မာတိကာသို့ ခုန်သွားရန်

စူဠဗျူဟသုတ် ပါဌ်-နိဿယ

ဝီကီရင်းမြစ် မှ
5811မဟာသမယ (၇) သုတ်စူဠဗျူဟသုတ် ပါဌ်-နိဿယအရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

စူဠဗျူဟသုတ် ပါဌ်-နိဿယ

▬▬▬ஜ۩۞۩ஜ▬▬▬

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

သကံ သကံ ဒိဋ္ဌိပရိဗ္ဗသာနာ၊
ဝိဂ္ဂယှ နာနာ ကုသလာ ဝဒန္တိ။
ယော ဧဝံ ဇာနာတိ သ ဝေဒိ ဓမ္မံ၊
ဣဒံ ပဋိက္ကောသ မကေဝလီ သော။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊
သကံ သကံ ဒိဋ္ဌိပရိဗ္ဗသာနာ - မိမိတို့၏ အယူအသီးသီး၌ နေကုန်သော၊
ကုသလာ - ကျွမ်းကျင်သူ ပညာရှိဟု ဝန်ခံနေကြသော သူတို့သည်၊
ဝိဂ္ဂယှ - မိမိအယူကို ခိုင်မြဲစွာ ယူကုန်၍၊
ဝါ - အခြားအယူနှင့်မတူဘဲ ကွဲပြားစွာ ယူကုန်၍၊
နာနာ - အမျိုးမျိုးသော အယူတို့ကို၊
ဝဒန္တိ - ပြောဟော နေကုန်၏။
ယော - အကြင်သူသည်၊
ဧဝံ - ဤသို့ ငါတို့ယူသည့်အတိုင်း၊
ဇာနာတိ - သဘောပေါက် သိနားလည်သည်၊
သ သော - ထိုသူသည်၊ ဓမ္မံ - တရားမှန်ကို၊
ဝေဒိ - သိပေသည်၊
ဣဒံ - ဤ ငါတို့အယူကို၊
ပဋိက္ကောသံ - မြစ်ပယ်သော၊
သော - ထိုသူ သည်၊
အကေဝလီ - အသိဉာဏ် မပြည့်စုံသော လူညံ့လူယုတ် ပေတည်း၊
ဧဝမ္ပိ ဝိဝါဒယန္တိ - ဤသို့လည်း ငြင်းခုံနေကြသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၂)

ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊
ဗာလော ပရော အက္ကုသလောတိ စာဟု။
သစ္စော နု ဝါဒေါ ကတမော ဣမေသံ၊
သဗ္ဗေ၀ ဟီမေ ကုသလာ ဝဒါနာ။

ဧဝမ္ပိ - (ငါတို့အယူသိလျှင် အသိမှန်သူ၊ ပယ်လျှင် မပြည့်စုံသူဟု ဆိုသော) ဤပုံ ဤနည်းဖြင့်လည်း၊
ဝိဂ္ဂယှ - မြဲမြံစွာ ယူကုန်၍၊
ဝိဝါဒယန္တိ - ငြင်းခုံနေကြသည်။
ပရော - ငါတို့အယူကို လက်မခံသော အခြားသူသည်၊
ဗာလော - လူမိုက် လူညံ့တည်း၊
အက္ကုသလော - မတတ်သိ မကျွမ်းကျင်သောသူတည်း၊
ဣတိ စ - ဤသို့လည်း၊
အာဟု - ရှုတ်ချ ပြောဆိုနေကြပါသည်။
ဣမေသံ - ဤသို့ ငြင်းခုံရှုတ်ချ ပြောဆိုနေကြ သော သူတို့၏၊
သစ္စော ဝါဒေါ - မှန်ကန်သော အယူဝါဒကား၊
ကတမော နု - အဘယ် အယူဝါဒပါနည်း။
ဟိ - ဤသို့ မေးရခြင်း အကြောင်းကား၊
သဗ္ဗေ၀ - အလုံးစုံ သာလျှင်ဖြစ်ကုန်သော၊
ဣမေ - ဤသူတို့သည်၊
ကုသလာ ဝဒါနာ - ဘာသာရေး အယူဝါဒအရာ၌ ကျွမ်းကျင် တတ်သိသော ပညာရှိတို့ ဟူ၍ ဝန်ခံကြပါသည်၊
ဝါ - ဝန်ခံနေသောကြောင့် မေးရပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၃)

