မာတိကာသို့ ခုန်သွားရန်

ဂတိနိမိတ္တ ဝိနိစ္ဆယ

ဝီကီရင်းမြစ် မှ

ဂတိနိမိတ္တ ဝိနိစ္ဆယ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သင်္ဂြီုဟ်ဘုံပိုင်း မရဏုပ္ပတ္တိ ဂတိနိမိတ်အရာ၌- “မာတုကုစ္ဆိဝဏ္ဏ သင်္ခါတံ“စသော ဝိသုဒ္ဓမဂ်, ဝိဘင်းအဋ္ဌကထာ စကား၊ “ဆဒွါရဂဟိတန္တိ ကမ္မနိမိတ္တံ ဆဒွါရဂဟိတံ၊ ဂတိနိမိတ္တံ ဆဒွါရဂဟိတန္တိ ယထာ သမ္ဘဝံ ယောဇေတဗ္ဗံ”ဟူသော ဋီကာကျော်စကား စသည်များကိုစွဲ၍ ဂတိနိမိတ် သည် ရူပါရုံတစ်ခုသာ၊ ထိုရူပါရုံသည်လည်း မနောဒွါရဂဟိတ ပစ္စုပ္ပန်ဟူ၍ များစွာပြောဆိုကြကုန်၏၊ သို့ဆိုကြသော်လည်း--

“နာစိန္တယန္တော ပုရိသော ဝိသေသ မဓိဂစ္ဆတိ”ဟူသော ဧကက နိပါတ်ဝဋ္ဋကဇာတ်ပါဠိတော်နှင့် မကြံမစည် သူတစ်ပါးပြောဆိုတိုင်းသာ မှတ်သားက အထူးမသိဟုဆိုသောကြောင့်၎င်း၊ “စိန္တာလောကေ ကဋ္ဌာနမှိ၊ ဒဿိတေန သတောပန၊ နယေန တေန သဗ္ဗတ္ထ၊ စိန္တာယေဝ ယထာရဟံ” ဟူသော အာစရိယဂါထာနှင့်အညီ အရာရာတို့၌ ထိုက်သည်အားလျော်စွာ ကြံစည်ရမည်ဆိုသောကြောင့် အထူးကြံစည်လိုက်သည်ရှိသော်-ထိုဂတိ နိမိတ်သည် ကမ္မနိမိတ်ကဲ့သို့ အာရုံခြောက်ပါး, ဆဒွါရဂဟိတ, ပစ္စုပ္ပန် အတိတ်လည်းဖြစ်သင့်၏၊

အဘယ်ကဲ့သို့ဖြစ်သနည်း “ယုံဖွယ်ချွတ်ရွင်း၊ ထောက်ထား ကင်းက၊ ယင်းသည်စကား၊ ပေါ့ပျက်ငြား၍၊ အများလူလယ်၊ ရယ်ရဖွယ်တည့်” ဟူ၍ ပညာရှိတို့ဆိုသောကြောင့် အထောက်အထား မရှိ ပေါ့ပျက်သော စကား လောဟူမူ

သိဒ္ဓလက္ချာနုသာရေန၊
ဝိဝစ္ဆာပျ နုဂမျတေ။

ဆိုသောအတိုင်း ထင်ရှားသောလက္ချ- ဥဒါဟရုဏ်နှင့် ထုတ် ဆိုပေအံ့။

နတ်ပြည်ခြောက်ထပ်မှ မိမိအထံသို့ ရှေ့ရှုလာကြကုန်သော နတ်ရထားခြောက်ဆူတို့ကို ဂတိနိမိတ်ပြု၍ စုတိကြကုန်သော ဓမ္မမာက သီတင်းသည်, ဒုဋ္ဌဂါမဏိမင်း- အစရှိသည်တို့အား ထင်လာသော ဂတိနိမိတ်သည်လည်း ကမ္မနိမိတ်ကဲ့သို့ အာရုံခြောက်ပါးသည်၎င်း, ဆဒွါရဂဟိတသည်၎င်း, ပစ္စုပ္ပန်အတိတ်သည်၎င်း ဖြစ်သင့်ဖြစ်ထိုက်၏၊ ဤသို့သော အဓိပ္ပါယ်ကိုရည်တော်မူ၍ ထိုဂတိနိမိတ်ကို ကမ္မနိမိတ်နှင့် မကွဲမပြား အထူးမရှိသည်ကိုပြု၍--

