ဂါထာတထောင်
ဗုဒ္ဓသာသန ဒီဃဘာဏက ဒီဃနိကာယ ဧကဝိဒ
သာသနဓဇ သီရိပဝရ ဓမ္မာစရိယ
ဆုထူးပန်ဆရာတော် အရှင်နာယက ပြုစုအပ်သော
“ဂါထာတထောင်”
ဓမ္မကထိက ကြီးငယ်များ အတွက် လိုအပ်၍
ပေါ်ထွက်လာရသော (ကျမ်းစာ)
သင့်ဘဝပုံနှိပ်တိုက် ၁၇-မလွှကုန်းလမ်း၊ ကျောက်မြောင်း ရန်ကုန်မြို့။
---
ဘာသာရေးဆိုင်ရာ စာပေခွင့်ပြုချက်အမှတ် (၇၀၂၃)
ကင်းလွတ်ခွင့်အမှတ် (၁၂၃၉၈)
အုပ်ရေ ၂၀၀၀
ဓမ္မဒါန
ပဌမ အကြိမ် ၁၃၃၇-ခု၊ တော်သလင်းလ ၁၉၇၅-ခု၊ စက်တင်ဘာလ
ထုတ်ဝေသူ အရှင်နာယက
ဆုထူးပန် စာသင်တိုက် အမှတ် ၁၅၊ နတ်မောက်လမ်း၊ ရန်ကုန်မြို့။
ပုံနှိပ်သူ ဒေါ်ခင်မြင့်၊ မှတ်ပုံတင်အမှတ်(၁၁၁၁) သင့်ဘဝပုံနှိပ်တိုက်၊ ၁၇-မလွှကုန်းလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။
---
၂၄-ပစ္စည်း ပဋ္ဌာန်းနည်းဖြင့် စစ်ကြောဝေဖန်လျှင် ရန်သူသည်ပင် မိမိ၏ ကျေးဇူးရှင်ဖြစ်ရကား လောကတလွှား၌ ကျေးဇူးရှင်မဟုတ်သော သက်ရှိ သက်မဲ့ အရာဟူ၍ ဘာတခုမျှ မရှိပါ။
ထို့ကြောင့်
ရတနာ ၃-ပါး ကျေးဇူးရှင်များကို၎င်း။
လက်ဦးဆရာ မည်ထိုက်စွာသော ပုဗ္ဗာစရိယ မိနှင့်ဘ ဟု နှစ်ဝသော ကျေးဇူးဂုဏ်အင် အနန္တ မေတ္တာရှင်များကို၎င်း။
တလုံးတဂါထာ တပါဒမှစ၍ တနပ်ပြင် သွန်သင်ပေတတ် ဆရာ အရှင်မြတ်တို့ကို၎င်း။
ကိစ္စကြီးငယ် အသွယ်သွယ် အဝဝ၌ ဖေးဖေးမမ မေတ္တာမျှ၍ ကောင်းစိတ်ထား မိတ်ဆွေများ ဉာတကာများ ဒကာ ဒကာမများကို၎င်း။
ထိုမှတပါး ရေတွက်၍ ပိုင်းခြားမပြနိုင်သည့် အနန္တအပြားဖြင့် ကျေးဇူးရှင် မှန်သမျှတို့ကို၎င်း မိမိထက် အသက်သိက္ခာ ဂုဏ်ဝါအားဖြင့် ကြီးဘိမူ ဦးနှိမ်မာန်လျော့ မြတ်နိုးစွာ ကန်တော့ပါ၏။
မိမိအောက် ငယ်ပါမူ ကရုဏာနှင့် မေတ္တာသကာ ပွားများပါ၏။
အရှင်နာယက
---
မာတိကာ
ကြည့်လိုရာရာ ဂါထာဦးရေ | ဂါထာအမည် | စာမျက်နှာ
၁။ ကျမ်းဖွင့်ရစနာ အောင်ဂါထာနှင့် ပဏာမ ... ၃-၄
၂။ အောင်ထူးမြတ်ဌာန် အောင်ဆုပန် ... ၅
၃။ ကိုယ့်ကို အောင်မှ အောင်ဒါဗျ ... ၅
၄။ အလှပန်းငုံ နှစ်လွှာခြုံ ... ၆
၅။ သာသနာကြီး ထိန်ညီပါစေ ... ၆
၆-၇။ သာသနဂုဏ်ရည် ... ၇
၈။ သံဃာတော်များ ချမ်းသာ ဘုရားသာသနာဝေ ... ၈
၉။ ဒို့များဆရာ-ချမ်းသာပါစေ ... ၉
၁၀။ မိဘနှစ်ဖြာ ကျန်းမာချမ်းသာပါစေ ... ၁၀
၁၁-၁၂။ အနန္တမေတ္တာပို့ (နှင့်) ကြောက်ဖွယ်ရာဘုံမေတ္တာခြုံ ... ၁၁
၁၃-၁၄။ လစန်းအာရုံပန်းပဒုံ (နှင့်) မေတ္တသုတ်လာ မေတ္တာ ... ၁၂
၁၅။ တရားတောင်း ... ၁၃
၁၆။ တနည်းတရားတောင်း ... ၁၄
၁၇-၁၈။ လျှပ်စစ်သွင် ဖြစ်ပျက်စဉ် (နှင့်) မစ္ဆရိယကြောက်စရာ ... ၁၅
၁၉ မှ ၂၁။ ဇနကမင်းကြီး တမ်းတသော (၃)ဂါထာ ... ၁၆
၂၂။ ဝတိံသာမှ ဘုရားကြွ ... ၁၉
၂၃။ မလွှဲသာ ခွဲခွာရပေမဲ့ ... ၂၀
၂၄။ သင်တို့တွက်တာ ကောင်းဘို့ရာ ... ၂၁
၂၅-၂၆။ ဗုဒ္ဓဂုဏ်ရည် (နှင့်) ဟိုသာ ... ၂၂
၂၇။ စိတ်၏စေရာ ... ၂၃
၂၈။ သစ္စာဝါစာ- မြတ်မန္တန် ... ၂၄
၂၉-၃၀-၃၁။ ဗုဒ္ဓပီဘိ နှိုင်းသိမမြင် ... ၂၅
၃၂။ ကိုယ်ကိုယ်ကိုပင် စစ်တမ်းတင် ... ၂၇
၃၃-၃၄။ သေမင်းနှင့် ကျောင်းသား (နှင့်) သေမင်းပြိုင်အနိုင်မရှိ ... ၂၈
၃၅။ စေ့စေ့တွေး ရေးရေးပေါ် ... ၂၉
၃၆။ အချိန်ရှိခိုက် လုံ့လစိုက် ... ၃၀
၃၇။ ငါဘုရားက လမ်းပြသူသာ ... ၃၀
၃၈-၃၉။ သူ့ ကိုယ် ကိစ္စ (နှင့်) မှာတမ်းတေး ... ၃၁
---
၄၀။ လသာတုန်းဗိုင်းငင် ... ၃၂
၄၂။ မကြောက်တရား ... ၃၃
၄၃-၄၄။ နိဗ္ဗာန်ရိပ်ခွင်အတူဝင် (နှင့်) ဗြဟ္မာပြည်တစင်းဝင်း ... ၃၄
၄၅။ တိမ်တိုက်အသွင် လူ့ရပ်ခွင် ... ၃၅
၄၆။ ချစ်နိုင်ကြပါစေ ... ၃၆
၄၇-၄၈။ မြင်စေ ကြားစေ (နှင့်) မြင်သင့်တာ မြင် ... ၃၇
၄၉-၅၀။ စိတ်သာရှင်စော ... ၃၈
၅၁။ စိတ်တခုသာအဓိက ... ၃၉
၅၂-၅၃။ အကုသိုလ်က လှည်းဘီးပမာ ကုသိုလ်က ထီးပမာ ... ၄၀
၅၄-၅၅။ ဘုရားသော်မှ ရှုံးပေးရ (နှင့်) နင်လားဟဲ့ကာမ ... ၄၁
၅၆။ မြတ်ထက်မြတ်ဆု ... ၄၂
၅၇။ မီးပျိုထက် မြတ်သေးသည် ... ၄၃
၅၈-၅၉။ မောဟမီးကြီးထိန်ထိန်ညီး (နှင့်) ရာဂငြိမ်းဆေး ... ၄၄
၆၀။ မောဟငြိမ်းအေး ဘုရားဆေး ... ၄၅
၆၁-၆၂။ အာသဝကုန်ရာသိသောခါ (နှင့်) မိဘဆိုတာ ဗြဟ္မာပါ ... ၄၆
၆၃။ စောင့်စည်းသမှု အစဉ်ပြု ... ၄၇
၆၄-၆၅။ ဟောဒါမှရဟန်း (နှင့်) သားရှိသသူသားကြောင့်ပူ ... ၄၈
၆၆။ တကိုယ်တော်တည်း ... ၄၉
၆၇။ လယ်ထွန်သော မြတ်စွာဘုရား ... ၅၀
၆၈။ မိဘလုပ်ကျွေး နတ်ချစ်ဆေး ... ၅၁
၆၉-၇၀။ မိဘကျေးဇူးမသိက လူယုတ် (နှင့်) မာန ... ၅၂
၇၁-၇၂။ အလုပ်ပဓာန (နှင့်) တဦးတည်းသား၌မေတ္တာလို ... ၅၃
၇၃-၇၄။ သြဃလေးဖျာ ကူးနိုင်သူ ... ၅၄
၇၅-၇၆။ မနစ်မြုပ်သူနှင့် လှည့်စားဟန်ဆောင် ... ၅၅
၇၇။ ချစ်တယ်ဆိုတာဘယ်သူလဲ ... ၅၆
၇၈။ အဖော်မင်က ဘေးဖြစ်ရ ... ၅၇
၇၉-၈၀။ ကိလေသာဖြစ်ကြောင်း အမေးအဖြေ ... ၅၈
အမှားပြင်ဆင်ချက်။ ။ ၄၁ မှ ၅၀ ထိ စာမျက်နှာ နံပါတ်တပ် မှားနေပါ၍ ပထမ ၄၁ မှ ၅၀ ထိကို ၃၁ မှ ၄၀ ဟု ပြင်ဆင်ဖတ်ပါ။ ဒုတိယ ၄၁ မှ ၅၀ ထိမှာ အမှန်ဖြစ်ပါသည်။
---
၈၁ မှ ၈၅။ သုန္ဒရိက ဘာရဒွါဇသုတ်(ဂါထာ) ... ၅၉
၈၆ မှ ၈၈။ ဒုက္ခဖြစ်ရ သူကစ (နှင့်) ပုထုဇဉ်နှင့် အရိယာ ... ၆၀
၈၉-၉၀။ ဝေဒနာချုပ်နိဗ္ဗာန် ... ၆၁
၉၁-၉၂။ စွဲမိသည့်ဝန် ... ၆၂
၉၃-၉၄။ ဒုက္ခမူလ သူကစ (နှင့်) အိပ်မက်ပမာ ... ၆၃
၉၅-၉၆။ တဦးတည်းသာ ဆိတ်ငြိမ် ... ၆၄
၉၇-၉၈။ ရေစက်သွန်းချ ထိုခဏ (နှင့်) မိုးကိုစိန်ခေါ် ... ၆၅
၉၉-၁၀၀။ အမြတ်ဆုံးတရား (နှင့်) အာဠဝကမျက်မာန်ကျ ... ၆၆
၁၀၁။ အရေးကြီးသော သဒ္ဓါ ... ၆၇
၁၀၂။ အောင်-အောင်-အောင် ... ၆၈
၁၀၃-၁၀၄။ အတုမရှိ (နှင့်) တူမျှမေတ္တာ ... ၆၉
၁၀၅-၁၀၆။ ဒု (နှင့်) သ ... ၇၀
၁၀၇-၁၀၈။ န (နှင့်) ... ၇၁
၁၀၉-၁၁၀။ လျှပ်ပန်းပမာ (နှင့်) ပွက်ဆောက်ကြားတွင် မုံညှင်းတင် ... ၇၂
၁၁၁-၁၁၂။ ချမ်းသာ (နှင့်) ဘေးရန်ကင်းကွာလွန်ချမ်းသာ ... ၇၃
၁၁၃-၁၁၄။ သံသရာဆိုတာ (နှင့်) တရား၏ကြိမ်းသံ ... ၇၄
၁၁၅။ အထင်မှား အမြင်မှား ... ၇၅
၁၁၆-၁၁၇။ ခြေတလှမ်းတသန်း (နှင့်) အဝေးကြီး ... ၇၆
၁၁၈။ လူမဝင် ရှင်မဟုတ် ... ၇၇
၁၁၉။ ဘုရားနှင့် နီးသလားဝေးသလား ... ၇၈
၁၂၀-၁၂၁။ မဖြတ်နိုင်တဲ့ ဝဋ်ပွဲဆိုင် (နှင့်) မဟောသဓ ... ၇၉
၁၂၂။ အာရုံထဲ တစွဲစွဲ ... ၈၀
၁၂၃-၁၂၄။ တဦးတည်းသားပမာ (နှင့်) အကုသိုလ်ဝိတက် ... ၈၁
၁၂၅-၁၂၆။ သီလပညာအရင်းသာ (နှင့်) မာနကိုပယ် ... ၈၂
၁၂၇-၁၂၈။ အိပ်နေလျှင် (နှင့်) ခြေရာပျောက် ... ၈၃
၁၂၉။ ဒုက္ခကိုမှ လိုချင်သည် ... ၈၄
၁၃၀။ လူယုတ်နှင့် မပေါင်းနိုင် ... ၈၅
၁၃၁-၁၃၂။ ရွှေခွက်ကိုပယ် (နှင့်) ဝိမုတ္တိရသ ... ၈၆
၁၃၃။ တောတောင်တဝှမ်း အလွမ်းပြေ ... ၈၇
---
၁၃၄။ တောရိပ်မှီကာ ပျော်စမ်းပါ ... ၈၈
၁၃၅။ ဆရာ့ဂုဏ် ... ၈၉
၁၃၆။ ခြေဖဝါးလက္ခဏာ မှတ်စရာ ... ၉၀
၁၃၇။ တောခွေးနှင့် ပေါက်ပွင့်ပမာ ... ၉၁
၁၃၈။ အရှင်လဲပုပ် အသေလဲပုပ် ... ၉၂
၁၃၉။ ပုပ်လွန်းလို့ ဒုတ်ထမ်းစောင့်ရ ... ၉၃
၁၄၀။ ဗုဒ္ဓဆိုတာ ဘာလဲ ... ၉၄
၁၄၁-၁၄၂။ သွားလို့ မရောက် (နှင့်) ဘဂဝါ ဂုဏ်တော် ... ၉၅
၁၄၃-၁၄၄။ နေ့ရှိသရွှေ့ ကြွေဝေ ... ၉၆
၁၄၅။ သုဘူတိမထေရ် ... ၉၇
၁၄၆-၁၄၇။ မြေအိုးပမာ (နှင့်) နေရှိန်နှင်းပေါက် ... ၉၈
၁၄၈။ တောင်ကြီးတွေ ကြိတ်ချေသလို ... ၉၉
၁၄၉။ အမြောက်ဗူးကို ဖောက်အုံးတော့ မဖြူ ... ၁၀၀
၁၅၀။ အရှက်မဲ့ကင်း ဟယ်သေမင်း ... ၁၀၁
၁၅၁-၁၅၂။ မသိနိုင်ရာ (နှင့်) စိတ်တချက်သာအသက်ရှင် ... ၁၀၂
၁၅၃။ ဓမ္မသဘာဝ တွေးဆကြ ... ၁၀၃
၁၅၄-၁၅၅။ ပစ္စုပ္ပန် (နှင့်) အသက်ရှင် ... ၁၀၄
၁၅၆-၁၅၇။ နွားကိုတိုင်မှာချည်သလို (နှင့်) ကျားသစ်ပမာ ... ၁၀၅
၁၅၈ မှ ၁၆၁။ ဒေါသနည်းများ ... ၁၀၆
၁၆၂ မှ ၁၆၅။ ဒေါသနည်းများ ... ၁၀၇
၁၆၆-၁၆၇။ အသုဘကထာ ရှုစရာ ... ၁၀၈
၁၆၈-၁၆၉။ စားပြီး စွန့်တော့မုန်း ... ၁၀၉
၁၇၀။ ဘယ်မှာလဲ ဆံပင် ... ၁၁၀
၁၇၁။ မမျှော်တိုင်းထွက်မသွားနှင့် ... ၁၁၁
၁၇၂။ မျောက်စိတ် ... ၁၁၁
၁၇၃။ ၂နှစ်ကြာမှ တခွန်းပြော ... ၁၁၂
၁၇၅။ အတွင်းလှမှ ဗြာဟ္မဏ ... ၁၁၂
၁၇၆။ ရောယှက်သူများ မီးတွေပွား ... ၁၁၃
၁၇၇။ ရန်များလှ၍ လာဘ်ကိုပယ်သည် ... ၁၁၄
၁၇၈။ နှလုံးမသွင်းတတ်၍ ငတ်မိပါသည် ... ၁၁၅
၁၇၉။ ကိုယ့်ကိုကိုယ် အသိဆုံးပါ ... ၁၁၅
---
၁၈၀။ တိုက်ရင်းသေမယ် ... ၁၁၆
၁၈၁။ မှော်ကျေးဇူးကြီးမားလှပေစွ ... ၁၁၇
၁၈၂။ ရဟန်းဘဝ၌ ချမ်းသာလိုချင်လျှင် ... ၁၁၇
၁၈၃။ ငါ့မှာ ခြေ ၂ချောင်း အကောင်းသား ... ၁၁၈
၁၈၄။ ဂါရဝကင်းလျှင် နိဗ္ဗာန်ခွင် ဝင်ရန်ဝေးလှသည် ... ၁၁၉
၁၈၅။ တကိုယ်လုံး ကြေမွသွားပါစေ ... ၁၂၀
၁၈၆။ မာန်ထောင်လို၍ သာသနာဝင်လျှင် ... ၁၂၁
၁၈၇။ သေမင်းရန် မတွန်းလှန်နိုင် ... ၁၂၂
၁၈၈-၁၉၉။ ငဲ့ကွက်ကင်းမှချမ်းသာ (နှင့်) ရှင်သေ ၂ပါးလို ... ၁၂၃
၁၉၀-၁၉၁။ သေ၍ဝမ်းသာ (နှင့်) ချမ်းသာလို- သီလ ... ၁၂၄
၁၉၂။ ပန်ဆင်လိုသောဆု (လကုဏ္ဍကဘဒ္ဒိယထေရ်) ... ၁၂၅
၁၉၃ မှ ၁၉၆။ အပေါ်ယံကြော သြသတော ... ၁၂၆
၁၉၇-၁၉၈။ လူမိုက် (နှင့်) အာသဝထွက်ရာလမ်း ... ၁၂၇
၁၉၉-၂၀၀။ အမြတ်ဆုံးဆိုတာ ... ၁၂၈
၂၀၁-၂၀၂။ သြဃလေးဖြာ ဘယ်လိုကူးမယ် ... ၁၂၉
၂၀၃။ ခြင်္သေ့ပမာ တင့်တယ်စွာ ... ၁၃၀
၂၀၄-၂၀၅။ ရေညှိမကပ်ရွှေဝတ်ကြာမုံ (နှင့်) ကာမသဘော ... ၁၃၁
၂၀၆။ တောတောင်ထဲဝယ် ပျော်မွေ့ဖွယ် ... ၁၃၂
၂၀၇။ အိုးဝေသံသာ တောဝနာ ... ၁၃၃
၂၀၈-၂၀၉။ အမြတ်ရအောင်နှင့် အရဟံ ... ၁၃၄
၂၁၀-၂၁၁။ မရဏဿတိ (နှင့်) ဒေါသပယ်နည်း ... ၁၃၅
၂၁၂-၂၁၃။ အဆိပ် (နှင့်) အဆိပ်မလူးလိုပါ ... ၁၃၆
၂၁၄-၂၁၅။ မြားစူးခံရသူနှင့် ကောင်းစွာ အိပ်ရသူ ... ၁၃၇
၂၁၆။ မာရ်နတ်ထောင်ထားသော ကျော့ကွင်း ... ၁၃၈
၂၁၇။ မြွေဟောက်မ ... ၁၃၉
၂၁၈။ ဘေးရန်ပတ်လည် ... ၁၄၀
၂၁၉-၂၂၀။ ကိုယ့်အလုပ်ကိုယ်လုပ် (နှင့်) လွတ်မြောက်စေသူ ... ၁၄၁
၂၂၁-၂၂၂။ လမင်း (နှင့်) မီးပုံပဲကုတ်ပါ ... ၁၄၂
၂၂၃။ အဆိပ်တခွက် ပျားတစက် ... ၁၄၃
၂၂၄ မှ ၂၂၆။ ကိုးကွယ်ရာ အမှား (နှင့်) အမှန် ... ၁၁၄
၂၂၇-၂၂၈။ ရှိမနေဘူး ဖြစ်နေတယ် (နှင့်) အနတ္တ ... ၁၄၅
---
၂၂၉-၂၃၀။ စိတ်ဖြင့်ဆေးပါ (နှင့်) နှစ်သစ်ကူးချိန် ... ၁၄၆
၂၃၁။ နုနုငယ်ငယ် ချိန်ခါဝယ် ... ၁၄၇
၂၃၂။ ဖြစ်တာသင်္ခါရ မဖြစ်မှ နိဗ္ဗာန် ... ၁၄၇
၂၃၃။ ဟောသူ-နာသူ-သာဓုခေါ်သူ ... ၁၄၈
၂၃၄။ သမင်နှင့်မြက်၊ လူမိုက်နှင့်ကာမ ... ၁၄၉
၂၃၅-၂၃၆။ အမဲရိုးနှင့်ခွေး၊ လူမိုက် (နှင့်) သံသရာ ... ၁၅၀
၂၃၇။ သစ္စာမမြင် သံသာခင် ကျင်လည်ရလေသည် ... ၁၅၁
၂၃၈။ ချေးသိ ဝက်သိ မဟုတ်ပါ ... ၁၅၂
၂၃၉။ သတိပဌာန်ပွားသူမှ နိဗ္ဗာန်ရ ... ၁၅၃
၂၄၀။ လေးလံလှ ဝန်ခန္ဓာ ... ၁၅၄
၂၄၁။ လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ဆုပန်ရွယ် ... ၁၅၅
၂၄၂။ ဥဒါန်းဂါထာ အနေကာ ... ၁၅၆
၂၄၃။ လေးပါးသစ္စာ ဤကိုယ်မှာ ... ၁၅၇
၂၄၄။ ခန္ဓာငါးဖြာ ဥပမာ ... ၁၅၈
၂၄၅။ နောက်ဆုံး မှာတမ်းတော်ကြီး ... ၁၅၉
၂၄၆။ မင်းစည်းစိမ် ဘယ်မမက်တယ် ... ၁၆၄
၂၄၇။ ဆုတောင်းမေတ္တာ ဘာဝနာ ... ၁၆၅
၂၄၈။ အသီးအပုပ်- အနှစ်ထုတ်ပါ ... ၁၆၆
၂၄၉။ ကာမ (နှင့်) ဒိဋ္ဌိဘေးဒုက္ခအရေးကြီး ... ၁၆၇
၂၅၀ မှ ၂၅၃။ ဓာတ်ကြီး ၄ ပါး မြွေဆိုး ၄ကောင် ... ၁၆၈
၂၅၄။ သံယောဇဉ် ... ၁၆၉
၂၅၅-၂၅၆။ နတ်ပင့်နှင့် ပရိတ်အမွှန်း ... ၁၇၀
၂၅၇ မှ ၂၅၉။ မင်္ဂလာဂါထာ ... ၁၇၁
မေတ္တာပို့ ဆောင်ပုဒ်လင်္ကာများ ... ၁၇၂
အာသီသ အမျှဝေ ရပါစေ ... ၁၇၄
---
စာမျက်နှာ-1
အမှာစာ
“တချိန်တုန်းက စာရေးသူသည် ဓမ္မကထိကဖြစ်ခဲ့ဘူးပါသည်”ဟု ဆိုလျှင် အံ့ဩမိကြပေလိမ့်မည်။ သို့သော် အမှန်တကယ်ပင် စာရေးသူ ဓမ္မကထိက ဖြစ်ခဲ့ဘူးပါသည်။ အကြောင်းကားဤသို့ -
စာရေးသူတို့၏မြို့၌ ပရိယတ္တိသာသနာနုဂ္ဂဟ အမျိုးသားစာမေးပွဲတခုကို စာရေးသူသည် ထက်ဝက်မျှသောတာဝန်ကို ယူလျက် စတင်ကျင်းပပေးခဲ့သည်မှာ ဆယ်နှစ်တိုင်ပါသည်။ ထိုစဉ်ကအလုပ်အစဖြစ်၍ အသင်းမှာ ရံပုံငွေ ပြည့်ပြည့်စုံစုံ မရှိသေး။ အတိအကျဆိုရသော် သုညသာရှိသေးသည်။ လူထုအနေနှင့်လည်း ပရိယတ္တိနှင့်ပတ်သက်၍ မနိုးကြားသေး။ ထိုအထဲတွင် ဆန့်ကျင်ဘက်လုပ်မည့်သူများတောင်မှ ရှိသေးသည်။ စာမေးပွဲတွင် အောင်မြင်သော သံဃာတော်များကို ဆုပေးရေးနှင့် ဆွမ်း ကွမ်း ကိစ္စမှစ၍ ရံပုံငွေက အများကြီးလိုသည်။ ထိုရံပုံငွေကို ရရှိရေးအတွက် ဓမ္မကထိကအကျော်များကိုပင့်၍ တရားပွဲများ ကျင်းပပေးရသည်။
တနှစ်တွင် ဓမ္မကထိကအခက်အခဲ ကြုံရသည်။ တရားပွဲရက်များကလည်း ကြေညာပြီးပြီ။ စာဖြေသံဃာများကလည်း စာဖြေနေကြပြီ။ ဤအချိန်တွင်မှ စီစဉ်ထားသော ဓမ္မကထိကက အကြောင်းမညီညွတ်၍ မကြွလာနိုင်ကြောင်း ကြေးနန်းပို့သည်။ ဤအခြေအနေတွင် စာရေးသူက အဖြည့်ခံအဖြစ် ဓမ္မကထိကစင်ပေါ်သို့ တက်ခဲ့ရသည်။ စာရေးသူမှာ ထိုစဉ်က ငယ်သေးသည်ဖြစ်၍ မခံချင်စိတ်နှင့် ကြိုးစားခဲ့ရာမှ ဓမ္မကထိက ဖြစ်လာခဲ့ရပါသည်။
စာမျက်နှာ-2
(ယခုမူ ကြီးလာပြီဖြစ်၍ မည်သည့်အလုပ်ကိုမျှ မခံချင်စိတ်ဖြင့် မလုပ်တော့ဘဲ သင့်မသင့် အကျိုးရှိမရှိဆင်ခြင်သောပညာဖြင့်သာ လုပ်တတ်လာတော့သည်။)
ယခုမူ စာရေးသူသည် ပုံမှန်နေရာဖြစ်သော စာချ ဂဏဝါစက နေရာသို့ နေရာမြဲမြဲနှင့် ရောက်ရှိနေပါပြီ။ ဤပရိယတ္တိအလုပ်ကိုကား သာသနာအတွက် အရေးပါသည့်အလုပ်အနေဖြင့် (မခံချင်စိတ်မပါဘဲ) ကြိုးစားပါသည်။
စာရေးသူ ယခုလို စာချနေသောအခါမှ ဓမ္မကထိကများအတွက်ဖြစ်သော ဤသည့် “ဂါထာတထောင်”စာအုပ် ထွက်လာရသည်မှာလည်း အတော်တော့ ထူးဆန်းနေပေလိမ့်မည်။ ဤဂါထာတထောင်စာအုပ်ကို ထုတ်ဝေရန် အချိန်ကြာမြင့်စွာကပင် တိုက်တွန်းကြသည်။ သို့သော် စာရေးသူ၌ မအား၍ မထုတ်ဖြစ်ခဲ့ပါ။
လူ့သဘောဟူသည်က ရှေးဖြစ်ဟောင်းဖြစ်များကိုပြန်ပြောင်းအောက်မေ့ချင်ကြသည်။ စာရေးသူ ဓမ္မကထိကလုပ်စဉ်က ပင်ကိုယ်ရေး ရစနာ ဂါထာများနှင့် ဘုရားဟော၍ စာရေးသူက အနက်ရေးသားသည့် ဂါထာများ တော်တော်များများ ရှိသည်။ ၎င်းတို့မှာ စာရေးသူက ဂရုတစိုက် မသိမ်းဆည်းသဖြင့် ပြန့်ကျဲနေသည်။ ၎င်းကို တပည့်များက စုစည်းချင်ကြသည်။ ဆရာ့လက်ရာအဖြစ် တင်ပြချင်ကြသည်။ ဒီတော့ စုကြပေါ့ဟု ဆိုလိုက်သည်။ ထိုအခါ စုကြသည်။ ရသမျှမှာ သုံးရာကျော် လေးရာနီးပါး ဖြစ်သည်။ ၎င်းကို တင်ပြလာပြီးနောက် နိဒါန်းရေးပေးပါဟူ၏။
ဤတွင် ဓမ္မကထိကလောင်အရှင်မြတ်များသို့ အတွေ့အကြုံကို အကြံပေး မှာထားလိုသည်ကား ကျော်ကြားသော ဓမ္မကထိက ဖြစ်လိုလျှင် -
(၁) စာကျက်မပျင်းနှင့် စာရများပါစေ။
(၂) ပြီးစလွယ်မဟောနှင့်။
(၃) မဟောမှီအပြင်၌ အကွက်ချ လေ့ကျင့်မှုများပါစေ။
(၄) အမြဲတမ်းတီထွင်ကြံဆနေပါ။
ဤသို့ဆိုလျှင် အသံမကောင်းချင် နေပါစေ ကျော်ကြားသော ဓမ္မကထိက ဖြစ်လာပါလိမ့်မည် အသံကောင်းလျှင်ကား ဆိုဖွယ်မရှိပြီဟူလို။
အရှင်နာယက ၁၅-၃-၇၅
---
စာမျက်နှာ-3
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(ကျမ်းဖွင့် ရစနာ)
ဥဒေန္တိ ရဝိန္ဒူ လောကေ၊ တမံ ဟန္တွာ ရံသိယာ။
ဥဒေတိ (သဟဿ ဂါထာ)၊ သုခတ္ထာယ သုဓိကရံ။
လောကေ၊ သတ္တဝါဗိုလ်လူအပေါင်းတို့ ခိုအောင်းတည်ရာ ဤလူ့ရွာ၌။ ရဝိန္ဒူ၊ ဒေါင်းယာဉ်စကြာ နေရောင်ဝါနှင့် သီတံလဝန်းသည်။ တမံ၊ ဆီးနှင်းမြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးမည် ရန်စစ်သည်ကို။ ရံသိယာ၊ အမှောင်ပယ်ခြင်း အလင်းကိုဆောင် တထောင်သော ရောင်ခြည်ဖြင့်။ ဟန္တွာ၊ ဝေးရာလွင့်လျှောက် အလင်းရောက်အောင် ထွန်းဖောက် စံပယ် တင့်တယ်တော်မူလျက်။ ဥဒေန္တိ၊ ဥဒည်တောင်စွန်း ပေါ်လာထွန်း၍ အေးချမ်းကြည်သာ ဝေးကွာ အန္တရာယ် အသွယ်သွယ် ပျောက်ကင်း ထွန်းလင်းတောက်ပလေသကဲ့သို့။ ဧဝံတထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ လောကေ၊ အေးရိပ်သာယာ သာသနာဟု ဘဂဝါ ဒုလ္လဘ= ကြုံရခုခါ လူ့ရွာ၌။ ဂါထာသဟဿံ၊ လိုရာလိုရာ ပိုပါချီမြှောက် နားသောတဆင်ယင်း အငိုကင်း၍ အလင်းဆောင် ဂါထာတထောင်သည်။ သုခတ္ထာယ၊ ချမ်းသာသုခ မြတ်ရာကို မျှော်ကိုးသား အမျိုးသား အမျိုးသမီးအပေါင်း သူတော်ကောင်းတို့အား။ သုဓိကရံ၊ ကျန်းမာစေ ချမ်းသာစေ၊ လန်းဖြာဖြာဝေ ဘာတွေအကုန်ကင်း ချမ်းသာခြင်း-
စာမျက်နှာ-4
အထွေထွေကို ယခုပင်ဖြစ်စေ၍။ ဇယံ၊ အောင်ပါစေဟု ငွေခရုနှင့် ဇေယျတု မင်္ဂလာ အဖြာဖြာကို လျင်စွာမနှေး ယခုပင် ပေးတော်မူသည်ဖြစ်၍။ ဥဒေတိ၊ ပေါ်ထွန်းတော်မူပါပေ၏။ (ဝါ) သာသနာ့ ဥဒည်တောင်မှာ နေအရောင် လအဝန်း မက ပရွှန်းလှအဖြာဖြာ ဘုန်းတောသာပြောင် လိုမို့ မာယာတွေ အပို မနှောင်ကြနှင့် ဖော်-လာပြီကွဲ ဂါထာတထောင်။
၁။ ဗုဒ္ဓမြတ်စွာ ပဏာမ
မုနိန္ဒော တမံ မောဟံ၊ ဟန္တွာ ဗောဓေသိ ပင်္ကဇံ။
ဇနံ သဒ္ဓမ္မရံသီဟိ၊ သော သမ္မာလေတု မံ ဇိနော။
မုနိန္ဒော၊ အဝိဇ္ဇာမှိုင်းလုံး ပိတ်ကာဖုံးသဖြင့် သုံးလောကထွဋ်အငူ ကယ်မည့်သူ ကင်းပလျက် အလင်း မရနိုင်ဘဲ ဖျင်းအ အ နုနုချာချာ ထုံပေကာ အမြင်ကင်းနေကြတဲ့ သတ္တဝါခပင်းတွေကို (တွင်းပဝေဖြာ လင်းကြစို့ ထွန်းပဝေရာ) အံသုမာလီ ရောင်ခြည်ပဝင်း ဘုရားရှင်ဆိုတဲ့ နေမင်းကြီးသည်။ သဒ္ဓမ္မရံသီဟိ၊ ဆုံးမမှတ်နိုင်သည့် သုံးလောကဓာတ် တခွင် ကုန်စင်အောင် ပပဝင်းနိုင်သည့် ပရိယတ် ပဋိပတ် ပဋိဝေဓဆိုတဲ့ ရောင်အလင်းတို့ဖြင့်။ (ဝါ) သဒ္ဓမ္မရံသီဟိ၊ (သောင်းခွင်ထက်အဇဋာ မောင်းနှင် ထွက်ဖြာဒေါင်းယာဉ်စကြာ) လက်ခါပဝင်း သူတော်ကောင်းတရားတည်းဟူသော ရောင်အလင်းတို့ဖြင့်။ တမံ မောဟံ၊ သိစရာတွေကို ပိတ်ဖုံးလျက် အမိုက်ဆုံး မောဟဆိုတဲ့ အမှောင်ကြီးကို။ ဟန္တွာ၊ ပယ်သတ်တော်မူပြီး၍ (ဝါ) (ထက်အဇဋာဘောင်ချဉ်း ဘဝဂ်ပါ မှောင်ခွင်း လက်ဖြာရောင်ဝင်း) သစ္စာဆိုတဲ့ ရောင်အလင်းတို့ဖြင့် ပယ်ခွင်း ဖြတ်တောက် အလင်းသို့ ရောက်စေတော်မူပြီး၍။ ပင်္ကဇံ ဇနံ၊ အဝိဇ္ဇာမိုက်တာ အိပ်မောတွေကျ ဘယ်တုန်းကမှ မပွင့်နိုင်ကြသည့် ဝေနေယျကြာ သတ္တဝါတွေကို။ ဗောဓေသိ၊ သစ္စာလေးဆင့် ငုံအာစွင့်၍ (မြူခွင့်ဖွေရှာ ထူးတင့်ထွေလာ ဖူးပွင့်ဝေဆာ) ပဒေသာမြနန်း ဝေဝေဆာ အလှပန်းတို့ဖြင့် ပွင့်လန်းစေတော်မူခဲ့ပေပြီ။ သော ဇိနော၊ လေးလီသစ္စာ ရောင်ရွှေဝါဖြင့် သတ္တဝါ ဝေနေ ပွင့်လင်းစေသည့် ပရမေရန်နိုင် ဘုရားရှင်သည်။ မံ၊ ဘဝဘဝ မြောက်မြားစွာမှ ခန္ဓာနာမ်ရုပ် ဖြစ်ပျက်ချုပ်ကို သမုတ်မည်ခေါ် လူသော် နတ်သော်၊ ဗြဟ္မာသော်ဟု ခေါ်ဝေါ် သမုတ် အကျွန်ုပ်ကို။ သမ္မာလေတု၊
စာမျက်နှာ-5
လောက သံသရာ နှစ်ဖြာဘေးဒဏ် ရန်အသွယ်သွယ် အန္တရာယ်အပေါင်း ကင်းဝေးရှောင်းအောင်ကောင်းကောင်းမသွေ စောင့်ရှောက်တော်မူလှည့်ပါ အသရေနှုန်းမော် ရွှေဘုန်းတော်သခင် အရှင်သူမြတ်ကြီးဘုရား။
၂။ အောင်မှူးမြတ်ဌာန် အောင်ဆုပန်
ယော မာရသေနမာသန္နံ၊ ဟန္တွာ ဝိဇယုဿဝေါ။
တိဏာယပိ န မညိတ္ထ၊ သော မေ ဒေတု ဇယံ ဇိနော။
ဝိဇယုဿဝေါ၊ ငါးပါး မာရ်ဟုန် ရန်သူပုန်ကို ဘုန်းဂုဏ် ခြောက်ဆင့် အောင်လံဝင့်၍ အောင်သဘင်ငူ အောင်ပွဲယူတော့မည် ဖြစ်တော်မူထသော။ ယော ဇိနော၊ ဘဝဘဝ ပြည့်ခဲ့ရသည့် ဒါနပါရမီ စသည် မြားမြောင် အောင်တပ်ထောင်ဖြင့် ရန်မှောင်ပယ်လွှင့် အောင်ပွဲအဆင့်ဆင့်ကို အောင်သင့်အောင်ရန် အောင်ဇိနသခင် ဘုရားရှင်သည်။ အာသန္နံ၊ ယှဉ်ပြိုင်ကာ ပလ္လင်လုမည်ဟု ဗိုလ်ထုကို သူဦးစီးလျက် အနီးသိုချီတက်၍ လာပေထသော။ မာရသေနံ၊ လက်နက်စုံ ကိုင်စွဲလျက် အပြိုင်ကြမည် ချီတက်၍လာတဲ့ မာရ်နတ်၏ စစ်သည်တော်တွေကို။ တိဏာယပိ၊ ကြောက်စိတ်လန့်စိတ် တဆိတ်မဝင် ဆံခြည်တမြင် မြက်ပင်မျှသော်လဲ။ န မညိတ္ထ၊ ကိုယ်တော် သန္တာန် ရွှေစိတ်ဟန်၌ တရံမူ ပကတော့ဖြင့် နဲနဲ အရေးထားတော် မမူပေ။ (ဝါ) န မညိတ္ထ၊ မေတ္တာတော်အဟုန် ပါရမီ ဘုန်းဂုဏ်တို့ဖြင့် လွှမ်းခြုံကျော်ကြား လူ့ဘုရားက လားလားတမူ အောက်မေ့တော်မမူပေ။
သော ဇိနော၊ ငါးပါးရန်နှင် မာရဘင်ဝယ် အောင်ပလ္လင်ပျံ အောင်ပွဲခံ၍ အောင်လံလွှင့်ထူ ဘုန်းပရမေ မြတ်စိန္ဓေသည်။ မေ၊ မအောင်သေးခင် အောင်ကြွေးတင်၍ ဆောင်ရန်ရည်မျှော် ဘုရား တပည့်တော်အား။ (ဝါ) ဣမေသံ အောင်ရန်လိုလား ဤ အမျိုးသား အမျိုးသမီးတို့အား။ ဇယံ၊ တွင်းပဘေးဒဏ် ရန်မာရ်အသွယ်သွယ် အန္တရာယ်ဟူသမျှတို့ကို ယခုလဲအောင် နောင်လဲအောင် နောင်သောအခါမှု မနိုင်သည့် အောင်သြဘာ ဆိုတဲ့ ကုက္ကကိုင်တွေကို ဒေတု၊ ပရုဖြင့်ပုံ မေးတုန်အောင် အဖုံဖုံအမှုအေးဘို့ ပေးတော်မူပါ အရှင်သူမြတ်ကြီးဘုရား။
စာမျက်နှာ-6
၃။ ကိုယ်ကိုအောင်မှ အောင်ခြင်းမည်သည်
ယော သဟဿံ သဟဿေန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သော ဝေ သင်္ဂါမုတ္တမော။
(ဓမ္မပဒ သဟဿဝဂ်)
ယော၊ အာဏာသခင် သူဘုရင်ဟု လူခွင်ဗိုလ်လုပ် စစ်ဗိုလ်ချုပ်သည်။ သဟဿံ၊ တရာတထောင် တပ်ကိုဆောင်လျက် ရန်နောင်ဘက်ကာ ချီတက်၍လာသော မာန်မူ တက်ကြွား တဖက်သားကို။ သဟဿေန၊ ကိုယ်က တန်ပြန် တပ်ထောင်ခံလျက် မျက်မန်ကြွားဝင့် ထားသဖြင့်လျှင်။ သင်္ဂါမေ၊ သူနိုင်ငံ နိုင် အပြိုင်စုရုံး အနိုင်ကျုံးဘို့ ရိုက်ချွန်းဆူညံ နွေမိုးသိမ့် ဂျိုးဂျိုးဂျိမ့်ဖြင့် ဒိုးဒလိမ့်ဆူဝေ စစ်ဆင်မြေ၌။ ဇိနေ၊ သတ္တိပြိုင်သုံး အမြောက်ဗုံးဖြင့် သူအားရှုံးစေ အမုန်းဝေလျက် နိုင်ခြေကိုယ်က အောင်ပွဲရခဲ့ရာ၏။ တံ ဇိနံ၊ ရန်ကို ရန်ချင်း တုံ့ကာနှင်း၍ ထိုသို့ဆောင်ခဲ့ရခြင်းသည်။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ န ဥတ္တမော၊ အချင်းခပ်သိမ်း ရန်မငြိမ်း၍ မလိမ်းကိလေ ငါးမာရ်ချေလျှင် ကောင်းပေ၏ မြတ်ပေ၏ဟု မှန်စွာ မသွေ ဟောတော်မမူပါချေ။ ဧကဉ္စ၊ တယောက်တည်းသာလျှင်ဖြစ်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ ဇေယျ၊ အောင်ခြင်းသည်သာလျှင် (ဝါ) ကိလေသာအလို မလိုက်ပိုဘဲ စိတ်ကိုတည်စေ တရားကို ရှာဖွေလျက် အောင်စေတတ်လျှင်း ဤအောင်ခြင်းသည်သာလျှင်။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သင်္ဂါမဇုတ္တမော၊ သင်္ဂါမေဇုတ္တမော၊ စစ်မြေပြင်ဝယ် ရန်နှင်... အောင်ပွဲမှူးကြီးအမှန် ဧကန်မသွေ ဖြစ်ပါသတည်း။
(ရန်ဖက်ကုဋေ သူ့စစ်ခြေကို ဖျက်ချေများမြောင် ပွဲတိုင်းအောင်လည်း နောက်နောင်ပင်လျှင် ရှုံးသူပင်တည့်၊ အောင်မြင်တတ်လျှင် ဤအောင်ခြင်းကို အချင်းခပ်သိမ်း ရန်မငြိမ်းနှင့် မလိမ်းကိလေ ငါးမာန်ချေလျှင် ကောင်းတေငြိမ့်လေး မိန့်မခြေတည်း)။
၄။ အလှပန်းငုံ နှစ်လွှာခြုံ
ကေသဿူနံ ကဏုတ္တံ၊ ဘမူနံယေဝ ဝင်္ကတာ။
ပါဏိပါဒါဓရာနံ၊ မုနိန္ဒဿာဘိရတ္တတာ။
စာမျက်နှာ-7
ယဿ ဘဂဝတော၊ စိတ်တော်လှကိုယ်တော်လှ အလုံးစုံလှသမို့ သုံးဘုံ ဘဝတို့၏ထွဋ်တင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။ ကေသဿူနံယေဝ၊ ဆံမုတ်ဆိတ်တော် မျက်နက်တော်တို့၏သာလျှင် ကဏုတ္တံ၊ ပဒုံးမှောင် ညိုရောင်ပန်းကဲ့သို့ တလျှမ်းလျှမ်းပြက်ဝဲလျက် နက်မဲတော်မူလှပါပေ၏။ စိတ္တေ၊ မနကာယ နာမသန့်ရှင်း စိတ်တော်တွင်း၌။ ကဏုတ္တံ၊ လောဘ ဒေါသ မောဟ ထွေလာ နက်မဲသည့် ကိလေသာစစ် မဲအညစ်သည်။ နတ္ထိ၊ ဆံခြည်တခြမ်း လှူတနှမ်းမျှ စမ်းမရရှာဖွေ မရှိပါချေ။ ဘမူနံယေဝ၊ မျက်ခုံးတော်နှစ်ဖက်တို့၏သာလျှင်။ ဝင်္ကတာ၊ သော်တာယုန်ရေး ပုံကလေးသို့ ကွေးညတ်တော်မူလှပါပေ၏။ စိတ္တေ၊ မနကာယ နာမသန့်ရှင်း စိတ်တော်တွင်း၌။ ဝင်္ကတာ၊ မာယာသာ ကောက်ကွေ့ခြင်းသည်။ နတ္ထိ၊ ဆံခြည်တခြမ်း လှူတနှမ်းမျှ စမ်းမရရှာဖွေ တကယ်ကိုမရှိပါချေ။ ပါဏိပါဒါဓရာနံ၊ လက်ဖဝါးတော် ခြေဖဝါးတော် နှုတ်ခမ်းတော်တို့၏သာလျှင်။ အဘိရတ္တတာ၊ ခိုလှူသွင် သစ်လွင်စေ့စေ့ ချိတ်အစေးသို့ နီထွေးတော်မူလှပါပေ၏။ စိတ္တေ၊ မနကာယ နာမသန့်ရှင်း စိတ်တော်တွင်း၌။ အဘိရတ္တတာ၊ ရာဂရောင်လျှမ်း နီမြန်းခြင်းသည်။ နတ္ထိ၊ ဆံခြည်တခြမ်း လှူတနှမ်းမျှ စမ်းမရရှာဖွေ တကယ်ကိုမရှိပါချေ။
သော ဘဂဝါ၊ ကိုယ်တော်စိတ်တော် နှစ်ဖေါ်အပြိုင် အလှဆိုင်၍ မနိုင်တုသာ အတုလာဟု သုဂတာပရမေ မြတ်စိန္တေသည်။ မေ၊ စိတ်ရော ကိုယ်ပါ ညစ်နွမ်းမြို့ သံသာဖက်ကမ်း တက်လှမ်းဖို့ အနေဝေးကြောင်း တပည့်အပေါင်းအား။ သိရီ၊ ရူပကြက်သရေ တက်သစ်ဝေလျက် စိတ်နေစူစင် သိဝင်အမတ ရောက်နိုင်ရစေ အလှကြက်သရေကို။ ဒေတု၊ ကရုဏာမိုး ရွာစေ့ဖြိုးလျက် မညှိုးစေအောင် ကြံဆောင်ဖေးမ ပေးမစ၍ အေးမြစေတော်လော့ မဟာကရုဏာသခင် အရှင်သူမြတ်ကြီးဘုရား။
၅။ သာသနာကြီး ထိန်ညီပါစေ
အနန္တဂုဏသမ္ပန္နံ၊ စိရကာလံ ပဘာသတံ။
အမတရသံ ပိဝန္တံ၊ ဧဝံ ပတ္ထေ မယံ သဒါ။
အနန္တဂုဏသမ္ပန္နံ၊ မိုးမြေလှမ်းခြုံ မြတ်သောဂုဏ်ဖြင့် ကျော်ဟုန်တဆန်း ဂုဏ်ရေလျှမ်းပေထသော၊ သဒ္ဓမ္မံ၊ ကမ္ဘာ့ကာ ကြာ၍ ဘဂဝါ တခါပွင့်ထွန်းမှ တင့်ဆန်းပေါ်ထွက် သူတော်ကောင်းတရား-
စာမျက်နှာ-8
တည်းဟူသော ဓမ္မစက်သည်။ စိရကာလံ၊ သာသနာငါးထောင် မကအောင်လျှင် အခေါင်ရှည်မြင့် ကျင့်သူကြသူ အားထုတ်သူတို့ ကြည်ဖြူရွှင်ပျ ရှိကုန်ကြ၍ သာသနာ့အမွေ ဆက်ဖြန့်ဝေလျက် ကမ္ဘာ့မြားမြောင် အခေါင်မြင့်ကြာရှည်စွာသာလျှင်။ အမတရသံ ပိဝန္တံ၊ မသေစေတတ် ဆေးရည်မြတ်ကို မပြတ်ရစေ ပေးငှဝေလျက်။ ပဘာသန္တံ၊ လူနတ်မှောင်သတ္တဝါကို ရောင်ဝါထွန်းပြောင် အလင်းဆောင်လျက် အမှောင်ပယ်ခွာ ဤကမ္ဘာကို ကြည်သာချမ်းမြ ဘေးမခအောင် လမ်းပြတော်မူပါစေသတည်း။ ဧဝံ၊ ဤသို့။ မယံ၊ သာသနရိပ်မြဲ ခိုလုံအားပြု များသမုဖြင့် လူထုဝေနေ တပည့်တော်တို့တတွေသည်။ ပတ္ထေမ၊ သာသနာ တန်ခိုး ရောင်မညှိုးအောင် ကောင်းကျိုးရည်ကာ အေးမေတ္တာကို မကွာနေ့ည ပို့သလိုက်ရပါတော့သည်ဘုရား။
၆။ သာသနာ့ ဂုဏ်ရည်
သာသနဿ နတ္ထိကာလေ၊ လောကေ အန္ဓတမော ဘဝိ။
တဒါ သတ္တာ နိမုဇ္ဇန္တိ၊ မဂ္ဂ အဒဿနာ ပဇာ။
သာသနဿ၊ နေအထောင်လအထောင် ဗြဟ္မာရောင်မကလှမ်းပေသည့် သာသနာဆိုတဲ့ ရောင်ခြည်ပန်းကြီးသည်။ နတ္ထိကာလေ၊ အရောင်မတောက် ကွယ်ပျောက်ခဲ့သည်ရှိသော်။ လောကေ၊ လူကန်းနတ်ကန်း ဗြဟ္မာကန်းနှင့် အကန်းတတွေ အရမ်းပွေသည့် ကလေကဝ ဤလောက၌။ အန္ဓတမော၊ ဤကားကုသိုလ် အကုသိုလ်တည်း ဤလိုမဂ်လမ်း ကျင့်စခန်းဟု ဖြောင့်တန်းမသိ ဆယ်ကိလေသာ မှောင်မဟာကြီးသည်။ အဘဝိ၊ ဒီသာဆယ်ခန်း ရောင်မသန်းအောင် ပိန်းပိတ်မှောင်၍ အရောင်မတိုး အကုန်ညှိုးဖို့ လွှမ်းမိုး၍သာ လာပါပေ၏။ တဒါ၊ ထိုအခါ၌။ သတ္တာ၊ မမြင်တန်းလန်း စုံလုံးကန်းသည့် မှားလမ်းမှာနေ သတ္တဝါတို့သည်။ မဂ္ဂ အဒဿနာ၊ ရှေ့နောက် ဝဲယာ လမ်းမသာဘဲ တွင်တွင်လွဲမှား လျောက်သွားကြကုန်သည်ဖြစ်၍။ နိမုဇ္ဇန္တိ၊ နစ်မြုပ်ကြလေကုန်၏။ (ဝါ) နိမုဇ္ဇန္တိ၊ ငရဲမှအောက် အဝီစိရောက်လျက် ကျောက်ကျ၍သာ နေကြကုန်သတည်း (ဝါ) နေကြကုန်တော့မည်ပါတကား။
စာမျက်နှာ-9
၇။ သာသနာ့ဂုဏ်ရည်
သာသနေ ဇောတကာလေ စ၊ လောကော ပတ္တော ဘာသတိ။
တဒါ သတ္တာ သုသုခန္တိ၊ မဂ္ဂ သုဒဿနာ ပဇာ။
သာသနေ၊ နည်းမှန်လမ်းမှန် စခန်းမှန်၍ ပြညွှန်တော်မူရာ မြတ်သာသနာကြီးသည်။ ဇောတကာလေ၊ အမှောင်ပယ်ခြင်း အလင်းကိုဆောင် တပြောင်ပြောင်ဖြင့် လူ့ဘောင်နတ်ခြောက် ဗြာပေါက်အောင် ထွန်းတောက်သည်ရှိသော်။ လောကော၊ လူ့နတ် ဗြဟ္မာ သတ္တဝါတို့ နေရာဌာန ဤလောကကြီးသည်။ (ဝါ) လောကော၊ လူကန်းနတ်ကန်း ဗြဟ္မာကန်းနှင့် အကန်းတတွေ အရမ်းပွေကြသည့် ကလေကဝ ဤလောကကြီးသည်။ ပတ္တော ဘာသတိ၊ အကန်းတွေပျောက် မှန်းခြေပေါက်၍ အလင်းရောက်ကာ ချမ်းသာလာခဲ့ပါပေ၏။ တဒါ၊ နေမင်းရောင် သာသနာပန်း ပွင့်လန်းပေရာ ထိုအခါ၌။ သတ္တာ၊ မမြင်တန်းလန်း စုံလုံးကန်းသည့် မှားလမ်းဖွေရှာ သတ္တဝါတို့သည်။ မဂ္ဂ သုဒဿနာ၊ ရှောင်သင့်သွားသင့် အခွင့်မှန်စွာ လမ်းသာယာကို လွယ်ကာခဏ မြင်ကုန်ရသောကြောင့်။ သုသုခန္တိ၊ အိပ်ပျော်စားဝင် တရားမင်၍ များဖြင်ဝေနေ သံသာဗွေဝယ် အပါယ်မသန်း အောင်စခန်းသို့ ရော်ရမ်းကြည်ရွှင် ပျော်ပျော်ကြီးပင် နေနိုင်ကြလေကုန်သတည်း။
၈။ သံဃာတော်များ ချမ်းသာ ဘုရား သာသနာပြုနိုင်ပါစေ
သာသနဿ ဓရာ သံဃာ၊ သမ္မာ သုပ္ပဋိပတ္တိ။
သုသုခါ မုဒု စိတ္တာ၊ သီတလာ ဟောန္တု သာသနေ။
သာသနဿဓရာ၊ သာသနာ့ဝန် လွန်လေးလံကို အားသွန်ထမ်းဆောင် ဂုဏ်ရည်ပြောင်ကြကုန်သော။ သံဃာ၊ အရိယာနွယ်ဝင် ထေရ်ရှင်အပေါင်း အရှင်ကောင်းတို့သည်။ သမ္မာ သုပ္ပဋိပတ္တိကာ၊ ပရိယတ်နှင့် ပဋိပတ်ဝန်အား နှစ်တန်ကို အမှန်ထမ်းဆောင် အစွမ်းပြောင်ကြကုန်လျက်။ သုသုခါ၊ ကိုယ်ရောစိတ်မှာ မသာမယာ မရှိပါဘဲ ချမ်းသာမြဲ မြတ်သုခဖြင့် ချမသွေ ပြည့်စုံကြကုန်သည်ဖြစ်၍။ မုဒုစိတ္တာ၊ တရားမွေ့သိမ် ပီတိရှိန်ဖြင့် စိတ်ငြိမ်ကိုယ်ငြိမ် ဣန္ဒြေရရ နူးညံ့ကြကုန်သည်ဖြစ်၍။ သာသနေ၊ အရွက်ပျိုပျို ရိပ်စိုစိုနှင့် ညောင်ညိုမြနန်း သာသနာဆိုတဲ့ ကွန်းထောက်စခန်း၌။ သီတလာ ဟောန္တု၊ ချမ်းမြသိမ်မွေ့ တရားတွေ့၍ နေ့ညမသေ့ အေးချမ်းတော်မူကြပါစေကုန်သတည်း။
စာမျက်နှာ-10
၉။ ဒို့ဆရာ ထေရ်မဟာ ကြည်သာချမ်းမြေ့ကြပါစေ
သုဿုသာနံ သိက္ခာပေန္တာ၊ မေတ္တာ ပုဗ္ဗင်္ဂ စေတသာ။
အာစရိယာ သုသုခါ ဟောန္တု၊ မုဒုကာ ဟောန္တု သာသနေ။
မေတ္တာ ပုဗ္ဗင်္ဂ စေတသာ၊ စိမ့်စမ်းပမာ အေးကြည်သာ မေတ္တာတရားဖြင့်။ သုဿုသာနံ၊ ပညာရည်နို့ သောက်စို့ခိုမှီ ရော်ရည်ခိုအောင်း တပည့်အပေါင်းတို့အား။ သိက္ခာပေန္တာ၊ မကောင်းမြစ်တာ ကောင်းစွာသွန်သင် ပြုပြင်ဖေးမ လူရေးလှအောင် ရှေ့ဆောင်ညွှန်ကြားတော်မူကြကုန်သော။ အာစရိယာ၊ တလုံးတပါဒ က-ခ-ဂ မှစ၍ ပဲ့ပြင်သွန်သင်ပြငြား ဆရာသမားတို့သည်။ သာသနေ၊ ဗုဒ္ဓုပ္ပါဒ နဝမဟု ကြုံရခဲစွာ သာသနာ၌။ သုသုခါ၊ ကိုယ်စိတ်နှစ်ဖြာ ဘယာမတွေ့ အလွန်ချမ်းမြေ့ကြကုန်လျက်။ မုဒုကာ၊ ဇမ္ဗူရာဇ်ရွှေ ပျော့အိလေသို့ စိတ်နေပါ့လား ညံ့သက်နူးကြကုန်လျက်။ ဟောန္တု၊ တပည့်အများ မေတ္တာပွားလိုက်ပါရဲ့ ထင်ရှားမသွေ ဖြစ်တော်မူကြပါစေကုန်သတည်း။
၁၀။ မိဘနှစ်ဖြာ ကျန်းမာချမ်းသာပါစေ
သိနေရုသဒိသာ သန္တာ၊ မာတာပိတာ ဟိတာဝဟာ။
သုခိတာ ပုညဝန္တာ၊ မုဉ္စန္တု ဒုက္ခသမ္ဘဝါ။
(ဗုဒ္ဓဝင်ဆရာ ဦးထွန်းစိန်၏ မိဘကျေးဇူးမှ)
သိနေရုသဒိသာ၊ ရွှေငွေမြဖလ် ထိန်လျှံအရောင် ပြောင်တဝင်းဝင်း တောင်မင်းမြင့်မိုရ် ပမာဆို၍ ဂုဏ်ကိုနှိုင်းဆ တူလဲတူကြပေကုန်သော။ သန္တာ၊ သားသမီးတွေအပေါ်မှာ သင့်လျော်စွာ စိတ်ထား၍ မေတ္တာဓာတ် ပွားများကာ နေကြပေကုန်သော။ ဟိတာဝဟာ၊ သားနှင့်သမီး ချစ်မည်းတို့၏ ပစ္စည်းအထွေထွေ ရွှေငွေစပါး ဒီရေလိုတိုးပွား အကျိုးများအောင် ကြိုးစားရွက်ဆောင်တော်မူကြပေကုန်သော။ မာတာပိတာ၊ ငယ်စဉ်တောင်ကျေး ကလေးဘဝကစ၍ နို့ချိုတိုက်ကျွေး မွေးဘူးကျွေးဘူး ကျေးဇူးကြီးမား မိဘနှစ်ပါးတို့သည်။ သုခိတာ၊ သော်တာစန်းယုန် ပန်းပဒုံသို့ မွမ်းဟုန်မဝ အတန်းကုန်မြင့်ပြီးလျှင် ကိုယ်နှင့်မန သီရွှင်ကြည်လန်းစွာ ကျန်းမာချမ်းသာတော်မူကြကုန်သည်ဖြစ်၍။ ပုညဝန္တာ၊ ဒါနသီလ ညီမျှ-
စာမျက်နှာ-11
တူစွာ ဘာဝနာတရား နေ့စဉ်နေ့စဉ် မွေ့ရွှင်ကာ ပွားများကြကုန်လျက်။ ဒုက္ခသမ္ဘဝါ၊ ဒုက္ခဖြစ်ကြောင်း မကောင်းသော ရန်သွယ် အန္တရာယ်ဟူသမျှတို့မှ။ မုဉ္စန္တု၊ ပိန်းကြာဖက်တွင် ရေမတင်သို့ လျင်မြန်စွာ ကင်းလွတ်တော်မူကြပါစေကုန်သတည်း။
၁၁။ အနန္တ မေတ္တာပို့
အနန္တဂုဏသမ္ပန္နံ၊ ဗုဒ္ဓါဒိရတနတ္တယံ။
မာတာပိတု အာစရိယာ စ၊ သုခီ ဘဝန္တု သီတလာ။
အနန္တဂုဏသမ္ပန္နံ၊ ဆုံးစမထင် များဖြင်လှစွာ ဂုဏ်ရှိန်ဝါနှင့် ပုဏ္ဏားပုံ ပြည့်စုံကြွယ်ဝတော်မူပေထသော။ ဗုဒ္ဓါဒိရတနတ္တယံ၊ ဘုရားတရား သံဃာ အားဖြင့် သုံးပါးထွဋ်ချာ အမြတ်ရတနာတို့သည်၎င်း။ မာတာပိတု စ၊ မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးမား မိဘ ၂-ပါးတို့သည်၎င်း။ အာစရိယာ စ၊ တလုံးတဂါထာ တပါဒမှစ၍ သွန်သင်ပဲ့ပြင်ဆုံးမ နည်းလမ်းကျအောင် ညွှန်ဆောင်ပေး ဆရာသမားတို့သည်၎င်း။ သီတလာ၊ ကိုယ်ရောစိတ်မှာ ဘယာမသန်း အလွန်အေးချမ်းကြကုန်သည်ဖြစ်၍။ သုခီ ဘဝန္တု၊ မေတ္တာဝေဖြာ ရေဇလာကြောင့် ခေမာပြည့်လျှမ်း သုခပန်းတို့သည် ရွှင်လန်းကြည်သာ ပွင့်ထွန်းတော်မူနိုင်ကြပါစေကုန်သတည်း။
၁၂။ ကြောက်ဖွယ်ရာဘုံ မေတ္တာခြုံ
အဟော ဘယာနကော လောကော၊ သဟဿေဟိ မာနိကော။
တံ ခဏံ သာမံ ဉာဏေန၊ ပိယာယန္တု သုခိစ္ဆကာ။
ဘောန္တော၊ လောဘ ဒေါသ မောဟ လွှမ်းခြုံ လောကဘုံ၌ ဆုံလည်သည့်နွား ရဟတ်များသို့ လွတ်သွားဖို့ရန် ကြောင်းမဖန်ဘဲ ပြောင်းပြန်ဦးစောက် မှောက်လျက်တတွေ လည်၍နေငြား အိုလူများတို့။ လောကော၊ သင်တို့နေကြ ဤလောကကြီးသည်ကား။ သဟဿေဟိ၊ တွင်းမီးပြင်မီး နှစ်ဖက်မီးကြောင့် ဖျက်ဆီးဖို့ရန် ကံကဖန်၍ နည်းဟန်ထွေထွေ ပြွမ်းလှပေသည့် ထူးထွေဆန်းပြား လက်နက်များဖြင့်။ အဟော ဘယာန-
စာမျက်နှာ-12
ကော၊ သတ္တဝါ စိတ်စက် ဦးနှောက်ပျက်အောင် ကြောက်မက်ဖွယ်ကောင်းလှပါပေသည်တကား။ တံခဏံ၊ မတွေးလျှင်တော့ မကြောက်၊ တွေးလျှင်တကယ်ကြောက်စရာကောင်းလှတဲ့ ကမောက်ကမဖြစ်တဲ့ ဤလောကကြီးကို။ သာမံ ဉာဏေန၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်စဉ်းစား ကိုယ်တိုင်သတိထားကြကုန်ပြီး၍။ သုခိစ္ဆကာ၊ ချမ်းသာမျိုးမှန် အဖိုးတန်ကို ဧကန်လိုလား အမျိုးသား အမျိုးသမီးအပေါင်းတို့သည်။ ပိယာယန္တု၊ ချစ်ခင်နိုင်ကြပါစေကုန်သတည်း။ (ဝါ) ပိယာယန္တု၊ အခက်အဖြာဖြာ အကုန်မခကြစေဖို့ အထက်ဗြဟ္မာဘုံ အကုန်ကြွရအောင် ဪ...မေတ္တာခြုံမှ လုံကြလေကုန်ရာသတည်း။
၁၃။ လစန်းအာရုံ ပန်းပဒုံ
ကုမုဒါ ဘန္တိ ပုပ္ဖါနိ၊ စန္ဒရံသိသမာဂမာ။
ဧဝံ နာ မေတ္တာယ ဖုဋ္ဌာ၊ သဗ္ဗေ ဘန္တု သုသီတလာ။
ကုမုဒါ၊ စန်းရောင်လဖြူ ဆူဆူတည့် ဧမြကြည်ရုံ ကြာပဒုံတို့သည်။ စန္ဒရံသိသမာဂမာ၊ ဘော်သာလမ်း လရောင်စန်းနှင့် မခန်းတူစုံ ပေါင်းကာဆုံမိကြကုန်သည်ရှိသော်။ ပုပ္ဖါနိ၊ ကားကားစွင့်စွင့် လန်းလန်းပွင့်ကြကုန်သည်ဖြစ်၍။ ဘန္တိ၊ လောကအလယ် ရှုစဖွယ်လျှင် လွန်စွာတင့်တယ်ကြလေကုန်သကဲ့သို့။ ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ နာ၊ မေတ္တာစိတ်သက် ဆောင်ရွက်ပြုလုပ် အကျွန်ုပ်တို့၏။ မေတ္တာယ၊ ဘော်ငွေသာခွာ လွန်စွာဖြူစင် မေတ္တာရောင်ရှင်နှင့်။ ဖုဋ္ဌာ၊ ရှေးကံပို့ဆောင် ဤလူ့ဘောင်ဝယ် ခုနှယ်ဒို့မှာ တွေ့ကြုံလာကြကုန်သည်ရှိသော်။ သဗ္ဗေ၊ ရှိသမျှများစွာ သတ္တဝါတို့သည်။ သုသီတလာ၊ ဘေးဘယာမသန်း အလွန်အေးချမ်းကြကုန်လျက်။ ဘန္တု၊ ကိုယ်ရောစိတ်မှာ နှစ်ဖြာရွှင်ပြုံး ပီတိဖုံး၍ ကိုယ်လုံးကြက်သရေဖြိုးတင့်နိုင်ကြပါစေကုန်သတည်း။
၁၄။ မေတ္တာသုတ်လာ ပို့မေတ္တာ
အဒိဋ္ဌာ ယေဝ ဒိဋ္ဌာ စ၊ ဒူရေ ဝသန္တိ သန္တိကေ။
တသာ ထာဝရာ သမ္ဘဝေသိ စ၊ ဘူတာ ဟောန္တု သုသီတလာ။
အဒိဋ္ဌာ စ၊ ရံတခါပင် မမြင်ဖူးငြား သတ္တဝါအများသည်၎င်း။ ဒိဋ္ဌာ စ၊ နေ့နေ့ညည တွေ့မြင်နေကြရသည့် များလှထွေထွေ သတ္တဝါတို့သည်၎င်း။
စာမျက်နှာ-13
ဒူရေ စ၊ အဝေးတည်ငြား သတ္တဝါအများသည်၎င်း။ သန္တိကေ၊ အနီးအပါး နေကုန်ငြားသည့် များလှသောင်းသောင်း သတ္တဝါအပေါင်းတို့သည်၎င်း။ တသာ စ၊ ကိလေသာဘေး မကုန်သေး၍ ကြောက်သွေးနှံ့ထိတ် လန့်ကုန်သော သတ္တဝါတို့သည်၎င်း။ ထာဝရာ စ၊ ကြောက်သွေးမရှိ ပကတိတည်ကြည် ရဟန္တာအာဇာနည်တို့သည်၎င်း။ သမ္ဘဝေသိ စ၊ ဘဝများစွာ သံသရာဝယ် ဆုံလည်သည့်နွား ရဟတ်ခြားသို့ လှည့်သွားနေသော သတ္တဝါများသည်၎င်း။ ဘူတာ စ၊ ဘဝကုန်ခန်း နိဗ္ဗာန်နန်းသို့ တက်လှမ်းဖို့ရာ ရဟန္တာအရှင်မြတ်ကြီးတို့သည်၎င်း။ ဧတေ၊ ဒိဋ္ဌ အဒိဋ္ဌ တသ ထာဝရ ဒူရ အဝိဒူရ ဘူတ သမ္ဘဝေသီ လေးလီဒုက သတ္တဝါတို့သည်။ သုသီတလာ၊ အေးမြချမ်းသာ ပီတိပန်းဖြာကြကုန်သည် ဟောန္တု၊ မေတ္တာတန်ခိုး ဆက်ကာနှိုးသဖြင့် ကောင်းကျိုးမသွေ ဖြစ်မြောက်တော်မူနိုင်ကြပါစေကုန်သတည်း။
၁၅။ တရားတောင်း
ပုညဝန္တေန ပုညဝါ၊ သီလဝန္တေန သီလဝါ။
ဓိတိမန္တေန ဓိတိမာ၊ ပညဝန္တေန ပညဝါ။
ဘဝံ ဓမ္မံ သုဒေသေတု၊ သီတကာမာ မယံ သဒါ။
ဘန္တေ၊ သာကီနွယ်ဘုန်း နေတနှုန်းသို့ ရွှေဘုန်းတော်ရောင် ထွန်းလင်းပြောင်၍ မိုက်မှောင်ပယ်ခါ မြတ်ဓမ္မာကို ကရုဏာမိုး ရွာဖြန်းလျက် ဆယ်မျိုးကိလေ အပူတွေကို ဝေးစေရအောင် ဟောဆောင်ညွှန်ကြား ဓမ္မကထိက ဆရာတော်အရှင်သူမြတ်ဘုရား။ ဘဝံ၊ သာကီနွယ်စစ် ရှင်ချစ်ထွဋ်ထား အရှင်မြတ်ဘုရားသည်။ ပုညဝန္တေန၊ ဘုန်းရှိသူများ ဗိုလ်လူထက် ဆယ်ဆတက်၍။ ပုညဝါ၊ မပျက်ပုံသေ ဘုန်းရှိတော်မူပါပေ၏။ သီလဝန္တေန၊ သီလရှိသူများ ရှင်လူတို့ထက်။ သီလဝါ၊ ဆယ်ဆတက်၍ မပျက်ပုံသေ သီလရှိတော်မူပါပေ၏။ ပညဝန္တေန၊ ပညာရှိသူများ ဗိုလ်လူတို့ထက်။ ပညဝါ၊ ဆယ်ဆတက်၍ မပျက်ပုံသေ ပညာရှိတော်မူပါပေ၏။ မယံ၊ သံသရာလမ်း ခရီးကြမ်းဝယ် မှားမှန်းမသိ လျှောက်သွားမိ၍ စီးဒုက္ခ ဒေါမနဿနှင့် သောကဗျာပါဒ ကိလေသာ ထိန်ထိန်ညီးတို့ အပြီးလောင်ကျွမ်း ဗရမ်းဗတာ နေရငြား တပည့်များ-
စာမျက်နှာ-14
သည်။ သီတကာမာ၊ ဖေးဖေးမမ ဘေးမခဘဲ အေးမြခြင်းကို အလိုရှိကြပါပေကုန်ပြီဘုရား။ ဘဝံ၊ သီလသမာဓိ ပညာဂုဏ်ရည် စုံညီတောက်ပသည့် အရှင်မြတ်ဘုရားသည်။ ဓမ္မံ၊ ဒိဋ္ဌဓမ္မ စိတ်ချရ၍ ခုဘဝနောင်ခါ အေးမြရာကို မကာရစေ ပေးတတ်ပေသည့် မြတ်တရားကို။ ဒေသေတု၊ တပည့်အများ အေးစေသားဟု ကရုဏာရွှေမေတ္တာဖြင့် မကွာလွယ်ကူ ဟောကြားတော်မူပါ သီတဂူစန်း ငွေလဝန်းပုံအသွင် ထေရ်အရှင်သူမြတ်ဘုရား။
၁၆။ တနည်း တရားတောင်း
ဂန္ဓဝါယီ သန္တမာနီ၊ စန္ဒရံသီဝ သီတလီ။
ဒုက္ခိကာနံ သုခကာရီ၊ ဒေသေတု ဓမ္မဘာကရီ။
ဘန္တေ၊ လေးခိုင်သစ္စာ မြတ်ရွှေကြာကို ကိုယ်မှာဆင်မြန်း ရဟန်းသမဏ မြတ်ဘဝဖြင့် အမတမှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်မည့်အရေး မျှော်တွေးဓိဋ္ဌာန် စိတ်အကြံဖြင့် နိဗ္ဗာန်ရည်မှတ် အရှင်မြတ်ဘုရား။
တွံ၊ နိဗ္ဗာန်ဆုပန် ဂုဏ်ရည်ချွန်းသည့် အရှင်မြတ်ဘုရားသည်။ ဂန္ဓဝါယီ၊ ဂန္ဓမာဒန တောင်တော်လှမှ ပန်းသကမဉ္ဇူ မကကြူသည့် လေးဆူသီလ ထုံကြိုင်စတည့် ဂန္ဓမွေးထုံ ရနံ့ဂုဏ်တို့ဖြင့် ဗြဟ္မာဘုံတိုင် ပျံလှိုင်မွှေးကြူ တလူလူ အေးမြတော်မူပါပေသည်ဘုရား။ သန္တမာနီ၊ လောဘ ဒေါသ မောဟ ကင်းကွာ ကိလေသာကို ကိုယ်မှာမကပ် စင်ကြယ်လတ်၍ စိတ်ဓာတ်မွေ့သိမ် တည်ငြိမ်အေးမြ ဖြူဖွေးလှပသော စိတ်တော်လည်း ရှိပါပေသည်ဘုရား။ စန္ဒရံသီဝ သီတလီ၊ သော်တာယုန်စန်း ငွေလဝန်းကဲ့သို့ ရွှန်းပကြည်လင် အလွန်ပင်အေးမြတော်မူလှပါပေ၏။ ဒုက္ခိကာနံ၊ သံသရာဝဋ် ဒုက္ခညတ်၌ တွတ်ပေပေ မလွတ်လေဘဲ လျှောက်နေကြငြား သတ္တဝါများသည် မီးပွားဒုက္ခ ဟူသမျှကို နေ့ညမဟူ တပူပူဖြင့် ကြိုက်ဆူလောင်မြိုက် အပြောင်တိုက်၍ မောဟိုက်ပင်ပန်း နွမ်းနယ်ကြငြား တပည့်များအား။ သုခကာရီ၊ ကိလေသာဟူ ဘေးအပူတို့ မြူမျှမလှေး ကင်းဝေးချမ်းသာ အေးရာအေးကြောင်း လမ်းကောင်းလမ်းမြတ် အအေးဓာတ်ကို မပြတ်မသွေ ပေးတော်မူတတ်ထသော။ ဓမ္မဘာကရီ၊ ပညာဆီမီး ထိန်ညီပြောင်ပြောင် အလင်းရောင်ကို ထွန်းဆောင်ပေးတတ်သော တရားတော်မြတ်ကို။ ဒေသေတု၊ ဟောပြတော်မူပါဘုရား။ (ဝါ) ဒေသေတု၊ အပူတွေကင်းဝေးလျက် အအေးဓာတ်-
စာမျက်နှာ-15
နိဗ္ဗာန်ကို စိတ်အကြံအမှန်ပေါက်အောင် အဓိဋ္ဌာန်သန်သန်ဆောက်၍ နိဗ္ဗာန်ရောက်ကြောင်း ဟောကြားတော်မူပါ ကရုဏာသခင် ကျေးဇူးရှင် ဆရာမြတ်ဘုရား။
၁၇။ လျှပ်စစ်သွင် ဖြစ်ပျက်စဉ်
အဒဿနတော အာယန္တိ၊ ဘဂ္ဂါ ဂစ္ဆန္တိ ဒဿနံ။
ဝိဇ္ဇုပ္ပါဒေဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ။
အာကာသေ၊ ဟင်းလင်းအပြင် ထက်ကောင်းကင်၌။ ဝိဇ္ဇုလတာ၊ ပျိုးပျိုးပြက်ပြက် တလက်လက်သန်း လျှပ်စစ်ပန်းတို့သည်။ ဝိဇ္ဇုပ္ပါဒေဝ၊ ရှေးကပင်လျှင် ကြိုတင်တစိ ဖြစ်နေသည့်အရာ မဟုတ်ပါဘဲ ဓမ္မတာ ဖို-မ ဓာတ်ခိုက်ကြ၍ ခဏမစဲ ဖြတ်ကနဲဖြစ် လျှပ်စစ်ပမာ ချုပ်ပျောက်ရှာကြကုန်သကဲ့သို့။ နာမရူပဓမ္မာ၊ နာမ်ရုပ်နှစ်ပါး ဤတရားတို့သည်။ အဒဿနတော၊ နဂိုရ်အရင် ကြိုတင်တစိ မရှိပြင်ပြင် မမြင်ရာမှသာလျှင်။ အာယန္တိ၊ တိုက်ဓာတ်ခံဓာတ် ထိုနှစ်ရပ်တို့ ပေါင်းကပ်စုဆုံ အသစ်အသစ် ဖြစ်ပေါ်ကုန်၏။ ဘဂ္ဂါ၊ ဖြစ်ရာမှဆက် ပျက်ပြီးကုန်သော နာမ်ရုပ်တရားတို့သည်။ အဒဿနံ၊ ဘယ်မှာတစိ မရှိပြင်ပြင် မမြင်ရာသို့။ ဂစ္ဆန္တိ၊ ဓမ္မသဘော ဆောင်လေသောဟု ရွှေ့လျားမနေ ရောက်ကြလေကုန်၏။ ဧဝံ၊ ဤသို့လျှင်။ နာမရူပဓမ္မာ၊ နာမ်ရုပ် ၂ ပါး ပရမတ်တရားတို့သည်။ ဥပ္ပဇ္ဇန္တိ စ၊ အကြောင်းဆုံသင့် အခါပွင့်၍ မလင့်ပုံသေ ဖြစ်ကြလေကုန်၏။ ဝယန္တိ စ၊ အဖြစ်သဘော ရှေ့ကာထား၍ လောလောလတ်လတ် တလစပ်လျှင် မလပ်ပုံသေ ဖြစ်ပြီးလျှင် ပျက်ကြရလေကုန်သတည်း။
၁၈။ မစ္ဆေ ဣဿာ ကြောက်စရာ
သုခကာမာ ဣမေ သတ္တာ၊ ဣဿာ မစ္ဆေရီ ပဇာ။
ပဇဟန္တု တု သုမိစ္ဆကာ၊ ဟေယျာထ ဒုက္ခသမ္ဘဝါ။
လင်္ကာ။ (သဗ္ဗေသတ္တာ သတ္တဝါတို့ ချမ်းသာအေးမြ နေလိုကြလည်း သုံးမကျပေ အိုမစ္ဆေနှင့် ဣဿာဖောက်တာကြောင့် ချမ်းသာပျက်စီး ရတက်မီးဖြင့် ပိုးပိုးပူလောင် အပူဟုန်းဝေ တောင်လောက နတ်လောကနှင့် ဗြဟ္မာမကျန် တိရစ္ဆာန်ကစ၍ ဆင်းရဲကုန်-
စာမျက်နှာ-16
၏၊ သုံးဘုံဒုက္ခ သူကစဟု သက္ကပဥှသုတ်မြတ်စွာ၌ ဘဂဝါ ထုတ်ပြ နှုတ်တော်ဟသည် စွန့်ကြ ဣဿာ မစ္ဆေ နှစ်ထွေဆိုးယုတ် တရားသော်)
ဘောန္တော၊ လူ့ဘုံဒေသ လူ့လောက၌ နေ့ညပွေလီ ဖြေမဆည်ဘဲ ထွေလည်ခက်ခဲ နရက်ဝဲ၌ ထွက်ဘဲမနိုင် ဆင်းရဲပြိုင်လျက် ငြီးမှိုင်နေငြား အိုလူများတို့။ ဣမေ သတ္တာ၊ သူရောငါပါ များစွာသောင်းသောင်း သတ္တဝါအပေါင်းတို့သည်။ သုခကာမာ၊ ချမ်းသာလိုလား ဤစိတ်ထားဖြင့် နေ့မအား ညမအား တဖားဖားသာ ကြိုးစားနေကြပါသော်လဲ။ ဒုက္ခိတာ၊ စိတ်နွမ်းကိုယ်ကြေ အနေမအေး တဆွေးဆွေးဖြင့် ကင်းဝေးသုခ မအေးမြဘဲ ဘေးဘယရန်အစုံ အဖုံဖုံခြုံသိုင်း အုံပိုင်း၍ နေကြပါပေကုန်၏။ ဟိ၊ ချမ်းသာလို ကြိုးစားလဲ ဘေးများဝိုင်းအုံ မအေးပုံကို ကြောင်းစုံလှစ်ကာ ရှာကြည့်လိုက်ကြစမ်းပါလော့။
စကားညှပ်။ (လောကမှာ အကျိုးတရားရှိရင် အကြောင်းတရားရှိရမယ်၊ ဒါက ဓမ္မတာ သဘာဝနော်၊ ဒီတော့ ဒို့တတွေ ချမ်းသာကို လိုချင်လို့ ချမ်းသာကို ဖွေရှာနေကြပါလျက် ဘာကြောင့် ဆင်းရဲတွေ့နေကြရတယ်ဆိုတဲ့ အကြောင်းကို လိုက်ကြစို့ရဲ့)
ဣဿကီ၊ ကိုယ့်ထက်သာက မနာလိုချင် ငြူစူဝင်လျက် စိတ်တွင်ဖြစ်လာ ဣဿာဆိုတဲ့တရား။ မစ္ဆရီ၊ ကိုယ်နှင့်တူစွာ မဖြစ်ပါစေသား စိတ်ထားပုပ်အို မစ္ဆေရဆိုတဲ့ ဝန်တိုတတ်သောတရား ဤနှစ်ပါးသော တရားတို့ကြောင့်။ ပဇာ၊ ချမ်းသာလို လွန်ကြိုးစားသည့် များပြားထွေထွေ သတ္တဝါတို့သည်။ ဒုက္ခိတာ၊ စိတ်နွမ်းကိုယ်ကြေ အနေမအေး တဆွေးဆွေးဖြင့် ကင်းဝေးသုခ မအေးမြဘဲ ဘေးဘယရန်အစုံ အဖုံဖုံခြုံသိုင်း၍ အုံပိုင်းကာ နေကြရပါကုန်၏။
စကားညှပ်။ (ကဲ အဲဒါက သက္ကပဥှသုတ် ပါဠိတော်ထဲမှာ ပါတာ၊ ပါဠိတော်ဆိုတာက ဘုရားဟော၊ ဘုရားဟောဆို မြေကြီးလက်ခတ်မလွဲ မှန်တာ၊ ဒီတော့ ဆင်းရဲခြင်းအကြောင်းတရားဟာ ဣဿာမစ္ဆရိယတဲ့၊ ဒီတရားဆိုး ၂ ပါးဟာ ဘာမျှ အကျိုးမရ အလိုလိုနေရင်း အမှုပေါ်ဆိုတာလို သက်သက်-
စာမျက်နှာ-17
စိတ်ပုပ်တာနဲ့ ခုဘဝဆင်းရဲရ၊ နောင်ဘဝမှာလဲ အပါယ်ကျရ အနေမလှတဲ့ တရားတွေပဲ၊ ဒါကြောင့် ဒို့ ဒကာ ဒကာမများ ကြပ်ကြပ်သတိထားရှောင်ကြနော်)
သန္တုဋ္ဌိတာ၊ သူတော်ကောင်းမှန်လျှင် အလွန်ပင် စက်ဆုပ်အပ်သော (ဝါ) ပုထုဇဉ်ဓလေ့ အယုတ်တရားမို့ တကယ့်ကို ပုပ်သိုးညစ်ကျူလှသော အယုတ်တရားနှစ်ပါးတို့ကို။ သုမိစ္ဆကာ၊ ချမ်းသာအေးမြ ဘေးမခရေး မျှော်တွေးလိုလား အမျိုးသား အမျိုးသမီးအပေါင်း သူတော်ကောင်းတို့သည်။ ပဇဟောထ၊ မြွေပွေးမြွေဟောက် သေမှာကြောက်သကဲ့သို့ ထိတ်ကြောက်လန့်ကာ ရှောင်ရှားကြကုန်ရာသတည်း။
၁၉။ ဇနကမင်းကြီး တမ်းတသော ၃ ဂါထာ
သုခကာမာ ရဟောသီလာ၊ ဝဓဗန္ဓ ဥပါရတာ။
ကဿ နု အဇ္ဇ အာရာမေ၊ ဒဟရာ ဗုဒ္ဓါ စ အဿရေ။
သုခကာမာ၊ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းရာကို လွန်စွာလိုလားတော်မူကြကုန်သော။ ရဟောသီလာ၊ မဆူမညံ လူသံတိတ်ဆိတ် တောရိပ်ခိုကာ ဆိတ်ငြိမ်ရာ၌ အရိယာဓလေ့ ပျော်မွေ့တတ်ကုန်သော။ ဝဓဗန္ဓဥပါရတာ၊ သတ်ဖြတ်နှိပ်စက် စိတ်လက်ညှဉ်းဆဲ လွန်ကဲချုပ်ချယ် စိတ်ဝယ်ပြစ်မှား အယုတ်တရားမှ ရှောင်ရှားကြကုန်ပြီးသော။ ဒဟရာ၊ အသက်အရွယ် နုနယ်ကုန်သော ပစ္စေကာအရှင်မြတ်ဘုရားတို့သည်၎င်း။ ဗုဒ္ဓါ စ၊ အသက်အရွယ် ကြီးကျယ်ကုန်သော ပစ္စေကာအရှင်ဘုရားတို့သည်၎င်း။ ကဿ၊ ဘယ်သူ၏။ အာရာမေ၊ နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းမွန် ဥယျာဉ်အရပ်၌။ အဿရေ၊ တရားနှလုံး စွဲသုံးမှီကာ ချမ်းသာအေးမြ သီတင်းသုံးတော်မူကြပါလေကုန်သနည်း။