ပရဿ စေ ဓမ္မ မနာနုဇာနံ၊
ဗာလော မကော ဟောတိ နိဟီနပညော။
သဗ္ဗေ၀ ဗာလာသု နိဟီနပညာ၊
သဗ္ဗေဝိမေ ဒိဋ္ဌိပရိဗ္ဗသာနာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
ပရဿ ဓမ္မံ - သူတပါး၏ ဘာသာတရားကို၊
အနာနုဇာနံ - ခွင့်မပြုဘဲ ပယ်မြစ်သောသူသည်၊
နိဟီန ပညော - အသိဉာဏ်ပညာ ယုတ်ညံ့သည်ဖြစ်၍၊
သြမကော - အဆင့်အတန်း နိမ့်ကျသော၊
ဗာလော - မသိမလိမ္မာသူ လူညံ့လူဖျင်းသည်၊
စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊
သဗ္ဗေ၀ - မိစ္ဆာအယူရှိသူ အားလုံးတို့ပင်၊
နိဟီနပညာ - ယုတ်ညံ့သော ဉာဏ်ပညာ ရှိကုန်သော၊
ဗာလာ - လူဖျင်း လူညံ့တို့သည်သာလျှင်၊
အဿု - ဖြစ်ကုန်ရာ၏။
ကသ္မာ - အဘယ်ကြောင့်ဆိုသော်၊
သဗ္ဗေ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊
ဣမေ - ဤ မိစ္ဆာအယူရှိသူတို့သည်၊< b>ဒိဋ္ဌိပရိဗ္ဗသာနာ - မိစ္ဆာအယူဖြင့်သာ အယူသည်းကာ နေကြ သောကြောင့်ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

သန္ဒိဋ္ဌိယာ စေ ဝန ဝီဝဒါတာ၊
သံသုဒ္ဓပညာ ကုသလာ မုတီမာ။
န တေသံ ကောစိ ပရိဟီနပညော၊
ဒိဋ္ဌီ ဟိ တေသမ္ပိ တထာ သမတ္တာ။

ဝန - ဤသို့သိလျှင် အမှန်တရားကို မြင်သည်ဟု ဆိုသောစကားအရ တနည်းအားဖြင့် ရှင်းပြရလျှင်၊
သန္ဒိဋ္ဌိယာ - မိမိ၏ အယူဖြင့်ပင်လျှင်၊
ဝီဝဒါတာ - အထူး ဖြူစင်ကုန်သည်၊
သံသုဒ္ဓပညာ - ကောင်းစွာ စင်ကြယ်သော ပညာရှိကုန်သည်၊
ကုသလာ မုတိမာ - ကျွမ်းကျင်ကြသော ပညာရှင်တို့သည်၊
စေ သိယုံ - အကယ်၍ ဖြစ်ကုန်ငြားအံ့၊
ဧဝံ - ဤသို့ ဖြစ်ကုန်လတ်သော်၊
တေသံ - မိစ္ဆာအယူရှိသော ထိုသူ တို့တွင်၊
ကောစိ - တစ်စုံတစ်ယောက်မျှ၊
န ပရိဟီနပညော - အသိဉာဏ်ပညာ ယုတ်ညံ့သူ မဖြစ်လေရာ။
ဟိ - အသိဉာဏ်ပညာ ယုတ်ညံ့သူ တစ်စုံတစ်ယောက်မျှ မရှိဟု ဆိုသင့်သည့် အကြောင်းကား၊
တေသမ္ပိ - မိမိတို့အယူမှ အခြားအယူရှိသူဟု ဆိုအပ်သော ထိုသူတို့၏လည်း၊
ဒိဋ္ဌိ - အယူသည်၊
တထာ - ထို့အတူပင်၊
သမတ္တာ - ပြည့်စုံပေ၏။
ဝါ - ပြည့်စုံသောကြောင့်ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၅)

