မာတိကာသို့ ခုန်သွားရန်

ကာမသုတ္တန်တရားတော်

ဝီကီရင်းမြစ် မှ
6107ကာမသုတ္တန်တရားတော် — မဟာစည်ဆရာတော်

ကာမသုတ္တန်တရားတော်

▬▬ஜ۩۞۩ஜ▬▬▬

မဟာစည်ဆရာတော်

မာတိကာ

▬▬▬▬

အနုသန္ဓေစကား
အလိုရှိတိုင်းရလျှင် ဝမ်းမြောက်သည်
ဆုံးရှုံးပျက်စီးတော့ စိတ်ဆင်းရဲရသည်
စောစောကတည်းက ဆင်ခြင်ထားရမယ်
လယ်သမား ပုဏ္ဏား
နံနက်ပိုင်းက သူဌေးကြီး ညနေပိုင်းကျ သူဆင်းရဲ
ဒုက္ခရောက်နေတဲ့အခါ ဘုရားကြွလာတယ်
မြတ်စွာဘုရားက ဒီလို ဟောတော်မူတယ်
မြွေဆိုးလိုပင် ရှောင်ရမယ်
ရှင်ရဟန်းများနှင့် အလွန်သင့်တဲ့တရား
ရှောင်လျှင် ရမည့်အကျိုး
ကာမဂုဏ် အဆာပြေအောင် အားထုတ်နည်း
ဒီလို ကာမဂုဏ်တွေ တပ်မက်နေယင်
လှေကွဲထဲ ရေဝင်သလိုပင်
(၁) ကာမဂုဏ်တွေဟာ အရိုးနဲ့တူတယ်
(၂) အသားတုံးနဲ့လဲ တူတယ်
(၃) မြက်မီးရှူးနဲ့လဲ တူတယ်
(၄) မီးကျီးတွင်းနဲ့လဲ တူတယ်
(၅) အိပ်မက်နဲ့လဲ တူတယ်
(၆) အငှါးပစ္စည်းနဲ့လဲ တူတယ်
(၇) သစ်သီးနဲ့လဲ တူတယ်
(၈) ဓားစဉ်းတီးနဲ့လဲ တူတယ်
(၉) လှံ-တံကျင်နဲ့လဲ တူတယ်
(၁၀) မြွေခေါင်းနဲ့လဲ တူတယ်
(၁၁) မီးပုံကြီးနဲ့လဲ တူတယ်
ရှောင်ပယ်နည်း
သတိပဋ္ဌာန်လေးပါး ပွားပုံ
ဝိပဿနာဉာဏ်ဖြင့် ကိလေသာပယ်ပုံ
အရိယမဂ်ဉာဏ်ဖြင့် ကိလေသာပယ်ပုံ
သောတာပန် ကြက်မသတ်
သောတာပန် မခိုးမလိမ်
ဝိသာခသူဌေးဝတ္ထု
ဥဂ္ဂသူကြွယ် ဝတ္ထု
တဖက်ကမ်းရောက် အားထုတ်ရန်
ရေယဉ်ကြော နစ်မျောပုံ
တဖက်ကမ်းရောက်ပုံ
လယ်သမား ဇနီးမောင်နှံ တရားထူးရပုံ
တရားသိမ်း နိဂုံးချုပ်

ကာမသုတ္တန် တရားတော် မာတိကာ ပြီး၏။

၁၃၂၈-ခုနှစ် ပြာသိုလဆုတ် ၈-ရက်နေ့၌ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီးတွင် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြား တော်မူသော သုတ္တနိပါတ်ပါဠိတော် အဋ္ဌကဝဂ်မှ

ကာမသုတ္တန် တရားတော်

▬▬▬▬▬▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အနုသန္ဓေစကား

▬▬▬▬▬▬

ဒီကနေ့ ဟောဘို့ရာတရားကတော့ သုတ္တနိပါတ်ပါဠိတော် အဋ္ဌကဝဂ်မှ (၁) နံပါတ် ကာမသုတ္တန်တရားတော် ဖြစ်တယ်၊ ဒီသုတ်ကို မြတ်စွာဘုရားဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏားတယောက်ကို အကြောင်း ပြုပြီး ဟောတော်မူခဲ့ပါတယ်။

ပါဠိလို အဋ္ဌက ဆိုတာ ရှစ်ခုအပေါင်းလို့ အနက်ရတယ်၊ ဒါကြောင့် အဋ္ဌက ဝဂ်ဆိုတာ ဂါထာရှစ်ခုစီရှိတဲ့ သုတ်အစုအပေါင်းလို့ အနက်ရပါတယ်၊ ဒါပေမဲ့ ဒီဝဂ်မှာ အစပိုင်းနားက လေးသုတ်သာ ရှစ်ဂါထာစီ ရှိပါတယ်၊ နောက်ပိုင်းသုတ်တွေမှာတော့ ဂါထာ တဆယ် တဆယ်ကျော်၊ နှစ်ဆယ် နှစ်ဆယ်ကျော်အထိ ရှိပါတယ်၊

ဒီသုတ်မှာတော့ ၆-ဂါထာမျှသာ ရှိတယ်၊ ကာမကို အကြောင်းပြုပြီး ဟောတဲ့သုတ် ဖြစ်တဲ့အတွက် ဒီသုတ်ကို ကာမသုတ်လို့ ခေါ်ပါတယ်၊ သုတ္တနှင့် သုတ္တန္တဆိုတာ အနက်အားဖြင့် အတူတူပါဘဲ၊ ဒါကြောင့် ကာမသုတ္တန်လို့လဲ ခေါ်ရပါတယ်။

မြတ်စွာဘုရား ဟောတော်မူတဲ့ သုတ်တရား တွေဟာ ကာမဂုဏ်နဲ့ ကိလေသာတွေကို ပယ်ဘို့ အရိယမဂ်ဖိုလ် တရားကိုရောက်ဖို့ ရည်ရွယ်ပြီး ဟောတော်မူတာချည်းပါဘဲ၊ ဘာဝနာနဲ့ ပြောရမယ်ဆိုယင်တော့ သတိပဋ္ဌာန်လေးပါးအစရှိတဲ့ ဗောဓိပက္ခိယ တရားတွေကို ပွားများပြီး အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ် ရောက်ဖို့ချည်းပါဘဲ။ ဒီသုတ်မှာတော့ ကာမဂုဏ်ကို အခြေခံပြုပြီး ဟောထားတယ်၊ ဟောပုံကတော့ ...

အလိုရှိတိုင်းရလျှင် ဝမ်းမြောက်သည်

▬▬▬▬▬▬▬▬▬▬▬

၁။ ကာမံ ကာမယမာနဿ၊
တဿ စေ တံ သမိဇ္ဈတိ။
အဒ္ဓါ ပီတိမနော ဟောတိ၊
လဒ္ဓါ မစ္စော ယဒိစ္ဆတိ။

ကာမံ၊ လိုချင်နှစ်သက်ဖွယ် အာရုံကာမဂုဏ် ဝတ္ထုကို။
ကာမယမာနဿ၊ လိုချင်နှစ်သက်နေသော။
တဿ၊ ထိုယောက်ျား မိန်းမ ပုဂ္ဂိုလ်အား။
တံ၊ ထို လိုချင်နှစ်သက်အပ်သော အာရုံ ကာမဂုဏ်ဝတ္ထုသည်။
စေ သမိဇ္ဈတိ၊ အကယ်၍ ပြည့်စုံငြားအံ့။
ဧဝံ သတိ၊ ဤသို့ လိုချင်သည့်အတိုင်း ပြည့်စုံလတ်-ရလတ်သော်။
သော မစ္စော၊ လိုချင် နှစ်သက်နေသော ထိုယောက်ျား, မိန်းမ ပုဂ္ဂိုလ်သည်။
ယဒိစ္ဆတိ တံ လဒ္ဓါ၊ လိုချင်အပ်သော ထိုဝတ္ထုအာရုံ ကာမဂုဏ်ကို ရသောကြောင့်။
ပီတိမနော ဝမ်းမြောက် ရွှင်ပြုံးသော စိတ်နှလုံး ရှိသည်။
အဒ္ဓါ ဟောတိ၊ စင်စစ်မသွေ ဖြစ်ရလေတော့၏။

ဆိုလိုရင်း အတိုချုပ်ကတော့ လိုချင် နှစ်သက်တဲ့ အာရုံ ကာမဂုဏ်ဝတ္ထုကိုရယင် ဝမ်းသာ ဝမ်းမြောက်ခြင်းဟာ ဧကန်ပင် ဖြစ်တတ်ပါတယ်တဲ့၊ အဲဒါကတော့ လူတိုင်းပင် သိလွယ်ပါတယ်၊ ထင်ရှား ပေါ်လွင်ပါတယ်။ ဒါပေမဲ့ နောက်က လိုက်လာမည့် ဆင်းရဲဒုက္ခတွေ ဖော်ပြလိုတဲ့အတွက် အဲဒီ ဖြစ်ရိုး ဖြစ်စဉ် ပေါ်လွင်တဲ့ အကြောင်းအရာကို အခြေခံ အနေနဲ့ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ရှေးရှေးသော နှစ်ပေါင်း သိန်းသန်း ကုဋေ ကာလတွေကလဲ လိုချင်တာကို ရယင် ဝမ်းသာကြတာဘဲ၊ နောက်နောက် ကာလတွေမှာလဲ လိုချင်တာကိုရယင် ဝမ်းသာ ကြမှာဘဲ၊ ယခုခေတ်ကာလမှာလဲ လိုချင်တာရယင် ဝမ်းသာကြတာဘဲ၊ လိုချင်တာ တွေက ဘာတွေလဲဆိုယင် နှစ်သက်ဖွယ် အဆင်းအာရုံတွေ နှစ်သက်ဖွယ် အသံ အာရုံတွေ နှစ်သက်ဖွယ် အနံ့အာရုံတွေ နှစ်သက်ဖွယ် အစားအစာ အာရုံတွေ နှစ်သက်ဖွယ် အတွေ့အထိအာရုံတွေ ဒါတွေပါဘဲ၊

ပေါ်ပေါ်လွင်လွင် ပြောရယင် ကလေးသူငယ်များမှာဆိုယင် စားစရာကို ရယင်ပင် ဝမ်းသာတယ်၊ လူကြီး လူငယ် အားလုံးပင် အဝတ်အထည်ကောင်းတွေရယင် ဝမ်းသာတယ်၊ ရွှေငွေတွေကို ရယင် ဝမ်းသာတယ်၊ အိမ်ကောင်း ယာဉ်ရထား ကားကောင်းတွေကို ရယင် ဝမ်းသာတယ်၊

မိတ်ဆွေ အပေါင်းအဖော်ကိုရယင် ဝမ်းသာတယ်၊ အိမ်ထောင်ဘက် မိန်းမ ယောက်ျားကို ရယင် ဝမ်းသာတယ်၊ သားကလေး သမီးကလေး ရယင် ဝမ်းသာတယ်၊ လုပ်ငန်းဆောင်တာတွေ အောင်မြင်ယင် ဝမ်းသာတယ်၊ ရာထူး ဂုဏ်ထူးတွေကိုရယင် ဝမ်းသာတယ်၊ ဒီပုံ ဒီနည်းဖြင့် လိုချင်တာတွေကို ရယင် ဝမ်းသာကြတာချည်းပါဘဲ၊

အဲဒါကို ဗမာလို လွယ်လွယ်နဲ့ ဆောင်ထားရအောင် ဆောင်ပုဒ် တခုစီထားတယ်၊

ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်-တဲ့”၊

အဲဒါကို ဆိုကြရမယ်။

(၁) ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်။

အဲဒီလို လိုချင်တာတွေကိုရပြီး ဝမ်းသာတယ် ဆိုတာဟာ လောကမှာ ဖြစ်ရိုး ဖြစ်စဉ်ပါဘဲ၊ ဒါပေမဲ့ အဲဒီလို ပြည့်စုံတဲ့အခါမှာ သတိတရားရှိဘို့ လိုပါတယ်၊ သတိတရား ကင်းမဲ့သူတွေမှာ ဆိုယင် အကြောင်းအားလျော်စွာ အဲဒီ ကာမဂုဏ်တွေ ပျက်စီးသွားတဲ့အခါမှာ အလွန်အမင်း စိတ်ဆင်းရဲတဲ့ ဒုက္ခနဲ့ တွေ့ရတတ်တယ်။ ဒါကြောင့်-

၂။ တဿ စေ ကာမယာနဿ၊
ဆန္ဒဇာတဿ ဇန္တုနော။
တေ ကာမာ ပရိဟာယန္တိ၊
သလ္လဝိဒ္ဓေါဝ ရုပ္ပတိ-

လို့ ဟောတော်မူပါတယ်။

ဆုံးရှုံးပျက်စီးတော့ စိတ်ဆင်းရဲရသည်

▬▬▬▬▬▬▬

ကာမယာနဿ၊ လိုချင်နှစ်သက်နေသော။
ဝါ-ကာမယာဉ်ရှိနေသော။
ဆန္ဒဇာတဿ၊ ဖြစ်သော နှစ်သက်မှုရှိနေသော။
ဝါ-နှစ်သက်စွဲလမ်းမှု မပြတ်မစဲဖြစ်နေသော။
တဿ ဇန္တုနော၊ ထိုမိန်းမ ယောက်ျား ပုဂ္ဂိုလ်အား။
တေ ကာမာ၊ ထိုကာမဂုဏ်တို့သည်။
စေ ပရိဟာယန္တီ၊ အကယ်၍ ဆုံးရှုံးပျက်စီးကုန်ငြားအံ့။
သော၊ ထိုမိန်းမ ထိုယောက်ျား ပုဂ္ဂိုလ်သည်။
သလ္လဝိဒ္ဓေါဝ၊ မြှားမှန်ခံရသော သမင်ကဲ့သို့။
ရုပ္ပတိ၊ ညှိုးနွမ်း ဖေါက်ပြန်လျက် ပူပန်ပျက်စီးရလေတော့၏။

ဆိုလိုရင်းကတော့ မိမိအလိုရှိခဲ့တဲ့ ကာမဂုဏ်အာရုံ ဝတ္ထုတွေနှင့် ပြည့်စုံတဲ့အတွက် ဝမ်းမြောက် ဝမ်းသာနှင့် ပျော်နေသောသူမှာ အကြောင်းအားလျော်စွာ ထိုကာမဂုဏ် ဝတ္ထုပစ္စည်းတွေ ပျက်စီးသွားခဲ့လို့ရှိယင် အဲဒီအခါမှာ အကြီးအကျယ် စိတ်ပူပန်ပြီး ပျက်စီးတတ်ပါတယ်တဲ့။

ဥပမာအားဖြင့် မြှားမှန်ခံရတဲ့သမင်ဟာ ချက်ခြင်း သေသွားရသလို ပါဘဲတဲ့။ အဲဒီမှာ ကာမယာနဿ-ပုဒ်၏ အနက်ကို ကိလေသာကာမယာဉ် ရှိနေတယ်လို့လဲ ဖွင့်ပြ ထားတယ်။ ယခုလူတွေခရီးသွားတဲ့ အခါမှာ လှည်းယာဉ်နဲ့လဲ သွားကြတယ်။ မြင်းရထားယာဉ်နဲ့လဲ သွားကြတယ်၊ မီးရထား၊ မီးသင်္ဘောယာဉ်နဲ့လဲ သွားကြတယ်၊ မော်တော်ကားယာဉ်နဲ့လဲ သွားကြတယ်၊ လေယာဉ်နဲ့လဲ သွားကြတယ်၊

အဲဒါလိုဘဲ ကာဂုဏ်အာရုံတွေ နှစ်သက်သာယာနေတာကို ကာမယာဉ်ခေါ်တယ်၊ အဲဒီကာမယာဉ်နဲ့ သွားနေတယ် ဆိုတာ အဲဒီနှစ်သက်သာယာတဲ့ တဏှာနဲ့ သံသရာ ခရီးသွား နေတာပါဘဲ၊ လူ့ကာမဂုဏ်တွေ သာယာနှစ်သက်နေယင် ကုသိုလ်ကံကလဲ ရှိမယ်ဆိုယင် လူ့လောကမှာဘဲ ထပ်ကာ ထပ်ကာ ဖြစ်နေမှာဘဲ၊ နတ်ကာမဂုဏ်ကို သာယာနေယင် ကုသိုလ်ကံကလဲ ရှိနေမယ်ဆိုယင် နတ်လောကမှာဘဲ ထပ်ကာ ထပ်ကာ ဖြစ်နေမှာဘဲ၊

အဲဒီလိုဆိုယင် သံသရာမှ လွတ်မြောက်တဲ့ နိဗ္ဗာန်ကိုတော့ ရောက်မှာမဟုတ်ဘူး၊ ယခု ဒီမှာဆိုလိုတာကတော့ ရပြီးသား ကာမဂုဏ်အာရုံတွေနဲ့ သာယာ ပျော်မွေ့ နေတယ်၊ အချိန်ရှိသမျှ ကာမဂုဏ်အာရုံတွေကိုသာ အလေးပြုပြီး စိတ်ဝင်စား နေတယ်၊ ပြည့်စုံတဲ့ ကာမအာရုံတွေကို အကြောင်းပြုပြီး “ငါ့မှာ ကံကောင်းလိုက်တာ အရ တော်လိုက်တာ” စသည်ဖြင့် ဝမ်းမြောက် ဝမ်းသာ ဖြစ်နေတာမျိုးကို “ကာမယာဉ် ရှိနေတယ် ကာမယာဉ်နဲ့ စခန်းသွားနေတယ်”လို့ ဆိုလိုပါတယ်။

အဲဒီလို ပြည့်စုံတဲ့ ကာမအာရုံ ဝတ္ထုတွေကို သာယာ မက်မောနေတုန်းမှာ အကြောင်း တခုခုကြောင့် အဲဒီ ကာမဂုဏ် ဝတ္ထုပစ္စည်းတွေ ပျက်စီးသွားလို့ရှိယင် အဲဒီလူမှာ ယူကျုံးမရ မနေတတ် မထိုင်တတ်ဖြစ်ပြီး ဖေါက်ပြန်ပျက်စီး သွားတတ်ပါ တယ်တဲ့။ ပြည့်စုံနေတဲ့ ရွှေ ငွေ အစရှိတဲ့ ပစ္စည်းတွေ ရေကြောင့်ဖြစ်စေ၊ မီးကြောင့်ဖြစ်စေ၊ သူခိုး ဓားပြကြောင့် ဖြစ်စေ၊ အာဏာရှင် မင်းကြောင့်ဖြစ်စေ ပျက်စီး ဆုံးရှုံးသွားယင် မခံမရပ်နိုင်အောင်ဖြစ်ပြီး ပျက်စီးတတ်တယ်၊

စိတ်ပူပန်ပြီး ရောဂါလဲ ဖြစ်တတ်တယ်၊ စိတ်ဖောက်ပြန်ပြီးတော့ ရှုးသွပ်လဲ ရှုးသွပ်သွား တတ်တယ်၊ သေယင်လဲ သေသွားတတ်တယ်၊ အင်မတန် ချစ်မြတ်နိုး နေတဲ့ သား ကကလေး သမီးကလေး ပျက်စီးသွားယင်၊ အိမ်သူဇနီး အိမ်သူခင်ပွန်း ပျက်စီးသွားယင် ချစ်ခင်နေလျက်နဲ့ ကွဲကွာသွားယင် စိတ်ပူပန်ပြီး အကြီးအကျယ် ဒုက္ခရောက် တတ်တယ်။ ရောဂါစွဲခြင်း ရှုးသွပ်ခြင်း သေပျက်ခြင်းသို့လဲ၊ ရောက်သွား တတ်တယ်။

အဲဒီလို ဖြစ်ရတာတွေဟာ ဘာကြောင့်လဲဆိုလျှင် ပြည့်စုံနေတဲ့ ကာမအာရုံတွေ အပေါ်မှာ နှစ်သက် သာယာပြီး အလွန်အမင်း အားကိုးနေလို့ပါဘဲ။ ဒါကြောင့် -

ဆန္ဒဇာတဿ၊ လိုလားသောဆန္ဒ ပြင်းစွာဖြစ်လျက်။
ကာမယာနဿ၊ နှစ်သက်လိုချင်နေသော။
ဝါ၊ နှစ်သက်လိုချင်မှု ကာမယာဉ်ဖြင့် သွားနေသော။
တဿ ဇန္တုနော၊ ထို ပုဂ္ဂိုလ်အား။
တေ ကာမာ၊ ပြည့်စုံနေသော ထိုကာမအာရုံ ကာမဂုဏ် ဝတ္ထုတို့သည်။
စေ ပရိဟာယန္တိ၊ အကယ်၍ ဆုတ်ယုတ်ဆုံးရှုံးသွားကုန်ငြားအံ့။
သော၊ ထို ယောက်ျား ထိုမိန်းမပုဂ္ဂိုလ်သည်။
သလ္လဝိဒ္ဓေါဝ၊ မြှားစူးဝင်နေသော သမင်ကဲ့သို့။
ရုပ္ပတိ၊ ညှိုးနွမ်းဖောက်ပြန်လျက် ပူပန်ပျက်စီးရလေတော့၏၊

လို့-ဟောတော်မူပါတယ်။

အဲဒါကို အတိုချုပ် ဆောင်မှတ်ထားရအောင် “နှစ်သက်နေတုန်း၊ ပျက်ဆုံးရှုံး၊ နှလုံး ဖောက်ပြန် တတ်လေသည်”လို့ ဆောင်ပုဒ်စီထားတယ်။

လိုချင်တောင့်တနေတဲ့ သက်ရှိသက်မဲ့ ကာမအာရုံ ဝတ္ထုကိုရလို့ အားရဝမ်းသာ ဖြစ်နေတုန်းမှာ အဲဒီ အာရုံဝတ္ထု ပျက်စီးဆုံးရှုံးသွားယင် ပြည့်စုံနေတုန်းက ဝမ်းမြောက် ဝမ်းသာ ရသလောက် စိတ်ပူပန်မှု နှလုံးမသာမှုတွေ အကြီးအကျယ် ဖြစ်ရတယ်။ ဝမ်းမြောက် ဝမ်းသာရတာထက် ပိုပြီးတော့လဲ စိတ်ဆင်းရဲရတတ်တယ်။ ရှုးသည်အထိ သေသည်အထိလဲ ဒုက္ခရောက်တတ်တယ်။ ဒါကြောင့် “နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည်”လို့ ဆောင်ပုဒ်စီ ထားတယ်၊ အဲဒါကို ဆိုကြရမယ်”

(၂) နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည်

မြှားမှန်ခံရတဲ့ သမင်ဟာ မြှားမမှန်ခင်ကတော့ သူ့အာရုံနဲ့သူ ပျော်နေမှာဘဲ၊ မုဆိုးက အဆိပ်လူးထားတဲ့ မြှားနဲ့ ပစ်လိုက်လို့ သေလောက်တဲ့ နေရာကိုမှန်ပြီး စူးဝင်သွားယင် တခါထဲ ဘုံးကနဲလဲပြီး သေရှာတော့တာဘဲ၊

ယခုကာလမှာ သေနတ် အမှန်ခံရတဲ့ သမင်ဆိုယင် သာပြီး အသေမြန်လိမ့်ဦးမယ်၊ လူတွေက မိမိတို့ စားသောက် အသက် ရှင်ရေးအတွက် သားကောင်တွေကို လိုက်ပြီး ပစ်သတ်ကြတယ်။ တချို့ကလဲ အပျော်တမ်းအနေနဲ့ သားကောင်တွေကို လိုက်ပြီး ပစ်သတ်ကြတယ်၊ ဟိုက တောသတ္တဝါ ကကလေးတွေမှာဖြင့် ကြောက်ရှာလွန်းလို့ အတင်းပြေးပြီး ရှောင်ကြရတယ်။ ဒါပေမယ်လို့ မတိမ်းမရှောင်နိုင်တဲ့ သားကောင် ခမြာတွေမှာ မြှားမှန် သေနတ်မှန်ပြီး သေရှာကြရတယ်၊

