မာတိကာသို့ ခုန်သွားရန်

ဂုဏ်တော်အရသာ

ဝီကီရင်းမြစ် မှ
6095ဂုဏ်တော်အရသာ — ညောင်လေးပင်တောရဆရာတော်

ဂုဏ်တော်အရသာ

ညောင်လေးပင်တောရဆရာတော်

မာတိကာ

၁။ ဘုရားဂုဏ်တော် ကိုးပါး ၂၆ နက် (ဘုရားရှိခိုး)
(၁) အရဟံဂုဏ်တော် (ငါးနက်၊ ဝတ္ထု၊ အဓိပ္ပါယ်၊ ဂါထာ၊ ဋီကာနည်း ၆နက်၊ ဂါထာ၊ သဗ္ဗညုတနှင့် အနာဝရဏ၊ သိအပ်နှင့် သိတတ် တွဲပြပုံ)
(၂) သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော် (အဓိပ္ပါယ်၊ ဝတ္ထုကျဉ်း)
(၃) ဝိဇ္ဇာစရဏ သမ္ပန္နော (သရုပ်၊ သဘော၊ အဓိပ္ပါယ်)
(၄) သုဂတော (လေးနက်။ ဋီကာနည်း ၆ နက်)
(၅) လောကဝိဒူ (နှစ်နက်၊ အဓိပ္ပါယ်ကျယ် မှတ်ဖွယ်၊ ဋီကာနည်းများစွာ)
(၆) အနုတ္တရောပုရိသဒမ္မသာရထိ (နှစ်နည်း သုံးနက်၊ အာဠဝကဘီလူးနှင့်)
(၇) သတ္ထာဒေဝမနုဿာနံ (နှစ်နက်၊ ဖားနတ်သားနှင့်)
(ဂ) ဗုဒ္ဓေါ (နှစ်နက်၊ သမ္မာသမ္ဗုဒ္ဓေါနှင့် ဗုဒ္ဓေါ အထူး)
(၉) ဘဂဝါ (ခြောက်နက်၊ ဣဿရိယဘုန်းရှစ်ပါး၊ ဂါထာ၊ နိဒ္ဒေသနည်း ၉ နက်၊ ဋီကာနည်း ၇ နက်၊ ဂုဏ်တော်ကျဉ်း နှစ်ပါး၊ သုံးပါး ပေါင်းပုံ)

၂။ တရားဂုဏ်တော်ခြောက်ပါး ၁၂ နက် (တရားရှိခိုး)
(၁) သွာက္ခာတောဂုဏ်တော် (တနက်၊ တရား ဆယ်ပါး)
(၂) သန္ဒိဋ္ဌိကော(လေးနက်၊ ၄ပါး တနက်၊ ၉ ပါး ၃ နက်)
(၃) အကာလိကော (တနက်၊ လေးပါးသာ)
(၄) ဧဟိပဿိကော (တနက်၊ ကိုးပါး)
(၅) ဩပနေယျိကော (လေးနက် ၈၊ ၁၊ ၄၊ ၅-ပါး တနက်စီ)
(၆) ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ (တနက်၊ ကိုးပါး မှတ်ဖွယ်၊ ဋီကာနည်း များစွာ)

၃။ သံဃာဂုဏ်တော်ကိုးပါး၊ ကြောင်း ၄၊ ကျိုး ၅၊ ၁၅-နက် (သံဃာရှိခိုး)
(၁) သုပ္ပဋိပန္နောဂုဏ်တော် (နှစ်နက်၊ ကျင့်ဆဲ ၄၊ ကျင့်ပြီး ၄၊ အကြောင်းဂုဏ် အကျင့်ဂုဏ် အားလုံး ဆက်ဆံပုံ)
(၂) ဥဇုပ္ပဋိပန္နော (ဒွယသို့ မကပ်၊ ကျီးဝတ္တု)
(၃) ဉာယပ္ပဋိပန္နော (ရှင်သာရိပုတ္တရာ ဂါထာ)
(၄) သာမိစိပ္ပဋိပန္နော အကြောင်းဂုဏ်၊ အကျင့်ဂုဏ် စုံလင်ပြီ)
(၅) အာဟုနေယျော (၃ နက်၊ ဝတ္ထုကြောင်း တခုစီဖြင့် ဖွင့်သည်။)
(၆) ပါဟုနေယျော (၃ နက်၊ သံဃာနှင့်တူသော ဧည့်သည် မရှိ။)
(၇) ဒက္ခိဏေယျော ( ၂ နက်၊ ပုဂ္ဂလိက ၁၄၊ သံဃိက ၇၊ ဝိသုဒ္ဓိ ၄)
(ဂ) အဉ္ဇလိကရဏီယော (ရင်ဝ လှံမထိုးခြင်း၊ ရဟန်းသုံး ပရိက္ခရာ)
(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ (ကာဠဝဠိယ ဝတ္ထု၊ မောင်ပုဏ္ဏ သမီးဥတ္တရာ၊ သိရိမာငြူစူခြင်း၊ ဖခင် တောင်းပန်မှ သောတာပန်တည်ခြင်း။)

နိဂုံး

ညောင်လေးပင်တောရ ဆရာတော် ထေရုပ္ပတ္တိ

ဤ ဘုရားရှိခိုး ရှစ်ပုဒ်နှင့်တကွ ဂုဏ်တော် အရသာ, လက္ခဏာ အရသာ စသော ကျမ်းပေါင်း ၂၀-ကျော်ကို ရေးသား စီရင်တော်မူခဲ့သော ညောင်လေးပင်တောရ ဆရာတော်ဘုရားကြီးသည် ပဲခူးခရိုင် ညောင်လေးပင်မြို့မှ လေးမိုင်ခန့်ဝေးသည့် ပုစွန်မြောင်းရွာ၌ ကျောင်းဆရာကြီး ဆရာခေါင်နှင့် ဒေါ်ဒေါ်ခက် တို့မှ သက္ကရာဇ် ၁၂၄၈-ခု၊ ပြာသိုလဆန်း ၂-ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သော သားဦးရတနာ ဖြစ်သည်။ ငယ်မည်မှာ မောင်ဘဦး ဖြစ်၏။

၎င်းဆရာတော် လောင်းကလေးဖြစ်သော မောင်ဘဦး၌
(၁) ငယ်ရွယ်စဉ်ကပင် မကောင်းမှုပြုရမည်ကို ရှက်တတ်ခြင်း၊
(၂) မိမိစိတ်၌ မှန်သည်ဟု ဆုံးဖြတ်ထားသော အရာများကို ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ခြင်း၊
(၃) သူမှန်သည်ထင်သော အချက်များကို ရဲရဲဝံ့ဝံ့ ပြောတတ်ခြင်း၊
(၄) မလိမ်မကောက် ရိုးဖြောင့်အူစင်းခြင်း၊
(၅) အခြားကလေးများကဲ့သို့ ပူပူဆာဆာ မပြုလုပ်တတ်ခြင်း၊
စသော ကိုယ်ကျင့်တရား အတွင်းရေး အရည်အချင်းများသည်ကား ငယ်စဉ်ကစ၍ ဘဝနှင့်ကပ်ပါလာသော ထူးခြားချက်များပင် ဖြစ်ပေသည်။

၁၂၅၄ ခုနှစ် မောင်ဘဦး ၆နှစ်သားအရွယ်တွင် မိဘများ ညောင်လေးပင်မြို့ပေါ်သို့ ပြောင်းရွှေ့လာပြီး သားဖြစ်သူ မောင်ဘဦးအား ညောင်လေးပင်မြို့ ခရစ်ယာန်သာသနာပြုကျောင်း၌ အင်္ဂလိပ်စာပေ သင်ကြားရန် ကျောင်းအုပ်ကြီးထံ အပ်နှံကြလေသည်။

၁၂၆ဝ ပြည့်နှစ် စတုတ္ထတန်း အောင်မြင်၍ အသက် ၁၂ နှစ် အရွယ်ရှိသောအခါ မိဘများက ရှင်ပြုရန် ညောင်လေးပင်မြို့ တောရကျောင်းတိုက် ပထမဆရာတော်ဘုရားကြီး ဦးသောပထံ အပ်နှံကြရာ သူငယ်၏ အရည်အသွေးကိုကြည့်၍ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ပင် ဥပဇ္ဈာယ်ပြု၍ သာမဏေဘဝသို့ ရောက်အောင် ပို့ဆောင်တော်မူပြီးလျှင် သာမဏေသစ်ကလေး၏ အတွင်းရေး အရည်အချင်းက အချိုးအစား သေဝပ်လျက် ရှိနေသည်ကပင် အကြောင်းပြုလျက် “ရှင်အရိယ” ဟု ဘွဲ့တပ်တော်မူခဲ့လေသည်။

ရှင်အရိယသည် ပင်ကိုကပင် သဒ္ဓါတရားရှိသူဖြစ်၍ ယခုကဲ့သို့ ဆရာကောင်းများ၏ အဆုံးအမကို ရရှိပြန် သောအခါ သာသနာ့ဘောင်တွင် လွန်စွာ ပျော်မွေ့သည်သာမက ပရိယတ်၊ ပဋိပတ် သာသနာတော် နှစ်ရပ်ကို စွမ်းစွမ်းတမံ အားထုတ်လိုသောဆန္ဒ ပြင်းပြစွာ ပေါ်ပေါက် လာသည့်အတိုင်း ဥပဇ္ဈာယ် ဆရာတော် ဘုရားကြီးထံ ပိဋကတ်အခြေခံမှ စ၍ ပါဠိ၊ အဋ္ဌကထာ ကျမ်းဂန်အဝဝကို စနစ်တကျ သင်ကြား အားထုတ် လာခဲ့ရာ ရဟန်းမဖြစ်မီ ၁၈ နှစ်၊ ၁၉နှစ် အရွယ်မှာပင် -
(၁) ရသင့်ရထိုက်သော စာများကို နှုတ်ရအာဂုံ ဆောင်နိုင်ခြင်း၊
(၂) သဒ္ဒါစည်းကမ်းအရ ပါဠိကိုမြင်လျှင် အနက်ထင်ခြင်း၊
(三) ပါဠိ၊ အဋ္ဌကထာ ဆိုလိုရာ အဓိပ္ပါယ်ကို သဘာဝကျအောင် နားလည်ခြင်း၊
(၄) ပါဠိ၊ အဋ္ဌကထာသွား ရေးသားစီကုံးနိုင်ခြင်း၊
(၅) ဉာဏ်ရှိသလောက် ကြိုးစားမှုလည်း ရှိခြင်း၊
ဟူသော ဤ “စာတတ်လက္ခဏာ” အင်္ဂါတို့နှင့် ညီညွတ်ပြည့်စုံပြီးဖြစ်ကာ အဋ္ဌကထာ၊ ဋီကာနှင့်တကွသော ပါဠိစာပေများကို ဆည်းပူး တတ်မြောက်ပြီး ဖြစ်ခဲ့လေသည်။

ရှင်အရိယသည် ဤနည်းဖြင့် ကျမ်းဂန်လည်း နှံ့စပ် တတ်မြောက်၍ ရဟန်းပြုရန်လည်း အသက် စေ့ရောက်ပြီး ဖြစ်ရာ ပထမ ညောင်လေးပင်တောရ ဆရာတော်ဘုရားကြီးသည် လက်ရုံး တဆူ အားကိုးရမည့် တပည့် ကလေးအတွက် နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်လျက် မြန်မာနိုင်ငံတော် အောက်၊ အထက်တွင် ရဟန္တာတဆူဟု ပျံ့နှံ့ ကျော်ကြားတော်မူသော ဘုန်းတော်ကြီး ဦးသီလအား ပင့်ဖိတ်လျက် ဥပဇ္ဈာယ် ပြုစေပြီးသော် ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်အောင် ပို့ဆောင်တော်မူရာ ၁၂၆၇ ခု၊ တပို့တွဲလဆုတ် ၂ ရက် နေ့တွင် ရှင်အရိယ အဖြစ်မှ ဦးအရိယအဖြစ်သို့ ရောက်တော်မူလေသည်။

ဦးအရိယသည် ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် ပထမ ညောင်လေးပင်တောရ ဆရာတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီး ဦးသီလတို့၏ ခြေရင်းတွင် ပရိယတ်၊ ပဋိပတ်နှင့် ဆိုင်ရာ နည်းနာနိဿယ ကောင်းများကို အာစရိယမုဋ္ဌိ လက်ကိုင်ရရှိအောင် ယူတော်မူပြီးလျှင် ငယ်ဆရာ ဖြစ်သော ပထမညောင်လေးပင် တောရ ဆရာတော်ကြီးနှင့် ဘုန်းတော်ကြီး ဦးသီလတို့၏ တိုက်တွန်း အပ်နှံချက်အရ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီးဥက္ကဋ္ဌ ဖြစ်တော်မူသော ကျေးဇူးရှင် မဟာဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီး၏ ခြေတော်ရင်းတွင် -
(၁) စာပေပို့ချသင်ကြားနည်း၊
(၂) အဋ္ဌကထာ၊ ဋီကာနည်းကျ ပါဠိစုဏ္စိယ ရေးသားနည်း၊
(၃) ဝိသုဒ္ဓါရုံအလိုတော်ကျ ဝိနိစ္ဆယဖြတ်ထုံး ရေးနည်း၊
(၄) စာပေကျမ်းဂန် အမှား၊ အမှန် စိစစ်နည်း၊
(၅) တပည့်ပရိသတ် မွေးမြူနည်း၊
(၆) ကျင့်ကြံနေထိုင်နည်း၊
စသည်တို့ကို လက်ထပ်ရ ဆည်းပူးခဲ့ပြန်၏။

ယင်းသို့ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားထံတွင် ပညာရင်နို့ သောက်စို့ ပြီးနောက် ညောင်လေးပင်မြို့ တောရကျောင်းတိုက်သို့ ပြန်ရောက်လာပြီး ဆရာတော်ဘုရားကြီးများ၏ အစိုးရပထမပြန်စာမေးပွဲဝင် ခွင့်ပြုချက်အရ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကို ဆင်မြန်းပြီး၍ စာပေပို့ချနေဆဲ အခါ၌ပင် ပထမဆရာတော်ဘုရားကြီးနှင့် ဒုတိယ ဆရာတော်ဘုရားကြီးများ ပျံလွန်တော်မူပြီးနောက် တတိမြောက် ညောင်လေးပင်တောရ တိုက်ကြီး၏ “ဦးစီးနာယက ဆရာတော်” အဖြစ်ဖြင့် တာဝန်ယူကာ ဆောင်ရွက်တော် မူရလေသည်။ ထိုအခါတွင် ဆရာတော် ကလေးမှာ သိက္ခာတော် ၁၄ ဝါမျှသာ ရှိပေသေးသည်။

တတိယ ညောင်လေးပင်တောရ ဆရာတော်ကလေးသည် တိုက်တာ၏ ဦးစီးနာယက အဖြစ်သို့ ရောက်ရှိ လာသောအခါ -
(၁) ပထမညောင်လေးပင်တောရ ဆရာတော်ဘုရာကြီး၊
(၂) ဒုတိယညောင်လေးပင်တောရ ဆရာတော်ဘုရားကြီး၊
(၃) ဘုန်းတော်ကြီး ဦးသီလ၊
(၄) မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး
တို့ထံမှ ရအပ်သော နည်းနာ နိဿယကောင်းများ စုပေါင်းသုံးသပ်ကာ တိုက်တာ တည်တံ့ ကြီးပွားရေး၊ ဂိုဏ်းဂဏ သန့်ရှင်း တိုးတက်ရေး၊ သာသနာတော် စည်ပင် ထွန်းကားရေးတို့အတွက် အဘက်ဘက်မှ လိုလေသေး မရှိရအောင် စောက်ချဆောင်ရွက် စာပေပို့ချလျက် နေဆဲမူပင် နောင်လာနောက်သားတို့ အတွက် ကျမ်းဂန်များကိုလည်း ပြုစုတော်မူခဲ့ပြန်သည်။ ၎င်းကျမ်းဂန်များအနက် ပြီးဆုံးခြင်းသို့ ရောက်သော ကျမ်းပေါင်းမှာ (၂၀) မျှ ဖြစ်၍ အပြီးသို့ မရောက်သေးသော ကျမ်းများမှာ (၁၀) ကျမ်းမျှ ဖြစ်ပေသည်။

ဤကဲ့သို့ ကျမ်းဂန်တတ်မြောက် ကျမ်းပြုစာဆိုတော်တဦး အဖြစ်သို့ ရောက်တော်မူသော ပုဂ္ဂိုလ်များအား အားပေး ပံ့ထောက် ချီးမြှောက် သင့်သည့်အားလျော်စွာ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်နှင့် မန္တလေးမြို့ ပရိယတ္တိသာသနဟိတ အသင်းကြီးကလည်း “သကျသီဟ မူလဓမ္မာစရိယ” ဘွဲ့တံဆိပ်တော် များကို ကပ်လှူကြလေသည်။

၎င်းပြင် ဆရာတော်သည် နိုင်ငံတော် အစိုးရ၏ ဆဋ္ဌသင်္ဂါယနာတင် ကိစ္စအတွက် ဩဝါဒါစရိယ ဆရာတော် အဖြစ်ဖြင့် ဆောင်ရွက်တော်မူရလေသည်။

ဤသို့လျှင် ကျေးဇူးရှင်ဆံရာတော်ဘုရားကြီးသည် တောရ ရွှေကျင်ဂိုဏ်း သာသနာနှင့်ဆိုင်ရာ သာသနာ့ ကိစ္စအဝဝတို့ကို အားသွန်ကြိုးပမ်း ဆောင်ရွက်တော်မူဆဲအခါတွင် လေငန်းရောဂါ စွဲကပ်လာသဖြင့် ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကုသရာ ပထမနှင့် ဒုတိယအကြိမ် များတွင် ပျောက်ကင်း ချမ်းသာသော်လည်း တတိယအကြိမ်တွင်မူ ဆုတ်ယုတ်ခြင်း မရှိပဲ သက်တော် ၆၆ နှစ်၊ ဝါတော် ၄၇ ဝါ၊ သက္ကရာဇ် ၁၃၁၄ ခု၊ ဝါခေါင်လဆန်း ၁၄ ရက်၊ ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် လောကအကျိုးနှင့်တကွ သာသနာရေးကိစ္စ အဝဝ တို့ကို မျက်နှာလွှဲတော်မူလျက် အနားယူရန် တုသိတာ နတ်နန်းသို့ ကြွမြန်း ပျံမှုန်တော်မူလေသည်။

ညောင်လေးပင်တောရ ဆရာတော် စီရင်အပ်သော ကျမ်းစာများ

၁။ မာတိကာအရသာနှင့် ဝိနယကောသလ္လကျမ်း
၂။ အလင်္ကာအရသာ
၃။ ဂုဏ်တော်အရသာ
၄။ ဘာဝနာအရသာ
၅။ ပဋိစ္စသမုပ္ပါဒ်အရသာ
၆။ ပဋိစ္စသမုပ္ပါဒ်အခြေပြု
၇။ ဥပါသကာလက်သုံး
၈။ ဝိသုဒ္ဓိမဂ်အရသာ
၉။ ကမ္မဝါကံဆောင် အခဏ်း (၂၀)
၁၀။ သင်္ဂြိုဟ်အရသာ
၁၁။ သတိပဋ္ဌာန်အရသာ
၁၂။ မဟာဓမ္မစကြာအရသာ
၁၃။ ကထိန်အရသာ
၁၄။ ဘုန်းတော်ကြီး ဦးသီလထေရုပ္ပတ္တိ
၁၅။ ဓမ္မပဒဘာသာပြန်
၁၆။ ရှင်သာမဏေဝိနည်းခေါ် ရှင်ကျင့်ဝတ်
၁၇။ ကရင် ဗမာ ဓမ္မချစ်ကြည်ရေး
၁၈။ ကဆုန်လပြည့်အရသာ
၁၉။ ဆန်းအရသာ
၂၀။ ဝိနည်းငါးကျမ်းအရသာ

ပလ္လင်ခံနိဒါန်း

ဘုရားပင့်ရန်

၁။ အရဟံ၊ ကိလေသာရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကား။

၂။ သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးသော မြတ်စွာဘုရားပါတကား။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး စရဏ တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားပါတကား။

၄။ သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားပါဘကား။

၅။ လောကဝိဒူ၊ လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာ ဘုရားပါတဲကား။

၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အတုမရှိ မြတ်တော်မူသည် ဖြစ်၍ မယဉ်ကျေးသေးသော လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျားတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ် သော မြတ်စွာဘုရားပါတကား။

၇။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားပါတကား။

၈။ ဗုဒ္ဓေါ၊ သစ္စာလေးပါးကို သိတော်မူတတ်သော မြတ်စွာဘုရား ပါတကား။

၉။ ဘဂဝါ၊ ဘုန်းတော် အလွန်ကြီးတော်မူသော မြတ်စွာဘုရား ပါတကား။

ဤသို့ ကိုးပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဘုရားတပည့်တော်များ၏ ပူဇော်ခြင်းကို ခံတော်မူရန် ကြွမြန်းတော်မူပါ့ဘုရား။

တရားပင့်ရန်

၁။ သွာက္ခာတော၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားအပ်သော ပရိယတ်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရား ဆယ်ပါးပါတကား။ [မဂ်လေးပါး၊ ဖိုလ်လေးပါးဟု သိ၊]

၂။ သန္ဒိဋ္ဌိကော၊ အရိယာပုဂ္ဂိုလ်တို့သည် ကိုယ်တိုင် ရွှေမြင်အပ်ပြီး သော မဂ်, ဖိုလ်, နိဗ္ဗာန်တရားကိုးပါး ပါတကား။

၃။ အကာလိကော၊ အခါမလင့် အခြားမဲ့၌ ဖိုလ်အကျိုးကို ဖြစ် စေတတ်သော မဂ်တရား လေးပါးပါတကား။

၄။ ဧဟိ ပဿိကော၊ လာလှည့်ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို ခံထိုက်သော မဂ်, ဖိုလ်, နိဗ္ဗာန် တရားကိုးပါးပါတကား။

၅။ ဩပနေယျကော၊ ကပ်၍ ဆောင်ယူခြင်းငှာထိုက်သော မဂ် ဖိုလ်, နိဗ္ဗာန်တရား ကိုးပါးပါကကား။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ၊ [အုတ်ဃာတိတညူ] ဥဂ္ဃါတိတညူ စသော အရိယာပုဂ္ဂိုလ်တို့သည် မိမိ မိမိစိတ်၌ သိအပ် ခံစားအပ်သော မဂ်, ဖိုလ်, နိဗ္ဗာန်တရား ကိုးပါးပါတကား။

ဤသို့ ခြောက်ပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော တရားဆယ်ပါးသည် ဘုရားတပည့်တော် များ၏ ပူဇော်ခြင်းကို ခံတော် မူရန် ကြွမြန်းတော်မူပါ့ဘုရား။

သံဃာပင့်ရန်

၁။ သုပ္ပဋိပန္နော၊ ကောင်းသောအကျင့်ကို ကျင့်ဆဲ, ကျင့်ပြီးဖြစ်သော အရိယာသံဃာရှစ်ပါး အပေါင်းပါတကား။ [မဂ်ပုဂ္ဂိုလ်လေးယောက် ကျင့်ဆဲ၊ ဖိုလ်ပုဂ္ဂိုလ်လေးယောက် ကျင့်ပြီးဟု သိ။]

၂။ ဥဇုပ္ပဋိပန္နော၊ ဖြောင့်မတ်သောအကျင့်ကို ကျင့်ဆဲ, ကျင့်ပြီး ဖြစ်သော အရိယာသံဃာရှစ်ပါး အပေါင်းပါ တကား။

၃။ ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အကျိုးငှာ ကျင့်ဆဲ ကျင့်ပြီး ဖြစ် သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား

၄။ သာမိစိပ္ပဋိပန္နော၊ ရိုသေသမှုပြုထိုက်အောင် ကျင့်ဆဲ၊ ကျင့်ပြီး ဖြစ်သော အရိယာသံဃာရှစ်ပါး အပေါင်းပါတကား။ [ဤကား အကြောင်းဂုဏ် လေးပါးတည်း။ ဝါ- အကျင့်ဂုဏ် လေးပါးတည်း။ ]

၅။ အာဟုနေယျော၊ အဝေးမှဆောင်၍ လှူအပ်သော ပစ္စည်း လေးပါးကို ခံတော်မူထိုက်သော အရိယာသံဃာ ရှစ်ပါး အပေါင်းပါတကား၊

၆။ ပါဟုနေယျော၊ ဧည့်သည်ကောင်းတို့အလို့ငှာ အထူးစီရင်အပ် သော အာဂန္တုကဒါနကို ခံတော်မူထိုက်သော အရိယာသံဃာ ရှစ်ပါး အပေါင်းပါတကား။

၇။ ဒက္ခိဏေယျော၊ မြတ်သောအလှူအားလျော်သော အရိယာ သံဃာရှစ်ပါး အပေါင်းပါတကား။
[အကျိုးကြီးအောင်ပြုသောကြောင့် လျော်သည်ဟု သိ။]

၈။ အဉ္စလိကရဏီယော၊ လက်အုပ်ချီခြင်းကို ခံထိုက်သော အရိယာ သံဃာရှစ်ပါး အပေါင်းပါတကား။
[မထိုက်လျှင် လှံထိုးခံရသည်ထက် ဆိုးသည်ဟု သိ။]

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ၊ လူအပေါင်း၏ ကောင်းမှု မျိုးစေ့၏ ပေါက်ရောက်ကြီးပွားရာ အတုမရှိ လယ်တာမြေ ကောင်းသဖွယ် ဖြစ်တော်မူသော အရိယာသံဃာရှစ်ပါး အပေါင်းပါတကား။

[ဤကား အကျိုးဂုဏ်ငါးပါးတည်း။ ယခင်လေးပါးကျင့်ရုံဖြင့် ယခု ငါးပါးသည်း ရသည်ဟု သိ]

ဤသို့ ကြောင်းလေး ကျိုးငါး ကိုးပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အရိယာသံဃာရှစ်ပါး အပေါင်းသည် ဘုရားတပည့်တော်များ၏ ပူဇော်ခြင်းကို ခံတော်မူရန် ကြွမြန်းတော်မူပါ့ဘုရား။

ဤသို့လျှင် ဤပလ္လင်ခံနိဒါန်းဖြင့် အမွှမ်းတင်ထားအပ်သော “ဘုရား ရှိခိုး ရှစ်ပုဒ်, ဂုဏ်တော်အရသာ, လက္ခဏာအရသာ” ဟူသော ကျမ်း များကို ညောင်လေးပင်မြို့ တောရကျောင်းတိုက် ပဓာနှဥက္ကဋ္ဌ နာယက မထေရ်အဖြစ်ဖြင့် နေခိုက်တွင် “အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင် ဦးအရိယမထေရ်” စီရင်ရေးသားတော် မူအပ်လေသည်။

ဂုဏ်တော်အရသာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဘုရားဂုဏ်တော်ကိုးပါး ၂၆ နက်

ဣတိပိ သောဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော (၃)၊
သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ (၃)၊
သတ္ထာဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ (၃)။

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
ဣတိပိ၊ ဤသို့ ဤသို့သော အကြောင်းကြောင့်။
အရဟံ၊ အရဟန္တ မည်တော်မူ၏။
သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
သုဂတော၊ သုဂတမည်တော်မူ၏။
လောကဝိဒူ၊ လောကဝိဒူ မည်တော်မူ၏။
အနုတ္တရော၊ အနုတ္တရ မည်တော်မူ၏။
ပုရိသဒမ္မသာရထိ၊ ပုရိသဒမ္မသာရထိ မည်တော်မူ၏။
(ဝါ၊ တနည်းကား )
အနုတ္တရော ပုရိသဒမ္မသာရထိ၊ အနုတ္တရပုရိသဒမ္မသာရထိ မည်တော်မူ၏။
သတ္ထာ ဒေဝမနုဿာနံ၊ ဒေဝမနုဿာနံသတ္ထု မည်တော်မူ၏။
ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူ၏။
ဘဂဝါ၊ ဘဂဝန္တ မည်တော်မူ၏။

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
အရဟံ၊ ကိလေသာတို့မှ ဝေးကွာတော်မူ၏။
အရဟံ၊ ကိလေသာရန်သူတို့ကို သတ်တော်မူ၏။
အရဟံ၊ သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူ၏။
အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်၏။
အရဟံ၊ မကောင်းမှုကို ပြုစရာ ဆိတ်ကွယ်ရာ မရှိ။ [ငါးနက်။]

သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ၏။

ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့် ငါးပါးတို့နှင့် ပြည့်စုံတော်မူ၏။

သုဂတော၊ အရိယာမဂ်တည်းဟူသော တင့်တယ်သော သွားခြင်း ရှိတော်မူ၏။
သုဂတော၊ ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူ၏။
သုဂတော၊ ပယ်ပြီးသော ကိလေသာ ပြန်မလာစေခြင်းဖြင့် လည်းကောင်း၊ ဗောဓိမဏ္ဍိုင်တိုင်အောင် ပါရမီ ပဋိပတ် ဖြည့်ကျင့်ခြင်းဖြင့် လည်းကောင်း ကောင်းစွာ ကြွသွားတော်မူ၏။
သုဂတော၊ သင့်သော စကားနှစ်ခွန်းကို ဆိုတော်မူ၏။ [လေးနက်။]

လောကဝိဒူ၊ သဝိညာဏက ခန္ဓာလောကကို ဒုက္ခသဘော စသည်ဖြင့် သိတော်မူ၏။
လောကဝိဒူ၊ သတ္တလောက သင်္ခါရလောက ဩကာသလောက-ဟု ဆိုအပ်သော လောကသုံးပါးကို ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူ၏။ [နှစ်နက်။]

အနုတ္တရော၊ မိမိထက် လွန်မြတ်သောသူ မရှိ။
ပုရိသဒမ္မသာရထိ၊ မယဉ်ကျေးသေးသော လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျား တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်၏၊

(တနည်းကား) အနုတ္တရောပုရိသဒမ္မသာရထိ၊ အတုမရှိ မြတ်တော်မှုသည်ဖြစ်၍ မယဉ်ကျေးသေးသော လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျား တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်၏။ [နှစ်နည်း-သုံးနက်။]

သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ဆရာ ဖြစ်တော်မူ၏။
သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ လှည်းမှူးကြီး ဖြစ်တော်မူ၏။ [နှစ်နက်။]

ဗုဒ္ဓေါ၊ သိထိုက်သော ဉေယျဓမ်တရား ငါးပါးတို့ကို ဝိမောက္ခန္တိက ဉာဏ်စွမ်းဖြင့် သိတော်မူ၏။
ဗုဒ္ဓေါ၊ သစ္စာလေးပါး ကိုယ်တိုင် သိ၍ သူတပါးတို့ကိုလည်း သိစေတော်မူ၏။ [နှစ်နက်။]

ဘဂဝါ၊ အထွတ်အထိပ်သို့ ရောက်သော ဒါနစသော ပါရမီဘုန်းကံ ရှိတော်မူ၏။
ဘဂဝါ၊ တစ်သိန်းမကသော ကိလေသာ အကျဉ်းအားဖြင့် မာရ်ငါးဖြာကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
ဘဂဝါ၊ ဣဿရိယ ဓမ္မ ယဿ သိရီ ကာမ ပယတ္တ တည်းဟူသော ဘုန်းတော်တရား ခြောက်ပါး ရှိတော်မူ၏။
ဘဂဝါ၊ ကုသိုလ်စသောအပြား၊ ခန္ဓာစသောအပြားတို့ဖြင့် တရားတို့ကို ဝေဖန်ဟောကြားတော်မူ၏။
ဘဂဝါ၊ ဈာန်, မဂ်ဖိုလ် တို့ကို အကြိမ်ကြိမ် မှီဝဲဆည်းကပ်တော်မူ၏၊
ဘဂဝါ၊ ဘဝတို့၌ပြေးသွားတတ်သော တဏှာကို ထွေးအန်တော်မူ၏။ [ခြောက်နက်။]

ဣတိ ဧဝံ၊ ဤသို့ ကိုးပါးအစ ဂုဏ်တော်အနန္တတို့ဖြင့်။
တံ ခေါ ပန ဘဝန္တံ ဂေါတမံ၊ ထိုဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရား၏။
(*ဘဂဝန္တံ ဂေါတမံ မဟုတ်။ ဘဝန္တံ ဂေါတမံ ဟုတ်သည်။)
ကလျာဏော၊ ကောင်းမြတ်သော။
ကိတ္တိသဒ္ဒေါ၊ ကျော်စောသံသည်။
အဗ္ဗုဂ္ဂတော၊ လောကအားလုံးအထက် လွှမ်း၍တက်ပြီ။
တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရားအား၊
နမော၊ ရှိခိုးပါ၏ ဘုရား။

အရဟံဂုဏ်တော် (ငါးနက်)

မြတ်စွာဘုရားသည် --
ကိလေသာတို့မှ ဝေး၏။
ကိလေသာ ရန်သူကို သတ်၏။
သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီး၏။
ပူဇော်အထူးကို ခံထိုက်၏။
မကောင်းမှုပြုစရာ ဆိတ်ကွယ်ရာ မရှိ။
ထို့ကြောင့် အရဟန္တာ မည်၏ဟု အဋ္ဌကထာတို့၌ ဆို၏။ [ငါးနက်။]

ထိုငါးနက်တို့တွင်

(၁) ကိလေသာမှ ဝေးခြင်းကား အနီးကိုထောက်၍ ဝေးသော အဝေးမျိုး မဟုတ်။ အလွန့်အလွန်ဝေးသည်။ မဂ်ဖြင့် အကြွင်းမဲ့ ဖျက်ဆီးခြင်းကြောင့် ဤမျှဝေးသည်ဟု နေရာမှတ်၍ မရအောင် ဝေးသည်။ ကိလေသာ ကိုသာ သတ်သည်မဟုတ်သေး၊ ဝါသနာမျှကိုလည်း မချန်မူ၍ သတ်သည်။ ကိလေ၏ သတ္တိသည် ဝါသနာ မည်၏။ ကိလေသာ ရှိသူ၏ အလေ့အကျင့် အမူအရာ ဟူလို။ ကိလေသာကို မှီ၍ ဖြစ်သော အမူအရာ အလေ့အလာတည်း။

ရဟန္တာများသည် ကိလေသာကို အကြွင်းမဲ့ သတ်သော်လည်း ဝါသနာမပျောက်ပဲ ရှိတတ်သေး၏။ ရှင်ပိလိန္ဒဝစ္ဆ မထေရ်သည် ကိလေသာ ကုန်ခန်း၍ ရဟန္တာဖြစ်လျက် “ဟဲ့သူယုတ်မာ၊ ဟဲ့လူမိုက်”စသည်ဖြင့် မိန့်ဆိုလေ့ရှိ၏။ ဘဝများစွာ မင်းစိုးရာဇာ ဖြစ်ခဲ့၍ ဆိုနေကျ ဝသီ နှုတ်တက်နေသည်။

ဘုရားရှင်ကား ထိုသို့သော ဝါသနာကိုမျှ မကျန်အောင် သတ်သည်။ ကိလေသာကား အဘယ်မှာ ကျန်နိုင် တော့အံ့နည်း။ ထိုသို့ ကိလေသာတို့မှ အလွန့်အလွန် ဝေးကွာသောကြောင့် အရဟန္တ မည်၏။ အဝေး - အနက်ဟောသော အာရကာကို သဒ္ဒါနည်းဖြင့် အရဟန္တပြုသည်။

(၂) ကိလေသာရန်သူ သတ်ခြင်းကား လောဘ၊ ဒေါသ စသော အကုသိုလ်သည် ကိလေသာမည်၏။ အကျိုး စီးပွားပျက်အောင် ကိုယ်ကျိုး နည်းအောင် ပြုတတ်သောကြောင့် ရန်သူမည်၏။ ဧကနိပါတ်၌ ဘုရားလောင်း ရသေ့သည် နန်းတော်သို့ ကောင်းကင်ခရီး ဈာန်ယာဉ်စီး၍ ကြွသွား၏။ နန်းတော်၌ မုဒုလက္ခဏမိဖုရားကို မြင်လျှင် ကိလေသာ နှိပ်စက်၍ ဈာန်ပျက်၏။

ကျောင်းသို့ပြန်သောအခါ မြေပြင်၌ခြေတင်ကာ လှမ်းလျက် အတောင်ကျိုးသော ငှက်သဏ္ဌာန် ကုန်းကြောင်း ပြန်ကြွရသည်။ မင်းကြီး သိ၍ မုဒုကို လှူလိုက်၏။ မုဒုရသောအခါ မုဒုခိုင်းသမျှ ခံရလေသည်။ တောင်းကြီး တောင်းငယ်ဖြင့် အညစ်အကြေးတို့ကို ရာဇဝတ်ကောင် ထောင်သား ဘင်ကျုံးသမားပမာ ထမ်းထုတ်ရသည်။ မုတ်ဆိတ်မွေးကို မုဒု ဆွဲယမ်းသောအခါမှ အရှက်ကြီးစွာ ရ၍ ဟိမဝန္တာသို့ ထွက်ပြေးရလေသည်။

မိတ်ဆွေသဘော မရှိသော ဤကိလေသာသည် အဘယ်သူကို ချမ်းသာပေးအံ့နည်း။ ထို့ကြောင့် ဘုရားရှင်သည် ကိလေသာကို ရန်သူဟု မဂ်ဖြင့် သတ်သည်။ ထိုသို့ ကိလေသာရန်သူကို သတ်သောကြောင့် အရဟန္တ မည်တော်မူ၏။ အရိက-ရန်သူ + ဟတ-သတ်သည်။ အရိဟတဟု ဆိုအပ်လျက် အရဟန္တ-ဟု ဆိုသည်။

(၃) သံသရာစက် အကန့် ဖျက်ဆီးခြင်းကား သံသရာစက်သည် မပြတ်ချာချာလည်သော လှည်းဘီးနှင့် တူ၏။ အဝိဇ္ဇာ၊ ဘဝတဏှာသည် အလွန်ခိုင်သော ပုံတောင်းချက်မ မည်၏။ ပုညာဘိသင်္ခါရ စသည်သည် တောင့်တင်းသော ထောက်အကန့် မည်၏။ ဇရာမရဏသည် ပြတ်နိုင်ခဲသော အကွပ် မည်၏။ “ဤသူသည် ဇရာမရဏ အကွပ် ပြုတ်၍ မအို မသေတော့ပြီ”ဟု ဆိုစရာပုဂ္ဂိုလ် မရှိ။ ဤစက်ဝန်းသည် နယ်ဆီ အမြဲ စိုသော အာသဝသမုဒယ ဝင်ရိုး၌ ထိုးစွပ်လျက် ဘဝသုံးပါးဟူသော ရထားအိမ်၌ တပ်ဆင်လျက် မပြတ် ချာချာလည်၏။

ဘုရားရှင်သည် ဗောဓိမဏ္ဍိုင်၌ ဝီရိယဟူသော ခြေတို့ဖြင့် သီလမြေပြင်၌ရပ်လျက် သဒ္ဓါဟူသောလက်ဖြင့် ကံကုန်အောင်ပြုနိုင်သော ဉာဏ်ပုဆိန်ကိုကိုင်၍ ထိုသံသရာစက်၏ အကန့်အားလုံးတို့ကို ဖျက်ဆီးတော်မူ၏။ ထိုသို့ သံသရာစက်အကန့်ကို ဖျက်ဆီးသောကြောင့် အရဟန္တ မည်၏။ အရ-အကန့် + ဟတ- ဖျက်ဆီးသည်။ အရဟတဟု ဆိုအပ်လျက် အရဟန္တ ဆိုသည်။

တနည်း ဖျက်ဆီးခြင်းကား

အနမတဂ္ဂ သံသရာဝဋ်သည်၊ ဝါ-ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ရပ်သည် သံသရာစက် မည်၏။ ခန္ဓာ၊ အာယတန၊ ဓာတ်တို့ ကြောင်းကျိုးဆက်လျက် မပြတ် ဖြစ်ခြင်းတည်း။ အဝိဇ္ဇာသည် အစဖြစ်သောကြောင့် ပုံတောင်း မည်၏။ ဇရာမရဏသည် အဆုံး ဖြစ်သောကြောင့် အကွပ် မည်၏။ ကြွင်းဆယ်ပါးသည် အဝိဇ္ဇာအစ၊ ဇရာ မရဏ အဆုံးရှိသောကြောင့် အကန့် မည်၏။

ဘုံသုံးပါး၌ ဒုက္ခစသည်ကို မသိတတ်သော အဝိဇ္ဇာကြောင့် သင်္ခါရစသော အကျိုးတို့သည် ဆက်၍ ဆက်၍ ဖြစ်ကုန်၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးလုံး အကြောင်းအကျိုး အဆက်ဆက် ဖြစ်ကုန်၏။ ဘုရားရှင်သည် ဤ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ရပ် ကြောင်းကျိုးဆက်စပ်ပုံကို အလုံးစုံသော အခြင်းအရာဖြင့် သိတော်မူ၏။

ဓမ္မ-နာမ်ရုပ်တို့၏ ဌိတိ-အကြောင်းကို၊ ဉာဏ-သိသော ကင်္ခါဝိတဏဝိသုဒ္ဓိဉာဏ်သည် ဓမ္မဌိတိဉာဏ် မည်၏။ ဤ ဉာဏ်ရလျှင် သက္ကာယဒိဋ္ဌိကွာ၍ စူဠသောတာပန် ဖြစ်၏။ ဤ ဓမ္မဋ္ဌိတိ ဉာဏ်တော်ဖြင့် သံသရာဝဋ် ဆက်စပ်ပုံကို သိ၍၊ ငြီးငွေ့၍ နှစ်သက်ခြင်း မရှိ၍၊ လွှတ်လို၍ သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူ၏။ ထို့ကြောင့် အရဟန္တ မည်၏။ အရဟတ-ဟု ဆိုအပ်လျက် အရဟန္တဟု ဆိုသည်။

(၄) ပူဇော်အထူး ခံထိုက်ခြင်းကား - ဘုရားရှင်သည် အလှူခံပုဂ္ဂိုလ် တို့တွင် အမြတ်ဆုံးဖြစ်၍ သင်္ကန်းစသော ပစ္စည်းလေးပါးကိုလည်းကောင်း၊ အထူးပြုပြင်သော ပူဇော်အထူးကို လည်းကောင်း ခံထိုက်၏။ တန်ခိုး ကြီးသော လူမင်း၊ နတ်မင်းတို့သည် ဘုရားပွင့်သောအခါမှစ၍ တပါးသော နေရာ၌ ပူဇော်ခြင်း မပြုကုန်။ ဗြဟ္မာကြီးများလည်း မြင်းမိုရ်တောင်မျှသော ပန်းကုံးကြီးတို့ဖြင့် ဘုရားရှင်အား ပူးဇော်ကုန်၏။

ပရိနိဗ္ဗာန် စံပြီးနောက်၌သော်လည်း သီရိဓမ္မာသောကမင်းကြီးသည် ဘုရားရှင်ကို ရည်စူး၍ ဇမ္ဗူဒိပ် တကျွန်းလုံး ကျောင်းပေါင်း ၈၄၀၀၀ြ ဖင့် ၉၆ကုဋေ အကုန်ခံ၍ ပူဇော်လေသည်။ထိုမှတပါး ပူဇော်အထူးကား အများအပြား ရှိသေး၏။ ဤသို့ ပူဇော်အထူးခံထိုက်သောကြောင့် အရဟန္တ မည်၏။ အရဟတိ-ထိုက်၏ ဟူသော အနက်ကြောင့် အရဟန္တ မည်၏။

(၅) မကောင်းမှုပြုစရာ ဆိတ်ကွယ်ရာ မရှိခြင်းကား လောက၌ ပညာရှိဟု သမုတ်အပ်သော ဗာလတို့သည် ဂုဏ်သတင်း ပျက်မည်စိုး၍ မကောင်းမှုကို အများမျက်မှောက်၌ မပြုပဲ ကွယ်ရာ၌ ပြုကုန်၏။ ဘုရားရှင်ကား မကောင်းမှုပြုစရာ ဆိတ်ကွယ်ရာ မရှိ၊ တန်ခိုးကြီးသော နတ်လူတို့၏ မျက်မှောက်သာ ဖြစ်သည်ဟု သိတော်မူ၍ ဘယ်အခါမှ ပြုတော်မမူ။ ထို့ကြောင့် အရဟန္တ မည်၏။ ရဟ-ဆိတ်ကွယ်ရာအရပ်၊ မရှိ ဟူသော အနက်ကြောင့် အ-ရဟ မည်၏။ အ-ရဟ သည်ပင် အရဟန္တ မည်၏။

အကျဉ်းချီးကျူးပုံ (ငါးနက်)

အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတ သံသာရ စက္ကာရော၊ ပစ္စယာန စာရဟော။
န ရဟော ကရောတိ ပါပါနိ၊ အရဟံ တေန ဝုစ္စတိ။

သော မုနိ၊ ထိုဘုရားသည်။
အာရကတ္တာစ၊ ကိလေသာတို့မှ ဝေးသောကြောင့်လည်း။
အရဟံ၊ အရဟန္တမည်၏ဟူ၍၊
ဝုစ္စတိ၊ ဆိုအပ်၏။
ကိလေသာရီနံ၊ ကိလေသာရန်သူတို့ကို။
ဟတတ္တာစ၊ သတ်တော်မူသောကြောင့်လည်း။
အရဟံ၊ အရဟန္တ မည်၏ဟူ၍၊
ဝုစ္စတိ၊ ဆိုအပ်၏။
ဟတ သံသာရ စက္ကာရော၊ သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူ၏။
တေနစ၊ ထို့ကြောင့်လည်း။
အရဟံ၊ အရဟန္တ မည်၏ဟူ၍၊
ဝုစ္စတိ၊ ဆိုအပ်၏။
ပစ္စယာဒီနံ၊ ပစ္စည်းလေးပါး စသည်တို့ကို။
အရဟော၊ ခံတော်မူထိုက်၏။
တေနစ၊ ထို့ကြောင့်လည်း။
အရဟံ၊ အရဟန္တမည်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ရဟော၊ ဆိတ်ကွယ်ရာ၌။
ပါပါနိ၊ မကောင်းမှုတို့ကို။
နကရောတိ၊ မပြု။
တေနစ၊ ထို့ကြောင့်လည်း။
အရဟံ၊ အရဟန္တ မည်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဋီကာမှ ကောက်နုတ်ချက် (၆-နက်)

မြတ်စွာဘုရားသည် သူယုတ်မာနှင့် ဝေး၏။ သူတော်ကောင်းနှင့် နီး၏။ မကောင်းမှုကို ပယ်၏။ ပညာရှိတို့ မစွန့်အပ်။ ဘဝတဖန် ဖြစ်ပြန်ခြင်း မရှိ။ ချီးမွှမ်းအပ်၏။ ထို့ကြောင့် အရဟန္တ မည်၏ဟု ဋီကာတို့၌ ဆို၏။ [ခြောက်နက်။]

(၁) သူယုတ်မာနှင့် ဝေးခြင်းကား သူတော်ကောင်းတရား နှလုံး မထားသောသူသည် သင်္ကန်းစဆွဲ၍ ခြေရာ မပြတ် လိုက်သော်လည်း ကြာလေ ဝေးလေ ဝေးခြင်းကြီးဝေးလေ ဖြစ်ချေ၏။

ဘုရားရှင်၏စိတ်တော် သည် နိဗ္ဗာန်သို့သွားလျက် ရှိ၏။ သူယုတ်မာ၏ စိတ်သည် အပါယ်သို့ သွားလျက် ရှိ၏။ တရားမမြင်လျှင် ဘုရားကိုလည်း မမြင်နိုင်။ သုနက္ခတ္တ မည်သော လိစ္ဆဝီ ရဟန်းသည် ဘုရားရှင်၏ အလုပ်အကျွေး ပြုလုပ်နေစဉ် လေးဘက်ထောက်၍ ကျင့်သော တိတ္ထိကိုမြင်၍ ထိုတိတ္ထိကို လွန်စွာ ကြည်ညို၏။ ထိုအခါမှစ၍ သပိတ်ထမ်း လိုက်နေသော်လည်း ဘုရားရှင် အား ဆန့်ကျင်သောစကားကို ဆို၏။ ဘုရားရှင်ကို အယုံအကြည် မရှိပဲ လုပ်ကျွေးကာ နေသေး၏။ နောက်၌ တိတ္ထိဘောင်သို့ ပြောင်းသွား၏။

“ဘုရားအနီးနေလျက် ဘုရားကိုမမြင်သူ အဘယ်သူနည်း”ဟု မေးလျှင် ဤ သုနက္ခတ္တ ရဟန်းလို ပုဂ္ဂိုလ်မျိုးဟု ဆိုအပ်၏။ ထိုသို့ သူယုတ်မာနှင့် ဝေးသောကြောင့် မြတ်စွာဘုရားသည် အရဟန္တ မည်တော်မူ၏။ အဝေး အနက်ဟောသော အာရကာကို သဒ္ဒါနည်းဖြင့် အရဟန္တ ပြုသည်။

(၂) သူတော်ကောင်းနှင့် နီးခြင်းကား သူတော်ကောင်းတရား နှလုံးထားသောသူသည် ဘုရားရှင်နှင့် ယူဇနာ များစွာ ဝေးကွာသော်လည်း ကြာလေ နီးလေ နီးခြင်းကြီး နီးလေ ဖြစ်ချေ၏။

သူတော်ကောင်း စိတ်လည်း နိဗ္ဗာန်သို့သာ သွားလျက်ရှိ၏။ တရားမြင်လျှင် ဘုရားကိုလည်း မြင်နိုင်၏။ ဥဂ္ဂမြို့၌ မိစ္ဆာဒိဋ္ဌိသဌေး၏ချွေးမ စူဠသုဘဒ္ဒါသည် ဘုရားနှင့် ယူဇနာတစ်ရာကျော်ဝေးလျက် “ဘုရားရှင်ကား ဤသို့ ဤသို့၊ သာဝကတို့ကား ဤသို့ဤသို့”ဟု ဂုဏ်တော်ချီးကျူးကာ နေလေ့ရှိ၏။ မိစ္ဆာဒိဋ္ဌိတို့ တိုက်တွန်းသဖြင့် တနေ့၌ ပန်းရှစ်ဆုပ်ကို ကောင်းကင်သို့ မြှောက်ကြဲကာ ဘုရားရှင်အား ဆွမ်းစား ပင့်လိုက်၏။ နောက်နေ့၌ ဘုရားရှင်သည် သံဃာတော်ငါးရာနှင့် ဆွမ်းစား ကြွသွားတော်မူ၏။

သူတော်ကောင်းသည် ဟိမဝန္တာအလား ဝေးသော်လည်း ထင်ရှား၏။ သူယုတ်မာသည် ညဉ့်အချိန် ပစ်သော မြားကဲ့သို့ နီးသော်လည်း မထင်ရှားဟု ဟော၏။ “ဘုရားရှင်နှင့် ဝေးလျက် နီးနီးမြင်သူ အဘယ်သူနည်း”ဟု မေးလျှင် စူဠသုဘဒ္ဒါလို ပုဂ္ဂိုလ်မျိုးဟု ဆိုအပ်၏။ ထိုသို့ သူတော်ကောင်းနှင့် နီးသောကြောင့် အရဟန္တ မည်၏။ အနီးအနက်ဟော အာရကာကို အရဟန္တ ပြုသည်။

(၃) မကောင်းမှု ပယ်ခြင်းကား ရာဂ စသော မကောင်းမှုသည် မျက်မှောက်၊ တမလွန် အပြစ်ကို ဆောင်၏။ နိဗ္ဗာန် ရောက်ကြောင်း အကျင့်၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်၏။ သူတော်ကောင်းတို့ ပယ်စွန့် အပ်သောကြောင့် ရဟ မည်၏။ မစွန့်နိုင်သူတို့မှာ သံသရာဒုက္ခ အဆုံး မရှိ။ ဒေဝဒတ်၊ အဇာတသတ်တို့သည် ပါရမီရှိသူတို့ ဖြစ်ကြသော်လည်း မကောင်းမှု မစွနပယ်ခြင်းကြောင့် အပါယ်၌ အကျိုးနည်းကြရကုန်၏။ ဘုရားရှင်သည် ထိုမကောင်းမှုကို ဗောဓိမဏ္ဍိုင်၌ အကြွင်းမဲ့ ပယ်စွန့်ခဲ့လေပြီ။ ထို့ကြောင့် အရဟန္တ မည်၏။ ရဟ-ပယ်စွန့်အပ်သောမကာင်းမှု၊ -မရှိဟူသော အနက်ကြောင့် အရဟန္တ မည်၏။

(၄) ပညာရှိတို့ မစွန့်ခြင်းကား ရဟန္တာ၊ သေက္ခ၊ ကလျာဏ ပုထုဇဉ်တည်းဟူသော ပညာရှိတို့သည် ဘုရားကို မစွန့်ကုန်။ ဘုရားသည်လည်း ထိုပညာရှိတို့ကို မစွန့်။ ဘုရားရှင် မြင်သော တရားကို မျက်မှောက် မြင်သဖြင့် ဘုရားရှင်၏ ဓမ္မကိုယ်မှ မကင်းကြကုန်။

အရှင်ပိင်္ဂိယ မထေရ်သည် ဤသို့ ဆို၏။ “ဒါယကာ ပုဏ္ဏား၊ ငါသည် ဘုရားကို နေ့ညဉ့်မပြတ် မျက်စိဖြင့် မြင်သကဲ့သို့ စိတ်ဖြင့် မြင်၏။ မပြတ်ရှိခိုး ဦးတိုက်ရသဖြင့် ကွေကွင်းသည် မရှိ။ ငါ ဦးတိုက်ရာ၌ ဘုရားရှင် ကြွရောက်လာ၏” ဟု ဆိုဖူး၏။ ထို့ကြောင့် ထိုသို့သော ပညာရှိတို့အား ဘုရားပြောင်းလွှဲ ဆည်းကပ်ခြင်း မရှိ။ ကလျာဏပုထုဇဉ်တို့လည်း ဘုရားရှင်ကို ခိုင်မြဲစွာ ယုံကြည်ကုန်၏။

မဟာကပ္ပိနမင်းကြီး၊ အနောဇာဒေဝီ မိဖုရားကြီးတို့သည် မြစ်သုံးတန်ကို လှေမရှာ၊ တက်မရှာ ဂုဏ်တော် ဆင်ခြင်ကာ ကူး၍ ဘုရားရှင်ထံသို့ သွားကြသည်။ ဤသို့လျှင် ပညာရှိတို့သည် မစွန့်အပ်သောကြောင့်၊ ဝါ-ပညာရှိတို့ကို မစွန့်တတ်ခြင်းကြောင့် အရဟန္တ မည်၏။ ရဟ-စွန့်ခြင်း၊ -မရှိဟူသော အနက်ကြောင့် အရဟန္တ မည်၏။

(၅) ဘဝတဖန်မဖြစ်ပြန်ခြင်းကား သံသရာခရီး၌ မပြတ်သွားလျက် ဂတိငါးပါး၌ တဝဲလည်လည်ဖြစ်ခြင်းသည် ရဟ မည်၏။ ဘုရားရှင်ကား အဆောက်အအုံနှင့် တကွသော ကမ္မဝဋ်ကို ကံကုန်အောင် ပြုနိုင်သော အရဟတ္တမဂ်ဖြင့် ဗောဓိပင်အောက်၌ ဖျက်ဆီးတော်မူပြီ။ ကမ္မဝဋ် ပျက်သောကြောင့် ဝိပါကဝဋ်ဖြင့် ဘဝတဖန် မဖြစ်နိုင်ပြီ။ ထို့ကြောင့် အရဟန္တ မည်၏။ ရဟ- ဘဝတဖန်ဖြစ်ခြင်း၊ -မရှိဟူသော အနက်ကြောင့် အရဟန္တ မည်၏။

(၆) ချီးမွမ်းအပ်ပုံကား ဘုရားရှင်အား သူတပါးတို့နှင့် မဆက်ဆံသော အသာဓာရဏဉာဏ်တော် ခြောက်ပါး ရှိ၏။ (အာ၊ ဣံ၊ ယမ ၊သဗ္ဗ ၊အနာ၊) ထိုတွင် -

အာ-အာသယာနုသယဉာဏ်တော်ဖြင့် သတ္တဝါတို့၏ အာသယ၊ အနုသယကို သိ၏။ ထို့ကြောင့် ရှင်သာရိပုတ္တရာ ဝါတွင်း သုံးလ ကမ္မဋ္ဌာန်းပေး၍ သမာဓိမျှမရသော ရွှေပန်းထိမ်သည် ရဟန်းကို ပဒုမ္မာ ကြာပန်း ညှိုးနွမ်းစေ ကာမျှ တခဏဖြင့် မဂ်ဖိုလ် ရစေပြီ။

- ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်ဖြင့် သစ္စာစသော ဣန္ဒြေငါးပါး နုသူ၊ ရင့်သူကို သိ၏။

-ယမကပါဋိဟာရိယဉာဏ်တော်ဖြင့် ရေမီးအစုံ တန်ခိုးပြတော်မူ၏။

-ဟောကရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သနားခြင်းနှင့် ယှဉ်သောဉာဏ် ရှိ၏။

သဗ္ဗ-သဗ္ဗညုတဉာဏ်တော်ဖြင့် သင်္ခတ၊ အသင်္ခတတို့ကို အလုံးစုံ သိ၏။

အနာ-အနာဝရဏဉာဏ်တော်ဖြင့် သင်္ခတ၊ အသင်္ခတတို့ကို ပိတ်ပင်ဆီးတားမရှိ လိုရာသိ၏။

ထို့ကြောင့် သီလ၊သမာဓိ စသော ဂုဏ်ဖြင့် တူသူ မရှိ။ ဟုတ်တိုင်းမှန်စွာ ချီးမွမ်းစရာ ဂုဏ်တို့ကို ထုတ်ဆိုလျှင် ကုန်နိုင်ဖွယ် မရှိ။ ဘုရားရှင်ပင် ကုန်အောင် မဟောနိုင်သော ချီးမွမ်းဖွယ်ရှိ၏။ ထို့ကြောင့် အရဟန္တ မည်၏။ သဒ္ဒါဆရာတို့သည် အရဟ သဒ္ဒါကို ချီးမွမ်းခြင်းအနက်၌ ဖွင့်ဆိုကုန်၏။

အကျဉ်းချီးကျူးပုံ (၆-အနက်)

အာရကာ မန္ဒဗုဒ္ဓိနံ၊ အာရကာ စ ဝိဇာနတံ။
ရဟာနံ သုပ္ပဟီနတ္တာ၊ ဝိဒူန မ-ရဟေယျတော။
ဘဝေသု စ ရဟာဘာဝါ၊ ပါသံသာ အရဟံ ဇိနော။

ဇိနော၊ မြတ်စွာဘုရားသည်။
မန္ဒဗုဒ္ဓိနံ၊ ပညာနည်းသူ လူယုတ်မာတို့နှင့်။
အာရကာစ၊ ဝေးသောကြောင့်တည်း။
အရဟံ၊ အရဟန္တ မည်တော်မူ၏။

ဝိဇာနတံ၊ ပညာကြီးသူ သူတော်ကောင်းတို့နှင့်။
အာရကာစ၊ နီးသောကြောင့်လည်း။
အရဟံ၊ အရဟန္တ မည်တော်မူ၏။

ရဟာနံ၊ ပယ်အပ်သော မကောင်းမှုတို့ကို။
သုပ္ပဟီနတ္တာစ၊ ကောင်းစွာပယ်သောကြောင့်လည်း။
အရဟံ၊ အရဟန္တမည်တော်မူ၏။

ဝိဒူနံ၊ ပညာရှိတို့၏။
အ-ရဟေယျတော စ၊ မစွန့်အပ်သောကြောင့်လည်း။
အရဟံ၊ အရဟန္တ မည်တော်မူ၏။

ဘဝေသု၊ ဘဝတို့၌။
ရဟာဘာဝါစ၊ တဖန်ဖြစ်ပြန်ခြင်း မရှိသောကြောင့်လည်း။
အရဟံ၊ အရဟန္တမည်တော်မူ၏။

ပါသံသာစ၊ ချီးမွမ်းအပ်သောကြောင့်လည်း။
အရဟံ၊ အရဟန္တ မည်တော်မူ၏။

သဗ္ဗညုတနှင့် အနာဝရဏ

ဆ အသာဓာရဏဉာဏ်တော် ခြောက်ပါးတို့တွင် အလုံးစုံသိသော ဉာဏ်တော် တခုတည်းကိုပင် အလုံးစုံ သိခြင်းအနက်ဖြင့် သဗ္ဗညုတ၊ အပိတ်အပင်မရှိ သိခြင်းအနက်ဖြင့် အနာဝရဏဟု ခဲ့သည်။ နှစ်နက်လုံးပင် သူတပါးတို့နှင့် မဆက်ဆံသောကြောင့်တည်း။

ဘုရားရှင်သည် ဤဉာဏ်တော်ဖြင့် အလုံးစုံကို တကြိမ်တည်းပေါင်း၍ သိသလော၊ တခုစီ စဉ်၍ ခွဲသိသလော။ တပေါင်းတည်းသိလျှင် “ဤကား အတိတ်၊ ဤကား အနာဂတ်”စသည်ဖြင့် တကွဲစီသိသလော၊ လုံးထွေး၍ သိသလော။ တခုစီ စဉ်၍ သိလျှင် သိစရာ အနန္တကိုကုန်အောင် ပစ္စက္ခ သိသလော၊ အချို့ကို မျက်မှောက် (ပစ္စက္ခ) မပြုပဲ (အနုမာန) တွေးဆ၍ သိသလော။

ဤသို့ စသည်ဖြင့် မကြံအပ်။ အလုံးစုံကိုသိသော ဉာဏ်တော်ကို ရသောကြောင့် အလုံးစုံကိုသိသော ဘုရား ဖြစ်တော်မူ၏၊ သိလိုသောအခါ အလုံးစုံကိုဖြစ်စေ၊ တစိတ်ကိုဖြစ်စေ အပိတ်အပင် မရှိ ပစ္စက္ခ သိ၏။ ပေါင်း၍ လည်းကောင်း၊ ခွဲ၍လည်းကောင်း၊ တကြိမ်တည်း လည်းကောင်း၊ တကြိမ်စီ လည်းကောင်း အလိုရှိသလို သိ၏။

ဗုဒ္ဓဝိသယ၊ ဈာနဝိသယ၊ ကမ္မဝိပါကဝိသယ၊ လောကစိန္တာ - ဤလေးပါးကို မကြံအပ်။ အစိန္တေယျ လေးပါး ဖြစ်၏။ ကြံလျှင် စိတ်ပင်ပန်းခြင်းသို့ ရောက်တတ်၏။ မကြံအပ်ဟု ဆိုသော်လည်း ဆ အသာဓာရဏ ဉာဏ် စသည်တို့ကို ကြံအပ်ကုန်၏။ ကုသိုလ်ဖြစ်ကြောင်း ဖြစ်ကုန်၏။ အများဉာဏ် အနေထား၍လည်း မကြံအပ်၊ အများဉာဏ်နှင့် တူလျှင် အစိန္တေယျ မဖြစ်။

ထို့ကြောင့် ကုသိုလ်ဖြစ်အောင် ကြံလိုလျှင် ဘုရားရှင် ဉာဏ်တော်ကို သိစရာအာရုံအနေ ညီတူထား၍ ကြံသင့်၏။ (ညီတူမဟုတ်၊ ဘုရားဉာဏ်တော်က သာလွန်၍ကြီးသည်ဟု မကြံသင့်။) သိစရာအာရုံသည် မကြံနိုင်လောက်အောင် များလျှင် ဘုရားရှင် ဉာဏ်တော်လည်း မကြံနိုင်လောက်အောင်ကြီးရာ၏။ ထို့ကြောင့် အာရုံအနေ ညီတူထား၍ ကြံသင့်၏။

ဉာဏ်တော်ကို ချီးကျူးပုံ

ဘဂဝတော ဉာဏံ အစိန္တေယျံ။
ယာဝတကံ ဉာဏံ တာဝတကံ ဉေယျံ။
ယာဝတကံ ဉေယျံ တာဝတကံ ဉာဏံ။
ညေယျပရိယန္တိကံ ဉာဏံ။
ဉာဏပရိယန္တိကံ ဉေယျံ။

ဘဂဝတော၊ မြတ်စွာဘုရား၏။
ဉာဏံ၊ ဉာဏ်တော်သည်။
အစိန္တေယျံ၊ ကြံစည်ခြင်းငှါ မတတ်ကောင်းသော ဉာဏ်တော်ဖြစ်၏။

ဉာဏံ၊ သိတတ်သော ဉာဏ်သည်။
ယာဝတကံ၊ အကြင်မျှလောက်ရှိ၏။
ဉေယျံ၊ သိအပ်သောတရားသည်။
တာဝတကံ၊ ထိုမျှလောက်ရှိ၏။

ဉေယျံ၊ သိအပ်သော တရားသည်။
ယာဝတကံ၊ အကြင်မျှလောက် ရှိ၏၊
ဉာဏံ၊ သိတတ်သော ဉာဏ်သည်။
တာဝတကံ၊ ထိုမျှလောက် ရှိ၏၊

ဉာဏံ၊ သိတတ်သော ဉာဏ်သည်။
ဉေယျပရိယန္တိကံ၊ သိအပ်သောတရားလျှင် အပိုင်းအခြား ရှိ၏။
ဉေယျံ၊ သိအပ်သောတရားသည်။
ဉာဏပရိယန္တိကံ၊ သိတတ်သော ဉာဏ်လျှင် အပိုင်းအခြား ရှိ၏။

သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်

အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိခြင်းကား အလုံးစုံသော တရားတို့ကို မဖောက်မပြန် မှန်ကန်စွာလည်း သိသည်။ သူတပါး မပြောပြပဲ ကိုယ်တိုင်လည်း သိသည်။ သစ္စာ လေးပါးသည် အလုံးစုံသောတရား မည်၏။ သစ္စာလေးပါးမှ လွတ်သော တရား မည်သည် မရှိ။

ထိုသစ္စာလေးပါးတို့ကို အနိစ္စ စသည်ဖြင့်လည်း သိသည်။ လက္ခဏ၊ ရသ စသည်ဖြင့်လည်း သိသည်။ ထူးသောဉာဏ်ဖြင့် သိအပ်သော သစ္စာလေးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိသည်။ အဘယ်အခါ သိသနည်း။ ရှေးအဖို့၌ ဝိပဿနာဉာဏ်ဖြင့် သိသည်။ ရှုဆဲခဏ၌ မဂ်ဉာဏ်ဖြင့် သိသည်။ နောက်အဖို့၌ သဗ္ဗညုတ ဉာဏ်ဖြင့် သိသည်။ ဤသို့ ထူးသောဉာဏ်ဖြင့် သိအပ်သော သစ္စာလေးပါးတို့ကို ထူးသောဉာဏ်ဖြင့် မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ၏။

ခွဲစိတ်သည်ရှိသော် ဤတရားကား ဤမျှဟု ပိုင်းခြားအပ်သော ဒုက္ခ သစ္စာကို ပိုင်းခြား၍သိသည်။ ဤ တရားကို ပယ်အပ်၏-ဟု ပယ်အပ်သော သမုဒယသစ္စာကို ပယ်၍ သိသည်။ ဤတရားကို မျက်မှောက် ပြုအပ်၏-ဟု မျက်မှောက် ပြုအပ်သော နိရောဓသစ္စာကို မျက်မှောက်ပြု၍ သိသည်။ ဤတရားကို ပွားစေအပ်၏ ဟု ပွားစေအပ်သော မဂ္ဂသစ္စာကို ပွားစေ၍ သိသည်။
ဤသို့ အလုံးစုံ မဖောက်မပြန် ကိုယ်တိုင် သိသောကြောင့် သမ္မာသမ္ဗုဒ္ဓ မည်၏။ သမ္မာ-မဖောက်မပြန်၊ သံ-ကိုယ်တိုင်၊ ဗုဒ္ဓ-သိသည် ဟူသော အနက်ကြောင့် သမ္မာသမ္ဗုဒ္ဓ မည်၏။

ဤအတူ စက္ခုစသော အာယတန၊ စက္ခုဝိညာဏ်စသော ဝိညာဏ်ကသိုဏ်း ဆယ်ပါးအနုဿတိအသုဘသုံးဆယ့်နှစ်ကောဋ္ဌာသဘဝကြီး ကိုးပါးဈာန်အပ္ပမညာသမာပတ်ပဋိစ္စသမုပ္ပါဒ် စသည် တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ၏။

စက္ခုသည် ဒုက္ခသစ္စာ၊ ရှေးတဏှာသည် သမုဒယသစ္စာ၊ ထိုနှစ်ပါး မဖြစ်ခြင်းသည် နိရောဓသစ္စာ၊ နိရောဓ သိကြောင်းအကျင့်သည် မဂ္ဂသစ္စာ။ ဤသို့ တပုဒ်စီ ထုတ်၍ သိ၏။

ပဋိစ္စသမုပ္ပါဒ်၌ကား ဇရာမရဏသည် ဒုက္ခသစ္စာ၊ ဇာတိသည် သမုဒယသစ္စာ၊ ထိုနှစ်ပါး၏ ထွက်မြောက်ရာ သည် နိရောဓသစ္စာ၊ နိရောဓသိကြောင်း အကျင့်သည် မဂ္ဂသစ္စာ။ ဤသို့ တပုဒ်စီထုတ်ရာ၌ (ရှေးတဏှာ ကိုသာ သမုဒယဟု မဆိုပဲ) ရှေးရှေး အကြောင်းဖြစ်သော ဇာတိကို၊ ဘဝကို၊ ဥပါဒါန်ကို ....လ... သင်္ခါရကို၊ အဝိဇ္ဇာကို သမုဒယသစ္စာဟု ဆိုခြင်းသည် ထူး၏။

ရှင်သီဝလိ မယ်တော်

ဤဂုဏ်တော်ကို အောက်မေ့ဖူးသူကား သုပ္ပဝါသာ မည်သော ကောလိယ မင်းသမီးသည် ရှင်သီဝလိ မထေရ်ကို ခုနစ်နှစ်တိုင်တိုင် ပဋိသန္ဓေ ကိုယ်ဝန်ဆောင်၍ ဖွားအံ့သောအခါ ခုနစ်ရက်ပတ်လုံး သည်းစွာသော ဒုက္ခဝေဒနာတို့ဖြင့် တွေ့ကြုံ၏။ ထိုအခါ အကြံသုံးမျိုးဖြင့် ဒုက္ခကို သည်းခံလိုက်၏။ မကြာမီ ချမ်းသာစွာ ဖွားမြင်ရလေသည်။ အကြံသုံးမျိုးကား --

(၁) သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္ံ ဒေသေတိ။

ယောဘဂဝါ၊ အကြင်ဘုရားသည်။
ဣမဿ ဧဝရူပဿ ဒုက္ခဿ၊ ဤသို့သောဆင်းရဲကို။
ပဟာနာယ၊ ပယ်ခြင်းငှါ။
ဓမ္မံ၊ တရားကို။
ဒေသေတိ၊ ဟော၏။
သော ဘဂဝါ၊ ထိုဘုရားသည်။
သမ္မာသမ္ဗုဒ္ဓေါ ဝတ၊ မှန်ရာ ကိုယ်တိုင် သိလေစွတကား။

(၂) သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝကသံဃော၊ ယော ဣမ ဧဝရူပ ဒုက္ခဿ ပဟာနာယ ပဋိပန္နော။

တဿ ဘဂဝတော၊ ထိုဘုရားရှင်၏။
ယော သာဝကသံဃော၊ အကြင် တပည့် သံဃာသည်။
ဣမဿ ဧဝရူပဿ ဒုက္ခဿ၊ ဤသို့သော ဆင်းရဲကို။
ပဟာနယ၊ ပယ်ခြင်းငှါ။
ပဋိပန္နော၊ ကျင့်၏။
သော သာဝကသံဃော၊ ထိုတပည့် သံဃာသည်။
သုပ္ပဋိပန္နော ဝတ၊ ကောင်းသောအကျင့် ကျင့်လေစွတကား။

(၃) သုသုခံ ဝတ နိဗ္ဗာနံ၊ ယတ္ထ ဌိတံ ဧဝရူပံ ဒုက္ခ န ဝိဇ္ဇတိ၊

ယတ္ထ နိဗ္ဗာနေ၊ အကြင်နိဗ္ဗာန်၌။
ဌိတံ၊ တည်သော။
ဧဝရူပံ ဒုက္ခ၊ ဤသို့သော ဆင်းရဲသည်။
န ဝိဇ္ဇတိ၊ မရှိ။
တံ နိဗ္ဗာနံ၊ ထို နိဗ္ဗာန်သည်။
သုသုခံ ဝတ၊ လွန်စွာ ချမ်းသာလေစွတကား။

ဤသို့ ရှင်သီဝလိမယ်တော်၏ အကြံသုံးမျိုးတို့တွင် ဤသမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်သည် တခုအပါအဝင် ဖြစ်၏။

ဝိဇ္ဇာစရဏသမ္ပန္နော

ဝိဇ္ဇာသုံးပါးဝိဇ္ဇာရှစ်ပါးစရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံခြင်း၌-

(၁) ဝိဇ္ဇာသုံးပါးဟူသည်ကား ပု၊ ဒိ၊ အာ တည်း။

ပု-ပုဗ္ဗေနိဝါ သာနုဿတိ အဘိညာဖြင့် ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို သိ၏။
ဒိ-ဒိဗ္ဗစက္ခုအဘိညာဖြင့် သတ္တဝါအားလုံး အကောင်း၊ အဆိုးကို မျက်မှောက်ထင်ထင် နတ်မျက်စိအသွင်ဖြင့် မြင်၏။
အာ-အာသဝက္ခယ အဘိညာဖြင့် အာသဝေါလေးပါး ကုန်ခန်း၏။
ဘုရားရှင်သည် ဤဝိဇ္ဇာ သုံးပါးနှင့် ပြည့်စုံတော်မူ၏။

(၂) ဝိဇ္ဇာရှစ်ပါးကား ဝိ၊ မ၊ ပုဗ္ဗေ၊ ဒိ၊ ဒိ၊ စေ၊ ဣဒ္ဓိ၊ အာတည်း။

ဝိ-ဝိပဿာနာဉာဏ်ဖြင့် တေဘူမကသင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခစသည် ရှု၏။
-မနောမယိဒ္ဓိဖြင့် ဤကိုယ်မှ စိတ်ဖြင့်ပြီးသော ကိုယ်တခုကို ဖန်ဆင်း၏။
ပုဗ္ဗေ-ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဖြင့် ရှေး၌ နေဖူးသည်ကို သိ၏။
ဒိ-ဒိဗ္ဗစက္ခုဖြင့် နတ်မျက်စိအသွင် မြင်၏။
ဒိ-ဒိဗ္ဗသောတဖြင့် နတ်နား အသွင် ကြား၏။
စေ-စေတောပရိယဖြင့် သူတပါး၏စိတ်ကို သိ၏။
ဣဒ္ဓိ- ဣဒ္ဓိဝိဓဖြင့် တန်ခိုးအမျိုးမျိုး ဖန်ဆင်း၏။
အာ-အာသဝက္ခယဖြင့် အာသဝေါကုန်၏။
ဘုရားရှင်သည် ဤဝိဇ္ဇာရှစ်ပါးနှင့်လည်း ပြည့်စုံ၏။

(၃) စရဏတစ်ဆယ့်ငါးပါးကား သီ၊ ဣံ၊ ဘော၊ ဇာ၊ သဒ္ဓမ္မာသတ္တ၊ ရူပဈာန်စတုက္ကတည်း။

သီ-သီလသံဝရဖြင့် သီလစောင့်ထိန်း၏။
-ဣန္ဒြိ ယေသုဂုတ္တဒွါရတာဖြင့် ဣန္ဒြေခြောက်ပါး လုံ၏။
ဘော-ဘောဇနေ မတ္တညုတာဖြင့် ဆွမ်းစသော ပစ္စည်းလေးပါး ခံခြင်း၊ သုံးခြင်း အတိုင်းအရှည် သိ၏။
ဇာ-ဇာဂရိယာနုယောဂဖြင့် နိုးနိုးကြားကြား ရှိ၏။
သဒ္ဓမ္မာသတ္တ ဟူသည်ကား သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ သုတ၊ ဝီရိယ၊ သတိ၊ ပညာဟူသော သူတော်ကောင်းတရား ခုနစ်ပါး ရှိ၏။
ရူပဈာန်စတုက္က ဟူသည်ကား ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဟူသော ဈာန် လေးပါးဖြင့် သမာဓိ တည်ကြည်ခိုင်ခံ့၏။
ဘုရားရှင်သည် ဤ စရဏတစ်ဆယ့်ငါးပါးနှင့်လည်း ပြည့်စုံ၏။

ဝိဇ္ဇာ-ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာ ရှစ်ပါး၊
စရဏ- စရဏတစ်ဆယ့်ငါးပါး၊
သမ္မန္န- ပြည့်စုံ၏ ဟူသော အနက်ကြောင့် ဝိဇ္ဇာစရဏသမ္ပန္န မည်၏။

ဤ၌ အသိဉာဏ်သည် ဝိဇ္ဇာမည်၏။ နိဗ္ဗာန်သွားကြောင်း အကျင့် သည် စရဏ မည်၏။ သုံးပါး၊ ရှစ်ပါးဖြင့် သိ၍ တစ်ဆယ့်ငါးပါးဖြင့် နိဗ္ဗာန်သို့ သွား၏။ ဘုရားရှင်၏ ဝိဇ္ဇာသည် (ဝါ-အာသဝက္ခယသည်) သဗ္ဗညုတဉာဏ်ကို ပြည့်စေ၏။ စရဏသည် (ဝါ-ကရုဏာဈာန်သည်) မဟာကရုဏာကို ပြည့်စေ၏။ သာဝက၊ ပစ္စေကတို့၏ ဝိဇ္ဇာ၊ စရဏကား ဤသို့ မပြည့်စေနိုင်။

သဗ္ဗညုတဉာဏ် ပြည့်ခြင်းကြောင့် သတ္တဝါတို့အား အကျိုးရှိ၊ မရှိကို သိသည်။ မဟာကရုဏာ ပြည့်ခြင်းကြောင့် အကျိုးမဲ့ကို ရှောင်ကြဉ်စေ၍ အကျိုးရှိသည်ကို အားထုတ်စေသည်။ ထို့ကြောင့် ဘုရားရှင်၏ သာဝကတို့သည် ကောင်းသောအကျင့်နှင့် ပြည့်စုံကုန်၏။

ဝိဇ္ဇာ၊ စရဏ ချွတ်ယွင်းသော တိတ္ထိတို့၏ သာဝကတို့ကား မိမိ ပင်ပန်းသောအကျင့်၊ သူတပါး ပင်ပန်းသော အကျင့်၊ မိမိသူတပါး ပင်ပန်းသောအကျင့် ရှိကုန်၏။ မိမိ သူတပါး မပင်ပန်းသော အကျင့်မျိုးကား ဗုဒ္ဓသာဝကတို့ အားသာ ရှိလေသည်။

သုဂတော (လေးနက်)

သုဂတောအနက် လေးပါးတို့တွင် -

(၁) တင့်တယ်သော သွားခြင်းရှိရာ၌ မြတ်စွာဘုရား၏ သွားခြင်းသည် တင့်တယ်၏။ စင်ကြယ်၏။ အပြစ် မရှိ။ ထိုသွားခြင်းသည် အဘယ်နည်း။ အရိယာမဂ်တည်း။ ဘုရားရှင်သည် ဤအရိယာမဂ်ဖြင့် ဘေးကင်းရာသို့ မငြိမတွယ် သွားနိုင်၏။
တနည်းကား တထိုင်တည်းဖြင့် မဂ်လေးပါး ရသောကြောင့် မကပ်ငြိ မဂ်အသွား သွားနိုင်၏။ ထိုသွားခြင်းသည် အကျိုးများ၏။ အတုမရှိသော ပြည့်စုံခြင်းကိုရ၏။ ထို့ကြောင့် တင့်တယ်သော သွားခြင်း မည်၏။ သောဘဏ-တင့်တယ်သော၊ ဂတ- သွားခြင်းရှိသည်ဟူသော အနက်ကြောင့် သုဂတ မည်၏။

(၂) ကောင်းသောနိဗ္ဗာန်သို့သွားခြင်းကား အမြိုက်နိဗ္ဗာန်သည် အသေကင်းသောကြောင့် ကောင်းသောဌာန တခု ဖြစ်၏။ မကောင်း ယုတ်မာ ဆိုးဝါးစွာသော သင်္ခါရဒုက္ခတို့၏ ဖြစ်ခြင်း မရှိသောကြောင့် စင်စစ် ချမ်းသာသော နေရာ ဖြစ်၏။ ဧကန်ကောင်းသော အသင်္ခတဓာတ်ဖြစ်၏။ ဘုရားရှင်သည် ထိုကောင်းသော နိဗ္ဗာန်အရပ်သို့ ကြွသွား၏၊ သုန္ဒရံ-ကောင်းသောနိဗ္ဗာန်သို့၊ ဂတ-ကြွသွား၏ ဟူသော အနက်ကြောင့် သုဂတ မည်၏။

(၃) ကောင်းစွာကြွသွားခြင်းကား ဘေးရန်ကင်းသောသူ၏ သွားခြင်းသည် ကောင်းစွာသွားခြင်း မည်၏။ ဘုရားရှင်သည် ကိလေသာ ရန်သူတို့ကို ထိုထိုမဂ်ဖြင့် ပယ်၏။ ထိုကိလေသာတို့သည် တဖန်ပြန်လာ၍ နှိပ်စက်ခြင်း မည်သည် မရှိကုန်။ ဤသို့ ဘေးရန်ကင်းလျက် ကောင်းစွာ သွားရ၏။ သမ္မာ-ကောင်းစွာ၊ ဂတ-သွား၏ ဟူသောကြောင့် သုဂတ မည်၏။

တနည်းကား-
ဤသို့ ဘုရားဖြစ်မှသာ ကောင်းစွာ သွားသည် မဟုတ်သေး။ ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်းမှစ၍ ဗောဓိမဏ္ဍိုင် တိုင်အောင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ခြင်းဖြင့်လည်း ကောင်းစွာ သွားခဲ့ပြီ။ ဤကား သဗ္ဗညုတဉာဏ်ရအောင် ကောင်းစွာသွားခြင်းတည်း။

ထို့အတူ လူအပေါင်း၏ စီးပွားချမ်းသာကိုသာ ပြုလျက်လည်း ကောင်းစွာ သွားခဲ့ပြီ။
[ဤကား လောကအကျိုး အမြဲဆောင်၍ ကောင်းစွာသွားခြင်းတည်း။]

သဿတ၊ ဥစ္ဆေဒ အစွန်းနှစ်ပါးသို့ မကပ်ပဲလည်း ကောင်းစွာ သွားခဲ့ပြီ။
[ဤကား ပဋိစ္စသမုပ္ပါဒ် ဉာဏ်အသွားတည်း။]

ကာမသုခ၊ အတ္တကိလမထ အစွန်းနှစ်ပါးသို့ မကပ်ပဲလည်း ကောင်းစွာ သွားခဲ့ပြီ။
[ဤကား အရိယာမဂ်ဉာဏ် အသွားတည်း။]
ဤသို့ ကောင်းစွာ သွားသောကြောင့် သုဂတ မည်၏။

(၄) ကောင်းသောစကားနှစ်ခွန်း ဆိုခြင်းကား သင့်သော နေရာ၌ သင့်သောစကားကိုသာ ဆိုခြင်းသည် ကောင်းသောစကား ဆိုသည်မည်၏။ ဘုရားရှင်သည် --

မှား၊ အကျိုးမဲ့၊ မနာလို-မဆို။ (ဝါ၊ သူမြတ်ကို သူယုတ်ဟု မဆို။)
မှန်၊ အကျိုးမဲ့၊ မနာလို-မဆို။ (ဝါ၊ သူယုတ်ကို သူယုတ်ဟု မဆို။)
မှန်၊ အကျိုးရှိ၊ မနာလို-ကာလသိ၍ ဆိုတော်မူ၏။ (ဝါ၊ ဒေဝဒတ်သည် သံဃာသင်းခွဲ၍ အပါယ် ရောက်ရှာတော့မည်ဟု သင့်သောအခါ ဆိုတော်မူ၏)
မှား၊ အကျိုးမဲ့၊ နာလို-မဆို။ (ဝါ၊ ဒုစရိုက် ပြုသူကို နတ်ပြည်ရောက်မည်ဟု မဆို။)
မှန်၊ အကျိုးမဲ့၊ နာလို-မဆို။ (ဝါ၊ မှန်သောအတိုင်းလည်း ကုန်းချောစကား မဆို၊)
မှန်၊ အကျိုးရှိ၊ နာလို-ကာလသိ၍ ဆိုတော်မူ၏။ (ဝါ၊ ကုသိုလ်ပြုသူ သုဂတိရောက်လတ္တံ့ ဟု သင့်သောအခါ ဆိုတော်မူ၏။)

ဤသို့ ကောင်းသော စကားနှစ်ခွန်းကို ဆို၏။ သမ္မာ-ကောင်းသော စကားနှစ်ခွန်းကို၊ ဂဒတိ-ဆို၏ ဟူသောအနက်ကြောင့် သုဂတ မည်၏။

ဤဂုဏ်တော်သိသော သူတော်ကောင်းတို့သည် ဘုရားစကားကို နာလို၊ မနာလို အကျိုးရှိစေသည်ဟု ယုံကြည်မြတ်နိုးကုန်လတ္တံ့။
အခါတပါး ဘုရားရှင်သည် မာဂဏ္ဍီ လင်မယားအား ဤသို့ဆို၏။ “ဒါယကာ၊ သင်၏သမီးသည် ဝမ်း၌ မစင် ပြည့်၏၊ ခြေဖျားဖြင့်သော်လည်းမထိထိုက်။” ဤသို့ မိန့်ဆိုခြင်းဖြင့် မာဂဏ္ဍီလင်မယား အနာဂါမ်တည်လေပြီ။

ဋီကာမှကောက်နုတ်ချက် (၆-နက်)

တင့်တယ်သော သွားခြင်းရှိသောကြောင့် သုဂတသမ္မာ ဂတ - အနက်ကြောင့် သုဂတ-ဟု ဋီကာတို့၌ မိန့်ဆိုကုန်သေး၏။

ဝေနေယျတို့ထံ ချဉ်းကပ်တော်မူခြင်းသည် အကျိုးများသောကြောင့် တင့်တယ်၏။ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် ရွှေဟင်္သာမင်းကဲ့သို့၊ နွားမင်း ဆင်မင်း, ခြင်္သေ့မင်းကဲ့သို့ မချွတ်မချော် ကိုယ်တော်၏ လှမ်းကြွခြင်းသည်လည်း တင့်တယ်၏။ ကရုဏာ စသော ဂုဏ်တို့နှင့်တကွ ဘုရားဆု တောင်းလာသည်မှစ၍ ဗောဓိမဏ္ဍိုင်တိုင်အောင် ဉာဏ်တော်၏ သွားခြင်းသည်လည်း တင့်တယ်၏။ ဤသို့ အမျိုးမျိုး တင့်တယ်သော သွားခြင်းရှိသောကြောင့် သုဂတ မည်၏။

သမ္မာဂတ အနက်ဖြစ်ပုံကား --

သမ္မာ၊ ကောင်းစွာ။
ဂတော-အဝ ဂတော၊ ဒုက္ခကို ထိုးထွင်း၍ သိ၏။
ဂတော-အတီတော၊ သမုဒယကို ပယ်ခြင်းဖြင့် လွန်၏။
ဂတော-အဓိဂတော၊ နိရောဓကို မျက်မှောက် ပြု၍ရ၏။
ဂတော-ပဋိပန္နော၊ မဂ္ဂင် ရှစ်ပါးကို ပွားစေ၍ကျင့်၏။
ထို့ ကြောင့် သုဂတ မည်၏။

တနည်း --
သမ္မာ၊ တောင်းစ္စာ။
ဂတော-ပစ္စက္ခတော အညာသိ၊ မြင်အပ်၊ ကြားအပ်၊ တွေ့အပ်၊ သိအပ်၊ ရအပ်၊ ရောက် အပ်၊ စူးစမ်းအပ်သမျှ အားလုံးကို လက်ပေါ်တင်ထား သျှိသျှားအသွင် မျက်မှောက်ထင်ထင် သိမြင်တော်မူပြီ။
ထို့ကြောင့် သုဂတံ မည်၏။