န ဝါဟမေတံ တထိယန္တိ ဗြူမိ၊
ယမာဟု ဗာလာ မိထု အညမညံ။
သကံ သကံ ဒိဋ္ဌိ မကံသု သစ္စံ၊
တသ္မာ ဟိ ဗာလောတိ ပရံ ဒဟန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
ယံ - အကြင် မိမိအယူကို စွဲမှီ၍၊
မိထု - အယူ ကွဲပြားသည့် နှစ်ဦးနှစ်ဖက်သားတို့သည်၊
အညမညံ - အချင်းချင်း၊
ဗာလာ - မသိ မလိမ္မာသူ လူညံ့လူဖျင်းတို့ဟူ၍၊
အာဟု - နှိမ့်ချသောအားဖြင့် ပြောကြားကြကုန်၏။
အဟံ - ငါသည်၊
ဧတံ - သူတို့၏ စွဲမှီရာဖြစ်သော ထိုအယူကို၊
တထိယန္တိ - မှန်ကန် သည်ဟူ၍၊
န ဗြူမိ နေ၀ ဗြူမိ - မဆိုသည်သာတည်း။
သကံ သကံ ဒိဋ္ဌိ - အသီးသီးသော မိမိအယူကို၊
သစ္စံ - မှန်သည်ဟူ၍၊
အကံသု - ပြုကြ ထင်မှတ်နေကြလေသည်။
တသ္မာဟိ - ထို့ကြောင့်ပင်လျှင်၊
ပရံ - အယူကွဲပြား သည့် သူတပါးကို၊
ဗာလောတိ - မသိမလိမ္မာသူ လူယုတ်လူညံ့ဟူ၍၊
ဒဟန္တိ - နှိမ့်ချ ပြောကြား ပစ်ပယ်ထားကြကုန်၏။

နိမ္မိတဘုရား၏ အမေးဂါထာ (၆)

ယမာဟု သစ္စံ တထိယန္တိ ဧကေ၊
တမာဟု အညေ တုစ္ဆံ မုသာတိ။
ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊
ကသ္မာ န ဧကံ သမဏာ ဝဒန္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊
ဧကေ - သမဏ အမည်ခံ အချို့ပုဂ္ဂိုလ်တို့သည်၊
ယံ သစ္စံ - အကြင် သစ္စာတရားကို၊
တထိယန္တိ - မချွတ်ဧကန် မှန်သည်ဟူ၍၊
ဝဒန္တိ - ဟောပြောကြကုန်၏။
တံ - မှန်သည်ဟုဆိုသော ထိုသစ္စာတရား ကို၊
တုစ္ဆံ - အချည်းနှီးသာတည်း၊
မုသာ - ချွတ်ယွင်းသော တရားတည်း၊
ဣတိပိ - ဤသို့လည်း၊
အညေ - တစ်ပါးသော သမဏ အမည်ခံ ပုဂ္ဂိုလ်တို့က၊
ဝဒန္တိ - ပြောဆိုနေကြပါသည်။
ဧဝမ္ပိ - ဤနည်းဖြင့်လည်း၊
ဝိဂ္ဂယှ - မြဲမြံကွဲလွဲစွာ စွဲယူကုန်၍၊
ဝိဝါဒယန္တိ - ငြင်းခုံနေကြပါသည်။
သမဏာ - ကိလေသာငြိမ်းသည့် သမဏဟု ဝန်ခံနေကြသော ပုဂ္ဂိုလ်တို့သည်၊
ဧကံ - အမှန်တရားကို တစ်ပါးတည်းမျှ၊
ကသ္မာ - အဘယ်ကြောင့်၊
န ဝဒန္တိ - မဟောဘဲ များပြားစွာ ဟောပြောနေကြပါသနည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ဧကံ ဟိ သစ္စံ န ဒုတိယံ မတ္ထိ၊
ယသ္မိံ ပဇာ နော ဝိဝဒေ ပဇာနံ။
နာနာ တေ သစ္စာနိ သယံ ထုနန္တိ၊
တသ္မာ န ဧကံ သမဏာ ဝဒန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
သစ္စံ - အမှန်တရားသည်၊
ဧကံ ဟိ - တစ်ပါးတည်းသာ ရှိပါသည်။
ဒုတိယံ - နှစ်ခုမြောက် အမှန်တရားသည်၊
န အတ္ထိ - မရှိပေ။
ယသ္မိံ - ယင်းသစ္စာတရား၌၊
ဝါ - ယင်းသစ္စာတရားကို၊
ပဇာနံ - သိသည် ရှိသော်၊
ဝါ - သိသော၊ ပဇာ - နတ် လူ ဗြဟ္မာ အရိယာပုဂ္ဂိုလ်သည်၊
နော ဝိဝဒေ - မငြင်းခုံတော့ပေ။
တေ - အမှန်တရားကို၊
နာနာ သစ္စာနိ - အမျိုးမျိုး အထွေထွေ များစွာသော သစ္စာတရားတို့ကို၊
သယံ - ကိုယ်တိုင် အကြံမျှဖြင့် တွေးဆကြံစည်ကြ၍၊
ထုနန္တိ - မိမိတို့၏ အမှန်တရားကို ချီးမွမ်းပြောဆိုနေကြသည်။
တသ္မာ - ထိုသို့ မိမိထင်ခြေဖြင့် အမျိုးမျိုး ဟောပြောနေကြသောကြောင့်၊
သမဏာ - သမဏ အမည်ခံ ပုဂ္ဂိုလ်တို့သည်၊
န ဧကံ ဝဒန္တိ - အမှန်တရားကို တစ်ပါးတည်း မဟောကြဘဲ များစွာ ဟောကြသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၈)