ကာမာဝစရပဋိသန္ဓိယာ ဆဒွါရဂဟိတံ ကမ္မနိမိတ္တဉ္စ ပစ္စုပ္ပန္န မတီတာလမ္ဗနံ ဥပလဗ္ဘတိ။

ဟူ၍ သင်္ဂြီုဟ်၌ မိန့်ဆိုပြီ။

ထိုစကားကို ထင်ရှားစေဦးအံ့၊ ယင်းဆိုခဲ့ပြီးသည့်အတိုင်း စုတိကြကုန်သော ဓမ္မိကသီတင်းသည်, ဒုဋ္ဌဂါမဏိမင်း-စသောသူတို့သည် နတ်တို့၏အဆင်းအရောင်ကို နတ်တို့၏ အာနုဘော်ကြောင့် မျက်စိဖြင့် မြင်အပ်၏၊ နတ်၌ဖြစ်သော အသံ, တူရိယာသံ, စကားသံတို့ကိုလည်း နားဖြင့်ကြားအပ်ကုန်၏၊ နတ်၌ဖြစ်သော ဂန္ဓာရုံတို့ကိုလည်း နှာခေါင်းဖြင့် တွေ့ ရကုန်၏၊ နတ်၌ဖြစ်သော အရသာတို့ကိုလည်း လျှာဖြင့်တွေ့ရ ကုန်၏၊ အဝီစိငရဲမှတက်လာသော မီးလျှံစွဲဟပ် ပူလောင်သောကိုယ်ဖြင့် စုတိကုန်သော ဒေဝဒတ်, ရှင်သာရိပုတ္တရာကို ဖလသမာပတ်ဝင်စားရာ၌ ပြစ်မှားမိသော နန္ဒဘီလူး, ဥပ္ပလဝဏ္ဏထေရီကို ပြစ်မှားမိသော နန္ဒ လုလင်တို့သည်၎င်း၊ သင်ဓုန်းစက်၌ ကပ်ငြိစွဲမိသော မိတ္တဝိန္ဒက စသော သူတို့သည်၎င်း ဖောဋ္ဌဗ္ဗာရုံကို ကာယပသာဒဖြင့် ထိတွေ့အပ်၏၊

ဤကဲ့သို့ဆိုခဲ့ပြီးသော အနက်သဘောကိုရည်၍ပင်--ပဉ္စဒွါရေ သိယာ သန္ဓိ၊ ဝိနာ ကမ္မံ ဒွိဂေါစရေ။။ ဟူ၍ သစ္စသံခိပ်၌ မိန့်၏၊

ဤ၌ ပဉ္စဒွါရဆိုသော်လည်း ပဉ္စဒွါရနှင့်အလျဉ်းသင့်၍သာ ဆိုသည်၊ မနောဒွါရ၌လည်း ကမ္မနိမိတ်, ဂတိနိမိတ်ဖြစ်သည်ပင်၊ ဝိသုဒ္ဓိမဂ်အဖွင့် မဟာဋီကာအရှင်သည် ဤကဲ့သို့ အနက်သဘောကို နှစ်သက်၍ပင် ဤနည်းအတိုင်းဆိုသေး၏၊

