မာတိကာသို့ ခုန်သွားရန်

ကျွန်းကုန်းကြီးပုစ္ဆာအဖြေ

ဝီကီရင်းမြစ် မှ




ကျွန်းကုန်းကြီးပုစ္ဆာအဖြေ

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

သင်္ခတပရမတ်, အသင်္ခတပရမတ် နှစ်ပါးကိုခွဲပြခြင်း

သင်္ခတပရမတ်, အသင်္ခတပရမတ်၊ ဤပရမတ်နှစ်ပါး ခွဲနည်းကို မေးလျှောက်ချက်၌

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သလာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနာ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

[ဤဒေသနာသည် သင်္ခပရမတ် အဆက်ပွါး၍နေပုံကို ဟောတော်မူသော ဒေသနာတော်ပေတည်း။]

အနက်ကား။။ အဝိဇ္ဇာပစ္စယာ=သစ္စာလေးပါးတရားတို့ကို မသိမမြင် မထင်မလင်းတည်းဟူသော အကြောင်းတရား အဝိဇ္ဇာတရား ထင်ရှားရှိနေခြင်းကြောင့်၊ သင်္ခါရာ=ဘဝကိုပြုပြင်တတ်သော ကုသိုလ်ကံ, အကုသိုလ်ကံ-ဟူသောသင်္ခါရမှုတို့သည်၊ သမ္ဘဝန္တိ=ထင်ရှားဖြစ် ပေါ်ကုန်၏၊ သင်္ခါရပစ္စယာ=သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့်၊ ဝိညာဏံ=နောက်ဘဝသစ်တွင် ပဋိသန္ဓေဝိညာဉ်, ပဝတ္တိဝိညာဉ်တည်း ဟူသော ဝိညာဉ်ခြောက်ပါး အကျိုးတရားသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ် ပေါ်၏၊ ဝိညာဏပစ္စယာ၊ ဝိညာဏ်ခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်း ကြောင့်၊ နာမရူပံ=ဝိညာဉ်၏အဲခံအရံဖြစ်သော ဖဿ,ဝေဒနာ-အစရှိ သောနာမ်တရား၊ ပထဝီ,အာပေါ-အစရှိသောရုပ်တရား ဤနာမကာယ, ရူပကာယတရားနှစ်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊

နာမရူပပစ္စယာ=နာမကာယ,ရူပကာယ တရားနှစ်ပါး ထင်ရှား ဖြစ်ပေါ်ဖြင်းကြောင့်။ သဠာယတနံ=လူအများတို့၏ သက်ရောက်ရာ ရေဆိပ်ကြီးသဖွယ်ဖြစ်သော စက္ခာယတန, သောတာယန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန-ဟု ဆိုအပ်သော ခြောက်ပါး သော အာယတနတရားသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊ သဠာယတနပစ္စယာ=အာယတနတရား ခြောက်ပါး ထင်ရှားဖြစ် ပေါ်ခြင်းကြောင့်၊ ဖေဿာ=အာရုံကို ထိခိုက်ခြင်း တည်းဟူသော ဖဿတရားခြောက်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊ ဖဿ ပစ္စယာ=ဖဿတရားခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ ဝေဒနာ= အရုံ၏ အရသာကိုခံစားခြင်းတည်းဟူသော ဝေဒနာခြောက်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊

ဝေဒနာပစ္စယာ=ဝေဒနာခြောက်ပါးထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ တဏှာ=အာရုံ၌ တပ်မက်မောခြင်းဟူသော ရူပတဏှာအစရှိသော တဏှာခြောက်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊ တဏှာပစ္စယာ= တဏှာခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ ဥပါဒါနံ=အပြင်းအထန် စွဲလမ်းခြင်းဟူသော ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒု ပါဒါန်-ဟုဆိုအပ်သော ဥပါဒါန်တရားလေးပါးသည်၊ သမ္ဘဝတိ=ထင်ရှား ဖြစ်ပေါ်၏၊ ဥပါဒါနပစ္စယာ=ဥပါဒါန်တရားလေးပါး ထင်ရှားဖြစ်ပေါ်ခြင်း ကြောင့်၊ ဘဝေါ=သံသရာ၏အကျိုးစီးပွားဖြစ်သော သုစရိုက်တရား, ဒုစရိုက်တရားဟူသော ကာမတရား၊ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဟုဆို အပ်သော ဥပပတ္တိဘဝတရား၊ ဤဘဝတရားနှစ်ပါးသည်၊ သမ္ဘဝတိ=ထင် ရှားဖြစ်ပေါ်၏၊ ဘဝပစ္စယာ=ဘဝတရားနှစ်ပါးထင်ရှား ဖြစ်ပေါ်ခြင်း ကြောင့်။ ဇာတိ=ပဋိသန္ဓေအဖန်ဖန် နေရခြင်းတည်းဟူသော ဇာတိ တရားသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊

ဇာတိပစ္စယာ=ဇာတိတရားထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ ဇရာမရဏံ=အဖန်ဖန်အိုရခြင်း တည်းဟူသော ဇရာတရား, အဖန်ဖန် သေရခြင်းတည်းဟူသော မရဏတရား၊ ဤဇရာ,မရဏတရား နှစ်ပါးသည်လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ=စိုးရိမ်ပူပန်ရခြင်းအမျိုးမျိုးတည်းဟူသော သောကတရား, ငိုကြွေးမြည်တမ်းရခြင်းတည်းဟူသော ပရိဒေဝတရား, ကိုယ်၏ဆင်းရဲခြင်း တည်းဟူသော ဒုက္ခတရား, စိတ်၏ဆင်းရဲခြင်း တည်းဟူသော ဒေါမနဿ တရား, သက်ကြီးရှိုက်တငင်ငင် ပင်ပန်းရခြင်း တည်းဟူသော ဥပါယာသ တရားတို့သည်လည်းကောင်း၊ သမ္ဘဝန္တိ=ထင်ရှားဖြစ်ပေါ်ကုန်၏၊ ဧဝံ=ဤသို့၊ ကေဝလဿ=ချမ်းသာသုခနှင့် မရောမယှက်သက်သက်သော၊ ဧတဿဒုက္ခက္ခန္ဓဿ=ဤဒုက္ခသစ္စာတရားအစု၏၊ သမုဒယော=မပြတ်မစဲအမြဲဖြစ်ပွါးရခြင်းသည်၊ ဟောတိ=ဖြစ်၏၊ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏ နိရောဓော၊ ဝိညာဏ နိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿ နိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာ နိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါန နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိ နိရောဓာ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုစ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

[ဤဒေသနာသည် အသင်္ခတပရမတ်ကို ဟောတော်မူသော ဒေသနာပေတည်း။]

အနက်ကား။။ အဝိဇ္ဇာယတွေဝ=အဝိဇ္ဇာ၏သာလျှင်။ အသေသ ဝိရာဂနိရောဓာ=နောင်တစ်ဖန် ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိဘဲ အရိယာမဂ်ဖြင့် ချုပ်ငြိမ်းခြင်းကြောင့်၊ သင်္ခါရနိရောဓော=နောင်ဘဝ အသစ်အသစ်ကို ပြုပြင်တတ်သော ကုသိုလ်ကံ, အကုသိုလ်ကံသင်္ခါတ တရား၏ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ သင်္ခါရနိရောဓာ=သင်္ခါရ တရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဝိညာဏနိရောဓော=နောင်ဘဝသစ်ဟု ဆိုအပ်သော ပဋိသန္ဓေဝိညာဉ်၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ ဝိညာဏနိရောဓာ=ဝိညာဏ်၏ချုပ်ခြင်းကြောင့်၊ နာမ ရူပနိရောဓော= နာမကာယ, ရူကကာယတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊

နာမရူပနိရောဓာ=နာမကာယ,ရူကကာယတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ သဠာယတန နိရောဓော=အာယတနတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ သဠာယတန နိရောဓာ=အာယတနတရားခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဖဿနိရောဓော=ဖဿတရားခြောက်ပါးတို့၏ ချုပ်ငြိမ်ခြင်းသည်၊ ဟောတိ=ဖြစ်၏၊ ဖဿနိရောဓာ=ဖဿတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်း ခြင်းကြောင့်၊ ဝေဒနာနိရောဓော=ဝေဒနာ တရားခြောက်ပါးတို့၏ ချုပ်ငြိမ်း ခြင်းသည်။ ဟောတိ=ဖြစ်၏၊

ဝေဒနာနိရောဓာ=ဝေဒနာတရားခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ တဏှာနိရောဓော=တဏှာတရား ခြောက်ပါးတို့၏ ချုပြ်ငိမ်းခြင်း သည်၊ ဟောတိ=ဖြစ်၏၊ တဏှာနိရောဓာ=တဏှာတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဥပါဒါနနိရောဓော=ဥပါဒါန်တရား လေးပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊

ဥပါဒါနနိရောဓာ၊ ဥပါဒါန်တရားလေးပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ ဘဝနိရောဓော=ဘဝတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ ဘဝနိရောဓာ=ဘဝတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ ဇာတိနိရောဓော=ပဋိသန္ဓေအသစ်အသစ်ဖြစ် ပေါ်မှု၏ ချုပ်ငြိမ်း ခြင်းသည်၊ ဟောတိ=ဖြစ်၏၊

ဇာတိနိရောဓာ=ပဋိသန္ဓေအသစ်အသစ်ဖြစ်ပေါ်မှု၏ ချုပ်ငြိမ်း ခြင်းကြောင့်၊ ဇရာမရဏံ=အဖန်ဖန်အိုရခြင်း, အဖန်ဖန်သေရခြင်း ဟူသောဇရာ,မရဏတရားနှစ်ပါးသည်လည်းကောင်း၊ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါ ယာသာ=အဖန်ဖန်စိုးရိမ်ရခြင်း, အဖန်ဖန်ငိုကြွေးရခြင်း, အဖန်ဖန်ကိုယ်၏ဆင်းရဲရခြင်း, အဖန်ဖန်စိတ်၏ ဆင်းရဲရခြင်း, အဖန်ဖန် သက်ကြီးရှိုက်တငင်ပင်ပန်းရခြင်းတို့သည်လည်းကောင်း၊ နိရုစ္ဈန္တိ= အရဟတ္တမဂ် ဖြစ်ပေါ်ဆဲခဏ၌ အဝိဇ္ဇာနှင့်တကွ ချုပ်ငြိမ်းကြလေကုန်၏၊