အဲဒီ မြှားမှန် သေနတ်မှန်ပြီး သေရရှာတဲ့ သားသမင်လိုဘဲ လူတွေလဲ ကာမဂုဏ် အာရုံတွေနဲ့ ပြည့်စုံလို့ ပျော်တပြုံးပြုံး ဖြစ်နေတုန်းမှာ အဲဒီ ကာမဂုဏ် အာရုံတွေ ပျက်စီး ဆုံးရှုံးသွားယင် တခါထဲ မနေသာ မထိုင်သာဖြစ်ပြီး ဒုက္ခရောက်ကြရတယ်၊ တချို့မှာ ရောဂါအကြီးအကျယ် စွဲသွားတယ်၊ တချို့မှာ ရှုးကြောင်ကြောင် ဖြစ်သွားကြတယ်၊ တချို့မှာဆိုယင် သေသွားသည်အထိ ဒုက္ခရောက်သွားကြရတယ်။

စောစောကတည်းက ဆင်ခြင်ထားရမယ်

▬▬▬▬▬▬▬

အဲဒီလို ဒုက္ခရောက်ရတာတွေဟာ ဘာကြောင့်လဲဆိုယင် ပြည့်စုံတဲ့ကာမအာရုံ တွေကို တရားလက်လွတ် သာယာ မက်မောနေခဲ့လို့ပါဘဲ။ ဒါကြောင့် ပျက်စီးတတ်တဲ့ ကာမအာရုံတွေကို စောစောကတည်းက တရားနဲ့ နှလုံးသွင်း ဆင်ခြင်ထားဘို့ လိုပါတယ်။ “ချစ်နှစ်သက်ဖွယ် သက်ရှိသက်မဲ့ အာရုံဝတ္ထုတွေဟာ ဘယ်အချိန်မဆို ပျက်စီးသွားနိုင်တယ်။ မိမိနှင့် တကွဲတပြားစီ ဖြစ်သွားနိုင်တယ်” ဆိုတာကို နှလုံးသွင်းဆင်ခြင်ထားဘို့ လိုပါတယ်။ အဲဒီလို ဆင်ခြင်ဘို့ရာ မြတ်စွာဘုရားက အဘိဏှသုတ်မှာ

သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ-လို့ ဟောထားပါတယ်။

ပိယေဟိ မနာပေဟိ၊ ချစ်ခင်မြတ်နိုးအပ်ကုန်သော။
သဗ္ဗေဟိ၊ သက်ရှိသက်မဲ့ အလုံးစုံသော ပုဂ္ဂိုလ်ပစ္စည်းတို့နှင့်။
နာနာဘာဝေါ၊ အသက်ရှင်နေစဉ်မှာပင် တကွဲတပြားစီ ဖြစ်ခြင်း ဆုံးရှုံး ပျက်စီး ခြင်းသည်။
ဝိနာဘာဝေါ၊ သေသဖြင့် ကင်းကွာရခြင်းသည်။
ဘဝိဿတီတိ၊ တနေ့နေ့ တချိန်ချိန်မှာ ဖြစ်လိမ့်မည်ဟု။
အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ မကြာမကြာအခါခါ ဆင်ခြင်အပ်၏-တဲ့။

အဲဒီလို ဆင်ခြင်ထားမယ် ဆိုယင်တော့ ပျက်စီးဆုံးရှုံးရတဲ့အခါ ကွဲကွာရတဲ့ အခါမှာ အလွန်ကြီး မဆင်းရဲရဘဲ သက်သာရာ ရနိုင်ပါတယ်။

လယ်သမား ပုဏ္ဏား

▬▬▬▬▬▬▬

ဒီကာမသုတ္တန်ကို ဟောရခြင်း၏ အကြောင်းကတော့ သာဝတ္ထိမြို့က ဗြာဟ္မဏမျိုး ဖြစ်တဲ့ လယ်သမားတယောက်ဟာ အစိရဝတီမြစ်အနီးမှာ လယ်ယာ လုပ်ကိုင်နေ ပါတယ်၊ ဗြာဟ္မဏဆိုတဲ့ ပါဠိကို ပုဏ္ဏားလို့ဘဲ မြန်မာပြန်ကြတယ်၊ ဒါကြောင့် ပုဏ္ဏား တယောက်လို့ဘဲ ဆိုကြပါစို့။ အဲဒီ ပုဏ္ဏား၏ နောက်ဖြစ်ပေါ်လာမည့် အကြောင်းကို မြင်တော်မူတာနဲ့ မြတ်စွာဘုရားက အဲဒီ ပုဏ္ဏား ထွန်ယက် စိုက်ပျိုးနေရာကို ကြွရောက်ပြီး မိတ်ဆက်စကား ပြောတော်မူရတယ်။ ရင်းနှီးတဲ့စိတ်ရှိပြီး နောင်အခါမှာ ပြောဟောတဲ့စကားကို ရိုရိုသေသေ လိုက်နာအောင်လို့ပါဘဲ။

“အသင်ပုဏ္ဏား ဘာလုပ်နေသလဲ”လို့ မြတ်စွာဘုရားက မေးတော်မူတယ်။ ဒီတော့ ပုဏ္ဏားက “အမျိုးမြတ်တဲ့ သာကီဝင်မင်းသား ရဟန်း၊ ဂေါတမက ငါ့ထံ လာရောက်ပြီး ပဋိသန္တာရစကား ပြောကြားပေတယ်”လို့ နှလုံးသွင်းပြီး မြတ်စွာဘုရား အပေါ်မှာ ကြည်ညိုတဲ့စိတ် ဖြစ်ပေါ်လာပြီးတော့ “ဂျုံစိုက်ဖို့ ယာထွန်နေပါတယ် အရှင် ဂေါတမ”လို့ ဝမ်းမြောက်ဝမ်းသာနဲ့ ပြန်ကြားပါတယ်။

အရှင်သာရိပုတ္တရာကလဲ “မြတ်စွာဘုရား ပဋိသန္တာရ စကားပြောကြားတာဟာ အကြောင်းမဲ့တော့ မဟုတ်ပေဘူး၊ အရေးကြီးတဲ့ အကြောင်းရှိလို့ ဖြစ်မှာဘဲလို့ နှလုံးသွင်းပြီး အဲဒီပုဏ္ဏားနဲ့ ပဋိသန္တာရစကား ပြောကြားတယ်၊ ထို့အတူ အရှင်မဟာမောဂ္ဂလာန်ကလဲ ပြောကြားတယ်၊ မဟာသာဝက အရှင်မြတ်တွေကလဲ အဲဒီပုဏ္ဏားနဲ့ နှုတ်ဆက်စကား ပြောကြားတော်မူကြတယ်။

ဒီတော့ လယ်သမား ပုဏ္ဏားက “ငါ့ကို ရဟန်းဂေါတမနှင့်တကွ သူ့တပည့်ကြီးတွေကပါ အလေးပြုပြီး ပဋိသန္တာရစကား ပြောကြားကြပါပေတယ်”လို့ အာရုံပြုပြီး အလွန် ဝမ်းသာနေတယ်။ ဂျုံပင်တွေ ကောင်းကောင်းမွန်မွန် ဖြစ်နေတဲ့ အခါလဲ မြတ်စွာဘုရားက အဲဒီကို ကြွသွားပြီးတော့ “ဘယ့်နဲ့လဲ … သင့်ဂျုံခင်း ကောင်းပါရဲ့လား”လို့ မေးတော်မူတယ်။ “ကောင်းပါတယ် အရှင်ဂေါတမ၊ အကယ်၍ အပြီးတိုင် ချောမောသွားယင် အရှင်ဂေါတမအားလဲ ခွဲပြီး လှူပါဦးမယ်” လို့ ပြန်လျှောက်လိုက်ပါတယ်။

လေးလလောက ်ရှိတဲ့အခါမှာ ဂျုံပင်တွေက အလွန်သန်စွမ်းပြီး အသီးအနှံတွေကလဲ ထွားကျိုင်းနေတယ်၊ ဂျုံခင်းရှင် ပုဏ္ဏားက သူ့ဂျုံခင်းကြည့်ပြီး အလွန်အားရဝမ်းသာ ဖြစ်နေတယ်၊ ဒီနှစ်တော့ ဂျုံတွေဟာ အခါတိုင်းထက်ရမှာဘဲ၊ အဝတ်အထည် အသုံးအဆောင် ဘာဘာညာညာတွေ ဝယ်ရမယ် စသည်ဖြင့် ကြံစည်ပြီး ပျော်နေတယ်၊ ယနေ့ နက်ဖြန်ဘဲ ရိတ်သိမ်းရတော့မယ်လို့ ဒီလို ကြံစည်နေစဉ်မှာ မိုးကြီးက တညဉ့်လုံး အကြီးအကျယ် ရွာချလိုက်တယ်၊

အစိရဝတီမြစ်ဆိုတာ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ ကပ်လျက်ပဲ ရှိတယ်၊ မိုးက အကြီးအကျယ်ရွာတော့ အဲဒီမြစ်က ရေတွေ လျှံတက်လာတယ်၊ အဲဒီ ပုဏ္ဏားရဲ့ ဂျုံခင်းကိုလဲ ရေလွှမ်းမိုးပြီး ဂျုံပင်တွေအကုန်လုံး ရေထဲပါသွားပါရောတဲ့-ဂျုံခင်းရှင် ပုဏ္ဏားဟာ သူ့ဂျုံခင်းသွား ကြည့်တဲ့အခါ ဘာမျှမကျန်တော့ဘဲ အကုန်လုံး ပျက်စီး နေတာကိုသာ တွေ့ရတယ်။

အဲဒီတော့ ပုဏ္ဏားမှာ စိတ်နှလုံးမသာခြင်း စိတ်ဆင်းရဲတွေ အကြီးအကျယ် ဖြစ်တယ်၊ ဒီဂျုံခင်းကရမှ တနှစ်လုံး စားရသုံးရမယ်၊ ယခုဘယ်လိုလုပ်ပြီး စားသုံးနေထိုင် ရပါမလဲ စသည်ဖြင့် ကြံတွေးပြီး ယူကျုံးမရ အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်နေရှာပါသတဲ့။

ဟုတ်တယ် ဗမာပြည်မှာလဲ မြစ်နားနီးတဲ့ အရပ်တွေ ပင်လယ်ကမ်းခြေ အရပ်တွေမှာ ရေလွှမ်းမိုးပြီး လယ်ဧက သန်းပေါင်းများစွာ ပျက်စီးကြတယ်ဆိုတာကို သတင်းစာ ထဲမှာ နှစ်စဉ်လိုလိုဘဲ တွေ့ရတယ်၊ အခြားနိုင်ငံတွေမှာလဲ နည်းတူဘဲ ရေလွှမ်းမိုးလို့ ပျက်စီးကြတယ်ဆိုတာကို ကြားသိရတယ်၊ အဲဒီလို ပျက်စီးသွားတဲ့ လယ်ယာ တွေရဲ့ပိုင်ရှင် လယ်ယာသမားတွေမှာ သနားစရာပါဘဲ။

ဒါကြောင့် ဥဒကတော ဝါ - ရေဘေးကြောင့်လဲ ပျက်စီးရတယ်လို့ ကျမ်းဂန်တွေထဲမှာ ဆိုထားပေတာဘဲ၊ ရေဘေးသာ မဟုတ်ဘူး၊ မီးဘေးကလဲ လောင်လိုက်ယင် ရှိသမျှတွေ ကုန်သွားတာဘဲ။

နံနက်ပိုင်းက သူဌေးကြီး ညနေပိုင်းကျ သူဆင်းရဲ

▬▬▬▬▬▬▬▬

ဘုန်းကြီးတို့ ဇာတိအရပ်ဖြစ်တဲ့ ရွှေဘိုမြို့မှာ တခါက မီးအကြီးအကျယ် လောင်တယ်၊ ၂-နာရီလောက် အတွင်းမှာ တမြို့လုံး အကုန်လောက်ပဲ လောင်သွားတယ်၊ အဲဒီ မီးထဲမှာ စက်ရော အိမ်ရောပါသွားတဲ့ စက်ပိုင်တယောက်က ညည်းပြီးတော့ ဒီလိုပြောတယ်၊

နံနက်ပိုင်းက သူဌေးကြီး ညနေပိုင်းကျတော့ ဘာမှမရှိတော့ဘူး၊ သူဆင်းရဲ ဖြစ်သွားတယ်လို့ ညည်းပြီး ပြောတယ်၊ ဒါပေမဲ့ မူလက ချမ်းသာ ကြွယ်ဝနေတဲ့ သူမှာတော့ သိပ်အရေးမကြီးလှပါဘူး၊ မီးထဲမပါနိုင်တဲ့ တခြားနေရာက ပစ္စည်းတွေ ကျန်ရှိနေသေးတာပါဘဲ၊ ဒါကြောင့် မကြာခင်ဘဲ ပြန်ပြီး ပြည့်စုံကြီးပွားသွား နိုင်ပါတယ်။

လယ်သမား ဆင်းရဲသားမှာတော့ လယ်ယာက မရယင် ဘယ်ကမှ ရစရာ မရှိတော့ဘူး၊ ဒါကြောင့် စိတ်နှလုံး မသာဖြစ်မယ်ဆိုယင် အကြီးအကျယ် ဖြစ်စရာပါဘဲ၊ အဲဒီ အခါတုန်းက အဲဒီပုဏ္ဏားသာ မဟုတ်ဘူး၊ အဲဒီ အစိရဝတီ မြစ်ရိုး တလျှောက်မှာ သူလိုဘဲ လယ်ယာပျက်စီးသွားတဲ့ လူတွေ အများကြီးရှိမှာဘဲ။ ဒါပေမဲ့ ဒီကာမသုတ် ဒေသနာနဲ့ ဆိုင်ဒါကတော့ ဒီပုဏ္ဏားသာ ဖြစ်တဲ့အတွက် ဒီပုဏ္ဏားကိုသာ ဒီနေရာမှာ ပြထားတယ်။

ဒုက္ခရောက်နေတဲ့အခါ ဘုရားကြွလာတယ်

▬▬▬▬▬▬▬

အဲဒီလို အတိဒုက္ခ ရောက်နေတဲ့အခါ မြတ်စွာဘုရားက သူ့အိမ်ကို ကြွလတယ်၊ စောစောကတည်းက ရင်းနှီးပြီး ဖြစ်နေတဲ့အတွက် အဲဒီပုဏ္ဏားက “ငါ့ကို ချီးမြှောက် အားပေးဘို့ လာတာဘဲလို့ နှလုံးသွင်းပြီးတော့ မြတ်စွာဘုရားအား နေရာ ခင်းပေးပြီး ကြိုဆိုတယ်၊ မြတ်စွာဘုရားက အဖြစ်မှန်ကို သိပေမဲ့ တရားဟောရန် အကြောင်း ပေါ်လာအောင်လို့ ဘယ့်နှယ်လဲ ပုဏ္ဏား စိတ်နှလုံးမသာ ဖြစ်နေပါသလားလို့ မေးတော်မူပါတယ်။ မှန်ပါ အရှင်ဂေါတမ ဂျုံခင်းဟာ ရေထဲ အကုန်ပါသွားပါတယ် လို့ လျှောက်တယ်။

မြတ်စွာဘုရားက ဒီလို ဟောတော်မူတယ်

▬▬▬▬▬▬▬▬

ဒီတော့ မြတ်စွာဘုရားက လိုချင်နှစ်သက်ဖွယ် ကာမဂုဏ်တွေဆိုတာ အကြောင်း ညီညွတ်တဲ့အခါ ဒီလိုဘဲ ပျက်စီးတတ်တယ်၊ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ဘဲ၊ ဒါကြောင့် ကာမဂုဏ်အာရုံ ပစ္စည်းတွေ ပြည့်စုံတဲ့အခါလဲ သိပ်ဝမ်းမသာရဘူး၊ ပျက်စီး သွားတဲ့ အခါလဲ သိပ်ဝမ်းမနည်းရဘူး၊

လောကမှာ လူတွေဟာ ဘယ်လိုပင် စီးပွားဥစ္စာတွေ ပျက်သွားပေမယ်လို့ တနေ့ ကျလျှင် ကံအားလျော်စွာ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာလဲ ဖြစ်နိုင်တာဘဲ စသည်ဖြင့် မိန့်တော်မူပြီးတော့ ဒီကာမသုတ္တန် တရားကို ဟောကြားတော်မူပါတယ်။

(၁) ကာမံ ကာမယမာနဿ၊
တဿ စေ တံ သမိဇ္ဈတိ။
အဒ္ဓါ ပီတိမနော ဟောတိ၊
လဒ္ဓါ မစ္စော ယဒိစ္ဆတိ။

ကာမံ၊ လိုချင် နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်ဝတ္ထုကို။
ကာမယမာနဿ၊ လိုချင်နှစ်သက် တပ်မက်နေသော။
တဿ၊ ထိုယောက်ျား မိန်းမ ပုဂ္ဂိုလ်အား။
တံ၊ ထို လိုချင်နှစ်သက် တပ်မက်အပ်သော အာရုံ ကာမဂုဏ် ဝတ္ထုသည်။
စေ သမိဇ္ဈတိ၊ အကယ်၍ ပြီးစီးပြည့်စုံငြားအံ့။
ဧဝံ သတိ၊ ဤသို့ လိုချင်သည့်အတိုင်း ပြည့်စုံလတ်-ရလတ်သော်။
သော မစ္စော၊ လိုချင်နှစ်သက် တပ်မက်နေသော ထိုယောက်ျား မိန်းမပုဂ္ဂိုလ်သည်။
ယဒိစ္ဆတိ တံ လဒ္ဓါ၊ လိုချင်အပ်သော ထိုဝတ္ထုအာရုံ ကာမဂုဏ်ကို ရသောကြောင့်။
ပီတိမနော၊ ဝမ်းမြောက် ရွှင်ပြုံးသော စိတ်နှလုံး ရှိသည်။
အဒ္ဓါ ဟောတိ၊ စင်စစ်မသွေ ဖြစ်ရလေတော့သတည်း။

လိုချင်နှစ်သက် တပ်မက်ဖွယ် ကာမဂုဏ်အာရုံ ဝတ္ထုတွေကို ကာမဘုံသားတွေ ဆိုတာ လိုချင်ကြတာဘဲ၊ နှစ်သက်ကြ တပ်မက်ကြတာဘဲ၊ ယောက်ျားကလဲ လိုချင်နှစ်သက် တပ်မက်တာဘဲ၊ မိန်းမကလဲ လိုချင်နှစ်သက် တပ်မက်တာဘဲ၊ အဲဒီ လိုချင်နှစ်သက်တဲ့ သက်ရှိသက်မဲ့ အာရုံဝတ္ထုကိုရယင် ဝမ်းမြောက် ဝမ်းသာတယ်၊ ဒါက ဖြစ်ရိုး ဓမ္မတာဘဲ။

အဲဒါကို “ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်”လို့ ဆောင်ပုဒ်စီထားတယ်။

အဲဒါကိုထပ်ပြီး ဆိုလိုက်ကြပါဦး။

(၁) ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင်ဝမ်းမြောက် လေတော့သည်။

လိုချင်စရာ ကာမဂုဏ်တွေကတော့ အများကြီးပါဘဲ၊ ယခု ဒီပုဏ္ဏားမှာတော့ သူ လုပ်ထားတဲ့ ယာခင်း ဂျုံတွေပါဘဲ၊ သူ့ဂျုံပင်တွေ ထွားထွားကျိုင်းကျိုင်း ဖြစ်ထွန်း နေတာကို မြင်ရလို့လဲ သူ့မှာ ဝမ်းမြောက် ဝမ်းသာနေတယ်၊ အသီးအနှံတွေ ပြည့်ပြည့်စုံစုံ ထွက်ပေါ်နေတာကို မြင်ရလို့လဲ ဝမ်းမြောက်ဝမ်းသာနေတယ်။ အဲဒါဟာ “ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်”လို့ ဆိုတဲ့ အတိုင်းပါဘဲ။

အခြားပစ္စည်းကို လိုချင်တဲ့သူမှာ အဲဒီလိုချင်တာကိုရယင် နည်းတူဘဲ ဝမ်းမြောက် ဝမ်းသာရတယ်။ အိမ်ထောင်ဘက် အလိုရှိတဲ့သူမှာ လိုချင်တဲ့ အတိုင်းရလျှင် ဝမ်းမြောက်ဝမ်းသာရတယ်၊ တချို့မှာ သားကလေး သမီးကလေးရလို့ ဝမ်းမြောက် ဝမ်းသာနေရတယ်၊ ဘာမဆို ကိုယ်လိုချင်တာရယင် ဝမ်းမြောက်ဝမ်းသာ ကြတာချည်း ပါဘဲ။

ဒါပေမဲ့ သာမန်ပုဂ္ဂိုလ်တွေမှာ အဲဒီ ပြည့်စုံတဲ့ အာရုံ ဝတ္ထုပစ္စည်း ပျက်စီးသွားတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာရသည်နှင့်အမျှ ဖြစ်စေ၊ ထို့ထက် အလွန် ဖြစ်စေ ဝမ်းနည်းခြင်း နှလုံးမသာခြင်း ဆင်းရဲတွေကို ခံစားရတတ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက ထိုပုဏ္ဏားအား-

တဿ စေ ကာမယာနဿ၊
ဆန္ဒဇာတဿ ဇန္တုနော။
တေ ကာမာ ပရိဟာယန္တိ၊
သလ္လဝိဒ္ဓေါဝ ရုပ္ပတိ -

စသည်ဖြင့် ဆက်ပြီးဟောတော်မူပါတယ်။

ကာမယာနဿ၊ လိုချင်နှစ်သက်နေသော။
ဝါ-လိုချင်နှစ်သက်မှု ဟူသော ကာမယာဉ် ရှိနေသော။
ဆန္ဒဇာတဿ၊ ဖြစ်သော နှစ်သက်မှု ရှိနေသော။
ဝါ-နှစ်သက်စွဲလန်းမှု မပြတ်မစဲ ဖြစ်နေသော။
တဿဇန္တုနော၊ ထိုယောက်ျား မိန်းမပုဂ္ဂိုလ်အား။
တေ ကာမာ၊ ထိုကာမဂုဏ်တို့သည်။
စေ ပရိဟာယန္တိ၊ အကယ်၍ ဆုံးရှုံး ပျက်စီးကုန်ငြားအံ့။
သော၊ ထိုယောက်ျား မိန်းမ ပုဂ္ဂိုလ်သည်။
သလ္လဝိဒ္ဓေါဝ၊ မြှားမှန်ခံရသော သမင်ကဲ့သို့။
ရုပ္ပတိ၊ ညှိုးနွမ်းဖောက်ပြန်လျက် ပူပန်ပျက်စီးရလေတော့၏။

ကိုယ်ရထားတဲ့ အာရုံကာမဂုဏ် ဝတ္ထုပစ္စည်းတွေနဲ့ အားရဝမ်းသာ ဖြစ်နေတုန်းမှာ ရေဘေးကြောင့် ဖြစ်စေ၊ မီးဘေးကြောင့် ဖြစ်စေ၊ မင်းဆိုးဘေးကြောင့် ဖြစ်စေ၊ သူခိုးဓားပြဘေးကြောင့် ဖြစ်စေ၊ လေမုန်တိုင်း ဘေး, မြေငလျင်ဘေးကြောင့် ဖြစ်စေ၊ အဲဒီကာမဂုဏ်အာရုံ ဝတ္ထုပစ္စည်းတွေ သက်ရှိပုဂ္ဂိုလ်တွေ ရုတ်တရက် ပျက်စီးဆုံးရှုံး သွားလို့ရှိယင် မြှားမှန်ခံရတဲ့ သားသမင်လိုဘဲ စိတ်တွေ ညှိုးငယ် ဖောက်ပြန်ပြီး ပျက်စီးတတ်ပါတယ်-တဲ့။