၂၀။ အတိက္ကန္တဝနထာ တေ၊ နမော တေသံ မဟေသိနံ။
ယေ သုက္ခိ လောကသ္မိံ၊ ဝိဟရန္တိ အနုဿုကာ။
မဟေသိနံ၊ ရှေ့နောက်မြော်မြင် ဆင်ခြင်နိုင်ဘိ ပညာရှိကုန်သော ပစ္စေကာအရှင်ဘုရားတို့သည်။ အတိက္ကန္တဝနထာ၊ ကိလေသာမှေး ညစ်အကြေးကို-
စာမျက်နှာ-18
ပစ်ထွေးလွန်မြောက်ပြီး ဖြစ်တော်မူကုန်၏။ သုက္ခိ၊ တကြောင့်ကြကြ တရွရွဖြင့် ရင်မ၍သာ နေရပါသော လောက၌။ အနုဿုကာ၊ မကြောင့်မကြ မတောင့်တဘဲ စိတ်ချလက်ချ အေးမြ၍သာလျှင်။ ဝိဟရန္တိ၊ တည်ကြည်ငြိမ်သက် တရားဖက်လျက် စိတ်စက်သေခွေ သီတင်းသုံးတော်မူနိုင်ပါပေကုန်၏။ တေသံ မဟေသိနံ၊ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား။ အဟံ၊ ကာမဝဋ်နှောင် ကရွတ်တောင်မှ လွတ်အောင်ပယ်ခွာ တောရိပ်မှာလျှင် ချမ်းသာလွယ်ကူ နေတော်မူလိုသော တပည့်တော် ဇနကမင်းသည်။ နမော၊ စိတ်ရောကိုယ်ပါ ညွတ်ကိုင်းစွာဖြင့် မှန်းကာမသွေ ရှိခိုးကန်တော့လိုက်ပါပေ၏ အရှင်မြတ်ကြီးဘုရား။
၂၁။ ဆေတွာ မစ္စုနော ဇာလံ၊ တံ တံ မာယာဝိနော ဒဠှံ။
သန္တာလယန္တာ ဂစ္ဆန္တိ၊ ကော နေသံ ဂတိ ပါပယေ။
တေ၊ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်ဘုရားတို့သည်။ မာယာဝိနော၊ အကောက်တောင် ဝင်္ကပါတောင်ထက် ဟန်ဆောင်ကွေ့ပတ် လှည့်စားတတ်သော။ မစ္စုနော၊ အင်အားကြီးလှသော သေမင်း၏။ ဒဠှံ၊ တအားကုန်း၍ ရုန်းထွက်ခြင်း ခဲယဉ်းစွာထသော။ တံတံ ဇာလံ၊ အမြှေးအယှက် အကွက်အဆန်း တကယ်တမ်းရှုပ်ထွေး တဏှာတည်းဟူသော ခြည်ခင်ထွေးကို။ ဆေတွာ၊ အရဟတ္တမဂ် ဓားလက်နက်ဖြင့် ထက်မြက်မသွေ ဖြတ်တောက်တော်မူပြီး၍။ သန္တာ၊ စိတ်လက်တည်ငြိမ် ဣန္ဒြေရရ သိမ်မွေ့ကြကုန်လျက်။ အလယန္တာ၊ တဏှာကင်းလတ် အာသာပြတ်ကြကုန်၍။ ဂစ္ဆန္တိ၊ ဈာန်ယာဉ်ပျော်မှူး စိတ်ကြည်နူးလျက် တောဦးမြိုင်သာ ဂန္ဓမာဝယ် မှန်စွာမသွေ ပျော်မွေ့တော်မူကြပေကုန်၏။ နေသံ၊ ထိုပစ္စေကာသခင် အရှင်မြတ်တို့၏။ ဂတိံ၊ ပျော်ရွှင်မွေ့ရာ ဂန္ဓမာဟု သီလာမွှေးကြူ မြတ်လိုဏ်ဂူသို့။ ကော၊ မျိုးနွယ်ယုတ်မြတ် ဇာတ်ကိုမဆို အဘယ်မည်သော ပုဂ္ဂိုလ်သည်။ ပါပယေ၊ ငါ့ကိုရောက်အောင် ပို့ဆောင်ပေးနိုင်ပါလိမ့်မည်နည်း။
စာမျက်နှာ-19
၂၂။ “တာဝတိံသာမှ ဘုရားကြွ”
(အဘိဓမ္မာအခါတော်နေ့အတွက်)
န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊ န သုတော ဥဒ ကဿစိ။
ဧဝံ ဝဂ္ဂတော သတ္ထာ၊ တုသိတာ ဂဏိမာ ဂတော။
မေ၊ သာရိပုတြာ မည်သညာဖြင့် လက်ယာတော်ရံ ဌာနန္တရ ဘွဲ့ပုံသသည့် ဘုရားတပည့်တော်သည်။ ဣတော၊ တာဝတိံသာ နတ်တို့ရွာမှ ဘဂဝါပရမေ သင်္ကဿသို့ ခုနေချိန်ခါ ကြွမြန်းလာသည့် မဟာသမယ ဤကာလမှ။ ပုဗ္ဗေ၊ ရှေးရှေးကာလ ဘဝဘဝ အခါခါ၌။ ဧဝံ ဝဂ္ဂတော၊ တလောကလုံး မဆုံးကြက်သရေ တက်သစ်နေရောင် ရာထောင်မက ကြက်သရေရှိလှပေထသော။ တုသိတာ၊ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း နှစ်ထောင်းအားရ ရွှင်ပျခြင်းကို ဖြစ်စေထသော။ ဂဏိမာ၊ သောင်းလောကဓာတ် လူနတ် ဗြဟ္မာ သတ္တဝါအပေါင်း နှစ်ထောင်းကြည်ညို ဗဟိုဥက္ကဋ္ဌ အထွဋ်အထိပ်ကြီး ဖြစ်ပေထသော။ သတ္ထာ၊ နတ်လူဗြဟ္မာ သတ္တဝါအပေါင်း လမ်းကြောင်းညွှန်ရာ မြတ်စွာသည်။ အာဂတော၊ ရွှေစောင်းတန်းအသွယ်သွယ် ငွေစောင်းတန်းအသွယ်သွယ် ပတ္တမြားစောင်းတန်းက အလယ် နတ်ဗြဟ္မာ တင့်တယ်ခြံရံလျက် တာဝတိံသာ နတ်သစ်နန်းမှ သင်္ကဿ လူ့ဌာနသို့ မြန်းကြွတော်မူခဲ့ပါပေသည်တကား။
၂၃။ “မလွှဲသာ ခွဲခွာရပေမဲ့”
ဝန္ဒာမဟံ မဟာဝီရ၊ ဣဒံ ပစ္ဆိမဒဿနံ။
သစေ ဒေါသံ ခမာပေဟိ၊ ဂစ္ဆာမိ ကရုဏာကရ။
မဟာဝီရ၊ မြတ်သောလုလ္လ ဝီရိယနှင့် မုချအုံလုံ ပြည့်စုံတော်မူသည့် အရှင်မြတ်ကြီးဘုရား။ မေ၊ အရှင့်ထံပါး ခွဲခွာသွားရန် အကြောင်းကံဟုန် ကြုံလာခဲ့ရ တပည့်တော်မ၏။ ဣဒံ ဒဿနံ၊ ယခုတွင် အဦးတင်၍ ဖူးမြင်လိုက်ရခြင်းသည်။ ပစ္ဆိမဒဿနံ၊ နောင်သောအခါ ဘယ်မှာတဖုံ ပြန်ဆုံတွေ့ရန် ကြောင်းကံတစိ မရှိလုံးလုံး နောက်ဆုံးအနေ ဖူးလိုက်ရခြင်းပါပေတည်း။ အဟံ၊ သိန်းစကြာ ကာက ဆယ်ပါရမီ တူညီဖြည့်ဖက် မပျက်စိတ်စဉ် အရှင်နှင့်သာ မကွာအဖော် ဘုရားတပည့်တော်မသည် ဝန္ဒာမိ၊ ကြည်ညိုလွှမ်းပတ် သဒ္ဓါဓာတ်ဖြင့် ရွက်ချပ်အစုံ ကြာပဒုံသို့ ဘယ်စုံလက်-
စာမျက်နှာ-20
ချောင်းရို ညွတ်ပျောင်းလျက် ဦးခေါင်းညွှတ်ကာ ရှိခိုးကန်တော့လိုက်ပါ၏ ဘုရား။ မေ၊ ဘုရားတပည့်တော်၏အပေါ်၌။ ဒေါသံ၊ ကာယဝစီ မနောချီလျက် သုံးလီမှန်စွာ ပြစ်ဒေါသသည်။ သစေ အတ္ထိ၊ တစိုးတစိ အကယ်၍များ ရှိခဲ့အံ့။ ကရုဏာကရ၊ သတ္တဝါများ ရင်ဝယ်သားသို့ မခြားမှန်စွာ ကရုဏာများလတ် အရှင်မြတ်သည်။ ခမာပေဟိ၊ အပြစ်မဲ့ရေး ထောက်မျှော်တွေးလျက် မနှေးလျှင်စွာ သည်းခံတော်မူပါဘုရား။ အဟံ၊ တပည့်တော်မသည်။ ဂစ္ဆာမိ၊ ဝဋ်ကင်းရာမှန် မြတ်နိဗ္ဗာန်သို့ အမှန်မသွေ သွားရောက်ပါတော့မည်ဘုရား။
၂၄။ သင်တို့တွက်တာ ကောင်းဘို့ရာ
တာရကာ ဝိယ စက္ခုနိ၊ မံသာနိ စ မဟာပထဝီ။
လောဟိတံ သမုဒ္ဒကံ၊ အဋ္ဌီ သိနေရုသဒိသံ။
ဧတာဒိသံ စဇိတွာန၊ ပူရေသိ ဒသပါရမီ။
ကာရုဏိကော၊ သတ္တဝါဝေနေ များဗိုလ်ခြေတို့ ကယ်မည့်သူဝေး ဘေးတွေက ဝိုင်းအုံ ရန်ဆူးတွေအစုံစုံမို့ ကြင်နာပုံအရေး ရွှေဉာဏ်တော်မျှော်တွေးလျက် ကိုယ့်အရေးကိုယ့်အရာလို မဟာကရုဏာတွေ လွန်စွာပိုလှစွာသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ သတ္တာနံ တာရဏတ္ထာယ၊ သံသရာတမျောမျောနှင့် အတောမသတ် ဒုက္ခထပ်လျက် ဖိကြပ်ပေရေ သတ္တဝါတွေကို ခေမာသောင်ကမ်း နိဗ္ဗာန်နန်းသို့ ဖြောင့်တန်းလွယ်ကူ ပို့ဆောင်တော်မူခြင်းငှာ။ တာရကာ ဝိယ စက္ခုနိ၊ ဟိုထက်ကောင်းကင် ဘော်ကြယ်စင်သို့ တွက်လျှင်မရ မြောက်မြားလှသည့် မျက်လုံးတော်အစုံတို့ကို၎င်း။ မဟာပထဝီ မံသာနိ စ၊ နှစ်သိန်းလေးသောင်း ထုပေါင်းများတည် မဟာပထဝီသို့ တွက်ညီများပြား ကိုယ်အသားတော်တို့ကို၎င်း။ လောဟိတံ သမုဒ္ဒကံ၊ သမုဒ္ဒရာရေ မကလေသည့် နီနီတွေးတွေး ကိုယ်အသွေးတော်တို့ကို၎င်း။ အဋ္ဌီ သိနေရုသဒိသံ၊ မြင့်မိုရ်တောင်မင်း ကမလျှင်းသည့် အတွင်းတည်မျိုး ကိုယ့်အရိုးတော်တို့ကို၎င်း။ စဇိတွာန၊ နှမြောမတွန့် ရက်ရက်စက်စက်ကြီး စွန့်လျက်သာလျှင်။ ပါရမီ၊ ဘုရားဖြစ်ရန် အကြောင်းခံဟု ဆယ်တန်စုံညီ ပါရမီတော်တို့ကို။ ပူရေသိ၊ မဆုတ်မနစ် အားသစ်လုလ္လ ဝါယာမဖြင့် နေ့ညမသွေ ပြုစုဆည်းပူးတော်မူခဲ့ပါပေသည်တကား။
စာမျက်နှာ-21
၂၅။ “ဗုဒ္ဓဂုဏ်ရည်”
သမ္ဗောဓိတော ကာရုညေန၊ နာထော ပရတ္ထမာဝဟ။
ကရောပဃာတ နိဗ္ဗာနံ၊ ဩသ ဒုက္ကရံ ကရံ။
(အရှင်ဇနကာဘိဝံသ ဆရာတော်၏ “ဘာသာသွေး” မှ)
နာထော၊ ငါ၏ကိုးကွယ် ငါ့ကိုကယ်၍ ငါ့နှယ်မခြား နတ်လူအများတို့၏ ကိုးစားရာသခင် ဘုရားရှင် ကိုတော်မြတ်ကြီးသည်။ ကာရုညေန၊ သတ္တဝါခပင်း ဆင်းရဲခြင်းကြောင့် ပြင်းပြလှစွာ မဟာကရုဏာတော်သည်။ သမ္ဗောဓိတော၊ မခံသာအောင် ဖန်ခါထပ်ထပ် တိုက်တွန်းနှိုးဆော်အပ်သည်ဖြစ်၍။ ကရောပဃာတ နိဗ္ဗာနံ၊ လက်လှမ်းမီလောက် ခရီးပေါက်လျက် မျက်မှောက်ပြုရန် မြတ်နိဗ္ဗာန်ကို။ ဩသ၊ အလွယ်တကူ လှမ်းထား၍ စဉ်းစားရန်ပင် အလွန်ခဲယဉ်းလှစွာသော ပါရမီဖြည့်မှု အစုစုတွေကို။ ကရံ ကရောန္တော၊ လေးသင်္ချေကိန်း ကပ်တသိန်း ထိန်းသိမ်းဆင့်ဆင့် ပြုကျင့်တော်မူလျက်။ ပရတ္ထံ၊ သတ္တဝါအများ ချမ်းသာပွားဖို့ တရားဖြင့်အေး ကြီးပွားရေးကို။ အာဝဟော၊ ကိုယ်ဆင်းရဲမှု လစ်လျူပြုလျက် အမှုပါအောင် ဆောင်ရွက်တော်မူခဲ့ပါပေသည်တကား။
၂၆။ မိန်းမသာ န တာ ဧကဿ
န တာ ဧကဿ နန္ဒန္တိ၊ အာပဏောဝ ပသာရိတော။
ယော တာ မယှန္တိ မညေယျ၊ ဝါတံ ဇာလေန ဗန္ဓယေ။
တာ ဣတ္ထိယော၊ မာယာတသိန်း အပလိန်းအနန္တ ပလီလှသည့် တံ့စရာ့သတ္တဝါ ‘မ’ ဆိုတဲ့ ‘မ-မာယာ’ ရှိသည်။ န ဧကဿ၊ ဦးဦးမြတ်မြတ် တဦးတည်းသတ်မှတ်၍ အတတ်နိုင်နိုင် တဦးတည်းပိုင် မဟုတ်ပါပေ။ ပသာရိတော၊ လမ်းလေးခွဝယ် ဖြန့်ချထားရာ ဈေးဝယ်လာသမျှ ဝယ်ပါဗျ ဝယ်ပါရယ် ပယ်ပါအစ်မတို့က ဝယ်သူသာလျှင် ဆွယ်ပြု၍ရအောင် တသသ ပြာတမူလင်းလိုမို့ အကျအနချကာ ခင်းထားအပ်သော။ အာပဏော ဝ၊ အကုန်ပေးတဲ့ ဘုံဈေးကဲ့သို့။ ဘိ၊ တွေးတောကာ-
စာမျက်နှာ-22
သံသယမဝင်လေနှင့်တော့ ငေးမောစရာ ဟန်ပြတဲ့ သခင်မတွေမို့ ဧကန္တ ဖြစ်ပါပေသတည်း။
ယော ပုရိသော၊ မိုက်မိုက်မှားမှား မစဉ်းစားဘဲ ယောက်ျားဆိုတဲ့ သတ္တဝါသည်။ တာ ဣတ္ထိ၊ မာယာတသိန်း အပလိန်း အနန္တ ပလီလှသည့် တံ့စရာ့သတ္တဝါ မဆိုတဲ့ မ-မာယာတို့ကို။ မယှန္တိ မညေယျ၊ ငါသာဆိုင်သည့် တဦးတည်းပိုင်သက်ထား ချစ်မယားဟူ၍ မှား၍ စိတ်တွင် စွဲမှတ်ထင်ငြားအံ့။ သော၊ မိုက်တိမိုက်မှား ထိုယောက်ျားသည်။ ဝါတံ၊ လေကို။ ဇာလေန၊ ပိုက်ကွန်ဖြင့်။ ဗန္ဓေယျ ယထာ၊ လေဖမ်းကာ ဝါးတလက်နှင့် ချည်သလိုပေါ့ ဒါကြောင့် ပျော်ခန်းမဟာ အဆန်းအပလီတွေ မူးပြီးလျှင်သော် အရူးကြီးတွေ ဖြစ်ကြလေကုန်သတည်း။
၂၇။ “စိတ်၏စေရာ”
ဒုရင်္ဂမံ ဧကစာရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။
ဒုရင်္ဂမံ၊ ဝေးနီးစကြဝဠာ ကမ္ဘာမိုးမြေခြားကွာပေလည်း သွားစေလိုရာဌာနသို့ ခဏချက်ချင်း လက်ငင်းမကွာ ယခုပင် သွားလာနိုင်ထသော။ ဧကစာရံ၊ အဖော်မပါ တကိုယ်တည်းသာ သွားလာနိုင်ပေထသော။ အသရီရံ၊ လုံးရပ်ပုံဟန် သန္တာန်နမူနာဟူ၍လည်း မရှိထသော။ ဂုဟာသယံ၊ ဟဒယဝတ္ထုဆိုတဲ့ လိုဏ်ဂူဝယ် စံပယ်ခိုအောင်း၍ နေတတ်သော။ စိတ္တံ၊ ရူပါရုံနှင့်တွေ့တော့ ရူပတဏှာ ရူပကိလေသာ၊ သဒ္ဒါရုံနှင့်တွေ့တော့ သဒ္ဒတဏှာ သဒ္ဒကိလေသာ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗရုံ၊ ဓမ္မာရုံ၊ အာရုံတွေနှင့်ကိုင်းတိုင်း မဆိုင်းမတွ ကိလေသာဓမ္မတွေ ယိုဖိတ်တတ်တဲ့ ထိုသည့် စိတ်ကလေးကို။ ယေ၊ အကြင် သမထ ဝိပဿနာ တောမှီယောဂီပုဂ္ဂိုလ်တို့သည်။ သံယမေဿန္တိ၊ သမထ ဝိပဿနာ ပညာထိန်းခြုံ စောင့်ရှောက်နိုင်ကုန်၏။ တေ၊ ထိုယောဂီတို့သည်။ မာရဗန္ဓနာ၊ တထောင့်ငါးရာ ကိလေသာမာရ်မင်း နှောင်ဖွဲ့ခြင်းမှ။ မောက္ခန္တိ၊ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာတွေဖြစ်လို့မို့ စင်စစ်မကွာ လွတ်မြောက်တော်မူကြလေကုန်သတည်း။
ဆောင်ပုဒ်။ အဝေးသို့သွား၊ တပါးတည်းလည်၊ ကိုယ်ထည်မရှိ၊ ဂူအောင်းဘိ၊ စိတ်၏ခြင်းအရာ။
စာမျက်နှာ-23
၂၈။ “သာဝသံ-မြတ်မာဆုပေး”
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညခေတ္တံ အနုတ္တရံ။
တေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောန္တု သဗ္ဗဒါ။
လောကေ၊ လောကသုံးခွင် ဘုံအပြင်၌။ ဗုဒ္ဓေါ၊ သစ္စာလေးတန် တရားမှန်ကို ဧကန်သိမြင် ဘုရားရှင်သည်။ သဗ္ဗပါဏိနံ၊ ယုတ်ယုတ်မြတ်မြတ် မလတ်ပိုင်းခြား ခပ်သိမ်းသော သတ္တဝါများ၏။ ဟိတာယ၊ လောကုတ္တရာ လောကီ နှစ်လီတိုးပွား အကျိုးများစိမ့်သောငှာ။ သမုပ္ပန္နော၊ ဥဒည်တောင်စွန်း နေစက်ဝန်းသို့ လန်းလန်းစွင့်ကာ ပွင့်လန်းပေါ်ပေါက်တော်မူပါပေသည်တကား။
(သာဓု သာဓု သာဓု)
လောကေ၊ ပ-၌။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ်သည်။ သဗ္ဗပါဏိနံ၊ ပ-ရှိ၏။ သုခါယ၊ လောကုတ္တရာ လောကီ နှစ်လီချမ်းသာ ပွားစေခြင်းအကျိုးငှာ။ သမုပ္ပန္နော၊ ပ-တကား။
(သာဓု သာဓု သာဓု)
လောကေ၊ ပ-၌။ သံဃော၊ သုပ္ပဋိပန္နော အစလာသည့် ကိုးဖြာသော ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော သံဃာတော်အရှင်မြတ်သည်။ အနုတ္တရံ၊ နှိုင်းတုစရာ ဘယ်ကမ္ဘာမှ ရှာမရအောင်။ ပုညခေတ္တံ၊ တကြိမ်စိုက်က ကောင်းကျိုးအနန္တ အမှန်ပမုဒိတ ဖြစ်စေနိုင်သော လယ်ယာမြေကောင်းသဖွယ် ဖြစ်အောင်။ သမုပ္ပန္နော၊ ပ-တကား။
(သာဓု သာဓု သာဓု)
စာမျက်နှာ-24
ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်မြတ်သစ္စာကို သံသာနှုတ်ချို မိန့်ဆိုရသောကြောင့်။ တေ တုမှာကံ၊ တရားနာပရိသတ်အပေါင်း သင်သူတော်ကောင်းတို့အား။ သဗ္ဗဒါ၊ နေ့ရောညပါ ဘယ်ခါမလတ် အထပ်ထပ်သာလျှင်။ သောတ္ထိ၊ ကိုယ်စိတ်နှစ်ဖြာ ဘယာမတွေ့ ချမ်းမြေ့ကြည်သာခြင်းသည်။ ဟောန္တု၊ ရတနာသုံးစုံ တန်ခိုးဂုဏ်ကြောင့် လုံးစုံမသွေ ဖြစ်ကြပါစေကုန်သတည်း။
(စကားမှာ။ ။ဤသို့ သစ္စာဆို၊ မေတ္တာပို့ပြီးနောက် ဆက်၍)
ဘုရားရတနာ တရားရတနာ သံဃာရတနာဟု ဆိုအပ်သော ရတနာအထွတ်အမြတ် သုံးပါးတို့သည် လောကသားတို့၏ အကျိုးစီးပွား ချမ်းသာများစေရန် အလို့ငှာ ဖြစ်ထွန်းပေါ်ပေါက်တော်မူကြကုန်၏။ လောကသားတို့၏ အကျိုးစီးပွားအလို့ငှာ ဖြစ်ထွန်းပေါ်ပေါက်တော်မူကြကုန်သော ဘုရားရတနာ တရားရတနာ သံဃာရတနာဟု ဆိုအပ်သော ရတနာသုံးပါးတို့အား ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ အတန်တန် ကန်တော့ကြရသော ရတနတ္တယပဏာမ ဂါရဝကုသိုလ်ကံ စေတနာတို့ကြောင့် ခပ်သိမ်းဘေးဒဏ် ရန်မာန်အသွယ်သွယ် အန္တရာယ်ဟူသမျှတို့သည် ပိန်းကြာဖက်တွင် ရေမတင် လျှောကျသကဲ့သို့ ကင်းစင်ပပျောက်ကြကုန်လျက် မရသေးသော စည်းစိမ်ဥစ္စာ ရတနာ ရာထူးဂုဏ်သိန်တို့ကို ရရှိခြင်း၊ ရပြီးသော စည်းစိမ်ဥစ္စာရတနာတို့သည် တနေ့တခြား တက်နေလားသို့ တိုးပွားရင့်သန်ကြကုန်သည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ဝဋ်ဘဝတိုတိုနှင့် ရလွယ်ရောက်လွယ်နိုင်ကြသည် ဖြစ်စေကုန်သတည်း။
“ဗုဒ္ဓပီတိ နှိုင်းသိမမြင်”
၂၈။ ဗုဒ္ဓေါတိ ကိတ္တယန္တဿ၊ ယေ ဘဝတိ ယာ ပီတိ။
ဝရမေဝ ဟိ သာ ပီတိ၊ ကသိဏေနာပိ ဇမ္ဗူဒီပဿ။
၂၉။ ဓမ္မောတိ ကိတ္တယန္တဿ၊ ကာယေ ဘဝတိ ယာ ပီတိ။
ဝရမေဝ ဟိ သာ ပီတိ၊ ကသိဏေနာပိ ဇမ္ဗူဒီပဿ။
၃၀။ သံဃောတိ ကိတ္တယန္တဿ၊ ကာယေ ဘဝတိ ယာ ပီတိ။
ဝရမေဝ ဟိ သာ ပီတိ၊ ကသိဏေနာပိ ဇမ္ဗူဒီပဿ။
စာမျက်နှာ-25
ဗုဒ္ဓေါတိ၊ ဘုရား-ဘုရားဟူ၍။ ကိတ္တယန္တဿ၊ နှုတ်မှဖွင့်ကာ စိတ်ပါလက်ပါ ရွတ်ဆိုလိုက်ရသောသူ၏။ ကာယေ၊ ကိုယ်၌။ ပီတိ၊ အကြင်နှစ်သက်ဝမ်းသာ ပီတိဖြာခြင်းသည်။ ဘဝတိ၊ ဘုရားအာရုံ ကိုယ်လုံးခြုံသဖြင့် အဟုန်လျင်စွာ ဖြစ်ပေါ်လာပေ၏။ သာပီတိ၊ ထိုပီတိသည်။ ကသိဏေနာပိ ဇမ္ဗူဒီပဿ၊ ဇမ္ဗူဒိပ်မြေပြင် ကျွန်းအပြင်၌ ဘုရင်လုပ်မိုး အုပ်ကာစိုးသော မင်း၏ စည်းစိမ်ချမ်းသာအကုန်လုံးထက်။ ဝရမေဝ ဟိ၊ ဘုရားမြတ်ဂုဏ် လွှမ်းပတ်ခြုံသဖြင့် လောကီဂုဏ်နှုတ် အောက်တွင်မြုပ်၍ လောကုတ္တရာဂုဏ်ကသာလျှင် မှန်စွာမသွေ မြင့်မြတ်တော်မူလှပါသတည်း။
ဓမ္မောတိ၊ တရား-တရားဟူ၍ ၊ပ။ သံဃောတိ၊ သံဃာ-သံဃာဟူ၍ ၊ပ၊ (ဆက်ဆိုတတ်ပါစေ။)
၃၁။ “ကိုယ် ကို စစ်တမ်းထုတ်”
ပုဗ္ဗေဟံ ကမ္မကာနိ၊ ပမောဒိတွာန စေတသာ။
ဣဒါနိ သကကိစ္စာနိ၊ ကရောမောဒါမိ သာသနေ။
အဟံ၊ သံသာဝဋ်နှောင် ကရွတ်တောင်မှ လွတ်အောင်ရုန်းရန် စိတ်မသန်ဘဲ၊ ခြွေရံသင်းပင်း ဇာတ်စုံခင်း၍ ပျော်ပါးရင်းသာ အချိန်ကြာလျက် သံသာဝဲထဲ တဝဲလည်လည် ကြာရှည်နှေးသည့် ငမိုက်သားသည်။ ပုဗ္ဗေ၊ ဘယ်ကဘယ်ခါ စခဲ့ပါဟု မြတ်စွာဗုဒ္ဓ ကိုယ်တိုင်မှလျှင် မြွက်ဟဖို့ရန် အခက်ဖန်သည့် သံသရာစက် အနမတဂ္ဂ၌။ ဒါသကမ္မကာနိ၊ တဏှာသခင် အရှင်ထင်လင်း ကျွန်ရာသွင်းသည့် စေခြင်းတမန် အဖန်ဖန်ထွေပြား မယားကိစ္စ သားကိစ္စနှင့် များလှထွေထွေ အမှုတွေကို။ ပမောဒိတွာန စေတသာ၊ တပြုပြီးပြီး တဟီးဟီးနှင့် မငြီးမငြာ ပျော်တော်မူသော စိတ်ဖြင့်။ အကရိံ၊ မောမှန်းပမ်းမှန်း မသိကန်းဖြင့် အစွမ်းရှိသမျှ နေ့ညမအား တဖားဖားဖြင့် ကြိုးစားအားထုတ်လာခဲ့လေပြီ။ ဣဒါနိ၊ ဉာဏ်ရောင်တချက် လက်ကနဲရသည့် သာသနာချိန်ခါ ကြုံလာခဲ့ရသောအခါ ယခုအခါ၌။ သကကိစ္စ၊ ကိုယ်ရေးတွက်တာ ကိုယ်ကိစ္စအပါအမှန် နိဗ္ဗာန်နန်းသို့ တန်းသွားရန် အလို့လာကာ သာသနာမှု ကိုယ်ကိစ္စအစုစုတို့ကို။ ကတ္တာ၊ အားတက်စိုက်၍-
စာမျက်နှာ-26
နှစ်ခြိုက်ကြည်သာ ပြုလုပ်၍သာလျှင်။ သာသနေ၊ ဗုဒ္ဓုပ္ပါဒ နဝမဟု ကြုံရခဲစွာ သာသနာခေတ်အခါကြီး၌။ ဝါ၊ သာသနေ၊ သံသာစခန်း ခရီးကြမ်း၌ ဟိုက်နွမ်းနေငြား လူအများကို တန့်နားတည်းခို အေးရိပ်ပိုသည့် ညောင်ညိုစခန်း သာသနာဆိုတဲ့ ရိပ်သာကွန်း၌။ မောဒါမိ၊ တရားပျော်မွေ့ သူတော်လေ့ဖြင့် ချမ်းမြေ့ကြည်သာ ရိပ်ကွန်းခိုရပါတော့မည်တကား။
၃၂။ သေမင်းနှင့် နွားကျောင်းသား
ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။
ဘောန္တော၊ သနားမဖက် တရားဖျက်၍ ရိုက်နှက်ပုတ်မောင်း နွားကျောင်းသားသည်။ ဒဏ္ဍေန၊ သစ်သားကြိမ်နွယ် သွယ်သွယ်များဖြင့် ဒုတ်နှင်တန်ဖြင့်။ ဝါ၊ ဒဏ္ဍေန၊ နွားကိုရိုက်ရန် တမင်ဖန်သည့် နကန်ခေါ်သည့် ကြိမ်ဒုတ်ဖြင့်။ ဂါဝေါ၊ သူပြုသမျှ နုကြရသည့် သနားစရာ နွားဆိုတဲ့ သတ္တဝါတွေကို။ ဂေါစရံ၊ နွားစားကျက်သို့။ ပါဇေတိ၊ ရိုက်ကာပုတ်ကာ ညဉ်းပမ်းကာဖြင့် မှန်စွာမသွေ ပို့ဆောင်သကဲ့သို့။ ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ ဇရာ စ၊ ဆံဖြူသွားကြွေ သားရေယိုယွင်း အိုခြင်းဆိုတဲ့ ဇရာတရားသည်၎င်း။ မစ္စု စ၊ ခန္ဓာပျက်ကြွေ သေခြင်းဆိုတဲ့ မရဏတရားသည်၎င်း။ ပါဏိနံ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ခပ်သိမ်းဥဿုံ လုံးစုံများစွာ သတ္တဝါတို့၏။ အာယုံ၊ ရုပ်နာမ် ၂ ထွေ အသက်ဆိုတဲ့ ဇီဝိတိန္ဒြေကို။ ပါဇေန္တိ၊ သုသာန်တစ သင်းချိုင်းဝသို့ မကျကျအောင် ပို့ဆောင်၍ နေလေသည်တကား။
၃၃။ သေမင်းနှင့်ပြိုင် သူ့နိုင်သူမရှိ
မစ္စုနာ သကရံ နတ္ထိ၊ လဥဂ္ဂဟော န ဝိဇ္ဇတိ။
ယုဒ္ဓံ နတ္ထိ ဇယော နတ္ထိ၊ သဗ္ဗေ မရဏပရာယနာ။
မစ္စုနာ၊ အင်အားကြီးခြင်း ရှင်သေမင်းနှင့်။ သကရံ၊ ဤနေ့ဤရက် ဤမနက်မှ သေပျက်ပါရစေဟု ချိန်းချက်၍ ထားရခြင်းသည်။ နတ္ထိ၊ မည်သည့်ကမ္ဘာမှာ မည်သည့်သတ္တဝါမျှ မရှိရိုးဓမ္မတာ အမှန်ပါပေတည်း။
စာမျက်နှာ-27
လဥဂ္ဂဟော၊ လွတ်လေအောင် အကျိုးဆောင်၍ တံစိုးလက်ဆောင် ပေး၍ရခြင်းသည်လည်း။ န ဝိဇ္ဇတိ၊ မရှိဧကန် လူတိုင်းမှန်လှပါပေ၏။ ဇယော၊ ရှင်သေမင်းကို ရန်တင်းဘယ်မူ အောင်နိုင်သောသူသည်လည်း။ နတ္ထိ၊ အများမဟာ ဘုရားဘဂဝါသော်မှ မလွတ်ကင်းသာ ဇွတ်အတင်း ပါသွားရရှာသေးသမို့ ဘယ်သူမှ လွတ်ကင်းရိုးမရှိပါပေ။ သဗ္ဗေ၊ ရှိရှိသမျှ ပုပုရွရွ ငယ်ငယ်ရွယ်ရွယ် လတ်လတ်မျိုးဇာတ် သိမ်းခြုံအလုံးစုံသော သတ္တဝါတို့သည်။ မရဏပရာယနာ၊ သေမင်းထံရင်း ဝပ်ကာစင်း၍ သေမင်းနိုင်ငံ၌သာ လဲလျောင်းခိုအောင်းကြရလေကုန်သည်တကား။
၃၄။ စေစေ တွေး ရေးရေးပေါ်
အာကိဏ္ဏ မစ္စုသေနာနံ၊ အဇ္ဇ သွေဝ ဝိနာသိနံ။
အဒ္ဓါ ပဟာယ ဂါမီနံ၊ ကော မမ ပမာဒဝိဟာရိနာ။
ဘောန္တော၊ နေ့တိုင်းနေ့တိုင်း အမေ့လှိုင်းကြောင့် မှိုင်းဝင်ကာ မေ့ဆေးရှာ၍ မေ့စရာနော် မေ့ဆေးဖော်စား အိုလူများတို့။ တုမှေ၊ အမေ့ထိပ်သီး မေ့ဆေးကြီးကို အပြီးဖော်ကာ စားသုံးကာနှင့် သံသာနောင်ရေး မတွေးမမြင် မေ့ဆေးဝင်၍ တွင်တွင်မေ့မူး မေ့ဆေးရူးနေကြကုန်သော သင်တို့သည်။ ဣဒါနိ၊ တရားဓမ္မ ဒုလ္လဘကို ကြားရချိန်ခါ ယခုလိုသမယာ၌။ ပဿထ၊ ကိုယ်၏ဖြစ်အင် အကြောင်းစဉ်ကို ဆင်ခြင်စဉ်းစား သတိထား၍ ကြည့်စမ်းကြည့်လိုက်ကြစမ်းပါဦးလော့။ အာကိဏ္ဏ မစ္စုသေနာနံ၊ အင်အားကြီးလှသော ရှင်သေမင်းက ချက်ချင်းသတ်မည် တပ်ခင်းလည်၍ မာန်သုန်သုန် အဝိုင်းခံရပုံကို၎င်း။ အဇ္ဇ သွေဝ ဝိနာသိနံ၊ ယနေ့လေလား နက်ဖြန်လားဟု ထင်ရှားပိုင်ပိုင် မသိနိုင်ဘဲ စိုးပိုင်မရ ရင်ကိုမ၍ ရမည့်အရေး တတွေးတွေးနှင့် မအေးလေ စိတ်မချသည့် ကိုယ့်ဘဝကို၎င်း။ အဒ္ဓါ ပဟာယ ဂါမီနံ၊ ဘယ်လိုပြု၍ ကောင်းမှုစီရင် ကောင်းအောင်ပြင်လည်း ကောင်းချင်သည့်တာ မဖြစ်ပါဘဲ မှန်စွာပျက်ကြွေ သေပွဲဝင်ရမည် ဖြစ်ပေထသော။ မေ-မမ၊ ငါ့အား။ ပမာဒဝိဟာရိနာ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေသည့်ဟန်ဖြင့်။ ကော၊ အကျိုးမပြီး အချည်းနှီးသာပါတကား။ (ဝါ) သံသရာတခွင်မှာ အဖန်ဖန်အခါခါ အဟံ ကြာဆွဲခဲ့မိသမို့ အမတဓမ္မ ဓလေ့သဘောတွေနှင့် ဝေးခဲ့ပေပေ၊ စေ့စေ့တွေးမှ ရေးရေးပေါ်၍ လာပေတော့သည်တကား။
စာမျက်နှာ-28
၃၅။ အချိန်ရှိခိုက် လုံ့လစိုက်
အပ္ပမတ္တာ သဒါ ဟောထ၊ ဇာနာထ သင်္ခါရဓမ္မတံ။
သကိစ္စ မနုယုဉ္စဝေါ၊ နတ္ထိ မစ္စုနာ သကရံ။
ဘောန္တော၊ နှလုံးပျော့ပျောင်း အိုသူတော်ကောင်းတို့။ သင်္ခါရဓမ္မတံ၊ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တဖုံဆင်ကွဲ ဆင်တန်ဖြင့် ဖြစ်မြဲတံထွာ ရုပ်နာမ်ဓမ္မတို့၏ ဓမ္မတာကို။ ဇာနာထ၊ ကိုယ်စီကိုယ်ငှ အဇ္ဈတ္တဝယ် ဉာဏစက္ခု မြှော်ထောက်ရှုလျက် ယခုပင်လျှင် သိထင်မြင်အောင် တွင်တွင် ကြိုးကုတ်အားထုတ်လိုက်ကြပါကုန်လော့။ ဇာနာထ၊ ကိုယ်စီကိုယ်ငှ အဇ္ဈတ္တဝယ် ဉာဏစက္ခု ဉာဏ်ရှု၍ ယခုပင်လျှင် သိထင်မြင်အောင် တွင်တွင် ကြိုးကုတ်အားထုတ်တော်မူကြကုန်ပြီး၍။ အပ္ပမတ္တာ၊ အပ္ပမာဒတရား လက်ကိုင်ထားကြကုန်လော့။ ဝါ၊ အပ္ပမတ္တာ၊ ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ ဂရုကကြိုး လုံ့လရှိသည့် အပ္ပမာဒတရား လက်ကိုင်ထားကြကုန်လော့။ ဝါ၊ “မမျှော်လင့်ဘဲ ဗြုန်းကနဲ နာလဲနာတတ်၏၊ မမျှော်လင့်ဘဲ ဗြုန်းကနဲ သေလဲသေတတ်၏၊ မမျှော်လင့်ဘဲ ဗြုန်းကနဲ ငိုလဲငိုရ၏၊ မမျှော်လင့်ဘဲ ဗြုန်းကနဲ ပူလဲပူတတ်၏၊ မမျှော်လင့်ဘဲ ဗြုန်းကနဲ ကွဲလဲကွဲတတ်၏” ဟု သိသိလှိုက်လှဲ စိတ်ဝယ်စွဲကြကုန်လော့။ ဟောထ၊ ဖြစ်ကြပါကုန်လော့။
နော၊ တဏှာမာရ်ညွတ် ခန္ဓာဝဋ်မှ လွတ်ရန်ရည်ချွေတို့တတွေအား။ (ဝါ) တဏှာတည်းဟူသော မာရ်မင်း သံသရာဝဋ်အတွင်းမှ လွတ်ကင်းရန် ရည်ချေတို့တတွေအား။ မစ္စုနာ သကရံ၊ မစ္စုမည်လှင် ရှင်သေမင်းနှင့် အတွင်းကြိတ်ပူး မိတ်ရည်နူးလျက် နှစ်ဦးနှစ်ဖက် ချိန်းကာချက်၍ ဤရက်ကာမူ သေအံ့ဟူ၍၊ ဤနေ့ကာမူ သေအံ့ဟူ၍၊ ဤလခါမူ သေအံ့ဟူ၍ သဘောတူ ချိန်းချက်ထားရခြင်းသည်။ နတ္ထိ၊ မရှိဧကန် လူတိုင်းမှန်လှပါပေကုန်၏။ တသ္မာ၊ ထို့ကြောင့်။ သကိစ္စာ၊ ခုဝတ္တမာန် ပစ္စုပ္ပန်နှင့် တမလွန်နောက်နှောင်း တောက်လျှောက်ကောင်းအောင် ရွယ်ကြောင်းဆုပန် စိတ်ရည်သန်သည့် နှစ်တန်သောကာလ ဓမ္မစီးပွား ကိုယ့်ကိစ္စများကို။ အနုယုဉ္စဝေါ၊ ယခုပင်လျှင် မအိုခင်က၊ ယခုပင်လျှင် မနာခင်က၊ ယခုပင်လျှင် မသေခင်က ကြိုတင်၍သာ ပွားများအားထုတ်တော်မူကြကုန်ရာသတည်း။
စာမျက်နှာ-29
၃၆။ “ငါဘုရားက လမ်းပြသူသာ”
အက္ခာတော ဝေါ မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။
တုမှေဟိ ကိစ္စံ အာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။
ဘိက္ခဝေ၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ အေးကိန်းမှန်ရာ နိဗ္ဗာန်သို့ မှန်စွာရောက်လို အေးရိပ်ခိုမည် မဂ်ဖိုလ်လိုလား အိုချစ်သား ချစ်သမီးတို့။ သလ္လကန္တနံ၊ လောဘ ဒေါသ မောဟကိလေ များထုံသင်းပင်း တသင်းကို ပယ်ရှင်းသတ်ဖြတ် အရဟတ္တမဂ်ဟု ခေါ်မှတ်အမှန် မဂ္ဂင်ဉာဏ်ကို။ အညာယ၊ သဗ္ဗညုတ ဗောဓိဉာဏ်ဖြင့် ဝေဖန်ပိုင်းခြား ပရိုင်းသားသို့ ဉာဏ်အားထင်ထင် သိမြင်တော်မူပြီး၍။ မယာ၊ လေးလီသစ္စာ ခိုင်ရွှေကြာကို မကြာခုပင် ပန်ဆင်လား ငါဘုရားသည်။ ဝေါ၊ ဒုက္ခခပ်သိမ်း ပမဂ်ဖိုလ်လိုလား သင်ချစ်သား ချစ်သမီးတို့အား။ မဂ္ဂေါ၊ နိဗ္ဗာန်သွားရန် အကျင့်မှန်သည့် လွန်စွာဖြောင့်တန်း မဇ္ဈိမပဋိပဒါလမ်းကို။ အက္ခာတော၊ ဤမှာစခန်း ဤမှာလမ်းနှင့် ကွန်းထောက်စရာ ဤနေရာဟု သိသာလွယ်ကူ လမ်းညွှန်ပြတော်မူခဲ့လေပြီ။ တုမှေဟိ၊ နိဗ္ဗာန်ချမ်းသာ အေးငြိမ်းရာ၌ အခိုဝင် နားနေချင်ငြား သင်ချစ်သား ချစ်သမီးတို့သည်။ ကိစ္စံ၊ ကျင့်သင့်ကျင့်ရန် အမှန်လိုအပ် တရားမြတ်ကို။ အာတပ္ပံ၊ အသားကြေကြေ အရေစုတ်စုတ် မဆုတ်စတမ်း အမြင့်မှန်း၍ ကြိုးပမ်းအားထုတ်ရမည်။ တထာဂတာ၊ သင်တို့ဆရာ ဘုရားသည်။ အက္ခာတာရော၊ ဤမှာစခန်း စသည် ညွှန်ပြရုံသာ ညွှန်ပြနိုင်ကုန်၏။ ပဋိပန္နာ၊ ကိုယ်နည်းကိုယ်ဟန် အကျင့်မှန်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြကုန်သော။ ဈာယိနော၊ ကိလေသာအလိုက် ပိုဒ်ဖြင့်တိုက်၍ လောင်မြိုက်စေတတ်သော သူတို့သည်။ မာရဗန္ဓနာ၊ ဒေဝပုတ္တ ကိလေသနှင့် ခန္ဓနှောင် မာန်မင်း၏ အချုပ်ထောင်မှ။ တိမ်စင်လနှယ် တင့်တယ်ရွှန်းပ လွတ်မြောက်ရစေကုန်သတည်း။
စာမျက်နှာ-30
၃၇။ ကိုယ်ကိစ္စ
ဥဒယဗ္ဗယံ သင်္ခါရံ၊ နိဗ္ဗိန္ဒိတွာန ပဏ္ဍိတော။
သကိစ္စံ မနုယုဉ္စယျ၊ မောဃကာလံ န ဒီပယေ။
ဘောန္တော၊ ဝိမုတ္တိခေတ် အခါစစ်၌ လူဖြစ်လာသိ ဉာဏ်ပွားသည့် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့။ ပဏ္ဍိတော၊ ရုပ်နာမ်ဓမ္မ သင်္ခါရ၌ အနိစ္စ ဒုက္ခ အနတ္တာဟု လက္ခဏာသုံးရပ် ဉာဏ်ဖြင့်စပ်၍ ဝိပဿနာ ဝင်နိုင်ပါမှ မှန်အဟုတ် ပညာရှိဟု သမုတ်အပ်သော သူတော်ကောင်းသည်။ ဥဒယဗ္ဗယသင်္ခါရေ၊ ဖြစ်ပျက်မစဲ တသဲသဲနှင့် အမြဲနေ့ည ပြောင်းလဲနေရသည့် ဥဒယဗ္ဗယဆိုတဲ့ သင်္ခါရဓမ္မတွေကို။ နိမ္မိန္ဒိတဗ္ဗေ၊ သံသရာဝဲ ကရွတ်ခွေ၌ စေရေနေ့နေ့ အချိန်တိုင်းတွေ့ရသဖြင့် ငြီးငွေ့ဖို့ ကောင်းလှလေပြီ။ နိဗ္ဗိန္ဒိတွာန၊ ငြီးငွေ့ကြကုန်ပြီး၍။ သကိစ္စံ၊ သားရေး သမီးရေး စီးပွားရေးနှင့် ရှုပ်ထွေးလှ သူ့ကိစ္စကို ခဏဖယ်ကာ ကိုယ်တွက်တာဟု ဘာဝနာ သီလ မြတ်ဒါနနှင့် သုံးဝပွားစီး ကိုယ်ကိစ္စကြီးကို။ အနုယုဉ္စယျ၊ ဃရာဝါသ သမ္မာနှင့် ကိစ္စများမြောင် လူတို့ဘောင်ဟု သေရှောင်ပယ်လှန် ဆင်ခြေကန်၍ အမှန်မသွေ မနေလိုက်ကြပါဘဲ သွားလျှင်လည်း ဆင်ခြင်၊ စားလျှင်လည်း ဆင်ခြင်၊ နေလျှင်လည်း ဆင်ခြင်၊ ထိုင်လျှင်လည်း ဆင်ခြင် တွင်တွင်ကြီး များများအားထုတ်လိုက်ကြကုန်ရာ၏။ မောဃကာလံ၊ စားကာ အိပ်ကာ ပျော်ရွှင်ကာနှင့် လိုရာမပြီး အချည်းနှီး ကာလတွေကို။ န ဒီပယေ၊ မကုန်လွန်ပါစေနှင့်။ (ဝါ) န ဒီပယေ၊ ဟိုနိဗ္ဗာန်ရွှေပြည် နန်းအမဆီသို့ အဓိဋ္ဌာန်ရည်မှန်းဆပြီးလျှင် စိတ်ကြံမကျ လှမ်းကြွနိုင်ကြပါစေကုန်သတည်း။
၃၈။ “ဘုရားမှာတမ်းတော်ကြီး”
မာ ပမာဒတ္ထ ဘိက္ခဝေ၊ ပစ္ဆာ ဝိပ္ပဋိသာရိနော။
မာ အဟုဝတ္ထ အယံ ဝေါ၊ အမှာကံ အနုသာသနီ။
ဘိက္ခဝေ၊ သံသရာဝဋ်စခန်းမှ ကျွတ်တမ်းကိုရည်မျှော် ပြည်တော်ကို ရော်ရမ်းလျက် မဂ်လမ်းကို တွင်တွင်ဖွင့်လိုကြကုန်သော အိုလူအပေါင်းတို့။ တုမှေ၊ နိဗ္ဗူကိုရည်ရော် ပြည်တော်ကို ရော်ရမ်းလျက်-
စာမျက်နှာ-31
မဂ်လမ်းကို တွင်တွင်ဖွင့်လိုကြကုန်သော သင်သူတော်စင်အပေါင်းတို့သည်။ မာ ပမာဒတ္ထ၊ မေ့မေ့လျော့လျော့ ပေါ့တော့တော့နှင့် သော့သော့သွင်ပြင် မနေချင်လိုက်ကြပါကုန်လင့်။ (ဝါ) ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗဟု ငါးဝအာရုံ ပေါင်းဆုံဓလေ့ ကြုံကာတွေ့သော် မေ့ကပျောကာ မောကာ မနေချင်လိုက်ကြပါကုန်လင့်။ သံ၊ ဤသို့ မေ့ကာ မောကာ မျောကာ နေကြကုန်သည်ရှိသော်။ ပစ္ဆာ၊ ဘေးရန်ကြုံ၍ ဆုံတွေ့ကြရာ နောင်သောအခါ၌။ (ဝါ) ဘုရား တရားမြေနှင့် အလကားဟေလိုနေပြီးမှ ဘေးရန်ကြုံ၍ ဆုံတွေ့ကြရာ နောင်သောအခါ၌။ ဝိပ္ပဋိသာရိနော၊ ဖြာဖြာပြီးသည်း အူလှိုက်မြူ နွမ်းဟိုက်ပင်ပန်းကြကုန်သည်။ မာ အဟုဝတ္ထ၊ မဖြစ်ကြပါစေကုန်လင့်။ အယံ ဝေါ၊ ယခုလို စေတနာတရားတွေ ဆုဆိုကာ ဝေနေယျာအများတို့ကိုလည်း ဒေသနာတရားမြိုက်ရေစင်ဖြင့် တိုက်စေတခွင်မှာ ကြည်ရွှင်ကြောင်းရယ်နှင့် မေတ္တာရေ စေ့ကလောင်းလိုက်ရခြင်းသည်။ အမှာကံ၊ သင်တို့တွက်တာ ကောင်းဖို့ရာဟု သင်္ချာသလွန်လေ တွက်ကိန်း ကပ်တသိန်းတိုင် ဆယ်ခိုင်ပါရမီ ငါးလီစာဂ စရိယ ၃-တန်ကို သူမတူတန်အောင် ဖြည့်ဆည်းလာခဲ့ရသော ငါဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့၏။ အနုသာသနီ၊ သင်တို့နောင်ရေး ကောင်းစွာအေးဖို့ မျှော်တွေးထောက်ဆ ကရုဏာဖြင့် မိန့်မှာတော်မူအပ်သည့် အသုံးကျစရာ အဆုံးအမဩဝါဒတော်ပါပေတည်း။
၃၉။ လသာတုန်း ဗိုင်းငင်
မာ ဝေါ ခဏံ ဝိရာဓေထ၊ ခဏာတီတာ ဟိ သောစရေ။
သဒတ္ထံ ဝါယမေယျာထ၊ ခဏော ဝေါ ပဋိပါဒိတော။
ဘိက္ခဝေ၊ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို ကြုံရာပြောင်း ကံတွေကောင်းသည့် အိုလူအပေါင်းတို့။ ဝေါ၊ ကံကောင်းထောက်မ လူ့ဘဝ၌ ဒုလ္လဘသာသနာ အချိန်ကို ကြုံပြန်လာ သင်ချစ်သား ချစ်သမီးတို့သည်။ ခဏံ၊ ကြုံခဲဘိတောင်း ယခုလို သာသနာအခါကောင်းကြီးကို။ မာ ဝိရာဓေထ၊ ချွတ်လွဲဖယ်ခွာ ပစ်သွားစေလိုက်ကြပါကုန်လင့်။ ခဏာတီတာ၊ စားကာ အိပ်ကာ ပျော်ရွှင်နှင့် လိုရာမပြီး အချည်းနှီးကာလကို ကုန်လွန်ကြကုန်သော သူတို့သည်။ သောစရေ၊ လူမိုက်နောက်မှ အ-ရ-
စာမျက်နှာ-32
ဟု နောင်တတဖန် ပူပန်တတ်ကြလေကုန်၏။ တသ္မာ၊ ထို့ကြောင့်။ သဒတ္ထံ၊ ကိုယ်ကျိုးစီးပွား ကိုယ့်အလုပ်များကို။ ဝါယမေယျာထ၊ မရလျှင် ငါမနေ သေပစေ စိတ်စွဲဖြင့် ကြိတ်ခဲအားထုတ်လိုက်ကြပါကုန်လော့။ ဝေါ၊ သင်တို့အား။ ခဏော၊ မြတ်နိဗ္ဗာန်သို့ ကန်ရောက်ကြောင်း အခွင့်ကောင်းကြီးသည်။ ပဋိပါဒိတော၊ သင်တို့မျက်မှောက် ကံကောင်းထောက်၍ ဆိုက်ရောက်နေပေပြီတကား။ (ဝါ) ပဋိပါဒိတော၊ လသာတုန်းတွင် ဗိုင်းကိုငင်ဖို့ ဒိုရှင်ပရမေ တိုက်တွန်းတော်မူလိုက်ပါပေသည်တကား။
၄၀။ မကြောက်တရား
အနာထာနဉ္စ သော နာထော၊ ဘီတာနံ အဘယံ ကရော။
ကင်္ခါ ဆေဒေါ ဗဟူနံ၊ သုခေတာ စက္ကဝတ္တကော။
စက္ကဝတ္တကော၊ ဘယ်လူဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တဝါ တစုံတယောက်မျှ ထွန်းထွန်းပေါက်ပေါက် မှန်မှန်ကန်ကန် ဟန်ဟန်ပန်ပန် တိတိကျကျ ပိုင်ပိုင်နိုင်နိုင် ဟောဖော်ပြသ ဆိုဆုံးမခြင်းငှာ မတတ်နိုင်သည့် ဓမ္မစကြာ အမြတ်ဆုံး ဒေသနာတော်ကြီးကို ကိုယ်ကိုယ်တိုင် လမ်းညွှန်ပြသ ဆိုဆုံးမတော်မူထသော။ သော နာထော၊ ကမ်းကုန်လမ်းကုန် စခန်းကုန်သိလိုမိုး လွှမ်းခြုံအုပ်မိ အဟုတ်သိတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ အနာထာနံ၊ ညှိုးငယ်စွာနှင့် ကိုးကွယ်ခဲ့ကြကုန်သော တကယ်သနားစရာ သတ္တဝါမှန်သမျှတို့၏။ နာထော စ၊ မညှိုးငယ်ကြပါနှင့် ကိုးကွယ်ရာ ဒီမှာရှိသတဲ့လို့ တကယ့်ကို အာမခံပေးတော်မူတဲ့ မြတ်စွာဘုရား။ ဘီတာနံ၊ မြေလျှိုးမိုးပျံ တန်ခိုးဈာန်ဖြင့် ကိုးဟန်ကွယ်ရာ ဘယ်မှာရှာလဲ ရှာလေလေ မရ ကြာလေလေ ဘေးတွေခံနေကြတဲ့ သတ္တဝါမှန်သမျှတို့၏။ အဘယံကရော၊ ထိုထိုအရေး ထိုထိုဘေးတွေ သင်တို့ရဲ့ သန္တာန်မှာ မဝင်လာရအောင်လို့ တော်ရာချောင်ကြား ဝေးရာသို့ သွားစေရမဟဲ့လို့ တကယ့်ကို အာမခံပေးတော်မူတဲ့ မြတ်စွာဘုရား။ ဗဟူနံ၊ များသောင်းသောင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏။ ကင်္ခါ၊ ရှေ့ရေးနောက်ရေး ခုအရေးနှင့် အရေးသုံးတန် တွေးလေပြန်က မှန်မှမှန်ပါ့မလား ဟုတ်မှဟုတ်ပါ့မလားရယ်လို့ တွေးတောယုံမှား သံသယပွားနေခြင်းတွေကို။ ဆေဒေါ၊ ဒီလိုလုပ်လျှင်တော့ ဟုတ်တယ်၊ ဒီလို-
စာမျက်နှာ-33
ကြံလျှင်တော့ မှန်တယ်လို့ တကယ်တမ်း နှုန်းသတ်ပြီး အဆုံးအဖြတ်ပေးတော်မူတဲ့ မြတ်စွာဘုရား။ သုခေတာ၊ ကိုယ်တိုင်မြေ သုခအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မသွေ ရောက်ရှိတော်မူလေသည်ဖြစ်၍ ဝေနေယျာ သတ္တဝါတွေကို ဟယ်ငါသိသလို သိကြစမ်းပါ ငါမြင်သလို မြင်ကြစမ်းပါ ငါချမ်းသာသလို ချမ်းသာကြစမ်းပါလို့ အမတခေါ်တဲ့ ချမ်းသာကို လှမ်းကာရွယ်ချူ ပေးသနားတော်မူခဲ့လေသတည်း။
၄၁။ နိရိပ်ခွင် အတူဝင်
ဧကတော ကမ္မံ ကတွာန၊ ပုညခေတ္တေ အနုတ္တရေ။
ဧကတော သံသရိတွာန၊ ဧကတော ဝိနိဝတ္တယုံ။
အနုတ္တရေ၊ ယှဉ်ပြိုင်လာလျှင် မနိုင်ရှားပေလိမ့် အထွတ်ဆုံး အမြတ်ဆုံး ဖြစ်ပေထသော။ ပုညခေတ္တေ၊ တကြိမ်သာစိုက်ပျိုးက ကောင်းကျိုးအနန္တ အမှန်ပင်မသွေ ရနိုင်ပေသည့် လယ်ကောင်းမြောင်းချောင်း ဝင်မြောင်းဝယ် စည်ပင်ခိုင်ပြီး ရိုးလယ်ကြီးနှင့် တူပေထသော။ သာသနေ၊ ဗုဒ္ဓမြတ်စွာ ရောင်ဝါထိန်ဦး ဘုရား၏ သာသနာတော်ကြီး၌။ ဧကတော၊ သဘောတူ မနောတူ စိတ်တူကိုယ်တူ ကြည်ဖြူနှစ်သက် ပေါင်းဖက်ကြကုန်လျက်။ ကမ္မံ၊ သာသနာပြု မဟာကုသိုလ်ကံ စေတနာတော်ကြီးကို (ပြုဆဲကုသိုလ်ကို ထည့်ဆိုနိုင်သည်)။ ကတွာန၊ အနာဂတ်ရေး မျှော်တွေးထောက်ဆ အားထုတ်ရကုန်သောကြောင့်။ ဧကတော ဝ၊ လူဖြစ်လျှင်လည်း အတူတူ နတ်ဖြစ်လျှင်လည်း အစဉ်မကွာ ဗြဟ္မာဖြစ်လျှင်လည်း မခွဲဘဲသာလျှင်။ သံသရိတွာန၊ လူ့ရပ်နတ်ဌာန် ဗြဟ္မဘုံပါ မကျန်ရအောင် တလှန်လှော သံသရာရေယာဉ်ကြော၌ အထက်တန်းကျကျ ကျင်လည်ကြရကုန်ပြီး၍။ အန္တိမဒေဟေ၊ အဆုံးစွန်သောဘဝ နောက်ကာလ၌။ ဧကတော ဝ၊ အတူတကွသာလျှင်။ ဝိနိဝတ္တယုံ၊ မဂ္ဂင်ဖောင် ယာဉ်ပျံစီးလို့ နိဗ္ဗာန်ခရီး နှင်တော်မူကြကုန်ရာသတည်း။
၄၂။ ဗြဟ္မာပြည်မှာ တဝင်းဝင်း
ပုညတေဇေန ဥက္ကဋ္ဌာ၊ ကာမ ရူပ ဂတိံ ဂတာ။
ဘဝဂ္ဂမှိ သမ္ပတ္တာ၊ ပုန အာယန္တိ ဒုဂ္ဂတိံ။
စာမျက်နှာ-34
ပုညတေဇေန၊ ကောင်းမှုတော်အာနုဘော်သည်။ ဥက္ကဋ္ဌာ၊ အထက်ရောက်အောင် ပင့်မြှောက်ထားအပ်သည်ဖြစ်၍။ ကာမ ရူပ ဂတိံ၊ လူ့ရပ်နတ်ဌာန် မကပြန်ဘဲ ဈာန်သမာပန် ဗြဟ္မထံသို့တိုင်အောင်။ ဂတာ၊ အခွင့်အခါ သာခဲ့ပါ၍ မှန်စွာမသွေ ရောက်တတ်ပါပေ၏။ ဘဝဂ္ဂမှိ၊ ဘုံတကာအထက် ဘဝဂ်တိုင်အောင်။ သမ္ပတ္တာ၊ အခါအခွင့် ကြုံကာသင့်၍ မပျက်မသွေ ရောက်၍နေပါသော်လည်း။ တေ သတ္တာ၊ လောကီယနွယ် မပစ်ပယ်ဘဲ နွယ်လာအမြတ် အရိယာဇာတ်သို့ မကပ်မသီ လောကီနွယ်ဖွား သတ္တဝါများသည် ဒုဂ္ဂတိံ၊ ချမ်းသာကင်းဘိ ဆင်းရဲအတိသာဖြစ်၍ ဒုဂ္ဂတိခေါ်မှန်း အပါယ်စခန်း။ ပုနာယန္တိ၊ သံသရာဝဋ် လှည့်ကာပတ်သဖြင့် အထက်အရပ် ဗြဟ္မာရွာမှာ ရောင်ဝါတဝင်းဝင်းနှင့် ကြွားခဲ့သော်လည်း ဝက်စားကျင်းမှာ တရှုပ်ရှုပ်နှင့် စုတ်စုတ်ကြီးမြုပ်၍ နေကြရလေတော့သတည်း။
၄၃။ တိမ်တိုက်အသွင် လူ့ရပ်ခွင်
ယထာ နဘေ ဝလာဟကာ၊ ဝါတေနေဝ သမဂ္ဂတာ။
တေနေဝ ဝိဂစ္ဆန္တိ၊ တထာပိ ဘဝ-ခေ-တလေ။
နော၊ နေ့လမောင်းနှင် တသောင်းခွင်ဝယ် ကောင်းကင်လယ်၌။ ဝလာဟကာ၊ တိမ်ညိုမိလ္လာ တိမ်စူကာနှင့် တိမ်လွှာထူးဆန်း တိမ်မကာကောင် လွှမ်းရောင်ယှက်သွယ် တိမ်ပန်းနွယ်ရှိသည်။ တေနေဝ၊ အခွင့်သင့်သလို ပင့်ရွှေ့တိုက်ခတ် လေအဟုန်ဟပ်သဖြင့်သာလျှင်။ သမဂ္ဂတာ၊ အညီအညွတ်ပေါင်းစပ်စုဆုံ ဂဠုန်နဂါး အရုပ်များပုံဟန် သဏ္ဌာန်လိုလို သင်မူရာပိုကြကုန်လျက်။ ဝိရောစေန္တိ၊ ကြည့်သူရှုသူ မြင်သူနှလုံး ရွှင်ပြုံးနှစ်သက် တပ်မက်ချင်စဖွယ် လွန်စွာတင့်တယ်ကြပါကုန်သော်လည်း။ ဝါတေနေဝ၊ ဖြစ်စေပျက်စေ စုပေါင်းပေးသည့် ထိုသည့်လေကြောင့်ပင်လျှင်။ ဝိဂစ္ဆန္တိ ယထာ၊ ဖရိုဖရဲ ပြိုကွဲပျက်ကျ ပျောက်လွင့်ရကုန်သကဲ့သို့။ ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ ဘဝခေတလေ၊ ကောင်းကင်ပမာ တူလှသော သံသာလောက ဘုံဘဝ၌။ ဝလာဟကာ၊ တိမ်ညိုမိလ္လာ တိမ်စူကာနှင့် တိမ်ပြာရောယှက် မကာရ်ကွက်ရောင် တိမ်တောင်ပမာ တူလှစွာသည့် မျိုးလာနွယ်အစားစား အဖုံဖုံ ရုပ်ဇာတ်မျိုးစုံသော သတ္တဝါတို့သည်။ ဝါတေနေဝ၊ လေနှင့်တမူ အလားတူဟန် စီမံဖန်ဆင်း ကံဟူသော အရှင်-
စာမျက်နှာ-35
မင်းကြောင့်သာလျှင်။ သမဂ္ဂတာ၊ လူဟန် နတ်ဟန် ဗြာဟန်နှင့် တိရစ္ဆာန်မကျန် ဟန်ပန်မျိုးစုံ ရုပ်ဖုံဖုံဖြင့် ပေါင်းဆုံမိကြပါသော်လည်း။ (ဝါ) လင်ရယ် သားရယ် မယားရယ်နှင့် ဆွေဟယ်မျိုးအစားစား အဖုံဖုံ စုရုံးမိကုန်သော်လည်း။ ဝါတေနေဝ၊ လေနှင့်ပမာ တူလှရှာသည့် မဟာလေမင်း ကံကြောင်းရင်းကြောင့်သာလျှင်။ ဝိဂစ္ဆရေ၊ ကွဲကြရကုန်၏။ (ဝါ) ဝိဂစ္ဆရေ၊ တွေးလေတွေးလေ ဆွေးမပြေဘဲ ဖရိုဖရဲ ပြိုကွဲတတ်ကြလေကုန်သည်တကား။
၄၄။ ချစ်နိုင်ကြပါစေ
မေတ္တာဒကာ သီတလာ၊ တပန္တိ ဒေါသပဋိဃာ။
ဝါဒီ ဉာဏံ စရိတွာ၊ ပိယာယန္တု သုခိတ္ထိတာ။
ဘောန္တော၊ လူ့ဘုံဒေသ လူ့လောက၌ ဒုက္ခပယ်ခါ သုခရှာလျက် ချမ်းသာလိုလား အိုအမျိုးသား အမျိုးသမီးအပေါင်း သူတော်ကောင်းတို့။ လောကေ၊ ဝါဒတွေ အဖုံဖုံ ပကာသနတွေက အစုံစုံ မာန်ဟုန်ကော့လွင့် ပါးလျက် ရန်မီးတွေ များနေကြသည့် ဤကမ္ဘာလောကတလွှား၌။ မေတ္တာဒကာ၊ အေးမြသန့်စင် ကြည်လင်ရွှင်ပြုံးခြင်းဆိုတဲ့ မေတ္တာရေစင်သည်။ သီတလာ၊ ပူသူရသူ နှစ်ဆူနှစ်ရပ် တပ်အပ်ထင်ရှား သတ္တဝါများကို အအေးတရားကိုသာ ပေးစွမ်းနိုင်ကြပါပေကုန်၏။ ဒေါသပဋိဃာ၊ သူရောငါပါ နှစ်ပြာဖျက်ဆီး အမျက်ကြီးခြင်းဆိုတဲ့ ဒေါသ၊ ပူပန်စေတတ် ထိပါးတတ်ခြင်းဆိုတဲ့ ပဋိဃ ဤနှစ်ဝသော တရားတို့သည်။ တပန္တိ၊ သူ့မှာလည်းမရွှင် ကိုယ်မှာလည်းပူပင် နှစ်ဦးသားတွင် အကျိုးမပွားဘဲ အပူမီးကိုသာ ပွားစီးစေတတ်ပါပေကုန်၏။ ဣတိ၊ ဤသို့။ ဝါဒီ၊ အေးသန့်စင် ကြည်လင်ရွှင်ပြုံးခြင်းဆိုတဲ့ မေတ္တာဝါဒ၊ ပူပန်စေတတ် ထိပါးတတ်တဲ့ ပဋိဃဝါဒ၏ နှစ်ပါးသော ဝါဒတွေကို။ ဉာဏစရိတာ၊ ဘယ်သင်းဘယ်ဟာ ဘယ်အရာ ဘယ်ဝါဒက အေးစေနိုင်ပါသနည်းဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်စဉ်းစား ကိုယ်ကိုယ်တိုင် သတိထားကြကုန်ပြီး၍။ သုခိတ္ထိတာ၊ ချမ်းသာမျိုးမှန် အကျိုးကိုလိုလား အိုအမျိုးသား အမျိုးသမီးအပေါင်း သူတော်ကောင်းတို့သည်။ ပိယာယန္တု၊ အပြစ်မမြင် ပြောစပ်၍ ချပ် ပေါင်းသင်း အချင်းချင်းလျှင် ယိုင်းပင်းကူညီနိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-36
(ဝါ) ပိယာယန္တု၊ အခက်အဖြာဖြာ အကုန်မကြွကြစေနှင့်တော့ အထက်ဗြဟ္မာဘုံ အကုန်ကြွကြရအောင် ချစ်မေတ္တာခြုံမှ လုံကြကုန်ရာသတည်း။
၄၅။ မြင် ကြား များဓလေ့
ရူပံ ဒိသွာ သတိမုဋ္ဌာ၊ ပိယံ နိမိတ္တံ မနသိကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသာယ တိဋ္ဌတိ။
အာသဝါ တဿ ဝဍ္ဎန္တိ၊ ဘဝမူလောပဂါမိနော။
ရူပံ၊ ပရမတ်အစစ် ဧကန်ဖြစ်သည့် အနှစ်မှန်တုံ ရူပါရုံကို။ ဒိသွာ၊ စက္ခုဝိညာဉ် စိတ်အစဉ်ဖြင့် ထင်မြင်မိသည်ရှိသော်။ သတိမုဋ္ဌာ၊ အမှတ်သတိ လွတ်ကင်းလေသည့်အတွက်ကြောင့်။ ပိယံ နိမိတ္တံ၊ ချစ်ခင်ဖွယ်ရာ ဒီရူပကလေးပါတကားဟူ၍။ မနသိကရောတော၊ မသင့်မတင့် ပညတ်ဆင့်ကာ နှလုံးသွင်းမိလေသောကြောင့်။ သာရတ္တစိတ္တော၊ နှစ်သက်ခင်မင် လိုချင်တပ်မော လောဘဇောစိတ် ယိုဖိတ်လာသည်ဖြစ်၍။ ဝေဒေတိ၊ ကောင်းကောင်းချမ်းသာပေဟု သောက်၍မပြေ ဆားငံရေအလား ခံစားမိလေ၏။ တဉ္စ၊ ထိုသုခဝေဒနာကိုလည်း။ အဇ္ဈောသာယ၊ အစွဲပြင်းထန် ဥပါဒါန်ဖြင့် လွန်စွာစွဲမိသည်ဖြစ်၍။ တိဋ္ဌတိ၊ ဖားကိုမြွေငန်း မြဲစွာဖမ်းသလို ငမ်းငမ်းတက်ကာ စွဲတည်ရှာလေ၏။ တဿ၊ ထိုသူအား။ ဘဝမူလောပဂါမိနော၊ ဝဋ်ဘဝ၌ ထပ်တရာပြန် လှည့်ပတ်ရန် အကြောင်းတရားအပေါင်း ဖြစ်ကုန်သော။ အာသဝါ၊ ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အဝိဇ္ဇာသဝတည်းဟူသော မေ့မေ့မူးမူး တရားရုံးတို့သည်။ ဝဍ္ဎန္တိ၊ တနေ့တခြား ဒီရေအလားသို့ တိုး၍သာ လာလေကုန်သတည်း။
၄၆။ မြင်သင့်တာ မြင်ပါ
ယံ ပဿတိ န တံ ဒိဋ္ဌံ၊ ယံ ဒိဋ္ဌံ တံ န ပဿတိ။
အပဿံ ဗဇ္ဈတေ မူဠှော၊ ဗဇ္ဈမာနော န မုစ္စတိ။
လောကေ၊ ပုထုဇဉ်ဟု များဖြင်ထွေလာ ကိလေသာတို့ ပိန်းပိတ်ကာမှောင် အလင်းရောင်မသန်း အကန်းဘဝ ပုထုဇဉ်လောက၌။ ယံ၊ လူဟန် နတ်ဟန် ဗြဟ္မာဟန်နှင့် သန္တာန်ပညတ် အရပ်ရပ်အဖုံဖုံ အကြင်ရုပ်-
စာမျက်နှာ-37
မျိုးစုံကို။ ပဿတိ၊ ပုထုဇဉ်တုံး ကိုယ်လေဖုံးသဖြင့် မှားလုံးကြီးကာ မြင်မိရှာ၏။ တံ၊ ထိုပုထုဇဉ် အမှားမြင်သည့် ပုံသွင်သဏ္ဌာန် ဟန်ပန်ဖုံဖုံ ရုပ်မျိုးစုံသည်။ န ဒိဋ္ဌံ၊ တကယ်တိတိ မြင်လိုက်သည့်အာရုံ အစစ်မဟုတ်ပေ။ (ဝါ) မျက်လှည့်သမား ဝိညာဉ်အားဖြင့် လှည့်စားသဖြင့် အမှားမြင်အပ်သော အာရုံသာ ဖြစ်ပါပေ၏။ ယံ၊ ပရမတ်အစစ် စိတ်အနှစ်ဟု ရှင်ချစ်ဟောကြား အကြင်ပရမတ္ထတရားကို။ ဒိဋ္ဌံ၊ စင်စစ်မသွေ မြင်အပ်မြင်ရပါပေ၏။ တံ၊ ထိုတကယ်စင်စစ် အမှန်ဖြစ်တဲ့ ရူပါရုံ ပရမတ်အစစ်ကို။ န ပဿတိ၊ သတိသမ္ပဇဉ် ဉာဏ်မယှဉ်၍ အမှန်ပင်မမြင်ပေ။ အပဿံ၊ မြင်အပ်သည်ကို မမြင် မမြင်အပ်သည်ကို မြင်သည်ဖြစ်၍။ မူဠှော၊ တွေဝေမိုက်မှု ပုထုဇဉ်အရူးသည်။ ဗဇ္ဈတေ၊ ကာမရာဂ စသည်ဖွဲ့နှောင် အချုပ်ထောင်၌ မြဲအောင်မသွေ နှောင်ဖွဲ့မိလေ၏။ ဗဇ္ဈမာနော၊ နှောင်ဖွဲ့မိသော ပုထုဇဉ်အမူ ထိုအရူးသည်။ န မုစ္စတိ၊ သံသရာဝဋ်တောင် ကရွတ်တောင်မှ လွတ်အောင်ဘယ်ခါ မရုန်းနိုင်အားတော့သည်သာတည်း။
၄၇။ စိတ်သာ ရှင်စော
ရူပေန သံကိလိဋ္ဌေန၊ သံကိလိဿန္တိ မာဏဝါ။
ရူပေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ န အက္ခာတံ မဟေသိနာ။
ဘောန္တော၊ သံသရာညစ် ဘုံစနစ်မှ အသစ်ကိုရှာ စင်ကြယ်ရာကို မြန်စွာလှိုင်း အို-သူတော်ကောင်းတို့။ သံကိလိဋ္ဌေန၊ အရုပ်အဆိုး ပုပ်သိုးပြင်ပြင် မစင်မကြယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော။ ရူပေန၊ ရုပ်တရားကြောင့်။ မာဏဝါ၊ လူနတ်ဗြဟ္မာ သတ္တဝါမှန်သမျှတို့သည်။ သံကိလိဿန္တိ၊ အနစ်အယုတ် အောက်သို့မြုပ်ကွယ် စက်ဆုပ်ဖွယ်ဖြစ်ကုန်လတ္တံ့။ ဣတိ၊ ဤသို့။ မဟေသိနာ၊ မဟာဣသိ မုနိထွဋ်တင် ဘုရားရှင်သည်။ န အက္ခာတံ၊ ရွှေနှုတ်တော်မှ ထုတ်ဖော်လှစ်ဟ ပြတော်မမူပေ။ ရူပေ၊ ရုပ်သည်။ သုဒ္ဓေ၊ နံသာရေမိုး ချိုး၍စီရင် လိမ်းပြင်၍ စင်ကြယ်သည်ရှိသော်။ မာဏဝါ၊ လူနတ်ဗြဟ္မာ သတ္တဝါမှန်သမျှ အနန္တတို့သည်။ ဝိသုဇ္ဈန္တိ၊ တင့်တင့်တယ်တယ် စင်ကြယ်သန့်ရှင်းကြကုန်၏။ ဣတိ၊ ဤသို့။ မဟေသိနာ၊ မဟာဣသိ မုနိထွဋ်တင် ဘုရားရှင်သည်။ န အက္ခာတံ၊ ရွှေနှုတ်တော်မှ ထုတ်ဖော်မြွက်ဟ ဟောပြတော်မမူခဲ့သည်သာလျှင်တည်း။
စာမျက်နှာ-38
၄၈။ စိတ္တေန သံကိလိဋ္ဌေန၊ သံကိလိဿန္တိ မာဏဝါ။
စိတ္တေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ ဣတက္ခာတံ မဟေသိနာ။
သံကိလိဋ္ဌေန၊ လောဘ ဒေါသ မောဟများထွေ ညစ်ပေလှစွာသော။ စိတ္တေန၊ စိတ်ကြောင့်။ မာဏဝါ၊ လူနတ်ဗြဟ္မာ သတ္တဝါမှန်သမျှတို့သည်။ သံကိလိဿန္တိ၊ စုတ်ပြတ်ညစ်တေ ပေရေကြကုန်၏။ ဣတိ၊ ဤသို့။ မဟေသိနာ၊ မဟာဣသိ မုနိထွဋ်တင် ဘုရားရှင်သည်။ အက္ခာတံ၊ ဟောကြားတော်မူအပ်၏။ စိတ္တေ၊ စိတ်သည်။ ဝိသုဒ္ဓေ၊ ကိလေသာကင်း လွန်သန့်ရှင်းသည်ရှိသော်။ မာဏဝါ၊ လူနတ်ဗြဟ္မာ သတ္တဝါမှန်သမျှ အနန္တတို့သည်။ ဝိသုဇ္ဈန္တိ၊ တင့်တင့်တယ်တယ် စင်ကြယ်သန့်ရှင်းကြကုန်၏။ ဣတိ၊ ဤသို့။ မဟေသိနာ၊ မဟာဣသိ မုနိထွဋ်တင် ဘုရားရှင်သည်။ အက္ခာတံ၊ ရွှေနှုတ်တော်မှ ထုတ်ဖော်မြွက်ဟ ဟောပြတော်မူခဲ့ပါပေသတည်း။
၄၉။ စိတ်တခုသာ အဓိက
စိတ္တေန နီယတေ လောကော၊ စိတ္တေန ပရိကဿတိ။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမန္နဂူ။
ဘောန္တော၊ စိတ်ဓာတ်ရုပ်ဓာတ် ဤနှစ်ရပ်တွင် ပြဋ္ဌာန်းဘယ်ဟာ မသိတာကြောင့် ဝိဝါဒကွဲပြား အို-လူများကို။ စိတ္တေန၊ စိတ်ဆိုတဲ့ တရားသည်။ လောကော၊ သတ္တဝလောက၊ သင်္ခါရလောက၊ ဩကာသလောကဟု သုံးဝထွေပြား လောကဆိုတဲ့ တရားကို။ နီယတေ၊ ဖြစ်စေ ပျက်စေ ယုတ်မြတ်စေဟု အမိန့်ပြုကာ သူလိုရာသို့ မပါပါအောင် ဆောင်ထားတတ်ပါပေ၏။ စိတ္တေန၊ စိတ်သည်။ လောကော (ပ) ကို။ ပရိကဿတိ၊ သူ့အလိုလိုက် သူ့အကြိုက်ကျအောင် ဆွဲဆောင်၍ ထားတတ်ပါပေ၏။ စိတ္တဿ၊ စိတ်ဟုဆိုအပ်သော။ ဧကဓမ္မဿ၊ အများမပြု တရားတခု၏။ ဝသံ၊ မြတ်ချင်ယုတ်ချင် လိုအင်ဆန္ဒ သူ့အလိုကျသာလျှင်။ သဗ္ဗေ၊ ရှိသမျှဥဿုံ ဖုံဖုံများစွာ နတ် လူ ဗြဟ္မာတို့သည်။ အန္နဂူ၊ အစဉ်တစိုက် လိုက်ကြရကုန်၏။ (ဝါ) အန္နဂူ၊ အပွေ့ပိုက မလိုတမာ မများကြစေနှင့်တော့ စေလိုရာစေဆိုတာ ဒိုဘဂဝါဘုရားရယ်က မချို့သဒ္ဓါပွားစရာ အတိတ်နိမိတ်တွေ ထားခဲ့သမို့... စိတ် စိတ် စိတ်ပါတကားရယ်လို့ မှတ်သားလိုက်ကြကုန်ရာသတည်း။
စာမျက်နှာ-39
၅၀။ အကုသိုလ်စိတ်ဟာ လှည်းဘီးပမာ
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။
ဘောန္တော၊ စိတ်ဓာတ် ရုပ်ဓာတ် ဤနှစ်ရပ်တွင် ပြဋ္ဌာန်းဘယ်ဟာ မသိတာကြောင့် ဝိဝါဒကွဲပြား အို-လူများတို့။ ဓမ္မာ၊ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ နှင့် သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟု လေးဝထွေပြား နာမ်တရားတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ တဆိတ်အပို မကြွားကြနှင့်တော့ စိတ်ဆိုတဲ့ တရားသာလျှင် ပြဋ္ဌာန်းကုန်၏။ မနောသေဋ္ဌာ၊ စိတ်သည်သာလျှင် အထွတ်တရားမို့ အမြတ်စားဖြစ်ပါပေ၏။ မနောမယာ၊ ကာယ ဝစီ မနောချီ၍ သုံးလီသုံးတန် ကံမှန်သမျှ စိတ်ကစ၍ စိတ်အကြောင်းခံ စိတ်ကဖန်တီး စိတ်ကြောင့်ပင် ပြီးစီးကြရပါပေကုန်၏။ ပဒုဋ္ဌေန၊ ပြစ်မှားလိုသော စိတ်ဖြင့်။ ဘာသတိ ဝါ၊ နှုတ်မြွက်စကား ပြောကြားသည်မူလည်းဖြစ်စေ။ ကရောတိ ဝါ၊ ကာယကံမှု တခုခုကို ပြုမိသည်လည်းဖြစ်စေ။ တတော၊ စိတ်ညစ်စိတ်ယုတ် ဆိုးပုပ်သော ထိုစိတ်ကြောင့်။ နံ၊ ထိုသူကို။ ဒုက္ခ၊ ဆင်းရဲဒုက္ခမှန်သမျှသည်။ ဝဟတော ပဒံ၊ လှည်းကို ဆွဲသွားသော နွား၏ခြေရာကို။ စက္ကံ၊ လှည်းဘီးသည်။ အနွေတိ ဣဝ၊ မလွဲမသွေ နင်းချေကာ လိုက်လေဘိသကဲ့သို့။ ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ အနွေတိ၊ တစိုက်မတ်မတ် ပြေးမလွတ်အောင် ထက်ကြပ်မသွေ လိုက်ပါ၍သာ နေလေတော့သတည်း။
