မာတိကာသို့ ခုန်သွားရန်

ဂိဟိဝိနယ

ဝီကီရင်းမြစ် မှ

ဂိဟိဝိနယ

မင်္ဂလာတရား ၃၈ ပါး

မင်္ဂလာတရား ၃၈ ပါး

၁။ တရားကင်းငြား၊ လူမိုက်အား၊ ရှောင်ရှားမင်္ဂလာ။

၂။ တရားကျင့်သိ၊ ပညာရှိ၊ ကပ်ဘိမင်္ဂလာ။

၃။ ပူဇော်ထိုက်သူ၊ ပူဇော်မူ၊ မှတ်ယူမင်္ဂလာ။

၄။ ကုသိုလ်ပြုရန်၊ လျော်ကန်သင့်မြတ်၊ ထိုအရပ်၊ နေလတ်မင်္ဂလာ။

၅။ ရှေးဘဝက၊ ပြုခဲ့ကြငြား၊ ကုသိုလ်များ၊ မှတ်သားမင်္ဂလာ။

၆။ ကိုယ် နှုတ် စိတ်အား၊ ကောင်းစွာထား၊ မှတ်သားမင်္ဂလာ။

၇။ အပြစ်ကင်းစင်၊ ကြားအမြင်၊ များလျှင် မင်္ဂလာ။

[အကုသိုလ် ဒုစရိုက်တရားကို ပွားစေတတ်၍ အပြစ်မကင်းသော အကြားအမြင် ဗဟုသုတတိုးပွားခြင်းကြောင့် မင်္ဂလာမဖြစ်ဟူလို။]

၈။ လူရှင်ကျင့်စရာ၊ အာစ ပညတ်၊ ဝိနည်းမြတ်၊ သင်ဖတ်ကျင့်လတ်မင်္ဂလာ။

[တိုးတက်ကြီးပွားရေး အကျဉ်း လက်စွဲ၌ပါသော လူတို့ကျင့်အပ်သော တရားများကို အာစာရဝိနည်း ခေါ်သည်၊ ရဟန်းတို့ ကျင့်အပ်သော ဝိနည်း ၅ ကျမ်းကို ပညတ် ဝိနည်းခေါ်သည်၊ ထိုဝိနည်းကို သင်ခြင်း ကျင့်ခြင်းသည် မင်္ဂလာမည်၏၊ လူများလည်း ရဟန်းဝိနည်းကို သင်ကြားကောင်းသည် ဟူလို။]

၉။ အပြစ်ကင်းလတ်၊ အတတ်ဟူသမျှ၊ တတ်သိက၊ မုချမင်္ဂလာ။

[တံငါ မုဆိုး အတတ်၊ လောင်းတမ်း ကစားမှု အတတ်၊ လက်နက်လုပ်မှုအတတ်-စသော အပြစ်မကင်းသော အတတ်တို့ကို တတ်ခြင်းသည် မင်္ဂလာမမည်ဟူလို။]

၁၀။ ဆိုသင့်ထိုက်တန်၊ ဟုတ်မှန်ကျိုးများ၊ ထိုစကား၊ ဆိုငြား မင်္ဂလာ။

[သူတစ်ပါး ခံလိုသည်ဖြစ်စေ၊ မခံလိုသည်ဖြစ်စေ ဟုတ်မှန်၍ အကျိုးများမည့် စကားကိုဆိုက မင်္ဂလာမည်၏ ဟူလို။]

၁၁။ ရိုသေတုပ်ကွ၊ မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ။

၁၂။ သားမယားအား၊ ထောက်ပံ့ငြား၊ မှတ်သားမင်္ဂလာ။

၁၃။ နွားမွေးယာလယ်၊ ကုန်ကိုသွယ်မှု၊ ခြံပြုစုခြင်း၊ နှောင့်ယှက်ကင်းမှု၊ အလုပ်စု လုပ်မှုမင်္ဂလာ။

၁၄။ သဒ္ဓါကြည်ဖြူ၊ အလှူဒါန၊ ပေးလှူက၊ မုချမင်္ဂလာ။

၁၅။ သုစရိတ၊ ဆယ်ဓမ္မ၊ ကျင့်ကမင်္ဂလာ။

[သူ့အသတ်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ သူ့သမီး၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ မုသားပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ဒဏ္ဍာရီဝတ္ထုကို ပြောခြင်း၊ ရေးခြင်း၊ ဆဲရေးခြင်း၊ သူ့ဥစ္စာကို ကိုယ့်ဥစ္စာဖြစ်ရန်ကြံခြင်း၊ သူတစ်ပါးအား သေကြောင်းကြံခြင်း၊ ကံ-ကံ၏အကျိုးကို မယုံကြည်ခြင်း၊ ၎င်းဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်ရမည်ဟူ၏၊]

၁၆။ ဆွေမျိုးတို့အား၊ ထောက်ပံ့ငြား၊ မှတ်သားမင်္ဂလာ။

၁၇။ ကီကုတ် နှစ်ရပ်၊ အပြစ်ကင်းမှု၊ အလုပ်စု၊ လုပ်မှုမင်္ဂလာ။

[လောက တမလွန် ၂-ပါး၌ အပြစ်ကင်းသော လမ်းဖောက်ခြင်း၊ တံတားထိုးခြင်း၊ သစ်ပစ်စိုက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ ဥပုသ်စောင့်ခြင်း စသော အပြစ်ကင်းသောအမှု အလုပ်ကို ပြုလုပ်ခြင်းသည် မင်္ဂလာမည်၏ ဟူလို။]

၁၈။ မကောင်းမှုမှ၊ အဝေးက၊ ရှောင်က မင်္ဂလာ။

၁၉။ မကောင်းမှုမှ အထူးပ၊ ရှောင်က မင်္ဂလာ။

၂၀။ အရက်တသင်း၊ ဘိန်းဘင်းကဇော်၊ လှော်ဇာဆေးခြောက်၊ မသောက်မစား၊ ရှောင်ကြဉ်ငြား မှတ်သား မင်္ဂလာ။

[ယစ်မူးစေတတ်သော ယစ်မျိုးဟူသမျှတို့မှ ရှောင်ကြဉ်ရမည် ဟူလို။]

၂၁။ ဒါနသီလ၊ စသည်ပေါင်းစု၊ ကုသိုလ်မှုကို၊ ပြုရသည်မှ၊ မမေ့က၊ မုချ မင်္ဂလာ။

[အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ကမ္မဋ္ဌာန်းစီဖြန်းခြင်း၊ အရိုအသေပြုခြင်း။ အမှုကြီးငယ်ကို ရွက်ဆောင်ခြင်း၊ အမျှဝေခြင်း၊ သာဓုခေါ်ခြင်း၊ တရားနာခြင်း၊ တရားဟောခြင်း၊ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းဟု ဆိုအပ်သော ပုညကြိယာဝတ္ထု ၁၀-ပါးကို ပြုရန် မမေ့ရ ဟူ၏၊]

၂၂။ သုံးပါးရတနာ၊ ဆရာမိဘ၊ အစ်မ အစ်ကို၊ ရိုသေထိုက်သမျှ၊ ရိုသေက၊ မုချမင်္ဂလာ။

၂၃။ ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးလား၊ ချိုကျိုးနွားသို့၊ မလွှားမပ၊ စိတ်ကိုချ၊ မုချမင်္ဂလာ။

၂၄။ ရတတ်သမျှ၊ ဖြစ်တတ်သမျှ၊ ရောင့်ရဲက၊ မုချမင်္ဂလာ။

၂၅။ ပေးဖူး၊ ကျွေးဖူး၊ သူ့ကျေးဇူးကို၊ ချီးကျူးမြွက်ဟ၊ သိတတ်က၊ မုချမင်္ဂလာ။

၂၆။ အခါသင့်လျော်၊ သူတော်တရား၊ ကြားနာငြား၊ မှတ်သား မင်္ဂလာ။

၂၇။ ကီကုတ် နှစ်တန်၊ ကျိုးများရန်ပ၊ သည်းခံက မုချမင်္ဂလာ။

[သည်းခံ၍ အကျိုးများမည့် အရာဟူသမျှတို့၌ ကိုယ်က အနာခံရမည်၊ သည်းခံရမည်ဟူ၏၊ အကျိုးယုတ်မည့်အရာ၌ သည်းခံ၍ မနေဘဲ တရားသဖြင့် ဖြစ်အောင် ဆောင်ရွက်ရမည် ဟူ၏၊]