လောကဝိဒူ (နှစ်နက်)

ကောကဝိဒူ အနက်နှစ်ပါးတို့တွင်

(၁) သဝိညာဏက ခန္ဓာလောက သိခြင်းကား ဘုရားရှင်သည် ဒုက္ခသဘောအားဖြင့် လည်းကောင်း၊ အကြောင်း သမုဒယအားဖြင့် လည်းကောင်း၊ ချုပ်ခြင်း နိရောဓအားဖြင့် လည်းကောင်း၊ ချုပ်ကြောင်း မဂ္ဂင် အကျင့်အားဖြင့် လည်းကောင်း ခပ်သိမ်းသော အပြားဖြင့် ခန္ဓာငါးပါး ဟူသော လောကကို သိ၏။

ရောဟိတ နတ်သားသည် “မြတ်စွာဘုရား၊ လောက၏ အဆုံးသို့သွား၍ ရောက်နိုင်ပါသလော”ဟု လျှောက်၏။ “နတ်သား၊ အိုနာ၊ နာ၊ သေခြင်း ကင်းရာသို့ မရောက်လျှင် လောက၏ အဆုံးသို့ မရောက်။ ထိုလောကသည် ဩကာသလောက မဟုတ်။ သင်္ခါရ လောကဖြစ်၏။ ပကတိခြေဖြင့် သွား၍မရောက်။ လောက၏ အဆုံး မရောက်လျှင် ဒုက္ခမကင်း။ စင်စစ်သော်ကား ဤ သဝိညာဏကခန္ဓာ၌သာလျှင် လောကကို လည်းကောင်း၊ လောက၏အကြောင်းကို လည်းကောင်း၊ လောက၏ချုပ်ခြင်းကို လည်းကောင်း၊ လောကချုပ်ကြောင်း အကျင့်ကို လည်းကောင်း၊ ငါဘုရား ဟောသည်”ဟု ဖြေ၏။

[အဝိညာဏဏ-ဥတုဇရုပ်၌ ဤသို့ သစ္စာလေးပါး ဟောခြင်းငှါ မတတ်ကောင်းဟူလို။]
ဤသို့ သက်ရှိ ခန္ဓာလောကကို ဒုက္ခသဘော စသည်ဖြင့် သိ၏။ လောက-လောကကို၊ ဝိဒူ-သိ၏ ဟူသော အနက်ကြောင့် လောကဝိဒူ မည်၏။
[ဤကား လောကတစိတ် သိပုံကို ပြခြင်းတည်း။]

(၂) လောကသုံးပါး သိခြင်းကား လောကသည် သတ္တလောကသင်္ခါရလောကဩကာသလောကဟု သုံးပါး ရှိ၏။ ဣန္ဒြိယဗဒ္ဓ (သက်ရှိ) ခန္ဓာအပေါင်းသည် သတ္တလောက မည်၏။ အနိန္ဒြိယဗဒ္ဓ (သက်မဲ့) ရုပ် ခန္ဓာ အပေါင်းသည် ဩကာသလောကမည်၏။ သက်ရှိ၊ သက်မဲ့ နှစ်ပါးလုံးသည် သင်္ခါရလောက မည်၏။ ဘုရားရှင်သည် ဤလောကသုံးပါးကို ခပ်သိမ်းသောအပြားဖြင့် သိ၏။ လောက-လောက သုံးပါးကို၊ ဝိဒူ- သိ၏ ဟူသော အနက်ကြောင့် လောကဝိဒူ မည်၏။
[ဤကား လောကတစိတ်မဟုတ်၊ အလုံးစုံသိပုံ ပြခြင်းတည်း။ ]

လောကသုံးပါးတို့တွင် သင်္ခါရသည် သတ္တ၊ ဩကာသ နှစ်ပါးလုံးနှင့် ဆက်ဆံ၏။
ရှေးဦးစွာ ပြပေအံ့။

(က) သင်္ခါရလောကကို သိခြင်းကား သင်္ခါရလောကသည် “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” ဟု တမျိုးတည်း ဖြစ်၏။

သဗ္ဗေ၊ အလုံးစုံကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
အာဟာရဋ္ဌိတိကာ၊ အာဟာရလျှင် တည်ရာ ရှိကုန်၏။
ဤသို့ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် ဟောသည်။

ဓမ္မဓိဋ္ဌာန် အားဖြင့်ကား -
သဗ္ဗေ၊ အလုံးစုံကုန်သော။
သတ္တာ၊ ဥပါဒ် ဌီ ဘင်အားဖြင့် ထင်ရှားသော သင်္ခါရတရားတို့သည်။
အာဟာရဋ္ဌိတိကာ၊ အကြောင်း တရားနှင့်စပ်၍ ဖြစ်ကုန်၏။

ဤနှစ်ပါးတို့တွင် ပုဂ္ဂလာဓိဋ္ဌာန်ဖြင့်ဟောလျှင် ဉာဏ်နုသူ သိလွယ်၏။
ဓမ္မဓိဋ္ဌာန်ဖြင့်ဟောလျှင် ဉာဏ်ရင့်သူ သိလွယ်၏။

ဤသင်္ခါရလောကသည် အကြောင်းမကင်းသော အကျိုးချည်းသာ တမျိုးတည်း ဖြစ်သော်လည်း နာမ်၊ ရုပ် အားဖြင့် နှစ်မျိုးပြား၏။ ဝေဒနာ အားဖြင့် သုံးမျိုးပြား၏။ အာဟာရလေးမျိုး၊ ဥပါဒါနက္ခန္ဓာငါးမျိုး၊ အဇ္ဈတ္တိကာယတန ခြောက်မျိုး၊ ဝိညာဏဌိတိ ခုနစ်မျိုး၊ လောက ရှစ်မျိုး၊ သတ္တာဝါသ ကိုးမျိုး၊ အာယတန ဆယ်မျိုး၊ ဆယ့်နှစ်မျိုး၊ ဓာတ် ၁၈ မျိုးအားဖြင့် ၁၈ မျိုးပြား၏။

ဤသို့ သင်္ခါရလောကကို ခပ်သိမ်းသော အပြားအားဖြင့် သိ၏။ ဤ၌ ဝိပဿာနာဉာဏ်ဖြင့် ပိုင်းခြားအပ်သော လောကီ သင်္ခါရတို့ကိုသာ ယူသည်။ လောကုတ္တရာ မဂ်၊ ဖိုလ်ကို မယူ။ နိဗ္ဗာန်ကား သင်္ခါရ မဟုတ်၍ မယူ။

(ခ) သတ္တလောကသိခြင်းကား အလုံးစုံသော သတ္တဝါ၏ အာသယကို၊ အနုသယကို၊ စရိတကို၊ အဓိမုတ္တိကို သိ၏။ ပညာမျက်စိ၌ ကိလေသာမြူ နည်းသူများသူကို၊ ဣန္ဒြေရင့်သူ နုသူကို၊ အခြင်းအရာကောင်းသူ မကောင်းသူကို၊ မဂ်ဖိုလ်သိရန် လွယ်သူ ခဲယဉ်းသူကို၊ မဂ်ဖိုလ်နှင့်ထိုက်သူ မထိုက်သူကို သိ၏။ ခပ်သိမ်းသော အပြားဖြင့် သိ၏။

ဤ၌ စိတ်၏နေရာသည် အာသယ မည်၏။ လေးပါးပြား၏။ သဿတ၊ ဥစ္ဆေဒ-နှစ်ပါးသည် ဝဋ္ဋနိဿိတ ပုဂ္ဂိုလ်တို့၏ အာသယမည်၏။ ဝိပဿနာ ဉာဏ်ဟူသော အနုလောမခန္တီနှင့် မဂ်ဉာဏ်ဟူသော ယထာဘူတ ဉာဏ်သည် ဝိဝဋ္ဋနိဿိတ ပုဂ္ဂိုလ်တို့၏ အာသယ မည်၏။ ဒိဋ္ဌိနှစ်ပါး၊ ဉာဏ်နှစ်ပါး-လေးပါးဖြစ်၏။

အဖန်ဖန် ကိန်းသောတရားသည် အနုသယ မည်၏။ ကာမ၊ ရာဂ စသည်ဖြင့် ခုနစ်ပါး ပြား၏။ သင့်သော အကြောင်းရလျှင် ဖြစ်လေ့ရှိ၏။ မဂ်ဖြင့် မပယ်သေးသောကြောင့်တည်း။

စရိတအားဖြင့် သုစရိုက်ရှိသူ၊ ဒုစရိုက်ရှိသူကို သိ၏။ တနည်း ရာဂ စသော စရိုက်ခြောက်ပါး ရှိပုံကို ညစ်နွမ်းခြင်း၊ စင်ကြယ်ခြင်း၊ အကြောင်းအကျိုးစသည်ဖြင့် သိ၏။

အဇ္ဈာသယ ဓာတ်သည်၊ ဝါ- နှလုံးသွင်းသည် အဓိမုတ္တိ မည်၏။ အယုတ်၊ အမြတ်နှစ်ပါး ရှိ၏။ နှလုံးသွင်း ညံ့သူသည် ညံ့သူချင်း၊ ကောင်းသူသည် ကောင်းသူချင်း ယှဉ်တွဲမှီဝဲ ဆည်းကပ်ကုန်၏။

(ဂ) ဩကာသလောက သိခြင်းကား -

စကြဝဠာ တခု တခုသည် လျားxနံ ယူဇနာ (၁,၂၀၃,၄၅၀) ရှိ၏။
အဝန်း (၃,၆၁ဝ,၃၅ဝ) ရှိ၏။
မြေအထု (၂၄၀,၀၀၀)၊ အောက်ခံ ရေအထု (၄၈၀,၀၀၀)၊ အောက်ခံလေအထု (၉၆၀,၀၀၀) ရှိ၏။

မြင်းမိုရ်တောင်သည် သမုဒ္ဒရာ၌ (၈၄,ဝဝဝ) မြုပ်၍ (၈၄,ဝဝဝ)ပေါ်၏။
မြင်းမိုရ်တောင်ကို ရံပတ်လျက် တည်သောတောင်တို့သည် ယုဂန္ဓရ၊ ဤသဓရ၊ ကရဝိက၊ သုဒဿန၊ နေမိန္ဓရ၊ ဝိနတက၊ အဿကဏ္ဏဟု တောင်စဉ်ခုနစ်ထပ် ရှိ၏။

ဟိမဝန္တာတောင်သည် ယူဇနာ (၅၀၀) မြင့်၏။ လျားxနံ (၃,၀၀၀) ကျယ်၏။ တောင်ထွတ် (၈၄,ဝဝဝ) ရှိ၏။
ဇမ္ဗူဒိပ်ကျွန်းဟု ခေါ်ဝေါ်ကြောင်း၊
သပြေပင်သည် လုံးပတ် (၁၅) ယူဇနာ၊ ပင်စည်နှင့် ခက်မငါးဖြာ (၅၀) စီ၊ အပြန့်အကျယ် (၁၀၀) ကျယ်၏။ အစောက် (၁၀၀) မြင့်၏။

ဩကာသလောက၌ --

လဝန်း (၄၉) ယူဇနာ၊ နေဝန်း ယူဇနာ (၅ဝ)၊
တာဝတိံသာ တစ်သောင်း၊ အသူရာပြည်တစ်သောင်း၊ အဝီစိငရဲ တစ်သောင်း၊
ဇမ္ဗူဒီပါတောင်ကျွန်း တစ်သောင်း။
အပရဂေါယန အနောက်ကျွန်း (၇၈ဝဝ)၊ ပုဗ္ဗဝိဒေဟ အရှေ့ကျွန်း (၇၀၀၀)၊ ဥတ္တရကုရု မြောက်ကျွန်း (၈၀၀၀) ကျယ်၏။
ကျွန်းကြီး လေးကျွန်းလုံး ကျွန်းငယ် (၅၀၀)စီ ရံ၏။

ဤကား စကြဝဠာ လောကဓာတ်တခု ဖြစ်၏။ စကြဝဠာလောကဓာတ်တို့၏ အကြား၌ လောကန္တရိကငရဲ တည်၏။ မြေမရှိ။ သုံးခု သုံးခုဆိုင်အကြား ဖြစ်၏။ ဤသို့လျှင် စကြဝဠာအနန္တကို ဘုရားရှင်သည် ဗုဒ္ဓဉာဏ်တော် အနန္တဖြင့် သိ၏။

ဋီကာမှကောက်နုတ်ချက်

မြင်းမိုရ်တောင်သည် အရှေ့မျက်နှာ ငွေဖြင့် ပြီး၏။ တောင်မျက်နှာ မြ၊ အနောက် မျက်နှာ ဖန်၊ မြောက်မျက်နှာ ရွှေဖြင့် ပြီး၏။
ဟိမဝန္တာ၌ အိုင်ကြီးတို့သည် အနောတတ္တ၊ ကဏ္ဏမုဏ္ဍ၊ ရထကာရ၊ ဆဒ္ဒန္တ၊ ကုဏာလ၊ မန္ဒာကိနီ၊ သီဟပ္ပပါတ-ဟု ခုနစ်အိုင် ရှိ၏။

အနန္တဉာဏ်တော်ဖြင့် သိရာ၌ ကောင်းကင်အနန္တသတ္တဝါ အနန္တစကြဝဠာ လောကဓာတ် အနန္တ၊ ဤသုံးပါးကို ဘုရားဉာဏ်တော်လည်း အနန္တ ဖြစ်၍ ပိုင်းခြားနိုင်လေသည်။ ဤသို့လျှင် ဩကာသ လောကကို၊ ဝါ-လောကသုံးပါးလုံးကို အကြွင်းမရှိ သိမြင်တော်မူ၏။

တနည်းကား-
သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယိ၊ ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီဟု အသင်္ချေယျ ကပ်ကြီး လေးကပ်သည် တကမ္ဘာဖြစ်၏။
ပျက်သော ကပ်သည် သံဝဋ္ဋ
ပျက်လျက် တည်သောကပ်သည် သံဝဋ္ဋဋ္ဌာယီ
ဖြစ်သောကပ်သည် ဝိဝဋ္ဋ
ဖြစ်လျက်တည်သောကပ်သည် ဝိဝဋ္ဋဋ္ဌာယီ မည်၏။

မီး၊ ရေ၊ လေ သုံး မျိုးဖြင့် ပျက်၏။ ပျက်ရာအပိုင်းအခြားသည် အာဘဿရာ၊ သုဘကိဏှာ၊ ဝေဟပ္ဖိုလ်ဟု သုံးဘုံဖြစ်၏။
စကြဝဠာ တစ်သောင်းသည် ဇာတိမခေတ် မည်၏။
စကြဝဠာကုဋေတစ်သိန်းသည် အာဏာခေတ် မည်၏။
အဆုံးမရှိသော အနန္တ စကြဝဠာသည် ဝိသယခေတ် မည်၏။

ဤသို့လျှင် ဩကာသလောက ပျက်ပုံ၊ တည်ပုံ အကြောင်းစုံတို့ကို လည်းကောင်း၊ သတ္တ၊ သင်္ခါရတို့ကို လည်းကောင်း ခပ်သိမ်းသော အခြင်းအရာဖြင့် သိသောကြောင့် ဘုရားရှင်သည် လောကဝိဒူ မည်တော်မူ၏။

အနုတ္တရော ပုရိသ ဒမ္မသာရထိ (နှစ်နည်း၊ သုံးနက်)

(၁) မိမိထက်လွန်မြတ်သူ မရှိခြင်းကား သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိ ဉာဏဒဿန ဟူသော ဂုဏ်တို့ဖြင့် ဘုရားရှင်အား တူသော မရှိ။ အတုမရှိသော ဘုရားချင်းသာ စင်စစ်တူ၏။ သီလ၏ ဥပနိဿယ အကြောင်းဖြစ်သော ဟိရီ၊ ဩတ္တပ္ပ၊ မေတ္တာ၊ ကရုဏာ တို့လည်း သူတပါး နှင့် မတူ။ အကြောင်းထူးဖြစ်သော သဒ္ဓါ၊ သတိ၊ ဝီရိယ၊ ပညာ တို့လည်း သူတပါးနှင့် မထူ။ သီလ၏ဆန့်ကျင်ဘက်ကို ဝါသနာမျှ မကျန်အောင် သုတ်သင်သည်။ ထိုသီလကြောင့် တလောကလုံးကို အသာဆုံးဖြစ်၍ လွှမ်း၏။ မိမိကို လွှမ်းနိုင်သူ မရှိ။
ဥတ္တရ-လွန်သောသူ၊ -မရှိ ဟူသော အနက်ကြောင့် အနုတ္တရ မည်၏။

(၂) ယောကျ်ားတို့ကို ဆုံးမခြင်းကား မယဉ်ကျေးသဖြင့် ဆုံးမအပ်သော သူတို့သည် ပုရိသဒမ္မ တို့ မည်ကုန်၏။ လူ၊ နတ်၊ တိရစ္ဆာန်ဟု သုံးမျိုးရှိ၏။ မယဉ်ကျေးသော မိန်းမရှိသော်လည်း ယောကျ်ားကိုသာ ထင်ရှား သောကြောင့်အဦးပြု၍ ဟောသည်။

ဘုရားရှင်သည် အပလာဠ နဂါးမင်း၊ ဓနပါလ ဆင်ပြောင်စသော တိရစ္ဆာန်ယောကျ်ားတို့ကို ဒေါသ အဆိပ် ကင်းသော သရဏဂုံသီလ၌ တည်အောင် ဆုံးမသည်။ သစ္စက ပရိဗိုဇ်၊ အင်္ဂုလိမာလ စသော လူယောကျ်ား၊ စတုမဟာရာဇ်အပါအဝင် တို့ကို ယဉ်ကျေးအောင် ဆုံးမသည်။

ကုသိုလ်ကျိုးပြ၍ နှစ်သက်ဖွယ်ဖြင့် လည်းကောင်း၊ အကုသိုလ်ပြစ်ပြ၍ ကြောက်လန့်ဖွယ်ဖြင့် လည်းကောင်း၊ ထိုနှစ်ပါးစုံဖြင့် လည်းကောင်း၊ ဆုံးမလေသည်။
ပုရိသဒမ္မ-ဆုံးမအပ်သော ယောက်ျားတို့ကို၊ သာရထိ-ဆုံးမ၏ ဟူသော အနက်ကြောင့် ပုရိသ ဒမ္မသာရထိ မည်၏။

အာဠဝက နတ်ဘီလူးကြီးသည် ဆုံးမ၍ ယဉ်ကျေးပြီးသောအခါ ဘုရားရှင်၏ မျက်မှောက်တော်တွင် ဤသို့ ဝန်ခံစကား လျှောက်ကြား၏။

“မျက်မှောက်အကျိုး၊ တမလွန်အကျိုးကို ယခု ဘုရားတပည့်တော် သိရခြင်းသည် ဘုရားရှင်လျှင် အကြောင်းရင်း ရှိပါသည်ဘုရား။ မြတ်စွာဘုရားသည် တပည့်တော်၏ အကျိုးစီးပွားအလို့ငှါ အာဠဝီ ပြည်သို့ ကြွလာတော်မူပါသည်ဘုရား။ အလှူ အကျိုးကြီးရာ ဒက္ခိဏေယျ တို့တွင် အမြတ်ဆုံး ဘုရားရှင်ကို တပည့်တော် ယခုမှ သိရပါသည်ဘုရား။

သော အဟံ ဝိစရိဿာမိ၊ ဂါမာဂါမံ ပုရာပုရံ။
နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။

ဘန္တေ၊ မြတ်စွာဘုရား။
အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။
သော အဟံ၊ ထိုဘုရားတပည့်တော်သည်။
သမ္ဗုဒ္ဓဉ္စ၊ ဘုရားရှင်၏ ကောင်းသောအသိဉာဏ် ဂုဏ်တော်ကိုလည်းကောင်း၊
ဓမ္မဿ၊ တရားဆယ်ပါး၏။
သုဓမ္မတဉ္စ၊ ကောင်းစွာ ဆောင်သော ဓမ္မ၏ဖြစ်ကြောင်း ဆောင်ခြင်းဂုဏ်တော်ကို လည်းကောင်း။
၊ တပည့်သံဃာ အပေါင်း၏ ကောင်းသော အကျင့် ဂုဏ်တော်ကိုလည်းကောင်း။
အဘိတ္တဝိတွာ၊ ချီးမွမ်း၍။
နမဿမာနော၊ ရှိခိုးလျက်။
ဝါ၊ ဓမ္မဃောသကပုဂ္ဂိုလ် ပြုလျက်။
ဂါမာဂါမံ၊ နတ်ရွာ တရာမှ တရာသို့။
ပုရာပုဂံ၊ နတ်မြို့တမြို့မှ တမြို့သို့။
ဝိစရိဿာမိ၊ လှည့်လည်ပါတော့မည်ဘုရား။
ဝါ၊ ရောက်ရာ၌ ဓမ္မဃောသကပုဂ္ဂိုလ် ပြုလုပ်ပါတော့မည်ဘုရား။

ဤသို့ တစိတ်တဒေသ ယဉ်ကျေးပြီးသူတို့ကိုလည်း သီလစင်ကြယ်သူကို ဈာန်ရအောင်၊ ဈာန်ရသူကို မဂ်, ဖိုလ် ရအောင်၊ အောက်မဂ်ဖိုလ် ရသူကို အထက်အထက် မဂ်ဖိုလ်ရအောင် ဆုံးမသေး၏။ ပဌမ အဂ္ဂသာဝက ရှင်သာရိပုတ္တရာ သော်မှလည်း အမှိုက်ရှိရာ၌ သမာပတ်ဝင်စားခြင်းကြောင့် လည်းကောင်း၊ တပည့် မမွေး တော့အံ့ ဟု အကြံဖြစ်ခြင်းကြောင့်လည်းကောင်း အဆိုအပြော အဆုံးအမ ခံရလေသေးသည်။

တနည်းကား -

အနုတ္တရော ပုရိသ ဒမ္မသာရထိ သည် အနက်တခုသာ ရှိသော ဂုဏ်တော်တခု ဖြစ်၏။ ဘုရားရှင်သည် ဆုံးမတတ်သော ဆရာတို့တွင် အတုမရှိသော ဆုံးမသူ ဖြစ်၏။ လောက၌ ဆင်ဆရာတို့ဆုံးမ၍ ယဉ်ကျေးသော ဆင်သည် တကြိမ်ပြေးလျှင် အရပ်တခုသို့သာ ရောက်သည်။ နှစ်ခုသုံးခုတို့သို့ ကိုယ်မလှည့်ပဲ မရောက်။ ဘုရားရှင် ဆုံးမအပ်သော သူတို့ကား ထက်ဝယ်ဖွဲ့ခွေ ထိုင်နေခြင်း ဣရိယာပုထ် တခုတည်းဖြင့် အရပ် ရှစ်မျက်နှာတို့သို့ ကိုယ်မလှည့်ပဲ ရောက်ကုန်၏။ ထို့ကြောင့် အတုမရှိ အမြတ်ဆုံး ဆုံးမတတ်သူ ဖြစ်၏။

ဤသို့ သမာပတ်ရှစ်ပါး ကို အရပ်ရှစ်မျက်နှာဟု တင်စားသည်။ အချင်းချင်းစပ်သော်လည်း ရောပြွမ်းခြင်း မရှိ။ သီးခြားထင်ရှား၏။ အရပ် ရှစ်မျက်နှာနှင့် တူ၏။ ထို့ကြောင့် တင်စားသည်။ ဤ အရပ်ရှစ်မျက်နှာမျှ မက လောကတွင် ဘယ်သူမျှ မရောက်ဖူးသော နိရောဓ သမာပတ် အရပ်သို့လည်းကောင်း၊ နိဗ္ဗာန် အရပ်သို့ လည်းကောင်း ရောက်ကုန်သေး၏။

သတ္တာ ဒေဝမနုဿာနံ (နှစ်နက်)

ဤဂုဏ်တော်အနက် နှစ်ပါးတို့တွင်

(၁) နတ်လူတို့၏ဆရာ ဖြစ်ခြင်းကား မျက်မှောက်အကျိုး၊ တမလွန် အကျိုး၊ ပရမတ္ထနိဗ္ဗာန် တို့ဖြင့် ရထိုက်သည့် အလျောက် ရအောင် နတ်လူတို့ကို ဆုံးမ၏။ ထို့ကြောင့် ဘုရားရှင်သည် ဆရာဖြစ်တော်မူ၏။
သာသတိ- ဆုံးမတတ်၏ဟူသော အနက်ကြောင့် သတ္ထု မည်၏။

(၂) လှည်းမှူးကြီးဖြစ်ခြင်းကား လှည်းမှူးကြီးသည် ကုန်သည်တို့ကို ရေမရှိသော ခရီးခဲ၊ ခိုးသူ, သားရဲရှိသော ခရီးခဲ၊ အစာမရှိသော ခရီးခဲ- ကန္တာရ တို့မှ လွန်၍ ဘေးကင်းရာသို့ရောက်အောင် ဆောင်ပို့၏။ ဘုရားရှင်သည် သတ္တဝါ၊ ဝေနေယျတို့ကို ဇာတိ၊ ဇရာ၊ မရဏ ရှိသော ခရီးခဲ- ကန္တာရမှလှန်၍ နိဗ္ဗာန်သို့ ရောက်အောင် ဆောင်ပို့၏။ ထို့ကြောင့် ထို လှည်းမှူးကြီးသဖွယ် ဖြစ်တော်မူ၏။

အတ္တ-ဥစ္စာနှင့်၊ -တကွဖြစ်သောကြောင့် ကုန်သည်သည် သတ္ထ မည်၏။ သတ္ထ-ကုန်သည်ကို၊ ဝါဟ- ဆောင်ပို့သောကြောင့် လှည်းမှူးသည် သတ္ထဝါဟ မည်၏။ သဒ္ဒါနည်းဖြင့် သတ္ထု လည်း မည်၏။ ဘုရားရှင်သည် လှည်းမှူးနှင့် တူသောကြောင့် သတ္ထု မည်၏။

ဤ၌ မြတ်သောသတ္တဝါ၊ မဂ်ဖိုလ်ရထိုက်သော သတ္တဝါတို့ကိုသာ ပိုင်းခြား၍ နတ်လူဟု ဆိုသည်။ တိရစ္ဆာန်တို့ကိုလည်း ဆုံးမသောဆရာ ဖြစ်သေး၏။ ထိုတိရစ္ဆာန်တို့သည် တရာနာခြင်းဖြင့် အားရှိသော အကြောင်းကိုရ၍ နှစ်ဘဝ၊ သုံးဘဝဖြင့် မဂ်၊ ဖိုလ် ရကုန်၏။

စမ္ပာ ပြည်တွင် ဂဂ္ဂရာ ရေကန်အနီး၌ ဘုရားရှင် တရားဟောသောအခါ သားငယ်တကောင်သည် အသံတော်၌ ဓမ္မသညာ ဖြင့် အာရုံပြုလျက် ဝပ်နေ၏။ နွားကျောင်းသားတယောက်သည် အမှတ်မဲ့ တုတ်ထောက် လိုက်ရာ သားငယ်၏ ဦးခေါင်း၌ ထောက်မိ၏။ သားငယ်သည် သေ၍ တာဝတိံသာ နတ်ပြည်၌ ရွှေဗိမာန်၌ နတ်သမီး အပေါင်းခြံရံလျက် နတ်သားဖြစ်၏။ ထိုခဏတွင် ဆင်ခြင်၍ ဘုရားရှင်ထံ လာပြီးလျှင် ရှိခိုး၍ ထို အကြောင်း လျှောက်၏။ ဘုရားရှင် တရားဟော၍ (၈၄ဝဝဝ) မျှ မဂ်၊ ဖိုလ် ရကုန်၏။ ဖားနတ်သားလည်း သောတာပန် တည်၍ ဂါထာနှစ်ခုဖြင့် လျှောက်ကြား၍ နတ်ပြည်သို့ ပြန်သွားလေ၏။

မုဟုတ္တံ စိတ္တပ္ပသာဒ၊ ဣဒ္ဓိံ ပဿ ယသဉ္စ မေ။
အာနုဘာဝဉ္စ မေ ပဿ၊ ဝဏ္ဏံ ပဿ ဇုတိဉ္စ မေ။

ယေစ တေ ဒီဃမန္ဓာနံ၊ ဓမ္မံ အဿေသု ဂေါတမ။
ပတ္တာ တေ အစလံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

ဂေါတမ၊ ဂေါတမအနွယ်ရှိသော မြတ်စွာဘုရား။
မုဟုတ္တံ၊ တခဏမျှ။
စိတ္တပ္ပသာဒဿ၊ စိတ်ကြည်ညိုခြင်း ရှိသော။
မေ၊ အကျွန်ုပ်၏။
ဣဒ္ဓိံ စ၊ တန်ခိုးကိုလည်းကောင်း။
ယသဉ္စ၊ အခြံအရံကိုလည်းကောင်း၊
ပဿ၊ ကြည့်ရှုပါလော့။
အာနုဘာဝဉ္စ၊ အာနုဘော်ကို လည်းကောင်း။
ပဿ၊ ကြည့်ရှုပါလော့၊
မေ၊ အကျွန်ုပ်၏။
ဝဏ္ဏဉ္စ၊ အဆင်းကိုလည်းကောင်း။
ဇုတိဉ္စ၊ အရောင်အဝါကိုလည်းကောင်း၊
ပဿ၊ ကြည့်ရှုပါလော့။

ယေစ၊ အကြင်သူတို့သည်ကား။
တေ၊ ရှင်တော်ဘုရား၏။
ဓမ္မံ၊ တရားကို။
ဒီဃမဒ္ဓါနံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး၊
အဿေသု၊ ကြားနာရကုန်ပြီ။
တေ၊ ထိုသူတို့သည်။
ယတ္ထ၊ အကြင်အရပ်သို့။
ဂန္တွာ၊ ရောက်သည်ရှိသော်။
န သောစရေ၊ မစိုးရိမ်ရကုန်။
အစလံ၊ တုန်လှုပ်ခြင်းမရှိသော။
တံဌာနံ၊ ထိုအရပ်သို့။
ပတ္တာ၊ ရောက်ကုန်၏။
ဝါ၊ ရောက်ကြပြီး၊ ရောက်ကြဆဲ၊ ရောက်ကြကုန်လတ္တံ့ ။

ဗုဒ္ဓေါ (နှစ်နက်)

ဗုဒ္ဓေါအနက် နှစ်ပါးတို့တွင်

(၁) သိထိုက်သော ဉေယျဓမ် တို့ကို သိခြင်းကား သိထိုက်သော ဉေယျဓမ် တရားသည် သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ် ဟု ငါးမျိုး ရှိ၏။

ဥပါဒ်၊ ဌ်၊ ဘင် မကင်းသော စိတ်၊ စေတသိက်၊ ရုပ်သည် သင်္ခါရ မည်၏။
ရုပ်တို့၏ အမူအရာဖြစ်သော ဝိကာရရုပ် ငါးခုသည် ဝိကာရ မည်၏။
ဥပါဒ် ဌီ ဘင်ဖြစ်သော လက္ခဏရုပ်လေးခုသည် လက္ခဏ မည်၏။
သဥပါဒိသေသ၊ အနုပါဒိသေသ နိဗ္ဗာန်သည် နိဗ္ဗာန် မည်၏။
သဗ္ဗပညတ်၊ အတ္ထပညတ် သည် ပညတ်မည်၏။

ဤအလုံးစုံတို့ကို ဝိမောက္ခ ကဉာဏ်စွမ်းဖြင့် ဘုရားရှင် သိ၏။
ဗုဇ္ဈတိ-သိတတ်၏ ဟူသော အနက်ကြောင့် ဗုဒ္ဓ မည်၏။

ဤ၌ အရဟတ္တမဂ် သည် ဆန့်ကျင်ဘက် ရန်သူလက်မှ လွတ်ဆဲ ဖြစ်၍ ဝိမောက္ခ မည်၏။ အရဟတ္တဖိုလ် သည် ထိုမဂ်အဆုံး၌ ဖြစ်၍ ဝိမောက္ခန္တ မည်၏။ သဗ္ဗညုတဉာဏ် စသော ဗုဒ္ဓဉာဏ်တော် အားလုံးသည် အရဟတ္တဖိုလ် ရခြင်းဖြင့် အတူရသောကြောင့် ဝိမောက္ခန္တိက ဉာဏ်တော် မည်၏။

(၂) သစ္စာလေးပါးကို ကိုယ်တိုင်သိ၍ သူတပါးတို့ကိုလည်း သိစေခြင်းကား ဘုရားရှင်သည် သစ္စာလေးပါး တို့ကို ကိုယ်တော်တိုင် အရဟတ္တမဂ်ဉာဏ် ဖြင့် သိသည်။ မိမိ သိသကဲ့သို့ သူတပါးကိုလည်း သိအောင် ဟောပြသည်။
ဗုဇ္ဈတိ၊ သိ၏။ ဗောဓေတိ၊ သိစေ၏-ဟူသော အနက်နှစ်ပါးကြောင့် ဗုဒ္ဓ မည်၏။

(* သမ္မာသမ္ဗုဒ္ဓ နှင့် ဗုဒ္ဓ အထူးကား သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖြင့် သစ္စာလေးပါးကို ကျဉ်းကျယ်သိပုံကို ပြသည်။ ထိုးထွင်း၍ သိသော (ပဋိဝေဓ) ဉာဏ်၏ အာဘော်ကိုလည်း ပြသည်။ ဤ ဗုဒ္ဓ ဂုဏ်တော်ဖြင့် သစ္စာ လေးပါးကို လည်းကောင်း၊ သိထိုက်သမျှ ဉေယျဓမ် အလုံးစုံကို လည်းကောင်း သိပုံကို ပြသည်။ သူတပါးကို သိအောင် တရားဟောသော (ဒေသနာ) ဉာဏ်၏ အာနုဘော်ကိုလည်း ပြသည်။ ဤကား အထူးတည်း။)

ဘဂဝါ (ခြောက်နက်)

ဘဂဝါ ဟူသောအမည်သည် ရိုသေထိုက်သောဂုဏ်ထူးလည်း ရှိသူ၏ အမည်၊ ဆရာဖြစ်သူ၏ အမည်လည်း ဖြစ်၏။ ဘုရားရှင်အားကား တစုံတယောက် မှည့်ရသည် မဟုတ်၊ သဗ္ဗညုတဉာဏ် ရသည်နှင့်တကွ ဖြစ်လာသော ဝိမောက္ခန္တိက အမည် ဖြစ်၏။ ဂုဏ်တော်ကြောင့် ရသော အမည် ဖြစ်၏။ ထိုဂုဏ်တော်တို့ကို နိဒ္ဒေသ ပါဠိတော်၌ “ဘဂီ ဘဇီ” စသော ဂါထာဖြင့် ပြသည်။ ဋီကာတို့၌ “ဘဂဝါ ဘတဝါ” စသော ဂါထာဖြင့် ပြသည်။

ဤ၌ ဘဂဝါ ဂုဏ်တော် ခြောက်နက် ပြသည်တို့တွင်--

(၁) အထွတ်အထိပ်သို့ရောက်သောဘုန်းကံ ရှိခြင်းကား ဘုရားရှင် ဖြည့်ကျင့်သော ပါရမီ သည် ဒါန-သီလာ၊ နိက္ခမာ၊ ပညာ-ဝီရိယ (၅)၊ ခန္တီ-သစ္စာ၊ ဓိဋ္ဌာနာ၊ မေတ္တာ-ဥပေက္ခ (၅) ဟု ဆယ်ပါးရှိ၏။

ဖြည့်ကျင့်ရာ၌ ပစ္စည်းဥစ္စာမငဲ့လျှင် ပါရမီ၊ အင်္ဂါခြေလက်မငဲ့လျှင် ဥပပါရမီ။ အသက် မငဲ့လျှင် ပရမတ္ထပါရမီ ဟု သုံးမျိုးစီပြား၍ အပြားသုံးဆယ် ဖြစ်၏။ ဤသို့ အပြားသုံးဆယ်ပြည့်သော် ပါရမီသည် လောကီချမ်းသာ၊ လောကုတ္တရာ ချမ်းသာအားလုံးကို ဖြစ်စေနိုင်၏။ အထွတ်အထိပ်သို့ ရောက်သော ကုသိုလ်ကံ မည်၏။ ဘာဂျ မည်၏။ ဘုရားရှင်သည် ဤသို့သောကုသိုလ်ကံရှိသူ ဖြစ်၏။
ဘာဂျ-ဘုန်းကံ၊ ဝန္တု-ရှိသည်ဟူသော အနက်ကြောင့် ဘာဂျဝတ္တု-ဟု ဆိုအပ်လျက် သဒ္ဒါနည်းဖြင့် ဘဂဝန္တု မည်၏။

(၂) အသိန်းမကသော ကိလေသာ-အကျဉ်းအားဖြင့် မာရ်ငါးဖြာ ဖျက်ခြင်းကား ကိလေသာတို့သည် လောဘ ဒေါသ စသည်၊ အဟိရိက အနောတ္တပ္ပ စသည်၊ အာသဝ ဩဃ စသည်၊ အကုသိုလ်ဆယ်ပါး၊ ဒိဋ္ဌိ ၆၂-ပါး၊ တဏှာ ၁၀၈-ပါး စသည်ဖြင့် အသိန်းမက များလှကုန်၏။ အကျဉ်းအားဖြင့် “မစ္စု-ဒေဝ၊ ကိလေသ၊ ခန္ဓ-ဘိသင်္ခါ” ဟု မာရ်ငါးပါး ဖြစ်၏။ ဤအလုံးစုံသော ကိလေသာ ဘေးရန်ကို အကျဉ်းအားဖြင့် မာရ် ငါးဖြာကို ဘုရားရှင် ဖျက်ဆီးသောကြောင့် ဘဂ္ဂဝါ-ဟု ဆိုအပ်လျက် ဘဂဝါ ဟု ဆို၏။ ဘဂဝန္တု မည်၏။

ဤ၌ ကိလေသာသည် မျက်မှောက်၊ တမလွန် အကျိုးမဲ့ဆောင်သောကြောင့် သတ်ခြင်း၊ နှိပ်စက်ခြင်း အနက်ဖြင့် မာရ မည်၏။
ခန္ဓာငါးပါးသည် သူသတ်ယောက်ျားပမာ သတ်တတ်သောကြောင့် မာရ မည်၏။
အဘိသင်္ခါရ သည် (လောကီကုသိုလ်၊ အကုသိုလ်စေတနာ ဖြစ်၏။) ဇာတိ၊ ဇရာ စသည်ဖြင့် ကြီးကျယ်စွာ ပျက်စီးအောင် နှိပ်စက်တတ်သောကြောင့် မာရ မည်၏။
ဒေဝပုတ္တ သည် (လောဘ၊ ဒေါသစသော) ကိလေသာဖြစ်အောင် လှည့်စား၍ ဂုဏ်ကို ဖျက်ဆီးတတ် သောကြောင့် မာရ မည်၏။
မစ္စု သည် အသက်ထွက်အောင်၊ အနာများအောင် ပြုတတ်သောကြောင့် မာရ မည်၏။

ထိုတွင် ကိလေသမာရ် ကို အမြစ်ရှင်းဖြတ်ခြင်းအားဖြင့် နောင်မဖြစ်နိုင်အောင် ဖျက်သည်။ ခန္ဓမာရ် ကို အကြောင်းသမုဒယပယ်ခြင်း၊ ပိုင်းခြား၍ သိခြင်းဖြင့် နောင်မဖြစ်နိုင်အောင် ဖျက်သည်။ အဘိသင်္ခါရမာရ် ကို အဖော်ကင်းအောင် ပြခြင်းဖြင့် နောင်မဖြစ်နိုင်အောင် ဖျက်သည်။ ဒေဝ ပုတ္တမာရ် ကို မာရ်နတ်၏ စစ်သား အပေါင်းကို ပယ်ခြင်းဖြင့် ဖျက်သည်။ မစ္စုမာရ် ကို သေရာအရပ်ကို လွန်ခြင်းဖြင့်၊ ဝါ- ခန္ဓမာရ် ဖျက်ခြင်းဖြင့် ဖျက်သည်။

ဘာဂျဝါ၊ ဘဂ္ဂဝါ-နှစ်ပါးတို့တွင် ဘာဂျဝါ ဖြင့် ဘုရားရှင်၏ ရူပကာယ ပြည့်စုံခြင်းကို ပြ၏။ ဘဂ္ဂဝါ ဖြင့် ဓမ္မကာယ ပြည့်စုံခြင်းကိုပြ၏။

(၃) ဣဿရိယ စသော ဘုန်းခြောက်ပါး ရှိခြင်းကား ဣဿရိယ စသား ခြောက်ပါးသောတရားသည် ဘဂ မည်၏။

ထိုတွင် မိမိစိတ်တော်ကို လွန်စွာ အစိုးရခြင်းသည် ၊ဝါ- ဝသီဘော် ပြည့်စုံခြင်းကြောင့် ပဋိကူလ စသည်၌ အပ္ပဋိကူလ စသည်ဖြင့် နေနိုင်ခြင်းသည် ဣဿရိယ မည်၏။ ထက်ဝန်းကျင် ပြည့်စုံသော အဏိမာ၊ လင်္ဃိမာ၊ မဟိမာ စသော လောကီ တန်ခိုးရှစ်ပါးသည်လည်း ဣဿရိယ မည်၏။

လောကုတ္တရာတရားသည် ဓမ္မ မည်၏။ * လောကသုံးပါးလုံး ပျံ့သော ဟုတ်မန်တိုင်းသော ဂုဏ်ဖြင့် ရသော အလွန် စင်ကြယ်သော အကျော်အစောသည် ယသ မည်၏။

(* ဤ၌ အရူပဘုံ အဘယ်သို့ ပျံ့သနည်းဟူမူ ဤလူ့ပြည်၌ ဂုဏ်တော် သိ၍ အရူပဘုံ၌ ဖြစ်သူတို့အား ဣတိပိ သောဘဂဝါ စသည်ဖြင့် ကျော်စောခြင်း ထင်ရှား၏။ အရိယာပုဂ္ဂိုလ်များလည်း ဖလဋ္ဌာန် လေးယောက်လုံး ထိုဘုံ၌ ရှိသည်။)

ရူပ ကာယ ကို ဖူးမြင်လိုသူတို့၏ မျက်စိကြည်လင်ကြောင်းဖြစ်သော အင်္ဂါ ကြီးငယ်ပြည့်စုံခြင်းသည် သိရီ မည်၏။ မိမိအကျိုး၊ သူတပါးအကျိုး အလိုရှိတိုင်း၊ တောင့်တတိုင်း ပြည့်စုံစေခြင်းသည် ကာမ မည်၏။ လူအပေါင်း အလေးပြုကြောင်းဖြစ်သော ဝီရိယပါရမီ-သမ္မာသင်္ကပ္ပမဂ္ဂင် သည် ပယတ္တ မည်၏။ ဘုရားရှင်သည် ဤ ဘဂ တရား ခြောက်ပါးရှိသောကြောင့် ဘဂဝါ မည်၏။ ဘဂဝန္တု မည်၏။

လောကီတန်ခိုး ရှစ်ပါးတို့တွင် ကိုယ်တော်ကို --
၁။ အဏုမြူမျှ ငယ်အောင် ဖန်ဆင်းခြင်းသည် အဏိမာ တန်ခိုးတော် မည်၏။
၂။ ကောင်းကင် ခြေဖြင့် သွားနိုင်အောင်၊ ပေါ့ပါးအောင် ဖန်ဆင်းခြင်းသည် လင်္ဃိမာ
၃။ ကိုယ်တော်ကို ကြီးအောင်ဖန်ဆင်းခြင်းသည် မဟိမာ
၄။ လိုရာအရပ်သို့ရောက်နိုင်ခြင်းသည် ပတ္တိ
၅။ အဓိဋ္ဌာန်ခြင်း စသည်ဖြင့် လိုတိုင်းပြီးခြင်းသည် ပါကမ္မ
၆။ ဝသီဘော် အစိုးရခြင်းသည် ဤသိတာ
၇။ ဣဒ္ဓိဝိဓ စသည်၌ ဝသီဘော် သည် ဝသိတာ
၈။ ကောင်းကင်သွားခြင်း၊ လိုရာပြုခြင်းတို့၌ အပြီးသို့ရောက်ခြင်းသည် ယတ္ထကာမဝသာယိတာ တန်ခိုးတော် မည်၏။

ဤရှစ်ပါးလုံးသည် ဣဒ္ဓိဝိဓ ၌ အကျုံးဝင်၏။ ဘုရားရှင်အား သူတပါးနှင့် မဆက်ဆံပဲ ထက်ဝန်းကျင် ပြည့်၏။

(၄) ကုသိုလ်စသော အပြား၊ ခန္ဓာစသော အပြားဖြင့် တရားဟောကြားခြင်းကား ဓမ္မသင်္ဂဏီ ကျမ်း၌ တရားတို့ကို ကုသိုလ်၊ အကုသိုလ်၊ အဗျာကတစသော တိက၊ ဒုက တို့ဖြင့် ဝေဖန်၍ ဟော၏။ ဝိဘင်း ကျမ်း စသည်တို့၌ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ စသည်ဖြင့် ဟော၏။ သစ္စာ လေးပါးကို ၁၆ -နက်ဝေဖန်၍ ဟော၏။ ထိုသို့ ဝေဖန် ဟောကြား သောကြောင့် ဝိဘတ္တဝါ ဟု ဆိုအပ်လျက် ဘဂဝါ ဟု ဆိုသည်။ ဘဂဝန္တု မည်၏။

(၅) ဈာန်၊ မဂ်၊ဖိုလ်၊ နိဗ္ဗာန်တို့ကို အကြိမ်ကြိမ် မှီဝဲဆည်းကပ်ခြင်းကား ဒိဗ္ဗဝိဟာရ၊ ဗြဟ္မဝိဟာရ၊ အရိယ ဝိဟာရ တို့ကို လည်းကောင်း၊ ကာယပိဝေက၊ စိတ္တဝိဝေက၊ ဥပဓိဝိဝေက တို့ကို လည်းကောင်း၊ သုညတ ဝိမောက္ခ၊ အပ္ပဏီဟိတဝိမောက္ခ၊ အနိမိတ္တဝိမောက္ခ ဟူသော မဂ်တို့ကို လည်းကောင်း၊ တပါးသော လောကီ လောကုတ္တရာ ဈာန်၊ အဘိညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို လည်းကောင်း၊ အာရုံပြုကာ ပွားများကာ မှီဝဲ၏။ အကြိမ်များစွာ ပြု၏။ ထိုသို့ မှီဝဲသောကြောင့် ဘတ္တဝါ ဟုဆိုအပ်လျက် ဘဂဝါ ဟု ဆိုသည်။ ဘဂဝန္တု မည်၏။

ဤ၌ ကသိုဏ်းစသည်ကို အာရုံပြုသော ရူပဈာန် သည် ဒိဗ္ဗဝိဟာရမေတ္တာဈာန် စသည်သည် ဗြဟ္မဝိဟာရဖလသမာပတ် သည် အရိယဝိဟာရ မည်၏။ ကာမဆိတ်ရာ တကိုယ်တည်း နေခြင်းသည် ကာယဝိဝေကနီဝရဏ စသည် ဆိတ်ရာ ဈာန်စိတ်ဖြင့်နေခြင်းသည် စိတ္တဝိဝေက၊ ဥပဓိလေးပါးဆိတ်ရာ နိဗ္ဗာန်သည် ဥပဓိဝိဝေက မည်၏။

ဥပဓိလေးပါးကား ကာမ၊ ခန္ဓ၊ ကိလေသ၊ အဘိသင်္ခါရ တည်း။

ကာမအာရုံ ငါးပါးသည် ကာမသုခ၏တည်ရာ ဖြစ်သောကြောင့် ကာမုပဓိ
ခန္ဓာငါးပါးသည် ဒုက္ခ အမျိုးမျိုး၏ တည်ရာဖြစ်သောကြောင့် ခန္ဓုပဓိ
ကိလေသာသည် အပါယ် ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ကိလေသုဓိ
စေတနာကံဟူသော အဘိသင်္ခါရ သည် ဘဝဒုက္ခ၏ တည်ရာဖြစ်သောကြောင့် အဘိသင်္ခါရုပဓိ မည်၏။

နိဗ္ဗာန်သည် ဤဥပဓိ လေးပါးမှ ဆိတ်၏။

(၆) ဘဝတို့၌ ပြေးသွားသော တဏှာကို ထွေးအန်ခြင်းကား ဘဝသုံးပါး၌ တပြောင်းပြန်ပြန် ကျင်လည်ကာ ပြေးသွားကြရာ၌ တဏှာ သည် ပြဋ္ဌာန်း၏။ ခေါင်းဆောင် ဖြစ်၏။ ဤတဏှာကို အရိယာမဂ် ခံတွင်းဖြင့် ထွေးအန်ပယ်စွန့်၏။ ထို့ကြောင့် ဘဝဂမနဝန္တ ဟု ဆိုအပ်လျက် ဘဂဝါ ဟု ဆိုသည်။

ဘဝ-ဘဝတို့၌၊
ဂမန-ပြေးသွားသော တဏှာကို၊
ဝန္တ-ထွေးအန်သည်-
ဟူသော အနက်ကြောင့် ဘဂဝန္တ မည်၏။

အကျဉ်းချီးကျူးပုံ (၆ နက်)

ဘာဂျဝါ ဘဂ္ဂဝါ ယုတ္တော၊ ဘဂေဟိ စ ဝိဘတ္တဝါ၊
ဘတ္တဝါ ဝန္တဂမနော၊ ဘဝေသု ဘဂဝါ တတော။

ဇိနော၊ ဘုရားရှင်သည်။
ဘာဂျဝါ၊ အထွတ်အထိပ်သို့ ရောက်သော ဒါန စသော ပါရမီ ဘုန်းကံ ရှိတော်မူ၏။
ဘဂ္ဂဝါ၊ အသိန်းမကသော ကိလေသာ အကျဉ်းအားဖြင့် မာရ်ငါးဖြာ ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
ဘဂေဟိဣဿရိယ စသော ဘဂ တရားတို့နှင့်။
ယုတ္တော၊ ယှဉ်၏။
ဝိဘတ္တဝါ၊ တရားတို့ကို ဝေဖန်ဟောကြားတတ်၏။
ဘတ္တဝါ၊ ဈာန် မဂ် ဖိုလ် နိဗ္ဗာန် တို့ကို အကြိမ်ကြိမ်မှီဝဲဆည်းကပ်၏။
ဘဝေသု၊ ဘဝသုံးပါးတို့၌။
ဝန္တ ဂမနော၊ ထွေးအန်ပြီးသော သွားခြင်း ရှိ၏။
တတော၊ ထို့ကြောင့်။
ဘဂဝါဘဂဝန္တ မည်တော်မူ၏။

နိဒ္ဒေသပါဠိတော်၌ ချီးကျူးပုံ (၉ နက်)

ဘဂီ ဘဇီ ဘာဂိ ဝိဘတ္တဝါ ဣတိ၊
အကာသိ ဘဂ္ဂန္တိ ဂရူတိ ဘာဂျဝါ။
ဗဟူဟိ ဉာယေဟိ သုဘာဝိတတ္တနော၊
ဘဝန္တဂေါ သော ဘဂဝါတိ ဝုစ္စတိ။

သော၊ ထိုဘုရားသည်။
ဘဂီဣဿရိယ စသည်အပြား ဘုန်းခြောက်ပါးရှိ၏။
ဘဇီ၊ မဂ်ဖိုလ်စသော တရားရတနာကို အဘို့အားဖြင့် ဟောကြား၏။
ဝါ၊ ဆိတ်ငြိမ်ရာ တောကျောင်းသို့ ချဉ်းကပ်လေ့ ရှိ၏။
ဘာဂီ၊ ပစ္စည်းလေးပါး၏အဘို့ ရှိ၏။
ဝါ၊ တရားနှစ်အရသာအဘို့ ရှိ၏။
ဝိဘတ္တဝါ၊ တရားရတနာ-ဓမ္မရသ, အတ္ထအရသာ, ဝိမုတ္တိအရသာ ကို ဝေငှတတ်၏။
ဘဂ္ဂံ၊ မကောင်းမှု ဖျက်ဆီးခြင်းကို။
အာကာသိ၊ ပြု၏။
ဂရု၊ အလေးပြုအပ်သောဆရာ ဖြစ်၏။
ဘာဂျဝါ၊ ပါရမီဘုန်းကံ ရှိ၏။
ဗဟူဟိ၊ များစွာကုန်သော။
ဉာယေဟိ၊ ဘာဝနာစဉ်တို့ဖြင့်။
သုဘာဝိ- တတ္တနော- သုဘာ ဝိတတ္တာ၊ ကောင်းစွာ ပွါးအပ်သောသဘော ရှိ၏။
ဘဝန္တဂေါ၊ ဘဝ၏အဆုံး ဖြစ်သော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သွားတတ်၏။
ဣတိ၊ ထို့ကြောင့်။
ဘဂဝါတိဘဂဝန္တ မည်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဋီကာတို့၌ ချီးကျူးပုံ (၇ နက်)

ဘာဂဝါ ဘတဝါ ဘာဂေ၊ ဘဂေ စ ဝနိ ဘတ္တဝါ၊
ဘဂေ ဝမိ တထာ ဘာဂေ၊ ဝမီတိ ဘဂဝါ ဇိနော။

ဇိနော၊ ဘုရားရှင်သည်။
ဘာဂဝါ၊ သူတပါးနှင့် မဆက်ဆံသော သီလစသော ဂုဏ်တော်အစု များစွာ ရှိ၏။
ဘတဝါ၊ ဗျာဒိတ်ခံသည်မှ စ၍ ဆည်းပူးသော ဘုရားဖြစ်ကြောင်းတရား များစွာ ရှိ၏။
ဘာဂေ၊ နေ့စဉ်ဝင်စားအပ်သော ကုဋေ ၂၄ သိန်းသော သမာပတ်တို့ကို။
ဝနိ၊ မပြတ်မှီဝဲ၏။

တနည်း။
ဘာဂေ၊ သိအပ် ပယ်အပ် မျက်မှောက်ပြုအပ် ပွားစေအပ်သော အဖို့ရှိသော အရားတို့ကို။
ဝနိ၊ အာရုံပြုကာ ပွားများကာ မှီဝဲ၏။

တနည်း-
ဘာဂေ၊ သီလ သမာဓိစသော သာဝကတို့အား ထိုက်သောဂုဏ်အဖို့အစုတို့ကို။
ဝနိ၊ ဝေနေယျသန္တာန်၌ အဘယ်ပုံ တည်စေရအံ့နည်းဟု တောင့်တ၏။
ဘဂေ၊ လွန်ကဲသော လောကီ စည်းစိမ်တို့ကို။
ဝနိ၊ ဘုရားလောင်းအကျင့် ရင့်စေလျက် ဘုရားမဖြစ်မီ မှီဝဲ၏။

တနည်း-
ဘဂေ၊ လွန်ကဲသော လောကုတ္တရာစည်းစိမ်တို့ကို။
ဝနိ၊ ဘုရားဖြစ်ပြီးနောက် မှီဝဲ၏။
ဘတ္တဝါ၊ သေသော်လည်းမစွန့်ဟု ချစ်မြတ်နိုးစွာ ဆည်းကပ်သော ဒဠှဘတ္တိက ကလျာဏမိတ်ဆွေကောင်း ရှိ၏။
ဘဂေ၊ မင်း၏ အသရေဂုဏ်, အစိုးရခြင်းဂုဏ်, အခြံအရံဂုဏ်ဟူသော ဘဂသုံးမျိုးတို့ကို။
ဝမိ၊ တံတွေးထွေး၍ စွန့်အန်တော်မူ၏။

တနည်း-
ဘဂေ၊ မြင်းမိုရ် ယုဂန် ဟိမဝန္တာ မြောက်ကျွန်း စသည်၌ တကမ္ဘာလုံးတည်သော တင့်တယ်ခြင်း (ဘဂေးကြီး) အထူးတို့ကို။
ဝမိ၊ နှစ်သက်စရာဟု မယူ မနေမူ၍ စွန့်ခွာသွားတော်မူ၏။
ဘာဂေ၊ ခန္ဓာ အာယတန စသော တရားအစုတို့ကို။
ဝမိ၊ ပြန်မရောက်အောင်စွန့်တော်မူ၏။

တနည်း-
ဘာဂေ၊ ကုသိုလ် အကုသိုလ် ပြစ်မဲ့ ပြစ်ရှိ အားလုံးတို့ကို။
ဝမိ၊ ဉာဏ်ခံတွင်းဖြင့် ထွေးစွန့်တော်မူ၏။

ဓမ္မကိုသော်လည်း ဖောင်ပမာ ကူးရုံငှါသာ။ ကူးပြီး မယူမူ၍စွန့်ရာ၏။ အဓမ္မကိုကား ဆိုဖွယ်မရှိ စွန့်ရာ၏။
ဣတိ၊ ထို့ကြောင့်။
ဘဂဝါဘဂဝန္တ မည်တော်မူ၏။

ဂုဏ်တော်ကျဉ်း နှစ်ပါး, သုံးပါး

ဘုရားရှင်၏ ဂုဏ်တော်သည် အကျဉ်းအားဖြင့် အတ္တဟိတသမ္ပတ္တိ၊ ပရဟိတပဋိပတ္တိ ဟု ဝါ- မိမိအကျိုးပြည့်၊ သူတပါးအကျိုးကျင့်ဟု နှစ်မျိုး ဖြစ်၏။

အတ္တဟိတ သည် ပဟာနသမ္ပဒါ၊ ဉာဏသမ္ပဒါ ဟု ဝါ- ပယ် ခြင်း၊ သိခြင်းဟု နှစ်စား ရှိ၏။

ပရဟိတ သည် ပယောဂ၊ အာသယ ဟု ဝါ-*တရားဟောခြင်း၊ ဉာဏ်ရင့်ချိန်စောင့်ခြင်း-ဟု နှစ်စား ရှိ၏။ အာမိသ ခံခြင်း စသည်ဖြင့်လည်း အတ္ထစရိယာ၊ ပရဟိတပဋိပတ် ဖြစ်သေး၏။

ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ ဖြင့် ပဟာနသမ္ပဒါ စွမ်း အတ္တဟိတ ကို ပြ၏။ သမ္မာသမ္ဗုဒ္ဓေါ၊ လောကဝိဒူ နှစ်ပါးဖြင့် ဉာဏသမ္ပဒါ စွမ်း အတ္တဟိတ ကို ပြ၏။

ဝိဇ္ဇာစရဏသမ္ပန္နော ဖြင့် အတ္တဟိတ နှစ်ပါးလုံး ပြ၏။
သုဂတော ဖြင့် အတ္တဟိတ၊ ပရဟိတ အလုံးစုံ ပြ၏။
အနုတ္တရောပုရိသဒမ္မသာရထိ၊ သတ္ထာဒေဝမနုဿာနံ နှစ်ပါးဖြင့် ပရဟိတ ပြ၏။
*ဗုဒ္ဓေါ ဖြင့် အတ္တ၊ ပရ အလုံးစုံပြ၏။
ဘဂဝါ ဖြင့်လည်း အတ္တ၊ ပရ အလုံးစုံ ပြ၏။

တနည်း-ဟေတု၊ ဖလ၊ သတ္တုပကာရ ဟု၊ ဝါ-အကြောင်းပြည့်စုံခြင်း၊ အကျိုးပြည့်စုံခြင်း၊ သတ္တဝါတို့အား ကျေးဇူးများခြင်း ဟူ၍ ဂုဏ်တော် ကျဉ်းသုံးပါး ဖြစ်၏။

အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ လောကဝိဒူ လေးပါးဖြင့် ဖလသမ္ပတ္တိ စွမ်း ဘုရားဂုဏ်တော်ကို ပြ၏။
အနုတ္တရောပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေဝမနုသာနံ နှစ်ပါးဖြင့် သတ္တုပကာရ စွမ်း ဂုဏ်တော်ကို ပြ၏။
ဗုဒ္ဓေါ ဖြင့် ဖလစွမ်း၊ သတ္တုပကာရစွမ်း ဂုဏ်တော် ကို ပြ၏။
သုဂတော၊ ဘဂဝါ နှစ်ပါးဖြင့် ဟေတု စွမ်း၊ ဖလ စွမ်း၊ သတ္တုပကာရ စွမ်း ဂုဏ်တော်ကို ပြ၏။

တရားဂုဏ်တော်ခြောက်ပါး ၁၂ နှက်

သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

ဓမ္မော၊ တရားတော်ကို။
ဓမ္မော၊ တရားတော်သည်။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
သွာက္ခာတော၊ ကောင်းစွာ ဟောအပ်၏။
သွာက္ခာတော၊ ကောင်းစွာဟောအပ်သော မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်, ပရိယတ် ဆယ်ပါးသော တရားမြတ် ဖြစ်တော်မူ၏။

သန္ဒိဋ္ဌိကော၊ အရိယာပုဂ္ဂိုလ်တို့သည် ကိလေသာသတ်ခြင်းဖြင့် ကိုယ်တိုင်မြင်အပ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏။
သန္ဒိဋ္ဌိကော၊ အရိယာပုဂ္ဂိုလ်တို့သည် ပစ္စဝေက္ခဏာဉာဏ် ဖြင့် ကိုယ်တိုင် မြင်အပ်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရား ကိုးပါးဖြစ်တော်မူ၏။
သန္ဒိဋ္ဌိကော၊ ချီးမွမ်းအပ်သောပညာဖြင့် ကိလေသာကို အောင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရား ကိုးပါး ဖြစ်တော်မူ၏။
သန္ဒိဋ္ဌိကော၊ မြင်ခြင်းငှါထိုက်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားကိုးပါး ဖြစ်တော်မူ၏။

အကာလိကော၊ အခါမလင့် အခြားမဲ့၌ ဖိုလ်အကျိုးကို ဖြစ်စေတတ် သော မဂ်တရားလေးပါး ဖြစ်တော်မူ၏။

ဧဟိပဿိကော၊ လာလှည့်ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို ခံထိုက်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားကိုးပါး ဖြစ်တော်မူ၏။

ဩပနေယျိကော၊ မိမိစိတ်၌ဖြစ်အောင် ဆောင်ယူထိုက်သော မဂ်၊ ဖိုလ်တရား ရှစ်ပါး ဖြစ်တော်မူ၏။
သြပနေယျိကော၊ မိမိစိတ်ဖြင့် အာရုံ ပြုနိုင်အောင် ဆောင်ယူထိုက်သော နိဗ္ဗာန်တရား တပါး ဖြစ်တော်မူ၏။
သြပနေယျိကော၊ အရိယာပုဂ္ဂိုလ်ကို နိဗ္ဗာန်သို့ ဆောင်ပို့တတ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏။
သြပနေယျိကော၊ မျက်မှောက် ပြုအပ်သည်အဖြစ်သို့ ဆောင်ယူအပ်သော ဖိုလ်၊ နိဗ္ဗာန်တရားငါးပါး ဖြစ်တော်မူ၏။

ဝိညူဟိဥဂ္ဃဋိတညူ စသော အရိယာပုဂ္ဂိုလ်တို့သည်။
ပစ္စတ္တံ၊ မိမိ မိမိစိတ်၌။
ဝေဒိတဗ္ဗော၊ သိအပ်ခံစားအပ်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရား ကိုးပါး ဖြစ်တော်မူ၏။

ဣတိ ဧဝံ၊ ဤသို့ ခြောက်ပါးအစ ဂုဏ်တော်အနန္တတို့ဖြင့်။
ပါကဋံ၊ ထင်ရှားသော။
ဇိနပူဇိတံ၊ ဘုရားရှင်တို့သည် ဂေါစရသေဝန, ဘာဝနာသေဝန ဖြင့် အာရုံပြုကာ ပွားများကာ မှီဝဲပူဇော် အပ်သော။
ဓမ္မံ၊ တရား ဆယ်ပါးကို။
နမာမိ၊ ဘယလာဘ ကုလကြဉ်ဝေး သံသာဘေးမှ လွတ်ရေးမျှော်ကိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

သွာက္ခာတောဂုဏ်တော် (တနက် ၁၀-ပါး)

သွာက္ခာတော ဂုဏ်တော်၌ ပရိယတ္တိဓမ္မ ကိုလည်း ယူသည်။ အကာလိကော ၌ မဂ်လေးပါးသာ ယူသည်။ ကြွင်းသော ဂုဏ်တို့၌ လောကုတ္တရာတရားကိုးပါးကို ယူသည်။ ပရိယတ္တိကို ကောင်းစွာ ဟောခြင်းကား ပရိယတ္တိကို အစ လယ် အဆုံး သုံးပါးလုံး ကောင်းခြင်းရှိအောင် ဟော၏။ အနက်ရှိ၊ သဒ္ဒါရှိ၊ ထက်ဝန်းကျင် ပြည့်၍ စင်ကြယ်သော ဗြဟ္မစရိယ ကိုပြလျက် ဟော၏။ ထို့ကြောင့် ကောင်းစွာ ဟောအပ်သော ပရိယတ္တိ ဖြစ်၏။

ဂါထာတခုမျှသာ ဟောရာ၌လည်း ထက်ဝန်းကျင် ကောင်းသောကြောင့် ပထမပါဒဖြင့် အစ၌ ကောင်း၏။ ဒုတိယ၊ တတိယပါဒဖြင့် အလယ်၌ ကောင်း၏။ စတုတ္ထပါဒဖြင့် အဆုံး၌ ကောင်း၏။

အနုသန္ဓေ တခုရှိသောသုတ် ဖြစ်အံ့၊ နိဒါန်း ဖြင့် အစကောင်း၏။ နိဂုံး ဖြင့် အဆုံး၌ ကောင်း၏။ အကြွင်းဖြင့် အလယ်၌ ကောင်း၏။

သာသနဓမ္မအားလုံး ပေါင်းချုံးသည်ရှိသော် သီလ ဖြင့် အစ၌ ကောင်း၏။ သမထ၊ ဝိပဿနာ၊ မဂ်၊ ဖိုလ် တို့ဖြင့် အလယ်၌ ကောင်း၏။ နိဗ္ဗာန် ဖြင့် အဆုံး၌ ကောင်း၏။

တနည်း- သီလ၊ သမာဓိ ဖြင့် အစ၌ ကောင်း၏။ ဝိပဿနာ၊ မဂ် ဖြင့် အလယ်၌ ကောင်း၏။ ဖိုလ်၊ နိဗ္ဗာန် ဖြင့် အဆုံး၌ ကောင်း၏။

ဤသို့ အစ၊ အလယ်၊ အဆုံး ကောင်းအောင် ဟောသောကြောင့် သွာက္ခာတ မည်၏။

ဤသို့ ကောင်းခြင်းသုံးပါးရှိသော ဓမ္မကို ဟောလျက် ဗြဟ္မစရိယ နှစ်ပါးကို ပြသည်။ သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော သာသနဓမ္မ အားလုံးသည် သာသနဗြဟ္မစရိယ မည်၏။ သိက္ခာသုံးပါးဖြင့် ရေတွက် အပ်သော အရိယာမဂ်သည် မဂ္ဂဗြဟ္မစရိယ မည်၏။ ထိုဗြဟ္မစရိယ နှစ်ပါးသည် အနက်ရှိသောကြောင့် သတ္ထု မည်၏။ သဒ္ဒါရှိသောကြောင့် သဗျဉ္ဇန မည်၏။

အကျဉ်းပြသော အနက်၊ ရှေးဦးစွာပြသော အနက်၊ အကျယ်ဟောသေးအနက်၊ ဝေဖန်သောအနက်၊ ပေါ်လွင်အောင်ပြုသော အနက်၊ အပြားအားဖြင့် သိစေသောအနက်၊ ဤသို့သော အနက်ခြောက်ပါး ရှိသောကြောင့် သတ္ထ မည်၏။

အက္ခရာ၊ ပုဒ်၊ ဝါကျ၊ ဝေဖန်သော အာကာရ၊ ဝိဂြိုဟ်၊ အကျယ်ပြသောနိဒ္ဒေသ၊ ဤသို့သော သဒ္ဒါခြောက်ပါး ရှိသောကြောင့် သဗျဉ္ဇန မည်၏။

အတ္ထဂမ္ဘီရ၊ ပဋိဝေဓ ဂမ္ဘီရ တို့ကြောင့် သတ္ထ
ဓမ္မဂမ္ဘီရ၊ ဒေသနာဂမ္ဘီရ တို့ကြောင့် သဗျဉ္ဇန
အတ္ထ ပဋိသမ္ဘိဒါ၊ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် တို့၏ အာရုံ ဖြစ်သောကြောင့် သတ္ထ
ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ် တို့၏ အာရုံဖြစ်သောကြောင့် သဗျဉ္ဇန မည်၏။

နောက်ထပ် ထည့်သွင်းဖွယ် မရှိ၊ ဝန်းကျင်ပြည့်သောကြောင့် ကေဝလ ပရိပုဏ္ဏ မည်၏။ ပယ်နုတ်ဖွယ် မရှိ၊ အပြစ်ကင်း၍ စင်ကြယ်သောကြောင့် ပရိသုဒ္ဓ မည်၏။

တနည်း–
အနက်ဖောက်ပြန်ခြင်း မရှိသောကြောင့် သုဋ္ဌု-ကောင်းစွာ၊ အက္ခာတော- ဟောအပ်၏ဟူသောအနက်ဖြင့် သွာက္ခာတ မည်၏။

ဘုရားရှင်၏ တရားကား အန္တရာယ် ပြုတတ်သည်ဟု ဟောသော ကံ-ကိလေသ၊ ဝိပါက၊ ဝါဒတိက္ကမာ ဟူသော အန္တရာယိကဓမ္မ ငါးပါးသည် ဧကန်အန္တရာယ် ပြ၏။ နတ်ရွာ၊ နိဗ္ဗာန်၊ ဈာန်၊ မဂ်၊ ဖိုလ်ကို မရအောင် အန္တရာယ် ပြ၏။ ဝဋ်မှ ထွက်မြောက်တတ်သည်ဟု ဟောသော အရိယာမဂ် လေးပါးသည် ဧကန် ထွက်မြောက်၏။ အနက် ဖောက်ပြန်ခြင်း မရှိ။ ထို့ကြောင့် သွာက္ခာတ မည်၏။

လောကုတ္တရာ တရားကို ကောင်းစွာ ဟောခြင်းကား နိဗ္ဗာန် အား လျော်သော ပဋိပတ် ဟောခြင်း၊ ပဋိပတ်အားလျော်သော နိဗ္ဗာန်ကို ဟောခြင်းဖြင့် ကောင်းစွာ ဟောတော်မူ၏။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ဟောရာ၌ နိဗ္ဗာန်နှင့် အကျင့်သည် ဂင်္ဂါ နှင့် ယမုနာ ကဲ့သို့ နှီးနှော၏၊ ညီညွတ်၏။

မဂ်လေးပါး သက်သက်ကိုကား မဂ်လေးပါးသည် အန္တဒွယ သို့ ကပ်ရောက်ခြင်း မရှိ။ သဿတ၊ ဥစ္ဆေဒ ဟူသော အန္တဒွယ။ ကာမသုခ၊ အတ္တကိလမထ ဟူသော အန္တဒွယ။ လီန၊ ဥဒ္ဓစ္စ ဟူသော အန္တဒွယ။ ပတိဋ္ဌာန၊ အာယူဟန ဟူသော အန္တဒွယသို့ ကပ်ရောက်ခြင်း မရှိ။ မဇ္ဈိမ ပဋိပဒါ ဖြစ်၏။

ထို့ကြောင့်သာလျှင် ဤမဂ်သည် မဇ္ဈိမပဋိပဒါ မည်၏ဟု ကောင်းစွာ ဟောအပ်၏။ ဖိုလ်လေးပါး သက်သက်ကိုကား ဖိုလ်လေးပါးသည် ပဋိပဿဒ္ဓိပဟာန် ဖြင့် ကိလေသာ ငြိမ်းအေးပြီး ဖြစ်၏။ ထို့ကြောင့် သာလျှင် ဤဖိုလ်သည် ကိလေသာ ငြိမ်းအေး၏ဟု ကောင်းစွာ ဟောအပ်၏။

နိဗ္ဗာန်သက်သက်ကိုကား နိဗ္ဗာန်သည် မြဲ၏။ သေခြင်း မရှိ။ စောင့်ရှောက်တတ်၏။ ပုန်းအောင်းရာ ဖြစ်၏။ ဤသို့စသော သဘော ရှိသောကြောင့်သာလျှင် ဤနိဗ္ဗာန်သည် မြဲ၏၊ သေခြင်းမရှိ စသည်ဖြင့် ကောင်းစွာ ဟောအပ်၏။ ဤသို့ ကောင်းစွာ ဟောအပ်သောကြောင့် လောကုတ္တရာတရား ကိုးပါးသည်လည်း သွာက္ခာတ မည်၏။

သန္ဒိဋ္ဌိကော (လေးနက်၊ ၄ ပါး တနက်၊ ၉ ပါး ၃ နက်)

သန္ဒိဋ္ဌိကောဂုဏ်တော် အနက်လေးမျိုးတို့တွင်

(၁) မဂ်လေးပါးကို အရိယာတို့ကိုယ်တိုင် မြင်ခြင်းကား အရိယာ ပုဂ္ဂိုလ်တို့သည် မဂ်လေးပါးဖြင့် မိမိသန္တာန်၌ ရာဂစသည်တို့ မဖြစ်အောင် ပြုကြသည်။ ဤမဂ်ဖြင့် ရာဂစသည်တို့ကို ငါ ပယ်သည်ဟု ကိုယ်တိုင် မြင်ကြသည်။ သူတပါးပြော၍ မြင်ကြရသည် မဟုတ်။ ရာဂစသည် နှိပ်စက်လျှင် မိမိ၊ သူတပါး ပင်ပန်းကြောင်း အားထုတ်၍ စိတ်ဒုက္ခကို ခံစားရသည်။ ရာဂစသည်ကိုပယ်လျှင် ထိုဒုက္ခ မခံစားရ။ ဤသို့ ကိုယ်တွေ့ သန္ဒိဋ္ဌိက ဖြစ်၏။ သယံ-ကိုယ်တိုင်၊ ဒိဋ္ဌိက- မြင်အပ်၏ဟူသော အနက်ကြောင့် မဂ်လေးပါးသည် သန္ဒိဋ္ဌိက မည်၏။

(၂) မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးပါးလုံး အရိယာတို့ကိုယ်တိုင် မြင်ခြင်းကား မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရပြီးသော အရိယာ ပုဂ္ဂိုလ်တို့သည် ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ဆင်ခြင်ကုန်၏။ ဤမဂ်ဖြင့် ငါလာခဲ့သည် ဟူ၍လည်းကောင်း၊ ဤသို့သော အကျိုးကို ရ၏ဟူ၍ လည်းကောင်း၊ ဤသို့သော အသင်္ခတဓာတ်ကို မျက်မှောက်ပြု၍ သိရပေပြီဟူ၍ လည်းကောင်း ဆင်ခြင်ကုန်၏။ မြင်ကုန်၏။ ရှုကုန်၏။ သူတပါးကို ယုံ၍ သိခြင်းမျိုး မဟုတ်။ ကိုယ်တိုင်ကိုယ်တွေ့ဖြစ်ကုန်၏။ သယံ-ကိုယ်တိုင်၊ ဒိဋ္ဌိက-မြင်အပ်၏ ဟူသော အနက်ကြောင့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးပါးသည် သန္ဒိဋ္ဌိက မည်၏။

(၃) ချီးမွမ်းအပ်သောပညာဖြင့် ကိလေသာကို အောင်ခြင်းကား မဂ်ပညာသည် ချီးမွမ်းအပ်သောကြောင့် သန္ဒိဋ္ဌိ မည်၏။
မဂ်လေးပါးသည် မိမိနှင့်ယှဉ်သော ထိုချီးမွမ်းအပ်သော ပညာဖြင့် ကိလေသာ အောင်၏။
ဖိုလ်လေးပါးသည် မိမိအကြောင်းဖြစ်သော ထိုချီးမွမ်းအပ်သော ပညာဖြင့် ကိလေသာ အောင်၏။
နိဗ္ဗာန်သည် မိမိကို အာရုံပြုသော ထိုချီးမွမ်းအပ်သော ပညာဖြင့် ကိလေသာ အောင်၏။

သံ-ချီးမွမ်း အပ်သော၊ ဒိဋ္ဌိ-ပညာဖြင့်၊ ဇယတိ-အောင်၏ဟူသောအနက်ကြောင့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးပါးသည် သန္ဒိဋ္ဌိက မည်၏။

(၄) မြင်ခြင်းငှါ ထိုက်ခြင်းကား မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သည် မိမိကို မြင်သူအား ဝဋ်ဘေးကို နစ်စေ၏။ ထိုတွင် မဂ်လေးပါးကို ဘာဝနာဘိသမယစွမ်းဖြင့် မြင်အောင် ပွားများရသည်။ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်ကို သစ္ဆိကိရိယာဘိသမယစွမ်းဖြင့် မြင်အောင် မျက်မှောက်ပြုရသည်။ ဤ၌ အောက်ဖိုလ်သည် အထက်မဂ် ရခြင်း၏ ဥပနိဿယဖြစ်သောကြောင့် ပရိယာယ်အားဖြင့် မြင်ထိုက်သည် မည်၏။ သန္ဒိဋ္ဌိ-မြင်ခြင်းကို၊ အရဟတိ-ထိုက်၏ဟူသော အနက်ကြောင့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုးပါးသည် သန္ဒိဋ္ဌိက မည်၏။

အကာလိကော (တနက် ၄ ပါး)

အခါမလင့် အခြားမဲ့၌ အကျိုးကိုဖြစ်စေခြင်းကား လောကီကုသိုလ်သည် ဥပပဇ္ဇ၊ အပရာပရိယ စသည်ဖြင့် အကျိုးပေးသောကာလ ဝေး၏။ စောင့်ဆိုင်းရ၏။ မဂ်တရားလေးပါးကား မိမိ၏ဖိုလ်အကျိုးကို ဖြစ်စေခြင်း၌ ကာလစောင့်ဆိုင်းခြင်း မရှိ။ ရက်ကာလကြာမှ အကျိုးပေးသည် မဟုတ်။ မိမိဖြစ်သည်၏ အခြားမဲ့၌ ချက်ချင်း အကျိုးပေး၏။ ကာလိက-ကာလအကြား၊ -မရှိဟူသော အနက်ကြောင့် မဂ်လေးပါးသည် အကာလိက မည်၏။

ဧဟိပဿိကော (တနက် ၉ ပါး)

လာလှည့် ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီရင် ခံထိုက်ခြင်းကား အချည်းနှီးသော လက်ဆုပ်၌ ရွှေငွေ ရှိသည်ဟု ဆိုသော်လည်း “လာ၍ ကြည့်လော့”ဟု ဆိုခြင်းငှါ မထိုက်။ ကျင်ကြီးကျင်ငယ်စသည် ရှိအံ့၊ နှစ်သက် ရှင်လန်းဖွယ် မဟုတ်သောကြောင့် “လာ၍ ကြည့်လော့” ဟု မဆိုထိုက်။ မြက်အမှိုက်ဖြင့် ဖုံးရမည်သာတည်း။

လောကုတ္တရာ ကိုးပါးကား လပြည့်ဝန်းကဲ့သို့၊ ပတ္တမြားကဲ့သို့ ထင်ရှားလည်း ရှိသည်၊ စင်ကြယ် ကောင်းမြတ်သော တရားလည်း ဖြစ်သည်။ ထို့ကြောင့် “လာ၍ ကြည့်လော့”ဟု ဆိုခြင်းငှါ ထိုက်၏။

ဧဟိ-လာလော့၊
ပဿ-ကြည့်ရှုလော့၊
ဣတိဝိဓိံ-ဤသို့သော အစီရင်ကို၊
အရဟတိ-ထိုက်၏၊
ဟူသော အနက်ကြောင့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုးပါးသည် ဧဟိပဿိက မည်၏။

သြပနေယျိကော (လေးနက် ၈၊၁၊၄၊ ၅ ပါး တနက်စီ)

သြပနေယျိကော အနက်လေးပါးတို့တွင်

(၁) မိမိစိတ်၌ဖြစ်အောင် ဆောင်ယူထိုက်ခြင်းကား အဝတ်ပုဆိုး မီးလောင်နေစေကာမူ၊ ဦးခေါင်း မီးလောင်နေ စေကာမူ လျစ်လျူရှု၍သာလျှင်၊ ဝါ-ဂရုမစိုက်ပဲ ဘာဝနာစွမ်းဖြင့် မိမိစိတ်၌ မဂ်တရား၊ ဖိုလ်တရား ဖြစ်အောင် ဆောင်ယူထိုက်၏။ ဥပနယံ-မိမိစိတ်၌ဆောင်ခြင်းကို၊ အရဟတိ-ထိုက်၏ဟူသော အနက်ကြောင့် မဂ်၊ ဖိုလ် ရှစ်ပါးသည် ဩပါနေယျိက မည်၏။

(၂) မိမိစိတ်ဖြင့် အာရုံပြုနိုင်အောင် ဆောင်ယူထိုက်ခြင်းကား နိဗ္ဗာန်ကို ဆိုလိုသည်။ နိဗ္ဗာန်ကို မိမိစိတ်ဖြင့် မျက်မှောက်အာရုံ ပြုနိုင်အောင် ဆောင်ယူထိုက်၏။ ဥပနယံ-မိမိစိတ်ဖြင့် ဆောင်ခြင်းကို၊ ဝါ၊ အာရုံစွမ်းဖြင့် ကပ်ရောက်ခြင်းကို၊ အရဟတိ-ထိုက်၏ဟူသော အနက်ကြောင့် နိဗ္ဗာန်တပါးတည်းသည် ဩပနေယျိက မည်၏။

(၃) အရိယာကို နိဗ္ဗာန်ဆောင်ခြင်းကား မဂ်လေးပါးကို ဆိုလိုသည်။ မဂ်လေးပါးသည် မိမိကိုရအောင် ပွားများ စေသော အရိယာ ပုဂ္ဂိုလ်ကို နိဗ္ဗာန်သို့ ဆောင်ပို့၏။ ဥပနေတိ-နိဗ္ဗာန်သို့ ဆောင်ပို့၏ ဟူသော အနက်ကြောင့် မဂ်လေးပါးသည် ဩပနေယျိက မည်၏။

(၄) မျက်မှောက်ပြုအပ်သည့် အဖြစ်သို့ ဆောင်အပ်ခြင်းကား ဖိုလ်၊ နိဗ္ဗာန်ကို ဆိုလိုသည်။ ဖိုလ်၊ နိဗ္ဗာန်သည် မျက်မှောက်ပြုအပ်၊ အာရုံ ပြုအပ်သောတရား ဖြစ်အောင် ဆောင်အပ်၏။ ဥပနေတဗ္ဗော-အာရုံဖြစ်အောင် ဆောင်အပ်၏ ဟူသော အနက်ကြောင့် ဖိုလ်၊ နိဗ္ဗာန်ငါးပါးသည် ဩပနေယျိက မည်၏။

ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ (တနက် ၉ ပါး)

ဥဂ္ဃါဋိတညူ စသော အရိယာပုဂ္ဂိုလ်တို့ မိမိစိတ်၌ ခံစားအပ်သည် ဟူသည်ကား အရိယာပုဂ္ဂိုလ်တို့သည် လောကုတ္တရာပညာ ရှိသောကြောင့် ဝိညူတို့ မည်ကုန်၏။

တဂါထာမျှ ဟောသည်ကို နာကြားရုံဖြင့် မဂ်ဖိုလ်ရလျှင် ဥဂ္ဃါဋိတညူ မည်၏။

ချဲ့၍ဟောသည်ကို နာရမှ မဂ်ဖိုလ်ရလျှင် ဝိပဉ္စိတညူ မည်၏။

ကြောင်း၊ ကျိုး၊ ဥဒါဟရုဏ်များစွာ ဆောင်ဟောသည်ကို နာရမှ မဂ်၊ ဖိုလ်ရလျှင် နေယျ မည်၏။

ဤသို့ ပညာရှိ သုံးမျိုး ဖြစ်၏။
(*ဤဘဝ၌ မဂ်၊ ဖိုလ် မရထိုက်သော၊ ဟောကြားသော တရားပုဒ်သာလျှင် အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်သည် ပဒပရမပုဂ္ဂိုလ် မည်၏။ ပညာရှိ သုံးယောက်နှင့် ဤသူသည် ပုဂ္ဂိုလ်လေးမျိုး ဖြစ်၏။)

ထိုပညာရှိတို့ မိမိစိတ်၌ ခံစားရပုံကား ငါသည် မဂ်ကို ပွားစေအပ် ပြီးပြီ။ ဖိုလ်ကို ရပြီးပြီ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးပြီဟု အသီးအသီးသိ၍ ခံစားရ၏။ ဆရာ ပွားစေအပ်သောမဂ်ဖြင့် တပည့် ကိလေသာ မပယ်နိုင်၊ ဆရာ ရသောဖိုလ်ကို တပည့် ဝင်စား၍ ချမ်းသာစွာ မနေနိုင်၊ ဆရာ မျက်မှောက်ပြုအပ်သော နိဗ္ဗာန်ကို တပည့် မျက်မှောက်မပြုနိုင်။

ဤမဂ်၊ ဖိုလ်၊ နိဗ္ဗာန်သည် သူတပါး၏ ဦးခေါင်း၌ရှိသော တန်ဆာကို ကြည့်ရှုရ သကဲ့သို့ မဟုတ်။ မိမိ၏ စိတ်၌သာ ကြည့်ရှုရသည်။ ပညာရှိတို့သာ ခံစား ကြရလေသည်။ ပုထုဇဉ်ဗာလတို့၏အရာ မဟုတ်။

ဝိညူဟိ-ပညာရှိတို့သည်၊
ပစ္စတ္တံ-မိမိ မိမိစိတ်၌၊
ဝေဒိတဗ္ဗော-ခံစားအပ်၏
ဟူသော အနက်ကြောင့် မဂ်၊ဖိုလ်၊နိဗ္ဗာန်ကိုးပါးသည် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ မည်၏။

တနည်းကား-

ဤ လောကုတ္တရာတရားသည် သွာက္ခာတ မည်၏။ အဘယ့်ကြောင့်နည်းဟူမူ သန္ဒိဋ္ဌိက ဖြစ်သောကြောင့် တည်း။ သန္ဒိဋ္ဌိက ဖြစ်သောကြောင့် သွာက္ခာတမည်၏။ အကာလိကဖြစ်သောကြောင့် သန္ဒိဋ္ဌိက မည်၏။ ဧဟိပဿိက ဖြစ်သောကြောင့် အကာလိက မည်၏။ ဧဟိပဿိကဖြစ်သော တရားသည်ပင်လျှင် ဩပနေယျိက မည်၏။ ဤသို့လည်း အကြောင်း၊ အကျိုးပြု၍ အနက်သဘောကို သိအပ်၏။

ဋီကာမှ ကောက်နုတ်ချက်

သန္ဒိဋ္ဌိက စသော နောက် ဂုဏ်တော်ငါးပါး၌ အဋ္ဌကထာ မပြသော်လည်း ပရိယတ္တိဓမ္မသည် ပရိယာယ်အားဖြင့် သန္ဒိဋ္ဌိကစသည် မည်သေး၏။

ပရိယတ္တိဗဟုသုတရှိသော ပညာရှိသည် ပရိယတ္တိဓမ္မကို အစ၊ အလယ်၊ အဆုံး ကောင်းခြင်းရှိသည် စသော အထူးဖြင့် ကိုယ်တိုင် ရှုအပ် မြင်အပ်၏။ ထို့ကြောင့် ပရိယတ်သည် သန္ဒိဋ္ဌိက မည်၏၊ “ဆရာ ကင်း၍ မြင်သလော”ဟု မေးလျှင် “လောကုတ္တရာတရားကိုးပါးကို ကိုယ်တိုင် မြင်ကြသော အရိယာ ပုဂ္ဂိုလ်တို့ သည်လည်း ကလျာဏမိတ္တ အမှီရမှသာ ကိုယ်တိုင်မြင်ကြရသည်”ဟု ဖြေအပ်၏။

ချီးမွမ်းအပ်သော ပညာဖြင့် အောင်သောကြောင့် ပရိယတ်သည် သန္ဒိဋ္ဌိက မည်၏။ ဤအနက်သည် တိတ္ထိတို့ကို နှိမ်နင်းရာ၌ မုချတည်း။ ကိလေသာကို အောင်ရာ၌ကား အကြောင်း အဆက်ဆက် ဖြစ်သောကြောင့် ဥပစာရတည်း။

