မာတိကာသို့ ခုန်သွားရန်

ကံ ကံ၏အကျိုး

ဝီကီရင်းမြစ် မှ
5926ကံ ကံ၏အကျိုးအများသူငါ

ကံ ကံ၏အကျိုး

ရိုးသားခြင်း

(ရိုးသားခြင်း)

ကိုထွန်းကြည်သည် မြို့နယ်ပညာရေးမှူးရုံးမှ စာရေးတယောက်ဖြစ်သည်။ အလွန်စည်းကမ်းရှိပြီး ရိုးသားသူလည်း ဖြစ်သည်။ မကြာခဏဆိုသလို ရုံးကိစ္စများဖြင့် စာတိုက်သို့သွား၍ စာထည့်ခြင်းပြုရသည်။ အမြန်လိုလျှင် ကားဂိတ်ရှိ ကားသမားတို့မှတဆင့် စာပို့ရသည်။ တနေ့တွင် အမြန်စာပို့စရာရှိ၍ ကားဂိတ်ရှိ ကားသမားတဦးက တဆင့် စာသွားပို့သည်။ စာပို့ပြီး ကားဂိတ်က အထွက်၌ ပိုက်ဆံအိတ်တလုံး ကောက်ရသည်။ အိတ်ကိုဖွင့်ကြည်ရာ ငွေငါးထောင်ကျော် ပါသည်။ ကိုထွန်းကြည်၏ လစာတလစာထက်ပင် ပိုသေးသည်။ ထို့အပြင် အိမ်အရောင်းအဝယ် စာချုပ်တခု ပတ်စပို့ဓာတ်ပုံ နှစ်ပုံလည်း ပါသည်။

ကိုထွန်းကြည် ငွေကိုယူလိုသည်၊ သို့ရာတွင် သူ၏ ရိုးသားဖြောင့်မတ်မှုကို ငွေငါးထောင်နှင့် မပျက်စီးစေရဟု ဆုံးဖြတ်လိုက်သည်။ ငွေပိုင်ရှင်လည်း ငွေပြန်မရပါက စိတ်ဆင်းရဲရှာတော့မည်ဟု တွေး၍လည်း စာနာမိသည်။ သို့ဖြင့် ငွေနှင့်တကွ ပိုက်ဆံအိတ်ကို ကားဂိတ်မှတာဝန်ရှိသူ တဦးအား အပ်နှံပြီး ပိုက်ဆံအိတ်ကောက်ရကြောင်း ကြေညာထားလိုက်၏၊

နောက်တနေ့တွင် ငွေနှင့်တကွ ပူးတွဲပါပစ္စည်းများကို တိကျမှန်ကန်စွာ ပြောနိုင်သူ ပိုင်ရှင်အစစ်ကို တွေ့ကြရသည်။ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှတဆင့် ကိုထွန်းကြည်က ပြန်လည်ပေးအပ်လိုက်သည်။

ပိုင်ရှင်ကား-ဆုံးပြီ-ဟု ယူဆထားသော ငွေကို ပြန်ရသဖြင့် အလွန်ဝမ်းသာသွား၏၊ ကိုထွန်းကြည်ကိုလည်း ကျေးဇူးတင်ပြီး ငွေငါးရာ ဂုဏ်ပြုပေးအပ်၏၊

ကိုထွန်းကြည်က လက်မခံသော်လည်း မရသဖြင့် ယူခဲ့ရ၏၊ သက်ဆိုင်ရာ လူကြီးများကလည်း သူ၏ရိုးသားမှုအတွက် ထပ်ဆင့်ဂုဏ်ပြု ဆုပေးလိုက်သေးသည်။

ကိုထွန်းကြည်သည် ငွေကို အခြားကိစ္စတွင် မသုံးဘဲ ထီးငါးစောင်ထိုးခဲ့သည်။ မကြာပါချေ။ ဒီဇင်ဘာ အောင်ဘာလေသိန်းဆု ထီဖွင့်ရာ၌ ကိုထွန်းကြည် သိန်း ၅၀-ထီ ပေါက်ခဲ့သည်။

ကိုထွန်းကြည် ကျေနပ်ဝမ်းသာမဆုံးတော့။ ထီဆိုင်ကပေးသော အပိုဂုဏ်ပြုငွေဖြင့် ရုံးဝန်ထမ်းအားလုံးကို ရခိုင်မုန့်တီ တဝကြီး ကျွေးခဲ့၏၊

တောင်ကုတ်မြို့၏ တကျောင်းတည်းသော အ-ထ-က ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက်လည်း ငွေပါဝင်လှူဒါန်းခဲ့သည်။ အိမ်ကိုလည်း ပြန်လည်၍ ပြင်ဆင်ဆောက်နိုင်ခဲ့သည်။

ရိုးသားခြင်းက သူ့ကိုပြန်၍ အကျိုးပေးသည်ဟု ကိုထွန်းကြည် ခိုင်မာစွာ ယုံကြည်မိပါတော့သည်။

(အေးမြကြည်ဖြူ-တောင်ကုတ်)

****************************************

ကံ ကံ၏ အကျိုး

(ကံ ကံ၏ အကျိုး )

လွန်ခဲ့သော ငါးနှစ်ကျော်ကျော်ခန့်က ကျွန်တော်သည် အလုံသစ်တောဝင်းထဲရှိ မြန်မာ့သစ်လုပ်ငန်း လက်အောက်ခံ ပရိဘောဂစက်ရုံတွင် စက်ရုံ လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပါသည်၊ ၄င်းစက်ရုံ လုံခြုံရေးတွင် အဆိုင်းသုံးဆိုင်း ဖွဲ့စည်းထားသည်။

တခါသော် ကျွန်တော်တို့ အဖွဲ့သည် နေ့လယ် ၂-နာရီမှ ည ၁၀-နာရီထိ ဂျူတီသို့ ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ရပါသည်၊ ထိုအခါ ည ၇-နာရီခန့်လောက်တွင် ညနေစာထမင်းကို ဝိုင်းဖွဲ့ကာ စာစားလေ့ရှိကြပါသည်၊ ယင်းသို့ ညနေစာထမင်းကို စားပြီးသည့်အခါတိုင်း မိမိထမင်းချိုင့်ထဲတွင် ကျန်ရှိနေသော ထမင်းကျန် ဟင်းကျန်များနှင့် အခြားသူများစားပြီး ကျန်နေသေးသော စားကြွင်းစားကျန်များကို မိမိထမင်းချိုင့်ထဲသို့ အကုန်လုံး စုသိမ်းကာ မိမိတို့၏ အနီးအနားတွင် စောင့်မျှော်နေလျက်ရှိကြသော ခွေးများကို ကျွေးမွေးလေ့ ရှိပါသည်။

တညနေသော်-ကျွန်တော်တို့အဖွဲ့သည် အလုပ်နည်းနည်းများသွားသဖြင့် ည ၇-နာရီကျော်မှ ထမင်းစားဖြစ်ကြလေသည်၊ ဖြစ်ချင်တော့ ထိုအချိန်တွင် စက်ရုံအတွင်းရှိ တခြားမီးတိုင်များ အားလုံး မီးလင်းပါသော်လည်း ကိုဆူးဂါ-အမည်ရှိ ဂျပန်စက်ရုံရှေ့ရှိ မီးတိုင် သုံးလေးတိုင်မှ မီးများ မလင်းပါ၊ မီးပျက်၍ ၄င်းနေရာတဝိုက်တွင် မှောင်မည်းလို့နေသည်။

ကျွန်တော်သည် ထုံးစံအတိုင်း ထမင်းစားပြီးသောအခါ ထမင်းဟင်းကျန်များကို စုစည်းသိမ်းယူကာ ခွေးများကို ကျွေးမွေးသည်၊ ထိုပနောက် ထမင်းချိုင့်ဆေးရန်အလို့ငှါ မီးမလာ၍ မှောင်မည်းနေသော ကိုဆူးဂါး စက်ရုံရှေ့ရှိ ရေဘုံဘိုင်သို့ ထွက်ခဲ့လေသည်။ မီးမှောင်နေရသည့်အထဲတွင် စက်ရုံရှေ့၌ တီအီး(၁၁) ကားကြီးတစီးက ရပ်ထားပြန်သဖြင့် လဆန်းရက်တွင် သာနေသော ကောင်းကင်ထက်ရှိ လ၏ အလင်းရောင်ကို ကားကြီးအရိပ်က ကွယ်နေပြန်သည်။

သို့သော် ထိုညက ထူးခြားမှုတရပ်မှာ ခွေးမလေး တကောင်သည် ကျွန်တော်၏ ထမင်းချိုင့်ထဲမှ ချ၍ ပုံကျွေးသော ထမင်းဟင်းကို ယခင်ကလို ဟက်ဟက်ပက်ပက် မစား၊ ထမင်းချိုင့်ဆေးရန် ထွက်လာသော ကျွန်တော့နောက်သို့သာ တကောက်ကောက် လိုက်နေခြင်းပင်ဖြစ်သည်၊ ထိုအခါ ကျွန်တော်က တခြားခွေးတွေ စားလျှင် ကုန်သွားပြီး ခွေးမလေး မစားလိုက်ရမှာကို စိုးရိမ်လာသောကြောင့် ဟဲ့-ဒီခွေးနှယ် သွား၊ င့်နောက် မလိုက်နဲ့၊ ကိုယ်စားမှာသာ စားပြီး နေခဲ့တာမဟုတ်ဘူး၊ တော်ကြာ ဟိုခွေးတွေ စားသွားလို့ မစားလိုက်ရဘဲ ငတ်နေဦးမယ်-ဟု အော်ငေါက်လျက် ကရုဏာ ဒေါသောနှင့် မာန်မဲလိုက်သည်။

သို့သော် ခွေးမလေးက ကျွန်တော် မာန်မဲပြောဆို အော်ငေါက်နေသည်ကို အရေးမထားသည့်အလား တုတ်တုတ်မျှ မလှုပ်၊ လှည့်ပြန်ခြင်းလည်း မရှိ၊ ကျွန်တော် သွားရာနောက်ကသာ လိုက်မြဲလိုက်နေ၏၊ ပြောဆို အော်ငေါက်၍ မရသည့်အဆုံး လှည့်ပြန်စေလိုသောဆန္ဒနှင့် လမ်းပေါ်မှ အသင့်တွေ့ရသော ခဲတလုံးကို ကောက်လိုက်ပြီး ပစ်မည့်ဟန်နှင့် ခြောက်လှန့်မောင်းထုတ်ပါသော်လည်း ခွေးမလေးက လှည့်ပြီးပြန်ပြေးခြင်း မရှိ၊ ရောက်ရှိနေသော နေရာမှာပင် တအီအီနှင့် အော်မည်လို့သာ နေလေသည်၊

ဘယ်လိုမှ ခြောက်လှန့်၍ မရတော့သည်အဆုံးဝယ် ကျွန်တော်တယောက် လက်လျှော့လိုက်ကာ နင့်ထိုက်နဲ့ နင့်ကံပဲ-ဟု စိတ်ထဲမှ ရေရွတ်ရင်း ရေဘုံဘိုင်ရှိရာသို့ ဆက်လက် ထွက်ခွာလာခဲ့လေ၏၊ ၄င်းရေဘုံဘိုင် ရှိရာသို့ သွားရသည်မှာ စက်ရုံရှေ့တွင် ရပ်ထားသော ကားကြီးနံဘေးမှ ဖြတ်သွားမှသာလျှင် ရောက်ရှိမည်ဖြစ်သည်၊ ကျွန်တော်ကလည်း ကားနံဘေး လမ်းကြောင်းလေးဘက်သို့ ဦးတည်လျှောက်လိုက်လေ၏၊

ကားကြီးနှင့် ၁၀-ပေ အကွာခန့်သို့ ရောက်သော် ကျွန်တော်၏ နောက်မှ တကောက်ကောက်လိုက်နေသော ခွေးမလေးသည် လျှပ်တပြက်အတွင်း ကျွန်တော့ရှေ့သို့ ပန်းတက်၍ ပြေးသည်၊ ကျွန်တော်သွားမည့် ကားကြီးနံဘေး လမ်းကြောင်းပေါ်ရှိ အရာဝတ္ထုတခုကို ခုန်အုပ်လိုက်လေတော့သည်။ ထိုအခါ ငြိမ်သက်နေသော အရာဝတ္ထုက လွန့်လူးလှုပ်ရှားလာပြီး ခွေးမလေးအား ဗုန်းခနဲ ရိုက်ချလိုက်သည်ကို အမှောင်ထုထဲတွင် ဝိုးတဝါး တွေ့လိုက်ရ၏၊ ခွေးမလေးမှာ အရှောင်ကောင်းလို့လား မသိ၊ ၄င်းကို လုံးဝမထိ၊ လွတ်သွားဟန် တူသည်၊ အရာဝတ္ထုမှာ မြေပေါ်သို့ ပြန်ကျသွားလေသည်၊ ခွေးမလေးသည် ရှေ့သို့ ဆက်မတိုးတော့ဘဲ တဝုတ်-ဝုတ် ဖြင့် ထိုးဟောင်၍သာ နေလေတော့သည်။

ကျွန်တော်လည်း ခွေးမလေး ထိုးဟောင်နေသော အရာဝတ္ထုကို သေသေချာချာ စူးစမ်းကြည့်လိုက်ရာ အမှောင်ထဲတွင် ရှည်မျောမျော အရာဝတ္ထုတခု လှုပ်ရှားနေသည်ကို ဝိုးတဝါး တွေ့လိုက်ပါသည်။ ၄င်း ရှည်မျောမျောအရာကို စိတ်ထဲတွင် သင်္ကာမကင်း ဖြစ်လာသောကြောင့် ရှေ့သို့ ဆက်တိုးမသွားတော့၊ ဝါးဆယ်ပြန် ကျော်ကျော်ခန့် ကွာဝေးသော လုံခြုံရေး ဂိတ်တဲသို့ ပြန်ပြေးသည်၊ ဂိတ်တဲရှိ လုံခြုံရေး ခေါင်းဆောင် ဦးထွန်းအောင်နှင့်တကွ ဂိတ်တွင် တာဝန်ကျသော မီးသတ်ရဲဘော်တို့ကိုပါ မိမိကြုံတွေ့ခဲ့ရသော အကျိုးအကြောင်း အဖြစ်အပျက်များကို ပြောပြီး ၄င်းတို့အားလုံးကို စောစောက နေရာသို့ ခေါ်လာခဲ့၏၊

ကျွန်တော်နှင့်အတူ ဦးထွန်းအောင် အပါအဝင် မီးသတ်ရဲဘော်များ ရောက်သွားစဉ်မှာပင် ခွေးမလေးသည် အမှောင်ထဲတွင် လူးလွန့်လှုပ်ရှားနေသော အရာဝတ္ထုကို အဆက်မပြတ် ထိုးဟောင်လိုက်၊ နောက်သို့ ခုန်ဆုတ်ရင်း တအီအီ-နှင့် အော်မြည်လိုက် လုပ်နေသည်၊ ထိုအခိုက် ဦးထွန်းအောင်တွင် အသင့်ပါလာသော လေးထောင့်ထိုး လက်နှိပ်ဓာတ်မီးဖြင့် ထိုးကာ ခွေးမလေး ထိုးဟောင်နေသော အရာဝတ္ထုကို နှစ်ယောက်ပြိုင်တူ ကြည့်လိုက်လေရာမှ အားပါးပါး၊ နည်းတဲ့ ငန်းမြွေကြီး မဟုတ်ဘုူး-ဟု အော်မိကြသည်။ မြွေကြီးက တရှူးရှူး တရှဲရှဲနှင့် မာန်ဖီကာ ပါးပျဉ်းခွက်ပြီး ပတတ်ရပ်နေပုံမှာ အသည်းယားစရာ ကောင်းတော့သည်။

၄င်းကိုယ်လုံးမှသည် အမြီးဖျားတလျှောက်သည် ကျွန်တော်သွားမည့် ကားနံဘေးရှိ လမ်းကြောကလေးပေါ်တွင် ကန့်လန့်ဖြတ်၍ တည်ရှိနေ၏၊ အကယ်၍သာ ကျွန်တော့နောက်က ခွေးမလေးသာ မပါဘဲ တယောက်တည်းသာ သွားမိပါက အမှောင်ထဲဝယ် မမြင်မစမ်းနဲ့ နင်းမိ၊ ထိမိလျှင် ကျွန်တော့အဖို့ မတွေးဝံ့စရာပင်၊ ပါးပျဉ်းခွက်၍ ရန်သူကို တိုက်ခိုက်ရန် အသင့်ရှိနေသော မြွေကြီးကို ဦးထွန်းအောင်နှင့်အတူ မီးသတ်ရဲဘော်များက အသင့်ပါလာသော တုတ်များ ခဲများဖြင့် ရိုက်ထု သတ်ပစ်ရန် စိုင်းပြင်းနေကြသည်ကို တွေ့လိုက်ရသည်။

ကျွန်တော်က ၄င်းတို့အား မရိုက်ဖို့၊ မသတ်ဖို့ နားဝင်အောင် ရှင်းပြရင်း တားမြစ်လိုက်ပြီး မြွေကြီးကိုလည်း မင်းနဲ့ငါ ရန်သူတွေ မဟုတ်ကြဘူး၊ မင်းကို ငါ့ပယောဂနဲ့ ဒီနေရာမှာ အန္တရာယ်မဖြစ်စေချင်ဘူး၊ ဒီတော့ မင်း ဒီနေရာကနေ တခြားလွတ်ရာ ကျွတ်ရာကို အမြန်ရှောင်သွားပေတော့-ဟု ပြောဆိုကာ ဝါးလုံးရှည်ရှည် တချောင်းနှင့် ထိုးကာ အသာခြောက်လှန့် လွှတ်လိုက်သည်၊ ထိုအခါ မြွေကြီးလည်း လူစကား နားလည်သည့်အလား ပါးပျဉ်းခွက်၍ မာန်ဖီနေရာမှ မြေပေါ်သို့ အသာဖြေလျှော့ ဝပ်ချလိုက်ပြီး စက်ရုံနံဘေး မြက်ခင်းပြင်ကို ဖြတ်ကျော်ကာ ရေမြောင်းထဲသို့ ဆင်းဝင် ပျောက်ကွယ်သွားလေတော့သည်။

နောက်ဆုံး အချုပ်အားဖြင့် ဆိုရသော်-ကျွန်တော်၏နောက်က ခွေးမလေး လိုက်ခဲ့သောကြောင့် ကျွန်တော်၏ ရုပ်နှင့် ခန္ဓာကိုယ်သည် မြွေအန္တရာယ်မှ လွတ်ကင်းချမ်းသာခဲ့ရပေသည်၊ ဤသည်ကလည်း ခွေးများအပေါ် စေတနာထက်သန်စွာဖြင့် ထမင်း-ဟင်း ကျန်များကို ကျွေးခဲ့ရသော အကျိုးကျေးဇူးများဟု ဆိုရပေမည်။

မည်သည်ပင် ဖြစ်စေ ခွေးမလေးက မြွေအန္တရာယ် ကာကွယ်ပေးခြင်းသည် ကျွန်တော့်စေတနာ၏ အကျိုးကျေးဇူးတရားဟု ဆိုလျှင် မှားအံ့မထင်။

(ရွှေတလေး-လွယ်လင် )

****************************************

ကံတရားကို ပြုပြင်သူ

(ကံတရားကို ပြုပြင်သူ )

ပေါက်ခေါင်းမြို့နယ် ပေပင်ကုန်းရွာ၌ ဖြစ်၏၊ မောင်ပဲ့သည် အမည်နှင့်လိုက်အောင် ပါးတခြမ်းရွဲ့နေသော ကလေးဖြစ်၏၊ လက်တဖက်ကလည်း သိမ်၍ သေး၍ နေ၏၊ မောင်ပဲ့ အသက်ငါးနှစ်၊ ခြောက်နှစ်သား အရွယ်သို့ရောက်လာသောအခါ အမကြီးဖြစ်သူ မခင်ဦးက-မောင်လေး၊ နင်ဟာ အတိတ်ဘဝတွေတုန်းက သူတပါးအသက်တွေကို သတ်ခဲ့၊ သူတပါးတွေကို ညှဉ်းဆဲနှိပ်စက်ခဲ့လို့ ယခုလို ဖြစ်နေတာ၊ ခုဘဝမှာ သူတပါးအသက်တွေကို မသတ်နဲ့၊ သူတပါးတွေကို မညှဉ်းဆဲနှင့်-စသည်ဖြင့် ဆုံးမပြောဆို၏၊

မောင်ပဲ့သည် အမ၏ဆုံးမပြောဆိုစကားကို ကြားရ၍ သံဝေဂရကာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သူတပါး၏ အသက်ကို သတ်ခြင်း၊ သူတပါးကို ညှဉ်းဆဲခြင်းတို့မှ ရှောင်ကြဉ်၏၊ မောင်ပဲ့သည် အသက် ၁၈-နှစ်သား အရွယ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့၏၊ ဆယ်လခန့်အကြာတွင် ရွာမြောက်ပိုင်း ဦးညိုသန်း+ဒေါ်သန်းရွှေတို့တွင် ဒုတိယမြောက် သားကလေးကို ထူးထူးခြားခြား မွေးဖွားခဲ့၏၊ အသားအရေ ဖြူဝင်း၍ ဥပဓိရုပ် တင့်တယ်၏၊ မောင်ဖြူဝင်း-ဟု အမည်ပေးထား၏၊

မောင်ဖြူဝင်း အသက် သုံးနှစ်သားအရွယ်တွင် မိခင်နှင့်အတူ ရွာတောင်ပိုင်းသို့ သွား၏၊ မခင်ဦးတို့ အိမ်အနီးတွင် မခင်ဦးကို တွေ့သောအခါ မောင်ဖြူဝင်း-က မမ-မမ-ဟု ခေါ်ကာ မခင်ဦးကို သွားဖက်တော့၏၊

ဟဲ့-ဟဲ့-နင်ကဘယ်သူလဲ

ငါ-မောင်ပဲ့လေ

ဟင်-ဒါဆို င့ါမောင်လေး ဝင်စားတာ-ဟု ပြောကာ အားရဝမ်းသာ မောင်ဖြူဝင်းကိုချီ၍ အိမ်ပေါ်သို့ ခေါ်သွား၏၊ မောင်ဖြူဝင်းက အတိတ်ကအကြောင်းတွေကို ပြန်လည်ပြောဆို၏၊

မောင်ဖြူဝင်းသည် မောင်ပဲ့ဘဝက သူတပါးအသက်ကိုသတ်ခြင်း၊ သူတပါးကို ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ခြင်း သီလကုသိုလ်ကြောင့် လူ့ဘဝကို တဖန်ရသည်။ ထို့ပြင် အင်္ဂါခြေလက် ပြည့်စုံသည်။ ဥပဓိရုပ်လည်း ကောင်းလှသည်၊ ထူးခြားသော အကျိုးထူးများ ရခြင်းဟု ကျွန်မတွေးမိပါသည်။ သီလကုသိုလ်တရား၏ အကျိုးပေးကိုလည်း ကျွန်မအံ့ဩမိပါသတည်း။

(သက်ထားဖြူ )

****************************************

ကံတူ အကျိုးပေး

(ကံတူ အကျိုးပေး )

ဦးကျည်းတန်သည် နာမည်နှင့်လိုက်အောင် ရုပ်ဆိုးသကဲ့သို့ စရိုက်လည်းဆိုးသူ ဖြစ်သည်။ အရက်သေစာ သောက်စားတတ်သူ တဦးလည်းဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း မူးလာတိုင်း ရန်လုပ်တတ်သည်။ ရပ်ကွက်ထဲရှိ ကလေးများ ငိုယိုနေလျှင် ဦးကျည်းတန်ကြီး လာပြီဆိုရုံမျှဖြင့် ကြောက်ရွံ့ကာ အငိုရပ်သွားကြသည်။

တနေ့တွင် ဦးကျည်းတန်သည် အရက်နှင့်မြည်းရန် အမဲခြောက်တချောင်းကို ဖုတ်၍ ပန်းကန်ထဲတွင် ထည့်ပြီး ထားခဲ့သည်။ ထို့နောက် အနီးရှိ အရက်ဆိုင်သို့ အရက်ဝယ် ထွက်သွားပါသည်။ ဦးကျည်းတန် ပြန်လာသောအခါ ပန်းကန်ထဲမှ အမဲခြောက်ဖုတ်ကို ကြောင်တကောင် စားနေသည်ကို မြင်ရသဖြင့် ဒေါသထွက်ပြီး ကြောင်ကို ဟိန်းဟောက်လိုက်ရာ ကြောင်မှာ ထွက်ပြေးသွားသည်။ ထိုအခါ လေးခွကို ယူ၍ လိုက်ထုနေပါသည်။

တနေရာအရောက်တွင် ကြောင်ကြီး၏မျက်နှာကို လောက်စာလုံး ထိမှန်၍ မျက်လုံးတဖက် ထွက်ကျကာ တန်းလန်းကြီး ဖြစ်နေသည်။ ကြောင်ကြီးမှာ နာကျင်လွန်း၍ အော်ဟစ်လူးလွန့်နေသည်ကို မြင်ရသူအပေါင်း စိတ်မချမ်းသာ ဖြစ်ကြသည်။ သို့သော်လည်း ဦးကျည်းတန်ကို မပြောဝံ့ကြပါ။ သူ့ကို အကြင်နာတရား မရှိသူဟု ရွံရှာမုန်းတီးကြသည်။ ကြောင်ကြီးမှာ မသေသော်လည်း ဒဏ်ရာကို ပြင်းထန်စွာ ခံစားလိုက်ရရှာသည်။

ထိုအဖြစ်အပျက်များ မေ့မေ့ပျောက်ပျောက် ဖြစ်ချိန်တွင် ရပ်ကွက်အတွင်း သတင်းဆိုးတခုကို ကြားရသည်။ ထိုသတင်းမှာ ဦးကျည်းတန်တယောက် သစ်ပင်ပေါ်မှ လိမ့်ကျရာ ဒဏ်ရာပြင်းထန်သည်-ဟူသော သတင်းဖြစ်သည်။

ဖြစ်ပုံမှာ ဦးကျည်းတန်သည် အိမ်အနီးရှိ သရက်ပင်မှ သရက်သီးနုနုလေးများကို အရက်အမြည်းလုပ်ရန် သရက်ပင်ပေါ်တက်ပြီး ခူးရာမှ ခြေချော်ကျသွားသည်။ သရက်ပင်ပေါ်မှ လိမ့်ကျပြီး သရက်ပင်ဘေးရှိ ဝင်းထရံမှ ဝါးချွန်နှင့်မျက်လုံးကိုထိုးမိရာ မျက်လုံးပေါက်ထွက်သွားသည်။ အိမ်နီးချင်းများက ဝိုင်းဝန်း၍ ဆေးရုံပို့ပေး သော်လည်း မျက်လုံးကိုတော့ ထုတ်ပစ်လိုက်ရပါသည်။

အံ့ဩစရာကောင်းသည်မှာ ဦးကျည်းတန်၏ မျက်လုံး ထွက်သွားသည့်ဘက်မှာ ကြောင်ကြီး၏မျက်လုံး ထွက်သွားသည့်ဘက်နှင့် ညာဘက်ချင်း တူညီကြပုံကို တွေ့ရ၍ မြင်ရသူတိုင်း သံဝေဂ-ရကြပါသည်။

(ချယ်ရီ-ရွှေခြံ )

****************************************

ကံထူးသော ဇနီးမောင်နှံ

(ကံထူးသော ဇနီးမောင်နှံ )

ရွှေဘိုမြို့နယ် တောင့်ကင်းကျေးရွာတွင် ကိုမောင်ဝေနှင့် သူ၏ဇနီး မမြင့်တို့ နေထိုင်ကြသည်။ သူတို့တွင် မောင်ကျော်စိုးသူ၊ မောင်ချမ်းကိုကို ဟူသော သားနှစ်ယောက်ရှိသည်။ မိသားစုအားလုံးပင် တောင်သူလုပ်ငန်းကို ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေကြသည်။ ထို့အပြင် သူတို့၌ရှိသော ရွှေစ, ငွေစ လေးများကို စုဆောင်း၍ မုန့်ခြောက်မျိုးစုံ၊ ဆီ,ဆန်, ဆား, ဟင်းချက်စရာ ကုန်ခြောက်မျိုးစုံဆိုင်လေး တဆိုင်ပါ ရွာတွင်း၌ ဖွင့်ထားသေး သည်။

ကိုမောင်ဝေ+မမြင့်တို့မိသားစုသည် အသက်ရွယ်အားဖြင့် ငယ်သေးသော်လည်း ဘုရား တရား အလွန်ရိုသေကြ သည်။ နှစ်စဉ်ပင် တန်ခူးလပြည့်နေ့ရောက်တိုင်း ရွာထဲမှ သက်ကြီးရွယ်အိုများကို ကန်တော့လေ့ရှိသည်။ ရံဖန်ရံခါ သံဃာတော်များအား ဆွမ်းကပ်လေ့ရှိသည်။

ရတနာမြတ်သုံးပါးကို အမြဲနှလုံးသွင်း၍ အိပ်ရာဝင် အိပ်ရာထတွင် တရားထိုင် ပုတီးစိပ်ပြီး သတ္တဝါအပေါင်း ကျန်းမာချမ်းသာစေကြောင်းတို့ကို အမြဲမေတ္တာပို့၊ အမျှဝေလေ့ရှိသည်။ ငါးပါးသီလကို အမြဲတမ်း ခံယူ ဆောက်တည်သည်။ ကိုမောင်ဝေသည် အိမ်ထောင်ကျပြီးကတည်းက ဇနီးသည်နှင့် ရန်ခိုက်ဒေါသ တခါမျှ မဖြစ်ဘူးကြောင်းကို နှုတ်မှခဏခဏ ပြောလေ့ရှိသည်။

အလှူအတန်း အပေးအကမ်းမှာ ရက်ရောသည်နှင့်အမျှ စီးပွားရေးမှာလည်း တနေ့တခြား တက်ခဲ့ပါသည်။ သာယာသော ဘဝလမ်းအတွက် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြသော ကိုမောင်ဝေနှင့် မမြင့်တို့ မောင်နှံကို မြင်ရသူတိုင်း အားကျမိကြသည်။

တနေ့တွင် ကိုမောင်ဝေတို့ မိသားစုသည် ရွှေပေါ်ကျွန်းဆရာတော်ကြီးအား သွားရောက်ဖူးမြော်ရန် ရွှေဘိုမှ ကားစီးသွားကြသည်။ စိုင်နိုင်လေးကျေးရွာအနီး အရောက်တွင် ကားသည် ရုတ်တရက် မှောက်သွားတော့သည်။ အသက်သေသူတော့ မပါပေ။ ဒဏ်ရာရသူ များလှပေသည်။ ခြေကျိုးသူ၊ လက်ကျိုးသူနှင့် ကားမှောက်သည့် နေရာမှာ ဆူညံလှုပ်ရှားသွားလေတော့သည်။

ထူးခြားသည်မှာ ကိုမောင်ဝေတို့ ဇနီးမောင်နှံသည် ကံကောင်းထောက်မစွာဖြင့် ဘာဒဏ်ရာမျှမရ။ အကောင်းပကတိအတိုင်း တွေ့ကြရသည်။ ပွန်းပဲ့ရှနာပင်မဖြစ်လိုက်ရပေ။ ထို့နောက်တွင် သူတို့ကားပြောင်း၍ စီးပြီး ရွှေပေါ်ကျွန်းသို့အရောက် သွားခဲ့ကြသည်။ ရွှေပေါ်ကျွန်းသို့ရောက်သောအခါ စည်ကားလှသော လူများထဲမှတိုး၍ ကိုမောင်ဝေ၏ ဇနီး မမြင့်သည် ဘုရားကပ်ရန် ပန်းနှင့် မီးပူဇော်ရန် ဖယောင်းတိုင်တို့ကို ဝင်၍ ဝယ်ယူနေသည်။ လူများပြည့်လျှံနေ၍ တော်တော်နှင့် ဝယ်မရပေ။ အချိန်အတန် ကြာသွားသည်။

ကိုမောင်ဝေသည် သူ့ဇနီး မမြင့် တော်တော်နှင့် ပြန်မလာ၍ လိုက်သွားသည်။ ပြည့်ကျပ်နေသော လူများကြားရှိ မြေပေါ်တွင် သားရေအိတ်ကပ်တလုံးကို မထင်မှတ်ဘဲ တွေ့လိုက်ရ၏၊ ထိုအချိန်တွင် သူ၏ဇနီးသည် မမြင့်သည် ရေးကြီးသုတ်ပျာနှင့် ထွက်လာ၏၊ ကိုမောင်ဝေနားအရောက်တွင် အကိုဝေ-ကျွန်မပိုက်ဆံအိတ် ဘယ်ကျ ကျန်ခဲ့မှန်း မသိဘူး၊ ငွေတွေအားလုံး ပါသွားတယ်။ အဲဒါ ဘယ်လိုလုပ်မလဲ-ဟု ပျာပျာသလဲမေး၏၊

အေးကွ၊ မမြင့်ရေ-တို့တွေ ဘုရားက မ,တယ်လို့ ဆိုရမလားဘဲ။

ဘာဖြစ်လို့လဲ အကိုဝေရဲ့၊

ဘာဖြစ်ရမလဲကွ၊ မင်းကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်က ဒီမှာကွ-

ဤသို့ပြောကာ သူကောက်ရသော ပိုက်ဆံအိတ်ကို လှမ်း၍ပေးလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မမြင့်ပျောက်သွားသော ပိုက်ဆံအိတ်ကို ကိုမောင်ဝေက ကောက်ရခြင်းဖြစ်သည်။

ကိုမောင်ဝေ၏ဇနီး မမြင့်လည်း ထိုအခါကျမှ ရယ်နိုင်တော့သည်။ ဖြစ်ပုံမှာ မမြင့်သည် လူများကြားသို့တိုးဝင်ရင်း ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်၍ သွားမိ၏၊ ထိုစဉ် သတိလက်လွတ်ဖြစ်ပြီး ပိုက်ဆံအိတ် ကျကျန်ခဲ့သည်။ လုံးဝ မသိလိုက်ရ။ ဖယောင်းတိုင်ဝယ်မှ သတိရ၍ ကြည့်လိုက်တော့ မိမိပစ္စည်း မရှိမှန်း သိရတော့သည်။

လူများပြည့်လျှံပြီး အကြာကြီးနေသည့်တိုင်အောင် ပိုက်ဆံအိတ်ကို မည်သူမျှမတွေ့။ ကိုမောင်ဝေ လိုက်သွားရာမှ မိမိတို့ပစ္စည်းအား ပြန်၍တွေ့ခြင်းဖြစ်သည်။ သူတို့မောင်နှံသည် စိတ်ချမ်းမြေ့စွာဖြင့် ရွှေပေါ်ကျွန်း ဆရာတော်ကြီးကို ဖူးခဲ့ကြသည်။ လှူဖွယ်ရာတို့ကို လှူ၍ သီလယူပြီးလျှင် နေ့ ၁းဝဝ နာရီတွင် ပြန်ထွက်ခဲ့ကြသည်။

ရွာသို့ရောက်သောအခါ မမျှော်လင့်သော ဖြစ်ရပ်ကို ကြုံတွေ့ရပြန်သည်။ သူတို့ ထီထိုးထားရာ ကျပ်ငွေ ၄၀၀၀၀- ဆု ထီပေါက်နေပြန်သည်။ သူတို့မောင်နှံသည် စာဖွဲ့လောက်အောင်ပင် ကံထူးသူများ ဖြစ်ကြသည်။ ကံထူးသည်မှာလည်း စိတ်ကောင်းရှိခြင်း၊ သူတပါးအား ပေးကမ်းထောက်ပံ့ ကူညီလှူဒါန်းခြင်း၊ ရိုးသားစွာဖြင့် စီးပွားဥစ္စာ ရှာဖွေခြင်း၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ရိုသေစွာ ဆည်းကပ်ကိုးကွယ်ခြင်း စသည့် ကောင်းမှုများကို ပြုသောကြောင့် ဖြစ်ပေသည်။

(ငါးရာနဲ-မောင်မြင့်သူ )

****************************************

ကံကောင်းတယ်

(ကံကောင်းတယ်)

၂၀၀၈-ခုနှစ် အောက်တိုဘာလ ၃-ရက်နေ့ နံနက် ၆-နာရီ ၄၅-မိနစ်အချိန်။ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်နေ ကျွန်တော့်အိမ်အပေါ်ထပ်ရှိ ဘုရားခန်း၌ ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းကပ်ပြီး ငါးပါးသီလခံယူလျက် ဘုရားရှိခိုး နေစဉ် ၇-နာရီ ၁၀-မိနစ်အချိန်ခန့်တွင် မိုးများ သည်းထန်စွာ ရွာချလေသည်။ လျှပ်စီးများလက်လျက် မိုးချုန်းသံများနှင့်အတူ မိုးကြိုးပစ်သံများပါ ကြားရသဖြင့် အိမ်အောက်ထပ်ဆင်းပြီး ဘက်ထရီကလစ် အင်ဗာတာ မီးခလုတ် ကောတလက်ဖုန်းကြိုးများကို ဖြုတ်ခဲ့ပြီး အိမ်ပေါ်ပြန်တက်၍ ဘုရားဆက်ရှိခိုးနေခဲ့ပါသည်။

ကျွန်တော် ရွတ်ဆိုပူဇော်နေကြဖြစ်သည့် ပဲခူးမြို့ ဓမ္မာလင်္ကာရဆရာတော်ဘုရားကြီး၏ သရဏဂုံသစ္စာနှင့် ဘုရားရှိခိုးပူဇော်ခြင်း၊ မေတ္တသုတ်၊ ဓာရဏပရိတ်၊ ပထဝီဇယမန္တာန်ဂါထာတော်များ ရွတ်ဆိုပူဇော်ပြီး နောက်ဆုံး မကွေးတိုင်း ကံမမြို့နယ် ထုံးကြီးကျေးရွာမှ သက်တော်ရှည် ထုံးကြီးဆရာတော်ကြီး ချီးမြှင့်ထားသော သိဒ္ဓိဆယ်ပါး ဂါထာတော်ကြီးကို ရွတ်ဆိုပူဇော်ပြီးချိန် နံနက် ၇-နာရီ ၃၀-မိနစ်ခန့်အချိန်တွင် မိုးများ ပိုမိုသည်းထန်စွာ ဆက်လက်ရွာသွန်းသည်။

ထို့နောက် လျှပ်စီးများလက်လျက် မိုးချုန်းသံများနှင့်အတူ မိုးကြိုးပစ်သံများလည်း ဆက်လက်ကြားနေရသည်။ ထိုစဉ် ဖုန်းကြိုး ဖြုတ်မထားခဲ့မိသည်ကို သတိရ၍ အိမ်အောက်ပြန်ဆင်းပြီး ဆက်တီစားပွဲပေါ်တင်ထာသော ဖုန်းစကားပြောခွက်ကိုကို်င်၍ ဖုန်းမှကြိုးဖြုတ်ရန် ကိုင်လိုက်စဉ် ဗုန်း-ဆိုသောအသံနှင့်အတူ ဖုန်းခွက်မှာ လက်ထဲမှ လွင့်ကျသွားသည်။ ကျွန်တော့ရင်ဘတ်ကိုလည်း လေနှင့်ဆောင့်တွန်းလိုက်သလိုဖြစ်ကာ တပေအမြင့်ခန့်ရှိ ကျွန်တော်ထိုင်နေသော ကြိမ်ခုံလေးပေါ်မှ နောက်ဘက်သို့ နှစ်ပေခန့် လွင့်ကျသွားခဲ့ပါသည်။

ကျွန်တော်လည်း ချက်ချင်းပင် မိုးကြိုးပစ်ခံရလျှင် လူခန္ဓာကိုယ် မဲသွားသည်ဟု ကြားဖူးသဖြင့် ကျွန်တော့ကိုယ် ကျွန်တော် ကြည့်လိုက်ရာ ဘာမှမဖြစ်ဘဲ ပကတိအတိုင်းသာ ရှိနေသည်။ ဒဏ်ရာဒဏ်ချက်လည်း တခုမှ မရှိသဖြင့် ငါ ဘာမှ မဖြစ်ဘူး-ဟု သတိထားမိလိုက်ပါသည်။

မိုးချုန်းသံများ၊ မိုးကြိုးပစ်သံများ ရပ်သွားသောအခါ ကျွန်တော့်အိမ်တွင် ကျွန်တော်နှင့် ဇနီးတို့ နှစ်ဦးတည်းသာ ရှိနေသဖြင့် ခေါင်းရင်းကပ်လျက်အိမ်မှ စိတ်ပူပြီး လှန်းခေါ်သံကြားရပါသည်။ အိမ်နောက်မှ ထွက်ကြည့်ရာ ဘာဖြစ်သွားလဲ-ဟုမေးသဖြင့် ကျွန်တော်က အဖြစ်အပျက်ကို ပြောပြရာ ကံကောင်းတယ်၊ ကံကောင်းတယ်-ဟု ပြောပါသည်။ အိမ်နီးချင်းဖြစ်သူ ဦးတင်ဌေးက ကျွန်တော့်အိမ်ခေါင်ပေါ်တွင် ထောင်ထားသော ကော့လက်ဖုန်း တိုင်မှ မီးခိုးလုံးကြီး တက်သွားသည်ကို တွေ့ရကြောင်း၊ တိုင်ထိပ်တွင်တပ်ထားသော ပစ္စည်းများလည်း ဘာမှ မရှိတော့ပါကြောင်း၊ အလင်းရောင်တန်းကြီးကလည်း သူတို့အိမ်ပြတင်းပေါက်ကို ဝင်လာသလို မြင်လိုက်ရ ကြောင်း ပြောပြပါသည်။

ကော့လက်ဖုန်းတိုင်မှာလည်း သားအငယ်ဆုံးသည် ဌာနဆိုင်ရာ အရာရှိငယ်ဝန်ထမ်းတဦးဖြစ်ပြီး အိမ်ချင်းနီးနေသဖြင့် မြို့နယ် ခရိုင် တိုင်းရုံးတို့နှင့် အချိန်မရွေး ဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း၊ လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း လွယ်ကူအဆင်ပြေစေရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်း၍ တပ်ဆင်ထားခြင်း ဖြစ်ပါသည်။

ကျွန်တော့်အဖြစ်အပျက်ကို ပြောပြသဖြင့် သိရှိကြသူများက ကျွန်တော့အား ကံကောင်းတယ်-ဟုသာ ပြောနေကြသဖြင့် စဉ်းစားကြည့်ရာ ဗုန်း-ဆိုသောအသံနှင့်အတူ ခန္ဓာကိုယ်ကြီးပါ လွင့်သွား၏၊ အကယ်၍သာ နှလုံးရောဂါရှိနေသူတယောက်ဖြစ်လျှင် နေရာတွင်ပင် ပွဲချင်းပြီးသွားနိုင်သည့် အခြေအနေတွင် ရှိနိုင်ပါသည်။ ထို့ကြောင့်လည်း ကျွန်တော့်ကို ကံကောင်းတယ်-ဟု ပြောနေကြခြင်း ဖြစ်မည်ထင်ပါသည်။

ကျွန်တော့်တွင် နှလုံးရောဂါမရှိခြင်း၊ ဝန်ထမ်းဘဝကလည်း သေနတ်သံ၊ ဗုံးသံများကြားတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည့် အတွေ့အကြုံများ ရှိခဲ့ခြင်းတို့ကြောင့် မိုးကြိုးပစ်၍ ကျွန်တော့်လက်ထဲရောက်လာသော ဗုန်း-ဆိုသည့်အသံကို တုန်လှုပ်ချောက်ချားမှု မရှိခြင်းဖြစ်သည်။ ဤကဲ့သို့ အသက်အန္တရာယ်နှင့် ကင်းဝေးပြီး တုန်လှုပ်ချောက်ချားမှု မရှိရခြင်း၏ အဓိကမှာလည်း ဤအဖြစ်အပျက်ကြုံရမည့် အချိန်တွင် ဘုရားရှိခိုး၍ ငါးပါးသီလခံယူခြင်း၊ ဘုရားစာများ ရွတ်ဖတ်ပူဇော်ခြင်းတို့ကြောင့် အသက်ချမ်းသာပြီး လူအများပြောကြသလို ကံကောင်းတယ်-ဟုသာ ဆိုရမည်ဖြစ်ပါသည်။

ဤဖြစ်ရပ်ကြောင့် ကျွန်တော့်ရင်ထဲတွင် ခံစားနေရသော အချွဲကျပ်-ရောဂါသည် ပျောက်သွားခဲ့ရပါသည်။ ခါးနာရောဂါလည်း သက်သာခဲ့ရပါသည်။

ကံကောင်းတယ်-ဟုပြောရမည့်အပြင် သေကံမရောက် သက်မပျောက်ဘဲ ရောဂါပျောက်ခဲ့ရခြင်းမှာ ဘုရား တရား သံဃာ မိဘ ဆရာများကို အမြဲဦးထိပ်ထား၍ ဘုရား တရားစာများကို ယုံယုံကြည်ကြည် ရွတ်ဖတ်ပူဇော် နေခြင်းကြောင့် ဖြစ်ပါကြောင်း လူအများ သိရှိနိုင်စေရန် တင်ပြလိုက်ရပါသည်။

မောင်မောင်မြင့် (ဥဿာမြို့သစ်)

****************************************

ကံကောင်းလို့

(ကံကောင်းလို့ )

ကိုကြာညွန့်သည် ပုလဲမြို့နယ် လက်ပံရွာ၌ နေထိုင်သူဖြစ်သည်၊ အသက် ၃၀-ကျော်သာ ရှိသေးသည်၊ အလုပ်အကိုင်မှာ မိရိုးဖလာ တောင်သူလယ်သမား လုပ်ငန်းအပြင် အရောင်းအဝယ် ကုန်သည်အလုပ်ကိုပါ လုပ်ကိုင်သည်၊ သူသည် အိပ်ရာဝင်တိုင်း ဘုရားရှိခိုးပြီးမှ အိပ်လေ့ရှိသည်၊ ထို့ပြင် ရေကန်တူးရာတွင် ပါဝင်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန်သင်္ကန်း ကပ်လှူခြင်း၊ စသော ကုသိုလ်ကောင်းမှု ဒါနများကို မပြတ်ပေးလှူနေသူလည်းဖြစ်၏၊ အခါကြီး ရက်ကြီးများတွင် ခရီးမထွက်၍ အိမ်မှာရှိသည့်အခါမျိုး၌ အမြဲ ဥပုသ်သီလ ဆောက်တည်လေ့ရှိ၏၊

၁၃၅၂-ခုနှစ် သီတင်းကျွတ်လဆန်း ၁၀-ရက်နေ့က မုံရွာဘက်တွင် မှိုရောင်း၍ ညောင်ပင်ကြီး ကားဆိပ်မှ ပုလဲသို့ ကားစီး၍ ပြန်ခဲ့သည်၊ အပြန်တွင် ကိုကြာညွှန့် အပါအဝင် လူ ၄၀-ခန့်ကို တင်ဆောင်လာသော ဒိုင်နာကားလေးသည် အရှိန်နှင့်မောင်းလာသည်၊ ကြေးနီတောင် မိုင်းစခန်းအနီးသို့အရောက်တွင် ကားလမ်းမပေါ်သို့ ဘောလုံးလိမ့်သွား၍ ကလေးတယောက် အပြေးလိုက်ကောက်သည်၊ ထိုအခါ ကလေးကို တိုက်မိမည်စိုး၍ အရှိန်မထိမ်းနိုင်ဘဲ မှောက်သွားလေသည်၊ လူအများအပြား သေသူသေ၊ ကျိုးသူကျိုး၊ ဆေးရုံတက်သူတက် ဖြစ်ကြရလေသည်။

ကိုကြာညွှန့်ကား အနည်းငယ် ပွန်းရုံမှလွဲ၍ ဘာမှမဖြစ်ခဲ့ပါ၊ ရတနာသုံးပါး ဂုဏ်တော်ကို အမြဲ အောက်မေ့၍

ညစဉ် ဘုရားရှိခိုးခြင်း၊ လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုကံတို့က မသေမပျောက် ရွာသို့ပြန်ရောက်စေခဲ့သည်-ဟု ထင်မြင်မိပါသည်၊

ကိုကြာညွှန့်အကြောင်း ကြားသိရသော ရွာမှလူအများက ကံကောင်းလို့ မသေတာပေါ့ကွာ-ဟု တအံ့တဩ ပြောဆိုနေကြပါသည်။

(တသက်လှ-ပခုက္ကူ )

****************************************

ကံကြီးထိုက်သူ

(ကံကြီးထိုက်သူ )

အချိန်ကား ၁၉၇၀-ခုနှစ်က ဖြစ်ပါသည်။ ကျွန်တော်သည် အူရောင်ငန်းဖျားရောဂါဖြင့် မြင်းခြံပြည်သူ့ဆေးရုံတွင် ဆေးကုသနေသောအချိန်ဖြစ်သည်။ ထိုအချိန်က ဆေးကုသနေကြသော လူနာများ အလွန်များနေ၍ ကျွန်တော့အား လူသွားစင်္ကြံလမ်းပေါ်တွင် နေရာချထားပေးခဲ့ကြပါသည်။ စင်္ကြံ၏ ထိပ်တဘက်စွန်းတွင် အချုပ်သားများအတွက် သံတိုင်များဖြင့် သီးသန့်ကာရံထားသော အခန်းငယ်တခု ရှိပါသည်။

တနေ့တွင် အရေးပေါ်လူနာတဦး အချုပ်ကားဖြင့် ရောက်လာသည်။ ထိုသူမှာ ဦးခေါင်းမှလွဲ၍ တကိုယ်လုံး ရေနွေးပူလောင်ထားသည့် ထောင်သားတဦးဖြစ်ကြောင်း သိရပါသည်။ ထောင်သားများအတွက် ချက်ထားသည့်ထမင်းအိုး ဟင်းအိုးများကို လူနှစ်ယောက် ဝါးထမ်းပိုးဖြင့် ရှေ့နောက်ထမ်း၍ အလှည့်ကျ သယ်ဆောင်ကြရ၏၊ ထိုနေ့က အဆိုပါ ထောင်သား၏ အလှည့်ဖြစ်သည်။

မီးဖိုပေါ်မှ အလွန်လေးလံသော ထမင်းအိုးကြီးကို သံကြိုးချိတ်ဖြင့် ချိတ်၍ ရှေ့နောက်ထမ်း မ,ကြသည်။ အိုးကြီးကား ကြွတက်မလာပါ။ သူနှင့်တွဲဘက် အထမ်းသမားသည် သူ့ထက် ပိုပြီးအားသန်သူဖြစ်သည်။ ဒုတိယအကြိမ် အားစိုက်ပြီး ထမ်းမ,လိုက်ကြသောအခါတွင် အိုးသည် ကြွမလာဘဲ ဝါးထမ်းပိုးသည် ချာချာလည်ပြီး ထိုသူအား ဘေးဘက်သို့ တွန်းလှဲပစ်လိုက်တော့သည်။

အနီးတွင် ရေများဆူပွက်နေသည့် အဖုံးမရှိသော ဒယ်အိုးကြီးတလုံး ရှိသည်။ ထိုဒယ်အိုးကြီးထဲသို့ တိုက်ရိုက် ကျသွားသည်။ ထိုအခါ ဦးခေါင်းမှလွဲပြီး တကိုယ်လုံး နစ်မြုပ်သွားသည်-ဟု သူ့အား လိုက်ပို့သော အစောင့်ရဲသားက ပြောပြသည်။ ထိုအခါ ကြားရသူအားလုံးသည် ထိုသူ့အပေါ်၌ သနားကြင်နာစိတ်များ ဖြစ်ပေါ်နေကြသည်။

ထို့ကြောင့် လူအများစုပြုံရောက်လာပြီး ထိုသူ့အကြောင်းကို ဆက်လက်မေးမြန်းကြသည်။ ထိုလူမှာ ပခုက္ကူမြို့၏ အနောက်ဘက်နယ်အတွင်းရှိ ရွာတရွာမှ လူငယ်တဦးဖြစ်ကြောင်း၊ ဖခင်အရင်းအား ဓားနှင့်ထိုးသတ်သော အမှုဖြင့် မြင်းခြံထောင်တွင် ကျခံနေသူဖြစ်ကြောင်း ရဲသားက ပြောပြသောအခါ ပရိသတ်များမှာ ဟင်-ဟု သံပြိုင်ငြီးလိုက်ကြပြီး မျက်နှာများ ရှုံ့မဲ့သွားကြသည်။ ယခင်က သူ့အပေါ်ထားခဲ့သော သနားကြင်နာစိတ်များ ပျက်ပြယ်သွားကြဟန် တူပါသည်။

ထိုသူ့အတွက် လိုအပ်သော ကုသမှုများ ပြုလုပ်ပေးပြီးသောအခါ သူ့အား အချုပ်သားများထားသော အခန်းတွင်းသို့ ပို့ထားခဲ့သည်။ နံနက်လင်းသောအခါ ထိုသူ့အား ကျွန်တော်၏ခုတင်ပေါ်မှ လှမ်း၍မြင်တွေ့ နေပါသည်။ အဝတ်အားလုံး ချွတ်ထားပြီး ခရမ်းရောင်လိမ်းဆေးများ လူးပေးထားသဖြင့် တိရိစ္ဆာန်တကောင်နှင့် တူနေပါသည်။

ခန္ဓာကိုယ်တခုလုံး အနားများ အပြည့်ဖြစ်နေ၍ ဆေးထိုးရန် အခက်တွေ့ရသည်ဟု ဆရာမက ပြောသွားသည်။ လူနာအား လာရောက်ပြုစုသူ၍ တဦးမှမတွေ့ရပါ။ အခန်းအတွင်း၌လည်း အဖော်မရှိ၊ သူတဦးတည်းသာ ရှိသည်၊ သံတံခါး၏ အပြင်ဘက်၌ ရဲသားတဦးက စောင့်နေသည်။ ညတိုင်း ကောင်းကောင်းမအိပ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်သော အသံဆိုးများဖြင့် မကြာမကြာ ဟစ်အော်နေသည်။ ၄-ရက်ခန့်ကြာသောအခါ ရူးသွား၏၊

သူ့အတွက် အသုံးပြုရန် ပေးထားသည့် ဝမ်းသွားအိုးနှင့် ဆီးအိုးထဲမှ သူသွားထားသော မစင်များကို ဇွန်းဖြင့် ကော်ပြီးစားနေသည်။ တဖန် ဆီးများကိုလည်း အားရပါးရ သောက်ပြန်သည်။ တပတ်ခန့်ကြာသောအခါ သေဆုံးသွား၏၊

ဖခင်အား သတ်ခဲ့သူမှာ အထက်ပါအတိုင်း မကောင်းသော ဖြစ်ရပ်များ ဆက်ကာဆက်ကာ တွေ့ပြီး ဘဝဆုံးခဲ့သည့်အဖြစ်အပျက်ကို အသေးစိတ်သိကြသော ဆရာဝန်၊ ဆရာမများ ထောင်အမှုထမ်းများ ယနေ့အထိ ရှိကြပါသည်။

(ဦးဘိုးကြီး )

****************************************

ကရုဏာရှင်

(ကရုဏာရှင် )

စာရေးသူတို့ ဇာတိရွာကလေးတွင် ဒေါ်ခင်သန်း-ဟူသော အမျိုးသမီးကြီး တယောက် ရှိပါသည်၊ ထိုအမျိုးသမီးကြီးသည် တိရစ္ဆာန်ကလေးများကို အလွန်သနားတတ်ပါသည်၊ စျေးထဲမှ အရှင်လတ်လတ် တောင်ပံချိုး၍ထားသော ငှက်များ၊ လေးခွမှန်၍ ဒဏ်ရာဖြင့် မသေမရှင်ဖြစ်နေသော ချိုး၊ စစ်စလီ၊ ရေဘဲ၊ စနိုက် စသော ငှက်ကလေးများကို ဝယ်ယူ၍ ဒဏ်ရာ ပျောက်ကင်းသည်အထိ အိမ်တွင်ကုသပေးပြီး ပြန်လွှတ်ပေးလေ့ရှိပါသည်၊ သူတို့အိမ်တွင်လည်း အလေ့ကျ လာရောက်နေသော ခွေးနှင့်ကျောင်များ ရှိပါသည်၊ ဒေါ်ခင်သန်းသည် ခွေး ကြောင်များ အတွက် အမဲသား အစအန အရိုးအရင်းများကို ဝယ်ယူ၍ ဆန်ကွဲနှင့် ရောပြုတ်ပြီး ကျွေးမွေးလေ့ရှိပါသည်၊ အိမ်ရှိခွေးများကိုသာ ကျွေးထားသည် မဟုတ်ပါ၊ စျေးထဲတွင် အောက်ပိုင်း ခြေတရွတ်ဆွဲပြီး မျက်စိလုံးဝမမြင်ရှာသော ခွေးကြီးကိုလည်း နေ့စဉ် သွားရောက်ကျွေးမွေးလေ့ ရှိပါသည်။

တချို့ ရင်းနှီးသူများက ဒေါ်ခင်သန်း၊ ခင်ဗျားကတော့ အဲဒါတွေနဲ့ ဘဝချင်း နီးတယ်ထင်တယ် နော်။ ဒါကြောင့် ဒါတွေကို ခင်ဗျား သံယောဇဉ် ဒါလောက်ရှိနေတာ-ဟု ပြောလာလျှင်

အေးဟေ့-ဟုတ်တယ်ဟ၊ ဒါလဲ တကြောင်းပဲ၊ နောက်ပြီး လူတွေက ဘယ်လိုရှာစား ရှာစား ရတယ်ဟ၊ တိရစ္ဆာန်တွေက လူကျွေးမှ စားရတာ၊ ဟင်းမကောင်းဘူးလို့လဲ ချေးမများဘူး၊ ကျွေးတာပဲ စားတယ်၊ ကျေးဇူးတရားလဲ နားလည်တယ်-ဟု ပြန်ပြောတတ်ပါသည်။

ထိုကဲ့သို့ တိရစ္ဆာန်များကို သနားကြင်နာစွာ ကျွေးမွေးပြုစုတတ်သောကြောင့် ထင်သည်။ ဒေါ်ခင်သန်းတယောက် ဖျားနာ၍ အိပ်ရာထဲ လဲနေသည်ဟု တခါမှ မကြားဖူးပေ၊ အခြားသူများ ကျပ်တည်းခက်ခဲနေချိန်မှာပင် သူတို့မိသားစု အခြေမပျက်ခဲ့ပေ။

ဤသည်တို့မှာ ဒေါ်ခင်သန်းတို့မိသားစု တိရစ္ဆာန်များကို ကရုဏာသက်စွာ ကျွေးမွေးတတ်သော စေတနာအကျိုးကြောင့်ဟု တရွာလုံးက ပြောဆိုချီးမွမ်းနေကြပါသည်။

(ရှင်ထွေး-ရွှေတောင် )

****************************************

ကွယ်လွန်ခါနီး တရားနာရခြင်း အကျိုး

(ကွယ်လွန်ခါနီး တရားနာရခြင်း အကျိုး)

စာရေးသူအရှင်၏ မယ်တော်ကြီးသည် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ဘုရားစုကိုးရွာ ကသစ်စံပြကျေးရွာ၌ နေထိုင်သည်။ အမည်မှာ ဒေါ်လှတုတ် ဖြစ်သည်။

မကြာမီက မယ်တော်ကြီးသည် ကိုယ်ရောင်ရောဂါစွဲကပ်ခဲ့သည်။ ရက်ပေါင်း ၂၀-ခန့် အကြာတွင် စာရေးသူထံ ဆွေမျိုးများက တယ်လီဖုန်းဖြင့် အကြောင်းကြားကြသည်။ စာရေးသူသည် ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်တိုက် နမူနာ စံကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသည်။

စာရေးသူက မယ်တော်ကြီး သက်သာရာရအောင် ရွာရှိ ဆရာဝန်ဖြင့် ကုသရန် မှာကြားသည်။ မသက်သာကြောင်း ပြန်ကြားသဖြင့် မြန်မာတိုင်းရင်းဆေးဆရာကို ပင့်၍ ကုသခိုင်းသည်။ ထို့ပြင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရား တိပ်ခွေကို ဖွင့်ပေး၍ နာယူစေရန်လည်း မှာကြားလိုက်သည်။

မကြာမီ စာရေးသူထံ ရွာကဆွေမျိုးများက ဖုန်းဆက် အကြောင်းကြားကြသည်။ မယ်တော်ကြီးမှာ အစာ မဝင်တော့ကြောင်း၊ သားဦးပဉ္ဇင်းကိုသာ တွေ့ချင်ကြောင်း ငါ့သားကသာ ငါ့ကိုတရားဟောပေးမှာ-ဟု ပြောကြားကြောင်း ပြောဆိုကြသည်။

သို့ဖြင့် စာရေးသူသည် ရွာသို့ မီးရထားဖြင့် ပြန်ကြွသည်။ ရောက်သောအခါ မယ်တော်ကြီး၏ အခြေအနေကို ကြည့်ရှုပြီး မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရားတိပ်ခွေကိုသာ မကြာခဏ ကက်ဆက်ဖြင့် ဖွင့်ပေးသည်။ နာခိုင်းသည်။ မယ်တော်ကြီးက စာရေးသူကို တရားဟောပြောပေးစေချင်သည်။ စာရေးသူက မိမိဟောပြောလျှင် အစွမ်းထက်မည်မဟုတ်ဟု ယူဆကာ မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် အရှင်ဉာဏိဿရ တို့၏ တရားတိပ်ခွေများကိုသာ မကြာခဏဖွင့်ပေးသည်။ ထိုတရားများ နာပြီးသောအခါ ရက်ပေါင်း ၂၀-ခန့် ထမင်းမစားနိုင်ဘဲ အားပြတ်၍ ထူပေးနေရသော မယ်တော်ကြီးက လက်အုပ်ချီလျက် သာဓုအကြိမ်ကြိမ် ခေါ်သည်။

သို့သော် တနေ့ထက် တနေ့ မယ်တော်ကြီး၏ ရောဂါအခြေအနေကား မသက်သာ၊ မကြာမီကွယ်လွန်တော့မည့် အခြေအနေသို့ ရောက်နေသည်။ တရားများကို နာယူထားသောကြောင့် ဖြစ်မည်။ မယ်တော်ကြီးမှာ ရယ်ရယ်ပြုံးပြုံးရှိနေသည်။ သေခြင်းတရားကို ကြောက်လန့်ခြင်းရှိပုံ မပေါ်တော့ပေ။ ထူးခြားသည်မှာ မယ်တော်ကြီးသည် နှစ်ပေါင်း ၃၀-ကျော် နားလေးရောဂါ စွဲကပ်ခဲ့သူဖြစ်သည်။ သို့ရာတွင် သေခါနီးအချိန်ရောက်မှ နားသောတတွေ အထူးကြည်လင်ပြီး တရားများကို အားပါးတရ နာကြားနိုင်သွားသည်။

ကျန်ရစ်သူ သားသမီးများအား သင့်မြတ်အောင်နေထိုင်ကြပါဟုသာ မှာကြားသည်။ အခြားစကား မပြောကြား။ သားသမီးများနှင့်တကွ ပစ္စည်းဥစ္စာများအပေါ် လုံးဝ သံယောဇဉ်မထားဘဲ အေးငြိမ်းစွာပင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်၌ အသက် ၆၄-နှစ်အရွယ် ရှိသည်။

ကွယ်လွန်ပြီးနောက် စာရေးသူသည် မယ်တော်ကြီး၏ လက်မောင်းကို စမ်းကြည့်လိုက်သည်။ အသက်ရှိနေသော လူရှင်လိုပင် အံ့ကြဖွယ်ကောင်းလောက်အောင် ပျော့ပျောင်းနေသည်။ ၂-ရက်မြောက်နေ့သို့ ရောက်သည့်တိုင် ခြေထောက်တွေပါမကျန် တကိုယ်လုံး ပျော့ပျောင်းနေသည်။ သင်္ဂြိုဟ်မည့် ၃-ရက်မြောက်နေ့တွင် အခြေအနေကိုကြည့်ရှုရာ ကိုယ်ရောင်ရောဂါတွေ ပျောက်ကင်းသွားပြီး အသားအရေတွေ ကြည်လင်နေသည်ကို တွေ့ရသည်။ ရာသီဥတုက ပူပြင်းသော်လည်း အနံ့အသက် ထွက်ခြင်းမရှိ။ အချိန်မှာ ၁၃၆၄-ခုနှစ် တပေါင်းလဆန်း ၉-ရက် (၁၁-၃-၂၀၀၃) နေ့ ဖြစ်သည်။ သင်္ချိုင်းသို့ရောက်၍ မယ်တော်ကြီး၏ ရုပ်အလောင်းကို ထူပေးရာတွင် လူရှင်လိုပင် ပျော့ပျောင်းမြဲ ပျော့ပျောင်းနေသည်။ မီးသင်္ဂြိုဟ်ရာတွင်လည်း ကောက်ခြင်း၊ ကွေးခြင်း မရှိ၊ ဆံပင်မှာလည်း နောက်ဆုံးအချိန်ရောက်မှ မီးလောင်ကျွမ်းသည်။

မယ်တော်ကြီးသည် သက်ရှိထင်ရှားရှိစဉ်က စိတ်ကောင်း နှလုံးကောင်း ထားရှိသူ ဖြစ်သည်။ ချွေးမ ၃-ယောက်ရှိရာ ၃-ယောက်စလုံးနှင့်ပင် သင့်မြတ်စွာ နေထိုင်နိုင်သည်။ အလှူဒါနများလည်း ပြုလေ့ရှိသည်။ တရားလည်း ထိုင်တတ်သည်။ နောက်ဆုံး ကွယ်လွန်ခါနီးတွင် ဆရာတော်ကြီးများ၏တရားကို ကြားနာသွားရ သည်မှာ အထူးအကျိုးရှိကြောင်း တွေ့ရှိရသည်။

ကွယ်လွန်ခါနှီးတွင် သစ္စာတရားကို ကျနစွာနာကြား၍ နှလုံးသွင်းနိုင်သူတို့မှာ အကျိုးထူးခံစားရကြောင်း အင်္ဂုတ္တိုရ်ပါဠိတော် ဆက္ကနိပါတ် ဖဂ္ဂုဏသုတ်တွင် အထင်အရှားပါရှိသည်။ ဖဂ္ဂုဏရဟန်းလေးသည် ဘုရားရှင် ဟောကြားအပ်သော သစ္စာတရားကို ကြားနာရပြီး ပျံလွန်တော်မူသွားရာ အနာဂါမ်ပင် ဖြစ်သွားကြောင်း ဖတ်ရှုလေ့လာရပါသည်။

ထို့ကြောင့် သေခါနီး အချိန်တွင် ဆရာတော်ကြီးများ၏ ထူးမြတ်သော တရားများကို နာယူ နှလုံးသွင်းနိုင်အောင် ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟု စာရေးသူက တိုက်တွန်းလိုပါသည်။

(ဦးဇာဂရ-နမူနာ စံကျောင်း၊ ကျောင်းတော်ရာ ရွှေကျင်တိုက် ဗဟန်း ရန်ကုန်)

(မြတ်မင်္ဂလာ ၂၀၀၃-ခု ဒီဇင်ဘာလ )

****************************************

ကားကြိတ်ခြင်းမှ ကင်းလွတ်သူ

(ကားကြိတ်ခြင်းမှ ကင်းလွတ်သူ )

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၁-ရပ်ကွက် ရတနာလမ်း အမှတ် ၃၁၈ (က) တွင် နေထိုင်လျက်ရှိသော မောင်ဇေယျာထွေးသည် ရန်ကင်း အခြေခံ အထက်တန်းကျောင်း နဝမတန်းတွင် ပညာသင်ယူနေသူ ဖြစ်သည်။

သူသည် ၁၉၉၈-ခုနှစ် စက်တင်ဘာ ၁-ရက်နေ့ နံနက် ၈-နာရီခွဲခန့်တွင် ၁၆-ကွေ့မှတ်တိုင်မှ ကျောင်းသို့ ၄၂-ဟီးနိုးကားဖြင့် ထွက်လာခဲ့သည်။ ရုံး၊ ကျောင်းတက်ချိန်ဖြစ်ပြီး ခရီးသည်များ ပြည်ကျပ်နေပါသည်။

ထို ၄၂-ဟီးနိုးကားသည် အဝိုင်းလေးမှတ်တိုင်နှင့် ရေခံစက်မှတ်တိုင်ကြားတွင် လက်ဝဲဘက်သို့ အရှိန်ဖြင့် ကွေ့လိုက်ရာ မောင်ဇေယျာထွေးမှာ မိမိကိုယ်ကို မထိန်းနိုင်ဘဲ ကားအပြင်သို့ ထွက်ကျသွားလေတော့သည်။ ကားအောက်သို့ကျပြီး သူ၏ဒူးခေါင်းနှင့် အောက်ပိုင်းတို့မှာ ရှေ့နှင့် နောက်ဘီးနှစ်ဘီးအကြားတွင် ရောက်နေပြီး အပေါ်ပိုင်းမှာ ကားအပြင်ဘက်တွင် ရောက်နေပါသည်။

ချက်ချင်းဆိုသလိုပင် ကား၏နောက်ဘက် နှစ်ဘီးတွဲက သူ၏ဒူးနှစ်ဖက်ပေါ်ကို ဖြတ်ကြိတ်လိုက်ရာ ခြေနှစ်ဖက်ကို ရှောင်လွှဲချိန် မရလိုက်ပါ။ ကားပေါ်မှ ခရီးသည်များကလည်း ဒီကလေးတော့ ဘဝပျက်ပါပြီ ဒုက္ခရောက်ပါပြီ-ဟု တွေးကြရင်း ထိတ်လန့်တုန်လှုပ်နေကြပါသည်။

သို့သော်လည်း သူ၏ လက်ဝဲဘက်ဒူးပေါ်တွင် ကားဘီးတာယာ၏ ပန်းအရာများ ထင်ကျန်ရစ်ပြီး လက်ယာဘက် ဒူးမှာ ဖိကြိတ်သောအရှိန်ဖြင့် နာကျင်သောဝေဒနာ ခံစားရကြောင်း ကားနှစ်ဘီးတွဲကို တစုံတဦးက မြှောက်ပင့်လိုက်သကဲ့သို့ ကားဘီးများမှာလည်း အပေါ်သို့ မြောက်တက်သွားသည်ကို ခံစားရကြောင်း သူ ပြန်ပြော၍ သိရှိရပေသည်။

ဆေးရုံကြီး အရိုးကုဌာနတွင် ဓာတ်မှန်ရိုက် စစ်ဆေးစမ်းသပ်သောအခါ ဒူုးဆံများ ကွဲအက်ခြင်း၊ ကြေသွားခြင်း၊ ဒးရိုး၊ ပေါင်ရိုးကျိုးခြင်း လုံးဝမဖြစ်ကြောင်း သိရပါသည်။ လက်ဝဲဘက်ခြေဖနောင့် အရွတ်ကျေဒဏ်ရာရပြီး လက်ယာဘက်ဒူးနှင့် ပေါင်မှာ ထိခိုက်နာကျင်မှုသာ ဖြစ်၍ ဆေးလိမ်း ဆေးစည်းခြင်းဖြင့် သက်သာကောင်းမွန်ခဲ့ပါသည်။

မောင်ဇေယျာထွေးသည် မရမ်းကုန်းမြို့နယ် ရှစ်မိုင် အရှင်သုမိတ္တာဘိဝံသ (စေတိယင်္ဂဏနှင့် အစိုးရ ဓမ္မာစရိယ)၏ ပေါက်စေတီကျောင်းတွင် ရှင်သာမဏေဝတ်ခြင်း၊ ၁၀-ရက် တရားစခန်းဝင်ခြင်းဖြင့် ဗုဒ္ဓ၏ အဆုံးအမကို ခံယူခဲ့သူ ဖြစ်ပါသည်။ ဘီးလင်းမြို့နယ် တောင်စွန်းတောရ ဓမ္မဒူတ ဆရာတော် အရှင်ပညာဇောတ ဦးစီးသော တရးစခန်းကိုလည်း ၃-ကြိမ် ဝင်ခဲ့ဖူးပါသည်။ သူသည် ရန်ကင်း အ-ထ-က တွင် ပညာဆည်းပူးသည်။ ပညာထူးချွန်ပြီး အကျင့်စာရိတ္တ ကောင်းသူဖြစ်၍ လူချစ်လူခင်လည်း ပေါများသူဖြစ်သည်။

သို့ဖြစ်ပါ၍ လောကီကိစ္စတွင်မက လောကုတ္တရာတွင်လည်း ဗုဒ္ဓ၏ ဆုံးမဩဝါဒတရားမှန်ကို လက်ခံကျင့်သုံးနေသော မောင်ဇေယျာထွေးသည် ကားနှစ်ဘီးတွဲ အကြိတ်ခံရသော်လည်း မကျိုးမပဲ့ ဘဝမဆုံးဘဲ နှလုံးစိတ်ဝမ်း အေးချမ်းစွာဖြင့် နေထိုင်လျက်ရှိကြောင်း ထူးခြားသော ဖြစ်ရပ်မှန်ကို အတုယူစရာ တင်ပြလိုက်ရပါသည်။

(ဂယာ တင်ဝင်း-မောင်းမြ )

****************************************

ကာယကံ မမြောက်သေးသော သွေးလှူဒါန်းမှု အကျိုး

(ကာယကံ မမြောက်သေးသော သွေးလှူဒါန်းမှု အကျိုး)

ကျွန်မတို့ မြို့လေးသည် ဧရာဝတီမြစ်ကမ်း နံဘေးတွင် ရှိပြီး သင်္ဘောဆိပ်၊ မီသတ်ဌာန၊ ရုံးပေါင်းစုံ ကျောင်းပေါင်းစုံနှင့် ဆေးရုံကြီးပါရှိ်သည်။ နေစရာ အလွန်ကောင်းသော မြို့ကလေးတမြို့ပင် ဖြစ်ပါသည်။ မြို့သူ မြို့သားများတွင် အလွန်ချစ်စရာကောင်းသော အကျင့်စရိုက်ကောင်းလေး များစွာရှိသည့်အနက်မှ တန်ဘိုးမဖြတ်နိုင်သော စရိုက်ကောင်းတခုကို တင်ပြလိုပါသည်။

ထိုစရိုက်လေးမှာ ကျွန်မတို့မြို့ပေါ်တွင် ဆေးရုံတက်လာသည့် လူနာများထဲတွင် သွေးအထူးလိုအပ်နေသည့် လူနာရှိလာပါက မီးသတ်ဌာန၊ ရုံးပေါင်းစုံ၊ ကျောင်းပေါင်းစုံ၊ သင်္ဘောဆိပ်ကမ်း အလုပ်သမားများထံသို့ အကူအညီတောင်းသည့်အခါ သူ့ထက်ငါ အလုအယက် ကူညီတတ်ကြသည်။ အလုပ်မအားသည့်ကြားက မည်သည့်တုန်ပြန်မှုကိုမှ မမျှော်မှန်းကြဘဲ ဆေးရုံသို့ အလျင်အမြန်သွားကြသည်။ မိမိထံမှ သွေးလှူဒါန်းနိုင်ခွင့် အခြေအနေ ပေ-မပေး လူနာလိုအပ်နေသည့် သွေးအမျိုးအစား ဟုတ်-မဟုတ် အစမ်းသပ်ခံယူပြီး မိမိတို့ခန္ဓာကိုယ်မှ သွေးကို ရက်ရက်ရောရော ပေးလှူကြတော့သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ လှူဒါန်းကြသည်။

ထိုသို့ သွေးလှူဒါန်းမှုနှင့် ပတ်သက်၍ ကျွန်မ မှတ်မှတ်ရရ ဖြစ်နေရသည့် ဖြစ်ရပ်ကလေးတခုကို တင်ပြလိုပေသည်။ ကျွန် ၁၀-တန်းကျောင်းသူ ဘဝတုန်းကပင် ဖြစ်သည်။ တနေ့ ကျွန်မတို့ အတန်းပိုင် ဆရာမ ဒေါ်ကျင်စောဦး-သည် အတန်းရှေ့တွင်ရပ်ပြီး တပည့်တို့-ဆရာမပြောတာ သေသေချာချာ နားထောင်ကြပါကွယ်။ အခု ဆေးရုံမှာ-အို,သွေး အမျိုးအစား အရေးတကြီး လိုအပ်နေတဲ့ လူနာ ရှိနေတယ်တဲ့။ ကျောင်းအုပ်ဆရာကြီးကို ဆေးရုံက ဖုန်းဆက်အကြောင်းကြားတယ်။ တပည့်တို့ တတွေထဲက အို,သွေးရှင်ဖြစ်ပြီး သွေးလှူချင်ပါတယ် ဆိုရင် ဆရာမကို မတ်တတ်ရပ်ပြပါကွယ်။

ကျွန်မလည်း ဆရာမစကား၊ ကြားကြားချင်း မတ်တတ်ရပ်ပြလိုက်သည်။ လိုအပ်နေတာက အို,သွေး၊ မိမိကလည်း အို,သွေးဆိုတော့ ဘာမှ စဉ်းစားနေချိန်မရ။ ကူညီချင်စိတ် လှူဒါန်းချင်စိတ်ကို ရှေ့တန်းတင်ပြီး မဆိုင်းမတွ မိမိထိုင်နေသည့်ခုံက မတ်တတ်ရပ်ပြလိုက်ခြင်းဖြစ်သည်။

ထိုအခါ နောက်တန်းက ကျောင်းသားအချို့၏ လှောင်ရယ်သံကို ကြားလိုက်ရသည်။ ဒီတော့မှ မိမိကိုယ်မိမိ သတိထားလိုက်မိသည်။ အရေးကြီးလှသော ၁၀-တန်းကို ဖြေဆိုရမည်မှာ လက်တကမ်းအလိုသာ ရှိတော့သည်။ စာမေးကြီးကို ဖြေဆိုနိုင်ရန် နေ့မနား ညမနား ကြိုးစားပြီး စာတွေ ကျက်မှတ်နေရတော့ အအိပ်ပျက် အစားပျက်ဖြစ်ကာ အရိုးပေါ် အရေတင်နေသော ကျွန်မ၏ ခန္ဓာကိုယ်ကို ကြည့်ပြီး ပြက်ရယ်ပြုကြခြင်းပင် ဖြစ်သည်။

သို့သော် ကျွန်မ၏စိတ်ဓာတ်နှင့် စေတနာကို လေးစားဂုဏ်ယူမိပါသည်ဟု ပြောနေသယောင်ယောင် ရှိသော ဆရာမ၏ မျက်လုံးအစုံကိုကြည့်ပြီး အားတက်သွားခဲ့ရသည်။

ဆရာမက တပည့်၏ စေတနာနှင့် စိတ်ဓာတ်ကို အရမ်းလေးစားဂုဏ်ယူပါတယ်ကွယ်။ ဒါပေမဲ့ တပည့်က စာမေးပွဲကြီး နွှဲနိုင်အောင် အားမွေးဖို့ လိုအပ်နေသူတယောက် ဖြစ်လို့ ပြန်ထိုင်နော်-ဟု ဖျောင်းဖျပြောဆိုသည်။ ထို့နောက် ကျွန်မတို့အတန်းထဲမှ ကျောင်းသားသုံးယောက်နှင့် ကျောင်းသူ တယောက်၊ ဆရာမနှင့်အတူ အတန်းထဲက ထွက်ခွါသွားကြသည်။ ကျွန်မမျက်စိတဆုံး ကြည့်နေလိုက်မိသည်။ သူတို့တတွေ ဆေးရုံက ပြန်လာတော့ လူနာအတွက် လိုအပ်နေသည့် အို,သွေးကို ဆိပ်ကမ်းအလုပ်သမားတဦးထံက ရရှိကြောင်း သိရပါသည်။ ကာယကံမြောက် မလှူခဲ့ရသော်လည်း စေတနာထက်ထက်သန်သန်နှင့် လှူဒါန်းချင်ခဲ့သောကျွန်မ၏ မနောကံ သွေးလှူဒါန်းချင်စိတ်ကလေးသည် အချည်းနှီးမဖြစ်ခဲ့ပါ။ ကျွန်မကို လက်တွေ့အကျိုးထူး ပြခဲ့ပါသည်။

ကျွန်အိမ်ထောင်ကျပြီး အိမ်ထောင်သက်တမ်း သုံးနှစ်မြောက်မှာ အမှတ်မထင် ၅-လဖြင့် ကိုယ်ဝန်ပျက်၍ အရေးပေါ်သွေးလိုအပ်နေသော လူနာအဖြစ် ဆေးရုံတွင် ရောက်ရှိခဲ့ရသည်။ ထိုစဉ် လိုအပ်နေသော အို,သွေး လှူဒါန်းမည့်သူ ချက်ချင်းပေါ်ပေါက်ခဲ့သည်။ ထိုသွေးလှူရှင်ထံမှ သွေးထုတ်ယူရန် အခြေအနေအရပ်ရပ် တိုက်ဆိုင်နေ၍ သွေးအစားသွင်းခဲ့ပြီး ကျွန်မကျန်းမာလာခဲ့သည်။ ထိုသွေးအလှူရှင်အတွက် ကျွန်မ၏ခင်ပွန်းဖြစ်သူက ကြက်ဥများပေးသည်ကိုပင် မယူရှာ၊ ကျွန်မအတွက် ပြန်ပေးထားခဲ့သေးသည်။

ထိုသွေးအလှူရှင်၏အမည်မှာ ကိုစိုးညီ ဖြစ်သည်။ ကျွန်မအသက်ရှင်နေသမျှ ကာလပတ်လုံး ထိုသွေးလှူရှင် ကိုစိုးညီကို မေတ္တာများပို့၍ ဆုမွန်ကောင်းများ တောင်းပေးနေဦးမည် ဖြစ်ပါသည်။

(မြန်မပြည် အရပ်ရပ်ရှိ သွေးလှူရှင်များနှင့် ကျွန်မအတွက် လိုအပ်နေသည့်သွေးကို လှူဒါန်းပေးခဲ့ဖူးသည့် ကိုစိုးညီကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်။ )

(ရွှေမြန်မာ-ကသာ )

****************************************

ကာလဝိပါက်

(ကာလဝိပါက် )

အဘဦးဖိုးလူမှာ ဒေါသကြီးသူ, စိတ်မြန်သူ, ရက်စက် ကြမ်းကြုတ်သူ ဖြစ်သည်၊ အဘကို သား မြေး မြစ်များသာမက တရွာလုံးကပင် ကြောက်လန့်ကြရသည်၊ အဘသည် ဆွေမျိုးသားချင်း၊ ရွာသားချင်း အပေါ်၌သာ အနိုင်ယူသူမဟုတ် တိရစ္ဆာန်များအပေါ်၌လည်း သက်ညှာမှုကင်းစွာ အနိုင်ယူသူ၊ ရက်စက်သူ ဖြစ်သည်၊ အဘသည် သူစီးနေကျ မြင်းကိုပင် စိတ်တိုင်းမကျဖြစ်ကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သဖြင့် မြင်းကိုက်ခံရဖူးသည်၊ နောက်ဆုံး အဘကိုယ်တိုင် သူ့မြင်းကို သတ်ပစ်ခဲ့သည်။

အဘသည် မိမိကျေးဇူးရှင် နွားများအပေါ်လည်း စာနာမှု ကင်းမဲ့စွာ ခိုင်းစေခဲ့သည်၊ အဘ၏ နွားများ ကျွဲများမှာ ပခုံးပေါက်လျက် ပိန်သည်က များသည်။

အဘသည် တိရစ္ဆာန်ထဲတွင် ခွေးကို အမုန်းဆုံးဖြစ်သည်၊ အဘတို့အိမ်မှာ ခွေးမရှိပေ၊ အဘသည် ခွေးမြင်လျှင်ပင် ရိုက်ချင်နှက်ချင် နေသည်လားမသိ၊ တနေ့တွင် အဘက ခွေးတကောင်ကို ခဲဖြင့်ပစ်လေသည်၊ ထိုခွေးက အဘဦးဖိုးလူကို ခုန်ဆွဲကာ လက်မောင်းအိုးကို ကိုက်လိုက်သည်၊ ဒဏ်ရာက မသေးလှချေ၊ အဘမှာ ဒေါသတွေ ထောင်းထောင်းထ,ကာ အိမ်ပြန်ခဲ့ရသည်၊ အိမ် အပင်က သင်္ဘောသီးစိမ်း တလုံးကို မီးအုံးကာ အဘအား ကိုက်သောခွေးကို ပစ်၍ကျွေးသည်၊ ခွေးသည် အဆင်ခြင်မဲ့စွာ ကိုက်ဟပ်လိုက်သည်နှင့် မလူးသာ မလွန့်သာ သင်္ဘောသီး ပူပူကြီးတန်းလန်းနှင့် လျှောက်ပြေးနေရတော့သည်။

ထိုခွေးမှာ နောင်တွင် သွားတချောင်းမကျန် ကျွတ်ကာ အတိဒုက္ခ ရောက်နေရတော့သည်၊ အဘဦးဖိုးလူ ဝမ်းသာအားရဖြစ်ကာ အိမ်ပြန်ခဲ့သည်၊ မကြာပါ အဘဦးဖိုးလူသည်လည်း မနေသာ မထိုင်သာ သွားကိုက်ရောဂါဆိုးကြီး ခံစားရပြီး သွားတချောင်းမကျန် ကြွေကျခဲ့သည်။

ယခုဆိုလျှင် ဒေါသအိုးကြီး အဘသည် သွားတချောင်းမှ မရှိသဖြင့် စားချင် ဝါးချင်ရာကို မစားနိုင်ချေ၊ သူ့မျက်နှာမှာလည်း မြင်းကိုက်ရာကြီးကြောင့် ရုပ်ဆိုး အကျည်းတန်ကာ ကြောက်လန့်စရာပင် ကောင်လှသည်၊ လက်မောင်းက ခွေးကိုက်ရာမှာလည်း အထင်းသားကြီးပင်၊ အဘသည် ခါးကကိုင်း, နားကထိုင်းနှင့် အသက်ရှင်နေရသည်မှာ ဝဋ်ဒုက္ခလို ဖြစ်နေတော့သည်၊ ဒေါသကြီးကြီး ရက်စက်ကြမ်းကြုတ်စွာ အညှာတာ ကင်းမဲ့သော အဘကို ဆွေမျိုးသားချင်းများကပင် ပြုစုဖို့ ရွံ့နေကြသည်၊ အဘ၏ ကံကြမ္မာ ဝဋ်ဆိုးကို ကြည့်ကာ အားလုံး သင်ခန်းစာယူမိကြတော့သည်။

(မေရည်မွန်-မြန်မာစာ )

****************************************

ကိုမဲတူ၏ ကံကြမ္မာ

(ကိုမဲတူ၏ ကံကြမ္မာ )

ကျွန်တော်တို့ ဖြူးမြို့နယ် (+++ ) ရွာတွင် ကိုမဲတူ ဆိုသူ တဦးရှိသည်၊ ကိုမဲတူသည် ရွာမြောက်ပိုင်းထိပ် ဖြူးချောင်း၏ နံဘေးတွင် မြေစိုက်အိမ်ကလေး ဆောက်၍ နေထိုင်သူတဦး ဖြစ်သည်၊ ၄င်းတွင် ဇနီး မယ်ဖော့ဆိုသူ ရှိသည်၊ ၄င်းတို့တွင် သားသမီးတယောက်မှ မထွန်းကားပေ။

ကိုမဲတူ၏ လုပ်ငန်းသည် အကုသိုလ်အလုပ်ဖြစ်သော ငှက်ထောင်ခြင်း၊ ငှက်ဖမ်းခြင်းဖြင့် အသက်မွေးသူဖြစ်သည်၊ နေ့အခါတွင် ကိုမဲတူသည် နွားမြည်း၊ မြင်းမြည်းများနှင့် ပြုလုပ်ထားသော ညွတ်ကွင်းများဖြင့် ဆက်ရက်(ဇယက်)၊ ချိုး၊ ဗျိုင်း၊ ခါ-စသော ငှက်များကို ဖမ်းယူသည်၊ ညအခါတွင် အိပ်တန်းဝင်နေသော အသိုက်များ၊ သစ်ခေါင်းများကို တက်နှိုက်၍ ငှက်များကို ဖမ်းယူလေ့ရှိသည်။

ထူးခြားသည်မှာ ကိုမဲတူသည် ညအခါ ငှက်ဖမ်းသည့်အခါ ငှက်မရသည့်နေ့ဟူ၍ မရှိခဲ့ပေ၊ ညနေ နေဝင်ရီတရော နွားရိုင်းသွင်းချိန်တွင် မည်သည့်ငှက်သည် မည်သည့်အပင်တွင် အိပ်သည်၊ ကောင်ရေအားဖြင့် ဘယ်နှစ်ကောင် စသည်ဖြင့် လိုက်လံကြည့်ရှု မှတ်သားလေ့ရှိသောကြောင့် ဖြစ်သည်၊ ငှက်မုဆိုးလောကတွင် ကိုမဲတူကို ယှဉ်ပြိုင်နိုင်သူ မရှိဟု ထင်သည်၊ ဇနီးသည် မယ်ဖော့ကလည်း ကိုမဲတူနှင့် လိုက်ဖက်ပါပေသည်၊ ရသမျှ ငှက်များကို အမွေးနုတ်၊ အချို့ ကင်၊ အချို့ ကြော်၍ ရွာရိုး လျှောက်ရောင်းသည်။

တနေ့တွင် ကိုမဲတူသည် ရွာအရှေ့ပိုင်း ဘကြီးဖြိုးအိမ်ရှေ့ရှိ ကုက္ကိုပင် သစ်ခေါင်းထဲ ဆက်ရက်(ဇယက်)ခြောက်ကောင် ဝင်သွားသည်ကို မှတ်သားထားသည်၊ ညရှစ်နာရီတွင် လုပ်ငန်း စသည်၊ ကိုမဲတူသည် ဖော်ပြပါ ကုက္ကိုပင်ကြီးပေါ် တက်၍ သစ်ခေါင်းထဲသို့ လက်နှိုက်ဖမ်းလိုက်သည်၊ ထိုစဉ် သစ်ခေါင်းထဲဝင်နေသော မြွေဟောက်က လက်ကို ကိုက်လိုက်သည်။ ကိုမဲတူသည် အလန့်တကြားဖြစ်ကာ မျက်လုံးများ ပြာဝေပြီး လက်ကို ဆွဲအနုတ် ခြေနင်းထားသော သစ်ကိုင်းက ဖျောင်းကနဲ ကျိုး၍ လိမ့်ကျလေသည်။

လူရော မြွေဟောက်ပါ ရော၍ ကျသဖြင့် အော်သံနှင့်အတူ အောက်ကျသံက ဟိန်းသွားသည်။

အနီးအပါးရှိ ဘကြီးဖြိုးတို့က ကိုမဲတူကို ထမ်း၍ ရွာ-ဆေးပေးခန်းသို့ ပို့ရာ လမ်းတဝက်တွင် အသက်ထွက်သွားလေသည်။

ကိုမဲတူတယောက် အိပ်တန်းဝင်နေသော ငှက်ကလေးများ၏ အသက်ပေါင်းများစွာကို နေ့စဉ်ရက်ဆက် ဖမ်းယူ သတ်ဖြတ်ခဲ့သော အကုသိုလ် အကျိုးပင်တည်း။

(မြပုရစ်ဖူး-ဇေယျဝတီ )

****************************************

ကိုယ့်ထံပြန်သော အရိပ်

(ကိုယ့်ထံပြန်သော အရိပ်)

ကိုဘမောင်၊ သူ့အသက်မှာ လေးဆယ်ကျော် ငါးဆယ်နီးပါး ဖြစ်သည်။ တောင်စုရွာတွင် နေထိုင်၏၊ အသားညိုညို လူထည်တုတ်တုတ်နှင့် သဘောကောင်းသူဖြစ်သည်။ သူတပါးကိုလည်း ကူညီတတ်၏၊ ပျော်ပျော်နေတတ်သည်။ အရက်သေစာ အနည်းငယ်သောက်စားပြီး ဆိုတတ်၊ ကတတ်သည်၊ လူချစ်လူခင် ပေါများသည်။

တနေ့ သူတို့ရွာတွင် မင်္ဂလာဆောင်ကြီးတခုရှိ၏၊ ရပ်ရွာမျက်နှာဖုံးများ၏ မင်္ဂလာဆောင်ပွဲဖြစ်သဖြင့် အကြီးအကျယ် ချက်ပြုတ်ကျွေးမွေးကြသည်။ ချက်ရေးပြုတ်ရေးတွင် ကိုဘမောင်လည်း ပျော်ပျော်ပါးပါး ဝိုင်းဝန်းကူညီနေသည်မှာ ချွေးတလုံးလုံးနှင့်ပင် ဖြစ်သည်။

ရွာငယ်များ၏ ဓလေ့အတိုင်း လူငယ်တို့သည် အပျော်ဖွဲ့၍ အနည်းငယ် ယမကာလေးများ သောက်စားချင်ကြ၏၊ ရပ်ရွာလူကြီးများနှင့် ကာယကံရှင် မိဘများသည် ထိုအမှုကို မကြိုက်ကြပေ။ သို့ပါ၍ လူငယ်ပိုင်းက သူတို့၏ အစီအစဉ်ဖြင့် ကိုဘမောင်ကို အားကိုး၍ မီးတောက်ရက်အဆီ အနည်းငယ် ခိုးဝယ်ထား၏၊ ထိုအဆီကို ဝယ်၍ ရေဖြင့် ရောစပ်ရပေမည်။ ထိုတာဝန်ကို ကိုဘမောင်က ယူထား၏၊ ရွာသားသုံးလေးယောက်ဖြင့် လုပ်ကို်င်သော ထိုနေ့ညတွင် လူကြီးများ၏မျက်ကွယ်၌ အရက်စပ်ကြ၏၊

အရက်အဆီများမှာ အလွန်ပြင်း၏၊ တောမီးတောက်အရက်ပီပီ ဓာတ်ဆီကဲ့သို့ မီးနှင့်ထိလျှင် ဟုန်းဟုန်းတောက် တတ်၏၊ ကိုဘမောင်သည် အရက်နှင့်ရေ ရောစပ်သူတို့အား လက်နှိပ်ဓာတ်မီးနှင့် မီးထိုးပြရမည့်အစား ဂက်(စ်) မီးခြစ်ကိုခြစ်၍ လက်တဆန့် မြှောက်ပြလိုက်၏၊ အရက်၏ အပူရှိန်နှင့် ဂက်(စ်) မီးတို့ တွေ့ထိကာ မီးက ဟုန်းခနဲ ထတောက်ပြီး အရက်ပုံးလည်း ပေါက်ကွဲတော့သည်။

ရွာသားသုံးလေးယောက်က လွှတ်ချပြီးပြေးကြ၏၊ ကိုဘမောင်ခမျာ ကျန်ခဲ့ပြီး မီးလောင်ခံရသည်။ ဝတ်ထားသော အကျႌ၊ လုံချည်များကို မီးကစွဲ၍ ဟုန်းဟုန်းတောက်လောင်နေသည်။ ကျန်လူသုံးယောက်ကိုလည်း မီးက ဟပ်လေ၏၊ သူတို့က ကိုဘမောင်လောက် မများပေ။ အပြေးအလွှားသွားပြီး ဗွက်အိုင်ထဲ လူးလှိမ့်ချကြသည်။ ထိုအခါ မီးက ငြိမ်းသွားသည်။

ကိုဘမောင်မှာမူ မီးလောင်နေသော အကျႌ လုံချည်ကို သွေးရူးသွေးတမ်းဖြင့် ဆွဲဖြဲ၊ ချွတ်ချ၏၊ သို့သော် မီးတောက်က အရှိန်ကောင်းစွာ လောင်နေ၍ ကွာမကျ၊ အတင်းဆွဲချွတ်ရာ အသားစများပါ ကပ်ပါသွားကုန်၏၊

လူအများက ဝိုင်းအော်သတိပေးမှသာ ဗွက်အိုင်ထဲ လူးလှိမ့်ချ၏၊ ထိုအခါတွင်မှ မီးများငြိမ်းကုန်၏၊ သို့သော် ပူလွန်းလှသဖြင့် အုတ်ရေကန်ထဲ ခုန်ချပြန်သည်။ မရပါ။ အပူရှိန်ဒဏ်က ပြင်းသဖြင့် အော်ဟစ်လူးလိမ့်နေ၏၊

မီးလောင်သူတို့ကို ရွာသားများက ဝိုင်းဝန်းပြုစုကြသည်။ ငှက်ပျောရည်ညှစ်လောင်းပေးကြသည်။ ကိုဘမောင်မှာမူကား တကိုယ်လုံး မည်းတူးသွားကာ အသားနီလန်သည့်နေရာက လန်၍ တကိုယ်လုံး မြင်မကောင်းပေ။ ကျန်သူများမှာ အနည်းအကျဉ်းသာ ဖြစ်ကြ၏၊ ကိုဘမောင်ခမျာမှာတော့ တကိုယ်လုံး ငါးမီးဖုတ်ထားသကဲ့သို့ မည်းမည်းတောင့်တောင့်ကားကားကြီး ဖြစ်သွား၏၊

သူတို့ကို ရွာသားများက ထွန်စက်တွေလာကြီးဖြင့် ငှက်ပျောဖက်များခင်းပတ်ကာ တိုက်နယ်ဆေးရုံဆီသို့ ခေါ်တင်သွားကြ၏၊ မှောင်မည်းသော ညသန်းခေါင်ကျော် လမိုက်ညဖြစ်၍ မြောက်ဘက်လမ်းသို့ မောင်းရမည့်အစား တောင်ဘက်လမ်းကို မောင်းထွက်သွားကြသည်။ အတော်အလှမ်းဝေးမှ လမ်းမှားသည်ကိုသိ၍ ပြန်လှည့်မောင်းကြရပြန်သည်။ ခရီးသည် မကြာသင့်ဘဲ ကြာရပြန်၏၊ ကိုဘမောင်သည် ဆေးရုံ၌ ငါးရက်မျှကြာသော် ဆုံးသွား၏၊ ကျန်သူများကား ကောင်းမွန်သွားကြ၏၊

ရွာသူရွာသားများ စိတ်မကောင်းကြပေ။ အရက်ကြောင့် ဖြစ်သည်မို့ အရက်သမားများ အလွန်လန့်ဖျပ်သွားကြ၏၊ သင်ခန်းစာရကြကုန်သည်။ သူ့ဘဝဝဋ်ကြွေးလည်း ရှိပေလိမ့်မည်။ တောသူတောင်သားအချို့သည် လယ်ယာလုပ်ငန်း စိုက်ပျိုးချိန်ပြီးလျှင် လယ်ထဲချောင်းထဲ၌ ငါးရှာ ဖားရှာလုပ်တတ်ကြ၏၊ ယခုအခါ ရေထဲသို့ လျှပ်စစ်လွှတ်ကာ ငါးများကို ဖမ်းတတ်ကြသည်။ ရေထဲရှိ ငါးသည် လျှပ်စစ်အပူကြောင့် မသေမရှင်ငါးများ ရေပေါ်ပေါ်လာကြ၏၊ ပလိုင်းထဲကောက်ယူထည့်ရုံသာ ဖြစ်သည်။ သူတို့၏ ငါးဖမ်းပုံမှာ ကြက်သီးထစရာ ကောင်းလှ၏၊ ထို့ပြင် ကိုဘမောင်နှင့် အပေါင်းအသင်းများသည် ထိုသို့ လျှပ်စစ်နှင့် ငါးဖမ်းသည့်အပြင် ငါးများကို အလွယ်တကူပင် မီးဖုတ်၍ စားသောက်တတ်ကြသေးသည်ဟု သိရ၏၊

ဘဝဝဋ်ကြွေးများသည် အလွန်ကြောက်စရာကောင်းလှပေ၏၊ ကိုယ်ပြုသောကံသည် ကိုယ့်ထံသို့ အနှေးနှင့်အမြန် ပြန်လာကြသည်မှာ ဖြစ်ရပ်မှန်များက လက်တွေ့ပြသဆုံးမနေသည့်နှယ်၊ သို့ပါ၍ ကံ၏အရိပ်များက ထက်ကြပ်မကွာ လိုက်တတ်ကြောင်း ဖြစ်ရပ်မှန်များကို အမည်နာမလွှဲပြောင်း၍ တင်ပြအပ်ပါသည်။

နန္ဒခင် (သက္ကလမြေ)

****************************************

ကိုယ်ကျင့်တရား ကောင်းသူ

(ကိုယ်ကျင့်တရား ကောင်းသူ )

ဦးတင်အောင်သည် လက်သမားရှစ်ယောက်အဖွဲ့ကို ဦးစီးပြီး လုပ်ကိုင်နေသည့် လက်သမားဆရာကြီး တဦးပင် ဖြစ်သည်။ ဆရာကြီးသည် လူမှန်းသိတတ်စ အရွယ်မှစ၍ သူတပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်း အလျဉ်းမရှိခဲ့ပေ။ ရတနာသုံးပါး ဦးထိပ်ထားပြီး အရဟံ ပုတီးစိပ်ခြင်းကို အပြန်ပြန်အလှန်လှန် စိပ်လာခဲ့သည်မှာ နှစ်ရှည်လများပင် ကြာခဲ့ပြီဖြစ်သည်။

ူသူသည် တပည့်လက်သမားအဖွဲ့ကို ဦးစီး၍ အိုးအိမ်တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ရာတွင်လည်း ဆရာကောင်းတဦး ပီသစွာ အုပ်ချုပ်လုပ်ကိုင်သည်။ ထိုသို့ လုပ်ကိုင်ရာ တနေ့တွင် စာရေးသူတို့ မြို့ပေါ်ရှိ လူမျိုးခြား သူဌေးတယောက်၏ တိုက်အိမ်ကို ဆောက်လုပ်ရပါသည်။ သို့ဆောက်လုပ်နေစဉ် တနေ့သော အလုပ်ဆင်းချိန်၌ သူဌေး၏တီဗွီ အောက်စက်ကြီးမှာ အလုပ်ဆင်းနေစဉ်တွင် ရှိနေခဲ့ပြီး အလုပ်သိမ်းပြီးချိန်ကျမှ ပျောက်ချင်းမလှ ပျေက်ဆုံးသွားခဲ့သည်။

သူတပါးပစ္စည်း မခိုးမဝှက်တတ်သော ဆရာကြီးသည် သူ၏တပည့်များနှင့် လက်တွဲလုပ်ကိုင်လာခဲ့သည်မှာ နှစ်ရှည်လများ ကြာပြီဖြစ်၍ သူ့တပည့်များ သူဌေးအိမ်မှ အောက်စက်ကို ခိုးယူကြလိမ့်မည် မဟုတ်ကြောင်း ဆရာကြီးသာ အသိဆုံး ဖြစ်သည်။

သူဌေးကြီးသည် စီးပွားရေးလုပ်ငန်းကြီးများကို လုပ်ကိုင်နေသူတဦးဖြစ်ရာ သူ၏ဆောက်လက်စ တိုက်အိမ်တွင် သူဌေးကြီး၏ အလုပ်သမားများလည်း ရှိကြြ့ပီး အခြား လူဝင်လူထွက်လည်း အလွန်များလှသည်။ သို့သော် သူဌေးကြီးသည် ဆရာကြီးနှင့်တပည့်များကိုသာ ယုံမှားသံသယ ဖြစ်နေပြီး သက်ဆိုင်ရာသို့ တိုင်တန်းသည်အထိ ဖြစ်ခဲ့သည်။ ဆရာကြီးနှင့်တပည့်များအားလုံး တယောက်မကျန် ခေါ်ယူစစ်ဆေးခံရသည်။

ဆရာကြီးမှာ ရန်သူတပါးဖြစ်သော ဒေါသကို ရှေ့မထားသော်လည်း အရှက်ကြီး ရှက်ရှာသည်။ ချက်ချင်းပင် အားကိုးရာဖြစ်သော ဘုရားစင်ရှေ့တွင် မိမိမခိုးယူကြောင်းနှင့် ကောင်းမှုပြုခဲ့သည်များကို တိုင်တည်သည်။ သစ္စာပြုသည်။

နောက်တနေ့ နံနက် စောစောတွင် သူဌေးကြီး၏ ဆောက်လက်စ အိမ်ဝင်းထဲရှိ အုန်းပင်ကြီးအောက်၌ ခိုးယူသူ ပြန်လည်ထားရှိသော တိဗွီအောက်စက်ကြီးကို အံ့ဩဖွယ် တွေ့ရှိကြရသည်။ ထို့ပြင် ခိုးယူသူကိုပါ သိခဲ့ကြရပါတော့သည်။

ကိုယ်ကျင့်တရား မှန်ကန်ဖြောင့်မတ်သူများအဖို့ အမှန်တရားက လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။ သူဌေးကြီးမှာ သူ့အမှားကို သိမြင်သွားသည်။ ဦးတင်အောင်မှာ ကြည်နူးဝမ်းသာမဆုံး ဖြစ်သွားသည်။ ဘုရားကယ်တာပဲဟုလည်း တကိုယ်တည်းကြားသာရုံ တီးတိုးလေး ရေရွတ်လိုက်ပါသည်။

(ရွှေမြန်မာ-ကသာ )

****************************************

ကိုယ်ချင်းမစာသူ၏ ကံ

(ကိုယ်ချင်းမစာသူ၏ ကံ )

ကျွန်မနှင့် အတူ တာဝန်ကျသူ ဆရာမနှစ်ယောက်တို့သည် ရုံးကိစ္စတခုအတွက် ၁၅-၉-၉၈ နေ့တွင် တာဝန်ကျရွာမှ မိမိနေအိမ်သို့ ခဏပြန်လာခဲ့ကြသည်။

တာဝန်ကျရွာမှ တဆင့် ရထားဆိုက်ရာ ဘူတာရုံသို့ ၅-မိုင်ဝေးသောခရီးကို ခြေကျင်လျှောက်လာခဲ့ကြသည်။ ထိုဘူတာမှတဆင့် အစုန်ရထားစီးပါမှ အိမ်သို့ရောက်ကြပေမည်။ ကျွန်မတို့အဖွဲ့ ဘူတာရောက်ပြီး တနာရီခန့်အကြာတွင် ရထားသည် ဥဩရှည်သံဆွဲကာ ဘူတာရုံအတွင်းသို့ ဝင်ရောက်လာသည်။

ရထားရပ်သည်နှင့်တပြိုင်နက် ဘူတာတွင်းရှိ ခရီးသည်များ အားလုံး ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။ မိမိတို့ လိုရာခရီးသို့ ရောက်အောင် ရထားပေါ်တက်ရောက် နေရာယူကြသည်။ ဆင်းသူဆင်း၊ တက်သူတက်နှင့် ရထားတွဲမှာ ဆူညံနေပေသည်။ ကျွန်မတို့အဖွဲ့သည်လည်း တတိယမြောက်တွဲပေါ် တက်လိုက်ကြသည်။ ရထားပေါက်ဝတွင် ကုန်ပစ္စည်းများ ပြည့်နှက်နေသဖြင့် အတွင်းသို့ တိုးဝင်ခဲ့ကြသည်။ သို့သော် ထိုင်စရာ နေရာပင် မရရှိကြပေ။ သို့နှင့် ကျွန်မတို့လည်း မတ်တတ်ရပ်ကာ ရထားအထွက်ကိုသာ မျှော်နေမိတော့သည်။

ထိုစဉ် ရထားပေါ်သို့ တာဝန်ရှိသူများ တက်လာကာ-

ဒီတွဲမှာရှိတဲ့ ခရီးသည်တွေအားလုံးချင်ဗျား၊ ခုံပေါ်မှာ တင်ထားကြတဲ့ ပစ္စည်းတွေကို အောက်ချပေးကြပါ။ ဒါမှ မတ်တတ်ရပ်နေတဲ့သူတွေ ထိုင်လို့ရမှာ-ဟု ချိုသာယဉ်ကျေးစွာ ပြောလာပါသည်။

ပစ္စည်းပိုင်ရှင် အားလုံးလိုလိုပင် မိမိတို့ပိုင် ပစ္စည်းများကို ခုံအောက်သို့ ချလိုက်ကြသည်။ သို့သော် မိန်းမကြီးတဦးသည် မသိကျိုးနွံပြုကာ မျက်နှာလွဲနေလိုက်သည်။ တာဝန်ရှိသူများက ပထမအကြိမ် တောင်းပန်သည်။ မရ။ ဒုတိယအကြိမ် တောင်းပန်သည်။ ဂရုမစိုက်။ တတိယအကြိမ်တွင် တာဝန်ကျ မီးရထားရဲများက ရောက်လာကာ ထိုမိန်းမကြီး၏ ပစ္စည်းများကို ဆွဲချထားလိုက်ကြသည်။

ပစ္စည်းများ အောက်သို့ရောက်သွားပြီး ဖြစ်သဖြင့် စောစောက ပစ္စည်းများနေရာတွင် လူများအစားဝင်ထိုင်လိုက်ကြသည်။ သည်လိုနှင့် ကျွန်မတို့လည်း နေရာရလိုက်ကြသည်။ ကျွန်မတို့နည်းတူ မတ်တတ်ရပ် ခရီးသည်အားလုံး ဝမ်းသာကြသည်။

ကျေးဇူးတင်လိုက်တာ သားတို့ရယ်။ နို့မို့ရင် အဘွားတော့ မရပ်နိုင်၊ ရပ်နိုင် ရပ်စီးရတော့မှာ။ သားတို့တတွေ ဘေးမသီရန်မခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ-စသည်ဖြင့် တုန်တုန်ယင်ယင်နှင့် ဆုပေးနေသော အဘွားကြီးသည် အသက် ၈၀-နီးပါးခန့် ရှိနေပေပြီ။

ကြီးသူကို ရိုသေခြင်းမရှိ၊ ရွယ်တူကို လေးစားခြင်း မပြု၊ ငယ်သူကို သနားညှာတာမှု မရှိသောမိန်းမကြီးသည် သူ့စေတနာနှင့်သူ အကျိုးပေးလေပြီ။ ခရီးသည် အချင်းချင်း စာနာထောက်ထားမှု လုံးဝမရှိသော မိန်းမကြီးသည် ထိုရထားနှင့် မလိုက်ရတော့ဘဲ ဘူတာတွင် ကျန်ရစ်ခဲ့လေသည်။

(ညိုညိုသိမ့်-ဝန်းသို )

****************************************

ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်

(ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန် )

၁၃၅၅-ခုနှစ် ပုသိမ်မြို့၏ အတာသင်္ကြန်ပွဲတော်အတွင်းမှ အဖြစ်အပျက်ကလေး တခုကို တင်ပြလိုပါသည်၊ စာရေးသူသည် ပုသိမ်မြို့ စာသင်တိုက်ကြီး တတိုက်မှ စာသင်သားဖြစ်၍ စာမေးပွဲဖြေအပြီးတွင် မိမိ၏ဇာတိဖြစ်သော ငပုတောမြို့သို့ ပြန်လေ့ရှိပါသည်။

၁၃၅၅-ခုနှစ်က အစိုးရစာမေးပွဲဖြေပြီး၍ ကျောင်းကုန်းမြို့မှ သူငယ်ချင်းရဟန်းတပါးနှင့်အတူ ငပုတောသင်္ဘောဆိပ်သို့ ဆင်းလာခဲ့ပါသည်၊ စာရေးသူတို့ သူငယ်ချင်းနှစ်ပါးလည်း ငပုတောသင်္ဘော မထွက်သေးသဖြင့် အားနေသော အခြားသင်္ဘောတစင်းပေါ်၌ ခေတ္တထိုင်၍ အတာသင်္ကြန်မြင်ကွင်းကို ကြည့်ရှုနေပါသည်။

ထိုအချိန်တွင် အလွန်အကျွံမူးနေသည့် လူတယောက်သည် ရေပုံးကိုကိုင်၍ ဆင်းလာသည်၊ ထို့နောက်မြစ်ရေကို အပြည့်ခပ်ပြီးလျှင် စာရေးသူတို့၏ ငပုတောသင်္ဘောပေါ်သို့ တက်သည်၊ သင်္ဘောပေါ်ရှိ လူများအား သက်ကြီးရွယ်အိုများပါမကျန် အကုန်ရေလိုက်ပက်သည်၊ ထိုတွင် သင်္ဘောပေါ်ရှိ ဖျားနေဟန်တူသော လူရွယ်တယောက်က ရေပက်သူ အမူးသမားကို အကိုရယ် ကျွန်တော်ဖျားနေလို့ပါ၊ ကျွန်တော့ကို မပက်ပါနဲ့-ဟု တောင်းပန်သံကို စာရေးသူတို့ ကြားလိုက်ရသည်။

သို့သော် ထိုလူငယ်တောင်းပန်မှုကို ဂရုမစိုက်ဘဲ ပက်မြဲပက်ပါသည်၊ လူငယ်လည်း ထိုလူ မူးနေမှန်းသိ၍ ဘာတခုမှ မပြောတော့ပါ၊ ထို့နောက် စာရေးသူတို့ ရပ်နေသော သင်္ဘောပေါ်သို့ တက်လာသည်၊ စာရေးသူတို့ထံ ဦးတည်၍ စာရေးသူ၏မျက်နှာနှင့် သူငယ်ချင်း၏မျက်နှာပေါ်သို့ ရေဖြင့်တရစပ် ပက်ပါသည်၊ အပျိုချောလေးတွေမှတ်လို့ အားရပါးရ ပက်လိုက်တာ၊ လက်စသတ်တော့ ကိုယ်တော်တွေ ဖြစ်နေတာကိုး၊ ကိုယ်တော်တွေကလည်း နေရာတကာ ရှုတ်လိုက်တာ ထွီ-ဟု ပါးစပ်ကလည်း မရိုမသေ ပြောလိုက်သေးသည်။

ထိုစကားကြောင့် စာရေးသူ ဒေါသဖြစ်မိသည်၊ သို့သော် သည်းခံလျက် ဒကာကြီး မူးနေရင်ပြန်ပါ၊ ခရီးသည်တွေကို ဒုက္ခမပေးပါနဲ့-ဟု စာရေးသူက ပြောလိုက်ပါသည်။ ထိုအခါ အမူးသမားက မကျေနပ်၍ ထပ်ပြောသည်မှာ-ဒီကိုယ်တော်နှစ်ပါး ကုန်းပေါ်တက်လာခဲ့၊ ရွှဲအောင်ကို လောင်းလိုက်မယ်၊ ဟင်း-ဟူ၍ ဖြစ်သည်။

ထိုသို့ပြောပြီး ကုန်းဘောင်ပေါ်သို့ လှမ်းတက်လိုက်စဉ် အား-ဟာ-ဟင် သွားပြီ-ဟူသော အာမေဍိတ်သံများ ထွက်လာပါသည်၊ ထိုအချိန်တွင် ဒကာတယောက်က ခုနက အရှင်ဘုရားတို့ကို ရေပက်ပြီး မိုက်မိုက်ကန်းကန်း ပြောဆိုသွားတဲ့ အမူးသမား ကုန်းဘောင်ပေါ်က လိမ့်ကျသွားတယ်၊ ဘောတံတားနဲ့ ခေါင်းနဲ့ ဆောင့်မိလို့ ခေါင်းဟက်တက်ကွဲသွားတယ်၊ အခု ဆေးရုံပို့လိုက်ရတယ်-ဟူ၍ စာရေးသူတို့အား လျှောက်ထားပါသည်။

စာရေးသူတို့ စိတ်မကောင်းဖြစ်မိပါသည်။

(အရှင်ဉာဏိက-ငပုတော )

****************************************

ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်

(ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်)

လွန်ခဲ့သောနှစ်ပေါင်း ၂၀-ခန့်က မုံရွာမြို့နယ် ကျောက်္ကာရွာနေ ကို---ဆိုသူသည် အရပ်လည်း ပု၊ ဝလည်းဝ၏၊ မျက်စိတဖက် တိမ်ရှိသည့်အပြင် ခေါင်းက စုတ်ချွန်းချွန်းဖြင့် လွန်စွာ အကျည်းတန် အရုပ်ဆိုးလွန်းသည်။ ချိုးထောင်၊ ခါထောင်၊ ပုတတ်လိုက်၊ ယုန်လိုက်၊ ငါးဖမ်း စသည်ဖြင့် လုပ်ကိုင်၍ အသက်မွေး၏၊

တနေ့သ၌ မိုးကြီး သဲသဲမဲမဲ ရွာချသောကြောင့် ရွာ၏တောင်ဘက်တွင် စီးဆင်းသွားသော ထန်းဇလုပ်ချောင်းကြီးသည် အသံမြည်ဟီး၍ ကြောက်မက်ဖွယ်စီးဆင်းနေသည်။ ချောင်းရေကျလာသောအခါ ချောင်း တောင်ဘက်ကမ်းစပ်ရှိ လက်ပံပင်အောက်၌ ချောင်းထဲတွင် မျောပါလာသော စပါးကြီးမြွေသည် တင်ကျန်ရစ်ပြီး အခွေလိုက်ခွေလျက် နေသည်။

ရွာသူရွာသားများသည် ဤမြွေကြီးနားသို့ မကပ်ရဲကြ၊ မုဆိုး ကို---ကမူ ခွေနေသော မြွေကြီးအနီး၌ ရပ်လျက် မြွေကြီး၏ ခေါင်းတည့်တည့်သို့ လှံဖြင့် တအားထိုးသတ်လိုက်သည်။ ကို---သည် ၄င်းမြွေသေကြီးကို အိမ်သို့ယူဆောင်၍ ခုတ်၊ ဖျက်၊ တုံးတစ်ပြီး ချက်ပြုတ်ပါတော့သည်။ ထို့နောက် သူငယ်ချင်း အပေါင်းအသင်းများနှင့် တပျော်တပါး မူးယစ်သောက်စားကြသည်။

ကို---သည် မြွေကြီးကို သတ်ဖြတ်၊ ချက်ပြုတ် စားသောက်ပြီးကတည်းက တဖြည်းဖြည်း အတင့်ရဲကာ လူမိုက်လုပ်လာသည်။ မူးလာလျှင် မိုက်စကားပြော၍ မိုက်ရိုင်းလာသည်။ အထူးသဖြင့် ယာကူလီ သူရင်းငှားလုပ်စားသူ လူရိုးကြီး ကိုမောင်ခွေးကို ညနေအရက်မူးတိုင်း ရန်ပြုတတ်သည်။

တနေ့၌ လူရိုးကြီးကိုမောင်ခွေးသည် ကို---၏ မူးသံ၊ ဆူသံကြားသဖြင့် မိမိတဲအိမ်ထဲ ပြေးဝင်သွား၏၊ ထုံးစံအတိုင်း ကို---က ကိုမောင်ခွေးကို ရန်စရုံမက အရက်မူးလာ၍ ဟေ့ ငခွေး၊ မင်းဘယ်မှာလဲ၊ ခုမင်းကို ငါသတ်မလို့ကွ-ဟု ကြုံးဝါး၍ ကိုမောင်ခွေး၏ တဲအိမ်တွင်းသို့ ဓားရှည်ကိုင်ကာ ဝင်သွားသည်။ ထိုအခါ မိမိခံရမည်ကို အကြောက်ကြီးကြောက်နေသော ကိုမောင်ခွေးသည် မိမိဆုပ်ကိုင်ထားသောလှံဖြင့် ကို---၏ ရင်ဝကို တအားထိုးစိုက်လိုက်ပါသည်။ သူ၏ ဒုစရိုက်က သူ့ကို စီရင်သွားလေပြီ။ အလွန်ရိုးသားလှပါသည်ဆိုသော ကိုမောင်ခွေးမှာလည်း တရားဥပဒေအရ လူသတ်မှုဖြင့် အဖမ်းခံရလေသည်။

(သန်းရွှေဦး-ကလေး )

****************************************

ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံ

(ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံ )

ဆပ်ပြာုန်းရွာမှ ဂေါပကလူကြီး ဦးသာမောင်၏ ကောင်းမြတ်သော ဂုဏ်သတင်းကား မွေးပျံ့လှပေသည်၊ ဦးသာမောင်သည် ရွာထဲတွင် ပေါ်ပေါက်လာသော သာမှု နာမှု ကိစ္စအဝဝကို ရှေ့တန်းမှ ဦးဆောင်၍ လုပ်ကိုင်တတ်၏၊ ကိုယ့်ထက် ဆင်းရဲနွမ်းပါးသူများကို သနားညှာတာတတ်၏၊ တကိုယ်ကောင်းစိတ် မရှိ၊ အတ္တဟိတ ပရဟိတ သူ့အကျိုး ကိုယ့်အကျိုးကို မျှမျှတတ သိတတ် မြင်တတ်သူဖြစ်၏၊ ထို့ကြောင့် ဦးသာမောင်ကို တရွာလုံးက လေးစားချစ်ခင်ကြသည်။

ဦးသာမောင်နှင့် အိမ်နီးချင်းဖြစ်သူ ဦးစံဒွေးသည်လည်း အလားတူ ဂေါပကအဖွဲ့ဝင်တဦး ဖြစ်သည်၊ သို့သော် ဦးစံဒွေးကား ဦးသာမောင်ကဲ့သို့ စိတ်ကောင်းရှိသူ မဟုတ်၊ တနေ့တွင် ဦးသာမောင်၏ အိမ်၌ ရွာဦးဘုရားအတွက် ကောက်ခံရရှိသော အလှူငွေများကို စာရင်းရှင်းပွဲပြုလုပ်သည်၊ ထိုစာရင်းရှင်း့ွဲတွင် ဦးသာမောင်၏ ဖော်ထုတ်မှုကြောင့် နဝကမ္မအလှူငွေများကို အလွဲသုံးစားပြုထားသူ ဦးစံဒွေးမှာ ဂေါပကအဖွဲ့မှ နုတ်ထွက်လိုက်ရလေသည်၊ ဦးစံဒွေးတယောက် လူပုံအလယ်တွင် အရှက်ရခဲ့သည်၊ ထိုအချိန်မှစ၍ ဦးသာမောင့်အပေါ် ဦးစံဒွေး ရန်ငြိုးထားခဲ့သည်၊ ဦးသာမောင်တို့ မိသားစု ပျက်စီးရာ ပျက်စီးကြောင်း အမျိုးမျိုး ကြံစည်အားထုတ်သည်၊ သို့သော် မအောင်မြင်ခဲ့။

ဦးသာမောင်သည် နံနက် ၄-နာရီအချိန်တွင် မှန်မှန် လမ်းလျှောက်ထွက်တတ်သည်၊ ဤသည်ကို ဦးစံဒွေး ကောင်းကောင်းသိထားသည်၊ အိမ်နီးချင်းပေမို့ တဦး၏လှုပ်ရှားမှုကို တဦးက အလွယ်တကူ သိနိုင်သည်။

တခုသောည၏ ၃-နာရီခန့် အချိန်တွင် ဦးစံဒွေးသည် ဝါးရင်းတုတ် တချောင်းကိုကိုင်၍ ဦးသာမောင့် အိမ်တံခါးဝမှ စောင့်နေ၏၊ လမ်းလျှောက်ထွက်လာမည့် ဦးသာမောင်အား ချောင်းမြောင်းရိုက်နှက်ရန်ဖြစ်သည်၊ အချိန်အတန် ကြာသည့်တိုင် တစုံတရာထူးခြားမှု မရှီသေး၊ နံနက် ၃-နာရီသာသာခန့်တွင် ဦးသာမောင့်အိမ်ရှေ့မှ လူရိပ်မည်းမည်းတခု ပေါ်လာသည်၊ ထိုလူရိပ်မည်းမည်းသည် ခြံတံခါးကို ငြင်သာစွာ ဖွင့်၍ လမ်းဘက်ထွက်လာသည်၊ အသင့်စောင့်နေသော ဦးစံဒွေးသည် အံကိုကြိတ်၍ လက်ထဲမှ ဝါးရင်းတုတ်နှင့် တအားလွှဲကာ ထိုသူ့ကို ရိုက်လေသည်။

အမယ်လေး၊ သေပါပြီဗျ-ဟူသော အသံနှင့်အတူ ဦးစံဒွေး၏ ရင်အစုံသည်လည်း တုန်လှုပ်သွားလေသည်။

ဟင်-သား ဖြစ်ရလေကွာ ငါ့နှယ်။

စင်စစ် ဦးစံဒွေးရိုက်မိသူကား ဦးသာမောင်မဟုတ်၊ သူ့သား လူပျို ဖြစ်နေသည်၊ ဦးသာမောင်၏ သမီးပျိုနှင့် ချိန်းတွေ့ရာမှ ပြန်လာခြင်း ဖြစ်သည်၊ ဦးစံဒွေးသည် မိမိသားလူပျိုနှင့် ဦးသာမောင့်သမီးတို့ လူငယ်သဘာဝ တိတ်တခိုးလေး မေတ္တာမျှနေကြသည်ကို မရိပ်မိခဲ့၊ အခုတော့ ဦးစံဒွေး ရင်ကျိုးရပြီ၊ သား လူနာကို နီးရာဆေးရုံသို့ လှည်းနှင့်ပို့သည်၊ ဦးစံဒွေးမှာ သားအတွက် ဆေးဖိုးတွေ သောက်သောက်လဲ ကုန်ကာ စီးပွားရေး အကြီးအကျယ် ယိုယွင်းကျဆင်း သွားတော့သည်၊ ဤကား ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်ခြင်းပေတည်း။

(မှိုင်းမောင်မောင်-အညာမြေ )

****************************************

ကိုယ်ပြုသမျှ ကိုယ်ခံရ

(ကိုယ်ပြုသမျှ ကိုယ်ခံရ)

ကျွန်မသည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရေကြည်တော်ဝတ်အသင်းမှ အသင်းဝင်တဦး ဖြစ်ပါသည်။ အသင်း၏ လုပ်ဆောင်ချက်မှာ ရွှေတိဂုံရှိ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် လေးဆူတို့အား သက်တော်ထင်ရှားရှိသည့်အလား ကြည်ဖြူသဒ္ဓါစိတ်ဖြင့် ရိုသေစွာ အရုဏ်ဆွမ်းကပ်လှူပူဇော်ကြခြင်း ဖြစ်ပေသည်။

အပတ်စဉ် ၂-ရက်၊ ဥပုသ် တနင်္ဂနွေ စသောနေ့များ၏ အရုဏ်တက် နံနက် ၄-နာရီခွဲတိတိအချိန်တွင် ဆရာတော်ကြီးအမှူးထား၍ အသင်း၏ နာယကကြီးများ၊ အမှုဆောင်များ၊ အသင်းသူ အသင်းသားများ၊ အလှူရှင်များ စုပေါင်းဆက်ကပ် လှူဒါန်းကြခြင်းဖြစ်သည်။ ထိုသို့ ဆက်ကပ်ပူဇော်ရန်အတွက် အသင်းသားများသည် အဖိတ်နေ့နှင့် စနေနေ့ညများတွင် အသင်း၌ အိပ်ကြရသည်။ နံနက် ၃-နာရီခွဲ တိတိအချိန်တွင် အိပ်ရာမှ ထကြရသည်။ ထိုအချိန်တွင် အသင်း၏ နာယကကြီးတဦးဖြစ်သော ဆရာကြီး ဦးငွေတင် (ကျောင်းအုပ်ကြီး-ငြိမ်း) က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ရင်း-

မြတ်စွာဘုရား၊ ကိုယ်လုပ်သမျှ ကိုယ်ခံရ၊ ကိုယ်ပြောသမျှ ကိုယ်ခံရပါတယ်ဘုရား၊ ဝဋ်ကြွေးတွေရှိခဲ့ရင် ကျေပါစေဘုရား။

ဟု ထပ်တလဲလဲ ရွတ်ဆိုလေတော့၏၊ ကျွန်မသည် အစဦး၌ သတိမထားမိပေ။ တနေ့တွင် သတိပြု နားထောင်မိရာမှ ကြက်သီးမွေးညှင်းများ ထလာသည်အထိ ကြောက်ရွံ့တုန်လှုပ်သွားတော့၏၊ ဘဘ ဆိုတာ တယ်မှန်ပါလား၊ မိမိရဲ့ အပြုအမူ၊ အပြောအဆိုများကို မမှားစေရအောင် သတိပေးနေတာလား-ဟုပင် ခံစားနေရသည်။

ကျွန်မတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အလျောက် ကံ ကံ၏အကျိုးကို လက်ခံရပေမည်။ ဘဘပြောသော ဝဋ်ဆိုသည့်စကားသည် ဝိပါကဝဋ်မှ ဆင်းသက်လာသော လည်ပတ်ခြင်းသဘော ဆောင်၏၊ မိမိပြုခဲ့သော ကောင်းမှု၊ မကောင်းမှု တို့သည် မိမိနောက်မှ အရိပ်သဖွယ် ထပ်တူထပ်မျှ လိုက်လာသဖြင့် နောင်ဘဝသို့ မကူးဘဲ ချက်ချင်းပင် ခံစားစံစားရတော့၏၊ ကောင်းတာလုပ်လျှင် ကောင်းကျိုးပေး၏၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ဧကန်မုချ ရစေတတ်ပေသည်။ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် ဒိဋ္ဌဓမ္မ တူသောအကျိုးကို ပေးခြင်းက ဝဋ်လည်ခြင်း ဖြစ်သည်။

သို့သော် အကုသိုလ် အကျိုးပေးမှုက ပို၍ တိကျမြန်ဆန်လှပေသည်။ ဘဝတခုမှာ မကောင်းတာလုပ်ခဲ့မိ၍ တချိန်၌ အကုသိုလ်ဝဋ်ကြွေး အကျိုးပေးပြီဆိုလျှင် မနုဿလူသားများအဖို့ မခံစားနိုင်တော့သည်အထိ ဖြစ်ရပေသည်။ ထိုအခါ အတိတ်ကံကြောင့် မိမိပြုခဲ့သမျှ ပြန်ခံနေရပါလားဆိုပြီး သည်းခံတရားလက်ကိုင်ထားကာ တည်ငြိမ်စွာ ခံယူနိုင်ရပေမည်။ နောင် ထိုကဲ့သို့သော အဖြစ်မျိုးနဲ့ မကြုံရလေအောင် ဆင်ခြင်ရပေလိမ့်မည်။ အတိတ်ဘဝက ကောင်းမှုတွေ လုပ်ခံမိ၍ ရလာသော မိမိ၏ ကုသိုလ်ကံသည် ယခုဘဝ၌ ကံကောင်းထောက်မပြီးလျှင် အစအစအရာရာ အဆင်ပြေမှုများစွာဖြင့် ကြုံလာရပေလိမ့်မည်။ ဝဋ်လည်ခြင်းဆိုသည့် အကြောင်းအကျိုး ဆက်စပ်တွေးမိရာ ငယ်စဉ်က အဖေပြောခဲ့ဖူးသည့် ပုံပြင်လေးတခုကို ပဲ့တင်ထပ်အောင် ကြားယောင်နေမိပါတော့သည်။

တခါတုန်းက မုဆိုးတယောက်သည် တောလိုက်ထွက်တိုင်း သူ့အိမ်ရှိ ခွေးနက်ကြီးတကောင်ကို အမြဲတမ်းခေါ်ဆောင်သွား၏၊ ထိုသို့ သွားလေတိုင်း ရသေ့ကြီးတပါး ဆွမ်းခံကြွသည်နှင့် အမြဲတမ်း ကြုံလေသည်။ မုဆိုးသည် ထိုရသေ့ကို မြင်မြင်ချင်း ရင်ထဲ၌ ဒေါသဝေဒနာတခု ခံစားမိလေသည်။ တနေ့သောအခါ မုဆိုးကြီးက-

အင်း-ငါ ဒီရသေ့ကိုမြင်တိုင်း အမြဲတမ်း ဒေါသထွက်မိတယ်။ ဘယ်ဘဝက ရန်ငြိုးတွေလည်းမသိ၊ မျက်နှာမြင်တာနဲ့ပဲ မုန်းမိတယ်။ ဒီတော့ ဒီရသေ့ သေမှ အေးမယ်။

ဤသို့ တွေးတောလေ၏၊ သူနှင့်အတူပါလာသော ခွေးနက်ကြီးဖြင့် ရှူးတိုက်လေတော့သည်။ ခွေးကြီးက ရသေ့အား အတင်းလိုက်ကိုက်လေသည်။ ရသေ့ကြီးလည်း ကြောက်လန့်ပြီး သစ်ပင်ပေါ်သို့ ပြေးတက်သွားလေ၏၊ ထိုအခါ ခွေးကြီးက အပေါ်သို့မတက်နိုင်တော့သဖြင့် ပို၍ ဒေါသထွက်ကာ သစ်ပင်ခြေရင်းမှ အပေါ်သို့မော့ပြီး အော်ဟစ်သောင်းကျန်းလေတော့၏၊ မုဆိုးလည်း အသင့်ယူဆောင်လာသော ဝါးချွန်ဖြင့် သစ်ပင်ပေါ်ရှိ ရသေ့၏ခြေထောက်ကို အကြိမ်ကြိမ် လှမ်းထိုး၏၊ ရသေ့မှာ အမျိုးမျိုးရှောင်သော်လည်း မရ၊ နာလွန်းသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ဧကသီသင်္ကန်းကိုပင် မထိန်းနိုင်တော့ဘဲ သင်္ကန်းမှာ မုဆိုး၏ ခန္ဓာကိုယ်ပေါ်သို့ အမှတ်မထင် ပြုတ်ကျသွားလေသည်။ ထိုအခါ အပေါ်သို့မော့ပြီး အော်ဟစ်နေသော ခွေးနက်ကြီးက ဘေးသို့ ရုတ်တရက်ကြည့်လိုက်ရာ သင်္ကန်းလွှမ်းနေသော မုဆိုးကို သစ်ပင်ပေါ်မှ ပြုတ်ကျလာသော ရသေ့အထင်ဖြင့် အပြင်းအထန် ကိုက်လေတော့သည်။ ထိုအခါ မုဆိုးသည် ချက်ချင်းပင် ဝဋ်လည်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးရတော့၏၊

ဤပုံပြင်ကို အဖေပြောပြခဲ့သည်။ ထိုအချိန်မှစပြီး ဝဋ်မှာအမြဲ၊ ငရဲမှာ အပ-ဆိုသည့် ဆောင်ပုဒ်လေးအတိုင်း ဝဋ်ဆိုသည်မှာ နာရီမဆိုင်း၊ စက္ကန့်မဆိုင်း လည်ပတ်ခြင်းသဘောရှိပါလားဆိုပြီး သတိသံဝေဂလေး ရလာမိပါသည်။

မိမိကိုယ်တိုင် မကောင်းမှုကို တတ်နိုင်သမျှ မပြုဘဲ ကိုယ်၊ နှုတ်၊ နှလုံးကို ကောင်းစွာစောင့်ထိန်းရန် မိမိကိုယ်ကိုမိမိ သတိပေးကာ အတတ်နိုင်ဆုံး ကောင်းအောင် နေခဲ့ပါသည်။ ရခဲလှစွာသော လူ့ဘဝ၌ ကောင်းကျိုးနှင့် ဆိုးပြစ်များကို သေချာစွာမသိဘဲ ကုသိုလ်၊ အကုသိုလ်တွေကို မခွဲခြားနိုင်ခဲ့ပါလျှင် အလာကောင်းပေမယ့် အပြန်ခရီးမှာ အရှုံးနှင့်သာ ထွက်သွားရပေလိမ့်မည်။ ထို့ကြောင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အနေနဲ့ မိမိစိတ်၌ မကောင်းသောအတွေးနှင့် အကျင့်ဆိုးများ ပေါ်ပေါက်လာခဲ့သော် သတိထားရှောင်ကြဉ်နေကြရမည် ဖြစ်ပါသတည်း။

ယဉ်ငြိမ်းလှ

****************************************

ကိုယ်တွေ့ ဒါနအကျိုး

(ကိုယ်တွေ့ ဒါနအကျိုး )

ကျွန်တော်သည် တောမြို့လေးတမြို့၌ ဘက်ထရီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပါသည်။ ဘက်ထရီအိုးများ အားသွင်းခြင်း၊ ပြုပြင်ခြင်းနှင့် အိုးသစ်များ ပြင်ဆင်ရောင်းချခြင်းတို့ကို ပြုလုပ်ပါသည်။ ဘက်ထရီအိုး အားသွင်းရာတွင် စေတနာရှေ့ထားပြီး နည်းစနစ်မှန်ကန်စွာဖြင့် အားသွင်းချိန် ပြည့်ဝစွာ သွင်းပေး သောကြောင့် ယုံကြည်စိတ်ချစွာ အပ်နှံကြပါသည်။ ရွာနီးချုပ်စပ်မှ ဘုန်းတော်ကြီးကျောင်းများအား အားသွင်းခမယူဘဲ အလင်းအလှူဒါန ပြုပါသည်။ ကျွန်တော်၏ မိသားစုအတွက် နေ့စဉ်အလှူဒါန ဖြစ်နေပါသည်။

တနေ့တွင် ကျွန်တော်သည် ဘက်ထရီအိုးပြုလုပ်နေစဉ် ခဲစတခုသည် အမှတ်မထင် ကျွန်တော်၏ညာဘက် မျက်စိထဲသို့ ဝင်သွားပါသည်။ လျင်မြန်စွာပင် ရေခွက်ထဲ ရေအပြည့်ထည့်ပြီး မျက်စိကို ရေထဲနှစ်ကာ ဖွင့်ချည် မှိတ်ချည်ဖြင့် ခဲစထွက်သွားအောင် ပြုလုပ်ပါသည်။ အစွမ်းကုန်ကြိုးစားသော်လည်း မရပါ။ မျက်စိသည် ခုလုခုလုနှင့် ကြည့်မကောင်းအောင် နီရဲနေပါသည်။ ထိုဝေဒနာကို လေးငါးရက်ခန့် ခံစားရပြီးနောက် ကျွန်တော်၏ မျက်စိသည် ဘာဆေးမှမလုပ်ဘဲ အလိုအလျောက် ခဲစထွက်၍ ပျောက်ကင်းသွားပါသည်။

ဤသို့ဖြစ်ရခြင်းမှာ ကျွန်တော်သည် ပတ်ဝန်းကျင်ရွာများမှ ဘုန်းတော်ကြီးကျောင်းများအား ဘက်ထရီအားသွင်း အလှူဒါနပြုရာ၌ မည်သည့်မျှော်လင့်ချက် တုန့်ပြန်ချက်ကိုမျှ မမျှော်ကိုးဘဲ စေတနာသန့်သန့်ဖြင့် ပြုခဲ့သော ကုသိုလ်ကြောင့် ကျွန်တော်၏မျက်စိ ပကတိအခြေအနေ ပြန်ရောက်ရသည်ဟု ဆင်ခြင်ယုံကြည်မိပါသည်။

(ဖော်ခြူးသက်-ဇရပ်လှ )

****************************************

ကိုယ်တွေ့ ပဋ္ဌာန်းတရား အကျိုး

(ကိုယ်တွေ့ ပဋ္ဌာန်းတရား အကျိုး)

သဒ္ဓါတရားဆိုသည့် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်မှုနှင့် ကံ ကံ၏အကျိုးတရားများကို ယုံကြည်မှုရှိရမည်ဟူသော ဆုံးမစကားများကို ကျွန်မ၏ အဖေနှင့်အမေသည် ကျွန်မ ငယ်ရွယ်စဉ်ကတည်းက အမြဲပြောပြလေ့ရှိပါသည်။

ထိုစကားသည် ကျွန်မ၏ ရင်ထဲတွင် အမြဲကိန်းအောင်နေသည်။ တခါတရံ ကောင်းသောကံတွေ ဘယ်လောက်ပင်ရှိပါစေ၊ ဉာဏ်နှင့်ဝီရိယ မရှိလျှင်ကံကောင်းမှ ကံဆိုးသို့ ပြောင်းလဲသွားတတ်ပါသည်။

တခါတရံ ဉာဏ်နှင့် ဝီရိယ မည်မျှပင်ရှိစေကာမူ အတိတ်က ပြုလုပ်ခဲ့သော အကုသိုလ်ကံတခုက ဝင်ရောက်နှောင့်ယှက်လျှင်လည်း ဆိုးသောကံများနှင့် ကြုံတွေ့ရတတ်ပါသည်။ ဆိုးသောကံနှင့် ကြုံလျှင်လည်း တွန်းလှန်ခံနိုင်စွမ်း ရှိရန်၊ ကောင်းသောကံနှင့် ကြုံလျှင်လည်း မယိမ်းမယိုင် မတုန်မလှုပ် ခံနိုင်စွမ်းရှိရန် ကုသိုလ်အာစိဏ္ဏကံ တခုပြုလုပ်ရန် လိုအပ်ပေသည်။

ကျွန်မကို သိတတ်စအရွယ်မှစပြီး ကျွန်မ မိဘများက ပဋ္ဌာန်း ၂၄-ပစ္စည်းကို သင်ပေးခဲ့ပါသည်။ ထိုအချိန်က မိဘများသင်ပေး၍သာ ရွတ်ခဲ့သည်။ အကျိုးတရားများကို သိပ်ပြီး နားမလည်ခဲ့ပါ။ တနေ့တွင် ကျွန်မတို့ မိသားစုထံသို့ ကျွန်မတို့ အတိတ်ကပြုလုပ်ခဲ့သော အကုသိုလ်ကံတခုက မဖိတ်ခေါ်ဘဲ ရောက်လာပါသည်။ ထိုအကုသိုလ်ကံကြောင့် မိသားစုအခြေအနေ၊ စီးပွားရေးအခြေအနေ ပြောင်းလဲကာ စီးပွားပျက်ခဲ့ရပါသည်။ ထိုအချိန်မှာ ကျွန်မ၏အသက် ၁၅-နှစ်ရှိပါသည်။ ငယ်ရွယ်သူဖြစ်သည့်အလျောက် ကျွန်မ များစွာ စိတ်ညစ်ခဲ့ရပါသည်။

စိတ်ညစ်လျှင် ကျွန်မ၏အကျင့်အတိုင်း စာအုပ်များကို ရှာဖွေဖတ်ပါသည်။ ဤတွင် စာအပ်တအုပ်ထဲမှ အဒေါ်ကြီးတယောက် အကြောင်း ဖတ်လိုက်ရသည်။ ထိုအဒေါ်ကြီးသည် စကားပြောနေသောအချိန်၊ အိပ်ပျော်နေသောအချိန်၊ ထမင်း၊ မုန့် စသည့် အစားအသောက်များ စားသုံးသောအချိန်မှတပါး ကျန်သောအချိန်များတွင် ပဋ္ဌာန်း ၂၄-ပစ္စည်းကို အမြဲရွတ်ဖတ်ပူဇော်သည်။ ဤသို့ပြုစဉ် တနေ့တွင် ဘုရားဝတ်ပြုပြီး ပဋ္ဌာန်းရွတ်နေခိုက် ဘုရားစင်၏ အမိုးပေါ်မှ သာဓု-သုံးကြိမ်ဒေါ်သံ ကြားလိုက်ရသည်ဟု ဖတ်လိုက်ရပါသည်။

ကျွန်မလည်း ပဋ္ဌာန်း ၂၄-ပစ္စည်းကို အလွတ်ကျက်မှတ်ထားပြီးဖြစ်ရာ စိတ်ညစ်စရာတွေ တွေးနေမည့်အစား အဒေါ်ကြီးလိုပင် ရွတ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ထိုသို့ ဆုံးဖြတ်ချက်ချပြီးသည့်နေ့ကစပြီး လိုအပ်သည့် စကားပြောချိန်မှလွဲ၍ အခြားစကားများကို လျှော့ပြောကာ ပဋ္ဌာန်း ၂၄-ပစ္စည်းကို အချိန်ပြည့် ရွတ်ဖတ်ပါတော့သည်။ ကျွန်မ၏ မွေးနေ့ရောက်တိုင်းလည်း အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စားပါသည်။

အိမ်၏စီးပွားရေးဖြစ်သော အိမ်ဆိုင်လေးတွင် စျေးရောင်း၊ စျေးဝယ်လုပ်ရင်း ပဋ္ဌာန်းကိုလည်း ရွတ်ပါသည်။ ထိုကောင်းမှုကုသိုလ်များဖြင့် ထုံမွှမ်းလာသောအခါ စိတ်ညစ်စရာတို့မှာ အနည်းငယ် အေးချမ်းလာခဲ့သည်။

ကျွန်မတို့ရွာသည် သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုကြသော ရဟန်းသံဃာများအား ဆွမ်းကြီး လောင်းလှူ့ပွဲကို နှစ်စဉ် စည်ကားစွာ ကျင်းပသည်။ ရွာရှိ လူငယ်လူရွယ်များကလည်း ထိုနေ့တွင် အလှပဆုံး ဝတ်စားဆင်ယင်၍ ဆွမ်းကြီးလောင်းလှူကြသည်။

ထိုအခါ ကျွန်မ၏စိတ်ထဲတွင် ငါ အဝတ်အစားတွေ ဝယ်ဝတ်မည့်အစား ရှိတာလေးနဲ့ပဲ လှအောင်ဝတ်မယ်။ သံဃာတော်များအတွက် အကောင်းဆုံး လှူဖွယ်များဝယ်၍ လောင်းလှူမယ်-ဟူသော လှူချင်သည့်စိတ်တွေသာ များလာခဲ့သည်။

ဤသို့ ဖြစ်ပေါ်ရာမှ မိုးဦးကျကာလ မိုးစက်ကလေးများ တဖွဲဖွဲကျနေသောအချိန်တွင် အိမ်ရှေ့ခန်း စျေးဆိုင်ကလေးထဲ၌ ထိုင်နေစဉ် ကျွန်မ၏မျက်လုံးထဲတွင် ဖျတ်ခနဲ အလင်းရောင်တခု ကျရောက်လာသည်။ အိမ်ရှေ့သို့ ကြည့်လိုက်သောအခါ အရောင်ခုနစ်မျိုးနှင့် သက်တန့်ကြီးတခုကို ကျွန်မ ထင်ရှားစွာ တွေ့လိုက်ရ သည်။ မီးဖိုထဲတွင် ထမင်းဟင်းချက်နေသော ကျွန်မ၏အမေအား လှမ်းပြောလိုက်သောအခါ ကျွန်မအမေလည်း မီးဖိုထဲမှ ထွက်လာပြီးကြည့်သည်။ ထိုစဉ်မှာပင် သက်တန့်ကြီးသည် တဖြည်းဖြည်း ကောင်းကင်သို့ တက်သွား လေသည်။

ကျွန်မလည်း ဝမ်းသာပီတိ ဖြစ်သွားသည်။ အတိတ်နိမိတ်ဟု ယူဆကာ ပဋ္ဌာန်းရွတ်ခြင်းနှင့် အခြားကုသိုလ် ကောင်းမှုများကို ပို၍ ပြုလုပ်လာပါသည်။

ထိုသို့ဖြစ်ပြီး နောက်တလခန့်ကြာသောအခါ မန္တလေးတွင် ရောက်နေသော ကျွန်မ၏ အဖေသည် အောင်ဘာလေထီကြီးမှ ၅-သိန်းဆုပေါက်၍ ပြန်ရောက်လာပါသည်။ ပဋ္ဌာန်း၏တန်ခိုး၊ ကုသိုလ်ကောင်းမှု၏ အကျိုးကြောင့် ကျွန်မတို့မိသားစုမှာ ကိုယ်ရောစိတ်ပါ ချမ်းသာရသည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

ကျွန်မသည် ပဋ္ဌာန်းကိုရွတ်သည်မှာ စိတ်ညစ်မှုမှ လွတ်ကင်း၍ တည်ငြိမ်အေးချမ်းအောင်ဟု ရည်ရွယ်ချက် နှင့်သာ ရွတ်ခဲ့ပါသည်။ သို့သော်လည်း စိတ်တွင်မက ငွေရေးကြေးရေးပါ ပြေလည်၍ ကိုယ်ရောစိတ်ပါ ချမ်းသာစွာ နေရပါသည်။ ပဋ္ဌာန်းတရားတော်သာမကဘဲ ဘုရားရှင်၏ တရားတော်များထဲမှ မိမိရရှိထားသော တရားတော်တခုခုကို အမြဲရွတ်ဖတ်ပူဇော်နေပါက ကောင်းသောကံတရားများနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။

သင်းရတနာအေး (မလက်တို)

****************************************

ကိုယ်တွေ့ ပရိတ်တော်အကျိုး

(ကိုယ်တွေ့ ပရိတ်တော်အကျိုး)

လွန်ခဲ့သော ၁၂-နှစ်ခန့် တပို့တွဲလအခါ ညဉ့်သန်းခေါင်ယံအချိန်လောက်တွင် ကျွန်တော်သည် ဆောင်း၏ အအေးဓာတ်နှင့်အတူ အိပ်မောကျနေစဉ် အိမ်ခေါင်းရင်းခြံမှ မောင်ကျော်သက်သည် ကျွန်တော်၏အမည်အား သုံးလေးခွန်းမက ခေါ်နေသဖြင့် ရုတ်တရက် အိပ်ရာမှနိုးလာပြီး-

ဘာကိစ္စရှိလို့လဲ မောင်ကျော်သက်-ဟု အကျိုးအကြောင်း မေးလိုက်ရာ

ဦးသိန်းမြင့်တို့အိမ်ရှေ့က စျေးဆိုင်မှာ ဘာအိုးများ တည်ထားသေးလဲ၊

ဟင့်အင်း-ဘာအိုးမှ တည်မထားဘူး၊

မီးတွေ တော်တော်လေး တောက်နေလို့-ဟု အသိပေးသံကြားလိုက်ရ၏၊

ဤအချိန်မျိုးတွင် မည်သည့်အိုးမှ တည်စရာအကြောင်း မရှိပါ။ မဟုတ်မှလွဲရော စျေးဆိုင်မှာ မီးလောင်နေလေရော့သလား ဟူသော အတွေးက နှိုးခတ်လိုက်သဖြင့် ခေါင်းနားပန်းများပင် ကြီးလာပါသည်။ တဆက်တည်းမှာပင် အိပ်ရာမှ အလူးအလဲထ၍ အိမ်၏တံခါးမကြီးကို အလျင်အမြန် ပြေးဖွင့်လိုက်ပါသည်။ ကျွန်တော်၏ ခြေနင်းသံများကြောင့် အမဖြစ်သူပါ အိပ်ရာမှ နိုးလာပြီး-

ဟဲ့ ဟဲ့ ဘာဖြစ်တာတုန်း၊

ဘာဖြစ်ရမတုန်း၊ စျေးဆိုင်မှာ မီးလောင်နေတယ်-ဟု အမဖြစ်သူကို လှမ်းပြောရင်း အိမ်အောက်သို့ ဆင်းပြီးကြည့်လိုက်ရာ-

မြင်ရသည့်မြင်ကွင်းကား ရင်တုန်စရာပင်၊ စျေးဆိုင် မီးဖိုအနီး ကာရံထားသော ထရံတိုအား မီးစွဲလောင်နေပါသည်။ မီးညွန့်များက ဆိုင်အမိုးသက်ငယ်များကို လောင်ကျွမ်းလုနီးနီး ဖြစ်နေပါသည်။ အချိန်တိုအတွင်းမှာပင် စျေးဆိုင်သုံး ရေအိုးများမှ ရေများဖြင့် ကျွန်တော် ခပ်လောင်းသည့်အခါ မီးများ ငြိမ်းသွားပါတော့သည်။

ဤသို့ဖြစ်ရသည်မှာ အမဖြစ်သူ၏ ပေါ့ဆမှုကြောင့်ဖြစ်သည်။ ၄င်းသည် အိမ်ရှေ့စျေးဆိုင်တွင် မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲ ရောင်းသူဖြစ်သဖြင့် ကုလားပဲများကို ညနေတိုင်း ကြိုတင်ပြုတ်ထားလေ့ရှိသည်။ ထိုနေ့က ပဲအိုးတည်ပြီးနောက် မီးကြွင်းမီးကျန်များကို မီးဖိုနံဘေးတွင် ကာရံထားသော ထရံတိုအနီးတွင် စုပြုံထားမိရာမှ လောင်ကျွမ်းရခြင်းဖြစ်သည်။ ကျွန်တော်၏အိမ်သည် အိမ်ခြေထူထပ်သော ရွာလယ်ပိုင်းမှာ တည်ရှိသဖြင့် မီးဘေးကိစ္စကို မတွေးဝံ့တော့ပါ။

ဤတွင် ပရိတ်တရားတော်တို့၏ တန်းခိုးအာနိသင်ကြောင့် လက်ငင်း အကျိုးထူးတရား ခံစားရသည်ဟု ယုံကြည် နေမိ၏၊ ထိုညက တိုက်တိုက်ဆိုင်ဆိုင်ပင် မောင်ကျော်သက်နှင့် ၄င်း၏နှမဖြစ်သူ မအေးလွင်တို့သည် ၄င်းတို့ မိသားစုပိုင် မုန့်ဟင်းခါးဖိုတွင် မုန့်ဖတ်အော်ဒါများ လက်ခံထားသည်ဟုဆို၏၊ ပုံမှန်အားဖြင့် ညနေ ၆-နာရီ ဝန်းကျင်လောက်တွင် အလုပ်သိမ်းတတ်သော်လည်း ထိုနေ့ကျမှ မုန့်ဖတ်အော်ဒါများကြောင့် နေ့ရောညပါ အလုပ်လုပ်နေကြရသည်။ ထိုသို့ အလုပ်လုပ်နေစဉ် မအေးလွင်သည် ကျွန်တော်၏ အိမ်ရှေ့စျေးဆိုင်မှ မီးတောက်များကို အမှတ်မထင် မြင်လျှင်မြင်ချင်း အကိုဖြစ်သူကို ချက်ချင်းအသိပေးလိုက်သည်။ ထို့ကြောင့် မီးဘေးအန္တရာယ်မှ သီသီကလေး လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ ၄င်းတို့မောင်နှမနှစ်ဦးကိုလည်း ယနေ့တိုင် ကျေးဇူးတင်၍ မဆုံးတော့ပြီ။

ကျွန်တော်သည် ထိုညက ဝဋ္ဋသုတ် အပါအဝင် ပရိတ်တော်အချို့ကို ရွတ်ဖတ်ပူဇော်ပြီးမှ အိပ်ရာဝင်ခဲ့သည်။ ပရိတ်တော်များ ရွတ်ပွားပူဇော်ခြင်းကပင် ငါ့အဖို့ ကံကောင်းလေစွဟု သတိသမ္ပဇဉ်တရား ဖြစ်ပွားနေမိသည်။

ထိုနေ့မှစ၍ ပရိတ်တရားတော်တို့၏ အာဏာစက်၊ ဓမ္မစက် တန်ခိုးစွမ်းအင်ကို ပိုမိုသိရှိနားလည်လာရပေသည်။

ဤမျှအတိုင်းအရှည်ပမာဏ ကြီးမားလှသော ပရိတ်တရားတော်များကို မေတ္တာ၊ ကရုဏာ ရှေ့ထား၍ နိစ္စဓူဝ ရွတ်ဆိုပွားများသင့်ကြပေသည်။ ကျွန်တော်လည်း နိစ္စဓူဝ ရွတ်ဆိုပွားများတော့မည်ဟူ၍ သန္နိဋ္ဌာန် ချမိပါ တော့သည်။

မင်းသစ်

****************************************

ကိုယ်တွေ့ ဘုရားတန်ခိုး

(ကိုယ်တွေ့ ဘုရားတန်ခိုး )

ယခုအခါ စာရေးသူသည် ပြည်ပ၌ ခေတ္တသွားရောက် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ စာရေးသူ ပြည့်ပသို့ မထွက်ခွါရမီ အချိန်က ဖြစ်ပါသည်။ တပေါင်းလပြည့်နေ့၌ တောင်ငူမြို့၏ အရှေ့ဘက် ၇-မိုင် ကွာဝေးသော အရပ်တွင် နာမည်ကျော် တန်ခိုးကြီးဘုရားဖြစ်သော မြတ်စောညီနောင် ဘုရားပွဲတော်သို့ သူငယ်ချင်း သုံးယောက်နှင့် မိခင်ဖြစ်သူပါ ဘုရားဖူးသွားရောက်ကြပါသည်။ မြတ်စောညီနောင်ဘုရားသည် ညီတော် နောင်တော် စေတီနှစ်ဆူရှိ၍ ကုန်းမြင့်၌ နော်တော်စေတီ တည်ထား တည်ရှိပါသည်။ နောင်တော်စေတီတော်မှ အရှေ့ဘက်သို့ဆင်းပြီး ဆယ်မိနစ်ခန့် သွားပါက ညီတော်စေတီသို့ ရောက်ပါသည်။

စာရေးသူတို့သည် ဘုရားဖူးပြီးနောက် ယူဆောင်လာသော ထမင်းချိုင့်များနှင့် နေ့လယ်စာ စားသောက်ပြီး အနားယူနေကြပါသည်။ စာရေးသူက ညီတော်စေတီတော်၏ အရှေ့ဘက်တွင်ရှိသည့် သောက်ရေခပ်ချောင်းသို့ သွားရောက်လိုကြောင်း-ပြောရာ မိခင်ဖြစ်သူက အနားယူလိုသေးသဖြင့် သးငယ်ချင်းများနှင့် သွားလိုကသွား-ဟု ခွင့်ပေးပါသည်။ လိုက်လိုသော သူငယ်ချင်း ညီအမနှစ်ဦးနှင့်အတူ သောက်ရေခပ်ချောင်းသို့ သွားကြပါသည်။ သောက်ရေခပ်ချောင်းတွင် ဘုရားဖူးများ စည်ကားစွာ ရေချိုးနေကြပါသည်။ သူတို့ကို အားကျပြီး ရေမချိုးနိုင် သော်လည်း ချောင်းတွင်းဆင်းကြည့်ကြပါသည်။ သုံးယောက်စလုံးပင် ရေမကူးတတ်ကြပါ။ ပေါင်ရင်းခန့် ဆင်းကြည့်သော်လည်း အန္တရာယ်မရှိနိုင်ဟု ယူဆကြသည်။ ထို့ကြောင့် ရေစပ်သို့ ဆင်းကြသည်။ မမျှော်လင့်ဘဲ အလွန်ရေစီးသန်သော နေရာဖြစ်၍ ရေနက်ရာသို့ လျင်မြန်စွာ ရောက်ရှိသွားကြပါတော့သည်။

စာရေးသူတို့သုံးဦးသည် လျင်မြန်လှသော ရေစီးနှင့် မျောပါ၍ နစ်မြုပ်ကြမည့် အခြေအနေ ဖြစ်နေပါသည်။ ချောင်းအတွင်း ရေချိုးနေသူတို့က စိုးရိမ်စွာ ဝိုင်းကြည့် အော်ဟစ်နေကြပြီ။ စာရေးသူသည် စိတ်ကို တည်ငြိမ်အောင် ကြိုးစားလျက် သူငယ်ချင်းများအား ကြောက်လန့်တကြားဖြစ်လျှင် ပိုဆိုးမည်ဖြစ်၍ စိတ်ကို ထည်ငြိမ်စွာထားရန်၊ ရတနာသုံးပါးကို တိုင်တည်အာရုံပြု၍ သမ္ဗုဒ္ဓေဂါထာကို အဆက်မပြတ် ရွတ်ဖတ်ရန်၊ ခြေဖျားထောက်၍ မှီသလောက်နှင့် ကမ်းသို့ ယက်ကန်သွားရန် ပြောကြားပြီး တပြိုင်နက် ဆောင်ရွက်ကြရာ မယုံကြည်နိုင်လောက်အောင်ပင် ခဏအတွင်း ကမ်းစပ်သို့ ရောက်ရှိသွားကြပါသည်။

ချောင်းအတွင်း ရေချိုးနေကြသူများအနေဖြင့် စာရေးသူတို့ သုံးဦးသည် မုချရေနစ်ကြတော့မည်-ဟု ထင်မြင်နေကြရာမှ ရုတ်တရက် ကမ်းစပ်သို့ ရောက်ရှိသွားကြသည်မှာ အံ့အားသင့်စရာ ဖြစ်သွားပါသည်။

ထို့ကြောင့် ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာဘုရားသခင်၏ သွန်သင်ညွှန်ပြ ဩဝါဒပေးခဲ့သော တရားတော်များကို စာရေးသူတို့လို တတ်အားသရွေ့ လိုက်နာကျင့်သုံးကြလျှင် အကျိုးကျေးဇူးများ မုချ ခံစားရမည်ဟု ယုံကြည်မိပါသည်။

(ခင်နီလာဝင်း )

****************************************

ကိုယ်တွေ့ မြတ်မင်္ဂလာ အကျိုး

(ကိုယ်တွေ့ မြတ်မင်္ဂလာ အကျိုး )

ကျွန်တော်သည် ဘွဲ့ရအလယ်တန်းပြ ဆရာတဦးဖြစ်ပါသည်။ သာမန်အားဖြင့် ကျောင်းဆရာဘဝသည် အေးချမ်းလှပါသည်။ ကျွန်တော်မှာမူ အထက်တန်းကျောင်း တကျောင်းလုံး၏ ဝေယျာဝစ္စကို ထမ်းဆောင်ရသော မိဘဆရာအသင်း အတွင်းရေးမှူး ဖြစ်နေသောကြောင့် မအေးချမ်းလှပါ။ မိဘဆရာအသင်း၏ ရန်ပုံငွေ ကောက်ခံမှုမှာလည်း ပါဝင်ရသည်။

ကျောင်းသုံး ခုံကျိုး ခုံပျက်ပြင်ခြင်း၊ ဝင်းခြံခတ်ခြင်း၊ အိမ်သာကျင်းတူးခြင်း၊ တည်ဆောက်ခြင်းများကို တပည့်များ၏လုပ်အားနှင့် ကိုယ်ထူကိုယ်ထ အပင်ပန်းခံ လုပ်ဆောင်မှုတို့တွင်လည်း ပါဝင်ရသည်။

တဖန် ကျောင်းစစ်စာမေးပွဲများ၊ အတန်းတင်စာမေးပွဲများတွင်လည်း စာစစ်ရုံးအဖွဲ့မှူးအဖြစ် စာမေးပွဲများ အောင်မြင်စွာ ပြီးမြောက်ရေးကို ဆရာကြီးနှင့်အတူ တာဝန်ထမ်းဆောင်ရသည်၊ စာမေးပွဲများ မကျင်းပမီ တလအလိုမှာပင် စာစစ်လုပ်ငန်းအတွက် စာရေးကိရိယာဝယ်ယူခြင်း၊ စုဆောင်းခြင်းများ ပြုရပါသည်။

လွန်ခဲ့သော ၁၉၉၅-ခု ဇန်နဝါရီလ ၂၅-ရက်နေ့က ကျွန်တော်သည် အတန်းတင်စာမေးပွဲအတွက် မေးခွန်းနှင့် အဖြေလွှာစာရွက်များ ပြုလုပ်ရန် ပန်းတောင်းမြို့မှ ဧရာဝတီမြစ်တဖက်ကမ်း ပြည်မြို့ အစိုးရစာရေးကိရိယာ လက္ကားဖြန့်ဖြူးရေးဆိုင်သို့ စာရွက်ထုတ် သွားခဲ့ပါသည်။ ခရီးသွားချိန်တွင် ကားစီးရင်း ပဲ့ထောင်စီးရင်း ဖတ်နိုင်ရန် ဆရာမဒေါ်မြင့်မြင့်ဌေးနှစ်ထံမှ မြတ်မင်္ဂလာစာစောင်များ၊ ဓမ္မဗျူဟာစာစောင်များ ယူလာခဲ့ပါသည်။

ပန်းတောင်းမြို့မှ ဆင်တဲကူးတို့ဆိပ်ကမ်းသို့ ကားစီးရပါသည်။ ဆင်တဲဆိပ်ကမ်းမှ ပဲ့ထောင်မှာ ကျွန်တော်လည်းရောက်၊ လူလည်းပြည့်၍ ထွက်ပါသည်။ ပဲ့ထောင်သည် အပေါ်ဖောင်းရစ် မြုပ်သည်အထိ ခရီးသည်အပြည့် တင်ထားသည်။ စျေးဝယ် စျေးသည် များကြသည်။ ထိုင်စရာ ခုံတန်းမရှိသဖြင့် ပါလာသော ဂုံနီအိတ်ထုပ်ကိုချကာ ထိုင်ပါသည်။ ပဲ့ထောင်လည်း စထွက်ပြီဖြစ်သည်။

ကျွန်တော်သည် မြတ်မင်္ဂလာစာစောင် အတွဲ ၁၀၊ အမှတ်-၆၊ ၁၉၉၄-ခု ဒီဇင်ဘာလထုတ်ကို အဆုံးမှအစဘက် ပြန်ဖတ်လာခဲ့သည်။ စာအုပ်တဝက်ဖြစ်သော စာမျက်နှာ ၂၆-တွင် မင်းလှမြတ်ထွေးရေးသည့် ကိုးတောင်ဆရာတော်ကြီးပေးသော ဂါထာဆောင်းပါးကို စိတ်ဝင်စားစွာ ဖတ်နေမိသည်။ ဆောင်းပါး၏ အချုပ်ဖြစ်သော ဆရာတော်ကြီးမှာကြားသည့်---

အဲဒီဂါထာရွတ်မယ်ဆိုရင် အံကိုကြိတ်ထားပါ၊ ညာဘက် ခြေဖနောင့်နှင့် ကြမ်းပြင်ကို ဆောင့်လိုက်ပြီး

သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ လို့ ပါဠိတော်ကို ၃-ကြိမ်ရွတ်ဆိုပါ။ ပြီးတော့ မိမိနှုတ်က ဆက်ပြီး အနက်အဓိပ္ပါယ်ကို ဆိုပါ။

ယခုငါသွားမည့်ခရီးသည် ကောင်းသောနက္ခတ်နှင့် ယှဉ်ခြင်း၊ ကောင်းသောမင်္ဂလာဖြစ်ခြင်း၊ ကောင်းသော နိုးကြားခြင်း၊ ကောင်းသော ပွားစီးခြင်းဖြစ်သည်-လို့ ၃-ကြိမ်ဆိုပါ။

ပင်လယ်ပြင်ကြီး ဒေါမန်ထ၍ လှိုင်းလေတွေ ကြွချင်တိုင်းကြွ၊ ကြီးချင်တိုင်း ကြီးနေကြပေမယ့် မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တိုရ်လာ ဂါထာအစွမ်းကား ဘေးဘယာမသန်းရအောင် ကာကွယ်နိုင်ကြောင်း သိရလိမ့်မယ်။

ကျွန်တော်သည် စာပါအတိုင်း လိုက်နာကာ ထိုင်ရင်းမှ အာရုံပြုလျက် မိမိညာခြေထောက်ကို အသာဖိနင်းပြီး ၃-ကြိမ် စိတ်ထဲမှ ကြိတ်၍ရွတ်ဆိုမိပါသည်။

ဟယ်-ကံကောင်းလို့ဟေ့၊ သီသီလေးလွတ်တယ်။

တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ၊

မိုက်မိုက်ကန်းကန်း ရှေ့ကဖြတ်ကူးတယ်၊ တိုက်မိဖို့ နည်းနည်းလေး လိုတော့တယ်၊ နစ်လိုက်ရရင် ရေလယ်ခေါင်မှာ အကုန်ကြွပဲ။

လှိုင်းဒဏ်ကြောင့် ပဲ့ထောင်လူးသွားသဖြင့် ကျွန်တော်ပင် ရှေ့သို့စိုက်ကျသွားခဲ့ပါသည်။ တအံ့တဩနှင့် တယောက်တပေါက် အသံများကြားသဖြင့် ပဲ့ထောင်ရှေ့သို့ ကျွန်တော်ကြည့်လိုက်သောအခါ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးအတွက် အလုပ်သမားများ တင်လာသောပဲ့ထောင်မှာ ပြည်မြို့သို့ ရောက်ချင်ဇောနှင့် ရှေ့မှ ဖြတ်မောင်းသွားသောကြောင့် ကျွန်တော်တို့ ပဲ့ထောင်ဦးထိပ်နှင့် လက်မဝက်ခန့် သီသီလေး လွတ်ထွက်သွားကြောင်း သိလိုက်ရပါသည်။

ရေကြောင်းခရီးတွင် စက်တပ်ပဲ့ထောင်ယာဉ်များ၏ မဆင်မခြင် လုပ်ရပ်များကြောင့် အမှားအယွင်းဖြစ်ကာ ရင်နင့်စရာသတင်းဆိုးများ မကြာခဏ ကြားသိရပါသည်။ ယခုလည်း မြတ်မင်္ဂလာ စာစောင်ပါ ကိုးတောင် ဆရာတော်ကြီးပေးခဲ့သော ဂါထာက ဤသတင်းဆိုးကို ဖယ်ရှားခဲ့ပြီဟု လေးလေးနက်နက် ယုံကြည်မိပါသည်။ ဘာသာရေးစာစောင်များ၏ အကျိုးကျေးဇူးကြီးမားပုံကိုလည်း ကျွန်တော်လက်ခံယုံကြည်သွားပါတော့သည်။

(မောင်ကြူဆွေ )

****************************************

ကိုယ်တွေ့ သစ္စာတန်ခိုး

(ကိုယ်တွေ့ သစ္စာတန်ခိုး )

ဗုဒ္ဓမြတ်စွာဘုရားသခင်၏ မေတ္တာတော်၊ ကရုဏာတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့သည် ယုံကြည်ကိုးကွယ် ကြသော ဝေနေယျသတ္တဝါတွေ အပေါ်မှာ အတိုင်းမသိ ကြီးမားလွန်းလှပါသည်။ တရားစောင့်သူကို တရားက ပြန်လည် စောင့်ရှောက်သည်ဟူသော ဘုရားရှင်၏ မုခပါဌ်တော်သည်လည်း အလွန်တရာ မှန်ကန်လှပါသည်။ ထို့နောက် ရတနာသုံးပါးနှင့် စပ်ဆိုင်သော စရဏကျင့်ဝတ်များကို နိဗဒ္ဓ ပြုကျင့် စွဲမြဲထားလျှင် အရေးကြုံ၍ သစ္စာဆိုသောအခါ ပိုမိုထိရောက် ထက်မြက်ကြောင်း တွေ့ရှိရ၏၊

ထို့ကြောင့် ကျွန်တော်၏ သစ္စာဆိုမှုနှင့် ပတ်သက်သော ကိုယ်တွေ့ အဖြစ်အပျက်များကို စာရှုသူ ဓမ္မမိတ်ဆွေများအား တင်ပြပါရစေ။ ကျွန်တော် အသက် နှစ်ဆယ့်သုံးနှစ်အရွယ် ၁၉၇၆-ခုနှစ်က ဖြစ်သည်။ ရှင်အရဟံ ပုတီးစိပ်နည်းကို နှစ်လ၊ သုံးလ၊ စိပ်ခဲ့ဖူးပါသည်။ သို့သော် လူငယ်ပီပီ ဝိတက်၊ ဝိစာရတွေ ထွေပြားလွန်းသည့်အတွက် ကြိုးကြား ကြိုးကြားမျှသာ စိပ်ဖြစ်ခဲ့ပါတော့သည်။ ယခု တဖန် ပုတီးမှန်မှန် ပြန်စိပ်ဖြစ်သည်မှာ ၁၀-နှစ်ခန့် ရှိခဲ့ပါပြီ။

ကျွန်တော်သည် ထိုအခါက ပန်းတိမ်ပညာကို ဆည်းပူးနေစဉ် ဖြစ်၏၊ တနေ့သောအခါ နံနက်စာကို ငါးဟင်းဖြင့် စားပါသည်။ အခန့်မသင့်၍ ငါးရိုးမျက်ခဲ့ပါ၏၊ ကျွန်တော်၏ ငါးရိုးမျက်နေသော ဝေဒနာကို အမေသည် မကြည့်ရက်သဖြင့် လောကီ ဂါထာမန္တာန်များနှင့် ထမင်းဆုပ်ကို မန်းမှုတ်ပြီး ကျွန်တော့ကို စားမျိုစေပါသည်။ သို့သော် ငါးရိုးသည် ငြိပြီး မျက်မြဲမျက်နေပါ၏၊ ကျ,မသွားပါချေ။ သို့နှင့် ငါးရိုးမျက် ဝေဒနာဖြင့် အလုပ်ခွင်သို့ ရောက်ခဲ့ပါသည်။

နေ့လည်အချိန်မှာ ရွှေကို နန်းဆွဲဖို့ ပေပေါ်မှာ ထုရိုက်နေဆဲ၊ ညက ပုတီးစိပ်ခဲ့သည်ကို ဖျတ်ခနဲ သတိရလိုက်၏၊ ဤသို့ ပုတီးစိပ်ခဲ့သည်ကို အကြောင်းပြု၍ သစ္စာဆိုလိုက်ပါသည်။ ကျွန်ုပ်သည် ညစဉ် ညတိုင်း ရှင်အရဟံ ပုတီးစိပ်နည်းကို စိပ်ခဲ့ပါ၏၊ ဤစကားသည် မှန်၏၊ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်၌ မျက်နေသော ငါးရိုးသည် လျှောကျပါစေသား-ဟူ၍ သစ္စာဆိုပြီး လည်ပင်းကို လက်ဖြင့် အောက်သို့သပ်ချလိုက် ပါသည်။ ထိုအခါ ငါးရိုးသည် အံ့ဩစရာ ကောင်းလောက်အောင် လျှောကျသွားပါ၏၊

ယင်းအပြင် ကိုယ်တွေ့ ထူးခြားသော ဖြစ်ရပ်တခုကို တင်ပြပါဦးမည်။ ပန်းတိမ်ပညာကို ၂-နှစ်မျှ သင်မိသောအခါ ငြီးငွေ့လှ၍ ထွက်လိုက်ပါသည်။ ကျွန်တော်သည် ပန်းတိမ်မှထွက်ပြီး ဖခင်ကြီးလုပ်ငန်းဖြစ်သော ကျောက်သွေး ကျောက်ဖြတ် လုပ်ငန်းကို သင်ကြားခဲ့၏၊

မိုးရာသီ၏ နေ့တနေ့တွင် ဖြစ်သည်။ ကျောက်စိမ်း လုံးချောတလုံးကို သွေးပြီး ဝါးပေါ်မှာ အရောင်တင်နေပါ၏၊ ကျွန်တော်တို့အိမ်သည် နန့်ရင်းချောင်း ကမ်းစပ်နှင့် နီးသဖြင့် ရေကြီးလျှင် အိမ်အောက်ကို ရေဝင်ပါသည်။ ရေအလွန်ကြီးလျှင် ငါးပေခန့် နက်၏၊ ကျောက်အရောင်တင်နေချိန်တွင် ပေါင်လယ်မျှ ရေနက်ပါသည်။ အရောင်တင်နေဆဲမှာ ရွေးကြီးစေ့ သာသာခန့်ရှိ ကျောက်စိမ်း လုံးချောစေ့ကလေးသည် ချိတ်တံမှ ပြုတ်ထွက်သွားပြီး ကြမ်းပေါက်မှတဆင့် ရေထဲသို့ကျသွားပါသည်။ ကျွန်တော့စိတ် ကသိကအောက် ဖြစ်ရ၏၊

ပေါင်လယ်မျှ နက်ပြီး လက်ဖက်ရည်ရောင်ကဲ့သို့ နောက်ကျိနေသော ရေထဲက မြက်ပင်နှင့် အမှိုက်သရိုက်တွေကြားထဲ ကျနေသော ကျောက်စေ့ကလေးကို မည်သို့ပြန်လည်ရနိုင်ပါမည်နည်း။ ကျွန်တော်သည် စိတ်မပျက်ဘဲ ကျောက်ကျသွားသော ကြမ်းပေါက်အောက်တည့်တည့်က ရေထဲသို့ဆင်းပြီး ကျွန်ုပ်သည် ညစဉ်ညတိုင်း ရှင်အရဟံ ပုတီးစိပ်နည်းကို စိပ်ခဲ့၏၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ဤကျောက်စေ့ကလေးကို ပြန်လည်ရရှိပါစေသား-ဟု သစ္စာဆိုကာ ကျသောနေရာတည့်တည့်ကို တခါတည်းနှိုက်လိုက်ပါသည်။ မြက်ပင်နှင့် အမှိုက်သရိုက်တွေကြားထဲက ကျောက်စေ့ကလေးကို ကိုင်မိလျက်သား ဖြစ်နေသည်။ သို့အတွက် အတိုင်းမသိ အံ့ဩဝမ်းသာရပါ၏၊

ထို့ကြောင့် မိမိတို့ဘဝတွင် ပြဿနာ အကျဉ်းအကျပ်များ တွေ့သည်ဆိုလျှင် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ် စရဏတွေကို အားကိုးအားထားပြု၍ တိုင်တည်ပြီး သစ္စာဆိုပါက ထိုပြဿနာ အကျဉ်းအကျပ်များမှ လွတ်မြောက်ပြေလည်ကြမည်မှာ သေချာမလွဲပါ။

(တိက္ခကုမ္မာ-မိုးကောင်း )

****************************************

ကိုယ်တွေ့ ကောင်းမှုကျိုး

(ကိုယ်တွေ့ ကောင်းမှုကျိုး )

ကျွန်မ၏သမီး ဒသမတန်းကျောင်းသူဘဝက အလွန်စိတ်အားငယ်တတ်ခဲ့သည်။ သမီးသည် ဉာဏ်လည်း ကောင်းသည်၊ ဝီရိယလည်း ရှိပါသည်။ လုံ့လကိုလည်း မလျှော့ပါ။ သို့သော် သူမကို အမြဲ စိတ်ဒုက္ခရောက်အောင် ဖန်တီးနေသည်မှာ သူမ၏ စိတ်အားငယ်တတ်မှုပင် ဖြစ်သည်။ စာမေးပွဲဖြေဆိုတိုင်း အားငယ်စိတ်၊ ကြောက်စိတ်တို့၏ ဒုက္ခပေးမှုကြောင့် ဖြေနိုင်သလောက် မဖြေခဲ့ရပါ။ စိတ်ကလည်း စိုးတရွံ့ရွံ့ဖြင့် သူတပါးတို့ကို မယှဉ်ရဲသလို မဝံ့ရဲသလိုနဲ့ ဖြစ်ခဲ့သောကြောင့် ရသင့်သည့် အမှတ်များ မရခဲ့ပါ။ သူမ ပညာသင်ယူနေသော ဒသမတန်း (က)တွင် ရသည့်အဆင့်မှာ ၁၀-၏နောက် တော်တော်ဝေးသည့် နေရာမှာ ရှိနေပါသည်။

ပထမအစမ်း ဖြေပြီးသည့်နောက် အမှတ်များထွက်လာသောအခါ သမီးကိုကြည့်ရသည်မှာ ရှေးကထက် ပိုမိုအားလျော့လာသည်ဟု ထင်မိပါသည်။ အမှတ်များ သိပ်မကောင်းလှပါ။ သို့ဖြစ်၍ သမီး၏ ငယ်ဆရာမ တဦးကို အကျိုးအကြောင်း ပြောပြကာ တိုင်ပင်မိပါသည်။ ဆရာမက သမီးကို တရားရှုမှတ်ရန် အချိန်ရလျှင်ရသလို သမ္ဗုဒ္ဓေဂါထာတော်ကြီး၊ အရဟံ ဂုဏ်တော်တို့ကို ရွတ်ဆိုရန် အကြံပြုပါသည်။ မိခင်ဖြစ်သူ ကျွန်မကိုလည်း ဆင်းရဲချို့ငဲ့သည့် ကလေးများအား ပညာဒါန အလှူပေးရန် တိုက်တွန်းပါသည်။ ကျွန်မတို့ သားအမိသည် ဆရာမပြောသည့်အတိုင်း လိုက်နာခဲ့ပါသည်။

ပညာသင်ယူစဉ်ကာလတွင် ငွေကြေးချို့တဲ့နွမ်းပါး၍ ကျောင်းစရိတ် လိုအပ်နေသော ကျောင်းသူလေးတဦးအား ဆရာမမှတဆင့် ငွေငါးရာကျပ်ကို ပညာသင်စရိတ် လှူဒါန်းလိုက်သည်။ ဆောင်းရာသီဖြစ်၍ အနွေးထည် မရှိရာသော သူမအား အနွေးထည်များ၊ ကျောင်းဝတ်စုံများပင် လှူဒါန်းခဲ့ပါသည်။ ထိုကလေးမကဲ့သို့ပင် ဒသမတန်းစာမေးပွဲ နီးသောအခါ ထုတ်ဝေသည့် ဘာသာရပ်ဆိုင်ရာ ဂျာနယ်စာအုပ်များ ဝယ်၍ပေးလိုက်၏၊ ထိုကျောင်းသူလေး၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပုံမှာ ယနေ့ထက်တိုင် မမေ့နိုင်ပါ။ သူမ ပျော်ရသလို ကျွန်မသမီးလေးလည်း ပျော်ရပါလို၏-ဟု စိတ်တွင် ဆုတောင်းနေမိပါသည်။

ကျွန်မတို့မြို့တွင်ရှိသော ပရဟိတကျောင်းမှ မိဘမဲ့ကလေးများသို့ သမီး၏ဆရာမနှင့် သူ၏တပည့်များက စာရေးကိရိယာများ လှူဒါန်းကြရာတွင်လည်း ကျွန်မပါဝင်လှူဒါန်းခဲ့ပါသည်။ ပရဟိတ ဆရာတော်အား နှစ်စဉ်လှူဒါန်းသည့် စောင်အလှူပွဲတွင်လည်း ပါဝင်လှူဒါန်းခဲ့ပါသည်။

ွှဤအတောအတွင်း ကျွန်မရော သမီးပါ သက်သတ်လွတ်စားခြင်း။ ဥပုသ်စောင့်ခြင်း၊ တရားထိုင်ခြင်းတို့ကိုလည်း အားထုတ်ခဲ့ကြပြန်ပါသည်။ အားလပ်သည့်အချိန်တိုင်းမှာလည်း ဘုရားဂုဏ်တော်နှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဆို ပူဇော်ခဲ့ကြလေသည်။

စာမေးပွဲလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။ ကျွန်မသမီးတွင် ယခင်ကကဲ့သို့ ကြောက်ရွံ့အားငယ်စိတ်များ မရှိတော့ပါ။ ဆရာမ၏ အားပေးမှုနှင့် ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်မှုသည် သမီး၏စိတ်ကို ပြောင်းလဲစေခဲ့ပြီဖြစ်ပါသည်။

သို့နှင့် ဒသမတန်း စာမေးပွဲကြီးသို့ ရောက်ခဲ့လေပြီ။ ကျွန်မသည် ကျွန်မပြုခဲ့သည့် ကုသိုလ်တို့ကို တိုင်တည်ကာ သစ္စာပြုခဲ့ပါသည်။ကျွန်မပြုခဲ့သော ကုသိုလ်တို့နှင့် ပညာရေး ဒါနအလှူတို့သည် သမီးကို ကောင်းစွာထောက်ပံ့ နိုင်ပါစေ-ဟူ၍ပင် ဖြစ်သည်။

အလွန်ကြောက်ရွံ့အားငယ်တတ်သော ကျွန်မ၏သမီးသည် စာမေးပွဲကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သည်။ ဘာသာရပ်အားလုံးကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါသည်။ ဒသမတန်း အောင်စာရင်း ထွက်သောအခါ သမီးသည် ၃-ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ အမှတ်စာရင်းထွက်သောအခါ ဂုဏ်ထူးမထွက်သော ဘာသာများမှာလည်း ဂုဏ်ထူးမှတ်နီးပါး ရသည်ကို တွေ့ရပါသည်။ ထို့ပြင် သမီးသည် တကျောင်းလုံးတွင် အမှတ်အကောင်းဆုံးဖြင့် အောင်မြင်ကြောင်းကိုလည်း အံ့ဩဝမ်းသာစွာ သိလိုက်ရပါသည်။

သမီး၏ အမှတ်စုစုပေါင်းမှာ ၄၁၁-မှတ်ဖြစ်၍ သမီး အလွန်ဝါသနာပါသည့် ဆေးတက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားခဲ့ရာ ယခုအခါတွင် ကျွန်မ၏သမီးမှာ ဆေးတက္ကသိုလ် ပထမနှစ်တွင် တက်ရောက်သင်ကြားလျက် ရှိနေပေပြီ။

ကျွန်မ၏သမီးကဲ့သို့ အားငယ်စိုးရွံ့ကြသည့် ကျောင်းသား ကျောင်းသူများကို အားကျအတုယူပြီး ကြိုးစားစေလိုသောဆန္ဒဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

(ခင်-မုံရွာ )

****************************************

ကိုယ်တွေ့ကြုံသောအခါ

(ကိုယ်တွေ့ကြုံသောအခါ )

ကျွန်မ ၁၉၅၇-ခု ပညာရေးဝန်ထမ်းအဖြစ် စတင်အမှုထမ်းစဉ်က ဖြစ်ပါသည်၊ ပျဉ်းမနားမြို့၏တောင်ဘက် မြို့ငယ်လေးတမြို့ ဖြစ်သော ဧလာမြို့သို့ နေ့စဉ်ရထားဖြင့် သွားရောက် တာဝန်ထမ်းဆောင်ရပါသည်၊ အလုပ်ခန့်စာ ရလျှင်ပင် ကျွန်မ၏အိမ်နီးချင်း အဒေါ်တဦးက ခရီးသွားသည့်အခါတိုင်း သမ္ဗုဒ္ဓေဂါထာတော် ရွတ်သွားရန်နှင့် ရထားစီးလျှင်လည်း နောက်ဆုံးတွဲ၌စီးရန် သတိပေးရင်း သူ့ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြပါသည်။

ဆောင်ငူ ကွန်ဗင့်ကျောင်းတွင် သူ၏သမီးများကို ကျောင်းအိပ်ကျောင်းစား ထားပါသည်၊ မကြာခဏလည်း တောင်ငူသို့ မီးရထားဖြင့် သွားလေ့ရှိပါသည်၊ ထိုသို့ခရီးသွားတိုင်းလည်း သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဖတ်သွားလေ့ရှိပါသည်။