၂၈။ ဆုံးမစကား၊ နာလွယ်ငြား၊ မှတ်သားမင်္ဂလာ။

၂၉။ ရဟန်းသံဃာ၊ မကြာခဏ၊ ဖူးမြင်က၊ မုချမင်္ဂလာ။

၃၀။ အခါသင့်လျှော်၊ သူတော်တရား၊ ဆွေးနွေးငြား၊ မှတ်သား မင်္ဂလာ။

၃၁။ သတိဓမ္မဝီရိယမျိုး၊ ခြိုးခြံစွာပ၊ ကျင့်ကြံက၊ မုချမင်္ဂလာ။

[သတိယှဉ်သော ဝီရိယဖြင့် တရားကို ပြင်းပြင်းထန်ထန် အားထုတ်ကျင့်ကြံခြင်းသည် ခြိုးခြံစွာ ကျင့်သည် မည်၏၊]

၃၂။ သူတော်ကျင့်အပ်၊ အကျင့်မြတ်၊ ကျင့်လတ်မင်္ဂလာ။

၃၃။ သစ္စာလေးဝ၊ သိမြင်က၊ မုချမင်္ဂလာ။

[အဟုတ်ဆင်းရဲမှု၊ အဟုတ်ဆင်းရဲကြောင်း၊ အဟုတ်ငြိမ်းအေးကြောင်းဟု ဆိုအပ်သော အဟုတ်အမှန် ၄-ခုကို သိခြင်းသည် မင်္ဂလာမည်၏၊]

၃၄။ ဆင်းရဲကင်းဝေး၊ ချမ်းအေးသာစံ၊ ပြည်နိဗ္ဗာန်ဟု၊ မျက်မှောက်ပြု၊ မှတ်ရှုမင်္ဂလာ။

[နိဗ္ဗာန်သည် ချမ်းသာအစစ်ပဲဟု မျက်မှောက်ပြုခြင်းသည် မင်္ဂလာမည်၏၊]

၃၅။ လာဘ်ရ မရ၊ ရှုတ်ချ မြှောက်စား၊ နည်း များခြံရံ၊ သုခံ ဒုက္ခာ၊ ဤရှစ်ဖြာကြောင့်၊ ဝမ်းသာ ဝမ်းနည်း၊ နှစ်ကွဲမရှိ၊ စိတ်တည်ဘိ၊ မှတ်သိမင်္ဂလာ။

၃၆။ လာဘ် ရ မရ၊ ရှုတ်ချ မြှောက်စား၊ နည်း များခြံရံ၊ သုခံဒုက္ခာ၊ ဤရှစ်ဖြာကြောင့်၊ ဗျာပါရမျိုး၊ စိုးရိမ်ကြောင့်ကြ၊ မရှိက၊ မုချမင်္ဂလာ။

၃၇။ လာဘ်ရ မရ၊ ရှုတ်ချ မြှောက်စား၊ နည်း များခြံရံ၊ သုခံ ဒုက္ခာ၊ ဤရှစ်ဖြာကြောင့်၊ ရာဂ ဒေါသမောဟမြူများ၊ မရှိငြား၊ မှတ်သား မင်္ဂလာ။

၃၈။ လာဘ်ရ မရ၊ ရှုတ်ချ မြှောက်စား၊ နည်း များခြံရံ၊ သုခံ ဒုက္ခာ၊ ဤရှစ်ဖြာကြောင့်၊ လေးဖြာယောဂ၊ ဘေးကင်းက၊ မုချမင်္ဂလာ။

[ဤ၌ ဘေးဟူသည် ယောဂကို ဆို၏၊ ယောဂသည် ကာမယောဂ- အာရုံ ၅-ပါး၌ တပ်သောတဏှာ၊ ဘဝယောဂ - လူ့ဘဝ နတ်ဘဝ၌ တပ်သောတဏှာ၊ ဒိဋ္ဌိယောဂ- မှားသောအယူ၊ အဝိဇ္ဇာယောဂ- တွေဝေခြင်း မောဟ၊ ၎င်းယောဂ ၄-ပါးမှ ကင်းအောင် အားထုတ်ရမည် ဟူ၏၊]

ဤကား မင်္ဂလာတရား ၃၈-ပါးတည်း။


ကြွယ်ဝချမ်းသာကြောင်း သမ္ပဒါတရား

ကြွယ်ဝချမ်းသာကြောင်း သမ္ပဒါတရား

အကျဉ်း ၈-ပါး

၁။ ထကြွ သိမ်းဆည်း၊ မျှသုံးစွ၊ ပေါင်းမြဲ မိတ်ဆွေကောင်း။

သဒ္ဓါ သီလ၊ ကျင့်စာဂ၊ ဉာဏဆင့်ကာလောင်း။

ရှေ့လေးပါးမှာ၊ ခုဖို့ရာ၊ နောက်မှာ နောင်ကောင်းကြောင်း။

[ပစ္စည်းကို ရအောင် အားထုတ်ခြင်း၊ ရသည့်ပစ္စည်းကို လုံအောင် သိမ်းဆည်းခြင်း၊ မျှမျှတတ သုံးစွဲခြင်း၊ မိတ်ကောင်းနှင့် ပေါင်းခြင်း၊ ယခုမျက်မှောက်ဘဝနှင့်ဆိုင်သော သမ္ပဒါတရား ၄-ပါး။]

[ရတနာ ၃-ပါးဂုဏ်ကို ယုံကြည်ခြင်း၊ ၅-ပါးသီလလုံခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ အမြဲမရှိခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရ-အကောင်းမဟုတ်ဟု သိခြင်း၊ နောက်ဘဝနှင့်ဆိုင်သော သမ္ပဒါ ၄-ပါး ပေါင်း ၈-ပါး။]

သမ္ပဒါအကျယ် ၂၂-ပါး

(က)ဥဋ္ဌာနသမ္ပဒါ ၅-ပါး

ဉာဏ ဂတိ၊ ဥပဓိ ကာလ၊ ပယောဂ၊ ငါးဝ ဥဋ္ဌာန

၁။ ဉာဏသမ္ပတ္တိ

ပြုရန်ကိစ္စ၊ ဟူသမျှ၌၊ နှစ်ဝကျိုးပြစ်၊ စိစစ်ဖွေရှာ၊ သေချာပိုင်ပိုင်၊ နိုင်နိုင်နင်းနင်း၊ စည်းမျဉ်းကျစွာ၊ တတ်လိမ္မာမှ၊ ကံကောင်းရ၊ မုချဥဋ္ဌာနာ။

လောဘမကြီး၊ ဒေါသမကြီး၊ မောဟမကြီး၊ မာနမကြီး၊ အပျင်းမကြီး၊ သိပ်သည်းသေချာ၊ လုပ်ကိုင်ပါမှ၊ ကံကောင်းရ၊ မုချဥဋ္ဌာနာ။

၂။ ဂတိသမ္ပတ္တိ

ထိုအမှုကို၊ ပြုလုပ်ဖို့ရာ၊ သွားလာအခင်း၊ ရောင်းဝယ်ခင်းနှင့်၊ နေ့ခင်း ထိုင်ခင်း၊ လုပ်ကိုင်ခင်းမှ၊ နေရာကျလျက်၊ အချက်အလက်၊ အကွက်ကောင်းမှ၊ ကံကောင်းရ၊ မုချဥဋ္ဌာနာ။

၃။ ဥပဓိသမ္ပတ္တိ

လှမူခိုင်မူ၊ ပြီးလွယ်မှုနှင့်၊ ပြုဖွယ်ကိစ္စ၊ အဝဝအား၊ ကျေးဇူးများရန်၊ တန်ဆာပလာ၊ လွန်စွာကောင်းမှ၊ ကံကောင်းရ၊ မုချဥဋ္ဌာနာ။

၄။ ကာလသမ္ပတ္တိ

စောလွန်းနောက်ကျ၊ မရှိရဘဲ၊ မလွဲချိန်ခါ၊ တည့်မှန်စွာလျှင်၊ အခါကောင်းမှ၊ ကံကောင်းရ၊ မုချဥဋ္ဌာနာ။

၅။ ပယောဂသမ္ပတ္တိ

အကျိုးမုချ၊ ရှိရချိမ့်မည်၊ စိတ်ကရည်လျက်၊ နှစ်သက်ကြိုးကုတ်၊ မဆုတ်မနစ်၊ အားသစ်စွဲမြဲ၊ ဇွဲလည်းကောင်းမှ၊ ကံကောင်းရ၊ မုချဥဋ္ဌနာ။