ဧဝံ=ဤသို့၊ ကေဝလဿ=ချမ်းသာသုခနှင့်မဖက် သက်သက် သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ=ထိုဒုက္ခသစ္စာ တရားအစု၏၊ နိရောဓော= ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊

ဤဒေသနာ၌

၁။ အဝိဇ္ဇာသည် သင်္ခတပရမတ်မည်၏၊ အဘယ်ကြောင့် သင်္ခတ ပရမတ်မည်သနည်း-ဟူမူ “အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယော” ဟူသော ပါဌ်နှင့်အညီ အာသဝတည်းဟူသော အကြောင်း တရားတို့၏ ဖြစ်ပွါးမှုကြောင့် အဝိဇ္ဇာသည် အသစ်အသစ်ဖြစ် ပေါ်မှုထင်ရှား ရှိနေသောကြောင့် သင်္ခတပရမတ်ခေါ်ပေသည်။

၂။ ထိုအဝိဇ္ဇာ၏ နောင်တစ်ဖန်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ၊ အရိယာမဂ်၏အစွမ်းဖြင့် အကုန်အစင် ချုပ်ငြိမ်းခြင်းသည် အသင်္ခတ ပရမတ်မည်၏၊ အဘယ့်ကြောင့် အသင်္ခတဓာတ်ပရမတ်မည်သနည်းဟူမူ “အာသဝနိရောဓာ အဝိဇ္ဇာနိရောဓော”ဟူသော ပါဌ်နှင့်အညီ အာသဝတည်းဟူသော အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အဝိဇ္ဇာ၏ အသစ်အသစ်ဖြစ်ပေါ်မှုမရှိသော ချုပ်ငြိမ်းမှုဖြစ်လေသော ကြောင့် ထိုချုပ်ငြိမ်းမှုကို အသင်္ခတပရမတ်ခေါ်ပေသတည်း။

သင်္ခတပရမတ်,အသင်္ခတပရမတ်နှစ်ပါးကို ခွဲပြခြင်းပြီး၏၊

---

နိဗ္ဗာန်၏ ဘာဝ,သဘာဝကိုပြဆိုခြင်း

ဤသို့လျှင် အဝိဇ္ဇာဟူသော သင်္ခတပရမတ်၏ အသစ်အသစ် ဖြစ်ပေါ်မှုမရှိခြင်းဟူသော အဝိဇ္ဇာအဘာဝသည် အသင်္ခတဓာတ် ပရမတ်မည်၏၊ ဤစကား၌ အဘာဝဆိုသော်လည်း အဝိဇ္ဇာ၏ မရှိခြင်း ကိုဆို၏၊ သန္တိလက္ခဏာအားဖြင့်မူကား- အရိုးအစဉ်ထင်ရှားရှိသော ဘာဝကြီးတစ်ပါးပင်ဖြစ်၏၊

[သင်္ခါရချုပ်ငြိမ်းမှုစသည်တို့၌လည်း ဤနည်းအတူ အဘာဝနှင့်ဘာဝနှစ်ပါးကို ခြားနား၍သိလေ။]

ဤဒေသနာ၌ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်သည်၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်သည်၊ အစရှိသည်ဖြင့် အဆင့်ဆင့် ဟောတော်မူရသည်မှာလည်း အကြောင်း, အကျိုးဖြစ်ထိုက်သော တရားအစဉ်သို့လိုက်၍ ဟောတော်မူခြင်းမျှသာတည်း၊ ထိုတရားတို့၏ ချုပ်ငြိမ်းမှုကား- အရဟတ္တမဂ်ခဏအဝိဇ္ဇာချုပ်ငြိမ်းမှုတွင် တစ်ပေါင်း တစ်စုတည်းပါလေ၏၊ အဝိဇ္ဇာချုပ်ငြိမ်းမှုနှင့်တစ်စုတည်းသော ချုပ်ငြိမ်း မှုဖြစ်လေ၏၊ ထိုချုပ်ငြိမ်းမှုသည် ထိုပုဂ္ဂိုလ်ခန္ဓပရိနိဗ္ဗာန်စံသည်မှ နောက်၌ အနမတဂ္ဂသံသရာနှင့်အမျှ နိစ္စထာဝရတည်ရှိလေ၏၊

ထိုချုပ်ငြိမ်းမှုတွင်

၁။ ငရဲဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုလည်း ပါဝင်လေ၏၊
၂။ တိရစ္ဆာန်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊
၃။ ပြိတ္တာဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊
၄။ အသုရကာယ်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုလည်း ပါဝင်လေ၏၊
၅။ ထို့အတူ လူ့ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊
၆။ နတ်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊
၇။ ဗြဟ္မာဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုတို့သည်လည်း ပါဝင်လေကုန်၏၊

