မာတိကာသို့ ခုန်သွားရန်

ဇေယျပူရ ပုစ္ဆာအဖြေ

ဝီကီရင်းမြစ် မှ

ဇေယျပူရ ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဇေယျပူရဇာမရီ ရှင်စန္ဒာဝရ လျှောက်ချက်

၁။ မြတ်စွာဘုရားသည် အကြည်အပြု ခွင့်ပြုတော်မူအပ်သော ပုဏ္ဍိယာလောပ ဆွမ်းပစ္စည်း၊ ပံသုကူလ သင်္ကန်းပစ္စည်း၊ ရုက္ခမူလကျောင်းပစ္စည်း၊ ပုတိမုတ္တ ဆေးပစ္စည်း ဤလေးပါးတစ်ရပ်။

၂။ မြတ်စွာဘုရားသည် ဝေနေယျဇ္ဈာသယကိုငဲ့သဖြင့် ခွင့်ပြုတော်မူအပ်သော အတိရေက လောဘ မျိုးဖြစ်သော ပစ္စည်းလေးပါးတစ်ရပ်။

၁။ ဤသို့ ပစ္စည်းလေးပါးနှစ်ရပ်ရှိနေရာ ရဟန်းတော်တို့မှာ ဣဏပရိဘောဂမဖြစ်စေရန် ပစ္စဝေက္ခဏာဆင်ခြင်ရာ၌ ပထမပစ္စည်းရပ်မှာ မြတ်စွာဘုရား၏ အလိုတော်ကျ ခွင့်ပြုတော်မူသော ပစ္စည်းများ ဖြစ်ပေ၍ ပစ္စဝေက္ခဏာ ဆင်ခြင်ဘွယ်မရှိ၊ မဆင်ခြင်သော်လည်း ဣဏပရိဘောဂ မဖြစ်၊ အတိရေက လာဘပစ္စည်းမျိုး၌သာ မြတ်စွာဘုရား၏ အလိုတော်ကျမဟုတ်၊ ဝေနေယျဇ္ဈာသယကို ငဲ့သဖြင့် ခွင့်ပြုတော်မူအပ်သော ပစ္စည်းမျိုးဖြစ်ချေ၍ ပစ္စဝေက္ခဏာ ဆင်ခြင်ရမည်၊ မဆင်ခြင်လျှင် ဣဏပရိဘောဂ ဖြစ်မည်-ဟူ၍ တစ်ဝါဒ။

၂။ ရှေ့ပစ္စည်းရပ်၊ နောက်ပစ္စည်းရပ် နှစ်ရပ်လုံး၌ပင် ပစ္စဝေက္ခဏာဆင်ခြင်ရမည်၊ မဆင်ခြင်လျှင် ဣဏပရိဘောဂ ဖြစ်မည်-ဟူ၍ တစ်ဝါဒ။

ဤဝါဒနှစ်ရပ်တွင် ဘယ်ဝါဒ သင့်မြတ်သည်-ဟု ဆုံးဖြတ်တော်မူပါမည့်အကြောင်းနှင့် မြန်မာသက္ကရာဇ် ၁၂၇၈-ခု၊ တော်သလင်းလအတွင်း စစ်ကိုင်းချောင် ဇာမရီတိုက်-ရှင်စန္ဒာဝရ လျှောက်ထားချက်။


လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် ဝါဒနှစ်ပါးကို ရှင်းလင်းချက်

ဤဝါဒနှစ်ပါးတွင် လိုရင်းမှာ- ပိဏ္ဍိယာလောပ ဆွမ်းစသော ရှေ့ပစ္စည်းရပ်၌ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်၍နေလျှင် ဣဏပရိဘောဂ ဖြစ်၊မဖြစ် မေးလိုရင်းပေတည်း၊ ထို့ကြောင့် ပရိဘောဂ၏ အရကို ရှေးဦးစွာ ပြဆိုရာ၏၊


ပရိဘောဂ ၄-ပါး

လောက၌ လူတို့မှာ ပစ္စည်းဝတ္ထုတို့ကို သုံးဆောင်ခြင်းသည် လေးမျိုးရှိ၏၊
လေးမျိုးဆိုသည်ကား
၁။ ခိုး၍ တိုက်၍ လိမ်လည်စဉ်းလဲ၍ ရသောပစ္စည်းကို သုံးဆောင်ခြင်းတစ်ပါး၊
၂။ သူတစ်ပါးပစ္စည်းကို နောင်ပေးဆပ်ပါမည်-ဟု အကြွေးယူ၍ သုံးဆောင်ခြင်းတစ်ပါး၊
၃။ မိဘတို့၏ ပစ္စည်းဝတ္ထုတို့ကို သားသမီးတို့က အမွခံကိစ္စနှင့် ရယူ၍ သုံးဆောင်ခြင်းတစ်ပါး၊
၄။ မိမိကိုယ်တိုင် လုပ်ကိုင်ရှာကြံ၍ ရရှိသော ကိုယ်ပိုင်ပစ္စည်းကို သုံးဆောင်ခြင်းတစ်ပါး၊ ဟူ၍ လေးမျိုးရှိ၏၊

ထို့အတူ သာသနာ၌လည်း ရဟန်းတော်များမှာ ပစ္စည်းလေးပါးတို့ကို သုံးဆောင်ခြင်းသည် လေးပါးရှိ၏၊
၁။ ထေယျ ပရိဘောဂတစ်ပါး၊
၂။ ဣဏ ပရိဘောဂတစ်ပါး၊
၃။ ဒါယဇ္ဇ ပရိဘောဂတစ်ပါး၊
၄။ သာမိ ပရိဘောဂတစ်ပါး၊
ထိုလေးပါးတို့တွင် ထေယျ ပရိဘောဂကို ရှေးဦးစွာပြဆိုရာ၏၊


ထေယျ ပရိဘောဂ

၁။ ထေယျ ဆိုသည်ကား သူတစ်ပါးပစ္စည်းကို လိမ်လည် စဉ်းလဲ၍ ယူခြင်းတည်း၊ ရဟန်းသိက္ခာ လုံးလုံး မရှိပါဘဲလျက် ငါရဟန်းဟု ဝန်ခံ၍ ရဟန်းအနေနှင့် ခံယူသုံးဆောင်ခြင်းသည် အလွန်နက်နဲသော စဉ်းလဲမှုကြီးနှင့် ရယူသုံးဆောင်ခြင်းဖြစ်၍ ထေယျပရိဘောဂ မည်၏၊

စတုတ္ထပါရာဇိကနိဒါန်းတွင်လာသော ပါပဘိက္ခု မဟာစောရကြီးငါးဦးတို့၏ ပစ္စည်းလေးပါးကို သုံးဆောင်မှုသည်လည်း ဤထေယျပရိဘောဂတွင် ပါဝင်၏၊ ပါပဘိက္ခု ဆိုသည်ကား-ရဟန်းသိက္ခာ လုံးလုံးမရှိသော ဒုဿီလရဟန်းကို ဆိုလိုရင်းတည်း၊ ထိုတွင်ပထမ မဟာစောရဆိုသည်ကား

ရဟန်းစစ်မဟုတ်၊ ရဟန်းတု ရဟန်းယောင် ဖြစ်လျက် အခြံအရံ အကျော်အစော လာဘ်လာကို တောင့်တ၍ ရဟန်းစစ်အနေနှင့် သာသနာပြုဆရာ၊ ဓမ္မကထိကဆရာပြုလုပ်၍ မြို့၊ ရွာ လှည့်လည်သော သူပေတည်း၊ ရဟန်းစစ် ဖြစ်ခဲ့ပေမူကား-ထိုသို့ပင် တောင့်တ၍ လှည့်လည်ရရှိ သုံးဆောင်သော်လည်း နက်နဲသော စဉ်းလဲမှုကြီးမပါသောကြောင့် မဟာစောရ-ဟူ၍လည်း မဆိုရ၊ ထေယျပရိဘောဂလည်းမဖြစ်။

ဒုတိယ မဟာစောရဆိုသည်ကား

တရားတော်ကိုခိုးယူသော ဓမ္မထေနက မဟာစောရကြီးပေတည်း၊ ဘုရားဟောသောတရားကို သင်ကြား၍ တတ်သိသောအခါ သူတစ်ပါးတို့ကို ဘုရားဟော-ဟု မသိစေဘဲ မိမိကိုယ်တိုင်သိပြုလုပ်၍ ပြောဟောသော သူပေတည်း၊ ဤဓမ္မထေနက ပုဂ္ဂိုလ်သည်မူကား ရဟန်းစင်စစ်ပင် ဖြစ်သော်လည်း မဟာစောရ ထေယျပရိဘောဂတို့မှ လွတ်ခွင့်မရှိ၊ အဝီစိသို့ ကျရောက်တတ်သည်-ဟူ၍ ပသူရဝတ္ထုတွင် ဟောတော်မူ၏၊

တတိယ မဟာစောရဆိုသည်ကား

တစ်ပါးသော ရဟန်းစစ်ဖြစ်သော ပုဂ္ဂိုလ်ကို ရဟန်းဘောင်မှ ပျက်စီးစေလို၍ ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကီတ-မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း အရင်းမူလမရှိဘဲလျက် ငါမြင်သည်၊ ငါကြားသည်၊ ငါယုံမှားခြင်းရှိသည်ဟု မဟုတ်တရုတ် လုပ်ကြံ၍ ပါရာဇိကမှုကြီးနှင့် စွပ်စွဲဖျက်ဆီးသော မုသားဒမြကြီးပေတည်း၊ သူတစ်ပါးတို့၏ ရဟန်းသီလကို တိုက်ခိုက်သော ဝါဒ ဖျက်ဆီးသောဒမြကြီး ဆိုလိုသည်။

စတုတ္ထ မဟာစောရဆိုသည်ကား

မစွန့်ထိုက် မဝေဖန်ထိုက်သော သံဃိကဂရုဘဏ်ပစ္စည်းဝတ္ထုများကို မိမိကိုယ်ပိုင်အနေနှင့် လူတို့အား ပေစွန့်ချီးမြှောက် ထောက်ပင့်၍ သံဃိကကို ခိုးယူဖျက်ဆီးသော သူခိုးဒမြကြီးပေတည်း၊

ဤ တတိယ၊ စတုတ္ထနှစ်ဦးတို့ကို ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ အပါယ်ငရဲသို့ မလွဲမသွေဧကန်မုချ ကျရောက်လိမ့်မည်-ဟူ၍ ဟောတော်မူချက်ရှိ၏၊

ဒွေမေ ဘိက္ခဝေ ပုဂ္ဂလာ ယထာဘတံ နိက္ခိတ္တော ဧဝံ နိရရေ၊ ကတမေ ဒွေ၊ ယောစ သုဒ္ဓံ ဗြဟ္မစာရိံ အမူလကေန အန္တိမ ဝတ္ထုနာ အနုဒ္ဓံသေတိ၊ ယောစ သဒ္ဓါဒေယျံ ဝိနိပါတေတိ၊ ဣမေခေါ ဘိက္ခဝေ ဒွေ ပုဂ္ဂလာ ဘတံ နိက္ခိတ္တော ဒဝံနိရယေ

[ပါဠိတော်]

ဤသုတ္တန်ပါဠိတော် ရှိပြန်သောကြောင့် ထိုတတိယ၊ စတုတ္ထ မှုကြီးများကို ကံမြောက်အောင်ပြုပြီးသောသူသည် ရဟန်းစင်စစ်ပင် ဖြစ်သော်လည်း မဟာစောရ ထေယျပရိဘောဂမှ လွတ်မရှိရာချေ။

၎င်းပါဠိတော်တွင် သဒ္ဓါဒေယျ ဆိုသည်ကား-သက်သက် ကုသိုလ်ကိုလို၍ ကုသိုလ်ဖြစ်ချင်လှ၍ လှူဒါန်းအပ်သော ပစ္စည်းလေးပါးကို ဆိုသည်၊ ဝိနိပါတေတိ ဆိုသည်ကား- ပါဠိအဋ္ဌကထာများ၌ လာသော စွန့်ထိုက်၊ ပေးထိုက်သော အကြောင်းအခွင့်တို့မှ လွတ်၍ သဒ္ဓါဒေယျ ပစ္စည်းဝတ္ထုကို မလျော်ရာ၌ သုံးခြင်း-တည်းဟူသော အယုတ္တ ပရိဘောဂဖြစ်အောင် စွန့်မှု၊ သုံးစွဲမှု၊ ပေးကမ်းမှုကို ဆိုသည်။

စတုတ္ထမှုမှာ ဝိနည်းပါဠိတော်၌ ဂရုဘဏ်သံဃိက ဝတ္ထုများကို ဝိသေကထုတ်ဖော်လျက် ဟောတော်မူ၏၊ သုတ္တန်ပါဠိတော်၌ သဒ္ဓါဒေယျဟု သာမညလာ၏၊ သံဃိက၊ ပုဂ္ဂလိက၊ ဂရုဘဏ်၊ လဟုဘဏ်များနှင့် ဆက်ဆံ၏၊ ဝိနည်းပါဠိတော်၌ ဂရုဘဏ်သံဃိက-ဟု ဝိသေသထုတ်ဖော်သည်မှာ မဟာစောရ-ဟု ဝိသေသဆိုထိုက်သူကို ယူလိုသည်၊ သုတ္တန်၌ သာမညလာသည်မှာ စောရ၊ မဟာစောရ-ဟု အကုန်လုံး သိမ်းကျုံး၍ ယူလိုသည်၊ ဂရုဘဏ် သံဃိက သဒ္ဓါဒေယျဝတ္ထုကို အယုတ္တ ပရိဘောဂပြုလျှင် မဟာစောရဖြစ်ရ၏၊ ဂရုဘဏ်သံဃိက ဝတ္ထုမှတစ်ပါးသော သဒ္ဓါဒေယျ-ဟူသမျှကို အယုတ္တပရိဘောဂပြုလျှင် လောက၌ အစိုးရဥပဒေများတွင် သူတစ်ပါးတို့က အတိုးအပွား ဖြစ်စေရန် အပ်နှံသောပစ္စည်းစုကို အလွဲသုံးစားမှု၊ မတော်မတရား သုံးစားမှုများကဲ့သို့ မသင့်မလျော် မတော်မတရား သုံးစွဲမှုအတွက် စောရသာမညဖြစ်၏ဟု ခွဲခြမ်းရန်ရှိ၏၊

သုတ္တန်၌ ထိုပုဂ္ဂိုလ်များသည် အပါယ်ငရဲသို့ မလွဲမသွေ ဧကန်မုချ ကျရောက်လိမ့်မည်-ဟု ဟောတော်မူသည်မှာ ဂရုဘဏ်သံဃိက သဒ္ဓါဒေယျဝတ္ထုများကိုရည်၍ ဟောတော်မူသည်-ဟု ယူရန်လည်းရှိ၏၊ စွပ်စွဲမှု၌ အန္တိမဝတ္ထုဖြင့် စွပ်စွဲသည်-ဟူ၍ ဝိသေသထုတ်ဖော်သကဲ့သို့ ဤ၌လည်း ယောစ သံဃိကံ သဒ္ဓါဒေယျံ ဂရုဘဏ္ဍံ ပရိက္ခာရံ ဝိနိပါတေတိ၊ ဟု ဝိသေသထုတ်ဖော်ချက် မပါသောကြောင့် ကျန်ရှိသော သဒ္ဓါဒေယျဝတ္ထုများမှာလည်း မပေါ့သာချေ၊ ထို့ကြောင့် သဒ္ဓါဒေယျ ပစ္စည်းမျိုးဖြစ်ခဲ့လျှင် မိမိ၏ပုဂ္ဂလိကရရှိသော အပ်ချည်မျှင်တမျှင်မျှပင် ဖြစ်သော်လည်း အယုတ္တ ပရိဘောဂမဖြစ်စေရန် သတိပြုထိုက်လှချေ၏၊

ပဉ္စမ မဟာစောရ ဆိုသည်ကား

ဈာန်မဂ်ဖိုလ်တရားတို့ကို မရဘဲလျက် ငါရသည်ဟု လှည့်စားမှုဖြင့် ပြောကြားသော ရဟန်းပေတည်း၊ လောကသုံးပါး၌ အကြီးဆုံးသော အဂ္ဂမဟာစောရကြီးဟု ဟောတော်မူ၏၊ အကြီးဆုံးသော ထေယျ ပရိဘောဂကြီးတည်း၊ သိက္ခာပုဒ် နိဒါန်းပါဠိတော်ကြီး ထင်ရှားရှိလေပြီ၊ ဤပဉ္စမအဂ္ဂမဟာစောရကြီး၏ အခြံအရံဖြစ်သော စောရမှု၊ ထေယျမှုတို့သည်လည်း ရှိကုန်၏၊ ကုဟနဝတ္ထုသုံးပါးတို့ပေတည်း၊ ကုဟနဝတ္ထု ဆိုသည်ကား- မဟုတ်မမှန်ဘဲ စဉ်းလဲလိမ်လည်မှုဖြင့် လူအများတို့၏ အံ့ဩဖွယ်ကို ပြုလုပ်ခြင်းတည်း။

လိုရင်းအချုပ်ကား တဏှာ
၁။ မဟိစ္ဆာတဏှာ
၂။ ပါပိစ္ဆာတဏှာ
ဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင်
၁။ မိမိ၌အမှန်ရှိသော သဒ္ဓါဂုဏ်၊ သီလဂုဏ်၊ သုတဂုဏ်၊ စာဂဂုဏ်၊ ပညာဂုဏ်၊ ဟီရိဩတ္တပ္ပဂုဏ် စသည်ကို သူတစ်ပါးတို့ သိစေလိုခြင်း၊ လူအများတို့အား ပြလိုခြင်း၊ ပြောလိုခြင်းသည် မဟိစ္ဆာတဏှာမည်၏၊ ဤမဟိစ္ဆာ တဏှာမူကား လိမ်လည်စဉ်းလဲမှု မဟုတ်ပေ။

မိမိ၌မရှိသော သဒ္ဓါဂုဏ် စသည်ကို မိမိ၌ရှိသည်ဟု သူတစ်ပါးတို့ မှတ်ယူစေလိုခြင်း၊ ပြောလိုခြင်းသည် ပါပိစ္ဆာတဏှာမည်၏၊ ဤပါပိစ္ဆာ တဏှာသည်ကား- လိမ်လည်စဉ်းလဲခြင်းဟူသော ထေယျမျိုးပင် ဖြစ်၏၊ ထိုထေယျမှုမျိုးကိုပြု၍ ရရှိသော ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည်လည်း ထေယျပရိဘောဂဖြစ်၏၊ ပစ္စဝေက္ခဏာ ဆင်ခြင်သော်လည်း ထေယျပရိဘောဂမှမလွတ်၊ ဤထေယျပရိဘောဂ၏ အပြစ်ကို အဂ္ဂိခန္ဓောပမသုတ်၊ စတုတ္ထပါရာဇိကတို့မှာ ကြောက်မက်ဖွယ်ရာ ဟောတော်မူ၏၊ ဝတ္ထုတို့မှာ စတုတ္ထပါရာဇိက၌လည်းကောင်း၊ ပေတဝတ္ထုတို့၌လည်း ကောင်း၊ လက္ခဏသံယုတ်၌လည်းကောင်း ကြောက်မက်ဖွယ်ရာများစွာ လာရှိကုန်၏၊

[ ဤကား- ထေယျပရိဘောဂကို အကျဉ်းပြဆိုချက်တည်း။ ]


ဣဏပရိဘောဂ

၂။ ဣဏပရိဘောဂဣဏဆိုသည်ကား- ကြွေးတင်မှု၊ မြီတင်မှု၊ ဝန်တင်မှု၊ အပြစ်ကြီးငယ် အဖတ်တင်မှုကို ဆိုသည်၊ လောက၌ ရက်၊ လပိုင်းခြား၍ ပဋိညာဉ်စာချုပ်နှင့် ကြွေးမြီယူကြရာ၌ ရက်၊ လစေ့ရောက် သည့်အခါ ကျေလည်စွာပေးဆပ်နိုင်သောသူလည်း ရှိသည်၊ မပေးဆပ်နိုင်၍ အတိုးထက်အတိုး၊ အစီးအပိုးခံရသောသူလည်း ရှိသည်၊ ထိုတွင် ရဟန်းတော်တို့မှာ တရားသဖြင့် ရရှိသော ပစ္စည်းလေးပါးတို့ကို အာရုဏ်ဖြင့် ပိုင်းခြား၍ သူ့နေရာနှင့် သူကြေလည်စွာ ပစ္စဝေက္ခဏာ ဆင်ခြင်မှု ရှိနေသောရဟန်းသည် ရက်လစေ့ရောက်သည့်အခါ ကြေလည်စွာဆပ်ပေးနိုင်သောသူနှင့် တူ၏၊ သူ့နေ့နှင့်သူ ကြေလည်စွာ ပစ္စဝေက္ခဏာ ဆင်ခြင်မှု မရှိသောရဟန်းသည် မဆပ်မပေးနိုင်၍ အတိုးထက်အတိုး အစီးအပိုးခံနေရသောသူနှင့် တူ၏၊ ဤနောက် ရဟန်း၏သုံးဆောင်မှုကို ဣဏပရိဘောဂ ဆိုသည်၊ အတ္တဒိဋ္ဌိ ရှိနေကြသော ပုထုဇဉ်ရဟန်းတို့မှာ ပစ္စည်းလေးပါးကို အလှူခံမှုသည် ကြွေးမြီယူမှုနှင့် တူသည်၊ အကျဉ်းချုပ် အဓိပ္ပါယ်တည်း။

ရဟန်းတော်တို့မှာ ပစ္စည်းလေးပါးမှဖြစ်သော ကြွေးမြီတင်မှု နှစ်ပါးရှိ၏၊
၁။ လှူဒါန်းသူ ဒါယကာ၌ အကျိုးယုတ်လျော့ခြင်းတစ်ပါး၊
၂။ အလှူခံ၍ သုံးဆောင်သူမှာ သမ္မောဟ၊ ဂေဓ၊ မဒ၊ ပမာဒ ဟူသော ကိလေသာအညစ်အပြစ်လေးချက် တိုးတက်ပွားများခြင်းတစ်ပါး၊

ထိုနှစ်ပါးတို့တွင် လှူဒါန်းသူဒါယကာ၌ ဒါနအကျိုးယုတ်လျော့ခြင်းဆိုသည်ကား-ပစ္စဝေက္ခဏာ မဆင်ခြင်လျှင် ထိုရဟန်းမှာ စတုပါရိသုဒ္ဓိ သီလလေးပါးတွင် ပစ္စယသန္နိဿိတ သီလမရှိ၊ ထိုသီလမရှိသည့်အတွက်ကြောင့် ဒက္ခိဏဝိသုဒ္ဓိအင်္ဂါတွင် အလှူခံပုဂ္ဂိုလ် သီလရှိစေရမည်ဟူသော ပဓာန အင်္ဂါယုတ်လျော့၏၊