[ဥဋ္ဌာနသမ္ပဒါ၊ ဤငါးဖြာ၊ သေချာမှတ်၍ထား။]

(ခ) အာရက္ခသမ္ပဒါ ၅-ပါး

မင်းနှင့်ခိုးသူ၊ မီးပူရေမိုး၊ ဆိုးသည့်သားများ၊ ဤငါးပါးကြောင့်၊ ပျက်ပြားကင်းမှု၊ စောင့်ရှောက်ပြု၊ မှတ်ရှုအာရက္ခာ

၁။ ရာဇဘယ အာရက္ခ

ရုံးပြင်ကန္နား၊ မသွားရှောင်ခွာ၊ ရာဇဝတ်မှု၊ မပြုရှောင်ကွင်း၊ မင်းပြစ်ဟူသမျှ၊ ကင်းလွတ်ရအောင်၊ ခွာရှောင်ပြီးကာ၊ စောင့်ရှောက်ပါ၊ မှန်စွာမင်းဘေး အာရက္ခ။

၂။ စောရဘယ အာရက္ခ

ရွှေငွေဥစ္စာ၊ အိမ်မှာမသို၊ ဘဏ်ကိုပို့ထား၊ စသောအားဖြင့်၊ ဓားပြခိုးသူ၊ မယူနိုင်ရန်၊ ဉာဏ်ဖန်၍သာ၊ စောင့်ရှောက်ပါ၊ မှန်စွာခိုးသူဘေးမှ အာရက္ခ။

၃။ အဂ္ဂိဘယ အာရက္ခ

လောင်လျှင်သတ်ရန်၊ တန်ဆာပလာ၊ ကောင်းစွာဆောင်ထား၊ မီးကိုတားပါ၊ လောင်စာပယ်ရှား၊ မီးပေါင်ထားမှု၊ ဤသို့ပြုကာ၊ စောင့်ရှောက်ပါ၊ မှန်စွာ မီးဘေး အာရက္ခ။

၄။ ဥဒကဘယ အာရက္ခ

ရေကိုနိုင်ရန်၊ တန်ဆာပလာ၊ ကောင်းစွာပြုလျက်၊ ရေထက်မြင့်စွာ၊ ပြုပါဆောက်ဦး၊ အထူးတစ်ဖန်၊ ရေပေါင်းခံမှု၊ ဤသို့ပြုကာ၊ စောင့်ရှောက်ပါ၊ မှန်စွာရေဘေး အာရက္ခ။

၅။ အပီယ ဒါယာဒ ဘယ အာရက္ခ

မကောင်းမြစ်တား၊ ညွှန်ကြားကောင်းရာ၊ ပညာသင်စေ၊ ချိန်ရောက်လေလျှင်၊ အမွေပေးပါ၊ သင့်ရာထိမ်းမြား၊ သားသမီးဝယ်၊ ပြုဖွယ်ကိစ္စ၊ ပြုလုပ်ကြကာ၊ လိမ္မာစေမှု၊ ကြောင့်ကြပြုကာ၊ စောင့်ရှောက်ပါ၊ မှန်စွာ သားဆိုးဘေးမှ အာရက္ခ။

[အာရက္ခသမ္ပဒါ၊ ဤငါးဖြာ၊ သေချာမှတ်၍ထာ။]

(ဂ) သမဇီဝိတသမ္ပဒါ ၄-ပါး

၁။ ပျက်တာမပြင်၊
၂။ ပျောက်လျှင်မရှာ၊
၃။ ဗရပွာသုံး၊
၄။ ဉာဏ်တုံးသူအား၊ အမှူးထား၊ လေးပါးပျက်စီးကြောင်း။

၁။ ပျက်သည်ကိုပြင်၊
၂။ ပျောက်လျှင်ရှာဖွေ၊
၃။ ချွေတာသုံးစွဲ၊
၄။ ဉာဏ်နည်းသူအား၊ မှူးမထား၊ လေးပါးကြီးပွားကြောင်း။

[သမဇီဝိတသမ္ပဒါ၊ ဤလေးဖြာ၊ သေချာမှတ်၍ထား။]

(ဃ) ကလျာမိတ္တသမ္ပဒါ ၄-ပါး

၁။ ဘုရား တရား၊ သံဃာအား၌၊ များစွာသက်ဝင်၊ ခင်မင်ကြည်ညို၊ ပိုမိုသဒ္ဓါ၊ ထက်သန်စွာသား၊ ထိုသူအား၊ ပေါင်းထားမိတ္တသမ္ပဒါ

၂။ ငါးပါးသီလ၊ ပြည့်ဝလေငြား၊ ထိုသူအား၊ ပေါင်းထားမိတ္တသမ္ပဒါ

၃။ နည်းများမဟူ၊ ပေးလှူတတ်ငြား၊ ထိုသူအား၊ ပေါင်းထားမိတ္တသမ္ပဒါ

၄။ လောဘ ဒေါသထိန မိဒ္ဓါကုက္ကုစ္စာ မောဟဥဒ္ဓစ္စတို့၊ လွန်မှနည်းပါး၊ ကြီးပွားပညာ၊ လိမ္မာမြော်မြင်၊ ပညာရှင်အား၊ ပေါင်း၍ထား၊ မှတ်သားမိတ္တသမ္ပဒါ

[မိတ္တသမ္ပဒါ၊ ဤလေးဖြာ၊ သေချာမှတ်၍ထား။]

ပစ္စုပ္ပန်အတွက် သမ္ပဒါ ၄-ပါးပြီး၏၊

၁။ သဒ္ဓါသမ္ပဒါ

(က) ဘုရားဂုဏ်တော် ၉-ပါး

၁။ တို့ဘုရားမူ၊ နတ်လူတို့က၊ ပူဇော်ရ၏၊
၂။ ဓမ္မဥဿုံ၊ အလုံးစုံကို၊ ကိုယ်တိုင်မှန်စွာ၊ သိတတ်ပါ၏၊
၃။ ဝိဇ္ဇာစရဏ၊ ပြည့်စုံလှငြား။
၄။ စကားကောင်းကို၊ ကိုယ်တော်ဆို၏၊
၅။ ထိုထိုလောက၊ သိတတ်လှ၏၊
၆။ ဆုံးမထိုက်သူ၊ အတူကင်းလတ်၊ ဆုံးမတတ်၏၊
၇။ နတ်လူဆရာ။
၈။ သစ္စာသိမြင်။
၉။ ဘုန်းအရှင်သည်။ ကိုးအင်ဘုရားဂုဏ်တော်တည်း။

(ခ) တရားဂုဏ်တော် ၆-ပါး

၁။ တို့တရားကို၊ ကိုယ်တော်ကျန၊ စ လယ် အဆုံး၊ အားလုံးကောင်းစွာ၊ ဟောအပ်ပါ၏၊
၂။ တစ်ဖြာပိုင်ပိုင်၊ ကိုယ်တိုင်ကိုယ်ကြပ်၊ ရှုအပ်လှစွာ။
၃။ အခါမလင့်၊ ဖြစ်သင့်အကျိုး၊ ပွားတိုးစေတတ်။
၄။ လက်ယက်ခေါ်ကာ၊ လာရှုပါဟု၊ မှန်စွာဆိုထိုက်။
၅။ ကိုယ့်ကိုယ်၌လျှင်၊ ဆောင်ထိုက်ဧကန်၊ နိဗ္ဗာန်ဆောင်တတ်။
၆။ တစ်ရပ်တိတိ၊ ပညာရှိတို့၊ မိမိကိုယ်မှာ၊ သိအပ်စွာသည်။။ ခြောက်ဖြာတရားဂုဏ်တော်တည်း။

(ဂ) သံဃာဂုဏ်တော် ၉-ပါး

၁။ တို့သံဃာကား၊ ကောင်းစွာကျင့်တတ်။
၂။ ဖြောင့်ကျင့်တတ်စွ။
၃။ နိဗ္ဗာနသို့၊ ရောက်ဖို့ကျင့်ပေ။
၄။ ရိုသေလှစွာ၊ ကျင့်တတ်ပါ၏၊
၅။ ဝေးစွာရပ်မှ၊ ဆောင်ထအလှူ၊ ခံမူထိုက်ဘိ။
၆။ ဧည့်သည်လို့ငှါ၊ လှူဖွယ်ရာကို၊ ခံငှါထိုက်စွ။
၇။ ဘဝနောင်ဖို့၊ အလှူတို့ကို၊ ထို့တူခံထိုက်။
၈။ နှစ်ခြိုက်မြတ်နိုး၊ လက်အုပ်မိုးရန်၊ ထိုက်တန်စွာတောင်း။
၉။ ကောင်းမှုမျိုးမျိုး၊ စိုက်ပျိုးဖို့ရာ၊ လယ်ယာမြတ်သွင်၊ ဤကိုးအင်ကား။။ မှတ်စဉ် သံဃာဂုဏ်တော်တည်း။