၅၁။ ကုသိုလ်စိတ်ဟာ အရိပ်ပမာ
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။
ဘောန္တော၊ (အို-လူ) တို့။ (ပ) ပသန္နေန၊ အပြစ်ကင်းစင် သန့်ရှင်းကြည်လင်လှသော စိတ်ဖြင့်။ ဘာသတိ၊ နှုတ်မြွက်စကား ပြောကြားအပ်သည်မူလည်းဖြစ်စေ။ ကရောတိ ဝါ၊ ကာယကံမှု အစုစုကို ပြုမိသည်လည်းဖြစ်စေ။ တတော၊ ထိုသို့ ကြည်လင်အေးမြသည့် စိတ်အင်-
စာမျက်နှာ-40
ကြောင့်။ နံ၊ ထိုသူကို။ သုခံ၊ ချမ်းသာသုခမှန်သမျှသည်။ ဆာယာ၊ အရိပ်သည်။ အနုပါယိနီ ဝ၊ လူ၏နောက်သို့ ကောက်ကောက်မသွေ အေးမြစေရာ လိုက်၍ပါသကဲ့သို့။ ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ အနွေတိ၊ အစဉ်တစိုက် အအေးပိုက်ကာ လိုက်လာလေတော့သတည်း။
၅၂။ ဘုရားသော်မှ အရှုံးပေးရ
မစ္စုနာ သိရော နတ္ထိ၊ လဉ္စဂ္ဂဟော န ဝိဇ္ဇတိ။
ယုဒ္ဓံ နတ္ထိ ဇယော နတ္ထိ၊ သဗ္ဗေ မစ္စုပရာယဏာ။
မစ္စုနာ၊ အင်အားကြီးခြင်း ရှင်သေမင်းနှင့်။ သမယော၊ ဤနေ့ဤရက် ဤနံနက်၌ သေပျက်ပါရစေဟု ချိန်းချက်ထားရခြင်းသည်။ နတ္ထိ၊ မရှိဧကန် လူတိုင်းမှန်ပါလှပေ၏။ လဉ္စဂ္ဂဟော၊ လွတ်ကင်းရအောင် လက်ဆောင်တံစိုး ထိုးရခြင်းသည်လည်း။ န ဝိဇ္ဇတိ၊ မရှိဧကန် လူတိုင်းမှန်လှပါပေ၏။ ယုဒ္ဓံ၊ အင်အားကြီးခြင်း ရှင်သေမင်းနှင့် လူချင်းယှဉ်၍ စစ်ပွဲခင်းရခြင်းသည်။ နတ္ထိ၊ မရှိဧကန် လူတိုင်းမှန်လှပါပေ၏။ ဇယော၊ သေမင်းကို အောင်နိုင်ရခြင်းသည်လည်း။ နတ္ထိ၊ မရှိဧကန် လူတိုင်းမှန်လှပါပေ၏။ သဗ္ဗေ၊ ဘုရားကစ များလှဖုံဖုံ သတ္တဝါအလုံးစုံတို့သည်။ မစ္စုပရာယဏာ၊ သေမင်းထံရင်း လည်ကိုစင်း၍ မယွင်းပုံသေ ရောက်ကြရလေကုန်သတည်း။
၅၃။ နင်လားဟဲ ကာမ
အဒ္ဒသံ ကာမ တေ မူလံ၊ သင်္ကပ္ပါ ကာမ ဇာယသိ။
န တံ သင်္ကပ္ပယိဿာမိ၊ ဧဝံ ကာမ န ဟေဟိသိ။
ကာမ၊ အငမ်းမရ တသသနှင့် တွေ့သမျှအာရုံ ခုံမင်တတ်လှတဲ့ ကာမ။ တေ၊ သင်၏။ မူလံ၊ ကြောင်းရင်း ဇာစ်မြစ် အမှန်အစစ်ကို။ အဒ္ဒသံ၊ သဗ္ဗညုတ ဗောဓိဉာဏ်ဖြင့် ဧကန်မသွေ မြင်ရလေပြီ။ ကာမ၊ (နင်လားဟဲ) တဲ့ ကာမ။ တွံ၊ သင်ကာမသည်။ သင်္ကပ္ပ၊ ဟိုဟိုဒီဒီ အလီလီကို ကြံစည်တွေးတောလေသောကြောင့်။ ဇာယသိ၊ မုချမသွေ ဖြစ်ပေါ်လာပါ-
စာမျက်နှာ-41
ပေ၏။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ န သင်္ကပ္ပယိဿာမိ၊ အပင်ပန်းခံ ညစ်နွမ်းခံ၍ ဘယ်သောခါမှ ကြံစည်တော့မည် မဟုတ်ပေ။ ဧဝံ၊ ဤသို့ မကြံစည်သော်။ ကာမော၊ (အို) သင်ကာမသည်။ န ဟေဟိသိ၊ ဖြစ်ခွင့်ရှာလည်း ဘယ်ခါကာလ ဘယ်ဘဝမှ ဖြစ်ခွင့်ရတော့မည် မဟုတ်ပေ။
၅၄။ မြတ်ထက်မြတ်ရာ အဂ္ဂသို့
အဂ္ဂတော ဒါနံ ဒဒတံ၊ အဂ္ဂံ ပုညံ ပဝဍ္ဎတိ။
အဂ္ဂံ အာယု စ ဝဏ္ဏော စ၊ ယသော ကိတ္တိ သုခံ ဗလံ။
အဂ္ဂဿ ဒါတာ မေဓာဝီ၊ အဂ္ဂဓမ္မသမာဟိတော။
ဒေဝဘူတော မနုဿော ဝါ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
*(ဣတိဝုတ္တကပါဠိတော်)*
အဂ္ဂဓမ္မံ၊ အထွတ်အဖျား အမြတ်စားဖြစ်သည့် လေးပါးသော သစ္စာတရားတော်ကို။ ဝိဇာနတံ၊ ပိုင်းပိုင်းခြားခြား ကသိုဏ်းသို့ ဉာဏ်အား ထင်ထင် အထူးသဖြင့် သိမြင်တော်မူကုန်သော။ အဂ္ဂတော၊ အထွတ်အဖျား အမြတ်စား သဒ္ဓါတရားဖြင့်။ ပသန္နံ၊ စိတ်ဓာတ်မှီခို ကြည်ညိုကုန်သော သူတို့အားလည်းကောင်း။ ဒေယျံ၊ မြတ်သော အလှူကို ခံတော်မူထိုက်သော။ အနုတ္တရေ၊ ယှဉ်ပြိုင်လာလျှင် မနိုင်ရှုံးရပေလိမ့် အထွတ်ဆုံး အမြတ်ဆုံး ဖြစ်ပေထသော။ အဂ္ဂေ၊ တံခွန်အထွတ်ပမာ အလွန်ပင် မြတ်လှစွာသော။ ဗုဒ္ဓေ၊ ဗုဒ္ဓမြတ်ဘုရား ဘဂဝါ၌။ ပသန္နံ၊ စိတ်စေတနာ ကြည်ညိုလှစွာကုန်သော သူတို့အားလည်းကောင်း။ ရာဂူပသမေ၊ ရာဂကင်းခြင်း အကြောင်းရင်းဖြစ်ကုန်သော။ သုခေ၊ သန္တိသုခ တုပကင်းကွာ အေးချမ်းလှထသော။ အဂ္ဂေ၊ တံခွန်အထွတ် အလွန်ပင် မြတ်လှစွာသော။ ဓမ္ေ၊ ဘုရားရှင် မုက္ခပါဌ် တရားတော်မြတ်၌။ ပသန္နံ၊ စိတ်ဓာတ်မှီခို ကြည်ညိုကြကုန်သော သူတို့အားလည်းကောင်း။ အနုတ္တရေ၊ ယှဉ်ပြိုင်လာလျှင် မနိုင်ရှုံးရပေလိမ့် အထွတ်ဆုံး အမြတ်ဆုံး ဖြစ်ပေထသော။ ပုညခေတ္တေ၊ တကြိမ်စိုက်ပျိုးက ကောင်းကျိုးအနန္တ အမှန်ပင်မသွေ ရနိုင်ပေသည့် လယ်ကောင်း မြောင်းကျဝင် စည်ပင်ခိုင်ပြီး လယ်ကြီးနှင့် တူလှစွာသော ကောင်းမှုမျိုးကို စိုက်ရာ-
စာမျက်နှာ-42
ယေ စ ဘိက္ခု၊ သံသရာဘေး လာမည့်ရေးကို မျှော်တွေးကြောက်ငြား အကြင်ဘုရားရှင်၏သားတော်တို့သည်။ သမ္မာသမ္ဗုဒ္ဓသာသနေ၊ ဗုဒ္ဓမြတ်စွာ ဘဂဝါက နေရာတကျ ဟောညွှန်ပြသည့် ကျွန်းရိပ်ညို သာသနာဆိုတဲ့ နန်းဗဟို၌။ ရတ္တိန္ဒိဝံ ယုတ္တာ၊ နေ့နေ့ညည ခဏမစဲ အမြဲပြုလုပ် စွမ်းအားထုတ်ကြကုန်သည်ဖြစ်၍။ နိစ္စံ၊ အမြဲ။ အသုဘသညိနော၊ မတင့်မတယ် ရွံစဖွယ်သာ အသုဘပါတကားဟူ၍ ပွားများစိတ်တွင်း နှလုံးသွင်းလေ့ရှိကြကုန်၏။ တေ၊ မြတ်သည့်ယောဂီ မနသီနှလုံး ကျင့်သုံးပွားများ ထိုဘုရားရှင်၏ သားတော်တို့သည်။ ရာဂဂ္ဂိံ၊ ကာမရိပ်မှောင် တောက်လောင်ထိန်ညီး တဏှာမီးကို။ နိဗ္ဗာပေန္တိ၊ ငြိမ်းသတ်နိုင်ကုန်၏။ (ဝါ) နိဗ္ဗာပေန္တိ၊ ရာဂလောင်မီး အပူကြီးကို သိမ်းဆည်းသတ်ဖြတ် အအေးဓာတ်ဖြင့် အေးရပ်ရိပ်မြ နိဗ္ဗာန်ဘုံသို့ ခိုလှုံဆိုက်ရောက်နိုင်ကြလေကုန်သတည်း။
၅၈။ မောဟမ်းအေး ဘုရားဆေး
ဒေါသဂ္ဂိံ ပန မေတ္တာယ၊ နိဗ္ဗာပေန္တိ နရုတ္တမာ။
မောဟဂ္ဂိံ ပန ပညာယ၊ ယာယံ နိဗ္ဗေဓဂါမိနီ။
တေ နိဗ္ဗာပေတွာ နိပကာ၊ ရတ္တိန္ဒိဝမတန္ဒိတာ။
အဝဿံ ပရိနိဗ္ဗန္တိ၊ အသေသံ ဒုက္ခမစ္စဂုံ။
နရုတ္တမာ၊ လူသုံးပါးတို့ထက် ဆထက်လွန်ကျူး အထူးသဖြင့် မြင့်မြတ်ပေကုန်သော အာသဝေါကင်းကာ ရဟန္တာအရှင်မြတ်တို့သည်။ ဒေါသဂ္ဂိံ၊ တဟူးဟူးနှင့် တရှူးရှူးလောင် ဒေါသမီးတောင်ကို။ မေတ္တာယ၊ စိမ့်စမ်းရေပမာ မေတ္တာနှင့်။ နိဗ္ဗာပေန္တိ၊ အပူတွေကင်း ရန်ဘေးရှင်းလျက် အေးခြင်းနိဗ္ဗာန် သိင်္ဂံအမတ ကြွရောက်တော်မူကြလေကုန်၏။ မောဟဂ္ဂိံ၊ မှန်ရာမှန်သမျှ မသိရအောင် ပိတ်လှောင်တားဆီး မောဟဟူသောမီးကို။ နိဗ္ဗေဓဂါမိနိယာ၊ အမှောင်ခွင်းဖောက် အလင်းရောက်အောင် ပို့ဆောင်တတ်သော။ ပညာယ၊ ဝရစိန်စက် ထက်မြက်ပြင်းထန် မဂ္ဂင်ဉာဏ်ဖြင့်။ နိဗ္ဗာပေန္တိ၊ ကိလေသာငြိမ်း ဝဋ်ဇာတ်သိမ်းကာ အေးကိန်းမသွေ ပို့ဆောင်တတ်ပေကုန်၏။ နိပကာ၊ တိဟိတ် ပဋိသန္ဓေ ပင်ကိုယ်ဉာဏ်စက် အလွန်တရာ ထက်မြက်ကုန်သော။ တေ၊ မြတ်သည့်ယောဂီ မနသီနှလုံး ကျင့်သုံးတတ် အရှင်မြတ်တို့သည်။ ရတ္တိန္ဒိဝမတန္ဒိတာ၊ နေ့ညဉ့်မပြတ် ဆက်စပ်ကြိုးကုတ် စွမ်းအား-
စာမျက်နှာ-43
ထုတ်ကြကုန်သည်ဖြစ်၍။ နိဗ္ဗာပေတွာ၊ ကိလေသာဟူ အပူခပ်သိမ်း အကုန်ငြိမ်းကြကုန်သည်ဖြစ်၍။ အသေသံ၊ ကိလေသာအကြွင်း အလျင်းတစိမရှိကုန်ဘဲ။ ဒုက္ခံ၊ ဇာတိ ဇရာ ဆဲတဖြင့် လွန်စွာပြင်းကဲ ဝဋ်ဆင်းရဲကို။ အစ္စဂုံ၊ လွန်မြောက်ကုန်သည်ဖြစ်၍။ အဝဿံ၊ မြေကြီးလက်ခတ် မချွတ်ဧကန် အမြဲမှန်စွာသာလျှင် ပရိနိဗ္ဗန္တိ၊ ပရိနိဗ္ဗာန်စံဝင် ကူးမြောက် နိဗ္ဗာန်သို့ ရောက်ကြလေကုန်မည်တကား။
၅၉။ ဘဝကုန်ရာ သိသာခါ
အရိယဒဿာ ဝေဒဂူ၊ သမ္မပညာယ ပတ္တော။
ဇာတိက္ခယ မဘိညာယ၊ နာဂစ္ဆန္တိ ပုနဗ္ဘဝံ။
ပတ္တော၊ ဝိပဿနာပညာမျက်စိ ကောင်းစွာရှိသဖြင့် ပဏ္ဍိတခေါ်သော ပညာရှိသည်။ အရိယဒဿာ၊ သစ္စာလေးပါး မြတ်တရားဟု ပိုင်းခြားသိရန် အာဏာဉာဏ်အမြင်ရှိသည်။ ဝေဒဂူ၊ အသိဉာဏ်ပေါက် တဖက်ကမ်းသို့ ရောက်ပြီးသည်။ သမ္မပညာယ၊ အမှားအမှန် ဝေဖန်ခွဲခြား သိပေတတ် မဂ္ဂင်ဉာဏ် ပညာမြတ်နှင့်။ သမန္နာဂတော၊ လောက်ငအုံလုံ ပြည့်စုံပြီးသည်ဖြစ်၍။ ဇာတိက္ခယံ၊ ပဋိသန္ဓေတည်နေစရာ ဘယ်မှာမရှိ ပကတိအေးချမ်း နိဗ္ဗာန်နန်းကို။ အဘိညာယ၊ မဂ်ဖိုလ်လေးတန် ပွားသဉာဏ်ဖြင့် ပိုင်းဖြတ်သိမြင်အပ်သည်ဖြစ်၍။ ပုနဗ္ဘဝံ၊ ဘဝသစ် တဆစ်တဖန် ဖြစ်ရန်ဟု တမလွန်လောက နောင်ဘဝသို့။ နာဂစ္ဆန္တိ၊ မရောက်ကြကုန်။ (ဝါ) နာဂစ္ဆန္တိ၊ ဝဋ်၏ဦးခေါင်း တောင်းလေးပတ်ကို တခါတည်း ပယ်သတ်ပြီးသဖြင့် ဘယ်သောအခါမှ ပုနဗ္ဘဝံ မရောက်ကြတော့သည်သာတည်း။
၆၀။ မိဘနှစ်ပါးဆိုတာ ဗြဟ္မာ
ဗြဟ္မာတိ မာတာပိတရော၊ ပုဗ္ဗာစရိယာတိ ဝုစ္စရေ။
အာဟုနေယျာ စ ပုတ္တာနံ၊ ပဇာယ အနုကမ္ပကာ။
တသ္မာ ဟိ နေ နမဿေယျ၊ သက္ကရေယျ စ ပဏ္ဍိတော။
*(အင်္ဂုတ္တိုရ်ပါဠိတော်)*
စာမျက်နှာ-44
မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာအားဖြင့် လေးပါးသော ဗြဟ္မစိုရ်တရားတို့ကို နေ့စဉ်နေ့စဉ် မွေ့လျော်ကာ ပွားများလေ့ရှိသဖြင့် ပြကတေ့ဗြဟ္မာနှင့် အလားတူသောကြောင့် မာတာပိတရော၊ မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးဂုဏ်ရှင် မိခင်ဖခင်နှစ်ပါးတို့ကို ဗြဟ္မာတိ၊ ဗြဟ္မာဟူ၍။ ဝုစ္စရေ၊ သမုတ်ဝေါဟာ မည်သညာဖြင့် တင်ကာမသွေ ခေါ်အပ်လေကုန်သတည်း။ ပုဗ္ဗာစရိယာတိ၊ မွေးကတည်းက အစတင်ကာ သွန်သင်ပြသ အဦးစသဖြင့် လက်ဦးဆရာတို့ဟူ၍။ ဝုစ္စရေ၊ သမုတ်ဝေါဟာ မည်သညာဖြင့် တင်ကာမသွေ ခေါ်ဝေါ်အပ်လေကုန်သတည်း။ ပဇာယ၊ သားနှင့်သမီး ချစ်မငြီးအား။ အနုကမ္ပကာ၊ အစဉ်မပြတ် လျောက်ပတ်အောင် ကြည့်ရှုစောင်မ စောင့်ရှောက်တတ်ကြကုန်သည်ဖြစ်၍။ ပုတ္တာနံ၊ သမီးနှင့်သား ဤနှစ်ပါးတို့၏။ အာဟုနေယျာ စ၊ အဝေးရပ်မှ ခဲကပ်လှစွာ ဆောင်ယူလာသော ပစ္စည်းတို့ကို အယူတော်မှန် အလှူခံခြင်းငှာလည်း ထိုက်ကုန်၏။
တသ္မာ ဟိ၊ ထိုသို့များလှ ဂုဏ်အဝဝတို့နှင့် မုချကုံလုံ ပြည့်စုံပေသောကြောင့်သာလျှင်။ ပဏ္ဍိတော၊ ရှေ့ရေးနောက်ရေး အရေးနှစ်တန် ဝေဖန်နော်သိ ပညာရှိသည်။ နေ၊ ကျေးဇူးကြီးလှ မိဘနှစ်ဖြာ မြတ်ရတနာတို့ကို။ နမဿေယျ၊ ကိုယ်စိတ်နှစ်ပါး ဦးနှိမ်ထားလျက် ညွတ်တွားရိုကျိုး လက်အုပ်မိုး၍ ရှိခိုးရာ၏။ သက္ကရေယျ စ၊ ပူဇော်သက္ကာရ လာဘ်လာဘဖြင့် နေ့ညမကွာ ပူဇော်ရာ၏။
၆၁။ စောင့်စည်းသမှု အစဉ်ပြု
ယတံ စရေ ယတံ တိဋ္ဌေ၊ ယတံ အစ္ဆေ ယတံ သယေ။
ယတံ သမိဉ္ဇယေ ဘိက္ခု၊ ယတမေနံ ပသာရယေ။
ဘိက္ခု၊ ရည်မှတ်နိဗ္ဗာန် အဓိဋ္ဌာန်ဖြင့် ဖန်ဝါတင်လွှမ်း မြတ်ရဟန်းသည်။ ယတံ၊ ဣန္ဒြေခြောက်ထွေ စောင့်စည်းစေလျက်သာလျှင်။ စရေ၊ သွားရာ၏။ ယတံ၊ ဣန္ဒြေခြောက်ထွေ စောင့်စည်းစေလျက်သာလျှင်။ တိဋ္ဌေ၊ ရပ်ရာ၏။ ယတံ၊ ဣန္ဒြေခြောက်ထွေ စောင့်စည်းစေလျက်သာလျှင်။ အစ္ဆေ၊ နေရာ၏။ ယတံ၊ ဣန္ဒြေခြောက်ထွေ စောင့်စည်းစေလျက်သာလျှင်။ သယေ၊ အိပ်ရာ၏။ ယတံ၊ ဣန္ဒြေခြောက်ထွေ စောင့်စည်းစေလျက်သာလျှင်-
စာမျက်နှာ-45
သမိဉ္ဇယေ၊ လက်ခြေအင်္ဂါအဖြာဖြာကို အသာအယာ ကွေးညွှတ်ရာ၏။ ယတံ၊ ဣန္ဒြေခြောက်ထွေ စောင့်စည်းစေလျက်သာလျှင်။ ပသာရယေ၊ ခြေလက်အင်္ဂါ အဖြာဖြာကို အသာအယာ ဆန့်တန်းရာ၏။ (ဝါ) အမှတ်သတိ မပြတ်ရှိလျက် ကိုယ်သိသေဉ္စ ဣန္ဒြေရရ လှမ်းကြွသွားလာ ရဟန်းဆိုတဲ့ အမူအရာနှင့်လိုက်အောင် ထိုက်ထိုက်တန်တန် ကျင့်သုံးရာသတည်း။
၆၂။ ဟောဒါမှ ရဟန်း
ယတံ ဝိဟာရီ အာတာပီ၊ သန္တဝုတ္တိ မနုဒ္ဓတော။
စေတောသမထသာမိစီ၊ သိက္ခမာနော သဒါ သတံ။
ပဟိတတ္တော သန္တစိတ္တော၊ သ ဝေ ဘိက္ခုတိ ဝုစ္စတိ။
ယတံ ဝိဟာရီ၊ ယခုဖော်ပြ စောင့်စည်းခြင်း ဂုဏ်အဝဝတို့နှင့် ပြည့်စုံစွာ နေလေ့ရှိသော။ အာတာပီ၊ ကိလေသာညစ်ကြေး ကင်းဝေးစေအောင် ပူလောင်စေတတ် အပြင်းအထန် အားထုတ်အပ်သော။ သန္တဝုတ္တိ၊ ငြိမ်းချမ်းအေးဆေး ဘေးကင်းသောအသက်မွေးခြင်း ရှိသော။ အနုဒ္ဓတော၊ လောကဓမ်ကြုံ တွေ့ကာဆုံလည်း မတုန်မလှုပ် ကျောက်ရုပ်ပမာ ခိုင်ကြည်သော။ စေတောသမထသာမိစီ၊ စိတ်၏ ငြိမ်သက်အေးမြခြင်း၌ ရိုသေသမှု အလေးဂါရဝပြုတတ်သော။ သဒါ၊ နေ့ညဉ့်မစဲ အမြဲမပြတ် အထပ်ထပ်သာလျှင်။ သတံ၊ သူတော်ကောင်းတို့၏ ကျင့်ဝတ်ပဋိပတ်တရားမြတ်ကို။ သိက္ခမာနော၊ ကျင့်ကြံကြိုးကုတ် အားထုတ်သော။ ပဟိတတ္တော၊ ရှုပ်ထွေးပွေလီ ဘုံလောကီညိုဆံခြည်တခြမ်း စိတ်မသန်းဘဲ အေးချမ်းရာမှန် မြတ်နိဗ္ဗာန်သို့ သွန်ပို့အပ်သော စိတ်ရှိတတ်သော။ သန္တစိတ္တော၊ လေငြိမ်သည့် ပင်လယ်ပြာသို့ ကြည်ချမ်းမြ ငြိမ်သက်သော စိတ်ရှိလှသော။ သတော၊ ဆိုအပ်ခဲ့ပြီး အသီးသီးသော ဂုဏ်အင် စုံလင်ပြည့်ဝသော ထိုသူကို။ ဘိက္ခုတိ၊ ရဟန်းဟူ၍။ ဝုစ္စတိ၊ အလုပ်သဘောဟုတ်သဖြင့် ဖွင့်ထုတ်မည်နော် ခေါ်ဝေါ်အပ်လေသတည်း။
၆၃။ သားရှိသသူ များကြောင့် ပူ
သောစတိ ပုတ္တေဟိ ပုတ္တိမာ၊ ဂေါပိမာ ဟိ ဂေါဟိ ပိ သောစတိ။
ဥပဓီ ဟိ နရဿ သောစနာ၊ န ဟိ သောစတိ နိရူပဓိ။
စာမျက်နှာ-46
ပုတ္တိမာ၊ သားရှိသောသူသည်။ ပုတ္တေဟိ၊ သားကြောင့်။ သောစတိ၊ တကြောင့်ကြကြ တ-တ လွမ်းလွမ်း မအေးချမ်းဘဲ အမြဲတမ်းမသွေ စိုးရိမ်နေရလေ၏။ ဂေါပိမာ၊ နွားရှိသော သူသည်လည်း။ ဂေါဟိ၊ နွားကြောင့်။ သောစတိ။ (ပ) ၏။ ဥပဓီ ဟိ၊ တငြိကပ်ကပ် တတပ်စွဲစွဲ မဖြတ်ခဲ့နိုင် အစွဲခိုင်သော သူတို့သည်။ သောစတိ၊ စွဲလေ မြဲလေ သောကပွေ့၍ တည်နေမကျ အပူမီးခ၍သာ နေရပေ၏။ နိရူပဓိ၊ ငါးပါးခန္ဓာ အစွဲမသန် ဉာဏ်မြင်သန်၍ ဆယ်တန်ကိလေ ဖြတ်ကင်းကွာ ဖော်မရှာဘဲ သားလည်းမရှိ နွားမရှိဘဲ ပကတိသန့်စင် အရိယာအရှင်ရှိသည်။ န သောစတိ၊ တွယ်တာစရာ ဘယ်မှာမှ မရှိသဖြင့် တစိုးတစိမျှ မစိုးရိမ်မပူဆွေး အေးမြချမ်းသာလှပါပေသတည်း။
ဆောင်ပုဒ်။
* သားရှိသောသူ၊ သားကြောင့်ပူ၊ လှိုက်ဆူမချမ်းသာ။
* သမီးရှိသူ၊ သမီးကြောင့်ပူ၊ လှိုက်ဆူမချမ်းသာ။
* နွားရှိသောသူ၊ နွားကြောင့်ပူ၊ လှိုက်ဆူမချမ်းသာ။
* ရှိရှိသမျှ၊ အပူတွေခ၊ ဘဝမချမ်းသာ။
* မရှိ မပူ၊ ရှိလျှင် ပူ၊ လူလူ နတ်နတ်ပါ။
* အစွဲကင်းမှ၊ ပူသောက၊ လွတ်ကြရမည်သာ။
၆၄။ တကိုယ်တော်တည်း
စရံ စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။
အတ္တနော၊ မိမိထက်။ သေယျံ၊ သီလ သမာဓိ ပညာအားဖြင့် မြတ်သောမိတ်ဆွေကိုလည်းကောင်း။ သဒိသံ ဝါ၊ သီလ သမာဓိ ပညာအားဖြင့် တူမျှသော မိတ်ဆွေကိုလည်းကောင်း။ စေ နာဓိဂစ္ဆေယျ၊ အကယ်၍ ရှာဖွေမရခဲ့သည်ရှိသော်။ ဧကစရိယံ၊ အဖော်မမှီး တကိုယ်တည်းသာလျှင် ကျင့်ကြံကြိုးကုတ် အားထုတ်ရခြင်းသည်။ ဒဠှံ ကယိရာ၊ အနှောင့်အယှက် ကန့်ကွက်ရန်ဘေး ကင်းစင်ဝေးသဖြင့် လေးလေးနက်နက် မွန်မြတ်လှပါပေ၏။ ဗာလေ၊ ဘေးရန်မှန်သမျှ သူကစတတ်သည့် ဗာလစရိုက် လူမိုက်လူအတို့၌။ သဟာယတာ၊ အဖော်သဟာ မရှိပါသဖြင့် ရမိရရာ မိတ်ဆွေသဟာဖွဲ့မှုသည်။ နတ္ထိ၊ ဘယ်သောအခါမှ မရှိပါလေနှင့်။
စာမျက်နှာ-47
၆၅။ “လယ်ထွန်သော မြတ်ဘုရား”
သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ၊ ပညာ မေ ယုဂနင်္ဂလံ။
ဟိရီ ဤသာ မနော ယောတ္တံ၊ သတိ မေ ဖလပါစနံ။
*(ဓမ္မပဒ - ကသိဘာရဒွါဇသုတ်)*
မေ၊ ငါဘုရား၏။ သဒ္ဓါ၊ မမှိတ်မသုန် ရတနာတို့၏ ဂုဏ်၌ ယုံကြည်တတ်သော သဒ္ဓါသည်။ ဗီဇံ၊ အပင်ပေါက်ရန် စွမ်းအားသန်သည့် မျိုးစေ့မည်၏။ တပေါ၊ အကျင့်သီလ အာစာရသည်။ ဝုဋ္ဌိ၊ မျိုးစေ့ပင်မှန် ဖွံ့ထွားရန်ဟု အားသွန်ဖြိုးဝေ မိုးရေမည်၏။ ပညာ၊ ပညာသည်။ ယုဂနင်္ဂလံ၊ ထမ်းပိုးနှင့် ထွန်တုံးမည်၏။ ဟိရီ၊ အကုသိုလ်စု မကောင်းမှုမှ ရှက်ခြင်းသည်။ ဤသာ၊ ထွန်တုံး ထွန်သွား ဖြောင့်ဖြောင့်သွားအောင် ပဲကိုင်ပေးစရာ ထွန်ကိုင်းမည်၏။ မနော၊ စိတ်သည်။ ယောတ္တံ၊ ထိန်းယသည်ပိုး နွားချည်ကြိုးမည်၏။ သတိ၊ ဓမ္မာရုံ အစုစု၌ မွေ့လျော်စောင့်စည်းခြင်း သတိသည်။ ဖလပါစနံ၊ မြေကိုခွဲသွား ထယ်သွားနှင့် နွားကိုနှင်ရန် နကန်ခေါ်သည့် နှင်တံတုတ်မည်၏။
၆၆။ မိဘလုပ်ကျွေး နတ်ချစ်ဆေး
ယော မာတရံ ဝါ ပိတရံ ဝါ၊ ဓမ္မေန ပေါသေတိ။
ဒေဝါ နံ ပသံသန္တိ၊ မာတာပတ္တိဘရံ နရံ။
*(သုတ္တနိပါတ်)*
ယော နရော၊ အနန္တဂုဏ် ကိုယ်လုံးခြုံ၍ နိဂုံရွှေစင် ကြည်လင်မြတ်နိုး မျိုးရိုးအစစ် ဖြစ်ပေဘိတောင်း အကြင် အမျိုးကောင်းသားသည်။ မာတရံ ဝါ၊ မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးဂုဏ်ရှင် မွေးမိခင်ကိုလည်းကောင်း။ ပိတရံ ဝါ၊ မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးဂုဏ်ရှင် ဖခင်ကိုလည်းကောင်း။ ဓမ္မေန၊ မိမိမှာ သမ္မာအာဇီဝ ဖြူစင်လှစွာဖြင့်။ ပေါသေတိ၊ ကြည်ညိုသဒ္ဓါ တရားဖြင့် ပြုစုလုပ်ကျွေးပေ၏။ မာတာပတ္တိဘရံ နရံ၊ မိဘကျေးဇူး မြင့်မိုရ်ဦးကို ကြည်နူးအောက်မေ့ မြတ်ဓလေ့ဖြင့် နေ့နေ့ညည ဂါရဝမှု ပြုစုလုပ်ကျွေးပေသော။ နံ၊ သူတော်ကောင်းဓာတ် ကိန်းဝပ်ကြည်ညိုလိုသူကို-
စာမျက်နှာ-48
ဒေဝါ၊ သမ္မာအယူ ဖြူစင်ဖြောင့်မတ် နတ်ကောင်းနတ်မြတ်တို့သည်လည်း။ ပသံသန္တိ၊ ဘဝဂ်လျမ်းအောင် ချီးမွမ်းကြလေကုန်၏။ တိကိစ္ဆန္တိ၊ ဘေးရန်ရောဂါ သင့်ရောက်လာလည်း ကိုယ်မှာမခ ကင်းစင်ပအောင် စွမ်းဆောင်ကုသ ဖေးမကူညီကြလေကုန်သတည်း။
၆၇။ မိဘကျေးဇူး မသိသူ လူယုတ်
ယော မာတရံ ဝါ ပိတရံ ဝါ၊ ဇိဏ္ဏကံ ဂတယောဗ္ဗနံ။
ပဟုသန္တော န ဘရတိ၊ တံ ဇညာ ဝသလော ဣတိ။
*(သုတ္တနိပါတ် - ဝသလသုတ်)*
ယော၊ သူတထူးက ပြုပေဖူးသည့် ကျေးဇူးတရား မသိတတ်သော အကြင်လူမိုက်သည်။ ပဟုသန္တော၊ မိမိကိုယ်တိုင်က ပြုစုလုပ်ကျွေးခြင်းငှာ စွမ်းနိုင်ပါလျက်။ ဇိဏ္ဏကံ၊ ဆံဖြူသွားကြွေ အိုမင်းလေပြီးသော။ ဂတယောဗ္ဗနံ၊ ငယ်မူတွေပျောက် တတိယအရွယ်သို့ ရောက်နေပြီးသော။ မာတရံ ဝါ၊ မြင့်မိုရ်မက ကြီးလှဂုဏ်အင် မွေးမိခင်ကိုလည်းကောင်း။ ပိတရံ ဝါ၊ မြင့်မိုရ်မက ကြီးလှဂုဏ်အင် မွေးဖခင်ကိုလည်းကောင်း။ န ဘရတိ၊ မွေးပေဖူးသည့် ကျေးဇူးမေတ္တာ သိတတ်ကဖြင့် သဒ္ဓါဖွေးဖြူ မွေးမြူခြင်းမရှိပေ။ တံ ဇညာ၊ မိဘကျေးဇူး ဂုဏ်အထူးကို ကြည်နူးမဆပ် မသိတတ်သောသူကို။ ဝသလော ဣတိ၊ လူယုတ်ဟူ၍။ ဝုစ္စတိ၊ ကျိုးကြောင်းသင့်လျော် အခွင့်တော်သဖြင့် ခေါ်ဝေါ်အပ်လေသတည်း။
၆၈။ ပျက်စီးကြောင်းမာန
ဇာတိထဒ္ဓေါ ဂေါတ္တထဒ္ဓေါ၊ မာနထဒ္ဓေါ စ ယော နရော။
သညာတိံ အတိမညတိ၊ တံ ပရာဘဝတော မုခံ။
*(သုတ္တနိပါတ် - ပရာဘဝသုတ်)*
ယော နရော၊ မာန်မူတက်ကြွ တရွရွနှင့် မာနတက်၍နေသောသူသည်။ ဇာတိထဒ္ဓေါ၊ မိမိဇာတ်သာလျှင် မြတ်ဟု မှားမှတ်မြင့်ကြွ မာနတလူလူ တက်လို့နေ၏။ ဂေါတ္တထဒ္ဓေါ၊ ငါ၏အနွယ်သာ မြတ်လှပါဟု-
စာမျက်နှာ-49
တလူလူ မာနတက်ကြွ၍နေ၏။ မာနထဒ္ဓေါ၊ ဘဝင်လေခ မြေမကျအောင် မာနတရားကလည်း ထောင်လွှားလှပေ၏။ သညာတိံ၊ မိမိ၏ မျိုးရိုးနွယ်လာ ဇာတ်ကိုသာလျှင်။ အတိမညတိ၊ ငါသာလျှင် အစဉ်မပြတ် အမြဲမြတ်၏၊ သူတပါးကား ငါ့အောက် အမြဲရောက်ဟု မြင့်မောက်မာန တကြွကြွဖြင့် ဘဝင်မြင့်ကာ စွဲမှတ်မိရှာလေ၏။ တံ၊ ထိုသို့ ငါနှင့်ငါသာ နှိုင်းစရာဟု စိတ်မှာဝင်စား ထိုမာနသမားသည်။ ပရာဘဝတော၊ မကြာမတင် အလျင်အမြန် ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းရင်းမူလ အစမသွေ ဖြစ်ပါပေသတည်း။
၆၉။ “ဇာတ်ကြောင့်မဟုတ်၊ အလုပ်သာ”
န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြာဟ္မဏော။
*(သုတ္တနိပါတ် - ဝသလသုတ်)*
ဇစ္စာ၊ ဇာတ်အားဖြင့် (ဝါ) ဇာတ်အပေါ်မူတည်၍။ ဝသလော၊ လူတယောက်ကို အယုတ်ဟု ဆုံးဖြတ်ခြင်းသည်။ န ဟောတိ၊ မဖြစ်နိုင်။ ဇစ္စာ၊ ဇာတ်အားဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏဟု လူတယောက်ကို ဆုံးဖြတ်ခြင်းသည်။ န ဟောတိ၊ မဖြစ်နိုင်။ ကမ္မုနာ၊ ထိုသူလုပ်သော ကောင်းမကောင်း အလုပ်ဖြင့်သာလျှင်။ ဝသလော၊ လူတယောက်ကို အယုတ်ဟု ဆုံးဖြတ်နိုင်သည် (ဝါ) ဖြစ်၏။ ကမ္မုနာ၊ ထိုသူလုပ်သော အဆိုးအကောင်း အလုပ်ဖြင့်သာလျှင်။ ဗြာဟ္မဏော၊ ဗြာဟ္မဏဟု လူတယောက်ကို ဆုံးဖြတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
၇၀။ “တဦးတည်းသော သားအပေါ်၌ကဲ့သို့”
မာတာ ယထာ နိယံ ပုတ္တံ၊ အာယုသာ ဧကပုတ္တမနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
*(မေတ္တာသုတ် - ခုဒ္ဒကပါဌပါဠိတော်)*
မာတာ၊ မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးဂုဏ်ရှင် မွေးမိခင်သည်။ နိယံ ပုတ္တံ၊ မိမိရင်နှစ် သားရင်းဖြစ်သော။ ဧကပုတ္တံ၊ အရေထူ အ-
စာမျက်နှာ-50
ရေပါး အသားကိုဖောက် အရိုးရောက်အောင် များမြောက်ခင်တွယ် တဦးတည်းသော သားငယ်ကို။ အာယုသာ၊ ဇီဝိန်အသက် ယင်းအတွက်ကြောင့်။ အနုရက္ခေ ယထာ၊ နို့ချိုတိုက်ကျွေး ပိုက်ထွေးယုယ ဘေးမခအောင် နေ့ညမထွေ စောင့်ရှောက်လေသကဲ့သို့။ ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ သဗ္ဗဘူတေသု၊ ရှိသမျှဥဿုံ အလုံးစုံသော သတ္တဝါတို့၌။ မာနသံ၊ ထွေထွေယိုဖိတ် မေတ္တာစိတ်ကို။ ဘာဝယေ၊ နေ့ညမကွာ ပွားများရာ၏။
၇၁။ မည်သူ ဩဃကို ကူးနိုင်ပါသနည်း
ကောသု ဓ တရတိ ဩဃံ၊ ကော ဓ တရတိ အဏ္ဏဝံ။
အပ္ပတိဋ္ဌေ အနာလမ္ဗေ၊ ကော ဂမ္ဘီရေ န သီဒတိ။
*(သုတ္တနိပါတ်)*
မာရိသ၊ ဆင်းရဲကင်းကွာ ဘုန်းပညာနှင့် ပြည့်စုံပေငြား မြတ်စွာဘုရား။ ဣဓ၊ ဤလောက၌။ ကော သု၊ ဘယ်လိုယောက်ျား ဇာနည်ဖွားသည်။ ဩဃံ၊ ဩဃလေးဖြာ ကြမ်းတမ်းသည့် သမုဒ္ဒရာခရီးကို။ တရတိ၊ တဘက်ရောက်အောင် ကူးမြောက်နိုင်ပါသနည်း ဘုရား။ ကော၊ ဘယ်လိုယောက်ျား ဇာနည်ဖွားသည်။ အဏ္ဏဝံ၊ ကူးနိုင်ခဲစွာ သံသရာခရီး အဏ္ဏဝါကြီးကို။ တရတိ၊ မနစ်မမြုပ် အဟုတ်တကယ် ကူးမြောက်နိုင်ပါသနည်း ဘုရား။ ကော၊ ဘယ်လိုယောက်ျား ဇာနည်ဖွားသည်။ ဂမ္ဘီရေ၊ အထောက်မတန် အလွန်ပင် နက်နဲလှစွာသော။ အပ္ပတိဋ္ဌေ၊ ထောက်ရာတည်ရာ ရပ်ရာမရ အဟုန်ပြင်းလှစွာသော။ အနာလမ္ဗေ၊ ဆွဲရာကိုင်ရာ မှီတွယ်စရာ လှေနာဝါကလေးမျှပင် မရှိထသော။ ဩဃေ၊ ကာမ၊ ဘဝ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ ဤလေးဖြာသော ဩဃ၌။ န သီဒတိ၊ ယောက်ျားဘသား စွမ်းပကားဖြင့် နစ်မြုပ်မသွားအောင် စွမ်းဆောင်နိုင်ပါလေသနည်း။
၇၂။ ဩဃကို ကူးနိုင်သူ
သဒ္ဓါ သီလသမ္ပန္နော၊ ပညဝါ သုသမာဟိတော။
အဇ္ဈတ္တသညီ သတိမာ၊ ဩဃံ တရတိ ဒုတ္တရံ။
*(သုတ္တနိပါတ်)*
စာမျက်နှာ-51
သဒ္ဓါ၊ (ရတနာသုံးပါးကို ယုံကြည်ခြင်း)။ သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံသည်ဖြစ်၍။ ပညဝါ၊ တိဟိတ် ပဋိသန္ဓေ ထက်သောဉာဏ်ရှိသည်ဖြစ်သော။ သုသမာဟိတော၊ ကမ္မဋ္ဌာန်းအာရုံ၌ ခုန်ကျော်မရှိ တည့်တည့်မတ်မတ် တည်နေတတ်သော သမာဓိရှိသည်ဖြစ်သော။ အဇ္ဈတ္တသညီ၊ အပအာရုံ မခိုလှုံဘဲ မိမိကိုယ်တွင်း၌သာ တည်သော သညာရှိသည်ဖြစ်သော။ သတိမာ၊ အာရုံဒွါရ ဆုံသမျှခိုက် လိုက်၍သိမှတ် သတိဓာတ်တလုံး အမြဲတမ်း စွဲသုံးသည်ဖြစ်သော ယောက်ျားဇာနည် သာကီနွယ်ဖွား ဘုရားသားတော်သည်။ ဒုတ္တရံ၊ ဘေးရန်ပေါကြွယ် အပြောကျယ်၍ အလွယ်ကလေးနှင့် ကူးမြောက်ရန် မဖြစ်နိုင်သော။ ဩဃံ၊ ဩဃလေးဖြာ အဏ္ဏဝါခရီး သံသရာကြီးကို။ တရတိ၊ လက်ပမ်းခတ်ပေါက် ဘက်ကမ်းရောက်ဟု ကူးမြောက်နိုင်လေသတည်း။
၇၃။ “မနစ်မြုပ်သူ”
ဝိရတော ကာမသညာယ၊ သဗ္ဗသံယောဇနာတိဂေါ။
နန္ဒီဘဝပရိက္ခီဏော၊ သော ဂမ္ဘီရေ န သီဒတိ။
*(သုတ္တနိပါတ်)*
ကာမသညာယ၊ အာရုံငါးဝ ကာမ၌ စွဲပိုက်မနေ တရားကိုသာ အစဉ်ရှာနေလေ့ရှိသော။ (ဝါ) ဝတ္ထုကိလေ နှစ်ထွေသဘာဝ၌ စွဲပိုက်မနေ တရားကိုသာ အစဉ်ရှာနေလေ့ရှိသော။ သဗ္ဗသံယောဇနာတိဂေါ၊ သံယောဇဉ်မှန်သမျှ တစမကြွင်း ပယ်ရှင်းဖြတ်တောက်ပြီးသော။ နန္ဒီဘဝပရိက္ခီဏော၊ နှစ်သက်လမ်းလွဲသည့် ဖက်ရမ်းတွယ်တာ တဏှာသမုဒယ ကင်းစင်ပြီးသော။ သော၊ အသိအမှတ် သတိဓာတ်ဖြင့် ကပ်ငြိမှုမရှိ ကင်းစင်ဘိသောသူသည်။ ဂမ္ဘီရေ၊ ထောက်တည်မရ အလွန်ပင် နက်နဲလှသော ဩဃခက်ခဲ သံသရာထဲ၌။ န သီဒတိ၊ မနစ်မြုပ်ဘဲ ပေါ်မြဲပေါ်ကာ သံသရာကို ကျော်လွန်ကူးမြောက် ဘက်ကမ်းရောက်တော်မူနိုင်လေသတည်း။
၇၄။ “လှပဟန်ဆောင်”
အတ္ထိနှာရူဟိ သမ္ဗဒ္ဓေါ၊ တစမံသာဝလေပနော။
ဆဝိယာ ပဋိစ္ဆန္နော၊ အန္တဥဒရပူရိတော။
ပူတီဟိ စ အသုစီဟိ၊ ဗာလော ဘူတံ န ပဿတိ။
စာမျက်နှာ-52
အယံ ကာယော၊ လှသည်ပသည် တင့်တယ်သည်ဟု အလီလီအခါခါ ပြောနေကြသည့် ဤကိုယ်ကာယသည်။ အတ္ထိနှာရူဟိ သမ္ဗဒ္ဓေါ၊ အရိုးအကြောတို့ဖြင့် ဆက်စပ်တုတ်နှောင် ဟုတ်သယောင်ပြုလျက်။ တစမံသာဝလေပနော၊ အရေအသား အပေါ်ယံအားဖြင့် ဖုံးထားအပ်၏။ ဆဝိယာ၊ အပေါ်ယံအား အရေပါးကလေးသည်။ ပဋိစ္ဆန္နော၊ မြင်သူအများ အထင်မှားအောင် အတွင်းသားကို ဖုံးအုပ်ထားပေ၏။ ပူတီဟိ စ အသုစီဟိ၊ ပုပ်ကုန်သော၊ မစင်မကြယ် ကျင်ငယ်ကျင်ကြီး အသီးသီးသော အပုပ်အစပ်တို့ဖြင့်။ အန္တဥဒရပူရိတော၊ အူသိမ်အူမ ဝမ်းခေါင်းဝ၌ ပုပ်ပွပြည့်လှောင်း နံ့မကောင်းဘဲ ထောင်းထောင်းထကာ ပြည့်နေပါပေ၏။ ဗာလော၊ အပေါ်ယံတွင် အသိဝင်၍ အတွင်းနှိုက်ချွတ် မမြင်တတ်သည့် မိုက်ဇာတ်ကြီးစွ လူ့ဗာလသည်။ ဘူတံ၊ ဟုတ်ရာမှန်ရာ ဓမ္မတာသဘာဝ အစစ်အမှန်ကို။ န ပဿတိ၊ ဉာဏ်မြင်ထွင်းဖောက် အလင်းရောက်အောင် ထမြောက်ပိုင်ပိုင် မသိနိုင်လေသတည်း။
၇၅။ “ချစ်တယ်ဆိုတာ ဘယ်မှာလဲ”
ယဒါ စ သော မတော ဟောတိ၊ ဥဒ္ဓုမာတော ဝိနီလကော။
အပိဒ္ဓေါ သုသာနသ္မိံ၊ အနပေက္ခာ ဟောန္တိ ဉာတယော။
သော၊ လှတယ်ချောတယ် ချစ်ခင်တယ်ဟု တွယ်တာစီးပွား သားသမီးနှင့် ဇနီးတသွယ် လင်သယ်တမျိုး တနေ့ထက်တနေ့ အချစ်တွေ့တိုးနေတယ်ဆိုတဲ့သူသည်။ ယဒါ၊ အကြင်အခါ၌။ မတော၊ ဇီဝိန်ပြတ်ကြွေ သေပျက်လေတော့၏။ တဒါ၊ ထိုအခါ၌။ ဥဒ္ဓုမာတော၊ လေအိတ်ပမာ ဖောင်းတက်ကာဖြင့် ရွံစရာပုပ်ကောင် ဖူးဖူးရောင်လာခဲ့ပေ၏။ ဝိနီလကော၊ တကိုယ်လုံးသဲ ညိုမဲမဲနှင့် ပုပ်ပဲရောင်လာပေ၏။ တဒါ၊ ထိုအခါ၌။ ဉာတယော၊ ဟိုယခင်က ချစ်လှပါသည် ချောလှပါသည် အလီလီအဝဝ ဆိုကုန်ကြသည့် သလောဟိတာ ဆွေမျိုးဉာတကာတို့သည်။ သုသာနသ္မိံ၊ မည်သူ့အိမ်ပေါ်မှ ကြာရှည်မထားချင် နိမိတ်အတိတ်တွေ မကောင်းဘူးထင်ကြကုန်၍ တစပြင်ပြင် သုသာန်သင်းချိုင်း၌သာလျှင်။ အပိဒ္ဓေါ၊ အလျင်အမြန် စွန့်ပစ်ကြကုန်လျက်။ အနပေက္ခာ၊ ချစ်တယ်ဆိုတဲ့သူတွေ လှတယ်ဆိုတဲ့သူတွေ ဘယ်သူတယောက်မျှ ထောက်ဆညှာတာ အနားကမခွာ မနေလိုကြတော့ဘဲ တစ္ဆေကို ကြောက်သလို-
စာမျက်နှာ-53
လို ဘာလိုလို ညာလိုလိုနှင့် မူယာဟာတွေ ပိုကာ အိမ်သို့သာ ပြန်သွားကြလေကုန်တော့သတည်း။
*(ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ)*
၇၆။ “အဖော်ကြောင့် ဘေးဖြစ်ရ”
သံသဂ္ဂတော ဘယံ ဇာတံ၊ နိကေတာ ဇာယတေ ရဇော။
အနိကေတံ အသံသဂ္ဂံ၊ ဧတံ ဝေ မုနိဒဿနံ။
*(မုနိသုတ် - သုတ္တနိပါတ်)*
ဘောန္တော၊ တကိုယ်တည်းပင် မနေချင်ဘဲ လှိုက်လှဲချစ်စရာ ဖော်သဟာကို လိုက်ရှာနေသော အို-လူများတို့။ သံသဂ္ဂတော၊ တဦးနှင့်တဦး ကူးလူးယှက်သွယ် နှီးနွှယ်ပေါင်းသင်း ဆက်ဆံခြင်းကြောင့်။ ဘယံ၊ ကိုယ်ရောစိတ်မှာ နှစ်ဖြာယှက်မြှေး အပြစ်ဘေးသည်။ ဇာတံ၊ မလွှဲရှောင်သာ ဖြစ်ပေါ်၍ လာရပေ၏။ နိကေတာ၊ ခင်မင်တွယ်တာ နွံယ်ရောယှဉ် သံယောဇဉ်ကြောင့်။ ရဇော၊ ကိလေသာအညစ်အကြေးမြူသည်။ ဇာယတေ၊ မလွှဲရှောင်သာ ဖြစ်ပေါ်လာရပေ၏။ အနိကေတံ၊ သံယောဇဉ်ဓာတ် မငြိကပ်ဘဲ လွတ်လွတ်ဖယ်ခါ ဧကစာထုံး ကျင့်သုံးခြင်းသည်လည်းကောင်း။ အသံသဂ္ဂံ၊ တပူးတွဲတွဲ ပဋိသန္ဓေတွဲ ယှဉ်တွဲမှု မပြုတော့ခြင်းသည်လည်းကောင်း။ ဝေ၊ စင်စစ်ဧကန် သဘောအမှန်ဖြင့်။ ဧတံ၊ ဤသို့ အဖော်မပါ ဧကစာထုံး ကျင့်သုံးခြင်း၌သာလျှင်။ မုနိဒဿနံ၊ ရဟန်း၏ အဘိဓမ္မာ အမှန်သာ ဖြစ်ရလေတော့သတည်း။
၇၇။ “ရာဂ ဒေါသ မောဟ ဖြစ်ကြောင်း”
ရာဂေါ စ ဒေါသော စ ကုတော နိဒါနာ၊
အရတိ ရတိ လောမဟံသော ကုတောဇာ။
ကုတော သမုဋ္ဌာယ မနောဝိတက္ကာ၊
ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ။
*(သုတ္တနိပါတ် - သုစိလောမသုတ်)*
ရာဂေါ စ၊ ရာဂသည်လည်းကောင်း။ ဒေါသော စ၊ ဒေါသသည်လည်းကောင်း။ မောဟော စ၊ မောဟသည်လည်းကောင်း။ ကုတော နိဒါနာ၊ အဘယ်အကြောင်း-
စာမျက်နှာ-54
မှစ၍ ဖြစ်ပါကုန်သနည်း။ အရတိ စ၊ မပျော်မွေ့ခြင်းသည်လည်းကောင်း။ ရတိ စ၊ ပျော်မွေ့ခြင်းသည်လည်းကောင်း။ လောမဟံသော စ၊ ကြက်သီးမွေးညှင်း တဖြန်းဖြန်းထ၍ ကြောက်လန့်ခြင်းသည်လည်းကောင်း။ ကုတောဇာ၊ အဘယ်တရားမှ ဖြစ်ပေါ်ကုန်သနည်း။ မနောဝိတက္ကာ၊ စိတ်၏အကြံအစည်တို့သည်။ ကုတော သမုဋ္ဌာယ၊ အဘယ်ကို အကြောင်းခံ၍ ဖြစ်ကုန်သနည်း။ ကထံ၊ ဥပမာပုံဆို ဘယ်လိုနည်းဟူမူကား။ ကုမာရကာ၊ သူငယ်တို့သည်။ ဓင်္ကံ၊ ကျီးကန်းကို။ ဩဿဇန္တိ ဣဝ၊ လွှတ်ကုန်သကဲ့သို့တည်း။ ဣတိ၊ ဤသို့။ သုစိလောမော၊ သုစိလောမဘီလူးသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အပုစ္ဆိ၊ မေးလျှောက်လေပြီ။
၇၈။ ဘုရားရှင် အဖြေ
ရာဂေါ စ ဒေါသော စ ဣတော နိဒါနာ၊
အရတိ ရတိ လောမဟံသော ဣတောဇာ။
ဣတော သမုဋ္ဌာယ မနောဝိတက္ကာ၊
ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ။
ရာဂေါ စ၊ ရာဂသည်လည်းကောင်း။ ဒေါသော စ၊ ဒေါသသည်လည်းကောင်း။ ဣတော နိဒါနာ၊ ဤခန္ဓာကိုယ်ကို အတ္တဟု စွဲလမ်းခြင်းကြောင့် ဖြစ်ကုန်၏။ အရတိ စ၊ မမွေ့လျော်ခြင်းသည်လည်းကောင်း။ ရတိ စ၊ မွေ့လျော်ခြင်းသည်လည်းကောင်း။ လောမဟံသော စ၊ ကြက်သီးမွေးညှင်းထခြင်းသည်လည်းကောင်း။ ဣတောဇာ၊ ဤခန္ဓာကိုယ်ကို အတ္တဟု စွဲလမ်းခြင်းကြောင့် ဖြစ်ကုန်၏။ မနောဝိတက္ကာ၊ ကာမဝိတက် စသည်ဖြင့် အကုသိုလ်ဝိတက် အစားစားတို့သည်။ ဣတော သမုဋ္ဌာယ၊ ဤခန္ဓာကိုယ်ကို အတ္တဟု စွဲထင်ခြင်းကြောင့် ဖြစ်ကုန်၏။ ကိမိဝ၊ ဥပမာပုံဆို ဘယ်လိုနည်းဟူမူကား။ ကုမာရကာ၊ သူငယ်တို့သည်။ ဓင်္ကံ၊ ကျီးကန်းကို။ ဩဿဇန္တိ ဣဝ၊ လွှတ်လိုက်ကုန်သကဲ့သို့တည်း။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝိသဇ္ဇေတိ၊ ဖြေကြားတော်မူပြီ။
၇၉-၈၁။ သုန္ဒရိကဘာရဒွါဇ (သုတ္တနိပါတ်)
သာရမ္ဘာ ယဿ ဝိဂတာ၊ စိတ္တံ ယဿ အနာဝိလံ။
ဝိပ္ပမုတ္တော စ ကာမေဟိ၊ ထိနံ ယဿ ပနူဒိတံ။
စာမျက်နှာ-55
၈၀။ သီမန္တာနံ ဝိနေတာရံ၊ ဇာတိမရဏကောဝိဒံ။
မုနိံ မောနေယျသမ္ပန္နံ၊ တာဒိသံ ယညမာဂတံ။
၈၁။ ဘကုဋိံ ဝိနယိတွာန၊ ပဉ္စလိကာ နမဿထ။
ပူဇေထ အန္နပါနေန၊ ဧဝံ ဣဇ္ဈန္တိ ဒက္ခိဏာ။
ယဿ၊ အကြင်မြတ်စွာဘုရားအား။ သာရမ္ဘာ၊ ချုပ်ချယ်ခြင်းတို့သည်။ ဝိဂတာ၊ ကင်းကုန်၏။ ယဿ၊ အကြင်မြတ်စွာဘုရား၏။ စိတ္တံ၊ စိတ်တော်သည်။ အနာဝိလံ၊ မနောက်ကျု။ ကာမေဟိ၊ ကာမဂုဏ်တို့မှ။ ဝိပ္ပမုတ္တော စ၊ လွတ်လည်း လွတ်မြောက်၏။ ယဿ၊ အကြင်မြတ်စွာဘုရားအား။ ထိနံ၊ စိတ်ကို ယုတ်ညံ့အောင် ပြုတတ်သော ထိနစေတသိက်ကို။ ပနူဒိတံ၊ ပယ်ထားအပ်၏။ သီမန္တာနံ၊ ခွဲခြားခွဲခြား ပြုတတ်သော စိတ်ကို။ ဝိနေတာရံ၊ ပယ်ဖျောက်ထားအပ်ပြီ။ ဇာတိမရဏကောဝိဒံ၊ ပဋိသန္ဓေနေခြင်း သေခြင်း (ဝါ) အိုခြင်း၌ လိမ္မာပြီး နားလည်ပြီးဖြစ်၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ မောနေယျသမ္ပန္နံ၊ ရဟန်းတို့၏ အကျင့်နှင့် ပြည့်စုံသော။ ယညမာဂတံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ မုနိံ၊ မြတ်စွာဘုရားကို။ ဘကုဋိံ၊ မျက်မှောင်တကြုတ်ကြုတ် ကုတ်ခြင်းကို။ ဝိနယိတွာန၊ ပယ်ဖျောက်၍။ ပဉ္စလိကာ၊ လက်အုပ်မိုးကြကုန်လျက်။ နမဿထ၊ ရှိခိုးကြပါကုန်လော့။ အန္နပါနေန၊ ထမင်းအဖျော်နှင့်။ ပူဇေထ၊ ပူဇော်ကြပါကုန်လော့။ ဧဝံ၊ ဤသို့ပြုသည်ရှိသော်။ ဒက္ခိဏာ၊ အလှူသည်။ ဣဇ္ဈန္တိ၊ ပြီးပြည့်စုံကုန်၏။
၈၂။ (သဘိယသုတ်)
ဥပဓိ တေ သမတိက္ကန္တာ၊ အာသဝါ တေ ပဒါလိတာ။
သီဟောသိ အနုပါဒါနော၊ ပဟီနဘယဘေရဝေါ။
တေ၊ ရှင်တော်မြတ်ဘုရားအား။ ဥပဓိ၊ ကိလေသာ ဥပဓိသည်။ သမတိက္ကန္တာ၊ လွန်မြောက်တော်မူပြီး ဖြစ်ကုန်ပြီ။ တေ၊ ရှင်တော်မြတ်ဘုရားအား။ အာသဝါ၊ အာသဝေါတရားတို့သည်။ ပဒါလိတာ၊ ပယ်အပ်ကုန်ပြီးပြီ။ အနုပါဒါနော၊ အစွဲအလမ်းကင်းသည်ဖြစ်၍။ ပဟီနဘယဘေရဝေါ၊ ကြောက်ခြင်း လန့်ခြင်း ကင်းပြီးသည်ဖြစ်၍။ သီဟောသိ၊ ခြင်္သေ့မင်းကြီး ဖြစ်တော်မူပါပေ၏။
စာမျက်နှာ-56
၈၃။ ပုဏ္ဍရီကံ ယထာ ဝဂ္ဂု၊ တောယေန န ဥပလိမ္မတိ။
ဧဝံ ပုညေ စ ပါပေ စ၊ ဥဘယေ တွံ န ဥပလိမ္မတိ။
ပါဒေ ဝီရ ပသာရေဟိ၊ သဘိယော ဝန္ဒတိ သတ္ထုနော။
ဝဂ္ဂု၊ ကြည်လင်သန့်ရှင်းသော။ ပုဏ္ဍရီကံ၊ ကြာပုဏ္ဍရိက်သည်။ တောယေန၊ ရေဖြင့်။ န ဥပလိမ္မတိ ယထာ၊ မငြိကပ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ သင် (မြတ်စွာဘုရား) သည်။ ပုညေ စ၊ ကုသိုလ်တို့၌လည်းကောင်း။ ပါပေ စ၊ အကုသိုလ်တို့၌လည်းကောင်း။ န လိမ္မသိ၊ မလိမ်းမကပ်ပေ။
ဝီရ၊ မြတ်စွာဘုရား။ ပါဒေ၊ ခြေတော်တို့ကို။ ပသာရေဟိ၊ ဆန့်တန်းတော်မူပါ ဘုရား။ သဘိယော၊ သဘိယမည်သော တပည့်တော် ပုဏ္ဏားသည်။ သတ္ထုနော၊ မြတ်စွာဘုရား၏။ ပါဒေ၊ ခြေတော်တို့ကို။ ဝန္ဒတိ၊ ရိုသေမြတ်နိုး သဒ္ဓါကြိုးလျက် ရှိခိုးလိုက်ပါ၏ ဘုရား။
၈၄။ ဒုက္ခဖြစ်ရ သူကစ
ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ သဗ္ဗံ သင်္ခါရပစ္စယာ။
သင်္ခါရာနံ နိရောဓေန၊ နတ္ထိ ဒုက္ခဿ သမ္ဘဝေါ။
ယံ ကိဉ္စိ ဒုက္ခံ၊ ဒုက္ခမှန်သမျှကို။ သမ္ဘောတိ၊ ခံစားရ၏။ တံ သဗ္ဗံ၊ ထိုဒုက္ခခံစားရခြင်း အလုံးစုံသည်။ သင်္ခါရပစ္စယာ၊ ပြုပြင်သမျှ သင်္ခါရကြောင့်သာ ဖြစ်ရ၏။ သင်္ခါရာနံ၊ ပြုပြင်သမျှ သင်္ခါရမှု အစုစုတို့၏။ နိရောဓေန၊ ချုပ်ငြိမ်းခြင်းကြောင့်။ ဒုက္ခဿ၊ ဒုက္ခမှန်သမျှ၏။ သမ္ဘဝေါ၊ ဖြစ်ရခြင်းသည်။ နတ္ထိ၊ ဘယ်သောအခါမှ မရှိတော့ပေ။
၈၅။ “ပုထုဇဉ်နှင့် အရိယာဆန့်ကျင်”
ရူပါ သဒ္ဒါ ဂန္ဓာ ရသာ၊ ဖဿာ ဓမ္မာ စ ကေဝလာ။
ဣဋ္ဌာ ကန္တာ မနာပါ စ၊ ယာဝတတ္ထီတိ ဝုစ္စတိ။
*(သုတ္တနိပါတ်ပါဠိတော်)*
ဣဋ္ဌာ၊ အလိုရှိအပ်သည်ဟု ဆိုအပ်ကုန်သော။ ကန္တာ၊ နှစ်သက်အပ်ကုန်သော။ မနာပါ၊ နှလုံးကို ပွားစေတတ်ကုန်သော။ ရူပါ စ၊ အဆင်းမျိုးစုံ ရူပါရုံတို့သည်လည်းကောင်း။ သဒ္ဒါ စ၊ အသံမျိုးစုံ သဒ္ဒါရုံတို့သည်လည်းကောင်း။ ဂန္ဓာ စ၊ အနံ့မျိုးစုံ ဂန္ဓာရုံတို့သည်လည်းကောင်း။ ရသာ စ၊ စားစရာမျိုးစုံ ရသာရုံတို့သည်လည်းကောင်း။ ဖဿာ စ၊ ထိစရာမျိုးစုံ အတွေ့အာရုံတို့သည်လည်းကောင်း။ ကေဝလာ၊ သက်သက်။ ဓမ္မာ စ၊ သိစရာအဖုံဖုံ ဓမ္မာရုံတို့သည်လည်းကောင်း။ လောကေ၊ သတ္တဝါတို့နေ-
စာမျက်နှာ-57
ကြဘုံလောက၌။ အတ္ထီတိ၊ ရှိ၏ဟူ၍။ ဝုစ္စတိ၊ ပြောဆိုစဉ် အစဉ်အလာ ရှိကြပေကုန်၏။
၈၆။ သဒေဝကဿ လောကဿ၊ ဧတေ ခေါ သုခသမ္မတာ။
ယတ္ထ စေတေ နိရုဇ္ဈန္တိ၊ တံ နေသံ ဒုက္ခသမ္မတံ။
သဒေဝကဿ လောကဿ၊ နတ်နှင့်တကွ လူ့လောက၏။ ဧတေ၊ ထိုအာရုံတို့ကို။ သုခသမ္မတာ၊ ကောင်း၏ဟု သမုတ်အပ်ကုန်၏။ ယတ္ထ စ၊ အကြင်နိဗ္ဗာန်၌။ ဧတေ၊ ထိုအာရုံတို့သည်။ နိရုဇ္ဈန္တိ၊ အကြွင်းမဲ့ချုပ်ကုန်၏။ တံ၊ ထိုအာရုံတို့ အကြွင်းမဲ့ချုပ်ရာ နိဗ္ဗာန်သည်။ နေသံ၊ အန္ဓဗာလ ပုထုဇဉ်အမိုက်တို့အတွက်။ ဒုက္ခသမ္မတံ၊ ဒုက္ခဟု သမုတ်၏။
၈၇။ သုခန္တိ ဒိဋ္ဌမရိယေဟိ၊ သက္ကာယဿုပရောဓနံ။
ပစ္စနီကမိဒံ ဟောတိ၊ သဗ္ဗလောကေန ပဿတံ။
အရိယေဟိ၊ အရိယာတို့က။ သက္ကာယဿုပရောဓနံ၊ ခန္ဓာချုပ်ငြိမ်းရာကို။ သုခန္တိ၊ သုခဟူ၍။ ဒိဋ္ဌံ၊ မြင်၏။ သဗ္ဗလောကေန၊ ပုထုဇဉ်တလောကလုံးက။ ဒုက္ခန္တိ၊ ဒုက္ခဟူ၍။ ဒိဋ္ဌံ၊ မြင်၏။ သဗ္ဗလောကေန၊ ပုထုဇဉ်တလောကလုံးနှင့်။ ပဿတံ၊ သစ္စာအမြင်ရှိကုန်သော အရိယာတို့၏။ ဣဒံ ပစ္စနီကံ၊ ဤသို့ ပြောင်းပြန်ဆန့်ကျင်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
၈၈-၈၉။ ဝေဒနာချုပ် - နိဗ္ဗာန်
သုခံ ဝါ ယဒိ ဝါ ဒုက္ခံ၊ အဒုက္ခမသုခံ သဟ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ယံ ကိဉ္စိ အတ္ထိ ဝေဒိတံ။
၈၉။ ဧတံ ဒုက္ခန္တိ ဉာတွာန၊ မောသဓမ္မံ ပလောကိနံ။
ဖုဿ ဖုဿ ဝယံ ပဿံ၊ ဧဝံ တတ္ထ ဝိဇာနာတိ။
ဝေဒနာနံ ခယာ ဘိက္ခု၊ အနိစ္ဆော ပရိနိဗ္ဗုတော။
အဇ္ဈတ္တံ၊ အဇ္ဈတ္တလည်းဖြစ်။ ဗဟိဒ္ဓါ စ၊ ဗဟိဒ္ဓလည်းဖြစ်သော။ ယံ ကိဉ္စိ၊ အမှတ်မထား တပါးပါးသော။ သုခံ ဝါ၊ သုခဝေဒနာကိုလည်းကောင်း။ ဒုက္ခံ ဝါ၊ ဒုက္ခဝေဒနာကိုလည်းကောင်း။ အဒုက္ခမသုခံ၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း။ ဝေဒိတံ၊ ခံစားအပ်၏။
စာမျက်နှာ-58
ဧတံ၊ ထိုဝေဒနာဟူသမျှကို။ ဒုက္ခန္တိ၊ ဒုက္ခဟူ၍။ ဉာတွာ၊ သိ၍။ မောသဓမ္မံ၊ ချွတ်ယွင်းသော သဘောရှိသော။ ပလောကိနံ၊ ပျက်စီးခြင်းသဘောရှိသော တရားဟူ၍။ ဖုဿ ဖုဿ၊ ဉာဏ်ဖြင့်တွေ့၍။ ဝယံ၊ ဝေဒနာ၏အပျက်ကို။ ပဿံ၊ ရှုပါလော့။ တတ္ထ၊ ထိုဝေဒနာမှန်သမျှ၌။ ဧဝံ၊ ဤသို့ အပျက်သဘောကို။ ဝိဇာနာတိ၊ သိ၏။ ဝေဒနာနံ၊ ဝေဒနာတို့၏။ ခယာ၊ ကုန်ခြင်းကြောင့်။ ဘိက္ခု၊ ရဟန်းသည်။ အနိစ္ဆော၊ ပူလောင်ခြင်းကင်းသည်ဖြစ်၍။ ပရိနိဗ္ဗုတော၊ ခန္ဓာဇာတ်သိမ်း ဝဋ်ကုန်ငြိမ်း၍ အေးကိန်းမသွေ ရောက်ရလေတော့သတည်း။
၉၀။ စွဲမိသည့်ဝန်
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘူတော ဒုက္ခံ နိဂစ္ဆတိ။
ဇာတဿ မရဏံ ဟောတိ၊ ဧသော ဒုက္ခဿ သမ္ဘဝေါ။
ဥပါဒါနပစ္စယာ၊ စွဲလမ်းမှုဥပါဒါန်ကြောင့်။ ဘဝေါ၊ ကမ္မဘဝသည်။ ဟောတိ၊ ဖြစ်၏။ ဘူတော၊ ကမ္မဘဝကြောင့် ဖြစ်လာရသော သတ္တဝါသည်။ ဒုက္ခံ၊ ဆင်းရဲသို့။ နိဂစ္ဆတိ၊ ရောက်ရတော့၏။ ဇာတဿ၊ ဖြစ်သောသတ္တဝါ၏။ မရဏံ၊ သေခြင်းမည်သည်။ ဟောတိ၊ မုချမသွေ ဖြစ်ရပေ၏။ ဧသော၊ ဤသည်လျှင်။ ဒုက္ခဿ သမ္ဘဝေါ၊ ဒုက္ခဖြစ်ခြင်းပင်တည်း။
၉၁။ တသ္မာ ဥပါဒါနခယာ၊ သမ္မဒညာယ ပဏ္ဍိတော။
ဇာတိက္ခယံ အဘိညာယ၊ န ဂစ္ဆန္တိ ပုနဗ္ဘဝံ။
တသ္မာ၊ ထိုသို့ အစွဲပြင်းထန် ဥပါဒါန်ကြောင့် ကမ္မဘဝ ဇာတိရလျက် မရဏဆက်ကာ ဒုက္ခတွေ ဖြာဝေလာရခြင်းကို။ ပဏ္ဍိတော၊ ကျိုးကြောင်းမြင်သိ ပညာရှိသည်။ သမ္မဒညာယ၊ ဝိပဿနာဉာဏ်ပညာဖြင့် ကောင်းစွာပိုင်ပိုင် သိစွမ်းနိုင်၍။ ဥပါဒါနခယာ၊ စွဲလမ်းရာမှန် ဥပါဒါန်ကုန်ခြင်းကြောင့်။ ဇာတိက္ခယံ၊ ဆက်ကာသေတတ် ဇာတိတည်းဟူသော ဘဝဇာတ်၏ ကင်းပြတ်ရာမှန် မြတ်နိဗ္ဗာန်ကို။ အဘိညာယ၊ မဂ္ဂင်ဉာဏ်အား စွမ်းပကားဖြင့် ပိုင်းခြားထင်ထင် သိမြင်ပြီး၍။ ပုနဗ္ဘဝံ၊ တဖန်ဘဝ ဖြစ်ပြန်ရခြင်းသို့။ န ဂစ္ဆန္တိ၊ ဥပါဒါန်ဓာတ် ကင်းစင်ပြတ်သဖြင့် နောက်ထပ်ပိုင်ပိုင် မရောက်နိုင်တော့သည်သာတည်း။
စာမျက်နှာ-59
၆၉။ “ဒုက္ခမူလ သူကစ”
ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ သဗ္ဗံ သမုဒယပစ္စယာ။
တဏှာဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါနသံသရံ။
*(သုတ္တနိပါတ် - ဒွယတာနုပဿနာသုတ်လာ ဂါထာများမှ စပ်ထားသည်)*
ဘောန္တော၊ ဒုက္ခဒုက္ခ ညည်းတွားကြသော်လည်း ဒုက္ခဖြစ်ရာ အကြောင်းရင်းခံကို မှန်ကန်စွာ စိုးစိမျှမသိတတ်ကြကုန်သော အို-လူများတို့။ တုမှေ၊ ဒုက္ခဒဏ်ချက် တခဲနက်ကို ကြိတ်မှိတ်ကာခံနေကြရသော သင်သူတော်စင်အများတို့သည်။ သုဏာထ၊ အာရုံတပါး စိတ်မသွားဘဲ နားစွင့်စွင့် ထောင်ကြကုန်လော့။ ယံ ကိဉ္စိ ဒုက္ခံ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ အစရှိသော လောကတလွှားတွင် များပြားတွင်ကျယ် သားဟယ် သမီးဟယ် စီးပွားဟယ်နှင့် ဘယ်ဝယ်ခြင်းရာ များလှစွာသော အစားစားသော ဒုက္ခကို။ သမ္ဘောတိ၊ မလိုချင်လှ မတောင့်တသော်လည်း အကြောင်းကလျော်စွာ ရရှိခံစားလာရပေ၏။ တံ သဗ္ဗံ၊ မလိုချင်ဘဲ သဲသဲမဲမဲကြီး ခံစားနေရသော ထိုဒုက္ခအလုံးစုံသည်။ သမုဒယပစ္စယာ၊ လက်သည်မူလ ဘူတကို ရှာလိုက်သော် တဏှာသမုဒယ လောဘအကြောင်းခံ အမှန်ပင်ဖြစ်ပါပေသတည်း။
တဏှာဒုတိယော၊ တပ်မက်အာသာ တဏှာပေ (ရေငတ်သူသည် ရေချိုသော်လည်း သောက်ရမပြေသော ဆားငန်ရေနှင့်တူသော) တဏှာငတ်ကို အဟုတ်အဟပ်ထင်ကာ အဖော်သဟဲပြု၍ အမြဲနေသော။ ပုရိသော၊ အမှန်မမြင် မှားလမ်းတွင်လျက် တွင်တွင်လျှောက်သွားသော ထိုယောက်ျားသည်။ ဒီဃမဒ္ဓါနသံသရံ၊ ဘုရားရှင်ပင် မမြင်သောအစရှိသည့် သံသရာဆိုသည့် ကာလရှည်ကြီးကို။ သံသရတိ၊ မြုပ်တုံပေါ်တုံ ကူးခတ်တုံဖြင့် အဖုံဖုံထန်ပြင်း ဂရက်အတွင်းဝယ် လွတ်ဖွယ်မတွေ့ ကွေ့ကာပတ်ကာ တလည်တည်း လည်နေရှာလေတော့သတည်း။
၇၀။ “အိပ်မက်မက်သလို”
သုပိနေန ယထာပိ သံဂတံ၊ ပဋိဗုဒ္ဓေါ ပုရိသော န ပဿတိ။
ဧဝမ္ပိ ပိယာယိတံ ဇနံ ပေတံ၊ ကာလင်္ကတံ န ပဿတိ။
*(သုတ္တနိပါတ်)*
သုပိနေန၊ အိပ်မက်၌။ ပိယံ၊ သမင်ပြောက် လှလှကလေးကို။ (ဝါ) သံဂတံ၊ မြင်တွေ့၍။ ပုရိသော၊ ယောက်ျားသည်။ ပဋိဗုဒ္ဓေါ၊ နိုးလာသည်ရှိသော်။ န ပဿတိ၊ မမြင်ရတော့ပေ။ ဧဝမ္ပိ၊ ဤအတူသာလျှင်။ ပိယာယိတံ၊ ချစ်-
စာမျက်နှာ-60
အပ်သော။ ဇနံ၊ သတ္တဝါကို။ ပေတံ ကာလင်္ကတံ၊ စုတိပြတ်ကြွေ သေလေပြီးသည်ရှိသော်။ န ပဿတိ၊ မမြင်ရတော့ပေ။
၇၁။ ဧတမာဒီနဝံ ဉာတွာ၊ မုနိ ပုဗ္ဗာပရေ ဣဓ။
ဧကစရိယံ ဒဠှံ ကယိရာ၊ န နိသေဝေထ မေထုနံ။
*(သုတ္တနိပါတ်)*
ဧတံ အာဒီနဝံ၊ ဤသို့ ဖော်ပြခဲ့ပြီးသော အိပ်မက်ပမာ အပြစ်အနာအဆာကို။ ဉာတွာ၊ ဉာဏ်ဖြင့် ထင်ထင်သိမြင်ပြီး၍။ မုနိ၊ အေးချမ်းရာကို မျှော်ကာမှန်းဆသော ရဟန်းသမဏသည်။ ပုဗ္ဗာပရေဓ (ပုဗ္ဗ+အပရ+ဣဓ)၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု ခေါ်ရသော ကာလသုံးပါး၌။ ဧကစရိယံ၊ တယောက်တည်းသာ ဧကစာကျင့်သုံးခြင်းကို။ ဒဠှံ ကယိရာ၊ မြဲမြံစွာသာ ကျင့်သုံးရာ၏။ မေထုနံ၊ အဖော်ခင်မင် နှစ်ကိုယ်ကြင်၍ တယှဉ်တွဲတွဲ တူစုံစံသည့် မေထုန်ဆိုသည့် အကျင့်ကို။ န နိသေဝေထ၊ မမှီဝဲရာ။ (ဝါ) ချမ်းမြသာယာ ဘဝတာကို မှန်စွာလိုလားသော ရဟန်းတော်အရှင်များသည် မီးပွားဒုက္ခ အညမညံ ယှဉ်တွဲသည့် သဘာဝကို ခဏတာမျှဖြစ်စေ မမှီဝဲအပ်သည်သာတည်း။
၇၂။ ဝိဝေကညေဝ သိက္ခေထ၊ ဧတဒရိယာနမုတ္တမံ။
န တေန သော မညေထ၊ သ ဝေ နိဗ္ာနသစ္ဆိကေ။
ဝိဝေကညေဝ၊ တကိုယ်ထီးထီး ဖော်မမှီဘဲ တောကြီးသေလာ အရညစခန်း အေးဆေးရာလမ်း၌သာလျှင်။ သိက္ခေထ၊ နိဗ္ဗာန်အောင်မြို့ ဆောင်ပို့စေတတ်သည့် မဂ္ဂင်ဆိုသည့် အကျင့်မြတ်ကို မချွတ်မသွေ ကျင့်ကြံအားထုတ်နေရာ၏။ ဧတံ၊ ဤသို့ ဧကစာ ထွေရာမပြား တဦးသားတည်းကျင့်ခြင်းသည်။ အရိယာနံ၊ အဖော်မမင် စိတ်ပျော်ရွှင်လျက် ဖြူစင်လှစွာသော အရိယာအပေါင်း သူတော်ကောင်းတို့၏။ ဥတ္တမံ၊ ဆထက်ကဲချွန် တံခွန်အထွဋ် အလွန်မြတ်သောအကျင့်ပေတည်း။ တေန၊ ထိုသို့ အော်မငြီး တကိုယ်တည်းအနေ ဖြူစင်သောအကျင့်ထက် အည (ဝါ) တပါးသောအကျင့်ကို (ဝါ) တူစုံစံလျက် မောင်နှံယှက်သွယ် နှီးနွယ်ပေါင်းသင်း ဆက်ဆံသောအကျင့်ကို။ န မညေထ၊ တဒင်္ဂကို-
စာမျက်နှာ-61
တဘဝတာ ထင်မှတ်ကာဖြင့် စိတ်မှာမသွေ အထင်မမှားပါလေကုန်လင့်။ သော၊ ကာမကိုပယ်ကာ ဧကစာဖြင့် ဖော်သဟာမမိုး အထီးထီးကျင့်သောသူသည်။ နိဗ္ဗာနသစ္ဆိကေ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမြေ ဘေးမခရာ နိဗ္ဗာန်၏ အနီးကလေး၌သာလျှင်။ ဝေ၊ စင်စစ်ဧကန် အမှန်မသွေ ဖြစ်ပါလေတော့သတည်း။
၇၃။ “ရေစက်သွန်းချ - ထိုခဏ၌”
သမနန္တရာ အနုဒိန္နေ၊ ဘောဇနံ ဥပပဇ္ဇထ။
သုစိံ ပဏီတံ သမ္ပန္နံ၊ အနေကရသဗျဉ္စနံ။
*(ပေတဝတ္ထုပါဠိတော်)*
အနုဒိန္နေ၊ ဤသည့်ဘဝ တည်နေကြငြား ကျန်ရစ်သူဆွေမျိုးများက သေသူအားရည်မှန်း လှူဒါန်းမျှတ ရေစက်ချလိုက်သည်ရှိသော်။ သမနန္တရာ၊ ကာလတပါး ခြား၍မသွေ တည်မနေဘဲ (ဝါ) ချက်ချင်း။ တဿ၊ ထိုဘဝတပါး ပြောင်းသွားနေသော သေလွန်လေပြီးသူအား။ အနေကရသဗျဉ္စနံ၊ တပါးမက များပြားလှသော အရသာနှင့် ပြည့်စုံသော။ သုစိံ၊ ညစ်ကြေးမရှိ ပကတိအသွင် စင်ကြယ်လှသော။ ပဏီတံ၊ နတ်ဩဇာမျှ မွန်မြတ်လှသော။ သမ္ပန္နံ၊ လိုအပ်သည်မရှိ ပြည့်စုံဘိသော။ ဘောဇနံ၊ သုံးဆောင်ဖွယ်ရာ ဘောဇဉ်အစားအစာသည်။ ဥပပဇ္ဇထ၊ ကုသိုလ်ကံဟုန် တန်ခိုးဂုဏ်ကြောင့် ကုံလုံပြည့်ဝ ထွန်းပဖြစ်ပေါ်၍ လာလေကုန်သတည်း။
၇၄။ “မိုးကိုစိန်ခေါ်ခြင်း”
ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊ ဝဿ ဒေဝ ယထာသုခံ။
စိတ္တံ မေ သုသမာဟိတံ ဝိမုတ္တံ၊ အာတာပီ ဝိဟရာမိ ဝဿ ဒေဝ။
*(သုဘူတိထေရဂါထာ)*
ဒေဝ၊ ဟိန်းဟောက်မာန်ပြင်း အို-မိုးမင်း။ ယထာသုခံ၊ အလိုရှိတိုင်း။ ဝဿ၊ တအားကြဲကာ သဲသဲမဲမဲကြီး ရွာချလိုက်ပါလော့။ မေ၊ ငါ၏။ ကုဋိကာ၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်စရာ တဲကုတ်ကလေးသည်။ ဆန္နာ၊ ကောင်းစွာ မိုးကာ၍ထားအပ်ပေပြီ။ နိဝါတာ၊ လေပြင်းမတိုက်သည်ဖြစ်၍။ သုခါ၊ အေးဆေးသာယာပါ၏။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ သုသမာဟိတံ၊ သမထ ဝိပဿနာ နှစ်ဖြာနှစ်ထပ် ကောင်းစွာ ဆောက်တည်၍ထားအပ်ပေပြီ။ ဝိမုတ္တံ၊ အရဟတ္တမဂ် ဓားထက်ထက်ဖြင့် လွှားတက်ကျော်ဖြတ်-
စာမျက်နှာ-62