ယခု ပုဏ္ဏားမှာတော့ သူ့ဂျုံခင်း ရေကြောင့် ပျက်စီးလို့ အလွန်အမင်း စိတ်ဆင်းရဲ ဖြစ်နေရတာပါဘဲ။ အဲဒါမျိုးဟာလဲ တွေ့ကြုံရတတ်တဲ့ လောကဓံသဘောဘဲလို့သိပြီး စိတ်သက်သာရာ ရအောင်လို့ မြတ်စွာဘုရားက ဒီဂါထာကို ဟောတော်မူပါတယ်။ ရေဘေးဆိုတာ တခါတရံမှာ လူတွေရော ကျွဲနွားတိရစ္ဆာန်တွေရော မျောပါပြီး ပျက်စီးရတတ်ပါတယ်။

အဲဒါနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုယင် ယာခင်းလောက် ပျက်တာ တော်သေးရဲ့လို့ သက်သာရာ ရစရာလဲ ရှိပါသေးရဲ့။ အဲဒီမှာ ဆောင်ပုဒ်က နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည်-တဲ့။

အဲဒါကို ထပ်ပြီး ဆိုလိုက်ကြ ရဦးမယ်။

(၂) နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည်။

အဲဒီလို ဖြစ်ပျက်နေတတ်တဲ့ လောကဓံဟာ ပုဏ္ဏားကြီးမှာ သူ့ကိုယ်တွေ့ ဖြစ်နေတယ်၊ သူက စောစောပိုင်းမှာ သူ့ဂျုံခင်း ပြည့်စုံကောင်းမွန်နေတုန်းကဆိုယင် အလွန်အမင်း နှစ်သက်ပြီး အားရဝမ်းသာ ဖြစ်နေခဲ့တယ်၊ အဲဒီလို နှစ်သက် ဝမ်းသာ နေတုန်းမှာဘဲ သူ့ဂျုံခင်း ရေကြောင့်ပျက်စီးသွားတာကို တွေ့ရတော့ ယူကျုံးမရဖြစ်ပြီး အလွန်အမင်း စိတ်နှလုံးမသာ ဖြစ်နေရတယ်။

အဲဒါဟာ စောစောပိုင်းက ဒီလို ဖြစ်တတ် ပျက်တတ်တယ်ဆိုတဲ့ လောကဓံတရားကို မဆင်ခြင်မိလို့ပါဘဲ၊ စောစော ပိုင်းကတည်းက လောကဓံတရားကို ဆင်ခြင်ပြီး အလွန်အမင်း နှစ်သက်ဝမ်းသာခြင်း မဖြစ်ခဲ့ယင် အတော်အတန်တော့ သည်းခံနိုင်ဘို့ ရှိပါတယ်။

ဒါကြောင့် ကာမဂုဏ် အာရုံတွေနှင့်စပ်ပြီး အလွန်အမင်း သာယာနှစ်သက်ခြင်း မဖြစ်အောင် ဆင်ခြင်ဘို့ရာ၊ တတ်နိုင်လို့ရှိယင် ကာမဂုဏ်အာရုံတွေကို လုံးဝစွန့်လွှတ် နိုင်အောင် ဆင်ခြင်ဘို့ရာ မြတ်စွာဘုရားက ဒီလို ဆက်ပြီး ဟောတော်မူပြန်တယ်။

မြွေဆိုးလိုပင် ရှောင်ရမယ်

▬▬▬▬▬▬▬▬▬

၃။ ယော ကာမေ ပရိဝဇ္ဇေတိ၊
သပ္ပဿေဝ ပဒါ သိရော။
သောမံ ဝိသတ္တိကံ လောကေ၊
သတော သမတိ ဝတ္တတိ။

ယော၊ အကြင်တစုံတယောက်သော ပုဂ္ဂိုလ်သည်။
ကာမေ လိုချင်နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်ဝတ္ထုတို့ကို။
ပရိဝဇ္ဇေတိ၊ ရှောင်ကြဉ်၏။

ကာမဂုဏ်နှင့်စပ်ပြီး ဆင်းရဲ မတွေ့ချင်တဲ့သူဟာ အဲဒီနှစ်သက် လိုချင်ဘွယ်အာရုံ ကာမဂုဏ်ဝတ္ထုတွေကို မနှစ်သက်ပဲ ရှောင်ကြဉ်ရမယ်၊ ပယ်စွန့်ရမယ်တဲ့။ ဘယ်လိုလဲ ဆိုယင်

သပ္ပဿသိရော၊ မြွေ၏ဦးခေါင်းကို။
ပဒါ၊ ခြေဖြင့်မနင်းမိ မတိုက်မိအောင်။
ပရိဝဇ္ဇေတိ ဣဝ၊ ရှောင်လွှဲသကဲ့သို့ပင် ရှောင်ကြဉ်ရမယ်တဲ့။

မြွေဆိုးရှိတဲ့ အရပ်ဒေသမှာ ဆိုယင် အမှိုက်တွေ ရှုပ်နေတဲ့နေရာ မြက်ပင် သစ်ပင်ငယ်တွေ ရှုပ်နေတဲ့ နေရာကိုသွားတဲ့အခါ မြွေကိုမနင်းမိ မတိုက်မိအောင် အထူးဂရုစိုက်ပြီး ရှောင်ရတယ်၊ မြွေဆိုးကို မြင်တွေ့နေယင်တော့ အဲဒီ မြွေခေါင်းကို ခြေဖြင့် မနင်းမိ မတိုက်မိအောင် ရှောင်ရတယ်၊ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ရတယ်၊ အဲဒါလိုဘဲ နှစ်သက် လိုချင်စရာ ကာမဂုဏ်တွေကို ရှောင်ကြဉ်ရမယ် တဲ့။

ရှင်ရဟန်းများနှင့် အလွန်သင့်တဲ့တရား

▬▬▬▬▬▬▬▬▬▬▬

အဲဒါဟာ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ - သံသရာဝဋ်ဆင်းရဲမှ လွတ်ပါရ စေခြင်းအကျိုးငှါ သင်္ကန်း ဝတ်တယ် ဆိုတဲ့ ရှင်ရဟန်းများနဲ့တော့ အလွန် သင့်လျော်တဲ့ တရားပါဘဲ၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ချင်ယင် မြွေကိုက်မှာ ကြောက်သလိုပင် ကာမဂုဏ်အာရုံကို နှစ်သက်တပ်စွဲတဲ့ ကိလေသာတွေ မဖြစ်အောင် ရှောင်ကြဉ်သင့်ပါတယ်၊ မလွှဲမကင်းသာလို့ သုံးဆောင်နေရတဲ့ ဆွမ်း သင်္ကန်း ကျောင်း ဆေးတွေနှင့် စပ်ပြီးတော့လဲ နှစ်သက်သာယာတဲ့ ကိလေသာ မဖြစ်အောင် ရှုမှတ်ပြီး သုံးဆောင်ဘို့လိုပါတယ်၊ အောက်ထစ်ဆုံးအားဖြင့် ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပြီး သုံးဆောင်ဘို့ လိုပါတယ်။

မအပ်စပ်တဲ့ ရွှေ ငွေ အစရှိတဲ့ ပစ္စည်းတွေကိုရအောင် အားမထုတ်သင့်တာကတော့ အလွန်ပင်ထင်ရှားနေပါပြီ၊ နောက်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေကို သွားမကြည့်ဘို့ ဝိသဘာဂအာရုံတွေကို သာယာနှစ်သက်သောအားဖြင့် မကြည့်ဘို့ဆိုတာတွေလဲ အလွန်ပင် ထင်ရှားနေပါပြီ၊ အဲဒီလို ကာမဂုဏ် အာရုံတွေကို စိတ်ကူးမျှဖြင့်သော်လဲ မကြံမိအောင် ဘာဝနာတခုခုဖြင့် အမြဲမပြတ် ရှုမှတ်နှလုံးသွင်းနေဘို့လဲ လိုပါတယ်၊ အကယ်၍ နှစ်သက်လိုချင်မှု ဖြစ်ပေါ်လာယင်လဲ ဆင်ခြင်၍ ဖြစ်စေ၊ ရှုမှတ်၍ ဖြစ်စေ၊ ပယ်ဘို့လဲ လိုပါတယ်။ အဲဒါဟာ ရှင်ရဟန်းများ တရားအားထုတ်ဆဲ ယောဂီများနဲ့ အလွန်သင့်လျော်တဲ့ တရားပါဘဲ။

အိမ်ရာတည်ထောင် လူ့ဘောင်က လူများမှာဆိုယင်တော့ စားဝတ်နေရေးနှင့်စပ်တဲ့ မလွှဲမကင်းသာ အာရုံကာမဂုဏ်တွေကို ရှောင်ရမယ် စွန့်ရမယ်ဆိုယင် မသင့်လျော် သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ အိမ်ရာတည်ထောင် လူ့ဘောင်မှာနေတဲ့ ပုဏ္ဏားကို အကြောင်းပြုပြီး မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားတဲ့ တရားဖြစ်တဲ့အတွက် သင့်လျော်အောင် ယူမှဘဲ ဖြစ်မယ်၊

ဘယ်လိုလဲဆိုယင် လူ့ဘောင်က စွန့်ခွါပြီး ရဟန်းပြုနိုင်ယင်လဲ ကောင်းတယ်၊ ရဟန်း မပြုနိုင်ပေမဲ့ တရားနာနေယင်း တရားအားထုတ်နေယင်း ကာမဂုဏ် အာရုံတွေကို ခွါနိုင်သမျှ ခွါနေနိုင်ယင်လဲ ကောင်းတယ်၊ အဲဒီလိုမှ မဟုတ်ယင်လဲ ကာမဂုဏ်တွေ၏ အပြစ်ကို ရှုဆင်ခြင်နိုင်ယင်လဲ ကာမဂုဏ်အာရုံတွေ ပျက်စီး ဆုံးရှုံးသွားတဲ့အခါမှာ စိတ်သက်သာရာ ရနိုင်တယ်၊ ဒါကြောင့် အိမ်ရာတည်ဆောင် လူ့ဘောင်က လူတွေလဲ ဒီတရားကို စွမ်းနိုင်သမျှ လိုက်နာပြီးကျင့်ဘို့ ဟောတော်မူတယ်လို့လဲ ယူသင့်ပါတယ်။

မြွေဆိုးကို ကြောက်သလိုပင် ကာမဂုဏ်တွေကိုကြောက်ပြီး ရှောင်နိုင်သမျှ ရှောင်ဘို့ရာ ဟောတော်မူတဲ့ တရားပါဘဲ။

အဲဒီလို ရှောင်တော့ ဘယ်လို အကျိုးကို ရပါသလဲလို့ ဆိုယင်

ရှောင်လျှင်ရမည့်အကျိုး

▬▬▬▬▬▬▬▬

သပ္ပဿ သိရော၊ မြွေ၏ ဦးခေါင်းကို။
ပဒါ၊ ခြေဖြင့် မနင်းမိ မတိုက်မိအောင်။
ပရိဝဇ္ဇေတိ ဣဝ၊ ရှောင်ကြဉ်ဘိသကဲ့သို့။
ယော၊ အကြင်တစုံတယောက်သော ပုဂ္ဂိုလ်သည်။
ကာမေ၊ လိုချင် နှစ်သက်ဖွယ် အာရုံ ကာမဂုဏ် ဝတ္ထုတို့ကို။
ပရိဝဇ္ဇေတိ၊ ရှောင်ကြဉ်၏။
သော၊ ထိုသို့ ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည်။
လောကေ၊ လောက၌။
ဝါ-လောကဟု ဆိုအပ်သော ကာမဂုဏ်အာရုံဟူသမျှ၌။
ဝိသတ္တိကံ၊ ပြန့်နှံ့လျက် တွယ်တာတတ်သော။
ဣမံ၊ ဤတဏှာကို။
သတော၊ ကိုယ်အမူအရာ စသည်ကိုပြုတိုင်း အမှတ်ရလျက်။
ဝါ-အမှတ်ရသောကြောင့်။
သမတိ ဝတ္တတိ၊ စွန့်ပယ် ရှောင်ရှားကျော်လွန်၍သွားနိုင်ပေ၏။

ကာမဂုဏ် အာရုံတွေကို ရှောင်ကြဉ် ပယ်စွန့်ပြီး ကျင့်နိုင်လို့ရှိယင် ကာမဂုဏ်ဆိုတဲ့ လောကထဲမှာ ပြန့်နှံ့ပြီး ကပ်ငြိတွယ်တာတတ်တဲ့ တဏှာကို ပယ်စွန့်သောအားဖြင့် ကျော်လွန်သွားနိုင်ပါတယ်တဲ့၊ ဒီနေရာမှာ လောကအရကို အပါယ်လောက လူ့လောက နတ်လောက ခန္ဓာလောက စသည်ဖြင့် မဟာနိဒ္ဒေသမှာ ဖွင့်ပြထား ပါတယ်၊ အဲဒါဟာ အပါယ်ဘုံ လူ့ဘုံ နတ်ဘုံတွေမှာ ရှိနေတဲ့ နှစ်သက်လိုချင်စဖွယ် ကာမဂုဏ်တွေကို ဆိုလိုတာပါဘဲ။

ဒါကြောင့် ဒီမှာ “လောကဟု ဆိုအပ်သော ကာမဂုဏ်အာရုံ ဟူသမျှ၌”လို့ အနက် ဖော်ပြလိုက်ပါတယ်။ အဲဒီ နှစ်သက် လိုချင်ဘွယ် ကာမဂုဏ်အာရုံ ဟူသမျှမှာ ပြန့်နှံ့ပြီး ကပ်ငြိတွယ်တာ သာယာ နှစ်သက်တတ်တဲ့ ကာမတဏှာကို ကင်းစေနိုင်ပါတယ်၊ ပယ်နိုင်ပါတယ်၊ ကျော်လွန် သွားနိုင်ပါတယ်တဲ့၊ အဲဒီ ကာမအာရုံတွေကို မနှစ်သက် မတပ်မက်တော့ဘူးဆိုယင် အင်မတန်ဘဲ ချမ်းသာပါတယ်၊

ဒီကာမဂုဏ်တွေကို တကယ့် အကောင်းအမြတ်တွေ ထင်ပြီး နှစ်သက်သာယာနေလို့ အဲဒါတွေကို ရအောင်လဲ ရှာရတယ်၊ အသက်ကို စွန့်ပြီးတော့တောင် ရှာရတယ်၊ ရလာတဲ့ ကာမဂုဏ်တွေကိုလဲ စောင့်ရှောက် နေကြရတယ်၊ အင်မတန်ဆင်းရဲပါတယ်၊ အဲဒီ ကာမဂုဏ်တွေ ပျက်စီး ဆုံးရှုံးသွားပြန်ယင်လဲ အလွန်အမင်း စိတ်နှလုံးမသာ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။

အဲဒီကာမဂုဏ်တွေကို မြွေဆိုးလိုဘဲ ကြောက်ဖွယ် စက်ဆုပ်ဖွယ် ထင်နေယင်တော့ အဲဒါတွေကို မရှာရ မစောင့်ရှောက်ရတဲ့အတွက် ဆင်းရဲငြိမ်းပြီး ချမ်းသာတယ်၊ အဲဒီကာမဂုဏ်တွေ ပျက်စီးသွားမှာလဲ မစိုးရိမ်ရဘူး၊ ပျက်စီးသွားလို့လဲ စိတ်မဆင်းရဲ ရဘူး၊ ချမ်းသာစွာ နေနိုင်တယ်။

ကာမဂုဏ် အဆာပြေအောင် အားထုတ်နည်း

ဒါကြောင့် အဲဒီကာမဂုဏ်အာရုံတွေမှာ ပြန့်နှံ့ပြီး ကပ်ငြိတွယ်တာတတ်တဲ့ ကာမအာရုံ ဆာငတ်နေတဲ့ တဏှာကို ပယ်ရှားနိုင်အောင် လွန်မြောက်နိုင်အောင် ကြိုးစားဘို့ လိုပါတယ်။ ဘယ်လိုကြိုးစားရမလဲဆိုတော့-သတော၊ အမှတ်ရသည် ဖြစ်၍၊ ဝါ-အမှတ်ရသောကြောင့်၊ သမတိ ဝတ္တတိ၊ ကောင်းစွာ ကျော်လွန်သွားနိုင်ပါတယ်-တဲ့။

အဲဒီမှာ သတော-အမှတ်ရတယ်ဆိုတာ ဘယ်လိုဟာလဲ ဆိုယင် -

ကာယေ၊ ရုပ်အပေါင်း ကိုယ်၌။
ကာယာနုပဿနာသတိပဋ္ဌာနံ၊ ရုပ်အပေါင်းကိုယ်ဟု ရှုသော ကာယာနုပဿနာ-သတိပဋ္ဌာန်ကို။
ဘာဝေန္တော၊ ပွားစေသောသူသည်။
သတော၊ အမှတ်ရနေသူမည်၏

စသည်ဖြင့် သတိပဋ္ဌာန်လေးပါး ပွားနေလျှင် အမှတ်ရနေသည် မည်ကြောင်း မဟာနိဒ္ဒေသ ပါဠိမှာ ဖွင့်ပြထားတယ်။ နောက်ပြီးတော့ အဲဒီလို အမှတ်ရနေ ရမှာကလဲ တကြိမ်တခါမျှ တခဏမျှ မဟုတ်ဘူး၊ ကာမကိလေသာတွေကို မပယ်နိုင်သေးမချင်း အမြဲမပြတ် အမှတ်ရနေရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီသုတ် နောက်ဆုံးဂါထာမှာ “သဒါသတော - အခါခပ်သိမ်း အမှတ်ရလျက်” လို့ ဟောထားတယ်။

ဒီဂါထာကို ဒီအပိုဒ်မှာတော့ အက္ခရာက ရှစ်လုံးပြည့်နေလို့ အဲဒီ သဒ္ဒါပုဒ်ကို မထည့် နိုင်တဲ့အတွက် “သတော-အမှတ်ရသည်ဖြစ်၍”လို့ ဒါလောက်သာ ဟောထားခြင်း ဖြစ်တယ်၊ ဆိုလိုတဲ့ အနက်အားဖြင့်တော့ အဲဒီနောက်ဆုံးဂါထာနှင့် အတူတူပါဘဲ။ ဒါကြောင့် “သတော-နေ့ရော ညဉ့်ပါ အခါခပ်သိမ်း အမှတ်ရသည် ဖြစ်၍” ဆိုတဲ့ အနက်ကို ယူရတယ်။

ဒါကြောင့် သွားနေဆဲဆိုယင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း အမြဲမပြတ် အမှတ်ရနေရမယ်၊ ရပ်နေဆဲ ဆိုယင်လဲ ရပ်တည်မှုမှစ၍ ထင်ရှားပေါ်ရာကို အမြဲမပြတ် အမှတ်ရနေရမယ်၊ ထိုင်နေဆဲ ဆိုယင်လဲ ထိုင်မှုမှစ၍ ထင်ရှားပေါ်ရာကို အမြဲမပြတ် အမှတ်ရနေရမယ်၊ ဘာမှ အထူးမှတ်စရာ မရှိယင် ဝမ်းဗိုက်က ဖောင်းလိုက် ပိန်လိုက်နဲ့ တောင့်တင်းလှုပ်ရှားနေတဲ့ ကိုယ်အမူအရာကို အမြဲမပြတ် အမှတ်ရနေရမယ်၊

လဲလျောင်းနေဆဲဆိုယင်လဲ လဲလျောင်းမှုမှစ၍ ထင်ရှားပေါ်ရာကို အမြဲမပြတ် အမှတ်ရနေရမယ်၊ အဲဒီအခါလဲ အထူးမရှိယင် ဝမ်းဗိုက်၏ ဖောင်းမှု ပိန်မှုကိုဘဲ အမြဲမပြတ် အမှတ်ရနေရမယ်။ ကွေးမှု ဆန့်မှု လှုပ်ရှားမှု ပြုပြင်မှု ရှိယင်လဲ အဲဒါတွေကို အမှတ်ရနေရမယ်။ ဒီနည်းဖြင့် ကိုယ်အမူအရာ ရုပ်အပေါင်းကို အမှတ်ရပြီး သိတဲ့ ကာယာနုပဿနာ သတိပဋ္ဌာန်ကို ယင်လဲ ပွားနေရမယ်။

ညောင်းမှု ပူမှု နာကျင်ကိုက်ခဲမှု အစရှိသော ခံစားမှု ဝေဒနာထင်ရှား ဖြစ်ပေါ် လာယင်လဲ အဲဒီဝေဒနာကို ရှုမှတ်ပြီး သိတဲ့ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေရမယ်။ စိတ်ကူးကြံစည်မှု ထင်ရှားဖြစ်ပေါ်လာယင်လဲ အဲဒီ စိတ်အမူအရာကို ရှုမှတ်ပြီးသိတဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေရမယ်။

မြင်မှု ကြားမှု လိုချင်နှစ်သက်မှု အစရှိသော သဘောတရားများ ထင်ရှားဖြစ်ပေါ်လာယင်လဲ အဲဒီသဘောတရားတွေကို ရှုမှတ်ပြီးသိတဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေရမယ်။ အဲဒီလို အမြဲမပြတ် ရှုမှတ်ပြီး သတိပဋ္ဌာန်လေးပါးကို ပွားစေလျက် အမြမဲမပြတ် အမှတ်ရနေယင် အဲဒီကာမတဏှာကို လွန်မြောက်သွား နိုင်ပါတယ်-တဲ့။

ဘယ်လိုလဲဆိုယင် ဖောင်းတယ် ပိန်တယ် ထိုင်တယ် စသည်ဖြင့် ရှုမှတ်နေတိုင်း ရှုမှတ်နေတိုင်း ကာမအာရုံဆီ စိတ်မရောက်ရသောကြောင့် လိုချင်နှစ်သက်မှု တဏှာ ဖြစ်ခွင့်မရဘဲလဲ ငြိမ်းနေတယ်၊ လိုချင်နှစ်သက်ဖွယ် ကာမအာရုံကို မြင်ရ ကြားရ တွေ့သိရသော အခါ၌လဲ မြင်တယ် ကြားတယ် တွေ့တယ် သိတယ် စသည်ဖြင့် ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တ သဘောကို သိမြင်နေသောကြောင့် အဲဒီ ကာမအာရုံတွေမှာ လိုချင်နှစ်သက်မှု ဖြစ်ခွင့် မရှိသော အားဖြင့်လဲ ငြိမ်းနေတယ်၊ အဲဒါဟာ ဝိပဿနာဖြင့် အာရမ္မဏာနုသယကို ပယ်တာပါဘဲ။

နောက်ပြီးတော့ ပေါ်လာသမျှ အာရုံတွေကို အဲဒီလိုရှုမှတ်နေယင်း ဝိပဿနာဉာဏ် ရင့်ပြီး အရိယာ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတယ်၊ အဲဒီလို မျက်မှောက် ပြုသွားရာမှာ သောတာပတ္တိမဂ် သကဒါဂါမိ မဂ်တို့ဖြင့် အပါယ်ကျစေနိုင်တဲ့ ကာမတဏှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ ကာမတဏှာဆိုတာတွေကို မဖြစ်နိုင်အောင် အမြစ်ပြတ်ပယ် သွားတယ်၊

အနာဂါမိမဂ်ဖြင့် ကာမတဏှာ ဟူသမျှကို အမြစ်ပြတ်ပယ်သွားတယ်၊ အရဟတ္တမဂ်ဖြင့် လိုချင်နှစ်သက်မှု ဟူသမျှကို လုံးဝမဖြစ်နိုင်အောင် ပယ်သွားတယ်၊ အဲဒီ အရိယာမဂ် လေးပါးဖြင့် ပယ်တာကတော့ သန္တာနာနုသယခေါ်တဲ့ အရင်းအမြစ် တဏှာကို ပယ်စွန့် လွန်မြောက်သွားတာဘဲ။ အဲဒီလို နှစ်သက်သာယာတတ်တဲ့ တဏှာဟူသမျှကို လုံးဝပယ်နိုင် လွန်မြောက်နိုင်သည်အထိ ရှုမှတ်သွားဘို့ရာ မြတ်စွာဘုရားက

