ထိုရဟန်းသည် မသေချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၃-၂၄)
တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ငြမ်းကို ဖွဲ့ချည်ကြ ကုန်၏၊ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ငါ့သျှင် ဤဘက်၌ ရပ်၍ ဖွဲ့ချည်လော့"ဟု ဆိုရာ ထိုရဟန်းသည် ထိုခိုင်းသော ဘက်၌ ရပ်၍ ဖွဲ့ချည်စဉ် လိမ့်ကျ၍ သေလေ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။
ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်သည် သေစေလိုစိတ် မရှိပါဟု (လျှောက်ထား၏)။
ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၂၅)
တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ငြမ်းကို ဖွဲ့ချည်ကြ ကုန်၏၊ ရဟန်းတစ်ပါးသည် သေစေလို၍ ရဟန်းတစ်ပါးကို "ငါ့သျှင် ဤဘက်၌ ရပ်၍ ဖွဲ့ချည်လော့"ဟု ဆိုရာထိုရဟန်းသည် ထိုခိုင်းသော ဘက်၌ ရပ်၍ ဖွဲ့ချည်စဉ် လိမ့်ကျ၍ သေလေ၏။ပ။
လိမ့်ကျ၍ မသေချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၆-၂၇)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကျောင်းကို မိုးပြီး၍ ဆင်းလာ၏၊ ရဟန်းတစ်ပါးက ထို ရဟန်းကို"ငါ့သျှင် ဤဘက်မှ ဆင်းသက်ခဲ့လော့"ဟု ဆိုသဖြင့် ထိုရဟန်းသည် ထိုဘက်မှ ဆင်းသက်ရာ လိမ့်ကျ၍့သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သေစေလို စိတ်မရှိသောရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၂၈)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကျောင်းကို မိုးပြီး၍ ဆင်းလာ၏၊ ရဟန်းတစ်ပါးက သေစေလိုသဖြင့် ထိုရဟန်းကို "ငါ့သျှင် ဤဘက်မှ ဆင်းသက်ခဲ့လော့"ဟု ဆိုသဖြင့် ထိုရဟန်းသည် ထိုခိုင်းသော ဘက်မှ ဆင်းသက်ရာ လိမ့်ကျ၍ သေလေ၏။ပ။
လိမ့်ကျ၍ မသေချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၉-၃၀)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မပျော်ပိုက်ခြင်း နှိပ်စက်အပ်ရကား ဂိဇ္ဈကုဋ်တောင်သို့ တက်၍ကမ်းပါးပြတ်၌ ခုန်ချလိုက်ရာ နှီးသမားတစ်ယောက်ကို ဖိမိ၍ သေစေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော် ရဟန်းတို့ မိမိကိုယ်ကို ပစ်မချအပ်၊ ခုန်ချပစ်ချသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၃၁)