ကသ္မာ နု သစ္စာနိ ဝဒန္တိ နာနာ၊
ပဝါဒိယာသေ ကုသလာဝဒါနာ။
သစ္စာနိ သူတာနိ ဗဟူနိ နာနာ၊
ဥဒါဟု တေ တက္က မနုဿရ န္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊
ကုသလာဝဒါနာ - အရာရာတွင် ကျွမ်းကျင်လိမ္မာသည့် ပညာရှိဟု ဝန်ခံသော ပုဂ္ဂိုလ်တို့သည်၊
နာနာ - အသီးအသီး သော အမှန်သစ္စာတရားတို့ကို၊
ပဝါဒိယာသေ - စိတ်အားထက်သန်စွာ ဟောပြောကုန် လျက်၊
သစ္စာနိ - များစွာသော အမှန်တရားတို့ကို၊
ကသ္မာ - အဘယ့်ကြောင့်၊
ဝဒန္တိ နု - ဟောကြပါကုန်သနည်း။
နာနာ - အမျိုးအထွေထွေ ကွဲပြားကုန်သော၊
ဗဟူနိ သစ္စာနိ - များစွာသော သစ္စာတို့ကို၊
သူတာနိ -သုတာနိ - ကြားအပ်ပါကုန်သလော၊
ဝါ - ကြားဖူး သည်ဖြစ်၍ ဟောကြပါသလော။
ဥဒါဟု - ထိုသို့မဟုတ်ပါမူ၊
တေ - ထို ဘာသာရေး ဆရာတို့သည်၊
တက္ကံ - မိမိ၏ အတွေးအကြံသို့၊
အနုဿရ န္တိ - အစဉ်လိုက်ကြ ပါကုန် သလော၊
(ဝါ) - အစဉ်လိုက်၍ ဟောကြပါကုန်သလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

နဟေ၀ သစ္စာနိ ဗဟူနိ နာနာ၊
အညတြ သညာယ နိစ္စာနိ လောကေ။
တက္ကဉ္စ ဒိဋ္ဌီသု ပကပ္ပယိတွာ၊
သစ္စံ မုသာတိ ဒွယဓမ္မ မာဟု။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
သညာယ - ဖောက်ပြန်စွာ မှတ်သားမှု သညာကို၊
အညတြ - ကြဉ်ထား၍၊
လောကေ - လောက၌၊
နိစ္စာနိ - မြဲကုန်သော၊
နာနာ - အထွေထွေ အစားစား ကွဲပြားကုန်သော၊
ဗဟူနိ သစ္စာနိ - များစွာကုန်သော သစ္စာ တို့သည်၊
န ဟေ၀ သန္တိ - မရှိကြသည်သာလျှင်တည်း။
တက္ကဉ္စ - ကြံစည်တွေးဆခြင်းကိုလည်း၊
ဒိဋ္ဌီသု - မိမိယုံကြည် နှစ်သက်သော အယူတို့၌၊
ပကပ္ပယိတွာ - အဖန်ဖန် လေ့လာသောအားဖြင့် ဖြစ်ပွားစေ၍၊
သစ္စံ - မိမိ အယူသာမှန်သည်၊
မုသာ - အခြားသူတို့၏ အယူကား အချည်းနှီး အလကား အမှား သာတည်း။
ဣတိ - ဤသို့၊
ဒွယ ဓမ္မံ - အမှန်နှင့်အမှား နှစ်ပါးသောတရားကို၊
အာဟု - ဟောပြောနေကြလေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