တခါတွင် ပျဉ်းမနားမှ တောင်ငူအသွား မီးရထားမှောက်ရာ ခရီးသည်အချို့ ဒဏ်ရာအပြင်းအထန် ရကြပါသည်၊ ၄င်းအဒေါ်မှာ ထိခိုက်ဒဏ်ရာ တစုံတရာမျှ မရရှိ၊ ဘေးကင်းစွာဖြင့် မိမိအိမ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြောပြပါသည်။

ကျွန်မလည်း ၄င်းအဒေါ်ပြောပြသည့် အချိန်မှစ၍ ရထားပေါ်တက်သည်နှင့် တပြိုင်နက် ရထားလမ်းဘေးတလျှောက်တွင် တွေ့မြင်သမျှအားလုံးကို မေတ္တာပို့ပြီးလျှင် သမ္ဗုဒ္ဓေဂါထာတော်ကိုလည်း ဘူတာမရောက်မချင်း မပြတ်ရွတ်ဆိုသွားပါသည်၊ ၄င်းဧလာမြို့တွင် ၁၃-နှစ်ကြာအောင် မီးရထားဖြင့်တမျိုး၊ ကားဖြင့်တသွယ် သွားရောက်အမှုထမ်းဆောင်ခဲ့ရပါသည်၊ သို့ရာတွင် တကြိမ်တခါမျှ ရထားမှောက်ခြင်း၊ ကားမှောက်ခြင်းများနှင့် မကြုံတွေ့ခဲ့ရပါ။

၁၉၇၀-ပြည့်နှစ် ဇွန်လ ကျောင်းဖွင့်စတွင် ရာသီဥတု အလွန်ပူပြင်းသဖြင့် နံနက် ၁၂-နာရီအထိသာ နေ့တဝက်ကျောင်းတက်ရပါသည်၊ ကျောင်းဆင်းလျှင်ပင် ဧလာမှ လယ်ဝေးသို့သွားသော ခရီးသည်တင်ကားကို ချက်ချင်းရ၍ စီးနင်းလိုက်ပါသွားပြီး လယ်ဝေးမှတဆင့် ပျဉ်းမနားသို့ လိုင်းကားဖြင့်ပင် ဆက်လက်စီးသွားရပါသည်၊ နံနက် ၁၂-နာရီ ကျောင်းဆင်းသည့်အခါတိုင်း ဤကဲ့သို့ ကားဖြင့် အဆင်ပြေစွာ အိမ်သို့ စောစောရောက်သွားတတ်ပါသည်၊

တနေ့ ကျွန်မ၏စိတ်ထဲတွင် ဒီနေ့တော့ ကားမစီးချင်ဘူး၊ ရထား ရှိ-မရှိ ဘူတာသို့သွား၍ စုံစမ်းမည်-ဟု စိတ်ထဲအောက်မေ့မိကာ ရုံပိုင်ကြီးထံ သွားစုံစမ်းပါသည်၊ ရုံပိုင်ကြီးကလည်း ကုန်ရထားတစင်း နာရီဝက်အတွင်း လာမည်ပြောသဖြင့် ဘူတာတွင်စောင့်၍ စီးခဲ့သည်။

၄င်းညနေပိုင်းတွင် ပျဉ်းမနား လယ်ဝေး ခရီးသည်တင်ကား မှောက်လို့-တဲ့ ဟူသော သတင်း ကြားလိုက်ရပါသည်၊ မှောက်သောကားသည် ကျွန်မတို့လယ်ဝေးမှ ပျဉ်းမနားသို့ စီးနေကျကားဖြစ်နေကြောင်း သိရပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကို ယုံယုံကြည်ကြည် ရွတ်ဆိုပါက တွေ့ကြုံရမည့် အန္တရာယ်ကိုလည်း ကြိုတင်၍ မှန်းဆရှောင်ကြဉ်နိုင်သကဲ့သို့ အန္တရာယ်နှင့်ကြုံကြိုက်ပါကလည်း ဘေးကင်းရန်ကွာ လွတ်မြောက်တတ်ကြောင်းကို ကျွန်မကိုယ်တွေ့ တင်ပြလိုက်ရပါသည်။

(မမ-ပင်လောင်းမြို့ )

****************************************

ကိုမြသာ၏ နောင်တ

(ကိုမြသာ၏ နောင်တ )

ကိုမြသာတယောက် လေးဂွတချောင်းနှင့် ရွာရိုးလျှောက်ကာ ဟိုပစ်သည်ပစ် လုပ်တတ်သည်၊ သည်ကနေ့လည်း ရွာအရှေ့ပိုင်းရှိ ဦးဖိုးလွှာခြံသို့ ဗျိုင်းပစ်ရန် ရောက်လာခဲ့သည်၊ ဦးဖိုးလွှာ၏ခြံသည် ဗျိုင်းငှက်များပျော်စံရာ ဂေဟာဖြစ်သည်၊ ခြံပိုင်ရှင်ကလည်း ဗျိုင်းငှက်များကို မပစ်ရန် တားမြစ်ထားသည်၊ သို့သော်လည်း ကိုမြသာသည် ခြံရှင်မသိအောင် ခိုးပစ်သည်၊ ထိုသို့ပစ်ရခြင်းမှာ ကျောင်းပိတ်ရက်တွင် မြို့မှပြန်လာမည့်သားအား ဗျိုင်းသားဟင်း ချက်ကျွေးရန် ဖြစ်သည်။

ဗျိုင်းငှက်များကလည်း သည်ကနေ့မှ ရှားရှားပါးပါး ဖြစ်နေသည်၊ နောက်ဆုံး သူ့လက်ချက်ဖြင့် ဗျိုင်းတကောင်ရသည်၊ ထိုဗျိုင်းအတောင် ကျိုးသွားသည်၊ သူသည် ဗျိုင်းကိုဆွဲလျက် အိမ်ပြန်လာခဲ့သည်။

သူတို့လယ်စပ်အရောက်တွင် ကွင်းလယ်၌ လူများဝိုင်းအုံနေသည်ကို တွေ့ရသည်၊ အကျိုးအကြောင်းသိချင်၍ ဘာဖြစ်ကြတာလဲ-ဟု မေးမြန်းကြည့်သည်၊ ထိုအခါ ထိုအထဲမှ ညီဖြစ်သူ ကိုဘဝင်းက အကို့သား ကျွဲပေါ်ကကျလို့ လက်ကျိုးသွားတယ်-ဟုပြန်ဖြေသည်။

ကိုမြသာတယောက် သားကိုပြေးပွေ့ပြီး မြို့တက်ဆေးကုရန် ပဲ့ထောင်ရှိရာသို့ သွားလေသည်၊ ဗျိုင်းသားဟင်းဖြင့် ညစာကျွေးမည့် အစီအစဉ်လည်း ပျက်ခဲ့ရပေပြီ၊ သူ့ကြောင့် အတောင်ကျိုးသွားသော ဗျိုင်းငှက်နှင့် ကျွဲကြောင့် လက်ကျိုးသွားသော သူ့သားအဖြစ်ကို နှိုင်းယှဉ်၍ တွေးတောမိသည်၊ ထို့နောက် ဆုံးဖြတ်ချက်တခုကို ပိုင်နိုင်စွာ ချလိုက်သည်။

သူ၏ဆုံးဖြတ်ချက်ကား သူတပါးအသက်ကို သတ်ခြင်း, ညှင်းဆဲခြင်းမှ ရာသက်ပန် ရှောင်ကြဉ်တော့မည်-ဟူ၍ ဖြစ်သည်၊ သူ၏နောင်တကား မနှောင်းသေးသော နောင်တပါပေ။

(ခင်မေ-ရွှေတောင် )

****************************************

ကိုသိုလ်ကံအကျိုး မီးမတိုး

(ကိုသိုလ်ကံအကျိုး မီးမတိုး )

၁-၉-၈၈ စနေနေ့တွင် ညောင်တုန်းမြို့၌ မီး-အကြီးအကျယ်လောင်ခဲ့ပါသည်။ ကမ်းနား ၁၇-လမ်းမှစတင်၍ လောင်ကျွမ်းသောမီးသည် ဤမှာဘက် ၈-လမ်းတိုင်တိုင်၊ ထိုမှာဘက်တွင် လမ်း ၂၀-အထိ တလမ်ပြီးတလမ်း တတိုက်ပြီးတတိုက် တအိမ်ပြီးတအိမ် ဝါးမျိုလောင်ကျွမ်း၍ ဖျက်ဆီးနေသည်မှာ မြင်ရသူအဖို့ ရင့်နင့်စဖွယ်ပင် ဖြစ်တော့၏၊

လူတိုင်းပင် မိမိ စွမ်းဆောင်သမျှ မီးသတိပေးခြင်း၊ ပစ္စည်းများ ကူညီသယ်ယူပေးခြင်းတို့ကို ပြုလုပ်ခဲ့ရပါသည်၊ မြို့တွင်းရှိ သံဃာတော်များပင် မနေသာ၊ ကူညီဆောင်ရွက်ပေးကြရပါသည်။

ညောင်တုန်းမြို့တွင် ဇာဘော်လီ ဒေါ်သိန်းသိန်းကို မသိသူ ရှားပါသည်၊ သူ၏ လုပ်ငန်းမှာ ဇာဘော်လီလုပ်ငန်းဖြစ်သည်၊ မီးအရှိန်သည် ဒေါ်သိန်းသိန်း၏ အိမ်နှင့် တအိမ်ကျော်တွင် လောင်ကျွမ်းနေပေပြီ၊ ဒေါ်သိန်းသိန်း၏ အိမ်၌ သံဃာတော်များ အများဆုံး ကူညီပေးနေကြ၏၊ မီး၏ အပူရှိန်သည် ဒေါ်သိန်းသိန်း၏ အိမ်အထိ ပြင်းထန်စွာ ရောက်ရှိနေပေပြီ။

ဒေါ်သိန်းသိန်းသည် သူ၏တိုက် မီးလောင်မှာသေချာပြီ-ဟု စိတ်ကို လျှော့လိုက်တော့၏၊ ကူညီနေသော သံဃာများကိုလည်း ဦးပဉ္စင်းတို့ ကိုရင်တို့ တိုက်ထဲက အမြန်ထွက်ကြပါဘုရား၊ မီးတွေနီးနေပြီ တပည့်တော်မရဲ့ ပစ္စည်းတွေ အဲဒီအတိုင်းသာ ထားခဲ့ပါဘုရား-ဟု မိမိပစ္စည်းထက် သံဃာတော်များ အသက်အန္တရာယ်ကို ပို၍စိုးရိမ်စွာဖြင့် ပြောဆိုသည်။ ထို့နောက် နို်င်သမျှ ပစ္စည်းအချို့ကိုသာ ယူလျက် တိုက်တံခါးကို သော့ခတ်ကာ မီးနှင့်ဝေးရာသို့ ရှောင်ထွက်ကြတော့သည်။

မီးညွန့်သည် ဒေါ်သိန်းသိန်း၏ တိုက်သို့ တချက်တချက်တွင် လာရောက်ဟပ်လေ၏၊ ထို့နောက် ဒေါ်သိန်းသိန်း တိုက်နား ရောက်လာသော မီးသည် ဆက်လက်လောင်ကျွမ်းခြင်း မရှိတော့ဘဲ မီးညွန့်ကျိုးသွားလေတော့၏၊

ကုသိုလ်ကံ၏ အကျိုးပေးခြင်းသည် နောင်ဘဝတွင်သာ မဟုတ်၊ ယခုလက်ငင်း ဘဝမှာလည်း ပေးတတ်ကြောင်းကို ယုံကြည်စွာ လက်ခံရပေမည်၊ ဒေါ်သိန်းသိန်းသည် စိတ်သဘောထား ကောင်းရုံသာမက အလှူရေစက် လက်နှင့်ကွာသည်ဟူ၍ မရှိပေ။ ညောင်တုန်းမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများသို့ သွားရောက်အလှူပေးလေ့ရှိ၏၊ အထူသဖြင့် စာသင်တိုက်ကြီးဖြစ်သော ရွှေဟင်္သာတောရ ကျောင်းတိုက်ကြီးတွင် နှစ်ရက်ခြား သုံးရက်ခြား ဆွမ်း, ဆွမ်းဟင်း အသုပ်စုံများ ကပ်လှူ၏၊

ကုသိုလ်ပြုလုပ်ရာတွင်လည်း ပေါ့ပေါ့တန်တန် သဘောမထားပေ။ သူကိုယ်တိုင် ချွေးဒီးဒီးကျ အပင်ပန်းခံပြီး ချက်ပြုတ် လှူဒါန်း၏၊ ဆရာတော်ကြီးများကို သိက္ခာထပ်ခြင်းဖြင့် ရဟန်းအမ အမည်ခံယူလိုက်သေး၏၊ ဆရာတော်ကြီးများအတွက်လည်း လိုလေသေးမရှိ ကြည့်ရှု လှူဒါန်းလေ့ရှိ၏၊

ဤကဲ့သို့ ကောင်းမှုကုသိုလ်တို့၏ အရှိန်အဟုန်သည် ရန်သူမီး၏ အရှိန်အဟုန်ကို တွန်းလှန် အနိုင်ယူလိုက်ခြင်းပင် ဖြစ်တော့သည်။

(ကျုံပျော်-မောင်ဆွေငယ် )

****************************************

ကုသိုလ်ကံ စေတနာ

(ကုသိုလ်ကံ စေတနာ)

ကျွန်မ၏မိခင်သည် ပန်းတနော်မြို့နယ်ပိုင် ကျေးရွာဇာတိဖြစ်ပြီး ကျွန်မ၏ဖခင်သည် ညောင်တုန်းမြို့ဇာတိ ဖြစ်သည်။ မိဘများ အကြောင်းပါခဲ့ရာတွင် ကျွန်မတို့မောင်နှမများသည် နေထိုင်ကျောင်းတက်ကြသည်။ ကျောင်းပိတ်ရက်ရှည်များနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် မိခင်နှင့်အတူ အဘိုး အဘွားများရှိရာသို့ သွား၍ လည်ပတ်နေထိုင်လေ့ရှိသည်။ ကျွန်မတို့သည် အဘိုးတို့နှင့်အတူ ရွာတဖက်ကမ်းရှိ ကိုင်းထဲသို့ လိုက်ပါသွားပြီး ဝိုင်းဝန်းကူညီရသည်ကို အလွန်ပျော်ရွှင်ခဲ့ကြသည်။

ကျွန်မ၏မိခင်သည် ကျွန်မကို ကိုယ်ဝန်လွယ်ထားချိန်ကဖြစ်သည်။ ရွာသို့ အလည်ပြန်ရင်း တူ တူမများက သူတို့အဒေါ်ကို စားစေချင်သဖြင့် ငါးပြေမများ ယူသွားရန် ဝယ်လာပေးသည်။ ကျွန်မတို့မိခင်လည်း အိမ်ရှိ ခင်ပွန်းဖြစ်သူနှင့် သူ၏ အကိုကြီး၊ အမကြီးများက ကြိုက်ကြသဖြင့် ငါးပြေမများကို ယူသွားရန် ပုံထဲသို့ထည့်၍ လှောင်ထားသည်။

ငါးပြေမများသည် အခြားငါးများထက် အသက်ပို်ပြင်းသည်။ ငါးများကို သိုလှောင်ထားရာတွင် အသက်ရှုချောင်စေရန် အဖုံးမပိတ်ဘဲ ဆန်ခါကြဲဖြင့် ဖုံးထားလေသည်။ နံက်လင်းသောအခါ ညောင်တုန်းမြို့ ပြန်ရန် ရွာကမ်းနားဆိပ်သို့ မော်တော်စီးရန် ဆင်းရလေသည်။ ကမ်းနားဆိပ်ရောက်သောအခါ မိခင်သည် စိတ်ထဲမှ ဪ-ငါကတော့ အိမ်သားတွေ စားစေချင်တဲ့စိတ်နဲ့ တကူးတက သယ်ယူပေမဲ့ သူတို့တွေ စားလိုက်တဲ့အခါ တခဏပင်ဖြစ်မည်-ဟု ဆင်ခြင်မိသည်။ ငါးကလေးများကိုကြည့်ပြီး သနားစိတ် ဝင်လာသည်။ ထို့နောက် ညောင်တုန်းသို့ မသယ်ယူတော့ဘဲ ရေထဲသို့ လွှတ်လိုက်လေသည်။ ထိုသို့ လွှတ်လိုက်သဖြင့် ကူးခတ်သွားသော ငါးကလေးများကိုကြည့်ပြီး မိခင်သည် အလွန်ဝမ်းသာပီတိ ဖြစ်ခဲ့ရပေသည်။

မိခင်သည် အိမ်သို့ပြန်ရောက်ပြီး သိပ်မကြာလှပါ။ ရက်ပိုင်းအတွင်းမှာပင် ကျွန်မကို မွေးဖွားရန် ဗိုက်နာလာပါသည်။ အိမ်တွင်ထိုအချိန်က လူကြီးများ မရှိပေ။ ဖခင်လည်း အလုပ်သွားနေပါသည်။ ကျွန်မ၏အထက် အကို အမများက သားဖွားဆရာမကို သွားခေါ်သည်။ ထိုသို့ ခေါ်နေချိန် အိမ်နီးချင်းများလည်း လာနေချိန်တွင် ကျွန်မကို လွယ်ကူချောမောစွာ မွေးပါသည်။

ဆရာမရောက်သောအခါ ကျွန်မသည် အမိဝမ်းတွင်းမှ လူ့လောကထဲသို့ ရောက်ရှိနေပြီ။ ထို့ကြောင့် ဆရာမက ကျွန်မအား ဒီကလေးက လူတော်တော် ဖြစ်ချင်တာပဲ၊ အတင်းတိုးထွက်လာတယ်-ဟု နောက်ပြောင်ခဲ့သည်။ ထိုအခါ ကျွန်မ၏မိခင်သည် စိတ်ထဲတွင် ဪ-ငါပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ငါးပြေမတွေကို လွှတ်ခဲ့တဲ့ ကုသိုလ်ကံ စေတနာကြောင့် အခုလို လွယ်လွယ်ကူကူ မွေးဖွားခဲ့တာပဲ-ဟု အတွေးဝင်ခဲ့သည်။ ကျွန်မသိတတ်သောအရွယ်တွင် ထိုအကြောင်းကို မေမေက ပြောပြပါသည်။

ကျွန်မ၏ စိတ်ထဲတွင်လည်း ကုသိုလ်ယူတယ် ဆိုတာ ယူတတ်ရင် ဘယ်ကိစ္စမဆို အသေးအမွှားလေးပဲ ဖြစ်ဖြစ် သန့်စင်မွန်မြတ်သော စိတ်ဖြင့် ပြုလုပ်ပါက အကျိုးပေးလာတတ်ပါကလား-ဟု တွေးတောမိလေသည်။

(လှိုင် )

****************************************

ကုသိုလ်ပြုခြင်း

(ကုသိုလ်ပြုခြင်း )

လူ့ဘဝတနေ့တာတွင် (ကုသိုလ်မရ၊ ပညာရ။ ပညာမရ၊ ဥစ္စာရ )-ဟူ၍ ဆိုရိုးစကားရှိသည်။

ယနေ့အဖို့ အဓိပ္ပါယ်ရှိအောင် ကြံဆောင်ရမည်ဖြစ်သည်။

ယနေ့သည် ၁-၆-၉၅ (စနေနေ့) ဖြစ်သည်။ အားလပ်နေ့ဖြစ်၍ မြိတ်မြို့ မြို့သစ်စျေးကြီးအပြင်ဘက်ရှိ ကုန်စိမ်းတန်းသို့ သံပရာသီးဝယ်ရန် နံနက် ၁၀-နာရီခန့်တွင် ရောက်ရှိခဲ့သည်။

မြိတ်မြို့ မြို့သစ်စျေးကြီး၏ ကုန်စိမ်းတန်း လမ်းတလျောက်တွင် အသက် ၁၀-နှစ်ခန့်မျှ ရှိမည်ဖြစ်သော ကလေးတဦးသည် လက်သီးဆုပ်နီးပါးခန့်စီရှိသော ပင်လယ်ရေငန် ကဏန်းအကောင် ၃၀-ကို လင်ပန်းတခုတွင်ထည့်ကာ ကဏန်းဝယ်ကြပါ၊ ကဏန်းဝယ်ကြပါ ကဏန်းဝယ်ကြပါ-ဟု တစာစာ အော်ရောင်းနေလေသည်။

ကဏန်း၏ကိုယ်နှင့် လက်မကြီးများကို ပလပ်စတစ်ပျော့ကြိုးဖြင့် တုပ်ချည်ထားသည်။ ဤကဲ့သို့ တုပ်မချည်ဘဲထားပါက ထိုကဏန်းများ ထွက်ပြေးကုန်ကြမည်။ ကြိုးဖြင့် မတုပ်ချည်ဘဲထားသော ကဏန်းကို သွားကိုင်မိပါက ကိုင်သူ၏လက်ကို ကဏန်းလက်မကြီးဖြင့် ညှပ်လိုက်မည်ဖြစ်သည်။ ကဏန်း၏လက်မသည် အလွန်ထက်လှသည်ဖြစ်၍ အညှပ်ခံရသူလက်မှာ သွေးများယိုစီးကျလာမည်ဖြစ်သည်။

ကျွန်တော်သည် ကလေးငယ်အား ကဏန်းအသေလား အရှင်လား-ဟုမေးသည်။

ကလေးငယ်က အားလုံးအရှင်-ဟုပြောသည်။

တကောင် ဘယ်စျေးလဲ-ဟု မေးသည်။

၈-ကျပ်ဟု ပြောသည်။

ကျွန်တော်က ၅-ကျပ်နှင့်ဆစ်သည်။

နေမွန်းတည့်လှပြီဖြစ်၍ ကလေးငယ်က ၅-ကျပ်နှင့်ယူပါဟု ပြောသည်။

ကျွန်တော်သည် ကလေးငယ်အား ငွေ ၁၅၀-ကျပ်ကိုပေးပြီး ကဏန်းအကောင် ၃၀-ကို ပလပ်စတစ်အိတ်တလုံးဖြင့် ထည့်သည်။ မြို့သစ်စျေးအတွင်းရှိ သူငယ်ချင်းဆေးဆိုင်တွင် အရိုးတပ် ဘလိတ်ဓားတချောင်းကို ငှားသည်။ ကဏန်းထည့်ထားသော အိတ်ကို စက်ဘီးတွင်ချိတ်ပြီး မြိတ်မြို့ မြို့သစ် ဗောတံတားကြီးသို့ စက်ဘီးကို နင်းသည်။

မြိတ်မြို့ ပင်လယ်ရေပြင်သည် ဒီရေတက်ချိန်နှင့် ကြုံကြိုက်နေ၍ ပင်လယ်ရေပြင်တခုလုံး စိမ်းညိုလျက်ရှိသည်။

ကျွန်တော်သည် မြို့သစ် ဗောတံတားကြီးပေါ်တွင် အသင့်ယူလာသော ဘလိတ်ဓားဖြင့် ကဏန်းများ၏ ကိုယ်နှင့် လက်မကြီးကို ချည်နှောင်ထားသော ပလတ်စတစ်ပျော့ကြိုးကို ဖြတ်ပေးသည်။ ထို့နောက် ကဏန်းတကောင်စီ တကောင်စီကို မြိတ်ပင်လယ်ထဲသို့ ချပေးလိုက်သည်။ ကဏန်းများသည် ဘေးလွတ်ရာသို့ ကူးသွားကြသည်။

ကျွန်တော်သည် ကဏန်းများကို မြစ်ပင်လယ်ထဲသို့ လွှတ်ပေးနေစဉ် ငါးဖမ်းသင်္ဘောကြီးပေါ်မှ နိုင်ငံခြားသားများသည် သင်္ဘောပေါ်မှ ဗောတံတားသို့ ဆင်းလာကြပြီး ကျွန်တော့အား လာရောက်ဝိုင်းအုံ ကြည့်နေကြသည်။ သူတို့ မည်သို့ထင်မြင်ကြမည်ကို ကျွန်တော်မတွေးပါ။

ယနေ့သည် သေအံ့ဆဲဆဲ ကြိုးဖြင့် တုပ်ခံထားရသော ကဏန်းအကောင် ၃၀-၏ အသက်ကို ကယ်ဆယ်လိုက်ရသည့်အတွက် အလွန်ဝမ်းသာကြည်နူးသွားပါသည်။

လူ့ဘဝတနေ့တာတွင် ကုသိုလ်မရ၊ ပညာရ။ ပညာမရ၊ ဥစ္စာရ-ဟူသော ဆိုရိုးစကားအရ ကျွန်တော်သည် ကုသိုလ်ရလိုက်ပြီဖြစ်၍ ထိုကုသိုလ်အဖို့ကို အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော-ဟူ၍ အမျှပေးဝေလိုက်ပါသည်။

(ကြံတော-ဖိုးခွေး )

****************************************

ကုသိုလ်ကောင်းမှု ကောင်းကျိုးပြု

(ကုသိုလ်ကောင်းမှု ကောင်းကျိုးပြု)

မြန်မာနိုင်ငံ၌ ကုသိုလ်ကောင်းမှုရှင်များ အများအပြား ရှိကြသည်။ ယင်းတို့အနက် တနင်္သာရီတိုင်း မြိတ်မြို့ အမှတ် ၁၂-မင်္ဂလာလမ်း အလယ်ကျွန်းနယ်မြေနေ ဦးအော်-ဒေါ်မေမေသန်းတို့ ဇနီးမောင်နှံလည်း ပါဝင်သည်။ ဦးအော်သည် ၁၉၃၈-ခုနှစ် နိုဝင်ဘာလ ၂၄-ရက်နေ့တွင် မွေးဖွားသည်။ သူသည် ကုန်သည်လုပ်ငန်းဖြင့် အသက်မွေးခဲ့သည်။ တဖက်ကလည်း နိုင်ငံအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဦးအော်သည် နိုင်ငံအကျိုးဆောင်ရွက်ရာတွင် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် လုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏ လူမှုထူးချွန်ဆု (တတိယအဆင့်) ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်ခံခဲ့ရသူ ဖြစ်သည်။ သူသည် မိမိကို တာဝန်တခုပေးအပ်လာလျှင် ထိုတာဝန်ကို ရိုးသားမှန်ကန်တိကျစွာ ဆောင်ရွက်တတ်သူတဦး ဖြစ်သည်။ သာသနာရေး ဘာသာရေးများကို အလွန်ကြည်ညိုလေးစားသည်။

ဦးအော်-ဒေါ်မေမေသန်း မိသားစုသည် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ် ၂၅-သိန်းတန် လူနာတင် မော်တော်ယာဉ် တစီးကိုလည်း လှူဒါန်းခဲ့သည်။ မြိတ်တောင်နယ် နတ်မော်ဘုန်းတော်ကြီသင် မူလတန်းကျောင်း တည်ဆောက်ရာတွင်လည်း ပါဝင်ခဲ့သည်။ ကန်ဖျားနယ်မြေရှိ ကေလာသရာမ သီလရှင်စာသင်တိုက်ကိုလည်း ငွေကျပ် သိန်း ၂၀-ကျော် အကုန်ကျခံပြီး မိမိကိုယ်တိုင် ဦးစီးလျက် ဆောက်လုပ်လှူဒါန်းခဲ့သည်။ သူသည် အမှတ် (၁) အထက်တန်းကျောင်း အကျိုးတော်ဆောင်အဖွဲ့တွင် နာယကအဖြစ် ပါဝင်၍ ငွေများလည်း လှူဒါန်းခဲ့ပါသည်။

ဦးအော်-ဒေါ်မေမေသန်း မိသားစုသည် မြိတ်မြို့ တောင်သာယာဘိုးဘွားရိပ်သာတွင် ၁၉၉၈၀-ခုနှစ်၌ အဘိုး အဘွားများ စိတ်နှလုံးအေးချမ်းစွာဖြင့် ဘာဝနာတရား ပွားများအားထုတ်နိုင်ရန် စေတီတဆူကိုလည်း တည်ထား၍ လှူဒါန်းခဲ့သည်။ ထိုစေတီတော်မှာ အလျားအနံပတ်လည် ၂၉-ပေအကျယ် ဉာဏ်တော် ၃၀-ပေ အမြင့်ရှိသည်။ ပုညကုသလစေတီတော်ဟု အမည်တွင်သည်။ ထိုစေတီတော်သာ မက အရန်စေတီငယ်လေးဆူ ကိုလည်း တည်ဆောက်လှူဒါန်းသည်။ စုစုပေါင်း ငွေကျပ် ၅၅-သိန်း ကုန်ကျသည်။

ဤကုသိုလ်ကောင်းမှုတို့ အကျိုးကြောင့် ဖြစ်မည်ဟုထင်သည်။ မြိတ်မြို့တွင် လွန်ခဲ့သည့် ၂၀၀၁-ခုနှစ်က ဒုတိယအကြိမ် မီးကြီးလောင်ကျွမ်းခဲ့သည်။ ယင်းမီးကြီးသည် အလယ်ကျွန်းနယ်မှ စတင်လောင်ခဲ့ရာ မြိတ်တောင်နယ်မြေ၊ နောက်လယ်နယ်မြေရှိ ရပ်ကွက်များပါ မီးလောင်ခံရသည်။

အလယ်ကျွန်းနယ်မြေမှ စတင်လောင်ကျွမ်းလာသည့် ထိုမီးကြီးသည် ဦးအော်-ဒေါ်မေမေသန်း မိသားစု နေထိုင်ကြသည့်နေအိမ်သို့ ရောက်သောအခါ ရပ်တံ့သွားသည်။ ဦးအော်-ဒေါ်မေမေသန်းတို့ အိမ်မှာ မီးလောင်မခံရဘဲ အနောက်ဘက်ဝဲယာရှိ နေအိမ်များသာ မီးလောင်ကျွမ်းခဲ့သည်။ ဦးအော်-ဒေါ်မေမေသန်းတို့ မိသားစု နေအိမ်တလုံးတည်းသာ ကျန်ပေသည်။

ဤဖြစ်ရပ်မှာ ဦးအော်-ဒေါ်မေမေသန်းတို့ မိသားစု၏ ကုသိုလ်ကောင်းမှုအကျိုးပင် ဖြစ်မည်ဟု ယုံကြည်ယူဆပေသည်။

(တောသားလေး-ကျော်သင်း)

****************************************

ကုသိုလ်ရောင်ပြန် အကျိုး

(ကုသိုလ်ရောင်ပြန် အကျိုး )

စာရေးသူ၏ ရွာတောင်ဘက် ၂-မိုင်ခန့်ဝေးသော သနပ်ပင်ကျေးရွာတွင် ဦးအောင်+ဒေါ်လှမြိုင်တို့ မိသားစု နေထိုင်လျက်ရှိသည်။ ဦးအောင်တို့ မိသားစုသည် မိရိုးဖလာတောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြသည်။

၁၃၄၅-ခုနှစ်ပိုင်းက သနပ်ပင်ရွာ၏ အရှေ့တောင်ဘက်တွင် ပျက်စီးယိုယွင်းလျက်ရှိသော ရှေးဟောင်း စေတီတော်မြတ်ကြီးအား အိုင်ဝန်းကျောင်းဆရာတော် ဦးသံဝရ၊ ဦးသုဒဿန အမှူးပြုသော သံဃာတော်များနှင့် ကျေးရွာရှိ ဂေါပကအဖွဲ့တို့၏ ဦးဆောင်ညွှန်ကြား ကြိုးစားပြုပြင် မွမ်းမံမှုတို့ကြောင့် တနှစ်အတွင်းမှာပင် ပြည်လုံးချမ်းသာ-ဟူသော ဘွဲ့အမည်ဖြင့် သပ္ပါယ်ခန့်ညားစွာ ဖူးမြော်နိုင်ခွင့် ရရှိခဲ့ကြပေပြီ။ ယင်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကြီးကိုလည်း ဆရာတော်ဦးသုဒဿန အမှူးပြုသော ပဋ္ဌာန်းဖြစ်မြောက်ရေး ဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် ၆-ကြိမ်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

ဤသို့ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကြီးအတွက် အဖက်ဖက်မှ ပြည့်စုံအောင် ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃဝေယျာဝစ္စတို့ကို ဆောင်ရွက်ကြသော ဂေါပကအဖွဲ့တွင် ဦးအောင်တယောက် အဓိက ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဦးအောင်တယောက် ဤကဲ့သို့ ကောင်းမှုကုသိုလ်များ ဆောင်ရွက်ရာ၌ သဒ္ဓါတရား အားကောင်းသလို ဇနီးဖြစ်သူ ဒေါ်လှမြိုင်နှင့် သားသမီးများ ဖြစ်ကြသော ကိုကျော်မြင့်+မရှမ်းမ၊ မသန်းဋ္ဌေး၊ မသန်းမွှေး၊ မသန်းထွေး၊ မအေးဆင့်၊ မောင်ဝင်းနိုင် (ခ) မောင်နီတွတ်တို့ကလည်း စေတနာတရား အားကောင်းကြပါသည်။

ဦးအောင်တို့ မိသားစုအားလုံး ကောင်းမှုပြု၍ ကောင်းကျိုးတရားများ ထင်ရှားဖြစ်ပေါ်လာသည်ဟု ဆိုရပေမည်။ အချိန်ကား ၁၃၅၀-ပြည့်နှစ် ပြာသိုလ်လပြည့်ကျော် ၁၂-ရက်၊ ည ၂-နာရီအချိန်တွင် ဇနီးဖြစ်သူ ဒေါ်လှမြိုင်ကို အသက် ၈၀-ကျော်ခန့်ရှိသော ယောဂီသူတော်စင် အဖွားကြီးက-ငါ့မြေး ဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပါ။ မုန့်လက်ကောက်(ခေါ်) မုန့်ကြော်ဖြင့် လှူဒါန်းပြီး အမျှပေးဝေပါ။

အိမ်ဝိုင်းအတွင်း သန့်ရှင်းအောင် တံမြက်စည်းလှည်းပါ၊ ဟု ထူးခြားသောအိပ်မက်ကို ပေးသွားပါသည်။

ထိုအိပ်မက်အတိုင်း ပြုလုပ်ရာ ၁၃-ရက်နေ့ နံနက် ၁၀-နာရီအချိန်၌ အိမ်၏အရှေ့တောင်ထောင့်ရှိ ထန်းပင်ခြေမှ မိဘဘိုးဘွားများ မြှုပ်ထားခဲ့သော ကာလငွေ ခုနစ်သောင်းကျော်တန် ငွေဒင်္ဂါးအိုးကို တံမြက်စည်းဖြင့် လှည်းခတ်မိ၍ တွေ့ရှိခဲ့ပါသည်။

ဦးအောင်တို့မိသားစုသည် ကံ ကံ၏အကျိ်ူးတရားကို ယုံကြည်လက်ခံထားကြသော ဗုဒ္ဓဘာသာဝင် မိသားစုဖြစ်ကြသည့်အတိုင်း ယခင်ကလဲ တို့မိသားစု ကောင်းမှုတွေ ပြုခဲ့ကြလို့ ယခုလို ကောင်းကျိုး ရရှိခဲ့တာ ဖြစ်တယ်။ နောင်ဘဝတွေလဲ ကောင်းကျိုးတွေ အဆက်မပြတ်ရရှိအောင် ယခုတွေ့ရှိသော ငွေဒင်္ဂါးများကို ရောင်းချြုပီး မိသားစု စားဝတ်နေရေးအတွက် တချို့တဝက်ကို အရင်းအနှီးပြုမယ်၊ ကျန်တာအားလုံးကို ကောင်းမှုကုသိုလ်များ ပြုလုပ် လှူဒါန်းမယ်-ဟူ၍ စိတ်တူ သဘောတူ ဆုံးဖြတ်ကာ ဝမ်းသာပျော်ရွှင် နေကြပါတော့သည်။

(ဦးသောဘိတ-ယာတောကြီး )

****************************************

ကျန်းမာ၍ ချမ်းသာလိုပါလျှင်

(ကျန်းမာ၍ ချမ်းသာလိုပါလျှင် )

စာရေးသူ လက်ရှိနေထိုင်ရာ ဝဲလောင်ရွာ၏ ရွာဦးပိုင်းတွင် ဦးဉာဏ်ထွန်း+ဒေါ်တင်ရီတို့ ဇနီးမောင်နှံ နေထိုင်ကြသည်၊ သူတို့တွင် အသက် ၂၅-နှစ်ခန့်အရွယ် မခင်စန်းဦး ဆိုသည့် သမီးကလေးတဦးသာရှိပါသည်။

ဦးဉာဏ်ထွန်းသည် အငှါးဒရိုင်ဘာ လုပ်ခြင်းဖြင့် ဦးဆောင်ရှာဖွေခဲ့သည်၊ ဇနီးဖြစ်သူ ဒေါ်တင်ရီလည်း အလကားမနေဘဲ စျေးတောင်း ခေါင်းပေါ်ရွက်ကာ တဖက်တလမ်းမှ ပါဝင်လုပ်ကိုင်ခဲ့သည်။

ဤသို့ မောင်တထမ်း မယ်တရွက် အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်း၊ ချွေတာစုဆောင်းခြင်း စားအိုးငယ်ခြင်းတို့ကြောင့် သူတို့ စီးပွားရေးမှာ ထူးကဲစွာ တက်လာခဲ့ပါသည်။

သို့သော် ထိုအချိန်က သူတို့နှစ်ဦးစလုံး ဒါနမှု၊ သီလမှုနှင့် ဘာဝနာမှုတို့အပေါ် မေ့လျော့ခဲ့ကြသည်၊

ကျန်းမာမှ ချမ်းသာမည်-ဟု ဆို၍ ကျန်းမာရေးကိုသာ အထူးဂရုပြု နေထိုင်ခဲ့ကြသည်။

ဤသို့ နေလာသည့်ကြားမှ တနေ့တွင် ဦးဉာဏ်ထွန်းသည် အသည်းရောင်အသားဝါ ရောဂါ ပြင်းထန်စွာ စွဲကပ်လာခဲ့သည်၊ နီးစပ်ရာ ဆရာဝန်ကြီးများ၊ မြန်မာသမားတော်ကြီးများနှင့် အမျိုးမျိုး ကုသခဲ့သော်လည်း မသက်သာ ဖြစ်နေသည်၊ ထိုအခါ ဇနီးဖြစ်သူ ဒေါ်တင်ရီသည် ကြံရာမရသည့်အဆုံး ခင်ပွန်းဖြစ်သူ၏ ဇာတာကို ဗေဒင်ဆရာကြီးတဦးထံ ပြသစစ်ဆေးကြည့်ခဲ့သည်၊ ဆရာကြီးက ရှားမီးကိန်းကျနေသည်ဆို၍ ယတြာချေသည့်အနေဖြင့် ဘုရားကိုးဆူ ဆွမ်းကပ်စေပါသည်။

ဇနီးဖြစ်သူ ဒေါ်တင်ရီသည် ချက်ချင်းပင် ခင်ပွန်းဖြစ်သူအတွက် ဘုရားကိုးဆူ ဆွမ်းကပ်ခဲ့သည်၊ ဆွမ်းကျွေးပြီး မကြာမီပင် ဦးဉာဏ်ထွန်း၏ ရောဂါဝေဒနာမှာ အံ့ဩဖွယ်ရာ ပျောက်ကင်းသွားခဲ့သည်။

ထိုအချိန်မှစ၍ သူတို့နှစ်ဦးစလုံး ဘုရားရှင်ဂုဏ်ကျေးဇူးကို ကောင်းစွာသိရှိလာခဲ့သည်၊ ရတနာသုံးပါးကို အားထားယုံကြည်သည့်စိတ်ဖြင့် ညစဉ် ဘုရားရှိခိုးခြင်း၊ နေ့စဉ် ဆွမ်းအိုးတည်ခြင်း၊ ဥပုသ်နေ့တိုင်း သီလစောင့်ထိန်းခြင်းနှင့် စခန်းရက်များတွင် တရားထိုင်ခြင်းတို့ကိုပါ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ၁၃၄၀-ခုနှစ် တပေါင်းလပြည့်ကျော် ၇-၈-ရက်များတွင် သူတို့၏ နှစ်ဖက်ရှိ တူကလေးများကို သာသနာ့ အမွေခံယူပေးခဲ့သည်၊ ၁၃၄၄-ခုနှစ် နတ်တော်လပြည့်ကျော် ၈-ရက်နေ့နံနက်တွင် တောင်သာမြို့ တိုက်သစ်ကျောင်းတွင် သီတင်းသုံး နေထိုင်လျက်ရှိသော သာမဏေ ရှင်ကောသိယအား ရဟန်းဘောင်သို့ သွတ်သွင်းချီးမြှောက်ခဲ့ပါသည်။

ထို့နောက် ၁၃၅၄-ခုနှစ် ဝါခေါင်လပြည့်ကျော် ၈-ရက်နေ့တွင် ရွာဦးရှိ ပြည်လုံးချမ်းသာ စေတီတော်ကြီးအား ထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ထုံးသင်္ကန်းတော်တို့ကို အသစ်တဖန် လှူဒါန်းပူဇော်ခဲ့ကြသည်။

ထိုစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၈-ရက်နေ့ရောက်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပင့်သံဃာတော်ပေါင်း ၄၀-ခန့်ရှိသည်၊ ထိုသံဃာတော်အရှင်သူမြတ်တို့အား ၁၃၃၀-ခုနှစ်မှစ၍ သူတို့တဦးတည်း ဆက်တိုက် ဆွမ်းကျွေးလာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၂၅-နှစ်ရှိပြီဖြစ်ပါသည်။

ဤသို့ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းလာခဲ့သည့်အချိန်မှစ၍ သူတို့၏ ကျန်းမာရေးမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်၊ စီးပွားရေးမှာလည်း ကိုယ်ပိုင် ကုန်တင်ကားကြီးတစီး ပိုင်ဆိုင်လာခဲ့သည်၊ ဦးဉာဏ်ထွန်းသည် ကိုယ်ပိုင်ကားကြီးကို ကိုယ်တိုင် မောင်းနှင်လျက် ဇနီးဖြစ်သူ ဒေါ်တင်ရီမှာ အိမ်တွင် ထန်းလျက်ပွဲရုံဖွင့်၍ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားနေသည်၊ အားကျစရာပင် ဖြစ်ပါသည်။

ထို့ကြောင့် မြတ်မင်္ဂလာ စာဖတ်ပရိသတ်များ ယခုဘဝမှာပင် ကျန်းမာ၍ ချမ်းသာလိုပါလျှင် ဦးဉာဏ်ထွန်း ဒေါ်တင်ရီတို့ ဇနီးမောင်နှံကို နမူနာယူ၍ ဒါနမှု သီလမှု ဘာဝနာမှုတို့ကို မနှေးအမြန် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြစေရန် မေတ္တာရှေ့ထား ရေးသားဖော်ပြအပ်ပါသည်။

(ခင်မောင်တင်-ဝဲလောင် )

****************************************

ကျမ်းစူးသူ

(ကျမ်းစူးသူ)

ကျေးရွာတွင် အလွန်ကြွယ်ဝချမ်းသာသော ဦးခင်မောင်၊ ဒေါ်ငွေစိန်တို့ ဇနီးမောင်နှံနှစ်ဦး ရှိလေသည်။ သူတို့ဇနီးမောင်နှံသည် ငွေတိုးပေးခြင်း၊ ပစ္စည်းအပေါင်ခံခြင်း စသော အလုပ်များကို လုပ်ကိုင်သည်။ ငွေတိုးပေးရာတွင်လည်း အတိုးကို အဆမတန် တောင်းလေ့ရှိသည်။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော်လည်း ပေးကမ်းလှူဒါန်းခြင်း အလျဉ်းမရှိပါ။

တနေ့တွင် ငွေကြေးမပြေလည်သူတဦးက ရွှေထည်ပစ္စည်းတခုကို သူတို့ထံ လာရောက်ပေါင်နှံလေ၏၊ ထိုရွှေထည်ပစ္စည်းမှာ အရည်အသွေးကောင်းသောကြောင့် ဒေါ်ငွေစိန်တယောက် လောဘရမ္မက် တက်လေသည်။ ပေါင်နှံသူက မိမိတို့ငွေကြေး ပြေလည်ပါက ပြန်၍ လာရွေးယူမည်ဖြစ်ကြောင်း ဒေါ်ငွေစိန်ကို ပြော၏၊

တပတ်ခန့်ကြာသောအခါ ပေါင်နှံသူက ငွေကြေးအဆင်ပြေ၍ ရွေးယူသောအခါ ရှင်တို့ပစ္စည်းကို ဘယ်တုန်းက လာပေါင်တာတုန်း၊ အို ရှုပ်ရှုပ်ယှက်ယှက် ရှင်တို့ပစ္စည်းကို မြင်တောင်မမြင်ဖူးဘူး-ဟု ခါးခါးသီးသီး ငြင်းဆိုလေသည်။

နောက်ဆုံးတွင် ပေါင်နှံသူက ဒါဆိုရင် ရှင်ကျမ်းကျိန်မလား-ဟု ပြော၏၊ ဒေါ်ငွေစိန်က ကျိန်မယ်-ဟု ပြော၏၊ သူတပါးပစ္စည်းကို မတရားယူလိုသော ဒေါ်ငွေစိန်တယောက် လောဘရမ္မက်ဖြင့် မမှန်မကန် ကျမ်းကျိန်သစ္စာ ဆိုလေသည်။

ကျမ်းကျိန်သစ္စာဆိုပြီး တလခန့်အကြာ ညဉ့်နက်ပိုင်းအချိန်တွင် ဒေါ်ငွေစိန်တို့အိမ်ကို မီးလောင်လေသည်။ သူတပါးဆီမှ မတရားအတိုးယူထားသော ပိုက်ဆံများ၊ ကျမ်းကျိန်သစ္စာဆိုပြီး ယူထားသော ရွှေထည်ပစ္စည်းများ၊ ရှိသမျှပစ္စည်းအကုန်လုံး မီးလောင်သည့်အထဲသို့ ပါသွားလေသည်။

သူတပါးပစ္စည်းကို မတရားလိုချင်သော ဝိသမလောဘရမ္မက်သည် ဒေါ်ငွေစိန်တယောက်ကို ကောင်းကောင်းကြီး အကျိုးပေးလေ၏၊ မတော်လောဘနှင့် မုသားစကားသည် အလွန်ကြေက်မယ်ဖွယ် ကောင်းလေသည်။

ကြည်ကြည်အေး

****************************************

ကျွန်မ၏ အသက်ကယ် နေ-လ ဘုရား

(ကျွန်မ၏ အသက်ကယ် နေ-လ ဘုရား )

ကျွန်မသည် ရန်ကုန်တက္ကသိုလ်မှ ဆရာမတဦးဖြစ်ပါသည်၊ ဇာတိမှာ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှဖြစ်သည်၊ ဖေဖေသည် ဆောက်လုပ်ရေး အင်ဂျင်နီယာဖြစ်၍ အမြို့မြို့အနယ်နယ်သို့ လှည့်လည်တာဝန်ထမ်းဆောင်ရင်း ဟင်္သာတမြို့တွင် အခြေချခဲ့သည်၊ သမီးဖြစ်သူ ကျွန်မမှာမူ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နေပါသည်။

ကျွန်မသည် (ဥပုသ်နေ့) တနေ့တွင် ပဋ္ဌာန်းကျောင်း၌ သီလဆောက်တည်ရန် သွားခဲ့သည်၊ ဆရာတော်သီလပေးရန် အချိန်လိုနေသေးသည်၊ သီလခံယူမည့် လူအများစုမှာ ပညာရေး အသိုင်းအဝိုင်းမှ မိသားစုများဖြစ်ကြသည်၊ သီလယူရန် အချိန်လိုနေသောကြောင့် ကြုံရာဆုံရာ စကားများ ပြောနေကြရာမှ ဆရာတဦးက ဘတ်(စ်)ထဲမှ လူနှစ်ဦးပြောခဲ့ကြသော အဓိဋ္ဌာန်အကြောင်းကို အောက်ပါအတိုင်း ပြောခဲ့သည်။

အမျိုးသားကြီးတဦးက ဒေါ်အေးရဲ့အိမ် ရောင်းပြီးပြီလား-ဟု မေးရာ ဒေါ်အေးဆိုသူ အမျိုးသမီးက တသိန်းပိုရလို့ ရောင်းလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ စနေထောင့်မှာ ရှိနေတဲ့ နေ-လ ဘုရားရှေ့မှာ ငါးပါးသီလခံယူပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ တလုံးချ။

ပုတီး တနေ့ ၉-ပတ်၊ ဆက်တိုက် ၉-ရက်စိပ်ရင်း သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ပြုခဲ့လို့ပါပဲ-ဟု ဆို၏၊

ကျွန်မလည်း ထိုစကားကိုကြားရသောအခါ အလွန်စိတ်ဝင်စားမိသည်၊ ထို့ကြောင့် ဥပုသ်ယူပြီး နောက်တနေ့တွင် ဤအဓိဋ္ဌာန်ကို ပြုခဲ့ပါသည်၊ အချိန် နေ့-ည မကန့်သတ်ပါ။ ဟင်္သာတတွင် နေထိုင်နေသော ကျွန်မ၏ညီမ အလတ်သည် ရန်ကုန်သို့ တလလျှင်တကြိမ် ဆိုသလို ရောက်လာတတ်ပါသည်၊ ယခုလည်း ရောက်လာပြီး နောက်တနေ့တွင် ဟင်္သာတသို့ပြန်မည် ဖြစ်ပါသည်၊ အင်းစိန်ဘူတာမှ သာရဝေါသို့ ရထားစီးရသည်။

ကျွန်မသည် ညီမကို ဘူတာလိုက်ပို့ရန် ကျွန်မနေထိုင်သော တက္ကသိုလ်ဝင်းမှ အင်းစိန်ဘူတာသို့ နံနက် ၅-နာရီတွင်ထွက်ပါမှ ရထားမီမည် ဖြစ်ပါသည်၊ နံနက် ဘူတာဆင်းရမည်ကို စိတ်စော၍၄င်း၊ ကျွန်မ၏ ကိုယ်ရေးကိုယ်တာ အဆင်မပြေစရာ စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာတခုကို ကြုံခဲ့ရ၍၄င်း၊ ညက ကျွန်မကောင်းစွာ မအိပ်နိုင်ခဲ့ပါ။ မွေးရာပါ နှလုံးအားနည်းရောဂါနှင့် ညက ကောင်းစွာ မအိပ်ခဲ့မိခြင်းတို့ကြောင့် နံနက်ဘူတာဆင်းချိန်တွင် ကျွန်မမှာ လန်းဆန်းခြင်း မရှိပါ။

အင်းစိတ်ဘူတာသို့ ပုံမှန် သာရဝေါရထား ဝင်လာချိန် နံနက် ၆-၂၀ နာရီတွင် ညီမကို ရထားပေါ်သို့ တင်ပေးလိုက်သည်၊ မကြာမီ ရထားထွက်သွားပါသည်၊ ထိုအချိန်တွင် အင်းစိန်ဘူတာသို့ မြို့ပတ်ရထား လာနေပါပြီ။

စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များမှ ကျယ်လောင်သော ကက်ဆက်သံများကို ကြားနေရပါသည်၊ ညက ကောင်းစွာမအိပ်ခဲ့မိသောကြောင့် တကြောင်း၊ နှလုံးရောဂါဒဏ်ကြောင့်တကြောင်း ကျွန်မမှာ ငေးငိုက်လျက် ရထားသံလမ်းပေါ် ကျောခိုင်းရပ်ပြီး ဆူသံများကြောင့် မြို့ပတ်ရထားလာသံကို လုံးဝ မကြားခဲ့မိပါ၊

ထိုစဉ် တခါမှမမြင်ဖူးသော လူငယ်တယောက်သည် ရထားလမ်းဘေးရှိ လူသွားစင်္ကြံပေါ်သို့ ကျွန်မအား လျင်မြန်စွာ အတင်းမယူပြီး တင်ပေးလိုက်ပါသည်၊ ဤအဖြစ်အပျက်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ခဲ့ပါသည်၊ ကျွန်မသည် ခေတ္တ သတိမေ့သွားပါသည်၊ သတိပြန်ရလာချိန်တွင်တော့ ကျွန်မအား အံ့ဩစွာဖြင့် ငေးကြည့်နေကြသော ခရီးသွားများ စျေးသည်များ မီးရထားဝန်ထမ်းများကို တွေ့ရပါသည်၊ ကျွန်မအား ကယ်တင်ခဲ့သော သူငယ်လေးကိုမူ မတွေ့ရတော့ပါ၊ ကျွန်မ၏ အဖြစ်အပျက်မှာ မတွေးဝံ့စရာ၊ သွေးအေးအေးနှင့် ပြန်လည်ဆန်းစစ်ကြည့်သောအခါ နေ-လ ဘုရားတွင် ၉-ရက် အဓိဋ္ဌာန်ဝင်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ယခုကဲ့သို့ ကျွန်မပြန်လည်အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆရပါသည်။

(မေစပယ်ပွင့် )

****************************************

ကျွန်တော်နဲ့ အသည်းကင်ဆာရောဂါ

(ကျွန်တော်နဲ့ အသည်းကင်ဆာရောဂါ)

၂၀၀၆-ခုနှစ် အောက်တိုဘာလထုတ် မြတ်မင်္ဂလာစာစောင် အတွဲ-၂၂၊ အမှတ်-၄-တွင် ဆောင်းပါးရှင် ကျော်လှသန်းဦး-ကင်ဆာဝေဒနာရှင်၏ စေတနာ ခေါင်းစဉ်ဖြင့် အင်္ဂလန်နိုင်ငံ လိ(ဒ်စ်)ရော့ဝဲမြို့မှ မစ္စစ် ဂျိန်းတွင်လင်ဆန်း (Jane Tom Linson) ဆိုသူ အမျိုးသမီးအကြောင်း ဖတ်ရသည်။

ဂျိန်းသည် အံ့ချီးဖွယ်အမျိုးသမီးဖြစ်သည်။ လွန်ခဲ့သော ၆-နှစ်ကျော်က ရင်သားကင်ဆာရောဂါ ပြင်းထန်စွာ ဖြစ်ပွားသဖြင့် ဆရာဝန်ကြီးများက ၆-လသာ အသက်ရှင်နိုင်သည်ဟု မှတ်ချက်ပြုထားသည်။ သို့ရာတွင် သူမ စိတ်ဓာတ်မကျ။ ခွဲစိတ်မှု ခံယူဆဲကာလမှာပင် ပရဟိတလုပ်ငန်းများအတွက် ရန်ပုံငွေ ရှာဖွေရေးအဖွဲ့တွင် ပါဝင်သည်။ သူမ၏ ကောင်းမှု စိတ်ဓာတ်အားမာန်၊ ဆရာဝန်ကြီးများ၏ ကုသပေးမှု ဆေးစွမ်းအားကြောင့် ယခုတိုင် အသက်ရှင်နေ၏၊ အာဖရိကတလွှား မိုင် ၄၂၀၀-စက်ဘီးစီး ရန်ပုံငွေရှာရေး ခရီးဆက်မည်ဖြစ်သည်။ ရောဂါဖြစ်၍ ကုသဆဲကာလမှာပင် မိုင် ၂၅၀၀-စက်ဘီစီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏၊ သူမ၏ စေတနာနှင့် ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့် ဗြိတိန်ဘုရင်မကြီးက ၂၀၀၃-ခုနှစ်တွင် (BME) ဘွဲ့ ချီးမြှင့်ခဲ့သည်။ အိုလံပစ် အထူးချွန်ဆုံးဆုကိုလည်း ပူးတွဲရခဲ့ကြောင်းများပါ ဖတ်ရှုခဲ့ရသည်။

ယင်းဆောင်းပါးဖတ်ပြီး မိမိစာရေးသူ တင်ပြလိုသည်မှာ မိမိကိုယ်တိုင် အသည်းကင်ဆာရောဂါ ဖြစ်ပွားခဲ့သည်။ နိုင်ငံခြားသွားရောက် ကုသရန် ငွေမရှိပါ။ မြန်မာနိုင်ငံမှာပင် မြန်မာဆရာဝန်ကြီးများ ကုသပေးမှုကို ခံယူ၍ အသက်ရှင်နေပါသည်။ ဤဆောင်းပါးဖြင့် ဆရာဝန်ကြီးများ၏ ကျေးဇူးကိုလည်း ဆပ်လို၍ တင်ပြပါသည်။ အသည်း၊ အဆုတ်၊ ရင်သား စသည့် ကင်ဆာရောဂါနှင့် အခြားသောရောဂါများ ဖြစ်ပွား၍ အဆိုးလောကဓံ တရားနှင့် ရင်ဆိုင်ရပြီဆိုလျှင် ကြံ့ကြံ့ခိုင် စိတ်ထားဖြင့် အချည်းနှီးသေရခြင်းမျိုး မဖြစ်ရလေအောင် ပြုဖွယ်ကိစ္စမှန်သမျှ ပြုလုပ်ပါ။ စနစ်တကျ ကုသမှု ခံယူကြပါ။ သေမင်းနှင့် ရင်ဆိုင် အနိုင်တိုက်ခိုက်နိုင်ရေး အတွက် သမထဘာဝနာ-မှ ဝိပဿနာဘာဝနာ-သို့ တက်လှမ်း၍ တရားအားထုတ်ကြပါ။ မဟာကုသိုလ်ထူး မဟာသရဏဂုံတော်ကြီးကိုလည်း ပူဇော်ကြပါဟူ၍ တိုက်တွန်းလိုပါသည်။ ကျွန်တော်၏ ဖြစ်ရပ်မှန်ကိုလည်း တင်ပြအပ်ပါသည်။

ကျွန်တော်သည် ၆-၉-၉၆ နေ့မှစ၍ လယ်တီမဟာသရဏဂုံတော်ကြီး ပါဠိရွတ်ဆိုမှုကို တနေ့တကြိမ် မှန်မှန်ပူဇော်ခဲ့သည်။ ပါဠိစာပေများ၏ အနက်အဓိပ္ပါယ်များကိုလည်း နားလည်အောင် ဖတ်ရှုဆင်ခြင်ခဲ့သည်။ ၃-နှစ်အကြာ ၁၃-၄-၉၉ နေ့တွင် အပြင်းအထန် လေအောင့်သည်။ ရန်ကုန်ဆေးရုံကြီးသို့ တက်သည်။ ပါမောက္ခ ဒေါက်တာဦးကြည်စိုး စစ်ဆေးရာ အသည်းအနာဖြစ်နေသည်။ ခွဲစိတ်မှုမပြုလျှင် ၆-လသာ အသက်ရှင်နိုင်ကြောင်း သိရသည်။

၃-၅-၉၉ နေ့တွင် ရန်ကုန်ဆေးရုံကြီးမှာပင် ပါမောက္ခ ဒေါက်တာဦးရဲဖြင့်၊ ဒေါက်တာ ဦးမင်းသူ၊ ဒေါက်တာ ဒေါ်သီတာအောင်နှင့် ဒေါက်တာ ဒေါ်အိန္ဒြာကျော်တို့အဖွဲ့က အသည်းကို သုံးပုံတပုံ ဖြတ်တောက်ကုသသည်။ ဓာတ်ခွဲခန်းအဖြေအရ အသည်းကင်ဆာ ဖြစ်နေသည်။ ၁၂-၅-၉၉ နေ့တွင် ကင်ဆာဓာတ်ရောင်ခြည်ဌာန၊ တွဲဘက်ပါမောက္ခ ဒေါက်တာဦးစိုးအောင်နှင့်ပြပြီး ကင်ဆာဌာန လူနာမှတ်ပုံတင် ၉၄၄/၉၉ ဖြင့် ဆက်လက်ကုသည်သည်။ ဆေးရုံတွင် ကင်ဆာဆေးသွင်း၊ အိမ်တွင်လည်း ဒေါက်တာ ဦးသန်းဝင်းညွန့်နှင့် ဒေါက်တာ ဦးသောင်းဝင်းတို့ ဆေးသွင်းသည်။ ကင်ဆာဆေးများကို ၁၉၉၉-နှစ်ကုန်အထိ စားသည်။ သံဃာ့ဆေးရုံအုပ် ဒေါက်တာ ဦးခင်မောင်အေး၊ ဒေါက်တာ ဦးစောကျော်အောင်၊ ဒေါက်တာ ဦးတင့်ဇော်တို့ (UI-trasound) အကြိမ်ကြိမ်ရိုက်၍ စစ်ဆေးသည်။ ဒေါက်တာ ဦးစိုးအောင်ထံ အကြိမ်ကြိမ်ပြ၍ ကုသမှုခံယူခဲ့ပါသည်။ ကျွန်တော်သည် မြန်မာပြည်က ဆရာဝန်ကြီးများ ညွှန်ကြားသည့်အတိုင်း လိုက်နာ၍ စနစ်တကျ ကုသမှုခံယူရင်း လယ်တီမဟာသရဏဂုံတော်ကြီးကို ယုံကြည်စွာ ရွတ်ဆိုခဲ့ပါသည်။

ကုသမှုခံယူနေစဉ်ကာလတွင် ကျွန်တော်သည်-

သေမင်းနှင့် အကြိမ်ကြိမ် စစ်ခင်းခဲ့ရ၏၊ နေ့စဉ်ပူဇော်မြဲ မဟာသရဏဂုံတော်ကြီး မပျက်မကွက် ပူဇော်နှလုံးသွင်းနေခဲ့၏၊ ယခုအခါ ပူဇော်ခြင်း ၁၀-နှစ်ပြည့်ခဲ့ပြီ။ ကံ-စိတ်-ဥတု-အာဟာရ မျှတအောင် နေထိုင်ခဲ့သည်။

၂၀၀၂-ခုနှစ်မှစ၍ နံနက်တိုင်း ၁-နာရီခန့် မှန်မှန် လမ်းလျှောက်နေသည်။ ဓုတင်ဆောင်မထေရ်ကြီး နဘူးကင်းတောရ ဆရာတော်ဘုရားကြီးရေးသည့် ကျမ်းစာများကို ၉-ကြိမ်၊ ဆေးရုံတက်စဉ် အိမ်မှာ ဆေးကုသခံယူနေစဉ် ဇွဲမလျှော့ဆက်တိုက် ရိုက်နှိပ်ထုတ်ဝေ ကံသစ်ထူ ကုသိုလ်ယူ ဦးဆောင်ခဲ့ပါသည်။

မဟာသရဏဂုံ ဆေးတော်ကြီးသည် ကင်ဆာရောဂါမျှသာမဟုတ် ရောဂါမှန်သမျှနှင့် ဘေးဆိုးကြီးများပါ ပျောက်ကင်းချမ်းသာစေပါသည်။

၂၀၀၆-ခုနှစ်အထိ ရောဂါရှင် ကျွန်တော်သည် ၈-နှစ်ကြာ အသက်ရှင်ဆဲပင်။ မဟာသရဏဂုံကို နေ့စဉ်ပူဇော်၍ နဘူးကျင်းတောရဆရာတော် ဘုရားကြီး၏ နှစ် ၄၀-ကျော် ဓုတင်ဆောင် ခရီးမှတ်တမ်းကြီးကို ရေးသားလျက် ရှိနေပါသည်။

လယ်တီမဟာသရဏဂုံတော်ကြီး ပါဠိရွတ်ဖတ် ပူဇော်လိုကြကုန်သော သူတော်ကောင်းများအနေဖြင့် အသံထွက်မှန်ကန်စေရေန် အသံသွင်းထားသော တိပ်ခွေနှင့် မိမိပြုစုထားသော မဟာသရဏဂုံတော်ကြီး ပူဇော်ခြင်း မြန်မာပြန်အနှစ်ချုပ်-စာစုကို စာပေစိစစ်ရေးဌာနမှ ပုံနှိပ်ခွင့်ရပြီး ဖြစ်ပါ၍ ထုတ်ဝေရန် စီစဉ်နေပါသည်။ ထိုကာလအတွင်း ကူးယူလိုပါက ကျွန်တော့ထံမှ ကူးယူနိုင်ပါကြောင်းကိုလည်း အသိပေးတင်ပြအပ်ပါသည်။

သိမ်းဆောင် (ရမည်းသင်း)

ကင်ဆာဌာန လူနာမှတ်ပုံတင်အမှတ် ၉၄၄/၉၉

****************************************

စွမ်းအားကြီးမားလှ မဟာသမယ

(စွမ်းအားကြီးမားလှ မဟာသမယ)

စာရေးသူသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူသည့် မဟာသမယသုတ်တော်၏ အစွမ်းသတ္တိကြီးမားပုံကို စာစောင်များ၊ မဂ္ဂဇင်းများ၌ ဖတ်ဖူး၊ ကြားဖူးပါသည်။ သို့သော်လည်း မကျက်မှတ်၊ မမှတ်သားခဲ့ပါ။ ဤသို့ရှိရာမှ ၁၃၆၈-ခုနှစ် တပေါင်းလဆန်း ၁၄-ရက်နေ့တွင် စတင်ကျက်မှတ်ခဲ့ပါသည်။ စာရေးသူ၏ရည်ရွယ်ချက်မှာ နောက်တနေ့ဖြစ်သော တပေါင်းလပြည့်နေ့မှသာ ကျက်မှတ်ရန် ဖြစ်သည်။ သို့သော် မိမိ၏စိတ်ထဲတွင် ယနေ့တွင်ပင် ကျက်မှတ်ရန် စိတ်ထက်သန်နေသောကြောင့် ည၌ပင် စတင်ကျက်မှတ် လိုက်သည်။

ထိုအချိန်မှစ၍ မဟာသမယသုတ်တော်၏ အစွမ်းသတ္တိက စာရေးသူကို အကျိုးပြုပါတော့သည်။

အကြောင်းမှာ တပေါင်းလပြည့်နေ့ နံနက် ၉-နာရီခန့်တွင် ဆွမ်းခံကြွသည့်အခါ စမ်းချောင်းရပ်ကွက်၊ ၁-လမ်းသို့ ရောက်ရှိသည်။ ထိုအချိန်တွင် အုန်းသီးခူးသော လူတယောက်၏ ပစ်ချလိုက်သော အုန်းသီးစိမ်းတလုံးသည် စာရေးသူ၏ နောက်ကျောဘက်အနီးသို့ ကျလာ၏၊ သီသီလေးပင် ဘေးရန်မှ ကင်းလွတ်ခဲ့ပါသည်။ တိုက်ဆိုင်စွာပင် စာရေးသူလည်း မဟာသမယသုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်နေချိန် ဖြစ်ပါသည်။

နောက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ အုန်းသီးမှာ ဘေးသို့ရွှေ့လျက် လိမ့်ဆင်းလျက် နေပေသည်။ စာရေးသူ အံ့ဩမိသွားသည်။ အကယ်၍သာ စာရေးသူသည် မနေ့ညကစ၍ မဟာသမယသုတ်တော်ကြီးကို မကျက်မှတ်ခဲ့ပါလျှင် ထိုနေရာတွင်ပင် ပွဲချင်းပြီး အသက်ထွက်သွားနိုင်ပေသည်။ မဟာသမယသုတ်တော်ကြီး၏ အစွမ်းကား အံ့မခန်းပင် ဖြစ်ပါတော့သည်။

ခေမာဦး (သဖန်းမြေ)

****************************************

စိတ်ထားမြတ်၍ ကြိုးစားသူ

(စိတ်ထားမြတ်၍ ကြိုးစားသူ )

ကျွန်မတွင် သား ၅-ယောက်ရှိပါသည်၊ ဖခင်လုပ်သူက အစိုးရဝန်ထမ်းအရာရှိ တယောက်ဖြစ်ပါသည်၊ ကျွန်မကတော့ ၁၀-တန်းကို ခ-အဆင့်နှင့်အောင်ပြီး အိမ်ထောင်ကျကာ ပညာရေးကို လမ်းစ ပြတ်ခဲ့ပါသည်၊

သား ၄-ယောက်မှာ အဖေနှင့်တူ၍ ဉာဏ်ရည်ထက်ကြပါသည်၊ ဒုတိယ သားကတော့ အမေနှင့်တူ၍ အခြားညီအကိုတွေလောက် ဉာဏ်ရည်မထက်ပါ။

သို့သော် ဒုတိယသားက ဇွဲရှိသည်၊ စိတ်ကောင်းရှိသည်၊ တိရစ္ဆာန်လေးများကို သနားတတ်သည်၊ မိဘကို ညှာသည်၊ ပညာကို လိုလိုချင်ချင် ကြိုးစားသည်၊ ၁၀-တန်းဖြေထား၍ ကျောင်းအားနေသည့်အခါ မိဘအလုပ်ကို မညည်းမညူ ဒိုင်ခံ၍လုပ်ပေးပါသည်၊ အမေနှင့် သား ဆိုတော့ ဘာမှပြဿနာ မရှိခဲ့ပါ။

အဖေနှင့်သားကတော့ အနည်းအကျဉ်း ပြဿနာရှိတတ်သည်၊

စက်တင်္ဘာလ ၂-ရက်နေ့ကျတော့ ၁၀-တန်းအောင်စာရင်းတွေ ထွက်လာပါသည်၊ ကျွန်မသားလေး ၁၀-တန်းကို က-အဆင့်မှ အောင်လာပါသည်၊ အောင်စာရင်းထွက်ပြီးမှ သားလေးက ၁၀-တန်းဖြေပြီးကတည်းက သူ၏လုပ်ဆောင်ချက်တွေကို ကျွန်မအား ဖွင့်ပြောပါတော့သည်၊

သား ၁၀-တန်းဖြေပြီးကတည်းက ညတိုင်း ဘုရားမှာ ဂုဏ်တော် ၉-ပါး ပုတီးစိပ်တယ်၊ ဉာဏ်ပညာထက်မြက်စေရန် ရည်ရွယ်ပြီး ၁၀-တန်းအောင်လျှင် မြတ်စွာဘုရားအား ရောင်စုံမီးသီးဝယ်ပြီး လှူမည်-ဟု ဓိဋ္ဌာန်ထားပါတယ်၊ မိဘနှစ်ပါးရဲ့ဝတ္တရားများကိုလည်း တတ်နိုင်သလောက် လုူပ်ဆောင်ပါမယ်-ဟု သစ္စာဆိုကာ ညစဉ်ညတိုင်း ၁၀-တန်းကို က-အဆင့်မှအောင်ရန် ဆုတောင်းခဲ့ကြောင်း ပြောပါသည်။

သားပြောပြမှ သား ၁၀-တန်းအောင်ခဲ့သည်မှာ ဉာဏ်ရည်မထက်လှသော်လည်း

ကြိုးစားမှု ဝီရိယအကျိုးအပြင် သားလေး၏ လုပ်ဆောင်ချက် ကောင်းမှုကံပါ ပါလာသည်ဟု ကျွန်မယုံကြည်မိပါသည်။

မိဘနှစ်ပါးက သား ၁၀-တန်းအောင်သည့်အတွက် ငွေ ၅၀၀ ဆုချပါသည်၊ ပိုက်ဆံရလျှင်ရချင်း မြတ်စွာဘုရားအတွက် လျှပ်စစ်မီးသီးနှင့် ရွှေတိဂုံစေတီတော် ရုပ်ပုံကားချပ် ၁-ချပ်ဝယ်ရာ ငွေ ၃၀၀-ကုန်ပါသည်၊

မိဘနှစ်ပါးအတွက် ၁၀၀-တန် လိမ္မော်ရည် တပုလင်း ဝယ်ကန်တော့ပါသည်။

ကျန်သည့်ငွေ ၁၀၀-ကိုတော့ သူ၏သူငယ်ချင်းများနှင့် အိမ်မှအဖော်များကို

လက်ဖက်ရည် ဝယ်တိုက်ပါသည်၊ သူ့အတွက် မိဘကဆုချသည့်ငွေကို သူ့စိတ်ကူးနှင့်သူ အကျိုးရှိစွာ သုံးစွဲသွားပါသည်။

****************************************

စိတ်ကောင်း မရှိလို့

(စိတ်ကောင်း မရှိလို့ )

နေထွက်သည်နှင့် အပူရှိန်က ပြင်းလွန်းလှသည်၊ အရာရာသည် သွေ့ခြောက်၍နေသည်၊ လှည်းလမ်း တလျှောက်လည်း ဖုံများက ထုနှင့်ဒေး၊ နေပူ ဖုံပူ ဖြစ်နေသည်၊ တခါတရံ လေပူပါ ရောလာသောအခါ ဦးအေးအဖို့ အပူဒဏ်ကို မခံနိုင်တော့၊ သည်အခါ ရွာကို အလွန်ရောက်လိုလှသည်၊ နွားများကို အနားမပေး၊ အရိပ်မခို၊ ခရီးတထောက်မနားပဲ မောင်းခဲ့သည်၊ တခါတခါ ရေဆာ၍ အာခြောက်ခြောက်လာသည်၊ တံတွေးကို ခဏခဏ မြိုချခဲ့သည်မှာလည်း အခါခါပင်၊ အချိန်က ၁၉၈၈-ခုနှစ် ဧပြီလဆန်း၊ မောင်းခဲ့သည့်ခရီးက ကျုံရှနှင့် ဓနုဖြူ အသွားအပြန်ခရီး၊ နံနက်စောစော ကျုံရှမှထွက်၍ ဓနုဖြူရောက်သည်၊ လှည်းပေါ်သို့ ဒီဇယ်ဆီ တပေပါ၊ ကျောက်စည်ပိုင်း တခုနှင့် ထွေလီကာလီများ ဝယ်၍ နံနက် ၁၀-နာရီခန့် ပြန်ခဲ့သည့် ခရီးပင်၊ ခရီးကား ၇-မိုင်နီးပါး ရှိသည်။

ဦးအေးကဲ့သို့ပင် နွားတရှဉ်းခမျာ ပင်ပန်လွန်းလှသည်၊ အစာလည်းဆာသည်၊ ရေလည်း ငတ်နေရှာသည်၊ သခင်ခိုင်းသည့်အတိုင်း သွားရရှာသည်၊ သခင့်ကြိမ်ဒဏ်များက ကျောပြင်၌ အမြောင်းလိုက်၊ အမြောင်းလိုက် ထင်နေရှာသည်၊ ကြိမ်လုံးထိပ်မှ သံချွန်မြမြလေးက အသည်းထိအောင် နာမိသည်၊ ထိခိုက်တာနဲ့ ဖင်လိမ်ပြီး သုတ်ချီတင်၍ ရုန်းရရှာသည်၊ တိရစ္ဆာန်၏ဘဝကား သနားစရာပင်၊ ဦးအေးကလည်း အပူရှိန် မပြင်းလွန်းမီ အိမ်အရောက် မောင်းနေခြင်းဖြစ်သည်၊ သူ့သဘောကား လူသက်သာဖို့ ဖြစ်သည်၊ သို့ရာတွင် ဝန်အပြည့်နှင့် လှည်းကို အသော့နှင်ခံရသော နွားတရှဉ်းမှာတော့ မသက်သာလှပါ၊ သည့်အခါ တိရစ္ဆာန်ပင် ဖြစ်သော်လည်း သည်းမခံနိုင်တော့၊ ဒေါသထွက်နေမည်၊ စိတ်တိုနေပေမည်။

ရွာရောက်ဖို့ မဝေးတော့ပြီ၊ မင်းရွာ တာကုန်းအဆင်းသို့ ရောက်ပေပြီ၊ ရုတ်တရက် နွားလည်ပတ်ကြိုး ပြတ်သွားပြီ၊ ဦးအေးသည် ကုန်းအဆင်း လည်ပတ်ကြိုးပြတ်သဖြင့် ကိုင်ကြိုးကို တောင့်ပြီး မနည်းစုတ်သတ်၍ လှည်းကို ရပ်သည်၊ နွားများ မရပ်ချင် ရပ်ချင် ရပ်နေသည်၊ လှည်းက ကုန်းအဆင်းဖြစ်၍ အမြင့်မှ အနိမ့်သို့ ဆင်းရန် ဇောက်ထိုးဖြစ်နေသည်၊ ဦးအေးက သူ့နွားများကို ခါတိုင်းလို သဘောထားပြီး လှည်းပေါ်မှ ဆင်းသည်၊ နွားရှေ့မှ ရပ်ပြီး လည်ကွန်ပတ်ကြိုး သွားဆက်သည်၊ သို့ရာတွင် နွားများက ဆက်ပြီးသည်အထိ မစောင့်၊ အညှိုးထားသလား မသိ၊ သူ့သခင်ဦးအေးကို တိုက်ပြီးမှ တရစပ် ဆင်ခြေလျောအတိုင်း ပြေးတော့သည်၊ ဦးအေးက လှည်းတံပိုးတုံးကို ဆွဲထားသည်၊ နွားများက မရပ်၊ လက်အံသေပြီး ပြုတ်ကြသည်၊ လှည်းဘီးများက ရင်ဘတ်ကို ဖြတ်နင်းသွားသည်၊ အား-ဟု အာမေဒိတ်သံ တချက်သာ ပြုလိုက်နိုင်သည်၊ သတိမရတော့၊ နွားတရှဉ်းမှာ ကလဲ့စားချေလိုက်ရ၍လား မသိ၊ ခေါင်းမော့၍ ပြေးတော့သည်။

ဦးအေးကို အနီးပတ်ဝန်းကျင်မှ လူများက တွေ့ရှိပြီး မနည်း နှာနှပ်ယူကြရသည်၊ သတိပြန်ရသည်၊ လူမှာ မသေရုံ တမယ်ခံစားနေသည်ကို တွေ့ရသည်၊ သူ့အိမ်သားများကို ပြေးခေါ်ကြသည်၊ ဆွေမျိုးများ မိသားစုများ အမြန် ရောက်လာကြသည်။

ထို့နောက် ချက်ချင်းပင် ဦးအေးအား မော်တော်ဖြင့် ဓနုဖြုမြို့ ပြည်သူ့ဆေးရုံသို့ ဆက်ပို့သည်၊ နောက် ရန်ကုန်သို့ ပို့သည်၊ နံရိုးနှစ်ချောင်း ကျိုးသွားသည်၊ အရေးပါသော ကလီစာများ ဘာမျှမထိခိုက်၍ ဦးအေးခမျာ သေကံ မရောက်တော့၊ အသက်မပျောက်ပေ။

ရန်ကုန်ဆေးရုံမှ ကျုံရှသို့ ပြန်ရောက်သောအခါ ကျွန်တော်သည် ဆွေမျိုး အရင်းအချာလို ဖြစ်နေသည့် မိတ်ဆွေဖြစ်၍ သတင်းသွားမေးရာ ဖြစ်ကြောင်းကုန်စင်ကို သိရသည်၊ ထို့နောက် ဦးအေးက ပြောသော စကားလေးတခွန်းသည် ကျွန်တော့ရင်ဝယ် စွဲထင်၍ ကျန်ခဲ့ပါတော့သည်။

ကျွန်တော် ကိုယ်ချင်းမစာလို့၊ စိတ်ကောင်း မရှိလို့ သည်လိုဖြစ်ရတာဗျာ။။

(စိုးရည်ထွန်း )

****************************************

စိတ်ကောင်းရှိ၍ ကံကောင်းသော မောင်နှံနှစ်ဦး

(စိတ်ကောင်းရှိ၍ ကံကောင်းသော မောင်နှံနှစ်ဦး )

ကျွန်မတွင် အကိုငါးယောက်ရှိရာ စတုတ္ထမြောက် အကိုမှာ ကိုမြင့်ဖေဖြစ်ပါသည်။ ကျွန်မ၏အကိုလေးသည် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းပြီး မိဘ ဆရာသမားကျေးဇူးကိုလည်း အထူးသိနားလည်သူဖြစ်ပါသည်။ မိဘများ စိတ်ချမ်းသာရေးအတွက် မိမိကိုယ်မိမိ အနစ်နာခံကာ လုပ်ဆောင်ပေးလေ့ရှိသူ ဖြစ်ပါသည်။ ကျွန်မ၏အကိုသည် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က အလုပ်လုပ်ကိုင်ရာတွင် သူ၏ချွေးနှဲစာဖြစ်သော လစာအားလုံး တပြားမကျန် မိခင်(မေမေ)ကို အကုန်အပ်ပါသည်။

ကျွန်မ၏ အကိုလေးသည် အသက် ၂၇-နှစ် အရွယ်တွင် ကချင်ပြည်နယ်မှ ရှမ်းဗမာ အမျိုးသမီးလေးနှင့် အိမ်ထောင်ကျပါသည်။ ယင်းအမျိုးသမီးမှာလည်း အကိုလေးနည်းတူ စိတ်ရင်းစိတ်ထား ကောင်းလှသည်။ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်သည်။ နှစ်ဖက်မိဘများကို မိဘအရင်းသဖွယ် သဘောထားသည်။ အကိုလေးသည် ယင်းအမျိုးသမီးနှင့် လက်ထပ်ပြီးနောက် အလုပ်မှထွက်ကာ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ပြီး လယ်ယာလုပ်ကိုင်နေပါသည်။

ကျွန်မ၏အကိုလေးတို့ ဇနီးမောင်နှံသည် ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း။ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ် ကိုးကွယ်ခြင်း၊ မိဘ ဆရာသမားများအပေါ် ကျေးဇူးသိတတ်ခြင်း၊ ရိုးသား၍ ကြိုစားကြခြင်း စသော အကြောင်းတရားတို့ကြောင့် လုပ်ငန်း ကိုင်ငန်းများ အဆင်ပြေချောမွေ့နေခဲ့ပါသည်။

ကျွန်မအကိုလေး၏ ဇနီးသည် ကလေးသုံးယောက် မိခင်ဖြစ်သော်လည်း ဘုရားဆွမ်းတော်၊ ရေချမ်းတော်များ နံနက်တိုင်း ကပ်လှူခြင်း၊ ဘုရားပန်း မညှိုးရအောင် ဂရုတစိုက် လဲပေးခြင်း၊ အလှူခံမှန်သမျှ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခြင်း၊ ညစဉ် ဘုရားရှင်အား ဆီမီး ရေချမ်း ပန်းများ ကပ်လှူခြင်းတို့ကို ဝတ်မပျက် ပြုမူလေ့ ရှိသည်။ ထို့ပြင် ဓမ္မစကြာဝတ်အသင်းတွင် ပါဝင်ပြီး မိမိတို့ ဓမ္မစကြာဝတ်အသင်းအား ပင့်ဖိတ်သောအိမ်များသို့ သွားရောက်ကာ ဓမ္မစကြာတရားတော်များကို ရွတ်ဆိုပူဇော်ပေးလေ့ရှိပါသည်။

တောင်သူလယ်သမား ပီပီ နေ့လယ်နေ့ခင်း အိပ်စက်အနားယူဖို့ အချိန်မရသော်လည်း အိမ်ထောင့်တာဝန် ကျေပွန်ရုံမျှမက ရပ်ရွာတာဝန်နှင့် ဘာသာရေး ကျင့်ဝတ်များကို မပျက်မကွက် ထမ်းဆောင်လျက် ရှိပါသည်။

ယင်းအကိုလေးတို့ ဇနီးမောင်နှံသည် နှစ်ဖက် မိဘများကို ကိုယ့်မိဘအရင်းများသဖွယ် မခွဲမခြား ဆက်ဆံလေ့ရှိပါသည်။ ကျွန်မ၏အကိုလေးက ဘာမျှမပြောရခင်မှာပင် ကျွန်မ၏ ယောက်မသည် ယောက္ခမများထံ ငွေများကို လူကြုံဖြင့် ပေးပို့ပါသည်။ စားသောက်ဖွယ်ရာများ ပေးပို့ပါသည်။

ဤသို့ စိတ်ရင်းစိတ်ထားကောင်းသော အကိုလေးတို့ ဇနီးမောင်နှံသည် လုပ်ငန်း ကိုင်ငန်းများ အထူးပြေလည်တိုးတက်လာခဲ့ပါသည်။ ထို့ပြင် ကျွန်မ၏ ယောက်မတွင် ထူးခြားချက်တခုကို အံ့ဩဖွယ်တွေ့ခဲ့ရပါသည်။ ယင်းမှာ အခြားမဟုတ်။ သူမသည် ဘုရားရှိခိုး အမျှဝေပြီးတိုင်း သူမ၏မိဘနှစ်ပါးနှင့် အမရင်းများကိုသာမက သူမ၏ ယောက္ခမ (ကျွန်မ၏ဖခင်) ကျန်းမာ ချမ်းသာစေရန် မေတ္တာပို့ခြင်း၊ ကျွန်မတို့ မောင်နှမများဖြစ်ကြသော အခြားရွာနေ သူမ၏ခဲအို ယောက်မကြီး၊ မတ်၊ ယောက်မလေးများကို တယောက်စီ နာမည်ရွတ်ဆိုကာ ကျန်းမာချမ်းသာ ရွှင်လန်းစေကြောင်း ဆုတောင်းမေတ္တာပို့သခြင်း ပြုလေ့ရှိသည်။

ကျွန်မ၏မိခင် (ကွယ်လွန်သူ) အတွက်လည်း ပြုပြုသမျှ ကုသိုလ်ကောင်းမှုများကို အမျှပေးဝေခြင်း ပြုလေ့ရှိပါသည်။ အတုယူဖွယ် မိန်းမမြတ်ပင် ဖြစ်သည်။ သူတို့မောင်နှံသည် စိတ်ကောင်းရှိ၍ စေတနာ မှန်ကြသဖြင့်လည်း ကံကောင်းလျက် ရှိကြသည်ကို တွေ့ရပါသည်။

(ညီမထွေး )

****************************************

ဆွမ်းလောင်းလှူခြင်းအကျိုး

(ဆွမ်းလောင်းလှူခြင်းအကျိုး )

ဆွမ်းလောင်းလှူခြင်းအကျိုး လက်တွေ့ခံစားခဲ့ရပုံကို ရေးသားတင်ပြအပ်ပါသည်၊ စာရေးသူ အိမ်ထောင်ကျစအချိန်က မြောက်ဥက္ကလာတွင် နေထိုင်ပါသည်၊ ထိုစဉ်က ပန်းရန် လုပ်ငန်းကို ရိုးသားစွာ လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုပါသည်။

တနေ့သောနံနက်တွင် အိမ်၌ ချက်စရာလည်း ဆန်-နို့ဆီတဘူးသာ ရှိပါသည်၊ နောက်ထပ် ဝယ်စရာလည်း ငွေမရှိပါ၊ ဤနေ့သည် တနင်္ဂနွေနေ့ဖြစ်သောကြောင့် ပန်းရန်လုပ်ငန်းများလည်း ပိတ်ပါသည်၊ ဇနီးဖြစ်သူက ထိုဆန်တဘူးကိုပင် လင်မယားနှစ်ယောက်အတွက် ချက်ပါသည်၊ ထမင်းကျက်သော် သံဃာတော်များ ဆွမ်းခံကြွလာသည်ကို ဇနီးသည် မြင်တွေ့ပါသည်။

ထိုအခါ သူ့စိတ်တွင် သဒ္ဓါတရားဖြစ်ပေါ်ပြီး သံဃာတော်များအား လောင်းလှူရန် အိပ်နေသော စာရေးသူအား လာနှိုးပါသည်၊ စာရေးသူလည်း အိပ်ရာမှထကာ မျက်နှာသစ်ပြီး ဇနီးသည်နှင့်အတူ လိုက်ပါသွားပါသည်၊ ထို့နောက် ဇနီးမောင်နှံနှစ်ဦး ကြည်ဖြူစွာဖြင့် ချက်ထားသမျှ ဆွမ်း ကုန်အောင်လောင်းလှူလိုက်ပါသည်။

ထိုသို့လောင်းလှူလိုက်သောကြောင့် ထိုနေ့နံနက်တွင် စာရေးသူတို့ စားစရာ လုံးဝမရှိတော့ပါ၊ သို့သော် ခဏအကြာတွင် အိမ်ဘေးမှလူများက ရေလိုချင်ကြောင်း လာပြောပါသည်၊ ထိုအခါ စာရေးသူလည်း ရေပုံးနှင့်ထမ်းပိုးကိုယူ၍ တအိမ်ပြီးတအိမ် ရေထမ်းရောင်းရပါသည်၊ တနံနက်လုံး ရေထည့်လေရာ နေကလည်း တဖြည်းဖြည်းပြင်းလာပါသည်၊ ထို့ကြောင့် ခေတ္တနားနေစဉ် ဇနီးဖြစ်သူက သူပါ-ကူ၍ ရေရွက်ပေးမည်-ဆိုပြီး ရေကန်သို့ စာရေးသူနှင့်အတူ လိုက်လာပါသည်။

နောက်ဆုံးအခေါက်တွင် ရေကန်ဘေး၌ ရေဝပ်နေသော ရေအိုင်ကလေးတခုမှ ရေများကို အမှတ်မထင် ခြေဖြင့် ခတ်ထုတ်မိသည်၊ ထိုအခါ ရေထဲမှ ဝင်းခနဲအရာတခုကို တွေ့လိုက်ရသည်၊ စာရေးသူလည်း ထိုအရာကို ကောက်ယူပြီး အိတ်ထဲထည့်၍ ယူလာသည်။

လမ်းတွင်လည်း ရွှေကလေးဖြစ်ပါစေ-ဟု ဆုတောင်းနေမိသည်၊ အိမ်ရောက်သောအခါ အိတ်ထဲမှ အရာကို ထုတ်ကြည့်သည်၊ နားကပ်ကလေးတဖက် ဖြစ်နေပါသည်၊ စာရေးသူသည် ထိုနားကပ်ကလေးကို ဆယ်အိမ်မှူးထံ အကြောင်းကြားသည်၊ ဆယ်အိမ်မှူးက နားကပ်တဖက် ကောက်ရထားသည်၊ တပတ်အတွင်းလာယူပါ-ဟု လမ်းထိပ်တွင် စာကပ်၍ ကြေညာလိုက်သည်။

တပတ်ခန့်ကြာသော် ပိုင်ရှင်ပေါ်မလာပါ၊ ထိုအခါ ဆယ်အိမ်မှူးက ခင်ဗျားနှင့်ထိုက်လို့ ခင်ဗျားရတာ-ဟု ပြောပြီး နားကပ်တဖကက်ို လာပေးပါသည်၊ စာရေးသူလည်း ထိုနားကပ်ကို ရွှေဆိုင်သွားရောင်သည်၊ ငွေ ၃၅၀-ကျပ်ရပါသည်။ ထိုရရှိသောငွေသည် ထမင်းတနပ်စာ အငတ်ခံ၍ သံဃာတော်များအား ဆွမ်းလောင်းလှူရသော အကျိုးကြောင့်ဟု စာရေးသူ ယုံကြည်မိပါသည်။

(စိန်မြင့်မောင် )

****************************************

ဆိုးကျိုးပေးသည့် အကုသိုလ်

(ဆိုးကျိုးပေးသည့် အကုသိုလ်)

ကျွန်မငယ်ငယ်က ဒေါ်ဒေါ်မြင့်ကို အလွန်အားကျမိသည်။ ဒေါ်ဒေါ်မြင့်ဆိုသူမှာ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ဥပဓိရုပ် ကောင်းကောင်းနဲ့ မျက်နှာမှာ သနပ်ခါးတွေ ဖွေးနေအောင်လိမ်းပြီး ဆံထုံးအက်အက်ကြီးကိုထုံး၍ ဇွန်ပန်းကုံးတွေ ဝေနေအောင် ပန်ထားလေ့ရှိသော ချမ်းသာကြွယ်ဝသည့် အိမ်နီးချင်း အဒေါ်ကြီးတယောက် ဖြစ်သည်။

အမေရယ်-ဒေါ်ဒေါ်မြင့်လေ၊ ဥပုသ်နေ့က ရွှေစေတီကျောင်းမှာ လှူလိုက်တာ အားရစရာကြီးနော်။ သမီးဖြင့် သိပ်အားကျတာပဲ-ဟု ကျွန်မက အမေ့ကို ပြောမိသည်။ အမေက သိပ်တက်တက်ကြွကြွမရှိဘဲ အင်း-သူလဲ သူ့အကုသိုလ်တွေကျေအောင် လှူနေတာဖြစ်မှာပေါ့လေ။ ဒါပေမဲ့ သမီး၊ အကုသိုလ်ဟာ ကုသိုလ်လုပ်ရုံနဲ့ မပျောက်ပျက်နိုင်ဘူး။ အကုသိုလ်က တကဏ္ဍ၊ ကုသိုလ်က တကဏ္ဍစီ အကျိုးပေးသွားမှာ-ဟု ပြောပါသည်။

ဒေါ်ဒေါ်မြင့်တို့ မိသားစုသည် သားသတ်လိုင်စင် လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။ အကုသိုလ်လုပ်ငန်းဖြင့် အကျိုးပေးသည်ဟု ပြောရမည်။ တနေ့တခြား ဒီရေအလား စီးပွားတိုးတက်လာပြီး ချမ်းသာကြွယ်ဝလာခဲ့သည်။ သို့သော်လည်း နံနက်တိုင်း ဒေါ်ဒေါ်မြင့်တို့ ခြံကြီးဘက်မှ ဝက်အော်သံများ ကြားရခြင်းကို ကျွန်မ မနှသစ်သက်ခဲ့ပါ။ ထို့နောက် ဒေါ်ဒေါ်မြင့် အသက် ၆၀-ခန့်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်။ နှစ်တွေကြာပြီမို့လည်း ဒေါ်ဒေါ်မြင့်ကို ကျွန်မ မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ရသည်။

ကျွန်မ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိစတွင် အိပ်မက်တခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် တနေရာမှ အိမ်ဘက်သို့ လူတယောက် ခြေကျင်လျှောက်လာနေသည်။ ကျွန်မနောက်က ထိုသူကပ်လိုက်လာသည်ဟု ထင်သဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ ဒေါ်ဒေါ်မြင့် ဖြစ်နေသည်။ ဒေါ်ဒေါ်မြင့်က ညှိုးငယ်စွာဖြင့် ကျွန်မကို ကြည့်နေပါသည်။ ကျွန်မက ဒေါ်ဒေါ်မြင့်-ဘယ်သွားမလို့လဲ-ဟုမေးလိုက်သည်။

ဒေါ်ဒေါ်မြင့်လေ အေးအေးတို့အိမ်ကို လိုက်ခဲ့ချင်လို့-ဟု ပြန်ပြောသည်။ ကျွန်မက လိုက်ခဲ့လေ ဒေါ်ဒေါ်မြင့်။ လိုက်ခဲ့ပါ-ဟု ဝမ်းသာအားရ ပြောခဲ့ပါသည်။ ထိုအိပ်မက်ကို ကျွန်မစိတ်ထဲတွင် မေ့မေ့ပျောက်ပျောက် ရှိခဲ့ပါသည်။ ကျွန်မ မီးဖွားသောအခါ အလွန်ချောမောလှပဖြူဖွေးသည့် သမီးမိန်းကလေးတဦး ဖွားမြင်သည်။ မီးဖွားပြီးလျှင်ပြီးချင်း ကလေးမျက်နှာကို မြင်လိုက်ရသောအခါ ကျွန်မသည် ယခင်မက်ခဲ့သော အိပ်မက်ကို ချက်ချင်းသတိရလိုက်မိသည်။ ကလေးသည် ဒေါ်ဒေါ်မြင့်၏ ရုပ်ရည်နှင့် ချွတ်စွပ်တူနေခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ကျွန်မသမီးကလေးသည် ဒေါ်ဒေါ်မြင့် ဝင်စားသည်ဟု တထစ်ချ ယုံကြည်ခဲ့သည်။ သို့သော် ကလေးမှာ အရိုးပျော့ရောဂါရလျက် ဦးခေါင်းမထောင်နိုင်၊ ထိုင်လည်း မထိုင်နိုင်၊ အိပ်ရာထဲတွင် ပက်လက်ကလေးသာ နေနိုင်ခဲ့ပါသည်။ ကလေးအထူးကု ဆရာဝန်ကြီးများဖြင့် နည်းမျိုးစုံ ကုသသော်လည်း မသက်သာပါ။ သမီးကလေးသည် ၁-နှစ်နှင့် ၆-လအရွယ်တွင် ကွယ်လွန်ခဲ့ပါသည်။

ဒေါ်ဒေါ်မြင့်သည် ကုသိုလ်ကောင်းမှုများ လုပ်ခဲ့သဖြင့် လူ့ဘဝကိုရသော်လည်း ယခင်ဘဝက အကုသိုလ်အရှိန်များကြောင့် လူစဉ်မမီ၊ သက်ဆိုးမရှည်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကကို စွန့်ခွာသွားရခြင်း ဖြစ်သည်ဟု ကျွန်မစိတ်တွင် ခံယူမိပါသည်။ ထို့ကြောင့်လည်း ယခုဘဝတွင် အကုသိုလ်အလုပ်များကို အတတ်နိုင်ဆုံး မလုပ်မိအောင် စောင့်ထိန်းမည်ဟု သန္နိဋ္ဌာန်ချလိုက်မိပါတော့သည်။

(စောကြည်သာခင် )

****************************************

ဇီဝိတဒါန

(ဇီဝိတဒါန )

ကျွန်ုပ်သည် ငယ်စဉ်ကတည်းကပင် ကျန်းမာရေးချို့တဲ့ခဲ့သည်၊ ဆေးနှင့်ကျွန်ုပ်သည် ဖွားဖက်တော်ဖြစ်ဟန်တူသည်၊ ဆေးနှင့်ကင်း၍ နေရသည့်အချိန်ကား ခပ်ရှားရှား၊ ကြာသော် ကျွန်ုပ်သည် ဆေးဆို အတော်ရွံမုန်းလာသည်၊ ဆေးခန်းသွားရမည်ကိုပင် ဝန်လေးလာပါသည်၊ မတတ်သာ၍ ဆေးခန်းသွားရလျှင်လည်း ဆေးမထိုးရဘဲ သောက်ဆေးသောက်ရုံဖြင့် ပျောက်လျှင် သောက်ဆေးမျှလောက်ကိုသာ သောက်ချင်သည်၊ ထိုးဆေးကိုကား မထိုးချင်ပေ၊ ဤမျှလောက်အထိ ဆေးနှင့် ဆေးခန်းကို ရွံမုန်းလာသည်၊ သို့သော် မိမိကျန်းမာရေးက မကောင်းလေတော့ မသောက်ချင်ဘဲနဲ့ ဆေးကို သောက်နေရသည်၊ မသွားချင်ဘဲနဲ့ ဆေးခန်းကို သွားနေရသည်။

ထို့ပြင် အခြားဦးပဉ္စခင်းများကား ရေကို ချိုချင်သည့်အချိန်တွင် ချိုးနေကြသည်၊ ချိုချင်သလောက်လဲ ချိုးနေကြသည်၊ ဆွမ်းဝိုင်းတွင်လည်း ဘုဉ်းပေးချင်သည့်ဟင်းကို ဘုဉ်းပေးနေကြသည်၊ ဘုဉ်းပေးချင်သလောက် ဘုဉ်းပေးနေကြသည်၊ ထိုပုဂ္ဂိုလ်များကို မြင်ရသောအခါ ကျွန်ုလွန်စွာအားကျမိသည်၊ ထိုပုဂ္ဂိုလ်တို့ကဲ့သို့ ရေကိုချိုးချင်သည့်အချိ်တွင် ချိုးချင်သည်၊ အစာအာဟာရကို ဘုဉ်းပေးလိုရာကို ဘုဉ်းပေးချင်သည်၊ သို့သော် မိမိ ကျန်းမာရေး အခြေအနေက ခွင့်အပေး၊ အစားအသောက် ရေချိုးမမှားလိုက်နဲ့ မှားလျှင် ဆေးရှာဖို့သာ ပြင်ရတော့သည်။

ထို့ကြောင့် ကျွန်ုပ်သည်လည်း ကျန်းမာရေးကောင်းရန် တောင့်တမိသည်၊ ကျန်းမာရေးကောင်းမွန်စေမည့် နည်းလမ်းများကို ရှာမိသည်၊ အဋ္ဌသာလိနီအဋ္ဌကထာ၌ ဇီဝိတဒါနများကို ပြဆိုထားပါသည်၊ ထိုဇီဝိတဒါနများ၌ ငှက်ကလေးများကို လှောင်အိမ်မှလွှတ်ခြင်း-ဟူသော အဘယဒါနလည်း ပါဝင်ပါသည်၊ ထိုအဋ္ဌကထာ လာသည့်အတိုင်း ကျွန်ုပ်သည် မိမိကျန်းမာရေးကောင်းမွန်ရန် ရည်သန်၍ လွန်ခဲ့သည့် ၁၃၄၈-ခုနှစ်တွင် ၃-ကြိမ်၊ ၁၃၅၀-ပြည့်နှစ်တွင် ၁-ကြိမ်၊ ပေါင်း ၄-ကြိမ်တိုင် စာငှက်ကလေးများကို လွှတ်ပေးခဲ့ပါသည်။

ကျွန်ုပ်သည် လွှတ်လိုက်ပြီးနောက် ငှက်ကလေးတိုင်း၏နောက်က လိုက်ကြည့်နေမိသည်၊ သူတို့ ချမ်းမြေ့ရွှင်မြူးစွာ ပျံသွားသွားပုံကို ကြည့်ရသည်မှာ လွန်စွာကြည်နူးဖွယ် ကောင်းလှသည်။

၄င်းတို့သည် ဤမျှကျဉ်းမြောင်းသော လှောင်အိမ်ထဲသို့ ဘယ်အခချိန်ကာလက ရောက်နေကြသည်လည်းမသိ၊ သွားချင်ရာသို့လည်း မသွားရ၊ စားချင်ရာကိုလည်း မစားရ၊ မိမိ၏ သားသမီးမိဘများနှင့်လည်း မတွေ့ရသဖြင့် စိတ်ဒုက္ခ အတော်ရောက်ရှာနေကြပေလိမ့်မည်၊ သို့အတွက် လှောင်အိမ်ထဲမှ လွတ်မြောက်ရန် ရုန်းကန် လှုပ်ရှားနေကြခြင်းဖြစ်သည်။

ယခုသော်ကားကျွန်ုပ်ကကယ်တင်လိုက်သဖြင့် ၄င်းတို့မှာ လှောင်အိမ်ထဲမှ လွတ်မြောက်ခွင့် ရသွားကြပေသည်၊ မိမိတို့ သွားလိုရာသို့ သွားနိုင်ကြပေသည်၊ မိမိတို့ စားလိုရာကို စားနိုင်ကြပေသည်၊ မိမိတို့၏ သားသမီးမိဘများနှင့်လည်း ပြန်လည်တွေ့ကြုံရပေတော့မည်၊ သူတို့၏လိုအင်ဆန္ဒအဝဝ ပြည့်စုံကြပေတော့မည်။

ဤသို့ ငှက်ကလေးများလွှတ်ပြီး မကြာမီပင် ကျွန်ုပ်မှာလည်း ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာပါသည်၊ ငှက်ကလေးများကို လွှတ်ရာ၌ မူလက ကျွန်ုပ်ရည်ရွယ်ချက်မှာ မိမိ၏ကျန်းမာရေး ကောင်းမွန်ရန်ဖြစ်ပါသည်၊ ယခုသော်ကား မိမိရည်ရွယ်ချက်ပြည့်စုံရုံမျှမက ငှက်ကလေးများ၏ လိုအင်ဆန္ဒလည်း ပြည့်စုံသွားသဖြင့် ကျွန်ုပ်အဖို့ စိတ်ချမ်းသာသောအကျိုးကိုလည်း ရရှိခဲ့ပါသည်၊ ဇီဝိတဒါန၌ အကျုံးဝင်သော အဘယဒါနသည် မိမိ၏ဆန္ဒ, သူတပါး၏ဆန္ဒ, နှစ်ဦးနှစ်ဝ၏ အလိုဆန္ဒကို ပြည့်စုံစသည်ကို လက်တွေ့သိရှိရပါသည်။

(ဝါခင်းကုန်း-အရှင်အာသဘ )

****************************************

ဇီဝိတဒါန အကျိုး

(ဇီဝိတဒါန အကျိုး)

ကျွန်မတို့အိမ်တွင် အမေ၊ ကျွန်မနှင့် ညီမလေး၊ စုစုပေါင်း မိသားစုသုံးယောက်သာ နေပါသည်။ အဖေမှာ မုရစ်ကလေးရွာ ဂြင်အစ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက် ရှိသော ဦးပဉ္ဇင်းကြီး ဦးတိဿ ဖြစ်ပါသည်။ ရဟန်းဘဝသို့ ရောက်ရှိနေသည်မှာ ၅-နှစ်ခန့် ရှိပါပြီ။

အဖေသည် ကျွန်မတို့ငယ်စဉ်ကတည်းက ၅-ပါးသီလကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း အမြဲတမ်းသွန်သင်ဆုံးမခဲ့ပါသည်။ အဖေဆုံးမခဲ့သည့်အတိုင်း ကျွန်မတို့လည်း လိုက်နာကျင့်သုံးခဲ့ကြပါသည်။

အဖေသည် တိုင်းရင်းဆေးဆရာအလုပ်ဖြင့် မိသားစုကို လုပ်ကိုင်ကျွေးခဲ့ပါသည်။ အဖေသည် သတ္တဝါများကို ကြင်နာသနားသည်။ အမေ စျေးကဝယ်လာသော ငါးပုဇွန်များထဲတွင် အရှင်ပါလာပါက ရေရှိရာ မြောင်းထဲသို့ ပြန်၍ အလွတ်ခိုင်းသည်။ ကျွန်မတို့အိမ်တွင် ငါးပုဇွန်အသေများကိုသာ ဝယ်စားလေ့ရှိသည်။

တနေ့ အမေစျေးက ငါးတကောင်နှင့် ပုဇွန်များ ဝယ်လာပါသည်။ ငါးဝယ်စဉ်က ငါးသည် မိန်းမောနေမှန်း အမေ မသိခဲ့ပါ။ အသေထင်၍ ဝယ်လာခဲ့ပါသည်။ အိမ်ရောက်သောအခါ ငါးကို မကိုင်သေးဘဲ ပုဇွန်ကိုသာ ကိုင်နေပါသည်။ ထိုအခိုက် မိန်းမောနေရာမှ ပြန်၍ သတိရလာသော ငါးသည် အမြီးတဖျပ်ဖျပ် လှုပ်လာပါသည်။ ငါးရှင်နေသည်ကို သိသောအမေသည် ချက်ချင်းပင် ရေမြောင်းထဲသို့ သွား၍ လွှတ်လိုက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့မနက် ၅-နာရီခွဲ ဆွမ်းခံကြွချိန်တွင် ကျောင်းဝင်းအလွန်၌ အဖေဦးပဉ္ဇင်းကြီးကို မည်သည့်အကောင် ကိုက်သွားသည်ကို သဲသဲကွဲကွဲ မမြင်လိုက်ရပါ။ ခြေမျက်စိနား၌ အပေါက်ရာ သုံးနေရာကိုတော့ တွေ့လိုက်ရပါသည်။ ချက်ချင်း ခြေထောက်များ လေးလာသဖြင့် ကျောင်းရှိရာသို့ ပြန်တက်သွားပါသည်။ ကျောင်းရောက်လျှင်ရောက်ချင်း အဆိပ်နိုင်ဂမုန်းဥကို ဘုဉ်းပေးပြီး ဝေဒနာကို ကြိတ်မှိတ် ခံစားနေရပါသည်။

ကျောင်းတိုက်ရှိ ဦးပသ္ဇင်းလေး ၂-ပါးနှင့် ဒါယကာများ၏ အကူအညီဖြင့် ချောင်းဆုံမြို့နယ် ဂိလာနသံဃာ့ဆေးရုံသို့ ရောက်ရှိပါသည်။ ဆေးရုံ၌ ၂-ည ၃-ရက် ဆေးကုသမှုကို ခံယူခဲ့ပါသည်။ အဆိပ်မတက်တော့သော်လည်း ခြေထောက်များတင်း၍ လေးနေသောကြောင့် တပတ်ခန့် လမ်းလျှောက်၍ မရခဲ့ပါ။ ၁၅-ရက်ခန့်ကြာမှ ဆွမ်းခံပြန်ကြွနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အသက်ချမ်းသာရာ ရခဲ့ပါသည်။

ထိုနေ့က အဖေဦးပဉ္ဇင်းကြီး အကောင်အကိုက်ခံရသောနေ့နှင့် ကျွန်မတို့ ငါးအရှင်တကောင်ကို လွှတ်လိုက်သောနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပင် တနေ့တည်း ဖြစ်နေပါသည်။ ထိုအကောင်အကိုက်ခံရသော်လည်း အဖေဦးပဉ္ဇင်းကြီး အသက်ချမ်းသာရာရသည်မှာ ဇီဝိတဒါန ကိုသိုလ်အကျိုးပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

(မြဆန်း-အ-မ-က ဝယ်လမ်း )

****************************************

တုံ့လှည့်မေတ္တာ

(တုံ့လှည့်မေတ္တာ )

စာရေးသူ၏နေအိမ်တွင် နိုင်ငံခြားမျိုး ဖရိရှန် နို့စားနွားမကြီး တကောင်နှင့် ပီကင်းဥစားဘဲ ငါးကောင် မွေးမြူထားပါသည်၊ စာရေးသူသည် ယင်းနွားမကြီးနှင့် ဘဲများကို ဖြစ်သလိုပြစ်မထားဘဲ မေတ္တာစေတနာ ရှေ့ထားပြီး ကျွေးမွေးပြုစုထားပါသည်၊ ထို့ကြောင့်လည်း နွားမကြီးနှင့်ဘဲများသည် ကျန်းမဝဖြိုး အားအင်တိုးကာ နွားနို့နှင့်ဘဲဥများကို နေ့စဉ်ထုတ်လုပ်ပေးကြပါသည်။

မှန်ပါ၏၊ စာရေးသူအနေဖြင့်လည်း ယင်းတို့ထံမှ နွားနို့နှင့်ဘဲဥမှတပါး အခြားမည်သည့်အရာကိုမျှ မျှော်လင့်ချက် မထားခဲ့ပါ၊ သို့တစေ မေတ္တာဟူသည် အလျား အနံ မရှိသော်လည်း အသွားအပြန် ရှိသည်-ဟူသော စကားအတိုင်း နွားမကြီးနှင့် ဘဲများသည် အစဉ်အလာပေးနေကျ နွားနို့နှင့် ဘဲဥများသာမက လူဆိုးသူခိုးတို့၏ ဘေးရန်မှလည်း အောင်မြင်စွာ ကာကွယ်မှု ပြုခဲ့သောအခါ စာရေးသူနဲ့တကွ မိသားစုအားလုံးမှာ အံ့ဩ၍မကုန် နိုင်အောင် ဖြစ်ခဲ့ကြရပါသည်။

အချိန်မှာ မိုးဦးကျစ တန်ခူးလ၏ တနေ့သောအရုဏ်ဦးအခါ ဖြစ်ပါသည်၊ စာရေးသူသည် မြောက်ဘက်ဗောဓိ ကျောင်းမှ တုံးမောင်း ခေါက်သံကို ကြားရသည်နှင့် မရှေးမနှောင်းအချိန်တွင် နောက်ဖေးနွားခြံထဲမှ နွားမကြီး၏ စူးရှစွာအော်မည်လိုက်သည့် အသံကို ရုတ်တရက်ကြားလိုက်ရပါသည်၊ ဤတွင် မအော်စဖူး အအော်ထူးသည့် နွားမကြီး၏အသံကြောင့် စာရေးသူ၏စိတ်ဝယ် ထိတ်ခနဲဖြစ်မိပြီး အိပ်ရာမှအလျင်အမြန်ထကာ နောက်ဖေး တံခါးကို ပြေး၍ဖွင့်ကြည့်မိပါသည်။ နွားခြံတံခါးမှာ ပိတ်မြဲပိတ်နေပြီး နွားမကြီးသည် နောက်ဘေးခြံစည်းရိုးဘက်သို့ ကြည့်ကာ တရှူးရှူးဖြစ်နေသည်၊

ဤအချိန်တွင် ပီကင်းဘဲ ငါးကောင်ကလည်း ခြံထဲမှ ပြေးထွက်လာပြီး စာရေးသူ၏မျက်နှာကို ကြည့်ကာ ခေါင်းတညိတ်ညိတ် လည်တငင်ငင်ဖြင့် အိမ်ပြင်သို့ထွက်ရန် ဟစ်အော်ခေါ်နေကြပြန်ပါသည်၊ စာရေးသူမှာ ထူးခြားဆန်းကြယ်သော တိရစ္ဆာန်များ၏ အမူအရာကြောင့် ပိုမိုစိုးရိမ်စိတ်များ ဖြစ်လာပြီး အိမ်နောက်ဖေးဘက်သို့ အပြေးဆင်းခဲ့မိပါသည်။

အိမ်နောက်ဘေး နွားခြံနားအရောက်တွင်မူ စာရေးသူမှာ မျက်လုံးများ ပြူးသွားလောက်အောင်ပင် အံ့ဩခဲ့ရပြန်ပါသည်၊ အကြောင်းသော်ကား နွားခြံဘေးရှိ ဆန်ဂိုဒေါင်အတွင်း ဆန်အိတ်ကြီးငါးလုံးသည် နောက်ဖေးအထွက် တံခါးပေါက်ဝတွင် စုပုံထပ်ထားသည်ကို တွေ့လိုက်ရခြင်းကြောင့်ပင် ဖြစ်ပါသည်၊ ဤသည်မှာ တခြားမဟုတ်၊ ခြံထဲသို့ သူခိုးများ ဝင်ရောက်ပြီး ဆန်ဂိုဒေါင်မှ ဆန်အိတ်များကို ခိုးယူထားခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် စာရေးသူသည် ဆန်အိတ်များရှိရာ နောက်ဖေးခြံစည်းရိုးတံခါးပေါက်ဆီသို့ ပြေးထွက်ပြီး သူခိုးများကို မီလိုမီငြား ရှာကြည့်ပါသည်၊ တံခါးကြီး ပွင့်နေသည်မှအပ သူခိုးများကို လုံးဝ မတွေ့ရတော့ပါ၊ ဖြစ်နိုင်သည်မှာ သူခိုးများသည် နွားနှင့်ဘဲများက ယင်းသို့ ဝင်ရောက်ခိုးယူနေကြောင်း အိမ်ရှင်ကို အော်ဟစ်သတိပေးသံ ကြားသည်နှင့်တပြိုင်နက် ခိုးယူထားပြီးဖြစ်သော ဆန်အိတ်များကိုပင် ဆက်လက်သည်ယူမသွားနိုင်တော့ဘဲ ကို်ယ်လွတ်ရုန်းကာ ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်ပါမည်၊ အံ့ဩဖွယ်ကောင်းလေစွ။

နွားမကြီးနှင့် ဘဲများကသာ ဤသို့ မကူညီခဲ့ပါမူ ဆန်အိတ်များ သူခိုးနောက်သို့ ပါသွားမည်မှာ သေချာလှပါသည်၊ ယခုမူ သခင်၏ကျေးဇူးသစ္စာကို စောင့်သိစွာဖြင့် အချိန်မီ တုံ့လှည့်မေတ္တာ ထားရှိခဲ့သော နွားမကြီးနှင့်ဘဲများ၏ ကျေးဇူးကြောင့် သူခိုးများ၏ ဘေးရန်မှ ကင်းဝေးခဲ့ခြင်း ဖြစ်ပါသည်။

ဤတွင်မှ စာရေးသူသည် မေတ္တာစေတနာ၏ အကျိုးကျေးဇူး ကြီးမာပုံကို ပိုမိုသဘောပေါက် နားလည်ခဲ့ရပြီး စီးပွားဖက် နွားမကြီးနှင့် ပီကင်းဘဲများအပေါ် ရှေ့ကထက် နှစ်ဆတိုးကာ မေတ္တာရှေ့ထား ကျွေးမွေးပြုစုခဲ့ရပါသတည်း။

(စိုးတင့်အောင်-ကြို့ပင်ကောက် )

****************************************

တကယ့်ဖြစ်ရပ်မှန်

(တကယ့်ဖြစ်ရပ်မှန် )

ဤအဖြစ်အပျက်သည် ကျွန်မ၏ ကိုယ်တွေ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်။ ကျွန်မ၏ သမီးတဦးထံ အလည်သွားခဲ့စဉ်က ဖြစ်ပါသည်။

သမီးအိမ်သို့ ကျွန်မရောက်သွားရာ သမီးက-မေမေ၊ အိမ်နားက အုန်းနို့ခေါက်ဆွဲ လာပို့ထားတယ်၊ မေမေ-အရင်စားပါ-ဟု ပြော၍ ကျွေးပါသည်။

ကျွန်မကလည်း-အေးအေး စားတာပေါ့ကွယ်၊ မေမေလဲ အုန်းနို့ခေါက်ဆွဲကြိုက်တာနဲ့ အတော်ပဲ-ဟု ပြောပြီး ထည့်ထားသော ခေါက်ဆွဲဗန်းနှင့် ဟင်းရည်ချိုင့်ကိုယူ၍ အိမ်ရှေ့သို့ ထွက်လာပါသည်။ ကျွန်မ၏အကျင့်တခုမှာ စားစရာ သောက်စရာတို့ကို လာရောက်ပေးကမ်းလျှင် ပေးသူလည်း ကုသိုလ်ရ, ကျွန်မလည်း ကုသိုလ်ရ, ဘေးရန်လည်း ကင်းစေရန် ဘုရားကို ဦးစွာကပ်ပြီးမှ ပြန်၍တောင်းခံကာ စားတတ်ပါသည်။

ထိုအကျင့်အတိုင်း ခေါက်ဆွဲဗန်းနှင့် ဟင်းရည်ချိုင့်ကို ကိုင်မြှောက်ကာ ဘုရားကပ်ပြီး ဘုရားဂုဏ်တော်ကိုးပါးကို သုံးကြိမ် ရွတ်ဆိုပါသည်။ ထို့နောက် ယင်းတို့ကို ခဏချထားပြီး အတန်ကြာမှ မြတ်စွာဘုရားထံ-ဆေးအဖြစ် စားသုံးခွင့်ပြုပါရန်-လျှောက်ကြားကာ ပြန်လည်တောင်းခံ၍ စွန့်ပါသည်။ စွန့်ပြီးနောက် ပန်ကန်တခုတွင် အနည်းငယ်ထည့်၍ ဟင်းရည်ကို အသားမပါအောင် ခပ်ထည့်ကာ စားပါသည်။

စားပြီး၍ မကြာမြင့်မီပင် ညာဘက်လည်ချောင်း၌ တခုခု တစ်ဆို့သကဲ့သို့ မျက်တက်တက် ဖြစ်လာပါသည်။ တစ်ဆို့သည့် အရာရှိနေပါက ကျသွားစေရန် ကော်ဖီသောက်ချပါသော်လည်း ကျသွားခြင်းမရှိပါ။ တနေ့လုံး ထမင်းစား၊ ရေသောက် ပြုလုပ်နေသော်လည်း လည်ပင်း၌ တစ်ဆို့ဆို့ ရှိနေဆဲဖြစ်ပါသည်။

သမီးအား ပြောပြရာ-မေမေရယ်၊ တခုခု ကပ်နေတာ ဖြစ်ပါလိမ့်မယ်၊ ညအိပ်ရင် ကျသွားမှာပေါ့-ဟု ပြောပါသည်။

နောက်နေ့ နံနက် အိပ်ရာထလျှင် ကျွန်မပြုနေကျအတိုင်း ရေတခွက်ခပ်၍ ဘုရားအား ကပ်ပြီး-ဤရေသည် ကြည်လင်အေးမြသကဲ့သို့ သုံးဆယ့်တဘုံရှိ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးမြချမ်းသာကြ ပါစေ၊ ဘေးရန်ကင်းကြပါစေ၊ မတောင့်မတ မကြောင့်မကြ လိုအင်ဆန္ဒနှင့် တလုံးတဝတည်း ပြည့်စုံကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ-စသည်ဖြင့် မေတ္တာပို့ပါသည်။

ပြီးမှ ရေဖြင့် ပါးစပ်ဆေး၊ အာခေါင်ကျင်းပါသည်။ အာခေါင်ကျင်းသည်နှင့် လည်ပင်း၌ တစ်ဆို့နေသည့် နေရာမှ ဂုန်နီအိတ်ကြိုး အထွေးလိုက် တော်တော်များများ ထွက်ကျလာပါသည်။ မျက်ခြင်း၊ စူးရှခြင်း ဝေဒနာလည်း မရှိတော့ပါ၊ လည်ချောင်းလည်း ရှင်းသွားပါသည်။

ထိုအခါမှ ကျွန်မသည် သူတပါးက အကောက်ကြံ၍ အောက်လမ်းဖြင့် ပြုစားထားသည်ကို မြတ်စွာဘုရားအား ဦးထိပ်ထားသည့်အတွက် ဝမ်းထဲသို့ မရောက်နိုင်ဘဲ နောက်တနေ့နံနက်တွင် မေတ္တာပို့သည့်အခါ ထွက်ကျလာခြင်း ဖြစ်ကြောင်းကို တွေးတောဆင်ခြင်မိပါတော့သည်။

ကျွန်မ၏ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ အားလုံးသော လူအပေါင်း၊ ပုဂ္ဂိုလ်အပေါင်းတို့ ကျွန်မကဲ့သို့ မြတ်စွာဘုရားအား အရာရာ၌ မမေ့မလျော့ ဦးထိပ်ထားပါရန်၊ ဘုရားဂုဏ်တော် ကိုးပါးကိုလည်း ရွတ်ဆိုပါရန်နှင့် မေတ္တပို့ခြင်းကိုလည်း ပြုလုပ်ကြပါရန် မေတ္တာ စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော်လို၍ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

(တက္ကသိုလ်-ခေမာ၊ ကျိုက်လတ် )

****************************************

တန်ပြန် အကျိုးပေး

(တန်ပြန် အကျိုးပေး )

ကိုလှမျိုးသည် ကျွန်တော်တို့မြို့နယ်ရှိ ရွာတရွာမှဖြစ်သည်၊ တဦးတည်းသောသားဖြစ်ပြီး မိဘများက ချမ်းသာသည်၊ သို့သော် ကိုလှမျိုးသည် မိုက်မဲလှသည်၊ သူ့အသက်သတ်ခြင်း၊ ဖဲရိုက်ခြင်း၊ အရက်သောက်ခြင်းဖြင့် ဆိုးပေတေနေသည်၊ ရွာ၏ လူမိုက်ခေါင်းဆောင်ကြီးသဖွယ် ဖြစ်သည်။

သူသည် အချိန်ရှိတိုင်း သေနတ်တလက်နှင့် တောလိုက်ထွက်သည်၊ ရသော သားကောင်များကို ချက်၍ အရက်နှင့် သောက်စားလေ့ရှိသည်။

တနေ့တွင် ကိုလှမျိုးသည် ဆင်ဦးစီးအဖွဲ့တဖွဲ့နှင့် တောရွတြရွာသို့ ပါသွားသည်၊ ထိုရွာရှိ လူများသည် တောလိုက်ခြင်းကို ဝါသနာပါကြသည်၊ ကိုလှမျိုးအတွက် အကြိုက်တွေ့သွားသည်၊ တနေ့တွင် ကိူလှမျိုးနှင့်ရွာခံ ဂဒူးလူမျိုး ဆန်နန်ဘောက်တို့သည် သေနတ်တယောက်တလက်စီဖြင့် တောထဲထွက်ခဲ့ကြသည်။

တောနက်အတွင်း၌ ချေဖို ချေမ(ဂျေဖို-ဂျေမ၊ ဂျီဖို-ဂျီမ) နှစ်ကောင်ကို တွေ့ပြီး အဖိုကို ကိုလှမျိုးက ပစ်မည်၊ အမကို ဆန်နန်ဘောက်က ပစ်မည်-ဟု နေရာခွဲလိုက်ကြသည်၊ ချေဖိကို ကိုလှမျိုးက ပစ်ချက်က ဦးသွားသောကြောင့် ချေဖိုမှာ ခေါင်းကိုမှန်ပြီး သေဆုံးသံားသည်၊ ဆန်နန်ဘောက်မူ မပစ်လိုက်ရပေ၊ ချေမမှာ ထွက်ပြေးသွားသည်။

ချေဖိုသေကို နှစ်ဦးသားထမ်းကာ အရိပ်ကောင်းသော သစ်ပင်တပင်အောက်တွေင် နားကြသည်၊ ချေသေကိုချပြီး ဆန်နန်ဘောက်က သေနတ်ကို သစ်ပင်ရင်းတွင် ထောင်ထားသည်၊ ကိုလှမျိုးသည် သစ်ပင်ကိုမှီပြီး ရပ်နေသည်၊ ထိုအချိန်တွင် ဆန်နန်ဘောက် သေနတ်သည် အလိုအလျောက် မောင်းပြုတ်ပြီး ကျည်ဆန်ထွက်ကာ ကိုလှမျိုး နောက်စေ့ကို ဖောက်သွားသည်၊ ကိုလှမျိုးသည် နေရာတွင် အသက်ထွက်သွားသည်၊ ကိုလှမျိုး သတ်ခဲ့သော ချေဖိုဦးခေါင်း သေနတ်မှန်သကဲ့သို့ ကိုလှမျိုး ခံသွားရသည်၊ သူတပါးအသက် သတ်ခဲ့သော အကုသိုလ်ကံကြောင့် ခံသွားရခြင်းဖြစ်ပါသည်။

(ဝင်းချစ်သူ-ထီးချိုင့် )

****************************************

တဦးက စေတနာ တဦးက မေတ္တာ

(တဦးက စေတနာ တဦးက မေတ္တာ )

ကျွန်တော်တို့ ဇေယဝတီအရက်ပျံ စက်ရုံတွင် ကိုစိုးမြင့်ဆိုသူ လုပ်သားကြီးတဦးရှိသည်၊ သူသည် စက်မှုဌာနမှ ဝန်ထမ်းတဦးဖြစ်သည်၊ သူ၏အသက်မှာ ၃၆-နှစ်ရှိပြီဖြစ်၍ မိခင်ဖခင်အိုကြီးများကို လုပ်ကိုင် ကျွေးမွေးနေသော လူငယ်တဦးဖြစ်သည်၊ ကျွန်တော်တို့ စက်ရုံတွင် ကိုစိုးမြင့်သည် အလုပ်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်သူ တဦးဖြစ်၍ အရာရှိများက ချစ်ကြည်ကြသည့်အပြင် ဘဝတူအလုပ်သမားများ၏ လေးစားမှုကိုပါ ခံရသူဖြစ်သည်။

သူ၏ရိုးသားမှု ကြိုးစားမှုတို့ကြောင့် လူတိုင်းက ချစ်ခင်ကြသည်၊ ရပ်ကွက်ထဲတွင် သာရေးနာရေးများရှိပါက ရှေ့ဆုံးမှ တတပ်တအား ပါဝင်ကူညီ လုပ်ဆောင်ပေးတတ်သော စေတနာ အပြည့်အဝ ရှိသည်။

တနေ့တွင်ဖြစ်သည်၊ ကျွန်တော်သည် အိမ်ပတ်ဝန်းကျင်တွင် ချုံနွယ်များ ထူထပ်နေသဖြင့် ရှင်းလင်းနေစဉ် ကိုစိုးမြင့် ရောက်လာပါသည်၊

ဗျို့-ကိုအုံးသောင်၊ တယောက်တည်း သန့်ရှင်းရေး လုပ်နေသလားဗျို့။

ဟုတ်ကဲ့-ကိုစိုးမြင့်၊

ဟာ-ဒီလိုဆို ကျွန်တော်လဲ အားနေတာနဲ့ အတော်ပဲ၊ ပါဝင်ကူညီပါရစေဗှာ၊ ပေး ကျွန်တော့ကို မြက်ရှင်းဓား၊

ကျွန်တော့ထံမှ ရှင်းလင်းစ မြက်ရှင်းဓားကို လျင်မြန်စွာ ဆွဲယူပြီး နေပူကျဲကျဲတွင် မြက်ရှင်းနေပါသည်၊ ၎င်း၏မျက်နှာတွင် ချွေးသီးချွေးပေါက်တွေ သီးနေပါသည်၊ ချွေးများကို လက်ဖမိုးဖြင့် သုတ်ရင်း-

ဒီချွေးက စေတနာ ဝေဖြာတဲ့ချွေးဗျ-ဟု ပြောပါသည်၊ သန့်ရှင်းရေးပြုလုပ်ပြီးသော အခါ ကိုစိုးမြင့်အား ၎င်း၏လုပ်အားစေတနာကို ဂုဏ်ပြုသောအနေဖြင့် သစ်သီးစုံ သက်သတ်လွတ် ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပါသည်၊ ထို့နောက် ကျွန်တော် ယူရောင်းသော ကံတိုးထီဆိုင်မှ ထီစာအုပ် တအုပ်ထဲမှ ထီတစောင်ကိုဖြတ်၍ တဦးက စေတနာ, တဦးက မေတ္တာ-ဟုအတိတ်ရေး၍ ကျွန်တော်က လက်ဆောင်ပေးလိုက်ပါသည်၊ ထီဖွင့်သောအခါ ၎င်းထီလက်မှတ်သည် (၂၆၃ )ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် (က-စ-၅၄၀၃၈၆ ) ဖြင့် ကျပ်တသောင်းဆု ဆွတ်ခူးသွားပါသည်။

သူ ယခုကဲ့သို့ ထူးထူးခြားခြား ထီပေါက်ခြင်းမှာ မိဘကိုလုပ်ကျွေးသော ကျေးဇူးတရားနှင့် လူတိုင်းကို ကူညီတတ်သော သေတနာ၊ ၎င်း၏စေတနာကို တုံ့ပြန်သော ကျွန်တော်၏မေတ္တာကြောင့် မေတ္တာရောင်ပြန်ဟတ်ကာ စေတနာအကျိုးပေးသည်ဟု ယုံကြည်မိပါသည်၊ ကျွန်တော်သည် အမှတ်မထင် ရေးပေးလိုက်သော (တဦးက စေတနာ, တဦးက မေတ္တာ ) ဟူသော အတိတ်ကလေးကို မြင်ယောင်နေမိပါသည်။

(မြပုရစ်ဖူး-ဇေယျဝတီ )

****************************************

တူညီသော်လည်း မတူညီခြင်း

(တူညီသော်လည်း မတူညီခြင်း)

လွန်ခဲ့သော နှစ်ပေါင်း ၂၀-ကျော်က ဖြစ်ပါသည်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စစ်တောင်းမြစ်ဝနားက ရွာတရွာတွင် သေးသေး နှင့် ကြီးကြီး ဟူသော အမွှာညီအကိုနှစ်ဦး ရှိသည်။ အမွှာညီအကို နှစ်ဦး၏ အမည်သညာများသည် ဆန့်ကျင်ဘက်သဘော ဆောင်နေကြဘိသကဲ့သို့ သူတို့၏စိတ်နေသဘောထား အကျင့်စရိုက် အမူအရာ အပြောအဆို စသည်တို့ကလည်း မတူကွဲပြား အဖြူနှင့်အမည်းအလား ခြားနားကြပါသည်။

အလွန်ထူးဆန်းသောအမွှာညီအကို နှစ်ဦးဖြစ်သည်။ တဦးနှင့်တဦး နာရီဝက်ပင်မခြားဘဲ ရှေ့ဆင့်နောက်ဆင့်ဆိုသကဲ့သို့ မွေးဖွားလာသူများ ဖြစ်သည်။ သေးသေးက အငယ်ဖြစ်၏၊ ကြီးကြီးက အကြီးဖြစ်၏၊ သေးသေးသည် ငယ်စဉ်ကတည်းက မိဘများအပေါ်ဆိုးသည်။ ကစားဖော်များနဲ့ ရန်ဖြစ်သည်။ လူကြီးသူမများ အပေါ်တွင်လည်း လေးစားရကောင်းမှန်းမသိ၊ အရွယ်ရောက်လာသောအခါ အရက်သောက်သည်၊ ဖဲရိုက်သည်၊ ကြက်တိုက်သည်၊ လောင်းကစား အမျိုးမျိုးလုပ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ်ထောင်ကျသည်။ တဆက်မက အိမ်ထောင်သုံးဆက်ရှိခဲ့သည်။ အိမ်ထောင်ဆက်များခဲ့သော်လည်း အိမ်တဆောင် မီးတပြောင်နှင့် သားမယားတို့ကို ထားခဲ့သည်မဟုတ်။ မိဘအိမ်တွင်သာ ကပ်၍ နေခဲ့သည်။ မိဘက ကျွေးရသည်။ သူကဖြင့် ပျော်ချင်သလို ပျော်နေသည်။ သေးသေး ပထမအိမ်ထောင်နဲ့ ဒုတိယအိမ်ထောင်ကျစဉ်က အကိုကြီးကြီးမှာ လူပျိုဖြစ်၍ မိဘများနှင့်ပင် နေထိုင်လျက် သေးသေး၏ ဝန်တာကို မျှဝေခံစားရပေသည်။

ထို့အပြင် သေးသေးသည် အရက်သောက်ရင်း ကြက်တိုက်ရင်းမှ ခိုက်ရန်ပွားကာ ရိုက်နှက်မှုများဖြင့် မကြခဏပင် အချုပ်ခန်းထဲရောက်ခဲ့သည်။ သေးသေး၏ လက်သုံးစကားမှာ (အမေက မွေး-ထောင်က ကျွေး)-ဟူ၏၊ စကားနောက် တရားပါသည်ဟုပင် ဆိုရမည်လားမသိ။ တနေ့သောအခါ ခရီးသွားလင်မယားနှစ်ဦးကို လုယက်၍ ရက်ရက်စက်စက် သတ်မှုဖြင့် ထောင်ကျခဲ့ရလေသည်။

ကြီးကြီးကား ဤသို့မဟုတ်။ လူကြီးမိဘ ဆရာသမားတို့အား ရိုသေသည်။ အရက် ဖဲ လောင်းကစားဟူသည် မကောင်းမှုမှန်သမျှ ဘာမှ မလုပ်တတ်ပါ။ အပြောအဆို အမူအရာကအစ အားလုံးယဉ်ကျေးသည်။ လူချစ်လူခင်ပေါသည်။ မိဘများနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်၍ နေသည်။ အရွယ်ရောက်သောအခါ မိဘများ ထိမ်းမြားပေး၍ ရွာထဲက အမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့သည်။ အလုပ်ကြိုးစားသည်။ အိမ်ထောင်ကျ၍ လအနည်းငယ်ကြာသောအခါ ကိုယ့်အိုးကိုယ့်အိမ်နှင့် နေခဲ့သည်။ သို့သော် မိဘများကို ပစ်ပယ်မထားပေ။ ကျွေးမွေးထောက်ပံ့သည်။ ဇနီးဖြစ်သူကလည်း လိမ္မာရေးခြားရှိသည်။ ဤသို့ဖြင့် ရပ်ထဲရွာထဲ၌ ဘုရားဒကာ ကျောင်းဒကာ ဦးကြီးကြီးဟူ၍ ဖြစ်လာသည်။ ဘာသာရေး လူမှုရေးအားလုံး သူက ဦးဆောင်ခဲ့ရပါသည်။

လ နှစ်များ ကြာသောအခါ သေးသေး ထောင်ကလွတ်လာပါသည်။ ရွာသို့ ပြန်လာသည်။ ပိန်ချုံးချည့်နဲ့စွာဖြင့် တောင်ဝှေးကို အားပြု၍ လှမ်းခဲ့ရသည်။ ရွာထိပ်သို့ ရောက်သောအခါဝယ် သူထောင်မကျခင်က မရှိသေး။ ယခုမှ တွေ့လိုက်ရသော ရွှေသင်္ကန်း တဝင်းဝင်းနဲ့ စေတီတဆူကို ဖူးတွေ့လိုက်ရပါသည်။

မိဘနှစ်ပါး အမှူးထား၍ ဦးကြီးကြီး+ဒေါ်လှလှ ကောင်းမှုဆိုပါလား-ဟု နှုတ်မှ တိုးတိုးညင်းညင်း ရေရွတ်ပြီး ဦးချလိုက်ပါသည်။ သေးသေး၏ ဘဝတွင် သိတတ်သည့်အရွယ်မှစ၍ ယခုအကြိမ်သည် ဘုရားကို ပထမဆုံး ဦးချဖူးခြင်းဖြစ်သည်။

သို့သော် အားလုံးတို့သည် နောက်ကျခဲ့လေပြီတည်း။ သေးသေး ရွာသို့ ပြန်ရောက်၍ ၅-ရက်ခန့်ကြာသောအခါ ရောဂါပေါင်းစုံ၏ဒဏ်ကို ပြင်းထန်စွာ ခံစားရင်း သေဆုံးခဲ့ရလေသည်။ ဪ-မိဘအတူတူ နေ့ရက်အတူတူ မွေးဖွားခဲ့သော်လည်း အလုပ် (ကံ) ချင်း မတူသောကြောင့် (ကံ) အကျိုးပေးများမှာလည်း မတူနိုင်ခဲ့ပါတကား။

(မောင်သောင်းဝင်း-စစ်ကွင်း )

****************************************

တူမျှကောင်းကျိုး

(တူမျှကောင်းကျိုး)

ရန်ကုန်မြို့မှ လုပ်ငန်းတူ သူငယ်ချင်းသည် မိမိတို့ဇာတိဒေသဖြစ်သော ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မရွာသို့ အလုပ်အားရက်ဖြစ်၍ အလည်အပတ် လိုက်လာသည်။ စာရေးသူတို့ရွာသည် မုံရွာမြို့ရှိ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကို စက်လှေဖြင့်ကူး၍ ညောင်ပင်ကြီးဆိပ်မှ ကားစီးသွားရသည်။ စက်လှေတိုင်း လူအတက်အဆင်း များလှသဖြင့် တိုးဝှေ့တက်ကာ နေရာယူ စီးရသည်။ ကားဂိတ်မှာ ရေကျချိန်ဖြစ်၍ ညေင်ပင်ကြီးရွာ အောက်ဆိပ်ကို ပြောင်းရွှေ့ထားသဖြင့် အတန်ဝေးဝေး သွားရသည်။

သူငယ်ချင်းနှစ်ယောက်သား စကားတပြောပြောနှင့် လာကြရင်း ကားဂိတ်နားမရောက်ခင် ခြေစုံကို ရပ်ခါ သတိတခုရလိုက်သည်။

လက်ဆွဲခြင်း စက်လှေပေါ်မှာ မေ့ကျန်နေခဲ့ပြီ။

ဟင် ဒါဆို တို့လာခဲ့တာ အဝေးကြီးပဲ၊ ပြန်မှရပါတော့မလား၊ ခုချိန်ဆို တို့စီးခဲ့တဲ့ စက်လှေ ပြန်ထွက်လောက်ပြီ။

သူငယ်ချင်းဖြစ်သူ၏ စကားကြောင့် စိုးရိမ်စိတ်ပိုများလာတော့သည်။ ပခုံးတွင် လွယ်ထားသောအိတ်ကို သူငယ်ချင်းထံပေးပြီး ပုဆိုးတိုတို ပြင်ဝတ်ကာ စက်လှေဆိပ်သို့ သုတ်ခြေတင်ခဲ့လေသည်။ လက်ဆွဲခြင်းမှာ ကားပေါ်မှာချပြီး စက်လှေပေါ်တင်သည်အထိ အလုပ်သမားကို ငှါးရမ်းခဲ့ရသောကြောင့် ကိုယ်နှင့်ကင်းကွာပြီး အမှတ်သတိ လွတ်နေခဲ့ခြင်းပင်။ သတိမေ့လျော့တတ်သော မိမိ၏စိတ်ကိုလည်း အခါခါ အပြစ်တင်မိသည်။

တပေါင်းလ အညာနွေနေပူဒဏ်ကို ရင်ထဲမှ စိုးရိမ်ပူပန်ခြင်းဒဏ်က စိုးမိုးဖုံးအုပ်ထားသဖြင့် နေပူဒဏ်အစွမ်းမပြသာ။ လမ်းတလျှောက်လုံး ခြင်းထဲမှာရှိသော ပစ္စည်းများကိုသာ စိတ်ဖြင့် ရေတွက်ကြည့်မိသည်။ မန္တလေးမှ ဝယ်လာသော ပစ္စည်းများ၊ အဓိကအရေးကြီးဆုံးမှာ အဘွားအတွက် ရန်ကုန်ကနေ ရှားရှားပါးပါး ဝယ်ခဲ့ရသော ဆေးပုလင်းနှင့် ဆေးကဒ်တွေ။ ပူပန်စိတ်ကြောင့် သိပ်မမှတ်မိတော့။ မနက်ပိုင်းက ကားပေါ်တွင် ချမ်း၍ ဝတ်ခဲ့သော အသစ်စက်စက် ဆွယ်တာအကျႌကို ခြင်းအပေါ်ဆုံးကနေ ပစ္စည်းများ ဘေးမကျအောင် ဖုံးထားသည်ကိုသာ အမှတ်ရတော့သည်။ လမ်းအကွေ့ကို ချိုးလိုက်လျှင် ဆိပ်ကမ်းကို အဝေးမှ လှမ်းမြင်နေရသည်။ ရင်ခုန်သံတို့သည်လည်း ပို၍ မြန်လာလေသည်။ ထိုစဉ် လွန်ခဲ့သော လပိုင်းက ဖြစ်ရပ်တခု ခေါင်းထဲဝင်လာသည်။

ရန်ကုန်မြို့၌ လိုင်းကားမောင်းစဉ်က ဖြစ်သည်။ ကားသိမ်းချိန်တွင် ထိုင်ခုံအောက်မှ အိတ်တလုံးကို တွေ့ရသည်။ ပိုင်ရှင်မဲ့ဖြစ်နေသော ပစ္စည်းကို စပယ်ယာနှစ်ယောက်က ခွဲဝေယူလိုကြသည်။ မိမိက သူတပါးမေ့ကျန်နေခဲ့သော ပစ္စည်းဖြစ်၍ ပိုင်ရှင်ပေါ်ပေါက်လာပါက ပြန်ပေးရန် အတင်းအကြပ်ပြောဆိုကာ အိမ်မပြန်သေးဘဲ ပိုင်ရှင်ကို ကားပေါ်မှ စောင့်မျှော်နေသည်။ မကြာမီအချိန်တွင် တက္ကစီကားတစ်စီးဖြင့် ပိုင်ရှင်ဖြစ်သူ အမောတကော ရောက်ရှိလာလေသည်။ ပိုင်ရှင်ဖြစ်သူ၏ အမူအရာကိုကြည့်ပြီး စိုးရိမ်ပူပန်မှု လွန်ကဲနေကြောင်း သိသာလှသည်။

ပိုင်ရှင်ဖြစ်သူက မိမိအား ကျေးဇူးတင်ကြောင်း ထပ်တလဲလဲ ပြောကြားသည်။ သူမေ့ကျန်နေခဲ့သော ပစ္စည်းမှာ နိုင်ငံခြားက တင်ပို့လိုက်သော စက်ပစ္စည်းဖြစ်၍ သူ့ကိုယ်ပိုင်မဟုတ်ဘဲ အလုပ်ရှင်သူဌေး၏ ပစ္စည်းသာဖြစ်သည်။ ပျောက်ဆုံးသွားပါက အဖိုးတန်ပစ္စည်းဖြစ်၍ မလျော်နိုင်ဘဲ ထောင်ကျခံရုံသာ ရှိကြောင်း ပြောပြသည်။ ထို့ပြင် ကားပေါ်တွင် လူကျပ်၍ ပစ္စည်းကို ထိုင်ခုံအောက်တွင် ချထားကြောင်း လူအတက်အဆင်းများသည့်နေရာ၌ ကားပေါ်က အဆင်းမှာ ပစ္စည်းမချနိုင်သေးဘဲ လူသာအရင်ဆင်းလိုက်ရကြောင်း၊ စပယ်ယာကို အချခိုင်းရန် စောင့်နေစဉ် ကားက ထွက်သွားခြင်း ဖြစ်ကြောင်းလည်း ပြောပြသည်။ ထိုစဉ်က ပစ္စည်းပြန်ရသူထက် မိမိတို့လည်း ပြန်ပေးရသည်ကို ဝမ်းသာကြည်နူးမှု ဖြစ်ရလေသည်။

ယခုအချိန် ပြန်တွေးမိရင်း ခံစားမိသဖြင့် မေ့ကျန်ရစ်သော လက်ဆွဲခြင်းအပေါ်မှာ စိုးရိမ်စိတ် ပေါ့ပါးသွားသည်။

စိတ်ကလည်း ငါသည် သူတပါး၏ ပစ္စညိးကို တပ်မက်ခြင်းကင်းစွာ ပြန်လည်ပေးအပ်ခဲ့ဖူးသည်။ ငါ့ပစ္စည်းလည်း မလွဲမသွေ ပြန်ရမှာပဲ-ဟု နှလုံးသွင်းကာ ဆိပ်ကမ်းတာရိုးပေါင်ပေါ် တက်လိုက်သည်။

ကမ်းစပ်တွင် ရပ်ထားသော စက်လှေမှာ မိမိတို့ဆင်းလာစဉ်ကအတိုင်းပင် ဖြစ်သည်။ စက်လှေ၏ရှေ့ပိုင်းဝမ်းထဲ လှမ်းကြည့်လိုက်ရာ ဘယ်ဘက်စောင်းတွင် ချထားသည့် ကြိမ်လက်ဆွဲခြင်းမှာ ဣန္ဒြေကြီးစွ။ သို့ဖြင့် ကျွန်တော်သည် စက်လှေပေါ်တက်၍ ဆွဲခြင်းကို ယူလိုက်၏၊ ထိုစဉ် စက်လှေဆရာက မေ့ကျန်ခဲ့တာဖြစ်မယ်။ ပြန်လာယူမှာပဲ ဆိုပြီးစောင့်နေတာ။ ကျုပ် ထမင်းတောင် သွားမစားသေးဘူး။ စက်လှေက စက်ပျက်သွားလို့ ဟိုဘက်ကမ်း မသွားနိုင်ဘူး။ ဒီဆိပ်ကမ်းက လူရှုပ်တယ်ဗျ။ ပစ္စည်းတွေ ပျောက်တယ်။ အခု နောင်ကြီးဆွဲခြင်းပြန်ရတာ သိပ်ကံကောင်းတယ်။ ကျုပ်နဲ့တွေ့လို့သာပေါ့။

ဟုတ်တာပေါ့ဗျာ၊ တခါက ကျွန်တော်လည်း ခင်ဗျားလို စေတနာထားခဲ့ပါတယ်။ အခု ကျွန်တော် တူမျှသောအကျိုး ခံစားရတာပဲဗျာ-ဟု ပြန်လည်ပြောလိုက်မိပါသည်။

ဘုန်းဆွေနွယ် (မုံရွေး)

****************************************

တူသောအကျိုး

(တူသောအကျိုး )

ထီးချိုင့်မြို့နှင့် မနီးမဝေးတွင် သပြေပင်ဆိုသော ရွာတရွာရှိ၏၊ ထိုရွာမှ လူအများသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်၊ ဤရွာမှ လူများသည် ရှေးလူကြီးတို့၏ ဆိုရိုးစကား ဓလေ့ထုံးစံတို့ကို လက်ကိုင်ပြု၍ နေထိုင်ကြသော ရွာတရွာဖြစ်၏၊ ကျီးသာလျှင် ဧည့်ရောက်မည်၊ ကြင်နီပုရွက်တို့ အိမ်ပေါ်တက်လျှင် ရေကြီးမည်၊ မိမိတို့ အိမ် ခြံဝင်း စသည်တို့တွင် ပျားအုံစွဲလျှင် စီးပွားတက်မည်၊ စသော အယူအဆများ ရှိကြသည်၊ ထိုရွာတွင် အရက်သမား ကိုသာအေး တယောက်သာ လူ့ကန့်လန့်ဖြစ်သည်၊ ရွာမှ လူများက အဖြူဆိုလျှင် ကိုသာအေးက အမည်း၊ သူများက အမည်းဆိုလျှင် သူက ဖြူစမြဲ။

တနေ့ ကိုသာအေးတို့ခြံဝင်း သရက်ပင်ပေါ်တွင် ပျားအုံကြီးတအုံ စြွနေသည်၊ မြင်မြင်သမျှ ရွာသားများက ဗျို့-ကိုသာအေး ခင်ဗျားသည်နှစ်တော့ တောင်ယာဖြစ်အုံးမှာပဲဗျာ၊ ဟု ချီးမွမ်းစကားဆိုလေ့ရှိသည်၊ ထိူစကားသံများကို ကိုသာအေး မနှစ်မြို့။

စီးပွားဆိုတာ ဖြစ်ချိန်တန် ဖြစ်မှာပဲ၊ ပျားအုံစွဲလို့ စီးပွားဖြစ်တယ်ဆိုတဲ့ သကား ကျုပ်မယုံဘူး၊

သွားကြ၊ လာမပြေကြနဲ့၊

စသည်ဖြင့် ကိုသာအေး အော်လွှတ်သည်၊ ထို့ကြောင့် ပျားအံကိစ္စနှင့်ပတ်သက်၍ ကိုသာအေးကို မည်သူမျှ မပြောကြတော့ပေ။

တနေ့ ကိုသာအေးတယောက် အိမ်ရှေ့ကွပ်ပြစ်တွင် ရေနွေးကြမ်း သောက်နေသည်၊ ထိုစဉ် ထီးချိုင့်မှ ကိုသာအေး သူငယ်ချင်း ကိုအောင်နိုင်-ဆိုသူ ရောက်လာသည်၊ ကိုအောင်နိုင်နှင့် ကိုသာအေးတို့ စကားစမြည် ပြောနေစဉ် ကိုအောင်နိုင် စရက်ပင်ပေါ်မှ ပျားအုံကို မြင်သွားသည်။

ဟ-ကိုသာအေး၊ ခင်ဗျား သည်နှစ်တော့ စီးပွားတက်ဦးမှာပဲဗျ၊

ဘာဖြစ်လို့လဲ

ဟော-ဟိုမှာ ပျားအံစွဲနေတယ်လေ၊

မဆိုင်တာပဲဗျာ

မဆိုင်တာ ဆိုင်တာ အပထား၊ ခင်ဗျား သည်ပျားအံကို မောင်းမထုတ်နဲ့နော်၊ သူတို့ ဘာသာ သူတို့ နေပါစေ။

ကိုသာအေး ဘာမျှမပြောပဲ ငြိမ်နေလိုက်သည်၊ ကိုအောင်နိုင် နှုတ်ဆက်ပြန်သွားသည်အထိ ကိုသာအေး ဘဝင်မကျပေ၊ စိတ်ထဲကလည်း ပျားအုံကို မောင်းထုတ်ဖို့ တေးထားသည်။

တနေ့ ကိုသာအေး လယ်ထဲမသွားဘဲ မူးမူးနှင့် ပျားအုံကို မီးမှိုင်းတိုက်လေသည်၊ ဝါးလုံးနှင့် မမှီသောကြောင့် သစ်ပင်ပေါ်တက်ပြီး မှိုင်းတက်လေသည်၊ ပျားတွေလဲ မီးမှိုင်းကြောင့် ကစဉ်ကလျား ပြေးကုန်ကြ၏၊ ကိုသာအေးလည်း မီးလောင်နေသော ပျားတွေကို ကြည့်၍ ပီတိဖြစ်နေသည်၊ ထိုစဉ် ဝါးလုံး၌ ပတ်ထားသော ရေနံချေးမီးဝတ်သည် သရက်ပင်အောက်သို့ ပြုတ်ကျသွားသည်၊ အပင်ခြေရင်းမှသစ်ရွက်တွေကို မီးစွဲလောင်သည်၊ နွေရာသီဖြစ်၍ လေလည်းတိုက်နေသည်၊ သစ်ရွက်ခြောက်များမှတဆင့် ပင်စည်အထိ မီးကူးစက်လာသည်၊ ကိုသာအေးသည် အပေါ်တက်၍လည်းမဖြစ်၊ အောက်ဆင်း၍လည်းမဖြစ်၊ အရူးမီးဝိုင်းနေပေပြီ၊ မီးဟပ်လိုက်သဖြင့် ကိုသာအေး အောက်ပြုတ်ကျသွား၏၊ ဘေးပတ်ဝန်းကျင်အိမ်မှ လူများရောက်လာပြီး အတင်းဝင်ဆွဲကြသည်၊ ကိုသာအေးကား သတိမရတော့၊ ထာဝရအိပ်စက်သွားလေသည်။

ပျားအုံစွဲလျှင် စီးပွားတက်မည် ဆိုသည်ကို ကိုသာအေး မယုံကြည်သည်ပင် ထားဦး၊ သူတပါးကို မီးရှို့သတ်သဖြင့် မိမိလည်း မီးလောင်မြိုက်ခံရသော အကျိုးကို ကိုသာအေးတယောက် ကြုံတွေ့သွားရလေသည်။

(မွန်ဆူး (န) ထီးချိုင့် )

****************************************

တူသောအကျိုး

(တူသောအကျိုး )

လွန်ခဲ့သော ၄-၅ နှစ်ခန့်က ကျွန်မတို့အိမ်တွင် ဝဏ္ဏ နှင့် ပပ -ဟု အမည်ပေးထားသော ကြောင်ကလေးနှစ်ကောင် ရှိခဲ့ဖူးပါသည်။ တနေ့တွင် ကျွန်မသည် လိမ္မော်ခွံဖြင့် ပပ-၏ မျက်လုံးနှစ်ဖက်ကို လိမ္မော်ခွံရည်များ ညှစ်ထည့်ပြီး စလိုက်ပါသည်၊ ကြောင်ကလေးခမျာ မြေပေါ်တွင် အလူးအလှိမ့် ဖြစ်နေရှာသည်၊ လက်လေးနှစ်ဖက်နှင့်လည်း မျက်နှာကို ပွတ်ပွတ်ပြီး ဖေဖေနှင့် မေမေထိုင်နေသော ထိုင်ခုံရှေ့တွင် ကျွမ်းထိုးနေပါတော့သည်။

သတ္တဝါကို သနားရမှန်း မသိသော ကျွန်မမှာ သဘောကျနေမိပါသည်။ ဖေဖေက အဆိပ်များ မိလာသလား

မသိဘူး-ဟု တဖွဖွ ပြောပြီး၊ မေမေကတော့ ကြောင်ကလေး ဘာမှမဖြစ်ပါစေနဲ့-ဟု ဆုတောင်းနေပါသည်။

ထိုကြောင်မလေးကို နှိပ်စက်ခဲ့ပြီး သုံးနှစ်ခန့်အကြာတွင် ကျွန်မ၏ မျက်လုံးတဖက်သည် ထိခိုက်ဒဏ်ရာ မရှိဘဲ အလိုလို နီရဲလာပါသည်၊ မေမေက ရိုးရိုးမျက်စိနာသည်အထင်နှင့် နံနက်စောစော ရေချိုးရန် ပြောသဖြင့် ကျွန်မ နံနက်စောစောထပြီး ရေချိုးပါသည်၊ ငါးရက်ခန့်ကြာသော် စူးရှရှ ဝေဒနာကို ခံစားရပြီး မခံမရပ်နိုင်အောင် အလွန် အနေခက်ပါသည်၊ ဖြစ်သည့်ရက်မှစ၍ မျက်ရည်ပူများ ကျဆင်းနေပြီး ငိုထားသည်နှင့် တူနေပါသည်၊ တချက်တချက်တွင် စူးရှလိုက်သည်မှာ မခံနိုင်အောင်ပင် ဖြစ်ပါသည်။

အိမ်ရှိလူများအားလုံး မျက်လုံးပြူးကုန်ပါတော့သည်၊ ဘယ်ကိုမှမကြည့်နိုင်၍ မျက်မှန်တပ်ထားပြီး အမြဲတမ်း လှဲအိပ်နေရပါတော့သည်၊ တနေ့တခြား သက်သာလာသည်မရှိဘဲ မျက်လုံးများ ဝေဝါးကာ သိပ်ပင် မမြင်ရတော့ပါ။ ဖေဖေနှင့် အကိုတို့ကလည်း နည်းမျိုးစုံဖြင့် ကုသပေးကြပါသည်၊ ကျန်းမာရေးမှူး တဦးဖြစ်သော ဖေဖေက ငါးသမီးလို ဝေဒနာရှင်မျိုးကတော့ ဆေးမတိုးပါလား-ဟု ပြောပါတော့သည်။

အချို့က ပယောဂ ဖြစ်မည်-ဟု ပြောကြသည်၊ ပယောဂဆရာနှင့် ကုပေးပါသည်၊ မသက်သာပါ။

****************************************

တူသောအကျိုး

(တူသောအကျိုး )

ရန်ကုန်နှင့်ပြည် အကြားရှိ မြို့တမြို့တွင် မလှတင်-ခေါ် အသက် ၅၀-အရွယ် အမျိုးသမီးကြီးတယောက် ရှိသည်၊ မလှတင်သည် အမည်နှင့်လိုက်အောင် ရုပ်ရည်လှပသလို စိတ်ထားလည်း လှပသူတယောက် ဖြစ်သည်၊ သူ၏မိဘများသည် ကြက်များကိုသတ်၍ အသက်မွေးဝမ်းကျောင်းနေကြသူများ ဖြစ်သည်။

မလှတင်တွင် အမကြီးနှစ်ယောက်ရှိသည်၊ ယင်းအမကြီးများသည် ကိုယ်တိုင် ကြက်ကို လည်လိမ်သတ်၍ ရောင်းချကြလေသည်၊ မလှတင်ကမူ ဤသို့ပြုလုပ်၍ အသက်မမွေးလို၊ အသက်ကလည်း ငယ်၊ မိဘနှစ်ပါးနှင့် အမကြီးများကိုလည်း မပြောရဲသဖြင့် စိတ်မကောင်းစွာ နေရရှာလေသည်။

တနေ့သ၌ မလှတင်အား သူ၏အမကြီးများက ကြက်သတ်နည်းကို လက်တွေ့ပြသ၍ ကြက်များကို အသတ်ခိုင်းကြလေသည်၊ သို့သော် မလှတင်သည် အခြားအလုပ်ဆို ဘာခိုင်းခိုင်း လုပ်မည်ဖြစ်ကြောင်း ကြက်သတ်ရမည်ကိုမူ မပြုလို-ဟု ငြင်းရှာလေသည်။

မလှတင်ကို ကြက်သတ်ရန် ခိုင်းမရသဖြင့် အမကြီးများသည် မကျေမနပ်ဖြစ်ကြသည်၊ အမျိုးမျိုးပြောဆို ဆူပူကြလေသည်။ မလှတင်သည် အမကြီးများ၏ ဆူပူခြင်းကို တလုံးတပါဒမျှ ပြန်မပြော၊ ထိုနေ့မှစ၍ ကြက်သားဟင်းသာမက မည်သည့်အသားမျှ မစားတော့သည်မှာ ယနေ့ အသက် ၅၀-ကျော်သည့်တိုင်အောင် ဖြစ်ပါသည်။

သို့အတွက်ကြောင့် ထင်ပါသည်၊ မလှတင်မှာ အသားအရေ ဝါဝင်း၍ ကျန်းမာရေး အထူးကောင်းမွန်သည်၊ သားသမီးများနှင့် ပျော်ရွှ့င်စွာ နေထိုင်လျက်ရှိသည်။

မလှတင်၏ အမကြီးများသည်ကား အသက်အရွယ် ငယ်ငယ်နှင့်ပင် ရှေ့ဆက်နောက်ဆက် ဆိုသလို လည်ပင်းကြီးရောဂါစွဲ၍ ကွယ်လွန်ခဲ့ကြရှာသည်။ ကြက်များကို လည်လိမ်၍ သတ်ခဲ့သော အကုသိုလ်ကံ အကျိုးကား နောက်ဘဝပင် မစောင့်၊ ယခုဘဝမှာပင် မလှတင်၏အမကြီးများသည် ခံသွားကြရှာသည်၊

တနည်းအားဖြင့်လည်း တူသောအကျိုးပေးဟု ဆိုရမည်သာ ဖြစ်ပါတော့သည်။

(မောင်နန္ဒာ-မန္တလေး )

****************************************

တူသောအကျိုး

(တူသောအကျိုး )

ဦးမဲကြီးသည် တောရွာလေးများသို့ ဆင်း၍ ကြက်ဝယ်ပြီး မြို့တွင် ပြန်ရောင်းသူဖြစ်သည်။ စျေးထဲတွင် ကြက်သားရောင်းသူများက ဦးမဲကြီးထံမှ တဆင့် ဝယ်ကြရသည်။ ဦးမဲကြီးသည် အမြတ်များများကျန်အောင် မသမာနည်းကိုသုံးကာ ရောင်းဝယ်မြဲဖြစ်သည်။ ဝယ်လျှင် အလေးတမျိုး၊ ရောင်းလျှင် အလေးတမျိုး ထားတတ်သည်။ ဦးမဲကြီးသည် တောမှဝယ်လာသော ကြက်များကို မြို့သို့မရောက်မီ ပြောင်းဖူးစေ့များ ကျွေးသည်၊ ရိုးရိုးချကျွေးသည်တော့ မဟုတ်၊ ကြက်များကို တကောင်ချင်း နှုတ်သီးဖြဲကာ ထိုးသွတ်ထည့်ခြင်းသာ ဖြစ်သည်၊ ကြက်များကို စလုတ်များ ဖောင်းတင်းပြီး မခံချိမခံသာ တစ်ဆို့နေအောင် ထည့်ခြင်းဖြစ်သောကြောင့် ကြက်များမှာ မလှုပ်မယှက်နိုင်လောက်အောင် ဝေဒနာဆိုးကို ခံစားကြရသည်။ ဤနည်းဖြင့် ဦးမဲကြီးမှာ အမြတ်အစွန်း ကောင်းကောင်းရနေခဲ့သည်။

မကြာမီက ဦးမဲကြီးတယောက် တောဆင်းပြီး ကြက်မဝယ်နိုင်တော့-ဟု သတင်းကြားရသည်။ နာတာရှည် ရောဂါဖြင့် အိပ်ရာထဲ လဲနေသည်-ဟု ပြောကြသည်။ ဦးမဲကြီးခမျာ အစာမစားရဘဲ လည်မျိုတွင် တခုခု ဆို့ထားသလို တစ်ဆို့ဆို့ကြီး ဖြစ်နေသဖြင့် အစာမဝင်သည်မှာ တပတ်ခန့်ရှိပြီ-ဟု ကြားရပြန်သည်။ တလခန့်အကြာတွင် ဦးမဲကြီး ဆုံးသည်၊ တချို့က လည်ချောင်းကင်ဆာ-ဟု ဆိုကြသည်။

ကြက်များ၏စလုတ်ထဲသို့ ပြောင်းဖူးစေ့များ မတန်တဆ ထိုးသွင်းခဲ့သော လောဘဇောတိုက် ရက်စက်မှုကြောင့် သူ့ဘဝနိဂုံးတွင်လည်း ကြက်များနည်းတူ ဝေဒနာဆိုး ခံစားရကာ သေဆုံးရတော့မည်ဖြစ်ကြောင်း နောက်ဆုံးစကား ပြောသွားခဲ့သည်-ဟု သိရှိရပါသည်။

(မေရည်မွန်-မြန်မာစာ )

(မြတ်မင်္ဂလာ ၁၉၉၂-ခု ဒီဇင်ဘာလ )

****************************************

တူသောအကျိုး

(တူသောအကျိုး)

ကွင်းလယ်စုရွာမှ ကျောက်ဒိုးသည် လူလားမြောက်သည့်အချိန်မှစ၍ ငါးထောင် ဖားရိုက် ငှက်ဖမ်း အလုပ်မျိုးကို စိတ်ဝင်စားခဲ့သည်၊ လယ်ယာစိုက်ပျိုးခြင်းထက် ငါးထောင် ဖားရိုက် လုပ်ငန်းက ဝင်ငွေချက်ချင်းရနိုင်သည်၊ လက်ထဲတွင် ငွေစကြေးစကလည်း ပြတ်သည်မရှိ၊ ရှာနိုင်လျှင် ရှာနိုင်သလိုရသည့် ရွာ၏အနောက်ဘက် ကွင်းကြီး ကလည်း တမျှော်တခေါ်ပင်ဖြစ်၏၊

အတွေ့အကြုံများလာသည်နှင့်အမျှ ကျောက်ဒိုးသည် သားကောင်တို့၏ သဘောသဘာဝ အနေအထားကိုလည်း သိနားလည်ခဲ့သည်၊ ရာသီအလိုက် သူ့လုပ်ငန်းက ပြတ်သည်ဟူ၍မရှိ၊ အမြဲလည်ပတ်နေသည်။

ယခုလည်း ကျောက်ဒိုးတယောက် ကွင်းထဲမှ မြှုံးထောင်ပြီးပြန်လာစဉ် ရေခန်းစပြုနေသော အိုင်ငယ်များတွင် ဗျိုင်းနှင့် ခရုစုပ်ငှက်များ ကျနေသည်ကို တွေ့ရသည်၊ ဗျိုင်းငှက်များသည် ရေခန်းငါးများကို လိုက်လံကောက်ယူ စားသောက်နေကြခြင်း ဖြစ်သည်၊ ထိုငှက်များကို အစာကျွေး၍ ထောင်ဖမ်းရန် စိတ်ကူးမိသည်၊

သူ့ဇနီးသည် မြို့သို့ စျေးရောင်းရန်သွားသောအခါ ပရဆေးဆိုင် တဆိုင်က ဆေးမှုန်များဝယ်ခဲ့ရန် သူကမှာလိုက်သည်၊ ဆေးမှုန့်များရရှိသောအခါ ထိုအမှုန့်များကို ငါးခုံးမငါးကလေးများ၏ ပါးဟက်များအတွင်းသို့ ထည့်သွင်း၍ ရေခန်းစပြုနေသော အိုင်စပ်တွင် အသာကလေး ချထားလို်သည်၊ ရေခန်းပြီး ငါးငယ်ကလေးများ သေနေသောအခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးလိုက်သည်။

ထိုဆေးမှုန့်သည် ဥမှပေါက်သော သတ္တဝါများကိုသာ သေစေ၍ နို့တိုက်သတ္တဝါများကိုမူ အဆိပ်အတောက် မဖြစ်စေနိုင်ပါ၊ ညဘက်အိပ်တန်းတက်သော ငှက်များသည် နံနက်စောစော၌ ဆာဆာလောင်လောင်ဖြင့် အစာရှာထွက်လာကြသည်၊ ကျောက်ဒိုးသည် ချုံကွယ်မှနေ၍ အခြေအနေကိုစောင့်ကြည့်နေသည်၊ နေလုံးကြီးသည် အရှေ့ဘက် တောတန်းဆီမှ လိမ္မောရောင်ရင့်ရင့်အရောင်ဖြင့် ထွက်စပြုလာသည်၊ ငှက်များလည်း အုပ်စုဖွဲ့၍ ပျံသန်းလာကြသည်။

မကြာမီပင် ဗျိုင်းများသည် အိုင်ဆီသို့ ပျံဝဲလာကြသည်၊ ကျောက်ဒိုးချထားသော ငါးများကို ကောက်ယူ စားသောက်ကြသည်၊ စားသောက်ပြီး မကြာခင်မှာပင် ဗျိုင်းငါးကောင်မှာ တောင်ပံတဖျပ်ဖျပ် ခတ်ရင်း လဲကျသေဆုံးသွားသည်၊ အခြားဗျိုင်းများလည်း လန့်၍ ပျံပြေးကြသည်။

ကျောက်ဒိုးသည် ဝမ်းသာအားရဖြင့် ပြေး၍ကောက်ယူလိုက်သည်၊ သုံးကောင်ကိုရောင်း၍ နှစ်ကောင်ကို ချက်စား လိုက်သည်၊ သူ့အတွက် ဟင်းကောင်းတခွက်သာမက ငွေတထောင်ခန့်ပင် ရလိုက်သည်၊ နောက်နေ့များ တွင်လည်း ဤသို့ အစာချထောင်ဖမ်းရာ ဗျိုင်းနှင့်ခရုစုပ်ငှက်ကလေးများပါ ရလိုက်သည်။

ထိုနေ့တွင်ပင် ညနေဘက်၌ အနောက်ဘက်ကွင်းထဲသို့ ဆင်းရင်း ဦးကြီးသာဝ၏ခြံထဲက ဆလတ်ခင်းများကို သတိထားကြည့်မိသည်၊ စိမ်းစို၍ အရွက်ဖားဖားနှင့် သန်စွမ်းလှသည်၊ ဦးကြီးသာဝကို ရွာကလူများက ခြေဆိတ် လက်ဆိတ် ကောင်းသူဟု ပြောဆိုကြသည်၊ အဘယ့်ကြောင့်ဆိုသော် သူစိုက်ပျိုးသည့် အပင်များသည် ဖွံ့ဖြိုးအောင်မြင်မှုရှိသောကြောင့်ဖြစ်သည်၊ အမှန်မှာ ဦးကြီးသာဝ၏ ပြုစုပျိုးထောင်မှုကောင်း၍သာ ဖြစ်သည်။

ဆလတ်ခင်းများကိုကြည့်၍ ကျောက်ဒိုး သွားရည်ယိုလာသည်၊ နောက်နေ့ မိုးမလင်းတလင်း ကွင်းထဲမှအပြန်တွင် ခြံထဲသို့အလစ်ဝင်၍ ဆလတ်ပင် လေးငါးပင်ကို နုတ်သည်၊ ပုဆိုးလုံကွင်းထဲသို့ ထည့်၍ပြန်လာခဲ့သည်၊ အိမ်ရောက်သောအခါ ဘဲဥနှင့်ရော၍ ကြော်စားလိုက်သည်၊ တအိမ်သားလုံး ထမင်းမြိန်ကြသည်၊ နေ့လယ် တရေးတမောအိပ်ပြီးချိန်တွင် ကျောက်ဒိုးဗိုက်ထဲတွင် ရစ်သီရစ်သီဖြစ်၍ နာလာသည်၊ အိမ်သာသို့ မကြာခဏ သွားရသည်၊ သူ့လို့ပင် ဇနီးနှင့် သားသမီးများလည်း ဗိုက်နာလာသည်၊ အိမ်သာသို့ သွားကြရသည်၊ နောက်ပိုင်းတွင် သွားရပါများလာသည်။

အနီးအနားမှ လူများက ကျေးရွာက ကျေးရွာကျန်းမာရေးမှူးကို ခေါ်ပေးကြသည်၊ ဆရာက သူတို့စားသောက် ခဲ့သော အစားအစာများကို မေးမြန်း၍ အစာအဆိပ်သင့်သည်ဟုဆိုသည်၊ ဘဝတူရွာသားတို့၏ အကူအညီဖြင့် မြို့ဆေးရုံသို့ ပို့ကြသည်၊ ကျောက်ဒိုးမှာ သူပြုခဲ့သောအမှုကို သူပြန်ခံရခြင်းဖြစ်သည်။

ဦးကြီးသာဝသည် သူ၏ဆလတ်ခင်းများကို ပိုးသတ်ဆေးဖြန်းထားသည်ကို ကျောက်ဒိုးတယောက် မသိလိုက်၍ ခိုးစားခြင်းပင်၊ ပိုးသတ်ဆေး၏ အာနိသင်မှာ လေးငါးရက်မှ ပြယ်တတ်သည်၊ ဒါတောင် စားသည့်အခါ ရေခြင့် သုံးလေးထပ် စင်စင်ဆေးရသေးသည်၊ သို့မှသာ လူကို အဆိပ်အတောက် မဖြစ်ပေ၊ ထိုအချက်ကို ကျောက်ဒိုး တယောက် မသိလိုက်ပါ၊ အပြုအမူတိုင်း၏ နောက်ကွယ်တွင် တူသောအကျိုးပေးပါသည်၊ လောကသဘာဝ တရားအရ အကြောင်းကင်းသော အကျိုး မရှိနိုင်ပါ။

(ဆရာအေး-ကျုံပျော် )

****************************************

တူသောအကျိုးပေး

(တူသောအကျိုးပေး)

ကြေးမုံပြင်တွင် ထင်ဟပ်လာသော မိမိမျက်နှာကို စိတ်ပျက်အားငယ်စွာ ကြည့်မိသည်။ ညာဘက်မျက်လုံးအောက်တွင် လက်ညှိုးတချောင်းခန့်ရှိသော အမာရွတ်တခု၊ မျက်နှာတွင်သာမက မိမိ၏ နှလုံးသားထဲတွင်ပါ ဘယ်တော့မှ မပျောက်နိုင်သော အမာရွတ်၊ ထိုအမာရွတ်ကိုမြင်တိုင်း ငယ်စဉ်က ဖြစ်ရပ်ကို သတိရမိသည်။

ကျွန်မ ၅-နှစ်သမီးအရွယ်က ဖြစ်သည်။ ကျွန်မတို့ အိမ်နောက်ဖေး မီးဖိုချောင်အနီးတွင် အုန်းပင်တပင် ရှိသည်။ တနေ့တွင် ကျွန်မ၏ မိဘများက အိမ်ရှေ့၌ စကားပြောနေကြသည်။ ကျွန်မ၏ အမအကြီးဆုံးက ထမင်းအိုး တည်နေသည်။ ကျွန်မက ခြံထဲတွင် ကစားနေသည်။

ကစားရင်း မီးဖိုချောင်အနီးရှိ အုန်းပင်နားသို့ ရောက်သွားသည်။ အုန်းပင်ခြေရင်းတွင် ပုရွက်ဆိတ်အနီကောင်များ အုံဖွဲ့နေသည်။ ကျွန်မ၏ အသက်ငယ်သော်လည်း ပုရွက်ဆိတ် ကိုက်တတ်သည်ကိုတော့ ကျွန်မ သိသည်။ ကျွန်မ၏အမကြီးဆုံး ထမင်းအိုးငဲ့နေစဉ် ကျွန်မသည် မီးဖိုထဲမှ မီးစွဲနေသော ထင်းစတချောင်းကို ယူလာခဲ့သည်။ ကျွန်မ၏ အကြံမှာ ပုရွက်ဆိတ်အုံပေါ်တွင် မီးစကိုတင်၍ ပုရွက်ဆိတ်များကို သတ်ရန် ဖြစ်သည်။

အရွယ်ငယ်ငယ်နှင့် သူတပါး၏ အသက်ကို သေစေရန် လုံ့လအားထုတ်မှု ပြုခဲ့သော ကျွန်မ၏ အကုသိုလ်ကံသည် နောင်ဘဝထိအောင် မနေပါ။ မီးဖိုချောင်မှ အောက်သို့အဆင်း ခြေချော်၍လဲကာ ယူလာသည့်မီးစသည် ကျွန်မမျက်နှာတွင် ကပ်နေသည်။ အမနှင့် မိဘနှစ်ပါး အပြေးလာ၍သာ မျက်စိ မကွယ်ခဲ့ခြင်း ဖြစ်ပါသည်။

အနာရှိန်နှင့် ၂-ရက် ၃-ရက်ခန့် ဖျားခဲ့ပါသည်။ တပတ်မှ နှစ်ပတ်ခန့်ကြာသောအခါ အနာကျက်သွားသော်လည်း အမာရွတ်က ထင်ကျန်ခဲ့ပါသည်။ ကျွန်မအတွက် သေသည်အထိ နောင်ကြဉ်သွာစေမည့် အမှတ်အသားတခု ဖြစ်ပါသည်။

(ချိုသက်ထား)

****************************************

တူသောအကျိုးပေး

(တူသောအကျိုးပေး)

ကျွန်တော်တို့ ကျေးရွာလေးသည် ပဲခူးတိုင်း၊ လက်ပံတန်း မြို့နယ်အပိုင် လက်ပံတန်း သာရဝေါသွား မီးရထားလမ်းနံဘေးတွင် တည်ရှိသည်။ ရွာရှိ အချို့လူငယ်များသည် လမိုက်ရက်ညများတွင် အိမ်မွေးကြောင်များကို ရှာဖွေသတ်ဖြတ် စားသောက်လေ့ရှိပါသည်။ အထူးသဖြင့် မင်္ဂလာဆောင်ညများတွင် အုပ်စုလိုက် ကြောင်လိုက် ထွက်ကြသည်။ ရရှိလာသော ကြောင်များကို ညတွင်းချင်းပင် ချက်၍ အရက်နှင့် မြည်းလေ့ရှိပါသည်။

ကြောင်လိုက်ရာတွင်လည်း လူနှစ်ဦး သုံးဦး အပြင် ခွေးများပါ ခေါ်ဆောင်သွားကြသည်။ ရွာနှင့် အတော်ဝေးဝေး အစာရှာထွက်သော ကြောင်ကို လူနှင့်ခွေးများက ညှပ်၍ လိုက်သောအခါ မပြေးသာသည့်အဆုံး နီးစပ်ရာ သစ်ပင်ပေါ်သို့ တက်ပြေးကြရှာသည်။ ထိုအခါ ခွေးက အပင်အောက်မှစောင့်၍ သခင်ကိုအသံပြု ခေါ်လေ့ရှိသည်။ လူက အပင်ပေါ်တက်၍ လက်လှမ်းမီလျှင် တုတ်ဖြင့် ရိုက်ချ လက်လှမ်းမမီလျှင် လောက်လေးခွဖြင့် ပစ်ချရပါသည်။ ပစ်ခတ်ရာတွင်လည်း နှာတံအပေါ် မျက်ခုံးနှစ်ဖက်ကြား ချိန်ပစ်မှသာ သေချာပေါက် ရပါသည်။

ရွာထဲတွင် နိုင်ဇော်ဆိုသူသည် လောက်လေးခွပစ် အလွန်တော်သည်။ ကြောင်လိုက်ရာတွင် နှာတံအပေါ် မျက်ခုံးနှစ်ဖက်ကြားကို အမြဲတမ်း မှန်အောင်ပစ်နိုင်သူ ဖြစ်သည်။ ထိုနည်းဖြင့် ကြောင်းများကို ပစ်ခတ်စားသောက် ရောင်းချခဲ့သည်မှာ မနည်းတော့ပေ။

တနေ့တွင် နိုင်ဇော်တယောက် ထင်းပေါက်ရာတွင် သစ်စလွင့်စဉ်၍ နှာတံအထက် မျက်ခုံးနှစ်ဖက်ကြားကို ထိမှန်သွားသည်။ ဖြစ်စတွင် သွေးအနည်းငယ်စို့၍ နာကျင်မှု အနည်းငယ်သာ ဖြစ်ခဲ့သည်။ လေးရက်ခန့်ကြာသောအခါ ထိုနေရာမှ လောက်စာလုံးခန့် ဘုကြီးထွက်လာပါသည်။

မောင်နိုင်ဇော် ဘုထွက်သည့်နေရာမှာကဲ့သို့ ရွာထဲမှ လူငယ်တယောက်လဲ သွေးရိုးသားရိုး ဖြစ်ပေါ်လာသော ဘုကို ဆရာဝန်ထံ ခွဲစိတ်ကုသခံယူခဲ့ရာ ပျောက်ကင်းခဲ့ဖူးသည်။ နိုင်ဇော်လည်း ထိုဆရာဝန်ထံတွင် ခွဲစိတ်ကုသ ခံယူခဲ့ပါသည်။ ခွဲစိတ်ပြီးခါစတွင် ပျောက်ကင်းသွားသလို ရှိသည်။ ရက်နှစ်ဆယ်ခန့် ကြာသောအခါ တဖြည်းဖြည်း ထိုနေရာမှပင် ဘုထပ်မံ ထွက်ရှိလာသည်။ ပထမထွက်ခဲ့သော ဘုထက်ပင် ကြီးလာပါသည်။ နိုင်ဇော်တယောက် လက်ငင်း ဝဋ်လည်လာပြီဆိုသည်ကို သတိထားမိဟန် မတူ။ ကြောင်လိုက်မြဲ လိုက်လျက်ပင်။

ထိုကဲ့သို့ ဖြစ်ရခြင်းသည် ဝဋ်နာ ကံနာဖြစ်၍ ခွဲစိတ်ကုသသော်လည်း ပျောက်မသွားဘဲ ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသည့်အတိုင်း တူသောအကျိုး တန်ပြန်ခံစားရသည်ဟု ယုံကြည်ယူဆမိပါသည်။

(မြင့်ထွဋ်ခေါင် )

****************************************

ထီ ၂၄-ကြိမ်ပေါက်သူ

(ထီ ၂၄-ကြိမ်ပေါက်သူ)

သာကေတမြို့၏ ကျက်သရေဆောင် တရာ့ရှစ်တောင် (မဟာဗောဓိစွယ်တော်ရှင် စေတီတော်မြတ်) တွင် ညစဉ် မီးပူဇော်သူတဦး ရှိသည်။

သူသည် ဦးအောင်ခင်ဆန်း ဖြစ်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကော်ပိုရေးရှင်းဌာနတွင် ကြီးကြပ်ရေးမှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသည်။

အသက် ၈၀-ကျော် မိခင်အိုကြီးကို ပြုစုလုပ်ကျွေးနေသူတဦး ဖြစ်သည်။

ကျေးဇူးရှင် မိခင်၏ ဝေယျာဝစ္စများကို အမြဲတမ်း ပြုလုပ်လေ့ရှိသည်။ ဘုရားဆွမ်းတော်ကပ်ခြင်း၊ သောက်တော်ရေချမ်းနဲ့ အိမ်သားများ သောက်ရန် သောက်ရေအိုးကိုလည်း အမြဲတမ်း ဖြည့်ဆည်းပေးသူ ဖြစ်သည်။ လမ်းထွက်ခြင်း၊ ရုံးသွားခြင်း၊ ခရီးသွားခြင်း စသည့်အခါများတွင် အိမ်မှစထွက်၍ အိမ်သို့ပြန်ရောက်သည်အထိ မြတ်စွာဘုရား၏ ဂုဏ်တော်နှင့် သမ္ဗုဒ္ဓေဂါထာတော်ကို မပြတ်ရွတ်ဖတ်သူ ဖြစ်သည်။

လွန်ခဲ့သော နှစ် ၃၀-ကျော်မှစ၍ ယနေ့ထက်တိုင် ဖယောင်းတိုင် အတိုင်ပေါင်း ငါးသိန်းကျော် မီးပူဇော်ခဲ့ပြီး ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့ညနှင့် တန်ဆောင်မုန်းလပြည့်နေ့ညများတွင် ဆီမီးသုံးထောင်၊ ဆီမီးငါးထောင် စသည်ဖြင့် နှစ်စဉ်ပူဇော်ခဲ့သည်။ ဆီမီးများထွန်းညှိပူဇော်ပြီးသည်နှင့် တပြိုင်နက် တရားထိုင်ခြင်း၊ ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ခြင်း၊ မေတ္တသုတ်ပရိတ်တော်ကို ရွတ်ဖတ်ခြင်းများ ပြုသည်။

ဤကောင်းမှု စေတနာကံကြောင့်ပင် ထင်ပါသည်။ သူ၏ ဖြူနေသောဆံပင်များ နက်မှောင်လာသည်။ မျက်စိအား အနည်းငယ်မှုန်နေရာမှ အထူးကြည်လင်ကောင်းမွန်လာသည်။ ထို့ပြင် အောင်ဘာလေ သိန်းဆုကြီးကို အကြိမ် ၇၀-မှစ၍ အကြိမ် ၂၁၄-ကြိမ်အထိ ၄-သောင်းဆု ၄-ဆု၊ ၂-သောင်းဆု ၂၀-ဆု၊ ပေါင်း ၂၄-ကြိမ်တိတိ ဆွတ်ခူးရရှိခဲ့လေသည်။

ညီညီလွင်-ရေကြောင်းဦးစီးဌာန

****************************************

ထီလက်မှတ်ပျောက်သူ၏ ကံ

(ထီလက်မှတ်ပျောက်သူ၏ ကံ)

ထိန်ငူကျေးရွာမှ ကိုနေမင်းဆိုလျှင် မသိသူ ခပ်ရှားရှားပင်၊ ကြက်တိုက် ဝါသနာပါသူ၊ မိဘကို မရိုမသေ ရိုင်းစိုင်းစွာ ဆက်ဆံတတ်သူ၊ တဇွတ်ထိုး လုပ်တတ်သူဟူ၍ အားလုံးက သိနေကြသည်။ အကိုဖြစ်သူ ကိုနေလင်းမှာ အခြားရွာမှ အမျိုးသမီးတဦးနှင့် အိမ်ထောင်ကျပြီး ယောက္ခမအိမ်သို့ လိုက်နေရသဖြင့် အငယ် ကိုနေမင်းမှာ မိဘတို့နှင့် အတူ လုပ်ကိုင်စားသောက်လျက် ရှိသည်။

အကြီးဖြစ်သူ ကိုနေလင်းက လိမ္မာသလောက် ကိုနေမင်းက ဆန့်ကျင်ဘက်ဖြစ်သည်။ မိဘတို့မှာ တနေ့မှ စိတ်မချမ်းသာရ။ နေ့ရှိသရွေ့ မိဘတို့နှင့် စကားများသည်။ ရင့်သီးသော စကားလုံးများဖြင့် မိဘတို့ကို ဆက်ဆံသည်။ မကြာမီ ကိုနေမင်းတယောက် မြို့ပေါ်မှ စန်းစန်းမော်-ဆိုသော အမျိုးသမီးတဦးနှင့် အိမ်ထောင်ကျသည်။ မြို့မှာမွေး မြို့မှာကြီးပြင်းခဲ့သော စန်းစန်းမော်တယောက်အဖို့ လယ်ယာလုပ်ငန်း၌ မကျွမ်း၊ ကိုနေမင်းကလည်း လက်ကြောတင်းအောင် အလုပ်မလုပ်။

အချိန်ကြာလာသောအခါ ကိုနေမင်း-မစန်းစန်းမော်တို့မှာ သားသုံးယောက် သမီး-တယောက် ထွန်းကား လာသည်။ မိသားစု စားဝတ်နေရေးက တမျိုး၊ သားသမီးတို့၏ ကျောင်းစရိတ်က တမျိုးနှင့် အကုန်အကျတွေ များလာခဲ့သည်။ စီးပွားရေးမှာလည်း မတိုးတက်သည့်အပြင် သိသိသာသာ ကျဆင်းလာသည်။ ဘာပဲလုပ်လုပ် အဆင်မပြေ၊ ဝမ်းစာပင် ပြည့်မီအောင် မထားနိုင်ခဲ့သည့် ကိုနေမင်းသည် အကိုဖြစ်သူ ကိုနေလင်းထံမှ ငွေကြေး အကူအညီ တောင်းခဲ့ရသည်။ ထိုငွေများကိုလည်း ပြန်မဆပ်နိုင်ခဲ့၍ အကိုဖြစ်သူနဲ့ စကားများခဲ့သည်။

