တစ်ဘဝ သံသရာ
တစ်ဘဝ သံသရာ
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
(ကိုယ်တိုင်ရေး ထေရုပ္ပတ္တိ)
အမရပူရမြို့
မဟာဂန္ဓာရုံကျောင်းတိုက်
အရှင်ဇနကာဘိဝံသ ၏
တစ်ဘဝသံသရာ ဖြစ်စဉ် အကျဉ်းချုပ်
၁။ ဆရာတော်သည် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သရိုင်ရွာ, ဦးဇောတိ - ဒေါ်အုန်းလှိုင် တို့မှ, ၁၂၆၁-ခုနှစ်, တပို့တွဲလပြည့်ကျော် ၁၄-ရက် (၂၇-၂-၁၉၀၀) အင်္ဂါနေ့တွင် ဖွားမြင်သည်။
၂။ ၁၂၆၆-ခုနှစ်၌ ... (ပထမအကြိမ်) ရှင်သာမဏေ ပြုသည်။
၃။ ၁၂၇၅-ခုနှစ်၌ ... (ဒုတိယအကြိမ်) ရှင်သာမဏေ ပြုသည်။
၄။ ၁၂၇၉-ခုနှစ် (၁၈ နှစ်အရွယ်)၌ ပထမကြီးတန်းကို အောင်မြင်သည်။
၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌ (ပထမအကြိမ်),
၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ (ဒုတိယအကြိမ်),
၁၂၈၁-ခုနှစ် တပေါင်းလပြည့်နေ့၌ (တတိယအကြိမ်) ရဟန်းအဖြစ်ကို ခံယူသည်။
၆။ ၁၂၈၃-ခုနှစ် ကဆုန်လဆန်း (၁) ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ “ပခုက္ကူစာချ”အဖြစ် တင်မြှောက်မှုကို ခံယူရသည်။
၇။ ၁၂၈၇ (၁၉၂၆) ခုနှစ်၌ “ပဌမကျော်” အောင်မြင်တော်မူသည်။
၈။ ၁၂၈၇-ခုနှစ်၌ “ပရိယတ္တိသာသနဟိတဓမ္မာစရိယ”ဘွဲ့ ရရှိသည်။
၉။ ၁၃၁၂-ခုနှစ်၌ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ (ရှေးဦးစွာ) “အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။
၁၀။ ၁၃၁၅-ခုနှစ်၌ -
(က) ဆဋ္ဌသံဂီတိ သြဝါဒါစရိယ သံဃနာယက,
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္တာရက,
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,
(ဃ) ဆဋ္ဌသံဂီတိ သြသာနသောဓယျပတ္ထပါဌက,
အဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။
၁၁။ ၁၃၃၇-ခုနှစ် ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်းဝေးကြီးမှ ရွှေကျင်ဂိုဏ်း ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။
၁၂။ ၁၃၃၉-ခုနှစ် သက်တော် (၇၈) နှစ်အရောက် နတ်တော်လပြည့်ကျော် ၂-ရက် (၂၇-၁၂-၁၉၇၇) အင်္ဂါနေ့ ညနေ (၀၄:၃၀) နာရီတွင် တစ်ဘဝအတွက် ငြိမ်းတော်မူသည်။
စာရှုသူအတွက် မှာထားချက်
ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ
လက်ထက်ကလျှင် ရသည့်တန်ဖိုး ထပ်မညှိုးဖို့
အားကြိုးမာန်တက် ငါဆောင်ရွက်သည် ...
ဆက်လက် တည်တံ့ပါစေသော်။
ဘာသာအရေး ဦးစားပေး
ဤလင်္ကာပိုဒ်ဖြင့်ပင် ဆရာတော်၏ ဗုဒ္ဓမြတ်စွာ သာသနာတော် အတွက် ဘယ်မျှလောက် အလေးပေးထားကြောင်းကို ကောင်းကောင်းကြီး အကဲဖြတ်နိုင် ကြပါသည်၊ ဆရာတော်သည် သက်ရွယ်တော်ကြီးရင့်မှ ဤဆန္ဒမျိုး ဖြစ်ပေါ်လာ သည်လည်း မဟုတ်ပါ၊ ရဟန်းငယ် ဘဝကပင် သာသနာရေးနှင့် ပတ်သက်လာလျှင် ကိုယ်ကျိုးမဖက် ဘာသာအကျိုး သက်သက်ကိုသာ ရှေးရှုပြီး ဆန္ဒတော် ပြင်းပြစွာ ဆောင်ရွက်ခဲ့သည့် ကိစ္စများကို အကြိမ်ပေါင်းများစွာ တွေ့ရှိခဲ့ရပါသည်။
ဤစာရေးသူသည် နှစ်ပေါင်များစွာ အတူနေခဲ့ရ၍ ကောင်းကောင်း သိခွင့် ရရှိခဲ့ပါသည်။ ယင်းဘာသာအရေးနှင့် ပတ်သက်လာလျှင် မည်သည့် ဒကာ-ဒကာမ ကိုမျှ ထောက်ထားမှုမပြု၊ ဘာသာအကျိုး တစ်ခုကိုသာ ဦးစားပေး ကျင့်သုံး တော်မူခဲ့ပါသည်။ ဘာသာအရေးကြောင့် သာသနာ ညှိုးမည်ဆိုလျှင် မုန်း-ချစ် နှစ်ပါး ပယ်ရှား၍ အသေးအဖွဲက စပြီး နည်းမှန်လမ်းကျ ကျင့်သုံးခဲ့ပါသည်။
မှန်ပါသည်- -
စစ်အတွင်းအချိန်မှာ မိသားစု တစ်စုသည် ကျောင်းတွင်း၌ လာရောက်၍ စစ်ပြေး ဒုက္ခသည် အဖြစ်ဖြင့် ခေတ္တ တည်းခို နေထိုင်စဉ်, နေ့လည် တစ်ချိန်တွင် သီချင်း ဓာတ်ပြားဖွင့်၍ ပျော်ရွှင်စွာ ဆူဆူညံညံ စကားပြောနေကြရာ သီချင်းဓာတ်ပြား မဖွင့်ရန် - မဆူညံရန် စာရေးသူကို သွားရောက် တားမြစ်စေခဲ့ပါသည်။ မကြာမီ နောက်တစ်ရက်မှာလည်း သီချင်းဓာတ်ပြား ဖွင့်ကြပြန်ရာ, ဆရာတော် ကိုယ်တိုင် သွား၍ “တစ်နေ့ကလည်း တားမြစ်ခဲ့ပြီ နားမထောင်ကြ၊ ရှေ့လဲ ဒီအတိုင်း ဖြစ်နေဦးမည်၊ ဒါကြောင့် ဒီကနေ့ပဲ ကိုယ်အလိုရှိရာ ပြောင်းရွှေ့ကြပါ”လို့ အပြတ် ပြော၍ ထုတ်ပစ်ခဲ့ပါသည်၊
ထိုအချိန်တွင် ဆရာတော်၏ သက်တော်မှာ (၄၀)ကျော်မျှသာ ရှိပါသေးသည်၊ ကျောင်းတွင်း၌ သာသနာတော်၏ အသရေပျက်စေမည့် ဘာသာရေး ပွဲလမ်း သဘင်နှင့် ဆူညံမှုများကို လုံးဝ မလိုလားကြောင်း ထင်ရှားစေပါသည်။
(သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ယခုတိုင် ရှိနေကြခြင်းကြောင့် အမည်များကို မဖော်ထုတ် ခြင်းဖြင့် ဝတ္တရား ကျေစေပါသည်။)
ပွက်လောဆူညံ လူသံပွဲတို့ ကျောင်းဘုရားထဲ လုပ်ကြသည်။
ဗုဒ္ဓအယူ အတွင်းလူဖျက်လို့ ဘာသာပျက်၍ ခက်လိမ့်မည်။
ဝိနည်းအရေး အလေးပေး
ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ မကြာသေးသော အချိန်မှာ “ပြည်သူ့ ရဲဘော်-ကရင်-ကွန်မြူနစ်ပါတီ”စသည်တို့ ပြည်တွင်းရေး မပြေမလည် မညီမမျှဖြစ်၍ ကာလဒေသ မတည်မငြိမ် ရှိနေကြသောကြောင့် နေ့ရော ညပါ ကျီးလန့်စာစား နေကြရရာ ကာလဝယ် (တောင်မြို့) ကျောင်းအမကြီးက အားကိုးတကြီးဖြင့် အိမ်မှာ ခိုင်းစေ ထားသော လူတစ်ယောက်ကို သံသေတ္တာငယ် တစ်ခုဖြင့် အတွင်းပစ္စည်းများကို ထည့်၍ ဆရာတော့်ထံသို့ လာရောက် အပ်နှံရာ, ဆရာတော်က “ငါ့ကျောင်း ပေါ်တော့ မထားခဲ့နဲ့ သင့်တော်သော ကျောင်းဝင်းတစ်နေရာမှာ ဒကာကိုယ်တိုင် မြှုပ်နှံ ထားလိုက ထားခဲ့ပါလား”ဟု အမိန့်ရှိသံကို စာရေးသူ ကိုယ်တိုင် ကြားခဲ့ရပါသည်။ ပစ္စည်းလာပို့သော ထိုဒကာလည်း တစ်နေရာမှာ သူ့သဘော အတိုင်း မြှုပ်နှံပြီး ပြန်သွားပါသည်။
နောက်တစ်နာရီခန့် ကြာသောအခါ ပျာယီးပျာယာဖြင့် ပြန်လာရာ, “ဘာကိစ္စရှိလို့ ပြန်လာတာလဲ”ဟု မေးရာ, တပည့်တော် မြှုပ်ထားတဲ့ ပစ္စည်းကို စာချဘုန်းကြီးက ကျောင်းပေါ်ထားခွင့် မပြုလျှင် တူးဖော်ပြီး ပြန်ယူခဲ့ရန် ကျောင်းအမကြီးက ခိုင်းလို့ ပြန်လာခဲ့ရကြောင်း, “စာချဘုန်းကြီးကလဲ သားလို သဘောထားပြီး အားကိုးလို့ အပ်တာတောင် တာဝန်မယူချင်ဘူး”လို့ ကျောင်းအမကြီးက အပြစ်တင်စကား ပြောကြောင်း လျှောက်တော့ -
“သာသနာ့မျက်နှာကို ကြည့်ရမှာပဲ, ဒကာမကြီး မျက်နှာကိုတော့ မကြည့်နိုင်တာ အားတော့ နာပါရဲ့ အဲဒါ ပြန်ပြောလိုက်, မြှုပ်ထားတဲ့ ပစ္စည်းတွေလဲ ပြန်ယူသွားပါ”လို့ အမိန့်ရှိပါသည်၊
(ဒကာ-ဒကာမများ ၏ ပစ္စည်းများကို တာဝန်ယူပြီး သိမ်းဆည်းပေးခြင်းသည် ဝိနည်းတော်နှင့် ဆန့်ကျင်သောကိစ္စ ဖြစ်ပါသည်၊ တာဝန်ယူခွင့်ရှိသော အချို့ကိစ္စ များကား ရှိပါသေးသည်။ ကျောင်းအမကြီးက ဆရာတော်ကို “သား စာချဘုန်းကြီး” ကျန် ဦးပဉ္စင်းနှင့် ကိုရင်များကိုလည်း “သားဦးပဉ္စင်း, သားကိုရင် ”ဟု အမြဲ ခေါ်လေ့ရှိပါသည်၊ ကျောင်းတိုက်ဦးစီး အတိသုခဆရာတော်ဘုရားကြီး ရှိတော်မူ သေး၍ ဆရာတော်ကို “စာချဘုန်းကြီး”ဟု အများက ခေါ်ကြပါသည်။)
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်၊
ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့
ငါပါ အသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
သာသနာ့အရေး အသက်ပေး
အထက်ပါ သာသနာရေးနှင့် ပတ်သက်သည့် ခံယူချက်ကို လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်က စိတ်ရှိအတိုင်း ရေးခဲ့ခြင်း ဖြစ်ပါသည်။ ယင်းခံယူချက်ကို ရေးသား ရုံတွင်မက စိတ်ဓာတ် ပြင်းပြစွာဖြင့် အခါအားလျော်စွာ အကြိမ်ကြိမ် နှုတ်ဖြင့်လည်း ဖော်ထုတ်ခဲ့ပါသည်၊ ဆရာတော်၏ နောက်ဆုံး ဆောင်ရွက်ချက်များကို ကြည့်ရှုလျှင် အသက်ကို ပဓာနမထားဘဲ သာသနာ့အရေးကိုသာ ဦးလည်မသုံ ယုံကြည်ချက် အပြည့်အဝ ကျင့်သုံးသွားပုံမှာ အများအသိပင် ဖြစ်ပါသည်။
လောကဓံ မုန်တိုင်းလည်း ဆရာတော်အတွက်မှာ အပြင်းထန်ဆုံးနှင့် အကြိမ်ပေါင်း များစွာ တွေ့ကြုံခဲ့ရပါသည်။ ယင်းသို့ တွေ့ကြုံရသော်လည်း မြင့်သော သစ်ပင်သည် လေမိုးဒဏ်ကို အများဆုံးခံရသလို သဘောထား၍ မဖြုံတမ်း အပြုံးမျက်နှာဖြင့် အခွင့်သင့်သလို ကြံ့ကြံ့ခံခဲ့ပါသည်။ ဆရာတော်၏ သာသနာရေးနှင့် စပ်သော ကံကလည်း “နှိပ်လေ ထလေ, ဖိလေ ကြွလေ, ဘောလုံးပမာ မြေပေါ်မှာ နာနာ ပေါက်လေ မြင့်မြင့် တက်လေ” ဆိုရမည်ကဲ့သို့ ရှိပါသည်။
ဗုဒ္ဓအပေါ် ယုံကြည်ချက်
ဘုရားတည်းဟူသော နေမင်း မထွန်းပေါ်လျှင်, ဘုရားတည်းဟူသော လမင်း မထွန်းလင်းလျှင် ပရမတ္ထ သဘာဝဖြစ်သော ကုသိုလ် အကုသိုလ် ရုပ်နာမ် ဓမ္မတို့ကို ခွဲခြား၍ အသေးစိတ် သိဖို့ကို မဆိုထားဘိ, နာမည်ကိုသော်မှ သိနိုင်ခွင့် ရကြမည် မဟုတ်ပါ။
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ မသိရ များလှ အပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘ၀ သိကြရ များလှ ကျေးဇူးတွေ။
ဤမျှ မကသေးပါ -
“ဘိက္ခုတို့ ... ကိလေသာ ကုန်စင်၍ အစုံအလင် သိမြင်တော်မူနိုင်စွမ်းသော “တထာဂတ” အမည်ရသည့် ပုဂ္ဂိုလ်တစ်ဆူ ဖြစ်ထွန်းတော်မူလာခြင်းကြောင့် လောကမှာ (သတ္တဝါတွေမှာ) အလွန် စူးရှ၍ ကြီးမားလှသော ဉာဏ်စက္ခုနှင့် လွန်စွာ တောက်ပြောင်သော ဉာဏ်ရောင်အလင်း ပေါ်ထင်းလာပေသည်၊ (ဧကင်္ဂုတ္တရ - ဧကပုဂ္ဂလဝဂ်, ၆ သုတ်)”
ဤစကားတော်အရ သတ္တလောကမှ တုနှိုင်း၍ မရလောက်အောင် အသိဉာဏ်တွေ ညွန်ပေးသည့်အတွက် အားရကျေနပ်လှသောကြောင့် မည်သည့် လောကဓံကိုမျှ အရေးမထားဘဲ ဗုဒ္ဓရှင်တော်မြတ် အပေါ်၌သာ အမြဲတမ်း တစ်သမတ်တည်း ကြည်ညိုလေးစားစွာ ယုံကြည်မှု ရှိပါသည်။
ဗုဒ္ဓ၏ ကျေးဇူးတော်
ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာခြင်းကြောင့် နတ်လူတို့မှာ ပင်ကိုမျက်စိဖြင့် မမြင်နိုင်, မူလစိတ်ဖြင့် ခွဲကျိတ်၍ မသိနိုင်သော အကြောင်းအရာများကို ကောင်းကောင်း သဘောပေါက်အောင် ခွဲခြား သိမြင်ခွင့် ရရှိကြပါသည်။ ယင်းသို့ သိမြင်ခွင့် ရကြသည့်အတွက် ဗုဒ္ဓရှင်တော်မြတ်ကို “သတ္တဝါများ၏ ဉာဏ်မျက်လုံး ဉာဏ်အလင်းရောင်ကြီး”ဟု တင်စား၍ ခေါ်ဆိုရပါမည်၊
ဗုဒ္ဓရှင်တော်မြတ် တည်းဟူသော ဉာဏ်မျက်လုံး, ဉာဏ်အလင်းရောင် ဟပ်သဖြင့် သတ္တဝါတို့၏ သန္တာန်မှာလည်း ဉာဏ်မျက်စိ အကြည်ဓာတ် စူးရှဖောက်ထွင်း၍ မြင်နိုင်စွမ်းသည်အထိ ပွင့်လင်းလာရပေသည်၊ သတ္တဝါတို့၏ ဗုဒ္ဓရှင်တော်မြတ် တည်းဟူသော ဉာဏ်မျက်လုံးဖြင့် သိမြင်ရသော အကြောင်းအရာများမှာ-
(၁) သတ္တလောက,
(၂) ဩကာသလောက,
(၃) သင်္ခါရလောကများ ဖြစ်ကြပေသည်။
သတ္တလောက
သက်ရှိသတ္တဝါများကို “သတ္တလောက”ဟု ခေါ်သည်။ ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော် မမူမီအချိန်မှာ သက်ရှိသတ္တဝါဟူသည် လူနှင့် ကုန်းသတ္တဝါ, ရေနေသတ္တဝါများသာ ရှိသည်”ဟု ထင်မှတ်နေကြလေသည်၊ ဗုဒ္ဓရှင်တော် ပွင့်ထွန်းပေါ်လာတော် မူခြင်းကြောင့် ဉာဏ်အလင်းရောင် ပွင့်လင်း၍ သိမြင် ကြရသည်ကား ဤမျှမက “ငရဲသား, ပြိတ္တာ, နတ်, ဗြဟ္မာ”ဟူသော သတ္တဝါတွေ ရှိကြပါသေးကလား-ဟု သတ္တလောကကြီးကို ချဲ့ထွင်၍ သိခွင့်ရကြလေသည်။ (“ကုန်းနေ သတ္တဝါ အမျိုးပေါင်း ကိုးကုဋေ၊ ရေနေ သတ္တဝါ အမျိုးပေါင်း ဆယ်ကုဋေ ရှိသည်”ဟု အဆိုရှိသည်။)
ဩကာသလောက
သတ္တဝါတို့၏ တည်နေရာ ကမ္ဘာလောကဓာတ်ကြီးကို “ဩကာသလောက” ဟု ခေါ်သည်။ ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော် မမူမီ အချိန်ဝယ် “သက်ရှိ သတ္တဝါတို့၏ တည်နေရာ, သက်မဲ့ဖြစ်သော သစ်ပင်, တော, ကောင်, ရေ, မြေ, မီး စသော အရာဝတ္ထုတို့၏ တည်နေရာ ကမ္ဘာလောကသည် မြေပုံတွင် မြင်ရသလောက်သာ ရှိသည်”ဟု မှတ်ထင်နေကြလေသည်။
ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာခြင်းကြောင့် ဉာဏ်အလင်းရောင် ထင်လင်းလာ သဖြင့် သိကြရသည်ကား - “ဤကမ္ဘာမြေကြီး၏ အတွင်း၌ လည်းကောင်း, ကောင်းကင်၌ လည်းကောင်း, သတ္တဝါတို့၏ တည်နေရာ ဩကာသလောက ရှိပါသေးကလား၊ ဤကမ္ဘာလောကကဲ့သို့ အခြားသော ကမ္ဘာလောကတွေ သတ္တဝါ တွေနှင့်အတူ မြောက်မြားစွာ တည်ရှိနေကြပါသေးကလား”ဟု အမြင် ကျယ်ကျယ်ဖြင့် ချဲ့ထွင် သိခွင့်ရကြပြန်ပါသည်။
[ငရဲပြည်သည် မြေကြီး၏ အတွင်း (အောက်)၌ ရှိ၍, နတ်ပြည် ဗြဟ္မာပြည်များကား ကောင်းကင်၌ တည်ရှိကြသည်။]
သင်္ခါရလောက
ရုပ်နာမ်တရားများကို “သင်္ခါရလောက”ဟု ခေါ်သည်။ ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော် မမူမီအချိန်ဝယ် “ငါ, သူ, ယောက်ျား, မိန်းမ, သစ်ပင်, တော, တောင်, ရေ, မြေ, လေ, မီး”စသော ဓာတ်သဘာဝများကို အကောင်အထည်အဖြစ် အတုံးအခဲ အဖြစ်ဖြင့်သာ မှတ်ထင်နေကြလေသည်၊
ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာခြင်းကြောင့် ရရှိသည့် ဉာဏ်မျက်စိ အလင်းရောင်ဖြင့် ကြည့်ရှုသောအခါ “အကောင်အထည် မဟုတ်, အတုံး အခဲ မဟုတ်, သက်ရှိသတ္တဝါ ဟူ၍ အကြောင်းအားလျော်စွာ ပေါင်းစပ်နေသော ရုပ်နာမ် တွေသာဖြစ်သည်, သက်မဲ့ဖြစ်သော သစ်ပင်, တော, တောင်, ရေမြေလေ, မီးစသည်တို့လည်း အကြောင်း အားလျော်စွာ အဆက်မပြတ် ဖြစ်နေသော ရုပ်ကလာပ် အမှုန့်အစုတွေသာဖြစ်သည်။ အတ္တမရှိ သူမရှိ ငါမရှိ ”ဟု စစ်မှန်သော သင်္ခါရလောကကြီးကို ဉာဏ်မျက်စိ အရောင်အလင်းဖြင့် ချဲ့ထွင်၍ အကျယ်တဝင့် သိခွင့်ရရှိကြပါသည်။