ပြဆိုအပ်သော၊ ဘုရား တရား၊ သံဃာများ၏ ကိုးပါး ခြောက်ပါး၊ ကိုးပါးဂုဏ်ကို၊ မွှမ်းထုံသဒ္ဓါ၊ ယုံကြည်ပါက၊ ဧကန္တ၊ မှတ်ကြ သဒ္ဓါသမ္ပဒါ

၂။ သီလသမ္ပဒါ

သတ်မှု ခိုးမှု၊ သူ့သားမယား၊ ပြစ်မှားကျူးမှု၊ လိမ်မှုတစ်ချက်၊ အရက်သောက်မှု၊ ဤငါးခုမှ၊ ရှောင်ကြဉ်က၊ မှတ်ကြ သီလသမ္ပဒါ

၃။ စာဂသမ္ပဒါ

လှူခံ ယုတ်မြတ်၊ အလတ်တို့အား၊ မရှောင်ရှားဘဲ၊ နည်းများအလှူ၊ ပေးလှူပါက၊ ဧကန္တ၊ စာဂသမ္ပဒါ

၄။ ပညာသမ္ပဒါ

ဓာတ် အာယတနာ၊ ခန္ဓာ ရုပ် နာမ်၊ အမှန်မမြဲ၊ ဆင်းရဲအစု၊ အသုဘသာ၊ သူငါမဟုတ်၊ အဟုတ်အမှန်၊ သိမြင်ပြန်က၊ ဧကန္တ၊ မှတ်ကြ ပညာသမ္ပဒါ

တမလွန်အတွက် သမ္ပဒါ ၄-ပါး ပြီး၏၊

ဤကား အဋ္ဌအင်္ဂုတ္တရဗျဂ္ဃပဇ္ဇသုတ်လာ သမ္ပဒါခေါ် ကြွယ်ဝချမ်းသာကြောင်းတရားတည်း။

သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်

တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။

၁။ သားသမီးကျင့်ဝတ် ၅-ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေးမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[မိဘလုပ်ကျွေးခြင်း၊ မိဘ၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်၍ မိဘ၏ အမွေတို့ ခံထိုက်အာင် ပြုလုပ်ခြင်း၊ (မိဘစကားကို နားမထောင်က အမွေမခံထိုက်ဟူ၏) မိဘသေဆုံးသောအခါ ရေစက်သွန်းချ၍ အမျှပေးဝေခြင်း၊ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟူ၏၊]

၂။ မိဘကျင့်ဝတ် ၅-ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

၃။ တပည့်ကျင့်ဝတ် ၅-ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

၄။ ဆရာကျင့်ဝတ် ၅-ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။

[မိမိတတ်သမျှ အကုန်ပေးခြင်းကို-သိပ္ပမချန်၊ မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးခြင်းကို- သင့်ရာအပ်ပို့-ဟု ဆို၏၊]

၅။ လင်ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

[မိမိမယားအား မထီလေးစား မပြုခြင်းကို- မထီမဲ့ကင်း၊ အခြားမိန်းမတို့ကို မလွန်ကျူးခြင်းကို- မိစ္ဆာမမှား၊ စားရေးသောက်ရေး၌ အလိုရှိတိုင်း စီရင်ဖို့ လွှဲအပ်ခြင်းကို- ဥစ္စာအပ်နှင်းဟု ဆို၏၊ ငွေကိုအပ်ရန်မလို၊ ၎င်းအဓိပ္ပါယ်ကို “ပဉ္စမအပရိဟာနိယ“ အဖွင့်၌ အကျယ်ဆို၏၊]

၆။ မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

[မိမိယောက်ျားမှ တစ်ပါးသောယောက်ျားတို့နှင့် မမှားမယွင်းခြင်းကို- မိစ္ဆာကြည်ရှောင်၊ မိမိ ဆွေမျိုး၊ လင်ဆွေမျိုးတို့၌ ဝတ်ကျေအောင်ပြုခြင်းကို- သင့်လျှော်ဖြန့်ချိဆို၏၊]

၇။ မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

[ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်အတူတူ ထားခြင်းကို- ကိုယ်နှင့်ယှဉ်ထားဟု ဆို၏၊]

၈။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွေ့မပြစ်၊သားမြစ်စဉ်ဆက် မပျက်ချီးပင့်၊ ဝတ်ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

၉။ သခင်ကျင့်ဝတ် ၅-ပါး

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

[သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေခြင်း၊ သင့်လျော်သော အချိန်၌ ခိုင်းခြင်းကို- ပြုရေးစီရင်၊ ထူးဆန်းသော အစာကို ရသောအခါ ဝေငှခြင်းကို- ငှဝေရသာဆို၏၊ ဥပုသ်နေ့၊ သီတင်းနေ့၊ ပွဲတော်နေ့ စသောအခါတို့၌ အခိုင်းအစေ စားရင်းငှါး ကျွဲ နွားတို့ကို မခိုင်းမစေဘဲ အနားပေးခြင်း အခွင့်လွှတ်ပေးခြင်းကို- အခါကိုလွှတ်ဆို၏၊]

၁၀။ ကျွန်ကျင့်ဝတ် ၅-ပါး

အိပ်သောနောက်ကျ၊ ထ, သော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

[အလုပ်ကို စေ့စေ့စပ်စပ် ဆောင်ရွက်ခြင်းကို- စေ့စပ်ဆောင်ရွက်၊ အရှင်၏ ကျေးဇူးကို ပြောဆိုခြင်းကို- ကျေးဇူးမြွက်ဟု ဆို၏၊]

၁၁။ ဒါယကာ ကျင့်ဝတ် ၅-ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေ ဒါယကာ။

[ရဟန်းသံဃာ၌ မေတ္တာစိတ် ရှေးထားခြင်း၊ ခင်ခင်မင်မင် ပြောဆိုခြင်း၊ အလိုရှိသော အရာများကို တောင်းပါဟု ဖိတ်ထားခြင်း၊ တတ်နိုင်သမျှ လှူဒါန်းခြင်းတို့ကို ပြုရမည်ဟူ၏၊]

၁၂။ ရဟန်းကျင့်ဝတ် ၆-ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

[နာဖူးသော တရားကို ထပ်ဟောခြင်းကို- နာဖူးထပ်မံ၊ နတ်ပြည်သို့ ရောက်ဖို့ နည်းလမ်းကို ညွှန်ကြား ပြောပြခြင်းကို- နတ်ထံတင်ရာဟု ဆို၏၊]

၁၃။ အကြီးအကဲကျင့်ဝတ် ၆-ပါး

ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း။

[သူများထက် လုံ့လရှိခြင်း၊ သူများကို မိမိက ရှေ့ဆောင်ပြုလုပ်ခြင်းကို- ထကြွနိုးကြား၊ အရာရာမှာ ဉာဏ်ဖြင့် ဆင်ခြင်ခြင်းကို-ကြည့်ရှုဟု ဆို၏၊]

ဝတ်မကျေလျှင် အပြစ် - ကျေလျှင် အကျိုး

၁။ ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။

၂။ ကျင့်ဝတ်မပြေ၊ ပယ်လေးထွေ၊ လားလေ ရှည်မြင့်စွာ။

ဤသည့် ဝတ်ကန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံ ထက်နတ်ရွာ။

၃။ လှည်းဘီးပြင်က၊ နားစောင့်ချဖို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာ တပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်း မကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်လည်း၊ မတည့်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

[အပါယ်လေးဘုံသို့ ရောက်သည်ကို- လေးရွာသို့ လုံးလုံး လူဖြစ်ရှုံးဟု ဆို၏၊]

အပြစ်များ

၁။

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာဆုတ်ငြား၊ ဤခြောက်ပါးကား၊ သောက်စားသေစာ အပြစ်တည်း။