နောက်ဆုံးတွင် ကိုနေမင်းသည် မိဘတို့ပိုင်သော အိမ်ကြီးကို ရောင်းသည်။ လယ်မြေအားလုံးကိုလည်း ရောင်းပြီး မြို့သို့ပြောင်းသွားသည်။ သက်ရှိထင်ရှား မိဘနှစ်ပါးကို အိမ်လေးတလုံး ဆောက်ပေးပြီး တောမှာပင် ဖြစ်သလို ထားခဲ့သည်။

မြို့ပေါ်၌လည်း ကိုနေမင်းမှာ စီးပွားရေးမတက်သည့်ပြင် ဆိုးသည်ထက် ဆိုးလာသည်။ ရွာ၌ ထားခဲ့သော မိဘတို့ကိုလည်း လှည့်မကြည်ခဲ့။ မကြာမီ မိခင်ဖြစ်သူ ဒေါ်သိန်းကြည် ကွယ်လွန်လေသည်။

ဖခင်ဦးချစ်ထွန်းမှာ တယောက်တည်းမို့ မြို့မှာ ကိုနေမင်းနှင့်အတူ လိုက်နေခဲ့ရသည်။ သို့သော် ကိုနေမင်းမှာ ဆိုးမြဲတိုင်းပင်။ ဖခင်ကို ရှိသည်ဟူ၍ ပင် မထင်၊ စားရင်းထဲမထည့်၊ သူကျွေးတာ စား၊ သူပြောတာ နားထောင် ရသည်။ စိတ်ထဲမထင်လျှင် မထင်သလို ရန်လုပ်တတ်သည်။ ဖခင်ဦးချစ်ထွန်းကလည်း သည်းခံ၍ နေလာခဲ့သော်လည်း ကြာသော် သည်းမခံနိုင်တော့။ တကြိမ် နှစ်ကြိမ် ဖြေဖျောက်၍ ရနိုင်သော်လည်း ကြိမ်ဖန်များလာသောအခါ လှုပ်ပါများသည့် ကျောက်ရုပ်ပမာ ယိမ်းယိုင်လာခဲ့ရသည်။

တနေ့တွင်မူ မိုက်ရိုင်းလှသည့် ကိုနေမင်းက ဖခင်ကို အိမ်ပေါ်မှ နှင်ချလေသည်။ ဖခင်ဦးချစ်ထွန်းသည် သား၏အိမ်ပေါ်မှဆင်းကာ စိတ်မကောင်းခြင်းများစွာဖြင့် မိမိဇာတိ တောရွာကလေးသို့ ပြန်လာခဲ့လေသည်။ မိမိရွာတွင် ရဟန်းဘောင်ဝင်မည်ဟု စိတ်ကူးမိခဲ့သော်လည်း ရဟန်းမဝတ်ဖြစ်ခဲ့။ သားငယ် ကိုနေမင်း၏ လူမှုရေးပျက်ကွက်မှုများကြောင့် သားကြီးကိုနေလင်းအိမ်သို့ မသွားရဲခဲ့သည်မှာလည်း သနားစရာကောင်း လှသည်။ ငယ်စဉ်က ဖခင်၏အရိပ်ကို သားများက ခိုလှုံခဲ့သော်လည်း သားများ၏အရိပ်ကိုမူ ဖခင်အား ခိုလှုံခွင့်မပေးခဲ့ပေ။ ရွာ၌ နှစ်ညတာအိပ်ခဲ့ပြီး လေးမျက်နှာမြို့နယ်ရှိ ရွာကလေးတရွာ၌ နေသော တူမဖြစ်သူ အိမ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ရထားပေါ်မှဆင်းကာ တူမဖြစ်သူအိမ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ နွေရာဦမို့ ပူပြင်းလှသည့် နေရောင်အောက်တွင် အသက် ၇၀-ကျော် ဦးချစ်ထွန်းမှာ ဒယီးဒယိုင် ဖြစ်နေသည်။ အတန်ငယ်ကြာအောင် လမ်းလျှောက်သွားပြီးမှ တူမဖြစ်သူအိမ်သို့ ရောက်လာခဲ့သည်။

သို့သော် သူရောက်သွားသော တူမအိမ်သည် သူနောက်ဆုံး ခေါင်းချရမည့် နေရဖြစ်သည်ကိုမူ သူမသိခဲ့။ အိမ်သို့ရောက်ပြီး ၂-နာရီခန့်တွင် မူးတယ် မူးတယ်-ဆိုပြီး လဲကျသွားသည်။ အသက်ထွက်သည်အထိ သတိမရတော့။ လူ့ဘဝတွင် တခါတော့ သေရမည်ဆိုသော်လည်း စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေ များပြားလှသည့်အချိန်တွင် ကွယ်လွန်ခဲ့သော ဦးချစ်ထွန်း၏ သေခြင်းသည် အဓိပ္ပါယ်မရှိ ဖြစ်ခဲ့လေပြီ။

ဦးချစ်ထွန်း ကွယ်လွန်ပြီး ၅-ရက်မြောက်နေ့တွင် ဖြစ်သည်။ ကိုနေမင်းထိုးထားသော ထီလက်မှတ်က ငါးသောင်းဆု ပေါက်ကြောင်း ထီဆိုင်က လာပြောလေသည်။ သို့သော် ထီလက်မှတ်မှာ ရှာမတွေ့ခဲ့။ ထီလက်မှတ်ကို ဖခင်၏ အကျႌအိတ်ထဲ ထည့်ထားမိခဲ့သည်။ ဖခင်ကို အိမ်ပေါ်မှနှင်ချ၍ ဆင်းသွားသောအခါ ထိုထီလက်မှတ်လည်း ပါသွားခဲ့သည်။ ဖခင်ကတော့ အမှတ်မထားမိခဲ့။ ဘယ်နေရာတွင် ကျပျောက်ခဲ့သည် မသိတော့ပေ။ ဖခင်လည်း သေဆုံးခဲ့ပြီမို့ ငါးသောင်းဆုပေါက်သော ထီလက်မှတ်ကလေးမှာ လုံးဝပျောက်ဆုံးခဲ့လေပြီ။

ကိုနေမင်းတယောက် အခုမှ ဖခင်ကို သတိရလာသည်။ ဖခင်ကို မဆင်မခြင် ပြောခဲ့ ပြုမူခဲ့သည့် မိမိကိုယ်မိမိ ယူကျုံးမရ ဖြစ်လာသည်။ ဖခင်ကို ပြစ်မှားမိခဲ့သော ကာယကံ ဝစီကံ မနောကံမှုတွေကို တောင်းပန်ဖို့ သတိရခဲ့သော်လည်း နောက်ကျခဲ့လေပြီ။ အကယ်၍များ ရှိနေခဲ့လျှင်လည်း သားရေ-ငါးသောင်းတန် ထီလက်မှတ်ပျောက်တာဟာ မင်းတို့လို သားဆိုး သားမိုက်တွေအတွက် အသေးစားပြစ်ဒဏ်တခုပဲ။ နောင်တမလွန်မှာလဲ ဒီထက်ကြီးမားတဲ့ ပြစ်ဒဏ်တွေကို မင်းခံရဦးမယ်ဆိုတာ မမေ့နဲ့-ဟုများ သတိပေးမည်လား မသိပေ။

(လွမ်းကျော်ကျော်-ဟင်္သာတ)

****************************************

ထီပေါက်သူ

(ထီပေါက်သူ )

ဝါးခယ်မမြို့ ဘုရားလမ်းနေ (ရွှေလက်ရုံး ဆံသ ) -ပိုင်ရှင် ဦးအုန်းဟန်သည် တိရစ္ဆာန်များကို ကြင်နာသနားတတ်သူဖြစ်၏၊ တိရစ္ဆာန်များအား တတ်နိုင်သမျှ အစဉ်ကျွေးမွေးနေသူဖြစ်သည်။

တနေ့ ထိုစေတနာရှင် ဦးအုန်းဟန်နှင့် ကျွန်တော် ဆုံဖြစ်ခဲ့ကြသည်၊ သူ့အကြောင်းကို မေးမြန်းကြည့်သောအခါ ဦးအုန်းဟန်က ဤသို့ ပြောပြသည်၊ ကျွန်တော် ဒီဆံသအလုပ် မလုပ်ခင်က တွဲဆွဲသင်္ဘောလေးနှစ်စင်း လုပ်ခဲ့ဖူးသေးတယ်၊ ကံမလိုက်ချင်တော့ ရှုံးလို့ ပြန်ရောင်းလိုက်ရတယ်၊ အဲသည်တုန်းက ငယ်သေးတယ်၊ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ဝါးခယ်မမြို့ ကမ်းနားလမ်းမှာ ရှိတဲ့ ပြန်ကြားရေး စာကြည့်တိုက် ရောက်သွားခဲ့တယ်၊ ဟိုတုန်းကတည်းက စာဖတ်တော့ ဝါသနာပါခဲ့တယ်ခင်ဗျ၊ စာဖတ်မယ်ဆိုပြီး သွားခဲ့တာပေါ့။

အဲသည်မှာ ကံအားလျော်စွာ စာတအုပ် သွားတွေခဲ့တယ်၊ ဒါနနည်းခဲ့လို့ မွဲရတဲ့အကြောင်းတွေ ဖြစ်နေတယ်ခင်ဗျ၊ ဒါနဲ့ ကျွန်တော်လည်း ငါ့မှာ ဒါနအလုပ်၊ သီလအလုပ်၊ ဘာဝနာအလုပ် ဘာတခုမှ မလုပ်ရသေးပါလားလို့ နောင်တရလာခဲ့တယ်။

အဲသည်က အပြန်မှာပါပဲ ကျွန်တော် ဘာသာရေးအလုပ် အားလုံး လုပ်တော့တာပဲဗျို့၊ သိသာတာကတော့ အထင်အရှားပါပဲ၊ ကျွန်တော် သီလဆောက်တည်တယ်၊ တရားရှုမှတ်တယ်၊ သတ္တဝါတွေကို မေတ္တာ ကရုဏာ ရှေ့ထားပြီး မရှိ-ရှိတာနဲ့ ကျွေးမွေးစောင့်ရှောက်တယ်၊ ဒီအကျိုးဆက်တွေကြောင့်ပဲ သမဝါယမက လက်ဆောင်ပေးလိုက်တဲ့ ထီတရွက်က သိန်းထီ ထပေါက်ခဲ့တယ်၊ အခုဆိုရင် အငှားဆံသလုပ်သားဘဝက ဆိုင်ပိုင်ရှင်ဖြစ်လာတာကိုပဲ ကြည့်ပါတော့ ဆရာလေးရယ်။

ကျွန်တော်သည် တက်ကြွစွာ ပြောပြနေသော ရွှေလက်ရုံး ဆံသပိုင်ရှင် ဦးအုန်းဟန်ကို ကြည့်ကာ ကျေနပ်အားရ ပီတိဖြစ်မိနေပါသည်။

(ကျော်မိုးလွင်-ဝါးခယ်မ )

****************************************

ထူးဆန်းသော အိပ်မက်နှင့် မြေငလျင်

(ထူးဆန်းသော အိပ်မက်နှင့် မြေငလျင်)

ကျွန်မနေထိုင်သော မြို့ကလေးမှာ ဆတ်သွားမြို့ ဖြစ်သည်။ မြို့ဟုဆိုသော်လည်း အခြားမြို့များကဲ့သို့ လူစည်ကားမှု မရှိပေ။ လူဦးရေ ၃၅၀၀-ခန့်နှင့် အိမ်ခြေ ၈၀၀-သာရှိသည်။ သို့သော် စေတီပုထိုးတို့မှာ ဟိုမှာတဆူ၊ သည်မှာတဆူ နှင့် လက်ညှိုးထိုးမလွဲ ပေါများလှသည်။ မြို့သူမြို့သားတို့သည် ဘုရားတရား ကြည်ညိုပြီး ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းအတော်ပင် ကြာမြင့်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ သဘာဝဘေးအန္တရာယ်တခုကြောင့် ကျွန်မတို့မြို့ကလေးမှာ ပျက်စီးယိုယွင်းမှု များပြားခဲ့သည်။ မှတ်မိပါသေးသည်။ သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေ့မှာ ၂၂-၉-၂၀၀၃ ဖြစ်သည်။ ထိုနေ့ကား ကျွန်မတို့မြို့ကလေး ကံကြမ္မာဆိုး ကျရောက်သည့်နေ့ပင် ဖြစ်သည်။

ဆောင်းကာလဖြစ်သည့်အတွက် မိုးသားတိမ်လိပ်တို့မှာ ကင်းစင်ကြသည်။ သို့သော် ထိုနေ့ညနေစောင်းတွင် တိမ်မဲ တိမ်တိုက်အချို့ အမှတ်မထင် ပေါ်လာသည်။ လေကလည်း ငြိမ်လှသည်။ ကျွန်မကား ပုံမှန်အတိုင်း ည ၇-နာရီတွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသော ကိုးရီးယားဇာတ်ကားကို စောင့်ကြည့်သည်။ ထို့နောက် ၁၁-နာရီထိ စာကြည့်သည်။ စာကြည့်ပြီးသည့်အခါ ဘုရားဂုဏ်တော် ၉-ပါးနှင့် ရတနာ ၃-ပါးကို ရှိခိုးပူဇော်ပြီး အိပ်စက်သည်။ အိမ်အပေါ်ထပ်တွင် မိဘများက တခန်း၊ ကျွန်မက တခန်း အိပ်သည်။

အိပ်ပျော်သွားချိန်တွင် ထူးဆန်းသော အိပ်မက်တခုကို ကျွန်မ မြင်မက်သည်။ အိပ်မက်ထဲတွင် ကျွန်မသည် တောကြီးတခုထဲသို့ ရောက်နေသည်။ ထိုတောကြီးထဲသို့ ရောက်နေချိန်မှာ ညသန်းခေါင်ယံအချိန် ဖြစ်သည်။ လမင်းကြီးက ထိန်ထိန်သာနေသည်။ အသံဟူ၍ကား တိရစ္ဆာန်တကောင်၏ အသံကိုမျှပင် မကြားရပါ။ လူမရှိသည့် တောကြီးထဲသို့ ကျွန်မ မည်သို့မည်ပုံ ရောက်လာသည်ကိုပင် စဉ်းစား၍မရပါ။ ကြောက်မက်ဖွယ်ကောင်းသော်လည်း ခြေလှမ်းတို့က ဦးတည်ရာမဲ့ သွားနေသည်။

တော်ကြီးထဲရှိ သစ်ပင်ကြီးများမှာ ဧရာမသစ်ပင်ကြီးများ ဖြစ်သည်။ အကိုင်းအခက်များတွင် သစ်ရွက်များက စိုစိုပြည်ပြည်နှင့် အသီးများ ပြွတ်သိပ်အောင် သီးနေသည်။ ရှေ့ဆက်သွားရင်း တနေရာသို့အရောက်တွင် ကျွန်မ အလွန်ပျော်သွားသည်။ လူနှစ်ယောက်က မြေတူးနေသည်။ ကျွန်မ အဖော်ရပြီဟု သိလိုက်ရသည်။ သို့သော် ထိုလူ ၂-ဦးက ကျွန်မကို စိမ်းစိမ်းကားကားနှင့် ကြည့်နေသည်။ ပါးစပ်ကလည်း ပွစိပွစိနှင့် ပြောနေသည်။ မကျေနပ်ပုံများဖြစ်သည်။ ကျွန်မလည်း ထိုသူ ၂-ဦးကို ဥပေက္ခာပြုကာ ရှေ့ဆက်သွားသည်။

တနေရာတွင် ကျွန်မရှေ့သို့ ရသေ့တပါးပေါ်လာသည်။ သူက တနေရာသို့ လက်ညှိုးထိုးပြသည်။ ကျွန်မလည်း လက်ညှိုးထိုးသည့်နေရာကို ကြည့်လိုက်ရာ ထုံးဖြူဖွေးဖွေးနှင့် စေတီပုထိုးများကို ဖူးမြော်ရသည်။ ကျွန်မလည်း အလွန်ကြည်ညိုစွာဖြင့် ရှိခိုးကန်တော့သည်။ သုံးကြိမ်မြောက် ဦးချပြီး၍ ခေါင်းထောင်လိုက်ချိန်တွင် မြေကြီးမှာ ပုခက်လွဲသည့်အလား တုန်ခါသွားသည်။ ကျွန်မ အလွန်ကြောက်လန့်သွားသည်။ ထိုအခိုက်တွင် ဧရာမ သစ်ပင်ကြီး ကျွန်မအပေါ်သို့ ကျလာမည့်ဆဲဆဲတွင် ရသေ့ကြီးက ကျွန်မကို တွန်းလိုက်သည်။

ကျွန်မ၏အိပ်နေသော ကိုယ်ခန္ဓာလည်း အိပ်ရာအပြင်ဘက်သို့ သုံးပတ်၊ လေးပတ်လောက် လိမ့်ထွက်သွားပြီး အမေ့-ဟူသော အသံနှင့်အတူ လန့်နိုးလာသည်။ ထိုအခိုက် ကျွန်မ၏ အခန်းထက်က ပျဉ်ပြားကြီးမှာလည်း အိပ်ရာပေါ်သို့ ဗုန်းခနဲ ပြုတ်ကျလာသည်။ အမေတို့ကလည်း အိပ်ရာမှ ပြေးထွက်လာကာ သမီး ငလျင်လှုပ်နေတယ်။ အပြင်ထွက်ရအောင်-ဟူသော စကားသံကြောင့် ပို၍ပင် တုန်လှုပ်ကြောက်လန့် သွားပါသည်။ ထိုအချိန်ကား ၁၂-နာရီ ၄၅-မိနစ် ရှိနေသည်။

ထိုနေ့က ငလျင်ဒဏ်ကြောင့် ကျွန်မတို့မြို့ရှိ တိုက်တာအဆောက်အအုံများ၊ ကျောင်းကန်၊ ဇရပ်များ၊ စေတီပုထိုးများ ပြိုကျပျက်စီးသွားခဲ့ရသည်။ ထို့ထက် ပိုဆိုးသည်မှာ တိုက်တာအဆောက်အအုံများကြောင့် ပိ၍ သေဆုံးသည့်လူများ၊ ရဟန်းသံဃာတော်များအတွက် ဝမ်းနည်းကြေကွဲစရာပင် ဖြစ်လေသည်။ ကျွန်မသည်လည်း သေဘေးမှ လွတ်မြောက်သူတဦးပင် ဖြစ်လေသည်။

အမှန်တကယ်ဆိုလျှင် ပျဉ်ပြားကြီးမှာ ကျွန်မအိပ်နေသည့်အပေါ်သို့ တည့်တည့်ပြုတ်ကျလာခြင်း ဖြစ်သည်။ ထူးဆန်းသော အိပ်မက်ထဲမှ ရသေ့ကြီး၏ တွန်းလိုက်မှုကြောင့်သာ တဖက်သို့ လိမ့်ထွက်သွားပြီး အသက်ချမ်းသာ ရခဲ့ရပေပြီ။ အထူးသဖြင့် ညမအိပ်မီ ရတနာသုံးပါးနှင့် ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြု၍ ရှိခိုး ပူဇော်ကန်တော့သောကြောင့် အသက်ဘေးမှ လွတ်ခဲ့ရခြင်းဖြစ်သည်ဟု ယုံကြည်မိပါတော့သည်။

မမေဖူးဝေ (နဝမတန်း-ဆတ်သွား)

****************************************

ထူးခြားသော အလှူနှင့်အကျိုးထူး

(ထူးခြားသော အလှူနှင့်အကျိုးထူး)

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကနစိုချောင်းကျေးရွာတွင် ဦးယောဟန်နှင့် ဇနီးဒေါ်ပုလဲတို့ နေထိုင်ကြသည်။ သူတို့တွင် မဖြူစင်-ဟုခေါ်သော သမီးလေးတယောက် ရှိသည်။ ဦးယောဟန်သည် လယ်ယာလုပ်ငန်းကို သူကိုယ်တိုင် ဦးစီး၍ သူရင်းငှါးများဖြင့် လုပ်ကိုင်သည်။ လယ်လုပ်ငန်းချိန်ပြီးစီးပါက သူပိုင် မော်တော်ဖြင့် စပါးများဝယ်၍ ကြိတ်ခွဲရောင်းချသည်။ ဇနီး ဒေါ်ပုလဲကလည်း အိမ်တွင်းမှုလုပ်ငန်းများကို မလစ်ဟင်းအောင် ဂရုစိုက်၍ သမီးငယ်လေးအား ကောင်းစွာပြုစု စောင့်ရှောက်သည်။

ဦးယောဟန်းတို့ မိသားစုသည် အလှူအတန်းများ ပြုလုပ်ရသည်ကို လွန်စွာဝါသနာပါသည်။ ရပ်ရွာ သာရေး၊ နာရေးများတွင်လည်း အားတက်သရော ပါဝင်ဆောင်ရွက်ကြသည်။ သူတို့မိသားစုသည် -နီကျား-ဟုမှည့်ခေါ် ထားသော ခွေးပုလေးတကောင်ကို မွေးမြူထားသည်။ နီကျား-မှာ သမီး ဖြူစင်-လေး၏ အချစ်တော်ပင် ဖြစ်သည်။ ဦးယောဟန် ခရီးထွက်၍ ဒေါ်ပုလဲနှင့် သမီးလေးတို့ လမ်းလျှောက်ထွက်ကြသည့် အခါတိုင်း နီကျားလေးက အိမ်စောင့်ပေးတတ်သည်။ သမီးလေး ဖြူစင် မွေးကင်းစအရွယ်မှစ၍ နီကျားကို မွေးမြူထားခဲ့ရာ ခွေးကလေးမှာ အလွန်လိမ္မာသည်။

တနေ့ ဦးယောဟန်တို့ မိသားစု လယ်တောမှ အိမ်သို့အပြန်တွင် နီကျားကို မတွေ့ရသဖြင့် စိုးရိမ်သွားကြသည်။ တအီအီနှင့် အော်သံကြားသဖြင့် အပေါ်သို့မော့ကြည့်လိုက်ရာ အိမ်အမိုးပေါ်တွင် ရောက်နေသည်ကို တွေ့လိုက် ရသည်။ နီကျားမှာ လင်းမြွေကိုလိုက်ရင်း အမိုးပေါ်သို့ ရောက်သွားသည်ဟု ဘေးအိမ်က ပြောသဖြင့် သိရသည်။

ခွေး အိမ်ခေါင်ပေါ်တက်လျှင် စီးပွားလျှောကျ၍ အသက်အန္တရာယ်ပင် ထိခိုက်တတ်သည်ဟု လူကြီးများက ပြောကြသည်။ ဦးယောဟန် လွန်စွာတုန်လှုပ်သွားသည်။ စီးပွားပျက်၊ ဘဝပျက်မှာကို အလွန်ပင် ကြောက်ရွံ့ မိသည်။ ထို့ကြောင့် အားကိုးတကြီးဖြင့် ရွာဦးကျောင်းဆရာတော်ထံသို့ ပြေးရပါတော့သည်။

ဆရာတော်က-ဘာမှ စိုးရိမ်ကြောင့်ကြ ဖြစ်နေစရာ မလိုပါဘူး။ အိမ်ခေါင်မိုးပေါ်မှာ ခြင်္သေ့ကြီးရောက်နေတယ်လို့ မှတ်ပါ။ ပြီးရင် မင်္ဂလာရှိလိုက်တာ။ ကျက်သရေတိုးတော့မယ်လို့ ပြောရမယ်။ နေ့ကောင်းရက်သာရွေးပြီး အခုအိမ်မှာ ဘုရားနှင့်တကွ သံဃာတော်တွေကို အမှူးထားပြီး အလှူလုပ်ပါ-ဟု ပြောလိုက်သည်။

ဦးယောဟန်လည်း အိမ်သို့အမြန်ပြန်လာပြီး-ခြင်္သေ့ကြီး အိမ်အမိုးပေါ်ရောက်နေတယ်-ဟု ဆရာတော် သင်လိုက်သည့်အတိုင်း ပြောဆိုကာ နီကျား-ကိုချော့ခေါ်လိုက်ရသည်။ နောက်တနေ့တွင် သံဃာတော်များကို အရုဏ်ဆွမ်းကပ်လှူကာ လူပရိသတ်များအား မုန့်ဟင်းခါးကျွေး၍ အလှူပြုလုပ်သည်။ ထိုအလှူ၌ တရားပွဲ ကျင်းပသည်။ တရားပွဲအပြီးတွင် ဒေါ်ပုလဲက ဆန်ပေါက်ပေါက်တို့နှင့် ငွေစက္ကူများ အကြွေစေ့များ ကြဲစွန့်ရာ နီးရာလူကြီးများနှင့် ကလေးများ ရရှိကြသည်။

ဆရာတော်ကြီးသည် စွန့်ကြဲရာတွင် ရရှိသည့် အလှူငွေများကို ပြန်လည်အလျူခံပြီး ဦးယောဟန်နှင့် ဒေါ်ပုလဲတို့အား ပြန်လည်စွန့်ကာ-ထီထိုးပါ-ဟု ပြောကြားပါသည်။ ဦးယောဟန်သည် ရရှိသည့် အလှူငွေအပြင် နောက်ထပ်ငွေထပ်စိုက်၍ ထီးထိုးခဲ့ပါသည်။

ထီဖွင့်ရန် ၂-ရက်အလိုတွင် ဒေါ်ပုလဲသည် အိမ်တွင် ကိုးကွယ်ထားသော ဗုဒ္ဓမြတ်စွာဘုရားမှ ရောင်ခြည်တော် များ ကွန့်မြူးသည်ကို ဖူးတွေ့ရသည်ဟု အိပ်မက်မြင်မက်ခဲ့သည်။ ထီဖွင့်သောရက် နောက်ဆုံးနေ့၌ မြို့မှ လိုင်းသင်္ဘောဖြင့် စာတစောင်ရောက်ရှိလာသည်။ ထိုက်သူပန် ထီဆိုင်မှ (ဋ-၃၆၆၀၇၁) နံပါတ်ဖြင့် ၁-သိန်းဆု ပေါက်ကြောင်း ဆုငွေလာရောက်ထုတ်ယူရန် အကြောင်းကြားစာပင် ဖြစ်ပါသည်။

ဦးယောဟန်+ဒေါ်ပုလဲ မိသားစုမှာ ဝမ်းသာမဆုံး ဖြစ်ကြသည်။ အလှူပြုလုပ်စဉ်က စေတနာသုံးတန် ပြဋ္ဌာန်း၍ လှူခဲ့သည်မှာ ငွေ ၇-သောင်း ကုန်ကျခဲ့သည်။ ယခု ထီပေါက်သည်မှာ ၁-သိန်းရသည့်အတွက် ငွေ ၃-သောင်း တိုးပွားလာသည်ဟု ဆိုရမည်။ အလှူ၏ လက်တွေ့အကျိူးထူးရရှိခြင်းပင် ဖြစ်သည်ဟု နားလည်လိုက်မိပါသည်။

(ဖြစ်ရပ်မှန်)

(ရွှေမိုးပြာ-မော်ကျွန်း)

****************************************

ထူးခြားသော စေတနာရှင်

(ထူးခြားသော စေတနာရှင်)

လွန်ခဲ့သော ၁၅-နှစ်ခန့်က ဖြစ်သည်။ ကျွန်တော်သည် ပညာရေးသင်တန်းတခုတွင် သင်တန်းသားတဦးနှင့် ခင်ခင်မင်မင်ရှိခဲ့ဖူးသည်။ ထိုသူငယ်ချင်းပြောပြ၍ သူ၏အဘွားဖြစ်သူ အကြောင်းကို သိခွင့်ရခဲ့ပေသည်။ ယခု သူ၏အဘွားအကြောင်းကို ကျွန်တော်ကတဆင့် ပြန်ပြောပြခြင်း ဖြစ်ပါသည်။

အဘွား၏အမည်ကား (ဒေါ်စိန်ပွင့်) ဟူ၏၊ အဘွား အသက် ၅၀-အရွယ်၊ ၁၉၅၇-ခုနှစ်ခန့်က ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့သည်။ သားတဦး (ကျွန်တော့သူငယ်ချင်း၏ ဖခင်) သာရှိသည်။ သို့သော် သားဖြစ်သူနှင့်လည်း အတူမနေ။ မိမိဘာသာ သင့်သလို လုပ်ကိုင်စားသောက်နေထိုင်ခဲ့သည်ဟု ဆို၏၊

အဘွား ဒေါ်စိန်ပွင့်တွင် ကောင်းမြတ်သော စေတနာရှိသည်။ ငယ်စဉ်ကတည်းက သူတပါးကို ကျွေးချင်၊ မွေးချင်သည်။ နှမြောတွန့်တိုမှု ဝန်တိုမှု မရှိပေ။ ဤသို့ဖြင့် တဦးတည်း နေလာရသောဘဝတွင် ရှိပြီးသား စေတနာကောင်းပေါ်တွင် ထပ်ဆင့်၍ မွန်မြတ်သန့်စင်လှသော အလုပ်တခုကို ဆုံးဖြတ်ချက်ချ၍ လုပ်ကိုင်ခဲ့သည်။

၄င်းအလုပ်ကား အခြားမဟုတ်ပါ။ ဆက်ရက်များ၊ စာကလေးများကို ကရုဏာထား ကျွေးမွေးခြင်းဖြစ်၏၊ အဘွားသည် နံနက်တုံးခေါက်လျှင် အိပ်ရာ ထသည်။ ဆွမ်းချက်သည်။ ထို့နောက် ဆွမ်းကပ်သည်။ ဘုရားရှိခိုးသည်။ တတ်သိသရွေ့မေတ္တာပို့သည်။ ညချမ်းအခါတွင်လည်း ဝတ်မပျက်ခဲ့ပါ။

မိုးစင်စင်လင်းသောအခါ ငှက်ကလေးများကို အစာကျွေးသည်။ ငှက်ကလေးများ တဖွဲ့ပြီးတဖွဲ့လာ၍ စားသောက်ကြသည်။ အဘွားကို မကြောက်ကြ။ ကျွေးစတုန်းကဖြင့် ငှက်ကလေးများသည် အဘွားကိုကြောက်သဖြင့် အနားသို့ မကပ်ရဲကြပေ။ အတော်ကြာ၍ ရန်မမူမှန်း သိလာသောအခါ အဘွား၏အနားသို့ ချဉ်းကပ်လာကြသည်။ ရဲရဲဝံ့ဝံ့ စားသောက်ကြ၏၊

အဘွား၏ ကုသိုလ်ရေး လုပ်ဆောင်ချက်များတွင် ရွာဦးကျောင်းမှ သံဃာတော်များနှင့် ကိုရင်များကို ဆွမ်းလောင်းလှူခြင်းလည်း ပါဝင်သည်။ ဤတွင် ကျွန်တော့သူငယ်ချင်း ပြောပြသောစကားကို သတိရမိပါသည်။ ဤစာကို ရေးမိသည်မှာလည်း သူငယ်ချင်း၏ အောက်ပါစကားကြောင့်ပင် ဖြစ်သည်။

အဘွားက ငှက်ကလေးတွေ အစာကျွေးတယ်ဆိုတော့ လုပ်ရိုးလုပ်စဉ် မမှတ်ပါနဲ့။ အိမ်မှာရှိတာကို လွယ်လွယ်ကူကူယူပြီး ကျွေးတာမျိုး မဟုတ်ဘူးဗျ။ နွေရောက်ရင် အဘွားက တောင်းကလေးတလုံးနဲ့ လယ်ကွက်တွေထဲမှာ စပါးနှံတွေ ကောက်သင်းကောက်တယ်။ နွေဆို စပါး ၅-တင်း ၆-တင်းလောက်ရတယ်။ ဒီစပါးတွေကို သိမ်းထားပြီး မိုးရာသီ ငှက်ကလေးတွေ အစာရှာခက်တဲ့ အချိန်မှာ စွန့်ကြဲကျွေးတော့တာပဲဗျို့။ ငှက်ကလေးတွေ စားသောက် ဆူညံနေတာကိုကြည့်ပြီး တနွေလုံး မောခဲ့သမျှ အမောပြေသွားတာပဲတဲ့။

ဤကဲ့သို့ ပင်ပင်ပန်းပန်း ရှာဖွေ၍ လှူခဲ့သော ကုသို်လ်ကောင်းမှုကြောင့်ဟု ယူဆရပေမည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၆၇-ခုနှစ်က တနိုင်ငံလုံး စပါးစိုက်ခင်းများ ပိုးကျသည်။ စပါးအထွက်ညံ့သဖြင့် ဆန်စျေး အလွန်ကြီးခဲ့သည်။

ထိုအချိန်တွင် အဘွားဒေါ်စိန်ပွင့်သည် အသက် ၆၀-ခန့် ရှိပါပြီ။ သားဖြစ်သူမှာလည်း သူ့မိသားစုပင် ထမင်းချက်ရန် ဆန်မရှိပါ။ မိခင်ဖြစ်သူအတွက် ဆန်ဝယ်ပေးချင်သည့်တိုင် လွယ်လွယ်နှင့် ဝယ်မရနိုင်ပါ။ သို့သော် အဘွားဒေါ်စိန်ပွင့်ကား ဒုက္ခမဖြစ်ခဲ့ပါ။ လယ်သမားအချို့က မကြာခဏ ဆန်များလာပို့သည်။ အဘွားစား၍ပင် မကုန်၊ အိမ်နီးချင်း ကလေးအချို့နှင့် နွမ်းပါးသူ အဘိုး အဘွား နှစ်ဦးကိုပင် ခေါ်၍ ကျွေးလိုက်နိုင်သေးသည်။

အဘွားဒေါ်စိန်ပွင့်သည် သတ္တဝါတို့အပေါ် ထားရှိသော အလွန်မြင့်မြတ်ဖြူစင်သည့် ကြီးမားသော စေတနာအဟုန်ကြောင့် အစားအစာ အလွန်ရှားပါးသောကာလမျိုးမှာပင် မပူမပင် ဝဝလင်လင် စားသောက်ခဲ့ရသည်ဟု လူအများက လက်ခံပြောဆိုခဲ့ကြသည်ဟု ဆိုပါသည်။

****************************************

ဒါန နှင့် ဂုဏ်တော်ကျေးဇူး

(ဒါန နှင့် ဂုဏ်တော်ကျေးဇူး )

မစန်းစန်းမြင့်သည် မန္တလေးမြို့ ဒေးဝန်းရပ် B-R ရိပ်မွန်တွင် နေထိုင်သူဖြစ်သည်၊ အသက်အားဖြင့် ၂၅-နှစ်သာ ရှိသေးသည်၊ သူသည် အိပ်ရာဝင်တိုင်း ဘုရားဂုဏ်တော်များကို ပွားများပြီးမှ အိပ်လေ့ရှိသည်၊ အထူးအားဖြင့် ယေစ ဗုဒ္ဓါ-ဂါထာ၊ ဒိဝါ တပတိ-ဂါထာ။ အဋ္ဌာနမေတံ-စသော အန္တရာယ်ကင်း ဂါထာများကို ရွတ်ဖတ်ပွားများလေ့ ရှိသည်။

မစန်းစန်းမြင့်သည် ၁၃၅၁-ခု တပေါင်းလပြည့်ကျော်၄-ရက်နေ့တွင် မိမိ၏ဇာတိဖြစ်သော စစ်ကိုင်းမြို့နယ် မိုးသောက်ကျေးရွာသို့ ခေတ္တအလည်ပြန်လေသည်၊ သူသည် ရွာ၌ရှိသော သက်ကြီးရွယ်အိုတချို့နှင့် ဆင်းရဲနွမ်းပါးသူ တချို့ကို၄င်း၊ ရွာ၌ရှိသော ဓမ္မာရုံသို့ ဝတ်တက်ရန်လာကြသော ပရိသတ်အပေါင်းကို၄င်း။ ငွေကြေးနှင့် ပစ္စည်းများ လှူဒါန်းလေသည်။

ထို့နောက် မစန်းစန်းမြင့်သည် ၄င်းရွာမှ ပြန်ခဲ့သည်၊ အပြန်တွင် ကားစီးလာရာ၌ ချိုင့်ကြီးရွာအနီးတွင် ကာသည် စက်ချွတ်ယွင်းပြီး မှောက်သွားလေသည်၊ လူအများအပြား ဒဏ်ရာအမျိုးမျိုးရကာ ဆေးရုံ တက်သူတက်၊ ဆေးခန်း ပြသူပြ၊ ဖြစ်ကြရလေသည်။

မစန်းစန်းမြင့်မူကား အနည်းငယ် ပွန်းရုံမှတပါး ဘာမျှမဖြစ်ခဲ့ပါ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး အလှူဒါနပြုခြင်း၊ ဂုဏ်တော်များနှင့် အန္တရာယ်ကင်း ဂါထာတော်များကို အမြဲပွားများခဲ့ခြင်းကြောင့် ချက်ချင်းလက်ငင်း အကျိုးထူးများ ခံစားရသည်-ဟု ကောက်ချက်ချမိပါသည်၊ ယခုအခါ မစန်းစန်းမြင့်သည် မန္တလေးမြို့ စိန်ပန်းရပ် မဟာစည်သာသနာ့ရိပ်သာ၌ ၁၀-ရက် တရားစခန်းဝင်နေကြောင်း သိရပါသည်။

(အရှင်ဒေဝသမ-ဇယမေဒနီ )

****************************************

ဒါန နှင့် သစ္စာ

(ဒါန နှင့် သစ္စာ)

လွန်ခဲ့သော ၁၀-နှစ်ကျော်ကျော်ကာလက ဖြစ်သည်။ ကျွန်တော်တို့ရွာတွင် ဖိုးကောင်းဟူသော လူပျိုးကြီးတဦး ရှိသည်။ သူသည် ဘာသာတရား ရိုသေကိုင်းရှိုင်းသကဲ့သို့ သနားကျင်နာစိတ် ရှိသူလည်းဖြစ်သည်။

ကျွန်တော်တို့ရွာ၏ အနောက်ဘက်တွင် လမ်းဆုံလမ်းခွ တခုရှိပါသည်။ ထိုလမ်းဆုံတွင် ဖိုးကောင်းသည် မည်သူမျှ အကူမခေါ်ဘဲ ဝါးရေအိုးစင်တစင် ဆောက်သည်။ နေ့စဉ်လည်း ရေဖြည့်လေ့ရှိသည်။

ထိုရေအိုးစင်နှင့် မနီးမဝေးတွင် ဦးထောင်+ဒေါ်လှသီတို့ ဇနီးမောင်နှံ နေထိုင်ကြသည်။ သူတို့တွင် သားသမီး ၄-ယောက်ထွန်းကားသည်၊ သားသမီး ၄-ယောက်တွင် ဒုတိယမြောက် သမီးဖြစ်သူ သန်းလှမှာ အလှူဒါန ဝါသနာပါသည်။ ဖိုးကောင်း ရေအိုးစင်ဆောက်သည့်နေ့ကစ၍ နံနက်တိုင်းပင် သူလည်း ရေဖြည့်ပေးလေ့ရှိသည်။

တခါတွင် ဦးထောင်တို့မိသားစု စီးပွားရေးအကျဉ်းအကျပ်နှင့် ကြုံရသည်။ မိသားစုအားလုံးလည်း တယောက်တလှည့် ဖျားနာကြသည်။ တနေ့လုပ်မှ တနေ့စားရသော မိသားစုဖြစ်၍ ဒုက္ခတွေ့ပါတော့သည်။

သန်းလှသည် ထီထိုးရန် ဝါသနာပါသူမဟုတ်ပေ။ သို့သော် ထိုအချိန်တွင် ထီမဖွင့်မီ ၁-ရက်အလို၌ ထီးထိုးလိုစိတ် ပြင်းထန်စွာ ဖြစ်လာသည်။ ထို့ကြောင့် မိမိစုထားသော ငွေ ၁၀-ဖြင့် ထီထိုးရန် ဆုံးဖြတ်လိုက်သည်။ ထီမထိုးမီ ဘုရားတွင် ဆုတောင်းအဓိဋ္ဌာန်ပြု၍ ထီထိုးမည် ပြုသည်။

သန်းလှသည် ငါးပါးသီလ ခံယူ၊ ဘုရားရှိခိုးပြီး အောက်ပါအတိုင်း သစ္စာပြုလေသည်။

ကျွန်မသည် သိတတ်သည့်အရွယ်ကစ၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခဲ့ပါသည်။ ဖိုးကောင်း ဆောက်လုပ်ထားသော ရေအိုးစင်တွင်လည်း စေတနာသန့်သန့်ဖြင့် ရေလှူခဲ့ပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ထီပေါက်ပါစေသား။

ထို့နောက် ထီတစောင်ထိုးလိုက်ရာ ထီပေါက်လေသည်။ ထီဆုငွေ ၁၀၀၀၀-ရလေသည်။ ထိုကာလက ငွေတသောင်းဆိုသည်မှာ ဆင်းရဲသားမိသားစုအဖို့ တန်ဖိုးရှိလှသည်။ ထိုငွေဖြင့် အိမ်ဆိုင်ကလေးတဆိုင် ဖွင့်ကာ တဖက်တလမ်းက ဝင်ငွေရှာခဲ့သည်မှာ ယနေ့ထိပင် ဖြစ်ပါတော့သည်။

(ဇော်မင်းဦး-အင်းလေး )

****************************************

ဒါန၏ မျက်မှောက်အကျိုး

(ဒါန၏ မျက်မှောက်အကျိုး )

တပ်ကုန်းမြို့နယ် သာယာစုရွာတွင် ကိုတင်စိုး-မခင်တင့် အမည်ရှိသော ဇနီးမောင်နှံနှစ်ဦးရှိသည်၊ ထိုဇနီးမောင်နှံနှစ်ဦးသည် သဘောထား ပြည့်ဝသည်၊ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ သူတို့သည် တရားဓမ္မ၌ မွေ့လျော်သူများဖြစ်သည်၊ ရတနာသုံးပါးကို အထူးရိုသေကိုင်းရှိုင်းကြသည်၊ စေတနာ သဒ္ဓါတရား အလွန်ထက်သန်သည်၊ အများအပေါ် ဆက်ဆံရေး ပြေပြစ်သည်၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းမျိုး၌လည်း တွန့်တိုခြင်းမရှိ၊ ရက်ရက်ရောရော လှူဒါန်းလေ့ရှိပါသည်။

သူတို့သည် ကထိန်ခင်းခြင်းအလှူကို နှစ်စဉ်လိုပင် လှူလေ့ရှိသည်၊ ၁၃၅၁-ခုနှစ် တန်ဆောင်မုန်းလတွင် အကြီးအကျယ်

ရဟန်းခံ ရှင်ပြု ကထိန်ခင်းလှူရန် ဇနီးမောင်နှံနှစ်ဦးသည် အလုပ်ကို ကြိုးစားအားထုတ်လုပ်ကိုင်လျက် စုဆောင်းနိုင်သမျှ စုဆောင်းထားလေသည်။

ထိုသို့ စုဆောင်းထားသည်ကို သိကြသော ဝိသမလောဘ ဓားပြတို့သည် တနေ့သော ညတညတွင် ဓားပြတိုက်ရန် လာကြလေသည်၊ ထိုအချိန်တွင် ဓားပြဗျို့-ဟူသော အသံစူးစူးတသံကို ဇနီးမောင်နှံနှစ်ဦး ကြားမိလိုက်သည်၊ သူတို့သည် ရသည့်အချိန်ကို အလွတ်မပေးဘဲ ပစ္စည်းအချို့ကိုယူကာ ဓားပြဘေးမှ တိမ်းရှောင်ခဲ့သည်။

မကြာလိုက် ဓားပြတို့သည် ဇနီးမောင်နှံနှစ်ဦးအိမ်ကို ဝိုင်း၍ရှာကြသည်၊ သူတို့သည် လူကို မဖမ်းမိလိုက်သဖြင့် တန်ဖိုးနည်းသော ပစ္စည်းအချို့ကိုသာ ယူသွားကြသည်။

ဓားပြဘေးမှလွတ်ရသော ဇနီးမောင်နှံ နှစ်ဦး၏အဖြစ်ကို အံ့ဩကြသော ရွာသူရွာသားအပေါင်းက လူကိုလဲ အဖမ်းမခံရဘူး၊ အဖိုးတန်ပစ္စည်းတွေလဲ ပါမသွားဘူး၊ ဒါဟာ သူတို့ရဲ့ ကုသိုလ် စေတနာ ဒါနအကျိုးက နှိုးဆော်ပေးလိုက်တာပဲ-ဟု ပြောဆိုနေကြလေသည်။

ကောင်းမှုလုပ်သူသည် ကောင်းကျိုး၏အရသာကို ဒိဋ္ဌလက်ငင်း ခံစားရခြင်းပင်တည်း။

(မောင်ဆု-ပျဉ်းမနား )

****************************************

ဒါနကုသိုလ်

(ဒါနကုသိုလ် )

ကလေးမြို့နယ် အာဝါးရွာတွင် နေထိုင်သော ဦးဘသောင်းနှင့် ဒေါ်အုံးခင်တို့ ဇနီးမောင်နှံတွင် သားသမီး ၆-ယောက် ထွန်းကား၏၊ မိသားစု ၈-ယောက်လုံးစုံမှ ထမင်းဝိုင်းဖွဲ့ စားလေ့ရှိသည်။ ပစ္စည်းဥစ္စာ မချမ်းသာသော်လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြသည်။

၁၉၉၃-ခုနှစ်က ဖြစ်ပါသည်။ သားလတ်သည် ၆-တန်းအရွယ် ရောက်ပြီဖြစ်သော်လည်း ရှင်မပြုရသေးပါ။ ထို့ကြောင့် ရှင်ပြုနိုင်ရေးအတွက် တမိသားစုလုံး လယ်ယာလုပ်ငန်းကို ယခင်ကထက် ကြိုးစား၍ ဆောင်ရွက်ကြသည်။ ရွာနှင့်နီးသော မိမိပိုင်လယ်ကွက်များမှ စပါးရိတ်သိမ်းပြီးလျှင် သားကို ရှင်ပြုမည်ဟု မှန်းထားသည်။ ရွာနှင့် ၁-မိုင်ခန့်ဝေးသော သဖန်းအိုင်ရွာ အနီး၌လည်း သူတို့ပိုင်သော လယ် ၂-ကွက်ရှိသည်။ ထိုလယ်ကွက်များတွင် စားတော်ပဲများ စိုက်ပျိုးထားသော်လည်း အလုပ်များနေသောကြောင့် အပင်များ အညွှန့်တလူလူ ဖြစ်သည်အထိ လယ်ထဲသို့ မရောက်ဖြစ်ကြပေ။

သူတို့၏ လယ်နီးချင်း ဦးကြီးတယောက်က ဦးဘသောင်းနှင့် တွေ့သောအခါ-

မင်းတို့ ပဲစိုက်ခင်းကို လူတွေဝင်ခူးတာ ပဲညွှန့်တွေ ကုန်တော့မယ်၊ လယ်တဲအစောင့်ချထားပေါ့ကွ-ဟု ပြောလျှင်

သဘောကောင်းသော ဦးဘသောင်းက-

တအိုးစာ၊ တနပ်စာ ကြော်စားဖို့ ခူးကြတာနေမှာပါ၊ ခူးကြပါစေ-ဟု ပြန်ပြောလေသည်။

တနေ့ သူတို့မိသားစုအတွက် ပဲလုံးသီး (စားတော်ပဲအနုသီး) ဟင်းချက်စားရန် သူ့သမီးအား အဆွတ်ခိုင်းသည်။ ပဲသီးများဆွတ်နေချိန် လယ်နီးချင်း ဦးကြီးတယောက်က ဦးဘသောင်း၏ သမီးမှန်မသိ၍ လှမ်းအော်ငေါက်၏၊ အကျိုးအကြောင်း ရှင်းပြမှ ငြိမ်သွားသည်။ ထို့နောက် သူမက အိမ်ပြန်ရန် ပြင်နေစဉ် စောစောက ဦးကြီး-ရောက်လာပြီး-

အေး-ညဉ်းကို ငါက ပိုင်ရှင်မှန်းမသိလို့ အော်မိတာပါ။ ညဉ်းအဖေကိုလည်း ပြောလိုက်ပါ။ လယ်ကွက်က လူသွားလမ်းနဲ့နီးတော့ တချို့က တအိုးစာ၊ တနပ်စာ မက၊ ရောင်းဖို့အတွက်ပါ ခိုးဆွတ်နေတဲ့အကြောင်း ပြောဖြစ်အောင် ပြောပြပါ-ဟု ဆို၏၊

အိမ်ပြန်ရောက်သောအခါ သမီးဖြစ်သူက လယ်နီးချင်း ဦးကြီး မှာကြားသည့်အတိုင်း သူမ၏အဖေကို ပြန်ပြောလျှင်-သမီးရယ်၊ ပဲကောက်တဲ့သူတွေကို မေတ္တာမပျက်ပါနဲ့၊ ဒါလဲ ဒါနတမျိုးပဲပေါ့၊ အဖေတို့မှ မစောင့်အားတာ၊ ကျန်တာ ကိုယ့်အတွက်ပဲလို့ အောက်မေ့လိုက်ပါ။

စပါးကိစ္စပြီး၍ စားတော်ပဲခင်း ရိတ်သိမ်းပါသည်။ လယ်ကွက်ကျဉ်းသော မြေများတွင် တကွက်လျှင် သာမန်အားဖြင့် ၆-တင်း၊ ၇-တင်း ထွက်သည်။ ၁၀-တင်းထွက်လျှင် ရာနှုန်းပြည့်ထွက်ခြင်း ဖြစ်ပါသည်။

လယ်နီးချင်းများက ဦးဘသောင်း၏ ပဲစိုက်ခင်းအား တကွက်လျှင် လေးငါးတင်းလောက်သာ ထွက်လိမ့်မည်ဟု ခန့်မန်းကြသည်။ သို့သော် ၂-ကွက်ပေါင်း တင်း ၂၀-ရာနှုန်းပြည့်ထွက်သောအခါ လယ်ပိုင်ရှင် ဦးဘသောင်း မိသားစုနှင့်တကွ လယ်နီးချင်းအားလုံးက အံ့ဩကြရသည်။

ဦးဘသောင်း၏ မိသားစုလည်း စပါးအပြင် လုံးဝမျှော်လင့်မထားသော ပဲခင်းကပါ အထွက်တိုးနေ၍ သားရှင်ပြုပွဲကို တရွာလုံး မီးခိုးတိတ် ခြိမ့်ခြိမ့်သဲ ဆင်နွှဲနိုင်ခဲ့သည်။

(သင်းသင်းပျံ့-ကလေးမြို့ )

****************************************

ဒါနအကျိုး ဆတိုးပွားစည်

(ဒါနအကျိုး ဆတိုးပွားစည်)

လွန်ခဲ့သော ၆-နှစ်ခန့်က ဖြစ်ရပ်လေးတခုပင် ဖြစ်သည်။ ၁၉၉၈-ခုနှစ် ရွှေတိဂုံဘုရားကြီး ထီးတင်စဉ်ကာလက ဖြစ်သည်။ ထိုအချိန်က ကျွန်မတို့မိသားစုသည် ဖေဖေ၏အလုပ်အကိုင်တာဝန်ကြောင့် သာယာဝတီမြို့တွင် နေထိုင်ပါသည်။ ထို့ကြောင့် ရွှေတိဂုံဘုရားကြီး ထီးတင်သည့်နှစ်နှင့် ကြုံရခြင်းဖြစ်သည်။

တနေ့တွင် ဖေဖေသည် ရွှေတိဂုံဘုရားကြီး ထီးတင်သည်နှင့် ပတ်သက်၍ မေမေနှင့် ပြောဆိုနေသည်။ အနီးရှိ ကျွန်မက ကြားနေရသည်။ ရွှေတိဂုံဘုရား ထီးတင်တာ ကြုံရခဲတယ်၊ တို့သွားလှူရအောင်။

ကျွန်မသည် ငယ်စဉ်ကတည်းက အလှူဒါနပြုလုပ်ရန် ဝါသနာပါသည့်အတွက်ကြောင့် ဖေဖေ့ဆီက ထိုစကားကို ကြားကြားချင်း မေမေ့အနားသို့ကပ်၍ တိုးတိုးလေး ပြောမိသည်။

မေမေ၊ သမီးလဲ လှူချင်တယ်။

ထိုသို့ပြောရာ၊ မေမေက ဖေဖေ့ကို ပြန်၍ ပြောပြသည်။ ဖေဖေက-

ကောင်းတယ်ဟေ့၊ ကောင်းတယ်၊ ငါ့သမီး အသက်ငယ်ငယ်နဲ့ အလှူအတန်း ဝါသနာပါတာ ကောင်းတယ်-ဟုပြောသည်။ ထိုအချိန်က ကျွန်မမှာ ၈-နှစ်သမီးအရွယ်သာ ရှိသေးသည်။ ကျွန်မ အလွန်ပျော်ရွှင်မိခဲ့သည်။

ဟေး-ငါ လှူရတော့မယ်-ဟု အော်မိခဲ့သည်။

ထိုသို့ ပြောဆိုကြပြီး နောက်တပတ်တွင် ကျွန်မတို့ မိသားစု ရန်ကုန်သို့ ကားဖြင့် ရောက်ရှိခဲ့ကြသည်။ ရွှေတိဂုံကုန်းပေါ်ရှိ အလှူခံဌာနတွင် မမက ပတ္တမြားတလုံး လှူသည်။ ကျွန်မက နားတွင်ဝတ်ထားသော ရွှေနားကပ်လေးကို ချွတ်၍ လှူသည်။ ထိုသို့လှူပြီး မကြာမီ မေမေက ကျွန်မကို မေးသည်။

သမီး၊ သမီးလက်က ဟန်းချိန်းရော၊

ကျွန်မ လန့်သွားသည်။

ဟင့်အင်း-မသိဘူး မေမေ။ ကျွန်မ ထိပ်လန့်စွာ ဖြေရင်း ခေါင်းတွေရှုပ်ပြီး ဦးနှောက်တွေ ထူပူသွားခဲ့သည်။ ဘယ်အချိန်က ကျပျောက်သွားခဲ့သည် မသိ။ ဤမျှ များပြားသော လူအုပ်ထဲတွင် ရှာတွေ့ရန်လည်း မလွယ်။ ကျွန်မ နှမြောလွန်း၍ ဝမ်းနည်းမဆုံး ဖြစ်ခဲ့သည်။ စိတ်ညစ်ရသည့်ကြားထဲမှ မေမေက ဆူနေ၍ ကျွန်မ ငိုမိသည်။ အလှူငွေ သွားထည့်ပြီး ပြန်လာသော ဖေဖေက ထိုအကြောင်းကို သိတော့-

ငါ့သမီးကို ဘာမှမပြောနဲ့၊ အသစ်ထပ်လုပ်ပေးမယ်-ဟု ပြောသည်။ သို့သော် ကျွန်မစိတ်တွင် ဝမ်းနည်းစိတ်က မပြေသေး။ ဘုရားကို တပတ်ဖူးပြီး ဘုရားပေါ်မှအဆင်း ကားနားသို့အရောက်တွင်-

ဟာ ဒီမှာတွေ့ပြီ-ဟုပြောလိုက်သော ဖေဖေ၏ စကားသံကိုကြား၍ ကျွန်မလှည့်ကြည့်လိုက်သည်။ ဖေဖေ၏လက်ထဲတွင် ကျွန်မ၏ ဟန်းချိန်းလေးကို တွေ့လိုက်ရပေသည်။ ကားရှေ့ဘီးအနီးမှာ တွေ့ရတယ်-ဟု ဖေဖေက ပြောပါသည်။

ကာပေါ်အဆင်းမှာ ကျွတ်ကျသွားခဲ့တာဖြစ်မယ်-ဟု မေမေက ပြောပါသည်။

ထမင်းစားချိန်ဖြစ်နေ၍ ကားဆရာက ထမင်းသွားစားရန်အတွက် ကားကို ရွှေ့ရန် ကြံလိုက်မိသည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ ကားကို မရွှေ့ဖြစ်ခဲ့။ အလိုအလျောက် ကားနားတွင် ရပ်နေမိခဲ့သည်ဟု ပြောပါသည်။ ထို့ကြောင့် ကျွန်မ၏ဟန်းချိန်းလေး ပြန်တွေ့ရခြင်း ဖြစ်သည်။

အကယ်၍ ကားကိုသာ ရွှေ့ဖြစ်ခဲ့မည်ဆိုလျှင် ကားဘီးဖြင့် ကြိတ်မိပြီး ထူထပ်လှသော ကုက္ကိုရွက်ခြောက်များကြားတွင် နစ်မြုပ်သွားနိုင်သည်။ သို့မဟုတ် တစုံတဦး တွေ့ရှိ ကောက်ယူသွားနိုင်သည်။ ယခုမူ ကားလည်း မရွှေ့ဖြစ်ခဲ့ ကျွန်မ၏ ဟန်းချိန်းလေးလဲ မပျောက်ရှခဲ့။

ဟန်းချိန်းလေး ပြန်ရပြီဖြစ်၍ ကျွန်မအတိုင်းမသိ ဝမ်းသာကြည်နူးမိပါသည်။ ဘုရားတွင် ရွှေနားကပ်လေးကို ရက်ရောစွာလှူခဲ့မိသည့်အတွက် ဤသို့ ပြန်တွေ့သည်ဟု မေမေက ပြောပါသည်။ ထိုအချိန်က ကျွန်မအသက် ၈-နှစ်သာ ရှိသေးသည်။ ယခု ကျွန်မအသက် ၁၄-နှစ်ရှိနေပြီ။ ယနေ့တိုင် မမေ့နိုင်သေးပါ။ ဒါန၏အကျိုးကို လက်တွေ့ခံစားခွင့်ရခြင်းပင် ဖြစ်သည်ဟု ကျွန်မယုံကြည်မိလိုက်ပါသည်။

ထို့အပြင် ကျွန်မကို ဖေဖေက နားဆွဲနှစ်ရန် ပြန်လုပ်ပေးခဲ့သည့်အပြင် နိုင်ငံခြားတွင်နေသော ကျွန်မ၏အဒေါ်ကလည်း နားကပ်တရန် ပို့ပေးခဲ့ပါသည်။ နားကပ်တရန်သာလှူခဲ့သော ကျွန်မအဖို့ အဆတိုး၍ပင် ခံစားခွင့်များ ရရှိခဲ့ပါသည်။ ကျွန်မအနေဖြင့်မူ ဒါနအကျိုးကြောင့် ဆတိုးပွားစည်လာရခြင်းဟုသာ ခံစားယုံကြည် မိပါသည်။

(ထင်သီရိမြတ်-အဋ္ဌမတန်း-အ,ထ,က ၄-ပြည်)

****************************************

ဒိဋ္ဌ ကောင်းကျိုး

(ဒိဋ္ဌ ကောင်းကျိုး)

စာရေးသူ၏ ဖခင်ကြီးသည် အသက်အားဖြင့် ၇၉-နှစ်သို့ ရောက်ရှိနေပါပြီ။ ရောဂါဝေဒနာ ကင်းခြင်း၊ အစားအသောက်မှန်ခြင်း၊ အအိပ်အနေမှန်ခြင်း စသော အကြောင်းများကြောင့် ယခုအခါ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် လှိုင်သာယာမြို့ (၁၁)ရပ်ကွက် အမှတ် ၂၁၄-ဗိုလ်တာရာလမ်း နေအိမ်တွင် ချမ်းမြေ့ကြည်သာ နေထိုင်လျက်ရှိပါသည်။

ဖခင်ကြီးသည် ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ခွေးတောက်ချောင်းကျေးရွာတွင် နေထိုင်သည်။ ကိုင်းကျွန်းလုပ်ငန်း၌ သူရင်းငှါးလုပ်ကာ သားသမီး ၇-ယောက်တို့ကို နှစ်ရှည်လများ ပင်ပန်းကြီးစွာ လုပ်ကိုင်ကျွေးမွေးခဲ့ရရှာသည်။

ထိုမျှလောက် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်နေရသော်လည်း ဖခင်ကြီးသည် ဘုန်းတော်ကြီးကျောင်း အတွက် တလလျှင် တကြိမ် အလှည့်ကျ ဆွမ်းချက်လှူဒါန်းပါသည်။ ထိုအခါ ရပ်မိရပ်ဖလူကြီးများနှင့် ဘာသာရေး ခေါင်းဆောင် လူကြီးများက သနားကြင်နာသဖြင့် ဖခင်ကြီးအား တလတကြိမ် အလှည့်ကျ ဆွမ်းချက်လှူဒါန်း သည်ကို ရပ်နားရန် ပြောကြပါသည်။

ဖခင်ကြီးက လက်မခံပါ။ လူမွဲသော်လည်း သဒ္ဓါတရား မမွဲ-ဟူ၍ ခံယူချက်ထားကာ လစဉ်ဆွမ်းလှည့်ကို ဘယ်သောအခါမှ မပျက်ကွက်ခဲ့ပေ။ တတ်စွမ်းသမျှ ဆွမ်းဟင်းလျာတို့ဖြင့် ထာဝရကုသိုလ် အရယူခဲ့သည်။

အလုပ်အကိုင် လုပ်ငန်းခွင်၌လည်း ဖခင်ကြီးသည် သူတပါးစိတ်ကျေနပ်လောက်အောင် ဆောင်ရွက်ပေးလေ့ ရှိသည်။ ကုသိုလ်ရေးနဲ့ပတ်သက်၍လည်း သဒ္ဓါစေတနာထားရှိ၍ နောက်မတွန့်တမ်း နည်းများမဆို လှူဒါန်းလေ့ ရှိသည်။ ထို့ပြင် နေ့ကြီးရက်ကြီး သီတင်းနေ့များတွင်လည်း ဥပုသ်စောင့်ခြင်းကို မှန်မှန်ပြုခဲ့သည်။

ယခုအခါ ကျေးလက်မှ ရန်ကုန်ဒေသသို့ ပြောင်းရွှေ့ရောက်လာသည်မှာ ၄-နှစ်ကျော်မျှ ရှိခဲ့ပြီ။ ကျေးလက်မှာ နေနည်းအတိုင်းပင် သူတပါးအပေါ် မေတ္တာထားရှိခြင်း။ ဖော်ရွေပျူငှာခြင်း၊ ကုသိုလ်ရေး လက်မနှေးခြင်း စသည့် မိမိ၏ ပင်ကို ဓလေ့စရိုက်တို့ကို ဆက်လက်ထားရှိ ဆောင်ရွက်သည်။ ထို့ကြောင့်လည်း အိမ်နီးချင်းများ၊ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ကြည်ညိုလေးစားခြင်းကို ခံရသည်။

စာရေးသူအနေဖြင့် ဖခင်ကြီး၏ စားဝတ်နေရေးမှအစ အားလုံးတာဝန်ယူ၍ ပြုစုစောင့်ရှောက်ထားသည်မှာ ၁၀-နှစ်တာမျှ ရှိခဲ့ပါပြီ။ မိသားစုအပေါ်၊ ပတ်ဝန်းကျင်အပေါ်၊ ဘာသာသာသနာတို့၌ မွန်မြတ်သော စိတ်ထား ရှိသည့် ဖခင်ကြီးကို ကြည့်၍ အတိတ်ကကောင်းသော ကံတရားများသည် ယခုအခါ ကောင်းကျိုးတရားများ ပေးနေလေပြီ-ဟူ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတော့သည်။

(စိတ္တသုခ-အရှင်စန္ဒိမ၊ ဓမ္မကထိက)

****************************************

ဓာရဏပရိတ်တော် အကျိုး

(ဓာရဏပရိတ်တော် အကျိုး)

ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားဒေသနာတော်ကို လိုက်နာကျင့်သုံးသူတိုင်း ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးကြရသည်။ ယခင်ကတည်းက အန္တရာယ်မှ ကင်းဝေးသူများ ရှိသကဲ့သို့ ယနေ့တိုင်လည်း ရှိနေဆဲပါ။ မြတ်စွာဘုရားရှင်၏ ဓာရဏပရိတ်တော်ကို အမြဲမပြတ်ရွတ်ဆိုသောကြောင့် အသက်ဘေးမှ ကင်းဝေးခဲ့သူတဦး ရှိပါသည်။ ထိုသူမှာ ဦးမြင့်ကျော် ဖြစ်သည်။

ဦးမြင့်ကျော်သည် မကွေးတိုင်း မြို့သစ်မြို့နယ် ဒန့်သလွန်ပင်ရွာမှ အလယ်တန်းပြ ဆရာတဦးဖြစ်သည်။ ဆရာသည် စိတ်စေတနာ အလွန်ကောင်းသူဖြစ်၍ တပည့်များအပေါ်တွင် စေတနာအပြည့်ထားသူ ဖြစ်သည်။ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားကာ ဓာရဏပရိတ်တော်ကို အမြဲမပြတ် ရွတ်ဆိုပူဇော်သူ ဖြစ်ပါသည်။

တနေ့တွင် ဆရာသည် ကျောင်းမှ ကျောင်းအုပ်ဆရာကြီးကို မကွေးသွားရန် လိုက်ပို့အပြီး ဆိုင်ကယ်စီးလျက် ပြန်လာရာ တောင်တွင်းကြီးမြို့အနီး ပြည်လမ်းပေါ်တွင် ရှေ့မှမောင်းနှင်လာသော ကုန်ကားကြီးတစီးကို မရှောင်သာဘဲ ရင်ဆိုင်တိုက်မိပါတော့သည်။

အနီးက မြင်ရသူများ ထိတ်လန့်သွားသည်။ အဒေါ်ကြီးတဦးမှာ မူးမေ့ပြီး လဲသွားပါသည်။ တိုက်ပြီးပြီးချင်း ဆရာသည် ကားအောက်ရောက်နေရာမှ ပြန်ထွက်လာသည်။ ရပ်နေသောကားအောက်မှ ထွက်လာသည့် ဆရာကိုမြင်တော့ အနီးရှိလူအများ အံ့ဩသွားကြသည်။ ဆရာစီးလာသော ဆိုင်ကယ်မှာ ကားရှေ့ ကိုက် ၃၀-အကွာတွင် မီးသီးကွဲ၊ ဘရိတ်ပြုတ်၊ ခြင်းပိန်လျက် ပျက်စီးနေပြီ။ ဆရာ့မှာတော့ ဒူးပွန်းရုံ၊ ရှရုံလေးနှင့် သတိပင်လစ်မသွားဘဲ ထွက်လာခြင်းသည် အလွန်အံ့ဩစရာပင် ဖြစ်သည်။

မေတ္တာအကျိုး၊ စေတနာအကျိုးနှင့် ဓာရဏပရိတ်တော်အစွမ်းတို့ပေါင်းကာ အသက်ချမ်းသာရာရခဲ့သည့် ဆရာဦးမြင့်ကျော်သည် ဇနီးဒေါ်ကြည်ကြည်ဆွေ၊ သားနှစ်ယောက်နှင့်အတူ ချမ်းမြေ့စွာနေထိုင်လျက် ပညာရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။

ချူးနွယ်

****************************************

နယူတန်၏ နိယာမနှင့် သာပြူး

(နယူတန်၏ နိယာမနှင့် သာပြူး)

အောင်ဆန်းမြင့်ရွာသည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းတွင် တည်ရှိ၏၊ အိမ်ခြေမှာ တရာကျော်မျှသာရှိသည်။ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများရှိခြင်းကြောင့် အလွန်ပင် သာယာသည်။

ရွာ၏အရှေ့ဘက်တွင် သက်တမ်းရှည်သည့် တမာပင်ကြီးများဖြင့် ဝန်းရံထားသော နတ်စင်ကြီးရှိသည်။ ထိုနတ်စင်ကြီးတွင် သစ်တပင်ကောင်း ငှက်တသောင်းခို-ဆိုသော စကားနှင့်အညီ ကျေးငှက်ပေါင်းများစွာ ခုလှုံကျက်စားကြသည်။ ငှက်များအပြင် ရှဉ့်များလည်း အလွန်ပေါ၏၊

နွေရာသီတွင် အရိပ်ကောင်းသော တမာပင်ကြီးများ၏ အောက်ဝယ် ကလေးများဆော့ကစားလေ့ရှိသည်။ အချို့ကလေးများသည် လေးခွကိုယ်စီဖြင့် ငှက်ပစ်၊ ရှဉ့်လိုက်ကာ သတ်ဖြတ်စားသောက်ကြသည်။ ထိုသူတို့ထဲတွင် သာပြူးဆိုသူ ကလေးတယောက်သည် အဆိုးဆုံးဖြစ်၏၊ သူသည် လက်ဖြောင့်၏၊ ရက်စက်၏၊ သူပစ်လိုက်လျှင်လည်း ငှက်နှင့်ရှဉ့်တို့ လွတ်သည်မရှိ။ မှန်လိုက်လျှင်လည်း ငှက်ဆို ခေါင်း၊ ရှဉ့်ဆိုလျှင် မျက်စိသာဖြစ်သည်။

တနေ့သော် အိမ်ခြေတရာကျော်မျှသာရှိသော ရွာကလေးတွင် သာပြူး၏သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့သွား၏၊

သာပြူးမျက်စိ ခဲမှန်လို့။

မျက်စိက ကျွတ်ထွက်သွားတာ။

စသည်ဖြင့် တယောက်တပေါက်ဆိုသလို တိုးတိုးရော ကျယ်ကျယ်ပါ ပြောဆိုသံများက ကြားရလေသည်။ သူ့သူငယ်ချင်း လှဦး ပြောပြချက်အရ သာပြူးသည် လေးခွနှင့်ရှဉ့်ကိုပစ်ရာ ရှဉ့်ကိုမမှန်ဘဲ သစ်ကိုင်းမှန်ပြီး သစ်ကိုင်းမှတဆင့် သူ့မျက်လုံးကို ထိမှန်ကြောင်း သိရ၏၊

မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏-ဟူသော ဗုဒ္ဓ၏ အဆုံးအမနှင့် သက်ရောက်မှုတိုင်းသည် တန်ပြန်သက်ရောက်မှုရှိသည်ဟူသော နယူတန်၏ နိယာမတို့ကိုသာ သာပြူးသိခဲ့မည်ဆိုလျှင်---

သန့်ရှင်း (သင်္ချာ)

ဘုတလင်။

****************************************

နမော တေ ဂါထာတော် အကျိုး

(နမော တေ ဂါထာတော် အကျိုး)

လွန်ခဲ့သော ၅၈-နှစ်ခန့် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်စစ်တပ်များ ဝင်ရောက်သိမ်းပိုက်ပြီးစ အချိန်လည်း ဖြစ်သည်။ ကျွန်မ၏ ဖခင်မှာ သစ်တောအရေးပိုင်အဖြစ် အင်္ဂလိပ်အစိုးရ လက်အောက်တွင် အမှုထမ်းခဲ့သူဖြစ်သည်။ ထိုအချိန်က ကျွန်မတို့မှာ မော်လိုက်မြို့တွင် ရှိသည်။ အင်္ဂလိပ်များ ဆုတ်ခွါသွားသဖြင့် ဖခင်အပါအဝင် အမှုထမ်းများသည် မော်လိုက်မြို့မှ မိမိတို့ နေရပ်ဌာနများသို့ ပြန်ခဲ့ကြသည်။ ထိုအချိန်၌ သင်္ဘောများ မရှိတော့သဖြင့် လှေကြီးများဖြင့်လည်းကောင်း၊ ဝါးဖောင်များဖြင့်လည်းကောင်း မိသားစုများကို တင်ဆောင်ကာ ချင်းတွင်းမြစ်တလျှောက် စုန်ဆင်းလာခဲ့ကြသည်။

ဤသို့ စုန်ဆင်းလာရာမှ လမ်းခရီး၌ ကလေးဝမြို့နားအရောက်တွင် ကျွန်မတို့ စီးနင်းလာသော လှေကြီးပေါ်သို့ အရိပ်မည်းကြီးတခု ထိုးကျလာသည်။ တဆက်တည်းပင် လေယာဉ်ပျံသံများ ဆူညံစွာ ပေါ်ထွက်လာသည်။ ထိုလေယာဉ်ပျံများမှာ အင်္ဂလိပ်လေတပ်မှ ဖြစ်သည်။ သူတို့သည် ကလေးဝဆိပ်ကမ်းရှိ ဂျပန်စစ်တပ်များနှင့် ချင်းတွင်းမြစ်ရိုးတလျှောက် စုန်ဆင်းလာသော လှေကြီးများကို စက်သေနတ်များဖြင့် မရပ်မနား ပစ်ခတ်ပါလေတော့သည်။

ကျွန်မတို့ မိသားစု စီးလာသော လှေကြီးမှာ မြစ်လယ်ရေလယ်ခေါင်တွင် ရောက်ရှိနေပြီး စက်သေနတ်ပစ်ကွင်းထဲ ရောက်နေသလို ဖြစ်နေသည်။ ကျွန်မတို့မိသားစုနှင့် လှေသမားများမှာ ဘာမှမတတ်နိုင်။ ဘုရားကိုသာ အာရုံပြု၍ ဝပ်နေကြရပါသည်။

ထိုအခါ လှေကြီးမှာ ရေစီးတွင် မျောချင်ရာ မျောနေပါတော့သည်။ ၁-နာရီခန့်ကြာ၍ စက်သေနတ်သံများ လေယာဉ်ပျံသံများ တိတ်ဆိတ်သွားတော့မှ ကျွန်မတို့သည် တယောက်ကိုတယောက် ခေါ်ကြ၊ အော်ကြနှင့် ရှိကြပါသည်။

ကျွန်မသည် နာရီကြည့်လိုက်ရာ ညနေ ၃-နာရီထိုးနေပါပြီ။ အဖေ့ကိုမတွေ့၍ ရှာကြည့် ခေါ်ကြည့်လိုက်မှ လှေဦးမှာထိုင်လျက် တည်ငြိမ်စွာဖြင့် ဘုရားရှိခိုးနေသည်ကို တွေ့ရပါသည်။ ကျွန်မတို့ စီးလာသော လှေကြီးမှာလည်း မျောချင်ရာ မျောနေခဲ့ရာမှ ချင်းတွင်းမြစ်ထဲသို့ စီးဝင်နေသော ချောင်းငယ်လေးတခုထဲသို့ ထိုးဝင်ပြီး သောင်ပြင်ပေါ်တွင် တင်နေသည်ကို တွေ့ရသည်။ ထိုနေရာသို့ လှေရောက်ရှိနေသဖြင့် ဘေးနှစ်ဘက်က တောင်ပါးယံကြီးနှစ်ခုက ကာထားသလိုလည်း ထူးခြားစွာ တွေ့ရပါသည်။

နောက်မှသိရသည်မှာ ဖခင်သည် ကျွန်မတို့ကဲ့သို့ ကြောက်လန့်တကြား ပုန်းအောင်းဝပ်နေသည် မဟုတ်။ လေဦးတွင် တည်ငြိမ်စွာထိုင်လျက် ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်၊ ပရိတ်တော်များကို ရွတ်ဆိုခြင်း ပြုနေသည့်အပြင် ထူးခြားသော နမော တေ ဂါထာတော်ကို အကြိမ်ကြိမ်ရွတ်ဆိုနေကြောင်း သိရပါသည်။ ထို့ကြောင့် လှေကြီးမှာ ချောင်းငယ်ထဲသို့ ထူးဆန်းစွာ ရောက်ရှိနေပြီး လှေပေါ်ပါ လူအားလုံး စက်သေနတ် ဘေးရန်မှ ကင်းလွတ်ခဲ့ရခြင်း ဖြစ်ပါသည်။

ဖခင်က နမော တေ ဂါထာကို အကျဉ်းအကျပ် အခက်အခဲ ကြုံတွေ့ရလျှင် ယုံကြည်စွာဖြင့် ရွတ်ဆိုပါက ထိုအခက်အခဲမှ လွတ်မြောက်နိုင်ကြောင်း ယခု ကိုယ်တွေ့ပင်ဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်မလည်း ထိုအချိန်မှစ၍ ဖခင်ထံမှ နမော တေ ဂါထာကို သင်ယူပြီး နေ့စဉ် ပွားများရွတ်ဆိုခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ထိုအကျိုးကြောင့် ကိုယ်တွေ့အရ အခက်အခဲ အကျဉ်းအကျပ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်(မှလည်း လွတ်မြောက်ခဲ့ပါသည်။ နမော တေ ဂါထာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

နမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တော,သိ သဗ္ဗဓိ။

သမ္ဗာဓပ္ပဋိပန္နော,သ္မိ၊ တဿ မေ သရဏံ ဘဝ။

(အနက် အကျဉ်းချုပ်။)

ကြီးမြတ်သော လုံ့လဝီရိယရှိတော်မူသော ရှင်တော်မြတ်ဘုရားအား ရှိခိုးပါ၏၊

ရှင်တော်မြတ်ဘုရားသည် ကိလေသာစသော ဒုက္ခအနှောင်အဖွဲ့အားလုံးတို့မှ အပြီးတိုင် လွတ်မြောက်တော်မူပေသည်။

ဘုရားတပည့်တော်သည် အကျဉ်းအကျပ်သို့ ရောက်၍ နေရသည် ဖြစ်ပါ၏၊

ရှင်တော်မြတ်ဘုရားသည် အကျဉ်းအကျပ်သို့ရောက်၍နေသော ဘုရားတပည့်တော်၏ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာ ဖြစ်တော်မူပါဘုရား။

(ဒေါ်တင်ရွှေ-အနောက်ရန်ကင်း)

****************************************

ပဋ္ဌာန်းတန်ခိုး

(ပဋ္ဌာန်းတန်ခိုး)

ကျွန်မသည် ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိကို နံနက်တိုင်း ဝတ်စဉ်တခုအနေနှင့် ယုံယုံကြည်ကြည် ရွတ်ဖတ်ပူဇော် ခဲ့သည်။ ထိုသို့ပူဇော်ခဲ့သည်မှာ ၄-နှစ်ကျော် သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဤကဲ့သို့ ပဋ္ဌာန်းပစ္စယ နိဒ္ဒေသကို ရွတ်ဖတ်ပူဇော်လာခဲ့သည့် သက်တမ်းအတွင်းမှာ ကျွန်မအတွက် ထူးခြားစွာ အကျိုးပေးမှုကလေးများ အမှတ်မထင် ရှိလာရာမှ သိသိသာသာ အမှတ်ထင်ထင်ရှိလာသည်ကို တွေ့လာရပါသည်။

ကျွန်မ၏ မိဘများမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာမှ အထက်တန်းပြ ဆရာကြီး ဦးစိန်ရံနှင့် ဒေါ်ကြီး ဖြစ်ပါသည်။ ကျွန်မ၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်သည်။ ကျွန်မသည် သမီးအကြီးဆုံး ဖြစ်သည်။ ဘဝပေးအခြေအနေအရ မိဘများနှင့် နီးနီးကပ်ကပ် နေခွင့်မရပါ။ ကလေးမြို့ အထက (၁) တွင် အထက်တန်းပြ ဆရာမအဖြစ် အမှုထမ်းနေရသူဖြစ်ပါသည်။

တနေ့ ၁၉၉၉-ခုနှစ် ဇူလိုင်လ ၂၈-ရက်နေ့တွင် ညီမများထံမှ မိခင်ကြီး အိ်မ်သာမှအဆင်း မူးလဲ၍ သတိလစ်သွားကြောင်း၊ ဘယ်တခြမ်း လေဖြတ်သွားကြောင်း ဒေါက်တာကလည်း အဝေးရောက် သား-သမီးများကို လှမ်းအကြောင်းကြားရန် ပြောကြောင်း စသည်ဖြင့် တယ်လီဖုန်း လာပါသည်။

သို့ဖြစ်၍ ၃၀-၇-၉၉ နေ့တွင် ကျွန်မသည် ခင်ပွန်းဖြစ်သူနှင့်အတူ ကလေးမြို့မှ မန္တလေးသို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပါသည်။ မန္တလေးမှ မုံရွာသို့ ကားဖြင့် ဆက်ထွက်ခဲ့ကြသည်။ တဖန် ချင်းတွင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကာ ကားငှါးပြီး ကျားတက်ကို နေ့ချင်းအရောက် သွားပါသည်။

ကျွန်မသည် ရောက်လျှင်ရောက်ချင်း ကားပေါ်မှဆင်းကာ မိခင်ရှိရာ အိမ်ထဲသို့ အပြေးတပိုင်း ဝင်ခဲ့ပါသည်။ ညီမဖြစ်သူများက ကျွန်မ စိတ်မပူစေရန်အတွက် မိခင်သက်သာလာပြီ ဖြစ်ကြောင်း ဖေးမပြောဆိုပြီး မိခင်ရှိရာသို့ တွဲခေါ်သွားကြပါသည်။

ကျွန်မ၏မိခင်မှာ သတိရလာပြီဖြစ်သည်။ သို့သော်လည်း ဆီးပိုက်၊ နှာခေါင်းပိုက်များ တန်းလန်းဖြင့် ပက်လက်အနေအထားမှာ ရှိနေပါသည်။ ကျွန်မတို့ပြောဆိုတာကို သိသော်လည်း စကားလုံးဝ မပြောနိုင်ပါ။ ဘယ်ဘက်တခြမ်းမှာ မလှုပ်နိုင်ပါ။

မိခင်ကြီးကို မောင်ညီမတတွေ ဝိုင်းဝန်းပြုစုသည့်ကြားမှ မိခင်ကြီးမှာ သက်သာလာသည် မရှိပါ။ ဝမ်းက မကြာမကြာ ဖောက်လာတတ်ပါသည်။ တခါတရံ ဆီးပိုက်မှလည်း သွေးများပါလာတတ်ပါသည်။ ဆရာဝန်ကို အကြိမ်ကြိမ်သွားခေါ်ရပါသည်။ ဤသို့ဖြင့် မိခင်ဖြစ်သူသည် ဝမ်းကဖောက်လိုက်၊ ဆီးကဖောက်လိုက် ဖြစ်နေ၍ ကျွန်မတို့တတွေမှာ အလွန်အားငယ်ပြီး မျက်ရည်စက်လက်ဖြင့် ကုသနေကြရပါသည်။

ကျွန်မသည် ရောက်သည့်နေ့မှစ၍ နံနက် ၄-နာရီထိုးပြီးတိုင်း မိခင်အနီးတွင် မိမိရွတ်ဖတ်နေကျဖြစ်သော ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို နာရီဝက်ခန့် ရွတ်ဖတ်ပူဇော်ပါသည်။ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပြီးတိုင်း-ကျွန်ုပ်သည် မြတ်စွာဘုရားအား ပဋ္ဌာန်းဖြင့် နေ့စဉ်ဝတ်မပျက် ရွတ်ဖတ်ပူဇော်လျက် ရှိပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ မိခင်ကြီးတွင် စွဲကပ်နေသော ရောဂါဝေဒနာများသည် ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက်ပါစေသတည်း-ဟု အမြဲ သစ္စာဆိုပါသည်။

ဤသို့ဖြင့် မိခင်ကြီး၏ ရောဂါအခြေအနေမှာ တိုးလည်းမတိုး၊ လျော့လည်းမလျော့ဖြင့် တန့်နေပါသည်။ ရောဂါက တန့်နေသော်လည်း-နေ့လား ညလား-ဟူသော သံသယစိတ်ဖြင့် ပူပင်သောက ဗျာပါဒတွေ များနေရဆဲပင် ဖြစ်ပါသည်။ သို့သော် ရက်ကြာလာပြီဖြစ်၍ ဝန်ထမ်းဖြစ်နေသော ကျွန်မမှာ မိခင်ကြီးအနားတွင် ကြာကြာ မနေနိုင်ပါ။ ကျွန်မခွင့်ရက်စေ့ပြီဖြစ်၍ မောင်ညီမများနှင့် ညှိနှိုင်းရပါတော့သည်။ ပြည်မြို့မှာ အထက်တန်းပြ အဖြစ် တာဝန်ကျနေသော ညီမဖြစ်သူ မသန်းဆွေက လစာမဲ့ခွင့်ယူပြီး ကျန် မောင်ညီမများနှင့် ပြုစုနေရစ်ပါမည် ပြော၍ ကျွန်မ ကလေးမြို့သို့ ပြန်ရန် ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသည်။

သို့အတွက် ကျွန်မမှာ မိခင်ကြီးကို စိတ်မချတချဖြင့် ကလေးမြို့သို့ ပြန်လာခဲ့ရပါသည်။ ကျွန်မသည် ကျောင်းတက်နေရသော်လည်း စိတ် ပျော်ရွှင်မှု မရှိပါ။ မိခင်အတွက် သောကမီး တောက်လောင်နေပါသည်။

နံနက်တိုင်း သစ္စာပြု၍ ပဋ္ဌာန်းကို မပြတ်ရွတ်ဖတ်ပူဇော်ပါသည်။ ဤသို့ဖြင့် မိခင်၏ သတင်းကို ရင်တထိတ်ထိတ် စောင့်စားရင်း နေလာရာမှ တနေ့တွင် သတင်းထူး သတင်းကောင်း ကြားရပါသည်။ မိခင်ဖြစ်သူသည် နှာခေါင်းပိုက်နှင့် ဆီးပိုက်များ ဖြုတ်ပြီး စကားပြောနိုင် လမ်းလျှောက်လာနိုင်ပြီဖြစ်ကြောင်း ဝမ်းသာစရာသတင်း ကြားသိလာရပါသည်။ မောင်ညီမများ ခြံရံ၍ ကထိန်သင်္ကန်းကပ်လှူနေသော မိခင်ကြီး၏ ဓာတ်ပုံကိုလည်း ကျွန်မထံ ပေးပို့လိုက်ကြပါသည်။

ကျွန်မကတော့ ဤကဲ့သို့ သေလုမျောပါးဖြစ်သွားသော မိခင်ကြီး အသက်ရှင် ကျန်းမာသွားသည်မှာ ကျွန်မ နေ့စဉ် ရွတ်ဖတ်ပူဇော်လျက်ရှိသော ပဋ္ဌာန်း၏ တန်ခိုးနှင့် သစ္စာတန်ခိုးဟု ယုံကြည်ယူဆမိပါသည်။

(ဒေါ်ခင်ဆွေ-အ-ထ-က၊ ကလေးမြို့)

****************************************

ပဋ္ဌာန်းတရားဖြင့် ကုသခြင်း

(ပဋ္ဌာန်းတရားဖြင့် ကုသခြင်း )

စာရေးသူသည် တနေ့တွင် ရွှေတောင်မြို့ ဂန္ဓာရုံဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဂဝံသ (အဂ္ဂမဟာပဏ္ဍိတ ) ထံတော်သို့ ကန်တော့ဖူးမြော်ရန် ရောက်ရှိသွားပါသည်။ ဆရာတော်ကြီးက ကန်တော့ခံတော်မူ၍ ဆုများပေးပြီး စာရေးသူ၏ ကျန်းမာရေး အခြေအနေကို မေးမြန်းတော်မူသည်။ စာရေးသူက မိမိ၏ ကျန်းမာရေး ချွတ်ယွင်းချက်ကို လျှောက်ထားသည်။ ထိုအခါ ဆရာတော်ကြီးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်၍ မိမိရောဂါကို ကုသကြည့်ရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် ရွတ်ဖတ်ပုံ ရွတ်ဖတ်နည်းပါ အမိန့်ရှိပါသည်။

စာရေးသူသည် ဆရာတော် အမိန့်ရှိလိုက်သည့် နေ့မှစ၍ နေ့စဉ် ပြုလုပ်နေကျဖြစ်သော ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့ပါသည်။ ထို့နောက် ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို အာရုံစူးစိုက်၍ လေးလေးနက်နက် ရွတ်ဖတ်ပူဇော် ပါသည်။ ၅-ရက်မြောက်သောနေ့တွင် ထူးခြားသော အိပ်မက်များ မြင်မက်ပါတော့သည်။

အိပ်မက်ထဲတွင် စာရေးသူ၏ ဝမ်းဗိုက်တွင်းမှ ဆံပင်ချည်ထွေး ၅-ထွေးသည် အတွဲလိုက် ထွက်ကျသည်ဟု မြင်မက်ပါသည်။ တဆက်တည်းမှာပင် ညာဘက်နားတွင်းမှ နဖာချေးများ အလိပ်လိုက်၊ အခွေလိုက် များစွာ ထွက်ကျသွားသည်ဟု မြင်မက်ပါသည်။

ထိုကဲ့သို့ အိပ်မက်မြင်မက်ပြီးသည့် နောက်ပိုင်းမှစ၍ ကျန်းမာရေး တစတစ ကောင်းမွန်လာပါတော့သည်။ ယခင်ကဆိုလျှင် စိတ်ထိခိုက်စရာ ပေါ်ပေါက်လာသည့် အခါမျိုးနှင့် ကြုံကြိုက်လာလျှင် ပုံလျက်သားကျပြီး သတိလက်လွတ် မလှုပ်နိုင် မရှားနိုင် ဖြစ်သွားသည်။ ရင်တွင်းမှလည်း မချိအောင် ဝေဒနာခံစားရတတ်ပါသည်။

ဤကဲ့သို့ ဝေဒနာဆိုးများ ၂-ကြိမ် ၃-ကြိမ် ဖြစ်ခဲ့ဖူးပါသည်။ ယခုနောက်ပိုင်းတွင် ဤလို ဝေဒနာမျိုး လုံးဝမဖြစ်တော့ပါ။ ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်းတို့ပင် ပျောက်ကင်းသလောက် ဖြစ်ပါသည်။

စာရေးသူသည် နှလုံးအထူးကု ဆရာဝန်ကြီး ၂-ဦး၊ မြန်မာသမားတော်ကြီးများနှင့် နှစ်စဉ်ပြ၍ ကုသနေရသူ ဖြစ်ပါသည်။ ယခုမူ ဆရာတော်ညွှန်ကြားချက်အတိုင်း ယုံကြည်လေးနက်စွာ ကျင့်သုံး၍ ပဋ္ဌန်းတရားတော်ကြီးအား ပူဇော်ရသည့် အကျိုးကြောင့် စွဲကပ်နေသော ရောဂါဝေဒနာမှ ထမြောက် အောင်မြင်ခဲ့ရပါသည်။

ရောဂါဝေဒနာရှင်များ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေရန်၊ ရောဂါပျောက်ကင်း ချမ်းသာခြင်းဖြင့် အောင်မြင်မှု ရယူကြပါစေရန် အတုယူ၍ လိုက်နာကျင့်သုံးကြစေလိုသော စေတနာရင်းဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ရောဂါပျောက်ကင်း ချမ်းသာစေရေးအတွက် ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရှေးဦးစွာ မိမိတို့နေရာဌာနတွင် ကိုးကွယ်ပူဇော်ထားသော ရုပ်ပွားဆင်းတုတော်ရှေ့၌ မတ်မတ်ခြေစုံ ရပ်၍ လက်အုပ်ချီပြီးလျှင်-

၁။ နမော အနန္တနယ ဒေသကဿ သမ္မာသမ္ဗုဒ္ဓဿ-ဟု ၃-ခေါက် ရွတ်ပါ။

၂။ ဟေတုပစ္စယော-မှစ၍ အဝိဂတပစ္စယော အဆုံး ၂၄-ပစ္စည်း ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို မိမိခန္ဓာကိုယ် ဆံဖျားမှ ခြေဖျားတိုင်အောင် အထက်မှ အောက်သို့ စိတ်ကညွတ်၍ ရွတ်ဖတ်ပါ။

၃။ တဖန် အောက်ခြေဖျားမှ အထက်ဆံဖျားတိုင် အောက်မှ အထက်သို့ စိတ်ကညွတ်၍ ရွတ်ဖတ်ပါ။

၄။ မိမိခန္ဓာကိုယ်ကို လကျ်ာရစ် လှည့်၍ (စိတ်ဖြင့်) ရွတ်ဖတ်ပါ။

၅။ မိမိခန္ဓာကိုယ်ကို လက်ဝဲရစ် လှည့်၍ (စိတ်ဖြင့်) ရွတ်ဖတ်ပါ။

၆။ နောက်ဆုံး မြှောက်ချီထားသော လက်အုပ်ကို ဦးထိပ်ထက်တင်၍ မိမိရောဂါရှိရာ (နှလုံးသား) ကို စိတ်ကညွတ်၍ ရွတ်ဆိုရန် ဖြစ်ပါသည်။

မှတ်ချက်။ စာရေးသူမှာ နှလုံးသွေးကြောကျဉ်းသော ရောဂါရှင်ဖြစ်၍ နှလုံးသားကို စိတ်စိုက်၍ ရွတ်ဖတ်ခြင်း ဖြစ်သော်လည်း အခြားသော ဝေဒနာရှင်များမှာ မိမိတို့ ရောဂါရှိရာသို့ မှန်းဆ၍ ရွတ်ကြရန် ဖြစ်ပါသည်။

အမှန်မှာ မိမိခန္ဓာကိုယ် တခုလုံးအား အသည်းနှလုံးပါမကျန် ပဋ္ဌာန်းဒေသနာတော်ဖြင့် စည်းချ ကာကွယ်၍ ထုံမွှမ်းထားခြင်းပင် ဖြစ်ပါသည်။

အားလုံးသော ရောဂါဝေဒနာရှင်များ ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ပျောက်ကင်း ချမ်းသာကြပါစေ။

(ရှင်ထွေး-ရွှေတောင် )

****************************************

ပဋ္ဌာန်းဒေသနာတော်၏ အကျိုး

(ပဋ္ဌာန်းဒေသနာတော်၏ အကျိုး)

လွန်ခဲ့သည့် ၅-နှစ်ခန့်က ဖြစ်သည်။ အသက် ၉၀-အရွယ် အဘိုးဦးချစ်ယုံ နေမကောင်း ဖြစ်ခဲ့သည်။ ဤသို့ နေထိုင်မကောင်းခြင်းမှာ အသည်းအသန်ပင် ဖြစ်တော့သည်။ အဘိုး ဦးချစ်ယုံ နှုတ်မှ-ငါကို လာခေါ်နေကြပြီ၊ ခွေးတွေကလဲ ငါ့ကို လိုက်ဆွဲနေတယ်။ လူတွေကလဲ ဝိုင်းဆွဲနေတယ်၊ ငါ့ကို ကယ်ကြပါဦး၊ လှစိန်ရေ-ငါ့ကို ကယ်ပါဦး-စသည်ဖြင့် ကယောင်ကတမ်း အော်ဟစ်နေရသည်။

အဘိုးဦးချစ်ယုံ၏ အော်သံကို နားထောင်ပြီး ကျွန်တော် တွေးမိလိုက်သည်။ အဘိုးဦးချစ်ယုံ လားရာဂတိ ကောင်းမည်မဟုတ်၊ ပဋ္ဌာန်းတရား နာစေရန် ကျွန်တော်ကြံမိသည်။ သို့သော် ကျွန်တော်ကိုယ်တိုင်ကလည်း ပဋ္ဌာန်းအကျဉ်းသာရပြီး အကျယ်မရချေ။ သို့ဖြစ်၍ ရွာထဲရှိ ပဋ္ဌာန်းအကျယ်ရသူများကို ခေါ်စေသည်။ ၄င်းတို့ကို ပဋ္ဌာန်းရွတ်ဖတ်စေ၍ ဦးချစ်ယုံအား ပဋ္ဌာန်းတရား နာစေသည်။ ကြားရလား-ဟု မေးရာ ကြားရသည်-ဟု ပြန်ဖြေသည်။

ပဋ္ဌာန်းဒေသနာတော်ကို လူလှည့်၍ တညလုံး အသံမစဲ ရွတ်ဖတ်စေခဲ့သည်။ ကျွန်တော်၏ စေတနာမှာ ဦးချစ်ယုံကို သေခြင်းကောင်းစေရန် ကူညီခြင်းဖြစ်သည်။ နံနက်မိုးလင်းသော် ပဋ္ဌာန်းတရား နာရသော ဦးချစ်ယုံမှာ အော်ဟစ်ရခြင်းဒုက္ခမှ ကင်းဝေးရသည့်အပြင် သေကံမရောက် သက်မပျောက်ဘဲ ကျန်းမာရေး ပြန်၍ကောင်းမွန်လာပါသည်။

အဘိုးဦးချစ်ယုံသည် ပြန်လည်ကျန်းမာပြီး ၂-နှစ်ခန့် ကောင်းမွန်စွာ နေထိုင်ခဲ့ရသည်။ အသက် ၉၂-နှစ် အရွယ်တွင်မှ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ယခင်ကဲ့သို့ အော်ဟစ်ခြင်း မပြုရဘဲ ညင်သာစွာ အသက်ပျောက်သွားသည်။ ပဋ္ဌာန်းဒေသနာတော်ကြီးကို ကြားနာရသောအကျိုး၊ ပဋ္ဌာန်းတရား၏ တန်ခိုးကြောင့်ပင် ဖြစ်သည်။

ဤပဋ္ဌာန်းတရားဖြင့် သူတပါးကို ကူညီခဲ့သော ကျွန်တော်သည် ပဋ္ဌာန်းဒေသနာတော်ကြီးကို ပိုမိုယုံကြည်စွဲမြဲစွာ ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယခု အသက် ၈၇-နှစ်ရှိပြီ။ သွားမကျိုး၊ ခါးမကုန်းဘဲ ကျန်းမာစွာသွားလာ နေထိုင်နိုင် ပါသည်။

(မကွေးတိုင်း မြို့သစ်မြို့နယ် ချောက်ကြားကျေးရွာမှ ကျောင်းဆရာ ပင်စင်စား ဆရာကြီး ဦးစိန်လှ-(၈၇)နှစ်၏ ပြောပြချက်ဖြစ်ရပ်မှန်ကို ရေးသားပါသည်။)

(နွယ်-ပညာရေး)

****************************************

ပရိတ်စွမ်းအင် သိစေချင်

(ပရိတ်စွမ်းအင် သိစေချင်)

မကြာမီက စာရေးသူသည် ညောင်တုန်းမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံသို့ ကိစ္စတခုဖြင့် ရောက်ခဲ့ပါသည်။ ထိုစဉ် ဆရာတော်က ဖြစ်ရပ်တခုကို ပြောပြပါသည်။

အတိအကျပြောရလျှင် ၁၃၇၀-ပြည့် သီတင်းကျွတ်လဆန်း ၆-ရက် နေ့လယ် ၁-နာရီ ၁၅-မိနစ်အချိန် ဖြစ်သည်။ ဆရာတော်သည် နေ့ဆွမ်းဘုဉ်းပေးပြီးသည့်အခါတိုင်း မိမိ၏အခန်းထဲသို့ ဝင်ပြီး အနားယူလေ့ရှိပါသည်။ ယခုလို အချင်းဖြစ်ပွားမည့်နေ့တွင် ဆရာတော်သည် အခန်းထဲဝင် အနားယူချင်စိတ် မရှိဘဲ အပြင်ဘက်ခုတင်ပေါ်တွင် အနားယူနေလေသည်။ ဆရာတော် အနားယူစဉ် မည်သည့်အရာကိုမျှ အာရုံမပြုဘဲ မိမိ၏စိတ်မှာ ပရိတ်မေတ္တာ ကိုသာ အာရုံပြုရင်း အနားယူလေ့ရှိသည်။

ဆရာတော်အနားယူစဉ် သူခိုးနှစ်ယောက်သည် ကျောင်းပေါ်သို့တက်လာပြီး ဂန္ဓကုဋီဘုရား ကျောင်းဆောင်ခန်း ထဲသို့ဝင်ကာ နှစ်ပေါင်းတရာဝန်းကျင်ရှိ ရဟန္တာရုပ်တုတော်နှစ်ဆူကို ခိုးယူပြီး ဆင်းသွားကြသည်။ သူခိုးတယောက်က အနီးရှိ ဓာတ်ဘူးကိုပါ လှမ်းယူစဉ် ဆရာတော်မြင်တွေ့၍ ဟေ့ကောင်၊ ဟေ့ကောင် မင်းဘယ်သူလဲ-ဟု မေးလိုက်သည်။ မေးမရသည့်အခါ ထထိုင်ပြီး သူခိုး သူခိုး-ဟု အော်လေသည်။

ဆရာတော်သည် ဝိနည်းတော်ကို မသိ၍ မဟုတ်၊ သိပင်သိငြားသော်လည်း ရှေးဟောင်းရဟန္တာနှစ်ဆူ ပါသွားမည်ကို စိုးရိမ်စိတ်ဖြင့် သူခိုးဟု အော်မိကြောင်းကိုလည်း ပြောပြပါသည်။

သူခိုးများသည် ရပ်ကွက်ထဲသို့ ထွက်ပြေးလေသည်။ ဆရာတော့်အသံကို ကြားသည့် ကျောင်းသားကိုရင်များက သူခိုးများကို ထွက်လိုက်လေ၏၊ ရပ်ကွက်လူများကလည်း ဝိုင်းဝန်းလိုက်ဖမ်းကြရာ သူခိုးနှစ်ယောက်ကို မကြာမီ ဖမ်းမိကြလေသည်။

တာဝန်ရှိရဲများက ကျောင်းသို့ရောက်လာပြီး သူခိုးဖမ်းမိကြောင်းကို ဆရာတော်အား လျှောက်ထားပါသည်။ ဆရာတော်ဖြစ်စေ၊ ဂေါပကဖြစ်စေ သူခိုးများကို အရေးယူ တရားစွဲနိုင်ကြောင်း လျှောက်ပါသည်။ ဆရာတော်က ဝိနည်းတော်နှင့် မငြိစွန်းရန် ဂေါပကဖြစ်စေ၊ ငါကိုယ်တိုင်ဖြစ်စေ ဘာမှအမှုမလုပ်ပါ။ တရားလည်းစွဲချက်တွေ မတင်လိုပါ။ ထိုပစ္စည်းများမှာ ဆရာတော်ပစ္စည်းမဟုတ်တော့ဘဲ သူခိုးပိုင်ပစ္စည်းများ ဖြစ်သွားပြီ။ ဒါကြောင့် ဒကာတို့အလုပ်နဲ့ ဒကာတို့လုပ်ချင်တယ်ဆိုရင် လုပ်ပါ။ ဆရာတော်နဲ့တော့ မည်သို့မျှ မသက်ဆိုင်တော့ပါ-ဟု ပြန်လည်မိန့်ကြားပါသည်။

ရဲများပြန်သွားကြပြီး ဆက်လက်ဖော်ထုတ်စစ်ဆေးကြရာ ညောင်တုန်းမြို့ပေါ်ရှိ မဟာဝိသုတာရာမတိုက်သစ် ကျောင်းရှိ ကြေးကမ္မဝါ၊ ရွှေဟင်္သာတောရတိုက်ရှိ ရဟန္တာရုပ်တု၊ နိဂြောဓာရုံကျောင်းရှိ အရှင်မောဂ္ဂလာန်၊ အရှင်သာရိပုတ္တရာရုပ်တုတို့ ပျောက်ဆုံးနေသည်ကိုပါ ဖော်ထုတ်နိုင်ခဲ့လေသည်။ ထို့ကြောင့် ထိုရုပ်တုတော်နှင့် ပစ္စည်းအားလုံး ပြန်လည်ရရှိကြလေသည်။ ဆရာတော်၏ ရဟန္တာရုပ်တု နှစ်ဆူကိုလည်း ရဲများက ပြန်လည် လာရောက်လှူဒါန်းကြပါသည်။

ဆရာတော်၏ ရဟန္တာရုပ်တုနှစ်ဆူကို ယခုလို ပြန်လည်ရရှ်ိခြင်းမှာ ဘယ်အစွမ်းသတ္တိကြောင့် ယူဆပါသလဲ-ဟု စရေးသူက မေးလျှောက်ကြည့်သည့်အခါ ဆရာတော်က ငါက-အမြဲ ပရိတ်ကြီး ၁၁-သုတ်နဲ့ မဟာသမယ သုတ်ကိုပါ ရွတ်တော့ နတ်ကောင်းနတ်မြတ်တွေက ငါ့ကို စောင့်ရှောက်သတိပေးတယ်လို့ ငါယုံကြည်တယ်-ဟု ပြန်လည် မိန့်ကြားပါသည်။

နန္ဒာထွန်းဝင်း (ပန်းတနော်)

****************************************

ပရိတ်မေတ္တာ တန်ခိုး

(ပရိတ်မေတ္တာ တန်ခိုး)

လွန်ခဲ့သော ငါးနှစ်ဝန်းကျင်က သက်တော်ရှည် တောကျောင်းဆရာတော်ကြီးသည် ပေါက်ချောင်းကျေးရွာ အန္တရာယ်ကင်းပရိတ်ရွတ်ပွဲသို့ ကိုယ်တိုင်ကြွရောက်ချီးမြှင့်ပေးခဲ့ပါသည်။ ၄င်းပေါက်ချောင်းရွာ ကျောင်းထိုင်ဆရာတော်မှာ ဆရာတော်ကြီး၏ တပည့်ရင်း ဘဒ္ဒန္တကောဝိဒ ဖြစ်သည်။ ဆရာတော်ကိုယ်တိုင် ကြါရောက်လာသောကြောင့် တပည့်ကျောင်းထိုင်ဆရာတော်မှာ အတိုင်းထက်အလွန် ဝမ်းသာမိလေသည်။

ယင်းသို့ ဝမ်းသာရခြင်းမှာ အကြောင်းရှိပါသည်။ အကြောင်းမှာ ပေါက်ချောင်းရွာထဲတွင် ရွာလယ်လူသွား တာလမ်းမကြီးတခု၌ ချောင်းခြားရှိ၍ ချောင်းက်ိုဖြတ်ကာ တံတားကြီးတခုရှိသည်။ ထိုတံတားကို နှစ်များစွာက ပေါက်ချောင်းဆရာတော်နှင့် အလှူရှင်(မန်းဘိတ်) ဒေါ်မစမ်းတို့က ဦးဆောင်၍ တည်ဆောက်ထားခဲ့သည်။

တံတားအနားတွင် နှစ်များစွာက သစ်ပင်အိုကြီးတပင်မှာ ယိမ်းယိုင်နေပြီး အချိန်ပိုင်းအတွင်း ပြိုလဲတော့မည်ဖြစ်သည်။ သစ်ပင်ကြီးမှာ တံတားဘက်တွင်ယိုင်နေပြီး ဆောင်းလေအဝေ့ တချက်နှစ်ချက် တိုက်လိုက်လျှင် တံတားပေါ်သို့ လဲကျဖို့ရန် သေချာသလောက်ဖြစ်နေသည်။ ဘယ်လိုနည်းနဲ့မှ တံတားမလွတ်နိုင်။ ကြိုးတပ်ပြီးချည်ကာ တံတားလွတ်အောင် ဆွဲနိုင်ဖို့ရာမှာလည်း မဖြစ်နိုင်။ သစ်ပင်ပေါ်သို့ မည်သူမျှ မတက်ရဲကြ။ သစ်ပင်မှာလည်း အဓိကရအပင်ကြီးလို ဖြစ်နေ၍ မခုတ်ရဲ၊ မဖြတ်ရဲ ဖြစ်နေကြသည်။

ထို့ကြောင့် ပေါက်ချောင်းဆရာတော်သည် တံတားပေါ်လဲကျတော့မည့် သစ်ပင်ကြီးကို မည်သို့ပြုလုပ်ရလျှင် ကောင်းမည်နည်း။ တံတားပေါ်လဲကျပါက တံတားပျက်စီးတော့မည်။ ထို့ပြင် လမ်းသွားလမ်းလာလည်း ပိတ်သွားမည်ဖြစ်သည်။ ကံဆိုးပါက လူပါ ထိခိုက်အန္တရာယ် ပေးနိုင်သည်။ ထို့ကြောင့် တောကျောင်းဆရာတော် ဘုရားကြီးအား အကူအညီတောင်းလျှောက်ထားလေသည်။

ထိုအခါ တောကျောင်းဆရာတော်ကြီးက ပရိတ်စတင်ရွတ်မည့် ကျောင်းကြီးပေါ်တွင် သီလမပေးခင် ကျေးရွာစောင့်နတ်များနှင့် သစ်ပင်စောင့်ရုက္ခစိုးနတ်များ အပါအဝင် နတ်အားလုံးကို ဖိတ်လိုက်ပြီး သီလပေးသည်။ သီလပေးပြီးနောက် ဆရာတော်ကြီးက ပရိတ်မရွတ်ခင် မေတ္တာရှေ့ထား၍ ဤသို့ဩဝါဒပေးသည်။

ယခုကျေးရွာအန္တရာယ်ကင်း ပရိတ်ရွတ်ပွဲတွင် ကြွရောက်ပရိတ်တရားနာကြတဲ့ နတ်များအားလုံးကို ဆရာတော်အနေဖြင့် မေတ္တာရှေ့ထား အကူအညီတခု တောင်းပါရစေ။ ဒီရွာထဲ တံတားအနားမှာရှိတဲ့ ယိုင်နေတဲ့ သစ်ပင်ကြီးကား မကြာခင် လဲကျတော့မှာဖြစ်တယ်။ အဲဒီသစ်ပင်မှာ နေထိုင်ကြတဲ့ နတ်များက အဲဒီသစ်ပင်ကြီး တံတားပေါ်သို့ မလဲကျအောင် ဝိုင်းပြီး ကာကွယ်စောင့်ရှောက်ပေးကြပါ။ ကျန်တဲ့ ကျေးရွာစောင့်နတ်အားလုံး ကလည်း ထို့အတူ ဝိုင်းဝန်းကာကွယ်ပေးကြစေလိုပါတယ်။ တံတားပေါ် လဲကျပါက တံတားပျက်စီးပြီး လူတွေပါ အနှောင့်အယှက်အန္တရာယ် ဖြစ်နိုင်ပါတယ်။ သစ်ပင်ကြီး တံတားပေါ်မကျရောက်ဖို့ ဝိုင်းဝန်းကာကွယ်သော အားဖြင့် ကုသိုလ်များစွာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ရမယ့်အလုပ်တွေကို ပြုလုပ်အားထုတ်နိုင် ကြပါစေ။ သင်တို့ နတ်များအားလုံးကိုလည်း ဘုန်းကြီးတို့က မေတ္တာပို့ အန္တရာယ်ကင်းပရိတ် ရွတ်ပေးပြီး အမျှအတန်းလည်း ဝေပေးမှာဖြစ်ပါတယ်။

ဤသို့ဖြင့် တောကျောင်းဆရာတော်ကြီးသည် ဩဝါဒပေး မေတ္တာရပ်ခံပြီး သံဃာတော်များနှင့်အတူ ပရိတ်ရွတ်ဆို ချီးမြှင့်ကြပါသည်။ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်မြတ်များ ရွတ်ကြသည့် ပရိတ်မှာ အန္တရာယ်ကင်းပရိတ်များ ဖြစ်သည်။ မေတ္တာသုတ်၊ ရတနသုတ်၊ ဝဋ္ဋသုတ်၊ အာဋာနာဋိယသုတ်နှင့် ပုဗ္ဗဏှသုတ်တို့ ပါဝင်လေသည်။

ဆရာတော်တို့ ပရိတ်ရွတ်ပြီး နောက်သုံးရက်အတွင်း သစ်ပင်ကြီးသည် ပြိုလဲကျပါတော့သည်။ လဲကျသည့်အချိန်တွင် လူသွားလူလာကင်းရှင်းနေသည်။ ပို၍အံ့ဩစရာကောင်းသည်မှာ တံတားပေါ်တွင် ယိုင်နေသည့် သစ်ပင်ကြီးသည်တံတားပေါ်သို့ လဲမကျဘဲ တံတားလွတ်အောင် လဲကျသွားလေသည်။

ထို့ကြောင့် ပေါက်ချောင်းဆရာတော်နှင့် တပည့် ဒကာ ဒကာမ ကျေးရွာသားတို့သည် အံ့ဩမဆုံး ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြရလေသည်။

အရှင်နန္ဒာစာရ-(တောင်ကျောင်း)

****************************************

ဖိနပ်လှူသောကြောင့်

(ဖိနပ်လှူသောကြောင့် )

ဒေါ်ဝင်းမြသည် မလှိုင်မြို့နယ် ကမ္ဘားဖြူရွာ အခြေခံပညာ မူလတန်းကျောင်းမှ ဆရာမတဦးဖြစ်သည်။ မိဘများကို ပြုစုလုပ်ကျွေးနေသော သမီးပျိုတဦးဖြစ်သည်။ ကမ္ဘားဖြူကျေးရွာ အမျိုးသမီး ဓမ္မစကြာအသင်း၏ အကျိုးဆောင် တဦးလည်း ဖြစ်သည်။ သူမသည် ဓမ္မာစကြာနှင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသတို့ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်လေ့ ရှိသည်။

ကမ္ဘားဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပမြဲ ဖြစ်သည်။ ဆရာမ ဒေါ်ဝင်းမြသည် ထိုပူဇော်ပွဲ၏ ဝေယျာဝစ္စများကို တတ်စွမ်းသမျှ ကုသိုလ်ယူ လုပ်ကိုင်လေ့ ရှိသည်။ ၁၃၅၄- ခုနှစ် ပဋ္ဌာန်းပူဇော်ပွဲ ကျင်းပသောအခါ ထိုပူဇော်ပွဲသို့ ရေနီရွာအရှေ့ကျောင်း ဆရာတော်နှင့် အခြားဆရာတော် တပါးတို့ ကြွရောက်တော်မူလာကြသည်။ ထိုဆရာတော်တို့ စီးလာသောဖိနပ်များမှာ လွန်စွာမှပင် ဟောင်းနွမ်းပျက်စီးနေသည်ကို ဒေါ်ဝင်းမြ မြင်တွေ့ရသည်။ ထို့ကြောင့် ကြိုတင်ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက် ဖြစ်ပေါ်လာသော စေတနာအလျောက် မိမိ၏ကိုယ်ပိုင်ငွေဖြင့် ဆရာတော်နှစ်ပါးအား ဖိနပ်များဝယ်၍ လှူဒါန်းခဲ့သည်။ ဖိနပ်တရန်လျှင် ငွေ ၁၅၀-ကျပ် ပေးရသည်။

ထိုသို့ ဖိနပ် လှူပြီးလျှင်ပြီးချင်း ရေနီရွာ အရှေ့ကျောင်းဆရာတော် ဦးကေလာ-က ဤကဲ့သို့ စေတနာသဒ္ဓါတရား သန့်သန်ဖြင့် ဖိနပ်လှူရသော အကျိုးအားကြောင့် ယဉ်ပိုင်ရှင် ဖြစ်ပါစေ-ဟု ဒေါ်ဝင်းမြအား ဆုပေးခဲ့ပါသည်။

တနေ့တွင် မလှိုင်မြို့နယ် ဝန်ထမ်းပေါင်းစုံ အလှူပွဲကျင်းပရန် ကံစမ်းမဲဖွင့်သည်။ ဝန်ထမ်းတိုင်းသည် ကံစမ်းမဲ တစောင်လျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဝယ်ယူလှူဒါန်းကြရသည်။

ဒေါ်ဝင်းမြသည် မြို့နယ်ပညာရေးဌာန၏ အစီအစဉ်ဖြင့် ကံစမ်းမဲလက်မှတ်နံပါတ် ၁၁၂၄၃-ကို ဝယ်ယူခွင့် ရခဲ့ပါသည်။ ၁၀-၅-၉၂- တနင်္ဂနွေနေ့တွင် ကံစမ်းမဲဖွင့်သည်။ ထိုဖွင့်ပွဲ၌ သူမသည် တန်ဖိုးအများဆုံးဖြစ်သည့် ကျောက်စိမ်းရောင် ဆိုင်ကယ် (နံပါတ် ယ/၅၅၂၅၉) ကို ပထမဦးဆုံး မဲပေါက်ခဲ့သည်။

ဤကဲ့သို့ ဦးဦးဖျားဖျား ထူးထူးခြားခြား ဆိုင်ကယ်ပေါက်ခြင်းမှာ ဆရာတော်နှစ်ပါးအား ဖိနပ်လှူဒါန်းခဲ့သော စေတနာကြောင့်ဟု ယုံကြည်ယူဆပါကြောင်း ဆရာမဒေါ်ဝင်းမြက ပြောပြပါသည်။

(ဇော်ဝင်းမောင်-ပညာရေး )

****************************************

ဖိုးသာ၏-ကံ

ဖိုးသာ၏-ကံ

လွန်ခဲ့သော ၁၀-နှစ်ခန့်က ဖြစ်ပါသည်၊ ထိုအချိန်က အသက် ၅၀-ကျော် ၆၀-ဝန်းကျင်ရှိ ဒေါ်အေးဆိုသူ မုဆိုးမကြီးသည် သားနှစ်ယောက် သမီးတယောက်နှင့်အတူ ထီးချိုင့်မြို့နယ် သပြေပင်ကျေးရွာ၌ နေထိုင်လျက် မိဘ လက်ငုတ်လက်ရင်းဖြစ်သော တောင်သူလယ်လုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည်။

ထိုတွင် အသက် ၃၁-နှစ်အရွယ်ရှိ သားကြီးဖြစ်သူ မောင်ဖိုးသာသည် ညီငယ် ညီမငယ်တို့နှင့်အတူ ဦးဆောင် ဦးရွက်ပြု၍ လယ်ယာလုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်ခြင်းမရှိ၊ အိမ်သို့လည်းမကပ်၊ စာရေးယောင်ယောင်၊ သူဌေးယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ် လုပ်နေသည်၊ သူသည် ထိုရွာမှဤရွာ၊ ဤရွာမှထိုရွာသို့ ရွာစဉ် လည်ပတ်နေပြီး အရက်သော်၊ ဖဲရိုက်၊ ကြက်တိုက်ဖြင့် ဆူရာမှာခပ်၊ နပ်ရာမှာစား-ဆိုသကဲ့သို့ ကလေကချေသမား ဖြစ်နေသည်။

မောင်ဖိုးသာသည် တခါတရံ မူးမူးရူးရူးနှင့် အိမ်သို့ပေါ်လာတ်ပြီး ခုနစ်အိမ်ကြား ရှစ်အိမ်ကြား မိခင်ဒေါ်အေး-ထံ၌ အရက်ဖိုး ပိုက်ဆံတောင်းသည်၊ ပိုက်ဆံရလျှင်ရ၊ မရလျှင် မိခင်ကြီးကို ဆဲလား ဆိုလား ရိုက်လား ပုတ်လားနှင့် အမြင်မတော် အကြားမတော်အောင် ဖြစ်ရသည်၊ ထိုအဖြစ်မျိုးကား တကြိမ်မက အကြိမ်ပေါင်းများစွာ ရှိခဲ့ပါသည်။

တနေသောတရက်တွင် မောင်ဖိုးသာသည် မူးမူးရူးရူးနှင့် အိမ်ပေါ်သို့လာပြီး ဒေါ်အေး-ထံ၌ ပိုက်ဆံတောင်းသည်၊ ပိုက်ဆံမရသဖြင့် ဒေါ်အေးကို တွေ့ရာတုတ်နှင့် လိုက်ရိုက်နေသောကြောင့် အိမ်နီးချင်းများက ဝိုင်းဝန်းဖျန်ဖြေကြ ရသည်၊ ဖျန်ဖြေသည့်ကြားထဲကပင် တုတ်ဖျားခတ်ရိုက်မိသွားသဖြင့် ဒေါ်အေး၏ခေါင်း၌ အနည်းငယ်ရောင်တက် လာသည်၊ မိခင်ဖြစ်သူ ဒေါ်အေးခမျာမှာ သားကြီးမောင်ဖိုးသာအတွက် မျက်ရည်စက်လက်နှင့် တရက်မှ စိတ်ချမ်းသာမှု မဖြစ်ရရှာပေ။

တနေ့တွင် သပြေပင်ကျေးရွာနှင့် တမိုင်သာ ဝေးသော တည်ပင်ကျေးရွာတွင် ပေါ်ပေါက်သော အသုဘ (ကိစ္စ) တခု၌ ဖဲရိုက်ကြသည်၊ ထိုဖဲဝိုင်းတွင် မောင်ဖိုးသာလည်း အပါအဝင်ဖြစ်သည်၊ ဖဲဝိုင်းမှာ ကြေးကြီးဝိုင်းဖြစ်၍ သွေးကြီးကြီးနှင့် သဲသဲမဲမဲ ရိုက်ကြသည်၊ ဘေးကလောင်းသူများလည်း တော်တော်များများရှိ၍ ဖဲဝိုင်းမှာ စည်စည်ကားကား ရှိသည်၊ လေးငါးပတ်မျှ ရိုက်မိကြသောအခါ ဖဲဝိုင်းဆူပြီး ရုတ်ရုတ်သဲသဲ ဖြစ်သည်။

ထိုအချိန်တွင် မည်သူတဦးတယောက်က ဝင်ရောက်ပြုလုပ်သွားသည်မသိ၊ မောင်ဖိုးသာ ဓားအထိုးခံရပြီး ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

မကြာခင် နေ့တနေ့က မောင်ဖိုးသာ ရမ်းကားပြီး ရိုက်နှက်သွားသဖြင့် ရောင်တက်နေသော မိခင်ဒေါ်အေး၏ ဦးခေါင်းမှ ဒဏ်ရာသည်ပင် မပျောက်သေးပါ၊ သို့သော်လည်း ယခု မောင်ဖိုးသာကဖြင့် သေရှာလေပြီ၊ မိခင်ကို ပြစ်မှားသောကံသည် အလွန်ကြီးမားလှပေစွ၊ ယခုဘဝ၌ပင်လျှင် မောင်ဖိုးသာ မရှုမလှ ခံရရှာလေသည်၊ တမလွန်ဘဝ၌သော် မောင်ဖိုးသာတယောက် ဘယ်သို့ရောက်ရှာမည်ကို မသိနိုင်ပါတကား။

(ထီးချိုင့်-မောင်ကံဦး )

****************************************

ဗုဒ္ဓရှင်အား ပြစ်မှားသူ

(ဗုဒ္ဓရှင်အား ပြစ်မှားသူ )

ကျွန်မ လူမှန်းသိစ ၆-နှစ်သမီး အရွယ်ကဖြစ်ပါသည်၊ အိမ်၌ ကြောင်အညိုကျားကြီးတကောင် မွေးထားပါသည်၊ ကျွန်မ၏ဖခင်မှာ ဝန်ထမ်းတဦးဖြစ်၍ ၂-ခန်းတွဲ အိမ်တအိမ်တွင် ကျွန်မတို့မိသားတစုနှင့် အခြားမိသားတစုတို့ တွဲဖက်နေရပါသည်၊ အခန်းချင်းကပ် အိမ်ထောင်စုမှာ မိသားစု ၄-ဦး ရှိပါသည်၊ ဇနီးမောင်နှံနှစ်ယောက်နှင့် သမီးနှစ်ယောက် ဖြစ်ပါသည်၊ တနေ့ ကျွန်မတို့မိသားစု ထမင်းစားနေခိုက် အိမ်မှကြောင်က ထိုမိသားစု မွေးထားသော ကြက်မကြီး၏ ကြက်ပေါက်ကလေးတကောင်ကို ချီလာပါသည်၊ ကျွန်မတို့လည်း ထိတ်ထိတ်ပျာပျာနှင့် အတင်းဆွဲလာသော်လည်း ကြက်ပေါက်စလေးမှာ သေသွားပါသည်။

အခန်းနီးချင်း အမျိုးသမီးက ကြောင်ကိုထိန်းမထားရကောင်းလား ဟု အမျိုးမျိုးစောင်းမြောင်း ပြောဆိုသည်၊ ကျွန်မတို့လည်း ကို်ယ့်အဖြစ်နှင့်ကိုယ်မို့ ဘာမျှပြန်မပြောကြပါ၊ ကြောင်ကလည်း နောက်နေ့တွင် ကြက်ပေါက်ကလေးများကို ထပ်ဆွဲပြန်ပါသည်၊ ကျွန်မဖေဖေက နောက်တခါ ပြဿနာမဖြစ်လို၍ ကြောင်ကြီးကို တခြားသို့ ပို့လိုက်ပါသည်။

ထိုသို့ပို့လိုက်သော်လည်း အမျိုးသမီးက စိတ်ထားမမှန်ပါ၊ ကျွန်မတို့ကို မလိုတမျိုး လိုတမျိုး ပြောပြောနေတတ်ပါသည်၊ အကြောင်းအမျိုး ရမယ်ရှာပြီး ကျွန်မမေမေနှင့်စကားများပါတော့သည်၊ သူမက ပြောချင်ရာကိုလည်း မဆင်မခြင်ပြောပါသည်၊

အဆိုးဆုံးမှာ သူမလည်း ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျက် ကျွန်မမေမေအား လက်ညှိုးထိုး၍ (အသက်မရှိတဲ့ ကျောက်ဆင်းတုရှေ့မှာ ဘုရားရှိခိုး ဆုတောင်းလို့ ဘာအကျိုးရှိမှာလည်း ) ဟု မေမေဘုရားရှိခိုးခြင်းကို ပြစ်တင်ပြောဆိုပါသည်၊ ထိုသို့ပြောဆိုပြီး မကြာမီ သူမ ကားတိုက်ခံရပါသည်၊ ကျွန်မမေမေအား လက်ညှိုးထိုး၍ ပြောခဲ့သောလက်မှာ လက်မောင်းရင်းမှ ဖြတ်ပစ်လိုက်ရပါသည်။

မေမေတို့ ဆေးရုံသွား၍ သတင်းမေးသောအခါ မျက်ရည်လယ်ရွဲဖြင့် တောင်းပန်စကားဆိုပါသည်၊ မေမေက စိတ်ကို တည်ငြိမ်စွာထားပြီး စိတ်အားမငယ်ရန် သမ္ဗုဒ္ဓေဂါထာ ရွတ်ဆိုဖို့ ပြောသောအခါ ထိုဂါထာကို မရကြောင်း ပြန်ပြောပါသည်။

ထိုအမျိုးသမီးသည် ဘုရား တရားကို လျစ်လျူရှုခဲ့သည့်အပြင် မြတ်စွာဘုရားရှင်အား ဝစီကံဖြင့် ပြစ်မှားမှုကြောင့် ဆိုးကျိုးခံစားရသည်ဟု ယူဆမိပါသည်။

(တဦးတည်းသော သမီး )

****************************************

ဗုဒ္ဓဝေယျာဝစ္စ အကျိုးထူး

(ဗုဒ္ဓဝေယျာဝစ္စ အကျိုးထူး )

စာရေးသူတို့၏ ဖြူးမြို့နယ် ဇေယျဝတီမြို့တွင် ဦးထွန်းကြည်-ဆိုသော (ပင်စင်စား) တဦးရှိသည်၊ ၄င်းသည် ငယ်စဉ်ကတည်းက ဘာသာတရား ကိုင်းရှိုင်းလှသူ တဦး ဖြစ်ပါသည်၊ ဇေယျဝတီမြို့ရှိ ရပ်ကွက်ပေါင်းစုံ ဘာသာရေးလုပ်ငန်းတွင် ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်သူတဦးလည်း ဖြစ်သည်၊ မြို့တွင် ပဋ္ဌာန်းအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်၊ ထို့ပြင် ဦးထွန်းကြည်သည် ဇေယျဝတီ မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာန်းကျောင်း၏ ဗုဒ္ဓဝေယျဝစ္စ အကျိုးဆောင်တဦးလည်း ဖြစ်သည်၊ သာသနာ တိုးတက်ပြန့်ပွားရေးအတွက် ရပ်ကွက် အလှူအတန်းများတွင် အလှူခံခြင်းစသော ဘာသာရေး လုပ်ငန်းများ၌ ရှေ့တန်းမှ ပါဝင်သူတဦး ဖြစ်သည်၊ ဗုဒ္ဓဝေယျယဝစ္စ ကိစ္စနှင့် ပတ်သက်၍ သွားရောက်ခေါ်လျှင် အချိန်မရွေး လိုက်၏၊ ကူညီ၏၊

ဝါတွင်းကာလတွင် ဦးထွန်းကြည်သည် သက်သတ်လွတ်စား၍ အဓိဋ္ဌာန်ဝင်ခြင်း၊ ဂုဏ်တော်ပွားများ ပုတီးစိပ်ခြင်းများ ပြုလုပ်၍ နေခဲ့သည်၊ ဦးထွန်းကြည်သည် မျက်စိမှိတ်၍ ဘုရားကို အာရုံပြုပြီး စိတ်ထဲမှလည်း ဘုရားတပည့်တော်သည် အရှင်ဘုရား၏ ဝေယျာဝစ္စများကို ငယ်စဉ်မှစ၍ ယနေ့အထိ ဆောင်ရါက်နေသူတဦး ဖြစ်ပါသည်၊ ယခု စားဝတ်နေရေး ပြေလည်စွာဖြင့် ဗုဒ္ဓဝေယျာဝစ္စများကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ပါစေသတည်း-ဟု သစ္စာပြု အဓိဋ္ဌာန်သည်၊ ထို့နောက် ထီထိုးရာ၆-ကြိမ်မြောက် ငါးကျပ်တန် အောင်ဘာလေ ထီဖွင့်ပွဲတွင် ဆ-၉၄၂၇၁၁-ဖြင့် ကျပ်ငါးထောင်ဆုကို ဆွတ်ခူးခဲ့ပါသည်။

ဤသည်မှာ ဗုဒ္ဓ၏ ဝေယျာဝစ္စ လုပ်ငန်းများကို ဆောင်ရွက်ခြင်းကြောင့် လောလောဆယ် အကျိုးပေးသည်ဟု အများက ပြောဆိုနေကြပါသည်။

(အုံးသောင်-မြပုရစ်ဖူး )

****************************************

ဘချစ်၏ မိုက်ပြစ်

(ဘချစ်၏ မိုက်ပြစ်)

ရွာထဲတွင် ဘချစ်ဆိုလျှင် မသိသူမရှိပေ။ ဘချစ်သည် အသက် ၁၉-နှစ်ခန့်သာရှိသော်လည်း ရွာထဲရှိ သာရေး နာရေး ကိစ္စများတွင် ပါဝင်ကူညီလေ့ရှိသည်။ သို့သော် သူ၏မကောင်းသောအကျင့်တခုမှာ ကူညီလုပ်ဆောင်ပေးပြီးလျှင် သူ့ကို အရက်တိုက်ခိုင်းခြင်းဖြစ်သည်။

ဘချစ်သည် ကျောင်းနေမပျော်၍ ပညာမသင်သော်လည်း လောင်းကစားတွင် အလိုလိုတော်ကာ ဝါသနာကြီးလေသည်။ ဇယ်တောက်၊ ဖဲရိုက်၊ ကြက်တိုက်စသည့် လောင်းကစားဝိုင်းတို့တွင် ခေါင်းတလုံးသာအောင် လူလည်ကျ ကစားပြနိုင်သူဖြစ်သည်။ လောင်းကစားပွဲတိုင်းလည်း မကြာခဏရန်ဖြစ်လေ့ရှိသည်။

ဘချစ်သည် ဖဲရိုက်၊ ကြက်တိုက်ဖို့ငွေ မရှိသည့်အခါ မိမိအိမ်က ပိုက်ဆံကို ခိုးယူသည်။ အထူးသဖြင့် ကြေးကြီးကြီး လောင်းကစားဝိုင်းများတွင် ခိုးယူလာသည့် ငွေနှင့် မလောက်သည့်အခါ အိမ်တွင်းပစ္စည်းများကို ခိုးယူသည်။ တနေ့တွင် အသုဘအိမ်၌ ဖဲရိုက်ရန် ငွေမလောက်သဖြင့် မိမိအိမ်ရှိ ကက်ဆက်ကို ခိုးယူနေစဉ် ဖခင်ဖြစ်သူနှင့် တိုးလေသည်။ ဖခင်ဖြစ်သူက ထုံးစံအတိုင်း ဆူပူကြိမ်းမောင်းသည့်အခါ ဘချစ်က ခင်ဗျားကြီး-စကားမရှည်နဲ့၊ ကျုပ်ဘာသာကျုပ် ဘာပဲယူယူ ခင်ဗျားဝင်မရှုပ်နဲ့-စသည်ဖြင့် ရိုင်းပျစွာ ရင့်ရင့်သီးသီး စကားများဖြင့် ပြန်ပြောလေသည်။ သားအဖနှစ်ဦး စကားများပြီး ဖခင်ဖြစ်သူက တုတ်ဆွဲသည့်အခါ ဘချစ်က ဓားကို ဆွဲလေ၏၊

လာ-ခင်ဗျားကြီး ရိုက်ရဲရင် ရိုက်၊ ဓားနဲ့ကို ခုတ်မယ်-ဟုဆိုကာ ငှက်ကြီးတောင်ဓား ကိုင်၍ အိမ်ပေါ်မှ ဆင်းသွားလေသည်။

ဘချစ်သည် အရက်ဆိုင်တွင် အရက်သောက်ကာ ဆိုင်ထဲရှိ လူတစုနှင့် စကားများ ရန်ဖြစ်ကြသည်။ ထို့နောက် ရိုက်ကြနှက်ကြရာ ဘချစ်အရိုက်ခံရပြီး မေ့သွားသည်။ အနီးအနားရှိလူများက ဘချစ်ကို ဆေးရုံသို့ပို့ပေးသည်။

နောက်တနေ့မနက်တွင် ဘချစ်ဆုံးသွားပြီဟူသော သတင်းက ရွာထဲတွင် ထွက်ပေါ်လာသည်။ အရက်သောက်လွန်း၍ အသည်းကျွမ်းနေသော ဘချစ်သည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖခင်ကို စော်ကားမှုကြောင့် အသက် ၁၉-နှစ်အရွယ်နှင့်ပင် ဆုံးပါးသွားခဲ့ရှာသည်။ နောက်ဆုံးတော့ ဘချစ်သည် သူ့မိုက်ပြစ်က သူ့ကို တန်ပြန်ပြုလိုက်ခြင်းပင်ဖြစ်သည်။

(နိုင်ဇော်လင်း)

****************************************

ဘယ်သူမပြု မိမိမှု

(ဘယ်သူမပြု မိမိမှု)

မောင်မဲသူသည် ငယ်စဉ်အခါက လိမ္မာ၏၊ မိဘ၏ ဆိုဆုံးမမှုကို နာခံ၏၊ အကို အမတို့၏ စကားကိုလည်း နားထောင်၏၊ ကျောင်းမှန်မှန်တက်ပြီး စာကြိုးစား၏၊ အားလုံးကလည်း မောင်မဲသူကို ချီးမွမ်းကြ၏၊

မောင်မဲသူ အထက်တန်းကျောင်းသား ဖြစ်လာသောအခါ အပေါင်းအသင်း များလာ၏၊ ကောင်းသည့် အပေါင်းအသင်းမဟုတ်၊ ဆရာ့စကား နားမထောင်သော ကျောင်းပြေးတတ်သောသူများနှင့် ပေါင်းမိ၏၊ ထို့ကြောင့် မောင်မဲသူ၏ ကောင်းသောအကျင့်စရိုက်များ တဖြည်းဖြည်း နိမ့်ကျလာ၏၊ ကျောင်းတက်ချိန် မမှန်၊ စာမအံဘဲ အကို အမတွေကို ပြန်၍ အာခံလာ၏၊

တနေ့တွင် မောင်မဲသူသည် သူငယ်ချင်းတစုနှင့် အရက်သောက်၏၊ အရက်မူးပြီး အိမ်သို့ပြန်လာသော မောင်မဲသူကို အကိုဖြစ်သူက ဆူပူကြိမ်းမောင်းပြီး လက်ဖြင့်ရိုက်၏၊ မောင်မဲသူက ပြန်လည်တုံ့ပြန်၏၊ သူတပြန် ကိုယ်တပြန် ထိုးကြ ကြိတ်ကြ၏၊

မိခင်ဖြစ်သူက ဝင်ရောက်ဖျန်ဖြေသော်လည်း မရ၊ မောင်မဲသူ ပြန်လည်ထိုးလိုက်သော လက်သီးသည် အကို့ကိုမထိ၊ မိခင်ဖြစ်သူကို ထိလေ၏၊ မိခင်ဖြစ်သူ၏ မျက်နှာနှင့်လက်မောင်းတို့တွင် အညိုကွက်များ ဖြစ်သွားလေ၏၊ ညီအကိုမောင်နှမများအားလုံး ဝိုင်းဆွဲကြမှ ပြဿနာက ပြီးဆုံးသွား၏၊

နောက်တနေ့တွင် မောင်မဲသူ ကျောင်းသို့သွားရာ၌ လူငယ်အချို့နှင့် စကားများ ရန်ဖြစ်ကြ၏၊ မောင်မဲသူ၏ မချေမငံ ရန်လိုသောစကားများကြောင့်ဖြစ်၏၊ ထိုရန်ပွဲတွင် မောင်မဲသူ အတော်ပင် ခံလိုက်ရ၏၊ မျက်နှာတပြင်လုံးတွင် ဖူးရောင်နေသော အညိုကွက်များဖြင့် ပြည့်နှက်နေလေ၏၊ ထိုသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်ညက မိခင်ဖြစ်သူအား ဒဏ်ရာဒဏ်ချက်များ ရရှိအောင် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်ငြားလည်း မိခင်ဖြစ်သူကို အနာတရဖြစ်စေခဲ့သော သူ၏လုပ်ရပ်အတွက် ပြန်လည်ပေးဆပ် လိုက်ရသော အပြစ်များပင် ဖြစ်ပေသည်။

အကယ်၍ မိခင် ဖခင် ဆရာသမားတို့အပေါ်၌ တမင်ရည်ရွယ်၍ နာကျင်ထိခိုက်အောင် ပြုလုပ်ခဲ့မည်ဆိုလျှင်ကား ပြန်လည်ရရှိမည့် အကုသိုလ်ဆိုးများသည် မတွေးဝံ့အောင်ပင် ဖြစ်သည်။ ကြီးလေးသာ အပြစ်များ ဧကန်မုချ ခံရမည်သည် ဖြစ်သည်။

နေထွဏ်း (နဝရတ်)

****************************************

ဘယ်သူမပြု မိမိမှု

(ဘယ်သူမပြု မိမိမှု)

လောကတွင် ကောင်းသောအလုပ်ကိုလုပ်လျှင် ကောင်းကျိုးခံစားရမည်။ မကောင်းအလုပ်ကို လုပ်လျှင် မကောင်းကျိုးခံစားရမည်ဟု တရားတော်တွင် ပါရှိသည်။ ကျွန်တော်၏တပည့် မောင်အေးသည် အမည်နှင့်မလိုက်အောင် ဆူဆူပူပူလုပ်တတ်သူ ဖြစ်သည်။ မောင်အေး အသက်က ၄၀-ခန့်သာ ရှိသည်။ အိမ်ထောင်နှင့်ကွဲနေပြီး သားသမီး ၃-ယောက်ကို ကျွေးမွေးထားရသည်။ မိဘနှစ်ပါးကလည်း မောင်အေး၏ မိသားစုနှင့်အတူ နေထိုင်သည်။

မောင်အေးက ညစောင့်အလုပ်လုပ်သည်။ ထို့ပြင် တံမြက်စည်းလှည်း၊ ရေနွေးကျို၊ စက်မောင်း၊ အိမ်သာကျင်းတူး စသည့် ကျောင်း၏ ဝေယျာဝစ္စများကိုလည်း လုပ်ကိုင်ပေးသည်။ ပြင်ပတွင် အပိုဝင်ငွေရအောင် အလုပ်ကြမ်း လုပ်ခြင်း၊ တိရစ္ဆာန်များကို အခကြေးငွေဖြင့် သတ်ဖြတ်ခြင်းစသည့် အလုပ်များကိုလည်း လုပ်သည်။ အရက်သောက်တတ်သူဖြစ်သောကြောင့် အရက်မူးလာလျှင် ရမ်းကားသည်။ တခါက အရက်မူးပြီး မိဘများနှင့် စကားများရာ မိဘများကို ရိုက်နှက်မည်ဟု ချိန်လား ရွယ်လား လုပ်သည်။ မောင်အေး၏ သားကြီးက သူ့အဖေကို အတင်းဆွဲထားသဖြင့် အဘိုးနှင့်အဘွားကို မရိုက်မိခြင်း ဖြစ်သည်။ မိဘကခွင့်လွှတ်သော်လည်း အပြစ်က ခွင့်မလွှတ်ပါ။

ကျွန်တော်ကလည်း မောင်အေးအား အရက်သောက်စားခြင်းကို ဆင်ခြင်ရန်၊ မိဘများကိုလည်း ဝန်ချတောင်းပန် ကန်တော့ရန် ဆုံးမဩဝါဒ ပေးပါသည်။ ပြန်မပြောသော်လည်း နားမထောင်ပါ။ အရက်ကတော့ သောက်နေဆဲပင်။ အရက်မူးလျှင် သားသမီးနှင့် မိဘများကို ဆူပူအော်ငေါက်သည်။

သူ့ဘဝ ကံဆိုးမိုးမှောင်ကျမည့် နေ့တနေ့သို့ရောက်လာသည်။ မင်္ဂလာဆောင်ပွဲအတွက် ချက်ပြုတ်ရေး သွားရောက်ကူညီရာ၌ ကြက်၊ ဝက်များကို သူ၏သူငယ်ချင်းနှင့်အတူ သတ်ဖြတ်ပေးသည်။ ထို့နောက် အမြည်းကောင်းကောင်းဖြင့် အရက်သောက်ကြသည်။ မူးလည်းမူး၊ ပျော်လည်းပျော် မိုးချုပ်ပြီ။

သောက်စားပြီး အိမ်ပြန်လာရာ အိမ်မရောက်မီ သူငယ်ချင်းတဦး၏ အိမ်၌ တီဗွီကြည့်ရန် ပြင်ဆင်သည်။ အိမ်အပေါ်ထပ်အရောက်တွင် အရက်မူးနေသဖြင့် မိမိကိုယ်ကို မထိန်းနိုင်ဘဲ အပေါ်ထပ်မှ လိမ့်ကျတော့သည်။ အုတ်ခုံနှင့် ခေါင်း ရိုက်မိရာ သတိလစ်သွားပါသည်။ အိမ်ရှင်က ချက်ချင်း ဆေးရုံတင်ပို့ပြီး ဆေးကုသမှု ခံယူစေသည်။

နောက်တနေ့ ညနေပိုင်းတွင် မောင်အေး ကွယ်လွန်သွားပါသည်။ အရက်သေစာ သောက်စားခြင်း၊ သူတပါးအသက်ကို သတ်ခြင်း၊ မိဘကို စော်ကားခြင်းတို့မှာ ကွယ်လွန်လျှင် အပါယ်ငရဲသို့ ရောက်တတ်သည်။ အသက်ရှည်လျှင်လည်း ဘုန်းမကြီး၊ ဘုန်းကြီးသော်လည်း အသက်မရှည်တတ်ပေ။ လှေကားပေါ်မှ လိမ့်ကျရခြင်းမှာလည်း ဘယ်သူမပြု မိမိမှုပင် ဖြစ်ပါတော့သည်။

ကောက်ရိုးနွယ် (ရွှေကူ)

****************************************

ဘွားအေးချစ်၏ စေတနာ

(ဘွားအေးချစ်၏ စေတနာ )

ကျွန်တော်တို့ရွာတွင် ဒေါ်အေးချစ်ဆိုသူ သက်ကြီးရွယ်အို တဦး ရှိလေသည်၊ ဘွားအေချစ်သည် အသက် ၇၀-ကျော် ၈၀-တွင်းဘက်သို့ နီးပေပြီ၊ သို့သော် ကျန်းမာရေးကောင်းဆဲ သန်မာဆဲဖြစ်၏၊

သူ့ကို အိုဇာတာကောင်းသည်-ဟု ဆိုကြသည်၊ သားသမီး ၈-ယောက် ရှိသော်လည်း သားသမီးတို့အတွက် မပူပင်ရ၊ စိတ်ဆင်းရဲမှု မဖြစ်ခဲ့ရ၊ သားသမီးများ၏ စောင့်ရှောက်မှုကို အပြည့်အဝ ခံစားခွင့်ရသူ ဖြစ်၏၊ ခင်ပွန်းသည် ဦးလှမောင်ကလည်း လူအေး၊ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်လေသည်၊ သူတို့ ဇနီးမောင်နှံကား ရွာတွင် စံနမူနာပြလို ဖြစ်နေ၏၊ အိုဇာတာ ကောင်းကြသူတွေဟု ပြောကြသည်။

ဘွားအေးချစ်က သူ့အကြောင်း မကြာခဏပြောတတ်၏၊ သူ ငယ်စဉ်ကတည်းက မိဘများကို လုပ်ကျွေးပြုစုသည်၊ မနက်တိုင်း ဘုရားရှိခိုးသည်၊ နံနက် ၄-နာရီခန့်ထ၊ ဘုရားနှင့် ဘုန်းကြီးကျောင်းအတွက် ဆွမ်းချက်၊ ဆွမ်းလောင်းမှု ပြုသည်မှာ လူမှန်းသိတတ်စ လုပ်နိုင်ကိုင်နိုင်သည့်အရွယ်မှ ယခုသက်ကြီးရွယ်အိုတိုင် ဖြစ်၏၊

သက်ကြီးမိဘများနှင့် လက်ပွန်းတတီး နေထိုင်ခွင့် ရရုံသာမကဘဲ ပြုစုလုပ်ကျွေးမှုလည်း ရှိ၏၊ စေတနာအရင်းခံသည်၊ မငြိုမငြင် ကျွေးမွေးသည်၊ တခါတရံ ပုထုဇဉ် သဘာဝအလျောက် အပြောဆိုးတတ်သော်လည်း စိတ်ကောင်းရှိ၏၊ သူတပါးကို ပေးကမ်းစွန့်ကြဲတတ်၏၊

ဘဝတလျှောက်တွင် အတန်အသင့် ဆင်းရဲမှု ကြုံခဲ့ရ၏၊ တောင်သူလယ်သမားဘဝဖြင့် ရုန်းကန်ခဲ့၏၊ သို့ရာတွင် ဘဝကို ကြံ့ကြံ့ခံနိုင်သည်၊ သားသမီးရှစ်ယောက် တာဝန်ကို လူတလုံး သူတလုံး ဖြစ်ရလေအောင် ပျိုးထောင်နိုင်၏၊

အစားအသောက်အတွက် သားသမီးကို ငဲ့လွန်းပြီး ကျွေးချင်လွန်းလှသည်၊ သားသမီးတလှည့် မိခင်တလှည့်-ဘဝတွင် မိဘများအတွက်ရော သားသမီးတွေအတွက်ပါ တာဝန်ကျေ၏၊

ယခုမူ အသက်ကြီးပြီ၊ သို့သော် သူ့အိမ်၌ လူသူစည်ကားနေ၏၊ တရားစကား ပြောနိုင်၏၊ ဘာသာရေး ဆွေးနွေးနိုင်၏၊ စားရေးသောက်ရေး အတွက် မပူပင်ရသည့်ပြင် သားသမီးများ၏ အထောက်အပံ့ရသဖြင့် အတော်ပင် အဆင်ပြေ၏၊ အိုဇာတာကောင်းသော သက်ကြီးရွယ်အို ဇနီးမောင်နှံအဖြစ် စိတ်ချမ်းသာမှုကို ရွာကလူအများက အားကျကြ၏၊

ထိုအခါ သူ၏ ဘဝဇာတ်ကြောင်း ပြောတတ်၏၊ တို့က အမေတို့ အဖေတို့ကို ဝတ္တရားမပျက် လုပ်ကျွေးခဲ့တယ်၊ သင်္ဃာ့ဝတ်ကို နေ့တိုင်း ဖြည့်ဆည်းတယ်၊ သားသမီးတွေအပေါ်လည်း တာဝန်ကျေပွန်တယ်၊ တို့-အရွယ်ပျိုတုန်းက အင်မတန် ဆင်းရဲခဲ့ဘူးတယ်၊ ဒါပေမယ့် အခုဘဝမှာ ပြုသမျှကံက လက်ငင်းပဲ အကျိုးထူးတယ်ကွယ်၊ သားသမီးတွေအတွက် စိတ်မဆင်းရဲရဘူး၊ စားရေးသောက်ရေး ကုသိုလ်ရေး အတွက်လည်း အဆင်ပြေတယ်၊ မိဘရဲ့ကျေးဇူး အနန္တောအနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးကို သိလို့၊ ကျင့်သုံးလို့ အခုလို နေနိုင်တာပေါ့ကွယ်-ဟူ၍ ဖြစ်သည်။

ဘွားအေးချစ်၏ အိမ်ကား ရွာမြောက်ဘက် ထီးထီးကြီး ဖြစ်နေ၏၊ သို့သော် ပီတိဖြစ်စရာ၊ အားကျစရာတို့ကြောင့် ရွာ၏ကျက်သရေ-ဟုဆိုကာ ဝင်ထွက်သွားလာမှု မပြတ်ပါချေ၊ ဧည့်သည်များအပေါ် မငြိုငြင်တတ်သော ဘွးအေးချစ်၏ စေတနာရောင်ပြန်ကား အေးချမ်းမှုရနေ၏၊ ထို့ကြောင့် တခါတရံတွင် လူငယ်များကို အောက်ပါစကားဖြင့် ဆုံးမတတ်ရာ နားဝင်စရာ ဖြစ်ရပြန်၏၊

တို့က-ကံရဲ့ အကျိုးပေးကို ယုံကြည်တယ်၊ ကံဆိုတာ အလုပ်ပဲကွယ့်၊ ကိုယ့်ရဲ့ပြုသမျှ ကောင်းမှု၊ ဆိုးမှုက ကိုယ့်အပေါ် တုံ့ပြန်တတ်တာပဲကွယ့်၊ တို့ဘဝတလျှောက်လုံး အဲဒီတရားသဘောနဲ့ပဲ နှလုံးသွင်းရတာပဲကွယ်-ဟူသတည်း။

(ညွန့်ဟန် )

****************************************

ဘွားအေကို ပြုစုစောင့်ရှောက်၍ အကျိုးထူး ခံစားရသူ

(ဘွားအေကို ပြုစုစောင့်ရှောက်၍ အကျိုးထူး ခံစားရသူ)

လူသားတိုင်းတွင် မိခင် ရှိကြသည်။ ဘွားအေ ရှိကြသည်။ မိခင် မရှိသော၊ ဘွားအေ မရှိသော လူသားဟူ၍ မရှိပါ။ တဖန် သားအချစ်၊ မြေးအနှစ်ဟုဆိုကြသည့် ဘိုးဘွားများကို ပြုစုစောင့်ရှောက်ကြရမည်မှာ လူသားတိုင်း၏ ကြီးမားသော တာဝန်တရပ်ဖြစ်သည်။ သို့သော်လည်း ထိုတာဝန် ပျက်ကွက်မှုများ ရှိသကဲ့သို့ တာဝန်ထမ်းဆောင်ကြသော သားမြေးများလည်း အမှန်ရှိနေပါသည်။

မကွေးတိုင်း ချောက်မြို့နယ် ဂွေးချိုကျေးရွာတွင် ဒေါ်ငြိမ်းမြတ် ၇၈-နှစ်အရွယ်နှင့် ဒေါ်သုဆွေ ၇၇-နှစ်အရွယ် ညီအမနှစ်ယောက်တို့ ရှိကြသည်။ ဒေါ်သုဆွေမှာ အပျိုကြီးဖြစ်၍ ဒေါ်ငြိမ်းမြတ်မှာ သား-လေးယောက်ရှိသည်။ သားများမှာ အိုးခွဲအိမ်ခွဲဖြစ်သည်။ လင်ယောကျ်ားမရှိတော့သော ဒေါ်ငြိမ်းမြတ်မှာ ညီမဖြစ်သူနှင့် အတူတကွ နေထိုင်ရပါသည်။ ဦးကြည်လွင်+ဒေါ်မြမြ၏သား မြေးဖြစ်သူ မောင်အေးသောင်က တတ်အားသမျှ ဝတ်ကြီးဝတ်ငယ် ပြုခဲ့ပါသည်။ မြေးဖြစ်သူ မောင်အေးသောင်သည် တရွာတည်းနေ အိုးခွဲအိမ်ခွဲဖြစ်သည်။ သူသည် ရိုးသားဖြောင့်မတ်၍ အေးဆေးတည်ငြိမ်မှုရှိသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်၍ ကျေးဇူးလည်း သိတတ်သည်။

မောင်အေးသောင်သည် ဂွေးချိုတောင်၏ အရှေ့ဘက်ရှိ တောင်ဝကန်သို့ ရေချိုးသွားတိုင်း ဘွားအေများထံ ဝင်ပြီး ညစ်ပေနေသော ထဘီ အကျႌများကို လဲပေးကာ အဝတ်ထည်များအား သူရေချိုးရာ တောင်ဝကန်သို့ ယူသွားပြီး ဖွပ်လျှော်ပေးလေ့ရှိသည်။ ရေကန်သို့ရောက်သည်နှင့် တပြိုင်နက် ဘွားအေများ၏ ထမီ အကျႌများကို ကမ်းစပ်၌ စိမ်ပြီးမှ ဖွပ်လေ့ရှိ၏၊ နေလှန်းခြောက်သွေ့ပြီးမှ သေသေချာချာ ခေါက်ကာ ဘွားအေများထံ ပြန်ပို့၏၊

ဤကဲ့သို့ ဆောင်ရွက်ခဲ့ရာ ငါးလခန့်အကြာ တနေ့တွင် ဘွားအေ၏ အဝတ်များ ကမ်းစပ်၌ ရေစိမ်ထားသည်။ ထိုတွင် အဝတ်များ လျှော်ဖွပ်ရန် ပြုလုပ်စဉ် ထမီတထည်၏ ချည်စများနှင့် ငြိပါလာသော ရွှေလက်စွပ်တကွင်းကို တွေ့ရသည်။

မောင်အေးသောင်သည် ထိုလက်စွပ်ကို ယူပြီး ဘွားအေ ဒေါ်ငြိမ်းမြတ်ကို အကြောင်းစုံ ပြောပြသည်။

ရွှေဆိုလို့ မူးလို့ ရှူစရာ မရှိပါ၊ ငါ့မြေးကို တောင်ဝကန်စောင့်နတ်က မ,လိုက်တာပဲ ဖြစ်မှာ။ ငါ့မြေး ယခုအချိန်ကစ၍ ကြီးပွားတိုးတက်ချမ်းသာပါစေ-ဟု အဘွားက ဆုတောင်း၍ မေတ္တာပို့သည်။ ရွာထဲ၌လည်း ရွှေလက်စွပ်ပျောက်သူ မရှိ။ ပိုင်ရှင်မရှိ ထိုလက်စွပ်ကို မောင်အေးသောင်(၂၆)နှစ်က ရရှိလိုက်ပါတော့သည်။

ထိုဖြစ်စဉ်မှာ ဖြစ်ရပ်မှန်ဖြစ်ပြီး ကြာလည်းကြာခဲ့ပါပြီ။ ယခုအခါ မောင်အေးသောင်ပင်လျှင် ဦးအေးသောင်ဘဝကို ရောက်လာပြီး ၅၃-နှစ်ရှိပေပြီ။ ထိုလက်စွပ် တွေ့သောအချိန်မှစ၍ မောင်အေးသောင်မှာ စားဝတ်နေရေး အဆင်ပြေ ချောမွေ့သွားသည်။ ယခုအခါ ကျောက်ပန်းတောင်းမြို့ စျေးကွက်သစ်ရပ်တွင် သားမြေးများနှင့် တင့်တောင့်တင့်တယ် နေထိုင်လျက် ရှိသည်။

ဘိုးဘွားမိဘများကို ပြုစုလုပ်ကျွေးပါက လူနတ်ဗြဟ္မာ ချစ်ခင်လေးစားခြင်း၊ ကုသိုလ်တရားများ ရရှိခံစားလာရခြင်း၊ ယခုမျက်မှောက်ဘဝမှာပင် ကောင်းကျိုးခံစားရခြင်း စသည့် အကျိုးကျေးဇူးများ မလွဲမသွေ ရရှိခံစားရသည်ကို မျိုးဆက်သစ်လူငယ်များ နားလည်သဘောပေါက်စေလိုပါသည်။ ငပိထုပ်သောဖက် ငပိနံ့ ကျန်၍၊ နှင်းဆီပန်း ထုပ်သောဖက် နှင်းဆီအနံ့ သင်းကျန်မည်။ ပန်းတိုင်း လှစေလိုသည်။ လှသောပန်းတိုင်း မွှေးစေလိုသည်။ မျိုးဆက်သစ်တိုင်း ယခုမျက်မှောက်ဘဝတွင် ကောင်းကျိုးချမ်းသာ အဖြာဖြာကို လက်ဝယ်ပိုင်ပိုင် ရလိုပါက အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်လုပ်ကျွေးသင့်ကြပေသည်။

(မောင်ပါ-ကျောက်ပန်းတောင်း )

****************************************

ဘိုးဘွားအမွေ

(ဘိုးဘွားအမွေ )

ဒိုက်ဦးမြို့နယ် ကျိုက်စကောကျေးရွာသည် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် ရှိပါသည်။ အချိုမှုန့်စက်ရုံရှိသဖြင့် လူသိများလှသည်။ ကျိုက်စကောရွာ ရွာလယ်ပိုင်းတွင် ခြင်္သေ့သုံးကောင် ဆေးလိပ်ခုံ ရှိပါသည်။ ပဲခူးမြို့ ခြင်္သေ့သုံးကောင် ဆေးလိပ်ခုံကြီး၏ လက်အောက်ခံ ရုံခွဲဖြစ်သည်။ ဆေးလိပ်ခုံကို ဦးစီလျက်ရှိသူမှာ ဦးညိုအေးဖြစ်ပါသည်။ ဆေးလိပ်သမပေါင်း ၂၀၀-ကျော်ခန့်ရှိသည်။

ထိုကျေးရွာတွင် ရန်ကုန်-မန္တလေး ကားလမ်းမပေါ်၌ ရေချမ်းစင် လေးခုရှိရာ ဦးထွန်းကြိုင်+ဒေါ်တင်နုတို့ လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် ရေချမ်းစင်တခုရှိသည်။ ခြင်္သေ့သုံးကောင် ဆေးလိပ်ခုံရှေ့ ကိုအောင်လွင်၏ ကုန်စုံဆိုင်နှင့်လည်း ကပ်လျက်ပင်ဖြစ်၏၊ ဤရေချမ်းစင်ကို အထက်ပါ ဦးညိုအေး၏ ဖခင် အဘိုး ဦးစံခိုင် ကိုယ်တိုင် တည်ဆောက်ခဲ့ပါသည်။ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်၊ ကွန်ကရစ် အခင်းနှင့် ဖြစ်ပါသည်။

ကားစီးမည့်ခရီးသည်များ နားနေခြင်း၊ သောက်ရေအေးအေးလေး သောက်ခြင်းတို့ဖြင့် သာယာလှသည့် အေးရိပ်သာလေး ဖြစ်ပါသည်။ ပူလောင်သည့်အခါ အနားယူ အပန်းဖြေကြရသည်။ မိုးရွာသည့်အခါ မိုးခိုကြရသည်။ လူတကာ စိတ်ချမ်းသာရန် ပျူငှာစွာ ထွေးပိုက်လက်ခံနေသည့် အေးရိပ်သာကလေးပါတည်း။

အဘိုး ဦးစံခိုင်ဆိုလျှင် တရွာလုံးက ချစ်ခင်လေးစားကြပါသည်။ နှစ်ပေါင်းများစွာ ရေကို အမြဲတမ်း ကိုယ်တိုင်ဖြည့်ပေး၊ လှူပေးနေသော ရေအလှူရှင်အဖြစ် အသိအမှတ်ပြု၍လည်း လေးစားရိုသေမှု ရှိကြပါသည်။ သားသမီး ၁၃-ယောက်နှင့် မြေးမြစ်ပေါင်း ၅၀-ကျော်တို့ကလည်း အဘို ဦးစံခိုင်ကို ချစ်ကြောက်ရိုသေကြပါသည်။ အာစိဏ္ဏကံ ကုသိုလ်အဖြစ် ခရီးသည်တိုင်း၊ နားခိုသူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ သောက်သုံးကြပါစေ-ဟု မွန်မြတ်သော စေတနာဖြင့် ကုသိုလ်ပြုခဲ့သော အဘိုးတဦး ဖြစ်ပါသည်။

အဘိုးမှာ အားလပ်ချိန်ဟု မရှိပါ၊ အချိန်ကို မဖြုန်းပါ။ အိမ်ပေါ်တွင် လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုထ် ၄-ပါး စလုံးပင် ပုတီးစိပ်နေပါသည်။ အိပ်ပျော်လျှင်သာ နားပါသည်။ စကားလည်း နည်းပါသည်။ သားသမီးများ၊ မြေးများ၊ မြစ်များအရေးနှင့် သာရေး နာရေး စီးပွားရေးကိစ္စများကိုလည်း စိတ်မဝင်စားတော့ပါ။ ပုတီးသာစိပ်လျက် နေပါသည်။

သူ့စားပွဲပေါ်တွင် သမီးများက ထမင်း ဟင်း လာတင်ပေးမှ စား၏၊ ချိုသည် ငန်သည် မပြောပါ။ ထမင်း ဟင်း စားလျှင် ဟိုဟင်းမှ သည်ဟင်းမှဟု၄င်း၊ နည်းသည် များသည်ဟု၄င်း၊ မပြောပါ။ ရှိသည့် ထမင်း-ဟင်းတို့ကိုသာ သင့်တင့်အောင် စားလိုက်ပါသည်။ သားသမီးများက အလိုက်သင့်ပင် သိမ်းချိန်သိမ်း၊ ကျွေးချိန်ကျွေးကြပါသည်။

သားသမီးများက အဖေ-ဒီကိစ္စလေး ကြည့်ပြောပါဦး-ဟု ပြောလာလျှင် ငါ ဒီအရွယ်ရောက်မှ ဘာပြောရဦးမှာလဲ၊ ကိုယ့်လမ်းကို ဖြောင့်ဖြောင့်လျှောက်ကြ၊ ကိုယ့်အကြောင်းနဲ့ကိုယ်၊ ကိုယ့်တရားကိုယ်ထိန်းကြ-ဟုသာ ပြောပါသည်။

အမြဲတမ်း အရဟံဂုဏ်တော်ကို ပုတီးစိပ်သဖြင့် သမာဓိ အထိုက်အလျောက် ရှိနေခဲ့ပါသည်။ ဟဲ့-မနက်ဖြန် ရန်ကုန်က စိုးဝင်းတို့၊ ငွေရင်တို့ လာမလားမသိဘူး၊ -ဟုပြောလျှင် ပြောသည့်အတိုင်း ရောက်လာတတ်သည်။ ထိုအကြောင်းကို သမီးအကြီးဆုံး ဒေါ်တင်နုက ပြောပြပါသည်။

အဘိုး ဦးစံခိုင်သည် အသက် ၉၀-ကျော်မှ ကွယ်လွန်ခဲ့ပါသည်။ အဘိုး ကွယ်လွန်သည့်အခါ အဘိုးအတွက် လှူဒါန်းကြသည့် အလှူငွေများကို ကျိုက်စကောရွာ တောင်ကျောင်းအဝင်ဝတွင် သံတံခါး ဆောက်လုပ်လှူဒါန်း ကြပါသည်။

အဘိုး ဦးစံခိုင် ကွယ်လွန်ခဲ့သည်မှာ ၁၀-နှစ်ကျော်ခဲ့ပါပြီ။ သို့သော် အဘိုး ဦးစံခိုင်၏ ကျိုက်စကောရွာလယ်ရှိ ရေချမ်းစင်ကလေးမှာ အေးမြကြည်လင်လျက်ရှိပါသည်။ သောက်ရေများကို သားသမီး မြေးမြစ်များက စဉ်ဆက်မပြတ် လှူဒါန်းလျက် ရှိပါသည်။ ခရီးသည်များ အပန်းဖြေနားနေရာ ရေချမ်းသောက်သုံးရာ အေးရိပ်သာကလေးမှာလည်း လူတကာကို ပျူငှာစွာ ကြိုဆိုလျက်ရှိပါသည်။ ဘိုးဘွားအမွေအနှစ်ကို ချစ်မြတ်နိုးသော၊ ကောင်းမွေကို ခံယူတတ်သော၊ သားသမီး မြေးမြစ်များသည်လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာလျက် ရှိကြပါသည်။

(တက္ကသိုလ်-စိုးယဉ် )

****************************************

ဘုန်းကြီးကျောင်းကို ခံပေါက်သူများ

(ဘုန်းကြီးကျောင်းကို ခံပေါက်သူများ )

ပုသိမ်၊ မုံရွာ ကားလမ်းအနီးရှိ ရွာကလေးတရွာတွင် ကျွန်တော်သည် အသက် ၃၂-နှစ်ထိ နေထိုင်ခဲ့ပါသည်၊ ထိုရွာ၏ အနောက်ဘက်ကျောင်းတွင် ငယ်ဖြူဆရာတော်တပါး သီတင်းသုံးတော်မူလေသည်။

ဆရာတော်ကြီး အသက်အရွယ် ကြီးရင့်ပြီး ပျံလွန်တော်မူသောအခါ ဆရာတော်ကြီးနှင့်အတူ သတင်းသုံး နေထိုင်တော်မူသော ငယ်ဖြူရဟန်းတပါးက ကျောင်းထိုင်လေသည်၊ ထိုရဟန်းသည် စာပေကျမ်းဂန် သိပ်မတတ်သောကြောင့် ထိုကျောင်း၏ ဝေယျာဝစ္စ အားလုံးတို့ကို ဦးဆောင်၍ လှူဒါန်းလုပ်ကိုင်ပေးနေသော လူကြီးများက ဘီအေဘွဲ့နှင့် (ဓမ္မာစရိယ ) ဘွဲ့ရ ဘုန်းတော်ကြီးတပါးကို ရှာဖွေပင့်ဆောင်လာသည်၊ ထိုကျောင်းတွင် ကျောင်းထိုင်အဖြစ် သတင်းသုံးတော်မူစေလေသည်။

ထိုအခါ ဆရာတော်ကြီး မရှိသည့်နောက်ပိုင်း ကျောင်းထိုင်နေခဲ့သော ထိုရဟန်းသည် နောက်ရောက်လာသော ဆရာတော်နှင့် မသင့်မမြတ်ဖြစ်လေသည်၊ ဤသို့ သံဃာတော် အချင်းချင်း မသင့်မြတ်နေကြသည်ကို သင့်မြတ်အောင် မဆောင်ရွက်ကြဘဲ နောက်ရောက်လာသော ဆရာတော်ကို မကျေနပ်သူများက အရင်ရဟန်းကို ထိုကျောင်းနှင့် မနီးမဝေး တနေရာတွင် ဝါးကျောင်း ဆောက်လုပ်ပေးပြီး သီတင်းသုံး နေထိုင်စေသည်။ ဤသို့ဖြင့် နောက်ပင့်လာသော ဆရာတော်ဘက်မှ လူတစု၊ အရင်ရဟန်းဘက်မှ လူတစု ဖြစ်သွားကြတော့သည်။ ထို့နောက် ထိုကျောင်းကို သူရထိုက်သည်၊ ငါ ရထိုက်သည်နှင့် အငြင်းပွား၍ နောက်ဆုံး တရားရုံးတွင် ရင်ဆိုင်ကြလေတော့သည်။

ထိုစဉ် မူလကျောင်းမှ ဒကာ ဒကာမများနှင့် နောက်ရောက် ဆရာတော်တို့ တိုင်ပင်ပြီး ထိုကျောင်းကြီးရှိ မီးစက်ကြီးကို အသုံးမလိုတော့၍ ရောင်းချပစ်လိုက်ကြသည်။ ထိုအခါ အရင်ရဟန်းဘက်မှ လူစုသည် ဟိုအရင်လက်ထက် ပစ္စည်းကို ရောင်းစားရမလား-ဟု လူစု၍ ည(၉)နာရီလောက်တွင် ထိုကျောင်းကြီးအား ဝိုင်း၍ ခဲနှင့်ပေါက်ကြလေတော့သည်၊ ခဲကောက်ပေးသူက ပေး၊ ပေါက်သူက ပေါက်၊ ဆဲသူက ဆဲ၊ ဘယ်သူမှ တားမရအောင် ပွက်ပွက်ညံနေကြတော့သည်။ ဆွမ်းစားကျောင်းထဲတွင် ကျိန်းစက်နေသော သာမဏေငယ်များကလည်း တော်ကြပါတော့၊ ဒီမှာ အိုးတွေ သပိတ်တွေ၊ ပန်းကန်တွေ ကွဲကုန်ပါပြီ-ဟု ပြောဆို တားမြစ်သည်၊ ခဲနှင့်ပေါက်သော အဖွဲ့ထဲတွင် ပါရှိသော အမျိုးသမီးတဦးက အိုးတွေ ပန်းကန်တွေ ကွဲကုန်ရင် ခွေးစခွက်နဲ့ ထည့်စားပါလား-ဟု ဆဲဆို ပြောလိုက်သည်ကို ကျွန်တော် နားဆတ်ဆတ် ကြားရပါသည်။

များမကြာသော အချိန်တွင်ပင် ခဲပေါက်ရာ၌ ပါဝင်ဦးဆောင်သော လူကြီးငါးဦးအနက် နှစ်ဦးသည် မကျန်းမမာဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့် သွေးအန်၍ သေဆုံးသွားလေသည်၊ မကြာခင် နောက်တဦးမှာလည်း လေဖြတ်၍ သေဆုံးသွားပြန်သည်၊ ထို့ပြင် အခြားတဦးမှာလည်း မကျန်းမမာဖြစ်၍ ဆေးရုံတင်ရသည်၊ ဆေးရုံမှ အိမ်ပြန်ရောက်သောအခါ သွေးအန်၍ သေပြန်သည်၊ သာမဏေများကို ခွေးစားခွက်နဲ့ ထည့်စား-ဟု ဆဲဆိုခဲ့သော အမျိုးသမီးမှာလည်း မွဲသွားလေသည်၊ သားသမီးများ၏ အိမ်ပေါ်မှာပင် မနေရဘဲ လူတထိုင်လောက်ရှိသော အိမ်အောက်၌ အိပ်နေရပြီး ပန်းကန်စုတ်နှင့် ထည့်စားနေရသည်မှာ ယနေ့တိုင်ဖြစ်၏၊

နောက်ဆုံး ကျန်တယောက်သည်လည်း မကျန်းမမာဖြစ်လာပြန်သည်၊ အသည်းအသန် မမာသောအချိန်တွင် ငါ့အား ဆရာတော်ဘုရားဆီ ပို့ပေးစမ်းပါ-ဟု ပြောလေသည်၊ သူ့အိမ်သားများကလည်း ဆရာတော်ဆီ အရောက်ပို့ပေးကြသည်၊ ဆရာတော်ရှေ့ ရောက်သောအခါ ဦးချရှိခိုးလျက် ဆရာတော်ဘုရား၊ တပည့်တော် ပြောဆိုပြစ်မှားမိတဲ့ အပြစ်တွေကို ခွင့်လွှတ်ပါ-ဟု တောင်းပန်လေသည်။ ဆရာတော်ကလည်း ခွင့်လွှတ်ပါတယ်၊ ဒကာကြီး စိတ်ချမ်းချမ်းသာသာနဲ့ ကျန်းမာအောင်သာနေပါ-အစရှိသည့် ဆုံးမဩဝါဒများပေးသည်။ အိမ်ပြန်ရောက်ပြီး ရက်များမကြာမီမှာပင် သေဆုံးသွားလေတော့သည်။

နောက်ဆုံးတွင် ကျောင်းခွဲထောင်သော ငယ်ဖြူရဟန်း သီတင်းသုံးနေသည့် ဝါကျောင်းမှာ နွေရာသီတွင် မီစတင်လောင်ကျွမ်း၍ ရွာမှ အိမ်ခြေ (၅၀၀)ခန့်ပါ မီးလောင်ကျွမ်းခြင်း ခံရလေသည်၊ မီးလောင်ခံရသော အိမ်များထဲတွင် နှစ်ဖက် အပြိုင်အဆိုင် ရန်လုပ်ကြသူများ၏ အိမ်များ အများဆုံး ပါဝင်ပေသည်။ မကောင်းမှု အကုသိုလ်ကံတရားသည် အလွန်ကြောက်စရာကောင်းလှသည်ဟု ကျွန်တော် သံဝေဂ ယူမိပါသည်။

(ခင်မောင်ကျော် )

****************************************

ဘုရားဂုဏ်တော် အကျိုး

(ဘုရားဂုဏ်တော် အကျိုး )

၂၄-၃-၉၄-ရက်နေ့၊ ဤနေ့ကား စာရေးသူအတွက် အလွန်ထူးခြားသောနေ့ဟု ဆိုရပါမည်။ အံ့ဩခြင်း၊ ကြည်နူးခြင်းများကို တပြိုင်တည်း ခံစားခဲ့ရပါသည်။

၁၉၉၄-ခု နှစ်က ကျွန်တော့တွင် အိမ်ဆောက်ရန် ဝါးများလိုအပ်နေပါသည်။ ထိုလိုအပ်သော ဝါးများကို ဝယ်၍လည်းမရ၊ ချေးငှား၍လည်းမရပါ၊ သို့အတွက် အကြံအိုက်နေပါသည်။ သို့သော်လည်း စိတ်တော့မပျက်ပါ။ ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်းကို နေ့စဉ်ဝတ်မပျက် စိပ်ခဲ့သောကြောင့် ဖြစ်ပါသည်။

၂၃-၃-၉၄-နေ့က နန်ဖယ်နန်ချော ဝါးတော်စခန်းသို့ ဝါးခုတ်ရန် လှည်းနှစ်စီး၊ လူသုံးယောက်ဖြင့် အိမ်မှထွက်ခဲ့ကြပါသည်။ ၄င်းနေ့တွင် ဝါးတောသို့မရောက်ခဲ့ပါ။ မြောက်ရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ကြပါသည်။

ညတွင် လေတိုက်၊ မိုးရွာပါသည်။ ကျွန်တော်သည် ထိုညက ငါးပါးသီလဆောက်တည်ပြီး မေတ္တသုတ်ကို ရွတ်ဆိုပါသည်။ ထို့နောက် အထက်ပါ ပုတီးစိပ်နည်းအတိုင်း စိပ်ပါသည်။ ပုတီးစိပ်ပြီးသော် မနက်ဖြန်နံနက်တွင် ခရီးသွားရန် အဆင်ပြေပါစေ၊ မိုးရွာခြင်းမှ ရပ်တန့်ပါစေ-ဟု ဆုတောင်းမိပါသည်။

မိုးလင်းသောအခါ မိုးလုံးဝမရွာဘဲ နေပူခဲ့ပါသည်။ ဝါးခုတ်သည့်အခါလည်း မိုးလုံးဝ မရွာပါ။ ညရောက်မှ အနည်းငယ် ရွာပါသည်။ ဘုရားဂုဏ်တော်ကြောင့် အဆင်ပြေခဲ့သည်ဟု ယူဆမိပါသည်။

စာရှုသူများလည်း ၄င်းပုတီးစိပ်နည်းကို ယုံကြည်စွာဖြင့် နေ့စဉ်ဝတ်မပျက် စိပ်သွားမည်ဆိုလျှင် ကျွန်တော်ကဲ့သို့ အကျိုးထူးများ ခံစားရမည်ဟု ယုံကြည်ပါသည်။

ပုတီးစိပ်နည်းမှာ-

၁။ တနင်္ဂနွေနေ့တွင်-အရဟံဂုဏ်တော် ပုတီး ၆-ပတ်။

၂။ တနင်္လာနေ့တွင်-သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော် ပုတီး ၁၅-ပတ်။

၃။ အင်္ဂါနေ့တွင်-ဝိဇ္ဇစရဏသမ္ပန္နောဂုဏ်တော် ပုတီး ၈-ပတ်။

၄။ ဗုဒ္ဓဟူးနေ့(နံနက်)တွင်သုဂတောဂုဏ်တော် ပုတီး ၁၇-ပတ်။

(ညနေ) လောကဝိဒူဂုဏ်တော် ပုတီး ၁၂-ပတ်။

၅။ ကြာသပတေးနေ့တွင်-အနုတ္တရောပုရိသ ဒမ္မသာရထိဂုဏ်တော် ၁၉-ပတ်။

၆။ သောကြာနေ့တွင် သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော် ၂၁-ပတ်။

၇။ စနေနေ့တွင်-ဗုဒ္ဓေါဂုဏ်တော် ၁၀-ပတ်။

အခြားအချိန် ကိတ်ဂြိုဟ်အတွက် ဘဂဝါဂုဏ်တော် ၁၀-ပတ်။

မှတ်ချက်။ ပုတီးမစိပ်မီ ငါးပါးသီလခံ၊ မေတ္တသုတ်ရွတ်ဆိုပါ၊ ထို့နောက် ပုတီးစိပ်ပြီးပါက လိုရာဆုကို တောင်းပါ။

(ဦးမြသောင်း )

****************************************

ဘုရားမှတပါး ကိုးကွယ်ရာ မရှိ

(ဘုရားမှတပါး ကိုးကွယ်ရာ မရှိ )

ကျွန်မသည် တော်ရုံဖျားနာမှုလောက်ကို ဂရုစိုက်နေသူမဟုတ်ပါ။ ဆေးသောက်ရင်း အလုပ်လုပ်ရင်းနှင့်ပင် ရောဂါများ ပျောက်သွားပါသည်။

ယခုတော့ ကျွန်မဝေဒနာတခုကို ပြင်းပြင်းထန်ထန် ခံစားနေရပါသည်။ ရင်ခေါင်းကြားတွင် အောင့်နေခြင်းပင်။ ဘေးစောင်းအိပ်လဲနာ၊ ပက်လက်အိပ်လဲနာ၊ ထိုင်မရ ထမရနှင့် တော်တော်ပင် အခံရခက်လှပါသည်။ ပထမတွင် မသိမသာဖြစ်၍ ဆေးကို ထိထိရောက်ရောက် မသောက်မိ၊ ပြင်းပြင်းထန်ထန် ခံစားနေရချိန်၌ ဆေးကမနိုင်တော့။ ဝေဒနာကို အလူးအလဲခံစားနေရပါသည်။ စိတ်ပျက်ဝမ်းနည်းစွာဖြင့် ဘုရားကိုသာ တ,နေမိပါသည်။ အရဟံဂုဏ်တော်ကိုလည်း မနားတမ်း ပုတီးစိပ်နေမိပါသည်။ ပုတီးစိပ်နေရင်းနှင့်ပင် ဘုရားစင်အောက်တည့်တည့်တွင် မှေးခနဲ အိပ်ပျော်သွားပါသည်။

အိပ်မက်ထဲတွင် ဘုရားစင်ရှိရာ အပေါ်ထပ် အထပ်ခိုးပေါ်မှ ကိုရင်လေးတပါး ဆင်းလာပါသည်။ ထိုကိုရင်လေးသည် ကျွန်မရင်ဘတ်ပေါ်တွင် သူ့လက်တဖက်ကို တင်လိုက်ပါသည်။ ထို့နောက် ဝမ်းဗိုက်နေရာမှစ၍ လည်ပင်းဆီသို့ သူ့လက်ကို တစုံတခု ယက်ယူသည့်ဟန်ဖြင့် ယက်တင်လာပါသည်။ ကျွန်မပါးစပ်ထဲမှ ငုံးဥအရွယ်ခန့် အလုံးလေးတလုံး ထွက်လာပါသည်။ ထိုအလုံးလေးအား ကျွန်မကို ပြပါသည်။ အမဲသား မစားနဲ့နော်-ဟုပြော၍ အပေါ်ထပ်သို့ ပြန်ကြွသွားပါသည်။

ကျွန်မလည်း အိပ်မက်မက်ရာမှ နိုးလာပါသည်။ အလွန်ပင် အံ့ဩစရာကောင်းပါသည်။ မအိပ်ခင်က နာခဲ့သော ရင်ခေါင်းအောင့်သောဝေဒနာမှာ ရှင်းရှင်းကြီးပျောက်နေပါတော့သည်။ ဤအဖြစ်အပျက်မှာ ကျွန်မကိုယ်တိုင် ကြုံတွေ့ရသော တကယ်အဖြစ်အပျက်ဖြစ်ပါသည်။

ဤကဲ့သို့ ကျွန်မရောဂါပျောက်သွားရခြင်းမှာ ဘုရားရှင်ကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်မှု ကုသိုလ်ကံအကျိုးကြောင့် သူတော်စင် နတ်ကောင်းနတ်မြတ်များက လာရောက်ကူညီခြင်းဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။

(ကင်းငြိမ်းအောင် )

****************************************

ဘုရားငွေစား ဝမ်းသွားသူတွေ

(ဘုရားငွေစား ဝမ်းသွားသူတွေ )

အောက်ပိုင်းဒေသ ရွာကြီးတရွာတွင် ထိုရွာရှိ စေတီတော်ကြီး ထီးတင်စဉ်ကဖြစ်ပါသည်၊ အကျိုးဆောင်အဖွဲ့များ နှစ်ဖွဲ့ခွဲ၍ အလှူခံထွက်ကြပါသည်၊ ဤတွင် အဖွဲ့တဖွဲ့က ရရှိငွေကို အတိအကျအပ်သော်လည်း ကျန်တဖွဲ့က ရရှိငွေ၏ ထက်ဝက်ကိုသာ အပ်ပါသည်၊ ကျန်ငွေကို အဖွဲ့တွင်ပါသူများ ခွဲဝေဝယ်ခြမ်းစားသုံးကြပါသည်။

ထိုနေ့ ညနေပိုင်းမှာပင် ဘုရားငွေစားသူတိုင်း ဝမ်းသွားကြပါသည်၊ ဆေးစား ဆေးသောက် ဆေးရုံရောက်နှင့် ဒုက္ခတွေ့ကြပါသည်၊ အချို့ဆိုလျှင် အသက်ဆုံးသည်အထိ ဖြစ်ခဲ့ကြပါသည်၊ ရွာရှိဘုန်းတော်ကြီးများကို ပင့်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ကာ ရောဂါဘယကို တားဆီးကြပါသည်၊ နောက်ပိုင်းမှ တဖြည်းဖြည်း သက်သာ ပျောက်ကင်းကာ ကျန်းမာလာကြပါသည်၊ ထိုလူအားလုံး မဟုတ်မမှန်သည်ကို လုပ်မိသဖြင့် ဘေးဒဏ်သင့်သည်မှာ ထင်ရှားနေပါ၏၊ တရွာလုံးကလည်း ဤကဲ့သို့ပင် ထင်မြင်ယုံကြည်ကာ ပြောဆိုနေကြပါသည်၊ ထိုဘုရားငွေကို စားခဲ့သူများသည် ကျောင်းကိုလည်း မသွားဝံ့၊ ဘုရားကိုလည်း မဖူးရဲ ဖြစ်နေကြပါသည်။

ဤကဲ့သို့ပင် မြေလတ်ပိုင်း မြို့ကြီးတမြို့တွင် ဘုရားငွေကို စားကြသူများအကြောင်းကို သတင်းစာ၌ ဖတ်ရှုခဲ့ရဖူးပါသည်၊ ထိုသူများသည် ယနေ့အထိ အချုပ်ထောင်အတွင်းမှ လွတ်ဦးမည်မထင်သေးပါ၊ ဘုရားငွေကို စားသူများသည်ပစ္စုပ္ပန်၌လည်း မကောင်းသော ဘေးဆိုးရန်ဆိုး၊ အနာရောဂါအမျိုးမျိုးတို့ ကျရောက်ခံစားကြရပါသည်၊ သေသည်၏အခြားမဲ့ သံသရာအဆက်ဆက်၌ကား ထိုထက်ကြောက်မက်ဖွယ်ရာပင် ခံကြရပေလိမ့်မည်။

(စေတနာလှိုင်-ရေစကြို )

****************************************

မတရားပြုသူ၏ ကံ

(မတရားပြုသူ၏ ကံ)

အလယ်ပိုင်းဒေသတွင် နေထိုင်သည့် ဦးမြသည် သမီးမိန်းကလေး တယောက်အဖေ မုဆိုးဖို ဖြစ်သည်။ မကြာခင်တွင် ဒေါ်လှရင်ဆိုသည့် မိန်းမတယောက်နှင့် လက်ထပ်လိုက်သည်။ ဦးမြ၏အမဖြစ်သူ ဒေါ်တင့်သည် အမိမဲ့တူမလေးကို အရမ်းချစ်သည်။

ဒေါ်တင့်သည် တူမလေး၏အမေဖြစ်သူ ဒေါ်အောင်ငွေ-ပိုင် ပစ္စည်းနှင့် လက်ဝတ်တရတနာများကို တူမလေးအတွက် ထားသည်။ ဦးမြအား ထန်း၊ လယ်၊ ယာမြေများ ပေးခဲ့သည်။

ဒါကို ဦးမြ၏ နောက်မိန်းမဖြစ်သူ ဒေါ်လှရင်က မကျေနပ်။ ကလေးအတွက်ထားသည့် ပစ္စည်းနှင့် လက်ဝတ် ရတနာများပါ အပိုင်လိုချင်သည်။ ကလေး၏ပစ္စည်းနှင့် လက်ဝတ်ရတနာတွေကို ဒေါ်တင့်ထံမှရအောင် ဦးမြကို တောင်းခိုင်းသည်။ မရလျှင် ဦးမြကို ကွာမည်ဟု ပြောသည်။

ဦးမြသည် သူ့အမ ဒေါ်တင့်ထံမှ ပစ္စည်းများကို တောင်းသည်။ ဒေါ်တင့်က ဒီပစ္စည်းတွေက မင်းရဲ့သမီး နောင်ရေးအတွက် ချန်ထားတာ။ ဒါတွေမရှိရင် တူမလေးရဲ့ နောင်ရေးကို ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ နောက်မိန်းမအတွက် ရသင့်ရထိုက်တာ ရပြီးပြီပဲ။