အဝိဇ္ဇာ၏ ချုပ်ငြိမ်းမှုဟူသောစကားတွင်

ဤမျှလောက်ကြီးကျယ်သော အသင်္ခတဓာတ် ပရမတ်နယ်ကြီး သည် အဘိညာဏ်တွင် ထင်မြင်ထင်ရှား ရှိလေ၏၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်တွင် ရှေ့သို့အစဉ်ဖြစ်ပွါးလတံ့သော သင်္ခတတရားတို့၏ ချုပ်ငြိမ်းမှု သည်သာလျှင် တစ်ခုတည်းဖြစ်သည်မဟုတ်သေး၊ လွန်လေပြီးသော အတိတ်သံသရာ၌ ပရိနိဗ္ဗာန်စံကြကုန်ပြီးသော ခပ်သိမ်းသောဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့၏ အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီးနှင့်လည်း တစ်ခုတည်းရောမိလေ၏၊ ယခုဘုရား သာသနာတော်မှာ ပရိနိဗ္ဗာန်စံကြ သော ပုဂ္ဂိုလ်တို့၏ အသင်္ခတဓာတ် ပရမတ်ကြီး, နောင်အနမတဂ္ဂ သံသရာတွင် ပရိနိဗ္ဗာန်စံကြကုန်လတံ့သော ဘုရား,ပစ္စေကဗုဒ္ဓါ, ရဟန္တာ တို့၏ အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီးနှင့်လည်း တစ်ခုတည်းဖြစ် လေ၏၊

ဥပါဒ်စွန်း,ဘင်စွန်း, ရှေ့အစွန်း,နောက်အစွန်း, အောက်အစွန်း, အထက်အစွန်း,လက်ဝဲအစွန်း, လက်ယာအစွန်းမရှိသော အနိမိတ္တ တရားဖြစ်၍ ပစ္စုပ္ပန်,အတိတ်,အနာဂတ် ကာလအပြားအားဖြင့် လည်း ကွဲပြားခြင်းမရှိ၊ ပုဂ္ဂိုလ်သန္တာန်အားဖြင့်လည်း ကွဲပြားခြင်းမရှိလေ။

[ဤကား-အနမတဂ္ဂသံသရာတွင်အစဉ်ထာဝရတည်ရှိသော အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီးသန္တိသဘောဟူသော ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိနေပုံကို ပြဆိုခန်းတည်း။]

နိဗ္ဗာန်၏ဘာဝ,အဘာဝကိုပြဆိုခြင်းပြီး၏၊

---

နိဗ္ဗာန်၏ အမေးလေးချက်

၁။ အဝိဇ္ဇာ၏မရှိခြင်းတည်းဟူသော အဘာဝကို နိဗ္ဗာန်ဟူ၍ ဆိုခဲ့သော် ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် ပရမတ္ထအားဖြင့် ထင်ရှား ရှိပါသနည်း။

၂။ အဘယ်သို့လျှင် ပရမသုခဖြစ်နိုင်ပါသနည်း။

၃။ အဘယ်သို့လျှင် အနန္တဂုဏ်ကျေးဇူးနှင့် ပြည့်စုံနိုင်ပါသနည်း။

၄။ အဘယ်သို့လျှင် အပ္ပမေယျဂမ္ဘီရ ဖြစ်နိုင်ပါသနည်း။ [အမေးလေးချက်။]

နိဗ္ဗာန်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိပုံ

၁။ ထိုအဝိဇ္ဇာအဘာဝဟုဆိုအပ်သော နိဗ္ဗာန်သည် သန္တိ လက္ခဏာအားဖြင့် အရိုးအစဉ်ထင်ရှားသော ဘာဝကြီးတစ်ပါးဖြစ်ပေ၍ ပရမတ္ထအားဖြင့် ထင်ရှားရှိပေ၏၊

ထင်ရှားရှိပုံကား။။ ခပ်သိမ်းသော မြတ်စွာဘုရားတို့သည် ဘုရားအဖြစ်သို့မရောက်မီ ရှေးကာလ၌ သစ္စာလေးပါးတရားကို ထိုးထွင်း၍ မသိခြင်းတည်းဟူသော အဝိဇ္ဇာတရားရှိနေကြကုန်၏၊ အဝိဇ္ဇာ တရားရှိနေသည့် အတွက်ကြောင့် သင်္ခါရအစရှိသော သံသရာဝဋ်တရား တို့သည်လည်း ရှိနေကြကုန်၏၊ အဆုံးဘဝသို့ရောက်၍ အရဟတ္တမဂ် ဉာဏ်ကြီးကို ရကြသောအခါ၌ ထိုအဝိဇ္ဇာတရားသည် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကွယ်ပျောက် အဘာဝအဖြစ်သို့ ရောက်လေ၏၊

အဘာဝဟူသော်လည်း အဇဋာကာသ ကောင်းကင်ကဲ့သို့ အချည်းအနှီး,တုစ္ဆ,နိရတ္ထက,အဘာဝမျိုးမဟုတ်၊ ထိုမြတ်စွာဘုရားတို့မှာ ထိုခဏမှစ၍ ခပ်သိမ်းသောကိလေသာတို့၏ ချုပ်ငြိမ်းခြင်း, ဒုတိယ ဘဝမှစ၍ ခပ်သိမ်းသော ဝဋ်ဒုက္ခတို့၏ချုပ်ငြိမ်းခြင်းဟူသော သန္တိ လက္ခဏာနှင့်တကွ အနမတဂ္ဂသံသရာတွင် အရိုးအစဉ်အားဖြင့် ထင်ရှား လျက်ရှိနေသော ပရမတ္ထဘာဝကြီးတစ်ပါးဖြစ်ပေ၏၊ ထိုနိဗ္ဗာန်သည် ဤသို့လျှင် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏၊

နိဗ္ဗာန်သည် ပရသုခဖြစ်ပုံ

၂။ ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် ပရမသုခဖြစ်နိုင်ပါသနည်းလူ့ချမ်းသာအပေါင်းတို့တွင် လေးကျွန်းလုံးကို အစိုးရသော စကြာမင်း တို့၏ချမ်းသာသည် အကြီးအကျယ်ဆုံးသော ချမ်းသာဖြစ်၏၊ ထိုစကြာမင်း ချမ်းသာသည် အနိစ္စမျိုးစင်စစ်ဖြစ်၏၊ ပျက်စီးခြင်းသည်လျှင် အဆုံးရှိ၏၊ ထိုစကြာမင်းသည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိသေးသောကြောင့် ယခုနေ့ စကြာမင်း, နောက်နေ့၌ ခွေးဘဝ, ဘက်ဘဝ-အစရှိသော အပါယ်ဘဝသို့ ကျရောက် ရန် ဝဋ်ဒုက္ခဘေးကြီး တင်းလင်းရှိနေ၏၊

ထိုအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည် မူကား-နိစ္စမျိုးဖြစ်၏၊ အနမတဂ္ဂသံသရာတွင် ဘယ်အခါမှ ပျက်ဆုံး ခြင်းမရှိ၊ မြတ်စွာဘုရားတို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်လေကုန်သောကြောင့် ခွေးဘဝ, ဘက်ဘဝ-အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသော ဘဝသို့ ကျရောက်ခြင်း မရှိကြကုန်ပြီ၊ ဤသို့လျှင် လေးကျွန်းလုံးကို အစိုးရသော စကြာမင်း၏ အကြီးအကျယ်ဆုံးသော လူ့ချမ်းသာထက် ဤအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာန်သုခသည် အဆသိန်းသန်းမက သာလွန်မြင့်မြတ်သော ပရမသုခကြီးဖြစ်ပေ၏၊

နတ်ချမ်းသာအပေါင်းတို့တွင်လည်း သိကြားမင်းကြီး, နတ်မင်းကြီးတို့၏ချမ်းသာသည် အကြီးအကျယ်ဆုံးသောချမ်းသာဖြစ်၏၊ ဗြဟ္မာချမ်းသာအပေါင်းတို့တွင်လည်း မဟာဗြဟ္မာမင်းကြီးတို့၏ ချမ်းသာ သည် အကြီးအကျယ်ဆုံးသောချမ်းသာဖြစ်၏၊ ဤနတ်မင်းကြီး, ဗြဟ္မာ မင်းကြီးတို့၏ ချမ်းသာသည် အနိစ္စစင်စစ်သာဖြစ်ကုန်၏၊ ပျက်စီးခြင်းလျှင် အဆုံးရှိကြကုန်၏၊ ထိုသိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာမင်းကြီး တို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်,ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိကြသေးသောကြောင့် ယခုနေ့ သိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာမင်းကြီး၊ နောက်နေ့ ခွေးဘဝ,ဝက်ဘဝအစ ရှိကုန်သော အပါယ်ဘဝသို့ကျရောက်ရန် ဝဋ်ဒုက္ခဘေးကြီးတင်းလင်း ရှိနေကြကုန်၏၊

အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည်မူကားနိစ္စမျိုးဖြစ်၏၊ အနမတဂ္ဂသံသရာတွင် ဘယ်အခါမှပျက်ဆုံးခြင်းမရှိ၊ မြတ်စွာဘုရားတို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်,ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ကြလေကုန်သော ကြောင့် ခွေးဘဝ,ဝက်ဘဝ- အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသောဘဝသို့ ကျရောက် ခြင်း မရှိကြကုန်ပြီ။

ဤသို့လျှင် သိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာ မင်းကြီး တို့၏ အကြီးအကျယ်ဆုံးသော နတ်ချမ်းသာ, ဗြဟ္မာချမ်းသာထက် ဤ အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည် အဆသိန်းသန်း မက သာလွန်မြင့်မြတ်သော ပရမသုခကြီးဖြစ်ပေ၏၊ ဤသို့လျှင် ပရမ သုခဖြစ်နိုင်၏၊

နိဗ္ဗာန်သည် အနန္တဂုဏ်ကျေးဇူးနှင့်ပြည့်စုံပုံ

၃။ ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် အနန္တဂုဏ်ကျေးဇူး နှင့်ပြည့် စုံနိုင်ပါသနည်း၊ အနမတဂ္ဂသံသရာ၌ တစ်ထောင့်ငါးရာ ကိလေသာ တို့တွင် တစ်ခုတစ်ခုသော ကိလေသာဓမ္မ၏ အကျိုးယုတ်, အကျိုးမဲ့ကြီး သည် အနန္တကြီးကျယ်ကုန်၏၊ အဝိဇ္ဇာချုပ်ငြိမ်းခဲ့သည်ရှိသော် ထို တစ်ထောင့်ငါးရာကိလေသာတို့၏ ချုပ်ငြိမ်းမှုသည် အကုန်လုံးပါ ဝင်လေ ၏၊ ထို့တစ်ခုတစ်ခုသော ကိလေသာဓမ္မ၏ အကျိုးယုတ်, အကျိုးမဲ့ကြီး အနန္တတို့သည်လည်း အကုန်ချုပ်ငြိမ်းကြလေကုန်၏၊ ထိုအကျိုးယုတ်, အကျိုးမဲ့ကြီးအနန္တတို့၏ ချုပ်ငြိမ်းမှုသည် နိဗ္ဗာန်အနန္တဂုဏ်ကျေးဇူး ဖြစ်လေ၏၊