မြင်ခြင်းငှါထိုက်သောကြောင့် ပရိယတ်သည် သံန္နိဋ္ဌိက မည်၏။ ပရိယတ်ကို မြင်လျှင် ကိလေသာ ပယ်နိုင်သည်။ သူတော်ကောင်းတရား တိုးပွားအောင် ပြုနိုင်သည်။

“မိထွေးတော် ဂေါတမီ၊ အကြင်တရားသည် ရာဂ၊ ဒေါသ စသည်တို့ကို ဖြစ်စေ၏။ ရာဂ၊ ဒေါသ ကင်းခြင်းကို မဖြစ်စေ။ ထိုတရားသည် စင်စစ် ဓမ္မ မဟုတ်၊ ဝိနယမဟုတ်၊ သတ္ထု သာသနမဟုတ်”ဟု မိထွေးတော်အား ဟော၏။

“ချစ်သားတို့၊ ဓမ္မကိုသော်လည်း (ဖောင်ပမာ ကူးပြီးလျှင်) ပယ်ရသေးသည်။ အဓမ္မကို ဆိုဖွယ်မရှိ”ဟူ၍လည်း ဟော၏။ ဤကား ပရိယတ်ကို မြင်သင့် မြင်ထိုက်ပုံ သက်သေတည်း။

ပရိယတ်သည် အကာလိကမဂ်ကို ရခြင်းအကြောင်း ဖြစ်၏။ ထို ကြောင့် ပရိယတ်လည်း အကာလိက မည်၏။

ပရိယတ်သည် ထင်ရှားလည်း ရှိ၏။ စင်ကြယ်လည်း စင်ကြယ်၏။ “လာလော့၊ ကြည့်ရှုလော့” ဟူသော အစီအရင်ကို ခံထိုက်၏။ ထို့ကြောင့် ဧဟိ ပဿိက မည်၏။

ဝဋ်ဒုက္ခမှ လွတ်လိုသူတို့သည် မိမိစိတ်၌ ပရိယတ္တိကို ဆောင်ယူထိုက်၏။ ဝါ၊ ပရိယတ္တိဓမ္မ၌ မိမိစိတ်ကို ဆောင်ယူထိုက်၏။ ထို့ကြောင့် ဩပနေယျက မည်၏။

ဝဋ်ဒုက္ခမှ လွှတ်လို၍ လေ့ကျက်သင်ကြားသော ပညာရှိတို့သည် အနက်သိသောဉာဏ်၊ ဓမ္မသိသောဉာဏ်ရ၍ မိမိ မိမိစိတ်၌ အသီးသီး ခံစားအပ်၏။ သမုဒ္ဒရာခရီးသွားသော မထေရ်တပါးသည် သမုဒ္ဒရာရေ များပုံကို မြင်ပြီးလျှင် ပဋ္ဌာန်းဒေသနာ၌ နည်းပေါင်းများပုံကို မြင်၍ ဓမ္မသိသောဉာဏ်ရ၍ ပီတိသောမနဿ ဖြစ်၍ ရဟန္တာဖြစ်ဖူးပြီ။

ဤသို့ ပညာရှိသူတို့ မိမိစိတ်၌ ခံစားအပ်သောကြောင့် ဤပရိယတ်သည် ပစ္စတ္တံ ဝေဒိတဗ္ဗ မည်၏။ ဤသို့လျှင် သန္ဒိဋ္ဌိကစသော ဂုဏ်တော်တို့၌ ပရိယတ္တိဓမ္မကို ထည့်၍ နှလုံးသွင်းအပ်၏။ [၃၀၄၊ လင်း-ဆုတ်၊၈-၇၊]

သံဃာဂုဏ်တော်ကိုးပါး (ကြောင်း ၄ ကျိုး ၅ ) ၁၅-နက်

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော (၄)။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝက သံဃော-အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္စလီ ကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ (၅။)

ဘဂဝတော၊ မြတ်စွာဘုရား၏။
သာဝကသံဃော၊ တပည့်သံဃာ အပေါင်းသည်။
သုပ္ပဋိပန္နော၊ မဂ္ဂင်အကျင့်ကို ကောင်းစွာကျင့်တော်မူ၏
သုပ္ပဋိပန္နော၊ ဆုံးမတိုင်း မချွတ်မယွင်း ကျင့်တော်မူ၏။ [နှစ်နက်။]

ဥဇုပ္ပဋိပန္နော၊ ဖြောင့်မတ်စွာ ကျင့်တော်မူ၏။
ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အကျိုးငှါ ကျင့်တော်မူ၏။
သာမိစိပ္ပဋိပန္နော၊ ရိုသေသမှုပြုထိုက်အောင် ကျင့်တော်မူ၏။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အကြင်ပုဂ္ဂိုလ် အစုံလေးတို့သည်
ယဒိဒံ အဋ္ဌ ပုရိသပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ် ရှစ်ယောက်တို့သည်။
သန္တိ၊ ရှိကုန်၏။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဧသ-ဧသော သာဝကသံဃော၊ ဤလေးစုံရှစ်ယောက်သော တပည့်သံဃာ အပေါင်းသည်။
အာဟုယျော၊ အဝေးမှဆောင်၍ လှူအပ်သော ပစ္စည်းလေးပါးကို ခံတော်မူထိုက်၏။
အာဟုနေယျော၊ အရပ်ဝေးမှလာ၍ လှူရာဌာန ဖြစ်တော်မူ၏။
အာဟုနေယျော၊ သိကြားမင်း စသည်တို့၏ အလှူကို ခံတော်မူထိုက်၏။ [သုံးနက်။]

ပါဟုနေယျော၊ ဧည့်သည်ကောင်းတို့အလို့ငှါ အထူးသဖြင့် စီမံအပ်သော အာဂန္တုက ဒါနကို ခံတော်မူထိုက်၏။
ပါဟုနေယျော၊ အဦး အဖျားဆောင်၍ ပူဇော်ရာဌာန ဖြစ်တော်မူ၏။
ပါဟုနေယျော၊ ခပ်သိမ်းသောအပြားဖြင့် အရိုအသေ ပူဇော်ခြင်းကို ခံတော်မူထိုက်၏။ [သုံးနက်။]

ဒက္ခိဏေယျော၊ မြတ်သောအလှူကိုခံတော်မူထိုက်၏။
ဒက္ခိဏေယျော၊ မြတ်သောအလှူအား လျော်၏။ [နှစ်နက်။]

အဉ္စလိကရဏိယော၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်၏။

လောကဿ၊ လူအပေါင်း၏။
အနုတ္တရံ၊ အတုမရှိ အမြတ်ဆုံး ဖြစ်သော။
ပုညက္ခေတ္တံ၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ပေါက်ရောက် ကြီးပွားရာ လယ်တာမြေကောင်းသဖွယ် ဖြစ်တော်မူ၏။

ဣတိ ဧဝံ၊ ဤသို့ ကြောင်းလေး ကျိုးငါး ကိုးပါးအစ ဂုဏ်တော် အနန္တတို့ဖြင့်။
ဝိသုတံ၊ ထင်ရှားကျော်စောသော။
ဇိနောရသံ၊ ဘုရားရှင်၏ ရွှေရှင်တော်နှစ် သားတော်စစ် ဖြစ်တော်မူသော။
အရိယာသံဃံ၊ ရှစ်ယောက်သော အရိယာသံဃာအပေါင်းကို။
ဝန္ဒာမိ၊ ရှိခိုးသူ၏ ဟဒယ ဝတ္ထု၌ ဤဂုဏ်တို့ ဝင်၍ စုသည်ဟု ယုံကြည်လှစွာ ရှိခိုးပါ၏ ဘုရား။

သုပ္ပဋိပန္နောဂုဏ်တော် (နှစ်နက်)

(၁) သုပ္ပဋိပန္နော ဂုဏ်တော် အနက်နှစ်မျိုးတို့တွင် မဂ္ဂင်အကျင့် ကောင်းစွာ ကျင့်ခြင်းကား အရိယာ မဂ်လေးပါး၌ မဂ္ဂင်ရှစ်ပါး ရှိ၏။ ထိုမဂ္ဂင်ရှစ်ပါးကို ကျင့်၏။ မဂ္ဂင်ရှစ်ပါးကျင့်သူသည် --

မဖောက်မပြန်သော သမ္မာပဋိပတ်ကို ကျင့်သည်မည်၏။
မဆုတ်မနစ်သော အနိဝတ္တိပဋိပတ်ကို ကျင့်သည်မည်၏။
နိဗ္ဗာန်နှင့်လျော်သောအနုလောမပဋိပတ်ကို ကျင့်သည် မည်၏။
နိဗ္ဗာန်နှင့်မဆန့်ကျင်သော အပစ္စနိက ပဋိပတ်ကို ကျင့်သည်မည်၏။
နိဗ္ဗာန်အား လျောက်ပတ်သော ဓမ္မာနုဓမ္မပဋိပတ်ကိုကျင့်သည်မည်၏။
ထို့ကြောင့် ကောင်းစွာကျင့်သည် မည်၏။

အဘယ်သူ ကျင့်သနည်း။ သာဝကသံဃာသည် ကျင့်၏။ ဘုရားရှင် ဆုံးမခြင်း၊ ကံမြစ်ခြင်းကို ဆုံးမတိုင်း၊ ကံမြစ်တိုင်း ရိုသေစွာ နားထောင်သော တပည့်တို့သည်သာဝကတို့မည်ကုန်၏။ သာဝကတို့၏အပေါင်းသည် သာဝကသံဃာ မည်၏။ သီလအယူ တူသောကြောင့် တပေါင်းတည်း ပေါင်းပြီး ဖြစ်၏။ အရိယာတို့၏ သီလသည် လည်းကောင်း၊ ဒိဋ္ဌိသည် လည်းကောင်း မဂ်ဖြင့်လာသောကြောင့် အလယ်၌ ပိုင်းဖြတ်သော ရွှေသားကဲ့သို့ မထူးမပြား တသားတည်း တူ၏။ ထို့ကြောင့် တခြားစီ နေသော်လည်း အရိယာပုဂ္ဂိုလ်တို့သည် တပေါင်းတည်း တသင်းတည်း ဖြစ်ကုန်၏။

ထို သာဝကသံဃာတို့ကျင့်သော သမ္မာပဋိပတ် အရိယာမဂ္ဂင်အကျင့်သည် လရေးလောက်၊ နွားကျင်ကောက် (ထွန်းတုံးစွန်း) ထွန်ကိုင်းကောက် ကောက်ခြင်းမရှိ။ မာယာ၊ သာဌေယျ စသည်မှလွတ်၍ဖြောင့်၏။ ထို့ကြောင့် ဥဇုမူမည်၏။

ထက်ဝန်းကျင်စင်ကြယ်၏။ မချွတ်မယွင်း နိဗ္ဗာန် ရောက်ကြောင်းဖြစ်၏။ ထို့ကြောင့် ဉာယမည်၏။

ဝဋ်ဆင်းရဲမှလွတ်မြောက်ခြင်းငှါ လျော်၏။ ထို့ကြောင့် သာမိစိ မည်၏။

သာဝကသံဃာသည် သမ္မာပဋိပတ်မဂ္ဂင်ကို ကျင့်သောကြောင့် သုပ္ပဋိပန္နမည်သကဲ့သို့ ဥဇုမည်သော မဂ္ဂင်ကို ကျင့်သောကြောင့် ဥပ္ပဋိပန္န၊

ဉာယမည်သော မဂ္ဂင်ကို ကျင့်သောကြောင့် ဉာယပ္ပဋိပန္န၊

သာမိစိမည်သောမဂ္ဂင်ကို ကျင့်သောကြောင့် သာမိစိပ္ပဋိပန္နလည်း မည်သေး၏။

ထို့ကြောင့် သုပ္ပဋိပန္နော-ကောင်းသောမဂ္ဂင်၊ ဖြောင့်သောမဂ္ဂင်၊ နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်၊ ဝဋ်မှ လွတ်ခြင်း အားလျော်သော မဂ္ဂင်ကို ကျင့်၏။ ဝါ၊ မဂ္ဂင်အကျင့်ကို ကောင်းစွာ ဖြောင့်စွာ နိဗ္ဗာန် ရောက်အောင်၊ ငဋ်မှ လွတ်ခြင်းအား လျော်အောင် ကျင့်၏ဟူသော အနက်ကို သိအပ်၏။

မဂ္ဂင်အကျင့်ဖြင့် ဂုဏ်တော်အားလုံး တပေါင်းတည်း ပြွမ်းလျက် ရှိ၏။ ဤမဂ္ဂင်အကျင့်ကို မဂ္ဂဋ္ဌာန် လေးယောက်သာ ကျင့်ဆဲ ကျင့်သူ ဖြစ်၏။ ဖလဋ္ဌာန်လေးယောက်ကား ကျင့်ပြီးဖြစ်၍ ရထိုက်သော နိဗ္ဗာန်ကိုပင် ရပြီ။ ဤဂုဏ်၌ ယူသင့်ပါမည်လော။ မဂ္ဂဋ္ဌာန်ကား မုချ၊ ဖလဋ္ဌာန်ကား ဘူတပုဗ္ဗဂတိကနည်းဖြင့် ရှေး၌ ကျင့်ဆဲကို ရည်၍ ယူရသည်။

တနည်း-

မဂ်ခဏ ကျင့်ဆဲနှင့် ဖိုလ်ခဏ ကျင့်ပြီးကို တပေါင်းတည်း ပေါင်း၍ “ကျင့်သည်”ဟု ဆိုအပ်၏။ ဤသို့လျှင် တပည့်သံဃာရှစ်ယောက် အပေါင်းသည် ကောင်းစွာ ကျင့်၏။ သုဋ္ဌု- ကောင်းစွာ၊ ပဋိပန္နော- ကျင့်ဆဲ၊ ကျင့်ပြီး ကျင့်၏ဟူသော အနက်ကြောင့် သုပ္ပဋိပန္န မည်၏။

(၂) ဆုံးမတိုင်း မချွတ်မယွင်း ကျင့်ခြင်းကား ကောင်းစွာ ဟော ကြားအပ်သော ဓမ္မဝိနယ၌ တပည့်သံဃာ အပေါင်းသည် ချွတ်ယွင်းခြင်း မရှိအောင် ကျင့်၏။ ပစ္စည်းမငဲ့၊ အင်္ဂါကြီးငယ်မငဲ့၊ အသက်မငဲ့၊ သိက္ခာပုဒ် သီလသာငဲ့လျက် ဆုံးမတိုင်းကျင့်၏။

ပတ္တမြားခိုးသည်ဟု အရိုက်ခံရသော ရဟန်းသည် ကြိုးကြာငှက်မျိုသည်ကိုသိလျက် ပါဏာတိပါတ သိက္ခာပုဒ် မချွတ်ယွင်းစိမ့်သောငှါ ဖွင့်မပြောပဲ သေအောင်ရိုက်ခြင်းကို ငုံ့ခံလေသည်။ မုဆိုးက နွယ်တုပ်ခံရသော ရဟန်းသည် တောမီး လောင်လာသောအခါ နွယ်ဖြတ်၍ သွားနိုင်လျက် ဘူတဂါမ်သိက္ခာပုဒ် မချွတ်ယွင်းစိမ့် သောငှါ နွယ်မဖြတ်ပဲ မီးလောင်ခံလျက် နိဗ္ဗာန်သို့ ဝင်လေသည်။

ဤသို့စသည်ဖြင့် တပည့်အပေါင်းသည် ဆုံးမတိုင်း မချွတ်အောင် ကျင့်၏။ သု-အပဏ္ဏကံ- မချွတ်မယွင်း၊ ပဋိပန္နော-ကျင့်၏ဟူသော အနက်ကြောင့် သုပ္ပဋိပန္န မည်၏။

ဥဇုပ္ပဋိပန္နော

ဖြောင့်မတ်စွာကျင့်ခြင်းကား တပည့်သံဃာ အပေါင်းသည် အန္တဒွယသို့ မကပ်ပဲ မဇ္ဈိမပဋိပဒါဖြင့် အလယ်လမ်း ဖြောင့်ဖြောင့် ကျင့်၏။ ကိုယ်၊ နှုတ်၊ စိတ် မကောက်ကျစ်သဖြင့်လည်း ဖြောင့်ဖြောင့်ကျင့်၏။ ဥဇု- ဖြောင့်စွာ၊ ပဋိပန္နော-ကျင့်၏ဟူသော အနက်ကြောင့် ဥဇုပ္ပဋိပန္န မည်၏။

ကာမချမ်းသာ လိုက်စားခြင်းသည် လျော့သောအစွန်း မည်၏။ ကိုယ် ပင်ပန်းအောင် ကျင့်ခြင်းသည် တင်းသောအစွန်း မည်၏။ ဤအစွန်းနှစ်ခုသည် အန္တဒွယ မည်၏။ နိဗ္ဗာန်ရောက်ကြောင်းလမ်း မဟုတ်။ မဂ္ဂင်ရှစ်ပါး အကျင့်သည် မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့် မည်၏။ နိဗ္ဗာန် ရောက်ကြောင်း လမ်းဟောင်း တည်း။ ထို့ကြောင့် အလယ်လမ်း ဖြောင့်ဖြောင့်၌ သွားသော သံဃာဟု ဆိုအပ်၏။

ရှေးအခါ ကျီးတကောင်သည် ခြေတဘက်မြှောက်၍ ခံတွင်းဟလျက် နေ၏။ တပါးသောငှက်တို့ မေးကြ သောအခါ “ငါသည် တရားကို ပြင်းထန်စွာ ကျင့်၏။ ခံတွင်းပလျက် လေမျှကိုသာ ငါစားသည်။ ခြေနှစ်ဘက် စုံထောက်လိုက်လျှင် ငါ၏ အကျင့် အာနုဘော်ကို မခံနိုင်သောကြောင့် မဟာပထဝီမြေကြီး ပြိုပျက်လိမ့်မည်”ဟု ဆို၏။ ငှက်တို့ အစာရှာသွားကြ သောအခါ၌ကား အသိုက်တွင်းဝင်၍ ငှက်ဥတို့ကို ဖောက်စား၍ ငှက်တို့ ပြန်မရောက်ခင် ခြေတဘက်ထောက်ကာ ခံတွင်းဟလျက် “ငါသည် အမြဲမပြတ် လေကိုသာ စားသည်”ဟု ဆို၏။

ဤသို့ ကိုယ်၊ နှုတ်၊ စိတ် မစင်ကြယ်လျှင် အဘယ်မှာ ဖြောင့်သော အကျင့် ရှိနိုင်အံ့နည်း။ တပည့်သားသံဃာ အပေါင်းကား ငါတို့အား သေဘေးသည် ဝေးသည် မဟုတ်၊ ထွက်သက်၊ ဝင်သက် နှစ်ချက်နှင့် စပ်နေသည်ဟု ကပ်လျက် ရှုသောကြောင့် ကောက်ကျစ်ခြင်းမှ လွတ်၏။ ထို့ကြောင့် အစ၊ အဆုံး ဖြောင့်စင်း၍ စင်ကြယ်သော သံဃာဟု ဆိုအပ်၏။

ဉာယပ္ပဋိပန္နော

နိဗ္ဗာန်အကျိုးငှါ ကျင့်ခြင်းကား နိဗ္ဗာန်သည် မဂ်ဉာဏ်ဖြင့် သိအပ်သောကြောင့် ဉာယ မည်၏။ တပည့် သံဃာအပေါင်းသည် ထိုနိဗ္ဗာန်ကိုသာ လိုလားတောင့်တ၍ ကျင့်၏။ ထို့ကြောင့် ဉာယပ္ပဋိပန္န မည်၏။ ဉာယ-နိဗ္ဗာန်အလို့ငှါ၊ ပဋိပန္နော-ကျင့်၏ဟူသော အနက်ကြောင့် ဉာယပ္ပဋိပန္န မည်၏။ ဓမ္မသေနာပတိ တရား စစ်သူကြီး ရှင်သာရိပုတ္တရာ မထေရ်သည် ဤသို့သော ဂါထာတခုကို ရွတ်ဆို၏။

နာဘိနန္ဒာမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ နိဗ္ဗိသံ ဘဋကော ယထာ။

ဘဋကော၊ သူခစားသည်။
နိဗ္ဗိသံ၊ မိမိရထိုက်သော အခကြေးငွေကို။
ပဋိကင်္ခတိ ယထာ၊ တောင့်တသကဲ့သို့။
အဟံ၊ ငါသည်။
မရဏမ္ပိ၊ သေခြင်းကိုလည်း။
နာဘိနန္ဒာမိ၊ မနှစ်သက်။
ဇီဝိတံမ္ပိ၊ အသက်ရှင်ခြင်းကိုလည်း၊
နာဘိနန္ဒာမိ၊ မနှစ်သက်။
ကာလဉ္ဇ၊ ပရိနိဗ္ဗာန် စံရသောကာလကိုသာလျှင်။
ပဋိကင်္ခါမိ၊ လိုလားတောင့်တ၏။

သာမိစိပ္ပဋိပန္နော

ရိုသေသမှု ပြုထိုက်အောင် ကျင့်ခြင်းကား တပည့်သံဃာ အပေါင်းသည် အကြင်သို့ ကျင့်သည်ရှိသော် ရိုသေလေးမြတ်စွာ ကျေးဇူးဂုဏ်ကို ချီးမွမ်းပြောဆို၍ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ နေရာပေးခြင်း စသည်ဖြင့် ရိုသေသမှု ပြုထိုက်၏။ ထိုသို့ ကျင့်တော်မူ၏။ ထို့ကြောင့် သာမိစိပ္ပဋိပန္နမည်၏။

သာမိစိ-ရိုသေသမှု ပြုထိုက်အောင်၊
ပဋိပန္နော-ကျင့်၏ဟူသော အနက်ကြောင့် သာမိစိပ္ပဋိပန္န မည်၏။

ဤကား သံဃာတော် အပေါင်း၏ အကျင့်ဂုဏ်၊ ဝါ-အကြောင်းဂုဏ် လေးပါးတည်း။ နောက်ဆိုလတ္တံ့သော ဂုဏ်သည် အကျိုးဂုဏ်ငါးပါး မည်၏။

အာဟုနေယျော (၃-နက်)

ဤသို့ အကျင့်ဂုဏ် လေးပါးရှိသော တပည့်သံဃာ အပေါင်းသည် ပထမမဂ်၌ တည်သူ၊ ပထမဖိုလ်၌ တည်သူ အားဖြင့် တစုံ။ ဤနည်းဖြင့် လေးစုံ ဖြစ်၏။ ပုဂ္ဂိုလ်အရေအတွက်အားဖြင့် မဂ်၌တည်သူ လေးယောက်၊ ဖိုလ်၌တည်သူ လေးယောက်၊ ဤသို့ရှစ်ယောက်ဖြစ်၏။ လေးစုံ ရှစ်ယောက်သော ဤတပည့်အပေါင်းသည် အာဟုနေယျစသော အကျိုးဂုဏ်ငါးပါး ရှိ၏။

အာဟုနေယျော ဂုဏ်တော် အနက်သုံးပါးတို့တွင် -

(၁) အဝေးမှဆောင်၍ လှူအပ်သော ပစ္စည်းလေးပါး ခံထိုက်ခြင်းကား သီလဝန္တပုဂ္ဂိုလ်တို့အတွက် ဝေးသော အရပ်မှသော်လည်း ဆောင်ယူ၍ လှူအပ်သော ပစ္စည်းသည် အာဟုန မည်၏။ တပည့်သံဃာ အရိယာရှစ်ယောက်အပေါင်းသည် အကျိုးအာနိသင် များအောင် ပြုတတ်သောကြောင့် ထိုပစ္စည်းကို ခံယူခြင်းငှါ ထိုက်သော သံဃာအပေါင်း ဖြစ်၏။ ထို့ကြောင့် အာဟုနေယျ ဖြစ်၏။

အာ-အဝေးမှဆောင်ယူ၍၊
ဟုန-ပေးလှူ ပူဇော်သည်ကို၊
အရဟတိ-ထိုက်၏ ဟူသော အနက်ကြောင့် အာဟုနေယျ မည်၏။

သီဟိုဠ်ကျွန်း မဟာဂါမ၌ ထင်းရောင်းစားသူ မဟာတိဿသည် သမီးကို အသပြာ ၁၂-ကျပ်ဖြင့် ပေါင်နှံထား သဖြင့် ရွေးယူရန် အရပ်ဝေးသို့သွား၍ အလုပ် လုပ်၏။ ငွေ ၁၂-ကျပ် ရ၍ ပြန်လာသောအခါ လမ်း၌ မထေရ်တပါး ဆွမ်းချိန်လွန်တော့မည်ကို မြင်၍ ထိုငွေ ၁၂ ကျပ် ဖြင့် ဆွမ်းဝယ်၍ ကပ်၏။ ထိုမထေရ် နိဗ္ဗာန်စံအံ့သောအခါ “ငါ့ အလောင်းသည် ဤထင်းသည်လက်ဖြင့် ထိမှ လှုပ်စေသတည်း”ဟု ဓိဋ္ဌာန် လေ၏။

ကာကဝဏ္ဏတိဿ မင်းကြီးသည် ထိုမထေရ်အလောင်းကို မီးသင်္ဂြိုဟ်ရန် မတတ်နိုင်၍ ထိုထင်းသည်ကို ရှာဖွေစေ၏။ ထင်းသည် ရောက်လာသောအခါ ကာကဝဏ္ဏတိဿမင်းကြီးက “နောင်တော် မဟာတိဿ၊ ဤ အဖိုးတန် အဝတ်တန်ဆာကို ဝတ်ဆင်၍ မထေရ် အလောင်းကို မီးသင်္ဂြိုဟ်ပါ”ဟု မိန့်ဆိုရလေ၏။

ဤသို့လျှင် သံဃာတော် အပေါင်းသည် အရပ်ဝေးမှ ရှာဖွေ၍ရသော ပစ္စည်းကို အလှူခံ၍ ထိုအလှူကို အကျိုးများအောင် ပြုသောကြောင့် အလှူခံထိုက်သူ ဖြစ်လေ၏။

(၂) အရပ်ဝေးမှလာ၍ လှူရာဌာနဖြစ်ခြင်းကား တံရပ်တကျေး အရပ်ဝေးမှသော်လည်း လူအပေါင်းသည် လာရောက်၍ ဤတပည့် သံဃာအပေါင်း၌ လှူဒါန်း ပူဇော်ရလေသည်။

အာ-အဝေးမှလာ၍၊
ဟဝနီယ-လှူရာပူဇော်ရာ ဖြစ်၏
ဟူသော အနက်ကြောင့် အာဟဝနီယ မည်၏။ ဝါ၊ အာဟုနေယျ မည်၏။

မစ္ဆိကာသဏ္ဍမြို့မှ စိတ္တသူကြွယ်သည် နှမ်း၊ ဆန်၊ တင်လဲ၊ အဝတ်၊ ပုဆိုးစသည်တို့ကို လှည်းငါးရာဖြင့်တင်၍ သာဝတ္ထိပြည် ဇေတဝန် ကျောင်းသို့ သွား၍ ဘုရားရှင်နှင့်တကွ သံဃာတော် အပေါင်းအား ပစ္စည်းလေးပါး ပေးလှူပူဇော်လေသည်။

နတ်လူတို့သည် “စိတ္တသူကြွယ် ပြန်သောအခါ လှည်းငါးရာ အချည်းနှီး မဖြစ်စေလင့်”ဟု ရတနာခုနစ်ပါး လက်ဆောင်ပေးကြသဖြင့် လှည်းငါးရာ ပြည့်လေသတတ်။ ဤသို့လည်း အဝေးမှလာရောက်၍ လှူဒါန်းရာ ဖြစ်သော သံဃာသည် အလှူကို အကျိုးများစေသောကြောင့် အလှူခံထိုက်သူ ဖြစ်လေ၏။

(၃) သိကြားမင်း စသည်တို့၏ အလှူကို ခံထိုက်ခြင်းကား သိကြားမင်းစသည်တို့၏ အလှူသည် အာဟဝန မည်၏။ တပည့်သံဃာသည် ထိုအလှူကိုလည်း ခံထိုက်၏။ လာဇာနတ်သမီးသည် ရှင်မဟာကဿပ၏ ကျောင်း၌ သောက်ရေ သုံးရေ ခပ်လှူခြင်း၊ တံမြက်လှည်းခြင်းတို့ကို လာ၍ ပြု၏။ ရှင်မဟာကဿပ သိသောအခါ

“နောက် မလာရ” ဟု တား၏။

“တပည့်တော်မ နတ်စည်းစိမ် မြဲစိမ့်သောဂှါ ပြုပါသည်။ မတားပါနှင့် ဘုရား” ဟု လျှောက်၏။

“ဟယ် နတ်သမီး၊ နောင်အခါ ဓမ္မကထိကတို့သည် ပရိသတ်အလယ်၌ ရှင်မဟာကဿပထံ နတ်သမီး တယောက် အမြဲဝတ်ပြုသည်ဟု တရားဟောရာ၌ ထည့်ပြောမည်ကို ငါ ရှက်သည်။ ဘယ်တော့မှ မလာလေနှင့်” ဟု တားမြစ်တော်မူဖူး၏။

သိကြားမင်းကြီးလည်း သုဇာတာနှင့်တကွလာ၍ သူအို လင်မယား အသွင်ဖြင့် ရှင်မဟာကဿပအား ဆွမ်းလောင်း၏။ ရှင်မဟာကဿပသည် “အလွန် ဆင်းရဲရှာသော သူအိုလင်မယား”ဟု သနားလှ၍ ဆွမ်အလှူခံပြီးမှ သိကြားအဖြစ်ကို သိ၍ “သိကြားမင်း လူလိမ်၊ အဘယ့်ကြောင့် သူဆင်းရဲတို့အား ငါ ချီးမြှောက်သည်ကို ဝင်ရောက်၍ ဖျက်ဆီးဘိသနည်း”ဟု ဆို၏။

“တပည့်တော်သည် အလွန် ဆင်းရဲပါသည်။ သာသနာတွင်း၌ ကုသိုလ်ပြု၍ နတ်ဖြစ်သူတို့၏ အရောင် အဝါသည် တပည့်တော် သိကြားမင်း အရောင်အဝါထက် သာလွန်၍ ရှက်လှသောကြောင့် အမြဲဆင်းရဲဒုက္ခ ရောက်နေရပါသည်”ဟု လျှောက်၏။ ဤသို့လျှင် သိကြားမင်း စသော နတ်တို့၏ အလှူကိုသော်လည်း အကျိုးများအောင် ပြုသော တပည့်သံဃာ အပေါင်း ဖြစ်၏။

အာဟဝန-သိကြားစသည်တို့၏ အလှူကို၊
အရဟတိ-ထိုက်၏
ဟူသော အနက်ကြောင့် အာဟဝနီယ မည်၏။ ဝါ၊ အာဟုနေယျ မည်၏။

ပုဏ္ဏားတို့အယူ၌ မီးသည် အာဟဝနီယ မည်၏။ မီး၌ နို့၊ ထောပတ် စသည်တို့ကို ပူဇော်လျှင် အလွန် အကျိုး များသောကြောင့်ဟု ဆိုကုန်၏။ အလှူကို အကျိုးများအောင် ပြုသောကြောင့် အာဟဝနီယမည်လျှင် ငါတို့ ကိုးကွယ်သော သံဃာသည်သာလျှင် အာဟုဝနီယအစစ် ဖြစ်၏။

တသက်လုံး မီးအားလုပ်ကျွေးသည်ထက် အရိယာသံဃာအား တကြိမ်မျှ၊ တခဏမျှ ပူဇော်လုပ်ကျွေး ရခြင်းသည် သာလွန်၍ အကျိုးများသောကြောင့်တည်း။ ထိုပုဏ္ဏားတို့ အယူ၌ အာဟဝနီယဟူသော စကား သည် ငါတို့သာသနာတော်၌ အာဟုနေယျပင်တည်း။ အနက်တူ ဖြစ်၏။

ပါဟုနေယျော (၃ နက်)

ပါဟုနေယျောဂုဏ်တော် သုံးနက်တို့တွင် -

(၁) ဧည့်သည်ကောင်းတို့ အလို့ငှါ အထူးသဖြင့် စီမံအပ်သော အာဂန္တုက ဒါနကို ခံထိုက်ခြင်းကား အရပ်ရပ်မှ တရံတခါ ရောက်လာသော ပိယမနာပ ဆွေမျိုးမိတ်ဆွေတို့အတွက် အထူးတလည် ပြုပြင် စီမံအပ်သော အာဂန္တုကဒါနသည် ပါဟုန မည်၏။ ထိုအာဂန္တုက ဒါနကို ထိုဧည့်သည်ကောင်းတို့အား မပေးလှူပဲ ဖယ်ထား၍ အရိယာ သံဃာအားသာ လှူခြင်းငှါ ထိုက်၏။ သံဃာသည်လည်း ထိုအာဂန္တုက ဒါနကို ခံယူခြင်းငှါ ထိုက်၏။

ဧည့်သည်အတွက် အထူးစီမံသည်ကို ဧည့်သည်သာ ခံထိုက်ရမည် မဟုတ်လောဟူမူ သံဃာလည်း ဧည့်သည် ဖြစ်၏။ ဘုရားပွင့်သော ကာလ၌သာ ထင်ရှားစွာ ပေါ်ပေါက်လာသည်။ ဘုရားမပွင့်လျှင် ကမ္ဘာ အသင်္ချေပင် လွန်လေငြားသော်လည်း မထင်။ ဤသို့ တရံတခါမှ ပေါ်ပေါက်လာသော ဧည့်သည်ဖြစ်ရုံမျှ မဟုတ်သေး၊ နှစ်သက်ဖွယ် သီလ စသော အကျင့်နှင့်လည်း ပြည့်စုံ၏။ အတိပိယ အတိမနာပ-အတုမရှိသော ဧည့်သည်ထူး ဖြစ်၏။

သံဃာနှင့် တူသော ဧည့်သည်သည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း။ ထို့ကြောင့် အာဂန္တုက ဒါနကို သံဃာအား လှူသူလည်း လှူထိုက်၏။ ခံယူသော သံဃာလည်း ကောင်းကောင်းကြီး ခံယူထိုက်၏။

-အဝေးမှ၊
အာ-ရောက်လာသော သူအတွက်၊
ဟုန-အထူးစီမံသော အာဂန္တုက ဒါနကို၊
အရဟတိ-ထိုက်၏
ဟူသော အနက်ကြောင့် ပါဟုနေယျ မည်၏။

(၂) အဦးအဖျား လှူရာဌာန ဖြစ်ခြင်းကား တပည့်သံဃာအပေါင်းသည် အဦးအဖျားပြု၍ လုပ်ကျွေးပူဇော်ခြင်းကို ခံထိုက်၏။ အလုံးစုံသော ဧည့်သည်ကောင်းတို့၏ ရှေးဦးစွာ ဆောင်ယူ၍ ပေးလှူပူဇော်ရာ ဖြစ်၏။

-ရှေးဦးစွာ၊
အာ-ဆောင်၍၊
ဟဝနီယ-ပူဇော်ရာ ဖြစ်၏
ဟူသောအနက်ကြောင့် ပါဟဝနီယ မည်၏။ ဝါ၊ ပါဟုနေယျ မည်၏။

(၃) ခပ်သိမ်းသောအပြားဖြင့် ပူဇော်ခြင်းကို ထိုက်ခြင်းကား သေခြင်း, မြတ်နိုးခြင်း, အလေးပြုခြင်းစသော အပြားဖြင့်လည်းကောင်း လှူဖွယ်ပစ္စည်းကို သန့်ရှင်းစွာ ပြုပြင်ခြင်း, လှပတင့်တယ်စွာ ပြုပြင်ခြင်း၊ အခြံအရံနှင့် တကွ သိုက်မြိုက်စွာ ဖွယ်ဖွယ်ရာရာ ပြုပြင်ခြင်းစသော အပြားဖြင့် လည်းကောင်း ဆောင်ယူ၍ ပေးလှူ ပူဇော်ထိုက်၏။ ဤသို့ ခပ် သိမ်းသောအပြားဖြင့် ပူဇော်ထိုက်သောကြောင့် တပည့်သံဃာအပေါင်းသည် ပါဟုနေယျ မည်၏။

-ခပ်သိမ်းသောအပြားဖြင့်၊
အာ-ဆောင်၍၊
ဟဝန-ပူဇော်သည်ကို၊
အရဟတိ-ထိုက်၏
ဟူသော အနက်ကြောင့် ပါဟဝနီယ မည်၏။ ဝါ၊ ပါဟုနေယျ မည်၏။

ဤ၌လည်း ပုဏ္ဏားတို့၏ အယူ၌ ပါဟဝနီယသည် ငါတို့သာသနာတော်၌ ပါဟုနေယျပင်တည်း။ အနက်တူ ဖြစ်၏။

ဒက္ခိဏေယျော (၂-နက်)

ဒက္ခိဏေယျော အနက်နှစ်မျိုးတို့တွင် -

(၁) မြတ်သောအလှူကို ခံထိုက်ခြင်းကား တမလွန်လောကကို ယုံ ကြည်၍ ပေးလှူအပ်သော အလှူဝတ္ထုသည် ဒက္ခိဏာ မည်၏။ [သတ္တဝါတို့ အလိုရှိတိုင်းသော စီးပွားချမ်းသာ တိုးပွားစေသော အလှူမြတ်ဟူလို။] တပည့် သံဃာအပေါင်းသည် ထိုသို့သောအလှူမြတ်ကို ခံထိုက်၏။

ဒက္ခိဏံ-မြတ်သောအလှူကို၊
အရဟတိ-ထိုက်၏ဟူသော အနက်ကြောင့် ဒက္ခိဏေယျ မည်၏။

(၂) မြတ်သောအလှူအား လျော်ခြင်းကား တပည့်သံဃာ အပေါင်းသည် ထိုမြတ်သောအလှူအား လျော်၏။ ထိုမြတ်သောအလှူကို အကျိုးများအောင်ပြုခြင်းဖြင့် သုတ်သင်တတ်၏။ သံဃာတော် သုတ်သင် ပေးသော အလှူသည် စည်ပင်ခြင်း၊ ပြန့်ပြောခြင်း၊ တိုးပွားခြင်းကို ရ၏။

ဒက္ခိဏာယ-မြတ်သောအလှူအား၊
ဟိတော-လျော်၏ဟူသော အနက်ကြောင့် ဒက္ခိဏေယျ မည်၏။

ဥပရိပဏ္ဏာသ ဒက္ခိဏာဝိဘင်္ဂသုတ်၌ သံဃေ တွံ ဂေါတမိ ဒေဟိ

ဂေါတမိ၊ မိထွေးတော်ဂေါတမီ။
တွံ၊ သင်သည်။
သံဃေ၊ သံဃာအား။
ဒေဟိ၊ လှူလော့။

ဤသို့ ဘုရားရှင် တိုက်တွန်း၏။ ဘုရားရှင်၏ အလိုတော်ကား မိထွေးတော်အား ကျေးဇူးများစေလိုသည်။ မိထွေးတော်သည် ငါဘုရား၌ စေတနာသုံးတန်ရ၍ သံဃာတော်၌ စေတနာသုံးတန်ရလျှင် စေတနာ ခြောက်တန်ဖြင့် ကျေးဇူးများလတ္တံ့ ဟူလို။

တနည်း၊ နောင်လာသူ လူအပေါင်းသည် သံဃာအား အလေးပြုစေလိုသည်။

အဓိပ္ပါယ်ကား -

ငါဘုရားသည် ကြာမြင့်စွာ မတည်။ ဤသာဝက သံဃာသည်သာလျှင် ကြာမြင့်စွာ တည်မည်။ ငါဘုရား၏ အဆုံးအမ သာသနာသည်လည်း ဤ သံဃာအပေါင်း၌သာလျှင် နှစ်ပေါင်း ၅၀၀၀ တည်မည်။ ဤသံဃာ အပေါင်းသည်လည်း ဒက္ခိဏေယျ ဖြစ်သည်။ ဤသို့ နောင်လာသူ လူအပေါင်း သိရှိ၍ သံဃာအား အလေးပြုလျှင် သာသနာလည်း ကြာမြင့်စွာ တည်လတ္တံ့ ဟု ကြံတော်မူ၍ တိုက်တွန်းလေသည်။

ပုဂ္ဂလိကဒက္ခိဏာသည် ၁၄-ပါး ရှိ၏။

ဘုရားအား လှူခြင်း၊ ပစ္စေကဗုဒ္ဓါအား လှူခြင်း(၂)၊
ရဟန္တာအား လှူခြင်း၊ ရဟန္တာဖြစ်အောင် ကျင့်သူအား လှူခြင်း။ …လ.. သောတာပန်အား လှူခြင်း၊ သောတာပန်ဖြစ်အောင် ကျင့်သူအား လှူခြင်း(၈)၊
သာသနာပ ကာမရာဂ ကင်းသော ဈာန် အဘိညာရ ပုဂ္ဂိုလ်အား လှူခြင်း၊ ပုထုဇဉ် သီလဝန္တအား လှူခြင်း (၂)၊
ပုထုဇဉ်ဒုဿီလအား လှူခြင်း၊ တိရစ္ဆာန်အား လှူခြင်း(၂)၊
ဤသို့ ၁၄-ပါး ဖြစ်၏။

ဤ၌ အယုတ်ဆုံး သရဏဂုံတည်သော ဥပါသကာသည် သောတာပန်ဖြစ်အောင် ကျင့်သူမည်၏။ ဗုဒ္ဓဘာသာ ဖြစ်ကာမျှ ဖြင့် သာသနာပ ဈာန်ရ ရသေ့ထက် သာလွန်ပြီ။ သာသနာပ ဈာန်ရ ရသေ့အား ရတနာသုံးပါး မရှိသောကြောင့်တည်း။

သံဃိကဒက္ခိဏာသည် ၇-ပါး ရှိ၏။

ဘုရားအမှူးရှိသော ဥဘတော သံဃာအား လှူခြင်း၊
ဘုရားမပါပဲ ဥဘတောသံဃာအား လှူခြင်း (၂)၊
ဘိက္ခုသံဃာအား လှူခြင်း၊
ဘိက္ခုနီသံဃာအား လှူခြင်း (၂)၊
ဘိက္ခု ဤမျှ ဘိက္ခုနီ ဤမျှဟု သံဃာမှ ညွှန်းစေ၍ လှူခြင်း၊
ဘိက္ခု ဤမျှဟုသံဃာမှ ညွှန်းစေ၍ လှူခြင်း၊
ဘိက္ခုနီ ဤမျှဟု သံဃာမှ ညွှန်းစေ၍ လှူခြင်း (၃)
ဤသို့ ၇-ပါး ဖြစ်၏။

ဥဘတော-နှစ်၊ သံဃာ-နှစ်၊ သုံးဖြစ်-သံဃာ ညွှန်း။

သံဃာမှ ညွှန်းစေ၍ လှူလျှင် ဒုဿီလအားပင်ဖြစ်စေ ပုဂ္ဂလိကထက် အကျိုးကြီး၏။ ဒုဿီလအား သံဃိကဖြစ်အောင်လှူရာ၌ အကျိုးကြီးအောင် အဘယ်သူ သုတ်သင်သနည်း။ရဟန္တာအရှင်မြတ်ကြီးတို့ သုတ်သင်ကုန်၏။ ရှင်သာရိပုတ္တရာစသော သာသနာ ငါးထောင်တွင်းရှိ ရဟန္တာကြီးတို့သည် သံဃာ၌ ဦးစီး ခေါင်းဆောင်ကြီးတို့ ဖြစ်ကုန်၏။

ဒက္ခိဏာဝိသုဒ္ဓိသည် လေးပါး ရှိ၏။

လူသူအတွက် စင်ကြယ်ခြင်း၊
အလှူခံ အတွက် စင်ကြယ်ခြင်း၊
နှစ်ပါးစုံအတွက် မစင်ကြယ်ခြင်း၊
နှစ်ပါးစုံ အတွက် စင်ကြယ်ခြင်း-ဤသို့လေးပါးဖြစ်၏။

ဇူဇကာအား ဝေဿန္တရာ မင်းကြီး သားသမီးလှူခြင်းသည် လှူသူသီလရှိသောကြောင့် မဟာပထဝီ မြေကြီး ကိုပင် တုန်လှုပ်စေပြီ။

သီဟိုဠ်ကျွန်း၌ ဒီဃသောမ မထေရ်အား တံငါတယောက် ဆွမ်းသုံးကြိမ် လှူခြင်းသည် အလှူခံသီလ ရှိသောကြောင့် ထိုတံငါ သေအံ့ဆဲဆဲတွင် “ဒီဃသောမ မထေရ်အား လှူသောဆွမ်းသည် ငါ့ကို ထုတ်ဆောင်သည်”ဟု ဆိုသွားလေပြီ။

ဝဍ္ဎမာန အရပ်၌ မုဆိုးတယောက်သည် သေသူအား ကုသိုလ်အဖို့ ပေးဝေလို၍ ဒုဿီလ တပါးအား သုံးကြိမ်တိုင်အောင် ဆွမ်းလှူ၍ အမျှဝေ၏။ သုံးကြိမ်မြောက်သောအခါ သေသူပြိတ္တာက ဒုဿီလော မံ ဝိလုမ္ပတိ။ ဒုဿီလော မံ ဝိလုမ္ပတိ-ဟု မြည်တမ်းလေ၏။

(မံ၊ ငါ့ကို။
ဝါ၊ ငါ့အစာကို၊
ဒုဿီလော၊ ဒုဿီလကြီးသည်။
ဝိလုမ္ပတိ၊ လုယက်ဖျက်ဆီး၏။)

ထို့နောက် သီလဝန္တ ပုဂ္ဂိုလ်အားလှူ၍ အမျှဝေသောအခါမှ ပြိတ္တာထံသို့ ကုသိုလ်အဖို့ ရောက်လေသည်။

ဤကား နှစ်ပါးစုံအတွက် မစင်ကြယ်ခြင်းတည်း။ မင်းနှင့်တကွ တိုင်းသူပြည်းသားတို့ ဘုရားအမှူးရှိသော သံဃာအား အသဒိသဒါန လှူရာ၌ကား နှစ်ပါးစုံအတွက် သီလရှိ၍ စင်ကြယ်၏။

ဆင်ဖြူတော်ပစ္စယ လှူမိခြင်းကြောင့် တိုင်းသူပြည်သား လူအများ မကြည်ဖြူ၍ ဝင်္ကပါတောင်သို့ ထွက်သွား ခါနီးတွင် မယ်မဒ္ဒီအား ဝေဿန္တရာမင်းကြီး မှာကြားပုံကား ဤသို့တည်း။

သီလဝန္တေသု ဒဇ္ဇာသိ၊ ဒါနံ မဒ္ဒိ ယထာရဟံ။
န ဟိ ဒါနာ ပရံ အတ္ထိ၊ ပတိဋ္ဌာ သဗ္ဗပါဏိနံ။

မဒ္ဒိ၊ မဒ္ဒီမိဖုရား။
တွံ၊ သင်သည်။
သီလဝန္တေသု၊ သီလရှိသူတို့အား
ဒါနံ၊ အလှူကို။
ယထာရဟံ၊ ထိုက်သည်အားလျော်စွာ။
ဒဇ္ဇာသိ၊ လှူဒါန်းရာ၏။
ဒါနာ၊ ဒါနမှ။
ပရံ၊ တပါးသော။
သဗ္ဗပါဏိနံ၊ အလုံးစုံသော သူတို့၏။
ပတိဋ္ဌာ၊ တည်ရာသည်။
န ဟိ အတ္ထိ၊ မရှိသည်သာတည်း။

ဤသို့ စသည်ဖြင့် တပည့်သံဃာအပေါင်း၏ ဒက္ခိဏေယျ မည်ပုံကို သိအပ်၏။

အဉ္စလိကရဏီယော

လက်အုပ်ချီးခြင်းကို ခံထိုက်ခြင်းကား အလုံးစုံသော သူအပေါင်းသည် သံဃာကိုမြင်လျှင် ကုသိုလ်အလိုရှိ၍ လက်နှစ်ဘက်ကို ဦးခေါင်း၌ထား၍ လက်အုပ်ချီမှု ပြုလေ့ရှိ၏။ ထိုသို့ပြုခြင်းသည် အဉ္ဇလိကရဏ မည်၏။ တပည့်သံဃာအပေါင်းသည် ဤသို့ပြုသော လက်အုပ်ချီခြင်းကို ခံထိုက်၏။

အဉ္ဇလိ-လက်အုပ်ကို၊
ကရဏ-ချီခြင်းကို၊
အရဟတိ-ထိုက်၏ ဟူသော အနက်ကြောင့် အဉ္စလိကရဏီယ မည်၏။

“ချစ်သားတို့၊ အားကောင်းသော ယောက်ျား၏ မြမြထက်သော လှံမဖြင့် ရင်ဝတည့်တည့် အထိုးခံရသူ တယောက်၊ ဒါယကာ ဒါယိကာမတို့၏ လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံရသူတယောက်၊ ဤသူနှစ်ယောက် တို့တွင် အဘယ်သူသည် သက်သာမည်ဟု ထင်ကြသနည်း”ဟု မိန့်ခွန်းတော်ရှိ၏။

လူတို့လက်အုပ်သည် ထက်မြက်ခြင်းမရှိ၊ အတုံးအတိ ဖြစ်၏။ လေးတောင် ငါးတောင် ကွာလောက်က ရွယ်ချီရုံမျှဖြစ်၏။ လာ၍မထိ။ လှံသည် သေလုနီး ဒုက္ခသို့ လည်းကောင်း၊ သေခြင်းသို့ လည်းကောင်း ရောက်စေနိုင်၏။ အပါယ်သို့ မရောက်စေနိုင်။

လူတို့ချီသော လက်အုပ်ကား သီလမရှိသူကို နှစ်ပေါင်းများစွာ မထနိုင်အောင် အပါယ်သို့ ကျရောက်စေသည်။ ထို့ကြောင့် လက်အုပ်ချီခြင်းကို သာမန်ပုဂ္ဂိုလ် မခံထိုက်။ ဘုရားရှင်၏ တပည့်သံဃာ အပေါင်းသာ ခံထိုက်လေသည်။

ထိုသံဃာနှင့်စပ်၍ အသုံးအဆောင် ပရိက္ခရာသည်လည်း လက်အုပ် ချီခြင်းကို ခံထိုက်သေး၏။ ရဟန်း အသုံးအဆောင်သည် လူတို့အား စေတီထိုက်၏ ဟူ၍ လည်းကောင်း၊ လမ်း၌ စွန့်ပစ်သောသင်္ကန်း မစင် ပေးကျံသော်လည်း ရှိခိုးထိုက်၏ဟူ၍ လည်းကောင်း ဟောသည်။

အနုတ္တရံ ပုညက္ခေတ္တံ လောကဿ

ကောင်းမှုမျိုးစေ့ ပေါက်ရောက်ရာ လယ်တာ မြေကောင်းသဖွယ် ဖြစ်ခြင်းကား တပည့်သံဃာ အပေါင်းသည် တလောကလုံး၏ ကုသိုလ် ဖြစ်ရာ အတုမရှိသောနေရာဌာန ဖြစ်၏။

(လူတို့ ဒါန, သီလ, ဘာဝနာကုသိုလ်ဖြစ်ခြင်း၊ ရတနာသုံးပါး ဂုဏ်ကျေးဇူး သိခြင်းတို့သည် သံဃာအပေါင်း၏ ကျေးဇူး ဒိဋ္ဌမျက်မြင်တည်း။ ရှင်သုမင်္ဂလသာမိ ဋီကာဆရာသည် ရတနာသုံးပါး ကျေးဇူးထက် ငါ့ဆရာ ရှင်သာရိပုတ္တရာ၏ ကျေးဇူးသည် ငါ့အား များလှပေသည်ဟု ဆရာကို ရတနာ သုံးပါးထက် ပိုမိုကာ ဦးတိုက်၍ အထူး ရှိခိုးသတတ်။ ရှင်သာရိပုတ္တရာသည် ရောက်ရာအရပ်၌ မိမိအား သောတာပန်ဖြစ်အောင် သစ္စာလေးပါး ဟောကြားသော ရှင်အဿဇိမထေရ်ရှိရာ အရပ်ကို ဦးခိုက်၍ ကျိန်းစက်သတတ်။)

သလေးစပါး ဖြစ်ထွန်းရာ လယ်မြေသည် သာလိခေတ္တ မည်သကဲ့သို့ ကုသိုလ်ဖြစ်ထွန်းရာ သံဃာသည် ပုညက္ခေတ္တ မည်၏။ မင်းကြီး၏ သလေးခင်း လယ်မြေသည် ရညော သာလိခေတ္တ မည်သကဲ့သို့ လူအပေါင်း၏ ကုသိုလ်ခင်း သံဃာသည် လောက ပုညက္ခေတ္တ မည်၏။

သံဃာကို မှီ၍သာ လူတို့ ကုသိုလ်မျိုးစေ့သည် စီးပွားချမ်းသာ ဖြစ်ထွန်း စေလျက် ပေါက်ရောက်သောကြောင့် အနုတ္တရ လည်း မည်၏။ ထို့ကြောင့် သံဃာသည် လူတိုင်းလူတိုင်း၏ ကုသိုလ်လယ်မြေ အကောင်းဆုံး အတုမရှိ မည်၏။

ရာဇဂြိုဟ်ပြည်၌ သူဆင်းရဲ ကာဠဝဠိယ၏ မယားသည် ဟင်းရွက်ဖြင့် ရောစပ်၍ ယာဂုကျိုစဉ် အိမ်ရှေ့၌ ရှင်မဟာကဿပ ကို မြင်၍ ယာဂု လှူ၏။ ထိုယာဂုကို ဘုရားရှင်နှင့်တကွ သံဃာငါးရာ သုံးဆောင်၏။ သူဆင်းရဲ ကာဠဝဠိယလည်း ကျောင်းသို့ရောက်၍ ယာဂုအကြွင်း စားခဲ့ရသေး၏။ “ချစ်သားကဿပ၊ ကာဠဝဂ္ဂိယသည် ခုနစ်ရက်ကြာလျင် သဌေးကြီး ဖြစ်လိမ့်မည်”ဟု ဘုရားရှင် မိန့်ကြားသည်ကိုလည်း ကြားခဲ့၍ မယားအား ပြန်ပြော၏။

တနေ့၌ မြို့ပြင်ပတွင် တံကျင်လျှိုခံနေရသော ရာဇဝတ်ကောင်သည် “အရှင်မင်းကြီး၏ ပွဲတော်ကို စားပါရစေ” ဟု အော်ပြော၏။ မင်းကြီးသည် ညဉ့်ပွဲတော်တည်ချိန်တွင် ပို့စေ၏။ သွားဝံ့သူ မရှိ၍ ဆုငွေတစ်ထောင်ဖြင့် ပို့စေ၏။ ကာဠဝဠိယ၏ မယားသည် ဆုငွေတစ်ထောင်ကိုယူ၍ ယောက်ျားအသွင်ဖြင့် လက်နက်ငါးပါးစွဲလျက် သွားပို့၏။

မြို့ပြင်ပ ထန်းပင်၌နေသော ဒီဃတာလဘီလူးသည် “အသင် လူသား၊ သင်ကား ငါ့အစာဖြစ်ပြီ”ဟု ဆို၏။ “ငါသည် မင်းတမန် ဖြစ်သည်။ တံကျင်လျှိုခံရသူထံ ထမင်းပို့ စေလွှတ်အပ်သူ”ဟု ဆိုလတ်သော် “ယင်းသို့ ဖြစ်လျှင် ငါ၏မယား သုမနနတ်မင်းကြီး၏ သမီး ကာဠသည် ယနေ့ သားယောကျ်ား ဖွားမြင်သည်။ ဤမည်သော အရပ်၌ သုမနနတ်မင်းကြီးအား ပြေးလိုက်ပါ။ ဤထန်းပင်ရင်း၌ ရွှေအိုးခုနစ်လုံး ရှိသည်။ သင် ဖော်ယူပါ”ဟု ဆို၏။

သုမနနတ်မင်းထံရောက်၍ ပြောကြားလတ်သော် “သင်သည် ဝမ်းမြောက်ဖွယ် သတင်းကောင်း ဆောင်လာ၏။ ဤသစ်ပင်အနီး၌ ရွှေအိုးများစွာ ရှိသည်။ သင်အား ငါ ပေး၏”ဟု ဆို၏။

တံကျင်လျှိုသူထံ ရောက်၍ ထမင်းခွံ့ကျွေးပြီးလျှင် နှုတ်ခမ်းကို သုတ်သင်ပေးသောအခါ တံကျင်လျှို ခံနေရသော်လည်း မိန်းမအတွေ့ကိုသိ၍ ဆံထုံးကို ငုံ၍ ကိုက်၏။ ထိုမိန်းမသည် မိမိ၏ဆံထုံးကို သံလျက်ဖြင့် ဖြတ်၍ ပြန်သွားပြီးလျှင် မင်းကြီးအား အကြောင်းမျိုးစုံလျှောက်တင်၏။ မင်းကြီးသည် ထိုဥစ္စာတို့ကို ဖော်ပေး၍ သဌေးစည်းစိမ်ကို ပေးလေ၏။

ရာဇဂြိုဟ်ပြည်၌ သုမန သဌေး၏ကျွန် အဘိုးအို မောင်ပုဏ္ဏသည် နက္ခတ်ပွဲနေ့၌လည်း ပျော်ပွဲသို့မသွားပဲ လယ်ထွန်သာ သွား၏။ လယ်ထွန်ရာ၌ ရှင်သာရိပုတ္တရာကိုမြင်၍ ရေ၊ ဒန်ပူ လှူ၏။ မောင်ပုဏ္ဏ၏မယား သည်လည်း မောင်ပုဏ္ဏထံ ထမင်းပို့သွားရာ လမ်း၌ ရှင်သာရိပုတ္တရာကို မြင်၍ ရှိခိုးပြီးလျှင် “အရှင်ဘုရား၊ အကောင်းအဆိုး နှလုံးမထားပဲ တပည့် ကျေးကျွန်တို့အား ချီးမြှောက်တော်မူပါ”ဟု တောင်းပန်၍ မောင်ပုဏ္ဏ အတွက် ချက်လာသောထမင်းကို အကုန်လှူလိုက်၏။ ထို့နောက် ပြန်ချက်၍ နေမြင့်မှ မောင်ပုဏ္ဏ ထမင်းစားရ၏။ ပင်ပန်းလှသဖြင့် ထမင်း စားပြီး အိပ်ပျော်သွား၏။

မောင်ပုဏ္ဏ အိပ်ရာမှနိုးလတ်သော် တမနက်လုံး ထန်ထားသော ထွန်ချေးခဲ မြေတို့သည် အလုံးစုံ ရွှေအတိ ဖြစ်ကုန်၏။ မင်းကြီးသိ၍ ဗဟုဓန သဌေး ဟု အမည်ပေး၍ သဌေးဆောင်းသောထီးကို ပေး၏။ ထို့နောက် အိမ်ဆောက်ရန် ချုံတခုကိုသုတ်သင်ရာတွင် ရွှေအိုးများစွာ ရပြန်၏။

အိမ်ပြီးသောအခါ ဘုရားအမှူးရှိသော သံဃာအား ခုနစ်ရက်ပတ်လုံး အလှူကြီး ပေး၏။ ထိုအလှူ၌ ဘုရားရှင် ဟောသော တရားအဆုံးတွင် မောင်ပုဏ္ဏသည်လည်းကောင်း၊ မယားသည်လည်းကောင်း၊ သမီးဥတ္တရာသည် လည်းကောင်း သောတာပန် တည်ကုန်၏။

သမီးဥတ္တရာကို သုမနသဌေးကြီး၏သားနှင့် ထိမ်းမြား၏။ ထိုသဌေးသားသည် မိစ္ဆာဒိဋ္ဌိဖြစ်၍ ဥတ္တရာ ကုသိုလ်ပြုခွင့် မရ။ အခါတပါး၌ကား သိရိမာကို တနေ့တစ်ထောင်ကျဖြင့် ဆယ့်ငါးရက်အတွက် တသောင်းငါးထောင် ပေး၍ သဌေးသားထံ ထားပြီးလျှင် ၁၅ ရက်ပတ်လုံး ဘုရားအမှုး ရှိသောသံဃာအား ဆွမ်းလုပ်ကျွေး၏။

ချွေး၊ ပြာ၊ မီးသွေးတို့လိမ်းကပ်လျက် ဝမ်းမြောက်စွာ အလှူစီမံနေသော ဥတ္တရာကို တနေ့၌ သဌေးသားမြင်၍ “ချမ်းသာစွာမနေပဲ ဦးပြည်းရဟန်းတို့ကို လုပ်ကျွေးလျက် စုတ်စုတ်ပဲ့ပဲ့ နှင့် မိုက်လေစွ”ဟု ပြုံး၍ဖဲလာ၏။ ထိုအခြင်းအရာကို သိရိမာ မြင်လတ်သော် ငြူစူသဖြင့် အိမ်ကြီးရှင်စိတ် ဝင်ပြီးလျှင် ဥတ္တရာ ကိုယ်ပေါ် ထောပတ်ပူဖြင့် လောင်းချ၏။ ဥတ္တရာကား “ဤသိရိမာ၏ ကျေးဇူးသည် ဗြဟ္မာပြည်ပင် နိမ့်သေး၏။ သူ့ကို မှီ၍ ငါ ကုသိုလ် ပြုရပေသည်”ဟူ မေတ္တာနှံ့အောင် အကြိမ်ကြိမ် မေတ္တာပို့၏။ မေတ္တာအာနုဘော်ကြောင့် ထောပတ်ပူ မလောင်။

ဥတ္တရာ၏ကျွန်မတို့သိ၍ သိရိမာကို ဝိုင်းရိုက်ကုန်၏။ ဥတ္တရာဟန့်လိုက်သဖြင့် သိရိမာချမ်းသာသွား၏။ ထို့နောက် သိရိမာသည် ဥတ္တရာကိုဝန်ချတောင်းပန်၏။ ဥတ္တရာက “ငါ့မှာ ဖခင်ရှိ၏။ ဖခင်ကျေလျှင် ငါကျေ၏ ဟု ဆိုပြီးလျှင် “ဤသဌေးကြီး ဦးပုဏ္ဏသည် သံသရာလည်စေသော ဖခင် ဖြစ်သည်။ ဘုရားရှင်သာလျှင် သံသရာ ဝဋ်ကင်းလွတ်စေသော ဖခင်အစစ်” ဟု ဆို၏။ နောက်တနေ့၌ သိရိမာသည် ဘုရားရှင်ထံလာ၍ အကြောင်း မျိုးစုံ လျှောက်၍ တောင်းပန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤ ဂါထာကို ဟော၏။

အကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။

ကောဓံ၊ အမျက်ထွက်သူကို။
အကောဓေန၊ မိမိသည် အမျက်မထွက်သူ ဖြစ်မှ။
ဇိနေ၊ အောင်၏။
အသာဓုံ၊ မသူတော်ကို။
သာဓုနာ၊ သူတော် ဖြစ်မှ။
ဇိနေ၊ အောင်၏။
ကဒရိယံ၊ ဝန်တိုခက်ထန်သူကို။
ဒါနေန၊ ပေးခြင်းဖြင့်။
ဇိနေ၊ အောင်၏။
အလိကဝါဒိနံ၊ မမှန်မကန်ဆိုသူကို။
သစ္စေန၊ မှန်သောစကားဖြင့်။
ဇိနေ၊ အောင်၏။

ဒေသနာအဆုံး၌ သိရိမာသည် မိန်းမငါးရာနှင့်တကွ သောတာပန် တည်၏။ ဤသို့လျှင် ကာဠဝဠိယ၊ ပုဏ္ဏလူဆင်းရဲတို့၏ ကုသိုလ်မျိုးစေ့ ဖြစ်ထွန်းကြီးပွားရာ ဖြစ်သောကြောင့် သံဃာသည် လူတိုင်းနှင့်ဆိုင်သော အကောင်းဆုံး လယ်မြေ ဖြစ်၏။

နိဂုံး

ဤမျှဖြင့် ပညာစရိုက်၊ သဒ္ဓါစရိုက် ရှိသူတို့အား ထိုက်တန်သော ဂုဏ်တော်အရသာသည် ၁၃၀၄-ခု၊ သီတင်းကျွတ်လဆန်း ၃-ရက် တနင်းလာနေ့၌ ပြီး၏။

ဤဂုဏ်တော်အရသာသည် ပညာ၊ သဒ္ဓါရှိသူတို့ ဖြစ်အောင် ပြုလုပ်၍ ၃၇ ပါးသော ဗောဓိပက္ခိယ တရားတို့ကို ရစေသော အရသာ ဖြစ်ပါစေသတည်း။

ညောင်လေးပင်တောရ နာယကမထေရ် ရေးစီရင်သည်။

ဂုဏ်တော်အရသာ ပြီး၏။

လက္ခဏာအရသာ

ညောင်လေးပင်တောရဆရာတော်

မာတိကာ

၁။ လက္ခဏာကြီး ၃၂-ပါး (ဘုရားရှိခိုး၊ လက်ခြေ စသည် ခွဲခြင်း)
(၁) လက္ခဏသုတ်နိဒါန်း (လူတို့စကား၊ လက္ခဏာ ပထမ အစဉ်၊ နောက်အစဉ်)
(၂) သုပ္ပတိဋ္ဌိတပါဒေါ စသည် (အကြောင်းတူ ပေါင်း၍ ပုဒ် ၂၀-ဖြင့် အကျယ် ဝေဖန်သည်၊ လက္ခဏာ ရကြောင်းကို လည်းကောင်း၊ အကျိုးကို လည်းကောင်း စုံလင်စွာ ဝေဖန်သည်။
၂။ လက္ခဏဒီပနီကဗျာ (မဟာဝိသုဒ္ဓါရုံ ဆရာတော် ရေးသည်။)
၃။ လက္ခဏာတော်ငယ်ရှစ်ဆယ် (ရှစ်ဆယ်အပြည့် ရှည်လျားသည်။)
၄။ အထူးမှတ်သားစရာများ
(၁) ကပိလဝတ်မြို့တွင်းသို့ဝင်ကြရာ၌ ချီးကျူးပုံ (ဂါထာများနှင့်)
(၂) အံ့ဘွယ် ဗုဒ္ဓဓမ္မ ၁၈-ပါး (အစိန္တေယျဝတ္ထုလာ ဟူ၏။)
(၃) ဘုရားဉာဏ်တော် ၁၄-ပါး (ပါဌ်၊ အနက်၊ ပဋိသမ္ဘိဒါမဂ်၊ ဂုဏကထာ)
(၄) ဓမ္မတာသုံးဆယ် (မြန်မာစကားပြေသက်သက်)

နိဂုံး

လက္ခဏာအရသာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လက္ခဏာတော်ကြီး ၃၂-ပါး

သု၊ စက်၊ အာ၊ ဒီ။ ဗြ၊ သတ်၊ မု၊ ဇာ။
ဥသ်၊ ဥ၊ ဧ၊ သု။ သု၊ ကော၊ နိ၊ ဌိ။ [အုတ်၊ အုဟု ဖတ်။]
သိ၊ စိ၊ သ၊ ရ၊ နီ၊ ဂေါ၊ ဥ၊ ဧ။ [အု၊ အေဟု ဖတ်။]
ဥဏ်၊ စတ်၊ အ၊ ပ။ ဗြ၊ သီ၊ သ၊ သု။ [အုန်ဟု ဖတ်။]

နော၊ ငါတို့၏။
သတ္ထာ၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်။
သု- သုပ္ပတိဋ္ဌိတပါဒေါ၊ ညီညွတ်စွာ တပြင်တည်း တည်သော ဖဝါးရှိတော်မူ၏။ (ဖဝါး)။
စက်- စက္ကင်္တိတပါဒေါ၊ အကန့်တစ်ထောင် စက်ဝန်း ထင်သော ဖဝါး ရှိတော်မူ၏။ (ဖဝါး)။
အာ-အာယတ ပဏှီ၊ ရှည်သော, လုံးသော ဖနောင့် ရှိတော်မူ၏။ (ဖနှောင့်)။
ဒီ-ဒီဃင်္ဂုလီ၊ ရှည်သွယ်သော လက်ဆံ ခြေဆံ ရှိတော်မူ၏။ (လက် ခြေ)။
ဗြ- ဗြဟ္မုဇုဂတ္တော၊ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိတော်မူ၏။ (ကိုယ်)။
သတ်- သတ္တုဿဒေါ၊ လက်ခြေ ပခုံး လည်လုံးသတ်မှတ် အရပ်ခုနစ်ပါး ပြည့်ဖြိုးသောအသား ရှိတော်မူ၏။ (ကိုယ်)။
မု-မုဒုတလုဏဟတ္ထပါဒေါ၊ နူးညံ့သော သိမ်မွေ့သော လက်ဖဝါး ခြေဖဝါး ရှိတော်မူ၏။ (လက်ခြေ)။
ဇာ-ဇာလဟတ္ထပါဒေါ။ လေသာကွန်ယက်အလား လက်ဆံ ခြေဆံ အညီ လက်ဆစ်အတွင်း ယဝလက္ခဏာ ညီသော လက်ဖဝါး ခြေဖဝါးရှိတော်မူ၏။ (လက်ခြေ)။
ဥသ်- ဥင်္ခပါဒေါ၊ ဖမိုးအထက် လေးသစ်ခန့် မြင့်တက်သော ဖမျက် ရှိတော်မူ၏။
ဥ-ဥဒဂ္ဂလောမော၊ အထက်သို့ ဦးညွှတ်၍ တက်သော မွေးညင်း ရှိတော်မူ၏။
ဧ-ဧဏိင်္ဃော၊ ဧဏီမည်သော သားကောင်၏ မြင်းခေါင်းနှင့်တူသော လုံးသွယ်သော မြင်းခေါင်း ရှိတော်မူ၏။
သု-သုခုမဆဝိ၊ သိမ်မွေ့ နုဖပ် မြူမကပ်သော ကိုယ်ရေ ရှိတော်မူ၏။

သု-သုဝဏ္ဏဝဏ္ဏော၊ ရွှေအဆင်းနှင့်တူသော ဝင်းထိန်သော ကိုယ်အဆင်း ရှိတော်မူ၏။
ကော-ကောသောဟိတဝတ္ထဂုယှော၊ အရေအိမ် အတွင်း ထည့်သွင်းအပ်သော နိမိတ် ရှိတော်မူ၏။
နိ-နိဂြောဓပရိမဏ္ဍလော၊ ပညောင်ပင် အဝန်းကဲ့သို့ ဝန်းသော အရပ် အလံ ညီသော ကိုယ် ရှိတော်မူ၏။
ဋ္ဌိ-ဋ္ဌိတကဇာဏုအာမာသော၊ ဖြောင့်ဖြောင့်ရပ်လျက် ပုဆစ်ဒူးနှစ်ဘက်ကို သုံးသပ်နိုင်သော လက်ရုံး ရှိတော်မူ၏။

သီ-သီဟပုဗ္ဗဍ္ဎကာယော၊ ခြင်္သေ့မင်း၏ ရှေ့ကိုယ် ထက်ဝက်နှင့် တူသော ထက်အောက် ပြည့်ဖြိုးသောကိုယ် ရှိတော်မူ၏။
စိ-စိတန္တရံသော၊ ပြည့်ဖြိုးသော ပခုံးစွန်း နှစ်ဘက်အတွင်း လက်ပြင် ကျောက်သား ရှိတော်မူ၏၊
သ-သမဝဋ္ဋက္ခန္ဓော၊ ညီညွတ်စွာ လုံးသော လည်ပင်း ရှိတော်မူ၏။
ရ- ရသဂ္ဂသဂ္ဂီ၊ လည်မျို စုနှောင် အရသာ ဆောင်သော အကြောမြတ် ခုနစ်ထောင်ရှိတော် မူ၏။

နီ- အဘိနီလနေတ္တော၊ အလွန် ညိုမည်းသောမျက်လုံး ရှိတော်မူ၏။ (မျက်လုံး)။
ဂေါ- ဂေါပခုမော၊ ဖွားမြင်စ နွားငယ်၏ မျက်မွေးနှင့်တူသော နုပျိုသောမျက်မွေး ရှိတော်မူ၏။ (မျက်မွေး)။
ဥ-ဥဏှီသသီသော၊ နဖူးပြင်၌ သင်းကျစ်ပြား ရှိသော ဦးခေါင်း ရှိတော်မူ၏။ (သင်းကျစ်)။
ဧ-ဧကေကလောမော၊ မွေးတွင်း တခုတခု၌ တပင်စီပေါက်သော မွေးညင်း ရှိတော်မူ၏။ (မွှေးညင်း)။

(*ဖဝါးမှ သင်းကျစ်အထိ လက္ခဏာစဉ်ကား ဖဝါး၌ သု၊ စက်-နှစ်ပါး၊ ဖနောင့်၌ အာ-တပါး။ ဖမျက်၌ ဥသ်-တပါး။ လက်ခြေ၌ ဒီ၊ မု ဇာ-သုံးပါး၊ မြင်းခေါင်း၌ ဧ-တပါး။ (၈)။
နိမိတ်၌ ကော-တပါး။ ကိုယ်အလုံး၌ ဗြ၊ သတ်၊ နိ၊ သီ၊ စိ-ငါးပါး၊ အရေ၌ သု၊ သု- နှစ်ပါး (၈)၊
မွေးညင်း၌ ဥ၊ ဧ-နစ်ပါး၊ အကြော၌ ရ-တပါး။ လက်ရုံး၌ ဌိ- ………)

ဥဏ်-ဥဏ္ဏိ၊ မျက်မှောင်ကြား၌ လက်ယာရစ်ခွေလျှက် ဖြူဖွေးသော ဥဏ္ဏလုံမွေးရှင် ရှိတော်မူ၏ (မွေးရှင်)။
စတ်- စတ္တာလီသ ဒန္တော၊ လေးဆယ်သော ထက်အောက်နှစ်ဆယ်စီ ညီမျှသော သွား ရှိတော်မူ၏။ (သွား)။
အ-အဝိရဠ ဒန္တော၊ မကျဲသောသွား ရှိတော် မူ၏။ (သွား)။
ပ- ပဟူတ ဇိဝှေါ၊ ပါးလျှပ် ရှည် ပြန့်သော လျှာ ရှိတော်မူ၏။ (လျှာ)။
ဗြ- ဗြဟ္မဿရော၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော သာယာသောအသံ ရှိတော်မူ၏။ (အသံ)။
သီ-သီဟ ဟနု၊ ခြင်္သေ့မင်း၏ မေးနှင့်တူသော ဝန်းဝိုင်းသောအထက်မေး၊ အောက်မေး ရှိတော်မူ၏။ (မေး)
သ-သမ ဒန္တော၊ မဝင်မခေါ ညီညွတ်သောသွား ရှိတော်မူ၏။ (သွား)။
သု- သုသုက္ကဒါဌော၊ တဖိတ်ဖိတ် ဖြူဖွေးသော စွယ်တော်လေးဆူ ရှိတော်မူ၏။ (သွား)။

ဣတိ၊ ဤသို့။
ဗာတ္တိံသာယ၊ သုံးဆယ့်နှစ်ပါးသော။
မဟာပုရိသ လက္ခဏေဟိစ၊ ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့ဖြင့် လည်းကောင်း။
ဆဗ္ဗဏ္ဏရံသီဟိစ၊ ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် လည်းကောင်း။
အသီတိယာ အနုဗျဉ္ဇနေဟိစ၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် လည်းကောင်း။
ဝိရောစမာနံ၊ ထိန်တောက်ဆန်းကြယ် ရှုချင်စဖွယ် တင့်တယ်တော်မူသော။
ကတကမ္မံ၊ ကမ္မသရိက္ခက, လက္ခဏ, အာနိသင်စုံလင်စွာရအောင် ပြုအပ်သောကမ္မ ရှိတော်မူသော။
သတ္ထာရံ၊ ငါတို့ဆရာ ဘုရားမြတ်စွာကို။
နမာမိ၊ ဦးခေါင်းရိုးကျေညက်၍ မြူဖြစ်ကာ လွင့်လျက် အသက်ထွက်သော်လည်း ရှိခိုးပါ၏ဘုရား။

လက္ခဏသုတ် နိဒါန်း

အခါတပါး သာဝတ္ထိမြို့သားတို့သည် ဤသို့သော စကားကိုဆိုကုန်၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားအား လက္ခဏာတော်ငယ် ရှစ်ဆယ်ရှိ၏။ တလံမျှသော ရောင်ခြည်တော် ခြောက်သွယ်ရှိ၏။ သုံးဆယ့် နှစ်ပါးသော မဟာပုရိသလက္ခဏာ ရှိ၏။ ထိုလက္ခဏာ၊ ရောင်ခြည်တော် တို့ကြောင့် ပင်လုံးကျွတ် ပွင့်သော ပင်လယ်ကသစ်ပင် စသည်တို့ကဲ့သို့ လွန်စွာ တင့်တယ်တော်မူ၏။

ဤသို့သောကောင်းမှုကြောင့် ဤလက္ခဏာ ဖြစ်သည်ဟူ၍ကား မဟောကြားသေး။ ယာဂုဆွမ်းအနည်းငယ် လှူခြင်းကြောင့် ဖြစ်သည်ဟူ၍မျှ ဟောကြားသည်။ ဤလက္ခဏာတို့ဖြစ်အောင် အဘယ်ကောင်းမှု ပြုတော်မူလေသနည်။”ဟု စကားဆိုကုန်၏။ ထိုစကားကို ရှင်အာနန္ဒာမထေရ်ကြား၍ မြတ်စွာဘုရားအား လျှောက်ကြား၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ဤလက္ခဏသုတ်ကို ဟောကြားတော်မူ၏။

ချစ်သားတို့၊ ယောက်ျားမြတ်ဟု သိကြောင်း မဟာပုရိသ ၏ လက္ခဏာတို့သည် ၃၂-ပါး ဖြစ်ကုန်၏။ ၃၂-ပါးသော လက္ခဏာနှင့် ပြည့်စုံသော မဟာပုရိသအား အိမ်၌နေလျှင် စကြာမင်းဖြစ်ခြင်း၊ ရဟန်းပြုလျှင် သမ္မာသမ္ဗုဒ္ဓ ဘုရားဖြစ်ခြင်း အားဖြင့် နှစ်ပါးသာလျှင် ဆုံးဖြတ်ရာဂတိ ရှိ၏။ ဤ ၃၂-ပါးသော လက္ခဏာတို့ကို ဗာဟိရက ရသေ့တို့သည် သင်ကြားမှတ်သားကုန်၏။ ဤကောင်းမှုကြောင့် ဤလက္ခဏာရ၏ ဟူ၍ကား မသိကုန်။

(*ပါဠိတော်၌ ဥဒ္ဒေသအားဖြင့် ဟောသော လက္ခဏာအစဉ်ကား သု၊ စက်၊ အာ၊ ဒီ၊ မု၊ ဇာ၊ ဥသ်၊ ဧ(ဂ)၊ ဌိ၊ ကော၊ သု၊ သု၊ ဧ၊ ဥ၊ ဗြ၊ သတ် (ဂ)၊ သီ၊ စိ၊ နိ၊ သ၊ ရ၊ သီ၊ စတ်၊ သ (ဂ)၊ အ၊ သု၊ ပ၊ ဗြ၊ နီ၊ ဂေါ၊ ဥဏ်၊ ဥ (ဂ)၊ ဤသို့ဟောစဉ်ပြုသော်လည်း ကမ္မ၊ ကမ္မသရိက္ခက၊ လက္ခဏ၊ အာနိသင် ဝေဖန်ရာ၌ကား ကံတူပေါင်း၍ ဟောသည်။)

၁။ သုပ္ပတိဋ္ဌိတပါဒေါ

သု-ညီညွတ်စွာ၊ ပတိဋ္ဌိတ- တည်သော၊ ပါဒ- ခြေဖဝါး ရှိ၏။

တပါးသော သူတို့၏ခြေသည် မြေ၌ချလျှင် ခြေဖျား၊ ဖနောင့်၊ ဖဝါးစောင်း တခုခုသာ ရှေးဦးစ္စာ ထိ၏။ အလယ်၌သော်လည်း မထင်။ မြေမှ ခြေကြွလျှင်လည်း တခုခုသာ ရှေးဦးစွာ ကြွ၏။ မြတ်စွာဘုရား၏ ခြေဖဝါး တော်ကား ရွှေခြေနင်းအပြင်ကဲ့သို့ ဖဝါးတပြင်လုံး တပြိုင်တည်း မြေထိ၏။ တပြိုင်တည်း မြေမှ ကြွ၏။ ထို့ကြောင့် ညီညွတ်စွာ တပြင်တည်း တည်သောဖဝါး ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူ ဖြစ်စဉ်အခါ ကုသိုလ်တရားတို့၌ မြဲစွာဆောက်တည်၏။ မဆုတ်နစ်သော လုံ့လဖြင့် ဆောက်တည်၏။ ကိုယ် နှုတ် စိတ် သုစရိုက်သုံးပါး၌လည်းကောင်း၊ ဒါန, သီလ, ဥပေါသထ၌လည်းကောင်း၊ မိဘ ဆရာသမား အသက်ကြီးသူ တို့အား ကျင့်ဝတ်ကိုပြုခြင်း၌လည်းကောင်း အဓိကုသိုလ်တို့၌ မဆုတ်မနစ် ဆောက်တည်၏။

ထိုကောင်းမှုကို ပြုခြင်း၊ ဆည်းပူးခြင်းကြောင့် နတ်ပြည်၌ ဖြစ်၍ ဂုဏ်ဆယ်ပါး သာလွန်၏။ နတ်၌ဖြစ်သော အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ အခြံအရံများခြင်း၊ အစိုးရ ကြီးကဲခြင်း (၅)၊ နတ်၌ ဖြစ်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရံ၊ ဖောဋ္ဌဗ္ဗာရုံ (၅)၊ ဤသို့အားဖြင့် အခြားသောနတ်တို့ထက် ဂုဏ်ဆယ်ပါး သာလွန်၏။

ယခု ဘုရားဖြစ်သောအခါ သုပ္ပတိဋ္ဌိတပါဒ လက္ခဏာ ရ၏။ ခြေကို မြေ၌ အညီချ၏။ အညီကြ၏။ ဖဝါး တပြင်လုံး မြေ၌ ထိ၏။ ထိုလက္ခဏာ ရှိသောကြောင့် လူ့ဘောင်၌နေလျှင် လေးကျွန်းသနင်း စကြဝတေးမင်း ဖြစ်၏။ ဆန့်ကျင်ဘက် ရန်သူဟူသမျှကို အောင်ခြင်း အကျိုးရ၏။ ရဟန်းပြုလျှင် သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်၏။ ရာဂ, ဒေါသ စသော ကိုယ်တွင်းရန်ကို လည်းကောင်း၊ ရဟန်း, ပုဏ္ဏား, မာရ်နတ် ဗြဟ္မာစသော ဆန့်ကျင်ဘက် ပြင်ပရန်ကို လည်းကောင်း အောင်ခြင်း အကျိုး ရ၏။

ဤ၌ လက္ခဏာကြီးငယ် ဖြစ်စေနိုင်သော ကံကို နတ်ပြည်၌ ဖြစ်စဉ် အလွယ်တကူ မပြုနိုင်။ ဆင်, မြင်း, ကျွဲ နွားစသော တိရစ္ဆာန်တို့၌ ဖြစ်စဉ် ပါရမီဆယ်ပါး အားထုတ်၍ ဖြည်ကျင့်သော်လည်း ထိုပြုသော ကံကို ပြခြင်းငှာ မလွယ်။ လူအဖြစ်၌တည်၍ ပြုသောကံကိုသာ လွယ်ကူစွာ ပြနိုင်သည်။ ထို့ကြောင့် လူဖြစ်စဉ်အခါဟု ဟောသည်။

ဘုရားလောင်းသည် အကုသိုလ်မှု ပြုရာ၌ ကြက်တောင် မီးလောင် သကဲ့သို့ တွန့်လိပ်၏။ ကုသိုလ်လ်မှု ပြုရာ၌ကား ဗိတာန်မျက်နှာကြက်ကဲ့သို့ ပျံ့ပျူး၏။ မဆုတ်မနစ် ပြု၏။ ဆုတ်နစ်အောင် တစုံတယောက်သော ဗြဟ္မာ, လူ, နတ် မတတ်နိုင်။

ရှေးသရောအခါ ဘုရားလောင်းသည် ရှဉ့်အမျိုး၌ ဖြစ်၏။ မိုးရွာသဖြင့် အသိုက်သည် သမုဒ္ဒရာသို့ မျောသွား၏။ ထိုအခါ သားငယ်တို့ကို ကယ်ဆယ်မည်ဟု သမုဒ္ဒရာ၌ ရေကို အမြီးဖြင့်ဆွတ်၍ အပ၌ ခါ၏။ ခုနစ်ရက် ရှိသောအခါ သိကြားမင်းလာ၍ အကြောင်းအကျိုးပေး၍ “အသင် ရှဉ့်၊ ဤသမုဒ္ဒရာရေကို ကုန်ခန်းအောင်ပြု၍ မရစကောင်း”ဟု ဆို၏။ ရှဉ့်သည် သိကြားမင်းအား “သင်ကဲ့သို့ ပျင်းရိသောသူနှင့် စကားမပြောလို” ဟု ဆို၏။ သိကြားမင်းသည် ရှဉ့်၏ ခိုင်မြဲသော နှလုံးသွင်းကို နှစ်သက်၍ သားငယ်တို့ကို ယူဆောင်ပေးလေ၏။

မဟာဇနကမင်းသားဖြစ်သောအခါ၌လည်း သမုဒ္ဒရာ လက်ပစ်ကူးစဉ် မေခလာနတ်သမီးအား ဤသို့ဆို၏။ “နတ်သမီး၊ သင်အား သမုဒ္ဒရာသည် ကျယ်ဝန်းသော်လည်း ငါ့အားသော်ကား အလိုဆန္ဒကို စွဲ၍ မြောင်းငယ်မျှသာတည်း။ ငါသည် မကြာမီ သမုဒ္ဒရာတဘက်သို့ ရောက်၍ မင်းစည်းစိမ်ယူ၍ အလှူဒါန ပြုနေသည်ကို သင် မြင်ရလတ္တံ့ “ဟု ဆို၏။ ထို့နောက် မင်းဖြစ်၍ တနေ့ ငါးသိန်းကုန် နေ့စဉ် လှူ၏။ နောက်၌ တောထွက်၍ ရဟန်းပြု၏။ ထို့ကြောင့် ဆုတ်နစ်အောင် တစုံတယောက် မတတ်နိုင်။

အဓိကုသိုလ်ဟူသည်ကား ကာမကုသိုလ်ကို ထောက်၍ ရူပကုသိုလ်၊ အရူပကုသိုလ်သည် အဆင့်ဆင့် အဓိကုသိုလ် မည်၏။ ထိုကုသိုလ်တို့ကို ထောက်၍လည်း သာဝကပါရမီဉာဏ် ရကြောင်း ကုသိုလ်၊ ပစ္စေက ဗောဓိဉာဏ်ရကြောင်း ကုသိုလ်၊ သဗ္ဗညုတဉာဏ်ရကြောင်း ကုသိုလ်တို့ သည် အဆင့်ဆင့် အဓိကုသိုလ်တို့ မည်ကုန်၏။ ဘုရားလောင်းသည် ကောင်းမှုကုသိုလ်ကံကို တကြိမ်ပြုကျင့်ခြင်း၊ အကြိမ်ကြိမ် ဆည်းပူးခြင်း တို့ဖြင့် စကြဝဠာပင် ကျဉ်းသကဲ့သို့ဖြစ်အောင်၊ ဘဝဂ်ပင် နိမ့်သကဲ့သို့ ဖြစ်အောင် လွန်ကဲစွာ ပြုကျင့်၏၊ ဆည်းပူး၏။