ဥပမာ- ထိုသီလမရှိခဲ့ပါလျှင် တစ်ထောင်တန် အကျိုးပေးမည့်ဒါနသည် အလှူခံပုဂ္ဂိုလ်က ထိုသီလမရှိသည့် အတွက် ငါးရာတန်မျှ ပေးနိုင်တော့သည်၊ ငါးရာတန်မျှ ယုတ်လျော့လေ၏၊ ဒါယကာဘက်၌ ထိုမျှလောက် အကျိုးပေးယုတ်လျော့ခြင်းသည် အလှူခံပုဂ္ဂိုလ်အတွက် ဖြစ်ချေ၍ ထိုအမှုသည် အလှူခံပုဂ္ဂိုလ်၏အပေါ်၌ ပညာရှိတို့ကဲ့ရဲ့ဖွယ်သော အပြစ်တာဝန်ကြီးတစ်ခု အဖတ်တင်လေ၏၊ ဥပမာ ထိုရဟန်းသည် ထိုကြွေးမြီလွတ်ခဲ့ပါလျှင် တာဝတိံသာဘုံမှာ ဖြစ်ဖို့ရှိလေရာ၊ ထိုကြွေးကြီးမြီကြီးဖိစီးသည့်အတွက် စတုမဟာရာဇ်ဘုံမှာ ဖြစ်ရလေ၏၊ အထက်စတုမဟာရာဇ်ဘုံမှာ ဖြစ်ဖို့ရှိလေရာ ဤမြေအပြင်မှာ ဘီလူးကြီး၊ သားရဲကြီး၊ သားဘက်ကြီး ဖြစ်လေ၏၊ စသည်ဖြင့် အလှူခံရဟန်းအတွက်ကြောင့် နှစ်ဖက်အကျိုးယုတ်လျော့၍ သွားပုံကို သိရာ၏၊ ဤစကားရပ်၌ ထိုရဟန်းမှာ ထိုသီလမရှိဆိုသည်ကား- ထိုဒါယကာ၏အလှူကို မခံမီကပင် ထိုသီလမရှိသည်ကို ဆိုလိုသတည်း၊ ဤကား

ဣဏဝသေန ပရိဘောဂေါ ဣဏပရိဘောဂေါ၊ ပဋိဂ္ဂါဟကတော ဒက္ခိဏဝိသုဒ္ဓိယာ အဘာဝတော ဣဏံ ဂဟေတွာ ပရိဘောဂေါ ဝိယာတိ အတ္ထော။ ဟူသော မဟာဋီကာနှင့်အညီ လှူဒါန်းသူဒါယကာ၌ ဒါနအကျိုးယုတ်လျော့ခြင်းသည် အလှူခံရဟန်းမှာ ကြွေးမြီတင်မှုကြီးတစ်ပါး ဖြစ်ကြောင်းကို ပြဆိုချက်တည်း။

ဤအရာ၌ စီစစ်ဖွယ်ရှိချေ၏၊

သီလဝတော အပစ္စဝေက္ခိတွာ ပရိဘောဂေါ ဣဏ ပရိဘောဂေါ နာမ

ဟု အဋ္ဌကထာဆိုသောကြောင့် ဣဏပရိဘောဂသည် သီလဝန္တ ပုဂ္ဂိုလ်မှာရ၏၊ ဒက္ခိဏဝိသုဒ္ဓိအရာ၌ သီလဝန္တရဟန်းသည် အလှူခံပုဂ္ဂိုလ် အတွက် အကျိုးကြီးသောဘက်မှာ လာရှိ၏၊ ဒုဿီလရဟန်းသည်သာ အလှူခံပုဂ္ဂိုလ်အတွက် အကျိုးယုတ်လျော့သောဘက်မှာ လာရှိ၏၊ ပစ္စဝေက္ခဏာ မဆင်ခြင်၍ ပစ္စယသန္နိဿိတေ သီလမရှိရုံမျှနှင့်လည်း သီလဝန္တမဟုတ်၊ ဒုဿီလဖြစ်ပြီဟု မဆိုရ၊ ထိုဋီကာအလို ဒုဿီလဆိုရာ ကျနေဘိ၏၊ ပါဠိအဋ္ဌကထာများနှင့် မညီ-ဟု ဆိုရန်ရှိ၏၊ အဖြေကား-ပါရာဇိက လေးပါးလုံးခြုံ၍ ရဟန်းစစ်မှန်ပေလျှင် ဒုဿီလမဆိုရ၊ သီလဝန္တ ဆိုရပေပြီ၊ သို့သော် ထိုသီလဝန္တသည် အဆင့်ဆင့်ရှိပြန်၏၊ ပါရာဇိက လေးပါးတွင် လုံခြုံ၍ အထက်သိက္ခာပုဒ်တွေ အားလုံးမလုံခြုံသော သီလဝန္တ၊ ပါရာဇိကလေးပါးနှင့် သံဃာဒိသေသ် တစ်ဆယ့်သုံးပါးတွင် လုံခြုံ၍ အထက်သိက္ခာပုဒ်တွေ အားလုံး မလုံခြုံသော သီလဝန္တ စသည်ဖြင့် အဆင့်ဆင့်များပြားလျက် ရှိပြန်ရာ၏၊ စတုပါရိသုဒ္ဓိသီလလေးပါးတွင်လည်း
၁။ ပထမသီလတွင်မျှ လုံခြုံသောသီလဝန္တ၊
၂။ နှစ်ပါးသာ လုံခြုံသော သီလဝန္တ၊
၃။ သုံးပါးသာ လုံခြုံသော သီလဝန္တ၊
၄။ လေးပါးသာလုံခြုံသော သီလဝန္တ
ဟူ၍ အဆင့်ဆင့်ရှိရာချေသည်၊ သီလဝန္တအဆင့်ဆင့် ရှိကြသည့်အတွက် အလှူဒါယကာ၌လည်း အကျိုးပေးအဆင့်ဆင့် ရှိရာ၏၊ ထို့ကြောင့် ဋီကာဆရာသည်လည်း သီလတစ်ပါးယုတ်လျော့ခဲ့လျှင်ယုတ်လျော့သည့် သီလအတွက် ဒါယကာမှာ အကျိုးပေးယုတ်လျော့ရန်ရှိသည်ဖြစ်၍ ထိုစကားကို ဆိုပေသည်ဟုဖြေလေ။

ပထမ ကြွေးမြီအချက် ပြီး၏၊

ဒုတိယ ကြွေးမြီအချက်၌
သမ္မောဟ၊ ဂေဓ၊ မဒ၊ ပမာဒ-ဟူသော အညစ်အကြေး လေးပါးတွင်
၁။ သမ္မောဟ-ဆိုသည်ကား မသိမှုတွေဝေမှုတည်း၊ ထိုတွေဝေမှုသည် အကြမ်းအားဖြင့် ပုတီးစိပ်လေးပုဒ် မှာလာသော ပစ္စည်းလေးပါး၏ အကျိုး၊ အပြစ်ကိုမျှ မသိမှုတည်း၊ အလတ်အားဖြင့် ပဋိကူလ မနသိကာရ၊ သမ္ပဇညမသိကာရအချက်ကိုမျှ မသိမှုတည်း။

၂။ ဂေဓ-ဆိုသည်ကား မသိသည့်အတွက်ကြောင့် ပစ္စည်းလေးပါး၌ ခင်မင်မှုတည်း။

၃။ မဒ-ဆိုသည်ကား ပစ္စည်းလေးပါး ပြည့်စုံသည့်အတွက်နှင့် တက်ကြွယစ်မူးမှုတည်း။

၄။ ပမာဒ-ဆိုသည်ကား ယစ်မူးမှုအတွက်ကြောင့် ကုသိုလ်ဘက်နှင့်ဝေးကွာ၍ အကုသိုလ်ဘက်မှာ အချိန်ကာလ များစွာကုန်ဆုံးမှုတည်း။

ဤသို့လျှင် ရဟန်းတော်တို့မှာ ပစ္စည်းလေးပါးနှင့် စပ်လျဉ်း၍ ပစ္စဝေက္ခဏာ ဆင်ခြင်မှုကင်းသဖြင့် ကိလေသာ အညစ်အကြေးလေးပါး နေ့စဉ်တိုးပွားမှုသည်လည်း ကြွေးမြီတင်မှုကြီးတစ်ပါးပေတည်း။ ဤကား အကျဉ်းပြချက်တည်း။

ဤအရာ၌ ပုတီးစိပ်လေးပုဒ်၏ အဓိပ္ပါယ်ကို အကျဉ်းပြဆိုပေအံ့၊ သင်္ကန်းပစ္စည်း၌ ယာဝဒေဝ သီတဿ ပဋိဃာတာယယာဝဒေဝါတိ ပယောဇနာဝဓိပရိစ္ဆေနိယမဝစနံ၊ ဧတ္ထကမေဝဟိ ယောဂိနော စီဝရပဋိသေဝနေ ပယောဇနံ၊ ယဒိဒံ သီတဿ ပဋိဃာတာယာတိအာဒိ၊ န ဣတော ဘိယျော။ [ဝိသုဒ္ဓိမဂ်] ဆိုလိုရင်းကား- ယာဝသဒ္ဒါသည် အကျိုးတို့၏ အဆုံးစွန် စည်းကမ်းကို ပိုင်းခြားသော သဒ္ဒါတည်း၊ ဧဝသဒ္ဒါသည် ထိုအပိုင်းအခြားကို မလွန်ကျူးစေရန် ခိုင်မြဲစေသော သဒ္ဒါတည်းဟု ဆိုလိုသည်၊ ဧတ္တကမေဝ ဟိ စသည်ဖြင့် ထိုအနက်ကိုပင် ထင်ရှားစေသည်၊ ထိုတွင် န ဣတော ဘိယျော ဟူသော ပါဌ်ဖြင့် ပိဏ္ဍပါတ ပုတီးစိပ်မှာကဲ့သို့ နေဝ ဒဝါယ၊ နမဒါယ၊ နမဏ္ဍနာယ၊ နဝိဘူသနာယ-ဟူသော ဧဝအနက် ဧဝတ္တလေးချက်ကိုပြဆိုသည်၊ ဋီကာ၌ပြသော ဧဝတ္တလေးချက်သည်လည်း အသံမျှသာကွံ၏၊ အနက်မှာ ဤလေးချက်အတိုင်းပင်ကျ၏၊

ဆိုလိုရင်းအဓိပ္ပါယ်ကား

ဆောင်းရာသီ၌ လူတစ်ယောက်သည် သင်္ကန်းကြီးနှစ်ထည်ကို ယူခဲ့၍ ရဟန်းတော်အား အလိုရှိရာတစ်ထည်ထည်ကိုဖြစ်စေ၊ နှစ်ထည်လုံးကိုဖြစ်စေ အလှူခံတော်မူပါဟု ဆို၏၊ နှစ်ထည်တွင်လည်း တစ်ထည်ကားပိုးချည်သင်္ကန်းတည်း၊ တစ်ထည်ကား ဝါချည်သင်္ကန်းတည်း၊ ထိုအခါ ရဟန်းတော်မှာ ယာဝဒေဝ သီတဿ ပဋိဃာတာယနှင့် ညီစွာ ခံယူရာ၏၊ ပိုးချည်သင်္ကန်းကို မခံလိုဟု ပယ်လိုက်ရာ၏၊ သို့မှ ယာဝဒေဝနှင့်လည်းညီမည်၊ ယောနိသောလမ်းလည်း ဖြောင့်မည်၊ ညီပုံဖြောင့်ပုံကား ရဟန်းတော်၌ ထိုသင်္ကန်းအတွက် လိုအပ်သော အကျိုးမှာ
၁။ ဟိရီဩတ္တပ္ပကို စောင့်ရှောက်ရန်တစ်ချက်၊
၂။ ဆောင်းရာသီဖြစ်၍ အေးချမ်းမှုကို ကာကွယ်ရန်တစ်ချက်၊
ဤနှစ်ချက်သာ လိုရင်းဖြစ်၏၊ ဤနှစ်ချက် လုံလောက်လျှင် ဆောင်းရာသီ၌ သင်္ကန်းအတွက် ကိစ္စကုန်၏၊ ကိစ္စကုန်ရုံမျှတွင် စည်းကမ်း ပိုင်းပိုင်းခြားခြား ခိုင်မြဲစွာထားရမည်၊ စည်းကမ်းကို ကျူးလွန်၍ တဏှာအတွက်နှင့် မရောင့်တက်ရ၊ ယာဝသဒ္ဒါကိုကြည့်၊ ထို လိုရင်းနှစ်ချက်တွင်လည်း အေးချမ်းခြင်းကို ကာကွယ်မှုမှာ ဝါချည်သင်္ကန်းသည် သာ၍စွမ်းနိုင်၏၊ ဟိရီဩတ္တပ္ပကို စောင့်ရှောက်မှုမှာလည်း စွမ်းနိုင်သည်သာ ဖြစ်၏၊ ထိုလိုရင်းအကျိုးနှစ်ချက်မှာပိုးချည်သင်္ကန်းက ဝါချည်သင်္ကန်းလောက်မစွမ်းနိုင်။

ဧဝ-သဒ္ဒါဖြင့် ပယ်လှန်ရသော အပြစ်စုနှင့် မြှော်ရှုပြန်သော် ဒဝတဏှာ၊ မဒမာန၊ မဏ္ဍနတဏှာ၊ ဝိဘူသနတဏှာစုသည် ဝါချည်သင်္ကန်းမှာ နည်းပါး၏၊ ပိုးချည်သင်္ကန်းမှာ အလွန်အားကြီး၏၊ အထက်က ပြဆိုခဲ့သော သမ္မောဟ၊ ဂေဓ၊ မဒ၊ ပမာဒ-ဟူသော ကိလေသာအညစ်အပြစ်လေးချက် တိုးတက်ပွားများရန်မှာလည်း ဝါချည်သင်္ကန်းမှာ နည်းပါး၍ ပိုးချည်သင်္ကန်းမှာ အလွန်အားကြီး၏၊ ပျောက်မည်၊ ပျက်မည်အတွက် ကြောင့်ကြဗျာပါရ ပိုမိုမှုသည်လည်း ဝါချည်သင်္ကန်းမှာ နည်းပါး၏၊ ပိုးချည်သင်္ကန်းမှာ များပြား၏၊ ရဟန်းတော်တို့ အထူးနှစ်သက်အပ်သော ဂုဏ်တော်သုံးပါးနှင့်လည်း ဝါချည်သင်္ကန်းက ညီညွတ်၏၊ ပိုးချည်သင်္ကန်းက မညီညွတ်။

ဂုဏ်သုံးပါးဆိုသည်ကား
အပ္ပဂ္ဃါနိစ ဟောန္တိ သုလဘာနိစ အနဝဇ္ဇာနိစ
ဟုဟောတော်မူအပ်သော ဂုဏ်သုံးပါးပေတည်း။
၁။ အဘိုးမထိုက်ခြင်းဂုဏ်တစ်ပါး၊
၂။ ဘယ်အခါမဆို ဘယ်အရပ်မဆို ရလွယ်ခြင်းဂုဏ်တစ်ပါး၊
၃။ ပြဆိုခဲ့ပြီးသော အပြစ်မျိုးတို့မှ ကင်းလွတ်ခြင်းဂုဏ်တစ်ပါး ဟူလိုသည်။ ဤသို့စသည်ဖြင့် ပိုးချည်သင်္ကန်းဘက်မှ အလွန်အပြစ်များ၏၊

ထို့ကြောင့် ပိုးချည်သင်္ကန်းကို ပယ်လှန်၍ ဝါချည်သင်္ကန်းကို ခံယူမှ ယာဝဒေဝနှင့်လည်း ညီမည်၊ ယောနိသောလမ်းလည်းဖြောင့်မည်ဟု ဆိုပေသတည်း။

ဥဏှဿပဋိဃာတာယမှာ နွေလအခါ၌ နေပူကိုကာကွယ်ရန်ကိစ္စ၊ ဓံသ၊ မကသ။လ။ ပဋိဃာတာယမှာ မိုဃ်းလအခါ၌ ခြင်၊ မှက် စသည်ကို ကွယ်ကာရန်ကိစ္စတို့နှင့် ဟိရီဩတ္တပ္ပကိုစောင့်ရှောက်ရန် ကိစ္စဘက်တွဲ၍ ယောနိသော အနက်သွား၊ ယာဝဒေဝ အနက်သွားကို ဖြောင့်မတ်စွာဆိုလေ၊ နောက် ပုတီးစိပ်သုံးမျိုးတို့မှာလည်း ဤနည်းကိုမှီး၍ ကြံကြလေ။ အထက်စကား၌

ဒဝ-ဆိုသည်ကား ထိုသင်္ကန်းကိုဝတ်ရုံ၍ စိတ်နောက်ကိုယ်ပါ အပျော်အပါး လိုက်စားမှုတည်း၊

မဒ-ဆိုသည်ကား ထိုသင်္ကန်းကိုဝတ်ရုံ၍ စိတ်၏တက်ကြွ ယစ်မူးမှုတည်း၊

မဏ္ဍန-ဆိုသည်ကား အသွေးအရောင်ပြောင်မှု ရွှန်းမှုကို သာယာ၍ဝတ်ရုံခြင်းတည်း၊

ဝိဘူသန-ဆိုသည်ကား လုံးရပ်သဏ္ဍာန်တင့်တယ်ရန် သာယာ၍ ဝတ်ရုံမှုတည်း၊

[ဤကား ပုတီးစိပ်ပါဠိတွင်လာသော အပြစ်လေးပါးတည်း။]

လောက၌ လူအများတို့သည် အဝတ်ကိုဝတ်ကြ ရုံကြရာ၌ ပစ္စဝေက္ခဏာဆင်ခြင်မှုဟူ၍ မရှိကုန်ပြီ၊ ဝတ်မြဲ၊ ရုံမြဲ အများနဲအတိုင်းသာ ဝတ်ကြ၊ ရုံကြ၏၊ သမ္မောဟ အမှုကြီးပေတည်း၊ ရဟန်းတို့မှာ ပစ္စဝေက္ခဏာ မဆင်ခြင်မူ၍ ဝတ်မြဲ၊ ရုံမြဲအများနဲအနေနှင့် ဝတ်ရုံမှုကြီးသည် သမ္မောဟအမှုကြီးပေတည်း၊ သမ္မောဟရှိနေလျှင် ဂေဓ၊ မဒ၊ ပမာဒတို့လည်း ပါရှိကြကုန်တော့သည်၊ ဤသတ္တဝါတို့မှာ အဝတ်အရုံကို စွဲ၍ ဖြစ်သော အဝိဇ္ဇာနုသယ၊ တဏှာနုသယ၊ မာနာနုသယတို့သည် တစ်နေ့တစ်ခြားတိုးပွား၍သာ နေကုန်၏၊

ဤသာသနာ၌ ရဟန်းပြုကြရသည်မှာ အနုသယဟောင်းတို့ကို အကုန်ပယ်သတ်ရန် ပြုကြရ၏၊ ပစ္စဝေက္ခဏာဆင်ခြင်မှုသည် အသစ်တိုးပွားသည့် အနုသယတို့ကို မတိုးပွားရအောင် ပယ်ရှားမှုကြီးပေတည်း၊ အသစ်တိုးပွားမှုကို ပစ္စဝေက္ခဏာဆင်ခြင်မှုဖြင့် သုတ်သင်ပယ်ရှင်း၍ အနုသယဟောင်းတို့ကို ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ဖြင့် ပယ်ဖြတ်ရသတည်း၊ ဝိပဿနာကို မလုပ်နိုင်သေး၍ အနုသယဟောင်းတို့ကို မပယ်နိုင်သေးလျှင် ရှိစေဦး၊ ရဟန်းပြုလုပ်ရာမှ အနုသယသစ်တွေနေ့စဉ်မတိုးပွားစေအပ်-ဟူလိုသည်။

သီလဝန္တဆိုရသော ရဟန်းတော်တို့မှာ ပစ္စဝေက္ခဏာ မဆင်ခြင်လျှင် ဣဏပရိဘောဂဖြစ်သည့်အတွက် အပါယ်သို့ ကျရောက်ကြောင်းကို ဓမ္မပဒပါဠိတော်၌ ဟောတော်မူ၏၊

အယသာဝ မလံ သမုဋ္ဌာယ၊
တဒုဋ္ဌာယ တမေဝ ခါဒတိ။
ဧဝံ အတိဓောန ခါရိနံ၊
တာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ

၎င်းပါဠိတော်အနက်ကား-အယသာ=သံတုံးသံခဲမှ၊ မလံ=သံချေးသည်၊ သမုဋ္ဌာယ=ဖြစ်ပွား၍၊ တဒုဋ္ဌာယ=ထိုသံတုံးသံခဲမှထ၍၊ တမေဝ=ထိုသံတုံးသံခဲကိုသာလျှင်၊ ခါဒတိဣဝ=စားသကဲ့သို့၊ ဧဝံတထာ=ထို့အတူ၊ အတဓောနခါရိနံ=ပစ္စည်းလေးပါး၌ သမ္မောဟ၊ ဂေဓစသော အညစ်အကြေးတို့ကို ခါတွက်ဆေးလျှော်ကြောင်းဖြစ်သော ပစ္စဝေက္ခဏာ ဉာဏ်ပညာကို ကျူးလွန်၍ကျင့်သော ဣဏပရိဘောဂအမှုတို့သည်၊ ဒုဂ္ဂတိ=အပါယ်လေးပါးသို့၊ နယန္တိ=ပို့ချကြကုန်၏၊

ဤဂါထာတွင် အတိဓောနရိနံပုဒ်၌- ကိလေသာမလာနိ ဓုနိန္တိ ဧတေနာတိ ဓောနံ-ဟူ၍၎င်း၊ ဓောဝန္တိ ဧတေနာတိ ဓောနံ-ဟူ၍၎င်း ဝိဂြိုဟ်ပြု၍ ပစ္စဝေက္ခဏာ ဉာဏ်ပညာကို ဓောနဟူ၍ ဆိုသည်၊ ပစ္စဝေက္ခဏာဆင်ခြင်မှုနှင့် ကင်းလွတ်၍ သုံးဆောင်သည်ကို အတိဓောတခါရီဆိုသည်၊ ဝတ္ထုမှာ ဇေတဝန်ကျောင်းတော်တွင်း၌ တိဿအမည်ရှိသော ရဟန်းတော်သည် ရုတ်တရက်ရောဂါနှင့် သေဆုံးလေရာ သင်္ကန်း၌ သာယာသောတဏှာကြောင့် ထိုသင်္ကန်းမှာပင် သန်း တိရစ္ဆာန် ဖြစ်၍ အပါယ်သို့ကျလေသော ဝတ္ထုကို အဋ္ဌကထာ၌ ထိုဂါထာ၏ နိဒါန်းတွင်ပြဆိုသည်။

ရှေး၌ သမ္မောဟ၊ ဂေဓ၊ မဒ၊ ပမာဒ-ဟူသော ကိလေသာအညစ်အပြစ်လေးပါး နေ့စဉ်ပွားမှု စကားကိုလည်း ဤဂါထာ၌ လာသော သံချေးဥပမာကိုမြှော်၍ ဆိုသည်၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ဋီကာများမှာလည်း ထိုအပြစ်လေးပါး လာရှိ၏၊ ရဟန်းတော်တို့မှာ ဣဏပရိဘောဂအတွက် အပါယ်သို့ ကျရောက်ကြောင်းကို ဧကနိပါတ်ဇာတ်အဋ္ဌကထာ၌လည်း အသေအချာလာသည်။