သော၊ မြွေဆိုးပမာ ကြောက်ရွံ့ကာဖြင့် ငါးဖြာအာရုံ ကာမဂုဏ်တို့ကို ရှောင်ကြဉ်သော ထိုပုဂ္ဂိုလ်သည်။
လောကေ၊ လောက၌။
ဝါ-လောကဟု ဆိုအပ်သော ကာမဂုဏ် အာရုံဟူသမျှ၌။
ဝိသတ္တိကံ၊ ပြန့်နှံ့လျက် ငြိကပ်တွယ်တာတတ်သော။
ဣမံ၊ ဤတဏှာကို။
သတော၊ အမှတ်ရလျက်။
ဝါ-အမှတ်ရနေသောကြောင့်။
သမတိဝတ္တတိ၊ စွန့်ပယ်ရှောင်ရှား ကျော်လွန်၍ သွားနိုင်ပေ၏-

လို့ ဟောတော်မူပါတယ်။ အဲဒါကိုမြွေ ရှောင်သည့်နှယ်၊ ကာမပယ်၊ ငြိတွယ် လွန်မြောက်လေတော့သည်-လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။

(၃) မြွေ ရှောင်သည့်နှယ်၊ ကာမပယ်၊ ငြိတွယ် လွန်မြောက် လေတော့သည်။

မြွေဆိုးကို ခြေဖြင့် မနင်းမိ မတိုက်မိအောင် ရှောင်သကဲ့သို့ လိုချင်နှစ်သက်ဖွယ် အာရုံ ကာမဂုဏ်တွေကို ရှောင်ကြဉ် စွန့်ပယ်လို့ရှိယင် ကာမအာရုံတွေမှာ အနှံ့အပြား ငြိကပ်တွယ်တာတတ်တဲ့ တဏှာကို လွန်မြောက် သွားနိုင်တယ်လို့ ဆိုလိုပါတယ်။ အဲဒီ ဆောင်ပုဒ်ထက် ပြည့်ပြည့်စုံစုံ ဆိုယင်တော့-

(၃-က) ကာမဂုဏ်မှာ၊ မြွေပမာ၊ ကြောက်ကာ ရှောင်ကြဉ်နေသူသည်။

(၃-ခ) လောကပြန့်လတ်၊ တဏှာငတ်၊ ရှုမှတ် လွန်မြောက်နိုင်ပေသည်-လို့လဲ

ဆိုနိုင်ပါတယ်။ ကာမဂုဏ်နှင့်စပ်တဲ့ ဆင်းရဲကို အလိုမရှိလျှင် မြွေဆိုးလိုဘဲ ကြောက်ရွံ့ပြီး ရှောင်ကြဉ်ပါတဲ့။ ဒါပေမဲ့ သတ္တဝါတွေကို ကာမဂုဏ်ကို မြွေဆိုးလို မကြောက်ကြဘူး၊ လှပမွှေးကြိုင်တဲ့ ပန်းများလိုပင် ယုယုယယနဲ့ မြတ်နိုးနေကြတယ်။
ဒါကြောင့် ကာမဂုဏ်နဲ့စပ်တဲ့ ဆင်းရဲဒုက္ခတွေ ရောက်နေကြတာဘဲ။ အဲဒီလို ဆင်းရဲ ဒုက္ခရောက်နေကြရပုံနဲ့ ကာမဂုဏ်၏ သရုပ်ကို ထုတ်ပြတော်မူလိုတဲ့အတွက် -

၄။ ခေတ္တံ ဝတ္ထုံ ဟိရညံ ဝါ၊
ဂဝဿံ ဒါသပေါရိသံ၊
ထိယော ဗန္ဓူ ပုထုကာမေ၊
ယော နရော အနုဂိဇ္ဈတိ။

၅။ အဗလာ နံ ဗလီယန္တိ၊
မဒ္ဒန္တေနံ ပရိဿယာ။
တတော နံ ဒုက္ခမနွေတိ၊
နာဝံ ဘိန္နမိဝေါဒကံ -

လို့ ဟောတော်မူပါတယ်။

ခေတ္တံ၊ လယ်ကို၎င်း။
ဝတ္ထုံ၊ ယာကို၎င်း။
ဝါ-အိမ်ရာမြေ ခြံရာမြေ စသော မြေရာကို၎င်း။
ဟိရညံ ဝါ၊ ရွှေငွေ စသော အိမ်တွင်းပစ္စည်းကို၎င်း။
ဂဝဿံ၊ နွားမြင်းစသော သက်ရှိဥစ္စာကို၎င်း။
ဒါသပေါရိသံ၊ ကျွန် အစေခံအလုပ်သမား အခြွေအရံအပေါင်းကို၎င်း။
ထီယော၊ မိန်းမတို့ကို၎င်း။
ဗန္ဓူ၊ ဆွေမျိုး မိတ်ဆွေအပေါင်း အဖော်တို့ကို၎င်း။
ပုထု ကာမေ၊ ထိုမှတပါး များစွာသော နှစ်သက်လိုချင်ဘွယ် အာရုံ ကာမဂုဏ် တို့ကို၎င်း။
ယော နရော၊ အကြင်ပုဂ္ဂိုလ်သည်။
အနုဂိဇ္ဈတိ၊ အစဉ်အပြတ် ငြိတွယ်ကပ်လျက် တပ်မက်စွဲလမ်းနေ၏။
နံ၊ ထိုတပ်မက်စွဲလမ်းနေသော ပုဂ္ဂိုလ်ကို။
အဗလာ၊ အားနည်းသော ကိလေသာတို့က။
ဗလီယန္တိ၊ အားကြီးသလိုပင် ဆွဲငင်နိုင်ထက် နှိပ်စက် လွှမ်းမိုးကြလေကုန်၏။

ဒီလိုကာမဂုဏ်တွေ တပ်မက်နေယင်

လယ်တို့ ယာတို့ ရွှေငွေတို့ အစရှိတဲ့ သက်မဲ့ ကာမဂုဏ် ပစ္စည်းတွေကို တပ်မက် နေလို့ ရှိယင်လဲ၊ နောက်ပြီးတော့ နွား မြင်း အစရှိတဲ့ သက်ရှိပစ္စည်းတွေ, ကျွန်အစေခံ အလုပ်သမားတွေ, ယောက်ျားများမှာ အိမ်ရှင်မ အမျိုးသမီးတွေ, မိန်းမများမှာ ဆိုယင်တော့ အိမ်ရှင်အမျိုးသား ယောက်ျား သားသမီးတွေ ဒီလိုသက်ရှိ ကာမဂုဏ် တွေကို တပ်မက်နေလို့ ရှိယင်တဲ့၊ အဲဒီလို ကာမဂုဏ်တွေကို တပ်မက်သာယာ တွယ်တာနေတဲ့ ယောက်ျား မိန်းမပုဂ္ဂိုလ်ကို အဲဒီ ကာမဂုဏ်နှင့် စပ်ဆိုင်တဲ့ ကိလေသာတွေက လွှမ်းမိုးနှိပ်စက် တတ်ကြပါတယ်တဲ့၊

ဘယ်လို ကိလေသာတွေက နှိပ်စက်တတ်ပါသလဲဆိုယင် အဲဒီ ကာမဂုဏ်တွေကို သာယာတပ်မက်နေတဲ့ လောဘ ကိလေသာတွေကလဲ ဘယ်သွားလိုက်အုံး, ဘာလုပ်လိုက်အုံး စသည်ဖြင့် စေခိုင်းပြီးတော့ နှိပ်စက်တတ်ကြတယ်၊ အဲဒီ ကာမဂုဏ်တွေ ပျက်စီးဆုံးပါး သွားမည့်အရေးကို တွေးပြီးတော့ စိတ်နှလုံးမသာတဲ့ ဒေါမနဿနှင့်တကွ သည်းမခံ နိုင်တဲ့ ဒေါသကိလေသာတွေကလဲ ပူပန်ပင်ပန်း စေပြီးတော့ နှိပ်စက်တတ်ကြတယ်။

အဲဒီ ကာမဂုဏ်တွေ ပျက်စီးသွားတဲ့ အခါကျတော့လဲ အဲဒီ နှလုံးမသာမှုနဲ့ ဒေါသ ကိလေသာတွေက မနေသာ မထိုင်သာဖြစ်အောင် ပူဆွေးစေပြီးတော့ နှိပ်စက်တတ် ကြတယ်။ မာနတို့ ဣဿာတို့ မစ္ဆရိယတို့ ဒီလို ကိလေသာတွေကလဲ နှိပ်စက်တတ်ကြတယ်။

အဲဒီလို ကိလေသာတွေက နှိပ်စက်ကြတာဟာ သူတို့က အင်အားကောင်းလွန်း လို့လား ဆိုတော့ - အဲဒီ ကိလေသာတွေက အဗလာ-အင်အားမရှိကြဘူးတဲ့၊ အား မရှိယင် ဘာကြောင့် နှိပ်စက်နိုင်ကြသလဲဆိုတော့ ကာမဂုဏ်တွေ တပ်မက်နေတဲ့ ပုဂ္ဂိုလ်က သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ခွန်အားမရှိတဲ့အတွက် အားမရှိတဲ့ ကိလေသာတွေက လွှမ်းမိုးနှိပ်စက် နိုင်ကြတာပါတဲ့။

ဘာလိုလဲဆိုယင် ပြိုလုပြိုချင် ဆွေးမြေ့နေတဲ့ အိမ်အိုကလေးကို အားမကြီးလှတဲ့ လေကတိုက်ဖြိုသွားသလိုပါဘဲ၊ ဒီစကားဖြင့် သဒ္ဓါ အစရှိသော ခွန်အားမရှိတဲ့ သူကို အင်အားမရှိတဲ့ ရာဂ ဒေါသ အစရှိသော ကိလေသာတွေက အနိုင်အထက် နှိပ်စက် လွှမ်းမိုးတတ်တယ်၊ နှလုံးသွင်း ဆင်ခြင်မှု ဘာဝနာအမှုတို့ဖြင့် သဒ္ဓါ အစရှိသော ခွန်အားရှိနေတဲ့ သူကိုတော့ အဲဒီ ကိလေသာတွေက မနှိပ်စက်နိုင်ဘူးဆိုတာကို ထင်ရှား ပြတော်မူပါတယ်။

ဒါကြောင့် ကိလေသာ အလိုလိုက်နေရသေးယင် သဒ္ဓါအစရှိသော ခွန်အား နည်းနေ သေးတယ်ဆိုတာ သိပြီးတော့ သဒ္ဓါအစရှိသော ခွန်အားနှင့် ပြည့်စုံအောင် တရား နာခြင်း တရားနှလုံးသွင်းခြင်း တရားအားထုတ်ခြင်းများဖြင့် ခံနိုင်ရည် ရှိအောင် ပြုပြင်ကြဘို့ရာလိုပါတယ်။ နောက်ပြီးတော့-

ဧနံ၊ ကာမဂုဏ်တို့ကို နှစ်သက်တပ်စွဲနေသော ထိုပုဂ္ဂိုလ်ကို။
ပရိဿယာ၊ အပြင်ပရန်သူ အတွင်းရန်သူတို့သည်။
မဒ္ဒန္တိ၊ နှိမ်နင်းချေဖျက် နှိပ်စက်ကြလေကုန်တော့၏-တဲ့။

ကာမဂုဏ်တွေကို မက်မောနေတဲ့သူဟာ ဘေးရန်ရှိတဲ့ အရပ်တွေမှာလဲ သွားရောက်ပြီး ရှာကြံရ လုပ်ကိုင်ရတယ်။ အဲဒီလို ရှာကြံနေရာမှာ ခြင်္သေ့ ကျား ဝက်ဝံ မြွေ စသည်ရှိတဲ့ အရပ်မှာဆိုယင် အဲဒီလို သားရဲတိရစ္ဆာန် အပြင်ပ ရန်သူတွေ ကလဲ နှိပ်စက် တတ်ကြတယ်၊ မြို့ထဲရွာထဲမှာ ဖြစ်ပေမယ်လို့ မလုံခြုံတဲ့ အရပ်မှာ ဆိုယင် သူခိုးဓါးပြ အစရှိတဲ့ အပြင်ပလူ ရန်သူတွေကလဲ နှိပ်စက်တတ်ကြတယ်၊ စီးပွားရေးမှာ ပြိုင်ဘက်ဖြစ်တဲ့ အပြင်ပလူ ရန်သူတွေကလဲ နှိပ်စက်တတ်ကြတယ်။

နောက်ပြီးတော့ အဲဒီ ကာမဂုဏ်တွေကို ရှာကြံရတဲ့ အခါမှာ ဖြစ်စေ၊ မပျောက် မပျက်ရအောင် စောင့်ရှောက်ရတဲ့ အခါမှာဖြစ်စေ မတရား ပြုမိ ပြောမိ ကြံမိယင် ကာယ ဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် ဆိုတဲ့ အကုသိုလ်ကံတွေ ဖြစ်တယ်၊ အဲဒီ အကုသိုလ်ကံတွေက ချက်ခြင်းလဲ မကောင်းကျိုးပေးပြီး နှိပ်စက်တတ်တယ်၊ နောင်သံသရာဘဝတွေမှာ အပါယ်လေးပါးစသည်၌ ရောက်စေပြီးတော့လဲ နှိပ်စက် တတ်တယ်၊ အဲဒီ ဒုစရိုက်အကုသိုလ်ကံတွေကတော့ ကိုယ်တွင်းက ရန်သူတွေဘဲ၊ ဒါကြောင့် -

ပရိဿယာ၊ အပြင်အပရန်သူ အတွင်းရန်သူတို့သည်။
ဧနံ၊ ကာမဂုဏ်တို့ကို နှစ်သက်တပ်စွဲနေသော ထိုပုဂ္ဂိုလ်ကို။
မဒ္ဒန္တိ၊ နှိမ်နင်းချေဖျက် နှိပ်စက်ကြလေကုန်တော့၏”

လို့ ဟောတော်မူပါတယ်။

အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် “ကာမဂုဏ် တပ်မက်၊ နိုင်အထက်၊ နှိပ်စက်ခံရလေတော့သည်”လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။

(၄) ကာမဂုဏ် တပ်မက်၊ နိုင်အထက်၊ နှိပ်စက်ခံရလေတော့သည်။

ကာမဂုဏ်အာရုံတွေကို တကယ့် အကောင်း အမြတ်ကြီးတွေထင်ပြီး နှစ်သက် မက်မောနေတဲ့ ပုဂ္ဂိုလ်ဟာ သတိပဋ္ဌာန်လေးပါး အစရှိတဲ့ ဗောဓိပက္ခိယ တရား တွေကို မပွားများနိုင်ဘူး၊ အားမထုတ်နိုင်ဘူး၊ ဒီလိုတရားတွေကို နာဘို့ရာတောင် လေးလေး နက်နက် ထက်ထက်သန်သန် မရှိဘူး။ ဒါကြောင့် အဲဒီလို ပုဂ္ဂိုလ်မှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ခွန်အားတွေ မရှိလို့ ခံနိုင်ရည် မရှိဘူး၊

အလိုရှိတဲ့ ကာမဂုဏ်တွေ ပြည့်စုံတဲ့အခါမှာလဲ အလွန်အမင်း တက်ကြွဝမ်းသာ တတ်တယ်၊ မပြည့်စုံယင် ပျက်စီးသွားယင်လဲ အလွန်အမင်း စိတ်နှလုံးမသာခြင်း ဝမ်းနည်းခြင်း ဖြစ်ရတယ်၊ အဲဒီလို ဖြစ်ရတာတွေဟာ သဒ္ဓါ အစရှိသော ခံနိုင်ရည် အင်အား မရှိတဲ့အတွက် အားမရှိတဲ့ ကိလေသာတွေက အားရှိသလိုပင် အနိုင်အထက် နှိပ်စက်ခြင်း ခံနေရတာပါဘဲ၊

နောက်ပြီးတော့ အဲဒီလို ခံနိုင်ရည်အင်အား မရှိတဲ့အတွက် အပြင်ပ ရန်သူတွေ အတွင်းရန်သူတွေရဲ့ အနှိပ်စက်ကိုလဲ ခံနေရတယ်၊ အဲဒီလို အဖက်ဖက်မှ အနှိပ်စက်ခံရတဲ့အတွက် ကာမဂုဏ်တွေကို တပ်မက်နေယင် အဲဒီကာမဂုဏ်တွေနဲ့ အတူ ဆင်းရဲတွေကလဲ တပါတည်း လိုက်ပါလာတော့တာဘဲ။ ဒါကြောင့် ...

လှေကွဲထဲ ရေဝင်သလိုပင်

တတော၊ ထိုသို့အားမရှိသော ကိလေသာတို့က အားကြီးသကဲ့သို့ပင် နိုင်ထက်ကလူ ပြုမူနှိပ်စက်ခြင်း၊ အတွင်းအပြင် ရန်သူတို့က နှိပ်စက်ခြင်းကြောင့်။
နံ၊ ထိုပုဂ္ဂိုလ်သို့။ ဒုက္ခံ၊ မျက်မှောက်ဆင်းရဲ သံသရာဆင်းရဲ အပေါင်းသည်။
အနွေတိ၊ ထက်ကြပ်မကွာ လိုက်ပါ၍ လာနေလေတော့၏။

(လိုက်ပါပုံက ဘာနှင့်တူပါသလဲ ဆိုတော့)

ဘိန္နံ၊ ပေါက်ကွဲနေသော။
နာဝံ၊ လှေထဲသို့။
ဥဒကံ၊ ရေသည်။
အနွေတိ ဣဝ၊ မပြတ်ဝင်ကာ လိုက်ပါသကဲ့သို့ပင် တူပါတယ်တဲ့၊

ဒီဥပမာကတော့ မြစ်ထဲ ချောင်းထဲ ပင်လယ်အင်းအိုင်ထဲမှာ လှေဖြင့် သွားလာနေရတဲ့ သူတွေက ပိုပြီး သဘောပေါက်ကြပါလိမ့်မယ်။ ရေလမ်းခရီးမှာ လှေဖြင့် သွားနေတုန်း အဲဒီလှေက အကြောင်းတစုံတခုကြောင့် ပေါက်ကွဲသွားယင် အဲဒီ အပေါက်အကွဲက ရေတွေ မပြတ်ဝင်နေတယ်၊ အပေါက်အကွဲ သေးငယ်ယင် နဲနဲ နဲနဲ ဝင်တယ်၊ အပေါက် အကွဲ ကြီးယင်တော့ အများကြီးဝင်တယ်၊

အဲဒါလိုဘဲ ကာမဂုဏ်တွေကို နှစ်သက်မက်မောနေတဲ့ သူမှာ ဆင်းရဲတွေက ကာမဂုဏ်တွေနဲ့ တပါတည်း လိုက်ပါပြီး နှိပ်စက်နေတယ်၊ များများနှစ်သက် မက်မော နေယင် များများကြီး လိုက်ပါပြီး နှိပ်စက်ကြတယ်၊ လှေကွဲလှေပေါက်ကို စီးရတဲ့ သူမှာလိုဘဲ ကိလေသာတွေ ရန်သူတွေကြောင့် ဒုက္ခတွေ ရောက်နေရတယ်၊

ကာမဂုဏ် အာရုံဝတ္ထုပစ္စည်းတွေ ရှာရလို့လဲ ဒုက္ခရောက်ရတယ်၊ ရပြီးကာမဂုဏ် တွေကို စောင့်ရှောက်ရလို့လဲ ဒုက္ခရောက်ရတယ်၊ သူများကလုယူသွားမှာ ပျောက်ပျောက် သွားမှာ စိုးရိမ်ပြီးတော့လဲ ဒုက္ခရောက်ရတယ်၊ ရေဘေး မီးဘေး သူခိုး ဓါးမြဘေး စသည်ကြောင့် ပျက်စီးဆုံးရှုံး သွားလို့လဲ အကြီးအကျယ် ဒုက္ခ ရောက်ရတယ်၊

အဲဒီ ကာမဂုဏ်တွေနှင့်စပ်ပြီး ကိလေသာတွေ ဖြစ်ပြီးတော့လဲ ဒုက္ခရောက်ရတယ်၊ အဲဒီကိလေသာ အကုသိုလ်ကံတွေကြောင့် ငရဲဘုံစသည်ကို ရောက်ပြီးတော့လဲ အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်ရတယ်၊

ဒါကြောင့် မြတ်စွာဘုရားက လှေကွဲ လှေပေါက်ထဲ ရေတွေ မပြတ်ဝင်နေသလိုပင် ကာမဂုဏ်တွေ နှစ်သက် မက်မောနေသူမှာ ကိလေသာဆင်းရဲ အတွင်းအပြင် ရန်သူ ဆင်းရဲတွေက မပြတ်လိုက်ပါပြီး နှိပ်စက်နေတယ်လို့ ပေါ်လွင်ထင်ရှားစွာ ဟောကြားတော်မူပါတယ်။

အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် “လှေကွဲ ရေဝင်၊ ပုံအသွင်၊ အစဉ် ဒုက္ခ လိုက်နေသည်” လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

(၅) လှေကွဲရေဝင်၊ ပုံအသွင်၊ အစဉ်ဒုက္ခလိုက်နေသည်။ ကာမဂုဏ်တွေ တပ်မက်နေသူကို လှေကွဲထဲမှာ ရေတွေက အမြဲဝင်နေသလိုပင် ကိလေသာကြောင့် ဖြစ်တဲ့ ဆင်းရဲတွေကရော အတွင်းအပြင် ရန်သူတို့ကြောင့် ဖြစ်တဲ့ဆင်းရဲတွေကရော မပြတ်လိုက်ပါပြီး နှိပ်စက်နေတယ်၊ ဒါကြောင့် အဲဒီဆင်းရဲတွေမှ လွတ်မြောက် ရအောင် ကာမဂုဏ်တွေကို ပယ်သင့်တဲ့အကြောင်း မြတ်စွာဘုရားက ဒီလိုဆက်ပြီး ဟောတော်မူပါတယ်။

(၆) တသ္မာ ဇန္တု သဒါသတော၊
ကာမာနိ ပရိဝဇ္ဇယေ။
တေ ပဟာယ တရေ ဩဃံ၊
နာဝံ သိတွာဝ ပါရဂူ။

တသ္မာ၊ ကာမဂုဏ်ကို နှစ်သက်တပ်မက်နေလျှင် ဆင်းရဲဒုက္ခတွေက ထက်ကြပ်မကွာ လိုက်ပါလျက် နှိပ်စက်နေခြင်း ဟူသော ထိုအကြောင်းကြောင့်။
ဇန္တု၊ ဆင်းရဲ ကင်းလိုသော ပုဂ္ဂိုလ်သည်။
သဒါ၊ နေ့ရောညဉ့်ပါ အခါခပ်သိမ်း။
သတော၊ ကာယာနုပဿနာ သတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။
ကာမာနိ၊ နှစ်သက်လိုချင်ဘွယ် အာရုံ ကာမဂုဏ်တို့ကို၊
ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ပယ်ရှားလိုက်ရာ၏။

ရှေ့ပိုင်း ဂါထာများမှာ ပြခဲ့သည့်အတိုင်း ကာမဂုဏ်အာရုံဝတ္ထုတွေ လိုချင်နှစ်သက် တပ်မက်နေတဲ့သူကို အားမရှိတဲ့ ကိလေသာတွေကလဲ အနိုင်အထက်ပြုပြီး နှိပ်စက် ကြတယ်၊ အပြင်ပ ရန်သူတွေကလဲ နှိပ်စက်ကြတယ်၊ ကာယဒုစရိုက် အစရှိတဲ့ အတွင်းရန်သူတွေကလဲ နှိပ်စက်ကြတယ်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ သံသရာဆင်းရဲတွေကလဲ အစဉ်မပြတ်လိုက်ပြီး နှိပ်စက်နေကြတယ်၊