[ဥစ္စာဆုတ်ယုတ်တတ်ခြင်း၊ ရန်ဖြစ်တတ်ခြင်း၊ ကြီးကျယ်သော ရောဂါစွဲကပ်တတ်ခြင်း၊ အရှိန်အစော် မဲ့တတ်ခြင်း၊ လျှို့ဝှက်သော အင်္ဂါများ ပေါ်တတ်ခြင်း၊ ဉာဏ်ပညာ ထိုင်းမှိုင်း ဆုတ်ယုတ်ခြင်း - ဟူသည်တည်း။]

၂။ အခါမဲ့လမ်းသွားခြင်း အပြစ် ၆-ပါး

ကိုယ်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့သွားပြစ်တည်း။

[မိမိကိုယ်၊ မိမိသားမယား၊ မိမိဥစ္စာ မလုံခြုံရှိတတ်ခြင်း၊ မကောင်းမှု ပြုသူဟု အထင်ခံရတတ်ခြင်း၊ အစွပ်အစွဲ ခံရတတ်ခြင်း၊ ဆင်းရဲများစွာ ရတတ်ခြင်း ဟူသည်တည်း။]

၃။ ပွဲလမ်းသဘင် အပြစ် ၆-ပါး

ကခြင်းတလီ၊ သီခြင်းတသီး၊ မှုတ်တီးတသင်း၊ ပြိန်းဖျင်းတအုပ်၊ လက်ခုပ်တတည်၊ အိုးစည်းတဖြာ၊ ရှိရာရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခု၊ ကြည့်ရှုသဘင် အပြစ်တည်း။

[အဘယ်မှာကသနည်း၊ အဘယ်မှာ သီချင်းဆိုသနည်း၊ အဘယ်မှာ တီးမှုတ်သနည်း၊ အဘယ်မှာ ပြိန်ဖျင်းသော စကားကို ပြောသနည်းဟူ၍ မေးပြီးလျှင် ပွဲလည်၍ ကြည့်နေသဖြင့် အလုပ်အကိုင်ပျက်၊ အစားအအိပ်ပျက်၍ အကျိုးဆုတ်ယုတ်သည်-ဟူ၏၊]

၄။ လောင်းတမ်းကစားသူ၏ အပြစ် ၆-ပါး

အောင်သူရန်ပွား၊ ရှုံးကားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန်အပြစ်တည်း။

[တရားရုံး၌ သက်သေအရာ၌ တည်၍ ပြောသောစကားကို ကစားသမား စကားဟု အယုံအကြည် မရှိခြင်း၊ မိတ်ဆွေများလည်း ကစားသမားဟု ကဲ့ရဲ့ခြင်း၊ သမီးရှင်များကလည်း ကစားသမားဟူ၍ သမီးနှင့် မပေးစားလိုခြင်းကို မလိုထိမ်းမြားဟု ဆို၏၊]

၅။ မိတ်ဆွေပျက်နှင့် ပေါင်းသင်းခြင်း အပြစ် ၆-ပါး

ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

[အတုပြု၍ လှည့်ပတ်ခြင်းကို- အတုပြုငြား၊ လှည့်စားတစ်ထောက် ဆို၏၊ ထိုကဲ့သို့ သဘောရှိသော မိတ်ဆွေယုတ် ၆-ယောက်နှင့် ပေါင်းသင်းခြင်းကြောင့် မိမိလည်း ထိုမိတ်ဆွေယုတ်ကဲ့သို့ မကောင်းသော အကျင့်ကို ကျင့်တတ်၍ ထိုအကျင့်ယုတ်ဟု ဆိုအပ်သော အပြစ် ၆-ပါးကို ရသည်ဟု ဆိုလို၏၊]

၆။ ပျင်းရိခြင်း အပြစ် ၆-ပါး

အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှရောင်၊ ဆာလောင်ပြင်းနေ၊ လွန်ထွေဝမ်းဝ၊ ဓနပညာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

[ချမ်းလွန်းလှသေးသည်၊ ပူလွန်းလှသေးသည်၊ မိုးချုပ်လှသေးသည်၊ စောလွန်းလှသေးသည်၊ ဆာလှသေးသည်၊ ဗိုက်ပြည့်လှသေးသည်ဟု အလုပ်အကိုင်ကို မလုပ်က ဥစ္စာမရ ဟူ၏၊]

ခင်ပွန်းတုများ

၁။ ယူသာယူတတ်သော ခင်ပွန်းတု ၄-ယောက်

လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှါ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။

၂။ နှုတ်ဖြင့်သာ ဟန်ဆောင်သော ခင်ပွန်းတု ၄-ယောက်

ရှေ့ဖြင့်စေ့စပ်၊ တစ်ထပ်နောက်မှီး၊ ချည်းနှီးသင်္ဂြိုလ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

[မနေ့က သင့်ကို မျှော်နေသည်စသော လွန်လေပြီးဖြင့် လောကွတ်လုပ်ခြင်း၊ နောက်မည်သည့်အခါ မည်ကဲ့သို့ ကျေးဇူးပြုမည်ဟု နောက်အဖို့ဖြင့် လောကွတ်လုပ်ခြင်း၊ မြင်းစီးလာရင်း လာလေ သူငယ်ချင်း မြင်းစီးပါဦးဟု အလကား လောကွတ်လုပ်ခြင်း၊ တကယ်ကိစ္စရှိ၍ အကူအညီ တောင်းသောအခါ ရှောင်လွှဲ၍ နေခြင်းဟူ၏၊]

၃။ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ခင်ပွန်းတု ၄-ယောက်

[မြှောက်၍ စားတတ်သော ခင်ပွန်းလည်း ဟူ၏]

မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင် ပီယဘာဏီတည်း။

၄။ ပျက်စီးစေတတ်သော ခင်ပွန်းတု ၄-ယောက်

သောက်ထုတ်သေရက်၊ ညဉ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အံစာ၊ လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် အပါယသဟဲတည်း။

ခင်ပွန်းစစ်များ

၁။ ကျေးဇူးကို ဆောင်ရွက်တတ်သော ခင်ပွန်းစစ် ၄-ယောက်

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာ ဥပကာရတည်း။

[ဘေးရောက်လာသည့်အခါ အားကိုးရသည်ကို- ဘေးရောက်ကိုးကွယ်ဟု ဆို၏၊]

၂။ ဆင်းရဲမကွာ ချမ်းသာမပစ်သော ခင်ပွန်းစစ် ၄-ယောက်

လျို့ဝှက်စကား၊ ကြားစတုံလျက်၊ သူလျို့ဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသာ ဆင်းရဲတည်း။

[မိမိ၏ လျှို့ဝှက်အပ်သောစကားကို ပြောကြားခြင်း၊ မိတ်ဆွေ၏ လျှို့ဝှက်အပ်သော စကားကို လုံခြုံစွာ လျှို့ဝှက်ခြင်းကို- လျှို့ဝှက်စကားကြားစေတုံလျက်သူလျှို့ဝှက်ဟု ဆို၏၊]

၃။ အကျိုးစီးပွားကို ပြောကြားတတ်သော ခင်ပွန်းစစ် ၄-ယောက်

မကောင်းမြစ်တား၊ ကောင်းရာကြား၍၊ မကြားစတောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။

[မကြားဖူး ထူးဆန်းသော အကြောင်းကို ပြောကြားခြင်းကို မကြားစတောင်း၊ အကြောင်းကြားလာ ဟူ၏၊]

၄။ အစဉ်သနားတတ်သော ခင်ပွန်းစစ် ၄-ယောက်

ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးနှစ်ကို၊ ဆိုလစ်ချီးမွှမ်း၊ သူတို့တမ်းကာ၊ မိတ်ကျွမ်းအနုကမ္ပကတည်း။

၅။ အလေးအမြတ်ပြုအပ်သော အရပ် ၆-ပါး

အရှေ့မိဘ၊ တောင်ကဆရာ၊ နောက်မှာမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏားရဟန်း ခြောက်ရပ်တည်း။

၆။ အလောင်းအလျာတို့ အလိုတော် ၆-ပါး

လောဘ ဒေါသမောဟကင်းလို၊ တောခိုတစ်ဖြာ၊ ဆိတ်ရာငြိမ်သက်၊ ဝဋ်မှထွက်၊ ခြောက်ချက် လောင်းလျာလိုတော်တည်း။

၇။ မပြတ်ဆင်ခြင်ရာတရား ၅-ပါး

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။

၈။ အကျိုးဆောင်သောတရား ၁-ပါး

သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွားမြားမြောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောက်မေ့ စီးဖြန်းကြ။