ဖဝါးတပြင်လုံး မြေထိရာ၌ တနေရာဖြင့် ရှေးဦးစွာ၊ တနေရာဖြင့် နောက်မှမဟုတ်ပဲ တပြင်လုံး တညီ တညွှတ်တည်း ထိ၏။ တညီတညွတ်တည်း ကြွ၏။ နက်စွာသော ချောက်သို့ ဆင်းအံ့ဟု ခြေကို ဆောင်လျှင် နိမ့်သောမြေသည် လေပြည့်သော သားရေအိတ်ကဲ့သို့ မြင့်တက်၍ ညီ၏။ မြင့်သောမြေသည် နိမ့်ဆင်း၍ ညီ၏။ ဝေးသောအရပ်သို့ နင်းအံ့ဟု ခြေကိုဆောင်လျှင် မြင်းမိုရ်တောင်သော်လည်း မီးအုံးသော ကြိမ်ညွန့်ကဲ့သို့ ညွှတ်လာ၍ ခြေတော်ကို ခံယူ၏။ ထို့ကြောင့် တာဝတိံသာသို့ နှစ်လှမ်း သုံးဖဝါးဖြင့် ကြွတော်မူ၏။

အကန့်တစ်ထောင်ရှိသော စက်လက္ခဏာ၏ တည်သင့်ရာအရပ်သည် မညီမညွတ် မဖြစ်ပေ။ သစ်ငုတ်၊ ဆူးငြောင့်၊ ကျောက်စရစ်၊ ကျင်ကြီး၊ ကျင်ငယ်တို့သည်လည်း တိမ်းရှောင်၍ ပြေးနှင့် ကုန်၏။ မပြေးသာလျှင် မြေအတွင်းသို့ဝင်၍ ပုန်းကုန်၏။ သီလတန်ခိုး၊ ကောင်းမှုတန်ခိုး၊ သဗ္ဗညုတဉာဏ်ဟူသော ဓမ္မတန်ခိုး၊ ပါရမီဆယ်ပါး အာနုဘော်တို့ကြောင့် ဤမဟာပထဝီ မြေကြီးသည် နူးညံ့သော ပန်း မွေ့ရာကဲ့သို့ ဖြစ်လေ၏။

ပြင်ပရန်အောင်ခြင်း၌ ဒေဝဒတ်၊ ကောကာလိကစသော ရဟန်းရန်၊ သောဏဒန္တ၊ ကူဋဒန္တ စသော ပုဏ္ဏားရန်၊ အာဠဝက စသော နတ်ရန်၊ ခုနစ်နှစ်ပတ်လုံး တင်းပုတ်ထမ်း၍ ထုသတ်မည်ဟု လိုက်သော မာရ်နတ်ရန်၊ ဗကဗြဟ္မာရန် စသော ပြင်ပရန်တို့ကို အောင်၏။ တုန်လှုပ်ခြင်း၊ ချောက်ချားခြင်းဖြစ်အောင် မတတ်နိုင်ကုန်။ အချို့ ရန်သူတို့ကား တပည့်အဖြစ်ပင် ဝန်ခံကြရကုန်၏။

ဤမျှဖြင့် ကမ္မ၊ ကမ္မသရိက္ခက၊ လက္ခဏ၊ အာနိသံသ လေးပါးကို ဟော၏။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ခိုင်မြဲသော လုံ့လဖြင့် မဆုတ်မနစ် ဆည်းပူးသော ပါရမီကံတို့တွင် သုပ္ပတိဋ္ဌိတပါဒလက္ခဏာ ဖြစ်ကြောင်း ပါရမီကံသည် ကမ္မ မည်၏။ ဝါ၊ ကုသိုလ်၌ မဆုတ်နစ်ခြင်းသည် ကမ္မ မည်၏။ သုပ္ပတိဋ္ဌိတပါဒ လက္ခဏာ သည် (ကံနှင့် တူသောကြောင့်) ကမ္မသရိက္ခက မည်၏။

(* မဆုတ်မနစ် ကုသိုလ် ပြုခဲ့ဖူးသည်ကို လူအပေါင်း သိစေသတည်း.. ကံနှင့်လျော်စွာ တူအောင် မဆုတ်မနစ် တပြင်တည်းဖြစ်သော လက္ခဏာ ဟူလို။ ဤကား သတ္တိထူးကို သတ္တိရှိသော လက္ခဏ၌ တင်စားခြင်း တည်း။ သတ္တိထူးမှ၊ဆိုလိုလျက် သတ္တိမန္တဖြစ်သော လက္ခဏာကိုဆိုခြင် ဖြစ်သည်။ မုချအားဖြင့်ကား ပါရမီအားထုတ်စဉ် အခါ မဆုတ်မနစ် အားထုတ်ခဲ့ပေသည်ဟု သိကြောင်း သုပ္ပတိဋ္ဌိတပါဒလက္ခဏာ၏ ဉာပက နိမိတ်အဖြစ် သာလျှင် ကမ္မသရိက္ခက မည်၏။)

ဤ မဆုတ်မနစ် ညီညွတ်စွာတည်သော လက္ခဏာကို မြင်ရလျှင် ဤလက္ခဏာရှင်သည် မဆုတ်မနစ် အတိတ်ကံ အားထုတ်ဖူးသည်ဟု ပညာရှိတို့ ထောက်ဆ၍ သိနိုင်ရကား ထိုအတိတ်ကံသိကြောင်း အခြင်း အရာသည် ကမ္မသရိက္ခက မည်၏။

ညီညွတ်စွာတည်သောခြေ ရှိခြင်းသည် လက္ခဏာ မည်၏။ ဝါ၊ ရပ်ခြင်း၊ သွားခြင်းတို့၌ ခြေတော်တို့၏ မြဲစွာ၊ ညီညွတ်စွာ တည်ခြင်းသည် လက္ခဏာ မည်၏။ အတွင်း၊ အပ ရန်သူဟူသမျှ မလှုပ်ချောက်ချားနိုင်ခြင်းသည် လက္ခဏာ၏ အာနိသံသ မည်၏။

အကျဉ်းချုပ်ကား ကုသိုလ်တို့၌ မဆုတ်မနစ်သောကြောင့် သုပ္ပဋ္ဌိတပါဒလက္ခဏာ ရ၏။ ထိုလက္ခဏာ ရသောကြောင့် တွင်း၊ ပ ရန် ကင်း၏။

စကြဝတေးမင်း အကြောင်း

လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၏ဟု ဆိုရာ၌ စကြာမင်း ဟူသည်ကား တရားစောင့်သောမင်း ဖြစ်၏။ လေးကျွန်းလုံး အစိုးရ၏။ ရန်သူ အပေါင်းကို အောင်၏။ ဇနပုဒ်ခိုင်မြဲခြင်းသို့ ရောက်၏၊ (တစုံတယောက် ချောက်ချား တုန်လှုပ်အောင် မပြုနိုင်။) ရတနာခုနစ်ပါး ရှိ၏။ ခုနစ်ပါးကား စကြာ၊ ဆင်၊ မြင်း၊ ပတ္တမြား၊ မိဖုရာ၊ သူကြွယ်၊ သားကြီး- ဤရတနာခုနစ်ပါးတည်း။ သားယောက်ျား လူစွမ်းကောင်း တစ်ထောင်ကျော် ရှိ၏။ တန်ခိုးလေးပါး ရှိ၏။

သမုဒ္ဒရာအဆုံးရှိသော မြေတပြင်လုံးကို ခလုတ်မရှိအောင်၊ ဘေးဖြစ်ကြောင်း နိမိတ်မရှိအောင်၊ ဆူးငြောင့် မရှိအောင်၊ (ဝါ-ခီလ၊ နိမိတ္တ၊ တဏှက-ဟူသော တယောက်ချင်း ခိုးသူ မရှိအောင်၊) အစုစုဖြစ်သော အဗ္ဗုဒ ခိုးသူ မရှိအောင်၊ စည်ပင်ဝပြောအောင်၊ ဘေးရန်ဟူသမျှ မရှိအောင် ဥစ္စာဒဏ် မထား၊ လက်နက်ဒဏ် မထားပဲ တရားသဖြင့် အောင်မြင်စွာ အုပ်စိုးနိုင်၏။

စကြာရတနာ

စကြာရတနာ အကြောင်းကား စကြဝတေးမင်းကြီးသည် စစ်အင်္ဂါလေးပါးနှင့်တကွ စကြာရတနာစီး၍ အရှေ့ကျွန်းသို့ သွား၏။ ထိုကျွန်း၌ မင်းတို့သည် စကြာမင်းထံ ချဉ်းကပ်၍ “အကျွန်ုပ်တို့ကို ဆုံးမတော်မူပါ” ဟု ဆိုကုန်၏။ “သူ့အသက်မသတ်ရ၊သူ ဥစ္စာမခိုးရ၊ ကာမေသုမိစ္ဆာမလွန်ကျူးရ၊ မုသားမဆိုရ၊ သေအရက် မသောက်ရ၊ ခံစားမြဲတိုင်းခံစားကြ”ဟု ဆုံးမ၏။

ထိုမင်းတို့သည် စကြာမင်းနှင့်အတူ လိုက်ကုန်၏။ စကြာရတနာသည် အရှေ့သမုဒ္ဒရာကို ခွဲဝင်၍ တောင်ကျွန်းသို့လည်းကောင်း၊ တောင်သမုဒ္ဒရာကို ခွဲဝင်၍ အနောက်ကျွန်းသို့ လည်းကောင်း၊ အနောက် သမုဒ္ဒရာကို ခွဲ၍ မြောက်ကျွန်းသို့ လည်းကောင်း လည်၍ သွား၏။

ရောက်ရာ မြောက်ကျွန်း၌လည်း မင်းတို့သည် စကြာမင်းထံ ချဉ်းကပ်၍ အဆုံးအမ ခံကုန်၏။ ထိုမင်းတို့ သည်လည်း စကြာမင်းနှင့်အတူ လိုက်ကုန်၏။ စကြာရတနာသည် သမုဒ္ဒရာနှင့်တကွ မြေပြင်လုံးကို အောင်မြင်၍ ထိုစကြာမင်း၏ နေပြည်တော်သို့ ပြန်လာ၍ နန်းတော်၌ ရပ်၏။

အဋ္ဌကထာအဆိုကား ကောင်းကင်၌ စကြာမင်းကို ခြံရံ၍ လိုက်သော ပရိသတ်သည် အလျားအနံ ၁၂ ယူဇနာ ရှိ၏။ ပရိသတ်အားလုံးသည် စင်ကြယ်သန့်ရှင်း၏။ ဝိဇ္ဇာဓိုရ် ပရိသတ်နှင့် တူ၏။ ကောင်းကင်၌ သွားကြသည်မှာ ဣန္ဒနီလာ ကျောက်အပြင်၌ ရတနာမျိုးစုံ ဖြန့်ကြဲသကဲ့ ဖြစ်၏။ စကြာရတနာသည် သစ်ပင်ဖျားအထက် မမြင့်လွန်းသော ကောင်းကင်ဖြင့် သွား၏။

သစ်သီးသစ်ရွက်တို့ကို အလိုရှိသူ ခူးယူနိုင်၏။ မြေပြင်၌ကဲ့သို့ မင်း၊ အမတ်စသည်တို့ကို မှတ်သားနိုင်၏။ လိုရာဣရိယာပုထ်ဖြင့် သွားနိုင်၏။ လိုရာအလုပ်ကိစ္စတို့ကိုလည်း ပြုနိုင်၏။ စကြာရတနာသည် မြင်းမိုရ် တောင်ကို လက်ဝဲဖြင့်ပတ်၍ သမုဒ္ဒရာအထက်ဖြင့် အရှေ့ကျွန်း သွား၍ ကောင်းကင်၌ရပ်၏။ ထိုကျွန်း၌ မင်းတို့သည် လက်နက်ချ၍ပူဇော်ကုန်၏။

ထိုအခါ စကြာမင်းသည် သူ့အသက်မသတ်ရ စသည်ဖြင့် ဆုံးမ၍ နံနက်စာ ပွဲတော်တည်၏။ အရှေ့သမုဒ္ဒရာကို ခွဲဝင်သောအခါ သမုဒ္ဒရာသည် တယူဇနာမှ ရှဲ၍ ကြောင်မျက်ရွဲနံရံ ထောင်ထားသကဲ့သို့ ဖြစ်၍ တည်၏။ ထိုထိုအရပ်မှ အထူးထူးသော ရတနာတို့သည် စကြာမင်းအသရေကို ဖူးမြင်လိုကုန်သကဲ့သို့ စု၍လာကုန်၏။ ပရိသတ်တို့သည် အလိုရှိတိုင်း ကောက်ယူကုန်၏။

စကြာရတနာ ပြန်တက်သောအခါ ပရိသတ်သည် ရှေ့က၊ မင်းကြီးသည် အလယ်က၊ စကြာရတနာသည် နောက်က ဖြစ်၏။ သမုဒ္ဒရာရေသည်လည်း စကြာရတနာ၏ အကွပ်ဝန်းကိုကပ်၍လိုက်လာ၏။ တောင်ကျွန်းမှ အနောက်ကျွန်းသို့၊ အနောက်ကျွန်းမှ မြောက်ကျွန်းသို့ သွားရာ၌လည်း ဤအတူတည်း။ ထို့နောက် မြောက်သမုဒ္ဒရာမှ တက်၍ ပြန်လာ၏။ ဤသို့ ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်တို့ကို ကြည့်ရှု၍ မိမိနေပြည်တော်သို့ ပြန်လာ၏။ စကြာရတနာအရောင်ကြောင့် နန်းတော် အတွင်း၊ အပ၌ မီးထွန်းခြင်း ပြုဖွယ်ကိစ္စ မရှိ။ အမိုက်မှောင် ပျောက်ကင်း၍ လွန်စွာ ထွန်းလင်း၏။ အမိုက်မှောင်ကို အလိုရှိသော သူတို့အားသာ အမိုက်မှောင် ဖြစ်၏။

ဆင်ရတနာ

ဆင်ရတနာကား ဆဒ္ဒန်ဆင်မျိုး၊ ဝါ-ဥပေါသထဆင်မျိုး ဆင်ဖြူတော် ဖြစ်၏။ ကောင်းကင်ပျံနိုင်၏။ နံနက် အချိန်တွင် ထိုဆင်ကိုစီး၍ အလုံးစုံသော မင်းပရိသတ်နှင့်တကွ သမုဒ္ဒရာအဆုံးအထိ သွား၍ လူအပေါင်းကို ဆုံးမပြီးလျှင် နေပြည်တော်သို့ ပြန်၍ နံနက်စာ ပွဲတော်တည်နိုင်၏။

မြင်းရတနာ

မြင်းရတနာကား သိန္ဓောမြင်းမျိုး ဝလာဟကမြင်းပျံ ဖြစ်၏။ နံနက် အချိန်တွင် ထိုမြင်းကိုစီး၍ မင်းပရိသတ် အားလုံးနှင့်တကွ သမုဒ္ဒရာအဆုံးအထိ သွား၍ လူအပေါင်းအား ဆုံးမပြီးလျှင် နေပြည်တော်သို့ ပြန်၍ နံနက်စာ ပွဲတော်တည်နိုင်၏။

ပတ္တမြားရတနာ

ပတ္တမြားရတနာကား ဝေဠုရိယမဏိ ဖြစ်၏။ ရှစ်မြှောင့် ရှိ၏။ အရှည် လေးတောင်၊ လုံးပတ်လှည်းပုံတောင်းခန့် ရှိ၏။ ဝေပုလ္လတောင်မှ ရောက်လာ၏။ ထက်ဝန်းကျင် တယူဇနာတိုင်အောင် အရောင်ထွန်းလင်း၏။ ညဉ့်အခါ အတောင် ခြောက်ဆယ်မျှမြင့်သော တံခွန်ထိပ်၌ တင်ထားလျှင် ဝန်းကျင် တယူဇနာအတွင်း ရွာသားတို့သည် နေ့ဟုမှတ်ထင်၍ လယ်ထွန် ခြင်း စသည်ဖြင့် အလုပ်အကိုင် ပြုလုပ်ကုန်၏။

မိဖုရားရတနာ

မိဖုရားရတနာကား မဒ္ဒရာဇ်မင်းမျိုးမှ မင်းသမီး ဖြစ်၏။ မြောက်ကျွန်းမှသော်လည်း ရောက်လာ၏။ နိမ့်၊ မြင့်၊ ဆူ၊ကြုံ၊ မည်း၊ ဖြူ အပြစ်ခြောက်ပါး ကင်း၏။ ၁၂ တောင် ကိုယ်ရောင်လင်း၏။ လဲ ဝါဂွမ်းအစုကဲ့သို့ ကိုယ် အတွေ့ နူးညံ့၏။ မင်းကြီးအား အချမ်းနှိပ်စက်သောအခါ မိဖုရား၏ ကိုယ်သည် နွေး၏။ ပူအိုက်သောအခါ အေး၏။ စန္ဒကူးနံ့လှိုင်၏၊ ခံတွင်းမှ ကြာပန်းအနံ့ သင်း၏။ နောက်မှအိပ်ခြင်း၊ ရှေးဦးစွာထခြင်း၊ အဘယ်အမှု ပြုရအံ့နည်းဟု ကြောင့်ကြခြင်း၊ နှစ်သက်ဖွယ်ကျင့်ခြင်း၊ ချစ်ဖွယ်ဆိုခြင်းနှင့် ပြည့်စုံ၏။ မင်းကြီးအပေါ်၌ စိတ်ဖြင့်သော်လည်း ပြစ်မှားခြင်း မရှိ။

သူကြွယ်ရတနာ

သူကြွယ်ရတနာကား ပကတိအားဖြင့် ဥစ္စာပစ္စည်း ပေါများသော သဌေးကြီး ဖြစ်၏။ မြေ၌ တယူဇနာအတွင်း မြှုပ်ထားသော ရွှေအိုးကို မြင်နိုင်သော နတ်မျက်စိ ရှိ၏။ မင်းကြီးအား ဥစ္စာပစ္စည်းဖြင့် အလိုရှိတိုင်း ကူညီ၏။ လှေဖြင့် မြစ်အလယ်၌ သွားစဉ် မင်းကြီးက “ဤနေရာတွင် ရွှေအိုး အလိုရှိသည်” ဟုဆိုလျှင် ရေထဲ၌ လက်ကိုချ၍ သုံးသပ်ခြင်းဖြင့် ရွှေအိုးကို ရနိုင်၏။

သားကြီးရတနာ

သားကြီးရတနာကား ပညာကြီးသောသားကြီး ဖြစ်၏။ တိုင်းပြည်ကို ဆုံးမနိုင်၏။ မင်းကိစ္စအားလုံးကို စီမံ၏။ ၁၂ ယူဇနာ ရှိသော ပရိသတ်၏စိတ်ကို သိ၏။ ရာထူးဖြင့် ချီးမြှောက်သင့်သူကို ချီးမြှောက်၏။ နှိမ့်သင့်သူကို နှိမ့်၏။ ထားသင့်သူကို ထား၏။

စကြာမင်း၏ တန်ခိုး လေးပါးကား လူအပေါင်းထက် လှသော တန်ခိုး၊ အသက်ရှည်သော တန်ခိုး၊ အနာ ကင်းသော တန်ခိုး၊ အများ မြတ်နိုးသော တန်ခိုးဟု တန်ခိုးလေးပါး ရှိ၏။

၂။ စက္ကင်္ကိတပါဒေါ

စက္က-စက်ဝန်းဖြင့်၊ အင်္ကိတ-မှတ်အပ်သော၊ ပါဒ- ခြေဖဝါး ရှိ၏။

ခြေဖဝါးနှစ်ဘက်လုံး၌ စက်ဝန်းနှစ်ခုလုံးပင် ထင်ရှား၏။ ဖဝါးပြင် အလယ်တွင် စက်ဝန်းတို့၏ ပုံတောင်း (ချက်မ)သည် ထင်၏။ ပုံတောင်းကို ပိုင်းခြားသော လုံးသော အရေးဝန်းသည် ထင်၏။ ပုံတောင်းကို ရံသော ရွဲလုံးသည် ထင်၏။ ကျည်ဝသည်ထင်၏။ အကန့်တို့သည်ထင်ကုန်၏။ အကန့်တို့၌ လုံးသော အရေးတို့သည် ထင်ကုန်၏။ အကွပ်သည် ထင်၏။ အကွပ်၌စီသော ရွဲလုံး ပတ္တမြား အရေးတို့သည် ထင်ကုန်၏။ ထို့ကြောင့် အကန့်တစ်ထောင် စက်ဝန်း ထင်သောဖဝါး ရှိတော်မူ၏ဟု ဆိုအပ်၏။

သတ္တိ-လှံမ၊ သိရီဝစ္ဆော-အိမ်မွန်၊ ဝါ-အသရေ ရှိသောအိမ်၊ နန္ဒိယော-ငလပ်ပန်း၊ သောဝတ္တိကော-လည်ရေသုံးဆင့်၊ ဝဋံသကော-ဦးစောက်ပန်း (၅)၊

ဝဍ္ဎမာနကံ-ထမင်းပွဲ၊ မစ္ဆယုဂဠံ-ငါးကြင်နှစ်ကောင်အစုံ၊ ဘဒ္ဒပီဌံ-မြတ်သော အင်းပျဉ်၊ ဝါ-ရွှေသလွန်၊ အကုၤသကော-ချွန်းတောင်း၊ ပါသာဒေါ-ပြာသာဒ် (၅)၊

တောရဏံ-တံခါးတိုင်း၊ သေတစ္ဆတ္တံ-ထီးဖြူ၊ ဓဂ္ဂေါ-သံလျက်၊ တာလဝဏ္ဍံ-ယပ်ဝန်း၊ မောရ ဟတ္ထကော-ဥဒေါင်းမြီးယပ်(၅)၊

ဝါဠဗီဇနီ-စာမရီသားမြီးယပ်၊ ဥဏှီသံ-သင်းကျစ်၊ မဏိ-ပတ္တမြား၊ ပတ္တော-သပိတ်၊ သုမနဒါမံ-မြတ်လေးပန်းဆိုင်း (၅)၊

နီလုပ္ပလံ-ကြာညို၊ ရတ္တုပ္ပလံ-ကြာနီ၊ သေတုပ္ပလံ-ကြာဖြူ၊ ပဒုမံ-ပဒုမ္မာကြာ၊ ပုဏ္ဍရိကံ-ကြာပုဏ္ဍရိက် (၅)၊

ပုဏ္ဏဃဋော-မုန်ညင်းဖြူစေ့၊ စသည်ဖြင့် ပြည့်သောအိုး၊ ပုဏ္ဏပါတိ-မုန်ညင်းဖြူစေ့ စသည်ဖြင့် ပြည့် သောခွက်၊ သမုဒ္ဒေါ-သမုဒ္ဒရာလေးစင်း၊ စက္ကဝါဠံ-စကြဝဠာတောင်၊ ဟိမဝါ-ဟိမဝန္တာတောင် (၅)၊

သိနေရု-မြင်းမိုရ်တောင်၊ စန္ဒိမသူရိယာ-လ နေတို့၊ နက္ခတ္တာနိ-နက္ခတ် ၂၇-လုံးတို့၊ စတ္တာရောမဟာဒီပါ-ကျွန်း ကြီးလေးကျွန်းတို့၊ ဒွိပရိတ္တဒီပသဟဿာနိ-ကျွန်းငယ် နှစ်ထောင်တို့(၅)၊

ဤအလုံးစုံသည် ထင်၏။ စကြာမင်းပရိသတ်ကို အစပြု၍ ဤအလုံးစုံသည် စက်လက္ခဏာ၏အခြံအရံ ဖြစ်၏။

(*ဤ၌ ၁၀၈ ကွက် စက်လက္ခဏာကို ကျမ်းငယ်တခု၌ ဤသို့ ပြ၏။ လှံမ၊ အိမ်မွန်၊ ဇလပ်ပန်း၊ လည်ရေး သုံးဆင့်၊ ဦးစောက်ပန်း (၅)၊
ထမင်းပွဲ တည်ဟန်၊ ရွှေသလွန်၊ ချွန်းတောင်း၊ ပြာသာဒ်၊ တံခါးတိုင် (၁၀)၊
ထီးဖြူ ၊ သံလျက်၊ ထမ်းရွက်ယပ်၊ ဥဒေါင်း မြီးယပ်၊ သင်းကျစ်(၁၅)၊
ပတ္တမြားသပိတ်၊ ပန်းဆိုင်း (၁၇)၊ ကြာမျိုး ငါးပါး(၂၂)၊
မုန်ညင်းစေ့စသည်ဖြင့် ပြည့်သောအိုး၊ မုန်ညင်းဖြူစေ့ စသည်ဖြင့်ပြည့်သောခွက်၊ သမုဒ္ဒရာ (၂၅)၊
စကြဝဠာတောင်၊ ဟိမဝန္တာတောင်၊ နေ၊ လ၊ နက္ခတ် (၃၀)၊
ကျွန်းငယ်နှစ်ထောင် အရံနှင့် တကွ ကျွန်းကြီးလေးခု၊ စကြာမင်း (၃၅)၊
လက်ယာရစ်လည်သော ခရုသင်း ငါးကြင်းအစုံ၊ စကြာရတနာ (၃၈)၊ သီဒါခုနစ်တန် (၄၅)၊
တောင်စ၌ ခုနစ်ထပ်(၅၂)၊ အိုင်ကြီးခုနစ်အိုင် (၅၉)၊
ဂဠုန်၊ မိကျောင်း၊ တံခွန်၊ ကုက္ကား၊ သံလျင်း၊ သားမြီးယပ် (၆၅)၊
ကေလာသဘတောင်၊ ခြင်္သေ့မင်း၊ ကျားမင်း၊ ဝလာဟကမြင်းပျံ၊ ဥပေါသထဆင် (၇ဝ)၊
ဆဒ္ဒန်ဆင်၊ ဧရာဝဏ်ဆင်၊ နဂါးမင်း၊ ဟင်္သာမင်း၊ ဥသဘနွားမင်း (၇၅)၊
မကာရ်း၊ ရွှေလှေ၊ မျက်နှာလေးဘက်၊ နွားသားအမိ၊ ကိန္နရာဖို (၈၀)၊
ကိန္နရီမ၊ ကရဝိက်ငှက်၊ ဥဒေါင်း၊ ကြိုးကြာ၊ စက္ကဝက်၊ ဇီဝဇိုး (၈၆)၊
နတ်ပြည် ခြောက်ထပ်(၉၂)၊ ဗြဟ္မာပြည် ၁၆-ထပ် (၁၀၈)၊
ဤကား ဖဝါးတော်၌ ၁၀၈ ကွက် စက်လက္ခဏာတည်း၊)

(၂) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ လူအများ ချမ်းသာအောင် ရွက်ဆောင်၏၊ ဘေးရန်ကို ကာကွယ်၏၊ တရားသဖြင့် စောင့်ရှောက်၏၊ သပရိဝါရဒါနကို လှူ၏။ ထိုကံကြောင့် နတ်ပြည်၌ ဂုဏ်ဆယ်ပါး သာလွန်၏။ ယခု ဘုရားဖြစ်သောအခါ စက္ကင်္ကိတ ပါဒလက္ခဏာ ရ၏။ အောက်ဖဝါးပြင်၌ အကန့်တစ်ထောင်၊ အကွပ်၊ ပုံတောင်းနှင့်တကွ စက်ဝန်းတို့သည် ဖြစ်ကုန်၏။ လူ့ဘောင်၌ နေလျှင် စကြာမင်း ဖြစ်၏။ ပုဏ္ဏား၊သူကြွယ်စသော အခြံအရံ များ၏။ ရဟန်းပြုလျှင် ဘုရားဖြစ်၏။ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ၊ နတ်၊ လူ၊ အသူရာ၊ နဂါး၊ ဂန္ဓဗ္ဗစသော အခြံအရံ များ၏။ အခြံအရံများ၍ ရန်သူကိုလည်း နှိမ်နင်းနိူင်၏။

ဤသို့ ခိုးသူဘေး၊ မင်းဘေး၊ ရန်သူဘေး၊ လုယက်နှောင်ဖွဲ့ စသည်ကြောင့် ဖြစ်သော ဘေးသည် ဥဗ္ဗေဂဘေး မည်၏။ ထိုခဏ၌ဖြစ်သော၊ ဆင်၊ မြင်း၊ မြွေ၊ ဘီလူး စသည်ကြောင့်ဖြစ်သော ကြက်သီးထဖွယ်ဘေးသည် ဥတ္တာသဘေး မည်၏။ ထိုဘေးတို့ကို ကာကွယ်၏။ ငြိမ်းအေးစေ၏။ စောင့်ရှောက်၏၊ တောအုပ်၌ စိုးရိမ်ဖွယ် အရပ်တွင် ဇရပ်ဆောက်၍ ခရီးသွားတို့အား ကျွေးမွေး၍ အဖော်ထည့်ပေးခြင်း စသည်ဖြင့် ဘေးကင်းစေ၏။ စိုးရိမ်ဖွယ်အရပ်သို့ မသွားဝံ့သူတို့ကို လူလွှတ်ခေါ်၍ သွားဝံ့စေ၏။ မြို့၊ ရွာ စသည်တို့၌ အစောင့်အရှောက် စီမံ၏။

သပရိဝါရဒါန လှူပုံကား အန္န-ဃာဂု၊ ထမင်း လှူလျှင် အိမ်ပေါက်ဝ၌ လှူသည်မဟုတ်၊ အိမ်တွင်း၌ နေရာ ကောင်းစွာ ခင်း၍ ဟင်းလျာနှင့် တကူ အရိုအသေပြု၍ လှူ၏။ ခြေတို့ကို ရေဆေးပေးခြင်း၊ ဆီလိမ်းပေးခြင်း ပြု၍ စားသောက်ဖွယ်အထူးထူး ကျွေး၍ ဟင်းလျာများစွာနှင့်တကွ ကောင်းသော ဘောဇဉ်ကို လှူ၏။ ပါန-အဖျော်လှူလျှင် တမျိုးသာ မဟုတ်၊ သရက်အဖျော် စသော အဖျော်ရှစ်မျိုးကို ယာဂု၊ ထမင်း စသည် နှင့်တကွ ခြံရံ၍ လှူ၏။

ဝတ္ထု-အဝတ်သင်္ကန်းလှူလျှင် ဝတ်လောက်ရုံ လောက်သော အဝတ်ကို အပ်၊ အပ်ချည်နှင့်တကွ လှူ၏။ သင်္ကန်းချုပ် ရာ၌လည်း ယာဂု၊ ထမင်း၊ ခြေနယ်ဆီ၊ ဆိုးရည်၊ ပိန္နဲ၊ တောက်ရပ်၊ ဆိုးကျင်း၊ ဆိုးသူနှင့်တကွ လှူ၏။ ယာန-ယာဉ်ဟူသည် ဖိနပ်စသည် ဖြစ်၏။ ဖိနပ်လှူလျှင် ဖိနပ်ထည့်စရာ အိတ်၊ ချိတ်စရာ သစ်သားကောက်၊ ခြေနယ်ဆီ၊ ထမင်း၊ ယာဂု စသည်နှင့်တကူ လှူ၏။ မာလာ- ပန်းလှူလျှင် ပန်းကို နံ့သာရော၍ ထမင်း၊ ယာဂု၊ အဖျော်၊ အဝတ်၊ ဖိနပ်တို့နှင့်တကွ လှူ၏။ (၅)။

ဂန္ဓ-နံ့သာလှူလျှင် နံ့သာကြိတ်စရာ ကျောက်ပျဉ်၊ ကျောက်သား၊ နံ့သာမှုန့် ထည့်စရာခက်၊ ထမင်း၊ အဖျော် စသည်နှင့်တကွ လှူ၏။ ဝိလေပန-နံ့သာပျောင်းလှူလျှင် ထည့်စရာခွက်၊ ထမင်းအဖျော်စသည်နှင့် တကွ လှူ၏။ သေယျ-ညောင်စောင်း အင်းပျဉ် အိပ်ရာနေရာ လှူလျှင်အခင်း၊ ကော်ဇော၊ ကမ္ဗလာ၊ ခြုံစောင်၊ ထမင်း အဖျော် စသည်နှင့်တကွ လှူ၏၊ အာဝသထ-တည်ခိုးရာဇရပ် လှူလျှင် ခြူးပန်းခြူးနွယ်ဖြင့် တန်ဆာဆင်၍ ညောင်စောင်း၊ အင်းပျဉ်၊ ထမင်း၊ အဖျော် စသည်နှင့်တကွ လှူ၏။ ပဒီပေယျ- ဆီမီးလှူလျှင် မီးစာ၊ မီးခွက်၊ ဆီ၊ ထမင်း၊အဖျော် စသည်နှင့် တကွ လှူ၏။ (၁၀)။

ဤ၌ သပရိဝါရဒါန လှူခြင်းသည် ကမ္မ မည်၏။ သပရိဝါရဒါနကို လှူသူဟု နတ်လူအများ သိစိမ့်သောငှါ ကံနှင့်တူစွာဖြစ်သော စက်လက္ခဏာသည် (ဝါ-စက်လက္ခဏာ၏ သိကြောင်း ဉာပက နိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ ထိုစက်လက္ခဏာသည်ပင် လက္ခဏာ မည်၏။ များသောအခြံအရံ ရှိခြင်းသည် အာနိသင် မည်၏။

လူအများ ဘေးကင်းအောင် စောင့်ရှောက်ခြင်း၊ သပရိဝါရဒါန လှူခြင်းကြောင့် စက္ကလက္ခဏာ ရ၏။ ထို လက္ခဏာကြောင့် အခြံအရံ များ၏။

၃။ အာယတပဏှီ

၄။ ဒီဃင်္ဂုလီ

၅။ ဗြဟ္မုဇုဂတ္တော

*အာယတ-ရှည်သော၊ ပဏှီ-ဖနောင့် ရှိ၏။ တပါးသောသူတို့မှာ ခြေဖျား ရှည်၏။ ဖနောင့်အထက်၌ မြင်းခေါင်းတည်၏။ ဖနောင့် တို၏။ မြတ်စွာဘုရားမှာကား ဖနောင့်ရှည်၍ ပြည့်စုံသော ဖနောင့် ရှိ၏။ ဖဝါးကို လေးစုပြု၍ နှစ်စုသည် ခြေဖျားဖဝါးဦး ဖြစ်၏။ တတိယအစု၌ မြင်းခေါင်းတည်၏။ စတုတ္ထအစု၌ လုံးသော ဖနောင့် ရှိ၏။ ကမ္ဗလာနီဖြင့် ပြုသော ရွှေကျင်ဖုသဏ္ဌာန် ဖြစ်၏။ ထို့ကြောင့် ရှည်သော လုံးသော ဖနောင့် ရှိတော်မူ၏ဟု ဆိုအပ်၏။

(*သမန္တစက္ခုဒီပနီ၌ ဘုရားရှင်၏ ဖဝါးသည် ဘုရားရှင်၏ အထွာ တော်ဖြင့် တထွာနှင့်သုံးသစ်၊ မဇ္ဈိမအထွာဖြင့် တတောင့်ထွာနှင့်ကိုးသစ် ပကတိအထွာဖြင့် နှစ်တောင့်ထွာ ခုနစ်သစ်ခွဲအပြင် အလျားရှိသည်ဟု ပမာဏကို ဆို၏။
ဘုရား ၁၅ သစ်၊ မဇ္ဈိမ ၄၅၊ ပကတိ ၆၇ သစ်ခွဲဖြစ်၍ ဘုရားရှင် ခြေတော်ရာသည် နှစ်တောင့်ထွာ ခုနစ်သစ်ခွဲ ရှိသည် ဖြစ်ရာ၏။)

*ဒီဃ-ရှည်သော၊ အင်္ဂုလီ-လက်ချောင်း ခြေချောင်း ရှိ၏။

တပါး သောသူတို့မှာ လက်ချောင်း ခြေချောင်း အချို့ ရှည်၍ အချို့ တို၏။ မြတ်စွာဘုရားမှာကား မျောက်မင်း၏ လက်ချောင်း ခြေချောင်းကဲ့သို့ အလုံးစုံ ရှည်၏။ ညီလည်းညီ၏။ အချို့ရှည်၊ အချို့တို မဟုတ်။ အရင်း၌ တုတ်၍ အစဉ်အတိုင်း အဖျား သွယ်၏။ အစေးဆီဖြင့်နယ်၍ လုံးသော ဆေးဒါန်းမြင်းသီလာ တောင်ကဲ့သို့ တခဲနက်လုံး၍ ပြေပြစ်၏။ ထို့ကြောင့် ရှည်သွယ်သော လက်ဆံ ခြေဆံ ရှိတော်မူ၏ဟု ဆိုအပ်၏။

(* ဆရာမြတ်တို့ကား လက်ဖဝါးဖြင့် ဆုတ်ကိုင်သကဲ့သို့ ခြေဖဝါးဖြင့် ဆုပ်ကိုင်နိုင်သည်ဟု မိန့်ဆိုကုန်၏။)

ဗြဟ္မ-ဗြဟ္မာ၏ ကိုယ်ကဲ့သို့၊ ဥဇု-ဖြောင့်သော၊ ဂတ္တ-ကိုယ် ရှိ၏။

တပါးသောသူတို့မှာ လည်ကုပ်၊ ခါး၊ ဒူး ဤနေရာ သုံးခု ညွှတ်၏။ ခါးညွှတ်လျှင် နောက်သို့ ကော့ကုန်၏။ လည်ကုပ်၊ ဒူးညွှတ်လျှင် ရှေ့သို့ ညွတ်၏။ ရှည်သောကိုယ် ရှိသူတို့မှာလည်း အချို့ နံပါး ကောက်၏။ အချို့ နက္ခတ် ရေတွက်သကဲ့သို့ မော့၍သွား၏။ အချို့သွေးသားနည်း၍ အရုပ်လုပ်ရာ၌ တုတ်ချောင်းထောင်ထား သကဲ့သို့ ဖြစ်၏။ အချို့ ရှေ့သို့ ကိုင်း၏။ တုပ်လှုပ်လျက် သွား၏။ မြတ်စွာဘုရားမှာကား ဖြောင့်ဖြောင့် တက်၍ ရှည်သွယ်သော ပမာဏ ရှိ၏။ နတ်ပြည်၌ စိုက်ထောင်ထားသော ရွှေတံခါးတိုင်နှင့် တူ၏။ ထို့ကြောင့် ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိတော် မူ၏ဟု ဆိုအပ်၏။

( ဖွားမြင်စတွင် ဤလက္ခဏာမျိုး မသိသာသော်လည်း နောင် ပြည့်စုံလိမ့်မည်ဟု ဗေဒင်ဆရာတို့ မြင်သိ၍ ပြောကြားနှင့်ကုန်၏။)

(၃) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ ပါဏာတိပါတမှ ရှောင်ကြဉ်၏။ ဥစ္စာဒဏ်၊ လက်နက်ဒဏ်ဖြင့် ညှဉ်းဆဲခြင်း မပြု။ သတ္တဝါတို့၏ အစီးအပွားကို ဆောင်၏။ ထိုကံကြောင့် နတ်ပြည်၌ ဂုဏ်ဆယ်ပါး သာ၏။ ယခု ဘုရားဖြစ်သောအခါ အာယတပဏှီ၊ ဒီဃင်္ဂုလီ၊ ဗြဟ္မုဇုဂတ္တ လက္ခဏာ သုံးပါး ရ၏။ စကြာမင်း ဖြစ်၏။ သို့မဟုတ် ဘုရား ဖြစ်၏။ အသက်ရှည်၏။ အကြား၌ သေအောင် ရန်သူ မတတ်နိုင်။ လက္ခဏာ သုံးပါး ရ၍ လက်ရုံးလှ၏။ နုပျို၏။ လုံးရပ် သဏ္ဌာန် ပြည့်စုံ၏။ လက်ဆံ ခြေဆံ နူးညံ့၏။ အသက်ရှည်ကြောင်း ဣရိယာပုထ် မျှတ၏။ အန္တရာယ် ကင်း၏။

ဤ၌ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းသည် ကမ္မမည်၏။ သူတပါးကို သတ်သောသူသည် ခြေသံ မကြားစိမ့်သောငှါ ခြေဖျားထောက်၍ သွား၏။ ထို့ကြောင့် ထိုသို့သောကံ ပြုခဲ့သူဟု အများသိစေခြင်းငှါ ကံတူအကျိုး ပေးအားဖြင့် အတွင်းသို့ဝင်သော ခြေခွင်သောသူသော်လည်း ဖြစ်တတ်၏။ အပသို့ထွက်သော ခြေခွင်သူ ဖဝါးဆွံ့သူ၊ (ဝါ- ဖဝါးလယ် ခွက်သူ) ခြေဖျားတိုသူ၊ ဖနောင့်တိုသူသော်လည်း ဖြစ်တတ်၏။ မြတ်စွာဘုရားကား ဤကံမျိုး မရှိဟု သိစေခြင်းငှါ ဖနောင့်ရှည်သော လက္ခဏာ ဖြစ်၏။

သူတပါးကို သတ်သောသူသည် လက်နက်ကို လက်ဖြင့် ဆုပ်ကိုင်၍ သတ်၏။ ထို့ကြောင့် လက်ဆံတိုခြင်း၊ လက်ဖဝါးတိုခြင်း၊ လက်ကောက်ခြင်း၊ လက်ချောင်းချင်းချင်း တွဲကပ်ခြင်းတို့ ဖြစ်ကုန်၏။ မြတ်စွာဘုရားကား ဤကံမျိုး မရှိသောကြောင့် မျောက်မင်း၏ လက်ခြေကဲ့သို့ ရှည်သော လက်ခြေ ရှိ၏။

သူ့အသက်သတ်သူသည် သူတပါး မမြင်စိမ့်သောငှါ မတ်မတ်မသွား ငုံ့ကာကုန်းကာ သွား၍ သတ်၏။ ထို့ကြောင့် ကုန်းခြင်း၊ ကြွခြင်း၊ ဆွံ့ခြင်း၊ (ဝါ-လက်ခြေမသန်ခြင်း)တို့ ဖြစ်ကုန်၏။ မြတ်စွာဘုရားကား ထိုကံမျိုး မရှိသောကြောင့် ဗြဟ္မာမင်းကိုယ်ကဲ့သို့ ဖြောင့်သောကိုယ် ရှိ၏။ ဤလဏာသုံးပါးသည် (ဝါ-လက္ခဏာ သုံးပါး၏ အတိတ်ကံ သိကြောင်း ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာ သုံးပါး သည်ပင် လက္ခဏာ မည်၏။ အသက်ရှည်ခြင်းသည် အာနိသင် မည်၏။

ပါဏာတိပါတမှ ရှောင်ကြဉ်သောကြောင့် အာယတပဏှီ၊ ဒီဃင်္ဂုလီ၊ ဗြဟ္မုဇုဂတ္တ-လက္ခဏာသုံးပါး ရ၏။ ထိုလက္ခဏာကြောင့် အသက် ရှည်၏။

၆။ သတ္တုဿဒေါ

သတ္တ-ခုနစ်ပါးသောအရပ်၌၊ ဥဿဒ-ပြည့်သောအသား ရှိ၏။ လက်ဖမိုးနှစ်ဘက်၊ ခြေဖမိုးနှစ်ဘက်၊ ပခုံးစွန်း နှစ်ဘက်၊ လည်ကုပ် ဤအရပ်ခုနစ်ပါးတို့၌ ပြည့်ဖြိုးသောအသား ရှိ၏။ တပါးသောသူတို့မှာ လက်ဖမိုး၊ ခြေဖမိုး စသည်တို့၌ အကြောကွန်ယက် ဖြိုင်းဖြိုင်းထ၏။ လက်ကုပ်တို့၌ အရိုးဆက်တို့သော်လည်းပေါ်လွင်၍ ပြိတ္တာနှင့်တူကုန်၏။

မြတ်စွာဘုရားမှာကား အရပ်ခုနစ်ပါး ပြည့်ဖြိုးသောအသား ရှိ၏။ အကြောကွန်ယက် မထ၊ လုံး၍ ဆောင်ထား သော ရွှေမရိုးစည်ငယ်နှင့် တူသော လည်ကုပ် ရှိ၏။ ကျောက်ဆင်းတုနှင့် တူ၏။ ဆန်းကြယ်သော ပန်းချီရုပ်နှင့် တူ၏။ ထို့ကြောင့် လက် ခြေ ပခုံး လည်လုံးသတ်မှတ် အရပ် ခုနစ်ပါး ပြည့်ဖြိုးသောအသား ရှိတော်မူ၏ဟု ဆိုအပ်၏။

(၄) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ် အခါ ပဏီတရသ ဟူသော မွန်မြတ်သောခဲဖွယ်၊ ဘောဇဉ်၊ သာယာဖွယ်၊ သောက်ဖွယ်၊ လျက်ဖွယ်တို့ကို လှူ၏။ ထိုကံကြောင့် နတ်ပြည်၌ ဂုဏ်ဆယ်ပါး သာ၏။

ယခု ဘုရားဖြစ်သောအခါ သတ္တုဿဒ လက္ခဏာ ရ၏။ လက်နှစ်ဘက်အသား ပြည့်၏။ ခြေနှစ်ဘက်အသား ပြည့်၏။ ပခုံးစွန်းနှစ်ဘက်အသား ပြည့်၏။ လက်ပြင် လည်ကုပ်အသား ပြည့်၏။ လက်၊ ခြေ၊ ပခုံး၊ လည်-ဟူသောအရပ်ခုနစ်ပါးအသား ပြည့်၏။ စကြာမင်းဖြစ်၏။သို့မဟုတ် ဘုရားဖြစ်၏။ ပဏီတရသ ဟူသော စားသောက်ဖွယ် လာဘ် ပေါများ၏။ အရပ်ခုနစ်ပါး အသားပြည့်၍ လက်ဖဝါး ခြေဖဝါးလည်း နူးညံ့၏။

ဤ၌ ငှက်ပျော၊ သစ်သီး၊ မုန့်စသည်သည် ခဲဖွယ်မည်၏။ ထမင်းစသည် သည် ဘောဇဉ်၊ ထောပတ်ဆီဦး စသည်သည် သာယာဖွယ်၊ နို့ဂဏာ စသည်သည် လျက်ဖွယ် အဖျော်ရှစ်ပါးသည် သောက်ဖွယ်မည်၏။ ဤကား ပဏီတရသတို့တည်း။

ပဏီတရသ လှူခြင်းသည် ကမ္မမည်၏။ ညံ့သောအစာသည် အသွေး အသားကို ခန်းခြောက်စေ၏။ ထို့ကြောင့် အစာညံ့လှူသူသည် အသွေး အသားနည်းပါး၍ လူပြိတ္တာနှင့်တူ၏။ ထမင်းအဖျော် ချို့ငဲ့တတ်၏။ ပဏီတရသ သည် အသွေးအသားကို တိုးပွားစေ၏။ထို့ကြောင့် ပြည့်ဖြိုး၍ ကြည့်ရှုချင်ဖွယ် လှပတင့်တယ်၏။

မြတ်စွာဘုရားကား ကြာမြင့်စွာသော ကာလပတ်လုံး ပဏီတဘောဇဉ်အရသာကို လှူဖူးသောကြောင့် အရပ် ခုနစ်ပါး ပြည့်ဖြိုး၏။ ဤလက္ခဏာသည် (ဝါ- ဤလက္ခဏာ၏ ပဏီတ လာဘ်ပေါကြောင်း ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ ခုနစ်ပါးပြည့်သော လက္ခဏာသည်ပင် လက္ခဏာမည်၏။ ပဏီတဘောဇဉ် လာဘ်ပေါများခြင်းသည် အာနိသင် မည်၏။

ပဏီတရသ လှူခြင်းကြောင့် သတ္တုဿဒ လက္ခဏာ ရ၏။ ထိုလက္ခဏာကြောင့် ပဏီတဘောဇဉ် လာဘ်ပေါ၏။

၇။ မုဒုတလုဏ ဟတ္ထပါဒေါ

၈။ ဇာလဟတ္ထပါဒေါ

မုဒု-နူးညံသော၊ တလုဏ-သိမ်မွေ့သော၊ ဟတ္ထပါဒ- လက်ခြေ ရှိ၏။ မြတ်စွာဘုရား၏ လက်ဖဝါး၊ ခြေဖဝါးသည် ကြည်လင်သော ထောပတ်၌ထည့်သော အကြိမ်တရာဖတ်သော ဝါဂွမ်းလွှာကဲ့သို့ အလွန် အထူး နူးညံ့၏။ ဖွားမြင်စသူငယ်အား နူးညံ့သကဲ့သို့ ကြီးရင့်သောအခါလည်း နူးညံ့ခြင်းသည် ဖြစ်၏။ မုဒုနှင့်တလုဏသည် ပရိယာယ်သဒ္ဒါ နှစ်ချက်ဆင့် ဖြစ်၏။ အလွန်အထူး နူးညံ့သည်ဟု မြင့်သောအနက်ကို သိအပ်၏။ ထို့ကြောင့် နူးညံ့သော သိမ်မွေ့သော လက်ဖဝါး၊ ခြေဖဝါး ရှိတော်မူ၏ဟု ဆိုအပ်၏။

ဇာလ-ကွန်ယက်နှင့်တူသော၊ ဟတ္ထပါဒ-လက်ခြေ ရှိ၏။ လက်ချောင်း ခြေချောင်းအကြား၌ သားရေတွဲစပ်ခြင်း မရှိလျှင် ဇာလဟတ္ထ ပါဒ မည်၏။ တွဲစပ်လျှင် ဖဏဟတ္ထက လက်ပြစ်သူ မည်၏။ ရဟန်း အဖြစ်၊ ရှင်အဖြစ် တားမြစ်အပ်သူ ဖြစ်၏။ မြတ်စွာဘုရားမှာ လက်မတော်မှ တပါးသော လက်ချောင်းလေးခုသည် (အရှည်) ပမာဏတူ၏။ ခြေချောင်းငါးခုလည်း ပမာဏတူ၏။

ထို့ကြောင့် ယဝလက္ခဏာသည် အချင်းချင်း ထိ၍တည်၏။ ယဝလက္ခဏာဟူသည် အတွင်းလက်ချောင်း အဆစ်၌ တည်၏။ [မုယော စပါးစေ့သဏ္ဌာန် ဟူလို။] လက်ဆစ်ချင်း ညီသောကြောင့် လက်ချောင်းတို့ကို ဖြန့်သောအခါ စပါးစေ့တို့သည် အချင်းချင်းထိုးသကဲ့သို့ ထိ၍ တည်ကုန်၏။ ဤသို့သော လက်ခြေတို့သည် လိမ္မာသော လက်သမားဆရာ တပ်ဆင်သော လေသာကွန်ယက်နှင့် တူကုန်၏။ ထို့ကြောင့် လေသာ ကွန်ယက်အလား လက်ဆံခြေဆံ အညီ လက်ဆစ်အတွင်း ယဝလက္ခဏာ ညီသော လက်ဖဝါး၊ ခြေဖဝါး ရှိတော်မူ၏ဟု ဆိုအပ်၏။

(၅) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ သင်္ဂဟ ဝတ္ထုလေးပါးဖြင့် လူအပေါင်းကို ချီးမြှောက်၏။ ဒါန-လှူဒါန်းခြင်း၊ ပိယဝါစာ-ချစ်ဖွယ်စကား ဆိုခြင်း၊ အတ္ထစရိယ-အကျိုးများအောင်ကျင့်ခြင်း၊ သမာနတ္တတာ- ချမ်းသာဆင်းရဲ မိမိနှင့်အတူပြုခြင်း ဤလေးပါးဖြင့် ချီးမြှောက်၏။ ထိုကံကြောင့် နတ်ပြည်၌ ဂုဏ်ဆယ်ပါး သာ၏။

ယခုဘုရား ဖြစ်သောအခါ မုတလုဏဟတ္ထပါဒ၊ ဇာလဟတ္ထပါဒ-လက္ခဏာနှစ်ပါး ၎င်း၏။ စကြာမင်းဖြစ်လျှင် ကောင်းစွာချီးမြှောက် ကူညီတတ်သော အမတ် စသော ပရိသတ် ရှိ၏။ ဘုရားဖြစ်လျှင် ကောင်းစွာ ချီးမြှောက် ကူညီ တတ်သော ရဟန်းစသော ပရိသတ် ရှိ၏။ ပရိသတ်ကောင်းရှိ၍ အကျိုး ရှိသောစကားကို ဆိုတတ်၏။ လိုက်နာသူ များ၏။ ဤ၌ --

(၁) ဒါနဖြင့် ချီးမြှောက်ထိုက်သူဖြစ်လျှင် ရဟန်းအား ရဟန်းပရိက္ခရာဖြင့်၊ လူအား လူအသုံးအဆောင်ဖြင့် ပေးကမ်းခြင်းသည် ဒါနဖြင့် ချီးမြှောက်သည် မည်၏။

(၂) အချို့သောသူသည် ပစ္စည်းရသော်လည်း စကားအဆိုကို မနှစ်သက်။ ပေးသော်လည်းကောင်း၊ မပေးသော် လည်းကောင်း စကားကောင်း ဆိုခြင်းကိုသာ “ထောင်မက တန်သည်” ဟု နှစ်သက်တတ်၏။ ထိုသို့သောသူအား ချစ်ဖွယ်စကား ဆိုခြင်းသည် ပိယဝါစာဖြင့် ချီးမြှောက်သည် မည်၏။

(၃) အချို့ကား ဒါနကိုလည်းကောင်း၊ ပိယဝါစာကို လည်းကောင်း မတောင့်တ၊ အကျိုးစီးပွား တိုးပွားကြောင်း ကိုသာ တောင့်တတတ်၏။ ထိုသို့သောသူအား “ဤသို့ပြု၊ ဤသို့မပြုနှင့်၊ ဤသူကို ပေါင်းသင်း၊ ဤသူကို မပေါင်းသင်းနှင့်” စသည်ဖြင့် အကျိုး ရှိအောင် နှုတ်ဖြင့် ဆိုခြင်း၊ ကိုယ်ဖြင့် ပြုခြင်းသည် အတ္ထစရိယ ဖြင့် ချီးမြှောက်သည် မည်၏။

(၄) အချို့ကား ဒါန၊ ပီယဝါစာ၊ အတ္ထစရိယကို မတောင့်တ၊ ချမ်းသာ, ဆင်းရဲ အတူဖြစ်ခြင်းကိုသာ တောင့်တ တတ်၏။ ထိုသို့ သောသူအား အတူနေ၊ အတူအိပ်၊ အတူစားစသည်ဖြင့် ညီတူညီမှ ပြုခြင်းသည် သမာနတ္တတာဖြင့် ချီးမြှောက်သည် မည်၏။

သမာနတ္တတာဖြင့် ချီးမြှောက်ရာ၌ အမျိုးညံ့၍ ပစ္စည်းရှိသူကို ချီးမြှောက်ရန် မလွယ်။ အမျိုးညံ့သောကြောင့် အတူမသုံးဆောင်လျှင် အမျက်ထွက်လေ့ ရှိ၏။ ပစ္စည်းချို့၍ အမျိုးမြတ်သူကိုလည်းချီးမြောက်ရန်မလွယ်။ အမျိုးမြတ်သောဂုဏ်ဖြင့် အတူသုံးဆောင်ခြင်းကို အလိုရှိ၏။ မသုံးဆောင်လျှင် အမျက်ထွက်လေ့ ရှိ၏။ နှစ်ပါးစုံချို့ သောသူကို ချီးမြှောက်ရန် လွယ်၏။ အတူမသုံးဆောင်သည်ကို အမျက်မထွက်တတ်။ နှစ်ပါးလုံး ညီညွှတ်သောသူကိုလည်း ချီးမြှောက်ရန် လွယ်၏။

ရဟန်းတို့သည် ဒုဿီလကို ချီးမြှောက်ရန် မလွယ်။ *အတူမသုံးဆောင်လျှင် အမျက်ထွက်တတ်၏။ သီလဝန္တကိုချီးမြှောက်ရန် လွယ်၏။ အတူသုံးဆောင်းခြင်း မပြုသော်လည်း အမျက်မထွက်။ မိမိနှင့်အတူ မသုံးဆောင်သူကို မကောင်းသော စိတ်ဖြင့် မရှု။ အတူသုံးဆောင်လျှင်လည်း လွယ်၏။ ဤသို့သော သူအား သမာနတ္တတာဖြင့် ချီးမြှောက်အပ်၏။

(* ဤစကားရပ်ဖြင့် အတူမသုံးဆောင်ခြင်းကို မနှစ်သက်နိုင်လျှင် ထိုသူ့အပေါ်၌သာ တွေးတောစရာ ရှိပေလတ္တံ့ဟု မှတ်ယူထိုက်၏။ အကျွမ်းဝင်သူချင်း မဟုတ်သေးသဖြင့် ဆွမ်းခွဲစားခြင်းကို အချို့ မနှစ်သက်။ ယောနိသောမနသိကာရ ပျက်ကုန်၏။)

ကောင်းစွာ ချီးမြှောက်ကူညီတတ် ပရိသတ်ရှိပုံကား ပစ္စည်းပေးကမ်း ချီးမြှောက်ခြင်း ပြုသော်လည်းကောင်း၊ မပြုသော်လည်းကောင်း မိမိ၏ ပရိသတ်သည် မိမိအပေါ်၌ ထောက်ပံ့ခြင်း၊ ကူညီခြင်းမပျက် ကြည်ဖြူ လျက်သာ ရှိ၏။ မပေးသောအခါဖြစ်လျှင် “မရှိသေး၍ မပေးဟန် တူသည်” ယူ၍လည်းကောင်း၊ “ပေးမှ ခစားသင့်သလော၊ မပေးလျှင် မစားသင့်သလော”ဟူ၍ လည်းကောင်း ကြံစည်၍ ပြိုကွဲခြင်း မရှိ၊ ခစားခြင်း ကူညီချီးမြှောက် ထောက်ပံ့ခြင်း မြဲ၏။

ကြာမြင့်စွာ သင်္ဂဟဝတ္ထုလေးပါးဖြင့် ချီးမြှောက်ခြင်းသည် ကမ္မ မည်၏။ ဤသို့ မချီးမြှောက်သူဖြစ်လျှင် ကြမ်းသော လက်ခြေ ရှိ၏။ မညီညွှတ်သော လက်ခြေ ရှိ၏။ မြတ်စွာဘုရားကား သင်္ဂဟဝတ္တုဖြင့် ချီးမြှောက်ဖူးသူဖြစ်၍ အများသိစေခြင်းငှါ နူးညံ့သော လက်ခြေ ရှိ၏။ လေသာကွန်ယက်နှင့်တူသော လက်ခြေ ရှိ၏။ ဤလက္ခဏာနှစ်ပါးသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာနှစ်ပါး သည်ပင် လက္ခဏာ မည်၏။ ကောင်းစွာ ချီးမြှောက်တတ်သော ခြွေရံ ပရိသတ် မြဲခြင်းသည် အာနိသင် မည်၏။

သင်္ဂဟဝတ္ထုလေးပါးဖြင့် ချီးမြှောက်ခြင်းကြောင့် မုဒုတလုဏ ဟတ္ထပါဒ၊ ဇာလဟတ္ထပါဒ လက္ခဏာနှစ်ပါး ရ၏။ ထို လက္ခဏာကြောင့် အခြွေအရံ မြဲ၏။

၉။ ဥဿင်္ခ ပါဒေါ

၁ဝ။ ဥဒဂ္ဂ လောမော

-မြင့်သော၊ သင်္ခ-ဖမျက်ရှိသော၊ ပါဒ-ဖဝါး ရှိ၏။ တပါးသော သူတို့မှာ ဖမိုးအနီး၌ ဖမျက် ရှိကုန်၏။ သံမယ်နဖြင့် ချုပ်ဖွဲ့ထားသကဲ့သို့ အလိုရှိတိုင်း မလှည့်နိုင်ကုန်။ သွားသောအခါ ဖဝါးပြင်လည်း မထင်ရှားကုန်။ မြတ်စွာဘုရားမှာကား ဖမျက်တို့သည် (ဖမိုးအထက် နှစ်သစ်၊ သုံးသစ်မျှ၊ ဝါ၊ လေးသစ်မျှ) တက်၍ တည်ကုန်၏။

ထို့ကြောင့် ချက်မှစ၍ အထက်ကိုယ်သည် လှော်ထားသော ရွှေဆင်းတုကဲ့သို့ တုန်လှုပ်ခြင်း မရှိ။ အောက်ကိုယ်သာ လှုပ်၏။ ခြေတို့ကို အလိုရှိတိုင်း လှည့်နိုင်၏။ ထို့ကြောင့် အောက်ကိုယ် လှုပ်၏။ လမ်းခရီး သွားသော အခါ ဆင်တို့၏ ဖဝါးပြင်ကို နောက်မှသာ မြင်ရသကဲ့သို့ ဘုရားရှင်၏ ဖဝါးပြင်ကိုကား ရှေ့မှ လည်းကောင်း၊ နောက်မှလည်းကောင်း၊ နံပါး နှစ်ဘက်မှလည်းကောင်း မြင်ရ၏။ ထို့ကြောင့် ဖမိုးအတွက် လေးသစ်ခန့် မြင့်တက်သော ဖမျက် ရှိတော်မူ၏ဟု ဆိုအပ်၏။

-အထက်သို့၊ အဂ္ဂ-အဖျားကော့သော၊ လောမ-မွေးညင်း ရှိ၏။ -ကား အနက် မရှိ။ မွေးညင်းတို့သည် လက်ယာရစ်လှည့်၍ အဆုံး၌ အထက်သို့ တက်သောအဖျား ရှိကုန်၏။ မျက်နှာတော်၏ တင့်တယ်ခြင်းကို မော်၍ဖူးမြော်သကဲ့သို့ တည်ကုန်၏။ ထို့ကြောင့် အထက်သို့ ဦးညွတ်၍ တက်သော မွေးညင်း ရှိတော်မူ၏ဟု ဆိုအပ်၏။

(၆) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ မျက်မှောက်အကျိုး၊ တမလွန်အကျိုးရှိသော စကားကို ဆို၏။ ကုသိုလ်နှင့် စပ်သော စကားကို ဆို၏။ အကျိုးရှိရာကို ညွှန်ပြ၏။ အများအကျိုးကို ဆောင်၏။ ဓမ္မဒါနဖြစ်အောင် ဟောပြော၏။ ထိုကံကြောင့် ဥဿင်္ခပါဒ၊ ဥဒဂ္ဂလောမ လက္ခဏာနှစ်ပါး ရှိ၏။ စကြာမင်းဖြစ်လျှင် ကာမဂုဏ် ခံစားသူတို့တွင် အမြတ်ဆုံး ချီးမွမ်းအပ်သူ ဖြစ်၏။ ဘုရားဖြစ်လျှင် သတ္တဝါ အားလုံးထက် အမြတ်ဆုံး ချီးမွမ်းအပ်သူ ဖြစ်၏။

ဤ၌ မြင့်တက်ကြီးပွားကြောင်း၊ အားတက်၍ အဆင့်ဆင့်မြင့်ကြောင်း အကျိုးရှိသော စကားကို ဆိုခြင်းသည် ကမ္မ မည်၏။ မြင့်တက်ကြောင်း စကားကို မဆိုသောသူသည် ဖမျက်နိမ့်၏။ ဖမိုးအနီး၌ ကပ်၍တည် မွေးညင်းလည်း အောက်သို့ညွတ်၏။

မြတ်စွာဘုရားကား မြင့်တက်ကြီးပွားကြောင်း စကားကိုဆိုသောကြောင့် ဖမျက်သည် ဖမိုးအထက် မြင်းခေါင်း၌ လေးသစ်ခန့်တက်၍ မထင်မရှား ပြည့်သောအသားဖြင့် တည်၏။ အထက်သို့ညွတ်သော မွေးညင်းလည်း ရှိ၏။ မျက်နှာတော်ကိုမော်၍ ဖူးမြော်သကဲ့သို့တည်း။ ဤ လက္ခဏာနှစ်ပါးသည် (ဝါ-အတိတ်က သိကြောင်း ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာ နှစ်ပါးသည်ပင် လက္ခဏာ မည်၏။ အများထက် မြင့်မြတ်ခြင်းသည် အာနိသင် မည်၏။

စိတ်အားတက်ကြောင်း အကျိုးရှိသော စကားကို ဆိုသောကြောင့် ဥဿင်္ခပါဒ၊ ဥဒဂ္ဂလောမ လက္ခဏာ နှစ်ပါး ရ၏။ ထိုလက္ခဏ၁ကြောင့် အများထက် မြတ်၏။

၁၁။ ဧဏိဇင်္ဃော

ဧဏိ-ဧဏီမည်သော သားကောင်၏၊ ဇင်္ဃ- မြင်းခေါင်းနှင့်တူသော မြင်းခေါင်း ရှိ၏။ တဘက်ဖွဲ့သော ထမင်းထုပ်ကဲ့သို့ မဟုတ်ပဲ မြင်းခေါင်း တခုလုံး ထက်ဝန်းကျင် အသား ပြည့်၏။ ညီစွာလုံး၍ တည်၏။ အစဉ် အတိုင်းတက်သော အသား ရှိ၏။ ကောင်းစွာဖုံးသော စပါးဖုံးနှင့် တူ၏။ ထို့ကြောင့် ဧဏီမည်သော သားကောင်၏ မြင်းခေါင်းနှင့် တူသော လုံးသွယ်သော မြင်းခေါင်း ရှိတော်မူ၏ဟု ဆိုအပ်၏။

(၇) ချစ်သားတို့၊ မြတ်စုာဘုရားသည် ရှေး လူဖြစ်စဉ်အရ သိပ္ပ၊ ဝိဇ္ဇာ၊ စရဏ၊ ကမ္မတို့ကို ကောင်းစွာ သင်ပေး၏။ မပင်မပန်း လျင်မြန်စွာ တတ်မြောက်ပါစေဟု ကြံစည်၍ ပို့ချပေး၏။ ထိုကံကြောင့် ဧဏိဇင်္ဃလက္ခဏာ ရ၏။ ဖမျက်မှ ပုဆစ်ဒူးအထိ အသားပြည့်၍ လုံး၍ အစဉ်အတိုင်း ထက်ဝန်းကျင်တက်၏။ စကြာမင်းဖြစ်လျှင် မင်းအားထိုက်သော အသုံးအဆောင် ပေါများ၏။ ဘုရားဖြစ်လျှင် ရဟန်းအား ထိုက်သော အသုံးအဆောင် ပေါများ၏။ သလုံးမြင်းခေါင်းလှ၍ ထိုအားလျော်စွာ အထက်သို့ညွှတ်သော မွေးညင်း ရှိ၏။ နူးညံ့သော အရေလည်း ရှိ၏။

ဤ၌ ထရံရက်ခြင်း၊ စာရေးသင်ခြင်း စသော အတတ်သည် သိပ္ပမည်၏။ မြွေမန္တန်၊ ဆေးဝါးစသော အတတ်သည် သိအပ်သောကြောင့် ဝိဇ္ဇာမည်၏။ အကျင့်သီလသည် စရဏ မည်၏။ ကံ၊ ကံ၏အကျိုးသိသော ဉာဏ်သည် ကမ္မမည်၏။ ဤသို့ အပြစ်ကင်းသော အတတ် စသည်ကို ရိုသေစွာ သင်ပေး၏။

အပြစ်ကင်းသောအတတ်ကို လျင်မြန်စွာတတ်အောင် အရိုအသေပြု၍ သင်ပေးခြင်းသည် ကမ္မမည်၏။ ကောင်းစွာ သင်မပေးသောဆရာ၊ ခိုင်းစေခြင်းဖြင့် အချိန်ကုန်စေသောဆရာ ဖြစ်ငြားအံ့၊ တပည့်တို့သည် သလုံး မြင်းခေါင်း တောင့်တင်းနာကျင်ခြင်းဖြင့် ပင်ပန်းကုန်၏။ ဝါ၊ မြင်းခေါင်းကို ပင်ပန်းစေကုန်၏။ ထို့ကြောင့် ထိုသို့သောဆရာအား မြင်းခေါင်းသား မပြည့်စုံ၊ ခြစ်၍ ဖဲ့၍ ချထားသကဲ့သို့ ဖြစ်၏။

မြတ်စွာဘုရားကား ကောင်းစွာ သင်ပေးသည့်အဖြစ်ကို အများသိစေသတည်းဟု အစဉ်အတိုင်း လုံး၍ တက်သော မြင်းခေါင်းလက္ခဏာ ရ၏။ ထိုလက္ခဏာသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာသည်ပင် လက္ခဏာ မည်၏။ အသုံးအဆောင် ပေါများခြင်းသည် အာနိသင် မည်၏။

အတတ်ပညာ လျင်စွာတတ်အောင် သင်ပေးခြင်းကြောင့် ဧဏိဇင်္ဃ လက္ခဏာ ရ၏။ ထိုလက္ခဏာကြောင့် အသုံးအဆောင် ပေါများ၏။

၁၂။ သုခုမဆဝီ

သုခုမ-သိမ်မွေ့သော၊ ဆဝီ-အရေ ရှိ၏။ မြတ်စွာဘုရား၏ အရေသည် သိမ်မွေ့နူးညံ့၏။ အရေ၌ ကျရောက်သော မြူနု၊ မြူကြမ်းတို့သည် ပဒုမ္မာကြာဖက်၌ ကျသော ရေပေါက်ကဲ့သို့ လျောကျကုန်၏။ ကပ်ငြိခြင်း မရှိကုန်။ လက်တော် ရေဆေးခြင်း ရေသပ္ပါယ်ခြင်း တို့ကိုကား မြူညစ်ကြေး ကပ်၍ စင်ကြယ်အောင် ပြုရသည်မဟုတ်။ အအေးအပူ ဥတုညီမျှခြင်းငှါ လည်းကောင်း၊ ရေလှူသူ ဒါယကာတို့ အကျိုးများစေခြင်းငှါ လည်းကောင်း ပြုကုန်၏။ တနည်းကား ကျင့်ဝတ် မချွတ်စိမ့်သောငှါ ခြေတော်တို့ကို ရေဆေး၍ ကျောင်းတွင်းသို့ ဝင်ကုန်၏။ ထို့ကြောင့် သိမ်မွေ့ နုဖပ် မြူမကပ်သောကိုယ်ရေ ရှိတော်မူ၏ဟု ဆိုဒပ်၏။

(၈) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ ပညာရှိသော ရဟန်းပုဏ္ဏားတို့ထံ ချဉ်းကပ်၍ “ကုသိုလ်ဟူသည် အဘယ်ပါနည်း၊ အကုသိုလ်ဟူသည် အဘယ်ပါနည်း။ အဘယ်သို့ ကျင့်ရပါမည် နည်း” စသည်ဖြင့် အရိုအသေ မေးမြန်း၏။ ထိုကံကြောင့် သုခုမ ဆဝီ လက္ခဏာ ရ၏။ နူးညံ့သိမ်မွေ့သော အရေရှိ သောကြောင့် မြူအညစ် အကြေး ကပ်ငြိခြင်း မရှိ။

စကြာမင်းဖြစ်လျှင် ကာမဘောဂီတို့တွင် အတုမရှိ ပညာကြီး၏။ ဘုရားဖြစ်လျှင် မဟာပညာ-များသောပညာ၊ ပုထုပညာ-ကြီးသောပညာ၊ ဟာသပညာ- ရွှင်သောပညာ၊ ဇဝနပညာ -လျင်သောပညာ၊ တိက္ခပညာ- ထက်သောပညာ၊ နိဗ္ဗေဓိကပညာ- ထိုးထွင်း သောပညာ ဤပညာခြောက်မျိုး ရ၍ ပညာအကြီးဆုံး ဖြစ်၏။

ဤ၌ ကြီးမြတ်သော သီလ၊ သမာဓိ၊ ပညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်များစွာတို့ကို သိနိုင်ခြင်းသည် မဟာပညာမည်၏။ အသီးသီးဖြစ်သော ခန္ဓာ၊ အာယတန၊ ဓာတ်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့၌ အသီးသီးခွဲစိတ်၍ သိသော ပညာကြီးသည် ပုထုပညာ မည်၏။ (၂)။

အသိဉာဏ်ရွှင်လန်းခြင်း၊ နှစ်သက်ခြင်းများ၍ သီလစသည် ဖြည့်ကျင့်နိုင်ခြင်း၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် မျက်မှောက်ပြုနိုင်ခြင်းသည် ဟာသပညာမည်၏။ အတိတ်၊ အနာဂတ် စသည် ပြားသော ခန္ဓာငါးပါး၊ အာယတန တစ်ဆယ့်နှစ်ပါး စသည်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု လျင်စွာသိခြင်း၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို လျင်စွာသိခြင်းသည် ဇဝန ပညာမည်၏။ (၂)။

ကိလေသာ ဒုစရိုက်တို့ကို သည်းမခံပဲ လျင်စွာ ဖျက်ဆီးခြင်း၊ တထိုင်တည်းဖြင့် မဂ်လေးပါး၊ ဖိုလ်လေးပါးကို ပဋိသမ္ဘိဒါ အဘိညာတို့နှင့်တကွ ရခြင်းသည် တိက္ခပညာမည်၏။ သင်္ခါရတရားတို့၌ ထိတ်လန့်ခြင်း၊ ငြီးငွေ့ခြင်း များ၍ (ထိုသင်္ခါရတို့ကို အာရုံပြု၍ဖြစ်သော) လောဘ၊ ဒေါသ၊ မောဟတို့ကို ဖောက်ခွဲ ဖျက်ဆီးနိုင်ခြင်းသည် နိဗ္ဗေဓိက ပညာ မည်၏။

ကမ္မ၊ ကမ္မသရိက္ခက စသော လေးပါးကို ဤလက္ခဏာ၌ အဋ္ဌကထာ ဆရာ ခွဲ၍ မပြ။ မိမိတို့ဉာဏ်ဖြင့် ခဲ့ယူစေခြင်းငှါ ချန်ထားဟန် ရှိသည်။

အသိအလိမ္မာ တိုးပွားအောင် မေးမြန်းခြင်းကြောင့် သုခုမဆဝီ လက္ခဏာ ရ၏။ ထိုလက္ခဏာကြောင့် ပညာကြီး၏။

၁၃။ သုဝဏ္ဏ ဝဏ္ဏော

သုဝဏ္ဏ-ရွှေ၊ ဝဏ္ဏ-အဆင်းရှိ၏။ ကိုယ်တော်အဆင်းသည် ရှိန်းခိုစစ်ဖြင့် ဝါ-ဆုံး ဟင်္သပဒါးဖြင့် ကျားစွယ်ကို သုတ်၍ ကျောက်ပျဉ်၌ သွေး၍ ဂွေ့သင်္ဘောဖြင့် အပြေအပြစ်ပြုထားသော တခဲနက် ရွှေရုပ် အဆင်းနှင့် တူ၏။ ကိုယ်တော်မှာ တခဲနက်သိမ်မွေ့ ပြေပြစ်၏။ အရေ အဆင်းမှာ ရွှေအဆင်းနှင့်တူ၏။ ထို့ကြောင့် ရွှေအဆင်းနှင့် တူသော ဝင်းထိန်သောကိုယ်အဆင်း ရှိတော်မူ၏ဟု ဆိုအပ်၏။

(၉) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ အမျက်ထွက်လေ့ မရှိ၊ နာကျည်းအောင် ဆိုသော်လည်း အမျက်မရှိ။ နူးညံ့သော ပိုးကမ္ဗလာ အခင်း အရုံတို့ကိုလည်း လှူ၏။ ထိုကံကြောင့် သုဝဏ္ဏဝဏ္ဏ လက္ခဏာ ရ၏။ စကြာမင်းဖြစ်၍ ဝါ-ဘုရားဖြစ်၍ နူးညံ့သော အခင်းအရံ လာဘ်ပေါများ၏။

ဤ၌ အမျက်ထွက်လျှင် ချက်ချင်း ဖြေဖျောက်မည်ဟု ကြိုတင်ကာ နှလုံးသွင်းသောကြောင့် အမျက်မရှိသူနှင့် တူ၏။ ဒေါသသည် ရှေးဦးစွာ ဖြစ်ခါစတွင် ကောပ မည်၏။ ထို့နောက် အားကြီးလာလျှင် ဗျာပါဒ မည်၏။ ထိုထက် အားကြီးသောအခါ ပတိဋ္ဌိယနာ မည်၏။ ကြိတ်ခဲမကြေ တည်နေသောကြောင့်တည်း။

အမျက်မထွက်ခြင်း၊ နူ။ညံ့သော အခင်းအရုံ လှူခြင်းသည် ကမ္မမည်၏။ အမျက်ထွက်သူအား အရေအဆင်း မကြည်လင်ခြင်း၊ မျက်နှာအမြင် မကောင်းခြင်းတို့ ဖြစ်ကုန်၏။ အဝတ်သည် အဆင်းသဏ္ဌာန်ကို တင့်တယ် စေနိုင်သည်။ ထို့ကြောင့် အဝတ်သင်္ကန်းလှူလေ့ မရှိသူအား မကောင်းသော အဆင်းသဏ္ဌာန် ဖြစ်၏။ အမျက် မထွက်သောသူကား အခါခပ်သိမ်း မျက်နှာတင့်တယ်၏။ အရေအဆင်း ကြည်လင်၏။ ဆွမ်း စသော အာမိသလှူခြင်း၊ အဝတ်သင်္ကန်းလှူခြင်း၊ တံမြက်လှူခြင်း၊ အမျက် မထွက်ခြင်း ဤလေးပါးသည် အဆင်းလှကြောင်းဖြစ်၏။

မြတ်စွာဘုရားသည် ဤအကြောင်းလေးပါးနှင့် ကြာမြင့်စွာ ပြည့်စုံ၏။ ထို့ကြောင့် ရွှေရောင်အဆင်း ဝင်းထိန်သော လက္ခဏာ ရ၏။ ဤလက္ခဏာသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာသည်ပင် လက္ခဏာမည်၏။ နူ။ညံ့သော အခင်းအကြံစသည် ရခြင်းသည် အာနိသင် မည်၏။

အမျက် မရှိခြင်း၊ အဝတ်ကောင်း အဖိုးတန်ကို လှူခြင်းကြောင့် သုဝဏ္ဏဝဏ္ဏလက္ခဏာ ရှိ၏။ ထို လက္ခဏာကြောင့် အဖိုးတန် အခင်းအရုံကောင်း ပေါ၏။

ကောသ-အအိမ်၌၊ ဩဟိတ-ထည့်အပ်သော၊ ဝတ္ထဂုယှ-နိမိတ် ရှိ၏။ အဝတ်ဖြင့် ဖုံးအပ်သောကြောင့် ဝတ္ထဂုယှ မည်၏ ဟူလို။ နွားလားဥသဘ၊ ဆင်မင်း စသည်တို့အား အင်္ဂါဇာတ်နိမိတ်သည် အအိမ်၌ တည်သကဲ့သို့ ဘုရားရှင်အား ရွှေပဒုမ္မာကြာချပ်နှင့်တူသော အရေအိမ်၌ တည်သော အရေအိမ်ဖြင့် ဖုံးအပ်သော နိမိတ် ရှိ၏။ ထို့ကြောင့် အရေအိမ်အတွင်း ထည့်သွင်းအပ်သောနိမိတ် ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁၀) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ သားနှင့်အမိ၊ ညီနှင့်အစ်ကို၊ မောင်နှင့်နှမ ဆွေမျိုးချင်း ကွေကင်း၍ ရှာဖွေသူတို့ကို တွေ့အောင်ရှာဖွေပေး၏။ အညီအညွတ် ဝမ်းမြောက် ဝမ်းသာ ဖြစ်စေ၏။ ထိုကံကြောင့် ကောသောဟိတဝတ္ထဂုယှ လက္ခဏာ ရ၏။ စကြာမင်းဖြစ်လျှင် သားသမီး ပေါများ၏။ သားယောက်ျား လူစွမ်းကောင်း တစ်ထောင်ကျော် ရ၏။ ဘုရားဖြစ်လျှင် သားသမီး ပေါများ၏။ လူစွမ်းကောင်း သားသမီး ထောင်ပေါင်းများစွာ ရ၏။

ဤ၌ ဘုရားလောင်းသည် မင်းဖြစ်သောအခါ မြို့တွင်း၊ မြို့ပအရပ်ရပ်၌ သားသမီး ဆွေမျိုးပျောက်သူတို့ကို ရှာဖွေပေးကြရမည်ဟု လူတို့ကိုခန့်ထား၏။ ရှာ၍တွေ့လျှင် ခေါ်လာ၍ ရေချိုးပေး၍ ကျွေးမွေး၍ ပေါင်းဆုံ ပေး၏။ ဝမ်းမြောက်ဝမ်းသာ ညီညွတ်စွာ ဖြစ်စေ၏။

ဆွေကွဲမျိုးကွဲ ပေါင်းဆုံပေးခြင်းသည် ကမ္မမည်၏။ ဆွေမျိုးပြည့်စုံသော သူတို့သည် အချင်းချင်းအပြစ်ကို ဖုံးဖိတတ်ကုန်၏။ သူတပါးသိစေခြင်းငှါ အလိုမရှိကုန်။ ငါတို့၏ဆွေမျိုး၌ ဤသို့ပြုကျင့်သူ သူယုတ်မာမ ဆိုကုန်၏။ (မကောင်းသောစိတ်ဖြင့်ဖုံးလျှင် အပြစ်ရှိ၏။ အကျိုးမဲ့ပယ်လို၍ ဖုံးလျှင်ကား အပြစ်မရှိ။)

ဤသို့အပြစ်ဖုံးလွှမ်းနိုင်ကြောင်း ဆွေမျိုးပေါင်းစု ပေးခြင်းကြောင့် အအိမ်၌ ဖုံးကွယ်လျက် တည်သော အင်္ဂါဇာတ်နိမိတ် ရှိတော်မူ၏။ ဤလက္ခဏာသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာသည်ပင် လက္ခဏာမည်၏။ သားသမီးပေါများခြင်းသည် အာနိသင် မည်၏။

ဆွေမျိုးကွဲ ပေါင်းစုပေးခြင်းကြောင့် ကောသောဟိတဝတ္ထဂုယှ လက္ခဏာရ၏။ ထိုလက္ခဏာကြောင့် သားသမီး များ၏၊

၁၅။ နိဂြောဓပရိမဏ္ဍလော

၁၆။ ဌိတကဇာဏုအာမာသော

နိဂြောဓ-ပညောင်ပင်ဝန်းကဲ့သို့၊ ပရိမဏ္ဍလ-ဝန်းသောကိုယ် ရှိ၏။

ပညောင်ပင်ဝန်းသည် ပင်စည် အတောင်ငါးဆယ်မြင့်လျှင် ရှေ့၊နောက်၊ တောင်၊ မြောက်၊ အထက်အားဖြင့် ခက်မကြီးငါးဖြာလည်း အတောင် ငါးဆယ်စီ ရှိ၏။ မြေမှ အထက်ဖျားအထိ အတောင်တစ်ရာ၊ ပင်ဝန်း အရှေ့မှအနောက်- အတောင်တစ်ရာ၊ တောင်မှမြောက်- အတောင်တစ်ရာ ရှိ၏။ အမြင့်တစ်ရာနှင့် လျားနံတစ်ရာ ညီမျှ၏။ မြတ်စွာဘုရား၏ ကိုယ် တော်လည်း အရပ်တော်လေးတောင်၊ အလံတော် လေးတောင် ညီမျှ၏။ တပါးသောသူတို့မှာ အရပ်တော်လည်း ရှည်၏။ အလံတော်လည်းရှည်၏။ မညီမမျှ ဖြစ်၏။ ထို့ကြောင့် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသောအရပ် အလံ ညီသောကိုယ် ရှိတော်မူ၏ဟု ဆိုအပ်၏။

ဌိတက- ရပ်လျက်၊ ဇာဏု-ဒူးကို၊ အာမာသ- သုံးသပ်နိုင်၏။

တပါးသောသူတို့မှာ အချို့ကုန်း၍ အထက်ကိုယ် မပြည့်စုံ၊ အချို့ ကွ၍ အောက်ကိုယ် မပြည့်စုံ၊ တိုကုန်၏။ မကုန်းမညွတ်ပဲ ဒူးကိုမသုံးသပ်နိုင်ကြကုန်။ မြတ်စွာဘုရားမှာကား ထက်အောက် ကိုယ်နှစ်ပါးလုံး ပြည့်စုံ၏။ မကုန်းမညွတ်ပဲ ဒူးနှစ်ဘက်ကို သုံးသပ်နိုင်၏။ (ဝါ၊ သုံးသပ်နိုင်သော လက်ရုံး ရှိ၏။)ထို့ကြောင့် ဖြောင့်ဖြောင့်ရပ်လျက် ပူဆစ်ဒူးနှစ်ဘက်ကို သုံးသပ်နိုင်သော လက်ရုံး ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁၁) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ လူအပေါင်းကို သင့်တော်အောင်၊ လျောက်ပတ်အောင် ချီးမြှောက်ခြင်း၌ လိမ္မာ၏။ ပညာရှိသူ မရှိသူ- အယုတ်၊ အလတ်၊ အမြတ်ရွေးချယ်၍ ပုဂ္ဂိုလ်ထူးကို သိ၏။ ဤသူသည် ဤအနေ ထိုက်တန်၏ဟု သိ၍ ချီးမြှောက်၏။ ထိုကံကြောင့် နိဂြောဓပရိမဏ္ဍလ၊ ဌိတကဇာဏု အာမာသ လက္ခဏာ နှစ်ပါးရ၏။

အရပ်၊ အလံ ညီမျှသောကြောင့် ပညောင်ပင်ဝန်းနှင့်တူသော ကိုယ် ရှိ၏။ မကိုင်းညွတ်ပဲ မတ်မတ်ရပ်လျက် လက်နှစ်ဘက်ဖြင့် ပုဆစ်ဒူး နှစ်ဘက်ကို သုံးသပ်နိုင်၏။ ဆုပ်နယ်နိုင်၏။ စကြာမင်းဖြစ်လျှင် ပစ္စည်း ဥစ္စာ အသုံးအဆောင် ရွှေငွေ ဆန်ရေစပါး ပေါများ၏။ ဘုရားဖြစ်လျှင် သဒ္ဓါ၊ သီလ၊ ဟိရီ၊ ဩတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာတည်းဟူသော သူတော်ကောင်း ဥစ္စာရတနာ ပေါများ၏။

ဤ၌ နှစ်သပြာ ပေးထိုက်သူအား တသပြာမျှ လျှော့ပေးလျှင် သူ တပါး၏ဥစ္စာကို ဖျက်ဆီးသည် မည်၏၊ လေးသပြာပိုပေးလျှင် မိမိဥစ္စာကို ဖျက်ဆီးသည်မည်၏။ ဤသို့မပြုပဲ ထိုက်တန်သမျှ ချီးမြှောက်ခြင်းကိုပြု၏။

ပုဂ္ဂိုလ်ထူးကိုသိ၍ အထူးချီးမြှောက်ခြင်းသည် ကမ္မမည်၏။ အရပ် အလံမျှခြင်း၊ ရပ်လျက် ဒူးကို သုံးသပ်နိုင်ခြင်း ဟူသော လက္ခဏာ နှစ်ပါးသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာ နှစ်ပါးသည်ပင် လက္ခဏာမည်၏။ အသုံးအဆောင်ရတနာ၊ တရားရတနာ ပေါများခြင်းသည် အာနိသင် မည်၏။

ပုဂ္ဂိုလ်ထူး ရွေးကောက် ချီးမြှောက်ခြင်းကြောင့် နိဂြောဓပရိမဏ္ဍလ၊ ဌိတကဇာဏုအာမာသ လက္ခဏာ နှစ်ပါး ရှိ၏။ ထိုလက္ခဏာကြောင့် ရတနာအသုံးအဆောင် ပေါ၏။

၁၇။ သီဟပုဗ္ဗဍ္ဎကာကော

၁၈။ စိတန္တရံသော

၁၉။ သမဝဋ္ဋက္ခန္ဓော

သီဟ-ခြင်္သေ့၏၊ ပုဗ္ဗဍ္ဎ-ရှေ့ကိုယ် ထက်ဝက်နှင့် တူသော၊ ကာယ-ကိုယ် ရှိ၏။

ခြင်္သေ့အား ရှေ့ကိုယ်သည် ပြည့်၏။ နောက်ကိုယ်သည် မပြည့် ၊ မြတ်စွာဘုရားမှာကား ထက်အောက်ကိုယ် နှစ်ပါးလုံးသည် ခြင်္သေ့၏ ရှေ့ကိုယ်ကဲ့သို့ ပြည့်၏။ ထိုထိုနေရာ၌ ဟောက်ခြင်း၊ မောက်ခြင်းစသည်ဖြင့် ဖောက်ပြန်သော သဏ္ဌာန် မရှိ။ ရှည်သင့်သော လက်ချောင်း၊ နှာခေါင်းစသည် ရှည်၏။ တိုသင့်သော လည်ပင်းစသည် တို၏။ ဆူဖြိုးသင့်သောပေါင်၊ လက်ရုံးစသည် ဆူဖြိုး၏။ ကြုံသင့်သော ဆံပင်၊ မွေးညင်း၊ ခါးစသည် ကြုံ၏။ကျယ်သင့်သော မျက်လုံး၊ လက်ဖဝါးပြင် စသည် ကျယ်၏။ လုံးသင့်သော မြင်းခေါင်း၊ လက်ရုံးစသည် လုံး၏။