မေး။။ ဂတိနိမိတ်သည် ပစ္စုပ္ပန်သင့်တန်စေ၊ အတိတ် အဖို့ဖြစ်သည်နည်းဟူမူ--

ဖြေ။။ အကြင်အခါအဆုံးဖြစ်သော ဝီထိမှ ရှေ့နားဝီထိစု၌ ထင်ခဲ့တိုင်းသော ဂတိနိမိတ်အာရုံသည် အဆုံးဇော၏အာရုံလည်း ဖြစ်နိုင် ၏၊ ထိုအခါ အတိတ်လည်းဖြစ်သေးသည်သာမှတ်ပါ၊ အဋ္ဌကထာဆရာ အရှင်ကား- သန္တိသဘော၏အစွမ်းအားဖြင့် ထိုဂတိနိမိတ်၏ ပစ္စုပ္ပန် အဖြစ်ကိုဆိုတော်မူ၏၊ ထို့အတူပင် ထိုဂတိနိမိတ်၏ ရူပါရမ္မဏအဖြစ်, မနောဒွါရဂဟိတအဖြစ်ကို ယေဘုယျနည်းအားဖြင့် အဋ္ဌကထာဆရာ ဆိုတော်မူသည်-ဟုမှတ်ပါ။

ဆိုခဲ့ပြီးသောနည်းမှတစ်ပါး အထူးမကြံမစည်ဘဲ အဋ္ဌကထာပါဌ် ရှိတိုင်းယူခဲ့မူ ကမ္မနိမိတ်ကိုလည်း ပဉ္စဒွါရ၌ ပစ္စုပ္ပန်ဖြစ်သည်ကိုသာလျှင် အဋ္ဌကထာ၌ဆိုအပ်သောကြောင့် ထိုကမ္မနိမိတ်ကိုလည်း မနောဒွါ ရဂ္ဂဟိတ ပစ္စုပ္ပန်ပဉ္စာရုံသည်၎င်း, ဓမ္မရုံသည်၎င်း မဖြစ်သင့်ဟုဆို သင့်ရာ၏၊ ယင်းစကားမဆိုသင့်မဆိုသော၊ အဘယ်ကြောင့်နည်း ဟူမူ“စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ“ဤသို့စသော အားဖြင့် ပဋ္ဌာန်း၌ဟောအပ်သော ဆဠာရမ္မဏဖြစ်သော ပူရေဇာတ ပစ္စည်းကို မနောဒွါရိက မရဏာသန္နဇောတို့အားလည်း လိုအပ် ရအပ် သော ကြောင့်တည်း။

ထို့ကြောင့် ယခင်ဆိုခဲ့ပြီးသောစကားစုကို ဤကမ္မနိမိတ်၌ ယေဘုယျကဲ့သို့ ဂတိနိမိတ်၌လည်း အဋ္ဌကထာ စကားကို ယေဘုယျ အားဖြင့် မှတ်ပါ၊ ပါဌ်ရှိတိုင်းယူခဲ့လျှင် အနက်မစေ့မစုံ မလုံမလောက် ရှိလိမ့်မည်၊ ဤသို့ ယေဘုယျနည်းယူခြင်းသည်လည်း “ယတ္ထ ယတ္ထ အတ္ထော န ဝိရုဇ္ဈတိ, တတ္ထတတ္ထ အတ္ထော ဂဟေတဗ္ဗော” ဟူသော ပရိဘာသာနှင့်အညီပင်တည်း၊ ဤသည်ကား “စတ္တာရော မေ ဘိက္ခဝေ ကဝီ”

စသော စတုကင်္ဂုတ္တရပါဠိတော်၊ ၎င်းကိုရည်၍ စိန္တေတွာ ကရဏံ စိန္တာ၊ သုတေနညံ ကတံ သုတံ၊ ဥပဒါရိယတ္ထ မတ္ထော၊ ဌာနုပ္ပတ္တိစ ပစ္ဆိမေ” ဟူ၍ဆိုသော သဒ္ဒနီတိ ဂါထာနှင့်အညီ ကဝိလေးဦးတို့တွင် “စိန္တေတွာ ကရဏံ စိန္တာ” ဟူသော ပထမ ကဝိမြောက်အောင် ဆုံးဖြတ်သော စကားတည်း။

