၁၅၉။ တစ်ရံရောအခါ ဗာရာဏသီမြို့၌ အသျှင်ပိလိန္ဒဝစ္ဆ၏ အလုပ်အကျွေး အမျိုး 'ဒါယကာ' သည်သူခိုးနှိပ်စက်ခံရ၏၊ ကလေးနှစ်ယောက်ကိုလည်း ခေါ်ဆောင်သွားကုန်၏၊ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည်ထိုကလေးသူငယ်တို့ကို တန်ခိုးဖြင့် ခေါ်ဆောင်ခဲ့၍ ပြာသာဒ်ထက်၌ ထား၏၊ လူတို့သည် ထိုကလေးသူငယ်တို့ကို မြင်လျှင် "ဤအရာသည် အသျှင်ပိလိန္ဒဝစ္ဆ၏ တန်ခိုးအစွမ်းပေတကား"ဟုအသျှင်ပိလိန္ဒဝစ္ဆ၌ အလွန်ကြည်ညိုကြကုန်၏၊ ရဟန်းတို့သည် "အဘယ်ကြောင့် အသျှင်ပိလိန္ဒဝစ္ဆသည်သူခိုးတို့ ဆောင်ယူ သွားသော ကလေးသူငယ်တို့ကို ပြန်ဆောင်ယူ၍ လာဘိသနည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။
ရဟန်းတို့ တန်ခိုးရှင်၏ တန်ခိုးအရာ၌ အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၄၈)
၁၆၀။ တစ်ရံရောအခါ ပဏ္ဍုကနှင့် ကပိလဟူသော ရဟန်းနှစ်ပါးတို့သည် အတူနေ မိတ်ဆွေဖြစ်ကုန်၏၊ တစ်ပါးက တောရွာငယ်၌ နေ၍ တစ်ပါးက ကောသမ္ဗီမြို့ ၌ နေ၏။
ထိုအခါ ထိုရဟန်းသည် တောရွာငယ်မှ ကောသမ္ဗီမြို့သို့ သွားရာ လမ်းခရီးအကြား၌ မြစ်ကိုဖြတ်ကူးစဉ် ဝက်ထိုးသမား 'ဝက်သတ်သမား'တို့လက်မှ လွတ်ကျသော အဆီခွေသည် ခြေ၌ ကပ်ငြိ၏၊ ထိုရဟန်းသည် "ဥစ္စာရှင်တို့အား ပြန်ပေးမည်"ဟု ယူ၏၊ ဥစ္စာရှင်တို့သည် ထိုရဟန်းကို "သင် (အသျှင်ဘုရား) သည် ရဟန်းမဟုတ်တော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ မြစ်မှ ကူးတက်လာပြီးသော ထိုရဟန်းကိုနွားကျောင်းသူမသည် "အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါ"ဟုပြောရာ ထိုရဟန်းသည် "ငါသည် နဂိုကပင် ရဟန်းမဟုတ်တော့ပြီ"ဟု ထိုနွားကျောင်း သူမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲပြီးနောက် ကောသမ္ဗီမြို့သို့ သွား၍ ရဟန်းတို့အား ဤအကြောင်း အရာကိုပြန်ကြားပြောဆို၏၊ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းအရာကို လျှောက်ထားကြကုန်၏။
ရဟန်းတို့ (အရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးသောဥစ္စာကို ယူခြင်းကြောင့် ပါရာဇိကအာပတ် မသင့်၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲခြင်းကြောင့် ပါရာဇိကအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၄၉)
၁၆၁။ တစ်ရံရောအခါ သာဂလမြို့၌ အသျှင်ဒဠှိက၏ အတူနေ တပည့်ရဟန်းသည် မမွေ့လျော်ခြင်း'ပျင်းရိခြင်း' နှိပ်စက်ရကား အိမ်ဈေးသည် 'အိမ်ဆိုင်ရှင်'၏ ခေါင်းပေါင်း 'ဦးရစ်' ကို