ဤမျှသာ မကသေးပါ, အချို့က “သတ္တဝါများ သေပြီးနောက် ဘဝရှိသေးသည်, အချို့ကား ဘဝမရှိတော့”ဟု မရေမရာဖြင့်သာ နေကြရ၍, အသေအချာ သိခွင့် မရကြပါ၊ ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာခြင်းကြောင့် “အဝိဇ္ဇာ-တဏှာ ကုန်ခန်း၍ ရဟန္တာဖြစ်မှသာ သံသရာအဆက် ပြတ်ပြီး ဘဝကုန်ဆုံးကြောင်း” အတိအကျ သိကြရပါသည်။
ဤသို့စသော ဂုဏ်တော် ကျေးဇူးတော်တွေကြောင့် ဗုဒ္ဓအပေါ် ယုံကြည်ကိုးစား အားထားသောစိတ်ဖြင့် အသက်ပါ နှင်း၍ ဆည်းကပ် ကိုးကွယ်ခြင်း ဖြစ်ပါသည်။ ဆရာတော်၏စိတ်ဓာတ်မှာ ဗုဒ္ဓအပေါ်၌ ဤမျှသာမက, ရေးပြ၍ပင် မကုန်နိုင် လောက်အောင် ယုံကြည်ချက်များအပြင် အမျိုးသားစိတ်ဓာတ်လည်း အပြည့်အဝ ရှိကြောင်းကို “အနာဂတ် သာသနာရေး”စသော ကျမ်းစာများနှင့် “တစ်ဘ၀ သံသရာ” ဤ ကျမ်းစာကို လေ့လာသော အားဖြင့်လည်းကောင်း, တွေ့ကြုံ ဆုံဆည်းချိန်များ၌ ကိုယ်တော်တိုင် ဟောပြောချက်များဖြင့်လည်းကောင်း မှန်းဆ နိုင်ကြပါသည်။
ယင်းကဲ့သို့ အမျိုးဘာသာ သာသနာ ကြီးပွား ကောင်းစားရေး စိတ်ဓာတ်ဖြင့် ထုံမွှမ်း ထားအပ်သော ဤခန္ဓာကိုယ်သည် မည်မျှပင် ပင်ပန်း နွမ်းနယ်စေကာမူ, ယင်း ပင်ပန်း နွမ်းနယ်မှုကို ဂရုမပြု လစ်လျူရှုရုံမျှမက အသက်ကိုပင် ပဓာနမထားဘဲ ကဲ့ရဲ့မှု ချီးမွမ်းမှု လောကဓံတရားစုကို အခွင့်မပေး အရေးမထား ဇာနည်ဖွား ယောက်ျားပီပီ အလုပ်သဘော တောက်ပြောင် အောင်မြင်မှုကိုသာ “တစ်ခုတည်း သောလမ်းစဉ်”ဟု လေးနက်သော ယုံကြည်မှုဖြင့် ဆုံးဖြတ်ချက် ချကာ ကြီးစွာသော ဇွဲလုံ့လကို အဖော်သဟဲပြုလျက် ပျော်ပျော်ကြီး ဆောင်ရွက်တော်မူခဲ့ခြင်းသည် သာသနာ့ သမိုင်းစဉ်မှာ ရဲရဲကြီး သာဓက တင်နိုင်ခဲ့ပါသည်။
ဆရာတော်သည် ငယ်ရွယ်စဉ်ကပင် အမျိုးဘာသာ သာသနာရေးကိုသာ ရှေးရှုလျက် တစ်ဘဝ ကောင်းစားရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စကို ကျောခိုင်းကာ မိမိ ဉာဏ်မီသလောက် အခါအခွင့် သင့်သလို တပည့်များအား ညွှန်ကြားမှုဖြင့် ဉာဏ် အလင်းရောင်ပေးကာ နေ့မအား ညမအား ရေးသားဟောပြောမှု ပြုရုံတွင်မက, ကိုယ်တိုင်လည်း စံထား၍ ပညာပေး သင်္ခန်းစာ အနေဖြင့် ကျင့်သုံးခဲ့ပါသည်၊
ပင်ပန်းနွမ်းနယ်မှုကို အရေးမထား အများအကျိုးကို ရှေးရှု ရေးသားအပ်ခဲ့သော ကျမ်းစာများ၏ အရေအတွက်မှာ အထင်အရှားအားဖြင့် (၆၃)ကျမ်း, အရွယ်မျိုးစုံ စာမျက်နှာအားဖြင့် ၄၀ဝဝဝ (လေးသောင်း) ကျော်ခန့် ရှိပါသည်။
အမျိုးဘာသာ သာသနာကျိုးအတွက် ပြုစုတော်မူခဲ့သော ဆရာတော်၏ ကျမ်းစာများ
- ရတနာ့ဂုဏ်ရည်
- အခြေပြုသင်္ဂြိုဟ်
- အခြေပြုသဒ္ဒါ
- သင်္ဂြိုဟ်ဘာသာဋီကာ
- ဝီထိနှင့်သုံးချက်စု ဘာသာဋီကာ
- ကိုယ်ကျင့်အဘိဓမ္မာ
- ပါတိမောက်ဘာသာဋီကာ
- ရူပသိဒ္ဓိဘာသာဋီကာ (ပ)
- ရူပသိဒ္ဓိဘာသာဋီကာ (ဒု)
- ကစ္စည်းဘာသာဋီကာ (ပ)
- ကစ္စည်းဘာသာဋီကာ (ဒု)
- အနာဂတ်သာသနာရေး စစ်တပ်တရားတော်
- ရုပ်ပုံရှင်ကျင့်ဝတ်
- အခြေပြုမင်္ဂလသုတ်
- ဗြဟ္မဇာလသုတ် မြန်မာပြန်
- သာမညဖလသုတ် မြန်မာပြန်
- ဗုဒ္ဓဝင်အမေးအဖြေ
- ပါဠိသိက္ခာနှင့် သဒ္ဒါကျဉ်း
- ဘုရားဥပဒေတော်ကြီး
- ဘာသာသွေး
- နိုင်ငံတော်အစိုးရ ဗုဒ္ဓဘာသာ သင်ခန်းစာ
- ဘာသာရေးပြဿနာနှင့်
- ဝိုင်-အမ်-ဘီ-အေ ဗုဒ္ဓဘာသာ သင်ခန်းစာ မူလတန်း၊ အလယ်တန်း
- အလင်္ကာဘာသာဋီကာ
- ကင်္ခါဘာသာဋီကာ(ပ)
- ကင်္ခါဘာသာဋီကာ(ဒု)
- ဘေဒစိန္တာနှင့် ကစ္စယနသာရသာဋီကာ
- ဋီကာကျော်နိဿယ
- ခုဒ္ဒသိက္ခာဘာသာဋီကာ
- ရုပ်စုံဗုဒ္ဓဝင်
- ဗုဒ္ဓါနုဿတိဘာဝနာ
- ပါရာဇိကဏ်ဘာသာဋီကာ(ပ)
- ပါရာဇိကဏ်ဘာသာဋီကာ(ဒု)
- ပါရာဇိကဏ်ဘာသာဋီကာ(တ)
- ပါရာဇိကဏ်ဘာသာဋီကာ(စ)
- ပါစိတ်ဘာသာဋီကာ
- မဟာဝါဘာသာဋီကာ
- စူဠဝါဘာသာဋီကာ
- ပရိဝါရဝဂ္ဂဘာသာဋီကာ
- သီလက္ခန်ဘာသာဋီကာ (ပ)
- သီလက္ခန်ဘာသာဋီကာ (ဒု)
- သီလက္ခန်ဘာသာဋီကာ (တ)
- သီလက္ခန်ဘာသာဋီကာ (စ)
- အဋ္ဌသာလိနီဘာသာဋီကာ (ပ)
- အဋ္ဌသာလိနီဘာသာဋီကာ (ဒု)
- အဋ္ဌသာလိနီဘာသာဋီကာ (တ)
- အဋ္ဌသာလိနီဘာသာဋီကာ (စ)
- သမ္မောဟဝိနောဒနီသာဋီကာ (ပ)
- သမ္မောဟဝိနောဒနီသာဋီကာ (ဒု)
- သမ္မောဟဝိနောဒနီသာဋီကာ (တ)
- နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
- ပဉ္စပကြိုဏ်ဘာသာဋီကာ(ပ)
- ပဉ္စပကြိုဏ်ဘာသာဋီကာ(ဒု)
- ပဉ္စပကြိုဏ်ဘာသာဋီကာ(တ)
- သုတ်မဟာဝါဘာသာဋီကာ
- အဋ္ဌကထာအခြေပြု
- ကထာသလာပသိက္ခာ
- ဗုဒ္ဓဘာသာသင်္ခန်းစာလက်စွဲ
- ပဗ္ဗဇိတဒုလ္လဘကထာ
- လူချမ်းသာ
- သရဏဂုံနှင့်စပ်၍ မှတ်ဖွယ်
- အလယ်တန်းဘာသာရေး
- တစ်ဘဝသံသရာ
စုစုပေါင်း ၆၃-ကျမ်း ရှိပါသည်။
ဇွဲလုံ့လကြီးမားပုံ
ဆရာတော်သည် အမျိုးဘာသာ သာသနာရေးနှင့် ကြုံတွေ့လာလျှင် ပြင်းပြသော ဆန္ဒ၊ ကြီးမားသော ဇွဲလုံ့လဖြင့် ပြုမူဆောင်ရွက်ချက်များကို သာဓကတစ်ခုအနေဖြင့် တင်ပြရမည်ဆိုလျှင် ၁၃၀၅-ခုနှစ် ဒုတိယ ကမ္ဘာစစ်ကာလအတွင်းမှာ “ကစ္စည်း ဘာသာဋီကာ”ကျမ်းကို ရေးသား ပြုစုနေချိန်၌ ရက်ပေါင်း တော်တော်ကြာအောင် ငှက်ဖျားရောဂါ ကပ်ရောက်နေယင်းပင် ကျမ်းစာ ရေးသားမှုကို နေ့စဉ်မပြတ် ဆောင်ရွက်ခဲ့ပါသည်၊
တစ်နေ့သောအခါ တစ်ကိုယ်လုံး တုန်ခိုက်ပြီး အဖျားတက်နေ၍ ကလောင်တံကို လုံးဝ မကိုင်နိုင်လောက်သော အခြေရောက်နေသည့် အတွက် အိပ်ရာ ခုတင် (ခဋင်) ပေါ်မှာ တုန်တုန်ခိုက်ခိုက်နှင့် လဲလျောင်း နေရင်းပင် ရောဂါဒဏ်ကို ဖယ်ထား၍ ဆိုလိုသော အဓိပ္ပာယ်ကို နှုတ်ဖြင့် အစီအစဉ်အတိုင်း ပြောသွားသည်ကို ဤ စာရေးသူက နောက်မှ လိုက်၍ ရေးပေးခဲ့ရဘူးပါသည်၊
မိမိအတွက် သေရေး ရှင်ရေးတမျှ ခံစားနေရသော ရောဂါ ဝေဒနာဒဏ်ကို သာသနာရေး ဘာသာရေးလောက် ဂရုမပြု အမှုမထားဘဲ လစ်လျူရှုအား နိုင်ခြင်းသည် မည်မျှအထိ ဆန္ဒပြင်းပြပုံနှင့် ဤမျှသော ဇွဲလုံ့လ ကြီးမားပုံကို မှန်းဆ နိုင်ရန် ကိုယ်တွေ့အဖြစ်အပျက်ကို တင်ပြရပါသည်။ ကြီးမားသော ဇွဲလုံ့လပါပေ။
နောင်ရေးကို မျှော်တွေးထားပုံ
ဒုတိယ ကမ္ဘာစစ်အတွင်းကာလ ညဉ့်အချိန်များတွင် တစ်ဖက် စစ်လေယာဉ် များသည် မကြာမကြာ လာရောက်ဗုံးကြဲခြင်း, စက်သေနတ် ပစ်ခြင်းဖြင့် တိုက်ခိုက်လေ့ ရှိပါသည်၊
ဆရာတော်သည် တစ်ညသော အခါ ဤစာရေးသူနှင့်အတူ အခြား ဦးပဉ္စင်း တစ်ပါးအား စာအဓိပ္ပာယ် ပြောနေခိုက် ပတ်ဝန်းကျင် တစ်ဝိုက်၌ ဗုံးကြဲခြင်း, စက်သေနတ် ပစ်ခြင်းဖြင့် ရုန့်ရင်းဆံခတ် တိုက်ခိုက်နေရာ “ကြောက်လျှင် သွားကြ”ဟု ပြောရာ, မည်သူကမျှ ပြန်လျှောက်ခြင်း, ထသွားခြင်း မပြုကြသဖြင့် “မကြောက်ကြဘူးလား”ဟု မေးပါသည်။
ဤစာရေးသူက “ဘုန်းကြီးဘုရားကော မကြောက်ပါလား”ဟု ပြန်လျှောက်ရာ “ရှေး ဝိပါက်ပါလျှင် ကြောက်ပြီး တိမ်းရှောင် နေသော်လဲ လွတ်ချင်မှ လွတ်မှာ, အဲဒီတော့ ယခုလို ဘုရား တရားတော်များကိုပြောရင်း သေသွားယင် ကောင်းသောသေခြင်း ဖြစ်လို့ မြတ်တာပေါ့။ တကယ်လို့ ဗုံးဒဏ်-စက်သေနတ်ဒဏ်မှ လွတ်ယင် တိမ်းရှောင် နေသည့် အချိန်အတွင်း ရရှိမည့် ကုသိုလ်ပါရမီ ပြည့်မှုမှ မဆုံးရှုံးဘဲ အမြတ် အများကြီးထွက်လို့ ဘဝသံသရာ နောင်ရေးကို မျှော်တွေးမည် ဆိုပါက များစွာ တွက်ခြေကိုက်တာပေါ့”ဟု အမိန့်ရှိပါသည်။
အများကိုသာ “တိမ်းကြ ရှောင်ကြ”ဟု သတိပေးပြီး ကိုယ်တိုင်ကတော့ အများအားဖြင့် တိမ်းရှောင်ခြင်း သိပ်မရှိလှ၊ တစ်ခါတရံ ကြုံသလို သစ်ပင်ကြီးများ အနီးအပါး၌သာ ခေတ္တခဏလောက် အကာအကွယ် ယူနေရင်းဖြင့်ပင် ကိစ္စပြီးသွား၍, စာရေး-စာကြည့် မပျက်သည်သာ များပါသည်၊
ဤသည်ကား “သတ္တိကောင်းခြင်း, သမာဓိပြည့်စုံခြင်း၊ ဗုဒ္ဓအပေါ် လုံးဝပုံ၍ ယုံကြည်ခြင်း၏ အထိမ်းအမှတ် လက္ခဏာ”ဟု ဆိုရပါမည်။
အစားအသောက် သည်းခံပုံ
အစားအသောက်အတွက် သည်းခံမှုမှာလည်း နီးကပ်စွာ ဆက်ဆံဘူးကြသူတိုင်း အသိဖြစ်ပါလိမ့်မည်၊ ငယ်ရွယ်စဉ်ကပင် ထန်းလျက်တစ်ခဲ, ပဲလှော်တစ်ဆုပ်မျှဖြင့်ပင် ဆွမ်းတစ်နပ် ပြီးစီးအောင် ဘုဉ်းပေးနိုင်ခဲ့သော အကြိမ်များလည်း မနည်းပင် ရှိခဲ့ဘူး ပါသည်။ အရွယ်တော် ကြီးရင့်သောအခါ ဘုဉ်းပေးတော်မူပုံမှာ အခြားသူများ တစ်ကြိမ်မက နှစ်ကြိမ်ဆိုလျှင် ငြီးငွေ့ဖွယ် အစားအစာများဖြစ်သော ဆီမပါ ဆားမပါ ရေလုံပြုတ်သာသာ ဟင်းမျိုးဖြင့်သာ ဘုဉ်းပေးပါသည်။
“ကျမ်းမာရေးအတွက်ပါ”ဟု ပြောကြမည် ဖြစ်သော်လည်း ထိုသိုပြောကြသူများ သည်ပင် ကာလကြာမြင့်စွာ သည်းခံနိုင်ကြမည် မဟုတ်ပါ၊ အရေအတွက်ကလည်း နှစ်ခွက်ကပိုလျှင် အခြားစာချ ဘုန်ကြီးများထံသို့သာ ပို့စေပါသည်၊ ကိုယ်တိုင် ကတော့ အများအားဖြင့် နှစ်ခွက် (နှစ်မျိုး) လောက်သာ ဘုဉ်းပေးလေ့ရှိပါသည်။
တစ်ခါတစ်ရံမှာ“တို့တော့ ဝဋ်ပါလာဟန်တူပါရဲ့ ဘုန်းကြီးတို့သာ များများ ဘုန်းပေးကြပါ”ဟု တိုက်တွန်းလေ့ရှိပါသည်၊ ပျံလွန်တော်မမူမီ (၆) လောက်အချိန် ကစပြီး သက်သတ်လွတ် ဘုန်းပေးတော်မူခြင်း၏ အကြောင်းကို ဤစာအုပ် တစ်နေရာ၌ တွေ့ရှိရပါမည်။
ပရိဘောဂ ခြိုးခြံပုံ
အမြဲသတင်းသုံး နေထိုင်ရာ ကျောင်းမှာလည်း လက်ရှိ သုံးခန်းပတ်လည် ကျောင်းနိမ့် အငယ်စားသာ ဖြစ်ပါသည်။ (Comment မှာ ဓာတ်ပုံပါသည်။) နွေအခါ အပူရှိန် လွန်ကဲ၍ မနေနိုင်သောအခါ ကျောင်းအမိုးပေါ်မှာ ထန်းရွက်များဖြင့် ထပ်ဆင့်၍ မိုးပေးရပါသည်။ ဤကဲ့သို့ ထန်းရွက်များဖြင့် မိုးပေးသော်လည်း အပူရှိန် မြင့်နေပြန်သေးလျှင် ရေချိုးခန်းနှင့် တွဲထားသော ကုဋီတွင်း၌ ဝင်ရောက်နေလေ့ ရှိပါသည်။
ပျံလွန်တော်မမူမီ ရက်ပိုင်းအချိန်တွင် အအေးဒဏ် ခံနိုင်ရန် အနွေးစက်ကလေး တစ်ခုကို ဒကာမကြီးတစ်ယောက်က လာရောက် တပ်ဆင်ပေးရာ “အဲဒါဘာလဲ” ဟု မေးပါသည်။ “ဆရာတော် အေးမှာစိုးလို့ နွေးအောင် ပြုပေးတဲ့ စက်ပါဘုရား”ဟု လျှောက်ထားရာ “မလိုပါဘူး, နောင်လာနောင်သား ရဟန်းငယ် သာမဏေများက ဘုန်းကြီးများ ကောင်းကောင်းမွန်မွန် ဒီလို ခေတ်အသုံးအဆောင်များဖြင့် (ဇိမ်ခံ) နေကြခြင်းသည် ဘုန်းကြီးလောက ထုံးစံဘဲဟု-ထင်မှတ်နေကြလိမ့်မည်၊ ဒါကြောင့် ပြန်ယူသွားပါ”ဟု အမိန့်ရှိပါသည်။
ဤကဲ့သို့ ကိုယ်ချမ်းသာအောင် ကြံဆောင် ဖန်တည်း၍ (ဇိမ်ခံ) နေခြင်းသည် ကိုယ်ကျင့်သီလများ တိုးတက်အောင် ဖြည့်ဆည်းဖူးရာတွင် အဟန့်အတားသဖွယ် ဖြစ်နိုင်သည်ကို ကြိုတင် စဉ်းစားမိဟန် ရှိရုံတွင်မက, ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ချမ်းသာကို ခံစားခြင်း) အကျင့်သဘော သက်ရောက်သည်ဟု ယူဆ၍ ယင်း အကျင့်ဆိုးများကို ပယ်ချိုးနိုင်အောင် ကြိုးစားလျက် ပါရမီတစ်ခုအနေဖြင့် ကျင့်သုံးခဲ့ပါသည်၊
သတ္တဝါတိုင်း အကောင်းကြိုက်ခြင်း (ချမ်းချမ်းသာသာ နေလိုခြင်း) ကို အပြစ် မဆိုသော်လည်း ထိုအပြစ်ကို ပယ်နိုင်အောင် ကြိုးစားခြင်းသည်သာ ရှင်တော်မြတ် ဘုရား၏ အလိုတော်ကျဖြစ်၍ သူတော်ကောင်းများ နှစ်မြို့ဖွယ်ရာ ဖြစ်ပါလိမ့်မည်။
သေဖို့ပြင်ကြပါ
ဆရာတော်၏အနီးသို့ ရောက်လာသော ဒကာ-ဒကာမများနှင့် တပည့် သံဃာတော် များအား နေ့စဉ်နှင့်အမျှ အဓိကထားပြီး ဆုံးမတော်မူလေ့ ရှိသော စကားမှာ “သေဖို့ပြင်ကြပါ”ဟုပင် ဖြစ်ပါသည်၊
ဒါနမှုကို ထိုက်သည် အားလျော်စွာပြု၍ ကိုယ်ကျင့်သီလကိုတော့ အသေးအဖွဲကစပြီး ပြည့်စုံလုံလောက်အောင် ထိန်းသိမ်းကြဖို့ ဆုံးမတိုက်တွန်းလေ့ ရှိပါသည်။ ကိုယ်ကျင့် သီလ မရှိယင် (သီလပျက်ယင်) မည်မျှလောက်ကြီးမားသော ဒါနပင်ဖြစ်စေကာမူ အပါယ်လေးပါးသို့ မကျရောက်အောင် တားဆီးနိုင်မည် မဟုတ်ပါ၊
သီလပြည့်စုံလျှင် ဒါနပါသော်လည်း အပါယ်လေးပါးသို့ မကျရောက်နိုင်ကြောင်း အထောက်အထားပေါင်း မြောက်မြားစွာပြ၍ ဟောပြောခြင်းသည် ကိုယ်ရေး ကိုယ်တာ သာမက ကိုယ်နှင့် ဆက်သွယ်သူများအတွက် (ပရဟိတ) သံသရာ နောင်ရေး စိတ်အေးဖို့ ကြီးလေးသော တာဝန်တစ်ရပ်-ဟု သဘောထားကြောင်း ရိပ်စားနိုင်ပါသည်။
ဒကာ-ဒကာမများ၏ကျေးဇူး
ဤသို့စသည်ဖြင့် ဗုဒ္ဓအပေါ်၌ ကိုးစားမှုနှင့်တကွ ဘဝသံသရာအတွက် လေးနက်သော ယုံကြည်ချက်ဖြင့် နေ့စဉ် ကျင့်သုံး ဆောင်ရွက်တော်မူပုံကို နောက်သားများ အတုယူ ကျင့်သုံးနိုင်ရန် ရည်သန်၍ အနည်းငယ် ဖော်ထုတ် ပြခြင်းသည် “ကုဟန-လပန”ခေါ် ပလွှားမှု အလျဉ်းမပါ, ရိုးသားသော စိတ်ထားဖြင့် အမှန်တရားကိုသာ ညွှန်ပြခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ အမျိုးဘာသာ သာသနာရေးကို ရှေးရှုလျက် ဆောင်ရွက်ချက်ကို အားပေး ကူညီသောအားဖြင့် လည်းကောင်း, မဂ်ဖိုလ် နိဗ္ဗာန်ကိုရရန် ရည်မျှော်၍ လည်းကောင်း ကုသိုလ်ကောင်းမှု ဒါနစုကို ပါဝင်ပြုကြသည့် အလျောက် သံဃာ့ ပရိတ်သတ်များ အတွက် စား-ဝတ်-နေရေး ကျန်းမာရေး-ဟုဆိုအပ်သော, အဆောက်အဦ-ခဲဖွယ် ဘောဇဉ်နှင့် သင်္ကန်းစသော ပရိက္ခရာ အသုံးအဆောင် များကို ကျောင်းဒကာ ကျောင်းအမများနှင့် အနယ်နယ် အရပ်ရပ်မှ သာသနာ့ ဒါယကာ ဒါယိကာမများက နေ့စဉ် လှူဒါန်းနေသော ကောင်းမှုများကို ဇယား ချကြည့်လျှင် ကျေးဇူးဆပ်၍ မဆုံးနိုင်အောင်ပင် များပြားလှပါသည်။
ဥပမာ-ဆွမ်းတစ်မျိုး အတွက်ပင်လျှင် တန်ဖိုးထားကြည့်ပါက မည်မျှအထိ ကျေးဇူး ကြီးမားကြောင်း ကောင်းကောင်း တွေ့ရှိရပါမည်။ တစ်ပါးလျှင် တစ်နေ့စာ (နံက်ဆွမ်းနေ့ဆွမ်း) အတွက် (ငါးကျပ်)နှုန်းဖြင့်, သံဃာတော် (၆၀၀)၏ ဆွမ်းစရိတ် ကုန်ကျပ်ငွေမှာ ...