အဲဒီလို အဖက်ဖက်မှ နှိပ်စက် နေကြလို့ အနှိပ်စက်ခံနေရတယ် ဆိုတာကို ဉာဏ်ဖြင့် ရှုမြင်ပြီးတော့ ကာမဂုဏ်အာရုံတွေကို လွတ်လွတ်စွန့်ပယ်လိုက်ရမယ်တဲ့။ ဒီနေရာမှာ ကာမဂုဏ်တွေ၏ အပြစ်ကိုပြထားတဲ့ အခြားသုတ္တန်တရား စကားတွေလဲ ရှိပါသေးတယ်။ အဲဒါတွေကိုလဲ ထည့်သွင်း ဖော်ပြဦးမယ်။ ဘယ်လိုပြထားသလဲ ဆိုယင်-

(၁) ကာမဂုဏ်တွေဟာ အရိုးနဲ့ တူတယ်

အဋ္ဌိကင်္ကလူပမာ ကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ၊ အာဒီနဝေါ ဧတ္ထ ဘိယျော။

ကာမာ၊ လိုချင် နှစ်သက်ဖွယ် အာရုံ ကာမဂုဏ်တို့သည်။
အဋ္ဌိကင်္ကလူပမာ၊ အသားအသွေး ကင်းကွာသည့် အရိုးပမာ တူကုန်၏။
ဗဟုဒုက္ခာ ဗဟုပါယာသာ၊ များသော ဆင်းရဲ ပင်ပန်းခြင်းကို ဖြစ်စေတတ်ကုန်၏။
ဧတ္ထ၊ ဤကာမဂုဏ်တို့၌။
အာဒီနဝေါ၊ အပြစ်သည်။
ဘိယျော၊ များစွာရှိ၏-တဲ့။

ကာမဂုဏ်တွေဟာ အသားအသွေးမရှိတဲ့ အရိုးလိုပင် သာယာဘွယ်မရှိ၊ ဆင်းရဲ ပင်ပန်းခြင်းကို များစွာဖြစ်စေတတ်ကြပါတယ်၊ ဒါကြောင့် အပြစ်တွေကသာ များပါတယ်-တဲ့၊ အရိုးနဲ့ တူပုံကတော့-သားသတ် သမားက အမဲရိုး တခုကို အသား အသွေး ပြောင်အောင် ခြစ်ထုတ်ပြီးတော့ အနီးအပါးမှာ စောင့်မျှော်နေတဲ့ ခွေးပိန် ခွေးငတ်ကလေးစီ ပစ်ပေးလိုက်ယင် အဲဒီ ခွေးပိန် ခွေးငတ် ကလေးတွေက အဲဒီအရိုးကို ဝမ်းပန်းတသာနဲ့ အတင်းပြေးဟပ်တယ်၊

အသား အသွေးက ဘာမျှ မရှိတော့ပေမဲ့ အသား အသွေး အနံ့ကလေးရတာနဲ့ ခဲလိုက် ဝါးလိုက် မြုံ့လိုက်နဲ့ လုပ်နေတယ်၊ သူ့သွားရည်နဲ့သူ အရသာ ပေါ်သလို ရှိနေတယ်၊ အကယ်၍သာ သူ့သွားရည် မရှိယင်တော့ ဘာမျှသာယာဘွယ် ရှိမှာမဟုတ်ဘူး၊ အဲဒီ ခွေးပိန် ခွေးငတ်ကလေးဟာ အဲဒီ အရိုးကို ခဲနေရုံနဲ့ သူ့မှာ အစာအငတ် ပြေပါမည်လား၊ အာဟာရဓာတ်ပြည့်ပြီး အစာဝ သွားပါမည်လား၊ အဆာငတ်လဲ မပြေနိုင်ဘူး၊ ဝလဲမဝနိုင်ဘူး၊

အခြားအစာကို မရှာဘဲ အဲဒီ အရိုးကိုသာ ဝါးနေယင် ဆင်းရဲပင်ပန်းရုံမျှသာ ရှိမှာဘဲ အဲဒီ ခွေးငတ်ရဲ့ အရိုးလိုပင် ကာမဂုဏ်တွေကလဲ သုံးဆောင်ရတဲ့သူရဲ့ နှစ်သက် သာယာမှုကြောင့်သာ ကောင်းသလိုလို ဖြစ်နေတာဘဲ၊ ဟိုခွေးငတ်ကလေးမှာ သူ့သွားရည်နဲ့သူ အရသာပေါ်နေသလိုပါဘဲ၊

ကိုယ့်ကိုယ်ထဲ ကသာ သာယာမှု မရှိဘူးဆိုယင် ကာမဂုဏ် အာရုံတွေဟာ ဘာမျှ သာယာဘွယ် မရှိနိုင်ပါဘူး၊ နေထိုင်မကောင်းတဲ့ လူမမာမှာ ဘယ်အာရုံမှ သာယာဘွယ် မရှိသလို ဖြစ်နေမှာပါဘဲ။ ဒါကြောင့် ကာမဂုဏ်တွေဟာ အသား အသွေး ကင်းတဲ့ အရိုးလိုဘဲ သာယာဘွယ် မရှိဘူး၊ သူ့အတွက် ရှာရ စောင့်ရှောက်ရ ကြောင့်ကြစိုက်ရ ပူပန်ရနဲ့ ဆင်းရဲဒုက္ခတွေကသာ များတယ်လို့ ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပစ်ရမယ်-တဲ့။

(၂) အသားတုံးနဲ့လဲ တူတယ်

ကာမာ၊ လိုချင်နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်တို့သည်။
မံသပေသူပမာ၊ သားတစ်-အသားတုံးနှင့် တူကုန်၏”

စသည်ဖြင့်လဲ ဟောတော်မူပါတယ်။

တူပုံကတော့-အသားတုံး တခုကို လင်းတ တကောင်က ဖြစ်စေ၊ စွန်တကောင်က ဖြစ်စေ ချီသွားယင် အခြား လင်းတတွေ စွန်တွေက အဲဒီအသားတုံးကို ရချင်လို့ အဲဒီ ချီသွားတဲ့ လင်းတကို စွန်ကို လိုက်ပြီး ထိုးကြ ဆိတ်ကြတယ်၊ အထိုးအဆိတ်ခံရတဲ့ လင်းတက စွန်က မခံနိုင်တဲ့အခါ အဲဒီ အသားတုံးကို စွန့်လိုက်တယ်၊ အခြား တကောင်က အဲဒီ အသားကို ကောက်ယူပြီး ချီသွားပြန်တယ်၊ အဲဒီအခါမှာ အခြား လင်းတတွေ စွန်တွေက အဲဒီ အသားတုံးကို ကောက်ယူပြီး ချီသွားတဲ့ လင်းတကို စွန်ကို လိုက်ပြီး ထိုးကြ ဆိတ်ကြပြန်တယ်၊

ဒီနည်းဖြင့် အသားတုံး ချီသွားတဲ့ လင်းတဖြစ်စေ စွန်ဖြစ်စေ အထိုးအဆိတ်ခံရတယ်၊ အသားတုံး စွန့်လွှတ်လိုက်တဲ့ လင်းတဖြစ်စေ၊ စွန်ဖြစ်စေ အထိုးအဆိတ် မခံရတော့ဘဲ လွတ်ငြိမ်းချမ်းသာသွားတယ်၊ အဲဒီလိုပါဘဲ ကာမဂုဏ်တွေ သိမ်းပိုက်ထားတဲ့သူကို အခြားသူတွေက အခွင့်သာယင် နှိပ်စက်ကြတယ်၊ လုယူကြတယ်၊

ဒါကတော့ အလွန်ဘဲ ထင်ရှားနေပါတယ်၊ စီးပွားရေးလောကမှာဘဲ ဖြစ်ဖြစ်၊ နိုင်ငံရေးလောက မှာဘဲဖြစ်ဖြစ်၊ အိမ်ထောင်ရေး လောကမှာဘဲဖြစ်ဖြစ် ပြည့်စုံနေတဲ့ လူတွေကို မပြည့်စုံတဲ့လူတွေက အခွင့်ရယင် လုယက်ဖို့ရာ ကြံစည်နေကြတယ်။ တကယ်လဲ လုယက်ပြီး ယူကြတယ်၊ သာသနာရေးဘက်မှာတောင်မှ ဘုန်းကြီးတဲ့ပုဂ္ဂိုလ် ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို စိတ်သဘောညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်တွေက အခွင့်ရယင် တိုက်ဖျက်လုယက်ဖို့ ကြံနေကြတာတွေ ရှိသေးတာဘဲ။

ဒါကြောင့် ကာမဂုဏ်တွေကို အသားတုံးလိုပင် အနှိပ်စက် အလုယက် ခံရခြင်း၏ အကြောင်း ဆင်းရဲကြောင်းဘဲ ဆိုတာ ဆင်ခြင်ပြီးတော့လဲ စွန့်ပယ်ရမယ်တဲ့။

(၃) မြက်မီးရှူးနဲ့လဲ တူတယ်

ရှေးခေတ်တုန်းက ယခုခေတ်မှာလို လက်နှိပ်ဓာတ်မီးဆိုတာ မရှိသေးဘူး၊ ဒါကြောင့် ညအခါ ခရီးသွားယင် ဝါးခြမ်းစိတ်များကိုဖြစ်ဖြစ်၊ ဒုတ်ချောင်းကလေးများကို ဖြစ်ဖြစ် စည်းပြီးတော့ အဲဒီ ဝါးခြမ်းစည်း ဒုတ်ချောင်းစည်းကို မီးရှို့ပြီး အဲဒီမီးအရောင်ဖြင့် သွားကြရတယ်။ အဲဒီလို မီးစည်းကို မီးရှူးလို့ ခေါ်တယ်။ မြက်တွေကို စုစည်းပြီး လုပ်ထားတဲ့ အဲဒီလို မီးစည်းကို (တိဏုက္က) မြက်မီးရှူးလို့ခေါ်တယ်။

အဲဒီ မြက်မီးရှူးကို ကိုင်ပြီး လေညာ လေဆန်သွားယင် လေတိုက်ခတ်မှုကြောင့် မြက်မီးရှူးကို တခဏချင်း လောင်ပြီးတော့ လူကိုလဲ လောင်သွားတတ်တယ်။ မြက်မီးရှူးကို မစွန့်ယင် အဲဒီ မြက်မီးရှူးကို ကိုင်ထားတဲ့ သူကို လောင်တတ်သလိုဘဲ ကာမဂုဏ်တွေ သိမ်းပိုက်ထားတဲ့ သူကိုလဲ အဲဒီ ကာမဂုဏ်တွေက ဒုက္ခ ပေးတတ်တယ်။ ဒါကြောင့်

ကာမာ၊ ကာမဂုဏ် တို့သည်။
တိဏုက္ကူပမာ၊ မြက်မီးရှူးနှင့် တူကြတယ်”

လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်၊ ဒါကြောင့်လဲ မြက်မီးရှူး ဥပမာဖြင့် ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။

(၄) မီးကျီးတွင်းနဲ့လဲ တူတယ်

ကာမာ၊ ကာမဂုဏ်တို့သည်။
အင်္ဂါရကာသူပမာ၊ အသူတရာနက်သော မီးကျီးတွင်းနှင့်တူကြတယ်”

လို့လဲ ဟောတော်မူပါတယ်။

မတ်တတ်ရပ်ပြီး အထက်ကို လက်ဆန့်ထားတဲ့လူ၏ အရှည်အမြင့်ပမာဏကို တသူလို့ ခေါ်တယ်။ ငါးတောင်ခန့် ရှိပါတယ်၊ အသူတရာ ဆိုတော့ အတောင်ငါးရာ ရှိပါတယ်၊ အဲဒီ အသူတရာနက်တဲ့ တွင်းကြီးထဲမှာ ရဲရဲတောက်လောင်နေတဲ့ မီးကျီးတွေကလဲ အပြည့်ရှိနေတယ် ဆိုယင် အဲဒီ မီးကျီးတွင်းကြီး အနီးအပါးကိုတောင် သွားရမှာ ကြောက်ဖွယ်ကောင်းပါတယ်။

မိမိထက် အင်အားကြီးတဲ့ လူသန်ကြီး နှစ်ယောက်က တယောက်တဖက်စီ လက်မောင်းကို ဆွဲကိုင်ပြီး အဲဒီ မီးကျီးတွင်းကြီးထဲ ပစ်ချမယ်ဆိုယင် မကြောက် ပေဘူးလား၊ လွတ်ထွက်သွားနိုင်အောင် အားရှိသမျှ မရုန်းရပေဘူးလား၊ ကာမဂုဏ် တွေဆိုတာကလဲ အဲဒီ မီးကျီးတွင်းကြီးလိုပင် ကြောက်စရာကောင်းပါတယ်တဲ့။ ဒါကြောင့် အဲဒီမီးကျီးတွင်းလိုပင် ကြောက်စရာကောင်းတယ်လို့ ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။

(၅) အိပ်မက်နဲ့လဲ တူတယ်

ကာမာ၊ ကာမဂုဏ်တို့သည်။
သုပိနကူပမာ၊ အိပ်မက်နှင့်တူကြတယ်”

လို့လဲ မြတ်စွာဘုရားက ဟောတော်မူပါတယ်။

အိပ်မက်ဆိုတာ မက်ဘူးကြမှာချည်းပါဘဲ၊ အိပ်မက်ကောင်းများကို မြင်မက်တဲ့အခါ အဲဒီလို မြင်မက်နေတုန်းကတော့ အဟုတ် တကယ်လိုဘဲ ထင်ရတယ်၊ ဝမ်းမြောက် ဝမ်းသာလဲ ဖြစ်နေတတ်တယ်၊ ဒါပေမဲ့ အိပ်ရာကနိုးလာတော့ အိပ်မက်ထဲက တွေ့ရတာတွေဟာ ဘာမှမရှိတော့ဘူး၊ အဲဒါလိုဘဲ ကာမဂုဏ်အာရုံ ဝတ္ထုပစ္စည်း တွေဟာ သုံးဆောင်ခံစားနေရတုန်းကတော့ ဟုတ်သလိုလို ဟန်သလိုလို ထင်ရတယ်၊ ပြီးတဲ့ အခါကျတော့ ဘာမှ မရှိတော့ဘူး၊

အဲဒီ ကာမဂုဏ်တွေကို ခံစားရအောင် ရှာရ ကြောင့်ကြစိုက်ရလို့ ဆင်းရဲပင်ပန်း တာတွေကသာ များနေတယ်၊ အဲဒါဟာ အလွန်ထင်ရှားပါတယ်၊ အစားကောင်း တခုရအောင် အလွန်ပင်ပင်ပန်းပန်း ရှာရလုပ်ကိုင်ရတယ်၊ စားတဲ့အခါကျတော့ လျှာပေါ်တခဏလောက်သာ အရသာပေါ်ပြီး မျိုချလိုက်တဲ့အခါ ဘာမှ သာယာစရာ မရှိတော့ဘူး၊

မြင်ရကြားရ နံရထိတွေ့ရတဲ့ ကာမဂုဏ်တွေလဲ ဒီလိုပါဘဲ၊ မြင်နေရ ကြားနေရ နံနေရ ထိတွေ့နေရတုန်း တခဏ ကလေးဘဲ ကောင်းတယ်လို့ ထင်နေရတယ်၊ ပြီးသွားတော့ ဘာမှကောင်းတာ မရှိတော့ဘူး၊ ဒါကြောင့် ကာမဂုဏ်တွေကို “အိပ်မက်လိုပင် တခဏလေးလောက် ခံစားရတာဘဲ၊ ပင်ပန်းဆင်းရဲရတာတွေ ကသာ များတယ်”လို့ ဆင်ခြင်ပြီးတော့လဲ စွန့်ပယ်ရမယ်-တဲ့။

ကာမဂုဏ်၏ အပြစ်တွေကို ဆင်ခြင်ရန်ပြတဲ့ ဥပမာ (၅)ခု ပြီးသွားပြီ၊ အဲဒါကို တိုတိုနဲ့ ဆောင်မှတ် ထားရအောင် “ရိုးသား ၂-နည်း၊ မြက်မီးစည်း၊ မီးကျီး, အိပ်မက် တူပေသည်”လို့ ဆောင်ပုဒ် စီထားတယ်၊

ကာမဂုဏ်တွေဟာ သာယာဘွယ် အသားအသွေး လုံးဝမရှိတဲ့ အရိုးနဲ့လဲ တူတယ်၊ သိမ်းပိုက် ချီဆောင်နေတဲ့ လင်းတ စွန်ကို အထိုးအဆိတ်ခံရတဲ့ အသားတုံးနဲ့လဲ တူတယ်၊ ၂-နည်းဆိုတာက အဲဒီ ဥပမာ ၂-နည်းနှင့် တူတယ်လို့ ဆိုလိုပါတယ်၊ နောက်ပြီးတော့ မြက်မီးစည်းနဲ့လဲ တူတယ်၊ မီးကျီးတွင်းနဲ့လဲ တူတယ်၊ အိပ်မက်နဲ့လဲ တူတယ်လို့ ဆိုလိုပါတယ်။ ကဲ - အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။

(၇) ရိုးသား ၂-နည်း၊ မြက်မီးစည်း၊ မီးကျီး, အိပ်မက် တူပေသည်။

(၆) အငှါးပစ္စည်းနဲ့လဲ တူတယ်

ကာမာ၊ ကာမဂုဏ်တို့သည်။
ယာစိတကူပမာ၊ ငှါးရမ်းထားသော ပစ္စည်းနှင့်တူကြသည်”

ဟူ၍လဲ ဟောတော်မူပါတယ်။

အိုးခွက်ပန်းကန်ဘဲ ဖြစ်ဖြစ် အဝတ်အထည်ဘဲ ဖြစ်ဖြစ်၊ လက်ဝတ်လက်စားဘဲ ဖြစ်ဖြစ်၊ သူတပါးထံက ငှားရမ်းပြီး သုံးဆောင်ရတယ်ဆိုယင် သူ့အချိန်စေ့တဲ့ အခါကျတော့ ပစ္စည်းရှင်ထံ ပြန်အပ်ရတယ်၊ အခိုက်အတန့်မျှသာ သုံးဆောင်ရတယ်၊

မန္တလေးမြို့များမှာ တချို့မြို့များမှာ မင်္ဂလာဆောင်စသည် ပွဲနေပွဲထိုင် အခမ်းအနား ကိစ္စများ ကျင်းပတဲ့အခါ စိန်ရွှေ လက်ဝတ် အဆင်တန်ဆာ မရှိတဲ့သူတွေမှာ အဲ့ဒါတွေကို ငှားရမ်းပြီးတော့ ဝတ်ဆင်ရတယ်လို့ ကြားရတယ်၊ အဲဒီလို အခမ်းအနားမှာ ပစ္စည်းမရှိတဲ့ သူကပေမဲ့ ဝတ်ဆင်ထားလိုက်တာ ဝင်းဝင်းတောက် နေတယ်လို့ ဆိုတယ်၊

အဲဒါဟာ ဝတ်ဆင်ထားတုန်းတော့ အင်မတန် ကျက်သရေ ရှိပါတယ်၊ လှပတင့်တယ် နေပါတယ်၊ ဒါပေမဲ့ သူ့အချိန်စေ့တဲ့ အခါကျတော့ အဲဒီ ငှားရမ်းထားတဲ့ ပစ္စည်းတွေကို သူ့ဥစ္စာရှင်ထံ ပြန်အပ်ရတယ်၊ အမြဲတမ်း မသုံးရဘူး၊ အခိုက်အတန့်လောက်သာ သုံးရတယ်၊ ကာမဂုဏ်တွေဆိုတာကလဲ အဲဒီငှားရမ်း ထားတဲ့ ပစ္စည်းများလိုဘဲ အခိုက်အတန့်မျှသာ သုံးဆောင်ရတယ်၊ အမြဲတမ်း သုံးဆောင်ရတာ မဟုတ်ဘူး၊

ဒီကနေ့ ကိုယ့်ပစ္စည်း ဟုတ်နေပေမယ်လို့ နက်ဖြန်ကျယင် ကိုယ့်ပစ္စည်း မဟုတ်တော့ဘဲ ပျောက်ပျက်လဲ သွားတတ်တယ်၊ ရေဘေး, မီးဘေး, သူခိုး, ဓားပြဘေး, မင်းဘေး စသည်ကြောင့် ပျက်စီး ဆုံးရှုံးပြီးတော့လဲ သွားတတ်တယ်၊ အိမ်ထောင်ဘက်ချင်းဆိုယင် တကွဲတပြားစီလဲ ဖြစ်သွားတာ ရှိတတ်တယ်၊ နောက်ဆုံး သေတဲ့အခါကျတော့ အဲဒီ ကာမဂုဏ်တွေကို အကုန်လုံးဘဲ စွန့်ပစ်ထားခဲ့ရတယ်၊

ဒါကြောင့် “ကာမဂုဏ်တွေဟာ ငှားရမ်းထားတဲ့ ပစ္စည်းနှင့်တူတယ်”လို့ ဟောတော်မူတာဘဲ၊ ဒါလဲ အင်မတန်ဆီလျော်တဲ့ ဥပမာပါဘဲ၊ ကာမဂုဏ် ခံစားတယ်ဆိုတာ ကိုယ့်တယောက်တည်းနဲ့ ခံစားလို့ဖြစ်တာ မဟုတ်ဘူး၊ သက်ရှိ သက်မဲ့ အပြင်ပ အာရုံဝတ္ထုတွေနဲ့ ပူးပေါင်းပြီး သုံးဆောင်ခံစားရတာဘဲ၊

အပြင်ပအာရုံကို မရယင် မခံစားနိုင်ဘူး အဲဒီကာမဂုဏ်တွေကို တ-တတနဲ့လဲ စိတ်ဆင်းရဲနေတတ်တယ်၊ နောက်ပြီးတော့ ငှါးရမ်းထားတဲ့ အဝတ်အဆင်တန်ဆာ တွေကို ပိုင်ရှင်ထံ ပြန်မအပ်ပဲ ဝတ်ဆင်သုံးဆောင်နေယင် ပစ္စည်းရှင်က လူပုံပရိသတ် အများရှေ့မှာလဲ အတင်း ပြန်သိမ်းတတ်တယ်၊ အဲဒီလို အသိမ်းခံရတဲ့သူမှာ အရှက်တကွဲ အကျိုးနဲဖြစ်ပြီး အလွန်အမင်း စိတ်ဆင်းရဲရတယ်၊

အဲဒီလိုဘဲ ကာမဂုဏ်တွေကို ငါ့ဟာ ငါ့ဟာနဲ့ အလွန်အမင်း သာယာနှစ်သက်နေတဲ့ သူမှာ ရွှေ ငွေ စိန် ကျောက် လယ်ယာ အိမ် အစရှိသော သက်မဲ့ ကာမဂုဏ်တွေ၊ အိမ်ထောင်ဘက် အချွေအရံ အစရှိသော သက်ရှိ ကာမဂုဏ်တွေ အဲဒီ ကာမဂုဏ် တွေက ဘေးရန်အန္တရာယ် တမျိုးမျိုးကြောင့် ပျက်စီးသွားယင် ကွဲကွာ သွားယင် သာယာ နှစ်သက် တပ်မက်နေတဲ့ သူမှာ အကြီးအကျယ် စိတ်ဆင်းရဲ ရတယ်၊

ရောဂါတမျိုးမျိုးယင်လဲ စွဲကပ်တတ်တယ်၊ ရူးကြောင်ကြောင်ယင်လဲ ဖြစ်သွား တတ်တယ်၊ ရုတ်တရက်လဲ သေသွားတတ်တယ်။ ဒါကြောင့် “ကာမဂုဏ်တွေဟာ အခိုက်အတန့်မျှ သုံးဆောင်ဘို့ ငှါးရမ်းထားတဲ့ ပစ္စည်းလိုပင် အခိုက်အတန့်မျှ ခံစားရတာတွေဘဲ”လို့ ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။