ကိလေသာဓာတ်မှ လွတ်မြောက်ခဲ့လေပြီ။ အာတာပီ၊ ကိလေသာအစေး အပူဘေးမှ ဝေးကွာလွတ်မြောက် နိဗ္ဗာန်သို့ရောက်ခဲ့လေသည်ဖြစ်၍။ ဝိဟရာမိ၊ ကြောင့်ကြတစိ ဘာမျှမရှိဘဲ ပကတိအေးဆေးစွာ နေရပါလေပြီ။ ဒေဝ၊ ဟိန်းဟောက်ထန်ပြင်း အို-မိုးမင်း။ ယထာသုခံ၊ အလိုရှိတိုင်း။ ဝဿ၊ တအားကြဲကာ စိတ်ရှိတိုင်းသာ ရွာလိုက်စမ်းပါလော့။
“အမြတ်ဆုံးတရား”
ယာဝတာ ဘိက္ခဝေ သင်္ခတာ ဓမ္မာ၊ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ တေသံ အဂ္ဂမက္ခာယတိ။
ဘိက္ခဝေ၊ အယုတ်အမြတ် ဤနှစ်ရပ်ကို ပိုင်းဖြတ်ခြင်းငှာ မသိသဖြင့် ထွေရာလေးပါး တွေးတောလျက် ယုံမှားစိတ်မှာ ကင်္ခါဝိစိကိစ္ဆာ နှောင့်ယှက်ဘိငြား အို-ရဟန်းများတို့။ ယာဝတာ၊ အကြင်မျှလောက် မြားမြောင်လှကုန်သော။ သင်္ခတာ ဓမ္မာ၊ လောကီနယ်မှာ သေချာတွက်ဆရသည့် သင်္ခတတရားတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုမျှလောက်သော တရားတို့တွင်။ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ အင်္ဂါရှစ်ပါးရှိသော စင်ကြယ်သော မဂ်တရားတော်မြတ်သည်။ အဂ္ဂံ၊ အထွဋ်ဆုံး အမြတ်ဆုံး ဖြစ်၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ အက္ခာယတိ၊ ထုတ်ဖော်ဟောကြားတော်မူလေသတည်း။
၇၅။ “အာဠဝက မျက်မာန်ကျ”
သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။
*(အာဠဝကသုတ် - သံယုတ္တနိပါတ်)*
အဟံ၊ မျက်မာန်ပြင်းပြ ခက်ထန်လှသည့် အာဠဝကမည်သော အကျွန်ုပ်ဘီလူးသည်။ ဂါမာ ဂါမံ၊ တရွာမှတရွာ လှည့်လည်သွားလာလျက်။ ပုရာ ပုရံ၊ တမြို့မှတမြို့သို့ လှည့်လည်သွားလာလျက်။ သမ္ဗုဒ္ဓံ စ၊ ငါကဲ့သို့ တွင်တွင်မိုက်မှားသော ငမိုက်သားကို တရားရေအေး အမြိုက်ဆေးဖြင့် တိုက်ကျွေးဖေးမ အေးမြရွှင်ပြုံးစေ-
စာမျက်နှာ-63
တော်မူသော ဘုရားရှင်ကိုလည်းကောင်း။ ဓမ္မဿ သုဓမ္မတံ စ၊ ဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော်၏ အစ၊ အလယ်၊ အဆုံး ကောင်းခြင်းအင်္ဂါနှင့် ပြည့်စုံသောအဖြစ်ကိုလည်းကောင်း။ နမဿမာနော၊ စိတ်ရောကိုယ်ပါ ရိုသေညွှတ်ခလျက်။ ဝိစရိဿာမိ၊ တနေ့တရက်မျှ မေ့မရဘဲ ကြည်သာစွာ လှည့်ပတ်သွားလာပါတော့မည်။ (ဝါ) သွားတိုင်း စားတိုင်း နေထိုင်တိုင်းပင် အစဉ်မမေ့ တစေရေရေ အောက်မေ့နေတော့မည်သာတည်း။
၇၆။ “အရေးကြီးသော သဒ္ဓါ”
သဒ္ဓါ ဗန္ဓတိ ပါထေယျံ၊ သဒ္ဓါ ဒုတိယာ ပုရိသဿ ဟောတိ။ *(သံယုတ္တနိပါတ်)*
သဒ္ဓါ ဣဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။
သဒ္ဓါ ဟတ္ထော မဟာနာဂေါ။
သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ။
သဒ္ဓါယ တရတိ ဩဃံ။ *(သံယုတ္တနိပါတ်နှင့် သုတ္တနိပါတ်)*
သဒ္ဓါ၊ ရတနာသုံးတန် ကံ ကံ၏အကျိုးကို ယုံကြည်သောသဒ္ဓါသည်။ ပါထေယျံ၊ သံသရာခရီးအတွက် ရိက္ခာထုပ်ကို။ ဗန္ဓတိ၊ မပုပ်မသိုးရအောင် ထုပ်ပိုးသည်မည်၏။ သဒ္ဓါ၊ သဒ္ဓါတရားသည်။ ပုရိသဿ၊ ယောက်ျား၏။ ဒုတိယာ၊ သံသရာခရီး၌ အထီးကျန်မဖြစ်ရအောင် ကူညီဖေးမတတ်သည့် အဖော်ကောင်း မည်ပါပေ၏။ သဒ္ဓါ ဟတ္ထော၊ ရတနာအမြတ်တရားတို့ကို လှမ်းယူနိုင်သော သဒ္ဓါတည်းဟူသော လက်ရှိသော။ မဟာနာဂေါ၊ မြတ်သောရဟန္တာ။ သဒ္ဓါ ဗီဇံ၊ သဒ္ဓါတရားတည်းဟူသော မျိုးစေ့။ တပေါ ဝုဋ္ဌိ၊ အကျင့်တရားတည်းဟူသော မိုးရေ။
စာမျက်နှာ-64
သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်။ ဩဃံ၊ ဩဃလေးဖြာ သံသရာကို။ တရတိ၊ ကူးမြောက်နိုင်၏။
၇၇။ “အောင် - အောင် - အောင်”
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတီ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
*(ဓမ္မပဒ - တဏှာဝဂ်)*
သဗ္ဗဒါနံ၊ သက်ရှိရတနာ သက်မဲ့ရတနာ များစွာသောင်းသောင်း အလှူအပေါင်းတို့ကို။ ဓမ္မဒါနံ၊ သစ္စာနက်လေး အေးမြဖွေးဖြူ တရားအလှူက။ ဇိနာတိ၊ အောင်နိုင်တော်မူပါပေ၏။ (ဝါ) ဇိနာတိ၊ ကိလေသာမာန်မြူ ညစ်အကြေးတို့ ကင်းဝေးစင်ဖြူ ရည်ချူနိဗ္ဗာန် ရောက်ရေးမှန်သဖြင့် ဧကန်မသွေ အောင်ခြင်းကြီးအောင်ပါပေသတည်း။
သဗ္ဗရသံ၊ ရသအာရုံ ဖုံဖုံများစွာ အရသာတကာကို။ ဓမ္မရသော၊ တကြိမ်တခဏ ခံစားမိက ဘဝသံသရာ ကမ္ဘာအဆက်ဆက် ကောင်းကျိုးဖက်၍ မပျက်မသေ့ အေးမြပေသည့် ပရမေထွဋ်ဖျား ရှင်တော်ဘုရား၏ တရားလေးနက် ဓမ္မစက်အရသာသည်။ ဇိနာတိ၊ အောင်နိုင်တော်မူပါ၏။ (ဝါ) ဇိနာတိ၊ ကိလေသာမာန်မြူ ညစ်အကြေးတို့ (ပ) အောင်ခြင်းကြီး အောင်ပါပေသတည်း။
သဗ္ဗရတိံ၊ ကာမရတိ စရှိများစွာ မွေ့လျော်ခြင်းတကာတို့ကို။ ဓမ္မရတီ၊ တရားနှင့်ပျော် မွေ့လျော်ရခြင်းသည်။ ဇိနာတိ၊ အောင်နိုင်တော်မူပါပေ၏။ (ဝါ) ဇိနာတိ (ပ) သတည်း။
တဏှက္ခယော၊ ဘဝဘဝ ရှည်မြင့်ကြာအောင် ဆွဲဆောင်ယှက်မွှေး လွတ်ရေးဘယ်တွင် မမြင်စေရ တဏှာသမုဒယ၏ ကုန်ခြင်းသည်။ သဗ္ဗဒုက္ခံ၊ သံသရာအစစ ကမ္ဘာအစစ များလှဘိတောင်း ဒုက္ခအပေါင်းကို။ ဇိနာတိ၊ အောင်နိုင်တော်မူပါပေ၏။ (ဝါ) ဇိနာတိ (ပ) ပေသတည်း။
စာမျက်နှာ-65
၇၈။ “နည်းသည်ဟု မရှိ”
နတ္ထိ စိတ္တေ ပသန္နမှိ၊ အပ္ပကာ နာမ ဒက္ခိဏာ။
တထာဂတေ ဝါ သမ္ဗုဒ္ဓေ၊ အထ ဝါ တဿ သာဝကေ။
*(ဝိမာနဝတ္ထု)*
တထာဂတေ သမ္ဗုဒ္ဓေ၊ လောကထွဋ်ထား အမြတ်စားဖြစ်သည့် မြတ်စွာဘုရား၌လည်းကောင်း။ အထ၊ ထို့အတူ။ တဿ သာဝကေ ဝါ၊ မြတ်ဘုရား၏ သားတော်ရင်နှစ် ဓမ္မစစ်ဖြစ်သည့် ရှစ်ရပ်အရိယာ မြတ်သံဃာနှင့် ထေရာနွယ်ကောင်း တပည့်သားအပေါင်း၌လည်းကောင်း။ စိတ္တေ၊ စိတ်သည်။ ပသန္နမှိ၊ လေးမြတ်မှီခို ကြည်ညိုသည်ရှိသော်။ ဒက္ခိဏာ၊ ပေးလှူစွန့်ချ လှူဒါနသည်။ အပ္ပကာ နာမ၊ သေးသေးမွှားမွှား မလေးမစားစရာ အနည်းအပါးကလေးပါဟူ၍။ နတ္ထိ၊ မရှိပါပေ။ (ဝါ) မြေကောင်းကောင်း လယ်ယာကောင်းရိုး စိုက်ပျိုးကြဲချ မျိုးဗီဇသို့ တက်ဟိုးဝေဆာ ကောင်းကျိုးအဖြာဖြာတို့သည် အလွန်တရား များပြားလှပါပေကုန်သတည်း။
၇၉။ “မေတ္တာ တူမျှ”
ဝဓကေ ဒေဝဒတ္တေ စ၊ စောရေ အင်္ဂုလိမာလကေ။
ဓနပါလေ ရာဟုလေ စ၊ သမစိတ္တော မဟာမုနိ။
မဟာမုနိ၊ မုနိထွဋ်တင် မဟာကရုဏာသခင် ဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ ဒေဝဒတ္တေ စ၊ မိမိကိုပင် အမျက်ဝင်လျက် သွေးရှင်လတ်လတ် သတ်ရန်အမျိုးမျိုး အကျိုးမဲ့ကြံစည် မာန်တင်းကြပ် ရှင်ဒေဝဒတ်၌လည်းကောင်း။ စောရေ၊ ဇာလိယတော လူကိုဖမ်းလျက် လက်ညှိုးပန်းတထောင်ကို ရအောင်ကြိုးစား လူသတ်သမားကြီးဖြစ်သော။ အင်္ဂုလိမာလကေ စ၊ အင်္ဂုလိမာလနာမမည်တွင် သူခိုးဘုရင်ကြီး၌လည်းကောင်း။ ဓနပါလေ စ၊ တင်းမာခက်ထန် အမျက်မာန်ဖြင့် တိုက်သတ်ရန်လာသော ဓနပါလအမည်ရသည့် နာမမည်တွင် မင်းစီးဆင်ကြီး၌လည်းကောင်း။ ရာဟုလေ စ၊ မိမိသွေးသား မွေးထားသည့် သားချစ်မည်သာ ရာဟုလာ သားတော်ကလေး၌လည်းကောင်း။ သမစိတ္တော၊ ဘယ်လူ့အပေါ်မှ မေတ္တာမပိုမကဲဘဲ ချိန်ခွင်လျှာပမာဏကဲ့သို့ အမြဲပင် မျှတသော မေတ္တာစိတ် ရှိပါပေသတည်း။
စာမျက်နှာ-66
“ဒု - သ - န - သော”
[ဒု-ဟူသော အသံ၏အကျယ်]
၈၀။ ဒုဇ္ဇီဝိတ မဇီဝိမှာ၊ ယေသံ နော န ဒဒမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှာ အတ္တနော။
*(ဇာတကအဋ္ဌကထာ)*
ယေသံ နော၊ ပြည်ဗာရာတလွှား သူဌေးသားဟု မောက်ကြွားမော်ကာ မတော်ရာလျှင် ဖော်သဟာများ ပျော်ပါးကာသာ သူ့အိမ်ရာကို ရှာကြံဖျက်စီး အမိုက်ကြီးသည့် အချည်းနှီးရှုပ်ပွေ ဒို့တတွေသည်။ ဘောဂေသု၊ စီးပွားဥစ္စာ ရတနာအထွေထွေ စိန်ရွှေငွေတို့သည်။ ဝိဇ္ဇမာနေသု၊ သုံးစားမကုန် တောင်လိုပုံ၍ ဖုံဖုံများစွာ ရှိခဲ့ပါသော်လည်း။ န ဒဒမှသေ၊ မလှူမဒါန်း မပေးကမ်း အရမ်းဖြူးတီး မိုက်လုံးကြီးခဲ့ကြလေပြီ။ အတ္တနော၊ မိမိ၏။ ဒီပံ၊ ပင်လယ်မှာထွန်း ရေလယ်ကျွန်းသို့ ကွန်းထောက်မှီရာ လှူဒါန သီလ စာဂ ဘာဝနာအဖြာဖြာကို။ နာကမှာ၊ တဏှာနောက်သို့ ကောက်ကောက်လိုက်ပါ မေ့လျော့ခြင်းဖြင့် ဘယ်ခါမှ မပြုမိကြပေ။ မယံ (ပ) ရှိသည်။ ဒုဇ္ဇီဝိတံ၊ သူ့သားမယား လှည့်ဖျားဖျက်ဆီး မိုက်လုံးကြီးစွာဖြင့်။ အဇီဝိမှာ၊ မှောက်မှောက်မှားမှား ဖောက်ပြားယုတ်မာ အသက်ရှင်၍ လာခဲ့ကြပေပြီတကား။
[သ-ဟူသော အသံ၏အကျယ်]
၈၁။ သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘဝိဿတိ။
ဘောန္တော၊ မိုက်ဇော်မိုက်ဘက် အောက်နရက်၌ မြုပ်လျက်ခုခါ ဆင်းရဲပါငြား အို-သူငယ်ချင်းများတို့။ နိရယေ၊ လောဟကုမ္ဘီ ကြေးအိုးနီဟု သံရည်ရွှဲရွှဲ ပါယ်ငရဲ၌။ ပစ္စမာနာနံ၊ မြုပ်တုံပေါ်တုံ အစုန်အဆန် ဒုက္ခဒဏ်ကို ဖန်တလဲလဲ ခံရဆဲဖြစ်ကုန်သော ငါတို့အား။ သဋ္ဌိဝဿ သဟဿာနိ၊ သင်္ချာတွက်စစ် အနှစ်စုပေါင်း ခြောက်သောင်းရှိသည်။ သဗ္ဗသော ပရိပုဏ္ဏာနိ၊ လုံးဝဥဿုံ ပြီးပြည့်စုံပေပြီ။ နော၊ မိုက်မိုက်ဖက် ဤဒဏ်ချက်ကို မသက်မသာ ခံရရှာငြား ငါတို့တတွေ။ ကဒါ၊ ဘယ်အခါ၌။
စာမျက်နှာ-67
အန္တော၊ လောဟကုမ္ဘီ ကြေးအိုးနီ၌ သံပူငရဲမှ လွတ်မြောက်ရမည့်ရက်သည်။ ဘဝိဿတိ၊ ကံကောင်းထောက်မ ဖြစ်ရပါလေမည်နည်း။
[န-ဟူသော အသံ၏အကျယ်]
၈၂။ နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊ မမံ တုယှဉ္စ မာရိသာ။
မာရိသာ၊ ဆိုးဇော်ဆိုးဖက် မိုက်တွင်းနက်၍ နရက်အတွင်း သက်ဆင်းနေ မိုက်ဇော်များတို့။ တဒါ၊ ဓနသူဌေး အမည်ပေး၍ မိုက်ဆေးဖော်ကာ ပျော်ကျူးကာနှင့် ယုတ်မာညစ်ကျ ကာမေသု၌ ပျော်ပိုက်နေကြ ဟိုလူ့ဘဝတုန်းက။ မမံ စ၊ ငါ၏လည်းကောင်း။ တုယှဉ္စ၊ သင်၏လည်းကောင်း။ (ဝါ) ဆိုးဝါးတေပေ ဒို့တတွေသည်။ ပါပံ၊ ယုတ်မာညစ်ကျု ကာမေသုနှင့် သူ၏မယား ပြစ်မှားကျူးလွန် ပရဒါရကံကို။ ကတံ၊ ဓနအားကိုးနှင့် ယုတ်မျိုးတရာ ပြုမှားမိခဲ့ပါလေပြီ။ တဿ ပါပဿ၊ ယုတ်မာညစ် ထိုမကောင်းမှု၏။ အန္တော၊ အကျိုးဝိပါက် ဒုက္ခအဆက်၏ လွတ်မည့်ရက်သည်။ နတ္ထိ၊ ရည်ရော်ရမ်းတ မှန်းဆမမြင် ဘယ်တွင်တစိ မရှိနိုင်ခဲ့ပါပြီ။ အန္တော၊ ဒုက္ခနရက် လွတ်မြောက်မည့်ရက်သည်။ ကုတော၊ ဘယ်အချိန်ခါ ဖြစ်လာပါလိမ့်မည်နည်း။ အန္တော (ပ) ရက်သည်။ န ပဋိဒိဿတိ၊ ရှေ့နောက်ရည်မှန်း တွက်ကာယမ်းလည်း လွတ်လမ်းဘယ်တွင် မထင်မြင်နိုင်ခဲ့ပြီတကား။
[သော-ဟူသော အသံ၏အကျယ်]
၈၃။ သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။
သောဟံ၊ နောင်သောအခါမှ နောင်တရသည့် မိုက်မဲလှသောငါသည်။ ဣတော၊ လောဟကုမ္ဘီ သံရည်စိုရွှဲ ဝဋ်ငရဲမှ။ ဂန္တွာ၊ ကံကောင်းထောက်မ လွတ်မြောက်ရ၍။ မာနုသံ ယောနိံ၊ ဒုလ္လဘဟု ကြုံရခဲလစ် လူအဖြစ်ကို။ လဒ္ဓါန၊ ကုသိုလ်ကံက ထောက်ပံ့မ၍ ရရှိခဲ့သည်ရှိသော်။ ဝဒညူ၊ သူတထူးက ပြုပေးဖူးသည့် ကျေးဇူးအထူး ဂုဏ်ရည်ဦးကို ကြည်နူးသိတတ် ပုဂ္ဂိုလ်မြတ်။ ဟုတွာ၊ ကိုယ်တိုင်ဒိဋ္ဌ ဝဋ်ဒုက္ခကို လှလှမသွေ ခံရပေပြီဖြစ်၍ မလစ်သောသတိ ရမိသောသံဝေဂ ရှိလှသည်ဖြစ်၍။ သီလသမ္ပန္နော၊ ငါးပါး ရှစ်ပါး ဆယ်ပါးအညီ မြတ်သောသီလကို
စာမျက်နှာ-68
ဆောက်တည်လျက်။ ကုသလံ၊ ဆင်းရဲလွတ်ကြောင်း လမ်းကောင်းလမ်းမှန် မြတ်ကုသိုလ်ကို။ ဗဟုံ၊ များစွာ။ ကာဟာမိ၊ ဝမ်းသာအားရ အဲဒီလူ့ဘဝရတော့မှ လှလှပပ ကျကျနနကြီး ပြုလိုက်ရပေတော့မည်တကား။
၈၄။ “လျှပ်ပန်းပမာ သင်္ခါရ”
အနုပ္ပန္နာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ နိရုဇ္ဈရေ။
နိစ္စံ နဝဝ သင်္ခါရာ၊ ဝိဇ္ဇုပါတ သမူပမာ။
*(ဝိသုဒ္ဓိမဂ္ဂ)*
သင်္ခါရာ၊ အရှိတရား ထင်မှတ်ထားသည့် သင်္ခါရတရားတို့သည်။ အနုပ္ပန္နာ ဝ၊ ရှေးကကြိုကာ ဖြစ်ပေါ်ရာဟု ဘယ်မှာတစိ မရှိကုန်ဘဲသာလျှင်။ ဥပ္ပဇ္ဇန္တိ၊ အကြောင်းလစ် ခုအသစ်သာ ဖြစ်ပေါ်လာကြကုန်၏။ ဥပ္ပန္နာ စ၊ ဖြစ်ပေါ်လာပြီး အသီးသီးသော တရားတို့သည်လည်း။ နိရုဇ္ဈရေ၊ တဖြုတ်ဖြုတ်နှင့် သုတ်သုတ်မသွေ ချုပ်ပျောက်ကြလေကုန်၏။ သင်္ခရာ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေးဖြာတို့ ညီညာပေါင်းစု ပြုပြင်စီရင် မြင်မြင်သမျှ သင်္ခါရဟူသော တရားတို့သည်။ ဝိဇ္ဇုပါတ သမူပမာ၊ လောင်စာရှိသမျှ ခဏချင်းဆက်စပ် သန္တတိအစဉ်မပြတ်ဘဲ တလျှပ်လျှပ်ထိန်ငြီး လျှပ်စစ်မီးနှင့်တူစွာ။ နိစ္စံ နဝဝ၊ အမြဲတမ်း အသစ်သစ်တို့သည်သာလျှင်။
ဟောန္တိ၊ ကမလာသနင်း ဗြဟ္မာမင်းကလည်း ဖန်ဆင်းတာ တကယ်မဟုတ်ပါဘူး၊ သံသရာကမ္ဘာအစကတည်းက ဓမ္မတာသဘာဝ အစစ်အမှန် ဖြစ်ပါပေကုန်သတည်း။
၈၅။ “ပွတ်ဆောက်ဖျားတွင် မုန့်ညင်းစေ့တင်”
အနိဓာနဂတာ ဘဂ္ဂါ၊ ပုဉ္ဇော နတ္ထိ အနာဂတေ။
နိဗ္ဗတ္တာ ယေပိ တိဋ္ဌန္တိ၊ အာရဂ္ဂေ သာသပူပမာ။
*(ဝိသုဒ္ဓိမဂ္ဂ)*
ဘဂ္ဂါ၊ ချုပ်ပျောက်ပြီးသမျှ ရုပ်နာမ်ဓမ္မတို့သည်။ အနိဓာနဂတာ၊ တနေရာ၌ စုပုံသိမ်းဆည်း သိုမှီးထားခြင်း အလျင်းမရှိပါချေ။ အနာဂတေ၊ နောင်သောအခါ ကာလသမယ၌။ ပုဉ္ဇော၊ ဖြစ်လာဖို့ရန် စီမံဖန်တီး ကြို-
စာမျက်နှာ-69
တင်ပြီး စုဆောင်းထားအပ်သော အပုံကြီးသည်။ နတ္ထိ၊ အကယ်တိတိ မရှိပါချေ။ ယေပိ နိဗ္ဗတ္တာ၊ ယခုအသစ် ဖြစ်ပေါ်လာ ရုပ်နာမ်တရားတို့သည်လည်း။ အာရဂ္ဂေ၊ သေးသေးချွန်ချွန် အလွန်ငယ်ငြား ပွတ်ဆောက်ဖျားကလေး၌။ သာသပေါ ဣဝ၊ မုံညင်းစေ့ကဲ့သို့ တိဋ္ဌန္တိ၊ တည်-ဆိုတာနှင့် ခဏချင်း ပျက်ယွင်းသွားလေကုန်သတည်း။
၈၆။ “ဪ-ချမ်းသာလှပေစွ”
သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။
*(ဓမ္မပဒ)*
ဗုဒ္ဓါနံ၊ အမှောင်ဝိဇ္ဇာ ဖျောက်လွှင့်ကာဖြင့် လေးဖြာနေမင်း လေးစင်းသာ ရောင်အဝါကို ဆောင်ပေးတတ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏။ ဥပ္ပါဒေါ၊ ပွင့်ထွန်းပေါ်ပေါက်၍ လာရခြင်းသည်။ သုခေါ၊ ခန္ဓာအပူ အပါယ်ပူနှင့် အပူခပ်သိမ်း အကုန်ငြိမ်းကြောင်း နည်းလမ်းကောင်းမို့ ကောင်းမြတ်ချမ်းသာ မင်္ဂလာအစစ် ဖြစ်ကြီးဖြစ်လှပါပေသည်တကား။ သဒ္ဓမ္မဒေသနာ၊ သူတော်ကောင်းတို့၏ ကောင်းမြတ်မင်္ဂလာ ဒေသနာတရား ဟောဖော်မြွက်ကြားခြင်းသည်။ သုခါ၊ ကိုယ်စိတ်နှစ်ဖြာ ဘယာမထိ ချမ်းသာဘိတောင်း ကောင်းမြတ်ခြင်း မင်္ဂလာဖြစ်ပါပေသည်တကား။ သံဃဿ သာမဂ္ဂီ၊ သာသနာ၌ သူငါမူလ ပဓာနဟု သံဃာသာမဂ္ဂီ ညီညီညွတ်ညွတ် စိတ်ဓာတ်ကို နှစ်ဖြာလုံး မျှတခြင်းသည်။ သုခါ၊ ဖူးမြင်ရုံပင် စိတ်ကြည်လင်၍ နောင်အစဉ်မပြတ် သာသနာရှည်ကြောင်း အလွန်ကောင်းသော ချမ်းသာအစစ်ကြီး ဖြစ်ပါပေသည်တကား။ သမဂ္ဂါနံ၊ စိတ်ရောကိုယ်ပါ ထိုနှစ်ဖြာကို ညီညာမျှတ သမဂ္ဂဖြစ်ကုန်သော သူတို့၏။ တပေါ၊ ခြိုးခြိုးခြံခြံ အမှန်ကျင့်လတ် တရားမြတ်သည်။ သုခေါ၊ နိဗ္ဗာန်သွားလမ်း ကျင့်စခန်းမို့ အလွန်ပင် ချမ်းမြေ့လှပါပေသည်တကား။
၈၇။ “ဘေးရန်ကင်းကွာ လွန်ချမ်းသာ”
သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုဿေသု၊ ဝိဟရာမ အဝေရိနော။
စာမျက်နှာ-70
မယံ၊ တောရပ်ရိပ်မြ တရားခြုံလျက် ဘုံနန်းစံခန်းသို့ ကြွလှမ်းခိုကာ အမာတွင် စံဝင်လိုကြောင်း တို့သူတော်ကောင်းတတွေသည်။ ဝေရိနေသု၊ ရန်သူငါးတန် ဝိုင်းပတ်ရံလျက် တရံမလပ် ဒုက္ခထပ်၍ ဖိကြပ်ခါခါ နေရရှာသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အလယ်၌။ အဝေရိနော၊ ဘေးရန်ကင်းကွာ ရန်ဘယာဟူ မြူကလေးမျှ မတွေ့ရဘဲ။ သုသုခံ၊ ကိုယ်ရောစိတ်ပါ လွန်စွာချမ်းမြေ့ ရေဝေသော ပဒုမ္မာကဲ့သို့။ အဟော ဇီဝါမ၊ သာသနာနှင့် တွေ့ရကျိုးနပ် အမြတ်ထွက်ကာ အသက်ရှင်ရပါပေသည်တကား။ ဝေရိနေသု မနုဿေသု (ပ) တို့တွင်။ အဝေရိနော၊ ဘေးရန်မရှိပါဘဲ။ ဝိဟရာမ၊ အမြဲချမ်းသာ ငြိမ်သက်ခြင်းဖြင့် မှာမသွေ တည်နေခဲ့ရပါပြီတကား။
၈၈။ “သံသရာဆိုတာ ဒီလိုပါ”
ခန္ဓဘေဒေါဝ မရဏံ၊ ဇာတိ တပ္ပတုဘာဝတော။
ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတုအာယတနာနဉ္စ။
အဗ္ဗောကိဏ္ဏံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတိ။
*(အဋ္ဌသာလိနီ အဋ္ဌကထာ)*
ဘောန္တော၊ မွေးသေနှစ်ဖြာ သံသရာ၏ မှန်ရာဓိပ္ပါယ် ဖုံးဝှက်ကွယ်၍ ဓိပ္ပါယ်မရှင်း ဉာဏ်မလင်း အို-လူများတို့။ မရဏံ၊ လောကပညတ် သမုတ်အပ်သည့် သတ်မှတ်ခေါ်ရိုး သေခြင်းဆိုတဲ့ တရားမျိုးသည်။ ခန္ဓဘေဒေါဝ၊ အမှန်ကို ပြရမှာဖြင့် ခန္ဓာ၏ ပျက်စီးခြင်းပါပေတည်း။ ဇာတိ၊ ဇာတိသန္ဓေ တည်နေခြင်းဟူသည်ကား။ တပ္ပတုဘာဝတော၊ ခန္ဓာပရမတ်တို့၏ အဟောင်းချုပ်ပြတ် အသစ်ထပ်ကာ ပေါ်လာခြင်းပင်တည်း။ သံသာရောတိ၊ သူသူငါငါ လူတကာက သံသရာဟု ပြောနေသော တရားသည်ကား။ ခန္ဓာနဉ္စ၊ ခန္ဓာငါးပါးတို့၏လည်းကောင်း။ အာယတနာနဉ္စ၊ အာယတနတရားတို့၏လည်းကောင်း။ ဓာတူနဉ္စ၊ ဓာတ်တရားတို့၏လည်းကောင်း။ အဗ္ဗောကိဏ္ဏံ၊ မပြတ်မစဲ ထပ်တလဲလဲ။ ဝတ္တမာနာ၊ ဖြစ်နေခြင်းကိုပင်လျှင်။ ပဝုစ္စတိ၊ နာမပညတ် တင်ကာစပ်လျက် ခေါ်အပ်လေသတည်း။
၈၉။ “တဏှာ၏ ကြုံးဝါးခြင်း”
အန္တလိက္ခစရော ပေါသော၊ အတ္ထိယံ စရတိ မာနသော။
တေန တံ ဗာဓယိဿာမိ၊ န မေ သမဏ မောက္ခသိ။
*(ဣတိဝုတ် အဋ္ဌကထာ)*
စာမျက်နှာ-71
သမဏ၊ ဖန်စင်မြန်း ရှင်ရဟန်းဟု သွင်ဆန်းတင့်တယ် ကောင်းကင်လယ်က ဈာန်ယာဉ်ကြွနေတဲ့ အို-ရဟန်း။ မာနသော၊ လူသားဖြစ်သော။ အန္တလိက္ခစရော၊ တန်ခိုးပြင်းထန် အဘိညာဏ်ဖြင့် ဈာန်ယာဉ်ပျော်ဆန်း ကောင်းကင်လမ်းက ကြွမြန်းလေ့ရှိသော။ ယော အယံ ပေါသော၊ ဇာနည်ယောက်ျား ငါတကားဟု ကြုံးဝါးနေသော အကြင်ရဟန်းသည်။ အတ္ထိ၊ ဝင့်ဝင့်ကြွားကြွား ကားယားယားနှင့် နင်လားဟဲ အမှန် ရဟန်းမာန်ဖြင့် ကောင်းကင်အလယ် တင့်တယ်စွာ ရှိပါပေ၏။ သမဏ၊ ဟယ်ရဟန်း။ တေန၊ ငါးပါးအာရုံ ကာမဂုဏ်ဟု အဟုန်ပြင်းချက် လက်နက်ဖြင့်။ တံ၊ ရဟန်းတို့မာန် ကြွားဝင့်သန်လျက် ထက်အာကာယာဉ်သာဖြင့် ဝင့်ကာကြွမြန်း သင်ရဟန်းကို။ ဗာဓယိဿာမိ၊ အမိအရ သိမ်းပိုက်ဟု ခဏချက်ချင်း လက်ငင်းမသွေ ဖမ်းလိုက်ပေအံ့။ တွံ၊ အာကာဝေဟင် ဈာန်ယာဉ်ဖြင့် တွင်တွင်ပျော်ဆန်း သင်ရဟန်းသည်။ မေ၊ တဏှာလက်နက် ကွန်ရက်မှ။ န မောက္ခသိ၊ ယောက်ျားဘသား သင်ဘယ်လိုလူစားမို့ လွတ်သွားနိုင်မည်နည်း။ (ဝါ) န မောက္ခသိ၊ လွတ်သွားရန် သင် မမျှော်မှန်းလေနှင့် ယခုပင် အမိဖမ်းလိုက်တော့မည်သာတည်း။
> ဆောင်ပုဒ်။ ။ အိုဘယ်ရဟန်း ပြောစမ်းခုခါ၊
> ကောင်းကင်ပျံသွား ဈာန်အားယူကာ။
> တဏှာယှက်သန်း ဖမ်းလိုက်တော့မှာ၊
> ငါ့လက်တွင်း သက်ဆင်းယခုသာ။
၉၀။ “အထင်မှား အမြင်မှား”
အက္ခေယျသညိနော သတ္တာ၊ အက္ခေယျသ္မိံ ပတိဋ္ဌိတာ။
အက္ခေယျံ အပရိညာယ၊ ယောဂမာယန္တိ မစ္စုနော။
*(ဣတိဝုတ် အဋ္ဌကထာ)*
သတ္တာ၊ အာလဇ္ဇီ မိုက်ဆုံးကျသည့် များလှဖြင်ဖြင် ပုထုဇဉ်တို့သည်။ အက္ခေယျသညိနော၊ ဝစီခန္ဓာ ဓမ္မသာ၌ သူတပါးဟု အထင်မှားကြကုန်သည်ဖြစ်၍။ အက္ခေယျသ္မိံ၊ ဤအစွဲပြုရာ ဝိပ္ပလ္လာသ တရားသုံးဝ၌။ ပတိဋ္ဌိတာ၊ အမှားအစွဲဖြင့် တည်နားကြကုန်၏။ အက္ခေယျံ၊ ခန္ဓာငါးတန် တရားအမှန်ကို။ အပရိညာယ၊ ဉာတ၊ တီရဏ၊ ပဟာနဟု သုံးဝအမှန် ပရိညာဏ်ဖြင့် ဝေဖန်ပိုင်းခြား မသိကြကုန်သည်ဖြစ်၍။ မစ္စု-
စာမျက်နှာ-72
နော၊ သေမင်း၏။ ယောဂံ၊ နှောင်ဖွဲ့ရစ်ပတ် ထပ်ထပ်တည်ဟန် သန္ဓေ စုတိ လှည့်ကာလှည့်ကာ သေမင်းရွာသို့။ အာယန္တိ၊ အဖန်ဖန် ရောက်ကြကုန်၏။ (ဝါ) အာယန္တိ၊ ဆုံလည်သည့်နွားပမာလို အများသတ္တဝါ အမြင်ဝေးသောကြောင့် တရားဓမ္မာဖြင့် မထင်လင်းနိုင်ဘဲ သေဘေးဖန်ဖန် ဆိုက်၍နေကြလေကုန်သတည်း။
၉၁။ “ခြေတလှမ်း တသန်းတန်”
သတံ ဟတ္ထီ သတံ အဿာ၊ သတံ အဿတရီ ရထာ။
သတံ ကညာ သဟဿာနိ၊ အာမုက္ကမဏိကုဏ္ဍလာ။
ဧကဿ ပဒဝီတိဟာရဿ၊ ကလံ နာဂ္ဃန္တိ သောဠသိံ။
သတံ ဟတ္ထီ၊ ကကြိုးတန်ဆာ ပြင်ဆင်လာသည့် ရတနာမည်တွင် ဆင်ယဉ်သာ-တရာလည်းကောင်း။ သတံ အဿာ၊ ကကြိုးတန်ဆာ ပြင်ဆင်လာသည့် ရတနာမည် မြင်းဇာနည် တရာလည်းကောင်း။ သတံ အဿတရီ ရထာ၊ ကကြိုးတန်ဆာ ရတနာသွယ်သွယ် ခြယ်လှယ်ဖန်ဆင်း အဿတိုရ်မြင်းကသော ရထားတရာလည်းကောင်း။ အာမုက္ကမဏိ ကုဏ္ဍလာ၊ လည်ရွဲတန်ဆာ ရတနာပုလဲ ဆင်နွှဲအပ်ကုန်သော။ သတံ ကညာ သဟဿာနိ၊ အပျိုစင်စစ် သမီးကညာ တသိန်းတို့သည်လည်းကောင်း။ ဧတေ၊ ယခုဖော်ပြ ရတနာအဝဝတို့သည်။ ဧကဿ ပဒဝီတိဟာရဿ၊ ရတနာ ၃-တန် သဒ္ဓါမွန်ဖြင့် ရည်သန်မျှော်မှန်း ခြေတလှမ်း၏။ သောဠသိံ ကလံ၊ ၁၆-စိပ်၏ တစိပ်မျှကို။ နာဂ္ဃန္တိ၊ မမှီနိုင်။ (ဝါ) နာဂ္ဃန္တိ၊ ရတနာ ၃-တန် ဂုဏ်ပေါင်းလျှံဖြင့် အမှန်ပင် လိုက်မမှီနိုင်တော့သည်သာတည်း။
၉၂။ “အဝေးကြီး”
နဘဉ္စ ဒူရေ ပထဝီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ဝဒန္တိ၊ သတဉ္စ ဓမ္မံ အသတဉ္စ ရာဇ။
*(ဣတိဝုတ် အဋ္ဌကထာ)*
နဘဉ္စ ဒူရေ၊ မြေမှထောက်ကာ ကြည့်လိုက်ပါသော် အာကာဝေဟင် ထက်ကောင်းကင်သည် အလွန်ပင်ဝေးလွန်းလှပါပေ၏။ ပထဝီ စ ဒူရေ၊
စာမျက်နှာ-73
မိုးမှထောက်ကာ ကြည့်လိုက်ပါသော် မဟာပထဝီ မေဒနီသည် ပီပီသသ အလွန်ပင် ဝေးလွန်းလှပါပေသည်တကား။ သမုဒ္ဒဿ၊ အပြောကျယ်စွာ မဟာသမုဒ္ဒရာ၏။ ပါရံ၊ ကမ်းတဘက်သည်။ တထာ၊ ထို့အတူပင် အလွန်လျှင် ဝေးလွန်းလှ၏ဟု။ အာဟု၊ လောကီလူသား လူအများတို့ ဆိုရိုးစကား ထင်ရှားမသွေ ရှိကြပါပေကုန်၏။
ရာဇ၊ လူတို့သေနင်း ပြည့်ရှင်မင်း။ သတဉ္စ ဓမ္မံ၊ သူတော်ကောင်းတို့၏ တရားသည်လည်းကောင်း။ အသတဉ္စ ဓမ္မံ၊ သူယုတ်မာတို့၏ တရားသည်လည်းကောင်း။ တတော၊ ထိုထို သမုဒ္ဒရာ အာကာမိုးမြေ အထွေထွေတို့ထက်။ ဒူရတရံ၊ ဝေးသထက်ဝေး ကွာသထက်ကွာ လွန်ပင် မမျှော်မှန်းနိုင်အောင် ဝေးလွန်းလှ၏ဟူ၍။ ဝဒန္တိ၊ သူတော်ကောင်းဇာတ် အရိယာအရှင်မြတ်တို့သည် အတပ်မသွေ ဟောမိန့်တော်မူကြလေကုန်၏။
> ဆောင်ပုဒ်။ ။ ကောင်းကင်နှင့်သာ၊ မြေကြီးမှာ၊ ဝေးကွာလွန်းလှပေသည်။
> သမုဒ္ဒရာကမ်း၊ ဟိုမှာလှမ်း၊ ကွာလွန်းလှလေသည်။
> သူတော်သူမြတ်၊ လူမိုက်ဇာတ်၊ အပြတ်ကွာလွန်းသည်။
၉၃။ “လူမဝင် ရှင်မဟုတ်”
ဂိဟိဘောဂ ပရိဟီနော၊ သာမညတ္ထဉ္စ ဥဒုဂ္ဂတော။
ပရိဓံသမာနော ပကိရေတိ၊ ဆဝါလာတံဝ နဿတိ။
*(ဣတိဝုတ် ပါဠိတော်)*
ဘိက္ခဝေ၊ ကေသီကိုပယ် ဖန်ဝါထယ်နှင့် အဝယ်ရပ်ကာ ဆွမ်းခံရှာ၍ အမတဓာတ် နိဗ္ဗာန်မြတ်ကို အတပ်ရှာမည် ကြံစည်စိတ်သန် အဓိဋ္ဌာန်မှန်း အို-ရဟန်းတို့။ မာ ပမာဒတ္ထ၊ ရဟန်းဘဝ ဤဌာနတွင် မေ့လျော့ပေါ့ဆ မနေလိုက်ကြစမ်းပါနှင့်။ ဘိက္ခုဘာဝေါ၊ နိက္ခမံဟု ဓိဋ္ဌာန်ရည်မှန်း ရဟန်းဘဝဟူသည်။ ဂိဟိဘောဂါ၊ လောကီလူ့ဘုံ အာရုံခံစား ကာမဂုဏ်တရားမှ။ ပရိဟီနော၊ ဆုတ်ယုတ်ခဲ့လေပြီ။ သာမညတ္ထဉ္စ၊ လောကုတ္တရာ-
စာမျက်နှာ-74
ချမ်းသာအစစ် အမှန်ဖြစ်သည့် သန္တိသုခ မြတ်သောဘဝမှလည်း။ ဒုဂ္ဂတော၊ စိတ်ဓာတ်သိမ်ဖျင်း အကြောင်းရင်းကြောင့် လွတ်ကင်းရှောင်ဖယ်ခဲ့ပါမူကား။ ပရိဓံသမာနော၊ နှစ်ဖက်အကျိုး မပွားတိုးဘဲ အကျိုးမဲ့ကာ ပျက်စီးရှာလျက်သာလျှင်။ ပကိရေတိ၊ ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းဖြင့်သာ အဖတ်တင်လေ၏။ ကိမိဝ၊ ဥပမာပုံဆို ဘယ်လိုနည်းဟူမူကား။ ဆဝါလာတံ၊ သူသေကောင်ယုတ် အကောင်ဖုတ်သည့် လုပ်ငန်းမှာသုံး အဆုံးတဝ ကြွင်းကျန်ခဲ့ရသည့် ထင်းမီးငုတ်တိုသည်။ ဥဘယတ္ထ၊ ရွာမှာလည်းမဝင် တောတွင်လည်း အသုံးမကျ လုံးလုံးကြီး ဆုံးရှုံးရသကဲ့သို့။ သော ဘိက္ခု၊ စိတ်ဓာတ်သိမ်ဖျင်း တရားကင်း၍ လူမင်းမြတ် သာသနာဝယ် ဘာမျှအသုံး လုံးလုံးမဝင် ရှင်မည်ကာဆန်း ထိုရဟန်းသည်။ ပကိရေတိ၊ လူလည်းမဝင် ရှင်လည်းမဟုတ် နှစ်မျိုးစုံယုတ်သဖြင့် မီးစုတ်တိုပမာ သနားစရာသာ ဖြစ်ရရှာလေသတည်း။
၉၄။ “ဘုရားနှင့် အနီးအဝေး”
သံဃာဋိကဏ္ဏံပိ ဘိက္ခု၊ ဂဟေတွာ ပိဋ္ဌိတော ဂတော။
ဓမ္မေ အဋ္ဌိတစိတ္တော သော၊ အာရကာ မမ သန္တိကာ။
*(ဣတိဝုတ် ပါဠိတော်)*
ဘောန္တော၊ အနီးအဝေး သိလိုရေးကြောင့် တွေးဆဖွေရှာ ဒေသနာကို နာယူလိုကြောင်း အို-ပရိသတ်အပေါင်းတို့။ ဘိက္ခု၊ ရဟန်းသည် သံဃာဋိကဏ္ဏံ၊ ငါဘုရား၏ နှစ်ထပ်သင်္ကန်းအစွန်းကို။ ဂဟေတွာ၊ မဖြတ်မလတ် ဒလစပ်စွဲကိုင်လျက်။ ပိဋ္ဌိတော၊ နောက်မှ။ ဂစ္ဆေပိ၊ တကောက်ကောက်ပါ မခွဲခွာဘဲ အမြဲတစေ လိုက်ပါနေသော်လည်း။ ဓမ္မေ၊ ဘုရား၏ ဟောကြားပြသ မြတ်ဓမ္မ၌။ အဋ္ဌိတစိတ္တော၊ စိတ်ကမတည် သွေဖီရှောင်လွဲ တရားမမြဲသည်ရှိသော်။ သော ဘိက္ခု၊ တရားမဖက် လူကိုဖက်လျက် သက်သက်ဖြစ်ဆန်း ထိုရဟန်းသည်။ မမ သန္တိကာ၊ ငါဘုရား၏ အနီးအပါးမှ။ အာရကာ၊ တရားမသီး အချည်းနှီးကြောင့် အဝေးကြီးမှ ဝေးလှပါပေသတည်း။
> ဆောင်ပုဒ်။ ။ သင်္ကန်းစမ၍တစေ၊ နောက်ကစိုက်စိုက် လိုက်၍သာနေ။
> တရားမသီး မနီးနိုင်ပေ၊ တရားသီး ဝေးလည်းအနီးပေ။
စာမျက်နှာ-75
၉၅။ “မပြတ်နိုင်တဲ့ ဝဋ်ဆိုင်”
ကာမယောဂေန သံယုတ္တာ၊ ဘဝယောဂေန စူဘယံ။
သတ္တာ ဂစ္ဆန္တိ သံသာရေ၊ ဇာတိမရဏဂါမိနော။
*(ဣတိဝုတ် ပါဠိတော်)*
ကာမယောဂေန၊ ကာမဂုဏ်၌ ခုံမင်တပ်မက် လောဘထွက်သည့် ယောဂအချက်ဖြင့်လည်းကောင်း။ ဘဝယောဂေန၊ ဘဝဘဝအဖြာဖြာ၌ လွန်စွာတပ်မက် လောဘထွက်သည့် ယောဂအချက်ဖြင့်လည်းကောင်း။ ဥဘယံ (ဝါ) ဥဘယေဟိ၊ ယောဂနှစ်ပုံ အလုံးစုံဖြင့် ဖုံးသိုင်းဖက် နှောင်ဖွဲ့ချက်ကြောင့်။ သတ္တာ၊ ရုပ်နာမ်နှစ်ဖြာ မမြင်ပါဘဲ ငါစွဲသူစွဲ အယူလွဲ၍ ပူကန်နေရှာ သတ္တဝါတို့သည်။ သံသာရေ၊ အစမထင် ဆုံးမမြင်အောင် သိမ့်ဝေးလှ သံသရာ၌။ ဇာတိမရဏဂါမိနော၊ မွေးသေမွေးသေ ဆွေးမပြေဘဲ လေးထွေအဏ္ဏဝါ သံသရာ၌သာလျှင်။ ဂစ္ဆန္တိ၊ ကာမဂုဏ်အမျှင်မပြတ်သဖြင့် ဓမ္မာရုံမဝင် ဝဋ်မှာမို့ မပြတ်မွေးမပြတ်သေ တွေးလေတွေးလေ ဆွေးမပြေတဲ့ ဘဝဟာမို့ ဘေးတွေ့ကာနေကြလေကုန်သတည်း။
> ဆောင်ပုဒ်။ ။ ကာမယောဂ နှောင်ကြလေသည်။ ဘဝအစွဲ ခိုင်မြဲဖွဲ့ချည်။
> အိုကြနာကြ သေကြလေသည်။ မလွတ်ဘဲ ဝဋ်ထဲတလည်လည်။
၉၆။ “မဟဒ္ဓရတနာ”
ဒန္တော ဒမယတံ သေဋ္ဌော၊ သန္တော သမယတံ ဣသိ။
မုတ္တော မောစယတံ အဂ္ဂေါ၊ တိဏ္ဏော တိဏ္ဏယတံ ဝရော။
*(ဣတိဝုတ် ပါဠိတော်)*
ဒမယတံ၊ ကိုယ်နှုတ်စိတ်အေး ယဉ်ကျေးသောသူ နတ်လူအပေါင်းတို့တွင်။ ဘဂဝါ၊ ငါတို့ဦးတင် ကြည်လင်မြတ်နိုး ကိုးစားမှီရာ ဆရာသခင် ဘုရားရှင်သည်။ သေဋ္ဌော၊ ဘယ်သူယှဉ်ပြိုင် အနိုင်ယူလတ် အလွန်မြတ်သော။ ဒန္တော၊ ယဉ်ယဉ်ကျေးကျေး ဖွေးဖြူဖြူ အေးအေးလူ တဆူအထွဋ် ပုဂ္ဂိုလ်မြတ်မည်လှပါပေ၏။ သမယတံ၊ ကိလေသာဟူ-
စာမျက်နှာ-76
အပူခပ်သိမ်း အကယ်ငြိမ်း၍ အေးငြိမ်းသောသူ နတ်လူအပေါင်းတို့တွင်။ ဣသိ၊ ငါတို့ဦးတင် ကြည်လင်မြတ်နိုး ကိုးစားမှီရာ တို့ဆရာသည်။ သော၊ ဘယ်သူယှဉ်ပြိုင် အနိုင်ယူလတ် အလွန်မြတ်သော။ သန္တော၊ ငြိမ်သက်ဖွေးဖြူ အေးအေးလူသည့် တဆူအထွဋ် ပုဂ္ဂိုလ်မြတ်မည်ပါပေ၏။ မောစယတံ၊ ကိလေသာနှောင်ဝဋ် ညွတ်မလွတ်သူ နတ်လူအပေါင်းတို့တွင်။ ဘဂဝါ၊ ငါတို့ဦးတင် ကြည်လင်မြတ်နိုး ကိုးစားမှီရာ တို့ဆရာသည်။ အဂ္ဂေါ၊ တဆူအဖွဲ့၌ သူသာလျှင် အမြတ်ဆုံးဟု ဆိုအပ်သော။ မုတ္တော၊ လွတ်မြောက်ပြီးသူ နတ်လူပရမေ မြတ်စိန္တေမည်ပါပေ၏။ တိဏ္ဏယတံ၊ သံသာဝဋ်နှောင် ကိလေဘောင်မှ လွတ်အောင်ကူးမြောက် ဘက်ကမ်းရောက်ပြီးသူ နတ်လူအပေါင်းတို့တွင်။ ဝရော၊ အထွဋ်ဆုံး အမြတ်ဆုံးဖြစ်သော။ တိဏ္ဏော၊ ကူးမြောက်ပြီးသူ တဆူထွဋ်ထား မြတ်ဘုရားမည်ပါပေ၏။ အဂ္ဂ၊ အထွဋ်အထွဋ် မြတ်ထက်မြတ်သည် တမွတ်ခေါင်ဖျား ရှင်တော်မြတ်ဘုရား။ တေ၊ ရှင်တော်မြတ်ဘုရားအား။ မေ၊ မြတ်ထက်မြတ်ရာ လိုလားပါသဖြင့် အမတနိဗ္ဗာန် ရောက်ရန်ကောင်းမှု အစုစုနှင့် ယခုပြုလုပ် အကျွန်ုပ်၏။ နမော၊ ဦးနှိမ်မာန်လျော့ ယခုလိုကန်တော့လိုက်ရခြင်းသည်။ အတ္ထု၊ ရှင်တော်ဘုန်းဂုဏ် ကိုယ်လုံးခြုံ၍ မာန်ဟုန်ကင်းဝေး ရန်မျိုးစုံအဖုံဖုံ အေးဆေးလို့မို့ မနှေးလျင်စွာ ဖြစ်တော်မူပါစေသတည်း ဘုရား။
၉၇။ “အာရုံထဲ တစွဲစွဲ”
ဆသု လောကေ သမုပ္ပန္နော၊ ဆသု ကုဗ္ဗတိ သန္ထဝံ။
ဆန္နမေဝ ဥပါဒါယ၊ ဆသု လောကော ဝိဟညတိ။
*(ခုဒ္ဒကပါဌ ပါဠိတော် - ဟေမဝတသုတ်)*
လောကော၊ အန္ဓဗာလ ဘာမျှမသိ မိုက်တိမိုက်မှား ပုထုဇဉ်လောကသားသည်။ ဆသု၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗနှင့် ဓမ္မပေါင်းဆုံ ၆-အာရုံ၌။ သမုပ္ပန္နော၊ တဖြစ်တည်းဖြစ် တနစ်တည်းနစ် တရစ်တည်းရစ် တဝဲတည်းဝဲ တလည်တည်းလည် အတည်တည်အထပ်ထပ် ရစ်ပတ်ဖြစ်ပွား၍ နေလေ၏။ ဆသု (ပ) ၆-အာရုံတို့၌။ သန္ထဝံ၊ ပေါင်းဖော်ယှဉ်တွဲ မှီဝဲခြင်းကို။ (ဝါ) ဘယ်ကိုသွားသွား ၆-ပါးအာရုံ ကာမဂုဏ်မှ ဖဲခွာ-
စာမျက်နှာ-77
မသွား ဤ ၆-ပါး၌ ဆာဖုံဖုံ တလူလဲလဲ မှီဝဲဆက်ဆံ၍ နေလေ၏။ ဆန္နမေဝ (ပ) ၆-ပါးအာရုံ ကာမဂုဏ်ကိုသာလျှင်။ ဥပါဒါယ၊ ဖားကိုမြွေငန်း မြဲစွာဖမ်းသို့ အရမ်းအက် အလွန်ခဲ၍သာလျှင်။ လောကော (ပ) သည်။ ဆသု၊ အာရုံ ၆-ပါး ကာမဂုဏ်တရား၌။ ဝိဟညတိ၊ တပင်ပန်းပန်း တနှမ်းဟိုက်ဟိုက် တရှိုက်ငင်ငင် အလွန်လျင်နွမ်းလျက် ဆင်းရဲကာသာ နေရရှာလေသတည်း။
၉၈။ “တဦးတည်းသောသား ပမာ”
ယထာပိ ဧကပုတ္တသ္မိံ၊ ပိယသ္မိံ ကုသလီ သိယာ။
ဧဝံ သဗ္ဗေသု ပါဏေသု၊ သဗ္ဗတ္ထ ကုသလော သိယာ။
*(သောဏကထေရ်)*
ပိယသ္မိံ၊ အသားကိုဖောက် အရိုးရောက်အောင် များမြောက်ခင်မင် ချစ်ကြိုးငင်အပ်သော။ ဧကပုတ္တသ္မိံ၊ ကြင်နာဆပွား တယောက်တည်းသော သားငယ်၌။ ကုသလီ၊ ပြုစုဖို့အရေး မျှော်တွေးဆကာ လိမ္မာရာသကဲ့သို့။ ဧဝံ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ သဗ္ဗေသု၊ ရှိသမျှဥဿုံ အလုံးစုံသော။ ပါဏေသု၊ သတ္တဝါတို့၌။ ကုသလော၊ မေတ္တာတရား ပွားများခြင်းရာ တတ်လိမ္မာသည်။ သိယာ၊ ကောင်းစွာမသွေ ဖြစ်ရာလေ၏။
၉၉။ “အကုသလဝိတက် ပယ်ရာ”
ယတော အဟံ ပဗ္ဗဇိတော၊ အဂါရာ အနဂါရိယံ။
နာဘိဇာနာမိ သင်္ကပ္ပံ၊ အနရိယံ ဒေါသသံဟိတံ။
*(သဉ္စယမထေရ်)*
အဟံ၊ သဉ္စယ-ဟု နာမ မှည့်ခေါ် တပည့်တော်သည်။ ယတော၊ ရဟန်းပြုရာကာလ အကြင်သမယမှစ၍။ အဂါရာ၊ အိမ်ရာတည်ထောင် လူတို့ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာမထောင် ရဟန်းဘောင်၌။ ပဗ္ဗဇိတော၊ ဖန်ဝါတင်လှမ်း အကျင့်ခန်းဝယ် ရဟန်းပြုခဲ့လေ၏။ တတော ပဋ္ဌာယ၊ ထိုအခါမှစ၍။ အနရိယံ၊ အကုသိုလ်အညစ်အကြေး ကင်းဝေးပြုစပ် ချေးမတင်သော။ ဒေါသသံဟိတံ၊ တစုံတရာ ပြစ်ဒေါသနှင့် ယှဉ်သော-
စာမျက်နှာ-78
သင်္ကပ္ပံ၊ ကာမ၊ ဗျာပါဒ၊ ဝိဟိံသာဟု ၃-ဖြာထွေလျက် အကုသိုလ်ဝိတက်ကို။ နာဘိဇာနာမိ၊ ကြံစည်မိ၏ဟု တစိုးတစိမျှ မသိရှိ မအောက်မေ့မိတော့ပေ။
၁၀၀။ “သီလပညာ အရင်း”
သီလမေဝ ဣဓ အဂ္ဂံ၊ ပညဝါ ပန ဥတ္တမော။
မနုဿေသု စ ဒေဝေသု၊ သီလပညာဏ ဇောတယံ။
*(ပုဏ္ဏထေရ်)*
ဣဓ၊ ဗုဒ္ဓမြတ်စွာ သာသနာကြီး တန်ဆောင်မီးသို့ ထိန်ညီးထွန်းပ ဤလောက၌။ သီလမေဝ၊ သီလသည်သာလျှင်။ အဂ္ဂံ၊ နိဗ္ဗာန်တံခါး သွားရာအစ ပထမ-လမ်းမည်ပါပေ၏။ ပညဝါ ပန၊ ပညာဟူသည်ကား။ ဥတ္တမော၊ တဆင့်တက်၍ မြင့်မြတ်သည့်ထာ ဥစ္စာရတနာမည်၏။ မနုဿေသု စ၊ လူ့ပြည်ဌာန လူ့လောကတို့၌လည်းကောင်း။ ဒေဝေသု စ၊ နတ်ပြည်ဌာန နတ်လောကတို့၌လည်းကောင်း။ သီလပညာဏံ၊ သီလ-ပညာ ဤနှစ်ပါးသော ရတနာတို့၏သာလျှင်။ ဇောတယံ၊ အမှောင်ပယ်ခြင်း အလင်းကိုဆောင် တပြောင်ပြောင်နှင့် တောက်လောင်ခမန်း ထွန်းလင်းတောက်ပလေကုန်သတည်း။
၁၀၁။ “သူများရှိပေကလည်း ကိုယ်ကမရှိရာ”
ဥပ္ပတန္တေသု နိပတေ၊ နိပတန္တေသု ဥပ္ပတေ။
ဝသေ အဝသမာနေသု၊ ရမမာနေသု နာ ရမေ။
*(ပိယဉ္စဟထေရ်)*
ဥပ္ပတန္တေသု၊ မာနတက်ချွန် တိမ်တံခွန်သို့ တပျံပျံလွင့် အဆင့်ဆင့်တက်ကြွ လူ့အန္ဓ လူ့ဗာလတို့အလယ်၌။ ပဏ္ဍိတော၊ ဝိပဿနာပညာမျက်စိ နှံ့သိကျော်ထင် သူတော်စင်သည်။ နိပတေ၊ ဂါရဝေါ စ နိဝါတောဖြင့် မာနချကာ နေထိုင်ကျင့်ကြံရာ၏။ နိပတန္တေသု၊ စိတ်ဓာတ်ကျဆင်း တပျင်းရိရိ တုံးတိတိနေကုန်သော သူတို့အလယ်၌။ ဥပ္ပတေ၊ စိတ်ဓာတ်တက်ကြွ ဝီရိယဖြင့် နေ့ညပက္ခ နေထိုင်ကျင့်သုံးရာ၏။ အဝသမာနေသု၊ တရားအကျင့်-
စာမျက်နှာ-79
အသင့်နှလုံး မကျင့်သုံးသော သူတို့အလယ်၌။ ဝသေ၊ တရားအကျင့် အသင့်နှလုံး ကျင့်သုံးကာသာ နေထိုင်ရာ၏။ ရမမာနေသု၊ ကာမဂုဏ်ဟု အာရုံဓလေ့ အစုံမေ့ကာ ပျော်မွေ့နေကြကုန်သော သူတို့အလယ်၌။ နာ ရမေ၊ ကာမဂုဏ်ဓလေ့ ပျော်မမေ့ဘဲ ဓမ္မဘာသာ တရားရှာလျက် နေ့ညမကွာ ပျော်မွေ့လျက်သာ နေရာသတည်း။
၁၀၂။ “အိပ်နေလျှင် ဘယ်တော့ဒုက္ခ လွတ်မှာလဲ”
သဗ္ဗတ္တိံ သုပိတေန၊ ဒိဝါ သင်္ဂဏိကာရတော။
ကုဒဿု နာမ ဒုမ္မေဓော၊ ဒုက္ခဿန္တံ ကရိဿတိ။
*(နီတထေရ်)*
သဗ္ဗတ္တိံ၊ တညဉ့်ပတ်လုံး။ သုပိတေန၊ တခေါခေါနှင့် အိပ်မောတွေတွေ ကျကာနေပြီးနောက်။ ဒိဝါ၊ နေ့လယ်နေ့ခင်း အလင်းကာလ သမယကျပြန်တော့။ သင်္ဂဏိကာရတော၊ အပေါင်းအသင်း စကားတင်းပြော ရောနှောပျော်မွေ့လေ့ ရှိပြန်၏။ သော ဒုမ္မေဓော၊ ထိုသို့သာလျှင် ပညာမဲ့ကင်း ရဟန်းဖျင်းသည်။ ကုဒဿု နာမ၊ ဘယ်ခါကာလ ဘယ်သမယကျမှ။ ဒုက္ခဿန္တံ၊ ဒုက္ခကင်းငြိမ်း ဝဋ်ဇာတ်သိမ်းကို။ ကရိဿတိ၊ ပြုနိုင်မည်နည်း။ (ဝါ) ကရိဿတိ၊ အပျင်းကလည်းထူ အအိပ်ကလည်းကြီး စကားပြောကလည်းသန် လေကန်ကာ အပေါင်းအဖော်နှင့် မွေ့သူမို့ ဝေဖန်စရာအကြောင်း မျှော်လို့လည်း မတွေ့ပြီဘူး၊ ဓမ္မဘာသာ ဧကစာကို မေ့သောကြောင့် ဘယ်တကွေ့မှာမှ တရားနှင့် မတွေ့နိုင်လေတော့သတည်း။
၁၀၃။ “ခြေရာပျောက်ဂါထာ”
ယဿာသဝါ ပရိက္ခိဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။
*(ဝိဇယထေရ်)*
ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်အား။ အာသဝါ၊ လေးပါးသော အာသဝတရားတို့သည်။ ပရိက္ခိဏာ၊ မဂ်ဖြင့်ပယ်သတ် ဇာတ်မျှမတင် ဖြူစင်-
စာမျက်နှာ-80
သန့်ရှင်း လုံးလုံးကင်းပြီးလေပြီ။ အာဟာရေ စ၊ အာဟာရကို အမှူးပြု၍ လေးဦးသောအကြောင်းတရားတို့၌။ အနိဿိတော၊ တဏှာဒိဋ္ဌိ ကပ်ငြိမသွေ မတည်နေတော့ပြီ။ (ဝါ) အာဟာရေ စ၊ ဘဝဖြစ်ရန် အကြောင်းခံဟု ကမ္မအမှု၌။ အနိဿိတော၊ မစွဲမတည် မကပ်မှီတော့ပေ။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဂေါစရော၊ ကျက်စားဖွယ်ရာ အာရုံသည်ကား။ သုညတော စ၊ ရာဂစသော ကိလေသာတရားတို့၏ မရှိကင်းပြတ်ခြင်းကြောင့် သုညတမည်သော နိဗ္ဗာန်သည်လည်းကောင်း။ အနိမိတ္တော စ၊ ရာဂစသော နိမိတ်အစားစားတို့ ထင်ရှားတစိ ပြဖွယ်မရှိသော နိဗ္ဗာန်သည်လည်းကောင်း။ ဝိမောက္ခော စ၊ ရာဂစသော ကိလေသာများမှ လွတ်မြောက်သောကြောင့် ဝိမောက္ခမည်သော နိဗ္ဗာန်သည်လည်းကောင်း။ ဂေါစရော၊ ကျက်စားဖွယ်ရာ အာရုံသည်။ ဟောတိ၊ ဖြစ်၏။ တဿ၊ ပြဆိုခဲ့ပြီး အသီးသီးပေါင်းဆုံ ဂုဏ်နှင့် ပြည့်စုံသော။ တဿ၊ ထိုရဟန္တာအရှင်မြတ်၏။ ပဒံ၊ ခြေရာသည်။ အာကာသေ၊ ဟင်းလင်းအပြင် အဇဋာခွင် ထက်ကောင်းကင်၌။ သကုန္တာနံ၊ မြူးပျော်ပျံသွား ကျေးငှက်များ၏။ ပဒံ ဝ၊ ခြေရာကဲ့သို့။ (ဝါ) ကောင်းကင်ပျံသွား ငှက်များခြေရာ ဤသည်မှဟု သေချာစိပြဖွယ်မရှိသကဲ့သို့။ ဒုရန္နယံ၊ ပရိနိဗ္ဗာန်ဝင်စံပြီးနောက် ခြေရာပျောက်ကာ ဘယ်နေရာမှ ရှာမရဘဲ ဖြစ်လေတော့သတည်း။
၁၀၄။ “သတ္တဝါတွေက ဒုက္ခကိုမှ လိုချင်သည်”
ဒုက္ခကာမာ ဧရက၊ န သုခကာမာ ဧရက။
ယော ကာမေ ကာမယတိ၊ ဒုက္ခံ သော ကာမယတိ ဧရက။
ယော ကာမေ န ကာမယတိ၊ ဒုက္ခံ သော န ကာမယတိ ဧရက။
*(ဧရကမထေရ်)*
ဧရက၊ ချစ်သား ဧရက။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုက္ခကာမာ၊ ချမ်းသာကိုပင် လိုအင်ဆန္ဒ ရှိနေကြသည် ဆိုသော်လည်း စင်စစ်ဧကန် အမှန်ကမူ အပူဒုက္ခကိုပင် လိုအင်ဆန္ဒ ပြင်းပြလှကုန်၏။ ဧရက၊ ချစ်သား ဧရက။ သတ္တာ၊ သတ္တဝါတို့သည်။ န သုခကာမာ၊ သုခချမ်းသာ အေးဆေးရာကို မှန်စွာမသွေ မလိုလားကြလေကုန်။
စာမျက်နှာ-81
ယော၊ လူနတ်ဗြဟ္မာ ဘယ်သတ္တဝါမဟူ အကြင်သူသည်။ ကာမေ၊ ဝတ္ထုကိလေ နှစ်ထွေငါးဖြာတို့ကို။ ကာမယတိ၊ တတောင့်တတ လိုချင်လှပေ၏။ သော၊ ထိုသူသည်။ ဒုက္ခံ၊ လွန်ပြင်းကဲ ပူပန်ဆင်းရဲကို။ ကာမယတိ၊ လိုချင်ဆန္ဒ ပြင်းပြသည်မည်၏။ ယော (ပ) အကြင်သူသည်။ ကာမေ၊ ဝတ္ထုကိလေ နှစ်ထွေနှစ်ဝ ငါးဖြာတို့ကို။ န ကာမယတိ၊ ပညာသဘော နစ်နာတွေးဆ ငါးကာမ၌ တောင့်တအာသာ တဏှာဘေး ကင်းစင်ပ၍ အနည်းငယ်မျှ အလိုမရှိပေ။ ဧရက၊ ချစ်သား ဧရက။ သော၊ ထိုသူသည်။ ဒုက္ခံ၊ လွန်စွာပြင်းကဲ ပူပန်ဆင်းရဲကို။ န ကာမယတိ၊ အလိုရှိသည် မမည်ပေ။ (ဝါ) ကာမတဏှာ ကင်းလွတ်ကွာသဖြင့် နောက်မှာထက်ချပ် ဆက်စပ်ပါလာ ဝဋ်ဒုက္ခလည်း မှန်စွာမသွေ ငြိမ်းအေးလေတော့သတည်း။
၁၀၅။ “လူယုတ်နှင့် ဘယ်လိုမှ မပေါင်းနိုင်”
အဟံ ဟတနေတ္တောသ္မိ၊ ကန္တာရဒ္ဓါနပက္ခန္တော။
သယမာနောပိ ဂစ္ဆိဿံ၊ န သဟာယေန ပါပေန။
*(စက္ခုပါလမထေရ်)*
အဟံ၊ စက္ခုပါလနာမင်မည် ငါမထေရ်သည်။ အထွေ၊ မျက်စိနှစ်ဖက် ပျက်လျက်မှောင်သန်း စုံလုံးကန်းသည်။ ဟတနေတ္တောသ္မိ၊ ပျက်ပြီသော မျက်စိရှိသည်။ အသ္မိ၊ အကြောင်းရင်းခံ ရှေးရှေးကံကြောင့် ရှောင်ရန်မလွယ် ဖြစ်ရရှာပါ၏။ ကန္တာရဒ္ဓါနပက္ခန္တော၊ မျက်စိနှစ်ခန်း စုံလုံးကန်းလျက် ကြမ်းတမ်းလှစွာ မြိုင်ကန္တာကို ခုခါမနား ခရီးသွားလျက် နေရပါ၏။ တထပ်၊ ထိုသို့လျှင် မျက်စိကကန်း ခရီးကြမ်းဝယ် မသန်မစွမ်း ခရီးလှမ်းနေရသော်လည်း။ ပါပေန၊ ယုတ်မာလှသော။ သဟာယေန၊ အဖော်နှင့်တကွ။ န ဂစ္ဆိဿံ၊ ဘယ်လိုနည်းနှင့်မျှ ခရီးယှဉ်ကာ လိုက်မည်မဟုတ်ပေ။ သယမာနောပိ၊ လမ်းခုလတ်တွင် ဝပ်စင်းနားရပ်ကာ လှဲအိပ်လျက်သာ နေရမည်။ (ဝါ) သေရမည်၊ လူယုတ်မာကိုကား ဘယ်သောခါမှ ရန်သွားတူနော်ဟု ပေါင်းဖက်ပြုလိမ့်မည် မဟုတ်တော့ချေ။
စာမျက်နှာ-82
၁၀၆။ “ရွှေခွက်စွန့်၍ မြေခွက်နှင့် အဘိသိက်သွန်းသူ”
ဟိတွာ သတပလံ ကံသံ၊ သောဝဏ္ဏံ သတရာဇိကံ။
အဂ္ဂဟိံ မတ္တိကာပတ္တံ၊ ဣဒံ ဒုတိယာဘိသေစနံ။
*(တိဿထေရာပဒါန်)*
အဟံ၊ ရှင်ဘုရင်ဘဝကိုစွန့်၍ လာခဲ့သော တိဿမည်တွင် ငါထေရ်အရှင်သည်။ သတပလံ၊ ပိုလ်ချိန်တရာ လေးလံစွာသော။ သောဝဏ္ဏံ၊ ဇမ္ဗူရာဇ်ရွှေစင် ရောင်ရှင်အိအိ ရွှေအတိပြီးသော။ သတရာဇိကံ၊ အရေးအသား ပန်းနွယ်များဖြင့် ဆန်းပြားထွေလာ အရေးအကြောင်းတရာရှိသော။ ကံသံ၊ မင်းတို့သုံးရိုး အဘိုးမပြတ် လွန်မြင့်မြတ်သည့် ရွှေခွက်ကို။ ဟိတွာ၊ နည်းနည်းမျှမနှမြောဘဲ ပြတ်ပြတ်စဲစဲကြီး စွန့်လွှတ်လျက်သာလျှင်။ မတ္တိကာပတ္တံ၊ လူများတကာ ယူစရာမမက် မြေအိုးခွက်ကို။ အဂ္ဂဟိံ၊ မြတ်မြတ်နိုးနိုး ယုံကြည်ကိုးလျက် နှစ်နှစ်သက်သက်ကြီး ကိုင်စွဲလေပြီ။ ဣဒံ၊ ရွှေခွက်ကိုစွန့်လျက် မြေခွက်ကို ကိုင်စွဲလိုက်ခြင်းသည်။ ဒုတိယာဘိသေစနံ၊ မင်းဘိသိက်မြှောက် ဆကာထောက်သော် ၂-ကြိမ်မြောက် အဘိသိက်သွန်းလိုက်ခြင်း ဖြစ်ပါပေသတည်း။
၁၀၇။ “ဝိမုတ္တိပန်း ဆင်မြန်းသူ”
သမ္မပ္ပဓာနသမ္ပန္နော၊ သတိပဋ္ဌာနဂေါစရော။
ဝိမုတ္တိကုသုမသန္ထော၊ ပရိနိဗ္ဗာယိဿတျနာသဝေါ။
*(ဒေဝသကထေရာပဒါန်)*
သမ္မပ္ပဓာနသမ္ပန္နော၊ လုံ့လပြင်းထန် သမ္မပ္ပဓာန်နှင့် ပြည့်စုံသည်ဖြစ်၍။ သတိပဋ္ဌာနဂေါစရော၊ သတိပဋ္ဌာန်လေးပါး အာရုံအားလျှင် ကျက်စားစရာရှိသည်ဖြစ်၍။ ဝိမုတ္တိကုသုမသန္ထော၊ ဝိမုတ္တိသုခ တုမရမည် ပန်းသကာချူ ပန်ဆင်တော်မူလျက်။ အနာသဝေါ၊ အာသဝေါကင်းကွာ ရဟန္တာအဖြစ်ဖြင့်။ ပရိနိဗ္ဗာယိဿတိ၊ ကိလေသာဝန် ခန္ဓာဝန်ကို ပစ်သွန်ပယ်ချ မြတ်သုခဖြင့် မုချမသွေ ငြိမ်းအေးရလေတော့သတည်း။
၁၀၈။ “တောတောင်တဝှမ်း အလွမ်းပြေ”
အမ္ဗုကာ ပုထုသိလာ၊ ဂေါနင်္ဂုလမိဂါယုတာ။
အမ္ဗုသေဝါလသဉ္ဆန္နာ၊ တေ သေလာ ရမယန္တိ မံ။
*(ဝနဝစ္ဆထေရာပဒါန်)*
စာမျက်နှာ-83
အမ္ဗုကာ၊ လျှိုမြောင်ချိုင့်ဝှမ်း စိမ့်စမ်းသွယ်ကာ စီးကျလာသား ဓမ္မတာသဘာဝ အေးမြကြည်လင် စင်ကြယ်သော ရေပြင်လည်းရှိထသော။ ပုထုသိလာ၊ မြင့်မြင့်ချွန်ချွန် တောင်ကြီးဟန်နွယ် အသွယ်သွယ်အမြှောင်မြှောင် ကျောက်ဆောင်ကြီးများလည်းရှိထသော။ ဂေါနင်္ဂုလမိဂါယုတာ၊ တပင်မှတပင် မြူးရွှင်ခုန်ကူး အထူးအဆန်း ဝမ်းပမ်းရှိုက်ဖို တောမျောက်ညိုတို့နှင့်လည်း ရောပြွမ်းထသော။ အမ္ဗုသေဝါလသဉ္ဆန္နာ၊ စိမ်းစိုဝေကာ မြကမ္ဗလာအလား ရေမှော်များဖြင့်လည်း ဖုံးအုပ်ထားအပ်သော။ တေ သေလာ၊ အနိမ့်အမြင့် ဆင့်ကာဆင့်ကာ လိုင်းအိပမာသို့ လူးလာယှက်သန်း တောင်စဉ်တောင်ဝှမ်းတို့သည်။ မံ၊ ကာမဂုဏ်ဓလေ့ မပျော်မွေ့ဘဲ ဓမ္မဘာသာ အရညာစခန်း သစ်ခက်နန်း၌ စိတ်ပမ်းဖြေရှာ ထေရ်ရှင်ကို။ ရမယန္တိ၊ ပျင်းရိမပေါ် စိတ်လက်ပျော်အောင် ဖြေဖျော်ကြလေကုန်သတည်း။
၁၀၉။ “တောရိပ်ပျော် စမ်းပါ”
ပဝိဝိတ္တာ အသံသဋ္ဌာ၊ ပန္တသေနာသနေ ရတာ။
အာရာဓယန္တာ နာထဿ၊ ဝနဝါသေန မာနသံ။
ဧကာကီ အရညေ နိဝသံ၊ ယံ သုခံ လဘတေ ယတိ။
ရသံ တဿ န ဝိန္ဒန္တိ၊ အပိ ဒေဝါ သဣန္ဒကာ။
ပံသုကူလဉ္စ သော ဝတ္ထံ၊ ကဝစံ ဝိယ ဓာရယံ။
အရညသင်္ဂါမဂတော၊ အဝသေသံ ဇိတော အဟု။
သပ္ပိ န စိရဿေဝ၊ ဇေတေ မာရံ သဝါဟနံ။
တသ္မာ အရညဝါသမှိ၊ ရတိံ ကယိရာထ ပဏ္ဍိတာ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ပဝိဝိတ္တာ၊ လူသံသူသံ ဆူညံမရှိ ပကတိငြိမ်းအေးသည်။ အသံသဋ္ဌာ၊ လူသူရောဘက် မထွေးယှက်သည်။ ပန္တသေနာသနေ ရတာ၊ အစွန်ကျသော ကျောင်း၌ မွေ့လျော်သည်။ ဟု (ပ) နာထဿ၊ လူသုံးပါးတို့၏ အထွဋ်အထား မြတ်စွာဘုရား၏။ မာနသံ၊ စိတ်တော်ကို။ ဝနဝါသေန၊ တောအုပ်မှီတင်း နေထိုင်ခြင်းဖြင့်။ အာရာဓယန္တာ၊ တရားသဘော လိုက်လျောပျော်ပိုက် နှစ်ခြိုက်စေလျက်။ ဧကာကီ၊ အဖော်မရှိ တကိုယ်တည်းသာလျှင်။ အရညေ၊ တော၌။ နိဝသံ (ဝါ) နိဝသန္တော၊
စာမျက်နှာ-84
ကမ္မဋ္ဌာန်းနှလုံး စွဲသုံးကြံ့ခိုင် နေထိုင်သည်ဖြစ်၍။ ယံ သုခံ၊ အကြင်ဓမ္မရသ ချမ်းသာသုခကို။ ယတိ၊ ဣန္ဒြေခြောက်ပါး တံခါးကို ပိတ်ထားစေ့စပ် ရဟန်းမြတ်သည်။ လဘတေ၊ ကောင်းစွာပိုင်ပိုင် ရရှိနိုင်၏။ တံ ရသံ၊ ဓမ္မပီတိ ဆီထိသည့်ဂွမ်း အေးချမ်းပေစွ ထိုသုခကို။ သဣန္ဒကာ၊ နတ်ပြည်ခြောက်ထပ် လွှမ်းပတ်စိုးအုပ် အကြီးအချုပ် ပြုလုပ်ရသော။ ဒေဝါပိ၊ သိကြားဒေဝါ နတ်ဗြဟ္မာတို့သော်လည်း။ န ဝိန္ဒန္တိ၊ ရနိုင်ရန်ကား အသာထား၍ အနားသို့ပင် မသီမကပ်နိုင်ကြလေကုန်။ ဧသော ဘိက္ခု၊ တောရိပ်မှီခို ကြည်ညိုဆည်းကပ် ထိုရဟန်းမြတ်သည်။ ပံသုကူလဉ္စ၊ မြေမှုန်ထပ်ထပ် လိမ်းကပ်သည့် သင်္ကန်းကို။ ကဝစံ ဝိယ၊ ချပ်ဝတ်တန်ဆာ ဒွါဒရာကဲ့သို့။ ဓာရယံ (ဝါ) ဓာရယန္တော၊ နှစ်နှစ်ခြိုက်ခြိုက် သိမ်းပိုက်ကြင်နာ ဝတ်ဆင်လာ၍။ အရညသင်္ဂါမဂတော၊ ကိလေသာရန် တွန်းလှန်ဖြိုခွင်း စစ်အင်ကျင်းရာ စစ်မြေတာ၌။ အဝသေသဓုတင်္ဂယုတော၊ ကြွင်းကျန်သေးသော ဓုတင်တို့ကိုလည်း ဆောင်လျက်။ န စိရဿေဝ၊ မကြာမြင့်မီသာလျှင်။ သဝါဟနံ၊ တထောင့်ငါးရာ ခြံရံပါသော ကိလေသာဟူ ရန်သူစစ်သည် ဝန်းပတ်လည်သော။ မာရံ၊ အဟုန်ထန်ပြင်း မာရ်နတ်မင်းကို။ ဇေတုံ၊ အောင်တပ်ခင်း၍ ချက်ချင်းမသွေ အောင်နိုင်စေခြင်းငှာ။ သမ္မံ၊ ကောင်းစွာပိုင်ပိုင် ဆောင်စွမ်းနိုင်ပေသတည်း။
၁၁၀။ “ဆရာ့ဂုဏ်အင်္ဂါ”
ပိယော ဂရု ဘာဝနိယော၊ ဝတ္တာ စ ဝစနက္ခမော။
ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊ နော စဋ္ဌာနေ နိယောဇကော။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
အာစရိယဿ၊ ကမ္မဋ္ဌာန်းဆရာ၏ ဣစ္ဆိတဗ္ဗာနိ၊ အလိုရှိအပ် ကောင်းမြတ်ခြင်းရာ လက္ခဏာတို့သည်ကား—
၁။ ပိယော စ၊ တပည့်အများက ချစ်အပ်သော ဂုဏ်နှင့် ပြည့်စုံရခြင်းကလည်း တပါး။
၂။ ဂရုဘာဝနီယော စ၊ လေးစားအပ်သော ဂုဏ်နှင့် ပြည့်စုံရခြင်းကလည်း တပါး။
၃။ ဝတ္တာ စ၊ ဆိုသင့်ဆိုရန် စကားမှန်ကို တပည့်အများ လက်ခံအောင် လိုက်နာအောင် ပြောဆိုတတ်သော ဂုဏ်နှင့် ပြည့်စုံရခြင်းကလည်း တပါး။
စာမျက်နှာ-85
၄။ ဝစနက္ခမော၊ ပြောဆိုဆုံးမခြင်းကို သည်းခံခြင်း၊ (ဝါ) ပြောဆိုဆုံးမရန်ရှိက အသင့်ဖြစ်ရခြင်းကလည်း တပါး။
၅။ ဂမ္ဘီရံ၊ လေးနက်သော၊ (ဝါ) အနှစ်သာရနှင့် ပြည့်စုံသော။ ကထံ စ၊ စကားကိုလည်း။ ကတ္တာ၊ ပြောဆိုတတ်ရခြင်းကလည်း တပါး။
၆။ အဋ္ဌာနေ၊ မသင့်မတော်သော အရာဌာန၌။ နော စ နိယောဇကော၊ မတိုက်တွန်းတတ်ခြင်းကလည်း အင်္ဂါတပါး။
ဣမာနိ ဆ၊ ဤ ၆-ပါးတို့တည်း။
၁၁၁။ “ခြေဖဝါးလက္ခဏာ”
ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊ ဒုဋ္ဌဿ ဟောတိ အနုကဿိတံ ပဒံ။
မူဠှဿ ဟောတိ သဟသာနုပီဠိတံ၊ ဝိဝဋစ္ဆဒဿ ဣဒံ ဤဒိသံ ပဒံ။
*(ဓမ္မပဒ)*
ရတ္တဿ၊ ကာမဂုဏ်၌ တပ်မက်သောသူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ ခြေဖျားထောက်၍ နင်းသည်၊ (ဝါ) ဖနောင့်ကို တအားဆောင့်၍ နင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒုဋ္ဌဿ၊ ဒေါသစရိုက် ကြီးသောသူ၏။ ပဒံ၊ ခြေရာသည်။ အနုကဿိတံ၊ တန်းလန်းဆွဲနေသည်၊ ဟောတိ၊ ဖြစ်၏။ မူဠှဿ၊ မောဟကြီးသောသူ၏။ ပဒံ၊ ခြေရာသည်။ သဟသာနုပီဠိတံ၊ မြေကြီး၌ တအားဖိ၍ ချိုင့်ကြီးဖြစ်အောင် နက်နင်းနေသည်။ ဟောတိ၊ ဖြစ်၏။ ဝိဝဋစ္ဆဒဿ၊ ဝဋ်ပြတ်သောသူ၏။ ပဒံ၊ ခြေရာသည်။ ဤဒိသံ၊ ယခုမြင်ရသော ခြေရာနှင့် အလားနမူ မတူသည်။ ဟောတိ၊ ဖြစ်၏။
၁၁၂။ “တောခွေးနှင့် ပေါက်ပွင့်လို”
ယထာပိ ပုပ္ဖိတံ ဒိသွာ၊ သိင်္ဂါလော ကိံသုကံ ဝနေ။
မံသရုက္ခော အယံ လဒ္ဓေါ၊ ဣတိ ဂစ္ဆေယျ ဝေဂသာ။