ဒိဋ္ဌေ သုတေ သီလဝတေ မုတေ ဝါ၊
ဧတေ စ နိဿာယ ဝိမာနဒဿီ။
ဝိနိစ္ဆယေ ဌတွာ ပဟဿမာနော၊
ဗာလော ပရော အက္ကုသလောတိ စာဟ။

- ထိုမှတစ်ပါး ဟောပြောပုံကား၊
ဒိဋ္ဌေ ဝါ - မြင်ရသည်၌ သော်လည်းကောင်း၊
ဝါ - ဒိဋ္ဌမင်္ဂလာအယူကို သော်လည်းကောင်း၊
သုတေ ဝါ - ကြားရသည်၌ သော်လည်း ကောင်း၊
ဝါ - သုတမင်္ဂလာအယူကို သော်လည်းကောင်း၊
သီလဝတေ ဝါ - အလေ့ အကျင့်၌ သော်လည်းကောင်း၊
ဝါ - သီလဗ္ဗတပရာမာသ အယူကို သော်လည်းကောင်း၊
မုတေ ဝါ - နံလျက် စားသိလျက် ထိသိလျက် ရောက်ရသည်၌ သော်လည်းကောင်း၊
ဝါ - မုတမင်္ဂလာ အယူကို သော်လည်းကောင်း၊
ဧတေ - ဤ အယူတို့ကို၊
နိဿာယ - မှီ၍၊
ဝိမာနဒဿီ - နှလုံးမသာဖွယ် ရှုတ်ချဖွယ်ကို မြင်တွေ့သော်လည်း၊
ဝိနိစ္ဆယေ ဌတွာ - မူလရင်းအယူ အဆုံးအဖြတ်၌ မြဲမြံစွာတည်၍၊
ပဟဿ မာနော - ရွှင်ပျလျက်၊
ဝါ - ရွှင်ပျစောစိတ် ရှိလျက်၊
ပရော - အယူကွဲပြား အခြားသူသည်၊
ဗာလော - မသိ တတ်သော၊
အက္ကုသလော - မကျွမ်းကျင်သောသူတည်း။
ဣတိ စ - ဤသို့လည်း၊
အာဟ - ရှုတ်ချ ပြောဆိုလေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

ယေနေ၀ ဗာလောတိ ပရံ ဒဟာတိ၊
တေနာတုမာနံ ကုသလောတိ စာဟ။
သယ မတ္တနာ သော ကုသလောဝဒါနော၊
အညံ ဝိမာနေတိ တဒေ၀ ပါဝ။

ဧဝံ သတိ - ဤသို့ ရှုတ်ချ ပြောဆိုလတ်သော်၊
ယေနေ - အကြင် အယူဖြင့်၊
ပရံ - အယူကွဲပြားသည့် သူတပါးကို၊
ဗာလောတိ ဒဟာတိ - မသိမလိမ္မာသူ လူယုတ်လူညံ့ ဟူ၍ ရှုတ်ချပြောဆိုထား၏။
တေနေ၀ - ထို အယူဖြင့်ပင်လျှင်၊
အာတုမာနံ - မိမိကိုယ်ကို၊
ကုသလောတိ စ - တတ်သိ ကျွမ်းကျင်သူ ပညာရှိဟူ၍လည်း၊
အာဟ - ပြောဆို ချီးမြှောက်၏။
သော - သူတပါးကို ရှုတ်ချ၍ မိမိကိုယ်ကို အမွှန်းတင်သော ထိုသူသည်၊
အတ္တနာ-အတ္တာနံ - မိမိကိုယ်ကို၊
သယံ - ကိုယ်တိုင်သာလျှင်၊
ကုသလောဝဒါနော - ပညာရှိဟုဆိုလျက်၊
အညံ - အယူကွဲပြား အခြားသူကို၊
ဝိမာနေတိ - ရှုတ်ချနေ၏။
တဒေ၀ - ထို မိမိအယူကိုသာလျှင်၊
ပါ၀ - စိတ်အားထက်သန်စွာ ပြောဆိုနေချေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၂)