လိတ္တံ ပရမေန တေဇသာတိ ဣဒံ သတ္ထာ ဇေတဝနေ
ဝိဟရန္တော အပစ္စဝေက္ခိတွာ ပရိဘောဂံ ဘိက္ခုံ အာရဗ္ဘ ကထေသိ၊ တသ္မိံ ကိရ ကာလေ ဘိက္ခူ စီဝရာဒီနိ လဘိတွာ ယေဘုယျေန အပစ္စဝေက္ခိတွာ ပရိဘုဉ္ဇန္တိ၊ တေ စတ္တာရော ပစ္စယေ အပစ္စဝေက္ခိတွာ ဘုဉ္ဇမာနာ ယေဘုယျေန နိရယ တိရစ္ဆာနယောနိတော န မုစ္စန္တိ
။၁။

အစရှိသည်ဖြင့် ဧကကနိပါတ်လိတ္တဇာတ် အဋ္ဌကထာ၌လာ၏၊

အနက်ကား- လိတ္တံ ပရမေန တေဇသာတိ=ဟူသော၊ ဣဒံ=ဤလိတ္တဇာတ်ကို၊ သတ္ထာ=မြတ်စွာဘုရားသည်၊ ဇေတဝနေ=ဇေတဝန်ကျောင်း၌၊ ဝိဟရန္တော=နေတော်မူစဉ်၊ အပစ္စဝေက္ခိတွာ=ပစ္စဝေက္ခဏာ မဆင်ခြင်မူ၍၊ ပရိဘောဂံ=သုံးဆောင်သော၊ ဘိက္ခုံ=ရဟန်းကို၊ အာရဗ္ဘ=အကြောင်းပြု၍၊ ကထေသိ=ဟောတော်မူ၏၊ ကိရ=အစဉ်စကားကြားရဘူးသည်ကား၊ တသ္မိံကာလေ=ထိုအခါ၌၊ ဘိက္ခူ=ရဟန်းတို့သည်၊ စီဝရာဒီနိ=သင်္ကန်းစသော ပစ္စည်းလေးပါးတို့ကို၊ လဘိတွာ=ရကုန်သည်ရှိသော်၊ ယေဘုယျေန=များသောအားဖြင့်၊ အပစ္စဝေက္ခိတွာ=ပစ္စဝေက္ခဏာမဆင်ခြင်ကုန်မူ၍၊ ပရိဘုဉ္ဇန္တိ=သုံးဆောင်ကြကုန်၏၊ တေ=ထိုရဟန်းတို့သည်၊ စတ္တာရောပစ္စယေ=ပစ္စည်းလေးပါးတို့ကို၊ အပစ္စဝေက္ခိတွာ=ပစ္စဝေက္ခဏာမဆင်ခြင်ကြကုန်မူ၍၊ ပရိဘုဉ္ဇမာနာ=သုံးဆောင်ကြကုန်သောကြောင့်၊ ယေဘုယျေန=များသောအားဖြင့်၊ နိရယတိရစ္ဆာနယောနိတော=ငရဲဘဝ၊ တိရစ္ဆာန်ဘဝတို့မှ၊ နမုစ္စန္တိ=မလွတ်ကြလေကုန်။

ဤပါဠိ၌ ယေဘုယျေန-ဆိုသည်ကား ထိုလက်ထက်တော် အခါမှာပင် ပစ္စဝေက္ခဏာမဆင်ခြင်သောရဟန်းတို့သည် ပျံလွန်တော်မူကြသည့်အခါ တစ်ကျိပ်မှာ ၆-ပါး၊ ၇-ပါး-မနည်းဘဲ ငရဲ တိရစ္ဆာန်ဘဝသို့ ကျရောက်ကြလေကုန်၏၊ တစ်ရာမှာ ၆၀၊ ၇၀-မနည်းဘဲ၊ တစ်ထောင်မှာ ၆၀၀၊ ၇၀၀-အောက်မနည်းဘဲ ငရဲ တိရစ္ဆာန်ဘဝသို့ ကျရောက်ကြလေကုန်၏-ဟူလိုသည်၊ လက်ထက်တော်မှာပင် ထိုမျှလောက်ရှိနေသေး၏၊ ယခုအခါ ငါတို့လက်ထက်မှာ ဘုန်းကြီးပျံတွေ ဘယ်လိုနေကြမည်မသိဟု သံဝေဂရဘို့ကောင်းလှ၏၊

နမုစ္စန္တိဆိုသည်ကား- ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေဟူသည်နှင့်အတူပေတည်း၊ ရေနက်ထဲ၌ခဲထုတ်ကို ချလိုက်ဘိသကဲ့သို့ဟူလိုသည်။

ဘိက္ခဝေ စတ္တာရော ပစ္စယေ ဧဝံ ပစ္စဝေက္ခိတွာ ပရိဘုဉ္ဇိတုံ ဝဍ္ဍတိ၊ အပစ္စဝေက္ခိတွာ ပရိဘောဂေါနာမ ဟလာဟလဝိသ ပရိဘောဂသဒိသော

[ ၎င်းအဋ္ဌကထာ။ ] အနက်ကား- ဘိက္ခဝေ=ရဟန်းတို့၊ စတ္တာရော ပစ္စယေ=ပစ္စည်းလေးပါးတို့ကို၊ ဧဝံ=ဤသို့၊ ပစ္စဝေက္ခိတွာ=ဆင်ခြင်၍၊ ပရိဘုဉ္ဇိတုံ=သုံးဆောင်ခြင်းငှါ၊ ဝဋ္ဋတိ=အပ်၏၊ အပစ္စဝေက္ခိတွာ=မဆင်ခြင်မူ၍၊ ပရိဘောဂေါနာမ=သုံးဆောင်ခြင်းမည်သည်၊ ဟလာဟလဝိသပရိဘောဂသဒိသော=လတ်တလောသေစေတတ်သော အဆိပ်ဆေးကို သုံးဆောင်သည်နှင့် တူ၏၊

သဒ္ဓါဒေယျလှူဒါန်းအပ်သော ပစ္စည်းလေးပါးများသည် ထေယျပရိဘောဂမှာ ရဲရဲငြိသောသံထွေခဲနှင့် တူ၏၊ ဤဣဏပရိဘောဂမှာ လတ်တလောသေစေတတ်သော အဆိပ်ဆေးနှင့် တူ၏၊ ဤမျှသာ ကွဲကြ၏ မိမိတို့သန္တာန်၌ အတ္တဒိဋ္ဌိဟူသော အနာဆိုးကြီး၊ ရောဂါဆိုးကြီး ရှိနေကြသည့်အတွက်ပေတည်း၊ သင်္ကန်းမည်သည် အရဟတ္တဓဇ ရဟန္တာတို့၏ တန်ခွန်ပေတည်း၊ သင်္ကန်းဝတ်ရုံမှုသည် ငါကား ရဟန္တာတို့၏ အနွယ်ပေတည်းဟု ဝန်ခံချက်ကြီးပေတည်း၊ ထိုဝန်ခံချက်ကြီးကို ယုံကြည်အားကိုး၍ လှူဒါန်းကြသည့်အတွက် ထိုမျှလောက်နက်နဲလျက် ရှိလေသတည်း။

၎င်းဧကကနိပါတ် ဝိဿာသဘောဇန ဇာတ်၌လည်း တသ္မိံကိရသမယေ ယေဘုယျေန ဘိက္ခူ မာတရာ နောဒိန္နံ၊ ပိတရာ နော ဒိန္နံ၊ ဘာတရာ ဘဂိနိယာ စူဠမာတရာ စူဠပိတရာ မာတုလေန မာတုလာနိယာ ဒိန္နံ၊ အမှာကံ ဂိဟိကာလေပိ ဘိက္ခုကာလေပိ ဧတေ ဒါတုံ ယုတ္တရူပါဝါတိ ဉာတီဟိဒိန္နေ စတ္တာရော ပစ္စယေ ဝိဿတ္ထာ ဟုတွာ အပစ္စဝေက္ခိတွာ ပရိဘုဉ္ဇန္တိ၊ သတ္ထာ တံကာရဏံ ဉတွာ မယာ ဓမ္မဒေသနံ ကာတုံဝဍ္ဍတီတိ ဘိက္ခူ သန္နိပါတာ လေတွာ ဘိက္ခဝေ ဘိက္ခုနာမ ဉာတီဟိပိ အညာတီဟိပိ ဒိန္နကေ စတ္တာရော ပစ္စယေ ပစ္စဝေက္ခိတွာဝ ပရိဘောဂေါ ကာတဗ္ဗော၊ အပစ္စဝေက္ခိတွာ ပရိဘောဂံ ကတွာ ဟိကာလင်္ကုရုမာနော ဘိက္ခု ယက္ခပေတ အတ္တဘာဝတော နမုစ္စတိ၊ အပစ္စဝေက္ခိတ ပရိဘောဂါနာမေသ ဝိသရိဘောဂ သဒိသော

စသည်ဖြင့်လာ၏၊

ပါဌ်လျှောက်အဓိပ္ပါယ်ကား-ထိုလက်ထက်တော်အခါ၌ပင်လျှင် ရဟန်းတို့သည် များသောအားဖြင့် ငါ့အမေကလှူသော ပစ္စည်းဖြစ်သည်၊ ငါ့အဘေက၊ ငါ့ဘထွေးက၊ ငါ့ဦးရီးက၊ ငါ့အရီးကလှူသော ပစ္စည်းဖြစ်သည်၊ ငါတို့မှာ လူဖြစ်သောအခါ၌သော်၎င်း၊ ရဟန်းဖြစ်သောအခါ၌သော်၎င်း ထိုသူတို့သည်ငါတို့အား ပေးထိုက်သောသူများဖြစ်ကြ ကုန်သည်ဟု နှလုံးပြုကြကုန်၍ ဆွေမျိုးဖြစ်ကြကုန်သော သူတို့က လှူဒါန်းအပ်သော ပစ္စည်းလေးပါးတို့ကို ရဲရဲဝံ့ဝံ့မရွံ့ကြကုန်မူ၍ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ကြကုန်၏၊ ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူ၍ ငါသည် ရဟန်းတို့အား တရားဒေသနာ ဟောခြင်းငှါသင့်၏ဟု အကြံပြုတော်မူ၍ ရဟန်းတို့ကိုစည်းဝေးစေပြီးလျှင် ရဟန်းတို့ ရဟန်းမည်သည် ဆွေမျိုးတို့ကပင်ဖြစ်စေ၊ ဆွေမျိုးမဟုတ် သူတို့ကပင်ဖြစ်စေ လှူဒါန်းအပ်သော ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာ ဆင်ခြင်၍သာ သုံးဆောင်ခြင်းကိုပြုအပ်၏၊ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ သုံးဆောင်၍သေလွန်သော ရဟန်းသည် ဘီလူးဘဝ၊ တိရစ္ဆာန်ဘဝတို့မှမလွတ်နိုင်၊ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ သုံးဆောင်မှုမည်သည် လတ်တလော သေစေတတ်သော အဆိပ်ဆေးကို သုံးဆောင်သည်နှင့် တူ၏-စသည်ဖြင့်ဟောတော်မူသည်ဟူလို။

အစ၌ ယေဘုယျပုဒ်ကို အပစ္စဝေက္ခိတွာ ပရိဘုဉ္ဇန္တိ၊ ယက္ခပေတ အတ္တဘာဝတောနမုစ္စတိ-တို့၌စပ်၊ တစ်ကျိပ်မှာ ၆-ပါး၊ ၇-ပါး ဘီလူး၊ သားရဲ၊ သဘက်၊ ပြိတ္တာဖြစ်လေ၏၊ တစ်ရာမှာ ၆၀၊ ၇၀၊ တစ်ထောင်မှာ ၆၀၀၊ ၇၀၀-ဘီလူး၊ သားရဲ၊ သဘက်၊ ပြိတ္တာဖြစ်လေ၏-ဟု အဓပ္ပါယ်ဆိုလေ၊ လက်ထက်တော်မှာပင် ထိုမျှလောက်ရှိနေသေး၏၊ ယခုကာလ ငါတို့လက်ထက်မှာ ဘုန်းကြီးပျံတွေ ဘယ်လိုနေကြမည်မသိဟု သတိ သံဝေဂယူကြလေ၊ လက်ထက်တော်ဆိုရာမှာလည်း ပစ္စဝေက္ခဏာကို ဘုရားမဟောမီဆိုလိုသည်၊ ဤအဋ္ဌကထာ၌ ဘီလူးနှင့်ပြိတ္တာဖြစ် ကြောင်းလာသည်၊ ရှေ့ဇာတ်အဋ္ဌကထာ၌ ငရဲနှင့်တိရစ္ဆာန်ဖြစ်ကြောင်း လာသည်၊ နှစ်ချက်စပ်မိလျှင် လေးမျိုးရ၏၊ ဘုန်းကြီးသေ၍ ဘီလူးဖြစ်သောဝတ္ထုတို့မှာ ဟေမဝတာ၊ သာတာဂိရိ၊ အာဠာဝက၊ သူစိလောမ၊ ခရလောမတို့ဝတ္ထု၊ ပြိတ္တာဖြစ်ကြသော ဝတ္ထုမှာ ပေတဝတ္ထုရှိလေပြီ။ ၁၂၆၅-ခုနှစ်မှစ၍ အထက်အောက် မြန်မာနိုင်ငံမှာ နှစ်ရှည်လများ တရားဟောလှည့်လည်ရာ ဆရာတော်ကိုယ်တိုင် တွေ့မြင်ကြားသိရသော ဘုန်းကြီးပျံတွေကို သက်သေထုတ်ပြရန် အချက်ကြီးပေတည်း။ ဤနှစ်ဇာတ်လုံးမှာပင် လိုရင်းမျှကို ထုတ်ပြလိုက်သည်၊ အဆိပ်ဆေးကို မျိုမိကြသည့်အတွက် ဒုက္ခကြီးရောက်ကြ၊ သေဆုံးကြသော ဇာတ်ဝတ္ထုတို့နှင့် အကျယ်ကိုအလိုရှိလျှင် ထိုနိပါတ်၊ ထိုဇာတ်တို့မှာ ယူကြလေ။

သီလဝန္တရဟန်းတို့ အပါယ်ကျရန်အကြောင်းစုကား
၁။ ဤပစ္စည်းလေးပါး၌ တွယ်ငြိသော ဣဏပရိဘောဂ မှုကြီးတစ်ပါး၊
၂။ ဝိနည်းတရားစီရင်ရာ၌ ဆန္ဒာဂတိ လိုက်စားမှုကြီးတစ်ပါး၊
၃။ မာန်မာနကြီးတစ်ပါး၊
၄။ ဣဿာမစ္ဆရိယကြီးမှုတစ်ပါး၊
၅။ အမဲသားငါး အစားကောင်း အသောက်ကောင်း ကြိုက်မှုကြီးတစ်ပါး၊
ဤကား- ဘုန်းကြီးသေလျှင် ဘီလူး၊ သဘက်ဖြစ်ကြောင်းစုတည်း၊ ဘယ်လိုပင် ဝိနည်းသိက္ခာသီလ ကောင်းသော်လည်း၊ ဘယ်လိုပင် စာပေကျမ်းဂန်တတ်သော်လည်း ထိုအမှုစုတစ်ခုခုအားကြီးလျက် ရှိနေခဲ့လျှင် ဝိနည်း သိက္ခာ သီလကောင်းမှုလည်း မကယ်နိုင်၊ စာပေကျမ်းဂန်တတ်မှုလည်း မကယ်နိုင်၊ ဘီလူး၊ သားရဲ၊ သဘက်နှင့် ထိုက်သက်ရာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာမလွဲနိုင်ပြီ။

ဤအရာ၌ အချို့သူတို့သည် ဝိနည်းသိက္ခာပုဒ် လုံခြုံလျှင် အပါယ်သို့မကျနိုင်-ဟု ထင်နေကြကုန်၏၊ အချို့သူတို့သည် ကမ္မပထမြောက်လောက်သော ဒုစရိုက်မှု ကင်းလွတ်လျှင် အပါယ်သို့မကျနိုင်ဟု ထင်နေကြကုန်၏၊ ဝိနည်းသိက္ခာပုဒ်လုံခြုံသော်လည်း အပါယ်သို့ ကျနိုင်သည်သာ အမှန်ဖြစ်၏၊ အဘယ်သို့ ကျနိုင်သနည်း-ဟူမူ ဤသတ္တဝါတို့မှာ အနမတဂ္ဂ သံသရာမှ ကမ္မပထမြောက်ပြီး ဒုစရိုက်ကံကြီးပေါင်း အသောင်းအသိန်းမက ဖြစ်လေရာရာ အစဉ်ပါရှိ၍ နေကြ၏၊ လူတို့မှာ ယစ်မျိုးစွဲလမ်းမှုများသည် ထိုကဲ့သို့သော ကံဟောင်းမျိုး၏ ဥပနိဿယကြီးဖြစ်၍ ထိုကံဟောင်းက ဇနကကိစ္စ၊ ယစ်မျိုးစွဲမြဲမှုက ဥပနိဿယကိစ္စ ဘက်တွဲကြပြီးလျှင် ထိုသူကိုအပါယ်ငရဲသို့ မချွတ်မလွဲ အမြဲချနိုင်သကဲ့သို့ ရဟန်းတို့မှာလည်း ကံဟောင်းက ဇနကကိစ္စဣဏပရိဘောဂမှု စသည်တို့က ဥပနိဿယကိစ္စ ဘက်တွဲကြပြီးလျှင် ထိုရဟန်းကိုအပါယ် ငရဲသို့ မချွတ်မလွဲ အမြဲချနိုင်ကြကုန်၏၊

ရှေးကံဟောင်းသည် စပါးမျိုးစေ့နှင့်တူ၏၊ ယခုလက်ငင်း ရှိနေကြသော ဣဏပရိဘောဂမှုစသည်များသည် တောင်သူယောကျ်ားနှင့်တူ၏၊ တောင်သူယောက်ျားသည် မျိုးစေ့ကိုလက်ကိုင်ပြု၍ ကောက်စပါးများကို ဖြစ်ပွားစေရ၏၊ မျိုးစေ့သည် တောင်သူယောကျ်ား၏ ပြုလုပ်ချထားရာမှာ အပင် အညှောက်ပေါက်ပွားရ၏၊ ယစ်မျိုးသောက်မှုသည် ကမ္မပထမှုမျိုး မဟုတ်ဆိုသော်လည်း သေခါနီး တိုင်အောင်စွဲမြဲသောသူမှာ ထိုယစ်မျိုးမှုအတွက် အပါယ်ငရဲသို့ မလွဲနိုင်ရာပြီ၊ သတ္တဝါတို့မှာ အကုသိုလ်ကံဟောင်းသာရှိကြသည်မဟုတ်၊ ကုသိုလ်ကံဟောင်းများလည်းရှိကြသည်ပင် မဟုတ်လော-ဟူမူ အတ္တဒိဋ္ဌိရှိနေကြသောသူတို့မှာ ကုသိုလ်၏အင်အားထက် အကုသိုလ်၏အင်အားက အထောင်အသောင်း မကကြီးကျယ်လျက် ရှိနေကြ၏၊ ထို့ကြောင့် ဝိနည်းသိက္ခာပုဒ်လုံခြုံသော်လည်း ဣဏပရိဘောဂမှု အားကြီးစွာရှိနေကြသော ရဟန်းတို့မှာ ထိုအမှုအတွက်ယေဘုယျအားဖြင့် အပါယ်သို့ ကျရောက်ကြကုန်၏၊ နောက်ကမ္မပထဒုစရိုက် ဆရာတို့ အထင်သည်လည်း ဤအဖြေမှာ ပါဝင်လေပြီ။

မြတ်စွာဘုရားသည်လည်း ဣဏပရိဘောဂအတွက် ယေဘုယျ အပါယ်ကျအပြစ်ကြီးကို မြင်တော်မူသည်ဖြစ်၍ ဓမ္မဒါယာဒသုတ်၌ ဓမ္မဒါယာဒါမေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသ ဒါယာဒါ၊ အတ္ထိ မေ တုမှေသု အနုကမ္ပာ၊ ကိန္တိ မေ သာသကာ ဓမ္မဒါယာဒါ ဘဝေယျုံ၊ နော အာမိသဒါယာဒါ

ဟူ၍ဟော်တော်မူသည်။

အနက်ကား-ဘိက္ခဝေ=ရဟန်းတို့၊ တုမှေ=သင်တို့သည်၊ မေ=ငါဘုရား၏၊ ဓမ္မဒါယာဒါ=ဗောဓိပက္ခိယတရားတည်း-ဟူသော ဓမ္မအမွေကိုသာ ခံယူကြကုန်သည်၊ ဘဝထ=ဖြစ်ကြကုန်လော၊ အာမိသ ဒါယာဒါ=ပစ္စည်းလေးပါး-တည်းဟူသော အာမိသအမွေကို ခံယူကြကုန်သည်၊ မာဘဝထ=မဖြစ်ကြကုန်လင့်၊ မေ=ငါဘုရားအား၊ တုမှေသု=သင်တို့၌၊ အနုကမ္ပါ=အစဉ်သနားခြင်းသည်၊ အတ္ထိ=ရှိ၏၊ ကိံအတ္ထိ=အဘယ်သို့ရှိသနည်း-ဟူမူကား၊ မေ=ငါ၏၊ သာဝကာ=တပည့်သားအဆက်ဆက်တို့သည်၊ ကိန္တိ=အဘယ်သို့လျှင်၊ ဓမ္မဒါယာဒါ=တရားအမွေကိုသာ ခံယူကြကုန်သည်၊ ဘဝေယျုံ=ဖြစ်ကြကုန်အံ့နည်း၊ အာမိသဒါယာဒါ=ပစ္စည်းလေးပါး-တည်းဟူသော အာမိသအမွေကိုခံယူကြကုန်သည်၊ နောဘဝေယျုံ=မဖြစ်ကြကုန်အံ့နည်း၊ ဣတိ=ဤသို့၊ အနုကမ္ပါ=အစဉ်သနားခြင်းသည်၊ အတ္ထိ=ရှိ၏၊

ဤ၌အာမိသအမွေကိုခံယူဆိုသည်ကား

ဣဏပရိဘောဂ အနေနှင့် ခံယူသုံးဆောင်မှုကို ဆိုသတည်း၊ ထိုအာမိသအမွေကို ခံယူမှုမှ ကင်းလွတ်ကြစေရန် ပုတီးစိပ်လေးပုဒ်နှင့် ပစ္စယသန္နိဿိတသီလအစီအရင်ကို စီရင်ဟောကြားထားတော်မူခဲ့ ပေသတည်း။

