကို ကိုယ်တိုင် သိအောင်၊
သိက္ခေ - ဘုရားရှင်က ညွှန်ပြထားသည့်အတိုင်း မဂ္ဂင် ၈-ပါး၊ သီလ သမာဓိ ပညာ အကျင့်များကို ကျင့်ရာသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၈)

သာတံ အသာတဉ္စ ကုတောနိဒါနာ၊
ကိသ္မိံ အသန္တေ န ဘဝန္တိ ဟေတေ။
ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊
ဧတံ မေ ပဗြူဟိ ယတောနိဒါနံ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
သာတံ စ - သာယာဖွယ်သည် လည်းကောင်း၊
အသာတဉ္စ - မသာယာဖွယ် ရွံမုန်းဖွယ်သည် လည်းကောင်း၊
ကုတောနိဒါနာ - ဘယ်အကြောင်းကြောင့် ဖြစ်ကြပါသနည်း။
ကိသ္မိံ အသန္တေ - အဘယ် တရား မရှိလတ်သော်၊
ဧတေ - ဤ သာယာဖွယ် မသာယာဖွယ်တို့သည်၊
န ဘဝန္တိ - မဖြစ်ပဲ ရှိကြပါသနည်း။
ဝိဘဝံ စ - ပြတ်စဲ အယူသည်လည်းကောင်း၊
ဘဝဉ္စ - တည်မြဲ အယူသည် လည်းကောင်း၊
ယံ ဧတံအတ္ထံ - အကြင် ၂-ပါးသောအနက်သဘောသည်၊
အတ္ထိ - ရှိ၏။
ဧတံ - ဤအယူ ၂-ပါးသည်၊
ယတောနိဒါနံ - အကြင် အကြောင်းကြောင့် ဖြစ်၏။
ဧတံ ပိ - ဤ အကြောင်းကိုလည်း၊
မေ - နိမ္မိတရုပ်ပွား ငါဘုရားအား၊
ပဗြူဟိ - ဖြေရှင်းပြတ်သား ဟောကြားတော်မူပါ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

ဖဿနိဒါနံ သာတံ အသာတံ၊
ဖဿေ အသန္တေ န ဘဝန္တိ။
ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊
ဧတံ တေ ပဗြူမိ ဣတောနိဒါနံ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
သာတံ - သာယာဖွယ်သည် လည်းကောင်း၊
အသာတံ - မသာယာဖွယ်သည် လည်းကောင်း၊
ဖဿ နိဒါနံ - အာရုံကိုတွေ့သော ဖဿလျှင် အကြောင်းရှိပါသည်။
ဝါ - ဖဿကြောင့် ဖြစ်ပါသည်။
ဖဿေ အသန္တေ - အာရုံကိုတွေ့မှု ဖဿမရှိလတ်သော်၊
ဝါ - အာရုံကို မတွေ့ရလျှင်၊
ဧတေ - ဤ သာယာ ဖွယ် မသာယာဖွယ်တို့သည်၊
န ဘဝန္တိ - မဖြစ်ကြပါ။
ဝါ - မဖြစ်ဘဲ ရှိကြပါသည်။
ဝိဘဝံ စ - ပြတ်စဲ အယူသည်လည်းကောင်း၊
ဘဝဉ္စ - တည်မြဲ အယူသည် လည်းကောင်း၊
ယံ ဧတံအတ္ထံ - အယူ ၂-ပါးသောအကြင်သဘောသည်၊
အတ္ထိ - ရှိ၏။
ဧတံ ပိ - ဤ အယူ ၂-ပါးသည်လည်း၊
ဣတော နိဒါနံ - ဤ ဖဿလျှင် အကြောင်းရှိ၏၊
ဝါ - ဤ ဖဿကြောင့်ပင် ဖြစ်သည် ဟူ၍၊
ဧတံ - အယူ ၂-ပါးဖြစ်ခြင်း၏ ဤအကြောင်းကို၊
တေ - နိမ္မိတရုပ်ပွား သင်ဘုရားအား၊
ပဗြူမိ - ဖြေရှင်းပြတ်သား ဟောကြား ပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၁၀)