ဤဝိနိစ္ဆယကို

အဝနိံ ပရိဝတ္တေတွာ၊
ပထဝေါဇမဓုတ္တရာ။
သတေန သုဒုက္ကရေဒံ၊
စိန္တေတဗ္ဗံ ပုနပ္ပုနံ။။

ဟူသောသဒ္ဒနီတိ ဂါထာအတိုင်း ဉာဏ်ဖြင့် အထူးကြံစည်ရာ၏၊ ဋီကာကျော်၌ကား-ထိုကဲ့သို့ အထူးကြံစည် စိစစ်ခြင်းကို မပြုဘဲ “ပစ္စုပ္ပန္နာလမ္ဗဏေသု အာပါထမာဂတေသု မနောဒွါရေ ဂတိနိမိတ္တ ဝသေန၊ ပဉ္စဒွါရေ ကမ္မနိမိတ္တဝသေန” ဟူသော စကားကိုဆို၏၊ ထို ဋီကာကျော်စကားကို “စူးစမ်းဆင်ခြင် အပြစ်မြင်သော် ဝမ်းတွင်မသို ဟုတ်တိုင်းဆိုသည်၊ သို့ကိုငါ့တို့ကြိုက်၏တည်း” ဟူ၍ ဟတ္ထိပါလပျို့၌ ရှင်ရဋ္ဌသာရစပ်ဆိုသည်နှင့်အညီ သေချာစွာ စိစပ်၍ဟုတ်သော အတိုင်း ဆိုရလျှင်သင့်၏၊

သို့မထင် အပြစ်ကိုဆိုသော် ဤဋီကာကျော်စကား အဓိပ္ပါယ် အတိုင်းလိုအပ်ပါမူ” ကမ္မံ ပန အတီတမေဝ၊ တဉ္စမနောဒွါရဂဟိတံ” ဟူ၍ ကံကို ပက္ခန္တရတ္ထ ဇောတက-ပနသဒါ္ဒနှင့် အသီး အခြားဆိုသကဲ့သို့ ဂတိနိမိတ်ကိုလည်း အသီးဝါကျခွဲခြမ်း၍ အရှင်အနုရုဒ္ဓါဆရာဆိုရာ၏၊ ယင်းသို့ကား-မဆိုပါခဲ့“ကာမာဝစရပဋိသန္ဓိယာ ဆဒွါရဂတိတံ၊ ကမ္မနိမိတ္တံ ဂတိနိမိတ္တဉ္စ ပစ္စုပ္ပန္နမတီတာလမ္ဗနံ ဥပလဗ္ဘတိ”ဟူ၍သာလျှင် ဂတိ နိမိတ်ကို ကမ္မနိမိတ်နှင့် တစ်ဝါကျတည်း စသဒ္ဒါစည်း၍ ဒွန်ပြ၏၊ ထိုဂတိနိမိတ်သည် ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ပဉ္စဒွါရဂဟိတ မဖြစ် သင့်သည်မဟုတ်၊ ဖြစ်သင့်သည်ပင်။