ပတိတံ ပတိတံ ပုပ္ဖံ၊ ဝိက္ခာဒတိ လောလုပ္ပော။
နယိဒံ မံသံ အဒုံ မံသံ၊ ယံ ရုက္ခသ္မိံ တိ ဣစ္ဆတိ။
ကောဋ္ဌာသံ ပတိတံ ဟေဝံ၊ အသုဘန္တိ တထာ ဗုဓော။
အဂ္ဂဟေတွာန ဂဏှေယျ၊ သရီရဋ္ဌံ တထာ။
*(ဝိသုဒ္ဓိမဂ္ဂ)*
စာမျက်နှာ-86
သိင်္ဂါလော၊ တောဝယ် ပျော်ပါး မပါးမနပ် ကျိုးကြောင်းစပ်လျက် သိတတ်ပညာ ပလာမဲ့ဝေး တော၌မွေးသည့် တောမြေခွေးသည်။ ဝနေ၊ တော၌။ ပုပ္ဖိတံ၊ ပွင့်၍နေသော။ ကိံသုကံ၊ နီနီရဲရဲ အသွေးတမူ အမဲသားတုံးနှင့်တူသော ပေါက်ပန်းကို။ ဒိသွာ၊ အဝေးကပင် ထင်ထင်ရှားရှား မြင်လေငြားသော်။ မယာ၊ ငါသည်။ မံသရုက္ခော၊ အမဲသားများ ဆွဲလွဲထားသည့် အပင်ကို။ လဒ္ဓေါ၊ ဖိုးကံကောင်းမို့ မတောင့်မတ မကြောင့်ကြအောင် ကြံဆောင်ထောက်မ အရကြီးရ အမြတ်ပွားလေပြီ။ ဣတိ၊ ဤသို့။ ဝေဂေန၊ အဟုန်ပြင်းစွာ လျင်မြန်ကာဖြင့်။ ဂန္တွာ၊ တအားစိုက်ကာ သွားလိုက်ပါ၍။ ပတိတံ ပတိတံ၊ အညှာမခိုင် လေဆိုင်ဝှေ့ကာ ကြွေကျလာသော။ ပုပ္ဖံ၊ အရောင်နီမြန်း ပေါက်ပွင့်ပန်းကို။ အတိလောလုပ္ပော၊ တပ်မက်တဏှာ ပြင်းကဲစွာဖြင့်။ ဝိက္ခာဒတိ၊ အပြေးကပ်သွား ပါးစပ်အားဖြင့် ဟပ်စားပြီးနောက်။ ဣဒံ၊ မြေသို့သက်ခ ကြွေကျလာသော ဤအရာသည်။ န မံသံ၊ အားရပါးရ ခစားစရာ အမဲသား မဟုတ်ပါသေးပေ။ ရုက္ခသ္မိံ၊ သစ်ပင်တခို ဟိုအထက်၌။ ယံ၊ မကြွေကျသေးဘဲ တွဲလွဲဆွဲနေသော အရာသည်။ အတ္ထိ၊ ကြွေကျခါနီး အပြီးမသွေ တည်နေပေ၏။ အဒုံ၊ သစ်ပင်ပေါ်မှာ ဆွဲတည်ပါသည့် နီတျာရဲ ထိုအခဲသည်သာလျှင်။ မံသံ၊ အမဲသားစစ် သားတစ်ဧကန် မှန်လှပါပေ၏။ ဣတိ၊ ဤသို့။ ဂဏှာတိ၊ အလွဲအမှား အစွဲများဖြင့် မှတ်သားမိရှာပေ၏။
တထာ၊ ဥပမာပုံအား တောခွေးအလားကဲ့သို့ အလားတူသာလျှင်။ ပုထုဇ္ဇနော၊ ကိလေသာများဖြင့် ပုထုဇဉ်သည်လည်း။ ပတိတံ ယေဝ၊ ခန္ဓာကိုယ်မှ ပြုတ်ကြွေကျလာသည့် မစင်ကျင်ကြီး နှပ်အစီးစသည်တို့ကသာလျှင်။ အသုဘန္တိ၊ မတင့်မတယ် ရွံစဖွယ်ဖြစ်၏။ သရီရဋ္ဌံ၊ ခန္ဓာကိုယ်နှင့် ဆက်စပ်မှီနေ ကောဋ္ဌာသအစုတွေကိုကား။ သုဘန္တိ၊ တင့်တယ်ဖွယ်ရာ ချစ်စရာဟု။ ဂဏှာတိ၊ အမြင်မှောက်မှား ဖောက်ပြားကာသာ ယူမိရှာ၏။ တထာ၊ ပုထုဇဉ်သား လူမိုက်သား အလိုမခြားတမူ အလားတူစွာသာလျှင်။ ဗုဓော၊ တွေးခေါ်မြော်မြင် ပညာရှင်သည်။ အဂ္ဂဟေတွာန၊ ကိုယ်ခန္ဓာမှ ပြုတ်ကွာကျလာ ဆံကေသာအစ နှပ်တံထွေးအဆုံး အကုန်လုံးသော ကောဋ္ဌာသကား-အသုဘ၊ ခန္ဓာကိုယ်တွင် ယှဉ်ဆက်စပ် ကပ်၍တည်နေ ကောဋ္ဌာသတွေကား သုဘ-ဟူ၍ မမှန်မကန် အပြန်ပြန်လွဲမှား မယူထားဘဲ။ သရီရဋ္ဌသ္မိံ၊ ခန္ဓာကိုယ်တွင် မှီယှဉ်ဆက်စပ် ကပ်၍တည်နေ ကောဋ္ဌာသတွေလည်း ထိုနည်း၎င်း အကြောင်း-
စာမျက်နှာ-87
မထူး ရှေးဦးမဆွ အသုဘတွေပါတကားဟူ၍။ ဂဏှေယျ၊ ဉာဏ်မျက်စိဖြင့် စေ့စေ့ကြည့်ကာ ယူဆလေရာသတည်း။
ဣမံ ဟိ သုဘတော ကာယံ၊ ဂဟေတွာ တတ္ထ မုစ္ဆိတာ။
ဗာလာ ကရောန္တာ ပါပါနိ၊ ဒုက္ခာ န ပရိမုစ္စရေ။
တသ္မာ ပဿေယျ မေဓာဝီ၊ ဇီဝဿ ဝါ မတဿ ဝါ။
သဘာဝံ ပူတိကာယဿ၊ သုဘဘာဝေန ဝိဝိတ္တံ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ဣမံ ကာယံ၊ သုံးဆယ်နှစ်ဝ ကောဋ္ဌာသတို့ ပုပ်သိုးနှောင် ဤကိုယ်ကောင်ကြီးကို။ သုဘတော၊ မပုပ်မသိုး တင့်တယ်လှပါပေ၏ ဟူ၍။ ဂဟေတွာ၊ အကဲပြင်းထန် အလွန်အမင်း အစွဲတင်းကြကုန်လျက်။ ဗာလာ၊ ရာဂစရိုက် နှစ်ခြိုက်ပျော်ပါး ငမိုက်သားတို့သည်။ တတ္ထ၊ သုံးဆယ်နှစ်ဝ ကောဋ္ဌာသတို့ ပုပ်သိုးနှောင် ထိုအပုပ်ကောင်၌။ မုစ္ဆိတာ၊ တွေဝေမေ့လျော့ ဓလေ့ရူးကြကုန်သည်ဖြစ်၍။ ပါပါနိ၊ ယုတ်မာညစ်ကျ ကာမေသုစသည် ပေါင်းစု မကောင်းမှုတို့ကို။ ကရောန္တာ၊ မစင်အိုင်ထဲ ဝက်၏သို့ မြုပ်လဲပေါ်တဲ့ မရွံကုန်ဘဲ ပြုဟုန်ကဲကြလျက်။ ဒုက္ခာ၊ အပါယ်လေးဖြာ သံသရာပြင်းကဲ ဒုက္ခဝဲမှ။ န ပရိမုစ္စရေ၊ ကရွတ်ကင်းလျှောက် ဇွတ်တင်းရောက်လျက် မလွတ်မြောက်နိုင်ကြလေကုန်။
တသ္မာ၊ ထို့ကြောင့်။ မေဓာဝီ၊ ကျိုးကြောင်းမြော်မြင် ပညာရှင်သည်။ ဇီဝဿ ဝါ၊ အသက်ရှင်ဆဲမူလည်းဖြစ်သော။ မတဿ ဝါ၊ သေပြီးသည်မူလည်းဖြစ်သော။ ပူတိကာယဿ၊ သုံးဆယ်နှစ်ဝ ကောဋ္ဌာသတို့ ပုပ်သိုးနှောင် ဤကိုယ်ကောင်ကြီး၏။ သုဘဘာဝေန၊ တင့်တင့်တယ်တယ် ချစ်ဖွယ်ရာသဘောအားဖြင့်။ ဝိဝိတ္တံ၊ အကယ်တစိ ဉာဏ်ဖြင့်ကြည့်က မရှိကင်းပသော။ သဘာဝံ၊ ပင်ကိုယ်မူလ သဘာဝပါလာ သူ့ဓမ္မတာကို။ ပဿေယျ၊ အဝိဇ္ဇာပယ်ရှင်း ဉာဏ်ရောင်သွင်းလျက် ထင်လင်းမြင်အောင် ဆောင်၍ကြည့်ရာသတည်း။
၁၁၃။ “ဒုတ်နှင့် စောင့်နေရလိမ့်မယ်”
ဒုဂ္ဂန္ဓော အသုစိကာယော၊ ကုဏပေါ ဥက္ကရူပမော။
နိန္ဒိတော စက္ခုဘူတေဟိ၊ ဗာလေဟိ ပန အဘိနန္ဒိတော။
အလ္လစမ္မပဋိစ္ဆန္နော၊ နဝဒွါရော မဟာဝဏော။
စာမျက်နှာ-88
သမန္တတော ပဂ္ဃရတိ၊ အသုစိ ပူတိဂန္ဓိယော။
သစေ ဣမဿ ကာယဿ၊ အန္တော ဗဟိရကော သိယာ။
ဒဏ္ဍံ နူန ဂဟေတွာန၊ ကာကေ သောဏေ နိဝါရယေ။
အယံ ကာယော၊ သုံးဆယ်နှစ်ဝ ကောဋ္ဌာသတို့ ပုပ်သိုးနှောင် ဤကိုယ်ကောင်သည်။ အသုစိ၊ မစင်မကြယ် ရွံဖွယ်အတိ ပြီး၏။ ကုဏပေါ၊ ပိုးလောက်ပြည်ညို တစိုစိုယုတ် အကောင်ပုပ်လည်း ဖြစ်၏။ ဒုဂ္ဂန္ဓော၊ သွေးညှီပြည်ညှီ ချေးသေးညှီနှင့် အညှံ့အခိုး အပုပ်လောင်း တထောင်းထောင်းထ မကောင်းလှသော အနံ့လည်း ရှိပေ၏။ ဥက္ကရူပမော၊ ယင်မမဲယောင်း တလှောင်းနှောင်းဖြင့် တသောင်းသောင်း ဝဲပျံလျက် ရွံစဖွယ်လည်း ရှိပေ၏။ စက္ခုဘူတေဟိ၊ ပညာမျက်စိအမြင်ရှိသော သူတို့သည်။ နိန္ဒိတော၊ ရွံဖွယ်ပေါလှ အသုဘဟု ရှုတ်ချကဲ့ရဲ့အပ်ပေ၏။ ဗာလေဟိ ပန၊ ရာဂစရိုက် အငတ်ကြိုက်သည့် လူမိုက်ဗာလ လူ့အန္ဓသည်ကား။ အဘိနန္ဒိတော၊ မကဲ့ရဲ့ဘဲ တကဲ့အသည်း စွဲကြီးစွဲလျက် သဲသဲမဲမဲကြီး ချစ်ကြိုက်၍ နေတတ်ပါပေ၏။
အယံ ကာယော၊ အလျားတလံ အနံတထွာ ဤကိုယ်ကာယ ရူပကသည်။ အလ္လစမ္မပဋိစ္ဆန္နော၊ စိုစွတ်သော အရေပြားဖြင့် ပါးပါးလှပ်လှပ် ဖုံးအုပ်၍ ထားအပ်၏။ နဝဒွါရော၊ ၉-ဖြာသော ဒွါရရှိ၏။ မဟာဝဏော၊ ပြည်တစိုစို ပေါက်ကွဲယိုနေသည့် အနာကြီးလည်း မည်ပါပေ၏။ သမန္တတော အသုစိ ပူတိဂန္ဓိယော၊ မစင်မကြယ် ရွံဖွယ်ပုပ်လောင်း အနံ့အပေါင်းသည်။ ပဂ္ဃရတိ၊ စမ်းရေစီးသို့ တစီးစီးတသွင်သွင် အစဉ်ယိုစီး၍ နေပေ၏။ ဣမဿ ကာယဿ၊ သုံးဆယ်နှစ်ဝ ကောဋ္ဌာသတို့ ရွံစရာ့ပုပ်နှောင် ဤကိုယ်ကောင်၏။ အန္တော၊ အတွင်းပိုင်းသည်။ ဗဟိရကော၊ အဖုံးအကာ ဖယ်ထုတ်ကာဖြင့် ဗလာပြင်ပ လှန်၍ပြထားသည်။ သစေ သိယာ၊ အကယ်၍များ ရှိနေအံ့။ ဒဏ္ဍံ၊ ဒုတ်ကို။ ဂဟေတွာန၊ ကိုင်စွဲလျက်။ ကာကေ သောဏေ၊ ကျီး၊ ခွေး၊ ဝံပို အသီးသီးတို့ကို။ နိဝါရယေ၊ တားမြစ်ဟိန်းဟောက် ခြောက်လှန့်၍သာ နေရပါတော့မည်သာတကား။
၁၁၄။ “ဗုဒ္ဓဆိုတာ သိလို့ပါ”
အဘိညေယျံ အဘိညာတံ၊ ဘာဝေတဗ္ဗဉ္စ ဘာဝိတံ။
ပဟာတဗ္ဗံ ပဟီနံ မေ၊ တသ္မာ ဗုဒ္ဓေါသ္မိ ဗြာဟ္မဏ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
စာမျက်နှာ-89
ဗြာဟ္မဏ၊ အို-ပုဏ္ဏား။ မေ၊ ငါဘုရားသည်။ အဘိညေယျံ၊ သိဖွယ်မှန်သမျှ တရားဓမ္မတို့ကို။ အဘိညာတံ၊ တစိုးတစိ အကြွင်းအကျန်မရှိဘဲ ထိထိမိမိ သိပြီးလေပြီ။ ဘာဝေတဗ္ဗဉ္စ၊ ပွားများအပ်ရာ တရားမှန်သမျှကိုလည်း။ ဘာဝိတံ၊ တစိုးတစိ အကြွင်းအကျန်မရှိဘဲ ထိထိမိမိကြီး ပွားအပ်ပြီးလေပြီ။ ပဟာတဗ္ဗံ၊ ပယ်သင့်ပယ်ရန် တရားမှန်သမျှကို။ ပဟီနံ၊ တစိုးတစိ အကြွင်းအကျန်မရှိဘဲ ထိထိမိမိကြီး ပယ်အပ်ပြီးလေပြီ။ တသ္မာ၊ ထိုသို့ သိစရာရှိသမျှသိ၊ ပွားစရာရှိသမျှပွား၊ ပယ်စရာရှိသမျှ ပယ်အပ်ပြီးဖြစ်သောကြောင့်။ အဟံ၊ သင်တို့ဆရာ ငါဘုရားသည်။ ဗုဒ္ဓေါ၊ ဗုဒ္ဓ ဗုဒ္ဓ နှုတ်ဖွင့်ဟလျက် ထုတ်ပြရည်မျှော် ခေါ်ဝေါ်အပ်သည်။ အသ္မိ၊ မုချစင်စစ် အမှန်ပင် ဖြစ်ပါပေသတည်း။
၁၁၅။ “သွားလို့လည်း မရောက်နိုင်၊ မရောက်လည်း မဖြစ်နိုင်”
ဂမနေန န ပတ္တေဗ္ဗာ၊ လောကဿန္တော ကုဒါစနံ။
န စ အပ္ပတွာ လောကန္တံ၊ ဒုက္ခာ နတ္ထိ ပမောစနံ။
*(အင်္ဂုတ္တိုရ်၊ ရောဟိတဿသုတ်)*
လောကဿန္တော၊ လောက၏အဆုံးကို။ ဂမနေန၊ သွား၍။ ကုဒါစနံ၊ ဘယ်အခါမျှ။ န ပတ္တေဗ္ဗာ၊ မရောက်နိုင်။ လောကဿန္တံ၊ လောကအဆုံးသို့။ အပ္ပတွာ စ၊ မရောက်ဘဲလည်း။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစနံ၊ လွတ်ခြင်းသည်။ နတ္ထိ၊ မရှိနိုင်။
၁၁၆။ “ဘဂဝါပုဒ် အဖွင့်”
ဘာဂျီ ဘဂ္ဂဝါ ယုတ္တော၊ ဘဂေဟိ စ ဝိဘတ္တဝါ။
ဘတ္တဝါ ဝန္တဂမနော၊ ဘဝေသု ဘဂဝါ တတော။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
တထာဂတော၊ ရှေးရှေးဘုရားအရှင်များသို့ ဆယ်ပါးသုံးလီ ပါရမီဟုန် စာဂီစုံကို အကုန်ဖြည့်ကာ ကြွလာတော်မူခဲ့ပေထသော သုံးလောကထွဋ်တင် အကြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ ဘာဂျီ၊ ဣဿရိယစသည် ခြောက်စုံ ရွှေဘုန်းဟုန်နှင့် ကုံလုံပြည့်ဝ တိတိပသည့်
စာမျက်နှာ-90
ရွှေလပြည့်သွင် ဘုန်းတော်အရှင် ဖြစ်တော်မူသည်၏အဖြစ်ကြောင့်လည်းကောင်း။ ဘဂ္ဂဝါ၊ အတွင်းပဘေးဒဏ် ရန်မာရ်အသွယ်သွယ် အန္တရာယ်အမျိုးမျိုးတို့ကို ပယ်ချိုးသတ်ဖြတ် ဖျက်ဆီးတော်မူတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ဘဂေဟိ စ၊ တလောကလုံး ညွှတ်ရုံးဦးချ ပဏာသရသည့် အနန္တစုပုံ ဘုန်းတော်အဟုန်တို့နှင့်လည်း။ ယုတ္တော၊ အကြောင်းပါရမီ ပြည့်စုံညီသဖြင့် အကျိုးဖလ ပြည့်စုံတော်မူရသည်၏အဖြစ်ကြောင့်လည်းကောင်း။ ဘတ္တဝါ၊ နိဗ္ဗာန်ဓာတ်မြတ် အမြိုက်ရပ်သို့ လျောက်ပတ်မသွေ ဆိုက်ကပ်တော်မူတတ်ပေသောကြောင့်လည်းကောင်း။ ဘဝေသု၊ သုံးဘုံဘဝ သုံးလောကအလုံးတို့၌။ ဝန္တဂမနော၊ မကပ်မငြိ ထွေးအန်ပြီးသွားခြင်း ရှိတော်မူသည်၏အဖြစ်ကြောင့်လည်းကောင်း။ တတော၊ ထိုသို့ပြအပ် အကြောင်းဂုဏ်အရပ်ရပ်တို့ကြောင့်။ သော တထာဂတော၊ ရှေးရှေးဘုရားအရှင်များသို့ ဆယ်ပါးသုံးလီ ပါရမီဟုန် စာဂီစုံကို အကုန်ဖြည့်ကာ ကြွလာတော်မူခဲ့သော ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ ဘဂဝါ၊ ဘဂဝါ ဟူသော ဂုဏ်တော်ပုဒ်ကို အဟုတ်ကြည်ဖြူ ထိုက်တန်စွာ ရရှိတော်မူခဲ့လေသတည်း။
၁၁၇။ “နေ့ရှိသရွေ့ ကြွေလွင့်နေရ”
အစ္စယန္တိ အဟောရတ္တာ၊ ဇီဝိတံ ဥပရုဇ္ဈတိ။
အာယု ခီယတိ မစ္စာနံ၊ ကုန္နဒီနံဝ ဥဒကံ။
၁၁၈။ “သေပျက်မည့်ဘေး အမြဲခြိမ်းခြောက်နေ”
ဖလာနမိဝ ပက္ကာနံ၊ ပါတော ပပတနာ ဘယံ။
ဧဝံ ဇာတာနံ မစ္စာနံ၊ နိစ္စံ မရဏတော ဘယံ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
အဟောရတ္တာ၊ နေ့နေ့ညည ချိန်ကာလတို့သည်။ အစ္စယန္တိ၊ ဆိုင်းငံ့မနေ တွက်ရေမရ ကာလချိန်တွင်း ခဏချင်းလျှင် တချက်ချင်း ချုပ်ပျောက်၍ နေကြလေကုန်၏။ ဇီဝိတံ၊ အသက်ခေါ်နေ ဇီဝိတိန္ဒြေသည်လည်း။ ဥပရုဇ္ဈတိ၊ အချိန်ကာလ ခဏကလေးနှင့်အတူ ခဏချင်းလျှင် တချက်ချင်း ချုပ်ပျောက်နေပေ၏။ ကုန္နဒီနံ၊ မြစ်ငယ်ချောင်းငယ်တို့၌။ ဥဒကံ၊ ရေသည်။ ခီယတိ ဣဝ၊ နွေရက်ကာလ ရောက်လာသည်နှင့်အမျှ တဖြည်းဖြည်းချင်း ခန်းခြောက်လာသကဲ့သို့။ မစ္စာနံ၊ သက်ရှိထင်ရှား သတ္တဝါများ၏။ အာယုပိ၊ အသက်ခေါ်နေ ဇီဝိတိန္ဒြေသည်လည်း။ ခီယတိ၊ တဖြည်းဖြည်းချင်း ခဏကလေးတွေ အချိန်ကလေးတွေ ကုန်ဆုံးသွားသည်နှင့်အတူ ကုန်ဆုံး၍သာလျှင် သွားရပေ၏။
စာမျက်နှာ-91
ပက္ကာနံ၊ ရော်ရည်ရင့်၍ ဝင်းမှည့်ကုန်သော။ ဖလာနံ၊ သစ်သီးတို့၏။ ပါတော ပပတနာ ဘယံ၊ မည်သူကပင် အလျင်ကြွေကျ မြေခရမည်ဟု အချိန်ကိုသာ စောင့်လင့်နေရသကဲ့သို့။ ဇာတာနံ၊ သန္ဓေတည်ရှိလာကုန်သော။ မစ္စာနံ၊ သံသရာထဲ တဝဲလည်လည် ကျင်လည်နေငြား သတ္တဝါတို့အား။ နိစ္စံ၊ အမြဲ။ မရဏတော၊ ဘယ်နေ့ချိန်ခါ ဘယ်နေရာ၌ ရောဂါဘယ်လို ကပ်ရောက်ခိုလျက် သေပျက်ရလေမည်နည်းဟူ၍။ ဘယံ၊ သေပျက်မည့်အရေး ကြောက်ဖွယ်ဘေးသည် အမြဲမပြတ် ခြိမ်းခြောက်နေတော့သည်သာတည်း။
၁၁၉။ “သုဘူတိထေရ်”
ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊ ဝဿ ဒေဝ ယထာသုခံ။
စိတ္တံ မေ သုသမာဟိတံ ဝိမုတ္တံ၊ အာတာပီ ဝိဟရာမိ ဝဿ ဒေဝ။
မေ၊ သုဘူတိမည် ငါမထေရ်၏။ ကုဋိကာ၊ အတ္တဘောမည်သော ခန္ဓာအိမ်သည်။ ဆန္နာ၊ အဓိသီလ မိုးအကာဖြင့် ကောင်းစွာမသွေ လုံခြုံစေအပ်လေပြီ။ နိဝါတာ၊ ရှေ့နောက်ဝဲယာ တိုက်ခတ်လာသည့် ရှစ်ဖြာသော လောကဓံလေ ဝင်မရသည်ဖြစ်၍။ သုခါ၊ ဥတုဘေးသျှမ်း မသန်းကင်းပ ချမ်းသာလှပေ၏။ ဒေဝ၊ ချိန်ခါကာလ သင်ရွာမှသာ ရေစာစပါး ပေါများကြွယ်တိုး အို-မိုးနတ်သား။ ယထာသုခံ၊ သင်အလိုရှိတိုင်း၊ (ဝါ) သင်ရွာချင်သမျှ ရွာပါ၊ ငါ့မှာတမူ ဘေးရန်ဟူက အတွင်းရောအပပါ ကင်းပြတ်ကွာသဖြင့် သင့်စိတ်ရှိတိုင်းသာလျှင်။ ဝဿ၊ မနားမနေ တအားစေ့ကာ ဖြိုးဝေအောင် ရွာလိုက်စမ်းပါလော့။
မေ၊ သုဘူတိမည် ငါမထေရ်၏။ စိတ္တံ၊ ညစ်နောက်ပူကင်း သန့်ရှင်းကြည်လင် စိတ်နှလုံးတော်သည်။ သုသမာဟိတံ၊ အရဟတ္တမဂ် လွန်ထက်မြက်ဘိ သင်္ဘောဖြင့် တည့်တည့်မတ်မတ် ချိန်စင်းလွှတ်သကဲ့သို့ တည်ရှိအပ်ပြီးလေပြီ။ မေ၊ သုဘူတိမည် မထေရ်၏။ စိတ္တံ၊ ညစ်နောက်ပူကင်း သန့်ရှင်းအေးကြည် ရွှေစိတ်တော်သည်။ ဝိမုတ္တံ၊ အရဟတ္တဖိုလ်မဂ် ထက်မြက်သော ဉာဏ်ပညာဖြင့် ကောင်းစွာပသေသေ ကိလေသာမှ လွတ်မြောက်ပြီးလေပြီ။
စာမျက်နှာ-92
အာတာပီ၊ ဒိဋ္ဌဓမ္မ ခုဘဝ၌ အရဟတ္တဖိုလ်ချမ်းသာကိုလျှင် ဝင်စံခြင်းငှာ သမ္မပ္ပဓာန ကြိုးလုံ့လနှင့် ပြည့်စုံသည်ဖြစ်၍။ ဝိဟရာမိ၊ အမြဲတစေ မလွဲနေပါပေ၏။ ဒေဝ၊ ချိန်ခါကာလ သင်ရွာမှသာ ရေစာစပါး ပေါများကြွယ်တိုး အို-မိုးနတ်သား။ ယထာသုခံ၊ သင်အလိုရှိတိုင်း၊ (ဝါ) သင်ရွာချင်သမျှ ရွာစမ်းပါ၊ ငါ့မှာတမူ ဘေးရန်ဟူက အတွင်းရောအပပါ ကင်းပြတ်ကွာသဖြင့် သင်စိတ်ရှိတိုင်းသာလျှင်။ ဝဿ၊ မနားမနေ တအားစေ့ကာ ဖြိုးဝေအောင် ရွာလိုက်စမ်းပါလော့။
၁၂၀။ “မြေအိုးပမာ တူလှာ”
ယထာပိ ကုမ္ဘကာရဿ၊ ကတံ မတ္တိကဘာဇနံ။
ခုဒ္ဒကဉ္စ မဟန္တဉ္စ၊ ယံ ပက္ကံ ယဉ္စ အာမကံ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ကုမ္ဘကာရဿ၊ အိုးထိန်းသည်သည်။ ကတံ၊ ပြုအပ်သော။ ခုဒ္ဒကဉ္စ၊ ငယ်သည်မူလည်းဖြစ်သော။ မဟန္တဉ္စ၊ ကြီးသည်မူလည်းဖြစ်သော။ ယံ ပက္ကံ၊ အကြင်ကျက်ပြီးသားမူလည်းဖြစ်သော။ ယဉ္စ အာမကံ၊ အကြင်အစိမ်းသက်သက်လည်း ဖြစ်သော။ ဘာဇနံ၊ အိုးခွက်မှန်သမျှသည်။ ဘေဒနပရိယန္တံ၊ တနေ့ကျလျှင် ကွဲရမြဲဓမ္မတာသာဖြစ်သကဲ့သို့။ ဇီဝိတံ၊ ဇီဝိန်ထင်လင်း သက်ရှည်ခြင်းသည်လည်း။ ဘေဒနပရိယန္တံ၊ ပြိုကွဲပျက်စီးရခြင်းသာလျှင် ဓမ္မတာသဘာဝ ရှိရတော့သည်သာတကား။
၁၂၁။ “နေရှိန်ထိကျောက် နှင်းရည်ပေါက်ပမာ”
ဥဿာဝေါ တိဏဂ္ဂသ္မိံ၊ သူရိယဿုဂ္ဂမနံ ပတိ။
ဧဝမာယု မနုဿာနံ၊ မာ မံ အမ္မ နိဝါရယ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
အမ္မ၊ မွေးသမိခင် အိုဘဲကျေးဇူးရှင်။ မနုဿာနံ၊ လူတို့၏။ အာယု၊ အထင်ကြီးမား အားကိုးထားသည့် အသက်ဇီဝိတိန္ဒြေဟူသည်ကား။ တိဏဂ္ဂသ္မိံ၊ အပ်ဖျားပမာ သေးငယ်စွာသော မြက်ပင်ဖျား၌။ ဥဿာဝေါ၊ တည်နေဖြစ်မြောက် ဆီးနှင်းပေါက်သည်။ သူရိယဿုဂ္ဂမနံ ပတိ၊ နေရောင်ခြည်တောက် ကျကာရောက်သော် ပျောက်ပျက်မနေ သွားရလေသကဲ့သို့-
စာမျက်နှာ-93
တည်း။ တသ္မာ၊ ထို့သို့ နေရောင်ခြည်တောက် ဆီးနှင်းပေါက်သို့ ပျောက်ပျက်မနေ သက်လည်း တည်နေမမြဲ နေ့နေ့ညည အားမကိုးရလေသောကြောင့်။ မံ၊ တရားရှာမည် စိတ်စောရည်လျက် တောသို့ထွက်မည့် အကျွန်ုပ်ကို။ မာ နိဝါရယ၊ အချိန်မီအောင် ဆွဲဆောင်ရပ်နား မတားပါနှင့်တော့။
၁၂၂။ “တောင်ကြီးတွေ ကြိတ်ချေသလို”
ယထာပိ သေလာ ဝိပုလာ၊ နဘံ အာဟစ္စ ပဗ္ဗတာ။
သမန္တာ အနုပရိယေယျုံ၊ နိပ္ဖေါထေန္တာ စတုဒ္ဒိသာ။
ဧဝံ ဇရာ စ မစ္စု စ၊ အဓိဝတ္တန္တိ ပါဏိနံ။
ခတ္တိယေ ဗြာဟ္မဏေ ဝေဿေ၊ သုဒ္ဓေ စဏ္ဍာလပုက္ကုသေ။
န ကိဉ္စိ ပရိဝဇ္ဇေတိ၊ သဗ္ဗမေဝါဘိမဒ္ဒတိ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ပမာအားဖြင့်သော်ကား။ ဝိပုလာ၊ ထုထယ်ကြီးမားလှကုန်သော။ နဘံ အာဟစ္စ ပဗ္ဗတာ၊ မိုးယံထိနီး တောင်ကြီးတို့သည်။ သမန္တာ စတုဒ္ဒိသာ၊ ရှေ့နောက်ဝဲယာ အရပ်လေးမျက်နှာမှ။ နိပ္ဖေါထေန္တာ၊ ထုထောင်းကြိတ်ချေကုန်၍။ အနုပရိယေယျုံ၊ အကြားအလပ် အစဉ်စပ် လိုက်နင်းနေကုန်ရာ၏။
ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ ခတ္တိယေ၊ မင်းမျိုးဘဲဖြစ်ပါစေ။ ဗြာဟ္မဏေ၊ ပုဏ္ဏားမျိုးပင် ဖြစ်ပါစေ။ ဝေဿေ၊ ကုန်သည်မျိုးပင် ဖြစ်ပါစေ။ သုဒ္ဓေ၊ ဆင်းရဲသားမျိုးပင် ဖြစ်ပါစေ။ စဏ္ဍာလပုက္ကုသေ၊ စဏ္ဍာလမျိုး ပန်းမှိုက်သွန်မျိုးပင် ဖြစ်ပါစေ။ ကိဉ္စိ၊ ယုတ်မြတ်မဟူ ခပ်သိမ်းသူကို။ န ပရိဝဇ္ဇေတိ၊ ရွေး၍မနေပေ။ သဗ္ဗမေဝါဘိမဒ္ဒတိ၊ ဘယ်လိုလူစား ဘယ်ဘုရား ဘယ်ဗြဟ္မာ ဘယ်ရာဇာ ဘယ်အမျိုး ဘယ်တန်ခိုးရှင်မျှ မရှောင် ကုန်စင်အောင် ပိတ်ဆို့၍ ကြိတ်သတ်လျက်သာ နေလေတော့သတည်း။
စာမျက်နှာ-94
၁၂၃။ “အခက်ဗုံးကို ဖောက်အုံးမ”
န တတ္ထ ဟတ္ထီနံ ဘူမိ၊ န ရထာနံ န ပတ္တိယာ။
န စာပိ မန္တယုဒ္ဓေန၊ သက္ကာ ဇေတုံ ဓနေန ဝါ။
မဟာယသာ ရာဇဝရာ၊ မဟာသမ္မတအာဒယော။
တေပိ မစ္စုဝသံ ပတ္တာ၊ မာဒိသေသု ကထာဝကာ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
တတ္ထ၊ ထိုသို့ သေမင်းနှင့် ပက်ပင်းတိုးမိရာအခါ၌။ ဟတ္ထီနံ၊ အောင်ပွဲမာတင် တိုက်စစ်ဆင်ဆင်တို့၏။ ဘူမိ၊ အောင်နိုင်သောအရာသည်။ န၊ မရှိပေ။ ရထာနံ၊ အောင်ပွဲတရာ ရထားသည့် စစ်ရထားတို့၏။ ဘူမိ၊ အောင်နိုင်သောအရာသည်။ န၊ မရှိပေ။ ပတ္တိယာ၊ အောင်စစ်သည် ခြေလျင်တပ်သားတို့၏။ ဘူမိ၊ အောင်နိုင်သောအရာသည်လည်း။ န၊ မရှိပေ။ မန္တယုဒ္ဓေန၊ ဆေးဝါးမန္တရား စွမ်းပကားကိုဆောင် ဘိုးဘိုးအောင်ဖြင့်လည်း။ ဇေတုံ၊ အသေရှောင်ကွင်း အောင်နိုင်ခြင်းငှာ။ န သက္ကာ၊ ဘယ်လိုနည်းမျှ အပြီးမသွေ မရှိပါချေ။ ဓနေန ဝါ၊ ကုဋေကုဋာ ရတနာကို ပေးပါလည်း။ ဇေတုံ၊ အသေရှောင်ကွင်း အောင်နိုင်ခြင်းငှာ။ န သက္ကာ၊ ဘယ်လိုနည်းဖြင့်လုပ်လုပ် အဟုတ်ပင် မအောင်မြင်နိုင်သည်သာတည်း။
မဟာသမ္မတအာဒယော၊ ကမ္ဘာအစ မဟာသမ္မတဆိုသည့် အင်မတန်မှ တန်ခိုးကြီး အသက်ရှည် ကမ္ဘာချဉ်းအောင် တည်မည်ဆိုကြကုန်သော။ မဟာယသာ၊ အခြံအရံ အကျော်အစော သောသောဝိုင်းအုံ လွှမ်းပတ်ခြုံကုန်သော။ ရာဇဝရာပိ၊ အမြတ်တင်ထား မင်းအများတို့သည်သော်မှလည်း။ မစ္စုဝသံ၊ အင်အားကြီးလှသော သေမင်း၏အလိုသို့။ ပတ္တာ၊ တဒေါက်ဒေါက်နှင့် ခေါက်ကနဲ ခေါက်ကနဲ ရောက်ကြကုန်သေး၏။ မာဒိသေသု၊ ငါလိုယောက်ျား သာမညလူစားတို့၌။ ကထာဝကာ၊ အဘယ်မှာလျှင် ဆိုရာစကား ရှိပါတော့မည်နည်း။
၁၂၄။ “ရှက်ကြောက်မဲ့ကင်း ဟဲ သေမင်း”
နိလ္လဇ္ဇံ ဝိတသာရံ၊ သဗ္ဗသတ္တာဘိမဒ္ဒနံ။
တယိဒံ မာဒိသံ သတ္တံ၊ ကထံ နာဘိဘဝိဿတိ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
စာမျက်နှာ-95
နိလ္လဇ္ဇံ၊ အရှက်ကင်းသော။ ဝိတသာရံ၊ သံယောဇဉ်မဖက် ငဲ့ကွက်ခြင်းကင်းသော။ သဗ္ဗသတ္တာဘိမဒ္ဒနံ၊ ကြွင်းမဲ့ဥဿုံ လုံးစုံများစွာ သတ္တဝါတို့ကို မညှာမတာ အခါခါ ကြိတ်လျက် နှိပ်စက်တတ်သော။ တယိဒံ (ဝါ) တံ ဣဒံ မရဏံ၊ ရက်စက်ဘိလျှင်း ထိုသေမင်းသည်။ မာဒိသံ သတ္တံ၊ ငါလိုလူစား သာမညအားကို။ ကထံ နာဘိဘဝိဿတိ၊ အဘယ်အားကိုး မလွှမ်းမိုး မနှိပ်စက် ငဲ့ကွက်၍ နေပါလေမည်နည်း။
၁၂၅။ “မသိနိုင်သောတရား”
ဇီဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စတေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ။
ဇီဝိတံ၊ အသက်အပိုင်းအခြားလည်းကောင်း။ ဗျာဓိ၊ မည်သည့်အနာ မည်သည့်ရောဂါဖြင့် သေမည်ကိုလည်းကောင်း။ ကာလော စ၊ ဘယ်နှစ်ကာလ ဘယ်နေ့ညဟု သေမည့်ကာလ အပိုင်းအခြားကိုလည်းကောင်း။ ဒေဟနိက္ခေပနံ၊ ဘယ်နေရာ၌ အလောင်းကောင်ကို ပစ်ချရမည်ဟု၊ (ဝါ) မည်သည့်သင်းချိုင်း မည်သည့်သုဿာန်ကုန်း၌ အလောင်းကောင်ကို ပစ်ချရမည်ဟူ၍လည်းကောင်း။ ဂတိ၊ သေပြီးသည့်နောက် သွားရောက်ရမည့် ဂတိလည်းကောင်း။ ဧတေ ပဉ္စ၊ ဤငါးပါးတို့ကို။ ဇီဝလောကသ္မိံ၊ သက်ရှိလောက၌။ အပိ၊ မခန့်မှန်း မနှိုင်းယှဉ် မဖော်ပြနိုင်ကုန်။ န နာယရေ၊ ကြိုတင်၍ မသိနိုင်ကုန်သော တရားတို့ ဖြစ်ကုန်၏။
၁၂၆။ “စိတ်တချက်သာ အသက်ရှင်သည်”
ဇီဝိတံ အတ္တဘာဝေါ စ၊ သုခဒုက္ခာ စ ကေဝလာ။
ဧကစိတ္တသမာယုတ္တာ၊ လဟုကော ဝတ္တတေ ခဏော။
*(ဝိသုဒ္ဓိမဂ္ဂ)*
ဇီဝိတံ၊ အသက်လည်းကောင်း။ အတ္တဘာဝေါ စ၊ ကိုယ်လည်းကောင်း။ သုခဒုက္ခာ စ၊ သုခဝေဒနာ ဒုက္ခဝေဒနာတို့သည်လည်းကောင်း။ ကေဝလာ၊ အားလုံးတို့သည်။ ဧကစိတ္တသမာယုတ္တာ၊ စိတ္တက္ခဏတချက်နှင့်သာ ယှဉ်ကုန်၏။ (ဝါ) စိတ္တက္ခဏတချက်သာ အသက်ရှင်ကုန်၏။ ခဏော၊ စိတ္တက္ခဏဟူသည်။ လဟုကော၊ ဖော်ပြ၍ မရလောက်အောင် အလွန်လျင်မြန်သောအားဖြင့်။ ဝတ္တတေ၊ ဖြစ်၍နေပေ၏။
စာမျက်နှာ-96
၁၂၇။ “ဓမ္မသဘာဝ တွေးဆကြ”
ယေ နိရုဒ္ဓါ မရန္တဿ၊ တိဋ္ဌမာနဿ ဝါ ဣဓ။
သဗ္ဗေပိ သဒိသာ ခန္ဓာ၊ ဂတာ အပ္ပဋိသန္ဓိကာ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
မရန္တဿ၊ သေပြီးသူ၏။ နိရုဒ္ဓါ၊ ချုပ်ပြီးကုန်သော။ ယေ ခန္ဓာ စ၊ အကြင်ရုပ်နာမ်ခန္ဓာတို့သည်လည်းကောင်း။ ဣဓ၊ ဤဘဝ၌။ တိဋ္ဌမာနဿ၊ မသေသေးဘဲ တည်ဆဲဖြစ်သောသူ၏။ ယေ ခန္ဓာ စ၊ အကြင်ရုပ်နာမ်ခန္ဓာတို့သည်လည်းကောင်း။ သဗ္ဗေပိ၊ အလုံးစုံကုန်သော။ ခန္ဓာ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်။ သဒိသာ၊ သဘောသဘာဝ အတူသာ ဖြစ်ကုန်၏။ ဂတာ၊ ချုပ်ပျောက်ပြီးသမျှ ခန္ဓာတို့သည်။ အပ္ပဋိသန္ဓိကာ၊ တဖန်အသစ် ပြန်ဖြစ်ကာထပ် မဆက်စပ်ကုန်တော့ပြီ။
၁၂၈။ “ပစ္စုပ္ပန်နှင့်သာ အသက်ရှင်သည်”
အနိဗ္ဗတ္တေန န ဇာတော၊ ပစ္စုပ္ပန္နေန ဇီဝတိ။
စိတ္တဘင်္ဂါ မတော လောကော၊ ပညတ္တိ ပရမတ္ထိယာ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
အနိဗ္ဗတ္တေန၊ မဖြစ်သေးသောအနာဂတ်ဖြင့်။ န ဇာတော၊ အသက်ရှင်နေသည်မဟုတ်ပေ။ ပစ္စုပ္ပန္နေန၊ ပစ္စုပ္ပန်ဖြင့်။ ဇီဝတိ၊ အသက်ရှင်တည်နေ၏။ စိတ္တဘင်္ဂါ၊ စိတ်ပျက်စီးသွားခြင်းကြောင့်။ လောကော၊ ခန္ဓာလောကသည်။ မတော၊ သေ၏။ ပညတ္တိ၊ ပညတ်သည်။ ပရမတ္ထိယာ၊ ပရမတ်ကိုသိရန် အကျိုးငှာ အကြောင်းခံသည်။ ဟောတိ၊ ဖြစ်၏။
၁၂၉။ “နွားကို တိုင်မှာချည်သလို”
ယထာ ထမ္ဘေ နိဗန္ဓေယျ၊ ဝစ္ဆံ ဒမ္မံ နရော ဣဓ။
ဗန္ဓေယျေဝံ သကံ စိတ္တံ၊ သတိယာရမ္မဏေ ဒဠှံ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
စာမျက်နှာ-97
နရော၊ နွားကို ဆုံးမလိုသောသူသည်။ ဒမ္မံ၊ ဆုံးမအပ်သော။ ဝစ္ဆံ၊ နွားကို။ ထမ္ဘေ၊ တိုင်၌။ နိဗန္ဓေယျ ယထာ၊ မြဲမြံစွာ ချည်နှောင်ရာသကဲ့သို့။ ဧဝံ၊ ထို့အတူ။ သကံ စိတ္တံ၊ အာရုံမျိုးစုံ ပြေးလွှားခုန်ပေါက် ကရောက်ကရက် ပျံ့တက်နေသော မိမိစိတ်ကို။ သတိယာ၊ သတိတည်းဟူသော ကြိုးဖြင့်။ အာရမ္မဏေ၊ ကာယ ဝေဒနာ စိတ္တ ဓမ္မ လေးဝသော အာရုံ၌။ ဒဠှံ၊ မြဲစွာ။ ဗန္ဓေယျ၊ မပြေးရအောင် တုပ်နှောင်ချည်နှောင်ရာ၏။
၁၃၀။ “သမင်ဖမ်းသည့် ကျားသစ်လို”
ယထာပိ ဒီပိကော နာမ၊ နိလီယိတွာ ဂဏှာတိ မိဂေ။
တထေဝယံ ဗုဒ္ဓပုတ္တော၊ ယုတ္တယောဂေါ ဝိပဿကော။
အရညံ ပဝိသိတွာန၊ ဂဏှာတိ ဖလမုတ္တမံ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ဒီပိကော နာမ၊ တောအရပ်၌ သားသမင်ကို ဖမ်းတတ်သော သစ်ကျားသည်။ နိလီယိတွာ၊ ပုန်းအောင်း၍။ မိဂေ၊ သားကောင်တို့ကို။ ဂဏှာတိ ဣဝ၊ ဖမ်းယူလေဘိသကဲ့သို့။ တထေဝ၊ ထို့အတူ။ ယုတ္တယောဂေါ၊ ကမ္မဋ္ဌာန်းအလုပ်နှင့် ယှဉ်သော။ ဝိပဿကော၊ ရုပ်နာမ်ဓမ္မ အနိစ္စဟု တင်၍ရှုတတ်သော။ ဗုဒ္ဓပုတ္တော၊ ဘုရားသားတော် ပုဂ္ဂိုလ်ကျော်သည်။ အရညံ၊ တောသို့။ ပဝိသိတွာန၊ ကမ္မဋ္ဌာန်းအလုပ် စွမ်းအားထုတ်မည် ရော်ရည်စိတ်ဓာတ် ကပ်ဝင်လတ်၍။ ဥတ္တမံ၊ လောကုတ္တရာ နှစ်ဖြာအထွဋ် တကယ်မြတ်သော။ ဖလံ၊ ကိလေသာခက် လုံးဝပြတ်သည့် အရဟတ္တဖိုလ်ကို။ ဂဏှာတိ၊ လက်ရောက်ပိုင်ပိုင် ရယူတော်မူနိုင်လေသတည်း။
၁၃၁။ “ဒေါသနည်းများ (၁)”
အတ္တနော ဝိသယေ ဒုက္ခံ၊ ကတံ တေ ယဒိ ဝေရိနာ။
ကိံ တွံ တဿာဝိသယေ စိတ္တေ၊ ဒုက္ခံ ကာတုမိစ္ဆသိ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
စာမျက်နှာ-98
ဗဟူပကာရံ ဟိတွာန၊ ဉာတိဝဂ္ဂံ ရုဒံ မုခံ။
မဟာနတ္ထကရံ ကောဓံ၊ သပတ္တံ န ဇဟာသိ ကိံ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ဘော မနုဿ၊ စဉ်းစားဝေဖန် အသိဉာဏ်ကြောင့် ဝေဖန်ရှုမျှော် လူဟုခေါ်ငြား အိုဘယ်လူသား။ တေ၊ သင်၏။ ဝေရိနာ၊ ရန်တင်းဖက်ပြိုင် မာန်ချင်းဆိုင်ယူ ဒေါသမူ ရန်သူတပါးသည်။ အတ္တနော ဝိသယေ၊ သူ၏ပိုင်ရာ ရုပ်ခန္ဓာ၌။ ဒုက္ခံ၊ အပြင်းအကဲ နှိပ်စက်ညှဉ်းဆဲသည့် ဆင်းရဲကို။ ကတံ၊ သူကစိုးပိုင် သူပြုနိုင်၏။ တဿ အဝိသယေ၊ ထိုရန်သူ၏ အရာမဟုတ်သော။ (ဝါ) ဘယ်သူမှမပိုင် ကိုယ်ပိုင်၍ ကိုယ်နှင့်သာဆိုင်သော မဏ္ဍိုင်ဗဟို နဂိုရ်စွဲမှိတ် မိမိစိတ်၌။ ဒုက္ခံ၊ ဆင်းရဲကို။ ကာတုံ၊ (ကာယဒုက္ခဆိုတာ ရန်သူကလုပ်တာ၊ စိတ္တဒုက္ခဆိုတာ ကိုယ်လုပ်ရတာ) သဘာဝဤနှစ်ဖြာကို ဉာဏ်ပညာဝေခွဲ၍ စိတ်ဆင်းရဲအောင် ပြုခြင်းငှာ။ တွံ၊ သင်လူသားသည်။ ကိံ ဣစ္ဆသိ၊ အကျိုးမဲ့ အလကားမို့ ဘာကြောင့်များ လိုချင်နေရပါသနည်း။
ဘော မနုဿ၊ အိုဘယ်လူသား။ တွံ၊ သင်သည်။ ရုဒံ မုခံ၊ မျက်ရည်တစိုစို ငိုသောမျက်နှာရှိသော။ ဗဟူပကာရံ၊ ကျေးဇူးဥပကာရ အထူးရှိလှပေသော။ ဉာတိဝဂ္ဂံ၊ ထွေထွေပေါင်းစု တယုတယ ချစ်ခင်ရသည့် သမုဒယယှဉ်ပွား မျိုးဆွေသားကို။ ဟိတွာန၊ သံယောဇဉ်ဓာတ် ငါလျှင်ဖြတ်မည်ဟု စွန့်လွှတ်ခဲ့ပြီး၍။ သပတ္တံ၊ မိမိကိုယ်တွင် အတွင်းဝင်၍ နင်းကာချေမှုန်း လုံးလုံးရန်သူ ဖြစ်ပေထသော။ မဟာနတ္ထကရံ၊ အကျိုးမဲ့ရာ ကြီးကျယ်စွာကို သူပင်ပြုတတ်သော။ ကောဓံ၊ မာန်မူဖျက်ဆီး ဒေါသမီးကို။ ကိံ န ဇဟာသိ၊ ဘယ်လိုအကျိုး သင်မျှော်ကိုးလျက် မြတ်နိုးတနာ မစွန့်နိုင်ဘဲ နေရှာလေသနည်း။ အပြီးအပြတ် ယခုပင် စွန့်လွှတ်လိုက်ပါလော့။
၁၃၂။ “ဒေါသနည်းများ (၂)”
ယာနိ သီလာနိ ရက္ခသိ၊ တေသံ မူလနိကန္တနံ။
ကောဓံ နမုပဓာလေသိ၊ ကော တေ သဒိသော ဇဠော။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
စာမျက်နှာ-99
ယာနိ သီလာနိ၊ ငါးပါးဆယ်ပါး စသည်ပြားသည့် အကြင်သီလတရားတို့ကို။ ရက္ခသိ၊ မကျိုးပေါက်အောင် ရည်ဆောင်စောင့်ရှောက်ပေ၏။ တေသံ၊ မကျိုးမပေါက် မပြောက်ကျားအောင် ရည်ဆောင်စောင့်ရှောက်အပ်သော ထိုသီလတို့၏။ မူလနိကန္တနံ၊ အရင်းမူလပကတိမှစ၍ ဖျက်ဆီးလှီးဖြတ်တတ်သော။ ကောဓံ၊ အမျက်ဒေါသ ပဋိဃကို။ တွံ၊ သင်သည်။ နမုပဓာလေသိ၊ မဖျက်ဆီးရုံတင်မကဘဲ အစဉ်တိုးပွား တအားတက်ရေး သင်မွေးမြူပေ၏။ တယာ၊ သင်နှင့်။ သဒိသော၊ တူသော။ ဇဠော၊ လူဖျင်းလူအ လူနသည်။ ကော အတ္ထိ၊ ဘယ်မှာတစိ ရှိပါလေမည်နည်း။
၁၃၃။ “သူယုတ်အလုပ်ကို ကိုယ်ကလုပ်သလို”
ကတံ အနရိယံ ကမ္မံ၊ ပရေန ဣတိ ကုဇ္ဈသိ။
ကိံ နု တံ သဒိသံယေဝ၊ ယော သယံ ကတ္တုမိစ္ဆသိ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ပရေန၊ ရန်ကိုရန်ချင်း တုံ့နှင်းဆပွား ရန်သူတပါးသည်။ အနရိယံ၊ သူတော်မဟုတ် သူယုတ်၏သာ ဥစ္စာဖြစ်ပေသော။ ကမ္မံ၊ အကုသိုလ်စု မကောင်းမှု မတရားမှုကို။ ကတံ၊ မဟုတ်မတရား ပြုပေး၏။ ဣတိ၊ ဤသို့။ တံ၊ သင်သည်။ ကုဇ္ဈသိ၊ တရှူးရှူးနှင့် ရူးမူးမိုက်မှား အမျက်ပွားလေ၏။ တာဒိသံယေဝ၊ မဟုတ်မတရား မှောက်မှောက်မှားမှား ချောက်ကမ်းပါးသို့ ကျသွားစေတတ်သည်သာလျှင် ဖြစ်သော အမျက်ထွက်မှု အကုသိုလ်အစုကို။ သယံ၊ မိမိကိုယ်တိုင်က။ ကတ္တုံ၊ မစဉ်းမစား ပြုမိမှားခြင်းငှာ။ ကိံ ဣစ္ဆသိ၊ ဘာကြောင့်များ သင်လိုလားနေပါသနည်း။
၁၃၄။ “ရန်သူ့အလိုကို ဖြည့်ပေးသလို”
ဒေါသေတုကာမော ယဒိ တံ၊ အမနာပံ ပရော ကရိ။
ဒေါသုပ္ပာဒေန တဿေဝ၊ ကိံ ပူရေသိ မနောရထံ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ပရော၊ ရန်သူဖြစ်တပါးသောသူသည်။ အမနာပံ၊ စိတ်စက်နှလုံး မကြည်ဖွယ်ရာ အဖြာဖြာကို။ ကရိ၊ သူကမိုက်မှား သူမစဉ်းစားဘဲ ပြုမှားမိလေ၏။ တံ၊ မထောက်မထား တယောက်တပါးလျှင်ဖြစ်သော ထိုရန်သူကို။ ယဒိ ဒေါသေတုကာမော၊ အကယ်၍ ဒေါသထွက်ခြင်းငှာ အလိုရှိအံ့။ ဒေါသုပ္ပာဒေန၊ ဒေါသအမျက် သင်ကထွက်သဖြင့်။ တဿေဝ၊
စာမျက်နှာ-100
ဒေါသရှေ့ထား ထိုရန်သူတပါး၏သာလျှင်။ မနောရထံ၊ အလိုဆန္ဒကို။ ပူရေသိ ကိံ၊ သူက စိတ်ဆိုးစေချင်သလို သင်ကနောက်က လိုက်၍ စိတ်ဆိုးသဖြင့် သူ့အလိုကို သင်ကဖြည့်ပေးသည်နှင့် တူလေသည် မဟုတ်ပါလော့။
၁၃၅။ “မိမိကိုယ်ကို အရင်နှိပ်စက်ခြင်း”
ဒုက္ခံ တဿ စ နာမ တွံ၊ ကုဒ္ဓေါ ကာဟသိ ဝါ န ဝါ။
အတ္တာနံ ပန ဣဒါနေဝ၊ ကောဓဒုက္ခေန ဗာဓသိ။
ကုဒ္ဓေါ၊ အမျက်ထွက်သော။ တွံ၊ သင်သည်။ တဿ၊ ထိုတပါးသော ရန်သူ၏။ ဒုက္ခံ၊ ဆင်းရဲကို။ ကာဟသိ ဝါ၊ ပြုချင်မူလည်း ပြုနိုင်မည်။ န ဝါ ကာဟသိ၊ မပြုချင်မူလည်း မပြုနိုင်။ ပန၊ တကယ်စင်စစ် ဖြစ်သည်ကား။ ဣဒါနေဝ၊ လက်ငင်းချက်ချင်း ပက်ပင်းခဏ ဒိဋ္ဌဓမ္မ၌ပင်လျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ကောဓဒုက္ခေန၊ အမျက်ဒေါသ ထွက်လာရသဖြင့် ကိုယ်ရောစိတ်ပါ နှစ်ဖြာငြင်းကဲ လွန်ဆင်းရဲခြင်းဖြင့်။ ဗာဓသိ၊ နှိပ်စက်ဒဏ်ကိုပင် မသွေခံရလှပေပြီတကား။
၁၃၆။ “ရန်သူ့နောက်ကို လိုက်သလို”
ကောဓေန ဝါ အဟိတမဂ္ဂံ၊ အာရူဠှော ယဒိ ဝေရိနာ။
ကဿမာ တုဝမ္ပိ ကုဇ္ဈန္တော၊ တဿေဝါနုသိက္ခသိ။
ဘော သပ္ပုရိသ၊ အို-သူတော်ကောင်း။ ဝေရိနာ၊ ဘက်ပြိုင်ကြူစူ ရန်သူတပါးသည်။ ကောဓေန၊ အမျက်ဒေါသထွက်ခြင်းဟု ဆိုအပ်သော။ အဟိတမဂ္ဂံ၊ အကျိုးမဲ့တမ်း မကောင်းလမ်းကို။ ယဒိ အာရူဠှော၊ အကယ်၍များ လမ်းကောက်မှား၍ တက်သွားခဲ့ငြားအံ့။ တွံ၊ ပညာမြော်မြင် ဆင်ခြင်ဉာဏ်ရှိ သင်ပညာရှိသည်။ ကသ္မာ၊ အဘယ်လမ်းကြောင်း အကြောင်းမျှော်တွေး အဘယ်အရေးကြောင့်။ ကုဇ္ဈန္တော၊ ကိုယ်က တဖန် ပြန်လှန်ပျက်ကွက် အမျက်ထွက်လျက်။ တဿေဝ၊ ပထမစခန်း အမှားလမ်းသို့ ဖြောင့်တန်းတောက်လျှောက် ရောက်၍နေသူ၏ နောက်သို့သာလျှင်။ အနုသိက္ခသိ၊ အတူလိုက်ကာ ကျင့်ကြံ၍ နေပါလေသနည်း အို-အရှင်သူတော်ကောင်း။
၁၃၇။ “ဒေါသကိုသာ ဖြတ်ပါ”
ယံ ဒေါသံ တဝ နိဿာယ၊ သတ္တုနာ အပ္ပိယံ ကတံ။
တမေဝ ဒေါသံ ဆိန္ဒဿ၊ ကိံ အဋ္ဌာနေ ဝိဟညသိ။
ဘော သပ္ပုရိသ၊ အို-သူတော်ကောင်း။ တဝ၊ သင်သူတော်ကောင်း၏။ ဒေါသံ၊ အမျက်ဒေါသကို။ နိဿာယ၊ အမှီပြု၍။ သတ္တုနာ၊ ရန်သူ-
စာမျက်နှာ-101
က။ အပ္ပိယံ၊ မချစ်နှစ်သက်ခြင်းကို။ ကတံ၊ ပြုအပ်ပေပြီ။ တမေဝ ဒေါသံ၊ ထိုသို့ လူတကာကို မြင်လာလျှင် အသည်းနှလုံး ပါစရာမုန်းစရာ ရွံစရာဖြစ်သော ဒေါသကိုသာလျှင်။ ဆိန္ဒဿ၊ မတွယ်မကပ် အမြစ်ကပါ ဖြတ်ပါလေလော့။ အဋ္ဌာနေ၊ အရာမဟုတ်သည်၌။ ဝိဟညသိ၊ အဘယ်ကြောင့်များ မိမိအားကို စိတ်ထားခြူစူ ညှဉ်းဆဲရပေအံ့နည်း။
၁၃၈။ “ရုပ်နာမ်တို့၏ ခဏိကသဘော”
ခဏိကတ္တာ စ ဓမ္မာနံ၊ ယေဟိ ဓမ္မေဟိ တေ ကတံ။
အမနာပံ နိရုဒ္ဓါ တေ၊ ကဿ ဒါနီဓ ကုဇ္ဈသိ။
ဓမ္မာနံ၊ ပရမတ္ထ သဘာဝဓမ္မတို့၏။ ခဏိကတ္တာ၊ ဖြစ်ဆိုလျှင် ပျက်ရ ခဏကလေးမျှသာ တည်တံ့သော သဘောရှိလေသောကြောင့်။ ယေဟိ ခန္ဓေဟိ၊ အကြင်ခန္ဓာဓမ္မ သဘာဝတို့ဖြင့်။ တေ၊ သင့်အား။ ကတံ၊ အပြစ်ဒေါသ မှန်သမျှကို မုချမသွေ ပြုအပ်ပေပြီ။ တေ၊ သင့်အား။ အမနာပံ၊ မနှစ်လိုဖွယ်ရာ ပြုလုပ်ခဲ့သော ထိုခန္ဓာတို့သည်။ နိရုဒ္ဓါ၊ ချုပ်ပျောက်ပျက်စီး သွားလေပြီ။ ဣဒါနိ ဣဓ၊ ယခုအခါ၌။ တွံ၊ သင်သည်။ ကဿ၊ အဘယ်သူအား။ ကုဇ္ဈသိ၊ အမျက်ဒေါသ မီးပွားထကာ ရန်စတုံ့တင် ဟန်မူ၍ နေချင်စရာ ရှိပါတော့မည်နည်း။
၁၃၉။ “အသုဘကထာ ရှုစရာများ”
အန္နံ ပါနံ ဘောဇနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဧကဒွါရေန ပဝိသိတွာ၊ နဝဒွါရေဟိ သန္ဒတိ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
အန္နံ၊ အမျိုးမျိုးစားစရာ ထမင်းအစာသည်လည်းကောင်း။ ပါနံ၊ သောက်ဖွယ်များစွာ ယမကာသည်လည်းကောင်း။ ဘောဇနီယံ၊ ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာသည်လည်းကောင်း။ မဟာရဟံ၊ အဘိုးများစွာ ထိုက်တန်သော။ ဘောဇနဉ္စ၊ စားသောက်ဖွယ်ရာ အဖြာဖြာသည်လည်းကောင်း။ ဧတေ၊ စားဖွယ်သောက်ရာ ထိုအဖျော်ယမကာတို့သည်။ ဧကဒွါရေန၊ ပါးစပ်တည်းဟူသော တခုသာ ဝင်ပေါက်ဖြင့်။ ပဝိသိတွာ၊ စားသောက်မျိုချ ထိုခဏ၌ ဝင်ရောက်ပြီး၍။ နဝဒွါရေဟိ၊ အပေါက်ဝ ကိုးခုတို့မှ။ သန္ဒတိ၊ ကျင်ကြီးကတသွယ် ကျင်ငယ်ကတမျိုး ချွေးသလိပ် အညှိမျိုးတို့ဖြင့် အပုပ်အသိုး အရုပ်ဆိုးပြီးလျှင် တဖွဲဖွဲယိုစီး၍ ကျလာပေသတည်း။
စာမျက်နှာ-102
၁၄၀။ “စားတော့ပြုံးပြုံး စွန့်တော့ပုန်းပုန်း”
အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဘုဉ္ဇတိ သပရိဝါရော၊ နိက္ခမန္တော နိလီယတိ။
မဟာရဟံ၊ အတိုင်းအဆ မသိရအောင် အဘိုးကို ဆောင်သော။ အန္နံ၊ စားဖွယ်ရာရာ ထမင်းအစာသည်လည်းကောင်း။ ပါနံ၊ သောက်ဖွယ်ရာရာ အဖျော်ယမကာသည်လည်းကောင်း။ ခါဒနီယံ၊ ခဲဖွယ်ရာရာ အစားအစာသည်လည်းကောင်း။ ဘောဇနဉ္စ၊ စားဖွယ်ရာဟင်း ထမင်းမှုန့်များ အစားစားသည်လည်းကောင်း။ ဧတေ၊ ဖော်ပြခဲ့ပြီး အသီးသီးအဝဝ ရသထွေပြား အစာများကို။ သပရိဝါရော၊ အချွေအရံ အသင်းအပင်း ပျော်ပွဲခင်းကာ ရီမောစွာဖြင့်။ ဘုဉ္ဇတိ၊ သုခဝေဒနာ ပေါ်လွင်စွာဖြင့် ရသာခံစား သုံးဆောင်မျိုးလေ၏။ နိက္ခမန္တော၊ ကျင်ကြီးကျင်ငယ် အသွယ်သွယ်သော ဘဝဖြင့် စွန့်ပစ်ချရတော့မည့် အခါ၌မူကား။ နိလီယတိ၊ ချောင်ထဲကောင်းကောင်း ပုန်းကာအောင်းလျက် အပေါင်းလူရှင် မမြင်ရအောင် ပြေးရှောင်ကွယ်ဝှက်ရလေသည်တကား။
၁၄၁။ “စားတော့ပြုံးပြုံး စွန့်တော့မုန်းမုန်း”
အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဘုဉ္ဇတိ အဘိနန္ဒန္တော၊ နိက္ခမန္တော ဇိဂုစ္ဆတိ။
မဟာရဟံ၊ အတိုင်းအဆ မသိရအောင် တန်ဘိုးကို ဆောင်သော။ အန္နံ၊ စားဖွယ်ရာရာ ထမင်းအစာသည်လည်းကောင်း။ ပါနံ၊ သောက်ဖွယ်ရာရာ အဖျော်ယမကာသည်လည်းကောင်း။ ခါဒနီယံ၊ ခဲဖွယ်ရာရာ အစားအစာသည်လည်းကောင်း။ ဘောဇနဉ္စ၊ စားဖွယ်ရာဟင်း ထမင်းမြုံများ အစားစားသည်လည်းကောင်း။ ဧတေ၊ ဖော်ပြခဲ့ပြီး အသီးသီးအဝဝ ရသထွေပြား အစာများကို။ အဘိနန္ဒန္တော၊ ပျော်တပြုပြု မော်မဆုံးသည်ဖြစ်၍။ ဘုဉ္ဇတိ၊ ရသထွေပြား ခံစားပျော်ကာ စားသောက်ရှာပေ၏။ နိက္ခမန္တော၊ ကျင်ကြီးကျင်ငယ် မစင်မကြယ်ဘဝဖြင့် စွန့်ပစ်ရမည့်အခါ၌ကား။ ဇိဂုစ္ဆတိ၊ ရွံမုန်းစက်ဆုပ် ဖက်မလုပ်ချင် အဝင်ပျို့ကာ နှလုံးနာလာလေတော့သတည်း။
၁၄၂။ “တညဉ့်ဝမ်းထဲ အပုပ်ခဲ”
အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဧကရတ္တိပရိဝါသာ၊ သဗ္ဗံ ဘဝတိ ပူတိကံ။
စာမျက်နှာ-103
မဟာရဟံ၊ အတိုင်းအဆ မသိရအောင် တန်ဘိုးကို ဆောင်သော။ အန္နံ၊ စားဖွယ်ရာရာ ထမင်းအစာသည်လည်းကောင်း။ ပါနံ၊ သောက်ဖွယ်ရာရာ အဖျော်ယမကာသည်လည်းကောင်း။ ခါဒနီယံ၊ ခဲဖွယ်ရာရာ အစားအစာသည်လည်းကောင်း။ ဘောဇနဉ္စ၊ စားဖွယ်ရာဟင်း ထမင်းဟင်းလျာ အမဲသားစသည် စားဖွယ်သည်လည်းကောင်း။ ဧတေ၊ ဖော်ပြခဲ့ပြီး အသီးသီးအဝဝ ရသထွေပြား အစာများသည်— ဧကရတ္တိပရိဝါသာ၊ တညဉ့်တာမျှ ဝမ်းတွင်းခေါင်း၌ ပုန်းအောင်း၍ ထားလိုက်သည်ရှိသော်။ သဗ္ဗံ၊ တခုမကြွင်း ခပင်းဥဿုံ အလုံးစုံသည်။ ပူတိကံ၊ အပြောမဟုတ် တကယ်ပင် အန်ထုတ်က အပုပ်အသိုးသာလျှင်။ ဘဝတိ၊ ထင်မှားဘဝ စိတ်ဒွိဟ မနေကြနှင့်တော့၊ တကယ်ပင်ဖြစ်၍ ပြသဖြင့် ဒိဋ္ဌမသွေ မြင်နေရလေတော့သတည်း။
၁၄၃။ “ဘယ်မှာလဲ ဆံပင်”
ဝဏ္ဏော ဂန္ဓော ရသော ဩဇာ၊ စတဿော စာပိ ဓာတုယော။
အဋ္ဌဓမ္မသမာဓာနာ၊ ဟောတိ ကေသာတိ သမ္မုတိ။
တေသံယေဝ ဝိနိဗ္ဘောဂါ၊ နတ္ထိ ကေသာတိ သမ္မုတိ။
*(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ)*
ဝဏ္ဏော ဂန္ဓော ရသော ဩဇာ၊ အဆင်းဝဏ္ဏဓာတ်၊ အနံ့ဂန္ဓဓာတ်၊ အရသာရသဓာတ်၊ အဆီဩဇာဓာတ် ဤဘူတရုပ် လေးပါးတို့လည်းကောင်း။ စတဿော စာပိ ဓာတုယော၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟုဆိုအပ်သော ဓာတ်ကြီးလေးခုတို့လည်းကောင်း။ ဣတိ၊ ဤသို့။ အဋ္ဌဓမ္မသမာဓာနာ၊ ဓာတ်ကြီးရှစ်တန် အမာခံလျက် ပေါ်ယံထပ်ကောင်း လေးပါးပေါင်းဟန် ဥပါဒါရုပ်နှင့် ရှစ်ခုပေါင်းစပ် ဓာတ်ပရမတ်တို့ ပေါင်းစုတည်ထား အခြင်းအရာ အစားစားတို့ကြောင့်— ကေသာတိ သမ္မုတိ၊ လောကဝေါဟာ ဆံကေသာဟု ကောဋ္ဌာသအစုသည်။ ဟောတိ၊ သမ္မုတိပညတ် လောကဓာတ်အလယ် ဆန်းကြယ်စွာ တွန်းလာပေ၏။ တေသံယေဝ ဝိနိဗ္ဘောဂါ၊ ထိုသို့ဖွဲ့စည်း ဓာတ်ကြီးရှစ်ဖြာ ခွဲစိတ်ကာပြ ဉာဏ်ဖြင့်ခွာချလိုက်သည်ရှိသော်။ ကေသာတိ သမ္မုတိ၊ လူရှင်အများ သမုတ်ထားသည့် ကိုးစားဖွယ်ရာ ဆံကေသာဟူသည်။ နတ္ထိ၊ ဘယ်နေရာ ဘယ်အကွက် ဘယ်တချက်ကလေးမျှ ရှာမရ ဓာတ်သဘာဝကလေးမျှသာ ကျန်ရှာလေတော့သတည်း။
စာမျက်နှာ-104
၁၄၄။ “မလိယဝမ္ဘထေရ်”
ဥက္ကဏ္ဌိတောပိ န ဝသေ၊ ရမမာနောပိ ပက္ကမေ။
န တွေဝါနတ္ထသံဟိတံ၊ ဝသေ ဝါသံ ဝိစက္ခဏော။
*(ထေရာပဒါန်)*
ဝိစက္ခဏော၊ ကောင်းမှုဆိုးမှု ဤနှစ်ခုတွင် ဆိုးမှုကိုကြဉ် ကောင်းမှုမင်၍ မြော်မြင်နှိုင်းရှိ ဉာဏ်မျက်စိဖြင့် တိတိကျကျ သိတတ်လှသည့် ပုဂ္ဂလဇာနည် သာကီနွယ်ဝင် ပညာရှင်သည်။ ယတ္ထ၊ အကြင်ဒေသ အကြင်ဌာန၌။ ဥက္ကဏ္ဌိတောပိ၊ စိတ်စက်မပျော် မမွေ့လျော်သော်လည်း။ န ပက္ကမေ၊ လောကီ လောကုတ္တရာ နှစ်ဖြာစီးပွား အကျိုးများရန် ဝေဖန်ရှုမျှော် သိမြင်သည်ရှိသော် အရပ်တပါး ဖဲခွာ၍ မသွားရာ။ ဝသေ၊ စိတ်ကိုဆုံးမ သပ္ပါယဖြစ်အောင် ကြံဆောင်၍သာ သည်းခံကာဖြင့် နေထိုင်ရာသတည်း။ ရမမာနောပိ၊ စိတ်လက်မွေ့လျော် ပျော်ပိုက်ပါသော်လည်း။ ပက္ကမေ၊ အကျိုးမများ အလကားသာ ဖြစ်နေပါက ဖဲခွာကြဉ်ထား အရပ်တပါးသို့ သွားရမည်သာလျှင်တည်း။ ဝိစက္ခဏော၊ ပညာရှင်သည်။ အနတ္ထသံဟိတံ၊ အကျိုးမပြီး အချည်းနှီးသာ ဖြစ်လေသော။ ဝါသံ၊ ပျော်မှုပါးမှု ကျိုးမပြုသည့် အနုအယဉ် ပုထုဇဉ်ဗာလ လူ့အန္ဓတို့၏ နေမှုမျိုးကို။ န တွေဝ ဝသေ၊ ဘယ်လိုနည်းနှင့်မျှ အချည်းနှီးဖြစ်ကာ မနေရာသတည်း။
၁၄၅။ “ဝလ္လိယထေရ် - မျောက်စိတ်”
မက္ကဋော ပဉ္စဒွါရာယံ၊ ကုဋိကာယံ ပသတ္တိယ။
ဒွါရေန နုပရိယာတိ၊ ဃဋ္ဋယန္တော မုဟုံ မုဟုံ။
တိဋ္ဌ မက္ကဋ မာ ဓာဝိ၊ န ဟိ တေ တံ ယထာ ပုရေ။
နိဂ္ဂဟိတောသိ ပညာယ၊ နေဝ ဒူရံ ဂမိဿသိ။
*(ထေရာပဒါန်)*
မက္ကဋော၊ စိတ်တည်းဟူသော မျောက်သည်။ ပဉ္စဒွါရာယံ၊ တံခါးပေါက်ပမာ ငါးဖြာသော ဒွါရရှိသော။ ကုဋိကာယံ၊ ခန္ဓာတည်းဟူသော အိမ်၌။ ပသတ္တိယ၊ ကပ်ရောက်၍။ မုဟုံ မုဟုံ၊ ခဏတဖြုတ် ရုတ်ခနဲဖြစ်-
စာမျက်နှာ-105
ရုတ်ခနဲပျက်ပြီးလျှင် ယိုယွင်း စိတ်စက်တံခါး အစားစားကို ထိပါးဖျက်ဆီးလျက်။ ဒွါရေန၊ စက္ခု သောတ ဃာန ဇိဝှာ ကာယ ဟူသော ငါးဖြာသော တံခါးတို့ဖြင့်။ အနုပရိယာတိ၊ မြင်စိတ်မှ ကြားစိတ်၊ ကြားစိတ်မှ နံစိတ်၊ နံစိတ်မှ စားစိတ်၊ စားစိတ်မှ ထိစိတ်၊ မျက်စိတမှိတ်အတွင်းမှာပင် အလျဉ်မပြတ် စိတ်ဓာတ်ပေါင်း ကုဋေကုဋာ လှည့်ပတ်ကာ ဖြစ်နေပါလေ၏။
မက္ကဋ၊ မျောက်နှင့်တူစွာ ပြေးလွှားဆော့ကစား ဟိုသွားဒီခုန် ဖုံဖုံများမိတ္တ အို-ဘယ်စိတ်။ တိဋ္ဌ၊ ပြေးနေရာမှ မကြာခုပင် လျင်မြန်စွာ ရပ်လိုက်ပါ။ မာ ဓာဝိ၊ အဝေးသို့သွား ရပ်မနားဘဲ လှည့်ပတ်၍သာ သွားမနေပါလေနှင့်။ တေ၊ မျောက်ထက်မက အဖမ်းရခက် အဖျက်ထပ်ပိတ် အသင်စိတ်သည်။ ပုရေ ယထာ၊ ရှေးရှေးတုန်းအခါ အစဉ်အလာသို့ ခုခါမသွေ မဟုတ်တော့ပါချေ။ ပညာယ၊ ဝိပဿနာ လွန်စွာထက်မြက် ပညာလက်နက်ဖြင့်။ တွံ၊ သင်စိတ်ကို။ နိဂ္ဂဟိတောသိ၊ နိုင်အောင်ကွပ်ညှပ် ဖိသတ်အပ်လေပြီ။ ဒူရံ၊ ဝိပဿနာ အာရုံခွာလျက် လွန်စွာဝေးငြား အရပ်တပါးသို့။ နေဝ ဂမိဿသိ၊ ဘယ်လိုနည်းနှင့် အပြီးမသွေ သင်မသွားနိုင်တော့သည်သာတည်း။
၁၄၆။ “ဂင်္ဂါတီရိယမထေရ် - ၂ နှစ်ကြာမှ စကားတခွန်းပြော”
တိဏ္ဏံ မေ တာလပတ္တာနံ၊ ဂင်္ဂါတီရေ ကုဋိ ကတာ။
ဆဝသိတ္တံဝ မေ ပတ္တံ၊ ပံသုကူလဉ္စ စီဝရံ။
ဒွေ အန္တရဝဿာနံ၊ ဧကဝါစာ မေ ဘာသိတာ။
တတိယေ အန္တရဝဿသ္မိံ၊ တမောခန္ဓော ပဒါလိတော။
မေ၊ ပစ္စည်းဥစ္စာ ငါမရှာဘဲ သာသနာထဲဝယ် မြဲသတိ သန္တုဋ္ဌိ သုံးနှလုံးကြည်မြ ဓမ္မအမြိုက် ရအပ်စေမှု တခုကိုသာ ရှာလာခဲ့သော ငါသည်။ ဂင်္ဂါတီရေ၊ ရေဇလာတို့ သီတာအေးမြ ရစ်ခွေခရာ ဂင်္ဂါမြစ်၏ ဘယာမသန်း တဘက်ကမ်းနား၌။ တိဏ္ဏံ တာလပတ္တာနံ၊ ထန်းလက် ၃ လက်တို့ကို။ ကုဋိ ကတာ၊ ဒူးတုပ်ဝပ်ကာ ထိုင်နေသာရုံမျှ ပမာဏရှိသော တဲကုတ်ကလေးကို။ ကတာ၊ ကမ္မဋ္ဌာန်းအလုပ် စွမ်းအားထုတ်စရာ ကျောင်းခမ်းဝါဟု ပြုလုပ်ဆောက်တည်ခဲ့လေပြီ။ မေ၊ ငါ၏။
စာမျက်နှာ-106
ပတ္တံ၊ ထည့်စားစရာ အရောင်မှာ မဲချိတ် ခွက်ဆိုသည့် သပိတ်သည်။ ဆဝသိတ္တံဝ၊ လူ့ခေါင်းခွံပမာ တူလှပါပေ၏။ မေ၊ ငါ၏။ စီဝရံ၊ ဖလ်ဝါဆင်မြန်း ဓာတ်သင်္ကန်းသည်။ ပံသုကူလဉ္စ၊ ဖုန်လိမ်းလိမ်းကပ် တင်ကာထပ်လျက် လမ်းမတ်တပ်အလယ် စွန့်ပယ်ထားအပ် အဝတ်အမျိုးမျိုးတို့ကို ချုပ်ဆိုးဆက်စပ် ဖာရာအထပ်ထပ်ဖြင့် မပြတ်တင်လွှမ်း ပံသုကူသင်္ကန်း ဖြစ်ပါပေ၏။ ဒွေ အန္တရဝဿာနံ၊ ချိန်ခါတွက်စစ် နှစ်နှစ်တိုင်တိုင်။ မေ၊ ငါသည်။ ဧကဝါစာ၊ စကားတခွန်းကိုသာလျှင်။ ဘာသိတာ၊ မလွှဲသာသဖြင့် ပြောကြားခဲ့လေပြီ။ တတိယေ အန္တရဝဿသ္မိံ၊ တတိယနှစ် ရောက်လစ်သည်ရှိသော်။ တမောခန္ဓော၊ အဝိဇ္ဇာဟူသော မဟာမောဟိုက် အမှောင်တိုက်ကို။ ပဒါလိတော၊ အရဟတ္တမဂ် စိန်သန်လျက်ဖြင့် ပယ်ဖျက်သုတ်သင် ခုတ်ထွင်၍ အောင်မြင်တော်မူလေပြီ။
၁၄၇။ “ဝသကမထေရ်”
န တေ ဗြာဟ္မဏာ ဗဟိဝဏ္ဏာ၊ အန္တောဝဏ္ဏာ ဟိ ဗြာဟ္မဏာ။
ယသ္မိံ ပါပါနိ ကမ္မာနိ၊ သ ဝေ ကဏှော သုဇမ္ပတိ။
*(ထေရာပဒါန်)*
ဗြာဟ္မဏာ၊ ဗြာဟ္မဏဇာတ် အမျိုးမြတ်ဟူသည်။ န ဗဟိဝဏ္ဏာ၊ အပြင်အပက ကြည့်၍ လှရုံ ပေါ်ယံခြုံလွှမ်း အထဲကကြမ်း၍ ညစ်ညမ်းသည့် အမျိုးဇာတ်မဟုတ်ပေ။ ဟိ၊ အဟုတ်သော်ကား။ ဗြာဟ္မဏာ၊ ဗြာဟ္မဏဇာတ် အမျိုးမြတ်ဟူသည်။ အန္တောဝဏ္ဏာ၊ အတွင်းသဘာဝ အဇ္ဈတ္တ၌ လှပသောအကျင့် တင့်တယ်သောစိတ် ဝင်းဖိတ်ကြည်သာ မွန်မြတ်လှပေ၏။ သုဇမ္ပတိ၊ သက်ထားကြင်ယာ လှသူဇာ၏ ကြင်ယာပတိ မည်ရှိထိုက်သူ အို-သိကြားမင်း။ ယသ္မိံ၊ အကြင်သူ၌။ ပါပါနိ၊ ယုတ်မာညစ်ညမ်း ဟော့ရမ်းကုန်သော။ ကမ္မာနိ၊ အကုသိုလ်ညစ်ကျ မကောင်းမှုတို့သည်။ သန္တိ၊ ရှိကုန်၏။ သ ဝေ၊ ထိုသို့ ယုတ်မာညစ်ကျ အကုသိုလ်မှုနှင့် ပြည့်စုံသောသူကို။ ကဏှော၊ မည်းညစ်ယုတ်မာ လူ့ဗာလာဟူ၍။ ဝုစ္စတိ၊ အတွင်းဓာတ်သဘော နစ်နာကြည့်ကာ ခေါ်ဆိုအပ်ပါလေသတည်း။
စာမျက်နှာ-107
၁၄၈။ “သဗ္ဗမိတ္တထေရ် - ရောယှက်သူများ မီးတွေ”
ဇနော ဇနသ္မိံ သမ္ဗဒ္ဓေါ၊ ဇနမေဝါသိတော ဇနော။
ဇနော ဇနေန ဟေဌေတိ၊ ဟေဌိတော စ ဇနော ဇနံ။
ကော ဟိ တဿ ဇနေနတ္ထော၊ ဇနေန ဇနိတေန ဝါ။
ဇနံ ဩဟာယ ဂစ္ဆန္တံ၊ ဟေဌယိတွာ ဗဟုံ ဇနံ။
*(ထေရာပဒါန်)*
ဇနော၊ သစ္စာရောင်မင်း မပေါ်လင်းသဖြင့် မိုက်တွင်းနက်လှ လူ့အန္ဓသည်။ ဇနသ္မိံ၊ မိမိမှတပါးသော သတ္တဝါ၌။ သမ္ဗဒ္ဓေါ၊ လင် သား မယားဟု အလကားပိုကာ စွဲမိမှားရှာလေ၏။ ဇနော၊ လူ့အန္ဓသည်။ ဇနမေဝ၊ မိမိမှတပါးသော သတ္တဝါကိုပင်လျှင်။ အာသိတော၊ တဏှာမြှေးယှက် ပြေးမထွက်ရအောင် ဖွဲ့နှောင်မှီတွယ်၍ နေပေ၏။ ဇနော၊ လူ့အန္ဓသည်။ ဇနေန၊ မိမိမှတပါးသော သတ္တဝါကို။ ဟေဌေတိ၊ ဒေါသစွန်းထွက် နှိပ်စက်ကလူ ပြုမူမိလေ၏။ ဇနော၊ လူ့အန္ဓသည်။ ဇနံ၊ မိမိမှတပါးသော သတ္တဝါကို။ ဟေဌိတော စ၊ အတုံ့အလှည့် ဝဋ်၏သဘော နစ်နာဖွေရှာ မသိဒါကြောင့် ပြုမိရှာလေ၏။
တဿ အညဇနဿ၊ ထိုတပါးသူအား။ ဇနေန၊ အခြားတပါးသောသူဖြင့်။ ကော အတ္ထော၊ လောဘအစွန်း ဒေါသအစွန်း နှစ်စွန်းထွက်ကာ အပြစ်ရှာသဖြင့် ဘာလုပ်မည်နည်း။ ဇနေန ဝါ၊ သားသမီးတို့၏ ဖခင်အဖြစ်ဖြင့်လည်းကောင်း။ ဇနိတေန ဝါ၊ မိခင်အဖြစ်ဖြင့်လည်းကောင်း။ ကော အတ္ထော၊ ခင်တွယ်အားကိုးသဖြင့် ဘယ်အကျိုးရှိအံ့နည်း။
တံ ဇနံ၊ တပ်နှစ်သက်ခြင်း တွယ်တာခြင်းကို။ ဩဟာယ၊ အာလယပြတ် စွန့်ပယ်လတ်သည်ဖြစ်၍။ ဗဟုံ ဇနံ၊ များသောသူအပေါင်းကို။ ဟေဌယိတွာ၊ ညှဉ်းဆဲနှိပ်စက်၍။ ဌိတံ၊ တည်သော။ ဒေါသဉ္စ၊ မျက်မာန်ပွားလှ ထိုဒေါသကိုလည်းကောင်း။ ဩဟာယ၊ အာလယပြတ် စွန့်ပစ်လတ်သည်ဖြစ်၍။ ဂစ္ဆ၊ တွယ်တာမှုကင်း အေးခြင်းရည်တူ မြတ်နိဗ္ဗာန်သို့ ရွယ်ရည်မှန်းကာ သွားရောက်တော်မူနိုင်ရာတော့သတည်း။
စာမျက်နှာ-108
၁၄၉။ “တိဿမထေရ် - ရန်များလှ၍ လာဘ်ကိုပယ်ပါသည်”
ဗဟူ သပတ္တေ လဘတိ၊ မုဏ္ဍော သင်္ဃာဋိပါရုတော။
လာဘီ အန္နဿ ပါနဿ၊ ဝတ္ထဿ သယနဿ စ။
ဧတမာဒီနဝံ ဉတွာ၊ သက္ကာရေသု မဟဗ္ဘယံ။
အပ္ပလာဘော အနဝဿုတော၊ သတော ဘိက္ခု ပရိဗ္ဗဇေ။
*(ထေရာပဒါန်)*