ဦးမြက ပေးမှာလား၊ မပေးဘူးလား။ မပေးရင် ခင်ဗျားတူမလေးကို သတ်ပစ်မည်-ဟု ပြောသည်။ အမဖြစ်သူ ဒေါ်တင့်သည် ငို၍ တောင်းပန်သည်။ မရ။ နောက်ဆုံး ပစ္စည်းတွေကို ထုတ်ပေးလိုက်ရသည်။

ဒေါ်လှရင်သည် ကလေးပစ္စည်းတွေဖြင့် အလွန်ချမ်းသာသွားသည်။ ဒေါ်လှရင်သည် ဦးမြနှင့် သားသမီး ၅-ယောက် ထွန်းကားခဲ့သည်။ သားသမီးတွေနှင့် ချမ်းချမ်းသာသာ နေထိုင်ခဲ့သည်။

သူများထံမှ မတရားအဓမ္မ ယူခဲ့သော အကုသိုလ်ကံသည် တတိယအရွယ်တွင် လာ၍ အကျိုးပေးတော့သည်။ ဒေါ်လှရင်သည် အနာကြီးရောဂါရ၍ နောက်ဆုံး ဆင်းဆင်းရဲရဲ ချို့တဲ့စွာဖြင့် သေဆုံးခဲ့သည်။ သားသမီးတွေလည်း ချို့တဲ့ဆင်းရဲစွာ နေကြရသည်။

ဦးမြသည်လည်း သမီးနှင့် ဂရုစိုက်ပြုစုကျွေးမွေးစောင့်ရှောက်ခဲ့သော အမကို မျက်ရည်ကျအောင် လုပ်သဖြင့် နောက်ဆုံး လေဖြတ်၍ စိတ်ဆင်းရ၊ ဲ ကိုယ်ဆင်းရဲ ဖြင့် သေဆုံးသွားခဲ့ပါသည်။

မစိုးငြိမ်း

****************************************

မပြည့်အိုးကို ဖြည့်ခဲ့ခြင်း

(မပြည့်အိုးကို ဖြည့်ခဲ့ခြင်း )

ကျွန်တော် မြန်မာမီးရထားတွင် တာဝန်ထမ်းဆောင်နေစဉ်က ဖြစ်ပါသည်၊ လွန်ခဲ့သည့်၁၅-နှစ်ကျော်ကျော်က ကျွန်တော်စီးလားသောရထား မန္တလေးဘူတာ အမှတ် ၂-စင်္ကြံသို့ ဆိုက်ကပ်ပါသည်၊ ကျွန်တော်၏ နားနေတွဲမှာ မကြာမီ သက်ဆိုင်ရာ လမ်းပိုင်းသို့ ဆွဲယူသွားမည်ဖြစ်၍ စောင့်ဆိုင်းနေစဉ် တွဲအနီး ပလက်ဖောင်းပေါ်တွင် ဆင်းရဲနွမ်းပါးဟန် ရှိသည့် မိသားစု တစုကို စိတ်မချမ်းမွေ့ဖွယ် မြင်နေ တွေ့နေရပါသည်။

ခန့်မှန်းခြေ အသက် ၃၀-ခန့်ရှိ အမျိုးသမီးတဦးသည် နှစ်ခါလည်အရွယ်၊ လေးငါးနှစ်အရွယ်၊ ခုနစ်နှစ်အရွယ် ကလေးငယ် သုံးယောက်နှင့်အတူ တစုံတယောက်ကို မျှော်နေပုံရသည်၊ တဆက်တည်း အနီးရှိ အဆက်မပြတ်ငိုနေကြသော ကလေးငယ်နှစ်ယောက်ကို ချော့၍တဖုံ၊ ခြောက်၍တမျိုး အငိုတိတ်အောင် ပြုနေပါသည်၊ ကလေးငယ်များမှာ ဝမ်းပန်းတနည်း ငိုနေသဖြင့် ကျွန်တော်မေးမြန်းကြည့်မိပါသည်။

အမျိုးသမီးက-၄င်းတို့မှာ တောမှဖြစ်ပြီး မြို့မှာ အလုပ်ရှာမရ၍ နေရပ်ပြန်ရန် ရထားစောင့်နေကြောင်း၊ ယောကျ်ားလုပ်သူမှာ လက်ထဲတွင် ငွေမရှိသဖြင့် ၄င်း၏အကျႌကို လှည့်လည်ရောင်းချ ငွေရှာရန် ထွက်သွားကြောင်း၊ ယခု သူပြန်အလာစောင့်နေကြောင်း ကလေးငယ်များမှာ အိပ်ယာထချိန်မှ ယခုတိုင် ဘာမျှမစားရသဖြင့် ငိုနေကြကြောင်း-ပြောပါသည်။

အချိန်မှာ နေ့လည် ၂-နာရီကျော် ၃-နာရီခန့်ရှိနေပြီဖြစ်၍ ကျွန်တော်တို့ နံနက်စာ ထမင်းဟင်း မကျန်တော့ပါ၊ သို့ပါ၍ ကျွန်တော်နှင့် ကျွန်တော့ဇနီး တိုင်ပင်ပြီး ၄င်းတို့ မိသားစုအားလုံးအတွက် ထမင်းနှင့်ဟင်းကို ချက်ချင်း ချက်ကျွေးမည်၊ ကျက်သည်အထိ ခေတ္တစောင့်ကြပါ၊ တွဲအခြား တနေရာ ဆွဲသွားခဲ့သော် မူလနေရာတွင် စောင့်နေပါ၊ လာ၍ ထမင်း -ဟင်း ပေးမည့်အကြောင်း ပြောထားပါသည်၊ ကလေးများကို အဆာပြေ မုန့်ဝယ်ကျွေးထားပါသည်၊ သူ့အမျိုးသား ပြန်လာသောအခါ အကျႌ မရောင်းရကြောင်းသိရပါသည်။

မကြာမီ ကျွန်တော့တွဲ တခြားလမ်းသို့ ဆွဲသွားပါသည်၊ တွဲဆွဲရာသို့ မိသားစု ငေးကြည့်နေကြစဉ် မြင်ကွင်းမှာ သနားစရာအတိဖြစ်နေသည်၊ ကျွန်တော်တို့ ထမင်းဟင်း ကျက်သောအခါ ၄င်းတို့အားခေါ်ပြီး ထမင်းအိုး-ဟင်းအိုးပါ ပေးအပ်လိုက်ပါသည်၊ စားပြီးမှ အိုးများ ပြန်ပေးရန် မှာလိုက်ရာ၊ စားပြီးသောအခါ သစ္စာရှိစွာ ပြန်ပို့ပါသည်၊ ယခုကဲ့သို့ တကယ့်စေတနာ မေတ္တာဖြင့် ကျွေးခဲ့ရသော ဒါနကုသိုလ်အတွက် ထိုစဉ်ကလည်း ဝမ်းသာပီတိ ဖြာခဲ့ရသလို ယခုအချိန်တိုင် တွေးမိတိုင်း ဝမ်းသာကြည်နူး ပီတိအကြိမ်ကြိမ် ဖြာခဲ့ရပါကြောင်း၊

အမှန်လိုအပ်သူကို အမှန်ဖြည့်ဆည်း ကူညီမှု ပေးနိုင်ကြပါစေ။

(သိန်းမောင်-ပြည် )

****************************************

မိခင်ကို ပြစ်မှားသူ

(မိခင်ကို ပြစ်မှားသူ )

လွန်ခဲ့သော သုံးနှစ်ခန့်က ကသာမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ ရွာတရွာတွင် ဆိုးပေဆိုသူသည် အသက် ၆၀-ကျော် အမေအိုကြီးနှင့် နေလေသည်၊ ဆိုးပေမှာ နာမည်နှင့် လိုက်အောင်ပင် ဆိုးပေလွန်းသည်၊

အလုပ်ကို မည်မည်ရရ မလုပ်ဘဲ အရက်သောက် ဖဲရိုက် စသည့် မကောင်းမှုများကို ပြုလုပ်နေလေသည်၊ အမေအိုမှာ သားတယောက်သာ ရှိသောကြောင့် အလွန်ချစ်ရှာသည်၊ အသက် ၆၀-ကျော်သည့်တိုင် စိုက်ခင်းငယ်ကလေးတွင် ဟင်းရွက် သစ်သီးများ စိုက်ပျိုးရောင်းချကာ စားသောက် နေထိုင်ရလေသည်။

ဆိုးပေမှာ ငါးရှာထွက်လျှင် အအေးဒဏ်ခံနိုင်ရန်ဆိုပြီး အရက်သောက်ရာမှ အရက်စွဲသွားလေတော့သည်၊

နေ့စဉ် ငါးရှာထွက်ရာမှ အရက်မူးပြီး ပြန်လာတတ်သည်၊ အမေအိုက ဆုံးမသွန်သင်သော်လည်း ဆိုးပေမှာ မပြုပြင်ပေ၊ ထို့ပြင် အမေအိုထံမှ ငွေကို တောင်းပြီး အရက်သောက်ပစ်တတ်သေးသည်၊ တောင်း၍မရက

ရှိသမျှ ပစ္စည်းတို့ကို ခိုးယူသွားတတ်လေသည်။

တနေ့တွင် အမေအိုမှာ ဝက်သားဟင်း ဝယ်ချက်ပြီး တဝက်ကို ဆွမ်းလောင်းသည်၊ တဝက်ကို သားအတွက် ချန်ထားလေသည်၊ ဆိုးပေသည် ချန်ထားသော ဝက်သားဟင်းကို ကုန်အောင်စားပြီး ငါးရှာရန်ဆိုကာ ထွက်သွားလေသည်၊ ဆိုးပေသည် တနေကုန် အရက်သောက်ပြီး ပြန်လာသောအချိန်မှာ မိုးချုပ်နေပြီ၊ အရက်မူးမူးနဲ့ အမေအိုအား ထမင်းပွဲ ပြင်ခိုင်းသည်၊ ထမင်းပွဲတွင် ဝက်သားဟင်း မပါသဖြင့် အမေအိုအား ဆူပူကြိမ်းမောင်းလေသည်၊ ဝက်သားဟင်းမှာ မနက်ကတည်းက ကုန်သွားပြီဖြစ်၍ နောက်နေ့မှစားရန် ချော့မော့ပြောဆိုသော်လည်း မရပေ၊ ဝက်သားဟင်းမရှိလျှင် အရက်သွားသောက်မည် ပိုက်ဆံပေးပါ-ဟု တောင်းပြန်လေသည်၊ အမေ့မှာ ပိုက်ဆံမရှိပါဘူး-ဟု ဆိုသောအခါ ခင်ဗျားကြီး ကျုပ်အတွက်ဆို ဘယ်တော့မှ မရှိဘူး၊ ကျုပ်ဘာသာကျုပ် ငါးရှာပြီး သောက်မယ်-ဟု အော်ဟစ်ငေါက်ငမ်းပြီး အနီးရှိ တံမြက်စည်းနှင့် အမေအိုအား ပစ်ပေါက်၍ အရက်မူးမူးနှင့် ထွက်သွားလေသည်၊ အမေအိုက ဖျောင်းဖျတားမြစ်သော်လည်း မရပေ။

ရွှေလီမြစ်သည် ရေတက်ချိန်တွင် ကမ်းပါးများ ပြိုကျတတ်သည်၊ နံနက်လင်းသောအခါ ဆိုးပေသည် ကမ်းပါးပြိုရာတွင် ပါသွားပြီး မြစ်ကမ်းဘေးတွင် ခါးတဝက်ကျော်ကို သဲမြေများ ဖုံးပြီး မေ့မြောနေသည်၊ ရွာသားအချို့ တွေ့ရသဖြင့် အိမ်သို့ သယ်ယူခဲ့ကြသည်၊ အမေအိုက မျက်ရည်စမ်းစမ်းနှင့် ပြုစုကုသပေး၍

ဆိုးပေ သတိပြန်လည်ရလာသည်၊ သို့သော်လည်း တညလုံး ရေနစ်ခံနေရသည့် အအေးဒဏ် သဲဖုံးခံရသည့် ဒဏ်တို့ကြောင့် ခါးတပိုင်းမှာ လှုပ်ရှား၍ မရတော့ပေ၊ အမေအိုက တတ်စွမ်းသမျှ ပြုစုကုသပေးသော်လည်း မည်သို့မျှ ထူးခြားမလာပေ၊ အစာလည်း မစားနိုင်၊ လမ်းလည်း မသွားနိုင်နှင့် ဝေဒနာကို လူးလိမ့်ခံစားရပြီး တလကျော်ကျော် အကြာတွင် သေဆုံးသွားရလေတော့သည်။

ဆိုးပေသည် မိခင်အား ကာယကံမြောက် ပြစ်မှား ကျူးလွန်မိသော ကံကြောင့် ယခုလက်ရှိဘဝတွင်ပင် ဤမျှ ခံစားနေခဲ့ရလျှင် နောင်သံသရာတွင် ထို့ထက်ကြီးမားသော ဝဋ်ကြမ္မာမျိုးကို ခံစားရပေဦးတော့မည်။

(နွေပုရစ်ဖူး-ဝန်းသို )

****************************************

မိခင်အတွက် အသက်ရှင်ခဲ့သူ

(မိခင်အတွက် အသက်ရှင်ခဲ့သူ )

အမေရေ၊ ဒီတခါတော့ အမေသားနဲ့ ပြန်မှတွေ့ရပါတော့မလား-ဟု ငိုကြွေးရင်း ပြောနေသူမှာ ကိုမောင်ကြီးဖြစ်သည်၊ ကိုမောင်ကြီးသည် ပင်လယ်ကမ်းခြေရှိ ဘောမိကျေးရွာတွင် မိခင်အိုကြီးနှင့် အတူနေထိုင်သည်၊ သားအမိနှစ်ယောက်တည်းရှိ၍ မိခင်ကြီးကို လုပ်ကိုင်ကျွေးမွေး ပြုစုနေသူဖြစ်သည်၊ ရေလုပ်ငန်းကိုလုပ်ကိုင်နေရသော်လည်း ဘာသာတရားကိုင်းရှိုင်းသည်၊

ပင်လယ်ပြင်တွင် လှိုင်းလေ ငြိမ်သက်နေသဖြင့် ငါးဖမ်းရန် စက်လှေများ ပင်လယ်ပြင်သို့ ထွက်ကြသည်။ ကိုမောင်ကြီးလည်း အဖော်သုံးယောက်နှင့်အတူ စက်လှေကလေးဖြင့် ထွက်လာခဲ့သည်၊ သုံးနာရီခန့် မောင်းထွက်လာရာ ငါးအုပ်တွေ့၍ ပိုက်ချအပြီးတွင် ကောင်းကင်တခွင်လုံး မည်းမှောင်လာတော့သည်။ မုန်တိုင်းကျတော့မည်ကို သိသဖြင့် တခြားစက်လှေများ ပြန်ကြကုန်ပြီ၊ ကိုမောင်ကြီးတို့လည်း ပိုက်သိမ်းပြီး မောင်းအထွက်တွင် မုန်တိုင်းကျလာလေတော့သည်။

လေဆန်ကို ဆန်မောင်းနေသော်လည်း စက်လှေမှာမရွေ့တော့ပေ၊ ထို့နောက် စက်ပျက်ကာ မုန်တိုင်းနှင့် ပါသွားခဲ့သည်။ တယောက်တလှည့် ရေပက်ရင်းဖြင့် ပင်လယ်ထဲတွင် မျောပါနေခဲ့သည်။ ကမ်းကိုလည်း မမြင်ရပေ၊ ဘယ်နေရာရောက်နေမှန်းလည်း မသိရတော့ပေ၊ စားစရာဘာမှမရှိသဖြင့် ရေသောက်၍သာ နေခဲ့ရသည်။

သုံးရက်မြောက်သောနေ့တွင် ကျန်လူများမှာ အစာမစားရသဖြင့် မလှုပ်နိုင်တော့ပေ၊ ကိုမောင်ကြီး က-ငါမရှိရင် ငါ့အမေကို ဘယ်သူရှာကျွေးမှာလဲ၊ အသက်ကြီးလို့ ဘာမှလဲ လုပ်နိုင်မှာမဟုတ်ဘူး၊ ငါမရှိလို့ မဖြစ်ဘူး၊ အမေရေ ဒီတခါတော့ အမေနဲ့သား ပြန်မှတွေ့ရပါတော့မလား-ဟု ငိုကြွေးပြောဆိုရင်း မိခင်ဇောနှင့် ရေကို ကြိုးစား၍ ပက်နေရသည်။

လေးရက်မြောက်နေ့တွင် ကိုမောင်ကြီးလည်း ရေမပက်နိုင်တော့ပေ၊ သို့သော် စက်လှေမြှုပ်ပါက ဘော့သီးတွဲနှင့် ရေပုံးယူကာ ခုန်ဆင်းရန် အဆင်သင့်ပြင်ထားတော့သည်။ လှိုင်း လေ အနည်းငယ် ငြိမ်သက်၍ စက်လှေမမြှုပ်ခဲ့ပေ၊ သို့သော် လူလေးယောက်စလုံးပင် မလှုပ်နိုင်တော့ပါ။

ငါးရက်မြောက်နေ့တွင် သံတွဲမှ သင်္ဘောတစီးက ဆယ်ယူကာ ဆေးရုံသို့ ပို့ပေးခဲ့သည်၊ သံတွဲဆေးရုံတွင် တလခန့် ကုသခဲ့ရသည်၊ ဆေးရုံက ငွေတထောင်နှင့် အဝတ် သုံးစုံစီပေးလိုက်သည်၊ ဤသို့ဖြစ်ရခြင်းမှာ မိခင်ကိုလုပ်ကျွေးသဖြင့် အသက်ဘေးမှ လွတ်ခဲ့ကြောင်း ကိုမောင်ကြီးက ယုံကြည်စွာ ပြောဆိုသည်၊ ကျန်လူများကလည်း မောင်ကြီးကျေးဇူးကြောင့် ငါတို့အသက်ရှင်တာ-ဟု ယခုထိပြောဆိုနေတုန်းပင် ဖြစ်သည်။

(စိုးတင့် )

****************************************

မိဘ ပြစ်မှားသူ

(မိဘ ပြစ်မှားသူ )

မောင်ကိုအေး-ရွှေတွင်းပိလို့-တဲ့၊

ကနီမြို့နယ်အတွင်းမှ ရွာတရွာတွင် ဖြစ်ပါသည်၊ ထိုရွာသည် ရိုးရာတောင်သူ လုပ်ငန်းအပြင် ရွှေကျင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်၊ မြေအောင် အတောင် သုံးဆယ်၊ လေးဆယ်မှသည် ခုနစ်ဆယ်၊ ရှစ်ဆယ်တိုင်အောင် တူးပြီး ဘေးသို့ လိုဏ်ဖွဲ့ကာ မြေကို ယူကြပါသည်၊ တူးပြီးမြေကို တွင်းပေါ်နေသူက တောင်း-စသည်ဖြင့် တင်ယူပါသည်၊ ထိုမြေကိုမှ ရေဖြင့်လောင်းကာ ရွှေကို ကျင်ယူရပါသည်၊ ထိုရွာနေ မောင်ကိုအေးသည်လည်း ရွှေကျင်လုပ်ငန်း လုပ်ကိုင်ပါသည်။

တနေ့သောအခါ မောင်ကိုအေးလည်း လုပ်ငန်းဝင်ရန် အဖော်များနှင့်အတူ ရွှေတွင်းသို့ သွားလေ၏၊ မောင်ကိုအေးက တွင်းထဲဆင်းပြီးတူး၍ တယောက်က တွင်းပေါ်မှနေ၍ မြေတင်ပါသည်၊ တူး၍ များမကြာမီ ရွှေတွင်းလိုဏ်မှာ တဖြည်းဖြည်း အိကျလာကာ လုံးဝ ပြိုကျသွားလေ၏၊ မောင်ကိုအေးလည်း ရွှေတွင်းပြိုကျမှုကြောင့် တွင်းထဲ၌ ပိတ်မိသွားတော့၏၊ ၄င်းအတွက် အသက်ရှင်ရေးကား မျှော်လင့်ချက် မရှိပြီ။

သို့ဖြင့် မောင်ကိုအေး ရွှေတွင်းပိကြောင်း ရွာထဲတွင် ပြေတိုနေကြ၊ သနားနေကြ၏၊ ဝမ်းနည်းနေကြ၏၊ စင်စစ်မူ သူပြုခဲ့သော ကံကြောင့် သူဒဏ်ခံရခြင်း ဖြစ်ပါသည်၊ အမှန်တရားကို မဖုံးကွယ်တတ်သော ကံတရား၏ အပြစ်ပေးခြင်းကို ခံရခြင်း ဖြစ်ပါသည်၊ ၄င်းပြုခဲ့သော ကံကား ဤသို့တည်း။

အမေ့နှယ်ဗျာ-ဒီလိုယောကျ်ားမျိုးမှ ရွေးယူရ ရှာယူရတယ်လို့၊ ယောကျ်ားတွေ ပေါလွန်းလို့၊

မောင်ကိုအေးသည် ထိုစကားဖြင့် မိခင်အား မကြာခဏ ဆူပူလေ့၊ မြည်တွန်လေ့ရှိပါသည်၊ မောင်ကိုအေး၏ ဖခင်သည် အတိတ်ကံကြမ္မာကြောင့် ခန္ဓာကိုယ်မသန့်သော ရောဂါ စွဲကပ်နေသူဖြစ်ပါသည်၊ ထိုရောဂါကို အပြစ်ရှာလျက် မိခင်အား မကျေမနပ်ဖြစ်နေ၏၊ မိခင်ကမူ ဖခင်အား ထိုသို့ မပြောသင့်ကြောင်း၊ ဖခင်သည် ဖခင်သာဖြစ်ကြောင်း ဆုံးမသော်လည်း နားမဝင်ခဲ့ချေ၊ ဆုံးမ မရသည့်အပြင် ဖခင်၏ ရောဂါအမည်ကိုပင် ဖော်ထုတ်ကာ ရင့်သီးစွာပြောဆိုလာ၏၊ တဖန် မိခင်ကိုသာမက မိခင်၏ မိခင်ကြီး (အဘွား) ကိုပါ ဆူပူလာပြန်ချေ၏၊ ငေါက်ငန်းလာပြန်၏၊ မြည်တွန်လာပြန်၏၊

ခင်ဗျားကြီး အထိန်းညံ့လို့ ခန္ဒာကိုယ်မသန့်တဲ့ ဒီလူကြီးနဲ့ နေရတာ၊ ခင်ဗျားမို့ ပေဒစားတယ်၊ ခင်ဗှား အတော်ညံ့တာပဲ၊ တခြားယောကျ်ားတွေ ပေါလွန်းလို့ဗျာ။

အဘွားကိုလည်း ထိုစကားဖြင့် မကြာခဏ ပြောဆို ငေါက်ငမ်းနေတော့၏၊ မပြောဆိုရန် မည်သို့မျှ ဆုံးမ မရတော့ချေ၊ မိဘနှစ်ပါးနှင့် အဘွားကြီးအား စိတ်ရော နှုတ်ပါ စော်ကားပြစ်မှားနေတော့၏၊ ရွှေကျင်းမဆင်းမီ နှစ်ရက်အလိုကလည်း ပြောနေကျ၊ ဆူနေကျ စကားဖြင့် ဆူပူလိုကသေး၏၊ မပြစ်မှားထိုက်သော မိဘနှင့် အဘွား တို့အား ပြစ်မှားခြင်းဟူသော အကုသိုလ်၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံလိုက်ရတော့သည်။

မိဘနှင့်အတူ မပြစ်မှားထိုက်သော ပုဂ္ဂိုလ်တို့အား ကာယကံဖြင့် ပြစ်မှားခြင်းကို ထားလေဦး၊ မနောကံ ဝစီကံတို့ဖြင့် ပြစ်မှားခြင်းသည်ပင် ဤမျှတိုင် မကောင်းကျိုးခံရပေသည်၊ မောင်ကိုအေး ရွှေတွင်းပခံရခြင်းသည် လက်တွေ့ သာဓက တရပ်ပင် ဖြစ်ပါသည်။

(ဆားထုံး-မောင်ဆွေနိုင် )

****************************************

မိဘပြစ်မှား ဘဝမခြား

(မိဘပြစ်မှား ဘဝမခြား)

ဒေါ်ကြီးတွင် သားသမီးသုံးရှိသည်။ ခင်ပွန်းဖြစ်သူမှာ သားသမီးများ ငယ်စဉ်ကပင် ကွယ်လွန်၍ မုဆိုးမဘဝဖြင့် ရုန်းကန်ကျွေးမွေးခဲ့သည်။ သားသမီးများအရွယ်ရောက်လျှင် အိမ်ထောင်အသီးသီး ကျကြသည်။ ဒေါ်ကြီးမှာ သားများထက် သမီးဖြစ်သူကို ပို၍ အားကိုးသည်။ တရပ်တကျေးတွင် အိမ်ထောင်ကျသော သားများနောက်သို့ လိုက်ပါမသွားဘဲ သမီးဖြစ်သူနှင့်သာ နေသည်။

မြေးဦးလေး ရပြီးချိန်တွင် ဒေါ်ကြီးမျက်စိကွယ်ခဲ့သည်။ သားသမီးသုံးယောက်အား နေပူမိုးရွာမရှောင် စျေးတောင်းခေါင်းပေါ်ရွက် လုပ်ကျွေးခဲ့သော ဒုက္ခက မျက်စိကို ထိခိုက်စေခဲ့သည်။ မျက်စိမမြင်သော်လည်း ဒေါ်ကြီးခမျာ အလကားမနေရ။ သက်ငယ်အငှါးပစ်၍ သမီးဖြစ်သူကို ကူညီပေးသည်။ သက်ငယ်မပစ်ရသော အချိန်များတွင် မြေးကလေးများကို ကူညီ၍ ထိန်းပေးသည်။ ဒေါ်ကြီးမှာ သမီးဖြစ်သူ၏အိမ်တွင် တဝမ်းတခါးကို သက်သောင့်သက်သာ မစားနိုင်ခဲ့ပေ။ ထိုမျှကူညီသော်လည်း သမီးဖြစ်သူက ကြည်ဖြူခြင်းမရှိ။ ထမင်းဟင်းမှလွဲ၍ ဒေါ်ကြီးအလွန်ကြိုက်သော ဆေးလိပ်ကိုပင် အကုန်အကျများမှာစိုး၍ သောက်ခွင့်မပေးပေ။ အိမ်နီးနားချင်းများက သနားသဖြင့် လာရောက်ပေးကြ၊ ကျွေးကြသော်လည်း သမီးဖြစ်သူက ရန်တွေ့လွှတ်သည်။သူ့အရှက်ကို ခွဲရကောင်းလားဟု မိခင်ဖြစ်သူကို ရန်လုပ်သည်။

နေမကောင်း၍ သက်ငယ်မပစ်နိုင်သည့် နေ့များတွင် သမီးဖြစ်သူက ငြူစူစောင်းမြောင်းသည်။ အိမ်အောက်က ဝက်ကမှ ရောင်းစားမယ်ဆို ပိုက်ဆံရသေးတယ်။ အိမ်ပေါ်ထိုင်နေပြီး ဘာမှအသုံးမကျဘူး။ ကလေးတောင် ထိန်းဖော်မရဘူး။ သူ့အတွက်နဲ့ အလုပ်ပိုတယ်။

သမက်ဖြစ်သူက တားမြစ်သော်လည်း မရ။ တနေကုန်အောင် ဆူပူကြိမ်းမောင်းတော့သည်။ ဤသို့ဖြင့် ဒေါ်ကြီးခမျာ သမီးဖြစ်သူ၏ ငြိုငြင်မှုကို ခါးစည်းခံလျက် ကွယ်လွန်ခဲ့ရရှာသည်။ ထိုဝဋ်ကြွေးက ဘဝခြားသည်အထိ စောင့်ဆိုင်းမနေပေ။ သမီးဖြစ်သူမှာ သားသမီးများ အိမ်ထောင်မကျမီမှာပင် သွက်ချာပါဒ လေငန်းရောဂါဖြင့် စကားမပြောနိုင်၊ လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရသည်။ တရွတ်ဆွဲ၍ သွားလာနေရသော်လည်း သားသမီးများက ဂရုမစိုက်ပေ။ ထမင်းစားချိန်ရောက်လျှင် ပန်းကန်တချပ်ထဲတွင် ထမင်းဟင်းများ စုပုံ၍ ရေတခွက်နှင့် ချထားပေးလိုက်သည်။ စားသည် မစားသည်ကိုပင် စောင့်ကြည့်မနေတော့။ ဖိတ်တဝက် စဉ်တဝက်ဖြင့် ကိုယ်တိုင်ယူစားရရှာသည်။ ခါးတွင်လည်း လုံချည်မမြဲပေ။ အလေးအပေါ့လည်း မသိ။ အနံ့အသက်ဆိုးရွား၍ မည်းမှောင်နေသော အခန်းကျဉ်းကလေးထဲတွင် တယောက်တည်း နေရသည်။

ခေါင်းတွင်လည်း သန်းများပေါလွန်း၍ ခေါင်းတုံး တုံးထားရသည်။ သတင်းမေးသူရှိလျှင် သားသမီးများက မကြိုက်၊ ကိုယ်တိုင်လည်း ပြုစုစောင့်ရှောက်ခြင်း မရှိ၊ မိဘကို ပြစ်မှားခဲ့သော အတိတ်ဆိုးကြောင့် လက်ရှိဘဝမှာပင် ကံတူအကျိုးပေး ဖြစ်ရသည်။ အသက်ရှင်လျက်ဖြင့် သေခဲ့ရသည်။ လင်းလျက်နဲ့ အမှောင်ကျခဲ့သည်။ သံဝေဂယူဖွယ် ကောင်းလေစွ။

(သွဲ့ထားညို-သက္ကလ)

****************************************

မိဘလုပ်ကျွေး အန္တရာယ်ဝေး

(မိဘလုပ်ကျွေး အန္တရာယ်ဝေး )

မောင်မောင်ကြီးသည် အိမ်ခန်း၊ တိုက်ခန်းများအား အငှါးဆေးသုပ်ခြင်းအလုပ်ဖြင့် မိဘတို့ကို လုပ်ကျွေးနေရှာသော သားလိမ္မာတယောက် ဖြစ်သည်။ သူသည် စိတ်သဘောထား ပြည့်ဝသည်။ ရိုးသားဖြူစင်သည်။ ငါးပါးသီလကိုလည်း တတ်နိုင်သလောက် စောင့်ထိန်းသည်။ ထို့ပြင် ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ အမျှဝေခြင်း ပရိတ်တော်များ ရွတ်ဆိုခြင်းတို့ကို မပြတ်ပြုလုပ်လေ့ရှိသည်။

တခုသော နေ့တနေ့တွင် မိမိ မိဘများကိုးကွယ်သော ဘုန်းကြီးကျောင်းအား အခကြေးငွေမယူ၊ ကုသိုလ်ဖြစ် သွားရောက်ဆေးသုတ်ခဲ့သည်။ ဆေးသုတ်ရန်ကျောင်းမှာ အမြင့်ပေ ၄၀-ခန့်ရှိသော နှစ်ထပ်တိုက်ကျောင်းဖြစ်သည်။ မောင်မောင်ကြီးမှာ ဆေးမသုတ်မီ မြတ်စွာဘုရားရှေ့မှောက်တွင် ငါးပါးသီလ ဆောက်တည်သည်။ ပြီးမှ လုပ်ငန်းကို စတင်တော့သည်။

သူသည် ဆေးသုတ်နေစဉ်မှာလည်း ပရိတ်ကြီး ၁၁-သုတ်ကို စိတ်ထဲမှာ ရွတ်ဆိုပွားများမြဲ ဖြစ်သည်။ မောင်မောင်ကြီးသည် မြင်းမိုရ်ထိပ်မှ စတင်သုတ်လာရာ ဘေးဘက်ပန်းဆွဲအောက် အရွှေ့အကူးတွင် ငြမ်းစင်ပေါ်မှ ခြေချော်ကာ လန်ကျပါတော့သည်။ ဤတွင် ငြမ်းစင်ရှိ နီးရာဝါးလုံးကို လှမ်းဆွဲလိုက်ပါသည်။ သို့သော် လက်ဖျားဖြင့်သာထိပြီး အရှိန်နှင့် မြေပေါ်သို့ ကျသွားပါတော့သည်။

သို့သော် မောင်မောင်ကြီးမှာ ကံထူးလှသည်။ အမြင့်ပေ ၄၀-ခန့်ရှိသော ငြမ်းစင်ပေါ်မှ ပြုတ်ကျသည့်တိုင် ပွန်းပဲ့ရုံ အနည်းအကျဉ်းမျှသာ ခံရပြီး ဘာဆို ဘာတခုမျှ မဖြစ်ပါ။ ထို့ထက်ပို၍ ထူးခြားသည်မှာ ယခု သူကျသော နေရာနှင့် တထွာခန့် အကွာလေးမှာပင် ရေတွင်းအား ဝိုင်းကာထားသော ကျောက်သမံတလင်းကြီး ရှိနေသည်။ အကယ်၍ တထွာလောက်မျှ ဟိုဘက် တိုးကျလိုက်ပါမူ ဦးခေါင်းနှင့် ကျောက်သမံတလင်း ရိုက်ချလိုက်သကဲ့သို့ ဖြစ်မှာ သေချာပြီး မတွေးဝံ့စရာပင် ဖြစ်တော့သည်။

ဤကဲ့သို့ မောင်မောင်ကြီးတယောက် အန္တရာယ်မှ သီသီကလေး ကင်းလွတ်သွားခြင်းသည် မိဘတို့ကို လုပ်ကျွေးခြင်း။ ငါးပါးသီလစောင့်ထိန်းခြင်း နှင့် ပရိတ်တော်များကို ရွတ်ဆိုပွားများခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျွန်တော် အကြွင်းမဲ့ ယုံကြည်မိပါတော့သည်။

(ညီညီလေး-Zoology. လယ်ကြီး-စစ်ကိုင်း )

****************************************

မိဘလုပ်ကျွေး ဘေးရန်ဝေး

(မိဘလုပ်ကျွေး ဘေးရန်ဝေး )

ဦးလှကြီး ဒေါ်နန်းစောတို့သည် ကျောက်ပန်းတောင်းမြို့နယ် အိုင်လျားကျေးရွာတွင် ထန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်သည်၊ တနေ့တွင် ဦးလှကြီး မျက်စိကို ထန်းရွက်နှင့်ထိုးမိသည်၊ ထိုဒဏ်ရာကြောင့် မျက်စိမကောင်းတော့၊ ထန်းမတက်နိုင်တော့ပါ၊ ထို့ကြောင့် သားအလတ် အလယ်တန်း ကျောင်းသား မောင်ကျော်မြိုင်က ဖခင်၏ထန်းအလုပ်ကို ကျောင်းမသွားမီနှင့် ကျောင်းအပြန်များတွင် ဝင်ရောက်လုပ်ကိုင်ရသည်။

မောင်ကျော်မြိုင်သည် ထန်းလုပ်ငန်းကို ဖခင်ကြီးကိုယ်စား ဝင်ရောက်လုပ်ကိုင်ရသော်လည်း ကျောင်းစာများတွင် ထူးချွန်သည်၊ ၁၉၈၇-၈၈ စာသင်နှစ် အဋ္ဌမတန်းစာမေးပွဲတွင် သင်္ချာနှင့်အထွေထွေသိပ္ပံ ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။

မောင်ကျော်မြိုင် ၈-တန်းစာမေးပွဲတွင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သောကြောင့် မိဘနှစ်ပါးနှင့် ဆွေမျိုး မွေးချင်းများသာမက အိုင်လျားတရွာလုံးကပါ ဝမ်းမြောက်ဂုဏ်ယူလျက် ရှိကြပါသည်။

ကျောင်းပြန်ဖွင့်သည့်အချိန်တွင် ဦးလှကြီး ဒေါ်နန်းစောတို့ မိသားစုသည် သား-မောင်ကျော်မြိုင်ကို ကျောင်းဆက်ထားရေးအတွက် ရတက်မအေးကြရပါ။

မောင်ကျော်မြိုင် ကျောင်းဆက်နေလျှင် ကျောင်းစရိတ်များ ကုန်ကျမည်၊ ကျောင်းစရိတ်ကို ဆွေမျိုးတစုက ဝိုင်းဝန်းထောက်ပံ့လျှင် ဖြစ်နိုင်သေး၏၊ မောင်ကျော်မြိုင် ကျောင်းဆက်နေလျှင် မည်သူထန်းတက်တော့မည်နည်း၊ မိသားစု၏ စားဝတ်နေရေးသည် ထန်းလုပ်ငန်းပေါ်တွင် အမှီပြု နေကြရပါသည်။

နောက်ဆုံးတော့ မောင်ကျော်မြိုင် ကျောင်းဆက်နေလိုသော်လည်း မိသားစု စားဝတ်နေရေးကို ငဲ့ညှာလျက် ကျောင်းထွက်ကာ ထန်းတက်ရပေတော့သည်။

မောင်ကျော်မြိုင်သည် ထန်းတက်ရသော်လည်း စိတ်ဓာတ်ကျဆင်းခြင်း မရှိပေ၊ ၄င်း၏ဘဝကို အနစ်နာခံ၍ မိဘများအား လုပ်ကျွေးရခြင်းကိုပင် ဝမ်းသာဂုဏ်ယူပါသည်ဟု အမြဲပြောသည်။

၁၃၅၂-ခုနှစ် ဝါခေါင်းလဆန်း ၁၄-ရက်နေ့ နံကတွင် လာကြပါဦး တော်ရေ၊ ကျော်မြိုင် ထန်းပင်ပေါ်က လိမ့်ကျလို့၊ လာကြပါဦး-ဟု ဒေါ်နန်းစော၏ အော်သံကြောင့် လူအများပြေးသွားကြသည်၊ သို့ရာတွင် မောင်ကျော်မြိုင်သည် ထန်းပင်ပေါ်မှကျသော်လည်း ပြင်းထန်စွာ ဒဏ်ရာမရ၊ အနည်းငယ် မူးသွားသည်မှ အပ၊ ဘာမျှ မဖြစ်သလို ထိုင်လျက်ရှိနေသည်ကို တွေ့ကြရသည်။

အတောင်နှစ်ဆယ်ခန့်ရှိသော ထန်းပင်ပေါ်မှ မောင်ကျော်မြိုင် လိမ့်ကျသော်လည်း မည်သို့မျှမဖြစ်သောကြောင့် ရွာသူရွာသားများလည်း အံ့ဩခြင်း၊ ဝမ်းသာခြင်းများ ဖြစ်ကြရပါသည်။

ဤသည်မှာ မိဘလုပ်ကျွေး-ဘေးရန်ဝေးခြင်း-ပင် ဖြစ်ပေသည်ဟု ရွာသူရွာသားများက မှတ်ချက်ချကာ သာဓုခေါ်လျက် ရှိကြပါတော့သည်။

(ဂွေးပင်ချို-ထွန်းလှိုင် )

****************************************

မိဘလုပ်ကျွေး မြွေဘေးဝေး

(မိဘလုပ်ကျွေး မြွေဘေးဝေး )

ကျွန်တော်သည် ရပ်ကွက်ရုံးတခုမှ စာရေးဝန်ထမ်း တဦးဖြစ်ပါသည်။ ကျွန်တော်သည် အလုပ်ရရှိသည့်အချိန်မှ စ၍ ယနေ့အထိ မိအိုဘအိုတို့အား လုပ်ကျွေးနေသူဖြစ်ပါသည်။ လူလွတ်တယောက်ဖြစ်သောကြောင့် မိဘတို့အား တတ်နိုင်သလောက် ကြည့်ရှုစောင့်ရှောက်ပါသည်။ ငါးပါးသီလကိုလည်း တတ်နိုင်သလောက် စောင့်ထိန်းပါသည်။ ထို့ပြင် ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ ဘုရားဂုဏ်တော် ရွတ်ဆိုခြင်းတို့ကိုလည်း တတ်အားသရွေ့ ပြုလုပ်ပါသည်။

တနေ့ ညနေဘက် ကျွန်တော်ရေခပ်သော အချိန်က ဖြစ်ပါသည်။ ကျွန်တော် ခပ်ရသောရေမှာ တဘက်ခြံဝင်းအတွင်းရှိ ရေတွင်းမှရေဖြစ်ပါသည်။ ရေဆွဲပြီး မောနေ၍ ရေပုံးကိုချကာ အိမ်ရှေ့အဆင်းအတက်၌ ခေတ္တ နားနေပါသည်။ အမောဖြေရင်းရတနာသုံးပါး ဂုဏ်တော်ကို ရွတ်ဆိုနေပါသည်။

ထိုအချိန်တွင် ကျွန်တော် ရေပုံးထားရာအနီး ပန်းပင်များကြားမှ တလှုပ်လှုပ်ဖြင့် သင်္ကာမကင်းဖွယ် တွေ့ရှိ၍ ကျွန်တော်ကြည့်လိုက်မိသည်။ ထိုအခါ ငန်းမြွေကြီးတကောင်သည် ပါးပျဉ်းထောင်လျက် ပေါက်မည့်ဟန် ပြင်နေကြောင်း တွေ့ရပါသည်။ ငန်းမြွေကြီးမှာ စိမ်းဝါရောင်ဖြစ်၍ လုံးပတ်မှာ လက်ကောက်ဝတ်ခန့် ဖြစ်ပါသည်။ ကျွန်တော်သာ အောက်သို့ဆင်း၍ ရေပုံးယူလိုက်လျှင် ငန်းမြွေကြီးကိုက်မည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်လည်း လန့်ဖျပ်ပြီး အိမ်ပေါ် တက်ပြေးပါသည်။

ထိုအခါ ငန်းမြွေကြီးလည်း ပန်းပင်များကြားမှ ထွက်ခွာသွားပါသည်။ ငန်းစောင်းမြွေကြီးများ အကိုက်ခံရပါက ဆေးမမီကြောင်း အဖေကပြောပါသည်။ အဖေသည် ဘုရားရှိခိုးသည့်အခါ ပရိတ်တရားတော်နှင့် ဘုရားဂုဏ်တော်များ ရွတ်ဆိုခြင်း၊ မေတ္တာပို့ခြင်း၊ အမျှပေးဝေခြင်းများပြုလုပ်ပါသည်။ ယခုအခါ ထိုငန်းစောင်းမြွေကြီးကို မတွေ့ရတော့ပါ။

ကျွန်တော် ထိုငန်းစောင်းမြွေကြီး ကိုက်မည့်ဘေးမှ လွတ်ခဲ့ရကြောင်းမှာ မိဘတို့အားလုပ်ကျွေးခြင်း။ ငါးပါးသီလကို အတတ်နိုင်ဆုံး စောင့်ထိန်းခြင်း။ ဘုရားဂုဏ်တော်တို့ကို ရွတ်ပွားခြင်း၊ စသော အကြောင်းများကြောင့် ဖြစ်သည်ဟု ယုံကြည်မိပါသည်။

(မောင်ထွန်း )

****************************************

မိဘစော်ကားသူ

(မိဘစော်ကားသူ)

၂၀၀၂-ခုနှစ်တွင် နွေရာသီတွင် ဆိပ်ခွန်ရွာကြီး၌ ဝိပဿနာတရားစခန်း တလ ဖွင့်လှစ်ခဲ့ပါသည်။ ထိုတရားစခန်းသို့ ရွှေဘို၊ ဆိပ်ခွန် ပတ်ဝန်းကျင်ရွာများကပါ လာရောက်တရားဝင်ကြပါသည်။

ထိုတရားစခန်းသို့ ဆိပ်ခွန်မှ နှစ်မိုင်ခန့် ဝေးကွာသော ရွာတရွာမှ ယောဂီသစ် လေးငါးဦး ရောက်လာပါသည်။ ထိုရွာ၏ နမူနာယူဖွယ်ရာ တရပ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ပါက တရားရိပ်သာတွင် အားထုတ်ရမည်။ အိမ်စေ့ လူစေ့ အားထုတ်နိုင်ရမည်။ တရားစခန်းမဝင်သော အိမ်ကို သာရေးနာရေးကိစ္စတို့တွင် မကူညီဘဲ ကြဉ်စေသောမူ ဖြစ်ပါသည်။ တရားဝင်နိုင်အောင်လည်း ရွာက ပံ့ပိုးကူညီပေးကြသည်။

ထိုရွာမှ ရောက်လာသော ယောဂီသစ် အမျိုးသမီးမှာ အသက် ၃၀-ကျော်ခန့်ရှိသည်။ သူသည် ဓမ္မာရုံတွင် တရားအာရုံပြုသည်နှင့် နဖူးပြင်နှင့်ကြမ်း တဖြန်းဖြန်း ရိုက်ပါတော့သည်။ အနီးရှိ ယောဂီများ ထိတ်လန့်ကုန်ကြ ပါသည်။ ယောဂီများကို စောင့်ရှောက်နေသော သီလရှင်ဆရာကြီးက တရားအာရုံခေတ္တရပ်နားရန် ပြောသော်လည်း မရဘဲ ကြမ်းပြင်နှင့် နဖူး တဖြန်းဖြန်းသာ ဆောင့်လျက်နေပါသည်။

ရိပ်သာတာဝန်ခံ ဆရာတော်က ခဏနားချိန်တွင် ထိုအမျိုးသမီးကို တရားစခန်းလာစဉ်က မိဘတို့အား အစစခွင့်လွှတ်ပါရန် ပန်ကြားခဲ့ပါသလား-ဟု မေးရာမှ ထိုအမျိုးသမီး၏ ဖြစ်စဉ် ပေါ်လာပါသည်။

ထိုအမျိုးသမီးမှာ အပျိုကြီးဖြစ်သည်။ မိဘနှစ်ပါးနှင့် မိသားစုကို သူကပင် ဦးဆောင်ရှာဖွေကျွေးနေ၏၊ သို့သော် နှုတ်ထွက် ရင့်သီးလှကြောင်း သိရသည်။

မိဘနှစ်ပါးအား မလေးစားသည့်ပြင် သူ၏လုပ်ငန်းတွင် ဝင်စွက်ဖက်မိပါက တော်ကြီးက ဘာနားလည်လို့တုန်း၊ ကိုယ့်နေရာကိုယ်နေ၊ လျှာမရှည်နဲ့၊ အကျိုးက အကျိုးနေရာနေ၊ အကန်းက အကန်းနေရာနေ-စသဖြင့် ကြမ်းတမ်းရင့်သီးစွာ ပြောလေ့ရှိကြောင်း ပေါ်လာပါသည်။

ရိပ်သာဆရာတော်က မိဘနှစ်ပါးအား လူကြုံဖြင့် မှာခေါ်စေပြီး မိဘများကို တောင်းပန်ကန်တော့ရန် စေခိုင်းပါသည်။

တောင်းပန်ကန်တော့ပြီး တရားဆက်ရှုမှတ်ရာမှာပင် ငါးရက်ခန့် နဖူးနှင့်ကြမ်းပြင် ဆောင့်နေပါသေးသည်။ သို့သော် ထိုအမျိုးသမီးသည် ဇွဲမလျှော့ဘဲ ဝိပဿနာတရားကို ဆက်လက်ရှုမှတ်ရာ နောက်ပိုင်းရက်ပေါင်း ၂၀-ခန့် အေးချမ်းစွာ တရားရှုမှတ်သွားနိုင်ခဲ့ပါသည်။

တရားရိပ်သာ၏ ကျေးဇူးကြောင့် ဤအမျိုးသမီးသည် သူ့အပြစ်များကို မိဘတို့အား တောင်းပန်ခွင့် ရရှိခဲ့သည်။ သို့မဟုတ်ပါက ယခုဘဝမှာပင် မိဘစော်ကားသောဘေးကို ခံရဖွယ်ရှိသည်။ တမလွန်ဘဝ၏ ဘေးကိုကား တွေးရဲစရာမရှိဟု ကျွန်မ ဆင်ခြင်မိပါသည်။

ဤစာကိုရေးနိုင်ရန် ကျွန်မအထံ စာရေးပို့သော ယောဂီ ဒေါ်ခင်ပိုအား ကျေးဇူးတင်ပါသည်။

(မကြွယ်ကြွယ်)

****************************************

မိဘမေတ္တာ

(မိဘမေတ္တာ)

ကျွန်မ၏ဖခင်ကြီးနှင့် မိခင်ကြီးတို့မှာ အသက် ၈၀-နားနီး အရွယ်များဖြစ်ကြသည်။ အသက်အရွယ်အရ တရားဘာဝနာနှင့်သာ ပျော်မွေ့နေထိုင်ကြသည်။ ဒါန သီလ ဘာဝနာတည်းဟူသော နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတို့ကို အချိန်ရှိခိုက် ပွားများအားထုတ်ကြသည်။ ကျွန်မမှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလျက် မိဘအရိပ်တွင် လုံခြုံအေးချမ်းစွာ နေထိုင်ရသည်။

ထိုသို့နေထိုင်ရခြင်းမှာ ကျွန်မ၏ ကြိုးစားအားထုတ်မှု တခုတည်းကြောင့်တော့ မဟုတ်ပေ။ မိဘနှစ်ပါး၏ ကြီးမားလှသော မေတ္တာရိပ်ကြောင့်ဟု လက်ခံယုံကြည်မိပါသည်။ ကျွန်မတွင် ထူးခြားသောအကျင့်တခုရှိသည်။ မိဘနှစ်ပါးကို အလွန်အမင်း ယုံကြည်အားထားခြင်းပင်ဖြစ်သည်။ ခရီးသွားလာရာ၌ ဖြစ်စေ၊ အလုပ်ကိစ္စများ ဆောင်ရွက်ရာ၌ဖြစ်စေ၊ မိဘနှစ်ပါးကို ရှိခိုးဦးချ၍ ဆုတောင်းအဓိဋ္ဌာန်ပြုပြီးမှ လုပ်ကိုင်လေ့ရှိသည်။ မိဘနှစ်ပါးကိုလည်း အသိပေးတိုင်ပင်သည်။ ဆုတောင်းအဓိဋ္ဌာန်ပုံမှာ-

ဘုရားတပည့်တော်၏ မိခင်နှင့် ဖခင်ကြီးတို့မှာ ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ်ကိုးကွယ်ပါသည်။ တရားဘာဝနာကိုလည်း ပွားများအားထုတ်ပါသည်။ ဘုရားတပည့်တော်သည်လည်း မိဘနှစ်ပါးကို မငြိုမငြင် လုပ်ကျွေးပြုစုပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ဆောင်ရွက်ရသော အလုပ်ကိစ္စဟူသမျှ ချောမောအောင်မြင်ရပါလို၏-ဟူ၍ ဖြစ်သည်။

မိဘနှစ်ပါးကလည်း ပြန်လည်ဆုပေးပါသည်။ ထိုနေ့မျိုးတွင် မိခင်ကြီးက မေတ္တာဘာဝနာကို ပို၍ပွားများသည်။ မကောင်းသောအကြောင်းအရာနှင့် ဆုံတွေ့ရမည်ဆိုပါကလည်း မိခင်ကြီးက ကြိုတင်သတိပေးတတ်သည်။ မိဘနှစ်ပါးက တားမြစ်သောလုပ်ကိစ္စမှန်သမျှကိုလည်း ကျွန်မအထူးရှောင်ကြဉ်ခဲ့သည်။

သို့ဖြစ်၍ ဆိုးရွားသော ဘေးဒုက္ခမျိုးနှင့် ကျွန်မ မဆုံးဆည်းခဲ့ရပေ။ အတိတ်ကံဝဋ်ကြွေးကြောင့် ဆုံဆည်းခဲ့ရပါကလည်း သူတပါး၏နှိပ်စက်ခြင်းကို မကြုံခဲ့ရပေ။ တခါက ကျွန်မ အလုပ်တာဝန်ကျသော ရွာကလေးတရွာတွင် ကျွန်မနေသောအိမ်ကို ဓားပြတိုက်ခံရပါသည်။ ကျွန်မမှာ ဓားပြများကို ကြောက်ရွံ့ခြင်းထက် မိဘနှစ်ပါးကိုသာ မြင်ယောင်တမ်းတ၍ ဂုဏ်တော်များကို ပွားများနေမိသည်။ သို့အတွက် ဓားပြများက ပစ္စည်းယူခြင်း၊ ရိုက်နှက်တောင်းခံခြင်းများကို မပြုလုပ်ခဲ့ပေ။ မိခင်ကြီးကလည်း ကြိုတင်ပြသော အတိတ်နိမိတ်များကြောင့် ကျွန်မထံသို့ မေတ္တာပို့လွှတ်နေ၍ဖြစ်သည်။

ထိုအဖြစ်မျိုးကို မိဘများရိပ်သာဝင်ရာ တရားစခန်းသို့ ကျွန်မတရားနာသွားစဉ်၌လည်း ကြုံဆုံခဲ့ရသည်။ ယောကျ်ားတယောက်က ကျွန်မထံမှ ရွှေဆွဲကြိုးကို လုယူခြင်းဖြစ်သည်။ ထိုယောကျ်ားက အားနှင့်ဆွဲဖြတ်သော်လည်း ဆွဲကြိုးမှာ ပြတ်ခြင်း၊ ပြုတ်ခြင်း မရှိပေ။ ဆွဲကြိုးလုသူ ထိုယောကျ်ားသာ ခလုတ်တိုက် လဲ၍ လူအများ ဝိုင်းဖမ်းခြင်းကို ခံလိုက်ရသည်။

ဤသည်မှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်းနှင့် မိဘနှစ်ပါး၏ ပို့သသောမေတ္တာအရှိန်အဝါတို့ကြောင့်ပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

(သွဲ့ထားညို-သက္ကလ )

****************************************

မိုးကြိုးပစ်ခံရသူ

(မိုးကြိုးပစ်ခံရသူ )

ဆားလင်းကြီးမြို့နယ် ဖောင်းကားရွာတွင် ဦး----နှင့် ဒေါ်-----တို့၏သား မောင်လွင်ဆိုသူ ရှိပါသည်။

၁၃၅၁-ခုနှစ် တော်သလင်းလပြည့်ကျော် ၁၀-ရက်နေ့ နံနက်ပိုင်းအချိန်တွင် မိဘများက မောင်လွင်ကို တောသို့ မြက်ရိတ်ခိုင်းသည်၊ ထိုအခါ မောင်လွင်က မသွားချင်၊ မလုပ်ချင်-ဟု ငြင်းဆန်လေ၏၊

ဖခင်က မင်းကလည်းကွာ ကိုယ်လုပ်နေကျ အလုပ်ကို လုပ်မှပေါ့-ဟု ပြောကြား၏၊ မောင်လွင်ကလည်း မလုပ်ချင်ကြောင်းသာ ဇွတ်တရွတ် ပြန်ပြောသည်၊ သို့နှင့်ပင် မောင်လွင်သည် ဖခင်ကို ခွန်းကြီးခွန်းငယ် ပြန်လှန်ပြောဆိုရင်း ဒေါသကြီးလာ၏၊

သူသည် ငှက်ကြီးတောင် ဓားကြီးကို ကိုင်ပြီး ခင်ဗျားကို သတ်ကိုသတ်မယ်၊ မကျေနပ်ဘူး-ဟု ပြောကာ ဖခင်အား ဓားကြိမ်း ကြိမ်းလိုက်၏၊ ဖခင်လည်း သားရန်ကို ကြောက်၍ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားပြီး ခိုလှုံနေရသည်။

ထိုနေ့ကား မိုးရွာသောနေ့ ဖြစ်၏၊ မောင်လွင်သည် မိုးရွာကြီးထဲတွင် စိတ်ဆိုးမာန်ဆိုးနှင့်ပင် သူငယ်ချင်းများနှင့်အတူ တောသို့ မြက်ရိတ် ထွက်သွားလေ၏၊ သတ္တုတူးဖော်ရေး ကြေးစင်တောင်နား အရောက်တွင် မောင်လွင်သည် ရုတ်တရက် မိုးကြိုးပစ်ခံရ၏၊ ထိုနေရာမှာပင် သေဆုံးသွားသည်၊ အဖော်သူငယ်ချင်းများမှာ မိုးကြိုးဘေးမှ ကင်းလွတ်ကြသည်။

ရွာသူရွာသားများက မောင်လွင်ဟာ ဖခင်ကို ဓားကြိမ်း ကြိမ်းလို့ အခုလို မိုးကြိုးပစ်ခံရတာပဲ-ဟု ပြောဆိုကြလေသည်။

(ပုပ္ပါး နန္ဒာနွဲ့ယဉ်အေး )

****************************************

မိုက် နောင်တ

(မိုက် နောင်တ)

ကျွန်မသည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ငါးပေါများသော အရပ်ဖြစ်၍ လတ်ဆတ်သော ငါးများကိုသာ စားတတ်ပါသည်။ ငါးအသေသားဆိုလျှင် ဝယ်မစားချင်ပါ။ ငါးအရှင်များကိုသာ ဝယ်၍ မိမိအိမ်ရောက်မှ ကိုယ်တိုင် ကိုင်ကာ ချက်စားတတ်ပါသည်။

လတ်ဆတ်သောငါးဖြစ်၍ အရသာရှိလှ၊ နှစ်ခြိုက်လှပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သော်လည်း ကျွန်မသည် ငါးကို အသက်သတ်ရန် ဝန်မလေးတတ်ပါ။ လေးလေးနက်နက် တွေးတောတတ်သူလည်း မဟုတ်ပါ။ ကျွန်မ အသက်အရွယ် ရလာသောအခါ ခေါင်းမကြာခဏ ကိုက်တတ်သော ဝေဒနာတခု ရလာပါသည်။ အခြားရောဂါတော့ မရှိပါ။

ကျွန်မအတွက် ကူဖော်လောင်ဖက် ရရှိရန် တူမလေးတယောက်ကို ခေါ်ထားပါသည်။ တူမလေးက လိမ္မာရေးခြား ရှိလှပါသည်။ နံနက်စောစောထ၍ ဘုရားရှိခိုး၊ ဆွမ်း၊ ရေချမ်းကပ်၊ ပြီးမှ အခြားလုပ်စရာများကို လုပ်ပါသည်။ ကျွန်မ ခိုင်းရန် မလို။ သူ့ပင်ကိုယ်အသိ ရှိသူလည်းဖြစ်ပါသည်။

သူသည် မည်သည့်သတ္တဝါကိုမျှ သတ်ဖြတ်ခြင်း မပြုပါ။ ခြင်ကိုက်လျှင်တောင်မှ လေဖြင့်မှုတ်၍ ခြောက်ပါသည်။ လက်ဖြင့် ဘယ်တော့မှ မရိုက်ပါ။ ကျွန်မ တူမလေးကိုကြည့်၍ ဪ-ငါနှင့်များ ကွာခြားလှပါဘိ-ဟု တွေး၍ ရှက်မိပါသေးသည်။ ငါးဝယ်လာသောအခါ အရှင်များကို တွေ့ပါက အိမ်အနီးရှိ ရေကန်ထဲတွင် လွှတ်ပါသည်။ မည်သည့်အခါမှ မသတ်ဖြတ်ပါ။

နောက်ပိုင်းတွင် ကျွန်မ ငါးမသတ်တော့ပါ။ အခြား သတ္တဝါများကိုလည်း မသတ်ဖြတ်တော့ပါ။ ကျွန်မ၏ မြင်ဆရာ တူမလေးကြောင့် ဖြစ်ပါသည်။ တနေ့ ကျွန်မနှင့် တူမလေး စျေးသို့သွားရန် ထွက်လာကြပါသည်။ ကျွန်မသည် တူမ၏ စက်ဘီးနောက်က ထိုင်လိုက်ရန် ဟန်ပြင်လိုက်သည်။ ကျွန်မသည် ထိုင်ခုံပေါ် မထိုင်မီလေးတွင်ပင် တူမလေးက ထိုင်ပြီးပြီအထင်နှင့် စက်ဘီးကို နင်းထွက်လိုက်ပါသည်။

ကျွန်မ မြေကြီးပေါ် ဖင်ထိုင်လျက်ကျပြီး ပက်လက်လန် လဲပါတော့သည်။ နာလိုက်သည်မှာ မပြောပါနဲ့တော့။ ကျွန်မ၏ တင်ပဆုံရိုး ကျိုးသွားပါသည်။ ကျောက်ပတ်တီးကိုင်ပြီး သတ်မှတ်ရက် ပြီးဆုံးသော်လည်း လမ်းလျှောက်ရာတွင် နဂိုအတိုင်း မဖြစ်တော့ပါ။ တွန်းလှည်းလေးအကူအညီနှင့်သာ သွားလာနိုင်ပါတော့သည်။ ကျွန်မ ဒုက္ခိတ ဖြစ်သွားရချေပြီ။ ကျွန်မ ဘာကြောင့် ဒီလိုဖြစ်ရသည်ကို နေ့စဉ် တွေးတောနေမိပါတော့သည်။

(ချယ်ရီ-ရွှေခြံ )

****************************************

မီးကိုတားဆီး ၂၄-ပစ္စည်း

(မီးကိုတားဆီး ၂၄-ပစ္စည်း )

စာရေးသူ၏ ဖခင် ဦးမြဇော်သည် စကားပြောရာတွင် ချိုချိုသာသာဖြင့် အပိုအလိုမရှိ ပြောဆိုတတ်သည်။ မဟုတ်မမှန်သောစကား၊ ရုန့်ရင်းကြမ်းထမ်းသောစကားတို့ကို ဘယ်သောအခါမျှ မပြောခဲ့ပါ။

ဖခင်ကြီးသည် သူ့အသက်ကို သတ်ဖို့ဝေးစွ၊ သူ့အားလာကိုက်နေသည့် မှက်၊ ခြင်၊ ယင် စသည့် အကောင်ငယ်လေးများကိုပင် မေတ္တာစိတ်ဖြင့် သည်းခံခွင့်လွှတ်ခဲ့ပါသည်။

ဖခင်ကြီးသည် သေရည်သေရက်သောက်စားဖြင့်၊ လောင်းကစားခြင်းအမှုတို့ကို စမ်းသပ်သည့်သဘောမျှပင် မပြုလုပ်ခဲ့ပါ။ သူတပါး၏ ပစ္စည်းဥစ္စာများကိုလည်း ပိုင်ရှင်မသိအောင် ခရမ်းသီးတလုံး၊ ဟင်းရွက် တညွန့်မျှပင် မဆွတ်ခူးခဲ့ပါ။ အမှန်တကယ် လိုအပ်လျှင် ပိုင်ရှင်ထံ တောင်းယူတတ်သည်။

ဖခင်ကြီးသည် ဤသို့ နေလာရင်း တဖက်မှ ဘာသာတရားကိုလည်း လေးလေးစားစား အရေးထားခဲ့သည်။ ညစဉ် ဘုရားရှိခိုးပြီးတိုင်း အရပ်ရှစ်မျက်နှာကို ပဋ္ဌာန်း ၂၄-ပစ္စည်းဖြင့် စည်းချပြီးမှ အိပ်လေ့ရှိသည်။ မိမိ အနှစ်သက်ဆုံး ပရိတ်နှင့်ဂါထာ တို့ကိုလည်း မပြတ်မလတ် ရွတ်ဆိုလေ့ရှိသည်။

တနေ့တွင် ဖခင်ကြီးအိမ်၏ အရှေ့တောင်ဘက် တခေါ်လောက်အကွာရှိ အိမ်တအိမ်တွင် မီးလောင်ပါသည်။ မီး စတင်လောင်သည့်အိမ်၌ လူကြီးတယောက်မျှ မရှိသဖြင့် မီးတောက်ကြီး အိမ်ခေါင်ပေါ်တက်လာမှ သိကြရသည်။

ထိုအချိန်သည် ရွာသားများ တောသွားနေချိန်ဖြစ်၍ ရွာထဲတွင် ယောကျ်ားသားမရှိသလောက် ဖြစ်နေသည်။ ဖခင်ကြီးလည်း တောသွားဆဲဖြစ်သည်။ အိမ်တွင် မိခင်ကြီးနှင့် ညီမငယ်လေး တယောက်သာ ရှိသည်။

ဖခင်ကြီးသည် တောထဲမှာ အလုပ်လုပ်ရင်း ရွာပေါ်မှ မီးခိုးလုံးများကို လှမ်းမြင်လိုက်ရာ ချက်ချင်းထပြေး လာသည်။ ပါးစပ်မှလည်း ဘုရားကယ်တော်မူပါ-ဟု ဆို၍ ပဋ္ဌာန်း ၂၄-ပစ္စည်းကို ရွတ်ဆိုလာသည်။

ရွာထဲသို့ ဝင်လိုက်သည်နှင့် စလောင်သည့်အိမ်ကို သိလိုက်သည်။ ထိုအိမ်နှင့် အိမ်နီးချင်း မဝေးသဖြင့် မိမိတို့အိမ် ဘယ်နည်းနှင့်မှ မလွတ်နိုင်ဟု တထစ်ချ ယူဆလိုက်ပါသည်။

အိမ်သို့ရောက်လျှင် မီးသည် ဖခင်ကြီး၏ အိမ်ကို ကျော်သွားသည်။ အနောက်မြောက်ဘက်ရှိ အိမ်များသို့ ကူးစက် လောင်နေသည်။ ထိုအချိန်က ဝိုင်းထဲက ပဲစင်းငုံ အမှော်များ တောင်လိုပုံထားဆဲ ဖြစ်သည်။ ၄င်းပေါ်သို့ မဆိုစလောက် မီးပွားလေးတပွား ကျလျှင်တောင် တွေးရဲစရာမရှိပါ။ ယခုမူ မီးသည် ဖခင်ကြီး၏အိမ်ကို ကျော်သွားသဖြင့် တရွာလုံးက အံ့ဩမဆုံး ရှိကြသည်။ အမျိုးမျိုးလည်း ထင်ကြေးပေး ဝေဖန်ခဲ့ကြသည်။

အမှန်မှာ အခြားမဟုတ်၊ ဖခင်ကြီးသည် ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကတည်းက ယနေ့ အသက် ၆၀-ကျော်သည်အထိ ၅-ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံခြင်း၊ ညစဉ် ပဋ္ဌာန်း ၂၄-ပစ္စည်းဖြင့် အရပ်ရှစ်မျက်နှာကို စည်းချအိပ်ခြင်း စသည့် အကျိုးတို့ကြောင့် ဤကဲ့သို့ မီးဘေးမှ လွတ်မြောက်ခဲ့သည်ဟု ယုံကြည်ယူဆကြပါသည်။

(ခင်မောင်တင်-ဝဲလောင် )

****************************************

မီးဘေးမှ လွတ်ကင်းသူ

(မီးဘေးမှ လွတ်ကင်းသူ )

လွန်ခဲ့သော ၁၉၈၅-ခုနှစ်က ဖြစ်ပါသည်၊ ကျွန်တော်တို့သည် ရွှေတိဂုံစေတီတော်ကြီး သိန်း ၃၂၀-ဖိုး ရွှေပြားသင်္ကန်း ကပ်လှူပွဲအတွက် တရက်စီ အလှူခံကြရပါသည်၊ ကျွန်တော်သည် ကုသိုလ်လိုချင်သော ဆန္ဒဖြင့် အသင်းအဖွဲ့ ၂၀-နီးပါးတွင် ပါဝင်အလှူခံခဲ့ပါသည်။ တရက်လျှင် အလှူငွေပေါင်း ရှစ်သောင်းကျပ်အထိ ရခဲ့ဖူးပါသည်၊ ဘယ်အသင်းမှာမှလည်း ကျွန်တော့အသိမိတ်ဆွေ မရှိခဲ့ပါ။

တနေ့တွင် နေကုန်နေခန်းအလှူခံပြီး ညနေပိုင်း နေအိမ်သို့ ပြန်လာခဲ့သည်၊ လမ်းထိပ်အဝင်ဝတွင် ရပ်ကွက်မှလူများ ယောက်ယက်ခတ်နေသည်ကို တွေ့မြင်ရပါသည်၊ စိုးရိမ်တကြီးနှင့် မေးကြည့်ရာ ကျွန်တော်နေထိုင်ရာလမ်းတွင် ဓာတ်ဆီသိုလှောင်သည့် အိမ်မှစ၍ မီးလောင်နေသည်-ဟု သိရပါသည်။ မီးငြိမ်းသတ်ပြီး ပြန်လာတဲ့သူကပြန်၊ ဝင်ကြည့်တဲ့လူကကြည့်နှင့် ရှုပ်ယှက်ခတ်နေပါသည်၊ ကျွန်တော်လည်း အပြေးအလွှား သွားကြည့်ရာတွင် မီးလောင်သောအိမ်မှာ ကျွန်တော့အိမ်နှင့် တအိမ်သာ ခြားပါသည်။

ကျွန်တော်၏ဇနီးမှာလည်း ကောင်းစွာမကျန်းမာ၊ သားသမီးတွေကလည်း ကျောင်းသွားနေသောအချိန် ဖြစ်ပါသည်။ အရပ်ကူပါ လူဝိုင်းပါနှင့် အများအကူအညီ တောင်းခံခဲ့ရသည်ဟု ဆိုပါသည်၊ ကျွန်တော်၏နေအိမ်မှာ ပျဉ်ထောင် ပျဉ်ခင်း သွပ်မိုး ခြေတံမြင့်ဖြစ်သောကြောင့် အပေါ်ထပ်မှ ပစ္စည်းများ အောက်သို့ပြောင်းရွှေ့ရန် ခက်ခဲပါသည်၊ သို့သော် ပစ္စည်းများအားလုံးသည် အောက်သို့ အကုန်အစင် ရောက်နေပါသည်၊ ကျွန်တော့အိမ်သာ မီးထဲပါသွားပါက ဘုရားပေါ်မှအပြန်တွင် ပြာပုံကိုသာ တွေ့ရမည်ဖြစ်သည်၊ လောင်လည်းလောင်ကျွမ်းနိုင်သော အခြေအနေဖြစ်သည်၊ ဓာတ်ဆီသိုလှောင်ခန်း မရောက်မီ အရပ်က ဝိုင်းဝန်းငြိမ်းသတ်နိုင်၍သာ တရပ်ကွက်လုံး ပြာမကျခြင်း ဖြစ်သည်။

ထိုနေ့က ဝါတွင်းလပြည့်နေ့ဖြစ်၍ ကိုးပါးသီလ ယူပြီး ဘုရားပေါ်တွင် အလှူခံနေခဲ့သည်၊ စေတနာ့ဝန်ထမ်း အလှူခံဆောင်ရွက်ခဲ့သည့် စေတနာအကျိုးနှင့် သီလ၏တန်းခိုးတော်ကြောင့် မီးဘေးမှ ကင်းဝေးခဲ့ရသည်-ဟု ယုံကြည်မိပါသည်။

(ချစ်ကြွယ် )

****************************************

မုဆိုးကြီး ဦးသန်း ကျွတ်တမ်းဝင်ပြီ

(မုဆိုးကြီး ဦးသန်း ကျွတ်တမ်းဝင်ပြီ )

ပုလဲမြို့နယ် အစွန်ဖျားရှိ ရွာတရွာတွင် ဦးသန်းဆိုသော မုဆိုးကြီးတယောက် ရှိ၏၊ သူသည် တောလိုက် ဝါသနာထုံသူဖြစ်သည်၊ တောဝက်၊ ချေ၊ မျောက် စသော သားကောင်များကို လူများ၊ ခွေးများဖြင့်လည်း လိုက်သည်၊ ထို့ပြင် ထောင်ကွင်းများကိုလည်း အများအပြား ထောင်သည်၊ ရသောသားကောင်များကို အရက်နှင့် သောက်စားလေ့ရှိသည်၊ ဦးသန်းသည် ငယ်စဉ်ကတည်းက တောလိုက်ခဲ့သည်မှာ အသက် ၅၀-ကျော် အရွယ် အထိ ဖြစ်သည်။

တနေ့တွင် ဦးသန်းသည် သူ၏ ယာတောစပ်အနှံ့အပြားတွင် ချေထောင်ကွင်းများကို ရာချီထောင်ထားသည်၊ ထောင်ထားရုံမျှမက အခြားရွာမှ မုဆိုးကြီးတဦး၏ တူမီးသေနတ် တလက်ကိုပါ သားကောင်များပစ်ရန် ငှါးခဲ့သည်။

ငှါးခဲ့သော တူမီးသေနတ်ဖြင့် ဦးသန်းက ကျွန်းငုတ်တိုကြီးကို ပစ်စမ်းကြည့်သည်၊ ကျည်မှာ ထွက်မလာပါ၊ သားနှင့်သမက်တို့ကပါ တယောက်တလှည့် ပစ်စမ်းကြည့်ကြသည်၊ ကျည်လုံးဝမထွက်ဟု ဆိုပါသည်၊ ထို့ကြောင့် ပစ်၍ ကျည်မထွက်သော တူမီးသေနတ်ကို ယာတောထဲရှိ တဲခေါင်မိုးတွင် ထိုးထားလိုက်သည်။

ဦးသန်း၏ သမီးငယ်တယောက်က တဲခေါင်မိုးတွင် ထိုးထားသော တူမီးသေနတ်ကို ယူကိုင်ကြည့်ပြီး တဲနံရံတွင် ထောင်ထားခဲ့ကာ တဲပေါ်မှဆင်းသွားသည်၊ တဲနံရံတွင် ထောင်ထားခဲ့သော တူမီးသေနတ်သည် တဲနံရံမှ ကြမ်းပြင်ပေါ်သို့ လဲကျကာ အလိုအလျောက် မောင်းပြုတ်ပြီး ကျည်ဆန်ထွက်လာ၏၊ တဲရှေ့ကြမ်းပြင် တနေရာတွင် ထိုင်နေသော ဦးသန်း အချစ်ဆုံးသော မြေးအငယ်မလေး၏ နောက်စေ့ကို ဖောက်သွားသည်၊ မြေးမလေးမှာ နေရာတွင် သေဆုံးသွားသည်။

ဦးသန်းအပါအဝင် လူသုံးယောက် တယောက်တလှည့် ပစ်စမ်းကြည့်တုန်းက လုံးဝကျည်မထွက်ခဲ့သော တူမီးသေနတ်သည် အလိုအလျောက် ကျည်ထွက်၍ သူ၏မြေးငယ်မလေးကို ထိမှန်သေဆုံးခဲ့ရခြင်းမှာ အံ့ဩစရာ ကြောက်စရာ လန့်စရာလည်း ဖြစ်ပါသည်။

ထို့ကြောင့် ဦးသန်းသည် သူ့အသက်သတ်သည့် အကုသိုလ်အလုပ်ကို လုံးဝမလုပ်တော့-ဟု ဆုံးဖြတ်ကာ မုဆိုးအလုပ်ကို စွန့်လွှတ်လိုက်လေတော့သည်။

(တသက်လှ-ပခုက္ကူ )

****************************************

မကောင်းမှု စေတနာ

(မကောင်းမှု စေတနာ )

ကျွန်မအသက် ဆယ့်လေးနှစ်အရွယ်ခန့်က ဖြစ်သည်၊ ကျွွှန်မတို့ရွာတွင် မိုးရာသီနှင့် ဆောင်းရာသီတို့၌ သောက်ရေ သုံးရေများကို ရွာအနီးနားရှိ ရေတွင်းများမှ လုံလောက်စွာ ရရှိပါသည်၊ သို့သော် နွေရာသီရောက်တိုင်း ကျွန်မတိုအရွာတွင် ရေရှားမှုဒဏ်ကို ခံရသည်၊

နွေရာသီပေါက်ပါက ကျွန်မတို့ရွာနှင့် ၄-ဖာလုံခန့်ဝေးသော တောစပ်ရှိ ရေတွင်းများသို့ သွားရောက်ကာ ရေများကို သယ်ယူကြရပါသည်၊ တခုသောနွေရာသီ၏ ညနေခင်းတွင် ဖြစ်သည်၊ ကျွန်မသည် ၄-ဖာလုံခန့်ဝေးသော ရေတွင်းမှ အိမ်သို့ သောက်ရေ သုံးရေများကို ရေချောင်တထမ်းဖြင့် သယ်ယူနေပါသည်။

ကျွန်မသည် ပထမထမ်းခဲ့သော ရေလေးထမ်းကို သုံးရေအိုးထဲသို့ထည့်ခဲ့ပြီး ယခုနောက်ဆုံး ထမ်းခဲ့သော ရေတထမ်းကို သောက်ရေအိုးထဲကို ထည့်မည်ဟု စိတ်ကူးကာ ရေချောင်ထမ်းကို ထမ်းပြီး အိမ်သို့ပြန်လာပါသည်၊ ယင်းသို့ ပြန်လာစဉ် ရွာ၏အဝင်ပေါက်ဝ၌ ကျွန်မ၏ဝမ်းကွဲ တူတယောက်နှင့် တွေ့ပါသည်၊

ကျွန်မ၏တူက ကျွန်မကိုမြင်သောအခါ (အရီး, ရေဆာလို့ ရေသောက်ဦးမယ်-ဟု ပြောပါသည်၊ ကျွန်မက အခုထမ်းခဲ့တာ သောက်ရေအတွက် ထမ်းခဲ့တာ၊ မင်း ငုံ့သောက်ပြီးသား မထည့်ချင်ဘူး၊ မသောက်နဲ့-ဟု ပြောပါသည်၊

သူကလဲ ရေဆာလှပြီမို့ သောက်ဦးမယ်-ဟု ရေချောင်တဖက်ကို အတင်းဆွဲထားပါသည်၊ ကျွန်မလဲ သုံးရေအတွက်ဆိုရင် သောက်စေတယ်၊ အခုဟာက သောက်ရေမို့ မသောက်နဲ့-ဟု အတင်းငြင်းပြီး ရေချောင်ထမ်းကို ထမ်းကာ အိမ်သို့ပြန်ခဲ့ပါသည်။

ဤသို့ဖြင့် ကျွန်မ၏အသက် ၁၉-နှစ်အရွယ်သို့ ရောက်ရှိလာသည်၊ ကျွန်မသည် စပါးတောင်း တတောင်းကို မ,လိုက်ရာ အမ,မတော်သဖြင့် ခါးနာသွားခဲ့သည်မှာ ယခုဆိုလျှင် ၇-နှစ်ခန့် ရှိပြီဖြစ်သည်။

ကျွန်မသည် ခါးနာနေသဖြင့် ယခုအခါတွင် ရေကို ကိုယ်တိုင်မထမ်းနိုင်တော့ပါ၊ သောက်ရေ သုံးရေကို သူများခပ်ပေးမှသာ သောက်နိုင် သုံးနိုင်သည့်ဘဝသို့ ရောက်နေရပါသည်။

ကျွန်မတို့ရွာတွင် ရေအငှါး ခပ်လိုသူမှာလည်း ရှားပါးလှသဖြင့် ကျွန်မသည် ရေဆင်းရဲမှုဒဏ်ကို လှလှကြီး ခံစားနေရပါသည်။

တခါတရံ အိမ်တွင် သောက်ရေလုံးဝမရှိသဖြင့် အိမ်နီးနားချင်း အိမ်များသို့ သွားရောက်ကာ တောင်းသောက်နေရပါသည်။

ယခုကဲ့သို့ ကျွန်မဘဝတွင် ရေဆင်းရဲမှုဒဏ်ကို အများနဲ့မတူ ခံစားနေရခြင်းမှာ ကျွန်မငယ်စဉ်က ရေဆာ၍ ရေတောင်းသူကို ရေမပေးခဲ့သော မကောင်းမှုစေတနာ အကျိုးကို လက်ရှိ ခံစားနေရခြင်းဖြစ်သည်-ဟု ယုံကြည်မိပါတော့သည်။

(စာဖတ်ပရိတ်သတ်များ ရေဆာသူကို ရေများ ပေးနိုင်ကြပါစေ )

(သန်းသန်းထွေး )

****************************************

မကောင်းမှုဒဏ် ချက်ချင်းခံ

(မကောင်းမှုဒဏ် ချက်ချင်းခံ )

ထိန်ပင်ကုန်းရွာမှ မယဉ်နွယ်တို့ မိသားစုသည် လယ်, ကိုင်း, ခြံ လုပ်ငန်းများဖြင့် ချောင်လည်စွာ နေနိုင်စားနိုင်သည်၊ ထို့ကြောင့် ရွာ၌ သာမှု နာမှု စသဖြင့် လူမှုရေးကိစ္စရှိလျှင် ငွေးကြေးတတ်နိုင်သဖြင့် မယဉ်နွယ်သည် ရှေ့ဆုံးက ဦးဆောင်ပါဝင်တတ်သည်၊ ဤသည်ကို တရွာတည်းနေ မောင်မြင့်လွင်ဆိုသူသည် ကြည့်မရနိုင် ဖြစ်နေ၏၊

မမ-ယဉ်နွယ်ရေ၊ ရွာထိပ်က မိမိတို့ ဘိုကိတ်ပဲခင်း မရိတ်သေးဘူးလား၊ ကောင်းလိုက်တာ၊ ရိတ်ဖို့ တော်နေပြီ၊

အေး အေး ညီမလေးရေ၊ ကျေးဇူးပဲ၊ အလုပ်မအားသေးလို့၊ ရွားနားနီးပေမယ့် သွားမကြည့်ဖြစ်သေးတာပါ၊

ကိုင်းထဲက မြေပဲနုတ်ပြီး ပြန်လာသော မအေးသိန်းက သတိပေးပြောကြားသွားသော်လည်း မယဉ်နွယ်မှာ နောက် သုံး-လေးရက်ကြာမှ ၄င်းပဲခင်းကွက်ကို သွားကြည့်မိလေသည်၊

ဟင်-ဘယ်လိုဖြစ်တာပါလိမ့်၊ အပင်ကလေးနည်းနည်းနှင့် ကွက်တိကွက်ကျားဖြစ်နေသော သူမ၏ ပဲခင်းလေးကို ကြည့်၍ မယဉ်နွယ် အံ့ဩသွားတော့သည်၊ တစုံတယောက်က မသမာစွာ ရိတ်ယူသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်၊

မကြာမီ ညနေချိန် အလုပ်အား၍ ရွာမှလူငယ်လေးများက မယဉ်နွယ်တို့အိမ်တွင် စုဝေးစကားပြောကြသည်ကို နားထောင်ရာမှ အဖြစ်မှန်ကို တရေးရေး သဘောပေါက်လာရသည်။

မမ ယဉ်နွယ်ရေ၊ ကြားပြီးပလား။ ယင်းတိုက်ကုန်းအလှူသွားရင်း မောင်မြင့်လွင် နွားကြီးတကောင် သေသွားပြီ၊ တကောင်ကလည်း ကံကောင်းလို့ မသေတာ၊

ဟယ်- ဘယ်လိုဖြစ်တာလဲ၊ လှည်းမှောက်လို့လား၊ မောင်မြင့်လွင်နွားတွေက အဖိုးတန် သောင်းကျော်တန် နွားကြီးတွေဥစ္စာ။

မသိပါဘူး၊ မမယဉ်နွယ်ရယ်၊ ရွာကလူတွေပြောတော့ ပဲတောက်တာဆိုပဲ၊

မယဉ်နွယ်သည် မောင်မြင့်လွင်နွားများ ပဲတောက်သည်-ဟု ဆိုလိုက်သည်နှင့် သူမ၏ ကွက်တိကွက်ကျား ဖြစ်နေသော ပဲခင်းကလေးကို မြင်ယောင်မိတော့သည်။

အမှန်မှာလည်း မောင်မြင့်လွင်သည် ယင်းတိုက်ကုန်းအလှူကိုသွားရန် မိမိနွားများအား မယဉ်နွယ်၏ ဘိုကိတ်ပဲခင်းမှ ပဲပင်များကိုရိတ်၍ ဗိုက်ကားအောင် အစာကျွေးပြီးမှ မောင်းသွားခြင်းဖြစ်ပါသည်၊ ယခုမူ သူတပါးပစ္စည်းကို ပိုင်ရှင်မသိစေဘဲ ပျက်စီးရာပျက်စီးကြောင်း မိမိအကျိုးအတွက် အသုံးချလိုက်သော မကောင်းမှုဒဏ်ကို မောင်မြင့်လွင်တယောက် ချက်ချင်းပြန်လည်ခံရပြီဖြစ်သည်။

(ခင်ဋ္ဌေးမူ-သာရဝေါ )

****************************************

မကောင်းကြံသူ

(မကောင်းကြံသူ)

တော်သလင်းလ၏ နေ့လယ်နေသည် ပူပြင်းလှသည်။ မောင်ကျော်သည် နေပူအောက်မှာပင် ယာခင်းထဲသို့ တောလမ်းအတိုင်း ထွက်ခဲ့၏၊ ခင်တန်းများ၊ ယာခင်းအဟောင်းများကို ဖြတ်ကျော်ရင်း တနေရာတွင် သဘာဝအလျောက် ပေါက်နေသော မှိုကျင်းကြီးတခုကို မမျှော်လင့်ဘဲ တွေ့လေသည်။ မှိုကျင်းကြီးမှာ အိမ်ခန်း သုံးခန်းစာခန့် ကျယ်ဝန်း၏၊ သို့သော် မောင်ကျော်ထက်ဦး၍ လူတယောက်က မှိုများကို နုတ်နေ၏၊

ရွာဓလေ့အစဉ်အလာအရ ပထမဦးစွာတွေ့သူသာ မှိုကျင်းကို ပိုင်ဆိုင်ခွင့်ရှိသည်။ မောင်ကျော်သည် မှိုကျင်းကြီးကိုကြည့်၍ မတရားနည်းလမ်းဖြင့် ရယူရန် ကြံစည်တော့သည်။ ပထမ မှိုနုတ်နေသူမှာ မောင်ကျော်ရောက်လာသည်ကို မသိဘဲ ချွေးသံရွှဲရွှဲဖြင့် ငုံ့ပြီး မှိုများကို နုတ်နေသည်။ မောင်ကျော်လည်း နောက်ကွယ်ကထိုင်၍ မှိုများကို အလျင်အမြန် နုတ်ယူသည်။

မောင်ကျော်နုတ်သောမှိုများမှာ ပထမလူ နုတ်သော မှိုအရေအတွက်ထက် သာလွန်သွား၏၊ ထိုအခါ မောင်ကျော်က ဒီမှာ လူတယောက်လုံးရှိနေတာတောင် ခင်ဗျားက ဘာဖြစ်လို့ ကျုပ်မှိုကျင်းကို ဝင်နုတ်တာလဲ-ဟု ပြောသဖြင့် ပထမမှိုနုတ်သူမှာ ကြောင်တောင်တောင်ဖြစ်သွား၏၊

ကျွန်တော်ရောက်တော့ ဘယ်သူမှ မရှိဘူးလားလို့။

ဘယ်ကလာ မရှိရမှာလဲ။ ကျုပ်က ခင်ဗျားအရင် ရောက်နေတာ။ နုတ်ထားတဲ့မှိုတွေကိုလည်း ပြန်ကြည့်ပါဦး။ ကျုပ်ကများတယ်။ ကဲ ကဲ နုတ်ပြီးသားမှိုတွေတော့ ခင်ဗျားယူသွား။ ကျန်တာထားခဲ့။

ပထမလူမှာ ဘာမှပြန်မပြောနိုင်တော့ဘဲ နုတ်ပြီးသားမှိုများကို ပုဆိုးလုံကွင်းထဲသို့ ထည့်နေ၏၊

မောင်ကျော်မှာ အကြံပိုင်လှသော မိမိအဖြစ်ကို ကျေနပ်ရင်း မှိုများကို အားပါးတရ နုတ်တော့၏၊ ထိုစဉ် လက်ကို မီးစဖြင့်ထိလိုက်သလို ဖြစ်သွား၍ ခါလိုက်ရာ မြွေကိုက်ခံလိုက်ရကြောင်း သိရ၏၊

ကိုက်သောမြွေမှာ အဆိပ်ပြင်းသော မြွေပွေးတကောင်ဖြစ်သည်။ ပထမလူမှာ စိတ်ထားကောင်းသူဖြစ်သည်။ သူသည် မောင်ကျော်ကို ကူညီတွဲကာ ရွာသို့ ပြန်ခဲ့၏၊

မောင်ကျော်မှာ အချိန်မီကုသခွင့် ရရှိသည့်အတွက် အသက်မသေသော်လည်း ဆေးကုသစရိတ် များစွာကုန်ကျခဲ့လေသည်။ သူသည် မရိုးသားသော အကြံအစည်ကြောင့် မကောင်းကျိုးကို လက်ငင်းခံစားရလေသည်။

အင်ပင်သန်းဌေးအောင်

****************************************

မမေ့နိုင်သော ကုသိုလ်

(မမေ့နိုင်သော ကုသိုလ်)

စာရေးသူသည် သာသနာ့ဝန်ထမ်း ရဟန်းတော်တပါး ဖြစ်ပါသည်။ စာရေးသူ ကိုရင်ငယ်ဘဝက နေခဲ့သော ကျောင်းတိုက်ကြီးတတိုက်တွင် ခွေးများ များစွာရှိပါသည်။ ထိုခွေးများမှာ ကျောင်းကမွေးထားသော ခွေးများ မဟုတ်ကြပါ။ ဟိုအရပ် ဒီအရပ်မှ ခွေးလေခွေးလွင့်များ ကျောင်းသို့ ရောက်လာရာမှ သံဃာတော်များက စားကြွင်းစားကျန်များကို ကျွေးမွေးသဖြင့် မှီခိုစားသောက်ရသောကြောင့် အခြားအရပ်သို့ မသွားကြတော့ပေ။ ကျောင်းမှာပင် မျိုးဆက်များတိုးပွားပြီး များပြားလာခြင်းဖြစ်သည်။

သံဃာတော်များသည် ထိုခွေးများနှင့် အခြားကျေးငှက်များ ရှဉ့်ကလေးများကို နံနက်အရုဏ်ဆွမ်းစားပြီး တကြိမ်နှင့် နေ့ဆွမ်းစားပြီးတကြိမ် တနေ့လျှင်နှစ်ကြိမ်ကျ ဆွမ်းကျန်ဟင်းကျန်များကို ကျွေးလေ့ရှိပါသည်။ တနေ့၌ နေ့ဆွမ်းစားပြီးချိန်တွင် မိမိမှာပိုကျန်နေသည့် ဆွမ်းနှင့်ဟင်းများကို ခွေးများအား ကျွေးနေသည်။ ထိုစဉ် ခွေးကျားမလေးတကောင်မှာ အခြားခွေးများနည်းတူ တိုးဝှေ့လုယက်ကာ အစာမစားနိုင်ရှာဘဲ တအီအီအော်နေသည်ကို တွေ့ရသည်။

ထိုခွေးမလေးကို အနီးကပ်ပြီး သေသေချာချာကြည့်သောအခါ ခွေးမလေး၏ ညာဘက်လက်မှာ ခွေးချင်းကိုက်ရာမှ အနာဖြစ်ပြီး ရောင်နေရုံမျှမက ပြည်များပင် စိုရွှဲနေသည်ကို တွေ့ရပါသည်။ စာရေးသူလည်း သနားသဖြင့် ပြည်များကို ညှစ်ထုတ်ပြီး ရေဖြင့် ဆေးပေးပါသည်။ ပြီးလျှင် အုတ်ခဲကိုအမှုန့်ပြု၍ အနာဝကို သိပ်ပေးပြီး အဝတ်စုတ်တခုဖြင့် အနာပေါ်မှအုပ်လျက် စည်းပေးပါသည်။ ထို့နောက် ကျန်နေသည့် အစာများကို ကျွေးရာ အနည်းငယ်သာ စားနိုင်ရှာပါသည်။

နောက်ရက်များ၌လည်း ထို့အတူ ပြုစုကျွေးမွေးခဲ့သည်။ တပတ်မျှကြာသောအခါ ခွေးမလေးမှာ အနာပျောက်၍အစာကို ကောင်းစွာ စားသောက်နိုင်လာသည်။ မိမိ၏ ပြုစုကျွေးမွေးမှုဖြင့် အခြားခွေးများနည်းတူ ထိုခွေးမလေးပျော်ရွှင်စွာ စားသောက်ဆော့ကစားနေသည်ကို စာရေးသူမြင်ရတိုင်း ကြည်နူးဝမ်းသာဖြစ်ခဲ့ရပါသည်။ ယခုအချိန်အထိ တွေးမိတိုင်းလည်း ကြည်နူးဝမ်းမြောက်၍ မဆုံးနိုင်အောင် ဖြစ်ရပါသည်။

စာရေးသူ၏ ဘဝတွင် အခြားအခြားသော ကုသိုလ်များကိုလည်း စွမ်းနိုင်သမျှ ပြုခဲ့ဖူးပါသည်။ သို့သော် ထိုကုသိုလ်များထဲတွင် မည်သည့်ကုသိုလ်မျှ ဤကုသိုလ်ကလေးလောက် စာရေးသူ၏စိတ်ကို ကြည်နူးဝမ်းမြောက်မှု မဖြစ်စေနိုင်ကြပါ။ ထို့ကြောင့်ပင် စာရေးသူ၏ တသက်မှာ ကိုရင်ငယ်ဘဝက ခွေးမလေးကို ပြုစုကျွေးမွေးခဲ့ဖူးသော ထိုကုသိုလ်ကလေးကို ဘယ်သောအခါမှ မေ့နိုင်လိမ့်မည်မဟုတ်ဟု စွဲမြဲစွာယုံကြည်နေမိပါတော့သည်။

(သော်တာဆွေ-အရာတော် )

ဲ*********************************************************************************(စိတ်ထားဖြူစင်၍ ကောင်းကျိုးခံစားရသူ)

မောင်လှိုင်ဝင်းသည် ရှားတောမြို့နယ် အောင်ချမ်းသာရပ်ကွက်နေ ဦးဘအောင် ဒေါ်ဝင်းတို့၏ ဒုတိယမြောက်သား ဖြစ်သည်။

သူသည် ၁၉၉၈-ခုနှစ် အသက် ၁၇-နှစ်တွင် အခြေခံပညာ အထက်တန်း (ယခုတက္ကသိုလ်ဝင်တန်း) စာမေးပွဲကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ မိဘများသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းကြသည်။ ဥပုသ်သီတင်းနေ့ရက်များတွင် တအိမ်သားလုံး သက်သတ်လွတ်စားကာ ဥပုသ်သီလ ဆောက်တည်ကြသည်။

မောင်လှိုင်ဝင်းသည်ကား ဘာသာတရားကို ကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိသူဖြစ်သည်။ ထို့ကြောင့် မိဘဆွေမျိုးမျာကလည်း သားတဦးသာပါသော မောင်လှိုင်ဝင်းကို အလွန်ချစ်ခင်ကြသည်။

၁၃၆၁-ခုနှစ် ဝါခေါင်လဆန်း ၈-ရက်နေ့က ဖြစ်သည်။ အချိန်ကား ည ၉-နာရီထိုးလုပါပြီ။ မောင်လှိုင်ဝင်းသည် တတိယမြောက်နေ့အဖြစ် အဓိဋ္ဌာန်ပုတီးစိပ်ရန် (*****) စေတီတော်သို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် ဘုရားပေါ်ရှိ ဂေါပကအဖွဲ့များ အိမ်ပြန်ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။

မောင်လှိုင်ဝင်းသည် မိနစ် ၅၀-ခန့်အကြာတွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး၍ အိမ်ပြန်ရန် ပြင်ဆင်သည်။ ထိုစဉ် အလှူခံသေတ္တာဆီသို့ အမှတ်မထင် လှမ်းကြည့်လိုက်သည်။ ဟာ-ဟင် ဟူသော အာမေဍိတ်အသံနှင့်အတူ မောင်လှိုင်ဝင်းတယောက် အလှူခံသေတ္တာပုံး ရှိရာသို့ မရဲတရဲလျှောက်လာမိသည်။ အကြောင်းမှာ အလှူခံသေတ္တာပုံးတွင် သော့တံနှင့်သော့အိမ် တွဲလျက်ကျန်ရစ်နေသည်ကို တွေ့ရှိရခြင်းကြောင့် ဖြစ်သည်။

ဂေါပကအဖွဲ့ဝင်တဦးဦးမေ့ပြီး ကျန်ရစ်ခဲ့ဟန်တူသည်။ သူသည် ဘုရားပေါ်နှင့် အနီးပတ်ဝန်းကျင်တို့ကို အကဲခတ် ကြည့်လိုက်မိသည်။ သို့သော် မည်သူတဦးတယောက်ကိုမျှ မတွေ့ရတော့ချေ။ သူတဦးသာလျှင် ဘုရားပေါ်တွင် ရှိနေပါသည်။

အလှူခံသေတ္တာထဲမှ ငွေများမှာ နှစ်သောင်းခန့်ရှိမည် ထင်ပါသည်။ မှန်ပေါင်ခြင့် ပြုလုပ်ထားသဖြင့် အတွင်းက ငွေများကို အတိုင်းသားမြင်နေရသည်။ ထိုငွေများ မသမာသူလက်ထဲ ရောက်သွားမည်ကိုလည်း စိုးရိမ်နေသည်။

နောက်ဆုံး မောင်လှိုင်ဝင်းသည် ခိုင်မာသောဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ အလှူခံသေတ္တာကို သေချာစွာပိတ်၍ သော့ပြန်ခတ်လိုက်သည်။ ထို့နောက် ထိုသော့တွဲကိုယူကာ ဂေါပကအဖွဲ့ဝင်ဖြစ်သော ဦးလှအောင် နေအိမ်သို့ ညတွင်းချင်း သွားရောက်အပ်နှံခဲ့သည်။ ဂေါပကအဖွဲ့ဝင် ဦးလှအောင်သည် ကျေးဇူးတင်လွန်းသဖြင့် သူပိုင်သော ငွေ-၅၀၀ ကျပ်ကိုပင် မောင်လှိုင်ဝင်းအား ဆုငွေအဖြစ် ပေးလိုက်သည်။

သို့သော် မောင်လှိုင်ဝင်းသည် တာဝန်သိသူတယောက်အနေဖြင့်လည်းကောင်း၊ သူ၏အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာကို ငွေနှင့်တန်ဖိုး မဖြတ်နိုင်သူဖြစ်သောကြောင့်လည်းကောင်း ဦးလှအောင်၏ ဆုငွေ ၅၀၀-ကို လက်မခံခဲ့ပေ။

ထိုအကြောင်းကို မိဘများအား ပြန်လည်ပြောပြသောအခါ သား၏လုပ်ရပ်ကို အံ့ဩ၍မဆုံး ချီးကျူး၍မဆုံး ရှိကြပါသည်။။

ထိုသို့ရှိရာမှ တနေ့တွင် မောင်လှိုဝ်ဝင်းတယောက် ထီပေါက်သည်ဟူသော သတင်းသည် တရပ်ကွက်လုံး ပျံ့နှံ့သွားသည်။ (၁၃ရ) ကြိမ်မြောက် ထီဖွင့်ပွဲ၌ မင်္ဂလာစုံတွဲတွင် ရှေ့ဂဏန်း ၃-လုံးတူရာ ဆုငွေ ငါးသောင်းကျပ် ရရှိခဲ့သည်။ သူ့စေတနာက သူ့ကို အကျိုးပေးသည်ဟု ကျွန်တော် ယုံကြည်ယူဆမိပါသည်။

(မောင်ချစ်ကြည် )

****************************************

မပြေ သူ့ဝဋ်ကြွေး

(မပြေ သူ့ဝဋ်ကြွေး )

ကျွန်ုပ်တို့လမ်းရှိ အိမ်သားအားလုံး သားရေခွဖြင့် နေ့ညမရွေး အပစ်အခတ်ခံနေရသည်မှာ တလနီးပါးရှိခဲ့ပြီ ဖြစ်ပါသည်၊ အချို့အိမ်များ၌ မှန်ဗီရိုများ၊ မှန်ကောင်တာများ၊ တံခါးကပ်မှန်များ လောက်စာလုံးထိမှန်၍ ကွဲပျက်ခံကြရပါသည်၊ မည်သူက မည်သည့်နေရာမှ မည့်သည့်မကျေနပ်ချက်ကြောင့် ယခုကဲ့သို့ ရမ်းရမ်းကားကား ပစ်ခတ်နေမှန်း မသိနိုင်အောင်ဖြစ်နေ၏၊ သားရေခွဖြင့် လျှောက်ပစ်နေခြင်းမှာ အချိန်ကန့်သတ်ချက်မရှိ၊ လူအလစ်ကိုကြည့်၍ ပစ်ခတ်နေသည်မှာ ထင်ရှားလှပါသည်။ အချို့အိမ်များကို

ည ၁၀-နာရီ၊ ည ၂-နာရီ၊ နံနက် ၄-နာရီ အချိန်များအထိ အပစ်ခံကြရ၏၊ နေ့လယ် နေ့ခင်း၌ ပိုဆိုး၏၊ ဟိုအိမ် သည်အိမ် အချိန်မရှိ အပစ်ခံရပါသည်။

ထိုသူကို စိတ္တဇ သားရေခွသမား-ဟု အမည်တပ်၍ ရနိုင်၏၊ ရပ်ကွက်တွင်းရှိ အိမ်သားများသည် အမြဲထိတ်လန့်နေရ၏၊ တရက်တွင် ရပ်ကွက်တွင်းရှိ အိမ်တအိမ်မှ သံဃာ့ဒါ ဆွမ်းကပ်၊ ပရိတ်တရားနာပွဲပြုလုပ်ပါသည်၊ ဆွမ်းကပ်ပွဲ၌ သံဃာတော် ၂၅-ပါးနှင့် ရပ်မိရပ်ဖ ၅၀-ယောက်ခန့်ကိုသာ ပင့်ဖိတ်၍ ဒါနပြုလုပ်ပါသည်။

သံဃာတော်များသည် ဆွမ်းကိစ္စပြီး၍ ပရိတ်တရားရွတ်ဖတ်၊ ရေစက်ချ တရားဟော၏၊ ထို့နောက် သံဃာတော်များ ပြန်ကြွတော်မူရန် အိမ်ပေါ်မှဆင်းကြွတော်မူကြသည်၊ ထိုအချိန်တွင် မည်သည့်နေရာက ပစ်လိုက်သည် မသိရသော လောက်စာလုံးတလုံးသည် ရှေ့ဆုံးမှ ဦးစွာကြွတော်မူသော ကန်ဦးကျောင်းဆရာတော်ကြီး၏ ခါးကိုထိမှန်ပါသည်၊ ဆရာတော်ကြီးသည် တရားရှင်ပီပီ နာကျင်သောနေရာကို အသာအယာပွတ်တော်မူ၍ နှုတ်တော်မှ-

ဝဋ်ကြွေးရှိလျှင် ဒီဘဝဒီမမျှသာ ခံစားမှုနှင့် ပြေကြပါစေ-ဟု တီးတိုးမိန့်တော်မူကာ ကြွတော်မူပါသည်။

ပရိတ်သတ်များသည် ပုထုဇဉ်များပီပီ ဒေါသဖြစ်ကာ တုတ်ဆွဲ၊ ဓားကိုင်ဖြင့် အနီးအနားပတ်ဝန်းကျင်၌ သားရေခွပစ်သူကို လိုက်ရှာကြ၏၊ မသင်္ကာသူဟူ၍ တဦးယောက်မျှ မမြင်ကြရပါ။

ထိုသို့ဖြစ်၍ ၄-ရက်ခန့် အကြာတွင် ကို------တယောက် အိမ်သာတက်ရင်း သားရေခွ၊ လောက်စာလုံးအိတ်လွယ်လျက် လေသင်ဓုန်းဖြတ်ကာ ကွယ်လွန်သွားပါတော့သည်၊ ထိုအခါကျမှ သားရေခွသမား လူရမ်းကားမှာ ကို-----ဖြစ်မှန်း သူ၏ဇနီးငိုသံကြားမှ တရပ်ကွက်လုံး သိရှိရပါတော့သည်။

ငိုကြွေးပုံမှာ-

သူများတကာကို အနှောက်အယှက်ပေးရမှ ထမင်းစားဝင်တဲ့သူကြီး -----ရေ၊ သန်းခေါင်၊ သန်းလွဲ အိမ်တကာကို သားရေခွနဲ့ လိုက်ပစ်တဲ့အကျိုးကို အခုကောင်းကောင်းကြီး ခံသွားရပြီ မဟုတ်လား-----ရဲ့။

(ထီးချိုင့်-ခွန်ကျော်နိုင် )

****************************************

မျက်စိကွယ်သွားသူ

(မျက်စိကွယ်သွားသူ )

ကျွန်တော်တို့ ရွာတွင် လယ်သမားကြီးတယောက် ရှိသည်၊ သူ့တွင် လယ် ၁၀-ဧကခန့်နှင့် နွားနှစ်ရှဉ်း ရှိပြီး အတော်အသင့် ချမ်းသာသောသူ ဖြစ်ပါသည်။

သို့သော် သူသည် စေတနာနည်းသူ ဖြစ်ပါသည်၊ မိမိပိုင်နွားများအပေါ် သနားညှာတာခြင်း ကင်းမဲ့ပါသည်၊ နွားများကို အစားအစာ ကျွေးမွေးရာတွင် စေတနာမရှိပါ၊ ဖြစ်သလိုကျွေးမွေးပါသည်။

တနေ့သောအခါ အနက်ရောင်ရှိသော နွားတကောင်ကို လှည်းတိုက်ရာတွင် အဆင်မပြေသဖြင့် ရိုက်နက်ဆုံးမပါသည်၊ သူရိုက်သည့်ဒဏ်ရာကြောင့် မျက်စိတဖက်မှာ တိမ်လိုက်လာကာ ကုမရသည့်အဆုံး မျက်စိကွယ်သွားပါသည်။ အလုပ်လုပ်ကိုင်ရာတွင် အဆင်မပြေသည့်အတွက် နောက်ဆုံး ထိုနွားကို သားသတ်သမားများလက်သို့ ရောင်းချလိုက်ပါသည်။

ထိုနွားကိုရောင်းချပြီး ငါးလခန့်ကြာသောအခါ သူသည် ထိခိုက်ဒဏ်ရာမရှိဘဲ မျက်စိမှ မျက်ရည်များကျ၍ ယားယံပြီး မျက်စိနာလာပါသည်၊ သူ၏အိမ်သားများက ဆေးမြီးတို မြန်မာဆရာများနှင့် ကောင်းနိုးရာရာ ကုသကြပါသည်။

မထူးခြားသောကြောင့် မော်လမြိုင် ရန်ကုန်မြို့ကြီးများတွင် မျက်စိရောဂါ အထူးကု ဆရာဝန်များနှင့် ကုသပါသော်လည်း မကောင်းတော့ပါ၊ ငွေလည်းအတော်ကုန်ခန်းသွားပါသည်၊ လယ်ယာလုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်တော့ပါ။ နောက်ဆုံးတွင် မျက်စိနှစ်လုံးလုံး လုံးဝ ကွယ်သွားပါသည်။

ကျေးဇူးရှင်ဖြစ်သော မိမိနွားကို ရိုက်နှက်မိ၍ နွားမျက်စိကွယ်သလို သူလည်း မျက်စိကွယ်သွားသည်-ဟု ကျွန်တော် ထင်မြင် ယူဆမိပါသည်။

(ရဲထွန်းကျော်-မြိတ် )

****************************************

မျက်မှန်တလက် တဆဲ့သုံးကျပ်

(မျက်မှန်တလက် တဆဲ့သုံးကျပ်)

အသက်လေးဆယ်ကျော်လာပြီ။ ဇရာ-နယ်သို့ ခြေတဖက်လှမ်းနေပြီကို ကျွန်မသတိထားမိပါသည်။ ဆံပင်ဖြူက တပင်စ နှစ်ပင်စ၊ မျက်စိက မှုန်ဝေစပြုနေပြီ။

မျက်မှန်လုပ်ရတော့မည်။

ဘားလမ်းရှိ မျက်မှန်ဆိုင်တဆိုင်သို့ ရောက်သွားပါသည်။ မျက်မှန်ကော်ကိုင်းတလက် ဝယ်ခဲ့သည်။ ၁၃-ကျပ် ပေးခဲ့ရသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ဖြစ်ပါသည်။

ကျွန်မဘဝတွင် မျက်မှန်နှင့်ပတ်သက်၍ ဤမျှသာ ကုန်ဖူးပါသည်။ ဒီဂရီတိုး၍ မျက်မှန်ကွဲ၍၊ ပျောက်၍ နောက်ဆုံးပေါ် ကိုင်းအလှလေးများကို တပ်လို၍ ထပ်မံဝယ်ရခြင်းလည်း မရှိခဲ့ပါ။ ကိုင်းကျိုး၍ နှစ်ခါမျှ လဲဖူးပါသည်။

လူ့ဘဝတွင် အကျိုးနှင့်အကြောင်း၊ ကုသိုလ်နှင့် အကုသိုလ် အမြဲဆက်စပ်နေပါသည်။ တနည်းပြောရလျှင် ကောင်းမှုဆိုသော အကြောင်းကြောင့် ကောင်းကျိုးကိုရစေသည်။ အကုသိုလ်ကံသည် တူသောအကျိုးကို ပေးပြန်ပါသည်။

ကျွန်မတွင် မျက်စိနှင့် ပတ်သက်သော ကုသိုလ် ရှိခဲ့ဖူးပါသည်။ သမီး ကြည်သာ သုံးလသမီးအရွယ်က ဖြစ်သည်။ ကျောင်းမှ အိမ်သို့အပြန် ဗန္ဓုလ ပန်းခြံဘေးတွင် သူတောင်းစား သားအမိနှစ်ယောက်ကို တွေ့ရသည်။ သူတို့အထဲမှ သုံးနှစ်သား အရွယ် သားလေးမှာ မျက်စိနာနေသည်။

ကျွန်မလည်း စာနာစိတ်၊ သနားကရုဏာစိတ်ဖြင့် လမ်းမအလယ်တွင် ရှက်ရွံ့စိတ်ပင် မရှိနိုင်။ အကျႌလှန်၍ သူတို့ခွက်ထဲသို့ နို့ညှစ်ပေးခဲ့သည်။ နို့ရည်ခပ်လျှင် မျက်စိနာပျောက်သည်မှာ ကိုယ်တွေ့ဖြစ်သည်။

ကျွန်မကဲ့သို့ပင် အိန္ဒိယအမျိုးသမီးကြီးတဦးကလည်း နို့ညှစ်ပေးခဲ့ပါသည်။

ကလေးငယ်၏မျက်စိနာ ပျောက်စေလိုသော စေတနာသည် ရောင်ပြန်ဟပ်ခဲ့သည်။ ကျွန်မမျက်စိတို့မှာ ယခုအသက်အရွယ်ကြီးသည့်တိုင် အထူးကြည်လင်ကောင်းမွန်လျက် ရှိပါသည်။

(မြတ်မျိုးမြင့်)

****************************************

မှတပါး အခြားမရှိပြီ

(မှတပါး အခြားမရှိပြီ)

ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် ဘာသာတရားကို ရိုသေကိုင်းရှိုင်းကြသူများ ဖြစ်ကြသည်။ ဒါန၊ သီလ၊ ဘာဝနာကိုလည်း နေ့စဉ်ပွားများကြသည်။ နံနက်အိပ်ရာထလျှင်၄င်း၊ အိပ်ရာဝင်ခါနီးတွင်၄င်း၊ ဘုရားရှိခိုး၊ ငါးပါးသီလခံယူ၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ ဂုဏ်တော်ပုတီးစိပ်လေ့ရှိသည်။ ဘုရား သောက်တော်ရေ၊ ဆွမ်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း စသည့် ဘုရားဝေယျာဝစ္စများကို နေ့စဉ်ဆောင်ရွက်သည်။ လပြည့် လကွယ်နေ့ရက်များ တွင်လည်း ဘုန်းကြီးကျောင်းသို့ သွားရောက် ရှစ်ပါးသီလ ခံယူဆောက်တည်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည်။

ဘုရား တရား သံဃာ ယုံကြည်ကိုးကွယ်ကြသူဖြစ်၍ ဘဝသည် အေးချမ်းတည်ငြိမ်မှုရှိပါသည်။ ပြင်းပြင်းထန်ထန် ကျရောက်တော့မည့် ဘေးအန္တရာယ်များမှလည်း သက်သာခွင့်ရခဲ့သည်ကို လက်တွေ့ကြုံတွေ့ခဲ့ရပါသည်။

၂၀၀၂-ခုနှစ် ဇန်နဝါရီလ ၂၈-ရက်နေ့ နံနက် ၈-နာရီအချိန် အမျိုးသမီးက ဘုရားရှိခိုး ပရိတ်ရွတ်ပြီးနောက် စက်ဘီးစီး၍ ကျောင်းသွားခဲ့သည်။ မြစ်ကြီးနားမြို့ ဆေးရုံကြီးထောင့် လမ်းလေးခွဆုံသည့်နေရာတွင် ဆိုင်ကယ်အတိုက်ခံရပြီး စက်ဘီးရောလူပါလဲကာ သတိလစ်သွားပါသည်။ ဆိုင်ကယ်သမားနှင့်အနီးရှိ လူကြီးနှစ်ဦးက ဆေးရုံတင်လိုက်ပါသည်။ ခေါင်းနှင့် ကတ္တရာလမ်း ထိမိသည်။ နားရွက်က သွေးတွေ ထွက်နေသည်။ အရေးပေါ်ခန်းတွင် တာဝန်ကျဆရာဝန်ကြီးများက ချက်ချင်းစမ်းသပ်၍ ကုသပေးပါသည်။

အတန်ကြာမှ သတိရလာသည်။ ခေါင်းကိုထိမိသဖြင့် စိုးရိမ်ရပါသည်။ ခေါင်းကို ဓာတ်မှန်ရိုက်ထားသည်။ မနက်ဖြန်မှ အဖြေရမည်။

တည်ငြိမ်အေးချမ်းသော ကျွန်တော့မိသားစုဘဝထဲသို့ လောကဓံမုန်တိုင်း တိုက်ခတ်လာပါသည်။ ကျွန်တော်တို့မိသားစု ဒုက္ခရောက်ကြပြီ။ လူမမာမှာ ဝေဒနာကြောင့် အိပ်လိုက် နိုးလာလိုက်၊ ခေါင်းကိုက်သည် ပြောလိုက် ဖြစ်နေသဖြင့် သတင်းမေးလာသူများအဖို့ စိတ်မသက်သာကြပါ။

ညမိုးချုပ်တော့ သမီးနှစ်ယောက်က လူမမာစောင့်ရန် နေရစ်သည်။ ကျွန်တော်က တညလုံး အိပ်မပျော်၊ လူမမာအခြအနေ ပိုဆိုးလာမလား ဟူ၍ စိုးရိမ်သောက ရောက်ခဲ့ရသည်။ ညတွင် ဘုရားရှိခိုး ပုတီးစိပ်၊ ပရိတ်ရွတ်၊ မေတ္တာပို့သည်။ အမျိုးသမီး၏ ရောဂါဝေဒနာ သက်သာပျောက်ကင်းပါစေ-ဟု အကြိမ်ကြိမ် ဆုတောင်းသည်။

နောက်တနေ့နံနက် ကျွန်တော်ဆေးရုံရောက်သော် လူမမာ ညက မသက်သာကြောင်း၊ အိပ်မရကြောင်း သမီးကြီးက ပြောသည်။ ကျွန်တော်က ခွင့်တပတ်ခန့်ယူကြီး လူမမာကိုစောင့်ကြည့်သည်။ ဆရာဝန် ဆရာမများကလည်း အလှည့်ကျလာရောက် ကြည့်ရှုပြီး ဆေးထိုး၊ ဆေးတိုက်ကြသည်။ ဓာတ်မှန်တွင် ဒဏ်ရာမတွေ့ဟု ဆရာဝန်က ပြောသဖြင့် ကျွန်တော် စိတ်အေးသွားရသည်။ ဦးနှောက်အတွင်း ဒဏ်ရာမရသော်လည်း အပေါ်ယံ ထိခိုက်မိသဖြင့် နာနေခြင်းဖြစ်သည်။ ဆေးဖိုးကုန်ကျစရိတ်များကိုလည်း ဆိုင်ကယ်သမားက ပံ့ပိုးကူညီပေးပါသည်။ တပတ်ခန့်ကြာသော် ရောဂါသက်သာသဖြင့် ဆရာဝန်က ဆေးရုံမှ ဆင်းခွင့်ပြုသည်။

ဆရာဝန်ညွှန်ကြားသည့်ဆေးအပြင် ကချင်တိုင်းရင်း ဒဏ်ကျေဆေးကို စားသည်။ အာဟာရပြည့်ဝသည့် အစားအစာများကိုလည်း ချက်ပြုတ်ကျွေးမွေးသည်။ အထူးကုဆရာဝန်ထံလည်း သွားရောက်ကုသသည်။ ၄-လခန့်ကြာသော် လုံးဝသက်သာပျောက်ကင်းသွားပြီ ဖြစ်သဖြင့် အလုပ်ဝင်ရောက်နို်င်ပြီ ဖြစ်ပါသည်။ အမှန်အားဖြင့် ပို၍ ပြင်းထန်သော ဝေဒနာဖြင့် အသက်ဆုံးရှုံးနိုင်မည့် အခြေအနေရှိပါသည်။ သို့သော် ဘုရား တရားကို ထာဝစဉ် အာရုံပြုနေခြင်း၊ ဒါန သီလ ဘာဝနာများ ပွားများနေခြင်း၊ ပရိတ်ရွတ်ခြင်းတို့ကြောင့် အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ရပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်တို့မိသားစုသည် ဘုရား တရားအလုပ်ကို ယခင်ကထက်ပို၍ ကြိုးစားအားထုတ်နေကြပါတော့သည်။

ကောက်ရိုးနွယ် (ရွှေကူ)

****************************************

မှန်ရိပ်ပမာ သူ့ကြမ္မာ

(မှန်ရိပ်ပမာ သူ့ကြမ္မာ)

နေ့တနေ့၏ ညနေခင်းမှာပါ။ စာရေးသူ ဤအရှင်သည် ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးသကာလ ကိုယ်စိတ်နှစ်ပါး ပေါ့ပါးရွှင်လန်းစွာဖြင့် မိမိသတင်းသုံးရာ ရွှေတွင်းအိုင်ကျောင်းတိုက်မှသည် မိမိမွေးရပ်ဇာတိ လယ်တော်ရွာလေး ဆီသို့ ခြေညောင်းလက်ဆန့် ဆိုသလိုပင် မုံရွာ-အမြင့် ကားလမ်းပေါ်မှ လမ်းလျှောက်ရင်း ထွက်ခဲ့ပါသည်။

လမ်းလျှောက်ရင်းပင် မျက်စိအာရုံက လယ်တော်ရွာ၏ အနောက်ဘက်ရှိ ထန်းပင်များ ဝိုင်းရံလျက်ရှိသော ရေအိုင်ငယ်လေးဆီသို့ ရောက်သွားသည်။

အလို-ဘာလုပ်နေကြပါလိမ့်။ ငါးဖမ်းနေကြတာလား။ စာရေးသူ ဤအရှင်က စူးစမ်းမိသည်။ မဟုတ်ပါချေ။ လယ်တော်ရွာမှ မောင်သောင်းနှင့် လှတင်အမည်ရှိ လူရွယ်လေး နှစ်ယောက်သည် တစုံတရာကို ရေအိုင်ထဲသို့ နှစ်မြှုပ်လိုက် ပြန်ဖော်လိုက် လုပ်ကိုင်နေကြသည်။ ခွေးတကောင်ကို ရေနှစ်သတ်နေကြခြင်း ဖြစ်သည်။

ဒါဆိုရင် ဒီခွေး သေလောက်ပါပြီ။ မောင်သောင်းရ၊ လာ သွားကြစို့။ ခွေးသားချက်စားရင် ငှက်ဖျားရောဂါ ပျောက်တယ်လို့ ပြောကြတာပဲ။ မင်းနဲ့ငါ အရက်နဲ့ မြည်းကြမယ်။ လူငယ်လေးနှစ်ယောက်၏ ပြောစကားကို စာရေးသူက အတိုင်းသား ကြားသိနေရသည်။ ခွေးသေကိုဆွဲကာ ကားလမ်းဆီသို့ ဦးတည်လာကြသည်။

လက်စသတ်တော့ ငါ့ကျောင်းက ခွေးမလေးကို ရေနှစ်သတ်ပြီး ခွေးသားချက်စားမှာကိုး၊ မိုက်လိုက်တဲ့ ကလေးတွေ။

အထက်ပါ မထင်မရှား အဖြစ်အပျက်လေး ဖြစ်ပွားပြီးနောက် မှတ်မှတ်ရရ ဆိုရသော် ၁၃၆၂-ခုနှစ် တော်သလင်းလဆန်း ၁၀-ရက်နေ့မှာပါ။ လယ်တော်ရွာမှ မောင်သောင်း၏ မိခင် ဒေါ်တင်ဦး တယောက် ဆွမ်းချိုင့်တချိုင့်နှင့် စာရေးသူ၏ကျောင်းသို့ ရောက်လာပါသည်။ ဒေါ်တင်ဦးသည် မျက်စိမျက်နှာ ညှိုးငယ်စွာနှင့် ရောက်မဆိုက်ပင် ဘုရားရှင်ကို ဝတ်ဖြည့်ရှိခိုးပြီးမှ စာရေးသူကို ရှိခိုးပါသည်။

ဘယ်အတွက် ရည်စူးပြီး ပို့တဲ့ဆွမ်းလဲ ဒကာမကြီး။

တင်ပါ့ဘုရား၊ တပည့်တော်ရဲ့သား မောင်သောင်းအတွက် ရည်စူးပြီး သက်ပျောက်ဆွမ်း ပို့တာပါဘုရား။

ဗျာ၊ မောင်သောင်း သေလို့ ဟုတ်လား ဒကာမကြီး။ ကလေးမြို့ကို အုတ်ဖုတ်သွားတာဆို။

မှန်ပါ့ဘုရား။ အုတ်ဖုတ်ရင်းပဲ ကလေးမြို့က ဆင်ခြေဖုံးရပ်ကွက် ရေကန်တခုမှာ ရေနစ်ပြီး ပျက်စီးသေဆုံးတာပါဘုရား။ အိမ်ကလူတွေတော့ လိုက်သွားကြတယ်။ ဟိုမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်ဘုရား။ ဒေါ်တင်ဦးသည် စကားပြောရင်းပင် ငိုချလိုက်ပါသည်။

ကိုင်း၊ ကိုင်း၊ ဒကာမကြီး တိတ်ပါ၊ တိတ်ပါ၊ ဝမ်းနည်းပြီး ငိုမနေပါနဲ့။ ဗုဒ္ဓဘုရားရှင်တော်မြတ်က ဟောတော်မူသလိုပေါ့ဗျာ။ စေတနာဟံ ဘိက္ခဝ ကမ္မံ ဝဒါမိ။ တူသောအကျိုး ပေးတတ်သတဲ့။

မောင်သောင်းလဲပဲ .......စာရေးသူက ဆက်လက် မပြောတော့ဘဲ နှုတ် ပိတ်နေလိုက်သည်။

တပည့်တော် နားမလည်ဘူးဘုရား။ ဘယ်လိုတူသော အကျိုးပေးတာလဲ။ ရှင်းလင်းပြောပြ အမိန့်ရှိပါဘုရား။

အင်း-ဒီအကြောင်းကို ဦးပဉ္ဇင်း မပြောတော့ဘူးလို့ ရေငုံနှုတ်ပိတ်နေခဲ့တာ။ အကြောင်းတိုက်ဆိုင်လာမှတော့ ပြောရဦးမှာပေါ့။ လွန်ခဲ့တဲ့ ခြောက်လလောက်က ဒကာမကြီးရဲ့ သား မောင်သောင်း-ဟာ ဦးပဉ္ဇင်းရဲ့ ကျောင်းက ခွေးမလေးတကောင်ကို ဖမ်းဆီးခိုးယူပြီး လယ်တော်ရွာအနောက်ဘက်က ရေအိုင်မှာ မသေမချင်း ရေနှစ်သတ်ဖူးတယ်ဗျ။ ခွေးသားချက်စားဖို့တဲ့လေ။

ဘုရား၊ ဘုရား၊ မကြားဝံ့ မနာသာ ရှိလိုက်တာဘုရား၊ အဲဒီတုန်းက ဦးပဉ္ဇင်းက တပည့်တော်တို့ မပြောဘဲကိုး။

အင်း-ကျုပ်လဲ အစက ဒကာမကြီးတို့ကို ပြောဆိုအသိပေးဖို့ စိတ်ကူးပါသေးတယ်။ ဒါပေမဲ့ လက်လွန်ခြေလွန် ဖြစ်ပြီးမှတော့ စိတ်မကောင်းကြမှာ စိုးလို့ မပြောတော့တာပါ။ ဒီလိုပဲပေါ့ ဒကာမကြီးရယ်။ မကောင်းမှု ဖြစ်စေ၊ ကောင်းမှုဖြစ်စေ မှန်ရိပ်ပမာ လိုက်တတ်တယ်။ သို့သော်လည်း အကျိုးပေးတရားက အနှေးနဲ့အမြန် ကွာခြားမှုတော့ ရှိတာပေါ့။ ဓမ္မလမ်းစဉ်ဟာ အယုတ် အလတ် အမြတ် မရွေးဘူး။ မျက်နှာမလိုက်ဘူး ဒကာမကြီး။ ကိုင်း ကိုင်း ငိုမနေနဲ့။ မောင်သောင်းအတွက် လားရာဂတိ ကောင်းအောင် အာရုံပြုပြီး ကောင်းမှုကုသိုလ်တွေသာ ဒကာမကြီး တတ်နိုင်သမျှ မကြာခဏ ပြုပေးပါ။

မှန်ပါဘုရား။

(အရှင်ဝေပုလ္လ-ရွှေတွင်းအိုင်)

****************************************

မှန်သောသစ္စာ

(မှန်သောသစ္စာ)

မိမိအား ခေတ္တရာမြို့သစ် ၄-လမ်းတွင် နေထိုင်ကြသော မအေးဝင်း၊ မဌေးဝင်းတို့က မိမိသတင်းသုံးရာရွာသို့ အရောက်လာ၍ ဆွမ်းစားပင့်ကြသည်။ မိမိအား ပြည်မြို့က ဆွမ်းစားပင့်ကြသူဟူ၍ ဤညီအမနှစ်ယောက်သာ ရှိ၏၊ သူတို့ကလည်း တကူးတကန့် လာရောက်ပင့်ကြ၍ ကြွလာပါမည်ဟု ကတိပေးလိုက်သည်။

ထိုနေ့သို့ရောက်သောအခါ လမ်းဘက်ကကားကိုစောင့်စီး၍ စောစီးစွာ ဆွမ်းစားကြွရသည်။ နံနက် ၈-နာရီခန့်မှ ကားကြုံစီးရာ ၉-နာရီကျော်ကျော်တွင် ရောက်ရှ်ိသည်။ မအေးဝင်းက ထိုင်းနိုင်ငံမှ ပြန်ရောက်လာတာ မကြာသေး၍ ထိုင်းမှဝယ်လာသော ပစ္စည်းမျိုးစုံ လှူဒါန်းဖို့ ပြင်ဆင်ထားသည်။

၁၀-နာရီထိုးချိန်တွင် မြို့သစ်ထဲမှ ရဟန်းသုံးပါး ကြွရောက်လာကြသည်။ အာလာပ သလ္လာပစကားပြောကြ၏၊ ၁၀-နာရီသာသာတွင် ဆွမ်းဘုဉ်းပေးကြသည်။ ဟင်းတွေက စုံလင်လှသည်။ ဟင်းအမျိုးပေါင်း ၁၀-မျိုးရှိသည်။ ထိုအထဲတွင် ငါးဟင်းရနံ့ သင်းသင်းဖြင့် ဘုဉ်းပေး၍ ကောင်းလှသောကြောင့် ငါးဟင်းကို အဓိကထား၍ ဘုဉ်းပေးလိုက်သည်။

ဆွမ်းပန်းကန်တချပ် ကုန်သောအခါ မမျှော်လင့်ဘဲ ငါးရိုးမြက်သွားသည်။ ရှေ့ဆက် ဆွမ်းဘုဉ်းပေးသောအခါ လည်ချောင်းကနာလာ၍ ထိုနေရာမှာပဲ ရပ်ထားလိုက်သည်။

ဦးပဥ္ဖင်း ဆွမ်းဘုဉ်းပေးတာ နည်းလှချေလား၊ များများ ဘုဉ်းပေးပါဘုရား။

ငါးရိုးစူးမှန်းမသိသော မအေးဝင်းက ဆွမ်းစားနည်း၍ လျှောက်ထားသည်။ မိမိမှာ အောင်အီးသည်းခံကာ ရေနွေးကို သောက်လိုက်သည်နှင့် လည်ချောင်းက မြက်ခနဲ နာကျင်လှ၍ ရေနွေးပင် ဆက်လက် မသောက်နိုင်ဖြစ်ရသည်။

ဆွမ်းစားကြွလာသော ရဟန်းသံဃာများ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ၊ ရေနွေးဘုဉ်းပေးခြင်းကိစ္စများ ပြီးဆုံးသောအခါ ခပ်သုတ်သုတ် ကားဂိတ်ရှိရာသို့ ကြွခဲ့သည်။ ကြုံရာကားကိုစီး၍လာခဲ့ရာ ရွှေတောင်မြို့အထွက်တွင် မိမိ၏လည်ချောင်းမှာ လွန်စွာနာကျင်လာသည်။ မည်သို့မှ အောင့်အီးသည်းခံခြင်းငှါ မစွမ်းသာတော့ပေ။ မျက်လုံးအစုံကလည်း နာကျင်လွန်းသောကြောင့် မျက်ရည်တွေ ကျလာသည်။ ကားခေတ္တရပ်သောအခါ လမ်းခုလတ်မှာ ဆင်း၍ ကျန်ခဲ့သည်။

ဒန့်ကျွဲပင်ဘေးမှာ ငုတ်တုတ်ထိုင်ကာ လည်ချောင်းထဲက စူးနေသော ငါးရိုးပျောက်ရန် ကြိုးစားပြီး အာခံတွင်းကို အကြိမ်ကြိမ် လက်ဖြင့် နှိုက်ယူသည်။ မသက်သာဘဲ ပို၍ဆိုးလာ၏၊ မကြာခင် ဆိုက်ကားတစီးကိုမြင်ရာ အတင်းလှမ်းခေါ်၍ မိမိအဖြစ်အပျက်ကိုပြောကာ ကူညီခိုင်းသည်။ ဆိုက်ကားဆရာကလည်း သူတတ်ကျွမ်းသည့်ပညာဖြင့် လည်ပင်းကို အသာအယာ ဆွဲသည်။ မသက်သာဘဲ ပို၍ နာကျင်လာသည်။

ဦးပဥ္ဖင်း၊ ရွှေတောင်ဆေးရုံကို တပည့်တော် ပို့ပေးမယ်၊ ဆိုက်ကားခ မယူပါဘူး။

ဦးပဥ္ဖင်း တော်တော်နာကျင်နေပုံရတယ်။

ဟုတ်တယ်၊ တော်တော် နာနေတယ်။

မျက်နှာတခုလုံး ထူအမ်းလာပြီး ပါးစပ်က သွားရည်တွေကျနေပြီ၊ မျက်လုံးအစုံမှာ မျက်ရည်တို့ ဖုံးအုပ်နေပြီ။

ဆိုက်ကားဆရာက ဆိုက်ကားပေါ်တက်ဖို့ ပြောနေချိန်မှာ မိမိအသိဉာဏ်ထဲက အားကိုးစရာတခု ကြုံလာသည်။ ထိုအားကိုးစရာကား သစ္စာပြုဖို့ဖြစ်သည်။ သစ္စာသည် မိမိအတွက် အားကိုးစရာဟု မြင်လာပြီး သစ္စာဆိုလိုက်သည်။

မိမိသည် တောကျောင်းထဲတွင် တပါးတည်း ၁၀-နှစ်တာ နေထိုင်ပြီး ရရှိလာသော အလှူဝတ္ထုပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးမပြုခဲ့ပါ။ ဤမှန်သောသစ္စာစကားကြောင့် ဤငါးရိုးစူးသော ဝေဒနာ ပျောက်ပါစေသား။

သုံးကြိမ်သုံးခါ သစ္စာဆိုလိုက်သောအခါ ဝမ်းထဲက အစားအစာတွေ အန်ထွက်လာသည်။ ထိုအစာထဲတွင် အလွန်စူးရှသော ငါးရိုးကြီးလည်း ပါလာခဲ့ရာ ချက်ချင်းပင် ရောဂါသက်သာသွားခဲ့ပါသည်။

ဆိုက်ကားဆရာက အရိုးကြီးကိုကြည့်ကာ အရှင်ဘုရား ကံကောင်းလို့ဘုရား၊ ဒီအရိုးမျိုးဆိုတာ လည်ပင်းတောင် ပေါက်ထွက်သွားနိုင်တယ်။

သံချောင်းတခုလို မာကျောစူးရှနေသော ငါးရိုးကြီးကိုကြည့်၍ အံ့ဩရသလို သစ္စာတရား၏ အစွမ်းထက်ပုံကိုလည်း အံ့ဩရပါသည်။

ထိုနေ့က ဆိုက်ကားဆရာသည် ၄-မိုင်ခန့် ခရီးကို ကုသိုလ်ယူ၍ ပို့ပေးခဲ့ပါသည်။ မိမိကလည်း ဝမ်းပမ်းတသာ ဆိုက်ကားဆရာကို လက်ဆောင်တွေ ပေးလိုက်ပါသည်။

နန္ဒသူမြတ် (ဖားအိုင့်တောရကျောင်း)

****************************************

ယဉ်ကျေးလိမ္မာ ဤကမ္ဘာ

(ယဉ်ကျေးလိမ္မာ ဤကမ္ဘာ)

အမေ သားအဝတ်တွေ လျှော်လှန်းနေတာလား၊ မလျှော်ပါနဲ့ အမေရယ်၊ ငယ်ငယ်တုန်းက သား မလျှော်တတ်သေးလို့ ကျောင်းတက်နေရတုန်းကလည်း သားစာကျက်ချိန် လျော့မှာမို့ လျှော်ပေးတာထားပါတော့။ အခု သား လူကြီးဖြစ်ပြီ။ ဝန်ထမ်းတောင် ဖြစ်နေပြီပဲ။ အမေ့ကိုတောင် သားက အိမ်မှုကိစ္စတွေ ကူလုပ်ပေးရမှာ ဟုတ်တယ်ဟုတ်။

အေးပါ၊ အမေ နောက်ကို မလျှော်ပေးတော့ပါဘူး။ သားရဲ့ ရိပ်သာလုပ်အားပေးက နေမြင့်လိုက်တာ။ ထမင်းစားချိန်တောင် လွန်နေပြီ။

သား ထမင်းစားခဲ့ပြီးပြီ အမေ၊ သားတို့ လုပ်အားပေးတွေအတွက် ထမင်း၊ ဟင်းနဲ့ မုန့်တွေလာပို့တဲ့ ကုသိုလ်ရှင်တွေ ရှိတယ် အမေရဲ့။

ဟုတ်လား၊ သားတို့လုပ်အားပေးက နောက်တပတ်လည်း ရှိသေးတယ်မဟုတ်လား။ အမေ စားစရာမုန့်တမျိုးမျိုး ကုသိုလ်လုပ်ချင်ပါတယ်ကွယ်။

ကောင်းတာပေါ့ အမေရာ၊ ရိပ်သာလုပ်အားပေးက စနေ၊ တနင်္ဂနွေတိုင်း ရှိနေဦးမှာပါ။ နောက် အပတ်တွေလည်း အမေ လှူချင်တာလှူ။ အချိုရည် တိုက်ချင်လည်း တိုက်၊ ရတယ်လေ။

အေး အအမေလည်း အလှူငွေ ထည့်ထားပေမယ့် အိမ်မှုကိစ္စတွေနဲ့ ရိပ်သာကို မရောက်ဖြစ်ပါဘူး သားရယ်။ ရိပ်သာရော ဘယ်အခြေအနေ ရောက်နေပြီလဲ။ အမေ့မိတ်ဆွေတွေကော လုပ်အားပေး လာကြလား။ ပြောပြစမ်းပါဦး။

သားတို့ မဂ္ဂင်ရိပ်သာမှာ အရင်က ရှေ့မျက်နှာစာပဲ အုတ်တံတိုင်းရှိတာလေ။ ကျန်တဲ့ သုံးဘက်က သဘာဝခြံစည်းရိုးပဲဆိုတော့ တင့်တယ်သပ်ရပ်ပြီး လုံခြုံမှုလည်း ရှိအောင် ဆက်ပြီး အုတ်တံတိုင်းကာတာ အမေရဲ့။ သားတို့လို ဒေသခံတွေနဲ့ ရပ်ဝေးကို ပြောင်းရွှေ့သွားတဲ့လူတွေကလည်း အလှူငွေ ပေးပို့ပါဝင်ကြလို့ (၈-ပေ x ၅-ပေ) တခန်းကို ၃၅၅၀၀-ကျပ်နဲ့ အခန်းပေါင်း ၆၀-အတွက် အလှူငွေရထားပြီ အမေရဲ့။ အခန်း ၄၀-စာလောက်ပဲ လိုတော့တယ်။ အမေ့မိတ်ဆွေတွေထဲက အမေစိန်၊ ဒေါ်ဒေါ်ရင်၊ ဒေါ်ဒေါ်ခင်၊ ဒေါ်ဒေါ်မေ၊ ဒေါ်လေးဒေါ်စန်း၊ ဒေါ်ကြည်အေး၊ ဒေါ်ခင်ညိုတို့လည်း လာကြတယ်။ လုပ်အားပေးတွေ အများကြီး ပျော်စရာကြီးပါအမေရာ။ ဘဘရွှေ၊ ဘဘဦးသန်းထွန်း၊ ဦးတင်ထွန်းတို့လည်း အပတ်စဉ်လာတယ်။ ဦးလေးဦးကြည်၊ ဦးကျော်ရွှေ၊ ဦးစောလွင်တို့ကတော့ အစစအရာရာ စီမံရတာပေါ့။ သားတို့လူငယ်တွေက အုတ်၊ ကျောက်၊ သဲတွေ သယ်ရတယ်။ ပန်းရံဆရာတွေ လိုတာကို သားတို့က အဆင်သင့်လုပ်ပေးထားတာ အလုပ်တွင်ကျယ် မြန်ဆန်တာပေါ့ အမေရာ။

တဖက်ခြံမှ မောင်ဦးတို့ သားအမိ အပြန်အလှန် ပြောနေတာကို ခြံထဲမှာစာဖတ်နေရင်း ကျွန်မ ကြားနေရပါတယ်။ ကျွန်မ၏အိမ်နီးချင်း ဦးအောင်ထွန်း၊ ဒေါ်မြရီတို့မှာ သားသမီး ၃-ယောက်ရှိပြီး အကြီးဆုံးဖြစ်တဲ့ မောင်ဦးက ကွန်ပြူတာတက္ကသိုလ်က ဘွဲ့ရပြီး ရုံးဝန်ထမ်း ဝင်ရောက်လုပ်ကိုင်နေပါတယ်။ အငယ် ၂-ယောက်က အထက်တန်းကျောင်းသူများ ဖြစ်ပါတယ်။ ဦးအောင်ထွန်းမှာ ရုံးဝန်ထမ်းဖြစ်ပြီး သားသမီးများ ပညာရေးနှင့် မိသားစုစားဝတ်နေရေး ဖူလှုံမှုအတွက် ဒေါ်မြရီက အိမ်ရှေ့မှာ မနက်ပိုင်း မုန့်ဟင်းခါးဆိုင်ဖွင့် ရောင်းပါတယ်။ မောင်ဦးမှာ ငယ်စဉ်ကတည်းက မိဘကို ကူညီလုပ်ကိုင်ပေးပြီးမှ သူငယ်ချင်းများနဲ့ ကစားပါတယ်။ သူနဲ့အတူ ကစားချင်တဲ့ သူငယ်ချင်းတွေက သူ့အလုပ်တွေကို ဝိုင်းကူလုပ်ပေးလေ့ ရှိပါတယ်။

မောင်ဦး ဘွဲ့ရချိန်မှာ သူငယ်ချင်းအချို့က နိုင်ငံခြားသွား အလုပ်လုပ်ကြပေမယ့် မောင်ဦးကတော့ သွေးတိုးရောဂါရှိတဲ့ ဖခင်ကိုငဲ့ညှာပြီး မိသားစုကို စောင့်ရှောက်ပေးဖို့ မိမိဒေသမှာပဲ ဝန်ထမ်းဝင်ရောက်လုပ်ကိုင် ပါတယ်။ မောင်ဦးဟာ အချိန်အအား မထားတတ်သူပီပီ ရပ်ကွက်ထဲက ဆယ်တန်းကလေးတွေကို နှစ်စကတည်းက သူ့အိမ်မှာ ညစဉ် စာကျက်ဝိုင်းလုပ်ပေးပါတယ်။ ဒေါ်လေးရယ် ကျွန်တော် ဆယ်တန်း အသက် ၁၆-နှစ်အရွယ် သိခဲ့တဲ့အသိနဲ့ အခု ကျွန်တော့်အသက် ၂၅-နှစ် အရွယ် အသိချင်းက တော်တော်ကွားသွားပြီ။ ငယ်ငယ်တုန်းက မလုပ်သင့်တာတွေ လုပ်ခဲ့၊ လုပ်သင့်တာတွေ မလုပ်ခဲ့တဲ့ ကိစ္စတွေ ရှိခဲ့တယ်။ ကျွန်တော့အသက်အရွယ်နဲ့ ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံကနေ ကောင်းမွန်မှန်ကန်တဲ့ တည့်မတ်မှုလေးတွေ လုပ်ပေးချင်လို့ ဒီစာကျက်ဝိုင်းလေး လုပ်တာပါလို့-ကျွန်မကို ပြောခဲ့ပါတယ်။ ဆယ်တန်းအောင်စာရင်းထွက်လာတော့ မောင်ဦးရဲ့ စာကျက်ဝိုင်းက ရာနှုန်းပြည့် စာမေးပွဲအောင်တဲ့အပြင် ဂုဏ်ထူးများပါ ရရှိကြပါတယ်။ ကလေးများရော၊ မိဘများပါ ဝမ်းသာပီတိဖြစ်ကြပြီး မောင်ဦးကို ကျေးဇူးတင်ကြပါတယ်။

မောင်ဦးအကြောင်း တွေးနေမိရာက မြက်ခင်းစိမ်းနှင့် အိမ်ကလေး-ကိုရီးယားဇာတ်လမ်းတွဲမှ ဇာတ်လိုက်လူငယ် ချားထယ်အွန်းဆီကို စိတ်ရောက်သွားပါတယ်။ ဆင်းရဲဒဏ်မခံနိုင်လို့ သားသမီးတွေကို ပစ်သွားပြီး ကြီးမှ ပြန်လာတဲ့ မိခင်ရဲ့ အားနည်းချက်နဲ့ သိမ်ငယ်မှုတွေကို ချားထယ်အွန်ဟာ အားပေးနှစ်သိမ့်ပြီး ပြုစုလုပ်ကျွေးတယ်။ ယောက္ခမကိုလည်း ရိုသေတယ်။ သည်းခံတယ်၊ ဇနီးကိုလည်း စိတ်ချမ်းသာစေတယ်။ ညီ၊ ညီမတွေကိုလည်း ဂရုစိုက်တယ်။ မိမိနဲ့တွေ့တဲ့ အကူအညီလိုအပ်နေသူ မှန်သမျှကို ကိုယ်ကျိုးစွန့်ပြီး ကူညီတယ်။ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း အနစ်နာခံတယ်။ နောက်ဆုံး ချားထယ်အွန်းဟာ အလုပ်မှာ အောင်မြင်မှုတွေရပြီး အဆုတ်ကင်ဆာရောဂါကို တွန်းလှန်ကျော်လွှားနိုင်ခဲ့တယ်။

ဒါကြောင့် လူငယ်လူရွယ်ဘဝမှာ ထူးချွန်ထက်မြက်ဖို့သလိုသလို လိမ္မာယဉ်ကျေးတဲ့ အသိစိတ်ဓာတ်ရှိဖို့လည်း အရေးကြီးပါတယ်။ မောင်ဦးတို့၊ ချားထယ်အွန်းတို့လို လူငယ်လူရွယ်လေးတွေရဲ့ ကောင်းမြတ်တဲ့ စိတ်ဓာတ်တွေဟာ ကမ္ဘာလောကကြီးကို သာယာလှပအောင် အလှဆင်နေတဲ့ အရာများပဲ ဖြစ်ပါတယ်။

မစန်းစန်းနု (ပုဂံ)

****************************************

ယနေ့ အကြွေးမပေး

(ယနေ့ အကြွေးမပေး )

ကျွန်တော့်ဆိုင်နှင့် မျက်စောင်းထိုးနေရာတွင် လက်ဖက်ရည်ဆိုင်တဆိုင် ရှိပါသည်။ တနေ့တွင် ဆိုင်ပိတ်၍ အခန်းရှင်းကြပါသည်။ သူတို့သည် ပိုးဟပ် ကြွက်တို့မှအစ ပိုးမွှား တိရစ္ဆာန်လေးများ ပွက်ပွက်ဆူနေသော ရေနွေးများဖြင့် ရက်စက်စွာ လောင်း၍ သတ်နေသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရပါသည်။

အမှန်ဆိုပါက အခြားတနေရာသို့ စွန့်ပစ်လျှင် ရပါလျက် အငြိုးကြီးစွာ ပြုလုပ်နေကြသည့် လုပ်ရပ်မှာ မကြည့်ရက်၊ မမြင်ရက်စရာ ဖြစ်နေပါသည်။ တချို့ ကြွက်ကလေးများမှာ မွေးပေါက်စ နီနီတွတ်တွတ်ကလေးများသာ ဖြစ်ပါသည်။ ထိုကြွက်ကလေးများကို စုပုံပြီး ရေနွေးလောင်း၍ သတ်ကြရင်း အောင်ပွဲခံ ရယ်မောနေကြ ပါသေးသည်။

ထိုသူတို့သည် ရေနွေးခွက်ကိုယ်စီဖြင့် သင်္ကြန်ရေပက်ထွက်သူများလား အောက်မေ့ရပါသည်။

ထိုသို့ပြုလုပ်နေကြရင်းမှ-

အောင်မယ်လေး၊ သေပါပြီဗျ၊ ကယ်ကြပါဦး-ဟု အော်သံကြားရပါသည်။

ခဏအကြာတွင် လူများ စုပြုံရောက်ရှိလာပါသည်။ ထို့နောက် လူနာနှစ်ယောက်ကို ဆေးခန်းပို့လိုက်ကြရသည်။

အဖြစ်မှန်ကို သေချာစုံစမ်းကြည့်သောအခါ-

ဆိုင်ခန်းရှင်းနေကြသော အလုပ်သမားနှစ်ယောက်သည် ပြေးထွက်လာသောကြွက်ကို နီးရာလူက ခြေထောက်ဖြင့် ဖိနင်းကာ လှမ်းအသတ်၊ တခါ ထိုကြွက်ကိုပင် ကျန်တယောက်က ရေနွေးဖြင့် လှမ်းအပက်၊ နှစ်ယောက်တိုက်ဆိုင်ပြီး ရေနွေးပူ လောင်းမိသွားသည်။

ထိုအခါ ခံရသူက လွှတ်ခနဲ ဒေါသထွက်ပြီး ပြန်လှမ်းပက်လိုက်ရာ နှစ်ယောက်စလုံး ဆေးခန်းပို့ရသည်ဟု သိရပါသည်။ အခြားသောသူများကတော့ မည်သို့ဝေဖန် ဆုံးဖြတ်ကြမည်ကို မသိကြသော်လည်း ဖြစ်စဉ် ဇာတ်လမ်းအစအဆုံးကို သိရသူ ကျွန်တော့်အနေဖြင့် သုံးသပ်ဆုံးဖြတ်ရလျှင်-

ထိုလဖက်ရည်ဆိုင်အတွင်းမှာ ရေးသားချိတ်ဆွဲထားသည့် -ယနေ့ အကြွေးမပေး-ဆိုသော ဆိုင်းဘုတ်ကိုကြည့်ပြီး အတွေးတစ ဝင်ခဲ့သည်။ သူတို့ရဲ့ မကောင်းမှု အကုသိုလ်ကံဟာ သူတို့အပေါ်မှာလဲ သူတို့ဆိုင်လိုပဲ အကြွေးမပေး၊ အကြွေးမထားဘဲ လက်ငင်း တောင်းသွားတာပဲ-ဟု သုံးသပ်ဆုံးဖြတ်မိပါသည်။

ဤအဖြစ်အပျက်ကို သံဝေဂယူမိရင်းမှ ကျွန်တော့်နားထဲသို့ တစိမ့်စိမ့် ရိုက်ခတ်စီးဝင်လာသည်များကတော့-

စေတနာ ကောင်းလျှင်-ကံကောင်းမည်။

စေတနာ ဆိုးလျှင်-ကံဆိုးမည်-စသည့် ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများပင် ဖြစ်ပါတော့သည်။

(ငှက်ပြာ )

****************************************

ယနေ့ပြုကံ

(ယနေ့ပြုကံ)

ဆောင်းကာလ နတ်တော်လတွင် ဖြစ်သည်။ သမီးထွေးဖြစ်သူ မခင်ဌေးသန်း ပျဉ်းမနားမြို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် သင်တန်းတက်နေစဉ် သမီးထံ အလည်တခေါက် သွားလိုစိတ် ဖြစ်ပေါ်လာသဖြင့် နေရပ် ရွာလွတ်ရွာမှ ခရီးထွက်ခဲ့ပါသည်။

နှင်းပုလဲအလွန် တောင်စွန်ဘူတာရောက်သောအခါ ၂-နှစ် ကလေးငယ်ကို ပွေ့ချီလျက် လက်တဖက်က ဆွဲခြင်းကိုကိုင်ကာ ကျွန်တော်စီးလာသော အတွဲ ၈-အပေါက်သို့ အမျိုးသမီးတဦး တက်လာသည်။ ထိုင်ခုံမဲ့ဖြစ်၍ ကျွန်တော့အရှေ့မှာ ထိုင်ချပါသည်။ ညနေ ၅-နာရီအချိန်ရှိပြီမို့ ကျွန်တော်လည်း ဝယ်လာသော ထမင်းထုပ်ကို ဖြေပြီးစားသည်။ ထိုစဉ် ကလေးငယ်က ကျွန်တော်စားနေသော ထမင်းနှင့် ငါးကြော်ကို တစိုက်မတ်မတ် စူးစိုက်ကြည့်နေသည်ကို မြင်ရသည်။ ဤကလေး ထမင်းဆာနေပုံပေါက်တယ်-ဟု တွေးကာ သူ့မိခင်ကိုမေးသည်။ သူ့မိခင်ကလည်း ကလေး ထမင်မစားရသေး-ဟု ပြောသည်။ ကျွန်တော်သည် ချက်ချင်း မေတ္တာကရုဏာစိတ်ဝင်ပြီး စားလက်စထမင်းနဲ့ ငါးကြော်ကို ကလေးငယ် ကျွေးရန် သူ့မိခင်အား ပေးလိုက်ပါသည်။

ကလေးငယ်လည်း ဆာဆာနဲ့ အားပါးတရ စားလိုက်သည်။ မြင်ရသူ ကျွန်တော့မှာ ပီတိတွေဖြာပြီး ကြည်နူးမိပါတော့သည်။ ထိုမှတဆင့် ခရီးဆက်ခဲ့ရာ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ ဆိုက်မြိုက်စွာ ရောက်ရှိ်ပါသည်။ သမီးနှင့်တွေ့ပြီး ကျောင်းစရိတ်၊ စားစရိတ်၊ မုန့်ဖိုးတွေပေး၍ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုသည်။ ထို့နောက် နေ့လယ်စာစားပြီး ကျောင်းမှထွက်ခဲ့သည်။

ဘူတာသို့ ၂-၃၀ နာရီရောက်၍ လက်မှတ်ဝယ်ဖို့ ပြင်နေစဉ် ရုံပိုင်ကြီးက မီးရထား ည ၈-နာရီမှ ဝင်မယ်-ဟု ပြောလာသည်။ အချိန်အကြာကြီး စောင့်နေစဉ် စိတ်ကူးတခု ပေါ်သည်။ ရွာလွတ်ရွာက ဦးလင်းဆိုသူ ပျဉ်းမနားမှာ ဟာလာခေါ် ဆန်ကြိတ်စက်ငယ် လာလုပ်နေတယ်လို့ ကြားဖူးတယ်။ သူ့ကိုတော့ မသိ။ ဘာပဲဖြစ်ဖြစ် ဘူတာရုံမှာ နေရမယ့်အစား ရှာပုံတော်ဖွင့်မယ်-ဟု တွေးပြီး ဆိုက်ကားစီးပြီး သွားလိုက်သည်။

ဘီအိုစီကွေ့ တနေရာအရောက်တွင် ဟာလာဆန်စက်တလုံး လုပ်နေသည်ကို အဝေးကမြင်လိုက်သည်။ ဝင်မေးသည်။ ဗျိ်ု့ဆရာ ဒီမြို့မှာ ဟာလာလုပ်တဲ့ ဦးလင်းဆိုတာ သိပါသလား။ ဟာဗျာ ကျွန်တော် ဦးလင်းပေါ့။ ခင်ဗျားဘယ်ကလဲ။ ဘာကိစ္စနဲ့ လာတာလဲ။

ဤတွင် လာရင်းကိစ္စပြောပြသည်။ ဒါဆို စားပွဲမှာထိုင်ပါ-ဟုဆိုကာ ဦးလင်းက ရေနွေးကြမ်းနဲ့ ဖီးကြမ်း ငှက်ပျောသီးတွေ ထုတ်ကျွေးသည်။ ထိုမျှမက ဦးလင်း၏ဇနီး မလှက စားပွဲဆီလာပြီး သတင်းမေးသည်။ ဝမ်းသာအားရစွာဖြင့် သမီးကို ခေါ်၍ ထမင်းပွဲ ပြင်ခိုင်း၊ ရေချိုးခိုင်းပြီး ထမင်းကျွေးတော့သည်။

ညနေ ၅-နာရီခွဲခန့် အချိန်လောက်တွင် သူ့အိမ်က ကားဖြင့် ဘူတာရုံသို့ လိုက်ပို့ပေးပါသည်။ ထိုမှတဆင့် ခရီးဆက်ခဲ့ရာ နေရပ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိပါသည်။

(ဦးဘချစ်)

****************************************

ပြုသမျှ

(ပြုသမျှ )

အဖေ ကိုမြသက်ကြီးတယောက် ရွှေကျင်တောမှာ တွင်းပိလို့တဲ့-သမီးကြီး၏ စကားကြောင့် နှုတ်က ဘုရားတ,လိုက်မိသည်။ ပြီးတော့မှ ရင်ဘတ်ကို လက်နှင့်ဖိရင်း ဘယ်လိုနေသေးသတဲ့လဲ သမီး-ဟုစိုးရိမ်စိတ်ဖြင့် မေးမိသည်။

ဆုံးသွားပြီလို့ ပြောတာပဲအဖေ၊ မိုးရွာထားတဲ့အရှိန်နဲ့ အပေါ်ကမြေသားတွေ လျှောကျလာပြီး တွင်းပိတ်ပြိုတာတဲ့။ အနီးအနားက တွင်းသမားတွေ သိသိချင်း ကြိုးစားပေမယ့် မြေထုက သိပ်ကြီးတော့ ဘယ်လိုမှ ကယ်ချိန်မရလိုက်ဘဲ အော်ရင်းနဲ့ အသက်ပျောက်သွားတာတဲ့ အဖေ။

သမီးကြီး၏ စကားကို နားထောင်ရင်း ဝေဒနာ၏ဒဏ်ကို အလူးအလဲခံစားသွားရရှာမည့် ကိုမြသက်၏ မျက်နှာကို မြင်ယောင်မိသည်။ ထို့အတူ ဟိုလွန်ခဲ့သည့် နေ့တနေ့က ကိုမြသက်အဖြစ်ကိုလည်း ပြေး၍သတိရလိုက်မိသည်။ ထိုနေ့က ကျွန်တော်ရုံးကအပြန် ကိုမြသက်တို့ခြံဘက်မှ မြေကျင်းတူးနေသံ ကြားလိုက်ရသည်။ သိလိုစိတ်ဖြင့် ခြံနားကပ်ပြီး လှမ်းကြည့်မိသည်။ ထိုအခါ ကိုမြသက်တယောက် ပေါက်ပြားတလက်ဖြင့် မြေကြီးကို တူးနေသည်။ ၄င်းအနီးတွင်လည်း ထင်းရှူးသေတ္တာစုတ်ကလေးတလုံး ချထားသည်ကို တွေ့လိုက်ရသည်။ ယင်းထင်းရှူးသေတ္တာကလေးကို ကြည့်၍ စိတ်ထဲ မသင်္ကာသဖြင့် ကိုမြသက်ကို လှမ်းမေးမိ၏၊

ဗျို့ ကိုမြသက်၊ ဘာလုပ်နေတာလဲဗျ၊ ပြီးတော့ ထင်းရှူးသေတ္တာထဲက ဘာတွေလဲဗျ၊ ကျွန်တော့အမေးကို ချက်ချင်းမဖြေ၊ တူးလက်စ မြေကျင်းကိုသာ ခဏရပ်လိုက်ပြီး ကျွန်တော့်ကို တချက်လှမ်းကြည့်သည်။ ကိုမြသက် မျက်လုံးများသည် ဒေါသစိတ်ဖြင့် ခက်ထန်နေသည်ကို တွေ့လိုက်ရသည်။

ဘာဖြစ်ရမလဲဗျ၊ ဟို-ခွေးလေ ခွေလွင့်မပေါ့၊ ကျုပ်အိမ်ထဲလာပြီး သားပေါက်ထားလို့ အားလုံးမြေမြှုပ်ပစ်မလို့ဗျို့။

ကိုမြသက်စကားကြောင့် ကျွန်တော်မျက်လုံး ပြူးသွားသည်။ ထင်းရှူးသေတ္တာလေးထဲသို့လည်း ပျာပျာသလဲ လှမ်းကြည့်လိုက်မိသည်။

ဟုတ်ပါသည်၊ မျက်စိတောင် ကောင်းကောင်း မဖွင့်တတ်ကြသေးသော ခွေးပေါက်စလေးတွေ တစာစာ အော်ညဉ်းရင်း ထင်းရှူးသေတ္တာထဲတွင် တိုးဝှေ့နေကြသည်ကို ကျွန်တော်တွေ့လိုက်ရသည်။

ကျွန်တော့်ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး-

ဟာ ဒီလိုတော့ မလုပ်ပါနဲ့ ကိုမြသက်ရာ၊ ကျွန်တော်တောင်းပန်ပါတယ်-ဟု ပျာပျာသလဲ ပြောလိုက်သည်။ သို့သော် ကိုမြသက်က လက်မခံ။

ရှုပ်တယ်ဗျာ။ ကျုပ်-ခွေးတွေကိုကြည်မရတာ ခင်ဗျားလဲ အသိပဲ-ဟု စကားကို တုံးတိတိပြောပြီး မြေကျင်းကို ဒေါနှင့်မောနှင့် ဆက်တူးနေသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ ကိုမြသက်က ခွေးနှင့်လုံးဝမတည့်၊ ပြီးတော့ ကိုမြသက်က အရက်သမား၊ တညတွင် ကိုမြသက် အရက်မူးပြီး အိမ်ပြန်အလာ လမ်းတွင် အိပ်နေသော ခွေးတကောင်ကို တက်နင်းမိပြီး ခွေးကိုက်ခံလိုက်ရသည်။ ဒဏ်ရာက တော်တော်လေး ပြင်းသဖြင့် ဆေးရုံတက်ပြီး ကုသလိုက်ရသည်။ ဆေးရုံကဆင်းသောအခါ ကိုမြသက် ခွေးတွေကို လုံးဝကြည့်မရတော့ပေ။ ခွေးတွေ အိမ်ရှေ့ဖြတ်လာလျှင် လောက်လေးခွနှင့် ထပစ်သည်။ ခြံထဲဝင်လာလျှင်လည်း ဝါးရင်းတုတ်ဆွွဲပြီး လိုက်ရိုက်သည်။ သည်လို အခြေအနေမျိုးတွင် ခွေးပိန်မက သူ့ခြံထဲဝင်ပြီး သားလာပေါက်ထားသည်။

ကိုမြသက်ရာ ကျွန်တော် တောင်းပန်ပါတယ်။ ခင်များခြံထဲမထားချင်လဲ ကျွန်တော့ခြံဘက် ရွှေ့ထားလိုက်ပါ့မယ်။ ဒါမှမဟုတ်လဲ တခြားနေရာ ပြောင်းထားရင်လဲ ရပါတယ်ဗျာ။ ဒီခွေးပေါက်ကလေးတွေက ဘာမှသိကြသေးတာ မဟုတ်ပါဘူး။ ကိုမြသက် စိတ်ကိုသိနေသော ကျွန်တော်က အေးအေးဆေးဆေး ဖျောင်းဖျတောင်းပန်သည်။ ကျွန်တော်၏ စကားကြောင့်ပင် သူ့မျက်နှာ ပို၍မည်းခနဲ ဖြစ်သွားသည်။ ထို့နောက်-

အို-ရှုပ်ရှုပ်ယှက်ယှက်ဗျာ။ ခင်ဗျားခြံထဲထားလဲ ဒီခွေးတွေ ကျုပ်ခြံဘက်ရောက်ဦးမှာပဲ၊ ဒီတော့ မျိုးဖြုတ်ပစ်တာပဲ အေးတယ်-ဟု နှုတ်ကလည်းပြောသည်။ လက်ကလည်း ခွေးပေါက်စလေးတွေ ထည့်ထားသည့် သေတ္တာကလေးကို မယူလိုက်ပြီး မြေကျင်းထဲကို သွန်ထည့်လိုက်သည်။ မြေကျင်းကိုလည်း ပေါက်ပြားဖြင့် တဖန်းဖုန်း ရိုက်ဖို့ပစ်လိုက်သည်။

ကျွန်တော်သည် ခွေပေါက်စလေးတွေ ကြောက်လန့် ကြောက်လန့် အော်မြည်ရင်း အသက်ပျေက်သွားကြရ ရှာသည့် ထိုနေ့က အဖြစ်ကိုတွေးပြီး ကြက်သီးတဖြန်းဖြန်း ထမိသည်။ ထိုနည်းတူပင် သည်နေ့ ကိုမြသက် တယောက် မြေကျင်းပိပြီး သေဆုံးသွားသည့်အဖြစ်ကိုလည်း ဆက်စပ်တွေးမိသည်။ ဩော်-ဝဋ်ဟူသည် သံသရာတွင်သာမဟုတ်၊ ယခုဘဝတွင်လည်း လည်တတ်ကြောင်းကို သံဝေဂစိတ်ဖြင့် ဆင်ခြင်လိုက်မိပါသည်။

(ရွှေကူ-နွေးကိုကို )

****************************************

ပြုသူအသစ်

(ပြုသူအသစ် )

နေ့နေ့ညည သူတို့အသံပဲ လမ်းထဲမှာကြားနေရသည်၊ သူတို့ပဲ ဆူညံနေကြသည်၊ ကလေးများ၏ အသံလည်းမဟုတ် လူငယ်လူရွယ်များ၏ ဂစ်တာသံ သီချင်းအော်ဆိုသံများလည်း မဟုတ်၊ ထိုအသံများကား လမ်းထဲရှိ ကုက္ကုပင် မကျီးပင်များပေါ်မှ လင်းဝက်များ၏ အောသံများတည်း၊ ဤရပ်ကွက်တွင်တော့ ၎င်းတို့ကို မည်သူကမျှ အန္တရာယ်မပေးပေ။

တနေ့တွင် ကျွန်တော်သည် အိမ်နီးချင်းဖြစ်သူ ဦးစိုးဝင်းနှင့် ရောက်တတ်ရာရာ စကားစပ်မိရင်း လင်းဝက်များ၏ အကြောင်း ရောက်သွားမိသည်၊ ကျွန်တော်ကပင် ကျွန်တော်တို့ရွာမှာဆိုရင် အခုအော်ဆူနေတဲ့ လင်းဝက်တွေကို အချို့က သတ်ပြီး စားကြတယ်-ဟု ပြောမိသည်။

ဟာ-ဘယ့်နှယ်ပြောပါလိမ့်၊ လင်းဝက်သားက သိပ်စားလို့ကောင်းတာဗျ၊ အရင်ကဆို အသံကြားတာနဲ့ ကျွန်တော် လေးခွကိုင်ပြီး ပစ်နေပြီ၊ အခုတော့ လင်းဝင်းက သင်ခန်းစာပေးတာနဲ့ လေးခွ မကိုင်ဖြစ်တော့တာ အနှစ် ၃၀-လောက်ရှိနေပြီ-ဟု ဦးစိုးဝင်း ပြောလေသည်၊ ထို့နောက် သူတွေ့ကြုံရပုံ ဖြစ်ရပ်မှန်ကို အောက်ပါအတိုင်း ပြောပြသည်။

ဦးစိုးဝင်းသည် ယခင်က ရန်ကုန်တဖက်ကမ်း သန်လျင်မြို့တွင် နေထိုင်သူတဦး ဖြစ်သည်၊ အပေါင်းအသင်းများထဲတွင် လေးခွပစ် အလွန်လက်တည့်သဖြင့် သူငယ်ချင်းများ တောင့်တတိုင်း ကျီးကန်းများ ခိုများ ငှက်များ လင်းဝက်များကို ပစ်ခတ်ပေးရသူဖြစ်သည်။

လင်းဝက်များသည် မန်ကျည်းပင် ကုက္ကုပင်တို့တွင် များသောအားဖြင့် အသိုက်ဆောက်လုပ်တတ်သည်၊ အသိုက်လုပ်ရာတွင်လည်း ထိပ်ဖျားများတွင် လုပ်တတ်သည်၊ ယခုနှစ်တွင် ဆောက်လုပ်သည့်နေရာ၌ ဘေးအန္တရာယ် တခုခုနှင့်တွေ့ကြုံရပါက နောင်နှစ်တွင် ထိုနေရာသို့ ပြန်မလာတတ်ပေ၊ ၎င်းတို့သည် အသိုက်လုပ်ပြီးပါက ဥများဥပြီး သားပေါက်တတ်သည်၊ တမိုးခန့်နေထိုင်ပြီး မိုးကုန်လျှင် ပြန်လည် ထွက်ခွာသွားတတ်သည်။

တခါတွင် ဦးစိုးဝင်းခြံထဲရှိ မန်ကျည်းပင်တွင် လင်းဝက်များ လာရောက်အသိုက်လုပ်သဖြင့် ဦးစိုးဝင်းအဖို့ စားရကံ ကြုံ၍ မုတ်ဆိတ်ပျားစွဲခြင်းပင် ဖြစ်သည်။

တနေ့တွင် သူငယ်ချင်းများကလည်း လင်ဝက်သားကြော်နှင့် အရက်မြည်းရန် အာသီသရှိကြသဖြင့် လင်းဝက်သားရရှိရေးမှာ ဦးစိုးဝင်းအပေါ် တာဝန်ကျလာပေတော့သည်။

သည်တော့လည်း တာဝန်ကျသူ ဦးစိုးဝင်းအဖို့ မငြင်းသာ၊ လင်းဝက်သား ရရှိရေးအတွက် လင်းဝက်အသိုက်ဆောက်ရာ မန်ကျည်းပင်နှင့် အနီးဆုံး သရက်ပင်သို့ တက်သည်၊ ကိုယ်တွင်လည်း သစ်ခက်များထိုးကာ ရုပ်ဖျက်ပြီး လင်းဝက်ပစ်ရန် အသင့်စောင့်ဆိုင်းနေရပေတော့သည်၊ လင်းဝက်များသည် မြေကြီးပေါ်မှ ပစ်ခတ်သည့် လောက်စာလုံးဖြင့် တော်ရုံတန်ရုံ ရင်ဘတ်ထိမှန်သော်လည်း သစ်ပင်ပေါ်မှ ပြုတ်ကျလေ့ မရှိပေ၊ အသက်ပြင်းသည်၊ ဦးစိုးဝင်းအဖို့ သေချာပေါက် ပစ်ခတ်နိုင်ရန် အမြင့်သို့တက်ပြီး နေရာယူထားသည်။

သိမ်မကြာပါချေ၊ လင်းဝက်တကောင်က ၎င်းအသိုက်ရှိရာသို့ ပြန်လာသည်၊ အသိုက်တွင်းရှိ ၎င်း၏သားငယ်များကို ၎င်းမျိုလာသည့် ငါးများကို အန်ကျွေးနေသည်၊ သားသမီးကို ကျွေးမွေးချင်သည့်ဇောဖြင့် သူ့တွင် အန္တရာယ်ရှိနေမှန်း သိပုံမရချေ၊ ဦးစိုးဝင်းကလည်း စိတ်ကြိုက်နေရာယူထားမိပြီဖြစ်ရာ ချက်ကောင်းကို ထိမှန်အောင် ပစ်ခတ်နိုင်ပေတော့မည်၊ ဦးစိုးဝင်းက လေးခွကို အသေအချာချိန်တွယ်၍ ပစ်ခတ်လိုက်သည်၊ မှန်ပါသည်၊ အတိအကျပင် လင်းဝက်၏ ဦးခေါင်းကို မှန်သည်၊ လေးခွမှန်သော လင်းဝက်သည် သစ်ပင်ပေါ်မှ မြေကြီးပေါ်သို့ ဖုတ်ခနဲနေအောင် ကျပါသည်၊ သို့သော် မိမိခြံဝင်းအတွင်းမှာတော့ မဟုတ်၊ ခြံချင်းကပ်နေသည့် ခြံထဲသို့ ကျသွားတော့သည်၊ တဘက်ခြံမှ ခွေးများရှိရာ ခွေးအစာဖြစ်မည်စိုး၍ ဦးစိုးဝင်းအဖို့ ကမန်းကတန်း သစ်ပင်ပေါ်မှ မြေကြီးသို့ ဆင်းခဲ့ရပြီး တဖန် တဘက်ခြံစည်းရိုးကို ကျော်ဆင်းခဲ့ရသည်။

တဘက်ခြံစည်းရိုး ကျော်အဆင်း မြေကြီးပေါ်အနင်း ဘယ်ဘက်ခြေထောက်မှ အောင့်ခနဲ ခံစားလိုက်ရသည်၊ သို့သော် ဘာဖြစ်မှန် ပြန်မကြည့်အား၊ လင်းဝက်ကိုသာ အရကောက်ပြီး ယူခဲ့သည်၊ လင်းဝက်ကို ကြည့်လိုက်တော့ မျက်စိတဖက် မရှိတော့။

ထို့နောက် အိမ်ထဲပြန်ဝင်ပြီး သူငယ်ချင်းများကို လင်းဝက်ကို ပေးလိုက်ပြီးမှ ခြေထောက်ကို သတိရ၍ ကြည့်လိုက်သည်၊ နို့ဆီခွက် သံပြားရှသဖြင့် ခြေထောက်ကွဲနေသည်၊ အကွဲကို ဆွဲဟကြည့်လိုက်တော့ သွေးများက မြင်မကောင်းအောင် ပန်းထွက်လာသည်၊ သို့နှင့် သံလျင်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ခြေမ,ကြော ပြတ်သွားကြောင်ါ်၊ ပြန်ဆက်ရန် မလွယ်ကြောင်း၊ သွေးတိတ်ရန်နှင့် အနာကိုသာ ချုပ်ပေးနိုင်ကြောင်း သိရသည်၊ ၎င်းဒဏ်ရာကြောင့် ခြေမသည် လက်အကူအညီမပါဘဲ ချိုး၍ခေါက်၍ မရတော့ပေ။

ခြေထောက်ဒဏ်ရာပျောက်ပြီး မကြာခင် ညာဘက်မျက်စိက နာလာသည်၊ ကြည့်၍မကောင်းတော့၊ မှုန်ဝါးဝါးသာ မြင်ရသဖြင့် မျက်စိ နား နှာခေါင်း လည်ချောင်း ဆေးရုံသို့ပြသည်၊ ရေတိမ်ဖြစ်နေကြောင်း သိရပြီး တဖက်မျက်စိသို့ မကူးခင် ခွဲစိပ်ကုသမှု ခံခဲ့ရသည်၊ သို့ရာတွင် ယင်းမျက်စိမှာလည်း ပါဝါများသော မျက်မှန် တပ်မှ မြင်ရတော့သည်။

သည်ဝဋ်ကြွေးက သည်မျှနှင့် မကုန်ခန်းသေးပါ၊ နောက်ဆက်တွဲဖြစ်ရပ်ကား ဦးစိုးဝင်း၏ ဇနီးသည်,သည် ၎င်းကိုခွဲခွါ၍ အိမ်ထောင်သစ် ထူထောင်ခဲ့သဖြင့် မိမိရင်သွေးများနှင့် ခွဲခွာနေထိုင်ရသည်အထိ ဖြစ်ခဲ့ရသည်။

ကျွန်တော် ဒီအဖြစ်တွေမဖြစ်ခင် ခြေထောက် ကွဲပြီးကတည်းက လေးခွမကိုင်တော့တာ ဒီနေ့ထိပါဗျာ၊ အရင်ကဆို လင်းဝက်သံကြားတာနဲ့ လက်က ယားနေပြီ၊ ခုတော့ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတော့လဲ--

(အောင်မြသင်း )

(မြတ်မင်္ဂလာ ၁၉၉၁-ဇူလိုင်လ )

****************************************

မြင့်ဦးနောင်တ

(မြင့်ဦးနောင်တ )

ကန်သာယာရွာကလေးသည် မြို့နှင့် သုံးမိုင်သာကွာဝေးသော ရွာကလေးဖြစ်သည်၊ ကန်သာယာရွာတွင် သောက်ရေကန် သုံးကန် ရှိပါသည်၊ ကန်များ ရေနောက်လာသဖြင့် ရွာသားများ စုပေါင်းကာ ဒိုက်ဖတ်၊ ရေမှော်များကို ဖယ်ရှားသန့်စင်ခဲ့ပါသည်။ ကြည်လင်လာသော ကန်ရေကို ရွာသားတို့က တန်ဖိုးထား သုံးစွဲကြသည်၊ ရေကန်တွင်းသို့ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ခြင်း မရှိရန် ထိန်းသိမ်း စောင့်ရှောက်ကြသည်။

သို့ရာတွင် ရွာ၏ အနောက်ပိုင်းတွင်နေသော အရက်သမား မြင့်ဦးသည် အရက်သောက်ပြီး ပြန်လာတိုင်း ရွာလယ်ပိုင်း ကန်တွင် ခြေဝင်ဆေးလေ့ရှိသည်၊ ကြမ်းတမ်းစွာ ဆဲဆိုတတ်သဖြင့် မည်သူမျှ မပြောဝံ့ပေ၊ လာရောက်ပြောဆို တားမြစ်သူရှိပါက အရွဲ့တိုက်ပြီး ကန်ဘောင်ပေါ်မှာပင် ရေချိုးချတတ်ပါသည်။

တနေ့တွင် မြင့်ဦး၏ ဘယ်ဘက်ခြေမျက်စိတွင် အနာများ ပေါက်လာသည်၊ အနာများ တဖြည်းဖြည်း ပြည်တည်လာသည်၊ ပြည်တရွှဲရွှဲနှင့် အပုပ်နံ့ပင် ထွက်လာသည်၊ လမ်းမလျှောက်နိုင်တော့ပေ၊ အိပ်ရာတွင်လဲကာ ဝေဒနာကို ခံစားနေရသည်၊ ဤသို့ ဖြစ်ရခြင်းမှာ သောက်ရေကန်တွင် ခြေဝင်ဆေးသောကြောင့် ဖြစ်ကြောင်းကို တရွာလုံးသာမက မြင့်ဦးပါ သိမြင်လာပါတော့သည်။

ထို့နောက် ရွာမှလူများ စုရုံး၍ မြင့်ဦးကို မြို့ဆေးရုံပို့ပေးပါသည်၊ တလခန့်ကြာသောအခါ မြင့်ဦး ရွာသို့ ပြန်လာသည်၊ အနာများ ပျောက်သွားပြီဖြစ်သော်လည်း ဘယ်ခြေမှာ မသန်တော့ပေ၊ ထော့နဲ့ ထော့နဲ့သာ လျှောက်နိုင်သည်။

ဆေးရုံမှ ပြန်လာပြီး မြင့်ဦးသည် အရက်မသောက်တော့ပါ၊ ရပ်ရွာ လူမှုရေးကိစ္စများတွင် ရှေ့ဆုံးမှ ပါဝင်တတ်လာသည်၊ ဥပုသ်နေ့များတွင် သီလစောင့်တတ်လာပါသည်၊ အချိန်မီ နောင်တ ရလာသော မြင့်ဦးနှင့်အတူ ကန်သာယာ ရွာကလေးမှာလည်း ပို၍ သာယာလှပလာပါသည်။

(ငုငယ်ငယ်ငြိမ်း-ရွှေပြည်သာ )

****************************************

မြန်မာသင်္ဘောသား ၂၁-ယောက်၏ ကံ

(မြန်မာသင်္ဘောသား ၂၁-ယောက်၏ ကံ)

(ကပ္ပတိန်ဖြစ်သူ ဩစတြေးလျ လူမျိုးနှင့် မြန်မာသင်္ဘောသား ၂၁-ယောက်၏ တကယ့်အဖြစ်အပျက်)

၁၉၈၅-ခုနှစ်က ကိုနိုင်ဝင်းတို့ သင်္ဘောသည် ပင်လယ်ဓားပြများ ရန်ပြုခြင်းကို ခံရသည်။ သို့သော် အသက်မသေဘဲ လွတ်မြောက်ခဲ့ကြရပုံကို ပြောပြချင်ပါသည်။ အဖြစ်အပျက်က သည်လိုပါ။

ပင်လယ်ပြင်မှာ လှိုင်းလေငြိမ်သက်နေပါသည်။ ရာသီဥတု သာယာသည်ဟု ဆိုရပါမည်။ ကိုနိုင်ဝင်းတို့ သင်္ဘောမှာ ရေနံတင်သင်္ဘော။ ရေနံဆီများ သယ်ဆောင်လာပါသည်။ ဟိုချီမင်းမြို့မှ သင်္ဘောထွက်လာသည်မှာ ၁-ရက်ခန့် ကြာမြင့်လေပြီ။ ကပ္ပတိန်အမိန့်အရ ပင်လယ်ဓားပြရန်ကို ကာကွယ်သည့်အနေဖြင့် ညနေ ၆-နာရီထိုးသည်နှင့် သင်္ဘောနံဘေးနှစ်ဖက်တွက် လျှပ်စစ်မီးများ ပုံမှန်ထက်ပို၍ ထွန်းထားလိုက်သည်။ ကုန်းပတ်သင်္ဘောသား ၂-ယောက်ကိုလည်း အချိန်ကို တွက်ဆညှိနှိုင်းကာ အလှည့်ကျ တာဝန်ပေးထားသည်။ နံနက် ၆-နာရီအထိ မိုးလင်းသည့်တိုင်အောင်ပင် ဖြစ်ပါသည်။

သင်္ဘောသွားနေစဉ် ညသန်းခေါင်ယံအချိန် ၁-နာရီခန့်တွင် ကုန်းပတ်သင်္ဘောသား ၂-ယောက် အိမ်သာ ဝင်နေခိုက် စပိဘုတ်အမြန်ယာဉ်တစီးသည် သင်္ဘောနံဘေးသို့ ယှဉ်၍ကပ်လာသည်။ သင်္ဘောပေါ်သို့ သံချိတ်နှင့်ချိတ်ကာ ကပ်လာကြသူများသည် မျက်နှာကို အဝတ်ဖြင့်စည်းကာ ရုပ်ဖျက်ထားကြသည်။ သိုးမွှေးခေါင်းစွပ် စွပ်ထားကြသည်။ အို ဘယ်သူတွေပါလိမ့်၊ သင်္ဘောဓားပြများပင်ဖြစ်ကြောင်း-သိလိုက်ရပြီ။ စုစုပေါင်း ၁၂-ယောက်၊ သင်္ဘောကပ္ပတိန်ခန်းနှင့် ပဲ့ထိန်းခန်းသို့ ၆-ယောက် တက်သွားကြသည်။ အချို့က စက်ခန်း ဆင်းသွားကြသည်။ မကြာမီတွင် သင်္ဘောလည်း စက်ရပ်သွားသည်။

ကြောက်ရွံ့နေသည့် ဩစတြေးလျလူမျိုး ကပ္ပတိန်နှင့် မြန်မာသင်္ဘောသားများကို ပင်လယ်ဓားပြများက ကုန်းပတ်ပေါ် ဆွဲထုတ်လာကြသည်။ သူတို့အားလုံး ကြိုးတုပ်ခံထားရပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ကပ္ပတိန်က တစုံတရာ ရေရွတ်နေသလို မြန်မာသင်္ဘောသားအားလုံးမှာလည်း သူတို့အားကိုးရာ သမ္ဗုဒ္ဓေဂါထာတော်ကို တတွတ်တွတ် ရွတ်ဆိုနေကြသည်။

မကြာမီပင် ပင်လယ်ဓားပြနှစ်ယောက်က ကပ္ပတိန်ကို ကုလားထိုင်တလုံးတွင် မနီလာကြိုးအသေးနှင့် ထပ်မံချည်နှောင်ပြီး တင်ပါးနှင့်လည်ပင်းကို သားလှီးဓားနှင့် မွှန်းပါသည်။ ပြီးတော့ သူတို့ခိုင်းသည့်အတိုင်း မလိုက်နာလျှင် သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ပါသည်။ သူတို့ပြောသော စကားမှာ အင်္ဂလိပ်စကား ဖြစ်ပါသည်။ သင်္ဘောသားများကို သေနတ်နှင့် ချိန်ထားကြသည်။ သူတို့လက်ထဲရှိ ဓားများက ချွန်မြနေသည်။ တလက်လက် အရောင်တောက်နေသည်။

ထို့နောက် ပင်လယ်ဓားပြခေါင်းဆောင်လုပ်သူက သင်္ဘောသားအားလုံးကို လက်နှစ်ဖက် ခေါင်းပေါ်သို့ အတင်းတင်ခိုင်းသည်။ ကြိုးချည်ထားသဖြင့် မနည်းပင် တင်ရသည်။ ပြီးနောက် ဆောင့်ကြောင့်ထိုင်ခိုင်းသည့် အတွက် ခန္ဓာကိုယ် ဝဖြိုးသူများမှာ ပြဿနာတက်တော့သည်။ အထူးသဖြင့် အင်ဂျင်နီယာချုပ် ကိုနိုင်ဝင်းနှင့် တတိယအင်ဂျင်နီယာ ကိုသန်းဦးတို့ဖြစ်သည်။

မင်းတို့က ဘယ်လိုကြောင့် မိုးတိုးမတ်တတ်ကြီး ဖြစ်နေရတာလဲ-ဟူ၍ အသားမည်းမည်း ရုပ်ဆိုးဆိုး ပင်လယ်ဓားပြက အင်္ဂလိပ်စကားဖြင့် အော်ဟစ်ပြောဆိုနေသည်။ ခြေထောက်ဖြင့် ကန်မည်တကဲကဲ လုပ်နေသဖြင့် ကိုနိုင်ဝင်းနှင့် ကိုသန်းဦးတို့က ရှိခိုးမတတ် တောင်းပန်နေရသည်။

သည့်နောက် ဓားပြခေါင်းဆောင်က ဆဲလ်ဖုန်းနှင့် ဟိုအဝေးရှိ ကျွန်းတကျွန်းသို့ လှမ်းဆက်သွယ်သည်။ ထိုကျွန်းမှာ အဂတိလိုက်စားမှုတွေ၊ မှောင်ခိုလုပ်ငန်းတွေနှင့် နာမည်ကြီးနေသော ကျွန်းဖြစ်သည်။

ကြိုးတုပ်ခံနေရသော သင်္ဘောသားများမှာ ထမင်းစားချိန် ခဏသာ ကြိုးဖြည်ပေးခြင်းခံရသည်။ ထမင်းချက် ၂-ဦး ချက်ပြုတ်နေချိန်တွင် လွတ်လွတ်လပ်လပ်နေရသော်လည်း ဓားပြတို့က သေနတ်များနှင့် အမြဲစောင့်ကြည့် နေခြင်းကို ခံနေရသည်။

နောက် ၃-ရက်ကြာသောအခါ ကိုနိုင်ဝင်းတို့ သင်္ဘောမှ ဒေါ်လာတသန်းတန်သော ရေနံဆီများကို သင်္ဘောခပ်ငယ်ငယ် တစီးနှင့် ပြောင်းရွှေ့သယ်ယူပြီး ပင်လယ်ဓားပြများသည် စပိဘုတ်အမြန်ယာဉ်နှင့် ထွက်ခွာသွားကြသည်။ နောက်ထပ် ပြန်မလာတော့ပါ။

ကိုနိုင်ဝင်းတို့ ကံကောင်းပါသည်။ မည်သူမျှ အသတ်မခံရ။ မည်သူ့ထံမှလည်း ဒေါ်လာငွေများ ယူမသွားကြပါ။ မြန်မာသင်္ဘောသားတို့မှာ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုရင်းက သူတို့ခန္ဓာကိုယ်ကို နှဲ့၍ တွန်းထိုးလုပ်ကြသည်။ ဤတွင် အတုပ်ခံထားရသောကြိုးများ လျော့လာကာ အနှောင်အဖွဲ့မှ လွတ်မြောက်သွားကြသည်။ နောက်ဆုံး ကိုနိုင်ဝင်းတို့သင်္ဘော ဆိပ်ကမ်းသို့ ရောက်ရှ်ိခဲ့ပါသည်။

မည်သို့ဆိုစေ သင်္ဘောသားအားလုံး ပင်လယ်ဓားပြရန်မှ လွတ်မြောက်လာရသည်မှာ သမ္ဗုဒ္ဓေဂါထာတော် တန်ခိုးကြောင့်ဟုပင် ယနေ့တိုင် ယုံကြည်လျက်ရှိနေပေသည်။