(၇) သစ်သီးနဲ့လဲတူတယ်

လူတယောက်က အသီးရှိတဲ့ သစ်ပင်ပေါ်တက်ပြီး သစ်သီးတွေကို ခူးစားနေခိုက်မှာ အခြားလူတယောက်က သစ်သီးတွေကို လိုချင်တာနဲ့ အဲဒီအပင်ကို အရင်းက ခုတ်လှဲတယ် ဆိုပါတော့၊ အဲဒီလို ခုတ်လှဲနေယင် သစ်ပင်ပေါ်က လူဟာ မြန်မြန်ဆင်းရလိမ့်မယ်၊ သစ်သီးတွေ မက်မောနေတာနဲ့ မဆင်းဘဲနေယင် အဲဒီသစ်ပင် လဲကျသွားတဲ့အခါ အဲဒီအပေါ်ကလူလဲ လိမ့်ကျပြီး ခြေတွေ လက်တွေ ကျိုးယင်လဲ ကျိုးသွားမယ်၊ သေယင်လဲ သေသွားမယ်။

ကာမဂုဏ်တွေဟာလဲ အဲဒီ လူကို ကျိုးစေတတ် သေစေတတ်တဲ့ သစ်သီးများနဲ့ တူပါတယ်၊ ကာမဂုဏ်တွေကို မစွန့်လွှတ်နိုင်ဘဲ မက်မောတွယ်တာနေတဲ့သူကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အမျိုးမျိုးကို ဖြစ်စေတတ်ပါတယ်တဲ့။

အဲဒါဟာ ဓားပြ လူဆိုးတွေက ပစ္စည်းယူ လူသတ်သွားပုံ၊ ရာဇဝင်ထဲမှာ မင်းကိုသတ်ပြီး မင်းလုပ်ကြပုံ၊ အင်အားကြီးတဲ့ မင်းတွေက အင်အားငယ်တဲ့ မင်းကို စစ်တိုက်ပြီး လုယူပုံ၊ သူ့ဇနီးလိုချင်တဲ့လူက ခင်ပွန်းလင်ကို သတ်ပြီး အပိုင်စီးပုံ စသည်ဖြင့် မျက်မှောက်ဘဝတွင် ဒုက္ခပေးပုံလဲ ထင်ရှားတယ်၊

ကာမဂုဏ်တွေအတွက် မကောင်းမှုပြုမိလို့ ငရဲ တိရစ္ဆာန် ပြိတ္တာဖြစ်ပြီး နောက်ဘဝ များတွင် ဒုက္ခရောက်ရပုံလဲ ထင်ရှားတယ်၊ ကာမဂုဏ်တွေစွန့်ပြီး တရားအားမထုတ် နိုင်လို့ သံသရာထဲမှာ အထပ်ထပ် အခါခါဖြစ်ဖြစ်ပြီး အိုရ နာရ သေရပုံ စိုးရိမ်ပူဆွေးရ ငိုကြွေးရ စသည်ဖြင့် အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်နေရပုံလဲ ထင်ရှားတယ်။ ဒါကြောင့် မြတ်စွာဘုရားက

ကာမာ၊ ကာမဂုဏ်တို့သည်။
ရုက္ခဖလူပမာ၊ သစ်သီးပမာ တူကြတယ်”

လို့လဲ ဟောတော်မူပါတယ်။ အဲဒီလိုလဲ အပြစ်ကို ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။

(၈) ဓားစဉ်းတီးနဲ့လဲတူတယ်

ကာမာ၊ ကာမဂုဏ်တို့သည်။
အသိသူနူပမာ၊ ဓားစဉ်းတီးပမာ တူကြတယ်”

လို့လဲ ဟောတော်မူပါတယ်။

အသိ - သန်လျက်-ဆိုတာ လူ, နွား, ကျွဲ, ဆိတ်, သိုးတို့ကို ခုတ်သတ်စရာ ဓားရှည် ပါဘဲ။ သူန-စဉ်းတီး-ဆိုတာကတော့ အဲဒီလို ခုတ်သတ်ရာမှာ အောက်ခံတုံး ပါဘဲ၊ စဉ်းတုံးလို့လဲ ခေါ်ကြပါတယ်။ အသတ်ခံရမည့် နွား ကျွဲ ဆိတ် သိုးများဟာ အဲဒီလို ဓားရှည်နဲ့ စဉ်းတုံးကို အလွန်ကြောက်ကြမှာပါဘဲ၊

ရှေးခေတ်တုန်းက သေဒဏ်အပြစ် ကျရောက်တဲ့ လူများကိုလဲ အဲဒီလို စဉ်းတုံးပေါ်မှာ လည်ပင်းကို တင်ပြီး သန်လျက်ခေါ်တဲ့ ဓားရှည်ကြီးနဲ့ ခုတ်သတ်ကြတယ်၊ အဲဒီလို အသတ်ခံရမည့်သူမှာ အဲဒီဓားနဲ့ စဉ်းတုံးကို မကြောက်ကြပေဘူးလား၊ အင်မတန် ကြောက်ရှာကြမှာဘဲ။ ယခုခေတ်မှာ ကြိုးမိန့် သေဒဏ်ကျတဲ့ သူတွေလဲ ကြိုးစင်ကို ကြောက်ကြမှာဘဲ၊ အဲဒါနဲ့လဲ နှိုင်းယှဉ်ပြီး သိနိုင်ပါတယ်။

ကာမဂုဏ်တွေကလဲ အဲဒီ ဓားနဲ့ စဉ်းတုံးလိုပင် ကြောက်စရာကောင်းပါတယ်။ ကာမဂုဏ်အတွက် ရာဇဝတ်မှု ဖြစ်ပြီးတော့ လည်အလှီးခံရပြီး သေရတဲ့ သူတွေဟာ အရင်းစစ်လိုက်တော့ ကာမဂုဏ်ကြောင့်ဘဲ၊ ကာမဂုဏ်က သတ်တယ်လို့ ဆိုနိုင် ပါတယ်၊ ကာမဂုဏ် အတွက် အကုသိုလ်ကံတွေပြုမိလို့ အပါယ်လေးပါး ရောက်ပြီး အသတ်ခံရတာတွေ လည်အလှီးခံရတာတွေဟာလဲ ကာမဂုဏ်ကြောင့်ဘဲ၊

ကာမဂုဏ်တွေ မက်မောနေလို့ သံသရာထဲမှာ အထပ်ထပ် အခါခါဖြစ်ပြီး တနည်းနည်းနဲ့ သေနေကြရတာတွေဟာလဲ ကာမဂုဏ်ကြောင့်ဘဲ။ ဒါကြောင့် ကာမဂုဏ်တွေဟာ စဉ်တုံးပေါ်မှာ တင်ပြီးဓားနဲ့ လှီးသတ်သလိုပင် သတ်တတ်တယ် သတ်တတ်လို့ ဓားစဉ်းတီးနဲ့ တူတယ်၊ အဲဒီလို ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။

(၉) လှံတံကျင်နဲ့လဲ တူတယ်

ကာမာ၊ ကာမဂုဏ်တို့သည်။
သတ္ထိသူလူပမာ၊ လှံတံ ကျင်တို့နှင့် တူကြသည်”

လို့လဲ မြတ်စွာဘုရားက ဟောတော်မူပါတယ်။

လှံနဲ့အထိုးခံရမည့် သူမှာ လှံကို ကြောက်မှာဘဲ၊ တံကျင်အလျှိုခံရမည့်သူမှာ တံကျင်ကို ကြောက်မှာဘဲ၊ တံကျင်ဆိုတာ ငါးများကို တံစို့ထိုးထားရာက တံစို့မျိုး ပါဘဲ၊ ရှေးခေတ်က မင်းများဟာ ရာဇဝတ်ပြစ်မှု ကျူးလွန်သူ အချို့ကို တံစို့ တံကျင်နဲ့ လျှိုထိုးပြီး နှိပ်စက်ကြ သတ်ကြတယ်။

အဲဒီလို လှံနဲ့ တံကျင်နဲ့ အထိုးခံရမည့် သူမှာ လှံနဲ့ တံကျင်ဟာ ကြောက်စရာကောင်း သလိုဘဲ ကာမဂုဏ်တွေလဲ ကြောက်စရာ ကောင်းပါတယ်တဲ့။ ကာမဂုဏ်တွေဟာ နှစ်သက်လက်ခံမိယင် မစွန့်လွှတ်နိုင်အောင် စိတ်နှလုံးထဲမှာ စွဲဝင်နေတတ်တယ်၊

တချို့ အမျိုးသမီးကလေးတွေ အမျိုးသား ကလေးတွေဟာ အမျိုးကွဲ ဘာသာကွဲ အခြေအနေကွဲဖြစ်တဲ့ အမျိုးသား အမျိုးသမီး ကလေးများကို ချစ်ခင်မိရာမှ မိဘလူကြီးတွေက ဘယ်လို အပြစ်ပြောပြီး ဆုံးမပေမဲ့ သူတို့ရဲ့ စွဲလမ်းမှုကို ပြန်မနှုတ်နိုင်တော့ဘူး၊ သူတို့ သဘောအတိုင်း အိမ်ထောင်ပြုကြလို့ အတိဒုက္ခ ရောက်သွားကြတယ် ရှိတယ်၊ အယူမှားပြီး ဒုက္ခရောက်သွားကြတာတွေလဲ ရှိတယ်၊ တချို့မှာ သေရာ သေကြောင်းကြံပြီး သေသည်အထိ ဒုက္ခရောက်သွားကြတာတွေလဲ ရှိတယ်၊

အဲဒီလို ဖြစ်ပုံတွေဟာ လှံတံကျင်များ စူးဝင်သလို ကိလေသာ ကာမအစွဲတွေက အလွန်အကျွန်စူးဝင်ပြီး ဒုက္ခပေးပုံပါဘဲ။ နောက်ပြီးတော့ ကာမဂုဏ်အကြောင်းပြုပြီး မကောင်းမှုကို ပြုမိလို့ တံကျင် အလျှိုခံရတာတွေ၊ အပါယ်လေးပါးရောက်ပြီး ဆင်းရဲရတာတွေ၊ ဘဝအသစ် အသစ် ထပ်ခါထပ်ခါဖြစ်ပြီး အထပ်ထပ် သေနေကြရတာတွေ ဒါတွေဟာလဲ ကာမဂုဏ်လှံ ကာမဂုဏ်တံကျင် စူးပြီး ဆင်းရဲဒုက္ခ ရောက်ရတာတွေပါဘဲ။

ဒါကြောင့် အဲဒီလို ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။ နောက်ထပ် ဥပမာလေးခု ပြီးသွားပြန်ပြီ၊ အဲဒီ လေးခုကို တိုတိုနဲ့ ဆောင်မှတ်ထား ရအောင် “ငှါးရမ်း သစ်သီး၊ ဓားစဉ်းတီး၊ တနည်းလှံ တံကျင်တူသည်”လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။

(၈) ငှါးရမ်း သစ်သီး၊ ဓားစဉ်းတီး၊ တနည်းလှံ တံကျင်တူသည်။

ကာမဂုဏ်တွေဟာ ငှါးရမ်းထားတဲ့ ပစ္စည်းလိုဘဲ အခိုက်အတန့်လောက်သာ ခံစား ရတယ်၊ သစ်သီးလိုဘဲ တပ်မက်စေပြီးတော့ ဆင်းရဲရောက်စေတတ်တယ်၊ ဓားနဲ့ စင်းတုံးလိုဘဲ ကြောက်စရာကောင်းတယ်၊ လှံတံကျင်လိုဘဲ စိတ်ထဲမှာစွဲဝင် နေတတ်တယ်၊ ကြောက်စရာလဲ ကောင်းတယ်လို့ ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့၊ ဒါပါဘဲ။

(၁၀) မြွေခေါင်းနဲ့လဲ တူတယ်

ကာမာ၊ ကာမဂုဏ်တို့သည်။
သပ္ပသိရူပမာ၊ မြွေ၏ ခေါင်းနှင့်တူကြသည်”

လို့လဲ မြတ်စွာဘုရားက အခြားသုတ်တွေမှာ ဟောတော်မူပါသေးတယ်၊

ဒါကတော့ ဒီသုတ် တတိယဂါထာမှာ “မြွေ၏ခေါင်းကို ခြေဖြင့် မနင်းမိ မတိုက်မိအောင် ရှောင်သလိုဘဲ ကာမဂုဏ်တွေကို ရှောင်ရမယ်”လို့ ဟောထားတဲ့ စကားနဲ့ အတူတူပါဘဲ။ ဒါကြောင့် ဒီဥပမာကိုတော့ ထပ်ပြောဘို့ မလိုပါဘူး။

(၁၁) မီးပုံကြီးနဲ့လဲ တူတယ်

ကာမာ၊ ကာမဂုဏ်တို့သည်။
အဂ္ဂိက္ခန္ဓူပမာ၊ မီးပုံကြီးနှင့်တူကြတယ်”

လို့လဲ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။

မီးပုံကြီးဆိုတာ မီးတောက်မီးလျှံ အစုအပုံကြီးကို ဆိုတာပါဘဲ၊ အဲဒီ မီးတောက်မီးလျှံ အစုအဝေး မီးပုံကြီးဟာ အနီးအပါး ကပ်လာတဲ့သူကို ပူလောင်စေတတ်တယ်၊ အဲဒီ မီးတောက်မီးလျှံ အစုအပုံကြီးကို ပွေ့ဖက်လိုက်မယ် ဆိုယင်တော့ အဲဒီလူကို ပူလောင်ပြီး သေစေနိုင်ပါတယ်၊ ဒါကြောင့် မီးတောက်မီးလျှံ အစုအပုံကြီးကို သိတတ်လိမ္မာတဲ့ လူတွေက အနီးအပါးသို့ မကပ်ပဲ ရှောင်ကြပါတယ်၊

မီးပူဖြင့် ကင်ပြီး လုပ်စရာရှိတောင်မှ ခပ်ဝေးဝေးကနေပြီး မီးကင်ကြပါတယ်၊ အဲဒီလို မဟုတ်ယင်လဲ မိမိကိုယ်ကို မပူအောင် အကွယ်အကာယူပြီး မီးကင်ကြပါတယ်။ ဒါပေမဲ့ မသိတတ်တဲ့ ပိုးဖလံခေါ် ခုန်ပျံတတ်တဲ့ ပိုးကောင်းကလေးများကတော့ အဲဒီ မီးလျှံ မီးတောက်ကို ဘယ်လိုထင်မြင်လို့လဲ မပြောတတ်ပါဘူး၊ သူတို့ကတော့ မီးတောက်မီးလျှံထဲ အတင်းခုန်ပျံပြီး တိုးဝင်ကြတော့တာဘဲ။

(ပိုးဖလံ-ဟူသော စကားသည် ပိုးပျံ-ဟူသော စကားနှင့် ထပ်တူပင် ဖြစ်သည်။ ပုဂံခေတ်က ပျံ-ဟူသော စကားကို ပ္လံ-ဟု ရေးသည်၊ ထားဝယ်နယ်အရပ်၌ ယခုထက်ထိ ငှက်ပ္လံသွားသည် စသည်ဖြင့် ပြောဆိုနေကြသည်၊ ပုဂံခေတ်မှ စကားပင်ဟု ယူဘွယ်ရှိ၏။ ထိုပ္လံ = မှဖ္လံ-ဟူ၍၎င်း၊ ထိုမှတဖန် ဖလံ-ဟူ၍၎င်း ဖြစ်လာသည်။ သို့ဖြစ်၍ ပိုးဖလံ-ဟူသည်မှာ ပိုးပျံ-ဟူသော ယခုခေတ်စကားနှင့် ထပ်တူပင်။ ထို့ကြောင့် ပိုးဖလံ-ဟူသည်မှာ ပိုးပျံ-ပျံတက် ခုန်တတ်သော ပိုးကောင်ဟု ဆိုလို၏။)

အဲဒီလို မသိတတ်တဲ့ ပိုးဖလံကောင်ကဲ့သို့ မီးပုံကြီးပမာ ကာမဂုဏ်ထဲသို့ မတိုးမဝင် သင့်ကြောင်းကို ထင်ရှား သိစေလိုတဲ့အတွက် ထွတ်ခေါင် ဆရာတော်ဘုရားကြီးက “ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနဲလှပြီ”လို့ စပ်ဆိုတော်မူခဲ့ပါတယ်။

ဒါပေမဲ့ လူတွေအများကတော့ အဲဒီ ပိုးဖလံ ကောင်တွေလိုပင် မီးပုံကြီးလို ပူလောင် စေတတ်တဲ့ ကာမဂုဏ်တွေထဲကို အတင်းတိုးဝင်နေကြတယ်၊ ကာမဂုဏ်တွေကို များများရအောင်ဘဲ ရှာကြတယ်၊ ခိုးမှ ရမယ်ဆိုယင် ခိုးတတ်ကြတယ်၊ လုယူမှ ရမယ်ဆိုယင် လုယက်တတ်ကြတယ်။ သတ်မှ ရမယ်ဆိုယင်လဲ သတ်တတ် ကြတယ်။

ဒါကြောင့် ရာဇဝင်ထဲမှာရော ပိဋက စာပေတွေထဲမှာရော ခမည်းတော် (ဖခင်) ကိုတောင် သတ်ပြီး မင်းစည်းစိမ်ကို ယူကြတာတွေ များစွာ တွေ့ရတာဘဲ၊ သို့ပေမဲ့ သံသရာဆင်းရဲမှ လွတ်မြောက်ချင်တဲ့ သူတော်ကောင်းတွေကတော့ ကာမဂုဏ်တွေကို မီးပုံကြီးလိုပင် အပြစ်မြင်ပြီး စွန့်ပယ်ဘို့ လိုပါတယ်၊ ဒါကြောင့် မီးပုံကြီးလိုပင် ကြောက်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့၊

ယခု ဥပမာ ၂-ခုနှင့်ဆိုယင် ဥပမာ ၁၁-ခု ပြည့်စုံသွားပြီ။ ဒါကြောင့် “မြွေခေါင်း, မီးလျှံ၊ ဆဲ့တတန်၊ တူဟန်ရှု၍ ပယ်ရမည်”လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။

(၉) မြွေခေါင်း, မီးလျှံ၊ ဆဲ့တတန်၊ တူဟန်ရှု၍ ပယ်ရမည်။

ယခုဖော်ပြခဲ့တဲ့ အရိုး, အသားတုံး, မြက်မီးရှူး, မီးကျီးတွင်း အစရှိသော ၁၁-ပါးသော ဥပမာတို့ဖြင့် ကာမဂုဏ်၏ အပြစ်တွေကို ဆင်ခြင်ပြီးတော့ နှစ်သက်လိုချင်တတ်တဲ့ ကိလေသာကာမကို စွန့်ပယ်သောအားဖြင့် ဝတ္ထုအာရုံကာမဂုဏ်တွေကို ရှောင်ကြဉ် ပယ်စွန့်ရမယ်တဲ့။ ဒါကြောင့် မြတ်စွာဘုရားက -

တသ္မာ၊ ကာမဂုဏ်ကို နှစ်သက်တပ်မက်နေလျှင် ဆင်းရဲ ဒုက္ခတွေက ထက်ကြပ် မကွာ လိုက်ပါလျက် နှိပ်စက်နေခြင်း ဟူသော ထိုအကြောင်းကြောင့်။
ဇန္တု၊ ဆင်းရဲကင်းကွာ ချမ်းသာလိုသော ပုဂ္ဂိုလ်သည်။
သဒါ၊ နေ့ရောညဉ့်ပါ အခါခပ်သိမ်း။
တတော၊ ကာယာနုပဿနာ သတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။
ကာမာနိ၊ နှစ်သက် လိုချင်ဘွယ်အာရုံ ကာမဂုဏ်တို့ကို။
ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ပယ်ရှားလိုက်ရာ၏-

လို့ ညွှန်ကြား ဟောပြတော်မူပါတယ်။

ရှောင်ပယ်နည်း

အဲဒီမှာ ဘယ်လိုပြုလုပ်ပြီး ရှောင်ကြဉ်ရ ပယ်ရပါမည်လဲ ဆိုတဲ့ မေးဘွယ်အချက်ကို “သဒါသတော၊ အခါခပ်သိမ်း အမှတ်ရလျက် ရှောင်ကြဉ်ရ ပယ်ရမည်”လို့ ဖော်ပြထားပါတယ်။ အဲဒီမှာ အခါခပ်သိမ်း ဆိုတာကို မဟာနိဒ္ဒေသ ပါဠိတော်က -

ပုရေဘတ္တံ ပစ္ဆာဘတ္တံ - နေ့ခင်းမှာဆိုယင် ဆွမ်းမစားမီ နံနက်ပိုင်းရော, ဆွမ်းစားပြီးနောက် နေ့လည်ပိုင်းရော ညနေပိုင်းရော အခါခပ်သိမ်း။
ပုရိမံ ယာမံ မဇ္ဈိမံ ယာမံ ပစ္ဆိမံ ယာမံ - ညဉ့်အခါဆိုယင် ညဉ့်ဦးယာမ်ရော သန်းခေါင်ယာမ်ရော မိုးသောက်ယာမ်ရော အခါခပ်သိမ်း။
ကာဠေ ဇုဏှေ-တလ အတွင်းမှာဆိုယင် လဆန်းပက္ခရော လဆုတ်ပက္ခရော အခါခပ်သိမ်း။
ဝဿေ ဟေမန္တေ ဂိမှေ - တနှစ် အတွင်းမှာဆိုယင် မိုးဥတုရော ဆောင်းဥတုရော နွေဥတုရော အခါခပ်သိမ်း။
ပုရိမေ ဝယောခန္ဓေ မဇ္ဈိမေ ဝယောခန္ဓေ ပစ္ဆိမေ ဝယောခန္ဓေ - လူ့တသက်တာမှာ ဆိုယင် ပဌမ အရွယ်ရော ဒုတိယ အရွယ်ရော တတိယအရွယ်ရော အခါခပ်သိမ်း”

စသည်ဖြင့် ဖွင့်ပြထားပါတယ်။ ဒါကြောင့် တခဏလောက် တနာရီလောက် တထိုင်လောက် တရက်လောက် ရှုမှတ်ရမှာ မဟုတ်ဘူး ကာမဂုဏ်တွေကို လုံးဝ စွန့်လွှတ် နိုင်သည်တိုင်အောင် မိနစ် စက္ကန့်မျှ မလစ်လပ်စေရဘဲ အမြဲမပြတ် ရှုမှတ်နေရမယ်။

ဘယ်လို ရှုမှတ်ရမလဲဆိုယင် တတိယဂါထာမှာတုန်းက သတော - အမှတ်ရလျက် ဆိုတဲ့ ပုဒ်ကိုဖွင့်ခဲ့သလိုဘဲ ဒီနောက်ဆုံး ဂါထာမှာ သတော-အမှတ်ရလျက်ဆိုတဲ့ ပုဒ်ကိုလဲ ကာယာနုပဿနာ သတိပဋ္ဌာန်နံ ဘာဝေန္တော၊ ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားစေကာ။ သတော၊ အမှတ်ရလျက် စသည်ဖြင့် သတိပဋ္ဌာန် လေးပါးအရ ရှုမှတ်လျက် ရှောင်ကြဉ် ပယ်စွန့်ရမယ်လို့ ဖွင့်ပြထားပါတယ်။

ဒါကြောင့် ကိုယ်အမူအရာတိုင်းကို ရှုမှတ်ရမယ်၊ ဝေဒနာတိုင်းကိုလဲ ရှုမှတ်ရမယ်၊ စိတ်ကူး ကြံသိမှုတိုင်းကိုလဲ ရှုမှတ်ရမယ်၊ မြင်မှု ကြားမှု နှစ်သက်မှု စိတ်ပျက်မှု စသော သဘောတရားတိုင်းကိုလဲ ရှုမှတ်ရမယ်၊ အဲဒီလို အခါခပ်သိမ်း မပြတ်ရှုမှတ်နေယင် နှစ်သက်လိုချင်တဲ့ ကိလေသာကာမကို ပယ်သောအားဖြင့် ဝတ္ထုအာရုံ ကာမဂုဏ် တွေကို ရှောင်ကြဉ်ပြီး ပယ်စွန့်ပြီး ဖြစ်သွားပါတယ်။ အဲဒါဟာ ယခု ဒီသာသနာ့ ရိပ်သာမှာ အားထုတ်နေကြပုံအတိုင်းပါဘဲ။