အတိသာရ ဒိဋ္ဌိယာ ၀ သော သမတ္တော၊
မာနေန မတ္တော ပရိပုဏ္ဏမာနီ။
သယမေ၀ သာမံ မနသာဘိသိတ္တော၊
ဒိဋ္ဌီ ဟိ သာ တဿ တထာ သမတ္တာ။

သော - မိမိကိုယ်ကို ကျွမ်းကျင်သူဆို၍ သူတပါးကို ရှုတ်ချလျက် မိမိအယူဝါဒကို ထက်သန်စွာ ဟောပြောနေသော ထိုသူသည်၊
အတိသာရ ဒိဋ္ဌိယာ - အကြောင်း လက္ခဏာ ဌာနဟူသော အနှစ်သာရကို ကျော်လွန်သော အယူဖြင့်၊
ဝါ - အနှစ်သာရ ကင်းသောအယူဖြင့်၊
သမတ္တော - ပြည့်ဝစုံလင်သည်ဖြစ်၍၊
မာနေန - မိမိအယူကို စွဲမှီသော မာန်မာနဖြင့်၊
မတ္တော - ယစ်မူး တက်ကြွလျက်၊
ပရိပုဏ္ဏမာနီ - တင်းတင်း ပြည့်၀ အလွန်တက်ကြွသော မာန်မာန ရှိနေချေသည်။
သယမေ၀ - မိမိကိုယ်တိုင် သာလျှင်၊
သာမံ - မိမိကိုယ်ကို၊
မနသာ - စိတ်နေစိတ်ထားဖြင့်၊
အဘိသိတ္တော - တတ်သိကျွမ်းကျင် ပညာရှင်ဟု အဘိသိက် သွန်းရာလည်း ရောက်နေ ချေ၏။
ဟိ - အကြောင်းကား၊
တဿ - ထိုသူ၏၊
သာ ဒိဋ္ဌိ - အနှစ်မဲ့သော ထိုဒိဋ္ဌိသည်၊
တထာ - ထိုသို့ အလွန် အထင်ကြီးအောင်၊
ပညာရှင်ဟု အဘိသိက် သွန်းရာရောက်အောင်၊
သမတ္တာ - တင်းကြပ်များစွာ ပြည့်ဝလျက်ရှိချေသည်။
ဝါ - ပြည့်ဝလျက်ရှိသော ကြောင့် ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

ပရဿ စေ ဟိ ဝစသာ နိဟီနော၊
တုမော သဟာ ဟောတိ နိဟီနပညော။
အထ စေ သယံ ဝေဒဂု ဟောတိ ဓီရော၊
န ကောစိ ဗာလော သမဏေသု အတ္ထိ။

ဟိ - မိမိကိုယ်ကို ချီးမြှောက်၍ သူတပါးအား နှိမ့်ချခြင်း၌ အပြစ်ကို ပြရလျှင်၊
ပရဿ - သူတပါး၏၊
ဝစသာ - နှိမ်ချသည့်စကားဖြင့်၊
နိဟီနော - ယုတ်ညံ့သောသူ သည်၊
စေသိယာ - အကယ်၍ ဖြစ်ငြားအံ့၊
တုမော - နှိမ်ချပြောဆိုသော ထိုသူသည်၊
သဟ - နှိမ်ချခံရသောသူနှင့် အတူတကွ၊
နိဟီနပညော - အသိဉာဏ် ယုတ်ညံ့သူသည်၊
ဟောတိ - ဖြစ်၏။
အထ - ထိုသို့ မဟုတ်မူ၍၊
သယံ - နှိမ်ချပြောဆိုသူ ကိုယ်တိုင်ကမူ၊
ဝေဒဂူ - ဉာဏ်ပညာဖြင့် ရောက်တတ်သိတတ်သော၊
ဓီရော - ပညာရှိသည်၊
စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊
သမဏေသု - သမဏအမည်ခံ ဘာသာရေးငြင်းခုံသူ ပုဂ္ဂိုလ်တို့တွင်၊
ကောစိ ဗာလော - လူယုတ် လူညံ့ တစ်စုံ တစ်ယောက်မျှ၊
န အတ္ထိ - မရှိတော့ လေရာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၄)