- (က) တစ်နေ့လျှင် ၆၀၀ x ၅ = ၃၀ဝဝိ (ကျပ်သုံးထောင်)၊
- (ခ) တစ်လလျှင် ၃၀၀၀ x ၃၀ = ၉၀၀ဝဝိ (ကျပ်ကိုးသောင်း)၊
- (ဂ) တစ်နှစ်လျှင် ၃၀၀၀ x ၃၆၅ = ၁,၀၉၅,ဝဝဝိ (ကျပ်ဆယ်သိန်း ကိုးသောင်း ငါးထောင်)၊
- (ဃ) ဆယ်နှစ်လျှင် ၁၀၉၅၀၀၀× ၁၀ = ၁၀,၉၅၀,၀၀ဝိ (ကျပ် တစ်ရာ့ ကိုးသိန်း ငါးသောင်း) ဖြစ်ပါသည်။
သံဃာတော်များ၏ ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ဤမဟာဂန္ဓာရုံ ကျောင်းဝိုင်း မြေမှာ ၁၆-ဧကကျော် ရှိ၍, အဆောက်အဦးများမှာလည်း (အငယ်စား-အလတ်စား-အကြီးစား) စုစုပေါင်း(၉၆)ခုရှိ၍ ကာလတန်ဖိုး အားဖြင့် သိန်းတစ်ရာကျော်ခန့်ဟု နားလည်သူများက ခန့်မှန်းကြပါသည်။
ဤမျှလောက် ကြီးလေးသော တာဝန်များကို ဘုရားသာသနာတော်၏ အသရေနှင့် အများအတွက် ထိန်းသိမ်း စောင့်ရှောက်ခဲ့သော ဆရာတော်နှင့် ကျေးဇူးရှင် ဒကာ-ဒကာမများ အပေါ်၌ မထောက်မထား ကိုယ်ကျင့်သီလကို မဖြည့်ဘဲ နေထိုင်ကြပါက မည်မျှအထိ တာဝန်ကြီးလေးကြောင်း မေ့စကောင်းသော ကိစ္စမဟုတ်ပါ။
ဆရာတော်သည် ဤမျှလောက် ထုထည်ကြီးမားလှသော သံဃာ့အဖွဲ့အစည်းနှင့် သာသနာ့ အဆောက်အဦးများကို ဘဝခရီး လှမ်းရင်းပင် နှစ်ပေါင်းများစွာ အားသွန် ခွန်စိုက် တည်ထောင်ခဲ့ရပုံကို လည်းကောင်း, ယင်းသို့ တည်ထောင် ဆောင်ရွက်လျက် ဘဝအတွေ့အကြုံ၊ လောကဓမ် အကြောင်းစုံကို တုန်လှုပ်ခြင်းမရှိ တစ်ခုတည်းသော ယုံကြည်ချက်ဖြင့် ကြံကြံခံကာ ရည်မှန်းချက်ပန်းတိုင်းသို့ မရောက်ရောက်အောင် တက်လှမ်း ခဲ့ရပုံကို လည်းကောင်း နောက်နှောင်းများ အတွက် ပညာပေး သင်္ခန်းစာ အနေဖြင့် မိမိ၏ ဘဝအကွေ့တိုင်း၌ တွေ့ကြုံခဲ့ရသော ဝဲဂယက်လှိုင်းဒဏ်ကို ရှောင်နိုင်-တိမ်းနိုင်-ရင်ဆိုင်နိုင်ရန် ရည်သန်၍ အမှားအမှန် နှစ်တန်သော အဖြစ် အပျက်ကို မကွယ်မဝှက် ထိန်ချန်ချက်မရှိ ပကတိ သဘောအတိုင်း ပွင့်ပွင့်လင်းလင်း ကိုယ်တော်တိုင်ရေး၍ မှတ်တမ်း တင်ခဲ့ပါသည်။
ယင်းမှတ်တမ်းကို လေ့လာကာ မိမိတို့အတွက်လည်း ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ပြီးလျှင် အမျိုး ဘာသာ သာသနာ ထွန်းလင်းရေးကို အလေးထားကာ...
“ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့
ငါပါ အသက်ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်”
ဟူသော ဆရာတော်၏ ဓိဋ္ဌာန်ချက်ကို အသက်ပါပါ လှုပ်ရှားမှု အပြည့်အဝဖြင့် တက်တက်ကြွကြွ ရွတ်ဆိုပြီး“နောက်ပဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်”ဟူသော ဓိဋ္ဌာန်ချက်၏ နောက်၌“တို့လဲ ကြိုးစားမည်”ဟူသော ကြွေးကြော်သံဖြင့် ကျန်းမာပျော်ရွှင်စွာ သစ္စာမဏ္ဍိုင်ကို တူပြိုင်ပြိုင် စိုက်ထူ နိုင်ကြပါစေသော်။
အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသံသရာ
▬▬ஜ۩۞۩ஜ▬▬
အခြေခံ နိဒါန်း
▬▬▬▬▬
သော ဇာတော ယေန ဇာတေန,
ယာတိ ဝံသော သမုန္နတိံ၊
ပရိဝတ္တိနိသံသာရေ,
မရိတော ကော ဝါ န ဇာယတေ။
ဇာတေန - ရှေးကံအထူး ရှိခဲ့ဘူးသဖြင့် မီးရှူးသန့်စင် ဖွားမြင်၍ လာသော၊
ယေန ပုတ္တေန - ကျောက်ကောင်းတစ်လုံး ပမာသုံးသို့ တိုင်းလုံးထင်ရှား အကြင် သားကြောင့်၊
ဝံသော - ဆွေရင်းမျိုးချာ သူသူငါမျှ မကသယ်ကျုံး တစ်နယ်လုံးသည်၊
သမုန္နတိံ - အောက်တန်းကမြင့် အဆင့်ဆင့်ဖြင့် စွင့်စွင့်တက်လှမ်း အထက်တန်းသို့၊
ယာတိ - ယခုလည်းကောင်း နောင်လည်း ကောင်းလျက် ကောင်းကောင်းပုံသေ ရောက်နိုင်ပေ၏။
သော ပုတ္တော - တစ်နွယ်လုံးပင် စုံအလင်ဖြင့် ဂုဏ်အင်ပွားကြောင်း ထို သားကောင်းသည်၊
ဇာတော - အမျိုးသားတို့ တိုးပွားဖို့ရာ မွေးဖွားသည်ဟု ဆိုထိုက်ပါပေ၏၊
ပရိဝတ္တိနိသံသာရေ - တပြောင်းပြန်ပြန် အဖန်ဖန်ဖြင့် မှန်မှန်ပြောင်းလွှဲ သံသရာထဲ၌၊
မရိတော - တစ်ဘဝဇာတ် အဆုံးသတ်၍ နေရပ်ရှောင်သွေ သေလေပြီးသော၊
ကော ဝါ - ဘယ်နတ် ဘယ်လူ အဘယ်သူသည်မူလည်း၊
န ဇာယတေ - ရုပ်သစ် နာမ်သစ် ခန္ဓာသစ်ဖြင့် အသစ်လဲကာ မဖြစ်ဘဲရှိပါအံ့နည်း။
[ဟိတောပဒေသ, ကထာမုခ(၁၅)။]
သားကောင်းတစ်ယောက်, ထွန်းပေါ်ပေါက်က, သူ့နောက်ဆွယ်ကျုံး တစ်နယ်လုံး လည်း, ကံဘုန်းဆင့်လှောက်, အမြင့်ရောက်၏၊ သို့လောက် နောက်ဖွား, ကျေးဇူး များမည့်, ထိုသားကိုသာ, ဖွားမြင်လာဟု, ကောင်းစွာ ကြိုဆီး, မြှောက်ပင့်ချီးလော၊ သေပြီးတဖန် မွေးဖွားရန်, မွေးဖွားရန်ကား ဤသံသရာ, ဓမ္မတာမို့ သာမညမှ မွေးရုံမျှဖြင့် အားရချီးမြှင့် မမြှောက်သင့်သည်, သူနှင့် ငါနှင့် တူရုံကိုး။
သံသရာ
▬▬▬▬▬
“သံ=ဆက်စပ်၍ + သရ=ဖြစ်ခြင်း” ဟူသော ပါဠိစကားကို “သံသရာ” ဟု ခေါ်ကြ၏၊ ထို့ကြောင့် ရုပ်ခန္ဓာအစဉ် နာမ်ခန္ဓာအစဉ်တို့၏ အဆက်မပြတ်အောင် ဆက်၍ဆက်၍ ဖြစ်နေသောအစဉ်ကို “သံသရာ” ဟု မှတ်ပါ၊ သတ္တဝါတစ်ယောက် အတွက် ဘဝများစွာ ထိုသံသရာသည် မရေမတွက်နိုင်အောင် ကြာခဲ့လေပြီ၊ ကံတစ်ခုဖြင့် ပိုင်းခြား၍ ပြောရလျှင် တော်ဘဝ၌ ပဋိသန္ဓေဟု ခေါ်အပ်သော ရုပ်နာမ်မှစ၍ စုတေသည့် ရုပ်နာမ်တိုင်အောင် ဖြစ်နေသော အစဉ်ကိုလည်း “တစ်ဘ၀ (တစ်သံသရာ)” ဟု ခေါ်နိုင်ပါသည်။
စဉ်းစားခဲ့ခြင်း
▬▬▬▬▬
မိမိသည် အလွန် ငယ်ရွယ်စဉ် အခါဝယ် အဘိုးထံမှလည်းကောင်း, ဘုန်းတော်ကြီး ကျောင်းသို့ ရောက်သောအခါ ဆရာသမားများ၏ အထံမှ လည်းကောင်း ရှေး သူတော်ကောင်း သူမြတ်လောင်းတို့၏ နုစဉ် အခါတုန်းက အဖြစ်တော်စဉ်များကို ကြားရ၏။
ထိုသို့ ကြားရသောအခါ မိမိ၏ ရှေးရှေးဘဝက ဖြစ်ခဲ့သော အစဉ်များကို လည်းကောင်း, အထူးအားဖြင့် လွန်ခဲ့သောဘဝက ဖြစ်စဉ်ကို လည်းကောင်း အလွန် သိလိုသောဆန္ဒ ဖြစ်ခဲ့ပါသည်၊ ထို ဆန္ဒအလျောက် ရှေ့ဘဝ ဖြစ်စဉ်ကို တွေး၍ တွေး၍ ကြည့်၏, ဘာမျှ မပေါ်လာပါ၊ “နတ်များက အိပ်မက်ပေးတတ်သည်”ဟု ကြားဖူးသောကြောင့် တစ်ရံတစ်ခါ အိပ်မက် မက်ဖို့ရန် တောင့်တ၍ အိပ်၏, မက်ကား မမက်ခဲ့ပါ။
ယခုဘဝ
▬▬▬▬▬
ဤသို့ တောင့်တပါလျက် ရှေးဘဝက အကြောင်းအရာကိုမျှ မသိရသောအခါ မိမိဉာဏ်ကို မကျေနပ်သလို ဖြစ်ရပါသည်၊ သို့သော် ယခုတစ်ဘဝ အကြောင်းအရာ ကိုကား တော်များစွာပင် မှတ်မိနေ၏။ ဤသို့ မှတ်မိသမျှကို ပြန်၍စဉ်းစားသောအခါ “တစ်ဘဝ သံသရာ” သည်ပင် ဝတ္ထုဇာတ်လမ်းပမာ ဝမ်းသာ ဝမ်းနည်း ဖြစ်စရာ တွေနှင့် အားတက်စရာ သံဝေဂ ရစရာတွေ ရောပြွမ်း၍ နေသည်ကို တွေ့ရပါသည်၊ ထို့ကြောင့် ရေး၍ ပြနိုင်သော ယခုတစ်ဘဝ အကြောင်းအရာကိုသာ ရေးပြရပါတော့မည်။
ကိုယ်တိုင်ရေးရခြင်း
▬▬▬▬▬▬▬
ပုဂ္ဂိုလ်တစ်ပါး၏ အကြောင်းအရာကို အခြားပုဂ္ဂိုလ် တစ်ပါးက ရေးသားရာ၌ ထင်ရှားသော အကြောင်းအရာကိုသာ ရေးသားနိုင်ပါ၏၊ ထိုထင်ရှားသော အကြောင်းအရာသို့ ရောက်ဖို့ရန် နေ့စဉ်ရက်ဆက် ထူထောင်ရသော, မထင်ရှားသော ဉာဏ် ဝီရိယအကြောင်း အရာကိုကား မရေးသားနိုင်ပါ၊
နောင်လာနောက်သားတို့ အတုယူဖွယ် အကြောင်းအရာမှာ ကြီးကျယ်ခြင်းမဟုတ်ဘဲ ထိုအဆင့်သို့ရောက်ဖို့ရန် ကြိုးစားရသော ဉာဏ် ဝီရိယအလုပ်သာ ဖြစ်ပါသည်၊ ထိုဉာဏ် ဝီရိယ အကြောင်းအရာသည် နောင်လာ နောက်သားတို့အတွက် လမ်းညွှန်နိုင်ပါသည်။ ထို့ကြောင့် မိမိသေပြီးမှ အမွှန်းတင်၍ အတ္ထုပ္ပတ္တိရေးခြင်းကို မလိုလားသည့်အတွက် မိမိ၏ အကောင်းအဆိုး အကြောင်းအမျိုးမျိုးကို ကိုယ်တိုင် ရေးပြရပါသည်။
အကျဉ်းချုပ် အစီအစဉ်
▬▬▬▬▬▬▬▬▬
ပုဂ္ဂိုလ်တစ်ယောက်၏ စိတ်နေစိတ်ထား ဖြစ်ရပုံသည် တိုင်းပြည် နိုင်ငံနှင့်လည်း ဆက်သွယ်၏၊ မွေးရာ နယ်ပယ်ဒေသနှင့်လည်း ဆက်သွယ်၏၊ မွေးရာဌာန ရပ်ရွာနှင့်လည်း ဆက်သွယ်၏၊ မိဘမျိုးရိုးနှင့်လည်း ဆက်သွယ်၏၊ ဆရာသမားများ နှင့်လည်း ဆက်သွယ်၏။ ထို စိတ်နေစိတ်ထား အတိုင်းပင် ဉာဏ ဝီရိယများလည်း ဖြစ်ပေါ်ရ၏။ ဉာဏ် ဝီရိယ ကောင်း မကောင်း လိုက်၍လည်း တိုးတက်မှု ဆုတ်ယုတ်မှု ဖြစ်ရ၏၊ ထို့ကြောင့် မိမိ အကြောင်းအရာကို ပြရာ၌ တိုင်းပြည်နိုင်ငံမှ စ၍ အခြေခံအဖြစ်ဖြင့် ပြရပါလိမ့်မည်၊
[ထိုသို့ ပြရာ၌ သာ၍ရှင်းအောင် “ဥုးဓမ္မဂုတ္တ”ဟု မှည့်ထားအပ်သော နိမ္မိတ (ဖန်ဆင်းအပ်သော) ရဟန်း တစ်ပါးက မေးသည့်ဟန်ဖြင့် ရေးသားပါမည်၊ ဓမ္မ-တရားလမ်းမှန်ကို + ဂုတ္တ-စောင့်ရှောက်သော ပုဂ္ဂိုလ်။]
ကိုယ်တော်တိုင် ဟောရိုး
▬▬▬▬▬▬▬▬▬
ကိလေသာ ကုန်ခမ်း၍ ဘဝလမ်း အဆုံးသို့ ရောက်တော်မူကြသော ဘုရား ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာဖြစ်ပြီးသော ထေရာ ထေရီ အလီလီသော ယောက်ျားမွန် မိန်းမမြတ်တို့သည် မိမိတို့၏ အတ္ထုပ္ပတ် ဖြစ်စဉ်ကို နောင်လာ နောက်သားတို့ အတုယူရစ် ရှောင်ကြဉ်ရစ်ကြဖို့ရန် အပဒါန် ပါဠိတော်ဝယ် ဟောဖော် ထုတ်ပြတော် မူကြပေသည်၊ ထိုအရှင်မြတ်တို့၏ ထုံးကို နှလုံးသွင်းကာ ထို အရှင်မြတ်တို့အား လွန်စွာရိုကျိုး ဦးနှိမ်ချိုး၍ ရှိခိုးကန်တော့ပါသည်။
အချုပ်
▬▬▬▬▬