အနုကမ္ပါဆိုသည်ကား

မြတ်စွာဘုရားတို့၏ ကြောင့်ကြတော်ကြီးဆိုလိုသည်။ ဤအရာ၌ ဣဏပရိဘောဂမှု လွတ်ကင်း၍ ပစ္စယသန္နိဿိတ သီလဖြစ်စေခြင်းငှါ ပစ္စဝေက္ခဏာဆင်ခြင်ရာ၌ အချို့ဆရာတို့သည် ပဋိသင်္ခါယောနိသောအစရှိသော ပုတီးစိပ်ပါဠိကို အခေါက်များစွာ ရွတ်ဆို၍ ပုတီးစိပ်ကိစ္စပြီးစီး၏ဟု ပြောဆိုကြကုန်၏၊ အချို့ဆရာတို့သည် အနက်ပါဆင်ခြင်နိုင်မှ ကိစ္စပြီးစီးသည်ဟု ပြောဆိုကြကုန်၏၊ အမှန်မှာမူကား-ပဋိသင်္ခါယောနိသော ဟူသည်နှင့်အညီ ပစ္စယသန္နိဿိတသီလဆိုသည်ကား-ပဋိသင်္ခါနဉာဏ်ကို ဆိုလိုသည်၊ ရှေး၌ပြဆိုခဲ့ပြီးသည့်အတိုင်း ယောနိသောအနက်သွားလမ်း၊ ယာဝဒေဝအနက်သွားလမ်းတို့ကို ဖြောင့်တန်းစွာမြှော်မြင်နိုင်သော ပစ္စဝေက္ခဏာဉာဏ်ပညာပေတည်း၊

ထိုဉာဏ်ပညာဖြင့်ဆင်ခြင်၍ စင်ကြယ်မှုတည်ရှိနေသည်ကိုလည်း ပစ္စယသန္နိဿိတသီလဆိုရာ၏၊ ထို့ကြောင့် အဋ္ဌကထာတို့၌

ပစ္စယသန္နိဿိတသီလံ ပညာယ သမ္ပာဒေတဗ္ဗံ၊ ပညာသာဓနံ ဟိ တံ၊ ပညာဝတော ပစ္စယေသု အာဒီနဝါနိ သံသဒဿနသမတ္ထ ဘာဝတော

ဟူ၍မိန့်ဆိုကြပေ၏၊ ထိုကြောင့် ပုတီးစိပ်ပါဠိမျှကို အခေါက်များစွာရွက်ဆို၍ ပုတီးစိပ်ရုံမျှနှင့် ကိစ္စမပြီးလေ၊ ဆင်ခြင်မှုဉာဏ် ပညာမပါဘဲ ကျက်အံ၍ကြေလည်စွာရသဖြင့် အနက်မျှကို ရွတ်ဆို၍ ပုတီးစိပ်သော်လည်း ကိစ္စမပြီးလေ၊ ဣဏပရိဘောဂမှ မလွတ်ဟူလိုသည်။

ယောနိသောအနက်လမ်း ဖြောင့်တန်းစွာ မြှော်မြင်နိုင်ပါ၏၊ ပစ္စည်းလေးပါး၌ ဂေဓ၊ မဒ၊ ပမာဒတို့သည်မူကား-မလွတ်ကင်းကုန်၊ ပစ္စည်းလေးပါး၌ အကောင်းထက်အကောင်းခံယူမူ၊ သိမ်းဆည်းမူတို့သည်ကား ရှိနေပြန်၏၊ ထိုရဟန်းမှာ ပစ္စယသန္နိဿိတသီလ တည်ပါမည်လောဟု မေးရန်ရှိ၏၊

သမ္မောဟလွတ်ကင်းသည့်အတွက် တစ်စိတ်တစ်ဒေသမျှ တည်ရှိပါ၏၊ ဂေဓ၊ မဒ၊ ပမာဒ ရှိနေသည့်အတွက် ဣဏပရိဘောဂမှ မလွတ်ဟု ဖြေလေ။

အချို့သော ပုဂ္ဂိုလ်တို့သည် နဂိုစရိုက် စင်ကြယ်သည့်အတွက် ပစ္စည်းလေးပါး၌ ဂေဓ၊ မဒ၊ ပမာဒတို့မှ လွတ်ကင်းပါ၏၊ ဆင်ခြင်မူကား မရှိ၊ ထိုသူမှာ ထိုသီလတည်ရှိပါမည်လောဟူမူ-မြောက်ကျွန်းသူများ၏ ငါးပါးသီလသည် စေတနာသီလ၊ ဝိရတီသီလ၊ သံဝရသီလကားမဟုတ်၊ ပကတိသီလဟူ၍ ဆိုရသကဲ့သို့ ပဋိသင်္ခါနသီလကားမဟုတ်၊ ပကတိသီလဆိုရ၏၊ သမ္မောဟအတွက် ဣဏပရိဘောဂအစွန်း မလွတ်ချေ၊ သို့သော် သီလအရာမျှဖြစ်၍ သမ္မောဟကို သုတ်သင်မှုသည်လည်း အရေးကြီးလှသော ဂေဓ၊ မဒ၊ ပမာဒတို့ကို သုတ်သင်နိုင်ရန်အတွက်ပေတည်း၊ ထို့ကြောင့် သမ္မောဟအတွက်ဝန်မလေးလှပေ။

အချို့သောသူတို့သည်ကား စာပေကျမ်းဂန်မှုနှင့်သော်၎င်း၊ ဘာဝနာမှုနှင့်သော်၎င်း နေ့နေ့ညည အချိန်ကုန်ကြသောရဟန်းတို့မှာ ပစ္စဝေက္ခဏာ အထူးစင်ခြင်ဘွယ်မရှိ၊ ထိုကုသိုလ်နှင့်ပင် ဣဏပရိဘောဂမှလွတ်ကင်း စင်ကြယ်လေတော့သည်ဟု အယူရှိကြကုန်၏၊ ထိုသူတို့မှာ အလွန်အရေးကြီးလှသော ဂေဓ၊ မဒ လွတ်ကင်းကြ၏လော-ဟု ဆင်ခြင်ရန်ရှိချေ၏၊ ပမာဒမှုမရှိကြသည့်အတွက် အပြစ်မူကား-ပေါ့ရာ၏၊

ဣဏပရိဘောဂအမြွက် ပြီး၏၊

ဒါယဇ္ဇ ပရိဘောဂ

၃။ ဒါယဇ္ဇပရိဘောဂ၌ အမွေခွဲမှုနှင့် ရရှိ၍ သုံးဆောင်မှုကို ဒါယဇ္ဇပရိဘောဂဆိုသည်၊ မြတ်စွာဘုရား၏ အမွေတော်ကို ခံယူသုံး ဆောင်ခြင်းဟူလိုသည်၊ မြတ်စွာဘုရား၏ အမွေတော်သည် အာမိသ အမွေ, ဓမ္မအမွေဟူ၍ နှစ်ပါးရှိ၏၊

ထိုတွင်

၁။ ပစ္စည်းလေးပါးကို အာမိသ အမွေဆိုသည်။

၂။ ဗောဓိပက္ခိရတရား ၃၇-ပါးကို ဓမ္မအမွေဆိုသည်။ ရဟန်းန္တာပုဂ္ဂိုလ်မှတစ်ပါး သေက္ခအရိယာ ပုဂ္ဂိုလ် ၇-ယောက် တို့သည် မြတ်စွာဘုရား၏ သားတော်အစစ်ဖြစ်ကြကုန်၍ အမွေခံပုဂ္ဂိုလ် တို့ပေတည်း၊ သားတော်အစစ် ဖြစ်ပုံကား-ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိနေကြ ကုန်သော ပုထုဇဉ် ပုဂ္ဂိုလ်သည် ရဟန်းတော်ပင် ဖြစ်ကြကုန်သော်လည်း သားတော်အစစ် မဟုတ်ကြကုန်၊ အကြောင်းမူကား ထိုသူတို့သည် ထိုတရားနှစ်ပါးရှိကြသည့်အတွက် ယခုနေ့မှာ ဘုရားတပည့်၊ နက်ဖြန်မှာ ဘုရားရန်သူ ဖြစ်နိုင်သောအဘို့၌ တည်နေလျက်ရှိကြကုန်သော ကြောင့်တည်း၊ ထိုဒိဋ္ဌိ, ဝိစိကိစ္ဆာကို အမြစ်ပါပယ်ရှင်းကြကုန်ပြီးသော ထိုအရိယာပုဂ္ဂိုလ်တို့သည်မူကား- ထိုပယ်ရှင်းသော ခဏမှစ၍ နိဗ္ဗာန် ဝင်ကြသည့်ဘဝတိုင်အောင် ဘုရား၏ သားတော်အဖြစ်အစဉ် မြဲကြလေ တော့သည်၊ ထို့ကြောင့် ထိုအရိယာပုဂ္ဂိုလ်တို့သည်သာလျှင် ပရမတ္ထသား တော်အစစ် ဖြစ်ကြပေကုန်သည်၊ သားတော်အစစ်ဖြစ်ကြကုန်သည်နှင့် တစ်ပြိုင်နက် ဣဏပရိဘောဂနယ်ကိုလည်း လွန်မြောက်ကြကုန်၏၊ မြတ်စွာ ဘုရား၏ အမွေခံသားတော်အဖြစ်သို့ရောက်ကြကုန်၏၊

ဣဏပရိဘောဂကိုလွန်မြောက်ပုံကား

ထိုအရိယာပုဂ္ဂိုလ်တို့မှာ သီလသိက္ခာ ပျက်ကွက်လျော့ပါး သောပုဂ္ဂိုလ်, သီလသိက္ခာ တည်ခိုင်ပြည့်စုံသော ပုဂ္ဂိုလ်-ဟူ၍ အထူး မရှိကြကုန်ပြီ။ သီလေသုပရိပူရကာရီ ပုဂ္ဂိုလ်ချည်းဖြစ်ကြ၍ သီလသိက္ခာ တည်ခိုင် ပြည့်စုံသည်ချည်းဖြစ်ကြကုန်၏၊ သို့အတွက် လှူဒါန်းသူ ဒါယကာတို့၌ အလှူခံပုဂ္ဂိုလ်အတွက်နှင့် အကျိုးပျက်ကွက် ယုတ် လျော့ခြင်းမရှိလေပြီ၊ သောတာပန် ရဟန်းကိုလှူလျှင် သောတာပန် အလိုက်ရထိုက်သော အကျိုးကို ရနိုင်ကြကုန်တော့သည်၊ သကဒါဂါမ် ရဟန်းကိုလှူလျှင် သကဒါဂါမ်အလိုက်, အနာဂါမ်ရဟန်းကို လှူလျှင် အနာဂါမ်အလိုက် ရထိုက်သောအကျိုးကို ရနိုင်ကြကုန်တော့သည်၊ ထို့ကြောင့် အလှူဒါယကာတို့၌ အကျိုးပေးပျက်ကွက် ယုတ်လျော့မှု အတွက်နှင့် အလှူခံပုဂ္ဂိုလ်မှာ ကြွေးမြီအတင်အရှက် မရှိပြီ၊ သင်္ကန်း ဟူသော အရဟတ္တဓဇကို ဝတ်ဆင်သော ပဋိညာဉ်မှုကြီးလည်း ပြေကုန် လေတော့သည်။

အနတ္တသမ္မာဒိဋ္ဌိ ဉာဏ်ကြီးအလင်းပေါက်သည့်အတွက် အတ္တဒိဋ္ဌိ နှင့်ယှဉ်သော အလွန်နက်နဲသော သမ္မောဟ, ဂေဓ, မဒ, ပမာဒ အညစ် အမိုက်အပြစ်ကြွေးမြီတို့သည် မရှိကြကုန်ပြီ၊ အတ္တဒိဋ္ဌိနှင့် မယှဉ်သော သမ္မောဟ, ဂေဓ, မဒ, ပမာဒ အညစ် အပြစ် ကျန်ရှိကြရာမှာလည်း ဗောဓိပက္ခိယ ဓမ္မအမွေကြီး ခိုင်မြဲပြီးဖြစ်၍ သုဂတိဘဝ၏ အန္တရာယ်, ဗောဓိပက္ခိယဓမ္မ၏ အန္တရာယ်ကို မပြုကြကုန်ပြီ။

[ဤကား-ဣဏပရိဘောဂနယ်ကို လွန်ကြပုံတည်း]

မြတ်စွာဘုရား၏ အမွေခံအစစ်အဖြစ်သို့ရောက်ပုံမှာ သားတော် အစစ်အဖြစ်သို့ရောက်ပုံအတိုင်းပင်တည်း၊ ဥပမာကား-လောက၌ ပစ္စည်းဥစ္စာကုဋေများစွာ ချမ်းသာသော သူဌေးကြီး၏ သားပင်ဖြစ် သော်လည်း မိဘအမွေကို ရရှိပြီးနောက် အနွယ်ကို မစောင့်ရှောက်ဘဲ ပစ္စည်းဥစ္စာတို့ကို အတ္တဟိတမပြီ, ပရဟိတမပြီ ဖြုန်းတီးမှု၌ စိုးရိမ်ဘွယ် ရှိနေသော သားသည် အမွေခံထိုက်သော သားမဟုတ်၊ အနွယ်ကို စောင့်ရှောက်၍ ပစ္စည်းဥစ္စာတို့ကို အတ္တဟိတ, ပရဟိတတို့၌ဖြောင့်မတ်စွာ ကြီးပွားစေနိုင်လိမ့်မည်-ဟု ယုံကြည်ရသော သားသည်သာလျှင် အမွေကို ခံထိုက်သော သားကောင်းရတနာ ဖြစ်ပေသကဲ့သို့တည်း။

ဤအရာ၌ အာမိသအမွေတော်ဘက်မှာ စောဒနာရန်ရှိ၏၊ ဤပရိဘောဂအရာတွင်ပစ္စည်းလေးပါး-ဟူသော အာမိသအမွေ တော်ကိုခံယူသုံးဆောင်မှုကို ဒါယဇ္ဇပရိ ဘောဂဖြစ်၍အပြစ်မရှိသော သုံးဆောင်ခြင်းဟု ဆို၏၊ ဓမ္မဒါယာဒသုတ်၌မူကား- တပည့်သား အဆက်ဆက်တို့ သည်အာမိသအမွေတော်ကို ခံယူကြမည်ကို အကြောင့် ကြကြီး ကြောင့်ကြတော်မူကြောင်း ဟောတော်မူသည်နှင့် မဆန့်ကျင် ပါလော-ဟုဆိုရန်ရှိ၏၊

ဓမ္မဒါယာသုတ်၌ အကြောင့်ကြကြီး ကြောင့်ကြတော်မူသည်မှာ

ဣဏပရိဘောဂ နယ်သားများအတွက်-ဟုယူလျှင် မဆန့်ကျင်ဟုဖြေလေ၊ အကြောင်းမူကား-အတ္တဒိဋ္ဌိရှင် ပုထုဇဉ်ရဟန်းများမှာ ဣဏပရိဘောဂဖြစ်ခဲ့သော် အတ္တဟိတ, ပရဟိတနှစ်ပါး ပိုင်းပိုင်းလဲ၍ သွား၏၊

အနတ္တသမ္မာဒိဋ္ဌိ ရှင်အရိယာပုဂ္ဂိုလ်တို့မှာ ထိုအကျိုးနှစ်ပါး ပျက်ကွက်လမ်းမရှိကြကုန်ပြီ၊ သို့သော် ထိုဒါယဇ္ဇ ပုဂ္ဂိုလ်တို့မှာ ပစ္စည်း လေးပါးကိုသုံးဆောင်ကြရာ၌ ပစ္စဝေက္ခဏာဆင်ခြင်မှု မရှိကြပြီလား၊ မရှိဟုဆိုခဲ့သော် ထိုပစ္စယသန္နိ ဿိတသီလတည်နိုင်မည်လား-ဟု မေး ရန်ရှိ၏၊

သင်္ခါယ သေဝေ ဝရပညသာဝကော-ဟူသော ပုဒ်အဘွင့်

မဟာဋီကာ၌ကား-ဥတ္တမပညဿ ဘဂဝတော သာဝကော သေက္ခောဝါ ပုထုဇ္ဇနောဝါ-ဟုဆင်ခြင်သောပုဂ္ဂိုလ်စုမှာ သေက္ခအရိယာများလည်း လာပေ၏၊ သို့သော် ထိုပစ္စဝေက္ခဏာ ဆင်ခြင်မှုဟူသော ဉာဏ်အစိတ် သည် အနိစ္စ ထင်မြင်မှု, ဒုက္ခ ထင်မြင်မှု, အနတ္တ ထင်မြင်မှု-ဟူသော သမ္မာဒိဋ္ဌိနယ်ကြီးအတွင်း၌ ပါဝင်လေပြီးဖြစ်၍ ထိုပုဂ္ဂိုလ်တို့မှာ ပစ္စဝေက္ခဏာ အထူးဆင်ခြင်သည်ဖြစ်စေ, မဆင်ခြင်သည်ဖြစ်စေ ထိုသီလ အမြဲတည်လေတော့သည်ဟုဖြေ။

ပစ္စဝေက္ခဏာ ကြေလည်စွာဆင်ခြင်၍ ပစ္စယသန္နိဿိသီလ နှင့်ပြည့်စုံသောပုထုဇဉ်ရဟန်းကို သေက္ခပုဂ္ဂိုလ်၌ ထည့်သွင်းမြဲ ကျမ်းဂန် ထုံးစံရှိသည်ဖြစ်၍ ထိုပုဂ္ဂိုလ်၏ သုံးဆောင်မှုကိုလည်း ဒါယဇ္ဇပရိဘောဂ တွင် ထည့်သွင်းရမည်-ဟူ၍ အဋ္ဌကထာတို့၌ ဆိုပေသည်။

ဒါယဇ္ဇပရိဘောဂအမြွက်ပြီး၏၊


သာမိပရိဘောဂ

၄။ သာမိပရိဘောဂ ဆိုသည်ကား-စိုးစိုးပိုင်ပိုင် သုံးဆောင်ရခြင်း တည်း၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ပစ္စည်းလေးပါး သုံးဆောင်မှုကိုဆိုသည်၊ မြတ်စွာဘုရား၏ အမွေခံသားတော်ကြီး ဖြစ်ကြကုန်၍ သူတို့၏ သုံးဆောင်မှုသည် ဒါယဇ္ဇ ပရိဘောဂပင်ဖြစ်၏၊ သို့သော်တဏှာ မရှိသည့် အတွက် တဏှာ၏ကျွန်အဖြစ်မှ ကျွတ်လွတ်ကြကုန်ပြီဖြစ်၍ ပစ္စည်း လေးပါးကို သုံးဆောင်ရာ၌ မိမိတို့၏စိတ်ကို မိမိတို့စိုးပိုင်မှု အထူး ရှိကြသည့်အတွက် သာမိပရိဘောဂဟု ဆိုရပြန်သည်။

တဏှာရှိနေကြသော သေက္ခပုထုဇဉ်တို့မှာ ပစ္စည်းလေးပါးကို သုံးဆောင်ကြရာ၌ မိမိတို့စိတ်ကိုမိမိတို့က အစိုး မရကြကုန်၊ တဏှာကသာ အစိုးရ၏၊ တဏှာ၏အစာ, တဏှာ၏အာရုံ, တဏှာ၏အကြိုက်နှင့် တွေ့ကြုံကြလျှင် မိမိတို့ဉာဏ်က ရွံ့ဘွယ်, စက်ဆုပ်ဘွယ်ဟုသိ၏၊ ပြော၏၊ ဟော၏၊ စိတ်ကမူကားမရွံ့လေ၊ မစက်ဆုပ်လေ၊ ထိုအာရုံသို့သာ ဆွဲ၏၊ စိတ်ရောကိုယ်ပါ မြိန်ရှက်စွာခံစား၏၊ မိမိတို့ဉာဏ်က ကြောက်ဘွယ်, ထိတ်ဘွယ်, လန့်ဘွယ်ဟုသိ၏၊ ပြော၏၊ ဟော၏၊ စိတ်ကမူကား မကြောက်လေ၊ မလန့်လေ၊ မထိတ်လေ၊ ထိုအာရုံသို့သာဆွဲ၏၊ စိတ်ရော ကိုယ်ပါ ခင်မင်စွာ ခံစား၏၊ ရဟန်းကိစ္စမကုန်ကြသေးသောရဟန်းတို့မှာ ပံသုကူလသင်္ကန်း, ပဏ္ဍိယာလောပဆွမ်း, ရုက္ခမူလကျောင်း, ပူတိမုတ္တ ဆေးများသည် အကောင်းဆုံးအမြတ်ဆုံးပေဟု သိကြ၏၊ ပြောတတ် ဟောတတ်ကြ၏၊ စိတ်ကမူကားမကြိုက်၊ အတိရေကလာဘဘက်၌သာ နစ်မြုပ်၍နေကြ၏၊ ဤကား-မိမိတို့၏စိတ်ကို မိမိတို့က အစိုးမရ၊ တဏှာကသာ အစိုးရပုံ, တဏှာ့ကျွန်ဖြစ်နေကြပုံတည်း။

ရဟန္တာပုဂ္ဂိုလ်တို့မှာမူကား- ထိုကဲ့သို့မဟုတ်ကြကုန်ပြီ၊ မိမိတို့ ဉာဏ်ကရွံ့ဘွယ်, စက်ဆုပ်ဘွယ်ဟုရှုလိုက်လျှင် စိတ်ကလည်းရွံ့၍, စက်ဆုပ်၍လိုက်တော့သည်၊ ဤအရာ၌သုတ္တန်ပါဠိတော်ရှိ၏၊

ဣဓာနန္ဒ ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ မနာပံ ဥပ္ပဇ္ဇတိ အမနာပံ ဥပ္ပဇ္ဇတိ မနာပံ အမနာပံ၊ သေ သစေအာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ အပ္ပဋိကူလေပဋိကူလသညီ ဝိဟရေယျန္တိ၊ ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ ပဋိကူလေစ အပ္ပဋိကူလေစ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ၊ သစေ အာကင်္ခတိ အပ္ပဋိကူလေစ ပဋိကူလေစ ပဋိကူလသညီ ဝိဟရေယျန္တိ ပဋိကူလသညီ တတ္ထဝိဟရတိ၊ သစေ အာကင်္ခတိ ပဋိကူလဉ္စ အပ္ပဋိကူလဉ္စ တဒုဘယံ အဘိနိဝဇ္ဇိတွာ ဥပေက္ခကော ဝိဟရေယျံ သတော သမ္ပဇာနောတိ၊ ဥပေက္ခကော တတ္ထ ဝိဟရတိ သတောသမ္ပဇာနော။

အဆင်းဟူသော ရူပါရုံနှင့်တွေ့ကြုံရာ၌ စိတ်ကိုအစိုးရပုံ ငါးချက်တည်း၊ နောက်အာရုံငါးပါးတို့နှင့် တွေ့ကြုံရာ တို့၌လည်း စိတ်ကို အစိုးရပုံ ငါးချက်စီလာ၏၊ အကျဉ်းချုပ် အဓိပ္ပါယ်ကား- အာရုံခြောက်ပါး တို့တွင် တစ်ပါးတစ်ပါး၌ ဣဋ္ဌာရုံ, အနိဋ္ဌာရုံဟူ၍ နှစ်မျိုးစီရှိကြ၏၊