အညံ ဣတော ယာဘိဝဒန္တိ ဓမ္မံ၊
အပရဒ္ဓါ သုဒ္ဓိ မကေဝလီ တေ။
ဧဝမ္ပိ တိတ္ထျာ ပုထုသော ဝဒန္တိ၊
သန္ဒိဋ္ဌိရာဂေန ဟိ တေဘိရတ္တာ။

ဣတော - ငါတို့၏ ဤအယူဝါဒတရားမှ၊
အညံ ဓမ္မံ - အခြား ဘာသာရေးတရားကို၊
ယေ - အကြင် ပုဂ္ဂိုလ်တို့သည်၊
အဘိဝဒန္တိ - အမွန်အမြတ် ထား၍ ဟောကြား ကုန်၏။
တေ - ထို ပုဂ္ဂိုလ်တို့သည်၊
သုဒ္ဓိံ - စင်ကြယ်သော အကျင့်လမ်းကို၊
ဝါ - စင်ကြယ်သော အကျင့်လမ်းမှ၊
အပရဒ္ဓါ - ချွတ်ချော်တိမ်းပါး လွဲမှားကြသည်ဖြစ်၍၊
အကေဝလီ - မပြည့်စုံဘဲ ယုတ်ညံ့ကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်၏။
ဧဝမ္ပိ - ဤသို့လည်း၊
ပုထုသော တိတ္ထျာ - များစွာသော တိတ္ထိတို့သည်၊
ဝဒန္တိ - ပြောဆိုကြကုန်၏။
ဟိ - ထိုသို့ ပြောဆိုကြခြင်း၏ အကြောင်းကား၊
တေ - ထို တိတ္ထိတို့သည်၊
သန္ဒိဋ္ဌိရာဂေန - မိမိ၏အယူ၌ တပ်စွဲသောရာဂဖြင့်၊
အဘိရတ္တာ - လွန်လွန်ကဲကဲ တပ်စွဲနေကြပါကုန်၏။
တသ္မာ - ထို့ကြောင့်ပေတည်း။
ဝါ - လွန်လွန်ကဲကဲ တပ်စွဲနေကြသောကြောင့် ထိုသို့ ပြောဆိုနေကြပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဣဓေ၀ သု ဒ္ဓိံ ဣတိ ဝါဒယန္တိ၊
နာညေသု ဓမ္မေသု ဝိသုဒ္ဓိ မာဟု။
ဧဝမ္ပိ တိတ္ထျာ ပုထုသော နိဝိဋ္ဌာ၊
သကာယနေ တတ္ထ ဒဠှံ ဝဒါနာ။

အဘိရတ္တာ - မိမိတို့အယူ၌ အလွန်အကဲ တပ်စွဲကုန်သော၊
ပုထုသော တိတ္ထျာ - များစွာကုန်သော တိတ္ထိတို့သည်၊
ဣတိ - ဤ ဆိုခဲ့သည့်အတိုင်း၊
ဣဓေ၀ - ဤ မိမိတို့အယူ၌သာလျှင်၊
သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
ဝါဒယန္တိ - ပြောဆိုကြကုန်၏။
အညေသု - မိမိတို့အယူမှ တစ်ပါးကုန်သော၊
ဓမ္မေသု - တရားတို့၌၊
ဝိသုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
န အာဟု - မဆိုကြကုန်၊
ဝါ - မစင်ကြယ်ခြင်းကို ဆိုကြကုန်၏။
ဧဝမ္ပိ - ဤပုံ ဤနည်းအားဖြင့်လည်း၊
သကာယနေ - မိမိတို့၏ အယူဝါဒ အကျင့်လမ်း၌၊
နိဝိဋ္ဌာ - သက်ဝင်လျက် တည်နေကုန်၏။
တေ - ထို တိတ္ထိတို့သည်၊
တတ္ထ - ထို မိမိတို့၏ အယူဝါဒ အကျင့်လမ်း၌၊
ဒဠှံ ဝဒါနာ - ခိုင်မြဲသည်ဟု ဆိုကုန်၏။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၆)

သကာယနေဝါပိ ဒဠှံဝဒါနော၊
ကမေတ္ထ ဗာလောတိ ပရံ ဒဟေယျ။
သယမေ၀ သော မေဓဂ မာဝဟေယျ၊
ပရံ ဝဒံ ဗာလ မသုဒ္ဓိဓမ္မံ။