ရှင်တော်ဘုရား, ထေရ်အများတို့, ရှည်လျားဖြစ်စဉ်, မှတ်တမ်းတင်ဖို့, ကြည်လင် မိန့်သံ, အပဒါန်ကို, နာခံရထုံး, စိတ်ဝယ်သုံးလျက်, နှလုံးရွှင်ပျ, ဦးတင်သ၍, တစ်ဘဝတွင်, ကိုယ့်ဖြစ်စဉ်ကို, စာတွင်ကျန, တင်ကာပြပိမ့်, နှောင်းထ ရှင် လူ, လိုရာယူသည် ... မတူ ကျိုးကြောင်း ဖုံဖုံတည်း။
အရှင်ဇနကာဘိဝံသ
သာသနာ ၂၅၁၃
ကောဇာ ၁၃၃၁
ပြာသိုလ
တစ်ဘဝသံသရာ - မာတိကာ
▬ஜ۩۞۩ஜ▬
▬▬▬▬
၁။ လူ့ဘဝ - လူ့ခန္ဓာ
- လူ့ဘဝကို ရွေးလိုခြင်း
- အပျော်လွန်လို့ နတ်တွေသေ
- လူ့အလှ၌ သံဝေဂ
- လူ့ပြည်မှာ ပါရမီဖြည့်စရာများ
- ရန်သူရှိမှ ခန္တီ ပြည့်
- နတ်ထက်လူကသာပုံ
၂။ အမိမြန်မာပြည်
- မြန်မာနိုင်ငံက သာပုံ
- အဘိဓမ္မာ မြင့်ပုံ
- ကိုယ်ကျင့် မမြင့်ပုံ
၃။ ပြည်ရွှေဘို - ပြည်ရွှေဘို
- အထက်-အောက်ပျော်စရာတစ်မျိုးစီ
- ရွှေဘိုသွေး
- အခြားဘာသာကို အထင်မသေး
၄။ ရွာရွှေရိုင် - ရွာရွှေရိုင်
- တစ်ရွာလုံး အဆင့်အတန်းမြင့်ပုံ
- မောင်နှမ ဝမ်းကွဲချင်း လက်ထပ်
- သိပ်ရွံစရာကောင်းတယ်
- ဆရာတော်ကြီးများရဲ့ သြဝါဒ
- ရှေးလူကြီးများ ယဉ်ကျေးပုံ
- ရဟန္တာနဲ့ သိမ်တော်
- မောင်ရင်ဈာန်ရဘုရား
- အမျိုးထုံးစံ
- အဖေဖက် ဆွေမျိုးများ
- အမေ့ဖက် ဆွေမျိုးများ
- ဘုရားဝိုင်း လေးဝိုင်း
- ဆွေမျိုးများရဲ့ ကျောင်း-ဘုရားများ
- လူမိုက်လဲထွက်တဲ့ အမျိုး
- စိန်ဗေဒါကြီးဆိုင်း ခဲကျ
- ပုညတိတ္ထရွာ
- အမျိုးတိမ်ကောပုံ
- ရွာဘွဲ့ ရတု
၅။ မွေးဖွားပြီးလစ် - ရွယ်ငါးနှစ်
- ဘိုးဘွား မိဘ
- ဇာတာ လက္ခဏာ
- အဖွားက အရေးပါပုံ
- ဘိုးနှင့် ဘိုးကြီး
- ဘိုးကြီးတစ်ယောက် တော်ပုံ
- အက ဝါသနာပါပုံ
- ဘိုးက စာသင်ပေး
- ရုပ်ကို ပြုပြင်နည်း
- ကလေးကို မစောင့်ရှောက်တတ်
- ကလေး နို့တိုက်ပုံ
- ရှေးလူကြီးများ ကံကောင်း
- ဆုတ်ကပ်ဆိုတာ
- ရှေးက ဆုံးမလေ့ရှိပုံ
- ကလေးဘဝက စဉ်းစားပုံ
- ငယ်ငယ်က အယူမှားတစ်မျိုး
- မိုးပေါ်မှာ လူရှိသလား
- ကျေးဇူးရှင်များ
- ရှင်ပြုဆိုတဲ့ အလှူ
- ထမ်းစင်ပေါ်ငိုက်
- အမျိုးကြီးမှာ ဖြစ်ရကျိုး
၆။ ငါးနှစ်ကျော်ဝယ် - ဆယ်နှစ်ရွယ်
- ကျောင်းနေချိန်
- မိဘများ ပစ္စည်း အညံ့ဆုံး
- အမျိုး ထုံးစံ
- တစ္ဆေ ကြောက်တတ်တယ်
- တစ္ဆေထက် ဆရာကို ပိုကြောက်
- သတ်ပုံ မှန်အောင် မရေးတတ်
- စာဖတ် ဝါသနာပါ
- ဘုန်းကြီးကျောင်းများ၌ ဂဏန်း သင်ခဲ့ပုံ
- လူ စာသင်ကျောင်း ပေါ်လာပုံ
- အခြေခံစာမေးပွဲ လုပ်ဖို့
- ဘုန်းကြီးစာသင်ကျောင်းများ ကွယ်ခဲ့ပုံ
- ကျောင်းရောက်မှ အသိတိုးပုံ
- ဉာဏ်ထက်အောင် အပ်လှူပုံ
- အလောင်းတော်များကို အားကျ
- မြန်မာသွေး ရှိခဲ့ပုံ
- ဥပုသ်မချိုးပါ
- ပီယသိဒ္ဓိ ကောင်းသတဲ့
- ဘုရားပွဲ မလိုက်ခဲ့
- ကံကောင်းလို့ မသေ
- အဆော့ဝါသနာ ပါတယ်
- မန္တလေးနေဖို့ ပထမရောက်
- ရွာပြန်ခဲ့ရ
- မီးငြိမ်းလို့ အပူလောင်
- ကစား အမျိုးမျိုး
- ဖဲရိုက် ဝါသနာ
၇။ ဆယ်နှစ်လွန်တစ် - ဆယ်ငါးနှစ်
- အဘယာရာမဆရာတော်နှင့် စ၍ တွေ့ပုံ
- သရိုင်သားရဲ့ ရုပ်လက္ခဏာတဲ့
- သဒ္ဓါတရား မရှိလျှင် အပါယ်ကျတတ်
- တူဝရီး သုံးယောက်ရဲ့ သာသနာဟာ
- နောက်တစ်ကြိမ် မန္တလေးရောက်
- ထမင်းစားရင်း ဝမ်းနည်း
- ပဲဖြူလေး ရှုံးလို့ အဖေ မွဲ
- ကုလားကြီး မုတ်ဆိတ်မုန့်
- ဒီဟာ ဒူးရင်းသီး
- စာမေးပွဲ ကျလို့ငို
- စာသင်နည်း မှန်ပြီ
- မြောင်းမြဆရာတော်လောင်းနဲ့ တွေ့
- ငိုက်တတ်တဲ့ ဝါသနာ
- ရှက်လိုက်တာ
- သေသွားပါတော့လို့ တောင်းတ
- ချစ်လို့ ပေးတာမှ စား
- အောက် မကျပါဘူး
- မန္တလေးအိမ် ဝယ်ဖို့ကြံ
- ဘုန်းကြီးများကို အထင်မသေးအောင်
- ပွဲဝါသနာ
- အလောင်းအစား ဝါသနာပါ
- စုံအောင်သင်ပေးကြ
- မဟာဂန္ဓာရုံဆရာတော်နဲ့ တွေ့
- ချမ်းအေးဆရာတော်ကြီးနဲ့ တွေ့
- ဆရာတော်၏နေရာ ဝင်သွားပုံ
- ငကင်းဆရာတော်ကို ဖူးရပုံ
- သိမ်ကျောင်းထဲက ဘော့ပွဲ
- အောက်ပြည်သွားခြင်း
- အပျော်ဆုံးရွာ
- အနှင်ခံရ
- မြောင်းမြဆရာတော်လောင်းက လိုက်ခေါ်
- ဝက်သက်ပေါက်
- ရထားကြီးရဲ့ အသံ
- ကျေးဇူးရှင်များကို ကန်တော့ခြင်း
- မိန်းမတွေနဲ့ ကြင်ပစ်တယ်
၈။ ဆယ့်ငါးလွန်ကြွယ် - သက်နှစ်ဆယ်
- ဘောလုံးဝါသနာ
- နတ်မြင်းပျံ စီးဖို့
- စာကို ချစ်လို့ ရွာကို ပစ်
- ဆရာတော်ပျံက ပွဲတွေနဲ့
- ခေါင်က မိုးမလုံ
- ရုက္ခမူချောင် ခေတ္တနေ
- ပလိပ်မြို့ ရွှေ့ကြရ
- တာဝန် မကျေသလိုထင်
- ကိုရင်ဘွဲ့ ရှင်ဇနကတဲ့
- ဝတ်ပုံ စားပုံပြင်
- ကိုရင်ဖြစ်တဲ့ ဝါတွင်း တရားဟော
- ငိုရာကလဲ တရားဟော
- ကထိန်ပွဲည တရားဟော
- ပစ္စည်းလေးပါး ဖိတ်တဲ့စာ
- တောင်သာဂိုဏ်း ဆေးကုနည်းရ
- ဘုန်းကြီးကျောင်း၌ အမျိုးသမီးများ မအိပ်သင့်
- ပလိပ်မြို့မှ ခွဲကြရပုံ
- ဓမ္မကထိက အောက်မကျို့ဘူး
- ဗေဒင် မေးပါတယ်
- အလှန်ချင်းဆုံ နှစ်ယောက်လုံး ရှက်ပြီး ပြေး
- လူပါ...လူပါဟု အော်လိုက်တာ
- စာမေးပွဲစိတ်
- ကျုပ်ကိုရင်က အကျော်အောင်မှာ
- ပခုက္ကူ ဝါဆိုရခြင်း
- ရှက်လွန်းလို့ ပြန်ပြေးခဲ့
- ငါ့မှာ ဘာ တန်ခိုးမှ မရှိ
- ဆရာတော်များ ညဉ့်တိုင်း စည်းဝေး
- တစ်နိုင်ငံလုံး တုပ်ကွေးဖြစ်
- ဇနကနှင့် ကေသရတို့ သေကြပြီလား
- ပထမကြီးအောင်
- ကိုရင် ရဲရဲသာ ဆို
- အဖိုးတန် စိန်တစ်လုံး လက်လွတ်သွား
- ဆရာတော်ကြီးနှစ်ပါး တိုင်ပင်
- ပလိပ်မြို့မှာ ရဟန်းဖြစ်
- အမရပူရမှာ ရဟန်းထပ်
- မဟာဂန္ဓာရုံဆရာတော် ပျံတော်မူ
- တောင်တန်းတစ်လျှောက်မှာ အရောင်တွေ
- စာရေးတံဆွမ်းကျမှ ဟင်းကောင်း စားရ
- တတိယအကြိမ် ရဟန်းထပ်
၉။ နှစ်ဆယ်လွန်ကယ် - သုံးဆယ်ရွယ်
- မင်းလောက် ဆင်းရဲရင် ငါမနေဘူး
- ငါ့မေတ္တာက ဘာစူးမှာတုန်း
- တပည့်တော်သဘောနဲ့ နေတာပါ
- ဟင်-ဇနကပါလားတဲ့
- ပြန်သိမ်းမည့်ဆရာ ရှိသလားတဲ့
- တစ်နေ့တည်း စာနှစ်ဝါ ဆိုရ
- စာပို့ကြီး လာပြီတဲ့
- နေ့ဆွမ်း ထန်းလျက်နဲ့ ရေနဲ့ ကျိုက်ချ
- ရပြီးစာကို မမေ့အောင်
- အထင်သေးမှာ စိုး
- မူလနေရာကို လေးစား
- နဝမ ကွန်ဖရင့်အချိန်
- မျက်စိဆေး ကုပုံ
- မန္တလေး နှစ်ရက် စာလိုက်
- ရဟန်းလောင်း ဆုံးမသင်ပေး
- ရွှေကျင်လား ဒွါရလား
- ရွှေကျင်ပေါ့ ဗျာတဲ့
- စာချမြှောက်ချိန်
- စုံထောက်လာတယ်
- တပည့်ဘာသာ စီစဉ်နိုင်ပြီတဲ့
- မြောင်းမြဆရာတော် အုပ်ချုပ်ပုံ
- ပခုက္ကူဆရာတော်များ အုပ်ချုပ်ပုံ
- သူတို့ကြောင့် ကြက်သီးထတယ်
- အဆိပ်ပြင်းသော နဂါးမကလေးများ
- အဆိပ်ဖြေ တေးထပ်
- ဖျော်ရည်ကလေးမျှ မသောက်ရ
- တစ်နိုင်ငံလုံးကို ကြည့်လေ့ရှိ
- မန္တလေးတော့ ဘာရလိမ့်မှာလဲတဲ့
- နှစ်နံပါတ်က အောင်ပါတယ်
- ဘယ်ဆီမှာ အတည်ဖြစ်ရပါ့
- ပခုက္ကူမှာ ပလိပ်ရောဂါဖြစ်
- ဇနကက နှင်နိုင်တယ်
- မင်းလဲ နက်ဖန် လိုက်သွားတော့
- တိုက်ကြီးနဲ့ ခွဲရတော့ ဝမ်းနည်း
- သီလရှင်ကလေး လာပင့်
- ဆန်းအဓိပ္ပာယ် ပြောပေးပါတဲ့
- “ကပ်-စာ-ထိုး”ရှောင်တဲ့
- ဟေမဝတနှင့် သာတာဂိရိချောင်
- အလင်္ကာအဓိပ္ပာယ် ပြောရ
- စာစီစာကုံး ပြပေးပါတဲ့
- တံခါးပိတ်ပြီး စာပြရ
- ပထမကျော်
- ပထမကျော်အောင်ဖို့ ဉာဏ်များကြပုံ
- နတ်မင်းများ ကူညီကြပုံ
- စိန်ကလေးတစ်လုံး ကြည့်စရာရှိလို့
- ရဟန်းအမနဲ့ အဆင်မပြေဘူး
- ဆင်ကသာ သွားတာတဲ့
- စာသိပ်ရတာကိုးတဲ့
- တစ်ညတော့ ကင်းကိုက်
- ပန်းရာကျော် ပူဇော်
- အောင်တေးထပ်
- ဘာကျွေးဖို့ လိုသေးတုန်းတဲ့
- အားလုံး ဖြေထားတယ်ကိုး
- သေလျှင်မြေကြီး ရှင် ရွှေထီး
- ဆဲချင်လိုက်တာ
- နိမိတ်ကောက်ချင်တယ်
- မျက်တွင်းတွေ ချိုင့်ကုန်ပြီတဲ့
- ရင်ထဲက လှပ်လှပ် လှပ်လှပ်
- စိတ်နာလို့ ရေးတဲ့တေးထပ်
- ပိုးခြင်ထောင်လားလို့
- သာ+ဇံကို နိမိတ်ကောက်ပုံ
- ကိုယ်တိုင် အတ္ထုပ္ပတ္တိရေး
- ပရိယတ္တိ (သကျသီဟ) အောင်
- အဘယာရာမတိုက် လိုက်ဖို့ဆုံးဖြတ်
- သက္ကတကို ဆိုရပါတယ်
- မေတ္တာဘာဝနာပို့
- ဗုဒ္ဓါနုဿတိ မေတ္တာ
- အောင်ပွဲဝင် ဘိနပ်နှင့် သင်္ကန်း
- ကျွန်းကုန်း သွားရပါတယ်
- ဆရာနှင့်တွေ့ မျက်ရည်ကျ
- သိမ်ထပ်ခွင့် မပြုပါ
- စာသင်တိုက်မှာသာ အလုပ်ရှိ
- ပြွန်တန်ဆာဝင်ရ
- ဘယ်နေရာမှ သတ္တိမကြောင်လို့
- ညီရဟန်းခံ ပစ္စည်းတွေ
- ဤ နှစ်မျိုးသာ သာသနာနေထိုက်
- ရှင်ချောင်-သေကြပ်
- ကျန်းမာရေး မကောင်းသေး
- သိပ် အသက်ရှည်မှာ မဟုတ်တဲ့
- သင်္ဂြိုဟ်ဘာသာဋီကာ စပြီးရေး
- သူဌေးမိခင်က ကျောင်းထိုင်ပင့်
- တစ်တက်စားလဲ ကြက်သွန်
- သာသနာသန့်ရှင်းဖို့ မလွယ်
၁၀။ သုံးဆယ်လွန်ကယ် - သက်လေးဆယ်
- ရထားတွဲပေါ်မှာ စဉ်းစား
- ကုသိုလ်ဆွေမျိုး နေ့စဉ်တိုး
- ကျောင်းဘွဲ့ ဂါထာ
- အာဟာရချို့တဲ့မှု
- နှင့်ဟာ ဟုတ်မှာလားတဲ့
- ကျွန်းကုန်းကျေးဇူးတင် နှစ်ဂါထာ
- သင်္ဂြိုဟ်ဘာသာဋီကာရဲ့ အလင်းရောင်
- ရတနာ့ဂုဏ်ရည်
- စာအုပ်ရိုက်ဖို့ ဘီရို ရောင်းရ
- ဟန်သာ ရှိ အဆန် မရှိ
- ငွေဘယ်လောက်ပါတုန်းတဲ့
- ညနေပြီးအောင် စီမံချင်တယ်
- ကြွေးရှင်းရပါတယ်
- လောကဓံ ခံဖို့ လက်နက်
- ညီကို သတိပေးတဲ့ တေးထပ်