ဖဿောနု လောကသ္မိံ ကုတောနိဒါနော၊
ပရိဂ္ဂဟာ စာပိ ကုတောပဟူတာ။
ကိသ္မိံ အသန္တေ န မမတ္တ မတ္ထိ၊
ကိသ္မိံ ဝိဘူတေ န ဖုသန္တိ ဖဿာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
လောကသ္မိံ - လောက၌၊
ဖဿော - အာရုံကိုတွေ့မှု ဖဿသည်၊
ကုတောနိဒါနော နု - ဘယ်အကြောင်းကြောင့် ဖြစ်ပါ သနည်း၊
ပရိဂ္ဂဟာ စာပိ - သိမ်းပိုက်ခြင်း တို့သည်လည်း၊
ကုတောပဟူတာ - ဘယ် အကြောင်းကြောင့် ဖြစ်ကြပါကုန်သနည်း၊
ကိသ္မိံ အသန္တေ - အဘယ်တရား အဘယ်အကြောင်း မရှိလတ်သော်၊
မမတ္တံ - ငါ့ဟာ အဖြစ်သည်၊
ဝါ - ငါ့ဟာဟု သိမ်းပိုက်ခြင်းသည်၊
န အတ္ထိ - မရှိဘဲ ကင်းပါ သနည်း။
ကိသ္မိံ ဝိဘူတေ - ဘယ်အရာပျက်ကွယ်လတ် မရှိလတ်သော်၊
ဖဿာ - ရုပ်ဒွါရ ရုပ်အာရုံအတွေ့ ဖဿတို့သည်၊
န ဖုသန္တိ - မတွေ့ မထိဘဲ ကင်းကြပါသနည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

နာမဉ္စ ရူပဉ္စ ပဋိစ္စ ဖဿော၊
ဣစ္ဆာနိဒါနာနိ ပရိဂ္ဂဟာနိ။
ဣစ္ဆာယ သန္တျာ န မမတ္တ မတ္ထိ၊
ရူပေ ဝိဘူတေ န ဖုသန္တိ ဖဿာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
နာမဉ္စ - မြင်သိမှုစသော နာမ်ကိုလည်းကောင်း၊
ရူပဉ္စ - မျက်စိနှင့် အဆင်းစသော ရုပ်ကိုလည်းကောင်း၊
ပဋိစ္စ - စွဲမှီ၍၊
ဖဿော - အာရုံ ကိုတွေ့မှု ဖဿသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏။
ပရိဂ္ဂဟာနိ - ငါ့ဟာဟု သိမ်းပိုက်ခြင်းတို့ သည်၊
ဣစ္ဆာနိဒါနာနိ - နှစ်သက်လိုချင်သည့် တဏှာလျှင် အကြောင်းရှိကုန်၏။
ဣစ္ဆာယ - နှစ်သက်လိုချင်မှု တဏှာသည်၊
သန္တျာ - မရှိလတ်သော်၊
မမတ္တံ - ငါ့ဟာဟု သိမ်းပိုက်ခြင်းသည်၊
န အတ္ထိ - မရှိဘဲ ကင်းပါသည်။
ရူပေ - ရုပ်သည်၊
ဝိဘူတေ - ကင်းလတ်သော်၊
ဖဿာ - မြင်တွေ့မှုစသော ငါးပါးသော ဖဿတို့သည်၊
န ဖုသန္တိ - မတွေ့မထိဘဲ မဖြစ်ဘဲ ရှိကြလေတော့သည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၁၂)

ကထံ သမေတဿ ဝိဘောတိ ရူပံ၊
သုခံ ဒုက္ခဉ္စာပိ ကထံ ဝိဘောတိ။
ဧတံ မေ ပဗြူဟိ ကထံ ဝိဘောတိ၊
တံ ဇာနိယာမာတိ မေ မနော အဟု။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
ကထံ သမေ တဿ - အဘယ် သို့ ကျင့်သောသူအား၊
ရူပံ ဝိဘောတိ - ရုပ်အာရုံ ကင်းကွာပါသနည်း။
ဝါ - ရုပ်အာရုံ ကို ကျော်လွန်ပါသနည်း။
သုခံ ဒုက္ခဉ္စာပိ - ဒုက္ခနှင့် သုခဖြစ်ကြောင်း အကောင်းအဆိုး ရုပ်အာရုံ ၂-မျိုး သည်လည်း၊
ကထံ ဝိဘောတိ - ဘယ်သို့ကျင့်က ကင်းပ ကျော်လွန်ပါသနည်း။
ကထံ ဝိဘောတိ - အဘယ်သို့ ကင်းပ ကျော်လွန်ပါသည် ဟူသော၊
ဧတံ - ဤ အကြောင်းအရာကို၊
မေ - နိမ္မိတရုပ်ပွား ငါဘုရားအား၊
ပဗြူဟိ - ရှင်းလင်း ဖြေကြားတော် မူပါလော့။
မေ မနော - ငါ၏ စိတ်သည်၊
တံ ဇာနိယာ မာတိ - ထို အကြောင်းအရာကို သိကြရလိမ့်မည် ဟူ၍၊
အဟု - ဖြစ်ခဲ့ပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