၉။ အဂတိလေးပါး လိုက်စားခြင်း အပြစ် ၄-ပါး

ချစ်၍ မုန်း၍၊ ကြောက်၍မိုက်မှား၊ တရားကိုသာ၊ လွန်ကျင့်ပါက၊ လဆုတ်ပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ ပျက်မည်မှန်၏၊

၁၀။ အဂတိလေးပါး မလိုက်စားခြင်းအကျိုး

ချစ်၍မုန်း၍၊ ကြောက်၍ မိုက်မှား၊ တရားကိုသာ၊ မလွန်ပါက၊ လဆန်းပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ တိုးမည်မှန်၏၊

၁၁။ သင်္ဂဟတရား ၄-ပါး

ချစ်ဖွယ်စကား၊ ပြောကြားလေလင့်၊ ချီးမြှင့်ပေးဝေ၊ ဆောင်လေကျိုးကို၊ ကိုယ်တူပြုငြား၊ ဤလေးပါး၊ မှန်သား ဓမ္မသင်္ဂဟာ

၁၂။ ဥစ္စာစုနည်း

ပျားအုံပျားက၊ ပြုလုပ်ကြဖို့၊ ခြကတောင်ပို့၊ သယ်ဖို့ကြနည်း၊ ပစ္စည်းဥစ္စာ၊ စည်းစုပါ မှန်စွာ ကြီးပွားမည်။

၁၃။ ဥစ္စာပစ္စည်းကို သုံးစွဲနည်း

ရှာ၍ရလာ ထိုဥစ္စာကို၊ ပုံပါလေးပုံ၊ တစ်ပုံစားပါ၊ နှစ်ဖြာထပ်ရင်း၊ အကြွင်းရန်ပုံ၊ ထားပါတုံ၊ မှတ်ယုံကြီးပွားမည်။

ဤကား သိင်္ဂါလောဝါဒခေါ် လူကျင့်ဝတ်တည်း။

---

မေတ္တာရှေ့သွား တရား၁၆-ပါး

မေတ္တာရှေ့သွား တရား၁၆-ပါး

၁။

ကိစ္စအမှု၊ တစ်ခုခုကို၊ ပြုလိုသောခါ၊ ဝါမှုကြွားမှု၊ မာန်မူမှုနှင့်၊ ဂုဏ်တု ဂုဏ်ပြိုင်၊ အနိုင်ရမှု၊ နှိမ်နင်းမှုမျိုး၊ ကိုယ်ကျိုးအတွက်၊ ငဲ့ကွက်မှုကို၊ မပြုရှောင်ခွါ၊ နန်းခေမာသို့၊ ရောက်ဖို့အမှန်၊ စိတ်ရည်သန်ကာ၊ ပြုလုပ်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အမှုအလုပ်တစ်ခုကို ပြုလုပ်သောသူသည် လောကီကို တောင့်တမလုပ်မူ၍ နိဗ္ဗာန်ကို တောင့်တ၍ လုပ်ရမည်ဟု ဆိုလို၏၊]

၂။

အမိနှင့်သား၊ မယားနှင့်လင်၊ သခင်နှင့်ကျွန်၊ ထေရ်မွန်ဒါယကာ၊ မိတ်သဟာချင်း၊ ပြုခင်းဖွယ်ရာ၊ မိမိတာကို၊ မလိုစေဘဲ၊ စွဲမြဲလှစွာ၊ ပြုလုပ်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ရမည်ဟူ၏၊]

၃။

ကောက်ကျစ်ပါးနပ်၊ ကပ်ဖဲ့တင်မှု၊ မပြုရှောင်ခွာ၊ ရိုးဖြောင့်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ရိုးဖြောင့်ရမည် ဟူ၏၊]

၄။

ကီကုတ်အကျိုး၊ ပွားတိုးစိမ့်ငှါ၊ အရာရာ၌၊ အနာခံမည်၊ စိတ်ကရည်လျက်၊ နိုင်ထက်ပြုမှု၊ တင်စီးမှုကို၊ ပြုလိုသသူ၊ ပြုမူလာလျှင်၊ မမြင်မသိ၊ ကန်းသည့်အဟန်၊ သည်းခံပြီးခါ၊ လွန်စွာဖြောင့်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အလွန် သည်းခံရမည် ဟူ၏၊]

၅။

မိမိအကျိုး၊ ပွားတိုးစေငှါ၊ ပြောလာသူကို၊ စိတ်မတိုဘဲ၊ ကြည်ညိုလှစွာ၊ စေတနာဖြင့်၊ မကြာမကြာ၊ ပြောကြားပါနော်၊ နှုတ်ကဖော်ကာ၊ နာလွယ်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ဆိုဆုံးမလွယ်ရမည် ဟူ၏၊]

၆။

ကိုယ်မှု နှုတ်မှု၊ စိတ်မှုတို့ကို၊ ပြုလိုသောခါ၊ သူတကာတို့၊ နှစ်သက်ဖွယ်ရာ၊ ကြင်နာစေတတ်၊ သပ်ရပ်ကျစ်လျစ်၊ ချစ်ဖွယ်အမှု၊ ပြုလုပ်၍သာ၊ နူးညံ့ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[နူးညံ့ရမည် ဟူ၏၊]

၇။

သမုဒ်ရေပြင်၊ မမြင်ဖူးငြား၊ တွင်းနေဖားသွင်၊ ငါလျှင်တတ်သိ၊ မရှိငါ့ပြင်၊ ငါဘုရင်ဟု၊ မည်သူ့အောက်မှ၊ မချလိုလျက်၊ ထက်ကနေလို၊ ကို်ယ်ကို မြှင့်မြှောက်၊ မာန်တက်ရောက်မှု၊ မပြုရှောင်ခွာ၊ မာန်နည်းပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[မာန မကြီးရ ဟူ၏၊]

၈။

ရတတ်သမျှ၊ သဘာဝနှင့်၊ အားရမရှိ၊ မိုးသို့ထိအောင်၊ လှေကားထောင်မည်၊ စိတ်ကရည်သို့၊ မဖြစ်တို့ဖွယ်၊ အသွယ်သွယ်ကို၊ စိတ်ဝယ်မကြံ၊ ဧကန်မုချ၊ ဖြစ်တတ်သမျှ၊ ရသမျှကို၊ နှစ်လိုလှစွာ၊ ရောင့်ရဲပါမှ၊ ကြီးပွားရ၊ မုချ အမှန်သာ။

[ရတတ်သမျှနှင့် ရောင့်ရဲရမည်ဟူ၏၊]

၉။

ဝတ်စားနေရာ၊ မရှိတာကို၊ မလိုမတ၊ ရှိသမျှနှင့်၊ စိတ်ကကျေအေး၊ အမွေးလွယ်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အမွေးအမြူ လွယ်ရမည် ဟူ၏၊]

၁၀။

လိုရင်းမပါ၊ ဗလာကြွားခြင်း၊ ဟိတ်ဟန်ကင်း၍၊ အကျဉ်းချုံးအုပ်၊ အလုပ်နည်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ကိစ္စနည်းရမည် ဟူ၏၊]

၁၁။

ဝတ်မှုစားမှု၊ နေထိုင်မှု၌၊ မပြုကိန်းခန်း၊ စခန်းမကြီး၊ စိတ်ကြီးမဝင်၊ ဆင်ခြင်တို်င်းထွာ၊ ဝတ်စားစာကို၊ ရရာသုံးလျက်၊ သက်မွေးပေါ့မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အသက်မွေးပေါ့ရမည် ဟူ၏၊]

၁၂။

ကိုးရိုးကားရား၊ နေသွားမတော်၊ ချွတ်ချော်စကား၊ စိတ်ထားမငြိမ်၊ ဣန္ဒြေမဲ့ခြင်း၊ အလျဉ်းမရှိ၊ မျက်စိ နား နှာ၊ နှုတ်လျှာ ကိုယ် စိတ်၊ ငင်ချိပ်ချုပ်တည်း၊ စောင့်စည်းလှထွေ၊ ဣန္ဒြေမွေ့ညက်၊ လွန်ငြိမ်သက်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ငြိမ်သက်သော ဣန္ဒြေရှိရမည် ဟူ၏၊]