သကာယနေ ဧ၀ - မိမိ၏ အယူဝါဒ အကျင့်လမ်း၌သာလျှင်၊
ဒဠှံ ဝဒါနောပိ - ခိုင်မြဲသည်ဟု ဆိုနိုင်သော်လည်း၊
ဧတ္ထ - အယူဝါဒ အသီးသီးရှိကြသော ဤသူတို့တွင်၊
ကံ ပရံ - အဘယ် အခြားသူကို၊
ဗာလောတိ - မသိ မလိမ္မာသူ လူညံ့ဟူ၍၊
ဒဟေယျ - ချထားနိုင် ရှုတ်ချပြောဆိုနိုင်ရာအံ့နည်း။
ဝါ - မပြောမဆို နိုင်ရာပါ။
ပရံ - အယူကွဲပြားသည့် သူတပါးကို၊
သုဒ္ဓိဓမ္မံ - မစင်ကြယ်သည့် အယူ အကျင့် တရားရှိသော၊
ဗာလံ - မသိမလိမ္မာသူ လူယုတ်လူညံ့ဟူ၍၊
ဝဒံ ဝဒန္တော - ရှုတ်ချ ပြောဆိုလျှင်၊
ဝါ - ပြောဆိုသော၊
သော - ထိုသူသည်၊
သယမေ၀ - မိမိကိုယ်တိုင်ပင်၊
မေဓဂံ - ငြင်းခုံခြင်းကို၊
အာဝဟေယျ - ဆောင်လာရာ ရောက်၏။
ဝါ - ဆောင်လာသူ ဖြစ်ရာ၏။ အခြားအယူ ရှိသူကလည်း သူ့အယူနှင့်သူ စွဲမြဲနေသောကြောင့် ထိုအခြားသူကို၊
ဗာလ - လူညံ့ဟု မဆိုထိုက်ပေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၇) ရှေ့ပိုင်း

ဝိနိစ္ဆယေ ဌတွာ သယံ ပမာယ၊
ဥဒ္ဓံ သ လောကသ္မိံ ဝိဝါဒ မေတိ။

သ သော - ငြင်းခုံခြင်းကို ဆောင်လာရာ ရောက်သည်ဟု ဆိုအပ်သော ထိုအယူ သည်းသူသည်၊
ဝိနိစ္ဆယေ - မိစ္ဆာအယူ အဆုံးအဖြတ်၌၊
ဌတွာ - စွဲမြဲစွာ တည်ပြီး၍၊
သယံ - မိမိကိုယ်တိုင်၊
ဝါ - မိမိကိုယ်တိုင် ဉာဏ်ဖြင့်၊
ပမာယ - မိစ္ဆာအယူကို ဟောကြားသူနှင့် ယင်းအယူဝါဒကို နှိုင်းချိန်ပြီးလျှင်၊
ဥဒ္ဓံ - ထိုမှ အထက်ဖြစ်သော နောက်ကာလ၌၊
လောကသ္မိံ - လောက၌၊
ဝိဝါဒံ - ငြင်းခုံခြင်းသို့၊
ဧတိ - ရောက်လေ တော့သည်။

နောက်ဆုံးညွှန်ကြားတော်မူပုံ ဂါထာ (၁၇-ခ)

ဟိတွာန သဗ္ဗာနိ ဝိနိစ္ဆယာနိ၊
န မေဓဂံ ကုဗ္ဗတိ ဇန္တု လောကေ။

သဗ္ဗာနိ - အလုံးစုံကုန်သော၊
ဝိနိစ္ဆယာနိ - မိစ္ဆာအယူ အဆုံးအဖြတ်တို့ကို၊
ဟိတွာန - စွန့်ပယ်ပြီး၍ တည်သော၊
ဝါ - စွန့်ပယ်ပြီးသော၊
ဇန္တု - အရိယာပုဂ္ဂိုလ် သည်၊
ဝါ - ရဟန္တာ ပုဂ္ဂိုလ်သည်၊
လောကေ - နတ် လူ ဗြဟ္မာ သတ္တဝါများဟူသော လောကထဲ၌၊
မေဓဂံ - ငြင်းခုံခြင်းကို၊
န ကုဗ္ဗတိ - မပြုတော့သည်သာတည်း။

စူဠဗျူဟသုတ္တံ နိဋ္ဌိတံ။