ကမ္မဝဋ်အနန္တတို့၏ ချုပ်ငြိမ်းမှု, ဝိပါကဝဋ် အနန္တတို့၏ ချုပ်ငြိမ်း မှုတို့ကို အစွဲပြု၍လည်း နိဗ္ဗာန်အနန္တဂုဏ် ကျေးဇူးတို့ကို ဆိုလေ၊ ဤသို့လျှင် နိဗ္ဗာန်သည် အနန္တဂုဏ်ကျေးဇူးနှင့် ပြည့်စုံနိုင်၏၊

နိဗ္ဗာန်၏ အပ္ပမေယျ ဂမ္ဘီရ ဖြစ်ပုံ

၄။ ရူပသင်္ခါ ဝိမုတ္တော ခေါ မဟာရဇ တထာဂတော အပ္ပမေယျော ဂမ္ဘီရော၊ သေယျထာပိ မဟာသမုဒ္ဒေါ၊ ဝေဒနာသင်္ခါဝိမုတ္တော။ လ။ သညာသင်္ခါဝိမုတ္တော။ လ။ သင်္ခါရ သင်္ခါဝိမုတ္တော။ လ။ ဝိညာဏ သင်္ခါဝိမုတ္တော။ လ။ သေယျထာပိ မဟာသမုဒ္ဒေါ။

ဟူသော ကောသလသံယုတ်ပါဠိတော်၌ အဓိပ္ပါယ်ကားရဟန္တာပုဂ္ဂိုလ်၏သန္တာန်၌ သတ္တဝါ-ဟူသောပညတ်သည် သဘောအားဖြင့်ရှိသည်မဟုတ်၊ သဘောအားဖြင့်ရှိသော ပရမတ္ထတရား ကို အမှီပြု၍ သိအပ်,ခေါ်ဝေါ်အပ်သော ပညတ်တရားမျှသာဖြစ်၏၊ ထိုပညတ်သည်လည်း ခန္ဓပရိနိဗ္ဗာန်မစံမီရှေ့အဖို့၌ သင်္ခတဖြစ်သော ရုပ်နာမ်တို့၏အပေါ်၌သာလျှင် ထင်မြင်နိုင်၏၊ ပညတ်နိုင်၏၊

ခန္ဓပရိနိဗ္ဗာန်စံပြီးသည်နောက်၌ အသင်္ခတဖြစ်သောနိဗ္ဗာန်ဟူသော ပရမတ္ထတရားသည်ကား-အလွန်သိမ် မွေ့သော တရားဖြစ်ချေ၍ ထိုတရား၏အပေါ်၌ မထင်မြင်နိုင်၊ မဟာသမုဒ္ဒရာအတွင်းသို့ သက် ဆင်းသောသူသည် ထောက်ရာတည်ရာ-ဟူ၍ တစ်စုံတစ်ခုကိုမျှ မရနိုင် သကဲ့သို့ ထိုနိဗ္ဗာန်သို့ ဆိုက်ရောက်သော သတ္တဝါသည် ထိုနိဗ္ဗာန် ၌ ပုဂ္ဂိုလ်,သတ္တဝါ-ဟူသော ပညတ်၏တည်ရာမှီရာ တစ်စုံတစ်ခုသော ထောက်ရာတည်ရာကိုမရလေပြီ၊ နိဗ္ဗာန်သည် မဟာသမုဒ္ဒရာသဖွယ် နက်နဲသကဲ့သို့ ထိုပညတ်သည်လည်း မဟာသမုဒ္ဒရာသဖွယ် နက်နဲ လေ၏၊ ထို့ကြောင့် အပ္ပမေယျော ဂမ္ဘီရော သေယျထာပိ-ဟူ၍ ဟော တော်မူသည်-မှတ်ရမည်။

နိဗ္ဗာန်၏ အမေးလေးချက်အဖြေကို ပြခြင်းပြီး၏၊

---

နိဗ္ဗာန်မှာ ရုပ်ထူး,နာမ်ထူး မရှိကြောင်းကိုပြခြင်း

နိဗ္ဗာနံ သုခုမရူပ ပကတိကန္တိ ဝိညာယတိ-ဟူသော အနုဋီကာပါဌ် မှာလည်း နိဗ္ဗာန်ကို သုခုမရုပ် ၁၆-ခုနှင့် ဓမ္မယတန,ဓမ္မဓာတ်၌ အကျုံးဝင် ခြင်းတူသောကြောင့် နိဗ္ဗာနံ သုခုမ ရူပ ဂတိတံ-ဟုဆိုသည်၊ နိဗ္ဗာန်လည်း အလွန်သိမ်မွေ့သောရုပ်နှင့် အလားတူသောကြောင့် ဆိုသည်မဟုတ်။

နိဗ္ဗာန်ကို နာမ်ဟုခေါ်ရသည်မှာလည်း စိတ်နာမ်,စေတသိက် နာမ်မျိုးဖြစ်၍ ခေါ်ရသည်မဟုတ်၊ ရုပ်တရားကဲ့သို့ စမ်းသပ်တွေ့ထိ၍ သိနိုင်သောတရားမျိုးမဟုတ်၊ အမည်နာမကို အစဉ်မှီးပြီးလျှင် အနက် သဘောကို ဆင်ခြင်၍ သိရသောကြောင့် နာမ်ဟူ၍ခေါ်လေသည်။