၁၃။

အမှုကိစ္စ၊ ဟူသမျှ၌၊ နှစ်ဝကျိုးပြစ်၊ စိစစ်ဖွေရှာ၊ သေချာစေ့ငု၊ ကြည့်ရှုဆင်ခြင်၊ မပြုပြင်ဘဲ၊ အလျင်စလို၊ ပြုလုပ်လို၍၊ ကံကိသာချ၊ ကမ္မဿကာ၊ ဖြစ်လိုရာလေ၊ ဖြစ်ပေစေဟု၊ မပြုနှလုံး၊ ဉာဏ်ကိုသုံး၍၊ ထုံးနည်းစိစစ်၊ ဖြစ်သင့် မသင့်၊ နှိုင်းချင့်ဆင်ခြင်၊ အမြင်သန်မြန်၊ ဉာဏ်လည်းရင့်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ရင့်ကျက်သောဉာဏ်ရှိရမည် ဟူ၏၊]

၁၄။

ရိုသေထိုက်ငြား၊ ထိုသူများကို၊ တရားသွေဖည်၊ မထီလေးစား၊ သွားလာနေမှု၊ အပြုကြော့ကြမ်း၊ ငေါက်ငမ်းဆဲတိုင်း၊ နှုတ်ထွက်ရိုင်းစွာ၊ မျက်ဒေါသာနှင့်၊ စိတ်ပါကြမ်းခြင်း၊ အလျဉ်းကွာလှမ်း၊ မကြမ်းတမ်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ကြမ်းတမ်းသော ကိုယ်အမူအရာ နှုတ်အမူအရာ၊ မရှိရဟူ၏၊]

၁၅။

သဒ္ဓါ သီလသုတ စာဂါဩတ္တပ္ပါနှင့်၊ ပညာ ဟိရီ၊ အစရှိသား၊ တရားကိန်းမှု၊ မကိန်းမှုကို၊ ရှုကြည့်သောအား၊ တရားကိုသာ၊ လေးမြတ်ပါ၍၊ ငါ၏ဘိုးဘွား၊ ငါ့တူသားပင်၊ ငါ့လင် ငါ့မယား၊ စသောအားဖြင့်၊ တရားယွင်းယို၊ ပုဂ္ဂိုလ်စွဲခြင်း၊ အလွန်ကင်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ပုဂ္ဂိုလ်ကို မငဲ့ရ၊ တရားကိုသာ ငဲ့ရမည် ဟူ၏၊]

၁၆။

မှုခင်းကိစ္စ၊ အဝဝမှာ၊ သေးငယ်စွာပင်၊ ဖြစ်ပါလျှင်လည်း၊ ပညာရှင်တို့၊ နှစ်မြို့ကင်းမဲ့၊ ကဲ့ရဲ့ဖွယ်ရာ၊ ဖြစ်လေပါက၊ လုံးဝအရှင်း၊ ပြုမှုကင်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ပညာရှင်တို့ ကဲ့ရဲ့ဖွယ်အမှုဟူသမျှကို မပြုဟူ၏၊]

ဤကား မေတ္တာရှေ့အဖို့၌ ကျင့်အပ်သော မေတ္တာရှေ့သွားတရား ၁၆-ပါးတည်း။

ပရာဘဝသုတ်

ပျက်စီးကြောင်း တရား ၁၂-ပါး

၁။ ဤသူတိုးမည်၊ မတိုးမည်ဟု၊ ဉာဏ်ဖြင့်ရှုက၊ သိလွယ်လှ၏၊ ဓမ္မတရား၊ ချစ်ပါငြားမူ၊ ထိုသူမုချ၊ ကြီးပွားရမည်၊ ဓမ္မတရား၊ မုန်းခဲ့ငြားမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊

၂။ သူယုတ်ကိုချစ်၊ သူမြတ်ပစ်ငြား၊ သူယုတ်များ၏၊ တရားကိုသာ၊ နှစ်သက်ပါမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊

၃။ အအိပ်လွန်တောင်း၊ ဖော်ပေါင်းနှင့်သာ၊ မွေ့လျော်စွာလှ၊ လုံ့လမရှိ၊ ပျင်းရိလှလျက်၊ အမျက်ကြီးမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊

၄။ မွေးမြူခြင်းငှါ၊ စွမ်းနိုင်ပါလျက်၊ အသက်လည်းကြီး၊ အရွယ်ကြီးလှ၊ မိနှင့်ဘအား၊ မမွေးငြားမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊

၅။ ရဟန်းပုဏ္ဏား၊ စကားချိုသာ၊ တောင်းလာသူအား၊ မုသားပြောကာ၊ လှည့်ပတ်ပါမူ၊ ထိုသူမုချ ပျက်စီးရ၏၊

၆။ ဥစ္စာလည်းများ၊ ရွှေငွေများ၍၊ အစားပေါလည်း၊ တစ်ယောက်တည်းသာ၊ ကောင်းနိုးရာကို၊ မပါအဖော်၊ စားသော်မုချ၊ ပျက်စီးရ၏၊

၇။ အမျိုး၏မာန်၊ ဇာတ်၏မာန်နှင့်၊ ဥစ္စာမာန်တိုး၊ ဆွေမျိုးသားပေါ်၊ မောက်မော်လွန်းက၊ မုချထိုသူ၊ ပျက်မည်ဟူ၏၊

၈။ မိန်းမပျော်ကြူး၊ အရက်ကြူးငြား၊ ကစားကြူးလှ၊ ရသမျှကို၊ ဖျက်ကထိုသူ၊ ပျက်မည်ဟူ၏၊

၉။ တစ်ယောက်နှင့်မျှ၊ အားမရငြား၊ သူ့မယားပါ၊ ပြည့်တန်ဆာ၌၊ အပျော်လိုက်မူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊

၁၀။ သားမြတ်မကြီး၊ တည်သီးခန့်ရွယ်၊ မိန်းမငယ်ကို၊ အရွယ်လွန်ငြား၊ လူအိုများက၊ ယူထားပြီးမှ၊ စိတ်မချ၍၊ သောကပိုလျက်၊ မအိပ်စက်မူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊
အသက်ကြီးက မိမိသမီးအရွယ် သတို့သမီးငယ်ကို ယူလျှင် ထိုသတို့သမီးငယ်အား မယုံကြည် စိတ်မချသဖြင့် ကောင်းမွန်စွာ မအိပ်ရသည့်အတွက် ပျက်စီးရမည် ဟူ၏၊

၁၁။ အမဲ သား ငါး၊ စားသောက်လွန်ကဲ၊ သုံးစွဲကြီးလှ၊ မိန်းမယောက်ျား၊ ထိုသူများကို၊ ကြီးပွားစေမှု၊ အလုပ်စုမှာ၊ မှူးခန့်ပါက၊ မုချထိုသူ၊ ပျက်မည်ဟူ၏၊
[အစား အသောက် အသုံးအစွဲ ကြီးသော ယောက်ျားမိန်းမကို အကြီးအမှူးအရာ၌ ခန့်ထားလျှင် ပျက်စီးတတ်သည် ဟူ၏၊]

၁၂။ စည်းစိမ်နည်းလှ၊ လောဘကြီးလတ်၊ မင်းဇာတ်လည်းဖြစ်၊ မင်းအဖြစ်ကို၊ လိုမူမုချ၊ ပျက်စီးရ၏၊
[အခြံအရံ စည်းစိမ်ဥစ္စာနည်းလျက် မင်းအဖြစ်ကို အလိုရှိမူ ပျက်စီးမည်ဟူ၏၊ မိမိနှင့် မတန်သော အရာကို အလိုရှိမူ ပျက်စီးတတ်သည်။]

၁၃။ ဤသို့ စုပေါင်း၊ ပျက်စီးကြောင်းကို၊ ကောင်းစွာသိတတ်၊ အရိယာမြတ်မူ၊ ဧလူလှစွာ၊ နတ်တို့ရွာသို့၊ မချို့ဧကန်၊ ရောက်မည်မှန်၏၊
[ဤကား သုတ္တနိပါတ် ဥရဂဝဂ် ပရာဘဝသုတ် ပါဠိတော်ကို အဋ္ဌကထာနှင့်အညီ အပိုအလိုမရှိစေဘဲ စီကုံးအပ်သော ၁၂-ပါးသော ပျက်စီးကြောင်းတရားတို့တည်း။]