- စစ်ကိုင်းဖက် ဝါဆို
- ဝါတွင်းမှာ တရားကောင်းလို့တဲ့
- စာချဘုန်းကြီးများကို စီစဉ်တဲ့အခါ
- ဥူးမေဃိယာဘိဝံသ
- အကြံပေးပါတယ်
- ကံမကောင်းလျှင် ဉာဏ်လဲမကောင်း
- စာမေးပွဲ အရကျက်စရာတွေ
- စာချတစ်ပါးရဖို့ မလွယ်, ကျောင်းသာ လွယ်
- စာတော်ပြီး အားနည်းသူကို မထောက်ပံ့တတ်
- ရဟန်းထပ်ရတာက စိတ်ချ
- မတ်တတ်စာရေး (ကျန်းမာရေးကြောင့်)
- ပင့်တိုင်း မလိုက်
- အမြုံမသည် မွေးရတဲ့ဒုက္ခကို မသိ
- မတွင်ချင် နေပါစေတဲ့
- အားလုံး ကူးချတာချည်းပဲ
- ကျမ်းစာက ကြီး လူက ငယ်တဲ့
- “အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့ ရထိုက်တဲ့
- ငွေတွေ အပ်စပ်ပါတယ်
- အပ်အပ်စပ်စပ် စီမံပါတယ်
- လေ ဖြစ်သွားပါတယ်
- ဒီကိစ္စလဲ ရေ ဖြစ်သွားပါတယ်
- နွားထိုးကြီးမြို့ ကျောင်းကိစ္စ
- စောဒကထံ သွားခွင့်ရလျှင်
- စောဒကအား ပြောပုံ
- ဝိသာသဂ္ဂါဟ အယူခက်
- လက်မှတ်ထိုးလိုက်ပါတယ်
- စောဒကအမွှန်းတင် သြဝါဒ
- စုတိဒက မနစ်နာအောင်
- အဆုံးအဖြတ်
- ဘုန်းကြီးပျံ ရန်မဖြစ်ဖို့
- ဘုန်းကြီးရဲ့ စကားကို နားထောင်ကြပါ
၁၁။ လေးဆယ်ကျော်ရွယ် - သက်ငါးဆယ်
- ပထမငယ်အောက် အကြိုတန်း
- စာချတန်း ပုစ္ဆာထုတ်
- ဂုဏ်ထူးတန်း ပုစ္ဆာထုတ်
- ပရိယတ္တိ (သကျသီဟ) ပုစ္ဆာထုတ်
- ခက်အောင်ပုစ္ဆာထုတ်လျှင် ဝဋ်ပါနိုင်
- ပုံနှိပ်စက်ရှိမှ ဖြစ်တော့မယ်
- သူတို့ ကြောင့်ကြစိုက်
- ငွေကို မစီမံပါ
- သင်္ကာရှင်းအောင် လင်းစမ်းပါ
- သာသနာစိတ် ကြီးမားကြောင်း
- ဆရာတော့်ထံ ပစ်စာ ရောက်
- ဆရာတော်က အထင်မလွဲပါဘူး
- ဒုတိယ ဆရာတော်လို့
- စာအုပ်ရိုက်ဖို့ အသင်းဖွဲ့ မယ်တဲ့
- စိတ်တိုင်းကျအရပ် ရွှေ့မယ်
- ဂန္ဓာရုံတိုက်တော့ ကြီးပွားတော့မှာပဲ
- နာမည်ဆိုတာ လူကဖြစ်တာပါ
- ပခုက္ကူဆရာတော် ကြွလာပါတယ်
- သားကို မကျေနပ်တာမျိုးပါတဲ့
- စည်ရှင်ဆရာတော် ကြွလာ
- သုန္ဒရာဘိဝံသဆရာတော်က မေးပါတယ်
- ကြွားတယ် ထင်သလား
- ဂုဏ်နဲ့ မလိုက်ပါဘူးကွာတဲ့
- ကုလားတွေနေရာ ပရိတ်ရွတ်ပေး
- မုန့်တွေ အဝယ်ခိုင်းပြီး ဝေ
- အကောင်းဆုံးဟင်းနဲ့ မုန့်
- ခုနှစ်ကြိမ် ဗုံးကြဲ
- စစ်အတွင်း အကြံဖြစ်ပုံနှင့် ဂါထာ
- လူထွက်ဖို့ အားလုံးစုံပြီတဲ့
- သင်္ကန်းဝတ်နှင့် အသေခံနိုင်
- ဂိုဏ်းသံဃာကို နည်းအောင်လုပ်နိုင်မှ
- ဒကာကြီးက ဂဏန်းမပါဘူးတဲ့
- သံဝေဂ ဂါထာပါဠိများ
- ဆရာတော် နှစ်ပါးနဲ့ ဒကာထိန်ဝင်းလာ
- အနာဂတ် သာသနာရေးကျမ်း
- ကွန်မြူနစ်တဲ့
- ဘာသာရေး တရားဟောရ
- အထက်တန်းကျောင်းမှာ တရားဟောခဲ့
- ဘာဆုတောင်းတုန်းတဲ့
- သင်္ကန်းကြီးနဲ့ (သံ-လက်သမား)
- စားရေး တာဝန်ခံများ
- ကျောင်းတိုက် သာယာအောင် ပြု
- စေတီတော်ကို ပြုပြင်
- ဘုရားတိုက်ကို ပြုပြင်
- နှစ်ထပ်ကျောင်း ဆောက်
- ထန်းရွက်ကျောင်းနဲ့ ထန်းရွက်ကုဋီ
- တစ်လအတွက် ကုန်ကျစရိတ်
- အတူစားရတဲ့အကျိုး
- ကိုရင့်အသက် လုယူကြ
- နံနက်တိုင်း သြဝါဒပြီးမှ စာပို့ချ
၁၂။ ငါးဆယ်လွန်လျင်း - ခြောက်ဆယ်တွင်း
- သင်္ကန်း-ဖိနပ်ကလေး ရအောင်လို့
- ဆရာတော်ကြီး တောင်မြို့ကြွလာ
- ကျောင်းဟောင်းကလေး ချီးမြှင့်လိုက်
- ဆရာများရဲ့ ကျောင်းဟောင်းမို့ပါ
- တောင်မြို့က တစ်ဝက်သာဝင်တဲ့
- ဆရာတော်ဘုရားကြီး အားရတော်မူပုံ
- စာပြန်ပွဲ ဝင်ခွင့်ကို ပိတ်လိုက်ပြီတဲ့
- ရမည့် လာဘ်ဟာ ဝင်လာလိမ့်မည်
- တပည့်တော်ကျောင်းမှာ ပွဲမလုပ်ပါ
- သင်ခန်းစာ ရေးဖို့ ကော်မတီဖွဲ့
- ဖွင့်ထားတဲ့ ရေပိုက် ပိတ်ရ
- ကျေးရွာမှာ ဘုန်းတော်ကြီးကောင်းလို
- ဉာဏ်ပူဇော်ခ ထောင့်ငါးရာတဲ့
- ငွေကိုပယ်တဲ့ စာကလေး
- ဆဋ္ဌသံဂါယနာ ဝန်ဆောင်
- အကြံပေးပါတယ် အရေးမယူပါ
- သီးခြား ဝိနိစ္ဆယဌာန ရှိဖို့သာ
- ဂိုဏ်းသဘောကျ ဝိနိစ္ဆယစည်းမျဉ်း
- တပည့်တော်ရဲ့ ဖြစ်စေချင်တဲ့ ပါဠိတက္ကသိုလ်
- တပည်တော့်တိုက်က သင့်သလိုနေခဲ့
၁၃။ ခြောက်ဆယ်ကျော်ရွယ် - ခုနစ်ဆယ်
- ဆေးရုံတက်ပါတဲ့
- ညကျတော့ ကိုယ်ဆန့် မအိပ်
- ဆေးရုံ တက်ရပေမယ့် မသက်သာ
- ဝတာလား ပွတာလား
- သွေးတိုးရောဂါ (သက်စောင့်ရောဂါ)
- တပည့်ဒေါက်တာ လာ၍ တိုင်း
- ဒကာကို ဆရာ မြှောက်, ဆရာကို ဒကာ မြှောက်
- သဟသေယျ ဟင်းလေးအိုးတဲ့
- ထိုင်ပြီး အိပ်ရပါတယ်
- အာပတ်နဲ့တော့ မသေလို
- ဆရာတော်ကြီးရဲ့ သြဝါဒကထာ
- စာအုပ်ဖြစ်အောင် ရိုက်ပါတဲ့
- ကန့်ကွက်ကြပါရော
- ပထမတစ်ပါး ရောက်လာ
- နောက်တစ်ဖွဲ့ ရောက်လာ
- တပည့်တော်၏ လျှောက်ချက်ဟု ပြင်
- ဟံသာဝတီက ထပ်ရိုက်
- လေးစားဖို့ မလိုတဲ့
- ဝိနည်းနဲ့ အပ်အောင် စီစဉ်ပုံ
- သာ၍ ရှင်းအောင် လျှောက်ပါ့မယ်
- ဒကာကြီး ကျော်
- လူထွက်မိလျှင်
- တာဝန်ယူသူများ ဆက်လက် သတိပေး
- မိုးကြိုးနဲ့ အီးသံလို
- ဂုဏ်မရှိရင် လာဘ်မရှိရင်
- မှော်ဘီအစည်းအဝေး
- သာသနာသန့်ရှင်းရေး
- စာမေးပွဲ အကြံပေးချက်
- စာကပ်ကြတယ်
- သံဃာစုံ- ဗိုလ်စုံမှာ ရေစက်ချရ
- တာပတ်ကွင်း ပြေးနေကျ မြင်းလို
- သာဓုမခေါ်နိုင်ရင် အဖို့မရ
- ဂတိ(၅)မျိုးတွင် တစ်မျိုးသာ သာဓုခေါ်နိုင်
- မှတ်စရာဆက်
- ဘုရင်ခံရဲ့ ဆွမ်းကပ်ပွဲ
- ဒေါက်ဒေါက်နဲ့ လျှောက်လာသံ ကြား
- မထေရ်ကြီးတစ်ပါးက လုပြော
- ငှက်ဆိုးထိုးသံလို
- အားလုံး ရှက်ရှက်နဲ့ ထပြန်ခဲ့ရ
- သမတကြီး ဆွမ်းကျွေးပွဲ
- ကန်ထရိုက်ဟင်းတွေ
- အငှားလိုက် ကော်ဇောတွေ
- ကတ္တီပါကွပ် သင်ဖြူးချောချော
- မန်းနေပြည်တော်သားတွေပေါ့
- ဝတ်ကျေ တန်းကျပါ
- မကျေနပ်စရာ မတွေ့ပါ
- လာမယ့်ဘေး ပြေးတွေ့
- စုံထောက်တွေနဲ့ လမ်းရှင်းထား
- စိတ်ကြီးဝင်တယ် ဆိုရမည်လား
၁၄။ ခုနှစ်ဆယ်ကျော်ဝယ် - ရှစ်ဆယ်ရွယ်
- သင်ရိုးကုန်အောင် ရေးဖို့မှန်း
- ကျန်းမာရေး အသက်ကို မူထား
- သေရေးလဲ စဉ်းစားတာပေါ့
- ဗုဒ္ဓါနုဿတိဘာဝနာ အကျိုး
- ဘုရားကို ကြည်ညိုတဲ့လူ
- မေတ္တာအစစ်ရဲ့ အကျိုး
- မရဏဿတိရဲ့ အကျိုး
- ဝိပဿနာဘာဝနာလဲလုပ်
- ရဟန်းကောင်း၏ လမ်းစဉ်
- စဉ့်အိုးပမာ
- သာဝကများက စဉ့်အိုးအကောင်းနဲ့ တူ
- ဥပါသကာများက စဉ့်အိုးအပဲ့
- တိတ္ထိတို့က စဉ်းအိုးအကွဲ
- သာသနာ့အရေး ဒို့အရေး
- ပါဠိတော်ကို မူထားချဖို့
- လောကဓံ ခံရလို့ ပါရမီ အကဲခပ်လို့ရ
- ကျေးဇူးတုံ့ပြန်ခြင်း
- ရင်းနှီးတဲ့အခါ ခင်ကြပါတယ်
- ပါရမီဖြည့်သလိုပါပဲ
- တပည့်တော် ရည်ရွယ်ချက်က
- ခွဲရေး-တွဲရေးတုန်းက
- ဘီးလူးစည်း, လူ့စည်း
- ပြုပြင်ရကျိုး အများကြီးရှိနိုင်
- စေတီတော် သာယာပုံ
- ဒေါက်တာ ဂတ်
- ကျောင်းမြေ ပြုပြင်ပုံ
- သံဃာများ ပြုပြင်
- စိန်ပီတာ ဆရာမကြီး
- အင်္ဂလန် ပရိုဖက်ဆာ ဆရာကြီး
- ငါက ဘုန်းကြီးကျောင်းသား
- ဆရာကြီးနဲ့ စကားပြောပုံ
- ဘွဲ့ရ အီတလီအမျိုးသမီး
- နောက်ဘဝတော့ တွေ့ချင်ပါတယ်တဲ့
- သီဟိုဠ် မဟာမင်းကြီး
- ဆင်းတုကလေးတွေ တယ်များပါလား
- ပါဠိပါရဂူတစ်ယောက်
- ဂျပန်အမျိုးသား
- ဂျပန်က ရုပ်ရှင်လာရိုက်
- ဆိုရှယ်လစ်စနစ် အောင်
- ဗုဒ္ဓအလိုတော်ကျ မပါ
- ရုပ်ဝတ္ထု တိုးသလောက် စာရိတ္တ ပျက်
- ကိုယ်ချမ်းသာတိုင်း စိတ်မချမ်းသာဘူး
- ဘုံကျွန်တွေ သနားစရာ
- ကျောင်းတိုက် သာယာပုံ
- ကျောင်းတိုက်ရဲ့ ဆောင်ပုဒ်
- ပါရမီနဲ့ မဂ်ဖိုလ် ရည်ရွယ်မှ
- နေလိုသူနဲ့ သိနှင့်ဖွယ် စည်းကမ်း
- ငွေအပ်ရင် ကာမဂုဏ်လဲအပ်
- ခုဒ္ဒါနုခုဒ္ဒကကို မပယ်နုတ်
- သံသယကြောင့် နဂါးဖြစ်
- ငရဲကျပြီးမှ ပြိတ္တာဖြစ်
- အဂတိလေးကြောင့် အကျိုးရနည်း
- တောင်ပေါ်တက်၍ တရားကျင့်
- ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ
- တစ္ဆေ ဖြစ်တောင် သာစေချင်
- စိတ်ကောင်းရှိဖို့က ပထမ
- ဝိနည်းလေးစားဖို့က ဒုတိယ
- ကျန်းမာဖို့က တတိယ
- သန့်ရှင်းဖို့က စတုတ္ထ
- အဝတ်အစားတတ်ဖို့က ပဉ္စမ
- အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
- အပြောအဆိုတတ်ဖို့က သတ္တမ
- အသွားအလာတတ်ဖို့က အဋ္ဌမ
- စည်းကမ်းလိုက်နာဖို့က နဝမ
- စာတတ်ဖို့က ဒသမ
- မွေးနေ့အထိမ်းအမှတ် မလုပ်
- နေ့စဉ် ဒါနမှု ရှိပါတယ်
- မွေးနေ့အတွက် ကုသိုလ်ဒါန ပြုသင့်သလား
- ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
- သာသနာရေးနဲ့စပ်၍ ရေးအပ်သော စာတမ်းများ
- အသစ်သာသနာပြုရေး
- ဝန်ဆောင်ကျောင်းတိုက် ရှိသင့်ပုံ
- ပရဟိတ သံဃာ့အစည်းအဝေး၌ လျှောက်ထားချက်
- သာသနာတော်အရေး မေးလာသော အရာရှိအား ဖြေကြားချက်
- ပညာရေးမူအတွက် ရည်မှန်းချက်
၁၅။ အသက် (၇၂)နှစ်အတွင်း ဖြစ်စဉ်
- အောက်နတ်များ ငါးပါးသီလ မလုံပါ
- မွန်မွန်မြတ်မြတ်လှူမှ မွန်မြတ်သောပစ္စည်းရ
- ဒါနသုံးမျိုး
၁၆။ အသက် (၇၃)နှစ်အတွင်း ဖြစ်စဉ်
- သာသနာအတွက် ဆရာတော်များအား တိုင်တန်းချက်
၁၇။ အသက် (၇၄)နှစ်အတွင်း ဖြစ်စဉ်
- ဘုန်းကြီးသေ တစ္ဆေဖြစ်သတဲ့
- ဘုန်းကြီးဘဝ ပစ္စည်းစုတာ တွက်ချေ မကိုက်ပါ
- ပခုက္ကူဆရာတော်ဘုရားကြီး၏ သြဝါဒ ...