န သညသညီ န ဝိသညသညီ၊
နောပိ အသညီ န ဝိဘူတသညီ။
ဧဝံ သမေတဿ ဝိဘောတိ ရူပံ၊
သညာနိဒါနာ ဟိ ပပဉ္စသင်္ခါ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
(ယထာ - အကြင် အကြောင်းအရာဖြင့် ကျင့်လျှင်)
န သညသညီ - ပကတိ ကာမသညာလည်း မရှိပေ၊
န ဝိသညသညီ - ရူးသွပ်ဖောက်ပြန်သော သညာလည်း မရှိပေ၊
န ဝိဘူတသညီ - ထင်ရှားသော ရူပဈာန် သညာလည်း မရှိတော့ပေ၊
နောပိ အသညီ - အမှတ်သညာ လုံးဝမရှိသည်လည်း မဟုတ်ပေ၊
ဧဝံ - ဤသို့သော အချင်းအရာဖြင့်၊
သမေတဿ - ကျင့်သောသူအား၊
ရူပံ - ရုပ်အာရုံ ဟူသမျှသည်၊
ဝိဘောတိ - ကင်းလေတော့၏။
ဝါ - ရုပ်အာရုံကို ကျော်လွန်လေတော့၏၊
ဟိ - မှန်ပေ၏။
ဝါ - ထိုသို့ သိရခြင်း၏အကြောင်းကား၊
ပပဉ္စသင်္ခါ - တဏှာ ဒိဋ္ဌိ မာန ဟူသော နယ်ချဲ့တရား အဖို့တို့သည်၊
သညာနိဒါနာ - သညာလျှင် အကြောင်းရင်း ရှိကြကုန်၏။

နိမ္မိတဘုရား၏ အမေးဂါထာ (၁၄)

ယံ တံ အပုစ္ဆာမှ အကိတ္တယီ နော၊
အညံ တံ ပုစ္ဆာမ တဒိင်္ဃ ဗြူဟိ။
ဧတ္တာဝတဂ္ဂံ နု ဝဒန္တိ ဟေကေ၊
ယက္ခဿ သုဒ္ဓိံ ဣဓ ပဏ္ဍိတာသေ၊
ဥဒါဟု အညမ္ပိ ဝဒန္တိ ဧတ္တော။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
တံ - အရှင်ဘုရားကို၊
ယံ အပုစ္ဆာမှ - အကြင် အကြောင်းအရာကို မေးခဲ့ပါကုန်ပြီ။
တံ - ထိုမေးသည့် အကြောင်းအရာကို၊
တွံ - အရှင်ဘုရားသည်၊
နော - ငါတို့အား၊
အကိတ္တယီ - ဖြေရှင်း ဟောကြားခဲ့ပေပြီ။
အညံ - အခြား အကြောင်းအရာကို၊
တံ ပုစ္ဆာမ - အရှင်ဘုရားအား မေးပါကုန်အံ့၊
ဣင်္ဃ - တိုက်တွန်း တောင်းပန်ပါသည်၊
တံ - ယခုမေးမည့် ထိုအကြောင်းအရာကို၊
ဗြူဟိ - ဖြေရှင်း ဟောကြားတော်မူပါဘုရား။
ဣဓ - ဤလောက၌၊
ပဏ္ဍိတာသေ - ပညာရှိဟု ဝန်ခံနေကုန်သော၊
ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊
ဧတ္တာဝတာ - အခြားသညာတွေမရှိ အရူပသညာမျှရှိသည် ဆိုသော ဤမျှဖြင့်၊
ယက္ခဿ - နတ် လူ ဗြဟ္မာ၏၊
သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
အဂ္ဂံ - အမြတ်ဆုံးဟူ၍၊
ဝဒန္တိ နု - ဆိုကြပါကုန်သလော။
ဥဒါဟု - ထိုသို့မဟုတ်လျှင်၊
ဧတ္တော - ဤ အရူပဈာန် အရူပဘုံမှ၊
အညံ - အခြားအရာကို၊
အဂ္ဂံ - အမြတ်ဆုံးဟူ၍၊
ဝဒန္တိ နု - ဆိုကြပါကုန်သလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဧတ္တာဝတဂ္ဂမ္ပိ ဝဒန္တိ ဟေကေ၊
ယက္ခဿ သုဒ္ဓိံ ဣဓ ပဏ္ဍိတာသေ။
တေသံ ပနေကေ သမယံ ဝဒန္တိ၊
အနုပါဒိသေသေ ကုသလာဝဒါနာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
ဣဓ - ဤလောက၌၊
ပဏ္ဍိတာ - ပညာရှိဟု ဝန်ခံနေကုန်သော၊
ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊
ယက္ခဿ - နတ် လူ ဗြဟ္မာ၏၊
သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
ဧတ္တာဝတာပိ - အရူပဈာန် အရူပဘဝဟူသော ဤမျှဖြင့် လည်း၊
အဂ္ဂံ - အမြတ်ဆုံးဟူ၍၊
ဝဒန္တိ - ပြောဆို ဟောကြားကြကုန်၏။
တေသံ - ထိုပညာရှိဝန်ခံသူတို့တွင်၊
အနုပါဒိသေသေ ကုသလာဝါဒနာ - ဥပါဒါနက္ခန္ဓာ အကြွင်းမရှိ ချုပ်ခြင်း၌၊
ကုသလာဝဒါနာ - ကျွမ်းကျင်လိမ္မာသည်ဟု ဝန်ခံကြသော၊
ဧကေ-ပန - အချို့ပုဂ္ဂိုလ်တို့သည်ကား၊
သမယံ - ဥစ္ဆေဒအယူကို၊
ဝါ - ဘဝပြတ်ခြင်းကို၊
အဂ္ဂံ - အမြတ်ဆုံးဟူ၍၊
ဝဒန္တိ - ပြောဆို ဟောကြားကြကုန်၏။