သတိပဋ္ဌာန်လေးပါး ပွားပုံ

ယခု ဒီသာသနာ့ရိပ်သာသို့ ရောက်လာကြတဲ့ ယောဂီတွေဟာ ဘုန်းကြီးတို့ ညွှန်ပြတဲ့အတိုင်း ကိုယ်အမူအရာ စိတ်အမူအရာ ဝေဒနာတွေ သဘောတရားတွေကို ထင်ရှားပေါ်လာတိုင်း ပေါ်လာတိုင်း အမြဲမပြတ် ရှုမှတ်နေကြရတယ်။ ပဌမ အားထုတ်ခါစမှာတော့ အကုန်လုံးကို လိုက်ပြီး မရှုမှတ်နိုင်သေးလို့ နဲနဲက အထင်ရှားဆုံးကစပြီး ရှုမှတ်ဖို့ ဘုန်းကြီးတို့က ညွှန်ကြားထားတယ်။

အဲဒီလို ညွှန်ကြားထားတဲ့အတိုင်း ထိုင်နေဆဲမှာဆိုယင် ဝမ်းဗိုက်က ဖောင်းတက် လာလိုက် ပိန်ကျသွားလိုက်နဲ့ တောင့်တင်းလှုပ်ရှားမှု ကိုယ်အမူအရာဟာ အမြဲမပြတ် ထင်ရှား နေတယ်၊ အဲဒါကို ဖောင်းတယ် ပိန်တယ်လို့ မပြတ် ရှုမှတ်နေကြရတယ်၊ လက်ခြေစသည် ကွေးမှု ဆန့်မှု လှုပ်ရှားမှု ဖြစ်ပေါ်လာတဲ့အခါလဲ ကွေးတယ် ဆန့်တယ် လှုပ်တယ် ပြုပြင်တယ် စသည်ဖြင့် ရှုမှတ်ကြရတယ်၊

အဲဒါဟာ ကာယာနုပဿနာ ပတိပဋ္ဌာန်ကို ပွားနေတာဘဲ၊ အဲဒီလို ရှုမှတ်နေတဲ့အတွက် အဲဒီ ရှုမှတ်နေဆဲမှာ ကာမအာရုံဆီကို စိတ်မရောက်ရဘူး၊ အဲဒါ ကာမကိလေသာကို ပယ်နေတာဘဲ၊

အကယ်၍ ကာမအာရုံဆီ စိတ်ရောက်သွားယင်လဲ အဲဒီစိတ်ကို ရှုမှတ်ကြရတယ်၊ အဲဒါဟာ စိတ္တနုပဿနာ သတိပဋ္ဌာန်ကို ပွားစေတာဘဲ၊ အဲဒီလို ရှုမှတ် လိုက်ခြင်းကြောင့် အဲဒီကာမစိတ်ကူးဟာ ဆက်မဖြစ်ရဘဲ တခါထဲ ပြတ်စဲသွားတယ်၊ ဒါလဲ ကာမကိလေသာကို ပယ်တာဘဲ။

ကိုယ်ထဲက ညောင်းမှု ပူမှု နာကျင်မှု စသော ဝေဒနာတွေ ပေါ်လာယင်လဲ အဲဒီဝေဒနာတွေကို စူးစိုက်ပြီး ညောင်းတယ် ပူတယ် နာတယ် ကျင်တယ် စသည်ဖြင့် ရှုမှတ်ကြရတယ်၊ အဲဒါက ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဘဲ၊ အဲဒီလို ရှုမှတ်နေတဲ့ အတွက် အကောင်းအဆိုး ဝေဒနာတွေနဲ့စပ်ပြီး နှစ်သက်မှု တောင့်တမှုတွေ မဖြစ်ရဘူး၊ ဒါလဲ ကာမကိလေသာကို ပယ်တာဘဲ၊ မြင်မှု ကြားမှု စသည် ထင်ရှားတဲ့အခါမှာ မြင်တယ် ကြားတယ် စသည်ဖြင့် ရှုမှတ်ကြရတယ်၊

အဲဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဘဲ၊ အဲဒီလို ရှုမှတ်ရတဲ့အတွက် အဲဒီ မြင်မှု ကြားမှု စသည်နှင့်စပ်ပြီး လိုချင်နှစ်သက်မှု မဖြစ်ရဘူး ငြိမ်းနေတယ်၊ အဲဒါဟာ ဓမ္မနုပဿနာ သတိပဋ္ဌာန်ဖြင့် ကာမ ကိလေသာတွေ ငြိမ်းနေတာဘဲ။

ဝိပဿနာဉာဏ်ဖြင့် ကိလေသာပယ်ပုံ

အတိုချုပ် ပြောရမယ်ဆိုယင် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ကွေးတယ် ဆန့်တယ် လှုပ်တယ် သွားတယ် ကြွတယ် လှမ်းတယ် ချတယ် ရပ်တယ် စသည်ဖြင့် ကိုယ်အမူအရာတွေကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်နေတာက ကာယာနုပဿနာ သတိပဋ္ဌာန်ဘဲ၊ အဲဒီလို ကိုယ်အမူအရာတွေကို မှတ်တိုင်း မှတ်တိုင်း အဲဒီ အခိုက်အတန့်မှာ ကာမကိလေသာ စိတ်ကူးတွေ မဖြစ်ရဘဲ ငြိမ်းနေတယ်။

ဉာဏ်ရင့်လာတဲ့ အခါကျတော့ မှတ်သိရတဲ့ ကိုယ်အမူအရာ ရုပ်ရော မှတ်သိတဲ့ နာမ်ရော ခဏမစဲ အသစ် အသစ် ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကိုသာ တွေ့ရတယ်၊ အဲဒီတော့ မမြဲတဲ့ တရားတွေဘဲ၊ ဆင်းရဲတွေဘဲ၊ အနတ္တသဘောတရားတွေဘဲလို့လဲ သိရတယ်၊

ဒါကြောင့် အဲဒီမှတ်သိရတဲ့ ရုပ်နဲ့ မှတ်သိရတဲ့ နာမ်တရားတွေနဲ့ စပ်ပြီး ကာမကိလေသာတွေ မဖြစ်နိုင်တော့ဘူး၊ အဲဒါဟာ ကာယာနုပဿနာဆိုတဲ့ ဝိပဿနာ ဉာဏ်ဖြင့် ကာမကိလေသာတွေကို ပယ်တာပါဘဲ။

ထို့အတူပင် အကောင်းအဆိုး ခံစားမှု ဝေဒနာတွေ ဖြစ်ပေါ်တဲ့အခါမှာလဲ အဲဒီဝေဒနာတွေကို ရှုမှတ်ရတယ်၊ ဉာဏ်ရင့်တဲ့ အခါကျတော့ နာတဲ့ ဒုက္ခဝေဒနာကို နာတယ်လို့ တခါမှတ်လိုက်ယင် အဲဒီ နာတာရော သိတာရော ပျောက်သွားတာကို တွေ့ရတယ်၊ မှတ်တိုင်း မှတ်တိုင်း တခါမှတ် တခါပျောက် တခါမှတ် တခါပျောက်နဲ့ ပျောက်သွားတာချည်း တွေ့နေရတယ်။

ဒါကြောင့် အဲဒီလိုအခါမှ ခံစားမှုဝေဒနာနဲ့ စပ်ပြီး လိုချင်တောင့်တမှု ကာမ ကိလေသာဟာ မဖြစ်နိုင်တော့ဘူး၊ အဲဒါက ဝေဒနာနုပဿနာဆိုတဲ့ ဝိပဿနာ ဉာဏ်ဖြင့် ကာမကိလေသာတွေကို ပယ်တာဘဲ။

ထို့အတူပင် စိတ်ကူး ကြံသိမှုကို ရှုမှတ်တိုင်း စိတ္တာနုပဿနာဖြင့် ကာမကိလေသာတွေကို ပယ်တယ်၊ မြင်မှု ကြားမှု နှစ်သက်မှု စိတ်ဆိုးမှုစသော သဘောတရားတွေကို ရှုမှတ်တိုင်း ဓမ္မာနုပဿနာဖြင့် ကာမကိလေသာတွေကို ပယ်တယ်။

ပယ်ဆိုတာ ရှုမိလို့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို သိရတဲ့အခါတိုင်း အခါတိုင်း အဲဒီရှုမိတဲ့ အာရုံကို မြဲတယ် ချမ်းသာတယ် အတ္တကောင်ဘဲလို့ စွဲလမ်းပြီး ဖြစ်မည့် ကိလေသာတွေ ဖြစ်ခွင့်မရတော့ဘဲ ငြိမ်းသွားတာကို ဆိုလိုတာပါဘဲ။ အဲဒါက ဝိပဿနာဉာဏ်ဖြင့် အာရမ္မဏာနုပသယခေါ်တဲ့ ကိလေသာတွေကို ပယ်ပုံဘဲ။

အရိယမဂ်ဉာဏ်ဖြင့် ကိလေသာပယ်ပုံ

အဲဒီလို မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ပေါ်လာသမျှကို သတိပဋ္ဌာန် လေးပါးဖြင့် မပြတ် ရှုမှတ်နေလို့ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ ရုပ်နာမ် သင်္ခါရ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို အရိယ မဂ်ဉာဏ်ဖြင့် တွေ့မြင်သွားတယ်။ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဉာဏ်ဖြင့် တွေ့မြင်သွားယင် အပါယ်လေးပါး ကျစေနိုင်လောက်အောင် ပြင်းထန်တဲ့ ကာမ ကိလေသာတွေ လုံးဝကင်းငြိမ်း သွားတယ်။

အဲဒါကို ဘယ်လိုလုပ်ပြီး သိရမလဲဆိုယင် ဘယ်ကိလေသာကိုမှ မပယ်ရသေးတဲ့ ပုထုဇဉ်တွေမှာ အလိုရှိတဲ့ ကာမဂုဏ်တွေကိုရအောင် သတ်နိုင်တယ် ခိုးနိုင်တယ် လိမ်နိုင်တယ်၊ သောတာပန်မှာတော့ အဲဒီလို ကာမဂုဏ်ရအောင် မသတ်နိုင်တော့ဘူး၊ မခိုးနိုင် မလိမ်နိုင်တော့ဘူး၊ အဲဒါဟာ သူ့သဘောရင်း အတိုင်းပင် ပြင်းထန်တဲ့ ကိလေသာတွေ ငြိမ်းနေလို့ပါဘဲ။

သောတာပန် ကြက်မသတ်

ဘုရားလက်ထက်တော်ကာလတုန်းက မာဂဏ္ဍီ မိဖုရားရဲ့ ညွှန်ကြားချက်အရဖြင့် ဥတေနဘုရင်မင်းက သာမာဝတီဆိုတဲ့ သူ့မိဖုရားကို ကြက်အရှင်သတ်ပြီး ဟင်းချက်ဖို့ အမိန့်ပေးလိုက်တယ်၊ သာမာဝတီမိဖုရားက အဲဒီအခါမှာ သောတာပန် ဖြစ်နေပါပြီ။ ဒါကြောင့် သူက ကြက်အရှင်ကိုသတ်ပြီး မချက်နိုင်ဘူးလို့ ပြန်ကြားလိုက်တယ်။

မင်း၏ အာဏာကို ဖီဆန်တာပါဘဲ၊ ပုထုဇဉ်မိန်းမဆိုယင် မိဖုရားစည်းစိမ် တည်မြဲ တည်နေအောင် ဆုတော် လာဘ်တော် ရအောင် ကြက်ကို သတ်ပြီး ဟင်းချက်ဖို့ရာ ဘာမှဝန်လေးမှာ မဟုတ်ပါဘူး။ ဝမ်းပန်းတသာနဲ့ သတ်ပြီးချက်မှာပါဘဲ၊ သာမဝတီကတော့ သောတာပန် ဖြစ်နေတဲ့အတွက် ဘုရင့် အာဏာ ဖီဆန်မှုကြောင့် အသတ်ခံရချင် ခံရပါစေဆိုတဲ့ အနေဖြင့် ကြက်ကိုသတ်ပြီး ဟင်းချက်ရမည့် အလုပ်ကို ငြင်းပယ်လိုက်ပါတယ်။

သောတာပန် မခိုးမလိမ်

နောက်ပြီးတော့ ခုဇ္ဇုတ္တရာဆိုတဲ့ သာမာဝတီရဲ့ ကျွန်မဟာလဲ သောတာပန် ဖြစ်တဲ့နေ့ ကစပြီး အလျင်က ခိုးနေကျ ပန်းဘိုးငွေတွေကို မခိုးတော့ဘူး၊ နောက်ပြီးတော့ သာမာဝတီသခင်မက မေးတဲ့အခါမှာလဲ ခုဇ္ဇုတ္တရာက လိမ်မပြောဘူး၊ အလျင် အလျင်နေ့တွေက ပန်းဘိုးတွေကို တဝက် တဝက်ခိုးခဲ့တဲ့အကြောင်း ရဲရဲကြီး ဝန်ခံပြောတယ်၊

အဲဒီမှာလဲ မိဖုရားက သူ့ပန်းဘိုးတွေ ခိုးတဲ့အတွက် သတ်ပစ်မယ် ဆိုယင်လဲ ခံရမှာဘဲ၊ အဲဒီလို အသတ်ခံရသည်အထိ ဒုက္ခရောက်နိုင်တယ် ဆိုတာ သိလျက်နဲ့ လိမ်မပြောဘဲ သူခိုးခဲ့တဲ့အကြောင်း ဝန်ခံတာဟာ အသက်ရှင်နေပြီး ခံစားရမဲ့ လူ့ဘဝ ကာမဂုဏ် တွေကို မငဲ့ဘဲ အမှန်အတိုင်း ပြောတာဘဲ။ အဲဒီ သာမဝတီနဲ့ ခုဇ္ဇုတ္တရာတို့၏ အကြောင်းအရာဖြင့် သောတာပန်ဟာ ကာမဂုဏ်အတွက် သတ်မှု ခိုးမှု လိမ်မှု ကာမကိလေသာတွေကို ကင်းငြိမ်းနေတယ် ဆိုတာ သိရပါတယ်။

ဝိသာခသူဋ္ဌေးဝတ္ထု

အစဉ်အတိုင်း ရှုမှတ်လို့ အနာဂါမိမဂ်ဖြင့် နိဗ္ဗာန်ကို တွေ့သွားယင်တော့ ကာမဂုဏ်နှင့်စပ်တဲ့ ကိလေသာတွေ အကုန်လုံး ကင်းငြိမ်းသွားတယ်။ အဲဒါကိုလဲ ဝိသာခသူဌေးကြီးဟာ ရာဇဂြိုဟ်မြို့သို့ မြတ်စွာဘုရား ပဌမ ကြွရောက်စဉ်က ဗိမ္ဗိသာရမင်းကြီးနှင့်အတူ မြတ်စွာဘုရားထံ သွားရောက် ဖူးမြော်တယ်၊ အဲဒီအခါ ကတည်းက မြတ်စွာဘုရား၏ တရားကို နာရလို့ သောတာပန် ဖြစ်ခဲ့တယ်၊

အဲဒီကတည်းက မြတ်စွာဘုရားထံ သွားရောက် သွားရောက်ပြီး တရားနာနာ နေခဲ့တယ်၊ တရားနာပြီးတော့ အိမ်ပြန်လာတဲ့အခါ အိမ်ပြူတင်းပေါက်က ငံ့မျှော်ပြီး ကြည့်နေတဲ့ သူဌေးကတော် ဓမ္မဒိန္နာရဲ့ မျက်နှာကို မြင်ရတဲ့အခါမှာ နှစ်ဦးလုံး ပြုံးကြသတဲ့၊ ကိလေသာကာမဖြင့် နှစ်သက်သာယာတဲ့ လက္ခဏာပါဘဲ။

တနေ့သော အခါမှာတော့ ဝိသာခသူဌေးကြီးဟာ တရားနာယင်း အနာဂါမိမဂ်ဖိုလ် ရောက်ပြီး အနာဂါမ် ဖြစ်လာတယ်၊ အဲဒီနေ့မှာတော့ အိမ်ပြန်လာတဲ့ အခါမှာ သူဌေးကတော် ငံ့မျှော်နေကျဖြစ်တဲ့ ပြူတင်းပေါက်ဆီကို မကြည့်တော့ဘဲ စက္ခုန္ဒြေချပြီး ပြန်လာသတဲ့၊

သူဌေးကတော်က အိမ်လှေကားရင်းက စောင့်ပြီး လက်ကမ်းပေးတာကိုလဲ အခါတိုင်းလို မဆွဲမကိုင်ဘဲ သူဌေးကတော်ကို မကြည့်ဘဲ သူ့ဟာသူ တယောက်ထဲ အိမ်ပေါ်တက်သွားသတဲ့၊ အိမ်ပေါ်ရောက်တော့လဲ သူဌေးကတော်နဲ့ စကားတောင် မပြောဘဲ အခန်းတခုထဲမှာ ယောဂီပုဂ္ဂိုလ် အချိုးအစားဖြင့် ထိုင်နေသတဲ့၊

ထမင်းပြင်ကျွေးတဲ့ အခါလဲ အခါတိုင်းလို သူဌေးကတော်ကို အတူစားဘို့လဲ မခေါ်ဘဲ စကားလဲ မပြောဘဲ သူတယောက်ထဲ စားနေသတဲ့၊ အခါတိုင်းလို ဟင်းခွက်များ ကောင်းကြောင်း မကောင်းကြောင်း ဘာမှမပြောဘူးတဲ့၊ အဲဒီလို ဖြစ်ပုံတွေဟာ ကာမအာရုံကို မသာယာတဲ့ သဘောလက္ခဏာတွေပါဘဲ၊

ဘာဖြစ်နေတာလဲလို့ ဓမ္မဒိန္နာက အတင်းတွယ်ကပ်ပြီး မေးတဲ့အခါကျတော့ ကာမ အာရုံ သာယာမှုကင်းတဲ့ တရားထူးကို ရလာတဲ့အကြောင်း ပြောပြီးတော့ နှစ်ဦးပိုင် ပစ္စည်းတွေကို ဓမ္မဒိန္နာအား အကုန်လုံး လွှဲအပ်တယ်၊ လိုသလောက် ပစ္စည်းတွေကို ယူပြီး မိဘအိမ်ပြန်လိုက ပြန်နိုင်ကြောင်း၊

သို့မဟုတ် သူ့အား မောင်အရင်းကဲ့သို့ သဘောထားပြီး ကျွေးမွေးဘို့ အဲဒီလိုမှ မဟုတ်ယင်လဲ သူက နှမအရင်းကဲ့သို့ သဘောထားပြီး စောင့်ရှောက်သွားမည့် အကြောင်းများကိုလဲ ပြောပါသတဲ့၊ အဲဒီလို ပြောနိုင် ပြုနိုင်တာတွေဟာ ကာမအာရုံကို သာယာနှစ်သက်မှု ကာမကိလေသာတွေ ကင်းငြိမ်းနေလို့ပါဘဲ။

ဥဂ္ဂသူကြွယ်ဝတ္ထု

ဝေသာလီပြည်က ဥဂ္ဂဆိုတဲ့ သူကြွယ်ဟာ အနာဂါမ် ဖြစ်ပြီးတဲ့အခါ သူ့ဇနီး လေးယောက်အား သူမေထုန်မှုမှ လုံးဝ ကြဉ်ရှောင်ရတဲ့ ဗြဟ္မစရိယပဉ္စမသီလကို ဆောက်တည်ထားကြောင်း၊ ဒါကြောင့် ဇနီးမောင်နှံအဖြစ်ဖြင့် ဆက်ဆံမှု မပြုတော့မည့် အကြောင်း၊ သူ့အိမ်မှာဘဲ နေမြဲဆက်နေလျှင် နှမရင်းကဲ့သို့ ကျွေးမွေး ပြုစုမည့်အကြောင်း၊ မိဘအိမ်ပြန်လိုကလဲ ပြန်နိုင်ကြောင်း၊ မိမိတို့ နှစ်သက်တဲ့ ယောက်ျားရှိလျှင်လဲ အဲဒီ ယောက်ျားအား အပ်နှင်းပေးမည့် အကြောင်းများကို ပြောတယ်၊

အဲဒီတော့ အကြီးဆုံးဇနီးဖြစ်သူက ယောက်ျား တယောက်ထံ အပ်ပေးဘို့ ပြောတယ်၊ ဒါကြောင့် ဥဂ္ဂသူကြွယ်က အဲဒီ အကြီးဆုံးဇနီးဖြစ်သူကို သူနှစ်သက်တဲ့ ယောက်ျား လက်ထဲ အပ်နှင်းပေးလိုက်တယ်၊ အဲဒီလို သူ့ဇနီးပျိုကို အခြား ယောက်ျားထံ အပ်နှင်းပေးရာမှာ ဘာမျှစိတ်၏ တုန်လှုပ်ခြင်း မရှိဘူးတဲ့၊ အဲဒါလဲ ကာမကိလေသာ ကင်းတဲ့ သဘောလက္ခဏာပါဘဲ။

ယခုပြောခဲ့တဲ့ ဝိသာခသူဋ္ဌေးကြီး ဥဂ္ဂသူကြွယ်တို့လို အနာဂါမိမဂ်ဖြင့် ကာမဂုဏ် နှင့်စပ်တဲ့ ကိလေသာတွေ လုံးဝ ကင်းငြိမ်းသည်အထိ အားထုတ်ဖို့ရန်အတွက် မြတ်စွာဘုရားက -

သဒါ၊ နေ့ရော ညဉ့်ပါ အခါခပ်သိမ်း။
သတော၊ ကာယာနုပဿနာသတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။
ကာမာနိ၊ နှစ်သက်လိုချင်မှု ကိလေသာကာမနှင့် နှစ်သက်လိုချင်ဘွယ် အာရုံ ကာမဂုဏ်တို့ကို။
ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်းပယ်ရှားလိုက်ရာ၏-

လို့ ဟောတော်မူပါတယ်။

တဖက်ကမ်းရောက် အားထုတ်ရန်

အနာဂါမ်ဖြစ်ပြီးတဲ့နောက် ဆက်ပြီး ရှုမှတ်သွားလျှင် ဝိပဿနာဉာဏ် ရင့်သန် ပြည့်စုံတဲ့အခါ အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်ပြီး အရဟတ္တဖိုလ် ရောက်တယ်၊ ရဟန္တာ ဖြစ်သွားတယ်။ အဲဒီလို အရဟတ္တမဂ်ဖိုလ်ရောက်ယင် ဩဃဆိုတဲ့ ရေစီးကြောင်း ရေယာဉ်ကြီးလေးခုကို လွန်မြောက်ပြီး နိဗ္ဗာန်ဆိုတဲ့ တဖက်ကမ်းကို ရောက်သွားတော့တာဘဲ၊ အဲဒီလို တဖက်ကမ်းအရောက် ကူးမြောက် သွားသည်တိုင်အောင် အားထုတ်ဖို့ရာ မြတ်စွာဘုရားက

သဒါ၊ နေ့ရော ညပါ အခါခပ်သိမ်း။
သတော၊ ကာယာနုပဿနာ သတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။
ကာမာနိ၊ ကာမကိလေသာနှင့် ကာမဂုဏ် အာရုံတို့ကို။
ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ပယ်ရှားလိုက်ရာ၏။
သတော၊ အမှတ်ရလျက်။
တေ ကာမေ၊ ထိုကာမကိလေသာနှင့် ကာမအာရုံ ကာမဂုဏ်တို့ကို။
ပဟာယ၊ ပယ်စွန့်၍။
ဩဃံ၊ ဩဃလေးဖြာ သံသရာ ရေစီးကြောင်းကို။
တရေ၊ ကူးမြောက် ကျော်လွန်ရာ၏-