ထိုနှစ်မျိုးတို့တွင်

ရဟန္တာပုဂ္ဂိုလ်တို့မှာ-ဣဋ္ဌာရုံခြောက်မျိုးတို့နှင့်သော်လည်း ကောင်း,
အနိဋ္ဌာရုံ ခြောက်မျိုးတို့နှင့်သော်လည်း
ကောင်း, ဣဋ္ဌာရုံ အနိဋ္ဌာရုံအရောအားဖြင့်သော်လည်းကောင်း တွေ့ကြုံရာ၌ မိမိတို့စိတ်ကို အာရုံအလိုသို့မလိုက်စေ မူ၍ မိမိတို့ အလိုရှိတိုင်း ထားနိုင်ကြကုန်၏၊ ရွံ့ရှာဖွယ်ရှိသော အနိဋ္ဌာရုံကိုပင် ဣဋ္ဌာရုံ အနေဖြင့် နှလုံးထားလိုက်သော် စိတ်သည် ရွံ့ရှာတော့သည်၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံနှစ်မျိုး၌ပင် လျစ်လျူရှုလိုက်သော် ဥပေက္ခာစိတ်တည်လေ တော့သည်၊ ဣဋ္ဌာရုံမှာ ဣဋ္ဌာရုံအတိုင်း, အနိဋ္ဌာရုံမှာ အနိဋ္ဌာရုံအတိုင်း စိတ်ထားမှုနှစ်ပါးမှာ သာ၍လွယ်ကူတော့သည်၊ ဘုရား အဆင်းတော်, အသံတော်အစရှိသော ဣဋ္ဌာရုံမျိုးမှာ ဣဋ္ဌာရုံအတိုင်း ကြည်ညိုစိတ် နှစ်သက်စိတ်ကိုထား၏၊ ကာမဂုဏ်ငါးပါးနှင့်စပ်သော ဣဋ္ဌာရုံမျိုးမှာ ရွံ့ရှာစိတ်ကိုသော်လည်းကောင်း, လျစ်လျူစိတ်ကိုသော်လည်းကောင်း ထား လိုရာထားနိုင်၏- စသည်ဖြင့် ဆိုလေ။

သာမိပရိဘောဂအမြွက်ပြီး၏၊

[ ဤပရိဘောဂ အနက်၌ကျန်ရှိသော အနက်အဓိပ္ပါယ် အကျယ်ကိုမူကား- ဝိသုဒ္ဓိမဂ်အဋ္ဌကထာဋီကာတို့မှာယူကြလေ။ ]

ပရိဘောဂလေးပါးအမြွက်စကားပြီး၏၊


ရှင်းလင်းချက်

ယခုအခါ အထက်လျှောင်လွှာတွင် ပါရှိသည့် အချက်စုကို ရှင်းလင်းပေအံ့၊ မြတ်စွာဘုရားသည်အကြည်အဖြူ ခွင့်ပြုတော်မူအပ်သော ပိဏ္ဍိယာလောပဆွမ်း, ပံသုကူလသင်္ကန်း, ရုက္ခမူလကျောင်း, ပူတိမုတ္တ ဆေး-ဤပစ္စည်းလေးပါးတို့၌ ပစ္စဝေက္ခဏာဆင်ခြင်ဖွယ်ရှိမရှိ၊ မဆင်သော် လည်း ဣဏပရိဘောဂဖြစ်,မဖြစ်။

[ ဤကား လိုရင်းအချက်ပေတည်း။ ]

အထက်က ပရိဘောဂလေးပါးကို ထင်ရှားစွာဖော်ပြရသည်မှာ ဤအချက် ရှင်းလင်းဖို့ပင်ဖြစ်၏၊ ထိုအချက်၌ အကြည်အဖြူခွင့်ပြု တော်မူသော- ဟူသောဟေတုဝိသေသန စကားဖြင့်ရဟန်းတို့၏ အသုံး အဆောင်ဖြစ်သော ပစ္စည်းလေးပါးသည် မြတ်စွာဘုရား၏ အမွေတော် ဖြစ်၍ မြတ်စွာဘုရားသည် အမွေရှင်ဖြစ်၏၊ အမွေရှင်ကြည်ဖြူစွာ ခွင့်ပြု သည့်အတွက်ကြောင့် ထိုပဏ္ဍိယာလောပဆွမ်းစသော ပစ္စည်းများ၌ ပစ္စဝေက္ခဏာ မဆင်ခြင်သော်လည်း ဣဏပရိဘောဂမဖြစ်၊ မြတ်စွာ ဘုရားသည် အလိုတော်ရှိရင်းမဟုတ်ဘဲ မလွှဲသာ၍သာ ခွင့်ပြုတော် မူရသော အတိရေကလာဘ ပစ္စည်းမျိုး၌မူကား- ပစ္စဝေက္ခဏာ မဆင်ခြင် လျှင် အမွှေရှင်မြတ်စွာဘုရား အလိုတော်မကျသည့်အတွက် ဣဏ ပရိဘောဂဖြစ်၏၊ ပစ္စဝေက္ခဏာဆင်ခြင်မှ အလိုတော်ကျသည့်အတွက် ဣဏပရိဘောဂမှလွတ်၏- ဟုဆိုလိုရိပ်ထွက် ၏၊

ဤအလို၌မြတ်စွာဘုရား အလိုတော်မကျမှု, မြတ်စွာဘုရား အပြစ်တင်တော်မူရန်အမှုကို ဣဏဟူ၍ဆိုလို၏၊ ဆိုထိုက်ပေ၏၊ ပိဏ္ဍိယာလောပစသော ပစ္စည်းများမှာ လှူဒါန်းသူ ဒါယကာအတွက်နှင့် လည်း တာဝန်ကြီးစွာမရှိ၊ သမောဟ, ဂေဓ, မဒ, ပမာဒအတွက်နှင့်လည်း တာဝန်မရှိသောကြောင့်လည်း ဣဏပရိဘောဂဖြစ်ဘွယ်မရှိဟုဆို လို၏၊ ဆိုခွင့်လည်းရှိပေ၏၊ သို့သော်ပိဏ္ဍိယာလောပဆွမ်းမှာ လှူဒါန်းသူ ဒါယကာအတွက်နှင့်လည်း မပေါ့သာချေ၊ သမ္မောဟ, ဂေဓ, မဒတို့ အတွက်လည်း မပေါ့သာချေ၊ တစ်အိမ်မှတစ်လုပ်စာမျှ ဖြစ်သော်လည်း လတ်တလော သေစေတတ်သော အဆိပ်ဆေးနှင့် အလားတူမျိုးမဟုတ်ဟူ၍လည်းမဆိုသာချေ၊ လှူဒါန်းသူမရှိဘဲ ရနိုင်သောပံသုကူလ သင်္ကန်း, ရုက္ခမူလကျောင်း, ပူတိမုတ္တဆေးတို့မှာလည်း သမ္မောဟအဖြစ်နှင့် လျဉ်းပါးဘွယ်ရှိချေသည်၊ ရှေးပညာရှိတို့သည်လည်း သောက်ရေ, သုံးဆောင်ရေတို့၌ပင် ပစ္စဝေက္ခဏာ ဆင်ခြင်စမှတ်ပြုကြကုန်သည်။

ပုဏ္ဍံ ဝိဟာရံ သယနာသနဉ္စ၊
အာပဉ္စ သံဃာဋိ ရဇူပဝါဟနံ။
သုတွာန ဓမ္မံ သုဂတေန ဒေသိတံ၊
သင်္ခါယ သေဝ ဝရပညသာဝကော။။

[ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။]

အနက်ကား- ဝရပညသာဝကော=မြတ်သောသဗ္ဗညုတ ဉာဏ်ရှင်ကြီး၏ တပည့်သားတော်ဖြစ်သော ရဟန်း သည်၊ သုဂတေန= မြတ်စွာဘုရားသည်၊ ဒေသိတံ=ဟောတော်မူအပ်သော၊ ဓမ္မံ=တရားကို၊ သုတွာန=ကြားနာ ၍၊ ပိဏ္ဍဉ္စ=ဆွမ်းကို၎င်း၊ ဝိဟာရဉ္စ=ကျောင်းကို၎င်း၊ သယနာသနဉ္စ=အိမ်ရာနေရာကို၎င်း၊ အာပဉ္စ=သောက်ရေကို၎င်း၊ သံဃာဋိရဇူပဝါဟနဉ္စ=သင်္ကန်း၌လိမ်းကပ်သော မြူအညစ်အကြေးတို့ကို ဆေးလျှော်မျှောချကြောင်းဖြစ်သော ဆေးရေကြောရေကို၎င်း၊ သင်္ခါယ= ပစ္စဝေက္ခဏာဆင်ခြင်၍၊ သေဝေ=မှီဝဲသုံးဆောင်ရာ၏၊

ဤသို့လာသောကြောင့် ပိဏ္ဍိယာလောပဆွမ်း, ပံသုကူလ သင်္ကန်းတို့မှာလည်းမပေါ့သာချေ၊ သံဃရက္ခိတသာ မဏေရ ဝတ္ထု၌ လည်း

ဥပဇ္ဈာယော မံ ဘုဉ္ဇမာနံ၊ သာလိကူရံ သုနိဗ္ဗုတံ။
မာဟေဝတွံ သာမဏေရ၊ ဇိဝှံ စျာပေဟိ အသညတော။။
ဟုလာ၏၊

အနက်ကား- ဥပဇ္ဈာယော=ဥပဇ္ဈာယ်ဆရာသည်၊ သုနိဗ္ဗုတံ= ကောင်းကောင်းကြီး အေးလေပြီးသော၊ သာလိကူရံ=သလေးဆွမ်းကို၊ ဘုဉ္ဇမာနံ=စား၍နေသော၊ မံ=ငါ့ကို၊ သာမဏေရ=သာမဏေ၊ တွံ=သင် သည်၊ အသညတော=မစောင့်စည်းမူ၍၊ ဇိဝှံ=လျှာကို၊ မာဟေဝစျာပေဟိ= ဆွမ်းပူမလောင်စေနှင့်၊ ဣတိ=ဤသို့၊ အာဟ= ဆိုလေ၏၊

အသညတောတိ အပစ္စဝေက္ခဏံ သန္ဓာယာဟ။၁

[မဟာဋီကာမဟာဋီကာ]

ကောင်းကောင်းကြီး အေးလေပြီးသော ဆွမ်းဖြစ်ပါလျက် လျှာကိုဆွမ်းပူမလောင်စေနှင့်ဆိုသည်ကား အလွန်ပူလောင်သော အဆိပ် ဆေးဥပမာအတိုင်းဆိုပေသည်၊ အသညတော- ဟူသည်နှင့်အညီ ပစ္စဝေက္ခဏာ မဆင်ခြင်က ပိဏ္ဍိယာလောပဆွမ်း-ဟူ၍လျှာကို မလောင်နိုင်ဘူး-ဟု မဆိုသာချေ၊ မဆိုသာရုံမျှမက ပဏ္ဍိာယာလောပဆွမ်း အတွက် ပျက်စီးဘူးသော ပိဏ္ဍပါတ် ဓုတင်ဆောင် ရဟန်းဝတ္ထုနှင့်တကွ တဏှာတကာ့ တဏှာတွင် ဤရသတဏှာသည် အကြီးကျယ်ဆုံး ဖြစ်ကြောင်းကို ဧကကနိပါတ် ဝါတမိဂဇာတ်၌ လာပေ၏၊

လာပုံကား- မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အလွန်ကြွယ်ဝသော သူဌေး၏သား တိဿအမည်းရှိသော လုလင်သည် မြတ်စွာဘုရားထံ တရားတော်ကို ကြားနာရသဖြင့် သံဝေဂရ၍ ရဟန်းပြုခြင်းငှါ လျှောက်ထားရာ မိဘတို့အခွင့်ပြုသူကိုမှ အခွင့်ပေးသည်-ဟု မိန့်တော်မူ၏၊ သူဌေးသား သည်မိဘ တို့ထံပြန်၍ ခွင့်တောင်းလေရာ တစ်ယောက်ထည်းသော သားဖြစ်၍ မိဘတို့က အခွင့်မပေးနိုင်ရှိနေ၏၊ ထိုအခါ ရဟန်းမပြုရလျှင် သည်နေရာအသေခံတော့မည်-ဟု အစာမစားဘဲ ထိုနေရာတွင် ခုနစ်ရက်ပတ်လုံးအိပ်နေလေ၏၊ ထိုအခါ မိဘတို့သည် အခွင့်ပေးရ ကုန်၏၊ မိဘတို့ထံမှအခွင့်ရသဖြင့် မြတ်စွာဘုရားထံသို့သွား၍ ရဟန်းပြု လေ၏၊ မြတ်စွာဘုရားသည် သူဌေးသားကို ရဟန်းပြုစေပြီးနောက် တစ်ဆယ့်ငါးရက်မျှ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၍ သာဝတ္ထိ ပြည်သို့ပါလေ၍ဇေတဝန်ကျောင်းတော်မှာ နေပြီးလျှင် ဓုတင်တစ်ဆယ့် သုံးပါးကို ဆောက်တည်၍ သာဝတ္ထိ ပြည်၌ အိမ်စဉ်အတိုင်း ပိဏ္ဍပါတ် ဆွမ်းအမြဲခံလေ၏၊ စူဠပိဏ္ဍပါတိကတိဿ အမည်နှင့် သာဝတ္ထိပြည်တွင် ထင်ရှား ကျော်စောလေ၏၊

ကုလပုတ္တော တေရသဓုတင်္ဂါနိ သမာဒါယ သာဝတ္ထိယံ သပဒါနံ ပိဏ္ဍယ စရမာနော ကာလံဝီတိနာမေတိ၊ စူဠပိဏ္ဍပါတိကတိဿတ္ထေရောနာမာတိဖုတ္တေကာနတလေ ပုဏ္ဏစန္ဒောဝိယ ဗုဒ္ဓသာသနေ ပါကတော ပညာတော အဟောသိ။

[၎င်းဇာတ်အဋ္ဌအထာ။]

ထိုအခါ ရာဇဂြိုဟ်ပြည်မှာ မိဘဖြစ်သူများသည် ပူဆွေးဒုက္ခ ဖြစ်ကြ၍ငိုယိုမြည်တမ်းကြရာ အရွယ်အဆင်းနှင့် ပြည့်စုံသော သူငယ်မ တစ်ယောက်က ကျွန်တော်မကို စည်းစိမ်ဥစ္စာနှင့်တကွ အပ်နှင်းကြမည် ဖြစ်ပါလျှင် အရှင့်သားကို ကျွန်တော်မ ဤအိမ်သို့ရောက်အောင် သွေးဆောင်မည်ဟုဆိုပေ၏၊ မိဘတို့ကလည်း အပ်နှင်းမည်ဟုဆိုကြ၏၊ ထိုအခါ ထိုသူငယ်မသည် ပစ္စည်းဥစ္စာကို၎င်း, သင့်လျော်ရာ အဖော် အသင်းပင်းကို၎င်းတောင်းယူ၍ သာဝတ္ထိပြည်သို့သွားပြီးလျှင် ထိုရဟန်း ငယ် ဆွမ်းခံလမ်းတွင် အိမ်ဆောက်လုပ်၍ နေထိုင်ကြလျက် အလွန် ကောင်းမွန်စွာ ကျိုချက်၍ တစ်မုတ်စာသော ယာဂုကို၎င်း, တစ်ဇွန်းကြီးမျှ သော အလွန်အရသာရှိသောဆွမ်းကို၎င်း လောင်းလေ၏၊

ရဟန်းငယ် ထိုဆွမ်းအရသာကို လွန်စွာစွဲလမ်းခြင်းဖြစ်၍ ထိုသူငယ်မ ပြောဆိုရာပါလေ၏၊ ထိုအခါအိမ်ပေါ်သို့ ပင့်တင်၍ ထိုင်နေ စေပြီးလျှင် လောင်းလှူ၏၊ ထိုသူငယ်မသည် မိမိအလိုရှိရာ ပါရာပြီဟု သိလတ်သော တစ်နေ့၌ မကျန်းမမာယောင်ပြု၍ တိုက်ခန်းမှ မထွက်ဘဲနေလင့်၏၊ ရဟန်းငယ်ရောက်လာသော် မမြင်၍မေးမြန်း လေရာ အိမ်သားတို့က သူငယ်မ မကျန်းမမာရှိကြောင်း, အရှင်ဘုရားကို လည်း ဖူးမြင်ရန်အလွန်တောင့်တကြောင်း လျှောက်ကြရာ သူငယ်မ တိုက်ခန်းသို့ ဝင်ရောက်သဖြင့် ရဟန်းသိက္ခာပျက်ဆုံးပြီးလျှင် မိဘတို့ရှိရာ ရာဇဂြိုဟ်ပြည်သို့ပြန်ရလေ၏၊

[ဤကား-ပိဏ္ဍယာလောပဆွမ်းအတွက်နှင့် ပျက်စီးဘူးသောဝတ္ထုပေတည်း။]

ထိုအခါ၌ တရားသဘင်မှာ ထိုရဟန်းငယ်၏ အကြောင်းကို ရဟန်း ပရိသတ်တို့ပြောဆို၍နေကြရာ မြတ်စွာဘုရား ကြွလာတော် မူပြီးလျှင် ထိုအကြောင်းကိုမေးတော်မူ၍ လျှောက်ထားကြသဖြင့် ဤသူငယ်မသည် ဤရဟန်းငယ်ကို ယခုမှာသာ ဖျက်ဆီးသည် မဟုတ်၊ ရှေးဘဝကလည်းဖျက်ဆီးဘူးလေပြီဟု မိန့်တော်မူပြီး၍ ဝါတမိဂဇာတ်ကို ဟောတော်မူ၏၊ ဝါတမိဂဆိုသည်ကား- လေအဟုန်ကဲ့သို့ အပြေး လျင်မြန်သော သမင်တစ်မျိုးတည်း၊ သမင်ပျံဟု ခေါ်ကြ၏၊

လွန်လေပြီးသောအခါ၌ မြတ်စွာဘုရားအလောင်းတော်သည် ဗာရာဏသီမင်းဖြစ်တော်မူစဉ် မင်းဥယျာဉ်၌ သဉ္ဇယ မည်သောသူကို ဥယျာဉ်မှူးခန့်ထားလေ၏၊ ထိုသမင်သည်တောမှလာ၍ ထိုဥယျာဉ်၌ မြက်နုတို့ကိုစား၏၊ ဥယျာဉ်မှူးသည် ထိုသမင်ကို မချောက်မလှန့်မူ၍ ယဉ်ပါးအောင်ပြု၏၊ ဥယျာဉ်၌ဖြစ်သော ပန်းသစ်သီးများကို မင်းကြီးအား ဆက်သရန် နန်းတော်သို့ဝင်၍ မင်းအားထိုသမင်အကြောင်းကိုပြော၏၊ သင်ရအောင်ဖမ်းနိုင်မည်လောဟု မေးလေရာ ပျားရည်လုံလောက်စွာ ရပါလျှင် ဖမ်းနိုင်ပါ၏၊ နန်းတော်တွင်းသို့ဝင်အောင်ပင် တတ်နိုင်ပါ၏ဟုလျှောက်၏၊

ပျားရည်လုံလောက်စွာရ၍ ဥယျာဉ်သို့ ပြန်ရောက်လေသော် ထိုသမင်စားရာဌာန၌ မြက်နုတို့ကိုပျားရည်ဆွတ် လူး၍ထား၏၊ သမင်သည်ပျားရည်လူးသော မြက်နုတို့ကိုစား၍ ပျားအရသာ၌ စွဲလမ်း သောအခါတောသို့မပြန်ဘဲ ဥယျာဉ်ထဲမှာနေ၍ တစ်ခြားမြက်ကိုမစားနိုင် ပျားရည်လူးသောမြက်ကိုသာ စား၏၊ ယဉ်ပါးလတ်သော် ဥယျာဉ်မှူး၏ လက်၌ရှိသော မြက်ကိုပင်လာ၍စား၏၊ ထိုအခါ နန်းတော်တွင်းသို့ သွင်းရန် မင်းကြီးအားပြောကြား၍ လမ်းတစ်လျှောက်၌ စိမ်းရှင်သော သစ်ကိုင်းသစ်ခက်တို့ကိုကာရန်စေပြီးလျှင် ဥယျာဉ်မှူးသည် ပျားရည် လူးသော မြက်စိမ်းတို့ကို ကိုင်ယူ၍ သမင်ကိုပြလျက် ရှေ့ကသွားလေရာ သမင်သည် နန်းတော်တွင်းသို့ ရောက်လေ၏၊ ထိုအခါ များစွာသော လူတွေကိုမြင်၍ ကြောက်လန့်ခြင်းပြင်းစွာဖြစ်သဖြင့် ထိုမှဤမှ မရပ် မတည်ပြေး၍နေ၏၊ မင်းကြီးမြင်တော် မူလတ်သော် သနားခြင်းဖြစ်ပြီး လျှင် ရသတဏှာ၏အပြစ်ကို မြင်တော်မူ၍ တရားဂါထာဖွဲ့ပြီးလျှင် မင်းပရိသတ်အပေါင်းတို့အား ဟောကြားပေ၏၊

တရားဂါထာကား

နကိရတ္ထိ ရသေဟိ ပါပိယော၊
အာဝါသေဟိ ဝါ သန္ထဝေဟိ ဝါ။
ဝါတမိဂံ ဂဟန နိဿိတံ၊
ဝသမာနေသိ ရသေဟိ သဉ္ဇယော။

အနက်ကား- ကိရ=ပညာရှိသောစကားကြားရဘူးသည်ကား၊
ရသေဟိ=ရသာရုံတို့ထက်၊ ပါပိယော=လွန်၍ ယုတ်မာသော တရားသည်၊ နတ္ထိ=မရှိ၊ အာဝါသေဟိဝါ=တိုက်အိမ်ဘုံနန်း စသည်တို့ထက်၎င်း၊ သန္ထဝေဟိဝါ=သားမယားစသောချစ်ကျွမ်းဝင်သူတို့ထက်၎င်း၊ ရသာဧဝ= ရသာရုံတို့သည်သာလျှင်၊ ပါပိယာ=ထောင်သောင်းမက အဆများစွာ သာလွန်ထူးကဲ၍ယုတ်မာလှကုန်၏၊ ဂဟနနိဿိတံ=တောရပ် ဂနိုင်မြိုင် ကြီးအတွင်း၌ မှီတင်းနေထိုင်သော၊ ဝါတမိဂံ=သမင်ပျံကို၊ သဉ္ဇယော= ဥယျာဉ်မှူးသဉ္ဇယသည်၊ ရသေဟိ=ပျားရည်ဟူသောရသာရုံတို့ဖြင့်၊ ဝသံ= မိမိအလိုသို့၊ အာနေသိ=ဆောင်နိုင်ပါ၏၊

အဘယ့်ကြောင့် ရသာရုံ, ရသတဏှာတို့သည် အယုတ်မာဆုံး ဖြစ်ကြကုန်သနည်းဟူမူကား-မိမိအသက်ကိုလည်း ဆုံးရှူံးစေတတ် ကုန်၏၊ သူတစ်ပါးတို့၏ အသက်တို့ကိုလည်း များစွာဆုံးရှုံးစေ တတ်ကုန်၏၊ တစ်ဦး တစ်ယောက်သော သတ္တဝါ၏ရသတဏှာကြောင့် မိမိအသက်လည်းဆုံးရှုံးတတ်၏၊ အထောင်အသောင်းမကသော သတ္တဝါတို့၏ အသက်တို့သည်လည်း ဆုံးရှုံးရကုန်၏၊ ထို့ကြောင့် အယုတ်မာဆုံးဖြစ်ကြကုန်၏၊ ထိုတွင်သမင်ပျံဝတ္ထုသည် မိမိအသက်ကို ထိခိုက်ရာ၌သက်သေဖြစ်၏၊ တရားစောင့်သောမင်းနှင့်တွေ့သောကြောင့် အသက်ချမ်းသာရာရ၏၊