သက်လှိုင်မျိုး (စက်မှုတက္ကသိုလ်)

****************************************

ရက်စက်သူ၏ ကံ

(ရက်စက်သူ၏ ကံ )

လွန်ခဲ့သော ၂-နှစ်ခန့်က ဖြစ်ပါသည်၊ ကျွန်မတို့ ညီအမနှစ်ယောက်သည် တောင်တွင်းကြီး တောင်ပြင်ရပ်သို့ အလည်သွားခဲ့ပါသည်၊ ကျွန်မတို့ သွားလည်သောအိမ်တွင် ကိုသောင်း+မသန်းဝင်း ဆိုသော လင်မယားနှစ်ယောက်ရှိပြီး သူတို့တွင် သားသမီးနှစ်ယောက် ရှိပါသည်၊ ယောကျ်ားဖြစ်သူမှာ စိတ်ကောင်းရှိသလောက် မိန်းမဖြစ်သူသည် ရက်စက်ယုတ်မာသူဖြစ်သည်၊ သူတို့သည် အစိုးရဝန်ထမ်းများ ဖြစ်ကြသည့်အတွက် မအားလပ်ကြပါ၊ ထိုအခါ မိန်းမဘက်မှ ဆွေမျိုးနီးစပ်တော်သော ဘုတ်ဆုံဆိုသည့် ၁၀-နှစ်အရွယ် ကောင်မလေးတယောက်ကို ကျောင်းထားပေးမည်ဆိုကာ ခေါ်ယူမွေးစားခဲ့ပါသည်။

ဘုတ်ဆုံသည် ရုပ်ဆိုးသူဖြစ်သော်လည်း စိတ်ကောင်းအလွန်ရှိသူလေး ဖြစ်သည်၊ ကျောင်းထားပေးမည်ဆိုသော်လည်း ကျောင်းမနေရဘဲ အိမ်ရှိအလုပ်များကို မနားမနေလုပ်ကိုင်ရသည့်ပြင် ကလေးနှစ်ယောက်၏ ကိစ္စအဝဝ၊ ဘုရားဝေယျာဝစ္စများကိုပါ တာဝန်ယူရသည်၊ ညကျလျှင် မသန်းဝင်းကို နှိပ်တန်နှိပ်၊ နင်းတန်နင်း နှင့် ဝတ်ကြီးဝတ်ငယ် ပြုစုရသည်မှာ အရွယ်နှင့်မမျှအောင်ပင် ဖြစ်ပါသည်။

ထိုသို့ ပြုစုသည့်ကြားမှပင် စိတ်မထင်လျှင် မထင်သလို ဆဲရေးတိုင်းထွာကာ ရိုက်နှက်ညှဉ်းပန်းသည်မှာ လမ်းမလျှောက်နိုင်သည်အထိပင် ဖြစ်သည်၊ အိမ်ရှင်၏ ကလေးနှစ်ယောက်ကလည်း ရိုက်နှက်ဆဲဆိုတတ်ကြသေးသည်၊ အစာကိုလည်း ဝအောင် မကျွေး။ ဆွမ်းတော်စင်မှ စွန့်ပြီးမှသာ မနက်စာ ကျွေးပါသည်၊ ထမင်းသိုး ဟင်းသိုးများကိုလည်း ဘယ်တော့မှ လွင့်မပစ်ဘဲ ကျွေးသဖြင့် ကလေးမလေးမှာ ကြောက်ကြောက်နှင့် စားနေရပါသည်၊ အခြားသရေစာများကို ဘေးအိမ်များမှ သနားလို့ကျွေးမှသာ စားရပါသည်၊ ဘုတ်ဆုံလေးမှာ ဧည့်သည်လာသမျှ ညည်းညူတိုင်တန်းရှာသည်၊ ဤသည်ကို ယောကျ်ားဖြစ်သူ ကိုသောင်းသည် လုံးဝမသိရှာပေ၊ ကလေးမလေးကိုလည်း မသန်းဝင်းက ကြိမ်းမောင်းထားသဖြင့် မတိုင်ရဲပေ၊ ဤမျှ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် ကောင်မလေးမှာ ထိုအိမ်မှ ထွက်ပြေးသွားပါသည်။

တနှစ်ခန့်ကြာသောအခါ မသန်းဝင်းသည် သူတပါးကို ရက်စက်စွာ နှိပ်စက်သဖြင့် အချိန်မဆိုင်းဘဲ စေတနာကံ၏ အကျိုးကို တန်ပြန်ခံရသည်။

တတိယမြောက် သူ့ရင်သွေး ရတနာကို ဖွားမြင်ရာ မဖွားမြင်နိုင်ဘဲ အခက်အခဲအမျိုးမျိုး ကြုံတွေ့ခံရပြီး ရင်သွေးလေးမှာလည်း အသက်မရှင်ဘဲ သေဆုံးသွားခဲ့လေသည်၊ ထိုရင်သွေးလေး သေဆုံးသွားပြီးနောက် မကြာမီတွင် မသန်းဝင်မှာ အနာများပေါက်ပြီး ဖျား၍ အိပ်ရာထဲတွင် လဲလေသည်၊ ဖျားနာရာမှ နာတာရှည် လေးဘက်နာ ဖြစ်လာသည်၊ ခြေတွေ လက်တွေ မသယ်နိုင်ဘဲ ရှိလေသည်၊ ဆရာအမျိုးမျိုးနှင့် ကုသော်လည်း သက်သာမှု မရှိသည့်အပြင် ရောဂါဒေဝနာ ပို၍သာ ဆိုးဝါးလာလေသည်၊ မသန်းဝင်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားရာ ဘေးအိမ်မှ လူများပင် နာမခံနိုင်အောင် ဖြစ်ရသည်၊ လူမသေဘဲ ခြေတွေ လက်တွေ မလှုပ်နိုင်၊ မရှားနိုင်ဘဲ ဖြစ်နေသည်ကို တွေ့မြင်ရပါသည်။

ဤသို့ ဘုတ်ဆုံဆိုသည့် ကလေးမလေးကို ကြင်နာမှုကင်းကာ ရက်စက်ပြုမူသည့်ဒဏ်ကို မျက်မှောက်မှာပင် ဆိုးဝါးစွာ ခံစားနေရသည့်အဖြစ်မှာ လက်တွေ့သာဓက တရပ်ပင်ဖြစ်ပါသည်။

(မရှင်နှောင်းမြတ်-တောင်တွင်းကြီး )

****************************************

ရက်စက်သူနှစ်ဦး၏ ကံ

(ရက်စက်သူနှစ်ဦး၏ ကံ )

လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော်တို့ရွာတွင် ဦးကျန်၊ ဒေါ်မြ ဆိုသူ ရက်စက်သော လင်မယား ၂-ယောက် ရှိကြသည်၊ သူတို့သည် လယ်ယာလုပ်၍ စားသောက်ကြသည်၊ တနေ့တွင် ဦးကျန်သည် လယ်ရေသွင်းရန် ဆယ်ဖို့ သွားရာ မျောက်မလေးကို မိစိန်ဟူ၍ မှည့်ခေါ်ထားသည်။

မျောက်မလေး မိစိန်ကို လျှော်ကြိုးဖြင့် ချည်ရမည့်အစား သံကြိုး သေးသေးဖြင့် ခါးကို တင်းကြပ်စွာ ချည်ထားသည်၊ မျောက်မလေးသည် ဟိုဆော့ ဒီဆော့နဲ့ ဆော့ဖန်များသောအခါ ခါဒမှသံကြိုးဖြင့် ပွတ်တိုက်သဖြင့် အနာဖြစ်လာသည်၊ ဒေါ်မြသည် စိတ်မထင်လျှင် မထင်သလို ဆဲရေးတိုင်းထွာကာ မျောက်မလေး ချည်ထားသောကြိုးကို ဆောင့်ဆောင့်ဆွဲပြီး ရိုက်နှက်ကာ ညှဉ်းပန်းသည်၊ မျောက်မလေးသည် အနာ နာသဖြင့် ညည်းညူရှာသည်၊ အစာကိုလည်း ဝလင်အောင်ကျွေးရမည်ကို ဂရုမစိုက်၊ ဘေးအိမ်များက သနားလို့ကျွေးမှ စားရသည်၊ ဦးကျင်ကလည်း စာနာမှု လုံးဝမရှိ၊ မျောက်မလေးကို ရိုက်နှက်သေးသည်၊ မျောက်မလေးခါးမှ အနာသည် တနေ့ထက် တနေ့ ဆိုးရွားလာသည်၊ အစာကို မစားနိုင်၊ တမှိုင်မှိုင်နေရင်း ဝေဒနာကို ခံစားနေရရှာသည်၊ မကြာမီ မျောက်မလေး မိစိန်သည် ခါးမှအနာကြောင့် သေဆုံးသွားသည်။

တနှစ်ခန့်ကြာသောအခါ ဦးကျန်သည် ခရီးသွားရင်း ရေချိုးရာ အပူရှပ်ပြီး လမ်းတွင် သေဆုံးသွားသည်၊ ဒေါ်မြလည်း ဖျားပြီး အိပ်ရာထဲတွင် လဲလေသည်၊ ဖျားနာနေရာမှ နာတာရှည်ဖြစ်ပြီး မထနိုင်ဘဲရှိရာ ခါးနှင့်တင်ပါးတို့တွင် အနာပေါက်လေသည်၊ ဆရာအမျိုးမျိုးနှင့် ကုသသော်လည်း သက်သာမှုလုံးဝမရှိသည့်အပြင် အနာမှာ လောက်များကျလာသည်၊ ဒေါ်မြသည် နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားရာ ဘေးအိမ်များမှပင် နားမခံနိုင်အောင် ရှိသည်၊ အနာမှ အပုပ်နံ့များလည်း အနံ့မခံနိုင်အောင် ဆိုးဝါးလှသည်၊ လူမသေဘဲ အရှင်ပုပ်နေသည်ကို တွေ့မြင်ရသည်၊ ဤသို့ မျောက်မလေး မိစိန်ကို ကြင်နာမှုကင်းကာ ပြုသည့်ဒဏ်ကို မျက်မှောက်မှာပင် ဆိုးဝါးစွာ ခံစားရင်း ၆-လခန့်ကြာသောအခါ ဒေါ်မြသည် သေဆုံးသွားလေသည်။

(မောင်ညီစု-ဝန်းသို )

****************************************

ရတနသုတ် ပရိတ်တော်အကျိုး

(ရတနသုတ် ပရိတ်တော်အကျိုး)

ရတနသုတ် ပရိတ်တော်၏ အစွမ်းတန်ခိုးကို ဓမ္မစာစောင်များတွင် မကြာခဏ ဖတ်ဖူးပါသည်။ ရဟန်းတော်များနှင့် လူကြီးသူမများ ဩဝါဒစကား ပြောကြားရာတွင်လည်း ကြားခဲ့ဖူးပါသည်။ မိမိလုပ်ငန်းများ အဆင်ပြေနေချိန်ဖြစ်၍ အမှတ်တမဲ့ နေခဲ့မိပါသည်။ တကယ်တမ်း အကျပ်အတည်း တွေ့ချိန်တွင် မင်္ဂလာမောင်မယ်ပါ ဆောင်းပါး၌ ရတနသုတ်ကိုဖတ်ရှုရသဖြင့် ထိုသုတ်ကို တနေ့ ကိုးခေါက် ရွတ်မည်ဟု ဆုံးဖြတ်ပြီး ထိထိမိမိ ပီပီပြင်ပြင် ရွတ်ဆိုပွားများခဲ့သည်။ အမှန်တကယ် ကျော်လွှားအောင်မြင်ခဲ့သည့်အတွက် ဓမ္မမိတ်ဆွေများ ယုံကြည်စွာ ရွတ်ဆိုပွားများနိုင်ကြရန် ကိုယ်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ရေးသားတင်ပြပါသည်။

ကျွန်တော်သည် ဌာနဆိုင်ရာ အရာရှိတဦး ဖြစ်သည်။ ရုံးချုပ်နှင့် မိုင်းပေါင်းများစွာ ဝေးကွာသော အထက်မြန်မာပြည် ကန့်ဘလူမြို့နယ်အတွင်း လက်အောက်ငယ်သား ၄၀-ခန့်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပါသည်။

တာဝန်ထမ်းဆောင်ရသည့်ကာလမှာ မတ်လမှ ဇွန်လ၊ အလွန်ပူပြင်းသော ကာလအတွင်း ဖြစ်သည်။ နံနက် ၅-နာရီခွဲခန့် နေထွက်ပြီး ည ၇-နာရီခန့်ထိ နေ၏ အလင်းရောင် ကောင်းစွာရရှိသည်။ နေ့လယ်ခင်း အလွန်ပူပြီး မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် တဲများပြိုလဲသည်အထိ လေပြင်းတိုက်ပြီး တခါတရံ မိုးသီးများ ပါလာတတ် သည်။

တနေ့ ည ၁၀-နာရီခွဲခန့် ကျွန်တော်အိပ်ပျော်ခါစတွင် လက်အောက်ငယ်သားတဦး၏ ဖယောင်းတိုင်မီးမှ တဆင့် တဲကြီးတတဲလုံး မီးထဲပါသွားပြီး ဆန်အိတ်တချို့၊ စားသောက်စရာနှင့် ရုံးသုံးပရိဘောဂအနည်းငယ် မီးထဲပါသွားခဲ့ပါသည်။ ထိုငယ်သားကပင် ကာလတန်ဖိုး တသိန်းခန့်တန်သော ဗွီစီဒီပြစက်နှင့် ငွေ ၁၅၀၀၀-ခန့် ခိုးယူထွက်ပြေးသွားသည်။ အနီးကပ် အုပ်ချုပ်နေသူ အထက်အရာရှိကြီးတဦးက ကျွန်တော့်အား အထင်အမြင် လွဲမှားနေချိန်လည်းဖြစ်၍ စိတ်ညစ်ညူးမိပါသည်။

ကျွန်တော်လည်း စိုက်လျော်ရမည့် ငွေကြေးများအတွက် ရတက်မအေးဖြစ်နေရချိန် မင်္ဂလာမောင်မယ်ပါ ဆောင်းပါးကြောင့် ၉-ရက် အဓိဋ္ဌာန်ဝင်၍ ရတနသုတ်ပရိတ်တော်ကို ယုံယုံကြည်ကြည်ရွတ်ဆိုခဲ့ရာ အောက်ပါအတိုင်း အကျိုးထူးများ ရရှိခဲ့ပါသည်။

(၁) ၉-ရက်ပြည်သောနေ့မှာပင် အထက်အရာရှိကြီးက ၄င်း၏ အထင်အမြင် လွဲမှားမှုများ ပြေပျောက်ပြီး အများရှေ့တွင် ထုတ်ဖော်ချီးကျူးခဲ့ပါသည်။

(၂) ဗွီစီဒီ ပြစက် ခိုးယူထွက်ပြေးသော ငယ်သားကိုလည်း လှည်းကူးမြို့အနီးတွင် ပြန်လည်ဖမ်းမိကြောင်း ရုံးချုပ်မှတဆင့် သိရပါသည်။

(၃) မီးထဲပါသွားသော ဆန်အိတ်နှင့် အခြားပစ္စည်းများကိုလည်း အခြားအရာရှိသို့ လွှဲပြောင်းချိန်တွင် စနစ်တကျ အဆင်ပြေပြေ လွှဲပြောင်းနိုင်ခဲ့ပါသည်။

ရတနသုတ်ပရိတ်တော်၏ အစွမ်းတန်ခိုးကို လက်ငင်းတွေ့မြင်ခဲ့ရသဖြင့် ဓမ္မမိတ်ဆွေများ ကြည်ညိုစွာ ရွတ်ဆိုပွားများနိုင်ရန် စေတနာဖြင့် တင်ပြအပ်ပါသည်။

(ဝိစာရ)

****************************************

ရတနာသုံးပါး ဂုဏ်ကျေးဇူး

(ရတနာသုံးပါး ဂုဏ်ကျေးဇူး )

ကျွန်တော်သည် သိတတ်သည့်အရွယ်မှစ၍ ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်အားထားခဲ့ပါသည်။ ပဲခူးမြို့ မဟာစည်သာသနာ့ရိပ်သာတွင်လည်း တရားထိုင်ခဲ့ပါသည်။ ငယ်စဉ်ကစ၍ သရဏဂုံသုံးပါးကို ပုတီးစိပ်၍ အိပ်ပါသည်။ ကျွန်တော်၏ အဘွား ဘုရားရှိခိုးရာတွင် ရွတ်ဆိုသော သမ္ဗုဒ္ဓေဂါထာနှင့် ဘုရားဂုဏ်တော်၊ တရား ဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကိုလည်း အလွတ်ရခဲ့ပါသည်။ အလုပ်ခွင်သို့ ရောက်သောအခါ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ တရားတိပ်ခွေကို နာကြားခဲ့ရပြီး နတ်များပင့်ဖိတ်ခြင်း၊ နတ်များနှင့်တကွ သုံးဆယ့်တဘုံသားတို့အား မေတ္တာပို့ အမျှပေးဝေခြင်း၊ ပရိတ်ကြီး ဆယ့်တသုတ် ရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

၁၉၉၁-ခု ဇွန်လတွင် ကျွန်တော့အား ဖြူးမြို့ အလယ်တန်းကျောင်းအုပ်မှ ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာကျေးရွာ အထက်တန်းကျောင်းအုပ်အဖြစ် ရာထူးတိုးမြင့်ခန့်ထားခြင်း ခံရပါသည်။ အဆိုပါကျောင်းသို့ တာဝန်ထမ်းဆောင်ရန်အတွက် ဖြူးမြို့မှ မန္တလေးမြို့သို့ အမြန်ရထားဖြင့် ထွက်ခွါခဲ့ပါသည်။ ထို့နောက် မန္တလေးမှ မုံရွာသို့၄င်း၊ မုံရွာမှ ခုက္ကူသို့၄င်း၊ ပခုက္ကူမှ မင်းတပ်မြို့သို့၄င်း ရောက်ရှိခဲ့ပါသည်။

၁၂-၇-၉၁-နေ့တွင် မင်းတပ်မှ ကားဖြင့် ဆက်လက်ထွက်ခွာလာရာ မိုင် ၄၀-တွင် ညအိပ်ကြရပါသည်။ ထွက်ခွာလာရာ လမ်းတလျောက်တွင် ကျွန်တော်သည် သရဏဂုံသုံးပါးဂုဏ်ကို ရွတ်ဆိုခြင်း၊ အရပ်ရှစ်မျက်နှာရှိ နတ်-လူ-သတ္တဝါအားလုံးတို့အား မေတ္တာပို့ခြင်းတို့ကို အစဉ်မပြတ် ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဆက်လက်၍ ၁၃-၇-၉၁-နေ့တွင် ခရီးဆက်ကြပါသည်။ မင်းတပ်မှ ၇၂-မိုင်ကွာသော နေရာသို့ ရောက်လျှင် ကားလမ်းမှ မြေကြီးပဲ့ကျ၍ ကားမှာ ချောက်ထဲသို့ ကျသွားပါသည်။ သို့သော် ကားမှာ အထက်အောက် ပြောင်းပြန်ဖြစ်ပြီး သစ်ပင်ကြီးတပင်ကြောင့် ချောက်ထဲသို့ ဆက်မကျတော့ပါ။

ကားပေါ်တွင်ပါလာသော ခရီးသည်အချို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြပါသည်။

သို့သော် ကျွန်တော်သည် အသက်အန္တရာယ်ဖြစ်ဖို့ဝေးစွ၊ တစုံတရာ ထိခိုက်ဒဏ်ရာပင် မရရှိခဲ့ပါ။ ဤကဲ့သို့ အန္တရာယ်ကင်းခဲ့ခြင်းမှာ ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

(တင်အေး )

****************************************

ရတနာသုံးပါး အကျိုး

(ရတနာသုံးပါး အကျိုး)

စာရေးသူသည် အစိုးရဝန်ထမ်းတဦး မဟုတ်ပါ။ သို့သော်လည်း မိသားစု စားဝတ်နေရေးအတွက် ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း အလုပ်ကြောင့် နေ့စဉ် အလုပ်သွား အလုပ်ပြန်တွင် ကိုယ်ပိုင်ကားဝယ်စီးနိုင်သော လူတန်းစားမဟုတ်သည့်အတွက် အများနည်းတူ ဘတ်စ်ကားတိုးစီး၍ သွားရပါသည်။

တနေ့ အခန့်မသင့်သဖြင့် ကားပေါ်မှ အဆင်း ညာဘက်ဒူးခေါင်းမှ မြက်ခနဲဖြစ်သွားပြီး တဆစ်ဆစ်နာလာပါသည်။ အိမ်၌ ဒဏ်ကြေဆေးများ လူးပါသည်။ မသက်သာပါ။ ဆေးခန်းသွား၍ ဆေးစား၊ ဆေးထိုးများ ပြုပါသည်။ မသက်သာခဲ့ပါ။ စာရေးသူနေသော တိုက်ခန်းမှာလည်း မြင့်သဖြင့် ဒူးနာနှင့် အတက်အဆင်းလုပ်ရသဖြင့် ပို၍ဆိုးလာနာလာပါသည်။

တရုတ်ဒဏ်ကြေလိမ်းဆေးများ နှစ်ရက်တခါ သွားစီးပါသည်။ သက်သာသလိုသာ ရှိခဲ့ပါသည်။ အရှင်းမပျောက်ကင်းခဲ့ပါ။ သို့နှင့် ဆေးလိမ်းလိုက်၊ သက်သာလိုက်နှင့် နေခဲ့ရာ နှစ်နှစ်ခန့် ရှိလာခဲ့ပါသည်။ စာရေးသူ၏ခင်ပွန်းမှာ အစိုးရဌာနတခုမှ ဝန်ထမ်းတဦး ဖြစ်ပါသည်။ တနေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် အမိန့်ကျလာသဖြင့် စာရေးသူမှာလည်း သျှောင်နောက်ဆံထုံးပါဖြင့် မိသားစုပြောင်းရွှေ့နေထိုင်ရပါသည်။ တောင်ကြီးမြို့ ရာသီဥတုက အေးမြလှပါသည်။ မြို့အနေအထား ကောင်းမွန်သန့်ရှင်းခြင်း၊ အစားအသောက် အသီးအနှံများ၊ ဒေသခံတိုင်းရင်းသားများ၏ ခင်မင် ချစ်ခင်ဖွယ်ရာ ပတ်ဝန်းကျင်အသစ်များကို ရင်းနှီးခွင့်ရခဲ့ပါသည်။ အားလုံးလည်း အစစအရာရာ အဆင်ပြေပါသည်။ အဆင်မပြေသည်က စာရေးသူ၏ ဒူးနာဖြစ်ပါသည်။ ရာသီဥတုက အေးသဖြင့် ဒူးမှ တဆစ်ဆစ်နာလာပါသည်။

ရှမ်းဆရာများ၏ ဆေးကောင်းများရှိသဖြင့် ပြသ၍ ကုသပါသည်။ ခဏသာကောင်း၍ ပြန်နာလာပါသည်။ တနေ့ သူငယ်ချင်းတယောက်က စာရေးသူ၏ ဒူးနာမသက်သာဖြင့် အရိုးကုဆေးဆရာတယောက်ရှိကြောင်း၊ အကြောအရိုးကု စွမ်းကြောင်း၊ ကုကြည့်ပါ၊ ပျောက်ကင်းသွားမည်ဟု တိုက်တွန်းလာသဖြင့် ခင်ပွန်းဖြစ်သူနှင့်အတူ ဆရာထံ သွားပြခဲ့ပါသည်။

ထိုအရိုးကုဆရာကြီးမှာ အသက် ၆၀-ကျော်ခန့် ခပ်ဝဝ နှုတ်ခမ်းမွှေးတကားကားနှင့် ဖြစ်သည်။ သူက စာရေးသူကို အကြောညှပ်နေသဖြင့် အကြောပြင်ပေးမည်ပြော၍ စာရေးသူ၏ဒူးကို နှိပ်ပေးပါသည်။ စာရေးသူမှာ နာကျင်လှသည့် ဝေဒနာကို ခံစားရင်း အသားများ တဆတ်ဆတ်တုန်ကာ မျက်ရည်များပင် ကျလာသည်အထိနာပါသည်။ ကောင်းသွားမည်ပြော၍ ဆေးများလူးကာ ပတ်တီးဖြင့် စည်းပေးပါသည်။

စာရေးသူမှာ ကောင်းမလာသည့်အပြင် လမ်းလျှောက်၍မရသဖြင့် သူငယ်ချင်းနှင့် ခင်ပွန်းက သယ်မ၍ ကားပေါ်တင်ပြီး ပြန်လာပါသည်။ ဆေးကြောင့်လား၊ နှိပ်သည့်အရှိန်ကြောင့်လည်း မသိပါ။ စာရေးသူ၏ ဒူးခေါင်းမှာ ရောင်ကိုင်းလာပြီး လှုပ်၍မရပါ။ ခင်ပွန်းဖြစ်သူမှာ ဒူးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ပြုစုပေးပါသည်။ စာရေးသူမှာ အတော်ကို ခံစားလိုက်ရပါသည်။ တလခန့်ကြာသောအခါ အရောင်လျော့ပြီး လမ်းပြန်လျှောက်၍ ရပါသည်။ လုံးဝမပျောက်ကင်းပါ။

တနေ့ စာရေးသူနှင့် အမရင်းသဖွယ် ခင်မင်သော အမတဦးက-ညီမလေးရေ၊ မမ တောင်ပေါ် ပအို့ရွာထဲမှာ ကိစ္စလေးရှိတယ်၊ လိုက်ခဲ့ပါ-ဟု ခေါ်သည်။ ထိုအမ၏ခြံလည်း ရှိသဖြင့် အလုပ်သမားများနှင့် အလုပ်ကိစ္စပြောရန် ရှိသဖြင့် လိုက်သွားပါသည်။ တောင်ပေါ်ရွာဖြစ်သဖြင့် အတက်တွင် ချွေးစို့အောင်တက်ရင်း ရွာသူရွာသားများကို နှုတ်ဆက်ခဲ့ပါသည်။ အမ၏ခြံထဲတွင် အသီးအနှံပင်၊ ဂန္ဓမာပန်းပင်၊ သစ်တော်ပင်၊ ကော်ဖီပင်၊ ရွှေဖရုံပင် စသဖြင့် စိုက်ပျိုးထားပါသည်။ လေကောင်းလေသန့် ရသဖြင့် မောရပန်းရမှန်းပင် မသိပါ။ ပအို့ကလေးငယ်များမှာလည်း မြေနီလမ်းမများပေါ်တွင် ဆော့ကစားနေကြပါသည်။ အချိန်မှာ ညနေ ၃-နာရီခန့်ရှိပါသည်။ ရာသီဥတုနှင့်အတူ အေးချမ်းသာယာသော သဘာဝပတ်ဝန်းကျင်ကို တွေ့ရသဖြင့် စိတ်ကြည်နူးခဲ့ရပါသည်။

စာရေးသူနှင့် အမဖြစ်သူသည် ကိစ္စများပြီးစီး၍ ခြံထွက် ရွှေဖရုံ၊ ကျောက်ဖရုံနှင့် မုန်ညင်း၊ မုန်လာ၊ ဂေါ်ဖီပန်းပွင့် စသည်တို့ကို ခြင်းတောင်းနှင့်ထည့်၊ အချို့ကိ်ု လက်ဖြင့်ပွေ့ပိုက်ပြီး ပြန်လာခဲ့ကြပါသည်။ ရွာထဲမှ အချို့အသိများက မြေပဲ၊ ပဲပုပ် စသဖြင့် လှမ်းပေးပါသည်။

ရွာအလွန် အပြန်လမ်းတွင် တောင်ချွန်းခေါ်သည့်နေရာမှာ အနည်းငယ်မတ်သဖြင့် သတိထားပြီး ဆင်းခဲ့ရပါသည်။ ခဲလုံးလေးများမှာ ချွန်ချွန်မာမာလေးများ ဖြစ်ပါသည်။ နှစ်ယောက်သား ခြင်းတောင်းအလယ်မှာထား၊ တဖက်စီကိုင်၍ ဆင်းလာခဲ့ကြပါသည်။ စာရေးသူမှာ အမှတ်မထင် ခြေချော်၍ လဲကျသွားရာ နှစ်ဦးစလုံး တလှိမ့်လှိမ့်ဖြင့် တောင်ခြေသို့ ရောက်သွားပါသည်။ အသီးများမှာလည်း တနေရာဆီ ပြန့်ကျဲကုန်ပါသည်။ အမက ပြေးလာပြီး ညီမလေး ဘယ်နာသွားလဲ-ဟု မေးပြီး လာထူပါသည်။ လက်အနည်းငယ် ပွန်းရုံမှလွဲ၍ ဘာမှ မဖြစ်ခဲ့ပါ။ မိမိတို့၏ အသီးအနှံများကို လိုက်ကောက်ပြီး ခြင်းတောင်းထဲထည့်ပြီး အိမ်ပြန်လာခဲ့ကြပါသည်။ အိမ်ရောက်ပြီး ဒဏ်ကြေလိမ်းဆေးများလူး၍ ကျွန်မစိုးရိမ်ထိတ်လန့်စွာဖြင့် နေခဲ့ပါသည်။

ထူးဆန်းသည်မှာ ဆေးစည်း၊ ဆေးထိုး၊ ဆေးလိမ်း၍ မပျောက်ခဲ့သော ၂-နှစ်ကျော်ခန့် ခံစားခဲ့ရသော ဒူးနာဝေဒနာမှာ လုံးဝ မနာကျင်တော့ဘဲ အတက်အဆင်းနှင့် လမ်းကောင်းကောင်းလျှောက်လာနိုင်ပါသည်။ ညှပ်နေသောအကြော ပြန်တည့်သွားသလား မပြောတတ်ပါ။ လမ်းလျှောက်လျှင်လည်း အကြောမမြက်တော့ပါ။

သို့သော် တခုတော့ရှိပါသည်။ စာရေးသူသည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သဖြင့် နေ့စဉ်အနန္တောအနန္တငါးပါးကို အာရုံပြု၍ ဘုရားဂုဏ်တော်များ၊ ပရိတ်၊ ပဋ္ဌာန်းများကို နေ့စဉ်ရွတ်ဆိုပါသည်။ မေတ္တာပို့ပါသည်။

တောင်ပေါ်မတက်ခင် တော၊ တောင်စောင့် နတ်၊ သမ္မာဒေဝနတ်ကောင်း နတ်မြတ်များ၊ အရပ်ဆယ်မျက်နှာ မေတ္တာပို့ဂါထာများကို ရွတ်ဖတ်သွားပါသည်။ ထို့ကြောင့်ထင်သည် ကျွန်မသည် ဆေးကု၍ မပျောက်သော်လည်း အမှတ်မထင်သောဖြစ်ရပ်ကြောင့် သမ္မာဒေဝနတ်ကောင်း နတ်မြတ်များ၏ မေတ္တာကြောင့် ပျောက်ကင်းသွား သည်ဟု ယုံကြည်ယူဆမိပါသည်။

ထို့ကြောင့် စာဖတ်သူတို့လည်း အချိန်ရှိသရွေ့ ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောကတွင်း၌ ရှိကြကုန်သော လူ၊ နတ်၊ သတ္တဝါ၊ ဗြဟ္မာအပေါင်းတို့အား မေတ္တာပို့ ဆုတောင်းပါက တနေ့နေ့ တချိန်ချိန်တွင် အကျိုးထူး ရရှိလာမည်ဖြစ်ကြောင်း ကိုယ်တွေ့ကြုံ၍ ရေးသားတင်အပ်ပါသည်။

မိဒန်းလှ (ရာမည)

****************************************

ရထားပေါ်ဝယ်

(ရထားပေါ်ဝယ် )

လွန်ခဲ့သည့်လအတွင်းက ကျွန်မသည် ရန်ကုန်မှ ပြည်မြို့သို့ နေ့လည် ၁-နာရီထွက်သော အမြန်ရထားဖြင့် သွားခဲ့ပါသည်၊ ကျွန်မတို့စီးသောတွဲမှာ တွဲ ၂-ဖြစ်၍ ရှေ့ပိုင်းကျပါသည်၊ ကျွန်မတို့ရထား လက်ပံတန်းသို့ ရောက်သောအခါ ရထားအတန်ကြာ ရပ်ပေး၍ ရထားပေါ်ပါသူများတွင် အချို့က ရထားပေါ်မှ မှာ၍၄င်း၊

အချို့က အောက်သို့ဆင်း၍၄င်း၊ အချို့က သရေစာ၊ အချို့က ထမင်း စားကြပါသည်၊

ကျွန်မတို့ရှေ့ တခုံကျော်မှ လူငယ် ၃-၄ ဦး အောက်ဆင်း၍ ထမင်းစားကြစဉ် ခရီးသည်တဦးက ထိုဆင်းသွားသော လူငယ်များ၏ ခုံနေရာမှာ လာထိုင်ပါသည်၊ မကြာမီ လူငယ် ၂-ဦး ပြန်တက်လာပြီး နေရာတွင် ထိုင်ရင်း (နောင်ကြီး အဲသည်နေရာ လူရှိတယ်-ဟု ပြောရာ ထိုခရီးသည်က ထ,မပေးဘဲ ထိုင်မြဲထိုင်နေပါသည်၊ နောက်မကြာမီ ရထားထွက်၍ လူငယ်တဦး ပြေးတက်လာပြီး မောင်အေးတော့မီမှ မီပါ့မလား မသိဘူးဟေ့-ဟု ဆိုကာ သူ့နေရာတွင် ထိုင်ပါသည်၊ ယခင်ခရီးသည်ကိုလည်း (နောင်ကြီး အဲသည်နေရာ လူရှိတယ် နော် )-ဟု ပြောရာ ထိုခရီးသည်က ဘာမျှ မပြောပါ၊ မောင်အေးဆိုသူလည်း ရောက်မလာသဖြင့် ထိုခရီးသည်အဖို့ ပြဿနာမရှိ၊ အေးအေး လူလူပင် ထိုင်မြဲ ထိုင်နေပါသည်။

ရထားသည် လက်ပံတန်းမှ ထွက်ပြီး မင်းလှကျမှ ရပ်ပါသည်၊ ထိုအခါ မောင်အေး-ဆိုသူသည် ရထားပေါ်သို့ အပြေးအလွှားတက်လာပြီး (ငါကွာ နောက်ကျနေလို့ မီရာတွဲ တက်လိုက်ရတယ်၊ ဟို နောက်ဆုံးနားက တွဲပေါ့၊

ခု မင်းလှကျမှ ဆင်းလာရတာ )-ဟု ပြောရင်း သူ့ထိုင်ခုံနား သွားရပ်ရာ လက်ပံတန်းမှတက်လာပြီး ထိုင်နေသူက ထမပေးပါ၊ (ဆရာကြီး အဲဒါ ကျွန်တော့နေရာလေ )-ဟု ပြောသော်လည်း ထိုသူက တုတ်တုတ်မျှ မလှုပ်၊

ဘေးက ဝိုင်းပြောသည့်တိုင်အောင်လည်း ထမပေးတော့ချေ။

မောင်အေး-ဆိုသူမှာ သဘောကောင်းပုံ ရပါသည်၊ နောက်ထပ် မပြောတော့ပဲ အခြားသူငယ်ချင်း နှစ်ယောက်ဘေးတွင် ဖြစ်သလိုထိုင်၍ လိုက်လာပါသည်၊ ရထားသည် မင်းလှဘူတာမှ ထွက်လာပြီးနောက် အုတ်ဖိုကိုကျော်၍ ကြို့ပင်ကောက်သို့ ရောက်သောအခါ လက်မှတ်စစ် နှစ်ဦး တက်လာပြီး လက်မှတ်စစ်ပါသည်။

ကျွန်မတို့ကို စစ်ပြီး၍ ထိုလူငယ်ဆီသို့ လက်မှတ်စစ် ရောက်သွားပြီး လက်မှတ်ကို တောင်းရာ လူငယ်များက လက်မှတ်အသီးသီး ပြကြသည်၊ သို့သော်လည်း လက်ပံတန်းမှ တက်သူသည် အကျႌအိတ် နှိုက်သလိုလို၊ လွယ်အိတ်ထဲ ရှာသလိုလို လုပ်နေပါသည်၊ လက်မှတ်စစ်က ခေတ္တစောင့်နေသေးသည်၊ ထို့နောက်

(လက်မှတ် ပါတော့ ပါတယ်ဗျာ၊ အခု ရှာမတွေ့ဘူး၊ ပျောက်သွားတယ် )-ဟု ဆိုလေသည်၊ လက်မှတ်စစ်က

(ဆရာကြီး သည်နည်းနှင့် ဘာရမလဲ၊ လာ-ဘူတာထဲလိုက်ခဲ့ )-ဟု ဆိုကာ ဆွဲချသွားလေသည်၊ ထိုအခါမှ မောင်အေးကလည်း (အင်း ခုမှပဲ နေရာရတော့တယ် )-ဟု သူ့နေရာတွင် ပြန်ထိုင်ရလေ၏၊ လက်ပံတန်းမှ တက်လာသူ ခရီးသည်အဖို့ကား လက်မှတ်မပါဘဲ စီးသည်ဖြစ်စေ၊ လက်မှတ်ပျောက်သွားသည်ပဲ ဖြစ်စေ၊ သူတပါး နေရာကို မတရား ဝင်ထိုင်သည့်အတွက် လောလော လတ်လတ် ဒုက္ခရောက်သွားသည်မှာကား မှတ်သားစရာပင် ဖြစ်လေတော့သည်။

(မဥမ္မာ )

****************************************

ရွာလုံးကျွတ် မီးလောင်ခြင်း

(ရွာလုံးကျွတ် မီးလောင်ခြင်း )

xxxxx တရွာလုံး မီးလောင်လို့ တဲ့

လွန်ခဲ့သော ၁၉၇၈-ခုနှစ် ဧပြီလကဖြစ်သည်၊ မယုံနိုင်လောက်အောင် တရွာလုံး တအိမ်မကျန် မီးလောင်ကျွမ်းခံခဲ့ရသည်။

xxxxx ရွာသည် ချောင်းကမ်းနဖူးတွင် တည်ထားသော အိမ်ခြေ ၅၀-ကျော်ခန့် ရှိသည့် ရွာတရွာဖြစ်သည်၊ အိမ်ကြီးအိမ်ကောင်းများလည်း ရှိ၍ သေးသေးငယ်ငယ် အိမ်များလည်း ရှိသည်၊ ပူပြင်းသော နွေရာသီတွင် လောင်သောမီးသည် အဆိုပါအိမ်များကို တအိမ်မကျန် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်၊ သို့သော် ရွာဦး ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားများမှာ အံ့ဩရလောက်အောင် မီးဘေးမှ ကွင်းကျန်ခဲ့လေသည်။

မီးစတင်လောင်ကျွမ်းပုံမှာ ရွာနှင့်နီးကပ်စွာ ဆက်စပ်လျက် တည်ရှိသော ကိုင်းတောမီးမှ ကူးစက် လောင်ခဲ့ခြင်းဖြစ်သည်-ဟု ဆိုပါသည်၊ ရွာသူရွာသားများက စုပေါင်း၍ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးလောင်ရာတွင် လေပင့်နေပြန်သဖြင့် ငြိမ်းမနိုင် သတ်မရ ဖြစ်ကြရသည်။

တဖန် မီးလောင်နေသောအိမ်၏ ပတ်ဝန်းကျင်ရှိ အိမ်များကို အမိုးများဖျက်၍ လူအများ စောင့်ကြိုနေကြသော်လည်း မီးသည် အိမ်စဉ်လိုက် မကူးစက်ဘဲ ရွာအနောက်ပိုင်းအိမ်မှ ရွာလယ်အိမ်၊ ၄င်းမှ ရွာတောင်ပိုင်းအိမ်၊ ၄င်းမှ အရှေ့ပိုင်းရှိအိမ် စသည်ဖြင့် ကျော်လွှား၍ လောင်ခဲ့သောကြောင့် လူများ မငြိမ်းသတ်နိုင်ဘဲ ရှိခဲ့သည်-ဟု ဆိုပါသည်၊ ဤရွာသားများက မလုပ်ကောင်းသော အမှုကို ပြုကြ၍ မကောင်းကျိုးကို ခံစားခဲ့ရခြင်း ဖြစ်ပါသည်။

၁၉၇၈-ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်၊ မည်သည့်ရွာက ပူဇော်လိုက်သည်-ဟု မသိရသော ရှင်ဥပဂုတ္တ ဖောင်တော်ကြီးသည် ချောင်းစဉ်အတိုင်း ကြွမြန်းတော်မူလာပြီး ထိုရွာသို့ ဆိုက်ရောက်ခဲ့လေသည်၊ ထိုရွာသားများသည် ဖောင်တော်ကို လာရောက် ဖူးမြော်ကြသည်၊ ညနေစောင်းသောအခါ ရွာသားတဦးက စတင်ပြီး ဖောင်ပေါ်တွင် ပူဇော်ထားသော ဆင်းတုတော်တဆူကို မိမိအိမ်တွင် ပူဇော်ရန်-ဟုဆိုကာ ယူဆောင်သွားခဲ့ပေသည်၊ ဤသို့ဖြင့် ဆင်းတုတော်များ ကုန်လျှင် နောက်လူများက အလှူငွေများ, ခဲဘွယ်ဘောဇဉ်များနှင့် ဖောင်ဖွဲ့ထားသော မျောတိုင်များပါမကျန် ရွာလုံးကျွတ် ဖျက်ဆီးယူကြပါသည်၊

ဤရွာသားများသည် မလုပ်ကောင်းသည်ကို လုပ်ကြ၍ ရွာလုံးကျွတ် မီးသင့်သည်-ဟု ယူဆမိပါသည်။

(သောင်းဝင်း-စစ်ကွင်း )

****************************************

လက်ငင်းအကျိုး

(လက်ငင်းအကျိုး)

ကျွန်တော်သည် ၁၃၇၀-ပြည့်နှစ် ဝါဆိုလပြည့်နေ့မှ သီတင်းဝါလကျွတ်သည်အထိ မိမိအိမ်ပေါ်၌ နံနက် ၅-နာရီ အိပ်ရာမှထ၍ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက ဘုရားရှိခိုး ကန်တော့ချိုးဖြင့် ဘုရားရှိခိုးပူဇော် ပါသည်။ ညနေ ၆-နာရီတိုင်း ပရိတ်ကြီး ၁၁-သုတ်ကို နေ့စဉ်ရွတ်ဆိုခဲ့သည်။

ကျွန်တော့်သမီးများဖြစ်ကြသော သင်းသင်းပျံ့နှင့် ရွှေစင်သန်းရွှေတို့က ခန်နီအမက (ကလေးဝမြို့)၌ တာဝန် ထမ်းဆောင်သည်။ တဦးက ကျောင်းအုပ်၊ တဦးက လက်ထောက်တာဝန်ဖြစ်၏၊ အောက်တိုဘာလတွင် ကျောင်းပိတ်သဖြင့် အိမ်မှာ အနားယူကြ၏၊ ခန်နီရွာသူရွာသားများကား တောင်သူယာခုတ် လက်လုပ် လက်စားများ ဖြစ်ကြ၏၊ သမီးတို့သည် အိမ်မှကျောင်းသို့အပြန်တွင် ရွာသူရွာသားများအတွက် တပတ်နွမ်း အဝတ်အစားများကိုယူပြီး ပေးကမ်းဒါနပြုကြ၏၊ သူတို့ကိုအားကျပြီး ကျွန်တော်ကလည်း အကျႌ ၆-ထည်၊ ပုဆိုးနှစ်ကွင်း ပေးလိုက်ပါသည်။

ဤအကြောင်းဆက်ကား ချက်ချင်းလက်ငင်းပင် အကျိုးခံစားရပါသည်။ တောင်ကြီးမြို့၌နေသော သားဖြစ်သူ ဗိုလ်မှူးမြတ်မိုးအောင်နှင့် သမီးဒေါက်တာ နန်းမြတ်မြတ်မွှေးတို့က မိဘကို ကျေးဇူးဆပ်သောအားဖြင့် တောင်ကြီးမြို့သို့ လေယာဉ်ဖြင့် အသွားအပြန် တာဝန်ယူခေါ်ဆောင်သည်။ သမိုင်းဝင် ထူးခြားသော ဘုရားစေတီများကို ဖူးမြော်ရန်နှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကြည့်ရှုရန်ဖြစ်သည်။

ကျွန်တော်တို့ တောင်ကြီးသို့ရောက်လျှင်ရောက်ချင်း သားသမီးတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြ၏၊ ညတိုင်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲကို ကြည်ရှုရ၏၊ ထို့ပြင် မြစိမ်းတောင်ဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ မွေတော်ကက္ကူဘုရား၊ အင်းလေးဖောင်တော်ဦးဘုရား၊ ပင်းတယလိုဏ်ဂူအတွင်းရှိ ဘုရားအဆူဆူတို့ကိုလည်း ဖူးမြော်ရ၏၊

ထို့ပြင် ကုံလုံဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကိုလည်း ထူးထူးခြားခြား ဖူးမြော်ကန်တော့ခဲ့ရသည်။

အခြား အကျိုးဆက်တခုကား တောင်ကြီးမှ ကလေးမြို့သို့ ပြန်သောအခါ သား မောင်မြတ်မိုးအောင်နှင့် သမီး နန်းမြတ်မြတ်မွှေးတို့က အင်းလေးထွက် အဝတ်အစားမျိုးစုံ၊ ရန်ကုန်ဆွေမျိုးများဖြစ်ကြသော မခင်အေးရီ၊ မလှလှမေ၊ မအေးအေးမာ၊ မညိုညိုမာ မိသားစုတို့က ဒေသထွက် အထည်မျိုးစုံ၊ တောင်ကြီးမြို့တွင် တာဝန်ထမ်းဆောင်နေကြသော သားသမက် ဗိုလ်ကြီး ဇော်စိုးမိုးနှင့် သမီး ဗိုလ်ခင်ထူးမြတ်တို့က အဝတ်အထည်မျိုးစုံတို့ကို ကျွန်တော်တို့ ဇနီးမောင်နှံအား ကန်တော့လိုက်ကြသည်။

ဤသည်မှာ ယခင်က ကျွန်တော်ပြုခဲ့သည့် အကျႌပုဆိုးများ ပေးကမ်းခြင်းကုသိုလ်သည် တန်ဖိုးမများသော်လည်း သဒ္ဓါထက်ထက်ဖြင့် စွန့်ကြဲခဲ့သောကြောင့် တန်ပြန်အကျိုး ရရှိသည်ဟု ယုံကြည်ယူဆမိပါသည်။ ဤကုသိုလ်အဟုန်တို့ကိုလည်း အောက်မေ့သတိရမိပါသည်။

သန်းရွှေဦး (ကလေး)

****************************************

လက်တွေ့ မေတ္တာအကျိုး

(လက်တွေ့ မေတ္တာအကျိုး )

ကျွန်မသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပန်းပင်ကုန်းရပ်တွင် နေထိုင်ပြီး မိသားစုလေးယောက် ရှိပါသည်၊

ထို့ပြင် ကျွန်မ၏ ခဲအိုထံမှ တောင်းယူမွေးစားထားသော သားတယောက်လည်း ရှိပါသေးသည်၊ မွေးစားသားဟု ဆိုသော်လည်း သားသမီးအရင်းနှင့်အတူ ချစ်ရပါသည်၊ လူရှေ့ သူရှေ့တွင် သားအရင်းဟုပြောမှ ကြိုက်ပါသည်၊ ဒါက ကျွန်မ မွေးစားသားဟု ပြောလျှင် မျက်နှာမကောင်း ဖြစ်သွားသောသားကို သနားမိပါသည်၊ ထို့ကြောင့် ပို၍ပို၍လည်း ချစ်မြတ်နိုးမိပါသည်။ မွေးစားသားမှာ ကျွန်မတို့မိသားစုနှင့်အတူ ဆယ်တန်းအထိသာ အတူနေခဲ့ပြီး မန္တလေးတွင် အိမ်ထောင်ကျသွားခဲ့ပါသည်။

မန္တလေးမှာ သူမင်္ဂလာဆောင်စဉ်က ကျွန်မလိုက်သွားပြီး မင်္ဂလာပွဲ ပြီးသည်အထိ နေခဲ့ရပါသေးသည်၊ ထို့နောက်တွင် ကျွန်မနှင့် အဆက်အသွယ် ပြတ်သွားခဲ့ပါသည်၊ ကျွန်မမှာ လူကြုံနှင့်တမျိုး စာဖြင့်တဖုံ မျိုးစုံအောင် ဆက်သွယ်ပါသော်လည်း သားထံမှ သတင်းအစအနကိုမျှ မရခဲ့ပါ၊ ကျွန်မသည် ခဲတံဖြင့်သာ စာရေးတတ်၍ ခဲတံဖြင့် စာရေးလိုက်၊ အမှားဖျက်လိုက်၊ မျက်ရည်ကျလိုက်ဖြင့် ဖြစ်နေခဲ့ရပါသည်၊ ငိုခဲ့ရသော မျက်ရည်များနှင့် စိတ်မကောင်းဖြစ်ခဲ့ရသော ရက်များကလည်း ဒုနဲ့ဒေးပင် ရှိခဲ့ချေပြီ။

သို့နှင့် ကျွန်မသည် မိမိကိုးကွယ်ထားသော ဦးပဉ္ဇင်း ဦးပညာသာမိ-အား အကြောင်းစုံလျှောက်ထားပြီး သားနှင့်ပြန်လည် ဆက်သွယ်ဖြစ်အောင် ပြုလုပ်ပေးပါရန် အကူအညီတောင်း၍ တောင်းပန်လျှောက်ထားခဲ့ ပါသည်၊ ဦးပဉ္ဇင်းက စိတ်ကြည်ကြည်လင်လင်ထားပြီး ကြီးမားသောမေတ္တာစိတ်ကို ဖြစ်စေလျက်-

ငါ့သား-ဘေးရန် ကင်းကွာ၊ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာပါစေ-ဟု သားမျက်နှာကို မြင်အောင်ကြည့်ပြီး မေတ္တာပို့ပေးရန် အမိန့်ရှိပါသည်၊ ထူးခြားစွာ အကျိုးခံစားရလိမ့်မည်ဖြစ်ကြောင်းနှင့် ယုံကြည်စွာ ပြုလုပ်ပါရန် မိန့်ကြားခဲ့ပါသည်။

ကျွန်မလည်း ဦးပဉ္ဇင်းညွန်ကြားချက်အတိုင်း နေ့စဉ် ဘုရားဝတ်ပြုပြီးလျှင် သားအား မေတ္တာပို့လွှတ်ပေးခဲ့ပါသည်၊ ဤသို့ ယုံယုံကြည်ကြည် ပြုလုပ်ပေးခဲ့ရာ တပတ်ပြည့်သောအခါ ကျွန်မထံ မန္တလေးက သားတို့မိသားစု လေးယောက် ရောက်ရှိလာကြပါသည်။ ကျွန်မမှာ အလွန်အကြူး ဝမ်းသာကြည်နူးမှု ဖြစ်ခဲ့ရပါသည်၊ ကျွန်မ ခံစားနေရသော သောကပရိဒေဝများသည် သားမျက်နှာကို မြင်လိုက်ရသည်နှင့် လွင့်စဉ် ပပျောက်သွားခဲ့ပါသည်။

နောက်တနေ့တွင် ကျွန်မသည် သား မိသားစုနှင့်အတူ ဦးပဥ္ဖင်း ဦးပညာသာမိ သီတင်းသုံးရာ ကမ္ဘာအေး သာသနာ့တက္ကသိုလ်သို့ သွားရောက်ကြပါသည်၊ သားပါလာသော မန္တလေးထိုးမုန့်နှင့် ဝတ္ထုငွေ ၄၅-ကျပ်ကို ဦးပဉ္ဇင်းအား လှူဒါန်းခဲ့ပါသည်၊

မေတ္တာတရား၏ လက်တွေ့အကျိုး ခံစားရပုံကိုလည်း ဝမ်းသာစွာဖြင့် ဦးပဥ္ဖင်းအား လျှောက်ထားခဲ့ပါသည်၊ ဦးပဉ္ဇင်းမှာ ပြုံးနေ၍ ကျွန်မကဲ့သို့ ဝမ်းသာကြည်နူးနေသည်ဟု ထင်ပါသည်၊ ဦးပဉ္ဇင်းက မိန့်ကြားလိုက်သည်မှာ မေတ္တာသည် နီးစပ်ခြင်းသဘောရှိ၍ ဒေါသမှာ ဝေးကွာခြင်းသဘောရှိကြောင်း တဦးနှင့်တဦး နီးစပ်လိုလျှင် စစ်မှန်သော မေတ္တာတရားကို ပွားများရမည်ဖြစ်ကြောင်း ဗဟုဟုတဖြစ်ဖွယ် မိန့်ကြားလိုက်ပါသည်။

ကျွန်မတို့တတွေလည်း ဦးပဉ္ဇင်းနှင့် စကားပြောပြီးသောအခါ ဦးသုံးကြိမ်ချ၍ ပြန်လာခဲ့ကြပါသည်။

(ဖိုးစန္ဒာ )

****************************************

လက်တွေ့သရဏဂုံ အကျိုး

(လက်တွေ့သရဏဂုံ အကျိုး)

၂၀၀၂-ခုနှစ် အောက်တိုဘာလ (မကွေး-မင်းဘူး တံတားမဖွင့်မီ တလခန့်အလိုက) ဖြစ်ပါသည်။ ရုံးကိစ္စဖြင့် မိမိတာဝန်ကျရာမြို့မှ မင်းဘူးသို့ ဆိုင်ကယ်ဖြင့်၄င်း၊ မင်းဘူးမှ မကွေးသို့ ဧရာဝတီမြစ်ကို စက်လှေဖြင့်ကူး၍၄င်း၊ သွားပြီး မကွေးတိုင်းရုံးသို့ ရောက်ခဲ့ပါသည်။ အပြန်ခရီးတွင်လည်း ထိုနည်းအတိုင်း ပြန်လာခဲ့ရာ တာဝန်ကျရာ မြို့သို့ ညနေ ၆-နာရီခန့်တွင် ပြန်ရောက်ပါသည်။

ရောက်လျှင်ရောက်ချင်း မြို့အဝင်ရှိ စုပေါင်းရုံးသို့ ဝင်ရောက်ပြီး မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံသို့ သတင်းပို့ပါသည်။ ထိုအခါ ဥက္ကဋ္ဌက ဆက်သွယ်ရေးတာဝန်ကျသူ မောင်စိုးခိုင်မင်းကိုခေါ်ပြီး ဌာနမှူးကြီး ခရီးပန်းလာတယ်။ မင်းသူ့ကို အိမ်အရောက်ပို့လိုက်-ဟု တာဝန်ပေးပါသည်။

မိမိသည် သူ့ကို ဆိုင်ကယ်မောင်းနှင်းစေပြီး နောက်မှထိုင်၍ လိုက်ခဲ့သည်။ ထုံးစံအတိုင်းပင် မိမိသည် ဆိုင်ကယ်ကိုမောင်းသည်ဖြစ်စေ၊ နောက်မှစီးသည်ဖြစ်စေ သရဏဂုံသုံးပါးကို ရွတ်ဆို၍ အမြဲလိုက်ပါလေ့ရှိသည်။ မြို့မစျေးအလွန်တွင် မိမိ၏မျက်စိထဲ၌ ရုတ်တရက် မှောင်ကျသွားသည်ကိုသာ သိလိုက်သည်။ ဘာဖြစ်သွားမှန်းမသိပါ။ သတိရ၍ ချက်ချင်း မျက်စိကို အတင်းဖွင့်ကြည့်လိုက်သောအခါ ဆိုင်ကယ်မှောက် နေသည်ကို တွေ့ရသည်။ မိမိသည်လည်း ရှေး့ကမောင်းသော စိုးခိုင်မင်း၏ ရှေ့သို့ ၅-ပေခန့်ကျော်ပြီး ရောက်နေသည်။

ထိုအချိန်တွင် ရင်သပ်ရှုမော တွေ့မြင်လိုက်ကြရသော လူများက အနီးသို့ ရောက်လာပြီး ဘာဖြစ်သွားသေးသလဲ-ဟုမေးကာ ဒဏ်ရာရ-မရ ရှာဖွေကြသည်။ ကျွန်ုပ်တွင် ပွန်းပဲ့ရုံမှတပါး အခြား ဘာဒဏ်ရာမှ မရရှိပေ။ ဆိုင်ကယ်မောင်းသူမှာ ဒူးနှင့် တံတောင်ဆစ် အနည်းငယ်ပွန်းပဲ့သွားသည်။ ဟယ် လွင့်ထွက်သွားတဲ့ ဌာနမှူးက ဘာမှမဖြစ်လို့ တော်သေးတာပေါ့-ဟု ပြောနေသော အသံတချို့ကိုလည်း ကြားလိုက်ရသည်။ သာမန်အားဖြင့်ဆိုလျှင် ခေါင်းကွဲ (သို့) ခြေလက်တခုခု ကျိုးနိုင်ဖွယ်ရာ ရှိသည်။ သို့သော် ယခု ဘာမျှမဖြစ်ပေ။ မိမိသည် ဆိုင်ကယ်မမှောက်မီ စက္ကန့်ပိုင်းအတွင်းတွင် သတိမေ့သကဲ့သို့ ဖြစ်သွားပြီး မျက်လုံးဖွင့်ကြည့် လိုက်သောအခါ လူတယောက်ယောက်က ပွေ့ချီလိုက်သလို ခံစားရသည်။

ဤသည်မှာ မိမိ၏ တတိယအကြိမ်မြောက် လက်တွေ့ သရဏဂုံအကျိုးပင် ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။

နော်လီကို (မကွေး)

****************************************

လက်ဖြောင့် လေးခွသမား

(လက်ဖြောင့် လေးခွသမား )

တောင်တွင်းကြီးမြို့ အနောက်ဘက် ဆယ်မိုင်အကွာရှိ ရွာတရွာတွင် မောင်ချော-ဟူသော လူငယ်တယောက်ရှိ၏၊ အမည်နှင့်လိုက်အောင် ရုပ်ချော အပြောချိုသူမို့ ရွာနီးချုပ်စပ် ပတ်ဝန်းကျင်တွင် လူချစ်လူခင်များလှသည်၊ ထိုမှတပါး လေးခွပစ်ရာတွင် လက်ဖြောင့်လှသော သူ့အရည်အချင်းကိုလည်း ရွာက အသိအမှတ်ပြုထား၏၊ ထန်းပင် မကျည်းပင် ထိပ်ဖျားတွင် နားနေသော စာကလေးပင် သူပစ်လျှင် တချက်တည်းနှင့် မြေပေါ်ကျသည်၊ သူ့လက်ချက်ကြောင့် ပေါင်ကျိုး တောင်ပံကျိုးသွားသော စာကလေးနှင့် ဆက်ရက် ချိုးငှက်တို့ မနည်းပြီ။

တနေ့တွင် မောင်ချောသည် ဆွေမျိုးမျာရှိရာ နှစ်မိုင်ကွာ ရွာတရွာသို့ သွားရောက်လည်ပတ်၏၊ လေးခွတလက်နှင့် ငှက်ပစ်ထွက်သည့် အကျင့်လည်း မဖျောက်၊ နောက်တနေ့တွင် သူသည် ငှက်ပစ်ထွက်ရာမှ လက်တဖက်မှာ လေးခွ၊ တဖက်မှာ စာကလေးကို ကိုင်လျက် ပြန်အလာ အိမ်ရှေ့မှာ ရပ်ထားသော နွားလှည်းပေါ် နောက်မြီးခို တက်လိုက်၏၊ လှည်းပေါ်တွင် ဆီတိုင်ကီ တင်ထားသဖြင့် သူတက်အလိုက်မှာ လှည်းထောက်ပြုတ်၍ လှည်းနောက်လှန်ပြီး မောင်ချောအပေါ် ဆီတိုင်ကီ ပိပါလေတော့၏၊

လူကြီးများလာရောက်၍ အခြေအနေကို လေ့လာလိုက်တော့မောင်ချော ပေါင်းကျိုးမှန်း သိရလေပြီ၊ တလလောက် ဆေးစည်း၊ ဆေးကုတော့မှ ပေါင်ရိုးဆက်ပြီး လမ်းလျှောက်နိုင်သည်၊ သို့သော် မူလပုံမှန် အနေအထားကိုတော့ ပြန်မရောက်ပေ၊ လမ်းလျှောက်လျှင် ထော့နဲ့ ထော့နဲ့ ဖြစ်နေ၏၊

ထိုအခါမှစ၍ ယနေ့ထက်တိုင် မောင်ချော ငှက်မပစ်တော့ပေ၊ ယခု မောင်ချော အသက် ၅၀-ကျော်ပါပြီ။

(မောင်ကျေးဇူး )

****************************************

လုပ်အားဒါန ပေးလှူကြသူများ

(လုပ်အားဒါန ပေးလှူကြသူများ )

စာရေးသူနေထိုင်ရာ ဝဲလောင်ကျေးရွာ၏ ရွယ်လယ်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၈၀-ခန့်အချိန်က တည်ထားကိုးကွယ်ခဲ့သည့် စေတီတဆူရှိပါသည်။ ထိုစေတီတော်၏ ဂန္ဓကုဋီတိုက်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်တဆူသည် နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ ညနေရောက်တိုင်း ရွာပတ်လမ်းတလျှောက်တွင် ရွာသူရွာသားများက ပင့်ဆောင်၍ လှည့်လည် အပူဇော်ခံကြွလေ့ရှိပါသည်။

ဗုဒ္ဓရုပ်ပွားတော် အပူဇော်ခံကြွချီရာသို့ ဂေါပကအဖွဲ့ဝင် လူကြီးများ၊ ဓမ္မစကြာဝတ်အသင်းသူအသင်းသားများ မီးကြာကိုင် အမျိုးသမီးငယ်လေးများ၊ အတီးအမှုတ် အကအခုန် အဖွဲ့များ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ လိုက်ပါလှည့်လည်ကြပါသည်။

ထို့နောက် ညဘက်တွင် စေတီတော်မြတ်၏ ရင်ပြင်ပေါ်၌ ဆီမီး ၁၀၀၀-ထွန်းညှိပူဇော်ကြပါသည်။ ရွာလယ်ကျောင်းဆရာတော် ဦးနာဂဝံသထံတွင် ၈-ပါးသီလ ခံယူဆောက်တည်ကြပါသည်။

ထို့ပြင် တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့ နံနက်တွင် ပင့်သံဃာတော် အပါး ၈၀-တို့အား မဟာဒုက်ဆွမ်း ကပ်လှူကြပါသည်။ နေ့ ၁-နာရီခန့်အချိန်တွင် သံဃဒါနဆွမ်းဆန်တော်များ လောင်းလှူကြပါသည်။

ဤကဲ့သို့ ဗုဒ္ဓပူဇနိယပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ရွာသူရွာသားအားလုံး ငွေအားသာမက လုပ်အားပါ ပေးလှူကြပါသည်။

ထိုဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် လုပ်အားဒါနအလှူကို နှစ်စဉ် ထူးခြားစွာ ပေးလှူသူများ ရှိကြပါသည်။ ၄င်းတို့မှာ ဦးကျော်မြင့်-ဦးကျော်သိန်း-ဦးခင်မောင် ဆိုသူတို့ ဖြစ်သည်။ သူတို့သည် ဦးကျော်မြင့်မှအပ ကျန်ပုဂ္ဂိုလ် ၂-ဦးမှာ ထန်းလုပ်သားများဖြစ်၍ ဆင်းရဲစွာ လုပ်ကိုင်စားသောက်ခဲ့ကြသူများ ဖြစ်သည်။

သို့သော်လည်း သူတို့သည် ဘုရားပွဲတော်မတိုင်မီ တလခန့်အလိုကတည်းက မိမိတို့၏အလုပ်များကို ပစ်ကာ စေတီတော်တဆူလုံး ထုံးနှင့် မြေဝါသင်္ကန်းတော်များကို လုပ်အားပေးကပ်လှူပူဇော်ကြသည်။ ထို့အပြင် မဟာရံတံတိုင်းကြီးအား ထုံးသုတ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော် ကြွချီရာ လမ်းတလျှောက်ရှိ သစ်ပင်များ ခုတ်လှဲခြင်း၊ မညီညာသည့်လမ်းများ မြေဖို့ပြုပြင်ခြင်း စသည့် လုပ်အား အလှူများကို ကျေးရွာရှိလူငယ်များအား ဦးဆောင်၍ ပြုလုပ်ကြသည်။ ယခုအခါ ၉-ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်သည်။

သူတို့သည် ဤသို့ မညဉ်းမညူ ပေးလှူလာခဲ့သည့် လုပ်အားဒါန အကျိုးကြောင့် ဘုရားပွဲတော် ပြီး၍ မကြာမီ ဦးကျော်မြင့်၏ ရွှေရှာစက်ဖြင့် တောင်သာမြို့သို့ သွားရောက်ရှာဖွေခဲ့ရာ ငွေဒင်္ဂါးအပြား ၁၅၀-တွေ့ရှိခဲ့ပါသည်။ သူတို့သည် ထိုငွေဒင်္ဂါးများကို ရောင်းကြသည်။ ရောင်း၍ရရှိသော ငွေထဲမှ ငွေကျပ် ၁၀၀၀၀-ကို စေတီတော်မြတ်ကြီးအား နဝကမ္မအဖြစ် လှူဒါန်းပူဇော်သည်။ ကျန်ငွေများကို ၃-ဦးအညီအမျှ ခွဲဝေယူကြသည်။ တဦးလျှင် ငွေကျပ် ၁၅၀၀၀-စီ ရရှိကြသည်။

(ခင်မောင်တင်-ဝဲလောင် )

****************************************

လူဆိုး ဖိုးလူ

(လူဆိုး ဖိုးလူ)

မကွေးတိုင်း မြို့သစ်မြို့အနီးရှိ ကျေးရွာကလေးတရွာတွင် ကိုဖိုးလူ ဆိုသူတယောက် ရှိလေသည်။ ကိုဖိုးလူသည် စာမတတ် ပေမတတ် လူရမ်းကားတယောက်ဖြစ်သည်။ သူသည် နွားသတ်ရဲသည်။ ဝက်ဆိုလည်း ထိုးရဲသည်။ အရက် ဖဲ ကြက် ဘာမျှမကျန်အောင် အစုံလုပ်တတ်သည်။ လစ်လျှင်လည်း ခိုးသည်။ မကောင်းမှုများ လုပ်ကိုင်သောကြောင့် သူ့ဆိုလျှင် လူတိုင်းက မယုံ။ မိုက်ကန်းသောကြောင့် မည်သူမျှ မပတ်သက်ချင်ကြပေ။ သူနှင့်ပတ်သက်ရမည်ဆိုလျှင် ကျားအမြီးဆွဲရမှာထက် ကြောက်ကြသည်။

သီတင်းကျွတ်လပြည့်နေ့ည၌ ရွာကလေးစည်ကားလျက်ရှိသည်။ တနှစ်လုံး တမိုးတွင်းလုံး လုပ်ကိုင်၍ရသော နှမ်းများမှ နှမ်းဦးပေါ် ကြိတ်ထားသော နှမ်းဆီများဖြင့် ရွာဦးဘုန်းတော်ကြီးကို ကန်တော့ကြမည်ဖြစ်သည်။ ထိုအတွက် ရွာက လူငယ်များနှင့် လူကြီးများ ကုမ္မာရီအမျိုးသမီးကလေးများမှာ စုရပ်ဖြစ်သော ရွာလယ်ဝိုင်းထဲသို့ တဖွဲဖွဲရောက်ရှိလာကြသည်။ လူငယ်များမှာလည်း ဒိုးပတ်ဝိုင်းဖြင့် သံချပ်များ ထိုးကြပြီး ဘုန်းတော်ကြီး

ကျောင်းသို့ သွားရန် ဟန်ပြင်နေကြ၏၊

တအိမ်လျှင် ဆီ ၂၅-ကျပ်သား၊ ၅၀-ကျပ်သားစသည်ဖြင့် တတ်နိုင်သလောက် စုပေါင်းလှူဒါန်းကြရန် ဖြစ်သည်။ တရွာလုံးက စုပေါင်းလှူဒါန်းသော ဆီပိဿာချိန် စာရင်းချုပ်လိုက်သောအခါ ၂၆-ပိဿာခန့် ရရှိလေသည်။ ထို့အပြင် လင်ပန်းထဲတွင် ဆီမီးများထွန်းကာ ရွာဦးကျောင်းဘုရားသို့ ဆီမီးပူဇော်ကြမည့်ပွဲလည်း ရှိသည်။

ထိုကဲ့သို့ စည်စည်ကားကား ဖြစ်နေချိန်၌ ကိုဖိုးလူသည် ရုတ်တရက် ရောက်ရှိလာပြီး အော်ဟစ်ဆူပူကာ ပွဲဖျက်၏၊ စောစောက မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်နေကြသော ဒိုးပတ်ဝိုင်းမှ အသံများ တိတ်သွား၏၊ တယောက်တပေါက် ပြောဆိုသံများ၊ သဘောကျရယ်မောသံများသည်လည်း ငြိမ်သွား၏၊ အရက်အလွန်အကျွံ သောက်ထားသော ကိုဖိုးလူသည် ထွန်းထားသော ဆီမီးခွက်များကို လက်ဖြင့်သိမ်း၍ ရိုက်၏၊ စားပွဲပေါ်မှ ဆီမီးခွက်များမှာ တချို့ငြိမ်းကုန်၏၊ တချို့ အောက်သို့ကျကုန်၏၊ ထိုအချိန်တွင် လူငယ်တယောက်က သည်းမခံနိုင်သဖြင့် တုတ်ဖြင့်ရိုက်မည်ပြုရာ ကျန်လူများက ဆွဲ၍ထားရ၏၊ ကိုဖိုးလူကိုလည်း သူ့အိမ်သို့အရောက် ချော့မော့၍ ပို့ရလေသည်။ ကလေးများနှင့် အမျိုးသမီးလေးများသည် ကြောက်ရွံ့၍ ပြန်ပြေးသွားကြရာမှ မကြာခင် အလျှိုလျှိုပြန်လာကြပြီး ဆီမီးခွက်များ ပြန်၍ ပြင်ဆင်ကြသည်။ ထို့နောက် မီးမထွန်းရဲဘဲ ဒိုးပတ်မတီးဘဲ ကျောင်းသို့ တိတ်ဆိတ်စွာ သွားကြလေသည်။ ခြောက်ကပ်ကပ် မီးထွန်းပွဲပေတည်း။

ကျောင်းသို့ရောက်သောအခါ မိန်းကလေးများသည် ဘုရားတွင် ဆီမီးများထွန်းညှိပူဇော်ကြလေသည်။ လူငယ်လူရွယ်များမှာလည်း ဒိုးပတ်တီး၍ ကခုန်ကြလေသည်။ ထို့နောက် စုပေါင်း၍ လှူဒါန်းသော ဆီများကို ရွာဦးကျောင်းဆရာတော်ထံ ကပ်လှူကြပြီး အနုမောဒနာတရား နာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ အလှူဒါနပြီးမြောက်သောအခါ ဆက်လက်၍ လူငယ်မောင်မယ်တို့သည် တယောက်တလှည့် သီချင်းများ သီဆိုကြ၏၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် သီဆိုတီးမှုတ်ကခုန်နေကြစဉ်တွင် ရွာ၏အနောက်ဘက်မှ မီးတောက်များ ဖြာထွက်လာရာ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။ ထို့နောက် လူအားလုံး မီးလောင်ရာဆီသို့ ပြေးသွားကြပြီး ကိုဖိုးလူ မီးရှို့သဖြင့် မီးလောင်နေသော တဲကလေးတလုံးအား စုပေါင်းငြိမ်းသတ်လိုက်၍ မီးမှာ ငြိမ်း၍သွားလေသည်။

တခါတွင် ကိုဖိုးလူသည် နွားပေါက်လေးတကောင်အား လိုက်၍ ကိုက်နေသော ခွေးတကောင်ကို ဓားဖြင့်ရမ်းလိုက်ရာ ခွေး၏ဗိုက်သားကို ခုတ်မိသည်။ ခွေး၏ဗိုက်မှ အူများ မြင်မကောင်းအောင် ထွက်ကျလာလေသည်။ ထိုခွေးသည် ချက်ချင်းသေမသွားဘဲ တရက်ခန့်ကြာမှ သေသွားလေသည်။

ဤကဲ့သို့ ဆိုးဝါးလွန်းသော အပြုအမူများကြောင့် တနေ့၌ ကိုဖိုးလူ၏ ကံကြမ္မာသည် တပတ်လည်၍ လာခဲ့လေပြီ။ အရက်ကို အချိန်ရှိသရွေ့ သောက်လွန်းသော ကိုဖိုးလူသည် အိမ်သို့ မွန်းတည့်ချိန်လောက်တွင် ပြန်ရောက်လာပြီး ထမင်းစားရန်အတွက် မီးဖိုခန်းသို့ ဝင်သွားလေသည်။ ဟင်းမကောင်းသောကြောင့် ပန်းကန်များကို ရိုက်ခွဲသည်။ မိဘများကိုလည်း ဆဲရေး၏၊ ထို့နောက် အောက်သို့ဆင်းကာ ကြက်တကောင်ကိုသတ်ရန် ကြိုးစား၏ လက်တွင်လည်း ဓားရှည်ကိုကိုင်ထား၏၊ ဓားရှည်ဖြင့် ပစ်ခတ်ရာ မမှန်ပေ။ ကြက်များလည်း လန့်၍ ပြေးမိပြေးရာ ပြေးကြလေသည်။ ထိုအခါ ကိုဖိုးလူ ဒေါသထွက်လာ၏၊ အိမ်ပေါ်ရှိ မိအိုဖအိုတို့အား ကြိမ်းမောင်း၏၊ မိဘတို့မှာလည်း ကြောက်ရွံ့နေကြလေသည်။

ကိုဖိုးလူသည် ဘာစိတ်ကူးရသည်မသိ၊ အိမ်ပေါ်သို့ အပြေးတက်သွားလေသည်။ လှေကားဦးသို့ ရောက်သောအခါ ပျဉ်အစွန်းကို နင်းမိသည်။ ပျဉ်ချပ်ထောင်သွားသဖြင့် လှေကားတဖက်ရှိ ပိုင်းတန်းပေါ်သို့ ပက်လက်လှန်ကာ ကန့်လန့်ကျသွားလေသည်။ ကိုဖိုးလူ၏ခါးမှာ ကျိုးသွား၏၊ ထိုအချိန်မှစ၍ လမ်းမသွားနိုင်သောကြောင့် ကိုဖိုးလူ၏ အဆိုးမှန်သမျှ နိဂုံးချုပ်သွားလေသည်။ ထို့နောက် ကိုဖိုးလူသသည် ပက်လက်ဖြင့်ပင် ၃-လခန့် အသက်ရှင်နေသေးသည်။ မည်သည့်ဘက်ကိုမှလည်း လှည့်မရ၊ ပက်လက်ဖြင့်ပင် နိဂုံးချုပ်ရလေသည်။

(မောင်ဝင်းညွန့်-ကံသာလေး )

****************************************

လူအ,တိုင်

(လူအ,တိုင် )

ကျွန်မနေထိုင်သော ရွာကလေးသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ နေထိုင်ကြသော ရွာကလေး တရွာ ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာ ဒုတိယကမ္ဘာစစ်မဖြစ်မီ ကာလက ကျွန်မ၏အဘိုး အဘွားများ လက်ထက်တွင် မွေးရာပါ စကားမပြောတတ်သော ကိုလူအ ဆိုသည့် လူတယောက်ရှိခဲ့သည်၊ ကိုလူအ အသက် ၃၀-အရွယ်တွင် ကျွန်မတို့ရွာ၌ ခံ့ညားထည်ဝါသော ဘုန်းတော်ကြီးကျောင်း အသစ် ဆောက်လုပ်သည်၊ ရွာသူရွာသားများက ငွေကြေးများ တတ်နိုင်သမျှ

ထည့်ဝင် လှူဒါန်းကြသည်။ ကိုလူအ-လည်း ကျောင်းတိုင်တတိုင်ဖိုး ထည့်ဝင် လှူဒါန်းပါသည်။

ဤသို့ဖြင့် ကျောင်းတိုင်ထူပွဲ နေ့တွင် ဘုန်းတော်ကြီးကျောင်းဝင်းထဲ၌ လူအများ စည်ကားစွာ စုဝေးရောက်ရှိနေကြပါသည်၊ ထို့နောက် ကျောင်းတိုင်များကို စတင် စိုက်ထူကြပါသည်၊ ကိုလူအ လှူဒါန်းသည့်တိုင် စိုက်ထူသောအလှည့်တွင် အခြားတိုင်များ စိုက်ထူသကဲ့သို့ တိုင်ကိုတည့်မတ်အောင် စိုက်ထူရာ၌ တ,ဟေး ဟေး-ဖြင့် ညာသံပေး၍ စိုက်ထူကြသည်။ ကိုလူအ-လည်း အခြားသူများနည်းတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဟေး ဟေး ဟေး-ဟု အော်ဟစ်လိုက်ရာ အသံများထွက်ပေါ်လာပြီး စကားလည်း ပြောတတ်လာပါသည်၊ ထို့ကြောင့် ထိုကျောင်းတိုင်ကြီးကို လူအ-တိုင် ဟု ခေါ်စမှတ်ပြုကြပါသည်။

ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ဖြင့် ဗုန်းချခံရမှုကြောင့် ယင်းဘုန်းတော်ကြီးကျောင်းသည် မီးလောင်ပျက်စီးသွားခဲ့သည်၊ သို့သော်လည်း လူအ-တိုင်ကြီးမှာ ကျန်ရစ်နေခဲ့ပါသည်၊ ယခုအခါ ထိုလူအ-တိုင်မှာ ငုတ်တို နေရာသာ ကျန်ရှိပါတော့သည်။

နှစ်တွေအလီလီ ကြာညောင်းခဲ့သော်လည်း လူအ-တိုင် ရာဇဝင်ကား ကျွန်မတို့ရွာကလေးတွင် ယခုတိုင် မကွယ်ပျောက်ဘဲ ကျန်ရှိနေပါသည်။

မွေးရာပါ စကားမပြောတတ်သော ကိုလူအ-သည် ဘုန်းတော်ကြီးကျောင်းတိုင် လှူရသော ကုသိုလ်ကြောင့် အသက် ၃၀-အရွယ်တွင် စကားပြောတတ်လာခဲ့ခြင်းသည် အံ့ဩဖွယ်ကောင်းလှပေစွ၊ ကောင်းမှုကုသိုလ်ကံ၏ အကျိုးကို လက်ငင်း ခံစားရခြင်း ဖြစ်သည်-ဟု အများက ယုံကြည်နေပါတော့သည်။

(သပြေခက်-မြန်မာစာ )

****************************************

လျင်မြန်သော အကျိုးပေး

(လျင်မြန်သော အကျိုးပေး)

မောင်လတ်တို့ဇနီးမောင်နှံသည် အလွန်ဆင်းရဲ၏၊ အိမ်ထောင်ပြုစဉ်က မင်္ဂလာဆွမ်းပင် မကျွေးမလှူနိုင်ခဲ့ပေ။ နှစ်ဖက်မိဘများသည်လည်း အလွန်ပင် ဆင်းရဲသောကြောင့် ထောက်ပံ့ပေးကမ်းခြင်း မပြုနိုင်ပေ။ သို့သော်လည်း ဇနီးမောင်နှံ၏ ကြိုးစားရိုးသားမှုကား အလွန်အားကျဖွယ်ကောင်းသည်။ မောင်လတ်တို့ ဇနီးမောင်နှံသည် အမိအဖများနှင့် ရွာဦးဘုန်းတော်ကြီးကျောင်းသို့ အလှူဆွမ်း ပေးပို့လှူဒါန်းနိုင်ရန် နှစ်စဉ်အားခဲခဲ့ကြသည်။ သို့သော် ငွေနှစ်ရာပြည့်အောင်ပင် လက်ထဲ၌ မရှိရှာပေ။ တနေ့တာ စားဝတ်နေရေး ကုန်ကျစရိတ်ကိုသာ အလျင်မီရန် ကြိုးစားနေရလေသည်။

တနေ့တွင် မောင်လတ်သည် ရွှင်ပျသောမျက်နှာဖြင့် အိမ်သို့ပြန်လာသည်။ ဇနီးအား မိမိအလုပ်ရလာကြောင်း ပြော၍ ငွေတထောင့်ငါးရာကျပ်ကို ပေးအပ်လေသည်။ အလုပ်မှာ မြို့မှ နွားဝယ်လာသူသူဌေး၏ နွားသုံးကောင်အား မြို့သို့ ပို့ပေးရန်ဖြစ်သည်။

ကိုလတ်ရယ် ရှင်ပို့ရမယ့် နွားတွေက နွားသတ်ရုံပို့ရမယ့် နွားတွေလား-ဟု ဇနီက မေးသည်။ မောင်လတ်က မဟုတ်ကြောင်း၊ မွေးမြူမည့်နွားများ ဖြစ်ကြောင်း၊ ရှင်းပြသည်။ ထိုငွေဖြင့် နှစ်ဘက်မိဘများအား ငွေနှစ်ရာစီ ကန်တော့ရန်နှင့် ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းတအုပ်ချက်၍ လှူဒါန်းရန် မှာကြားသည်။ ထို့နောက် မောင်လတ်သည် မြို့သို့ နွားသုံးကောင်နှင့် ခရီးထွက်ခဲ့လေသည်။

သုံးရက်မြောက်သောနေ့၌ မောင်လတ်သည် မြို့မှ ပြန်ရောက်လာသည်။ ဇနီးဖြစ်သူသည် ယောကျ်ားမှာကြားခဲ့ သမျှသော ကောင်းမှုတို့ကို ပြီးပြည့်စုံအောင် ပြုလုပ်ထားကြောင်း ပြောပြသည်။ ထိုစဉ် ဇနီးဖြစ်သူထံမှ

ဟယ်-ကိုလတ် စက်ဘီး-တဲ့ ဒီမှာ-ဟု အော်ပြောသည်။ မြို့မှ မောင်လတ်ဝယ်လာသော နေကြာစေ့ထုပ်အတွင်းမှ စာရွက်ကလေးအား ဖတ်ရင်း ဇနီးဖြစ်သူက အားပါးတရ ပြောခြင်းဖြစ်သည်။

အမှန်ပင် မောင်လတ်ဝယ်လာသော နေကြာစေ့ထုပ်ထဲမှ ကံစမ်းမဲ ဖီးလ်ဆင့် စက်ဘီးပေါက်လေတော့သည်။ မိတ်ဆွေတဦးက ငွေသုံးသောင်းပေး၍ ကံစမ်းမဲကို ဝယ်ယူသွားလေတော့သည်။ မောင်လတ်တို့

ဇနီးမောင်နှံသည် ထိုငွေဖြင့် အရင်းအနှီးပြုလုပ်၍ စီးပွားရှာရာ ပြည့်စုံစွာ နေထိုင်စားသောက်လာနိုင်တော့သည်။ အလှူဒါနများလည်း အဆက်မပြတ် ပြုလုပ်နိုင်လေတော့သည်။

(စောမွှေး-ရွှေပင်မြေ)

****************************************

ဝစီကံ မြန်ပါဘိ

(ဝစီကံ မြန်ပါဘိ )

ကျွန်တော်တို့ ရွာကလေးသည် ညောင်ပင်သာရွာဆိုသည့်အတိုင်း သာသာယာယာရှိပါသည်၊ ရွာ၏ပတ်လည်တွင် ဘုန်းတော်ကျောင်း ၄-ကျောင်းရှိသည်၊ ထို့ပြင် ရွာနှင့်မနီးမဝေးတွင် ၃-ကျောင်းရှိသေးသည်၊ အလှူအတန်း တရားပွဲ တရားထိုင် ဓမ္မတေးသံများ အစဉ်တစိုက် အခါမလပ် ကြားနာရသည်၊ ရတနာသုံးပါးကို မမေ့မလျော့နိုင်အောင် ဗြောသံ ကြေးစည်သံ ခေါင်းလောင်းထိုးသံများက အမြဲနှိုးဆော်သလို ဖြစ်နေပါသည်။

တနေ့ ကျွန်တော်၏ အိမ်အနီးနေ ဒေါ်စန်းရီ၏သား ရက်လည်ဆွမ်းသွပ်ရက် ဖြစ်သည်၊ ဒေါ်စန်းရီမှာ မုဆိုးမလည်း ဖြစ်၊ တဦးတည်းသော သားလေး ကွယ်လွန်သွားခဲ့သဖြင့် ပူဆွေးသောက လောင်မြိုက်နေသောကြောင့် ကျွန်တော်အပါအဝင် ရပ်ကွက်သူ ရပ်ကွက်သားများ ဝိုင်းဝန်းလုပ်ကိုင် ပေးကြသည်၊ သို့သော် ဒေါ်စန်းရီ၏ ညီမ သူဋ္ဌေးမကြီး ဒေါ်စန်းရှင်က နေရာတကာတွင် မောက်မာသော လေသံဖြင့် ပြောဆိုခိုင်းစေသောကြာင့် ဝိုင်းဝန်းလုပ်နေသူ အချို့ ပြန်ပြေးကြသည်။

ဘုန်းကြီးကျောင်း တကျောင်းလျှင် ကျောင်းထိုင်ဆရာတော်နှင့် နောက်လိုက်တပါးစီ ပင့်ထားသည်၊ ရဟန်းသံဃာများကို အရုဏ်ဆွမ်း ကပ်မည်ဖြစ်သောကြောင့် နံနက် ၅-နာရီတွင် ရဟန်းသံဃာများ ကြွလာကြသည်။

ရဟန်းသံဃာများကို ကာယကံရှင် ဒေါ်စန်းရီ၏ ညီမ ဒေါ်စန်းရှင်က ဘာအလိုမကျသည်မသိ၊ မျက်နှာကြီးပုပ်ကာ နှုတ်ခမ်းစူလာသည်၊ ရဟန်းသံဃာများ ဆွမ်းစားနေသည့် စားပွဲအနီးသို့ ကပ်ကာ ကျောင်းထိုင်ဘုန်းကြီးတွေလည်း တပါးမှ မပါပါလား၊ ကိုယ်တော်တို့ ပြန်ရင် လျှောက်လိုက်စမ်းပါ၊ ကျောင်းထိုင်ဘုန်းကြီးတွေ ခြေကျိုး လက်ကျိုးနေသလားလို့-ဟု ပြောလိုက်ရာ ရဟန်းရှင်လူများ စိတ်မကောင်း ဖြစ်ကြရသည်၊ အချို့သော ရဟန်းများမှာ ဆွမ်းကိုပင် ပြီးစီးအောင် ဘုဉ်းမပေးတော့၊ မဝ တဝနှင့်ပင် ဖြတ်လိုက်ပုံရသည်။

အသုဘကိစ္စပြီးနောက် ၁၀-ရက်ခန့်အကြာ ဒေါ်စန်းရှင်နှင့် ခင်ပွန်း ဦးစိုးမြင့်-တို့ မန္တလေးရှိ နာမည်ကြီး ကျောင်းတကျောင်းသို့ တနှစ်စာ ဆွမ်းအလှူငွေ ကပ်လှူရင်း ပြင်ဦးလွင်မြို့သို့ အလည်သွားကြသည်၊ ထိုလမ်းခရီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်၊ ဒေါ်စန်းရှင် ပွဲချင်းပြီး ကွယ်လွန်သွားသည်၊ ခင်ပွန်း ဦးစိုးမြင့်မှာ ခြေတချောင်း ကျိုးသွားပြီး လက်တဖက် ဖြတ်ပစ်လိုက်ရသည်၊ ကျန်ခရီးအတူသွားများမှာ ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိခဲ့သည်ဟု သိရပါသည်။

ဒေါ်စန်းရှင်တယောက် ဝစီကံ ထိုက်ပြီ-ဟု ဒေါ်စန်းရီ-၏ သားရက်လည်ဆွမ်း ကပ်သူများက မှတ်ချက်တူညီစွာ ချလိုက်ကြပါသည်။

တဆင့်စကား တဆင့် ဖြစ်ရပ်မှန် ကြားလိုက်ရသူ အများကလည်း-

ဝစီကံ ထိုက်တာပဲပေါ့၊ ဝစီကံများ တယ်ကြောက်စရာကောင်းပါလားနော်-တဲ့။

(အမည်မှန်များကို ပြောင်းလဲထားပါသည် )

(ဦးသာသန-သုတေသီ၊ တောင်ငူ-သပြေစမ်း )

****************************************

ဝစီဘေဒ ထိတိုင်းရှ

(ဝစီဘေဒ ထိတိုင်းရှ)

ကျွန်တော်၏အမေသည် အသက် ၈၃-နှစ်ရှိပါပြီ။ အမေသည် သူတပါး၏အကြောင်းကို အပြစ်ဖွဲ့ခြင်း ကဲ့ရဲ့ခြင်း ရှုံ့ချခြင်းတို့ ပြောလေ့မရှိပေ။ ထို့ကြောင့် သူတပါး၏ မကောင်းသတင်းကို အမေ့ပါးစပ်မှ မကြားရဖူးပေ။ တူမတယောက်၏ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရသောအဖြစ်နှင့် ပတ်သက်၍မူ အမေက-အဲဒါတော့ ဘယ်သူမှ မကယ်နိုင်ဘူးကွယ်။ ဘယ်သူမပြု မိမိမှုပဲ-ဟု မှတ်ချက်ချလေ့ရှိပေသည်။ ဘာဖြစ်လို့လဲအမေ-ဟု အခါခါ အတန်တန် မေးဖန်များပါမှ ယခု အသက် ၆၀-အရွယ်မျှရှိနေပါသော်လည်း မိသားစုတဝမ်းတခါးအတွက် ဆင်းရဲပင်ပန်း ရှာဖွေစားသောက်နေရသော တူမနှင့် ပတ်သက်၍ ဪ-သူငယ်ငယ်က အမေ အဖေကို မဆင်မခြင်တွေ အော်ဟစ်ခဲ့ မာန်မဲခဲ့တယ်ကွယ်-ဟု ဖြေပါသည်။

ကျွန်တော်တို့အမေမှာ မွေးချင်းညီအမ ငါးယောက်ရှိကြပြီး မောင်တယောက် ရှိပါသည်။ အမအကြီးဆုံးရယ်၊ ဦးဦးရယ်၊ မွေးချင်းထဲမှာ အငယ်ဆုံး ကျွန်တော့မိခင်ရယ် ၃-ဦးသာလျှင် အသက် ၅၀-၆၀ကျော်အောင် နေကြရသည်။ အခြားသူများမှာ အသက် ၃၀-၄၀- လောက်မှာ ကွယ်လွန်သွားရှာကြပါသည်။ တောရွာသဘာဝ ဆင်းရဲကြမ်းတမ်းခြင်း။ အစာအာဟာရ ညံ့ဖျင်းခြင်း၊ ဆေးဝါးခက်ခဲခြင်း၊ တိုင်းပြည်မအေးချမ်းခြင်း၊ တတ်ကျွမ်းနားလည်သော ဆရာဝန် သမားစသည်တို့ ရှားပါးခဲ့ခြင်းတို့ကြောင့် သက်တမ်းတိုခဲ့ကြပါသည်။

အမအကြီးဆုံးနှင့် ညီမအထွေးဆုံးတို့သည် ငယ်စဉ်ကပင် အချစ်ဆုံးညီအမ ဖြစ်ခဲ့ကြပါသည်။ ကောင်းတိုင်ပင် ဆိုးတိုင်ပင် အထူးပင်ရင်းနှီးတွယ်တာကြသည်ကို ကျွန်တော်တို့မျက်မြင်ဖြစ်ပါသည်။ ကျွန်တော်တို့ သိတတ်သည့်အရွယ်တွင် ဒေါ်ကြီး၏ ခင်ပွန်းသည် ပြောပလောက်အောင် မဆိုးတော့သော်လည်း ရပ်ရွာတွင် ကျန်နေရစ်သည့် ရာဇဝင်သတင်းအရ လူငယ် လူရွယ်ဘဝက ဆိုးဆိုးတေတေဟု သိရလေသည်။ အရက်သောက်သည်။ ကက်ဆွဲသည်။ ဖဲရိုက်သည်။ ကြက်တိုက်သည်။ မူးလာလျှင် လူတကာနှင့် ရန်ဖြစ်ချင်သည်။ ရိုက်ချင် နှက်ချင်သည် စိတ်လိုက်မာန်ပါ လုပ်တတ်သော လူမိုက်လူပေ ဖြစ်ပုံရလေသည်။

ဒေါ်ကြီးက ထန်းလျက်ရောင်း၍ ရှာဖွေကျွေးမွေးရသည်။ ငွေကြေးဘာမှ မရှာသည့် အရက်သမားကို တယုတယ ပြုစုလုပ်ကျွေးသည်။ ဒေါ်ကြီး၏ သားတွေ သမီးတွေထဲမှာ မမ.....တယောက်ကတော့ စွာသည်။ နှုတ်သီးကောင်း လျှာပါး ဖြစ်သည်။

အမေဟာလေ ဟောဒီအရက်သမားကို ရှိခိုးဦးတင် ကျွေးမွေးနေသေးတယ်။ နေ့တိုင်း အရက်ချည်း သောက်နေတဲ့လူကို။

သမီးလေး အဲသလိုမပြောရဘူး။ သမီးရဲ့ ကျေးဇူးရှင် အဖေပဲလေ။

အဖေကော ဘာဖြစ်လဲ၊ ဘာမှ ဝင်ငွေရအောင်မရှာဘဲ အရက်ချည်းသောက်နေတာကို။ ကျွန်မသာဆိုရင်ဖြင့် အမူးသမားလင်ကို အိမ်ပေါ်က မောင်းချပစ်မယ်။ အမေသာ ဝဋ်ကြွေးရှိလို့ ဟင်း။

ဒီလိုစကားရင့်ရင့်သီးသီး မပြောကောင်းဘူး သမီးရယ်။ ဝဋ်လိုက်တတ်တယ်။

မှန်တာပြောတာပဲ။အမေ့ဟာ လွန်လွန်းတယ် အရက်သမားကို ရှာကျွေးနေရတယ်။ ကျွန်မဖြင့် အမေ့ကို တကယ်စိတ်ကုန်တယ်။

ဒေါ်ကြီးမှာ သားတွေ သမီးတွေများပါသည်။ ဘယ်သူမှ ထိုကဲ့သို့ ခါးသက်ရင့်သီးသောစကား မဆို။ မမ.....ကတော့ ငယ်စဉ်အခိုက်မှာ စိတ်လိုက်မာန်ပါ ဆိုခဲ့ပြောခဲ့ဖူးသည်ဟူ၍ အမေက ပြောပြ၏၊ ဒေါ်ကြီး မျက်ရည်ကျရသည်။

ကာလဝိပါက် နောက်ပိုးတက်တော့၏၊

သူ အသက် ၄၀-ကျော်မှ အိမ်ထောင်ကျသည်။

ခင်ပွန်းသည်လင်မှာ အရက်ကို မျက်နှာသစ်ရအောင် သောက်သူ ဖြစ်နေ၏၊ မိုးလင်းမှ မိုးချုပ် အရက်ကိုသာ အဖော်လုပ်၏၊ အရက်များလွန်းသဖြင့် ကျန်းမာရေးချွတ်ယွင်း၏၊ ဒုက္ခိတအရက်သမားဖြစ်၏၊ သို့သော်လှည်း ရင်သွေးတယောက် ဖွားမြောက်ထားသည်ကို မျက်နှာမငယ်ရစေလိုသဖြင့် သည်းခံရသည်။ ခင်ပွန်း၏ လစာကား အရက်ဖိုးနှင့်ကုန်သည်။ မမ.....သည် တအိမ်လုံး၏ စားဝတ်နေရေးကို ရှာဖွေဖန်တီးရရှာသည်။ ဆယ်ကျော်သက်က စိတ်ထက်ရှစွာပြောခဲ့မိသော စကားများသည် သူ့ကိုဝဋ်လည်စေခဲ့ပြီ။ အဖေ အမေအပေါ် စော်ကားမော်ကား ကဲ့ရဲ့ရှုတ်ချခဲ့သော အပြစ်စကားသည် သူ့ကို ပစ်ဒဏ်ခတ်လေပြီ။

မိဘအပေါ်တွင် ကျေးဇူးအနန္တ ကြီးမားလှသဖြင့် ပြုစုလုပ်ကျွေးပေးဆပ်နိုင်လျှင်ကောင်း၏၊ မပေးဆပ်နိုင်သော်မှ ကျေးဇူးမကန်းလျှင် တော်သေး၏၊ မိမိကြောင့် အမိအဖတို့ကို စိတ်ငြိုငြင် ဆင်းရဲစေအောင် ပြောဆိုပြုမူမိလျှင်ကား ဆင်းရဲပင်ပန်းရတတ်ပါတကားဟု သင်ခန်းစာ လက်တွေ့ရရှိသည်။

စကားနောက် တရားပါ ဖြစ်တတ်ပါတကား။ စကားအရာ အမှားမပါအောင် သတိရှိသင့်ကြသည်တကားဟု ဆင်ခြင်မိပါသည်။

****************************************

ဝဋ်

(ဝဋ်)

ဝန်းသိုမြို့ အရှေ့ဘက်တမိုင်အကွာတွင် မိဿလင်ဂျင်းရွာ တည်ရှိပါသည်။ ထိုရွာ၏ကျောင်းတိုင်ပုဂ္ဂိုလ်မှာ သက်တော်သုံးဆယ်ခန့်သာ ရှိသေး၏၊ စာရေးသူပင် ဖြစ်ပါသည်။

မိဿလင်ဂျင်းရွာ၌ ၂-နှစ်ကျော် သီတင်းသုံးခဲ့သည်မှစ၍ နေ့စဉ် အာစိဏ္ဏကံ ပဋ္ဌာန်းပစ္စယနိဒ္ဒေသနှင့် ပရိတ်တရားတော်တို့ကို အမြဲမပြတ် ရွတ်ဖတ်ခဲ့သည်။ ကောင်းကျိုးအမျိုးမျိုးကိုလည်း ရရှိခံစားရ၏၊

သို့သော် သတ္တဝါတို့အပေါ် မေတ္တာတရား အားနည်းလှသည်။ ခွေး၊ ကြောင်၊ ကြက်၊ ငှက်တို့ကို မြင်လျှင် ကြည့်မရ၊ ရိုက်ချင်၊ ပစ်ခတ်ချင်နေသည်။ ကျောင်းတွင် ကြောက်ကလေးနှစ်ကောင် မွေးထား၏၊ ချစ်၍တော့မဟုတ်၊ ကြွက်အန္တရာယ်ကိုကြောက်၍ဖြစ်သည်။ ကြောင်တွေ ခုတင်ပေါ်၊ စောင်ပေါ် အိပ်သည်ကို လုံးဝမနှစ်သက်ပါ။ တွေ့ရာတုတ်နှင့် ရိုက်ပစ်သည်။ တခါတလေ ကြွက်တွေကို ဗိုက်ကားအောင်စားပြီး ကျောင်းပေါ်၌ အန်ထားသည့်အခါ တောက်-ကြွက်ကြောက်လို့သာပေါ့ကွာ၊ မင်းတို့ကို ချစ်လို့ မွေးထားတာ မထင်နဲ့-ဟု ပြောမြဲဖြစ်သည်။

တနေ့ ရွာထဲမှ ဒကာတယောက် ခွေးပေါက်စနှစ်ကောင် ပို့လာသည်။ ကျောင်းလုံအောင်လို့ အရှင်ဘုရား၊ အရှင်ဘုရားကျောင်းမှာက ကျောင်းသားမရှိ၊ ကိုရင်မရှိနဲ့ ခွေးက စိတ်ချရတယ်-ဟု လျှောက်ထားပြီး ပေးသွားသည်။ စာရေးသူလည်း လက်ခံထားလိုက်၏၊

ထို့နောက် များမကြာပါ။ ခွေးနှစ်ကောင်၊ ကြောင်တွေပေါ် ဆက်ဆံတာ ကြည့်မရချင် ဖြစ်လာသည်။ အနိုင်ကျင့်လာကြသည်။ ကျောင်းလှေကားထိပ်ပေါ်ထားသည့် ကြောင်စာခွက်ကို ခွေးတကောင် တက်စားနေ၍ ကြောင်တွေ ဘေးနားထိုင်နေရသည်ကို မြင်ရပြီး ဒေါသထွက်လာသည်။

ဒီခွေးကွာ၊ ကိုယ့်နေရာ ကိုယ်စားတာမဟုတ်ဘူး-ဟု ပြောပြီး လှေကားထိပ်မှ ကန်ချလိုက်ရာ အောက်သမံတလင်း လှေကားခုံပေါ် ခေါင်းစိုက်ပြီး လက်ထောက်ကာ ကျသွားသည်။ ခွေးတကောင် လက်နာသွားပြီ။ တော်တော်နဲ့ မထနိုင်။ ပက်လက်လန်ပြီး တကိန်ကိန်အော်နေ၏၊ လက်ကျိုးသွားပြီလား၊ မှတ်ထား သူများအပေါ် အနိုင်ကျင့်ဦး-ဟု ပြောပြီး မှတ်မိအောင် ဆုံးမရ၍ စိတ်ထဲ ကျေနပ်မိသည်။

ပြီးနောက်တနေ့ (၁၁-၃-ဝရ) စာရေးသူ သဲချောင်းရွာသို့ အကြောင်းတခုဖြင့် ဆိုင်ကယ်မောင်သူခေါ်ပြီး ခရီးထွက်ခဲ့သည်။ ဆိုင်ကယ်စီးရတာ မငြိမ့်ပါ။ လှည်းလမ်းအလယ်မှ လူသွားလမ်းအတိုင်း ကွေ့ကောက်ကာ သဲဖုတ်တွေထဲ စီးရသည်။

တနေရာအရောက် ဆိုင်ကယ်လီဘာ အရှိန်ပြင်း၍ လှည်းလမ်းထဲကျသွားပြီး လူသွားလမ်းပေါ်သို့ အတက်မှာ ရှေ့ဘီးခွေပြီး ဆိုင်ကယ်ပစ်လဲတော့သည်။

စာရေးသူမှာ မောင်းသူ၏ ထိပ်ပေါ်ကျော်ပြီး ဆိုင်ကယ်နှင့် တလံကွာတွင် သဲဖုတ်ထဲ ခေါင်းစိုက်ကာ ကျသွား၏၊ ဦးခေါင်း ဘာမှမဖြစ်။ အနွေးထည် ဦးခေါင်းအထိ ခြုံထား၍ တော်သေးသည်။

သို့သော် ဘယ်လက်လက်ကောက်ဝတ် နာသွားပြီး ဘယ်ဘက်တတောင်ဆစ်နှင့် ထောက်မိ၍ ဘယ်ဘက်နံရိုးတခြမ်း အတော်အောင့်သွားသည်။ ငါတော့ ဝဋ်လည်ပြီ-ဟု နောင်တနှင့် အတူ ခံစားလိုက်ရသည်။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။ ဝဋ်မှာအမြဲ ငရဲမှာ အပ-ဟု သူတော်ကောင်းများ မိန့်တော်မူကြသည်။ ဝဋ်လည်ခြင်းဆိုသည်မှာ စာရေးသူအား နောင်တမလွန်ထိ မစောင့်၊ နောက်ဆုံးဘဝထိအောင် မနေ၊ မကောင်းမှုဟူသည် အရိပ်ပမာကဲ့သို့ ထက်ကြပ်မကွာ လိုက်တတ်ပေသည်တကား။

(ဖြစ်ရပ်မှန်)

အရှင်ဓမ္မာနန္ဒ (မိဿလင်ဂျင်း)

****************************************

ဝဋ်

(ဝဋ်)

ကျွန်တော်တို့အိမ်ခြေရင်းထောင့်ရှိ မန်ကျီးပင်ကြီးပေါ်တွင် ပျားတသိုက် အုံဖွဲ့နေသည်။ မည်သည့်အချိန်တွင် မည်သည့်အရပ်က ပြောင်းရွှေ့လာသည်မသိ။ ရက်ပိုင်းမျှလောက်ပင် ရှိဦးမည်ထင်ပါသည်။ သူတပါးအိမ်ရာကို ဖျက်ဆီးက မိမိအိမ်ရာ ပျက်စီးတတ်ကြောင်း ငယ်စဉ်က ဖေဖေမကြာခဏ ပြောပြထား၍ ကျွန်တော်လည်း ထိုပျားအုံကို ဖွပ်ခြင်း၊ ဖျက်ဆီးခြင်း မပြုပါချေ။

ညီလေး ညီမလေးများကိုလည်း ဖျက်ဆီးခြင်းမပြုရန် ပြောပြထား၏၊ ထို့ပြင် ပျားကလေးများ အဝေးသို့မသွားရဘဲ အနီးအနားတွင် လွယ်လင့်တကူ ဝတ်ရည်စုပ်သုံးနိုင်ရန် ခြံထဲရှိ ပန်းပင်များကို နေ့စဉ် ရေလောင်းပေါင်းသင်ပေး၏ ထိုမျှသာမက ဝတ်ရည်လျှမ်းသော အခြားပန်းမျိုးများကိုလည်း ထပ်မံစိုက်ပျိုးပေး၏ ထို့ကြောင့် ပျားကလေးများမှာ ဝေးဝေးလံလံသို့ မသွားတော့ဘဲ ခြံထဲရှိ ပန်းပင်များ၌သာ ကျက်စားကျင်လည်နေပါသည်။ ကျွန်တော်က နေ့စဉ် ပန်းပင်ရေလောင်း၊ မြက်နုတ်၊ ပျားကလေးများက ဝတ်ရည်စုပ်၊ ဤသို့ဖြင့် ရက်မှလသို့ ကူးပြောင်းလာခဲ့ရာ ပျားအိမ်ကလေးမှာ အတော်အတန် (မြူအိုးဝခန့်) ကြီးမားလာပါသည်။ ပျားလပို့များလည်း အောက်သို့တွဲလောင်းကျလာပါသည်။

သို့သော် တညနေတွင် ခေါင်းရင်းသုံးအိမ်ကျော်မှ ဘကြီးထူး အိမ်လည်ရောက်လာသည်။ ထိုအခါ ပျားအုံကို မြင်သွားပြီး ဆေးဖော်ဖို့ လိုနေတာနဲ့အတော်ပဲ-ဟုဆိုကာ ပျားအုံရှိသော သစ်ကိုင်းအောက် မီးပုံရှို့ကာ ပျားအုံကို မီးမှိုင်းတိုက်ပါတော့သည်။ ပိုးမွေးသကဲ့သို့ တယုတယမွေးမြူထား၍ မဖျက်ဆီးပါရန် ကျွန်တော်အတင်းအကျပ် တားမြစ်၏၊ ဖေဖေနှင့်မေမေကလည်း ကလေးတွေ မွေးထားတာမလုပ်ပါနဲ့-ဟု ပြောပါသေး၏၊

သို့သော် လူနိုင်ဖြစ်သောဘကြီးက သတ္တဝါဆိုတာ လူချွတ်မှ ကျွတ်တာ ဆိုပြီး ပျားအုံကို ဖွပ်ယူသွား၏၊ ပျားအုံမရှိဘဲ ငုံးတိတိဖြစ်နေသော မန်ကျည်းကိုင်းကိုကြည့်ကာ ကျွန်တော် စိတ်မကောင်းဖြစ်၍ ကျန်ရစ်ခဲ့သည်။ ဤသို့ဖြင့် သုံးရက်အကြာတွင် ကျွန်တော်တို့အိမ်၏ ခေါင်းရင်းဘက် သုံးလေးအိမ်ကျော်လောက်ဆီမှ အော်သံ ဆူညံသံများကြား၍ ပျာပျာသလဲ ကျွန်တော်ပြေးကြည့်ရာဘကြီးထူးတို့အိမ် မီးလောင်နေသည်ကို ထိတ်လန့်စွာတွေ့ရသည်။ တဖောင်းဖောင်း တဗောင်းဗောင်းဖြင့် ဝါးလုံးပေါက်ကွဲသံများကြားတွင် ဘကြီးထူးမှာ ပျားအုံကို မီးရှို့စဉ်က ပျားအိမ်အတွင်း၌ ပိတ်မိနေသော ပျားငယ်ကလေးကဲ့သို့ အားကောင်းစွာတောက်လောင်နေသော မီးညွန့် မီးတောက်များကြား အခန်းတွင်း၌ ပိတ်မိနေသည်။ ပြေးပေါက်ရှာလျက် တစာစာအော်နေ၏၊

ကျွန်တော်လည်းကြည့်မနေတော့ဘဲ လူအုပ်နှင့်အတူ မီးကို ဝင်၍ငြိမ်းသတ်၏၊ နောက်ဆုံး၌ လူအုပ်က မီးကို အနိုင်ရရှိသွားသည်။ မီးလောင်အပြီးတွင် ကိုယ်တခြမ်း မီးလောင်ခံထားရသော ဘကြီးထူးကို အရေးပေါ်လူနာအဖြစ် ဆေးရုံသို့ အမြန်ပို့လိုက်ကြ၏၊ သို့သော် တကိုယ်တည်း လူပျိုးကြီးဘထူးအိမ်ကို လက်ဆော့ခြေဆော့ မီးရှို့သူ လက်သည်ကိုကား မည်သူမျှ မဖော်ထုတ်နိုင်ကြချေ။ လမ်းသွားရင်း ဆေးလိပ်မီးနှင့် ပစ်ပေါက်ခဲ့၍ လောင်ကျွမ်းခြင်းဖြစ်နိုင်သည်-ဟု အများက ယူဆပြောဆိုကြသည်။

မည်သို့ပင်ဆိုစေ ဘကြီးထူးသည် ကျွန်တော်တို့အိမ်ခြေရင်းရှိ မန်ကျည်းပင်မှ ပျားအုံကလေးကို မီးပုံရှို့ဖျက်ဆီးခဲ့၍ ယခု သူ၏အိမ် ပျက်စီးသွားရခြင်း ဖြစ်ကြောင်း၊ ပျားသူငယ်ကလေးများ မီးလောင်ခံရသကဲ့သို့ ယခုသူလည်း မီးလောင်ခံရခြင်းဖြစ်ကြောင်း ကျွန်တော်ယူဆမိပါသည်။ ဝဋ်သည် နာရီ နေရာ သတ္တဝါမရွေး တန်ပြန်လိုက်တတ်ကြောင်းလည်း ဘကြီးထူးကိုယ်စား ကျွန်တော် နားလည်သဘောပေါက်လိုက်မိပါသည်။

(ကနောင်-နေလင်းစိုး )

****************************************

ဝဋ်လည်သူ

(ဝဋ်လည်သူ )

စာရေးသူ ၇-နှစ်သမီးအရွယ်တွင် အသက် ၇၀-ကျော် အဘွားတယောက် အိမ်သို့ မကြာခဏ ရောက်လာတတ်ပါသည်၊ ထူးခြားသည်မှာ အဘွား၏ လက်ချောင်းအားလုံးရှိ လက်ဆစ်ဖျားကလေးများသည် ရှေ့သို့ငိုက်ပြီး ကျိုးနေကြပါသည်။

ကျွန်မသည် အဘွား၏ လက်ချောင်းကလေးများကို မြင်သည့်အခါ အဘွားလက်ချောင်းကလေးများနှင့်တူအောင် မိမိလက်ဆစ်ကလေးများကို အားစိုက်ချိုးပြီး အဘွား၊ အဘွား ဒီမှာကြည့်ပါဦး အဘွားလက်ချောင်းနှင့် တူတယ် မဟုတ်လား-ဟု လုပ်ပြပါသည်၊ ထိုအခါ အဘွားက ငါ့မြေးလေး လုပ်မပြကောင်းဘူး၊ ဝဋ်လည်တတ်တယ်၊ နောက် လုပ်မပြနဲ့-ဟု ဆုံးမပါသည်၊ ကလေးဘဝအရွယ် ဝဋ်လည်တတ်သည်ဟု ပြောသည်ကို ကျွန်မ မသိနားမလည်ပါ၊ ထို့ကြောင့် ကျွန်မက ဝဋ်လည်ပါစေ-ဟု အဘွားကို ပြန်ပြောပြီး ပြက်ရယ်ပြုလုပ်ပါသည်။

ထိုအခါ အဘွားက ငါ့မြေးလေး ငါ့လို လက်ကလေးတွေ မကျိုးပါစေနဲ့၊ ဝဋ်လည်တာကို မသိနားမလည်လို့ လုပ်ပြတာပဲ၊ အဘွားခွင့်လွှတ်ပါတယ်-ဟု တိုးတိုးလေးပြောလေ့ ရှိပါသည်။

ကျွန်မအသက် ၄၀-ကျော်မှ စပြီးလက်ဆစ်ကလေးများ ရောင်ခြင်း၊ နာခြင်း၊ မကြာခဏ ဖြစ်လာပါသည်၊ ယခုအသက် ၅၄-နှစ်တွင် ကျွန်မ၏လက်ချောင်းကလေးများ ကော့နေပြီး လက်ဖျားကလေးများ ကျိုးနေပါသည်၊ ဤကဲ့သို့ ကျွန်မ၏ သေးသွယ် နုနယ်သော လက်ချောင်းကလေးများ ကော့နေခြင်း၊ ကျိုးနေရခြင်းသည် အဘွား၏ ဆုံးမစကားကို နားမထောင်ခဲ့သည့်အတွက် ဝဋ်လည်သည်-ဟု ကျွန်မ ယုံကြည်မိပါသည်။

(ဒေါ်သန်းနွယ်-ကြံခင်းမြို့ )

****************************************

ဝဋ်လည်သူ

(ဝဋ်လည်သူ )

ကျွန်မ၏အကိုလတ်သည် အသက် ၂၉-နှစ်အရွယ်တွင် တခြားရွာမှ အမျိုးသမီးတဦးနှင့် အိမ်ထောင်ကျပါသည်၊ အိမ်ထောင်မကျမီက ကျွန်မ၏မိဘများအိမ်တွင်နေစဉ် ဖားရိုက်ခြင်း၊ ငါးရှာခြင်းကို ဝါသနာမပါခဲ့ပါ၊ မိဘများကလည်း ဖားရိုက် ငါးရှာသွားရန် မခိုင်းစေခဲ့ပါ၊ လယ်ထွန် ထယ်ထိုးရင်း ပေါ်လာသော ဖား ငါး တကောင်တလေကိုသာ အိမ်သို့ ယူဆောင်လာတတ်ပါသည်။

သို့သော် အိမ်ထောင်ကျပြီး ကလေးတယောက်ရ၍ သီးခြားအိမ်နှင့် နေထိုင်သောအခါ ဖားရိုက်ခြင်း ငါးရှာခြင်းကို အစွဲအမြဲပြုလုပ်၍ လာပါသည်။ ငါးရှာခြင်းထက် ဖားရိုက်ခြင်းကို အစဉ်အမြဲ ပြုလုပ်လာပါသည်၊ မိုတွင်းကာလရောက်တိုင်း ည ၁၂-နာရီလောက်တွင် ဖားရိုက်ထွက်လေ့ရှိပါသည်။ ညတွင် ရိုက်ယူခဲ့သော ဖားများကို အကို၏ ဇနီးဖြစ်သူက နံနက်စျေးတွင် သွားရောက်ရောင်းချရာ နေ့စဉ် ငွေတရာကျပ်ကျော် ရရှိပါသည်။

ကျွန်မ၏အကိုသည် မိဘများအိမ်တွင် လယ်အကူလုပ်သဖြင့် စပါးပေါ်ချိန်တွင် စပါး တင်း ၈၀-ရရှိသည်၊ တခြား ပျိုးနှုတ်ခများလည်း ရရှိသဖြင့် သူတို့မိသားစု၏ စားဝတ်နေရေးမှာ ပူပင်စရာ မလိုလှပေ၊ သို့သော်လည်း ဇနီးဖြစ်သူ ငွေကို ဖောဖောသီးသီး သုံးစွဲနိုင်ရန် အကျႌ လုံချည် အသစ်အဆန်းများ ဝတ်စားနိုင်ရန်အတွက် မိုးတွင်းကာလရောက်တိုင်း ဖားရိုက်ရောင်းလေ့ရှိပါသည်။

ဤသို့ ပြုလုပ်ရာမှ တနေ့တွင် ကျွန်မအကိုသည် ခါးအလိုလိုနာလာပြီး စောင်း၍သွားပါသည်၊ ခါးမှတဆင့် ခြေသလုံးများ၊ ခြေမျက်စိများပါ မခံမရပ်နိုင်အောင် နာလာသဖြင့် အလိုလေး အမလေး တကျွတ်ကျွတ်နှင့် ညည်းညူနေရပါသည်။ ရောဂါမှာ မပျောက်၊ ယနေ့တိုင် ခံစားနေရပါသည်။

ဤကဲ့သို့ ကျွန်မ၏ အကိုသည် ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ခါးနှင့် ခြေထောက်များ နာလာရခြင်းမှာ ဖားများကို မညှာမတာ ရိုက်သတ်မှုကြောင့် ဖြစ်သည်-ဟု အများက ယုံကြည်နေကြပါသည်။

(သပြေခက်-မြန်မာစာ )

****************************************

ဝဋ်ကြွေး

(ဝဋ်ကြွေး )

မနွယ်သည် အသက်သုံးဆယ်အရွယ်အိမ်ထောင်သည် အမျိုးသမီးတဦးဖြစ်သည်၊ အိမ်ထောင်သက် ၂-နှစ်ကျော်ခဲ့ သော်လည်း သားသမီးမထွန်းကားသေးပေ၊ ထို့ကြောင့် သာသမီးလိုချင်ရှာသည်၊ ကလေးများကိုလည်း အလွန်ချစ်သည်၊ သူ၏အိမ်၌လည်း ကလေးများကိုခေါ်၍ ကစားစေသည်။

မနွယ်သည် အိမ်မှာ ခေါ်ကစားနေကျ ကလေးများထဲမှ အောင်ခန့်ကျော်-လေးကို အချစ်ဆုံးဖြစ်သည်၊ အောင်ခန့်ကျော်သည် ချိုချဉ်နှင့် ဘီစကစ်ကို အလွန်အမင်းကြိုက်သူဖြစ်သည်၊ ကလေးများကို မုန့်ဝေသောအခါတွင် ချိုချဉ် နှစ်လုံးသုံးလုံး၊ ဘီစကစ် တချပ်နှစ်ချပ်မျှဖြင့် သူက ကျေနပ်လေ့မရှိပေ၊ မနွယ်လက်ထဲမှ မုန့်ကို ငိုယို၍ လုယူတတ်၊ ထိုအခါ မနွယ်က စိတ်ဆိုးမာန်ဆိုးဖြင့်-

ဒီကလေးလေးဟာလေ မျက်နှာလေးလှသလောက် အကျင့်သိပ်ဆိုးတာပဲ၊ ဘယ်လောက်ကျွေးကျွေး ဝတယ်လို့ကို မရှိဘူး၊ ငတ်ကို ငတ်လွန်းတယ်-စသည်ဖြင့် ပြောဆိုတတ်၏၊

အောင်ခန့်ကျော်တို့ မိသားစုသည် ဆွေမျိုးများနေထိုင်ရာ မုံရွာမြို့သို့ ပြောင်းရွှေ့သွားကြသည်၊ ကံအားလျော်စွာပင် မနွယ်နှင့် ကိုပြည့်စုံတို့ ဇနီးမောင်နှံသည်လည်း သားသမီးရတနာဖြစ်လာမည့် ပဋိသန္ဓေကို ရရှိခဲ့ကြသည်။

ကိုယ်ဝန်လွယ်ချိန် ကိုးလကျော် ဆယ်လရောက်ချိန်မှာတော့ သမီးဦးရတနာ ဆုချမ်း-လေးကို မွေးဖွားခဲ့သည်၊ ဆုချမ်းလေးမှာ ဖောင်းဖောင်းပြည့်ပြည့်နှင့် ချစ်ချင်စဖွယ် အဆင်းသဏ္ဍာန်ရှိသည်၊ အနီးအနားမိသားစုများကပါ လက်ကမချစတမ်း အချစ်ခံရသူလေးဖြစ်သည်၊ တနေ့ သမီးကလေး ငါးလအရွယ် မြို့ဦးစေတီသို့ သွားကြရာ မိတ်ဆွေမိသားစုများနှင့် တွေ့ဆုံကြသည်။

ဟယ်-မနွယ်သမီးကလေးက ချစ်စရာကောင်းလိုက်တာ။

ဒါပေမယ့် သူ့အသားကလေးက ဘာလို့ ညိုရတာတုံး၊ မိဘတွေ ဒီလောက်ဖြူနေတာကို။

နေဦး နေဦး ကျွန်မ ခုမှ သတိရတယ်၊ သမီးလေးက မုံရွာပြောင်းသွားတဲ့ အောင်ခန့်ကျော်နဲ့ တူမနေဘူးလား၊

အေး-ဟုတ်တယ်၊ ခုမှ သေချာကြည့်မိတယ်၊ အောင်ခန့်ကျော်ရုပ်မှ အောင်ခန့်ကျော်ရုပ်ပဲဟေ့။

မိတ်ဆွေမိသားစုပြောစကားကို နားထောင်ရင်း မနွယ်၏စိတ်များ လှုပ်ရှားလာသည်၊ မှန်ပါသည်၊ သမီးကလေး ဆုချမ်းမှာ အသားညိုညို မျက်လုံကလေးဝိုင်းဝိုင်း၊ နှုတ်ခမ်းထူထူကလေးနှင့် အောင်ခန့်ကျော် မျက်နှာပေါက် အတိုင်း ဖြစ်နေသည်။

မနွယ်သည် အောင်ခန့်ကျော်လေးကို မမုန်းပါ၊ သို့သော်လည်း ဆိုးတေလွန်းသူလေးမို့သာ ဒေါသအလျောက် ပြောဆိုမိခြင်းဖြစ်သည်၊ ထိုဒေါသ အပြုအမူသည်ပင် ဝဋ်လည်သည့်သဘောမျိုး ဖြစ်လာသည်၊ သမီးကလေး ဆုချမ်း ရှစ်လကျော် ကိုးလအရောက်တွင် ချိုချဉ်နှင့် ဘီစကစ်တို့ကို အခြားစားစရာများထက် ပို၍ ကြိုက်နှစ်သက်သည်ကို တွေ့ရသည်၊ တခါတရံ မိခင်နို့ရည်ကိုတောင် မစို့တော့ဘဲ ချိုချဉ်နှင့် ဘီစကစ်ကိုသာ ပူဆာနေသည်၊ မရလျှင် လူးလိမ့်ငိုယိုနေတတ်သည်၊ အောင်ခန့်ကျော်၏ အကျင့်စရိုက်အတိုင်း ဖြစ်သည်။

ခုတော့ မနွယ် နောင်တရပါပြီ၊ ဘာမဟုတ်သော စကားလေးတခွန်း အပြုအမူလေးတခုသည်ပင် ဝဋ်ကြွေးသဘောကို ဆောင်သည်ဟုလည်း နားလည်သဘောပေါက် သိမြင်ခဲ့ရပါပြီ။

(ဇွဲနေရောင်ခြည် )

****************************************

ဝဋ်ကြွေး

(ဝဋ်ကြွေး)

ကိုဘမောင်သည် ကျွန်တော်၏မိတ်ဆွေတဦးဖြစ်သည်။ အလုပ်တာဝန်မှ အငြိမ်းစားယူပြီးသောအခါ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးအလုပ်ကို အတော်ကြိုးစား လုပ်ကိုင်ခဲ့ပါသည်။

သူသည် လှည်းကူးမြို့နယ် ကျေးရွာတရွာတွင် နေပြီး မြေလွတ်မြေရိုင်းရှာကာ ခြံစိုက်ပျိုးပါသည်။ ဇနီး မဌေးစိန်နှင့် သား ၂-ယောက်၊ သမီး ၂-ယောက် ရှိသည်။ သားတယောက်သာ အရင်းဖြစ်ပြီး ကျန်ကလေးများမှာ မွေးစားထားသူများ ဖြစ်သည်။ မွေးစားရာတွင်လည်း ဒုက္ခရောက်သူများကို ကယ်တင်ခြင်းဖြစ်သည်။

မဌေးစိန်က ကလေးမွေးစားခြင်းကို ဝါသနာပါသည်။ ထိုကလေးတွေကို သူတို့ဇနီးမောင်နှံက မငြီးမငြူ အကြီးဆုံး တက္ကသိုလ်ရောက်သည့်တိုင်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

ကိုဘမောင်၏ ကြိုးစားမှုကြောင့် ရာဘာခြံ တဧကခန့် ရွာအနီး စိုက်ထားနိုင်ခဲ့ပြီ။ ကျန် ဧက ၂၀-ခန့် စိုက်ဆဲတွင် သူ့ခမျာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။ ကိုဘမောင် ရော်ဘာစိုက်ခြင်းမှာ ငွေအရင်းအနှီးရှိ၍ စိုက်ခြင်းမဟုတ်။ စိုက်ပျိုးခြင်း ဝါသနာပါ၍သာ ဖြစ်သည်။ မနီးမဝေးမှ ရာဘာခြံတွင် သွားရောက်ပြီး လေ့လာသည်။ ရော်ဘာခြစ်တာကအစ တတ်အောင်သင်သည်။ သူ့သားသမီးများကလည်း ရော်ဘာစေးခြစ်တတ်သည်အထိ ကြိုးစားခဲ့ကြသည်။ နောက်ဆုံး ရော်ဘာပြားကို ကိုယ်တိုင်လုပ်ပြီး ရောင်းစား နိုင်ခဲ့သည်။ ရော်ဘာပြားစျေးကလည်း ကောင်းပါသည်။

ကိုဘမောင်လုပ်ငန်းများကား မပြီးပြတ်သေး၊ ပြီးပြတ်ပါက ဖြစ်ထွန်းလာနိုင်မည့် အနေအထားရှိသည်။ သို့သော်လည်း ခြံလုပ်ငန်းများကို လုပ်အားခမပေးနိုင်သဖြင့် ကိုယ်တိုင်ပင်ပန်းခံ လုပ်ခဲ့ရသည်။

ပင်ပန်းလွန်းတော့ မကျန်းမမာ ဖြစ်ပြီ။ ဆေးရုံတက်ကုသသည်။ ခဏသာ သက်သာပြီး နောက်တခါ ဆေးရုံပြန်တက်သောအခါ ပခုံးလက်ဆစ်၊ ခြေဆစ်များ ကင်ဆာဖြစ်ကြောင်း သိရသည်။ ကုသမရတော့။ အိမ်ပြန်ခေါ်လာပြီး တပတ်အကြာတွင် ကွန်လွန်သွားရှာတော့သည်။

မကွယ်လွန်မီ သူခံစားနေရသော ဝေဒနာများကို သူ့ဇနီးအား ပြောပြသည်။ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေကြောင်း၊ သူသည် ယခင်ပြုခဲ့သော ဝဋ်ကြွေးကံထင်ကြောင်း၊ ယခင်က သူ့ရွာမှာနေစဉ် တောထဲသွားပြီး ဖွတ်၊ ပုတတ်၊ ရှာလေ့ရှိကြောင်း၊ ဖွတ်၊ ပုတတ်များ ရလာပြီဆိုပါက အရှင်ကို ပြေးမလွတ်အောင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို ကျောပေါ်စု အမြီးနှင့်တွဲချီပြီး အိမ်ပြန်ယူလာတတ်ကြောင်း။

ထိုအချိန်က ထိုသတ္တဝါများ ဘယ်လောက်ခံစားရမည်ဆိုတာ သတိမထားမိကြောင်း၊ ယခု မိမိ ဝေဒနာခံစားလာရ တော့မှ သတိရလာမိကြောင်း၊ ခြေတွေ လက်တွေ အလွန်နာကျင်ကိုက်ခဲခြင်းသည် သတ္တဝါတွေကို ညှဉ်းဆဲခြင်းကြောင့် ဝဋ်လိုက်တာဖြစ်ကြောင်း တညည်းညည်း တညူညူဖြင့် သူ့ဇနီးကို ပြောပြပါသည်။

ယခုဘဝတော့ ခံရပြီးဖြစ်၍ နောင်ဘဝအတွက် ကောင်းအောင် သူ့အတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပေးရန် အတန်တန် မှာကြားခဲ့ပါသည်။

သူ့ဇနီးကလည်း စိတ်ချမ်းသာအောင် နေရန်နှင့် အစွဲအလမ်းမကြီးရန်၊ ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

သို့သော် ကုသိုလ်ကောင်းမှုများကို ကိုဘမောင် ကွယ်လွန်ပြီးမှသာ သူ့ဇနီးက ပြုလုပ်ပေးနိုင်ခဲ့ပါတော့သည်။

ကိုဘမောင်တယောက် ယခုဘဝတွင် ပြုသမျှဝဋ်ကြွေးကို ခံခဲ့ရခြင်းပါပေ။ ဝဋ်ဆိုတာ မလွတ်ပါတကား။

ကိုကြီးဆွေ

****************************************

သံသရာဝဋ်

(သံသရာဝဋ် )

ကိုဘသည် ခွေးမွေးဝါသနာပါသူတဦး ဖြစ်သည်၊

သူ့အိမ်တွင် တကောင်သေ၊ တကောင်မွေး စနစ်ဖြင့် ခွေးများကို အလျဉ်မပြတ် မွေးထားလေ့ရှိ၏၊

သူ့ခွေးများက ကလေးမြင်လျှင် လိုက်ဆွဲတတ်သည့် အကျင့်ဆိုး ရှိနေခဲ့သည်။

သည်ကိစ္စနှင့်ပတ်သက်၍ ကလေးမိဘရှင်များက ကိုဘကို ခွေးမမွေးရန် ပြောဆိုခဲ့ကြသည်၊

ကိုဘက လက်မခံခဲ့၊

ခွေးမျက်စိနောက်အောင် လုပ်တော့ ကိုက်မှာပေါ့၊ ကိုယ့်ကလေးကို နိုင်အောင်ထိန်းပါ-ဟု တုံ့ပြန်ကာ မသိသလို ပြုမူနေထိုင်ခဲ့လေသည်။

တနေ့တွင် အရပ်ထဲမှ ကလေးတဦးကို ကိုဘမွေးထားသော ခွေးတကောင်က ထွက်ကိုက်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကလေးရှင်မိဘများက ရပ်ကွက်လူကြီးများကို တိုင်တန်းခဲ့သည်၊

ကျုပ် မွေးထားတဲ့ခွေးလို့ ပြောရအောင် ကျုပ်က ခွေးကို မှတ်ပုံတင်ထားတာမှ မဟုတ်ဘဲ-ကိုဘက လူကြီးများ ရှေ့တွင် တင်းတင်းမာမာ ပြောကာ ငြင်းဆန်လိုက်၏၊

များမကြာမီတွင် ဖြစ်၏၊

ကိုဘ၏ကလေး ကျောင်းတက်အသွားတွင် ခွေးများလိုက်ဆွဲ၍ ကလေးမှာ ကြီးစွာ ဒဏ်ရာရသွားခဲ့သည်။

ကလေးကို ခွေးလိုက်ဆွဲစဉ်က အနီးအနားရှိ အိမ်များမှာ အလုပ်ဆင်းသွားကြ၍ ကယ်မည့်သူမရှိ ဖြစ်သွားခဲ့သည်။ ကံအားလျော်စွာ လမ်းသွားလမ်းလာများနှင့် တိုးသောကြောင့် ကိုဘ၏ကလေးမှာ အသက်ချမ်းသာရာ ရသွားခဲ့ခြင်း ဖြစ်တော့သည်။

သံသရာဝဋ်ကား ကြွေးမထားတတ်ကြောင်း ကိုဘတယောက် ကောင်းကောင်းကြီး သိသွားခဲ့ရပါတော့သည်။

(ကျော်မိုးလွင်-ဝါးခယ်မ )

****************************************

သစ္စာစကား အကျိုးများ

(သစ္စာစကား အကျိုးများ)

စာရေးသူတို့မြို့ရှိ ရပ်ကွက်တခုတွင် ကိုဝင်း-ဟုအမည်ရသူ လူတယောက်ရှိသည်။ မွေးချင်း ညီအကို နှစ်ယောက်ရှိသည့်အနက် ကိုဝင်းမှာအငယ်ဖြစ်သည်။ ဖခင်ဖြစ်သူ မရှိသည့်နောက် မိရိုးဖရာလုပ်ငန်းဖြစ်သော ပန်းပဲလုပ်ငန်းဖြင့် မိခင်အိုကြီးကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်သည်။

အတူနေ အကိုဖြစ်သူ ကိုတင့်မှာမူ စရိုက်ကြမ်းသည့် အရက်သမားလူရမ်းကားတဦး ဖြစ်သည်။ အလုပ်ကို ဟုတ်တိပတ်တိ မလုပ်ချင်ဘဲ ညနေခင်း အရက်ဖိုးကိုတော့ မိခင်အိုကြီးထံမှ ပုံမှန်လိုချင်သူ ဖြစ်သည်။

ကိုဝင်းမှာမူ အကိုနဲ့ ဆန်ကျင်ဘက်ဖြစ်သည်။ ယဉ်ကျေးလိမ္မာသူဖြစ်သည်၊ ရှာရသမျှငွေ မိခင်အိုကြီးထံ အကုန်အပ်ပြီး ရတနာမြတ်သုံးပါးကိုလည်း လေးနက်စွာ ယုံကြည်ကိုးကွယ်သည်။ အလုပ်အားချိန်တွင် ကိုဝင်းတယောက် ကက်ဆက်အိုလေးနှင့် အချိန်ကုန်နေတတ်၏၊ သူဖွင့်သည့်တိပ်ခွေမှာ အများအားဖြင့် သီတဂူဆရာတော်၏ တရားခွေများ ဖြစ်သည်။

ဘုန်းကြီးကျောင်းထွက် ကိုဝင်းတယောက် ညအိပ်ရာဝင်ခါနီးတိုင်း ပရိတ်ကြီး ၁၁-သုတ်ကို ရွတ်လေ့ရှိသည်။ အသက်သုံးဆယ်ကျော်ပြီဖြစ်သော်လည်း မိခင်အိုကြီးကို ငဲ့ညှာပြီး အိမ်ထောင်မပြုပါ။ အကိုဖြစ်သူ လူပျိုဟိုင်းကြီး ကိုတင့်နှင့် မိခင်အိုကြီးကို ရာသက်ပန်လုပ်ကျွေးဖို့ ကြည်ဖြူစွာ ဆုံးဖြတ်ထားသူဖြစ်သည်။

ကိုဝင်းက သိတတ်ပေမဲ့ ကိုတင့်ကတော့ အခွင့်အရေးယူလွန်းသူ ဖြစ်သည်။ အရက်ကို ညနေတိုင်း ပုံမှန်သောက်ပြီး မူးပြီးပြန်လာလျှင် ပြဿနာရှာတတ်သူ ဖြစ်သည်။ ဟင်းမကောင်းလျှင်လည်း ဟင်းပန်းကန် ရိုက်ခွဲတတ်ပြီး အရက်မဝသေးလျှင်လည်း တွေ့သည့်ပစ္စည်း ဆွဲကာ ပေါင်သောက်သူ ဖြစ်သည်။

တခုသောညနေတွင် ကိုတင့် စောစောအိမ်ပြန်ရောက်လာပြီး ကိုဝင်းထံမှ ကက်ဆက်အိုလေးကို ဆွဲလုပါတော့သည်။ ပါးစပ်ကလည်း ခဏလေး အကိုယူသွားမှာ-ဟု ပြောပါသည်။ သို့သော် အကြောင်းသိမို့ ကိုဝင်း မပေးပါ။ အကို ဒီလိုမလုပ်ပါနဲ့-ဟုဆိုကာ ကက်ဆက်ကို ပြန်ဆွဲလေသည်။ ကိုတင့်က ကိုဝင်းကို အံ့ဩဟန်တချက်ကြည့်ပြီး ကက်ဆက်ကိုင်ထားသည့် လက်-လွှတ်ကာ ပါးစပ်ကလည်း မင်းကိုသတ်မယ်-ဟုပြော၏၊ ထို့နောက် အနီးထရံတွင် ထိုးထားသော သံချေးတက်ဓားမြောင်တချောင်းကို ပြေးယူပါတော့သည်။ ကိုဝင်းမှာ ကြောက်ကြောက်နဲ့ အမေရေ-ဟုအော်ကာ ကက်ဆက်ဆွဲပြီး အိမ်ကိုပတ်ပြေးလေသည်။ ပြေးရင်းမှ နာတရားများဖြင့် နားရည်ဝနေသူပီပီ ခေါင်းထဲတွင် အတွေးတချက် လက်ကနဲပေါ်လာ၏၊ ထို့ကြောင့် ဆက်မပြေးဘဲ လက်အုပ်ချီ မျက်စိစုံမှိတ်ကာ ဘုရားကို အာရုံပြု၍ စိတ်တွင်းမှ တပည့်တော်သည် မိခင်ကြီးကို ရိုသေစွာ လုပ်ကျွေးနေသူဖြစ်ပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ယခုကြုံတွေ့နေရသော အန္တရာယ်မှ လွတ်မြောက်ပါရစေ-ဟုဆုတောင်းလိုက်လေတော့သည်။

အံ့ဩဖွယ် ကောင်းလေစွ၊ ဓားကိုင်ပြေးလာသော ကိုတင့်မှာ ကိုဝင်းအနီးရောက်လုရောက်ခင်တွင် ခြေခေါက်လဲကာ ကိုင်ထားသည့်ဓားမြောင်ချွန်ပေါ်သို့ မှောက်လျက်ကျသွား၏၊ အသံဗလံများကြောင့် ကိုဝင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ညာဘက်လက်မောင်းရင်းကို လက်ဖြင့်ဖိလျက် ညည်းညူနေသော အကိုဖြစ်သူအား နံဘေးတွင် တဟင့်ဟင့်ရှိုက်ငိုနေသော မိခင်နှင့်အတူ တွေ့လိုက်ရပါတော့သည်။

ကိုဝင်းအကို ကိုတင့်မှာ ထိုဒဏ်ရာနှင့် ဆေးရုံတလခန့် တက်လိုက်ရသည်။ ဆေးရုံမှ ဆင်းလာသောနေ့တွင် ကိုဝင်းအား-အကို ဘယ်တော့မှ အရက်မသောက်တော့ဘူး။ ငါ့ညီကိုလည်း နောင် အနိုင်မကျင့်တော့ပါ ဘူးကွာ-ဟု နောင်တမျက်ရည်များဖြင့် ပြောပါလေတော့သည်။

ရာဇာသိန်းထွန်း (ဝမ်းတွင်း)

****************************************

သည်းခံခြင်းသည် မင်္ဂလာ

(သည်းခံခြင်းသည် မင်္ဂလာ )

နယ်ချဲ့ဗြိတိသျှတို့ အုပ်စိုးချိန်က ဖြစ်သည်၊ လွတ်လပ်ရေးကို အလိုရှိနေကြသော မြန်မာနိုင်ငံသားတို့ကို အင်္ဂလိပ် အစိုးရက ဒိုင်အာခီ အုပ်ချုပ်ရေးသာ ပေးလိုသည်၊ ထိုအုပ်ချုပ်ရေးကို အထက်တန်း အစိုးရအရာရှိများနှင့် ငွေကြေးချမ်းသာသော သူဋ္ဌေးများသာ အလိုရှိသည်။ ဆင်းရဲသား အများကမူ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သော ဟုမ်းမရူးကိုသာ လက်ခံချင်ကြသည်။

မော်လမြိုင်မြို့မှ ဝံသာနုစိတ်ဓာတ် ပြင်းထန်သူ ဦးချစ်လှိုင်က ဟုမ်းမရူးအသင်းကို စတင်ဖွဲ့လိုက်သည်။ ထို့ကြောင့် ဒိုင်အာခီနှင့် ဟုမ်းမရူးအသင်း အဖွဲ့နှစ်ခု ကွဲကြသည်။ အခြားမြို့များထက် မြိတ်မြို့၌ ထိုနှစ်သင်းသည် ပို၍ ပြင်းထန်ပြီး ဆွေမျိုးရင်းချာ အချင်းချင်းပင် တဦးနှင့်တဦး မခေါ်မပြောနိုင် ရန်သူကဲ့သို့ ရှိကြသည်။

လူထုကွဲသကဲ့သို့ ဘုန်းတော်ကြီးကျောင်းများလည်း ဒကာများဘက် လိုက်ပြီး ကွဲကြရပြန်သည်။ ယခင်က ကျောင်းဝင်းအကျယ်ကြီးထဲ၌ ကျောင်းကြီး နှစ်ဆောင်ပြိုင် ဆောက်ထားကြရာ ယခုကဲ့သို့ အသင်းအဖွဲ့များ ကွဲသောအခါ ဒိုင်အာခီကျောင်းက အားကောင်းလျှင် ဟုမ်းမရူးကျောင်းကို နှင်ထုတ်လေ့ရှိသည်။ အနှင်ခံရသော ကျောင်းအဖို့ ချက်ချင်း ပြောင်းရန် မြေမရှိ။ ထို့ကြောင့် မြေအသစ် ရှာကြရသည်။

ဤကဲ့သို့သောအချိန်တွင် မြိတ်မြို့မှ ဟုမ်မရူးအသင်းဥက္ကဋ္ဌ ဦးရိုး-ကို အားကိုးကြရသည်။ ဦးရိုးသည် မြိတ်မြို့ ထားဝယ်စုရပ်၌ ပန်းတိမ်ဆရာဘဝမှ (သူလေးစား ကိုးကွယ်သောဆရာတော်က ဆေးကျမ်းများ ပေးကမ်းပြီး မြန်မာသမားတော်ဖြစ်အောင် တိုက်တွန်းသောကြောင့်) သမားတော် ဖြစ်လာသူ ဖြစ်သည်။ နေ့စဉ်ပင် သံဃာတော်များ၊ သီလရှင်များနှင့် ဆင်းရဲသား၊ ဆွေမျိုး၊ မိတ်ဆွေများကို အခလွတ် စေတနာသမားတော်အဖြစ် ကုသိုလ်ပြု ဆေးကုပေးနေသူဖြစ်သည်။ သီတင်းဝါလ ကျွတ်ချိန်၌ ကျေးဇူးသိတတ်သူများက နိုင်သမျှ ကန်တော့ကြသော ပစ္စည်းများဖြင့်သာ ရောင့်ရဲလျက် နေထိုင်လေ့ရှိသည်။

သူသည် ဗုဒ္ဓစာပေကျမ်းဂန်များကို အသင့်အတင့် တတ်သိနားလည်သည်။ ရှေးခေတ်က အသုဘအိမ်များ၌ အသုဘချပြီးလျှင် မိတ်ဆွေနှင့် ဆွေမျိုးများက အသုဘအိမ်သို့ လာကြလေ့ရှိသည်။ ထိုခေတ်က ဖဲဝိုင်းမရှိသောကြောင့် ညပိုင်း၌ ဦးရိုးက တရားဓမ္မများကို သူနားလည်သမျှ ဟောပြောလေ့ရှိသည်။

အရပ်ထဲ၌ သူ့အား ကြည်ညိုလေးစားကြသည်။ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါတရား ပွားသည့်အတိုင်း ကထိန်ခင်းလျှင် ဆင်းရဲသားများလည်း ကုသိုလ်ပါဝင်နိုင်အောင် စုဘူးများလုပ်ပြီး အလှူခံ၍ ငွေစုပေးသည်။ ကထိန်ခင်းသောအခါ မမျှော်လင့်ဘဲ ငွေများစွာ ရရှိသည်။ ဆင်းရဲသား၊ ဆွေမျိုး၊ မိတ်သင်္ဂဟများလည်း ဝမ်းမြောက်ဝမ်းသာ အလှူပါဝင်နိုင်ကြသဖြင့် သူ့ကို အားကိုး၍ ကျေးဇူးတင်ကြသည်။ ရပ်ရွာ၌ ကူညီစရာရှိလျှင်လည်း မဆိုင်းမတွ ကူညီတတ်သည်။ ကိစ္စတရပ်ရပ်ပေါ်၍ ဆုံးဖြတ်စရာရှိလျှင် ကျေနပ်အောင် ဆုံးဖြတ်ပေးတတ်သည်။ ရပ်ကွက်၌ အားလုံး ရိုသေ လေးစား ခံရသည်။ သူ၏ ဖြောင့်မတ် တည်ကြည်ခြင်း၊ စိတ်နှလုံး နူးညံ့ကောင်းမွန်ခြင်း၊ သဒ္ဓါတရားကောင်းခြင်းကြောင့် သူ့ကို သိသူ များကြသည်။ ဤသို့လျှင် မြိတ်မြို့၌ ဟုမ်မရူးအသင်း ဖွဲ့သောအခါ သူ့ကို ဥက္ကဋ္ဌ မြှောက်ကြသည်။

ဦးရိုးတို့ ကိုးကွယ်သော ဆရာတော်၏ ကျောင်းမှာ ဟုမ်းမရူးကျောင်းဖြစ်သောကြောင့် ဒိုင်အာခီတပည့်များက သူတို့အား တဝင်းတည်း မထားလို။ ကျောင်းနှင့်အတူပြောင်းရွှေ့ပေးရန် ပြောကြသည်။ ထို့ကြောင့် ဦးရိုးသည် မြိတ်ဒိစတြိတ်အရေးပိုင်ထံသို့ အကျိုးအကြောင်း ပြောပြပြီး ကျောင်းဆောက်ရန် နေရာအသစ်တောင်းခံသည်။ အရေးပိုင်ကလည်း အလွယ်တကူ မြေနေရာကို ပေးလိုက်သည်။ ယင်းနေရာကို ဒိုင်အာခီများကလည်း သူတို့အလိုရှိနေကြသဖြင့် အရေးပိုင်ထံ လျှောက်ထားကြသည်။ ဟုမ်းမရူးကျောင်းအတွက် ပေးလိုက်ပြီး ဖြစ်ကြောင်း ပြောပြသည်။ သူတို့မရတော့ပေ။

ထိုနေ့မှစ၍ ဦးရိုးကို ဒိုင်အာခီများက မကျေနပ်ကြ။ အခွင့်ကောင်းရအောင် အရေးပိုင်ထံ ဝင်လျှောက်ရသလားဟု အပြစ်တင်ကြသည်။ မနာလို ရှိကြသည်။ ထိုခေတ်က မြိတ်မြို့တွင် မော်တော်ကားများ မရှိသေး၊ လန်ချားများသာ ရှိသည်။ ဦးရိုးသည် နံနက်ပိုင်း ဆေးကုပြီး ညနေ ၄-နာရီအချိန်တွင် အိမ်မှဘုရားသို့ သွားလေ့ရှိသည်။ ဘုရားပန်းများမှာ အုန်းလက်ကြောများဖြင့် သီထားသောကြောင့် ပန်းသီများကိုင်၍ သွားရသည်။ လမ်းတလျှောက် ဘုရားဖူးသူ များသဖြင့် အိမ်တချို့က ဘုရားသွားသူများအား ဘုရားပန်းသီများ ထွက်ပေးလေ့ရှိကြသည်။

ဦးရိုးသည် ပန်းများနှင့် ဖယောင်းတိုင်များကို ဘုရား သိမ် အသီးသီး၌ဝင်၍ ဆက်ကပ်ပူဇော်ပြီးမှ နောက်ဆုံး သူ၏မိခင် ပူဇော်ထားသော ဘုရားရှိရာသိမ်သို့ ဝင်၍ ရှိခိုးလေ့ရှိသည်။ ဤကဲ့သို့ ညနေတိုင်း မပျက်မကွက် ဦးရိုး ဘုရားသွားချိန်တွင် ထိုလမ်းမကြီးရှိ တိုက်အိမ်တလုံးတွင်နေသော သူဋ္ဌေးတဦးသည် တိုက်ရှေ့သို့ထွက်လာ ပြီးလျှင် ဟုမ်းမရူး ဥက္ကဋ္ဌကြီး လာပြီ၊ တန်ခိုးကြီးလို့ ချေးရေတိုက်ဖို့ ကောင်းတယ်ဟေ့-ဟူ၍ အသံကျယ်လောင်စွာ အော်ပြောလေ့ရှိသည်။

ဦးရိုးကား ဣန္ဒြေမပျက်၊ မကြားယောင်ဆောင်ကာ သွားမြဲတိုင်း သွားလျက်ပင်။ သူ့အား ရန်သူဟူ၍ သဘောမထား၊ သည်းခံသည်။ နေ့စဉ် ဦးရိုးအား ဤကဲ့သို့ စော်ကားနေသဖြင့် အိမ်နားနီးချင်း မိတ်ဆွေများက ဦးရိုး၏ တူသားများအား သွားတိုင်ကြသည်။ လူငယ်များက ဒေါသ ထောင်းထောင်းထွက်၍ သူတို့ သွားရောက် ဆုံးမမည်ဟု ဦးရိုးအား လာပြောကြသည်။

ဦးရိုးက ရန်ရန်ချင်း မတုံ့နှင်းကြနဲ့၊ ငါ့မှာ ဘာမှမထိခိုက်၊ သူမောတဲ့အခါ တိတ်သွားလိမ့်မယ်-ဟု ဆုံးမထားလိုက်သည်။ လူငယ်များကား မကျေနပ်ကြ။ စိတ်ထဲ မခံချင် ဖြစ်ကြသည်။ ဤသို့ဖြစ်ရာမှ နှစ်ပတ်ခန့် ကြာသောအခါ သူဋ္ဌေးထွက်မလာသဖြင့် ဦးရိုးက အံ့အားသင့်မိသည်။ ထို့နောက် သူဋ္ဌေးကြီး ဝမ်းတွေသွားပြီး ရေကိုသာအငမ်းမရ တောင်းသောက်နေရကြောင်း၊ ဆရာဝန်တွေလည်း မကယ်နိုင်တော့ကြောင်း သတင်းကြားရသည်။

များမကြာမီ ထိုသူဋ္ဌေး အနိစ္စရောက်သွားကြောင်း သိရှိရသည်။ အစောကားခံရသူ ဒုက္ခမတွေ့။ စောကားသူသာ ဒုက္ခတွေ့သွားသည်။ သည်းခံခြင်းကား မင်္ဂလာပင်။

(ဒေါ်စောရင် )

****************************************

သမ္ဗုဒ္ဓေတန်ခိုးကြောင့် ကျွန်မဘဝ အသက်ဘေးမှ ကင်းဝေးရ

(သမ္ဗုဒ္ဓေတန်ခိုးကြောင့် ကျွန်မဘဝ အသက်ဘေးမှ ကင်းဝေးရ)

ကျွန်မသည် ကျောင်းဆရာမတဦး ဖြစ်ပါသည်။ တာဝန်ကျရာ တောင်ပေါ်ဒေသဖြစ်သည့် ဆွမ်ပရာဘွမ်မြို့သို့ တာဝန်ထမ်းဆောင်ရန်အတွက် အထက်က ချမှတ်လိုက်သည့် အမိန့်အတိုင်း ကျောင်းသို့ အချိန်မီရောက်ရှိနိုင်ရန် လိုအပ်သည့် ပစ္စည်းများကို ထည့်လိုက်ပါသည်။ ပြီးနောက် အဘိုးအဘွားနှင့် မိဘနှစ်ပါးအား ကန်တော့လိုက်ပြီး ဘူတာသို့ ထွက်လာခဲ့ပါသည်။

ဆွမ်ပရာဘွမ်မြို့သို့ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မီးရထားလမ်း မပေါက်ပေ။ ထို့ကြောင့် ကျွန်မနေသည့် မိုးကောင်းမြို့မှ ရထားစီးပြီး မြစ်ကြီးနားသို့ သွားရသည်။ မြစ်ကြီးနားမှ တဆင့် ကားကြုံစီးကာ ဆွမ်ပရာဘွမ်သို့ တဖန် သွားရမည် ဖြစ်သည်။ သို့မှသာ ကျွန်မတာဝန်ထမ်းရမည့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ခါကတမ်းကျေးရွာသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ မြစ်ကြီနားသို့ စောစောရောက်မှသာ ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်၍ အစောဆုံးလာသည့် ရထားဖြင့် လိုက်နိုင်ရန် ရထားအမီ ဘူတာသို့ ကျွန်မ အမြန်ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

ဘူတာသို့ ကျွန်မရောက်ပြီး ၁-နာရီလောက် အကြာတွင် အထူးအမြန်ရထား လာဆိုက်ပါသည်။ ဟိုပင်မြို့မှ အဆင်သင့် လိုက်ပါလာသည့် ဆရာမနှစ်ဦးက ဆီးကြိုနေ၍ ရထားပေါ်သို့ ကျွန်မ အလွယ်တကူ ရောက်ရှိခဲ့ပါသည်။ ညနေ ၃-နာရီလောက်မှာ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပါသည်။

ကျွန်မသူငယ်ချင်း ဆရာမ စန္ဒာသင်းတို့အိမ်တွင် တည တည်းခိုပြီး နောက်နေ့နံက် ၈-နာရီအချိန်မှာ မြစ်ကြီးနားနှင့် ၄၉-မိုင်ကွာဝေးသည့် ဆွမ်ပရာဘွမ်မြို့ (ခါကတမ်းရွာကလေး) သို့ ကျွန်မအပါအဝင် ကျောင်းဆရာမ ၄-ဦး၊ ခရီးသည်အချို့နှင့် ကားကြုံစီးကာ လိုက်ပါလာခဲ့ပါသည်။

ခရီးလမ်းတလျှောက် တွေ့မြင်ရသမျှ တောတောင်သဘာဝ ရှုမျှော်ခင်းတွေ၊ တောပန်းတောင်ပန်းတွေက လှပလွန်းလှပါသည်။ ငှက်ကလေးတွေ၏ အော်မြည်သံ မြစ်ရေစီးဆင်းသံတွေက ကျွန်မအတွက် ကြည်နူးမှုတခုပင် ဖြစ်နေပါတော့သည်။

သို့ပါသော်လည်း ခရီးမထွက်ခင် အဘိုးအဘွား မိဘနှစ်ပါး၏ ပြောဆိုဆုံးမခဲ့သည့် စကားကို ကြားယောင်မိသောကြောင့် ပတ်ဝန်းကျင်မှ သဘာဝအလှ သာယာသမျှတို့ကို ပယ်ဖျောက်လိုက်ပါသည်။ မိဘဘိုးဘွား ဆုံးမပြောဆိုခဲ့သည့် စကားကတော့- သမီးလေး၊ ဘယ်ပဲရောက်ရောက်၊ နေ့နေ့ညည အချိန်ရသမျှ သမ္ဗုဒ္ဓေဂါထာကို သီချင်းဆိုသလို ရွတ်ဆိုပွားများပါ-ဆိုသော စကားပဲဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မသည် မျက်စိကိုမှိတ်ပြီး သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုပွားများလာခဲ့ပါသည်။

ဘယ်လောက်အချိန်ကြာကြာ ရွတ်ဆိုလာခဲ့သည် မသိ။ နားထဲမှာ ဝုန်း ဝုန်း ဆိုသည့် အသံနှင့်အတူ ကျွန်မတကိုယ်လုံး လွင့်စဉ်မြောက်တက်သွားပြီး မြက်ခင်းပြင်ပေါ်သို့ ကျရောက်သွားခဲ့ပါသည်။ ကားမှောက်တာပါလားဆိုသည့် အသိနှင့် သတိထားကြည့်မိတော့ မျှော်လင့်မထားမိသည့် မြင်ကွင်းတခုက မယုံကြည်နိုင်လောက်အောင် ကျွန်မကို ဆီးကြိုနေခဲ့ပါသည်။ ခရီးသည် ၂-ဦး သေဆုံးပြီး ကျွန်မနှင့်အတူ လိုက်ပါလာသည့် ဆရာမ ၃-ဦး အပါအဝင် ခရီးသည်အများအပြား ဒဏ်ရာရရှိလျက် သွေးအိုင်ထဲ လဲနေသည်ကို မြင်တွေ့ရပြန်သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းသောကြောင့် ကျွန်မ လွန်စွာ ထိတ်လန့်တုန်လှုပ်မိပါသည်။ ကားမှောက်သည်ဆိုသော စကားကို အစက စကားအဖြစ်သာ ကြားဖူးပြီး ရုပ်ရှင်ထဲ၊ ဗွီဒီယိုထဲမှာသာ မြင်ဖူးတွေ့ဖူးခဲ့သည်။ အခု လက်တွေ့၊ ကိုယ်တွေ့ မျက်မြင်ပင်။ ကျွန်မစီးသည့်ကားက တကယ်မှောက်တာ။ သူငယ်ချင်း ဆရာမတွေအားလုံးလည်း ဒဏ်ရာတွေကိုယ်စီနှင့် သတိမေ့သူမေ့နှင့် ကျွန်မ အထူးကြောက်လန့်နေမိသည်။

သို့သော် သမ္ဗုဒ္ဓေဂါထာတော်ကိုတော့ ကျွန်မ မမေ့မလျော့ ရွတ်ဆိုနေသည်ကို သတိထားမိသည်။ အမှန်တကယ်လည်း ကျွန်မသည် သမ္ဗုဒ္ဓေဂါထာကို စွဲစွဲမြဲမြဲ ရွတ်ဆိုပွားများလေ့ရှိ၏၊ အဘိုးအဘွားမိဘများ ပြောဆိုဆုံးမသည့်အတိုင်း သီချင်းလေးတောင် မညည်းအား၊ မဆိုအား၊ သမ္ဗုဒ္ဓေဂါထာသည်သာ ကျွန်မအတွက် စွမ်းအားအဖြစ် ဘဝအမော ဖြေဆေးပမာ ထာဝရရှိနေခဲ့သည်။

ယခုလည်း ခရီးထွက်လာစမှာ လှပလွန်းသည့် ရှုမျှော်ခင်းတွေကို တအံ့တဩတွေ့ရသည်မို့ ခဏလောက်သာ အလှတောမှာ နစ်မျောငေးမောမိသည်။ ထို့နောက် အဘိုးအဘွား၊ မိဘနှစ်ပါးကို စိတ်နှင့် ရည်မှန်းပြီး ဘုရားကိုအာရုံပြုကာ သမ္ဗုဒ္ဓေဂါထာကိုသာ တလမ်းလုံး ရွတ်ဆိုပွားများလာခဲ့သည်။ သမ္ဗုဒ္ဓေဂါထာ၏ အကျိုးတရားကြောင့်ထင်၏၊ ယခုဖြစ်ပျက်ခဲ့သည့် ကားမှောက်သည့်အထဲ ကျွန်မတယောက်သာ လုံးဝ အနာတရ မရရှိ။ ပွန်းခြင်းပဲ့ခြင်းကင်းကာ အသက်ဘေးမှ ကင်းဝေးခဲ့ရသည်။ သမ္ဗုဒ္ဓေဂါထာတန်ခိုးကြောင့် ကံကောင်းသောလူအဖြစ် အသက်ရှင်နေထိုင်ခွင့် ရခဲ့သည်။

ကျွန်မ ၅-တန်းကျောင်းသူဘဝက တကြိမ် ရေနစ်ဖူးသည်။ ကျွန်မတို့အိမ်သို့ မျှစ်ချဉ်လာပို့သည့် အဒေါ်ကြီးနှင့် ရေချိုးရန် နန့်ကောင်းချောင်းကြီးသို့ လိုက်သွားသည်။ အဒေါ်ကြီးက သူမျှစ်ချဉ်ထည့်ယူလာသည့် မိုးကာတွေကို ရေဆေးနေသည်။ ကျွန်မက သူနှင့် ခပ်လှမ်းလှမ်းတနေရာမှာ ရေချိုးသည်။ ကလေးဆိုသော်လည်း ရေနစ်တတ်သည်ဆိုတာကို သိသော်လည်း သတိမရှိသောကြောင့် ရေချိုးရင်း ချိုးရင်း ရေနက်ထဲရောက်၍ ရေနစ်တော့၏၊ အဒေါ်ကြီးကလည်း သူ့အလုပ်နှင့်သူမို့ ကျွန်မရေနစ်နေသည်ကို မြင်ဟန်မတူ။ ဒီလိုနှင့် ကျွန်မသည် မြုပ်ချီပေါ်ချီ ၂-ကြိမ်တိတိ ဖြစ်နေသည်။ ငါ ရေနစ်သေတော့မှာပါလား၊ ငါ့ကို ကယ်မယ့်သူ ပေါ်မှ ပေါ်လာပါတော့မလားဟု ရင်ထဲတွေးရင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုနေမိသည်။ ကယ်မယ့်သူ လာပါစေ ဟူ၍လည်း စိတ်ထဲမှာ ဆုတောင်းနေမိသည်။ ကျွန် ဆုတောင်းပြည့်ခဲ့ပါသည်။ ရေနစ်၍ သေအံ့ဆဲဆဲအချိန် မိနစ်အပိုင်းအခြားလေးမှာ လူတယောက် ကျွန်မအား လာရောက်ကယ်တင်သွားခဲ့သည်။ ထို့နောက်ပိုင်း ကျွန်မ ဘာမှမသိတော့။ သတိလစ်မေ့မျောသွားခဲ့သည်။

ကျွန်မ ကံကောင်း၍ ရေနစ်မသေခဲ့ပေ။ ကျွန်မကို ကယ်တင်ခဲ့သူသည် ဆိုက်ကားသမားဖြစ်၏၊ ဆိုက်ကားသမား ဦးလေးကြီးသည် ကျွန်မတို့ ရေချိုးဆိပ်ရှိရာဘက်သို့ ဘယ်တော့မှ မလာဘူးဟု ပြောပါသည်။ ထိုနေ့မှ ရေချိုးဆိပ်နား ရောက်လာသည်ဟု ပြောသည်။ ကျွန်မ၏ ကံကောင်းမှုသည် သမ္ဗုဒ္ဓေတန်ခိုးဟု ပြောရမည်ဖြစ်သည်။

လူမှန်းသိတတ်စအချိန်ကတည်းက အဖေ၊ အမေ၊ အဘိုးအဘွားကအစ ဗုဒ္ဓဘာသာကိုင်းရှိုင်းတဲ့ သမီးပျိုလေးအဖြစ် စံနမူနာယူဖို့ သမ္ဗုဒ္ဓေဂါထာကို သင်ပေးခဲ့ကြသည်။ အိပ်ရာဝင်တိုင်းဆို၊ အိပ်ရာထတိုင်းဆို၊ သွားရင်း လာရင်းလည်းဆို၊ အချိန်တိုင်း ဆိုပါ ပြောကြ၏၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား ပြောစကားကို မြေဝယ်မကျ နားထောင်ခဲ့ပါသည်။

သမ္ဗုဒ္ဓေဂါထာကို ယခုအချိန်အထိ အစဉ်မပျက် ရွတ်ဆိုခဲ့သည်။ ထိုဂါထာ၏ အကျိုးကျေးဇူးကို ယခု ကျွန်မ ရခဲ့ပြီ။ သမ္ဗုဒ္ဓေတန်ခိုးကြောင့် ကျွန်မ ရေနစ်၍မသေခဲ့၊ ကားမှောက်၍ မသေခဲ့။ သေကံမရောက် သက်မပျောက်ဘဲ တောင်ပေါ်ဒေသ ကချင်ရွာလေးမှာ ကလေးတွေကို စာပြ၊ စာသင်ပေးသော ကျောင်းဆရာမလေးအဖြစ်နှင့် တာဝန်ထမ်းဆောင်နိုင်ခဲ့သေးသည်။ သမ္ဗုဒ္ဓေကို အခါမလပ် ပွားများရင်းဖြင့် တိုင်းပြည်အကျိုး သယ်ပိုးရပေဦးတော့မည်။

စွဲကြူကြူအေး-နန်းခွင်၊ ကချင်မြေ။

ဝန်ခံချက် မိုးကောင်းမြို့ နတ်ကြီးကုန်း (ရှမ်းပိုင်း)ရပ်မှ တူမလေး အိအိမွန် (ကျောင်းဆရာမ) ၏ ဖြစ်ရပ်မှန်ကို ကာယကံရှင်၏ ခွင့်ပြုချက်အရ ရေးသားဖော်ပြါသည်။

****************************************

သရဏဂုံ အကျိုး

(သရဏဂုံ အကျိုး)

စာရေးသူသည် ၁၉၉၀-ပြည့်နှစ် ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပါသည်။ ထိုစဉ်က မင်းဘူး-အမ်း ကားလမ်း ဖွင့်လှစ်စအချိန်လည်းဖြစ်၊ စျေးကွက်စီးပွားရေး စတင်ကာစ အခါလည်းဖြစ်၍ ပြည်နယ်မှူးက လမ်းကြောင်းလေ့လာရန်နှင့် စျေးကွက်ရှာရန် တာဝန်ပေးသဖြင့် မြေပုံမြို့မှ အမ်းမြို့သို့ သင်္ဘောဖြင့်လည်းကောင်း၊ အမ်းမှ မင်းဘူးသို့ (၆-တန်ခွဲ) တန် TE ကား (လူစီးကုန်တင်) ဖြင့်လည်းကောင်း၊ မင်းဘူးမှ မကွေးသို့ စက်လှေဖြင့်လည်းကောင်း၊ မကွေးမှ မန္တလေးသို့ ဘတ်စ်ကားဖြင့် လည်းကောင်း၊ စမ်းသပ်သွားလာခဲ့ပါသည်။

အပြန်ခရီးတွင် လမ်းစရိတ် ကာမိရန်အတွက် မန္တလေးမှ တရုတ်ပစ္စည်းများဝယ်ပြီး အပြန်တွင် မကွေးကားဂိတ်မှ ဇက်ဆိပ်သို့ ဆိုက်ကားဖြင့် ဆင်းခဲ့ပါသည်။ မိမိနှင့်အတူပါလာသူ ဦးထွန်းဖြူမှာ လူဝကြီးတယောက်ဖြစ်ပြီး မိမိကတော့ ပိန်သဖြင့် ဆိုက်ကားကို နောက်ဘက်မှ စီးနင်းလိုက်ပါလာခဲ့သည်။ မကွေးပြည်တော်သာလမ်းအတိုင်း ဆင်းလာခဲ့ရာ မြို့မစျေးမြောက်ဘက်မှ အနောက်ဘက်သို့ အဆင်း (ဧရာဝတီမြစ်ဘက်သို့) ကမ်းနားလမ်းမရောက်မီ ကုန်းဆင်းတွင် ဆိုက်ကားနောက်ဘရိတ် ပြတ်သွားပါသည်။ ဤတွင် ခုန်ချ၍လည်း မရပါ။ အဘယ့်ကြောင့်ဆိုသော် ပေါင်ပေါ်တွင်ရော ခြေနင်းခုံပေါ်တွင်ပါ ပစ္စည်းများရှိနေ၍ ဖြစ်သည်။

ထို့နောက် အကြံရ၍ ဘုရားတရားကို အာရုံပြုကာ သရဏဂုံ ၃-ပါး ဂုဏ်တော်ကို တောက်လျှောက်ရွတ်ဆိုပြီး လိုက်ပါလာခဲ့သည်။ ပထမအဆင်းအပြီး ဒုတိယအဆင်းတွင် ရှေ့ဘရိတ်ပါ ပြတ်သွားသည်။ ထိုအခါတွင် ဆိုက်ကားသည် မြစ်ကမ်းပါးဘက်သို့ တဟုန်ထိုး လိမ့်ဆင်းသွားသည်။ ကမ်းပါးသို့ရောက်ရန် ဝါးတပြန်ခန့် အလိုတွင် တစုံတခုက ဝင်ဆွဲလိုက်သကဲ့သို့ တုံ့ခနဲရပ်ပြီး ဆိုက်ကားမှောက်သွားသည်။

ဆိုက်ကားမှောက်သော်လည်း မိမိမှာ သရဏဂုံကို သတိမပျက် ရွတ်ဆိုနေဆဲဖြစ်သည်။ ထို့နောက် မျက်စိထဲတွင် ဝင်းခနဲ၊ ဝါခနဲ အလင်းရောင်များ တွေ့လိုက်ပြီး ခေတ္တ သတိလစ်သွားသည်။ ၅-မိနစ်သာ ကြာမည်ထင်သည်။ သတိရသောအခါ မိမိနာမည်ကို အဝေးမှ ခေါ်သံလိုလိုကြားနေရာက ပို၍နီးလာပြီး ကြည်ကြည်လင်လင် ကြားရသောအခါ ပြန်လည်ထူးလိုက်ပါသည်။ ထိုအခါမှ ဦးထွန်းဖြူနှင့် ဆိုက်ကားဆရာအပါအဝင် ဇက်ဆိပ် စျေးဆိုင်နှင့် ကွမ်းယာဆိုင်မှ လူများကို တွေ့လိုက်ရသည်။

အသေအချာ ဆန်းစစ်လိုက်သောအခါ မိမိမှာ မှောက်နေသော ဆိုက်ကားနောက်ထိုင်ခုံအောက်တွင် လေးဘက်ထောက်အနေအထားဖြင့် ရောက်ရှိနေပါသည်။ ခန္ဓာကိုယ်တွင် ပွန်းရာ၊ ပဲ့ရာ လုံးဝမရှိပါ။ ဆိုက်ကားဆရာနှင့် ဦးထွန်းဖြူမှာမူ လွင့်စဉ်သွားသည့်အတွက် နဖူးကွဲ၊ ဒူးပြဲ၊ လက်ပြဲ ဖြစ်နေကြပါသည်။

မိမိသည် လွန်စွာ အံ့ဩသွားမိ၏၊ ကုန်းအဆင်းတွင် ရှေ့ရောနောက်ပါ ဘရိတ်ကြိုးပြတ်၍ တဟုန်ထိုးပြေးဆင်းသွားသော ဆိုက်ကားပေါ်တွင် လူသုံးယောက်ရှိသည့်အနက် သရဏဂုံရွတ်ဆိုလာသော မိမိမှာ ပွန်းရှရုံပင် မဖြစ်သောကြောင့်ဖြစ်သည်။

ဤသည်မှာ ပထမဆုံးအကြိမ် သရဏဂုံအကျိုးကို လက်တွေ့အဖြစ်မှ ကြုံခဲ့ရခြင်း ဖြစ်ပါသည်။

နော်လီကို (မကွေး)

****************************************

သီလအကျိုး

(သီလအကျိုး)

ကိုအောင်မြင့်သည် ကျွန်တော်တို့ရပ်ကွက်ထဲက ဖြစ်သည်။ ရိုးသားပြီး မိအိုဖအိုတွေကို လုပ်ကျွေးနေသော လူပျိုကြီးတဦး ဖြစ်သည်။ သူသည် နေ့စားအလုပ်လုပ်၍ မိအိုဖအိုများ စားချင်တာ စားစေ၊ လှူချင်တာ လှူစေ ဆိုသော စိတ်စေတနာထား၍ ပြုမူသည်။ သူကတော့ ခြိုးခြံချွေတာ သုံးစွဲသည်။ ညနေစာ ထမင်းအတွက် တယောက်စာ ကုန်ကျစရိတ်လည်း သက်သာ၊ မိမိလည်း ကုသိုလ်ရစေဆိုပြီး နေ့စဉ် ၈-ပါးသီလစောင့်ထိန်း သည်။ ညနေ အလုပ်ကပြန်တိုင်း မိုးကောင်းဘုရားမှာ ပုတီးစိပ်၍ တရားထိုင်လေ့ရှိသည်။

မှတ်မှတ်ရရ တော်သလင်းလဆန်း ၇-ရက်နေ့ မိုးကောင်းဘုရားပွဲတော် ကျင်းပနေချိန် ဖြစ်သည်။ သူသည် ညနေ မိုးချုပ်စမှာ ဘုရားရှိခိုး ပုတီးစိပ်ပြီး ပြန်မည်ပြုစဉ် သူ၏ ညာဘက်နံဘေး မနီးမဝေးက ပိုက်ဆံအိတ်တလုံး ကောက်ရသည်။

သူသည် ပိုက်ဆံအိတ်ပိုင်ရှင်ကို အနီးအနားတွင် ရှိလိုရှိငြား ရှာကြည့်သည်။ မည်သူ့ကိုမျှ မတွေ့။ သို့ဖြင့် ဘုရားကြီး၏ အနောက်ဘက်မုခ်ပေါက်မှ ဂေါပကရုံးကို ပိုက်ဆံအိတ် သွားအပ်လိုက်သည်။

ဂေါပကလူကြီးများက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်စစ်ဆေးရာ ရွှေ ၁-ကျပ်သား ဆွဲကြိုးတကုံး၊ ပတ္တမြားလက်စွပ် တကွင်း၊ တထောင်ကျပ်တန် ငွေစက္ကူ ၃-အုပ်၊ ၅၀၀-ကျပ်တန်မှ ၅၀-ကျပ်တန်အထိ ပါဝင်သော ငွေများနှင့် နိုင်ငံရေးစိစစ်ကဒ်ပြား၊ အိတ်ဆောင်မှတ်စုတအုပ်နှင့် ဘောလ်ပင်တချောင်းကို တွေ့ရှိကြသည်။

လူကြီးများက နိုင်ငံသားစိစစ်ရေးကဒ်ပြားပါ လိပ်စာအတိုင်း ပိုက်ဆံအိတ်ပိုင်ရှင်ကို စုံစမ်းပေးအပ်လိုက်သည်။ ထိုအခါ ပိုက်ဆံအိတ်ပိုင်ရှင်က ကျေးဇူးတင် ဝမ်းမြောက်စွာဖြင့် ပိုက်ဆံအိတ်ကို ရိုးသားစွာ ပြန်လည်ပေးအပ်သူ ကိုအောင်မြင့်ကို ဂုဏ်ပြုသည့်အနေဖြင့် ငွေ ၁၀၀၀၀-ကျပ် ဂေါပကလူကြီးများမှတဆင့် ချီးမြှင့်လိုက်သည်။

ကိုအောင်မြင့်သည် ပိုက်ဆံအိတ်ပိုင်ရှင်က ဂုဏ်ပြုချီးမြှင့်သော ငွေ ၁၀၀၀၀-ကျပ်ဖြင့် ဆန် ဆီ ဆား အပြည့်အစုံဝယ်ကာ နေ့စဉ်မပြတ် အရုဏ်ဆွမ်းချက်ပြီး ဘုရားဆွမ်းတော်ကပ်သည်။ သံဃာတော်များကို ဆွမ်းလောင်းသည်။ မိအိုဖအိုများကိုလည်း ဂရုတစိုက် ရိုရိုသေသေ ကျွေးမွေးသည်။

ထို့နောက် ပိုက်ဆံအိတ်ပိုင်ရှင်ကို သူပြုသမျှ ဒါနကောင်းမှုအတွက် ကုသိုလ်ရစေရန် အမျှပေးဝေသည်။ မကြာပါချေ။ မိုးကောင်းဘုရားပွဲတော်အတွင်းတွင် သူထိုးထားသော ထီလက်မှတ်တစောင်က ကျပ်တသိန်းဆု ပေါက်ကြောင်း၊ မြင်းမူမြို့ မြတံခွန်ထီဆိုင်မှ အကြောင်းကြားပြီး ဆုငွေကို လာရောက်ထုတ်ယူစေပါသည်။

မြို့နေလူထုနှင့် ကြားရသူအပေါင်းက ကိုအောင်မြင့်၏ လက်ငင်းအကျိုးပေးသော ကောင်းမှုများကို သာဓုခေါ်ကြသည်။ ထိုကောင်းမှုများသည် ကျေးဇူးရှင်မိဘများကို လုပ်ကျွေးခြင်း၊ သီလဆောက်တည်ခြင်း၊ သူတပါး၏ ပစ္စည်းကို ကောက်ရသော်လည်း ပိုင်ရှင်ကို ပြန်လည်ပေးအပ်ခြင်းတို့ ဖြစ်ပါသည်။

(ငါန်းဇွန်-မောင်လွမ်းမွန်)

****************************************

သူ့ အသက်

(သူ့ အသက် )

ဦးဖိုးမောင်သည် ရွာသာကုန်း ရွာသားဖြစ်သည်၊ အနေအထိုင် အစားအသောက် ကြမ်းတမ်းသူဖြစ်သည်၊ သူ၏မိန်းမ မလှကြည်မှာ အေးဆေးတည်ငြိမ်၍ ဘုရားတရား ရိုသေသူတဦးဖြစ်သည်၊ တနေ့တွင် မိန်းမဖြစ်သူက ကိုဖိုးမောင် ကျွန်မ အိပ်မက်တွေမကောင်းဘူး၊ အိပ်မက်ထဲမှာ ရှင့်ကို မြွေကြီးတကောင်လိုက်လို့ ရှင်ပြေးနေရတယ်လို့ ကျွန်မအိပ်မက်မက်တယ်၊ ရှင် သွားတာ လာတာ သတိထားသွားနော်။

အမလေး၊ မလှကြည်ရာ အပိုစကားတွေ ပြောမနေစမ်းနဲ့၊ အိပ်မက်နဲ့ အပြင်နဲ့ ပြောင်းပြန်စီပါကွာ၊ မင်းမလဲ ပေါက်ပေါက်ရှာရှာ မက်တတ်တယ်-ဟု ပြန်ပြောလေသည်။

ကဲ မလှကြည် ငါ-လယ်ထဲကိုဆင်းမယ်၊ ငါကို နေ့လယ်ထမင်းလာပို့-ဟု ပြောပြီးသည်နှင့် နွားနှစ်ကောင်ကို ဆွဲကာ လယ်ထဲသို့ ထွက်သွားလေသည်၊ ဦးဖိုးမောင်၏ လယ်သည် သူ့အိမ်နှင့် မနီးမဝေး ဖြစ်သည်၊ လယ်ထဲသို့အရောက် ကန်ဘောင်ရိုးပေါ်တွင် မြွေတကောင်ဖြတ်သွားသည်ကို မြင်လိုက်သဖြင့် အနီးရှိ ဝါးရင်းတုတ်နှင့် ခေါင်းကို ရိုက်ချလိုက်သည်၊ တချက်တည်းနဲ့ပင် မြွေသည် မလှုပ်တော့၊ ကြည့်လိုက်သောအခါ သူ၏ လက်ကောက်ဝတ်လောက် ရှိသည့် မြွေဟောက်ကြီး ဖြစ်နေလေသည်။

ဦးဖိုးမောင်၏ မျက်နှာမှာ ချက်ချင်း ဝင်းလက်သွားသည်၊ မြွေကို ခါးပိုက်ထဲထည့်ကာ မိန်းမဟင်းချက်အမီ ပြန်ပို့လေသည်၊ လမ်းတွင် ဗိုက်မှ စစ်ကနဲ စစ်ကနဲ-ပုရွက်ဆိတ် ကိုက်သလို နာနေသည်၊ သူ၏စိတ်ထဲတွင်လည်း သိပ်အလေးမထားမိ၊ အိမ်တံခါးဝသို့ ရောက်သော် မလှကြည်-ဟုခေါ်ကာ ဗိုက်ကိုလက်ဖြင့် အုပ်လျက် လဲကျသွားလေသည်၊ သူ့ယောကျ်ား ခေါ်သံကြား၍ မလှကြည် အိမ်နောက်ဖေးမှ ပြေးထွက်လာကာ ကြည့်လိုက်သောအခါ ဦးဖိုးမောင် အသက်မရှိတော့၊ အိမ်နီးနားချင်းများက လာရောက်ကြည့်ကြသည်၊ အိမ်နီးချင်းများက တယောက်တပေါက်နှင့် ကျတ်ဖမ်းတာ၊ ပိုးထိတာ-ဟု ပြောနေကြသည်၊ ဦးဖိုးမောင်တို့ အိမ်ဘေးမှ ကိုစံမြက-

ဟာ-ကိုဖိုးမောင် ခါးပုံထဲမှာ လှုပ်စိ လှုပ်စိနဲ့ ဘာလေးတွေလည်း မသိဘူး-ဟု ပြောလိုက်ကာ အနီးတွင်ရှိသော တုတ်နှင့် ခါးပုံစကို ထိုးဖြေလိုက်ရာ မြွေပေါက်ကလေးများ ထွက်လာသည်၊ ကိုဖိုးမောင်၏ ဗိုက်တွင် နီနီအကွက် လေးငါးကွက်နှင့် သွေးစို့နေသည်။

ကိုဖိုးမောင် ရိုက်သတ်လိုက်သော မြွေမှာ အကောင်ပေါက်တော့မည့် မြွေဟောက်မကြီးပေတည်း၊ သူတပါးအသက်ကို သတ်မိသောကြောင့် မိမိလည်း အကုသိုလ်ဖိစီးမှုကို ပြန်လည်ခံစားရခြင်း ဖြစ်သည်။

အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်၊ (ဖြစ်ရပ်မှန်)။

(ခိုင်ခိုင်ဝင်း-လေးမြေ )

****************************************

သူ့အပြစ်နှင့် သူ့ကံ

(သူ့အပြစ်နှင့် သူ့ကံ )

ကျွန်မတို့ ရွာကလေးမှာ တောင်သူအလုပ်ဖြင့် အသက်မွေးကြသူများ များပြားပါသည်၊ ထို့ကြောင့် အိမ်တိုင်းလိုလိုပင် အသီးအပင်များ အတွက် မြေဩဇာအိတ်များကို အိမ်အောက်ထပ်တွင် အလွယ်တကူ ထားတတ်ကြပါသည်။

လကွယ်နေ့ တညတွင် ရွာမြောက်ဖျားရှိ ဦးလူကျော်အိမ်မှ မြေဩဇာအိတ် ၂-လုံး ပျောက်ဆုံးသွားကြောင်း သိရှိ ရပါသည်၊ တပတ်ခန့်ကြာသောအခါ ကျွန်မတို့ရွာ၏ အရှေ့ဘက်ရွာမှ မောင်သံချောင်း မြွေကိုက်၍ သေဆုံးသွားကြောင်း သိရပါသည်။

ကျွန်မသည် မိမိ ပညာသင်ပေးခဲ့သော တပည့်လေးဖြစ်သဖြင့် သွားရောက်မေးမြန်းသည်၊ မောင်သံချောင်းသည် ကျွန်မတို့ရွာမှ ခိုးယူခဲ့သော မြေဩဇာ အိတ် ၂-လုံးကို ရွာအဝင် ဆူးချုံကြားတွင် ဝှက်ထားရာ ဝယ်သူလာသဖြင့် ညအချိန် သွားရောက်ယူရာမှ မြွေကိုက်ခံရပြီး သေဆုံးကြောင်း သိရပါသည်၊ မောင်သံချောင်းသည် ဤကဲ့သို့ သူများပစ္စည်းကို လစ်လျှင်လစ်သလို ခိုးယူနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခု မြေဩဇာ ၂-အိတ်၏ တန်ဖိုးမှာ ငွေ ၃၀၀-ကျပ်သာ ဖြစ်သည်၊ ထိုငွေနှင့် သူ၏အသက်ကို လဲလိုက်ရပြီ ဖြစ်ကြောင်း အဒေါ်ကြီးတဦးက ကျွန်မကို တီးတိုးပြောပြ၍ ကြားသိခဲ့ရပါသည်။

(ဝေဇင်မြင့်-ပုသိမ်ကြီး )

****************************************

သူတပါးအလှူ တားမြစ်သူ

(သူတပါးအလှူ တားမြစ်သူ )

ပုလောမြို့နယ် ရွာတရွာတွင် ရော်ဘာခြံလုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသော ဖိုးသာထူးသည် ဇနီးဖြစ်သူ ဒေါ်အေး၊ သားသမီး ငါးယောက်နှင့် အတူနေကြသည်၊ ဖိုးသာထူးသည် ရွာရှိ ဆရာတော်ဘုရားအကြောင်းကို မကောင်း အလွန်ပြောသူ ဖြစ်ပါသည်၊ သူနှင့်ရင်းနှီးသူတွေကိုလည်း ထိုဆရာတော်အား မလှူရန် တားမြစ်လေ့ရှိပါသည်၊ လူကြီးများက မပြောရန် တားမြစ်ပါသော်လည်း သူကတော့ ဂရုမစိုက်ပေ၊

ဆရာတော်ကြီးက ဖိုးသာထူးအကြောင်းကို သိသော်လည်း မေတ္တာမပျက်၊ သည်းခံတော်မူသည်၊ တနေ့တွင် မပြစ်မှားထိုက်သူကို ပြစ်မှားခဲ့၍ ထင်ပါသည်၊ ဖိုးသာထူးပါးစပ်မှာ အနာတွေ ပေါက်လာသည်၊ ဆေးဆရာမျိုးစုံထံ သွား၍ ကုသသည်၊ မပျောက်ကင်းပေ၊ မပျောက်ကင်းရုံမက တနေ့တွင် ရော်ဘာခြံသို့ သွားရာ ရော်ဘာပင်ကြီး တပင်သည် လေလည်းမတိုက် မိုးလည်းမရွာဘဲ အပင်ခြေမှလဲကျသည်၊

ရော်ဘာကိုင်းသည် ဖိုးသာထူး၏ ပါးစပ်တည့်တည့်ကို ထိုးနှက်မိရာ ဖိုးသာထူးမှာ အသက်ဆုံးရှုံသွားလေ၏၊

(အရှင်ခေမိန္ဒ )

****************************************

သူနာပြုခြင်း

(သူနာပြုခြင်း )

တနေ့သော နံနက်ခင်းက ဖြစ်ပါသည်၊ ကျွန်တော်တို့အိမ်ရှေ့ မန်ကျည်းပင်ကြီးအောက်မှာ စာငှက်ကလေးတကောင် လဲကျနေသည်ကို တွေ့ရပါသည်၊ စာငှက်ကလေး၏ ခြေထောက်နှစ်ချောင်းမှာ