လို့ ဟောတော်မူပါတယ်။ အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် “ရှုမှတ်အစဉ်၊ ကာမကြဉ်၊ ရေယဉ်လွန်မြောက် လေတော့သည်”လို့ ဆောင်ပုဒ်စီ ထားတယ်။ အဲဒါကို ဆိုကြရမယ်၊

(၁၀) ရှုမှတ် အစဉ်၊ ကာမ ကြဉ်၊ ရေယဉ်လွန်မြောက်လေတော့သည်။

နေ့ရော ညဉ့်ပါ အစဉ်မပြတ် သတိပဋ္ဌာန် လေးပါးအရ ရှုမှတ်နေပါ၊ အဲဒီလို မပြတ် ရှုမှတ်နေယင် အရိယမဂ်ဖိုလ်လေးပါးကို အစဉ်အတိုင်း ရောက်ပြီးတော့ ကာမောဃ ဘာဝေါဃ ဒိဋ္ဌောဃ အဝိဇ္ဇောဃဆိုတဲ့ ဩဃလေးဖြာ သံသရာ ရေယဉ်ကြီးများကို လွန်မြောက်သွားပါလိမ့်မယ်၊ အဲဒီလို လွန်မြောက်ပြီး သံသရာ တဖက်ကမ်းကို ရောက်သွားပါလိမ့်မယ်၊ အဲဒီလို တဖက်ကမ်းရောက်သည် တိုင်အောင် သတိပဋ္ဌာန် လေးပါးဖြင့် မပြတ်ရှုမှတ်သွားပါလို့ ဆိုလိုပါတယ်။

ရေယဉ်ကြော နစ်မျောပုံ

အဲဒီမှာ ဩဃရေယဉ်လေးပါး အကြောင်းနဲ့ လွန်မြောက်ပုံကို ပြောရဦးမယ်၊ ပါဠိလို ဩဃဆိုတာ ဗမာလိုကတော့ ရေစီးကြောင်းလို့ ဆိုလိုပါတယ်၊ ရေစီးကြောင်းထဲ ရောက်သွားတဲ့သူဟာ ကူးနိုင်ယင် ကူးပေတော့၊ မကူးနိုင်ယင်တော့ အဲဒီ ရေစီးကြောင်းက နစ်မြုပ်စေပြီး သတ်တယ်၊ ဒါကြောင့် ရေစီးကြောင်းကို ဩဃလို့ ခေါ်တယ်၊ လောက ရေစီးကြောင်းလိုဘဲ သံသရာရေစီးကြောင်းတွေကလဲ သံသရာထဲမှာ နစ်မြုပ်စေပြီးတော့ အဖန်ဖန် အထပ်ထပ် သတ်တတ်တယ်၊

ဘယ်လိုလဲဆိုယင် ကာမအာရုံတွေ တပ်မက်နေတဲ့သူကို အကုသိုလ်ကံက အပါယ် လေးပါးမှာ ကျရောက်စေပြီးတော့လဲ သတ်တတ်တယ်၊ ကုသိုလ်ကံက လူ့ဘဝ နတ်ဘဝသို့ ရောက်စေပြီးတော့ သတ်တတ်တယ်၊ အဲဒီလို အပါယ်ဘုံ ကာမ သုဂတိဘုံမှာ ဖြစ်ဖြစ်ပြီး အဖန်ဖန်အထပ်ထပ် သေသေနေရတာဟာ ကာမအာရုံ တွေကို နှစ်သက်တဲ့ ကာမကိလေသာကြောင့်ဘဲ၊ ကာမောဃခေါ်တဲ့ ကာမ ရေစီးကြောင်းထဲ မျောပြီး သံသရာ ဆင်းရဲထဲ နစ်မြုပ်နေတာပါဘဲ။

အနာဂါမ် ပုဂ္ဂိုလ်များမှာ ကာမကိလေသာဆိုတဲ့ ကာမောဃကတော့ မရှိဘူး၊ ဒါပေမဲ့ ဘဝကို သာယာနှစ်သက်တဲ့ ဘဝရာဂခေါ်တဲ့ ဘဝေါဃ ဆိုတာကတော့ ရှိနေသေးတယ်၊ ဒါကြောင့် အနာဂါမ် ပုဂ္ဂိုလ်တွေဟာ ကာမာသဝမှ လွတ်ပေမဲ့ ရူပဘဝ အရူပဘဝတွေမှာ ဖြစ်နေကြရသေးတယ်၊ ဖြစ်ရာဘဝမှာ စုတေကြရ သေကြရတယ်၊ အဲဒါဟာ ဘဝေါဃခေါ်တဲ့ ဘဝရေစီးကြောင်းထဲ မျောပါပြီး သံသရာဆင်းရဲထဲ နစ်မြုပ်ရ သေရတာပါဘဲ။

မိစ္ဆာဒိဋ္ဌိဆိုတဲ့ ရေစီးကြောင်းကတော့ အောက်ဖက်ဆိုယင် အဝီစိအထိ နစ်မြုပ်စေတတ်တယ်၊ အထက်ဖက်ဆိုယင်လဲ သုဒ္ဓါဝါသ ငါးဘုံမှတပါး ဘဝဂ်အထိ မျောသွားစေတတ်တယ်၊ အဝိဇ္ဇာဆိုတဲ့ ရေစီးကြောင်းကတော့ ဘုံ ၃၁-မှာ အောက်ရော အထက်ရော မြုပ်စေတတ်မျောစေတတ်တယ်။

ပုထုဇဉ်တွေမှာ အဲဒီ ဩဃလေးပါးဆိုတဲ့ ရေစီးကြောင်းထဲမှာ မျောနေကြရတယ်၊ ကာမဂုဏ်အာရုံတွေမှာ မက်မောပြီး ကာမရေစီးကြောင်းထဲမှာ မျောနေကြတယ်၊ ယခုလို ဝိပဿနာ ရှုမှတ်နေတဲ့ အခိုက်အတန့်ကလေးလောက်ပဲ သက်သာတယ်၊ ဒါတောင်မှ ရှုမှတ်မှုတွေကြားထဲမှာ ကာမအာရုံတွေဆီစိတ်က ရောက်သွားလိုက် သေးတယ်၊

ဘာဝနာကင်းမဲ့နေတဲ့ သူတွေမှာတော့ ကာမအာရုံတွေကို ကြံစည်ပြီး အမြဲလိုလိုပင် ကာမ ရေစီးကြောင်းထဲမှာ မျောနေကြတယ်။ အတ္တ ဒိဋ္ဌိ သဿတဒိဋ္ဌိ ဆိုတာကလဲ ကင်းခဲပါတယ်၊ ယခုခေတ်မှာဆိုယင် ဥစ္ဆေဒဒိဋ္ဌိကလဲ တော်တော် အဖြစ်များ နေကြပါတယ်၊

ဒါကြောင့် မိစ္ဆာအယူ ရှိတဲ့သူတွေမှာ ဆိုယင် အဲဒီ ဒိဋ္ဌိဆိုတဲ့ ရေစီးကြောင်းထဲမှာ မျောနေကြတယ်၊ သူများကို သူတို့လို မိစ္ဆာအယူ ရေစီးကြောင်းထဲ မျောအောင် လို့တောင် တိုက်တွန်းဟောပြောနေကြသေးတယ်။ ဘဝတဏှာ ရေစီးကြောင်းကလဲ ဘဝကို သာယာနေတဲ့ သူတွေမှာ အမြဲလိုလိုပင် ဖြစ်နေတာဘဲ။

အဝိဇ္ဇာဆိုတဲ့ ရေစီးကြောင်းကတော့ နိစ္စ သုခ အတ္တအနေဖြင့် ထင်မှတ်ပြီး အမြဲလိုပင် ဖြစ်နေတယ်။ ဒါကြောင့် ဒီရေစီးကြောင်းကြီး လေးခုဖြင့် သတ္တဝါတွေဟာ အများ အားဖြင့် အပါယ်လေးဘုံသို့ မျောသွားပြီး ဒုက္ခရောက်နေ ကြရတယ်၊ တရံတခါ ကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံသို့ ရောက်လာတယ်၊ ရောက်ရာဘဝမှာ သေကြ ရတယ်၊

တရံတခါတော့ လူ့ဘဝ နတ်ဘဝမှာ ဈာန်ရပြီး အဲဒီ ဈာန်ကုသိုလ်ကြောင့် ရူပဘုံ အရူပဘုံသို့ ရောက်ကြရတယ်၊ အဲဒီလိုဟာကတော့ အလွန်ပင် နည်းပါလိမ့်မယ်၊ အဲဒီ ရူပဘဝ အရူပဘဝမှာလဲ သေကြရတာဘဲ၊ ကာမတဏှာနဲ့ ဒိဋ္ဌိမကင်းသေးယင် သေပြီးတော့ လူ့ဘဝ နတ်ဘဝ ပြန်ရောက်ရတယ်၊ အဲဒီကနောက် အပါယ်ဘုံလဲ ပြန်ရောက်နိုင်သေးတာဘဲ။ အဲဒါဟာ ဩဃခေါ်တဲ့ ရေစီးကြောင်းကြီး လေးခုဖြင့် မြုပ်နစ် မျောပါပြီး ဆင်းရဲဒုက္ခ ရောက်နေကြရပုံပါဘဲ။

ဒါကြောင့် မြတ်စွာဘုရားက အဲဒီ ရေစီးကြောင်း ဩဃလေးပါးကို ကျော်လွန်ပြီး တဖက်ကမ်းအရောက် ရှုမှတ်ပြီး ကူးသွားရမယ်”လို့ ညွှန်ကြားတော်မူပါတယ်။ တဖက်ကမ်း ရောက်အောင် ဘယ်လို ကူးသွားရမလဲ ဆိုတော့ ....

တဖက်ကမ်းရောက်ပုံ

နာဝံသိတွာ၊ ရေဝင်နေသော လှေမှ ရေကို သွန်ထုတ်ပြီး၍။
ပါရဂူ ဣဝ၊ ပေါ့ပါးသော လှေဖြင့် တဖက်ကမ်းအရောက် ကူးမြောက်သော သူကဲ့သို့။
နာဝံ၊ ကိလေသာ ရေတို့ဖြင့် လေးလံစွာသော အတ္တဘော ဟူသော လှေကို။
သိတွာ၊ ရှုမှတ်မှုဖြင့်ကိလေသာ ရေသွန်ထုတ်ပြီး၍။
ပါရဂူ၊ နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းအရောက် ကူးမြောက်သည်။
ဘဝေယျ၊ ဖြစ်လေရာ၏၊
ဝါ-ဖြစ်အောင် အစဉ်မပြတ် ရှုမှတ်အားထုတ်ရာတော့သည်-

လို့ ဟောတော်မူပါတယ်။

အဲဒီ ညွှန်ကြားချက်ကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် (၁၁) “လှေမှ ရေပက်၊ ပေါ့ပါးလျက်၊ ဟိုဘက် နိဗ္ဗာန်ရောက်လေသည်”လို့ စီထားတယ်။ လှေထဲက ရေပက်ထုတ်လိုက်ယင် လှေပေါ့သွားမယ်၊ အဲဒီပေါ့ပါးတဲ့ လှေနဲ့ ဟိုဘက်ကမ်း အရောက် ကူးသွားသူလိုပင် ကိုယ်ထဲမှ ကိလေသာရေတွေကို ရှုမှတ်မှု သတိပဋ္ဌာန်ဖြင့် ပက်ထုတ်ပြီးတော့ ပေါ့ပါးတဲ့ရုပ်နာမ်အစဉ် အတ္တဘောဖြင့် သံသရာ၏ ဟိုဘက်ကမ်း သဖွယ် ဖြစ်တဲ့ နိဗ္ဗာန်သို့ အရောက်သွားရမယ်လို့ ဆိုလိုပါတယ်၊

အဲဒီမှာ ရုပ်နာမ် အစဉ် အတ္တဘောလို့ဆိုတဲ့ စကားထဲက ရုပ်ဆို တာကတော့ နာမ်၏ မှီရာဖြစ်၍ မကင်းနိုင်တဲ့အတွက် ထည့်ပြီးဆိုရတာဘဲ၊ နိဗ္ဗာန်သို့ အရောက်သွား တာကတော့ ဝိပဿနာအစဉ် အရိယ မဂ်ဖိုလ် အစဉ်ဆိုတဲ့ နာမ်တရားဖြင့်သာ သွားရပါတယ်၊ ဒါကြောင့် အစဉ်မပြတ် ရှုမှတ်တဲ့ သတိပဋ္ဌာန် ဝိပဿနာ မဂ်ဖိုလ်အစဉ်ဖြင့် ဟိုဘက်ကမ်းသဖွယ်ဖြစ်တဲ့ နိဗ္ဗာန်သို့ အရောက် သွားရမယ်လို့ ဆိုလိုပါတယ်။

လယ်သမားဇနီးမောင်နှံ တရားထူးရပုံ

ဂျုံခင်း ပျက်စီးသွားလို့ စိတ်ပူပန်နေတဲ့ ပုဏ္ဏားအား မြတ်စွာဘုရားက ယခု ဟောပြခဲ့တဲ့ ဂါထာ ၆ ပုဒ်ရှိတဲ့ ကာမသုတ္တန် တရားတော်ကို ဟောကြားတော် မူပါတယ်။

ဂျုံခင်း လယ်သမား ပုဏ္ဏားဇနီးမောင်နှံမှာ စားဝတ်နေရေးအတွက် အားကိုးရာဖြစ်တဲ့ သူတို့ ဂျုံခင်း ပျက်စီးသွားလို့ အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေတုန်း မြတ်စွာဘုရား ဟောတော်မူတဲ့ ဒီကာမသုတ် တရားတော်ကို နာကြားကြရတော့ သူတို့၏ ကိုယ်တွေ့နဲ့ ကိုက်ညီနေတဲ့အတွက် အလွယ်တကူနဲ့ဘဲ သဘောပေါက် ကြပါတယ်။

“ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင် ကြည်ရွှင် ဝမ်းမြောက်လေတော့သည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ငါတို့မှာ ဂျုံခင်း ပြည့်စုံပြီး ကောင်းနေတုန်းက အလွန်အမင်း ဝမ်းမြောက်ခဲ့ကြတယ်။ ဒါဟာ လောကမှာ ဖြစ်ရိုးဖြစ်စဉ်ဘဲ၊ တလောကလုံး ဒီလိုပင် ပြည့်စုံတဲ့အခါ ဝမ်းမြောက်ကြတာ ချည်းဘဲ။ နောက်ပြီးတော့-

“နှစ်သက်နေတုန်း၊ ပျက်ဆုံးရှုံး၊ နှလုံးဖေါက်ပြန်တတ်လေသည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ငါတို့မှာ ဂျုံခင်း ကောင်းတာကို အာရုံပြုပြီး ဝမ်းမြောက်နေတုန်းမှာပင် ရေလွှမ်းမိုးလို့ ဂျုံခင်းပျက်သွားတော့ အကြီးအကျယ် စိတ်ဆင်းရဲကြရတယ်၊ နှလုံးမသာ ဖြစ်ကြရတယ်၊

ဒါလဲ လောကမှာ ဖြစ်ရိုးဖြစ်စဉ်ဘဲ၊ ငါတို့သာ မဟုတ်ဘူး၊ သူတပါးတွေလဲ ဒီလို ကြုံကြရတာတွေ ရှိနေတာဘဲ၊ ပြည့်စုံတာတွေဟာ အကြောင်း မညီညွတ်တဲ့အခါ ပျက်စီးကြရတာဘဲ စသည်ဖြင့် ဆင်ခြင်ပြီး စိတ်သက်သာရာ ရကြတယ်၊ နောက်ပြီးတော့-

“မြွေ ရှောင်သည့်နှယ်၊ ကာမပယ်၊ ငြိတွယ်လွန်မြောက် လေတော့သည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ငါတို့မှာ ဂျုံခင်းကို အလွန်နှစ်သက် သာယာနေကြတဲ့အတွက် သူပျက်စီးသွားတဲ့အခါ စိတ်ဆင်းရဲဖြစ်နေကြရတာဘဲ။ အစကတည်းက ဂျုံခင်းကို နှစ်သက်ခြင်း မရှိခဲ့ဘူး ဆိုယင်တော့ ဒီလို စိတ်မချမ်းသာခြင်း ဆင်းရဲဖြစ်ရမှာ မဟုတ်ပေဘူး၊

ဒီတော့ ကာမဂုဏ်ဟာ မြွေဆိုးနဲ့ တူတယ်၊ မြွေဆိုးကို ကြောက်ပြီးတော့ ရှောင်သလို ကာမဂုဏ်ကိုလဲ ကြောက်ပြီးတော့ ရှောင်သင့်တယ်၊ အဲဒီလိုရှောင်ယင် ကာမဂုဏ်ကို နှစ်သက်တဲ့ တဏှာကိုလဲ ကျော်လွန်နိုင်တယ်-စသည်ဖြင့် ဆင်ခြင်ပြီးတော့ ဂျုံခင်း ကာမဂုဏ်ဆီ သွားတဲ့ စိတ်ကို ရှုမှတ်တယ်။ နောက်ပြီးတော့-

“ကာမဂုဏ် တပ်မက်၊ နိုင်အထက် နှိပ်စက်လေတော့သည်”လို့ ဆိုတဲ့ ဆောင်ပုဒ် အရ လယ်ယာ ရွှေ ငွေ နွား မြင်း မိန်းမ ယောက်ျား အစရှိသော ကာမဂုဏ်တွေကို မက်မောနေလျှင် အဲဒီလို မက်မောနေတဲ့ သူကို အားရှိတဲ့ ကိလေသာတွေက အားကောင်းသလိုဖြစ်ပြီး အနိုင်အထက် နှိပ်စက်တတ်တယ် ဆိုတာလဲ ဟုတ်တာဘဲ စသည်ဖြင့် ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်လိုတဲ့စိတ်တွေ ဖြစ်လာကြတယ်။ နောက်ပြီးတော့-

“လှေကွဲရေဝင်၊ ပုံအသွင်၊ အစဉ်ဒုက္ခ၊ ရောက်နေသည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ကာမဂုဏ် တပ်မက်နေသူမှာ လှေကွဲထဲ ရေဝင်နေသလို ဆင်းရဲဒုက္ခတွေ အမြဲမပြတ် လိုက်ပါနေတယ် ဆိုတာကိုလဲ သဘောပေါက်ပြီး ကာမဂုဏ်တွေမှ လွတ်မြောက် လိုသော စိတ်ဆန္ဒတွေ ဖြစ်ပွားနေကြတယ်။ နောက်ပြီးတော့ အဲဒီလို ကာမဂုဏ်မှ လွတ်မြောက်လိုတဲ့ ဆန္ဒတွေ ဖြစ်နေတုန်းမှာ-

(၆) တသ္မာ ဇန္တု သဒါ သတော၊
ကာမာနိ ပရိဝဇ္ဇယေ။
တေ ပဟာယ တရေ ဩဃံ၊
နာဝံ သိတာဝ ပါရဂူ။

တသ္မာ၊ ကာမဂုဏ်ကို နှစ်သက်တပ်မက်နေလျှင် ဆင်းရဲဒုက္ခတွေက ထက်ကြပ်မကွာ လိုက်ပါလျက် နှိပ်စက်နေခြင်းဟူသော ထိုအကြောင်းကြောင့်။
ဇန္တု၊ ဆင်းရဲကင်းကွာ ချမ်းသာလိုသော ပုဂ္ဂိုလ်သည်။
သဒါ၊ နေ့ရော ညဉ့်ပါ အခါခပ်သိမ်း။
သတော၊ ကာယာနုပဿနာ သတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။
ကာမာနိ၊ နှစ်သက်လိုချင်မှု ကိလေသာကာမနှင့် နှစ်သက် လိုချင်ဘွယ်အာရုံ ကာမဂုဏ်တို့ကို။
ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ဖယ်ရှားလိုက်ရာ၏။
တေကာမေ၊ ထိုကာမကိလေသာနှင့် ကာမအာရုံ ကာမဂုဏ်တို့ကို။
ပဟာယ၊ ပယ်စွန့်၍။
ဩဃ၊ ဩဃလေးဖြာ သံသရာရေစီးကြောင်းကို။
တရေ၊ ကူးမြောက် ကျော်လွန်လေရာ၏။
ကိမိဝ၊ အဘယ်ကဲ့သို့ နည်းဟူမူ။
နာဝံ သိတွာ၊ ရေဝင်နေသောလှေမှ ရေကို သွန်ထုတ်ပြီး၍။
ပါရဂူ ဣဝ၊ ပေါ့ပါးသော လှေဖြင့် တဖက်ကမ်းအရောက် ကူးမြောက်သော သူကဲ့သို့။
နာဝံ၊ ကိလေသာရေတို့ဖြင့် ပြည့်နေ၍ လေးလံစွာသော အတ္တဘောဟူသော လှေကို။
သိတွာ၊ ရှုမှတ်မှုဖြင့် ကိလေသာ ရေသွန်ထုတ်ပြီး၍။
ပါရဂူ၊ နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းအရောက် ကူးမြောက်သည်။
ဘဝေယျ၊ ဖြစ်လေရာ၏။
ဝါ - တကယ် ဖြစ်အောင် အစဉ်မပြတ် ရှုမှတ်အားထုတ်ရာတော့သတည်း-

လို့ ဟောတော်မူတဲ့ နောက်ဆုံးဂါထာအရ သဘောပေါက်ပြီး သတိပဋ္ဌာန် ရှုမှတ်မှုကို ပွားစေကြတယ်။ အဲဒီလို ပွားစေနေရင်း ဝိပဿနာဉာဏ် သောတာပတ္တိ မဂ်ဖိုလ် ဉာဏ်များ ဖြစ်ပေါ်လာပြီးတော့ ပုဏ္ဏားကြီး ဇနီး ခင်ပွန်း နှစ်ဦးလုံး သောတာပန် ဖြစ်သွားကြပါသတဲ့။

အဲဒီ နောက်ဆုံးဂါထာအရ ဆောင်ပုဒ်များကတော့-

ရှုမှတ်အစဉ်၊ ကာမကြဉ်၊ ရေယဉ်လွန်မြောက်လေတော့သည်။
လှေမှရေပက်၊ ပေါ့ပါးလျက်၊ ဟိုဘက် နိဗ္ဗာန်ရောက်လေသည်-တဲ့။

အဲဒီဆောင်ပုဒ်များကို ဆိုကြရမယ်။

ရှုမှတ်အစဉ်၊ ကာမကြဉ်၊ ရေယဉ်လွန်မြောက်လေတော့သည်။
လှေမှရေပက်၊ ပေါ့ပါးလျက်၊ ဟိုဘက် နိဗ္ဗာန်ရောက်လေသည်။

သုတ္တန်နိပါတ် ပါဠိတော် အဋ္ဌကဝဂ်က အစဆုံးဖြစ်တဲ့ ဂါထာ ၆-ပုဒ်ရှိ ကာမသုတ္တန် တရားတော် ပြည့်စုံသွားပါပြီ၊ ယခု တရားသိမ်းတော့မယ်။

တရားသိမ်း နိဂုံးချုပ်

ကာမသုတ္တန်တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ် စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကာမဂုဏ်၏ အပြစ်တို့ကို ရှုမြင်ကြပြီးလျှင် -

ကာယာနုပဿနာ သတိပဋ္ဌာန်,
ဝေဒနာနုပဿနာ သတိပဋ္ဌာန်,
စိတ္တာနုပဿနာ သတိပဋ္ဌာန်,
ဓမ္မာနုပဿနာ သတိပဋ္ဌာန်

ဟူသော သတိတရားဖြင့် ရှုမှတ် ပွားများနိုင်ကြ၍ ဝိပဿနာ ဉာဏ်အစဉ် အရိယ မဂ်ဉာဏ် အစဉ်ဖြင့် သံသရာ၏ ဟိုဘက်ကမ်း သဖွယ်ဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

ကာမသုတ္တန် တရားတော်ပြီး၏။