အခြားသော တစ်စုံတစ်ရာ၌ “သက္ခရကဋ္ဌလိကမ္ပိ” စသော သီလက္ခန်ပါဠိစသည်မှာ ယထာလာဘ, ယထာသမ္ဘဝ နည်းယူရသကဲ့သို့ ဤ၌လည်း ဋီကာကျော်ယူသောနည်းအတိုင်း သင့်သည်ပင်-ဟု ဆိုငြားအံ့၊ မသင့်၊ အဘယ်ကြောင့်နည်းဟူမူ “တတ္ထ စ တထာ၊ ဣဓ စ အညထာ ကတဿ ဂဟေတဗ္ဗတ္တာ”ဟူ၍ ပရိဘာသာ လာသောကြောင့် ထို ဋီကာကျော်၌ပင် သမောအဋ္ဌကထာဋီကာတို့၌ ယေဘုယျနည်းအားဖြင့် ဆိုအပ်သော သာဝသေသပါဌ်ကိုတွေ့၍ ၎င်းတွေ့သောအတိုင်းပင် ရှေးစဉ်မိဘတို့ သုံးကြတိုင်း, စွဲကြတိုင်း ယိုင်းသည်လို့ မရှောင်ကြဉ်သည် လို့မဆောင် တောင်တောင်မြောက်မြောက် မကောက်ပြီ၊ မကွေ့ပြီ၊ ရှေး ပညာရှိတို့ ဆိုသော စကားကဲ့သို့ အထူးမကြံစည်ဘဲ “အဋ္ဌကထာယံ ပန ဂတိနိမိတ္တံ။ လ။ န သမ္ပဋိစ္ဆန္တိ အာစရိယာ”ဟူ၍ ဆိုပြန်၏၊ ထိုစကား၌ ဋီကာကျော်ဆိုသော အတိုင်း ယခင်ဆိုခဲ့ပြီးသော အဓိပ္ပါယ်အတိုင်းဆိုသော “ပဉ္စဒွါရေ သိယာ သန္ဓိ၊ ဝိနာ ကမ္မံ ဒွိဂေါစရေ” ဟူသောစကားကို ဆရာတို့ဝန်မခံကြ, မနှစ်သက်ကြလျှင် ထိုဝန်မခံသော ဆရာတို့၏ အထူးအထွေ မကြံမစည်ခြင်းကို ကြဉ်ထား၍ တစ်ပါးသော သဘောအဓိပ္ပါယ်, ဥပါယ်အကြောင်းမရှိချေ၊ ဤသို့ဋီကာကျော် စကား ကိုပယ်လှန်၍ ဆိုခြင်းသည် ဟုတ်တိုင်း ဆိုသောကြောင့်--ယောစတ္တာန သမုက္ကံသေ၊ ပရေစ မဝဇာနာတိ။

နိဟီနော တေမာနေန၊
တံဇညာဝသလောဣတိ။။

ဟူသော သုတ္တနိပါတ် ဝသလသုတ် စကားနှင့် အပြစ်မငြိချေ၊

ကင်းစင်၏-ဟူလို၊ ဟုတ်မှန်တိုင်း ဆိုသောကြောင့်ပင်။

သုဒဿိ ဝဇ္ဇ မညေသံ၊
အတ္တနော ပန ဒုဒ္ဒသံ။။

ဟူသော ဓမ္မပဒနှင့်လည်း အပြစ်လွတ်ကင်းပါ၏၊ ထိုဋီကာ ကျော်ကို ကြည့်ရှု၍ ထိုဋီကာကျော်အတိုင်းပင် အများသူတို့ ပြောဆို ကြကုန်၏၊ ထိုပြောဆိုကြရာ၌ ဋီကာကျော်ဆရာနှင့် တကွအများသူတို့ကို အပြစ်ကြီးစွာမဆိုထိုက်, မကဲ့ရဲ့ထိုက်ပေ။

အပတွာပဒဝိညာဏံ၊
ပရဃောသာနုသာရိနော။
ပမာဒပရမာဗာလာ၊
တေဟေန္တိ ပရပတ္တိယာ။။

ဟူသော စတုကနိပါတ် ဒုဒ္ဒဘဇာတ်နှင့်အညီ နိယမဖြစ်သော သောတာပန်စသော အရိယာအဖြစ်သို့ မရောက်သေးသမျှသော ပုထုဇဉ် တို့မှာ စိတ်မချသာသော အနိယတဉာဏ်သာရှိကြ၍ သူတစ်ပါးတို့ စကား ကို မှတ်သား လိုက်နာရသော ပရဃောသာနုသာရီ-ပုဂ္ဂိုလ်ချည်း ဖြစ်ကြ သည်နှင့်အညီ အထူးမကြံစည်အားမူ သူတစ်ပါးတို့၏ စကားကို မှတ်သား လိုက်နာမြဲ ဓမ္မတာပေတည်း။။

လယ်တီဆရာတော် မုံရွာမြို့။ ဂတိနိမိတ္တ ဝိနိစ္ဆယပြီး၏၊