မြတ်စွာဘုရား၏ အဖြေ နိဂုံးချုပ်ဂါထာ (၁၆)

ဧတေ စ ဉတွာ ဥပနိဿိတာတိ၊
ဉတွာ မုနီ နိဿယေ သော ဝိမံသီ။
ဉတွာ ဝိမုတ္တော န ဝိဝါဒမေတိ၊
ဘဝါဘဝါယ န သမေတိ ဓီရော။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
ယော မုနိ - ဗုဒ္ဓဘုရား တည်းဟူသော အကြင်ရဟန်းမြတ်သည်၊
ဝါ - ရဟန္တာဖြစ်သော ရဟန်းသည်။
ဧတေ - အရူပဘဝကို အမြတ်ဆုံးဟူ၍ လည်းကောင်း၊လူ့ဘ၀ နတ်ဘ၀ ရူပဘ၀ အရူပဘဝမှ စုတေလျှင် ဘဝပြတ်သည် ဟူ၍လည်းကောင်း ဆိုကြသော ဤပုဂ္ဂိုလ် တို့ကို၊
ဥပနိဿိတာတိ - တည်မြဲအယူ ပြတ်စဲအယူကို စွဲမှီနေကြသည်ဟု၊
ဉတွာ စ - သိပြီး၍လည်းကောင်း၊
နိဿယေ ဉတွာ စ - မှီရာဒိဋ္ဌိတို့ကို သိပြီး၍လည်းကောင်း။
ဝါ - စွဲမှီရာ ဒိဋ္ဌိနှင့် စွဲမှီရာ ရုပ်နာမ်ခန္ဓာတို့ကို အမှန်အတိုင်း သိပြီး၍လည်းကောင်း။
ဝိမံသီ - သစ္စာလေးတန်ကို မှန်စွာသိသော ဉာဏ်ပညာနှင့် ပြည့်စုံသည်၊
ဟောတိ - ဖြစ်၏။
သော မုနိ - ဗုဒ္ဓဘုရားတည်းဟူသော ထိုရဟန်းမြတ်သည်၊
ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ်သည်၊
ဉတွာ - သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်ပြီး၍၊
ဝိမုတ္တော - အာသဝေါ ကိလေသာဟူသမျှမှ ကင်းပလွတ်မြောက်သည်ဖြစ်၍၊
ဝိဝါဒံ - ငြင်းခုံခြင်းသို့၊
န ဧတိ - မရောက်တော့ပေ။
ဓီရော - ပညာရှိအစစ်ဖြစ်သော၊
သော မုနိ - ဗုဒ္ဓဘုရားတည်းဟူသော ထိုရဟန်းမြတ်သည်၊
ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ် သည်၊
ဘဝါဘဝါယ - ဘဝယုတ်မြတ် တစ်ဖန်ထပ်၍ ဖြစ်ရန်အလို့ငှာ၊
ဝါ - ဘ၀ ယုတ်မြတ် နောက်ထပ်ဖြစ်ခြင်းသို့၊
န သမေတိ - မရောက်တော့ပေ။

ကလဟဝိဝါဒသုတ္တံ နိဋ္ဌိတံ။

ကလဟဝိဝါဒသုတ် ပြီး၏။