ပါရမီကုသိုလ်ကြောင့်ဖြစ်သော အတ္တဘော ရုပ်ပုံတော်နှင့် တူအောင် ပညာသည်တို့သည် လည်းကောင်း၊ တန်ခိုးရှိသူတို့သည် လည်းကောင်း ပြုခြင်းငှါ မတတ်နိုင်ကြကုန်။ ထို့ကြောင့် ခြင်္သေ့မင်း၏ ရှေ့ကိုယ် ထက်ဝက်နှင့်တူသော ထက်အောက် ပြည့်ဖြိုးသောကိုယ် ရှိတော်မူ၏ဟု ဆိုအပ်၏။

စိတ-ပြည့်သော၊ အန္တရံသ-ပခုံးအကြား ကျောက်ကုန်းသား ရှိ၏။

လက်ဖျံရိုး နှစ်ဘက်အကြား ကျောက်ကုန်းသားသည် အန္တရံသ မည်၏။ ထိုကျောက်ကုန်းသားသည် ပြည့်ဖြိုး၏။ တပါးသော သူတို့မှာ ကျောက်ကုန်းသား နိမ့်၏၊ ချိုင့်၏။ လက်ပြင်ရိုးနှစ်ဘက်သည် သီးခြား ထင်၏။ မြတ်စွာဘုရားမှာကား ခါးမှစ၍ လည်ကုပ်တိုင်အောင် အသားလွှာသည် ညီညွတ်စွာ တက်၏။ ရွှေပျဉ်ပြား ထောင်ထားသကဲ့သို့ ကျောက်ကုန်းကို ဖုံးလွှမ်း၍ တည်၏။ ထို့ကြောင့် ပြည့်ဖြိုးသော ပခုံးစွန်း နှစ်ဘက်အတွင်း လက်ပြင်ကျောက်သား ရှိတော်မူ၏ဟု ဆိုအပ်၏။

သမ- အညီ၊ ဝဋ္ဋ- လုံးသော၊ ခန္ဓ- လည်ပင်း ရှိ၏။

တပါးသော သူတို့မှာ အချို့ကြိုးကြာငှက်ကဲ့သို့ လည်ပင်းရှည်၏။ အချို့ ဗျိုင်းကဲ့သို့ လည်ပင်းကောက်၏။ အချို့ဝက်ကဲ့သို့ လည်ပင်း ကြီးထွား၏။ စကားဆိုသောအခါလည်း အကြောကွန်ယက်ထ၏။ နုံ့သော အသံလည်း ထွက်၏။ မြတ်စွာဘုရားကား လည်ပင်းတော်သည် ညီညွှတ်စွာ လုံး၏။ ရွှေမရိုး စည်ငယ်နှင့် တူ၏။ စကားဆိုသောအခါ အကြောကွန်ယက် မထ။ မိုးချုန်းသံနှင့်တူသော အသံ ရှိ၏။ ထို့ကြောင့် ညီညွတ်စွာ လုံးသော လည်ပင်း ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁၂) ချစ်သားတို့၊ မြတ်စာဘုရားသည် ရှေး လူဖြစ်စဉ်အခါ လူ အပေါင်း၏ အကျိုးစီးပွားကို လိုလား တောင့်တ၏။ သဒ္ဓါ၊ သီလစသော သူတော်ကောင်းတရား တိုးပွားအောင် အဘယ်သို့ပြုရပါအံ့နည်း။ ပစ္စည်း ဥစ္စာ ဆန်ရေစပါး ပေါများအောင်၊ ဆင်မြင်း ကျွဲနွား တိုးပွားအောင်၊ ဆွေမျိုး မိတ်ဆွေ တိုးပွားအောင် အဘယ်သို့ပြုရပါအံ့နည်းဟု တောင့်တ၏။

ထိုကံကြောင့် သီဟပုဗ္ဗဍ္ဎကာယ၊ စိတန္တရံသ၊ သမဝဋ္ဋက္ခန္ဓ- လက္ခဏာသုံးပါး ရ၏။ စကြာမင်းဖြစ်လျှင် ဥစ္စာမှလည်းကောင်း၊ သား မယား အခြွေအရံမှ လည်းကောင်း၊ ဆွေမျိုးမိတ်ဆွေမှ လည်းကောင်း စည်းစိမ် အားလုံးမှ မဆုတ်ယုတ်ခြင်း သဘော ရှိ၏။ ဘုရားဖြစ်လျှင် သဒ္ဓါ၊ သီလစသော သူတော်ကောင်း စည်းစိမ် အားလုံးမှ မဆုတ်ယုတ်ခြင်း သဘော ရှိ၏။

လူအပေါင်း၏ အကျိုးစီးပွား လိုလားတောင့်တခြင်းသည် ကမ္မမည်၏။ လက္ခဏာသုံးပါးသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာသုံးပါးသည်ပင် လက္ခဏာ မည်၏။ လောကစည်းစိမ်၊ ဓမ္မစည်းစိမ်မှ မဆုတ်ယုတ်ခြင်းသည် အာနိသင် မည်၏။

လူအပေါင်း၏ အကျိုးစီးပွား လိုလားခြင်းကြောင့် သီဟပုဗ္ဗဍ္ဎကာယ၊ စိတန္တရံသ၊ သမဝဋ္ဋက္ခန္ဓ လက္ခဏာသုံးပါး ရ၏။ ထိုလက္ခဏာကြောင့် စည်းစိမ်မှ ဆုတ်ယုတ်ခြင်း မရှိ။

၂၀။ ရသဂ္ဂသဂ္ဂီ

ရသ-အရသာကို၊ ဂသ-ဆောင်သောအကြော၊ အဂ္ဂ-အမြတ်၊ ဝါ- အဖျား ရှိ၏။ ရသံ ဂသန္တိ ဟရန္တိ အန္တော ပဝေသန္တိတိ ရသ-ဂ္ဂသာရသ-တပုဒ်၊ ဂသ-တပုဒ်။ ဒုတီယာ တပ္ပုရိသ်။

အရသာကို ဆောင်သော သွင်းသော အကြောတို့ ရ၏။ ရသဂ္ဂသာနံ + အဂ္ဂါရသဂ္ဂသဂ္ဂါ၊ အကြောတို့၏ အမြတ်တို့၊ ဝါ-အဖျားတို့။ တာ အဿ သန္တီတိ ရသဂ္ဂသဂ္ဂီ၊ အကြောမြတ် အကြောဖျားတို့ရှိသော ဘုရား။ မြတ်စွာဘုရားမှာ အရသာကို ဆောင်သွင်းသော အကြောမြတ်၊ အကြောဖျား ခုနစ်ထောင် ရှိ၏။ ထိုအကြောတို့သည် အထက်သို့တက်သော အဖျားရှိ၍ လည်ပင်း၌ စွပ်ကုန်၏။ စုဝေးကုန်၏။

နှမ်းစေ့ခန့်မျှ အာဟာရသည်လည်း လျှာဖျား၌ ထားကာမျှဖြင့် တကိုယ်လုံး အစဉ်လျှောက်၍ နှံ့၏။ ထို့ကြောင့် ဒုက္ကရ စရိယာ ကျင့်စဉ်အခါ ဆွမ်းတလုံးမျှ၊ ရေတလက်ဆွန်းမျှဖြင့် ကိုယ်တော်၏ မျှတခြင်းသည် ဖြစ်၏။ တပါးသောသူတို့မှာ ထိုသို့သော အကြော မရှိသောကြောင့် တကိုယ်လုံး ဩဇာ ပနှံ့။ ဩဇာ မနှံ့သောကြောင့် (ဓာတ်ညံ့၍) အနာရောဂါများ၏။ ထို့ကြောင့် လည်မျိုစုံနှောင်အရသာ ဆောင်သော အကြောမြတ် ခုနစ်ထောင် ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁၃) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ သတ္တဝါတို့အား ညှဉ်းဆဲခြင်းအလေ့ မရှိ။ လက်ဖြင့် လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း ညှဉ်းပန်းခြင်း မပြု။ ထိုကံကြောင့် ရသဂ္ဂသဂ္ဂီ လက္ခဏာ ရ၏။ လည်ပင်း၌ အရသာဆောင်သော အကြောတို့သည် အညီအညွတ်တည်၍ အရသာ ဆောင်ကုန်၏။ နှမ်းစေ့ခန့်မှ အရသာ ဖြစ်စေကာမူ လျှာဖျား၌ ထားကာမျှဖြင့် အကြောအားလုံး နှံ့၏၊ တကိုယ်လုံး နှံ့၏။ စကြာမင်းဖြစ်၍ ဝါ-ဘုရားဖြစ်၍ အနာရောဂါ ကင်း၏။ အအေး၊ အပူ ညီမျှသော ပါစကတေဇော ဝမ်းမီး ရ၏။ ဘုရားရှင်၏ ဝမ်းမီးကား ကမ္မဋ္ဌာန်းစီးဖြန်းမှုအား လျော်၏။

ဤ၌ သတ္တဝါတို့အား မညှဉ်းဆဲခြင်းသည် ကမ္မ မည်၏။ ညှဉ်းဆဲခံရ သူအား သွေးစုခြင်း၊ အဖုထခြင်း၊ ပြည်ပေါက်ခြင်းစသည် ဖြစ်ရသည်နှင့် တူစွာ ညှဉ်းဆဲသူအား အနာရောဂါ များစွာ ဖြစ်၏။ မြတ်စွာဘုရားကား မညှဉ်းဆဲသောကြောင့် အနာကင်းကြောင်း အရသာဆောင်သည့် အကြောကောင်း လက္ခဏာ ရ၏။ ထိုလက္ခဏာသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာသည်ပင် လက္ခဏာ မည်၏။ ဝမ်းမီးကောင်း၍ အစာကြေသောကြောင့် အနာကင်း၏။ အနာကင်းခြင်းသည် အာနိသင် မည်၏။

မညှဉ်းဆဲခြင်းကြောင့် ရသဂ္ဂသဂ္ဂီ လက္ခဏာ ရ၏။ထိုလက္ခဏာကြောင့် အနာ ကင်း၏။

၂၁။ အဘိနီလ နေတ္တော

၂၂။ ဂေါပခုမော

အဘိနီလ-အလွန်ညိုသော၊ နေတ္တ-မျက်လုံး ရှိ၏။ မြတ်စွာဘုရား၏ မျက်လုံးတော် အစုံသည် အလွန်အကဲ ညိုသော်လည်း ညိုသင့်ရာ၌သာ အောင်မဲညိုပွင့် အဆင်းနှင့်တူစွာ အလွန်စင်ကြယ်၍ ညို၏။ ရွှေသင့်ရာ၌ မဟာလှေကားပန်းအတူ စင်ကြယ်စွာ ရွှေ၏။ နီသင့်ရာ၌ မိုးစွေပန်း အတူ စင်ကြယ်စွာ နီ၏။ ဖြူသင့်ရာ၌ သောက်ရှူးကြယ်အတူ စင်ကြယ်စွာ ပြု၏။ မည်းနက်သင့်ရာ၌ ပုတီးနက်စေ့အတူ စင်ကြယ်စွာ မည်းနက်၏။ (အမည်းကို မောင်းသောအဆင်းဟူ၍လည်း ဆို၏။)

ရွှေဗိမာန်၌ ပတ္တမြားခြင်္သေ့ခံသော လေသာနန်းတံခါးကို ဖွင့်လှစ်သည့် အလား လွန်စွာထင်ရှား၏။ အရွှေ၊ အနီကို အဖြူဝန်း ပြသော အရေးဖြင့် သိအပ်၏။ အညို၊ အဖြူ၊ အမည်းကို ထိုထိုအဝန်းဖြင့် သိအပ်၏။ ထို့ကြောင့် အလွန်ညိုမည်းသော မျက်လုံး ရှိတော်မူ၏ဟု ဆိုအပ်၏။

ဂေါ-နွားငယ်၏၊ ပခုမ- မျက်မွှေးနှင့် တူသော မျက်မွေး ရှိ၏။ မျက်စိဘဏ္ဍာတခုလုံးကို ဤနေရာ၌ ပခုမဟု ဆိုလိုသည်။ ထိုပခုမသည် နွားနက်ငယ်အား နောက်ကျု၏၊ ထူပျစ်၏၊ မသန့်ရှင်း။ နွားနီငယ်အား အလွန်သန့်ရှင်း၏။ မြတ်စွာဘုရား၏ မျက်စိဘဏ္ဍာတခုလုံးသည် ထိုခဏ ဖွားမြင်စ နွားနီငယ်၏ မျက်စိ ဘဏ္ဍာနှင့် တူ၏။ တပါးသောသူတို့မှာ မျက်စိဘဏ္ဍာသည် ပြူးထွက်သော မျက်လုံး၊ ဝင်သော မျက်လုံး ရှိ၏။

မြတ်စွာဘုရားမှာကား မျက်လုံးတော်အစုံသည် သွေးထားသော ပတ္တမြားလုံးနှင့် တူ၏။ နူးညံ့သော၊ ပြေပြစ်သော၊ ညိုမည်းသော၊ သိမ်မွေ့ သော မျက်မွေး စီစီညီညီ ပေါက်လျက် ရှိ၏။ ထို့ကြောင့် ဖွားမြင်စ နွားငယ်၏ မျက်မွေးနှင့်တူသော နုပျိုသောမျက်မွေး ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁၄) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ သူတပါးကို အမျက်ဒေါသဖြင့် မကြည့်။ မျက်စောင်းထိုး၍ မကြည့်။ မျက်တောင်မခတ်ပဲ စူးစိုက်၍ မကြည့်၊ ဖြောင့်သော စိတ်ဖြင့်သာ ဖြောင့်ဖြောင့် ကြည့်၏။ ပြန့်သောမျက်စိ၊ ချစ်မြတ်နိုးသော မျက်စိဖြင့် ကြည့်၏။ ထိုကံကြောင့် အဘိနီလနေတ္တ၊ ဂေါပခုမ လက္ခဏာ နှစ်ပါး ရ၏။ စကြာမင်းဖြစ်၍ ဝါ-ဘုရားဖြစ်၍ ချစ်ခင်သူ ကြည်ညိုသူ များ၏။

ဤ၌ ပုစွန်မျက်စိကဲ့သို့ ပြူး၍ကြည့်လျှင် ဝိသဋ မည်၏။ ကောက်ကွေးစောင်းရွဲ့၍ ကြည့်လျှင် ဝိသာစိ မည်၏။ မိမိကို သူတပါးကြည့်သော အခါ မှိတ်ထား၍ ဝါ-မကြည့်သေးမူ၍ ထွက်သွားသောအခါမှ ကြည့်လျှင် ဝိတေယျပေက္ခိတာ မည်၏။ ဤကား မျက်စိ မပြည့်စုံကြောင်း အမြွက်တည်း။

သူတပါးကို ချစ်သောစိတ်ရှိသော မျက်စိဖြင့် ကြည့်ခြင်းသည် ကမ္မ မည်၏။ အမျက်ထွက်၍ကြည့်လျှင် သူကန်းမျက်စိ၊ ကျီးမျက်စိနှင့် တူ၏။ သူတော်သူမြတ်တို့ ကြည့်ပုံကို လွန်၍ စွေစောင်းကာ ကြည့်လျှင် နောက်ကျုသောမျက်စိ ရှိ၏။ ကြည်လင်သောစိတ်ဖြင့် သန့်ရှင်းစွာ ကြည့်လျှင် ညို၊ ရွှေ၊ နီ၊ ဖြူ၊ မောင်းဟူသော အဆင်းငါးမျိုးဖြင့် မျက်စိကြည်လင်၏။

ထိုကံကြောင့် မြတ်စွာဘုရားအား မျက်စိပြည့်စုံကြောင်း၊ တင့်တယ် လှပကြောင်း လက္ခဏာနှစ်ပါး ရ၏။ မျက်စိပြည့်စုံခြင်းကား အဆင်း ငါးမျိုး ကြည်လင်ခြင်း ဖြစ်၏။ မျက်ကွယ်ကိုလည်းကောင်း၊ အဝေးကို လည်းကောင်း မြင်နိုင်ခြင်းလည်း ဖြစ်၏။ ထိုလက္ခဏာနှစ်ပါးသည် (ဝါ- ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာနှစ်ပါးသည်ပင် လက္ခဏာ မည်၏။ ချစ်မြတ်နိုးစွာ ကြည့်ရှုဖွယ်ဖြစ်ခြင်းသည် အာနိသင် မည်၏။

မေတ္တာစိတ်ရှိသော မျက်စိဖြင့် ကြည့်ခြင်းကြောင့် အဘိနီလနေတ္တ၊ ဂေါပခုမ လက္ခဏာနှစ်ပါး ရ၏။ ထို လက္ခဏာကြောင့် ချစ်ခင်စွာ ကြည့်ရှုသူ ပေါများ၏။

ဥဏှီသ သီသော

ဥဏှီသ-သင်းကျစ်ရှိသော၊ သီသ-ဦးခေါင်းရှိ၏။ နဖူး၏ ပြည့်စုံခြင်း၊ ဦးခေါင်း၏ ပြည့်စုံခြင်း နှစ်ပါးကို စွဲ၍ဆိုသော လက္ခဏာတည်း။
နဖူး၏ ပြည့်စုံပုံကား လက်ယာနားပန်စွန်းမှ အသားလွှာသည် တက်၍ နဖူးပြင် တခုလုံး အပြည့်ဖုံးလျက် လက်ဝဲနားပန်စွန်း၌ ထိ၍ တည်၏။ မင်းတို့၏ သင်းကျစ်ပြားကဲ့သို့ တင့်တယ်၏။

မင်းတို့၏သင်းကျစ်ပြားကိုလည်း ဘုရားရှင်၏ ဤလက္ခဏာကို ဖူးမြော်ရသဖြင့် အတုပြုလုပ်ကုန်၏။
ဤအလိုကား နဖူး၌ သင်းကျစ်ပြားဖွဲ့သောဦးခေါင်း ရှိသည်နှင့် တူ၏ဟု ဆိုလိုသည်။ ဦးခေါင်း၏ ပြည့်စုံခြင်းကား ဦးခေါင်း မပြည့်စုံသူတို့မှာ မျောက်ဦးခေါင်း ကဲ့သို့ နှစ်ခုသော်လည်း ရှိ၏။ သစ်သီးနှင့် သော်လည်း တူ၏။ အရေဖွဲ့သော အရိုးမျှလည်း ဖြစ်၏။ ဆင်ဦးကင်းနှင့်သော်လည်း တူ၏။ ဗူးသီးနှင့် သော်လည်း တူ၏။ နောက်စေ့သော်လည်း ထွက်၏။

မြတ်စွာဘုရား၏ ဦးခေါင်းတော်ကား ပွတ်ခံ၍လုံးထားသကဲ့သို့ လည်းကောင်း၊ ပြည့်စုံသော ဥပေါင်း ရေပွက်ကဲ့သို့ လည်းကောင်း ဖြစ်၏။
ဤအလိုကား သင်းကျစ်ဝန်းကဲ့သို့ ဦးခေါင်းတခုလုံးဝန်းသော ဦးခေါင်း ရှိ၏ဟု ဆိုလိုသည်။ ထို့ကြောင့် နဖူးပြင်၌ သင်းကျစ်ပြားရှိသော ဦးခေါင်း ရှိတော်မူ၏ဟု ဆိုအပ်၏။ (သင်းကျစ်ပြားသည် အသမ္ဘိန္နဓာတ် ခုနစ်ဆူတွင် ပါဝင်၏။ ပရိနိဗ္ဗာန် စံပြီးနောက် မီးသင်္ဂြိုဟ်သောအခါ ပြိုကွဲပျက်စီးရာတွင် မပါမဝင်။)

(၁၅) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ ကုသိုလ်၊ အဓိကုသိုလ်တို့ကို ပြုလုပ်ရာ၌ လူအများ၏ ရှေ့သွားဦးစီး ခေါင်းဆောင်အဖြစ်ဖြင့် ပြုလုပ်၏။ ထိုကံကြောင့် ဥဏှီသသီသလက္ခဏာ ရ၏။ နဖူး၌ သင်းကျစ်ပြား ရစ်သကဲ့သို့ ဖြစ်၏။ စကြာမင်းဖြစ်၍၊ ဝါ-ဘုရား ဖြစ်၍ လူအများ အတုလိုက်ကာ ကျင့်ကုန်၏။

ဤ၌ ကုသိုလ်အရာ ခေါင်းဆောင်ခြင်းသည် ကမ္မ မည်၏။ ဒါနစသော ကုသိုလ်ပြုရာ၌ ခေါင်းဆောင်သူသည် ကြည်လင်သော မျက်နှာဖြင့် ဦးခေါင်းထောင်လျက်စီမံ၏။ နှစ်သက်ဝမ်းမြောက်ခြင်း ပြည့်သောဦးခေါင်း ရှိ၏။ ဉာဏ်ယှဉ်သောစိတ် ရှိ၏။ ထို့ကြောင့် ဥဏှီသသီသလက္ခဏာ ရ၏။
ထိုလက္ခဏာသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာသည်ပင် လက္ခဏာ မည်၏။ မိမိသို့ လူအများ အတုလိုက်၍ ကျင့်ခြင်းသည် အာနိသင် မည်၏။

ကုသိုလ် ခေါင်းဆောင်ခြင်းကြောင့် ဥဏှီသသီသ လက္ခဏာ ရ၏။ ထိုလက္ခဏာကြောင့် အများ အတုလိုက်၏။

၂၄။ ဧကေက လောမော

၂၅။ ဥဏ္ဏီ

ဧကေက- တပင်စီ ပေါက်သော၊ လောမ-မွေးညင်း ရှိ၏။
မြတ်စွာ ဘုရားအား မွေးတွင်းတခု၌ မွေးညင်းနှစ်ပင် မပေါက်၊ တပင်စီသာ ပေါက်၏။ ထို့ကြောင့် မွေးတွင်းတခုတခု၌ တပင်စီပေါက်သော မွေးညင်း ရှိတော်မူ၏ဟု ဆိုအပ်၏။

ဥဏ္ဏီ-ဥဏ္ဏလုံမွေးရှင် ရှိ၏။ ဥဏ္ဏာ-သဒ္ဒါသည် သာမညအားဖြင့် လောမ-သဒ္ဒါနှင့် အနက်တူ ပရိယာယ်ပုဒ် ဖြစ်၏။ ဤ၌ကား ထူးသော အမွေး ဖြစ်၏။ နှာခေါင်းတော်အထက်၊ မျက်မှောင်တော် နှစ်ဘက်၏ အကြား၌ ပေါက်၏။ သောက်ရှူးကြယ်ကဲ့သို့ ဖြူစင်၏။ ထောပတ်ကြည်၌ ထားသော အကြိမ်တရာဖတ်သော ဝါဂွမ်းလွှာကဲ့သို့ နူးညံ့၏။ အဖျားမှ ဆွဲငင်လျှင် မောင်းဝက်ခန့် ပမာဏရှည်၏။ ဝါ-နှစ်တောင်ခန့်ရှည်၏။ လွှတ်လိုက်သောအခါ လက်ယာရစ်လည်၍ ခွေ၍ အထက်သို့တက်သော အဖျား ရှိလျက် တည်၏။

ရွှေပျဉ်ပြား အထက်၌ ငွေကြယ်ကဲ့သို့၊ ရွှေအိုးမှ ထွက်သော နို့ရည်အလျဉ်ကဲ့သို့၊ အရုဏ်ရောင် တောက်ထိန်သော ကောင်းကင်၌ သောက်ရှူးကြယ်ကဲ့သို့ စိတ်နှလုံးကို လွန်စွာဆောင်သော အသရေဖြင့် တင့်တယ်၏။ ထို့ကြောင့် မျက်မှောင်ကြား၌ လက်ယာရစ်ခွေလျက် ဖြူဖွေးသော ဥဏ္ဏလုံမွေးရှင် ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁၆) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ မုသာဝါဒမှ ရှောင်ကြဉ်၍ သစ္စာစကားကိုဆို၏။ တည်ကြည်သောစကား၊ ယုံကြည်လောက်သော စကားကို ဆို၏။ လူအပေါင်းကို မချွတ်ယွင်းစေ။ ထိုကံကြောင့် ဧကေကလောမဥဏ္ဏီ လက္ခဏာနှစ်ပါး ရ၏။ မွေးတွင်း တခု၌ မွေးညင်းနှစ်ပင် မပေါက်။ မျက်မှောင်ကြား၌ ဥဏ္ဏာမည်သော မွေးရှင်လည်းပေါက်၏။ ဖြူ၏။ နူးညံ့သောလဲ ဝါဂွမ်းအစုနှင့် တူ၏။ စကြာမင်းဖြစ်၍ ဝါ၊ဘုရားဖြစ်၍ လူအပေါင်းသည် မိမိအလိုသို့ လိုက်ရ၏။

ဤ၌ မှန်ကန်သောစကား ဆိုခြင်းသည် ကမ္မ မည်၏။ စကားနှစ်ခွ မဆို၊ တခွန်းတည်း စင်ကြယ်စွာ အမှန်ကို ဆိုခြင်းကြောင့် ဧကေက လောမလက္ခဏာဥက္ကာ လက္ခဏာနှစ်ပါး ရ၏။ ထိုလက္ခဏာ နှစ်ပါးသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာ နှစ်ပါးသည်ပင် လက္ခဏာ မည်၏။ မိမိအလိုသို့ လူအများ လိုက်ရခြင်းသည် အာနိသင် မည်၏။
မုသာဝါဒ ရှောင်ကြဉ်သောကြောင့် ဧကေကလောမဥဏ္ဏီလက္ခဏာ နှစ်ပါး ရ၏။ ထိုလက္ခဏာကြောင့် မိမိအလိုသို့ အများ လိုက်၏။

၂၆။ စတ္တာလီသသမဒန္တော

၂၇။ အဝိရဠဒန္တော

စတ္တာလီသ-လေးဆယ်သော၊ သမ-ညီမျှသော၊ ဒန္တ-သွား ရှိ၏။
နိမိတ်ဖတ်သော ဆရာတို့သည် ဘုရားလောင်း၏ မေးအဆုံး အဖျားကို ကြည့်၍ ဤမေးတို့တွင် အောက်မေး၌ ၂၀၊ အထက်မေး၌ ၂ဝ-အားဖြင့် ၄၀-သောသွားတို့ တည်ကုန်လတ္တံ့။ အညီအညွတ် မကျဲပဲ တည်ကုန်လတ္တံ့ ဟု ဆိုကုန်၏။ တပါးသောသူတို့မှာ သွားပြည့်သော်လည်း ၃၂ ချောင်းသာပေါက်၏။ မြတ်စွာဘုရားမှာကား ၄၀-ပေါက်၏။ ထို့ကြောင့် လေးဆယ်သော ထက်အောက် နှစ်ဆယ်စီ ညီမျှသောသွား ရှိတော်မူ၏ ဟု ဆိုအပ်၏။

အဝိရဠ-မကျဲသော၊ ဒန္တ-သွား ရှိ၏။
တပါးသောသူတို့မှာ သွားသည် မိကျောင်းသွားကဲ့သို့ ကျဲ၏။ ငါး၊ အမဲစားသောအခါ သွားကြားညပ်ခြင်း ဖြစ်၏။ မြတ်စွာဘုရားမှာကား ရွှေပျဉ်ပြားဘောင်၌ စီထားသော ဝဇီရစိန်ရွဲအစဉ်ကဲ့သို့ မကျဲသောသွား ရှိ၏။ ရွှေစုတ်တံဖြင့် အရေး အသား ပြုထားသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် မကျဲသောသွား ရှိတော်မူ၏ ဟု ဆိုအပ်၏။

(၁၇) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ ပိသုဏဝါစာမှ ရှောင်ကြဉ်၏။ ကွဲပြားကြောင်း ကုန်းတိုက်စကား မဆို၊ ညီညွတ်ကြောင်းစကား ဆို၏။ ထိုကံကြောင့် စတ္တာလီသ သမဒန္တအဝိရဠဒန္တ လက္ခဏာနှစ်ပါး ရ၏။ သွားတို့သည် ထက်၊ အောက် နှစ်ဆယ်စီ ညီမျှ၏။ မကျဲပဲ စိပ်စိပ် ရှိ၏။ စကြာမင်းဖြစ်၍၊ ဝါ-ဘုရားဖြစ်၍ မကွဲပြားသောပရိသတ် ရှိ၏။ ပရိသတ်ကို ကွဲပြားအောင်၊တုန်လှုပ်အောင် တစုံတယောက် မပြုနိုင်။

ဤ၌ အပိသုဏဝါစာ ဆိုခြင်းသည် ကမ္မမည်၏။ ပိသုဏဝါစာသည် ညီညွှတ်ခြင်းကို ခွဲတတ်၏။ ထို့ကြောင့် သွားမပြည့်ခြင်း၊ သွားကျဲခြင်းကို ဖြစ်စေ၏။ မြတ်စွာဘုရားကား အပိသုဏဝါစာဖြင့် မကွဲပြားအောင် ညီညွတ်အောင် ဆိုသောကြောင့် သွားလေးဆယ် ပြည့်ခြင်း၊ မကျဲခြင်း လက္ခဏာနှစ်ပါး ရ၏။ ဤ လက္ခဏာနှစ်ပါးသည် (ဝါ- ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာနှစ်ပါးသည်ပင် လက္ခဏာ မည်၏။ ပရိသတ် မပြိုမပျက်ခြင်းသည် အာနိသင် မည်၏။

ပိသုဏဝါစာ ရှောင်ကြဉ်သောကြောင့် စတ္တာလီသ သမဒန္တအဝိရဠဒန္တ လက္ခဏာနှစ်ပါး ရ၏။ ထို လက္ခဏာကြောင့် ပရိသတ် မပြို မပျက်။

၂၈။ ပဟူတဇိဝှေါ

၂၉။ ဗြဟ္မဿရော

ပဟူတ-ရှည်ပြန့်သော၊ ဇိဝှါ-လျှာ ရှိ၏။
တပါးသော သူတို့မှာ လျှာသည် ဆူဖြိုး၏။ ပိန်ကြုံ၏၊ တို၏၊ ခိုင်မာ၏၊ မညီမညွတ် ရှိ၏။ မြတ်စွာဘုရား၏ လျှာကား နူးညံ့၏။ ဝါ၊ ပါး၏။ ရှည်၏။ အပြန့်ကြီး၏။ (နီသော) အဆင်း ရှိ၏။ လက္ခဏာကြည့်ရှုရန်လာသော အမ္ဗဋ္ဌလုလင် စသည် တို့အား ယုံမှားကင်းစေခြင်းငှါ လျှာတော်ကို “ကထိနသူစိ” ဟူသော တခဲနက်လုံးသော အပ်ကဲ့သို့ အလုံးပြု၍ နှာခေါင်းပေါက်နှစ်ခု အတွင်းကို သုံးသပ်တော်မူ၏။ နားပေါက်နှစ်ခု အတွင်းကို သုံးသပ် တော်မူ၏။ ဆံပင်အဆုံးရှိသော နဖူးပြင်တခုလုံးကို ဖုံးအုပ်တော်မူ၏။ ဝါ-နူးညံ့၍ ပါးခြင်း၊ ရှည်ခြင်း၊ ပြန့်ခြင်း ဟူသော လက္ခဏာအပြား သုံးပါးဖြင့်၊ ပဟူတ-(ဘူတ) ဖြစ်၏။ ထို့ကြောင့် ပါးလျှပ် ရှည်ပြန့်သောလျာ ရှိတော်မူ၏ဟု ဆိုအပ်၏။

ဗြဟ္မ-ဗြဟ္မာမင်း၏၊ သရ-အသံနှင့်တူသောအသံ ရှိ၏။
တပါးသောသူတို့မှာ အသံသည် ပြတ်တောက် ပြတ်တောက်သော်လည်း ဖြစ်၏။ များသောအခြင်းအရာဖြင့် ကွဲသော်လည်း ကွဲ၏။ ကျီးသံကဲ့သို့ မနှစ်သက်ဖွယ် သော်လည်း ဖြစ်၏။ မြတ်စွာဘုရား၏ အသံတော်ကား ဗြဟ္မာမင်း၏ အသံတော်နှင့် တူ၏။ ဗြဟ္မာမင်းအား လည်ချောင်းစသည်၌ သည်းခြေ သလိပ်မြှေး ကပ်ခြင်းမရှိ စင်ကြယ်၏။ မြတ်စွာဘုရား၏ လည်ချောင်း စသည် တို့လည်း ပါရမီကံသုတ်သင်သောကြောင့် စင်ကြယ်၏။ လည်ချောင်း စသည် စင်ကြယ်သောကြောင့် ချက်မှစ၍ တက်လာသော အသံတော်သည် သန့်ရှင်း၏။ အင်္ဂါရှစ်ပါး ရှိ၏။ ယစ်သော ကရဝိက်ငှက်မင်း၏ ကျူးရင့်သံကဲ့သို့ သာယာသောအသံ ရှိ၏။ ထို့ကြောင့် ဗြဟ္မာမင်း၏ အသံနှင့် တူသော သာယာသောအသံ ရှိတော်မူ၏ဟု ဆိုအပ်၏။

ဤ၌ အသံတော်အင်္ဂါရှစ်ပါးကား သန့်ရှင်း၏၊ သာယာ၏၊ သိသာ၏၊ နာဖွယ်ရှိ၏ (၄)။ ပရိသတ်၏ ပြင်ပသို့ မထွက်။ လုံး၏၊ နက်၏၊ ပဲ့တင်ထပ်၏(၄)။ ဤသို့လျှင် အင်္ဂါရှစ်ပါး ရှိ၏။ (ပရိသတ်ရှိရာ (၁)၊ သာယာ၊ နာဖွယ် (၂)၊ သိလွယ်၊ သန့်စင် (၂)၊ ပဲ့တင်၊ လုံး၊ နက် (၃)၊ သံရှစ်ချက်တည်း။)

ကရဝိက်ငှက်မင်း ကျူးရင့်သံကား ကရဝိက်ငှက်သည် ချိုမြိန်သော သရက်သီးမှည့်ကို နှုတ်ဖြင့် ပေါက်၍ ယိုကျသောအရည်ကို သောက်ပြီးလျှင် တောင်ပံနှစ်ဘက်ခတ်၍ ကျူးရင့်သည်ရှိသော် ကြားရသော သတ္တဝါတို့သည် ပီတိဟုန်ဖြင့် ယစ်၍ ရွှင်မြူးကုန်၏။
အစာစားဆဲ ဖြစ်သော သတ္တဝါတို့အား ခံတွင်းမှအစာပင် လွတ်ကျ၏။ သမင်ကို လိုက်သော ကျားသည် ကြွသောခြေကို မချနိုင်။ ကျားအလိုက်ခံရသော သမင်သည် သေဘေးကို သတိမရပဲ ရပ်၍ နားထောင်၏။ ကောင်းကင်၌ ပျံသော ငှက်တို့သည် တောင်ပံမခတ်နိုင်ကုန်။ ရေ၌ ကျက်စား ငါးသတ္တဝါများသော်လည်း နားစွင့်၍ နားထောင်ကြရကုန်၏။

သီရိ ဓမ္မာသောကမင်းကြီး၏ မိဖုရားကြီး အသန္ဓိမိတ္တာသည် “ဘုရားရှင်၏ အသံတော်သည် ကရဝိက် အသံနှင့် တူသည်”ဟု ဟိမဝန္တာသို့ ရွှေချိုင့်ကို မင်းအာဏာဖြင့် စေလွှတ်၍ ဆောင်ယူစေ၏။ ရွှေချိုင့်၌ ပါလာသော ကရဝိက်သည် နန်းတော်သို့ရောက်သောအခါ အဖော်မရှိသဖြင့် အသံ မပြုပဲနေသောကြောင့် ကြေးမုံမှန်ပြင်တို့ကို ပတ်ဝန်းကျင်မှထောင်ပြ၏။
ကရဝိက်သည် မှန်ရိပ်မြင်သောအခါ အမျိုးသားအဖော်တို့ ရောက်လာကြသည်ဟု မှတ်ထင်၍ တောင်ပံနှစ်ဘက်ခတ်၍ ပတ္တမြားပြွေမှုတ်သကဲ့သို့ သာယာစွာ ကျူးရင့်၏။ တမြို့လုံးလူတို့သည် ပီတိဟုန်ဖြင့် ယစ်၍ ရွှင်မြူးကုန်၏။

အသန္ဓိမိတ္တာမိဖုရားကြီးအား “တိရစ္ဆာန်၏ အသံပင်လျှင် ဤမျှသာယာသေး၏။ ဘုရားရှင်၏အသံတော်မှာ ဆိုဖွယ်မရှိ”ဟု ဘုရားရှင်ဂုဏ်တော်ကိုအာရုံပြုလျက် ပီတိအဟုန် ဖြစ်၏။ ထိုပီတိကို မစွန့်မူ၍ သာလျှင် မောင်းမအဖော်ခုနစ်ရာနှင့်တကွ သောတာပန်တည်လေ၏။

(၁၈) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ ဖရုသဝါစာမှ ရှောင်ကြဉ်၍ နှစ်သက်ဖွယ် သဏှဝါစာကို ဆို၏။ ထိုကံကြောင့် ပဟူတဇိဝှါဗြဟ္မဿရ လက္ခဏာနှစ်ပါး ရ၏။ လျှာကောင်း၏။ ကရဝိက်သံ ရှိ၏။ စကြာမင်းဖြစ်၍ ဝါ-ဘုရားဖြစ်၍ ရိုသေစွာ နာအပ်သော စကားရှိသူ ဖြစ်၏။ ဝါ၊ စကားနားထောင်သူ များ၏။

ဤ၌ အဖရုသဝါစာ ဆိုခြင်းသည် ကမ္မ မည်၏၊ ဖရုသဝါစာ ကြမ်းတမ်းစွာ ဆိုသောသူသည် လျှာကို ပြန်လှန်လူးလှိမ့်၍ ဆိုသောကြောင့် ခက်ထန်သော၊ တွဲသောလျာ ရှိ၏။ တိုသော၊ ထူသောလျှာ ရှိ၏။ လျှာ နှစ်ခွသော်လည်း ရှိ၏။ မန်းသင့်၍ စကားအထစ်ထစ်သော်လည်း ရှိ၏ ဖရုသဝါစာ ရှောင်ကြဉ်၍ နူးညံ့စ္စာ ဆိုသူအား လျှာသည် ဤသို့ မဖြစ်။ နူးညံ့၍ ပါး၏၊ ကမ္ဗလာနီအဆင်း နီသောလျှာ ရှိ၏။

မြတ်စွာဘုရားကား ဖရုသဝါစာ မဆိုသောကြောင့် ကြီးပြန့်ရှည်လျားသော လျှာလက္ခဏာ ရ၏၊ ဖရုသဝါစာ ဆိုသူသည် အသံကွဲအောင် ဆိုတတ်၏။ ထို့ကြောင့် ကွဲသောအသံ ရှိ၏။ ပြတ်သောအသံ ရှိ၏။ ကျီးသံ ရှိ၏။ သဏှဝါစာ ဆိုသူသည် အသံကောင်း၏။ ချိုသာသောအသံ၊ နှစ်သက်ဖွယ်သောအသံ ရှိ၏။ မြတ်စွာဘုရားကား ဖရုသဝါစာ မဆိုသောကြောင့် ဗြဟ္မာသံ လက္ခဏာ ရ၏။ ဤ လက္ခဏာနှစ်ပါးသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာနှစ်ပါးသည်ပင် လက္ခဏာ မည်၏။ နားထောင်ဖွယ်စကား ရှိခြင်းသည် အာနိသင် မည်၏။
ဖရုသဝါစာ ရှောင်ကြဉ်သောကြောင့် ပဟူတဇိဝှါဗြဟ္မဿရ လက္ခဏာနှစ်ပါး ရ၏။ ထိုလက္ခဏာကြောင့် စကားနားထောင်သူ များ၏။

၃၀။ သီဟ ဟနု

သီဟ- ခြင်္သေ့၏၊ ဟနု-မေးနှင့်တူသောမေး ရှိ၏။
ခြင်္သေ့မင်း၏ မေးသည် အောက်မေးသား ပြည့်စုံ၍ အထက်မေး မပြည့်စုံ။ မြတ်စွာဘုရား၏ မေးတော်ကား ထက်အောက် နှစ်ခုလုံး ခြင်္သေ့မင်း အောက်မေးကဲ့သို့ ပြည့်စုံ၏။ လဆန်း ၁၂ ရက် ထွက်သော လမင်းကဲ့သို့ ပြည့်၏။ ထို့ကြောင့် ခြင်္သေ့မင်း၏ မေးနှင့်တူသော ဝန်းဝိုင်းသော အထက်မေး၊ အောက်မေး ရှိတော်မူ၏ဟု ဆိုအပ်၏။

(၁၉) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေးလူဖြစ်စဉ်အခါ သမ္ဖပလာပမှ ရှောင်ကြဉ်၏။ အကျိုးမဲ့၊ အနက်မဲ့ ပြိန်ဖျင်းသော စကားကို မဆို။ ကာလနှင့်ယှဉ်သောစကား၊ မှန်သောစကား၊ အကျိုးရှိသောစကားကို ဆို၏။ ကုသိုလ်နှင့်စပ်သောစကား၊ ဆုံးမခြင်းနှင့်စပ်သော စကား၊ မှတ်သားဖွယ် စကားကို ဆို၏။ ထိုကံကြောင့် သီဟဟနု လက္ခဏာ ရ၏။ စကြာမင်းဖြစ်၍ ဝါ-ဘုရားဖြစ်၍ မိမိ၏ ဂုဏ်ကျေးဇူးကို လည်းကောင်း နေရာဌာနကိုလည်းကောင်း ရန်သူတို့ နှိပ်စက်ဖျက်ဆီးခြင်းငှါ မစွမ်းနိုင်။

ဤ၌ သမ္ဖပလာပ မဆိုခြင်းသည် ကမ္မ မည်၏။ သမ္ဖပလာပ ဆိုသူသည် မေးကို လှုပ်၍လှုပ်၍ ဆိုသောကြောင့် အတွင်းဝင်သော မေး တိုသောမေး ရှိ၏။ နံပါးတဘက် ကောက်သောမေး ရှိ၏။ အောက်သို့ တွဲလွဲ ကျသောမေးဖြင့် ရှည်သောမေးသော်လည်း ရှိ၏။

မြတ်စွာဘုရားကား ထိုသို့ မဆိုသောကြောင့် ခြင်္သေ့မင်း၏ မေးနှင့်တူသောမေး လက္ခဏာ ရ၏။ ဤ လက္ခဏာသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာသည်ပင် လက္ခဏာ မည်၏။ ရန်သူတို့ မဖျက်ဆီးနိုင် ခြင်းသည် အာနိသင် မည်၏။
သမ္ဖပလာပ ရှောင်ကြဉ်သောကြောင့် သီဟဟနုလက္ခဏာ ရ၏။ လက္ခဏာကြောင့် ရန်သူတို့ မဖျက်ဆီးနိုင်။

၃၁။ သမဒန္တော

၃၂။ သုသုက္ကဒါဌော

သမ-ညီသော။ ဒန္တ-သွား ရှိ၏။
တပါးသောသူတို့မှာ သွားသည်။ အချို့ရှည်၍ အချို့တို၍ မညီမညွတ်ကုန်။ မြတ်စွာဘုရား၏ သွားတော်ကား ခရုသင်းအပြားကို လွှဲဖြင့် ဖြတ်ထားသကဲ့သို့ အရှည်၊ အတိုလည်း ညီ၏။ အတွင်း၊ အပြင်လည်း ညိ၏။ ထို့ကြောင့် မဝင် မခေါ ညီညွတ်သောသွား ရှိတော်မူ၏ဟု ဆိုအပ်၏။

သုသုက္က-အလွန်ဖြူသော၊ ဒါဌာ-အစွယ် ရှိ၏။
အချို့သောသူ၏ သွားသည် ပုပ်၏။ ဆွေး၏။ ထို့ကြောင့် အစွယ်အချို့ မည်း၍ ဖောက်ပြန်၏။ မြတ်စွာဘုရား၏ စွယ်တော်လေးဆူတို့ကား ဖြူစင်ကုန်၏။ သောက်ရှူးကြယ်ကို လွန်၍ တင့်တယ်သော အရောင် ရှိကုန်၏။ ထို့ကြောင့် တဖိတ်ဖိတ် ဖွေးဖြူသော စွယ်တော်လေးဆူ ရှိတော်မူ၏ဟု ဆိုအပ်၏။

(၂၀) ချစ်သားတို့၊ မြတ်စွာဘုရားသည် ရှေး လူဖြစ်စဉ်အခါ မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ သမ္မာအာဇီဝဖြင့် အသက်မွေး၏။ ချိန်စဉ်းလဲ၊ ရွှေခွက်အသပြာစဉ်းလဲ၊ တောင်းစဉ်းလဲတို့မှ ကြဉ်၏။ တံစိုးယူခြင်း၊ ဥပါယ်တမျဉ်ဖြင့် လှည့်ပတ်ခြင်း၊ အတုပြု၍လှည့်ပတ်ခြင်း၊ ကောက်ကျစ်၍ ဖလှယ်ခြင်းတို့မှ ကြဉ်၏။ ဖြတ်ခြင်း၊ သတ်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ လမ်း၌ လုခြင်း၊ မြို့ရွာဖျက်ဆီးခြင်း၊ အနိူင်အထက် ပြုခြင်းတို့မှ ကြဉ်၏။ ထိုကံကြောင့် သမဒန္တသုသုက္ကဒါဌာ လက္ခဏာနှစ်ပါး ရှိ၏။ စကြာမင် ဖြစ်၍ ဝါ-ဘုရားဖြစ်၍ စင်ကြယ်သော ပရိသတ် ရှိ၏။

ဤ၌ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်းသည် ကမ္မ မည်၏။ မညီညွတ်သော မိစ္ဆာဇီဝ၊ မသန့်ရှင်းသော မိစ္ဆာဇီဝဖြင့် အသက်မွေးသောသူအား သွားတို့သည် မညီမညွတ် ဖြစ်ကုန်၏။ အစွယ်တို့သည် ညစ်နွမ်းကုန်၏
မြတ်စွာဘုရားကား ညီညွတ်သော သမ္မာအာဇီဝ၊ သန့်ရှင်းသော သမ္မာအာဇီဝဖြင့် အသက်မွေးသောကြောင့် ဝင်ခြင်း၊ ခေါကင်း ကင်းလျက်၊ ညီညွတ်သော သွားတို့ ဖြစ်ကုန်၏။ အလွန်ဖြူဖွေးသော စွယ်တော်တို့ ဖြစ်ကုန်၏။ ဤလက္ခဏာနှစ်ပါးသည် (ဝါ-ဉာပကနိမိတ် အဖြစ်သည်) ကမ္မသရိက္ခက မည်၏။ လက္ခဏာနှစ်ပါးသည်ပင် လက္ခဏာ မည်၏။ ပရိသတ် စင်ကြယ်ခြင်းသည် အာနိသင် မည်၏။
မိစ္ဆာဇီဝ ရှောင်ကြဉ်သောကြောင့် သမဒန္တသုသုက္ကဒါဌာ လက္ခဏာ နှစ်ပါး ရ၏။ ထိုလက္ခဏာကြောင့် ပရိသတ် စင်ကြယ်၏။

မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ရေးသားသော လက္ခဏဒီပနီကဗျာ

သုတ်ပါထေယျ၊ လက္ခဏသုတ်၊ ဟောထုတ်ဖွင့်ချဲ့၊
သုံးဆယ့်နှစ်ဖြာ၊ လက္ခဏာကို၊ စကြာမင်းဖျား၊
စောဘုရားတို့၊ ကံအားလျော်ညီ၊ ရကြောင်း သီပိမ့်။

(၁) အတီရှေးက၊ ကုသလ၌၊ မြဲစွဆောက်တည်၊ ခဲ့ဖူးသည်ကြောင့်၊ သက်ရှည်ဆင်းဝါ၊ ချမ်းသာစိုးရ၊ ခြွေရံခလျက် (၅)၊ ရူပသဒ္ဒါ၊ ဂန္ဓာရသ၊ ဖောဋ္ဌဗ္ဗဖြင့် (၅)၊ လွန်ထဆယ်မည်၊ နတ်ဖြစ်သည်နောက်၊ လူ့ပြည်ရောက်လည်း၊ မမောက် မခွက်၊ မွှတ်မွှတ် ညက်သား၊ မြေထက်ဖဝါး၊ နင်းချသွားသော်၊ ပြားပြားညီထိ၊ သုပ္ပတိဋ္ဌိတ၊ ပါဒလက္ခဏာ(၁)၊ ဖြစ်ပေါ်လာ၍၊ ကင်းကွာ ရန်သူ၊ တွင်းပ ဟူ၏။

(၂) ဗိုလ်လူအများ၊ ချမ်းသာပွားဖို့၊ ဆီးတားဘေးဘျမ်း၊ ခြံရံ ပန်းလျက်၊ လှူဒါန်းသည့်တာ၊ နတ်ဖြစ်ရာမူ၊ ပုဒ်တိုင်းတူပြီ၊ ဤလူတို့ဘောင်၊ ကန့်တစ်ထောင်နှင့်၊ ရုပ်ရောင်ပီပြင်၊ စက်ဝန်း ထင်၍၊ စက္ကင်္ကိတ၊ ပါဒလက္ခဏာ (၂)၊ ပြည့်စုံလာလျက်၊ ခြွေရံတက်၏။

(၃) သူ သက်မသတ်၊ ကောင်းမှုမြတ်ကြောင့်၊ ရှည်လတ်ပဏှိ (၃)၊ အင်္ဂုလိနှင့် (၄)၊ ဖြောင့်ဘိကိုယ်မှာ၊ မိုးဗြဟ္မာသို့ (၅)၊ လက္ခဏာသုံးပါး၊ ပေါ်ထင်ရှား၍၊ ရှည်လျားအသက်။

(၄) ရသာမြက်ကို၊ လှူဆက်ဖူးလေ၊ ကောင်းမှုတွေကြောင့်၊ လက်ခြေ ပခုံး၊ လည်လုံးဖွံ့ထုတ်၊ သတ္တုဿဒါ (၆)၊ လက္ခဏာနှင့်၊ ရသာ လာဘ်ရ။

(၅) သင်္ဂဟဝတ္ထု၊ ချီးမြှောက်မှုကြောင့်၊ မုဒုပျောင်းညက် (၇)၊ ကွန်ယက်ယှက်သို့ (၈)၊ ခြေလက်ဖဝါး၊ နှစ်ပါးပြည့်လျှံ၊ ခြွေရံ မကွဲ၊ ထံပါးမြဲ၏။

(၆) ခပဲလူပေါင်း၊ ချမ်းသာကြောင်းကို၊ ကျိုးကြောင်းပြလျက်၊ ဟောဖော်မြွက်ကြောင့်၊ ဖမျက်မြင့်ခေါင် (၉)၊ သရေဆောင်သည်၊ ကော့ထောင်မွေးဖျား (၁၀)၊ နှစ်ပါးရလတ်၊ သူ့ထက် မြတ်၏။

(၇) အတတ်ပညာ၊ ပြစ်မဲ့ရာကို၊ လျင်စွာတတ်စေ၊ ပို့ချပေလို့၊ ဧဏိဇင်္ဃ (၁၁)၊ သလုံးလှ၍၊ ဘောဂလျင်စွာ၊ ပြည့်စုံလာ၏။

(၈) ပညာလို၍၊ မေးမြန်းလေ့ကြောင့်၊ သိမ်မွေ့ ကိုယ်ရေ (၁၂)၊ ဉာဏ်မိုး စွေ၏။

(၉) ချုပ်နေမာန်မျက်၊ သဒ္ဓါထက်၍၊ လှူဆက်ချောနု၊ ခင်းရုံမှုကြောင့် ရွှေတုအဆင်း (၁၃)၊ ချောလွန်မင်းသည်၊ အခင်းကိုယ်ရုံ ပေါများတုံ၏။

(၁၀) မဆုံကွဲနေ၊ မျိုးမိတ်ဆွေကို၊ ရှာဖွေစပ်ပေး၊ ကုသိုလ်ရေးကြောင့်၊ ဖုံးမြေးအိမ်ရေ၊ သိုရှိလေ၍ (၁၄)၊ သားတွေ ပေါလှ၊ ထောင်မကတည်း။

(၁၁) ဗလအလျောက်၊ ရွေးနုတ်ကောက်၍၊ ချီးမြှောက်စိုးစံ၊ ကုသိုလ်ကံကြောင့်၊ အလံကိုယ်တူ (၁၅)၊ မညွတ်မူ၍၊ ကိုင်ယူ ဒူးဝန်း (၁၆)၊ နှစ်ပါးထွန်းလျက်၊ ပြည့်မွန်းဥစ္စာ၊ ကောင်းကျိုးလာ၏။

(၁၂) သတ္တဝါအများ၊ ကျိုးစီးပွားကို၊ လိုလားမမေ့၊ ကုသိုလ်လေ့ကြောင့်၊ ခြင်္သေ့ရှေ့ကိုယ်၊ ထက်အောက် ကိုယ်နှင့် (၁၇)၊ ပြည့်မို ကျောပြင် (၁၈)။ လည်တွင် လုံးလှ (၁၉)၊ သုံးပါးရ၍၊ ဘောဂခြွေရွှေ၊ မယုတ်လေတည်း။

(၁၃) သဗ္ဗေသတ္တာ၊ ချစ်ကြင်နာ၍၊ ချမ်းသာစေလို၊ မဖျက်ဖြိုလို့၊ လည်မျိုစုနှောင်၊ ရသာဆောင်သည်၊ ခုနစ်ထောင်ကြောဖျား (၂ဝ)၊ တည်ဆုံငြား၍၊ နာဖျားကင်းကွေ၊ အစာကြေ၏။

(၁၄) မစွေဖြောင့်စွာ၊ ချစ်မေတ္တာဖြင့်၊ မျက်လွှာဖွင့်လျက်၊ ရှုကြည့် တွက်ကြောင့်၊ မည်းနက်ရွှင်ပြုံး၊ မျက်လုံး (၂၁) မျက်မွေး (၂၂)၊ ဒွေးလက္ခဏ၊ များချစ်ကြ၏။

(၁၅) ပြုကြကုသိုလ်၊ ကံထိုထို၌၊ လူဗိုလ်ရှေ့ဦး၊ ဆောင်ခဲ့ဘူးလို့၊ နဖူးသင်းကျစ် (၂၃)၊ ပေါ်ဖြစ်လက္ခဏာ၊ ဟောတိုင်းပါ၍၊ သတ္တဝါအများ၊ ကျင့်လိုက်စား၏။

(၁၆) မုသားရှောင်ကွင်း၊ ဆိုခဲ့ခြင်းကြောင့်၊ မွေးတွင်း တစ်တွင်၊ မွေး တပင်နှင့် (၂၄)၊ လဲသွင်ဖြူတုံ၊ မျက်မှောင်ဆုံမှာ၊ ဥဏ္ဏလုံမွေး (၂၅)၊ အမှတ်ဒွေးတည်း၊ ကျွန်ကျေးဗိုလ်ထု၊ လိုတိုင်းပြု၏။

(၁၇) ပိသုဏပယ်၊ ကုသိုလ်ကယ်လို့၊ လေးဆယ်ပြည့်မြဲ (၂၆)၊ သွားမကျဲဟု (၂၇)၊ နှစ်ကွဲလက္ခဏာ၊ ခြွေရံမှာလည်း၊ ညီညာ ကြည်အေး၊ လုံးတထွေးတည့်။

(၁၈) ဆဲရေးဆိုမည်၊ ရှောင်ခဲ့သည်ကြောင့် ပါးရှည် ပြန့်လျှာ (၂ဂ)၊ သံဗြဟ္မာသို့ (၂၉)၊ လက္ခဏာ နှစ်ပါး၊ ဆိုစကားကို၊ အများယူကြ။

(၁၉) ထိုးဇာတ်ပြသို့၊ သမ္ဖဖျင်းစွေ၊ ရှောင်ကြဉ်လေ့ကြောင့်၊ ခြင်္သေ့မေးတူ (၃ဝ)၊ ပြည့်ဝန်းမူလျက်၊ ရန်သူဝေးက္ခာ၊မဖျက် လာတည်း။

(၂၀) မိစ္ဆာဇီဝ၊ ရှောင်ခဲ့ရလို့။ ညီမျှသွားတော် (၃၁)၊ စွယ်တော်ဖြူလျှင် (၃၂)၊ နှစ်ပါးအင်နှင့်၊ သန့်စင်ခြွေရွေ၊ ပြည့်စုံပေ၏။

ဆိုလေသမျှ၊ ဒွတ္တိံသဟု၊ ကြီးလှလက္ခဏာ၊ ပြည့်စုံလာမူ၊ လူ့ရွာထင်ရှား၊ စကြာဖွားနှင့်၊ ဘုရားသော်လျှင်၊ ဖြစ်မြဲပင်ဟု၊ ဗေဒင်တတ်များ၊ ဟောမြွက်ထားသည်၊ အများနည်းယူ ကျင့်ဖွယ်ကောင်းသတည်း။
ကမ္မကမ္မသရိက္ခကလက္ခဏလက္ခဏာနိသံသ လေးပါးစုံပြသော ဒွတ္တိံသမဟာပုရိသ လက္ခဏဒီပနီကဗျာ ပြီး၏။

လက္ခဏာတော်ငယ် ရှစ်ဆယ်

နော၊ သင်တို့၏။ သတ္ထာ၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်။-

၁။ စိတင်္ဂုလိ၊ စေ့စပ်ပြည့်ဖြိုးသော လက်ချောင်း, ခြေချောင်း ရှိတော်မူ၏။

၂။ အနုပုဗ္ဗင်္ဂုလိ၊ အစဉ်အတိုင်း အဖျားသွယ်သောလက်ချောင်း, ခြေချောင်း ရှိတော်မူ၏။

၃။ ဝဋ္ဋင်္ဂုလိ၊ လုံးသောလက်ချောင်း, ခြေချောင်း ရှိတော်မူ၏

၄။ တမ္ဗနခေါ၊ နီသော လက်သည်း ခြေသည်း ရှိတော်မူ၏။

၅။ တုင်္ဂနခေါ၊ မြင့်ခုံးသော လက်သည်း ခြေသည်း ရှိတော်မူ၏။

၆။ သိနိဒ္ဓနခေါ၊ နူးညံ့ပြေပြစ်သော လက်သည်း ခြေသည်း ရှိတော်မူ၏။

၇။ နိဂုဠှဂေါပ္ဖေါ၊ အသားပြည့်၍ မထင်ရှားသော ဖမျက် ရှိတော်မူ၏။

၈။ သမပါဒေါ၊ ဆယ်ခုလုံး အရှည်ညီသော ခြေချောင်း ရှိတော်မူ၏။

၉။ ဂဇသမာနက္ကမော၊ ဆင်မင်း၏ သွားခြင်းနှင့်တူသော သွားခြင်း ရှိတော်မူ၏။

၁၀။ သီဟသမာနက္ကမော၊ ခြင်္သေ့မင်း၏ သွားခြင်းနှင့် တူသော သွားခြင်း ရှိတော်မူ၏။

၁၁။ ဟံသသမာနက္ကမော၊ ဟင်္သာမင်း၏ သွားခြင်းနှင့် တူသော သွားခြင်း ရှိတော်မူ၏။

၁၂။ ဥသဘသမာနက္ကမော၊ နွားမင်းဥသဘ၏ သွားခြင်းနှင့် တူသော သွားခြင်း ရှိတော်မူ၏။

၁၃။ ဒက္ခိဏာဝဋ္ဋဂတိ၊ လက်ယာရစ်လည်၍ သွားခြင်း ရှိတော်မူ၏။

၁၄။ သမန္တတော စာရု ဇဏ္ဏု၊ မဏ္ဍလော၊ ထက်ဝန်းကျင်မှ တင့်တယ်သော ပုဆစ်ဒူးဝန်း ရှိတော်မူ၏။

၁၅။ ပရိပုဏ္ဏ ပုရိသဗျဉ္ဇနော၊ ပြည့်စုံသော ယောက်ျားနိမိတ် ရှိတော်မူ၏။

၁၆။ အဘိန္နနာဘိ၊ မပေါက်မကွဲသော ချက် ရှိတော်မူ၏။

၁၇။ ဂမ္ဘီရနာသိ၊ နှက်သောချက် ရှိတော်မူ၏။

၁၈။ ဒက္ခိဏာဝဋ္ဋနာဘိ၊ လက်ယာရစ်လည်သောချက် ရှိတော်မူ၏။

၁၉။ ဣဘကရသဒိသဦရုဘုဇော၊ ဆင်နှာမောင်းနှင့် တူသော ပေါင် လက်ရုံး ရှိတော်မူ၏။

၂၀။ သုဝိဘတ္တဂတ္တော၊ ကောင်းစွာဝေဖန်အပ်သောကိုယ် ရှိတော်မူ၏။

၂၁။ အနုပုဗ္ဗစာရုဂတ္တော၊ အစဉ်အတိုင်း တင့်တယ်စွာတက်သောကိုယ် ရှိတော်မူ၏။

၂၂။ မဋ္ဌဂတ္တော၊ ပြေပြစ်သောကိုယ် ရှိတော်မူ၏။

၂၃။ အနူနာနုဏ္ဏတသမဂတ္တော၊ မရှိုက်မမို ညီသောကိုယ် ရှိတော်မူ၏။

၂၄။ အလီနဂတ္တော၊ မတွန့်လိပ်သောကိုယ် ရှိတော်မူ၏။

၂၅။ တိလကာဒိဝိရတဂတ္တော၊ မှဲ့မည်းစသည်မှ ကင်းသော ကိုယ် ရှိတော်မူ၏။

၂၆။ အနုပုဗ္ဗရုစိရဂတ္တော၊ အစဉ်အတိုင်း ပြိုးပြိုးပြက်သော ကိုယ် ရှိတော်မူ၏။

၂၇။ သုဝိသုဒ္ဓဂတ္တော၊ အလွန်စင်ကြယ်သောကိုယ် ရှိတော်၏။

၂၈။ ကောဋိသဟဿဟတ္ထိဗလဓရေ၊ ကုဋေတစ်ထောင်သော ကာလာဝက ဆင်မျိုး၏ အားကို ဆောင်နိုင်သောအား ရှိတော်မူ၏။

၂၉။ သုဝဏ္ဏတုင်္ဂနာသော၊ ရွှေချွန်းအတူ ဖြိုးတက်ပေါ်လွင်သော နှာခေါင်း ရှိတော်မူ၏။

၃ဝ။ ရတ္တဒွိဇမုခေါ၊ နီမြန်းသော နှုတ်ခမ်းတော်အစုံ ရှိတော်မူ၏။

၃၁။ သုဒ္ဓဒန္တော၊ စင်ကြယ်သောသွား ရှိတော်မူ၏။

၃၂။ သိနိဒ္ဓဒန္တော၊ သိမ်မွေ့ ပြေပြစ်သောသွား ရှိတော်မူ၏။

၃၃။ ဝိသုဒ္ဓိန္ဒြိယော၊ အလွန်စင်ကြယ်သော စက္ခုစသော ဣန္ဒြေ ရှိတော်မူ၏။

၃၄။ ဝဋ္ဋဒါဌော၊ လုံးသော စွယ်တော် ရှိတော်မူ၏။

၃၅။ ဝဋ္ဋဩဋ္ဌော၊ လုံးသော နှုတ်ခမ်း ရှိတော်မူ၏။

၃၆။ အာယတဝဒနီ၊ ရှည်သော နှုတ်ခမ်း ရှိတော်မူ၏။

၃၇။ ဂမ္ဘီရပါဏိလေခေါ၊ နက်သော လက်ခြားအရေး ရှိတော်မူ၏။

၃၈။ အာယတလေခေါ၊ ရှည်သောလက်ခြားအရေး ရှိတော်မူ၏။

၃၉။ ဥဇုကလေခေါ၊ ဖြောင့်သောလက်ခြားအရေး ရှိတော်မူ၏။

၄၀။ သုရုစိသဏ္ဌာနလေခေါ၊ နှစ်လိုဖွယ် သဏ္ဌာန်ရှိသောအရေး ရှိတော် မူ၏။

၄၁။ ပရိမဏ္ဍလကာယပ္ပဘာဝါ၊ အဝန်းညီသော တလံသောကိုယ်တော် အရောင် ရှိတော်မူ၏။

၄၂။ ပရိပုဏ္ဏကပေါလော၊ ပြည့်ဖြိုးသော ပါးစောင် ရှိတော်မူ၏။

၄၃။ အာယတဝိသာလနေတ္တော၊ ရှည်သော ကျယ်ပြန့်သော မျက်ကွင်း ရှိတော်မူ၏။

၄၄။ ပဉ္စပသာဒဝန္တ နေတ္တော၊ ငါးပါးသောအဆင်းဖြင့် ကြည်လင်သော မျက်လုံး ရှိတော်မူ၏။

၄၅။ အာကုဉ္စိတဂ္ဂဘမုကော၊ ညီညွတ်စွာ ကုန်းသောမျက်ခုံး ရှိတော် မူ၏။

၄၆။ မုဒုတနုကဇိဝှေါ၊ နူးညံ့ပါးလျှပ်သောလျှာ ရှိတော်မူ၏။

၄၇။ ရတ္တဇိဝှေါ၊ နီမြန်းသောလျှာ ရှိတော်မူ၏။

၄၈။ အာယတကဏ္ဏော၊ ရှည်သောနား ရှိတော်မူ၏။

၄၉။ ရုစိကဏ္ဏော၊ နှစ်လိုဖွယ်သောနား ရှိတော်မူ၏။

၅၀။ နိဂဏ္ဌသိရော၊ ဖုထစ်ကင်းသောဦးခေါင်း ရှိတော်မူ၏။

၅၁။ နိဂုဠှသိရော၊ မရှိုက်မမက်သောဦးခေါင်း ရှိတော်မူ၏။

၅၂။ ဆတ္တနိဘစာရုသိရော၊ ထီးဝန်းနှင့်တူသော တင့်တယ်သော ဦးခေါင်း ရှိတော်မူ၏။

၅၃။ အာယတ ပုထုလ နလာဋသောသော၊ ရှည်သော, ပြန့်သော နဖူး၏တင့်တယ်ခြင်း ရှိတော်မူ၏။

၅၄။ သုသဏ္ဌာနဘမုကော၊ ကောင်းသောသဏ္ဌာန် ရှိသောမျက်ခုံး ရှိတော်မူ၏။

၅၅။ သဏှလောမဟရဘမုကော၊ သိမ်မွေ့သောမွေးညင်းကို ဆောင်သောမျက်ခုံး ရှိတော်မူ၏။

၅၆။ အနုလောမဘမုကော၊ အစဉ်အတိုင်း သွယ်ညွှတ်သောမျက်ခုံး ရှိတော်မူ၏။

၅၇။ သုခုမာလဂတ္တော၊ သိမ်မွေ့သောကိုယ် ရှိတော်မူ၏။

၅၈။ အတိပိယသောမ္မဂတ္တော၊ အလွန်ငြိမ်းချမ်းသောကိုယ် ရှိတော် မူ၏။

၅၉။ အတိဝိယဥဇ္ဇလိတဂတ္တော၊ အလွန်ထွန်းပသောကိုယ် ရှိတော်မူ၏။

၆၀။ ဝိမလဂတ္တော၊ အညစ်အကြေးကင်းသောကိုယ် ရှိတော်မူ၏။

၆၁။ ကောမလဂတ္တော၊ မစေးမပျစ်သောကိုယ် ရှိတော်မူ၏။

၆၂။ သိနိဒ္ဓဂတ္တော၊ သိမ်မွေ့ ပြေပြစ်သောကိုယ် ရှိတော်မူ၏။

၆၃။ သုဂန္ဓတနုကော၊ ကောင်းသောအနံ့ ရှိသောကိုယ် ရှိတော်မူ၏။

၆၄။ သမလောမော၊ ညီညွတ်သောမွေးညင်း ရှိတော်မူ၏။

၆၅။ ကောမလလောမော၊ မစေးမပျစ်သောမွေးညင်း ရှိတော်မူ၏။

၆၆။ ဒက္ခိဏာဝဋ္ဋလောမော၊ လက်ယာရစ်လည်သောမွေးညင်း ရှိတော်မူ၏။

၆၇။ ဘိဒဉ္စနနဂသိရိနီလလောမော၊ ပေါက်ကွဲသော မျက်စဉ်းတောင် အသရေကဲ့သို့ ညိုသောမွေးညင်း ရှိတော်မူ၏။

၆၈။ ဝဋ္ဋလောမော၊ လုံးသောမွေးညင်း ရှိတော်မူ၏။

၆၉။ သိနိဒ္ဓလောမော၊ သိမ်မွေ့ပြေပြစ်သောမွေးညင်း ရှိတော်မူ၏။

၇၀။ အတိသုခုမ အဿာသပဿာသဓရော၊ အလွန်သိမ်မွေ့သော ထွက်သက်ဝင်သက်ကို ဆောင်သော ကိုယ် ရှိတော်မူ၏။

၇၁။ သုဂန္ဓမုခေါ၊ မွေးကြိုင်သောခံတွင်း ရှိတော်မူ၏။

၇၂။ သုနီလကေသော၊ ကောင်းစွာမည်းနက်သောဆံတော် ရှိတော်မူ၏။

၇၃။ ဒက္ခိဏာဝဋ္ဋကေသော၊ လက်ယာရစ်လည်သော ဆံတော် ရှိတော်မူ၏။

၇၄။ သုသဏ္ဌာနကေသော၊ ကောင်းသောသဏ္ဌာန်ရှိသော ဆံတော် ရှိတော်မူ၏။

၇၅။ သိနိဒ္ဓကေသော၊ သိမ်မွေ့ပြေပြစ်သောဆံတော် ရှိတော်မူ၏။

၇၆။ သဏှကေသော၊ နူးညံ့သောဆံတော် ရှိတော်မူ၏။

၇၇။ အလုလိတကေသော၊ မရောယှက်သောဆံတော် ရှိတော်မူ၏။

၇၈။ သမကေသော၊ ညီညွတ်သောဆံတော် ရှိတော်မူ၏။

၇၉။ ကောမလကေသော၊ မစေးမပျစ်ပဲ အသီးသီးတည်သော ဆံတော် ရှိတော်မူ၏။

၈၀။ ကေတုမာလာရတနဝိစိတ္တော၊ ဦးထိပ်၌ မှန်ကင်းပန်းသဖွယ် စုသော ကေတုမာလာအရောင် ရတနာဖြင့် ဆန်းကြယ်သော ဦးထိပ် ရှိတော်မူ၏၊

ဣတိ၊ ဤသို့။

အသီတာနုဗျဉ္ဇနဓရော (၃၂-ပါးသော လက္ခဏာတော ကြီးတို့၏ အခြံအရံဖြစ်သော) ရှစ်ဆယ်သော လက္ခဏာငယ်တို့ကို ဆောင်တော်မူ၏။

သရဏင်္ဂတာ၊ ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူတို့သည်။

အဟောဓညာ၊ ဘုန်းထူးကံစ ရှိကုန်စွတကား။

အထူးမှတ်သားစရာများ

ကပိလဝတ်မြို့တွင်းသို့ ဝင်ကြရာ၌ ချီးကျူးပုံ

အခါတပါး မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ သာကီဝင်မင်းသားတို့သည် မင်းကွန်းအသစ် ဆောက်လုပ်၍ အပြီး၌ တစုံတယောက်မျှ မနေမီ မြတ်စွာဘုရားကို “ရှေးဦးစွာ သီတင်းသုံးတော်မူပါ”ဟု ပင့်လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်း သံဃာပေါင်း များစွာနှင့် တကွ ကြွမြန်းတော်မူ၏။

ထိုအခါ ကြွသွားပုံမှာ ကိုယ်တော်၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ အောက်၊ ထက် အရပ်ထက်ဝန်းကျင်မှ ရောင်ခြည်တော်ခြောက်သွယ် လွှတ်၍ အတောင်ရှစ်ဆယ်စီ ထွန်းလင်းစေလျက် ကြွတော်မူ၏၊ ပင်လုံးကျွတ် ပွင့်သော မဟာလှေကားပင်ကို ဝေရမ္ဘလေကြီး မွှေ့သဖြင့် ပန်းပွင့်တို့ သည် မှုန့်မှုန့်ညက်ကြေ၍ ကောင်းကင်၌ ပြွမ်းသကဲ့သို့အရပ်ထက်ဝန်းကျင် ပြိုးပြိုးပြက် ပြွမ်းကုန်၏။ လက္ခဏာငယ် ရှစ်ဆယ်ဖြင့် ခြံရံအပ်သော ၃၂-ပါးသော လက္ခဏာကြီးတို့သည် ၃၂ စင်းသော နေမင်း ပြိုင်တူ ထွန်းလင်းသကဲ့သို့ ဖြစ်ကုန်၏။

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့်အပ်သော ပါရမီ ဆယ်ပါး အပြားသုံးဆယ် အပြည့် ပြုအပ်သော ဒါန၊ သီလစသော ကုသိုလ်အပေါင်းသည့် တခုတည်းသော အတ္တဘော၌ ပေါင်းဝင်၍ အကျိုးပေးခြင်းငှါ အခွင့်မရသဖြင့် ကျဉ်းမြောင်းကုန်သကဲ့သို့၊ လှေ တစ်ထောင်ဝန်ကို လှေတစ်စင်းတည်း တင်သကဲ့သို့၊ လှည်းတစ်ထောင် ဝန်ကို တလှည်းတည်း တင်သကဲ့သို့ ကျဉ်းမြောင်းကုန်၏။

သာကီဝင် မင်းသားတို့လည်း အထူးထူးပူဇော်လျက် ရတနာသုံးပါး ဂုဏ်တော်ကို ချီးကျူးလျက် ထက်ဝန်းကျင် ခြံရံကာ ကြိုဆို၍ ကပိလဝတ် မြို့တွင်းသို့ ဝင်ကုန်၏။ ဖူးမြင်သူတို့၏ မျက်စိသည် အမြိုက်အရသာ သောက်ဖွယ်ကို သောက်ရသကဲ့သို့ ဖြစ်ကုန်၏။ ဤသို့ ကြွရာ၌ ကြွတော်မူပုံ ဂုဏ်ကျေးဇူးကို ဂါထာပုဒ်ပေါင်း ထောင်သောင်းဖြင့် ချီးကျူးသင့်၏။ အမြွက်မျှ ချီးကျူးပုံကား ဤသို့တည်း။

(၁) ဧဝံ သဗ္ဗင်္ဂ သမ္ပန္နော၊ ကံမ္ပယန္တော ဝသုန္ဓရံ။ အပေါဌယန္တော ပါဏာနိ၊ ယာတိ လောကဝိနာယကော။
လောကဝိနာယကော၊ လူတို့၏ရှေ့သွား ငါတို့ မြတ်စွာဘုရားသည်။ ဧဝံ၊ ဤသို့။ သဗ္ဗင်္ဂသမ္ပန္နော၊ အလုံးစုံသောအင်္ဂါနှင့် ပြည့်စုံတော်မူသည် ဖြစ်၍။ ဝသုန္ဓရံ၊ မြေတပြင်လုံးကို။ ကပ္ပယန္တော၊ တုန်လှုပ်စေလျက် ပါဏာနိ၊ သတ္တဝါတို့ကို။ အပေါဌယန္တော၊ မညှဉ်းပန်းမူ၍။ ယာတိ၊ ကြွသွားတော်မူ၏။

(၂) ဒက္ခိဏံ ပဌမံ ပါဒံ၊ ဥဒ္ဓရန္တော နရာသဘော။ ဂစ္ဆန္တော သိရိသမ္ပန္နော၊ သောဘတေ ဒွိပဒုတ္တမော။
နရာသဘော၊ လူတို့၏ဦးစီး ဖြစ်တော်မူသော။ သိရိသမ္ပန္နော၊ ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော။ ဒွိပဒုတ္တမော၊ မြတ်စွာဘုရားသည်။ ပဌမံ၊ ရှေးဦးစွာ။ ဒက္ခိဏံပါဒံ၊ လက်ယာဘက် ခြေတော်ကို။ ဥဒ္ဓရန္တော၊ ချီကြွလျက်။ ဂစ္ဆန္တော၊ ကြွသွားတော်မူသည်ဖြစ်၍။ သောဘတေ၊ လွန်စွာ တင့်တယ်တော်မူ၏။

(၃) ဂစ္ဆတော ဗုဒ္ဓသေဋ္ဌဿ၊ ဟေဋ္ဌာ ပါဒတလံ မုဒု။ သမံ သံဖုသတေ ဘူမိံ၊ ရဇသာ နုပလိမ္မတိ။
ဂစ္ဆတော၊ ကြွသွားသော။ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏။ မုဒု၊ နူးညံ့သော။ ဟေဋ္ဌာပါဒတလံ၊ အောက်ဖဝါးပြင်သည်။ သမံ၊ အညီအညွတ်၊ ဘူမိံ၊ မြေကို။ သံဖုသတေ၊ တပြင်လုံးထိတော်မူ၏။ ရဇသာ၊ မြူဖြင့်။ နုပလိမ္ပတိ၊ လိမ်းကပ်တော်မမူ။

(၄) နိန္နဋ္ဌာနံ ဥန္နမတိ၊ ဂစ္ဆန္တေ လောကနာယကေ။ ဥန္နတဉ္စ သမံ ဟောတိ၊ ပထဝီ စ အ စေတနာ။
လောကနာယကေ၊ မြတ်စွာဘုရားသည်၊ ဂစ္ဆန္တေ၊ ကြွမြန်းသည် ရှိသော်။ ပထဝီစ၊ မဟာပထဝီမြေကြီးသည်လည်း။ အစေတနာ၊ စိတ်မရှိပဲလျက်။ နိန္နဋ္ဌာနံ၊ နိမ့်သောနေရာသည်။ ဥန္နမတိ၊ ဦးညွှတ်၍ မြင့်တက်လာ၏။ ဥန္နတဉ္စ၊ မြင့်မောက်သော နေရာသည်လည်း။ သမံ၊ အညီအမျှ။ ဟောတိ၊ ဖြစ်၏။

(၅) ပါသာဏာ သက္ခရာစေဝ၊ ကထလာ ခါဏု ကဏ္ဋကာ။ သဗ္ဗေ မဂ္ဂံ ဝိဝဇ္ဇန္တိ၊ ဂစ္ဆန္တေ လောကနာယကေ။
လောကနာယကေ၊ မြတ်စွာဘုရားသည်။ ဂစ္ဆန္တေ၊ ကြွမြန်းသည်ရှိသော်။ ပါသာဏာစ၊ ကျောက်ခဲတို့သည်လည်းကောင်း။ သက္ခရာစေဝ၊ ကျောက်စရစ်တို့သည် လည်းကောင်း။ ကထလာစ၊ အိုး-စောင်းခြမ်း တို့သည်လည်းကောင်း။ ခါဏု ကဏ္ဋကာစ၊ သစ်ငုတ်ဆူးငြောင့်တို့သည် လည်းကောင်း။ သဗ္ဗေ၊ အလုံးစုံသော အနှောင့်အယှက် အညစ်အကြေးတို့သည်။ မဂ္ဂံ၊ လမ်းခရီးကို။ ဝိဝဇ္ဇန္တိ၊ ရှောင်လွှဲကြကုန်၏။

(၆) နာတိဒူရ ဥဒ္ဓရတိ၊ နစ္စာသန္နေ စ နိက္ခိပိ။ အယဋ္ဋယန္တော နိယျာတိ၊ ဥဘော ဇာဏူ စ ဂေါပ္ဖကေ။
နာတိဒူရေ၊ မဝေးလွန်းသောအရပ်၌။ ဥဒ္ဓရတိ၊ ခြေကြွတော်မူ၏။ နစ္စာ သန္နေစ၊ မနီးလွန်းသောအရပ်၌လည်း။ နိက္ခိပိ၊ ခြေချတော်မူ၏။ ဥတော၊ နှစ်ခုကုန်သော။ ဇာဏူစ၊ ဒူးတို့ကိုလည်းကောင်း၊ ဂေါပ္ဖကေစ၊ ဖမျက်တို့ကိုလည်းကောင်း၊ အဃဋ္ဋယန္တော၊ မထိခိုက်စေမူ၍။ နိယျာတိ၊ ကြွမြန်းတော်မူ၏။

(၇) နာတိသီဃံ ပက္ကမတိ၊ သမ္မန္နစရဏော မုနိ။ န စာပိ သဏိကံ ယာတိ၊ ဂစ္ဆမာနော သမာဟိတော။
သမ္ပန္နစရဏော၊ စရဏအကျင့်ပြည့်စုံသော။ မုနိ၊ မြတ်စွာဘုရားသည်။ ဂစ္ဆမာနော၊ ကြွမြန်းသည်ရှိသော်။ သမာဟိတော၊ကောင်းစွာတည်ကြည်သောစိတ် ရှိသည်ဖြစ်၍။ နာတိသီဃံ၊ မမြန်လွန်းစွာ။ ပက္ကမတိ၊ ကြွမြန်းတော်မူ၏။ နစာပိသဏိကံ၊ မနှေးလွန်းစွာလည်း။ ယာတိ၊ ကြွမြန်းတော်မူ၏။

(၈) ဥဒ္ဓံ အဓော စ တိရိယံ၊ ဒိသဉ္စ ဝိဒိသံ တထာ။ န ပေက္ခမာနော သော ယာတိ၊ ယုဂမတ္တမှိ ပေက္ခတိ။
သော၊ ထိုမြတ်စွာဘုရားသည်။ ဥဒ္ဓဉ္စ၊ အထက်ကို လည်းကောင်း။ အဓောစ၊ အောက်ကိုလည်းကောင်း၊ တိရိယဉ္စ၊ ဖီလာကိုလည်းကောင်း။ ဒိသဉ္စ၊ တူရူအရပ်ကို လည်းကောင်း။ တထာ၊ ထိုမှတပါး။ ဝိဒိသဉ္စ၊ အထောင့်အရပ်ကို လည်းကောင်း။ န ပေက္ခမာနာ၊ မကြည့်ရှုမူ၍။ ယာတိ၊ ကြွမြန်းတော်မူ၏။ ယုဂမတ္တမှိ၊ ထမ်းပိုးတပြန်မျှ၌။ ပေက္ခတိ၊ ကြည့်ရှုတော်မူ၏။

(၉) နာဂဝိက္ကန္တစာရော သော၊ ဂမနေ သောဘတိ ဇိနော။ စာရု ဂစ္ဆတိ လောကဂ္ဂေါ၊ ဟာသယန္တော သဒေဝကေ။
သောဇိနော၊ ထိုမြတ်စွာဘုရားသည်။ နာဂ ဝိက္ကန္တ စာရော၊ ဆင်ပြောင်ကြီး သွားသကဲ့သို့ တင့်တယ်သော သွားခြင်းရှိသည်ဖြစ်၍။ ဂမနေ၊ သွားခြင်း၌။ သောဘတိ၊ တင့်တယ်၏။ လောကဂ္ဂေါ၊ လူတို့ထွတ်ထား မြတ်စွာဘုရားသည်။ သဒေဝကေ၊ နတ်နှင့်တကွသော လူတို့ကို။ ဟာသယန္တော၊ ရွှင်လန်းနှစ်သက်စေလျက်။ စာရု၊ တင့်တယ်စ္စာ။ ဂစ္ဆတိ၊ ကြွမြန်းတော်မူ၏။

(၁၀) ဥဠုရာဇာဝ သောဘန္တော၊ စာတုစာရီ၀ ကေသရီ။ တောသယန္တော ဗဟူ သတ္တေ၊ ပုရံ သေဋ္ဌံ ဥပါဂမိ။
သောဘန္တော၊ တင့်တယ်စွာ ထွန်းပသော။ ဥဠုရာဇာဝ၊ နက္ခတ်တာရာ ကြယ်တကာသနင်း ဖိုးရွှေလမင်းကဲ့သို့ လည်းကောင်း။ စာတုစာရီ၊ တင့်တယ်စွာသွားခြင်း ရှိသော။ ကေသရီဝ၊ ကေသရာဇာ ခြင်္သေ့မင်း ကဲ့သို့လည်းကောင်း၊ ဗဟူသတ္တေ၊ များစွာသောသတ္တဝါတို့ကို။ တောသယန္တော၊ နှစ်သိမ့်စေလျက်။ ပုရံသေဋ္ဌံ၊ ကပိလဝတ် မြို့တော်မြတ်သို့။ ဝါ၊ မြို့တွင်း သန္ဓာဂါရမင်းကွန်းဇရပ်ကြီးသို့။ ဥပါဂမိ၊ ချဉ်းကပ်တော်မူလေပြီ။

ဤသို့စသော ဂါထာဖြင့်လည်းကောင်း၊ စုဏ္ဏိယဖြင့် လည်းကောင်း စွမ်းနိုင်သမျှ ချီးမွမ်းအပ်၏။ ချီးမွမ်းဖွယ် အနန္တဖြစ်၍ မလွန်နိုင်။ ဘုရားရှင်တို့ ကိုယ်တိုင်ပင် ချီးမွမ်းစကားကို ကုန်စင်အောင် မိန့်ဆိုခြင်းငှါ မတတ်နိုင်ကုန်။ မကြံအပ်သောဂုဏ် ရှိသူ၌ မကြံအပ်သော ဂုဏ်ကို ဆင်ခြင်၍ ကြည်ညိုလျှင် မကြံအပ်သော အကျိုးအာနိသင် ရနိုင်၏။

အံ့ဘွယ် ဗုဒ္ဓဓမ္မ ၃၈-ပါး

*သုံးလောကထွတ်တင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား --

(*အစိန္တေယျဝတ္ထု၌ လာသည်ဟု သမန္တစက္ခုဒီပနီ ဆရာတော် ညွှန်းပြသည်။)

(၁) သင်္ကန်းတော်ဖွပ်ဆိုးခြင်း၊ နွမ်းရိခြင်း မရှိ။
(၂) ဆံတော်မရှည်မတို နှစ်သစ်မျှ အမြဲရှိ၏။
(၃) ပရိက္ခရာရှစ်ပါးဆောင်ယူရာ၌ ကိုယ်တော်ဖြင့် မထိ၊ လေးသစ်ခန့် ကွာခြား၏။
(၄) သပိတ်တော် ဆေးလျှင် လက်တော် စင်နှင့်၏။ လက်တော် ဆေးလျှင် သပိတ်တော် စင်နှင့်၏။
(၅) မုန်ညင်းသီးခွံ အတွင်း ပရိက္ခရာရှစ်ပါးလွယ်လျက် စင်္ကြံကြွနိုင်၏။
(၆) ရောင်ခြည်တော် ခြောက်သွယ်ကို အရပ်ဆယ်မျက်နှာနှံ့အောင် လွှတ်နိုင်၏။
(၇) ဝေနေယျတို့၏ အလိုအားလျော်စွာ ကိုယ်တော်ကို အမျိုးမျိုး ဖန်ဆင်း၍ ချွတ်တော်မူ၏။
(၈) ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်တည်းဟူသော ခေတ် သုံပါးလုံး မိုက်အောင်၊ လင်းအောင် ဖန်ဆင်းနိုင်၏။
(၉) ကိုယ်တော်ကို ကောင်းကင်၌ လဝန်းပေါ်လာသကဲ့သို့ မြင့်တက်စေနိုင်၏။
(၁၀) အင်္ဂါရှစ်ပါးရှိသော အသံတော်ဖြင့် ဟောသော တရားသံသည် ပရိသတ်ရှိရာ အားလုံးကြားစေနိုင်၏။
(၁၁) နတ်လူတို့၏ စိတ်ကို သိသော အာသယာနုသယဉာဏ် ရှိတော် မူ၏။
(၁၂) ကျွတ်ထိုက်သူတို့ကို သိသော မဟာကရုဏာ သမာပတ္တိဉာဏ် ရှိတော်မူ၏။
(၁၃) ဤသူ နက်ဖြန် ကျွတ်မည်၊ သဘက် ကျွတ်မည် စသည်ဖြင့် ဣန္ဒြိယပရောပရိယတ္တိဉာဏ် ရှိတော်မူ၏။
(၁၄) သင်္ခါရကို သိတော်မူ၏။
(၁၅) ဝိကာရကို သိတော်မူ၏။
(၁၆) လက္ခဏကို သိတော်မူ၏။
(၁၇) နိဗ္ဗာန်ကို သိတော်မူ၏။
(၁၈) ပညတ်ကို သိတော်မူ၏။