မုဏ္ဍော၊ ဦးခေါင်းတုံးကာ ဆံပင်ထုံးကို အဆုံးခံခဲ့ပြီးဖြစ်ပါလျက်။ သင်္ဃာဋိပါရုတော၊ နှစ်ထပ်သင်္ကန်း ထူကြမ်းကြမ်းကို တင်လွှမ်းဝတ်ရုံခဲ့ပြီးဖြစ်ပါလျက်။ အန္နဿ စ၊ ဘောဇဉ်ငါးဖြာ စားစရာအစာကိုလည်းကောင်း။ ပါနဿ စ၊ သောက်ဖွယ်ရာရာ ဖျော်ယမကာကိုလည်းကောင်း။ ဝတ္ထဿ စ၊ ဖုံးလွှမ်းဖွယ်ရာ အဝတ်တန်ဆာကိုလည်းကောင်း။ သယနဿ စ၊ နေထိုင်စရာ ကျောင်းအိပ်ရာကိုလည်းကောင်း။ လာဘီ၊ ကိလေသာတပ် တဏှာငတ်ကာ ရအပ်လေသောကြောင့်။ ဗဟူ သပတ္တေ၊ တပါးမက များလှသောင်းသောင်း ရန်သူအပေါင်းကို။ လဘတိ၊ ပုထုဇဉ်မှန်သမျှ လာဘ်လာဘကို သူကလည်း လိုချင် ကိုယ်ကလည်း လိုချင် နှစ်ဖက်ပင် ငြိုငြင်ကြသဖြင့် သူရကိုယ်ရ ပြိုင်ရာဝယ် အနိုင်မခံ အရှုံးမပေးမှုတွေကြောင့် သူ့လူကိုယ်ဖက် ရန်စနက်တွေပွားကာ ရန်မီးတွေ များရပေသတည်း။
သက္ကာရေသု၊ လာဘ်သပ္ပကာ ပူဇော်ရာအဝဝတို့၌။ မဟဗ္ဘယံ၊ ဘေးရန်အစားစား အလွန်များခြင်းဟု ဆိုအပ်သော။ ဧတံ အာဒီနဝံ၊ ပြဆိုခဲ့ပြီး အပြစ်ဒေါသဖြစ်တတ်ပုံနည်းကို။ ဉတွာ၊ ကိုယ်တိုင်ဒိဋ္ဌ မြင်တွေ့ရသည်ဖြစ်၍။ အပ္ပလာဘောန္တော၊ လာဘ်ပကာသန ကိုယ်ကာယမျှတရှိသည်ဖြစ်၍။ အနဝဿုတော၊ ကိလေသာဓာတ် မစိုစွတ်ဘဲ။ သတော ဘိက္ခု၊ သတိ ပညာ နှစ်ဖြာယှဉ်စပ် ရဟန်းမြတ်သည်။ ပရိဗ္ဗဇေ၊ လာဘ်သပ္ပကာ လွန်စွာထွေပြား ကိလေသာတော လူအုပ်တောမှ မြတ်သောဌာန နိဗ္ဗာန်သို့ ဧကန်မသွေ ဆိုက်ရောက်ပေရာသတည်း။
စာမျက်နှာ-109
၁၅၀။ “နန္ဒမထေရ် - နှလုံးသွင်းမတတ်၍ ငတ်မိပါသည်”
အယောနိသော မနသိကာရာ၊ မဏ္ဍနံ အနုယုဉ္ဇိသံ။
ဥဒ္ဓတော စပလော စာသိံ၊ ကာမရာဂေန အဋ္ဌိတော။
*(ထေရာပဒါန်)*
ဘောန္တော၊ စည်းဝေးညီညာ ရောက်လာကြညောင်း အို-သီတင်းသုံးဖော် သူတော်ဓလေ့ ပျော်မွေ့ကြသည့် ရဟန်းအပေါင်းတို့။ အဟံ၊ ဘုရင့်ရင်သွေး စကြာဝတေးမင်းလောင်း အစရှိသော ဂုဏ်အပေါင်းကို အကောင်းထင်ကာ ထင်မှားမိရှာသော ငါသည်။ အယောနိသော မနသိကာရာ၊ သုံးဆယ့်နှစ်ဝ အသုဘကို သုဘဟုပင် စိတ်ဝယ်တင်စား အမြင်မှားမိလေသောကြောင့်။ မဏ္ဍနံ၊ ဝတ်စားဆင်ယင် အလှပြင်ခြင်းကို။ အနုယုဉ္ဇိသံ၊ နေ့တိုင်းလှအောင်လို့ တသသ ပြုလုပ်ခဲ့လေပြီ။ ကာမရာဂေန၊ ဝတ္ထုကိလေ နှစ်ထွေပေါင်းစပ် ရာဂဓာတ်ဖြင့်။ အဋ္ဌိတော၊ မလှုပ်သာအောင် ချည်နှောင်ရစ်ပတ်ဖွဲ့စပ်အပ်သည်ဖြစ်၍။ ဥဒ္ဓတော စ၊ ဘဝင်မြင့်၍ အထက်လေပင့်ပြီးလျှင် အကဲလည်း ဝင့်ခဲ့ဖူးလေပြီ။ စပလော စာသိံ၊ တလျှပ်လျှပ်နှင့် စိတ်ဓာတ်လော်လည် မတည်ကြည်သဖြင့် လေကဲ့သို့ လွင့်ခဲ့ဖူးလေပြီတကား။
၁၅၁။ “သိရိမထေရ် - ကိုယ်ကိုကိုယ်သာ အသိဆုံးပါ”
ပရေ စ နံ ပသံသန္တိ၊ အတ္တာ စ အသမာဟိတော။
မောဃံ ပရေ ပသံသန္တိ၊ အတ္တာ ဟိ အသမာဟိတော။
ပရေ စ နံ ဂရဟန္တိ၊ အတ္တာ စေ သုသမာဟိတော။
မောဃံ ပရေ ဂရဟန္တိ၊ အတ္တာ ဟိ သုသမာဟိတော။
*(ထေရာပဒါန်)*
အတ္တာ စ အသမာဟိတော၊ မိမိကိုယ်မှာ မကောင်းပါဘဲလျက်။ ပရေ စ၊ အတွင်းသဘော စင်းချာမသိ မောဟဖိ လူအများက။ နံ ပသံသန္တိ၊ အကယ်၍များ ချီးမွမ်းမြှောက်စားခဲ့ငြားအံ့။ အတ္တာ ဟိ အသမာဟိတော၊ မိမိကိုယ်မှာ မကောင်းပါဘဲလျက်။ ပရေ ပသံသနံ၊ သူတပါးက ကောင်းပေစွဟု ချီးမွမ်းမြှောက်စားခြင်းသည်။ မောဃံ၊ အကျိုးမပြု အချည်းနှီးအမှား နှစ်သားမပါ ဗလာဆုံးကျ အသုံးမကျသော ချီးမွမ်းခြင်းသာ ဖြစ်ပါပေ၏။
စာမျက်နှာ-110
အတ္တာ စ သုသမာဟိတော၊ မိမိကိုယ်မှာ ကောင်းစွာအကျင့်ရှိပေမယ့်လည်း။ ပရေ စ၊ အတွင်းသဘော စင်းချာမသိ မောဟဖိ လူအများက။ စေ ဂရဟန္တိ၊ အကယ်၍များ မသိခြင်းကြောင့် ကဲ့ရဲ့ကုန်အံ့။ အတ္တာ ဟိ သုသမာဟိတော၊ မိမိကိုယ်မှာ ကောင်းစွာအကျင့်ရှိပါလျက်။ ပရေ ဂရဟနံ၊ သူတပါးက လှည့်ဖျားညစ်ပတ် အတွင်းဓာတ်မသိ ကဲ့ရဲ့သည့်အရာသည်။ မောဃံ၊ အချည်းနှီးသာ အလကားအရာသာ မှန်စွာမသွေ ဖြစ်ပါပေသတည်း။
၁၅၂။ “စစ်ပွဲမှာ အသေခံမယ်”
ဟတ္ထိက္ခန္ဓာဝ ပတိတံ၊ ကုဉ္ဇရော စေ အနုက္ကမေ။
သင်္ဂါမေ မတံ သေယျော၊ ယဉ္စေ ဇီဝေ ပရာဇိတော။
*(သောဏာပေါတိရိယ ထေရာပဒါန်)*
အဟံ၊ ငါကို။ ဟတ္ထိက္ခန္ဓာ၊ စစ်မြေပြင်ဝင် စစ်တိုက်ဆင်၏ ကျောကုန်းမှ။ ပတိတံ၊ လွင့်ပါး၍သာ မြေသို့ကျလာသည်ဖြစ်၍။ ကုဉ္ဇရော၊ အမာန်ရစ်မူး တရှူးရှူးပြေးဝင် စစ်တိုက်ဆင်သည်။ စေ အနုက္ကမေ၊ ရိုးသားတခြား လွင့်ကာသွားအောင် နင်းဝါးကြိတ်ချေ သတ်ချင်သော်လည်း သတ်ပါစေ။ ပရာဇိတော၊ ရှုံးသည်ဖြစ်၍။ ဇီဝေ၊ အသက်ရှင်ကာ နှစ်ရှည်ကြာအောင် နေရသည်ထက်။ သင်္ဂါမေ၊ သူနိုင်ကိုယ်နိုင် အပြိုင်ပြိုင်ယှဉ်တွဲ စစ်ဆင်ပွဲ၌။ မတံ၊ ဇီဝိန်ပျက်ယွင်း သေရခြင်းက။ မေ၊ ဘုရား၏ချစ်သား ဇာနည်တသာလိတ် ငါမထေရ်မြတ်အား။ သေယျော၊ ဆထက်တရာ လွန်ကဲသာ၍ မှန်စွာမသွေ မြတ်လှပါပေသတည်း။
၁၅၃။ “ဘုရားကျေးဇူး ကြီးမားလှပေစွ”
အဟော ဗုဒ္ဓေါ အဟော ဓမ္မော၊ အဟော နော သတ္ထု သမ္ပဒါ။
ယတ္ထ ဧတာဒိသံ ဓမ္မံ၊ သာဝကော သစ္ဆိကာဟိတိ။
*(ကုမာရကဿပ ထေရာပဒါန်)*
ယတ္ထ၊ အကြင်သာသနာတော်၌။ သာဝကော၊ ကျင့်ကြံကြိုးကုတ် အားထုတ်ကြသည့် တပည့်သားသည်။ ဧတာဒိသံ ဓမ္မံ၊ အေးမြကြည်လင် သန့်စင်မွေ့လျော် ဤသို့သဘောရှိသော တရားတော်ကို။ သစ္ဆိကာဟိတိ၊ ကိုယ်တိုင်ကိုယ်ကျ ဒိဋ္ဌထင်ထင် မြင်အပ်ပေ၏။
စာမျက်နှာ-111
နော၊ ဤသို့ ဂုဏ်အင် စုံလင်လှစွာ သာသနာနှင့် ကြုံလာရငြား အကျွန်ုပ်တို့အား။ ဗုဒ္ဓသမ္ပဒါ၊ ချွတ်ယွင်းတစိ ဘယ်မှာမှမရှိသည့် ဘုရား၏ ပြည့်စုံရခြင်းသည်။ အဟော၊ ရင်တသိမ့်သိမ့် ပီတိဖိမ့်မျှ နှစ်သိမ့်ဝမ်းသာ ရွှင်စရာ ကောင်းလှပါပေသည်တကား။
ဓမ္မသမ္ပဒါ၊ လောကီလောကုတ္တရာ နှစ်ဖြာလမ်းကြောင်း မောင်းနှင်အောင် ရည်ရွယ်ညွှန်ပြ တရားဓမ္မ၏ ပြည့်စုံရခြင်းသည်။ အဟော၊ ရင်တသိမ့်သိမ့် ကောင်းလှပါပေသည်တကား။
သတ္ထု သမ္ပဒါ၊ ဟောဖော်ညွှန်ပြ နည်းလမ်းကျအောင် ရှေ့ဆောင်ပေတတ် ဆရာမြတ်၏ ပြည့်စုံရခြင်းသည်။ အဟော၊ ရင်တသိမ့်သိမ့်၊ ပ၊ ကောင်းလှပါပေသည်တကား။
၁၅၄။ “ရဟန်းဘဝ၌ ချမ်းသာချင်လျှင်”
သုခံ စေ ဇီဝိတုံ ဣစ္ဆေ၊ သာမညသ္မိံ အပေက္ခဝါ။
သင်္ဃိကံ နာတိမညေယျ၊ စီဝရံ ပါနဘောဇနံ။
သုခံ စေ ဇီဝိတုံ ဣစ္ဆေ၊ သာမညသ္မိံ အပေက္ခဝါ။
အဟိ မူသိကသောတ္တံဝ၊ သေဝေထ သယနာသနံ။
သာမညသ္မိံ၊ လူ့ဘောင်ဖယ်ခွာ ဧကစာကျင့်တမ်း ရဟန်းမြတ်ဘဝ၌။ အပေက္ခဝါ၊ သီလသိက္ခာ ဖြူစင်ဖြင့် သာသနာအတွက် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍။ သုခံ၊ ကိုယ်စိတ်မနွမ်း ဘေးမသန်းဘဲ အေးချမ်းကြည်လင် သန့်စင်လှစွာ။ ဇီဝိတုံ၊ အသက်ရှည်ခြင်းငှာ။ စေ ဣစ္ဆေ၊ အကယ်တိတိ အလိုရှိခဲ့ငြားအံ့။ သံဃိကံ၊ သံဃာ့ထံမှ ဝေပုံကျ၍ ရလာအပ်သော။ စီဝရံ စ၊ အချမ်းအပူ ကာကွယ်ပယ်ဖျောက် ရှက်ကြောက်လုံစေ သုံးထွေတင်လွှမ်း ဝတ်သင်္ကန်းကိုလည်းကောင်း။ ပါနဘောဇနံ စ၊ အဖျော်ယမကာ သောက်ဖွယ်ရာနှင့် ထွေလာများပြား ဆွမ်းစသော ဘောဇဉ်ကိုလည်းကောင်း။ နာတိမညေယျ၊ အထင်မသေးရာ။ (ဝါ) သံဃိကမှ ဝေပုံကျ၍ ရသမျှဥစ္စာ လေးဖြာပစ္စည်းဟူသမျှသည် ပရမဝိသုဒ္ဓိ အလွန်ပင်စင်ကြယ်သည့်အရာဖြစ်၍ စင်စစ်မသွေ အလေးအမြတ်ပြုအပ်ပါပေသတည်း။
စာမျက်နှာ-112
သာမညသ္မိံ၊ လူ့ဘောင်ဖယ်ခွာ ဧကစာကျင့်တမ်း မြတ်ရဟန်းဘဝ၌။ အပေက္ခဝါ၊ သီလသိက္ခာ ဖြူစင်စွာဖြင့် သာသနာအတွက် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍။ သုခံ၊ ကိုယ်စိတ်မနွမ်း ဘေးမသန်းဘဲ အေးချမ်းကြည်လင် သန့်စင်လှစွာ။ ဇီဝိတုံ၊ အသက်သိက္ခာ ကိုယ်ခန္ဓာမြဲတည် ရှည်စေခြင်းငှာ။ စေ ဣစ္ဆေ၊ အကယ်တိတိ အလိုရှိခဲ့ငြားအံ့။ အဟိ၊ မြွေသည်။ မူသိကသောတ္တံဝ၊ ကြွက်က အသင့်တူးထားသော တွင်းကို ငဲ့ကွက်ခြင်းမရှိ ခဏခေတ္တ နေရုံမျှသဘောဖြင့် သွားရင်းလာရင်း တွင်းထဲ၌ မျှတရုံသာ နေသွားသကဲ့သို့။ ဘိက္ခုပိ၊ လာဘ်လာဘအရေး မမျှော်တွေးဘဲ ကြောက်ရေးကြောက်ရာ သံသရာဘေးမျှ ရှုတတ်လှသော ရဟန်းသည်လည်း။ သေနာသနံ၊ အဆောက်အအုံ ကျောင်းဆိုသည့်ဘုံကို။ သေဝေထ၊ ကျောင်းကန်ရရေး အလေးမထား အသင့်အားဖြင့် ရလင့်သောအခါ နေရာဖြစ်ရုံ တဲအုံဖြစ်ပစေ တိုက်ဖြစ်ပစေ မရေမတွက် တရားဘက်သာ ကြိုးစား၍ ချမ်းချမ်းသာသာ နေအပ်လေရာသတည်း။
၁၅၅။ “ငါ့မှာ ခြေ ၂-ချောင်း အကောင်းသား”
အဟု တုယှံ ပုရေ သဒ္ဓါ၊ သာ တေ အဇ္ဇ န ဝိဇ္ဇတိ။
ယံ တုယှံ တုယှမေဝေတံ၊ နတ္ထိ ဒုစ္စရိတံ မမ။
အနိစ္စာ ဟိ စလာ သဒ္ဓါ၊ ဧဝံ ဒိဋ္ဌံ မယာ ပုရေ။
ရဇ္ဇန္တိပိ ဝိရဇ္ဇန္တိ၊ တတ္ထ ကိံ ဇီယတေ မုနိ။
ပစ္စတိ မုနိနော ဘတ္တံ၊ ထောကံ ထောကံ ကုလေ ကုလေ။
ပိဏ္ဍိကာယ စရိဿာမိ၊ အတ္ထိ ဇင်္ဃဗလံ မမ။
*(သာမတ္တိယ ထေရာပဒါန်)*
စာမျက်နှာ-113
ဥပါသက၊ ပစ္စည်းလေးပါး ပေးလှူငြားသည့် ဖွံ့ထွားသဒ္ဓါ အို-ဥပါသကာ။ တုယှံ၊ သင်ဥပါသကာအား။ ပုရေ၊ ရှေးရှေးအခါက။ သဒ္ဓါ၊ ငါ၏အပေါ်၌ ယုံကြည်အားထား သဒ္ဓါတရားသည်။ အဟု၊ အမှန်ပင်မသွေ ဖြစ်ခဲ့ချေပြီ။ သာ၊ ထိုသို့ကြည်ယုံ ပုံ၍အပ်ထားသည့် သဒ္ဓါတရားသည်။ အဇ္ဇ၊ ယနေ့။ တေ၊ သင်ဥပါသကာအား။ န ဝိဇ္ဇတိ၊ ပုထုဇဉ်မနော ဖောက်လွဲသောသဘောဖြင့် လျှောကျတစိ မရှိလေတော့ပြီ။ တုယှံ၊ သင်ဒါယကာ၏။ ယံ၊ ရှေးရှေးကမှစ၍ ယနေ့ကျအောင် လေးပစ္စည်းဖြင့် ဒါနဖြစ်မြောက် အလှူတည်ဆောက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ဤသို့ မိမိပစ္စည်းကို မိမိက လှူဒါန်းခြင်းသည်။ တုယှမေဝ၊ သင်ဒါယကာမှာ သင်သဒ္ဓါနှင့် သင်သာလျှင် သင့်ဘာသာ ပိုင်ဆိုင်သည့် ကိုယ်ပိုင်ကိစ္စသာ ဖြစ်ပါစေ။ (ဝါ) တနည်းကား။ ယံ ဒုစ္စရိတံ၊ ငါ့အပေါ်၌ မတော်မလျော် လော်မာဖောက်ပြား မကောင်းမှုတရားကို။ တုယှံ၊ သင်သည်။ ကတံ၊ မသိမှောက်မှား ပြုမိသွားလေပြီ။ တံ၊ ထိုသို့ ပြုမိဒုစ္စရိတ အကျိုးဖလသည်။ တုယှမေဝ၊ သင့်အားသာလျှင် အမှန်မသွေ ကျရောက်ပေလိမ့်မည်။ မမ၊ ငါ့အား။ ဒုစ္စရိတံ၊ ယုတ်မာညစ်ကျ မကောင်းမှုမည်သည်။ နတ္ထိ၊ တစိုးတစိမျှ မရှိရိုးမှန်လှပါပေ၏။
သဒ္ဓါ၊ ကြည်ညိုဖွယ်သဒ္ဓါတရားဟူသည်။ အနိစ္စာ၊ မမြဲသောသဘော ရှိ၏။ စလာ၊ တုန်လှုပ်ချောက်ချား ဖောက်ပြားသောသဘော ရှိ၏။ ဧဝံ၊ ဤသို့။ မယာ၊ ငါရဟန်းမြတ်သည်။ ဒိဋ္ဌံ၊ ကိုယ်တိုင်ဒိဋ္ဌ ပစ္စက္ခပင် မြင်အပ်ပါလေပြီ။ သတ္တာ၊ မတည်မကြည် ဖောက်ပြားသည့် ပုထုဇဉ်သတ္တဝါများသည်— ရဇ္ဇန္တိပိ၊ ကြည်ညိုချင်က အလွန်အမင်း မောက်မောက်ပိုမြဲ ဖြစ်ကြပါကုန်၏။ ဝိရဇ္ဇန္တိပိ၊ မကြည်ညိုချင်ကလည်း မကြည်သည့်အပြင် ပိုပိုကဲကဲနှင့် ဆိုဆဲတတ်ကြကုန်၏။ တတ္ထ၊ အတည်မမြဲ ဖောက်လွဲဖောက်ပြန် အမှန်မရ ပုထုဇဉ်တို့၏ သဘာဝဓမ္မ၌။ မုနိ၊ နိဗ္ဗာန်ရည်မှန်း မြတ်ရဟန်းသည်။ ကိံ ဇီယတေ၊ စိတ်စက်စိုးနှောင့် ဘာကြောင့်မသွေ ဖြစ်နေစရာ ရှိပါတော့မည်နည်း။
မုနိနော၊ နိဗ္ဗာန်ရည်မှန်း တထပ်ဆွမ်းအပ် ရဟန်းမြတ်အတွက်။ ကုလေ ကုလေ၊ အိမ်တိုင်းအိမ်တိုင်း၌။ ထောကံ ထောကံ၊ တယောင်းမ တဇွန်းစီ။ ဘတ္တံ၊ ဆွမ်းသည်။ ပစ္စတိ၊ ကျက်ပြီးသားအနေ အသင့်စီရှိပါပေ၏။ မမ၊ နိဗ္ဗာန်ရည်မှန်း ငါရဟန်းအား။ ဇင်္ဃဗလံ၊ အစွမ်းအား ခြေ ၂-ချောင်းသည်။ အတ္ထိ၊ တောင့်တောင့်တင်းတင်း ကျန်းမာခြင်းနှင့်—
စာမျက်နှာ-114
မယွင်းကုံလုံ ပြည့်စုံစွာရှိပါပေ၏။ အဟံ၊ နိဗ္ဗာန်ရည်မှန်း ငါရဟန်းသည်။ ပိဏ္ဍိကာယ၊ ဆွမ်းခံရန်အလို့ငှာ။ စရိဿာမိ၊ အိမ်စဉ်တိုင်းရပ် ပိဏ္ဍပါတ်လမ်း ကြွမြန်းတော်မူတော့မည်သာတည်း။
၁၅၆။ “ဂါရဝကင်းစင် နိဗ္ဗာန်ခွင် ဝေးလွန်းလှသည်ပင်”
ယဿ သဗြဟ္မစာရီသု၊ ဂါရဝေါ နုပလဗ္ဘတိ။
အာရကာ ဟောတိ သဒ္ဓမ္မာ၊ နဘံ ပုထုဝိယာ ယထာ။
*(သဘိယထေရ်)*
ယဿ၊ ဘဝင်တမြင့်မြင့်နှင့် မာန်ဝင့်နေငြား အကြင်ရဟန်းအား။ သဗြဟ္မစာရီသု၊ သီတင်းသီလ ညီမျှအတူ ကြည်ဖြူကျင့်အပ် သီတင်းသုံးဖော် အရှင်မြတ်တို့၌။ ဂါရဝေါ၊ ကိုယ်စိတ်နှိမ်ချ မာန်စွယ်ကျလျက် ရိုသေမှုဂါရဝကို။ န ဥပလဗ္ဘတိ၊ မိုက်မိုက်ကန်းကန်း လူသရမ်းမို့ ရှက်ရကြောက်ရမှန်းမသိ တစိုးတစိမျှမရှိပေ။ သော၊ ရိုသေနှိမ်ချ ဂါရဝမဲ့ကင်း ထိုလူပျင်းသည်။ နဘံ ပုထုဝိယာ ယထာ၊ ကောင်းကင်နှင့် မြေကြီး ဝေးကွာလေသကဲ့သို့ တသဝေမတိမ်း မယိမ်းနမူ တစပ်တည်းတူ၍သာလျှင်။ သဒ္ဓမ္မာ၊ အရိယာအပေါင်း အကျင့်ကောင်းမြတ် သူတော်ဓာတ်မှ။ အာရကာ၊ ဝေးလှပါပေ၏။ (ဝါ) အာရကာ၊ ဇီးစေ့နှင့် မြင့်မိုရ်ပမာကို မဆိုအပ်ပါဘူးသော် ဝေးလွန်းလှပါပေတော့သတည်း။
၁၅၇။ “တကိုယ်လုံး ကြေမွသွားပါစေ”
ကာမံ ဘိဇ္ဈတု မေ ကာယော၊ မံသပေသီ ဝိသီယရေ။
ဥဘော ဇဏ္ဏုကသန္ဓေဟိ၊ ဇင်္ဃာယော ပပတန္တု မေ။
နာသိဿံ နပိဝိဿာမိ၊ ဝိဟာရာ စ န နိက္ခမေ။
နပိ ပဿံ နိပါတေဿံ၊ တဏှာသလ္လေ အနူဟတေ။
တဿ မေဝံ ဝိဟရတော၊ ပဿ ဝီရိယပရက္ကမံ။
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ၊ ကတံ ဗုဒ္ဓဿ သာသနံ။
*(မုဒိတ ထေရာပဒါန်)*
စာမျက်နှာ-115
အယံ ကာယော၊ ၃၂-ဝ ကောဋ္ဌာသနှင့် နာမရူပံ တွဲစပ်ပေါင်းဆုံအပ်သော ဤကိုယ်ဒြဗ်ကြီးသည်။ ကာမံ ဘိဇ္ဈတု၊ ဖရိုဖရဲ ပြိုကွဲပျက်စီးပါစေ။ မံသပေသီ၊ အရေတခြား အသားတမျိုး အရိုးရှိသမျှ။ ဝိသီယရေ၊ မှုန့်မှုန့်မျှ ကြွေကျ၍ သွားကုန်ပါစေ။ ဥဘော ဇဏ္ဏုကသန္ဓေဟိ၊ ဒူးဆစ်နှစ်ဖက် အရိုးအဆစ်တို့မှ။ ဇင်္ဃာယော၊ သလုံးမြင်းခေါင်းရှိသမျှ။ ပပတန္တု၊ ပြုတ်ပြတ်ကြွေကျ မြေခ၍ သွားပါကုန်ပါစေ။ တဏှာသလ္လံ၊ တရာပူနှောင့် ညောင့်တသင်းတို့ကို။ အနူဟတေ၊ ရှင်းရှင်းပြတ်အောင် မနုတ်မဆောင်ရသည်ရှိသော်။ အဟံ၊ မုဒိတဟု နာမတွင်ဆန်း ငါရဟန်းသည်။ နာသိဿံ၊ ထမင်းအစာ စားဖွယ်ရာကို အာသာဖြတ်ထား နဲနဲကလေးမျှ မစားပါအံ့။ နပိဝိဿာမိ၊ ရေကလေးတပေါက်မျှကိုလည်း မသောက်ပါအံ့။ ဝိဟာရာ စ၊ နေစရာကိန်းအောင်း ကမ္မဋ္ဌာန်းကျောင်းမှ။ န နိက္ခမိဿာမိ၊ ခြေတလှမ်းမျှ မထွက်မကြွပေအံ့။
တဿ မေ၊ မုဒိတဟု နာမတင့်ဆန်း ငါရဟန်းအား။ ဧဝံ ဝိဟရတော၊ ဤသို့ဓိဋ္ဌာန် စိတ်အကြံကို မြဲမြဲဆုပ်ကိုင် နေသောအခါ၌။ တိဿော ဝိဇ္ဇာ၊ ပု၊ ဒီ၊ အာ ဟု လေးဖြာဝိဇ္ဇာ ကိလေသာချက် သတ်ရန်လက်နက်ကြီးကို။ အနုပ္ပတ္တာ၊ လက်ဝယ်ပိုင်ပိုင် ကိုင်ဆောင်ပြီးမြောက် တည်ဆောက်အပ်လေပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ လိုရင်းထုံးပြ ဆုံးမရာ ရဟန္တာဟု သာသနာအစစ် သားတော်အဖြစ်သို့။ အနုပ္ပတ္တာ၊ ကောင်းစွာမသွေ ဆိုက်ရောက်ခဲ့လေပြီ။ ဝီရိယပရက္ကမံ၊ လုံ့လကြိုးကုတ် စွမ်းအားထုတ်ခြင်း၏ ထန်ပြင်းသော အကျိုးတရားကို။ ပဿ ပဿထ၊ ဒိဋ္ဌမျက်မြင် ခုပင်မသွေ ရှုကြည့်တော်မူကြပါကုန်လော့။
၁၅၈။ “မာန်မူလို၍ သာသနာဝင်လျှင်”
ဥပရမ္ဘစိတ္တော ဒုမ္မေဓော၊ သုဏာတိ ဇိနသာသနံ။
အာရကာ ဟောတိ သဒ္ဓမ္မာ၊ နဘတော ပထဝီ ယထာ။
*(ယသဒတ္တထေရာပဒါန်)*
ဒုမ္မေဓော၊ ကိလေသာမျိုး မာနအိုး ဆိုးချင်တိုင်းဆိုး ရိုင်းချင်တိုင်းရိုင်းပြီးလျှင် အတိုင်းအဆ မသိလှအောင် မိုက်မှောင်တွင်းကျ လူဗာ-
စာမျက်နှာ-116
လသည်။ ဥပရမ္ဘစိတ္တော၊ နိုင်လိုသောစိတ် ချုပ်ချယ်လိုသောစိတ် ရှိသည်ဖြစ်၍။ ဇိနသာသနံ၊ ငါးပါးမာရ်အောင် ထွဋ်ဘုန်းခေါင်၏ ဘုန်းရောင်လင်းစွာ မြတ်သာသနာကို။ သုဏာတိ၊ ကြိုးကြိုးကုတ်ကုတ် စွမ်းအားထုတ်ကာ သင်ယူရှာ၏။ သော၊ ထိုလူမိုက်သည်။ သဒ္ဓမ္မာ၊ အရိယာအပေါင်း သူတော်ကောင်းတို့၏ တရားမှ။ နဘတော၊ အာကာဝေဟင် ထက်ကောင်းကင်မှ။ ပထဝီ ယထာ၊ ကမ္ဘာမြေကြီး ပမာနည်းသို့။ အာရကာ၊ အလှမ်းလွန် ဝေးကွာလှပါပေသတည်း။
၁၅၉။ “သေမင်းရန် တွန်းလှန်မရနိုင်”
မစ္စုနာဘိဟတော လောကော၊ ဇရာယ ပရိဝါရိတော။
တဏှာသလ္လေန ဩတိဏ္ဏော၊ ဣစ္ဆာဓူပါယိတော သဒါ။
အာဂစ္ဆန္တဂ္ဂိက္ခန္ဓာဝ၊ မစ္စု ဗျာဓိ ဇရာ တယော။
ပစ္စုဂ္ဂန္တုံ ဗလံ နတ္ထိ၊ ဇဝေ နတ္ထိ ပလာယိတုံ။
*(သီရိမဏ္ဍထေရာပဒါန်)*
လောကော၊ သုံးဆဲ့တဘုံ ကျုံးခြုံလွှမ်းပ ဤလောကကြီးသည်။ မစ္စုနာ၊ အင်အားကြီးခြင်း ရှင်သေမင်းက။ အဘိဟတော၊ တကြိတ်တည်း ဖိနှိပ်ကာသာ လွှမ်းမိုးနှိပ်စက်နေပါပေ၏။ ဇရာယ၊ တမြေ့မြေ့ ချွတ်ယွင်း အိုမင်းခြင်းဆိုသည့် ဇရာတရားဖြင့်။ ပရိဝါရိတော၊ ဝန်းကျင်လှည့်ပတ် ဝိုင်းရံထားအပ်ပေ၏။ တဏှာသလ္လေန၊ ညောင့်တသင်းအား တာတည်းဟူသော စူးလုံးများဖြင့်။ ဩတိဏ္ဏော၊ နက်ရှိုင်းကာပင် စူးဝင်၍ နေပါပေ၏။ သဒါ၊ ချိန်ခါမလပ် တဖျပ်ဖျပ်သာလျှင်။ ဣစ္ဆာဓူပါယိတော၊ ရလေလိုလေ အိုတစ္ဆေဟု လွန်လေကဲသာ မဟိဒ္ဓိမိုးဖြင့် မီးခိုးလုံးကြီး ပမာနည်းသို့ ထန်သည်းကဲမောက် မိုးထိရောက်၍ နေသည်။ မစ္စု ဗျာဓိ ဇရာ တယော၊ အို၊ နာ၊ သေ မှု ဤ ၃-ခုသော တရားတို့သည်။ အဂ္ဂိက္ခန္ဓာဝ၊ နွေခါခေါင်ခေါင် တောက်လောင်ထိန်ညီး တောလောင်မီးကဲ့သို့။ အာဂစ္ဆန္တိ၊ လေပြင်းအဟုန် သေမင်းခုန်ပေါက် လျင်မြန်စွာ ရောက်လာကြကုန်၏။ ပစ္စုဂ္ဂန္တုံ၊ ဆီးကြိုတားဆီး ဟန့်တားခြင်းငှာ။ သတ္တာနံ၊ ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တဝါမှ မကျန် ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့အား။ ဗလံ၊ စွမ်းအားသည်။ နတ္ထိ၊ တစိုးတစိ တိတိကလေး-
စာမျက်နှာ-117
မရှိပါပေ။ ပလာယိတုံ၊ လွတ်အောင်ရှောင်ရှား ပြေးသွားခြင်းငှာ။ ဇဝေ၊ အရှိန်အဟုန်သည်။ နတ္ထိ၊ တစိုးတစိ ဘယ်သတ္တဝါမှ မရှိရိုးအမှန် ဖြစ်ပါပေသတည်း။
၁၆၀။ “ငဲ့ကွက်ခြင်းကင်းမှ ချမ်းသာ”
ယဉ္စ အညေ န ရက္ခန္တိ၊ ယော စ အညေ န ရက္ခတိ။
သ ဝေ ဘိက္ခု သုခံ သေတိ၊ ကာမေသု အနပေက္ခဝါ။
*(သံကိစ္စထေရ်)*
ယဉ္စ၊ အကြင်သူကိုလည်း။ အညေ၊ တပါးသောသူတို့က။ န ရက္ခန္တိ၊ စိုးရိမ်နှောင့်ယှက် မစောင့်ရှောက်ရကုန်။ ယော စ၊ အကြင်သူကလည်း။ အညေ၊ တပါးသောသူတို့ကို။ န ရက္ခတိ၊ စိုးရိမ်နှောင့်ယှက် စောင့်ရှောက်ရန် မရှိပေ။ သ ဝေ သော ဘိက္ခု၊ တယောက်တယောက် အနှောင့်အရှက် အစိုးရိမ်မရှိ ပကတိတည်ငြိမ် ဣန္ဒြေရရ ကြောင့်ကြမဲ့ရသော ထိုရဟန်းဘဝသည်။ ကာမေသု၊ ဝတ္ထုကိလေ နှစ်ထွေပူရ ဝဋ်ကာမမှ။ အနပေက္ခဝါ၊ စိုးရိမ်ဖွယ်ရာ ငဲ့ကွက်ဖွယ်ရာ ဘယ်မှာတစိ မရှိလေသောကြောင့်။ သုခံ သေတိ၊ ချမ်းချမ်းသာသာ အိပ်ပျော်ရပါလေသတည်း။
၁၆၁။ “ရှင်သေနှစ်ပါး မလိုလား”
နာဘိနန္ဒာမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ နိဗ္ဗိသံ ဘတကော ယထာ။
*(သံကိစ္စထေရာပဒါန်)*
အဟံ၊ သံကိစ္စဟု နာမတွင်ဆန်း ငါရဟန်းသည်။ မရဏံ၊ စုတိပြတ်ကြွေ သေရခြင်းကို။ နာဘိနန္ဒာမိ၊ လိုလားတောင့်တ ဆန္ဒအာသာ မရှိပါပေ။ ဇီဝိတံ၊ ဇီဝိန်ထင်လင်း သက်ရှည်ခြင်းကိုလည်း။ နာဘိနန္ဒာမိ၊ လိုလားတောင့်တ ဆန္ဒအာသာ မရှိပါပေ။ ဘတကော၊ တနေ့လုပ်မှ တနေ့ရသည့် အခစားကူလီသည်။ နိဗ္ဗိသံ၊ အလုပ်အတွက် ချိန်စက်ပေးရ လုပ်အား-
စာမျက်နှာ-118
ခကို။ ပဋိကင်္ခတိ ယထာ၊ လိုလားတောင့်တသကဲ့သို့။ အဟံပိ၊ သံကိစ္စဟု နာမတွင်ဆန်း ငါရဟန်းသည်လည်း။ ကာလဉ္စ ကာလမေဝ၊ သူ့သဘောအလျောက် ဆိုက်ရောက်လာမည့် သေချိန်ကာလကိုသာလျှင်။ ပဋိကင်္ခါမိ၊ သေလိုလျှင်လည်း ဒေါသ၊ ရှင်လိုလျှင်လည်း လောဘ၊ ထိုလောဘ ထိုဒေါသ အာသဝတွေအကုန် ခဝါချပြီးလို့မို့ အစွန်း ၂-ဖက် မထွက်ရအောင် ချိန်းရက်ကိုသာ စောင့်၍ နေပါတော့သတည်း။
၁၆၂။ “သေရ၍ ဝမ်းသာ ပါရဂူ”
အနုပါဒါနော ကတကိစ္စော၊ အနာသဝေါ။
သုခေါ အာယုက္ခယော ဟောတိ၊ မုတ္တော အာဃာတနာ ယထာ။
*(အဓိမုတ္တထေရာပဒါန်)*
အရဟာ၊ ကိလေသာဘေး ရန်အလှေးတို့ ညစ်ကြေးမတင် သန့်စင်ပေလတ် ရဟန္တာအရှင်မြတ်သည်။ ပါရဂူ၊ နိဗ္ဗာန်ဖက်ကမ်း တက်လှမ်းကူးမြောက် အပြီးရောက်ပြီးသည်။ အနုပါဒါနော၊ စွဲလမ်းမှုမှန်သမျှ လုံးဝကင်းစင် ကြည်လင်သန့်ရှင်းပြီးသည်။ ကတကိစ္စော၊ ပြုဖွယ်ကိစ္စမှန်သမျှတို့ တစမကျန် ပြုစီမံပြီးသည်။ အနာသဝေါ၊ အာသဝေါလေးတန် ဧကန်ရှင်းပြတ် အာသဝဓာတ်ကြီး မယိုစီးတော့သည်။ ဟုတွာ၊ ဖြစ်၍။ အာဃာတနာ၊ သူသတ်၏လက်မှ။ မုတ္တော၊ ကံကောင်းထောက်၍ လွတ်မြောက်လာသောသူပမာ။ အာယုက္ခယော၊ ဇီဝိန်ပြတ်ကြွေ အသက်သေခြင်းကြောင့်။ သုခေါ၊ ဒုက္ခဘေး ဒုက္ခခဲ အစွဲဥပါဒါန် ငါးဝသောခန္ဓာမှ လွတ်ရလေပြီတကားဟု စိတ်ထားခုန်ပေါက် လွန်ဝမ်းမြောက်သည်။ ဟောတိ၊ မုချမသွေ ဖြစ်ရပါလေပြီတကား။
၁၆၃။ “ချမ်းသာလိုလျှင် သီလစောင့်”
သီလံ ရက္ခေယျ မေဓာဝီ၊ ပတ္ထယာနော တယော သုခေ။
ပသံသံ ဝိတ္တိလာဘဉ္စ၊ ပေစ္စ သဂ္ဂေ ပမောဒနံ။
*(သီလဝထေရာပဒါန်)*
စာမျက်နှာ-119
ပသံသဉ္စ၊ လူ နတ် ဗြဟ္မာအဝှန်း ချီးမွမ်းခြင်းကိုလည်းကောင်း။ ဝိတ္တိလာဘဉ္စ၊ စီးပွားဥစ္စာ ရတနာမျိုး အရတိုးခြင်းကိုလည်းကောင်း။ ပေစ္စ၊ တမလွန်လောက နောက်ဘဝ၌။ သဂ္ဂေ၊ နတ်ပြည်၌။ ပမောဒနံ၊ ဝမ်းသာကြည်နူး ရွှင်မြူးရခြင်းကိုလည်းကောင်း။ ဣတိ၊ ဤသို့ ရေတွက်သာတင်ကာ ပေါင်းအပ် ၃-ရပ်သော ချမ်းသာမင်္ဂလာ တောင်းဆုတို့ကို။ ပတ္ထယာနော၊ လိုလားတောင့်တသော။ မေဓာဝီ၊ ကြောင်းကျိုးသိမြင် ပညာရှင်သည်။ သီလံ၊ ကိုယ်မှာ ပတ်ကပ်ကျင့်ကြံအပ်သည့် မြင့်မြတ်လှစွာသော သီလကို။ ရက္ခေယျ၊ အပေါက်အပြောက် အစွန်းအကွက်မရှိရအောင် ရည်ဆောင်စောင့်ရှောက်ရာသတည်း။
---
“လကုဏ္ဍကဘဒ္ဒိယထေရာပဒါန်”
၁၆၄။ “ပုရေ စေ မေ ဝရံ ဒဇ္ဇာ၊ သော စေ လဗ္ဗေထ မေ ဝရော။
ဂဏှေယျံ သဗ္ဗလောကဿ၊ နိစ္စံ ကာယဂတာသတိံ”။
ဗုဒ္ဓ၊ မြတ်စွာဘုရားသည်။ မေ၊ ငါ့အား။ ဝရံ၊ ဆုမြတ်ကို။ စေ ဒဇ္ဇာ၊ အကယ်၍ ပေးခဲ့အံ့။ မေ၊ ငါသည်။ သော ဝရော၊ ထိုမြတ်စွာဘုရား ပေးအပ်သောဆုကို။ စေ လဗ္ဗေထ၊ အကယ်၍ လက်ခံရရှိမည်ဆိုအံ့။ အဟံ၊ ဘဒ္ဒိယဟု နာမတွင်ဆန်း ငါရဟန်းသည်။ သဗ္ဗလောကဿ၊ တွက်ရေမဆုံး တလောကလုံး၏။ ကာယဂတာသတိံ၊ ၃၂-ဝ ကောဋ္ဌာသ၌ ကာယဟု မှတ်သတိမြတ်ကို (ဝါ) ကာယမှတပါး ကိုးစားဖွယ်ရာ အနှစ်သာရ ဘာမျှမရှိ အနိစ္စ အနတ္တ သုညတဓာတ် ပရမတ္ထသဘောကို နှိုင်းဆဖမ်းမိ အမှတ်ရခြင်း သတိကို။ ဂဏှေယျံ၊ ဝမ်းမြောက်ကြည်ဖြူ အရယူမည်သာလျှင်တည်း။
---
“အပေါ်ယံကြည့် သြဃသာ”
၁၆၅။ ယေ မံ ရူပေန ပါမိံသု၊ ယေ စ ဃောသေန အနွဂူ။
ဆန္ဒရာဂဝသူပေတာ၊ န မံ ဇာနန္တိ တေ ဇနာ။
၁၆၆။ အဇ္ဈတ္တံ န ဝိဇာနာတိ၊ ဗဟိဒ္ဓါ စ န ပဿတိ။
သပဝရဏော ဗာလော၊ သ ဝေ ဃောသေန ဝုယှတိ။
၁၆၇။ အဇ္ဈတ္တံ န ဝိဇာနာတိ၊ ဗဟိဒ္ဓါ စ ဝိပဿတိ။
ဗဟိဒ္ဓါ ဖလဒဿာဝီ၊ သောပိ ဃောသေန ဝုယှတိ။
စာမျက်နှာ-120
၁၆၈။ အဇ္ဈတ္တဉ္စ ပဇာနာတိ၊ ဗဟိဒ္ဓါ စ ဝိပဿတိ။
အနာဝရဏဒဿာဝီ၊ န သော ဃောသေန ဝုယှတိ။
မံ၊ လကုဏ္ဍကဘဒ္ဒိယဟု ပုက္ခသေးကွေး အမြင်သေး၍နေသော ငါရဟန်းကို။ ယေ၊ ပြင်ပမြင်ဆန်း လူရှင်ရဟန်းတို့က။ ရူပေန၊ အပြင်မြင်ရ သွင်ရူပဖြင့်။ ပါမိံသု၊ ပြက်ရယ်ပြုကာ ပြောင်လှောင်လာကုန်၏။
ယေ စ၊ အပြင်အပ မြင်ရသွင်ဆန်း လူရှင်ရဟန်းတို့က။ မံ၊ ငါကို။ ဃောသေန၊ ကရဝိက်မြည်ဟန် ကြိုးကြာသံအလား ကြားရသမျှ နားဝရွှင်ကြည် ပြီပြီသသ ကြည်မြကြသော သဒ္ဒအသံဖြင့်။ ပါမိံသု၊ အဆန်းအပြား အံ့တပါးအနေ ထင်မှတ်ကြပေကုန်၏။
ဆန္ဒရာဂဝသူပေတာ၊ ကာမစ္ဆန္ဒ တပ်ရာဂဖြင့် စွတ်စိုကြကုန်သော။ တေ ဇနာ၊ များပြားသောင်းသောင်း ထိုပုထုဇဉ်အပေါင်းတို့သည်။ မံ၊ ငါ့ကို။ န ဇာနန္တိ၊ ကိလေသာအာသဝေါ ခွာမျှာပယ်သတ် ရဟန္တာအရှင်မြတ်ဟူ၍ အတပ်ထင်ထင် မသိမြင်ကြလေကုန်။
ယော၊ အကြင်သူသည်။ အဇ္ဈတ္တဉ္စ၊ အတွင်းသဘာဝ အဇ္ဈတ္တကိုလည်း။ န ဝိဇာနာတိ၊ မသိပေ။ ဗဟိဒ္ဓါ စ၊ အပြင်သဘာဝ ဗဟိဒ္ဓကိုလည်း။ န ပဿတိ၊ နစ်နာဖွေရှာ ဉာဏ်ပညာဖြင့် မမြင်ပေ။ သပဝရဏော (သို့မဟုတ် သမန္တာဝရဏော)၊ ထက်ဝန်းကျင်မှ ပိတ်ဆို့အပ်သော။ ဗာလော၊ ပညာမဲ့ငြား ထိုလူမိုက်သားသည်။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဃောသေန၊ ငါ၏သာယာချိုမြ သဒ္ဒအသံကြောင့်။ ဝုယှတိ၊ အသံပေါ်မှာ သာယာတပ်မက် မြှေးယှက်တွယ်တာ တဏှာရမ္မက်ဖြင့် မျောလျက်သာ နေရှာလေသတည်း။
ယော၊ အကြင်သူသည်။ အဇ္ဈတ္တဉ္စ၊ အတွင်းသဘာဝ အဇ္ဈတ္တကိုလည်း။ န ဝိဇာနာတိ၊ မသိပေ။ ဗဟိဒ္ဓါ စ၊ အပြင်သဘာဝ ဗဟိဒ္ဓကိုကား။ ဝိပဿတိ၊ မျက်ဝါးထင်ထင် မြင်သိပေ၏။ ဗဟိဒ္ဓါဖလဒဿာဝီ၊ ပြင်ပမူဟန် သွင်သဏ္ဌာန်သာ မြင်လာတတ်သော။ သောပိ၊ ထိုလူမိုက်သည်လည်း။ မံ၊ လကုဏ္ဍကဘဒ္ဒိယဟု နာမတင့်ဆန်း ငါရဟန်းကို။ ဃောသေန၊ သာယာချိုမြ သဒ္ဒအသံကြောင့်။ ဝုယှတိ၊ အသံပေါ်မှာ သာယာတပ်မက် မြှေးယှက်တွယ်တာ တဏှာရမ္မက်ဖြင့် မျောလျက်သာ နေရှာလေသတည်း။
ယော စ၊ အကြင်သူသည်ကား။ အဇ္ဈတ္တဉ္စ၊ အတွင်းအဇ္ဈတ္တ သဘာဝကိုလည်း။ ပဇာနာတိ၊ ဉာဏ်ဖြင့်ထွင်းဖောက် အသိအမြင် ရောက်ပေ၏။ ဗဟိဒ္ဓါ စ၊ အပြင်က ဗဟိဒ္ဓကိုလည်း။ ဝိပဿတိ၊ ဉာဏ်ဖြင့်ဆင်ခြင်-
စာမျက်နှာ-121
သိမြင်ပေ၏။ အနာဝရဏဒဿာဝီ၊ ဟန့်တားပိတ်ကာ ဘာမျှမရှိ တွင်းပြင်သိ၍ အရိယနွယ်ဇာတ် ဓာတ်သဘာဝအမှန် အသိဉာဏ်ပေါက် အလင်းရောင်ရောက်ပေ၏။ သော၊ တွင်းပြင်မြင်သိ ထိုပညာရှိသည်။ ဃောသေန၊ ကြည်သာချိုမြ သဒ္ဒအသံကလေးမျှဖြင့်။ န ဝုယှတိ၊ အသံပေါ်မှာ သာယာတပ်မက် မြှေးယှက်တွယ်တာ တဏှာရမ္မက် မျောပါးလျက် မနေတော့သည်သာတည်း။
---
၁၆၉။ “လူမိုက်များ အာသဝေါ”
ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ၊ အကိစ္စံ ပန ကယိရတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။
*(သောကောလိဝံသထေရ်)*
ယံ ကိစ္စံ၊ တိတိကျကျ ပြုအပ်လှသည့် တရားဓမ္မ ကိုယ့်ကိစ္စကိုကား။ အပဝိဒ္ဓံ၊ ချွတ်ယွင်းချက်ဖောက် ရောက်ကမယ် ရှောင်ဖယ်၍နေပေ၏။ အကိစ္စံ ပန၊ မပြုသင့်မပြုအပ် လေးရပ်သောပစ္စည်း အနည်းနည်း၌ သိမ်းဆည်းတွယ်တာခြင်းရာ ကိစ္စအဝဝကိုကား။ ကယိရတိ၊ ပြုသင့်မသင့် နှိုင်းချင့်ဘဲ အတင့်ရဲကာ ပြုမိရှာလေ၏။ ဥန္နဠာနံ၊ ကျူရိုးပမာ အနှစ်မပါဘဲ အကာသီးသီး လေဟုန်စီးကာ မြင့်မောက်၍နေကုန်သော။ ပမတ္တာနံ၊ ဘဝင်မြင့်မောက် မေ့လျော့ခြင်းသို့ ရောက်ကုန်သော။ တေသံ၊ ကုသိုလ်တရား ပေါ့ပါးနေကြ ထိုဗာလတို့အား။ အာသဝါ၊ ကာမာသဝ စသည်ထွေပြား ကိလေသာများသည်။ ဝဍ္ဎန္တိ၊ နေ့တိုင်းနေ့တိုင်း ရေလှိုင်းသို့ပမာ တိုး၍သာ လာကြလေကုန်သတည်း။
---
၁၇၀။ “လွတ်လမ်းကို ဟောဒီမှာ”
ပဉ္စ ကာမဂုဏာ လောကေ၊ မနောဆဋ္ဌာ ပဝေဒိတာ။
ဧတ္ထ ဆန္ဒံ ဝိရာဇေတွာ၊ ဧဝံ ဒုက္ခာ ပမုစ္စတိ။
ပဉ္စ ကာမဂုဏာ လောကေ၊ ကာမဂုဏ်ငါးပါးဟု ဆိုအပ်သော လောက၌လည်းကောင်း။ ဆဋ္ဌာ၊ ခြောက်ခုမြောက်။ ပဝေဒိတာ၊ ဆိုအပ်သော ဓမ္မလောကေ၊ ပညတ် ပရမတ် နှစ်ရပ်စုပုံ ဓမ္မာရုံဟု ဆိုအပ်သော လောက၌လည်းကောင်း။ ဧတ္ထ၊ ယခုဖော်ပြ ငါးဝအာရုံ ကာမဂုဏ်နှင့် တုပညတ်ခေါ် ဓမ္မာရုံဟူသော ခြောက်စုံခြောက်ဝ ခြောက်နာရမ္မဏ၌။ ဆန္ဒံ၊ တပ်မက်နှစ်-
စာမျက်နှာ-122
သက်စွဲလျက် အာသာမခွဲခွာရက်သော လောဘရမ္မက်ကို။ ဝိရာဇေတွာ၊ တရားဘာဝနာ မြတ်ဓမ္မာဖြင့် ဖယ်ခွာပြီး၍။ ဧဝံ၊ ဤသို့ဝေးစွာ ဘာဝနာဖြင့် အာသာမဖက် ဖယ်ကာထွက်ပြီးသော်။ ဒုက္ခာ၊ ကိုယ်စိတ်နှစ်ဖြာ လွန်စွာပူကဲ ဝဋ်ဆင်းရဲမှ။ ပမုစ္စတိ၊ သန္တိသုခံ နိဗ္ဗာန်အမတ လွန်အေးမြရာသို့ ဘဝအဖုံဖုံ လွတ်မြောက်တော်မူလေကုန်သတည်း။
---
၁၇၁။ “အမြတ်ဆုံးဆိုတာ ဘာလဲ”
ကိံသုဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊ ကိံသု သုစိဏ္ဏံ သုခမာဝဟတိ။
ကိံသု ဟဝေ သာဓုတရံ ရသာနံ၊ ကထံဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ။
*(အာဠဝကသုတ် - ခုဒ္ဒကပါဌ)*
ဂေါတမ၊ ဂေါတမနွယ်ဖွား အို-မြတ်စွာဘုရား။ ဣဓ၊ ဤလောက၌။ ပုရိသဿ၊ ယောက်ျားကိုပင် အဦးတင်၍ ထို့ပြင် မိန်းမ များလှသောင်းသောင်း လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း၏။ သေဋ္ဌံ ဝိတ္တံ၊ အဖိုးမဖြတ် အလွန်ပင်မြတ်လှသော ရတနာများစွာ ဆတရာမျှ ပိုသာလှသည့် အနှစ်ထိုက်တန် ရတနာမွန်ဟူသည်။ ကိံသု၊ အဘယ်သို့သော ရတနာမျိုး ဖြစ်ပါသနည်း။ သုစိဏ္ဏံ၊ ကြိမ်ဖန်များစွာ လေ့လာအားထုတ် ပွားများအပ်သော။ ကိံသု၊ အဘယ်သို့သော တရားသည်။ သုခံ၊ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို။ အာဝဟတိ၊ မပင်မပမ်း ချမ်းသာလွယ်ကူ ပို့ဆောင်တော်မူနိုင်ပါသနည်း။ ရသာနံ၊ စားသုံးစရာ အရသာမှန်သမျှတို့တွင်။ ကိံသု၊ ဘယ်လိုဆိုရိုး ဘယ်လိုအမျိုးအစားသော အရသာသည်။ သာဓုတရံ၊ အကောင်းဆုံး အမွန်မြတ်ဆုံး ဖြစ်ပါသနည်း။ ဇီဝိတံ၊ လောကလူ့ရွာ ဘုံဓမ္မတာတွင် ကြုံလာခက်ခဲ အသက်မွေးမှု အစုစုတွင်။ ကထံဇီဝိံ၊ ဘယ်လိုမျှော်တွေး အသက်မွေးရခြင်းသည်။ သေဋ္ဌံ၊ အကောင်းဆုံး အမွန်မြတ်ဆုံး ဖြစ်ပါလေသနည်း။
---
၁၇၂။ “အမြတ်ဆုံးတရား”
သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
သစ္စံ ဟဝေ သာဓုတရံ ရသာနံ၊ ပညာဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ။
*(အာဠဝကသုတ် - ခုဒ္ဒကပါဌ)*
စာမျက်နှာ-123
ဣဓ၊ ဤလောက၌။ ပုရိသဿ၊ ယောက်ျား၏။ သေဋ္ဌံ ဝိတ္တံ၊ အမြတ်ဆုံးသော ရတနာမည်သည်။ သဒ္ဓါ၊ ရတနာသုံးတန် ကံ ကံ၏အကျိုး တရားမျိုးကို ကိုးယုံကြည်ခုံ တည်သတ်မှတ်သည့် သဒ္ဓါဆိုသည့် ဓာတ်အကြည် ဖြစ်ပါပေ၏။ ဓမ္မော သုစိဏ္ဏော၊ မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန္ဓာ ပရိယတ် ဆယ်ပါးသော တရားတော်မြတ် (ဝါ) မကောင်းမှုရှား ကောင်းမှုပွား၍ စိတ်ထားစင်ဖြူ ယဉ်ကျေးမှု သတ်မှတ်သည့် တရားတော်မြတ်ကို ကောင်းစွာကျင့်အပ်သည်ရှိသော်။ သုခံ၊ ချမ်းသာကို။ အာဝဟတိ၊ ပို့ဆောင်တတ်ပါပေ၏။ ရသာနံ၊ အရသာတို့တွင်။ သစ္စံ၊ တော်တည့်မှန်ကန် လမ်းညွှန်ပြုအပ်သော သစ္စာဆိုသည့် တရားတော်မြတ်သည်။ သာဓုတရံ၊ အမွန်မြတ်ဆုံး ဖြစ်ပါပေသတည်း။ ဇီဝိတံ၊ အသက်မွေးမှု အစုစုတွင်။ ပညာဇီဝိံ၊ ပညာဖြင့် အသက်မွေးခြင်းကို။ သေဋ္ဌံ ဇီဝိတံ၊ လောကသာရေး အသက်မွေးခြင်းဟု အလေးပေးကာ ခေါ်ဆိုထိုက်ပါပေသတည်း။
> ဆောင်ပုဒ်
> ဤလောကမှာ၊ သဒ္ဓါသာ၊ ဥစ္စာအမြတ်ဆုံး။
> လေ့ကျက်ပွားရာ၊ တရားမှာ၊ ချမ်းသာအမြတ်ဆုံး။
> စားဖွယ်သောက်ရာ၊ အရသာ၊ သစ္စာအမြတ်ဆုံး။
> အသက်မွေးရာ၊ အဖြာဖြာ၊ ပညာအမြတ်ဆုံး။
---
၁၇၃။ “ဘယ်လိုကူးမည်နည်း”
ကထံသု တရတိ ဩဃံ၊ ကထံသု တရတိ အဏ္ဏဝံ။
ကထံသု ဒုက္ခံ ပစ္စေတိ၊ ကထံသု ပရိသုဇ္ဈတိ။
*(အာဠဝကသုတ် - ခုဒ္ဒကပါဌ)*
ဂေါတမ၊ ဂေါတမနွယ်ဖွား အို-မြတ်စွာဘုရား။ ဩဃံ၊ ကာမ ဘဝ ဒိဋ္ဌိ အဝိဇ္ဇာ လေးဖြာကြမ်းလှ ဝဲသြဃကြီးကို။ ကထံသု၊ အဘယ်သို့လျှင်။ တရတိ၊ ကူးသန်းထုတ်ခြောက် ဟိုဘက်ကမ်းရောက်အောင် စွမ်းဆောင်နိုင်ပါသနည်း။ အဏ္ဏဝံ၊ ခန္ဓာ ဓာတ် အာယတန အစဉ်မပြတ် ဖြစ်လတ်သံသာ သမုဒ္ဒရာကြီးကို။ ကထံသု၊ အဘယ်သို့လျှင်။ တရတိ၊ ကျော်ပေါက်ရောက်ကူး စွမ်းဆောင်တော်မူနိုင်ပါသနည်း။ ဒုက္ခံ၊ ဘဝဒုက္ခ ပူပန်ခြင်း ဆင်းရဲခြင်းတို့ကို။ ကထံသု၊ အဘယ်သို့လျှင်။ အတိစ္စေတိ၊ ကျော်လွန်လွတ်မြောက်တော်မူနိုင်ပါသနည်း။ ကိလေသေဟိ၊ တထောင့်ငါးရာ ကိလေသာအပူမှ။ ကထံသု၊ အဘယ်သို့လျှင်။ ပရိသုဇ္ဈတိ၊ စင်ကြယ်သန့်ရှင်းတော်မူနိုင်ပါသနည်း။
စာမျက်နှာ-124
၁၇၄။ “ဟောဒီဖောင်နှင့် ကူး”
သဒ္ဓါယ တရတိ ဩဃံ၊ အပ္ပမာဒေန အဏ္ဏဝံ။
ဝီရိယေန ဒုက္ခမစ္စေတိ၊ ပညာယ ပရိသုဇ္ဈတိ။
*(အာဠဝကသုတ်)*
အာဠဝက၊ ဒေါသမျက်မာန် ခက်ထန်ပြင်းလှ အို-ကုမ္ဘဏ္ဍ အာဠဝက။ ဩဃံ၊ သြဃလေးဖြာ အဏ္ဏဝါကို။ သဒ္ဓါယ၊ ရတနာသုံးတန် ကံ ကံ၏အကျိုး တရားမျိုးကို အားကိုးယုံကြည် ခုံတည်သတ်မှတ် သဒ္ဓါဓာတ်ဖြင့်။ တရတိ၊ ကူးမြောက်နိုင်ပါပေ၏။ အဏ္ဏဝံ၊ ခန္ဓာ ဓာတ် အာယတန အစဉ်မပြတ် ဖြစ်လတ်သံသာ ဂမ္ဘီရအဏ္ဏဝါကို။ အပ္ပမာဒေန၊ ရုပ်နာမ်ဓမ္မ သင်္ခါရ၌ ခဏမမေ့ ဓမ္မလေ့ကို နေ့စဉ်ရှုမှတ် သတိဓာတ်ဖြင့်။ တရတိ၊ ကူးမြောက်နိုင်ပါပေ၏။ ဒုက္ခ၊ ဝဋ်ဆင်းရဲဒုက္ခကို။ ဝီရိယေန၊ အရိုးကြေကြေ သားရေခန်းခ မဆုတ်တမ်းဟု စွမ်းကြိတ်ဖန် သမ္မပ္ပဓာန် လုံ့လဝီရိယဖြင့်။ အစ္စေတိ၊ ကျော်လွန်နိုင်ပါပေ၏။ ပညာယ၊ ရုပ်နာမ်ဖြစ်ဟန် ဘာမှကို ဧကန်ဆုံးဖြတ် သိနိုင်တော်သည့် ဥဒယဗ္ဗယ မြတ်သောဉာဏ်ဖြင့် (ဝါ) ပညာတို့တွင် အထွတ်တပ်သည့် အရဟတ္တမဂ် ရွှေဉာဏ်တော်မြတ်ဖြင့်။ ပရိသုဇ္ဈတိ၊ ကိလေသာညစ်ကြေး အကုန်ဆေး၍ စင်ကြယ်သန့်ရှင်းတော်မူနိုင်ပါပေ၏။
---
၁၇၅။ “ခြင်္သေ့မင်းပမာ တင့်တယ်စွာ”
ဥပဓီသု သမတိက္ကန္တော၊ အာသဝေဟိ အပလိတ္တော။
သီဟောသိ အနုပါဒါနော၊ ပဟီနဘယဘေရဝေါ။
*(သုတ္တနိပါတ် ပါဠိတော်)*
ဝီရ၊ ကြီးမြတ်လှသည့် လုံ့လဝီရိယနှင့် မုချမသွေ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။ တေ၊ ရှင်တော်မြတ်ဘုရားသည်။ ဥပဓီသု၊ ကိလေသာဟူ မြူညစ်ကြေး တပူတို့ကို။ သမတိက္ကန္တော၊ ဖယ်ခွာလွန်မြောက် သန့်စင်ခြင်းသို့ ရောက်တော်မူပါပေ၏။ တေ၊ ရှင်တော်မြတ်ဘုရားသည်။ အာသဝေဟိ၊ ကာမာသဝ စသည်ရစ်မှေး အညစ်အကြေးတို့ကို။ အပလိတ္တော၊ ဖောက်ခွဲသုတ်သင် နုတ်ထွင်ဖျက်ဆီးအပ်ပေပြီ။ အနုပါဒါနော၊ စွဲလမ်းတွယ်တာ ဘာမျှတစိ မရှိကင်းပျောက် သန့်စင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍။ ပဟီနဘယဘေရဝေါ၊ ထိတ်လန့်ကင်းခြင်း ရန်ဘေးရှင်းပြီး-
စာမျက်နှာ-125
သည်ဖြစ်၍။ သီဟောသိ၊ သားများသနင်း ခြင်္သေ့မင်းသဖွယ် တင့်တယ်စမ္ပယ်တော်မူလှပါပေ၏။
---
၁၇၆။ “ရေညှိမကပ် ရွှေဝတ်ကြာပမာ”
ပုဏ္ဍရီကံ ယထာ ဝဂ္ဂူ၊ တောယေ န ဥပလိမ္ပတိ။
ဧဝံ ပုညေ စ ပါပေ စ၊ ဘဂဝါ နူပလိမ္ပတိ။
ပါဒေ ဝီရ ပသာရေဟိ၊ သဘိယော ဝန္ဒတိ သတ္ထုနော။
*(သုတ္တနိပါတ်)*
ဘဂဝါ၊ ကြည်လင်သန့်ရှင်း ဂုဏ်အသင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ပုဏ္ဍရီကံ၊ ဖူးပွင့်အာကာ ဒုမ္မာနိမိတ် ကြာပုဏ္ဍရိက်သည်။ ဥဒကေပိ၊ ရေ၌မှီကာ ပေါက်ဖွားလာရပါသော်လည်း။ တောယေ၊ ရေ၌။ န ဥပလိမ္ပတိ ယထာ၊ မလိမ်းမတင် သန့်ရှင်းစင်ကြယ်သကဲ့သို့။ ဧဝံ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ ပုညေ စ၊ ကုသိုလ်၌လည်းဖြစ်စေ။ အပုညေ စ၊ အကုသိုလ်၌လည်းဖြစ်စေ။ ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရဟု သုံးမည်ငြား အဘိသင်္ခါရဆိုသည့် ဝဋ်တရား၌။ တွံ၊ ဘုရားသခင် အရှင်မြတ်ဘုရားသည်။ န ဥပလိမ္ပတိ၊ မလိမ်းမကျံ လွန်စွာသန့်ရှင်း အပြစ်ကင်းတော်မူပါပေသည်ဘုရား။ ဝီရ၊ ကြီးမြတ်လုံ့လ ဝီရိယနှင့် မုချမသွေ ပြည့်စုံပေငြား အရှင်မြတ်ဘုရား။ ပါဒေ၊ ခြေတော်အစုံ ကြာပဒုံတို့ကို။ ပသာရေဟိ၊ ဆန့်ထုတ်တော်မူပါဘုရား။ သဘိယော၊ သဘိယဟု နာမထင်ပေါ် ဘုရားတပည့်တော်သည်။ သတ္ထုနော၊ အရှင်မြတ်ဘုရား၏။ ပါဒေ၊ ခြေတော်အစုံ ကြာပဒုံတို့ကို။ ဝန္ဒတိ၊ ဦးဖြင့်ထိကာ ရိုသေစွာဖြင့် ဂါရဝချီ ရွှင်ကြည်ဝမ်းသာ ရှိခိုးလိုက်ပါ၏ဘုရား။
---
၁၇၇။ “ပြည့်စုံချမ်းသာ ပျက်လာဆင်းရဲ”
ကာမံ ကာမယမာနဿ၊ တဿ စေတံ သမိဇ္ဈတိ။
အဒ္ဓါ ပီတိမနော ဟောတိ၊ လဒ္ဓါ မစ္စော ယဒိစ္ဆတိ။
တဿ စေ ကာမယမာနဿ၊ ဆန္ဒဇာတဿ ဇန္တုနော။
တေ ကာမာ ပရိဟာယန္တိ၊ သလ္လဝိဒ္ဓေါဝ ရုပ္ပတိ။
*(ကာမသုတ်)*
ကာမယမာနဿ၊ ဟိုမှာဒီမှာ ထွေလာထူးဆန်း အခန်းခန်းသော ကာမဂုဏ်ငါးပါးအာရုံကို ခုံတမင်မင် ခပ်များများ လိုလား၍နေသော။ တဿ၊ ကာမ-
စာမျက်နှာ-126
သဘော နစ်နာမသိ လိုက်လျောမိသည့် ထိုသူအား။ တံ ကာမံ၊ သူလိုသမျှ ထိုကာမသည်။ စေ သမိဇ္ဈတိ၊ အကြောင်းလုံလောက် ပြည့်စုံမြောက်သည်ရှိသော်။ မစ္စော၊ ကာမသဘာဝ ပျက်ရမည့်သဘော မတွေးတောနိုင်သော ထိုလူသည်။ ယဒိစ္ဆတိ၊ မိမိလိုရာ ထိုဥစ္စာကို ရလေပြီဟူ၍။ အဒ္ဓါ၊ မချွတ်။ ပီတိမနော၊ စိတ်တွင်စွဲငြိ ပီတိလွှမ်းခြုံ သိမ့်သိမ့်တုန်လောက် ခုန်ပေါက်ဝမ်းသာ ဖြစ်မိနေရှာလေ၏။
ကာမယမာနဿ၊ (ပ) သော။ ဆန္ဒဇာတဿ၊ အာသာငင်ငင် လိုချင်ဆန္ဒ ငမ်းငမ်းထလျက်နေသော။ တဿ ဇန္တုနော၊ အပျက်ကိုပင် မမြင်နိုင်အား အဖြစ်ကိုသာ အားကိုးထားလျက် မပျက်တော့မည့် ပုံအသွင် တွင်တွင်ကြည့်၍ ပီတိဖြစ်နေသော ထိုသူအား။ တေ ကာမာ၊ ဖြစ်လျှင်ပျက်မြဲ မလွဲမှန်လှ ငါးဝအာရုံ ထိုကာမဂုဏ်တို့သည်။ ပရိဟာယန္တိ၊ မလွဲမသွေ ပျက်ကြေဆုံးရှုံး လုံးလုံးကွယ်ပျောက် နောက်ဆုံးရောက်သော်။ သလ္လဝိဒ္ဓေါဝ၊ နှလုံးသားတွင် မြားစူးဝင်သကဲ့သို့။ ရုပ္ပတိ၊ တဆွေဆွေ လူးလဲ၍ မူးလောက်အောင် အရူးပမာ ဆင်းရဲရှာလေတော့သတည်း။
> ဆောင်ပုဒ်
> ကာမတရား၊ ကြိုးစားရှာ။
> ရလာတုန်းတော့၊ ပြုံး၍ပျော်ကာ။
> အဖြစ်ဆုံးလို့၊ ပျက်သုဉ်းခါ။
> နှလုံးမြိုက်၊ ပူလှိုက်လောင်ဆွေးရှာ။
---
၁၇၈။ “တောတောင်ထဲဝယ် ပျော်မွေ့ဖွယ်”
နီလဗ္ဘဝဏ္ဏာ ရုစိရာ၊ သီတဝါရီ သုစိန္ဓရာ။
ဣန္ဒဂေါပကသန္တန္တာ၊ တေ သေလာ ရမယန္တိ မံ။
*(ထေရာပဒါန်ပါဠိတော် - ဝနဝစ္ဆထေရ်)*
နီလဗ္ဘဝဏ္ဏာ၊ တိမ်မဲညိုရောင် မြူမှောင်ယှက်သန်း တိမ်ညွန့်ပန်းကို ဆင်မြန်းလျက်ရှိကုန်သော။ ရုစိရာ၊ နှစ်သက်ဖွယ်ရာ လွန်စွာအေးမြလှပေကုန်သော။ သီတဝါရီသုစိန္ဓရာ၊ အေးမြကြည်လင် မိုးကောင်းကင်ကို အလျင်မပြတ်ဆောင်ပေတတ်ကုန်သော။ ဣန္ဒဂေါပကသန္တန္တာ၊ သိကြားကွမ်းသွေး နီထွေးလျှံလျှံ ပိုးပရံတို့ဖြင့် အတင့်အတန် ကူးသန်းယှက်သန်း ဟိုဒီ-
စာမျက်နှာ-127
လှမ်းကာ ဖုံးလွှမ်းအပ်ကုန်သော။ တေ သေလာ၊ လှိုင်းအဆင့်ဆင့်ပမာ နိမ့်မြင့်ကာဖြင့် သွယ်ဖြာပတ်ဝန်း ထိုတောင်တန်းတို့သည်။ မံ၊ အဖော်မဲ့ခင် တောရိပ်သွင်ကို ခိုဝင်ကြည်မနသီ ဆင်မြန်းသည့် ငါရဟန်းကို။ ရမယန္တိ၊ သန္တိသုခ ဧမြချမ်းသာ ဘာဝနာဖြင့် လွန်စွာမသွေ မွေ့လျော်စေကုန်သည်တကား။
> ဆောင်ပုဒ်
> သိကြားကွမ်းသွေး၊ နီထွေးလျှံလျော်။
> အိုးဝေသံညောင်း၊ ဥဒေါင်းသံသာ။
> နေခြည်မသန်း၊ စိမ့်စမ်းမြိုင်မှာ။
> သဲ၊ ပျော်စရာ့ တောဝနာ။
---
၁၇၉။ “အိုးဝေသံသာ တောဝနာ”
နီလာ သုဂီဝါ သိခိနော၊ မောရာ ကာရဝိယံ အဘိနဒန္တိ။
တေ သီတဝါတကီဠိတာ၊ သုတ္တံ ဈာယံ နိဗောဓေန္တိ။
*(ထေရာပဒါန်ပါဠိတော် - စိတ္တကထေရ်)*
နီလာ၊ မှင်ပိုတုံးရောင် ညိုမှောင်ပြက်သန်း အဆင်ဆန်းကုန်သော။ သုဂီဝါ၊ ရွှေမုရိုးစည် လည်တန်သွယ်သွယ် တင့်တယ်လှဆန်း ရှုမခန်းကုန်သော။ သိခိနော၊ ဦးစွန်းမှေးမှင် အလှဆင်အပ်ကုန်သော။ မောရာ၊ အိုးဝေ အိုးဝေ တောဝနေ၌ သံခြေရင့်ညောင်း ရွှေဥဒေါင်းတို့သည်။ သီတဝါတကီဠိတာ၊ လေချိုသွေးသွေး အေးအေးမြမြ သီဆိုကကြကုန်လျက် (ဝါ) သီဆိုကကြကုန်သော အသံတို့သည်။ သုတ္တံ ဈာယံ၊ ဈာန်ယာဉ်ပျော်မွေ့ ရသေ့ရဟန်း ကျိန်းစက်ခန်းကို။ နိဗောဓေန္တိ၊ နှိုးပေးကြလေကုန်သည်တကား။ (ဝါ) စောင်းပတ်သာ တူရိယာသံလွင် မတုယှဉ်သာ ညင်သာသည့် မာဂဓဖြင့် သဘာဝအနေ နှိုးပေးကြလေကုန်သတည်း။
> ဆောင်ပုဒ်
> သူတော်ရဟန်း၊ စိတ်ချမ်းမြေ့စရာ။
> သစ်သီးဆွမ်းနှင့်၊ သင်္ကန်းငယ်မှာ။
> ဘာဝနာဓလေ့၊ ပျော်မွေ့ကာသာ။
> ဘေးမသန်း၊ အေးချမ်းတောဝနာ။
စာမျက်နှာ-128
၁၈၀။ “အပြတ်ရအောင်ဝယ်”
အဇရံ ဇီရမာနေန၊ တပ္ပမာနေန နိဗ္ဗုတိံ။
နိမ္မိနိယံ ပရမံ သန္တိံ၊ ယောဂက္ခေမံ အနုတ္တရံ။
*(ဃောသယထေရ်)*
ဘိက္ခဝေ၊ အေးမှုဒေးရာ အေးခွင့်ရှာ၍ သာသနာမြတ် အရိပ်ဓာတ်ဝယ် ဆည်းကပ်ခိုလှုံ ပြည်တံ့အပ မြန်းကြွလိုကြောင်း တရားနာပရိသတ်အပေါင်းတို့။ ဇီဝိတမာနေန (သို့မဟုတ် ဇီရမာနေန)၊ မအိုချင်ငြား ဆေးဝါးဝိဇ္ဇာ ဂါထာဖြင့် ပါမရ အို၍သာလာသော ခန္ဓာကိုယ်ဖြင့်။ အဇရံ၊ မအိုရာမှန် အလွန်တရာ မွန်မြတ်လှစွာသော။ ပရမံ သန္တိံ၊ အကေတ အအေးဆုံး လုံးလုံးချမ်းမြ အလွန်မြတ်လှစွာသော။ ယောဂက္ခေမံ၊ ယောဂလေးဖြာ ကုန်ဆုံးရာဖြစ်သော။ အနုတ္တရံ၊ ပြိုင်သူဆိုင်သူ နိုင်သူဘယ်မှာ မရှိပါဘဲ အမြဲသာလျှင် တုမယှဉ်နိုင်သော နိဗ္ဗာနံ၊ ကိလေသာငြိမ်း ဝဋ်ဇာတ်သိမ်း၍ အောင်ကိန်းမည်မှန် မြတ်နိဗ္ဗာန်ကို။ နိမ္မိနိယံ၊ လဲလှယ်ဖလှယ် ဝယ်ယူလိုက်ရာ၏။ တပ္ပမာနေန၊ တနှစ်သက်သက် တမက်မက်နှင့် စိတ်လက်ပူလောင် အပူကောင်ဖြစ်သော ခန္ဓာဖြင့်။ နိဗ္ဗုတိံ၊ အေးမြချမ်းသာ ခေမာအမတ မြတ်သုခကို။ နိမ္မိနိယံ၊ အခွင့်သင့်ရာ ဤသာသနာဝယ် လဲလှယ်ကာသာ ဝယ်လိုက်ရာသတည်း။
> ဆောင်ပုဒ်
> အိုတတ် နာတတ်၊ သေတတ်ခန္ဓာ။
> ပူလောင်တတ်တဲ့၊ တကဲ့ခန္ဓာ။
> အဆိုးနှင့်၊ အဖိုးတန်ရာ။
> နိဗ္ဗာန်မြတ်၊ လဲတတ် ဝယ်ယူပါ။
*မှတ်ချက်။ ။ အချို့ဂါထာများမှာ ရိုးရိုးအနက်မျှဖြင့်သာ သင့်တော်၍ အနက်အဓိပ္ပာယ်မျှသာ ပေးပါသည်။ လင်္ကာနက် မပေးတော့ပါ။*
---
၁၈၁။ “အရဟံအနက်”
အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပါနိ၊ အရဟံ တေန ဝုစ္စတိ။
*(ပါရာဇိက အဋ္ဌကထာ)*
စာမျက်နှာ-129
တဿ တထာဂတဿ၊ ရှေးရှေးဘုရား အရှင်များသို့ ဆယ်ပါးပါရမီ စုံအညီကို လေးလီအသင်္ချေ ကမ္ဘာသိန်းကမ္ဘာကို ရှောင်သွေမလွှဲ အားအန်ခံလျက် ရဲရင့်တည်ကြည် ဖြည့်ဆည်လာငြား ထိုမြတ်စွာဘုရား၏။ (ဝါ) မြတ်စွာဘုရားသည်။ အာရကတ္တာ စ၊ ကိလေသာဆိုး အယုတ်မျိုးကို ဖျက်ချိုးပယ်ခွာ ဝါသနာဓလေ့ ထုံငွေ့မကပ် ဝေးတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ သော မုနိ၊ အာဂ၊ နာဂ၊ ပစ္စေကာနှင့် သေက္ခ၊ အသေက္ခ ငါးဝထွဋ်တင် ထိုမုနိသခင်သည်။ ကိလေသာရီနံ၊ ကိလေသာဟူ မာန်မူခင်းကျင်း ရန်သူခပင်းတို့ကို။ ဟတတ္တာ စ၊ အရဟတ္တမဂ် စိန်သံလျက်ဖြင့် ပယ်ဖျက်ခုတ်ထွင် သုတ်သင်သတ်ဖြတ်တော်မူတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဟတသံသာရစက္ကာရော၊ အဝိဇ္ဇာနှင့် တဏှာမူလ သူကစ၍ ဘဝ၊ ဥပါဒါန်၊ ကံ၊ သင်္ခါရ၊ မရဏဟု ဖြစ်မှုမဆုံး လုံးလည်လှည့်ပတ် သံသရာတည်းဟူသော စက်ရဟတ်ကို ဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ပစ္စယာဒီနံ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့ သဒ္ဓါရည်မှန်း လှူဒါန်းအပ်သော ပစ္စည်းတို့ကို။ အရဟတ္တာ စ၊ အပူဇော်မှန် အလှူတော် ခံထိုက်တော်မူသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ရဟော၊ စိတ်ကွယ်ရာ၌။ ပါပါနိ၊ ယုတ်မာညစ်ကျု မကောင်းမှုတို့ကို။ န ကရောတိ၊ ပြုတော်မမူပေ။ တေန၊ ကိလေသာမှ ဝါသနာဓလေ့ ထုံငွေ့မကပ် ဝေးတော်မူတတ်သော ဂုဏ်တော်၊ ကိလေသာမျိုး ရန်သူတို့ကို ပယ်ချိုးသတ်ဖြတ် သုတ်သင်တော်မူတတ်သော ဂုဏ်တော်၊ သဒ္ဓါကြည်ဖြူ ပေးလှူသမျှ လေးဝပစ္စည်း အသီးသီးတို့ကို အနည်းနည်းမှန် အပူဇော်ခံထိုက်သော ဂုဏ်တော်၊ ဆိတ်ကွယ်ရာ၌ ယုတ်မာညစ်ကျု မကောင်းမှုကို မပြုမလုပ်သော ဂုဏ်တော် ဤသို့ဖော်ပြ ဂုဏ်တော်အဝဝကြောင့်။ အရဟံ၊ အရဟံဟူ၍။ ဝုစ္စတိ၊ ကျောင်းကြောင်းဆီလျော် ခေါ်ဝေါ်အပ်ပေသတည်း။
---
၁၈၂။ “မရဏဿတိ”
အစ္စယန္တိ အဟောရတ္တာ၊ ဇီဝိတံ ဥပရုဇ္ဈတိ။
အာယု ခီယတိ မစ္စာနံ၊ ကုန္နဒီနံဝ ဥဒကံ။
*(ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ)*
ဘောန္တော၊ (သင့်ရာ အလုပ်အနက်ကို ထည့်ဆိုပါ) တို့။ အဟောရတ္တာ၊ နေ့ညဉ့်ချိန်တာ အခါကာလ မှန်-
စာမျက်နှာ-130
သမျှတို့သည်။ အစ္စယန္တိ၊ နေ့ညပြောင်းရွှေ့ တရွေ့ရွေ့နှင့် တစေစေမသွေ လွန်သွားကြလေပြီတကား။ ဇီဝိတံ၊ နာမ်ရုပ်နှစ်ရပ် ဖြစ်လတ်တည်ငြိမ် ဇီဝိန်အသက်သည်။ ဥပရုဇ္ဈတိ၊ တရွေ့ရွေ့ ဆွေးမြေ့ရော်ယွင်း အိုမင်း၍သာ လာရလေ၏။ မစ္စာနံ၊ ဝိညာဉ်ထင်လင်း ရှင်ခြင်းထင်ရှား သက်ရှိသတ္တဝါများ၏။ အာယု၊ အသက်သည်။ ခီယတိ၊ တရွေ့ရွေ့မှုန် တမြေ့မြေ့ ကုန်ခမ်းလာလေပြီတကား။ ကုန္နဒီနံ ဥဒကံ ဝ၊ ဥပမာပုံဆို ဘယ်လိုနည်းဟူမူကား ရေအယဉ်နည်းပါး မြစ်ငယ်ချောင်းငယ်များ၏ ရေသည် နွေရာသီတွင်း ဖြေးဖြေးချင်း ခန်းချောက်လာသကဲ့သို့ တရွေ့ရွေ့မသွေ တမြေ့မြေ့ကြေလျက် လေးထွေမရဏ ခံတွင်းဝသို့ ခဏမကြာ ရောက်လာရတော့သည်သာတည်း။
> ဆောင်ပုဒ်
> နေ့ရက်လများ နှစ်ကုန်ပြီ။
> ဝိညာဉ်ထင်လင်း သေမင်းသို့ချီ။
> ပူရှိန်ပြင်းတဲ့ နွေမင်းရာသီ။
> စမ်းရေပေါက်၊ သွေ့ခြောက်ပမာညီ။
---
၁၈၃။ “ဒေါသပယ်နည်း”
အတ္တနော ဝိသယေ ဒုက္ခံ၊ ကတံ တေ ယဒိ ဝေရိနာ။
ကိံ တဿာဝိသယေ ဒုက္ခံ၊ သစိတ္တေ ကတ္တုမိစ္ဆသိ။
*(ဝိသုဒ္ဓိမဂ္ဂ)*
အတ္တနော၊ မိမိ၏။ ဝိသယေ၊ စွမ်းနိုင်လောက်တုံ အာရုံဖြစ်သော အပြင်အပခေါ်ဆို ဤရုပ်ကိုယ်၌။ တေ၊ သင်၏။ ဝေရိနာ၊ ရန်သူသည်။ ဒုက္ခံ၊ ဆင်းရဲကို။ ယဒိ ကတံ၊ အကယ်၍များ ပြုလာအံ့။ တဿ၊ ဆန့်ကျင်ပြုမူ ထိုရန်သူ၏။ အဝိသယေ၊ အရာမဟုတ်သော။ သစိတ္တေ၊ ရန်သူမပိုင် ကိုယ်သာပိုင်သည့်စိတ်၌။ ဒုက္ခံ၊ ဆင်းရဲကို။ ကတ္တုံ၊ ရန်သူအကြိုက် မိမိလိုက်၍ ပြုခြင်းငှာ။ ကိံ ဣစ္ဆသိ၊ အဘယ်ကြောင့် အလိုရှိပါသနည်း။ (ဝါ) ကိံ ဣစ္ဆသိ၊ ဤရုပ်ခန္ဓာ မပိုင်ပါ၍ မနာလိုသူ ရန်သူရန်ဖက် နှိပ်စက်ချင် နှိပ်စက်ပါစေ၊ ကိုယ့်စိတ်ကိုယ်နိုင် ကိုယ်သာပိုင်သည့် မိမိစိတ်တွင်း ဆင်းရဲခြင်းမှုကား အလျဉ်းမသွေ မဖြစ်ပါစေနှင့်။
စာမျက်နှာ-131
၁၈၄။ “အဆိပ်တွေ”
ရူပါ သဒ္ဒါ ဂန္ဓာ ရသာ၊ ဖောဋ္ဌဗ္ဗာ စ မနောရမာ။
ဧတံ လောကေ ဝိသံ ဃောရံ၊ ဧတ္ထ လောကော ဝိမုစ္ဆိတော။
*(ဝိသုဒ္ဓိမဂ္ဂ)*