နောက်သို့ပစ်လျက်သား ဖြစ်နေပြီး တောင့်တင်းနေပါသည်၊ ခြေတံကလေးများမှာလည်း လက်သီးဆုပ်ထားသကဲ့သို့ ဖြစ်နေသည်၊ တဆတ်ဆတ်လည်း တုန်နေပါသည်၊ လည်ကုပ်ကလည်း ပျော့ကျနေပါသည်၊ ခေါင်းလည်း မထောင်နိုင်တော့ပါ။

ကျွန်တော်သည် စာကလေးကို တွေ့တွေ့ချင်း အလွန်သနားမိသည်၊ အသက်ရှင်လိုရှင်ငြား ပြုစုစောင်ရှောက်ရန်လည်း ဆုံးဖြတ်ချက် ချလိုက်ပါသည်၊ ထို့ကြောင့် စာကလေးကိုကောက်ပြီး အိမ်ထဲသို့ ယူခဲ့ပါသည်။

အိမ်ထဲသို့ရောက်သောအခါ ကျွန်တော်သည် စာကလေး၏ နှုတ်သီးလေးကို ပရုတ်ဆီများများ လိမ်းပေပါသည်၊ စာကလေး ပရုတ်ဆီနံ့ကို ရှူရှိုက်မိရန် ဖြစ်ပါသည်၊ စာကလေးသည် အလွန်မောရှာလွန်း၍ နှာခေါင်းနှင့် အသက်မရှူနိုင်ဘဲ နှုတ်သီးကလေးကို ဟ,ကာ ဟ,ကာ ခက်ခက်ခဲခဲ ရှူရှိုက်နေရပါသည်။

ထို့နောက် ကျွန်တော်သည် ပရုတ်ဆီနှင့်ရေကို ဖျော်၍ စာကလေး၏ နှုတ်သီးကို အသာအယာဖြဲပြီး တစက်ချင်း ဖြည်းညှင်းစွာ ထည့်ပေးပါသည်၊ ငြင်းဆန်သည့်သဘောဖြင့် ခါမထုတ်ပါ၊ မျိုချရှာပါသည်။

စာကလေး၏ တောင့်တင်းနေသော ခြေထောက်ကလေး နှစ်ချောင်းကိုလည်း ပရုတ်ဆီများများ လိမ်းပေးကာ ညင်သာစွာ နှိပ်နယ်ပေးပါသည်၊ ပေါင်းရင်းနှင့် ခြေဆစ်ကလေးများကိုလည်း အသာအယာ ဆွဲဆန့်ပေးပါသည်၊ နွေးနွေးထွေထွေး ရှိစေရန်လည်း စာကလေးကို နေရောင်ခြည်ရသည့် နေရာတွင် အဝတ်နှင့် ထွေးပေးထားပါသည်။

ကျွန်တော်သည် ထိုသို့ဂရုစိုက်ရင်း စာကလေး၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါသည်၊ သို့နှင့် ၁-နာရီကျော်ကျော်ခန့် အချိန်တွင် ထူးခြားမှုတခုကို စတွေ့ရပါတော့သည်၊ ထိုအခါမှ ကျွန်တော်သည် စာကလေးမသေနိုင်တော့-ဟု ယုံကြည်ပြီး အားတက်လာပါသည်၊ ဝမ်းလည်းသာရပါသည်။

ထူးခြားလာပုံမှာ မနက်က သူ့ကိုခွံ့ကျွေးဖို့ ယူထားသော ထမင်းလုံးကလေးများကို သူ့ကိုယ်သူ မနိုင်မနင်းဖြင့် ကောက်စားလာပါသည်၊ စာကလေး၏ အခြေအနေမှာ တိုးတက်နေပါပြီ၊ အိမ်ခန်းထဲမှာ ဟိုတိုး သည်တိုးနှင့် ပြန်ချင်နေရှာပါပြီ။

အစာဝအောင်ကျွေး၍ အိမ်ရှေ့မန်ကျည်းပင်ကြီးပေါ်သို့ ပြန်လွှတ်လိုက်ပါသည်၊ စာကလေးသည် တကျည်ကျည်နှင့် အသံပြုရင်း ပျော်ရွှင်စွာ ပျံတက်သွားပါသည်၊ သူ့ကို အခြားစာငှက်ကလေးများက တကျည်ကျည်နှင့် အော်ရင်း ပျောက်နေသူကို မမျှော်လင့်ဘဲ ပြန်တွေ့လိုက်ရ၍ ဝမ်းသာနေကြသည့်အလား ပျော်ရွှင်စွာ ကြိုဆိုနေကြသည် ထင်ပါသည်။

ကျွန်တော်သည် သူတို့ကို ကြည့်ရင်း တကြိမ်တခါမှ မခံစားဖူးသော ဝမ်းသာကြည်နူးမှုများကို ရင်မှာအတိုင်းမသိ ခံစားရပါ၏၊

(မောင်ဝေစည်-မလှိုင်၊ ကံကြီး )

****************************************

ဟင်းလေးအိုးကြီး တည်နိုင်သူ

(ဟင်းလေးအိုးကြီး တည်နိုင်သူ)

ကျွန်တော်သည် ၄-၇-၇၃ မှ ၁၃-၈-၈၀ နေ့အထိ အရာတော်မြို့နယ် မလဲသာကျေးရွာ အ-လ-က တွင် တာဝန်ထမ်းခဲ့ပါသည်။ မလဲသာကျေးရွာအုပ်စုတွင် မလဲသာရွာမ၏ အရှေ့ဘက်၌ ညောင်ပင်သာရွာ၊ ရွာမ၏ အနောက်ဘက်တွင် ကံရင်းရွာဟူ၍ ရွာနှစ်ရွာသည် တမိုင်အကွာစီတွင် တန်းလျက်တည်ရှိပါသည်။

ကျွန်တော်သည် ကံရင်းရွာမှ မလဲသာ (အ-လ-က) သို့ ခြေကျင်ကျောင်းတက်ခဲ့သူ ဖြစ်သည်။ ကံရင်းရွာလူကြီး ဦးချစ်ပွင့်က ကျွန်တော့်ကို သူ့ထန်းရွက်မိုးတဲလေးတွင် နေစေခဲ့ပါသည်။ မိသားစုမပါ၍ တဲလေး၌ တယောက်တည်း ချက်ပြုတ်စားသောက်ရသည့် ဒုက္ခမှာ မသေးလှ။ ကန်ရေခတ်ရသော ဒုက္ခမှာလည်း မလွယ်။

တနေ့တွင် ဦးလေးချစ်ပွင့်နှင့် ရွာ၌ဩဇာရှိသော ဗိန္ဓောဆရာကြီး ဆရာအေးတို့ ကျွန်တော့်တဲ ရောက်လာကြ သည်။ ဆရာအေးက-ဆရာ ဒီရွာက ရွာသူရွာသားတွေဟာ ညမှာ ဗိုင်းငင်၊ နေ့မှာ တောင်ယာခွင် လုပ်နေကြရတဲ့ တောသူ တောသားများ ဖြစ်ပါတယ်။ သူတို့ရဲ့ ကလေးငယ်များ ပညာရေးမှာ မနိမ့်ကျအောင် ညဘက်မှာ ဆရာက ကျောင်းသားလူငယ်များကို ဂရုစိုက် လေ့ကျင့်၊ ရှင်းပြ၊ သင်ကြားပေးပါဦး-ဟု အကူအညီ တောင်းခဲ့သည်။

ကျွန်တော်လည်း ည၌ အားလပ်နေသဖြင့် လက်ခံခဲ့သည်။ အတန်းစုံမှ ကျောင်းသား ၃၀-ခန့်သည် မီးခွက်လေးများဖြင့် လာရောက်သင်ယူ လေ့ကျင့်ကြပါသည်။ ကျွန်တော်ကလည်း စေတနာထားပြီး ငွေကြေးလုံးဝမယူဘဲ ရှင်းပြ သင်ပြပေးခဲ့သည်။

မြန်မာ့ကျေးလက် တောသူတောသားများကား ကျေးဇူးရှင်ကို ကျေးဇူးဆပ်လေ့ရှိကြပါသည်။ နံနက်ရော ညနေပါ မိဘများသည် သားသမီးများအား ဟင်းတခွက်စီကို အမြတ်တနိုး ဆရာ့ထံ ပို့စေသည်။ ကျွန်တော်က သူတို့ပေးလာသော ဟင်းများကို ကျွန်တော်စားသောက်စရာ ပိုလျှံနေ၍ အိုးလုံးကြီးထဲ ထည့်ပြီး ဟင်းလေးအိုးကြီး တည်နိုင်ခဲ့ပါသည်။ ထင်းမှအစ ရေခပ်သည်အထိ ကျောင်းသားများက ကူညီခဲ့ကြ၍ ကျွန်တော့်ဘဝသည် အားလုံးအဆင်ပြေပြီး စိတ်ချမ်းသာလှပါသည်။ စေတနာအကျိုးပင် ဖြစ်ပါသည်။

(သန်းရွှေဦး-ကလေး)

****************************************

အံ့ဖွယ် ဒါနအကျိုး

(အံ့ဖွယ် ဒါနအကျိုး)

ကျွန်တော်သည် မြဝတီမြို့မှ ဘာအံ့မြို့သို့ မောင်းနှင်သော မှန်လုံကားပေါ်တွင် ပတ်ဝန်းကျင် ရှုခင်းများကို ငေးမောကြည့်ရှုရင်း စီးနင်းလိုက်ပါလာခဲ့ပါသည်။ မှတ်မှတ်ရရ ကျွန်တော် ခရီးထွက်လာသောနေ့က ၂၀၀၁-ခု ဒီဇင်္ဘာလ ၅-ရက်နေ့ဖြစ်၏၊ ကျွန်တော် စီးနင်းလိုက်ပါလာသော မှန်လုံကားသည် အလယ်ဗိုလ်တဲ-စခန်း မရောက်ခင်၌ စက်ချို့ယွင်းသွားသဖြင့် ဒရိုင်ဘာနှင့် စပယ်ယာတို့က ကားကိုပြင်ဆင်ကြပါသည်။

ထိုအချိန်တွင် ရဟန်းတပါးသည် နေကိုမော့ကြည့်နေသည်ကို အမှတ်မထင် ကျွန်တော်တွေ့လိုက်ရ၏၊ အဆိုပါ ရဟန်းသည် ကျွန်တော်၏ကားနှင့်အတူ ပါလာခဲ့သည့် ခရီးသွားရဟန်း ဖြစ်ပါသည်။ သို့နှင့် ကျွန်တော်သည် ကားပြင်နေသော ကားဆရာတို့အား ဆရာတို့ ကြာဦးမလား-ဟုမေးလိုက်ရာ ကားဆရာတို့က နောက်ထပ် နာရီဝက်လောက်ဆိုရင် ရပါပြီ-ဟု ပြောသည်။ ၄င်းအချိန် ကားပြင်ပြီးခဲ့လျှင် မွန်းတည့် ၁၂-နာရီ ကျော်သွားပေရော့မည်။ ထို့ကြောင့် ကျွန်တော့်တွင်ပါလာသော ထမင်းထုပ်ကို ကားအတူစီးခဲ့သူ ခရီးသွား ရဟန်းတော်အား ဆွမ်းကပ်လှူလိုက်ပါသည်။

ခဏအကြာတွင် ရဟန်းတော်က ဆွမ်းဘုဉ်းပေးပြီးသွားသဖြင့် ပါရှိလာသော သောက်ရေဘူးကိုပါ ကပ်လှူလိုက်ရာ ရဟန်းတော်က ကျွန်တော့်အား ဆုများပေးပါသည်။

ကျွန်တော်ကတော့ ရန်ကုန်သို့ ခရီးဆက်ရန် ရှိနေသည်။ ည ၆-နာရီခွဲထွက်သော ဘာအံ့-ရန်ကုန် မှန်လုံကားကြီးဂိတ်သို့ လက်မှတ်သွားရောက်ဝယ်ယူသည်။ လက်မှတ်အားလုံး ကုန်နေပြီဖြစ်သဖြင့် စိတ်ညစ်နေချိန်တွင် ကားဂိတ်ရှေ့သို့ ဆိုက်ကားတစီး ဆိုက်ရောက်လာသည်။ ဆိုက်ကားပေါ်မှ ဆင်းလာသူက ဒီနေ့ ရန်ကုန်သွားမလို့ လက်မှတ်ဝယ်ထားတာ အဲဒါ မသွားဖြစ်တော့ဘူး-ဟုပြောသည်။

ဟာ-ဒါဆိုအတော်ပဲ၊ ခင်ဗျား မသွားဖြစ်ရင် ခင်ဗျားလက်မှတ် ကျွန်တော့်ကို ပြန်ရောင်းဗျာ-ဟုပြောလိုက်၏၊ ထိုအခါ ၄င်းလူက-မရောင်းပါဘူးဗျာ၊ ခင်ဗျားကို မေတ္တာနဲ့ အလကား ပေးလိုက်ပါ့မယ်-ဟုပြောပြီးလျှင် လက်မှတ်ကို ပေးပါသည်။ ဘာအံ့-ရန်ကုန် ကားခသည် ၁၀၀၀-ကျပ် ဖြစ်သဖြင့် ကျွန်တော့မှာ လက်မှတ်ဖိုးငွေ ၁၀၀၀-ကျပ် သက်သာသွားသည့်အပြင် နေရာကောင်းကောင်းပါ ရလိုက်ပါသည်။

(၂၀၀၁-ခု ဒီဇင်္ဘာ ၅-ရက်နေ့က ခရီးသွားခဲ့စဉ် ကိုယ်တွေ့ဖြစ်ရပ်မှန် ဖြစ်ပါသည်။)

(သက်ဦးနိုင်-မြဝတီ)

****************************************

အကုသိုလ်တရား ဖယ်ရှားခြင်းကြောင့်

(အကုသိုလ်တရား ဖယ်ရှားခြင်းကြောင့် )

နတ်မောက်မြို့၌ ကိုသိန်းနိုင်+မဝင်းမြင့် ဟူသော ဇနီးမောင်နှံတို့ နေထိုင်ကြသည်။ အိမ်ထောင်သက်တမ်း ၁၀-နှစ် ကျော်ခဲ့သည့်တိုင်အောင် ကလေးအဖတ်မတင်ခဲ့။ မွေးလာခဲ့သမျှ ရောဂါတမျိုးမျိုးစွဲကပ်ကာ သေဆုံးခြင်းသို့ ရောက်ကြရရှာသည်။ ကလေးလိုချင်သော သူတို့ဇနီးမောင်နှံသည် ကလေးများ သေဆုံးတိုင်း သည်းထန်စွာ ငိုကြွေးကြရရှာသည်။

တနေ့ သူတို့၏မိဘများဖြစ်သော ဦးထွန်းရီ+ဒေါ်ကျီးညိုတို့အိမ်တွင် အန္တရာယ်ကင်း ပရိတ်တရား နာကြားကြသည်။ ဓမ္မကထိက ဦးဝါယမ-က ချိုးတည်-ခါထောင်-ကြောင်လိုက်-တောလည်မုဆိုး မလုပ်သင့်ကြောင်း အကုသိုလ်ကြီးမားကြောင်းကို ဇာတ်နိပါတ် အထောက်အထားဖြင့် ဟောကြားသည်။ တောလိုက်မုဆိုးများ၌ ရင်သွေးငယ်များ အဖတ်မတင်တတ်ကြောင်း သေကွဲ-ရှင်ကွဲ-အဖြစ်များ ကြုံတွေ့တတ်ကြောင်းကိုလည်း အကျယ်တဝင့် ရှင်းလင်းဟောကြားသည်။

သည်တွင် ကိုသိန်းနိုင်၏စိတ်၌ အသိတချက် လင်းလက်သွားသည်။ ကိုသိန်းနိုင်ကား ခါထောင်-ချိုးတည်-ကြောင်လိုက် စသော လုပ်ငန်းများဖြင့် မုဆိုးသံသရာတွင် ကျင်လည်နေခဲ့သည်မှာ ကြာခဲ့ပေပြီ။ ငါ့ရင်သွေးများ အဖတ်မတင် သေကျေပျက်စီးခဲ့သည်မှာ ငါ၏အကုသိုလ်များကြောင့်ပေတကား-ဟု ကိုသိန်းနိုင် အသိဝင်သွားလေပြီ။ ဆရာတော်ဦးဝါယမ၏ အဆုံးအမ မြတ်တရားသည် ကိုသိန်းနိုင်ကို လမ်းမှန်ပေါ်သို့ ကြင်နာစွာ တင်ပို့ပေးလိုက်ခြင်းပင် ဖြစ်သည်။

ထိုနေ့မှစ၍ လှောင်ချိုင့်ထဲမှ ခါတွေ-ချိုးတွေကို ကိုသိန်းနိုင် လွှတ်ပစ်လိုက်သည်။ ထောင်ချောက် ကျော့ကွင်းတွေ မီးရှို့ဖျက်ဆီးပစ်လိုက်သည်။ ကိုသိန်းနိုင် မုဆိုးဘဝက လွတ်မြောက်ခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပေပြီ။ စီးပွားဥစ္စာတွေ သိသိသာသာကြီး တိုး၍လည်း ပျော်စရာကောင်းလှသည်။ ပို၍ ပျော်စရာကောင်းသည်မှာ ရင်သွေးသည်းချာ သမီးကလေး တိုးတိုးလှိုင် ကျန်းကျန်းမာမာဖြင့် အဖတ်တင်လာခဲ့ခြင်းပင် ဖြစ်သည်။

(နတ်မောက် လင်းရောင် )

****************************************

အကျိုးများစေ သမ္ဗုဒ္ဓေ

(အကျိုးများစေ သမ္ဗုဒ္ဓေ)

ညစဉ် အိပ်ရာဝင်ခါနီးတိုင်း ဘုရားရှိခိုးစာများကို အသက်အရွယ်အလိုက် ရွတ်ဖတ်နိုင်စေရန် သမီးကို သင်ကြားပေးခဲ့သည်။ ယင်းသင်ကြားခဲ့သော ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစကြာတို့၏ အကျိုးကျေးဇူးများကိုလည်း ရှင်းလင်းပြောပြပေးသည်။ အကျိုးခံစားမှုတို့ကို ပြောပြတိုင်း မျက်လုံးဝိုင်းလေးနဲ့ နားထောင်ရှာသော သမီးအတွက် တခုသောနေ့က ပြောပြခဲ့သော အဖြစ်အပျက်မှာ သမီး၏ဖခင်၊ ကျွန်မ၏ ခင်ပွန်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် ဖြစ်သည်။

ဦးကိုချစ်သည် သမ္ဗုဒ္ဓေဂါထာကို တနေ့လျှင် ဘယ်နှစ်ကြိမ်ဟု အဓိဋ္ဌာန်ခြင်းမရှိသော်ငြားလည်း သတိရသည့်အချိန်တိုင်း ရွတ်ဖတ်ဖြစ်သည်။ ဤအကျိုးကျေးဇူး၏ လက်တွေ့ဖြစ်ရပ်ကား ၁၉၉၀-ပြည့် ဝန်းကျင်ခန့်က ဖြစ်သည်။ တာဝန်ကျရာမြို့ကလေးမှ ကိစ္စတခုဖြင့် ခရီးထွက်ခဲ့ရာ လမ်းခရီးတနေရာတွင် ဓားပြများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဓားပြများ၏ တားဆီးမှုကြောင့် ဦးကိုချစ်တို့ စီးနင်းလိုက်ပါ လာသောကားသည် တောစပ်တနေရာတွင် ထိုးရပ်လိုက်ရသည်။ ကားပေါ်တွင် ပါရှိလာသော ခရီးသည်များအားလုံးကို ကားပေါ်က ဆင်းစေပြီး ဓားပြဦးစီးက အားလုံး ဒူးထောက်ထိုင်ကြ၊ လက်တွေကို ခေါင်းပေါ်တင်ထားကြ။ ရုတ်ရုတ်လုပ်လို့ကတော့ အားလုံးမသာပေါ်သွားမယ်-ဟု ပြောပါသည်။

သေနတ်ကိုယ်စီနှင့် ချိန်ထားသော ဓားပြများကြောင့် တုန်လှုပ်ကြောက်ရွံ့စွာ ဒူးထောက်ထားချိန်ဝယ် ဦးကိုချစ်သည် သမ္ဗုဒ္ဓေဂါထာတော်ကို စိတ်ထဲတွင် အဆက်မပြတ် ရွတ်ဆိုနေမိသည်။ ဓားပြဦးစီး၏ ခိုင်းစေချက်အရ ဓားပြနှစ်ဦးသည် ကားပေါ်သို့တက်၍ ပစ္စည်းများကို မွှေနောက်ရှာဖွေ ယူငင်နေကြသည်။ တပြိုင်နက်တည်းမှာပင် သေနတ်ကိုယ်စီ ချိန်ထားသော ဓားပြများကလည်း ဒူးထောက်ထိုင်နေကြသော ခရီးသည်များထံမှ နာရီ ဆွဲကြိုး လက်စွပ် နားကပ် စသည်တို့ကို အတင်းချွတ်ခိုင်းကြသည်။ ဦးကိုချစ်သည် လည်ပင်းမှဆွဲကြိုးကို ချွတ်ပေးရင်း ကားပေါ်သို့သာ မမှိတ်မသုန် ကြည့်နေမိသောကြောင့် နှေးကွေးသည်ဟု ဆိုကာ သေနတ်ဒင်စာမိသေးသည်။

သမ္ဗုဒ္ဓေဂါထာကိုမူ မမေ့မလျော့ သတိမပြတ် ရွတ်ဖတ်နေစဉ် ကားပေါ်ရှာဖွေနေသူတဦးက ဦးကိုချစ်၏ ပိုက်ဆံအိတ်ကို ကောက်ယူပြီး ဖွင့်လိုက်သည်။ သူ၏ပိုက်ဆံအိတ်ထဲတွင် ရဲဝန်ထမ်းကဒ် မိတ္တူပါသည်ကို တွေးမိသောကြောင့်လည်း ဤသို့ ပူပန်စိတ် အားကြီးနေရခြင်းဖြစ်သည်။ ဓားပြများသည် လက်နက်ကိုင် ဝန်ထမ်းဆိုလျှင် အရှင်မထား၊ နေရာတွင်ပင် အသေပစ်သတ်လေ့ရှိသည်ကို ကြားသိပြီး ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ဖွင့်လိုက်ချိန်တွင် မျက်စိကိုစုံမှိတ်၍ ဘုရားကိုသာ အာရုံပြုပြီး သမ္ဗုဒ္ဓေဂါထာကို မြန်သည်ထက်မြန်စွာ ရွတ်ဆိုလိုက်မိသည်။ ထိုအချိန်တွင် ဓားပြဦးစီးက နောက်ကားတွေ လာပြီဟေ့၊ ကားပေါ်ကကောင်တွေ ပစ္စည်းယူပြီး ဆင်းခဲ့ကြတော့-ဟု အမိန့်ပေးလိုက်သည်။

ဦးကိုချစ်၏ ပိုက်ဆံအိတ် အပါအဝင် အလိုရှိရာ ပစ္စည်းတို့ကို ယူငင်ပြီး ဆင်းလာကြသည်။ ခရီးသည်အးလုံးကိုလည်း ကားပေါ်သို့တက်စေပြီး ကားကို မြန်မြန်မောင်းထွက်စေသည်။ နောက်မှ ရောက်လာသော ကားများကို စီးနင်းတိုက်ခိုက်နေစဉ် ဦးကိုချစ်တို့၏ ခရီးသည်တင်ကားသည် ကောင်းစွာလွတ်မြောက်လာခဲ့ပေပြီ။

ပိုက်ဆံအိတ်အတွင်းမှ ဝန်ထမ်းကဒ်မိတ္တူကို တွေ့ခါနီးအချိန်တွင် နောက်ကားတစီး ရောက်လာမှုကြောင့် အိတ်ကို ပြန်ပိတ်ကာ ယူငင်သွားသည့်အတွက် အသက်ဘေးမှ ဝေးခဲ့ရခြင်းဖြစ်သည်။ စဉ်ဆက်မပြတ် ရွတ်ဖတ်ပူဇော်ခဲ့သော သမ္ဗုဒ္ဓေဂါထာတော်၏ တန်ခိုးသည် ဦးကိုချစ်ကို ကောင်းစွာ ကယ်တင်ခဲ့ပေပြီ။

ထိတ်လန့်တကြားနှင့် အံ့ဩဘနန်းပြောကြားခဲ့သော ခင်ပွန်းသည်၏ ဖြစ်ရပ်မှန်တို့ကို သမီးငယ်အား လက်ဆင့်ကမ်းဖြန့်ဝေပေးခဲ့သည်။ ဤမျှမက စာဖတ်သူအပေါင်းကိုလည်း လက်တွေ့ခံစားခဲ့ရသော သမ္ဗုဒ္ဓေဂါထာတော်၏ အကျိုးကျေးဇူးကို မျှဝေခံစားနိုင်ကြစေရန် ရေးသားလိုက်ရပေသည်။

မရွှေအံ

****************************************

အကျိုးပေးမတူသူ နှစ်ဦး

(အကျိုးပေးမတူသူ နှစ်ဦး)

ကျွန်တော်သည် အကျိုးပေးမတူသူ လူနှစ်ဦးနှင့် ကြုံခဲ့ရပါသည်။ တဦးမှာ ကုသိုလ်အကျိုးပေး ခံရသူဖြစ်ပြီး တဦးမှာ အကုသိုလ်အကျိုးပေး ခံရသူ ဖြစ်ပါသည်။

(ကိုရင်ကလေး)

ကုသိုလ်အကျိုးပေး ခံရသူမှာ ရဟန်းလူထွက် အငြိမ်းစားကျောင်းဆရာတဦး ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ငယ်စဉ်က ကိုရင်ဘဝဖြင့် တောရပ်ကျောင်းတကျောင်းတွင် နေထိုင်ခဲ့ပါသည်။ တနေ့တွင် အကို ဦးပဥ္ဖင်းနှင့်အတူ ဝေးလံခေါင်းပါးသော တောအရပ်ရှိ တောရကျောင်းတကျောင်းသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ကြသည်။

ဗေဒင်တတ်ကျွမ်းသော ရွာမှ ဗေဒင်ဆရာကြီးက မပြောင်းရွှေ့ရန် တားသည်။ ဗေဒင်ကိန်းခန်းအရ သွားမဲ့အရပ်မှာ အရပ်မတော်ကြောင်း၊ မသွားသင့်ကြောင်း၊ အလွန်ခိုက်ပြီး ပြန်လမ်းမရှိကြောင်းဖြင့်-အတန်တန် တားပါသည်။ သို့သော် အယုံအကြည်နည်းကာ နားမထောင်ဘဲ ထွက်ခွာသွားကြသည်။

ခရီးအတန်ပေါက်၍ ချောင်းတချောင်းအနီး ရောက်သောအခါ ငါးရောင်းသူမိန်းမတဦးနှင့် ဆုံတွေ့ကြသည်။ ငါးတောင်းထဲတွင် ငါးအရှင်လတ်လတ် ငါးဘဲဖြူ-လေးများ ဆွေ့ဆွေ့ခုန်နေကြသည်ကို တွေ့ကြသည်။ သူတို့နှစ်ဦး ပါသမျှငွေဖြင့် အကုန်ဝယ်ပြီး ချောင်းထဲ့သို့ လွှတ်လိုက်ကြသည်။ သေအံ့မူးမူး ငါးလေးများကို အသက်ကယ်ပေးကာ လွှတ်လိုက်ရသဖြင့် ဝမ်းသာကြည်နူးကြသည်။ အတန်ကြာသည်အထိ မျက်စိထဲက မထွက်ဘဲ ပီတိဖြစ်နေကြသည်။

သူတို့ သီတင်းသုံးမည့်ရွာအနီးရောက်ချိန်တွင် ကိုရင်ဖြစ်သူ၏ တင်ပါးမှ စပ်ဖျင်းဖျင်းဝေဒနာ ခံစားလာရသည်။ ရွာဘုန်းကြီးကျောင်းရောက်ပြီး ညအိပ်ကျိန်းစက်ချိန်တွင် တင်ပါးက ပိုမိုနာလာပါသည်။ နံနက်မိုးလင်းချိန်တွင် တင်ပါး၌ အနာစိမ်းများပေါက်နေသည်ကို တွေ့ရသည်။ ဆေးမရှိ၊ ဆရာမရှိသော တောရပ်တောကျောင်း၌ နေရ သဖြင့် အနာများမှာ ပို၍ပို၍ ရင်းလာကာ အဖျားပင် ဝင်လာသည်။ မိန်းမော၍သာ နေရသောအခြေအနေသို့ ရောက်သွားသည်။

အားလုံးက မရတော့ဘူးဟု ထင်မှတ်နေချိန်တွင် မိန်းမောနေသော ကိုရင်၏အာရုံ၌ သူလွှတ်ခဲ့သော ငါးဘဲဖြူ-ငါးလေးများကိုသာ မြင်ယောင်နေသည်။ သူ့ကိုယ်သူ မသေဘူးဟုလည်း ယုံကြည်နေသည်။ ရွာနီးချုပ်စပ်မှ ဓာတ်စာအနည်းငယ်တတ်ကျွမ်းသော ရွာလူကြီးတယောက်က ဓာတ်စာအဖြစ် ကြံရိုးနှင့် မာလကာသီးကို စားခိုင်းသည်။ ယဲ့ယဲ့လေးသာရှိပြီး မိန်းမောနေသော ကိုရင်အဖို့ စားနိုင်ရန်ဝေးစွ အရည်တဇွန်းလောက်ကိုပင် မနည်းမြိုချနေရသည်။ သို့သော် ပေးလာသောကြံရိုးနှင့် မာလကာသီးတို့၏ အနံ့ကိုမူ ရှုရသည်။ ကိုရင်၏ အာရုံ၌ကား သူလွှတ်ခဲ့သော ခုန်ဆွခုန်ဆွ ငါးဘဲဖြူငါးကလေးများကိုသာ မြင်ယောင်နေမိသည်။ တရက်တွင် ရင်ထဲက ပူသလိုလိုရှိပြီး ရေဆာလာသဖြင့် ရေတောင်းသောက်ပါသည်။ ရေကို ထင်သည်ထက် ပိုသောက်နိုင်ပြီး ပူနေသောရင်မှာလည်း အေးသွားသည်။ ယင်းနောက် ထမင်းရည်များ၊ ဆန်ပြုတ်များ တစတစ ဝင်လာကာ အဆုံးတွင် အံ့ဩလောက်အောင်ပင် အလိုအလျောက် ရောဂါသက်သာပျောက်ကင်းသွားသည်။ ငါးလွှတ်သော ကုသိုလ်အကျိုးပေးဖြင့် အသက်ရှင်သန်ခဲ့ရသော ကိုရင်လေးမှာ ယခုအခါ အငြိမ်းစားကျောင်းဆရာကြီးဘဝဖြင့် အသက် ၇၉-နှစ်ကျော်အရွယ်ရောက်ရှိကာ ပကတိကျန်းမာလျက် ရှိသည်။

(ငခွေးကြီး)

အကျိုးပေးမတူသူ နောက်တဦးမှာ ငခွေးကြီး-ဆိုသူဖြစ်သည်။ ငခွေးကြီးသည် အရက်မူးပြီး ရမ်းကားနေသဖြင့် ဖခင်ဖြစ်သူက ရိုက်၍ ဆုံးမလိုက်မိသည်ကို မိုက်ရိုင်းလှသော ခငွေးကြီးက အနားရှိ သံတုတ်ဖြင့် ဖခင်ကို ပြန်ရိုက်ခဲ့သည်။ ဖခင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် ငခွေးကြီးအား လူတိုင်းက ရွံမုန်းကြသည်။ အင်မတန် လူစိတ်နည်းလှသည်။ အိမ်ထောင်ကျသောအခါတွင်လည်း အကုသိုလ်ဖြင့် အသက်မွေးသည်။ တောကောင်မျိုးစုံကို နည်းမျိုးစုံဖြင့် ရအောင်ဖမ်းပြီး မိန်းမက စျေးတွင်ပြန်ရောင်းသည်။

မိုးဦးကျကာလတွင် ပုတတ်နှင့် ဖားကလေးတွေကို ရေနွေးပွက်ပွက်ဆူထဲသို့ အရှင်လတ်လတ်ထည့်ပြီးသတ်ကာ ရင်ကိုခွဲ၍ အသဲအူနုတ်ပြီး ဝါးနှင့်သီလျက် ကင်၍ရောင်းလျက်ရှိသည်။ မိုးဦးကျကာလ ပုတတ်ကင်၊ ဖားကင် ဖောဖောသီသီ ရနိုင်သောနေရာမှာ ငခွေးကြီးအိမ်သာ ဖြစ်သည်။ ငခွေးကြီးသည် ရှာဖွေရသမျှ အခြားတောကောင်ငယ်မှန်သမျှကိုလည်း ရင်ကိုခွဲကာ အူအသဲနုတ်ပြီး ကင်ရောင်းလေ့ရှိသည်။ အကောင်ကြီးအချို့ကိုသာ တိုက်ရိုက်ခွဲစိတ်ရောင်းချသည်။

တနေ့တွင် ငခွေးကြီးအား သူ့သား ဂျိုးနီက ဝါးရင်းတုတ်ဖြင့်ရိုက်ပြီး ထွက်ပြေးကြောင်း၊ ဂျိုးနီ ဘယ်ထွက်ပြေးသည် မသိကြောင်း ကြားရသည်။

အကုသိုလ်တို့မည်သည် တခုတည်း လာလေ့မရှိ-ဟူသော ဆိုရိုးစကားအတိုင်း ငခွေးကြီးမှာ အကုသိုလ်ထပ်ဝင်လာသည်။။ တရက်တွင် ငခွေးကြီးတယောက် ရုတ်တရက် အသည်းအသန်ဖြစ်ပြီး ဆေးရုံတင်လိုက်ရကြောင်း ကြားရပြန်သည်။ နောက်ဆက်တွဲသတင်းအနေဖြင့် ငခွေးကြီး ဗိုက်ခွဲရကြောင်း ကြားရပြန်သည်။

ကျွန်တော်တို့ခေတ်က ဆေးရုံတွင် ဗိုက်ခွဲရသတဲ့ဟေ့ ဆိုလျှင် အထိတ်တလန့် ရှိကြသည်။ ယခုလည်း ငခွေးကြီး အရေးပေါ်ဆေးရုံတင်လိုက်ရကြောင်းနှင့် ဗိုက်ခွဲရကြောင်း သတင်းစကားမှာ ရပ်ကွက်ထဲတွင် ပြောမဆုံး ဖြစ်နေသည်။

တရပ်ထဲ အတူနေဖြစ်၍ မကောင်းတတ်သောကြောင့် ဆေးရုံသို့ ကျွန်တော်သွားခဲ့သည်။ နယ်ဓလေ့ထုံးစံအတိုင်း လူနာမေးရန်ဖြစ်သည်။ ငခွေးကြီးကို မြင်ရသည်မှာ စိတ်မသက်သာစရာ ဖြစ်သည်။

ငခွေးကြီးသည် ခွဲထားသောဒဏ်ရာက နာလွန်းသောကြောင့် ဖြစ်ဟန်တူပါသည်။

အမယ်လေး၊ အမယ်လေး၊ တပြီး အော်ဟစ်ညည်းညူနေသည်။ ယခုခေတ်လောက် ဆေးဝါးပြည့်စုံမှု မရှိသည့်အပြင် နယ်ဆေးရုံဖြစ်၍ သက်သာရာ သက်သာကြောင်း ဆေးဝါးတို့ဖြင့် လုပ်ပေးနိုင်ခြင်း မရှိပေ။ ငခွေးကြီး၏ ရင်ဘတ်တလျှောက် ခွဲထားသည်မှာလည်း နည်းနည်းနောနော မဟုတ်ပါ။ ရင်ခွဲခံရပြီး အော်ဟစ်ညည်းညူနေသော ငခွေးကြီးအား ကျွန်တော်ကြည့်၍ စိတ်မသက်သာဖြစ်ကာ သံဝေဂရမိသည်။

ငခွေးကြီး၏ အခြေအနေသည် တနေ့တခြား ဆိုးရွားလာပြီး နောက်ဆုံးတွင် အိမ်သို့ပြန်သယ်လာသည်။ မသေမီ နှစ်ရက်သုံးရက်အလိုတွင် ငခွေးကြီးသည် ကျွဲအော်၊ နွားအော် အော်ကာ ဆောက်တည်ရာမရ ချာလပတ် လည်လျက်ရှိနေသည်။ အသံနက်ကြီးဖြင့် ကျွဲအော် နွားအော် အော်နေသည်မှာလည်း မကြားဝံ့ မနာသာပင် ဖြစ်တော့သည်။

ဖခင်ကို သံတုတ်ဖြင့် ရိုက်ခဲ့မိသော အကုသိုလ်နှင့် ဖားလေးတွေ၊ ပုတတ်လေးတွေ၊ တောကောင်လေးတွေ၏ ရင်ကိုခွဲကာ ဝါးဖြင့် သီကင်ရောင်းခဲ့သော ကံတို့ကြောင့် ငခွေးကြီး၏ အကုသိုလ်သည် ဘဝမကူးမီပင် အကျိုးပေးနေပါသည်တကားဟု ဆင်ခြင်မိသည်။

တချိန်တည်းမှာပင် မြတ်စွာဘုရားဟောကြားထားသော မိမိပြုသောကံသည် တူသောအကျိုးကိုပေးသည်-ကံ၏အကျိုးပေးကို ငါ ဘုရားကဖြစ်စေ၊ အခြားတဦးကဖြစ်စေ တားမြစ်ခြင်းငှါ မတတ်ကောင်း-ဟူသော ဟောကြားချက်သည် စိတ်အစဉ်တွင် စွဲထင်နေမိပါတော့သည်။

စိုးဝင်း (ချောက်)

****************************************

အဆိပ်စားသူ

(အဆိပ်စားသူ )

ကျွန်မတို့ရွာဘေးက ချောင်းမှာ ရေတွေ ဖွေးနေပြီဖြစ်သည်၊ သည်လိုရာသီမျိုးမှာမှ ကျွန်မတို့ ငါးဟင်းစားကြရသည်၊ ကျွန်မတို့ဒေသမှာ မြစ်-ချောင်း မရှိသလောက် နည်းသဖြင့် ကျွန်မတို့ရွာဘေးက ချောင်းကလေးမှာ ကျွန်မတို့ရွာအတွက် ငါးရှာရသော တခုတည်းသောနေရာဖြစ်သည်၊

ရေစီးသန်သော နေရာများမှာ ငါးစင်းခုံတွေ ရှိသလို ပိုက်တားသူ ငါးမျှားသူ ယက်သဲ့ဖြင့် ဖမ်းသူ စသည်ဖြင့် အမျိုးမျိုး ငါးရှာထွက်ကြသည်၊ ချောင်းရေ တစတစ ကျချိန်တွင် ရွာသားများ ငါးပက်သူ ပက်ကြသည်၊ ရွာထဲက ကိုသာလှ-ကမူ ငါးတွေရှိသမျှ တခါတည်းဖြင့် ဖမ်းလိုသူဖြစ်သည်၊

ဟင်းစားမျှမက ရောင်းစားဖို့အထိ ကြံစည်ထားသည်၊ ကိုသာလှ၏ ငါးဖမ်းနည်းကား ချောင်းရေတွင် အဆိပ်ခတ်ကာ ဖမ်းခြင်းဖြစ်သည်၊ ကျည်းခေါက် ဆူးရစ်ခေါက် နာနတ်ကြီးရွက်လို သစ်ခေါက် သစ်ရွက်များနှင့်သာမက ဝါဆေး (ပိုးသတ်ဆေး) ကိုပင် သုံးကာ ဆေးခတ်၍ ဖမ်းခြင်းဖြင့် ကိုသာလှတယောက် ငါးတွေတထမ်းတပိုး ရခဲ့သည်၊

ရွာထဲတွင် လှည့်ရောင်းသည်၊ ကိုသာလှ ဝင်ငွေကောင်းလှသည်၊ ဝါဆေးခတ်ထားသော ငါးများကို စားမိသူတို့မှာမူ အော့အန်ကြရသည်၊ နာမကျန်း ဖြစ်ကြရသည်၊ ချောင်းရေ ခန်းချိန်တွင် ငါးမှုန် ငါးမွှားပင် မတွေ့ရတော့ပေ၊ တနေ့တွင် ကိုသာလှတယောက် အော့အန်ကာ မူးလဲသဖြင့် ကျေးလက်ဆေးပေးခန်းသို့ ပို့လိုက်ရကြောင်း ကျွန်မတို့သိရသည်၊

ကြံခင်းတွင် တဲစောင့်ရင်း မစားကောင်းသော မှိုတွေ ချက်စားမိ၍ဖြစ်သည်၊ ကိုသာလှမှာ မှို-အဆိပ်သင့်ကာ သေဆုံးခဲ့ရသည်၊ ကိုသာလှတယောက် ဝါဆေးခတ်ကာ ငါတွေသတ်ခဲ့သဖြင့် ယခုလို မှိုအဆိပ်သင့်ကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်-ဟု တရွာလုံးက ပြောစမှတ်ပြုကြပါသည်။

(မေရည်မွန်-မြန်မာစာ )

****************************************

အတုံ့အလှည့်

(အတုံ့အလှည့် )

ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏

မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏

အကြင်မျိုးစေ့ကို စိုက်ပျိုး၏

ထိုအသီးကို သုံးဆောင်ရ၏၊

(ဗုဒ္ဓ )

(အတုံ့အလှည့် )

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဖြစ်သည်။

လှိုင်မြို့နယ်၏ တခုသောရပ်ကွက်တွင် သားအဖနှစ်ယောက် နေထိုင်လျက်ရှိလေသည်၊ သားဖြစ်သူမှာ ကျောင်းသားအရွယ် ဆယ်ကျော်သက်မျှသာရှိပြီး ခွေးကို အလွန်ချစ်တတ်သူဖြစ်သည်။

တနေသောအခါ အိမ်နီးချင်း တယောက်က ခွေးတကောင်ပေးသည်၊

သူငယ်လည်း ဖခင်ဖြစ်သူအား ခွင့်တောင်ကာ ခွေးကို သံကြိုးဖြင့် ချည်နှောင်မွေးထားလေသည်။

ဖခင်ဖြစ်သူသည် ခွေးကြီးကို သွားရောက်ကြည့်ရှုသောအခါ ခွေးကြီးသည် သခင်ဟူသောအမှတ်ဖြင့် အမြီးကိုလှုပ်ယမ်းကာ သခင့်မျက်နှာကို တချက်မော်ကြည့်သည်၊ ချည်ထားသောကြိုးကို ရုန်းကန်ပြသည်၊

သခင်လည်း ခွေး၏အမူအရာကို အကဲခတ်လျက် ချည်ထားသောကြိုးကို ဖြုတ်ပေးလေသည်၊ ခွေးသည် အိမ်ပေါ်မှဆင်းပြီး အပြင်သို့ ထွက်သွားလေသည်၊ သခင်လည်း ခွေးနောက်မှ လိုက်သွားသည်၊ ခွေးသည် ခြံပြင်သို့ ထွက်ပြီးအမှိုက်ပုံပေါ်တွင် မစင်စွန့်လေ၏၊ သခင်သည် ခွေးကိုကြည့်လျက် ဩော်-အလွန်လိမ္မာတဲ့ ခွေးပါလား-ဟု မှတ်ချက်ချသည်။

ခွေးသည် မစင်စွန့်ပြီးသည်နဲ့ အိမ်ဘက်သို့ပြန်လာသည်၊ အိမ်သို့ရောက်ခါနီးတွင် အခြားခွေးတကောင်၏ ဝင်ကိုက်ခြင်းကို ခံရလေသည်၊ ထိုအခါ ခွေးသည် နောက်ကိုပြန်ဆုတ်ပြီး သခင့်အနားမှ မခွါဘဲ အိမ်သို့ရောက်အောင် ပြန်လိုက်လာလေသည်။

ခုနစ်ရက်မြောက်သောနေ့တွင် သားအဖနှစ်ဦးက ခွေးလိမ္မာအား လွတ်လပ်စွာနေပါစေ-ဟု ချည်ထားသောကြိုးကို ဖြုတ်ပေးလိုက်သည်၊ ခွေးသည် အိမ်မှထွက်ပြီး အိမ်နီးချင်းအိမ်မှ ခွေးကို သွား၍ကိုက်လေတော့သည်၊ ထိုအကိုက်ခံရသော ခွေးမှာ တချိန်က သူ့ကိုလာကိုက်သောခွေး ဖြစ်လေသည်၊ အိမ်နီးချင်းအိမ်မှ ခွေးရှင်သည် သူ့ခွေးကိုကိုက်ရမည်လားဟု ခွေးလိမ္မာအား ရိုက်သည်၊ ခွေးလိမ္မာသည် ရန်တချက်မျှမမူဘဲ သခင့်အိမ်သို့ ပြန်ပြေးလာသည်၊ သို့သော် ခွေးလိမ္မာကား ရန်ငြိုးမပြေ၊ သူ့ကိုရိုက်သော ခွေးရှင်အား မကြာမီတနေ့မှာ ကိုက်ပြန်လေတော့သည်။

ခွေးလိမ္မာ၏ကိုက်ခြင်းကိုခံရသော ခွေးရှင်သည် ခွေးလိမ္မာကို သေကြောင်းကြံလေသည်၊ ကိုယ်တိုင်သတ်ရန် မလွယ်လှသဖြင့် သူ၏မိတ်ဆေါ အရက်သောက်ဖော် သောက်ဖက် တဦးအား အကူအညီတောင်းကာ အဆိပ်ခတ်ခိုင်းလေသည်၊ တနေ့တွင် ခွေးလိမ္မာသည် အိမ်မှထွက်ပြီး အိမ်သို့အပြန်တွင် ပါးစပ်မှ အမြှုပ်များထွက်လျက် ဟိုယိုင် ဒီယိုင် ရောက်လာသည်၊ မကြာမီသေဆုံးသွားလေတော့သည်။

ခွေးချစ်တတ်သော သားမှာ ဝမ်းနည်းစွာ ငိုကြွေးရှာသည်၊ ဖခင်သည် အဆိပ်ကြောင့် ခွေးသေကြောင်းသိသော်လည်း သားဖြစ်သူအား `ခွေးဆိုတာ ဖားပြုတ်စားလည်း အမြှုပ်ထွက်ပြီး သေတတ်တာပဲ´ဟု ပြောဆိုကာ နှစ်သိမ့်ရလေသည်။

မကြာလှပါချေ၊ ခွေးလိမ္မာအား အဆိပ်ခတ်သော ခွေါ်ရှင်သည် တနေ့တွင် အိမ်ရှိမယားကိုထားခဲ့ပြီး အိမ်ဖော်မိန်းမနှင့် ထွက်ပြေးကာ တမြို့တရွာတွင် နေထိုင်ကြလေသည်၊ ထိုသို့နေထိုင်ရာမှ များမကြာမီ တနေပသော ညနေပိုင်းတွင် ထိုသူသည် အရက်ဝိုင်း၌ အရက်သောက်နေစဉ် အဆိပ်ပါသောအရက်ကို သောက်မိလေသည်၊ ထိုသူသည် ပါးစပ်မှ အမြှုပ်များထါက်လျက် ခွေးသေသကဲ့သို့ သေဆုံးသွားလေသည်။

(သူရိန်ကျော် )

****************************************

အငြိုးကြီးသူ

(အငြိုးကြီးသူ)

မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာလေးတရွာတွင် ကိုစံလှဆိုသူ ရှိသည်။ သူသည် ဒေါသ အလွန်ကြီး၏၊ တရွာလုံးတွင် သူနှင့် ရန်မဖြစ်ဘူးသူဟူ၍ မရှိသလောက်ပင် ရှားသည်။ စကားပြောရာတွင် အမြဲတမ်း ကျယ်လောင်ငေါက်ငမ်း၍ ပြောဆိုတတ်သည်။ သူရောက်လေရာ အရပ်တွင် ဆူညံပွက်လောရိုက်သွားတတ်လေသည်။

တနေ့တွင် ဒေါ်ကြီးညို အိမ်ဆိုင်သို့ ကိုစံလှ စျေးဝယ်လာရာ ဆိုင်အောက်တွင် သားကျထားသောခွေးမကြီး၏ အမြီးဖျားကို တက်နင်းမိသည်။ ခွေးမကြီး လန့်ကာ ကိုစံလှကို ထွက်၍ကိုက်လေတော့သည်။

ကိုစံလှလည်း ခွေးကိုက်ခံရသော ဒဏ်ရာမှ နာကျင်မှုကို ခံစားရသည့်အပြင် လူအများ၏-ခွေးကိုက်ခံရတာတောင် နည်းတောင် နည်းသေးတယ်။ လူတွေနဲ့ ရန်ဖြစ်တာ အားမရလို့ ခွေးနဲ့တောင် ရန်ဖြစ်တဲ့လူပဲ-ဟု ဝိုင်းဝန်းပြောဆိုခြင်းကို ခံရသည်။ ကိုစံလှ ပိုမို အရှက်ရကာ ခွေးမကိုသတ်ရန် ကြံသည်။ ဒေါ်ကြီးညို ခင်ဗျားတို့ ခွေးမကို ကျုပ်ပေး၊ ကျုပ်ကိုကိုက်ထားတာ၊ တော်ကြာ သူရူးရင် ကျုပ်ပါ လိုက်ရူးနေဦးမယ်-ဟုပြောဆို၍ တောင်းသည်။

ဒေါ်ကြီးညိုတို့ မိသားစုက-ကိုစံလှ ခွေးကိုက်လို့ ဆေးကုသခ ကုန်ကျငွေကို ကျွန်မတို့ခံပါ့မယ်။ ခွေးမကြီးက သားကျထားလို့ ခွေးကလေးတွေ သနားပါတယ်။ ခွေးမကြီးကို မသတ်ပါနဲ့-ဟု ဝိုင်းဝန်းတောင်းပန် ချော့မော့ပြောဆိုပြီး ခွေးမကြီးကို သတ်ခွင့်မပြုပေ။

ကိုစံလှ စိတ်ထဲမှ -နင် နေနှင့်ဦးပေါ့၊ ငါ့ကို ကိုက်ထားတဲ့ ပါးစပ် တွေ့မယ်-ဟု စိတ်ထဲ ကြုံးဝါးကာ အငြိုးထားလိုက်သည်။ ထိုသို့ဖြင့် လအတော်ကြာခဲ့သည်။ တနေ့တွင် ထိုခွေးမကြီးသည် ကိုစံလှတို့ အိမ်ဘက်သို့ ရောက်သွားသည်။ အငြိုးကြီးသူ ကိုစံလှ-က ခရမ်းသီးကို မီးဖုတ်ပြီး ခွေးမကြီးကို ချော့ခေါ်၍ အစာကျွေးသယောင်ဖြင့် ခရမ်းသီးမီးဖုတ်ကို လှမ်းပစ်ပေးလိုက်လေသည်။

ခွေးမကြီးသည် အစာအမှတ်ဖြင့် လှမ်းဟပ်လိုက်ရာ ခရမ်းသီးထဲတွင် သွားတို့မြှုပ်ဝင်ပြီး ပူလောင်လွန်းသော ခရမ်းသီးကြောင့် ပါးစပ်သွားဖုံး တခုလုံး ပူလောင်သောဝေဒနာကို ခံစားရသည်။ ခွေးမကြီးခမျာ မချိမဆံ့ လူးလှိမ့်ခံစားနေရတော့သည်။

ထိုအချင်းအရာကို ကိုစံလှတယောက် လက်ညှိုးထိုးကာ ရယ်ပြီး-ဘယ်လိုလဲ ငါကိုကိုက်ထားတဲ့ခွေးမ၊ ဘဲနယ်ရှိစ-ဟု ဝမ်းသာအားရ ရယ်မောလျက် ပြောသည်။ ထို့နောက်ပိုင်းတွင် ခွေးမကြီးသည် သွားဖုံးအပူလောင်သော ဝေဒနာကြောင့် သွားတို့ပြုတ်ထွက်ကာ ပါးစပ်ရောင်ကိုင်း၍ နာကျင်မှုဖြင့် အစာမစားနိုင်၊ မသောက်နိုင် ဖြစ်သွားတော့သည်။ ထို့နောက် ခွေးမကြီးသည် တပိန်ပိန် တလိမ်လိမ်ဖြင့် အစာရေစာပြတ်ပြီး သေဆုံးသွားလေတော့သည်။

ထိုသို့ဖြစ်ပြီး လအနည်းငယ်အကြာတွင် ကိုစံလှ၏ ပါးစပ်တခုလုံး ရေစီးကမ်းပြို အနာများကဲ့သို့ ဖြစ်ကာ သွားဖုံးများ ရောင်ရမ်းလာသည်။ သွားနာသည့်အပြင် သွားကိုက်ခြင်း စသည်တို့ဖြစ်ကာ အစာကောင်းစွာ မစားနိုင်တော့ပေ။ တဖန် အစားအစာကို မျိုချရာတွင်လည်း လည်ချောင်းသည် အလွန်နာကျင်ကာ နစ်နေတတ်လေသည်။ ထိုသို့ဖြင့် ကိုစံလှတယောက် ရောဂါဝေဒနာတို့ ခံစားရပြီး အစာစားချင်လျက် မစားရ၊ အရည်သောက်ချင်လျက် မသောက်ရနှင့် ဖြစ်နေသည်။ ထို့နောက် အစာရေစာ ငတ်ပြတ်မှုဒုက္ခတို့ကို ခံစားရလျက် ရောဂါဝေဒနာ ဖိစီးမှုတို့ကြောင့် သေဆုံးသွားလေတော့သည်။

ဒေါသအမျက်ကြီးကာ အငြိုးအတေးဖွဲ့ပြီး ရက်စက်စွာ လက်တုံ့ပြန်ခဲ့သော ကိုစံလှတယောက် သေလွန်ပြီးနောက် မည်သို့ဖြစ်မည်ကိုကား အတတ်မပြောနိုင်။ ယခုဘဝမှာမူ ဝဋ်ကြီးစွာဆင်းရဲခံရပြီး သေဆုံးသွားသည်မှာကား အထင်အရှားပင် ဖြစ်လေသည်။

(ဆူးဝန်းနီ)

****************************************

အမြဲပြုံးသော မခင်ပြုံး

(အမြဲပြုံးသော မခင်ပြုံး)

ဂျပန်ခေတ်အတွင်းက မခင်ပြုံးဆိုသူ အမျိုးသမီးတယောက် ရှိလေသည်။ မခင်ပြုံးသည် မိဘမရှိရှာပါ။ ဆွေမျိုးသားချင်းများ၏ အိမ်ကလည်း သူ၏ အိမ်နှင့် အနည်းငယ်ဝေးပါသည်။ မခင်ပြုံး၏ မျက်နှာသည် အမြဲတမ်းပြုံးရွှင်နေသော်လည်း သူတပါးကို ပြုံးပြုံးလေးနဲ့ ရက်စက်တတ်သူ ဖြစ်ပါသည်။ နာမည်ကပြုံး၊ လူကပြုံးသော်လည်း အကြင်နာတရား မရှိသဖြင့် လူတိုင်းက မုန်းကြပါသည်။ ဘယ်သူတွေ ဘယ်လိုမုန်းမုန်း မခင်ပြုံးကတော့ ပြုံးမြဲ ရက်စက်မြဲပင်။

တနေ့တွင် သူမ၏ အိမ်တွင်းတနေရာ၌ ပုရွက်ဆိတ်မည်းများ စီတန်း၍ သွားနေကြပါသည်။ ထိုအခါ သူမက ဖယောင်းတိုင်ကြီးတတိုင်ကို ထွန်း၍ ဖယောင်းတိုင်မှကျသော ဖယောင်းရည်များဖြင့် ပုရွက်ဆိတ်များအပေါ် အစက်များလိုက်ချကာ တဟားဟား-ဖြင့် သဘောကျနေပါသည်။ အိမ်နီးချင်းများက မလုပ်သင့်ကြောင်း၊ ဝဋ်လိုက်တတ်ကြောင်း ပြောကြသော်လည်း အရေးမစိုက်၊ မသိကျိုးကျွံပြု၍ လုပ်မြဲဆက်လုပ်နေပါသည်။

သည်လိုနဲ့ တနေ့တွင် လေယာဉ်ပျံသံများ ကြားကြရသဖြင့် မြို့ပေါ်ရှိ လူအားလုံး ဗုံးခိုကျင်းများရှိရာတွင် ပုန်းအောင်းနေကြပါသည်။ လေယာဉ်ပျံများ တဝီဝီဖြင့် ရောက်လာပြီး ဗုံးများကြဲချပါသည်။ တဝုန်းဝုန်း တဒိုင်းဒိုင်း ဗုံးပေါက်ကွဲသံများ ကြားရသဖြင့် ဗုံးခိုကျင်းများအတွင်းမှ လူများ အသက်ပင် မရှူရဲအောင် ဝပ်နေကြရပါသည်။ အသံများ စဲသွားသောအခါမှ မိမိတို့ ပုန်းအောင်းနေရာမှ ထွက်လာကြသည်။ ရင်ဘတ်ကို လက်နှင့်အသာဖိ၍ မိမိအသက်ရှင်နေသေးပါလားဟု သက်ပျင်းချကြရပါသည်။

ထိုအချိန်တွင် မခင်ပြုံးကို မတွေ့ရသဖြင့် ရှာကြရာ သူ၏ ဗုံးခိုကျင်းနေရာအတွင်းမှ ယမ်းငွေ့များ တလူလူ ထွက်နေသည်ကို တွေ့ကြရပါသည်။ သည်တော့မှ ဟယ်-ခင်ပြုံး၊ ခင်ပြုံး ဖြစ်ရလေဟယ်-ဟု စိတ်မကောင်းကြီးစွာ ဖြစ်ကြရပါသည်။

အိမ်နီးချင်းများသည် မခင်ပြုံး ပြုမူခဲ့သော အပြုအမူများကို တရေးရေးဖြင့် မြင်ယောင်ရင်း သူတပါးအပေါ် ရက်စက်တတ်သော မခင်ပြုံးတယောက် မိမိအလှည့်တွင် ပြုံးပြုံးလေးနှင့်မှ ခံသွားနိုင်ရဲ့လားဟု တွေးမိကြပြီး သံဝေဂရ၊ ကြောက်လန့်မိကြရပါတော့သည်။

(ဂျပန်ခေတ် အတွေ့အကြုံကို မေမေ၏ ပြောပြချက်အရ တင်ပြပါသည်။)

(ချယ်ရီ-ရွှေခြံ)

****************************************

အပြန်အလှန်

(အပြန်အလှန်)

ကျွန်တော်သည် ဝန်ထမ်းတဦးဖြစ်သည်။ တနေ့တွင် အဖော်ဝန်ထမ်းတဦးနှင့်အတူ ကျေးရွာတရွာသို့ တာဝန်ဖြင့် ခရီးထွက်ခဲ့သည်။ ထိုရွာသို့ ခြေကျင်သွားခဲ့ကြရသည်။ ကျွန်တော်တို့သည် ပဲကြီးနှင့်ဝါများ စိုက်ထားသော စိုက်ခင်းများဘေးရှိ လမ်းပေါ်မှ ဖြတ်လျှောက်သွားကြသည်။ ထိုစဉ် နွားမတကောင်သည် ယာစည်းရိုးကိုတိုး၍ အခင်းထဲသို့ ဝင်စားနေသည်။ နွားကျောင်းသားက သိ၍ လေးခွဖြင့် ပစ်ပြီး အပြင်သို့မောင်းထုတ်သည်။

နွားသည် ယာခင်းပြင်သို့ ထွက်ပြေးသည်။ နွားကျောင်းသားသည် လေးခွဖြင့် ပစ်ရုံဖြင့် အားမရ၊ ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုကာ ဝါးရင်းတုတ်ဖြင့် လိုက်၍ ပစ်သည်။ နွားမ ကံဆိုးရှာသည်။ သူပစ်လိုက်သော တုတ်တိုသည် နွားမ၏ ဦးခေါင်းထိပ်တည့်တည့်ကို မှန်သွားသည်။ နွားမသည် အော်ကာ မြေသို့ လဲကျသွားသည်။ ဆန့်ငင်ဆန့်ငင်ဖြစ်ကာ သေဆုံးသွားသည်။ မကြည့်ရက်စရာပင်။

မကြာမီ ကျွန်တော်တို့သည် တာဝန်ကျရာ ရွာသို့ရောက်သွားသည်။ နောက်တနေ့နံနက် ၈-နာရီတွင် အခြားရွာသို့ ခရီးဆက်ရန် ပြင်ဆင်ကြသည်။ ထိုစဉ် ဆူညံသံများ ကြားရသည်။ လူတစုသည် ဝက်တကောင်နောက်သို့ ပြေးလိုက်၍ ဖမ်းနေကြသည်။ အချို့က ထိုဝက်ကို တုတ်များဖြင့် ပစ်ခတ်ကြသည်။ ထိုအခိုက် လူငယ်တယောက်သည် ရေနွေးကြမ်းသောက်နေရာမှ အိမ်ပေါ်က ဆင်းပြေးလာသည်။ သူလည်း ဝက်ကို ဝိုင်းကူဖမ်းပေးရန် ဖြစ်သည်။

သို့ရာတွင် သူသည် ဝက်ဖမ်းသူများ အနီးသို့ မရောက်လိုက်။ အိမ်ပေါ်မှ အဆင်းတွင် ဝက်ဖမ်းသူတယောက်က ဝက်ကိုပစ်လိုက်သော ဝါးရင်းတုတ်တိုတချောင်းက မမျှော်လင့်ဘဲ သူ၏ရင်ဝကို ထိမှန်သွားသည်။

အမယ်လေးဗျ-ဟုဆိုကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဝက်ဖမ်းသူများသည် သူ့ထံပြေးသွားသည်။ ဝိုင်းအုံပြုစုကြသည်။ ကျန်းမာရေးဆရာဝန်ကို ပြေးခေါ်ကြသည်။ မကြာပါချေ။ ထိုလူငယ်သည် ဝါးရင်းတုတ် ရင်ဝထိသော ဒဏ်ဖြင့် သေဆုံးသွားလေသည်။

အံ့ဩဖွယ်ကောင်းသည်မှာ ထိုလူငယ်သည် အခြားသူမဟုတ်။ လမ်းခရီး၌ ကျွန်တော်တို့တွေ့ခဲ့ရသည့် နွားကျောင်းသား လူငယ်ဖြစ်သည်။ မနေ့က ထိုနွားကျောင်းသား လူငယ်ပစ်လိုက်သော ဝါရင်းတုတ် လက်ချက်ဖြင့် နွားမ သေဆုံးခဲ့ရသည်။ ယခုလည်း သူသည် အခြားသူတဦးက ဝက်ကို ပစ်လိုက်သော ဝါးရင်းတုတ်လက်ချက်ဖြင့် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့သည်။

အကုသိုလ်ကံ၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်လှသည်။ ထိုနွားကျောင်းသား လူငယ်သည် မျက်မှောက်ဘဝတွင် ချက်ချင်းလက်ငင်း ခံလိုက်ရသည်။ သေသည့်နောင်တွင်လည်း မည်သို့ခံရမည်ကို မသိနိုင်ပေ။

(ပေါက်မြေ-မောင်ညိုမင်း)

****************************************

အမြင်မှန်

(အမြင်မှန်)

ကျွန်တော်သည် ယာတောင်သူတဦး ဖြစ်ပါသည်။ တခုသော ပဲစိုက်ရာသီတွင် ပဲစိုက်ရန် ယာကို နွားဖြင့် ထွန်လျက်ရှိသည်။ ရာသီဥတုနှင့်အမီ စိုက်ရသောကြောင့် ထွန်စက်ဖြင့်ထွန်သူများလည်း ရှိသည်။

ကျွန်တော့ယာဘေးမှ တောင်သူများမှာ စက်ဖြင့် မောင်းကြ ထွန်ကြပါသည်။ စက်မှာ မကောင်းသောကြောင့် မကြာခဏ ရပ်ပါသည်။ ရပ်တိုင်းလည်း လူအများက ဝိုင်း၍ တွန်းပေးရပါသည်။ ပထမတကြိမ်တွင် ကျွန်တော်လည်း သွားရောက်ကူညီ တွန်းပေးပါသည်။ နောက် စက်ရပ်သောအခါများတွင် မသွားတော့ပါ။ လှမ်း၍ အကူအညီတောင်းသော်လည်း မကြားချင်ယောင် ဆောင်နေလိုက်ပါသည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၍ အလုပ်လုပ်ရင်း ကျေနပ်နေမိပါသည်။

တနေ့တွင် ညနေ အိမ်ပြန်ချိန်ရောက်သောအခါ ကျွန်တော်၏ နွားတကောင်မှာ ပျောက်ပါတော့သည်။ နွားတကောင်၏ တန်ဖိုးမှာ ကြီးမားသလို၊ အလုပ်ကိုလည်း အပျက်မခံနိုင်ပါ။ ထို့ကြောင့် ပတ်ဝန်းကျင်မှ ယာသမားများကို အကူအညီတောင်းရပါတော့သည်။ ပြောသာပြောရသည် ဤလူတွေက ငါ့ကို ကူညီမှာ မဟုတ်ဘူး-ဟု ကိုယ့်စိတ်နှင့်နှိုင်း၍ ထင်မိပါသည်။

သို့သော် သူတို့အားလုံးမှာ စေတနာအပြည့်ဖြင့် ကူညီကြပါသည်။ ညစာလည်း မစားရပါ။ မီးတုတ်ကိုယ်စီဖြင့် ရှာကြပါသည်။ ကျွန်တော့မှာသာ ကိုယ့်စိတ်ဓာတ် ကိုယ့်အပြုအမူကြောင့် ရှက်လည်းရှက် နောင်တလည်းရကာ ဝမ်းနည်းနေမိပါသည်။

ယခုတော့ အားလုံးက ကျွန်တော့ကို သင်ခန်းစာတွေ ပေးလိုက်ကြပါပြီ။ မိမိ၏ စေတနာက မိမိကို အကျိုးပေးပုံမှာ မြန်ဆန်လွန်းလှသည်။ ကံအားလျော်စွာပင် ည ၈-နာရီခန့်တွင် နွားကို ပြန်တွေ့ရပါသည်။ အားလုံးကို ကျွန်တော်၏ အောက်တန်းကျသော အတ္တစိတ်ဓာတ်ကို အမှန်အတိုင်း ဝန်ခံတောင်းပန်လိုက်ပါသည်။ အများအတွက် စေတနာထား၍ ကူညီတော့မည်ဟုလည်း ဆုံးဖြတ်လိုက်ပါသည်။

အိမ်အပြန်လမ်းမှာ မှောင်မည်းနေသော်လည်း ရင်မှ အမြင်မှန်ကြောင့် အားလုံး လင်းလက်၍ နေပါတော့သတည်း။ (ကိုယ်တွေ့ဖြစ်ရပ်မှန်)

(အင်ပင်-သန်းဌေးအောင် )

****************************************

အရက်သောက်၍ မော်တော်ဆိုင်ကယ် စီးသူ

(အရက်သောက်၍ မော်တော်ဆိုင်ကယ် စီးသူ)

၂၀၀၄-ခုနှစ် ဇန်နဝါရီလ ၇-ရက်နေ့က ဖြစ်ပါသည်။ စာရေးသူတို့ နေထိုင်ရာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရပ်ကွက်တခုမှ မောင်နေမင်း၊ မောင်ကောင်းကင်၊ မောင်ကံကောင်းတို့ သူငယ်ချင်းသုံးယောက်သည် ည ၇-နာရီ အချိန်တွင် မော်တော်ဆိုင်ကယ် တစီးတည်းကို သုံးယောက်စီး၍ အရက်ဆိုင်ရှိရာသို့ မောင်းနှင်သွားလေ၏၊

အရက်ဆိုင်တွင် သူတို့သူငယ်ချင်းသုံးယောက်သည် အရက်ကလေးသောက်လိုက်၊ အမြည်းကလေး စားလိုက်နှင့် ဇိမ်ခံနေကြသည်။ ထို့နောက် သူတို့ သူငယ်ချင်းသုံးယောက် အရက်ဆိုင်မှ ပြန်ရန် မော်တော်ဆိုင်ကယ်ပေါ်သို့ တက်စီးကြလေတော့သည်။ မော်တော်ဆိုင်ကယ်စီးရာတွင် ရှေ့ဆုံးမှ မောင်နေမင်း၊ အလယ်မှ မောင်ကောင်းကင်၊ နောက်ဆုံးမှ မောင်ကံကောင်းတို့ စီးလာကြသည်။ သူတို့သူငယ်ချင်း သုံးယောက်လုံး အဓိကကျသော ဆိုင်ကယ်စီး ဦးထုပ်ကိုလည်း မဆောင်းကြပေ။

မကြာမီ အရှေ့သို့ စီးလာကြရာမှ မောင်နေမင်းသည် မော်တော်ဆိုင်ကယ်ကို လက်နှစ်ဖက်လွှတ်၍ စီးလေတော့သည်။ ဤတွင် အရှေ့ဘက်မှ မောင်းနှင်လာသော ကားကို ဝင်တိုက်မိလေတော့သည်။ အသက် ၂၁-နှစ်မျှသာ ရှိသေးသော မောင်နေမင်းသည် ကားတိုက်သောနေရာမှာပင် အသက်ဆုံးရှုံးရလေသည်။ အလယ်မှ မောင်ကောင်းကင်-ကတော့ ခြေထောက်တဖက် အရိုးကျိုးသွားလေသည်။ နောက်ဆုံးမှ မောင်ကံကောင်း-ကတော့ မော်တော်ဆိုင်ကယ်ပေါ်မှ ခုန်ချလိုက်၍ လက်ကလေးသာ အနည်းငယ် နာသွားလေသည်။

သူတို့သုံးယောက် အရက်သောက်၍ မော်တော်ဆိုင်ကယ်စီးခြင်းကြောင့် ကားပိုင်ရှင်နှင့် ဒရိုင်ဘာတို့သည်လည်း ဒုက္ခကြီးစွာ ရောက်ရလေ၏၊ ထို့နောက် မိဘ မောင်နှမ ဆွေမျိုးသားချင်းများလည်း ငိုကြွေးပူဆွေးခြင်း၊ ဝမ်းနည်းကြေကွဲခြင်းများနဲ့ ရင်ဆိုင်ရပေတာ့သည်။

(ဝင်းဟန်ဦး)

****************************************

အလိုတော်ပြည့်ဘုရားမှ အပြန်

(အလိုတော်ပြည့်ဘုရားမှ အပြန် )

ဝဲလောင်ရွာ၏ တံတားဦးရပ်ကွက်တွင် ကုန်အရောင်းအဝယ်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဒေါ်စစ်ကြည်တို့ မိသားတစုရှိပါသည်၊ ခင်ပွန်းဖြစ်သူ ဦးလှသိန်းမှာ လွန်ခဲ့သော ၂-နှစ်ခန့်က ကွယ်လွန်သွားခဲ့သည်၊ သူတို့တွင် အသက် ၁၆-နှစ်ခန့် အရွယ်ရှိ မောင်ကျော်ဦးဆိုသည့်

သားလေးတယောက်သာ ထွန်းကားခဲ့သည်၊ သို့သော် ယခင်က ၂-ဦးစလုံး အိမ်ထောင်တဆက်စီ ရှိခဲ့ဖူး၍ ဦးလှသိန်းဘက်မှ သားတယောက်နှင့် ဒေါ်စစ်ကြည်ဘက်မှ သမီးတယောက်လည်း ရှိခဲ့ကြပါသည်။

သူတို့သည် ထိုသားသမီးများအားလုံးကို ကျောသားရင်သား မခွဲခြားဘဲ အညီအမျှချစ်ခဲ့ကြသည်။ သားသမီးအချင်းချင်းကလည်း တအူတုံဆင်း မောင်နှမရင်းများပမာ နေလာခဲ့ကြသည်၊ ထို့ကြောင့် မြင်တွေ့ရသူတိုင်း အံ့ဩမဆုံး ရှိခဲ့ကြပါသည်။

ယခုအခါတွင် အကြီးဆုံးသားဖြစ်သူ မောင်ရဲမြင့်အောင်သည် အိမ်ထောင်သည်ဘဝဖြင့် မန္တလေးမြို့ နန်းရှေ့ရပ်ကွက်တွင် အခြေတကျ နေထိုင်လျက်ရှိသည်၊ သူသည် အိမ်ဝိုင်းခြံနှင့် မော်တော်ကားပွဲစား အလုပ်အကိုင် ဇောက်ချ လုပ်ကိုင်ခဲ့ရာ အတော်ပင် ကြီးပွားချမ်းသာနေပါသည်။

သူသည် ဖခင်ကြီးမရှိသည့်နောက် မိထွေးဖြစ်သူနှင့် ညီ ညီမများအပေါ် စောင်မကြည့်ရှုသည့်အနေဖြင့် သူပိုင် တီအီးကားသစ်ကြီးတစီးကို မိထွေးဖြစ်သူအား ရှိသလောက်ငွေကြေး ပေးထားပြီး လာယူရန် မှာကြားခဲ့ပါသည်။

မိထွေးဖြစ်သူ ဒေါ်စစ်ကြည်ကလည်း တန်ကြေး၏ထက်ဝက်ကျော်လောက်မှ မပေးနိုင်သေးလျှင် မယူသင့်ဟု ခံယူခဲ့ပြီး ငြင်းဆိုထားခဲ့သည်၊ သို့သော် အတူနေ သမီးဖြစ်သူ မမြင့်ဋ္ဌေးနှင့် သားဖြစ်သူ မောင်ကျော်ဦးတို့၏ ဘဝရှေ့ရေး ရင်အေးစေရန် စိတ်ထဲတွင် ဆန္ဒရှိနေခဲ့ပါသည်။

ဤသို့ဖြင့် လွန်ခဲ့သော နှစ်ဆန်း ၂-ရက်နေ့က ဒေါ်စစ်ကြည်၏အိမ်သို့ မြင်းခြံမြို့မှ သူ၏မိတ်ဆွေများဖြစ်ကြသည့် ဦးခင်မောင်မြင့်နှင့် ဒေါ်ခင်စောဝင်းတို့ ဇနီးမောင်နှံ ရောက်ရှိလာခဲ့သည်၊ သူတို့ဇနီးမောင်နှံသည် ပုဂံမြို့ရှိ အလိုတော်ပြည့်ဘုရားသို့ ဘုရားဖူးသွားကြမည်ဖြစ်ကြောင်း လိုအင်ဆန္ဒပြည့်ဝချင်လျှင် လိုက်ခဲ့စေလိုကြောင်း အတင်းအဓမ္မခေါ်ကြသဖြင့် ဒေါ်စစ်ကြည်တယောက် လိုက်ပါသွားခဲ့သည်။

ပုဂံမြို့ရှိ အလိုတော်ပြည့်ဘုရားသို့ ရောက်လျှင် ဘုရားလှိုဏ်ဂူအတွင်း ဤအလိုတော်ပြည့်ဘုရားသို့ ဖူးမြော်ရန် ရောက်ရှိသူတိုင်း ၅-ပါးသီလခံယူဆောက်တည်၍ ဂုဏ်တော် ၉-ပါးကို ပွားများကာ ဆန္ဒပြင်းပြစွာဖြင့် အဓိဋ္ဌာန်ပြုပြီး မိမိလိုအပ်သော ဆုတဆုကို ပန်ဆင်ပါက လိုအပ်သောဆန္ဒအတိုင်း ၇-ရက်အတွင်း၌သော်၄င်း။ ၃-လအတွင်း၌သော်၄င်း၊ ပြည့်စုံလုံလောက် အပြီးသို့ရောက်မည်-ဆိုသည့် လမ်းညွှန်စာတမ်းကို ဖတ်ရှုခဲ့ရပါသည်။

သူသည်ချက်ချင်းပင် စာတန်းပါအတိုင်း ၅-ပါးသီလခံယူခြင်း၊ ဂုဏ်တော် ၉-ပါးကို ပွားများခြင်းတို့ကို ယုံယုံကြည်ကြည်ဖြင့် ပြုလုပ်ခဲ့သည်၊ ထို့နောက်-

တပည့်တော်မကို လွန်ခဲ့သော ၁-နှစ်ကျော်လောက်ကတည်းက မန္တလေးမြို့ရှိ သားကြီးဖြစ်သူ မောင်ရဲမြင့်အောင်က သူပိုင် တီအီးကားကြီးတစီးကို စျေးမဆိုဘဲ ပေးနေပါသည်၊ ငွေကြေးဥစ္စာမပြည့်စုံသေးသဖြင့် ခေတ္တငြင်းဆိုထားခဲ့သော်လည်း တပည့်တော်မ၏စိတ်ထဲတွင် ဆန္ဒရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဤမှန်ကန်သောသစ္စာစကားကြောင့် မကြာမီအချိန်အတွင်း ငွေကြေးဥစ္စာ ပြည့်စုံကာ တီအီးကားကြီးကို ဝယ်ယူနိုင်ရပါစေသား အရှင်မြတ်ဘုရား-ဟု စိတ်အကြံဖြင့် အဓိဋ္ဌာန်ဆုပန်ခဲ့ပါသည်။

ဤသို့ ပုဂံမြို့ရှိ အလိုတော်ပြည့်ဘုရားထံ မှန်ကန်စွာဆုပန်ခဲ့သည့်နောက်ပိုင်း သူ၏ရောင်းရေး ဝယ်ရေးများ အထူးတိုးတက်ကောင်းမွန်လာခဲ့သည်၊ ကြွေးဟောင်းနှင့် မိဘအမွေအနှစ်များလည်း မမျော်လင့်ဘဲ ရရှိလိုက်သည်၊ ထို့ကြောင့် အလိုတော်ပြည့်ဘုရားမှအပြန် အိမ်ရောက်ပြီး ၃-လမပြည့်မီ ထိုတီအီးကားကြီးကို ငွေကြေးပေးကာ လက်ဝယ်ပိုင်ပိုင် ဝယ်ယူနိုင်ခဲ့ပါတော့သည်။

(ခင်မောင်တင်-ဝဲလောင် )

****************************************

အသက်ကယ်သော ဓာရဏပရိတ်တော်

(အသက်ကယ်သော ဓာရဏပရိတ်တော်)

လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာ၌ နေထိုင်သော ဦးတူးရယ်နှင့် ဒေါ်မိုးမြာတို့ ဇနီးမောင်နှံတွင် သားသမီး ၇-ယောက်ရှိ၏၊ သူတို့မိသားစုသည် ပစ္စည်းဥစ္စာ မချမ်းသာသော်လည်း မီးသွေးဖုတ်သည့်လုပ်ငန်းဖြင့် နေထိုင်စားသောက်နိုင်ကြ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါသည်။

ဦးတူးရယ်သည် ဘုရားတရား အလွန်ကြည်ညိုသူဖြစ်၏၊ နေ့စဉ်နေ့တိုင်း ဓာရဏပရိတ်တော်ကို ရွတ်ဆို ပူဇော်လေ့ရှိသည်။ အိပ်ချိန်မှလွဲ၍ အလုပ်လုပ်ကိုင်နေသော အချိန်များ၌ပင်လျှင် ဓာရဏပရိတ်တော်ကို ရွတ်ဆိုနေတတ်ပါသည်။

၂၀၀၂-ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပါသည်။ မီးသွေးတင်ဆောင်ထားသော လှည်းများ အိမ်သို့ အသီးသီး ပြန်သွားကြပြီဖြစ်၏၊ ဦးတူးရယ်မှာ မပြန်နိုင်သေးဘဲ အဖော်ဖြစ်သူ ဦးကားရ်လိုနှင့်အတူ မီးသွေးဖိုတွင် သန့်ရှင်းရေးပြုလုပ်ရင်း ကျန်နေရစ်ခဲ့ကြသည်။ ထိုသို့ သန့်ရှင်းရေးလုပ်ရင်း ဦးတူးရယ်သည် ဓာရဏပရိတ် တော်ကို နှုတ်မှရွတ်ဆိုနေသည်။

ဦးတူးရယ်တို့သည် အတန်ကြာသည်အထိ မီးသွေးဖိုအတွင်း၌ သန်းရှင်းရေးလုပ်ငန်း ပြုလုပ်နေသည်။ ပြီးဆုံးသောအခါ နှစ်ယောက်သား မီးသွေးဖိုအခန်းထဲမှ အပြင်သို့ ထွက်လာကြသည်။ မီးသွေးဖို အပြင်ဘက်သို့ ရောက်သည်နှင့် ဝုန်း-ဟူသော အသံနှင့်အတူ မီးသွေးပြာမှုန့်များ လွင့်ပျံ့ထွက်လာပါသည်။ ထိုဖြစ်ရပ်ကြောင့် ဦးတူးရယ်တို့ နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့နှစ်ဦး သန့်ရှင်းရေုး ပြုလုပ်ခဲ့သည့် မီးသွေးဖိုသည် အပေါ်မှ မြေသားများ အိကျလာကာ ပြိုကျသွားခြင်းပင်ဖြစ်သည်။ မိနစ်အနည်းငယ်မျှ နောက်ကျလျှင် ဦးတူးရယ်တို့နှစ်ဦးအဖို့ မတွေးရဲစရာပင်။

ဟာ-ကျွန်တော်တို့ သိပ်ကံကောင်းတယ် ဦးတူးရယ်ရေ။ တကယ်လို့ မိနစ်အနည်းငယ်လောက် နောက်ကျမယ်ဆိုရင် မီးသွေးဖိုအတွင်း ပိတ်မိပြီး မြေဖို့ပြီးသား ဖြစ်နေလောက်ပြီ-ဟူ၍ ဦးကားရ်လိုက တုန်လှုပ်ချောက်ချားစွာ ပြောလာပါသည်။

မည်သို့ပင်ဖြစ်စေ ဦးတူးရယ်၏စိတ်ထဲတွင် ဘုရားတရားကြည်ညိုပြီး နေ့စဉ်ရွတ်ဆို ပူဇော်ခဲ့သော ဓာရဏပရိတ်တော်၏ ဂုဏ်ကျေးဇူးကြောင့်သာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်ဟု တထစ်ချ ယုံကြည်ယူဆမိပါသည်။(တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်)။

(မောင်ချစ်ကြည်-ကန္ဒရဝတီ)

****************************************

အသက်မသေ သမ္ဗုဒ္ဓေ

(အသက်မသေ သမ္ဗုဒ္ဓေ)

ကိုထွန်းဝင်း+မမိုးမိုးအေးတို့သည် ပဲခူးတိုင်း ကဝမြို့နယ် သက္ကလစံပြကျေးရွာတွင် မွေးဖွားနေထိုင်ခဲ့ကြသူများ ဖြစ်၏၊ ၄င်းတို့သည် ယမန်နှစ်က ရန်ကုန်သို့ ပြောင်းရွှေ့သွားကြ၏၊ သူတို့၏ ကလေး ၃-ယောက်ကိုပါ ကျောင်းပြောင်းသွားကြသောအခါ ထိုကလေးများကို ချစ်ကြသော ကျွန်မတို့ ညီအမတွေမှာ စိတ်မကောင်းဖြစ်၍ ကျန်ခဲ့ကြသည်။

သို့ရာတွင် ၂၀၀၀/၂၀၀၁- ပညာသင်နှစ်တွင် ကလေးများမှာ ရန်ကုန်၌ လုံးဝမပျော်ရွှင်ကြ၍ သက္ကလသို့ ပြန်လည်ပြောင်းရွှေ့လာကြသည်။ ကလေးများ၏ ကျောင်းထွက်လက်မှတ်ယူရန် ရန်ကုန်သို့ ဇွန်လတွင် သွားကြသည်။ ၄င်းတို့နှစ်ယောက် စီးနင်းသည့်ကားမှာ သက္ကလမှ ရန်ကုန်သို့ ဆန်အိတ်များတင်သည့် ကားဖြစ်သည်။ ကုန်တင်ကားကြီး၏ လမ်းကြောင်းမှာ သက္ကလမှ ခရမ်း၊ သုံးခွ၊ သန်လျင်၊ ရန်ကုန် ဖြစ်၏၊ ကိုထွန်းဝင်းနှင့် မိုးမိုးအေးတို့မှာ ထိုဆန်တင်ကားကြီးဖြင့် နံနက် ၃-နာရီခန့်တွင် လိုက်ပါသွားကြ၏၊ ကား၏ခေါင်းခန်း မောင်းသူ၏အနီးတွင် မမိုးမိုးအေးက စီး၏၊ တံခါးဘက်တွင် ကိုထွန်းဝင်းက စီးသည်။ ကားအနောက်ဘက်တွင် ဆန်အိတ်များအပြည့်နှင့် ခရီးသည် သုံးလေးယောက်ပါရှိ၏၊

သက္ကလမှ တောင်ဘက်အထွက် ဇွဲတွန်ရွာကလေးအနီး၌ ကားကြီးသည် တဖက်သို့ထိုးကာ ယိမ်းကျသွား၏၊ မောင်းသူမှာ ကျွမ်းကျင်စွာ ထိန်းသော်လည်း ထိန်းမရပေ။ အမြင့် ၁၂-ပေ နီးပါးရှိ လမ်းမကြီးမှ ခပ်လျှောလျှော မြေသားအတိုင်း ရေထဲသို့ ကျသွားတော့သည်။ ကားလမ်းမ၏ တဖက်တချက်တွင် တာချိုင့် မြောင်းနှင့် လယ်ကွင်းများ ရှိသည်။

ဤနေရာသည် ရှေးယခင်က မကြာခဏ ကားမှောက်ဖူးသောနေရာဖြစ်သည်ဟု ဆိုကြသည်။ ကားခေါင်းတံခါး ပွင့်၍ လွင့်ကျသူများ သိပ်မနာကြသော်လည်း နောက်ပိုင်းမှ ခရီးသည် အမျိုးသမီးတဦးမှာ ရေထဲသို့ ဆန်အိတ် များဖြင့် ပိကာ လျှောကျသွား၏၊ ကျန်သူများမှာ ဘေးသို့လွင့်စဉ်ကျသဖြင့် အန္တရာယ်သိပ်မရှိပေ။ ဦးခေါင်းပိုင်းမှ ကားမောင်းသူ (အိန္ဒိယအမျိုးသား) မှာ ကားမောင်းသည့် စတီယာရင်ဖြင့် ညပ်ပြီး ရေထဲနစ်မြုပ် နေသည်။ ၄င်း၏အပေါ်သို့ မမိုးမိုးအေးက ကျရောက်ကာ ခေါင်းခန်းအတွင်းရှိ သံထည်များဖြင့် ပိညပ်သွား၏၊

ဒဏ်ရာမပြင်းထန်သူများက အနီးအနားရှိ လယ်တဲများနှင့် ရွာသို့ လိုက်အော်ခေါ်ကြသည်။ ထိုအခါ လူအများ ကယ်ဆယ်ရန် မီးများဖြင့် ရောက်လာကြသည်။ မမိုးမိုးအေးမှာ သတိရှိနေသော်လည်း လုံးဝလှုပ်ရှား၍ မရပါ။ ရေထဲမြှုပ်နေသော ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကိုယ်ဖော့၍ နှာခေါင်းပေါ်အောင် ဦးခေါင်းကို မော့ထားသည်။ နှာခေါင်းရေလွတ်ရန် လက်နှစ်ဖက်ဖြင့် ကားမှန်ပေါင်များကို ဆွဲခိုထားသည်။ သမ္ဗုဒ္ဓေဂါထာကို ရွတ်ဖတ် အာရုံပြုနေသည်။ ၄င်းအောက်တွင် ပိညပ်နေသော ကားဆရာမှာ လှုပ်ရှားမှု လုံးဝကင်းမဲ့နေသဖြင့် သေပြီဟု သူမ အသေအချာသိနေ၏၊

ကယ်သူများမှာ သူမကို ဆွဲထုတ်ယူရန် ကြိုးစားသော်လည်း မည်သို့မျှ ထုတ်ယူမရ ဖြစ်နေသည်။ ထို့ကြောင့် ကားကို ဆန်အိတ်များဖယ်ချကာ ရေထဲမှ ကားကို ဆွဲတင်ရန် ကြိုးစားကြသည်။ ဆွဲသောသံကြိုးများ အလီလီ ပြတ်ကာ အခက်အခဲများ ဖြစ်နေကြသည်။ မမိုးမိုးအေးမှာ သေသူနှင့် ရေထဲတွင် အတူတကွပိညပ်ကာ နှစ်နာရီ သုံးနာရီမျှ နေခဲ့ရသည်။

နံနက်လင်းမှ ထွန်စက်များရောက်လာကာ ကားကြီးကိုဆွဲတင်၍ ရတော့၏၊ သူမကို ထပ်မံထိခိုက်မှုမရှိအောင် မနည်းဆွဲထုတ်ယူကြရပါသည်။ သူမအောက်၌ ပိညပ်နေသော ကားဆရာမှာ သေဆုံးသွားသည်။ ကားနောက်တွင် စီးလာသော သူ့ခင်ပွန်းမှာလည်း အသက်ချမ်းသာရာရသည်။ ကိုထွန်းဝင်းမှာ ခြေထောက်တွင် ဒဏ်ရာအနည်းငယ်သာ ရသည်။ မမိုးမိုးအေးမှာ ကားညပ်ခဲ့သောဒဏ်ရာကြောင့် ဆေးရုံတွင် အတော်ကြာကြာ တက်ခဲ့ရသော်လည်း ခြေထောက်ဖြတ်ပစ်ရခြင်း မရှိပါ။

ကျွန်မတို့အိမ်က ထွက်ကတည်းက သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုသွားပါသည်။ ကားစထွက်တော့လဲ ရွတ်သွားတာပဲ။ ငယ်ငယ်လေးကတည်းက ဘယ်သွားသွား သမ္ဗုဒ္ဓေကို အမြဲရွတ်တယ်။ ကျွန်မကလေးတွေကိုလဲ ရွတ်ခိုင်းတယ်။ ဒီသမ္ဗုဒ္ဓေဂါထာရဲ့တန်ခိုးကြောင့် ကျွန်မ သေကံမရောက် သက်မပျောက်တာပဲလို့ ယုံကြည်ယူဆပါတယ်-ဟူ၍ မမိုးမိုးအေးက ပြောပါတယ်။

(နန္ဒာခင်-သက္ကလ)

****************************************

အသက်ကြီးသူ ဖေးမကူ အန္တရာယ်ဟူက မခရ

(အသက်ကြီးသူ ဖေးမကူ အန္တရာယ်ဟူက မခရ )

လွန်ခဲ့သော ၆-နှစ်က ဖြစ်ပါသည်၊ ကျောင်းနေဘက် သူငယ်ချင်းတယောက်၏ ရွာသို့ အလည်လိုက်သွားခဲ့ပါသည်၊ ထိုရွာလေးသည် ရေကာတာကြီး၏ ဘေးတွင် တည်ရှိပါသည်၊ ရွာထဲသို့ဆင်းရမည့်လမ်းမှာ တာကိုလှေခါးထစ်ပြုလုပ်၍ ကျောက်ပြားများ ခင်းထားသည်၊ အထစ်ပေါင်း ၁၂-ထစ်ရှိပါသည်၊ ကျွန်မတို့ သူငယ်ချင်းသုံးယောက် တာအောက်သို့ဆင်းမည်အပြု အဘွားအိုတယောက်သည် အထုပ်တထုပ် ခေါင်းပေါ်တွင်ရွက်၍ တောင်ဝှေးကိုအားပြုကာ တာပေါ်သို့တက်ရန် ဟန်ပြင်နေပါသည်၊

ကျွန်မတို့သုံးယောက်ကိုမြင်သည်နှင့် ဘေးဖယ်ကာ လမ်းရှောင်ပေးနေပါသည်၊ ပူပြင်းလှသော နေရောင်အောက်တွင် ခရီးရှည်မည်မျှ ဖြတ်သန်းခဲ့ရသည် မသိ၊ ချွေးသီးချွေးပေါက်ကျ၍ တုန်ယင်နေပါသည်။ ကျွန်မ၏သူငယ်ချင်းနှစ်ယောက်မှာ စကားတပြောပြောနှင့် တာအောက်သို့ ဆင်းသွားကြပါပြီ၊ ကျွန်မသည် အဘွားအိုအား ဥပေက္ခာမပြုနိုင်ပါ၊ ဖေးမကူညီတွဲခေါ်၍ တာပေါ်သို့ တွဲတင်ခဲ့ပါသည်။

အဘွားအိုက ကျွန်မအားကျေးဇူးတင်စကားများပြော၍ ဆုများပေးနေပါသည်၊ ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ-စသည်ဖြင့် ဆုတောင်းမေတ္တာပို့ပါသည်၊ အဆုံးတွင် သွားလေရာ လာလေရာ အန္တရာယ်ကင်းပါစေ၊ ကူညီဖေးမသူနှင့် တွေ့ပါစေ၊ သူယုတ်မာများ၏ အန္တရာယ်ကို ကျော်လွှားနိုင်၍ သူတော်ကောင်းတို့၏ ကူညီစောင့်ရှောက်မှုကို အမြဲရရှိပါစေ-အဘွားအို၏ စကားအဆုံးတွင် ကျွန်မလည်း ပေးသည့်ဆုနှင့် ပြည့်ပါစေ-ဟု ကျေကျေနပ်နပ် ခံယူမိပါသည်။ စိတ်ထဲတွင်လည်း တန်ဖိုးမဖြတ်နိုင်သော မိမိကိုယ်ကို လုံခြုံသည့် အရာတခုနှင့် ကာကွယ်ထားသလို ခံစားလိုက်ရပါသည်၊

၄င်းနောက် ကျွန်မတယောက်တည်း ခရီးသွားသည့်အခါတွင်၄င်း၊ အဖွဲ့အစည်းနှင့် သွားသည့်အခါတွင်၄င်း၊ အန္တရာယ်ကြုံဖူးပါသည်၊ ထိုအချိန်မျိုးတွင် အဘွားအို၏ ဆုတောင်းမေတ္တာသံကို ပြန်လည်ကြားယောင်မိပါသည်၊ အမှန်တကယ်ပင် အန္တရာယ်မှ လွတ်မြောက်ခဲ့ရပါသည်၊ ကူညီသူများနှင့် ကြုံတွေ့ရပါသည်၊ လှိုင်းကြီးလေထန်သော မြစ်အတွင်း၌ပင် သေကံမရောက် သက်မပျောက်ဘဲ လွတ်မြောက်ခဲ့ရပါသည်၊ ထိုအကျိုးဆက်တို့သည် အဘွားအို၏ အမှန်တကယ်ရင်တွင်းမှ ဖြစ်ပေါ်ပေးဝေသော မေတ္တာများ၏ အကျိုးသက်ရောက်မှု-ဟု ကျွန်မလက်ခံယုံကြည်ပါသည်။

(ခင်သိက္ခာ )

****************************************

အပျော်မှားသူ

(အပျော်မှားသူ )

ပြီးခဲ့သော မိုးရာသီ နေ့တနေ့၏ ညအချိန်တွင် ဖြစ်ပါသည်။ စာရေးသူ၏ ဆေးခန်းနှင့် မလှမ်းမကမ်းတွင် လူအုပ်စုတစု ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး အမျိုးသမီးတဦး၏ ”ဆရာမရေ ကယ်ပါဦး နာလှချည်ရဲ့”ဟူ၍ သနားစဖွယ် အော်သံကိုပါ ကြားလိုက်ရပါသည်။

စာရေးသူလည်း လှမ်းကြည့်နေစဉ် မကြာမီတွင်ပင် ထိုအမျိုးသမီးကို လူတယောက် ကျောပိုးပြီး စာရေးသူ၏ ဆေးခန်းအတွင်းသို့ ဝင်ရောက်လာကြပါသည်။ ဆေးခန်းတွင်းရှိ လူနာများ ထိတ်ထိတ်ပျာပျာဖြစ်သွားကြပြီး သူ့ထက်ငါ သိလိုဇောဖြင့် စူးစမ်းကြပါသည်။

လူနားအား ဆေးခန်းတွင်းရှိ ခုတင်ပေါ်တွင် တင်ရန် ညွှန်ကြားပြီး စစ်ဆေးသောအခါ အမျိုးသမီး၏ ညာဘက်ခြေဖဝါးတွင် ယောကျ်ား ပုဆိုးစုတ်တခုဖြင့် ထူထပ်စွာပတ်ထားပြီး ၄င်းအဝတ်ပေါ်တွင်လည်း သွေးများစိုရွှဲနေသည်ကို တွေ့ရှိရသည်။ အသာအယာ ဖြေကြည့်လိုက်ရာတွင် သွေးမှာ ခြေဖဝါး၏ အလယ်တည့်တည့်မှ စိမ့်ထွက်နေပြီး ချွန်ထက်သော အရာဝတ္ထုတခု စူးနစ်ဝင်ရောက်သွားသည့် ဒဏ်ရာတခုကို တွေ့ရပါသည်။ အပြင်ဘက် ဒဏ်ရာဝမှာ ၁-လက်မခန့် ကွဲနေပြီး အတွင်းသို့ အတော်လေး စူးနက်ခဲ့ပုံပေါ်သည်။ လူနာ အမျိုးသမီးမှာလည်း မချိမဆံ့ ခံစားနေရသည်။

စာရေးသူလည်း ရေနွေးဖြင့် သူ၏အနာအတွင်းရှိ အမှိုက်သရိုက်များ စင်ကြယ်အောင် သေသေချာချာ ဆေးကြောပေးသည်။ ထို့နောက် အနာဝန်းကျင်အား သန့်စင်အောင် ဆေးများဖြင့် ဆေးကြော၍ သွေးစိမ့်နေသော အနာဝကို ခပ်စိပ်စိပ် ချုပ်လိုက်ရပါသည်။ တော်တော်ပင် ခံစားရပေမည်။ ထို့နောက် အနာကို ဆေးထည့်၊ ပတ်တီးစည်း၊ ဆေးထိုး၊ စားဆေးပေးသည်။ နေ့စဉ်လာရောက်ရန် ညွှန်ကြားလိုက်ပါသည်။ ချို့တဲ့သူများဖြစ်၍လည်း စာရေးသူက စေတနာဖြင့် အခမဲ့ ကုသပေးပါသည်။ ပြီးနောက် မည်ကဲ့သို့ဖြစ်ပုံကို မေးမြန်းကြည့်ရာ-

ထိုနေ့ ညနေဘက် မိုးရွာနေစဉ် ၄င်းတို့ အိမ်အနောက်ဘက်ရှိ ချောင်းတွင် ရေများတက်လာသည်။ ငါးများပါလာသဖြင့် ဓားချွန်တခုကို ဝါးလုံးရှည်တွင် ခိုင်မြဲစွာ ချည်နှောင်၍ ရေထဲသို့ဆင်းကာ ငါးများကို ထိုးဖမ်းကာ ပျော်ရွှင်နေမိကြသည်။ ၄င်းငါးများကို တောင်းတလုံးထဲတွင် ထည့်ပြီး ဆက်လက်ဖမ်းယူနေသည်။ ထိုစဉ် ရုတ်တရက် ၄င်း၏ ညာခြေဖဝါးအတွင်းသို့ အရာဝတ္ထုတခု စူးခနဲဝင်သွားသကဲ့သို့ ခံစားရသည်။ မကြာမီပင် ရေထဲတွင် သွေးရောင်နီလာသည်ကို တွေ့ရသည်။

ကမ်းပေါ်သို့တက်၍ ကြည့်လိုက်ရာ သွေးများပန်းထွက်နေသော ခြေဖဝါးမှ ဒဏ်ရာကို တွေ့ရသည်။ နာလည်း နာလာသည်။ အိမ်ရှိလူများကို လှမ်းခေါ်ကာ အကူအညီတောင်းနေစဉ်တွင်ပင် ခြေထောက်မှာ ထောက်မရဘဲ အတော် နာကျင်နေသည်-ဟု ပြောပြပါသည်။ ရက်သတ္တ ၃-ပတ်မျှ စာရေးသူထံတွင် ဆေးဝါးကုသမှု ခံယူပြီးမှပင် ပျောက်ကင်းသွားတော့သည်။ ၄င်းလည်း အတော်ပင် ခံစားလိုက်ရပါသည်။

ထို့ကြောင့် ထိုအမျိုးသမီးအား စာရေးသူက- အဲဒါ ကံ ကံ၏အကျိုးလို့ ခေါ်တယ်၊ သူတပါးကို နာကျင် ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရင် မိမိလည်း ဒီလိုပဲ ခံစားရတယ်ဆိုတာ လက်တွေ့သိပြီ မဟုတ်လား။ နောင်ကို အဲသလို မပြုမိအောင် သတိထားပေါ့-ဟု ပြောဆိုလိုက်ပါသည်။

အမျိုးသမီးမှာ တကယ်ပင် နောင်တ ရသွားပါသည်။ နောင်ကို မလုပ်တော့ပါ-ဟု ဝန်ခံသွားပါသည်။

(ဒေါက်တာ အေးအေးမြင့် )

****************************************

အမေ့အတွက် ထမနဲ

(အမေ့အတွက် ထမနဲ)

ကျွန်တော်သည် အသက်လေးဆယ်ကျော်အထိ အိမ်ထောင်မပြုသေးဘဲ မိဘများနှင့်အတူ နေထိုင်သူ ဖြစ်ပါသည်။ တနေ့တွင် အလုပ်မှ အိမ်ပြန်လာပြီး ရေးချိုးပြီးစ၌ အမေက အဖေ့ကို ဒီရာသီက ထမနဲရာသီပဲ၊ ထမနဲလေး စားရရင်ကောင်းမှာပဲ-ဟု ပြောသံကို ကြားလိုက်ရပါသည်။ ဤတွင် ကျွန်တော်သည် အမေ့ဆန္ဒကို ဖြည့်ဆည်းရန် စိတ်ထဲတွင် ထမနဲ ဘယ်ကရနိုင်မလဲ၊ ဘုရားပွဲတွေမှာတော့ ရောင်းတတ်တာပဲ-ဟု တွေးတော နေမိပါသည်။

နောက်တနေ့မနက် အလုပ်သွားသောအခါတွင်လည်း စိတ်ထဲ၌ အမေ့အတွက် ထမနဲ ရှာဖို့သတိရနေမိသည်။ ထိုနေ့မှာပင် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်၏အလုပ်တိုက်သို့ မိတ်ဆွေတဦးက ဝန်ထမ်းအားလုံးအတွက် ထမနဲတထုပ်စီ လက်ဆောင်လာပေးပါသည်။ ကျွန်တော်သည် ငါ့ဆန္ဒ ပြည့်တာပဲ၊ အမေ့အတွက် ထမနဲရပြီ-ဟု တွေးမိရင်း စိတ်ထဲတွင် ပီတီဖြစ်နေမိပါသည်။ ထို့ကြောင့် ထိုထမနဲထုပ်ကို မစားဘဲ ညနေအိမ်အပြန်အမေ့အား ကျွေးရန် ရည်ရွယ်ထားလိုက်ပါသည်။

ထိုနေ့ညနေ ရုံးအဆင်းမှာပင် ကျွန်တော်တို့ အလုပ်တိုက်မှ မိတ်ဆွေတစုကို လုပ်ငန်းရှင်တဦးက စားသောက်ဆိုင် တဆိုင်၌ ကျွေးမွေးဟည့်ခံပါသည်။ ထိုဧည့်ခံပွဲတွင် ကျွန်တော်သည် အရက်ကြိုက်သူပီပီ အတော်ပင် မူးသွားပါသည်။ သို့သော် ကျွန်တော်သည် အမေ့အတွက် ထမနဲထုပ်ကို မမေ့ပါ။ လက်ကတကိုင်ကိုင် လုပ်နေသဖြင့် မိတ်ဆွေများက အထုပ်က ဘယ်သူ့ဖို့လဲ ကျုပ်တို့ကိုပေး-ဟု ဝိုင်းစကြပါသည်။ ကျွန်တော်က အမေ့ဖို့ပါဗျာ-ဟု ပြောပြီး အထုပ်ကိုလက်ကမချဘဲ ကိုင်ထားပါသည်။

စားသောက်ဆိုင်မှ ပြန်လာသောအခါ မိုးချုပ်နေပါပြီ။ ကျွန်တော်သည် ထမနဲထုပ်ကို လက်ကဆွဲရင်း ကျပ်နေသောဘတ်စ်ကားကို တွယ်စီးပါသည်။ ထမင်းဘူးထည့်ထားသော လွယ်အိမ်ကို လွယ်လျက် ထမနဲထုပ်ကို လက်တဘက်ကဆွဲရင်း ကျန်လက်တဖက်ဖြင့် ကားကို တွယ်စီးလာရာ တနေရာအရောက်တွင် ကားဆောင့်ထွက်လိုက်သောအခါ ကျွန်တော်တွယ်ထားသောလက်မှာ ပြုတ်ထွက်သွားပါသည်။ ကားနောက်ခြေနင်းပေါ်တွင်သာ ခြေထောက်ရှိတော့ပြီး တကိုယ်လုံး လေထဲသို့ရောက်သွားသလို ခံစားလိုက်ရပါသည်။ စိတ်ထဲတွင်လည်း ငါတော့သွားြုပီ-ဟု တွေးလိုက်မိပါသည်။

ထိုအချိန်တွင် လက်တဖက်က ကျွန်တော့ကို ဆတ်ခနဲ ဖမ်းဆွဲလိုက်သဖြင့် ကျွန်တော်အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပါသည်။ ကျွန်တော့ကို လှမ်းဆွဲလိုက်သူက ခင်ဗျားကံကောင်းတယ်၊ လက်ထဲမှာလဲ အထုပ်တဖက်နဲ့၊ ဘာထုပ်လဲ-ဟု ပြောပါသည်။ ကျွန်တော် ထိုသူကို ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားလှမ်းဆွဲ လိုက်လို့ပဲ၊ အထုပ်က အမေ့အတွက် ထမနဲပါဗျာ-ဟု ပြန်ပြောလိုက်ပါသည်။

ဤတွင် ထိုသူက ခင်ဗျားအမေ့အတွက် ရည်ရွယ်ထားတဲ့ ထမနဲထုပ်က ခင်ဗျားကို ကယ်လိုက်တာပဲ-ဟု မှတ်ချက်ချပါသည်။ အမူးသမားတယောက်ကို အသက်ဘေးမှ ကယ်တင်ခဲ့သော မိဘ၏ ဂုဏ်ကျေးဇူးကို ဤစာစုဖြင့် ပူဇော်မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

****************************************

အမေ-ဟု တမိရုံမျှဖြင့်

(အမေ-ဟု တမိရုံမျှဖြင့် )

၁၉၆၈-ခုနှစ်၊ ဇူလိုင်လ ၂၀-ရက်နေ့တွင် ကျွန်တော်၏အဖေသည် မော်လမြိုင်မြို့တွင် ရေနစ်၍ သေဆုံးခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော်၏ အမေသည် လူမမည် ကလေး ၅-ယောက်နှင့် လောကကြီးထဲတွင် မျက်စိသငယ်နှင့် ကျန်ရစ်ခဲ့ပါသည်။

ဘဝ၏လောကဓံတရားကို ကျွန်တော်တို့အမေသည် စတင်ရင်ဆိုင်ရပါသည်။ ထိုစဉ်က ကျွန်တော့အမေကို လက်ထပ်လို၍ ကမ်းလှမ်းကြသူများကို ကျွန်တော့အမေက ကျွန်တော်တို့ မောင်နှမများ မျက်နှာငယ်မှာစိုး၍ ငြင်းဆန်ခဲ့ပါသည်။ သူသာလျှင် အမိ၊ သူသာလျှင် အဖ နေရာမှ စိတ်ရောလူပါ ပင်ပန်းဆင်းရဲခံပြီး စီးပွားရှာဖွေ ကျွေးမွေးခဲ့ပါသည်။

အမေသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များကို မြန်မာပီပီ အလွန်ထိမ်းသိမ်းနိုင်သူ တယောက် ဖြစ်ပါသည်။ တလင် တမယားစနစ်ကို မြတ်နိုးပါသည်။ မိန်းကလေးများ လျှပ်ပေါ်လော်လီသော ဝတ်စားဆင်ယင်မှုကို အလွန်မုန်းတီးပါသည်။ အထူးသဖြင့် မိန်းကလေးများ ခြေသလုံးပေါ်အောင် ထဘီဝတ်ခြင်း၊ ရင်သားပေါ်အောင် လည်ဟိုက်အကျႌ ဝတ်ခြင်းကို အထူးတားမြစ်ပါသည်။ ဆွေမျိုးမိတ်ဆွေများ၏ လူမှုရေး စီးပွားရေးကိစ္စများတွင် အကူအညီတောင်းပါက ကိုယ်ရောစိတ်ပါ ကူညီတတ်ပါသည်။

ကျွန်တော်သည် အမေ့ကို လေးစား ရိုသေ ချစ်ကြောက်ပါသည်။ ငယ်စဉ်မှစ၍ အဖေ့ထက် အမေ့ကို ပိုပြီး တွယ်တာမိပါသည်။ ထို့ကြောင့် ကျွန်တော်အမြဲတမ်းအမေ့စကားကို နားထောင်ခဲ့ပါသည်။ ကျွန်တော်၏ဘဝတွင် အမေနှင့်ပတ်သက်သော မမေ့နိုင်စရာ ကိုယ်တွေ့ဖြစ်ရပ်တခုကို တင်ပြလိုပါသည်။

၁၉၈၂-ခုနှစ် အောက်တိုဘာလတွင်ဖြစ်ပါသည်။ ကျွန်တော် တာဝန်ထမ်းဆောင်သော သင်္ဘောသည် စင်္ကာပူ နိုင်ငံတွင် ကျောက်ချရပ်ထားပြီး ကုန်းပတ်များ သန့်ရှင်းရေးလုပ်နေပါသည်။ ထိုစဉ် ကျွန်တော်၏ ညာဖက်ခြေထောက်ကို ကုန်းပတ်တံခါးကြီး ညှပ်မိပြီး ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်ပျက်ပုံမှာ ကျွန်တော်နှင့်အတူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတယောက် ကုန်းပတ်တံခါးကို ၂-ပေကျော်ကျော်ဖွင့်၍ ကြားထဲရှိ ဘိလပ်မြေနှင့် လက်ဖက်ခြောက်မှုန့်များကို ရှင်းလင်းနေချိန်ဖြစ်ပါသည်။ ကျွန်တော်၏စိတ်ထဲတွင် တစုံတခုက နှိုးဆော်သလိုဖြစ်ပြီး ရုတ်တရက် ထိုကုန်းပတ်တံခါးကြီး ပိတ်လာသည်ဟု ခံစားရပါသည်။

ထို့ကြောင့် အဖော်ဖြစ်သူအား အပေါ်သို့တက်ရန် ဆွဲလည်းဆွဲ၊ ပြောလည်းပြောပြီး ဆွဲတင်ပါသည်။ ချက်ချင်းပင် ကျွန်တော်ထင်သည့်အတိုင်း ထိုကုန်းပတ်တံခါးကြီး ရုတ်တရက်ပိတ်သွားပြီး ကျွန်တော်နှင့်အဖော်ပါ ကုန်းပတ်တံခါးကြီးကြားတွင် ခြေထောက်များ ညပ်လျက် အရှင်လတ်လတ် ငရဲပြည်ရောက်သလို ခံစားရပါသည်။ ထိုအချိန်တွင် ကျွန်တော်၏စိတ်ထဲတွင် မိမိခံစားနေရသော ဝေဒနာထက် ကျွန်တော်တို့ကို ပိုးမွေးသလို အရိပ်တကြည့်ကြည့်နေခဲ့သော မိခင်သာတွေ့ပါလျှင် ဆိုသောအသိကြောင့် ကျွန်တော့စိတ်တွင် အမေ့ကို အလွန်သနားသွားမိခဲ့ပါသည်။ အဖော်ဖြစ်သူလည်း မခံမရပ်နိုင်လွန်း၍ တအားကုန် အော်ဟစ်နေပါသည်။ ကျွန်တော်လည်း ပါးစပ်မှ ရောင်ရမ်းပြီး အမေ့ကိုသာ မျက်စိထဲမြင်နေ၍ အမေရေ-ဟု တခွန်းတည်း အော်ဟစ်မိပါတော့သည်။

သင်္ဘောပေါ်ရှိ တခြားသူများ လာရောက်၍ ကယ်တင်ဆွဲထုတ်ကြပါသည်။ ထိုအထဲတွင် ကျွန်တော့သူငယ်ချင်း မြန်မာများလည်း ပါကြပါသည်။ အချို့သူငယ်ချင်းများက ယခုအချိန်အထိ ကျွန်တော့ကို အမေရေ-ဟု စကြ နောက်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအဖြစ်အပျက်တွင် အမေ့အပေါ် တမ်းတမိခြင်း၊ အမေ့မေတ္တာနှင့် သူတပါးအပေါ် ကူညီသောစိတ်ကြောင့် ကျွန်တော့ခြေထောက်မှာ အံ့ဩလောက်အောင် ဘာမှပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ အဖော်ဖြစ်သူ ဘင်္ဂလားဒေရှ် နိုင်ငံသားမူ ခြေထောက်ဖြတ်လိုက် ရပါသည်။

ကျွန်တော်သည် အမေ့ကို အမေရေ-ဟု တ,မိရုံလေးနှင့်ပင် ဒုက္ခိတဖြစ်မည့်ဘဝမှ သီသီလေး လွတ်ခဲ့ရပါသည်။ ကျွန်တော် အလွန်ချစ်သော လေးစားမြတ်နိုးသော ကျွန်တော့အမေသည် ၁၆-၇-၉၅-နေ့တွင် ကွယ်လွန်ခဲ့ပါပြီ။ သို့သော် အမေ့မေတ္တာ၊ အမေ့ကျေးဇူးကား ကျွန်တော့တွင် ဆပ်၍မကုန်နိုင်အောင် ရှိနေပါသည်။ ယခုဤဆောင်းပါးဖြင့် ကျွန်တော့အမေ အပါအဝင် မိခင်အားလုံးကို ဂုဏ်ပြုပါသည်။

(ညီညီနိုင် )

****************************************

အပြေးလိုက်သည့် ဝဋ်ကြွေး

(အပြေးလိုက်သည့် ဝဋ်ကြွေး)

စာရေးသူတို့ အိမ်နားတွင် မောင်ဝင်းခိုင်-ဆိုသော လူရွယ်တယောက်ရှိပါသည်။ မောင်ဝင်းခိုင်သည် အရက်ကလေး တမြမြနှင့် နေတတ်သည်။ အရက်ရှိန်ရလာလျှင်လည်း ထင်ရာ လုပ်တတ်သောအကျင့် ရှိသည်။ တနေ့တွင် သူသည် ကားလမ်းဘေးရှိ အရက်ဆိုင်တွင် အရက်သောက်နေသည်။ ထိုစဉ် ခွေးငယ်တကောင်သည် မောင်ဝင်းခိုင် အရက်သောက်နေသည့် ခုံဘေးတွင် ရစ်သီရစ်သီ လုပ်နေရာ မောင်ဝင်းခိုင်က ဘာမပြော ညာမပြော ခွေးငယ်လေးကို ခြေထောက်ဖြင့် ကန်ပစ်လိုက်သည်။ ခွေးငယ်မှာ တဖက်ခုံဝိုင်းနှင့် ဆောင့်မိပြီး ခြေထောက်နာသွားသည်။ တအင်အင်နှင့် အော်ညည်းနေရှာပါသည်။

မောင်ဝင်းခိုင်သည် ခြေထောက်နာ၍ အော်ညည်းနေသော ခွေးငယ်လေးအား သနားကြင်နာရမှန်း မသိသည့်ပြင် ကုပ်မှဆွဲကိုင်ပြီး ကားလမ်းမဘက် ယိုင်နဲ့စွာ ထွက်သွားသည်။ ထို့နောက် တဖက်မှ အရှိန်ဖြင့် မောင်းနှင်လာသော ကုန်ကားကြီးအောက်သို့ ခွေးငယ်လေးအား ပစ်သွင်းလိုက်သည်။

ခွေးငယ်လေးသည် ကားဘီးအောက် ရောက်ရှိသွားသည်။ ကားကြိတ်ခံရပြီး မရှုမလှ သေဆုံးသွားရှာသည်။ မောင်ဝင်းခိုင်သည် ခွေးကလေး ပြားချပ်သေဆုံးနေသည်ကို ကြည့်၍ သူလုပ်ရဲ ကိုင်ရဲသည်ဟု ဂုဏ်ယူကာ ကြွစောင်းစောင်းဖြင့် အရက်ဆိုင်ထဲ ပြန်ဝင်လာခဲ့သည်။ အရက်သမားများကလည်း သူ၏ ရက်စက်မှုကို အံ့ဩစွာ ကြည့်နေကြသည်။

ခွေးကလေး ကားတိုက်သေပြီး ၆-လခန့်ကြာသောအခါ တနေ့သော ညအချိန်တွင် မောင်ဝင်းခိုင်သည် ကားလမ်းဘေး အရက်ဆိုင်မှ အရက်သောက်ပြီး ကားလမ်းဖြတ်ကူးသည်။ ထိုစဉ် အရှိန်ဖြင့် မောင်းနှင်လာသော ကုန်ကားတစင်းသည် မောင်ဝင်းခိုင်ကို တိုက်၍ မောင်းပြေးသွားသည်။

မောင်ဝင်းခိုင်သည် ကားတိုက်အရှိန်ဖြင့် ကားလမ်းနှင့် ခေါင်း ရိုက်လိုက်သလိုဖြစ်ပြီး နှစ်ရက်မျှ သတိလုံးဝမရရှိဘဲ ကွယ်လွန်သွားလေသည်။ ၄င်းကို တိုက်သွားသော ကုန်ကားကြီးကိုလည်း လုံးဝရှာမတွေ့ခဲ့ပေ။

မောင်ဝင်းခိုင်သည် မိမိမထင်မှတ်ဘဲ ပြုလုပ်မိခဲ့သော အကုသိုလ်ကံကြွေးကို ၆-လအတွင်း ပြန်လည်ပေးဆပ်ခဲ့ရသည်။ မကောင်းမှု လုပ်သူများ ဆင်ခြင်ဖွယ် ဖြစ်ပေသည်။

(မချိုထွေး-ကိုးလုံးကွင်း )

****************************************

အကြောင်းရင်း

(အကြောင်းရင်း)

ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းများသည် အမြဲလိုလို ပြည့်ကျပ်လျက်ရှိ၏၊ တခုသောနံနက် ၁၀-နာရီခန့်၌ ကျွန်တော်သည် အဝတ်အစားကို ကျကျနန ဝတ်ဆင်၍ အိမ်မှကားဂိတ်သို့ ထွက်ခဲ့သည်။ ကားဂိတ်သို့ရောက်လျှင် ကားကို အဆင်သင့် တွေ့ရသည်။ ကြုံတောင့်ကြုံခဲ ထိုင်ခုံလွတ်ကိုလည်း ရရှိခဲ့၏၊

ကျွန်တော်သည် ထိုင်ခုံလွတ်တွင် အကျအနဝင်ထိုင်လိုက်ပါသည်။ ထို့အတူ ထိုင်ခုံခရီးသည်တွေကိုလည်း အကဲခတ်ကြည့်ရှုလိုက်၏၊ ထူးခြားသည်မှာ ကျွန်တော့ရှေ့တည့်တည့်မှ မိန်းကလေးဖြစ်၏၊ ထိုမိန်းကလေးမှာ စိန်၊ ရွှေလည်း ဝတ်ဆင်မထားပါ။ ဆွေကြီးမျိုးကြီးထဲကလည်း ဟုတ်ဟန်မတူပါ။ ဝတ်ကောင်းစားလှများလည်း ဝတ်ဆင်မထားပါ။ သို့သော် သူ၏ အဝတ်အစားမှာ သန့်သန့်ပြန့်ပြန့်ရှိ၏၊ ထို့အပြင် သူ၏ မျက်နှာမှာ ကြည်လင်နေ၏၊ ကျွန်တော့စိတ်ထဲကလည်း ကျက်သရေရှိလိုက်တာ-ဟု အလိုလို ရွတ်ဆိုမိသွား၏၊

မှတ်တိုင်တခု၌ အသက်အရွယ်ကြီးကြီး ဘုန်းကြီးတပါးသည် ကားပေါ်တက်လာသည်။ ဘုန်းတော်ကြီး ကားပေါ်တက်လာသည်ကို ကျွန်တော်ရော ထိုမိန်းကလေးရော မြင်ပါသည်။ သို့သော် ကျွန်တော်သည် ကျွန်တော့နေရာ၌ ကျနစွာ ထိုင်မြဲပင်။ ထိုမိန်းကလေးကတော့ ကျွန်တော့လို မဟုတ်။ ဘုန်းတော်ကြီးကို သူ၏နေရာ လှူလိုက်ပါသည်။

ကျွန်တော်သည် ကျွန်တော့ကိုယ် ကျွန်တော် ကြည့်မိပါသည်။ ကျွန်တော် အလွန်ပင် ရှက်သွားပါသည်။ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပါလျက် သာသနာတော်ကို စောင့်ရှောက်နေသော ဤလို ဘုန်းတော်ကြီးကိုမှ မင်း နေရာမလှူနိုင်ဘူးလား-ဟု ကျွန်တော့ကို ကျွန်တော် မေးမိပါသည်။ ထို့အတူ မိန်းကလေး၏ လျှို့ဝှက်ချက်ကို သိလိုက်ရပါသည်။ ဤလိုမြင့်မြတ်သည့် စိတ်ထားကြောင့် ကြည်လင်ရွှန်းမြသော မျက်နှာနှင့် ကျက်သရေရှိသော မျက်နှာကို ပိုင်ဆိုင်သူ ဖြစ်ရခြင်း၏ အကြောင်းရင်းကို သိရှိသွားပါတော့သည်။

(မောင်သက်နိုင်)

****************************************

အန္တရာယ်ကင်းသူ

(အန္တရာယ်ကင်းသူ )

အသံတချက်ချက် မြည်နေသော တိုင်ကပ်နာရီမှာ ညနေ ၄-နာရီကို ညွှန်ပြနေပါသည်။

ကုန်ပဒေသာဆိုင်မှ အရောင်းစာရေးများ တဦးပြီးတဦး ပြန်သွားကြပါပြီ။ ဆိုင်တာဝန်ခံ ဦးကျော်ကျော်နှင့် ဦးသောင်းတင်တို့မှာမူ မပြန်နိုင်သေးချေ။ စာရင်းဇယားမှအစ ဆိုင်လုံခြုံရေးအတွက်ပါ ကြည့်ရှုစစ်ဆေး နေကြသည်။ ထိုစဉ် ရုတ်တရက် မိုးရွာလိုက်သောကြောင့် နှစ်ယောက်စလုံး မပြန်နိုင်သေးဘဲ ဆိုင်းအတွင်း ပြန်ထိုင်နေလိုက်ရသည်။

ဦးကျော်ကျော်မှာ ဘုရား တရားကို အလွန်ကြည်ညိုသူဖြစ်သည်။ ထို့ကြောင့် အိမ်အပြန် မည်မျှပင် မိုးချုပ်စေကာမူ ဓာရဏပရိတ်တော်ကို ရွတ်ဆိုမြဲ ဖြစ်သည်။ အချို့နေ့ဆိုလျှင် ည ၁၀-နာရီ၊ ၁၁-နာရီခန့်မှ အိမ်ပြန်ရသည်။ သို့သော် ဓာရဏပရိတ် ရွတ်ဆိုမှုကိုမူ အပျက်မခံဘဲ ရွတ်ဆိုမြဲ ရွတ်သည်။

ယနေ့လည်း မိုးရွာနေစဉ် ဦးကျော်ကျော်သည် ရုံးခန်းတွင်ထိုင်၍ ဓာရဏပရိတ်ကို ရွတ်ဆိုနေပါသည်။ ရွတ်ပြီးသောအခါ ရုံးခန်းတွင် မှောင်နေသောကြောင့် အရောင်းခန်းမဘက် ထွက်ခဲ့ပါသည်။

ဦးကျော်ကျော် အရောင်းခန်းမသို့အထွက် ခြေလှမ်း သုံးလေးလှမ်းမျှသာ လှမ်းလိုက်ရသေးသည်။ လေပြင်းတချက်တိုက်သံနှင့်အတူ ဝုန်း-ဟူသော အသံကြီးကို ကြားလိုက်ရသည်။ ထို့ကြောင့် ဦးကျော်ကျော်ရော ဦးသောင်းတင်ပါ မီးထွန်းပြီး ရုံးခန်းထဲ ဝင်ကြည့်လိုက်ရာ နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားပါသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော မိနစ်ပိုင်းက ဦးကျော်ကျော်ထိုင်ခဲ့သော ထိုင်ခုံပေါ်သို့ ဆွေးနေသော ထုပ်တန်းကြီးတချောင်း အမိုးပေါ်မှ ပြုတ်ကျခြင်းဖြစ်သည်။ အမြင့်မှ ပြုတ်ကျသောအရှိန်ကြောင့် ထိုင်ခုံလည်း နှစ်ပိုင်းကျိုးသွားသည်။

ကိုကျော်၊ သိပ်ကံကောင်းတယ်ဗျာ၊ ခင်ဗျားသာ ထမလာဘဲ ခဏလောက် ဆက်ထိုင်နေရင် မလွယ်ဘူး-ဟု ဦးသောင်းတင်က ပြောပါသည်။ ဦးကျော်ကျော်၏ စိတ်တွင်လည်း ဘုရားကို အာရုံပြုရွတ်ဆိုသော ဓာရဏပရိတ်၏ ဂုဏ်ကျေးဇူးကြောင့် အသက်ဘေးမှ ကင်းလွတ်သည်ဟု ယုံကြည်ယူဆပါသည်။

(မြတ်-နောင်ချို )

****************************************

အကြင် မျိုးစေ့

(အကြင် မျိုးစေ့ )

နှစ်ပေါင်း ၃၀-ခန့် ရှိခဲ့ပါပြီ၊ ခံစားခဲ့ရသော ကြေကွဲဖွယ် အဖြစ်အပျက်သည် မနေ့တနေ့ကကဲ့သို့ မြင်ယောင်နေဆဲပင်။ ထိုအချိန်က ကျွန်မ တာဝန်ထမ်းဆောင်ရသော ဒေသမှာ တာချီလိတ်မြို့နှင့် အနည်းငယ် ကွာလှမ်းသော အ-လ-က စာသင်ကျောင်းဖြစ်သည်။ ထိုစာသင်ကျောင်းသည် ဆေးရုံနှင့် လမ်းတလမ်းသာခြားသည်၊ ထို့ကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍လည်း မပူခဲ့ပါ၊

အလှူဒါနဆိုသည်မှာလည်း မိမိရှိသောပစ္စည်း လျော့ပါးမည်စိုး၍ မလှူရက်၊ မပေးရက်ခဲ့ပါ၊ ကလေးငယ်များကို စာသင်ရာတွင်လည်း စေတနာမပါပါ၊ သားသမီးချင်း ကိုယ်ချင်းစာစိတ်လည်း မထားတတ်ပါ၊ တနေ့တွင် ကျွန်မတို့ကျောင်းက ဆရာမတဦး၏ သမီးကလေး တယောက်သည် တက်၍ မေ့မြောသွားသဖြင့် ဆေးရုံသို့ ကမန်းကတန်း ယူပြေးသည်ကို ကျွန်မမြင်လိုက်ရသည်၊

အမှန်အတိုင်းဝန်ခံရလျှင် ကျွန်မ ထိုကလေးကို မသနားသည့်အပြင် ထိုကလေး အသက်ပြန်မရှင်ပါက ထိုဆရာမ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တော့မည်ကို ကြိတ်၍ ဝမ်းသာသလိုဖြစ်ခဲ့ပါသည်၊ သို့ရာတွင် မကြာမီ ထိုကလေးငယ် နေကောင်းပြီး မိသားစု ပျော်ပျော်ရွှင်ရွှင် ဆေးရုံမှ ဆင်းလာသည်ကို တွေ့ရသည်။

မကြာမီကာလအတွင်း ကျွန်မ၏ ယုတ်မာသော စိတ်များ အပြောင်းလဲကြီး ပြောင်းလဲမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။

ကျွန်မသည် သားကလေး ၅-နှစ်အရွယ်နှင့် သမီးကလေး ၃-နှစ်အရွယ်တို့အား အလွန်ချစ်၍ လိုလေသေးမရှိ ထားခဲ့သည်၊ သို့သော်လည်း စည်းကမ်းရှိရန် လိမ္မာရေးခြားရှိရန်ကိုတော့ ကျွန်မသွန်သင်ဆုံးမသည်။

တရက်သော ညနေပိုင်း၌ တနေကုန်ဆော့နေသော သားကလေးသည် မျက်စိမျက်နှာပျက်ကာ အိပ်ရာတွင်းသို့ စောင်ခြုံ၍ ဝင်အိပ်နေသည်၊ ကျွန်မသည် သားကို မမေးမစမ်းဘဲ အမှတ်တမဲ့ပင် နေမိသည်။

ငါ့မှာ ငွေရှိတယ်၊ ဆရာဝန်ကို ငွေပေးရင် ဘာရောဂါမဆို ပျောက်မှာပဲ-ဟု ယူဆကာ သူ့အဖေပြန်လာမှ ဆေးကုခိုင်းမယ်ဟု ပေါ့ပေါ့ပင်နေခဲ့သည်။

ခင်ပွန်းသည် ပြန်ရောက်လာသောအခါ သားငယ် နေမကောင်းဘူးဆိုသဖြင့် ဆရာဝန်ထံ ဆေးသွားထိုးခိုင်းပါသည်၊ ခါတိုင်း နေမကောင်းလျှင် ဆေးသွားထိုးပြီးပါက ပြန်လည်ကောင်းလာပါသည်၊ ထိုညတွင်မူ သားကလေးသည် တညလုံး ရေတောင်းသောက်ပြီး ငြိမ်နေသည်၊ ကျွန်မကို မပြောရဲဘဲ သူ့ညီမငယ်ကို ညီမလေးရေ အိမ်ရှေ့ခြင်းထဲက မန်ကျည်းသီးလေး တတောင့်လောက် အကိုကြီးကို ယူကျွေးပါ-ဟု ပြောပါသည်။

ထိုစကားကိုကြားရသော ကျွန်မမှာ မည်သို့ဖြစ်သွားမှန်းမသိပါ၊ သားရင်တွေ တအားပူနေမှန်းလည်း မရိပ်မိခဲ့ပါ၊ နောက်တနေ့မနက်တွင် သားသည် သတိလစ်ပြီး ပျော့ခွေလျက်ရှိသည်။ ခင်ပွန်းသည်က သား သတိလစ်နေမှန်း မသိ၊ အိပ်ပျော်နေသည်ဟု ထင်ကာ စျေးသို့ မော်တော်ဆိုင်ကယ်ဖြင့် ထွက်သွားပါသည်၊ ကျွန်မနှင့် ဆရာတဦး ကလေးကိုပွေ့၍ ဆေးရုံသို့ပြေးကာ ဆရာဝန်သွားပြပါသည်၊

သား၏အဖေ အပြေးအလွှား ရောက်ရှိလာချိန်တွင် သားသည် သွေးညိုညိုများ ဝူးခနဲ တချက် ထအန်ကာ ကျွန်မကို ကြည့်၍ စကားများ ဗလုံးဗထွေး ပြောပါသည်။ သား၏ မျက်နက်ဝန်းကလေးတို့ ကျယ်လာသည်ကို ကြည့်၍ ကျွန်မသား အခြေအနေကို ရိပ်မိပါပြီ၊ ဆရာဝန်ကလည်း ကြိုးစား၍ ကုပါသည်၊ သားကလေးသည် မျက်ရည်စက်တစက်မျှမကျဘဲ ခုတင်တဖက်တချက်ရှိ ကျွန်မတို့အား အဖေကြီး၊ အမေကြီး-ဟု ခေါ်ကာ ငြိမ်သက်သွားပါသည်၊ ကျွန်မ ဘုရား တမိပေပြီ။

သားကလေးသည် မိခင်ဒဏ် ခံသွားရသည်ဟု ကျွန်မ ယူဆပါသည်။ ထိုအချိန်က ကျွန်မသည် ကိုယ်ချင်းစာတရား ထားခဲ့ပါမူ ဘုရား တရားကို ကိုးကွယ်ဆည်းကပ်ခဲ့ပါမူ ထိုကဲ့သို့ ဆိုးဝါးသောအဖြစ်အပျက်နှင့် မကြုံနိုင်ပါ။

ယခုသော် ကျွန်မစိုက်ခဲ့သော ခါးသီးသော မျိုးစေ့၏အရသာကို ကောင်းကောင်းကြီး ခံစားလိုက်ရပါချေပြီတကား။

(စန္ဒာခမ်းလွန်း )

****************************************

အကြင်နာမဲ့သူ၏ နိဂုံး

(အကြင်နာမဲ့သူ၏ နိဂုံး )

လူတို့တွင် အဆင်မပြေဖြစ်ခြင်း၊ မအောင်မြင်ခြင်း၊ ဒုက္ခတခုခုနှင့် ကြုံတွေ့ရခြင်း စသော အခြေအနေများနှင့် ရင်ဆိုင်ရလျှင် ကံမကောင်း၊ ကံဆိုးသည်ဟု ပြောဆိုကြသည်။

လုပ်သည့်အခါ အဆင်ပြေခြင်း၊ အန္တရာယ်မှ လွတ်မြောက်ခြင်း၊ အခွင့်အရေး ပေါ်လာခြင်း၊ မမျှော်လင့်ဘဲ လာဘ်လာဘရရှိခြင်းစသော အခြေအနေနှင့် ကြုံကြိုက်ရပါမူ ကံကောင်းသည်ဟု ဆိုကြလေသည်။

သို့သော် ကံဆိုသည်မှာ အလိုလို ပေါ်ပေါက်လာခြင်းမဟုတ်၊ အနောက်နိုင်ငံ ဒဿနပညာရှင် အချို့ကမူ ကံကိုကြုံကြိုက်ခြင်း (chance)ဟု ယူဆကြသော်လည်း တကယ်တော့ မြတ်စွာဘုရားသခင်က ပြုလုပ်သူ၏ စေတနာအပေါ် အကျိုးသက်ရောက်မှု ရလဒ်သာ ဖြစ်ကြောင်း အတိအလင်း ဟောကြားထားပြီးဖြစ်သည်။

တစုံတယောက်သည် ပြူမူဆောင်ရွက်ရာတွင် စိတ်ကောင်းစေတနာ ထားရှိမှု အပေါ်၌ ကောင်းသောအကျိုးပေးမည်ဖြစ်ပြီး၊ စိတ်စေတနာ မကောင်းလျှင် မကောင်းသလို တန်ပြန် အကျိုးပေးမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ဤသို့သော ကောင်းကျိုးပေးပုံ၊ မကောင်းကျိုး ပေးပုံတို့ကို စာပေမှာ၄င်း၊ ဆရာတော်ကြီးများ၏ ဟောပြောမှုများတွင်၄င်း၊ ကိုယ်တွေ့အရ၄င်း၊ အခြားသူများ၏ဖြစ်ရပ်များကို တွေ့မြင်ကြားသိ၍၄င်း၊ မကြာခဏဆိုသလို ကြားဖူး ကြုံဖူးကြမည်ဖြစ်ပါသည်။

တခါက တရားတော်တခုတွင် အောက်ပါအတိုင်း ကြားနာဖူးခဲ့ရပါ၏၊

အခါတပါး၌ မုဆိုးကြီးတဦးသည် မိမိ၏ ခွေးများနှင့် တောထဲတွင် အမဲလိုက်ရန် သွားခဲ့သည်။ လမ်းခရီး၌ ရဟန်းတော်တပါးကို မုဆိုးကြီး တွေ့ခဲ့ရသည်။ ထိုနေ့က မုဆိုးကြီး အမဲသားကောင် မရခဲ့ပေ။ မုဆိုးကြီး စိတ်၌ လမ်းခရီးတွင် ရဟန်းတော်နှင့်တွေ့ခဲ့ရ၍ ကံမကောင်း၊ လာဘ်တိတ်သည်-ဟု ခံယူခဲ့သည်။ မုဆိုးသည် လာလမ်းအတိုင်း အိမ်ပြန်ခဲ့ရာ ထိုရဟန်းကိုပင် ထပ်မံတွေ့ပြန်သည်။ ထိုအခါ အမဲမရ၍ ဒေါသဖြစ်နေသော မုဆိုးသည် သူ၏ ခွေးများအား ရဟန်းတော်ကို ကိုက်သတ်ရန် စေခိုင်းလေသည်။ ခွေးများက ဟောင်၍ ကိုက်ကြလေသည်။ ရဟန်းတော်သည် တောင်းပန်၍ မရသည့်အဆုံး၌ နီးရာသစ်ပင်ပေါ်သို့ တက်ပြေးရသည်။

မုဆိုးသည် သူ၏ မြားချွန်များဖြင့် ရဟန်း၏ခြေဖဝါးတို့ကို ထိုးလေသည်။ ရဟန်းတော်သည် နာကျင်လွန်း၍ ရုန်းကန်ရာ သူ၏ ဝတ်ရုံသင်္ကန်း လွတ်ကျသွားသည်။ အပေါ်မှကျသော သင်္ကန်းသည် မုဆိုးကိုယ်ပေါ်သို့ လွှမ်းခြုံသွားလေသည်။ ထိုအခါ အောက်မှစောင့်နေကြသော ခွေးတို့သည် သင်္ကန်းဝတ်ရုံနှင့် ထွေးလုံးနေသော မုဆိုးကို ရဟန်းကျလာသည်အထင်နှင့် ဝိုင်းဝန်းကိုက်သတ်လိုက်ကြလေသည်။ ဤသည်မှာ မြတ်စွာဘုရား လက်ထက်တော်က သူတပါးအပေါ် ရက်စက်လိုသော မကောင်းသော စိတ်အကြံရှိသူတယောက် မျက်မှောက်ဘဝမှာပင် အကုသိုလ်အကျိုးခံစားရပုံဝတ္ထု ဖြစ်ပါသည်။

ဤသို့သော အကျိုးပေးပုံတို့သည် ဟိုတုန်းအခါနှင့် ယခုကာလမှာပါ ဖြစ်တတ် ရှိတတ်ကြပါသည်။ ယခုကာလ၏ ထိုသို့ ချက်ချင်းလက်ငင်း အကျိုးပေးပုံကို တင်ပြပါမည်။

အမ်းမြစ်သည် ရခိုင်ရိုးမမှ မြစ်ဖျားခံ၍ အမ်းမြစ်ကို ဖြတ်သန်းကာ အရှေ့မှ အနောက်သို့ စီးဆင်းပါသည်။ ထိုမြစ်၏ တဖက်တချက်တွင် ရွာများရှိပါသည်။ မိုးရာသီတွင် ရိုးမပေါ်မှ စီဆင်းသော ရေစီးအားသည် ပြင်းထန်တတ်ပါသည်။ နွေရာသီတွင် ရေနည်း၍ တချို့နေရာများတွင် ရေစီးအား ကောင်းသော်လည်း တချို့နေရာများတွင်မူ ရေစီးအား နည်းတတ်ပါသည်။

တနေ့သောအခါတွင် ဂျီ(ချေ)တကောင်သည် အမ်းမြစ်၌ ကူးနေသည်ကို တွေ့ကြရသည်။ ထိုဂျီ(ချေ)သည် ရေစီးနှင့် မျောလာခြင်းလား၊ သူ့သဘောနှင့်သူ ကူးနေခြင်းလားကိုတော့ မည်သူမျှ ခွဲခြားမသိနိုင်ပါ။ မည်သို့ပင်ဖြစ်စေ ထိုချေသတ္တဝါသည် ရေလယ်တွင် ခြေကုန်လက်ပန်းကျနေတော့သည်။ လူအချို့က သို့လောသို့လော ဝေဖန်နေကြစဉ် လူတဦးသည် လှေတစင်းဖြင့် မြစ်လယ်သို့ လှော်သွားကာ ခြေကုန်လက်ပန်းကျ၍ အကာအကွယ်မဲ့နေသော ထိုဂျီ(ချေ)ကို ရိုက်သတ်လိုက်လေသည်။ ထို့နောက် အသားပေါ်ပြီး တချို့ကိုစား၍ တချို့ကို ရောင်းချလိုက်လေသည်။

တောထဲမှ သားကောင်တကောင်ကို လွယ်လွယ်နှင့်ရရန် ခဲယဉ်းပါသည်။ သူသည် အလွယ်တကူ ရရှိလိုက်သော ချေသားကို စားလည်းစားရ ရောင်း၍လည်း ငွေရသဖြင့် လွန်စွာမှ ပျော်ရွှင်ခဲ့လေသည်။ သို့သော် ထိုသူ၏ ပျော်ရွှင်မှုတို့သည် နောက်တရက်ကိုပင် မကူးခဲ့ဘဲ ထိုညဉ့်သန်းခေါင်အချိန်တွင် ရန်စရှိခဲ့သူတဦး လာရောက် ကလဲ့စားချေ၍ သေဆုံးခဲ့ရလေသည်။

ရေလယ်တွင် ဒုက္ခရောက်နေသော ဂျီ(ချေ)ကို သူရက်စက်စွာ သတ်ဖြတ်ခဲ့၏၊ ထို့အတွက် တန်ပြန်ခံရသော အကုသိုလ်ကား အသက်ချင်းလဲ၍ ပေးဆပ်ခဲ့ရ၏၊ ကြောက်စရာကောင်းလေစွ။

တိရစ္ဆာန်တကောင်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ချက်ချင်း အကုသိုလ်ကံထိုက်၍ တညပင် မကူးဘဲ မိမိအသက်နှင့် ပေးဆပ်ခဲ့ရသူတယောက်အကြောင်းသည် ထိုဒေသမှ လူများအတွက် သတိသံဝေဂ ရစရာပင်ဖြစ်ခဲ့လေသည်။

(ဇံဝင်း )

****************************************

ဣဿာအကျိုး

(ဣဿာအကျိုး)

၂၀၀၂-ခုနှစ် နိုဝင်ဘာလ ကောက်စောစပါး ရိတ်သိမ်းရာသီတွင် ဖြစ်သည်။ စပါးရိတ်သိမ်းပြီးလျှင် သီးထပ်အနေဖြင့် ပဲမျိုးစုံကို စိုက်ပျိုးကြမည်ဖြစ်ရာ စပါးခင်းများကို သူ့ထက်ငါ အပြိုင်အဆိုင် ရိတ်သိမ်းနေကြ သည်။ ကောက်ရိတ်သူ ရှားပါးသော ကျွန်တော်တို့ရွာတွင် အခြားရွာမှ လယ်လုပ်သားများကို ခေါ်ယူငှါးရမ်း ထားကြရသည်။ လယ်သမားတဦးလျှင် အလုပ်သမား ၅-ယောက်မှ ၁၀-ယောက်ခန့်အထိ ငှါးရမ်းထားရသည်။ ဦးလှအောင်နှင့် ကျွန်တော်သည် လယ်ထဲမှစပါးများကို ရိတ်သိမ်းရန် သင့်-မသင့်ကြည့်၍ အိမ်သို့ပြန်ခဲ့ကြသည်။ လမ်းတွင် ဦးလှအောင်-က ဒီနှစ် ချစ်တင်လယ်တွေ ရိတ်ဖို့ကောင်းနေတာ မရိတ်သေးပါလားကွ။

ဦးလေး ဦးချစ်တင် ခြေထောက်မှာ မွေးကျွတ်နာ ပေါက်နေလို့ မထနိုင်ဘူး ဘကြီးရဲ့။

အေး-ဒါကြောင့်ကိုး၊ ဒီကောင်က စပါးဆိုလဲ ထိပ်သီးရအောင်လုပ်၊ မတ်ပဲဆိုလဲ ထိပ်သီးရအောင်လုပ်ပြီး ဘဝင်မြင့်နေတာ။ ဒီနှစ်တော့ ကောက်ရိတ်နောက်ကျလို့ မတ်ပဲပါ နောက်ကျပြီး ရမှာ မဟုတ်တော့ဘူး။ ချစ်တင် ချစ်တင် ဒီနှစ်တော့ မင်း ငါ့လောက် မတ်ပဲ ရမှာမဟုတ်တော့ဘူး၊ ဟား ဟား ဟား။

ဘကြီး ဦးလှအောင်သည် သူ့စိတ်ကူးကို ဖွင့်ပြောရင်း အတော့်ကို သဘောကျသွားသည်။ တကယ်တော့ ဦးလှအောင်နှင့် ဦးချစ်တင်မှာ ညီအကိုအရင်းခေါက်ခေါက် ဖြစ်သည်။ အကိုဖြစ်သူ ဦးလှအောင်၏ ဇနီးက အဝတ်အစားမှစ၍ လုပ်ငန်းအထိ ပြိုင်ဆိုင်ရာမှ ညီအကိုတွေပါ မသင့်မမြတ်ကြခြင်း ဖြစ်သည်။

တဦးက အိမ်သွပ်မိုးလျှင် တဦးကလည်း သွပ်မိုးသည်။ တဦးက တီဗွီဝယ်လျှင် တဦးကလည်း ဝယ်ပြန်သည်။ သို့သော် ညီဖြစ်သူ ဦးချစ်တင်က အသီးအနှံတွေ ပိုရပြီး စီးပွားပိုဖြစ်သည်။ ထို့ကြောင့်လည်း ဦးလှအောင်က ဒီနှစ်တော့ သူကသာ ပိုပြီးရအောင် ကြုံးဝါးနေခြင်း ဖြစ်သည်။

ဦးချစ်တင်မှာ အနာညှော်မိ၍ ငန်းဝင်သောကြောင့် လယ်များကို မရိတ်သိမ်းနိုင်သေးပေ။ တရွာလုံး လယ်သမားများမှာ အနည်းနှင့်အများဆိုသလို ရိတ်သိမ်းကြပြီး ဖြစ်သည်။

ဦးလှအောင်ကတော့ သူ့လယ်ဧက ၂၀-ကို ရိတ်သိမ်း၍ ပြီးဆုံးသောနေ့၌ ကောက်ရိတ်သားတွေကို ဤသို့ပြော၏၊

ဒီနေ့ ငါ့လယ်ရိတ်လို့ ပြီးဆုံးတဲ့နေ့မှာ ကောက်ရိတ်ခ တိုးပြီးပေးမယ်။ ကွင်းပေါက်စျေး ၅၀၀-ကျပ်ရှိပေမယ့် ဒီနေ့ ငါက တစ်ကြိုးကို ၇၀၀-ကျပ် ပေးမယ်ကွာ။ တပင်မှ မရိတ်ရသေးတဲ့ ချစ်တင်လယ်ကျရင်တော့ တစ်ကြိုးကို ၁၀၀၀-ကျပ် စျေးတောင်းကြပေတော့။ (အလျား အလံ ၂၀၊ အနံ အလံ ၁၀ တကွက်ကို တစ်ကြိုးခေါ်ပါသည်)

အမှန်တော့ အလုပ်သမားများကို စေတနာရှိ၍မဟုတ်ပါ။ ဦးချစ်တင် စျေးကြီးမိ၍ ဒုက္ခရောက်စေလိုသော ဆန္ဒနှင့် ကောက်ရိတ်စျေး တိုးပေးခြင်းဖြစ်သည်။ ထိုစဉ် မမျှော်လင့်ဘဲ အချိန်အခါမဟုတ် မိုးက ရွာတော့သည်။ နိုဝင်ဘာ ၁၆-ရက်နေ့မှစ၍ ရွာသောမိုးသည် ၂၃-ရက်နေ့အထိ ၈-ရက်တိတိ ရွာနေ၏၊ ရိတ်ပြီးသော ကောက်လှိုင်းများ ရေမြှုပ်ကုန်၏၊ စပါးများမှာလည်း အစို့ပေါက်တာပေါက်၊ ပုပ်တာပုပ် ဖြစ်ကုန်၏၊

ရေထဲမှ စပါးများကို ကန်သင်းပေါ်ဆွဲတင်ကြရာ အလုပ်သမားရှားပါးသောကြောင့် ခရီးမတွင်လှပေ။ စပါးများ လေလွင့်ကြသည်။ ဧက ၂၀-ကျော် ရိတ်ထားသော ဦးလှအောင်၏ လယ်မှာ အဆိုးဆုံးဖြစ်သည်။ သူတပါးကို ဒုက္ခရောက်စေလိုသောကြောင့် လယ်တစ်ကြိုး ၇၀၀-ကျပ်နှင့် စျေးတိုးပေးခဲ့သော ဦးလှအောင်တယောက် ယနေ့တော့ အလုပ်သမားများကို တနေ့ ၇၀၀-ကျပ်နှင့် ငှါးနေရသည်။ ကိုယ်မြှောက်သည့်ခဲ ကိုယ့်အပေါ် ပြန်ကျခြင်း ဖြစ်သည်။

ဦးချစ်တင်မှာတော့ စပါးများ မရိတ်ရသေးသောကြောင့် အပျက်အစီးမရှိပေ။ ငါတည်းဟူသော မာန်မာနထားပြီး သူတပါးအပေါ် မနာလိုဝန်တိုမှု ဣဿာများနှင့် လုပ်ဆောင်ခဲ့သော အလုပ်၏ ရလာဒ်မှာကား ဆုံးရှုံးမှုပင်တည်း။

(အင်ပင်-သန်းဌေးအောင်)

****************************************

ဥစ္စာမှန်၍ ပြန်ရသည်

(ဥစ္စာမှန်၍ ပြန်ရသည် )

ကျွန်မ၏ဖခင်သည် ရေဦးမြို့မှ ကလေးမြို့သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန်အတွက် ရေဦးမြို့မှ မုံရွာမြို့သို့ ကားဖြင့် ထွက်ခွါလာခဲ့ပါသည်၊ မုံရွာမှကလေးသို့ ဆက်သွယ်ရန် မုံရွာဆိပ်ကမ်းတွင် သင်္ဘောပေါ်၌ ညအိပ်ရပါသည်၊ နောက်နေ့နံနက်မှ သင်္ဘောထွက်မည်ဖြစ်ပါသည်၊ ကျွန်မ၏ မိခင်နှင့် ဖခင်တို့မှာ အထက်တန်း အိပ်ခန်း (လေးယောက်ခန်း ) တွင် နေရာရသဖြင့် နောက်ထပ်နှစ်ယောက်စာ ကျန်ပါသေးသည်။

ထိုကျန်သောနေရာသို့ ၅-နှစ်အရွယ် ကလေးငယ်နှင့် မိခင်တို့ သားအမိနှစ်ယောက် ဝင်လာပါသည်၊ ရောက်လာသောအချိန်မှာ ည ၇-နာရီခန့် ဖြစ်ပါသည်၊ ည ၉-နာရီကျော်သောအခါ မိခင်နှင့် ဖခင်တို့မှာ ဘုရားကန်တော့ မေတ္တာပို့ အမျှဝေပြီး အိပ်ရာဝင်ကြပါသည်၊ ထိုစဉ်က မိခင်မှာ မန္တလေး မဟာစည် သာသနာ့ရိပ်သာတွင် တလတိတိ တရားထိုင်ပြီး ပြန်လာကာစ ဖြစ်ပါသည်။

ည ၁၂-နာရီထိုးသောအခါ ကျွန်မ၏ဖခင်သည် ရုတ်တရက် အိပ်ရာမှ တရေးနိုးလာသည်၊ နိုးနိုးချင်း အပေါ်အိပ်စင်မှ ဆင်းလာကာ အောက်ထပ်အိပ်စင်တွင် အိပ်နေသောမိခင်ကို ပိုက်ဆံအိတ် ရှိရဲ့လား-ဟု မေးပါသည်၊ ထိုအခါျိန်က သင်္ဘောပေါ်မှာ မီးလည်းငြိမ်းထားပြီးဖြစ်၍ မှောင်မည်းနေပါသည်။

မေမေလည်း နိုးသွားပြီး မီးထွန်း၍ ပိုက်ဆံအိတ်ကိုကြည့်သောအခါ အမှန်တကယ်ပင် ပိုက်ဆံအိတ်မရှိတော့ပါ၊ ပိုက်ဆံအိတ်နှင့်အတူ အခန်းထဲသို့ရောက်လာသော သားအမနှစ်ယောက်လည်း မရှိတော့ပါ၊ မိခင်ကတော့ ရသမျှ ဘုရားစာအားလုံးကို ရွတ်ဆိုနေရုံမှတပါး ဘာမျှ မလုပ်တတ်တော့ပါ။

ဖခင်လည်း ၁၀-မိနစ်လောက်ကြာမှ သင်္ဘောပေါ်က အလုပ်သမားနှစ်ယောက်ကို အကူအညီခေါ်ပြီး ခြေဦးတည့်ရာ လိုက်ရှာကြပါသည်၊ ထိုသို့လိုက်ရှာကြရင်း ပတ်တရောင်လှည့်လာသော ပြည်သူ့ရဲ့ နှစ်ယောက်ကို တွေ့၍ အကူအညီတောင်းကာ တလမ်းဝင်တလမ်းထွက် လိုက်ရှာကြပါသည်။

ဖြစ်ချင်တော့ ကျွန်၏ဖခင်တို့ အဖွဲ့ ဝင်မည့် လမ်းထိပ်သို့ ပစ္စည်းယူသွားသော သားအမိက လမ်းထဲမှ ထွက်လာသည်နှင့် ကြုံပါတော့သည်၊ လက်ပူးလက်ကြပ် ဖမ်းမိပါတော့သည်၊ ရွှေထည်ပစ္စည်းများနှင့် ငွေများမှာ လုံးဝ လက်ရာမပျက်သေးပါ။

ထိုသို့ ညတွင်းချင်း ပြန်လည်ရရှိခြင်းမှာ မိခင်ကြီး၏ မသာစည်သာသနာ့ရိပ်သာတွင် အားထုတ်ထားသော ဝိပဿနာ အကျိုးကျေးဇူးနှင့် နေ့စဉ် ရွတ်ဖတ်ပူဇော်သော မြတ်စွာဘုရား၏ ဂုဏ်တော်များတန်ခိုးကြောင့် ဖြစ်ပါသည်၊ ထို့ပြင် နေ့စဉ်ရွတ်ဖတ်ပို့သသော မေတ္တသုတ်ပရိတ်တော်တို့၏ကျေးဇူးတို့ပင် ဖြစ်ပါသည်။

(မချို-ကလေးမြို့ )

****************************************

ဦးဆွမ်ခန့်ငင်၏ ကိုယ်တွေ့ဖြစ်ရပ်

(ဦးဆွမ်ခန့်ငင်၏ ကိုယ်တွေ့ဖြစ်ရပ် )

၁၉၇၅-ဝန်းကျင်ကာလက ဖြစ်ပါသည်၊ ချင်းပြည်နယ် တီးတိန်မြို့နယ် မွာလ်အွမ်းရွာတွင် ဦးဆွမ်ခန့်ငင်ဆိုသူ ရှိသည်။ ယခုတိုင် သူသည် သက်ရှိထင်ရှား ရှိနေသည်။

ချင်းတောင်ဒေသ၌ ရေအိုင်လည်း မဟုတ်၊ စမ်းချောင်းလည်းမဟုတ်သော စိမ့်ရေထွက်သည့် နေရာမျိုးရှိသည်။ ချင်းလူမျိုးတို့က ထိုနေရာမျိုး၌ နတ်များရှိသည်ဟု အစဉ်အဆက် ယုံကြည်ခဲ့ကြသဖြင့် ထိုနေရာတွင် မည်သူကမျှ မဖွယ်မရာ မရိုမသေ မပြုလုပ်တတ်ကြချေ။

ဦးဆွမ်းခန့်ငင်သည် ပြည်မဒေသ အနှံ့အပြားသို့ ရောက်ရှိကျင်လည်ခဲ့သဖြင့် ဒေသန္တရဗဟုသုတနှင့် ဘာသန္တရ ဗဟုသုတတွင် နှံ့စပ်သည်၊ သူသည် စိမ့်ရေထွက်သော နေရာများ၌ နတ်များရှိသည်ဟု မယုံကြည်၊ ရှိခဲ့လျှင်လည်း ဘာမျှ နှောက်ယှက်နိုင်မည်ဟု မထင်ချေ၊ ထို့ကြောင့် သူသည် လုံးဝ မကြောက်၊ ခေတ်နောက်ကျသူများသာ ကြောက်သူများဟု ယူဆခဲ့သည်။

မကြောက်သောကြောင့် သူသည် စိမ့်ရေထွက်သော တောင်ပူစာလေးတခုတွင် မစင်ပါချသည်၊ မင်းတို့ကို မကြောက်လို့ ချေးပါတယ်ကွာ-မင်းတို့ ဘာလုပ်နိုင်မှာလဲ-ဟုလည်း အသံထွက်၍ စိန်ခေါ်လိုက်သေးသည်။

ဦးဆွမ်ခန့်ငင်သည် ရွာသို့ပြန်လာသည်၊ ရွာသို့ရောက်သောအခါ ထူးခြားဆန်းကြယ် ကြောက်လန့်ဖွယ်ကောင်းသော ဖြစ်ရပ် စတင်လေသည်။

သူ၏ တင်ပါးတခုလုံးသည် ရုတ်ချည်းဆိုသလို အဖုကြီးများ အပြိုင်းပြိုင်း ပေါက်လာကာ မခံမရပ်နိုင်အောင် နာကျင်လာလေသည်၊ သူသည် အောင့်အီးဟန်ဆောင်နိုင်ခြင်း မရှိတော့၊ ဤတွင် ရွာသားများ အကြံပေးချက်အတိုင်း သူသည် မစင်ပါချရာ နေရာသို့ သွားသည်၊ မစင်ကို ဖယ်ရှား သန့်ရှင်းသည်၊ ဆိုင်ရာနတ်တို့ကို အသေအချာ အကျအန တောင်းပန်သည်၊

ထိုအခါတွင်မှ အနာသည် တဖြည်းဖြည်း သက်သာလာသည်၊ မကြာမီ ပျောက်ကင်းချမ်းသာသွားသည်။ သက်ရှိသတ္တဝါတို့သည် ၃၁-ဘုံတွင် ကျင်လည်ကျက်စားလျက် ရှိကြရာ တဦးနှင့်တဦး မေတ္တာမပျက်ရှိကြဖို့ လိုပါသည်၊ တဦးက တဦးကို စော်ကား၊ မော်ကားပြုခဲ့လျှင် ထိုကဲ့သို့ပြုခြင်းဖြင့် အကျိုးမရှိနိုင်ပါ။

တဦးက တဦးကို တုံ့ပြန် ရန်ပြုခြင်းဖြင့် အကျိုးမဲ့များသာ ဖြစ်ပေါ်တတ်ကြောင်း ဤအဖြစ်အပျက်က သက်သေခံလျက်ရှိပါသည်၊ ဗုဒ္ဓ၏တရားတော်ကား မှန်ကန်လှပါပေစွ။

(ရွှေဆလိုင်း )

****************************************

ကောင်းမှုပြု ကောင်းကျိုးရ

(ကောင်းမှုပြု ကောင်းကျိုးရ )

ကျွန်တော်တို့ရွာတွင် အသက် ၄၅-နှစ်ရှိ ကိုဝင်းတင် ဆိုသူ လူပျိုကြီးတဦးရှိသည်၊ ညီ ညီမများမှာ အားလုံး အိမ်ထောင်ပြုသွားကြပြီး ဖြစ်သည်၊ သူကမူ အိမ်ထောင် မပြုဘဲ လယ်ယာလုပ်ကိုင်ပြီး အသက် ၇၀-ကျော် အရွယ်ရှိ မိအို ဖအိုတို့ကို ပြုစုစောင့်ရှောက်နေသည်။ မိဘနှစ်ပါး၏ ဆုံးမသွန်သင်မှုကို နာခံမှတ်သားသည်၊ ဆရာသမားများကိုလည်း ရိုသေလေးစား ကိုင်းရှိုင်းသည်၊ သီတင်းနေ့များတွင် ဥပုသ်မှန်မှန်စောင့်သည်၊ ရပ်ရေး ရွာရေး ဘာသာရေး လုပ်ငန်းများတွင်လည်း ပါဝင်ကူညီဆောင်ရွက်သည်၊ စိတ်နှလုံးကောင်းသူ ဖြစ်သည်။

တညတွင် ကိုဝင်းတင်သည် မီးဖိုဆောင်တံခါးကို မပိတ်မိဘဲ အိပ်ပျော်သွားသဖြင့် သူခိုး ခိုးယူခြင်း ခံလိုက်ရသည်၊ ရွှေ ငွေ ပစ္စည်းများ ပါသွားသည်၊ သူခိုးခိုးခံရပြီး သုံးရက်အကြာ ည ၁၂-နာရီခွဲခန့် အချိ်န်တွင် ကိုဝင်းတင်သည် အပေါ့စွန့်ရန် လက်နှိပ်ဓာတ်မီးထိုး၍ အောက်သို့ဆင်းရာ အိမ်လှေကားရင်း၌ အဝတ်ထုပ် တထုပ်ကို တွေ့ရသည်၊ ထိုအထုပ်ကို ဖြေကြည့်ရာ သူခိုးခိုးယူသွားသော သူ၏ပစ္စည်းများ ဖြစ်နေပြီး အားလုံးတခုမကျန် ပြည့်ပြည့်စုံစုံ ပါရှိနေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။

ထိုအဖြစ်အပျက်ကို ရပ်ရွာရှိ ကလေးလူကြီးများက ပြောဆိုနေကြသည်မှာ ဒီလူ အတော်ကုသိုလ်ထူးတဲ့ လူပဲ၊ အေး-ကုသိုလ်ထူးတာလည်း မပြောနဲ့၊ မိဘကို လုပ်ကျွေး၊ ဆရာသမား လူကြီးတွေကို ရိုသေ၊ ဥပုသ်သီလ မှန်မှန်စောင့် စတဲ့ သူပြုတဲ့ ကောင်းမှုကုသိုလ်ကံတွေက သူ့ကိုပြန်ပြီး အကျိုးပေးတာပဲ-ဟူ၍ ဖြစ်ပါသည်။

(ထီးချိုင့်-မောင်ကံဦး )

****************************************

ကောင်းမှုပြုသူနှင့် ထူးဆန်းသော မီးပုံးပျံကြီး

(ကောင်းမှုပြုသူနှင့် ထူးဆန်းသော မီးပုံးပျံကြီး)

ရေစကြိုမြို့နယ် သဲပုံအနောက်ရွာတွင် ဦးငြိမ်း+ဒေါ်အေးကြိုင် ဟူသော တောင်သူကြီး ဇနီးမောင်နှံရှိသည်။ ဦးငြိမ်း+ဒေါ်အေးကြိုင် တို့သည် သဲပုံအနောက်ရွာ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် များစွာသော ကောင်းမှုတို့ကို ပြုလုပ်ခဲ့သည်။

ထိုကောင်းမှုများကား ကျောင်းဟောင်းပြုပြင်သည်။ သုံးခန်းပတ်လည် အုတ်တိုက်၊ မီးဖိုတိုက်နှင့် ဇရပ် ကျောင်းတံတိုင်း၊ ဘုရားတံတိုင်းများ တည်ဆောက် လှူဒါန်းသည်။ ထို့အပြင် နှစ်စဉ် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန်သင်္ကန်း ၁၀-ကြိမ်ကပ်လှူခြင်း၊ ဥပုသ်နေ့တိုင်း ဆွမ်းပို့ခြင်းနှင့် လစဉ် လပတ် ဆွမ်းပို့ခြင်း အလှူများလည်း ပြုလုပ်ခဲ့သည်။

ဦးငြိမ်း+ဒေါ်အေးကြိုင်တို့သည် ဆွမ်းအလှူ ကုသိုလ်ပြုရာတွင် ဥပုသ်ဆွမ်းနှင့် လပတ်ဆွမ်းအပြင် တနှစ်အတွင်း အလျဉ်းသင့်သလို ဆွမ်းကပ်ဆွမ်းကျွေး အလှူလည်း ပြုလုပ်လေ့ရှိသည်။ ထို့ပြင် ကျောင်းတိုက်သို့ ရောက်ရှိလာသော အာဂန္တုက ဘုန်းကြီးများနှင့် လူဧည့်သည်မျးအတွက်လည်း ဦးငြိမ်း၏ အိမ်ကပင် တာဝန်ယူ ကျွေးမွေးလေ့ရှိသည်။ ကျောင်းတိုက်တွင် သုံးစရာထင်းကိုလည်း ဦးငြိမ်းကပင် အမြဲထာဝရ လှူဒါန်း၏၊

ဦးငြိမ်၏ဇနီး ဒေါ်အေးကြိုင်သည် သံဃာတော်များအတွက် ဆွမ်းဝတ်အပြင် အိမ်၌ ရောက်ရှိလာသည့် ဧည့်သည်များကို ဧည့်ခံရာတွင် ဧည့်ဝတ်ကျေပွန်သူလည်းဖြစ်သည်။

ဤသို့သော ကောင်းမှုများပြုခြင်း၊ အလုပ်ကြိုးစားခြင်းတို့ကြောင့် ဦးငြိမ်းတို့ ဇနီးမောင်နှံသည် မရှိမရှားဘဝမှ လှူရင်းတန်းရင်းဖြင့်ပင် ကြွယ်ဝချမ်းသာလာခဲ့သည်။ ယခုအချိန်မှာ ထန်း ၈-ရင်း၊ နွားနှစ်ရှဉ်းလုပ် မြေယာများဖြင့် ထင်ရှားသော တောင်သူကြီး ဇနီးမောင်နှံ ဖြစ်နေလေပြီ။

ဤကဲ့သို့ ဒါနကုသိုလ်ပြုခဲ့သော အလှူရှင် ဒါနရှင် တောင်သူဦးငြိမ်းသည် ၁၃၆၂-ခုနှစ် တန်ဆောင်မုန်းလဆန်း ၉-ရက်နေ့က လူတိုင်း မလွဲမသွေ သွားရသည့် မရဏလမ်းသို့ မြန်းရရှာလေပြီ။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဦးငြိမ်းအတွက် ရက်လည်ဆွမ်းသွတ် တရားနာပွဲ ပြုလုပ်သည်။ နံနက်ပိုင်း တရားနာအပြီး လူကွဲချိန် (နံနက် ၈-နာရီမှ ၉-နာရီအချိန်) တွင် ထူးခြားသော ဖြစ်စဉ်တရပ် ပေါ်ပေါက်ခဲ့သည်။

ဦးငြိ်မ်းအတွက် ရက်လည်တရားမနာမီ ရက်ပိုင်းကပင် ဦးငြိမ်းအိမ်မှာ မီးပုံးပျံဟောင်းကြီးတခု ရှိခဲ့လေသည်။ ထိုမီးပုံးပျံဟောင်းကြီးတခုမှာ အိမ်ခန်းတခန်းစာမျှ ကြီးမား၏၊ သို့သော် အပေါက်များဖြင့်ပြည့်နေသည်။ တယောက်ယောက်က ကောက်လာပြီး ဦးငြိမ်းအိမ်မှာ ပစ်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် ထိုမီးပုံးပျံ ဟောင်းကြီးသည် သူ့နဂိုတည်ရှာရာနေရာမှ မည်သူမှ မှိုင်းမသွင်း၊ မလွှတ်ရပါဘဲနှင့် အိမ်တံခါးပေါက်ဆီသို့ ၃-ကြိမ်မျှ အလိုလို ရွေ့ပြီးနောက် အထက်သို့ လူတရပ်စာမျှတက်သွားသည်။ ထို့နောက် လူတရပ်စာကနေ ကောင်းကင်သို့ အလိုအလျောက် ထိုးတက်သွားသည်။ ထိုအခါ ဦးငြိမ်းအိမ်က မီးပုံးပျံကြီးတက်သွားသတဲ့ -ဟူသော အသံများနှင့်အတူ မီးပုံးပျံကြီးသည် အထက်သို့ ဝေး၍ဝေး၍ တက်သွားလေတော့သည်။

သဲပုံတရွာလုံးက မီးပုံးပျံကြီး ကောင်းကင်သို့ တက်သွားသည့်ဖြစ်ရပ်ကို တအံ့တဩ ဖြစ်ကြသည်။ သူတို့တသက်တာတွင်လည်း မေ့နိုင်တော့မည် မဟုတ်ချေ။ ထိုမီးပုံးပျံကြီး တက်သွားခြင်းနှင့် ကောင်းမှုပြုသူ ဦးငြိမ်း ကွယ်လွန်ခြင်းသည် တစုံတရာ ဆက်စပ်မှု ရှိလိမ့်မည်ဟု စာရေးသူ ယူဆမိပါသည်။

(မောင်ထွန်းထွန်း-ချောင်းဦး)

****************************************

ကျေးဇူးဆပ်သည့် နွားမကြီး

(ကျေးဇူးဆပ်သည့် နွားမကြီး)

စာရေးသူ၏ဖခင်မှာ သစ်တောဦးစီးဌာနမှ ဝန်ထမ်းတဦးဖြစ်၍ အမြို့မြို့အနယ်နယ်သို့ ပြောင်းရွှေ့အမှုထမ်းရ ပါသည်။ ဖခင်နှင့်အတူ မိသားစုသည် ဖခင်ပြောင်းရွှေရာမြို့သို့ လိုက်ပါနေထိုင်ရပါသည်။ ယင်းသို့ နေထိုင်ရစဉ် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်က စာရေးသူ၏ဖခင်သည် ကရင်ပြည်နယ် ဖားအံမြို့တွင် တာဝန်ထမ်းဆောင်စဉ်အချိန်က စာရေးသူကိုယ်တိုင် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်မှန်တခုကို တင်ပြချင်ပါသည်။

စာရေးသူတို့ မိသားစုသည် အစိုးရပိုင် နှစ်ထပ်အဆောက်အဦးတွင် နေထိုင်ရပါသည်။ အောက်ထပ်တွင် ဖခင်၏ရုံးခန်းဖြစ်ပြီး အပေါ်ထပ်တွင် မိသားစုနေထိုင်ပါသည်။

တနေ့သောနံနက်ပိုင်းတွင် စာရေးသူ၏ဖခင်သည် ဘုရားဝတ်ပြုပြီး၍ ရုံးခန်းရှေ့တွင် မတ်တတ်ရပ်နေစဉ် ကုလားလူမျိုးနှစ်ယောက်သည် လည်ပင်းတွင် ကြိုးချည်ထားသော နွားမကြီးတကောင်ကို ကုလားတယောက်က ဆွဲခေါ်ပြီး ကျန်ကုလားတယောက်က နွားမကြီး၏ တင်ပါးကို ကြိမ်လုံးဖြင့်ရိုက်၍လာနေကြသည်။ နွားမကြီးကလည်း သူတို့ခေါ်ရာသို့ မလိုက်ချင်ဘဲ အတင်းရုန်းကန်ပြီး မျက်နှာမသာမယာဖြင့် ဆုတ်ကန်၊ ဆုတ်ကန် လုပ်နေသည်။

သည်မြင်ကွင်းကို တွေ့မြင်ရသော စာရေးသူ၏ဖခင်သည် သူ၏တပည့်ကိုခေါ်၍ လမ်းမမှာ လူနှစ်ယောက်နှင့် နွားတကောင် ဘာဖြစ်နေတာလဲ သွားမေးပါ။ မေးပြီးလျှင် ဆရာ့ကို အကျိုးအကြောင်း အမြန်လာပြောပါ-ဟုဆိုပြီး ခိုင်းလိုက်ပါသည်။

ဖခင်၏တပည့်သည် ထိုကုလားနှစ်ယောက်နှင့်အတူ နွားမကြီးကိုပါ ဖခင်ထံ ခေါ်လာခဲ့ပါသည်။ သည်အခါမှာ နွားမကြီးသည် ရုန်းကန်ခြင်းမရှိဘဲ ခြေသွက်သွက်ဖြင့် ဆွဲခေါ်ရာသို့ လိုက်လာခဲ့ပါသည်။

နွားမကြီးသည် လူကဲ့သို့ စကားမပြောတတ်သော်လည်း စိတ်ထဲမှာတော့ ငါသေဘေးက လွတ်တော့မယ်။ ငါ့ကို ကယ်မဲ့သူပေါ်လာပြီ-ဆိုပြီး ဝမ်းသာအားရနှင့် မျက်နှာမညှိုးနွမ်းတော့ဘဲ ပြုံးရွှင်နေသောပုံသဏ္ဍာန် ပေါ်လွင် နေပါသည်။

စာရေးသူ၏ဖခင်က ထိုကုလားလူမျိုးနှစ်ယောက်ကို မင်းတို့ ဒီနွားမကြီးကို ဘယ်ကို ခေါ်သွားမလို့လဲ-ဟု မေးသည့်အခါ အသားပေါ်ရောင်းတဲ့ဆီကို သွားရောင်းမလို့ပါ။ ဒီနွားမကြီးဟာ သားလည်းမမွေးဘူး။ ဒီတော့ နွားနို့လည်း မရဘူး။ အသက်လည်း ကြီးနေပြီ။ သူ့ကိုအစာကျွေးရတာ ကြာလှပြီ။ ပိုက်ဆံကုန်တယ်။ ဘာမှလည်း ခိုင်းလို့မရဘူး။ ဒါကြောင့် ရောင်းလိုက်တော့မယ်-ဟု ပြန်ပြောပါသည်။

စာရေးသူ၏ဖခင်က ဘယ်လောက်နဲ့ ရောင်းမလဲ-မေးတော့ နှစ်ဆယ့်ငါးကျပ်နဲ့ ရောင်မယ်-ဟု ပြောပါသည်။ ဖခင်က ငါဝယ်မယ်၊ ငါ့ကိုပဲရောင်းပါ-ဟုဆိုပြီး ဝယ်ယူလိုက်ပါသည်။ စာရေးသူ၏ဖခင်သည် နွားမကြီး၏ အသက်ကို ကယ်လိုက်ခြင်းဖြစ်ပါသည်။

စာရေးသူတို့နေထိုင်ရာရပ်ကွက်နှင့် မနီးမဝေးတွင် နွားများကို အငှါးထိန်းကျောင်းသော နွားကျောင်းသားထံတွင် အခကြေးငွေပေး၍ ထိုနွားမကြီးကို ထိန်းကျောင်းစေခဲ့ပါသည်။ လများကြာသည့်အခါ ထိုနွားမကြီးသည် နွားသားလေးတကောင်ကို မွေးဖွားခဲ့ပါသည်။

အဆိုပါ နွားမကြီးသည် သူ့အသက်ကို ကယ်လိုက်သော ကျေးဇူးရှင်အား နွားကလေးတကောင်နှင့် နွားနို့များကို ပေးဆပ်ခြင်း ဖြစ်ပါသည်။

သဲမြာအေး (ပုသိမ်)

****************************************

ကျေးဇူးတရားကြောင့်

(ကျေးဇူးတရားကြောင့် )

ကိုမြင့်ဆိုသူ လူပျိုးကြီးတယောက်သည် မန္တလေးတိုင်း စဉ်းကူးမြို့နယ် တောင်ဘက်ကျေးရွာတွင် နေထိုင်လျက်ရှိသည်၊ မိခင်အိုကြီး ဒေါ်သောင်းရင်ကို လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်လျက် ရှိသည်၊ သူသည် လူရိုး လူအေးဖြစ်သည်၊ သဘောထားပြည့်ဝသည်၊ ဘုရားကို ရိုသေကိုင်းရှိုင်း၏၊ လိမ္မာယဉ်ကျေးပြီး သိမ်မွေ့စွာ နေထိုင်တတ်သည်၊ သူတပါးအပေါ် စေတနာထားသည်၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်သည်။

ကိုမြင့်သည် တောင်သူအလုက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း မိခင်အိုကြီးကို လုပ်ကိုင်ကျွေးမွေး ပြုစုစောင့်ရှောက် နေရသည့်အတွက် ဝမ်းသာမဆုံး ဖြစ်နေ၏၊ တနေ့တွင် မြေပဲခင်းရှိ ပေါင်းပင်များကို ရှင်းလင်းသုတ်သင်ရန်အတွက် တောင်ဘက်ရွာမှ မြေပဲခင်းရှိရာသို့ ရောက်ရှိခဲ့သည်၊ ရောက်ရောက်ချင်း ပေါင်းပင် မြက်ပင်များကို ရှင်းလင်းပါသည်၊ ထိုသို့ အလုပ်လုပ်နေဆဲမှာပင် မြေပဲခင်းထဲက မြွေပွေးကိ်ုက်ခံလိုက်ရပါသည်၊ သိသိချင်း အော်ဟစ်ကာ လဲကျသွားသည်၊ သူ၏အော်သံကြောင့် အနီးပတ်ဝန်းကျင်ရှိလူများ အားလုံး အပြေးရောက်ရှိလာကြပါသည်၊ ကိုမြင့်သည် မျက်လုံးများပြာဝေပြီး စကားမပြောနိုင်တော့ပါ၊ ကိုမြင့်၏စိတ်ထဲမှ ငါတော့ အကောင်ကိုက်ခံရပြီ၊ ငါ မသေနိုင်ပါဘူး၊ သေလည်း ငါ့မိခင်အတွက် သေရကျိုးနပ်တယ်-ဟု မိမိကိုယ်ကို အားပေးစကား ပြောနေပါသည်၊ အနီးပတ်ဝန်းကျင်မှ လူများက ဆေးရုံသို့ပို့ပေးကြသည်၊ ဆေးရံသို့ ရောက်သောအခါ ဘုရားကိုတမ်းတရင်း မိခင်အိုကြီးကို တမ်းတရင်းဖြင့် သတိလစ်ပြီး မေ့မြောသွားပါသည်၊ သို့သော်လည်း ဆရာဝန်များ၏ စေတနာအပြည့်အဝနှင့် ဂရုစိုက်ကြိုးစားပြီး ကုသမှုကြောင့် ကိုမြင့်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါသည်။

၁၉၈၆-ခုနှစ်အတွင်းကလည်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပါသေးသည်၊ ရွှေထွက်ရာဒေသဖြစ်သော မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ၏ မြောက်ဘက်နားရှိ လသာစခန်း ဆယ်ပြာဘေစခန်း ကျီးတောက်ပေါက်စခန်း ရုံးကင်ချပ်စခန်းများတွင် ရွှေတွင်းသွားတူစဉ်က ဖြစ်သည်၊ မိုးရာသီအချိန်ဖြစ်၍ အင်းများပျိုကျတတ်ပါသည်၊ ကိုမြင့် ဆင်းပြီးတူးသည့် အင်းမှာ စတုရန်းပုံလေးထောင့်ဖြစ်သည်၊ ၂-တောင်ပတ်လည်ကျယ်သည်၊ အတောင် ၂၀-နီးပါးခန့် နက်ပါသည်၊ ကိုမြင့်သည် အင်းထဲသို့ဆင်းပြီး ကျောက်ဖြုန်းများကို သံတူးရွင်း ပေါက်ပြား ချွန်းများဖြင့် တူးဆွနေစဉ် မြေကြီးတွေ အက်ကွဲလာပြီး အင်းကြီးပျက်စီးသွားပါသည်၊ မြေကြီးများအားလုံး ကိုမြင့်အပေါ် ဖိမိသည်၊ ကိုမြင့်သည် တွင်းထဲမှာ ဒူးတုပ်ပြီး လက်နှစ်ဖက်ကို နဖူးနှင့်ထောက်ထားရသည်၊ မြေကျင်းပေါ်က လူတွေရဲ့ ပြောသံဆိုသံတွေ ကြားရသည်၊ သို့သော် ပြန်မပြောနိုင်တော့ပါ၊ ဖိထားသည့်မြေကြီး ကျောက်စရစ် ကျောက်ခဲများ ဒဏ်ကြောင့် နာကျင်စွာ ခံစားနေရရှာသည်။

ကိုမြင့်သည် ဘယ်လိုပင်ခံစားနေရသော်လည်း ပထမကြုံခဲ့ရသည့် မြွေပွေးအန္တရာယ် တွေ့စဉ်ကလိုပင် ဘုရားကို တမ်းတ၊ မိခင်အိုကြီးကို တမ်းတပြီးသာ နေရရှာသည်၊ မြေစပိသည့်အချိန်လောက်အထိ ကျင်းထဲမှာပင် နေရပါသည်။

နောက်မှ လုပ်ကိုင်ဖက်ဖြစ်သော ကိုချစ်မဲဆိုသူ လူပျိုကြီးက ဦးဆောင်ပြီး တူးဖော်ကြပါသည်။ နောက်ဆုံး တူးဖော်အောင်မြင်ကြ၍ ကိုမြင့်သည် အသက်ဘေးမှ ဒုတိယအကြိမ် လွတ်မြောက်ပြီး ဆေးရုံသို့ ရောက်ရှိသွားပါသည်။

ကိုမြင့်နေကောင်းသောအခါ သူ၏အဖျစ်အပျက်ကိုမေးကြည့်ရင်း ဘာကြောင့် အသက်အန္တရာယ်က လွတ်တာလည်းမေးရာ ကျွန်တော်ဟာ ရတနာသုံးပါးကို ဆည်းကပ်တယ်၊ မိခင်အိုကြီးကို လုပ်ကျွေးတယ်၊ မိခင်ရဲ့စကားကို မြေဝယ်မကျ နားထောင်တယ်၊ လူသားအားလုံးအပေါ်လည်း စေတနာ မေတ္တာထားတယ်၊ အဲဒီမေတ္တာ စေတနာတွေက ချက်ချင်းအကျိုးပေးတယ်လို့ ထင်တာပဲ-ဟု ဖြေကြားပါသည်၊

ထို့ကြောင့် ကိုမြင့်ကဲ့သို့ ရတနာသုံးပါး ဆည်းကပ်ပြီး မိဘတို့အား ပြုစုလုပ်ကျွေးလျက် သက်ရှိသတ္တဝါအားလုံးအပေါ် မေတ္တာတရားပွားများနိုင်ကြစေရန် အဖြစ်မှန်ကို တင်ပြအပ်ပါသည်။

(အောင်ကျော်သက်-မန္တလေး )

****************************************

ကျေးဇူးရှင်ကို ပြစ်မှားလျှင်

(ကျေးဇူးရှင်ကို ပြစ်မှားလျှင်)

ကျွန်မကြုံတွေ့ရသော လွန်ခဲ့သော နှစ်ပေါင်း ၆၀-ကျော်က ဖြစ်ရပ်မှန်ဖြစ်သည်။ ထိုစဉ်က ကျွန်မသည် ဘီအေဘွဲ့ ရပြီးနောက် အလုပ်လျှောက်လိုက်ရာ အထက်တန်းပြဆရာမ အလုပ်ရာထူးကို ရပါသည်။ ထို့နောက် ပြည်နယ်ဒေသရှိ မြို့တမြို့သို့ ပြောင်းရပါသည်။ ထိုမြို့သို့ ကျွန်မ၏ ဖခင်က လိုက်ပို့သည်။

ကံအားလျော်စွာ ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးမှာ ကျွန်မဖခင်၏ တူတော်သူ ဖြစ်နေသည်။ ဖခင်က တူဖြစ်သူအား ကျွန်မကို အပ်နှံကာ မောင်နှမနှစ်ယောက် တိုင်တိုင်ပင်ပင်နေကြရန် ပြောခဲ့သည်။

ထိုကျောင်းတွင် ငွေကိုင်စာရေးတယောက်ရှိ၏၊ ထိုစာရေးသည် ပထမတွင် ရိုးသားသော်လည်း အပေါင်းအသင်း ဖျက်ဆီးမှုကြောင့် သောက်စားရုံမျှမက အကစားပင် ဖက်လာပါတော့သည်။ ကျွန်မလည်း ထိုသတင်းကို ကြားလျှင် အကိုတော်သူ ကျောင်းအုပ်ဆရာကြီးကို သတိပေးလိုက်သည်။ ဤတွင် ဆရာကြီးက ရုတ်တရက် ငွေစာရင်းကို စစ်လိုက်ရာ ငွေများ လျော့နေသည်ကို တွေ့ရသည်။

ငွေစာရင်းစစ်သည့်နေ့၏ နောက်နေ့တွင် စာရေးက ခွင့်စာတင်၍ ရန်ကုန်သို့ ထွက်ပြေးသွားသည်။

ထိုအခါ ဆရာကြီးက ရဲဌာနသို့ တိုင်မည်၊ ထိုစာရေးအား လက်ထိပ်ခတ်၍ ရန်ကုန်မှ ခေါ်လာခိုင်းမည်ဟု ပြောသည်။ ဆရာကြီးက သူ့ကို မလေးမစား ပြုသွားသဖြင့် လွန်စွာ စိတ်ဆိုးဒေါသထွက်နေသည်။

ဤတွင် ကျွန်မက အကိုဖြစ်သူအား ဤသို့မပြုပါရန် မေတ္တာရပ်ခံပါသည်။ ထိုစာရေးမှာ အိမ်ထောင်ရှိ၍ သားသမီးနှစ်ယောက် ရှိကြောင်း၊ ဤသို့ြုပုပါက သူ၏ အိမ်ထောင်လည်း ဒုက္ခရောက်၍ သူကိုယ်တိုင်လည်း အလုပ်ပြုတ်၊ ထောင်ကျမည်ဖြစ်ကြောင်း၊ သို့အတွက် သူ၏ မိသားစုကို ငဲ့ညှာသင့်ကြောင်း၊ ထို့ပြင် ရဲဌာနသို့ တိုင်လိုက်လျှင် လူအများသိသွားကာ ကျောင်းလည်း နာမည်ပျက်၊ ဆရာကြီးလည်း နာမည်ပျက်မည်ဖြစ်ကြောင်း၊ လျော့နေသည့်ငွေကို စာရေးအား ပြန်ဆပ်ခိုင်း၍ ယခုပြုလုပ်သည်မှာ ပထမအကြိမ် ဖြစ်သဖြင့် သက်ညှာလိုက် ကြောင်း၊ နောက်ထပ်ဖြစ်ခဲ့သော် အရေးယူမည်ဖြစ်ကြောင်း သတိပေးပြောကြားရန် အကြံဉာဏ်ပေးလိုက် ပါသည်။