အဋ္ဌကထာအဖွင့်ကား

ကိရာတိ အနုဿဝနတ္ထေ နိပါတော၊ ရသေဟီတိ ဇိဝှါဝိညေယျေတိ မဓုရမ္ဗိလာဒီဟိ၊ ပါပိယောတိ ပါပတရော၊ အာဝါသေဟိဝါ သန္တဝေဟိဝါတိ နိဗဒ္ဓဝသနဋ္ဌာန သင်္ခါတေသု အာဝါသေသုပိ မိတ္တသန္တဝေသုပိ ဆန္ဒရာဂေါ ပါပကောဝ၊ ဧတေဟိ ပန သဆန္ဒရာဂပရိဘောဂေဟိ အာဝါသေဟိဝါ မိတ္တသန္ထဝေဟိ ဝါ သတဂုဏေန စ သဟဿဂုဏေနစ သတသဟဿဂုဏေန စ ဓုဝပဋိသေဝနဋ္ဌေန အာဟာရံ ဝိနာ ဇီဝိတိန္ဒြိယ ပါလနာယ အဘာဝေန စ သဆန္ဒရာဂပရိဘောဂရသာဝ ပါပတရာ။

အနက်ကား။ ။ ကိရာတိ- ကိရဟူသည်ကား၊ အနုဿဝ နတ္ထေ=အဆင့်ကြားဖူးခြင်းအနက်၌၊ နိပါတော=နိပါတ်ပုဒ်တည်း၊ ရသေဟီတိ=ရသေဟိဟူသည်ကား၊ ဇိဝှါဝိညေယျေဟိ=လျှာဖြင့်သိ အပ်ကုန်သော၊ မဓုရမ္ဗိလာဒီဟိ=အချိုအချဉ်စသည်တို့ထက်၊ ပါပိရောတိ= ပါပိရောဟူသည်ကား၊ ပါပတရော=အလွန်ယုတ်မာသည်တည်း၊ အာဝါသေဟိဝါသန္ထဝေဟိဝါတိ=ဟူသည်ကား၊ နိဗဒ္ဓဝသနဋ္ဌာနသင်္ခါ တေသု=အမြဲနေရာဌာနဟု ဆိုအပ်ကုန်သော၊ အာဝါသေသုပိ=အိမ်ရာ တိုက်တာဘုံနန်းဗိမာန်တို့၌လည်းကောင်း၊ မိတ္တသန္ထဝေသုပိ=သား မယားစသော မိတ်ဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၌လည်းကောင်း၊ ဆန္ဒရောဂါ=အားကြီးသော တဏှာရာဂသည်၊ ပါပကောဝ=ယုတ်မာလှ သည်သာတည်း၊ ပန=ထိုထက် အထူးအချွန် အလွန်ကို ဆိုပြန်သည်ရှိ သော်ကား၊ သဆန္ဒရာဂ ပရိဘောဂေဟိ=ဆန္ဒရာဂနှင့်တကွ သုံးဆောင် ကြကုန်သော၊ ဧတေဟိအာဝါသေဟိဝါ=ထိုအိမ်ရာတိုက်တာဘုံနန်း ဗိမာန်တို့ထက်လည်းကောင်း၊ ဧတေဟိ အာဝါသေဟိဝါ၊ ထိုအိမ်ရာ တိုက်တာဘုံနန်းဗိမာန်တို့ထက်၎င်း၊ ဧတေဟိ မိတ္တသန္တဝေဟိဝါ၊ ထိုသား မယားစသော အဆွေခင်ပွန်းချစ်ကျွမ်းဝင်သူတို့ထက်၎င်း၊ သတ ဂုဏေနစ=အဆအရာအားဖြင့်၎င်း၊ သဟဿဂုဏေနစ၊ အဆအထောင် အားဖြင့်၎င်း။ သတသဟဿဂုဏေစ၊ အဆအသောင်း အသိန်းအား ဖြင့်၎င်း၊ ဓုဝမဋိသေဝနဠေန=အိပ်ပျော်ဆဲအခါကိုချန်လှပ်၍နာရီစဉ် ပဟိုစဉ် နေ့စဉ် ရက်စဉ် မပြတ်မစဲ အမြဲမှီဝဲရခြင်းကြောင့်၎င်း၊ အာဟာရံ= အာဟာရကို၊ ဝိနာ=ကြဉ်၍၊ ဇီဝိတိန္ဒြိယပါလနာယ=အသက်ဇီဝိတိန္ဒြေကို စောင့်ရှောက်တတ်သော တရားတစ်ပါး၏၊ အဘာဝေနစ=မရှိခြင်း ကြောင့်၎င်း၊ သဆန္ဒရာဂပရိဘောဂရသာဝ= ဆန္ဒရာဂနှင့်တကွ သုံးဆောင် အပ်ကုန်သော ရသာရုံတို့သည်သာလျှင်၊ ပါပတရာ=အလွန်အကြူး အထူးအကဲ ယုတ်မာလှကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် အိပ်နေဆဲ ကို ချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲသုံးဆောင်ရခြင်း ကြောင့်၎င်း အစာအာဟာရမှတစ်ပါး အသက်ကိုစောင့်ရှောက်နိုင်သော ဝတ္ထု-ဟူ၍ တစ်စုံတစ်ခုမျှ မရှိသော အသက်မွှေးမှုကြီးဖြစ်နေသော ကြောင့်၎င်းတည်း။

ဤစကား၌အာဝါသတဏှာ၊ ဉာတိမိတ္တသန္ထဝတဏှာတို့ထက် အဆရာထောင်မက ကြီးကျယ်လှ၏-ဟူသော စကား၌ ပေါရိသာဒမင်း သည် ရသတဏှာအတွက်နှင့် တိုင်းပြည်နိုင်ငံဘုံနန်းဗိမာန်တို့ကို၎င်း, မောင်းမမိဿံ, မိဖုရား, သားတော်, သမီးတော်, ဆွေတော်မျိုးတော် အလုံးစုံတို့ကို၎င်း စွန့်ပစ်၍ရသတဏှာ၏ ကျွန်လုပ်၍နေရ၏၊ ဤသို့ စသည်ဖြင့် ရသတဏှာလွန်ကဲမှုဖြင့် စပ်သော ဇာတ်နိပါတ် ဝတ္ထုသက် သေတို့ကို ထုတ်ဖော်၍ပြဆိုလေ၏၊

အိပ်နေဆဲကို ချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ပဲ အမြဲမှီဝဲ သုံးဆောင်ရခြင်းဆိုသည်ကား-ထမင်း အစာ အာဟာရကိစ္စများလည်း တစ်နေ့လျှင်နှစ်ထပ်, သို့မဟုတ်တစ်ထပ် နေ့စဉ်မြဲကြရ၏၊ တစ်နေ့ တစ်ရက်မှ အလှပ်မခံနိုင်ကြ၊ ထမင်းနပ်တို့၏ အကြား၌ မုံ့ပဲ, သစ်သီး ခဲဖွယ်, အလှော်အကြော်, အဖျော်အရည်, အရက်မျိုး ရှိတိုင်းတွေ့တိုင်း စားကြရ, သောက်ကြရသေး၏၊ လဖက်ဆေးကွမ်းတို့မှာ ခံတွင်း၌ မပြတ်ဝါးရန်, ငုံရန်, သောက်ရန်, ရှူရန်အမြဲရှိကြစေရ၏၊ ဤသို့လျှင် လျှာခံတွင်းမည်သည် သာယာဖွယ်အာရုံ, သာယာခြင်း တဏှာနှင့် တစ်နာရီမျှ မပြတ်ခံနိုင်ကြသော ဌာနဖြစ်၏၊ ကျန်ရှိသောမျက်စိ အရာ, နားအရာစသည်တို့မှာကား-သာယာဖွယ်သော အဆင်း, အသံ အစရှိသော အာရုံ၊ သာယာခြင်းတဏှာတို့နှင့် တစ်နာရီမက အပြတ်ခံ နိုင်ကြကုန်၏၊ တစ်ရက်မက, တစ်လမက, တစ်နှစ်မက အပြတ်ခံနိုင်ကြ ရကုန်၏၊ ထို့ကြောင့် ရသတဏှာသည် အကြီးအကျယ်ဆုံးသော တဏှာ ဖြစ်၏-ဟူလိုသည်။

အသက်မွေးမှုကြီးဖြစ်နေကြသည်-ဟူသော စကား၌ လောက၌ အသက်မွေးမှုသည် အရေးအကြီးဆုံးဖြစ်၏၊ ရေသတ္တဝါအနန္တ, ကုန်းသတ္တဝါအနန္တတို့မှာ ထိုအမှုကြီးသည် အချုပ်အချာဖြစ်၏၊ အသက် မွေးမှု-ဟူသည်မှာလည်း ကဗဠီကာရအစာ အာဟာရ ဖြည့်စွမ်းမှု ကြီးသည် အသက်ကို ပွါးစီးစေခြင်း, ရသတဏှာကို ပွါးစီးစေခြင်းအကျိုး နှစ်ပါးကို အမြဲဆောင်ရွက်ပေ၏၊ ဤသို့လျှင် အသက်မွေးမှုသည် တစ်ခြားတစ်ပါးသော အမှုခပ်သိမ်းတို့ထက် အဆအရမက, အဆ အထောင်မက, အဆအသောင်းအသိန်းမက ကြီးကျယ်လှသော အမှုကြီး ဖြစ်သောကြောင့် ရသတဏှာသည်လည်း ခပ်သိမ်းသောတဏှာ-ဟူသမျှ တို့ထက် အဆအရာ, အထောင်, အသောင်း, အသိန်းမက ကြီးကျယ်လှ သောတဏှာကြီး ဖြစ်လေသတည်း။

ထိုရသတဏှာသည် အဘယ်မျှလောက်ယုတ်မာမှု, အကျိုးမဲ့မှု ကြီးကျယ်သနည်း-ဟူမူကား အသက်ကို ပွါးစီးစေခြင်း ကိစ္စသည်လည်း အလွန်ကြီးကျယ်သော ဒုစရိုက်နယ်ကြီး တစ်ပါးဖြစ်၏၊ ရသတဏှာ တိုးတက်ပွါးစီးခြင်း ကိစ္စသည်လည်း အလွန်ကြီးကျယ်သော ဒုစရိုက် နယ်ကြီးတစ်ပါးဖြစ်၏၊ ဤငါတို့ဗုဒ္ဓဘာသာနိုင်ငံမှာပင် နွားသတ်ရုံ, သားသတ်ရုံတို့၌ နွားကောင်ရေပေါင်း, သားကောင်ရေပေါင်း, ကြက်ကောင်ရေ ငှက်ကောင်ရေပေါင်း တစ်နေ့တစ်ရက် အတွက်မှာပင် အသောင်းများစွာသေဆုံးရ၏၊ တစ်လတစ်လ အတွက်မှာပင် အသိန်း များစွာ သေဆုံးရာ၏၊ ဤရသတဏှာ၏ စက်ကြီးပင်တည်း၊ ကမ္ဘာပေါ်၌ ဘီလူးသဘက်တို့၏ အတတ်ကြောင့် ကပ်ရောဂါကြီးတွေ ဖြစ်ပေါ်၍ နေခြင်းသည်လည်း ဤရသတဏှာ၏ စက်ကြီးပင်တည်း။

သေဆုံးကြရာ၌လည်း သေဆုံးကြသောသတ္တဝါတို့၏ ကိုယ်ခန္ဓာ တို့၌ရှိနေကြသော အသား, အသွေး ရသာရုံတို့သည် အတွင်းရန်သူ တို့ပေတည်း၊ ထိုရသာရုံတို့သည် သတ်သောသူတို့ကိုလည်း တွင်တွင် သတ်အောင် နှိုးဆော်ကုန်၏၊ စားသောသူများကိုလည်း တွင်တွင်စား အောင်နှိုးဆော်ကုန်၏၊ ဥပမာ-အသီးအရွက် စားကောင်းသော သစ်ပင်မှာ အသီးအရွက်သည် အတွင်းရန်သူဖြစ်၏၊ အသီးအတွက်, အရွက်အတွက် အခုတ်အချိုင်ခံရ၏၊ အသီးအရွက် မစားကောင်းသော သစ်ပင်သည် ချမ်းသာ၏၊ ဤဥပမာကဲ့သို့တည်း၊ ရေသတ္တဝါအနန္တ, ကုန်းသတ္တဝါအနန္တတို့မှာ အသက်လွတ်အစာအာဟာရကို စားကြသူ အလွန်နည်းပါး၏၊ နိုင်ရာနိုင်ရာဖမ်းယူ၍ စားကြသူအလွန်များ၏၊ ဤရသတဏှာ၏ စက်ကြီးပင်တည်း၊ အဘယ်မျှလောက် နည်းပါးသည်, အဘယ်မျှလောက်များပြားဟူမူ-ဤအရာ၌ မဟာဝဂ္ဂသံယုတ်တွင်လာ သော နခသိခသုတ် ဒေသနာကိုထုတ်ဖော်ပြဆိုရာ၏၊

ထိုသုတ်ဒေသနာ၏ အချုပ်အဓိပ္ပါယ်ကိုမျှ ပြဆိုပေအံ့။ မြတ်စွာဘုရားသည် လက်သည်းတော်အဖျား၌ မြေမှုန့်ကိုတင် ထား၍ ရဟန်းတို့ကိုမေးတော်မူ၏၊ ရဟန်းတို့ ငါ၏လက်သည်းဖျားမှာ တင်ထားသောမြေမှုန့်စုနှင့် မဟာပထဝီအပြင်မှာရှိသော မြေမှုန့်စုသည် အဘယ်ကများသနည်းဟု မေးတော်မူ၏၊ ရဟန်းတို့က လက်သည်း တော်ဖျား၌ တင်ထားသောမြေမှုန့်စုက အလွန်နည်းပါးလှသောကြောင့် မဟာပထဝီမြေပြင်မှာရှိသော မြေမှုန့်စုက အလွန်များလှပါကြောင်း လျှောက်ကြကုန်၏၊ ထိုအခါ ဤသို့ဟောတော်မူ၏၊

ဧဝမေဝ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ, ယေ ပါဏာတိပါတာ ပဋိဝိရတာ၊ အထခေါ ဧတေဝ ဗဟုတရာ သတ္တာ, ယေ ပါဏာတိပါတာ အပ္ပဋိဝီရတာ။

အဓိပ္ပါယ်ကား-ဤသတ္တလောကကြီး၌ သူ့အသက်သတ်မှုမှ ကြဉ်ရှောင်သူသည် လက်သည်းတော်ဖျားမှာ တင်ထားသောမြေမှုန့်စု ကဲ့သို့ အလွန်နည်းပါး၏၊ သူ့အသက်ကို သတ်မှုမှ မရှောင်ကြဉ်သူသည် မဟာပထဝီမြေပြင်မှာရှိနေသော မြေမှုန့်ကဲ့သို့ များပြား၏ဟု-ဟော တော်မူ၏၊ အဒိန္နာဒါန်စသည်တို့မှာလည်း ဤနည်းတူဟောတော်မူ၏၊ ဤဒေသနာတော်များကိုထောက်၍ အသက်လွတ် အစာအာဟာရကို စားကြသူဘယ်မျှလောက်နည်းပါးသည်, နိုင်ရာနိုင်ရာစားကြသူ ဘယ်မျှ လောက်များပြားသည်ဟု သိနိုင်ရာ၏၊ ဤသည်လည်း ရသတဏှာ၏ စက်ကြီးပင်တည်း၊ ဤ၌လည်း နိုင်ရာ နိုင်ရာကို စားကြသူအများတွင် အသက်လွတ်စားရန်မရှိ၍ အသက်ရှိကို စားရသူများလည်း ရှိရာ၏၊ ရေသတ္တဝါများကိုမြှော်လေ၊ အသက်လွတ်စားရန်ရှိလျက်နှင့် ရသ တဏှာအတွက် အသက်ရှိကိုစားကြသူသည် အလွန်များ၏၊ ကုန်းသတ္တဝါ များကိုမြှော်လေ၊ ဤသို့လျှင် တစ်လောကလုံး ဒုစရိုက်တောကြီး ဖြစ်နေမှု သည် ရသတဏှာ ယုတ်မာမှုကြီးပေတည်း။

ထို့ကြောင့် ဤအသက်မွေးမှုကြီး, ရသတဏှာ မွေးမှုကြီး နှစ်ပါးသည် အလွန်ကြီးကျယ်သော ဒုစရိုက်နယ်ကြီး နှစ်ပါးဖြစ်ကြောင်း, အလွန်ယုတ်မာသော တဏှာကြီးဖြစ်ကြောင်းထင်ရှား၏၊ သေကြသည့် အခါ၌လည်း သုဂတိဘဝ၌ဖြစ်သော သတ္တဝါသည် လက်သည်းတော် ဖျား၌ တင်ထားသောမြေမှုန့်စုကဲ့သို့ အလွန်နည်းပါး၏၊ အပါယ်၌ဖြစ် ရသော သတ္တဝါသည် မဟာပထဝီမြေပြင်ကြီးမှာ ရှိနေသော မြေမှုန့်စု ကဲ့သို့ အလွန်များပြား၏ဟု သုတ်ဒေသနာတော် များစွာလာရှိပြန်၏၊ ဤဒေသနာတော်များကိုထောက်၍ အပါယ်သို့ကျရောက်လေသော သတ္တဝါဟူသမျှသည် သုဂတိဘဝသို့ပြန်ရောက်ဘို့ အလွန်ခဲယဉ်းကြောင်း၊ ဘဝတစ်သောင်းနှင့်လည်းပြန်နိုင်ခွင့်မရှိ၊ ဘဝတစ်သိန်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ၊ များစွာသော ကျောက်တုံးကျေက်ခဲတို့ကို သမုဒ္ဒရာရေ အပြင်မှာ ပစ်ချလိုက်ရာ အောက်သို့သာ နစ်မြုပ်၍သွားကြကုန်သကဲ့သို့ ထိုသတ္တဝါတို့သည် တစ်ဘဝထက်တစ်ဘဝ နစ်မြုပ်၍သာ သွားကြ ကြောင်းကို သိနိုင်ရာသတည်း။

ဤအရာ၌ ၎င်း မဟာဝဂ္ဂသံယုတ်တွင်ပင် လာရှိသော လိပ် ကာဏ်းဥပမာ-ကာဏကစ္ဆပေါပမသုတ်ကိုလည်း ထုတ်ဖော်၍ ပြဆိုရာ၏၊ ဤအလုံးစုံသည်ကား-ရသတဏှာသည် ခပ်သိမ်းသော တဏှာတို့ထက် အဆသိန်းသောင်း လွန်ကဲကြောင်း, ယုတ်မာကြောင်းကို ဖွင့်ဆိုပေသော ဝါတမိဂဇာတ်အဋ္ဌကထာစကားကို ထင်ရှားစေရန် ဝေဖန်ဖော်ပြချက် ပေတည်း။

[ဤကား- ပိဏ္ဍိယာလောပ ဆွမ်းစသော ပစ္စည်းလေးပါးတို့မှာ ပစ္စဝေက္ခဏာ ဆင်ခြင်ဖွယ်မရှိ-ဟူသော အယူဝါဒကို သုတ်သင်ချက် တည်း။]

ယခုအခါ၌ ထိုရသတဏှာသည် ရဟန်းတော်တို့ဘောင်မှာ မင်းမူ၍နေကြ၏၊ မင်းမူပုံကား-လူတို့မှာ နေ့စဉ် ဟင်းကောင်းကျွေး ကောင်းစားနိုင်ကြသူ အလွန်နည်းပါး၏၊ အထိုက်အလိုက်နှင့်ပြီးကြ သူများ၏၊ ရဟန်းတော်တို့မှာ တက်နိုင်သူတို့က လှူဒါန်းကြသည်ဖြစ်၍ နေ့စဉ်ဟင်းကောင်းကျွေးကောင်းစားရသူများ၏၊ မကောင်းလျှင် မစားနိုင်သူများ၏၊ ဘုန်းတန်ခိုးကြီးလေလေဟင်းကောင်းကျွေးကောင်း, အစားကောင်း, အသောက်ကောင်း ပြည့်စုံလေလေဖြစ်၏၊ သက်သတ် ဟင်း မပါလျှင် မစားနိုင်သူများ၏၊ လောက၌ အာရုံအပေါင်းတို့တွင် ရသာရုံသည် အယုတ်မာဆုံးဖြစ်၏၊ သူတစ်ပါးတို့၏အသက်ကို ထိခိုက် သည်ဖြစ်၍ အကြီးအကျယ်ဆုံးသော အကျိုးမဲ့ကြီး ဖြစ်၏-ဟု ပြဆိုခဲ့သော ပါဠိအဋ္ဌကထာများနှင့် ဘယ်လိုနေကြမည်မသိ-ဟု သံဝေဂယူကြဘို့ ကောင်းလှ၏၊ ရသတဏှာတွင်လည်း လူတို့၏ အသက်သခင် စည်းစိမ် သခင် ဖြစ်ကြကုန်သော နွားသတ္တဝါ, ကျွဲသတ္တဝါတို့၏ အသားတို့၌ စွဲလမ်းသော တဏှာသည် အယုတ်မာဆုံးသော ရသတဏှာမျိုးစုံတို့တွင် အတုမရှိသော ဘုရင်ချုပ်ကြီးဖြစ်ပေ၏၊ “နကိရတ္ထိရသေဟိ ပါပိယော” ဟူသော ဂါထာပဒကို နှုတ်တက်၍ ရကြဘို့လည်းကောင်းလှ၏၊

အထက်၌ပြဆိုခဲ့သည့်အတိုင်း ဒုစရိုက်နယ် အပါယ်နယ်ကြီး ဖြစ်ချေ၍ အယုတ်မာဆုံးဖြစ်သော ဤ ရသတဏှာကြီးသည် ယခုအခါ ရဟန်းတော်တို့ဘောင်မှာ မင်းမူ၍နေရခြင်း, ရဟန်းတော်များဖြစ်လျက် တဏှာ့ တကာတို့ထက် အယုတ်မာဆုံးကြီးဖြစ်သော ရသတဏှာကြီး၏ ကျွန်ဖြစ်၍ နေကြရခြင်းသည်လည်း ဝမ်းနည်းဘွယ် ကောင်းလှ၏၊

[ဤကား-ဣဏပရိဘောဂအရ တဏှာခြောက်ပါးတို့တွင် ရသ တဏှာသည် အယုတ်မာဆုံးကြီး ဖြစ်ကြောင်း, ဒုစရိုက်နယ်ကြီး, အပါယ်နယ်ကြီးဖြစ်ကြောင်း ပါဠိအဋ္ဌထာလာရှိသည့်အတိုင်း ထုတ်ဖော်၍ ပြဆိုချက်ပေတည်း။]