နိဗ္ဗာန်မှာ အမှန်အားဖြင့် ဝဋ်ဒုက္ခဘေးတို့မှ ငြိမ်းအေးခြင်း တည်းဟူသော သန္တိသဘောသည်သာလျှင် အသင်္ခတနိဗ္ဗာန်အမည် ဖြစ်၏၊ ထိုနိဗ္ဗာန်မှာ ခန္ဓာဟူ၍ တစ်စုံတစ်ခုမျှမရှိပြီ၊ ခန္ဓာမရှိသည့် အတွက်ကြောင့် ပရိနိဗ္ဗုတ ဟူ၍လည်း ခေါ်စရာပညတ်လည်း မရှိပြီ။

နိဗ္ဗာန်မှာ ရုပ်ထူး,နာမ်ထူးမရှိကြောင်းကို ပြခြင်းပြီး၏၊

---

မိစ္ဆာဒိဋ္ဌိဖြစ်ပုံကိုပြခြင်း

သဿတဒိဋ္ဌိဖြစ်ပုံ

အကယ်၍ ထိုနိဗ္ဗာန်မှာ ထိုခန္ဓာသည်လည်ကောင်း, ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်သည်လည်းကောင်း ဧကန်ရှိသည်ဆိုငြားအံ့၊ သဿတဒိဋ္ဌိ အမှန် ဖြစ်၏၊ သဿတဒိဋ္ဌိဆိုသည်ကား- ထိုခန္ဓာကိုပင် ထိုပုဂ္ဂိုလ်၏အတ္တပြု၍ ထိုအတ္တနှင့်ထိုပုဂ္ဂိုလ်သည် ခန္ဓပရိနိဗ္ဗာန်စံရာ၌ ချုပ်ဆုံးခြင်းမရှိဟူ၍ အနုပါဒိသေသနိဗ္ဗာန်ဘက်သို့ ကူးပြောင်းတည်နေသည်-ဟု ယူခြင်းသည် သဿတဒိဋ္ဌိမည်၏၊

ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံ

ဥစ္ဆေဒဒိဋ္ဌိဆိုသည်ကား-ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးအဖို့၌ ထိုခန္ဓာ ကိုပင် ထိုပုဂ္ဂိုလ်၏အတ္တဟူ၍ စွဲယူခဲ့ပြီးလျှင် ထိုအတ္တနှင့်ထိုပုဂ္ဂိုလ်သည် ခန္ဓပရိနိဗ္ဗာန်စံရာတွင် အကုန်ချုပ်ဆုံးလေ၏-ဟုယူခြင်းသည် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏၊

ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံကို ပြခြင်းပြီး၏၊

---

သမ္မာဒိဋ္ဌိဖြစ်ပုံကိုပြခြင်း

ဤအရာ၌ သဿိဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ-ဟူသော အယုတ်တရားနှစ်ပါးနှင့် သမ္မာဒိဋ္ဌိဟူသော မဇ္ဈိမပဋိပဒါတို့၏ အထူးကိုပြဆိုရာ၏၊ အထူးဆိုသည်ကား-ခန္ဓပရိနိဗ္ဗာန်စံခြင်းသို့ မရောက်မီ ရှေး ကာလ၌ ခန္ဓာကိုပင် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တပြု၍ ပုဂ္ဂိုလ်သည် အမှန်ရှိ၏၊ သတ္တဝါသည် အမှန်ရှိ၏၊ အတ္တသည်အမှန်ရှိ၏-ဟု ခိုင်မြဲစွာယူရှိကြသော သူတို့၏အယူမှာ ခန္ဓပရိနိဗ္ဗာန်နှင့်စပ်လျှင် သဿတဒိဋ္ဌိသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဥစ္ဆေဒဒိဋ္ဌိသော်လည်း ဖြစ်ရာ၏၊ ထိုအယုတ်တရား နှစ်ပါးဟူသော လမ်းလွဲလမ်းမှားကို ဘယ်လိုနည်းနှင့်မှ မရှောင်သာပြီ၊ အဘယ့်ကြောင့်နည်းဆိုသော် ခန္ဓပရိနိဗ္ဗာန်မစံမီ နောက်ကာလကပင် ခန္ဓာကိုပင် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တပြု၍ ပုဂ္ဂိုလ်သည်အမှန်ရှိ၏၊ သတ္တဝါ သည် အမှန်ရှိ၏၊ အတ္တသည်အမှန်ရှိ၏-ဟု ခိုင်မြဲသော ယူခြင်းဟူသော အတ္တဒိဋ္ဌိကြီးအရင်း ခံရှိနေသောကြောင့်တည်း၊ ထိုအတ္တဒိဋ္ဌိအရင်းခံရှိ နေသော သူတို့မှာ သေသောအခါနှင့်စပ်လျှင် သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးတွင် တစ်ပါးပါးသို့ ရောက်လေတော့သည်။