ဤကား ပစ္စေကဗုဒ္ဓါ၊ သာဝကတို့နှင့် မဆက်ဆံသော ဘုရားရှင်၏ အံ့ဘွယ်ဂုဏ်ထူး ၁၈-ပါးတည်း။

ခရီးလမ်း ကြွမြန်းတော်မူသောအခါ ဖဝါးခြေတော် မြေပေါ်၌ မထိ၊ ခြေတော်ရာ ထင်စေလိုရာ၌သာ ထင်၏ ဟူ၍လည်း ကြားရဖူး၏။ ဤ၌ကား မပါ။

ဘုရားဉာဏ်တော် ၁၄-ပါး

* စုဒ္ဒသ ဗုဒ္ဓဉာဏာနိ ... ဒုက္ခေ ဉာဏံ- ဗုဒ္ဓဉာဏံ၊
ဒုက္ခသမုဒယေ ဉာဏံ-ဗုဒ္ဓဉာဏံ၊
ဒုက္ခနိရောဓေ ဉာဏံ-ဗုဒ္ဓဉာဏံ၊
ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ-ဗုဒ္ဓဉာဏံ။ (၄ပါး)။

အတ္ထပဋိသမ္ဘိဒေ ဉာဏံ-ဗုဒ္ဓဉာဏံ၊
ဓမ္မပဋိသမ္ဘိဒေ ဉာဏံ- ဗုဒ္ဓဉာဏံ၊
နိရုတ္တိပဋိသမ္ဘိဒေ ဉာဏံ-ဗုဒ္ဓဉာဏံ၊
ပဋိဘာနပဋိသမ္ဘိဒေ ဉာဏံ-ဗုဒ္ဓဉာဏံ၊ (၄-ပါး)။

ဣန္ဒြိယ ပရောပရိယတ္တေ ဉာဏံ-ဗုဒ္ဓဉာဏံ၊
သတ္တာနံ အာသယာနုသယေ ဉာဏံ-ဗုဒ္ဓဉာဏံ၊
ယမကပါဋိဟီရေ ဉာဏံ-ဗုဒ္ဓဉာဏံ၊
ကရုဏာ သမာပတ္တိယာ ဉာဏံ-ဗုဒ္ဓဉာဏံ၊
သဗ္ဗညုတ ဉာဏံ- ဗုဒ္ဓဉာဏံ၊
အနာဝရဏ ဉာဏံ-ဗုဒ္ဓဉာဏံ။ (၆-ပါး)။

ဣမာနိ စုဒ္ဒသ ဗုဒ္ဓဉာဏာနိ

ဣမေသံ စုဒ္ဒသန္နံ ဗုဒ္ဓဉာဏာနံ အာဒိတော အဋ္ဌ ဉာဏာနိ သာဝက သာဓာရဏာနိ ဆဉာဏာနိ အသာဓာရဏာနိ သာဝကေ ဟီတိ

(* ပဋိသမ္ဘိဒါမဂ် ပါဠိတော် ဉာဏကထာအဆုံး သဗ္ဗညုတဉာဏ်တော် အရာ၌ ဆက်ဆံသောဉာဏ် ရှစ်ပါး၊ မဆက်ဆံသောဉာဏ် ခြောက်ပါး အားဖြင့် ဉာဏ်တော် ၁၄ ပါး လာ၏။ ဤဗုဒ္ဓဉာဏ် ၁၄ ပါးတို့ကို ကျမ်းဂန်တို့၌ မကြာမကြာ တွေ့မြင်ကြရကုန်၏။)

အနက်ကား-

ဗုဒ္ဓဉာဏာနိ၊ ဗုဒ္ဓဉာဏ်တို့သည်။
စုဒ္ဒသ၊ တစ်ဆယ့်လေးပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဒုက္ခေ၊ ဒုက္ခသစ္စာ၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
ဒုက္ခသမုဒယေ၊ သမုဒယသစ္စာ၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
ဒုက္ခနိရောဓေ၊ နိရောဓသစ္စာ၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
ဒုက္ခနိရောဓဂါမိနိယာပဋိပဒါယ၊ မဂ္ဂသစ္စာ၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။

အတ္ထ ပဋိသမ္ဘိဒေ၊ အနက်ကို အကျိုးကို ခွဲစိတ်ခြင်း၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
ဓမ္မ ပဋိသမ္ဘိဒေ၊ ပါဠိကို အကြောင်းကို ခွဲစိတ်ခြင်း၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
နိရုတ္တိ ပဋိသမ္ဘိဒေ၊ သဒ္ဒါကို ခွဲစိတ်ခြင်း၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
ပဋိဘာနပဋိသမ္ဘိဒေ၊ ယခင် ဉာဏ်သုံးပါးကို၊
ဝါ-ဉာဏ်အမျိုးမျိုးကို ခွဲစိတ်ခြင်း၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။

သတ္တာနံ၊ သတ္တဝါတို့၏။
ဣန္ဒြိယပရောပရိယတ္တေ၊ သဒ္ဓါစသောဣန္ဒြေ ငါးပါး အနုအရင့်၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
သတ္တာနံ၊ သတ္တဝါတို့၏။
အာသယာနုသယေ၊ အလိုနှလုံးသွင်း၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
ယမကပါဋိဟီရေ၊ ရေမီးအစုံ တန်ခိုးပြခြင်း၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
မဟာကရုဏာသမာပတ္တိယာ၊ မဟာကရုဏာသမာပတ်၌။
ဉာဏံ၊ သိခြင်းသည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
သဗ္ဗညုတဉာဏံ၊ အလုံးစုံသိသော သဗ္ဗညုတဉာဏ်သည်။
ဗုဒ္ဓဉာဏံ၊ ဗုဒ္ဓဉာဏ်တော်တည်း။
အနာဝရဏဉာဏံ၊ ပိတ်ပင်ဆီးတားမရှိ သိလိုရာသိသော အနာဝရဏဉာဏ်သည်။
ဗုဒ္ဓဉာဏံ၊ဗုဒ္ဓဉာဏ်တော်တည်း။
ဣမာနိစုဒ္ဒသ၊ ဤတစ်ဆယ့်လေးပါး တို့သည်။
ဗုဒ္ဓဉာဏာနိ၊ ဗုဒ္ဓဉာဏ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ဣမေသံ စုဒ္ဒသန္နံ ဗုဒ္ဓဉာဏာနံ၊ ဤတစ်ဆယ့်လေးပါ၊သော ဗုဒ္ဓဉာဏ်တို့တွင်။
အာဒိတော၊ အစမှ။
ဝါ၊ အစ၌။
အဋ္ဌဉာဏာနိ၊ ရှစ်ပါးသော ဉာဏ်တို့သည်။
သာဝကသာဓာရဏာနိ၊ တပည့်သာဝကတို့နှင့် ဆက်ဆံကုန်၏။
ဆဉာဏာနိ၊ ကြွင်းသော ခြောက်ပါးသော ဉာဏ်တို့သည်။
သာဝကေဟိ၊ တပည့်သာဝကတို့နှင့်။
အသာဓာရဏာနိ၊ မဆက်ဆံကုန်။

ဓမ္မတာသုံးဆယ်

၁။ ဘုရားဖြစ်အံ့သော နောက်ဆုံးဘဝ၌ ပစ္ဆိမဘဝိက ဖြစ်သော ဘုရားလောင်းသည် ပညာ အဆင်အခြင် သမ္ပဇညယှဉ်လျက်သာ မယ်တော်ဝမ်းသို့ ပဋိသန္ဓေ သက်ဝင်တော်မူ၏။
၂။ မယ်တော်ဝမ်း၌ တင်ပျဉ်ခွေလျက် ပြင်ပသို့ ရှေးရှုကြည့်တော်မူ၏။
၃။ မယ်တော်သည် ရှင်လျက်တည်စဉ်သာ ဘုရားလောင်းကို ဖွားမြင်တော်မူ၏။
၄။ တောအရပ်၌သာ မယ်တော်ဝမ်းမှ ဖွားမြင်တော်မူသည်။
၅။ ရွှေပြားတို့၌ ရပ်တည်သော ခြေရှိ၍ မြောက်အရပ်သို့ ရှေးရှုပြု၍ ခုနစ်ဖဝါးလှမ်း၍ အရပ်လေးမျက်နှာ ကြည့်၍ ရဲရင့်စွာ ကြိမ်းဝါးတော်မူ၏။
၆။ နိမိတ်ကြီးလေးပါး မြင်၍ သားတပါး ဖွားမြင်ကာမျှတွင် မြတ်သော တောထွက်ခြင်းဖြင့် တောထွက် တော်မူ၏။
၇။ အရဟတ္တဓဇ ဖြစ်သော သင်္ကန်းဖြင့် ရဟန်းပြု၍ အယုတ်ဆုံး ခုနစ်ရက် ဒုက္ကရစရိယာ ကျင့်တော်မူ၏။
၈။ ဘုရားဖြစ်အံ့သောနေ့၌ နို့ဂဏာဆွမ်း ဘုဉ်းပေးတော်မူ၏။
၉။ မြက်အခင်း၌ထိုင်လျက် သဗ္ဗညုတဉာဏ် ရတော်မူ၏။
၁၀။ အာနာပါနကမ္မဋ္ဌာန်းဈာန်ကို အခြေခံ ပရိကံ ပြုတော်မူ၏။
၁၁။ မာရ်စစ်သည် အပေါင်းကို ဖျက်ဆီးတော်မူ၏။
၁၂။ ဗောဓိပလ္လင်၌သာလျှင် ဝိဇ္ဇာသုံးပါး အစပြု၍ အသာဓာရဏဉာဏ် စသော ဂုဏ်ကျေးဇူးကို ရတော်မူ၏။
၁၃။ ခုနစ်ရက် ခုနစ်လီ (၄၉ ရက်)ကို ဗောဓိပင် အနီး၌သာ လွန်စေတော်မူ၏။
၁၄။ မဟာဗြဟ္မာကြီးသည် တရားဟောခြင်းငှါ တောင်းပန်ရ၏။
၁၅။ ဣတိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရား ဟောကြားတော်မူ၏။
၁၆။ တပို့တွဲလပြည့် (မာဃပုဏ္ဏမီ) နေ့တွင် အင်္ဂါလေးပါး ရှိသော အစည်းအဝေး၌ ဩဝါဒပါတိမောက် ပြတော်မူ၏။
၁၇။ ဇေတဝန်ကျောင်းနေရာ၌ အမြဲနေတော်မူ၏။
၁၈။ သာဝတ္ထိပြည် မြို့တံခါးနေရာ၌ ရေမီးအစုံ တန်ခိုး ပြတော်မူ၏။
၁၉။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူ၏။
၂၀။ သင်္ကဿမြို့တံခါး၌ နတ်ပြည်မှ သက်ဆင်းတော်မူ၏။
၂၁။ နေ့စဉ်မပြတ် ဖလသမာပတ် ဝင်စားတော်မူ၏။
၂၂။ နံနက်၊ ညချမ်း၊ နှစ်ကြိမ် မဂ်ဖိုလ်ရထိုက်သော ဝေနေယျတို့ကို ဉာဏ်ဝင်စား၍ ရှုတော်မူ၏။
၂၃။ ဝတ္ထုကြောင်းရာ ဖြစ်ပေါ်လာသော် သိက္ခာပုဒ် ပညတ်တော် မူ၏။
၂၄။ ရှေးဟောင်းဆက်ဆံ ပစ္စုပ္ပန်တ္ထုပ္ပတ် ဖြစ်လတ်သော် ဇာတ်တော် ဟောတော်မူ၏။
၂၅။ ဆွေတော်မျိုးတော် အစည်းအဝေး၌ ဗုဒ္ဓဝင် ဟောတော်မူ၏။
၂၆။ အာဂန္တုရဟန်းတို့နှင့် ပဋိသန္ဓာရစကား ပြေပြစ်စွာ ပြောဆိုတော်မူ၏။
၂၇။ ပင့်ဖိတ်သောအတိုင်း ဝါကျွတ်လျှင် မပန်ပဲ ကြွတော်မမူ၊
၂၈။ နေ့တိုင်းနေ့တိုင်း နံနက်၊ ညချမ်း၊ ပထမယံ၊ မဇ္ဈိမယံ၊ ပစ္ဆိမယံ အခါငါးပါး၌ ဗုဒ္ဓကိစ္စ ပြုတော်မူ၏။
၂၉။ ပရိနိဗ္ဗာန် စံအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူ၏။
၃၀။ ကုဋေ နှစ်သန်း လေးသိန်းသော သမာပတ်တို့ကို ဝင်စား၍ ပရိနိဗ္ဗာန် ပြုတော်မူ၏။

[ဤကား သဗ္ဗညုဘုရားရှင်တို့၏ ဓမ္မတာသုံးဆယ်တည်း။]

နိဂုံး

ဤမျှဖြင့် ပညာစရိုက်၊ သဒ္ဓါစရိုက် ရှိသူတို့အား ထိုက်တန်သော လက္ခဏာ အရသာသည် ၁၃၀၄-ခု၊ နတ်တော်လဆုတ် ၁၄ ရက်၊ အင်္ဂါနေ့တွင် ပြီးဆုံးခြင်းသို့ ရောက်၏။

ဤ လက္ခဏာအရသာသည် ပညာ၊ သဒ္ဓါရှိသူတို့ ဖြစ်အောင် ပြုလုပ်နိုင်၍ ၃၇ ပါးသော ဗောဓိပက္ခိယ တရားတို့ကို ရစေသော အရသာ ဖြစ်ပါစေသတည်း။

ညောင်လေးပင်တောရ နာယကမထေရ် ရေးစီရင်သည်။

လက္ခဏာအရသာ ပြီး၏။

ဘုရားရှိခိုး ရှစ်ပုဒ် (မာတိကာ)

၁။ မဟာနမက္ကာရ (ပထမနေ့။ ဘုရားဂုဏ်တော် ၂၆ နက်၊ တရားဂုဏ်တော် ၁၂ နက်၊ သံဃာဂုဏ်တော် ၁၅ နက်)
၂။ နှစ်ကျိပ်ရှစ်ဆူ။ (ဒုတိယနေ့၊ ဗောဓိပင် အမည်၊ ပွင့်ရာ ကမ္ဘာ၊ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်၊ ရောင်ခြည်တော် အတောင်ရှစ်ဆယ်၊ ဝါ-တလံ)
၃။ ရောင်ခြည်တော်ခြောက်သွယ် (တတိယနေ့၊ ကိုယ်အား ဆယ်ပါး၊ ဉာဏ်အား ဆယ်ပါး၊ ပရိသတ်ရှစ်ပါး၊ အသံတော်ရှစ်ပါး)
၄။ အပဒါန်မထေရ်မြတ်တို့၏ ထောမနာ (စတုတ္ထနေ့၊ မာရ်နတ်ထောက်ခံပုံ၊ ဂါထာ ၂၂ ဂါထာ၏ အတ္ထုပ္ပတ် ကျဉ်း)
၅။ သာရီရိက ဓာတ်တော် (ပဉ္စမနေ့၊ စေတီဆယ်ဆူ၊ အသမ္ဘိန္နဓာတ် ခုနစ်၊ ဓာတ်တော် အရွယ်၊ အဆင်း သုံးမျိုးစီ၊ ၁၆ ကွမ်းစား၊ သီဟိုဠ်၌သင်းကျစ်၊ ညှပ်ရိုး၊ စွယ်တော်၊ စွယ်တော်လေးဆူ အရပ်၊ သွား၊ ဆံ၊ မွေးညင်းအနှံ့၊ ပရိက္ခရာအနှံ့၊ ဓာတုပရိနိဗ္ဗာန်၊ ဗောဓိပလ္လင်၌ ရွှေတုံး ရုပ်ပုံ၊ ရောင်ခြည်၊ သောင်းလောကဓာတ် နတ်ဗြဟ္မာ စည်းဝေး၍ ငိုပွဲကြီး၊ မှတ်စရာ မှတ်စုများ။)
၆။ ဓမ္မတာသုံးဆယ် (ဆဋ္ဌနေ့၊ အဝိဇဟိတ အရပ်လေးပါး၊ ညောင်စောင်းကြီးငယ်၊ ဝေမတ္တရှစ်ပါး၊ အန္တရာယ်မရှိ လေးပါး၊ အာဝေဏိကဂုဏ် ၁၈ပါး၊ တောထွက်ရာယာဉ်၊ ဗောဓိပင်အမည်၊ ဖွားဖက်တော် ခုနစ်ဦး၊ နက္ခတ် လေးမျိုး ပိုင်းခြား)
၇။ ဝိစိတြဝန္ဒနာ ပထမပိုင်း (သတ္တမနေ့၊ ဆန်းကြယ်ပုံ များလှ၏။)
၈။ ဝိစိတြဝန္ဒနာ ဒုတိယပိုင်း (အဋ္ဌမနေ့၊ ဆန်းကြယ်ပုံ များလှ၏။)
၉။ အထူး မှတ်သားစရာများ (မှတ်စရာ အမျိုး ၃၀)
နိဂုံး

ဘုရားရှိခိုး ရှစ်ပုဒ် [ရှစ်ရက်အတွက်]

မဟာနမက္ကာရ (ပထမနေ့)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အရဟတော-အာရကဿ၊ ကိလေသာတို့မှ ဝေးကွာတော်မူသော။
အရဟတော-အရိ ဟတဿ၊ ကိလေသာရန်သူတို့ကို သတ်တော်မူသော၊
အရဟတော-အရ ဟတဿ၊ သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူသော။
အရဟတော-အရဟန္တဿ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။
အရဟတော-အ ရဟဿ၊ မကောင်းမှုကို ပြုစရာ ဆိတ်ကွယ်ရာ မရှိသော။
သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော။
ဘဂဝတော- ဘာဂျ ဝန္တဿ၊ အထွတ်အထိပ်သို့ ရောက်သော ဒါစသော ပါရမီ ဘုန်းကံ ရှိတော်မူသော။
ဘဂဝတော-ဘဂ္ဂဝန္တဿ၊ အသိန်းမအသော ကိလေသာ အကျဉ်းအားဖြင့် မာရ်ငါးဖြာကို ချိုးဖဲ့ဖျက်ဆီးတော် မူသော။
ဘဂဝဟော-ဘဂ ဝန္တဿ၊ ဣဿရိယစသား တရားခြောက်ပါး ရှိတော်မူသော၊
ဘဂဝတော-ဝိဘတ္တ ဝန္တဿ၊ ကုသိုလ် စသော အပြား, ခန္ဓာစသော အပြားတို့ဖြင့် တရားတို့ကို ဝေဖန် ဟောကြားတော်မူသော။
ဘဂဝတော- ဘတ္တ ဝန္တဿ၊ ဈာန်, ဂ်, ဖိုလ်, နိဗ္ဗာန်တို့ကို အကြိမ်ကြိမ် မှီဝဲဆည်းကပ်တော်မူသော။
ဘဂဝတော- ဘဝဂမန ဝန္တဿ၊ ဘဝတို့၌ ပြေးသွားတတ်သောတဏှာကို ထွေးအန်တော်မူသော။
တဿ၊ ထိုမြတ်စွာဘုရားအား။
နမော၊ ရှိခိုးပါ၏။
အဟံ၊ ငါသည်။
နမော၊ ရှိခိုးခြင်းကို။
ကရောမိ၊ ပြုပါ၏။
မယှံ၊ ငါ၏။
နမော၊ ဦးနှိမ်ညွတ်ကျိုး ရှိခိုးခြင်းသည်။
သမိဇ္ဈတု၊ ပြည့်စုံအောင်မြင်ပါစေသတည်း။

ဘုရားဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
ဣတိပိ၊ ဤသို့ ဤသို့သော အကြောင်းကြောင့်။
အရဟံ၊ အရဟန္တ မည်တော်မူ၏။
သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
ဝိဇ္ဇာစရဏ သမ္ပန္နော၊ ဝိဇ္ဇာစရဏသမန္န မည်တော်မူ၏။
သုဂတော၊ သုဂတ မည်တော်မူ၏။
လောကဝိဒူ၊ လောကဝိဓူ မည်တော်မူ၏။
အနုတ္တရော၊ အနုတ္တရ မည်တော်မူ၏။
ပုရိသဒမ္မသာရထိ၊ ပုရိသ ဒမ္မသာရထိ မည်တော်မူ၏။
အနုတ္တရော ပုရိသဒမ္မသာရထိ၊ အနုတ္တရ ပုရိသဒမ္မသာရထိ မည်တော်မူ၏။
သတ္ထာ ဒေဝမနုဿာနံ၊ ဒေဝမနုဿာနံ သတ္ထု မည်တော်မူ၏။
ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူ၏။
ဘဂဝါ၊ ဘဂဝန္တ မည်တော်မူ၏။

သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
အရဟံ၊ ကိလေသာတို့မှ ဝေးကွာတော်မူ၏။
အရဟံ၊ ကိလေသာရန်သူတို့ကို သတ်တော်မူ၏။
အရဟံ၊ သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူ၏။
အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်၏။
အရဟံ၊ မကောင်းမှုကိုပြုစရာ ဆိတ်ကွယ်ရာ မရှိ။

သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ၏။

ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး, စရဏ တစ်ဆယ့် ငါးပါးတို့နှင့် ပြည့်စုံတော်မူ၏။

သုဂတော၊ အရိယာမဂ်တည်းဟူသော တင့်တယ်သော သွားခြင်း ရှိတော်မူ၏။
သုဂတော၊ ကောင်းသော နိဗ္ဗာန်သို့ ကြွသွားထော်မူ၏။
သုဂတော၊ ပယ်ပြီးကိလေသာ ပြန်မလာစေခြင်းဖြင့်လည်းကောင်း ဗောဓိမဏ္ဍိုင်တိုင်အောင် ပါရမီပဋိပတ် ဖြည့်ကျင့်ခြင်းဖြင့် လည်းကောင်း ကောင်းစွာ ကြွသွားတော်မူ၏။
သုဂတော၊ သင့်သောစကားနှစ်ခွန်းကို ဆိုတော်မူတတ်၏။

လောကဝိဒူ၊ သဝိညာဏက ခန္ဓာ လောကကို ဒုက္ခသဘော စသည်ဖြင့် သိတော်မူ၏။
လောကဝိဒူ၊ သတ္တလောက, သင်္ခါရလောက, ဩကာသလောက-ဟု ဆိုအပ်သော လောကသုံးပါးကို ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူ၏။

အနုတ္တရော၊ မိမိထက် လွန်မြတ်သောသူ မရှိ။
ပုရိသ ဒမ္မ သာရထိ၊ မယဉ်ကျေးသေးသော လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန် ယောကျ်ားတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူ၏။
အနုတ္တရော ပုရိသ ဒမ္မ သာရံထိ၊ အတုမရှိ မြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသေးသော လူယောက်ျား, နတ်ယောက်ျား တိရစ္ဆာန် ယောကျ်ားတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူ၏။

သတ္ထာ ဒေဝ မနုဿာနံ၊ နတ်လူတို့၏ ဆရာ ဖြစ်တော်မူ၏။
သတ္ထာ ဒေဝမနုဿာနံ၊ နတ်လူတို့၏ လှည်းမှူးကြီး ဖြစ်တော်မူ၏။

ဗုဒ္ဓေါ၊ သိထိုက်သော ဉေယျဓမ်တံရား ငါးပါးတို့ကို ဝိမောက္ခန္တိက ဉာဏ်စွမ်းဖြင့် သိတော်မူ၏။
ဗုဒ္ဓေါ၊ သစ္စာလေးပါးကို ကိုယ်တိုင်သိ၍ သူတပါးတို့ကိုလည်း သိစေတော်မူ၏။

ဘဂဝါ၊ အထွတ်အထိပ်သို့ ရောက်သော ဒါနစသော ပါရမီဘုန်းကံ ရှိတော်မူ၏။
ဘဂဝါ၊ အသိန်းမကသော ကိလေသာ အကျဉ်းအားဖြင့် မာရ်ငါးဖြာကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
ဘဂဝါ၊ ဣဿရိယ ဓမ္မ ယသ သိရီကာမ ပယတ္တ တည်းဟူဘော ဘုန်းတော်တရားခြောက်ပါးရှိတော်မူ၏။
ဘဂဝါ၊ ကုသိုလ်စသောအပြား, ခန္ဓာစသောအပြားတို့ဖြင့် တရားတို့ကို ဝေဖန်ဟောကြားတော်မူ၏။
ဘဂဝါ၊ ဈာန်, မဂ်, ဖိုလ်, နိဗ္ဗာန် တို့ကို အကြိမ်ကြိမ် မှီဝဲဆည်းကပ်တော်မူ၏။
ဘဂဝါ၊ ဘဝတို့၌ ပြေးသွားတတ်သော တဏှာကို ထွေးအန်တော်မူ၏။

ဣတိ ဧဝံ၊ ဤသို့ ကိုးပါးအစ ဂုဏ်တော် အနန္တတို့ဖြင့်။
တံ ခေါ ပန ဘဝန္တိ ဂေါတမံ၊ ထိုဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရား၏။
ကလျာဏော၊ကောင်းမြတ်သော။
ကိတ္တိသဒ္ဓေါ၊ ကျော်စောသံသည်။
အဗ္ဘုဂ္ဂတော၊ လောကအားလုံးအထက် လွှမ်း၍တက်ပြီ။
တဿဘဂဝတော၊ ထိုမြတ်စွာဘုရားအား။
နမော၊ ရှိခိုးပါ၏ ဘုရား။

တရားဂုဏ်တော်

ဓမ္မော၊ တရားတော်ကို။
ဓမ္မော၊ တရားတော်သည်။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
သွာက္ခာတော၊ ကောင်းစွာ ဟောအပ်၏။
သွာက္ခာတော၊ ကောင်းစွာဟောအပ်သော မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်, ပရိယတ် ဆယ်ပါးသော တရားမြတ် ဖြစ်တော်မူ၏။

သန္ဒိဋ္ဌိကော၊ အရိယာပုဂ္ဂိုလ်တို့သည် ကိလေသာ သတ်ခြင်းဖြင့် ကိုယ်တိုင် မြင်အပ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏။
သန္ဒိဋ္ဌိကော၊ အရိယာပုဂ္ဂိုလ်တို့သည် ပစ္စဝေက္ခဏာဉာဏ်ဖြင့် ကိုယ်တိုင် မြင်အပ်သော မဂ်, ဖိုလ်, နိဗ္ဗာန် တရားကိုးပါး ဖြစ်တော်မူ၏။
သန္ဒိဋ္ဌိကော၊ ချီးမွှမ်းအပ်သော ပညာဖြင့် ကိလေသာကို အောင်သော မဂ်, ဖိုလ်, နိဗ္ဗာန်တရားကိုးပါး ဖြစ်တော်မူ၏။
သန္ဒိဋ္ဌိကော၊ မြင်ခြင်းငှာ ထိုက်သော မဂ်, ဖိုလ်, နိဗ္ဗာန်တရားကိုးပါး ဖြစ်တော်မူ၏။

အကာလိကော၊ အခါမလင့် အခြားမဲ့၌ ဖိုလ်အကျိုးကို ဖြစ်စေတတ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏။

ဧဟိပဿိကော၊ လာလှည့်ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို ခံထိုက်သော မဂ်, ဖိုလ်, နိဗ္ဗာန် တရားကိုးပါး ဖြစ်တော်မူ၏။

ဩပနေယျိကော၊ မိမိစိတ်၌ ဖြစ်အောင် ဆောင်ယူထိုက်သော မဂ်, ဖိုလ်တရား ရှစ်ပါး ဖြစ်တော်မူ၏။
ဩပနေယျိကော၊ မိမိစိတ်ဖြင့် အာရုံပြုနိူင်အောင် ဆောင်ယူထိုက်သော နိဗ္ဗာန်တရား တစ်ပါးဖြစ်တော်မူ၏။
ဩပနေယျိကော၊ အရိယာပုဂ္ဂိုလ်ကို နိဗ္ဗာန်သို့ ဆောင်ပို့တတ်သော မဂ်တရားလေးပါး ဖြစ်တော်မူ၏။
ဩပနေယျိကော၊ မျက်မှောက်ပြုအပ်သည်အဖြစ်သို့ ဆောင်ယူအပ်သော ဖိုလ် နိဗ္ဗာန်တရား ငါးပါး ဖြစ်တော်မူ၏။

ဝိညူဟိ၊ [အုတ်ဃာဋိတင်ညူဟု ဖတ်။] ဥဂ္ဂါဋိတညူ စသော အရိယာပုဂ္ဂိုလ်တို့သည်။
ပစ္စတ္တံ၊ မိမိ မိမိစိတ်၌။
ဝေဒိတဗ္ဗော၊ သိအပ်ခံစားအပ်သော မဂ်, ဖိုလ်, နိဗ္ဗာန်တရား ကိုးပါး ဖြစ်တော်မူ၏။

ဣတိ ဧဝံ၊ ဤသို့ ခြောက်ပါးအစ ဂုဏ်တော်အနန္တတို့ဖြင့်။
ပါကဋံ၊ ထင်ရှားသော။
ဇိန ပူဇိတံ၊ ဘုရားရှင်တို့သည် ဂေါစရသေဝန, ဘာဝနာသေဝနဖြင့် အာရုံပြုကာ ပွားများကာ မှီဝဲ ပူဇော်အပ်သော။
ဓမ္မံ၊ တရားဆယ်ပါးကို။
နမာမိ၊ ဘယလာဘ ကုလကြဉ်ဝေး သံသာဘေးမှ လွတ်ရေးမျှော်ကိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။

သံဃာဂုဏ်တော်

ဘဂဝတော၊ မြတ်စွာဘုရား၏။
သာဝက သံဃော၊ တပည့်သံဃာ အပေါင်းသည်။
သုပ္ပဋိပန္နော၊ မဂ္ဂင်အကျင့်ကို ကောင်းစွာ ကျင့်တော်မူ၏။
သုပ္ပဋိပန္နော၊ ဆုံးမတိုင်း မချွတ်မယွင်း ကျင့်တော်မူ၏။

ဥဇုပ္ပဋိပန္နော၊ ဖြောင့်မတ်စွာ ကျင့်တော်မူ၏။
ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အကျိုးငှါ ကျင့်တော်မူ၏။
သာမိစိပ္ပဋိပန္နော၊ ရိုသေသမှု ပြုထိုက်အောင် ကျင့်တော်မူ၏။

ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ၊ အကြင် ပုဂ္ဂိုလ် အစုံ လေးခုတို့သည်။
ယဒိဒံ အဋ္ဌ ပုရိသ ပုဂ္ဂလာ၊ အကြင် ပုဂ္ဂိုလ် ရှစ်ယောက်တို့သည်။
သန္တိ၊ ရှိကုန်၏။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဧသ ဧသော သာဝက သံဃော၊ ဤလေးစုံ ရှစ်ယောက်သော တပည့် သံဃာအပေါင်းသည်။
အာဟုနေယျော၊ အဝေးမှ ဆောင်၍ လှူအပ်သော ပစ္စည်းလေးပါးကို ခံတော်မူထိုက်၏။
အာဟုနေယျော၊ အရပ်ဝေးမှလာ၍ လှူရာဌာန ဖြစ်တော်မူ၏။
အာဟုနေယျော၊ သိကြားမင်း စသည်တို့၏ အလှူကို ခံတော်မူထိုက်၏။

ပါဟုနေယျော၊ ဧည့်သည်ကောင်းတို့ အလို့ငှါ အထူးသဖြင့် စီမံအပ်သော အာဂန္တုကဒါနကို ခံတော်မူထိုက်၏။
ပါဟုနေယျော၊ အဦးအဖျား ဆောင်၍ ပူဇော်ရာဌာန ဖြစ်တော်မူ၏။
ပါဟုနေယျော၊ ခပ်သိမ်းသော အပြားဖြင့် အရိုအသေ ပူဇော်ခြင်းကို ခံတော်မူထိုက်၏။

ဒက္ခိဏေယျော၊ မြတ်သောအလှူကို ခံတော်မူထိုက်၏။
ဒက္ခိဏေယျော၊ မြတ်သောအလှူအား လျော်၏။

အဉ္ဇလိ ကရဏီယော၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်၏။

လောကဿ၊ လူအပေါင်း၏။
အနုတ္တရံ၊ အတုမရှိ အမြတ်ဆုံး ဖြစ်သော။
ပုညက္ခေတ္တံ၊ ကောင်းမှု တည်းဟူသော မျိုးစေ့၏ ပေါက်ရောက် ကြီးပွားရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏။

ဣတိ ဧဝံ၊ ဤသို့ ကြောင်းလေး ကျိုးငါး ကိုးပါးအစ ဂုဏ်တော် အနန္တတို့ဖြင့်။
ဝိဿုတံ၊ ထင်ရှားကျော်စောသော။
ဇိနော ရသံ၊ ဘုရားရှင်တို့၏ ရွှေရှင်တော်နှစ် သားတော်စစ် ဖြစ်တော်မူသော။
အရိယသံဃံ၊ ရှစ်ယောက်သော အရိယာ သံဃာထော်အပေါင်းကို။
ဝန္ဒာမိ၊ ရှိခိုးသူ၏ ဟဒယဝတ္ထု၌ ဤဂုဏ်တို့ ဝင်၍စုသည်ဟု ယုံကြည်လှစွာ ရှိခိုးပါ၏ ဘုရား။

နှစ်ကျိပ်ရှစ်ဆူ (ဒုတိယနေ့)

(၁) * ယဒါ ဗုဒ္ဓါ စက္ခုမန္တောဥပ္ပဇ္ဇန္တိ ပဘင်္ကရာ
ကိလေသေ ဈာပယိတွာနအာလောကံ ဒဿယန္တိ တေ

(*နှစ်ကျိပ်ရှစ်ဆူအစ၌ ယဒါဗုဒ္ဓါ ... ဂါထာသည် အပဒါန် ကျမ်းလာ ချီးကျူးသော ဂါထာ ဖြစ်၏။ နောက်၌ ထင်ရှားလတ္တံ။)

ယဒါ၊ အကြင်အခါ၌။
ဗုဒ္ဓါ၊ သစ္စာလေးပါးကို ကိုယ်တိုင်သိ၍ သူတပါးတို့ကိုလည်း သိစေတတ်ကုန်သော။
စက္ခုမန္တော၊ ဗုဒ္ဓစက္ခု, ဓမ္စက္ခု, သမန္တစက္ခု, ဒိဗ္ဗစက္ခု, ဉာဏစက္ခုဟု စက္ခုငါးပါး ရှိတော်မူကုန်သော။
စက္ခုမန္တော၊ ဣ အာ, မဂ်စု, သဗ္ဗညုတ, ဒိဗ္ဗ, ပုဗ္ဗေ စသည်ထွေပြား ဉာဏ်မျက်စိငါးပါး ရှိတော်မူကုန်သော။
ပဘင်္ကရာ၊ ရောင်ခြည်တော်ဝန်းကျင် ဘုရားရှင်တို့သည်။
ဥပ္ပဇ္ဇန္တ္တိ၊ ပွင့်တော်မူကုန်၏၊
တဒါ၊ ထိုအခါ၌။
တေ၊ ထိုဘုရားရှင်တို့သည်။
ကိလေသေ၊ ကိလေသာတို့ကို။
ဈာပယိတွာန၊ လောင်ကျွမ်းစေလျက်။
အာလောကံ၊ သစ္စာပြောင်ဝင်း ဉာဏ်ရောင်အလင်းကို။
ဒဿယန္တိ၊ မြင်ကြရှုကြဟု ကောင်းကျိုးရအောင် ပြသကုန်၏။
တံ ယထာ၊ ထိုဘုရားရှင်တို့ကား။

(၂) တ၊မေ၊သ၊ဒီ။ ကော၊မံ၊သု၊ရေ။
သော၊အ၊ပ၊နာ။ ပ၊သု၊သု၊ပိ။
အတ်၊ဓမ်၊သိ၊တိ။ ဖု၊ဝိ၊သိ၊ဝေ။
က၊ကော၊က၊ ဂေါ-အနန္တာ တေ။

တ-တဏှင်္ကရောစ၊ တဏှင်္ကရာ ဘုရားလည်းကောင်း။
မေ-မေဓင်္ကရောစ၊ မေဓင်္ကရာဘုရား လည်းကောင်း။
သ-သရဏင်္ကရောစ၊ သရဏင်္ကရာဘုရား လည်းကောင်း။
ဒီ-ဒီပင်္ကရောစ၊ ညောင်ကြတ်ပင်၌ပွင့်သော ဒီပင်္ကရာ ဘုရားလည်းကောင်း။

[လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ လေးဆူ။)

ကော-ကောဏ္ဍညောစ၊ နံပဲပင်၌ ဝါ-သာလကလျာဏီခေါ် ထင်ရှားပင်၌ပွင့်သော ကောဏ္ဍညဘုရား လည်းကောင်း။

[သုံးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ တဆူ။]

မံ-မင်္ဂလောစ၊ ကံ့ကော်ပင်၌ပွင့်သော မင်္ဂလဘုရား လည်းကောင်း။
သု-သုမနောစ၊ ကံ့ကော်ပင်၌ပွင့်သော သုမနဘုရား လည်းကောင်း။
ရေ- ရေဝတောစ၊ ကံ့ကော်ပင်၌ ပွင့်သော ရေဝတဘုရား လည်းကောင်း။
သော-သောဘိတောစ၊ ကံ့ကော်ပင်၌ ပွင့်သော သောဘိတဘုရားလည်းကောင်း။

[နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ လေးဆူ။]

အ-အနောမဒဿီစ၊ ဖောက်ကြံ့ပင်၌ပွင့်သော အနောမဒဿီဘုရား လည်းကောင်း၊
ပ-ပဒုမောစ၊ ကြောင်လျှာပင်၌ပွင့်သော ပဒုမဘုရား လည်းကောင်း။
နာ-နာရဒေါစ၊ ကြောင်လျှာကြီးပင်၌ပွင့်သော နာရဒဘုရား လည်းကောင်း။

[တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုံးဆူ။]

ပ-ပဒုမုတ္တရောစ၊ ထင်းရှူးပင်၌ ဝါ-အင်ကြင်းပင်၌ပွင့်သော ပဒုမုတ္တရဘုရား လည်းကောင်း။

[ကမ္ဘာတစ်သိန်းထက်၌ တစ်ဆူ။]

သု-သုမေဓောစ၊ တမာပင်၌ပွင့်သော သုမေဓဘုရား လည်းကောင်း။
သု-သုဇာတောစ၊ ကြခတ်ဝါးပင်၌ပွင့်သော သုဇာတဘုရား လည်းကောင်း။

[ကမ္ဘာသုံးသောင်းထက်၌ နှစ်ဆူ။]

ပိ-ပိယဒဿီစ၊ ခံတက်ပင်၌ ဝါ-သျှိသျှားပင်၌ပွင့်သော ပိယဒဿီ ဘုရား လည်းကောင်း၊
အတ်-အတ္ထဒဿီစ၊ စကားပင်၌ပွင့်သော အတ္ထဒဿီဘုရား လည်းကောင်း။
ဓမ်-ဓမ္မဒဿီစ၊ သံသတ်ပင်၌ ဝါ-မျက်နှာပန်းပင်၌ပွင့်သော ဓမ္မဒဿီဘုရား လည်းကောင်း။

[ကမ္ဘာထောင့်ရှစ်ရာထက်၌ သုံးဆူ။]

သိ-သိဒ္ဓတ္ထောစ၊ မဟာလှေကားပင်၌ပွင့်သော သိဒ္ဓတ္ထဘုရား လည်းကောင်း။

[၉၄ ကမ္ဘာထက်၌ တစ်ဆူ။]

တိ-တိဿောစ၊ ပိတောက်ပင်၌ပွင့်သော တိဿဘုရား လည်းကောင်း။
ဖု-ဖုဿောစ၊ သျှိသျှားပင်၌ပွင့်သော ဖုဿဘုရား လည်းကောင်း။

[၉၂ ကမ္ဘာထက်၌ နှစ်ဆူ။]

ဝိ-ဝိပဿီစ၊ သခွတ်ပင်၌ပွင့်သော ဝိပဿီဘုရား လည်းကောင်း။

[၉၁ ကမ္ဘာထက်၌ တစ်ဆူ။]

သိ-သိခီစ၊ သရက်ဖြူပင်၌ပွင့်သော သိခီဘုရားလည်းကောင်း။
ဝေ-ဝေဿဘူစ၊ အင်ကြင်းပင်၌ပွင့်သော ဝေဿဘူဘုရား လည်းကောင်း၊

[၃၁ ကမ္ဘာထက်၌ နှစ်ဆူ၊]

က-ကကုသန္ဓောစ၊ ကုက္ကိုပင်၌ပွင့်သော ကကုသန်ဘုရား လည်းကောင်း။
ကော-ကောဏာဂမနောစ၊ ရေသဖန်းပင်၌ပွင့်သော ကောဏာဂုံဘုရား လည်းကောင်း။
က-ကဿပေါစ၊ ပညောင်ပင်၌ပွင့်သော ကဿပဘုရား လည်းကောင်း၊
ဂေါ-ဂေါတမောစ၊ ညောင်ဗုဒ္ဓဟေပင်၌ ပွင့်သော ဂေါတမဘုရား လည်းကောင်း။

[ယခုကမ္ဘာ၌ လေးဆူ။ ]

ဣတိ၊ ဤသို့ လေး၊ တစ်၊ လေး၊ သုံး။ တစ်၊ နှစ်၊ သုံး။ တစ်၊ နှစ်၊ တစ်၊ နှစ်၊ လေး - အားဖြင့် နှစ်ကျိပ်ရှစ်ဆူ အစရှိကုန်သော။
တေ၊ ထိုပွင့်ပြီး ပွင့်ဆဲ ပွင့်လတ္တံ့သော ဘုရားရှင်တို့သည်။
အနန္တာ၊ ပိုင်းခြားမရှိ များလှကုန်၏။
အနန္တာ၊ ဂုဏ်တော်အနန္တရှိကုန်၏။
တေသံ၊ ထိုအနန္တ ဂုဏ်တော်သခင် အနန္တဘုရားရှင်တို့အား။
နမော၊ ရှိခိုးပါ၏ ဘုရား။

လက္ခဏာတော်ကြီး သုံးဆယ့်နှစ်

(၃) *အသီတိဗျဉ္ဇနာနဿဗာတ္တိံသ ဝရလက္ခဏော
ဗျာမပ္ပဘော ဇိနဝရောအာဒိစ္စောဝ ဝိရောစတိ

(*လက္ခဏာတော်ကြီး အစ၌ (၃) အသီတိဂါထာသည် ပဒုမုတ္တရဘုရား ပွင့်သည်ဟု တပည့်များ ချီးကျူးရာ၌ ပါဝင်သောဂါထာ ဖြစ်၏။ ၎င်းကို ဗြာဟ္မဏဆရာကြီး ကြား၍ တပည့်များနှင့်အတူ ဘုရားဖူးအသွား လမ်းတွင် ဝေဒနာစွဲကပ်၍ ပန်းစေတီပြုကာ ဘုရားဂုဏ်ကြည်ညိုလျက် အနိစ္စ ရောက်၏။ ၁၃ ဝဂ်၊ ပုပ္ဖထူပိယထေရ် အပဒါန်။ ပါဠိတော်နံပါတ်(၁၃၇))

အဿ-ဧဒိသဿ၊ ဤသို့သဘောရှိတော်မူသော မြတ်စွာဘုရာအား။
အသီတိဗျဉ္ဇနာနိ၊ ရှစ်ဆယ်သော လက္ခဏတို့သည်။
သန္တိ၊ ရှိကုန်၏။
သော၊ ထိုသို့သဘောရှိတော်မူသော မြတ်စွာဘုရားသည်။
ဗာတ္တိံသ ဝရလက္ခဏော၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးရှိတော်မူ၏။
ဗျာမပ္ပဘော၊ တလံခြည်ရောင်ဆယ့်ရှစ်တောင်ပတ် ရှစ်ဆယ်ရပ်ထိ အမြဲရှိ၏။
ဇိနဝရော၊ ဘေးရန်အောင်သူတို့တွင် အထူးဆုံး အမြတ်ဆုံး ဖြစ်တော်မူ၏။
အာဒိစ္စောဝ၊ နေမင်းကဲ့သို့။
ဝိရောစတိ၊ တင့်တယ်တော်မူ၏။
တေသု၊ ထိုဂုဏ်တော်တို့တွင်။
လက္ခဏာနိ ပန၊ လက္ခဏာတော်ကြီးတို့သည်ကား။

( တလံခြည်ရောင် ဆယ့်ရှစ်တောင်ပတ် ရှစ်ဆယ်ရပ်ထိ-ဟူသည် ရှေ့၊ နှောက်၊ ဝဲ၊ ယာ၊ အထက် ဤ ငါးရပ်၌ ပကတိလူတို့ ၁၈ တောင်စီ အရပ်တော်ဖြစ်၍ ၁၈ x ၅ လီ အတောင် ၉ဝ ပတ်ဝန်းကျင် ရောင်ခြည် ရှိသည်။ ဗုဒ္ဓဝင် ပါဠိတော်၌ အရပ်တော် ၁၆ တောင်ဟု ဆိုသောကြောင့်ကား ၁၆ x ၅ လီ အတောင်ရှစ်ဆယ်ဝန်းကျင် ရှိသည်ဟု ဆိုအပ်၏။ သုတ်သီလက္ခန် ဋီကာကြီး၌ကား ဝဲ၊ ယာ၊ ရှေ့၊ နောက်၊ အထက်၊ အောက်အားဖြင့် အတောင် ရှစ်ဆယ်စီ ရောင်ခြည်တော် ရှိသည်ကိုပင် အဝေးက မြင်ရသောအခါ တလံဝန်းကျင်ဟု ထင်ရသည်ဟု ဆို၏။)

(၄) သု၊ စက်၊ အာ၊ ဒီ။ ဗြ၊ သတ်၊ မု၊ ဇာ။
ဥသ်၊ ဥ၊ ဧ၊ သု။ သု၊ ကော၊ นိ၊ ဌိ၊ [အုတ်၊ အုဟု ဖတ်။]
သီ၊ စိ၊ သ၊ ရ။ နီ၊ ဂေါ၊ ဥ၊ ဧ။ [အု၊ အေ။]
ဥဏ်၊ စက်၊ အ၊ ပ။ ဗြ၊ သီ၊ သ၊ သု။ [အုန်]

နော၊ ငါတို့၏။
သတ္ထာ၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်။
သု- သုပ္ပတိဋ္ဌိတပါဒေါ၊ ညီညွတ်စွာ တပြင်တည်း တည်သော ဖဝါးရှိတော်မူ၏။
စက်- စက္ကင်္တိတပါဒေါ၊ အကန့်တစ်ထောင် စက်ဝန်း ထင်သော ဖဝါး ရှိတော်မူ၏။
အာ-အာယတပဏှီ၊ ရှည်သော, လုံးသော ဖနောင့် ရှိတော်မူ၏။
ဒီ-ဒီဃင်္ဂုလီ၊ ရှည်သွယ်သော လက်ဆံ ခြေဆံ ရှိတော်မူ၏။

ဗြ- ဗြဟ္မုဇုဂတ္တော၊ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိတော်မူ၏။
သတ်- သတ္တုဿဒေါ၊ လက် ခြေ ပခုံး လည်လုံးသတ်မှတ် အရပ်ခုနစ်ပါး ပြည့်ဖြိုးသောအသား ရှိတော်မူ၏။
မု-မုဒုတလုဏဟတ္ထပါဒေါ၊ နူးညံ့သော သိမ်မွေ့သော လက်ဖဝါး ခြေဖဝါး ရှိတော်မူ၏။
ဇာ-ဇာလဟတ္ထပါဒေါ၊ လေသာကွန်ယက်အလား လက်ဆံ ခြေဆံ အညီ လက်ဆစ်အတွင်း ယဝလက္ခဏာ ညီသော လက်ဖဝါး ခြေဖဝါးရှိတော်မူ၏။

ဥသ်- ဥင်္ခပါဒေါ၊ ဖမိုးအထက် လေးသစ်ခန့် မြင့်တက်သော ဖမျက် ရှိတော်မူ၏။
ဥ-ဥဒဂ္ဂလောမော၊ အထက်သို့ ဦးညွှတ်၍ တက်သော မွေးညင်း ရှိတော်မူ၏။
ဧ-ဧဏိင်္ဃော၊ ဧဏီမည်သော သားကောင်၏ မြင်းခေါင်းနှင့်တူသော လုံးသွယ်သော မြင်းခေါင်း ရှိတော်မူ၏။ သု-သုခုမဆဝိ၊ သိမ်မွေ့ နုဖပ် မြူမကပ်သော ကိုယ်ရေ ရှိတော်မူ၏။

သု-သုဝဏ္ဏဝဏ္ဏော၊ ရွှေအဆင်းနှင့်တူသော ဝင်းထိန်သော ကိုယ်အဆင်း ရှိတော်မူ၏။
ကော-ကောသောဟိတဝတ္ထဂုယှော၊ အရေအိမ် အတွင်း ထည့်သွင်းအပ်သော နိမိတ် ရှိတော်မူ၏။
နိ-နိဂြောဓပရိမဏ္ဍလော၊ ပညောင်ပင် အဝန်းကဲ့သို့ ဝန်းသော အရပ် အလံ ညီသော ကိုယ် ရှိတော်မူ၏။
ဌိ-ဋ္ဌိတကဇာဏုအာမာသော၊ ဖြောင့်ဖြောင့်ရပ်လျက် ပုဆစ်ဒူးနှစ်ဘက်ကို သုံးသပ်နိုင်သော လက်ရုံး ရှိတော်မူ၏။

သီ-သီဟပုဗ္ဗဍ္ဎကာယော၊ ခြင်္သေ့မင်း၏ ရှေ့ကိုယ် ထက်ဝက်နှင့် တူသော ထက်အောက် ပြည့်ဖြိုးသောကိုယ် ရှိတော်မူ၏။
စိ-စိတန္တရံသော၊ ပြည့်ဖြိုးသော ပခုံးစွန်း နှစ်ဘက်အတွင်း လက်ပြင် ကျောက်သား ရှိတော်မူ၏၊
သ-သမဝဋ္ဋက္ခန္ဓော၊ ညီညွတ်စွာ လုံးသော လည်ပင်း ရှိတော်မူ၏။
ရ- ရသဂ္ဂသဂ္ဂီ၊ လည်မျို စုနှောင် အရသာ ဆောင်သော အကြောမြတ် ခုနစ်ထောင်ရှိတော် မူ၏။

နီ- အဘိနီလနေတ္တော၊ အလွန် ညိုမည်းသောမျက်လုံး ရှိတော်မူ၏။
ဂေါ- ဂေါ ပခုမော၊ ဖွားမြင်စ နွားငယ်၏ မျက်မွေးနှင့်တူသော နုပျိုသောမျက်မွေး ရှိတော်မူ၏။
ဥ-ဥဏှီသ သီသော၊ နဖူးပြင်၌ သင်းကျစ်ပြား ရှိသော ဦးခေါင်း ရှိတော်မူ၏။
ဧ-ဧကေကေ လာမော၊ မွေးတွင်း တခုတခု၌ တပင်စီပေါက်သော မွေးညင်း ရှိတော်မူ၏။

ဥဏ်-ဥဏ္ဏီ၊ မျက်မှောင်ကြား၌ လက်ယာရစ်ခွေလျှက် ဖြူဖွေးသော ဥဏ္ဏလုံမွေးရှင် ရှိတော်မူ၏။
စတ်-စတ္တာလီသ ဒန္တော၊ လေးဆယ်သော ထက်အောက်နှစ်ဆယ်စီ ညီမျှသော သွား ရှိတော်မူ၏။
အ-အဝိရဠ ဒန္တော၊ မကျဲသောသွား ရှိတော်မူ၏။
ပ- ပဟုတ ဇိဝှေါ၊ ပါးလျှပ် ရှည် ပြန့်သော လျှာ ရှိတော်မူ၏။

ဗြ- ဗြဟ္မဿရော၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော သာယာသောအသံ ရှိတော်မူ၏။
သီ-သီ ဟနု၊ ခြင်္သေ့မင်း၏ မေးနှင့်တူသော ဝန်းဝိုင်းသောအထက်မေး အောက်မေး ရှိတော်မူ၏။
သ-သမ ဒန္တော၊ မဝင်မခေါ ညီညွတ်သောသွား ရှိတော်မူ၏။
သု- သုသုက္က ဒါဌော၊ တဖိတ်ဖိတ် ဖြူဖွေးသော စွယ်တော်လေးဆူ ရှိတော်မူ၏။

ဣတိ၊ ဤသို့။
ဗာတ္တိံသာယ၊ သုံးဆယ့်နှစ်ပါးသော။
မဟာပုရိသ လက္ခဏေဟိစ၊ ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့ဖြင့် လည်းကောင်း၊
ဆဗ္ဗဏ္ဏရံသီဟိစ၊ ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် လည်းကောင်း။
အသီတိယာ အနုဗျဉ္ဇနေဟိစ၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် လည်းကောင်း၊
ဝိရောစမာနံ၊ ထိန်တောက်ဆန်းကြယ် ရှုချင်စဖွယ် တင့်တယ်တော်မူသော။
ကတကမ္မံ၊ ကမ္မသရိက္ခက, လက္ခဏ, အာနိသင်စုံလင်စွာရအောင် ပြုအပ်သောကမ္မ ရှိတော်မူသော။
သတ္ထာရံ၊ ငါတို့ဆရာ ဘုရားမြတ်စွာကို။
နမာမိ၊ ဦးခေါင်းရိုးကြေညက်၍ မြူဖြစ်ကာ လွင့်လျက် အသက်ထွက်သော်လည်း ရှိခိုးပါ၏ဘုရား။

ရောင်ခြည်တော် ခြောက်သွယ် (တတိယနေ့)

(၁) နီလာယော နီလဌာနေဟိ၊ ပီတောဒါတာ စ လောဟိတာ။
တမှာ တမှာ တု မဉ္ဇိဋ္ဌာ၊ နိက္ခမိံ သု ပဘဿရာ။

ယဿ-ယာဒိသဿ၊ အကြင်သို့ သဘောရှိတော်မူသော။
ဗုဒ္ဓဿ၊ နှစ်ဆယ့်လေးကျမ်း ရွှေတိုက်ခန်း၌ ပိုက်သန်းယှက်ဖြာ ရတနာမျိုးမှန် ဓမ္မက္ခန်ကို ဉာဏ်တော်စက္ခု သဗ္ဗညုဖြင့် ကြည့်ရှုသိမြင် ဘုရားရှင်၏၊
သရီရတော၊ စိန်တခဲနက် ကွဲအက်ရေးကြောင်း မရှိကောင်းသို့ ညက်ပျောင်းချောမွေ့ သိမ်မွေ့နုဖပ် မြူမကပ်ကိုယ်ရေ ရွှန်းဝေထိန်လင်း ရွှေအဆင်းထင်ပေါ် ရွှေကိုယ်တော်ကြီး၌။… [သတ္တမီ-တော။]

နီလဌာနေဟိ၊ ညိုရာအရပ်ဟု ဆိုအပ်ကုန်သော။
တမှာ တမှာ၊ မုတ်ဆိတ်တော်တကန် ဆံတော်တချက် မျက်နက်တော်တခို ထိုထိုဒေသ ရပ်ဌာနမှ။
နီလာယော၊ ကောင်းကင်အလုံး ပိတုန်းပျံဝဲ ကြာညိုကြဲသို့ အောက်မဲပွင့်ချပ် မြသားယပ်ဖြင့် လွှဲခပ်သလို မိုးလုံးစိုမျှ ညိုသော အဆင်းရှိသော ရောင်ခြည်တော်တို့သည်။
နိက္ခမိံ သု၊ လနေထိန်ဝင်း ရှိန်အလင်းကို နှိမ်နင်းချိုးဖျက် ကွန့်မြူးယှက်၍ ထွက်တော်မူကြလေကုန်ပြီ။

ပီတဌာနေဟိ၊ ရွှေရာအရပ်ဟု ဆိုအပ်ကုန်သော။
တမှာ တမှာ၊ မျက်သားရွှေလှော် ရေတော်တခို ထိုထိုဒေသ ရပ်ဌာနမှ။
ပီတာစ၊ ဝန်းကျင်ယှက်ဖြာ ဆယ်မျက်နှာဝယ် မဟာလှေကား ရွှေသားဗိမာန် ရွှေဗိတာန်တူ ဇမ္ဗူမှုန်ရွှေ ကြဲဖြန့်လေသို့ ရွှေသောအဆင်းရှိသော ရောင်ခြည်တော်တို့သည်လည်း။
နိက္ခမိံ သု၊ မင်းစံဂီဝါ ရတနာကို မခံသာမှု ပြက်ရယ်ပြုလျက် ကွန့်မြူးယှက်၍ ထွက်တော်မူကြလေကုန်ပြီ။

(* နီလဌာနေဟိကား အင်္ဂါပေက္ခဗဟုဝုစ်။ တမှာ တမှာကား စယာ ပေက္ခ ဧကဝုစ်။ လောဟိတနှင့် ဩဒါတ ရှေ့နောက်ပြန် ဆန္ဒာနုရက္ခဏ။)

လောဟိတဌာနေဟိ၊ နီရာအရပ်ဟု ဆိုအပ်ကုန်သော။
တမှာ တမှာ၊ သန္တာသွေးသား မျက်သားတော်တခို ထိုထိုဒေသ ရပ်ဌာနမှ။
လောဟိတာစ၊ နီကမ္ဗလာခြုံ သန္တာငုံကို လေဟုန်းသိမ်းဖွဲ့ တိမ်းငဲ့ငဲ့နှင့် ယိမ်းနွဲ့ရစ်သန်း ကသစ်ပန်းသို့ နီမြန်းသောအဆင်းရှိသော ရောင်ခြည်တော်တို့သည်လည်း။
နိက္ခမိံ သု၊ ပတ္တမြားမျက်ပျံ အနဂ္ဃံနှင့် ဖက်စံပြိုင်ကင်း ဗျူဟာကျင်းလျက် ကွန့်မြူးယှက်၍ ထွက်တော် မူကြလေကုန်ပြီ။

ဩဒါတဌာနေဟိ၊ ဖြူရာအရပ်ဟု ဆိုအပ်ကုန်သော။
တမှာ တမှာ၊ ဘော်ငွေအလား သွားတော် ရိုးတော် မျက်လုံးတော်တခို ထိုထိုဒေသ ရပ်ဌာနမှ။
ဩဒါတာစ၊ မြတ်လေးစံပယ် သွယ်သွယ်မြှောက်ကြဲ ပုလဲတိမ်ပြစ် စိန်စစ်ဗိတာန် ခြယ်စီမံသည် ဗိမာန်ငွေသား ရွရွတွားသို့ အလားစံယူ ပမာတူမျှ ဖွေးဖြူလှသော အဆင်းရှိသော ရောင်ခြည်တော်တို့သည်လည်း။
နိက္ခမိံ သု၊ ဘော်ငွေသာခွါ ရတနာအလုံး တိမ်းရှောင်ပုန်းအောင် ကြုံးဝါးဆိုလျက် ကွန့်မြူးယှက်၍ ထွက်တော်မူကြလေကုန်ပြီ။

တု၊ တင့်တယ်ထူးခြား ထိုမှတပါး ဖြစ်ကုန်သော။
တမှာ တမှာ၊ လက္ခဏာကြီးငယ် အသွယ်သွယ်ဖြင့် တင့်တယ်နုပျို ဖိတ်ဖိတ်ယိုသည် ထိုထိုသော ကိုယ်တော်၏ အစိတ်ဒေသမှ။
မဉ္ဇိဋ္ဌာစ၊ ဥတုဇမျိုး ဓာတ်ခိုးရီမှောင် သပြေရောင်ဟု တိမ်တောင်ဆင့်ဆင့် တံခွန်လွှင့်သို့ လွန်တင့် စုပေါင်း ရှုမညောင်းမျှ မောင်းလှသော အဆင်းရှိသော ရောင်ခြည်တော်တို့သည်လည်း။
မဉ္ဇိဋ္ဌာစ၊ မဲ နီ ညိုလောင်း ရောယှက်ပေါင်းဟု မှည့်မောင်း မှိုင်းအုံ ရီမှုန်သော အဆင်းရှိသော ရောင်ခြည်တော် တို့သည်လည်း။
နိက္ခမိံ သု၊ ဥတုစိတ္တ ပစ္စယကြောင့် ရှင်ပျဖြိုးဖြိုး သဒ္ဓါမိုးကို ရွာကျိုးစေလျက် ကွန့်မြူးယှက်၍ ထွက်တော် မူကြလေကုန်ပြီ။

တမှာ တမှာ၊ ရောင်ခြည်ဝန်းပတ် လျှပ်လျှပ်ထက်အောင် ရှေ့နောက် နံဖီ တလံညီလျက် သိင်္ဂီစံလို လွန်နုပျိုသည် ထိုထိုသောကိုယ်တော်၏ အစိတ်ဒေသမှ။
ပဘဿရာစ၊ သံကျောက်မက အခိုးထလျက် မိုးဝ နဘံ ရေအလျှံကို လေပျံခွဲတိုက် ဓာတ်ချင်းခိုက်မျှ လှိုင်းတိုက်ပုံညွန့် ဝေအကွန့်နှင့် ခွေတွန့်ပြေးသန်း လျှပ်ပန်းပမာ ဥက္ကာပျံမြူး၊ နတ်မီးရှူးကဲ့သို့ အထူးထူးသော အရပ် ဝန်းကျင်ထပ်လျက် နှံ့စပ်လွှမ်းမိုး လျှပ်လျှပ်ဖြိုးမျှ ပြိုးပြိုးပြက်ပြက် တခဲနက်သော ရောင်ခြည်တော် တို့သည်လည်း။
နိက္ခမိံ သု၊ ကံအကြောင်းပြု ဥတုစီမံ နတ်ဗိမာန်၏ ဖိတ်လျှံမြုတေ ကျက်သရေနှင့် နှစ်ထွေစစ်ပြိုင် မယိမ်းယိုင်ပဲ သိမ်းပိုင်လွယ်ကူ အောင်တော်မူလျက် ကွန့်မြူးယှက်၍ ထွက်တော်မူကြလေကုန်ပြီ။

ဣတိ၊ ဤသို့။
ဆဗ္ဗဏ္ဏရံသိယော၊ ညို ရွှေ ဖြူ နီ မောင်းရီ ပြိုးပြက် တခဲနက်ဟု ရောယှက်ပတ်ကုံး အိမ်လုံးမက တောင်လုံးကြွဖြင့် မြားလှပြေးဟန် အနန္တစကြာ ထိုးကာသီတွယ် အရပ်ဆယ်တွင် ခြောက်သွယ်စီတန်း ခြောက်ခန်းစီသွင်း အဆင်းခြောက်ဘော် ရှည်တွားသော ရောင်ခြည်တော်တို့သည်။
နိက္ခမိံ သု၊ ပဋ္ဌာန်းကျမ်းမြတ် သုံးသပ်လတ်သော် စိတ်တော် ဓာတ်ကြည် သွေးသားကြည်၍ အကြည်ကြည် သိမ့်သိမ့် တငြိမ့်ငြိမ့်သွဲ့သွဲ့ တနွဲ့နွဲ့ထကြွ တဖွဖွရုန်းရုန်း လှိုင်းလုံးအဆိုင်ဆိုင် သာသနာတည်သရွေ့ ယနေ့တိုင်အောင် မထိုင်မနား ပြေးသွားလျက်သာ ထွက်ခွာတော်မူကြလေကုန်ပြီ။

တံ-တာဒိသံ၊ ထိုသို့သဘော ရှိတော်မူသော။
ဗုဒ္ဓံ၊ ခြောက်ပါးရောင်ခြည် မြူးလည်ကွန့်ခြုံ ရူပါရုံတို့ဖြင့် ပြည့်စုံကြွယ်ဝင်း အဆင်းသဌေး ရောင်သွေးတအိအိ မုနိထွတ်ထား မြတ်ဘုရားကို။
အဟံ၊ သဒ္ဓါပညာညီစွာ အမျှ ဝီရိယသမာဓိ အညီပြည့်၍ သတိကဲထိန် ဣန္ဒြေငါးမျိုး ပြည့်ဖြိုးလိုကြောင်း ကောင်းမှုမွှမ်းထုံ ဓမ္မာရုံတို့ဖြင့် လွှမ်းခြုံစိုးအုပ် အကျွန်ုပ်သည်။
နမာမိ၊ ဇမ္ဗူရာဇ်ရွှေ နှလုံးရေဖြင့် သုံးထွေဒွါရ ကရိုဏ်းပြလျက် ကြည်ဆွသဒ္ဓါ ရှိခိုးပါ၏ဘုရား။

ကိုယ်အား ဆယ်ပါး

(၂) ကာဠာဝကဉ္စ ဂင်္ဂေယျံ၊ ပဏ္ဍရံ တမ္ဗ ပိင်္ဂလံ။
ဂန္ဓံ မင်္ဂလ ဟေမဉ္စ၊ ဥပေါသထ ဆဒ္ဒန္တိမေ ဒသ။

ကာဠာဝကဉ္စ၊ ဗိုလ်ခြေယောကျ်ား ဆယ်ယောက်အားရှိသော ကာဠာဝကဆင် လည်းကောင်း။
ဂင်္ဂေယျ၊ ကာဠာဝကဆယ်စီးအားရှိသော ဂင်္ဂေယျဆင် လည်းကောင်း၊
ပဏ္ဍရဉ္စ၊ ဂင်္ဂေယျဆယ်စီးအားရှိသော ပဏ္ဍရဆင် လည်းကောင်း။
တမ္ဗဉ္စ၊ ပဏ္ဍရဆယ်စီးအားရှိသော တမ္ဗဆင် လည်းကောင်း။
ပိင်္ဂလဉ္စ၊ တမ္ဗဆယ်စီးအားရှိသော ပိင်္ဂလဆင် လည်းကောင်း၊
ဂန္ဓဉ္စ၊ ပိင်္ဂလဆယ်စီးအားရှိသော ဂန္ဓဆင် လည်းကောင်း၊
မင်္ဂလဉ္စ၊ ဂန္ဓဆယ်စီးအားရှိသော မင်္ဂလဆင် လည်းကောင်း။
ဟေမဉ္စ၊ မင်္ဂလဆယ်စီးအားရှိသော ဟေမဝတဆင်လည်းကောင်း၊
ဥပေါသထဉ္စ၊ ဟေမဝတဆယ်စီးအားရှိသော ဥပေါသထဆင်လည်းကောင်း။
ဆန္ဒန္တဉ္စ၊ ဥပေါသထဆယ်စီးအားရှိသော ဆဒ္ဒန်ဆင်လည်းကောင်း။
ဣတိ၊ ဤသို့။
ဣမေ-ဣမာနိ၊ ဤဆင်မျိုးတို့သည်။
ဒသ၊ ဆယ်မျိုးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တံ ဒသကံ၊ ထိုဆဒ္ဒန်ဆယ်စီးအားသည်။
ဝါ၊ တစ်သောင်း ဗိုလ်ခြေ အားကုဋေသည်။
တထာဂတဿ၊ ဘုရားရှင် တဆူတည်း၏။
*နာရာယနသင်္ဃာတဗလံ၊ ရောင်စုံစိုရွှဲ ဖောက်ခွဲထွက်ရာ ရတနာထိပ်သီး စိန်တုံးကြီးအလား မြတ်ဘုရား၏ ပကတိကိုယ်အား ဖြစ်တော်မူ၏။

(*နာရာဝုစ္စန္တိ ရသ္မိယော။ (အရောင်တို့)။ တာဗ ဟူနာနာဝိဓာ တတော ဥပဇ္ဇန္တီဟိ နာရာယနံ၊ ဝဇိရံ။ (အရောင်စုံ ထွက်ရာ စိန်တုံး)။ တသ္မာ ဝဇိရ သင်္ဃာတဗလန္တိ အတ္ထော။ (စိန်တုံးအား) သာဋီ။)

ဉာဏ်အားဆယ်ပါး

(၃) ဌာနာဌာနေ ဝိပါကေ စ၊ ဉာဏံ ပဋိပဒါယ စ။
နာနာဓာတူသု လောကမှိ၊ သတ္တာနံ အဓိမုတ္တိယာ။

(၄) ဈာနာနံ သံကိလေသေ၊ ဝေါဒါနေ စ ပရောပရေ။
ပုဗ္ဗေနိဝါသဉာဏဉ္စ၊ ဒိဗ္ဗစက္ခာ သဝက္ခယံ။

ဌာနာဌာနေ ဉာဏဉ္စ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိသော ဌာနာဌာနဉာဏ်လည်းကောင်း။
ဝိပါကေဉာဏဉ္စ၊ ထိုထိုကံ၏ အကျိုး ဝိပါက်ကို သိသော ကမ္မဝိပါကဉာဏ်လည်းကောင်း၊
ပဋိပဒါယဉာဏဉ္စ၊ ထိုထိုဂတိသို့ ရောက်ကြောင်းအကျင့်, မရောက်ကြောင်း အကျင့်ကိုသိသော သဗ္ဗတ္ထဂါမိနိ-ပဋိပဒါဉာဏ် လည်းကောင်း၊
နာနာဓာတူသု လောကမှိ ဉာဏဉ္စ၊ များစာသော ဓာတ်ကိုလည်းကောင်း၊ ထူးပြားသော ဓာတ်ကို လည်းကောင်း ခန္ဓာ, အာယတန, ဓာတ်ဟူသော လောကလည်းကောင်း သိသော အနေကဓာတု, နာနာဓာတု, လောကဉာဏ် လည်းကောင်း။
သတ္တာနံ အဓိမုတ္တိယာ ဉာဏဉ္စ၊ သတ္တဝါတို့၏ ယုတ်မြတ်ကြောင်းရင်း သင့်မသင့် နှလုံးသွင်းကို သိသော သတ္တာနံ နာနာဓိမုတ္တိကတာဉာဏ် လည်းကောင်း။

ဈာနာဒီနံ သံကိလေသေ ဝေါဒါနေ ဉာဏဉ္စ၊ ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ္တိတို့၏ ညစ်နွမ်းကြောင်း, ဖြူစင်ကြောင်း, ထကြောင်း ကိုသိသော ဈာနာဒိသံကိလေသ ဝေါဒန ဝုဋ္ဌာနဉာဏ် လည်းကောင်း၊
ပရောပရေဉာဏဉ္စ၊ သတ္တဝါမြတ်ယုတ် တက်ဆုတ်ထောက်ချင့် ဣန္ဒြေ ငါးပါး အနုအရင့်ကိုသိသော ဣန္ဒြိယ-ပရောပရိယတ္တဉာဏ် လည်းကောင်း။
ပုဗ္ဗေနိဝါသဉာဏဉ္စ၊ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ် လည်းကောင်း။
ဒိဗ္ဗစက္ခုဉာဏဉ္စ၊ သေဆဲ ဖြစ်ဆဲ ဖြူမည်း ယုတ်မြတ် ကံအတိုင်း ချဉ်းကပ်သူတို့ကို သိသော ဒိဗ္ဗစက္ခုဉာဏ် လည်းကောင်း၊
အာသဝက္ခယဉာဏဉ္စ၊ အာသဝေါကုန်ရာ နိဗ္ာန်ကို သိသော အာသဝက္ခယဉာဏ် လည်းကောင်း။

ဣတိ၊ ဤသို့။
ဉာဏဗလာနိ၊ ဉာဏ်အားဆယ်ပါးတို့ကို။
အာဂမ္မ၊ အကြောင်းပြု၍၊
တထာဂတော၊ မြတ်စွာဘုရားသည်။
အာသဘံဌာနံ၊ မြတ်သော ရှေးဘုရားတို့၏ အရာကို။
ပဋိဇာနာတိ၊ ဝန်ခံတော်မူ၏။
ပရိသာသု၊ *ရှစ်ပါးသော ပရိသတ်တို့၌။
သီဟနာဒံ၊ မရွံ့ မကြောက် ခြင်္သေ့ဟောက်အလား ရဲရင့်သောစကားကို။
နဒတိ၊ ပရိသတ်ရှိရာ (၁) သာယာ၊ နာဘွယ် (၂) သိလွယ်၊ သန့်စင် (၂) ပဲ့တင်၊ လုံး၊ နက် (၃) သံရှစ်ချက်ဖြင့် မြည်ဟိန်းခြိမ့်ခြိမ့် မိန့်မြွက်တော်မူ၏။

(*ရှစ်ပါးသော ပရိသတ်ကို အဋ္ဌခေါ ဣမာ သာရိပုတ္တပရိသာ၊ ခတ္တိယ ပရိသာ၊ ဗြာဟ္မဏပရိသာ၊ ဂဟပတိပရိသာ၊ သမဏပရိသာ၊ စတုမဟာရာဇိကပရိသာ၊ တာဝတိံသပရိသာ၊ မာရပရိသာ၊ ဗြဟ္မပရိသာတိ ဤသို့ ဟောသည်။

အသံတော်အင်္ဂါ ရှစ်ချက်ကား သန့်ရှင်း၏။ သာယာ၏။ သိသာ၏။ နာဘွယ်ရှိ၏။ ပရိသတ်၏ ပြင်ပသို့ အသံတော်မထွက်။ လုံး၏။ နက်၏။ ပဲ့တင်ထပ်၏။)

ဗြဟ္မစက္ကံ၊ ပဋိဝေဓဉာဏ် ဒေသနာဉာဏ်ဟူသော ကောင်းမြတ်သော ဓမ္မစက်ကို။
ပဝတ္တေတိ၊ လည်စေတော်မူ၏။
ဧဝံ သမန္နာဂတဿ၊ ဤသို့ ကိုယ်အားဆယ်ပါး ဉာဏ်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော။
ဒသဗလဿ၊ သောင်းကုဋေစိန် ဉာဏ်ရှိန်လွှင့်ခြယ် တစ်ဆယ်အထပ်ထပ် ရှင်တော်မြတ်အား။
နမော၊ ကိုယ်အားဉာဏ်အား တိုးပွားစိမ့်ငှါ ရှိခိုးပါ၏ ဘုရား။

အပဒါန်မထေရ်မြတ်တို့၏ ထောမနာ (စတုတ္ထနေ့)

(၁) *ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဇိဝိတာဝိနံ။
သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ၊ ကော ဒိသွာ နပ္ပသီဒတိ။

*(၁၊ ၂၊ ၃၊ ၄) ဥသဘံ စသော လေးဂါထာဖြင့် သိဒ္ဓတ္ထဘုရားအား သေနပုဏ္ဏား ချီးကျူး၏။ ၇-ဝဂ်၊ ၄ ပရပသာ ဒကထေရ် ... (ပါဠိတော် နံပါတ် ၁၀၂။)

ဥသဘံ၊ လမ်းညွှန်ရှေးသွား နွားမင်းအလား ရှိတော်မူသော။
ပဝရံ၊ ပညာရှိအပေါင်း ထောင့်တအပ်သော။
ဝီရံ၊ မဆုတ်နစ်သော လုံ့လ ရှိတော်မူသော။
မဟေသိံ၊ ဂုဏ်မြတ်အထူး ဆည်းပူးပြီးဖြစ်တော်မူသော။
ဝိဇိဘာဝိနံ၊ ငါးမာရ်ဖျက်ဆီး အောင်ခြင်းကြီး အောင်တော်မူသော။
သုဝဏ္ဏဝဏ္ဏံ၊ ကြည်လင်ဝါဝင်း ရွှေအဆင်းရှိတော်မူသော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
ဒိသွာ၊ ဖူးမြင်ရသည်ရှိသော်။
ကော၊ အဘယ်သူသည်။
နပ္ပသီဒတိ၊ မကြည်ညိုပဲ ရှိပါအံ့နည်း။

(၂) ဟိမဝါ၀ ပရိဓေယျော၊ သာဂရောဝ ဒုရုတ္တရော။
တထေဝ ဈာနံ ဗုဒ္ဓဿ၊ ကော ဒိသွာ နပ္ပသီဒတိ။

ဟိမဝါ၊ ဆီးနှင်းဝန်ဆောင် မြင်းမိုရ်တောင်သည်။
ပရိဓေယျာ၊ ဝန်းကျင်တည်တံ့ခိုင်၍ ခံ့သည်။
ဟောတိဣဝ၊ ဖြစ်သကဲ့သို့။
သာဂရော၊ သမုဒ် ပြင်ကျယ် ရေပင်လယ်သည်။
ဒုရုတ္တရော၊ ကူးနိုင်ခဲသည်။
ဟောတိဣဝ၊ ဖြစ်သကဲ့သို့။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဈာနံ၊ ဈာန်သမာဓိသည်။
တထေဝ၊ ထို့အတူ ခိုင်ခံ့၍ ထို့အတူ ကူးနိုင်ခဲသည်သာတည်း၊
တံ ဗုဒ္ဓံ၊ ထိုဈာန်သမာဓိ တောင်ပိုင် သမုဒ္ဒရာပိုင် သခင် ဘုရားရှင်ကို။
ဒိသွာ၊ ဖူးမြင်ရသည် ရှိသော်။
ကော၊ အဘယ်သူသည်။
နပ္ပသီဒတိ၊ မကြည်ညိုပဲ ရှိပါအံ့နည်း။

(၃) ဝသုဓာ ယထာ အပ္ပမေယျာ၊ စိတ္တာ ဝနဝကံသကာ။
တထေဝ သီလံ ဗုဒ္ဓဿ၊ ကော ဒိသွာ နပ္ပသီဒတိ။

စိတ္တာ၊ ဆန်းကြယ်သော။
ဝနဝတံသကာ၊ မြိုင်ညိုတောတန်း တည်းဟူသော ဦးစောက်ပန်းရှိသော။
ဝသုဓာ၊ မြေပြင်သည်၊
အပ္ပမေယျာ၊ မနှိုင်းယှဉ်အပ်သည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သီလံ၊ သီလတော်သည်။
တထေဝ၊ ထို့အတူ မနှိုင်းယှဉ်အပ်သည်သာတည်း၊
တံ ဗုဒ္ဓံ၊ ထိုသီလမြေပိုင်သခင် ဘုရားရှင်ကို။
ဒိသွာ၊ ဖူးမြင်ရသည် ရှိသော်။
ကော၊ အဘယ်သူသည်။
နပ္ပသီဒတိ၊ မကြည်ညိုပဲ ရှိပါအံ့နည်း။

(၄) အနီလ ဇဝ သင်္ခုဗ္ဘာ၊ ယထာ ကာသော အသင်္ခယော။
တထေဝ ဉာဏံ ဗုဒ္ဓဿ၊ ကော ဒိသွာ နပ္ပသီဒတိ။

အနီလဇဝ သင်္ခုဗ္ဘာ၊ လေဟုန်လျင်လျား ချောက်ချားရာ ဖြစ်သော။
အာကာသော၊ ကောင်းကင်သည်။
အသင်္ခယော၊ မရေတွက်အပ်သည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဉာဏံ၊ ဉာဏ်တော်သည်။
တထေဝ၊ ထို့အတူ မရေတွက်အပ်သည်သာတည်း။
တံ ဗုဒ္ဓံ၊ ထိုဉာဏ်ကောင်းကင်ပိုင်သခင် ဘုရားရှင်ကို။
ဒိသွာ၊ ဖူးမြင်ရသည်ရှိသော်
ကော၊ အဘယ်သူသည်။
နပ္ပသီဒတိ၊ မကြည်ညိုပဲ ရှိပါအံ့နည်း။

(၅) *အာဟနိတွာ ဓမ္မဘေရိံ၊ မဒ္ဒန္တံ တိတ္ထိယေ ဂဏေ။
သီဟနာဒံ ဝိနဒန္တံ၊ ကော ဒိသွာ နပ္ပသီဒတိ။

*(၅) အာဟနိတွာ-ဂါထာသည် ကမ္ဘာတစ်သိန်းထက်၌ ဘုရားရှင် ဂုဏ်တော်ကို ချီးကျူးသော ဆယ်ဂါထာတွင် ပါဝင်၏။ ၄၇ ဝဂ်၊ ၉ သယံပဋိဘာနီယထေရ်၊...(၃၆၈)

ဓမ္မဘေရိံ၊ တရားစည်ကြီးကို။
အာဟနိတွာ၊ ရွှမ်းဆော်ခတ်တီး မြည်စေပြီး၍။
တိတ္ထိယေဂဏေ၊ တိတ္ထိအပေါင်းတို့ကို။
မဒ္ဒန္တံ၊ နှိမ်နင်းတော်မူသော။
သီဟနာဒံ၊ ရဲရင့်ပြင်းထန် ခြင်္သေ့သံကို။
ဝိနဒန္တံ၊ မြည်ဟိန်း ခြိမ့်ခြိမ့် မိန့်ဆိုတော်မူသော။
ဗုဒ္ဓံ၊ အသံစကား, တရားသခင် ဘုရားရှင်ကို။
ဒိသွာ၊ ဖူးမြင်ရသည်ရှိသော်။
ကော၊ အဘယ်သူသည်။
နပ္ပသီဒတိ၊ မကြည်ညိုပဲ ရှိပါအံ့နည်း။

(၆) အနာထာနံ ဘဝံ နာထော၊ ဘီတာနံ အဘယပ္ပဒေါ။
ဝိဿာသဘူမိ သန္တာနံ၊ သရဏံ သရဏေသိနံ။

(၆) အနာထာနံ ဂါထာသည် ပဒုမုတ္တရ ဘုရားအား ဝင်္ဂီသ ပုဏ္ဏား ချီးကျူးသော သုံးဂါထာတွင် ပါဝင်၏။ ၅၅၊ ၄ ဝင်္ဂီသထေရ်၊ ... (၄၇၂)

ဘဝံ၊ ရှင်တော်မြတ်ဘုရားသည်။
အနာထာနံ၊ အားကိုးရာမဲ့သူတို့၏
နာထော၊ အားကိုးရာ ဖြစ်တော်မူ၏။
ဘီတာနံ၊ ကြောက်ရွံ့ ထိတ်လန့်သူတို့၏။
အဘယပ္ပဒေါ၊ ဘေးမဲ့ပေးသူ ဖြစ်တော်မူ၏။
သန္ထာနံ၊ ခလုတ်တင်းကျမ်း ခရီးပန်းသူတို့၏
ဝိဿာသဘူမိ၊ ပင်ပန်းကင်းကွာ ချမ်းသာရာမြေအဘို့ ဖြစ်တော်မူ၏။
သရဏေသိနံ၊ ကိုးကွယ်ရာ ရှာဖွေသူတို့၏။
သရဏံ၊ ကိုးကွယ်ရာ ဖြစ်တော်မူ၏။

(၇) *အဒဿနေန သဗ္ဗညု၊ ဗုဒ္ဓါနံ သဗ္ဗဒဿိနံ။
ပတန္တိ ဝီစိနိရယံ၊ ရာဂဒေါသေဟိ ဩဖုဋာ။

*(၇၊ ၉၊ ၁၀၊ ၁) အဒဿနေနစသော လေးဂါထာသည် တိဿဘုရားရှင်အား (၉) တဝဉာဏေန ...(၇) အဒဿနေန … (၁၀) တဝ ဒဿန ...(၁) ယဒါဗုဒ္ဓါ ဤသို့ အစဉ်ဖြင့် ရသေ့ ချီးကျူး၏။ ၄၂၊ ၃ တိဏသူလိက၊ (၃၄၆)။

သဗ္ဗညု၊ ရှိသမျှလုံးစုံ အကုန်သိတော်မူသော မြတ်စွာဘုရား။
သဗ္ဗ ဒဿိနံ၊ မသိမရှိ အလုံးစုံ မြင်သိကုန်သော။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့ကို။
အဒဿနေန၊ မဖူးမြင်ရခြင်းကြောင့်။
သတ္တာ၊ သတ္တဝါတို့သည်။
ရာဂဒေါသေဟိ ဩဖုဋာ၊ ရာဂဒေါသ တွင်းပအပြည့် အနှံ့ထိကုန်သည် ဖြစ်၍။
အဝီစိနိရယံ၊ ကွက်လပ်မရှိသော အဝီစိငရဲ၌။
ပတန္တိ၊ ကံတင်းပုတ် ရိုက်သွင်း၍ သက်ဆင်းကြရကုန်၏။

(၈) အဒဿနေန ဝိယာဂါ၊ တာဒိသာနံ မဟေသိနံ။
အနုဘောန္တိ မဟာဒုက္ခံ၊ သတ္တာ သံသာရသာဂရေ။

(၈) အဒဿနေန ပိယောဂါ ဂါထာသည် ယခု ငါတို့ ဘုရားရှင်ထံ ခေမာမိဖုရား တမင်မသွားပဲနေရာမှ ဥယျာဉ်ရှုစား သွားခိုက်တွင် ဘုရားရှင်ကို မြင်၍ မလွှဲသာလှ၍ ဝင်ရောက်ဖူးမြင်၍ တရားနာရ၍ ငါးဂါထာဖြင့် တောင်းပန် ကန်တော့သည်တွင် ပါဝင်၏။ ၂- ဝဂ်၊ ၈-ခေမာ ဘိက္ခုနီ။ (၅၁၉)။

တာဒိသာနံ၊ ရှင်တော်မြတ်ဘုရားသို့ သဘောရှိကုန်သော။
မဟေသိနံ၊ ဘုရားရှင်တို့ကို။
အဒဿနေန၊ မဖူးမြင်ရသဖြင့်။
ဝိယောဂါ၊ ကွေကွင်းခြင်းကြောင့်။
သတ္တာ၊ သတ္တဝါတို့သည်။
သံသာရ သာဂရေ၊ သံသရာ ပြင်ကျယ် သမုဒ္ဒရာအလယ်၌။
မဟာဒုက္ခံ၊ ကြီးစွာသော ဆင်းရဲကို။
အနုဘောန္တိ၊ ခံစားကြရကုန်၏။

(၉) တဝ ဉာဏေန သဗ္ဗညု၊ မောစေသိ မံ သဒေဝကံ၊
တဝ အာရာဓယိတွာန၊ ဇာတိယာ ပရိမုစ္စရေ။

သဗ္ဗညု၊ သဗ္ဗညုသခင် ဘုရားရှင်။
တွံ၊ ရှင်တော်မြတ်ဘုရားသည်။
တဝ ဉာဏေန၊ ရှင်တော်ပိုင်လတ် ဉာဏ်တော်မြတ်ဖြင့်။
ဣမံ သဒေဝကံ၊ ဤနတ်လူအပေါင်းကို။
မောစေသိ၊ လွတ်စေတော်မူ၏။
တဝ၊ ရှင်တော်မြတ်ဘုရားအား။
အာရာဓယိတွာန၊ နှစ်သက်အားရ ယုံကြည်လှသောကြောင့်။
ဇာတိယာ၊ ပဋိသန္ဓေဘေးမှ။
ပရိမုစ္စရေ၊ လွတ်ကုန်၏။

(၁၀) တဝ ဒဿန မာဂမ္မ၊ သဗ္ဗညု လောကနာယက။
ပမုစ္စန္တိ ဘဝါ သဗ္ဗေ၊ ဖုသန္တိ အမတံ ပဒံ။

လောကနာယက၊ လူသုံးဦးတို့၏ ခရီးညွှန် အကြီးအမှူး ဖြစ်တော်မူသော။
သဗ္ဗညု၊ သဗ္ဗညုသခင်ဘုရားရှင်။
တဝ၊ ရှင်ဟော်မြတ်ဘုရားအား။
ဒဿနံ၊ ဖူးမြင်ရခြင်းကို။
အာဂမ္မ၊ အကြောင်းပြု၍။
သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။
ဘဝါ၊ ဘဝသုံးပါးမှ
ပမုစ္စန္တိ၊ လွတ်ကုန်၏။
အမတံ ပဒံ၊ သေခြင်းကင်းရာ နိဗ္ဗာန်သို့။
ဖုသန္တိ၊ ရောက်ကြရကုန်၏။

(၁၁) *သက္ကာ သမုဒ္ဒေ ဥဒကံ၊ ပမေတုံ အဠှကေန ဝါ။
နတွေဝ တဝ သဗ္ဗညု၊ ဉာဏံ သက္ကာ ပမေတဝေ။

*(၁၁၊ ၁၂၊ ၁၃၊ ၁၄) သက္ကာ သမုဒ္ဒေ စသော လေးဂါထာသည် အနောမဒဿီ ဘုရားရှင်အား ရှင်သာရိပုတ္တရာ အလောင်း သုရုစိရသေ့ ရှစ်ဂါထာတို့ဖြင့် ဉာဏ်တော်ကို ချီးကျူးသည်တွင် ပါဝင်၏။ ၁ ဝဂ်၊ ၁ ရှင်သာရိပုတ္တရာ။ (၁၇)၊