ဝသလသုတ်

သူယုတ်ဖြစ်ကြောင်း တရား အပါး ၂၀

၁။ အမျက်ကြီးမား၊ အငြိုးထားတတ်၊ မမြတ်ယုတ်လှ၊ သူမျာ့ကျေးဇူး၊ အထူးချေဖျက်၊ အယူပျက်ငြား၊ လှည့်စားတတ်သူ၊ သူယုတ်ဟူ၏၊

၂။ တစ်ကြိမ်မွေးဖွား၊ မွေးဖွားနှစ်ခါ၊ သတ္တဝါအား၊ သနားမညှာ၊ ညှဉ်းဆဲပါမူ၊ သူယုတ်ဟူ၏၊
[အမိဝမ်းမှ မွေးမူ တစ်ကြိမ်မွေး၊ ဥမှ မွေးမူ နှစ်ကြိမ်မွေးမည်၏၊]

၃။ နိဂုံးမြို့ရွာ၊ လွန်စွာညှဉ်းတတ်၊ ပိတ်ပင်တတ်၍၊ သတ်ဖြတ်တတ်သူ၊ ထင်ရှားမူကား၊ အများသမုတ်၊ သူယုတ်ဟူ၏၊

၄။ ရွာတောတို့မှာ၊ သူတကာတို့၊ လွန်စွာချစ်အပ်၊ ဥစ္စာရပ်ကို၊ ကိုယ် နှုတ်နှင့်သာ၊ မပေးပါဘဲ၊ ခိုးယူရဲမူ၊ သူယုတ်ဟူ၏၊

၅။ ကြွေးမြီချေးကာ၊ သုံးစားပါလျက်၊ ထွက်၍ပြေးတတ်၊ တစ်ရပ်သင့်ဟာ၊ မရှိပါဟု၊ ပြောခြင်းပြုမူ၊ သူယုတ်ဟူ၏၊

၆။ အနည်းငယ်မျှ။ လိုချင်လှ၍၊ လမ်းမလယ်ဝယ်၊ ခရီးသည်ကို၊ ကိုယ်ချင်းမစာ၊ သတ်ဖြတ်ကာလျှင်၊ ဥစ္စာနည်းမျှ၊ ယူငယ်ကမူ၊ သူယုတ်ဟူ၏၊

၇။ ကိုယ့်ကြောင့် သူ့ကြောင့်၊ ဥစ္စာကြောင့်သာ၊ သက်သေရာ၌၊ တည်ကာမေးငြား၊ မုသားပြောမူ၊ သူယုတ်ဟူ၏၊

၈။ မိတ်ဆွေမျိုးများ၊ သားမယားကို၊ ဖြားယောင်းတစ်ချက်၊ နိုင်ထက်ပြုကာ သွားလာပါမူ၊ သူယုတ်ဟူ၏၊

၉။ မွေးမြူခြင်းငှါ၊ စွမ်းနိုင်ပါလျက်၊ အသက်လည်းကြီး၊ အရွယ်ကြီးလှ၊ မိနှင့်ဘအား၊ မမွေးငြားမူ၊ သူယုတ်ဟူ၏၊

၁၀။ အစ်ကို မိဘ၊ ညီနှမကို၊ နှုတ်က နှိပ်စက်၊ လက်နှိပ်စက်မူ၊ သူယုတ်ဟူ၏၊

၁၁။ အကျိုးမေးငြား၊ သူတစ်ပါးအား၊ ပြောကြားကျိုးမဲ့၊ တကယ့်အကျိုး၊ တိုးပွားစေငှါ၊ ပြောဆိုပါလည်း၊ နည်းကိုဝှက်ကာ၊ ပြောဆိုပါမူ၊ သူယုတ်ဟူ၏၊
[အကျိုးကို မေးလာသူအား အကျိုးကို မပြောဘဲ အကျိုးမဲ့ကို ပြောသူ၊ အကျိုးကို ပြောသော်လည်း သူတစ်ပါး မသိနိုင်အောင် ဝှက်၍ပြောသော သူတို့သည် သူယုတ်တို့ မည်ကုန်၏၊ ယခုကာလ၌ အဂ္ဂိယနည်းဆေးနည်း စသည်တို့ကို သူတစ်ပါးတို့ မသိအောင်ဝှက်၍ ရေးသောသူများလည်း ဤဒေသနာတော်နှင့် မလွတ်ကြပေ။]

၁၂။ မကောင်းမှုကို၊ ပြုပြီးကာလ၊ ငါ့ကို သူကို မသိပါက၊ ကောင်းလေစွဟု၊ တောင့်တပြုကာ၊ ဖုံးလွှမ်းပါမူ၊ သူယုတ်ဟူ၏၊

၁၃။ သူ့အိမ်သို့သွား၊ စားဖွယ်သောက်ဖွယ်၊ စင်ကြယ်လှစွာ၊ အရာရာကို စားမျိုပြီးကာ၊ ကိုယ့်အိမ်လာက၊ ဘာမျှမကျွေး၊ မပေးနေမူ၊ သူယုတ်ဟူ၏၊

၁၄။ ရဟန်းပုဏ္ဏား၊ စကားချိုသာ၊ တောင်းလာသူအား၊ မုသားပြောကာ၊ လှည့်ပတ်ပါမူ၊ သူယုတ်ဟူ၏၊

၁၅။ ဆွမ်းချိန်များ၌၊ ပုဏ္ဏားရဟန်း၊ ဆွမ်းအလို့ငှါ၊ ရပ်လာသည်ကို၊ ဆဲဆိုသည့်သူ၊ မလှူသူကား၊ အများသမုတ်၊ သူယုတ်ဟူ၏၊
[ဆွမ်းခံလာသော ရဟန်းပုဏ္ဏားကို ဆွမ်းမလောင်းသူ ဆဲဆိုသူတို့သည် သူယုတ်မည်ကုန်၏]

၁၆။ သူ့ပစ္စည်းကို၊ ယူလို၍သာ၊ မဟုတ်ရာကို၊ ကြံကာစည်ကာ ပြောဆိုပါမူ၊ သူယုတ်ဟူ၏၊

၁၇။ ကိုယ့်ကိုမြှောက်စား၊ သူများနှိမ့်ချ၊ ကိုယ့်မာနဖြင့်၊ အောက်ကျသသူ၊ သူယုတ်ဟူ၏၊
[ကိုယ့်ကိုယ်ကို မြှောက်တတ်၊ သူတစ်ပါးကို နှိမ့်ချတတ်သူသည် သူ့အောက်သို့လည်း ကျတတ်၏၊ သူယုတ်လည်း မည်၏၊]

၁၈။ ချုပ်ချယ်တတ်လှ၊ စဉ်းလဲလှစွာ၊ ယုတ်မာအလို၊ ဝန်တိုတတ်စွ၊ ကောက်ကျစ်လှလျက်၊ အရှက်အကြောက်၊ ကင်းပျောက်ပါမူ၊ သူယုတ်ဟူ၏၊

၁၉။ မြတ်စွာဘုရား၊ ဘုရားသားနှင့်၊ ဘာသာခြားဘုန်းကြီး၊ ထိုနည်းလူကို၊ ဆဲဆိုသသူ၊ သူယုတ်ဟူ၏၊

၂၀။ ကို်ယ်ရဟန္တာ၊ မဟုတ်ပါဘဲ၊ ရဟန္တာဟု၊ ဝန်ခံပြုက၊ ဗြဟ္မာပြည်ပါ၊ နတ်ရွာလူတွင်၊ သူလျှင်သင်းသီး၊ ခိုးသူကြီးဟု၊ ဆိုပြီး သမုတ်၊ သူယုတ်ဟူ၏၊
[အရိယာမဟုတ်ဘဲ မိမိကိုယ်ကို အရိယာဟု ပြောသူ၊ အရိယာဟု ထင်အောင်လုပ်သူသည် ဤလောက၌ အကြီးဆုံးသော ခိုးသူမည်၏၊

ဤကား ဝသလသုတ် ပါဠိတော်ကို အပိုအလိုမပါ အဋ္ဌကထာနှင့်အညီ စီကုံးရေးသားအပ်သော သူယုတ်တရားတည်း။

ဤပျက်စီးကြောင်းတရား ၁၂-ပါး၊ သူယုတ်တရား ၂၀တို့ကား ပယ်အပ်သော တရားတို့တည်း။

ထိုတရားတို့မှ အထူးအားဖြင့် ရှောင်းရှားဖဲကြဉ်ကုန်ရာ၏၊]

လူ့ကျင့်ဝတ်ခေါ် ဂိဟိဝိနယ စာတမ်းပြီးပြီ။