- အဘယာရာမ ဆရာတော်ဘုရားကြီး၏ သြဝါဒ
- တပည့်တော်ကြားဖူးတဲ့ ရှေးစကား
- ဝိသာခါကျောင်းအမ ကျောင်းရေစက်ချပွဲမှာ က-သတဲ့
- “ဝိနည်းတည်”ဆိုတာ ဘာလဲ
- သံဃာမှန်သမျှ ဝိနည်း ဂရုစိုက်ရမည်
- လှေခွက်ချည်း ကျန်ပါစေ အလံမလှဲဘူး
- ဂျပန်သံအမတ်ကြီးလဲ မပြန်ချင်
- ကျောင်းထဲ ဆန္ဒပြကြခြင်း
- ဇာတိ သရိုင်ရွာကြွခြင်း
- သရိုင်ရွာသွား မှတ်တမ်း
- ဆရာတော်ငယ်စဉ်က စာအံခဲ့ရတဲ့ (ခရေပင်) နေရာ
- မိဘများကိုရည်မှန်းပြီး ဒါနပြု အမျှဝေခြင်း
- ဤကျောင်းတိုက် သာသနာဖြင့် ဗုဒ္ဓကို ပူဇော်ပါ၏
- ဝိုင်-အမ်-ဘီ-အေ တရားပွဲ
- ရန်ကုန်မှအပြန် ပြွန်တန်ဆာမြို့ ဝင်ရပုံ
- သံသရာခရီးအတွက် ရထားစီးရင်း စဉ်းစားချက်ပေါ်
- ရန်ကုန်မှအပြန် ကျန်းမာရေး စစ်ဆေးခံ
- ၇၄ နှစ်ပြည့်ခါနီး ကုသိုလ်ကောင်းမှုပြု
၁၈။ အသက် (၇၅)နှစ်အတွင်း ဖြစ်စဉ်
- သရိုင်စေတီကြီး ပြီးလုလို့ ဝမ်းသာ
- ကျောင်းအမကြီးဒေါ်ကျင်, သမီး မရီတို့နဲ့ ဗုဒ္ဓါနုဿတိကျမ်းစာ
- ရေကြီးတုန်း ဆွမ်းဆန်အိတ်များ အခိုးခံရ
- ဘုရားကြီးပြီးလို့ ရန်ကုန်က ဘုရားဒကာ-ဘုရားအမများ ဘုရားဖူးရန် ရောက်လာ
- “မောင်ရင်ဈာန်ရ”စေတီတော်ကလေး
- ဟန်လင်း (ဟလင်း) မြို့ဟောင်းက ရေပူတွင်း
- အစိုးရပါလျှင် တစ်သာသနာလုံး ပြင်မယ်
- ရဟန်းတော်မှန်လျှင် တာဝန် သုံးမျိုး တစ်မျိုးမျိုး ထမ်းရမယ်
- တရားထိုင်လျှင် သီလ ပထမဖြည့်
၁၉။ အသက် (၇၆)နှစ်အတွင်း ဖြစ်စဉ်
- ရဟန်းတော်များနဲ့ (ဒေါင်း) လေးချိုး
- မြောင်းမြဆရာတော် ပျံလွန်တော်မူခြင်း
- ရန်ကုန်ကျောက်ကုန်း မဟာဗောဓိကျောင်းအတွက် စာပေးပို့
- ပဲခူး ရွှေကျင်ဂိုဏ်းအစည်းအဝေးကို ဘာကြောင့်လိုက်သလဲ
- ပဲခူး ရွှေကျင်ဂိုဏ်းကို “တောဂိုဏ်း”လို့ ခေါ်ပါတယ်
- ရန်ကုန် မဟာဗောဓိကျောင်းနေရေး အစီအစဉ်
- မဟာပဒါနသုတ်လာ ပုဂ္ဂိုလ် လေးမျိုး
- ပုဂ္ဂိုလ် လေးမျိုးပြ လင်္ကာ
- မွေးနေ့ဆိုတာ သေဖို့ နှစ်လည် အထိမ်းအမှတ်ပါ
- မွေးနေ့နဲ့ စပ်တဲ့ လင်္ကာနဲ့ဂါထာ
၂၀။ အသက် (၇၇)နှစ်အတွင်း ဖြစ်စဉ်
- အများအတွက် စီမံဆောင်ရွက်ရတဲ့ ကုသိုလ်များ
- ကျောင်းတာဝန်နဲ့ ဦးပိန်တံတား
- နောက်ထပ် တိုးလာတဲ့ ကျောက်တော်ကြီးဘုရား ပြုပြင်ရေး
- ပဉ္စလောဟဆင်းတုတော် ပင့်ဆောင်ပူဇော်ခြင်း
၂၁။ အသက် (၇၈)နှစ်အတွင်း ဖြစ်စဉ်
- ခလုပ်တိုက်ပြီး မှောက်လျက်လဲ
- ငါးပါးသီလ ဆောက်တည်သော အမေရိကန်ဒကာ
- ပျံတော်မူတယ်ကြားလို့ စစ်ကိုင်း ရွှေဟင်္သာဆရာတော် ကြွလာ
- လှည်းအိုးပမာ ကိုယ်ခန္ဓာ
- တောင်ကိုရီးယား ဆရာတော်ကြီးများ ကြွလာ
- ပြန်ကြွဖို့ နှုတ်မဆက်ချင်ပါ
ကိုယ်တိုင်ရေး ထေရုပ္ပတ္တိ ပြီးဆုံးခြင်း
ကျန်ရှိနေသေးသော (၁၃)ရက်ကာလ၏ အစ
- မီးကြည့်ရမှာကြောက်လျှင် ဘာ့ကြောင့် ညအချိန် စာရေးသလဲ
- မတ်တတ်ရပ် စာရေးတာ ဘယ်လောက်ကြာပြီလဲ
- “ဘာသာဋီကာ“နာမည်ကို ဘယ်သူ စ-သုံးသလဲ
- ဘာသာဋီကာနဲ့ အတိုက်အခံ
- နှစ်ပါးမရှိတဲ့ ဇွဲ
- ကျမ်းစာရေးပြီးတိုင်းနှင့် တောင်းတချက်
- ဗူးသီးကြော်နှင့် ဆွမ်းဘုဉ်းပေး
- နတ်တော်လပြည့်နေ့ ညနေပိုင်းမှာ နည်းနည်း မော
- လပြည့်နေ့ ညပိုင်းမှာ ဖျား
- လပြည့်ကျော် (၁)ရက်နေ့ ရေချိုး
- ဖျားပြီး နေမကောင်းတော့ ဆရာဝန်က နားရန် လျှောက်
- ဆရာဝန်လျှောက်သော်လဲ အနားမယူ
- နောက်ဆုံးကျမ်းမို့ ဇွဲမလျှော့
- အကယ်၍ ကျမ်းပြီးဆုံးခဲ့ရင်
- ပုထုဇဉ်တို့၏ ထုံးစံ
- မာလကာသီးနဲ့ အဖျားရောဂါ တဲ့ပါ့မလား
- ရှေးနီတိစကားနဲ့ ဖြေရပါတယ်
- လပြည့်ကျော်(၂)ရက် သြဝါဒ နားသော်လဲ စာချ မနား
- မသေသေးရင် နက်ဖန် ဆက်ပို့ချမယ်တဲ့
- စာပို့ချပြီးအပြန် မောသတဲ့
- နေ့ နှစ်နာရီလောက် ကျောင်းအမများကို အပြန်ခိုင်း
- လေးနာရီထိုးတော့ ခုတင်ပေါ်ရွှေ့
- ပျံလွန်တော်မူချိန်
- မငိုကြဘူးလား
- သာသနာပိုင် ဆရာတော်ကြီးများ၏ အမိန့်
- ပရိသတ် ဘယ်လောက်ရှိသလဲ
- မီးသင်္ဂြိုဟ်တဲ့နေရာ
- ဘာနဲ့ပင့်ဆောင်သလဲ
- အရိုးကောက်ပွဲ လုပ်သေးသလား
- နောက်ဆုံး ကန်တော့ခြင်း
တစ်ဘဝ သံသရာ-မာတိကာ ပြီးပြီ။
သဗ္ဗညုတဉာဏ်တော် အစွမ်းသုံးပါး
▬▬▬▬▬▬▬▬▬▬▬
သိရန်မှန်က, မကျန်ရအောင်,
လုံးဝစုံလင်, အကုန်မြင်,
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
သိသည့်တရား, များအပြား၌,
ဟောထားစဖွယ်, နည်းသွယ်သွယ်ကို,
ချယ်လှယ်စုံလင်, အကုန်မြင်,
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
ကျွတ်ထိုက်ကြပေ, များဝေနေ၏,
ဣန္ဒြေစရိုက်, သူ့အကြိုက်ကို,
နှိုက်ချွတ်စုံလင်, အကုန်မြင်,
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
ဉာဏ်တော် စွမ်းပကား, ဤသုံးပါးကြောင့်,
အများဝေနေ, ကျွတ်လွတ်စေဖို့,
မနေ မနား, သက်တော်အားဖြင့်,
ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍,
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်, သယ်ယူဆောင်,
ဘုန်းခေါင် ငါတို့ ဘုရားတည်း။
---
“မဟာဂန္ဓာရုံဆရာတော်ဘုရား နောက်ဆုံး ညွှန်ကြားသွားသည့် သံဝေဂတရားတော်”
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်။
၄။ တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူ သေကြ များလှပြီ။
၆။ ခဏမစဲ အိုစမြဲ ကိုယ်လဲ သေဖက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
၉။ ဒါနသီလ ဘာဝနာ လမ်းသာ ထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
---
အရှင်ဇနကာဘိဝံသ၏
တစ်ဘဝသံသရာ
▬▬ஜ۩۞۩ஜ▬▬
၁။ လူ့ဘဝ = လူ့ ခန္ဓာ
▬▬▬▬▬▬▬▬
ဥူးဓမ္မဂုတ္တ။ ။ ဥုးဇနကရေ ... တပည့်တော် သိပြီးဖြစ်သော်လဲ အများသိအောင် မေးပါရစေ။ .... ဘဝဆိုတာ ဘာကို ခေါ်တာပါလဲ။
တပည့်တော်။ ။ (၁) ရှေးရှေးဘဝတုန်းက ပြုအပ်ခဲ့သော ကံကြောင့် ဖြစ်ရသော ရုပ်, နာမ် (ခန္ဓာ)ကို “ဘဝ” လို့ ခေါ်ပါတယ်။
(ခန္ဓ=အစု၊ ရုပ်ခန္ဓာ=ရုပ်အစု၊ နာမ်ခန္ဓာ=စိတ်စေတသိက်ဟူသော နာမ်အစု။)
ဓမ္မဂုတ်။ ။ အဲဒီ“ဘဝ”ဆိုတာ အမျိုးအစားအားဖြင့် ဘယ်နှစ်မျိုး ရှိသလဲ။
တပည့်တော်။ ။ (၂) အဲဒီ ဘဝကို ဂတိနှင့်တွဲပြီး သုံးစွဲလေ့ရှိပါတယ်၊ အဲဒီ ဂတိကို ငရဲ၊ တိရစ္ဆာန်, ပြိတ္တာ, လူ, နတ်ဗြဟ္မာလို့ ငါးမျိုး ပြတော်မူပါတယ်။
[ဂတိ-ကံကြောင့် ရောက်လိုက်သော ဘဝ၊ ... နဝက အင်္ဂုတ္တိုရ်၊ ဒုတိယပဏ္ဏာသက၊ ဒုတိယဝဂ် (၆) သုတ်။]
ဓမ္မဂုတ်။ ။ လွန်ခဲ့တဲ့ ဘဝတုန်းက စုတေခါနီးမှာ ကိုယ်တော်ရဲ့ ကံက ကိုယ်တော့်ကို “လိုရာဘဝတစ်ခု ရွေးပါ”လို့ (မဆိုနိုင်သော်လဲ) တကယ်လို့ ဆိုခဲ့လျှင် ဘယ်ဘဝကို ရွေးမှာလဲ။
တပည့်တော်။ ။ ယခု အသိဉာဏ်မျိုးသာ ရှိရင်တော့ “လူ့ဘဝကို ရွေးမှာပေါ့ ဘုရား” ဒီလို မရွေးတတ်ခဲ့ပေမယ့် ကံက လူ့ဘဝကို ရွေးပေးလိုက်တဲ့အတွက် အလွန် ကျေနပ်ပါတယ်။
ဓမ္မဂုတ်။ ။ အထက် နတ်ဘဝတွေဆိုတာ အလွန်ချမ်းသာတယ်၊ ကာမဂုဏ် အာရုံတွေ အလွန်ကြီးကျယ်ပါတယ်၊ သူ့ရဲ့ အထက်တန်း ကာမဂုဏ်တွေနှင့် နှိုင်းယှဉ်ကြည့်တာ တောင်မှ မြက်ဖျားက နှင်းပေါက်နှင့် သမုဒ္ဒရာရေလောက် ကွာခြားနိုင်တယ်၊ “အဲဒီ နတ်ဘဝကို မသာယာဘူးလား”နတ်စည်းစိမ်ကို မခံစားချင်ဘူးလား။
တပည့်တော်။ ။ ပုထုဇဉ်မို့ “မခံစားချင်ဘူး” လို့တော့ မကြွားလိုပါဘူး၊ ဒါပေမယ့် ...
ဓမ္မဂုတ်။ ။“ဘာ ဒါပေမယ့်”လဲ ကိုယ်တော်။
တပည့်တော်။ ။ (၁) နတ်ပြည်ဆိုတာ စားဝတ်နေရေးအတွက် ဘာပြဿနာမှ မရှိဘူး, ခံစားဖွယ်တွေကလဲ အလွန်ကြီးကျယ်ပါတယ်၊ ဒါ့ကြောင့် ကုသိုလ်ကိစ္စ၌ သတိရမှု အလွန်နည်းတယ်လို့ ဘုရားဟောတော်မူပါတယ်၊
(၂) ထို့ပြင် ရဲရင့်မှုသတ္တိလဲ အလွန်နည်းပါးသတဲ့၊ ဒီ လူ့ပြည်မှာတော့ ... ဘုရား ပွင့်တော်မူတဲ့အခါမှာ အောက်တန်း အထက်တန်းကုသိုလ် ဖြစ်စရာတွေ အလွန် များပါတယ်၊ လူ့ပြည်မှာ ဒါနပြုဖို့ရာ အလှူခံပုဂ္ဂိုလ် အဆင်သင့် ရှိသော်လဲ နတ်ပြည်မှာ အားလုံးပြည့်စုံနေတာဖြစ်တော့ ဒါနပြုစရာ အလှူခံပုဂ္ဂိုလ် မရှိပါဘူး၊
(၃) ထို့ပြင် လူ့ပြည်မှာ ဥပုသ်စောင့်လို့ ဖြစ်သော်လဲ နတ်ပြည်မှာ ဥပုသ် စောင့်ဖို့တောင် မဖြစ်ပါဘူးတဲ့။
ဓမ္မဂုတ်။ ။ ဘာပြုလို့လဲ ကိုယ်တော်။
တပည့်တော်။ ။ အရှင်ဘုရားပဲ စဉ်စားကြည့်ပါလား၊ နတ်သမီး နတ်သားတွေက အလွန်လှနေတာဖြစ်တော့ သူတို့မှာ အပျော်အပါးတွေက များပြီး ဥပုသ်စောင့်ရင်လဲ ဥပုသ်ကျိုးမှာပေါ့။
ဓမ္မဂုတ်။ ။ အား ... ဟုတ်ပြီ၊ ဝိဓူရဇာတ်မှာ နဂါးမင်းလဲ နဂါးပြည်မှာ ဥပုသ် စောင့်လို့မရ၊ သိကြားမင်းလဲ နတ်ပြည်မှာ ဥပုသ်စောင့်လို့ မရသောကြောင့် လူ့ပြည် ဣန္ဒပတ္တမြို့ ဥယျာဉ်မှာ လာပြီး ဥပုသ်စောင့် ကြရသတဲ့။ (ဝိဓူရဇာတ် အဋ္ဌကထာ။)
တပည့်တော်။ ။ အရှင်ဘုရား ... ဥပုသ်စောင့်လို့ ဥပုသ်ကျိုးတာ ဘာဟုတ် သေးတုန်း၊ တချို့နတ်တွေမှာ နတ်သမီးတွေနဲ့ အပျော်လွန်နေလို့ အစာ စားရမှာတောင် သတိမရဘူးတဲ့၊ နောက် သတိရလို့ စားမည်ကြံတော့ “အလွန် နုနယ်တဲ့ ခန္ဓာကိုယ်ကို အလွန်ထက်မြက်တဲ့ ဝမ်းမီးကလောင်လို့ တဖြည်းဖြည်း ညှိုးပြီး သေတာပဲ”တဲ့။ (သီလက္ခန်-ဗြဟ္မဇာလသုတ်။)
ဓမ္မဂုတ်။ ။ ဟင် ... နတ်သမီးတွေရဲ့ အတွေ့ဟာ အစာတောင် မေ့လောက်ပါ လားနော်။
တပည့်တော်။ ။ မှန်ပါတယ် ... ဘုရားရှင်ရဲ့ ညီတော် နန္ဒမင်းသားဟာ လူ့ပြည်မှာတော့ အလှဆုံးလို့ဆိုရတဲ့ ဇနပဒကလျာဏီကို စွဲနေလိုက်တာ ရဟန်းဘဝ မှာ မပျော်ဘူးတဲ့၊ နောက်တော့ ဘုရားရှင်က နတ်ပြည်ကို ခေါ်သွားပါတယ်၊ နတ်ပြည် သွားခါနီးလမ်းမှာ လယ်ကွင်းထဲက မီးလောင်သစ်ငုတ်ပေါ်၌ ထိုင်နေတဲ့ မျောက်မကြီးကိုလဲ ပြတော်မူခဲ့ပါတယ်၊ နတ်ပြည်ရောက်လို့ သိကြားမင်းဆီက လာကြတဲ့ နတ်သ္မီးတွေကိုမြင်တော့ နန္ဒရဟန်းဟာ သိပ်ပြီး မျက်စိကျနေပါသတဲ့၊ ဘုရားရှင်က “ဇနပဒကလျာဏီနဲ့ ဘယ့်နှယ် နေသလဲ”လို့ မေးတော်မူတော့ “ဇနပဒကလျာဏီဟာ စောစောက တွေ့ခဲ့တဲ့ မျောက်မကြီးရဲ့ အဆင့်အတန်းထဲ ရောက်သွားပါတယ်”လို့ လျှောက်ပါသတဲ့၊ ...(ဓမ္မပဒ-နန္ဒတ္ထေရဝတ္ထု။)
ဓမ္မဂုတ်။ ။ ဒါလောက်ဘဲ လူ့သ္မီးနဲ့ နတ်သ္မီးတို့ ကွာခြားနိုင်ပါ့မလားကိုယ်တော်, “ဇနပဒကလျာဏီ”ဆိုတာ လူထဲမှာ ဒိပ်ဘဲဥစ္စာ။
တပည့်တော်။ ။ မကွာခြားဘဲ နေမလားဘုရား၊ လူ့သ္မီးဆိုတဲ့ လူ့သွေးဟာ ရေမိုး ချိုးပြီး ပြင်နိုင် ဆင်နိုင် ဖီးနိုင် လိမ်းနိုင်မှ ကြည့်သာရုံကလေး လှတဲ့အလှပါ၊ ခေမာထေရီဝတ္ထုမှာ အောက်ပါအတိုင်း ရှိပါတယ်။
“ဥဂ္ဃရန္တံ - မျက်စိ နား နှာ အင်္ဂါရှိတိုင်း အထက်ပိုင်းဝယ် ရွံဖွယ် သိုးပုပ် အန်ထုတ်၍လဲ နေထသော၊
ပဂ္ဃရန္တံ - ကျင်ကြီးကျင်ငယ် အသွယ်သွယ်ဟု မဖွယ်မရာ အဖြာဖြာကို မှန်စွာနေ့ည ယိုချ၍လဲ နေထသော၊
သမုဿယံ - သုံးဆယ့်နှစ်ဝ ကောဋ္ဌာသတို့ လုံးဝခိုမှီး ဤကိုယ်ကြီးကို၊
ပဿ - စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် (အရှင်ဘုရားကိုယ်တိုင်) ကြည့်ရှုစမ်းပါဘုရား”။
ဓမ္မဂုတ်။ ။ နတ်သ္မီးတွေကတော့ကော ကိုယ်တော်။
တပည့်တော်။ ။ နတ်သ္မီးတွေဆိုတာ လူ့သ္မီးထက် ကံချင်းလဲသာတယ်၊ ဥတုချင်းလဲ ကွာတယ်၊ အာဟာရဆိုတာက နတ်သြဇာတဲ့၊ ထိုအစာဟာ ဖြူဖြူ ဖွေးဖွေး နုနုကလေးမို့ အလွန်လှတယ်လို့ သုဓာဘောဇနဇာတ်မှာ ဆိုပါတယ်၊ အဲဒီ နတ်သြဇာကို စားလိုက်ရရင် အဆာလဲပြေ ရေမွတ်သိပ်လဲ ပြေရုံမက အပျင်းတောင် ပြေပါသတဲ့၊ သည်တော့ - နတ်သ္မီးတွေဟာ အလွန် စိတ်ချမ်းမြေ့ကြပါတယ်၊ သို့အတွက် ကံကြောင့်ဖြစ်သောရုပ်, စိတ်ကြောင့် ဖြစ်သောရုပ်, ဥတုကြောင့် ဖြစ်သောရုပ်, အာဟာရ (အစာ)ကြောင့် ဖြစ်သောရုပ်တွေက လူ့သ္မီးများ၏ရုပ်ထက် သာချင်တိုင်း သာနေရုံသာမက အောက်ပိုင်း အပေါက်နှစ်ခုနှင့် မျက်စိ နား နှာ အထက်ပိုင်း အင်္ဂါတို့မှ ထွက်ဖို့ရာ အညစ်အကြေးလဲ မရှိပါဘူးတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ နတ်သ္မီးများက လူ့သ္မီးတွေထက် သာထိုက်ပေသပေါ့နော်။ ဒါတောင် ကိုယ်တော်က နတ်ပြည်ထက် လူ့ပြည်ကို လိုချင်တာက ဘာအကျိုး မြင်လို့တုန်းကိုယ်တော်။
တပည့်တော်။ ။ ယခုအသိမျိုးနဲ့ ပြောရရင်တော့ နတ်ပြည်မှာ ဘုရားရှင်နှင့် တွေ့တုန်းက တရားရသူတွေ များသော်လဲ ကိုယ့်ဘာသာကြိုးစား၍ နိဗ္ဗာန် ရောက်ကြောင်း ကောင်းမှုပါရမီ ဖြည့်ဖို့ရန် အလွန်ခဲယဉ်းပါတယ်၊ လူ့ပြည်မှာတော့ ကောင်းမှုပါရမီ ဖြည့်စရာတွေ အလွန်များပါတယ်၊ ဒါကြောင့် လူ့ပြည်မှာ ဖြစ်ချင်တာပါ။
ဓမ္မဂုတ်။ ။ ကောင်းမှုပါရမီဖြည့်ဖို့ များပုံတွေ ပြောစမ်းပါ ကိုယ်တော်။
တပည့်တော်။ ။ ဒါနနဲ့ သီလအကြောင်းကို ပြောခဲ့ပါပြီ၊ နတ်ပြည်မှာ တောထွက်၍ တရားကျင့်ရတဲ့ နေက္ခမ္မပါရမီ မဖြစ်နိုင်ပါဘူး။
ဓမ္မဂုတ်။ ။ ပညာပါရမီကော ကိုယ်တော်။