ဆရာကြီးလည်း ကျွန်မအကြံကို လက်ခံကာ စာရေး၏ ဇနီးကို ခေါ်ယူစေသည်။ ကျွန်မအကြံပေးထားသည့်အတိုင်း စာရေး၏ ဇနီးဖြစ်သူကို ပြောပြသည်။ စာရေးအား ပြန်ခေါ်ခဲ့ရန် ပြောပြလိုက်သည်။ သူ၏ဇနီးက ဆရာကြီး၏စကားကို နားထောင်၍ စာရေးကို ပြန်ခေါ်ခဲ့သည်။ စာရေးလည်း လျော့နေသည့်ငွေများကို ချေးငှါးကာ လျော်ပေးခဲ့သည်။ ကျွန်မလည်း စာရေးကို ကယ်တင်လိုက်ရသဖြင့် မြွေမသေ တုတ်မကျိုးဘဲ အဆင်ပြေသွားသည်။ ထိုအတွက် များစွာ ဝမ်းမြောက်ခဲ့ရပါသည်။

ထို့နောက် ဆရာကြီးသည် ထိုစာရေး၏အထက်တွင် ငွေကိုင်တယောက် ခန့်ထားခဲ့သည်။ ထိုငွေကိုင်က ငွေထုတ်ပေးပြီး စာရေးက လစာများ ဝေပေးရသည်။

တလရှိသွားသဖြင့် လကုန်ရက်တွင် လစာထုတ်ရန် ငွေစာရင်းဌာနသို့ ကျွန်မ သွားခဲ့သည်။ ထိုအခါ ထိုစာရေးက ကျွန်မကျေးဇူးပြုခဲ့သည်ကို မထောက်ထားဘဲ ကျွန်မကို ပညာပြပါတော့သည်။ အတိုင်ပင်ခံကြီး ကြွပါ-ဟု ထေ့ငေါ့ပြောဆိုသည်။ ကျွန်မလည်း သူ့ရှေ့ကုလားထိုင်တွင် ထိုင်စောင့်နေသည်။ သူက ငွေကိုင်ထုတ်ပေးသည့် ကျွန်မလစာကို ချက်ချင်းမပေးပါ။ ကျွန်မကို ပမာမခန့်ပြုလျက် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အတင်းအဖျင်း ပြောကာ၊ ရယ်ကာမောကာနှင့် လက်ဖက်ရည် မှာသောက်လိုက် မုန့်မှာစားလိုက် ပြုလုပ်နေပါသည်။

ကျွန်မလည်း သည်းခံကာ သူ၏ မျက်နှာကို စိုက်ကြည့်ပြီးလျှင် မေတ္တာပို့နေခဲ့ပါသည်။ အချိန်တနာရီကျော်ကျော် ကြာသည့်တိုင် လစာကို ထုတ်မပေးသေးပါ။ ကံအားလျော်စွာ ဆရာကြီးက သူ၏ အခန်းမှထွက်လာကာ ငွေစာရင်းဌာနသို့ လာကြည့်သည်။ ကျွန်မကို-လစာလာထုတ်တာလား၊ ရပြီလား-ဟုမေးသည်။

ကျွန်မက-ငွေစာရင်း စာရေး မအားသေး၍ မရသေးပါ-ဟု ပြန်ပြောလိုက်သည်။

ဆရာကြီးက-လစာထုတ်ပေးလိုက်လေ-ဟု စာရေးအား ပြောကာ ထွက်သွားပါသည်။ ထိုအခါမှ ကျွန်မ လစာရပါတော့သည်။ ထိုသို့ဖြစ်ပြီး မကြာမီပင် ထိုစာရေး၏ သားနှင့်သမီး ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြောင်း ကြားလိုက်ရသည်။ သားကလေးက ပထမဆုံးရှာသည်။ ထိုကလေးရက်လည်နေ့တွင် သမီးကလေးက ထပ်မံဆုံးရှာပြန်သည်။ ကျွန်မလည်း အာဃာတမထားဘဲ ကြင်နာစွာဖြင့် တတ်နိုင်သရွေ့ ကူညီလိုက်ပါသည်။

မကြာမီ တခြားမြိ့ုသို့ ကျွန်မရာထူးတိုး၍ ပြောင်းရပါသည်။ နောက်ပိုင်းတွင် အကို ဆရာကြီးထံမှ သတင်းကြားရ သည်မှာ ထိုစာရေးသည် ကားတစီးပေါ်တွင် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ကားဆရာက အနီးအနားက လူများကို သက်သေထားကာ ရဲဌာနသို့သွားပို့ကြောင်း၊ ရဲက ဆေးရုံသို့ပို့ရာ ဆေးရုံက စစ်ဆေးသောအခါ အဆိပ်မိ၍ သေဆုံးကြောင်း-ဟု သိရပါသည်။

သူတထူး ကျေးဇူး၊ ထိမ်ဖူးသောသူ၊ မီးလိုပူ၏-ဟု ဆိုရိုးရှိသည့်အတိုင်း မကောင်းကျိုးကို ခံစားသွားရပါသည်။ ကျေးဇူးရှင်ကို ကျေးဇူးမဆပ်လိုက ရှိပါစေ၊ သို့သော် ကျေးဇူးမကန်းပါနဲ့၊ ကျေးမစွပ်ပါနဲ့-ဟု သတိပြုစေလို၍ ဤအကြောင်းကို ပြန်လည်ဖော်ထုတ်ရေးသားခြင်း ဖြစ်ပါသည်။

(တက္ကသိုလ်ခေမာ-ကျိုက်လတ်)

****************************************

ကျောက်စ မထိမှန်သူ

(ကျောက်စ မထိမှန်သူ )

နွေရာသီကျောင်းပိတ်ရက်တွင် ကျွန်မနှင့်အဖွဲ့သား ဆယ်ဦးတို့သည် မြန်မာပြည်အထက်ပိုင်း၊ ကျောက်စိမ်းထွက်ရာ ဒေသဖြစ်သော ဖားကန့်မြို့သို့ အလုပ်လုပ်ရန် ခရီးထွက်ခဲ့ကြသည်။

ယခင်က စာအုပ်ထဲတွင်သာ ဖတ်ဖူး တွေ့ဖူးသော ဖားကန့်ဒေသကို ယခုမိမိကိုယ်တိုင် ရောက်ဖူးခဲ့သဖြင့် မြင်မြင်သမျှကို အံ့ဩမဆုံး ဖြစ်ခဲ့ရသည်။ ကျောက်စိမ်းထွက်ရာနေရာတိုင်းတွင် စက်ယန္တရားများနှင့် တမျိုး၊ လူအင်အားနှင့်တဖုံ နည်းမျိုးစုံဖြင့် ကျောက်လုပ်ငန်း လုပ်ကိုင်နေကြသည်မှာ ကြည့်၍ပင် ကောင်းနေတော့သည်။

ကျွန်မတို့အဖွဲ့သည် ဖားကန့်ကျောက်သွေးတောင်တွင် စခန်းချကာ ခေါက်စားထမ်းခြင်းအလုပ်ကို လုပ်ကိုင်ကြသည်။ နံနက် ၆-နာရီတွင် အလုပ်စဆင်း၍ ၈-နာရီခွဲတွင် ခေတ္တနားကြရသည်။ တဖန် ၉-နာရီတွင် စဆင်းပြီး ၁၁-နာရီထိုးလျှင် ထမင်းစားချိန်ရပ်နားပေးသည်။ နေ့လည် ၁-နာရီထိုးသောအခါ အလုပ်ပြန်ဆင်းရသည်။ ၂-နာရီခွဲတွင် နာရီဝက်ပြန်နားပြီး ၃-နာရီထိုးမှ ညနေ ၅-နာရီအထိ ဆက်လက်လုပ်ကိုင်ရသည်။ လုပ်အားခမှာ တနေ့ သုံးရာကျပ်ရရှိသည်။

နေ့လည် ထမင်းစားတက်ချိန်၊ အထူးသဖြင့် ကျင်းထဲ လူရှင်းချိန်တွင် ကျင်းသားများသည် အသုံးမဝင်သော ကျောက်တုံးကြီးများကို မိုင်းခွဲဖျက်ဆီးကြရသည်။ သို့မှသာ အလွယ်တကူ ဖယ်ရှင်းနိုင်မည်ဖြစ်ပေသည်။ မိုင်းခွဲလိုက်သော ကျောက်တုံး ကျောက်စများသည် ကိုက်နှစ်ရာ သုံးရာအတွင်း လွင့်စဉ်နိုင်သဖြင့် မိုင်းခွဲခါနီးတွင် လူများ ကြိုတင်ရှောင်နိုင်ရန် ခရာမှုတ်၍ အချက်ပေးလေ့ရှိသည်။

ကျွန်မတို့အဖွဲ့ အလုပ်ဆင်း၍ ၇-ရက်ရသောနေ့၌ နေ့လည်ထမင်းစားတက်ချိန်တွင် ကျွန်မသည် ထမင်းမစားသေးဘဲ အိပ်ရာထဲတွင် လှဲအိပ်လိုက်သည်။ ခဏအကြာတွင် ကျောက်တွင်းများဆီမှ အချက်ပေးသံနှင့်အတူ မိုင်းခွဲသံကိုကြားရသည်။ ကျောက်တုံး ကျောက်စများသည် နေရာအနှံ့ လွင့်စဉ်ကျသလို ကျွန်မအိပ်ရာပေါ်တည့်တည့်ရှိ အမိုးပေါ်မှတဆင့် အောက်သို့ ပေါက်ကျလာသည်။ ကျောက်တုံးသည် ခေါင်မိုးပေါက်ကာ အပေါ်တည့်တည့်မှ ကျလာသော်လည်း ကျွန်မကို မထိပေ။ ကျွန်မနှင့် နှစ်တောင်လောက် ဝေးသော မိန်းမကြီး၏ ခြေထောက်ကို ထိသွားခဲ့သည်။ အဖွဲ့သားအားလုံး အံ့ဩကြရသည်။ အကယ်၍သာ မိုင်းစသည် ကျွန်မအား ထိမှန်ခဲ့ပါက ပွဲချင်းပြီး သေဆုံးမည်မှာ သေချာသည်။

ဤအဖြစ်အပျက်သည်ကား ပဋ္ဌာန်း ၂၄-ပစ္စည်းတရားတော်က ကျွန်မအား ဝင်ကယ်လိုက်ခြင်း ဖြစ်သည်။ ကျွန်မသည် ဘယ်နေရာသွားသွား ဘယ်နေရာလာလာ အမြဲတမ်း သတိထားကာ ဘုရားစာ တရားစာများကို ရွတ်ဆိုလေ့ရှိသည်။ အထူးသဖြင့် ပဋ္ဌာန်း ၂၄-ပစ္စည်းကို နှစ်သက်မြတ်နိုးစွာ ရွတ်ဆိုမြဲဖြစ်ပါသည်။ ကျောက်မိုင်း စကျသောနေ့ကလည်း ကျွန်မသည် ပဋ္ဌာန်း ၂၄-ပစ္စည်းကို ရွတ်ဆိုကာ အိပ်ရာထဲတွင် လှဲအိပ်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျောက်စ မမှန်ခြင်း ဖြစ်သည်ဟု ယုံကြည်မိပါသည်။

ကျောက်စမှန်သော မိန်းမကြီးသည် ဗုဒ္ဓဘာသာဝင်တဦးဖြစ်သော်လည်း ဘာသာတရားကို မကိုင်းရှိုင်း၊ ဘုရား ရှိခိုးစာပင် ကောင်းကောင်းမဆိုတတ်၊ သူ့ပါးစပ်မှ နေ့ည အချိန်ရှိသရွေ့ ဆဲသံ ဆိုသံကိုသာ ကြားရသည်။ ဘာသာရေးနှင့်ပတ်သက်သော လုပ်ငန်းများတွင် မည်သည့်အခါမှ ပါဝင်ကူညီ ဆောင်ရွက်လေ့မရှိပါ။ ဘာဘာညာညာ အကြောင်းပြကာ ရှောင်နေတတ်သည်။ ကျွန်မတို့အဖွဲ့ ကုသိုလ်ကောင်းမှုပြုလျှင် အမြဲတမ်း အပြစ်တင်လေ့ရှိသည်။ ထိုသို့သော အပြုအမူများရှိခြင်းကြောင့် ကျောက်စမှန်ခြင်းဖြစ်သည်ဟု အဖွဲ့သား အားလုံးက မှတ်ချက်ချကြပါသည်။

(သင်း-မြန်မာစာ )

****************************************

ကျောင်းကန်ပစ္စည်း သုံးစွဲသူ၏ ကံ

(ကျောင်းကန်ပစ္စည်း သုံးစွဲသူ၏ ကံ)

ကျွန်ုပ်သီတင်းသုံး၍ သာသနာပြုရာ ရခိုင်ပြည်နယ် သံတွဲမြို့၏ . . . . ကျေးရွာအုပ်စု . . . . ရွာတွင် ယနေ့တိုင် သီလ၊ သမာဓိသိက္ခာ အကျင့်စရဏနှင့် ပြည့်စုံသော သက်တော်ရှည် ဆရာတော်ကြီးတပါး သီတင်းသုံးလျက် ရှိသည်။ ဆရာတော်ကြီးမှာ သက်တော် ဝါတော် ရလာသည်နှင့်အမျှ နေ့ညမပြတ်လည်း တရားဘာဝနာရှုမှတ်နေ သောကြောင့် ပြင်ပလူပုဂ္ဂိုလ်များနှင့် အကြောင်းကိစ္စရှိသည်မှလွဲ၍ တွေ့ဆုံခြင်းမပြုချေ။ ပလိဗောဓနည်းပါးစေရန် ကျောင်းတွင် ကိုရင် ဦးပဉ္ဇင်းများပင် မထားရှိဘဲ ကပ္ပိယဒကာတယောက်သာ အနီးကပ်ဝေယျာဝစ္စ ဆောင်ရွက် နိုင်ရန် ထားရှိလေသည်။

ဆရာတော်ကြီးကျောင်းသို့ နေ့စဉ် ရွာသူ ရွာသားများက ဆွမ်းရှစ်ပွဲ အလှည့်ကျပို့ဆောင်ကြရသည်။ သို့သော် ဆရာတော်ကြီးူတပါးအနေဖြင့် ဆွမ်းရှစ်ပွဲကို ကပ္ပိယဒကာတယောက်နှင့် ဘယ်လိုပင် ဘုဉ်းပေးစားသောက် သော်လည်း မကုန်ပေ။ ထို့ကြောင့် ကျန်ရှိသော ဆွမ်းဘောဇဉ်အားလုံးကို ကျောင်းနောက်ဘက်တွင် ကျင်းကြီးတူးစေပြီး ထိုတွင်းထဲသို့ စွန့်ပစ်စေသည်။

စွန့်ပစ်ခိုင်းသော ဆွမ်းဘောဇဉ်များထဲမှ ကပ္ပိယဒကာကြီးသည် ကောင်းမွန်သော စားသောက်စရာများကို ဆရာတော်ကြီး မသိစေရအောင် အိမ်သို့တိတ်တဆိတ် နေ့စဉ်ပေးပို့သည်။ နောက် မကြာမီပင် ထိုကပ္ပိယဒကာကြီးသည် လူကြီးရောဂါဖြင့် သေဆုံးသွားသည်။ သေဆုံးပြီး ထိုဘုန်းတော်ကြီးကျောင်း၌ပင် သူယောင်အဖြစ် နေထိုင်ခြောက်လှန့်လျက်ရှိသည်။

ကျောင်းဆောင်ကြီးမှာ နှစ်ထပ်ကျောင်းဆောင် ဖြစ်သည်။ အပေါ်ထပ်တွင် ဆရာတော်ကြီး သီးသန့် တရားရှုမှတ်သည်။ ညဘက်၌ ဆရာတော်ဘုရားကြီး တရားဘာဝနာ ရှုမှတ်နေစဉ် ကျောင်းဆောင်ကြီး၏ မျက်နှာကြက်ပေါ်မှ အောက်ကြမ်းခင်းသို့ တဗုန်းဗုန်း၊ တဒိုင်းဒိုင်းဖြင့် တက်လိုက်၊ ဆင်းလိုက် ဆူညံစွာ ပြုလုပ်လေ့ရှိသည်။

ဆရာတော်ကြီးက ထိုသူယောင်အား ခေါ်ယူမေးမြန်းပြောဆိုသည့်အခါ ယခင်က သူသည် ဆရာတော်ကြီးထံ ဝေယျာဝစ္စအဝဝကို ရိုကျိုးစွာ လုပ်ကိုင်ခဲ့သော ကပ္ပိယဒကာကြီး ဖြစ်ကြောင်း လျှောက်ထားလေသည်။

ထိုအခါ ဆရာတော်ကြီးက ဘာအတွက်ကြောင့် သူယောင်တစ္ဆေဘဝ ရောက်နေရသလဲ-ဟု မေးမြန်းသောအခါ သူယောင်တစ္ဆေက မှန်လှပါဆရာတော်ကြီးဘုရား၊ တပည့်တော်သည် ဆရာတော်ကြီးထံ ကပ္ပိယဒကာအဖြစ် နေစဉ်ကာလ ဆရာတော်ကြီး စွန့်ပစ်ခိုင်းသော ဆွမ်းဘောဇဉ်ကို သွားရောက်စွန့်ပစ်ရာတွင် ကောင်းမွန်သော ဆွမ်း၊ ဆွမ်းဟင်းများကို သားမယား စားသောက်ရန် အိမ်သို့ သွားရောက်ပို့ဆောင်ခဲ့ပါသည်။ သွားရောက်ပို့ဆောင်ရာတွင်လည်း ဆွမ်း၊ ဆွမ်းဟင်းများကို သံဃိကပိုင် အိုးခွက်များဖြင့် ထည့်ယူသွားပြီး ထိုအိုးခွက်များကိုလည်း အိမ်မှာ မေ့ကျန်ရစ်ပါသည်။ ထိုအပြစ်တွေကြောင့် သူယောင်တစ္ဆေဘဝ ရောက်နေရပါ သည်ဘုရား။ ဆရာတော်ကြီး ကယ်ချွတ်မှ ကျွတ်နိုင်မှာပါ။ တပည့်တော် အမိုက်အမဲကို ကယ်ချွတ်ပေးတော်မူပါ ဘုရား-ဟု လျှောက်ထားပြောဆိုလေသည်။

ထိုအခါ ဆရာတော်ကြီးသည် အိမ်တွင်ကျန်ရစ်သော အိုးခွက်ပန်ကန်အရေအတွက် အမျိုးအစားများကို မေးမြန်းပြီး ကျန်ရစ်သူမိသားစုကို ခေါ်၍ ကျောင်းပိုင်ပစ္စည်းအားလုံး ကျောင်းသို့ ပြန်လည်ပို့ဆောင်စေသည်။ ထို့နောက် မေတ္တာပို့ အမျှပေးဝေရာ ကပ္ပိယကြီး သူယောင်တစ္ဆေဘဝမှ လွတ်မြောက်သွားခဲ့လေသည်။

သဒ္ဓါကျောက်ဆရာတော် (သံတွဲမြို့)

****************************************

စေတနာ

(စေတနာ )

လွန်ခဲ့သော နှစ်ပေါင်း ၂၀-ကျော်ခန့်က ဖြစ်ပါသည်၊

ဧရာဝတီတိုင်း ရေကြည့်မြို့နယ် အတွင်းရှိ ရွာတရွာတွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသော မောင်တင်ညွှန့်ဆိုသူ လူငယ်တဦးရှိသည်၊ မောင်တင်ညွှန့်သည် လိမ္မာယဉ်ကျေးသည်၊ ရဟန်းတော်များနှင့် လူကြီးသူမများကို ရိုသေလေးစားတတ်သည်၊ ထို့ပြင် စေတနာသဒ္ဓါတရား ထက်သန်သူလည်း ဖြစ်သည်။

ထိုအချိန်က ပုသိမ်၊ ရေကြည်နယ်ဘက်တွင် ရွှေယပ်တောင် ဆရာတော်ဟု ထင်ရှားသော ဆရာတော် တပါးသည် ရေလယ် ကျွန်းကလေး တကျွန်းတွင် ဝါးကျောင်းဖြင့် တပါးတည်း သီတင်းသုံးကာ ဓုတင်အကျင့်ကို ဆောက်တည်လျက် ရှိလေသည်၊ တနေ့ မွန်းမတည့်မီ အချိန်တွင် မောင်တင်ညွှန့်သည် လယ်ကိုခေတ္တနား၍ ထမင်းစားရန် ပြင်ဆင်သည်၊ ထိုစဉ် ရဟန်းတော်တပါး ကြွလာပြီး အလှူခံသဖြင့် မိမိစားမည့် ထမင်းချိုင့်ထဲမှ ထမင်းနှင့် ဟင်းတို့ကို ထိုရဟန်းတော်အား အကုန်ပင် လောင်းလှူလိုက်လေသည်။

တလခန့်ကြာသောအခါ နံနက်စောစောအချိန်တွင် မောင်တင်ညွှန့်သည် မိမိငှက်ပျောခြံထဲမှ မှည့်နေသော ငှက်ပျောခိုင် တခိုင်ကို ခုတ်ယူပြီး အိမ်ပြန်လာသည်၊ လမ်းတွင် ယခင်က မိမိဆွမ်းလှူခဲ့ဘူးသော ရဟန်းတော်က ဆွမ်းရပ်အလှူခံရာ မောင်တင်ညွန့်သည် မိမိ၌ပါလာသော ငှက်ပျောခိုင်ကို လှူလိုပါကြောင်းနှင့် ထိုငှက်ပျောခိုင်ကို မိမိပင် ဆရာတော်ကျောင်းသို့ လိုက်ပို့ပါရစေ-ဟု လျှောက်ထားသည်၊ ဆရာတော်က ခွင့်ပြုသဖြင့် လိုက်ပို့လေသည်၊ ထိုအခါကျမှ မောင်တင်ညွန့်သည် မိမိလှူဒါန်းရသော ဆရာတော်မှာ ရွှေယပ်တောင် ဆရာတော်ဖြစ်ကြောင်းကို သိရလေတော့သည်။

တနှစ်တွင် ပုသိမ် ရေကြည်နယ်ဘက်တွင် ရေကြီးသည်၊ လယ်များနှင့် ခြံများ ရေနစ်မြှုပ်ပျက်စီးကုန်လေသည်၊ မောင်တင်ညွန့်၏ လယ်နှင့်ငှက်ပျောခြံမှာလည်း ရေနစ်မြှုပ် ပျက်စီးသည့်အထဲတွင် ပါသွားလေသည်၊ ထို့ကြောင့် မောင်တင်ညွန့်တို့ မိသားစုမှာ ထိုနှစ်အတွက် စားရေးသောက်ရေး အလွန်ဒုက္ခရောက်ရရှာလေသည်။

တနေ့တွင် မောင်တင်ညွန့်သည် မိမိအဘွားပေးခဲ့သည့် ဘုရားစင်ပေါ်ရှိ ကျောက်ကလေးများထည့်ထားသည့် ဝါးကျည်တောက်ကလေးကို ပြေး၍ သတိရမိလေသည်၊ နောက်တနေ့တွင် မောင်တင်ညွန့်သည် ကျောက်ကလေးများကို ယူပြီး ရောင်းချရန်အတွက် ရေကြည်မြို့သို့ သွား၍ ကျောက်ပွဲစားများကို ပြသသည်၊ သူတို့က စျေးပေါသော ဥဿဖရား ကျောက်များသာ ဖြစ်၍ ငွေအနည်းငယ်သာ ရနိုင်သည်ဟု ပြောဆိုကြလေသည်။

သို့ရာတွင် ကျောက်ပွဲစားများထဲမှ စိတ်ကောင်းရှိပြီး ကြင်နာတတ်သည့် ကျောက်ပွဲစားတဦးကမူ မိမိ၏ဆရာ ကျောက်ကုန်သည်တဦး ပုသိမ်မြို့တွင် ရှိကြောင်း၊ ထိုသူမှာ ရိုးသားပြီး သစ္စာရှိသူဖြစ်၍ ကျောက်၏ တန်ရာတန်ကြေးကို အပြည့်အဝရနိုင်ကြောင်း၊ သွားလိုလျှင် မိမိလိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောသည်၊ မောင်တင်ညွန့်မှာ ငွေလိုနေသောအချိန်ဖြစ်၍ ဇွဲမလျှော့သေးဘဲ ပုသိမ်မြို့ထိ လိုက်သွားလေသည်။

ပုသိမ်မြို့ပေါ်မှ ထိုကျောက်ကုန်သည်က ကျွမ်းကျင်သော ကျောက်,ရာဖြတ်များနှင့် ပြသစစ်ဆေးကြည့်သည်၊ ထိုအခါ ကျောက်များမှာ အရည်အသွေး အလွန်ကောင်းမွန်သော စိန်များ ဖြစ်နေကြောင်း သိရလေသည်၊ မောင်တင်ညွန့်သည် သူမှန်းထားသော ငွေထက် အဆပေါင်းများစွာ ရရှိသဖြင့် ရေကြည်မြို့ပေါ်တွင် အိမ်တလုံးပင် ဝယ်ယူနိုင်ပြီး ရွှေ,ငွေ,ကျောက် ဝယ်ယူရောင်းချသော လုပ်ငန်းဖြင့် ကြီးပွားတိုးတက်လျက် ရှိလေသည်။

ဤသည်မှာ ရဟန်းတော်အား စစ်မှန်သော စေတနာဖြင့် လှူဒါန်းရခြင်းကြောင့် ကောင်းသောအကျိုးကို လက်တွေ့ခံစားလိုက်ရခြင်းပင် ဖြစ်ပါသည်။

(မောင်မြင့်ထွန်း )

****************************************

စေတနာ ကံအကျိုး

(စေတနာ ကံအကျိုး )

ကျွန်တော်သည် ဝန်ထမ်းတဦးဖြစ်ပါသည်၊ ကျွန်တော်၏လစာသည် ဟိုဖြတ် သည်ဖြတ်နှင့် တထောင်ကျပ်ခန့်သာ ရရှိပါသည်၊ မိသားစုအတွက် မလုံလောက်ပါ၊ ထို့ကြောင့် ညပိုင်းမှာ ၁၀-နာရီ ၁၁-နာရီအထိ သူငယ်ချင်းဆိုက်ကားကို နှစ်ဆယ်ကျပ်ဖြင့် ငှါးနင်းပါသည်၊ နက်ဖြန်ဆို သင်္ကြန်အကြိုနေ့ဖြစ်၍ ရုံးပိတ်ပါတော့မည်၊ ဒီနေ့တော့ ခါတိုင်းထက် ပိုရှာရမည်၊ သင်္ကြန်အခါတွင် ဆိုက်ကားစီးသူ မရှိသလောက် ဖြစ်သည်။

ညနေ ၆-နာရီခန့်တွင် တောင်ဥက္ကလာပမြို့ သေနတ်ပစ်ကွင်း လမ်းထိပ်တွင် ဆိုက်ကားရပ်ပြီး စီးမည့်သူကို စောင့်နေပါသည်၊ မကြာပါ အဒေါ်ကြီးတယောက် ရောက်ရှိလာသည်၊

ငါ့တူ၊ ချော်တွင်းကုန်း လမ်းဆုံကို ဘယ်လောက်ပေးရမလဲ၊

၃၀-ကျပ် ကျပါတယ် အဒေါ်၊

မများဘူးလားကွယ်။ ၂၀-ကျပ်ထားပါ၊

အဒေါ်ရယ်၊ ထုံးစံအတိုင်း ယူတာပါ၊ ပိုမယူပါဘူး၊ အဒေါ့်ကို ၂၅-ကျပ်နဲ့ လိုက်ပို့ပါ့မယ်၊

ကဲကဲ-ပို့ပေးကွယ်၊

ယင်းသို့ စျေးတဲ့သွားသဖြင့် အဒေါ်ကြီး၏အိပ်ရာလိပ်နဲ့ ဆွဲခြင်းကို ကြိုးဖြင့်သေချာအောင် ချည်ပြီး ဆိုက်ကားနင်းထွက်ခဲ့ပါသည်၊ အဒေါ်ကြီးပါးစပ်မှ ဘုရားစာများ ရွတ်ဖတ်နေသည်ကို ကြားရပါသည်၊ ချော်တွင်းကုန်းလမ်းဆုံရောက်သောအခါ ငါ့တူရယ် အဒေါ့်ကို ဟိုနားက ချမ်းမြေ့ဆရာတော်ကျောင်းအထိ ပို့ပေးပါကွယ်၊ ကားလမ်းကူးရမှာ မလွယ်လို့ပါ၊ အဒေါ်က အခါတွင်း ရိပ်သာလာဝင်တာပါ-

ဒီတော့မှ ကျွန်တော်လည်း အဒေါ်ကြီးလာရင်းအကြောင်းကို သိရသဖြင့် ချမ်းမြေ့ရိပ်ကျောင်းထဲအထိ ဝင်ပို့ပေးပါသည်၊ အဒေါ်ရယ် ကျွန်တော်ကိုယ်တိုင် ရိပ်သာမဝင်နိုင်ပေမယ့် ကုသိုလ်ပါပါရစေ။ ဆိုက်ကားခ မယူတော့ပါဘူး၊ အေးကွယ် သာဓု သာဓု မောင့်ရင်အတွက်ပါ အဒေါ်ဆုတောင်းပေးပါမယ်။

အဒေါ်ကြီးအားပို့ပြီး ဆိုက်ကားပြန်နင်းခဲ့သည်၊ ပါရမီလမ်းသို့ ချိုးကွေ့ဝင်လိုက်သောအခါ ယာဉ်ထိန်းရဲက လက်တားသဖြင့်ကျွန်တော်လည်း ရင်ဖိုသွားပါသည်၊ ယာဉ်ထိန်းရဲက ဆိုက်ကားဆရာ-ဟိုမှာ ခင်ဗျားအထုပ်ကျနေတယ်-ဟု ပြောပြီး လက်ညှိုးထိုးပြပါသည်။

ကျွန်တော်လည်း ဘာဖြစ်မှန်းမသိ ဟုတ်ကဲ့-ဟု ပြောပြီး ကောက်ယူခဲ့ပါသည်၊ ဆိုက်ကားကို ဆက်လက်နင်းခဲ့ရာ အမှတ် ၅-၄၉ ကားဂိတ်မှတ်တိုင်သို့ ရောက်လာသည်၊ ထိုစဉ် နန္ဒဝန်သွားမည့် ခရီးသည်ရ၍ ၂၀-ကျပ်ဖြင့်ပို့ပြီး ပြန်လာခဲ့ပါသည်၊ မြင်သာစျေးအနီး မိုးကျော်-လ႓က်ရည်ဆိုင်တွင် အပန်းဖြေ လ႓က်ရည်တခွက် မှာသောက်ရင်း အထုပ်ကိုဖြေကြည့်သည်၊ တရုပ်ပြည်လုပ် ကလေးစပို့ရှပ် ဘောင်းဘီသုံးစုံနှင့် ငွေရှစ်ရာကျပ် တွေ့ရှိရပါသည်။

ပြန်ပေးရန် ပိုင်ရှင်ကိုလည်း ကျွန်တော်မသိပါ၊ လိပ်စာလည်း မပါပါ၊ သို့အတွက် ဆိုက်ကားသိမ်းပြီး ဝမ်းသာအားရ အိမ်သို့ပြန်ခဲ့ပါတော့သည်၊ စေတနာအကျိုး ခံစားရသည်ဟု ထင်ပါသည်။

(သန်းထွဏ်း )

****************************************

စေတနာ မကောင်းလျှင်

(စေတနာ မကောင်းလျှင်)

လွန်ခဲ့သောနှစ်ပေါင်း ၄၀-ကျော်က ဗန်းမော်မြို့တွင် ဦးချမ်းသာဟူသည့် ငွေကြေးချမ်းသာသော လုပ်ငန်းရှင်ကြီးတဦး ရှိပါသည်။ သူသည် သစ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်းများ လုပ်သည်။ လုပ်ငန်းများ အောင်မြင်သဖြင့် ငွေကြေးချမ်းသာသော်လည်း စိတ်ရင်းကောင်း၊ စေတနာကောင်းမရှိပါ။ ငွေကို နှမြောသည်။ လှူဒါန်းပေးကမ်းစွန့်ကြဲခြင်း လုံးဝမရှိပါ။

သူ့လုပ်ငန်းတွင် လခစားလုပ်သော လုပ်သားများစွာရှိသည်။ ငွေကြေးချမ်းသာသော်လည်း အလုပ်သမားများ အပေါ် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ် လုံးဝမရှိပေ။ လုပ်အားခကိုလည်း စျေးနှိမ်၍ပေးသည်။ လစာကို ပေးသင့်သည့်အချိန်တွင် ပုံမှန်မပေးဘဲ အချိန်ဆွဲ၍ ထားသည်။ ရသင့်သည့်အချိန်ထက် နောက်ကျပြီးမှ ရသဖြင့် အလုပ်သမားများမှာ စိတ်ဆင်းရဲကြသည်။ စိတ်ပျက်အားငယ်ကြရသည်။ သူ့ထံက အလုပ်ထွက်ချင်ကြ သော်လည်း အဆင်မပြေမှာစိုး၍ မထွက်ရဲကြပေ။ တချို့မှာ စိတ်ဆင်းရဲသဖြင့် မျက်ရည်ကျရသည်။ အလုပ်ရှင်အပေါ် စေတနာမေတ္တာမရှိကြတော့ပေ။

တနေ့သောအခါ ဦးချမ်းသာသည် တောထဲရှိသစ်စခန်းသို့ သူ၏ဒရိုင်ဘာနှင့်အတူ ဂျစ်ကားစီး၍ သွားသည်။ သစ်စခန်းတွင် အလုပ်နှင့်ပတ်သက်၍ အလုပ်သမားတွေအပေါ် မကျေနပ်သဖြင့် ဆူပူအော်ငေါက်စိတ်ဆိုးသည်။ အပြန်မှာ မိုးချုပ်စပြုပြီ။ ကားမီးကလည်း မလင်းပါ။ ဒရိုင်ဘာက ကားကို လျင်မြန်စွာ မောင်းလာရာ မြို့နှင့် ၁-မိုင်အကွာတွင် ကားဘရိတ်ပေါက်ပြီး လမ်းဘေးရှိ သစ်ပင်ကြီးကို ဝင်တိုက်မိရာမှ ကားတိမ်းမှောက်သွားသည်။ ဦးချမ်းသာနှင့် ဒရိုင်ဘာတို့နှစ်ဦး ပွဲချင်းပြီး သေဆုံးကြရသည်။ အခင်းဖြစ်ပွားရာ၌ အနီးရှိရွာလူကြီးကမြင်သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားရာ အလောင်းကိုအိမ်သို့ ညတွင်းချင်း ကားဖြင့်သယ်သွားကြသည်။ ဦးချမ်းသာ၏ဇနီးနှင့် သားသမီးတို့မှာ တညလုံး ငိုကြွေးကြသည်။ ဆင်းရဲသားအလုပ်သမားများ မျက်ရည်ကျအောင် လုပ်ခဲ့၍ ယခုလို အသေဆိုးနှင့် သေရတာဟု လူအများက ဝေဖန်ကြသည်။

လောကတွင် စိတ်ရင်းကောင်း၊ စေတနာကောင်းရှိရန် အထူးလိုအပ်ပါသည်။ စိတ်ရင်းမကောင်း၊ စေတနာမကောင်းသူမှာ မကောင်းကျိုးကို ခံစားရမည်။ စိတ်ရင်းကောင်း၊ စေတနာကောင်းရှိလျှင် ကောင်းကျိုးခံစားရမည် ဖြစ်ပါသည်။

ကောက်ရိုးနွယ် (ရွှေကူ)

****************************************

စေတနာ အကျိုးပေး

(စေတနာ အကျိုးပေး )

ဒေါ်တင်မေ၊ ခင်ဗျားအိမ်က ကလေးမလေးတွေ ဆုံးမပေးပါဦး၊ ရေချိုးဆိပ် အထက်ကနေပြီး ငါးတွေ ရေမဆေးကြဖို့ပါ၊ ရေချိုးဆိပ်တွေဆို ရေချိုး ရေခပ်လို့ကို မကောင်းတော့ဘူး၊ ငါးညှီစော်နဲ့ ငါးအဆီတွေနဲ့ ညစ်ပတ်နေလို့ ကျွန်တော် လာပြောရတာပါ၊ ဘယ်လိုမှ မအောက်မေ့ပါနဲ့ဗျာ။

စိတ်ချပါ ဆရာကျော်၊ ကျွန်မပြောပါဦးမယ်၊ အခုလိုလာပြောတာ ကျေးဇူးတင်ပါတယ်၊ အားလုံးကို အားနာစရာကြီးပဲ၊ ကျွန်မက ကလေးတွေလုပ်တာတွေကို ဘာမှ သိတာမဟုတ်ဘူး၊ စိတ်ချပါနော်

ကျွန်မ ဆုံးမပေးပါ့မယ်။

ဆရာကျော် ရေချိုးလာတိုင်း ဒေါ်တင်မေအိမ်မှ ကလေးမလေးတွေ ငါးရေဆေးနေတာနှင့် ကြုံနေရ၍ ရေကောင်းကောင်း ချိုးခဲ့ရသည် မရှိပေ။ သူတို့ ငါးရေဆေးသည် ဆိုခြင်းမှာ ဟင်းချက်စရာအတွက် ဆေးနေခြင်းမဟုတ်၊ မန္တလေး မိုးကုတ် ပွဲရုံများသို့ တင်ပို့ရန်အတွက် ငါးလူး ငါးပြက် စသော ငါးပေါက်စ အချိန် လေးငါးရာမျိုးကို ချေးဖောက်ပြီး ခြင်းကြားကြီးထဲ ထည့်ကာ ရေထဲ တဝက်မြှုပ်ထား၍ ခြေထောက်နှစ်ဖက်ဖြင့် နင်းနယ်ကာ ဆေးရသော ငါးရေဆေးနည်းမျိုး ဖြစ်ပါသည်။

ထိုကလေးမများကို ပြောကြည့်၏၊ ညည်းတို့ သည်လို ရေချိုးဆိပ် အထက်ကနေငါးရေမဆေးပဲ၊ ရေချိုးဆိပ် အောက်နားဖက်မှာ ဆေးလို့ မရဘူလား-စသည်ဖြင့် မေးကြည့်လျှင် ဂရုမစိုက်သော ပုံစံဖြင့် ပြန်မပြော-နားမထောင် လုပ်နေလိုက်ကြပါသည်၊ နောက်ဆုံး သူတို့၏ ပိုင်ရှင် ဒေါ်တင်မေကို တိုင်ပြောလျှင် ရမှာပဲ-ဟူသော အတွေးဖြင့် ယခုကဲ့သို့ လာပြောရခြင်း ဖြစ်ပါသည်။

ညနေစောင်း၌ ဒေါ်တင်မေတို့ အိမ်နားမှ ဆရာကျော် ဖြတ်အလာ ဒေါ်တင်မေက သူ့အိမ်မှ ကလေးမများကို ညည်းတို့နော် သူများပြောတိုင်း ရေချိုးဆိပ် အောက်ကများ သွားပြီး ငါးရေမဆေးနဲ့နော်၊ ဆပ်ပြာနံ့တွေ ငါးတွေကို ကူးကုန်လို့ရှိရင် ငါးချဉ်ဘယ်လောက်ကောင်းကောင်း ပျက်တော့တာပဲ၊ ဘယ်သူပြောပြော ဂရုမစိုက်နဲ့၊ ပြန်မပြောနဲ့၊ ရေချိုးဆိပ်အထက်ကသာ ဆေး၊ ဘယ်သူမှ ဘာပုဒ်မတပ်ပြီးမှ တရားစွဲလို့မရဘူး-ဟူ၍ မြှောက်ထိုး ပင့်ကော် စကားဖြင့် ဩဝါဒပေးနေသည်ကို မထင်မှတ်ဘဲ ကြားလိုက်ရသဖြင့် အံ့ဩသွားမိပါတော့သည်။

ကျောင်းပိတ်ရက် တရက်တွင် ဆရာကျော်သည် ရေချိုးဆိပ်တည့်တည့်မှ ရေလယ်မကျတကျ ငါးညှီနဲ့ ငါးအဆီ လွတ်သည်အထိ ရေစင်လေးတခုကို ပကာခြမ်းများဖြင့် ဆောက်လုပ်ပါတော့သည်။ ဆရာကျော်၏ ရည်ရွယ်ချက်မှာကား ရေချိုး ရေခပ်ကြသူများ ငါးညှီနှင့် ငါးအဆီ ရေဘေးဒုက္ခမှ ကင်းလွတ်စွာ ရေချိုး ရေခပ်နိုင်ရေးသာ ဖြစ်ပါသည်။

သင်္ဘောကြီး အစုန်နေ့ဖြစ်သဖြင့် ဒေါ်တင်မေတို့အိမ်မှ မန္တလေး မိုးကုတ် ပွဲရုံများသို့ တင်သွင်းရန်အတွက် ပိဿာချိန် ငါးချဉ်ခြင်း ၅၅-ခြင်းကို လှေကြီးပေါ်တင်၍ သင်္ဘောဆိပ်သို့ ထွက်ခဲ့ကြပါသည်။

သင်္ဘောအစုန်သည် ဆိပ်ကမ်း၌ ကပ်ပြီးပြီဖြစ်၍ ငါးချဉ်ခြင်းများ သင်္ဘောပေါ်တင်ရန် ရေလယ်ဖက်သို့ ထွက်ခဲ့ကြပါသည်၊ သင်္ဘောဆိပ်မှာ ဝဲအတွင်း၌ တည်ရှိနေသော သဘောဆိပ်ဖြစ်သည်၊ ထို့ကြောင့် လှေ သမ္ဗန်များ ရေလယ်ဖက်သို့ သင်္ဘောသို့ကပ်လျှင် အလွန်သတိထား ကပ်ကြရ၏၊

ဒေါ်တင်မေတို့ ငါးချဉ်ခြင်း ထည့်ထားသော လှေသည်လည်း သတိထားပြီး သင်္ဘောကို အကပ်၊

ဝဲက ရေမှုတ်လိုက်၍ လှေမှာ သင်္ဘောဝမ်းနားကပ်မလို ဖြစ်သွားသည်၊ လှေပေါ်ရှိ လူသုံးယောက်မှာ စိုးရိမ်လွန်သွားပြီး ကိုယ်ကို ယိမ်းလိုက်ကြ၏၊ ဖောင်းမြုပ်အောင် ကုန်တင်ထားသော လှေမှာ စောင်းသွားပြီး ရေတွေ ဝင်ကာ မှောက်သွားပါတော့သည်။

လူတိုင်းလူတိုင်း မည်သည့်အလုပ် လုပ်လုပ်၊ မိမိလောဘ တခုတည်းကိုသာကြည့်ပြီး မိမိကြောင့် အများ ထိခိုက် နစ်နာမှာကို ဂရုမစိုက်ဘဲ အလုပ်မလုပ်သင့်ပေ၊ ပြုလုပ်ပါက ထိုသူ၏ စေတနာ (ကံ ) အတိုင်း တူညီသော စေတနာ (ကံ ) ၏ အကျိုးကို လက်တွေ့ခံစားရသည်မှာ အမှန်တရား ဖြစ်ပါသည်။

(ထီးချိုင့်-ခွန်ကျော်နိုင် )

****************************************

စေတနာ အကျိုးပေးခြင်း

(စေတနာ အကျိုးပေးခြင်း )

ကျွန်တော်တို့ရွာတွင် အိန္ဒိယအမျိုးသားတဦး ရှိ၏၊ သူ့နာမည်မှာ ပုလဲဆာမိ ဖြစ်သည်၊ သူငယ်စဉ်ကပင် ရွာမှ မိသားစု တစုက ခေါ်ယူမွေးစားထားခြင်း ဖြစ်၏၊ အခုဆိုလျှင် အသက် ၅၀-ခန့်ပင် ရှိပါပြီ၊ သူ့ကိုခေါ်ယူမွေးစား ထားသော မိသားစု လူကြီးများ မရှိတော့ပြီ၊ အမွေဆက်ခံမည့်သူ မရှိသဖြင့် လယ်ဆယ်ဧကခန့်ကို ပုလဲဆာမိပင် ရရှိ၏၊

ပုလဲဆာမိသည် လယ်ထဲတွင် တကိုယ်တည်းနေပြီး အလုပ်ကြိုးစားလုပ်၏၊ အလုပ်မနိုင်လွန်းမှ သူရင်းငှါး ခေါ်၏၊ ထို့ကြောင့် ငွေပိုငွေလျှံရှိလာ၏၊ ပတ်ဝန်းကျင်၏ အဆုံးအမနှင့် ဘုန်းတော်ကြီးကျောင်း၏ အဆုံးအမကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်လာ၏၊ ဥပုသ်သီတင်း မှန်မှန်စောင့်၏၊ လှူစရာရှိလျှင် လှူ၏၊ ကျောင်းဒကာ ကထိန်ဒကာဘွဲ့ ခံယူနိုင်သည်အထိ ဖြစ်လာ၏၊ ဥပုသ်မပျက်၊ အလှူမပျက်၊ လူမှုရေး လုပ်ငန်းများတွင် ပါဝင်တာဝန်ကျေပွန်လျက်၊

တခုသော ညတညတွင် တယောက်တည်း နေခိုက် ဓားပြတိုက်ခြင်းခံရသည်၊ ပစ္စည်းငွေကြေး အတော်ပါသွား၏၊ တရားခံများကို သူမသိနိုင်၊ တိုင်ကြားလျှင်လည်း အကျိုးထူးမည်မဟုတ်ဟု ယူဆသဖြင့် လက်လျှော့ထား၏၊

သို့ရာတွင် မည်သို့ဖန်လာသည်မသိ၊ တနေ့တွင် သူ့ကို ဓားပြတိုက်သူများက သူတို့အလိုအလျောက်ပင် ရဲစခန်းတွင် ဝန်ခံ၏၊ အမှုပေါ်သွား၏၊ သူတို့အပြစ်အလျောက် အရေးယူခြင်း ခံရသည်၊ ပုလဲဆာမိ အနေဖြင့် သူ့ပစ္စည်းများ သူ ပြန်ရလိုက်၏၊

တရွာလုံးက အံ့ဩကြ၏၊ သို့ရာတွင် ညီညွတ်စွာ ပြောကြသည့် စကားတော့ရှိ၏၊

ပုလဲဆာမိ ကုလားသာဆိုတယ် အလှူဒါန ရက်ရောတယ်၊ ဥပုသ်သီတင်း မှန်မှန်စောင့်တယ်၊ သာရေး နာရေး လူမှုရေးမှာ ကူညီစိတ်ရှိတယ်၊ သူ့စေတနာ သူ့အကျိုးပေးပြီး သူ့ရဲ့ကောင်းမှုများ အတွက် သူပြန်ပြီး ခံစားရတာပေါ့-ဟူ၍ ဖြစ်လေသည်။

(မောင်ကောင်းယဉ် )

****************************************

စေတနာ ရောင်ပြန်

(စေတနာ ရောင်ပြန် )

ကျွန်မသည် သာရဝေါ အ-ထ-က တွင် တာဝန်ထမ်းဆောင်နေသော ဆရာမတဦးဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမအများ ရှိသည့်အနက် ဆရာမလေးတဦးမှာ ကျွန်မထက် အသက်အနည်းငယ် ငယ်ရွယ်ပြီး ဝါသနာတူ စရိုက်တူကလေး ဖြစ်ပါသည်။

ကျွန်မတို့နှစ်ယောက်၏ အတူညီဆုံး ဝါသနာမှာ ဗုဒ္ဓတရားတော်များကို စိတ်ဝင်စားခြင်း၊ လေ့လာခြင်း၊ ကျက်မှတ်ခြင်းတို့ ဖြစ်ပါသည်။ အိမ်ထောင်တာဝန် မရှိသူများပီပီ ကျောင်းသူ ကျောင်းသား တပည့်ငယ်လေးများကို လိမ္မာအောင် မည်သို့ ဆုံးမရမည်ကို နှစ်ယောက်သား တိုင်ပင်လေ့ရှိပါသည်။

သူမနှင့် ကျွန်မဘဝ အကျိုးပေး တူလိုက်ပုံမှာ ရာထူးတိုး ပြောင်းရွှေ့ရာ၌ပင် ပြည်မြို့သို့ တမြို့တည်း အတူရောက်ခဲ့ပါသည်။ ပြည်မြို့၌ တာဝန်ထမ်းဆောင်စဉ် မိဝေးဖဝေးမို့ နှစ်ယောက်အတူ နေကြပြီး ညနေတိုင်း ပြည်မြို့ ရွှေဆံတော်ဘုရားကြီးပေါ်တက်၍ ၆-နာရီမှ ၉-နာရီအထိ အဓိဋ္ဌာန်ပုတီး စိပ်ရာ၌လည်း စိတ်တူကိုယ်တူ ရှိခဲ့ပါသည်။

ထို့နောက် ကျွန်မတို့ နှစ်ဦးလုံး မွေးရပ်မြေ သာရဝေါသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရပါသည်။ ယခုလည်း နံနက်တိုင်း သူမ၏ စာသင်ခန်းမှရော ကျွန်မအခန်းကပါ ကလေးများ၏ ဘုရားရှိခိုးသံ မေတ္တာပို့သံများကို ကြားနိုင်ပါသည်။

တနေ့သော် ကျွန်မ သတိပြုမိသော အကြောင်းအရာတခုကို သူမအား မေးကြည့်မိပါသည်။ လွန်ခဲ့သော ၇-နှစ်ခန့်က သူမမျက်စိမကောင်းသဖြင့် မျက်မှန်တပ်ခဲ့ပြီး ယခု မတပ်တော့သောအကြောင်းကို သိလိုသောကြောင့်ဖြစ်ပါသည်။ ထိုအခါ သူမက မည်သူ့ကိုမျှ ပြောပြခဲ့ခြင်း မရှိသေးသော အောက်ပါ အကြောင်းအရာလေးကို ပြောပြပါသည်။

တခါက ကိုယ်ရေးကိုယ်တာကိစ္စတခုဖြင့် သူမ၏အမကြီးရှိရာ ရန်ကုန်သို့ တယောက်တည်း သာရဝေါ-ရန်ကုန် အမြန်ရထားဖြင့် လိုက်ပါသွားခဲ့သည်။ ထိုစဉ်က မျက်မှန်မတပ်လျှင် မျက်ရိုးကိုက်ခြင်း၊ ခေါင်းမကြည်လင်ခြင်း၊ မျက်စိဝေခြင်း ဖြစ်တတ်သောကြောင့် သူမ၏ ဆေးမျက်မှန်လေးကို တပ်ဆင်ထားပါသည်။ ရထားပေါ်တွင် သူမရှေ့ ထိုင်ခုံ၌ လိုက်ပါလာသော ရဟန်းအိုကြီးတပါးကို ဂရုပြုမိပါသည်။

ရဟန်းအိုကြီးမှာ ကျောင်းသားငယ်တယောက်နှင့် အတူဖြစ်ပြီး သင်္ကန်းကို မျက်စိ၌ကွယ်၍ ပြတင်းဝမှ ဝင်လာသည့် နေရောင်ဒဏ်ကို ကာကွယ်နေရရှာသည်။ သေသေချာချာ လေ့လာကြည့်သောအခါ ဘုန်းကြီး၏ မျက်စိမှာ နီရဲရောင်ကိုင်းနေပြီး အလင်းရောင်ကို မကြည့်နိုင်ရှာဘဲ မျက်ရည်ပူများ ကျဆင်းနေသည်ကို တွေ့နေရပါသည်။ စုံစမ်းမေးမြန်းကြည့်သောအခါ မျက်စိနာရာမှ ရောဂါဖြစ်သဖြင့် ရန်ကုန်သို့ သွားရောက်ကုသမည်ဖြစ်ကြောင်း သိရပါသည်။

မျက်စိဝေဒနာရှင် ရဟန်းအိုကြီးအား အလွန်သနားလှသဖြင့် နေကာမျက်မှန်ပါလျှင် တပ်ဆင်ထားပါက သက်သာမည့်အကြောင်း လျှောက်ထားမိလေသည်။ မပါကြောင်း ပြောသဖြင့် ဘာမျှမစဉ်းစားတော့ဘဲ သူ၏ဆေးမျက်မှန်လေးကို ချွတ်၍ ဤမျက်မှန်လေးကို တပ်ထားပါဘုရား-ဟု လျှောက်ထားသည်။ ရဟန်းကလည်း ကျေးဇူးတင်စွာ ယူဆောင်တပ်ဆင်လိုက်လေသည်။ ထိုအခါ မျက်ရည်ပူကျခြင်း သက်သာသွားပြီး နေရောင်ကို ကြည့်နိုင်ကြောင်း ဘုန်းကြီးပြောသဖြင့် သူမ အလွန်ဝမ်းသာမိလေသည်။

ရန်ကုန်ဘူတာကြီးသို့ရောက်သောအခါ ဘုန်းကြီးက မျက်မှန်ပြန်ပေးသော်လည်း စေတနာထက်သန်နေသောကြောင့် ပြန်မယူလိုကြောင်းနှင့် အရှင်ဘုရား မျက်စိကုသပြီး လိုအပ်သည်အထိ အသုံးပြုရန် လှူဒါန်းပါကြောင်း လျှောက်ထားရာ ဘုန်းကြီးက သာဓု သုံးကြိမ် ခေါ်လေသည်။

သူမစိတ်ထဲတွင် နောင်မှ မျက်မှန်တလက် ထပ်လုပ်မည်-ဟု စိတ်ကူးခဲ့သော်လည်း ထိုအချိန်မှစ၍ သူမခံစားနေရသော မျက်စိဝေဒနာများမှာ အံ့ဩဖွယ် လုံးဝပျောက်ကင်းသွားသဖြင့် မျက်မှန် ထပ်မလုပ်ရတော့ကြောင်း ကျွန်မအား ပြောပြပါသည်။

ကျွန်မလည်း သူမ၏ ဝေဒနာကင်းစင် ကြည်လင်နေသော မျက်စိလေးများကို ကြည့်၍ ကံ ကံ၏အကျိုးကို အထူးယုံကြည် သာဓုခေါ်နေမိပါတော့သည်။

(အ-ထ-က သာရဝေါမှ ဆရာမ ဒေါ်မြင့်မြင့်ဝင်း-၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို တင်ပြပါသည်။ )

(ခင်ဌေးမူ-သာရဝေါ )

****************************************

စေတနာ၏ အကျိုး

(စေတနာ၏ အကျိုး)

ဒီမောဆိုး မြို့နယ်တွင် ဦးကိုကြီးဆိုသူသည် အလွန်ဆင်းရဲရှာသူ ဖြစ်သည်။ သူ၏ ဇနီးမှာလည်း သမီးကလေးများ ဥမမည် စာမမြောက်ခင်ကတည်းက ဆုံးသွားရှာ၏၊ သမီးမိန်းကလေး နှစ်ယောက်သာ ဖခင်ကို လုပ်ကျွေးပြုစုနေလေသည်။ သမီးနှစ်ယောက်က ဟိုစဲ(မယ်စဲ) တွင် အလုပ်သွားလုပ်ကာ ငွေများ ပို့ပေးလေ့ရှိသည်။

တနေ့တွင် ဦးကိုကြီးသည် သူ၏ သမီးများ ပို့လာသောငွေဖြင့် ပုဆိုးတထည်ဝယ်ရန် ထွက်လာခဲ့လေသည်။ ပုဆိုးရောင်းသော ဆိုင်သို့ ရောက်သောအခါ မိမိတွင်ပါလာသော ငွေတထောင်ကျပ်ဖြင့် ခြောက်ရာတန် ပုဆိုးတထည်ကို ဝယ်လိုက်လေသည်။ ဆိုင်ရှင်က ပြန်အမ်းသောငွေကို အိတ်ထဲထည့်ကာ ပြန်လာခဲ့လေသည်။

အိမ်သို့ရောက်၍ ပိုက်ဆံကိုထုတ်ပြီး ရေတွက်ကြည့်သောအခါ ငွေလေးရာကျပ် ပြန်အမ်းရမည့်အစား ငွေငါးရာ့ငါးဆယ်ကျပ် ဖြစ်နေသည်ကို တွေ့ရလေသည်။ ဦးကိုကြီးသည် ပိုနေသော ငွေ ၁၅၀-ကျပ်ကို ဆိုင်သို့ပြန်သွား၍ ပေးလိုက်သည်။

ဆိုင်ရှင်ကလည်း ဦးကိုကြီးအား ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စကား ပြောကြားကာ ငွေ ၅၀-ကျပ် ပြန်ပေးလေသည်။ ဦးကိုကြီးကလည်း မိမိ၏စေတနာကို ငွေဖြင့်မလဲနိုင်ပါဟု ဆိုကာ မယူဘဲ ပြန်လာလိုက်လေသည်။

ထို့နောက် အိမ်သို့ပြန်ရောက်၍ ပုဆိုးကို ထုတ်ကြည့်သောအခါ ပုဆိုးထဲမှ ငွေ ၅၀၀-ကျပ် ကံစမ်းမဲပါလာသည်ကို မမျှော်လင့်ဘဲ ရရှိလေ၏၊ ဦးကိုကြီးကား ဝမ်းသာမဆုံးပြီ။ ဦးကိုကြီး၏ အဖြစ်ကို အချိ့သူက တိုက်ဆိုင်မှုဟု ပြောကြသည်။ စာရေးသူကမူ ကံ ကံ၏အကျိုးဟုပင် ယုံကြည်မိပါ၏၊

(စိုးညွန့်ဝေ-လွိုင်ကော်)

****************************************

စေတနာမှန်၏ အကျိုး

(စေတနာမှန်၏ အကျိုး )

တနေ့ မေမေက အမှိုက်များစွန်ပစ်ခိုင်းသဖြင့် လမ်းထိပ်အမှိုက်ပုံသို့ သွားရောက်စွန့်ပစ်ရလေ၏၊ ထိုစဉ် ကြက်အော်သံကြား၍ အနားတိုးကြည့်လိုက်ရာ ကြက်ငယ်ကလေးဖြစ်နေသည်၊ မျက်စိတွင်လည်း အဖုကြီးများ ပေါက်နေသည်၊ ပိုင်ရှင်က စွန့်ပစ်ထားသည်ဟုလည်း ထင်မိပါသည်။

ထို့ကြောင့် ကျွန်တော်သည် ကြက်ငယ်ကို သနားစိတ်ဝင်ပြီး ဖမ်းယူလာခဲ့သည်၊ အိမ်သို့ရောက်သော် မေမေက ဆူပါတော့သည်၊ ခြေနှစ်ချောင်းဝင်လျှင် မကောင်း၊ လူမှုရေးပြဿနာ ဖြစ်တတ်သည်၊ ငွေထွက်ကိန်းမြင်သည်-ဟု ဗေဒင်က ဟောထားသဖြင့် နယ်မှ ကျောင်းလာတက်နေသော သူ့တူအရင်းကိုပင် နေရာပြောင်းခို်င်းထားသည်၊ ထို့ကြောင့် ကျွန်တော့ကိုလည်း မာန်မဲကာ ကြက်ကလေးကို ပြန်လွှတ်ခိုင်းသည်။

ကျွန်တော်သည် ကြက်ကလေးကို မေမေမမြင်အောင် ခြင်ထောင်ထဲတွင် ဝှက်ထားလိုက်သည်၊ မေမေ့အလစ်တွင် အိမ်အပေါ်ထပ် ကျွန်တော့အိပ်ခန်းထဲသို့ သွင်းထားလိုက်ပါသည်၊ ကြက်ကလေးအတွက် ဆန်ကွဲ၊ သောက်ရေ၊ အိပ်တန်းတို့ကို စနစ်တကျ ပြုလုပ်ပေးသည်၊ မျက်စိမှ အဖုကြီးနှစ်ခုကိုလည်း အုန်းဆီဆွတ်၍ ပင်အပ်ဖြင့် အသာအယာ ထိုးခွာပေးသည်၊ ထိုအခါ မျက်စိအထဲမှ ဖြူဖြူအဖတ်များ ထွက်လာပြီး မျက်လုံးပွင့်သွားလေသည်၊ နောက်ရက်များတွင် မျက်စိမြင်သွားသဖြင့် အစာကိုလည်း တဝကြီးစားနိုင်သည်၊ အိပ်တန်းလည်း သူ့အလိုလို တက်နိုင်သွားသည်။

ကြက်ကလေးသည် ကျွန်တော့ကို အတော်ခင်ပါသည်၊ ကျွန်တော် စာကျက်နေလျှင် ကျွန်တော့ပေါင်ပေါ်၊ ရင်ဘတ်ပေါ်သို့တက်၍ ငြိမ်နေတတ်သည်၊ တဖြည်းဖြည်း ကြီးထွားလာသောအခါ ကြက်မကလေး ဖြစ်နေသည်၊ ထိုကြက်မကလေးကို မေမေမြင်သွားသော်လည်း လုံးဝမဆူတော့ပါ။

သည်လိုနဲ့ ကျွန်တော်ဆယ်တန်းစာမေးပွဲ ဖြေဆိုသောနေ့သို့ ရောက်လေသည်၊ ထိုနေ့က မမျှော်လင့်ဘဲ အိပ်တန်းအဆင်း အတောင်ချင်းရိုက်၍ ထူးထူးခြားခြား အားရပါးရ ကြက်မကလေး တွန်ပါတော့သည်။

ထိုအခါ အယူသည်းသော မေမေက ကြက်မတွန်တယ်၊ အဲဒါမျိုး လူခိုက်တတ်တယ်-ဟု ဆိုကာ နှစ်အိမ်ကျော်မှ နိုင်နိုင်စိန်ကိုခေါ်ပြီး ခဲဖြင့်ပေါက်၍ မောင်းထုတ်ခိုင်းသည်၊ ထိုစဉ် ဖေဖေရောက်လာပြီး မေမေ့ကိုရှင်းပြမှ ကြက်မကလေး ချမ်းသာခွင့်ရသွားသည်။

ဖေဖေက ပြောသည်မှာ မအေကြီးရယ်၊ ဒါမျိုးကြုံခဲတယ်၊ သခင်ကို အားပေးတာဖြစ်မှာပါ၊ မင်းအသာစောင့်ကြည့်၊ ထူးခြားမှုတခု ကြုံလိမ့်မယ်-ဟူ၍ ဖြစ်ပါသည်၊ ကျွန်တော်သည် ထိုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့ပါသည်၊ ယခုကဲ့သို့ အောင်မြင်ခြင်းသည် ကြက်မကလေးကို ကယ်တင်ပြီး မျက်စိနှစ်ကွင်း အလင်းရအောင် ပြုလုပ်ပေးခဲ့သော စေတနာ၏ အကျိုး-ဟု ကျွန်တော်ယုံကြည်ယူဆမိပါသည်။

(မောင်လွှမ်းသစ်-ဥသျှစ်ပင် )

****************************************

စေတနာမှန်သော ကံတရား

(စေတနာမှန်သော ကံတရား )

ငါန်းဇွန်မြို့၏ မြို့စွန်ချောင်းကမ်းနဖူး၌ ဆင်းရဲသော ဦးလူလှနှင့်ဒေါ်တင်မြတို့ ဇနီးမောင်နှံ နေထိုင်ကြသည်။ ဦးလူလှမှာ ထင်းပေါက် ထင်းခွဲခြင်း ရေနံချေးသုတ်ခြင်း၊ အိမ်သာကျင်းတူခြင်းနှင့် ကူလီအငှါး ထမ်းပိုးခြင်း စသော ကြုံသလို လုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်၏၊ ဒေါ်တင်မြမှာမူ မီးယပ်ရောဂါသည်ဖြစ်၍ ဘာမှ မလုပ်ကိုင်နိုင်ပေ။ ဦးလူလှ ရှာဖွေရသမျှ ငွေကြေးဖြင့်သာ တနေ့စာတနေ့ ခြိုးခြံစားသောက်နေရသောကြောင့် ပိုလျှံမှုမရှိကြချေ။

ဦးလူလှနှင့် ဒေါ်တင်မြတို့၌ အရွယ်ရောက်နေပြီဖြစ်သော သားတယာက်ရှိရာ မိဘနှစ်ပါးစလုံးက သားကို ရှင်ပြုပေးချင်ကြသည်။ သို့သော်လည်း ငွေကြေးမတတ်နိုင်သဖြင့် ရှင်ပြုမပေးနိုင် ဖြစ်နေသည်။

တနေ့တွင် ဦးလူလှသည် မြို့ထဲရှိ အိမ်တအိမ်၌ ထင်းခွဲပေးရသည်။ လုပ်ငန်းရှင်က ဦးလူလှကို ထမင်းကျွေးပြီး လုပ်အားခအဖြစ် ငွေ ၅၀-ကျပ်နှင့် ထင်း (အသားပကာခြမ်း) များကို ပေးလိုက်သည်။

ယင်း-ထင်းအသားပကာခြမ်းများကို ထမ်း၍ အိမ်ပြန်လာစဉ် လမ်ခရီးရှိ သစ်သားတံတားပေါ်တွင် ဖြတ်သန်းသွားသည်။ ထိုတံတားမှာ ဟောင်းနွမ်း၍ ကြမ်းခင်းများ ဖရိုဖရဲနှင့် ပေါက်ပြဲကာ ပျက်စီးနေသည်ကို တွေ့ရသည်။ ထိုအခါ ဦးလူလှသည် သူ့တွင်ပါလာသော ထင်းပကာခြမ်းဖြင့် ဖာထေးပြုပြင်လေသည်။ တံတားကြမ်းခြင်းအပြည့် (နေရာလွတ် မရှိအောင်) ဖာထေးပြုပြင်ပြီးချိန်တွင် သူရရှိခဲ့သော ပကာခြမ်းများမှာ ကုန်သွားလေသည်။

ထိုနေ့က သူ၏လုပ်ဆောင်ချက်ကို ဇနီးဖြစ်သူ ဒေါ်တင်မြကို ဝမ်းသာအားရ ပြောပြသည်။ ဒေါ်တင်မြကလည်း ရွှင်လန်းဝမ်းမြောက်စွာ သာဓုခေါ်သည်။ နောက်တနေ့၌ ဦးလူလှတို့အိမ်သို့ လူကြီး ၃-ဦး ရောက်လာသည်။ ၄င်းတို့သည် ဦးလူလှပြုပြင်ခဲ့သော တံတားပျက်ရှိရာ ရပ်ကွက်မှ ဖြစ်ကြောင်း၊ ထိုတံတားကို ပြုပြင်ရန် အလှူငွေကောက်ခံနေကြကြောင်း၊ မနေ့က ဦးလူလှ တဦးတည်း စေတနာဝန်ထမ်း တံတားပြင်သွားသဖြင့် ၄င်းတို့ ကောက်ခံရရှိသော အလှူငွေ ၅၀၀၀-ကျပ်ကို ဦးလူလှအား စံပြတာဝန်သိ လုပ်သားကောင်းအဖြစ် ချီးမြှင့်ကြောင်း ပြောဆိုကာ ပေးအပ်သွားကြလေသည်။

ဦးလူလှနှင့် ဒေါ်တင်မြတို့သည် ၄င်းတို့ရရှိသော ငွေ ၅၀၀၀-ကျပ်ဖြင့် သားကလေး မောင်ကြာညိုကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးနိုင်ခဲ့ကြသည်။ စေတနာနှင့် အသိတရား၏ အကျိုးကား နောက်ဘဝသို့ မဆိုင်း၊ ယခုဘဝမှာပင် ပိုင်ဆိုင်ဆွတ်ခူးနိုင်သည်ကို ဦးလူလှတို့ မိသားစု ကောင်းမှုက ထင်ထင်ရှားရှား သာဓကပြခဲ့လေပြီ။

(ငါန်းဇွန်-မောင်လွမ်းမွန် )

****************************************

စေတနာမှန်သော ကံတရား

(စေတနာမှန်သော ကံတရား)

အချိန်ကာလအားဖြင့် မကြာသေးပါ။ တနေ့နံနက်စောစော ၄-နာရီခန့် အိမ်တံခါးများ မဖွင့်သေးမီ အချိန်၌ ဖြစ်သည်။ စာရေးသူကို အိမ်ရှေ့က ခေါ်သံကြား၍ တံခါးဖွင့်ပေးလိုက်သည်။ ညီအမတရင်းတမျှ ရင်းနှီးသော ကျောင်းဆရာမနှင့်အတူ တခါမျှမမြင်ဘူးသော အမျိုးသမီးနှစ်ယောက်ကိုပါ တွေ့လိုက်ရသည်။

ကျောင်းဆရာမသည် ကသာ အထက်ဆန်မည့် မော်တော်ဖြင့် ခရီးဆက်ကြမည့် အမျိုးသမီးနှစ်ယောက်ကို မော်တော်ဆိပ်နှင့်နီးရာ စာရေးသူ၏အိမ်တွင် ခေတ္တတည်းခိုနေခဲ့ရန် မှာကြားသည်။ ထို့နောက် စာရေးသူထံ အပ်နှံ၍ သူ့အိမ်သူ ပြန်သွားပါတော့သည်။

တခါမှမတွေ့ဘူးသော်လည်း အမျိုးသမီး နှစ်ယောက်ထဲမှ အသက် ၃၀-ဝန်းကျင်ခန့်ရှိ အသားဖြူဖြူချောချောနှင့် အမျိုးသမီးကို စာရေးသူသည် မြင်မြင်ချင်း ရင်းနှီးချစ်ခင်သွားခဲ့မိသည်။ ထိုအမျိုးသမီးမှာ ရန်ကုန်မြို့ စိတ်ရောဂါအထူးကု ဆေးရုံကြီးမှ ဆရာမတဦးဖြစ်သည်။ သူ့မှာပါသည့် ဝန်ထမ်းကဒ်ကို ထုတ်ပြ၍ စာရေးသူ သိခွင့်ရခဲ့သည်။

ဆရာမလေး ပြောပြချက်အရ သူနှင့်အတူ ပါလာသည့် အမျိုးသမီးမှာ လွန်ခဲ့သည့် တနှစ်ခန့်က ရန်ကုန်မြို့လယ်တွင် စိတ်ဝေဒနာဖြင့် ဟိုသွား၊ သည်သွား ဖြစ်နေခဲ့ရှာသူ ဖြစ်သည်။ စိတ်ရောဂါ အထုူးကုဆေးရုံမှ ဆရာဝန် ဆရာမများ၏ ကြိုးစားကုသပေးခဲ့မှုတို့ကြောင့် ထိုအမျိုးသမီးသည် တနှစ်မျှအကြာတွင် သူ့မိသားစုကို ပြန်လည်သတိရလာသည်။ သူ့၌ ကလေးသုံးယောက် ရှိကြောင်းနှင့် သူ့အိမ်သို့ပြန်ချင်ကြောင်း သက်ဆိုင်ရာ တို့ကို ပြောပြပူဆာသည်။ သို့ဖြင့် ဆရာမက သနားကြင်နာ၍ ကိုယ်ချင်းစာမိကာ ထိုအမျိုးသမီးအတွက် တာဝန်ယူခဲ့သည်။ သူ၏ အိမ်ရှိရာအရပ်သို့ မေတ္တာဖြင့် လိုက်လံပို့ဆောင်ပေးခြင်း ဖြစ်သည်။

ကံကတော့ ကောင်းပါတယ် အမရယ်၊ ကိုယ့်စေတနာ ကိုယ့်ကို ပြန်အကျိုးပေးတယ်လို့ ဆိုရပါမယ်။ အခု အမဆီလိုက်ပို့ပြီး အပ်သွားတဲ့ ကျောင်းဆရာမနဲ့ မန္တလေးဘူတာကြီးမှာ ကျွန်မတို့ တွေ့ကြပြီး သူက တလမ်းလုံး ကူညီခဲ့တယ်။ အခုလဲ အမရဲ့အိမ်မှာ မသိကျွမ်းဘဲနဲ့ လုံလုံခြုံခြုံ အိပ်ရ၊ တည်းရတယ်။ အမပဲ စဉ်းစားကြည့်လေ၊ စိတ်ဝေဒနာ ပျောက်ခါစ-လူ ပြောစကားအရ သူနေတဲ့ရွာကို ယုံရအခက်၊ မယုံရအခက်ပဲ။ နောက်ပြီး ဒီအရပ်၊ ဒီဒေသကို ကျွန်မ တခါမှ မရောက်ဖူးဘူး။ သူ့ခမျာ မိသားစုနဲ့ တွေ့ရတော့မယ်ဆိုတဲ့ အတွေးနဲ့ စိတ်အရမ်း လှုပ်ရှားပြီး အချိန်နေရာမရွေး စိတ်ပြန်ဖောက်သွားနိုင်တယ် မဟုတ်လား။ တလမ်းလုံး သူ့ကို ဂရုတစိုက် ကြည့်ပြီး ဆေးတိုက်လာခဲ့ရတယ်။ ကျွန်မမှာ တာဝန်သိပ်ကြီးတာ။ သူ့မိသားစုနဲ့ ပြည်လည်ပေါင်းစည်းစေချင်တဲ့ စေတနာအရင်းခံကြောင့်သာ ခုလိုလိုက်ပို့ဖြစ်ခဲ့ရတာပါ-ဟု ဆရာမက ပြောပြသည်။ ထို့နောက် မနက် ၈-နာရီခန့်တွင် သူတို့သည် ခရီးဆက်ကြသည်။ ကျွန်မလည်းသူတို့ကို တတ်စွမ်းသမျှ ကူညီခဲ့ပါသည်။

စေတနာအရင်းခံမှန်သော ဆရာမလေး ကံကောင်းရှာပါပေသည်။ စိတ်ဝေဒနာပျောက်ကင်းစ အမျိုးသမီးကို သူ၏ရွာမှ မိသားစုထံ အရောက်ပို့ပေးနိုင်ခဲ့သည်။ ဆရာမလေးကိုလည်း ထိုရွာမှ ကျောင်းဆရာမ တဦးက အပြန်ခရီးကို လိုက်ပို့ပေးသည်။ သူတို့ရွာကထွက်သည့် ပစ္စည်းများကိုလည်း လက်ဆောင်ပေးလိုက်ကြ သေးသည်။ စိတ်ရောဂါ အထူးကုဆေးရုံမှ ဆရာမလေး၏ အမည်မှာ ဒေါ်အေးအေးသိန်း ဖြစ်ပါသည်။

(ရွှေမြန်မာ-ကသာ)

****************************************

စေတနာမှန်သော ကံတရား

(စေတနာမှန်သော ကံတရား)

ကျွန်တော်တို့သားအမိ စျေးဝယ်ပြီး ကမ်းနားကိုဆင်းခဲ့ကြပါသည်။ ကမ်းနားရောက်တော့ စက်လှေစီးပြီး ခရီးဆက်ခဲ့ကြပြန်ပါသည်။ စက်လှေပေါ်ကဆင်းပြီး မြင်းလှည်းစီးကြရမည် ဖြစ်ပါသည်။ ထိုသို့ မြင်းလှည်းစီးကြရမည့် အစီအစဉ်မှာ ဖျက်ရမလို ဖြစ်ရပါပြီ။

ပါသွားသောငွေနှင့် မလောက်င တချို့ဆိုင်များတွင် အကြွေးပင် ချန်ယူခဲ့ရသေးသည်။ ထို့ကြောင့် အိမ်အပြန်လမ်းတွင် ငွေပိုပြန်မပါ၊ စက်လှေခ ကားခနှင့် မြင်းလှည်းခကိုပင် မနည်းကျန်အောင် ချန်ခဲ့ကြရသည်။

သို့သော် စက်လှေပေါ်ကဆင်းသည်နှင့် တပြိုင်နက် အလှူခံနှင့် ပက်ပင်းတိုးနေသည်။ မြင်းလှည်းမစီး၍လည်းမဖြစ် ပစ္စည်းတွေကများသည်။ ရွာက ကားဂိတ်နှင့်လည်း တမိုင်သာသာလောက် ဝေးသည်။

နေကလည်းပူ ဖုတ်ကလည်းထူသည်။ သို့သော် အမေက ကျွန်တော့်ကိုပြောပြသည်။

ဒီမှာသား-မရှိလို့ မလှူ၊ မလှူလို့ မရှိ-တဲ့။ ပြီးတော့ ပိုလျှံမှ ပေးကမ်းလှူဒါန်းတာထက် မိမိစားဖို့ သုံးဖို့ ရည်စူးထားတာလေးကို ကြည်နူးစွာနဲ့ မစားတော့ မသုံးတော့ဘဲ လှူရတာက ပိုမြတ်တယ်လို့ အမေထင်တယ်သား။ ဒီတော့ ပစ္စည်းတွေနဲ့ အတူ ငါ့သား မြင်းလှည်းစီးပြီး လိုက်သွား။ အမေ မြင်းလှည်းမစီးတော့ဘူး။ မြင်းလှည်းစီးမယ့်ငွေ နှစ်ဆယ်ကို အရှင်ဥပဂုတ္တ ပူဇော်ပွဲအတွက် လှူလိုက်မယ်။ အမေ ခြေကျင်လျှောက်လာခဲ့တော့မယ်-ဟု ဆိုလာပါသည်။၏

အမေလိုက်သွားပါ။ သား လမ်းလျှောက်လိုက်ခဲ့ပါ့မယ်-ဟု ဆိုသော်လည်း မရ။ သို့ဖြင့် အမေ့ပါရမီကို ဖြည့်သည့်အနေဖြင့် အမေစီမံသလိုနေလိုက်ရတော့သည်။

ကားဂိတ်တွင် ပစ္စည်းတွေချြီ့း ကျွန်တော်ရောက်လို့မှ မကြာသေး၊ မြင်းလှည်းစီး၍ပင် အမေရောက်ရှိလာပါတော့သည်။ အမေ့မျက်နှာသည် တပေါင်းလပြည့်ဝန်းလို ရွှန်းရွှန်းသာနေပါသည်။

သားရေ သူတော်ကောင်း နတ်ကောင်းစောင်မ ဆိုတာအမှန်ပဲသိလား။ အမေ လမ်းတဝက်လောက်ရောက်တော့ ရှေ့ကလာနေတဲ့သူဌေးမိသားစုစီးတဲ့ ကားလေးဟာ အမေ့နားလဲရောက်ရော ကားကို ရပ်ပြီး ဒီလောက်နေပူပူ၊ ဖုတ်ထူထူထဲမှာ အမေဘာြ့ုလို့ မြင်းလှည်းမစီးတာလဲလို့ မေးတယ်။ အမေကလဲ ခါတိုင်ေးတာ့ မြင်းလှည်းစီးပါတယ်ကွယ်လို့ ဆိုပြီး အကျိုးအကြောင်း အစအဆုံး ပြောပြလိုက်တာပေါ့။ ဒါနဲ့ပဲ ငွေတထောင်ကြီးများတောင် ပေးသွားတယ် သားရဲ့။

အမေသည် ကြည်နူးမဆုံး ပီတိတွေဖုံးပြီး ဆုတွေ ပေး၍မဆုံး ရှိနေပါတော့သည်။

(ငှက်ပြာ မောင်မောင်-ချောက် )

****************************************

စေတနာရှင်၏ လက်ငင်းအကျိုးပေး

(စေတနာရှင်၏ လက်ငင်းအကျိုးပေး)

အဘသာရင်သည် မိတ္ထီလာမြို့နယ် ဘူတာဟောင်းရပ်ကွက်တွင် နေထိုင်သည်။ သူ၏ အသက်မှာ ၇၂-နှစ်ရှိပြီ။ ကျန်းကျန်းမာမာဖြင့် သွားနိုင် လာနိုင်သူ ဖြစ်သည်။ သူသည် ကြင်နာတတ်သူဖြစ်ပြီး စေတနာဖြင့် အမြဲကူညီ တတ်သူ ဖြစ်သည်။ ပင်စင်စားတယောက်ဖြစ်၍ ငွေကြေးမလုံလောက်သဖြင့် သားသမီးများက ထောက်ပံ့သော ငွေကြေးဖြင့် စားသောက်နေရသူ ဖြစ်သည်။ ဤအခြေ၌ ရှိသော်လည်း အိမ်နီးချင်းများက ငွေကြေးအကူအညီ တောင်းလာလျှင် တွန့်ဆုတ်ခြင်းမရှိ။ ပေးကမ်းကူညီလေ့ရှိသည်။

တနေ့တွင် လမ်းပေါ်တွင် ကားတိုက်မိသော ခွေးတကောင်မှာ ခြေထောက်မထောက်နိုင်ဘဲ အစာငတ်နေ သည်ကို တွေ့ရသည်။ အဘသာရင်က ထိုခွေးကို အိမ်သို့ပွေ့ချီလာကာ ခြေထောက်ကို ဆေးထည့်ပေးသည်။ ကောင်းစွာကျွေးမွေးထားသည်။ မကြာမီ ခွေးကလေး၏ ခြေထောက် ကောင်းသွားသည်။ ထိုအခါ မိမိအိမ်၌ပင် ဆက်လက်၍ မွေးထားသည်။

သူ၏သားသည် စလင်းမြို့ရှိ စလင်းဆည်တည်ဆောက်ရေးတွင် တာဝန်ကျလျက်ရှိသည်။ သားက အလည်လာရန်ခေါ်သဖြင့် စလင်းမြို့သို့ သွားသည်။ စလင်းမြို့မှ တဆင့် စလင်းဆည်ရှိရာကို ဂျစ်ကားဖြင့် တောလမ်းမှ ခရီးဆက်ခဲ့သည်။

သူစီးလားသော ဂျစ်ကားပေါ်တွင် ကားဆရာအပါအဝင် ခရီးသည် ၅-ဦး လိုက်ပါစီးနင်းလာသည်။ စလင်းဆည် မရောက်ခင် လမ်း၌ ရုတ်တရက် ဂျစ်ကားတိမ်းမှောက်သွားသည်။ ကားရှေ့ခန်းမှ စီးလာသူသည် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်။ ကားဆရာအပါအဝင် ခရီးသည် ၂-ဦးမှာလည်း ကျိုးသူကျိုး၊ ဒဏ်ရာ ရသူရနှင့် စလင်းဆေးရုံသို့ ပို့ခဲ့ရသည်။ အဘသာရင် တယောက်သာလျှင် မည်သို့မျှ ထိခိုက်ဒဏ်ရာမရ။ စလင်းဆည်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိလာခဲ့သည်။

ဒုက္ခရောက်သူကို ကူညီတတ်ပြီး၊ ခွေးကလေး၏ အသက်ကို ကယ်တင်ခဲ့သော အဘသာရင်၏ မေတ္တာ စေတနာသည် နောက်ဘဝအထိ မဆိုင်းဘဲ ယခုဘဝတွင်ပင် အကျိုးပေးလေတော့သည်။

(ခင်မျိုးဦး-ထီလာ)

****************************************

စေတနာသည် ကံ

(စေတနာသည် ကံ)

စာရေးသူ၏ မိခင်ကြီးသည် အသက် ၅၈-နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သားသမီး ၇-ယောက်ကို လူလားမြောက်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ရသည့် ကာယိကဒုက္ခများကို ခံစားခဲ့ရလင့်ကစား အရွယ်ကား မကျ။ ဖျတ်လတ် သွက်လက် ရွှင်ပျဆဲဖြစ်၏၊ ကျန်းမာရေး အထူးကောင်းမွန်လှသူ ဖြစ်ပါ၏၊

အသက် ၃၀-ကျော် စာရေးသူတို့ကမှ ဖျားခြင်း၊ နာခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ဝေဒနာပေါင်းစုံနှင့် ကြုံကြရမြဲဖြစ်သည်။ သို့သော်လည်း မိခင်ကြီးမှာ ဘာဝေဒနာမှ ခံစားရသည် မရှိချေ။ ယခုအချိန်အထိ မိခင်ကြီးကို စာရေးသူတို့ မောင်နှမတစုက ခြေဆုပ်လက်နယ် ပြုစုယုယပေးရသည် မရှိသေးပေ။ မိခင်ကြီး ငယ်ရွယ်စဉ်က နာမည်ကျော် သိပ္ပံလက္ခဏာ ဆရာကြီးတဦးထံ လက္ခဏာမေးကြည့်ဖူးလေ၏၊

မိခင်ကြီးအား အသက် ၄၀-အရွယ်တွင် အကြီးအကျယ် ခွဲစိတ်ကုသခံရလိမ့်မည်။ တကြိမ် မကပါ၊ နှစ်ကြိမ်တိုင် ဖြစ်ပါသည်ဟု အဟောခံရဖူးလေ၏၊ သို့သော်လည်း ယနေ့တိုင် ဘယ်ဆေးရုံ ဘယ်ဆေးခန်းမှ မရောက်ဖူးသည့်ပြင် ခွဲစိတ်ကုသမှုဆိုတာလည်း မကြုံခဲ့ရပေ။

ဘာကြောင့် အနာရောဂါဝေဒနာများ မစွဲကပ် မကျရောက်သနည်း။ ဘာကြောင့် ဘဝတသက်တာတွင် ပင်ပန်းကြီးစွာ ရုန်းကန်လှုပ်ရှား ရှာဖွေခြင်းအမှုကို မပြုရဘဲ နေရိပ်ထဲတွင်သာ သက်သောင့်သက်သာ အေးအေးငြိမ်းငြိမ်း နေထိုင်ရသနည်း။ စာရေးသူ သုံးသပ်မိသည်က အောက်ပါအတိုင်း ဖြစ်ပါသည်။

မိခင်ကြီးသည် သူ၏မိခင် (စာရေးသူ၏ အဘွား)ကို မိခင်ကြီး အသက် ၁၈-နှစ် အရွယ်ကတည်းက အိမ်ဦးခန်း၌ထား၍ ကျွေးမွေးပြုစုကာ မွေးကျေးဇူးကို အထူးဆပ်ခဲ့သူ ဖြစ်သည်။

မုဆိုးမ မိခင်ကြီးအတွက် ဘာဆိုဘာမှ မလိုရအောင် တတ်စွမ်းသမျှ အလိုလိုက် ဖြည့်ဆည်းပေးခဲ့သူဖြစ်ပါသည်။

ယခုအခါ အဘွားပင် အသက် ၈၄-နှစ်အရွယ်သို့ ရောက်နေပြီ ဖြစ်ပါသည်။ အဘွားသည် လွန်ခဲ့သော ၇-နှစ်လောက်က မျက်စိရောဂါဝေဒနာ စွဲကပ်ခဲ့သောအခါ စာရေးသူ၏ မိခင်ကြီးက ရှိသမျှရောင်းချပေါင်နှံပြီး မန္တလေးသို့သွားကာ ရောဂါပျောက်ကင်းအောင် ကုသပေး၏၊ သို့သော် အဘွား၏ ကုသိုလ်ကံအရ မျက်စိနှစ်ဖက်စလုံး ကုမရဘဲ ကွယ်သွားခဲ့ရ၏၊

မိခင်ကြီးကား အဘွားအပေါ်တွင် ဘယ်အခါမှ မငြိုငြင်ရှာ။ အဘွား၏ တာဝန်ဝတ္တရားမှန်သမျှကို အဘယ်သားသမီးကိုမျှ မခိုင်းဘဲ ကိုယ်တိုင် ထာဝစဉ်ပြုစုလုပ်ကိုင်ပေးသူဖြစ်၏၊

အဘွား ဖျားနာလျှင်လည်း (မရိုသေစကား) ချေးသေးအဝတ်များကအစ ကိုယ်တိုင် လျှော်ဖွပ်ပေးသူ ဖြစ်ပါ၏၊ အဘွားရေချိုးဖို့ ကိုယ်တိုင်ခပ်ပေး၏၊ အဘွားကို ကိုယ်တိုင် ထမင်းခူးခပ်ကျွေး၏၊ ကိုယ်တိုင် ခြေဆုပ်လက်နယ် ပြုစုပေး၏၊

မိခင်အိုကြီးကို တဖဝါးမခွါ ပြုစုစောင့်ရှောက်နေသူဖြစ်၏၊ ထို့အပြင် လှူဒါန်းပေးကမ်းမှု၊ ကျွေးမွေးစွန့်ကြဲမှုတို့ကိုလည်း ဝါသနာပါသူ ဖြစ်၏၊ ဝါသနာပါသည့်အတိုင်း တတ်နိုင်သမျှ ကောင်းမှုများကို ပြုလုပ်၏၊ ကိုယ့်ထက်နိမ့်ကျသည့် မရှိနွမ်းပါးသူများကို အထူးသနားကရုဏာထား၏၊ မိမိကိုယ်နှင့် နှိုင်းစာကာ ကိုယ်ချင်းစာတရား လက်ကိုင်ထားသူ ဖြစ်၏၊ မိမိကိုယ်ကို အစဉ်ရိုကျိုးနှိမ့်ချစွာ နေထိုင်တတ်သူလည်း ဖြစ်၏၊

ဤသို့သော စိတ်ထားကောင်း စိတ်ထားမြတ် ထားတတ်မှုတို့၏ တုံ့ပြန်အကျိုးကျေးဇူးကား ဘဝတသက်တာလုံး စိတ်အေးချမ်းသာစွာ နေထိုင်ရခြင်းပေပဲဟု စာရေးသူ ထင်မြင်ယူဆမိပါသည်။

(မနိုင်ဝေဝေဇံ )

****************************************

စေတနာအကျိုး ပဒေသာတိုး

(စေတနာအကျိုး ပဒေသာတိုး )

စာရေးသူတို့၏ ထန်းပင်များကို ထန်းခဖြင့် တက်သည့် ဦးရီးနှင့် ဒေါ်သန်းစိန်တို့တွင် သားသမီး ငါးယောက်ရှိသည်၊ အကြီးဆုံးသားမှာ ဖခင်နှင့်အတူ ထန်းတက်နိုင်သည်၊ အလတ်သမီးလေးသည် ဖခင်နှင့် အကိုတို့တက်သည့် မြူအိုး လိုက်ကောက်ရသည်၊ မိခင်သည် ရသမျှ ထန်းရည်ချိုများအားလုံး ထန်းလျက်ကျိုရသည်၊ ကျန်ကလေး သုံးယောက်မှာ လူမမည်လေးများသာ ဖြစ်သည်။

ထန်းသမားတို့၏ဘဝ သားသမီးတို့ကို ကျောင်းမထားနိုင်သော်လည်း မိခင် ဖခင်တို့၏ သွန်သင်ဆုံးမမှုကြောင့် ကလေးများမှာ ဂါရဝတရားရှိသည်၊ အပြောအဆို အနေအထိုင် အသွားအလာ စေတနာနှင့် သဒ္ဓါတရားကောင်းသည်၊ ဘုရားရှိခိုး မေတ္တာပို့ အမျှဝေနှင့် ဂုဏ်တော် ဂါထာတော်များကို အရွယ်နှင့်အညီ နှုတ်တက်သင်ပေးထားသည်။

ဦးရီးတို့ မိသားစုသည် ထန်းပင်တက်စားရသော်လည်း စေတနာ သဒ္ဓါတရားမှာ ရက်ရောလှသည်၊ ထန်းတဲသည် ရွာနှင့် တမိုင်ခန့် ဝေးသည်၊ အနီးပတ်ဝန်းကျင်တွင် ဘဝတူထန်းသမားများ အများအပြားရှိသည်၊ သို့သော် တတောလုံးတွင် ဦးရီးတို့မှာ ထန်းလျက်အထွက်ဆုံးဖြစ်သည်။

ဦးရီးတို့ သားအဖသည် ထန်းတက်နေစဉ် ထန်းပင်ပေါ်မှကြည့်၍ မြင်မြင်သမျှ လူအပေါင်းအား ဇွတ်ခေါ်သည်၊ ထန်းရည်ချိုတိုက်ခြင်း၊ ထန်းလျက်ကျွေးခြင်းတို့ နေ့စဉ်ပြုလုပ်သည်၊ ဇနီးဖြစ်သူ ဒေါ်သန်းစိန်ကလည်း ထန်းတဲအနီးရှိ ယာထွန်သူ၊ မြက်ရိတ်သူ၊ ပဲကောက်သူ၊ ဝါကောက်သူ စသည်တို့အား ထန်းရည်ချို၊ ထန်းလျက်တို့ဖြင့် နိစ္စဘတ်ကုသိုလ်ယူသည်၊ ဤသို့ အယုတ်အလတ် အမြတ်မရွေး စေတနာသန့်သန့်ဖြင့် နေ့စဉ် တိုက်ကျွေးနေသည်။

ထန်းသည် ပဒေသာပင်ဖြစ်၍ စေတနာပေါ် မူတည်သည်ဟု ရှေးလူကြီးတို့ ဆိုသည့်အတိုင်း ဦးရီးတို့ ထန်းပင်များသည် တကယ့်ပဒေသာပင်များ ဖြစ်နေပါသည်၊ ဤသို့ဖြင့် ဦးရီးတို့ စီးပွားရေးမှာ တနေ့တခြား တိုးပွားလာခဲ့သည်။ ယခုအခါ ထန်းပိုင်၊ မြေပိုင်၊ သိုး၊ ဆိတ်၊ နွား တို့နှင့် အတူ ငွေပိုငွေလျှံပါ အတော်အသင့် စုမိလာခဲ့၍ တရွာလုံးက ချီးမွမ်းသာဓုခေါ်ကြသည်။

(ခင်မောင်တင်-ဝဲလောင် )

****************************************

စေတနာအကျိုး သိန်းဆုတိုး

(စေတနာအကျိုး သိန်းဆုတိုး )

ဦးပွေးသည် ကန့်ဘလူမြို့နယ် ကျွန်းပင်ကုန်းရွာသား ဖြစ်သည်။ လမ်းဘေးတွင် အကြော်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေသည်။ ဆောင်းပိုင်း-နွေပိုင်းရောက်လာလျှင် ဦးပွေး၏ အရောင်းဆိုင်မှာ ကြက်ပျံမကျ စည်ကားလှသည်။

အနယ်နယ်အရပ်ရပ်မှ ဝါးခုတ်သူ၊ ထင်းခွေသူ၊ မှန်သမျှ ဦးပွေး၏ဆိုင်တွင်သာ စားကြ သောက်ကြသည်။ ဦးပွေး၏ စေတနာထားပုံကလည်း စံထားလောက်စရာ ဖြစ်သည်။

ထင်းခွေ ဝါးခုတ် အလုပ်လုပ်သူတို့အတွက် အဆင်ပြေစေရန် အကြော်ဆိုင်နားတွင် ရေတွင်းတူးထားသည်။

လှည်းသမားတို့ နွားရေတိုက်ရန်၊ ချိုးရန် ဖြစ်သည်။ စားသောက်ပြီးသော ပန်းကန်ခွက်ယောက်များကိုလည်း ဆေးကြောရန်ဖြစ်သည်။

ထို့အပြင် လယ်သမားများ နားခိုရန် တဲတခုကိုလည်း ဆောက်ပေးထားသည်။ ရေသောက်သုံးရန်လည်း တဲဘေးပတ်လည်တွင် ရေအိုးစင်များ သပ်ရပ်စွာတည်ပေးထားသည်။ ရေအေး မသောက်လိုသူများအတွက် ရေနွေးကြမ်းအိုး ထည့်ပေးထားသည်။

ဦးပွေးသည် သူ့ဆိုင်တွင် ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ကြိုဆိုဧည့်ခံသည်။ မိမိဆိုင်တွင် ခေတ္တခဏ တည်းခို၍ စားသောက်နေသော လှည်းသမားများ တွေ့လျှင်လည်း ဆိုင်ရှိဟင်းကျန် ထမင်းကျန်များကို ခူးခပ် ထည့်ပေးသည်။

ထို့အတူ ဦးပွေးက စေတနာထားသလို လှည်းသမားများကလည်း ပြန်လှန်၍ စေတနာတုံ့ပြန်ကြသည်။ ထင်းတန်-ထင်း၊ ဝါးတန်-ဝါး၊ စသည် ပေးခဲ့ကြသည်။ ဆန်-ဆီများ ကျန်လျှင်လည်း ပေးထားခဲ့ကြသည်။

ဦးပွေးသည် ထိုကဲ့သို့ စေတနာနှင့် ရောင်းဝယ်ဖောက်ကားနေထိုင်ခဲ့ရာ တရိပ်ရိပ်နှင့် ကြီးပွားချမ်းသာလာသည်။ ထို့ပြင် ထူးခြားသော ဖြစ်ရပ်တခုကား သူ၏စေတနာနှင့် ထိုက်တန်သော အကျိုးပေးကောင်းတခု ဖြစ်သည်။ ထိုအကျိုးပေးကား မင်္ဂလာစုံတွဲ ၅-သိန်းဆုကြီး ပေါက်ခြင်းဖြစ်သည်။

သို့ဖြင့် ဦးပွေးသည် ရွှေဘိုမြို့သို့ ပြောင်းရွေ့ခဲ့သည်။ ယခုအခါ ရွှေဘိုမြို့တွင် ဗွီဒီယိုပြသခြင်း၊ အကြော်ဆိုင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချခြင်းဖြင့် ချမ်းသာစွာ နေထိုင်လျက် ရှိသည်။

(ကန့်ဘလူ ကံတင်အောင်-ပထဝီ )

****************************************

စေတနာအကျိုး နှင့် သမ္ဗုဒ္ဓေဂါထာ တန်ခိုး

(စေတနာအကျိုး နှင့် သမ္ဗုဒ္ဓေဂါထာ တန်ခိုး )

ကျွန်တော်၏ ဘဝတသက်တာတွင် မေ့မရနိုင်သော အဖြစ်ဆိုးကြီးတခုကို တွေးမိတိုင်း ကြက်သီးမွေးညင်းများ ထလောက်အောင် ကြောက်ရွံ့နေမိပါသည်။ အချိန်ကား မှတ်မှတ်ရရ ၁၉၈၉-ခု မေလ ၁၃-ရက်နေ့ ဖြစ်ပါသည်။ ထိုနေ့က အမေသည် သေလုမြောပါး ရောဂါဝေဒနာ ခံစားနေရပါသည်။ မကျန်းမာသဖြင့် ဆေးထိုးရာမှ ဆေးမကြေဘဲ ပြည်တည်နာဖြစ်ခဲ့ပါသည်။ အမေသည် ထိုအနာ၏ ကိုက်ခဲမှုဝေဒနာကို ပြင်းပြစွာ ခံစားနေရပါသည်။

ကျွန်တော်တို့ မိသားစုသည် ချို့တဲ့နွမ်းပါးစွာ ရုန်းကန် ရှာဖွေစာသောက်ကြရပါသည်။ ညီနှစ်ယောက်၏ ကျောင်းစရိတ်နှင့် မိသားစု စားဝတ်နေရေးအတွက် ကျွန်တော်သည် ဆယ်တန်းစာမေးပွဲကို ပြင်ပမှ ဖြေမည်ဟု ရည်ရွယ်၍ ကျောင်းထွက်ကာ အလုပ်လုပ်ပါသည်။ ပုဂ္ဂလိက သကြားလုံးစက်ရုံတွင် အလုပ်ရပါသည်။ အလုပ်ရှင် မိသားစုသည် စေတနာဖြူစင်သူများဖြစ်သည်။ အလုပ်သမားတို့၏ အခက်အခဲကို အကျိုးအကြောင်း ပြောပြလျှင် ခွင့်ပြုကူညီမြဲ ဖြစ်သည်။

၁၉၈၉-ခု မေလ ၁၃-ရက်နေ့က ကျွန်တော်သည် အလုပ်သိမ်းချိန်ထက်စော၍ ပြန်လာခဲ့ပါသည်။ ကမာရွတ်ဘူတာမှ ငါးနာရီဆယ့်ငါး လှော်ကားရထားဖြင့် လိုက်ပါလာပါသည်။ ထိုနေ့တနေ့လုံး အမေ့အနာ ဒီနေ့ခွဲရမယ်-ဟု ပြောလိုက်သောစကားကို ကျွန်တော့နားတွင် ကြားယောင်နေမိပါသည်။ အင်းစိန်ဘူတာသို့ ရထားရပ်လျှင် ဆင်းသူ၊ တက်သူ ခရီးသည်များ ရှုပ်ထွေးကျပ်ခဲနေပါသည်။

ကျွန်တော်သည် ထိုလူအုပ်ကြားမှ တိုးဝှေ့ကာ ရထားသံလမ်းကို ဖြတ်ကူးရန် ခြေလှမ်းလိုက်စဉ် လူတဦးက နောက်ကလှမ်းဆွဲခြင်းကို ခံလိုက်ရပါသည်။ ကျွန်တော် အနောက်သို့ လှည့်ကြည့်သောအခါ ညီလေး-ဟိုမှာ ရထားလာနေလို့-ဟု ပြောသော အသက် ၃၀-ဝန်းကျင်ခန့် လူတဦးကို တွေ့ရပါသည်။ ထိုစဉ် ပြည်စာပို့ရထားသည် ကျွန်တော်တို့ ရပ်နေရာနှင့် ပွတ်ကာသီကာလေး ဘူတာထဲဝင်ရောက်လာပါသည်။ ထိုအခါ ကျွန်တော်သည် အလွန်ကြောက်ရွံ့တုန်လှုပ်သွားပါသည်။ သို့သော် ကျွန်တော့အသက်သခင် ကျေးဇူးရှင်ကို ကျေးဇူးတင်စကားပင် မပြောမိဘဲ အိမ်အရောက် အမြန်ပြန်လာခဲ့ပါသည်။ အမေ့ကို ဆေးခန်းပို့ရန် အရေးကြီးနေ၍ ဖြစ်သည်။

အမေ့အား ဆေးခန်းလိုက်ပို့စဉ် အမေ-ဒီနေ့စိတ်တွေ လေးနေတာနဲ့ သမ္ဗုဒ္ဓေဂါထာကို တနေ့လုံး ရွတ်နေတာ-ဟု အမေက ပြောပါသည်။ ထိုနေ့မှစ၍ ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာကို စွဲမြဲစွာ ရွတ်ဖတ်ခဲ့ပါသည်။ လအတန်ကြာမှ ကျွန်တော်၏ဖြစ်ရပ်ကို အမေ့အား ပြောပြသောအခါ မိဘကို လုပ်ကျွေးတဲ့ စေတနာနဲ့ သမ္ဗုဒ္ဓေ ဂါထာရဲ့ တန်ခိုးကြောင့် သား သေဘေးမှ လွတ်ခဲ့တာပေါ့-ဟု အမေက ပြောပါသည်။

(ဗညားသန်းဌေး-အင်းစိန် )

****************************************

စေတနာအကျိုး

(စေတနာအကျိုး)

အလယ်စုရွာ၏ တောင်ဘက်တွင် ဦးဖိုးဝ အိမ်ရှိသည်။ သူ၏အိမ်ဘေးတွင် ကြီးမားသော ကုက္ကိုပင်ကြီးများ ရှိသည်။ ထိုအပင်ကြီးများပေါ်သို့ မိုးဦးကျအချိန်တွင် ဗျိုင်းများ လာရောက်အသိုက်ဖွဲ့ကြသည်။ ဦးဖိုးဝ၏ သားများက ဗျိုင်းများကို ပစ်ခတ်ဖမ်းဆီး စားသောက်ကသဖြင့် ဗျိုင်းများ ထွက်ပြေးသွားကြသည်။ နောင်တွင် မလာဝံ့တော့ပေ။

နောက်လေးငါးရက်ခန့်အကြာတွင် ရွာမြောက်ဘက် ဦးချမ်းအေးတို့ အိမ်ဘေးရှိ မန်ကျဉ်းပင်ကြီးများဆီသို့ ဗျိုင်းများ လာကြပြန်သည်။ ဦးချမ်းအေးသည် ဘာသာရေးကိုင်းရှိုင်း၍ စိတ်သဘောထားကောင်းသူ ဖြစ်သည်။ သူ၏သားများအား တို့အိမ်ကို အိမ်သာလို့ ဧည့်သည်တွေလာကြတာကွ၊ တို့အရိပ်ခိုဖို့ လာကြတာကွ။ သူတို့ရဲ့ အသိုက်အမြုံကို မဖျက်ကြနဲ့။ ချမ်းချမ်းသာသာနေကြပါစေ။ စောင့်ရှောက်ကြ-ဟုမှာကြားထား၏၊ သူ၏သားများကလည်း ဖခင်၏စကားကို လိုက်နာကြ၏၊

နောင်အခါ ဗျိုင်းများသာမက အခြားငှက်ငယ်များလည်း လာရောက်ခိုနားကြ၏၊ မကြာမီ သူတို့၏ အသိုက်အမြုံများတွင် ငှက်ကလေးများ ပေါက်ဖွားလာကြ၏၊ ထိုငှက်ကလေးများအား ငှက်မကြီးများက အနီးအနားရှိ အင်းအိုင်များမှ ငါးများကို ချီယူလာကြ၍ ခွံ့ကျွေးကြ၏၊

အချို့ငါးလေးများသည် ပါးစပ်အတွင်းသို့ မရောက်ဘဲ အပင်အောက်သို့ ပြုတ်ကျသည်။

ထိုသို့ ကျလာသောငါးလေးများသည် ဦးချမ်းအေးတို့ မိသားစုအတွက် ဟင်းစားရသည်။ နေ့စဉ်နှင့်အမျှ ရနေ၍ ငါးဟင်းဝယ်စားရန် မလိုတော့ပေ။ စားမကုန် ပိုလျှံသောငါးများကို ငါးပိ၊ ငါးခြောက်ပင်လုပ်၍ စားနိုင်သည်။

ဦးချမ်းအေး၏ စိတ်စေတနာ ကောင်းမှုတို့ကြောင့် လက်ငင်းအကျိုး ခံစားခွင့် ရရှိပါတော့သည်။

(ဆရာအေး-ကျုံပျော်)

****************************************

စေတနာရောင်ပြန်

(စေတနာရောင်ပြန်)

ဦးလှကြည် (မှုခင်းသတင်းထောက်၊ စာရေးဆရာ ပုသိမ်-လှကြည်) သည် ပုသိမ်မြို့၊ တာဝတိံသာလမ်းတွင် နေထိုင်သူဖြစ်သည်။ စာပေကိစ္စဖြင့် ရန်ကုန်သို့ မကြာမကြာ လာရောက်တတ်သည်။ တနေ့ (၁၀-၂-၂၀၀၇)တွင် ဦးလှကြည်သည် ပုသိမ်မြို့ နှစ်ကျိပ်ရှစ်ဆူလမ်းပေါ်၌ လျှောက်လှမ်းလာစဉ် အထုပ်တထုပ် ကျနေသည်ကို တွေ့ရှိရသည်။ ကောက်ယူကြည့်လိုက်ရာ ငွေထုပ်ဖြစ်နေကြောင်း သိလိုက်ရသည်။ ငွေများမှာ ၁၅၀၀၀၀-တသိန်းငါးသောင်းကျပ်) တိတိ ဖြစ်သည်။ ဦးလှကြည်သည် ငွေထုပ်ကိုကိုင်၍ ဟိုဟိုသည်သည် ကြည့်မိသည်။ ပိုင်ရှင်ကို တွေ့လိုတွေ့ငြား ကြည့်နေမိခြင်းဖြစ်သည်။ ကျကျန်ခဲ့သော ပိုင်ရှင်ကို ကိုယ်ချင်းစာမိသည်။ ထို့ကြောင့် ပိုင်ရှင်တွေ့ပါက ပြန်ပေးရန် ဆုံးဖြတ်၍ ထိုနေရာမှာပင် ငွေထုပ်ကိုကိုင်ကာ စောင့်နေမိသည်။

အတန်ကြာသော် ထိုလမ်းပေါ်မှ လူတယောက် လျှောက်လှမ်းလာသည်ကို တွေ့ရသည်။ ထိုသူသည် ပစ္စည်းတခုခုပျောက်၍ ရှာနေသည့်ပုံဖြင့် ဟိုဟိုသည်သည်ကြည့်၍ လာနေခြင်းဖြစ်သည်။ ထိုတွင် ဦးလှကြည်က ထိုသူကို အကျိုးအကြောင်း မေးမြန်းကြည့်ရာ ငွေထုပ်ပျောက်၍ ရှာနေခြင်းဖြစ်ကြောင်း သိရသည်။ ဦးလှကြည်က ထိုသူအား မေးသင့်သည်တို့ကို မေးကြည့်သည်။ ထိုသူသည် ငွေထုပ်ပိုင်ရှင် အမှန်တကယ်ဖြစ်ကြောင်း သိရှိလိုက်သည်။

ထိုသူ၏အမည်မှာ ဦးရေအေး ဖြစ်သည်။ ပုသိမ်မြို့ ဥမ္မာဒန္တီလမ်းတွင် နေထိုင်သည်။ ကောင်းမွန် ဟာလဝါ လုပ်ငန်းပိုင်ရှင် ဖြစ်သည်။ ပစ္စည်းဝယ်ယူရန်သွားရင်း ငွေထုပ်ကျကျန်ခဲ့ခြင်း ဖြစ်သည်။ ဦးလှကြည်သည် ဦးရေအေးကို ပစ္ဆိမာရုံကောျာင်းတိုက်သို့ ခေါ်ဆောင်သွားသည်။ ပစ္ဆိမာရုံဆရာတော် ဦးခေမိန္ဒ ရှေ့မှောက်တွင် ဦးလှကြည်က ဦးရေအေး-အား ငွေထုပ်ကို ပြန်ပေးလိုက်သည်။ ဦးရေအေး-က ဝမ်းသာလှသဖြင့် ငွေတသိန်းခွဲအနက်မှ ငွေငါးသောင်းကို ဦးလှကြည်အား ပြန်ပေးသည်။ ဦးလှကြည်၏ စိတ်ဓာတ်ကို လေးစားဂုဏ်ပြုသောအနေဖြင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် ဦးလှကြည်က ထိုငွေကို လုံးဝလက်မခံခဲ့ပေ။ ထိုအခါ ဦးရေအေး-က ဘောလ်ပင်တချောင်း လက်ဆောင်ဝယ်ပေးသည်။ ဤသည်ကိုတော့ ဦးလှကြည် မငြင်းသာတော့ လက်ခံလိုက်ရသည်။

ထိုသို့ဖြစ်ပြီး တလခန့်အကြာတွင် ဦးလှကြည်သည် ကိစ္စတခုဖြင့်သွားရင်း မိမိ၏အကျႌကော်လံတွင် တပ်ဆင်ထားသည့် ကြယ်သီးကလေး (ပတ္တမြား+ဥဿဖယား ရွှေဖြင့်ကွပ်ထား) ပြုတ်ကျပျောက်ဆုံးသွားသည်။ ဦးလှကြည်-က အတန်ကြာ လိုက်လံရှာဖွေသေးသည်။ မတွေ့သဖြင့် စိတ်လျှော့၍ ပြန်လာခဲ့သည်။ ဆုံးပြီဟုသာ မှတ်ထင်ထားလိုက်သည်။ ထိုကြယ်သီးမှာ ကာလတန်ဖိုး ၅၀၀၀၀ (ငါးသောင်းကျပ်) ခန့် တန်သည်။

ထိုသို့ရှိရာမှ ၄-ရက်ခန့်အကြာ ၁၂-၃-၂၀၀၇ နေ့တွင် ထိုကြယ်သီးကို ပြန်ပေးမည့်သူတဦး ဦးလှကြည်အိမ်သို့ မမျှော်လင့်ဘဲ ရောက်ရှိလာသည်။ ထိုသူမှာ ဦးအုန်း (ပုသိမ်မြို့၊ အမှတ် ၅-ရပ်ကွက်၊ ရပ်ကွက်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်-၁) ဖြစ်သည်။ ကြယ်သီးကလေးကို လမ်းပေါ်ရှိ သဲများကြားတွင် တွေ့ရှိရကြောင်း။ ဦးလှကြည် ကျပျောက်ခဲ့သည့် ပစ္စည်းဖြစ်သည်ဟု သိရ၍ လာပေးခြင်းဖြစ်ကြောင်း ဦးအုန်းက ပြောကာ ကြယ်သီးကလေးကို ဦးလှကြည်အား ပြန်ပေးလိုက်သည်။

ဦးလှကြည် များစွာ အံ့ဩမိပေသည်။ ထို့ပြင် မိမိက ဆုံးပြီဟု ထင်ထားသော မိမိမြတ်နိုးလှသော ပစ္စည်းကလေးကို အမှတ်မထင် ပြန်ရလိုက်သဖြင့် အလွန်လည်း ဝမ်းသာမိပေသစည်။ ထိုတွင် ဦးလှကြည်သည် မိမိငွေထုပ်ကောက်ရခဲ့စဉ်က အဖြစ်ကို ပြန်သတိရလိုက်သည်။ ကောက်ရသည့်ငွေထုပ်ကို ပိုင်ရှင်အား ပြန်ပေးလိုက်သည့် ကံအကြောင်းကြောင့် ယခု မိမိပစ္စည်း ကျပျောက်ရာတွင်လည်း ပြန်ပေးမည့်သူ ပေါ်လာခြင်းအကျိုးကို ရရှိခြင်းဖြစ်ပေသည်-ဟု ဦးလှကြည် ခံယူလိုက်မိပေသည်။ စေတနာကံ၏ ရောင်ပြန်ဟပ်မှုပင် ဖြစ်ပေသည်တကား။

မောင်အောင်ဝင်း (ထူးကြီး)

****************************************

စေတနာရောင်ပြန်

(စေတနာရောင်ပြန်)

လွိုင်ကော်မြို့တွင် အဝတ်လျှော်ဖွပ်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော မစန်းခင်-ဟူသည့် အမျိုးသမီးတဦး ရှိသည်။ သူ၏ခင်ပွန်းမှာ လွန်ခဲ့သောနှစ်အတန်ကြာက ဆုံးပါးသွားခဲ့သည်။ သူ့တွင် မောင်သက်အောင်-ဟူသော ၉-နှစ်အရွယ် လူမမည် သားကလေးတဦး ကျန်ရှိခဲ့ပေသည်။

သားငယ်လေးမှာလည်း လိမ္မာရေးခြားရှိလှသည်။ စတုတ္ထတန်းတွင် ပညာသင်ယူနေသော ကျောင်းသား တဦးလည်း ဖြစ်၏၊ ဆရာမိဘ ဆိုဆုံးမစကားကို မြေဝယ်မကျ နားထောင်တတ်သောကြောင့် လူကြီးမိဘများ၏ ချစ်ခင်ခြင်းကို ခံရသူဖြစ်သည်။

မစန်းခင် အဝတ်လျှော်သော ရေချိုးဆိပ်မှာ နှစ်ဆိပ်ရှိ၏၊ တဆိပ်မှာ သူတို့အိမ်နှင့် မလှမ်းမကမ်းတွင်ရှိသည်။ အခြားတဆိပ်မှာ တလမ်းကျော်တွင် ရှိသည်။ မောင်သက်အောင်သည် ညနေကျောင်းဆင်းတိုင်း မိခင်အဝတ်လျှော်ရာ ရေဆိပ်သို့ လာရောက်၍ မိခင်ကို ကူညီလုပ်ကိုင်ပေးလေ့ရှိသည်။ မိခင်က တားမြစ်သော်လည်း မရပေ။ ရေဆိပ်တဆိပ်တွင် မတွေ့လျှင် တဆိပ်သို့ လာရောက်မြဲဖြစ်၏၊

တနေ့သ၌ မစန်းခင်သည် ဘီလူးချောင်းရှိ ရေဆိပ်တွင် အဝတ်များ လျှော်ဖွပ်နေလေသည်။ ထိုစဉ် ရေကိုကျွမ်းကျင်စွာ မကူးတတ်သော ၁၀-နှစ်အရွယ်ခန့် ကလေးမလေးတဦးသည် ချောင်းထဲသို့ ရေဆင်းချိုးရာမှ ရေနစ်လေ၏၊ အနီးအနားတဝိုက်တွင် မစန်းခင် တဦးတည်းသာ ရှိ၏၊ သူသည် ရေထဲသို့ လျင်မြန်စွာ ကူးခပ်၍ ထိုမိန်းကလေးကို သက်စွန့်ဆံဖျား ဆယ်ယူလေသည်။

ထိုကလေးမလေးမှာ ကုန်းပေါ်သို့ ပြန်လည်ရောက်ရှိသော်လည်း သတိမေ့နေသဖြင့် မစန်းခင်သည် သတိပြန်ရလာအောင် ပြုစုပေးလေသည်။ မိန်းကလေးမှာ မစန်းခင်၏ ပြုစုပေးမှုကြောင့် မကြာမီ သတိပြန်လည်လာလေသည်။ ခဏအကြာ သူ၏မိဘများရောက်ရှိလာပြီး မစန်းခင်အား ကျေးဇူးများစွာ တင်ရှိကြောင်း ပြောဆိုကာ ပြန်သွားလေသည်။

မစိန်းခင်လည်း မိမိ၏လုပ်ရပ်အတွက် ဝမ်းသာပီတိဖြစ်နေမိသည်။ ထိုအခိုက်တွင် လူတဦးရောက်လာ၍-ခင်ဗျားသား ရေနစ်လို့ လူတဦးက ဆယ်ထားပေးတယ်။ အခု သတိမေ့နေတယ်-ဟု ပြောလေသည်။

မစန်းခင်လည်း သားဇောဖြင့် အဝတ်လျှော်ခြင်းကိစ္စကိုမေ့ကာ ထိုသူ့နောက်သို့ လျင်မြန်စွာ လိုက်သွားလေသည်။ ထိုနေရာသို့ ရောက်သောအခါ သူ၏သားမှာ ကောင်းစွာသတိရနေပြီ ဖြစ်သည်။

မစန်းခင်သည် မကြာသေးသော အချိန်ကာလကပင် သူတပါး၏ သမီးငယ်လေးကို ရေနစ်နေရာမှ ကယ်ဆယ်ခဲ့၏၊ ထိုစဉ် ထူးဆန်းတိုက်ဆိုင်စွာပင် သူ၏သားမှာ ရေနစ်သော်လည်း အသက်ဘေးမှ ကယ်ဆယ်ပေးနိုင်သော လူတဦးပေါ်လာ၏၊ ထို အသက်ကယ်သူကို ကျေးဇူးတင်မဆုံး ဖြစ်မိသည်။ မစန်းခင်သည် ကံ ကံ၏အကျိုးကို ကိုယ်တွေ့ယုံကြည်သွားပေပြီ။

(စိုးညွန့်ဝေ-လွိုင်ကော်)

****************************************

နေ့စဉ် ဆွမ်းပို့သူ

(နေ့စဉ် ဆွမ်းပို့သူ)

ကျွန်မတို့ဒေသ ကျေးရွာလေးမှာ အမြဲမပြတ် နေ့စဉ်ဆွမ်းပို့သည့် မုဆိုးမတဦး ရှိပါသည်။ သူသည် စားမှု၊ နေမှု ဝတ်ရေး ခြုံရေးကအစ အရာရာအားလုံး ပြီးပြည့်စုံသူတယောက် မဟုတ်ပေ။ သူ၏ အမျိုးသား ဆုံးပါးသွား ပြီးနောက် သားသမီးများလည်း အသီးသီး အိမ်ထောင်ရက်သားကျ၍ တနယ်တကျေးသို့ လိုက်ပါသွားခဲ့ကြသည်။ သူ့ဘဝ ဝမ်းရေး သူ့ဟာသူ ရုန်းကန်ရှာဖွေစားသောက်ခဲ့ရသည်။

သို့ပါသော်လည်း သူသည် နေ့စဉ်ဆွမ်းပို့ခြင်းဟူသော အလုပ်ကို မပျက်ကွက်ခဲ့။ သူသည် ကျန်းမာရေး အလွန်ကောင်းသူဖြစ်သည်။ အလုပ်ကြမ်းတွေ အမြဲလုပ်နေရသော်လည်း တော်ရုံနှင့် ဖျားနာသည်ဟူ၍ မရှိခဲ့ချေ။

သူ့အကြောင်း လေ့လာကြည့်တော့ သူ၏အသက် ၁၀-နှစ် သမီးကတည်းကစ၍ သူ့အဘွားနှင့် ဘုန်းကြီး ကျောင်းသို့ ဆွမ်းပို့လိုက်လေ့ရှိသည်ဟု သိရသည်။ သီတင်းသီလ ဥပုသ်နေ့တွေတိုင်းလည်း အဘွားနှင့်အတူ ဥပုသ်စောင့်လေ့ရှိသည်။

သူ အခုလို ဆွမ်းပို့နိုင်အောင် သူ၏စိတ်ကို အဘွားက ငယ်စဉ်ကတည်းက ပြုပြင်ပေးခဲ့၍ ဖြစ်သည်ဟု ဆိုသည်။ သူသည် အသက် ၅၀-ကျော်သည်အထိ ငယ်စဉ်ကတည်းကစ၍ သူများအသက်ကို မစားချေ။ ဟင်းသီးဟင်းရွက် အကြော်အလှော်လေးတွေနှင့်သာ ထမင်းစားသည်။ သူက ပြောပါသည်။ သတ္တဝါတွေရဲ့ သင်္ချိုင်းသည် လူတွေရဲ့ ပါးစပ်-တဲ့။ အမှန်ပင် ဖြစ်တော့သည်။

သူမသည် တကိုယ်ရေ တယောက်ထဲမို့ လွတ်လပ်ပြီး ဘာသာရေး အလွန်လိုက်စားသည်။ ခရီးသွားလာခြင်းမရှိ၍ အိမ်တွင်အနေများသည်။ ဆွမ်းမပြတ်ပို့သည်။ အခုခေတ်ကြီးမှာ နိုင်ငံစုံလုပ် စတီးချိုင့်တွေ အလွန်ခေတ်စားလာ သည်နှင့်အမျှ လူတိုင်းလူတိုင်း စတီးချိုင်းတွေနှင့် ဆွမ်းပို့ကြသည်။ ဆင်းရဲရှာသူခမျာကတော့ စတီးချိုင့်နှင့် ဆွမ်းမပို့နိုင်။ ခေတ်နှောင်း မိဘဘိုးဘွားများ အသုံးပြုခဲ့သည့် ဒန်ချိုင့်လေးနှင့်သာ ဆွမ်းပို့နိုင်ပါသည်။ သို့ပါသော်လည်း တခါတခေါက်သာ ကျောင်းသို့ ဆွမ်းပို့ရောက်သည့် စတီးချိုင့်တွေထက် သူကတော့ နေ့စဉ်ကျောင်းသို့ ဒန်ချိုင့်ဖြင့် ဆွမ်းသွားပို့သည်။ အမ၏ ဒန်ချိုင့်လေးက ပိုပြီး ဝင်းလက်တောက်ပ တန်ဖိုးရှိလှပါ တော့သည်။ သူသည် ထိုသို့ ဆွမ်းပို့ရသဖြင့် အလွန်ကျေနပ်ကာ စိတ်ချမ်းသာနေပုံရသည်။ နေ့စဉ် ကုသိုလ်ပြု နေရသဖြင့် ကောင်းရာသုဂတိသို့ မုချရောက်ရမည်ဟူ၍လည်း ခံယူယုံကြည်နေပါသည်။

အလှူအမျိုးမျိုးပြု၍ ကုသိုလ်ယူခဲ့ကြသည့်အထဲမှာမှ ဤသို့ နေ့စဉ် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့ခြင်းဟူသော အလှူဒါနကုသိုလ်သည် ပိုပြီးလွယ်ကူ၍ သန့်စင်မွန်မြတ်လှပါသည်။ တတ်နိုင်သည့်ဟင်းဖြင့် သန့်ရှင်းစင်ကြယ်စွာ စေတနာပါပါ နေ့စဉ်ချက်ပြုတ်ပြီး ဆွမ်းပို့ကြမည်ဆိုလျှင် အလှူရေစက် လက်နှင့်မကွာဆိုသလို တနေ့လျှင် သံဃာတပါး ဆွမ်းကပ်ရသည်နှင့် တူလှသည်။ ဆွမ်းချိုင့်လေးကိုကိုင်ပြီး နံနက်စောစော ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့သွားသူ၏ ခြေလှမ်းများသည် ရုပ်ရှင်သွားကြည့်သူများ၊ ပျော်ပွဲရွှင်ပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ သွားကြည့်သူများ၏ ခြေလှမ်းများထက် ကုဋေတသန်းမက တန်ဖိုးရှိလှပါတော့သည်။

စွဲကြူကြူအေး

****************************************

နောင်တ မျက်ရည်

(နောင်တ မျက်ရည် )

ကျွန်တော် ဆေးရုံရောက်နေသည်မှာ ၄-ရက်ခန့် ရှိလေပြီ၊ အကြောင်းမှာ ကျွန်တော်၏ စအိုကြား၌ အနာဖုကြီး ပေါက်လာသောကြောင့်ဖြစ်သည်၊ ကျွန်တော့မှာ သွားလို့လဲမရ၊ ထိုင်လို့လဲမရ၊ မှောက်ရက်ကြီးသာ နေရပါ၏၊ အိမ်သာတက်ပြီးတိုင်း စင်ကြယ်အောင်ဆေးရာ၌ သာ၍ပင် ဆိုးသေး၏၊ နာလိုက်သည်မှာ ပြောဖွယ်မရှိ။

တနေ့ ဆေးရုံသို့ ကျွန်တော့အဘကြီး ရောက်လာ၏၊ အဘသည် ကျွန်တော်၏ဝေဒနာကို မကြည်ရက်သောကြောင့် စုတ်တသပ်သပ်ဖြင့် မင်း-အဲဒါ ဝဋ်လည်တာကွ၊ ဝဋ်လည်တာ-ဟု တတွတ်တွတ်ပြောနေ၏၊

ကျွန်တော်က ဗျာ-ကျွန်တော် ဝဋ်လည်တာ ဟုတ်လား၊ ကျွန်တော် ဘာလုပ်ခဲ့မိလို့လဲ အဘရယ်-ဟု မေး၏၊ အဘက မင်း-ငယ်ငယ်တုန်းက နွားဝါကြီးကို လုပ်ခဲ့တာလေကွာ-ဟု ပြောသောအခါမှ အတိတ်က အရိပ်တွေဟာ ကျွန်တော့စိတ်အစဉ်မှာ တစိမ့်စိမ့် ပေါ်လာပါတော့သည်။

ကျွန်တော်သည် ငယ်ငယ်က လယ်ထွန်သည့်အလုပ်ကို အလွန်ဝါသနာပါသည်၊ အဘကြီးတို့အိမ်မှာ နွားဝါကြီးနှင့် နွားသိုးပေါက် တကောင် ရှိ၏၊ ကျွန်တော် လယ်ထွန်သည့်အခါ ထိုနွားတရှဉ်းဖြင့် ထွန်ရ၏၊ နွားဝါကြီးမှာ အိုပြီဖြစ်၍ လျင်လျင်မြန်မြန် မသွားနိုင်တော့ပါ၊ ကျွန်တော်ကလည်း လူငယ်ဆိုတော့ လျင်လျင်မြန်မြန် သွက်သွက်လက်လက်မှ ကြိုက်၏၊ ထိုအခါ ကျွန်တော်နှင့် နွားဝါကြီးတို့ တွေ့ကြပါလေပြီ။

လယ်ထွန်သည့်အခါ နွားဝါကြီးကို တဖြောင်းဖြောင်းနှင့် ရိုက်၏၊ တခြားလယ်ကွင်းမှ လူတွေက မင်းနွားက အအိုကြီးပါကွာ၊ မသွားနိုင်တော့ပါဘူး-ဟု ပြောလျှင် မခံချင်စိတ်နှင့် ပိုပြီးရိုက်၏၊ ရိုက်လို့မှ မသွားလျှင် နွားဝါကြီး၏ စအိုတွင်းကို တုတ်ဖြင့် တအားထိုး၏၊

အဘက ဖြေးဖြေးမောင်းပါကွ၊ မင်း ဝဋ်လိုက်လိမ့်မယ်-ဟု ပြောသော်လည်း နားမထောင်ခဲ့၊ ရိုက်မြဲ ရိုက်၏၊ ထိုးမြဲ ထိုး၏၊ နွားဝါကြီးမှာ နာလွန်း၍ မျက်ရည်များပင် ထွက်လေ၏၊ စအိုမှလည်း သွေးတွေ ထွက်လေ၏၊

နောက်တော့ အဘက ကျွန်တော့ကို နွားမောင်းကြမ်း၍ လယ်မထွန်ခိုင်းတော့ပါ၊ ကျွန်တော်သည် အတိတ်အကြောင်းကို စဉ်းစားနေရင်းမှာပင် မျက်ရည်စက်တို့သည် ပါးပြင်ထက်သို့ တလိမ့်လိမ့် စီးကျလာလေတော့၏၊

ထိုအခါ နွားဝါကြီးရယ်၊ ခွင့်လွှတ်ပါတော့၊ ဒီဘဝ ဒီမျှနဲ့ပဲ ကျေနပ်ပါတော့-ဟု စိတ်ထဲမှ ရေရွတ်ရင်း အထပ်ထပ် အခါခါ တောင်းပန်နေမိပါတော့သည်။

(မင်းတမာ-အညာမြေ )

****************************************

နောင်တမျက်ရည်

(နောင်တမျက်ရည်)

ကျွန်တော် ဆေးရုံရောက်နေသည်မှာ ၄-ရက်ခန့်ရှိလေပြီ၊ အကြောင်းမှာ ကျွန်တော်၏ စအိုကြား၌ အနာဖုကြီး ပေါက်လာသောကြောင့် ဖြစ်သည်။ ကျွန်တော့မှာ သွားလို့လည်းမရ၊ ထိုင်လို့လည်းမရ၊ မှောက်ရက်ကြီးသာ နေရပါ၏၊ အိမ်သာတက်ပြီးတိုင်း စင်ကြယ်အောင်ဆေးရာ၌ သာ၍ပင် ဆိုးသေး၏၊ နာလိုက်သည့်မှာ ပြောဖွယ်မရှိ။

တနေ့ ဆေးရုံသို့ ကျွန်တော့အဘကြီး ရောက်လာ၏၊ အဘသည် ကျွန်တော်၏ဝေဒနာကို မကြည့်ရက်သောကြောင့် စုတ်တသပ်သပ်ဖြင့် မင်း-အဲဒါ ဝဋ်လည်တာကွ၊ ဝဋ်လည်တာ-ဟု တတွတ်တွတ် ပြောနေ၏၊ ကျွန်တော်က ဗျာ-ကျွန်တော် ဝဋ်လည်တာ ဟုတ်လား။ ကျွန်တော် ဘာလုပ်ခဲ့လို့လဲ အဘရယ်-ဟုမေး၏၊

အဘက မင်း-ငယ်ငယ်တုန်းက နွားဝါကြီးကို လုပ်ခဲ့တာလေကွာ-ဟု ပြောသောအခါမှ အတိတ်ကအရိပ်တွေဟာ ကျွန်တော့စိတ်အစဉ်မှာ တစိမ့်စိမ့် ပေါ်လာပါတော့သည်။ ကျွန်တော်သည် ငယ်ငယ်က လယ်ထွန်သည့်အလုပ်ကို အလွန်ဝါသနာပါပါသည်။ အဘကြီးတို့အိမ်မှာ နွားဝါကြီးနှင့် နွားသိုးပေါက်တကောင် ရှိ၏၊ ကျွန်တော် လယ်ထွန်သည့်အခါ ထိုနွားတရှဉ်းဖြင့် ထွန်ရ၏၊ နွားဝါကြီးမှာ အိုပြီဖြစ်၍ လျင်လျင်မြန်မြန် မသွားနိုင်တော့ပါ။ ကျွန်တော်ကလည်း လူငယ်ဆိုတော့ လျင်လျင်မြန်မြန် သွက်သွက်လက်လက်မှ ကြိုက်၏၊ ထိုအခါ ကျွန်တော်နှင့် နွားဝါကြီးတို့ တွေ့ကြပါလေပြီ။

လယ်ထွန်သည့်အခါ နွားဝါကြီးကို တဖြောင်းဖြောင်းနှင့် ရိုက်၏၊ တခြားလယ်ကွင်းမှ လူတွေက မင်းနွားက အအိုးကြီးပါကွာ၊ မသွားနိုင်တော့ပါဘူး-ဟုပြောလျှင် မခံချင်စိတ်နှင့် ပိုပြီးရိုက်၏၊ ရိုက်လို့မှ မသွားလျှင် နွားဝါကြီး၏ စအိုတွင်းကို တုတ်ဖြင့် တအားထိုး၏၊ အဘက ဖြေးဖြေးမောင်းပါကွ၊ မင်း ဝဋ်လိုက်လိမ့်မယ်-ဟုပြောသော်လည်း နားမထောင်ခဲ့။ ရိုက်မြဲ ရိုက်၏၊ ထိုးမြဲ ထိုး၏၊ နွားဝါကြီးမှာ နာလွန်း၍ မျက်ရည်များပင် ထွက်လေ၏၊ စအိုမှလည်း သွေးတွေထွက်လေ၏၊

နောက်တော့ အဘက ကျွန်တော့ကို နွားမောင်းကြမ်း၍ လယ်မထွန်ခိုင်းတော့ပါ။ ကျွန်တော်သည် အတိတ်အကြောင်းကို စဉ်းစားနေရင်းမှာပင် မျက်ရည်စက်တို့သည် ပါးပြင်ထက်သို့ တလိမ့်လိမ့် စီးကျလာလေတော့၏၊ ထိုအခါ နွားဝါကြီးရယ် ခွင့်လွှတ်ပါတော့။ ဒီဘဝ ဒီမျှနဲ့ပဲ ကျေနပ်ပါတော့-ဟု စိတ်ထဲမှ ရေရွတ်ရင်း အထပ်ထပ် အခါခါ တောင်းပန်နေမိပါတော့သည်။

(မင်းတမာ-အညာမြေ)

****************************************

ပေးလှူတတ်သော ကုသိုလ်ရှင် ဇနီးမောင်နှံ

(ပေးလှူတတ်သော ကုသိုလ်ရှင် ဇနီးမောင်နှံ )

ကျောက်ကာရွာသည် မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း ပါဝင်ပြီး ဝဲလောင်ရွာ၏ အရှေ့မြောက်ဘက် ၁-မိုင်ခန့်အကွာ ဆင်တဲဝချောင်းမကြီး၏မြောက်ဘက် ကပ်လျက် တည်ရှိပါသည်၊ ထိုရွာ၏မြောက်ဘက် ၄-ဖာလုံခန့် အကွာတွင် ဦးသိန်းကြီး+ဒေါ်မမကြီးတို့ တည်ထောင်ဖွင့်လှစ်ထားသည့် ကျောက်ကာမဟာဗောဓိ စာသင်တိုက်ကြီးရှိသည်။

စာသင်တိုက်တွင် စာသင်သား ရဟန်းသံဃာ အပါး ၄၀-ခန့်နှင့် သီလရှင် အပါး ၅၀-ခန့်ကို သီးခြားကျောင်းဆောင် များဖြင့် စနစ်တကျ စီမံထားရှိသည်၊ စာသင်သား ရဟန်းသံဃာများကို နာယကဆရာတော် ဦးတေဇိန္ဒ-က အုပ်ချုပ်ပြီး သီလရှင်များကို ဆရာကြီးဒေါ်ကေသာစာရီ-က ကြီးမှူး၍ စာပေပရိယတ္တိများ သင်ကြားပို့ချပေးခဲ့ပါသည်။

စာသင်တိုက်ရှိ ရဟန်းသံဃာများနှင့် သီလရှင်များကို ဦးသိန်းကြီး+ဒေါ်မမကြီးတို့က တဦးတည်း ကျောင်း သင်္ကန်း ဆွမ်း ဆေး ပစ္စည်း၄-ပါးဖြင့် အမြဲတာဝန်ယူ ထောက်ပံ့ခဲ့သည်။ ထို့ကြောင့် ရဟန်းသံဃာများနှင့် သီလရှင်များအားလုံး နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးတို့မှာ အထူး ကောင်းမွန်လှပါသည်။

သို့သော် ထိုစာသင်တိုက်သည် မြို့နှင့်မနီးသော တောရွာတရွာတွင် တည်ထောင်ဖွင့်လှစ်ထားသဖြင့် တချိန်က လျှပ်စစ်မီး မရှိခဲ့ပေ၊ ရဟန်းသံဃာများနှင့် သီလရှင်များ စာကျက်ရန် ဖယောင်းတိုင်နှင့် မီးအိမ်တို့ကိုသာ အားကိုးနေခဲ့ရပါသည်။ ထိုအဖြစ်ကိုသိသော ဝဲလောင်ရွာမှ ဘက်ထရီလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးကျော်မောင်+ဒေါ်သန်းအေး ဇနီးမောင်နှံတို့သည် စိတ်တူကိုယ်တူ သဒ္ဓါတူစွာဖြင့် ရဟန်းသံဃာများနှင့် သီလရှင်များထံ ဘက်ထရီအိုးများ ပြုလုပ်လှူဒါန်းခဲ့သည်။

ထို့အပြင် ဓာတ်အားသွင်းပေးခြင်း၊ အက်ဆစ်မိုးရေ ထည့်ပေးခြင်းနှင့် ပျက်လျှင် ပြင်ပေးခြင်းတို့ကိုပါ ဒါနပြုခဲ့သည်၊ ထိုဒါနကုသိုလ်၏ သက်တမ်းမှာ ၁၀-နှစ် ကျော်ခန့် ရှိပါသည်။ သူတို့တွင် ဝဲလောင်ရွာတွင်လက်ရှိနေထိုင်ကြသော်လည်း ဝဲလောင်ရွာဇာတိများ မဟုတ်ကြပါ၊ လွန်ခဲ့သော ၁၀-နှစ်ကျော်ခန့်ကမှ မလှိုင်မြို့နယ် ဆည်တိုကျေးရွာမှ ပြောင်းရွှေ့လာခဲ့ကြသူများ ဖြစ်သည်။

သူတို့သည် ရောက်စတွင် မော်တော်ကားလမ်းကြီး၏ မြောက်ဘက်တွင်ရှိ (ဦးဘညီ) ဒေါ်ကြည်ကြည်တို့အိမ်တွင် အိမ်ခန်းငှါးဘဝဖြင့် နေထိုင်ခဲ့ရသည်၊ ၃-နှစ်ခန့်ကြသောအခါ မော်တော်ကားလမ်းမကြီး၏ တောင်ဘက်ကပ်လျက်တွင်ရှိ ဝိုင်းတဝိုင်းကို ဝယ်ယူနိုင်ခဲ့သည်၊ မကြာမီ ကိုယ်ပိုင်အိမ်ဖြင့် လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်၊ စီးပွားဥစ္စာရတနာများလည်း တနေ့တခြား တိုးပွားလာခဲ့ပါသည်။

ဤသို့ မကြာမြင့်သောကာလအတွင်း အဘက်ဘက်မှ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့နှင့် အစစပြည့်စုံလာခဲ့ခြင်းသည် သူတို့၏ပေးလှူတတ်သော ကုသိုလ်အကျိုးက သူတို့ထံ ပြန်လည်အကျိုးပေးခြင်း ဖြစ်ကြောင်း တရွာလုံးက ပြောဆိုနေခဲ့ကြပါသည်။

(ခင်မောင်တင်-ဝဲလောင် )

****************************************

ဗောဇ္ဈင်္ဂသုတ်တော် အကျိုး

(ဗောဇ္ဈင်္ဂသုတ်တော် အကျိုး)

ကျွန်မတို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ယုံကြည်ရာ အားထားရာအလိုက် မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ ပရိတ်တော်များ၊ ဂါထာတော်များကို ရွတ်ဖတ်ပူဇော် ပွားများကြသည်များကို တွေ့ရှိရပါသည်။ ထိုသို့ ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အကျိုးထူးများ ချမ်းသာခြင်းများ ရရှိသွားကြသည်များကိုလည်း အများအပြားပင် တွေ့ရှိခဲ့ဖူးပါသည်။

ကျွန်မသည် ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်သည်နှင့်အညီ မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ ပရိတ်တော်များကို အမြဲရွတ်ဖတ် ပူဇော်ပွားများခဲ့ပါသည်။ ထိုပရိတ်တော်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိမှ ဆင်းသက်လာပါသည်။ အဓိပ္ပါယ်မှာ ပရိတ်ရွတ်ဖတ်ကြသူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် မမြင်ရသော ဘေးအန္တရာယ်အသွယ်သွယ်တို့သည် မပေါ်ပေါက် မကျရောက်စေရန် ကြိုတင်ကာဆီးခြင်းဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်ပါသည်။

ထိုပရိတ်ကြီး ၁၁-သုတ်မှ ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ခြင်းဖြင့် ၆-နှစ်တာမှ ခံစားခဲ့ရသော အရေပြားရောဂါကို မုချပျောက်ကင်း၍ ချမ်းသာခြင်းရရှိပုံ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ရေးသားတင်ပြအပ်ပါသည်။

ကျွန်မ၏ လက်ထိပ်တွင် လွန်ခဲ့သော ၆-နှစ်ခန့်မှစ၍ ရောဂါတမျိုး ဖြစ်ပေါ်ခံစားခဲ့ရပါသည်။ ထိုရောဂါမှာ အရေပြားများသည် အက်ကွဲလာခြင်း ဖြစ်ပါသည်။ အစပထမတွင် အရေခွံလဲသည်ဟုပင် ထင်မြင်မိပါသည်။ ဆောင်းတွင်းအခါ လက်မှ အရေခွံများ လဲတတ်သည်ဖြစ်ရာ ကျွန်မလည်း ထိုသို့ပင် အရေခွံလဲသည်ဟု ထင်မိလေသည်။ သို့သော် ထိုအရေခွံလဲခြင်းသည် ဆောင်းတွင်းအခါပင် မကဘဲ နွေ၊ မိုး၊ ဆောင်း ၃-ရာသီလုံးပင် အရေပြားများ ကွဲအက်နေပါသည်။ အစပထမတွင် နာကျင်ခြင်းမရှိသော်လည်း ၁-နှစ်လောက်အကြာတွင် ထိုလက်ထိပ်များမှာ နာကျင်လာပါသည်။ လက်ထိပ်မှ အရေပြားများမှာ ရေမထိလျှင် ကွဲအက်၍ သွေးများ ထွက်တတ်ပြီး ရေထိလျှင် အရေပြားမှာ ပါးလွှာ၍ သွေးခြည်များ ဥနေတတ်ပါသည်။ ကျွန်မလည်း မခံနိုင်သည့်အဆုံး အနီးရှိ ဆေးခန်းတခုသို့ သွားရောက်ပြသခဲ့ပါသည်။ ထိုဆရာဝန်က ကျွန်မအား ဗီတာမင် အီးဓာတ်လို၍ ဖြစ်ကြောင်းပြောပြီး Vitamin E ဆေးအား သောက်ရန် မှာကြားပါသည်။

ကျွန်မလည်း ဆေးကို ၂-ပတ်မျှလောက်သာ သောက်ပြီး ဆက်၍ မသောက်ဖြစ်တော့ပေ။ ကျွန်မ၏ရောဂါမှာလည်း သက်သာခြင်းမရှိဘဲ ပို၍ပင် ဆိုးလာပါတော့သည်။ အရေခွံမှာ အမြဲမပြတ် ကွာနေခြင်းကြောင့် ကျွန်မမှာ ထမင်းလည်း လက်နှင့်စား၍ မရဘဲ ဇွန်းနှင့်သာ စားရပါသည်။ အဝတ်လျှော်၍လည်း မရပေ။ ကျွန်မ၏လက်မှာ ဆပ်ပြာ၊ ရေနှင့် ထိတွေ့ရမည်ကိုပင် အင်မတန် ကြောက်ရွံ့နေမိပါသည်။ ထို့ကြောင့် လက်အိတ်ကို အသုံးပြု၍ ကျွန်မအဝတ်လျှော်၊ ပန်းကန်ဆေး စသည့် အလုပ်များ ပြုလုပ်ရာတွင် အဆင်ပြေလာသည့်အတွက် လက်အိတ်ကို ကျွန်မ အမြဲမပြတ် အသုံးပြုခဲ့ပါသည်။

အရေပြားကွာခြင်းမှာလည်း လက်ထိပ်တွင်သာ ဖြစ်သည့်အတွက် လက်အိတ်ကို အသုံးပြုပြီး အိမ်အလုပ်များကို လုပ်ကိုင်ရာတွင် အဆင်ပြေသဖြင့် ကျွန်မလည်း ပေါ့ပေါ့တန်တန်ပင် ပြန်၍နေခဲ့ပါသည်။ ထိုသို့ပင် ကျွန်မ ရောဂါခံစားရသည်မှာ ၆-နှစ်ပင် ပြည့်ခဲ့လေပြီ။ ကျွန်မလည်း ပေါ့ပေါ့တန်တန် နေခဲ့ရာမှ တနေ့တွင် ကျွန်၏လက်ထိပ်များကိုကြည့်ပြီး အင်မတန် ကြောက်ရွံ့လာမိပါသည်။ အဘယ်ကြောင့်ဆိုသော် အရေခွံကွာခြင်းမှာ လက်ထိပ်မှအောက်သို့ တဖြည်းဖြည်း ကူးစက်လာနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအခါမှ ကျွန်မလည်း အလွန်ပင် ထိတ်လန့်တုန်လှုပ်မိပါတော့သည်။ လက်ချောင်းများမှာလည်း ကွေး၍ ဆန့်၍ မရအောင် နာကျင်နေပါတော့သည်။

ထိုအခါ ကျွန်မ၏စတ်ထဲတွင် တွေးထင်မိသည်က ကျွန်မ၏လက်ချောင်းများကို ဖြတ်ပစ်ရမည်လားဟုပင် သံသယဝင်မိပါသည်။ ထိုသို့ ကျွန်မ အင်မတန် အားငယ်နေချိန်တွင် မြတ်စွာဘုရား၏ ပရိတ်ကြီး ၁၁-သုတ် စာအုပ်အား ဖတ်ရှုမိပါသည်။ ထိုပရိတ်ကြီး ၁၁-သုတ် စာအုပ်မှ ဗောဇ္ဈင်သုတ်တော်အား ရွတ်ဖတ်ခြင်းမှ ဗောဇ္ဈင်္ဂသုတ်တော်၏ အကျိုးကို သိရှိလာရပါသည်။ ထိုဗောဇ္ဈင်သုတ်တော်ကိုနေ့စဉ် ရွတ်ဖတ်ပွားများပါက ရောဂါဆိုး၊ ဝေဒနာဆိုးပင် မကပ်ငြိနိုင်ဘဲ ပျောက်ကင်းချမ်းသာစေနိုင်ကြောင်းကို သိရှိရပြီး ကျွန်မ အားတက်ခဲ့မိပါသည်။

ထိုအချိန်တွင် ကျွန်မသည် ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ကျွန်မသည် ရွတ်ဖတ်ပူဇော်ပြီးတိုင်း ဆုတဆုကို တောင်းခဲ့ပါသည်။ ထိုဆုမှာ ဘုရားတပည့်တော်မသည် ဤဗောဇ္ဈင်္ဂသုတ်တော်ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် တပည့်တော်မ၏လက်တွင် ခံစားနေရသော ရောဂါဝေဒနာများ အမြန်ပျောက်ကင်းပါစေဟု ဆုတောင်းမိပါသည်။ ကျွန်မသည် ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ရာတွင် ဘုရားရှိခိုးချိန်တွင်သာမကဘဲ အချိန်အားတိုင်း ရွတ်ဖတ်ပူဇော်မိပါသည်။

ဗောဇ္ဈင်္ဂသုတ်တော်ကို စတင်ရွတ်ဖတ်ပူဇော်ခြင်းမှစ၍ ကျွန်မ၏လက်တွင် ထူးခြားမှုများ ဖြစ်ပေါ်လာပါသည်။ အရေခွံကွာကျခြင်းမှာ အောက်သို့ ဆက်လက်မကူးစက်တော့ဘဲ လက်ထိပ်တွင်သာ ဖြစ်နေပါသည်။ လက်မှာလည်း ကွေးနိုင်၊ ဆန့်နိုင်ပြီဖြစ်၍ နာကျင်မှုလည်း မရှိတော့ပေ။ ကျွန်မလည်း အားများ ပို၍ တက်လာခဲ့ပြီး ဗောဇ္ဈင်္ဂသုတ်တော်ကို ယုံယုံကြည်ကြည်ဖြင့် ရွတ်ဖတ်ပူဇော်လာခဲ့ပါသည်။

ထိုသို့ ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ကျွန်မတို့၏မိတ်ဆွေ ဆရာဝန်ထံ သွားရောက်ပြသခဲ့ရာ ကျွန်မ၏လက်ထိပ်မှ အနာမှာ ရိုးရိုးအရေခွံလဲသည်လည်းမဟုတ်၊ Vitarmin-E ဓာတ် လိုသည်လည်းမဟုတ်ဘဲ ဝဲနှင်းခူ ဖြစ်နေကြာင်း သိရလေသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ကျွန်မ၏ရောဂါသည် လုံးဝမယားဘဲ ခြောက်နေခြင်းပင် ဖြစ်ပါသည်။ ဆရာဝန်က ကျွန်မအား ဆေးထိုးပေး၍ သောက်ဆေးများ တပတ်စာ ပေးလိုက်ပါသည်။

ကျွန်မလည်း ယခုမှပင် ကျွန်မ၏ ရောဂါမှာ ဝဲနှင်းခူဖြစ်နေသည်ကို သိရှိရပြီး သောက်ဆေးများလည်း သောက်ကာ ဗောဇ္ဈင်္ဂသုတ်တော်ကိုလည်း ပို၍ပင် ရွတ်ဖတ်ပူဇော်မိပါသည်။ တပတ်ခန့်အကြာတွင် ကျွန်မ၏လက်ထိပ်မှ ၆-နှစ်ကြာမျှ ခံစားခဲ့ရသော အရေပြားရောဂါသည် ကင်းစင်ပပျောက်၍ ချောမွေ့နေသည်ကို အံ့ဩစွာ တွေ့ရှိခဲ့ရပါသည်။

ထိုသို့ ကျွန်မ၏ အရေပြားရောဂါ ပျောက်သွားခြင်းသည် ဗောဇ္ဈင်္ဂသုတ်တော်ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ဖြင်းကြောင့် ဖြစ်မည်၏ဟု ယုံကြည်ပါသည်။ ထိုဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းကြောင့် ဆရာကောင်း၊ သမားကောင်းကိုတွေ့ရှိကာ အနာနှင့်ဆေး တွေ့၍ ရောဂါပျောက်ကင်းခဲ့ရသည်။ ထို့ကြောင့် ရောဂါဝေဒနာ ကျရောက်နေသူများသည် ဤဗောဇ္ဈင်္ဂသုတ်တော်ကို ယုံကြည်စွာ ပီပီသသ ရွတ်ပေးပါက ရောဂါပျောက်ကင်းချမ်းသာခြင်းသို့ မုချရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

မနွဲ့-ယဉ်ကျေးမှု

****************************************

ဗောဇ္ဈင်ရွတ်ပွား အကျိုးတရား

(ဗောဇ္ဈင်ရွတ်ပွား အကျိုးတရား )

ကျွန်မ၏မိခင်ကြီးသည် အသက် ၈၀-အထိ ဒေါင်ဒေါင်မည် ကျန်းမာသူတဦး ဖြစ်ပါသည်။ အိမ်မှုကိစ္စများကို ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ သို့သော် ၈၁-နှစ်ထဲ ရောက်သည်နှင့် အသက်ရှူမဝ၊ အိပ်မပျော်၊ စားမဝင်ဖြစ်ကာ အိပ်ရာထဲတွင်သာ အနေများနေသည်။ ထို့ကြောင့် အထူးကုဆရာဝန်ကြီးနှင့် ပြသကြည့်ရာ အဆုတ်ပွပြီး အသက်ရှူလေပြွန်လမ်းကြောင်း မကောင်းဟုသိရပါသည်။ ကြီးမားသောရောဂါ မဟုတ်သောကြောင့် စိုးရိမ်ဖွယ်မရှိကြောင်း ပြောပြီး သောက်ဆေးကိုသာ ပေးလေသည်။

သို့သော် ရောဂါမှာ သက်သာသလိုနှင့် ထူထူထောင်ထောင် မရှိသေးသဖြင့် အားရစရာ မကောင်းလှပါ။ သီတင်းကျွတ်လ တရက်တွင်မူ မိခင်၏ မောင်ဖြစ်သူက ပုဇွန်တောင်ကျောင်းတိုက်မှ သံဃာတော်သုံးပါးကို အိမ်သို့ပင့်ဆောင်ကာ အသင့်ချက်ပြုတ်လာသော ဆွမ်း ခဲဘွယ်နှင့် သင်္ကန်းတစုံကို မိခင်ကြီးအား ကပ်လှူစေပါသည်။ မိခင်ကြီးကို အမွန်မြတ်ဆုံးသော ကန်တော့နည်းဖြင့် ကန်တော့ခြင်းပင် ဖြစ်ပါသည်။

္ဆဆရာတော်ကြီးက သီလပေး တရားဟောပြီး သံဃာတော်များအားလုံး ပရိတ်ရွတ်ဆိုကြပါသည်။ အထူးသဖြင့် မိခင်ကြီးအတွက် မေတ္တသုတ်နှင့် ဗောဇ္ဈင်သုတ်ကို ရွတ်ဆိုပြီးနောက် ဗောဇ္ဈင် ၇-ပါး တရားတော်ကို ရွတ်ဆိုရာ မိခင်၏မွေးနေ့နှင့် အမည်ကို ၁၀-ကြိမ်ခန့်ပင် ထည့်သွင်း ရွတ်ဆိုသည်ကို နာကြားရပါသည်။ ဆရာတော်ကြီးသည် ဦးလေးနှင့် ဆရာရင်း ဒကာရင်း ဖြစ်ရာ မိခင်ကြီးအား အထူးဆုတောင်း မေတ္တာပို့သနေမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားတော်မူသွားပါသည်။

ဤသို့ဖြင့် သံဃာတော်များအား သဒ္ဓါဆွမ်းဆက်ကပ်၍ သင်္ကန်းကပ်လှူပြီးသည့်နောက်ပိုင်း မိခင်ကြီးမှာ တနေ့တခြား လန်းဆန်းထူထောင်လာပြီး စားဝင် အိပ်ပျော်လာပါသည်။ ပရိတ်ကြီး ၁၁-သုတ်ကို ကိုယ်တိုင် ရွတ်ဆိုလာနိုင်ရုံသာမက သတင်းစာကိုပင် ဖတ်ရှုလာနိုင်သည်အထိ နေကောင်းလာပါသည်။ ဆရာတော်ဘုရားကြီး ပို့သသောမေတ္တာနှင့် ပရိတ်ရွတ်ဆိုခြင်း အထူးသဖြင့် ဗောဇ္ဈင်သုတ်နှင့် ဗောဇ္ဈင် ၇-ပါး တရားတော်ရွတ်ဆိုမှု၏ တန်ခိုးတော်ကြောင့်ပင် ဖြစ်ပေမည်။

ဗောဇ္ဈင်တရား၏ အနှစ်တရားကိုယ် ၇-ပါးမှာ

မဂ်ဉာဏ်၏အကြောင်းဖြစ်သော ဆင်ခြင်အောက်မေ့မှု (သတိ)၊

ဉာဏ်(ပညာ၊

အားထုတ်မှု(ဝီရိယ)၊

နှစ်သက်ကြည်နူးမှု(ပီတိ)၊

ငြိမ်းချမ်းမှု(ပဿဒ္ဓိ)၊

တည်ကြည်မှု(သမာဓိ) နှင့်

အလယ်အလတ်တည့်မတ်မှု(ဥပေက္ခာ)တို့ပင်ဖြစ်ပြီး

ထိုတရားများ မပါဝင်လျှင် ဘယ်အရာမျှမပြီးစီး မအောင်မြင်နိုင်။

ပညာရေး စီးပွားရေး ကျန်းမာရေး-စသော လောကအရေးအရာများတွင် ထိုဗောဇ္ဈင်တရားတို့ ကင်းမဲ့လျှင် ဆုတ်ယုတ်ပျက်စီးတတ်ကြောင်း ဖတ်ရှုဆင်ခြင်မိသည့်နောက်ဝယ် ကျွန်မသည် မိခင်ကြီး၏ ကျန်းမာရေး ကောင်းသည်ထက် ကောင်းလာစေရန် ဗောဇ္ဈင်သုတ်နှင့် ဗောဇ္ဈင် ၇-ပါး တရားတော်တို့ကို မိခင်၏မွေးနေ့နှင့် အမည် ထည့်သွင်း၍ နဘေးတွင်ထိုင်ကာ နေ့စဉ်မပျက် ယုံကြည်လေးနက်စွာ ရွတ်ဆိုပေးမိပါတော့သည်။

(ရည်မျိုးဆက် )

****************************************

ဗောဇ္ဈင်သုတ်တော်အကျိုး

(ဗောဇ္ဈင်သုတ်တော်အကျိုး )

ညောင် --- ဝေါင်---ဝေါင်--

ခွီး

ဟဲ့--ဟဲ့၊ လုပ်ကြပါဦး၊ သေပါပြီတော်---သေပါပြီ။

စီခနဲ ညံခနဲ အသံရိုင်းများကြောင့် ကျောင်းစာထဲတွင် အာရုံစူးနစ်နေသော ကျွန်မသည် အသံလာရာ အိမ်ရှေ့ ခန်းသို့ လှမ်းကြည့်လိုက်ပါသည်။

ဟောတော့---ကြောင်စုန်းကြီး။

တလသား ကြောင်ပေါက်စကလေးကို လည်မျိုမှ ကိုက်ချီ ယမ်းခါနေသည့် ကြောင်ထီးကြီးအား ကျွန်မသည် လက်လှမ်းမီရာ တုတ်တချောင်းဖြင့် ပစ်ပေါက်ရင်း အိမ်ရှေ့ခန်းသို့ ပြေးလာမိပါသည်။

ကျွန်မသည် သွေးအိုင်ထဲတွင် ငြိမ်သက်နေသည့် ကြောင်ကလေးကို တယုတယ ကောက်ယူလိုက်ပါသည်။ ရင်ဘတ်ကလေးကား နိမ့်ချည်မြင့်ချည်နှင့် အသက်ရှိနေသေးကြောင်း တွေ့လိုက်ရပါသည်။

မေမေရေ၊ ညီမလေးရေ၊ ကြောင်ကလေး မသေသေးဘူး၊ အသက်ရှိသေးတယ်။

သမီးတို့ သူ့အသက်ကို ကယ်ကြရအောင်၊ မေမေ သမီးကို တောင်တန်းသာသနာပြု ဆရာတော်ကြီးရဲ့ ပရိတ်ရေ ပေးပါ။ ညီမလေးက နနွင်းပုလင်း သွားယူ။ ရေနွေးနဲ့ ရေပါ ခပ်လာခဲ့နော်။

ကျွန်မသည် ကြောင်ကလေး၏ လည်မျိုမှ ဒဏ်ရာပေါက်ကို ဆေးကြောပေးသည်။ ထို့နောက် ပရိတ်ရေနှင့် နနွင်းကို ဖျော်ကာ ၄င်းဒဏ်ရာအပေါက်ထဲသို့ သိပ်ထည့်ပေးပါသည်။ ဒဏ်ရာကို အဝတ်သန့်သန့်ဖြင့် စည်းနှောင်ပေးပြီး တကိုယ်လုံးကို ပရိတ်ရေဖြင့် တောက်ပေးပါသည်။ ထို့နောက် ဘုရားစင်ရှေ့တွင် ကြောင်ကလေးကို ချထားပြီးသော်-

အရှင်ဘုရား၊ တပည့်တော်မ၏ ဦးခေါင်းထက်တွင် ခေတ္တရပ်တည် စံပယ်တော်မူပါဘုရား။ တပည့်တော်မသည် ငါးပါးသီလအကျင့်မြတ်ကို စောင့်ထိန်းပါသည်ဘုရား။ ဘုရား တရား သံဃာတော်များကိုလဲ ယုံကြည်စွာ ကိုးကွယ် ဆည်းကပ်ပါသည်ဘုရား။ ထို့ပြင် ကျေးဇူးရှင် မိဘနှစ်ပါး၏ ကျေးဇူးတရားများကိုလဲ အောက်မေ့လျက် ရိုသေစွာ လုပ်ကျွေးပါသည်ဘုရား။ တပည့်တော်မအပေါ် ပြုဖူး ပေးဖူး ကျွေးဖူး အကျိုးဆောင်ပေးဖူးသော မိတ်ဆွေများ၏ ကျေးဇူးတရားများကိုလည်း အစဉ်နှလုံးသွင်းလျက် ပြန်လည်တုံ့ပြန်ရန် ကြိုးစားလျက် ရှိပါသည်ဘုရား။

ဤစကားများသည် မှန်ကန်ပါသည်ဘုရား။ ဤမှန်ကန်သော သစ္စာစကားကြောင့် ယခု ဝေဒနာခံစားနေရသော ကြောင်ကလေး အသက်ရှင်ပြီး ဝေဒနာမှ သက်သာပျောက်ကင်းပါစေကြောင်း ကြီးမားသောမေတ္တာ စေတနာဖြင့် ဆုတောင်းအပ်ပါသည်ဘုရား-ဟု တိုင်တည်ကာ ဗောဇ္ဈင်္ဂသုတ်တော်ကို ဝေဒနာကျရောက်နေသော ကြောင်ကလေးအတွက် ဌာန်ကရိုဏ်းကျကျ ပီပီသသ ရွတ်ဖတ်ပေးပါသည်။

ထိုသို့ ရွတ်ဖတ်နေစဉ် နာရီဝက်ခန့်အကြာ၌ ကြောင်ကလေးမှာ မျက်လုံးလေး ပွင့်လာသည်ကို တွေ့ရပါသည်။ မေတ္တာစိတ်ဖြင့် ဆက်လက် ရွတ်ဖတ်ရာ နောက်ထပ် နာရီဝက်ခန့်ကြာသော် ကြောင်ကလေးသည် ညောင်-ခနဲ အော်ကာ ယိုင်တိယိုင်ထိုးဖြင့် ထလာပါသည်။ ကျွန်မ၏ ဝမ်းသာပီတိဖြစ်မှုကား နှိုင်းဆဖွယ်ရာ မရှိတော့ပါ။

(တက္ကသိုလ် ခင်မြတ်နိုး )

****************************************

မေး ယုံကြည်မှုရှိက အောင်မြင်မှုရ

(မေး ) (ယုံကြည်မှုရှိက အောင်မြင်မှုရ )

မြို့သစ်မြို့တွင် ၁၃-၇-၉၄-ရက်နေ့ နံနက် (၂-နာရီ ၃၅ မိနစ်) အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပါသည်၊ အိမ်ခြေ ၈၅-နှင့် ကြက်, ဝက်, တိရစ္ဆာန်များ မီးလောင်ကျွမ်းခဲ့သော်လည်း လူများ သေကြေမှုမရှိပါ။

မီး စတင်လောင်ကျွမ်းသော အိမ်နှင့် ကျွန်မတို့အိမ်မှာ တလမ်းနှစ်လမ်းသာ ခြားပါသည်၊ ပထမတွင် မီးသည် ကျွန်မတို့အိမ်ဘက်သို့ ဦးတည်နေပါသည်၊ ကျွန်မတို့သည် ငယ်ရွယ်သူများဖြစ်၍ မိဘများ ညွှန်ကြားသောနေရာတွင် နေထိုင်ရပါသည်၊ ပထမတွင် ကျွန်မတို့ကိုစု၍ မီးဘေးလွတ်ရာ ဒေသသို့ ရွှေ့ပြောင်း နေထိုင်ခိုင်းပါသည်။

ထို့နောက် ကျွန်မသည် မိခင်ထံ ခွင့်ပန်၍ အိမ်ဘက်သို့ အခြေအနေကို လာကြည့်ရာ ဖခင်နှင့်တွေ့သဖြင့် ကျောင်းဝိုင်းထဲသို့ဝင်ကာ ဘုရားကိုသာ ဦးချနေမိပါတော့သည်၊ မိမိကိုယ်ကို မြတ်စွာဘုရားသခင်အား လှူ၍ ဘုရားမှတပါး ကိုးကွယ်ရာ မရှိတော့ပြီ-ဟု ဆိုကာ မြတ်စွာဘုရားသခင်၏ ခြေဖမိုးတော်ကို ဦးတိုက်၍ ရှိခိုးကန်တော့ပြီးနောက် ဇယစက္ကော-ဂါထာ (ခေါ်) အောင်ဘုရားရှိခိုးခြင်း ဂါထာကို ရွတ်ဆိုနေပါသည်။

ထိုအချိန်တွင် မီးသည် ကျွန်မတို့အိမ်နှင့် အနည်းငယ်သာ ဝေးကွာပါတော့သည်၊ သို့သော် ကျွန်မ၏စိတ်တွင် ငါ့မှာ ဘုရားရှိတယ်၊ တရားရှိတယ်၊ သံဃာရှိတယ်၊ ဟု အောက်မေ့ယုံကြည်ထားရာ ကျွန်မ၏စိတ်သည် ပေါ့ပါးရွှင်လန်း၍ နေပါတော့သည်၊ ဤသည်ကား ဘုရား တရား သံဃာ အပေါ်၌ ကျွန်မ၏ စိတ်ချယုံကြည်မှုပင် ဖြစ်သည်။

ကျွန်မတို့အိမ်သည် မီးလောင်ကျွမ်းသောအိမ်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပါသည်၊ ထိုအချိန်တွင် မီးသည် မြောက်ဘက်သို့တန်း၍ လောင်ကျွမ်းသွားပါသည်၊ မီးလောင်ခံရသော အိမ်များနှင့် ကျွန်မတို့အိမ်မှာ လမ်းနှင့် အိမ်နှစ်အိမ်ခန့်သာ ခြားပါသည်၊ ကျွန်မတို့မြို့မှာ တောမြို့ကလေး ဖြစ်သောကြောင့် လမ်းဆိုသော်လည်း ကားနှစ်စီးပင် ရှောင်၍မရပါ၊ ထို့ကြောင့် ကျွန်မတို့အိမ်များတွင် မီးများထိန်လင်း၍ နေပါသည်၊ ကျွန်မတို့လမ်းရှိ အိမ်များမှာ ပူးကပ်စွာ တည်ရှိနေပြီး ဆီပေပါများလည်း သိုလှောင်ထားသဖြင့် လမ်းအရှေ့ဘက်သို့ မီးကူးလျှင် တမြို့လုံးနီးပါးပင် လောင်နိုင်ဖွယ် ရှိပါသည်။

ထူးဆန်းသည်ကား ဘုရားကျောင်းဝိုင်း၏ ဘေးပတ်လည်တွင် မီးလောင်ကျွမ်းခဲ့သော်လည်း ကျောင်းဝိုင်းထဲတွင် မီးလောင်ကျွမ်းမှု မရှိခဲ့ခြင်းပင် ဖြစ်သည်။

မီးလောင်ကျွမ်းနေမှုသည် ဦးတည်ချက်ပြောင်းသွားသော်လည်း ကျွန်မသည် မီး-စတင်လောင်ကျွမ်းသော အိမ်မှ အိမ်သူအိမ်သားများအား မေတ္တာပို့ပါသည်။ ထို့နောက် ဝေနေယျသတ္တဝါများအား မေတ္တာပို့ပါသည်၊ ထို့နောက် ကျွန်မသည် မြတ်စွာဘုရားသခင်အား ယုံကြည်မှုအပြည့်ဖြင့် ရှိခိုးကန်တော့နေပါသည်၊ ဘုရားရိပ် တရားရိပ်သည် အလွန်ပင် အေးချမ်းလှပေသည်၊ ကျွန်မ၏စိတ်တွင်လည်း အေးချမ်းတည်ငြိမ်နေပါသည်။

လောက သဘာဝသည်ကား အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှပါသည်၊ တစက္ကန့် တမိနစ် တနာရီ တရက်အတွင်းပင်လျှင် သေကြေပျက်စီးခြင်း အမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်၊ ဤကဲ့သို့ အဖြစ်မျိုးတို့ကို ရင်ဆိုင်ကြုံတွေ့လာပါက ရဲဝံ့စွာ ရင်ဆိုင်နိုင်ရန်အတွက် မြတ်စွာဘုရားသခင်အား အမြဲမပြတ် ယုံကြည်အောက်မေ့၍ ရှိခိုးပူဇော်မှု အမြဲပြုနေရမည် ဖြစ်ပါတော့သည်။ ယုံကြည်မှုရှိက အောင်မြင်မှု ရရှိနိုင်ပါသည်၊ ကျွန်မ၏ကိုယ်တွေ့ ဖြစ်ရပ်မှန်ပင် ဖြစ်ပါတော့သည်။

(စိုးစိမ့်သူ-မြို့သစ် )

****************************************

မေတ္တသုတ်အကျိုး ခံစားရသူ

(မေတ္တသုတ်အကျိုး ခံစားရသူ)

လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်ပါသည်။ ကျောင်းကပွဲတခုတွင် ကျွန်မကို လိုက်နှောင့်ယှက်နေသည့် သူငယ်လေးတဦးကို ကျွန်မသည် ဒေါသအလျောက် ရိုက်ခဲ့မိသည်။ ဒေါသဟူသည် ဆင်ခြင်ဉာဏ်ကို ကင်းမဲ့စေတတ်သည် မဟုတ်ပါလော။ လျှပ်တပြက် ဒေါသကြောင့် ပြုခဲ့မိသည့် အမှားတခုသည် ကျွန်မအသက်ကိုပင် ခြိမ်းခြောက်လာပါတော့သည်။ ကျွန်မတို့မြို့နယ်တွင် အချို့မှာ ထောင်မကြောက်၊ တန်းမကြောက်၊ ပြဿနာဖြစ်လာလျှင် ဓားနှင့်သာ ဖြေရှင်းတတ်သည်။

ထို့ကြောင့် ကျွန်မသာမက ကျွန်မ၏ မိသားစုနှင့် ခင်မင်သူတို့မှာလည်း စိုးရွံ့ထိတ်လန့်နေကြသည်။ သည်အတိုင်းထိုင်၍ ကြောက်နေလျှင် ကျွန်မအသက် ဓားတွင် ပါသွားနိုင်ပါသည်။ နောက်ဆုံး ကြံရာမရသည့်အဆုံး ကျွန်မသည် ဘုရားစင်ရှေ့တွင် နံနက်တခါ ညတခါ ငါးပါးသီလယူပြီး မေတ္တသုတ် ကိုးခေါက်စီရွတ်၍ မေတ္တာပို့ အမျှဝေသည့်အလုပ်ကို နေ့စဉ် ပြုလုပ်ပါသည်။

မေတ္တသုတ်ရွတ်သည့်အခါတိုင်း ထိုသူငယ်လေး၏ မျက်နှာကိုမြင်အောင် အာရုံစိုက်ပြီး ရွတ်ပါသည်။ ဘုရားရှင်ကို ရည်စူး၍လည်း ကျွန်မ၏ခန္ဓာနှင့် အသက်ကို နေ့စဉ်လှူပါသည်။

ဘုရားရှင်၏ တန်ခိုး မေတ္တာ၏ တန်ခိုးတို့ကြောင့် ကျွန်မ အကျိုးထူး ခံစားရပါသည်။ အကြောင်းမှာ ကျွန်မကို အခဲမကျေဖြစ်နေသော သူငယ်လေးသည် အမြင်မှန်ရပြီး သူ့မိဘနှင့်အတူ ကျွန်မအိမ်သို့လာပြီး တောင်းပန်သောကြောင့်ပင်။

ကျွန်မတို့မြို့တွင် သည်လိုကိစ္စမျိုး မရှိခဲ့ဘူးပါ။ ထို့ကြောင့် လူတိုင်း အံ့ဩကြသည်။ ကျွန်မကို ကံကောင်းသည်ဟု ပြောကြပါသည်။ အမှန်မှာ ဘုရားရှိခိုးသည့်အကျိုး မေတ္တသုတ် ရွတ်ဖတ်ရသည့်အကျိုးများ ဖြစ်ပါသည်။ ဤအဖြစ်ကလေးကို ကျွန်မ တသက်မမေ့နိုင်ပါ။

(နိုမီကို )

****************************************

မေတ္တာ ထုံပွားနေသူ

(မေတ္တာ ထုံပွားနေသူ)

စာရေးသူ ကျွန်တော်သည် ၁၉၇၅-ခုနှစ်မှ ၁၉၈၂-ခုနှစ်အထိ စစ်ကိုင်းတိုင်း အထက်ပိုင်း ကလေးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့စဉ်က ကျောင်းသားမိဘတဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ပါသည်။

ထိုပုဂ္ဂိုလ်မှာ ကလေးမြို့ ကုန်သွယ်ရေးဇုံ ရုံးတွင် အမှုထမ်းနေသော လက်ထောက်မန်နေဂျာ ဦးအောင်ညွန့် ဖြစ်ပါသည်။ သူသည် ရတနာသုံးပါးတို့ကို အလွန်ကြည်ညို ကိုးကွယ်သူ ဖြစ်ပါသည်။ ဦးအောင်ညွန့်သည် စိတ်ကောင်းရှိ၏၊ သိမ်မွေ့၏၊ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေး၏၊ ကိုယ်ကျင့်သီလကောင်း၏၊ သူတပါးတို့ကို ကူညီတတ်၏၊ ပရဟိတစိတ် ထား၏၊ အားလုံးအပေါ်တွင် နှစ်နှစ်ကာကာ မေတ္တာစေတနာထား၏၊ မျက်နှာအမူအရာ အေးမြကြည်လင်၏၊

ဦးအောင်ညွန့်နှင့် ကျွန်တော်တို့သည် ၁၉၈၂-ခုနှစ်တွင် ခွဲခွါခဲ့ကြပြီးနောက် အနှစ် ၂၀-ကျော်ကြာခဲ့၏၊ အစိုးရအမှုထမ်းများအဖြစ်မှ အငြိမ်းစားယူခဲ့ကြ၏၊ ၂၀၀၂-ခုနှစ်တွင် ရန်ကုန်မြို့ အာဇာနည်လမ်း၊ မင်္ဂလာဗျူဟာ အသင်းချုပ် ဗုဒ္ဓဘာသာသင်တန်းကျောင်းတွင် ဝမ်းမြောက်ဖွယ် ပြန်လည်တွေ့ဆုံခဲ့ကြပါသည်။

တနေ့တွင် ဦးအောင်ညွန့်နှင့် ကျွန်တော်တို့သည် စကားစမြည်ပြောကြရင်း သူ၏ကိုယ်တွေ့ အဖြစ်အပျက်တခုကို အောက်ပါအတိုင်း ပြောပြပါသည်။

၁၉၈၅-ခုနှစ်က ဖြစ်ပါတယ်။ အဲဒီနှစ်က နိုဝင်ဘာလထဲမှာ အထက်ရုံးက တာဝန်ပေးချက်အရ ကျွန်တော်ဟာ အခြားအဖွဲ့ဝင် ၃-ယောက်နှင့်အတူ အထက်ချင်းတွင်းဒေသ မော်လိုက်၊ ဖောင်းပြင်၊ ထမံသီ၊ ဟုမ္မလင်း၊ စတဲ့ မြို့နယ်တွေမှာရှိတဲ့ ကုန်သွယ်ရေးရုံးတွေနဲ့ ဆိုင်တွေကို စစ်ဆေးဖို့ ခရီးထွက်ရပါတယ်။ ချမ်းမြအမည်ရှိတဲ့ သင်္ဘောကြီးနဲ့ သွားရပါတယ်။ အဲဒီသင်္ဘောကြီးရဲ့ နောက်ကလဲ စီ-ဘီ တွဲ သင်္ဘောတစင်း ချိတ်ဆွဲထားတယ်။

ကျွန်တော်ဟာ ဘယ်အရပ်မှာနေနေ၊ ဘယ်ကိုပဲ ရောက်ရောက်၊ နံနက်တကြိမ်၊ ညတကြိမ်၊ ဘုရားအာရုံပြု၊ ပုတီးစိပ်၊ မေတ္တသုတ် ၃-ခေါက်ရွတ်၊ မေတ္တာဘာဝနာ ပါများပြီး သတ္တဝါအားလုံးကို အမျှပေးဝေလေ့ရှိပါတယ်။ အားလပ်တဲ့အချိန်တွေမှာ သတ္တဝါအားလုံးတို့ကို အထူးအာရုံပြုပြီး မေတ္တာပွားထုံနေလေ့ ရှိပါတယ်။

ညတညမှာ ကျွန်တော်တို့အဖွဲ့ဟာ ဖောင်းပြင်မြို့ ဆိပ်ကမ်းမှာ ချမ်းမြသင်္ဘောကြီးရဲ့ စီ-ဘီ သင်္ဘောပေါ်မှာ အိပ်ရပါတယ်။ အဲဒီည ၉-နာရီလောက်မှာ ကျွန်တော်ဟာ ဘုရားရှိခိုး၊ ပုတီးစိပ်ပြီး မြစ်စောင့်နတ်၊ ရေစောင့်နတ်၊ မြေစောင့်နတ်၊ တောတောင်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ စတဲ့ သုံးဆဲ့တဘုံမှာ ကျင်လည်ကြရတဲ့ သတ္တဝါတွေအားလုံးကို လေးလေးနက်နက် မေတ္တာပို့သပါတယ်။

အဲဒီနောက် စီ-ဘီ နောက်တွဲသင်္ဘော ကုန်းပတ်ပေါ်မှာ အညောင်းအညာပြေ လမ်းလျှောက်နေခိုက်မှာ တစုံတယောက် အမှတ်တမဲ့ စွန့်ချခဲ့တဲ့ ငှက်ပျောသီးခွံတခွံကို တက်နင်းမိပါတယ်။ ရုတ်တရက်ခြေချော်ကာ မြစ်ရေထဲကို လိမ့်ကျသွားပါတယ်။ ကျွန်တော်လဲ ချက်ချင်းသတိရပြီး အရဟံ-စတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြု၊ သမ္မာဒေဝနတ်မြတ် နတ်ကောင်းတွေကို တမ်းတပြီး အကူအညီ တောင်းလိုက်ပါတယ်။

စီ-ဘီ သင်္ဘောဟာ ကမ်းခြေနဲ့ ဝါးလုံးတပြန်လောက်နေရာမှာ ကျောက်ချထားတာ ဖြစ်တယ်။ အဲဒီနေရာမှာ ရေတော်တော်နက်တယ်။ ရေစီးလဲမြန်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ရေထဲကျသွားပြီး ချက်ချင်း ရေထဲနစ်မသွားဘူး။ အောက်ပိုင်းခန္ဓာကိုယ်သာ ရေစိုတယ်။ မြစ်ရေအောက်ထဲမှာ တခုခု ခံနေသလိုပဲ ထင်မိတယ်။ ကျွန်တော်ကတော့ မမှန်တာမပြောပါဘူး၊ အမှန်ပါပဲ။ တော်တော်ကလေးကြာတော့မှ ကျွန်တော်ဟာ ပါးစပ်က-ကယ်ကြပါဗျို့၊ ကျွန်တော် ရေထဲကျသွားလို့ လာကြပါ၊ လာကြပါ-လို့ အော်ဟစ်အကူအညီတောင်းလိုက်ပါတယ်။ ချက်ချင်းပဲ ယောကျ်ား ၃-ယောက်က အသက်ကယ်ဘောကွင်း တခုကို ယူပြေးလာကြပြီး ကျွန်တော့်ထံချပေးကြတယ်။ အဲဒီနောက် ကျွန်တော့်ကို သင်္ဘောပေါ်ကိုဆွဲတင်ကြတယ်။ ကျွန်တော်လဲ ဘေးမသီ ရန်မခဘဲ သင်္ဘောပေါ်ကို လွယ်လွယ်ကူကူ တက်ရောက်ပြီး အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ရပါတယ်။

အဲဒီလိုနဲ့ ကျွန်တော်တို့ ကုန်သွယ်ရေး စာရင်းစစ် အဖွဲ့ဟာ ခရီးစဉ်တလျှောက်လုံး အလုပ်တာဝန်တွေကို ချောချောမောမော လွယ်ကူစွာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရောက်လေရာအရပ်တိုင်းမှာ လူအများတို့က နွေးထွေးစွာ ကြိုဆို ကူညီကြပါတယ်။ လေးလေးစားစား ဆက်ဆံကြပါတယ်။

အဲဒီလို ဘေးအန္တရာယ်ကင်းရှင်း၊ လုပ်ငန်းတွေ ပြီးစီးခြင်းဟာ ရတနာသုံးပါးတို့ကို ထက်ထက်သန်သန် ယုံကြည်ဆည်းကပ်ခြင်းနှင့် မေတ္တာဘာဝနာ ထုံပွားနေသောကြောင့် ဖြစ်တယ်လို့ ယုံကြည်ပါတယ်-ဟု ပြောပြပါသည်။

စာရေးသူ ကျွန်တော်က -ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ မေတ္တာအကျိုး ၁၁-မျိုးထဲမှာ လူတို့ချစ်ခင်ခြင်း။ နတ်တို့ချစ်ခင် စောင့်ရှောက်ခြင်း၊ အချက်တွေ ပါတယ်နော်။ အင်္ဂုတ္တိုလ်ပါဠိတော် ဧကာဒသကနိပါတ်မှာ မေတ္တာအကျိုး ၁၁-မျိုးကို မြတ်စွာဘုရား ဟောထားတယ်။

(၁) ချမ်းသာစွာ အိပ်ရခြင်း။

(၂) ချမ်းသာစွာ အိပ်ရာမှ နိုးရခြင်း။

(၃) မကောင်းသောအိပ်မက်များ မမြင်မက်ရခြင်း။

(၄) လူတို့က ချစ်ခင်ကြခြင်း။

(၅) နတ်တို့က ချစ်ခင်စောင့်ရှောက်ကြခြင်း။

(၆) မီးမလောင်နိုင်ခြင်း။

(၇) ဓား စသောလက်နက်များ နှင့် အဆိပ်အမျိုးမျိုးတို့ မသင့်ရောက်ခြင်း။

(၈) စိတ်တည်ကြည်ခြင်း။

(၉) မျက်နှာရုပ်ဆင်း ကြည်လင်ခြင်း။

(၁၀) သေလွန်လျှင် မတွေမဝေ သေရခြင်း။

(၁၁) သေလွန်ပြီးသောအခါ ဗြဟ္မာ့ဘုံသို့ ရောက်ရခြင်း အကျိုးတို့ကို မုချရနိုင်ပါတယ်-ဟု ပြောပြပါသည်။

(ပြည်ငြိမ်းအေး)

****************************************

မေတ္တာ အကျိုး

(မေတ္တာ အကျိုး)

ကျွန်မသည် မူလတန်းပြ ဆရာမတဦး ဖြစ်သည်။ ကလေးမြို့နှင့် ၇-မိုင်ခန့်ဝေးသော ရွာ၏ မူလတန်းကျောင်းသို့ စက်ဘီးဖြင့် နေ့ချင်းပြန် ကျောင်းတက်လေ့ရှိသည်။ အိမ်မှ စထွက်ကတည်းက မေတ္တသုတ်ကို ရွတ်ဆို၍ သွားပါသည်။ ယခုဆိုလျှင် လုပ်သက် ၇-နှစ် ရှိနေပေပြီ။ လမ်းတွင် ဘာအန္တရာယ်မှ မကြုံဖူး၊ မဖြစ်ဖူးခဲ့ပါ။

၁၉၉၅-၉၆ စာသင်နှစ်က ဖြစ်သည်။ ကျွန်မစာသင်သည့် မူလတန်းကျောင်း ရောက်ခါနီးတွင် လယ်ကွင်းပြင်ကြီး ရှိသည်။ ထိုလယ်ကွင်းပြင်ထဲ၌ ကျွဲကျောင်းနေသော အသက် ၆၀-ကျော် ဘကြီး တဦးကို နေ့စဉ် တွေ့ရသည်။ ဘကြီးသည် ကျွန်မကို မျက်မှန်းတမ်းမိပြီး ခင်မင်ကာ နှုတ်ဆက်လေ့ရှိသည်။ ကျွန်မကလည်း ဘကြီးတို့ ဇနီး မောင်နှံ အတွက် လက်ဖက်ခြောက်၊ သတင်းစာ (စက္ကူများကို သနပ်ဖက်ဆေးလိပ်ကဲ့သို့ ဆေးလိပ်အဖြစ် အသုံးပြုရန်) စသည်တို့ကို မကြာခဏ ပေးလေ့ရှိသည်။ ဘကြီးတို့ ဇနီးမောင်နှံသည် သားသမီး မထွန်းကားပါ။

၁၉၉၆-၉၇ စာသင်နှစ်သို့ ရောက်သောအခါ တနေ့တွင် ကျွန်မစက်ဘီးဖြင့် ဘကြီးတို့တဲရှေ့မှ ဖြတ်ကျော်သွားမိသည်။ ထိုစဉ် ကျွန်မက-ဘကြီး နေကောင်းလား၊ ဒီနှစ် ကျွဲ မကျောင်းတော့ဘူးလား-ဟု မေးမိသည်။

မနှစ်က သူကျောင်းနေသော ကျွဲများသည် သူ၏ကျွဲများ မဟုတ်ပါ။ ရွာနီးချင်း ရွာကြီးတရွာမှ ကိုမောင်မောင်၏ ကျွဲများဖြစ်ကြောင်း တနှစ်လုံး ကျွဲကျောင်းပေးပါက ကျွဲကျောင်းခအဖြစ် စပါးတင်း ၂၀-ပေးမည်ဟု စာချုပ်ချုပ်ခဲ့ကြောင်း လက်တွေ့တွင်မူ လုံးဝမပေးသေးကြောင်း ဘကြီးက ပြောပြပါသည်။

ကျွန်မကလည်း ကိုမောင်မောင်နေသောရွာက ဥက္ကဋ္ဌကို အကူအညီတောင်းရန် ကိုမောင်မောင်ကိုလည်း နေ့စဉ်မေတ္တာပို့ရန် ဘကြီးကို အကြံပေးလိုက်ပါသည်။

ဤကဲ့သို့ ပြောပြီး ၇-ရက်ခန့်ကြာသောအခါ ဘကြီးနှင့် ကျွန်မတွေ့ဆုံကြသည်။ ထိုအခါ ဘကြီးက ကျုပ်လေ-ဆရာမပြောတဲ့အတိုင်း ဆောင်ရွက်ပါတယ်။ ငွေ ၅၀၀၀-ကျပ် ဥက္ကဋ္ဌဆီကနေ တဆင့် ရခဲ့တယ်။ ဒါနဲ့ပဲ ဘကြီးကျေနပ်လိုက်တယ်။