သဗ္ဗညု၊ သဗ္ဗညုသခင် ဘုရားရှင်။
သမုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌။
ဥဒကံ၊ ရေကို။
အဠှကေန ဝါ၊ ပြည်ကွမ်းစား, ခွက်ကွမ်းစားဖြင့်သော်လည်း။
ပမေတုံ၊ ချင့်တွက်ခြင်းငှါ။
သက္ကာ၊ တတ်ကောင်း၏။
တဝ ၊ ရှင်တော်မြတ်ဘုရား၏။
ဉာဏံ၊ ဉာဏ်တော်ကို။
ပမတဝေ၊ ချင့်တွက်ခြင်းငှါ။
နတွေဝ သက္ကာ၊ မတတ်ကောင်းသည်သာတည်၊

(၁၂) ဓာရေတုံ ပထဝီ သက္ကာ၊ ထပေတွာ တုလမဏ္ဍလေ။
နဝ တဝ သံဗ္ဗညု၊ ဉာဏံ သက္ကာ ဓရေတဝေ။

ဓာရေက ဆိုလျှက် ဆန်းကြောင့် ဓရေတဝေ

သဗ္ဗညု၊ သဗ္ဗညုသခင် ဘုရားရှင်။
ပထဝီ၊ မဟာပထဝီ မြေကြီးကို။
တုလမဏ္ဍလေ၊ ချိန်ခွင်ဝန်း၌။
ထပေတွာ၊ တင်ထား၍။
ဓာရေတုံ၊ ချိန်စက်ခြင်းငှါ။
သက္ကာ၊ တတ်ကောင်း၏။
တဝ၊ ရှင်တော်မြတ်ဘုရား၏။
ဉာဏံ၊ ဉာဏ်တော်ကို။
ဓရေတဝေ၊ ချိန်စက်ခြင်းငှါ။
နတွေဝသက္ကာ၊ မတတ်ကောင်းသည်သာတည်း။

(၁၃) အာကာသော မိနိတုံ သက္ကာ၊ ရဇ္ဇုနာ အင်္ဂုလေန ဝါ။
နတွေဝ တဝ သဗ္ဗညု၊ ဉာဏံ သက္ကာ ပမေတဝေ။

သဗ္ဗညု၊ သဗ္ဗညုသခင် ဘုရားရှင်။
အာကာသော၊ ကောင်းကင်ကို။
ရဇ္ဇုနာဝါ၊ ကြိုးဖြင့်လည်းကောင်း။
အင်္ဂုလေန ဝါ၊ လက်ချောင်းဖြင့် လည်းကောင်း။
မိနိတုံ၊ တိုင်းထွာခြင်းငှါ။
သက္ကာ၊ တတ်ကောင်း၏။
တဝ၊ ရှင်တော်မြတ်ဘုရား၏။
ဉာဏံ၊ ဉာဏ်တော်ကို။
ပမေတဝေ၊ တိုင်းထွာခြင်းငှါ။
နတွေဝ သက္ကာ၊ မတတ်ကောင်းသည်သာတည်း။

(၁၄) မဟာသမုဒ္ဓေ ဥဒကံ၊ ပထဝီ အခိလာဇဋာ။
ဗုဒ္ဓဉာဏံ ဥပါဒါယ၊ ဥပမာတော န ယုဇ္ဇရေ။

မဟာသမုဒ္ဒေ ဥဒကဉ္စ၊ မဟာသမုဒ္ဒရာရေသည် လည်းကောင်း၊
ပထဝီစ၊ မဟာပထဝီမြေကြီးသည် လည်းကောင်း။
အခိလာဇဋာစ၊ အလုံးစုံသော ကောင်းကင်သည် လည်းကောင်း၊
ဗုဒ္ဓဉာဏံ၊ မြတ်စွာဘုရား၏ ဉာဏ်တော်ကို။
ဥပါဒါယ၊ ထောက်၍။
ဥပမာတော၊ ဥပမာအားဖြင့်။
နယုဇ္ဇရေ၊ မတွဲနိုင် မယှဉ်နိုင်ကြကုန်။

(၁၅) *မဟာသမုဒ္ဒေ ဦမိယော၊ ဝေလန္တမှိ ပဘိဇ္ဇရေ။
တထေ၀ တဝ ဉာဏမှိ၊ သဗ္ဗာဒိဋ္ဌီ ပဘိဇ္ဇရေ။

*(၁၅) မဟာသမုဒ္ဒေ ဦမိယော ဂါထာသည် ပဒုမုတ္တရဘုရားအား ရသေ့ ဆယ်ဂါထာဖြင့် ချီးကျူးသည်တွင် ပါဝင်၏။ ၄ဝ၊ ၃ သဗ္ဗကိတ္တိကထေရ်.....(၂၉၈)။

မဟာသမုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌။
ဦမိယော၊ လှိုင်းတံပိုးတို့သည်။
ဝေလန္တမှိ၊ ကမ်းပါး၌။
ပဘိဇ္ဇရေ၊ ပျက်စီးကုန်၏။
တထေဝ ၊ ထို့အတူသာလျှင်။
သဗ္ဗာဒိဋ္ဌီ၊ အလုံးစုံသော မိစ္ဆာဒိဋ္ဌိတို့သည်။
တဝ၊ ရှင်တော်မြတ်ဘုရား၏။
ဉာဏမှိ၊ ဉာဏ်တော်၌။
ပဘိဇ္ဇရေ၊ ပျက်စီးကုန်၏။

(၁၆) ယထာပိ မေဃော ထနယံ၊ တပ္ပေတိ မေဒနိံ ဣမံ။
တထေဝ တွံ မဟာဝီရ၊ ဓမ္မေန တပ္ပသီ မမ္မံ။

(၁၆) ယထာပိ မေဃော ဂါထာသည် ထိုရသေ့အား ပဒုမုတ္တရဘုရား လေးဂါထာဖြင့် ဗျာဒိတ်ပေးသည်ကို ပြန်၍လျှောက်သည် ... (၂၉၉)။

မဟာဝီရ၊ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား။
ယထာပိ၊ ဥပမာမည်သည်ကား။
မေဃော၊ မိုးသည်။
ထနယံ၊ ရိုက်ချုန်းလျက်။
ဣမံ မေဒနိံ၊ ဤမြေပြင်ရှိ သတ္တဝါအားလုံးကို။
တပ္ပေတိ၊ နှစ်သိမ့်စေ၏။ (နှစ်သိမ့်စေတော်မူ၏ဟု မဆိုနှင့်။ သတိပြု။)
တထေဝ၊ ထို့အတူသာလျှင်။
တွံ၊ ရှင်တော်မြတ်ဘုရားသည်။
ဓမ္မေန၊ တရားမိုးချုန်းခြင်းဖြင့်။
မမံ၊ အကျွန်ုပ်ကို။
တပ္ပယီ၊ နှစ်သိမ့်စေတော်မူပြီ။

(၁၇) *သမ္ဗုဒ္ဓေ ဥပပဇ္ဇန္တေ၊ ဒသ သဟဿိ ကမ္ပထ။
အန္ဓာ စက္ခုံ အလဘိံ သု၊ ဥပဇ္ဇိတမှိ နာယကေ။

*(၁၇) သမ္ဗုဒ္ဓေဂါထာသည် ၉၂-ကမ္ဘာထက်၌ ဘုရားပွင့်၍ နိမိတ်ထင်ပုံကို ပြသော ဂါထာ ဖြစ်သည်။ မြေလှုပ်ခြင်း၊ သူကန်းတို့ မြင်ခြင်းကြောင့် လူတို့ ထိတ်လန့်ကြသဖြင့် ရသေ့တဦးက “ဤနိမိတ်ကြောင့် မထိတ်လန့်ကြနှင့်၊ ဘုရားပွင့်ပြီ။ ငါးပါးသီလ ဆောက်တည်ကြ” ဟု နိမိတ် အကြောင်းကို ဟောကြားသည်။ ၄၇၊ ၁၀-နိမိတ္တ ဗျာကရဏထေရ်၊ (၃၈၆)။

သမ္ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်။
ဥပပဇ္ဇန္တေ၊ ပွင့်တော်မူသည်ရှိသော်။
ဒသ သဟဿိ၊ စကြဝဠာပေါင်း သောင်းလောကဓာတ်သည်။
ကမ္ပထ၊ ရှေ့နောက်ဝဲယာ ဆုတ်တက်ကာဖြင့် ချာချာ မြင့်နိမ့် တငြိမ့်ငြိမ့် လှုပ်၏။
နာယကေ၊ မြတ်စွာဘုရားသည်။
ဥပဇ္ဇိတမှိ၊ ပွင့်တော်မူသည်ရှိသော်။
အန္ဓာ၊ သူကန်းတို့သည်။
စက္ခံု၊ မျက်စိအမြင်ကို။
အလဘိံ သု၊ ရကုန်ပြီ။

(၁၈) ပုထုဇ္ဇနောဝ ယော သတ္တော၊ န ကိလေသဝသော အဟု။
သမ္ပဇာနော သတိယုတ္တော၊ တသ္မာ ဧသော အစိန္တိယော။

(၁၈) ပုထုဇ္ဇနောဝ ဂါထာသည် ပဒုမုတ္တရဘုရားအား ပုဏ္ဏား ရဟန်း လေးဂါထာဖြင့် ချီးကျူးသည်တွင် ပါဝင်၏။ ထိုရဟန်းသည် ဗိမ္ဗိသာရမင်း၏ သားတော် အဘယမင်းသားဖြစ်၍ နိဂဏ္ဌတို့ထံ ဆည်းကပ်၏။ နောက်၌ ဤဘုရားရှင်ကို ပြဿနာမေး၍ ကန်တော့၍ ရဟန်း ပြု၍ ရဟန္တာ ဖြစ်၏။ ၅၅၊ ၇-အဘယထေရ်... (၄၇၈)။

ယော၊ အကြင်ဘုရားသည်။
ပုထုဇ္ဇနော သတ္တောဝ၊ ပုထုဇဉ်ဘ၀ ဖြစ်စဉ်ကပင်လျှင်။
န ကိလေသဝသော၊ ကိလေသာအလိုသို့ မလိုက်သည်။
အဟု၊ ဖြစ်ပြီ။
သမ္ပဇာနော၊ ပညာအဆင်အခြင် ရှိ၏။
သတိယုတ္တော၊ သတိရှိ၏။
(ဗုဒ္ဓဘဝေ၊ ဘုရားဘဝ၌။
ကာ ကထာ၊ အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း။)
တသ္မာ၊ ထို့ကြောင့်။
ဧသော၊ ဤဘုရားသည်
အစိန္တိယော၊ မကြံစည်အပ် မကြံစည်နိုင်သည်။
ဟောတိ၊ ဖြစ်တော်မူ၏။

(၁၈) ပုထုဇ္ဇနောဝ-ဂါထာကို မာရ်နတ် ထောက်ခံသည်ဟု ဆိုအပ်၏။

သတ္တဝဿံ ဘဂဝန္တံ၊ အနီဗန္ဓိံ ပဒါပဒံ။
ဩတာရံ နာဓိဂစ္ဆိဿံ၊ သမ္ဗုဒ္ဓဿ သတိမတော။

အဟံ၊ ငါသည်။
သတ္တဝဿံ၊ ခုနစ်နှစ်ပတ်လုံး။
ဘဂဝန္တံ၊ မြတ်စွာဘုရား၏နောက်သို့။
ပဒါပဒံ၊ ခြေရာမပြတ်။
အနုဗန္ဓိံ၊ အစဉ်လိုက်ကာ အပြစ်ရှာပြီ။
သတိမတော၊ သတိရှိသော။
သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဩတာရံ၊ အကြားအပေါက်ကို။
ဝါ၊ တင်းပုတ်ထုခွင့်ကို။
နာဓိဂစ္ဆိဿံ၊ မရခဲ့လေပြီ။

ဘုရားလောင်း တောထွက်သောအခါ “အရှင်မင်းသား၊ တော မထွက်ပါနှင့်၊ နောက်ခုနစ်ရက်တွင် စကြာရတနာ ရောက်တော့မည်” ဟု မာရ်နတ် ဆို၏။

“စကြာမင်းစည်းစိမ် ငါ အလိုမရှိ” ဟု ဆိုလတ်သော် မာရ်နတ်သည် ထိုစကားကို မကျေနပ်သဖြင့် ကောင်းပြီ၊ တောထဲ၌ ကိလေသာဖြစ်ခဲ့လျှင်၊ ဝါ- တိုင်းပြည်၊ ယသော်၊ သားတော်ရာဟုလာ တို့ကို လွမ်းခဲ့လျှင် ထို နေရာတွင် ထုသတ်မည်”ဟု တင်းပုတ်ထမ်းလျက် ခြေရာမပြတ် လိုက်၏။

ခြောက်နှစ်တွင် ဘုရားဖြစ်၏။ ဘုရားဖြစ်စတွင် တနှစ်လိုက်သေး၏။ ခုနစ်နှစ်တိုင်တိုင် ကြာသောအခါမှ မာရ်နတ်သည် တင်းပုတ်ကို ပစ်ချ၍ သတ္ထဝဿံ-ဟူသော ဂါထာကို ရွတ်ဆို၏။ သုတ္တနိပါတ်၊ မဟာဝဂ္ဂ၊ ၂-မာနသုတ် (စာအုပ်နံပါတ် ၂၅၂)၊

(၁၉) *အဟောနူန သ ဘဂဝါ၊ စိရံ တိဋ္ဌေယျ၊ စက္ခုမာ။
အညာတဉ္စာပိ ဇာနေယျံ၊ ပယျံ အမတံ ပဒံ။

*(၁၉) အဟော နူန ဂါထာသည် ထိုရသေ့သည်ပင် ယခု ဘုရားလက်ထက်၌ သဗ္ဗကိတ္တိကမထေရ်ဖြစ်၍ ရဟန္တာဖြစ်ပြီးမှ မိန့်မြွက်သော ဂါထာ ဖြစ်သည်။ (၃၀၀) နောက်နှစ်ပါဒ၌ ဇာနေယျ၊ ပဿေယျ ရှိသည်ကို ဇာနေယျုံ၊ ပဿေယျုံ-ဟု ပြင်ထားသည်။

စက္ခုမာ၊ ဉာဏ်မျက်စိရှိတော်မူသော။
သ-သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
စိရံ၊ ကြာမြင့်စွာ။
တိဋ္ဌေယျ၊ တည်နေပါမူကား။
အဟော နူန၊ ကောင်းလေစွ။
အညာတဉ္စာပီ၊ မသိသောတရားကိုလည်း။
ဇာနေယျ၊ သိကုန်ရာ၏။
အမတံ၊ သေခြင်းကင်းသော။
ပဒဉ္စာပို၊ နိဗ္ဗာန်ကိုလည်း။
ပဿေယျုံ၊ မြင်ကုန်ရာ၏။

(၂၀) *မဟာဟိတံ ဝရဒဒံ၊ အဟိတောတိ ဝိသင်္ကိတာ။
နောပေသိံ ရူပနိရတာ၊ ဒေသယာမိ တ မစ္စယံ။

*(၂၀) မဟာသိတံ ဂါထာလည်း ဟိုခေမာ၏ ငါးဂါထာ၌ ပါဝင်၏။ စတုတ္ထပါဒပြင်ထားသည်။

ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ အကျွန်ုပ်သည်။
မဟာဟိတံ၊ များစွာသော အကျိုးစီးပွားကို ဆောင်တော်မူတတ်သော။
ဝရဒဒံ၊ ဆုမြတ်ပြည့်လျှံ နိဗ္ဗာန်ပေးတတ် ဘုရားမြတ်ကို။
အဟိတောတိ၊ အကျိုးစီးပွား မများလှသော ဘုရားဟူ၍။
ဝိသင်္ကိတာ၊ ယုံမှားမကင်း ရွံရှာခြင်းကြောင့်။
ရူပနိရတာ၊ ရုပ်၌ပျော်မွေ့ အမြဲမေ့ခြင်းကြောင့်။
နောပေသိံ၊ ချဉ်းကပ်မအား ရှောင်ရှားလျက်သာ နေမိပါပြီ။
မမ၊ အကျွန်ုပ်၏။
တံ အစ္စယံ၊ ထိုအပြစ်ကို။
ဒေသယာမိ၊ တောင်းပန်လျှောက်ကြား မိုက်မှားပယ်လျှော့ ကန်တော့ ပါ၏ဘုရား။

သာရီရိကဓာတ်တော် (ပဉ္စမနေ့)

(၁) အဋ္ဌ သာရီရိကာ ထူပါ၊ နဝမော ကုမ္ဘစေတိယော။
အင်္ဂါရထူပေါ ဒသမော၊ တဒါယေဝ ပတိဋ္ဌိတော။

( အဋ္ဌ သာရီရိကာ စသော ဤ ၁၄ ဂါထာသည် ဗုဒ္ဓဝင်ပါဠိတော် အဆုံး၌ ရှိ၏။ သာသနာနှစ် ၂၃၆ ခု လွန်မှ ဖြည့်စွက်ထည့်သွင်းထားဟန် တူသည်။

စေတီရှစ်ဆူတည်ကြောင်းကား ဒေါဏပုဏ္ဏား ဝေပေးသော ဓာတ်တော် တစိတ်စီကို ဌာပနာ၍ ရာဇဂြိုဟ်ပြည်၊ ဝေသာလီပြည်၊ ကပိလဝတ်ပြည်၊ အလ္လကပ္ပပြည်၊ ကောလိယမင်းတို့၏ ရာမရွာ၊ ဝေဌ ဒီပကတိုင်း၊ ပါဝါပြည်၊ ကုသိနာရုံပြည်တို့၌ စေတီတဆူစီ တည်ကြသည်။)

ဂေါတမဿ မဟေသိနော၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား၏။
သာရီရိကာ၊ ကိုယ်တော်မှဖြစ် ရှစ်စိတ်ဓာတ်တော် ပူဇော်သက္ကာဌာပနာရာ ဖြစ်ကုန်သော။
အဋ္ဌထူပါစ၊ ရှစ်ဆူသောစေတီတော်တို့သည်လည်းကောင်း။
နဝဓော၊ ကိုးဆူမြောက်ဖြစ်သော။
ကုမ္ဘစေတိယောစ၊ ဓာတ်တော်ခြင်အိုး ဌာပနာသော ဒေါနပုဏ္ဏား၏ အိုးစေတီတော်သည် လည်းကောင်း။
ဒသမော၊ ဆယ်ဆူမြောက်ဖြစ်သော။
အင်္ဂါရထူပေါစ၊ သင်္ချိုင်းတော်မှ မီးသွေးမျှ ယူကာ ဌာပနာသော မောရိယမင်းတို့၏ မီးသွေးစေတီတော် သည်လည်းကောင်း။
တဒါယေဝ၊ ထိုအခါ၌သာလျှင်။
ပတိဋ္ဌိတော၊ တည်တော်မူလေပြီ။

(၂) ဥဏှီသံ စတုရော ဒါဌာ၊ အက္ခကာ ဒွေ စ ဓာတုယော။
အသမ္ဘိန္နာ ဣမာ သတ္တ၊ သေသာ ဘိန္နာဝ ဓာတုယော။

ဥဏှီသဉ္စ၊ နဖူးသင်းကျစ်သည်လည်းကောင်း၊
စတုရောဒါဌာစ၊ စွယ်တော်လေးဆူတို့သည် လည်းကောင်း။
အက္ခကာ ဒွေ စ ဓာတုယော၊ ညှပ်ရိုးဓာတ်နှစ်ဆူတို့သည်လည်းကောင်း၊
ဣမာ သတ္တ၊ ဤခုနစ်ဆူတို့ သည်။
အသမ္ဘိန္နာ၊ မပြိုကွဲသောဓာတ်တော်တို့ ဖြစ်ကုန်၏။
သေသာဓာတု ယော၊ ကြွင်းသော ဓာတ်တော်တို့သည်။
ဘိန္နာဝ၊ ပြိုကွဲသောဓာတ်တော်တို့သာ ဖြစ်ကုန်၏။

(၃) မဟန္တာ မုဂ္ဂမတ္တာ စ၊ မဇ္ဈိမာ ဘိန္န တဏ္ဍုလာ။
ခုဒ္ဒကာ သာသပ မတ္တာ စ၊ နာနာဝဏ္ဏာ စ ဓာတုယော။

မဟန္တာ၊ ကြီးသော ဓာတ်တော်တို့သည်။
မုဂ္ဂမတ္တာ၊ ပဲနောက်စေ့မျှ ပမာဏ ရှိကုန်၏။
မဇ္ဈိမာ၊ အလတ်ဖြစ်သော ဓာတ်တော်တို့သည်။
ဘိန္နတဏ္ဍုလာ၊ ဆန်ကျိုးစေ့မျှ ပမာဏ ရှိကုန်၏။
ခုဒ္ဒကာ၊ ငယ်သော ဓာတ်တော်တို့သည်။
သာသပမတ္တာ၊ မုန်ညင်းစေ့မျှ ပမာဏ ရှိကုန်၏။
ဓာတုယော၊ အရွယ်သုံးမျိုးပြားသော ဓာတ်တော်တို့သည်။
နာနာ ဝဏ္ဏာစ၊ အဆင်းလည်း အသီးသီး ပြားကုန်၏။

(ဓာတ်တော်စေတီရှစ်ဆူ ဖြစ်သည်။ နောက် အရှင်မဟာကဿပသည် အန္တရာယ်မြင်သဖြင့် အဇာတသတ် မင်းနှင့် တိုင်ပင်၍ ထိုဓာတ်တော်တို့ကို ယူ၍ ရာဇဂြိုဟ် အရှေ့တောင်ထောင့်တွင် အတောင်ရှစ်ဆယ် တူး၍ ကျတ်အဆင့်ဆင့်ဖြင့် ဌာပနာယားသည်။

ထိုမှတဖန် သာသနာနှစ် နှစ်ရာကျော်တွင် သီရိဓမ္မာသောကမင်းကြီး ယူဆောင်၍ အမြို့မြို့ အနှံ့, စေတီ ၈၄၀၀၀ တည်သည်။ ရာမရွာမှ ဓာတ်ဟော်တို့ကိုကား နဂါးမင်းတို့ ယူသွားကြသည်။ သီဟိုဠ်ကျွန်း၌ သာသနာနှစ် လေးရာခန့်တွင် ဒုဋ္ဌဂါမဏိမင်း မဟာစေတီ တည်သောအခါ ထိုနဂါးပြည်မှ ဓာတ်တော်တို့ကို သောဏုတ္တရ မည်သော မထေရ်ကို ယူဆောင်စေ၍ မဟာစေတီ၌ ဌာပနာကြသည်။)

(၄) မဟန္တာ သုဝဏ္ဏဝဏ္ဏော စ၊ မုတ္တဝဏ္ဏာ စ မဇ္ဈိမာ။
ခုဒ္ဒကာ ဗကုလဝဏ္ဏာ စ၊ သောဠသ ဒေါဏမတ္တိကာ။

မဟန္တာ၊ ကြီးသော ဓာတ်တော်တို့သည်။
သုဝဏ္ဏဝဏ္ဏာ၊ ရွှေအဆင်း ရှိကုန်၏။
မဇ္ဈိမာ၊ အလတ်ဖြစ်သော ဓာတ်တော်တို့သည်။
မုတ္တဝဏ္ဏာ၊ ပုလဲအဆင်း ရှိကုန်၏။
ခုဒ္ဒကာ၊ ငယ်သောဓာတ်တော်တို့သည်။
ဗကုလ ဝဏ္ဏာ၊ ခယားစေ့အဆင်း ရှိကုန်၏။
သောဠသ ဒေါဏမတ္တိကာ၊ နှစ်ပြည်တကွမ်းစားအားဖြင့် ၁၆ ကွမ်းစား အတိုင်းအရှည် ရှိကုန်၏။

(၅) မဟန္တာ ပဉ္စ နာဋိယော၊ နာဠိယော ပဉ္စ မဇ္ဈိမာ။
ခုဒ္ဒကာ ဆ နာဠီစေဝ၊ ဧတာ သဗ္ဗာပိ ဓာတုယော။

မဟန္တာ၊ ကြီးသောဓာတ်တော်တို့သည်။
ပဉ္စနာဠိယော၊ ငါးကွမ်းစား ရှိကုန်၏။
မဇ္ဈိမာ၊ အလတ်ဖြစ်သော ဓာတ်တော်တို့သည်။
ပဉ္စနာဠိယော၊ ငါးကွမ်းစားရှိကုန်၏။
ခုဒ္ဒကာ၊ ငယ်သောဓာတ်တော်တို့သည်။
ဆ နာဠီ စေဝ၊ ခြောက်ကွမ်းစား ရှိကုန်၏။
ဧတာ၊ ဤသည်တို့ကား။
သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
ဓာတုယော၊ ဓာတ်တော်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

(ရှေးရှေး ဘုရားအချို့ ပရိနိဗ္ဗာန်စံ၍ အလောင်းတော်ကို မီးသင်္ဂြိုဟ်သောအခါ ဓာတ်တော်မကွဲ တလုံး တခဲတည်း ဖြစ်ကြသည်။ ငါတို့ ဘုရားရှင်ကား အရပ်ရပ်အနှံ့ လူ နတ် နဂါးတို့ ပူဇော်နိုင်အောင် ဓိဋ္ဌာန်တော် မူခဲ့သောကြောင့် အသမ္ဘိန္နဓာတ် ခုနစ်ဆူသာ တည်မြဲတည်၍ ကြွင်း သမျှအားလုံး ပြိုကွဲကြသည်။

လက်ယာ ညှပ်ရိုး သီဟိုဠ်၌ တည်ခြင်းကား သာသနာနှစ် ၂၃၆ ခု တန်ဆောင်မုန်း လပြည့်တွင် ရှင်မဟိန္ဒ စေလွှတ်၍ သိကြားမင်းထံမှ ရှင်သုမန ယူလာသည်။ ရှေးဘုရားသုံးဆူ၏ ဓမ္မကရိုဏ်၊ ခါးပန်း၊ ရေသနုပ် ဌာပနာရာ၌ လက်ယာညှပ်ရိုး ဌာပနာ၍ စပါးပုံနှင့်တူစွာ ထူပါရုံ တည်ကြသည်။

လက်ယာ အထက်စွယ်တော် တာဝတိံသာ၌ တည်ခြင်းကား ဓာတ်တော်တို့ကို မင်းပေါင်းစုံမြင်၍ ငိုကြွေးကြစဉ် ဒေါဏပုဏ္ဏား ယူ၍ ဦးရစ်အကြား၌ ဝှက်ထားသည်။ ထိုမှ မသိမသာ သိကြားမင်း ယူသွားသည်။ သွားတော် ၄ဝ နှင့် စွယ်တော် ၄ ဆူသည် ၄၄ မဟုတ်၊ ၄ဝ ပင်တည်း။)

(၆) ဥဏှီသံ သီဟဠေ ဒီပေ၊ ဗြဟ္မလောကေ စ ဝါမက္ခံ။
သီဟဠေ ဒက္ခိဏက္ခဉ္စ၊ သဗ္ဗာပေတာ ပတိဋ္ဌိတာ။

ဥဏှီသံ၊ နဖူးသင်းကျစ်သည်။
သီဟဠေဒီပေ၊ သီဟိုဠ်ကျွန်း၌။
ပတိဋ္ဌိတံ၊ တည်တော်မူ၏။
ဝါမက္ခံ၊ လက်ဝဲညှပ်ရိုးသည်။
ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌
ပတိဋ္ဌိတံ၊ တည်တော်မူ၏။
ဒက္ခိဏက္ခံ၊ လက်ယာညှပ်ရိုးသည်။
သီဟဠေ၊ သီဟိုဠ်ကျွန်း၌။
ပတိဋ္ဌိတံ၊ တည်ကော်မူ၏။
ဧတာ သဗ္ဗာပိ၊ ဤအလုံးစုံသော ဓာတ်တော်တို့သည်လည်း၊
ပတိဋ္ဌိတာ၊ ဤသို့ တည်တော်မူ ကုန်၏။

(၇) ဧကာ ဒါဌာ တိဒသေ ပုရေ၊ ဧကော နာဂပုရေ အဟု။
ဧကာ ဂန္ဓာရဝိသယေ၊ ဧကာ ကာလိင်္ဂရာဇိနော။

ဧကာဒါဌာ၊ လက်ယာထက်ဓာတ် စွယ်တော်မြတ်သည်။
တိဒသေပုရေ၊ တာဝတိံသာနတ်ပြည်၌ တည်တော်မူ၏။
ဧကာ၊ လက်ယာအောက်ဓာတ် စွယ်တော်မြတ်သည်။
နာဂပုရေ အဟု၊ နဂါးပြည်၌တည်တော်မူ၏၊
ဧကာ၊ လက်ဝဲထက်ဓာတ် စွယ်တော်မြတ်သည်။
ဂန္ဓာရဝိသယေ၊ ဂန္ဓာရတိုင်း၌ တည်တော်မူ၏။
ဧကာ၊ လက်ဝဲအောက်ဓာတ် စွယ်တော်မြတ်သည်။
ကာလိင်္ဂရာဇိနော၊ ကာလိင်္ဂရာဇ်ပြည်၌ တည်တော်မူ၏။

(သာ၊ ထိုကာလိင်္ဂရာဇ် စွယ်တော်သည်။
ပစ္ဆာ၊ သာသနာနှစ် ရှစ်ရာသုံးဆယ် (၈၃၀) ရှိသော နောက်အခါ၌။
သီဟဠေ၊ သီဟိုဠ်ကျွန်း၌ တည်တော်မူ၏။)

(၈) စတ္တာလီသ သမဒန္တာ၊ ကေသာ လောမာ စ သဗ္ဗသော။
ဒေဝါ ဟရိံသု ဧကေကံ၊ စက္ကဝါဠပရမ္ပရာ။

စတ္တာလီသ သမဒန္တာစ၊ အမျှလေးဆယ်သော သွားတော်တို့သည် လည်းကောင်း၊
သဗ္ဗသော၊ အလုံးစုံကုန်သော။
ကေသာ လောမာစ၊ ဆံတော် မွေးညင်းတော်တို့သည်လည်းကောင်း၊
သန္တိ၊ ရှိကုန်၏။
စက္ကဝါဠပရမ္ပရာ၊ စကြဝဠာ အဆက်ဆက်မှ ရောက်လာကုန်သော။
ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။
ဧကေကံ၊ တဆူစီ တဆူစီကို။
ဟရိံသု၊ ဆောင်ယူကြကုန်ပြီ။

ပရိဘောဂစေတီ (ပရိက္ခရာ)

(၉) ဝဇိရာယံ ဘဂဝတော၊ ပတ္တော ဒဏ္ဍဉ္စ စီဝရံ။
နိဝါသနံ ကုလသရေ၊ ပစ္စတ္ထရဏံ ကပိလဝှယေ။

ဘဂဝတော၊ မြတ်စွာဘုရား၏။
ပတ္တော ဒဏ္ဍဉ္စ စီဝရံ၊ သပိတ်တော် တောင်ဝှေးတော် သင်္ကန်းတော်သည်။
ဝဇီရာယံ၊ ဝဇီရာပြည်၌ တည်တော်မူ၏။
နိဝါသနံ၊ သင်းပိုင်တော်သည်။
ကုလဃရေ၊ ကုလဃရပြည်၌ တည်တော်မူ၏။
ပစ္စတ္ထရဏံ၊ အိပ်ရာခင်းတော်သည်။
ကပိလဝှယေ၊ ကပိလဝတ် ပြည်၌ တည်တော်မူ၏။

(၁၀) ပါဋလိပုတ္တ ပုရမှိ၊ ကရဏံ ကာယဗန္ဓနံ။
စမ္ပာယုဒကသာဋိကာ၊ ဥဏ္ဏာလောမော စ ကောသလေ။

ကရဏံ ကာယဗန္ဓနံ၊ ဓမ္မကရိုဏ်နှင့် ခါးပန်းတော်သည်။
ပါဋလိပုတ္တပုရမှိ၊ ပါဋလိပုတ်ပြည်၌ တည်တော်မူ၏။
ဥဒကသာဋိကာ၊ ရေသနုပ်တော်သည်။
စမ္ပာယံ၊ စမ္ပာပြည်၌ တည်တော်မူ၏။
ဥဏ္ဏာလောမောစ၊ ဥဏ္ဏလုံမွေးရှင်တော်သည်ကား။
ကောသလေ၊ ကောသလတိုင်းပြည်၌ တည်တော်မူ၏။

(၁၁) ကာသာဝဉ္စ ဗြဟ္မလောကေ၊ ဝေဌနံ တိဒသေ ပုရေ။
နိသီဒနံ အဝန္တီသု၊ ဒေဝရဋ္ဌေ အတ္ထရဏံ။

ကာသာဝဉ္စ၊ သင်္ကန်းတော် တထည်သည်ကား။
ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌ တည်တော်မူ၏။
ဝေဌနံ၊ ဦးရစ်တော်သည်။
တိဒသေ ပုရေ၊ တာဝတိံသာနတ်ပြည်၌ တည်တော်မူ၏။
နိသီဒနံ၊ နိသီဒိုင်သည်။
အဝန္တီသု၊ အဝန္တိတိုင်းတို့၌ တည်တော်မူ၏၊
အတ္ထရဏံ၊ မြေခင်းနှီးသည်။
ဒေဝရဋ္ဌေ၊ ဒေဝရဋ္ဌတိုင်းပြည်၌ တည်တော်မူ၏။

(၁၂) အရဏီ စ မိဓိလာယံ၊ ဝိဒေဟေ ပရိသာဝနံ။
ဝါသိ သူစိဃရဉ္ဇာပိ၊ ဣန္ဒပတ္တေ ပုရေ တဒါ။

အရဏီ၊ မီးပွတ်တော်သည်။
မိဓိလာယံ၊ မိမိလာပြည်၌ တည်တော်မူ၏။
ပရိသာဝနံ၊ ရေစစ်ပဝါသည်။
ဝိဒေဟေ၊ ဝိဒေဟပြည်၌ တည်တော်မူ၏။
ဝါသိ သူစိဃရဉ္ဇာပိ၊ ပဲခွပ်တော်, အပ်ကျည်တော်သည်လည်း၊
တဒါ၊ ထိုအခါ၌။
ဣန္ဒပတ္တေ ပုရေ၊ ဣန္ဒပတ္တပြည်၌ တည်တော်မူ၏။

(၁၃) ပရိက္ခာရာ အဝ သေသာ၊ ဇနပဒေ အပရန္တကေ။
ပရိဘုတ္တာနိ မုနိနာ၊ မဟိံ သု မနုဇာ တဒါ။

အဝသေသာ ပရိက္ခာရာ၊ ကြွင်းကျန်သော ပရိက္ခရာတို့သည်။
အပရန္တ ကေ ဇနပဒေ၊ အပရန္တဇနပုဒ်၌ တည်တော်မူကုန်၏။
တဒါ၊ ထိုအခါ၌၊
မုနိနာ၊ မြတ်စွာဘုရားသည်။
ပရိဘုတ္တာနိ၊ သုံးဆောင်အပ်သော ပရိက္ခရာတို့ကို။
မနုဇာ၊ နတ်လူတို့သည်။
မဟိံ သု၊ ပူဇော်ကြကုန်ပြီ။

(၁၄) ဓာတု ဝိတ္ထာရိကံ အာသိ၊ ဂေါတမဿ မဟေသိနော။
ပါဏီနံ အနုကမ္ပာယ၊ အဟု ပေါရာဏိကံ တဒါ။

တဒါ၊ ထိုအခါ၌။
ဂေါတမ မဟေသိနော၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား၏။
ဓာတု၊ ဓာတ်တော်သည်။
ပါဏီနံ၊ သတ္တဝါတို့ကို။
အနုကမ္ပာယ၊ အစဉ်သနားတော်မူခြင်းဖြင့်။
ဝိတ္တာရိကံ၊ နှံ့ပျံ့သည်။
အာသိ၊ ဖြစ်ပြီ။
ဣတိ၊ ဤသို့။
ပေါရာဏိကံ၊ နောင်ခါသိကြောင်း ရှေးဖြစ်ဟောင်းသည်။
အဟု၊ ဖြစ်ပြီ။

ဓာတု ပရိနိဗ္ဗာန်

ဧတာ ဓာတုယော၊ ဤအရပ်ရပ် နှံ့တည်သော ဓာတ်တော်တို့သည်။
ဩသက္ကနကာလေ၊ သာသနာဆုတ်မှိန် ကွယ်ချိန်ရောက်လာ နောက်အခါ၌။
တမ္ဗပဏ္ဏိဒီပေ၊ သီဟိုဠ်ကျွန်း၌။
သန္နိပတိတွာ၊ တမုန်ညင်းမျှအကြား မပြုန်းတီး စုကာရုံးစည်း၍။
မဟာစေတိယံ၊ မဟာစေတီသို့။
တတော၊ ထိုမှ။
ရာဇာယတနံ၊ နာဂဒီပကျွန်း ရာဇာယတနစေတီသို့။
တတော၊ ထိုမှ။
မဟာဗောဓိပလ္လင်္ကံ၊ မဟာဗောဓိပလ္လင်သို့။
ဂမိဿန္တိ၊ ကြွရောက်ကုန်လတ္တံ့။

တတ္ထ၊ ထိုမဟာဗောဓိပလ္လင်၌။
သုဝဏ္ဏက္ခန္ဓောဝ၊ ရွှေတုံးကြီးကဲ့သို့။
ဧကတ္ထနာ ဟုတွာ၊ တလုံးတခဲတည်းဖြစ်၍။
(ဗုဒ္ဓရူပံ၊ ဘုရားရှင် ရုပ်ပုံတော်ကို။
ဂဟေတွာ၊ ယူ၍။)
ဆဗ္ဗဏ္ဏ ရသ္မိယော၊ ခြောက်သွယ်သော ရောင်ခြည်တော်တို့ကို။
ဝိဿဇ္ဇေဿန္တိ၊ သောင်းလောကဓာတ် အနှံ့ လွှတ်ကုန်လတ္တံ့။

တဒါ၊ ထိုအခါ၌။
ဒေဝတာ၊ သောင်းလောကဓာတ် နတ်ဗြဟ္မာတို့သည်။
သန္နိပတိတွာ၊ စည်းဝေး၍။
အဇ္ဇ၊ ယနေ့ကား၊
သတ္ထာ၊ ငါတို့ ဆရာ ဘုရားမြတ်စွာသည်။
ပရိနိဗ္ဗာတိ၊ ပရိနိဗ္ဗာန်စံခြင်းကြီး စံတော်မူချေတကား။
အဇ္ဇ၊ ယနေ့ကား၊
သာသနံ၊ ဘုရားမြတ်စွာသာသနာတော်သည်။
ဩသက္ကတိ၊ ကွယ်ခြင်းကြီး ကွယ်တော်မူချေ၏တကား။
ဣဒံ၊ ဤယခု ဖူးမြင်ရခြင်းသည်။
အမှာကံ၊ ငါတို့၏။
ပစ္ဆိမဒဿနံ၊ နောက်ဆုံး ဖူးမြင်ရခြင်းပါတကား။
ဣတိ၊ ဤသို့ဆို၍။
ကာရုညတရံ၊ လွန်စွာသနားဖွယ်ကို။
ကရိဿန္တိ၊ လှိုက်လှိုက်လှဲလှဲ စိတ်အားနဲ၍ ကြည်ကွဲသမှု ပြုကုန်လတ္တံ့။

ဓာတူသု၊ ဓာတ်တော်တို့၌။
တေဇောဓာတု၊ တေဇောဓာတ်သည်။
ဥဋ္ဌဟိတွာ၊ တခုမကြွင်း အကုန်လင်း၍။
ဥဂ္ဂစ္ဆိဿတိ၊ ဗြဟ္မာပြည်တိုင်အောင် ထိန်ပြောင်ဝင်းတောက် တက်၍ရောက်လတ္တံ့။
ဓာတူသု၊ ဓာတ်တော်တို့သည်။
အန္တရ-ဟိတာသု၊ ကွယ်ကုန်သည်ရှိသော်။
သာသနံ၊ ဘုရားမြတ်စွာ သာသနာတော်သည်။
အန္တရ-ဟိတံနာမ၊ ကွယ်သည် မည်သည်။
ဟောတိ၊ ဖြစ်၏။

ဧဝံ၊ ဤသို့။
စုဏ္ဏဇာတာပိ၊ တေဇောဓာတ်လှုံ့ ရုပ်ဓာတ်ကြုံ့၍ မှုန့်မှုန့် ညက်ထွေ ပျက်၍ကြေကုန်သော်လည်း။
မဟာနုဘာဝံ၊ ကြီးစွာသော တန်ခိုးအာနုဘော်ကို။
ဒဿေန္တိယော၊ ပြတတ်ကုန်သော။
သဗ္ဗဓာတုယော၊ အလုံးစုံသော ပရိဘောဂနှင့်တကွ ဓာတ်တော်တို့ကို။
အဟံ၊ စိတ်နာမ် မှီကာ ဥပါဒါနှင့် လေးဖြာဓာတ်ရုပ် အကျွန်ုပ်သည်။
ဝန္ဒာမိ၊ သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းကွာစေလို သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

ဓမ္မတာသုံးဆယ် (ဆဋ္ဌနေ့)

သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော ဘုရားရှင်တို့၏၊
ဓမ္မတာ၊ ဓမ္မတာတို့သည်။
သမတိံ သဝိဓာ၊ အမျှသုံးဆယ် အပြားရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တံ ယထာ၊ ထိုဓမ္မတာတို့ကား။

(* ဓမ္မတာ ၃ဝ မျှ ဗုဒ္ဓဝင်အဋ္ဌကထာ၌ ပြသည်။ သက်တမ်းငါးပုံတွင် လေးပုံမျှဖြင့် မဟာပရိနိဗ္ဗာန်စံခြင်းလည်း ဓမ္မတာဟု ဆိုကုန်သေး၏။

ဖဝါးဖြင့် တောထွက်သည်ကား နာရဒဘုရားတဆူ ဖြစ်၏။

ဗောဓိပင်တို့ကား ဒီပင်္ကရာမှစ၍ ၂၅ ဆူ စဉ်တိုင်း ညောင်ကြတ်၊ နံပဲ ဝါ-သာလကလျာဏီခေါ် ထင်ရှားပင်။ ကံ့ကော် (ကံ့ကော်၌ မံ၊ သု၊ ရေ၊ သော လေးဆူ၊) ဖောက်ကြံ့ ၊ ကြောင်လျှာ။ (ကြောင်လျှာ၌ ပ၊ နာ နှစ်ဆူ၊) ထင်းရှူး ဝါ-အင်ကြင်း၊ ကမာ၊ ကြခတ်၊ ခံတက်၊ ဝါ-သျှိသျှား၊ စကား၊ သံသတ် ဝါ-မျက်နှာပန်း၊ မဟာလှေကား၊ ပိတောက်၊ သျှိသျှား၊ သခွတ်၊ သရက်ဖြူ၊ အင်ကြင်း၊ ကုက္ကို၊ ရေသဖန်း၊ ပညောင်၊ ညောင်ဗုဒ္ဓဟေ ၂၅ ဆူ၏ ၂၁ ပင်။)

(၁) သံ၊ပလ်၊ဌိ၊အ။ ဥတ်၊နိ၊အ၊သံ။ [အုတ်ဟု ဖတ်။]
တိ၊အာ၊မာ၊ဗော။ သတ်၊မ၊ဣ၊စ။
ဇေ၊သာ၊တာ၊သင်။ သ၊ဒွိ၊သိက်၊ဇာ။
ဉာ၊အာနိ၊ဒိ။ ပရိ၊စတု။

ပစ္ဆိမဘဝိက ဗောဓိသတ္တဿ။ အဆုံးဘဝ၌ဖြစ်သော ဘုရားလောင်း ဟူသမျှ၏။

သံ-သမ္ပဇာနဿ မာတုကုစ္ဆိဩက္ကမနံ၊ ပညာအဆင်အခြင် မကင်းမူ၍ မယ်တော်ဝမ်းတွင်း သက်ဆင်း ကိန်းအောင်းခြင်းသည် လည်းကောင်း။

ပလ်-ပလ္လင်္ကေန နိသီဒိတွာ ဗဟိမုခေါ လောကနံ၊ မယ်တော်ဝမ်း၌ တင်ပျဉ်ခွေလျက် ပြင်ဘက်ရှေးရှု မျက်နှာ ပြု၍ကြည့်ရှုခြင်း လည်းကောင်း။

ဋ္ဌိ-ဋ္ဌိကာယ မာတုယာ ဝိဇာယနံ၊ ရပ်လျက်တည်စဉ် မွေးမိခင်မှ ဖွားသန့်စင်ခြင်း လည်းကောင်း။

အ-အရညေယေဝဝိဇာယနံ၊ တောအရပ်၌သာ ဖွားမြင်ခြင်း လည်းကောင်း၊

(ဖွားဘက်တော် ခုနစ်ဦး -
အမှာကံ၊ ငါတို့၏။
ဘဂဝတောယေဝ၊ မြတ်စွာဘုရားအားသာလျှင်။
သဟဇာတာ၊ ဖွားဘက်တော်တို့သည်။
အာ၊ ဗော၊ ကာ၊ ယ၊ ဆန်၊ ရွှေ၊ ကဏ်..
အာ၊ ညီတော်အာနန္ဒာလည်းကောင်း။
ဗော၊ ဗောဓိပင်လည်းကောင်း။
ကာ၊ ကာဠုဒါယီ အမတ်လည်းကောင်း။
၊ ယသော်ဓရာ မိဖုရားလည်းကောင်း၊
ဆန်၊ ဆန္ဒအမတ်လည်းကောင်း၊
ရွှေ၊ ရွှေအိုးကြီးလေးလုံးလည်းကောင်း၊
ကဏ်၊ ကဏ္ဍကမြင်း လည်းကောင်း။
ဣတိ၊ ဤသို့။
သတ္တ၊ ခုနစ်ဦးတို့သည်။
ဟောတိ၊ ဖြစ်ကုန်၏။

နက္ခတ္တပရိစ္ဆေဒ။
မဟာပုရိသော၊ ငါတို့ဆရာ ဘုရားမြတ်စွာသည်။
ဥတ်၊ ဝိ၊ မာ၊ အသ် ...
ဥတ်၊ ဥတ္တရာသဠ်နက္ခတ် ယှဉ်သော ဝါဆိုလပြည့်နေ့၌ မယ်တော်ဝမ်းသို့ သက်ဝင်၏။ တောအထွက်ကြီး ထွက်၏။ ဓမ္မစကြာ ဟော၏။ ရေမီးအစုံ တန်ခိုးပြ၏။ (လေးမျိုး)။
ဝိ-ပိသာခါ နက္ခတ်ယှဉ်သော ကဆုန်လပြည့်နေ့၌ ဖွားမြင်၏။ ဘုရားဖြစ်၏။ ပရိနိဗ္ဗာန်စံ၏ သုံးမျိုး)။
မာ-မာဃနက္ခက်ယှဉ်သော တပို့တွဲလပြည့်နေ့ သာဝကအစည်းအဝေး ပြု၏။ အာယုသင်္ခါရလွှတ်၏။(နှစ်မျိုး)၊
အသ်- အဿယုဇနက္ခတ် ယှဉ်သော သီတင်းကျွတ် လပြည့်နေ့၌ နတ်ပြည်မှ သက်ဆင်း၏ (တမျိုး)၊
အယံ၊ ဤသည်ကား။
နက္ခတ္တ ပရိစ္ဆေဒေါ၊ နက္ခတ် အပိုင်းအခြားတည်း။)

ဒီပင်္ကရာ ဘုရားထံ၌ သုမေဓာရသေ့ဖြစ်စဉ် နိယတဗျာဒိတ် ခံရခြင်းလည်း ကဆုန်လပြည့်နေ့ပင်တည်းဟု ဆိုကုန်၏။

ဥတ်-ဥတ္တရာဘိမုခေန ဂန္တွာ စတုဒ္ဒိသံ ဩလောကေတွာ သီဟနာဒ နာနံ၊ ရွှေပြားချပ်ထက် ခြေတော်သက်၍ မြောက်ဘက်ခုနစ်ဖဝါး လှမ်းသွား၍သာ လေးမျက်နှာကြည့်လျက် အဂ္ဂေါဟမသ္မိ-စသည်ဖြင့် ခြင်္သေ့သံစကား ကြုံးဝါးခြင်း လည်းကောင်း။

နိ-နိမိတ္တာနိ ဒိသွာ ဇာတမတ္တ ပုတ္တာနံ မဟာဘိနိက္ခမနံ၊ နိမိတ်ကြီးလေးပါးမြင်၍ သားတော်တပါး ဖွားကာမျှတွင် မြတ်သောတောထွက်ခြင်း လည်းကောင်း။

အ-အရဟတ္တဓဇ မာဒါယ ပဓာ နစရိယာ၊ အောင်လံသင်္ကန်း ဝတ်ဆင်မြန်း၍ ရဟန်း ပြုလုပ် အယုတ်ဆုံး ခုနစ်ရက်မျှ ဒုက္ကရ အဆင့်ဆင့် ဖြည့်ကျင့်ခြင်း လည်းကောင်း၊

သံ-သမ္ဗောဓိပါပုဏန ဒိဝသေ ပါယာသဘောဇနံ၊ ဘုရား ဖြစ်အံ့နေ၌ ဃနာနို့ဆွမ်း ဘုဉ်းပေးခြင်း လည်းကောင်း၊

တိ-တိဏသန္တာရေ သဗ္ဗညုတဉာဏာဓိဂမော၊ ဗောဓိပင်အောက် ကြဲမြှောက်သန့်ရှင်း မြက်အခင်းထက် ထိုင်လျက်စိတ်သန် သဗ္ဗညုတဉာဏ် ရခြင်းလည်းကောင်း။

အာ-အာနာပါနဿတိပရိကမ္မံ၊ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို အခြေပရိကံပြုခြင်း လည်းကောင်း။

မာ-မာရဗလဝိဒ္ဓံသနံ၊ မာရ်နတ်မင်း၏ စစ်သည်အပေါင်းကို ဖျက်ဆီးခြင်း လည်းကောင်း။

ဗော-ဗောဓိပလ္လင်္ကေယေဝ အသာဓာရဏ ဉာဏာဒိဂုဏပဋိလာဘော၊ ဗောဓိပလ္လင်၌သာလျှင် ဝိဇ္ဇာသုံးပါး အဦးထားကာ ဣံ၊အာ၊ယ၊မ၊သဗ္ဗ၊အနာ ဟူသော ဆ အသာဓာရဏဉာဏ်တော်စတုံ ကျေးဇူးဂုဏ်အနန္တ ရခြင်း လည်းကောင်း၊

သတ်-သတ္တသတ္တာဟံ ဗောဓိသမီပေ ယေဝ ဝီတိနာမနံ၊ ခုနစ်ရက် ခုနစ်လီကို ဗောဓိပင်အနီး၌သာလျှင် လွန်စေခြင်း လည်းကောင်း။

မ-မဟာဗြဟ္မုနော အာယာစနံ၊ တရားဟောခြင်းငှါ မဟာဗြဟ္မာမင်း တောင်းပန်ခြင်းလည်းကောင်း၊

ဣ-ဣသိပတနေ ဓမ္မစက္ကပ္ပဝတ္တနံ၊ ဣသိပတန မိဂဒါဝုန်တော၌ ဓမ္စကြာတရား ဟောကြားခြင်း လည်းကောင်း

စ-စတုရင်္ဂိက သန္နိပါတေ ပါတိမောက္ခုဒ္ဒေသော၊ ဧဟိ၊ ဆဠ၊ နာမန္တ၊ မာဃပုဏ္ဏမီ အင် လေးလီရှိသော သာဝက အစည်းအဝေးကြီး၌ ဩဝါဒပါတိမောက်ပြခြင်း လည်းကောင်း။

ဇေ-ဇေတဝနဌာနေ နိဗဒ္ဓဝါသော၊ ဇေတဝန် ကျောင်းတော်နေရာ၌ ကြာရှည်မကွေ အမြဲနေခြင်း လည်းကောင်း။

သာ-သာဝတ္ထိနဂရဒွါရေ ယမကပါဋိဟာရိယကရဏံ၊ သာဝတ္ထိမြို့တံခါးနေရာ၌ မီးအစုံ တန်ခိုး ပြခြင်း လည်းကောင်း။

တာ-တာဝတိံသေ အဘိဓမ္မဒေသနာ၊ တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားခြင်း လည်းကောင်း၊

သင်-သင်္ကဿ နဂရ ဒွါရေ ဒေဝလောကတော ဩတရဏံ၊ သင်္ကဿမြို့ တံခါးနေရာ၌ နတ်ပြည်မှ သက်ဆင်းခြင်း လည်းကောင်း။

သ-သတတံ ဖလသမာပတ္တိသမာပဇ္ဇနံ၊ မပြတ်မပြတ် ဖလသမာပတ် ဝင်စားခြင်းလည်းကောင်း။

ဒွီ-ဒွီသု ဝါရေသု ဝေနေယျာဝလောကနံ၊ မဂ်ဖိုလ်ရထိုက်သော ဝေနေယျတို့ကို တနေ့နှစ်ကြိမ် ကြည့်ရှုခြင်း လည်းကောင်း။

သိက်-သိက္ခာပဒ ပညာပနံ ဝတ္ထုမှိ၊ မဖွယ်မရာ လွန်ကြူးမှု ဖြစ်လာသော် လျော်စွာထိန်းချုပ် သိက္ခာပုဒ် ပညတ်ခြင်း လည်းကောင်း။

ဇာ-ဇာတက ကထနံ အတ္ထုပ္ပတ္တိယာ၊ ရှေးဟောင်းဆက်ဆံ ပစ္စုပ္ပန်ထုပ္ပတ် ဖြစ်ပေါ်လတ်သော် ဇာတ်တော်ကို ဟောခြင်းလည်းကောင်း။

ဉာ- ဉာတိသမာဂမေ ဗုဒ္ဓဝံသကထနံ၊ ဆွေတော်မျိုးတော် အစည်းအဝေး၌ ဗုဒ္ဓဝင်ဟောခြင်း လည်းကောင်း။

အာ-အာဂန္တုကေဟိ ပဋိသန္တာရကရဏံ၊ အာဂန္တု ရဟန်းတို့နှင့် အစေ့အစပ်စကား “ချမ်းသာစွာ နေကြရသလော” စသည်ဖြင့် ပြောကြားခြင်းလည်းကောင်း။

နိ-နိမန္တိတ ဝုတ္ထာနံ အနာပုစ္ဆာ အဂမနံ၊ ပင့်ဖိတ်၍ ဝါကျွတ်သောအခါ မပန်မကြား ဖဲမသွားခြင်း လည်းကောင်း။

ဒိ-ဒိဝသေ ဒိဝသေ ပဉ္စကိစ္စကရဏံ၊ နေ့တိုင်း နေ့တိုင်း ပုရေဘတ္တကိစ္စ, ပစ္ဆာဘတ္တကိစ္စ, ပဌမယာမကိစ္စ မဇ္ဈိမယာမကိစ္စ ပစ္ဆိမယာမကိစ္စ-ဟူသော ဗုဒ္ဓကိစ္စငါးပါး ပြုခြင်းလည်းကောင်း။

ပရိ-ပရိနိဗ္ဗာန ဒိဝသေ မံသရသ ဘောဇနံ၊ ပရိနိဗ္ဗာန်စံအံ့သော နေ့၌ သားပြွမ်းဆွမ်း ဘုဉ်းပေးခြင်း လည်းကောင်း။

စတု-စတုဝီသတိ ကောဋိသတသဟဿသမာပတ္တိယော သမာပဇ္ဇိတွာ ပရိနိဗ္ဗာနံ၊ ကုဋေ နှစ်သန်း လေးသိန်းသော ဈာန်သမာပတ်တို့ကို ဝင်စား၍ ပရိနိဗ္ဗာန် စံခြင်းလည်းကောင်း။

ဣတိ၊ ဤအမျှသုံးဆယ်တို့သည်။
ဓမ္မတာ၊ ဘုရားရှင်တို့၏ ဓမ္မတာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏၊

အဝိဇဟိတ အရပ်လေးပါး

သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော ဘုရားရှင်တို့၏။
အဝိဇဟိတဋ္ဌာနာနိ၊ မစွန့်အပ်သော အရပ်တို့သည်။
ဗော၊ ဓမ်၊ သင်၊ စတ်။

ဗော-ဗောဓိ ပလ္လင်္ကဋ္ဌာနံ၊ တောင်ကျွန်းချက်ချာ ဗောဓိပလ္လင်နေရာ လည်းကောင်း။

ဓမ်-ဓမ္မစက္ကပ္ပဝတ္တနဋ္ဌာနံ၊ ဣသိပတန မိဂါဝုန်တော၌ ဓမ္မစကြာ ဟောရာ အရပ်လည်းကောင်း။

သင်-သင်္ကဿနဂရဒွါရေ ပဌမကပါဒဋ္ဌာနံ၊ နတ်ပြည်မှ သက်ဆင်းသောအခါ သင်္ကဿမြို့တံခါး၌ ပထမခြေတော်ချရာ အရပ်လည်းကောင်း။

စတ်-စတ္တာရိ မဉ္စပါဒဋ္ဌာနာနိ၊ ဇေတဝန်ကျောင်း ဂန္ဓကုဋိ၌ *ညောင်စောင်းတော် အခြေလေးခုနေရာတို့ လည်းကောင်း။

ဣတိ၊ ဤသို့။
စတ္တာရိ၊ လေးခုသော အရပ်တို့သည်။
ဧကသ္မိံ ယေဝ ဌာနေ၊ ထပ်ဆင့်သီးသီး တနေရာတည်း၌သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။

(*သုတ်မဟာဝါ မဟာပဒါနသုတ် ဋီကာ၌ ညောင်စောင်း အကြီးအငယ် အားဖြင့် ညောင်စောင်းနေရာ ကြီးခြင်း၊ ငယ်ခြင်းသည် ပမာဏမဟုတ်၊ ဗုဒ္ဓါနုဘာဝဖြင့် ထိုနေရာသည် အခါခပ်သိမ်း ဧကပ္ပမာဏသာတည်း။ ဝိဟာရလည်း နေရာမစွန့်။)

ဝေမတ္တ ရှစ်ပါး

သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော ဘုရားရှင်တို့၏။
ဝေမတ္တာနိ၊ တဆူနှင့်တဆူ မတူပိုင်းခြား အထူးအပြားတို့သည်။
အာ၊ ပ၊ ကု၊ ဓာ၊ ရ၊ ယာ၊ ဗော၊ ပလ်။

အာ-အာယုဝေမတ္တ၊ တစ်သိန်းမှ တစ်ရာအတွင်း သက်တော် ရှည်, တို ထူးပြားခြင်း လည်းကောင်း၊

ပ-ပမာဏဝေမတ္တံ၊ အတောင် ကိုးဆယ်မှ တစ်ဆယ့်ရှစ်တောင်အတွင်း အရပ်တော် နိမ့်မြင့် ထူးပြားခြင်း လည်းကောင်း။

ကု- ကုလဝေမတ္တံ၊ မင်းမျိုး, ပုဏ္ဏားမျိုး နှစ်မျိုး ထူးပြား ခြင်းလည်းကောင်း။

ဓာ-ပဓာနဝေမတ္တံ၊ ခုနစ်ရက်မှ ခြောက်နှစ်အထိ ဒုက္ကရစရိယာ ထူးပြားခြင်း လည်းကောင်း။

ရ-ရသ္မိဝေမတ္တံ၊ တလံမှ သောင်းလောကဓာတ်အထိ ရောင်ခြည်တော် ထူးပြားခြင်း လည်းကောင်း။

ယာ-ယာနဝေမတ္တံ၊ ပြာသာဒ်, ထမ်းစင်, မြင်း, ဆင်, ရထား, ဖဝါး အားဖြင့် တောထွက်ရာယာဉ်တော် ထူးပြားခြင်း လည်းကောင်း။

ဗော-ဗောဓိဝေမတ္တံ၊ ကံ့ကော်၊ စကား၊ ပိတောက်၊ ဝါး၊ သျှိသျှား၊ ညောင်၊ သရက်စသော ဗောဓိပင် ထူးပြားခြင်း လည်းကောင်း၊

ပလ်-ပလ္လင်္ကဝေမတ္တံ၊ အတောင်ခြောက်ဆယ်မှ တစ်ဆယ့်လေးတောင်အတွင်း ပလ္လင်တော်ကြီး, ငယ် ထူးပြားခြင်း လည်းကောင်း။

ဣတိ၊ ဤသို့။
အဋ္ဌ၊ ရှစ်ပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အနန္တရာယိကဓမ္မ လေးပါး

သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော ဘုရားရှင်တို့၏
အနန္တရာယိကာ၊ အန္တရာယ်မဖြစ်ကောင်းကုန်သော။
ဓမ္မာ၊ သဘောတရားတို့သည်။
စတ္တာရော၊ လေးပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ဘဂဝန္တာနံ၊ ဘုန်းတော် ကြီးကုန်သော။
ဗုဒ္ဓါနံ၊ဘုရားရှင်တို့၏။
ဇီဝိတဿ။ ဇိဝိတိ၏။
အန္တရာယော၊ အန္တရာယ်ကို၊
ကေနစိ၊ တစုံတယောက်သောသူသည်။
ကာတုံ၊ ပြုခြင်းငှါ။
န သက္ကာ၊ မဟုတ်ကောင်း။

ဘဂဝန္တာနံ၊ ဘုန်းတော် ကြီးကုန်သော။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။
သဗ္ဗညုတဉာဏ၊ သဗ္ဗညုတ ရွှေဉာဏ်တော်၏။
အန္တရာယော၊ အန္တရာယ်ကို၊
ကေနစိ၊ တစုံတယောက်သောသူသည်။
ကာတုံ၊ ပြုခြင်းငှါ။
န သက္ကာ၊ မဟုတ်ကောင်း။

ဘဂဝန္တာနံ၊ ဘုန်းတော် ကြီးကုန်သော။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။
အတ္ထာယ၊ အလို့ငှါ။
အဘိဟဋာနံ၊ ရှေးရှုဆောင်အပ်ကုန်သော
စတုန္နံ ပစ္စယာနံ၊ ဆွမ်း သင်္ကန် းကျောင်း ဆေး-လေးပါးသောပစ္စည်းတို့၏။
အန္တရာယော၊ အန္တရာယ်ကို၊
ကေနစိ၊ တစုံတယောက်သောသူသည်။
ကာတုံ၊ ပြုခြင်းငှါ။
န သက္ကာ၊ မဟုတ်ကောင်း။

ဘဂဝန္တာနံ၊ ဘုန်းတော် ကြီးကုန်သော။
ဗုဒ္ဓါနံ၊ဘုရားရှင်တို့၏။
လက္ခဏာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ၊ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်, ရှစ်ဆယ်သော လက္ခဏာငယ်, တလံသော ရောင်ခြည်တော် ခြောက်သွယ်တို့၏။
အန္တရာယော၊ အန္တရာယ်ကို၊
ကေနစိ၊ တစုံတယောက်သောသူသည်။
ကာတုံ၊ ပြုခြင်းငှါ။
န သက္ကာ၊ မဟုတ်ကောင်း။

ဣမေသံ စတုန္နံ၊ ဤလေးပါးသော သဘောတရားတို့၏။
အန္တရာယော၊ အန္တရာယ်ကို၊
ကေနစိ၊ တစုံတယောက်သောသူသည်။
ကာတုံ၊ ပြုခြင်းငှါ။
န သက္ကာ၊ မဟုတ်ကောင်း။
တထာ၊ ထို့အတူ။
မေ၊ ငါ့အား။
ဟောတု၊ ဖြစ်ပါစေသတည်း။

အာဝေဏိကဂုဏ်တော် ၁၈ ပါး

ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရား၏။
အတီတံသေ၊ အတိတ် ခန္ဓာ ဖြစ်ရာအဘို့၌။
ဉာဏံ၊ ဉာဏ်တော်သည်။
အပ္ပဋိဟတံ၊ အပိတ်အပင် အဆီးအတား မရှိ။
အနာဂတံသေ၊ အနာဂတ်ခန္ဓာ ဖြစ်ရာ အဘို့၌။
ဉာဏံ၊ ဉာဏ်တော်သည်။
အပ္ပဋိဟတံ၊ အပိတ်အပင် အဆီးအတား မရှိ။
ပစ္စုပ္ပန္နံသေ၊ ပစ္စုပ္ပန်ခန္ဓာ ဖြစ်ရာအဘို့၌။
ဉာဏံ၊ ဉာဏ်တော်သည်။
အပ္ပဋိဟတံ၊ အပိတ်အပင် အဆီးအတား မရှိ။

ဣမေဟိ ဟီတိ ဓမ္မေဟိ၊ ဤသုံးပါးသော တရားတို့နှင့်။
သမန္နာ ဂတဿ၊ ပြည့်စုံတော်မူသော။
ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရား၏။
သဗ္ဗံ၊ အလုံးစုံသော။
ကာယကမ္မံ၊ ကာယကံသည်။
ဉာဏပုဗ္ဗဂံမံ၊ ဉာဏ်တော်လျှင် ရှေ့သွားရှိ၏။
ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်သို့ အစဉ်လိုက်၏။
သဗ္ဗံ၊ အလုံးစုံသော။
ဝစီကမ္မံ၊ ဝစီကံသည်။
ဉာဏပုဗ္ဗဂံမံ၊ ဉာဏ်တော်လျှင် ရှေ့သွားရှိ၏။
ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်သို့ အစဉ်လိုက်၏။
သဗ္ဗံ၊ အလုံးစုံသော။
မနောကမ္မံ၊ မနောကံသည်။
ဉာဏပုဗ္ဗဂံမံ၊ ဉာဏ်တော်လျှင် ရှေ့သွားရှိ၏။
ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်သို့ အစဉ်လိုက်၏။

ဣမေဟိ ဆဟိ ဓမ္မေဟိ၊ ဤခြောက်ပါးသော တရားတို့နှင့်။
သမန္နာ ဂတဿ၊ ပြည့်စုံတော်မူသော။
ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရားအား။
ဆန္ဒဿ၊ သမ္မာဆန္ဒ၏။
ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဝီရိယ၊ ဝီရိယ၏။
ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဓမ္မဒေသနာယ၊ တရားဟောခြင်း၏။
ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။
နတ္ထိ၊ မရှိ။
သမာဓိဿ၊ သမာဓိ၏။
ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။
နတ္ထိ၊ မရှိ။
*ပညာယ၊ ပညာ၏။
ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဝိမုတ္တိယာ၊ ကိလေသာမှ လွတ်ခြင်း၏။
ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။
နတ္ထိ၊ မရှိ။

(*ပညာယဖြင့် မဂ်ကို၊ ဝိမုတ္တိယာဖြင့် ဖိုလ်ကို ယူသည်။)

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ၊ ဤတစ်ဆယ့်နှစ်ပါးသောတရားတို့နှင့်
သမန္နာ ဂတဿ၊ ပြည့်စုံတော်မူသော။
ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရားအား။
ဒဝါ၊ မြူးတူး၍ ချွတ်ယွင်းခြင်းသည်။
နတ္ထိ၊ မရှိ။
ဝါ၊ ထိုင်းမှိုင်း၍ ချွတ်ယွင်းခြင်းသည်။
နတ္ထိ၊ မရှိ။
အဖုဋံ၊ ရွှေဉာဏ်တော်ဖြင့် မတွေ့မထိခြင်းသည်။
နတ္ထိ၊ မရှိ။
ဝေဂါယိတတ္တံ၊ အဆောတလျင် ပြုခြင်းသည်။
နတ္ထိ၊ မရှိ။
အဗျာဝဋမနော၊ အားမထုတ်သော စိတ်သည်။
ဝါ၊ အကျိုးမဲ့စိတ် ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိ။
အပ္ပဋိသင်္ခါနုပေက္ခာ၊ ဆင်ခြင်ဉာဏ်ကင်းသော ဥပေက္ခာသည်။
နတ္ထိ၊ မရှိ။

ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ၊ ဤတဆယ့်ရှစ်ပါးသော တရားတို့နှင့်။
သမန္နာ ဂတဿ၊ ပြည့်စုံတော်မူသော။
ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရားအား။
နမော၊ ရှိခိုးပါ၏။
သဒ္ဓမ္မဂဏုတ္တမော၊ တရား, သံဃာနှင့်တကွဖြစ်သော။
သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
သပရိဝါရံ၊ အခြံအရံနှင့်တကွဖြစ်သော။
သ ဉာတိဂဏံ၊ ဆွေမျိုးအပေါင်းနှင့်တကွဖြစ်သော။
မံ၊ ငါ့ကို။
စိရံ၊ ကြာမြင့်စွာ။
သဒါ၊ အခါခပ်သိမ်း။
ရက္ခတု၊ စောင့်ရှောက်တော်မူပါစေသတည်း။
မယှမေဝ၊ ငါအားသာလျှင်။
စိရံ၊ ကြာမြင့်စွာ၊
သဒါ၊ အခါခပ်သိမ်း။
သဗ္ဗကာမဒဒေါ၊ ကောင်းကျိုးလိုတိုင်း မဆိုင်းမထား ပေးသနားသည်။
ဟောတု၊ ဖြစ်ပါစေသတည်း။

ဝိစိတြဝန္ဒနာ ပထမပိုင်း (သတ္တမနေ့)

(၁) *ပညဝံပညဝါ ဗုဒ္ဓ၊ သုတဝံသုတဝါ တုလ။
ဘဂဝံဘဂဝါ ဘောန္တံ၊ ဘောန္တံ ဝန္ဒာမိ ဘောန္တဂုံ။

*(၁) ဂါထာ၌ သမာသ်အလယ် န္တုကို အံပြု၍ ပညဝံပညဝါ စသည် ဖြစ်၏။ အဘောန္တံ ကို အ ဘဝ အန္တံ ဟု ပုဒ်ဖြတ်။ ဘောန္တံကား ဘဝအန္တံ၊ ဘာဝေန္တံ၊ ဘဝန္တံ ဟု သုံးမျိုးသိလေ။ ဘောန္တဂုံကို ဘ၀ အန္တဂုံ ဟု ပုဒ်ဖြတ်။

သုတဝံ သုတဝါ၊ သုတရှိသူ နတ်လူတို့ထက် အထူးသုတ ရှိတော်မူသော။
ပညဝံပညဝါ၊ ပညာရှိသူ နတ်လူတို့ထက် အထူးပညာ ရှိတော်မူသော။
ဘဂဝံဘဂဝါ၊ ဘုန်းကံရှိသူ နတ်လူတို့ထက် အထူးဘုန်းကံ ရှိတော်မူသော။
အတုလ၊ တုဘက်လွတ်ကင်း သုံးလူ့မင်း ဖြစ်တော်မူသော။
ဗုဒ္ဓ၊ သဗ္ဗညုမြတ်စွာဘုရား။
အဘောန္တံ-အဘဝ အန္တံ၊ သံသရာဘဝ မဆုံးနိုင်ကြသူ နတ်လူအပေါင်းကို။
ဘောန္တံ-ဘဝအန္တံ၊ ဘဝအဆုံးရှိသည်ကို။
ဘောန္တံ-ဘာဝေန္တံ၊ ဖြစ်စေတော်မူတတ်သော။
ဘောန္တဂုံ-ဘဝ အန္တဂုံ၊ ဘဝဆုံးရာ နိဗ္ဗူတာသို့ ရှေးဦးစ္စာ ရောက်တော်မူပြီးသော။
ဘောန္တံ ဘဝန္တံ၊ ကိုယ်တော်သခင် ဘုရားရှင်ကို။
ဝန္ဒာမိ၊ ရိုသေမြတ်နိုးဦးနှိမ်ကျိုး၍ ရှိခိုးပါ၏ဘုရား။

[ဘဂဝံ မူလကာကဲ့သို့ သမာသ်အလယ်၌ နိဂ္ဂဟိတ်။ ဗလဝပုရိသောကဲ့သို့ နိဂ္ဂဟိတ်မဲ့လည်း ရှိ၏။]

(၂) စာလေယျုံ ဝိဓ သိန္နေရုံ၊ စာဝေယျုံ ဝါ မဟိံ မဟိံ ။
ဓီတိံ ဓီတိံ ဓီတိမန္တ၊ န ဝေါ သက္ကာ *စလေတဝေ။

*(၂) ဂါထာ၌ စာလေတဝေ-ဟု ဆိုလိုလျက် ဆန်းကြောင့် ရသပြု၍ စလေတဝေ-ဟု ဆိုသည်။ ဧဝအကျိုး ထင်ရှားစေလို၍ နသက္ကာဝဟု ဆိုသည်။

ဓီတိမန္တ၊ တည်ကြည်ခြင်း အထူး ရှိတော်မူသော မြတ်စွာဘုရား။
ဣဓ၊ ဤလောက၌။
သိန္နေရုံ၊ သိကြားဘုံတိုင် လွန်ခိုင်ကြီးဘိ ကျောက်အတိဆောင် မြင်းမိုရ်တောင်ကို။
စာလေယျုံ ဝါ၊ လှုပ်စေမူလည်း လှုပ်စေကုန်ရာ၏။
မဟိံ မဟိံ၊ မဆုံးနိုင်ဖွယ် ကြီးကျယ်လှစွာ ဤမဟာပထဝီ မြေကြီးကို။
စာဝေယျုံ ဝါ၊ ရွေ့စေမူလည်း ရွေ့စေကုန်ရာ၏။
ဝေါ၊ ရှင်တော်မြတ်ဘုရားတို့၏။
ဓီတိံ ဓီတိံ၊ အတုမရှိသော သမာဓိဂုဏ်တော်ကို။
စာလေတဝေ၊ လှုပ်စေရွှေ့စေခြင်းငှါ၊
န သက္ကာဝ၊ မတတ်ကောင်းသည်သာတည်း။

[စာလေတဝေ ဆိုလိုလျက် ဆန်းကြောင့် စလေတဝေ။]

(၃) နဒိံ နဒိဥှိ သောသေတုံ၊ ခိယေတုံ ဝါ မဟောဒဓိံ။
ခန္တိံ ခန္တိံ ခန္တိမန္တ၊ န ဝေါ သက္ကာ ခိယေတဝေ။

ခန္တိမန္တ၊ သည်းခံခြင်း အထူးရှိတော်မူသော မြတ်စွာဘုရား။
နဒိံ နဒိံ၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာကို။
သောသေတုံဝ ါ၊ ခြောက်သွေ့စေခြင်းငှါ လည်းကောင်း။
မဟောဒဓိံ၊ မဟာသမုဒ္ဒရာကို။
ခိယေတုံဝါ၊ ကုန်ခန်းစေခြင်းငှါ လည်းကောင်း။
သက္ကာ၊ တတ်ကောင်းကုန်၏၊
ဝေါ၊ ရှင်တော်မြတ်ဘုရားတို့၏။
ခန္တိံ ခန္တိံ၊ အတုမရှိသော သည်းခံခြင်း ဂုဏ်ကျေးဇူးကို။
ခိယေတဝေ၊ ခြောက်သွေ့စေ ကုန်ခန်းစေခြင်းငှါ။
န သက္ကာဝ၊ မတတ်ကောင်းသည်သာတည်း။

(၄) ဝါရေယျုံ ဝါ ဥက္ကာပါတံ၊ ဗာဓေယျုံ ကုလိသံ သတံ။
ဉာဏံ ဉာဏံ မဟာပည၊ န ဝေါ သက္ကာ *ဗဓေတဝေ။

* (၄) ဂါထာ၌ ဗာဓေတဝေဟု ဆိုလိုလျက် ဆန်းဖွဲ့၍ ဗဓေတဝေဟု ဆိုသည်။

မဟာပည၊ ပညာကြီးခြင်း အထူးရှိတော်မူသော မြတ်စွာဘုရား။
ဥက္ကာပါတံ၊ အဟုန်ထန်ပြင်း ဝင်းဝင်းလျင်မြန် ဥက္ကာပျံခြင်းကို။
ဝါရေကျုံ ဝါ၊ ရှေ့သို့မဆန် နောက်ဆုတ်ပြန်အောင် ကြံဖန်သောအား တားမူလည်း တားနိုင်ကုန်ရာ၏။
ကုလိသံ သတံ၊ ဝရဇိန်စကြာအရာမက မိုးကြိုးကျခြင်းကို။
ဗာဓေယျုံ ဝါ၊ မြေသို့မပြန့် အကြားတန့်အောင် ဟန့်မူလည်း ဟန့်နိုင်ကုန်ရာ၏။
ဝေါ၊ ရှင်တော်မြတ်ဘုရားတို့၏။
ဉာဏံ ဉဏံ၊ အတုမရှိသော ဉာဏ်တော်မြတ်ကို။
ဗာဓေတဝေ၊ ချွက်ချော် တိမ်းပါး အသိမှားအောင် ဟန့်တားခြင်းငှါ။
န သက္ကာဝ၊ မတတ်ကောင်းသည် သာတည်း။

[ဗာဓေတဝေ ဆိုလိုလျက် ဆန်းကြောင့် ဗဓေတဝေ။]

(၅) မဏိကေတူ ပဒုမာနိ၊ ဇောဘာ ပုပ္ဖါ စ ရံသိနာ။
သီလာ ပညာ သုတာ သန္တာ၊ ဘောန္တံ နိဿာယ ဇောတရေ။

(၅) ဂါထာ၌ ကမအလင်္ကာနည်းဖြင့် မဏိကေတူကို ဇောတာ၌ စပ်၊ ပုလ္လိင်။ ပဒုမာနိကို ပုပ္ဖါ၌ စပ်၊ နပုလ္လိုင်။ နိကို အာပြု၍ ပုပ္ဖါဟု ပြီးသည်။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
မဏိကေတူစ၊ ပတ္တမြား မှန်ကင်းတို့သည် လည်းကောင်း။
ပဒုမာနိစ၊ ပဒုမ္မာကြာပန်းတို့သည် လည်းကောင်း။
ရံသိနာ၊ နေမင်းထွန်းတောက် နေရှိန်ကျောက်မှသာလျှင်။
ဇောတာစ၊ ဝင်းဝင်းမြင့်မောက် ထိန်၍လည်း တောက်ကုန်၏။
ပုပ္ဖါ စ၊ ကားကားစွင့်စွင့် ပွင့်ကြီးလည်း ပွင့်ကုန်၏။
သီလာ ပညာ သုတာ သန္တာပိ၊ သီလရှိသူ ပညာရှိသူ သုဘရှိသူ သူတော်ကောင်းတို့သည်လည်း။
ဘောန္တံ၊ ရှင်တော်မြတ်ဘုရားကို။
နိဿာယ၊ အမှီရကြမှသာလျှင်။
ဇောတရေ၊ လူမျိုးစုံ မြတ်နိုး အားကိုး တသဲသဲ မရောင့်ရဲ တင်းမတိမ် ဂုဏ်ရှိန်မြင့်မောက် ရဲရဲကြီး ပွင့်တောက်ကြကုန်၏။

(၆) *နိဂြောဓံ နိဿိတာ ပက္ခီ၊ ဖလံ ဘုတွာ သုရမ္မရေ။
သာသနံ နိဿိတာ ဘိက္ခူ၊ ဒါယံ ဘုတွာ နမိယျရေ။

*(၆) ဂါထာ စသည်တို့၌ သဒ္ဒါပို အနက်ပို နေရာတို့၌သိလေသနည်း၊ အတ္တာထိသယနည်း စသည်တို့ကို အသုံးပြုကြသည်။

ပက္ခီ၊ ငှက်ကြီးငှက်ငယ်တို့သည်။
နိဂြောဓံ၊ ပညောင်ပင်ကြီးကို။
နိဿိတာ၊ မှီခိုကြကုန်သည်ဖြစ်၍။
ဖလံ၊ ညောင်သီးကို။
ဘုတွာ၊ စားကြရသောကြောင့်။
သုရမ္မရေ၊ တသက်တခါ မသေရာရောက်သကဲ့သို့ လွန်စွာ ဝမ်းမြောက်ကြကုန်၏။
ဘိက္ခူ ပိ၊ ရဟန်းသာမဏေတို့သည်လည်း။
သာ သနံ-သန္တအာသနံ၊ သူတော်ကောင်းတို့၏နေရာ ဖြစ်သောကြောင့်။
သာသနံ-သုဋ္ဌု အာသနံ၊ ကောင်းကောင်းကြီးသာ နေစရာ ဖြစ်သော။
သာသနံ၊ သာသနာတော်မြတ်ကို။
နိဿိတာ၊ မှီခိုကြကုန်သည်ဖြစ်၍။
ဒါယံ၊ အာမိသအမွေ ဓမ္မအမွေ အမွေတော်နှစ်ပါးကို။
ဘုတွာ၊ သုံးဆောင် ကြရသောကြောင့်။
န မိယျရေ၊ အိုနာကင်းကွေ မသေရာရောက် အမြဲ ဝမ်းမြောက်ကြကုန်၏။

(၇) ဥဒုမ္ဗရေ ဇာယေ ပုပ္ဖံ၊ သသေ ဇာယေ ဝိသာဏကံ။
ပဒုမံ နဂဂ္ဂေ ဇာယေ၊ န ဇာယေ ဝေါ ကုဒါလိကံ။

ဥဒုမ္ဗရေ၊ ရေသဖန်းပင်၌။
ပုပ္ဖံ၊ မပွင့်စဖူး အပွင့်ထူးသည်။
ဇာယေ၊ အရှေ့နေဝင် ဖြစ်လျှင်တလှည့်ဖြစ်ခဲ့ရာ၏။
သသေ၊ယုန်ငယ်၌။
ဝိသာဏကံ၊ မပေါက်စဖူး ဦးချိုထူးသည်။
ဇာယေ၊ မြင်းမိုရ်လန့်ကွဲ ပြိုလဲစဉ်ခါ ဖြစ်ခဲ့ရာ၏။
နဂဂ္ဂေ၊ ရေညွန်ကင်းဆိတ် ကျောက်တောင်ထိပ်၌။
ပဒုမံ၊ မဖြစ်သဘော ကြာရုံတောသည်။
ဇာယေ၊ အနောက်နေထွက် ယှဉ်ပြိုင်လျက်သာ ဖြစ်ခဲ့ရာ၏။
ဝေါ၊ ရှင်တော်မြတ်ဘုရားတို့၏ (သန္တာန်တော်၌)။
အလိကံ၊ စကားမမှန် ဖောက်ပြန်ခြင်းသည်။
ကုဒါ၊ ရံတဆစ်ကြိမ် ချိန်တလေမျှသော်လည်း။
န ဇာယေ၊ မဖြစ်သည်သာတည်း။

(၈) *မဏိံ မဏိံ ဝ ဣစ္ဆန္တာ၊ ဣစ္ဆန္တာ မဏိပဗ္ဗတံ။
ဓမ္မံ ဓမ္မံ ဝ ပတ္ထေန္တာ၊ ပတ္ထေန္တာ ဝေါဝ သန္တိကံ။

*(၈) ဂါထာ၌ ဥပဂစ္ဆန္တိကို ဝှက်ထားသည်။

မဏိံ မဏိံ ဝ၊ ပတ္တမြားထက် ပတ္တမြား အကောင်းဆုံး ပတ္တမြား ကိုသာလျှင်။
ဣစ္ဆန္တာ ဣစ္ဆန္တာ၊ အလိုရှိကုန် အလိုရှိကုန်သောသူတို့သည်။
မဏိပဗ္ဗတံ၊ ပတ္တမြားတောင်သို့။
ဥပဂစ္ဆန္တိ၊ ချဉ်းကပ်ကြရကုန်၏။
ဓမ္မံ ဓမ္မံ ဝ၊ တံရားထက် တရား အမြတ်ဆုံး တရားကိုသာလျှင်။
ပတ္ထေန္တာ ပတ္ထေန္တာ ပိ၊ တောင့်တကုန် တောင့်တကုန်သောသူတို့သည်လည်း။
ဝေါဝ၊ ရှင်တော်မြတ်ဘုရားတို့၏သာလျှင်။
သန္တိကံ၊ အထံတော်သို့။
ဥပဂစ္ဆန္တိ၊ ချဉ်းကပ်ကြရကုန်၏ ။

(၉) မေရုမှိ သသကာ သီဟာ၊ ယန္တိ ခေမီ အဟိံ သိတာ။
သာသနေ ပုထုဇ္ဇနာရိယာ၊ ယန္တိ ခေမီ အတီတိတာ၊

(၉) ဂါထာ၌ ကတ္တုပမာ အာစာရအနက် နာမ်ပုဒ်နောင် အာယ ပစ္စည်း သက်၍ သီဟာယန္တိ စသည် ဖြစ်၏။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
မေရုမှိ၊ မြင်းမိုရ်တောင်ခြေ မြိုင်ဝေဝေ၌။
ဌိတာ၊ တိရစ္ဆာန်ဘာဝ တည်နေကြသူတို့သည်။
ခေမီစ၊ ဘေးရန်လည်း ကင်းကုန်၏။
အဟိံ သိတာစ၊ ခြင်္သေ့မလိုက် ကျားမကိုက်ခဲ အညှဉ်းဆဲမှုလည်း လွတ်ကုန်၏။
သသကာပိ၊ ယုန်ငယ်ဘို့သော်မှလည်း။
သီဟာယန္တိ၊ ခြင်္သေ့ရောင် ပြေးနိုင်ကြကုန်၏။
သာသနေ၊ သာသနာတော်၌။
ဌိတာပိ၊ သီလအာစာ ကျင့်သိက္ခာဖြင့် သန္တာဘာဝ တည်နေကြသူတို့သည်လည်း။
ခေမီစ၊ ဘေးရန်လည်း ကင်းကုန်၏။
အတီတိတာစ၊ လူသာမန်တို့ လွန်မြောက်နိုင်ဝေး အပါယ်ဘေးကို မိမိလည်း လွန်မြောက် သူတပါး တို့ကိုလည်း လွန်မြောက်စေနိုင်ကုန်၏။
ပုထုဇ္ဇနာပိ၊ ပုထုဇဉ်တို့သော်မှလည်း။
အရိယာယန္တိ၊ အရိယာရောင် ပြေးနိုင်ကြကုန်၏။

(၁၀) အန္ဓမ္ပိ အနန္ဓီယန္တိ၊ ရညော ပုတ္တံ သုဂါရဝါဒ။
ဒုပ္ပညံ ပညဝီယန္တိ၊ ဝုဍ္ဎကမ္ပိ ဇိနောရသံ။

*(၁၀)ဂါထာ၌ ကမ္မူပမာဖြစ်၍ ဤယပစ္စည်းသက်၍ အနန္ဒိယန္တိ စသည် ဖြစ်၏။

ရညောပုတ္တံ၊ ဘုရင့်ရင်သွေး မင်းသားကလေးကို။
ဇနာ၊ တိုင်းသူပြည်သား လူအများတို့သည်။
သုဂါရဝါ၊ လွန်စွာကြောက်ကြ ရိုသေကြရကုန်၏ ။
အန္ဓမ္ပိ၊ မင်းသားမျက်မမြင်ကိုသော်လည်း။
အနန္ဓီယန္တိ၊ မျက်မြင်အနေ ရိုသေခန့်ညား ဝပ်တွားကြရကုန်၏။
ဇိနောရသမ္ပိ၊ သာသနာဖွား ဘုရားသားတော်ကိုလည်း။
ဇနာ၊ တိုင်းသူပြည်သား လူအများတို့သည်။
သုပူဇကာ၊ ဝဋ်မှလွတ်ရေး မျှော်တွေးကော်ရော် ပူဇော်မြတ်နိုး တအားကိုး ကြရကုန်၏။
ဒုပ္ပညံ၊ ပညာသုတ နည်းပါးလှသော။
ဝုဍ္ဎကမ္ပိ၊ တောထွက် ရဟန်းကြီးကိုသော်လည်း။
ပညဝီယန္တိ၊ ပညာရှိအလား ဝပ်တွားမြတ်နိုး တအားကိုးကြရကုန်၏။