တပည့်တော်။ ။ သိကြားမင်းတို့လို စာတုမဟာရာဇ် နတ်မင်းတို့လို နတ်ကြီးများမှာ အများ ကောင်းစားအောင် ပြောရဟောရ စဉ်းစားရတဲ့ ပညာလောက်တော့ ဖြစ်နိုင်ပါလိမ့်မယ်၊ လူအများ သတ္တဝါအများ ကောင်းစားအောင် သင်ကြားပေးရ ပြောဟောပေးရတဲ့ ပညာမျိုးတော့မရှိပါဘူး၊ ပညာပါရမီ တိုးပွားအောင် အားပေး ရသော စာသင်တိုက်, စာသင်ကျောင်းလဲ မရှိပါဘူး၊ ဘုရားပွင့်မှ ကျင့်ရတဲ့ ဝိပဿနာပညာ ဆိုတာတော့ နတ်ပြည်မှာ သာ၍ပင် ဖြစ်ဖို့ခဲယဉ်းပါသေးတယ်။
ဓမ္မဂုတ်။ ။ ဝီရိယပါရမီကော ဘယ်လိုနေမလဲ။
တပည့်တော်။ ။ ဝီရိယပါရမီဆိုတာလဲ နတ်ပြည်မှာဖြစ်ဖို့ ခဲယဉ်းပါတယ်။ သိကြားမင်း စာတုမဟာရာဇ် နတ်မင်းတို့ဟာ အလွန်ဝီရိယ ကောင်းပုံရပါတယ်၊ အများစုအတွက်တော့ စားဝတ်နေရေး ပြည့်စုံပြီးလေတော့ ဝီရိယ အားထုတ်၍ အလုပ်-လုပ်စရာ မရှိကြပါဘူး၊ ထိုသို့ လောကီဝီရိယ မရှိကြသလောက် လောကမှ လွတ်မြောက်ဖို့ရာ တရားနှင့်ဆိုင်သော ဝီရိယလဲ အလွန်နည်းပါး ပါလိမ့်မည်။
ဓမ္မဂုတ်။ ။ ခန္တီပါရမီကော ကိုယ်တော်။
တပည့်တော်။ ။ သည်းခံမှု ခန္တီပါရမီဆိုတာ အရာရာ မပြည့်မစုံနေရတဲ့နေရာနှင့် ဆန့်ကျင်ဘက် ရန်သူရှိတဲ့ နေရာ၌သာ ဖြစ်နိုင်ပါတယ်၊ အရာရာ ပြည့်စုံနေတဲ့သူ ဆန့်ကျင်ဘက်ရန်သူ မရှိတဲ့သူမှာ သည်းခံစရာ မရှိတော့တဲ့ အတွက် ခန္တီပါရမီ မဖြစ်နိုင်ပါဘူး၊ နတ်ပြည်မှာ အရာရာ ပြည့်စုံနေပါတယ်၊ ဆန့်ကျင်ဘက်လဲ အများစုမှာ ရှိမယ်မထင်ပါဘူး၊ လူ့ပြည်မှာတော့ အအေးအပူကြောင့် ဒုက္ခတွေ့လို့ စိတ်မဆင်းရဲအောင် သည်းခံရ၊ မှက် ခြင် လေ နေတို့ကြောင့် ဒုက္ခတွေ့လို့ သည်းခံရ၊ အဲဒီလို သည်းမခံချင်ပေမဲ့ သည်းခံစရာတွေက တွေ့-တွေ့ နေတတ်တော့ ပါရမီဖြည့်လိုတဲ့ သူတော်ကောင်းမှာ သည်းခံရတာကိုဘဲ ဝမ်းသာစရာတစ်မျိုးဖြစ်၍ ခန္တီပါရမီဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ သစ္စာပါရမီကော ကိုယ်တော်။
တပည့်တော်။ ။ သစ္စာဆိုတာ မုသာရဲ့ပြောင်းပြန် ဖြစ်ပါတယ်၊ ယခုခေတ် လူများရဲ့ သစ္စာမရှိပုံကိုကြည့်လျှင် “နတ်ပြည်မှာ သစ္စာဖြည့်စရာမလို”ဟု ယူဆနိုင်ပါတယ်၊ ယခုလူတွေ သစ္စာပျက်တာ (မုသားပြောတာ)ကို စဉ်းစားပါ၊ ကာမဂုဏ်အာရုံကိစ္စမှာ တစ်ယောက်နှင့်တစ်ယောက် ညာကြ လိမ်ကြတယ်၊ စီးပွားရေး ရာထူးရေးမှာလဲ လိမ်ကြတယ်၊ နတ်ပြည်မှာ ထိုအရေးတွေကြောင့် လိမ်စရာ ညာစရာမလိုပါဘူး၊ ဒါ့ကြောင့် သစ္စာမရှိပေမဲ့ သူတော်ကောင်း လုပ်သူကတော့ သစ္စာရှိရှိနှင့် ပြောဆို ပြုလုပ်ရင်း သစ္စာပါရမီ ဖြည့်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ အဓိဋ္ဌာန်အကြောင်း ပြောပါဦး ကိုယ်တော်။
တပည့်တော်။ ။ ကုသိုလ်ဆိုင်ရာ၌ စွဲစွဲမြဲမြဲ ဆောက်တည်ထားမှုကို“အဓိဋ္ဌာန်” ဟု ခေါ်ပါတယ်၊ နတ်ပြည်မှာ ထိုသို့ ဆောက်တည်စရာ များများမရှိပါဘူး၊ လူ့ပြည်မှာတော့ သူတော်ကောင်းလူ ပီသလိုလျှင် “ဒါနမှန်မှန်ပြုမည်။ သီလကို မကျိုး မပေါက်အောင် စောင့်ထိန်းမည်၊ အချိန်မှန်မှန် ဘာဝနာ ပွားမည်၊ အသိဉာဏ် တိုးပွားအောင် ပညာရှိထံ မေးမြန်းမည်၊ ဘယ်သူက ဘာပြောပြော သည်းခံမည်” ဤသို့ စသည်ဖြင့် အဓိဋ္ဌာန်စရာ ကောင်းမှု ကိစ္စတွေ အများအပြား ရှိပါတယ်။
ဓမ္မဂုတ်။ ။ မေတ္တာဖြည့်ပုံ ပြောပါဦး။
တပည့်တော်။ ။ မေတ္တာပါရမီကတော့ နတ်ပြည်မှာလည်း သိကြားမင်း စာတု- မဟာရာဇ်နတ်မင်း စသော နတ်တချို့မှာ ဖြည့်နိုင်စရာရှိပါတယ်၊ သို့သော် လူ့ပြည် လောက်တော့ ကျယ်ကျယ်ပြန့်ပြန့် မေတ္တာဖြန့်ဖို့ လွယ်မယ်မထင်ပါဘူး၊ လူ့ပြည် မှာတော့ စိတ်ဖြင့် မေတ္တာပို့ရတဲ့ မနောကံမေတ္တာလဲ ဖြစ်နိုင် နှုတ်ဖြင့် မေတ္တာစကား ပြောရတဲ့ ဝစီကံမေတ္တာလဲ ဖြစ်နိုင်, ကိုယ်ဖြင့် အများကောင်းစားအောင် လုပ်ရတဲ့ ကာယကံမေတ္တာလဲ ဖြစ်နိုင်လို့ အလွန် ကျယ်ပြန့်ပါတယ်
ဓမ္မဂုတ်။ ။ ဥပေက္ခာပါရမီ ဖြည့်နိုင်ပုံ ပြောပါဦး။
တပည့်တော်။ ။ ပါရမီ ဆယ်ပါးမှာပါတဲ့ ဥပေက္ခာဆိုတာ သူတစ်ပါးက ဒုက္ခ ဖြစ်အောင်လုပ်လဲ စိတ်မဆိုးဘဲ သင့်တော်အောင် ရှုတတ်, သူတစ်ပါးက သာယာအောင် ယုယုယယပြုလဲ မသာယာဘဲ သင့်တော်အောင် ရူတတ်တဲ့ စိတ်သဘော ဖြစ်ပါတယ်၊ ဥပေက္ခာမျိုးဆိုတာ နတ်ပြည်မှာ မဆိုထားနဲ့ လူ့ပြည် မှာတောင် အတော်ကောင်းတဲ့ သူတော်ကောင်းမှာသာ ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ သူတော်ကောင်းလုပ်ပြီး ပါရမီ တိုးပွားအောင် ကြိုးစား သူတို့အတွက် လူ့ပြည်မှာ ဖြစ်ဖို့ကောင်းတာ မှန်ပေတယ်နော်။
တပည့်တော်။ ။ လူ့ပြည်က နတ်ပြည်ထက် သာတဲ့ အချက်တွေများလို့ ဘုရားရှင်က ဇမ္ဗူဒိပ်ကျွန်းသည် အခြား ကျွန်းထက်လဲ သာတယ်, နတ်ပြည်ထက်လဲ သာတယ်လို့ ဟောတော်မူတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ နတ်ထက်သာတဲ့အချက်က ပါရမီဖြည့်ဖို့ သာတဲ့အပြင် ဘယ်ဟာ ရှိသေးသလဲ ကိုယ်တော်။
တပည့်တော်။ ။ ဤကျွန်းက လူတွေသည် ...
သူရာ - ရဲစွမ်းသတ္တိ လုံ့လဝီရိယ ရှိကြကုန်၏၊
သတိမန္တော - ကောင်းသောသတိလည်း ရှိကြကုန်၏၊
ဣဓ ဗြဟ္မစရိယဝါသော - ဤကျွန်း၌သာ မြတ်သော (သူတော်ကောင်း) အကျင့် တွေကို ကျင့်၍ နေနိုင်၏၊
ဤသို့ သာတဲ့ အချက်သုံးမျိုးကို ဟောတော်မူပါတယ်၊ လက်တွေ့လဲ ဟုတ်ပါတယ်။... (နဝကအင်္ဂုတ္တိုရ် ပဌမပံ ၃-သတ္တာဝါသဝဂ်။)
နိဂုံး။ ။
ငါတို့နေရာ, ဤလူ့ရွာ၏,
ခြောက်ဖြာနတ်ပြည်, အလီလီထက်,
ဂုဏ်ရည် ဂုဏ်သွေး, သာသည့် ရေးကို
မျှော်တွေးစေဟု, ရေးသားမှုကြောင့်,
ယခု လူပေါင်း, လူ့ပြည်ကောင်း၌,
စားကောင်း နေကောင်း, စိတ်လဲကောင်းဖို့,
အကြောင်းထွေထွေ, ကောင်းပါစေသတည်း,
တွေထွေ ငါ့လူ, အများသူလည်း,
ငါ့တူ ဓိဋ္ဌာန်, ရည်စိတ်သန်သည်,
နိဗ္ဗာန်တိုင်အောင် ကောင်းစေသောဝ်။
---
၂။ အမိမြန်မာပြည်
▬▬▬▬▬▬▬
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော်ရဲ့ စိတ်ထဲမှာ လူ့ပြည်လောကကို သဘောကျတာတော့ ကျသင့်ပါပြီ၊ လူ့ပြည်လောကမှာ တိုင်းပြည် နိုင်ငံတွေ အများအပြား ရှိပါတယ်၊ ဘယ်တိုင်းပြည်ကို သဘောအကျဆုံးပါလဲ။
တပည့်တော်။ ။ ဒါကတော့ အရှင်းသားပဲ ဘုရား၊ ကုသိုလ်ရရေး ပါရမီ အရေးနှင့် စဉ်းစားလျှင်တော့ အမိမြန်မာနိုင်ငံကို သဘောအကျဆုံး ဖြစ်ရမှာပေါ့။
ဓမ္မဂုတ်။ ။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ တရားတော်များ ပြန့်နှံ့တဲ့ နိုင်ငံတွေ အများသားပဲ, ဘာ့ကြောင့် မြန်မာနိုင်ငံကို ပို၍ သဘောကျရသလဲ။
တပည့်တော်။ ။ ဗုဒ္ဓမြတ်စွာရဲ့ သုတ္တန် ဝိနည်း အဘိဓမ္မာဆိုတဲ့ ပိဋက သုံးပုံတွင် သုတ္တန်ကိုတော့ အခြားနိုင်ငံ၌ တော်တော် လိုက်စားကြ, တော်တော်လဲ ကျွမ်းကျင်ကြပုံ ရပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံက ဆရာတော် များထက် မသာပါဘူး၊ အဘိဓမ္မာနှင့် ဝိနည်းအရာ၌ ကျွမ်းကျင်မှုမှာတော့ မြန်မာဆရာတော် များကို မမှီပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အခြား နိုင်ငံတွေကို ရောက်ဖူးလို့ ဒီလို ကောက်ချက် ချနိုင်တာလား။
တပည့်တော်။ ။ မရောက်ဖူးပါဘူး, ဒါပေမယ့်“အသွေးမြင်တော့ အသွင်သိ အပွေးမြင်တော့ အပင်သိ”ဆိုတာလိုပေါ့ဘုရား၊ ဆဋ္ဌသံဂါယနာ ကိစ္စတုန်းက နိုင်ငံခြားမှ ကြွလာကြတဲ့ ဆရာတော် သံဃာတော်များနှင့် တွေ့ရလို့ စာပေရေးရာ ဝိနည်းသိက္ခာကို သိနိုင်ခွင့်ရပါတယ်၊ တပည့်တော် ကိုယ်တိုင် မရောက်ဖူးပေမယ့် တပည့်တော်ရဲ့ ကျေးဇူးရှင်များ ဖြစ်တော် မူကြသော အဘယာရာမ ဆရာတော်နှင့် မြောင်းမြဆရာတော်တို့က ရောက်ရုံတွင်မက, အတော်ကြာကြာ သီတင်းသုံးတော် မူခဲ့ကြလို့ ထိုနိုင်ငံက အကြောင်းတချို့ကို ရောက်ဖူးသလောက်နီးနီး သိပြီး ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့် ဒီနိုင်ငံက ဝိနည်းအရာမှာ သေချာကျန ကျွမ်းကျင် ကြရသလဲ ကိုယ်တော်။
တပည့်တော်။ ။ အရှင်အရဟံ လက်ထက်မှစ၍ ဆရာတော် အဆက်ဆက်တို့ ဝိနည်းကို သင်ကြ ကျင့်ကြရုံသာမက မင်းအဆက်ဆက်ကလဲ အားပေးခဲ့ကြလို့ ဒီနိုင်ငံက ဆရာတော်အများပင် ဝိနည်းအရာ၌ ကျွမ်းကျင်တော်မူခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ယခုအချိန်မှာကော ဝိနည်းအကျင့်က ကောင်းတုန်းပဲလား။
တပည့်တော်။ ။ ကိုယ်တော်က တချို့ ကိုယ်တော်များရဲ့ အနေကို ကြည့်ပြီး ဝိနည်း အကျင့် ကျဆင်းနေတယ်လို့ ဆိုချင်ပါသလား၊ ထိုကိုယ်တော်မျိုးဟာ ရာခိုင်နှုန်း မများသေးပါဘူး၊ ဒါပေမယ့်... နိုင်ငံခြားလက်အောက်မှာ အတော်ကြာခဲ့တဲ့အပြင် အစိုးရများကလဲ မစောင့်ရှောက်အားသေးလို့ပါ၊ အစိုးရက စောင့်ရှောက်သည်နှင့် တစ်ပြိုင်နက် အကျင့်ဖက်ကလဲ တက်လာဖို့ အချက်တွေကို စဉ်းစားပြီးသား ရှိပါတယ်၊ မြန်မာလူမျိုးများဟာ လူရော ရှင်ပါ သဒ္ဓါတရား ကောင်းကြပါတယ်၊ ဝိနည်းကျင့်မှု ဆိုတာလဲ သဒ္ဓါတရားနှင့် အများကြီး ဆိုင်ပါတယ်။
ဓမ္မဂုတ်။ ။ အဘိဓမ္မာဘက်မှာတော့ ဘာ့ကြောင့် အဆင့်အတန်း မြင့်ရသလဲ ကိုယ်တော်။
တပည့်တော်။ ။ ရှေးခေတ်က မြန်မာဆရာတော်ကြီးများဟာ ဘုရားကို အလွန် ကြည်ညိုကြ ယုံကြည်ကြပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားကို ပူဇော်သောအားဖြင့် အဘိဓမ္မာမှ ခက်ခဲသော တရားတော်များကို ညဉ့်အခါ၌ လေ့လာကြပါတယ်၊ ထိုသို့ ညဝါအဖြစ်ဖြင့် လေ့လာမှုကြောင့် အဘိဓမ္မာ တချို့၌ ပဋ္ဌာန်းကျမ်းကြီးတိုင်အောင် အလွန် ကျွမ်းကျင်တော်မူကြပါတယ်၊ ယခုခေတ်မှာလဲ ထိုကျွမ်းကျင်မှုဟာ မလျော့သေးပါဘူး၊ ဒါ့ကြောင့် အဘိဓမ္မာဖက်၌ အဆင့်အတန်း မြင့်လျက်ပင် ရှိပါတယ်။
ဓမ္မဂုတ်။ ။ သရုပ်ခွဲ အရကျက် အနေအားဖြင့်တော့ ကိုယ်တော် ယူဆသလို ကျွမ်းကျင်ကြပါလိမ့်မယ်၊ သဘော သဘာဝအရာမှာတော့ ကျွမ်းကျင်ကြပါ့မလား ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ် ... စိတ်ရဲ့ သဘော, ဖဿရဲ့ သဘော, ရုပ်ရဲ့ သဘော, စိတ်အစဉ်(ဝီထိ) ဖြစ်ပုံသဘော, ပဋ္ဌာန်းနည်းအားဖြင့် ကြောင်းကျိုး ဆက်သွယ်ပုံ သဘော, ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ကြောင်းကျိုး ဆက်သွယ်ပုံစသော သဘောတိုင်အောင် နက်နက်နဲနဲ စဉ်းစားနိုင်သော ပုဂ္ဂိုလ်ရဲ့ အရေအတွက်ကတော့ များလှမယ် မဟုတ်ပါဘူး၊ ဒါပေမယ့် ထို သရုပ်အသိကို အခြေခံပြီးမှ သဘော အသိကို ကျကျနန သိနိုင်သောကြောင့် အဘိဓမ္မာ တရားတော်ဘက်၌ အဆင့်အတန်း မြင့်တယ်လို့ဘဲ ဆိုနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တရားဘက်၌ အဆင့်အတန်းမြင့်လို့ မြန်မာနိုငံကို သဘောကျတာပေါ့နော်၊ လောကီ အဆင့်အတန်းကိုတော့ ဘယ်လို မြင်ပါသလဲ။
တပည့်တော်။ ။ မှန်ပါတယ် ... လောကီဘက် အဆင့်အတန်းကို စဉ်းစားလျှင်တော့ အများကြီး ကြိုးစားရပါဦးမယ်၊ ဒါလဲ လက်အောက်ခံဘဝမှာ အတော်ကြာအောင် နေခဲ့ရလို့ပါ၊ ကြိုးစားလျှင် အဆင့်အတန်းတက်ဖို့ သဘာဝ အခြေအနေကတော့ ကောင်းပါတယ်၊ တရားဘက် အဆင့်အတန်းမှာတော့ အခြားနိုင်ငံက လိုက်လို့ မမီနိုင်ပါဘူး၊ တပည့်တော်ကလဲ သံသရာအရေး, ပါရမီအရေးကို စဉ်းစားပြီး မြန်မာနိုင်ငံကို သဘောကျတာပါ၊ တရားဘက်က မြင့်နေတာဖြစ်တော့ ဘယ်သူ မကျင့် ကျင့် ကိုယ်ကျင့်လျှင် ကိုယ်ရတာပဲ မဟုတ်လားဘုရား၊ သည်တော့ ကျင့်လိုတဲ့ သူများအတွက် ကျင့်စဉ်လမ်းမှန် ရှိနေလျှင် အဖိုးတန်သော နိုင်ငံပင် ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ ... ကိုယ်တော်ကတော့ လောကီဘက်က တိုးတက်နေတဲ့ တခြား နိုင်ငံများသာမက နတ်ပြည်ထက်တောင် ဤ မြန်မာနိုင်ငံကို သဘော ကျဦးမှာပါပဲ။
တပည့်တော်။ ။ ဤနိုင်ငံကို သဘောကျတာပေါ့ဘုရား၊ လောကီဘက်က တိုးတက်နေကြတဲ့ ထို နိုင်ငံသားအများစုရဲ့ စိတ်တွေဟာ လောဘ ဒေါသ မာန်မာနနှင့် မနာလိုတဲ့ ဣဿာ, ကိုယ့်လို ကြီးပွားမှာစိုးတဲ့ မစ္ဆရိယတွေ တိုးပွားနေတာ မြင်တော့ လောကီဘက်က မြင့်ပေမယ့် ကိုယ်ကျင့် မမြင့်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော့် မြန်မာနိုင်ငံက ယခုလူတွေလဲ ဒီလိုပဲ မဟုတ်လား, ဘာထူးသေးလဲ။
တပည့်တော်။ ။ ဒီနိုင်ငံမှာလဲ ယခုလူတွေကတော့ သိပ်မထူးပါဘူး၊ ဒါလဲ နိုင်ငံခြားသားတွေနဲ့ ပေါင်းပြီး သူတို့လုပ်သမျှ အကောင်းထင်ခဲ့တဲ့ စိတ်ကြောင့်ပါ၊ သို့ပေမယ့် လူကောင်းသူကောင်း လုပ်ချင်တဲ့ သူများအတွက်ကတော့ ဒီလိုလူတွေ ကြည့်ပြီး ကိုယ့်ကိုယ်ကို သာ၍ ကောင်းအောင် သတိထားဖို့ရာ တရားကောင်းတွေ ရှိသေးတဲ့အတွက် အကျိုးမယုတ်ပါဘူး၊ တစ်နည်းအားဖြင့် ပြောရလျှင် အဲဒီ လူညံ့တွေကြောင့် ကိုယ့်အတွက် သတိထားနိုင်သူမှာ သာ၍အကျိုးရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်က ဒီမြန်မာနိုင်ငံကို အဟုတ် သဘောကျ တာပေါ့နော်။
တပည့်တော်။ ။ အဟုတ် သဘောကျတာပေါ့ ဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ... ကိုယ်တော်နဲ့ တပည့်တော် သံပြိုင်ရွတ်ရအောင် ကိုယ်တော် .. . ညီညီနော်။