ရှင်းလင်းချက်ပြီး၏၊


ရှေး၌ပြဆိုခဲ့ပြီးသော ပါဠိတော်လာ ဥပမာစုကို ပြဆိုခန်း

ထေယျပရိဘောဂ၌ သံတွေခဲဥပမာ လာပုံကား
အညထာ သန္တ အတ္တာနံ၊
အညထာ ယော ပဝေဒယေ။
နိကစ္စ ကိတဝေဿဝ၊
ဘုတ္တံ ထေယျာယ တဿ တံ။။
သေယျော အယောဂုဠော ဘုတ္တော၊
တတ္တော အဂ္ဂိသိခူပမော။
ယေဉ္စ ဘုဉ္စေယျ ဒုဿီလော၊
ရဌပိဏ္ဍံ အသညတော။။

အနက်ကား-ယော= အကြင်ရဟန်းစစ်မဟုတ်ဘဲ ရဟန်းစစ် လုပ်၍နေသော ရဟန်းတု, ရဟန်းယောင်သည်၊ အညထာ=တပါးသော ဒုဿီလအခြေအနေအားဖြင့်၊ သန္တံ=အမှန်အဟုတ်ဖြစ်၍နေသော၊ အတ္တာနံ=မိမိကိုယ်ကို။ နိကစ္စ=ဖုံးရှက်စဉ်းလဲ၍၊ အညထာ=တပါးသော သီလဝန္တ အခြေအနေအားဖြင့်၊ ပဝေဒယေ-ပဝေဒတိ=ဖော်ပြ ပြောကြား၏၊ ယထာ=ဥပမာကား၊ ကိတဝဿ=ငှက်သတ်မုဆိုး၏၊ နိကစ္စ= စဉ်းလဲ၍၊ ပဝေဒနံဣဝေ=ထိထိကိုယ်ကို ဖော်ပြခြင်းကဲ့သို့တည်း၊ တဿ=ထိုရဟန်းတု ရဟန်းယောင်၏၊ တံ ဘုတ္တံ=ထိုလူတို့လှူဒါန်းသော ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည်၊ ထေယျေန=အနက်အနဲ စဉ်းလဲသော ခိုးခြင်းဖြင့်၊ ဘုတ္တံ=သုံးဆောင်ခြင်းဖြစ်၏၊

တတ္တော=ရဲရဲညိသော၊ အဂ္ဂိသိခူပမော=မီးတောက်မီးလျှံနှင့် တူသော၊ အယောဂုဋ္ဌော=သံတွေခဲကို၊ ဘုတ္တော= စားအပ်မျိုအပ်သည် ရှိသော်၊ သေယျော=ကောင်းမြတ်သေး၏၊ အသညတော=သီလကို မစောင့်ထိန်းမူ၍၊ ဒုဿီလော=ရဟန်းသီလပျက်ဆုံးလျက်ရှိနေသော ရဟန်းတုသည်၊ ရဋ္ဌပိဏ္ဍံ=တိုင်းသူပြည်သားလူအများတို့က လှူဒါန်း၍ ရသော ဆွမ်းကို၊ စေ=အကယ်၍၊ ယံဘုဉ္ဇယျ=အကြင်စားရာ၏၊ တတော=ထိုဒုဿီလရဟန်းတို့မှာ တိုင်းသူပြည်သားတို့ ၏ ဆွမ်းကိုစားရ ခြင်းထက်၊ အယောဂုဋ္ဌော=သံတွေခဲကို၊ ဘုတ္တော=စားအပ်သည်ရှိသော်၊ သေယျော=ကောင်းမြတ် လှသေး၏၊

ငှက်သတ်မုဆိုးသည် မိမိကိုယ်ကို သစ်ခက်စိမ်း, သစ်ရွက်စိမ်း တို့ဖြင့် စည်းနှောင်ပြီးလျှင် သစ်ပင်ယောင်, ချုံယောင်လုပ်၍ ငှက်အများ ကျရောက်ရာဌာန၌ နေလင့်၏၊ ငှက်တို့သည် သစ်ပင်တောချုံမှတ်၍ အနီးအပါး၌ ကျရောက်ကြကုန်၏၊ မုဆိုးသည် မိမိအပါး၌ ရောက်လာ သောငှက်တို့ကို ယမ်းမီးစသည်ဖြင့် ပစ်သတ်၍ ယူလေ၏၊ ဒုဿီလ ရဟန်းသည် ထိုမုဆိုးနှင့်တူ၏ ဟူလိုသည်၊ သားကောင်တို့ကို ထိုနည်း မျိုးဖြင့် စဉ်းလဲ၍သတ်သော သားသတ်မုဆိုး နှင့်လည်းတူ၏၊

ထိုရဟန်းတုမှာ ရွာသူတို့ကလှူဒါန်းကြသော ဆွမ်းပစ္စည်းလေးပါး ကို သုံးဆောင်ရသည်ထက် ရဲရဲညိသော သံတွေခဲကို သုံးစားရခြင်းသည် ကောင်းမြတ်သေး၏ဟူရာ၌ ကောင်းမြတ်ပုံကား

ထိုရဟန်းတုသည် သံတွေခဲကို သုံးစားခဲ့သော် သုံးစားမှုအတွက် ထိုခဏ၌သေသော်လည်း သေရာ၏၊ သေလုနီးပါး ဒုက္ခကြီးသော်လည်း တွေ့ကြုံရာ၏၊ သံတွေခဲကို သုံးစားမှုအတွက်နှင့် အပါယ်သို့ကျရောက် မှုမရှိလေ၊ ရဟန်းကောင်းထင်မှတ်၍ ရွာသူတို့ကလှူဒါန်းကြသော ပစ္စည်းလေးပါးတို့ကို သုံးစားမှုသည်ကား- အပါယ်သို့ကြရောက်စေ နိုင်သော အမှုကြီးဖြစ်၏၊ ထိုရဟန်းတုသည် အပါယ်သို့ကျရောက်ပြီးလျှင် ကြီးစွာသောအပါယ်ဒုက္ခကို ခံစားရလေ၏၊ ခံရပုံကား- ထိုရဟန်းတုမှာ ယခုဘဝတွင် ရဟန်းသံဃာတို့နှင့် ပေါင်းဖော်ရာတို့၌ ရဟန်းကောင်း ပြုလုပ် စဉ်းလဲခြင်းသည်လည်းကောင်း, လူတို့နှင့်ဆက်ဆံရာတို့၌ ရဟန်းကောင်းပြုလုပ်စဉ်းလဲခြင်းသည်လည်းကောင်း ဤစဉ်းလဲ မှုကြီးသည် သံဃဘေဒကဖြစ်သော မုသာဝါဒကိုချန်လှပ်၍ လောက သုံးပါးတွင် အတုမရှိနက်နဲသော မုသာဝါဒကံ ကြီးပေတည်း၊ နောက်ဘဝ ၌ အလွန်ကြီးကျယ်သော အပါယ်ဒုက္ခသို့ပစ်ချနိုင်သော ကံကြီးပေတည်း။

ထိုသို့ရဟန်းတို့နှင့်ပေါင်းဖော်စဉ်အခါ လူတို့နှင့်ဆက်ဆံစဉ် အခါတို့၌ ရဟန်းတို့၏အရိုအသေပြုမှု၊ လူတို့၏ရှိခိုးမှု၊ ပူဇော်မှု၊ အလှူအတန်းခံ၍ရသော ပစ္စည်းတို့ကိုသုံးဆောင်မှုတို့၌ နေ့ရက်ရှည်စွာ သာယာရွှင်လန်းသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့သည် နောက်ဘဝ၌ ငရဲမီးတောက်မီးလျှံတွေ၊ ပြိတ္တာ မီးတောက် မီးလျှံတွေ ဖြစ်ဘို့ တို့ပေတည်း၊ သေခါနီးအခါ၌ ထိုအာရုံစုတို့တွင် တစ်ခုခုသော် လည်း နိမိတ်ထင်လာလတံ့၊ သို့မဟုတ် အပါယ်ဂတိ နိမိတ်သော်လည်း ထင်လာလတံ့၊ ထင်သည်နှင့် တစ်ပြိုင်နက် ထိုမုသာဝါဒကံကြီးသည် ထိုရဟန်းတုကို အပါယ်သို့ ပစ်ချခွင့်ရလေ၏၊ နေ့ရက်ရှည်စွာ သာယာရှွှင် လန်းနေသော ထိုကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့သည်လည်း ထိုသူအပါယ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ငရဲမီးတောက်မီးလျှံတွေ၊ ပြိတ္တာ မီးတောက်မီးလျှံတွေကို ဖြစ်ပေါ်စေကြကုန်သည်။

ဆွမ်းပစ္စည်းမှာ သာယာမှုအတွက်နောက်ဘဝ၌ ထိုသူမှာမျိုသမျှ အာဟာရတို့သည်ခံတွင်းသို့ ရောက်လျှင်ရဲရဲညိ သောသံတွေခဲတွေဖြစ်၍ လည်ချောင်းတွင်း၊ ရင်တွင်း၊ ဝမ်းတွင်းသို့အတင်းဝင်ကြလေကုန်၏၊ အေးမြသောရေကိုပင် သောက်သော်လည်းခံတွင်းသို့ရောက်လျှင် လျှံလျှံတောက်သော သံပူရေဖြစ်၍ ဝင်လေတော့သည်၊ အရဟတ္တဓဇ သင်္ကန်းကို ဝတ်ရုံမှုအတွက် ရဲရဲညိသော သံပြားသင်္ကန်းကြီးအပြီး သပိတ် ပရိက္ခရာ အမျိုးမျိုးတို့ကို ဆောင်မှုအတွက် နောက်ဘဝ၌် ရဲရဲညိသော သံမီးသပိတ်ပရိက္ခရာ အမြဲပါလေတော့သည်၊ ကျောင်းပစ္စည်းအတွက် နောက်ဘဝမှာ ရဲရဲတောက်သော သံအိမ်ကြီးအပြီးတည်ရှိလေ၏၊ ဘုရား တစ်ဆူနှင့်ဘုရားအကြားမှာ ဤမဟာပထဝီမြေကြီး အထက်သို့ အမြင့် တစ်ယူဇနာတက်သည်တိုင်အောင်ပင် အပါယ်ဘဝမှ မလွတ်နိုင်ကြကုန်၊ ကဿပဘုရားလက်ထက်တော်က ကျရောက်ကြကုန်သော ပါပရဟန်းမျိုး တို့သည် ယခုတိုင်ပင် ဂိဇ္ဈကုဋ်တောင်မှာ ရှိနေကြကုန်၏၊

ထေယျပရိဘောဂအဖြစ်ပြီး၏၊

---

ဣဏပရိဘောဂ၌အဆိပ်လောင်ပုံ အဆိပ်ဆေးဥပမာ

အဆိပ်မျိုမိသောသူမှာ ထိုအဆိပ်သည် ဝမ်းတွင်းသို့ရောက် သည်နှင့်တစ်ပြိုင်နက် အသည်း၊ အဆုတ်၊ အူမ၊ အူသိမ်တို့ကို လောင် လေ၏၊ အသွေး၊ အဆီ၊ ဩဇာတို့ကို ကုန်ခန်းစေ၏၊ အပေါက်အပေါက် အပြတ်အပြတ်တွေ ဖြစ်၍ကုန်စေ၏၊ ထိုသူမှာ မလွန်ကတင်ကူး၍ အန်ဆေးကိုသော်လည်းကောင်း, အဆိပ်ပြေဆေးကိုသော်လည်းကောင်း သောက်မျိုခဲ့လျှင် ချမ်းသာခွင့်ရသေး၏၊ လွန်ခဲ့လျှင် ချမ်းသာခွင့်မရပြီ၊ သေဆုံးရလေတော့သည်၊ ထို့အတူ ဤသာသနာတော်၌ ရဟန်းတော် တို့မှာလည်း ပစ္စည်းလေးပါးကိုရရှိ၍ သမ္မောဟ, ဂေဓ, မဒ, ပမာဒပက္ခသို့ ရောက်ခဲ့လျှင် အဆိပ်ကို မျိုမိကြကုန်ပြီ၊ ထိုပက္ခသို့ ရောက်ခဲ့လျှင် အလုံးစုံသော လောကာမိသ, လောကပသာဒတို့ကိုလည်း အကျိုးပေး သမျှ သာယာကြကုန်တော့သည်။

ဤသာသနာတော်၌ အသွေး, အဆီ, ဩဇာ, အနှစ်သာရ ဆိုသည်ကား- အရိယဝံသတရားလေးပါးနှင့်တကွ သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး, ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး, ဗောဇ္ဈင် ခုနစ်ပါး, မဂ္ဂင်ရှစ်ပါးဟု ဆိုအပ်သော ဗောဓိပက္ခိယ တရားတို့ပေတည်း၊ ထိုတရားတော်တို့သည် ရဟန်းတော်တို့မှာ ယခုဘဝ၌ပင် မဂ်, ဖိုလ်, နိဗ္ဗာန်, စျာန်သမာပတ်တို့သို့ ပေါက်ရောက်ကြီးပွါးနိုင်ကြရန် ကျေးဇူးပြု နိုင်ဆောင်ရွက်နိုင်သော အသွေး, အဆီ, ဩဇာ, အနှစ်သာရတို့ပေတည်း၊ သမ္မောဟ, ဂေဓ, မဒ, ပမာဒပက္ခ၌ တည်နေကြကုန်သော ရဟန်းတော် တို့မှာမူကား- ပစ္စည်းလေးပါးနှင့်တကွ လောကာမိသ, လောကပသာဒ တို့၌သာ အလေးဂရု အရေးပြုကြကုန်တော့သည်၊ သတိပဋ္ဌာန် စသော ထိုတရားတို့ကို အားထုတ်လိုသော သဒ္ဓါ, ဆန္ဒအားထုတ်နိုင်သော သတိ, ဝီရိယပင်မရှိကြကုန်ပြီ။

ဂေဓ, မဒ, ပမာဒအဆိပ်ကင်းတို့သည် နေ့စဉ်တိုးပွါးလျက်ရှိ နေကြသဖြင့် ထိုသူတို့၏ စိတ်သန္တာန်သည် ထိုသဒ္ဓါဆန္ဒတို့ ခန်းခြောက်ပြီး လျှင် နိဒ္ဓါမတာ-အစရှိသော အပေါက်ခြောက်ပါးခေါ်သော ကိလေသာ တရားတို့၏ ပွါးစီးချက်နှင့် အပေါက်ပေါက်အပြတ်ပြတ် ရတတ်စရာ မရှိနေကြ၏၊ မသေမီ, အရွယ်မလွန်မီ သတိပဋ္ဌာန်ဟူသော အဆိပ် အန်ဆေး, အဆိပ်ပြေဆေးများကို ပွါးများသောက်မျိုမိကြလျှင် အပါယ်ဘေးမှ ချမ်းသာခွင့်ရှိသေး၏၊ မသောက်မျိုဘဲ ထိုအနေနှင့်ပင် သေလွန်ကြလျှင် ဝါတမိဂဇာတ် အဋ္ဌကထာလာရှိသည့်အတိုင်း အပါယ် ကျမှ လွတ်နိုင်ကြရန် အတန်ကြီးခဲယဉ်းလှချေ၏၊

အရိယဝံသ တရားလေးပါးဆိုသည်ကား

၁။ စီဝရသန္တောသ-သင်္ကန်းပစ္စည်း၌ ရောင့်ရဲခြင်းတစ်ပါး,
၂။ ပိဏ္ဍပါတသန္တောသ-ဆွမ်းပစ္စည်း၌ ရောင့်ရဲခြင်းတစ်ပါး,
၃။ သေနာသနသန္တောသ-ကျောင်းပစ္စည်း၌ ရောင့်ရဲခြင်း တစ်ပါး,
၄။ ဘာဝနာရာမ-သမထဘာဝနာ, ဝိပဿနာ ဘာဝနာ တို့၌ ပျော်ပိုက်ခြင်းတစ်ပါး,

ဆွမ်းပစ္စည်း, သင်္ကန်းပစ္စည်း, ကျောင်းပစ္စည်းတို့၌ ရောင့်ရဲခြင်း သုံးပါး၊ သမထ, ဝိပဿနာဘာဝနာမှုတို့၌ ပျော်ပိုက်ခြင်းတစ်ပါး၊ ဤလေးပါးပေတည်း။

ထိုလေးပါးတို့တွင် သင်္ကန်း၌ရောင့်ရဲခြင်း, ဆွမ်း၌ရောင့်ရဲခြင်း ဆိုသည်ကား

သော သန္တုဋ္ဌော ဟောတိ ကာယပါရိဟာရိယေန စီဝရေနကုစ္ဆိပါရိဟာရိယေနပိဏ္ဍပါတေန၊ သောယေနစ ပက္ကမတိ။ ပ။ သမာဒါယေဝ ပက္ကမတိ၊ သေယျထာပိနာမ ပက္ခီသကုဏော ယေနယေနဝ ဍေတိ၊ သပတ္တဘာရောဝဍေတိ။

ဟူ၍ ဟောတော်မူသည်နှင့်အညီ-ကျေးငှက်များသည် တော တစ်ခုမှ တောတစ်ခု, သစ်တစ်ပင်မှ သစ်တစ်ပင်သို့ ပြောင်းသွားရာ၌ ကိုယ်သွားလျှင် အတောင်ပါတော့သည်၊ အတောင် အပိုအမိုထားခြင်းမရှိ၊ ကိုယ်သွားလျှင် ဝမ်းပါတော့သည်၊ ဝမ်းပါလျှင် အစာအာဟာရပါ တော့သည်၊ အစာအာဟာရ အပိုအမိုထားခြင်းမရှိ၊ ထို့အတူ ရဟန်းတို့မှာ လည်း ကိုယ်သွားလျှင် ကိုယ်မှာသင်္ကန်း အပြီးပါတော့သည်၊ ဆွမ်းလည်း အပြီးပါတော့သည်၊ ကိုယ်မှာဝတ်ရုံလျက်ရှိသော သင်္ကန်းစုထက် အပိုအမိုသင်္ကန်းမရှိပြီ၊ ဝမ်းမှာမျို၍ထားသော ဆွမ်းထက် အာဟာရ ကိစ္စ၌ အပိုအမိုတစ်စုံတစ်ခုမျှမရှိပြီ-ဟူလိုသည်။

ကျောင်းပစ္စည်း၌ ရောင့်ရဲခြင်းဆိုသည်ကား

သော ဝိဝိတ္တံ သေနာသနံ ဘဇတိ အရညံ ရုက္ခမူလံ ပဗ္ဗတံကန္ဒရံ ဝိရိဂုဟံ သုသာနံ ဝနပတ္တံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ။

ဟူ၍ဟောတော်မူသည်နှင့်အညီ မြို့ကျောင်း ရွာကျောင်းမှ စွန့်ခွါ၍ ဆိပ်ငြိမ်သော တောကျောင်း, သစ်ပင်ရင်း, တောင်ပေါ်, ချောက်မြောင်, တောင်မှာရှိနေသော ကျောက်ဂူများ, သုသာန် ရွာမှ ကွာလှမ်းသော တောအရပ်, လွင်တီးခေါင်များ၌ နေခြင်းကိုဆိုသည်။

ဘာဝနာ၌ပျော်ပိုက်ခြင်းဆိုသည်ကား

သမထဘာဝနာ အလုပ်နှင့်ဖြစ်စေ, ဝိပဿနာဘာဝနာအလုပ် နှင့်ဖြစ်စေ လွတ်ကင်း၍ မနေနိုင်သည်ကို ဆိုသည်၊ မိမိတို့သည် အရိယဝံသ တရား, ဗောဓိပက္ခိယတရားတို့၌ သဒ္ဓါ, ဆန္ဒ, သတိ, ဝီရိယခန်းခြောက်၍ နေကြကုန်သည့်အတွက် သူတစ်ပါးတို့အား ထိုတရားများကို ပြောခြင်း ဟောခြင်းကိုမျှ မပြုကြ၊ သူတစ်ပါးတို့ ပြောဟောသည်ကိုမျှ မကြားလိုမနာလိုကြ၊ မည်သူသည် ထိုတရားများကို အားထုတ်ကျာင့်ဆောင်သည်ဆိုလျှင် ထိုသူလိုမိမိတို့က မကျင့်ဆောင် နိုင်ကြသည့်အတွက် ထိုသူကိုသာပြောပေါက် ဆိုပေါက်ရှာ၍ အကောင်း မဖြစ်စေရန် ကြံဖန်အားထုတ်ကြကုန်၏၊

[ဤကား- ဣဏပရိဘေဂ အဆိပ်ဖမ်း၍ လူမှန်းမသိ ရှိနေကြကုန်သော ပုဂ္ဂိုလ် တို့၏ တန်ခွန်တွေကို ပြဆိုချက်တည်း၊ ထိုပုဂ္ဂိုလ်တို့၏ နောက်ဘဝ အလားကို မူကား- ဇာတ်အဋ္ဌကထာတို့၌ ပြဆိုချက်ရှိလေပြီ။]

အဆိပ်ဆေးဥပမာပြီး၏၊

---

သံချေးဥပမာ

သံချေးဥပမာ၌- သံဖြူလင်ပန်းကြီးမှာ ခဲဖွယ် ဘောဇဉ်တို့ကို ထည့်၍စားကြရာ၌ စားပြီးလျှင် ထိုလင်ပန်းကို ထိုနေ့တွင် နေ့စဉ်ဆေး မိအောင် ဆေးကြောရကည်၊ မဆေးမိဘဲ နေ့ကူးအောင်ပစ်၍ မထားရ၊ နေ့ကူးအောင် ပစ်ထားကဲ့သော် ခဲဖွယ်ဘောဇဉ် အညစ်အကြေးက လည်းတွယ်ကိုက်, သံချေးကလည်း တစ်နေ့တစ်ခြားအားကြီးစွာ တက်ပွား သဖြင့် ထိုလင်ပန်းသည် မကြာမီပစ်ရလတံ့၊ ထို့အတူပစ္စည်းလေးပါးတို့ကို သုံးဆောင်ကြရာမှာလည်း သုံးဆောင်၍ပြီးလျှင် နေ့မလွန်ခင် ပစ္စဝေက္ခဏာ ဆင်ခြင်၍ နေ့စဉ်ဆေးကြောရမည်၊ မဆင်ခြင်မိဘဲနေ့ မကူးစေရ၊ မဆင်ခြင်မိဘဲမိမိစိတ်ကို ပစ်၍မထားရ၊ ပစ်ထားခဲ့လျှင် မဆေးမကြောဘဲ နေ့ဆက်ရက်ဆက် သုံးဆောင်၍နေသော လင်ပန်နှင့် အတူ မိမိစိတ်သည်လည်း ပစ်ရတော့မည်၊ အပါယ်လေးပါးသို့ သွားရ တော့မည်-ဟူလို၊ ဇာတ်အဋ္ဌကထာတွင် လာရှိသည့်အတိုင်း ဘီလူး, သဘက် သားရဲတွေ ဖြစ်ကြသည်ကိုမူကား-တွေ့ကြုံ ကြားသိဘူးလှလေပြီ။