ဘောန္တော၊ (ပ)။ မနောရမာ၊ စိတ်နှလုံးကို ရွှင်ပြုံးလာအောင် ဆွဲဆောင်တတ်ကုန်သော။ ရူပါ၊ ဖြူပြာမူယာ အူမှာတုန်အောင် ပုံဆောင်တင့်ဆန်း ရူပါရုံဆိုသည့် အလှပန်းတို့သည်လည်းကောင်း။ သဒ္ဒါ စ၊ ဘဝင်ငြိစရာ သုတိသာသည့် ရင်မှာမြေ့ သဒ္ဒအသံတို့သည်လည်းကောင်း။ ဂန္ဓာ စ၊ မွှေးပျံ့သင်းထုံ ဂန္ဓာရုံဟု ဖုံဖုံထွေပြား အနံ့များသည်လည်းကောင်း။ ရသာ စ၊ ချိုဆိမ့်စပ်ဖန် ခါးငန်ထွေပြား စားစရာဖုံဖုံ အာရုံကို နိုးဆွသည့် ရသဖုံဖုံ အာရုံများသည်လည်းကောင်း။ ဖောဋ္ဌဗ္ဗာ စ၊ အကြောတထောင် စိမ့်လောက်အောင် အိစွဲငြိဖွယ်ရာ ဖောဋ္ဌဗ္ဗာဟု အတွေ့အထိ အစုစုသည်လည်းကောင်း။ ဧတံ၊ ဖော်ပြပြီးသမျှ ငါးဝကာမဂုဏ် အာရုံအစုသည်။ လောကေ၊ အာရုံနှင့်မကင်းသမျှ ပုထုဇဉ်လူ့ဗာလတို့၏။ ဃောရံ ဝိသံ၊ အလွန်တရာမှ ပြင်းထန်လှသော လတ်တလောလက်ငင်း ချက်ချင်းမနေ သေစေတတ်သည့် အဆိပ်ပါပေတည်း။ လောကော၊ တလောကလုံးသည်။ (ဝါ) အာရုံနှင့်မကင်းသမျှ တရုံးရုံးနှင့် တပြုံးလုံးထနေသည့် ဤလောကသည်။ ဧတ္ထ၊ ယခုဖော်ပြ ငါးဝအာရုံ ကာမဂုဏ်အဆိပ်အတောက်ဖြင့်။ ဝိမုစ္ဆိတော၊ မေ့မူး၍ နေပေ၏။ (ဝါ) ဝိမုစ္ဆိတော၊ မြူးခွင့်က ကြုံချင်စရာ ဘုံသင်္ခနယ်ဓလေ့မှာဖြင့် ဂုဏ်တင်စရာ ဘယ်မရွေ့ပြီဟု မျှော်-မူးမူးမေ့မေ့နှင့် အရူးဓလေ့တွေ ထွန်းကားပြီး အရမ်းသမားတွေ ဖြစ်၍ နေကြလေကုန်သတည်း။
> ဆောင်ပုဒ်
> ရူပ သဒ္ဒ၊ ဂန္ဓ ရသာ။
> ဖောဋ္ဌဗ္ဗာဟု၊ ငါးဝကာမာ။
> အဆိပ်လူးလို့၊ ရစ်မူးနေရှာ။
> မူးမူးမေ့မေ့၊ ရူးလေ ဤလူ့ရွာ။
---
၁၈၅။ “အဆိပ်မလူးလို”
နာဟံ ဧတေန အတ္ထိကော၊ သုခိတော ဓမ္မရသေန တပ္ပိတော။
ပိတွာ ရသဂ္ဂမုတ္တမံ၊ န စ ကာဟာမိ ဝိသေန သန္တဝံ။
*(ဗကထေရ်)*
စာမျက်နှာ-132
အဟံ၊ ဖန်ဝါဆင်မြန်း ရဟန်းဘဝ တောရကစား ကျင့်လမ်းဖြာ၍ ဘာဝနာဓလေ့ တရားမွေ့ကာ ချမ်းမြေ့စွာဖြင့် နေရပါသောငါသည်။ ဧတေန၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗဟု ငါးဝအာရုံ ကာမဂုဏ်ဓလေ့ အဆိပ်ငွေ့ဖြင့်။ န အတ္ထိကော၊ အနည်းငယ်မျှ အလိုမရှိပါပေ။ ဓမ္မရသေန၊ ဓမ္မရသ မြတ်သုခဖြင့်။ တပ္ပိတော၊ ဘာမျှမလို အပိုဆန္ဒ မတောင့်တဘဲ ရောင့်ရဲ၍သာလျှင်။ သုခိတော၊ ကိုယ်ရောစိတ်ပါ ဘေးမသန်း ချမ်းလှပါပေ၏။ ရသဂ္ဂမုတ္တမံ၊ အရသာတို့တွင် အထွတ်တင်သည့် မည်တွင်သတ်မှတ် အမြိုက်ဓာတ်ကို။ ပိတွာ၊ မနောဟဒယ ခံတွင်းဝဖြင့် သုခချမ်းသာ ဝလင်စွာ သောက်သုံးရပြီးမှ။ ဝိသေန၊ အဆိပ်တခွက် ပျားတစက်ပုံ ငါးအာရုံဓလေ့ အဆိပ်ငွေ့နှင့်။ သန္တဝံ၊ ကပ်ယှဉ်ပေါင်းတွဲ မှီဝဲခြင်းကို။ န စ ကာဟာမိ၊ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဥပမာနှယ်လျှင် တကယ်ပင် မလိုချင်တော့သည်သာတည်း။
---
၁၈၆။ “မြားစူးခံရသူ”
ပင်္ကာတိ နံ ပဝေဒယုံ၊ ဝန္ဒနပူဇနံ ကုလေသု။
သုခုမံ သလ္လံ ဒုဗ္ဗုဟံ၊ သက္ကာရော ကာပုရိသေန ဒုဇ္ဇဟော။
*(ပိဏ္ဍောလဘာရဒွါဇထေရာပဒါန်)*
ကုလေသု၊ မင်းစိုးသူကြွယ် အသွယ်သွယ်အဝဝ ဒကာဒကာမတို့၌။ ယာယံ ဝန္ဒနပူဇနာ၊ အကြင် ရှိခိုးကော်ရော် ပူဇော်ပသ သက္ကာရမှု ပြုစုခြင်းသည်။ အတ္ထိ၊ ရှိ၏။ နံ၊ ထိုသို့ ရှိခိုးကော်ရော် ပူဇော်ပသ သက္ကာရမှု ပြုစုခြင်းကို။ ဟိ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ပင်္ကာ၊ သက်ဆင်းမိလျှင် ပြန်၍တက်ရန် အလွန်တရာ ခဲယဉ်းလှသော ညွှန်စေးညွှန်ပျောင်းဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပဝေဒယုံ၊ ဟောကြားပြသ ဆိုဆုံးမတော်မူကြလေကုန်ပြီ။ ဧတံ၊ ရှိခိုးကော်ရော် ပူဇော်ပသ လာဘသာရ သိလောကသည်။ သုခုမံ၊ အလွန်တရာ သိမ်မွေ့သော။ ဒုဗ္ဗုဟံ၊ ပယ်နှုတ်ရန် အလွန်ပင် ခဲယဉ်းလှစွာသော။ သလ္လံ၊ တဖြည်းဖြည်းချင်း ခန္ဓာတွင်းဝယ် သိမလွယ်ဘဲ လွန်ဲစူးဝင်၍ နေသော မြားမည်ပါပေ၏။ သက္ကာရော၊ လာဘသက္ကာရ သိလောကဟု ပစ္စယဓမ္မ နှစ်ဝသောအလှူ ပူဇော်ပသ ခံယူရခြင်းကို။ ကာပုရိသေန၊ အလကားစာရင်း ယောက်ျားဖျင်းသည်။ ဒုဇ္ဇဟော၊ စွန့်ပယ်ရန် အလွန်မတန် ခဲယဉ်းလှပါပေ၏။
စာမျက်နှာ-133
၁၈၇။ “ကောင်းကောင်းအိပ်ရသူ”
သုခံ သုပန္တိ မုနယော၊ ယေ ဣတ္ထီသု န ဗဇ္ဈရေ။
သဒါ ဝေ ရက္ခိတာသု၊ ယာသု သစ္စံ သုဒုလ္လဘံ။
ယေ မုနယော၊ ကိလေသာနှင့် တဏှာမဖက် မရောယှက်ဘဲ သက်သက်ကြည်လင် သန့်စင်ကုန်သော အကြင်ရဟန်းတော်တို့သည်။ သစ္စံ၊ သစ္စာတရားကို။ သုဒုလ္လဘံ၊ ရခဲရုံတင် မကချင်ဘဲ အလွန့်အလွန် ရခဲလှသော။ (ဝါ) သစ္စာမဲ့ကုန်သော။ သဒါ၊ အမြဲမပြတ်။ ရက္ခိတာသု၊ မျက်စိအောက်က မပျောက်ရအောင် စောင့်ရှောက်မှသာလျှင် မဖောက်မပြန် တော်တန်ရုံရှိကုန်သော။ ဣတ္ထီသု၊ လော်လည်ဖောက်ပြား မှောက်မပြတ် မယုံကြည်အပ်သော တလျှပ်လျှပ်ပွေလီ အတည်မကျ ထိုမိန်းမတို့၌။ န ဗဇ္ဈရေ၊ မငြိမတပ် တဏှာငတ်ဖြင့် မစွဲလန်းတတ်ကုန်။ တေ၊ ကိလေသာနှင့် တဏှာမဖက် မရောယှက်ဘဲ သက်သက်ကြည်လင် သန့်စင်ကုန်သော ထိုရဟန်းတော်အရှင်မြတ်တို့သည်။ သုခံ၊ ဘေးဘရမ်းမသန်း စိတ်စက်အေးချမ်းစွာ။ သုပန္တိ၊ အိပ်ပျော်တော်မူကြကုန်၏။ (ဝါ) သုပန္တိ၊ ကိလေသာဇာတ်ယုတ်မာကို ဖြတ်ထုတ်ကာ ဖယ်ခွာထားတာကြောင့် တရားဓမ္မ အဖေသဟာ လျော်စွာကျင့်သည့်နည်းတွေကြောင့် ပျော်ပျော်ကြီး အိပ်စက်တော်မူနိုင်ကြလေကုန်သတည်း။
---
၁၈၈။ “မာရ်နတ်ထောင်ထားသော ကျော့ကွင်း”
မီဠှတ္ထု ပူရေ ဒုဂ္ဂန္ဓေ၊ မာရပက္ခေ အဝဿုတေ။
နဝ ဃောတာနိ တေ ကာယေ၊ ယာနိ သန္ဒန္တိ သဗ္ဗဒါ။
ယေ စ ခေါ ဗာလာ ဒုမ္မေဓာ၊ ဒုမ္မန္တီမောဟပါရုတာ။
တာဒိသာ တတ္ထ ရမ္မန္တိ၊ မာရခိတ္တမှီ ဗန္ဓနေ။
*(နန္ဒကထေရာပဒါန်)*
တေ၊ ဝတ်စားပြင်ဆင် အလှဆင်၍ တင့်တယ်လှပ မာန်မာနဖြင့် တကြွကြွတသသ နေသော သင်၏။ ကာယေ၊ သုံးဆယ်နှစ်ဝ ကောဋ္ဌာသဟု ပေါင်းစုထားရာ ကိုယ်ခန္ဓာ၌။ မီဠှတ္ထု၊ ရွံရှာဖွယ် တကယ်စက်ဆုပ်စရာတွေ ပါတကား။ ဒုဂ္ဂန္ဓပူရေ၊ အနံ့ဆိုးနှောင်း ခိုအောင်း၍ နေသော။ မာရပက္ခေ၊ ကိလေသာမာရ် တွင်းပရန်၏ လက်ဝေခံမင်း အသင်းအပင်းဖြစ်သော။ အဝဿုတေ၊ တဏှာရေမိုး သောက်စိုတွေ့တော့-
စာမျက်နှာ-134
စိုစွတ်၍နေသော။ တေ၊ သင်၏။ ကာယေ၊ (ပ) ၌။ သဗ္ဗဒါ၊ ဘယ်ခါမလပ် ဒလစပ်သာလျှင်။ နဝ သောတာနိ၊ ကိုးပေါက်သော အမာဝမှ စီးကျယိုယို တစိုစိုဖြင့် ထိုထိုဤဤ မသတီစရာ မစင်မကြယ်သည့် အရာရှိသည်။ သန္ဒန္တိ၊ မစင်အိုးကြီး ယိုကျနည်းဖြင့် တဒီးဒီး စီးယိုကြလေကုန်၏။ ယေ တာဒိသာ၊ အကြင်သို့ သဘောရှိကုန်သော။ ဒုမ္မေဓာ၊ ပညာမဲ့ကင်း အလွန်ဖျင်းကုန်သော။ ဒုမ္မန္တိ၊ ရှေ့နောက်တိုင်းထွာ ပညာမဲ့ကင်း အလွန်ပျင်းကုန်သော။ မောဟပါရုတာ၊ မောဟပိတ်ဖုံး လုံးလုံးမမြင် အကန်းအသွင် ဖြစ်ကုန်သော။ ဗာလာ၊ ရာဂစရိုက်များ အကြင်ငမိုက်သားတို့သည်။ အတ္ထိ၊ ရှိကုန်၏။ တာဒိသာ၊ ရာဂစရိုက်များ ထိုငမိုက်သားတို့သည်။ မာရခိတ္တမှိ၊ ငမိုက်သားတွေ မိပစေဟု မသေမယွင်း ထိုမာရ်မင်းက ပစ်ချထားအပ်သော။ ဗန္ဓနေ၊ အသုဘကောင် သုဘမောင်ဖြင့် မရုန်းနိုင်အောင် ဖွဲ့နှောင်အပ်သော။ တတ္ထ၊ အပေါ်ယံတွင် အလှဆင်၍ ထဲတွင်ပုပ်သော အသုဘ၌။ ရမ္မန္တိ၊ တပ်မက်မောကြကုန်၏။ (ဝါ) ရမ္မန္တိ၊ ဗာလအမိုက်အမဲတွေမှာ ရာဂစရိုက်စွဲကာ မွဲပြာကျဒါကြောင့် တကထဲပါ ကဲလာရဒမြို့ မခွဲသာမခွာရက်အောင် မက်မောတွယ်တာ၍ နေကြလေကုန်သတည်း။
---
၁၈၉။ “မြွေဟောက်မ”
ရူပါ သဒ္ဒါ ဂန္ဓာ ရသာ၊ ဖောဋ္ဌဗ္ဗာ စ မနောရမာ။
ပဉ္စ ကာမဂုဏာ ဧတေ၊ ဣတ္ထိရူပသ္မိံ ဒိဿရေ။
ယေ ဧတေ ဥပသေဝန္တိ၊ ရတ္တစိတ္တာ ပုထုဇ္ဇနာ။
ဝဍ္ဎန္တိ ကသိဏံ ဃောရံ၊ အာစိနန္တိ ပုနဗ္ဘဝံ။
*(သဗ္ဗကာမိထေရာပဒါန်)*
မနောရမာ၊ စိတ်နှလုံးကို ရွှင်ပြုံးလာအောင် ဆွဲဆောင်တတ်ကုန်သော။ ရူပါ စ၊ ဖြူပြာမူယာ အူမှာတုန်အောင် ပုံဆောင်တင့်ဆန်း ရူပါရုံဆိုသည့် အလှပန်းတို့သည်လည်းကောင်း။ သဒ္ဒါ စ၊ ဘဝင်ငြိစရာ သုတိသာသည့် ရင်မှာအေးမြ သဒ္ဒအသံတို့သည်လည်းကောင်း။ ဂန္ဓာ စ၊ မွှေးပျံ့သင်းထုံ ဂန္ဓာရုံဟု အဖုံဖုံထွေပြား အနံ့များသည်လည်းကောင်း။ ရသာ စ၊ ချိုဆိမ့်စပ်ဖန် ခါးငန်ထွေပြား စားစရာအဖုံဖုံ လျာအာရုံကို နှိုးဆွသည့် ရသဓာတ်အဖုံဖုံ အာရုံများသည်လည်းကောင်း။ ဖောဋ္ဌဗ္ဗာ စ၊ အကြောတထောင် စိမ့်လောက်အောင် အိစွဲငြိဖွယ်ရာ ဖောဋ္ဌဗ္ဗာဟု အတွေ့အထိ အစုစုသည်လည်းကောင်း။ ဧတေ ပဉ္စ ကာမဂုဏာ၊ မလွတ်ရအောင် ဖွဲ့နှောင်ချည်ပတ် ငါးရပ်အာရုံ ထိုကာမဂုဏ်တို့သည်။ ဣတ္ထိ-
စာမျက်နှာ-135
ရူပသ္မိံ၊ တဖိန်းဖိန်းသ တကိန်းပြီးတကိန်းပြနေတဲ့ မိန်းမဆိုတဲ့ သတ္တဝါ၌။ ဒိဿရေ၊ အထင်အရှား အင်အားကြီးစွာ ထိလာလျှင် ပေါက်လိုက်မတဲ့လို့ မြွေဟောက်မပမာ ကြောက်စရာကောင်းလောက်အောင် အမောက်ထောင်ကာ စောင့်စား၍ နေကုန်၏။ ပုထုဇ္ဇနာ၊ ပုထုဇဉ်ဟု လူ့ခွင်ထင်ရှား ကိလေသာပေါများတဲ့ အန္ဓဗာလ သတ္တဝါများသည်၊ ရတ္တစိတ္တာ၊ ဂျိတ်ကိုမမြင် အစာမင်၍ တွင်တွင်စိတ်ထဲ ကြိတ်ခံတပ်မက် လောဘထွက်ကြကုန်သည်ဖြစ်၍။ ဧတေ၊ တဖိန်းဖိန်းနှင့် ချယ်လိမ်းဆင်သ အလှပြ၍ နေကြကုန်သော ထိုမိန်းမတို့ကို။ ဥပသေဝန္တိ၊ ရာဂဓာတ်ချင်း ပူးကပ်သွင်း၍ ချင်းနင်းမှီဝဲကြလေကုန်၏။ တေ၊ ထိုရာဂစရိုက် ငမိုက်သား ပုထုဇဉ်တို့သည်။ ဃောရံ ကသိဏံ၊ အလွန်တရာ ကြမ်းတမ်းသော သူသေမြှုပ်နှံ သုသာန်ကို။ ဝဍ္ဎန္တိ၊ ခဏမအား သေဖန်များသဖြင့် တိုးပွားစေကုန်၏။ ပုနဗ္ဘဝံ၊ ဘဝသံသရာ အဆက်များစွာကို။ အာစိနန္တိ၊ မရပ်မနား စည်ကားအောင် လုပ်ဆောင်၍သာ နေလေတော့သတည်း။
> ဆောင်ပုဒ်
> ရူပါရုံဆန်း၊ ဗန်းပြဟန်ဆောင်။
> အာရုံငါးပါး၊ စွမ်းအားကိုဆောင်။
> တဖိန်းဖိန်းသ၊ မိန်းမသူယောင်။
> မြွေဟောက်မ မှတ်ကြ၊ အဆိပ်ကောင်။
---
၁၉၀။ “ဘေးရန်ပတ်လည် ဝိုင်းနေသည်”
အဝိဇ္ဇာယ နိဝုတော လောကော၊ စတုဂန္ထေန ဂန္ထိတော။
ဩဃသံသီဒနော ကာယော၊ အနုသယဇာလောတ္ထတော။
*(ကပ္ပထေရာပဒါန်)*
ဘောန္တော၊ (ပ) တို့။ ကာယော၊ ရုပ်နာမ်နှစ်ရပ် ပေါင်းစပ်တည်ထောင် ဤကိုယ်ကောင်ကို။ အဝိဇ္ဇာယ၊ အမှန်မသိ အမှားသိမြင် လမ်းဆိုးထွင်းသည့် အဝိဇ္ဇာတရားသည်။ နိဝုတော၊ အမှန်မပေါက် အမှားရောက်အောင် ပိတ်ဖုံးဆီးတား၍ နေလေသည်တကား။ စတုဂန္ထေန၊ အတင်းအကြပ် ရစ်ပတ်ထားသော ဂန္ထလေးပါးတရားတို့ဖြင့်။ ဂန္ထိတော၊ မလှုပ်သာအောင် မထွက်သာအောင် တုပ်နှောင်ဖွဲ့ကြပ်ထားအပ်ပေသည်တကား။ ဩဃသံသီဒနော၊ ကာမောဃ၊ ဘဝေါဃနှင့် ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ လေးဖြာနက်နဲ ဂယက်ခဲဝယ် မြုပ်ပဲမြုပ်ကာ-
စာမျက်နှာ-136
ပေါ်မလာအောင် နက်မှောင်၍ နေပေသည်တကား။ အနုသယဇာလောတ္ထတော၊ ကာမရာဂစသည် ကြိတ်နင်းအတွင်းကိန်းဝပ် အနုသယဆိုတဲ့ ပိုက်ကွန်ဓာတ်ဖြင့် ရစ်ပတ်ရှုပ်ထွေး သံသရာဘေးမှ ပြေးမရအောင် ပိုက်လှောင်ဆီးတား၍ ထားပါပေသည်တကား။
> ဆောင်ပုဒ်
> အဝိဇ္ဇာလှိုင်း၊ ပတ်ဝိုင်းနေသည်။
> ဂန္ထလေးပါး၊ ဝိုင်းထားလေပြီ။
> သြဃဝဲထဲ၊ နစ်စွဲကာတည်။
> ဘေးရန်သိုင်း၊ ဝိုင်း၍ထားလေပြီ။
---
၁၉၁။ “ကိုယ့်အလုပ်ကိုယ်လုပ်ပါ”
ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ၊ အကိစ္စံ ပန ကယိရတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။
*(သောဏကောဠိဝိသထေရာပဒါန်)*
ယံ ကိစ္စံ၊ ခန္ဓာငါးဝ ရုပ်နာမ်မျှ၌ ဓမ္မသဘော နစ်နာဖွေရှာ သိစရာမှန် ဧကန်မုချ ပြုရမည့်ကိစ္စကို။ အပဝိဒ္ဓံ၊ ချွတ်လွဲချော်ကာ တော်ရာဖယ်ထား ရှောင်ရှားမပြု လစ်လျူရှု၍ နေတတ်၏။ အကိစ္စံ ပန၊ ကိုယ်နှင့်နှိုင်းနှိမ့် မသင့်မတော် ပြုမလျော်သော လော်လော်လီလီ ဗာဟီရစု လောကီမှုကို။ (ဝါ) လာဘ်ပကာသန ဂုဏ်ဟန်ကြီးမား တရားမရှု အလကားအမှုကို။ ကယိရတိ၊ ကြိုးကြိုးစားစား နေမနားအောင် ပြုဆောင်တတ်ပေ၏။ ဥန္နဠာနံ၊ အနှစ်မပါ အကာသီးသီး အရှည်ကြီးမြှင့်တင် ကျူပင်ပမာ လေမှာလွင့်လွင့် မာနဆင့်၍ တမြင့်တည်းမြင့် မာန်ဟုန်စွင့်၍ နေကုန်သော။ ပမတ္တာနံ၊ လောကီဂုဏ်ဟန် ပကာသနဖြင့် တော်တန်လေပြီ ဟုတ်လှပြီဟု မာန်ဆီရစ်ကာ မေ့မြောရှာသော ထိုလူဖျင်းတို့အား။ အာသဝါ၊ လေးဖြာအာသဝေါ တဏှာတောသည်။ ဝဍ္ဎန္တိ၊ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်မြင့်မူ အပြောလျက် တလူလူ ကြီးပွား၍ လာကြလေကုန်သတည်း။
> ဆောင်ပုဒ်
> ပြုသင့်ကိစ္စ၊ ဓမ္မဆိုလျှင်။
> ပြုရန်လေ၊ မေ့၍နေချင်။
> လာဘ်များမှုကား၊ ပြုအစဉ်။
> အာသဝပွား၊ ထိုသူ့တွင်။
စာမျက်နှာ-137
၁၉၂။ “လွတ်မြောက်စေသူ”
ဗုဒ္ဓဝီရ နမော တျတ္ထု၊ သဗ္ဗသတ္တာနမုတ္တမ။
ယော မံ ဒုက္ခာ ပမောစေသိ၊ အညဉ္စ ဗဟုကံ ဇနံ။
*(မဟာပဇာပတိဂေါတမီထေရာပဒါန်)*
ဗုဒ္ဓ၊ သစ္စာလေးဆူ သရဖူကို ရွယ်ရည်ကိုယ်တိုင် သိတော်မူနိုင်သော။ ဝီရ၊ ကြီးမြတ်လှသည့် လုံ့လဝီရိယနှင့် မုချမသွေ ပြည့်စုံလေငြား မြတ်စွာဘုရား။ တေ၊ ကျေးဇူးဂုဏ်အင် လွန်ပင်ကြီးမားသော ရှင်တော်မြတ်ဘုရားအား။ နမော၊ ရိုသေမြတ်နိုး မာန်ညွှတ်ကျိုး၍ ရှိခိုးလိုက်ပါ၏ဘုရား။ တွံ၊ ရှင်တော်မြတ်ဘုရားသည် (ဝါ) လောကအမြူတေ လူ့အဆွေဟု ပရမေအထွတ် တမွတ်ခေါင်ဖျား ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗသတ္တာနံ၊ လုံးစုံများစွာ သတ္တဝါတို့ထက်။ ဥတ္တမ၊ ထူးကဲသာလွန် အမှန်တပ် အထွတ်ခေါင်ဖျား မြင့်မားတော်မူပါပေသည်တကား။ ယော တွံ၊ ရှင်တော်မြတ်ဘုရားသည်။ မံ၊ ပဇာပတိဂေါတမီဟု နာမည်မှည့်ခေါ် တပည့်တော်မကို။ ဒုက္ခာ၊ သံသရာဝဋ်ထဲ ပြင်းကဲပိတ်လှောင် ဒုက္ခဘောင်မှ။ ပမောစေသိ၊ ကောင်းစွာမသွေ လွတ်မြောက်တော်မူစေလေပြီ။ အညံ၊ တပည့်တော်မှ တစ်ခြားတစ်ပါးသော။ ဗဟုကံ ဇနံ၊ များစွာသောင်းသောင်း သတ္တဝါအပေါင်းကိုလည်း။ ဒုက္ခာ၊ (ပ) မှ။ ပမောစေသိ၊ ကောင်းစွာမသွေ လွတ်မြောက်တော်မူစေပါသည်တကား။
---
၁၉၃။ “ဟဲ-သေမင်း ရက်စက်လေခြင်း”
ဟာ ယောဂါ ဝိပ္ပယောဂန္တာ၊ ဟာ အနိစ္စာ သဗ္ဗသင်္ခတာ။
ဟာ ဇီဝိတံ ဝိနာသန္တံ၊ ဣစ္ဆာသိ ပရိဒေဝနာ။
*(မဟာပဇာပတိဂေါတမီထေရာပဒါန်)*
ဘောန္တော၊ စည်းဝေးရောက်လာ များစွာသောင်းသောင်း နတ်လူအပေါင်းတို့။ ယောဂါ၊ ဆက်ဆံပေါင်းသင်း အချင်းချင်းတို့ မှီတင်းနေကြ သဘာဝသည်။ ဝိပ္ပယောဂန္တာ၊ သေကွဲရှင်ကွဲ နှစ်ကွဲနှစ်ဖုံ ခွဲရခြင်းသာလျှင် အဆုံးရှိကုန်သည်တကား။ ဟာ၊ ရင်တဒိတ်ဒိတ် တထိတ်ထိတ်ခုန် နှလုံးတုန်စရာ ကောင်းလှပေသည်တကား။ သဗ္ဗသင်္ခတာ၊ ပြုပြင်သမျှ ဖြစ်လာရသည့် သင်္ခါရတရားမှန်သမျှသည်။ ဟာ အနိစ္စာ၊ ရင်တထိတ်ထိတ် တဒိတ်-
စာမျက်နှာ-138
ဒိတ်ခုန် နှလုံးတုန်စရာ ကောင်းလှပါသည်တကား။ ဇီဝိတံ၊ ဝိညာဉ်ထင်လင်း သက်ရှင်ခြင်းသည်။ ဟာ ဝိနာသန္တံ၊ ရင်တဒိတ်ဒိတ် တထိတ်ထိတ်ခုန် နှလုံးတုန်စရာ ဟာ-သေခြင်းသာ အဆုံးရှိပါပေသည်တကား။ (ဟာ ယောဂါ ဝိပ္ပယောဂန္တာ၊ ဟာ အနိစ္စာ သဗ္ဗသင်္ခတာ၊ ဟာ ဇီဝိတံ ဝိနာသန္တံ)။
ဣတိ၊ ဤသို့။ ပရိဒေဝနာ၊ ယောင်ယမ်းဟစ်ဆို ငိုယိုခြင်းသည်။ အမိအရှင်မကြီး နိဗ္ဗာန်နန်းကို ခိုမှီးသောအခါ ကျန်ရှာရစ်သူ နတ်လူဗြဟ္မာ သတ္တဝါတွေ ဖြစ်၍သာ နေရရှာပါတော့သည်ဘုရား။
*(ဘုန်းကြီးပျံစသည်၌ သံဝေဂကထာ၊ လွမ်းတကထာများအဖြစ် အလွန်အသုံးတည့်ပါသည်။ အလွတ်ရေးဖွဲ့သည့် ရစနာဂတာမဟုတ်၊ ပါဠိတော်လာဖြစ်၍လည်း အလွန်လေးနက်ပါသည်။)*
---
၁၉၄။ “မီးထဲမှ ဆွဲထုတ်ပါ”
အာဒိတ္တသ္မိံ အဂါရသ္မိံ၊ ယံ နီဟရတိ ဘာဇနံ။
တံ တဿ ဟောတိ အတ္ထာယ၊ နော စ ယံ တတ္ထ ဒယှတိ။
ဧဝံ အာဒိတ္တကော လောကော၊ ဇရာယ မရဏေန စ။
နီဟရေထေဝ ဒါနေန၊ ဒိန္နံ ဟောတိ သုနီဟတံ။
*(သံယုတ္တပါဠိတော်)*
အဂါရသ္မိံ၊ လူတို့နေရာ အိမ်ဂေဟာကို။ အာဒိတ္တသ္မိံ၊ တဟုန်းဟုန်းနှင့် ဟစ်ကြွေးကျော်ဟီး ညီးညီးတောက်ပြောင် မီးကြီးလောင်သည်ရှိသော်။ ယံ ဘာဇနံ၊ အကြင်အိုးခွက်စသည်ကို။ နီဟရတိ၊ လက်လှမ်းမှီရာ ဆွဲရမ်းကာဖြင့် မြန်သုတ်သုတ် ဆွဲထုတ်ယူလာခဲ့ပေ၏။ တတ္ထ၊ ထိုမီးလောင်ရာ အိမ်ဂေဟာ၌။ ယံ၊ အကြင် အတင်းဆွဲကာ ထုတ်ယူလာသည့် ရရာပစ္စည်း အသီးသီးသည်။ နော ဒယှတိ၊ မီးလောင်ရာထဲ မပါဘဲနှင့် လွတ်မြဲလွတ်ကာ လက်ထဲ၌ ပါလာခဲ့ပေ၏။ တံ၊ ထိုမီးလောင်ရာတွင် မပါဝင်ဘဲ လက်ထဲပါသည့် ပစ္စည်းသည်။ တဿ၊ ကံကြမ္မာမီးလောင်စွဲ၍ စိတ်ထဲပူလောင် အပူလောင်ခေါ်ငြား ထိုလူသား၏။ အတ္ထာယ၊ အကျိုးစီးပွားအလို့ငှာ ဖြစ်ပေသကဲ့သို့။
စာမျက်နှာ-139
အသက်ဆက်ကာ ရှင်ရန်အလို့ငှာ။ ဟောတိ၊ သတိထားကာ ရရာပစ္စည်း ဆွဲယူနည်းဖြင့် အပြီးမသွေ ဖြစ်ရလေ၏။ ဧဝံ တထာ၊ ပမာနှိုင်းယူ ထို့အတူသာလျှင်။ လောကော၊ လောကကြီးသည်။ ဇရာယ စ၊ ဇရာဖိစီး အိုခြင်းမီးဖြင့်လည်းကောင်း။ မရဏေန စ၊ ရှောင်ကွင်းမရ မရဏဆိုသည့် မီးဖြင့်လည်းကောင်း။ အာဒိတ္တကော၊ နေ့ရှိသရွေ့လောင် ပြေးရှောင်မလွတ် ဒလစပ် ခံနေရပေ၏။ တသ္မာ၊ ထိုသို့ သင်္ခါရဓမ္မတာ သင်တို့၏ ဥစ္စာကို မကွဲမပြတ် ဒလစပ်ပင် မီးစွဲဝင်နေလေသောကြောင့်။ ဒါနေန၊ ယုတ်မြတ်မဟူ ကြည်ဖြူသဒ္ဓါ ပေးလှူပါရ မြတ်ဒါနဖြင့်။ နီဟရထေဝ၊ ခပ်သုတ်သုတ်ပင် ဆွဲထုတ်ယူငင်လိုက်ကုန်ရာ၏။ ဒိန္နံ၊ ယုတ်မြတ်မဟူ ကြည်ဖြူသဒ္ဓါ ပေးလှူပါရ မြတ်ဒါနသည်။ သုနီဟတံ၊ မီးထဲမပါ ကိုယ်ဥစ္စာကို ကောင်းစွာမသွေ ထုတ်ဆောင်၍ ထားသည်မည်ပါပေသတည်း။
၁၉၅။ “အဆိပ်တခွက် ပျားတစက်”
သာတံ သေဝက္ခဏေ အပ္ပံ၊ တံ ဟေတု အနန္တဒုက္ခံ။
မီဠှော အာသံ ဟနေ ဆိန္ဒ၊ ခုရဓာရမဓူပမေ။
ကာမာ၊ လောကီအာရုံ ကာမဂုဏ်တရားတို့သည်။ သေဝက္ခဏေ၊ မှီဝဲလေရာ ခဏတာ၌။ အပ္ပံ၊ မဆိုလောက်စရာ ခဏသာတည်း အနည်းကလေးမျှ သုခချမ်းသာ ခံစားရပါလျက်။ တံဟေတု၊ မှီဝဲကာသာ ခဏတာမျှ ထိုသုခကလေးကြောင့်။ အနန္တဒုက္ခံ၊ ပျားရည်တစက် အဆိပ်တခွက်သို့ လိုက်ဖက်စရာ မမျှပါဘဲ အနန္တပြင်းကဲ ပိုလွန်သော ဆင်းရဲကို။ အနုဘောတိ၊ မချိမဆန့် လူးလွန့်လျက် ခါးတွန့်ကာသာ ခံစားရရှာ၏။ တသ္မာ၊ ခဏတာမျှ ထိုသုခနှင့် အနန္တပြင်းကဲ ထိုဆင်းရဲကို ငြင်းလဲမရ ခံစားရလေသောကြောင့်။ မီဠှော၊ ရှေ့နောက်ကောင်းကျိုး မျှော်ကိုးသိမြင် ဆင်ခြင်နိုင်ဘိ ပညာရှိသည်။ ခုရဓာရမဓူပမေ၊ သင်တုန်းသွားတွင် ပျားရည်တင်ညှိ နှိုင်းယှဉ်စရာ ဥပမာအလား ငါးပါးအာရုံ ကာမဂုဏ်သုခ၌။ အာသံ၊ တပ်မက်အာသာ မာရ်တဏှာကို။ ဟနေ၊ ပယ်သတ်ရာ၏။ ဆိန္ဒ၊ ရှေ့နောက် ဘေးတော်မတော်ကို အလျော်ယှဉ်ကာ မသင့်ရာမို့ ဖင့်ကာမနေ ဖြတ်တောက်လိုက်ရာပေသတည်း။
စာမျက်နှာ-140
၁၉၆။ “ကိုးကွယ်ရာ မှားသူများ”
*(ဓမ္မပဒ အဂ္ဂိဒတ္တပုဏ္ဏား)*
ဘုရားမြတ်စွာ၊ မပွင့်ခါက၊ ဘာသာမျိုးခြား၊ အစားစားတို့၊ အားထားဖွယ်ရာ အဖြာဖြာကို၊ လိုက်ရှာနေကြ၊ ကြံတွေးဆလျက်၊ မိုးကောင်းကင်၊ သစ်ပင်တောတောင်၊ နေရောင်ကြယ်လ၊ အဝဝကို၊ ပသကာသာ၊ လွတ်ကြောင်းရှာ၏၊ မဟာမောဟ၊ မှားလေစွဲတည့်၊ ဗုဒ္ဓမြတ်စွာ၊ ပွင့်သောခါမှ၊ သစ္စာလေးပါး၊ အားထားဖွယ်ရာ၊ ဖော်ထုတ်လာသည်... တို့မှာ ဝမ်းမြောက်ဖွယ်ပါတကား။
၁၉၇။ ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
မနုဿာ၊ လူအပေါင်းတို့သည်။ ဘယတဇ္ဇိတာ၊ လောကသံသရာ နှစ်ဖြာရန်ဘေး မအေးစရာ ကြောက်လန့်ရှာကြကုန်သည်ဖြစ်၍။ ပဗ္ဗတာနိ စ၊ မြင့်မြင့်မားမား တောင်ထွဋ်များကိုလည်းကောင်း။ ဝနာနိ စ၊ စိမ်းစိမ်းမို့မို့ ထီးထီးတောအုပ်ကြီးများကိုလည်းကောင်း။ အာရာမရုက္ခစေတျာနိ စ၊ အရံတောစိုးသစ်ပင် စသည်တို့ကိုလည်းကောင်း။ ဗဟုံ ဝေ၊ များစွာသော လူတို့သည် စင်စစ်ဧကန် အမှန်အားဖြင့်။ သရဏံ ယန္တိ၊ ဘေးရန်ကွယ်ပျောက် ကောင်းကျိုးရောက်မည် ကြံစိတ်ရည်လျက် မှီခိုဆည်းကပ်ကြလေကုန်၏။
နေတံ ခေါ သရဏံ ခေမံ၊ ဤသို့ ရောက်တတ်ရာရာ အားကိုးရှာလျက် ဖြာဖြာဝါး ကိုးစားခြင်းသည်။ ဘေးကင်းရန်အောင် အကျိုးဆောင်ငြား အားထားကိုးကွယ်ရာသည်။ န ဟောတိ၊ မုချမသွေ မဟုတ်ပါချေ။ နေတံ သရဏမုတ္တမံ၊ (ပ) ကိုးစားခြင်းသည်။ မြတ်သော ကိုးကွယ်အားထား လေးစားလောက်ရာ ရတနာသည်။ န ဟောတိ၊ မုချမသွေ မဟုတ်ပါချေ။ နေတံ သရဏမာဂမ္မ၊ ဤသို့ ယုံကြည်ခုံတည်ထား ကိုးစားခြင်းကို အာဂမ္မ-စွဲ၍။ သဗ္ဗဒုက္ခာ၊ အပြင်းအပြ ဆင်းရဲလှသည့် လောကသံသရာ နှစ်ဖြာလုံးစုံ ဒုက္ခအဖုံဖုံမှ။ န ပမုစ္စရေ၊ ဧကန်ထုတ်ခြောက် လွတ်မြောက်ဖို့ရာ မှန်စွာမသွေ မဟုတ်နိုင်သည်သာလျှင်တည်း။
စာမျက်နှာ-141
၁၉၈။ “ကိုးကွယ်ရာ အစစ်”
ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
*(ဓမ္မပဒ အဂ္ဂိဒတ္တပုဏ္ဏား)*
ယော စ၊ အားထားဖွယ်ရာ ရှာသောခါ၌ ပညာသတိ ရှေ့သွားရှိသည့် အကြင်သူသည်ကား။ ဗုဒ္ဓဉ္စ၊ လေးလီသစ္စာ ခိုင်ရွှေဝါကို ဆရာမကူ သယမ္ဘူဖြင့် ဉာဏ်ယူသိငြား မြတ်စွာဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ ရှင်တော်ဗုဒ္ဓ ဟောဖော်ပြသည့် လေးဝအမှန် မြတ်သစ္စာဟု မုက္ခဖော်ထွက် ဓမ္မစက်ကိုလည်းကောင်း။ သံဃဉ္စ၊ တရားရင်ခွင် မွေးလာတင်၍ မဂ္ဂင်ပဋိပတ် ကျင့်မြတ်ထွဋ်တင် အရိယာနွယ်ဝင် သံဃာရှင်နှင့် မည်တွင်သမျှ ယခုရှိကြ မြတ်သံဃာကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်အားထား လေးစားရာအဖြစ်သို့။ ဂတော၊ ကောင်းစွာမသွေ မြတ်ဓမ္မ၌ တည်နေမျက်မှောက် ဆိုက်ရောက်လေ၏။ စတ္တာရိ၊ သင်္ချာပိုင်းခြား အပြားအားဖြင့် လေးပါးဖြစ်ကုန်သော။ အရိယသစ္စာနိ၊ အရိယာတို့သာ သိကောင်းရာသည့် မှန်ရာထွဋ်ထား သစ္စာတရားတို့ကို။ သမ္မပ္ပညာယ၊ ကောင်းစွာပိုင်းခြား မဂ်ပညာအားဖြင့်။ ပဿတိ၊ ၎င်းပိုင်းခြားခြား ပရိုဏ်းသားလျက် ကသိုဏ်းအသွင် ထင်မြင်သိရှိတော်မူလေ၏။ ဧတံ သရဏံ ခေမံ၊ ဤသို့ သစ္စာသိမြင်ကာဖြင့် ရတနာသုံးပါး အားထားဆည်းကပ် ကိုးကွယ်တတ်ခြင်းသည်။ ဘေးရန်ကင်းကွာ လွတ်မြောက်ရာ အစစ်အမှန်ဖြစ်သော ကိုးကွယ်ရာ အစစ်သည်။ ဟောတိ၊ မုချမသွေ ဖြစ်ပါပေ၏။ ဧတံ သရဏမုတ္တမံ၊ (ပ) သည်။ ကိုးကွယ်မှု မှန်သမျှတို့ထက် ဆထက်ထူးချွန် အလွန်ပင် မြတ်လှသော ကိုးကွယ်ရာ အစစ်အမှန်ပင် ဖြစ်ပေ၏။ ဧတံ သရဏမာဂမ္မ၊ (ပ) ကို အာဂမ္မ-အကြောင်းပြု၍။ သဗ္ဗဒုက္ခာ၊ အပြင်းအပြ ဆင်းရဲလှသည့် လောကသံသရာ နှစ်ဖြာလုံးစုံ ဒုက္ခအဖုံဖုံမှ။ ပမုစ္စရေ၊ ဧကန်ထုတ်ခြောက် အမှန်ပင် လွတ်မြောက်နိုင်ကြလေကုန်သတည်း။ (ဝါ) ပမုစ္စရေ၊ ကိုးကွယ်ရာအစစ်အမှန် ရောက်ပြီမို့ မျိုးနွယ်မဟာ တစ်ဆစ်တစ်ရံဖြင့် မဖောက်ပြီဘုဪ... ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်အဝဝ အမှန်တကယ် ပပျောက်တော်မူကြလေကုန်သတည်း။
စာမျက်နှာ-142
၁၉၉။ “ရှိမနေဘူး ဖြစ်နေတာ”
မဏိနာ အာတပေ စ၊ အညသ္မိံ သမာဂမေ။
ယထာ ဟောတိ တထာ စိတ္တံ၊ ဝတ္ထုလမ္ဗာဒိသင်္ဂမေ။
*(ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ)*
မဏိနာတပေ၊ မှန်ဘီလူးနှင့် နေရောင်ရှိန်သည်။ သမာဂမေ၊ အကြောင်းတိုက်ဆုံ ပေါင်းမိထိမိကုန်သည်ရှိသော်။ အဂ္ဂိ၊ အခိုးပြာမှောင် အရောင်ထိန်လျှပ် မကိုင်နိုင်မကြည့်နိုင်အောင် ပူလောင်သည့် မီးဓာတ်သည်။ ဟောတိ ယထာ၊ ဓာတ်ခိုက်သည့် သဘောဖြင့် လတ်တလောမပါ လက်ငင်းချက်ချင်းပင် ပေါ်လာသကဲ့သို့။ ဧဝံ တထာ၊ မိမိခန္ဓာ ဉာဏ်ဖြင့်ရှာ၍ နမူနာယူ ဤဥပမာနှင့် အလားတူသာလျှင်။ ဝတ္ထုလမ္ဗာဒိ သင်္ဂမေ၊ စက္ခုပသာဒခေါ်သော မျက်စိအကြည်က ရုပ်အခံဓာတ်၊ ရူပါရုံဆိုတဲ့ ပါဠိဓာတ်အရှိကတော့ အဆင်းဓာတ်၊ နှစ်ရပ်တွေ့ကြုံ ဝတ္ထုနှင့်ရူပါရုံမို့ အလိုမဓာတ်ဖို ဇာတ်ခိုက်မှု ဖဿဖျတ်ကနဲ စလိုက်သည်ရှိသော်။ စိတ္တံ၊ နိယာမသဘာဝ ခဏချင်းပေါ်ထင် မြင်တယ်ဆိုသည့် ဒဿနစိတ်၊ ကြားသည့် သဝနစိတ်၊ နံသည့် ဃာယနစိတ်၊ လျက်သည့် သာယနစိတ်၊ ထိသည့် ဖုသနစိတ်၊ အာရုံတစ်ခုကို မတွေ့လျှင် မနေတတ် မနောဝိညာဏ ပရမတ်၊ တစ်လုံးသေ-တစ်လုံးဖြစ် သူ့ဘာသာသူ ဖြစ်ပေါ်နေသည့် ဓာတ်သဘောအစစ်တို့သည်။ အဿ၊ ဤကိုယ်ကာယ အသုဘခန္ဓာထဲ၌ မူလကတည်းက ကြိုကြိုတင်တင် ဘာတစ်ခုမှ ရှိမနေကြပါသော်လည်း။ ဟောတိ၊ လျှပ်စစ်တွေ ပျက်သန်းသကဲ့သို့ ဖြန်းကနဲ ဖြန်းကဲ တစ်ဖြစ်လဲ ဖြစ်၍နေလေ၏။ (ဝါ) ဟောတိ၊ “တိဏ္ဏံ သင်္ဂတိ ဖဿော” ဓာတ်သဘောသဘာဝ လတ်တခဏ လျှပ်သဘော ပမာပြသကဲ့သို့ ဒြပ်သဘော ရှာမရပေဘူး၊ သုဒ္ဓဓမ္မ သက်သက်သော သဘောပါပဲ၊ အဟုတ်ပြစရာ မနောနှင့် တွေးကြည့်တော့ ဒီနှင့်ဟိုနှင့် ဆွယ်မကူးမသန်းပါဘဲ တကယ်ထူးဆန်းစွာ ဓာတ်သားစာရင်းတွေမို့ မျှော်လင့်တော လက်ငင်းဖြစ်ပေါ်၍ လာရလေတော့သတည်း။
---
၂၀၀။ “အနတ္တ... အနတ္တ”
အနတ္တာ မေ ပဉ္စက္ခန္ဓာ၊ ကသိမ္ဗုရိဝ ရိတ္တကာ။
တုစ္ဆာ ဒပ္ပဏဆာယာဝ၊ သုညာ ပက္ခိပထော ယထာ။
*(ဓမ္မပဒ ပါဠိတော်)*
စာမျက်နှာ-143
ဣမေ ပဉ္စက္ခန္ဓာ၊ အကြောင်းဖန်လာခြင်းအရာကြောင့် ဖြစ်လာခဲ့ငြား ဤရုပ်နာမ်တရားတို့သည်။ အနတ္တာ၊ ဘယ်တော့မှ မအိုချင်ပါ၊ ဘယ်တော့မှ မသေချင်ပါ၊ ဖြာဖြာစုပေါင်း ဆုမွန်တွေတောင်းသော်လည်း တောင်းတိုင်းမရ တတိုင်းမဖြစ် ထင်တိုင်းမပေါက် အမှောက်မှောက်အပြန်ပြန် အမှန်အစိုးမရသည့် အနတ္တ၊ အဖတ်မရ အာရကဆိုသည့် အနှစ်မဲ့သော သဘောပါတကား။ ကသိမ္ဗုရိဝ၊ အပြင်ပန်းကြည့်တော့ လှတယ်ထင်၊ အထဲတွင် အနှစ်မရှိ၍ ပကတိဖောက်ပြားတတ်သည့် ခရုယောက်သွားတို့ကဲ့သို့။ ရိတ္တကာ၊ အပေါ်က အုပ်ဖုံး အတွင်းက ဆိတ်သုဉ်း၍ လုံးလုံးအနှစ်ကင်းသော တရားတို့ပါတကား။ ဒပ္ပဏဆာယာဝ၊ သွားဟန်လာဟန် ပြုံးရယ်ဟန်နှင့် သန္တာန်တူစွာ မြင်ရပါသော်လည်း စမ်းကာမတွေ့ ခေါ်၍မထူး ဦးလည်းမညိတ် ဓာတ်ရုပ်ပုံ မှန်တင်ရိပ်ကဲ့သို့။ တုစ္ဆာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခ ဘယ်ခါမှ မပြီးစီးနိုင်၍ အချည်းနှီးသော တရားတို့ပါတကား။ ပက္ခိပထော ယထာ၊ ငှက်များပျံသန်း ကောင်းကင်လမ်းသို့ ကိုင်စမ်းစရာ ဘာမျှမရှိ ဟင်းလင်းအတိသာဖြစ်သော ကောင်းကင်ပြင်ကဲ့သို့။ သုညာ၊ ဘာမျှမရှိ ပကတိအသုံးမကျသည့် သုညဆိုသည့် ဝလုံးသာတည်း။ (ဝါ) သုညာ၊ အသုံးမကျသည့် တရားတွေမို့ အလကားလို့သာ မှတ်လိုက်ကြပေတော့၊ ရုပ်နာမ်နှစ်ပါးဆိုတာ အနတ္တ အနတ္တ အနတ္တ တရားတို့ပါတကား။
> ဆောင်ပုဒ်
> ခန္ဓာငါးဝ၊ အနတ္တမှန်။
> ပေါ်ယံဖုံးအုပ်၊ အဟုတ်ထင်ကာ။
> မှန်တင်ခုံရိပ်၊ နိမိတ်ထင်တာ။
> လုံးလုံးမှ၊ သုံးမကျ အနတ္တာ။
>
> ခန္ဓာငါးဝ၊ ဒုက္ခမှန်တာ။
> ပျားရည်အုပ်ဖုံး၊ အဆိပ်တုံးပမာ။
> တံလျပ်သဘောန္တော၊ လိုက်မောခါခါ။
> ဒုက္ခတုံး၊ မဆုံးနိုင်တော့တာ။
>
> ခန္ဓာငါးဝ၊ အနိစ္စမှန်တာ။
> လျှပ်တပြက်အတွင်း၊ ပျက်ခြင်းများစွာ။
> ဖြစ်ပေါ်ပြီးပျက်၊ ရေပွက်ပမာ။
> အနိစ္စ၊ ဒိဋ္ဌမှတ်ကြပါ။
စာမျက်နှာ-144
၂၀၁။ “စိတ်ဖြင့်ဆေးပါ”
ဇလေန ပကတံ ပင်္ကံ၊ ဇလေနေဝ ဝိသုဇ္ဈတိ။
စိတ္တေန ပကတံ ပါပံ၊ စိတ္တေနေဝ ဝိသုဒ္ဓတိ။
*(ဓမ္မပဒ ပါဠိတော်)*
ဇလေန၊ ကမ္ဘာပြုမိုး ရွာဖြိုးသွန်းစေ့ အာပေါရေကြောင့်။ ပင်္ကံ၊ ညစ်ပတ်ပေကျံ အကြင်ရွှံ့ညွန်သည်။ ပကတံ၊ ဖြစ်ပေါ်လာ၏။ တံ ပင်္ကံ၊ ရေကြောင့်ရင်းခံ ထိုရွှံ့ညွန်ကို။ ဇလေနေဝ၊ ကြောင်းရင်းမှန်ပေ ထိုသည့်ရေဖြင့်သာလျှင်။ ဝိသုဇ္ဈတိ၊ ညစ်ကြေးမတင် စင်ကြယ်နိုင်ပေ၏။ စိတ္တေန၊ အကြောင်းမူလ သူကစသည် ပဘဿရံအခြေခံဟိတ် စိတ်ဆိုသည့် တရားကြောင့်။ ပါပံ၊ ယုတ်မာညစ်ကျု မကောင်းမှု အကုသိုလ်ဒုစရိုက်သည်။ ပကတံ၊ အကြောင်းအားလျော်စွာ ဖြစ်ပေါ်၍လာပေ၏။ တံ ပါပံ၊ ထိုယုတ်မာညစ်ကျု မကောင်းမှု အကုသိုလ်တရားကို။ စိတ္တေနေဝ၊ အကြောင်းမူလ သူကစသည့် ပဘဿရံ ထိုစိတ်ဖြင့်သာလျှင်။ ဝိသုဒ္ဓတိ၊ ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ်ပေ၏။ သူ့ကြောင့်ဘဲမဲ၊ သူ့ကြောင့်ဘဲဖြူ၊ ဇမ္ဗူတလူ သူမတူ အစွမ်းထက်သည့် စိတ်ကိုဖြင့် ကမ္မဋ္ဌာန်းလက်နက် အရှိန်အဝပြပြီးလျှင် နှိမ်ပါမှ တော်ရာကျတော့သည်သာတည်း။
> ဆောင်ပုဒ်
> ရေကြောင့်ဖြစ်ရေး၊ ညစ်ကြေးတင်လျှင်။
> ရေနှင့်ဆေးလို့၊ ညစ်ကြေးဖြူစင်။
> စိတ်ကြောင့်ဖြစ်ရေး၊ ညစ်ကြေးတင်လျှင်။
> စိတ်ဖြင့်ဆေး၊ ညစ်ကြေးဖြူသန့်စင်။
---
၂၀၂။ “နှစ်သစ်ကူးသည့် သစ်ထူးချိန်မှာ”
ဝဿံ ဝုဋ္ဌာ ဝယော ဝုဒ္ဓာ၊ ဇိဏ္ဏာ မရဏသန္တိကာ။
သင်္ခါရာနံ ဘာဝံ ဥဒ္ဓါ၊ ပါပါ စိတ္တံ နိဝါရယ။
ဘော မနုဿာ၊ တစေစေတွေး တရေးရေးပေါ် ခုနော်ချိန်ကောင်း နှစ်ဟောင်းပြောင်း၍ နှစ်သစ်လောင်းမည် ခါကင်းတည်ရာ မင်္ဂလာဟု စဉ်လာပြုညောင်း အိုလူအပေါင်းတို့။ ဝဿံ ဝုဋ္ဌာ၊ တစ်နေ့တစ်နေ့ တရွေ့ရွေ့ပြောင်း တစ်နှစ်အောင်း၍ နှစ်သစ်လောင်းကာ ခုချိန်မှာလျှင် သီတင်းကျွတ်ခဲ့လေပြီ။ (ဝါ) မင်္ဂလာစေမြောက် နှစ်အသစ်-
စာမျက်နှာ-145
ဖြင့် ရောက်ခဲ့ပါလေပြီ။ ဝယော ဝုဒ္ဓာ၊ ဆံဖြူ၊ ခါးကိုင်း၊ နားထိုင်းလို့ သွားကြွေ သားရေယိုယွင်း အိုမင်းခဲ့လေပြီ။ (ဝါ) ဝယော ဝုဒ္ဓာ၊ တစ်နေ့တစ်နေ့ တရွေ့ရွေ့နှင့် ရွှေဘိုသာအို နုမပျိုဘဲ ခုလိုချိန်မှာ ငယ်မူရာတို့ ကွယ်ကာပျောက်ဆုံး နောက်တုန်းကနှင့်မတူ ခုတမူ အရွယ်ကယွင်းသဖြင့် ကြီးပြင်း၍ လာခဲ့ကြရလေကုန်ပြီ။ ဇိဏ္ဏာ မရဏသန္တိကာ၊ အိုတာတွေ ဒလစပ်ဝိုင်းသဖြင့် နာတာက မပြတ်မဆိုင်းမီဟု သေမင်း၏ နယ်ပိုင်းသို့ ခုန်စိုင်းပြေးဝင်၍ လာခဲ့ရလေပြီ။ သင်္ခါရာနံ၊ ဖြစ်ပြန်ပျက်ပြန် နိယာမစစ် တသဲသဲလျှင် အမြဲတွင်တွင် သွားနေသော သင်္ခါရတရားတို့၏။ ဘာဝံ၊ တဖြစ်ဖြစ်နှင့် တသစ်လဲလဲ မီးစာကုန်ဆီခန်းသည့် နည်းကဲ့သို့ မမြဲမှန်လှ အနိစ္စ၊ ဆင်းရဲမှန်လှ ဒုက္ခ၊ အနှစ်မဲ့စု အစိုးမရသည့် အနတ္တဆိုသည့် သဘောကို။ သုဘာဝေတွာ၊ နေ့စဉ်နေ့စဉ် မြဲဆင်ခြင်လျက် တွင်တွင်ကြိုးစား ပွားများအားထုတ်ပြီး၍။ ပါပါ စိတ္တံ၊ ယုတ်မာညစ်ညမ်း လွန်ဟော့ရမ်းသည့် သော့သွမ်းလော်လည် မတည်မကြည်သည့် စိတ်ကို။ နိဝါရယ၊ တားမြစ်လိုက်ကြစမ်းပါလော။ (ဝါ) နိဝါရယ၊ အများမချစ်ပေမယ့် ဘုရားချစ်ဖို့ရာ တကယ်အရေးကြီးသမို့ သစ်ကာကြိုးစား အားထုတ်လိုက်ကြပါကုန်။
> ဆောင်ပုဒ်
> တစ်နှစ်ဟောင်းလို့၊ သစ်လောင်းလေပြီ။
> အဟောင်းအသစ်၊ ပြောင်းလစ်မတည်။
> သစ်ဟောင်းသဘောန္တော၊ နစ်နာကြံစည်။
> နှစ်သစ်ကူး၊ သစ်ထူးချိန်ခါမှီ။
> *(ဝါကျွတ်ပွဲ၊ သင်္ကြန်ပွဲတို့၌ ဟောသည်)*
---
၂၀၃။ ယုဝါ စရေ ဗြဟ္မစရိယံ၊ ဗြဟ္မစာရီ ယုဝါ သိယာ။
ယုဝဿ ဗြဟ္မစရိယံ၊ ဧတံ ဗုဒ္ဓေဟိ ဝဏ္ဏိတံ။
*(ရဋ္ဌပါလသုတ်)*
ဗြဟ္မစရိယံ၊ တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်၍ အားနှင့်မာန်နှင့် မာန်ဟုန်ဖွင့်ကာ အသင့်ကြိုးကုတ် စွမ်းအားထုတ်မှ အလုပ်တွင်ကာ ရသင့်ရာသည့် သာသနာတင့်အပ် ဗြဟ္မစရိယခေါ်သော အကျင့်မြတ်ကို။ ယုဝါ၊ ပျိုမြစ်နုနယ် အင်အားကြွယ်သည့် ငယ်ရွယ်စဉ်အခါက။ စရေ၊ အားမာန်လုံ့လ ဝါယာမဖြင့် မရမနေ ကျင့်ကြံလေရာ၏။ ဗြဟ္မစာရီ၊ တစ်ဆင့်ထက်တစ်ဆင့်-
စာမျက်နှာ-146
မြင့်ထက်မြင့်၍ အားနှင့်မာန်နှင့် မာန်ဟုန်ဖွင့်ကာ အသင့်ကြိုးကုတ် စွမ်းအားထုတ်မှ အလုပ်တွင်ကာ ရသင့်ရာသည့် သာသနာတင့်အပ် အကျင့်မြတ်ကို မလပ်ပုံသေ အားထုတ်နေသော သူသည်။ ယုဝါ သိယာ၊ ပျိုမြစ်နုနယ် အားအင်ကြွယ်သည့် ငယ်ရွယ်သူသာလျှင် အမှန်ဖြစ်သင့်ရာ၏။ ယုဝဿ၊ ပျိုမြစ်နုနယ် အားအင်ကြွယ်သည့် ငယ်ရွယ်သူ၏။ ဧတံ ဗြဟ္မစရိယံ၊ ဤသို့ မြတ်သောအကျင့်ကို ကျင့်ခြင်းကို။ ဗုဒ္ဓေဟိ၊ သိသင့်သိရာ အဖြာဖြာကို သေချာထင်ထင် သိမြင်တော်မူကုန်သော ဘုရားရှင်တို့သည်။ ဝဏ္ဏိတံ၊ သာဓုနုမော် ခေါ်သံတော်ဖြင့် အနော်ဝတသော် ချီးမွမ်းတော်မူပါပေသတည်း။
> ဆောင်ပုဒ်
> အဆင့်အဆင့်၊ မြင့်တဲ့သာသနာ။
> ငယ်ရွယ်သန်တုန်း၊ ကျင့်သုံးလိုက်ပါ။
> မာန်ဟုန်ရွယ်ကွဲ၊ ငယ်တဲ့ချိန်မှာ။
> ကျင့်သူမှ၊ ဗုဒ္ဓချီးမွမ်းတာ။
---
၂၀၄။ “ဖြစ်သင်္ခါရ မဖြစ်နိဗ္ဗာန်”
ဥပ္ပါဒေါ သင်္ခါရာ၊ အနုပ္ပါဒေါ နိဗ္ဗာနန္တိ အဘိညေယျံ။
ပဝတ္တံ သင်္ခါရာ၊ အပ္ပဝတ္တံ နိဗ္ဗာနန္တိ အဘိညေယျံ။
ဇာတိ သင်္ခါရာ၊ အဇာတိ နိဗ္ဗာနန္တိ အဘိညေယျံ။
ဇရာ သင်္ခါရာ၊ အဇရာ နိဗ္ဗာနန္တိ အဘိညေယျံ။
မရဏံ သင်္ခါရာ၊ အမတံ နိဗ္ဗာနန္တိ အဘိညေယျံ။
*(ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်)*
ဥပ္ပါဒေါ၊ ဖြစ်ပေါ်မှုလက္ခဏာရှိသော စိတ်၊ စေတသိက်၊ ရုပ်ပရမတ်တရားသည်။ သင်္ခါရာ၊ သင်္ခါရတရားမည်၏။ အနုပ္ပါဒေါ၊ ဖြစ်ပေါ်မှုလက္ခဏာမရှိသော အသင်္ခတပရမတ်တရားသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။ (ဝါ) ကိလေသာတို့၏ ငြိမ်းအေးကွယ်ပျောက်ခြင်းဖြစ်သော မဂ်ဖိုလ်ဉာဏ်တို့၏ ကိုင်တွယ်ရာ အာရုံဖြစ်သော နိဗ္ဗာန်ပရမတ်တရားမည်၏။ ဣတိ၊ ဤသို့။ အဘိညေယျံ၊ ထူးသော ဝိပဿနာဉာဏ်၊ ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် သိအပ် သိသင့် သိထိုက်ပါပေသတည်း။
စာမျက်နှာ-147
ပဝတ္တံ၊ ဘုံ ၃ ပါး၌ ဖြစ်ပေါ်မှုလက္ခဏာရှိသော ပရမတ်တရားသည်။ သင်္ခါရာ၊ သင်္ခါရတရားမည်၏။ အပ္ပဝတ္တံ၊ ဖြစ်ပေါ်မှုလက္ခဏာမရှိသော ပရမတ်တရားသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။ ဣတိ၊ ဤသို့။ အဘိ (ပ) တို့ဖြင့်။ အဘိညေယျံ၊ သိအပ် သိသင့် သိထိုက်လှပါပေသတည်း။
ဇာတိ၊ ဖြစ်ပေါ်မှုတရားသည်။ သင်္ခါရာ၊ သင်္ခါရတရားမည်၏။ အဇာတိ၊ မဖြစ်ပေါ်သော တရားသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ပရမတ်မည်၏။
ဇရာ၊ ဆွေးမြေ့ရင့်ရော်တတ်သော တရားသည်။ သင်္ခါရာ၊ သင်္ခါရတရား သင်္ခတတရားမည်၏။ အဇရာ၊ ဆွေးမြေ့ရင့်ရော်မှုမရှိသော တရားသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။
မရဏံ၊ သေတတ်ပျက်တတ်သော တရားသည်။ သင်္ခါရာ၊ သင်္ခါရတရား သင်္ခတတရားမည်၏။ အမတံ၊ မပျက်စီးသောတရား၊ မသေသောတရားသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။ (ဝါ) ကိလေသာတို့၏ ငြိမ်းအေးကွယ်ပျောက်ကြောင်းဖြစ်သော နိဗ္ဗာန်မည်၏။ ဣတိ၊ ဤသို့။ အဘိညေယျံ၊ ထူးသော ဝိပဿနာဉာဏ်၊ ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် သိအပ် သိသင့် သိထိုက်ပါပေသတည်း။
---
၂၀၅။ “ဟောသူ နာသူ တရားတောင်းသူ သာဓုခေါ်သူ”
နဝကပ္ပံ သုတဓမ္မံ၊ အဋ္ဌကပ္ပဉ္စ ယာစိတော။
ဧကော ကပ္ပါ နုမောဒနာ၊ ဒေသိတော စ အသင်္ချေယျာ။
သုတဓမ္မံ၊ မြတ်စွာဘုရားဟောသည့် တရားကို မှတ်သားနာယူ အလေးမူလျက် ကြည်ဖြူသဒ္ဓါ ရိုသေစွာ နာကြားသူအား။ နဝကပ္ပံ၊ ကိုးကမ္ဘာတိုင်တိုင် အပါယ်လေးပါး မသွားမရောက် နတ်ဘုံတွေ အဆင့်ဆင့်ပေါက်ပြီးလျှင် အံ့လောက်သည့် ချမ်းသာကို ဝမ်းသာစွာ ခံစားလျက် ဘုရားမြတ်စွာ စိန္တေယျတို့ မှန်စွာခိုဝင် ပြည်ခွင်အမတ နိဗ္ဗာနသို့ အန္တိမကာလ နောက်ပိတ်ဆုံးဘဝတွင် မုချမသွေ ဝင်ရောက်ရလေသတည်း။
စာမျက်နှာ-148
ယာစိတော၊ တရားဒေသနာ ဟောမြွက်ပါဟု ရိုသေစွာ လျှောက်ထားသောသူသည်။ အဋ္ဌကပ္ပံ၊ ရှစ်ကမ္ဘာတိုင်တိုင် အပါယ်လေးပါး မသွားမရောက် (ပ) မုချမသွေ ဝင်စံရလေသတည်း။
အနုမောဒနာ၊ ရှင်တော်မြတ်ဘုရား ဟောသည့်တရားသည် ကောင်းလေ-ကောင်းလေဟု သာဓုနုမော် ခေါ်သောသူသည်။ ဧကော ကပ္ပံ၊ တစ်ကမ္ဘာပတ်လုံး အပါယ်လေးပါး မသွားမရောက် (ပ) မုချမသွေ ဝင်စံရလေသတည်း။
ဒေသိတော၊ ဂုဏ်ပကာသန လာဘ်လာဘကို မငဲ့မကွက်ဘဲ သက်သက်သော မေတ္တာစေတနာဖြင့် ဝေနေယျာများ တရားဓမ္မ ရပါစေဟု အာရုံပြုကာ ဟောကြားပါသော ပုဂ္ဂိုလ်သည်။ အသင်္ချေယျာ၊ အကျိုးတရား ဤမျှများသည်ဟု ကမ္ဘာအားဖြင့်လည်း ပိုင်းခြား၍မရ၊ ဘဂဝါဘုရားကလည်း ပိုင်းခြား၍မပြနိုင်၊ အနန္တအသင်္ချေ အကျိုးတွေ မရေနိုင်အောင် များမြောင်လှပါပေတော့သတည်း။
---
၂၀၆။ “သမင်နှင့်မြက် လူမိုက်နှင့်ကာမ”
မိဂေါ မဏိံ ပဿန္တောပိ၊ တိဏံ ခါဒိတွာ ဂစ္ဆတိ။
ဗာလောပိ ဓမ္မံ ပဿန္တော၊ ကာမံ ဘုဉ္ဇိတွာ ဂစ္ဆတိ။
မိဂေါ၊ တောမှာမွေးဖွား တောစာစားလျက် တောသားမည်တွင် တောသမင်သည်။ (ဝါ) မေထုန် အိပ် စား ပျော်ပါးဖို့ရန် ဤသုံးတန်မျှ သူ့ဘဝတွင် အမြင်ရှိငြား တောသားခေါ်တွင် သားသမင်သည်။ မဏိံ၊ တစ်ဆန်ကျိုးမျှ အဘိုးတန် ပတ္တမြားကျောက်ကို။ ပဿန္တောပိ၊ မျက်စိရှေ့မှောက် တည့်တည့်အောက်တွင် ထင်းထင်းကြီး မြင်နေပါသော်လည်း။ တိဏံ၊ တိရစ္ဆာန်သဘာဝ စားနေကျဖြစ်သည့် မြက်ကိုသာလျှင်။ ခါဒိတွာ၊ မြိန်မြိန်ယှက်ယှက် စားသောက်လျက်။ ဂစ္ဆတိ၊ သားတို့ပျော်ရာ တောဝနာသို့ လျင်စွာမသွေ ပြန်သွားလေသကဲ့သို့။ ဧဝံ တထာ၊ သမင်အလား မနမူ အလားတူသာလျှင်။ ဗာလော၊ လင်နှင့်မယား သမီးသားတို့ စီးပွားအာရုံ ကာမဂုဏ်သဘော မနှောဘဲ ထင်ရှားအောင် ဟောရသည်ရှိသော်။ ဒုပ္ပညော၊ ဝိပဿနာ မဂ်ဖိုလ်ရလိုသောစိတ် တစ်ဆိတ်ကမျှ မရှိလှ-
စာမျက်နှာ-149
ဘဲ အရိယသစ္စာ မြတ်ဓမ္မာကို မနာမကြား မမှတ်သားဖူးသော ဗာလမည်တွင် ပုထုဇဉ်သည်။ ဣမသ္မိံ သာသနေ၊ အဇဋာဝေဟင်ထက် ကောင်းကင်၌ နှင်းမြူတိမ်ကင်း လွန်ပဝင်းသည့် နေမင်းပမာ သာသနာငါးထောင် ဘုန်းရောင်ထွန်းပ ဒုလ္လဘဟု ကြုံရသည့်ကာလ ဤသမယ၌။ လဒ္ဓကာလောပိ၊ မဂ်ဖိုလ်နိဗ္ဗာန် ရရန်အကြောင်း ခွင့်ကောင်းကြုံရ ခေတ်ကာလကို ကျနသိုက်မြိုက် တည့်တည့်မတ်မတ်ကြီး ဆိုက်နေပါလျက်။ ကာမံ၊ တိရစ္ဆာန် ကျွဲနွား အစထားလျက် ပိုးမွှားမကျန် ထိုက်တန်ရာရာ လွယ်ကာခဏ ရနိုင်ကြသည့် ငါးဝအာရုံ ကာမဂုဏ်ယုတ် အစုတ်အနုတ်ကိုသာလျှင်။ ဘုဉ္ဇန္တော၊ နေ့စဉ်ရက်ဆက် ရမက်မပြေ ဝက်တတွေ့သို့ တပေပေ တကျီကျီ အပြန်ပြန်အလှန်လှန် သုံးဆောင်ခံစားလျက်သာလျှင်။ ဂစ္ဆတိ၊ ကာမဂုဏ်အာရုံ၌ စွဲပြီးလျှင် ဘုရားနှင့်လွဲ၊ တရားနှင့်လွဲ၊ သံဃာနှင့်လွဲတာကြောင့် အကဲမလှ၊ သေခါနီးကျလေတော့ ကိုးစားစရာ ဘယ်မမြင် တကယ်ပင် အနေမတတ်ခဲ့တာကြောင့် အကြပ်ကြီးကြပ်လိုမို့ မျက်ရည်ကလေး တစို့စို့နှင့် ဘဝင်ဆို့စရာ ဘဝအခင်းပေမို့ ငိုရင်းသာ သေပွဲဝင်ရရှာလေတော့သတည်း။
---
၂၀၇။ “အမဲရိုး၌ ခွေးငတ်ကြိုက်”
ဣမံ ဟိ သုဘတော ကာယံ၊ ဂဟေတွာ တတ္ထ မုစ္ဆိတာ။
ဗာလာ ကရောန္တိ ပါပါနိ၊ ဒုက္ခာ န ပရိမုစ္စရေ။
*(ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ)*
ဣမံ ဟိ ကာယံ၊ အသုဘသဘော ရွံဖွယ်ပေါသည့် သူရောကိုပါ ဤခန္ဓာကိုယ်ကိုပင်။ သုဘတော၊ စွဲမက်စဖွယ် တင့်တယ်လှပပေ၏ဟူ၍။ ဂဟေတွာ၊ အရှိသဘော စိတ်မစောဘဲ မနောတွေးကြံ လှပဟန်နှင့် မူဟန်တင့်တယ် တပ်မက်ဖွယ်ဟု စွဲယူပြုကြကုန်လျက်။ တတ္ထ၊ ထိုအယုတ်တမာ များစွာပြည့်လှောင် အပုပ်ကောင်၌။ မုစ္ဆိတာ၊ စရိုက်ဓလေ့ အမိုက်ငွေဖြင့် မေ့မေ့မူးမူး အလွန်ရူးကြကုန်သည်ဖြစ်၍။ ပါပါနိ၊ ကာမေသုမိစ္ဆာ ယုတ်မာညစ်ညမ်း ဟော့ရမ်းသမှု အကုသိုလ်အစုစုတို့ကို။ ကရောန္တိ၊ ခွေး၊ လင်းတတို့သည် ပုပ်ပြီးရောင်သောအလောင်းကောင်၌ နှစ်ခြိုက်ရွှင်မြူ အပျော်ကြူကြကုန်သကဲ့သို့။ ဗာလာ၊ ရာဂစရိုက် ဗာလမိုက်မှား ပုထုဇဉ်များသည်၊ ဒုက္ခာ၊ အပါယ်လေးဖြာ အိုနာသေရေး-
စာမျက်နှာ-150
ဆင်းရဲသောဘေးမှ။ န ပရိမုစ္စရေ၊ စရိုက်ဓလေ့ အမိုက်ငွေဖြင့် တစ်ကွေ့ပတ်ပတ် အထပ်ထပ်လျှင် မတ်မမြောက် ထပ်၍သာ ရောက်နေကြလေကုန်သတည်း။
> ဆောင်ပုဒ်
> မြိုင်ကျက်စား သမင်များ၊ ပတ္တမြားတွေလည်း ရှောင်သွားသည်။
> မြက်ကိုသာစား ပတ္တမြား၊ တန်ဖိုးအားဖြင့် နားမလည်။
> ဥပမာအား လူမိုက်များ၊ တရားနှင့်ငွေ ရှောင်သွားသည်။
> ကာမကိုသာ စားသုံးကာ၊ သံသရာ၌ တလည်လည်။
>
> ဤကိုယ်ကာယ အသုဘသာ၊
> အမှန်ဖြစ်လဲ မြင်ခဲလှစွာ။
> အမဲရိုး၌ ခွေးကြိုက်ပမာ၊
> အပုပ်စား လူသား ဗာလသာ။
---
၂၀၈။ “လူမိုက် သံသရာရှည်လှ”
ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃာ သန္တဿ ယောဇနံ။
ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။
*(ဓမ္မပဒ)*
ဇာဂရတော၊ ဝိတက်ထွေလျက် အိပ်စက်မပျော်သောသူအား။ ရတ္တိ၊ ညဉ့်သည်။ ဒီဃာ၊ အိပ်မပျော်ရင်း ဘယ်တော့လင်းမလဲဟု တွေးရင်းတွေးရင်းနှင့်သာ အချိန်တွေ အလွန်ပင် ကြာလှပါပေ၏။ သန္တဿ၊ ခရီးပန်း၍ မလှမ်းချင်သောသူအား။ ယောဇနံ၊ လေးဂါဝုတ် တစ်ယူဇနာဆိုသည့် ခရီးသည်။ ဒီဃာ၊ ပင်ပန်းသမျှ ရှည်လွန်းလှပါပေ၏။ သဒ္ဓမ္မံ၊ အရိယာအပေါင်း သူတော်ကောင်းတို့ ကျိုးကြောင်းညွှန်ပြ မြတ်ဓမ္မကို။ အဝိဇာနတံ၊ မသိကြကုန်သော။ ဗာလာနံ၊ မိုက်တိမိုက်မှား ပုထုဇဉ် လူ့ဗာလတို့အား။ အဝိဇာနတံ၊ ရုပ်နာမ်ဓမ္မ သဘာဝကို အစအနကလေးမျှ မသိကြခြင်းကြောင့်။ သံသာရော၊ ရုပ်နာမ်နှစ်ရပ် ကြောင်းကျိုးစပ်လျက် လှည့်ပတ်တည်ဟန် သံသရာဆိုသည့် ခန္ဓာအစဉ်သည်။ ဒီဃော၊ ရှည်လျားလှပါပေ၏။ (ဝါ) ဒီဃော၊ သံသရာစက်အဝိုင်းကိုဖြင့် အမတဓမ္မာ မဖျက်မပိုင်းနိုင်လို့ ဒုန်းစိုင်းကာ တဖားဖားနှင့် တစ်သွားတည်းသွား၍သာ နေကြရလေကုန်သတည်း။
စာမျက်နှာ-151
> ဆောင်ပုဒ်
> အိပ်မပျော်သူမှာ၊ တစ်ညတာ၊ လွန်စွာရှည်လှသည်။
> ပင်ပန်းသူမှာ၊ တစ်ယူဇနာ၊ လွန်စွာရှည်လှသည်။
> လူမိုက်များမှာ၊ သံသရာ၊ လွန်စွာရှည်လှသည်။
---
၂၀၉။ “သစ္စာမမြင်၍ ကျင်လည်ရသည်”
စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ယထာဘူတံ အဒဿနာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စဝ တုမှာကဉ္စ။
*(သုတ်မဟာဝါပါဠိတော်)*
ဘိက္ခဝေ၊ သံသရာညွတ်ဗွေ ကရွတ်ခွေမှ လွတ်စေဖို့ရေး ဉာဏ်ယူတွေးလျက် ခုရေးနောက်ပါ မျှော်ထောက်ကာဖြင့် တရားပေစာ ဒေသနာကို သေချာမှတ်သား အို ရဟန်းများတို့။ စတုန္နံ၊ သင်္ချာပိုင်းခြား လေးပါးသာလျှင် အမှန်ပင်ရှိကုန်သော။ အရိယသစ္စာနံ၊ ပုထုဇဉ်ဗာလ ဘာမှမဆိုင် မဏ္ဍိုင်ဥက္ကဋ္ဌ အရိယာမြတ်တို့သာ သိအပ်ကုန်သော ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟု လေးဝမည်သာ မြတ်သစ္စာတို့ကို။ အနနုဗောဓာ၊ ဝိပဿနာဉာဏ်ပညာဖြင့် ကျော်စွာမသိခြင်းကြောင့်။ အပ္ပဋိဝေဓာ၊ လောကုတ္တရာမဂ်ပညာဖြင့် သေချာစွာ ထိုးထွင်း၍ ရှင်းရှင်းကြီး မသိခဲ့ခြင်းကြောင့်။ ယထာဘူတံ အဒဿနာ၊ ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် ဧကန်ပိုင်ပိုင် မမြင်နိုင်ခဲ့ခြင်းကြောင့်။ ဧဝံ၊ ဤသို့။ ဣဒံ ဒီဃမဒ္ဓါနံ၊ ရှည်လျားလှစွာ သံသရာကာလပတ်လုံး။ မမဉ္စဝ၊ ငါဘုရားရှင်သည်လည်းကောင်း။ တုမှာကဉ္စ၊ သင်ချစ်သားတို့သည်လည်းကောင်း။ သန္ဓာဝိတံ၊ ကျင်လည်ကျက်စား တဖားဖားဖြင့် ပြေးသွားခဲ့ရလေပြီ။ သံသရိတံ၊ ရုပ်နာမ်နှစ်ရပ် ခေါင်းဆောင်လျက် အလောင်းကောင် သေစရာမပြတ်နိုင်သဖြင့် ဘုံသုံးထပ်သံသရာမှာ မြေကမ္ဘာ ခြေရာတွေ ထပ်လောက်အောင် လှည့်ပတ်၍သာ လာရပါပေတော့သတည်း။
စာမျက်နှာ-152
၂၁၀။ “ခွေးသိ ဝက်သိ မဟုတ်ပါ”
တတ္ထ ကာမံ သောဏသိင်္ဂါလာဒယောပိ ဂစ္ဆန္တာ “ဂစ္ဆာမာ”တိ ဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ၊ ဧဝရူပံ ဟိ ဇာနနံ သတ္တုပလဒ္ဓိံ န ပဇဟတိ၊ သတ္တသညံ န ဥဂ္ဃါတေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။
ဣမဿ ပန ဘိက္ခုနော ဇာနနံ သတ္တုပလဒ္ဓိံ ပဇဟတိ၊ သတ္တသညံ ဥဂ္ဃါတေတိ၊ ကမ္မဋ္ဌာနဉ္စဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။
*(သုတ်မဟာဝါ အဋ္ဌကထာ)*
တတ္ထ၊ ထိုဣရိယာပထပဗ္ဗ၌။ သောဏသိင်္ဂါလာဒယောပိ၊ ခွေး၊ မြေခွေး အစရှိကုန်သော တိရစ္ဆာန်တို့သည်လည်း။ ဂစ္ဆန္တာ၊ သွားကုန်သည်ရှိသော်။ ဂစ္ဆာမာတိ၊ သွားကုန်၏ဟူ၍။ ကာမံ ဇာနန္တိ၊ အကယ်၍ သိကြကုန်၏။ ပန တာပိ၊ ထိုသို့ပင် သိကြပါကုန်သော်လည်း။ ဧဝရူပံ၊ ဤသို့ သဘောရှိသော။ ဇာနနံ၊ ခွေးဝက်သိကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ န ဝုတ္တံ၊ ဟောတော်မမူအပ်။ ဟိ သစ္စာ၊ မှန်၏။ ဧဝရူပံ၊ ဤသို့ သဘောရှိသော။ ဇာနနံ၊ ခွေးသိဝက်သိသည်။ သတ္တုပလဒ္ဓိံ၊ သတ္တဝါဟူသော အယူကို။ န ပဇဟတိ၊ မစွန့်နိုင်။ သတ္တသညံ၊ သတ္တဝါဟူသော အမှတ်သညာကို။ န ဥဂ္ဃါတေတိ၊ မခွာနိုင်။ ကမ္မဋ္ဌာနံ ဝါ၊ ကမ္မဋ္ဌာန်းသည်လည်းကောင်း။ သတိပဋ္ဌာနဘာဝနာ ဝါ၊ သတိပဋ္ဌာန်ဘာဝနာသည်လည်းကောင်း။ န ဟောတိ၊ မဖြစ်။ ပန၊ ကမ္မဋ္ဌာန်း သတိပဋ္ဌာန်ဘာဝနာ မဖြစ်သည်မှတစ်ပါး ဖြစ်သည်ကို ဆိုဦးအံ့။ ဣမဿ ဘိက္ခုနော၊ ဤယောဂီရဟန်း၏။ ဇာနနံ၊ သိခြင်းသည်။ သတ္တုပလဒ္ဓိံ၊ သတ္တဝါဟူသော အယူကို။ ပဇဟတိ၊ စွန့်နိုင်၏။ သတ္တသညံ၊ သတ္တဝါဟူသော အမှတ်သညာကို။ ဥဂ္ဃါတေတိ၊ ခွာ၏။ ကမ္မဋ္ဌာနဉ္စဝ၊ ကမ္မဋ္ဌာန်းသည်လည်းကောင်း။ သတိပဋ္ဌာနဘာဝနာ စ၊ သတိပဋ္ဌာန်ဘာဝနာသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
---
၂၁၁။ “ဘယ်ပုဂ္ဂိုလ်မဆို သတိပဋ္ဌာန်းမှ နိဗ္ဗာန်ရ”
ယသ္မာ ပန ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ၊ တသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗံ။
*(သုတ်မဟာဝါ အဋ္ဌကထာ)*
စာမျက်နှာ-153