ကျွန်မအထင်တော့ ဘကြီး၏မေတ္တာအကျိုးကြောင့် ဆုံးပြီဟု ယူဆထားသော စပါးအစား ငွေ ၅၀၀၀-ကျပ် ရရှိခဲ့သည်-ဟု ယုံကြည်မိပါသည်။

(သင်းသင်းပျံ့-ကလေးမြို့ )

****************************************

မေတ္တာစွမ်းအား

(မေတ္တာစွမ်းအား )

ကျွန်ုပ်သည် နေ့စဉ်နှင့်အမျှ မေတ္တာပို့ခြင်းအမှုကို အချိန်မရွေး နေရာမရွေး ပို့သလေ့ရှိပါသည်၊ ကယ်တင်ဖွယ်ရာ သတ္တဝါကလေးများ မိမိရှေ့တွင် တွေ့ရှိပါက ကယ်တင်ပေးလေ့ရှိပါသည်၊ အထူးသဖြင့် ငါးသတ္တဝါများကို မကြာမကြာ လွှတ်လေ့ရှိပါသည်။

အိမ်က ငါးဝယ်၍ အရှင်ပါလာလျှင်သော်၎င်း၊ လှေလှော်ရင်း လှေပေါ်ခုန်တက်လာသော ငါးအရှင်များကိုသော်၎င်း၊ ပြန်လွှတ်လေ့ရှိပါသည်။

ကျွန်ုပ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကိုင်းကျွန်းတောင်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်၊ ကျွန်ုပ်တို့ဒေသမှာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သဖြင့် မြစ်ရေများလျှံတက်ပြီးပြန်ကျသွားသောအခါ နှုန်းရေများ တင်ကျန်ခဲ့သည်၊ ထိုနှုန်းမြေများပေါ်တွင် ပဲများ ကြဲပက်စိုက်ပျိုးရပါသည်။

ကျွန်ုပ်၏မြေကွက်မှာ အနိမ့်အဝှမ်းဖြစ်သဖြင့် ရေကျသွားသောအခါ ငါးများတင်ကျန်လေ့ရှိပါသည်၊ ရေများ ခန်းခြောက်နည်းပါးသွားသောအခါ ငါးပေါက်များမှာ တကောင်နှင့်တကောင် တိုးဝှေ့ပြီးလွတ်လမ်းရှာကြသည်မှာ သနားစဖွယ်ဖြစ်သည်၊ သို့သော် လွတ်လမ်းမရှိပါ၊ ရေများခန်းခြောက်ပြီး သေဖို့သာရှိသည်။

ကျွန်ုပ်သည် ထိုငါးကလေးများကို ဆန်ကာဖြင့် ယူငင်ပြီး ရေများသော အင်းမကြီးထဲသို့ နှစ်စဉ် လွှတ်ပေးလေ့ရှိသည်၊ ဤသို့လွှတ်ပေးသောအခါ မိမိအကျိုးကို မမျှော်လင့်ခဲ့ပါ၊ လွတ်လမ်းမရှိသော ငါးများကို စာနာသနားစိတ်များဖြင့်သာ လွှတ်ပေးခြင်းဖြစ်သည်။

သို့သော် မိမိပြုသောကံ၏ အကျိုးကား မနေပါ၊ ကျွန်ုပ်မြေကွက်သည် လူလေးဦး ပြောင်းလဲလုပ်ရသော မြေကွက်ဖြစ်သည်၊ ကျွန်ုပ်လုပ်သည့် နှစ်မှစ၍ သီးနှံများ ဖြစ်ထွန်းအောင်မြင်သဖြင့် အနီးအနားရှိ တောင်သူများက ထုတ်ဖော်ချီးမွမ်းကြသည်။

ယခုနှစ် ၂၀၀၈-တွင် တောင်သူများ ရာသီဥတုကြောင့် သီးနှံများ အထွက်မကောင်းကြပါ၊ ကျွန်ုပ်၏ စိုက်ခင်းမှာလည်း ယခင်နှစ်များလောက် မကောင်းသည်ကို တွေ့ရသည်၊ သို့သော်လည်း တပေါင်းလရောက်သောအခါ ပဲပင်များမှာ အသီးအပွင့်များ ဝေဆာပြီး ပဲတောင့်များမှာ ခူးဆွတ်လိုက်၊ သီးလာလိုက်နှင့် အလွန်အားရစရာ ကောင်းလှသည်။

ဤသည်မှာ မေတ္တာပွားများမှု၏ အကျိုးတရားကြောင့် ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်၊ မေတ္တာပို့ခြင်းကို ရွတ်ဆိုနေရသည်ဆိုလျှင်ပင် စိတ်အေးချမ်းမှု ဖြစ်စေပါသည်၊ ကိုယ်ထိလက်ရောက် ကူညီရိုင်းပင်းကြမည် ဆိုလျှင်ကား အကျိုးကျေးဇူး ထူးကဲစွာ ရရှိမည်မှာ အမှန်ပင် ဖြစ်ပါသည်။

(ခင်အောင်ထွန်း-ဟင်္သာတ )

****************************************

မေတ္တာအကျိုး

(မေတ္တာအကျိုး )

ကျွန်မသည် အမရပူရမြို့နယ် ခရေတောကျေးရွာ (အ-မ-က ) မှ အလယ်တန်းပြ ဆရာမတဦး ဖြစ်ပါသည်။

ကျွန်မသည် မေတ္တသုတ်ပရိတ်တော်ကို အမြဲရွတ်ဖတ် ပွားများလေ့ ရှိပါသည်၊

ထိ့ုပြင် ဗုဒ္ဓဂုဏော အနန္တော၊

ဓမ္မဂုဏော အနန္တော၊

သံဃဂုဏော အနန္တော၊

မာတာပိတုဂုဏော အနန္တော၊

အာစရိယဂုဏော အနန္တော-ဟူ၍လည်း

အနန္တောအနန္တ ငါးဖြာကို ရည်မှန်းပူဇော်လေ့ ရှိပါသည်၊

ဘုရားဂုဏ်တော်ဖြစ်သော အရဟံ-ကိုလည်း ၁၉-ကြိမ် ရွတ်ဆိုပါသည်၊

ထို့နောက် သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ-ဟု ၃-ကြိမ် မေတ္တာပို့ပါသည်။

ကျွန်မသည် ယင်းတို့ကို နေ့စဉ်အလေးအနက်ထား၍ ရွတ်ဖတ်ပွားများပါသည်၊ ကျောင်း၌ အားလပ်သည့်အချိန်တိုင်း ရွတ်ဖတ်ပွားများပါသည်၊ ကျွန်မသည် အရဟံ ၁၉-ကြိမ် ရွတ်ဆိုသည့်အခါ မြတ်စွာဘုရားထံ လေးလေးနက်နက် အာရုံပြုထားပါသည်၊ ဤအကျိုးကျေးဇူးတို့ကြောင့် ကျွန်မသည် မြွေအန္တရာယ်မှ ၂-ကြိမ် လွတ်မြောက်ခဲ့ရပါသည်။

မကြာမီကမူ ကလေးငယ်တဦး၏ အသက်ကို ကယ်တင်နို်င်ခဲ့ပါသည်၊

ကျွန်မတို့ကျောင်းနှင့် ရွာကြားတွင် ပေ ၈၀-ခန့်ကျယ်သော ချောင်းတခုရှိပါသည်၊ ချောင်းကူးတံတားသည် ရှေးခေတ်က ဆောက်လုပ်ခဲ့သော တံတားဖြစ်၍ ယိုယွင်းနေပါသည်၊ ထို့ကြောင့် ချောင်းရေပြည့်ချိန်တွင် ကျောင်းဆင်းချိန်၌ အထူးဂရုစိုက်ရပါသည်၊ ကျောင်းအုပ်ဆရာကြီးနှင့် မူလတန်းပြ ဆရာတဦး ပြောင်းရွှေ့သွားသဖြင့် ကျောင်း၌ ဆရာအင်အား နည်းနေပါသည်၊ ကျွန်မနှင့် ပညာရေးလုပ်သား ၂-ဦးသာရှိပါသည်။

ရေကျနေချိန် ကျောင်းဖွင့်သည့်တရက်၌ တံတားပေါ်မှ ဝုန်း-ဟူသောအသံကို ကျွန်မ ထူးခြားစွာ ကြားလိုက်သဖြင့် ကျောင်းပေါ်မှ ကျွန်မလှမ်းကြည့်လိုက်ပါသည်၊ ထိုအချိန်တွင် ကလေးတယောက် ရေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်၊ ချက်ချင်းပင် ကျွန်မသည် ပညာရေးလုပ်သားနှင့် ကလေးများအား လှမ်းအော်ကာ ချောင်းဆီသို့ ပြေးသွားကြပါသည်၊ ပညာရေးလုပ်သားနှင့် ကျောင်းသားကြီး နှစ်ယောက်သည် ချောင်းထဲသို့ ခုန်ချကာ အမြန်ကူး၍ ကလေးကို ဆယ်ယူခဲ့ကြပါသည်၊ ကျွန်မသည် ယခုကျောင်း၌ လုပ်သက် ၇-နှစ်ကျော်ရှိခဲ့ပါသည်၊ ဤအဖြစ်အပျက်မျိုးကို ယခုတကြိမ်သာ တွေ့ကြုံခဲ့ရပါသည်။

လိမ့်ကျသည့်ကလေးသည် ကျောင်းတက်နေသူမဟုတ်ပါ၊ ကျောင်းသို့ အပျော်လိုက်လာသော ကလေးဖြစ်ပါသည်၊ ၄-နှစ်သားအရွယ်ဖြစ်၍ ရေမကူးတတ်သေးပါ၊ အမြင့်တခုမှ ရေထဲသို့လိမ့်ကျလျှင် ရေထဲသို့ မြုပ်သွားပြီးမှ ပြန်ပေါ်လာတတ်ပါသည်၊ ယခုကလေးမှာ မြုပ်သွားပြီးမှ ပြန်ပေါ်လာခြင်းမဟုတ်ပါ၊ ရေပေါ်မှာပင် ယက်ကန်ယက်ကန် ဖြစ်နေပြီး သူ့ကုပ်ပေါ်ဝဲနေသည့် ဆံပင်များသာ ရေစိုခဲ့ပါသည်၊ လိမ့်ကျသည့်နေရာသည် ချောင်း၏အလယ်တည့်တည့် ရေအနက်ဆုံးနေရာ ဖြစ်ပါသည်၊ ရေကျစ ချောင်းလုံးရေပြည့်ချိန်ဖြစ်၍ ရေအနက်မှာ ဝါးတပြန်သာသာ ရှိပါသည်၊

အကယ်၍ ကလေး၏အသက် တစုံတခုဖြစ်ခဲ့ပါလျှင် အသက်ဆုံးရှုံးရုံတင်မကပါ ဆရာမ၏ တာဝန် ပေါ့ဆမှုကြောင့် ဟူသော အပြစ်တင်မှုကို ကျွန်မ မလွဲမသွေ ခံရမည်ဖြစ်ပါသည်၊ ယခုမူ မေတ္တာတန်ခိုး ဂုဏ်တော်တန်ခိုးကြောင့် ကလေးလိမ့်ကျသွားသည်ကို ကျွန်မသိရှိကာ အချိန်မီ ကလေး၏အသက်ကို ကယ်နိုင်ခဲ့ပါသည်၊ ကျရောက်လာသော အန္တရာယ်အပေါင်းသည်လည်း မေတ္တာဖြင့် ပပျောက်ခဲ့ရပါတော့သည်။

(လွင်လွင်ဦး )

****************************************

မေတ္တာအကျိုး ဆပွားတိုး

(မေတ္တာအကျိုး ဆပွားတိုး)

စာရေးသူသည် မေတ္တာတရား၏ အကျိုးကို လွန်ခဲ့သော လေးနှစ်ခန့်က ကိုယ်တွေ့သိခွင့်ရခဲ့ပါသည်။ ထိုအချိန်က စာရေးသူသည် တက္ကသိုလ်ဝင်တန်း ကျောင်းသူတဦး ဖြစ်ပါသည်။

စာရေးသူတို့ နေထိုင်ရာ ရပ်ကွက်လေးသည် ကိုယ့်ခြံကိုယ့်ဝင်းနှင့် အေးဆေးစွာနေထိုင်သော ရပ်ကွက်လေးတခု ဖြစ်ပါသည်။ စာရေးသူ၏ မိဘများသည်လည်း အေးဆေးသူများ ဖြစ်ပြီး ရတနာသုံးပါးကို မမေ့မလျော့နှင့် နေထိုင်ကြသူများ ဖြစ်သည့်အပြင် စာရေးသူကိုလည်း ရတနာသုံးပါးကို မမေ့မလျော့ရန် သတ္တဝါများအပေါ် မေတ္တာစိတ်ထားရှိရန် ငယ်စဉ်မှ စ၍ ဆုံးမသွန်သင်ခဲ့ကြပါသည်။

စာရေးသူကိုယ်တိုင်လည်း ရတနာသုံးပါးကို ယုံကြည်သက်ဝင်သူတဦး ဖြစ်ပါသည်။ ပရိတ်တော်များ၊ ဂါထာတော်များကို အမြဲအပြတ် ရွတ်ဆိုပွားများခဲ့ပါသည်။ ထိုအထဲမှ မေတ္တသုတ်တော်ကိုလည်း မမေ့မလျော့ ရွတ်ဆိုခဲ့ပါသည်။ ယနေ့တိုင်အောင်လည်း ရွတ်ဆိုပွားများမြဲ ဖြစ်ပါသည်။

တနေ့ စာရေးသူတို့လမ်းထဲတွင် စတိုင်းဆိုင်ဖွင့်ထားသော မထွေး-ဆိုသည့် အမကြီးတဦးသည် စာရေးသူအား ဘယ်အချိန်မှစ၍ ဘာကို မကျေနပ် ဖြစ်နေမှန်းမသိ၊ စာရေးသူ ကျောင်းမှအပြန် ထိုအမကြီး၏ ဆိုင်ရှေ့မှ ဖြတ်အသွား စာရေးသူအား အရှက်ရစေသော စကားများဖြင့် စောင်းမြောင်းပြောဆိုပါတော့သည်။

ထိုအချိန်တွင် စာရေးသူနှင့် သက်တူရွယ်တူ ယောကျ်ားကလေးများလည်း အနီးတဝိုက်တွင် ရှိနေကြသည်။ စာရေးသူကိုယ်တိုင်လည်း ဘယ်သူ့ကို ပြောမှန်းမသိ၍ ဇဝေဇဝါဖြစ်နေသည်။ နောက်မှ စာရေးသူကိုကြည့်ပြီး ပြောဆိုနေခြင်းဖြစ်ကြောင်း သိရသောအခါမှ ရှက်စိတ်များဖြင့် အိမ်သို့ အမြန်ပြန်ခဲ့ရပါသည်။

ငယ်ရွယ်သူမို့ ရှက်စိတ်၊ ဒေါသစိတ်များဖြင့် ထိုအမကြီးအား ဘာကြောင့် ငါ့ကို ခုလိုပြောဆိုရပါလိမ့်-ဟု တွေးပြီး မုန်းတီးနေမိပါတော့သည်။ သို့သော် စာရေးသူသည် မိဘများ၏ အဆုံးအမများနှင့်တကွ မေတ္တာတရား၏ အကျိုးကျေးဇူးကြီးမားပုံကို သတိရမိသောအခါ နေ့စဉ် မြတ်စွာဘုရားကို အမှူးထား၍ ထိုအမကြီး၏ မျက်နှာကို မြင်ယောင်ကာ မေတ္တသုတ်တော်ကို ရွတ်ဖတ်ပွားများပြီး မေတ္တာစိတ်ဖြင့်သာ မေတ္တာပို့နေခဲ့ပါသည်။

သည်လိုနဲ့ တလခန့်ကြာသောအခါ လမ်းသွားရင်း ထိုအမကြီးနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ကြရာ ထိုအမကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်စကားပြောပြီး ခင်မင်ရင်းနှီးစွာ ဆက်ဆံလာသောကြောင့် အံ့ဩမဆုံး ဖြစ်ခဲ့ရသည်။ လွန်ခဲ့သော လေးနှစ်မှစ၍ ယခုအချိန်အထိ တလမ်းထဲနေ မိတ်ဆွေများ ဖြစ်ခဲ့ရပါသည်။ ဟိုအလျင်ကလို စာရေးသူအပေါ် မကျေနပ်မှုများ ထိုအမကြီး၏ မျက်နှာတွင် လုံးဝ မတွေ့ရတော့ပါ။

စာရေးသူကို ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံလာခြင်းသည် မေတ္တာတရား၏အကျိုး၊ မေတ္တသုတ်တော်၏ အကျိုးကျေးဇူးများပင်ဖြစ်ကြောင်း ယုံကြည်ယူဆမိပါသည်။ ထို့ကြောင့် စာဖတ်သူတို့လည်း အချိန်ရှိသရွေ့ လောက၌ ရှိကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မေတ္တာမပျက် အမုန်းမဖက်ဘဲ မေတ္တာစိတ်ဖြင့် မေတ္တာပို့ဆုတောင်းပါက တချိန်ချိန်တွင် အကျိုးထူးများ ရရှိလာမည်ဖြစ်ကြောင်း ကိုယ်တွေ့ကြုံ၍ ရေးသားတင်ပြအပ်ပါသည်။

ခင်လေး (ရန်ကုန်)

****************************************

မေတ္တာရောင်ပြန်

(မေတ္တာရောင်ပြန် )

ကျွန်မသည် ပညာရေးဌာနမှ ဝန်ထမ်းတဦးဖြစ်ပါသည်၊ မိသားစု၏ စားဝတ်နေရေး သားသမီးများ၏ ပညာရေးအတွက် အထောက်အကူ ရရှိရန် နွေရာသီကျောင်းပိတ်ရက်များတွင် စျေးရောင်းလေ့ရှိပါသည်။ စျေးရောင်းရာတွင် မြို့မှအထည်များကို ဝယ်၍ ကျွန်မနေထိုင်သော ဒေသနှင့် ၅-မိုင် ၆-မိုင်ခန့် ဝေးသော ကျေးရွာများသို့ စက်ဘီးဖြင့် သွား၍ ရောင်းချခြင်း ဖြစ်သည်။

ထိုကျေးရွာ၌ နွေရာသီ သီးနှံပေါ်ချိန်ဖြစ်သောကြောင့်၄င်း၊ အလှူအတန်းနှင့် မင်္ဂလာဆောင်များလည်း ရှိသောကြောင့်၄င်း၊ ကျွန်မ၏အထည်များ ရက်အနည်းငယ်ဖြင့် ကုန်သွားပါသည်၊ အထည်များကို လက်ငင်းပေး၍ ဝယ်သူများ ရှိသလို ဆေးရောင်းပြီးမှ မြေပဲရောင်းပြီးမှ ယူပါဟု ပြောသူများလည်း ရှိပါသည်။

အထည်ဝယ်သူ အားလုံးပင် အထည်ဖိုးများကို အလွယ်တကူ ပေးကြသော်လည်း ဒေါ်----ဟူသော အမျိုးသမီး ကြီးကား ကျွန်မအခေါက်ခေါက် အခါခါ သွား၍တောင်းသော်လည်း မရပါ၊ ရွာမှ လူအချို့ကလည်း ဒီမိန်းမကြီးက အရမ်း လက်ခက်တာပဲ၊ ဆရာမကတော့ ဒုက္ခပဲ-ဟု တယောက်တပေါက် ပြောဆိုကြပါသည်၊ သူတို့ပြောစကားအရ ကျွန်မလည်း စိတ်တိုလာမိပါသည်။

မှတ်မှတ်ရရပင် ဖြစ်ပါသည်၊ တနေ့သော နံနက်တွင် ကျွန်မဒေါပွပွဖြင့် ဒေါ်ကြီး ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ၊ စသည်ဖြင့် စကားလုံးကြမ်းကြမ်းများကို ပြောဆိုကာ ဒေါ်ကြီးထံ ကြွေးတောင်းရန် စက်ဘီးဖြင့် ထွက်လာခဲ့သည်၊ သူစျေးရောင်းသောဆိုင်သို့ ရောက်သောအခါ အဒေါ်ကြီးက ခပ်တည်တည်ဖြင့်ပင် မပေးနိုင်ကြောင်း ပြောပါသည်၊ ကျွန်မလည်း စကားဆက်မပြောဘဲ ပြန်လာခဲ့ပါသည်။

တပန်ခန့်ကြာသောအခါ ကျွန်မထပ်သွားရန် တွေးမိပါသည်၊ သွားမည့်နံနက်တွင် ကျွန်မဘုရားရှိခိုးပြီး ငါးပါးသီလခံယူပါသည်၊ ထို့နောက် ဒေါ်ကြီး ကျန်းမာပါစေ၊ စျေးရောင်းကောင်းပါစေ၊ အားလုံးအဆင်ပြေပါစေ-ဟု ဒေါ်ကြီးကို စိတ်ကမှန်းပြီး မေတ္တာပို့ပါသည်၊ လမ်းတလျှောက်လုံးလည်း ကြွေးများ အဆင်ပြေပါစေ-ဟု ဆုတောင်းမိပါသည်။

သူ့ထံသို့ ကျွန်မရောက်သောအခါ ကျွန်မပင် မတောင်းရသေးဘဲ အထည်ဖိုးများကို အလွယ်တကူပင် ထုတ်ပေးပါသည်၊ နောက်နောင်လည်း လာရောင်းဖို့ ပြောပါသည်၊ ကျွန်မလည်း အလိုက်သင့်ပင် ပြန်ပြောခဲ့ပါသည်၊ မည်သို့ပင်ဖြစ်စေ အဒေါ်ကြီးထံမှ ကျွန်မအထည်ဖိုးများကို ရရှိခဲ့ပါသည်။

မေတ္တာပေးလျှင် မေတ္တာပြန်ရတတ်ကြောင်း ကျွန်မသိခဲ့ရပါသည်၊ ဤသည်ကား မေတ္တာရောင်ပြန်ပင် ဖြစ်သည်-ဟု ကျွန်မ ယုံကြည် ယူဆမိပါသည်။

(မချို-ကနောင် )

****************************************

မေတ္တာရောင်ပြန်

(မေတ္တာရောင်ပြန် )

မကြာမီက ကျွန်မတို့အိမ်ကို ခွေးမ မည်းမည်းလေး တကောင် ရောက်လာပါတယ်။ ကျွန်မတို့တအိမ်လုံး ခွေးမ မည်းမည်းလေးကို အရမ်းချစ်ကြတယ်။ ခွေးမလေးဟာ မည်းလွန်းလို့ သူ့ကို ကျွန်မက နောက်ပြောင်ပြီး ဖြူဖွေး-လို့ နာမည်ပေးထားတယ်။

ဖြူဖွေးဟာ အရမ်းလိမ္မာတယ်။ တနေ့ ကျွန်မ လုံချည်ကို သူ့ပါးစပ်နှင့်ကိုက်ပြီး ဆွဲခေါ်တယ်။ ကျွန်မလည်း ဘာမှန်းမသိဘဲ လိုက်သွားတော့ အိမ်ဘေးတနေရာမှာ ခွေးကလေး ၄-ကောင် မွေးထားတာတွေ့ရတယ်။ သူ့ကလေး ၄-ကောင်ထဲမှာ မည်းတူနေတဲ့ ခွေးထီးလေးတကောင် ပါလာပြန်တယ်။ သူ့ကိုတော့ ဖြူတုတ်လို့ အမည်ပေးလိုက်တယ်။

ဖြူတုတ် တနှစ်သားလောက်မှာ အရိုးကြီးတခု သူ့လည်ချောင်းထဲ စူးဝင်နေတယ်။ ဖြူတုတ်ဟာ ပက်လက်လန်ပြီး လဲနေတယ်။ အာခေါင်ထဲက အရိုးက ထောက်ထားတော့ မအော်နိုင်ရှာဘူး။

ကျွန်မလည်း အလွန်သနားသွားတယ်။ အရိုးကို လက်နှင့်နှိုက်လို့လည်း မရဘူး။ ဒါနဲ့ ညီမလေးတွေကို ခွေးရဲ့လက်တွေ ချုပ်ကိုင်ခိုင်းပြီး ကျွန်မက ကတ်ကြေးနှင့် အရိုးကို ညှပ်ပြီး တအား ဆွဲထုတ်ပစ်ရတယ်။

နောက်တနှစ်လောက်ကြာတော့ ကျွန်မ ငါးကြော်စားရင်း လည်ချောင်းမှာ အရိုးစူးပြီး အခံရခက်နေပါတယ်။ ၃-ရက်လောက်နေတော့ အရိုးစူးတဲ့နေရာက နည်းနည်းရောင်လာတယ်။ ခွဲရတော့မှာပဲလို့ ထင်မိတယ်။

လည်ချောင်းမှာ အရိုးစူးရင် လမ်းတွေ အမှိုက်ရှင်းရတယ် ဆိုလို့လည်း ရှင်းတယ်၊ မရဘူး၊ အသံတွေလည်း ကောင်းကောင်း မထွက်ဘူး။

ကျွန်မညီမက အကြံပေးတယ်။ ဖြူတုတ်ကို အရိုးထုတ်ပေးတာ မျက်စိထဲ မြင်ယောင်ပြီး ရေသောက်လိုက်တဲ့။ ကျွန်မလည်း ဘုရားရှိခိုးပြီး မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်ဆိုရင် ကောင်းတာ ပြုလုပ်ထားလို့ ကောင်းသောအကျိုး ခံစားရတယ် ဆိုရင်ဖြင့် ဖြူတုတ်ကို အရိုးထွင်ပေးဘူးသော ကျေးဇူးကြောင့် ကျွန်မလည်ချောင်း၌ စူးနေသောအရိုး ကျသွားရပါလို၏ဘုရား-လို့ ဆိုပြီး ရေကို တဝ သောက်လိုက်ပါတယ်။

အံ့စရာပါပဲ။ တကယ်ပဲ အရိုးဟာ စူးနေရာက ဝမ်းထဲ ကျသွားပါတယ်၊ အခု မျက်မှောက်မှာပင် ကောင်းကျိုးခံစားရခြင်း ဖြစ်ပါတယ်။ မကောင်းကျိုးများ ပြုလုပ်ခဲ့လျှင် မကောင်းကျိုး ခံစားရမှာ ဖြစ်ပါတယ်။

(စန္ဒာ-တောင်အူရွာ )

****************************************

မေတ္တာရောင်ပြန် အကျိုး

(မေတ္တာရောင်ပြန် အကျိုး )

ကျွန်မတို့ ငယ်ငယ်တုန်းက အပေါင်းအသင်းများနှင့် ဆော့ကစားကြလျှင် အငြင်းသန်၍ ခဏခဏ ရန်ဖြစ်တတ် ကြပါသည်။ ကြာတော့ ကျွန်မတို့မေမေက မကစားခိုင်းတော့ဘဲ စာကိုသာ ကျက်ခိုင်းပါတော့သည်။ ပြီးတော့ မေမေက ပြောပါသေးသည်။ သမီးတို့ ကစားတာက ဒေါသတွေ တအားပါလာတာကိုး၊ တော်တော်ကြာ လူကြီးတွေပါဝင်ပြီး စကားပြောလာရရင် ဘယ်ကောင်းတော့မလဲ။ မေတ္တာပျက်ကုန်ရောပေါ့ကွယ်။

အိုး-မေမေကလဲ မေတ္တာပျက်တော့ကော ဘာဖြစ်သေးလဲ၊ သူတို့က မတရားလွန်လာတာကိုး-ဟု ကျွန်မက ကလေးပီပီ ပြန်ပြောခဲ့လေသည်။

ထိုအခါ မေမေက-မဟုတ်ဘူးလေ၊ သမီးကသာ အလျှော့ပေးကြည့် သူတို့လဲ လျှော့လာမှာပေါ့၊ သမီးက ဒေါသတကြီးနှင့် တင်းမာနေရင် သူတို့ဘက်ကလဲ တင်းမာနေမှာပေါ့၊ မှန်များလိုပေါ့၊ သူ့ကိုပြုံးရင် ပြုံးပြတယ်၊ သူ့ကို မဲ့ပြရင်လဲ ပြန်မဲ့ပြတာပေါ့-ဟု မေတ္တာ၏ ရောက်ပြန်ဟပ်မှုကို မေမေက ပြောပြခဲ့ပါသည်။

ဟုတ်ပါသည်၊ သားတွေ သမီးတွေရ၍ ကျွန်မအရွယ် အသင့်အတင့် ရှိသောအခါ မေမေပြောခဲ့သော မေတ္တာ၏ ရောင်ပြန်သဘောကို နားလည်ခဲ့ရပါသည်။ တနေ့တွင်ကျွန်မ၏ခင်ပွန်းသည် ခွင့်သွားရန်အတွက် အိပ်ရာခင်းတခုကို နောက်ဖေးရှိ ရေအင်တုံတခုတွင် ညအိပ်စိမ်ထားမိပါသည်။ မနက်မိုးလင်း၍ အိပ်ရာခင်းအား လျှော်ရန်ကြည့်သောအခါ အင်တုံထဲတွင် အိပ်ရာခင်းမရှိတော့ပါ။ ခဏအကြာတွင် တဖက်အိမ်မှ အမကြီးတယောက်က သူ မနက်၄-နာရီလောက်တွင် နိုးနေကြောင်း၊ အိမ်နှစ်အိမ် အနောက်ဘက်က အသံကြားရ၍ အပြင်ဘက်သို့ အသာချောင်းကြည့်ရာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း-ကို ကျွန်မအား အသေအချာ ပြောပြပါသည်။

ညအိပ်ရာဝင်ချိန်တွင် ကျွန်မသည် ဘုရားအား ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီးများ ပူဇော်၍ ငါးပါးသီလခံယူ ပါသည်။ ထို့နောက် ကျွန်မ၏ပစ္စည်းကို ခိုးယူသည်ဟူသော အမျိုးသမီးကြီးအား စိတ်အာရုံထဲတွင် ထားကာ သစ္စာဓိဋ္ဌာန် တခုကို ပြုလိုက်ပါသည်။

ဘုရားတပည့်တော်မသည် ဤအမျိုးသမီးကြီးကို ခင်မင်သိရှိရသည့် အချိန်မှစ၍ မိခင်တဦးပမာ ရိုသေလေးစားခဲ့ပါသည်။ သူ့အပေါ်တွင်လည်း မကောင်းသော အကြံအစည်များ မကြံစည်ခဲ့ပါ။ ဤမှန်ကန်သော သစ္စာစကားကြောင့် ဘုရားတပည့်တော်မ၏ ပစ္စည်း ပြန်လည် ထားရှိပေးပါစေသား-ဟူ၍ တိုင်တည်လိုက်ပါသည်။

မနက်မိုးလင်းသော် အိမ်ဘေးမှ အစောကြီးထတတ်သော အမကြီး၏ မင်္ဂလာရှိသောအသံကို ကျွန်မ ကြားရလေသည်။ ညီမရေ-ဟောသည်မှာ လာကြည့်စမ်းပါဦး၊ ငါ့ညီမ မနေ့က ပျောက်သွားတယ်ဆိုတဲ့ စောင်အခင်းလေး၊ ခေါက်ရက်သားလေး၊ ရေစင်မှာ လာတင်ထားတယ်ဟေ့။

ဟုတ်ပါသည်၊ ကျွန်မ၏ပစ္စည်းလေး ပြန်ရပါသည်။ ပြန်လာထားသည့် သတင်းသည်လည်း ချက်ချင်းပျံ့နှံ့သွားပါသည်။ ဤကဲ့သို့ ကျွန်မပစ္စည်း ပြန်လည်ရရှိခြင်းသည် မေတ္တာရောင်ပြန် အကျိုး-ဟု ယုံကြည်ယူဆမိပါသည်။

(ခိုင်-ပုသိမ် )

****************************************

မေတ္တာရောင်ပြန်

(မေတ္တာရောင်ပြန်)

ကျွန်မသည် ပညာရေးဌာနမှ ဝန်ထမ်းတဦး ဖြစ်ပါသည်။ မိသားစု၏ စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေးအတွက် အထောက်အကူ ရရှိရန် နွေရာသီကျောင်းပိတ်ရက်များတွင် စျေးရောင်းလေ့ရှိပါသည်။ စျေးရောင်ရာတွင် မြို့မှ အထည်များကိုဝယ်၍ ကျွန်မနေထိုင်သော ဒေသနှင့် ၅-မိုင် ၆-မိုင်ခန့်ဝေးသော ကျေးရွာများသို့ စက်ဘီးဖြင့်သွား၍ ရောင်းချခြင်းဖြစ်သည်။

ထိုကျေးရွာများ၌ နွေရာသီ သီးနှံပေါ်ချိန်ဖြစ်သောကြောင့်လည်းကောင်း၊ အလှူအတန်းနှင့် မင်္ဂလာဆောင်များလည်း ရှိသောကြောင့်လည်းကောင်း၊ ကျွန်မ၏အထည်များ ရက်အနည်းငယ်ဖြင့် ကုန်သွားပါသည်။ အထည်များကို လက်ငင်းပေး၍ ဝယ်သူများရှိသလို ဆေးရောင်းပြီးမှ မြေပဲရောင်းပြီးမှ ယူပါဟု ပြောသူများလည်း ရှိပါသည်။

အထည်ဝယ်သူ အားလုံးပင် အထည်ဖိုးများကို အလွယ်တကူ ပေးကြသော်လည်း ဒေါ်---ဟူသော အမျိုးသမီးကြီးကား ကျွန်မအခေါက်ခေါက်အခါခါ သွား၍တောင်းသော်လည်း မရပါ၊ ရွာမှ လူအချို့ကလည်း ဒီမိန်းမကြီးက အရမ်းလက်ခက်တာပဲ။ ဆရာမတော့ ဒုက္ခပဲ-ဟု တယောက်တပေါက် ပြောဆိုကြပါသည်။ သူတို့ ပြောစကားအရ ကျွန်မလည်း စိတ်တိုလာမိပါသည်။

မှတ်မှတ်ရရပင် ဖြစ်ပါသည်။ တနေ့သောနံနက်တွင် ကျွန်မဒေါပွပွဖြင့် ဒေါ်ကြီး ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ၊ စသည်ဖြင့် စကားလုံးကြမ်းကြမ်းများကို ပြောဆိုကာ ဒေါ်ကြီးထံ ကြွေးတောင်းရန် စက်ဘီးဖြင့်ထွက်လာခဲ့ပါသည်။ သူစျေးရောင်းသောဆိုင်သို့ ရောက်သောအခါ အဒေါ်ကြီးက ခပ်တည်တည်ဖြင့်ပင် မပေးနိုင်သေးကြောင်း ပြောပါသည်။ ကျွန်မလည်း စကားဆက်မပြောတော့ဘဲ ပြန်လာခဲ့ပါသည်။ တပတ်လောက်ကြာသောအခါ ကျွန်မ ထပ်သွားရန် တွေးမိပါသည်။ သွားမည့်နံနက်တွင် ကျွန်မဘုရားရှိခိုးပြီး ငါးပါးသီလခံယူပါသည်။ ထို့နောက် ဒေါ်ကြီး ကျန်းမာပါစေ၊ စျေးရောင်းကောင်းပါစေ၊ အားလုံး အဆင်ပြေပါစေ-ဟု ဒေါ်ကြီးကို စိတ်ကမှန်းပြီး မေတ္တာပို့ပါသည်။ လမ်းတလျှောက်လုံးလည်း ကြွေးများအဆင်ပြေပါစေ-ဟု ဆုတောင်းမိပါသည်။

သူ့ထံသို့ ကျွန်မရောက်သွားသောအခါ ကျွန်မပင် မတောင်းရသေးပဲ အထည်ဖိုးများကို အလွယ်တကူပင် ထုတ်ပေးပါသည်။ နောက်နောင်လည်း လာရောင်းဖို့ ပြောပါသည်။ ကျွန်မလည်း အလိုက်သင့်ပင် ပြန်ပြောခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ အဒေါ်ကြီးထံမှ ကျွန်မအထည်ဖိုးများကို ရရှိခဲ့ပါသည်။

မေတ္တာပေးလျှင် မေတ္တာပြန်ရတတ်ကြောင်း ကျွန်မသိခဲ့ရပါသည်။ ဤသည်ကား မေတ္တာရောင်ပြန်ပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

(မချို-ကနောင် )

****************************************

မေတ္တာရှေ့ထား အကောင်းဆုံးတရား

(မေတ္တာရှေ့ထား အကောင်းဆုံးတရား)

ကျွန်တော်၏မိဘများသည် နှစ်စဉ် အာလူး၊ ကြက်သွန်-နှစ်မျိုးကို စိုက်ပျိုးလေ့ရှိပါသည်။ အာလူးဖော်ချိန်တွင် အာလူးခင်းကို ကျွန်တော် စောင့်အိပ်ရပါသည်။

ထိုစဉ်က ကျွန်တော် ၉-တန်းကျောင်းသားဘဝသာ ရှိပါသေးသည်။ ကောက်သင်းကောက်သူများသည် ဖော်ပြီးသား အာလူးအခင်းများသို့ လာ၍ ကောက်သင်းကောက်ကြသည်။ ထိုအချိန် ကျွန်တော်တို့အခင်း သည်လည်း အာလူးဖော်ပြီးစ ဖြစ်သည်။ သို့ရာတွင် မထွန်ရသေးသဖြင့် ကောက်သင်းကောက်များ မဝင်စေရန် စောင့်နေရခြင်း ဖြစ်သည်။

ထိုစဉ် ကောက်သင်းကောက် မိန်းမကြီးတယောက် ၁၀-နှစ်အရွယ် ကလေးမလေးတယောက် ကျွန်တော်တို့ အခင်းစပ်သို့လာ၍ ယက်နေကြသည်။ ထိုအခြင်းအရာကို မြင်၍ အမကြီး၊ ဒီအခင်းက မထွန်ရသေးဘူးဆိုတာ မသိဘူးလား-ဟု ကျွန်တော် စိတ်တိုတိုဖြင့် မေးလိုက်သည်။

သိပါတယ် ငါ့တူရယ်၊ လူတယောက်ကို ထိုင်စောင့်ရင်းနဲ့ ယက်ကြည့်တာပါ။ ငါ့တူအခင်းကို မကောက်ပါဘူး-ဟု ပြောပါသည်။ ကျွန်တော်လည်း ကောက်သင်းကောက်များကို မုန်းတီးနေသဖြင့် အဲဒီနား မထိုင်နဲ့ဗျာ။ ကျွန်တော်က လေးခွနဲ့ ထုတတ်တယ်-ဟူ၍ ခြောက်လှန့်လိုက်သည်။ ထိုအခါ အမကြီးသည်လည်း တုတ်တုတ်မျှပင် မလှုပ်ဘဲ ငြိမ်နေသည်။ ထို့ကြောင့် ကျွန်တော်လည်း အမြင်ကတ်ကတ်ရှိသဖြင့် လေးခွနှင့် ထုလိုက်ရာ ကလေးမလေး၏ နဖူးကိုမှန်ပြီး သွေးများ စီးကျလာသည်။

ထိုစဉ် အမကြီးက ဘယ်လိုလုပ်လိုက်တာလည်း ငါ့တူရယ်။ မင်းလေးခွက ငါ့သမီးကို မှန်သွားပြီ။ သွေးတွေနဲ့ ဒုက္ခပါပဲ-ဟု ပြောပြီး သမီးလက်ဆွဲ၍ ပြန်သွားလေသည်။

ထိုကိစ္စဖြစ်ပြီး တလခန့်အကြာတွင် ကျွန်တော်တို့မြို့၏ ဘုရားပွဲ၌ ပွဲသွားကြည့်သောအခါ လူမှားပြီး ကျွန်တော်၏ခေါင်းကို ပုလင်းဖြင့် အရိုက်ခံလိုက်ရသည်။ သတိမေ့သွားသည်။ နောက်တနေ့ သတိရသောအခါ ဆေးရုံပေါ်တွင်ရှိနေပြီး ၅-ချက် ချုပ်ထားကြောင်း သိရသည်။ ဆေးရုံပေါ်တွင်ရှိနေစဉ် ကလေးမလေးကို လေးခွနဲ့ထုခဲ့ပုံကိုသာ ကျွန်တော် ပြန်လည်မြင်ယောင်နေမိသည်။

နောင်တွင် မည်သည့်ကိစ္စမဆို သူတပါးအပေါ် မေတ္တာရှေ့ထား၍ နေသွားမည်ဟု ဆုံးဖြတ်မိပါသည်။

ရာဇာအောင်(ပေါက်)

****************************************

မောင်းထု၍ အမျှဝေသူ

(မောင်းထု၍ အမျှဝေသူ)

ဦးမြစိန်သည် ပျော်ဘွယ်ကြီးရွာတွင် နေသူဖြစ်သည်။ အဖ ဦးဘရင်၊ အမိ ဒေါ်ငြိမ်းအေး-တို့က ၁၂၈၅-ခု တော်သလင်းလဆန်း ၁၀-ရက်၊ ကြာသပတေးနေ့တွက် မွေးဖွားခဲ့ပါသည်။

ဖခင်ဖြစ်သူမှာ ဦးမြစိန် ငယ်စဉ်က ကွယ်လွန်သွားခဲ့သည်။ အမေက စျေးရောင်းကျွေး၍ လူလားမြောက်ခဲ့သည်။ ဦးမြစိန်သည် အမေ့ကို တဖန် ပြန်လည်လုပ်ကိုင်ကျွေးမွေးသည်။

ဦးမြစိန်တွင် သမ္ဗန်တစင်း ကိုယ်ပိုင်ရှ်ိသည်။ ထိုသမ္ဗန်ဖြင့် ကုန်ပစ္စည်းများကို ဝယ်ပေးရသည်။ သူ၏ ရိုးသား ဖြောင့်မတ်မှု ကိုယ်ကျင့်တရားကြောင့် တရွာလုံးရှိ ကုန်သည်များက သူနှင့်ဆက်သွယ်ကြသည်။ သူသည် အရက် မသောက်၊ ဖဲမရိုက်၊ အပျော်အပါး မလိုက်၊ ငါးပါးသီလမြဲပြီး ကိုယ်ကျင့်တရား ကောင်းသူဖြစ်သည်။ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တို့ကို အလေးအနက် ယုံကြည်သူဖြစ်သည်။

မနက်စောစော အိပ်ရာထပြီး မြတ်စွာဘုရားကို မျက်နှာသစ်တော်ရေ ကပ်သည်။ ဘုရားရှိခိုး အမျှဝေသည်။

၁၀-နာကျော်လောက်တွင် မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးချိန်ဖြစ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ ရေချမ်း၊ ပန်းတို့ကို ကပ်သည်။ ဘုရားရှိခိုး အမျှဝေသည်။

ညနေ ၄-နာရီခန့်တွင် မြတ်စွာဘုရားအတွက် ခြေဆေးတော်ရေနှင့် တရားဟောချိန်အတွက် ဆီမီးများကပ်လှူပြီး ဘုရားရှိခိုး အမျှဝေပြန်သည်။

ဦးမြစိန် နေ့စဉ် ဘုရားရှိခိုးပြီးသည့်အခါ ပရိတ်ကြီး ၁၁-သုတ်၊ ဓမ္မစကြာ၊ ပဋ္ဌာန်း၊ ဓာရဏပရိတ်၊ သမ္ဗုဒ္ဓေ ဘုရားရှိခိုးတို့ ပါဝင်ပါသည်။

သူသည် တနေ့လျှင် ဘုရားသုံးကြိမ်ရှိခိုး၍ အမျှဝေသည့်အခါ ကြေးစည်မဟုတ်ဘဲ မောင်းထု-၍ အမျှပေးဝေလေ့ရှိသည်။

သူသည် ရပ်ထဲရွာထဲတွင် သာရေး၊ နာရေးကိစ္စများ၌ ဝေယျာဝစ္စလုပ်သူများနှင့်အတူ ကူညီလုပ်အား ပေးလေ့ရှိသည်။

သူသည် အသက် ၄၆-နှစ်တွင် မိခင်၏ သဘောတူတိုက်တွန်းမှုဖြင့် မစိန်မြင့်-နှင့် အိမ်ထောင်ပြုခဲ့သည်။ သား ၃-ယောက် ထွန်းကားခဲ့သည်။

ဦးမြစိန်သည် အသက် ၇၀-ကျော်သောအခါ သား ၃-ဦးကလည်း အလုပ်ကိုယ်စီနှင့် ဖြစ်နေကြသည်။ ကုမ္ပဏီမှာ တဦး၊ ဌာနဆိုင်ရာမှာ တဦး၊ လက်သမားအလုပ် တဦးတို့ ဖြစ်ကြသည်။ ဦးမြစိန်သည် မိခင်ကို ရိုသေစွာ လုပ်ကိုင်ကျွေးမွေးခဲ့သည့်အတွက် သားများကလည်း ပြန်လည်လုပ်ကိုင် ကျွေးမွေးကြသည်ကို လက်တွေ့ ခံစားရသည်။

သူသည် ချမ်းသာသူ မဟုတ်ပါ။ ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်းဒါယကာအဖြစ်လည်း မခံယူနိုင်ပါ။ သူသည် ဘုရားကို ရှိခိုးရမည်။ တရားနာရမည်။ သံဃာကို လှူဒါန်းရမည်။ ငါးပါးသီလ မြဲရမည် ခံယူထားသူဖြစ်သည်။

သူသည် ဒါနတခုကို အာစိဏ္ဏကံအဖြစ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့ကိုးကွယ်သော (ရွှေကျင်အနောက်ကျောင်း) သို့ နေ့စဉ် ငါးဟင်းချို တချိုင့်လှူရန် ဆုံးဖြတ်ခဲ့သည်။

ဤသို့ ကောင်းမှုကုသိုလ်များ နေ့စဉ်ပြုလုပ်ခဲ့ရာ ၂၄-နှစ်ခန့်ရှိလာသည့်အခါ ဦးမြစိန်အသက်လည်း ၈၂-နှစ်ရှိလာပြီဖြစ်သည်။ ထိုအချိန်တွင် ပျော်ဘွယ်ကြီးရွာမှ ဦးမြင့်သိန်း၊ ရွှေလေချောင်ရွာမှ ဦးဖုန်း၊ ဘုရားကြီးရွာမှ ဒေါ်မြရီ-တို့ ၃-ဦးသည် တလ နှစ်လခြားစီ နေမကောင်းစဉ် သတိလစ်မေ့မျောသွားကြသည်။ သတိရလာကြ၍ သတိလစ်တုန်းက ဘယ်တွေရောက်နေလဲဟု မေးကြည့်သည့်အခါ မိုးပေါ်ကိုရောက်သွားတယ်။ ရွှေရောင်တဝင်းဝင်နဲ့ ဗိမာန်တွေ၊ အဆောက်အဦးတွေကို တွေ့ရတယ်။ ဆောက်လုပ်ဆဲဗိမာန်ကိုတွေ့တော့ ဒါ ဘယ်သူ့ဗိမာန်လဲ မေးမိတယ်။ ပျော်လွယ်ကြီးရွာက မောင်တီးအမျှဝေတဲ့ ဦးမြစိန်အတွက် နေဖို့ဆောက်နေတယ်၊ မပြီးသေးဘူးလို့ ပြောလိုက်ပါ-ဟု မှာလိုက်ကြောင်း ပြောပြကြသည်။

ဦးမြစိန်သည် သူ့အကြောင်းကို ပြောပြသူတို့ထံမှ ကြားရသည့်အခါ ပိုမို၍ ဒါန၊ သီလ၊ ဘာဝနာတို့ကို လုပ်သည်။ နေ့စဉ် ငါးပါးသီလမြဲပြီး ဥပုသ်နေ့များတွင် ၉-ပါးသီလ အမြဲစောင့်သည်။

ဝိပဿနရာတရားများကိုလည်း ကြိုးစားအားထုတ်သည်။ ရုပ်နာမ်ဖြစ်ပျက်သိအောင် တရားအားထုတ်သည်။ ရုပ်နာမ်၏ မမြဲမှု၊ ရုပ်နာမ်၏ ဆင်းရဲမှု၊ ရုပ်နာမ်၏ အစိုးမရမှုကို အကြိမ်ကြိမ် အထပ်ထပ် ပွားများလျက်ရှိသည်။

တနေ့တွင် ဦးမြစိန်သည် နံနက်ဆွမ်းလောင်းအပြီးတွင် လမ်းပျက်နေသည်ကို သတိထားမိသည်။ လမ်းပြင်ရန် အိမ်ရှေ့သို့ တဖန်ထွက်လာပြီး ထိုင်၍ လမ်းပြင်နေသည်။ ထိုစဉ် ရုတ်တရက် သတိမေ့လဲကျပြီး ကွယ်လွန်သွား လေသည်။ သူကွယ်လွန်ချိန်မှာ အသက် ၈၄-နှစ်ရှိပြီ ဖြစ်သည်။

ထိုနေ့သည်ကား ၁၃၆၉-ခု ပထမဝါဆိုလဆုတ် ၁၀-ရက်၊ တနင်္လာနေ့ မနက် ဖြစ်သည်။ ဦးမြစိန်သည် အလာကောင်းသူဖြစ်သကဲ့သို့ အပြန်ကောင်းသူလည်း ဖြစ်သည်။ သူသည် ဒုဂ္ဂတိဘုံသို့ မလားရောက်နိုင်၊ သုဂတိဘုံသို့သာ လားရမည်မှာ သေချာနေသည်။ သူသည် မသေခင်ကပင် လားရာဂတိ မြဲနေသူဖြစ်သည်။

မနုလေးရီ-(ပျော်ဘွယ်ကြီး)

****************************************

မောင်လူခန့်၏ ဆွမ်းတနပ်

(မောင်လူခန့်၏ ဆွမ်းတနပ်)

၂၀၀၅-ခုနှစ် ဇန်နဝါရီလတွင် မြို့နယ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသည့်မြို့မှာ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် နယ်စပ်တွင်ရှိသော မြို့တမြို့ ဖြစ်ပါသည်။ ယင်းအချိန်တွင် မောင်လူခန့်၏ အစာအိမ်ရောဂါမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နံနက်စာထမင်းကို ကြက်ဥကြော်၊ ငါးကြော်နှင့်သာ စားသောက်ရပါသည်။ ညနေစာဆိုလျှင် အစာအိမ်သည် ကြာဆံပြုတ်ကိုသာ လက်ခံပါသည်။ အစားအစာကို အထူးသတိပြုပြီး စားသောက်နေရပါသည်။

မောင်လူခန့် စခန်းမှာ ကလေးမြို့နှင့် တမူးမြို့သွား မော်တော်ကားလမ်းဘေးတွင် တည်ရှိပါသည်။ ယင်းမြို့ကလေးမှာ ခရစ်ယာန်ဘာသာဝင်ဦးရေ ပိုမိုများပြားသည့်အတွက် တနင်္ဂနွေနေ့တိုင်း စျေးပိတ်ပါသည်။ ယင်းနေ့ အသားငါး အထူးသဖြင့် ငါး (လုံးဝ) ဝယ်ယူ၍မရပါ။

မတ်လဆန်းပိုင်း စနေနေ့ကျသော ရက်တရက်ကို မောင်လူခန့် ဘယ်သောအခါမှ မေ့မရနိုင်ပါ။

ထိုနေ့ ၁၁-နာရီခန့်တွင် မောင်လူခန့်ရုံးခန်းရှေ့၌ ခရီးသည်တင်ကားတစီးပျက်၍ ပြင်နေပါသည်။ ယင်းကားပေါ်တွင် ဘုန်းကြီးတပါးလည်း လိုက်ပါလာခဲ့ပါသည်။ မောင်လူခန့်က- ကားဆရာ၊ ဘယ်အချိန် ကားပြင်ပြီးမှာလဲ-ဟု မေးလိုက်ရာ ၁၂-နာရီကျော်မှ ပြီးပါမည်-ဟု ပြန်ဖြေပါသည်။ ထိုအခါ မောင်လူခန့်က ဘုန်းတော်ကြီးကို မြန်မြန်ဆန်ဆန် ရုံးခန်းထဲသို့ ပင့်ဖိတ်ပြီး မိမိအတွက် မနက်စာချက်ပြုတ်ထားသည့် ကြက်ဥကြော်၊ ငါးကြော်အပြင် နောက်နေ့ စျေးပိတ်၍ ကြိုတင်ဝယ်ယူထားသော ငါးကြော်များကိုပါ ထည့်ပြီး ဆွမ်းကပ်လှူခဲ့ပါသည်။ ဆရာတော်မှာ မနေ့က ရထားပျက်၍ နေ့ဆွမ်းမဘုဉ်းပေးခဲ့ရကြောင်း မိန့်ကြားပါသည်။ ဤအခါ မောင်လူခန့်မှာ မိမိလှူဒါန်းရသော ဆွမ်းတနပ်အတွက် အလွန်ပင် ပီတိဖြစ်ခဲ့ရပါသည်။

နောက်တနေ့ တနင်္ဂနွေနေ့တွင် မောင်လူခန့်၏ စခန်းရှေ့၌ နံနက် ၈-နာရီခန့် ငါးများလာရောက်ရောင်းချ နေသည်ကို ထူးဆန်းစွာ တွေ့မြင်ခဲ့ရပါသည်။

သို့ဖြင့် မောင်လူခန့်က သူ၏တပည့်ကိုခေါ်၍ နံနက်စာအတွက် ငါးများဝယ်ယူချက်ပြုတ်စေခဲ့ပါသည်။

မောင်လူခန့်သည် အစိုးရဌာနတခုတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတယောက် ဖြစ်ပါသည်။ တခါတရံ မြို့နယ်ရုံးများတွင် တနှစ်ခွဲမှ နှစ်နှစ်နီးပါးအထိ ထာဝန်ထမ်းဆောင်ခဲ့ရသည့် အချိန်ကာလများလည်း ကြုံတွေ့ခဲ့ ရပါသည်။

မောင်လူခန့်တွင် အလယ်တန်းကျောင်းသားဘဝက အခြေခံအစပျိုးခဲ့သည့် အစာအိမ်ရောဂါ အမြဲစွဲကပ်လျက် ရှိပေသည်။ သို့သော် နယ်ရုံးများသို့ တာဝန်ထမ်းဆောင်ရသည့်အခါတိုင်း သူ၏မိသားစုများကို ခေါ်သွားလေ့ မရှိပါ။ သူ၏အစာအိမ်ရောဂါမှာ ပြင်ပစားသောက်ဆိုင်များမှ အစားအစာများနှင့် လုံးဝမတည့်ပေ။ ကိုယ်တိုင် ချက်ပြုတ်၍ စားရသည်။

ထို့ကြောင့် ကုသိုလ်ဒါနပြုတိုင်းပြုတိုင်း မိမိနှင့် မတည့်သောအစားအစာများ မိမိကြိုက်နှစ်သက်ပြီး စားသောက်၍မရသော အစားအစာများကို အထူးဦးစားပေးလှူဒါန်းခဲ့ပါသည်။ သူ့မိဘများကလည်း ခုနစ်နှစ်သား အရွယ်တွင် ရှင်ပြုပေးခဲ့သည့်အချိန်မှစ၍ ဝါတွင်းသုံးလ ဥပုသ်နေ့များတွင် ဘုန်းကြီးကျောင်းဝေယျာဝစ္စ လုပ်ပေးရန် အဖိတ်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်ညအိပ်စေခဲ့ပါသည်။ ထို့အပြင် ဥပုသ်နေ့တိုင်း ရှစ်ပါးသီလကိုလည်း ခံယူဆောက်တည်စေခဲ့ပါသည်။ ထို့ကြောင့် ဝန်ထမ်းဖြစ်လာသည့်အခါမှာလည်း ဝါတွင်းသုံးလဥပုသ်ရက်များတွင် ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းခဲ့သည့် အလေ့အကျင့်များလည်း ရရှိခဲ့ပါသည်။

ကျန်းမာရေးအလွန်ညံ့ပြီး ဆေးရုံကို မကြာခဏ တက်ရောက်ကုသမှု ခံယူခဲ့ရသဖြင့် အသက်ရှည် ကျန်းမာသည့် အောက်ဖော်ပြပါ ကုသိုလ်များကိုလည်း စွမ်းနိုင်သမျှ လှူဒါန်းပူဇော်ခဲ့ပါသည်။ ယင်းကုသိုလ်များ-

(၁) ရေစစ်လှူဒါန်းခြင်း။

(၂) ဆေးဝါးလှူဒါန်းခြင်း။

(၃) ကျောင်း၊ ဘုရား၊ တံတားပျက်တို့ကို ပြုပြင်ခြင်း။

(၄) ငါးပါးသီလကို အမြဲစောင့်ထိန်းခြင်း။

(၅) သီတင်းနေ့တိုင်း ရှစ်ပါးသီလကို စောင့်ထိန်းခြင်း။

(၆) ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ ဖြစ်ပါသည်။

ယခုအခါ မောင်လူခန့်မှာ အချဉ်မှလွဲ၍ အသီး၊ အရွက်နှင့် အပူအစပ် အနည်းငယ်ကိုပါ စားသုံး၍ရသော အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုအကျိုးကား မိမိပင် ပြန်လည်ခံစား ခဲ့ရကြောင်း မောင်လူခန့် စဉ်းစားမိတိုင်း ဝမ်းသာပီတိဖြစ်လျက် ရှိပါတော့သည်။

ဆင်တဲဝမောင်မောင်ကြည်

****************************************

မောရသုတ်ပရိတ်တော် အကျိုး

(မောရသုတ်ပရိတ်တော် အကျိုး)

လွန်ခဲ့သော ၁၀-နှစ်ခန့်က ဒီးမောဆိုမြို့နယ် ဒေါပိုးစီးကျေးရွာရှိ ဘုန်တော်ကြီးကျောင်းတွင် ဦးကောသလ္လ ဆိုသည့် ဘုန်းတော်ကြီးတပါး သီတင်းသုံး နေထိုင်တော်မူခဲ့ပါသည်၊ ဦးပဉ္ဇင်းကြီးမှာ သက်တော ၇၀-ကျော် အရွယ်ဖြစ်ပြီး မျက်စိအားနည်း၍ ပါဝါအား ၁၀၀၀-ရှိသည့် မျက်မှန်အဖြူ ထူထူကြီးကို အမြဲတပ်ဆင်ထားရပါသည်

သို့သော်လည်း ယခုအခါ ထိုဦးပဉ္ဇင်းကြီး၏ မျက်စိမှာ ပါဝါမျက်မှန်ထူထူကြီး မတပ်ဆင်ရတော့ပဲ ထူးထူးခြားခြား ပြန်လည်ကောင်းမွန်လာခဲ့ပါသည်၊ ထိုသို့ ပြန်လည်ကောင်းမွန်လာသည်မှာလည်း ဘုရားတရား၏ ဂုဏ်ကျေးဇူး ကြောင့်ဟု ဆိုရပါမည်။

ဦးပဉ္ဇင်းကြီး ဦးကောသလ္လသည် နေ့စဉ် နံနက် နေစထွက်ချိန်တွင် နေကို ကြည့်နိုင်သလောက်အထိ ကြည့်ပြီး မောရသုတ်ပရိတ်တော်ထဲက “ဥဒေတယံ စက္ခုမာ ဧကရာဇာ”စသောအပိုဒ်ကို အမြဲရွတ်ဆိုပါသည်။ ထိုသို့ နေ့စဉ်ရွတ်ဆိုလာသဖြင့် ဤကဲ့သို့ ထူးထူးခြားခြား ဖြစ်ပေါ်လာပါသည်။

တနေ့တွင် ဦးပဥ္ဖင်းကြီး ဦးကောသလ္လသည် အထက်ပါဂါထာတော်ကို ရွတ်ဆိုနေရင်း မျက်စိထဲမှ ပထမ မျက်ရည်ပူတွေ ထွက်လာသည်၊ ထို့နောက် ယခင်က မျက်စိထဲဝင်ခဲ့သော သဲမှုန့် မြေမှုန့်လေးတွေ အမှိုက်မှုန်မှုန်မွှားမွှားလေးတွေ မျက်စိထဲမှ ထွက်ကျလာသည်။

ထိုသို့ နေ့စဉ်ဆိုသလို ပရိတ်တော်ရွတ်ဆိုနေချိန်မှာ ယခင်က မျက်စိထဲဝင်ခဲ့သော သဲမှုန့်မြေမှုန့်လေးတွေ၊ အမှိုက်အမှုန်မွှားလေးတွေ ထွက်ကျလာသဖြင့် ဦးပဉ္ဇင်းကြီး ဦးကောသလ္လ၏ မျက်စိမှာ တဖြည်းဖြည်းနှင့် မျက်စိအား ပြန်လည်ကောင်းမွန်လာပြီး ပါဝါမျက်မှန်ထူထူကြီးလည်း မတပ်ဆင်ရတော့ပေ။

ယခုကဲ့သို့ မျက်စိမှုန်ရာဘဝမှ မျက်စိအမြင်အာရုံ ပြန်လည်ကြည်လင် ကောင်းမွန်လာခဲ့ခြင်းမှာ ဗုဒ္ဓဂုဏ်တော် တွေထဲက မောရသုတ်ပရိတ် ရွတ်ဆိုခြင်း၏ အကျိုးကျေးဇူးကြောင့်ဟု ဦးပဉ္ဇင်းကြီး ဦးကောသလ္လက မိန်ပတော်မူပါသည်။

(အောင်-ကယားမြေ )

****************************************

ရေ ကုသိုလ်

(ရေ ကုသိုလ်)

လွိုင်ကော်မြို့ ပန်ကန်းကျေးရွာအုပ်စုတွင် အလွန်ဆင်းရဲလှသော ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစု နေထိုင်ကြသည်။ သူတို့မိသားစုသည် တနေ့လုပ်မှ တနေ့စားရသည်။ သူတို့တွင် မိသားစု ၅-ဦးရှိသည်။ သား ၃-ဦး၊ သမီး ၂-ဦး ဖြစ်သည်။ ဦးဖိုးမြသည် အိမ်စဉ်လှည့်လည်ကာ ရေထမ်းရောင်း၍ ဇနီးဖြစ်သူက အိမ်တွင် မောင်းဆုံတလုံး၌ ဆန်မှုန့်ထောင်းသော လုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရရှာသည်။ ထိုမိသားစုသည် ဆင်းရဲသော်လည်း စိတ်ထားဖြူစင်ကြသည်။

ဦးဖိုးမြ ရေထမ်းရောင်းသော အိမ်များက ဦးဖိုးမြကို ရေဖိုးငွေ ပေးသည်လည်း ရှိသည်။ အချို့ မပေးဘဲ နေသည်လည်း ရှိသည်။ သို့သော် ဦးဖိုးမြသည် ရေဖိုးငွေကို အတင်းအဓမ္မ မတောင်း။ ရေအလှူပေးရသည်ဟုသာ သဘောထားလေသည်။ ဦးဖိုးမြတို့ ဇနီးမောင်နှံသည် ညနေပိုင်း အလုပ်သိမ်းချိန်၌ ရွာဦး ဘုန်းတော်ကြီးကျောင်းသို့ သွားကာ တံမြက်လှည်းခြင်း၊ သောက်ရေအိုးများ ရေဖြည့်ခြင်းတို့ကို နေ့စဉ် ဝတ်မပျက်ခဲ့ပေ။ ဥပုသ်နေ့များတွင်လည်း ဆွမ်းချိုင့်ဆွဲကာ ဇနီးမောင်နှံနှစ်ဦး ဥပုသ်သီလ ဆောက်တည်ကြသည်။

တခါတရံ နေအိမ်၌ စားဝတ်နေရေး မပြေလည်သော်လည်း မိမိတို့နေ့စဉ် ပြုလုပ်နေကျ ရွာဦးကျောင်း၌ ရေလှူခြင်းအလုပ်များကိုတော့ ဝတ်မပျက်ခဲ့ပေ။ ထိုကုသိုလ်ဒါနမျိုးကို ဦးဖိုးမြတို့ ဇနီးမောင်နှံ ၈-နှစ်တိုင်တိုင် ပြုလုပ်လာခဲ့ကြသည်။

တနေ့ ဦးဖိုးမြတယောက် ရေထမ်းရောင်းရသော ငွေဖြင့် ထီလက်မှတ်တစောင် ထိုးခဲ့ရာ ၅၀၀၀၀-ဆုပေါက်ခဲ့ပါသည်။ အရင်းစစ်တော့ အမြစ်ကမြေမှာ ဆိုသကဲ့သို့ ဦးဖိုးမြတို့မိသားစုသည် စိတ်ထားဖြူစင်ခြင်း၊ ရွာဦးဘုန်းကြီးကျောင်းများသို့ နေ့စဉ်သွားရောက်၍ တံမြက်လှည်းခြင်းနှင့် ရေအလှူဒါန ပြုလုပ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုတို့ကြောင့် ယခုကဲ့သို့ ထီပေါက်ခြင်းဖြစ်သည်ဟု ယုံကြည်ယူဆနေကြပါသည်။

ယခုအခါ ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစုသည် ကိုယ်ပိုင်အမှုန့်ကြိတ်စက်တလုံးဖြင့် စီးပွားဖြစ်ထွန်းနေပြီဖြစ်ပါသည်။

(လွန်ခဲ့သော ၈-နှစ်ခန့်က တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်)

(မောင်ချစ်ကြည်-ကန္ဒရဝတီ)

****************************************

ရေကုသိုလ်

(ရေကုသိုလ် )

လွိုင်ကော်မြို့ ပန်ကန်းကျေးရွာအုပ်စုတွင် အလွန်ဆင်းရဲလှသော ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစု နေထိုင်ကြသည်။ သူတို့မိသားစုသည် တနေ့လုပ်မှ တနေ့စားရသည်၊ သူတို့တွင် မိသားစု ၅-ဦးရှိသည်၊ သား ၃-ဦး၊ သမီး ၂-ဦး ဖြစ်သည်။

ဦးဖိုးမြသည် အိမ်စဉ်လှည့်လည်ကာ ရေထမ်းရောင်း၍ ဇနီးဖြစ်သူက အိမ်တွင် မောင်းဆုံတလုံး၌ ဆန်မှုန့်ထောင်းသောလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရရှာသည်၊ ထိုမိသားစုသည် ဆင်းရဲသော်လည်း စိတ်ထားဖြူစင်ကြသည်။

ဦးဖိုးမြ ရေထမ်းရောင်းသော အိမ်များက ဦးဖိုးမြကို ရေဖိုးငွေ ပေးသည်လည်းရှိသည်၊ အချို့ မပေးဘဲ နေသည်လည်းရှိသည်၊ သို့သော် ဦးဖိုးမြသည် ရေဖိုးငွေများကို အတင်းအဓမ္မ မတောင်း၊ ရေအလှူပေးရသည်ဟု သဘောထားလေသည်၊ ဦးဖိုးမြတို့ ဇနီးမောင်နှံသည် ညနေပိုင်း အလုပ်သိမ်းချိန်၌ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားကာ တံမြက်လှည်းခြင်း၊ သောက်ရေအိုးများ ရေဖြည့်ခြင်းတို့ကို နေ့စဉ် ဝတ်မပျက်ခဲ့ပေ၊ ဥပုသ်နေ့များတွင်လည်း ဆွမ်းချိုင့်ဆွဲကာ ဇနီးမောင်နှံနှစ်ဦး ဥပုသ်သီလ ဆောက်တည်ကြသည်။

တခါတရံ အိမ်၌စားဝတ်နေရေး မပြေလည်သော်လည်း မိမိတို့နေ့စဉ် ပြုလုပ်နေကျ ရွာဦးကျောင်း၌ ရေလှူခြင်း အလုပ်များကိုတော့ ဝတ်မပျက်ခဲ့ပေ၊ ထိုကုသိုလ်ဒါနမျိုးကို ဦးဖိုးမြတို့ ဇနီးမောင်နှံ ၈-နှစ်တိုင်တိုင် ပြုလုပ်လာခဲ့ကြသည်။

တနေ့ ဦးဖိုးမြတယောက် ရေထမ်းရောင်းရသောငွေဖြင့် ထီလက်မှတ်တစောင် ထိုးခဲ့ရာ ၅၀၀၀-ဆု ပေါက်ခဲ့ပါသည်။ အရင်းစစ်တော့ အမြစ်မြေက ဆိုသကဲ့သို့ ဦးဖိုးမြတို့ မိသားစုသည် စိတ်ထားဖြူစင်ခြင်း၊ ရွာဦးဘုန်းတော်ကြီး ကျောင်းများသို့ နေ့စဉ်သွားရောက်၍ တံမြက်လှည်းခြင်းနှင့် ရေအလှူဒါန ပြုလုပ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကြောင့် ယခုကဲ့သို့ ထီပေါက်ခြင်းဖြစ်သည်-ဟု ယူဆနေကြပါသည်။

ယခုအခါ ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစုသည် ကိုယ်ပိုင် အမှုန့်ကြိတ်စက် တလုံးဖြင့် စီးပွားဖြစ်ထွန်းနေပြီ ဖြစ်ပါသည်။ (လွန်ခဲ့သော ၈-နှစ်ခန့်က တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်။)

(မောင်ချစ်ကြည်-ကန္ဒရဝတီ )

****************************************

ရေချမ်းစင်

(ရေချမ်းစင် )

ကျွန်မတို့အိမ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သော ဦးမောင်နှင့် ဒေါ်လှတို့၏ အိမ်ရှေ့တွင် ရေချမ်းစင်ကလေး ရှိသည်။ ထိုရေချမ်းစင်ကလေးသည် နွေ-မိုး-ဆောင်း ရာသီအလိုက် အမြဲ ရေပြည့်လျက်ရှိသည်။ ဦးမောင်တို့မိသားစုသည် ရေချမ်းစင် ရေမပြတ်အောင် အမြဲဂရုပြုကြသည်။ ရေချမ်းစင်ကလေးမှာ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ရှိသဖြင့် ရေချမ်းစင်နားသို့ ရောက်သူတိုင်း ရေသောက်ပြီးမှ သွားကြသည်။ အိမ်ရှိမိသားစုကလည်း အယုတ်-အလတ်- အမြတ် မရွေး မည်သူမဆို သောက်သုံးရန်အတွက် စေတနာသန့်သန့်ဖြင့် တည်ထားခြင်းဖြစ်ပါသည်။

ကျွန်မတို့ရွာလေးသည် နွေရာသီရောက်တိုင်း ရေဒုက္ခနှင့် တွေ့ကြုံရစမြဲပါ။ သို့သော် ဦးမောင်တို့ အိမ်ရှေ့ရှိ ရေချမ်းစင်ကလေးသည် ဘယ်သောအခါမှ ရေပြတ်သည်ဟူ၍ မရှိခဲ့ဘူးပါ။ ရေလှူရသော ကုသိုလ်ကံ စေတနာကြောင့် ရေအကျိုး ၁၀-ပါး ရသည်ကိုတော့ လူတိုင်းသိကြပြီး ဖြစ်ပါသည်။ ရဟန်း-သံဃာတော်များနှင့် လူကြီးသူမများက လူငယ် လူရွယ်များအား ပြောပြပေးကြသဖြင့် ရေအကျိုး ၁၀-ပါး၊ ဆွမ်းအကျိုး ၅-ပါး စသည့် ကုသိုလ်များ ရတတ်ကြောင်းကို သိကြသော်လည်း ရေချမ်းစင်ကိုဖြင့် အိမ်အများတွင် မတွေ့ရပါ။ ယခုဘဝ မိမိပြုလိုက်သော ကုသိုလ်ကံ စေတနာအကျိုးသည် နောင်ဘဝမှ ခံစားရမည်ဟု ကျွန်မ ထင်မိပါသည်။

ယခုကား ဤသို့မဟုတ်ပါ။ နောင်ဘဝရော ယခုဘဝပါ အကျိုးထူးကို ခံစားရပါသည်။ မိမိပြုလိုက်သောကုသိုလ်ကံ အကုသိုလ်ကံသည် မိမိနောက်သို့ အရိပ်လို လိုက်ပါနေပါလား-ဟု ကျွန်မခံယူမိပါသည်။ ဦးမောင်တို့ မိသားစုသည် ယခုဘဝ၌ပင်လျှင် ကောင်းကျိုးချမ်းသာကို ခံစားနေရသည်မှာ ကျွန်မတို့ မျက်စိရှေ့မှောက်၌ပင် ဖြစ်ပါသည်။

ဦးမောင်တို့ မိသားစုသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ယခင်က တနှစ်လျှင် တသီးစား စိုက်ပျိုးခဲ့ရာမှ ယခုအခါ နှစ်သီးစား စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပါသည်။ လယ်လုပ်ငန်းပြီး၍ အားလပ်သောအချိန်တွင် ဦးမောင်၏သား တယောက်သည် ရွှေကျင်ခြင်းအလုပ်ကို လုပ်ကိုင်သည်။ လုပ်ငန်းတိုင်း အဆင်ပြေသဖြင့် ဦးမောင်တို့ မိသားစုကို ကြည့်ရသည်မှာ အားကျစရာပင် ကောင်းလှသည်။ အဆင်ပြေလို့လုပ်၊ လုပ်လို့ အဆင်ပြေ ဆိုသလို ဖြစ်နေပါသည်။

ယခုအခါတွင် ဦးမောင်တို့အိမ်မှာ စပါးကြိတ်စက် (ကျွန်မတို့အရပ်ဒေသခေါ် ဟာလာစက်) ရေစုတ်စက်တို့ ပိုင်နေပြီ။ အိမ်တွင်းပစ္စည်းများလည်း ပြည့်စုံနေပြီ။ ဦးမောင်ရဲ့သား ရွှေပြန်ရပြီတဲ့-ဟူသော သတင်းကောင်းကိုလည်း မကြာခဏကြားရသည်။ ဦးမောင်တို့ စီးပွားရေးသည် တနေ့တခြား ဒီရေအလား တိုးတက်လာသည်။ ယခင်က အခြေအနေနှင့် ယခုအခြေအနေသည် ကွာခြားနေပေပြီ။ ဦးမောင်တို့ မိသားစုသည် ကျွန်မတို့ရွာတွင် လူချမ်းသာစာရင်းဝင် ဖြစ်နေပါသည်။

ရွာထဲမှ အသက်အရွယ်ကြီးရင်းသူများက ငမောင်တို့ မိသားစုကတော့ အားကျစရာပါပဲကွာ။ သူတို့မိသားစု စေတနာသန့်သန့်နှင့် လှူထားတဲ့ ရေချမ်းစင်ကလေးက သူတို့ကို ကောင်းကျိုးပေးနေပြီလေ။ ရေချမ်းစင်က ရေလေးအေးမြသလို သူတို့မိသားစုရဲ့ ရှေ့ရေးဟာလဲ စိတ်အေးရပြီပေါ့ကွာ-ဟု ပြောဆိုတတ်ကြသည်။

မိမိပြုလိုက်သော ကိုသုလ်ကံသည် ကောင်းကျိုးကို ပေးတတ်၏၊ လှူတာခြင်းတူသော်လည်း စေတနာပါပါနှင့် လှူဖို့က အရေးကြီးပါသည်။ ဦးမောင်တို့ စေတနာသန့်သန့်နှင့် လှူသောအလှူသည် ငွေကုန်သောအလှူ မဟုတ်သော်လည်း အလှူ၏အကျိုးကို လက်ငင်းပင် ခံစားရပါသည်။

(သင်း-မြန်မာစာ )

****************************************

ရေချမ်းစင်ကို ဖျက်ဆီးသူများ

(ရေချမ်းစင်ကို ဖျက်ဆီးသူများ)

ကျွန်တော်တို့မြို့ရှိ လမ်းတလမ်း၏ လမ်းဘေးတွင် ရေချမ်းစင်တခုရှိသည်။ ရေချမ်းစင် အလှူရှင်မှာ ဦးချစ်မြ+ဒေါ်ခင်ခင်ရီ-တို့ ဖြစ်သည်။ သူတို့သည် ၁၀-နှစ်ကျော် နေ့စဉ် ဝတ်မပျက် ရေထည့်သည်။ ရေအိုး၊ ရေခွက်များကို ဆေးကြောသည်။ ရေအကျိုးဆယ်ပါးကို ရရှိ်နေသည်။

လမ်းသွားလမ်းလာ များသဖြင့် ရေကတော့ နေ့စဉ် ဖြည့်ရသည်။ တခါတရံ ရေအိုး၊ ရေခွက် အဖုံးများ အခိုးခံရသည်။ အရိုက်ခွဲခံရသည်။ အလှူရှင်ကလည်း မညဉ်းမညူ ထပ်မံဝယ်ထည့်သည်။ ၁၃-၁-ဝ၄ ရက်နေ့ည ၁၂-နာရီအချိန်ခန့်တွင် အမူးလွန်နေသော လူငယ် ၅-ဦး ရောက်လာသည်။ ရေအိုးများကို ဖုန်း-ဒိုင်း-ဖြင့် စိစိညက်ညက်ကြေအောင် ရိုက်ခွဲကြသည်။

ထိုအခါ အနီးရှိ လုံခြုံရေးကင်းသမားက မနေသာတော့ပေ။ ဟေ့ကောင်တွေ မလုပ်ကြပါနဲ့၊ သူများလှူဒါန်းထားတာ မလုပ်ကောင်းပါဘူး။ မလုပ်ကြပါနဲ့-ဟု ပြောကာ တားမြစ်လိုက်သည်။ သို့သော် သူတို့အားလုံး အမူးလွန်နေသဖြင့် စိတ်ရိုင်းများ ဝင်နေကြသည်။ တယောက်က မင်းနဲ့ဘာဆိုင်သလဲ၊ ငါတို့ အလုပ်ကို ဝင်မရှုပ်နဲ့၊ ဝင်ရှုပ်တဲ့အကောင် ဆုံးမရမယ်-ဟု ပြောပြီး ကင်းသမားကို တယောက်တချက် ဝိုင်းပြီးထိုးကြိတ်ရိုက်နှက်ကြပါတော့သည်။

ကင်းသမားလည်း အရိုက်ခံရပြီး သတိမေ့သွားသည်။ ရပ်ကွက်လူများသိပြီး ကင်းသမားကို ဆေးရုံသို့ ပို့ပေးကြသည်။ ရိုက်သူအားလုံးကို ဝိုင်းဖမ်းပြီး ဥပဒေအရ အရေးယူသည်။ အမူးသမားအားလုံး အပြစ်ရကာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ရောက်ပြီး ဒုက္ခတွေ့ကြရသည်။

အကယ်၍ ရေချမ်းစင်ကသာ စကားပြောနိုင်မည်ဆိုပါက -ဟေ့ မင်းတို့လိုလူတွေကို ပြောလိုက်၊ ကောင်းမှု မကောင်းမှု ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတာ နောင်ဘဝမကူးဘူး။ အခုဒီဘဝမှာပဲ ကြုံရတတတ်တယ်၊ သင်ခန်းစာ ယူကြ-ဟု ပြောဆိုမည်ထင်ပါသည်။

(မောင်ရေချမ်း-ခရမ်း)

****************************************

ရောင်ပြန်သော စေတနာကံ

(ရောင်ပြန်သော စေတနာကံ)

ကျွန်မသည် အမှတ် ၁-လယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်မှုစက်ရုံမှ ဝန်ထမ်းတဦးဖြစ်ပါသည်။ စက်ရုံသို့ နေ့စဉ် စက်ဘီးဖြင့် အလုပ်တက်ပါသည်။ လမ်းတွင် ကျွန်းပင်များ၊ တောချုံများဘေးမှ ဖြတ်နင်းပြီး ၁၅-မိနစ်ခန့် အကြာတွင် စက်ရုံဂိတ်ဝသို့ ရောက်ရှိပါသည်။

တနေ့ နံနက်တွင် ထုံးစံအတိုင်း ကျွန်းပင်များရှေ့မှ ဖြတ်နင်းလာစဉ် တောအစပ် ချုံငယ်တခုကြားမှ အသံကြားရ၍ လှမ်းကြည့်လိုက်ရာ ခွေးအဝါတကောင် လူးလှိမ့်နေသည်ကို တွေ့ရပါသည်။ ကျွန်မသည် ထိုနေရာကို ကျော်ဖြတ်ပြီးမှ ထိုခွေး မည်သည့်ဝေဒနာကြောင့် အော်ညည်းနေသည်ကို သိလိုသဖြင့် စက်ဘီးပေါ်မှ ဆင်းကြည့်လိုက်သည်။ ခွေးအဝါမတကောင်သည် သားမပေါက်နို်င်၍ ဝေဒနာခံစားနေရသညာ်ကို တွေ့မြင်ရသည်။

ထို့ကြောင့် ခွေးမအား နင် ငါ့ကို ရန်မမူဘူးဆိုရင် နင့်ကို ကူညီပေးမယ်-နော် ဟု ပြောရင်း ခွေးမ၏ဗိုက်ကို အသာအယာ ပွတ်ပေးပါသည်။ နှုတ်ကလည်း ဗောဇ္ဈင်သုတ်နှင့် အင်္ဂုလိမာလသုတ်ကို ၃-ခေါက်စီ ရွတ်ဆိုပြီး ဤခွေးမလေး ခံစားနေရသော ဝေဒနာသည် ချက်ချင်းသက်သာ ပျောက်ကင်းပါစေသတည်း-ဟု မေတ္တာပို့ ဆုတောင်းမိပါသည်။ ထို့နောက် ၁၀-မိနစ်ခန့်အကြာတွင် ခွေးမ၏ ဝမ်းတွင်းမှ ခွေးပေါက်စလေးနှစ်ကောင် ဆက်တိုက် မွေးဖွားလာပါတော့သည်။ ကျွန်မတတ်စွမ်းသရွေ့ ကူညီရကျိုးနပ်သဖြင့် ဝမ်းသာပီတိ ဖြစ်ရပါသည်။

ညနေ အလုပ်ဆင်း၍ ခွေးမသားအမိအား ရှာကြည့်ရာ မတွေ့တော့ပါ။ အိမ်ရောက်သောအခါ မိခင်အား ပြောပြရာ မိခင်က အသက်သုံးချောင်းကို ကယ်ခဲ့သည့်အတွက် မွန်မြတ်သော ကုသိုလ်ဖြစ်ကြောင်း ရှင်းပြပါသည်။

ခွေးမသားအမိကို ဖြူစင်သောစေတနာဖြင့် ကယ်တင်ခဲ့သောကြောင့် ကျွန်မအပေါ် ကျရောက်မည့် ဘေးအန္တရာယ်များလည်း လွတ်ကင်းခဲ့ပါသည်။ ငယ်စဉ်ကတည်းကပင် ပရိတ်တော်များကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ရွတ်ဆိုခဲ့သောကြောင့် ကျွန်မလည်း ဘေးအန္တရာယ်ကင်း၍ ဒုက္ခတွေ့နေသော တိရစ္ဆာန်များကို ကယ်တင်သောအခါလည်း အောင်မြင်ခြင်းဖြစ်ကြောင်း ယုံကြည်ယူဆမိပါသည်။

မအေးအေးမွန်

****************************************

ရေနွေးပူလောင် ကိုဖိုးထောင်

(ရေနွေးပူလောင် ကိုဖိုးထောင် )

တနေ့တွင် တဖက်ခြံမှ ခွေးတကောင်သည် သူ၏ကြက်ခြံမှ ကြက်နှစ်ကောင်ကို ကိုက်သတ်လိုက်သည်၊ သို့ဖြင့် ဖိုးထောင်သည် ထိုခွေးကိုသတ်ရန် အမြဲချောင်းမြောင်းနေခဲ့သည်။

တနေ့သောအခါ ဖိုးထောင်တို့အိမ်၌ ဘဲငန်းသားဟင်း ချက်ရန် ရေနွေးကြိုနေခိုက် မမျှော်လင့်ဘဲ ထိုခွေးရောက်လာသည်၊ ဤတွင် ဖိုးထောင်သည် ခွေးကို ရေနွေးပူအိုးဖြင့် လောင်းကာ လက်စားချေလိုက်တော့၏၊ ခွေးမှာ ဆောက်တည်ရာမရဘဲ ပြေးလွှားဝေဒနာခံစားရပြီး ၄-ရက်ခန့်အကြာ၌ သေဆုံးသွားတော့သည်။

များမကြာမီ ဖိုးထောင်၏ အရေပြားပေါ်တွင် အဖုကလေးများ ပေါက်ခဲ့ပြီး ပူလောင်သော ဝေဒနာကို ခံစားရတော့၏၊ ၂-လခန့် ကြာသောအခါ အဖုလေးများ နေရာတွင် အဖြူကွက်များ တကွက်ပြီးတကွက် ပေါ်လာတော့၏၊ တကိုယ်လုံး အဖြူကွက်များ အနှံ့ဖြစ်နေတော့၏၊ သမားတော်များနှင့် ပြသပါသော်လည်း မပျောက်ဘဲ ရှိတော့သည်။

ရပ်ရွာမှ လူကြီးများက ဖိုးထောင်တယောက် တိရစ္ဆာန်ကို ညှင်းပန်းမှုကြောင့် တူသောအကျိုးပေးခြင်းဟု ပြောစမှတ် ပြုကြလေသည်။

(ဖျာပုံ-ဇော်တ )

****************************************

ရွှေအိုးမြှုပ်နှံခြင်း

(ရွှေအိုးမြှုပ်နှံခြင်း )

ရန်ကုန်မြို့ ကမ္ဘာအေးစျေးနှင့် ပတ်ဝန်းကျင်တွင် အသက် ၈၀-ခန့်ရှိ အဘိုးအိုတယောက်သည် တဆိုင်ဝင် တဆိုင်ထွက်ဖြင့် စျေးအနှံ့လှည့်လည် အလှူခံစားသောက်လျက်ရှိ၏၊

အဘိုးအိုကို ကြည့်ရသည်မှာ လွန်စွာသနားစရာကောင်းလှ၏၊ ခါးကလည်း ကိုင်းလှ၏၊ အစာအာဟာရ ချို့တဲ့မှုကြောင့် ခွန်အားဗလလည်း လွန်စွာချိနဲ့လျက်ရှိ၏၊ ကားလမ်းမကြီးဘေးရှိ မုန့်ဟင်းခါဆိုင်မှ စားစရာ ထည့်လိုက်သောအခါ ထိုဆိုင်နှင့် မလှမ်းမကမ်းမှာပင် ထိုင်လျက် အားရမြိန်ရှက်စွာ စားသောက်နေသည်ကို သနားစဖွယ် တွေ့မြင်ရလေ၏၊ အဘိုးအို၏ သနားစဖွယ်အဖြစ်ကို စာရေးသူ မကြာခဏ တွေ့မြင်ရသည်။

ဤသို့တွေ့မြင်ရဖန် များလာသောအခါ ထိုအဖိုးအိုအပေါ် ကရုဏာသက်မိ၏၊ စားစရာ သောက်စရာများ ပေးလှူချင်သည့်စိတ်များ တဖွားဖွားဖြစ်ပေါ်မိ၏၊ တနေ့တွင် နို့မုန့်နှင့် နို့ဆီဘူး လှူမည်-ဟု စိတ်ကူးပြီးနောက် အဘိုးအို၏ အနားသို့ သွား၍ အဘိုး-ဘုရားဝင်းထဲ ခဏ လိုက်ခဲ့စမ်းပါ၊ အဘိုးကို စားစရာလှူချင်လို့ပါ-ဟု ပြောရာ အဘိုးအိုမှာ နားလေးနေရော့သလား မပြောတတ်။ ဘယ်မှ မလိုက်နိုင်ဘူး၊ သွားစရာရှိသေးတယ်-ဟု ပြန်ပြောသဖြင့် စာရေးသူလည်း လှည့်ပြန်ခဲ့ရလေ၏၊ စာရေးသူတွင် လှူဖွယ်ပစ္စည်းများမှာ တခါတည်း ပါမလာသဖြင့် မလှူလိုက်ရခြင်း ဖြစ်လေသည်။

တနေ့တွင် စာရေးသူသည် ကမ္ဘာအေး ဘောဂလမ်းထဲသို့ လမ်းလျှောက်သွားစဉ် လမ်းဘေး၌ တဲငယ်တလုံးကို မြင်သဖြင့် တဲငယ်အတွင်းသို့ လှမ်းကြည့်လိုက်ရာ လူတယောက် ခွေခွေကလေး အိပ်နေသည်ကို တွေ့ရလေ၏၊ သေချာစွာကြည့်ပြန်ရာ စျေးထဲ၌ အလှူခံ စားသောက်နေသော အဘိုးအိုဖြစ်မှန်း သိရလေ၏၊ အစားအစာအတွက် ဒုက္ခရောက်နေသည်ကို မြင်ရသဖြင့် သနားနေမိရာမှ နေရသည့်အိမ်ကိုပါ မြင်ရပြန်သောအခါ အဘိုးအိုအပေါ် ပို၍ပင် သနားမိပြန်၏၊

သို့နှင့် နောက်တနေ့ နံနက်တွင် နို့မုန့် တထုပ်၊ သကြား တထုပ်၊ ဘီစကစ်တထုပ်၊ ကိတ်ခြောက်တထုပ်၊ အစာကြေဆေး တပုလင်းတို့ကို ဝယ်ယူ၍ ကြွပ်ကြွပ်အိတ်တွင် ထည့်ကာ ထိုအဘိုးအို အိမ်သို့သွား၏၊ သို့သော် အဘိုးအိုကိုမတွေ့ရပေ၊ အနီးပတ်ဝန်းကျင်တွင် ရှာကြည့်ပြန်ရာ မတွေ့သဖြင့် ပြန်လာခဲ့ရာ ဘုရားလမ်းမှတ်တိုင်အနီး ကွမ်းယာဆိုင်တဆိုင် ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကို တွေ့ရလေ၏၊

စာရေးသူလည်း လူငယ်တဦးကို လှူဖွယ်ပစ္စည်းများကို ပေးပြီး အဘိုးအိုအား လှူခိုင်းလိုက်လေ၏၊ အဘိုးအိုက ဒါကဘာလဲ-ဟု မေးရာ လူငယ်က ဟိုဦးပဉ္စင်းက အဘိုးကို လှူခိုင်းလို့ပါ-ဟု ပြန်ပြောလေရာ အဘိုးအိုသည် စာရေးသူကို မော်ကြည့်လျက် ကြည်လင်ရွှင်ပြသောမျက်နှာဖြင့် လက်အုပ်ချီရှိခိုးလျက် ပါးစပ်မှလည်း တတွတ်တွတ်နှင့် ဆုတောင်းနေလေ၏၊

စာရေးသူလည်း အဘိုးအိုကို ခဏမျှကြည့်ရှုပြီးနောက် ဝမ်းသာကြည်နူးသော စိတ်ဖြင့် မိမိကုသိုလ်ကို ဆင်ခြင်အောက်မေ့လျက် ပြန်လာခဲ့လေသည်။

စာရေးသူသည် ဤကုသိုလ်ကြောင့် မျက်မှောက်ဘဝမှာပင် အစားအစာပေါများခြင်း၊ ဆေးဝါးပစ္စည်း လှူဒါန်းမည့်သူ ပေါ်ပေါက်ခြင်း၊ ကျန်းမာခြင်း စသော အကျိုးများကို ရရှိခံစားနေရပါသည်။

(တက္ကသိုလ် သောတုဇန )

****************************************

လေဖြတ်ရာမှ ပြန်လည်ကျန်းမာလာသူ

(လေဖြတ်ရာမှ ပြန်လည်ကျန်းမာလာသူ)

ဦးမောင်မောင်ခင်သည် မြိတ်မြို့ တပ်ပြင်ရပ် (ဦးဟန်စိန်)+ဒေါ်မြကြည်တို့၏ သားကြီး ဖြစ်သည်။ ၁၉၄၈-ခုနှစ်တွင် ဖွားမြင်သည်။ ရန်ကုန်တက္ကသိုလ် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ သူသည် သေရွာပြန် တဦးဖြစ်သည်။ ယခုကဲ့သို့ အသက်ရှင်နေခြင်းသည် ဝိပဿနာတရား အားထုတ်လာခဲ့ခြင်း၏ အကျိုးဖြစ်ကြောင်း ပြောပြသည်။

သူသည် ၁၉၇၄-ခုနှစ်တွင် ဘွဲ့ရလူငယ်များကို ဦးဆောင်ပြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်း၌ ၁၀-နှစ်ခန့် အလုပ်လုပ်ခဲ့သည်။ ၁၉၈၄-ခုနှစ်တွင် တာဝန်မှ အနားယူခဲ့သည်။ ၁၉၉၁-နိုဝင်ဘာလတွင် ဒုလ္လဘရဟန်းဝတ်ခဲ့သည်။

ရဟန်းဝတ်စဉ် မြိတ်မြို့ ကန်ဖျားရပ် မဟာစည်သာသနာ့ရိပ်သာသို့ သွားပြီး တရားအားထုတ်သည်။ မူလက ၂-ရက်ခန့် စမ်းကြည့်ရာမှ နှစ်သက်ပြီး ထို့နောက် ရက် ၄၀-အထိ အားထုတ်ဖြစ်သည်။

၁၉၉၁-ခုနှစ် ဖေဖော်ဝါရီလ ၁၀-ရက်နေ့တွင် မကျန်းမမာဖြစ်ပြီး ဖျားနာပါသည်။ အဖျားပျောက်သွားပြီးနောက် ဖေဖော်ဝါရီလ ၁၇-ရက်နေ့တွင် ရာဦဥတု အလွန်ပူအိုက်သောကြောင့် ည ၁၀-နာရီအချိန်၌ ရေချိုးလိုက်သည်။

ထိုအချိန်ကစ၍ သူ-လေဖြတ်ပြီး မေ့မြောသွားသည်။ ဆရာဝန် ဒေါက်တာ ဂင်လိုက်က ဆေးသွင်း၊ ဆေးထိုး ကုသပေးသည်။ ၄-ရက်မြောက်နေ့တွင် ပြည်လည်သတိရလာခဲ့သည်။ သူ-လေဖြတ်ပြီး သတိလစ်မေ့မြောနေစဉ် လူမည်းကြီး လေးဦးက သူ့ကို လာဆွဲကြောင်း ဘုန်းတော်ကြီး ၂-ပါးက သူ့ကို ပြန်ဆွဲထားကြောင်း၊ သူသတိရလာချိန်တွင် လက်မောင်းများ အလွန်နာကျင် ကိုက်ခဲနေကြောင်း ပြောပြသည်။

သူသည် ပြန်သတိရလာသောအခါ အမေနှင့် အဒေါ်ကြီးများ၏တိုက်တွန်းချက်အရ ကြိုးစား၍ တရားထိုင်သည်။ အစတွင် အချိန်အနည်းငယ်သာ ထိုင်နိုင်သည်။ ထို့နောက် အားမလျှော့ဘဲ ကြိုးစားထိုင်ရာ တဖြည်းဖြည်း တိုး၍တိုး၍ ထိုင်နိုင်လာသည်။ ထမင်းကို ခွံ့ကျွေးရာမှ ကိုယ်တိုင် ဇွန်းနှင့် စားလို့ရလာသည်။

၁၉၉၆-ခုနှစ်၌ မြိတ်မြို့ ကန်ဖျားရပ် မဟာစည်သာသနာ့ရိပ်သာ၊ မြိတ်မြို့ဖွားသုခ မိုးကုတ်ဝိပဿနာ တရားရိပ်သာ၊ မြိတ်မြို့ တပ်ပြင်ရပ် လှည်းဘီးကျောင်း မဟာစည်သာသနာ့ရိပ်သာ၊ မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီး မိုးကုတ်ဓမ္မရိပ်သာတို့က ဖွင့်လှစ်ခဲ့သော ၁၀-ရက်တရားစခန်းများတွင် ၁၁-ကြိမ် ဝင်ရောက်အားထုတ်ခဲ့သည်။

သူသည် တရားရိပ်သာများမှ အိမ်သို့ပြန်ရောက်သောအခါ ဆက်လက် တရားထိုင်ခဲ့သည်။ ဦးမောင်မောင်ခင်က ၁၉၉၇-ခုနှစ်ကစပြီး မိမိနေအိမ်မှာ အချိန်ဇယားချပြီး တရားထိုင် ရှုမှတ်ခဲ့ပါတယ်။

နံနက် ၄-နာရီမှ နံနက် ၅-နာရီအထိ။

နံနက် ၆း၃၀-နာရီမှ နံနက် ရး၃၀-နာရီအထိ။

နံနက် ၁၀-နာရီမှ နံနက် ၁၁-နာရီအထိ

ည ၁၀-နာရီမှ ၁၂-နာရီအထိ။

တနေ့လျှင် ၄-ကြိမ် မပျက်မကွက် အချိန်မှန်မှန် တရားထိုင်လာခဲ့ပါသည်။ ကျန်အားလပ်ချိန်များမှာ ဘာသာရေးစာအုပ်များ ဖတ်ရှုလေ့လာရင်း အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။ တရားထိ်ုင်တဲ့ အလေ့အကျင့်များကို အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့တဲ့အတွက် မထိုင်ရမနေနိုင်သလို ဖြစ်လာပါတယ်။ မိမိစိတ်ကို သန့်ရှင်းစင်ကြယ်စွာထားပြီး ဝိပဿနာအလုပ်ကို တစိုက်မတ်မတ်လုပ်လာလို့ ထင်ပါတယ်။ စား၊ ဝတ်၊ နေမှု၊ ပူပင်ကြောင့်ကြမှု ကင်းပါတယ်။ ယခု ဒီအခြေအနေအထိ ပြန်လည် ကျန်းမာလာခြင်းဟာ ဝိပဿနာတရား အားထုတ်ခြင်းရဲ့ အကျိုးဖြစ်တယ်လို့ ယုံကြည်ပါတယ်-ဟူ၍ ဖွင့်ဟ ပြောဆိုပေသည်။

ဤကား ဦးမောင်မောင်ခင်က ပြောပြသော စကားများ ဖြစ်သည်။ ဦးမောင်မောင်သည် ၁၉၇၀-ပြည့်နှစ် ကျောင်းသားဘဝတွင် မြိတ် ၄-ခရိုင် အလေးမနှင့် မောင်ရွေးပွဲ၌ ရွှေမြိတ်မောင်-ပထမဆုနှင့် အလေးမ ပထမဆု ရရှိခဲ့သူ ဖြစ်သည်။

(ကြံတော-ဖိုးခွေး)

****************************************

လောက ငရဲ

(လောက ငရဲ )

စာရေးသူတို့ရွာတွင် ရွာ၏လူဆိုး စာရင်းဝင် အသက် ၃၀-ကျော်အရွယ် လူတဦးရှိသည်။ သူသည် မိဘတို့၏ ပြောဆို ဆုံးမသည်ကို နားမထောင်၊ မကောင်းသော မိတ်ဆွေနှင့်သာ ပေါင်းသင်းသူဖြစ်သည်။ သို့ရာတွင် သူသည် ရွာသားများနှင့်အတူ ချောင်းကူးတံတား၊ ရွာဦး ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရာတို့၌ ကူညီဆောင်ရွက်ခဲ့ဘူးသည်။

တနေ့တွင် သူအိမ်သို့ အပေါင်းအသင်းများ ရောက်လာကြပြီး `ဝက်သားစျေး ကောင်းတယ်ကွ၊ ဝက်ဝယ် ပေါ်ကြရအောင်-ဟု တိုင်ပင်ကြသည်။ ထိုနေ့တွင်ပင် ဝက်ဝယ်ကြသည်၊ အနီးအနား ရွာတရွာမှ ဝက်ကြီးတကောင် ဝယ်လာခဲ့ကြသည်။ နက်ဖြန်နံနက် မြို့စျေးအမီ ရောင်းရန်အတွက် ထိုနေ့ ညနေပင် ဆောင်ရွက်ကြသည်။

ဝက်မွေးချွတ်ရန် အတွက် တည်ထားသော မိုးပြဲဒယ်အိုးကြီးထဲတွင် ရေများ ကျိုက်ကျိုက် ဆူပွက်နေသည်၊ ဝက်ကြီးသည် မီးဖိုအနားတွင် နှစ်ခြိုက်စွာ အိပ်နေသည်။ ဗလကောင်းသော ထိုသူသည် ဝက်ကြီးကိုခွပြီး လေးလံလှသော ပုဆိန်ကို ကိုင်မြှောက်လျက် ဝက်၏ထိပ်ကို `ဒုန်း-ခနဲ ထုချလိုက်သည်။ ဝက်ကြီးသည် ချက်ချင်း မသေဘဲ အော်ဟစ်လျက် ထ၍ ပြေးသည်တွင် ထိုသူကို ဝက်ကြီးက ထမ်း၍ ပစ်လိုက်သကဲ့သို့ ဖြစ်ပြီး ကျိုက်ကျိုက်ဆူသော မိုးပြဲဒယ်အိုးကြီးထဲသို့ `ဗွမ်း-ခနဲ ကျသွားလေတော့သည်။

သူ၏ အပေါင်းအသင်းများ မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ထိတ်လန့်ကာ တွေဝေနေကြသည်၊ သူသည် ကျိုက်ကျိုက်ဆူသော ဒယ်အိုးထဲမှ ခုန်ထွက်ကာ မီးဖိုးအနားတွင် ခွေလဲကျသွားသည်။ နှုတ်မှလည်း ကယောင်ကတမ်း အော်နေသည်၊ အိမ်နီးချင်းသို့ ဝိုင်းဝန်းလာကြပြီး ဆေးမြီးတိုများဖြင့် ပြုစုကုသကြသည်။

ထိုသူသည် ဤဝေဒနာဖြင့် ရက်ပေါင်းများစွာ အဝတ်မဝတ်နိုင်၊ အစာမစားနိုင်ဘဲ အလူးအလဲ ခံခဲ့ရသည်၊ ဤအလုပ်မလုပ်ခင် ရွာ၏ လူသွားချောင်းကူးတံတား၊ ကျောင်းဆောက်လုပ်ခြင်းတို့၌ ပါဝင်ခဲ့သော ဝေယျာဝစ္စ ကုသိုလ်ကြောင့်သာ အသက်မသေခြင်းဖြစ်သည်-ဟု ထင်မိပါသည်။ မကောင်းမှုဟူသည် လောကငရဲ ကျသလို ဖြစ်တတ်ကြောင်း သံဝေဂယူမိပါသည်။

(မောင်ဝင်းစိုး )

****************************************

ဝေဒနာကို ရှာကြံသူ

(ဝေဒနာကို ရှာကြံသူ )

အုန်းကျော်သည် ဦးဘလှနှင့် ဒေါ်သိန်းမေတို့၏ အငယ်ဆုံးသား ဖြစ်သည်၊ အကိုတွေ အမတွေနှင့် မိဘများကပါ အလိုလိုက်သဖြင့် အုန်းကျော်မှာ အခွင့်ထူးခံအဖြစ် ဆိုးနွဲ့လွန်းသူဖြစ်သည်၊ အစားဆိုလျှင် အကောင်းဆုံး၊ အများဆုံး စားချင်သည်၊ အကို အမနှင့် အဖေက ရုံးဝန်ထမ်းများဖြစ်ပြီး အုန်းကျော်က အထက်တန်း ကျောင်းသားဖြစ်သည်။

အုန်းကျော်တယောက် ကျောင်းမှ ဗိုက်ဆာဆာနှင့်ပြန်လာလေသည်၊ ဗိုက်ကလည်း ဆာလွန်းမက ဆာနေသဖြင့် အုန်းကျော်ခြေလှမ်းတွေက သွက်လက်လွန်းနေသည်၊ အုန်းကျော်က အစားကောင်းမက်သူမို့ အမေ့ ဟင်းကောင်းကောင်းတွေကို မျက်စိထဲမှာ မြင်ယောင်လာသည်၊ အမေက နေ့စဉ် ဟင်းကောင်းတခွက်တော့ ချက်စမြဲပင်။

“အမေ-ဗိုက်ဆာလာပြီဗျို့၊ ထမင်း ခူးပေး”

ဟော---သားအုန်ကျော် ပြန်လာပြီလား၊ အေး-အမေ ခူးပေးမယ်၊

အုန်းကျော်က ထမင်းစားပွဲမှာ ထိုင်နေသည်၊ အမေ အရင်ဆုံးလာချသော လက်ဆေးခွက်မှာ လက်ရေဆေးသည်၊ ပြီးတော့ ထမင်းပန်းကန် လာချသည်။

“ဟာ-အမေကလဲ ဟင်းခွက် မြန်မြန်လာချပါဗျ”

“အေးကွယ် လာပြီ လာပြီ”

အမေက ချဉ်ရေဟင်းနဲ့ ပဲရေပွ ပန်းကန် နှစ်ခွက်ကို လာချပြန်သည်၊

“အမေ့ဟင်းတွေကလဲ ဘာဟင်းတွေမှန်းမသိဘူးဗျာ၊ မနက်က အမေ ကြက်သားဝယ်ပါတယ်၊ ကြက်သားဟင်း အလျင်ချဗျာ”

အမေသည် ပုဇွန်ခြာက်ကိုထောင်းပြီး ကြက်သွန်နီလေးနှင့် အမြန်သုပ်ကာ သားအုန်းကျော်ရှေ့ လာချသည်။

“ဒါလားဗျ ကြက်သားဟင်း”

သား၏အော်သံ ကျယ်ကျယ်ကြောင့် အမေလန့်ဖျပ်၍ပင် သွားရသည်၊ သားကိုဘယ်လိုချော့ရပါ့၊ အမေသည် သား၏ပခုံးကို အသာကိုင်ရင်း-

“သားရယ်--အမေလေ သားဖို့ ဟင်းသပ်သပ်ခွဲချန်ထားတာ ရွာကဧည်သည် ရောက်လာတာနဲ့ ကျွေးလိုက်ရတယ်ကွယ်၊ အဲဒါ-

အမေ့ ချော့စကားတွေက မဆုံးလိုက်၊ အုန်းကျော်သည် စားပွဲမှ ဝုန်းခနဲ ထလိုက်သည်၊

“သား--သား ဘာလုပ်မလို့လဲ ဟင်”

ဘာလုပ်လုပ်ဗျာ၊ ကျုပ်လုပ်ချင်တာ လုပ်မှာပဲ၊ ခင်ဗျားတို့လဲ ခင်ဗျားတို့ လုပ်ချင်ရာ လုပ်တာပဲ

အုန်းကျော်သည် ဗိုက်ထဲက တပူပူဆာလျက်နဲ့ပင် အိမ်၌မွေးထားသော ကြက်များထဲမှ မိရာကြက်တကောင်ကို မရမက လိုက်ဖမ်းတော့သည်၊ အမေ၏အော်သံတွေ ဆုံးမသံတွေကို အုန်းကျော်မမှု၊ ဒေါသတွေ မာန်တွေနဲ့ ကြက်ကိုလည်လိမ်ချိုးပစ်လိုက်သည်၊ အမွေးတွေကို အမြန်ဆုံး ဆွဲနှုတ်ပစ်သည်၊ ဆီ-လေးဆယ်သား တပုလင်းလုံး သွန်ထည့်ကာ ဆီ-ဒယ်အိုးကို မီးဖိုပေါ် တင်လိုက်သည်၊ `ကြက်ကောင်းလုံးကြော်ကို စားပစ်လိုက်မယ်´ကြက်ကလီစာတွေ ဆွဲထုတ်ပစ်ကာ ဆီကျက်ကျက်ထဲ ထည့်လိုက်သည်၊

အဆီရဲရဲနဲ့ ကြွပ်ရွနေသော ကြက်ကြော်ကို ဆယ်ယူကာ ဆီဒယ်အိုးကို ချသည်၊ ဆီပူတေါကို ပန်ကန်တချပ်ထဲ လောင်းချလိုက်သည်။

`အောင်မယ်လေးဗျ၊ အောင်မယ်လေးဗျ´

အုန်းကျော်၏အော်သံအက်ကြီးကြောင့် အမေအပြေးရောက်လာသည်၊ အိမ်နီးချင်းတွေလည်း ရောက်လာကြသည်၊ အုန်းကျော်လက်ပေါ်သို့ ဆီပူလောင်တွေ လောင်းချမိခြင်းဖြစ်သည်၊ ပူလွန်းလှသဖြင့် ဆွေ့ဆွေ့ခုန်နေရသည်၊ အုန်းကျော် အိမ်ကိုပတ်ပြေးနေမိသည၊ အမေနှင့် အိမ်နီးချင်း ဘကြီးတယောက် လိုက်ဖမ်းရသည်။

အုန်းကျော် ဆာလောင် မွတ်သိပ်မှုတွေ မေ့ပျောက်ကုန်သည်၊ ပူလောင်ခြင်းကသာ သူ့တကိုယ်လုံးကို ဝါးမျိုသကဲ့သို့ရှိလေသည်၊ ထိုနေ့က အုန်းကျော်သည် ကြက်ကောင်းလုံးကြော် မဆိုထားနဲ့ ဘာဆိုဘာမျှ မစားနိုင်လောက်အောင် ပူလောင်ခြင်းဝေဒနာကို အလူးအလိမ့် ခံစားခဲ့ရလေသည်။

အုန်းကျော်၏ မိခင် အပေါ် အနိုင်ယူမှု၊ အစားအသောက်အပေါ် တပ်မက်လွန်းမှု၊ ဒေါသ မောဟကို ရှေ့တန်းတင်မှုများသည် အုန်းကျော်အား ကောင်းစွာ သင်ခန်းစာပေးလိုက်ခြင်း ဖြစ်ပါသည်။

(မေရည်မွန်-မြန်မာစာ )

****************************************

သေကံမရောက် သက်မပျောက်

(သေကံမရောက် သက်မပျောက်)

ကျွန်မ၏အမည်မှာ ဒေါ်ခင်စိန် ဖြစ်ပါသည်။ လွန်ခဲ့သော ၁၀-နှစ်ခန့်က သေဘေးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကျွန်မ၏ ကိုယ်တွေ့ အဖြစ်အပျက်ကလေးတခုကို တင်ပြလိုပါသည်။

ကျွန်မသည် ပညာရေးဝန်ထမ်း အထွေထွေလုပ်သားတဦးဖြစ်ပြီး ဗန်းမော်မြို့၊ အ-မ-က (၁) တွင် တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်ပါသည်။ ကျွန်မ၏နေအိမ်ရှိရာ ခွန်သာရပ်ကွက်နှင့် ကျောင်းရှိရာရပ်ကွက်မှာ အတန်ငယ် ကွာလှမ်းသောကြောင့် စက်ဘီးဖြင့် အသွားအပြန် ကျောင်းတက်ရပါသည်။

အထွေထွေလုပ်သား၏ တာဝန်မှာ အများသိကြသည့်အတိုင်း ကျောင်းမတက်ခင် စောစောလာပြီး ကျောင်း၏ဝေယျာဝစ္စများကို ကြိုတင်လုပ်ကိုင်ဆောင်ရွက်ထားရပါသည်။ ကျောင်းဆင်းချိန်ဆိုပါကလည်း ကျောင်းတံခါးပိတ်ပြီး ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားများ အားလုံး ပြန်မှ အိမ်ပြန်ရသောကြောင့် အမြဲတမ်း အိမ်ပြန်နောက်ကျတတ်ပါသည်။

တနေ့ ကျွန်မသည် ညနေကျောင်းဆင်းပြီး အိမ်သို့ စက်ဘီးဖြင့် ပြန်လာခဲ့ပါသည်။ အစိုးရ သစ်အရောင်းဆိုင်ရှေ့ အရောက်တွင် (ဂေါ်ရာကန်နား) နောက်ဘက်မှ ကားကြီးတစီးက ဟွန်းတီးကာ လမ်းတောင်းပါသည်။ အမှန်က ကျွန်မသည် ညာဘက်လမ်းဘေးအတိုင်း စက်ဘီးစီးလာခဲ့သော်လည်း ကတ္တရာလမ်းက ကျဉ်းသောကြောင့် ကားကြီး လွတ်လွတ်ကျွတ်ကျွတ် မောင်းနိုင်ရန် လမ်းဘေးဘက်သို့ ပြန်ပြီး ဖဲ့ဆင်းပေးလိုက်ပါသည်။

ဖြစ်ချင်တော့ စက်ဘီးအရှိန်ဖြင့် လမ်းဘေးသို့ ရှောင်တိမ်းလိုက်စဉ် ရှိနှင့်နေသော လမ်းခင်းကျောက်စရစ်ခဲ ပုံလေးများကြောင့် စက်ဘီးမှာ ထိန်းမရနိုင်ဘဲ ရုတ်တရက် ပစ်လဲကျသွားပါသည်။ စက်ဘီးတခြား၊ လူတခြား ဖြစ်သွားကာ ကျွန်မလည်း အရှိန်ကြောင့် ကတ္တရာလမ်းပေါ်ရှိ ကားအောက်သို့ရောက်သွားခဲ့ရပါသည်။ ကျွန်မ၏စိတ်ထဲတွင် ဒီတခါတော့ ကိစ္စချောပြီ-ဟုထင်ကာ မျက်စိကိုမှတ်ထားပြီး ဘုရားတရားကိုသာ အာရုံပြုထားလိုက်ပါတော့သည်။

မကြာခင် ကျွိ-ခနဲ ကားဘရိတ်အုပ်သံနှင့်အတူ ကားရပ်သံပေါ်လာပြီး ဟာ သေပြီထင်တယ်ဟေ့ ဆရာမလေးတယောက်။

ကားမောင်းသူက အော်ရင်း ကားအောက်သို့ ဆင်းလာပါသည်။ ကျွန်မလည်း ထိုအခါမှ ကားအောက်က ထွက်လာနိုင်ခဲ့ပါသည်။ ကျွန်မတကိုယ်လုံး မည်သည့်ထိခိုက်ဒဏ်ရာကြီးငယ်မှ မရခဲ့ပါ။ စက်ဘီးလဲသွားသောကြောင့် ပွန်းပဲ့ရုံလောက်သာ ရှိပါသည်။

ကျွန်မကား သေဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။ ကားသာမရပ်ဘဲ ဆက်မောင်းသွားပါက ကျွန်မ၏အဖြစ်သည် မတွေးရဲစရာပင်။ သေကံမရောက် သက်မပျောက်ဟုပင် ဆိုရပါလိမ့်မည်။

ကားမှာ ကုန်ကားဖြစ်၍ ကားမောင်းသူဒရိုင်ဘာနှင့် စပယ်ယာသာ ပါပါသည်။ သူတို့ကလည်း ကားအောက်မှ ထွက်လာခဲ့သော ကျွန်မကို တအံ့တဩ စိုးရိမ်ထိတ်လန့်သော မျက်နှာများဖြင့် ကြည့်နေကြပါသည်။ အသွားအလာနည်းပါးသော နေရာဖြစ်သောကြောင့် လူများ ဝိုင်းအုံခြင်းလည်း မရှိပါ။ ထို့နောက် ကားမောင်းသူက ဆေးခန်းသွားလိုလျှင် ပြောပါ။ အစစအရာရာ ဆောင်ရွက်ပေးပါမည်-ဟု တဖွဖွ ပြောဆိုပါသည်။

ကျွန်မမှာ ဘာမှမဖြစ်သောကြောင့် ဆေးခန်းသို့လည်း မသွားလိုကြောင်း၊ ဆေးဖိုးဝါးခလည်း မယူလိုကြောင်း ငြင်းဆန်ရပါသည်။ စက်ဘီးမှာ လက်ကိုင်ကျပ်သွားရုံကလွဲ၍ ဘာမျှမဖြစ်။ လက်ကိုင်ကိုပြန်တည့်ကာ စီးလာနိုင်ခဲ့ပါသည်။

ကျွန်မ ယခုကဲ့သို့ အသက်ဘေးအန္တရာယ်မှ လွတ်ကင်းလာခဲ့ရသည်မှာ ကျွန်မနေ့စဉ် ရွတ်ဖတ်ပူဇော်ခဲ့သော သမ္ဗုဒ္ဓေဂါထာတော်-ကြောင့် ဖြစ်ပါသည်။ ကျွန်မ နေ့စဉ် သမ္ဗုဒ္ဓေဂါထာကို ရွတ်သည်။ ခရီးသွားစဉ်လည်း နှုတ်က တဖွဖွရွတ်နေတတ်သည်။ ကျောင်းသွားကျောင်းပြန် စက်ဘီးစီးစဉ်လည်း ရွတ်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တခုလို ဖြစ်နေပါသည်။

ထို့ပြင် ကျွန်မသည် မွေးနေ့တိုင်း အထူးမေတ္တာစိတ်ထားကာ သက်သတ်လွတ်စားလာခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။

ထိုသို့သော ကောင်းမှုကုသိုလ်ကံများကြောင့်လည်း သေတွင်းမှ လွတ်ကင်းခဲ့ရသည်ဟု ယနေ့ထက်တိုင်အောင်ပင် ယုံကြည်နေမိပါတော့သည်။

မှတ်ချက်။ ကာယကံရှင်၏ ပြောပြချက်အဖြစ်မှန် ဖြစ်ပါသည်။

ဗန်းမော်-မောင်နွမ်းအောင်

****************************************

သေကံမရောက်

(သေကံမရောက်)

လွန်ခဲ့သော ၈-နှစ်ခန့်က ရန်ကုန်ဆေးရုံကြီး၌ နှလုံးရောဂါ ကုသဆောင်တွင် အရေးကြီးသောလူနာများ ကုသသောအခန်း၏ ကုတင်တခုပေါ်တွင် အမျိုးသမီး လူနာတယောက် နှလုံးသွေးကြောပိတ်ရောဂါကို ပြင်းထန်စွာ ခံစားနေရသည်။ ထိုအချိန်တွင် ဆရာဝန် ဆရာမများမှာ လူနာအမျိုးသမီး၏ အသက်ရှင်ရေးအတွက် ကြိုးစားကုသနေရသဖြင့် အလွန် အလုပ်များနေကြသည်။

လူနာရှင်၏ သားသမီးများကတော့ မိခင်ကိုကြည့်ပြီး ငိုကြသည်မှလွဲ၍ ဘာမျှမတတ်နိုင်ပါ။ နေ့ခင်း ၁-နာရီခန့် အချိန်တွင် မဟာစည်ဩဝါဒခံ ညောင်ကန်အေးဆရာတော် အရှင်ဣန္ဒက ကြွရောက်လာသည်။ လူနာအတွက် ဗောဇ္ဈင်သုတ် ပရိတ်တော်ကို ရွတ်ဖတ်ချီးမြှင့်ပြီး မေတ္တာပို့ဆုတောင်းပေးပါသည်။

ဆရာဝန်များက ရပ်ဝေးမှသားသမီးများကို မှာလိုကမှာကြားရန်ပင် ပြောကြားကြပါသည်။ ထိုစဉ်လူနာ

အမျိုးသမီးမှာ တဖြည်းဖြည်း တနာရီပြီးတနာရီ သိသိသာသာ သက်သာလာသည်ကို အံ့ဩဖွယ် တွေ့ရပါတော့သည်။

လူနာမှာ သက်သာလာသည်နှင့်အမျှ တရားကိုရှုမှတ်နေရှာပါသည်။ ကု၍မရတော့ဟု ထင်ကြသော ဆရာဝန် ဆရာမများမှာ ဝမ်းသာအားရစွာဖြင့် လူနာကို မေးမြန်းကြည့်ရှုကြပါသည်။

၄င်းလူနာအမျိုးသမီးမှာ အခြားသူမဟုတ်၊ ယခု ဤစာရေးသူ ကျွန်မပင် ဖြစ်ပါတော့သည်။

ထို့ကြောင့် ကျွန်မ ဉာဏ်စဉ်တရားနာခွင့်ရပြီး ယနေ့အထိ ဝိပဿနာတရားကို အားထုတ်နိုင်အောင်၄င်း၊ အစအစ တရားဟောပြ ဆိုဆုံးမ၍ ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ချီးမြှင့်ပြီး အသက်ကယ်ခဲ့သော ကျေးဇူးရှင် ညောင်ကန်အေး ဆရာတော်အရှင်သူမြတ်ကို၄င်း၊ ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါသည်။

ယခုအခါ ကျွန်မသည် အသက်ကြီးလာသည်နှင့်အမျှ နေထိုင်မကောင်းလျှင် ဗောဇ္ဈင်သုတ် ပရိတ်တော်ကို ရွတ်ဖတ်၍ တရားရှုမှတ်ပါသည်။ ထိုအခါ ဝေဒနာ သက်သာလာပါသည်။ စာရှုသူများလည်း ရောဂါတခုခု ခံစားရပါက ကျွန်မနည်းတူ ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ရွတ်ဖတ်၍ တရားရှုမှတ်ပွားများနိုင်ပါရန် ကျွန်မကိုယ်တွေ့ကို တင်ပြအပ်ပါသည်။

(ဒေါ်တင်ရွှေ-အနောက်ရန်ကင်း)

****************************************

သေဘေးမှ လွတ်ခဲ့သူ

(သေဘေးမှ လွတ်ခဲ့သူ )

လွန်ခဲ့သော အနှစ် ၂၀-ကျော်ခန့်က ဖြစ်ပါသည်၊ ရန်ကုန်မှ မြစ်ကြီးနား-ပူတာအို ခရီးစဉ်အဖြစ် ထွက်ခွါသည့် ဒါကိုတာ ခရီးသည်တင် လေယာဉ်သည် ရာသီဥတု ဆိုးရွားမှုကြောင့် တောင်နှင့်တိုက်မိပြီး (၁၉၆၃-ခုနှစ် ဇွန်လ ၁၀-ရက်နေ့တွင် ) ပျက်ကျခဲ့ပါသည်၊ ထိုလေယာဉ်ပျက်ကျရာတွင် လူတော်တော်များများ အသက်ဆုံးရှုံးခဲ့ရပါသည်။

ထိုလူအများစုအနက် လေယာဉ်ပေါ်မှကျပြီး သစ်ပင်ချုံပုတ်တခုပေါ်တွင် တင်ကျန်နေရစ်သော ဦးကျော်ညွန့်၏ ကိုယ်တွေ့အဖြစ်အပျက်မှာ အံ့ဩလောက်အောင်ပင် ထူးဆန်းနေပါသည်၊ လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းသောအခါ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ လေယာဉ်စက်ပျင် အင်ဂျင်နီယာ ဦးကျော်ညွန့်က မိမိသည် လေယာဉ်ပေါ်မတက်မီ နေ့စဉ် နံနက် အိမ်ရာမှ နိုးသည့်အခါ ဘုရားဂုဏ်တော် ၉-ပါးနှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အမြဲပုတီးစိပ်လေ့ရှိကြောင်း၊ ထိုနေ့ကလည်း မိမိသည် လေယာဉ်ပေါ် တက်သည့်အချိန်မှစ၍ ရတနာသုံးပါးကို အာရုံပြုပြီး သမ္ဗုဒ္ဓေ ဂါထာတော်ကြီးကို မပြတ်ရွတ်ဖတ် ပူဇော်နေခဲ့ကြောင်း ဖွင့်ဟပြောဆိုသည်ဟု သိရပါသည်။

(မောင်မြင့်ထွန်း )

****************************************

မြွေသား စားကြသူများ

(မြွေသား စားကြသူများ )

မိဖုရားဂူသည် ထီးချိုင့်မြို့ ကျောက်စေတီတော် အနောက်ယံ၌ တည်ရှိပါသည်၊ မိဖုရားဂူဟူသည်မှာ သက္ကရာဇ် ၁၂၃၅-ခုနှစ်တွင် ကွယ်လွန်သော ကန်မမိဖုရားကြီး ဂူသွင်းသင်္ဂြိုဟ်ရာ အုတ်ဂူကြီး ဖြစ်ပါသည်။

ထိုမိဖုရားဂူကြီး၌ စပါးကြီးမြွေကြီး တကောင် ခိုအောင်းနေထိုင်လျက်ရှိသည်၊ အနီးပတ်ဝန်းကျင်ရှိ လူအပေါင်းက တွေ့ဖူး မြင်ဖူးကြသဖြင့် သိရှိကြသည်၊ မည်သူ့ကိုမျှ အန္တရာယ်မပေးသဖြင့် မြွေသူတော်ကောင်းကြီးဖြစ်သဖြင့် အသိအမှတ်ပြုကာ လက်ပွန်းတတီး ရှိနေကြပါသည်။

တရက်တွင် လူသုံးဦးသည် မိဖုရားဂူအနီးမှ တောချုံများကို ခုတ်ထွင်ရှင်းလင်း နေကြပါသည်၊ မည်သည့်အကြောင်းကြောင့် တောခုတ်နေရသနည်း-ဟု လူအချို့က သွားရောက်စပ်စုကြသည်၊

မိမိတို့ သမိုင်းဝါသနာရှင်များ ဖြစ်ကြပါသည်-ဟု ပြန်ပြောကြသည်။

ထိုသူတို့သည် လူများအလစ်တွင် ဂူအောက်ရှိ အပေါက်ကြီးအတွင်းသို့ ကောက်ရိုးအမှိုက်များ သွင်းကာ မီးတိုက်လိုက်သည်၊ ထိုအခါ ဂူအောင်းနေသော စပါးကြီးမြွေကြီးသည် အပြင်ဘက်သို့ ထွက်လာရတော့၏၊ သည်အကွက်ကို ချောင်းနေသော ထိုသူသုံးဦး၏ တုတ်၊ ဓားလက်ချက်ဖြင့် မြွေကြီးခမျာ သေရှာလေ၏၊

ထိုသူသုံးဦးသည် နေ့လယ် ၁၁-နာရီခန့်က ရရှိခဲ့သော ေြျမွကြီးကို ကြော်၍တဖုံ၊ ချက်၍တမျိုး စီစဉ်ကြသည်၊ ထို့နောက် ချက်အရက်များ သောက်ကာ မြွေသားဖြင့် ပျော်ပွဲစားကြ၏၊

မြွေသားနှင့်တွဲဘက်၍ မစားအပ်သော အစာကို စားမိ၍လား (သို့မဟုတ်) သူတော်ကောင်း မြွေကြီးကို သတ်ဖြတ် စားသောက်မိ၍လား မပြောနိုင်ပေ၊ မြွေသားစားကြသူ သုံးယောက်စလုံး တညလုံး ဝမ်းလျှောကြ၍ ဆေးရုံတင်ပေးလိုက်ကြရသည်၊ နောက်တနေ့ ၁၁-နာရီ (မြွေကြီးကို ရိုက်သတ်ကြသော အချိန် ) တွင် သုံးယောက်စလုံး တပြိုင်တည်း သေဆုံးသွားကြပါတော့သည်။

(ဝရဇိန်-ထီးချိုင့် )

****************************************

အောင်မြင်မှု၏ လျှို့ဝှက်ချက်

အောင်မြင်မှု၏ လျှို့ဝှက်ချက်

ဓနုဖြူမြို့နယ် ပေါက်တောကျေးရွာ ဓမ္မိကာရုံကျောင်းဆရာတော် အရှင်သီလာစာရသည် ပေါက်တောရွာသို့ ကျောင်းထိုင်ဘုန်းကြီးဘဝဖြင့် သီတင်းသုံးလာခဲ့သည်မှာ ၁၂-နှစ်ကြာခဲ့ပြီ ဖြစ်သည်။

အရှင်မြတ် ကျောင်းထိုင်သောကျေးရွာမှာ အိမ်ခြေ ၃၀-ကျော်သာရှိသော ရွာကလေးဖြစ်သည်။ ကျောင်းထိုင်စက ကျောင်းပျက်တကျောင်းနှင့် သိမ်တလုံး၊ ဇရပ်ပျက်တဆောင်သာရှိသည်။

ဆရာတော်သည် ပုသိမ်မြို့ ဧရာဝတီတိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် သင်တန်းတက်ထား ပြီးလည်း ဖြစ်သည်။ ထို့ကြောင့်လည်း ဆင်းရဲမှုကို ပဓာနမထားဘဲ ကျေးရွာဒကာ ဒကာမ အားလုံးအပေါ်တွင် စေတနာမေတ္တာထား၍ ကျောင်းထိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် ယခုလို မိမိဘဝ အကျိုးပေးညံ့ခဲ့သည်မှာ ဘယ်သူမပြု မိမိမှုပင်ဖြစ်၍ မိမိသည်သာလျှင် မိမိ၏အားကိုးရာ ဖြစ်သည်။ အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်သာလျှင် ကိုးကွယ်အားကိုးရမည်-ဟု ဘုရားရှင်ဟောခဲ့သည့် ဓမ္မပဒ ဒေသနာကိုလည်း သတိရအောက်မေ့မိသည်။ ထို့ကြောင့် မိမိသည် စိတ်ကောင်း စေတနာကောင်း အကျင့်ကောင်းများမွေးပြီး ကြိုးစားအားထုတ်မည်ဟု စဉ်းစားမိသည်။ သို့ဖြစ်၍ ဆရာတော်သည် ယခုဘဝတွင်သာမက နောင်ဘဝအဆက်ဆက်ပါ ဘဝကောင်းအောင် နိဗ္ဗာန်ရသည်အထိ အားထုတ်မည်ဟုလည်း စိတ်ဆုံးဖြတ်ထားပါသည်။

ယင်းသို့ဆုံးဖြတ်ပြီးသည်နှင့် ဆရာတော်သည် မိမိ ကျောင်းထိုင်သည်မှစ၍ ယနေ့အထိ နေ့စဉ် ညတကြိမ်၊ နံနက်တကြိမ် ဘုရားဝတ်ပြုခြင်း၊ ပရိတ်ကြီး ၁၁-သုတ်ကို ရွတ်ဖတ်ခြင်း၊ ပဋ္ဌာန်းဒေသနာ ပစ္စယနိဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ အရဟံဂုဏ်တော်ကို ပုတီးစိပ်ခြင်း၊ မဟာသတိပဋ္ဌာန်နှင့် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ပွားများခြင်းစသည်တို့ကို မပျင်းမရိ ကျင့်သုံးအားထုတ်လာခဲ့သည်။

ဤသို့ ကျင့်သုံးရာမှ ၁၀-နှစ် ကျော် ရောက်လာသည့်အခါ မိမိဖြစ်ချင်သည့်ဆန္ဒအတိုင်း ဖြစ်ပေါ်လာလေသည်။ ပြင်ပနှင့် ကျေးရွာအတွင်းရှိ စေတနာရှင်များ ပေါ်ပေါက်လာပြီး ကျောင်းတိုက်ကြီး (တိုက်ကျောင်း) ကို တည်ဆောက်လှူဒါန်းကြသည်။ ကျောင်းတွင်း စေတီတေ်ကြီးတဆူကိုလည်း တည်ထားကိုးကွယ်နိုင်ခဲ့သည်။ သိမ်တော်နှင့်ဇရပ်များကိုလည်း ပြုပြင်နိုင်ခဲ့ပြီး ရေတွင်း၊ ရေကန်၊ မီးစက်ရုံ၊ ကုဋီပါမကျန် အလှူရှင်များ ပေါ်ပေါက်လာကြသည်။

ဆရာတော်ကိုယ်တိုင်လည်း ပစ္စည်းမသို၊ ဝန်မတို၊ ခင်ပျို ကြီးပွားကြောင်း-ဟူသော စာဆိုနှင့် အညီ မိမိရရှိသည့် လာဘ်လာဘဝတ္ထုငွေများကို သိုဝှက်သိမ်းဆည်းမထားဘဲ ကျောင်းတိုက်တွင် လိုအပ်သလို ထည့်ဝင်လှူဒါန်း သည်။ ဣဿာ မစ္ဆရိယ စိတ် မရှိရလေအောင် စိတ်ကောင်းကို မွေးယူသည်။

ဆရာတော်သည် မည်သည့်အလှူအတန်းမဆို လိုအပ်လျှင် လိုအပ်သလို မိမိတတ်နိုင်သလောက် ပါဝင် လှူဒါန်းလေ့ရှိသည်။ ဒကာ ဒကာမများကိုလည်း အသိပညာတိုးပွားအောင် သွန်သင်ဆုံးမ ဟောပြသည်။ ထို့ပြင် ဒကာ ဒကာမများအား ဒါန သီလ ဘာဝနာ စသော နိဗ္ဗာန်ရောက်ကြောင်း တရားများကိုလည်း လက်တွေ့ ဟောပြောညွှန်ပြ၍ အားထုတ်စေသည်။ ထို့ကြောင့် မိမိကျေးရွာအပြင် အခြားသော ကျေးရွာရှိ ဒကာ ဒကာမများကလည်း ကြည်ညိုလေးစားကြသည်။

ယခုလို မိမိဆန္ဒအတိုင်း ကျေးရွာသာသနာ ဖွံ့ဖြိုးတိုးတက်လာပြီး ဘုရား၊ ကျောင်းကန်များ တည်ထားကိုးကွယ် လာနိုင်သည်မှာ မိမိ၏ အကျင့်စရဏအားကောင်းမှု၏ အစွမ်းသတ္တိနှင့် ဒကာ ဒကာမများ၏ စေတနာ သဒ္ဓါတရားကြောင့်ဟု ဆရာတော်က ယုံကြည်သည်။

ထို့ကြောင့် သာသနာတော်ကို တိုးတက်စည်ပင် အောင်မြင်လိုသူတို့သည် ရတနာသုံးပါးကို မမေ့ဘဲ အမြဲမပြတ် ဆည်းကပ်ရမည်။ မိမိကိုယ်တိုင်လည်း အကျင့်စရဏ ကောင်းကောင်းဖြင့် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။

အရှင်နန္ဒာစာရ (တောကျောင်း)

****************************************

ကြောက်စရာ အကုသိုလ်

(ကြောက်စရာ အကုသိုလ် )

ရွာတရွာတွင် အင်းသူကြီး တယောက်ရှိ၏၊ အမည်ကား ဦးထွန်းသူ-ဖြစ်၏၊ အင်းလုပ်ငန်းနှင့် အကျိုးပေးသည်ဟု ဆိုရမည်လားမသိ၊ ဒီရေအလား ပစ္စည်းဥစ္စာပေါကြွယ်ဝလာ၏၊ ဦးထွန်းသူသည် အင်းလုပ်သားဘဝမှ အင်းသူကြီး ဖြစ်လာသည့်အတွက် အင်းလုပ်ငန်း၌ အောက်သက်ကျေ၏၊ လုပ်သားများကို ကိုယ်တိုင်ကြပ်ကြပ်မတ်မတ် ခိုင်း၏၊ ဟာကွက်မရှိစေရ၊ လုပ်သားများ နားသည့်အချိန် နား၍ အလုပ်လုပ်သည့်အချိန်၌ အလုပ်နှင့်လက် ဇယ်ဆက်သလို လုပ်ကြရ၏၊

ဤကဲ့သို့ စနစ်ကျ၍ပင် ဦးထွန်းသူတယောက် အင်းလုပ်ငန်းဖြင့် နေ့ချင်းညချင်း စီးပွားဖြစ်ခဲ့၏၊ အိမ်၌လည်း ကုန်မျိုးစုံဆိုင်ကြီး ဖွင့်၍ တဖက်မှ စျေးရောင်လိုက်သေး၏၊

သို့ရာတွင် အင်းသူကြီးတယောက်ပီပီအစားအသောက် ကြမ်း၏၊ အစားမျိုးစုံ အကောင်မျိုးစုံကို ကြိုက်တတ်သော အင်းသူကြီးဖြစ်၏၊ လိပ်ကိုလည်း မလွတ်တမ်းစား၏၊ လိပ်သားနှင့် ယမကာလေးများကို အမြဲတမ်းမှီဝဲလေ့ရှိ၏၊ လိပ်မရက ငါးမီးဖုတ်ဖြင့် မြည်း၏၊ အကြိုက်ဆုံးကား ငါးပြေမ လှိုင်လှို်င်ပေါ်ချိန်၌ အင်းသူကြီးစားရန် လှောင်၍ပင် ထားရ၏၊ ငါးပြေမကို ရွံ့အုံးပြီး မီးဖုတ်စားခြင်းကို အလွန်နှစ်သက်၏၊

သည့်အပြင် အင်းထဲ၌ပေါသော မြွေပတုတ်များကို အခြောက်လှန်း၍ ကြော်ကာ စားလေ့ရှိ၏၊ သူ၏အစားပက်စက်မှုကတော့ အံ့စရာပင်၊ ဝက်အရှင်ကို အမြီးဖြတ်၍ ရေနွေးဖြောကာ စားသည့်အလေ့အထလည်း ရှိ၏၊

နွေအခါ တပေါင်း တခူး၌ အင်းသူကြီးသည် တပည့်များကို လိပ်ရှာခိုင်း၏၊ ကိုယ်တိုင်လည်း ရှာ၏၊ သူတို့ရှာပုံက ဒိုူက်တောများကို မီးရှို့၍ ရှာခြင်းဖြစ်၏၊ အလွန်ပူပြင်းခြောက်သွေ့သော အချိန်တွင် မီးတင်ရှို့လိုက်တော့ ဘာသတ္တဝါ ခံနိုင်မည်နည်း။ မီးရှို့ပြီးနောက် လိပ်ရှာသူများသည် မီးလောင်ပြင်ကို လိုက၍ကြည့်ကြ၏၊ မီးလောင်ခံရသော သတ္တဝါမှန်သမျှ ပက်လက်လှန်၍ သေကြရရှာ၏၊ အပင်ပန်းမခံရဘဲ သားကောင်ကို လိုက်ကောက်၍ ယူခဲ့ကြလေသည်။

ညတညဝယ်ဦးထွန်းသူ ရေချိန်က မကိုက်တကိုက်အချိန်တွင် စျေးဝယ်သူရောက်လာ၏၊ အရက်ဝိုင်းမှ ဘာလဲ ဘာလဲ-ဟု ဗလုံးဗထွေးပြောကာ ထလာ၏၊ စျေးဝယ်သူက ရေနံဆီ တဆယ်သား-ဟုပြော၏၊ ထိုအခါ ဦးထွန်းသူ၏ ဇနီးက ရှင်နေစမ်းပါတော် ကလေးတွေ ရောင်းပါလိမ့်မယ်-ဟုပြော၏၊ ဦးထွန်းသူက နင်မသိဘူး ကလေးတွေ စိတ်မချလို့ ငါကိုယ်တိုင်ရောင်းဘို့ ထလာတာ-ဟု ပြော၏၊

ထိုအခါ ဇနီးသည် ဒေါ်စိန်မြက ရှင်ဖြစ်ပါ့မလား၊ လူကဖြင့် အရှိန်ကလေးနဲ့-ဟုပြောလိုက်ရာ ဦးထွန်းသူတယောက် အကြီးအကျယ် ဒေါပွသွား၏၊ ဘာပြောတယ်ကွ မိစိန်မြ၊ ဒီလောက် ငါမမူးသေးပါဘူး၊ နင် ငါ့ကို မစော်ကားနဲ့၊ ပါးပိတ်ရိုက်လို့ သွားထွက်သွားမယ်၊ နင် ဘာမှတ်သလဲ-ဟု ဦးထွန်းသူ ကြိမ်းမောင်လိုက်ရာ ဒေါ်စိန်မြ ငြိမ်သွားရ၏၊

ဟေ့ကောင် လာစမ်း-ဟု တပည့်တယောက်ကိုခေါ်ပြီး မီးခွက်မြှောက်ပြခိုင်းသည်၊ ဦးထွန်းသူလည်း ရေနံဆီပုံး အဖုံးကိုဖွင့်ပြီး ဂါလန်ခွက်ထဲ ထည့်ရန် မ,၍ သွန်လိုက်သည်၊ ဟုတ်-ဟူသော မြည်သံနှင့်အတူ ရေနံဆီပုံး မီးစွဲလောင်တော့၏၊ ဦးထွန်းသူ ပစ်မချပါ၊ ပစ်ချလျှင် သူ့အိမ်နှင့်တကွ တရွာလုံး မီးလောင်ပေတော့မည်၊ ဒီအသိက သူ့ခေါင်းထဲ၌ရှိနေ၏၊ ထိုအခါ ဦးထွန်းသူသည် မီးစွဲလောင်နေသော ရေနံဆီမီးပုံးကို မ,ပြီး အိမ်တွေနှင့်လွတ်ရာ ကွင်းပြင်ဘက် ထွက်ပြေးပြီး ပစ်ချလိုက်၏၊ သို့ပေမယ့် ဦးထွန်းသူ တကိုယ်လုံးမှာ မီးဟုန်းဟုန်းတောက်၍ နေတော့၊

အနီးပတ်ဝန်းကျင်မှ တပည့်တပန်းများ ဝိုင်းဝန်းငြိမ်းသတ်မှ မီးငြိမ်းသွားတော့၏၊ ဦးထွန်းသူခမျာ မချိမဆန့် ခံစား၍ နေရ၏၊ ထို့နောက် ဖက်ရွက်များ ဆီသုတ်ပြီး လှည်းပေါ်ခင်း၍ ဦးထွန်းသူအား ဆေးရုံတင်ရန် သွားကြ၏၊ သို့သော် ဆေးရုံအရောက်မခံပါ၊ လမ်းတွင် အသက်ပျောက်၍ သွားရှာလေတော့၏၊ အမှန်တော့ ဦးထွန်းသူသည် သူတပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော အကုသိုလ်များက သူ့ကို ဖိစီး၍သွားခြင်းဖြစ်ပါသည်။

(စိုးရည်ထွန်း )

****************************************

ကြောက်မက်ဖွယ် အတွေ့အကြုံ

(ကြောက်မက်ဖွယ် အတွေ့အကြုံ )

ပုသိမ်မြို့၏ ကုန်းရပ်ကွက်တွင် စျေးကလေးတခုရှိသည်၊ ကြက်တူရွေးဇာပင်စျေး-ဟုအမည်တွင်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀-ကျော်က ထိုစျေးတွင် ငါးပုဇွန်များ ရောင်းချသော ဒေါ်ခါတွန်အမည်ရှိ အမျိုးသမီးကြီး တဦးရှိသည်၊ ဒေါ်ခါတွန်မှာ အခြားစျေးသည်များထက် စျေးသက်သာပြီး အလေးချိန်ခွင် မှန်ကန်သဖြင့် အရောင်းရ သွက်လှသည်။

အဒေါ် ငါးရံ့ကြီးကြီး တကောင်လောက်၊

စျေးဝယ်သူက စျေးမေးပြီး ဝယ်လိုက်သည်တွင် ဒေါ်ခါတွန်သည် တောင်းတွင်းမှ ငါးရံ့အရှင်ကြီးတကောင် နှိုက်၍ ဦးခေါင်းကို တုတ်ဖြင့် ထုလိုက်သည်၊ ထို့နောက် တဖျပ်ဖျပ် လူးနေသော ငါးကြီးကို ချိန်ခွင်ပေါ် တင်လိုက်၏၊ ပြီးတော့ ငါးကြေးများကို ဓားမလေးဖြင့် ခွါကာ အသားများကိုလည်း တုံးတစ်ပေးလိုက်သေးသည်၊ ဝယ်သူမှာ အိမ်ရောက်သည်တွင် ရေဆေးချက်ရုံမျှသာ ဖြစ်၍ အလုပ်သက်သာ၏၊

ထို့ကြောင့် ဒေါ်ခါတွန်၏ တောင်းကြီး တောင်းငယ်များတွင် ရှိသော ငါး ပုဇွန်များမှာ နေ့မကူးဘဲ ကုန်သွားတော့၏၊ ကြက်တူရွေးဇာပင်စျေး အနီး၌ မြောင်းမြကျောင်းအမည်ရှိ ဘုန်းတော်ကြီးကျောင်း တကျောင်း ရှိသည်၊ ကျောင်းထိုင်ဆရာတော်ကြီးမှာ သီလ သမာဓိနှင့် အထူးပြည့်စုံသည်။

ဥပုသ်သီတင်းနေ့ ကျရောက်တိုင်း ကျွန်တော်တို့ ဆယ်ကျော်သက် လူငယ်တစုသည် ဆရာတော်ကြီးကျောင်းမှ အလှူခံပုံးကလေးများကို ယူ၍ ကြက်တူရွေးဇာပင်စျေး အတွင်းသို့ လှည့်လည် အလှူခံလေ့ရှိသည်။ ဒေါ်ခါတွန်သည် ပိုက်ဆံနှစ်ပြားကို ရေစင်ကြယ်အောင်ဆေး၍ အလှူခံထဲသို့ လှူလေ့ရှိသည်၊ ပါးစပ်မှလည်း တိုးတိုးဆုတောင်းသေးသည်။

ဟဲ့ မခါတွန်တယောက် စျေးမရောင်းတာ တပတ်လောက်ရှိပြီ၊ အသည်းအသန် ဖြစ်နေဆိုပဲ၊

ငါ သွားမေးလိုက်ဦးမယ်၊

ကျွန်တော်၏ မိခင်ကြီးက သူ့မိတ်ဆွေ ဒေါ်ခါတွန် နေမကောင်းသဖြင့် လူမမာမေး ထွက်သွားသည်၊

အမေပြန်လာတော့ အင်း-မခါတွန် တယောက်တော့ သတိလဲမရဘူး၊ မျောနေပြီး မျက်ဖြူကြီးလန်လို့၊

အစာလဲ မစားတော့ဘူး။

အမေက မိတ်ဆွေအတွက် စိတ်မကောင်းစွာဖြင့် ပြော၏၊

အချို့လူများကတော့ မခါတွန် သေပါပြီ၊ ဖုတ်ဝင်နေတာပါ၊ ဖုတ်ထွက်သွားရင် လူကောင်ကြီး ပုပ်နေတာ တွေ့ရမှာပါ-ဟူ၍ ထင်ကြေးအမျိုးမျိုး ပြောဆိုနေကြသည်။

ဒေါ်ခါတွန်မှာ ကျွန်တော့သူငယ်ချင်း၏ မိခင်ဖြစ်၍ ကျွန်တော်လည်း မကြာခဏဆိုသလို သူငယ်ချင်း၏အိမ်သို့ ရောက်တတ်၏၊ ရောက်သည့်အခါတိုင်းပင် ဒေါ်ကြီးဒေါ်ခါတွန်၏ဘေး၌ သူ့သားသမီးများ ဝိုင်းထိုင်၍ ငိုသူက ငိုနေကြသည်ကို တွေ့ရ၏၊

ကျွန်တော့မှာ သူများ၏ ပြောဆိုသံကြောင့် ဒေါ်ကြီးဒေါ်ခါတွန်ကို ကြည့်ရမှာ ကြောက်လန့်နေ၏၊ ကြည့်လဲကြည့်ချင်သည်၊ သို့ဖြင့် ကြောက်ကြောက်နှင့်ပင် ကြည့်မိ၏၊ ဟိုခေတ် အခါသမယတွင် ဆေးရုံသို့ တက်ရောက်ကုသမှုခံရန် လူများ အကြောက်ကြီးကြောက်ကြ၏၊ ဆေးရုံသို့ မတက်လိုကြပေ။

ထို့ကြောင့်ပင်လားမသိ၊ ဒေါ်ခါတွန်ခမျာ ဆေးရုံသို့ မတက်ရောက်ဘဲ ပင်ပန်းကြီးစွာဖြင့် ရောဂါဝေဒနာ ခံစားနေရ၏၊

မခါတွန်တယောက် ထမင်းတောင် စားနိုင်ပြီတဲ့၊ စကားလည်း ကောင်းကောင်းမွန်မွန် ပြောလို့

အမေက သူ့မိတ်ဆွေ နေကောင်းကြောင်း ပြောရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်နေ၏၊

ပြီးတော့အမေက စကားဆက်ပြန်၏၊ သူမျောနေတုန်းမှာ သူဟာ တောကြီးတခုထဲကို ရောက်သွားတယ်တဲ့၊ လူသံ ငှက်သံဆိုလို့ ဘာသံကိုမျှ မကြားရဘူး ဆိုတယ်၊ မခါတွန်ဟာ လျှောက်လျှောက်သွားရင်းက အလွန်တရာမှကြီးလှတဲ့ ချောက်ကြီးထဲ ရောက်သွားတယ်၊ လူတွေဟာလဲ ငိုသူက ငို၊ အော်သူတွေက အော်၊ သွေးသံရဲရဲတွေနဲ့တဲ့၊ ဧရာမကြီးလှတဲ့ ခွေးနက်ကြီးတွေကိုလည်း တွေ့ရတယ်၊ ဒါနဲ့ မခါတွန်ဟာ ရှေ့ဆက် မလျှောက်ရဲတော့ဘဲ နောက်လှည့်ပြန်မယ်လုပ်တော့ မျက်နှာ ပုံပန်းသဏ္ဍာန်တွေက ဆိုးဆိုးဝါးဝါးကြီးနဲ့ ထွားကျိုင်းလှတဲ့ လူကြီးတွေဟာ မခါတွန်ဘက်ဆီကို ပြေးလာကြတယ်။

ကိုယ်မှာလဲ အဝတ်အထည်မပါကြဘူး၊ ကိုယ်လုံးတီးကြီးတွေနဲ့၊ သူတို့လက်ထဲမှာလဲ သစ်သားတင်းပုတ်ကြီးတွေ ကိုင်လို့၊ မခါတွန်လဲ ကြောက်ကြောက်နဲ့ အတင်းလှည့်ပြေးရာ မြောင်းမြကျောင်းရှေ့ရောက်တော့ ဆရာတော်ကြီး ရပ်နေတာ တွေ့တယ်တဲ့၊

ဆရာတော်ကိုတွေ့တော့ မခါတွန်က အရှင်ဘုရား၊ ကယ်ပါဦး-ကယ်ပါဦး-လို့ တအားအော်မိတယ်၊ ဆရာတော်ကြီးက ကျောင်းထဲဝင်ခဲ့-လို့ အမိန့်ရှိတော့ ကျောင်းထဲလည်း ဝင်လိုက်ရော လိုက်လာတဲ့ လူကြီးတွေကို မတွေ့ရတော့ဘူး၊ သူတအားအောက်လိုက်တာ အသံထွက်ပြီး အော်တာကြောင့် သူ့သားသမီးတွေ ဝိုင်းလာကြတယ်၊ မခါတွန်လဲ မောနေတာပဲတဲ့၊ ဒါနဲ့ ရေတောင်းသောက်လိုက်ရတယ်၊

ညဉ်းငါ့ကို မသေလို့တွေ့ရတာ ဆိုပြီး အမေ့လက်ကို ကိုင်ပြီးငိုတယ်-ဟူသော အမေ့၏ ပြန်ပြောသော စကားများကြောင့် ကျွန်တော်တို့ မောင်နှမတစုမှာ ကြောက်ကြောက်နှင့် တဦးမျက်နှာကို တဦး ကြည့်နေကြသည်၊ ညီမငယ်လေးက အမေ၏ရင်ခွင်တွင်းသို့ တိုးဝင်သွားသည်။

ထိုကဲ့သို့သော အတွေ့အကြုံကြောင့်လားမသိ၊ ထိုနေ့ထိုရက်မှစ၍ ဒေါ်ခါတွန် တယောက်

ငါးအရှင်၊ ပုဇွန်အရှင်များ ရောင်းချသည်ကို ကျွန်တော်တို့ မတွေ့ရတော့ပေ။

(ပုသိမ်-ခင်ညို )

****************************************

ကြောင်ကလေး

(ကြောင်ကလေး )

လွန်ခဲ့သော နှစ်ပေါင်း ၃၀-ခန့်က ဖြစ်ပါသည်၊ စာရေးသူသည် နွေရာဦကျောင်းပိတ်ရက် ရောက်တိုင်း ဆွေမျိုးများရှိသော ပဲခူးတိုင်း မြို့နယ်တခုရှိ ရွာတရွာသို့ သွားရောက်လည်ပတ်လေ့ရှိပါသည်။ ကျွန်မအဒေါ်၏ အိမ်အနီးတွင် ကာလသားခေါင်းဆောင် ကိုတာတီး၏အိမ် ရှိပါသည်၊ ကိုတာတီးသည် မိဘ ညီအကို မောင်နှမ ဆွေမျိုးများအပေါ်တွင် အလွန်စိတ်ကောင်းရှိ၍ အနစ်နာခံလေ့ရှိသည်။ သို့သော် ကိုတာတီးတွင် ခွင့်မလွှတ်နိုင်သော စရိုက်ဆိုးတခု ရှိပါသည်၊ ကိုတာတီးသည် ညဉ့်နက်သန်းခေါင် အပေါင်းအသင်းများနှင့် အိမ်၌မွေးထားသော ကြောင်ကလေးများအား သတ်ကာ ချက်ပြုတ်၍ အရက်ဝိုင်းဖွဲ့ စားသောက်လေ့ရှိခြင်းပင် ဖြစ်ပါသည်။

ကိုတာတီးသည် ညဘက်လမိုက်ချိန်တွင် လယ်ကွင်းထဲသို့သွားရောက်၍ ကြောင်လိုက်ထွက်လေ့ရှိပါသည်၊ ကြောင်ကိုတွေ့လျှင် လက်နှိပ်ဓာတ်မီးဖြင့် မျက်လုံးတည့်တည့်သို့ တဆက်တည်း ထိုးထားလိုက်ပြီး နှာနုအား တချက်တည်း ရိုက်လိုက်တော့၏၊ ကြောင်ကလေးမှာ အော်ချိန်ပင်မရတော့ဘဲ အသက်ပျောက်ရပါတော့သည်၊ ဤနည်းဖြင့် ညစဉ် ကြောင်သားကို မြိန်ယှက်စွာ ချက်ပြုတ်စားသောက်လေ့ရှိပါသည်။

ထိုသို့မပြုလုပ်ရန် လူကြီးများက ပြောသော်လည်း မရပါ၊ ဘေးပတ်ဝန်းကျင်မှ ကြောင်ပျောက်ကြသူတို့ကလည်း တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ မျိုးစုံကျိ်န်ဆဲကြ မေတ္တာပို့ကြနှင့် နားမချမ်းသာစရာပင်၊ ဤသို့ဖြင့် ကိုတာတီးသည် အရက်ဒဏ်ကြောင့် အသည်းရောဂါ အဆုတ်ရောဂါများ စွဲကပ်၍ အသက်ဆုံးခဲ့ရပါသည်။

ကံ ကံ၏အကျိုးပေးမှုကြောင့် ကိုတာတီးတယောက် သူ၏ညီမအိမ်တွင် ကြောင်ကလေးဘဝသို့ ရောက်ရှိလာပါတော့သည်၊ ကိုတာတီး ဝင်စားကြောင်ကိုလည်း ကြောင်ကလေး၏ အောက်ဖော်ပြပါ ပြုမူပုံများက ထင်ရှားစေပါသည်။

ကြောင်ကလေးမှာ ဘဝဟောင်းကအတိုင်းပင် အသည်းအဆုတ် မကောင်းသောဝေဒနာ ပါလာပါသည်၊ ကြောင်ကလေးသည် လူစကား နားလည်၏၊ ခေါ်လျှင်ထူး၏၊ လက်ယပ်ခေါ်လျှင်ပင် လာ၏၊ ကြောင်၏ ခြေသံမှာ သာမန်ကြောင်တကောင်၏ ခြေသံမျိုးမဟုတ်ဘဲ လူတယောက်ခြေသံကဲ့သို့ ဒုန်း ဒုန်း မြည်၍ ပြင်းထန်ပါသည်၊ လူတယောက်ကဲ့သို့ ကျွေးမွေးပြုစုမှ လက်ခံပါသည်၊ ဘဝချင်း နီးကပ်၍လားမသိပေ၊ ဘဝဟောင်းမှ ဖခင်အား ကြောက်ရွံ့သည်၊ ဘဝဟောင်းမှ ညီမကို အလွန်ချစ်ခင်သကဲ့သို့ တရပ်တရွာတွင် နေသည့် ဇနီးနှင့် သားသမီးများလာလျှင်လည်း တကိုယ်လုံး နေရာမလပ် နမ်းရှုတ်ကာ ချစ်ခင်မှုကို ပြပါသည်၊ ည ၉-၁၀ နာရီထိုးသည်နှင့်တပြိုင်နက် ကြောင်ကလေးသည် ညီမအပေါ်တက်လိုက် အော်၍ရှေ့ကပြေးလိုက်နှင့် အိပ်ရာသို့သွားရန် အမူအရာပြသည်၊ သူ၏ညီမ အိပ်ရာဝင်သွားမှ သမီးစာဖတ်နေသည်ကို တချိန်လုံး ထိုင်စောင့်နေပါသည်။

အခြားထူးခြားမှုတခုမှာ ဘဝဟောင်းမှ ညီမသည် သူ့သမီးကို ဆူပူလျှင် ရောက်ရာအရပ်မှ ပြေးလာပြီး ညီမဖြစ်သူအား မာန်ဖီကုတ်ခြစ်ဟန် အမြဲပြုလုပ်လေ့ရှိပါသည်၊ ပို၍ထူးခြားသည်မှာ ကက်ဆက်မှ တရားခွေဖွင့်သံကြားလျှင်သော်၄င်း၊ ဘုရားရှိခိုးသံ ကြားလျှင်သော်၄င်း၊ လက်ကလေးနှစ်ချောင်းအား ပူးယှက်၍ လက်အုပ်ချီသကဲ့သို့ ပြုလုပ်ကာ ငြိမ်သက်စွာ နားထောင်နေပါတော့သည်။

ဤသို့ဖြင့် ကြောင်ကလေးသည် သက်တမ်း ၇-နှစ်ပြည့်သည့် ၁၉၉၀-ပြည့်နှစ် ဇန်နဝါရီလ ၁-ရက်နေ့တွင် သူ့ညီမအား သူနေမကောင်း၍ သွားတော့မည်ဖြစ်ကြောင်း အိပ်မက်ပေးပါသည်၊ သူ၏ညီမသည် ချက်ချင်း အိပ်ရာမှလန့်နိုး၍ ထကြည့်လိုက်သောအခါ ကြောင်ကလေးမှာ အမှန်နေမကောင်းဖြစ်ကာ ဝေဒနာပြင်းထန်စွာ ခံစားနေရကြောင်း တွေ့ရပါသည်၊ ဆရာဝန်နှင့် ကုသသော်လည်း လုံဝသက်သာခြင်းမရှိပါ၊ ဇန်နဝါရီ ၄-ရက် နေ့တွင် အိပ်မက်တဖန် ပေးလာပါသည်၊ အိပ်မက်မှာ ငယ်သံပါအောင်အော်၍ အသက်ထွက်သွားကြောင်းပင် ဖြစ်ပါသည်။

ညီမဖြစ်သူ အိပ်ရာမှနိုးလာပြီး ကြည့်လိုက်သောအခါ ကြောင်ကလေးမှာ သေဆုံးနေသည်ကို တွေ့ရပါသည်၊ ယခုမှပင် ကိုတာတီးမှာ ဝဋ်ကျွတ်သွားပါတော့သည်၊ ဤသည်မှာ ကြောင်ကလေးအား သတ်စားသည့်

ကံ ကံ၏အကျိုးကြောင့် ကိုယ်တိုင်ကြောင်ဘဝသို့ ရောက်သော်လည်း ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်သည့်အိမ်တွင် နေရပြီး သူတပါးရိုက်သတ်ခြင်းကြောင့် သေရခြင်းမဟုတ်ဘဲ ဘဝဟောင်းမှ ရောဂါမျိုးဖြင့် သေဆုံးရသည်ဟု ထင်မိပါသည်။

(သဲမာ-စိတ်ပညာ )

****************************************

ကြွေးဆန်တပြည် ကျေပါစေ

(ကြွေးဆန်တပြည် ကျေပါစေ )

မိုးရာဦး၏ ညတညတွင် ဖြစ်သည်။ ကျွန်မအိပ်ပျော်နေခိုက် အိမ်အောက်တွင်ချည်ထားသောနွားပြာကြီးသည် ကျွန်မကို စကားလာပြောလေသည်။

ဖွားမေ နင်တို့ကတော့ ကောင်းကောင်းမွန်မွန်အိပ်လို့၊ ငါ့မှာတော့ တင်ပါးတခြမ်း မီးလောင်ခံနေရတယ်လေ၊ သေမလောက်ပူတယ်၊ ဒါပေမယ့်ငါ့ခြေတွေ လက်တွေက မသယ်နိုင်တော့လို့ မီးနဲ့လွတ်ရာကို မရွေ့နိုင်ခဲ့ဘူး၊ ငါ့ဘဝ ဆိုးလှပါတယ်၊ ငါလုပ်နိုင် ကိုင်နိုင် အရွယ်တုန်းကလဲ နင့်ယောကျ်ားက ရိုက်လိုက်တာ မညှာတာဘူး၊ ကျောမှာ သေရာပါဒဏ်ရာကြီး ရခဲ့တယ်။ အသက်ကကြီးလာတော့ နင့်ယောကျ်ားတင်တဲ့ဝန်ကို မရုန်းနိုင်လို့ တောင်ညိုချောင်းအဆင်းမှာ ငါ့ပေါင်ကို လှည်းနင်းမိငြီး ပိုင်းပိုင်းကျိုးခဲ့ရတယ်။ နောက်-အားပြတ်ချည့်နဲ့နေတဲ့ နွးအိုနွားမင်းကြီးကို ငါ့ကိုနင်တို့ မခိုင်းတော့ဘဲ အိမ်အောက်မှာ ထားခဲ့ကြတယ်။ နင်တို့ငါ့ကို သတ်မစားဘဲ ထားတာကိုပဲ ကျေးဇူးတင်လှပါပြီ။

ဒါပေမယ့် ငါမနေရတော့ပါဘူး။ သေရတော့မှာပါ၊ ငါမသေခင် မှာချင်တာက ငါ သင်းနုပါ၊ လူ့ဘဝက နင်တို့ဆီက ယူတဲ့ဆန်တပြည်ကို နွားဘဝနဲ့ လုပ်ကျွေးခဲ့တာနဲ့ ကျေပါ။ ငါသေရင်လဲ ဆွမ်းသွတ်အမျှဝေပါ။

ကျွန်မအား စကားပြောနေသည်မှာ အိမ်အောက်က ခြံပေါက်နွားပြာကြီးဖြစ်သော်လည်း အသံမှာ ဒွေးလေးသင်းနု-၏အသံ ဖြစ်နေပါသည်။ သို့ဖြစ်၍ အိပ်မက်ကလန့်နိုးပြီး ချက်ချင်းဆိုသလိုပင် ကျွန်မ၏ခင်ပွန်းအား နိုး၍ ပြောမိပါသည်။ ကျွန်မ၏ခင်ပွန်းကမူ အိပ်မက်မက်သည်မှာ တကယ်မဟုတ်ကြောင်း စိတ်မကောင်း မဖြစ်ရန် ပြောပြီး ပြန်လည်အိပ်မောကျသွားပါသည်။

ကျွန်မမှာသာ အိပ်မပျော်တော့ဘဲ စိတ်ထိခိုက်ချောက်ချားနေမိပါသည်။ သို့ဖြင့် မိုးစင်စင်လင်းသည့်တိုင် စိတ်မကောင်းဖြစ်နေ၍ နွားပြာကြီးရှိရာ အိမ်အောက်သို့ဆင်းသွားပါသည်။ ထိုအခါ ကျွန်မစိတ်များကို ထိန်းမရတော့ဘဲ ရှိုက်ကြီးတငင် ငိုချမိပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် နွားပြာကြီးသည် မှက်၊ ခြင်၊ ကိုက်မည်စိုး၍ မီးဖိုပေးထားသော မီးပုံဘေး၌ တင်ပါးတခြမ်းမှာ မီးလောင်ဒဏ်ရာကြီးဖြင့် မမြင်ရက်စရာ ဖြစ်နေရသောကြောင့်ပင်။ ကျွန်မ ငိုနေသည်ကို နွားပြာကြီးက မျက်လုံးကြီးပြူးလျက် ကြည့်နေပါသည်။ သူ၏မျက်အိမ်တွင်လည်း မျက်ရည်ပေါက်များ ယိုစီးကျလျက်ရှိပါသည်။

ကျွန်မ၏ငိုသံကြောင့် ခင်ပွန်းဖြစ်သူလည်း အနားသို့ရောက်လာပါသည်။ ထိုအခါမှ ကျွန်မအိပ်မက်သည့်အတိုင်း မှန်နိုင်ကြောင်း၊ ဒွေးလေးသင်းနု ဖြစ်နိုင်ကြောင်း ခင်ပွန်းက ပြောပါသည်။ တဆက်တည်းပင် ခင်ပွန်းဖြစ်သူက ဒွေးလေး၊ လူ့ဘဝက ကြွေးကျန်တဲ့ ဆန်တပြည်ကို ဒွေးလေးတသက်လုံး လုပ်ကျွေးခဲ့တဲ့ လုပ်အားနဲ့ ကျေပြီလို့ မှတ်ပါ။ ဆွမ်းလဲ ကျွေးပါ့မယ်။ အဲဒီအခါ သာဓုခေါ်ပါ-စသည်ဖြင့် အသံတုန်တုန်ယင်ယင်ဖြင့် သုံးကြိမ်သုံးခါ ထပ်၍ ပြောလိုက်ပါသည်။

နောက်တနေ့တွင် နွားပြာကြီး သေဆုံးသည်။ ဒွေးလေးသင်းနုအတွက် ကောင်းမှုအဖြစ် သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးပါသည်။ ကောင်းရာသုဂတိ လားပါစေကြောင်း ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။

(မောင်သောင်းဝင်း-စစ်ကွင်း )

****************************************

ကြွေးဆပ်မည့်ကျွဲ

(ကြွေးဆပ်မည့်ကျွဲ )

ပုလဲမြို့နယ် ငန်းချောင်းရွာ၌ နေထိုင်သော ဘိုးသိန်းသည် လက်ပံရွာ ဦးဗလထံမှ ငွေနှစ်ထောင်ကို ချေးငှါးခဲ့သည်။ အလုပ်လုပ်ရင်း ဖဲ့၍ဖဲ့၍ မှန်မှန်ပေးဆပ်ခဲ့သည်။ သို့သော် အကြွေးမကျေခင် ပေးဆပ်စရာ ငွေရှစ်ရာအကျန်၌ ဖျားနာ၍ သေဆုံးသွားခဲ့သည်။

ဇနီးဖြစ်သူ မတင်ကြည်မှာ ဘိုးသိန်းအရင် ကွယ်လွန်သွားခဲ့ပြီးဖြစ်၍ ဘိုးသိန်းသေဆုံးချိန်၌ သားသမီး ၅-ယောက် ကျန်ရစ်ခဲ့သည်။ သားအကြီး ၂-ယောက်နှင့် သမီးအကြီး ၁-ယောက်မှာ အိမ်ထောင်သည်များဖြစ်ကြပြီး အငယ်ကလေး ၂-ယောက်အနက် ၁-ယောက်ပျက်စီးသွား၍ သားအငယ်ကလေးတယောက်သာ ကျန်ခဲ့သည်။

ဘိုးသိန်းသေဆုံးသွားပြီးနောက် တညတွင် ဦးဗလကို အိမ်ပ်မက်လာပေးသည်ဟုဆိုသည်။ အရီးဗလကို လုပ်ကျွေးဖို့ ကျုပ်လာခဲ့မယ်၊ ကျုပ်သားလေးကိုလဲ လှူပေးပါ-ဟု ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။ နံနက်မိုးလင်းသောအခါ ဦးဗလက ဇနီးဖြစ်သူ ဒေါ်လှဝင်းကို ငါ ညက အိပ်မက်မက်တယ်၊ ဘိုးသိန်းက တို့အိမ်လာမယ်ဆိုတော့ ဧကန္တ ကျွဲမကြီးဗိုက်ထဲမှာ ကျွဲဝင်စား လာဖြစ်လိမ့်မယ်နဲ့ တူတယ်-ဟု ပြောဆိုသောအခါ ဒေါ်လှဝင်းက ဟုတ်ပါ့မလားတော်-ဟု ပြောလျှင် ဦးဗလက ကျွဲမကြီးက ကျွဲထီးကလေး မွေးလာရင်တော့ ဘိုးသိန်းဖြစ်မှာ သေချာတယ်-ဟု ဆိုသည်။

မကြာပါ ဦးဗလ+ဒေါ်လှဝင်းတို့အိမ်မှ ကိုယ်ဝန်လွယ်ထားသော ကျွဲမကြီးက အချိန်တန်၍ မွေးလာသောအခါတွင် ကျွဲထီးကလေး မွေးလာလေသည်။ အိ်ပ်မက်ပေးပြီး ခုရက်အကွာတွင် မွေးသည်ဟု ဆိုသည်။ မွေးသည့် ခုနှစ် လ ရက်မှာ ၁၃၅၇-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂-ရက်နေ့ဖြစ်သည်။ ယခုအခါတွင် ၅-လသားအရွယ် ရောက်နေသော ကျွဲကလေးမှာ ဘိုးသိန်းဟုခေါ်လျှင် ခေါင်းထောင်၍ကြည့်သည်။ နားလည်သည်ဟု ဆိုသည်။

ဖခင်ဖြစ်သူ ကြွေးယူလာသောငွေဖြင့် ဝိုင်း၍စားသောက်ခဲ့ကြသော ကျန်ရစ်သူ သားသမီးများမှာ ဖခင်ဖြစ်သူ ကျွဲဘဝရောက်နေမှန်းလဲ မသိကြ။ ဖခင်အပေါ် တင်ရှိနေခဲ့သော ကြွေးကိုလည်း ဆပ်ရမှန်းမသိကြပါ။ ဖခင်ဖြစ်သူ ဘိုးသိန်းသာ ကျန်ရှိသည့်ကြွေးကို ကျွဲဘဝဖြင့် ဆပ်ရပေတော့မည်။ ကြွေးယူခဲ့စဉ်က စားတော့ အများ၊ ခံရတော့ ကြွေးယူခဲ့သူ တယောက်တည်း။ ဘိုးသိန်းအဖြစ်ကား တွေးကြည့်လျှင် ရင်နာဖို့ ကောင်းလှ၏၊

စာရေးသူငယ်စဉ်က လူကြီးသူမများ၏ ပြောစကားကို ကြားခဲ့ဖူးပါသည်။ သူများကြွေးကိုယူပြီး ပြန်မဆပ်ရင် ကျွဲ-နွားဖြစ်ပြီး ဆပ်ရတတ်တယ်-ဟု ထိုသို့လူကြီးသူမများ ပြောခဲ့သောစကားသည် ယခုကိုယ်တွေ့မျက်မြင် ဖြစ်နေပါပြီ။ စာရေးသူ၏ မျက်စိအာရုံထဲတွင် ဦးဗလ-ဒေါ်လှဝင်း တို့၏ ယာတောစပ် တဲနားတွင် ကျွဲမကြီးနောက် တကောက်ကောက် လိုက်၍ ခုန်ပေါက်ပြေးလွှား ဆော့ကစားလျက် မြက်စားနေသည့် ဘိုးသိန်းတဖြစ်လဲ ကြွေးဆပ်မည့် ကျွဲကလေးကိုသာ မြင်ယောင်နေမိပါတော့သည်။

(တသက်လှ-ပခုက္ကူ )

****************************************

နုပျိုနေသော ဦးသိန်းလွင်

(နုပျိုနေသော ဦးသိန်းလွင် )

ဓာတ်ပုံဆရာကြီး ဦးသိန်းလွင်သည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာကြီးသို့ မကြာခဏ သွားရောက်လေ့ရှိ၏၊ ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးတတ်သူ၊ မှတ်တမ်းဓာတ်ပုံလေးတွေ ရိုက်ပေးလေ့ရှိသူမို့လည်း သူ့ကို ခင်မင်လေးစားကြ၏၊ သူကလည်း လူတိုင်းအပေါ် စေတနာထားသူတဦး ဖြစ်၏၊ မဟာစည်သာသနာနုဂ္ဂဟ အဖွဲ့ချုပ် ရာသက်ပန် အဖွဲ့ဝင်လည်း ဖြစ်၏၊

မဟာစည်သာသနာ့ ရိပ်သာကြီးတွင် ကြုံသလို လုပ်အားပေးခဲ့သည်မှာ နှစ်ပေါင်း ၂၀-ကျော်ခန့်ရှိပြီ။ တံမြက်လှည်းခြင်းစသော သန့်ရှင်းရေး လုပ်စရာရှိလျှင်လည်း ဝင်လုပ်ဖို့ ဝန်မလေး။ ပန်းကန်ဆေးစရာ ရှိလျှင်လည်း ဝင်ဆေး၏၊ ဧည့်ခံကျွေးမွေးရေးဘက်တွင် လုပ်အားပေး လိုအပ်နေပါကလည်း ကြည့်မနေတတ်။ ပန်းကန်ချစရာရှိလျှင် ချပေး၏၊ ထမင်းတို့ ဟင်းတို့ လိုက်စရာရှိလျှင်လည်း ပေါ့ပေါ့ပါးပါးနှင့်ထပြီး ထည့်ပေး လိုက်ပေးလေ့ ရှိ၏၊

သူကား မဟာစည်သို့ရောက်လျှင် ကုသိုလ်တခုမဟုတ် တခု ရအောင် ဝင်လုပ်တတ်၏၊ ထို့ကြောင့် သူသည် လုပ်အားဒါနရှင်တဦး ဖြစ်၏၊ တနေ့တွင် မဟာစည်သာသနာနုဂ္ဂဟ အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေးသို့ စာရေးသူ တက်ရောက်စဉ် သူနှင့်တွေ့ဆုံသည်။ ထိုအခါ သူက-

ဆရာ ဦးစိုးဝင်း ကျွန်တော်ကိုယ်တွေ့လေး ပြောချင်တယ်၊ ကျွန်တော်အသက် အခု ၆၉-နှစ်ထဲရောက်ပြီ။ ပြီးခဲ့တဲ့ ၄-နှစ်လောက်က ကျွန်တော်နေထိုင်မကောင်း ဖြစ်တယ်၊ ခြေဖမိုး လက်ဖမိုးတွေ ရောင်ပြီး ၆-လလောက်ကို လဲနေတယ်။ ဟိုဆေး ဒီဆေး ဝယ်လိမ်းတယ်။ မပျောက်ဘူး။ အဲဒီတော့ နောက်ဆုံး ဘုရားကိုပဲ အားကိုးရတာပေါ့၊ ကျွန်တော် ပရိတ်ကြီး ၁၁-သုတ် နေ့စဉ်ရွတ်တယ်။ တရားထိုင်တယ်။ ဂုဏ်တော် ၉-ပါး ပုတီးစိပ်တယ်။

ဟုတ်ကဲ့-တယ်ကြိုးစားပါလား ဝမ်းသာစရာပဲပေါ့။

အဲဒီအချိန်က ကျွန်တော့်အိမ်ရှေ့ ပေ ၂၀၀-လောက်ရှည်တဲ့လမ်းမှာ ရွှံ့ဗွက်ဖြစ်ပြီး လမ်းပျက်နေတယ်။ အဲဒါ မိတ်ဆွေတဦးဆီက ဘိလပ်မြေအချပ် အကျိုးအပဲ့ အုတ်ကျိုး အုတ်ပဲ့တွေနဲ့ လမ်းထဲက ကလေးတွေ စည်းရုံးပြီး ကျွန်တော်ပါ ခင်းကြတယ်။ ကျွန်တော်လဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ချွေးဒီးဒီးကျအောင် လုပ်လိုက်တာ လမ်းကောင်းသွားတယ်။ ကျွန်တော့်ကို လူတိုင်းက သေမယ်ထင်နေကြတာ မသေဘဲ နေကောင်းလာတော့ ဝမ်းသာအံ့ဩဖြစ်ကြတာပေါ့။

ဦးသိန်းလွင်သည် အသက် ၇၀-နီးပါးရှိသော်လည်း မအိုစာဘဲ ၆၀-ခန့်ဟု ထင်ရသည်။ နုပျိုလန်းဆန်းလျက် ရှိသည်။ သူသည် အမှတ် ၅၄၊ နိဗ္ဗာန်လမ်း ဆရာစံမြောက် အနောက်ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်တိုင်းတွင် နေထိုင်လျက် ရှိသည်။ ကောင်းသောကံကြောင့် ကောင်းသောအကျိုးပေးသည်ဟု ယုံကြည်ယူဆရပါသည်။

(တက္ကသိုလ် စိုးယဉ် )

****************************************

ကြက်သင်းကွဲ

(ကြက်သင်းကွဲ )

သွားရင်းလာရင်း ကြက်များကိုတွေ့လျှင် ကျွန်တော်ငယ်စဉ်က အိမ်တွင်ရှိသော ကြက်သင်းကွဲကို သတိရမိသည်၊ ကြက်သင်းကွဲဆိုသည်မှာ ကျွန်တော်တို့ အိမ်သူအိမ်သားများက ပေးထားသော နာမည်ပင် ဖြစ်ပါသည်၊ ကျွန်တော် ကျောင်းသားအရွယ်က အိမ်တွင် ကြက်များမွေးမြူထားသည်၊ တခါသော် အိမ်ကကြက်မကြီး သားပေါက်ရာတွင် ကြက်ကလေးတကောင်မှာ အခြားကြက်ငယ်များလို ဥမှ ချက်ချင်း မဖောက်နိုင်ပဲ ရှိသည်၊ အခြားကြက်ငယ်များ ပေါက်ပြီး နောက်နေ့လောက်ကျမှ ဥထဲမှ ခေါင်းကလေးသာ ထွက်နိုင်သည်၊ တညပ်ညပ်နှင့် အော်နေ၍ အကိုက ဥကိုခွဲပြီး ထုတ်ယူရသည်။

ထိုကြက်ငယ်ကလေးမှာ သူ့မိခင် ကြက်သားအုပ်သို့ မဝင်နိုင်တော့၊ မိခင်ကြက်မကြီးကပင် အဝင်မခံ၊ သူလာလျှင် ဆိတ်၍လွှတ်သည်၊ သို့နှင့် သူ့ကိုကြက်မအုပ်သို့ မသွင်းတော့ပဲ အိမ်ပေါ်မှာပင် မွေးထားရသည်၊ ဆန်ကွဲများကျွေး၍ ညတွင် ဝါဂွမ်းများပုံ၍ အိပ်စေရသည်၊ သို့နှင့် ကြက်သင်းကွဲလေးသည် တစတစ ကြီး၍လာကာ အိမ်သားများကို အထူး ခင်မင်နေသည်၊ သွားရာသို့ လိုက်နေတတ်သည်၊ အထူးအားဖြင့် သူ့အား ဂရုတစိုက် ကျွေးမွေးပြုစုသော အမေ့ကို ပိုခင်သည်၊ အမေသွားရာ လိုက်သည်၊ ထို့ကြောင့် အမေသည် စျေးသွားလျှင် သူ့ကိုခြင်းဖြင့် အုပ်ထားခဲ့ရသည်၊ ကျွန်တော်တို့ အိမ်သားအားလုံးပင် သူ့ကိုချစ်ခင်ကြ၍ ကြက်သင်းကွဲ-ဟု ခေါ်ကြသည်၊ သူကလည်း ကြက်သင်းကွဲရေ-ဟု ခေါ်လျှင် ကြားရာက ပြေးလာလေ့ရှိသည်။

ကြက်သင်းကွဲသည် ကြက်ဖလေးဖြစ်၍ အခြားကြက်များနှင့် မနေ၊ တကောင်တည်းသာ နေလေ့ အစာရှာလေ့ရှိသည်၊ နေ့လည်ဆိုလျှင် အမေက ဆန်များကို အိမ်ရှေ့တွင်ပက်ကာ ကြက်သင်းကွဲရေ-ဟု ခေါ်ကျွေးလေ့ရှိသည်၊ ကြက်သင်းကွဲ စ၍တွန်တတ်စအရွယ် တနေ့လည်တွင် အမေသည်ထုံးစံအတိုင်း အိမ်ရှေ့တွင် ဆန်များကိုပက်၍ ကြက်သင်းကွဲရေ-ဟုခေါ်သည်၊ ကြက်သင်းကွဲသည် အိမ်ခြံထောင့်တနေရာတွင် ယက်ကာယက်ကာ အစာစားနေရာ အမေနှစ်ခွန်းသုံးခွန်း ခေါ်သည့်တိုင်အောင် မလာ၊ သို့နှင့်အမေသည် သူပက်ထားသောဆန်ရှိရာသို့ မောင်းခေါ်ရန် ကြက်သင်းကွဲရှိရာသို့ သွားပြီး ဟဲ့-လာခဲ့၊ ဟဲ့-လာခဲ့နှင့် ခေါ်သည်၊ ကြက်သင်းကွဲသည် အမေ့ကို တချက်နှစ်ချက်လှည့်ကြည့်ပြီး ယက်မြဲယက်နေသည်၊ အမေသည် သူ့အနားသို့ ရောက်သွားချိန်တွင် ကြက်သင်းကွဲယက်လိုက်သော မြေကြီးမှုန်များ အကြားမှ ဝင်းခနဲထွက်လာသော အရာဝတ္ထု တခုကို မြင်လိုက်သည်၊ အမေသည် ကြက်သင်းကွဲကို လက်တဖက်က ကောက်ချီလိုက်ရင်း လက်တဖက်က ဝင်းပြောင်နေသော အရာဝတ္ထုကို ယူကြည့်လိုက်ရာ လက်စွပ်တကွင်း ဖြစ်နေလေသည်။

လက်စွပ်မှာ နီလာကျောက်ပါသော ရွှေလက်စွပ် ဖြစ်သည်၊ အတော်ရှေးကျဟန်ရှိပါသည်၊ မည်သူ့လက်နှင့်မှမတော် ကွင်းကျယ်သည်၊ အဖေ့လက်နှင့်သော်မှ လက်ခလယ်နှင့်မှ တော်ရုံရှိသည်၊ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လောက်က ဖြစ်ရာ ထိုအချိန်က ရောင်ချလိုက်ရာ၌ ငွေလေးရာခန့် ရသည်ဟု မှတ်မိပါသည်၊ ကြက်သင်းကွဲသည် သူ့အား စောင့်ရှောက်သော ကျွန်တော့မိသားစုကို ကျေးဇူးပြုခြင်းပင် ဖြစ်ပါသည်၊ ကျွန်တော်တို့မှာလည်း သူတပါးအား ကယ်ဆယ်၍ ပြုစုကျွေးမွေး စောင့်ရှောက်သော ကောင်းကျိုးကို ခံစားခဲ့ရပါသည်။

(မောင်တင်ထွန်း-ပြည်မြို့ )

****************************************

ကြမ်းပိုးမီး

(ကြမ်းပိုးမီး )

ကျွန်မတို့ ရွာတွင် ဒေါ်အေးဘုံ-ဟု ခေါ်သော အဒေါ်ကြီးတယောက် ရှိသည်၊ ဒေါ်အေးဘုံသည် စိတ်ဆတ် စိတ်ကြွပ်သူဖြစ်၍ လူတိုင်းက လန့်ရသူဖြစ်သည်၊ ဒေါသရှေ့ထားတတ်သူမို့ သူ့ကို လူတိုင်းက ရှောင်ချင်ကြသည်၊ သူတို့အိမ်သည် ရွာ၏မြောက်ဖျားမှာ ရှိသည်၊ ဒေါ်အေးဘုံသည် ပျဉ်ခင်း ပျဉ်ကာနှင့် သက်ကယ်မိုးထားသော အိမ်ကြီးဖြင့် နေထိုင်သည်။

တညနေ မှောင်စပျိုးချိန်တွင် ဒေါ်အေးဘုံသည် သူ့အရပ်ထက် လက်တဖောင်ခန့်မြင့်သော အိမ်ကြမ်းပြင်ကို ထန်းရွက်ခြောက် မီးရှို့နေကြောင်း မြင်ကြရလေသည်။ `ဒေါ်အေးဘုံ ဘာလုပ်နေလဲ´ဟု မည်သူမျှ မမေးဝံ့ကြ သဖြင့် ရွာလူကြီးကို ပြောရာ ရွာလူကြီး ဦးဘမှန်သည် ဒေါ်အေးဘုံ၏ အိမ်ဆီသို့ ရောက်လာရသည်၊ ဒေါ်အေးဘုံက ကြမ်းပိုးကိုက်လွန်းသဖြင့် ကြမ်းပြင်ကို ထန်းရွက်ခြောက်မီးဖြင့် မြိုက်ရကြောင်း ဘုဆတ်ဆတ် ပြန်ပြောလေသည်။ `အေး-ဂရုစိုက်လုပ်နော်´ဟု ဦးဘမှန် မှာကြားခဲ့သည်ကို ဒေါ်အေးဘုံ`အင်း-အဲ´ မလုပ်ပေ။

ည ၇-နာရီခန့်တွင် ဒေါ်အေးဘုံတို့ နေအိမ်မှ မီးစွယ် မီးညွန့်များကို ရွာသားတဦး မြင်သဖြင့်`မီး-မီး´ဟု ဟစ်အော်လိုက်ရာ တရွာလုံးပြေးလာပြီး ဝိုင်းဝန်းငြိမ်းသတ်လိုက်ရသည်၊ အိမ်တခြမ်းမှာ မီးကျွမ်းသွားခဲ့ပြီ ဖြစ်သည်၊ ဒေါ်အေးဘုံ၏ ထန်းရွက်ခြောက်မီးသည် ကြမ်းပိုးပါမက အိမ်ကိုပါ ဝါးမျိုလောင်မြိုက်စေခဲ့သည်။

ဒေါ်အေးဘုံသည် မီး,စတင် စွဲလောင်နေသည်ကို ချက်ချင်း သိခဲ့သော်လည်း ဦးဘမှန်ကို ဘုဆတ်ဆတ် ဆက်ဆံမိသော သူ့အမှားကြောင့် တိတ်တဆိတ် ကြိတ်ငြိမ်းရင်းက ဤသို့ အကြီးအကျယ် လောင်မြိုက်သွားခဲ့ခြင်း ဖြစ်သည်၊ သို့သော် ရွာသားများ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် တရွာလုံး မီးဘေးလွတ်ခဲ့ရခြင်းဖြစ်သည်၊ ဒေါ်အေးဘုံ၏ အဖြစ်မှာ ကြမ်းပိုးကို အကြီးအကျယ် မီးရှို့သတ်မိရာမှ မိမိအိမ်ကိုပါ ပျက်စီးစေခဲ့သလို ဖြစ်ရပေ တော့သည်။

(မေရည်မွန်-မြန်မာစာ )

****************************************