ထို့ကြောင့် ကထာဝတ္ထုပါဠိတော်

ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္တမှီတိ အတ္ထတ္တမှီ၊ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ နဟေဝံ ဝတ္တဗ္ဗေ-ဟူ၍လည်းကောင်း, နတ္ထတ္တမှီတိ အာမန္တာ၊ ပရိနိဗ္ဗုတော ပုဂ္ဗလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေဟူ၍လည်းကောင်း။ အစွန်းနှစ်ဖက် မလွတ်နိုင်ချက်ကို ဟောတော်မူပေ၏၊ ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးကာလကပင် ထိုခန္ဓာသည် ပုဂ္ဂိုလ်, သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်, သတ္တဝါ၏ အတ္တလည်း မဟုတ်၊ သဘာဝဓမ္မ သက်သက်သာဖြစ်၏၊ ထိုခန္ဓာမှအလွတ်ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, အတ္တဟူ၍သဘောအားဖြင့် မရှိပြီ-ဟု သိမြင်သောဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏၊ ထိုသမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိသော သူတို့မှာ အတ္တဒိဋ္ဌိအရင်းခံ မရှိသည့်အတွက်ကြောင့် ခန္ဓပရိနိဗ္ဗာန်နှင့်စပ်၍ သဿတဒိဋ္ဌိ, ဥစ္ဆေဒ ဒိဋ္ဌိသို့ ရောက်ဖွယ်မရှိပြီ၊ မဇ္ဈိမပဋိပဒါ၌ တည်လေ၏၊

သမ္မာဒိဋ္ဌိဖြစ်ပုံပြီး၏၊

---

မဇ္ဈိမပဋိပဒါကိုပြခြင်း

မဇ္ဈိမပဋိပဒါဆိုသည်ကား- အဝိဇ္ဇာသည်ရှိသော် သင်္ခါရစသော ဝဋ်တရားတို့သည် ဘဝအဆက်ဆက် ဆက်လက်ဖြစ်ပွါး၍သာ နေ ကုန်၏၊ ဥစ္ဆေဒသို့ရောက်သည်မရှိ၊ အရဟတ္တမဂ်သို့ရောက်၍ အဝိဇ္ဇာ အကုန်ချုပ်ငြိမ်းလျှင် သင်္ခါရစသောဝဋ်တရားတို့သည် ထိုဘဝမှ နောက်၌ဖြစ်ပေါ်ခြင်း မရှိကြကုန်ပြီ။

[ဤကား-မဇ္ဈိမပဋိပဒါတည်း။]

မဇ္ဈိမပဋိပဒါလမ်း၌ အတ္တဒိဋ္ဌိဟူသော အရင်းခံမရှိသည့် အတွက်ကြောင့် သေကြသောအခါနှင့် စပ်လျဉ်း၍သော်လည်းကောင်း, ခန္ဓပရိနိဗ္ဗာန်စံမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌိ ဟူသော အကိုင်းအခက် ဒိဋ္ဌိနှစ်ပါးဖြစ်ဖွယ် မရှိပြီ။

မဇ္ဈိမပဋိပဒါပြီး၏၊

ဤတွင်ရှေ့ကား- အထူးထူးအထွေထွေမေးခြင်းကို ဖြေဆိုချက်ပြီး၏၊

ဤမျှလောက်သောစကားအစဉ်ဖြင့် လူ,ရှင်,ရဟန်းတို့၏ ဉာဏ် အလင်းပေါက်မြောက်ရန် ဖြေကြားသော အဖြေကျမ်းသည် ၁၂၇၉-ခုနှစ်၊ တန်ဆောင်မုန်းလအတွင်း ပြီးစီးအောင်မြင်ခြင်းသို့ရောက်၏၊

ပြည်သူတို့အတွက် နှိုးဆော်ချက်

သဗ္ဗကောဝိဒ ကိစ္စေသု၊
ဇနိစ္ဆန္တံ ယထာ ပန။
သမ္မာဆန္ဒော မဟာထေရော၊
ပဿန္တုတ္တိ တထာ ပန။။

အနက်ကား။။ သဗ္ဗကောဝိဒကိစ္စေသု=အလုံးစုံသော လိမ္မာရေး ကိစ္စကြီးတို့၌၊ မဟာထေရော=ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး သည်၊ ယထာပနသမ္မာဆန္ဒော=အကြင်သို့မူကား-အလိမ္မာဉာဏ်ရကြောင်း အလိုကောင်း ဆန္ဒတော်ကြီးသည်၊ အတ္ထိ=အမြဲပင်ရှိတော်မူ၏၊ တထာပန ဣစ္ဆန္တံ=ထိုသို့မူကား အလိမ္မာဉာဏ်ရကြောင်း အလိုကောင်းဆန္ဒကြီးရှိတော် မူသည့်အတိုင်း၊ ဇနာ=တိုင်းသူပြည်သား လူများအပေါင်းတို့သည်၊ ကောဝိဒါယ=အရာရာတို့၌ အလိမ္မာဉာဏ်ရောင် ဝင်းပြောင်ထိန်လင်း ကြစေခြင်းအကျိုးငှါ၊ ပဿန္တု=ပေါက်ရောက်ထင်မြင်အောင် ကြည့်ရှုနိုင် စေကုန်သတည်း။

ကျွန်းကုန်းကြီးပုစ္ဆာအဖြေပြီး၏၊

---

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်ကျမ်း ပဌမတွဲ ပြီးပြီ။

* * *