(သန္တတိမဟာမတ္တာဒယော)၊ သန္တတိအမတ်၊ ပဋာစာရီစသော ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်ထူးတို့သည်။ ဧကဂါထာပရိယောသာနေ၊ တစ်ဂါထာ ဟောသည့်အဆုံး၌။ သောကပရိဒေဝေ၊ သောကပရိဒေဝတို့ကို။ ကိဉ္စာပိ သမတိက္ကန္တာ၊ အကယ်၍ကား လွန်မြောက်ပါပေကုန်၏။ (ဝါ၊ အရိယာအဖြစ်၌ တည်ကြပါကုန်၏)။ ပန တာပိ၊ ထိုသို့ တစ်ဂါထာအဆုံး၌ အရိယာဖြစ်ကြပါကုန်သော်လည်း။ ယသ္မာ၊ အကြင်ကြောင့်။ ကာယဝေဒနာစိတ္တဓမ္မေသု၊ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဟူသော သတိပဋ္ဌာန်အာရုံ ၄ ပါးတို့တွင်။ ကိဉ္စိ ဓမ္ံ၊ တစ်စုံတစ်ခုသော တရားကို။ အနာမသိတွာ၊ မသုံးသပ်မူ၍။ ဘာဝနာ နာမ၊ ဘာဝနာမည်သည်။ နတ္ထိ၊ မရှိပါ။ တသ္မာ၊ ထို့ကြောင့်။ တေပိ၊ ထိုဥဂ္ဃါဋိတညူ ဟူသော ပုဂ္ဂိုလ်တို့သည်လည်း။ ဣမိနာဝ မဂ္ဂေန၊ ဤသတိပဋ္ဌာန်တည်းဟူသော လမ်းဖြင့်သာလျှင်။ သောကပရိဒေဝေ၊ သောကပရိဒေဝတို့ကို။ သမတိက္ကန္တာ၊ လွန်မြောက်ကုန်၏။ (ဝါ၊ အရိယာအဖြစ်၌ တည်ကုန်၏)။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိအပ်၏။
---
၂၁၂။ “လေးလံလှစွာ ဝန်ခန္ဓာ”
ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရဟာရော စ ပုဂ္ဂလော။
ဘာရာဒါနံ ဒုက္ခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ။
*(ခန္ဓဝဂ္ဂသံယုတ္တ ပါဠိတော်)*
ဘိက္ခဝေ၊ သံသရာညွှန် ခန္ဓာဝန်ကို အားသွန်ကြိုးပမ်း ထမ်း၍ခါခါ မလွတ်သာဘဲ သံသရာထဲတွင် တစ်ဝဲလည်လည် ဇာတိတည်လျက် သေသည့်မရဏ အပနှင့် ဒုက္ခဖုံဖုံ အစုံစုံကို အကုန်စုခံ နုမကျန်ဘဲ ဝန်လေးလှ အိုချစ်သားတို့။ ပဉ္စက္ခန္ဓာ၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဟု ငါးစုသော ခန္ဓာတို့သည်။ ဟဝေ၊ အပြောမဟုတ် မုချအမှန် ဧကန်စင်စစ်အားဖြင့်။ ဘာရာ၊ မြင့်မိုရ်တောင်ကြီး ထမ်းရသည့်နှယ် အလေးကြီး လေးလှပါ၏။ ပုဂ္ဂလော၊ ခန္ဓာဝန်ကို အားသွန်ကြိုးပမ်း ထမ်း၍နေငြား ပုဂ္ဂိုလ်အစားစားသည်။ ဘာရဟာရော၊ သူတစ်ပါး၏ ဝန်ကို အားသွန်ထမ်းနေရသည့် ကူလီကောင်မ ကူလီကောင်အထီးတွေ မည်လှပါပေ၏။ ဘာရာဒါနံ၊ ခန္ဓာဝန်ကို တစ်ရံမစဲ အမြဲထမ်းနေရခြင်းသည်။ ဒုက္ခံ၊ ဒုက္ခမှန်သမျှ အနန္တကို ခဏမသွေ ရ၍ရ၍သာ နေသဖြင့် ဧကန်ညှဉ်းဆဲ ပြင်းကဲလှသော ဆင်းရဲမည်ပါပေ၏။ လောကေ၊ တေဘူမက ဘုံလာ-
စာမျက်နှာ-154
၌။ ဘာရနိက္ခေပနံ၊ နင်လားဟဲ့ ဝန်ခန္ဓာ လေးလံစွာ ငါမထမ်းတော့ပြီဟု ကမ္မဋ္ဌာန်းအလုပ်နှင့် အစွမ်းထုတ်ကာ အထုပ်ကို ပစ်ချလိုက်ရခြင်းသည်။ သုခံ၊ ဒုက္ခဟူသမျှ လွတ်ငြိမ်း၍ ဝဋ်ဇာတ်တွေ ဤတွင်သိမ်းပြီမို့ အငြိမ်ကြီး ငြိမ်းချမ်းလှပါပေတော့သတည်း။
> ဆောင်ပုဒ်
> ခန္ဓာဝန်ဘေး၊ လေးလှလေသည်။
> ခန္ဓာရှိသမျှ၊ ဒုက္ခပွေလီ။
> ခန္ဓာဝန်ကြမ်း၊ မထမ်းတော့ပြီ။
> ဘေးမသန်း၊ ချမ်းရလေသည်။
---
၂၁၃။ “လှူကထိန် သင်္ကန်းမြတ်”
သဗ္ဗဝဇ္ဇော အပနယော၊ အနဝဇ္ဇံ ဝိနောဒတိ။
ဟန္တိ ဝိနယသဗ္ဗဿ၊ တံ ကထိနမုတ္တမံ။
ကထိနံ၊ တစ်နှစ်မှ တစ်ခါကြုံ ရတနာပုံဆိုက်သည့်အလားကဲ့သို့ မခြားပမာ တင်စားစရာ ပမာကပ်အပ်သည့် ကထိန်အလှူသည်။ သဗ္ဗဝဇ္ဇော၊ လောကသံသရာ နှစ်ဖြာညစ်ပေ အပြစ်တွေကို။ အပနယော၊ မကျမရောက် မဖြစ်မြောက်အောင် ပယ်ဖျောက်၍။ အနဝဇ္ဇံ၊ အပြစ်မဲ့ကင်း သန့်ရှင်းစင်ကြယ်အောင်။ ဝိနောဒတိ၊ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးငါးအင် လေပြင်းနှင်သကဲ့သို့ ကင်းစင်ပပျောက်စေပေ၏။ သဗ္ဗဿ၊ အာနိသင် ကျိုးငါးဝကို မသွေရကြပေလတ် ရဟန်းမြတ်၏။ ဝိနယံ၊ ဝိနည်းဒေသနာ ဥပဒေလာသော မြတ်စွာဗုဒ္ဓ ထုတ်ဟပညတ် သင့်အာပတ်ကို။ ဟန္တိ၊ တစ်ခါတည်း ဖျက်ဆီးလျက် အပြစ်မီး ကင်းပြတ်အောင် ရှင်းသတ်နိုင်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ကထိနံ၊ တစ်နှစ်မှ တစ်ခါကြုံ ရတနာပုံအရှိန်လျှမ်းသည့် ကထိန်သင်္ကန်း အလှူတော်ကြီးကို။ ဥတ္တမံ၊ ဘယ်အလှူနှင့်မျှ မတူ တစ်မူထူးကဲ အလှူဟု။ ဝဒန္တိ၊ ပညာမျက်မြင် သူတော်စင်အပေါင်းတို့သည် ကောင်းပေစွ ကောင်းပေဟူ၍ သောင်းသောင်းဖျဖျ ချီးမွမ်းတော်မူကြပေကုန်သတည်း။
---
၂၁၄။ “အနေကဇာတင် ဥဒါန်းဂါထာ”
အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
စာမျက်နှာ-155
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။
ဂဟကာရက၊ အိုမင်းပိုင်နက်၊ နာမင်းပိုင်နက်၊ သေမင်းပိုင်နက်၊ အပါယ်မင်းပိုင်နက်၊ သူ့စားကျက်၌ မြေကွက်ဂရံ အမိန့်ခံလျက် ရုပ်နာမ်ယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်လာသည့် တဏှာယောကျ်ား ဟယ်လက်သမား။ ပုနပ္ပုနံ၊ အမှန်းအဆ ဂဏန်းမပြနိုင်သော ဘဝအတန်တန် အဖန်ဖန် အထပ်ထပ်။ ဇာတိ၊ အိုနာသေရေး ဒုက္ခဘေးတို့ လုံးထွေးရောယှက် ကြိုးစုံဖက်လျက် အဆက်ဆက် သန္ဓေတည်နေရခြင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ ဒုက္ခာ၊ ပြောပြလို့မကုန် လောကဓာတ်အဖုံဖုံတွင် အစုံစုံညှဉ်းဆဲသဖြင့် ဆင်းရဲခြင်းကြီး ဆင်းရဲလှပါပေ၏။ တသ္မာ၊ ထိုသို့ ညှဉ်းဆဲပြင်းကဲလှစွာ ဆင်းရဲလှပါလေသောကြောင့်။ ဂဟကာရံ၊ ကပ်ကမ္ဘာအနန္တတွင် လပ်က္ခာလို့မကျန်ရအောင် သတ္တဝါမှန်သမျှတို့၏ ဘဝတစ်ပင်တိုင် ခန္ဓာအိမ်၊ လေးပင်တိုင်၊ ငါးပင်တိုင် ခန္ဓာအိမ်တွေကို ကြိမ်ကြိမ်ဖန်ဖန် ကန်ထရိုက်ဆွဲပြီးလျှင် တစ်ဆက်တည်း ဆောက်လုပ်လာသော တဏှာယောကျ်ား သင်လက်သမားကို။ ဂဝေသန္တော၊ ဘယ်လိုဘယ်က ဘယ်ပုံစသနည်းဟု နိသျည်းမခံ သိပ်သည်းစွာ ကြိတ်ဖန်လျက် ကိုယ်ပိုင်ဉာဏ် အဟုန်စွမ်းဖြင့် စုံစမ်းရှာဖွေလာခဲ့ရသော ငါဘုရားသခင် ကိုတော်မြတ်ကြီးသည်။ အနိဗ္ဗိသံ၊ သင့်ကိုလှမ်း၍ အတင်းဖမ်းကိုင် မြင်စွမ်းနိုင်သော ကိုယ်ပိုင်ဉာဏ်မှန်ပြောင်းကို ကောင်းကောင်းပိုင်ပိုင် မရနိုင်သေးသည်ဖြစ်၍။ အနေကဇာတိသံသာရံ၊ ဘုရားမြတ်ဒီပင်္ကရာနှင့် သုမေဓာရှင်ရသေ့ဘဝမှာ ဗျာဒိတ်ခံစဉ်အခါကစပြီးလျှင် ရက်၊ လ၊ နှစ်တွေ တွက်စစ်၍ ရေလိုက်သော် သင်္ချေလေးရပ် ထိမ်းအမှတ်ဖြင့် တစ်သိန်းကပ် ကာလပတ်လုံး။ သန္ဓာဝိဿံ သံသရိဿံ၊ ခန္ဓာအိမ် အကြိမ်ကြိမ် ဆောက်လျက် သံသရာပြန်ကာရောက်ပြီးလျှင် တုန့်ခေါက်လှည့်လည်၍ လာခဲ့ရလေပြီ။ (ဝါ) ရုပ်နာမ်နှစ်ရပ် ခေါင်းဆောင်လျက် အလောင်းကောင်တွေ သေစရာမပြတ်နိုင်သဖြင့် မြေကမ္ဘာတွင် ခြေရာထပ်လောက်အောင် လှည့်ပတ်၍ လာခဲ့ကြရလေပြီ။ ဂဟကာရက၊ ကာမဂုဏ်ငါးပါး တံစိုးစားပြီးလျှင် ဆိုးဝါးယုတ်မာ တိုးပွားရှည်ကြာလာခဲ့ရသော တဏှာယောကျ်ား ဟယ်လက်သမား။ တွံ၊ လှည့်ချင်တိုင်းလှည့် ချချင်တိုင်းချတတ်သည့် တကယ်ယောကျ်ား သင်လက်သမားကို။ မယာ၊ အိုမှုတစ်တန်၊ နာမှုတစ်ထွေ၊ သေမှုတစ်ဖုံ ကြောက်မက်ဖွယ် ဝိုင်းအုံလျက် လက်နက်စုံပစ်ဖောက် ရန်သူတို့ လက်အောက်မှာ စုံထောက်ခန်း-
စာမျက်နှာ-156
ဖွင့်ကာ ပွင့်ထွန်းလာခဲ့ရသော ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။ ဒိဋ္ဌောသိ၊ ဗောဓိပင်အောက် အမြင်ပေါက်လျက် သင်ဆောက်သည့် ခန္ဓာအိမ်တွေကို မနိန္ဒြေဉာဏ် ကွန့်မြူးလျက် လက်ပူးလက်ကြပ် ယခုပင် တွေ့မြင်အပ်ခဲ့ပေပြီ။ တွံ၊ တဏှာယောကျ်ား သင်လက်သမားသည်။ ပုန၊ နောက်ထပ်တစ်ဖန် ပြန်လှန်ကွန့်လျက်။ ဂေဟံ၊ ရေ-မြေ-လေ-မီး ဓာတ်ကြီးလေးခု တိုင်ပြုလျက် သွေးစုသားစု ရိုးစုံတပ်ဆင် ဒိုင်းများတင်လျက် ကိုယ်တွင်ဖြစ်လာ ဒွတ္တိံသ ဟု ညီညာစပ်နှောင့် ခန္ဓာအိမ် အတ္တဘောကို။ န ကာဟသိ၊ သင်ဘယ်လိုစီမံ ဘယ်လိုဖန်လို့မှ ဉာဏ်နီစွမ်းထုတ် ကြံစည်ကြိုးကုတ်၍ ရနိုင်တော့မည်မဟုတ်ပေ။ တေ၊ သင်၏။ ဖာသုကာ၊ ညစ်ပူရှုပ်နောက် အဆောက်အဦ အကူတန်ဆာ အတူပါလျက် ထောင့်ငါးရာစက် တွဲဖက်ပူးဝင် အခြင်ဒိုင်းများအလားတူ သုံးထောင်ဝက် ကိလေသာတွေကို။ ဘဂ္ဂါ၊ ကမ္မက္ခယဉာဏ် လက်နက်ဝရဇိန်ဖြင့် ရွယ်ချိန်ပစ်သွင်း အရင်းအမြစ် အုတ်မြစ်တို့ကို နှုတ်ဖျက်အပ်ခဲ့လေပြီ။ ဂဟကူဋံ၊ သင်ဆောက်လုပ်ပြီး ခန္ဓာကိုယ် တိုက်အိမ်ကြီး၏ ထွဋ်ထီးပမာ မိုးကာလွှမ်းချုပ် အဝိဇ္ဇာတည်းဟူသော ခေါင်အုပ်ကိုလည်း။ ဝိသင်္ခတံ၊ အရဟတ္တမဂ် စိန်သံလျက်ဖြင့် ပယ်ဖျက်ခုတ်ထွင် သုတ်သင်ခဲ့လေပြီ။ စိတ္တံ၊ ညစ်နောက်ပူကင်း သန့်ရှင်းအေးကြည် ငါဘုရား၏ စိတ်နှလုံးတော်သည်။ ဝိသင်္ခါရဂတံ၊ ဤကမ္ဘာလောကဓာတ်တွင်ဖြင့် အတောမသတ် ရှုပ်ပွေသည့် အလုပ်တွေ ဇာတ်သိမ်းလျက် အငြိမ်းဓာတ် နိဗ္ဗာန်ဆိုသည့် အသင်္ခတနယ်အတွင်းသို့ သက်ဆင်းဝင်ရောက်ခဲ့လေပြီ။ တဏှာနံ၊ သံသရာတစ်ခွင်မှာ ခန္ဓာအိမ်တွေ စီစဉ်ပြီးလျှင် စည်ပင်သာယာ ရုံးထောင်၍ မဆုံးအောင် ချဲ့ထွင်ကြသည့် တဏှာ၊ မာန၊ ဒိဋ္ဌိတရားရှိ၏။ ခယံ၊ ကိလေသာ အသင်းအပင်းတို့ကို စာရင်းအင်းနှင့်တကွ အကုန်ဖျက်တတ်သည့် ထက်မြက်ပြင်းထန် ခယခေါ်သည့် အရဟတ္တမဂ်ဉာဏ်ကို။ ဗုဒ္ဓေါ သရေ၊ ၁၀၃ ခု ဥတုတန်ခူး ကဆုန်လပြည့်နေ့ အကြုံတွင် နေအရုဏ်လှမ်း စန်းဝိသာခါ ယှဉ်လာတွေ့အပ် နေ့ထူးမြတ်၌။ အဇ္ဈဂါ၊ ဗောဓိမဏ္ဍိုင် ခန်းဝပိုင်၍ ထိုင်ရာမထ ယခုပင် လက်ကိုင်ရရှိတော်မူပေပြီ။
*(အသာရဒေသနာမှ)*
> ဆောင်ပုဒ်
> (၁) တဏှာယောကျ်ား လက်သမားကိုပင်၊
> မသတ်နိုင်ကြ ဘဝတွင်တွင်။
> ခန္ဓာအိမ်ကြီး ဆောက်ပြီးအစဉ်၊
> သေမပြတ် မရပ်သံသရာပြင်။
>
စာမျက်နှာ-157
> (၂) ဗောဓိပင်အောက် အမြင်ပေါက်လေပြီ၊
> သစ္စာလေးပါး ပိုင်းခြားသိပြီ၊
> တဏှာဝဋ်မင်း စင်းစင်းသေပြီ။
> နိဗ္ဗာန်ဓာတ် ဆိုက်ကပ်ရလေပြီ။
> (၃) အောင်သံပေးလို့ ဟစ်ကြွေးနိုင်ပြီ၊
> သဗ္ဗညုဉာဏ်အား ငါကားပိုင်ပြီ၊
> အောင်ရန်ရှိသမျှ မုချအောင်ပြီ၊
> အောင်စည်တီး အောင်ကြီး-အောင်လေပြီ။
---
၂၁၅။ “လေးပါးသစ္စာ ဤကိုယ်မှာ”
ဣမသ္မိံယေဝ ဗျာမမတ္တေ ကေဝလေ သသညမှိ သမနကေ လောကဉ္စ ပညပေမိ၊ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနီ ပဋိပဒဉ္စ။
*(အင်္ဂုတ္တိုရ်ပါဠိတော် ရောဟိတဿသုတ်)*
အာဝုသော၊ ငါ့ရှင် ရောဟိတဿနတ်သား။ ဗျာမမတ္တေ၊ အလျားတစ်လံ အနံတစ်ထွာမျှသာ ရှိသော။ သသညမှိ၊ သညာနှင့်တကွဖြစ်သော။ သမနကေ၊ စိတ်နှင့်တကွဖြစ်သော။ ဣမသ္မိံယေဝ ကေဝလေ၊ ဤအလျားတစ်လံ အနံတစ်ထွာမျှသာရှိသော ကိုယ်ကောင်၌။ လောကဉ္စ၊ ဒုက္ခသစ္စာဟု ဆိုအပ်သော လောကကိုလည်းကောင်း။ လောကသမုဒယဉ္စ၊ ဒုက္ခဖြစ်ကြောင်းဖြစ်သော သမုဒယသစ္စာကိုလည်းကောင်း။ လောကနိရောဓဉ္စ၊ လောက၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ နိဗ္ဗာန်ကိုလည်းကောင်း။ လောကနိရောဓဂါမိနီ ပဋိပဒဉ္စ၊ လောကချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းဟု ဆိုအပ်သော မဂ္ဂသစ္စာကိုလည်းကောင်း။ ပညပေမိ၊ ရှိ၏ဟု ပညတ်တော်မူ၏။ (ဝါ) သိစေတော်မူ၏။
> ဆောင်ပုဒ်
> လေးပါးသစ္စာ၊ ဤကိုယ်မှာ၊ အမှန်ရှိပါသည်။
> အဝေးအခြား၊ ရပ်တစ်ပါး၊ သွား၍မရှာသင့်ပြီ။
> ရောဟိတဿ၊ နတ်ဗြဟ္မ၊ ဗုဒ္ဓဟောလေသည်။
> ထို့ကြောင့်မှန်စွာ၊ လေးသစ္စာ၊ ဤကိုယ်ထဲမှာ ရှာရမည်။
စာမျက်နှာ-158
၂၁၆။ န ဣတော ဒူရေ ဘဝိဿံ၊ ဘဝဂ္ဂံ ကိံ ကရိဿတိ။
ပစ္စုပ္ပန္နမှိ ဝေါဟာရေ၊ သကေ ကာယမှိ ဝိန္ဒထ။
ဣတော၊ ဤခန္ဓာကိုယ်မှ။ ဒူရေ၊ အဝေးအလံ အပြင်ပ၌။ န ဘဝိဿံ၊ လေးပါးသစ္စာ ရှိလိမ့်မည်ဟု အမှန်မသွေ မရှာအပ်ပေ။ ဘဝဂ္ဂံ၊ အမြင့်ထက်မြင့် ဆင့်ဆင့်တက်သည့် ဘုံဘဝဂ်၌။ ကိံ ကရိဿတိ၊ အဘယ်သို့ငှာ တရားရှာရေး စောင့်မျှော်တွေးနေရပါမည်နည်း။ ပစ္စုပ္ပန္နမှိ၊ ပစ္စုပ္ပန်ဖြစ်သော။ ဝေါဟာရေ၊ ခန္ဓာကိုယ်ဟု ခေါ်ဆိုထိုက်သော။ သကေ ကာယမှိ၊ မိမိခန္ဓာကိုယ်၌။ ဝိန္ဒထ၊ တရားရအောင် ရှာမှီးကြကုန်လော့။
---
၂၁၇။ “ခန္ဓာငါးဖြာ ဥပမာ”
ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုပ္ဖုဠူပမာ။
မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။
မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာဒိစ္စဗန္ဓုနာ။
*(ခန္ဓဝဂ္ဂသံယုတ္တပါဠိတော်)*
ရူပံ၊ ရုပ်တရားသည်။ ဖေဏပိဏ္ဍူပမံ၊ အခိုင်အမြဲ အစိုင်အခဲ ထင်ပါသော်လည်း လက်နှင့်ကိုင်ဆုပ် အဟုတ်မရ ပျောက်ပျက်သွားရသည့် ရေမြုပ်တုံးကြီးပမာ တူလှ၏။ ဝေဒနာ၊ ချမ်းသာ ဆင်းရဲ မျိုးစုံကွဲလျက် ဖြစ်လဲပျက်ရာ ဝေဒနာသည်။ ပုပ္ဖုဠူပမာ၊ ရေပေါ်ပေါ်တက် ခဏပွက်၍ ချုပ်ပျက်ခါခါ ရေပွက်ပမာသာတည်း။ သညာ၊ သညက္ခန္ဓာသည်။ မရီစိကူပမာ၊ နွေခါကာလ တောရိပ်စဝယ် အသွယ်သွယ်အထပ်ထပ် ရေတံလျှပ်ကဲ့သို့ မချို့နမူ အလားတူပါပေ၏။ သင်္ခါရာ၊ သင်္ခါရက္ခန္ဓာသည်။ ကဒလူပမာ၊ တစ်ထပ်ချင်း တစ်ထပ်ချင်း ခွာလိုက်သော် ဘာမျှမကျန် အနှစ်အဆန်မနှော ငှက်ပျောတုံးသဘောနှင့် တူလှပါပေ၏။ ဝိညာဏံ၊ အာရုံမျိုးစုံ အကုန်သိပြန် ကြံသိဟန်ကြောင့် စိတ္တံခေါ်သည့် ဝိညာဏက္ခန္ဓာသည်။ မာယူပမံ၊ အမျိုးမျိုးအား လှည့်ပတ်စားသည့် မျက်လှည့်သမားနှင့် တူပါပေ၏။ ဣတိ၊ ဤသို့။ အာဒိစ္စဗန္ဓုနာ၊ အာဒိစ္စနေ တန်ခိုးထင်ပေါ် ရှင်တော်မြတ်ဘုရားသည်။ ဒေသိတာ၊ သဘာဝတရား သိထင်ရှားအောင် ပမာဆောင်၍ အခေါင်ပရမေ ဟောပြတော်မူပါပေသတည်း။
စာမျက်နှာ-159
၂၁၈။ “နောက်ဆုံးမှာတော်မူ”
ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
*(မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်)*
ဘိက္ခဝေ၊ ငါဘုရား၏ ထံပါးနီးစပ် ခဝပ်ကာသာ စောင့်မျှော်ရှာငြား အိုချစ်သားတို့။ ဟန္ဒ၊ ပရိနိဗ္ဗာန် စံဝင်ခါနီး ယခုလို အခါကာလကြီး၌။ ဝေါ တုမှာကံ၊ ချစ်သား ချစ်သမီးအပေါင်း သင်သူတော်ကောင်းတို့အား။ အာမန္တယာမိ၊ နောက်ဆုံးစကား မှာကြားခဲ့ပေအံ့။ သင်္ခါရာ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေးဖြာတို့ ညီညာပြုပြင် တီထွင်လာရ သင်္ခါရခေါ်သည့် နာမ်ရုပ်နှစ်ဝတို့သည်။ ဝယဓမ္မာ၊ ဖြစ်ပြီးမုချ ပျက်စီးရသည့် သဘာဝတရားတွေ ဖြစ်ပါကုန်၏။ တသ္မာဟိ၊ ထိုသို့လျှင် သင်္ခါရဓမ္မ သဘာဝတွေက ဖြစ်ပြီးမုချ ပျက်စီးရသည့် သဘာဝဓမ္မတွေ ဖြစ်လေသောကြောင့်။ တုမှေ၊ သင်ချစ်သား ချစ်သမီး အပေါင်းသူတော်ကောင်းတို့သည်။ အပ္ပမာဒေန၊ မမေ့မလျော့ မပေါ့မဆသော အပ္ပမာဒဆိုသည့် သတိတရားနှင့်။ သမ္ပာဒေထ၊ ကိုယ်စီကိုယ်ငှ သဘာဝဖြင့် နေ့ညမသွေ ပြည့်စုံ၍သာ နေကြပါကုန်လော။
> ဆောင်ပုဒ်
> နောက်ဆုံးစကား မှာကြားပါမည်၊
> သင်္ခါရများ ပျက်ပြားမတည်။
> သတိစွဲလို့ ခိုင်မြဲတည်ကြည်။
> ပြည့်စုံကြ ဗုဒ္ဓမိန့်မှာသည်။
---
၂၁၉။ “မင်းစည်းစိမ် ဘယ်မမက်တယ်”
ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။
*(ဓမ္မပဒ ပါဠိတော်)*
ပထဗျာ၊ ဇမ္ဗူသောင်းခွင် မြေအပြင်၌။ ဧကရဇ္ဇေန ဝါ၊ တစ်ဦးတည်း လွှမ်းမိုး၍ အုပ်စိုးပိုင်နင်း မင်းဧကရာဇ်၏ စည်းစိမ်ချမ်းသာထက်လည်းကောင်း။ သဂ္ဂဿ၊ နတ်ပြည်ခြောက်ထပ် အထက်ရပ်သို့။ ဂမနေန၊ သွားရောက် လွှမ်းမိုးအုပ်စိုးနှိမ်နင်း မင်း၏စည်းစိမ်ချမ်းသာမျိုးထက်လည်းကောင်း။ သဗ္ဗလောက-
စာမျက်နှာ-160
-ာဓိပစ္စေန၊ ခပ်သိမ်းသော လောကဓာတ်အလုံးကို သိမ်းကြုံလွှမ်းမိုး အုပ်စိုးရသော စည်းစိမ်ချမ်းသာမျိုးထက်လည်းကောင်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်ချမ်းသာသည်။ ဝရံ၊ မြင့်မြတ်လှပါပေ၏။ (ဝါ) ဝရံ၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကိလေသာရှင်း အပါယ်ရန်ကင်းသဖြင့် သေရင်းလည်းမြတ်၊ ရှင်ရင်းလည်းမြတ်၊ အထပ်ထပ် ရန်ဘယာ စိတ်ထင့်စရာ မတွယ်မကပ်နိုင်သဖြင့်သာ တကယ်ပင် မြင့်မြတ်လှပါပေတော့သတည်း။
---
၂၂၀။ “ဆုတောင်းမေတ္တာ”
သာသနဿ စ လောကဿ၊ ဝုဒ္ဓိ ဘဝတု သဗ္ဗဒါ။
သာသနမ္ပိ စ လောကမ္ပိ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
သာသနဿ စ၊ ဗုဒ္ဓမြတ်စွာ ရောင်ဝါထိန်ညီး ဘုရား၏ သာသနာတော်ကြီး၏လည်းကောင်း။ လောကဿ စ၊ သာသနာ့ရိပ်ညို မှီခိုဆည်းကပ် လောကဓာတ်သား လူအများ၏လည်းကောင်း။ ဝုဒ္ဓိ၊ တစ်နေ့တခြား တက်နေလားသို့ တိုးပွားစည်ပင်ခြင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဘဝတု၊ မေတ္တာရေပန်း လှစ်ခါဖြန်းသဖြင့် ရွှင်လန်းကြည်သာ ဖြစ်ပါစေ။ သာသနမ္ပိ စ၊ ဗုဒ္ဓမြတ်စွာ ရောင်ဝါထိန်ညီး သာသနာတော်မြတ်ကြီးကိုလည်းကောင်း။ လောကမ္ပိ စ၊ သာသနာ့ရိပ်ညို မှီခိုဆည်းကပ် လောကဇာတ်သား လူအများကိုလည်းကောင်း။ ဒေဝါ၊ သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ရက္ခန္တု၊ သာသနာရန်စွယ် လှန်ပယ်ဖျက်ဆီးလျက် ထက်မိုးခွင့် အာကာဗွေမှာ တာရာအလယ် ပပဝင်းသည့် ရွှေလမင်း ထိန်ထိန်သာသလို အရာရာ ပိုမောက်၍ အဖြာဖြာ ဆိုစလောက်အောင် စောင့်ရှောက်ဖေးမတော်မူကြပါစေကုန်သတည်း။
> ဆောင်ပုဒ်
> သာသနာမြတ်၊ တရားကတ်၊ မပြတ်လင်းပပါစေ။
> လောကလူသား၊ ချမ်းသာတရားနှင့်၊ ထိမ်းငြိမ်းပါစေ။
> မြတ်သာသနာ၊ ဒါယကာ၊ ဒေဝနတ်များ စောင့်ပါစေ။
---
၂၂၁။ “မသိနိုင်သောတရား ငါးပါး”
ဇီဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ။
စာမျက်နှာ-161
ဇီဝိတံ၊ အသက်အပိုင်းအခြားလည်းကောင်း။ ဗျာဓိ၊ မည်သည့်ရောဂါဖြင့် သေမည်ကိုလည်းကောင်း။ ကာလော စ၊ မည်သည့်ဥတု၊ မည်သည့်ကာလ၊ မည်သည့်အချိန်၌ သေမည်ဟု ကာလအပိုင်းအခြားကိုလည်းကောင်း။ ဒေဟနိက္ခေပနံ၊ မည်သည့်ဌာန၌ သေရမည်ကိုလည်းကောင်း။ ဂတိ၊ သေပြီးနောက် မည်သည့်ဂတိသို့ ရောက်ရမည်ကိုလည်းကောင်း။ ဇီဝလောကသ္မိံ၊ အသက်ရှိကြ သတ္တလောက၌။ ဧတေ ပဉ္စ၊ ဤငါးပါးတို့ကို။ အနိမိတ္တာ၊ ကြိုတင်၍ နိမိတ်မဖတ်နိုင်ကြကုန်။ န နာယရေ၊ မသိနိုင်ကြကုန်။
*(အသုဘတရား၌ ထည့်ဟောနိုင်သည်)*
---
၂၂၂။ “အသီးအပုပ်ထဲက အနှစ်ထုတ်ပါ”
ပီဠေယျ ကာယတော မေဒံ၊ ဓနတော ပေဏံ ဝရံ။
တေန မေဒေန နိဗ္ဗာနံ၊ ကီဏေယျ အဇရံ ဝရံ။
ပေဏံ၊ ကိုးဆယ်ခြောက်ဖြာ ဘေးရောဂါကို ဝဲယာပိုင်းအုံ အကာအတိသာ လွှမ်းခြုံထားအပ်သော။ ကာယတော၊ မစင်ပုပ်လောင် ညှိဟောင်ညစ်စုတ် ဤကိုယ်ယုတ်မှ။ ပရံ၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်လှစွာသော သူတော်ကောင်းတရားဟူသော အဆီအနှစ်ကို။ ပီဠေယျ၊ အားကုန်သစ်၍ ညှစ်ထုတ်လိုက်ရာ၏။ ပေဏံ၊ ရန်သူငါးတန် ဆက်ဆံရောယှက်၍ အကာသက်သက်ဖြစ်သော။ ဓနတော၊ လောကီရတနာ အဖြာဖြာအသီးသီး ပစ္စည်းဥစ္စာထဲမှ။ ဝရံ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်၍ ကောင်းမြတ်လှစွာသော။ မေဒံ၊ သူတော်ကောင်းတရားတည်းဟူသော အဆီအနှစ်ကို။ ပီဠေယျ၊ အားကုန်သစ်၍ ညှစ်ထုတ်လိုက်ရာ၏။ တေန မေဒေန၊ ပစ္စည်းဥစ္စာ ကိုယ်ခန္ဓာထဲမှ ညှစ်ထုတ်လိုက်ရသော ထိုသူတော်ကောင်းဥစ္စာ ရတနာအနှစ်ဖြင့်။ ဝရံ၊ အသေပြတ်၍ မြတ်လှသော။ အဇရံ၊ ဘယ်တော့မှမအို အစဉ်နုပျို၍နေသော။ နိဗ္ဗာနံ၊ ဘေးဘယာကင်းကွာ နိဗ္ဗာန်ဆိုသည့် မြတ်ချမ်းသာကို။ ကိဏေယျ၊ လဲလှယ်ဖလှယ် ဝယ်ယူလိုက်ရာသတည်း။
> ဆောင်ပုဒ်
> ခန္ဓာကိုယ်ယုတ် အရင်းလုပ်ကာ၊
> နိဗ္ဗာန်ဓာတ်မြတ် ဝယ်တတ်ရမှာ။
> အကာပစ်လို့ အနှစ်ဖွေရှာ၊
> အဆီနှုတ် ထုတ်လိုက်ကြစမ်းပါ။
---
စာမျက်နှာ-162
၂၂၃။ “ဟဲ့ကာမ အသံ”
ကာမ တေ မူလံ ဇာနာမိ၊ သင်္ကပ္ပါ ကာမ ဇာယသိ။
န တံ သင်္ကပ္ပယိဿာမိ၊ ဧဝံ ကာမ န ဟေဟိသိ။
ကာမ၊ ဟဲ့ကာမ။ တေ၊ ပရိယာယ်သွယ်ဖြာ မာယာများလှ သင်ကာမ၏။ မူလံ၊ အကြောင်းရင်း မူလသဘာဝကို။ ဇာနာမိ၊ ငါယခုပင် ရှုဆင်ခြင်သော် အမြင်ထွင်းဖောက် အလင်းရောက်ခဲ့ပေပြီ။ ကာမ၊ ဟဲ့ကာမ။ တွံ၊ ပရိယာယ်သွယ်ဖြာ မာယာများလှ သင်ကာမသည်။ သင်္ကပ္ပါ၊ လောကီအာရုံ ကာမဂုဏ်ကို ဖုံဖုံလီလီ ကြံစည်တွေးကြံ အကြောင်းခံကြောင့်။ ဇာယသိ၊ လျှပ်ပေါ်ကာ ဖြစ်ပေါ်လာရသည် မဟုတ်ပါလား။ ဒါနိ၊ သင့်အကြောင်းကို ကောင်းကောင်းသိလာ ယခုအခါ၌။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ န သင်္ကပ္ပယိဿာမိ၊ ဘယ်နည်းဘယ်ဟန် ဘယ်ပုံစံနှင့်မျှ မကြံမစည်တော့ပြီ။ ကာမ၊ မာယာများလှသည့် ကာမ။ ဧဝံ၊ ဤသို့ ပွေပွေလီလီ မကြံစည်သည်ရှိသော်။ တွံ၊ သင်ကာမသည်။ န ဟေဟိသိ၊ သင်ဘယ်လိုစီမံ ဘယ်လိုဖန်လို့မှ ဉာဏ်နီစွမ်းထုတ်ကာ ဖြစ်ပေါ်လာနိုင်တော့မည် မဟုတ်ပါပေတော့သည်တကား။
---
၂၂၄။ “ဒိဋ္ဌိပယ်မှု အလေးပြု”
သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။
သတ္တိယာ၊ အသွားနှစ်ဖက် မြမြထက်သည့် လှံမကြီးဖြင့်။ ဩမဋ္ဌော ဝိယ၊ ရင်ဝ၌ စူးဝင်နေသော သူကဲ့သို့လည်းကောင်း။ မတ္ထကေ၊ ဦးခေါင်း၌။ ဒယှမာနောဝ၊ မီးလောင်နေသော သူကဲ့သို့လည်းကောင်း။ သတော ဘိက္ခု၊ သတိနှင့် ပြည့်စုံသော ရဟန်းသည်။ သက္ကာယဒိဋ္ဌိ၊ ဘဝများစွာ အနမတဂ္ဂက စွဲလာကပ်ပြီး အပါယ်မီးပွား သက္ကာယဒိဋ္ဌိဆိုသည့် အယူမှားများကို။ ပဟာနာယ၊ ပယ်နုတ်ခြင်းငှာ။ ပရိဗ္ဗဇေ၊ လွန်လွန်မင်းမင်း အပြင်းအထန် ကြိုးစားပွားများ အားထုတ်ရာ၏။
> ဆောင်ပုဒ်
> ရင်ဝလှံစူး ဦးခေါင်းမီးလောင်၊
> ဒီအရေးက မကြီးသေးပေါင်။
> ဒိဋ္ဌိပယ်ရေး ကြီးလေးဝန်ဆောင်၊
> သတ်လွတ်ရ အပါယ်ဘောင်။
---
စာမျက်နှာ-163
ဓာတ်ကြီးလေးပါး မြွေလေးတောင်
(ပထဝီဓာတ်)
၂၂၅။ ပတ္ထဒ္ဓေါ ဘဝတိ ကာယော၊ ဒဋ္ဌော ကဋ္ဌမုခေန ဝါ။
ပထဝီဓာတုပ္ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
ကဋ္ဌမုခေန၊ ကဋ္ဌမုခမြွေသည် (ကိုက်လျှင် ဒုတ်ကဲ့သို့ ခက်မာသွားစေတတ်သော မြွေသည်)။ ဒဋ္ဌော၊ ကိုက်အပ်သော။ ကာယော၊ ကိုယ်သည်။ ပတ္ထဒ္ဓေါ၊ လွန်စွာ တောင့်တင်းခက်မာသည်။ ဘဝတိ ဝါ၊ ဖြစ်သည်လည်း ရှိ၏။ မန္တဂဒဝသေန၊ မန္တန်အစွမ်း၊ ဆေးအစွမ်းဖြင့်။ ပတ္ထဒ္ဓေါ၊ လွန်စွာ တောင့်တင်းခက်မာခြင်းသည်။ န ဘဝတိ၊ မဖြစ်သည်လည်း ရှိ၏။ ပထဝီဓာတုပ္ပကောပေန ပန၊ အဇ္ဈတ္တ ပထဝီဓာတ် ပျက်လေသောအခါ၌ကား။ မန္တာဂဒရဟိတော၊ ဆေးဝါးမန္တန်အစွမ်းဖြင့် ကယ်မ၍ မရတော့ဘဲ။ သော ကာယော၊ ထိုကိုယ်သည်။ ကဋ္ဌမုခေဝ၊ ကဋ္ဌမုခမြွေ၏ ခံတွင်း၌ ရောက်သကဲ့သို့။ (ဝါ) ကဋ္ဌမုခမြွေပေါက်ခံရသကဲ့သို့။ ပတ္ထဒ္ဓေါ၊ ဧကန်မုချ တောင့်တင်းခက်ထန်ရသည်။ ဟောတိ၊ ဖြစ်ရလေတော့၏။
(အာပေါဓာတ်)
၂၂၆။ ပူတိယော ဘဝတိ ကာယော၊ ဒဋ္ဌော ပူတိမုခေန ဝါ။
အာပေါဓာတုပ္ပကောပေန၊ ဟောတိ ပူတိမုခေဝ သော။
ပူတိမုခေန၊ ပူတိမုခမြွေသည်။ (ဝါ) ကိုက်လိုက်လျှင် တစ်ကိုယ်လုံး ပုပ်သွားစေတတ်သော မြွေသည်။ ဒဋ္ဌော၊ ကိုက်အပ်သော။ ကာယော၊ ကိုယ်သည်။ ပူတိယော၊ ပုပ်သည်။ ဘဝတိ ဝါ၊ ဖြစ်သည်လည်း ရှိ၏။ မန္တဂဒဝသေန၊ မန္တန်အစွမ်း ဆေးဝါး၏ အစွမ်းဖြင့်။ ပူတိယော၊ ပုပ်သည်။ န ဘဝတိ၊ မဖြစ်သည်လည်း ရှိ၏။ အာပေါဓာတုပ္ပကောပေန ပန၊ အာပေါဓာတ် ပျက်စီးသွားသော အခါ၌ကား။ မန္တဂဒရဟိတော၊ ဆေးဝါးမန္တန်အစွမ်းဖြင့် ကယ်မ၍ မရတော့ဘဲ။ ကာယော၊ ထိုကိုယ်သည်။ ပူတိမုခေဝ၊ ပူတိမုခမြွေ၏ ခံတွင်း၌ ရောက်သကဲ့သို့။ (ဝါ) အပေါက်ခံရသကဲ့သို့။ ပူတိယေဝ၊ ပုပ်သည်သာလျှင်။ ဟောတိ၊ မုချ ဖြစ်ရပေ၏။
(တေဇောဓာတ်)
၂၂၇။ သန္တတ္တော ဘဝတိ ကာယော၊ ဒဋ္ဌော အဂ္ဂိမုခေန ဝါ။
တေဇောဓာတုပ္ပကောပေန၊ ဟောတိ အဂ္ဂိမုခေဝ သော။
စာမျက်နှာ-164
အဂ္ဂိမုခေန၊ အဂ္ဂိမုခမြွေသည်။ (ဝါ) ကိုက်လိုက်လျှင် မီးလောင်သကဲ့သို့ ခံစားရသော မြွေသည်။ ဒဋ္ဌော၊ ကိုက်အပ်သော။ ကာယော၊ ကိုယ်သည်။ သန္တတ္တော၊ ပူလောင်သည်။ ဘဝတိ ဝါ၊ ဖြစ်သည်လည်း ရှိ၏။ မန္တဂဒဝသေန၊ ဆေးဝါးမန္တရား၏ အစွမ်းဖြင့်။ န ဘဝတိ၊ မဖြစ်သည်လည်း ရှိ၏။ တေဇောဓာတုပ္ပကောပေန ပန၊ တေဇောဓာတ်ပျက်လျှင်ကား။ ကာယော၊ ကိုယ်သည်။ မန္တဂဒရဟိတော၊ မန္တန်ဆေးဝါးဖြင့် ကယ်မ၍ မရနိုင်တော့ဘဲ။ သန္တတ္တော၊ ဧကန်မုချ ပူလောင်တော့သည်သာလျှင်။ ဟောတိ၊ ဖြစ်ရလေတော့၏။
(ဝါယောဓာတ်)
၂၂၈။ သဉ္ဆန္နော ဘဝတိ ကာယော၊ ဒဋ္ဌော သတ္ထမုခေန ဝါ။
ဝါယောဓာတုပ္ပကောပေန၊ ဟောတိ သတ္ထမုခေဝ သော။
သတ္ထမုခေန၊ သတ္ထမုခမြွေသည်။ (ကိုက်လျှင် ဓားဖြင့် ခုတ်ဖြတ်သကဲ့သို့ ခံစားရသော မြွေသည်။) ဒဋ္ဌော၊ ကိုက်အပ်သော။ ကာယော၊ ကိုယ်သည်။ သဉ္ဆန္နော၊ အပိုင်းအပိုင်းပြတ်သည်။ ဘဝတိ ဝါ၊ ဖြစ်သည်လည်း ရှိ၏။ မန္တဂဒဝသေန၊ မန္တန်ဆေးဝါး၏ အစွမ်းဖြင့်။ န ဘဝတိ၊ မဖြစ်သည်လည်း ရှိ၏။ ဝါယောဓာတုပ္ပကောပေန ပန၊ ဝါယောဓာတ် ပျက်လေသောအခါ၌ကား။ မန္တဂဒရဟိတော၊ ဆေးဝါးမန္တရားဖြင့် ကုမ၍ မရတော့ဘဲ။ သတ္ထမုခေဝ၊ သတ္ထမုခမြွေ၏ အကိုက်ခံရသကဲ့သို့။ သဉ္ဆန္နော၊ အပိုင်းအပိုင်းပြတ်သည်။ ဟောတိ၊ ဖြစ်ရလေတော့၏။
---
၂၂၉။ “သံယောဇဉ်”
ဒဠှာရမ္မဏေ ယောဇန္တိ၊ သံသုဋ္ဌေ ပုထုကေ ဇနေ။
ပီဠန္တာ ဒုက္ခဓမ္မေဟိ၊ သမ္မာဇည-ဝိမုတ္တိကေ။
အာဝုသော၊ သံသရာညွတ်ဗွေ ကရွတ်ခွေမှ လွတ်စေဖို့ မြတ်ဓမ္မကို သေချာမှတ်သား နာကြားလိုသော အို... တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့။ သံယောဇနာ၊ စကားကလေး သုံးလုံးပေမဲ့ မဆုံးတဲ့အဓိပ္ပာယ်၊ သူ့နယ်က ဘဝဂ်အကုန် လွှမ်းခြုံပိတ်ဆို့ ရုန်းနိုင်ရန် အခက်ဆုံး၊
စာမျက်နှာ-165
လူရော နတ်ရော ဗြဟ္မာရော မကျန် တအုံးအုံးနှင့် စုရုံးဆူညံ ဘဝဂ်တိုင် အန်ထွက်အောင် ဖွဲ့နှောင်ချည်ထား၊ အကျဉ်းအားဖြင့် တဆယ်၊ အကျယ်အားဖြင့် ထောင့်ငါးရာ ကိလေသာ တဏှာပေမဆိုတဲ့ အနှောင်အဖွဲ့တို့သည်။ (ဝါ) သူနှင့်သာဘဲ မခွဲဘဲနေချင်ပါသည်၊ သူ့ကိုသာဘဲ အစဉ်အမြဲ မမှိတ်ဘဲကြည့်နေချင်ပါသည်၊ သူမပါရင် ရင်ထဲမှာမချိတရိနှင့် နေမထိထိုင်မသာ၊ စာကိုလည်း မကျက်နိုင်၊ စားလို့လည်း မဝင်နိုင်၊ အိပ်စက်လည်း မပျော်နိုင်၊ တငိုင်ငိုင်လျက် တတွေးတွေးလည်လည် ငယ်ရွယ်သူ အပျိုလူပျိုဘဝမှာ စကတည်းက သဲသဲမဲမဲကြီး လှမ်းပြီးတော့ အသည်းကျွမ်းတယ်ဆိုတဲ့ ဇနီးမယားမကျခင်က သမီးရီးစားတို့၏ သံယောဇဉ်။ ဇနီးမယားလို ဖြစ်လာပြန်တော့ သမီးသားတွေ တစ်ခါရံလို မဟာပန် မြတ်သောတာတို့တောင်မှ ရှောင်မရ ရှားမရနဲ့ တရားတထောင် တွက်ရေလို့ မကုန်နိုင်အောင် အတောင်တွေ အလက်တွေ အခက်တွေ အတက်တွေ ပွေရှုပ်ကာ ကြခတ်ဝါးရုံကဲ့သို့ အလွတ်ခုန်ရန် အမှန်ပင် ခဲယဉ်းလှသဖြင့် ဇွဲတင်းကာ တိမ်ယောင်နှင့်နက်လှသည့် အိမ်ထောင်ဖက်တို့၏ သံယောဇဉ်။ အရွယ်တော်သီသီ ဟိုင်းလာလို့ ဇရာအပိုင်း ရောက်လာသောအခါ နောက်နောက်ကဟာတွေကို ပြန်ပြန်တွေးပြီးတော့ ငယ်မူငယ်သွေးတွေ ပြန်ချင်သလိုလို၊ အသစ်တွေ ဘယ်လိုကောင်းသော်လည်း အဟောင်းကို တလယ်လယ်နဲ့ တကယ်တတပြီး နေကြသည့် ဒကာမကြီးတွေ ဒကာကြီးတွေ အိုပြီးမှ နလံထကြသည့် သံယောဇဉ်။ လူ့သံယောဇဉ်၊ နတ်သံယောဇဉ်၊ ဗြဟ္မာသံယောဇဉ်။ နိက္ခမ အဓိဋ္ဌာန်ဆောက်ကာ စိတ်ကြံကာ နိဗ္ဗာန်ပေါက်ရော့ဟဲဟု ကူးမြောက်ကာ ဖန်ဝါထည်နှင့် အရဟံဘဂဝါ သာသနာနယ်သို့ ကူးခဲ့သော်လည်း အထူးသဒ္ဓါဗလဝတွေနှင့် ဦးချကာ ပဏာမပြုကြသည့် လာလာသမျှ ဒကာဒကာမတွေကို တရားဒေသနာပြရင်း ပြရင်း တစ်စချင်း တစ်စချင်း မသိမသာ တွယ်ကပ်ပြီး တဖြည်းဖြည်း အလုံးကြီးလာသည့် ဘုန်းကြီးတို့ရဲ့ သံယောဇဉ်။ ပြောမဆုံးပေါင် တောသုံးထောင်မက အရာကျယ်လှသည့် အမာနယ်-
စာမျက်နှာ-166
ထွက်ခွာသွားမရအောင် ဖက်တွယ်ကာ ချည်နှောင်ထားကြသည့် သံယောဇဉ်တရားတို့သည်။ သမ္မဇည ဝိမုတ္တိကေ၊ သတိသမ္ပဇဉ် ဉာဏ်ယှဉ်မကပ် အမှတ်တွေလွတ်၍ နေသား။ ပုထုကေ ဇနေ၊ ကိလေသာတရား ပေါများတွင်တွင် ပုထုဇဉ်ဟု ရှင် လူ နတ်များ ဗြဟ္မာအစားစားတို့ကို။ သံသုဋ္ဌ၊ မဂ္ဂင်ဉာဏ် ဝင်မသုံးရင်ဖြင့် ဘယ်လိုပင် နင်းကန်ရုန်းသော်လည်း ကုန်းအထက် ဟိုနယ်မှာ လွတ်ဖွယ်ရာ ဘယ်မမြင်နိုင်ဘဲ ဓလေ့ပိုင်ပိုင် တကယ်ကို ခိုင်ခိုင်မြဲမြဲကြီးသာလျှင်။ ဒဠှာရမ္မဏေ၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗဟု ငါးဝအာရုံ ကာမဂုဏ်ဆိုသည့် ချည်တိုင်၌။ (ဝါ) ဒဠှာရမ္မဏေ၊ သမီးသားနှင့် စီးပွားအာရုံ ကာမဂုဏ်ဆိုသည့် ချည်တိုင်၌။ ယောဇေန္တိ၊ တုပ်နှောင်၍ ထားလေကုန်၏။ (ဝါ) ယောဇေန္တိ၊ ဘုရား တရား သံဃာနားသို့ မသွားရအောင် တုပ်နှောင်ရစ်ပတ် အထပ်ထပ် ဖွဲ့ချည်ကြလေကုန်၏။ ဧ၊ အထပ်ထပ်တုပ်နှောင် မလွတ်အောင် ဖွဲ့ချည်ကြကုန်သည်ဖြစ်၍။ ဒုက္ခဓမ္ေဟိ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဝဋ်ဒုက္ခတရားတို့ဖြင့်။ ပီဠေန္တိ၊ နှိပ်စက်တတ်ကြလေကုန်၏။ (ဝါ) ပီဠေန္တိ၊ ခံနိုင်လျှင်လည်းခံ မခံနိုင်လည်းခံနှင့် ဒဏ်တွေ နင့်ကိုထိရော့ဟဲဟု ဖိဖိစီးစီးကြီး နှိပ်စက်ကြလေကုန်သတည်း။
---
၂၃၀။ “နတ်ပင့်”
သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
စာမျက်နှာ-167
သမန္တာ၊ အနီးအနား ထံပါးပတ်ခြာ ရပ်ဒိသာမှ။ စက္ကဝါဠေသု၊ ဖြစ်တူပျက်တူ ဇမ္ဗူရိုက်ပြောင်း စကြဝဠာတိုက် တစ်သောင်းတို့၌။ (ဝါ) ဘုရားမြတ်စွာ စိန္တေယျာ၏ အာဏာဓမ္မစက် ပြန့်နှံ့ထွက်ရာ သမ္မာရိုက်ပြောင်း စကြဝဠာတိုက် တစ်သောင်း၌။ ဝသန္တာ၊ ကြည်သာချမ်းမြ နေထိုင်ကြကုန်သော။ (ဝါ) ဗုဒ္ဓမြတ်စွာ ဒေသနာဓမ္မ ဆုံးမဖြင့် လုံးဝသေချေ စိတ်နေကိုယ်ကျ ချမ်းအေးမြလျက် ဓမ္မရိပ်သာ အေးသာယာဝယ် ကြည်သာချမ်းမြ နေထိုင်ကြကုန်သော။ ဒေဝါ၊ သမ္မာအယူ ဖြူစင်ဖြောင့်မတ် အရှင်နတ်ကောင်း နတ်မြတ်တို့သည်။ အတြ၊ ဓမ္မသဘင် ဆင်ယင်ကျင်းပ ဤဌာနသို့။ အာဂစ္ဆန္တု၊ အာကာဝေဟင် ခရီးယဉ်ဖြင့် အပြီးနှင်ကာ ကြွရောက်တော်မူကြပါကုန်လော့။
ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
ဘဒ္ဒန္တာ၊ သာသနာ့အယူ ဖြူစင်ဖြောင့်မတ် အို နတ်ကောင်းနတ်မြတ်အပေါင်းတို့။ အယံ ကာလော၊ ကြွရောက်လာကြ ဤအခါသမယသည်ကား။ ဓမ္မဿဝနကာလော၊ တရားဒေသနာ မြိုက်ရာကို ကောင်းစွာမသွေ နာယူကြရမည့် အခါကာလတည်း။ (ဝါ) တရားဒေသနာ မြိုက်ရသာကို ကောင်းစွာမသွေ နာကြားတော်မူကြပါလေကုန်လော့။
---
“ပရိတ်အမွှန်း”
ဗုဒ္ဓါဒီနံ နုဘာဝေန၊ ဒုန္နိမိတ္တံ ဒုမင်္ဂလံ။
ဒုဿဒ္ဒံ ပါပဂ္ဂဟော စ၊ ဝိနဿန္တု ဒုဿုပိနံ။
ဣမသ္မိံ ဂေဟေ၊ ဇနီးမယား သမီးသားနှင့် စီးပွားရွှေငွေ အခြေပိုင်ပိုင် နေထိုင်ကြရာ ဤအိမ်ဂေဟာအတွင်း၌။ ဒုန္နိမိတ္တံ စ၊ စနည်းတဘောင် စို့သက်ရောင်နှင့် ထက်ခေါင်ဖျားကို လင်းတဝင်တိုး ဆိုးသမျှငှက် တောနက်တိရစ္ဆာန် ဝင်ပျံခိုအောင်း မကောင်းသော အတိတ်နိမိတ်အပေါင်းတို့သည်လည်းကောင်း။ ဒုမင်္ဂလံ စ၊ အနိဋ္ဌဖလရုပ် ဒုက္ခဝေဒနာများ တွင်းကျင်းကျော်မိလျှင် ကရေတွင်းရေကန် မကျန်တံတား စသည်များက အသွားမတော် ဆိုသော်ဖြစ်ငြား စကားမမှန် ကြမ်းတမ်းစိမ့်ရေ အထွေထွေမျိုး ကျောင်းဆိုးအိမ်ဆိုး လျှိုးမိတစ်ထွေ မြေနေမကောင်း ကျောင်းဆောက်အိမ်ဆောက် ထုပ်လျောက်သစ်အထားမမှန် မျက်လှန်ဇောက်ထိုး-
စာမျက်နှာ-168
ထိုးမိလေရာ အခါမတော် ကြောင် ဖွတ်တက်၊ ခွေး ကြွက် ဝက်က ကျွဲနွားစသည့် မြင်းကမကျန် တိရစ္ဆာန်အပေါင်း မကောင်းသော အမင်္ဂလာတို့သည်လည်းကောင်း။ ဒုသဒ္ဒါ စ၊ ကျယ်ကျယ်လောင်လောင် ထက်ခေါင်အိမ်မိုး ဝင်တိုးကျော်သန်း ငှက်သရန်းတို့၏ စိတ်မသန့်ဖွယ် ကျယ်ကျယ်လောင်လောင် ခေါင်ခေါင်ကျည်ကျည် မြည်ဟစ်ကြ မကောင်းသော သဒ္ဒအမင်္ဂလာတို့သည်လည်းကောင်း။ ပါပဂ္ဂဟာ၊ ဂြိုဟ်အိပ်စန်းကျ ပါပသက်ခတ် သမသတ်နှင့် ဂြိုဟ်စား၊ ဂြိုဟ်ပျက်၊ ဂြိုဟ်ထွက်၊ ဂြိုဟ်ဝင်၊ ဂြိုဟ်နှင့်ဂြိုဟ်ဆီး ထွက်ငြီးမငြိမ် စန်းအိမ်လွန်းပြတ် နက္ခတ်ယိမ်းယိုင် မနိုင်လှုပ်ရှား မကောင်းထားသည် သုဉ်းခန္ဓာလေးဖြာ ဓာတ်ပျက် ကျက်တွင်းဆိုး အကျိုးမထင် နတ်လျင်တစ်ထွေ တစ္ဆေသူ ဖမ်းယူစုန်းဘုတ် ရုပ်မြုပ်နာမ်ထား များစွာအပေါင်း မကောင်းသမျှသော ဂြိုဟ်စီးဒသာ ကံကြမ္မာတို့သည်လည်းကောင်း။ ဒုဿုပိနဉ္စ၊ မြွေပွေး မြွေဟောက် ငန်းပျောက် ငန်းကျား တောသားကိုက်ခဲ ခေါင်းကွဲ ရိုက်နှက် သွေးထွက်သံယို မလိုဆင်လိုက် ဖုတ်လိုက်ပြင်းထန် ညှီနံပုပ်သိုး သစ်ရောင်မျိုးနှင့် ချိုးသည့်သစ်စိမ်း ကတိမ်းကပါး တောကျားကိုက်တွေ တစ္ဆေသဘက် ခေါင်းထက်ဆံပင် ပြတ်လျှင်တစ်ထွေ အနေမကျ မြင်ကကြောက်ဖွယ် အစွယ်ပြူးတူး ဘီလူးလိုက်လျက် ဝက်တောင်ပက်နှင့် သစ်ထက်တောင်ဖျား ကမ်းပါးကကျ များလှထွေထွေ အသရေဖျက် အိပ်မက်အပေါင်းတို့သည်လည်းကောင်း။ ဧတေ ဒုန္နိမိတ္တာဒယော၊ ထိုဆိုအပ်ခဲ့ပြီး အသီးသီးအဝဝ မကောင်းသော အတိတ်နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မကောင်းသော ငှက်၏မြည်သံတွန်သံ၊ မကောင်းသော ဂြိုဟ်စီးဒသာ ကံကြမ္မာ၊ မကောင်းသော အိပ်မက်မြင်မက်ခြင်း ဟူသမျှတို့သည်။ ဗုဒ္ဓါဒီနံ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်ကုန်ကြသည့် ဘုရားအစ မြတ်ဓမ္မနှင့် သံဃာအရိယာ မြတ်ဆရာနှင့် ဝိဇ္ဇာဇော်ဂျီ တပသီတို့၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် မေတ္တာတော် အာနုဘော်ကြောင့်။ အာဂတာနံ၊ မနောပုဗ္ဗင်္ဂမအစဉ်ဖြင့် ကြည်လင်ဟဒယ ရောက်ရှိနေကြကုန်သော။ တုမှာကံ၊ တရားနာ ပရိသတ်အပေါင်း သင်သူတော်ကောင်းတို့၏။ အဇ္ဈတ္တိကဗာဟိရေသု၊ ကိုယ်တွင်းကိုယ်ပ၊ အိမ်တွင်းအိမ်ပ၊ အာရာမ်တွင်းအာရာမ်ပ နှစ်ဌာနတို့၌။ သဗ္ဗအန္တရာယာ၊ အလုံးစုံအဝဝ အန္တရာယ်ဟူသမျှရှိသည်။ ဝိနဿန္တု၊ နေခြည်ထိကျောက် နှင်းရည်ပေါက်သို့ ပျောက်ပျက်လွင့်စင်ကြပါစေကုန်သတည်း။ ဣဋ္ဌမင်္ဂလာနိ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာအဝဝ ဟူသမျှတို့သည်။ ဝဍ္ဎန္တု၊ တစ်နေ့တခြား တက်နေအလားသို့ တိုးပွားနိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-169
ဂါထာတထောင် (၁၇၁) မင်္ဂလာပြုရာမှန်သမျှအတွက်
မင်္ဂလာဂါထာ
၂၃၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၂၃၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၂၃၄။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
သဗ္ဗမင်္ဂလံ၊ မင်္ဂလာကြက်သရေ တက်ဝေဖို့အကြောင်း ကောင်းမြတ်ချမ်းသာ ဣဋ္ဌမင်္ဂလာအပေါင်းသည်။ တေ တုမှာကံ၊ တရားနာ ပရိသတ်အပေါင်း သင်သူတော်ကောင်းတို့အား။ သဒါ၊ နေ့ရောညဉ့်ပါ ဗီဇနာမပြတ် အခါခပ်သိမ်းသာလျှင်။ ဘဝတု၊ မေတ္တာရေပန်း လှစ်ခါဖျန်းသဖြင့် ရွှင်လန်းကြည်သာ ဖြစ်ပါစေ။ သဗ္ဗဒေဝတာ၊ အလုံးစုံအရပ်ရပ် နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်။ တေ တုမှာကံ၊ (ပ) အား။ သဒါ၊ (ပ) သာလျှင်။ ရက္ခန္တု၊ ဘေးအသွယ်သွယ် အန္တရာယ်မရောက် ရန်စွယ်ပျောက်အောင် စောင့်ရှောက်ကြပါစေကုန်သတည်း။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်ကြကုန်ငြား မြတ်စွာဘုရားတို့၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ တေ တုမှာကံ၊ တရားနာပရိသတ်အပေါင်း သင်သူတော်ကောင်းတို့အား။ သဒါ၊ (ပ) သာလျှင်။ သုခီ၊ ကိုယ်ရောစိတ်ပါ ဘာမူကြာရေဝှေ့သို့ ချမ်းမြေ့ကြည်လင်ခြင်းသည်။ ဘဝန္တု၊ မေတ္တာရေပန်း လှစ်ခါဖျန်း၍ ရွှင်လန်းကြည်သာ ဖြစ်ကြပါစေကုန်သတည်း။
> * ဒုတိယဂါထာ၌၊ (သဗ္ဗဓမ္မာနုဘာဝေန၊ သွာက္ခာတအစလာသည့် ခြောက်သော ဂုဏ်တော်နှင့် ပြည့်စုံသော တရားတော်တို့၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့်)
> * တတိယဂါထာ၌၊ (သဗ္ဗသံဃာနုဘာဝေန၊ သုပ္ပဋိပန္နအစလာသည့် ကိုးဖြာသော ဂုဏ်တော်နှင့် ပြည့်စုံသော သံဃာတော်တို့၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့်)
> *(ဤမျှသာပြင်၍ ဆိုရတော့မည်)*
---
စာမျက်နှာ-170
မေတ္တာပို့ ဆောင်ပုဒ် လင်္ကာများ
(၁) သာသနာတော်ကြီး၊ ဘုန်းမီးနေလ၊ ထိန်ထိန်ပ၊ ချမ်းမြပါစေ မေတ္တာဝေ။
(၂) သာသနာထမ်း၊ ရဟန်းသံဃာ၊ ကြည်လင်ပ၊ ချမ်းမြပါစေ မေတ္တာဝေ။
(၃) သာသနာကျိုး၊ သည်ပိုးနိုင်ကြ၊ အမှန်ပ၊ ချမ်းမြပါစေ မေတ္တာဝေ။
(၄) ပြသသွန်သင်၊ ဆရာအရှင်၊ ကိုယ်စိတ်တွင်ပ၊ ကြည်လင်ရ၊ ချမ်းမြပါစေ မေတ္တာဝေ။
(၅) မိဘနှစ်ဖြာ၊ ဂုဏ်နာ၊ ချမ်းသာသုခ၊ အမှန်ရ၊ ချမ်းမြပါစေ မေတ္တာဝေ။
(၆) သာသနာကြီး၊ ခိုမှီးနေကြ၊ ဝေနေယျ၊ ချမ်းမြပါစေ မေတ္တာဝေ။
(၇) ဤကမ္ဘာကြီး၊ ခိုမှီးနေကြ၊ ဝေနေယျ၊ ချမ်းမြပါစေ မေတ္တာဝေ။
[(“ပဏာမဂါထာတော်များ” နှင့် တွဲရန်)]
> သာသနာနေမင်း ဝင်းပသောခါ၊
> လူရော-နတ်ရော မြတ်သောရောင်ဝါ၊
> ပညာထွန်းပ ရွှန်းမြကြည်သာ၊
> နိဗ္ဗာန်ဓာတ် ဆိုက်ကပ်ကြစေရာ။
>
> သာသနာနေမင်း မလင်းသောခါ၊
> လူရော-နတ်ရော မိုက်တောထဲမှာ၊
> လမ်းပျောက်လို့ ကျရောက်အပါယ်ရွာ၊
> အဲဒါကြောင့် ဗုဒ္ဓသာသန ပို့ရမေတ္တာ။
[(“သာသနာ့ဂုဏ်ရည်” ဂါထာနှင့် တွဲရန်)]
---
စာမျက်နှာ-171
နိဂုံးကထာ
စာအုပ်ဖြစ်မြောက်ရေးအတွက် အခက်အခဲပေါင်းများစွာရှိသည့်အနက် ငွေကြေးအခက်အခဲကို စာရေးသူ အလွန်ကြောက်သည်။ စာမူပြုစုရေးစသော အခြားကိစ္စများ ဘယ်လောက်ပင်ရှိပါစေ၊ စာရေးသူက ထိုအခက်အခဲများကို စိတ်ရှည်ရှည်ဖြင့် ဖြေရှင်းချင်ပါသည်။ ဖြေရှင်းနိုင်စွမ်း ရှိပါသည်။ ငွေကြေးအကြောင်းနှင့် ပတ်သက်လာလျှင်ကား ခက်သလိုလည်း တွေ့သည်၊ ရှက်သလိုလည်း တွေ့သည်။ ရှက်နေမှတော့ ခက်တော့မည်ကား အမှန်ပင်။
တရားတစ်ပုဒ်ကိုသာ ကြာချင်သလောက် ကြာပစေ ဟောလိုက်ချင်သည်။ ငွေကြေးအကြောင်းနှင့် စပ်လာလျှင် တစ်ခွန်းသော စကားကို မဆိုချင်။ ဤသို့သော အကြောင်းကြောင့်လည်း စာရေးသူ၏ စာမူများ စာအုပ်အဖြစ်သို့ ရောက်မလာခဲ့။ စာမူများ စာအုပ်အဖြစ်သို့ ရောက်မလာသည့်အတူတူတော့ စာစောင်များ၌ ဆောင်းပါးရေး၍သာလျှင် မိမိ၏ စာရေးဝါသနာကို အာသာဖြေကာ အေးအေးသာ နေတော့သည်။
ဤသို့နေတော့မှ မိတ်ဆွေများ၊ တပည့်များက ဆရာတော် တရားဟောဂါထာ ပါဌ်အနက်များကို “ဓမ္မကထိက” သုံးရန် ဂါထာအစုံအလင် ရွေး၍ ထုတ်ဝေမည့်အကြောင်း တိုက်တွန်းလျှောက်ထားလာသည်။ ထိုအခါ မိမိက “ငွေကြေးအကြောင်းက လွဲလျှင် ကျန်ကိစ္စ အကုန်လုံး လုပ်ပေးမည်” ဟု ပြောပြရသည်။ သူတို့က “ငွေကြေးကို ကြိုးစားကြပါမည်” ဟု ကတိပြုကြသည်။ သို့သော် သူတို့မှာလည်း သူလိုကိုယ်လို ဖြစ်ကြသည်မို့ ပြည့်စုံကြမည်ကား မဟုတ်။ သို့သော် သူတို့က တာဝန်ယူကြတော့မှ ကျန်ကိစ္စကို စီစဉ်ပေးရမှာ တာဝန်လေးနေစရာ မရှိပြီ။
ဤတွင် ကျမ်းစာတစ်ခု ဖြစ်ပေါ်မှု၌ ငွေကြေးသည်သာ အခက်အခဲတစ်ခု မဟုတ်ကြောင်းကို စာပေထုတ်လုပ်ရေးနှင့် စပ်သူများ သိကြပါမည်။ စာရေးသူ ဆိုလိုသည်ကား မိမိအနေနှင့် ငွေကြေးကိစ္စကိုသာ ရှက်ကြောက်နေ၍ အခက်အခဲတစ်ခုဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။
စာမျက်နှာ-172
ဤသို့ အခက်အခဲများစွာအကြားမှ ဤ “ဂါထာတထောင်ကျမ်း” မှာ စာအုပ်အဖြစ် ရုန်းကန်လူးလွန့်၍ ရွက်ညွန့်ခက်ကာ စာပေဥယျာဉ်အလယ်မှာ ဖြစ်ထွန်းလာခဲ့ရချေပြီ။ စာပေဥယျာဉ်ဝယ် စာပေပန်းပင်ငယ်များ ရှင်သန်ဖူးပွင့်၍ မြူခွင့်ရရန်မှာ စာပေဥယျာဉ်မှူးက အဓိကနေရာ၌ တည်ပါသည်။ စာပေဥယျာဉ်မှူး ဆိုသည်ကား စာရေးဆရာ၊ ကျမ်းပြုဆရာများ ဖြစ်သည်ဟု စာရေးသူက မထင်မြင်မိပါ။ စာဖတ်ပရိသတ်များသာ ဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။
ထို့ကြောင့် မိမိတို့၏ စာပေဥယျာဉ်အလယ်၌ လူးလွန့်ကာ ရွက်ညွန့်ဖြာလာသော ဤဂါထာတထောင် ပန်းပင်ကလေးကို စာပေဥယျာဉ်မှူးဖြစ်သော စာဖတ်ပရိသတ်များက ဝမ်းပန်းတသာ ဆီးကြို၍ ရေစင်ချမ်းမြ သွန်းလောင်းပေးကြလိမ့်မည်ဟု မျှော်လင့်လျက်—
ပုညေနာနေန သုညေန၊ ပညေယျံ ဥဇုဂံ သိဝံ။
သံသာရေ သံသရန္တောပိ၊ ကာယစိတ္တသုခီ ဘဝေ။
ပရူပပဒေသေ စ၊ သေဋ္ဌေ ကုလေဝ ဇာတိယာ။
*(ဤနေရာရှိ ပါဠိစာသားအချို့မှာ မူရင်းစာမူတွင် ဖတ်ရခက်ခဲနေပါသဖြင့် အနီးစပ်ဆုံး ပြင်ဆင်ဖော်ပြထားပါသည်)*
“အမျှဝေသာ ရပါစေ”
ဤစာပြုစု မြတ်ကောင်းမှုကို ကွယ်လွန်လေပြီးသော မွေးသမိခင် ကျေးူးရှင် (ဒေါ်စိန်ပွင့်) တို့အားလည်းကောင်း၊ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့အားလည်းကောင်း အမျှ ပေးဝေပါသည်။
ဂါထာတထောင် ပထမတွဲ ပြီး၏။
---
စာမျက်နှာ-173
၂၃၂။ “ဝါတွင်းမှ ဘုရားကြွ”
*(အဘိဓမ္မာ အခါတော်နေ့အတွက်)*
န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊ န သုတော ဥဒ ကဿစိ။
ဧဝံ ဝဂ္ဂုဂတော သတ္တာ၊ တုသိတာ ဂဏိမာ ဂတော။
မေ၊ သာရိပုတ္တရာ မည်သညာဖြင့် လက်ျာတော်ရံ ဌာနန္တရ ဘွဲ့ပုံသသည့် ဘုရားတပည့်တော်သည်။ ဣတော၊ တာဝတိံသာ နတ်တို့မှ ဘဂဝပရမေ သင်္ကဿသို့ ခုနေချိန်ခါ ကြွမြန်းလာသည့် မဟာသမယ ဤကာလမှ။ ပုဗ္ဗေ၊ ရှေးရှေးကာလ ဘဝဘဝ အခါခါ၌။ ဝဂ္ဂုဂတော၊ တစ်ကိုယ်လုံး မဆုံးကြက်သရေ တက်သစ်နေရောင် ရာထောင်ဖြိုးမောက် သို့ကလောက်ပင် တန်ခိုးတောက်တော်မူထသော။ သတ္ထာ၊ နတ်လူဗြဟ္မာ သတ္တဝါအစားစားတို့၏ အားထားမှီခို ဗဟိုရ်ခရိုင် မဏ္ဍိုင်ဥက္ကဋ္ဌ ဝိသုဒ္ဓိနတ် ဖြစ်တော်မူသော မြတ်ဘုရားကို။ န ဒိဋ္ဌော၊ မံသပညာ နှစ်ဖြာသော စက္ခုဖြင့် ကြည့်ရှု၍ အမြင်မိရိုး အမှန်ပါပေတည်း။ ဥဒ ကဿစိ၊ သုံးဆယ်တစ်ဘုံ လုံးစုံထက်အောက် တစ်ယောက်တစ်လေ၏ အထံမှသော်လည်း။ န သုတော၊ ပကတိနား၊ ဒိဗ္ဗနားဖြင့် လားလားမှပင် မကြားမိရိုး အမှန်ပါပေတည်း။ တုသိတာ၊ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း နှစ်ထောင်းအားရ ရွှင်ပျခြင်းကို ဖြစ်စေထသော။ ဂဏိမာ၊ သောင်းလောကဓာတ် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း နှစ်ထောင်းကြည်ညို ဗဟိုရ်ဥက္ကဋ္ဌ အထွတ်အထိပ်ကြီး ဖြစ်ပေထသော။ သတ္ထာ၊ နတ်လူဗြဟ္မာ သတ္တဝါအပေါင်းတို့၏ လမ်းကြောင်းညွှန်ရာ မြတ်စွာဘုရားသည်။ အာဂတော၊ ရွှေစောင်းတန်းအသွယ်သွယ်၊ ငွေစောင်းတန်းအဆွယ်၊ ပတ္တမြားစောင်းတန်းက အလယ်၊ နတ်ဗြဟ္မာတွေ တင့်တယ်ခြံရံလျက် တာဝတိံသာ ကသစ်နန်းမှ သင်္ကဿလူ့ကြငှန်းသို့ မြန်းကြွတော်မူလာခဲ့ပါပေသည် တကား။
---
၂၃၃။ “မလွှဲသာ ခွဲခွာရပေမဲ့”
ဝန္ဒာမဟံ မဟာဝီရ၊ ဣဒံ ပစ္ဆိမဒဿနံ။
သစေ ဒေါသံ ခမာပေဟိ၊ ဂစ္ဆာမိ ကရုဏာကရ။
မဟာဝီရ၊ မြတ်သောလုံ့လ ဝိရိယနှင့် မုချကုံလုံ ပြည့်စုံပေငြား အရှင်မြတ်ကြီးဘုရား။ အရှင့်ထံပါး ခွဲခွာသွားရန် အကြောင်းကံဟုန် ကြုံလာခဲ့ရ တပည့်တော်၏။ ဣဒံ ဒဿနံ၊ ဤယခုတွင် အဦးတင်၍ ဖူးမြင်လိုက်ရခြင်းသည်။ ပစ္ဆိမဒဿနံ၊ နောင်အခါ ဘယ်မှာတစ်ဖုံ ပြန်ဆုံတွေ့ရန် အကြောင်းကံတစိ မရှိလုံးလုံး နောက်ဆုံးအနေ ဖူးလိုက်ရခြင်းပါပေတည်း။ အဟံ၊ သိန်းစက္ကဝဠာ ကမ္ဘာဘာက ဆယ်ဖြာပါရမီ တူညီဖြည့်ဖက် မပျက်စိတ်စဉ် အရှင်နှင့်သာ မခွဲအဖော် ဘုရားတပည့်တော်မသည်။ ဝန္ဒာမိ၊ ကြည်ညိုလွှမ်းပတ် သဒ္ဓါဓာတ်ဖြင့် ရွက်ချပ်အစုံ ကြာပဒုံသို့ ဆယ်စုံလက်အုပ်...
စာမျက်နှာ-174
...ချောင်းရိုးညွတ်ပြောင်းလျက် ဦးခေါင်းညွှတ်ကာ ရှိခိုးကန်တော့လိုက်ပါ၏ ဘုရား။ မေ၊ ဘုရားတပည့်တော်၏ အပေါ်၌။ ဒေါသံ၊ ကာယ၊ ဝစီ၊ မနောချီလျက် သုံးလီမှန်စွာ ပြစ်ဒေါသာသည်။ သစေ အတ္ထိ၊ တစိုးတစိ အကယ်၍များ ရှိခဲ့အံ့။ ကရုဏာကရ၊ သတ္တဝါများ ရင်ဝယ်သားသို့ မခြားမလပ် ကရုဏာပွားလတ် အရှင်မြတ်သည်။ ခမာပေဟိ၊ အပြစ်မဲ့ရေး ထောက်မျှော်တွေးလျက် မနှေးလျင်စွာ သည်းခံတော်မူပါ ဘုရား။ အဟံ၊ တပည့်တော်မသည်။ ဂစ္ဆာမိ၊ ဝဋ်ကင်းရာမှန် မြတ်နိဗ္ဗာန်သို့ အမှန်မသွေ သွားရောက်ပါတော့မည် ဘုရား။
---
၂၃၄။ “သင်တို့တွက်တာ ကောင်းဖို့ရာ”
တာရကာ ဝိယ စက္ခူနိ၊ မံသာနိ စ မဟာပထဝီ။
လောဟိတံ သမုဒ္ဒရတံ၊ အဋ္ဌိံ သိနေရုသဒိသံ။
ဇဟိတွာန၊ ပူရေသိ ဒသ ပါရမီ။
ကာရုဏိကော၊ သတ္တဝါ ဝေနေယျ များဗိုလ်ခြေတို့ ကယ်မည့်သူဝေး ဘေးတွေကဝိုင်းလို့ ရန်ဆုံးရော့အမို့ ကြင်နာအရေး ရွှေဉာဏ်တော်မျှော်တွေးလျက် ကိုယ်ရေးကိုယ်အရာလို မဟာကရုဏာတွေ လွန်စွာလှသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ သတ္တာနံ တာရဏတ္ထာယ၊ သံသရာဝဲဩဃနှင့် အာပါယတ် ဒုက္ခထပ်လျက် ကြပ်ပွေနေကြသည့် သတ္တဝါတွေကို ခေမာသောင်ကမ်း နိဗ္ဗာန်နန်းသို့ ဖြောင့်တန်းပို့ဆောင် ကယ်တင်ခြင်းငှာ။ တာရကာ ဝိယ စက္ခူနိ၊ ဟိုအာကာကောင်းကင်မှ သော်တာကြယ်စင်တို့ထက်ပင် ပိုမိုများပြားလှသည့် မျက်လုံးတော်အစုံတို့ကိုလည်းကောင်း။ မဟာပထဝီ မံသာနိ စ၊ နှစ်သိန်းလေးသောင်း ထုထည်မက တည်ရှိသည့် မဟာပထဝီမြေကြီးထက်ပင် ပိုမိုများပြားလှသည့် ကိုယ့်အသားတော်တို့ကိုလည်းကောင်း။
လောဟိတံ သမုဒ္ဒရတံ၊ သမုဒ္ဒရာရေထက်ပင် ပိုမိုများပြားလေသည့် နီနီထွေးထွေး ကိုယ်အသွေးတော်တို့ကိုလည်းကောင်း။ အဋ္ဌိံ သိနေရုသဒိသံ၊ မြင့်မိုရ်တောင်မင်းထက်ပင် မကလျော့သည့် အကြွင်းမရှိသော ကိုယ်အရိုးတော်တို့ကိုလည်းကောင်း။ ဇဟိတွာန၊ နှမြောမတွန့် ရက်ရက်စက်စက်ကြီး စွန့်လွှတ်တော်မူခဲ့လျက်သာလျှင်။ ပါရမီ၊ ဘုရားဖြစ်ရန် အကြောင်းခံဟု ဆယ်တန်မြတ်လှ ပါရမီတော်တို့ကို။ ပူရေသိ၊ မဆုတ်မနစ် အားသစ်လုံ့လ ဝါယာမဖြင့် နေ့ညမသွေ ပြုစုဆည်းပူးတော်မူခဲ့ပါပေသည် တကား။