သံချေးဥပမာပြီး၏၊

ဣဏပရိဘောဂ၌ အဆိပ်လောင်ပုံပြီး၏၊

သတိပေးဂါထာမူကား

အတ္တာနံ စေ ပိယံ ဇညာ၊
ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏံ အညတရံ ယာမံ၊
ပဋိဂ္ဂေယျ ပဏ္ဍိတော။။

[ ဓမ္မပဒပါဠိတော်]

အနက်ကား- ပဏ္ဍိတော=ပညာရှိသောရဟန်ရှင်လူသည်၊ အတ္တာနံ=မိမိကိုယ်ကို၊ ပိယံ=ချစ်အပ်၏-ဟူ၍၊ စေဇညာ=အကယ်၍ သိရင်းရှိသည် ဖြစ်ပြားအံ့၊ နံ=ထိုမိမိကိုယ်ကို၊ သုရက္ခိတံ=ကောင်းကောင်း ကြီး စောင့်ရှောက်မှုကို၊ ကတွာ=ပြု၍၊ ရက္ခေယျ=စောင့်ရှောက်ရာ၏၊ တိဏ္ဏံ=အရွယ်သုံးပါးတို့တွင်၊ အညတရံ ယာမံ=တစ်ပါးပါးသော အရွယ်၌၊ ပဋိဇဂ္ဂေယျ=ဆေးကြောသုတ်သင်ရာ၏၊

ပရိယတ္တိဓမ္မတို့၌ မိမိတို့တတ်သိလိမ်မာရှိကြစေရန် သင်မှု, ကြားမှု, သူတပါးတို့ကို တတ်သိ လိမ်မာရှိကြစေရန် ချမှု, ပို့မှုတို့နှင့် နေကြရသဖြင့် ထိုအရိယဝံသတရား, သတိပဌာန်တရားများကို ပထမ အရွယ်မှာ အားမထုတ်နိုင် ရှိနေကြသော် ဒုတိယအရွယ်မှာ တောတောင် ထွက်၍အားထုတ်ကြကုန်ရာ၏၊ ဒုတိယအရွယ်မှာ အား မထုတ်နိုင်ရှိ ကြသော် တတိယအရွယ်မှာ တောတောင်ထွက်၍ အားထုတ်ကြကုန် ရာ၏၊ မိမိတို့ကိုယ်ကိုချစ်ကြလို့ရှိလျှင် လာကာမိသ, လောက ပသာဒ အသိုက်အအုံကြီးထဲမှာသေသည့်တိုင်အောင် အနစ်ခံ၍ မနေကြကုန် ရာဟူလိုသည်၊ ပရိယတ္တိဓမ္မအလုပ်ပင်မရှိသော ဣဏပရိဘောဂသမား တို့မှာ သံဝေဂယူကြဘို့သာရှိတော့သည်။

ဤဂါထာတွင် ရှေ့ဝါကျ၌ ရက္ခေယျ-ဟူ၍, နောက်ဝါကျ၌

ပဋိဇဂ္ဂေယျ-ဟူ၍ ဟောတော်မူသည့်အလိုကား-ရှေ့အရွယ်တို့၌ ပရိယတ္တိ ဓမ္မအတွက်နှင့် ဣဏပရိဘောဂတောကြီးအတွင်းမှာ နေရခိုက်အခါ၌ မိမိတို့ကိုယ်ကို ထိုပရိဘောဂမှ ကင်းလွတ်အောင် ကောင်းကောင်းစောင့် ရှောက်ကြရမည်၊ စောင့်ရှောက်ပါသော်လည်း ထိုတောကြီးအတွင်းမှာ နေခဲ့ရသည့် အတွက်ကြောင့် လုံးလုံးစင်ကြယ်နိုင်ရန် ခဲယဉ်းလျက်ရှိ၏၊ ထို့ကြောင့်လုံးလုံးစင်ကြယ်ပြီးမှ သေရလေအောင် နောက်အရွယ်မှာ ထိုတောကြီးအတွင်းမှထွက်ကြကုန်ပြီးလျှင် ထိုအရိယဝံသတရား, သတိပဋ္ဌာန် တရားတို့ကို အားထုတ်၍ မိမိတို့ကိုယ်ကိုခရုသင်း ပွတ်သစ် အသွင်ကဲ့သို့ ကောင်းကောင်းစင်ကြယ်အောင် သုတ်သင်ဆေးကြောရ မည်ဟု ဆိုလိုသည်။

အသက်ငါးဆယ့်ငါးနှစ်ထက် နောက်မကျစေကုန်မူ၍ တော တောင်သို့ထွက်ပြီးလျှင် အရိယဝံသတရား, သတိပဋ္ဌာန်တရားတို့ကို အားထုတ်၍ မိမိတို့စိတ်, မိမိတို့ကိုယ်ကို ဖြူဖြူဆွဆွ ခဝါချပြီးမှ သေကြရသော် အသေလှကြမည်ဟုမုချမှတ်ယူကြကုန်ရာသည်၊ ခဝါမချခဲ့ သော် အသေမလှပုံကား- ထုတ်ပြခဲ့ပြီးသောဇာတ်တို့၌ ငရဲ, တိရစ္ဆာန်, ဘီလူး, ပြိတ္တာ ဖြစ်ရကြောင်း တိုက်ရိုက်လာရှိလေပြီ၊ ထိုတွင်သူတစ်ပါး တို့ကို ထိုခိုက်ပုတ်ခတ်မှု ဝစီကံများလှသောသူသည် ကဿပဘုရား လက်ထက်၌ ကပိလရဟန်းကြီးကဲ့သို့ ပဒုမငရဲ၌ကျတတ်၏၊ ထိုပဒုမ ငရဲသည်လည်း အဝီစိငရဲနယ်တွင် အပါအဝင်ပေတည်း၊ အဗ္ဘုဒငရဲ, နိရဗ္ဘုဒငရဲ စသည်ဖြင့် ငရဲမျိုးဆယ်မျိုးရှိသည်တွင် ထိုပဒုမ ငရဲအိုးကြီးသည် ဝစီကံမှုတွင်အကြီးဆုံးသော ငရဲဗိုလ်ချုပ်ကြီးပေတည်း။

ရှေ့ငရဲကိုးမျိုးတို့သည်ကား- ထိုပဒုမငရဲအိုးကြီး၏ ဘက်ပါ

အခြံအရံအသင်းအပင်းတို့ပေတည်း၊ ထိုငရဲ ဆယ်မျိုးတို့၌ တစ်ကြိမ်ကျ ရောက်ခဲ့သော် အနှစ်ရှည်ကြာစွာ ခံနေကြရသောငရဲသက်ကိုလည်း အသေအချာ ဟောတော်မူလေပြီ၊ နှမ်းစေ့ပေါင်း အတင်းရှစ်ဆယ်သည် ကောသလတိုင်း၌ လှည်းတစ်စီးတိုက်ဖြစ်၏၊ ထိုလှည်း တစ်စီးတိုက် ရှိသောနှမ်းစေ့ပုံကြီးမှတစ်ရာတစ်ရာလျှင် တစ်စေ့တစ်စေ့မျှယူ၍ ပစ်ခဲ့သော် ထိုနှမ်စေ့ပုံသည် ကုန်ရာ၏၊ ထိုငရဲဆယ်မျိုးတွင် အစဆုံးဖြစ် သော အဗ္ဘုဒငရဲသက်သည် မကုန်လေရာ၊ ထိုငရဲမှအဆနှစ်ဆယ်စီ အစဉ်အတိုင်း တိုးပွား၍သွားသော် ပဒုမငရဲအိုးကြီး၏အသက်တမ်းဖြစ် လေ၏၊ ပဒုမဆိုလျှင် ထိုငရဲအိုးကြီးကို အမှတ်ရဘို့ကောင်းလှ၏၊ ထိုပဒုမ ငရဲအိုးကြီးကို သံယုတ်ပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့မှာ ဟော တော်မူ၏၊

ထိုတိရစ္ဆာန်ဖြစ်ရပုံကား- လူတို့မှာမြေ၌ မြှပ်ထားသော ဥစ္စာကို သာယာမှုအထုံအားကြီးသည့်အတွက် နောက်ဘဝ၌ ထိုဥစ္စာရှိရာမှာကြွက် တိရစ္ဆာန်, မြွေတိရစ္ဆာန်ဖြစ်ရသော ဝတ္ထုများရှိ၏၊ ရှေ့မှာပြဆိုခဲ့ပြီးသော ဓမ္မပဒဂါထာ၏ နိဒါန်းတွင် ထိုတိဿရဟန်းသည် သင်္ကန်း၌ သာယာမှု တင်းလင်းရှိနေသည့်အတွက် နောက်ဘဝ၌ ထိုသင်္ကန်းမှာသန်း တိရစ္ဆာန် ဖြစ်ရသည်ဟု အဋ္ဌကထာရှိ၏၊ ဤသို့ရှိကြသော ဇာတ်ဝတ္ထုများကို ထောက်မြှော်သည်ရှိသော် သင်္ကန်းပစ္စည်း၌ သာယာမှုကြွေး မြီတင်း လင်းနှင့် သေလွန်ခဲ့လျှင် နောက်ဘဝ၌ အဝတ်သင်္ကန်းတို့၌ ပိုးမွှား တိရစ္ဆာန်ဖြစ်၍ မဆုံးနိုင်ရှိနေတတ်၏၊

ဆွမ်းပစ္စည်း၌ သာယာမှု ကြွေးမြီတင်းလင်းနှင့်သေခဲ့လျှင် အစာအာဟာရဝတ္ထုမျိုးတို့၌ ပိုးမွှားတိရစ္ဆာန်ဖြစ်၍ မဆုံးနိုင် ရှိနေတတ်၏၊ ဝက်သားကြိုက်မှု ကြွေးမြီတင်းလင်းနှင့်သေခဲ့လျှင် ဝက်တို့၏ကိုယ်ခန္ဓာမှာ ဝက်ပိုးဝက်မွှားဖြစ်၍ မဆုံးနိုင် ရှိနေတတ်၏၊ ကြက်သားကြိုက်မှု ကြွေးမြီတင်းလင်းနှင့် သေခဲ့လျှင် ကြက်တို့၏ကိုယ်ခန္ဓာမှာ ကြက်ပိုး ကြက်မွှားဖြစ်၍မဆုံးနိုင် ရိနေတတ်၏၊ နွားသားကြိုက်မှု, ကျွဲသားကြိုက်မှု စသည်တို့၌လည်း ထို့အတူ အကုန်မြှော်လေ။

ကျောင်းပစ္စည်း၌ သာယာမှု ကြွေးမြီတင်လင်းနှင့် သေခဲ့သော် သီလရှိခဲ့ပါလျှင် ထိုကျောင်းမှာ ကျောင်း သဘက်ကြီး, ကျောင်းသားရဲကြီး, ကျောင်းတစ္ဆေကြီးသော်လည်း ဖြစ်နေတတ်၏၊ သီလမရှိခဲ့ပါလျှင် ကျောင်းမှီ ကျောင်းကပ်အရပ်ရပ်သော ကျောင်းပိုး, ကျောင်းမွှားဖြစ်၍ မဆုံးနိုင် ရှိနေတတ်၏၊ ကမ္ဘာဦးအခါ၌ မဟာပနာဒမင်းအား သိကြားမင်း သည် ရတနာနန်းပြာသာဒ် ကြီးဖန်ဆင်း၍ ပေး၏၊ ထိုပြာသာဒ်ကြီးသည် ယခုဂင်္ဂါမြစ်တွင်းမှာ တုံးလုံးလဲလျက်ရှိ၏၊ ထိုအခါ၌ ထိုနန်းပြာသာဒ်မှာ နေကြကုန်သော နန်းတော်သူ, နန်းတော်သား အပေါင်းတို့သည် ထိုနန်းပြာသာဒ်ကို သာယာသောတဏှာကြောင့် ထိုနန်းပြာသာဒ်ကြီး အတွင်းမှာ ရေပိုးရေမွှားအမျိုးမျိုးဖြစ်ကြ၍ ငါတို့ဘုရားလက်ထက်တိုင် ရှိနေကြသည်ဟု အဋ္ဌကထာများတွင်လာသည်ကို ထောက် မြှော်လေ။

ဘီလူးဘဝ, ပြိတ္တာဘဝတို့သို့ ကျတတ်သည်ဟူရာ၌ ဝိနည်း သိက္ခာလုံခြုံ၍ မာန်မာန ဒေါသလွန်စွာကြီးခဲ့သော်၎င်း၊ ဝက်သား, ကြက်သား, ငါး, အမဲရသတဏှာ လွန်စွာကြီးခဲ့သော်၎င်း သေလွန် သည့်အခါ အပါယ်သို့မကျမူ၍ ဘီလူးတန်ခိုးကြီး, သဘကတန်ခိုးကြီး, သားရဲတန်ခိုးကြီးဖြစ်တတ်၏၊ နောက်ဘဝ၌လည်း မာန, ဒေါသ, ရသ တဏှာလွန်စွာကြီးသည်ထက် ကြီးပြန်၏၊ လူတို့၏အသွေး, အဆီကို လွန်စွာကြိုက်၏၊ နွား, ကျွဲ, သိုး, ဆိတ်တို့၏ အသွေး, အဆီကိုလည်း လွန်စွာကြိုက်၏၊ ထိုသတ္တဝါတို့၌အနာဆိုး, ရောဂါဆိုးအမျိုးမျိုးတို့ကို မိမိတို့တန်ခိုးဖြင့် ဖြစ်ပွါးစေပြီးလျှင် တစ်ကိုယ်လုံးရှိသော အသွေးအဆီ တို့ကို စုတ်ယူမျိုသောက်နိုင်၏၊ ကမ္ဘာပေါ်၌ ကပ်ဝေဒနာ ကပ်ရောဂါ ပြုလုပ်ကြသူ မကောင်းဆိုးဝါးတို့၏ဘောင်မှာ ဗိုလ်ချုပ် ကြီးတွေဖြစ်ကြ လေ၏၊ သူတို့ကို ပရိတ်တော်ရိုး, ဂုဏ်တော်ရိုး, ကမ္မဝါရိုးများကို ဘတ်ရွတ် နှင်ထုတ်၍ မရနိုင်ပြီ၊ သူတို့ကပင်သာ၍ ကြေကြလျက်ရှိနေ၏၊ ထိုဗိုလ်ချုပ်ကြီးတွေကို မြို့ရွာနယ်ပယ်မှ နှင်ထုတ်နိုင်ရန် ဆရာတော်မှာ ပဗ္ဗာဇနိယကမ္မဝါစာ ခေါ်သော ကမ္မာဝါစာတစ်မျိုးစီရင်၍ထား၏၊

သတိထားကြရန် အချက်တစ်ခုမှာ- ရဟန်းသေ၍ ဘီလူး, သားရဲ, သဘက်ဖြစ်၍ သွားကြလျှင် ရဟန်းဘဝ၌ တပည့်ရင်း, တပန်းရင်း, ဒကာရင်း, ဒကာမရင်း, ဆွေရင်း, မျိုးရင်းတွေကို ရှေးဦးစွာ တွင်တွင် ကြီးစားတတ်ကြ၏၊ အဘယ့်ကြောင့်နည်းဆိုသော် နောက်ဘဝ၌ မိမိမှာ အခြံအရံပရိသတ်လို၍နေ၏၊ ထိုသူတို့ကိုပင် အခြံအရံပရိသတ် ပြုလို၍ ရှေးဦးစွာတွင်တွင်ကြီး စားလေသည်ဟု ပြောဆိုကြ၏၊ ဟုတ်ဘွယ်ရှိ၏၊ စားလည်းစားရသေး၏၊ မိမိမှာ အခြံအရံလည်း အလျင်အမြန်ရသေး၏၊ ဟင်းလျာကောင်းကြိုက်သော ဆရာ၏တပည့်, ဒကာများ သတိထား ကြရန်။

ပြိတ္တာဖြစ်ပုံမှာ- ဝိနည်းသိက္ခာ လုံခြုံလျက် သူတစ်ပါးတို့၌ ဣဿာတရား, မစ္ဆရိယတရား အလွန်အားကြီးသော ဣဏပရိဘောဂ သမားတို့၏ လမ်းပေတည်း၊ ဣဿာဆိုသည်ကား-မိမိထက်သာသည်ကို မနာလိုခြင်းတည်း၊ သာသောသူနှင့်စပ်၍ ကောင်းစကားကိုမပြောချင်၊ မကြားချင်၊ အကောင်းပြောသူကိုမတွေ့ချင်၊ မမြင်ချင်၊ မကောင်း စကားကိုသာ ပြောချင်၏၊ ကြားချင်၏၊ မကောင်းပြောသူကိုသာ တွေ့ချင်မြင်ချင်၏၊

[ဤကား-ဣဿာခေါ်သော ပြိတ္တာလမ်းကြီးတစ်လမ်းပေတည်း။]

မစ္ဆရိယသည် ငါးပါးရှိ၏၊

၁။ အာဝါသမစ္ဆရိယ တစ်ပါး,
၂။ ကုလမစ္ဆရိယ တစ်ပါး,
၃။ လာဘမစ္ဆရိယ တစ်ပါး,
၄။ ဝဏ္ဏမစ္ဆရိယ တစ်ပါး,
၅။ ဓမ္မမစ္ဆရိယ တစ်ပါး,

ထိုငါးပါးတို့တွင်

၁။ အာဝါသ မစ္ဆရိယဆိုသည်ကား- ကျောင်းကန် တိုက်တာ နေရာထိုင်ခင်းတို့နှင့် စပ်လျဉ်း၍ သဝန်တိုခြင်းတည်း၊ မိမိသည်သာ အစိုးတရပြုလုပ်လို၏၊ သူတစ်ပါးတို့ အစိုး တရပြုလုပ်မည်ကို အလိုမရှိ။

၂။ ကုလမစ္ဆရိယဆိုသည်ကား- မိမိနှင့်ရင်းရင်းနှီးနှီး ဆက်ဆံ၍ နေကြသောရပ်သူရွာသား ဒကာ, ဒကာမများနှင့် စပ်လျဉ်း ၍ သဝန်တိုခြင်းလည်း၊ ထိုသူများတို့သည် သူတစ်ပါး၏ ဘက်သို့ပါ၍ သွားမည်ကို ပူပန်ခြင်းတည်း၊ မပါရလေ အောင် ကန့်ကွက်ဖျက်ဆီးခြင်းတည်း။

၃။ လာဘမစ္ဆရိယဆိုသည်ကား- ရရှိပြီးသောပစ္စည်းပရိက္ခရာ, ရရန်ရှိသော ပစ္စည်းပရိက္ခရာတို့နှင့် စပ်လျဉ်း၍ သဝန်တို ခြင်းတည်း၊ သူတစ်ပါးဘက်သို့ပါ၍ သွားမည်ကို သဝန်တို ခြင်းတည်း၊ မပါရလေအောင် ကန့်ကွက် ဖျက်ဆီးခြင်း တည်း။

၄။ ဝဏ္ဏမစ္ဆရိယဆိုသည်ကား- မိမိ၌ ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ၊ သူတစ်ပါးက ချီးမွမ်းဘွယ်ရာ ထင် မှတ်၍ နေကြသောလောကဂုဏ်, ဓမ္မဂုဏ်တစ်စိတ် တစ်ဒေသသည်ရှိ၏၊ ထိုဂုဏ်များသည် မိမိ၌သာရှိလို၏၊ သူတစ်ပါးတို့၌ ပြန့်ပွားအောင်မပြုလို၊ ပြန့်ပွားသည်ကို အလိုမရှိ၊ သူတစ်ပါးတို့၌ ထိုဂုဏ်မျိုးပေါ်လာလျှင် မဟုတ် တယုတ်လုပ်ကြံဖျက်ဆီး၏၊

၅။ ဓမ္မမစ္ဆရိယဆိုသည်ကား- တရားကျမ်းဂန် အတတ်ပညာ မျိုးနှင့် စပ်လျဉ်း၍ သဝန်တိုခြင်း, မိမိမှာ နည်းနိဿယ ကောင်းမွန်လှသော အတတ်ပညာတရား ကျမ်းစာသည် ရှိ၏၊ ထိုအတတ်ပညာ တရားလည်း ပြိတ္တာ ဖြစ်ရန်လမ်းကြီး စုပေတည်း။

[ဤဣဿာတရား မစ္ဆရိယတရားတို့သည် ဣဏပရိဘောဂနယ်၌ တန်ခွန်စိုက်ကြီးတို့ပေတည်း။]

ထိုတံခွန်ကြီးတွေကို မြင်သဖြင့် ထိုသူသည် ဣဏပရိဘောဂ သမားပေ-ဟုသိနိုင်ရာ၏၊ ပြိတ္တာဖြစ်ရန် လမ်းကြီးတို့ ပေတည်း၊ ဤသို့လျှင် မိမိတို့ကိုယ်ကိုအရွယ်ရောက်လျက် အချိန်ရောက်လျက် ခဝါမချမူ၍ ဣဏပရိဘောဂ တင်းလင်းနှင့် သေလွန်ကြကုန်သည်ရှိသော် အသေ မလှကြသဖြင့် နောက်ဘဝတို့၌ ဘီလူးဇာတ်ထွက်၍ မဆုံးနိုင်, ပြိတ္တာ ဇာတ်ထွက်၍မဆုံးနိုင်, ငရဲဇာတ် တိရစ္ဆာန်ဇာတ်ထွက်၍ မဆုံးနိုင်ရှိကြ မည်ကို မြင်တော်မူ၍

တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတောဟူ၍ ဟောတော်မူပေသတည်း၊ ကဿပဘုရားလက်ထက်က

ထိုကဲ့သို့ ဇာတ်ထွက်ကြကုန်သော သူတို့သည် ငါတို့ ဘုရားလက်ထက်မှာမှ အသီးအသီးဇာတ်လုံးပေါ်ကြလေကုန်၏၊ ယခုငါတို့ဘုရားလက်ထက်မှာ ထိုကဲ့သို့ ဇာတ်ထွက်ကြကုန်သော သူတို့သည်လည်း ဇာတ်လုံးရှင် မေတ္တေယျ ဘုရားလက်ထက်တော်မှာမှ အသီးအသီး ဇာတ်လုံးပေါ်ကြ ကုန်လတ္တံ့။

သတိပေးဂါထာ၏ အနက်အဓိပ္ပါယ်ကို ပြဆိုချက်ပြီး၏၊

---

နိဂုံး

ပျဉ်းမနားမြို့ စမ်းကျတောကျောင်းအနီး အင်ကြင်းမြိုင်စင်္ကြန် ကျောင်း၌ မြန်မာသက္ကရာဇ်- ၁၂၈၇ ခုနှစ်တွင် သီတင်း ဝါကပ်ဆို နေထိုင်စဉ် စစ်ကိုင်းချောင်မှ ရောက်လာသော ဣဏပရိဘောဂပုစ္ဆာကို ဖြေဆိုရာ သီတင်းကျွတ် လဆန်း၂-ရက်နေ့တွင် အောင်မြင်ပြီးစီးလေ သတည်း။

ဇေယျာပူရ ဇာမရီ ရှင်စန္ဒာဝရ ပုစ္ဆာအဖြေပြီး၏၊

---