သေစေ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၉၄)
တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ် 'နဝကမ္မ' ကို ပြုလုပ်ကြရာ သစ်ပင်ကိုဖြတ်လှဲကြကုန်၏၊ ရဟန်းတစ်ပါးသည် သေစေလိုသည်ဖြစ်၍ ရဟန်းတစ်ပါးကို "ငါ့သျှင် ဤဘက်မှ နေ၍ဖြတ်ပါ"ဟု ပြောရာ ထိုပြောသော ဘက်မှ နေ၍ ဖြတ်လှဲသော ထိုရဟန်းကို သစ်ပင်ပိ၍ သေစေ၏။ပ။
သစ်ပင်သည် ပိ၍ မသေချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၉၅-၉၆)
၁၉၀။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တောမီးရှို့ကြရာ လူတို့သည် မီးလောင်၍ သေကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းတို့ သေစေလိုစိတ် မရှိသောရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၉၇)
တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သေစေလိုသည်ဖြစ်၍ တောမီးရှို့ကြရာ လူတို့သည် မီးလောင်၍သေကုန်၏။ပ။
လူတို့သည် မီးလောင်၍ မသေကုန်၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းတို့ ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၉၈-၉၉)
၁၉၁။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် လူသတ်ရာ (သင်းချိုင်း) သို့ သွား၍ ခိုးသူသတ်သောယောက်ျားကို "ဒါယကာ ဤသူကို မပင်ပန်းပါစေလင့်၊ တစ်ချက်တည်း ခုတ်သတ်လိုက်ပါ"ဟု ပြောရာ"ကောင်းပါပြီ အသျှင်ဘုရား"ဟု လျှောက်ပြီး တစ်ချက်တည်း ခုတ်သတ်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု (မိန့်တော်မူ၏)။ (၁၀၀)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် လူသတ်ရာ (သင်းချိုင်း) သို့ သွား၍ ခိုးသူသတ်သော ယောက်ျားကို"ဒါယကာ ဤသူကို မပင်ပန်းပါစေလင့်၊ တစ်ချက်တည်း ခုတ်သတ်လိုက်ပါ"ဟု ပြောရာထိုဒါယကာသည် "အသျှင်ဘုရား၏ စကားကို နားမထောင်နိုင်"ဟု ပြန်လျှောက်ပြီး ထိုသူကို သတ်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၀၁)
၁၉၂။ တစ်ရံရောအခါ ယောက်ျားတစ်ယောက်သည် ဆွေမျိုးအိမ်၌ လက်ပြတ် ခြေပြတ်ဖြစ်၍ဆွေမျိုးတို့သည် ဝိုင်းရံ၍ နေကုန်၏၊ ရဟန်းတစ်ပါးသည် ထိုလူတို့ကို "ဒါယကာတို့ ဤသူ့ကို သေစေလိုကြသလော"ဟု မေးရာ "အသျှင်ဘုရား သေစေလိုကြပါသည်"ဟု လျှောက်ကုန်၏၊ သို့ဖြစ်လျှင် ရက်တက်ရည်ကို တိုက်ကြကုန်ဟု ပြောသဖြင့် ထိုလူတို့သည် ထိုသူ့ကို ရက်တက်ရည်တိုက်ကြရာ