(၁၁) ဒုဿီလာ သီလဝါယန္တိ၊ သံဃေဒါနံ ဖလက္ကရာ၊
ဒုဿီလံ သီလဝီယန္တိ၊ သံဃံ ဥဒ္ဒိဿ ဒါယကာ။

ဇိနောရသာ၊ သာသနာဖွား ဘုရားသားတော်သည်။
သံဃေဒါနံ၊ ကျင့်ပြီး ကျင့်ဆဲ လေးစုံတွဲကာ ရှစ်မှာဆက်ကပ် သံဃိက အလှူမြတ်ကို။
ဖလက္ကရာ၊ အကျိုးသင်္ချေ ပြီးမြောက်စေကုန်၏။
ဧဝံ၊ ဤနည်းဖြင့်။
ဒုဿီလာပိ၊ သီလမရှိသူတို့ပင်လျှင်။
သီလဝါယန္တိ၊ ရွှေတောင်ကျီးရောက် ရွှေရောင်တောက်တွေး သီလရှိရောင် ပြေးနိုင်ကြကုန်၏။
ဒါယကာပိ၊ အလှူပေးသူ နတ်လူတို့သည်လည်း။
သံဃံ၊ ရှစ်ယောက်လေးစုံ သံဃာကုန်ကို။
ဥဒ္ဒိဿ၊ ရည်စူး၍။
ဒေန္တိ၊ ပေးလှူကြကုန်၏။
ဧဝံ၊ ဤနည်းဖြင့်။
ဒုဿီလမ္ပိ၊ အလဇ္ဇီဒုဿီလကိုသော်လည်း။
သီလဝီယန္တိ၊ ပန်းမှီပိုးလောက် ဦးထိပ်ရောက်သို့ ထွန်းတောက် သီလဝီ လဇ္ဇီရောင်သွေး အရေးစိုက်ကြ ကုန်၏။

(ဟဒညူ၊ ထိုသို့ဖြစ်အောင် ဆင်ခြင်ဉာဏ်ရှိ မြင်သိသည် ရှိသော်။
ကော၊ အဘယ်သူသည်။
သာသနေ၊ ရှင်တော်မြတ်ဘုရားတို့၏ သာသနာတော်၌။
န ရမေ၊ မမွေ့လျော်ပဲ ရှိပါတော့အံ့နည်း။)

(၁၂) လာဘာဒိနာ ဥန္နတော လောကော၊
အလာဘာဒိနာ စ ဝေါနတော။
အဋ္ဌဟေတေဟိ သမဋ္ဌာနံ၊
ကော ဝေါ သက္ကာ အမာနေတဝေ။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
လောကော၊ သတ္တဝါအပေါင်းသည်။
လာဘာဒိနာ၊ လာဘ်ရခြင်း ကျော်စောခြင်း ချီးမွမ်းခြင်း, ချမ်းသာခြင်းကြောင့်။
ဥန္နတော၊ ဝင့်ဝါတက်ကြွား ကျူးခေါင်ဖျားသို့ ထောင်လွှားတတ်၏။
အလာဘာဒိနာစ၊ လာဘ်မဲ့ ကျော်စောကင်း ကဲ့ရဲ့ ဆင်းရဲခြင်းကြောင့်လည်း။
ဝေါနတော၊ မျက်နှာညှိုးနွမ်း မိုက်သွေးဖျန်း၍ သော့သွမ်းတတ်၏။
ဧတေဟိ အဋ္ဌဟိ၊ ဤလောကဓံတရား ရှစ်ပါးတို့ကြောင့်။
သမဋ္ဌာနံ၊ မထူးမခြား တသားတည်း၌ တည်တော်မူကုန်သော။
ဝေါ၊ ရှင်တော်မြတ်ဘုရားတို့အား။
ကော၊ အဘယ်သူသည်။
အမာနေတဝေ၊ မမြတ်နိုးပဲနေခြင်းငှါ။
သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

(၁၄) အ-မဟဂ္ဃေန ပုပ္ဖေန၊ ဇောတိနေကေန ကေန ဝါ။
နတေနာပိ သကိံ ပူဇံ၊ ဒုဂ္ဂတောပိ သုခံ ဂတော။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
ဘဝန္တံ၊ ရှင်တော်မြတ်ဘုရားကို။
အ-မဟဂ္ဃေန၊ အဖိုးတန်ဟု မဆိုလောက်သော။
ဧကေန ပုပ္ဖေနဝါ၊ ပန်းတပွင့်ဖြင့် လည်းကောင်း။
ဧကေန ဇောတိနာဝါ၊ မီးတတိုင်ဖြင့် လည်းကောင်း၊
ဧကေန ကေနဝါ၊ ရေတခွက်ဖြင့်လည်းကောင်း။
နတေနာပိ၊ လက်အုပ်ချီရုံ ဦးညွှတ်ရုံမျှဖြင့်သော်လည်း၊
သကိံ၊ တကြိမ်မျှပင်။
ပူဇံ-ပူဇေန္တော၊ ပူဇော်မိသောသူသည်။
ဒုဂ္ဂတောပိ၊ ယုတ်မာညစ်ဆိုး ငရဲအိုးအနီး ရောက်ပြီးမှသော်လည်း။
သုခံ၊ အပါယ်လွတ်ကင်း လူနတ်တို့၏ ချမ်းသာခြင်းသို့။
ဂတော၊ ရောက်သူထင်ရှား လွန်စွာများ၏။

(တဒညူ၊ ထိုသို့ဖြစ်အင် ဆင်ခြင်ဉာဏ်ရှိ မြင်သိသည်ရှိသော်။
ကော၊ အဘယ်သူသည်။
ပူဇာယံ၊ ဆီမီးရေချမ်း ပန်းပူဇော်ခြင်း၌၊
သတ္တုသေတဝေ၊ ရောင့်ရဲခြင်းငှါ။
သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။)

(၁၄) ကရောန္တံ ဥလုမ္ပံ ဗုဒ္ဓံ၊ မဂ္ဂင်္ဂံ ဥလုမ္ပံ ဓမ္မံ။
ပါစေန္တံ ဥလုမ္ပံ သံဃံ၊ ဝန္ဒေဟံ တံ မုဂ္ဂေါ သုတော။

မဂ္ဂင်္ဂံ၊ မဂ္ဂင်တည်းဟူသော။
ဥလုမ္ပံ၊ ဖောင်သင်္ဘောကို။
ကရောန္တံ၊ ကယ်ဆောင်ရေးသန် စီမံအုပ်ချုပ် ပြုလုပ်တော်မူသော။
ဗုဒ္ဓဉ္စ၊ ဘုရားကိုလည်းကောင်း၊
ဥလုမ္ပံ၊ ဖောင်သင်္ဘောတည်းဟူသေ၁။
ဓမ္မဉ္စ၊ တရားကိုလည်းကောင်း၊
ဥလုမ္ပံ၊ ဖောင်သင်္ဘောကို။
ပါစေန္တံ၊ ဘေးမဲ့သောင်လျှင် မောင်းနှင်လှော်ခတ် ကယ်ဆောင်တတ်သော။
သံဃဉ္စ၊ သံဃာကို လည်းကောင်း။
တံ၊ ထိုရတနာမြတ် သုံးပါးနတ်ကို။
အဟံ၊ အကျွန်ုပ်သည်။
မုဂ္ဂေါ၊ သံသာဇလုပ် ဝဲလယ်စုပ်စုပ် နစ်မြုပ်သူသည်။
ဟုတွာ၊ ဖြစ်၍။
သုတော၊ ဖောင်စက်သံ တရှားရှား သဲ့သဲ့ကြားရသူသည်၊
ဟုတွာ၊ ဖြစ်၍။
ဝန္ဒေ၊ ကယ်ဆောင်စေသော ဖောင်သင်္ဘောဟု စိတ်စော မျှော်ကိုး ရှိခိုးပါ၏ ဘုရား။

ဝိစိတြဝန္ဒနာ ဒုတိယပိုင်း (အဋ္ဌမနေ့)

(၁) *ဃံသာ ဃံသာ သူကရေဟိ၊ မဏိဂူဟာ ပဘာ ပဘာ။
မက္ခံ မက္ခံ ပိ နဂ္ဂေဟိ၊ ဗုဒ္ဓဝဏ္ဏံ ပဘံ ပဘံ။

*ဒုတိယပိုင်း (၁) ဂါထာ၌ ဃံသာ-ကား ကံဟော ဣတ္ထိလိင်၊ မက္ခံ ကား ကံဟော နပုလ္လိင်။ ဝဏ္ဏံကို နပုံထားသည်။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
သူကရေဟိ၊ ပတ္တမြားတောင်မြိတ် ကျားခိုအိပ်စဉ် ကျားရိပ်မြင်ရှာ ဝက်သတ္တဝါတို့သည်။
မဏိဂူဟာ၊ စက်ဆုပ်ဖွယ်စွဲယူ ပတ္တမြားကို။
ဃံသာ ဃံသာ၊ ရိပ်ရောင်ပျက်ရေး ကြံတွေးမဆိုင်း ပွတ်တိုင်းပွတ်တိုင်းသာလျှင်။
သာ၊ ထိုပတ္တမြားဂူသည်။
ပဘာ ပဘာ၊ အရောင်ထက်အရောင် ပြောင်တဝင်းဝင်း ထိန်ထိန်လင်းသည်။
ဇာတာ၊ ဖြစ်ခဲ့လေပြီ။
နဂ္ဂေဟိ၊ ဘုရားဂုဏ်တွက် လာဘ်ပျက်စိတ်နာ တိတ္ထိငါးရာတို့သည်။
ဗုဒ္ဓဝဏ္ဏံ၊ စက်ဆုပ်ဖွယ်ထင်မှတ် ဂုဏ်တော်မြတ်ကို။
မက္ခံ မက္ခံ ပိ၊ ဂုဏ်ရောင်ပျက်ရေး ကြံတွေး ငြူစူ တွင်းပူစိတ်ရိုင်း ချေဖျက်တိုင်း ချေဖျက်တိုင်းလည်း၊
တံ၊ ထိုရှင်တော်ကျေးဇူး ဂုဏ်တော်ထူးသည်။
ပဘံ ပဘံ၊ ဂုဏ်ရောင်အဆိုင်ဆိုင် ဘဝဂ်တိုင်အောင် ဖြိုင်ဖြိုင်ထွန်းတောက် တက်၍ရောက်သည်။
ဇာတံ၊ ဖြစ်ခဲ့လေပြီ။

(တဒညူ၊ ထိုသို့ဖြစ်အင် ဆင်ခြင်ဉာဏ်ရှိ မြင်သိသည်ရှိသော်။
ကော၊ အဘယ်သူသည်။
ဗုဒ္ဓဝဏ္ဏံ၊ ရှင်တော်ကျေးဇူး ဂုဏ်တော်ထူးကို။
မက္ခေဘဝေ၊ ချေဖျက်ခြင်းငှါ။
စိန္တေ၊ ကြွစည်တံ့ပါတော့အံ့နည်း၊)

(၂) ယာဒိသော မာတုမာယာယံ၊ စိဉ္စာယံ အပိ တာဒိသော။
ယာဒိသော ပိတုရာဇမှိ၊ သုပ္ပဗုဒ္ဓေပိ တာဒိသော။

(၃) ယာဒိသော ပါလိလေယျမှိ၊ ဓနပါလေပိ တာဒိသော။
ယာဒိသော ဝဇ္ဈဉာတီသု၊ ဝိဋဋူဘေပိ တာဒိသော။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
ဘဝံ၊ ရှင်တော်မြတ်ဘုရားသည်။
မာတု မာယာယံ၊ မာယာမည်ခေါ် မွေးမယ်တော်၌။
ယာဒိသော၊ အကြင်သို့ ကိုယ်နှင့်မခြား ချစ်အားသနားအား မြဲတော်မူ၏။
စိဉ္စာယံအပိ၊ ရှင်တော်ကိုပင် လင်ဟုစွပ်စွဲ မိုက်မဲသမုတ် စိဉ္စမာမိန်းမယုတ်၌သော်လည်း၊
တာဒိသော၊ ထိုမယ်တော်အလား ချစ်အားသနားအား မပျက်သည်သာတည်း။
ပိတုရာဇမှိ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၌။
ယာဒိသော၊ အကြင်သို့ ကိုယ်နှင့်မခြား ချစ်အားသနားအားမြဲတော်မူ၏။
သုပ္ပဗုဒ္ဓေပိ၊ ရန်သူ ကြီးစွ ပြစ်ချက်ချသော သုပ္ပဗုဒ္ဓမင်းကြီး၌သော်လည်း။
တာဒိသော၊ ထိုခမည်းတော်အလား ချစ်အားသနားအား မပျက်သည်သာတည်း၊

ပါလိလေယျမှိ၊ ရှင်တော်မြတ်အား ဝပ်တွားဆောင်ရေး လုပ်ကျွေးတတ်စွာ အာနန္ဒာအသွင် ပလလဲဆင်၌။
ယာဒိသော၊ အကြင်သို့ ကိုယ်နှင့်မခြား ချစ်အားသနားအား မြဲတော်မူ၏။
ဓနပါလေပိ၊ ရှင်တော်ကိုရည် ထိုးသတ်မည်ဟု အော်မြည်ဟိန်းရိုက် နာဠာဂီရိ ဆင်မိုက်၌သော်လည်း၊
တာဒိသော၊ ထိုပလလဲအလား ချစ်အား သနားအား မပျက်သည်သာတည်း။
ဝဇ္ဈဉာတီသု၊ အသတ်ခံရသော ဆွေတော်မျိုးတော်တို့၌။
ယာဒိသော၊ အကြင်သို့ ကိုယ်နှင့်မခြား ချစ်အားသနားအား မြဲတော်မူ၏။
ဝိဋဋူဘေပိ၊ ရန်ငြိုးကြီးမား *ကျူဝါးနုတ်နုတ် သာကီဝင်ရိုး မျိုးလုံးဖြုတ်သည့် ဝိဋဋူဘ၌ သော်လည်း။
တာဒိသော၊ ထိုအသတ်ခံရသော ဆွေတော်မျိုးတော်တို့အလား ချစ်အား သနားအား မပျက်သည်သာတည်း။

(မေတ္တံ မေတ္တံ၊ မချစ်ဆိုက်ဟု မချစ်စကောင်းသူကိုပင် ကိုယ်သွင်စစ်စစ် တသားတည်း ချစ်နိုင်သော။
ဒယံ ဒယံ၊ မသနားထိုက်ဟူ မသနားစကောင်းသူကိုပင် ကိုယ်သွင်မခြား တသားတည်း သနားနိုင်သော။
ဘဝန္တံ၊ သတ္တဝါတိုင်းမရှောင် ကောင်းကျိုးဆောင်တတ် ရှင်တော်မြတ်ကို။
ကော၊ အဘယ်သူသည်။
အမာနေတဝေ၊ နှလုံးအသည်းဝင်၍စွဲအောင် မမြတ်နိုးပဲနေခြင်းငှါ။
သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။)

*ကျူဝါးနုတ်နုတ်ဟူသည် ‘ကျူပင်ခုတ် ကျူငုတ်မကျန်စေရ' စကား အရ ကျူပင်ကို အငုတ်မျှမကျန်အောင် နှုတ်သကဲ့သို့ ပခက်တွင်းမကျန် သတ်ခြင်းဖြင့် သတ်သည်ဟူသော အဓိပ္ပါယ်တည်း။ ကျူဝါးနုပ်နုပ် ဟု ပ- သတ်လျှင် ကျူဝါးကိုကဲ့သို့ နုပ်နုပ်စင်းသည်ဟူသော အဓိပ္ပါယ်တည်း။ သတ်ပုံ ညီခြင်းကို အလေးပြုအပ်၏။ မတတ်နိုင်လျှင် အနက် အဓိပ္ပါယ် ညီခြင်းကိုကား အလေးပြုရမည် စင်စစ်တည်း။

(၄) ယာဒိသော ကောသလေ ဘတ္တေ၊
ပုဏ္ဏာပူဝေပိ တာဒိသော။
ယာဒိသော ကပ္ပစီဝရေ၊
ပံသုကူလေပိ တာဒိသော။

(၅) ယာဒိသော လောဟပါသာဒေ၊
ရုက္ခမူလေပိ တာဒိသော။
ယာဒိသော မဓုသပ္ပမှိ၊
ပူတိမုတ္တေမိ တာဒိသော။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
ဘဝံ၊ ရှင်တော်မြတ်ဘုရားသည်။
ကောသလေဘတ္တေ၊ ကောသလတွင် ဘုရင်လှူဒါန်း သားပြွမ်းဆွမ်း၌။
ယာဒိသော၊ အကြင်သို့ ဗြဟ္မစရိယ နုဂ္ဂဟတွက် နှစ်သက်တော်မူ၏။
ပုဏ္ဏာပူဝေပိ၊ ပုဏ္ဏာမည်ရ အိမ်ကျွန်မ လက်လုပ် ဖွဲမုန့်ဆုပ်၌ သော်လည်း။
တာဒိသော၊ ထိုကောသလဆွမ်းအတူ နှစ်သက်တော်မူနိုင်၏။
ကပ္ပစီဝရေ၊ ဗြဟ္မာလှူဒါန်း ကြာသင်္ကန်း၌။
ယာဒိသော၊ အကြင်သို့ ဟိရိဂုဏ်ကို လုံခြုံစေလျက် နှစ်သက်တော်မူ၏။
ပံသုကူလေပိ၊ လူသေကောင်မှ ပိုးလောက်ချီကာ ခွာယူလာသော ပံသုကူသင်္ကန်း၌ သော်လည်း။
တာဒိသော၊ ထိုကြာသင်္ကန်းအတူ နှစ်သက်တော်မူနိုင်၏။

လောဟပါသာဒေ၊ ဝိသာခါ နာထပိဏ် သဒ္ဓါရှိန်ပြတ် ဆောက်လုပ်အပ်သော ရွှေပြာသာဒ်၌။
ယာဒိသော၊ အကြင်သို့ ဥတုဘေးဘျမ်း ပူချမ်းပယ်လျက် နှစ်သက်တော်မူ၏။
ရုက္ခမူလေပိ၊ သစ်ပင်ရင်း၌သော်လည်း။
တာဒိသော၊ ထိုရွှေပြာသာဒ်နှင့်အတူ နှစ်သက်တော်မူနိုင်၏။
မဓုသပ္ပိမှိ၊ ဆီ ပျား ထောပတ် ဆေးကောင်းမြတ်၌။
ယာဒိသော၊ အကြင်သို့ ရောဂါဖျောက်လျက် နှစ်သက်တော်မူ၏။
ပူတိမုတ္တေပိ၊ နွားကျင်ငယ်ပုပ် ဆေး၌သော်လည်း။
တာဒိသော၊ ထိုဆီပျားအတူ နှစ်သက်တော်မူနိုင်၏။

(ဧတာဒိသံ၊ ဤသို့ ကောင်းညံ့ မခွဲ တန်းတန်းစွဲပယ် ရောင့်ရဲလွယ်တတ် ရှင်တော်မြတ်ကို။
ကော၊ အဘယ်သူသည်။
အသဒ္ဓေတဝေ၊ လှူလိုစိတ်ကင်း မသဒ္ဓါခြင်းငှါ။
သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။)

(၆) ဗာလကေသုပိ သတ္တေသု၊ ဒယံ ကုဗ္ဗန္တိ သာဓဝေါ။
မဂါနမ္ပိ ဟိ သံမုခေ၊ န စန္ဒော ကောမုဒံ ဟရေ။

ဗာလကေသုပိ သတ္တေသု၊ မိုက်လှသော သတ္တဝါတို့၌သော်လည်း။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
ဒယံ၊ ချစ်ခြင်းမေတ္တာ, သနားခြင်း ကရုဏာကို။
ကုဗ္ဗန္တိ၊ ပြုနိုင် ထားနိူင် ပွားများနိုင်ကြကုန်၏။
မဂါနံ၊ သားသမင်တို့၏။
သံမုခေပိ၊ မျက်မှောက်၌သော်လည်း။
စန္ဒော၊ ကောင်းကင် ထက်ဝှမ်း လျှမ်းလျှမ်းတောက်ဝင်း ဖိုးလမင်းသည်။
ကောမုဒံ၊ မိမိထွန်းနေကျ အရောင်အလင်းကို။
န ဟရေ-ဟိ၊ မပယ်ဖျောက်သည်သာတည်း။

(၇) ဝေရိကေသုပိ သတ္တေသု၊ န ဝိဟိံ သန္တိ သာဓဝေါ။
ဆိန္ဒန္တမ္ပိ ဟိ အတ္တာနံ၊ ရုက္ခော ဆာယာယ သီတယေ။

ဝေရိကေသုပိ သတ္တေသု၊ ရန်သူဖြစ်သော သတ္တဝါတို့၌သော်လည်း။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
န ဝိဟိံသန္တိ၊ မညှဉ်းဆဲကြကုန်။
အတ္တာနံ၊ မိမိကိုယ်ကို။
ဆိန္ဒန္တမ္ပိ၊ ဖြတ်လှဲသောသူကိုသော်လည်း။
ရုက္ခော၊ အများခိုမှီး သစ်ပင်ကြီးသည်။
ဆာယာယ၊ အရိပ်ဖြင့်။
သီတယေ-ဟိ၊ အေးချမ်းစေသည်သာတည်း။

(၈) အဇာနန္တေသုပိ သတ္တေသု၊ ဓမ္မံ ဒေသန္တိ သာဓဝေါ။
အဂမ္ဘီရေသုပိ ခေတ္တေသု၊ မဟာမေဃော ဘိဝဿယေ။

အဇာနန္တေသုပိ သတ္တေသု၊ ဟောသောတရား နားမလည်ကုန်သော သူတို့၌သော်လည်း။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
ဓမ္မံ၊ တရားကို။
ဒေသေန္တိ၊ ဝါသနာပါစိမ့်သောငှါ ကောင်းစွာသဘော ဟောပြောပြသ ဆုံးမကြကုန်၏။
အဂမ္ဘီရေသုပိ ခေတ္တေသု၊ လယ်တိမ်လယ်ကောတို့၌သော်လည်း။
မဟာမေဃော၊ ကြီးစွာသော မိုးသည်။
အဘိဝဿဟိ၊ ရွာသွန်းသည်သာတည်း။

(၉) နိဂ္ဂုဏေသုပိ သတ္တေသု၊ သိပ္ပံ သိက္ခန္တိ သာဓဝေါ။
စဏ္ဍလာနမ္ပိ ဂါမေသု၊ အာဒိစ္စော ဟိ ဒိဝံကရေ။

နိဂ္ဂုဏေသုပိ သတ္တေသု၊ ဂုဏ်သိမ်ညံ့ဖျင်း လူရာမသွင်းထိုက်သော သူတို့၌သော်လည်း။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
သိပ္ပံ၊ အတတ်ပညာကို။
သိက္ခေန္တိ၊ တတ်အောင် မျှော်တွေး သင်ကြားပေးကြကုန်၏။
စဏ္ဍာလာနမ္ပိ ဂါမေသု၊ ဒွန်းစဏ္ဍားရွာတို့၌သော်လည်း။
အာဒိစ္စော၊ ထောင်ရောင်ခြည်လင်း ရှင်နေမင်းသည်။
ဒိဝံကရေ-ဟိ၊ နေ့ခင်းဖြစ်အောင် နေရောင်မဝှက် တောက်ထွန်းလျက်သာတည်း။

(၁ဝ) ဒုပ္ပညေသုပိ သတ္တေသု၊ နာဝမညန္တိ ပဏ္ဍိတာ။
အန္ဓကာနံ ဟိ သံမုခေ၊ စက္ခုမာ နန္ဓတံ ဂတော။

ဒုပ္ပညေသုပိ သတ္တေသု၊ ပညာသုတ နည်းပါးလှသော သူတို့၌သော်လည်း။
ပဏ္ဍိတာ၊ ကျိုးကြောင်းမြင်သိ ပညာရှိတို့သည်။
နာဝမညန္တိ၊ မရိုသေမှု မထီမဲ့မြင် မပြုကြကုန်။
အန္ဓကာနံ၊ မျက်ကွယ်စုံလုံး အလင်းဆုံးသူတို့၏။
သံမုခေ၊ မျက်မှောက်၌။
စက္ခုမာ၊ မျက်စိအမြင်ရှိသောသူသည်။
အန္ဓတံ၊ အမြင်ကွယ်ခြင်း အလင်းမရသောသူ၏အဖြစ်သို့။
န ဂတော-ဟိ၊ မရောက်သည်သာတည်း။

(၁၁) ဒုဿီလေသုပိ သတ္တေသု၊ န ဝိရောသေန္တိ ပေသလာ။
နဂ္ဂုမ္မတ္တာန သံမုခေ၊ န ပေါသော နဂ္ဂတံ ဂတော။

ဒုဿီလေသုပိ သတ္တေသု၊ သီလမတည် အလဇ္ဇီ ဒုဿီလတို့၌သော်လည်း။
ပေသလာ၊ သီလပြည့်ဝ လဇ္ဇီပေသလ သိက္ခာကာမ သီလဝန္တတို့သည်။
န ဝိရောသေန္တိ၊ ချုပ်ချယ်ရွဲ့စောင်း မကောင်းတခု မပြုကြကုန်။
နဂ္ဂုမ္မတ္တာနံ၊ အဝတ်မကပ်သော သူရူးတို့၏။
သံမုခေ၊ မျက်မှောက်၌။
ပေါသော၊ လူတမ်းစေ့သော လူကောင်းသည်။
တံ၊ အဝတ်မကပ်သော သူ၏ အဖြစ်သို့။
န ဂတော-ဟိ၊ မရောက်သည်သာတည်း။

(၁၂) ဒုဗ္ဗစေသုပိ သတ္တေသု၊ ဝတ္တာရော နာဝကုဇ္ဈရေ။
အတေကိစ္ဆဿ သံမုခေ၊ ဘိသက္ကော န မတံ ဂတော။

ဒုဗ္ဗစေသုပိ သတ္တေသု၊ ဆိုနိုင်ခက်သူ ကျင့်မဖြူသော လူယုတ်လူညံ့ တို့၌သော်လည်း။
ဝတ္တာရော၊ ဆိုဆုံးမတတ်သော ကလျာဏချစ်ဟောင်း မိတ်ဆွေကောင်းတို့သည်။
နာဝကုဇ္ဈရေ၊ နားမထောင်သည့်တွက် ဒေါသမထွက် စိတ်မပျက်ကြကုန်။
အတေကိစ္ဆဿ၊ ဆေးကုခဲယဉ်း သေမင်းလက်ဝယ် မျှော်လင့်ဖွယ်ကင်းကွာ လူမမာ၏။
သံမုခေ၊ မျက်မှောက်၌။
ဘိသက္ကော၊ ဆေးသမားသည်။
မတံ၊ သေခြင်းသို့။
န ဂတော-ဟိ၊ မရောက်သည်သာတည်း။

(၁၃) ယေ တေ သန္တာ သန္တတရာ၊
တေသံ အဂ္ဂေါ တထာဂတော။
ဧဒိံ သရံဝ ဟံ ဘောန္တံ၊
ဝန္ဒေ တံ ဒေတု သန္တတံ။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်။
ဧဝံ၊ ဤဆိုပြီးသောနည်းဖြင့်။
လောကေ၊ လောက၌။
သန္တာ-သု အန္တာ၊ အဆုံးတိုင် ကောင်းခြင်း ရှိသော သူတော်ကောင်းထက်။
သန္တတရာ၊ လွန်ကဲသော သူတော်ကောင်း ဖြစ်ကုန်သော။
ယေ တေ၊ အကြင်သူတော်ကောင်းကြီးတို့သည်။
သန္တိ၊ ရှိကုန်၏။

သန္တိ၊ မိုက်သူကိုပင် ချစ်ခင်သနား လမင်းအလား ထင်ရှား ရှိကုန်၏။
ဝါ၊ ရန်သူအားပင် သစ်ပင်ရိပ်မြဲ ညှဉ်းဆဲမမူ....
မသိသူကိုလည်း မိုးကြီးဓမ္မ ရွာသွန်းချကာ ....
လူရာမရောက် ဂုဏ်သိမ်ဟောက်လည်း တတ်မြောက်စိမ့်ငှါ နေရောင်ဖြာခဲ့၊…
ပညာမဲ့ပင် ထီမဲ့မပြု မမြင် သူငြမ်း မကန်းစေရ၊….
ဒုဿီလရှေ့ မလေ့ရွဲ့စောင်း သူကောင်းအဝတ် အကျွတ်မခံ၊ .......
သွေလှန်တတ်လှ ဒုဗ္ဗစကို ဒေါသမက္ခက် လူနာတွက်ကြောင့် သက်မသေအား ဆေးသမားအသွင်...
အထင်အရှား ရှိကုန်၏။

တေသံ၊ ထိုသူတော်ကောင်းကြီးတို့တွင်။
ဝါ၊ ထိုသူတော်ကောင်းကြီးတို့ထက်။
တထာဂတော၊ မြတ်စွာဘုရားသည်။
အဂ္ဂေါ၊ အလွန်ဆုံး အမြတ်ဆုံး ဖြစ်တော်မူ၏။
ဧဒိံ၊ ဤသို့သောသဘောကို။
သရံ-သရန္တောဝ၊ အောက်မေ့မိသည် ဖြစ်၍သာလျှင်။
ဘောန္တံ၊ ရှင်တော်မြတ်ဘုရားကို။
အဟံ၊ အကျွန်ုပ်သည်။
ဝန္ဒေ၊ ရှိခိုးပါ၏။
ဝန္ဒေ၊ လမင်း, သစ်ပင်, မိုးသွင်, နေမင်း သဘောရင်းဖြစ်လို၊ မျက်ကွယ်ရှေ့ မကန်းလို၊ သူရူးရှေ့ အဝတ်မလစ်လို၊ လူနာရှေ့ မသေလို ထိုထိုအကျိုးငှါ ရှိခိုးပါ၏။
ဘဝံ၊ ရှင်တော်မြတ်ဘုရားသည်။
တံ သန္တတံ၊ ထို လမင်းစသည်တို့နှင့် တူကြောင်း သူတော်ကောင်း ဖြစ်နည်းကို။
မယှံ၊ အကျွန်ုပ်အား။
ဒေတု၊ စောင်မသင့်သည် စိတ်တော်ရှည်လျက် ကြာရှည်မထား ပေးသနားတော်မူပါ့ ဘုရား။

အထူးမှတ်သားစရာများ

ဆ-အသာဓာရဏဉာဏ်တော်

အသာဓာရဏဉာဏ်တော် ခြောက်ပါးကား ဣံ၊ အာ၊ ယ၊ မ၊ သဗ္ဗ၊ အနာ

သာဓာရဏ-ဆက်ဆံခြင်း + -မရှိသော ဉာဏ်တော်ဖြစ်၏။ ထိုတွင် --

ဣံ- ဣန္ဒြိယပရောပရိယတ္တိဉာဏ်သည် သတ္တဝါတို့၏ သဒ္ဓါ စသော ဣန္ဒြေငါးပါး အနုအရင့်ကို သိသော ဉာဏ်တော် ဖြစ်၏။

အာ- အာသယာနုသယဉာဏ်- သတ္တဝါတို့၏ အလိုစရိုက်, နှလုံးသွင်းစသည်ကို သိသာဉာဏ်တော်။

-ယမကပါဋိဟာရိယဉာဏ် - ရေ မီး အစုံ တန်ခိုးပြခြင်း၌ ဖြစ်သော ဉာဏ်တော်။

- မဟာကရုဏာဉာဏ်- သတ္တဝါတို့ကို ကြီးကျယ်စွာ သနားခြင်းနှင့် ယှဉ်သော ဉာဏ်တော်။

သဗ္ဗ-သဗ္ဗညုတဉာဏ်-အလုံးစုံ သင်္ခတ, အသင်္ခ တတို့ကိုသိသော ဉာဏ်တော်။

အနာ-အနာဝရဏဉာဏ်-ပိတ်ပင်ဆီးတား မရှိသော ဉာဏ်တော်။

ထိုတွင် အလုံးစုံကိုသိသော ဉာဏ်တပါးတည်းကိုပင် အလုံးစုံသိခြင်း အနက်ကြောင့် သဗ္ဗညုတဉာဏ်။ ပိတ်ပင်မရှိ လိုရာသိခြင်း အနက်ကြောင့် အနာဝရဏဉာဏ်ဟု ခွဲသည်။ ဤဉာဏ်ခြောက်ပါးကို သာဝက၊ ပစ္စေကဗုဒ္ဓါတို့ပင် မရကြ။ သူတပါးတို့နှင့် မဆက်ဆံစေပဲ ဘုရားရှင်တို့သာ ရနိုင်ကြသည်။

အစိန္တေယျ လေးပါး

အစိန္တေယျလေးပါးကား ဗုဒ်၊ ဈာ၊ ကံ၊ လော။ မကြံစည်အပ်သော အကြောင်းအရာလေးပါး ဖြစ်၏။

ထိုတွင် ဗုဒ်-ဗုဒ္ဓဝိသယ - ဘုရားရှင်၏ အကြောင်းအရာကို မကြံစည်အပ်။

ဈာ-ဈာနဝိသယ-ဈာန်တန်ခိုး၏ အကြောင်းအရာကို မကြံစည်အပ်။

ကံ-ကမ္မဝိပါက ဝိသယ-ကုသိုလ်, အကုသိုလ်ကံတို့၏ အကျိုးပေးပုံ အကြောင်းအရာကို မကြံစည်အပ်။

လော-လောကစိန္တာ-လောက အကြောင်းအရာကို မကြံစည်အပ်။

ဤလေးပါးကို ဘုရားရှင်၌ ယုံကြည်သော သဒ္ဓါကို မလွှတ်စေပဲ သင့်အောင်ကြံလျှင် အပြစ်မရှိ။

သဒ္ဓါကို လွှတ်၍ ဉာဏ်ကြီးတိုင်းကြံလျှင် စိတ်ပင်ပန်းခြင်း၊ နောက်ကျုခြင်း၊ ပျံ့လွင့်ခြင်း၊ ရူးသွပ်ခြင်းလျှင် အဘို့ရှိ၏။

ဝိဇ္ဇာသုံးပါး

ဝိဇ္ဇာသုံးပါးကား - ပု၊ ဒိ၊ အာ

ပု-ပုဗ္ဗေနိဝါသာနုဿတိဉာဏ်- ရှေး၌နေဖူးသော ခန္ဓာစဉ်ကို အောက်မေ့သော သတိနှင့် ယှဉ်သော ဉာဏ်တော်။

ဒိဗ္ဗစက္ခုဉာဏ်-နတ်မျက်စိကဲ့သို့ သေဆဲရှင်ဆဲ ဖြူမည်းယုတ်မြတ် ကံအတိုင်း ချဉ်းကပ်သည်တို့ကို မြင်သိသော ဉာဏ်တော်။

အာ-အာသဝက္ခယဉာဏ်-အာသဝေါကုန်ရာ နိဗ္ဗာန်ကို အာရုံပြုသော အရဟတ္တမဂ်ဉာဏ်တော် ဖြစ်၏။

ဝိဇ္ဇာရှစ်ပါး

ဝိဇ္ဇာရှစ်ပါးကား - ဝိ၊ မ၊ ပုဗ္ဗေ၊ ဒိ၊ ဒိ၊ စေ၊ ဣဒ္ဓိ၊ အာ

ဝိ-ဝိပဿနာဉာဏ်-တေဘူမကသင်္خါရတို့ကို အနိစ္စဒုက္ခစသည်ဖြင့် ရှုသောဉာဏ်တော်။

မ-မနောမယိဒ္ဓိဉာဏ်-ဤကိုယ်မှ စိတ်ဖြင့်ပြီးသော ကိုယ်တခုကို ဖန်ဆင်းနိုင်သောဉာဏ်တော်။

ပုဗ္ဗေ-ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်

ဒိ- ဒိဗ္ဗစက္ခုဉာဏ်တော်

ဒိ-ဒိဗ္ဗသောတဉာဏ်-နတ်၏ နားကဲ့သို့ အသံဝေး အသံသေးကို ကြားသိသော ဉာဏ်တော်။

စေ-စေတောပရိယဉာဏ်-သူ တပါး၏ စိတ်ကြံကိုသိသော ဉာဏ်တော်။

ဣဒ္ဓိ-ဣဒ္ဓိဝိဓဉာဏ်-တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်တော်။

အာ-အာသဝက္ခယဉာဏ်တော် ဖြစ်၏။ စေတောပရိယကို ပရစိတ္တဝိဇာနနလည်း ခေါ်သည်။

စရဏတစ်ဆယ့် ငါးပါး

စရဏတစ်ဆယ့်ငါးပါးကား - သီ၊ ဣံ၊ ဘော၊ ဇာ၊ သဒ္ဓမ္မာသတ္တ၊ ရူပဈာန် စတုက္က

သီ-သီလသံဝရ-သီလကို စောင့်ထိန်းခြင်း။

ဣ-ဣန္ဒြိယေသု ဂုတ္ထဒွါရတာ-စက္ခုစသော ဣန္ဒြေခြောက်ပါး တံခါးခြောက်ပေါက်တို့၌ အကုသိုလ် မဝင်နိုင်အောင် လုံခြုံစွာ စောင့်အပ်သော တံခါးရှိခြင်း။

ဘော-ဘောဇနေမတ္တညုတာ - ဆွမ်းစသော ပစ္စည်းလေးပါး၌ ခံယူခြင်း, သုံးဆောင်ခြင်း အတိုင်းအရှည်ကို သိခြင်း။

ဇာ-ဇာဂရိယာနုယောဂ - နိုးကြားထကြွ လုံ့လရှိခြင်း။

သဒ္ဓမ္မာသတ္တ ဟူသည်၌-သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ သုတ၊ ဝီရိယ၊ သတိ၊ ပညာသည် သူတော်ကောင်း တရားခုနစ်ပါး မည်၏။

ရူပဈာန်စတုက္က ဟူသည်၌ ဉာဏ်နုံ့သူအား ငါးပါးရမှ ရူပဈာန် ပြည့်စုံသည်။ ဉာဏ်ထက်သူအား လေးပါး တည်း။ ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဟူသော သမာဓိလေးပါးသည် ရူပဈာန်စတုက္က မည်၏။

ထိုတွင် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါးဖြင့် အသိဉာဏ် မျက်စိသည် ဖြစ်၏။
စရဏတစ်ဆယ့်ငါးပါးဟူသော ခြေဖြင့် နိဗ္ဗာန်သို့ သွား၏။

စကားခြောက်ခွန်း

စကာ၊ခြောက်ခွန်းတို့တွင် ဘုရားရှင်တို့သည် သင့်သော စကား နှစ်ခွန်းကိုသာ မိန့်ဆိုကုန်၏။

(၁) မှား၊ ကျိုးမဲ့၊ မနာလို-မဆို။ သူတော်ကောင်းကို သူယုတ်မာဟု မဆို။

(၂) မှန်၊ ကျိုးမဲ့၊ မနာလို-မဆို။ သူယုတ်မာကို သူယုတ်မာဟု မဆို။

(၃) မှန်၊ ကျိုးရှိ၊ မနာလို-ကာလသိ၍ ဆိုတော်မူ၏။
ဒေဝဒတ်သည် သံဃာကိုခွဲ၍ ငရဲရောက်ရှာတော့မည်ဟု ကာလသိ၍ ဆိုတော်မူ၏။

(၄) မှား၊ ကျိုးမဲ့၊ နာလို-မဆို။ ဒုစရိုက်ပြုသူကို နတ်ပြည်ရောက်မည်ဟု မဆို။

(၅) မှန်၊ ကျိုးမဲ့၊ နာလို-မဆို။ မှန်သောအတိုင်း ကုန်းချောစကား မဆို။

(၆) မှန်၊ ကျိုးရှိ၊ နာလို-ကာလသိ၍ ဆိုတော်မူ၏။
ဤသူတော် ကောင်းသည် နတ်ပြည်၌ မွေ့လျော်ရ၏ဟု ကာလသိ၍ ဆိုတော်မူ၏။

အနန္တလေးပါး

အဆုံးအပိုင်းအခြား မရှိသော အနန္တတို့သည် လေးပါး ဖြစ်ကုန်၏။
ကောင်းကင်အနန္တ၊ သတ္တဝါအနန္တ၊ စကြဝဠာအနန္တ၊ ဘုရားရှင် ဉာဏ်တော်အနန္တ - ဤလေးပါးတည်း။

ခေတ်သုံးပါး

ခေတ်သုံးပါးကား ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်တည်း။

ထိုတွင် စကြဠာတစ်သောင်းသည် ဇာတိခေတ်မည်၏။
စကြဝဠာ ကုဋေတစ်သိန်းသည် အာဏာခေတ် မည်၏။
အဆုံးမရှိ စကြဝဠာ အနန္တသည် ဝိသယခေတ် မည်၏။

ပစ္ဆိမဘဝိက ဘုရားလောင်း ပဋိသန္ဓေနေသောအခါ စသည်တို့၌ ဇာတိခေတ် တစ်သောင်းလုံးလှုပ်သည်။

အာဏာခေတ် ကုဋေတစ်သိန်းသည် ရတနသုတ်၊ ခန္ဓသုတ်၊ မဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်၊ မောရဂုတ် ပရိတ်အာနုတော် နှံ့ရာ ဖြစ်၏။ ထိုအတွင်း တနေရာ၌နေ၍ ထိုပရိတ်တခုခုကိုရွတ်လျှင် ကုဋေတစ်သိန်းလုံး ရွတ်ပြီးဖြစ်၏။ အာနုဘော်နှံ့ရာ ကုဋေတစ်သိန်းတွင် လိုရာသွားနိုင်၏။ ပရိတ်အာနုဘော်ကြောင့် အန္တရာယ်ကင်း၏။

ဝိသယခေတ်ကား ဘုရားရှင်သိလိုတိုင်း ထိုအနေမျှ သိတော်မူ၏။ ဤ ဗုဒ္ဓခေတ် သုံးရပ်တို့တွင် အာဏာခေတ်သည် ပြိုင်တူပျက်၏။ ပြိုင်တူဖြစ်၏။ ဇာတိခေတ်ကား ထိုအတွင်း၌ ပါဝင်၏။

ကမ္ဘာဖျက် နေခုနစ်စင်း ထွက်ခြင်း

ကမ္ဘာဖျက် မိုးကြီးသည် ကုဋေတစ်သိန်းလုံး အနှံ့ရွာပြီးနောက် မိုးပြတ်၍ ကမ္ဘာဖျက် နေတစ်စင်း ထွက်လာ၏။ ထိုအခါ စိုက်ပျိုးသမျှ၊ ပေါက်ရောက်သမျှ သစ်ပင်အားလုံး ပျက်စီး၏။ ထိုထိုနေရာ၌ ရေခန်း၏။ ထိုနောက် ကာလကြာလတ်သော် တစ်စင်းဝင်၊ တစ်စင်းထွက် နေနှစ်စင်း နေ့ညဉ့်မရှိ အမြဲပူ၏။ မြစ်ငယ်အားလုံး ခန်း၏။ ထို့နောက် ကာလကြာလတ်သော် သုံးစင်းထွက်၏။ မြစ်ကြီးငါးစင်း ခန်း၏။

လေးစင်းထွက်သောအခါ ကိုင်ကြီးခုနစ်အိုင်ခန်း၏။ ငါးစင်းထွက်သောအခါ သမုဒ္ဒရာ ခန်း၏ ခြောက်စင်း ထွက်သောအခါ ကုဋေတစ်သိန်းလုံး အခိုးထ၏။ ခုနစ်စင်း ထွက်သောအခါ မီးလောင်၏။ မြင်းမိုရ် ကျောက်တောင်၊ နတ်ဗြဟ္မာတို့ ရွှေဗိမာန်ကြီးများပင် ပဌမဈာန်သုံးဘုံထိ ပြာဖြစ်၍ ကောင်းကင်၌ ပျောက်ပျက်ကုန်၏။ ဆီ၊ ထောပတ် မီးလောင်သကဲ့သို့ ပြာပင်အဏုမြူမျှ မကျန် သင်္ခါရအားလုံး ကင်း၍ မှောင်အတိ ဖြစ်၏။

နေတစ်စင်းထွက် စိုက်ပျိုးပျက်၏၊ နှစ်ထွက် မြစ်ငယ်၊ သုံးသွယ် မြစ်ကြီး၊ အိုင်ကြီး လေးစင်း၊ ငါးစင်း သမုဒ်၊ ခိုးထုတ်ခြောက်ဖြစ်၊ ခုနှစ်မီးလောင်၊ ကမ္ဘာပြောင်သည် ရိပ်ရောင်သူငါ မကြွင်းတည်း။

အသင်္ချေယျလေးကပ် တစ်ကမ္ဘာ

ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးလျှံစဲသည့်တိုင်အောင် အသင်္ချေယျကပ်သည် သံဝဋ္ဋကပ် မည်၏။

မီးလျှံစဲသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့် တိုင်အောင် အသင်္ချေယျကပ်သည် သံဝဋ္ဋဋ္ဌာယီကပ် မည်၏။

ကမ္ဘာပြုမိုး ရွာသည်မှစ၍ နေလနက္ခတ် ပေါ်သည့်တိုင်အောင် အသင်္ချေယျကပ်သည် ဝိဝဋ္ဋကပ် မည်၏။

နေလနက္ခတ် ပေါ်သည်မှစ၍ ကမ္ဘာဖျက်မိုး ရွာသည့် တိုင်အောင် အသင်္ချေယျကပ်သည် ဝိဝဋ္ဋဋ္ဌာယီကပ် မည်၏။

ထိုအသင်္ချေယျကပ် တခုတခု၌ အန္တရကပ် ၆၄ ကပ် ရှိ၏။ အန္တရကပ် တခုတခု၌ ဆုတ်ကပ်၊ တက်ကပ် နှစ်ကပ် ရှိ၏။ အသင်္ချေယျ အသက်တမ်းမှ ဆယ်နှစ်တမ်းကျအောင် တဖြည်းဖြည်း နှေးနှေးဆုတ် ခြင်းသည် ဆုတ်ကပ် မည်၏။ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်း အထိ တဖြည်းဖြည်း ခပ်မြန်မြန်တက်ခြင်းသည် တက်ကပ် မည်၏။

ဘုရားရှင်တို့ ပွင့်လိုလျှင် ဆုတ်ကပ်၌သာ တစ်သိန်းတမ်းအောက်, တစ်ရာတမ်းအထက်၌သာ ပွင့်ကြသည်။

ဉေယျဓမ်တရား ငါးပါး

ဘုရားရှင်တို့သိအပ်သော ဉေယျဓမ်တရားတို့သည် သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်ဟု ငါးပါး ဖြစ်ကုန်၏။

ထိုတွင် ဥပါဒ် ဌီ ဘင် မကင်းသော စိတ်တခုယုတ် ကိုးဆယ်၊ စေတသိက် ဒွေပညာသ၊ နိပ္ဖန္နရုပ် အဋ္ဌာရသသည် သင်္ခါရ မည်၏။

ရုပ်တို့၏ အမူအရာ ဖြစ်သော ဝိကာရရုပ် ငါးခုသည် ဝိကာရ မည်၏။

ဥပါဒ်၊ ဌီ၊ ဘင်ဟူသော လက္ခဏ ရုပ်လေးခုသည် လက္ခဏ မည်၏။

သဥပါဒိသေသ၊ အနုပါဒိသေသ နိဗ္ဗာနဓာတ်သည် နိဗ္ဗာန် မည်၏။

သဒ္ဒပညတ်၊ အတ္ထပညတ်သည် ပညတ် မည်၏။

ထိုငါးပါးကို အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နောင် သဗ္ဗညုတ စသော ဉာဏ်စွမ်းဖြင့် သိ၏။

မာရ်ငါးပါး အောင်ခြင်း

နှိပ်စက်တတ်, သတ်ဖြတ်တတ်သော အနက်ကြောင့် မာရမည်သော တရားတို့သည် ကိလေသမာရ်၊ ခန္ဓမာရ်၊ အဘိသင်္ခါရမာရ်၊ ဒေဝပုတ္တမာရ်၊ မစ္စုမာရ်အားဖြင့် ငါးပါး ဖြစ်ကုန်၏။

မစ္စု၊ ဒေဝ၊ ကိလေသ၊ ခန္ဓ၊ ဘိသင်္ခါ။

ထိုတွင် တစ်ထောင့်ငါးရာ ကိလေသာသည် ကိလေသမာရ် မည်၏။
ခန္ဓာငါးပါသည် ခန္ဓမာရ် မည်၏။
လောကီကုသိုလ်၊ အကုသိုလ်စေတနာသည် အဘိသင်္ခါရမာရ် မည်၏။
နတ်ဆိုးသည် ဒေဝပုတ္တမာရ် မည်၏။
သေခြင်းသည် မစ္စုမာရ် မည်၏။

ကိလေသမာရ်သည် မျက်မှောက်ဘဝ၊ တမလွန်ဘဝ၌ အကျိုးမရှိ ကိုယ်ကျိုးနည်းအောင် ဆောင်၍ သေအောင် ဖန်ဖန်နှိပ်စက်၏။

ခန္ဓမာရ်သည် သူသတ်ငါးဦးပမာ ညှဉ်းဆဲကာ သတ်၏။ ခန္ဓာရှိလျှင် ကျိန်းသေ အသတ်ခံရ၏။

အဘိသင်္ခါရမာရ်သည် ဇာတိ၊ ဇရာ၊ မရဏတို့ဖြင့် ပျက်စီးစေခြင်းငှါ အို၊ နာ၊ သေ မစဲသော ပဋိသန္ဓေဝဲသို့ ပစ်ချ၏။

ဒေဝပုတ္တမာရ်သည် လောဘ၊ ဒေါသ ထကြွအောင် လှည့်စား၍ ဂုဏ်သတင်းကောင်းကို ပျက်စေ၏။

မစ္စုမာရ်သည် အနာများအောင် ပြု၍ ဇီဝိန်ကင်းအောင် ပြု၏။

ကိလေသမာရ်ကို နောင်မဖြစ်နိူင်အောင် အမြစ်ရင်းကို ဖြတ်ခြင်းဖြင့် အောင်တော်မူသည်။

ခန္ဓမာရ်ကို နောင်မဖြစ်နိုင်အောင် အကျိုးဒုက္ခကို အကုန်အစင်ပိုင်းခြား၍ သိခြင်း၊ အကြောင်းသမုဒယကို ပယ်ခြင်းဖြင့် အောင်တော်မူသည်။

အဘိသင်္ခါရကို နောင်မဖြစ်နိုင်အောင် အဝိဇ္ဇာ တဏှာ ဟူသော အားပေးသူ အဖော်နှစ်ဦး ကင်းအောင် ပြုခြင်းဖြင့် အောင်တော်မူသည်။

ဒေဝပုတ္တမာရ်ကို မာရ်နတ်စစ်သားတို့ကို ပယ်ခြင်းဖြင့်လည်းကောင်း၊ လောဘ, ဒေါသ မထကြွစေခြင်းဖြင့် လည်းကောင်း အောင်တော်မူသည်။

မစ္စုမာရ်ကို နောင်မဖြစ်အောင် သေရာကိုလွန်ခြင်းဖြင့်၊ ဝါ၊ ခန္ဓမာရ်ကို အောင်ခြင်းဖြင့် အောင်တော်မူသည်။

ဘုန်းတော် ခြောက်ပါး

ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဤကား ဘုန်းတော် ခြောက်ပါးတည်း။

ထိုတွင် မိမိစိတ်တော်ကို လွန်စွာအစိုးရခြင်းသည် ဣဿရိယမည်၏။ ဝါ၊ ဝသီဘော်ပြည့်စုံသောကြောင့် အံ့ဖွယ်၊ မြတ်နိုးဖွယ်တို့၌ မရွံ့ပဲ မမြတ်နိုးပဲနေနိုင်ခြင်းသည် ဣဿရိယ မည်၏။ ဝန်းကျင် ပြည့်စုံသော အဏိမာ၊ လင်္ဃိမာစသော လောကီတန်ခိုး ရှစ်ပါးသည်လည်း ဣဿရိယ မည်၏။

လောကုတ္တရာတရား ကိုးပါးသည် ဓမ္မမည်၏။

လောကသုံးပါးလုံးပျံ့ နှံ့သော သန့်ရှင်းသော ကျော်စောခြင်းသည် ယသ မည်၏၊

ဖူးမြင်သူတို့၏ မျက်စိအေးချမ်းကြည်လင်ခြင်းကို ဖြစ်စေနိုင်သော အင်္ဂါကြီးငယ်၏ ပြည့်စုံခြင်းသည် သိရီ မည်၏။

မိမိ၊ သူတပါး အကျိုးနှစ်ပါးကို အလိုရှိတိုင်း၊ တောင့်တတိုင်း ပြည့်စုံစေခြင်းသည် ကာမ မည်၏။

ဝီရိယပါရမီ သမ္မာသင်္ကပ္ပမဂ္ဂင်သည် ပယတ္တ မည်၏။

အရူပလေးဘုံ၌ ဂုဏ်တော် အဘယ်သို့ ပျံမည်နည်း။ လူ့ပြည်၌ ဂုဏ်တော်သိ၍ အရူပဘုံ၌ ဖြစ်သူတို့အား လည်းကောင်း၊ ဂုဏ်တော် သိ၍ မဂ်ဖိုလ်ရ၍ အရူပဘုံ၌ဖြစ်သူတို့အားလည်းကောင်း ဣတိပိ သော ဘဂဝါ စသည်ဖြင့် ကျော်စောခြင်းသည် ထင်ရှား၏။ သာသနာပ၌ ဂုဏ်တော် မသိပဲ အရူပဘုံ၌ ဖြစ်သူတို့အားသာ ဂုဏ်တော် မပျံ့နှံ့ နိုင်။

လောကီတန်ခိုး ရှစ်ပါး

အဏိမာ၊ လင်္ဃိမာ၊ မဟိမာ၊ ပတ္တိ၊ ပါကမ္မ၊ ဤသိတာ၊ ဝသိတာ၊ ယတ္ထကာမ ဝသာယိတာ ဤကား ဣသရိယ တန်ခိုး ရှစ်ပါးတည်း။

ထိုတွင် ကိုယ်တော်ကို အဏုမြူအနေ သေးငယ်စွာ ဖန်ဆင်းခြင်းသည် အဏိမာတန်ခိုး မည်၏။
ကောင်းကင်၌ ခြေဖြင့် သွားနိုင်အောင် ပေါ့ပါးအောင် ဖန်ဆင်းခြင်းသည် လင်္ဃိမာ...။
ကိုယ်တော်ကို ကြီးအောင် ဖန်ဆင်းခြင်းသည် မဟိမာ.....။
လိုရာအရပ်သို့ ရောက်နိုင်ခြင်းသည် ပတ္တိ...။
အဓိဋ္ဌာန်ခြင်း စသည်ဖြင့် လိုတိုင်းပြီးစီးခြင်းသည် ပါကမ္မ....။
ဝသီဘော်ကို အစိုးရခြင်းသည် ဤသိတာ...။
ဣဒ္ဓိဝိဓစသည်၌ ဝသီဘော်သည် ဝသိတာ...။
ကောင်းကင်သွားခြင်း၊ လိုရာပြုခြင်းတို့၌ အပြီးသို့ ရောက်ခြင်းသည် ယကာမ ဝသာယိတာ တန်ခိုး မည်၏။

ဤ လောကီတန်ခိုး ရှစ်ပါးလုံးသည် ဣဒ္ဓိဝိဓ၌ အကျုံးဝင်၏။
ဘုရားရှင်အား သူတပါးတို့နှင့် မဆက်ဆံနိုင်အောင် ဝန်းကျင်ပြည့်စုံတော်မူ၏။

ဝိဟာရလေးပါး

ဣရိယာပထဝိဟာရ၊ ဒိဗ္ဗဝိဟာရ၊ ဗြဟ္မဝိဟာရ၊ အရိယဝိဟာရ ဤကား ဝိဟာရ လေးပါးတည်း။

ထိုတွင် သွား၊ ရပ်၊ ထိုင်၊ လျောင်း၊ ဣရိယာပုထ် လေးပါး အပေါင်းသည် ဣရိယာပထဝိဟာရမည်၏။
ကသိုဏ်းစသည်ကို အာရုံပြုသော ရူပဈာန်သည် ဒိဗ္ဗဝိဟာရ....။
မေတ္တာဈာန် စသည်သည် ဗြဟ္မဝိဟာရ....။
ဖလသမာပတ်သည် အရိယဝိဟာရ မည်၏။

ဝိဝေက သုံးပါး

ကာယဝိဝေက၊ စိတ္တဝိဝေက၊ ဥပဓိဝိဝေက ဤကား ဝိဝေက သုံးပါးတည်း။

ထိုတွင် ကာမဂုဏ်ဆိတ်ရာ တကိုယ်တည်း နေခြင်းသည် ကာယ ဝိဝေက မည်၏။
နီဝရဏ အကုသိုလ်ဆိတ်ရာ ဈာန်စိတ်ဖြင့် နေခြင်းသည်.. စိတ္တပိက မည်၏။
ဥပဓိလေးပါးဆိတ်ရာ နိဗ္ဗာန်သည် ဥပဓိဝိဝေ မည်၏။

ဥပဓိလေးပါး

ကာမုပဓိ၊ ခန္ဓုပဓိ၊ ကိလေသုပဓိ၊ အဘိသင်္ခါရုပဓိ ဤကား ဥပဓိ လေးပါးတည်း။

ထိုတွင် ကာပအာရုံငါးပါးသည် ကာမုပဓိ မည်၏။
ကာမသုခ၏ တည်ရာဖြစ်သည့် ခန္ဓာငါးပါးသည် ခန္ဓုပဓိမည်၏။ ဇာတိစသော ဒုက္ခ အမျိုးမျိုး၏ တည်ရာ ဖြစ်သည်။
ကိလေသာ ထောင့်ငါးရာသည် ကိလေသုပဓိ မည်၏။ အပါယ်ဒုက္ခ၏ တည်ရာ ဖြစ်သည်။
လောကီကုသိုလ်၊ အကုသိုလ် စေတနာကံသည် အဘိသင်္ခါရုပဓိမည်၏။ ဘဝဒုက္ခ၏ တည်ရာ ဖြစ်သည်။

နိဗ္ဗာန်သည် ထိုဥပဓိလေးပါး မရှိသောကြောင့် နိရုပဓိ မည်၏။

ဝေသာရဇ္ဇဉာဏ်တော် လေးပါး

ကြောက်ရွံ့ခြင်းမှ ကင်းသောသူသည် ဝိသာရဒပုဂ္ဂိုလ် မည်၏။ ဝိသာရဒပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ဉာဏ်တော်သည် ဝေသာရဇ္ဇဉာဏ် မည်၏။

အန္တရာယ၊ နိယျာန၊ ဗုဒ္ဓတ္တ၊ အာသဝက္ခယ ဤလေးဌာန၌ ကြောက်ရွံ့ခြင်း, တွန့်တိုခြင်းကင်းလျက် ရဲဝံ့စွာ မိန့်ဆိုကြောင်း ဉာဏ်လေးပါးသည် စတုဝေသာရဇ္ဇဉာဏ်တော် မည်၏။

အန္တရာယ၌ ကံ-ကိလေသ၊ ဝိပါက၊ ဝါဒ-တိက္ကမာ-ဟူသော အန္တရာယိက တရားငါးပါးကို ဤငါးပါးသည် နတ်ရွာ၊ နိဗ္ဗာန်၊ ဈာန်၊ မဂ်၊ ဖိုလ် တို့ကို မရအောင် ဧကန် အန္တရာယ်ပြုသည်ဟု ရဲရင့်စွာ မိန့်ဆိုတော်မူသည်။

နိယျာန၌ အရိယာမဂ်လေးပါးကို ဤလေးပါးသည် သံသရာဝဋ်မှ ဧကန် ထွက်မြောက်နိုင်သည်ဟု ရဲရင့်စွာ မိန့်ဆိုတော်မူသည်။

ဗုဒ္ဓတ္တ၌ ကိုယ်တော်မြတ်၏ ဘုရားဖြစ်ခြင်းကို ငါသည် အလုံးစုံသော တရားတို့ကို ကိုယ်တိုင်သိ၍ ဘုရား အဖြစ်ကို ဧကန်ရသည်ဟု ရဲရင့်စွာ မိန့်ဆိုတော်မူသည်။

အာသဝက္ခယ၌ အရဟတ္တမဂ်ကို ဤမဂ်၌ အာသတရား လေးပါး ဧကန်ကုန်သည်ဟု ရဲရင့်စွာ မိန့်ဆိုတော်မူသည်။

ဤ ဝေသာရဇ္ဇ ဉာဏ်တော်လေးပါးကြောင့် ဘုရားဟော တရားတော် ဟူသမျှသည် သွာက္ခာတ ဖြစ်တော်မူ၏။

အန္တရာယိကတရား ငါးပါး

ကမ္မန္တရာယ်၊ ကိလေသန္တရာယ်၊ ဝိပါကန္တရာယ်၊ ဥပဝါဒန္တရာယ်၊ ပညတ္တိဝီတိက္ကမန္တရာယ် - ဤကား အန္တရာယ်ငါးပါးတည်း။ သဂ္ဂ၊ မောက္ခ တို့၏ အန္တရာယ်ကို ပြုတတ်သောကြောင့် အန္တရာယိက မည်၏။

ထိုတွင် ပဉ္စာနန္တရိယကံ၊ ဘိက္ခုနီသကကံသည် ကမ္မန္တရာယ် မည်၏။ ပဉ္စာနန္တရိယကံသည် သဂ္ဂ၊ မောက္ခ နှစ်ရပ်လုံး တားသည်။ ကုစား၍ မရ။ ဘိက္ခုနီသကကံသည် သဂ္ဂ မတား၊ မောက္ခ တားသည်။ ကုစား၍ မရ။

မိစ္ဆာဒိဋ္ဌိသည် ကိလေသန္တရာယ်မည်၏။ သဂ္ဂ၊ မောက္ခ တားသည်။ အယူစွန့်ခြင်းဖြင့် ကုစားလျှင် ရသည်။ ကုစားပြီးလျှင် မတား။

အဟိတ်ပဋိသန္ဓေ၊ ဒွိဟိတ်ပဋိသန္ဓေသည် ဝိပါကန္တရာယ် မည်၏။ သဂ္ဂ မတား၊ မောက္ခ တားသည်။ ကုစား၍ မရ။

အရိယာပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်းသည် ဥပဝါဒန္တရာယ် မည်၏။ သဂ္ဂ၊ မောက္ခနှစ်ရပ်လုံး တားသည်။ ကုစား၍ ရသည်။ ကုစားပြီးလျှင် မတား။

ပညတ်တော် သိက္ခာပုဒ်ကို အားထုတ်၍ လွန်ကျူးခြင်းသည် ပညတ္တိဝီတိက္ကမန္တရာယ် မည်၏။ နှစ်ရပ်လုံး တားသည်။ ဒေသနာဂါမ်၊ ဝုဋ္ဌာနဂါမ်ဖြင့် ကုစား၍ ရသည်။ ကုစားပြီးလျှင် မတား။

[သဂ္ဂ မတား ၂၊ သဂ္ဂ တား ၄၊ ပေါင်း ၆ မဖြစ်။ ၅ ဖြစ်စေရသည်။ မောက္ခတား ၅ ပါးလုံး။ ကုစားမရ ၂၊ ကုစားရ ၃၊ ပေါင်း ၅။]

ပုဂ္ဂလိကဒက္ခိဏာ ၁၄--ပါး

မြတ်စွာဘုရားအား လှူခြင်း။ ပစ္စေကဗုဒ္ဓါအား လှူခြင်း (၂)။

ရဟန္တာအား လှူခြင်း။ ရဟန္တာဖြစ်အောင် ကျင့်သူအား လှူခြင်း၊ ထို့အတူ အနာဂါမ်...။ သကဒါဂါမ်...။ သောတာပန်အား လှူခြင်း။....သောတာပန် ဖြစ်အောင်ကျင့်သူအား လှူခြင်း (၈)။

သာသနာပ ဈာန် အဘိညာရ ရသေ့အား လှူခြင်း။ ပုထုဇဉ် သီလဝန္တအား လှူခြင်း။ ဒုဿီလအား လှူခြင်း၊ တိရစ္ဆာန်အား လှူခြင်း (၄)။

ဤကား အလှူ ၁၄-ပါးတည်း။ ဝါ- အလှူခံ တကျိပ်လေးတည်း။ နောက်ဆုံး လေးယောက်ကား သာသနာ ပြင်ပတည်း။

ဤ၌ အယုတ်ဆုံး သရဏဂုံတည်သော ဥပါသကာသည် သောတာပန်ဖြစ်အောင် ကျင့်သူ၌ ပါဝင်၏။ ဤစကားဖြင့် ဗုဒ္ဓဘာသာ ဟူသမျှသည် သာသနာပ ဈာန်အဘိညာရ ရသေ့ထက် သာသည်ဟု ပြ၏။ လင်းတငှက် ကောင်းကင်၌ ပျံနိုင်သော်လည်း သရဏဂုံမရှိသကဲ့သို့ သာသနာပ ရသေ့အား သရဏဂုံ မရှိခြင်းသည် အကြောင်းရင်းတည်း။

သံဃိကဒက္ခိဏာ ခုနစ်ပါး

ဘုရားအမှူးရှိသော ဥဘတောသံဃာအား လှူခြင်း။ ဘုရားမပါသော ဥဘတောသံဃာအား လှူခြင်း (၂)။

ဘိက္ခုသံဃာအား လှူခြင်း။ ဘိက္ခုနီ သံဃာအား လှူခြင်း (၂)။

ဘိက္ခု ဤမျှ၊ ဘိက္ခုနီ ဤမျှဟု ဥဘတော သံဃာမှ ညွှန်းစေ၍ လှူခြင်း။ ဘိက္ခုဤမျှဟု ဘိက္ခုသံဃာမှ ညွှန်းစေ၍ လှူခြင်း။ ဘိက္ခုနီ ဤမျှဟု ဘိက္ခုနီသံဃာမှ ညွှန်းစေ၍ လှူခြင်း(၃)

ဤကား သံဃိကဒါန ခုနစ်ပါးတည်း။
ဥဘတော နှစ်၊ သံဃာ နှစ်၊ သုံးဖြစ် သံဃာညွှန်း။

သံဃာမှ ညွှန်းစေ၍ လူရာ၌ ဒုဿီလအား လှူရသည်ပင် ဖြစ်စေ ပုဂ္ဂလိကထက် အကျိုး ကြီး၏။ အကျိုးကြီးအောင် ထိုသီလသည် သုတ်သင်နိုင်သလော။ မသုတ်သင်နိုင်။ ရဟန္တာအရှင်မြတ်ကြီးတို့သည် သုတ်သင်ကုန်၏။

ကျင့်ပြီး၊ ကျင့်ဆဲ လေးစုံတွဲကာ ရှစ်မှာဆက်ကပ် သံဃိကအလှူမြတ်၌ အလှူခံရှစ်ပါးသံဃာ၏ ဥက္ကဋ္ဌ ခေါင်းဆောင်ကြီးတို့သည် ရှင်သာရိပုတ္တရာ စသော ရဟန္တာကြီးတို့သာ ဖြစ်ကုန်၏။ ထို၌ အလဇ္ဇီသံဃာ၊ ဒုဿီလ သံဃာဟူ၍ သံဃာတမျိုးမရှိ။ အရိယာပုဂ္ဂိုလ်သာ ရှိ၏။

တိုင်းသူပြည်သားတို့သည် မင်းမှုထမ်း မင်းစေခံတို့လက်၌ အခွန်တော်ငွေကို ပေးဆောင်ရသော်လည်း ပြည့်ရှင်မင်းကြီး၏ လက်တော်သို့ ရောက်အောင် ပေးဆောင်ရခြင်းသာတည်း။ ထို၌ အစေခံမင်း၊ အမှုထမ်းမင်း ဟူ၍ မင်းတမျိုး မရှိ၊ ထိုအမှုထမ်းကို မရိုသေလျှင် ပြည့်ရှင်မင်းကို မရိုသေသည်နှင့် တူ၏။

ထို့ကြောင့် ရှစ်ယောက်လေးစုံ သံဃာကုန်ကိုသာ အားထားကာ လှူခြင်းသည် သံဃာအားလှူခြင်း ဖြစ်၏။

ဒက္ခိဏာဝိသုဒ္ဓိ လေးပါး

အလှူခံမစင်ကြယ်ပဲ လှူသူစင်ကြယ်ခြင်း။ လှူသူမစင်ကြယ်ပဲ အလှူခံ စင်ကြယ်ခြင်း။ နှစ်ဦးလုံး မစင်ကြယ်ခြင်း၊ နှစ်ဦးလုံး စင်ကြယ်ခြင်း- ဤကား ဒက္ခိဏာဝိသုဒ္ဓိလေးပါးတည်း။

ဇူဇကာအား ဝေဿန္တရာမင်းကြီး သား၊ သမီး လှူခြင်းသည် လှူသူ သီလရှိသောကြောင့် မဟာပထဝီကိုပင် တုန်လှုပ်စေသည်။

သီဟိုဠ်ကျွန်း၌ ဒီဃသောဏ မထေရ်မြတ်အား တံငါကြီးတဦး ဆွမ်းသုံးကြိမ် လှူခြင်းသည် အလှူခံသူ သီလ ရှိသောကြောင့် ထိုတံငါကြီး သေအံ့ဆဲဆဲတွင် “အရှင်မြတ်အား လှူသော ဆွမ်းသည် ငါ့ကို အပါယ်မှ ထုတ်ဆောင်ပေးသည်”ဟု ဆိုသွားသည်။

ဝဍ္ဎမာနအရပ်၌ ဒုဿီလရဟန်းအား မုဆိုးတယောက် မတကဘတ် အတွက် သုံးကြိမ်တိုင် ဆွမ်းလှူ၍ သေသူအား အမျှပေးဝေခြင်းသည် နှစ်ဦးလုံး မစင်ကြယ်။ ထို့ကြောင့် သုံးကြိမ်မြောက်လှူ၍ အမျှဝေသော အခါ “ဒုဿီလော မံ ဝိလုမ္ပတိ။ ငါ့အစာကို ဒုဿီလကြီး လုသွားသည်” ဟု သေသူပြိတ္တာက ဟစ်အော်လေသည်။ ထိုနောက် သီလဝန္တပုဂ္ဂိုလ်အား လှူ၍ အမျှဝေသောအခါမှ ပြိတ္တာထံ ကုသိုလ်အဘို့ စည်းစိမ် ရောက်သည်။

ဘုရား အမှူးရှိသော သံဃာအား မင်းနှင့်တကွ တိုင်းသူပြည်သားတို့ အသဒိသဒါနပြုခြင်းသည် နှစ်ဦးလုံး စင်ကြယ်၏။

ပါရမီ ဆယ်ပါး

ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ– ဤကား ပါရမီ ဆယ်ပါးတည်း။

(၁) ဒါန-သီလာ၊ နိက္ခမာ၊ ပညာ-ဝီရိယ၊
(၂) ခန္တီ-သစ္စာ၊ ဓိဋ္ဌာနာ၊ မေတ္တာ-ဥပေက္ခ။

နိဗ္ဗာန်တဘက်ကမ်းသို့ ရောက်ကြောင်း ကုသိုလ်တရားအပေါင်းသည် ပါရမီ မည်၏။ မြစ်ကမ်းတဘက်သို့ ကူးလိုသောသူသည် ဤမှာဘက် ကမ်း၌ တွယ်တာခြင်းဖြတ်၍ ဟိုမှာဘက်ကမ်း၌ တွယ်တာခြင်း များစေလျက် အားထုတ်ရသည်။ ပါရမီကုသိုလ် ပြုလိုသောသူသည် ဘုံသုံးပါး၌ တွယ်တာခြင်းဖြတ်၍ နိဗ္ဗာန်ကမ်းတဘက်၌ အာသာဆန္ဒ ပြင်းထန်စေလျက် အားထုတ်ရသည်။

ဂုဏ်တော်အကျဉ်း နှစ်ပါး

ဘုရားရှင်၏ ဂုဏ်တော်အနန္တသည် အကျဉ်းအားဖြင့် အတ္တဟိတ သမ္ပတ္တိ- မိမိအကျိုးပြည့်သော ဂုဏ်တော်၊ ပရဟိတပဋိပတ္တိ- သူတပါး အကျိုး ဖြည့်ကျင့်သော ဂုဏ်တော်ဟု နှစ်မျိုးသာ ဖြစ်၏။

အတ္တဟိတသပ္ပတ္တိသည်လည်း ပဟာနသမ္ပဒါ- အပြည့်အစုံပယ်ခြင်း၊ ဉာဏသမ္ပဒါ- အပြည့်အစုံသိခြင်းဟု နှစ်မျိုးပြား၏။

ပရဟိတပဋိပတ္တိသည် ပယောဂ - အားထုတ်၍ တရားဟောခြင်း၊ အာသယ - ဉာဏ်ရင့်ချိန် စောင့်ခြင်းဟု နှစ်မျိုး ပြား၏။ ထိုတွင် တရား ဟောခြင်းဟူသည် လာဘ်မငဲ့ပဲ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ဟောသည်။ ဉာဏ်ရင့်ချိန် စောင့်ခြင်း၌ ဆန့်ကျင်ဘက် မိစ္ဆာဒိဋ္ဌိတို့ကိုသော်လည်း အကျိုးလိုလားခြင်းဖြင့် စောင့်သည်။ ထို့ပြင် အာမိသပူဇာ သက္ကာရကို ခံယူခြင်းဖြင့်လည်း ပရဟိတပဋိပတ္တိ ဖြည့်ကျင့်လေ၏။ လူတို့၏ အကျိုးကို ပြည့်စုံအောင် ကျင့်သည် မည်၏။

ဂုဏ်တော်ကိုးပါးတို့တွင် အရဟံသည် အတ္တဟိတသမ္ပတ္တိ ဂုဏ်တော် မည်၏။ ပဟာနသမ္ပဒါအစွမ်းဖြင့် ကိလေသာကို ပယ်၏။

သမ္မာသမ္ဗုဒ္ဓေါသည် အတ္တဟိတဂုဏ်တော် မည်၏။ ဉာဏသမ္ပဒါစွမ်းဖြင့် သစ္စာလေးပါးကို သိ၏။

ဝိဇ္ဇာစရဏသမ္ပန္နောသည် အတ္တဟိတဂုဏ်တော် မည်၏။ သမ္ပဒါ နှစ်ပါးစွမ်းဖြင့် ပယ်သင့်သည်ကို ပယ်၍ သိသင့်သည်ကို သိ၏။

သုဂတောသည် အတ္တဟိတဂုဏ်တော်၊ ပရဟိတဂုဏ်တော် နှစ်ပါးလုံး မည်၏။ သမ္ပဒါနှစ်ပါးစွမ်းဖြင့် ပယ်သည်၊ သိသည်။ ပယောဂ၊ အာသယ နှစ်ပါးဖြင့် သင့်သောစကားကို ဆိုသည်။

လောကဝိဒူသည် သမ္မာသမ္ဗုဒ္ဓနှင့် တူစွာ မည်၏။

အနုတ္တရောပုရိသဒမ္မသာရထိသည် ပရဟိတဂုဏ်တော် မည်၏။ ပယောဂ၊ အာသယ နှစ်ပါးဖြင့် ယဉ်ကျေးအောင် ဆုံးမသည်။

သတ္ထာဒေဝမနုဿာနံသည် အနုတ္တရောပုရိသနှင့် တူစွာ မည်၏။

ဗုဒ္ဓေါသည် အတ္တဟိတ၊ ပရဟိတ နှစ်ပါးလုံး မည်၏။ ပယ်ခြင်း၊ သိခြင်းဖြင့် သစ္စာလေးပါးကို သိသည်။ ပယောဂ၊ အာသယဖြင့် သူ တပါးကိုလည်း သိစေသည်။ [သမ္မာသမ္ဗုဒ္ဓေါမှ ထူးသည်။]

ဘဂဝါသည် ဗုဒ္ဓေါနှင့် တူစွာ မည်၏။ ဤဘဂဝါ ဂုဏ်တော်၌ အာနုဘာဝသမ္ပဒါ-တန်ခိုးအာနုဘော် ပြည့်စုံခြင်း၊ ရူပကာယသမ္ပဒါ- ဖူးမြင်၍မဝအောင် ရူပကာယ ပြည့်စုံခြင်းတို့သည် အတ္တဟိတ-ပယ်၊ သိ- နှစ်ပါး၌ ပါဝင်သည်သာတည်း။

ဂုဏ်တော်အကျဉ်း သုံးပါး

တနည်းကား ဟေတု-အကြောင်းဂုဏ်၊ ဖလ-အကျိုးဂုဏ်၊ သတ္တုပကာရ-သတ္တဝါတို့အား ကျဆေးများသော ဂုဏ်ဟု သုံးပါး ပြား၏။

အရဟံသည် ဖလဂုဏ်တော် မည်၏။ ပါရမီအကြောင်းကြောင့် ဖလဂုဏ် ပြည့်စုံစွာရသည်။

သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နောသည် အရဟံနှင့် တူစွာ မည်၏။

သုဂတောသည် ဟေတုဂုဏ်၊ ဖလဂုဏ်၊ သတ္တုပကာရဂုဏ် သုံးပါးလုံး မည်၏။ ဗောဓိမဏ္ဍိုင်တိုင်အောင် ပါရမီ ပဋိပတ် ဖြည့်ကျင့်သော သုဂတ၊ နိဗ္ဗာန်သို့ ကြွသွားသော သုဂတ၊ သင့်သောစကားကို ဆိုသော သုဂတသည် အစဉ်အတိုင်း သုံးမည်ရကြောင်းတည်း။

လောကဝိဒူသည် အရဟံနှင့် တူစွာ မည်၏။

အနုတ္တရောပုရိသဓမ္မသာရထိသည် သတ္တုပကာရဂုဏ်တော် မည်၏။

သတ္ထာဒေဝမနုဿာနံလည်း သတ္တုပကာရဂုဏ်တော်တည်း။

ဗုဒ္ဓေါသည် ဖလဂုဏ်၊ သတ္တုပကာရဂုဏ် နှစ်ပါး မည်၏။

ဘဂဝါသည် သုဂတောနှင့် တူစွာ မည်၏။ သုံးမည် ရ၏။ ပါရမီဘုန်းကံရှိသော ဘဂဝါ၊ မာရ်ငါးပါးအောင်သော ဘဂဝါ၊ ဝေဖန်ဟောကြားသော ဘဂဝါသည် အစဉ်အတိုင်း သုံးမည်ရကြောင်းတည်း။

ပညာ ၁၆-ရပ်

မဟာပညာ၊ ပုထုပညာ၊ ဟာသပညာ၊ ဇဝနပညာ၊ တိက္ခပညာ၊ နိဗ္ဗေပိတပညာ (၆)၊
နဝါနုပုဗ္ဗ ဝိဟာရ သမာပတ္တိပညာ ကိုးပါး (၉)။
အရဟတ္တမဂ်ပညာ(၁)၊
ဤပညာ ၁၆ ရပ်ကို ရှင်သာရိပုတ္တရာ ထိုးထွင်းနိုင်သည်။

လောကီသရဏဂုံ လေးပါး

အတ္တသန္နိယျာတန၊ တပ္ပရာယဏ၊ သိဿဘာဝူပဂမန၊ ပါဏိပါတ-ဤကား လောကီသရဏဂုံ လေးပါးတည်း။

ထိုတွင် ဝဋ်မှထွက်မြောက်ခြင်းငှါ မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းသည် အတ္တသန္နိယျာတန သရဏဂုံ မည်၏။..

အဇ္ဇာဒိံ ကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာတေမိ။
အဇ္ဇာဒိံ ကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာတေမိ။
အဇ္ဇာဒိံ ကတွာ အဟံ အတ္တာနံ သံဃဿ နိယျာတေမိ။ ဟု အပ်နှင်း၏။

လည်းလျောင်းရာဟု အားထားခြင်းသည် တပ္ပရာယဏ….။ အဇ္ဇာဒိံ ကတွာ အဟံ ဗုဒ္ဓပရာယဏော၊ ဓမ္မပရာယဏော၊ သံဃပရာယဏောတိ မံ ဓာရေထ-ဟု အားထား၏။

တပည့်အဖြစ်သို့ ရောက်ခြင်းသည် သိဿဘာဝူပဂမန....။ အဇ္ဇာဒိံ ကတွာ အဟံ ဗုဒ္ဓဿ အန္တေဝါသိကော၊ ဓမ္မဿ၊ သံဃဿာတိ မံ ဓာရေထ-ဟု တပည့်အဖြစ်သို့ ရောက်၏။

လွန်စွာ အရိုအသေပြုခြင်းသည် ပါဏိပါတ....။ အဇ္ဇာဒိံ ကတွာ အဟံ အဘိဝါဒနံ ပစ္စုဋ္ဌာနံ အဉ္ဇလိကမ္မံ သာမိစိကမ္မံ ဗုဒ္ဓါဒီနံ ယေ၀ တိဏ္ဏံ ဝတ္ထူနံ ကရောမီတိ မံ ဓာရေထ-ဟု လွန်စွာ ရိုသေခြင်းကို ပြု၏။

ဇီဝိတပရိယန္တိကံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓေါ မေ သရဏံ လေဏံ တာဏံ-ဟူ၍လည်း အတ္တသန္နိယျာတန ဖြစ်၏။ သတ္ထာရဉ္စ ဝတာဟံ ပဿာမိ ဘဂဝန္တမေဝ ပဿာမိ။ သုဂတဉ္စဝတာဟံ ပဿာမိ ဘဂဝန္တမေဝ ပဿာမိ၊ သမ္မာသမ္ဗုဒ္ဓဉ္စဝတာဟံ ပဿာမိ ဘဂဝန္တမေဝ ပဿာမိ-ဟု ရှင်မဟာကဿပ သရဏဂုံသည် သိဿဘာဝူပဂမန ဖြစ်၏။

သော အဟံ ဝိစရိဿာမိ၊ ဂါမာဂါမံ ပုရာပုဂံ။ နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿစ သုဓမ္မတံ” ဟု အာဠာဝက၊ ဟေမဝတ၊ သာတာဂိရိစသည်တို့ သရဏဂုံသည် တပ္ပရာယဏ မည်၏။ အရှင်ဥပါလိလည်း “သော အဟံ ဝိစရိဿာမိ”ဂါထာကို ဆိုသည်။

ဗြဟ္မာယု ပုဏ္ဏားကြီးကဲ့သို့ မြတ်စွာဘုရား၏ ခြေတော်၌ ဦးခေါင်းဆိုက်၍ ခြေတော်ကို နမ်းစုပ်ခြင်း၊ ဆုပ်နယ်ခြင်း၊ အကျွန်ုပ်သည် ဗြဟ္မာဟု မည်၏ဟု အမည် ကို ပြောကြားခြင်းသည် ပါဏိပါတ မည်၏။

ငါ၏ဆွေမျိုးဟူ၍လည်းကောင်း၊ မဆည်းကပ်လျှင် အကျိုးမဲ့ပြုလတ္တံ့ ဟူ၍လည်းကောင်း၊ မျက်မှောက်အကျိုး ဆုံးမဖူးသည်ဟူ၍ လည်းကောင်း၊ ဉာတိ၊ ဘယ၊ အာစရိယစွမ်းဖြင့် ရှိခိုးခြင်းသည် သရဏဂုံ မဖြစ်။ ထို သုံးပါးစွမ်းဖြင့် မိစ္ဆာဒိဋ္ဌိစသည်ကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်။ တမလွန်အကျိုး နိယျာနိက အကျိုးကို ဆုံးမပေးသည်ဟု တောင့်တ၍ ဒက္ခိဏေယျစွမ်းဖြင့် လွန်စွာ ရိုသေခြင်းကိုပြုလျှင် သရဏဂုံ ဖြစ်၏။

ဘုရားအား လှူခြင်းထက် ဗုဒ္ဓပမုခသံဃာအား လှူခြင်းသည် အကျိုး များ၏။ ၎င်းထက် စတုဒ္ဒိသာသံဃာကို ရည်၍ ကျောင်းဆောက်ခြင်းသည်...၊ ထို့ထက် သရဏဂုံသည် သာ၍ အကျိုးများ၏။

ရတနာသုံးပါးမှ တပါးသောသူတို့၌ ကိုယ်ကို အပ်နှင်းခြင်း စသည်ဖြင့် သရဏဂုံသည် ပျက်၏။ မကောင်းကျိုး ရှိ၏။ သေခြင်းဖြင့် သရဏဂုံ ပျက်ခြင်းကား အပြစ်မရှိ။

ဥပါသကာ

ရတနာသုံးပါးကို ဆည်းကပ်သော အိမ်နေသူ လူအပေါင်းသည် ဥပါသကာ မည်၏။ ထို လူအပေါင်းသည် ရတနာသုံးပါး ဆည်းကပ်သော်လည်း သဒ္ဓါတရား မရှိအံ့၊ သီလ မရှိအံ့။ ကောတူဟလမင်္ဂလာကို ယုံကြည်အံ့၊ မင်္ဂလာကိုသာ ယုံကြည်သည်-ကံကို မယုံကြည်အံ့၊ သာသနာပြင်ပ၌ ဒက္ခိဏေယျ ပုဂ္ဂိုလ်မြတ်ကို ရှာအံ့၊ ဥပါသကာ စဏ္ဍာလ၊ ဥပါသကာမလ၊ ဥပါသကာပဋိကုဋ္ဌ မည်၏။ ယုတ်ညံ့သော ဥပါသကမည်၏။ ထိုမှပြန်လျှင် ဥပါသကာပဒုမ၊ ဥပါသကာပုဏ္ဍရိက၊ ဥပါသကာ ရတနမည်၏။ မြတ်သော ဥပါသကာ မည်၏။

ထို ဥပါသကာ၏ သီလသည် ငါးပါးသီလ ဖြစ်၏။ အသက်မွေးခြင်း သည် သမ္မာအာဇီဝ ဖြစ်၏။ ထိုနှစ်ပါးရှိလျှင် ဥပါသကာ၏အဖြစ် ပြည့်စုံ၏။

ဥပါသကာ မပြုအပ်သော ကုန်သွယ်ခြင်း ငါးပါး

သတ္ထဝါဏိဇ္ဇ-လက်နက်ကုန်သွယ်ခြင်း။
သတ္တဝါဏိဇ္ဇ- လူကုန်သွယ်ခြင်း။
မံသဝါဏိဇ္ဇ- အသားကုန်သွယ်ခြင်း။
မဇ္ဇဝါဏိဇ္ဇ-သေကုန်သွယ်ခြင်း။
ဝိသဝါဏိဇ္ဇ- အဆိပ်ကုန်သွယ်ခြင်း။
ဤ ငါးပါးကို ဥပါသကာ မပြုအပ်။

လက်နက်ကိုပြု၍၊ ပြုစေ၍၊ ပြုပြီးတိုင်းရ၍ ရောင်းဝယ်ခြင်းသည် သတ္ထဝါဏိဇ္ဇ မည်၏။
သူ့ကျွန်ဖြစ်အောင် လူကို ရောင်းဝယ်ခြင်းသည် သတ္တဝါဏိဇ္ဇ.....။
ဆိတ်၊ ဘဲ၊ ကြက်၊ ဝက်စသော ဟင်းမျိုး တိရစ္ဆာန်ကို အသား တိုးအောင် မွေး၍ ရောင်းဝယ်ခြင်းသည် မံသဝါဏိဇ္ဇ...။
သေအရက် ရောင်းဝယ်ခြင်းသည် မဇ္ဇဝါဏိဇ္ဇ...။
ဒုက္ခဖြစ်ကြောင်း အဆိပ် ရောင်းဝယ်ခြင်းသည် ဝိသဝါဏိဇ္ဇ မည်၏။

ပရိသတ် ရှစ်ပါး

မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်း- ဤကား ပရိသတ်လေးပါးတည်း။
စာတုမဟာရာဇ်၊ တာဝတိံသာ၊ မာရ်နတ်၊ ဗြဟ္မာနှင့် ပရိသတ်ရှစ်ပါး ဖြစ်၏။

နိဂုံး

ဤမျှဖြင့် ပညာစရိုက်၊ သဒ္ဓါစရိုက် ရှိသူတို့အား ထိုက်တန်သော ဘုရားရှိခိုး ရှစ်ပုဒ်သည် အထူး မှတ်သားစရာများနှင့်တကွ ၁၃၀၄-ခု ဝါခေါင်လဆန်း ၁၅-ရက် ဗုဒ္ဓဟူးနေ့၌ ပြီး၏။

ဤ ဘုရားရှိခိုး ရှစ်ပုဒ်သည် ပညာ၊ သဒ္ဓါရှိသူတို့ ဖြစ်အောင် ပြုလုပ်၍ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့ကို ရစေသည်တို့ ဖြစ်ကြပါစေသတည်း။

ညောင်လေးပင်တောရ နာယကမထေရ် ရေးစီရင်သည်။

ဘုရားရှိခိုး ရှစ်ပုဒ် ပြီး၏။