တပည့်တော်။ ။ တရားနဲ့ဆိုင်တဲ့ ဂါထာလကာကို ရွတ်ကောင်းပါရဲ့၊ ဒါပေမယ့် အသံဆွဲပြီး ဂီတသံပေါက်အောင်တော့ မရွတ်ကောင်းဘူးနော်။
ဓမ္မဂုတ်။ ။ ဥပုသ်သည်များကိုတောင် နစ္စ ဂီတသိက္ခာပုဒ်က တားမြစ်ပြီးပါ။ ကိုင်း... ကိုင်း ...ရိုးရိုးကလေး ဥဒါန်းကျူးရင်း နိဂုံးချုပ်ကြစို့ ကိုယ်တော်၊ ညီညီနော် ... ညီညီ ညီညီ။
၁။ အရှင်အရဟံ နော်ရထာမင်းတို့,
သန့်ရှင်းခဲ့တဲ့ သာသနာ,
အရည်းကြီးတွေ မူရင်းပျောက်ဖို့,
လူတွင်းအရောက် နှိမ်ခဲ့တာ၊
ခုလဲ ဒို့မှာ သာသနာရှင်းဖို့,
ဒါယကာမင်းတို့ ကူမည်သာ,
ကူသောအခါ ကောင်းစွာဖြေ၍,
ကျောင်းမှာမွေ့မွေ့ ပျော်ကြမှာ။
၂။ ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက,
နောက်ဆုံးအထိပါရမီ,
လူနတ်များစွာ ချမ်းသာရေးမို့,
အသက်ပေး၍ ဖြည့်ခဲ့သည်၊
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့,
ငါပါအသက် ဆုံးစေမည်,
နောက်မဆုတ်ပေါင် ခုလိုတွေးလို့,
ကုသိုလ်ရေးမို့ ကြိုးစားမည်။
---
၃။ ပြည်ရွှေဘို - ပြည်ရွှေဘို
▬▬▬▬▬▬▬▬
ဓမ္မဂုတ်။ ။ ဥုးဇနကရေ .... ကိုယ်တော်က ဒီမြန်မာနိုင်ငံကို အကောင်းလို့ မြင်တာတော့ ဟုတ်ပါပြီ၊ အထက်နိုင်ငံနှင့် အောက်နိုင်ငံတော့ ဘယ်မှာပို၍ သဘောကျသလဲ။
တပည့်တော်။ ။ မွေးဖွားပြီး အတော်ကြာကြာ နေဘို့အတွက် အထက်နိုင်ငံ သဘောကျပါတယ်၊ လူ့ဘဝနဲ့ တစ်သက်လုံး နေဘို့တော့ အောက်နိုင်ငံကို သဘောကျပါတယ်။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့်လဲ ကိုယ်တော်။
တပည့်တော်။ ။ အထက်နိုင်ငံက များသောအားဖြင့် ဘာသာရေးဘက်မှာ ကျွမ်းကျင်တဲ့ ဆရာတော်များရဲ့ အဆုံးအမကို ရနိုင်ပါတယ်၊ ဒါကြောင့် ငယ်ငယ် ရွယ်ရွယ်က ဘာသာရေး အသားကျဖို့ လိုပါတယ်၊ အောက်နိုင်ငံမှာ ဘာသာရေး ဘက်က ဆုံးမမယ့် ဆရာတော်များ ရှိတန်သလောက် ရှိပါတယ်၊ ဒါပေမယ့် အထက်နိုင်ငံလောက် မများတော့ ကံကောင်းသူတို့သာ တွေ့နိုင်ကြပါတယ်၊ ဥတု ရေမြေနှင့် အစာ အာဟာရကျတော့ အောက်နိုင်ငံက အများအားဖြင့် သာပါတယ်၊ နိုင်ငံရေး ဗဟုဿတလဲ အောက်နိုင်ငံက သာပါတယ်၊ ရန်ကုန်က မြို့တော်ဖြစ်တော့ ခေတ်ပညာလဲ အောက်နိုင်ငံက အထက်တန်း ပညာအတွက် လွယ်ကူပါတယ်၊ ဒါကြောင့် လူ့ဘဝနဲ့ စဉ်းစားရင်တော့ အထက်နိုင်ငံမွေးပြီး အောက်နိုင်ငံကြီးရတာ ကောင်းပါတယ်။
ဓမ္မဂုတ်။ ။ ရဟန်းဘဝနဲ့တော့ကော ကိုယ်တော်။
တပည့်တော်။ ။ ရဟန်းဘဝဆိုတာ ပစ္စည်းလေးပါး မျှတရုံ ကောင်းပါတယ်။ အောက်နိုင်ငံက ပေါများတော့ ပရိယတ် ပဋိပတ်ဖက်မှာ အတိုးတက် နည်းပါတယ်၊ အထက်နိုင်ငံမှာတော့ (ကျောင်းမှတစ်ပါး) ကျန်ပစ္စည်းက မများပါဘူး၊ သို့သော် မျှတရုံတော့ နေနိုင်ပါတယ်၊ ပညာရှိ ဆရာတော်များလဲ အောက်နိုင်ငံစာလျှင် အထက်နိုင်ငံက များပါတယ်။ ဒါ့ကြောင့် ရဟန်းဘဝနဲ့ နေရလျှင် အထက်နိုင်ငံကိုပင် သဘောကျပါတယ်။
ဓမ္မဂုတ်။ ။ အထက်နိုင်ငံမှာတော့ ဘယ်နယ်ကို သဘောအကျဆုံးလဲဘုရား။
တပည့်တော်။ ။ ဟဲဟဲ ... ဒါကတော့ ရွှေဘိုနယ်ပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ့်ငါးချဉ်တော့ ကိုယ်ချဉ်ရမှာပေါ့နော်။
တပည့်တော်။ ။ အကြောင်းမဲ့ မဟုတ်ပါဘူး, အကြောင်းလဲ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဘာအကြောင်းလဲ ကိုယ်တော်။
တပည့်တော်။ ။ အရှင်ဘုရားဘဲ စဉ် စားကြည့်ပါလား၊ တပည့်တော်တို့ရဲ့ ကျွန်ဘဝ မရောက်ခင် (ရောက်သည့်အဆက်မှာ) ရာဇဝင် အထင်ရှားဆုံး မင်းဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မဟုတ်ပါလား။
ဓမ္မဂုတ်။ ။ ရိုးရိုးအသံနဲ့ ပြောပြပါကိုယ်တော်၊ ကိုယ်တော်က ရွှေဘိုအကြောင်း ပြောမှ အသံကျယ်လာလိုက်တာ။
တပည့်တော်။ ။ ကျယ်မှာပေါ့ဘုရား ဇာတိသွေး ဇာတိမာန်ဆိုတာ ထိမ်ချန်လို့ ရကောင်းတာ မဟုတ်ဘူး။
ဓမ္မဂုတ်။ ။ ဦးအောင်ဇေယျ ဘုန်းလက်ရုံးကြီးတာနဲ့ ကိုယ်တော်နဲ့ ဘာဆိုင်တုန်း။
တပည့်တော်။ ။ ဦးအောင်ဇေယျရဲ့ ထန်းတုံးတပ်မြို့ တည်တုန်းက ဘယ် နယ်သားတွေ ပါမယ်ထင်တုန်း, ရွှေဘိုနယ်သားတွေချည်း မဟုတ်ပေဘူးလား။
ဓမ္မဂုတ်။ ။ ဒါတော့ ဟုတ်မှာပေါ့ ကိုယ်တော်။
တပည့်တော်။ ။ ရွှေဘိုနယ်သားမှန်လျှင် ဒီရာဇဝင် မမေ့ကောင်းဘူးဘုရာ့။
ဓမ္မဂုတ်။ ။ အနို့ ... ကျွန်ဘဝ ရောက်တော့လဲ အဲဒီ ရွှေဘိုမင်းဆက်ဘဲ မဟုတ်လား။
တပည့်တော်။ ။ မှန်ပါတယ် ... မူလလူကြီးတွေရဲ့ အရှိန်ကိုယူပြီး “ဘုန်းတော် အလွန်တရာ ကြီးမြတ်တော်မူသလေး ဘာလေးလဲ”နဲ့ ရွှေဘိုသွေး ပျောက်သွားလို့ သူတစ်ပါးလက်အောက် ရောက်ရတာပါ။
ဓမ္မဂုတ်။ ။ လက်နက်မှမရှိဘဲ, ရွှေဘိုသွေးကော ဘာတတ်နိုင်မှာလဲကိုယ်တော်။
တပည့်တော်။ ။ ရွှေဘိုသွေးပီလျှင် အင်္ဂလိပ်နဲ့ ပထမစစ်ကိုဘဲ မဖြစ်ရအောင် ကြိုးစားမှာဘဲ၊ မရှောင်သာလို့ ပထမစစ် ဖြစ်ရရင်လဲ ရန္တပိုစာချုပ် ချုပ်ပြီးတဲ့ နောက်တော့ ကိုယ်တော်“ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူလှသော” ဆိုတဲ့ ဂုဏ်ပုဒ်တွေဖြုတ်ပြီး မင်းရော မိဖုရားတွေရော တစ်နိုင်ငံလုံး အလုပ် လုပ်မှာပေါ့ ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော့မှာ ခုအထိ ရွှေဘိုသွေး ရှိသေးသလား။
တပည့်တော်။ ။ တပည့်တော်က ကျောင်းတိုက်မှာ သစ်ပင်က သစ်ခက်တို့ ဘာတို့ ဖြတ်စရာရှိ၍ ရွှေဘိုနယ်က ကိုရင်ကို ခိုင်းတဲ့အခါ“ငါ ... ရွှေဘိုသားလို့ ကြုံးဝါးပြီး တစ်ချက်တည်းနဲ့ ပြတ်အောင်ဖြတ်”လို့ ခိုင်းတာဘဲ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ယခုအထိ ရွှေဘိုသွေး ရှိသေးတာပေါ့နော်။
တပည့်တော်။ ။ သာသနာတော်ကို မြှင့်တင်လိုတဲ့စိတ်တွေ ပြင်းပြနေတာလဲ မြန်မာသွေး ဘာသာသွေးနှင့် ရွှေဘိုသွေး မကင်းဘူးဘုရား။
ဓမ္မဂုတ်။ ။ သာဓုပါ ကိုယ်တော် သာဓုပါ၊ ရွှေဘိုသားလဲ ပီ, မြန်မာတိုင်းဘွားလဲ ပီ, ဗုဒ္ဓဘာသာလဲ ပီပါပေတယ်။
တပည့်တော်။ ။ “ဗုဒ္ဓဘာသာ”ဆိုပေမဲ့ အခြားဘာသာကို အထင်မသေးပါဘူး ဘုရား၊ အခြားဘာသာများလဲ လောကီ ကောင်းကျိုးကို ညွှန်ပြကြပါတယ်။ လူအများစုဟာ ကိုယ့်ဆိုင်ရာ ဘာသာနဲ့ အဆုံးအမကို လိုက်နာကြမယ် ဆိုရင်တော့ ဘာသာတိုင်းမှာပင် လူတော် လူကောင်းတွေ ဖြစ်နိုင်ကြပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုင်းကိုင်း ... ရွှေဘိုမြို့အကြောင်း ပြောရင်တော့ ရာဇဝင်စာအုပ် ကြည့်တုန်းက မင်းကြီးဗန္ဓုလ ကျဆုံးတဲ့အခန်း တွေ့တဲ့အခါ ဝမ်းနည်းလို့မှ မဆုံးသေးဘူး စာရွက်လေး ငါးရွက်လောက် ကျော်တဲ့အခါမှာ အင်္ဂလိပ်တွေက အဖက်ဖက်၌ အထက်စီးနဲ့ချုပ်တဲ့ စာချုပ်တွေ့ရတော့ စိတ်တွေ ဘယ်လိုဖြစ်သွားမှန်း မသိအောင် လှုပ်ရှားပါတယ်ဘုရား။
တပည့်တော်။ ။ နိုင်ငံသွေး ဘာသာသွေးတွေ ဆူလာလို့ ရှေ့ကိုမတိုးတော့ဘဲ ရွှေဘိုဗုံကြီးသံနဲ့ နိဂုံးအုပ်ပါစို့ကိုယ်တော်၊ ညီညီနော်...ညီညီ ညီညီ။
ရန်ကြီးအောင် - ကုန်းဘောင်ခပါလို့ ငါးမည်ရ ပြည်ရွှေဘို. .. ဘေး... ရန်ကပြို၊ မုဆိုးဖို ရန်ပြိုတဲ့ နာသိင်္ဃ. .. ဘိုးတော်ဒေသ။
၄။ ရွာရွှေရိုင် - ရွာရွှေရိုင်
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ရွှေဘိုနယ်မှာ တောင်လက် မြောက်လက် ခွဲခြား၍ ရွာအများရှိပါတယ်၊ ကိုယ်တော်က ဘယ်နယ် ဘယ်ရွာမှာ ဖြစ်လိုသလဲ။
တပည့်တော်။ ။ တပည့်တော်ကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ဆိုဆို ရွှေဘိုတောင်လက် သရိုင်ရွာမှာဘဲ ဖြစ်ချင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ သရိုင်ရွာမှာ ရွှေကျင်ဂိုဏ်းရဲ ဒုတိယသာသနာပိုင် ဖြစ်တော်မူသော မဟာဝိသုဒ္ဓါရုံ ဆရာတော်, ထရံကာဆရာကြီး တို့ကို အကြောင်း ပြုပြီး သံဃာတော်များဖက်က အသိများပါတယ်၊ နိုင်ငံရေး ခေါင်းဆောင် မထွက်တော့ နောက်ပိုင်းမှာ လူသိမများပါဘူး။
တပည့်တော်။ ။ ရွာအနေနဲ့တော့ အိမ်ခြေမများလှလို့ မကြီးကျယ်ပါဘူး၊ ဒါပေမယ့် လူအများစုအနေနဲ့က မြန်မာမင်း လက်ထက်မှာရော အင်္ဂလိပ် လက်ထက်မှာရော အဆင့်အတန်း မြင့်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုမြင့်ပုံလဲ ကိုယ်တော်။
တပည့်တော်။ ။ ရွာဦးရွာထိပ်မှာ ရှေးမင်းတို့တည်ထားတဲ့ စေတီတော်များ ရှိပါတယ်၊ ထို့နောက် ပစ္စည်းရှိသူတို့ တည်ထားတဲ့ စေတီတော် ဆင်းတုတော်များလဲ အများပင် ရှိပါတယ်၊ ထိုစေတီတော်များက ရွာ၏အဆင့်အတန်းကို မှန်းနိုင်လောက်သော အမှတ်အသားများ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ သည့်ပြင်ကော ကိုယ်တော်။
တပည့်တော်။ ။ မူလက ရွာ၏အခြေအနေ ခိုင်မာလေတော့ အနီးအပါးဖြစ်တဲ့ ခင်မင်ရွာ စမွန်းရွာတို့မှ ပစ္စည်းရှိတဲ့လူ တော်တော်များများနှင့် သရိုင်သူသရိုင်သားတို့ အကြောင်းကြပါတယ်၊ နောက် (သူခိုး ဓားပြ ဘေးကြောင့်) ပစ္စည်းရှင်အများပင် သရိုင်ရွာသို့ ပေါင်းစုကြပါတယ်။ ထိုသို့ ပေါင်းစုမိလို့ အတော်ကြာတဲ့အခါ သားရေး သ္မီးရေး ဆက်သွယ်မှုကြောင့် ထိုလူအများစုဟာ ဆွေမျိုးတော်စပ်ကုန်ကြပါတယ်၊ အဲဒီ တစ်မျိုးလုံးက အိမ်ခြေ တစ်ရာ့ငါးဆယ်ခန့်ရှိသောရွာကို သုံးပုံ နှစ်ပုံလောက် ဖုံးနေတာဖြစ်တော့ တစ်ရွာလုံး အဆင့်အတန်း မြင့်သလို ဖြစ်သွားတာပေါ့။
ဓမ္မဂုတ်။ ။ အင်း ဒီလိုတော့ ဖြစ်နိုင်စရာရှိပါတယ်၊ ဒါ့ကြောင့် ကိုယ်တော်တို့ အမျိုးဟာ မောင်နှမချင်း လက်ထပ်ကြတာ ထင်တယ်။
တပည့်တော်။ ။ တပည့်တော်တို့အမျိုး ဇာတိသွေး အင်မတန် အရေးကြီးပါတယ်၊ သူတို့ရဲ့ စီးပွါးတွေကို ဆွေမျိုးထဲက ဆက်၍ ခံစားစေချင်ပါတယ်။ ဒါ့ကြောင့် လက်ထပ်ချိန်ရောက်၍ သားသ္မီးများအတွက် စဉ်းစားတဲ့အခါမှာ တစ်ဝမ်းကွဲထဲက ပထမ၊ တစ်ဝမ်းကွဲ အရွယ်တူ မရှိလျှင် နှစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ မရှိလျှင် သုံးဝမ်းကွဲ ထဲက ရွေးကြပါတယ်၊ ခုလို ရွေးစရာမရှိလျှင် အခြားတစ်ရွာက ဖြစ်ဖြစ် ရွေးကြပါတယ်၊ အမျိုးညံ့လျှင် ပစ္စည်းရှိသော်လဲ မပေးစားလိုကြဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်တို့ အမျိုးက သာကီဝင်မင်းမျိုးကို အားကျတာပေါ့ နော်။
တပည့်တော်။ ။ ချီးမွမ်းချင်တဲ့သူက ဒီလိုမြင်ပေမယ့် ရန်ဖြစ်ကြလို့ အမျိုးထိပြီး ဆဲတဲ့အခါ “ဟဲ- ခွေးမျိုး... မောင်နှမချင်း အဝှါပြုတဲ့ ခွေးမျိုး”လို့လဲ အဆဲ ခံရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့မိဘများလဲ မောင်နှမချင်းဘဲလား။
တပည့်တော်။ ။ အမေ့ဘက်က မောင်နှမချင်း စပ်ထားပါတယ်။ ဒါကို အမေက သဘောမကျလို့ အဖေနဲ့ လိုက်ပြေးတာနဲ့ အတော်ကြာကြာ အမေ့ ဘိုးဘွားဘက်က မခေါ်ဘူး၊ နောက်မှ ခေါ်တယ်လို့ ကြားဖူးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အဖေဖက်က ညံ့လို့လား။
တပည့်တော်။ ။ မညံ့ပါဘူး ... မောင်နှမချင်းစပ်ထားတာ မဖြစ်ရလို့ပါ၊ ဒီလို သွေးမစပ်တဲ့ မိဘနှစ်ဖက်ကြောင့် တပည့်တော်ရဲ့ အမျိုးဟာ ပိုပြီးကျယ်ပြန့် သွားတာပေါ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့အမျိုးဟာ ဆွေကြီးမျိုးကြီးမို့ ပျော်စရာကောင်းမှာဘဲနော်။
တပည့်တော်။ ။ အား ... ဒီလိုလဲ အထင်မကြီးလိုက်နဲ့အုံး, သိပ် ရွံစရာကောင်းတဲ့ အချက်တွေကလဲ ဒီအမျိုးထဲမှာ အများကြီးဖြစ်နေတယ်။
ဓမ္မဂုတ်။ ။ ဘာများ မကောင်းဖြစ်စရာရှိလဲ ကိုယ်တော်၊ အားလုံး အမျိုးတွေ ချည်းဘဲဟာ။
တပည့်တော်။ ။ လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယဆိုတာ (ပုထုဇဉ် မှန်သမျှ) အပြည့်ရှိနေတာဘဲဘုရား၊ ဒီတော့ လောဘဆိုင်ရာ စီပွါးရေးနှင့် စပ်ပြီး မောင်နှမ အရင်းချင်းတောင် (အိမ်ထောင်ကွဲတဲ့အခါ) မေတ္တာ အစေး မကပ်ချင်ကြဘူး၊ လောဘကို အကြောင်းပြုပြီးတော့ ဒေါသ မာနတွေ မနာလို ဝန်တိုဆိုတဲ့ ဣဿာ မစ္ဆရိယတွေဟာ အနည်းနဲ့အများ မကင်းကြတော့ဘူး၊ ဒီတော့-တပည့်တော်တို့ရဲ့ အမျိုးတွေလဲ လူထဲက လူတွေဘဲ ဖြစ်တော့ လူလိုနေကြတာပေါ့ဘုရား၊
ဒါ့ကြောင့် တပည့်တော်က နောက်လူတွေကို ပြောလေ့ရှိပါတယ်၊ “ဒို့အမျိုးဟာ ကျီးကန်းတွေလိုဘဲ စီးပွားရေးနှင့် ဆိုင်လာလျှင် ကျီးကန်းတွေ တစ်ကောင်နှင့် တစ်ကောင် မညှာသလို တစ်ယောက်နှင့်တစ်ယောက် (အရင်းပေမယ့်) မညှာ တတ်ဘူး၊ သူများက တစ်ယောက်ယောက်ကို စော်ကားတယ်ဆိုရင် စီးပွားရေး တုန်းက မတဲ့ပေမယ့် ဝိုင်းအာကြတယ်”လို့။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့အမျိုးဟာ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးတို့၊ ထရံကာ ဆရာတော်ကြီးတို့လို ပုဂ္ဂိုလ်ကြီးတွေ ထွန်းကားတဲ့ အမျိုးဖြစ်တော့ လူ့ကျင့်ဝတ် စာရိတ္တဘက်ကတော့ ကောင်းမှာဘဲနော်။
တပည့်တော်။ ။ ထိုဆရာတော်ကြီးများက ရာဇဂုရုတံဆိပ်တော်ကြလို့ နိုင်ငံမှာ ထင်ရှားတာပါ၊ ထိုဆရာကြီးများရဲ့အထက်က သရိုင်ဆရာတော်ကြီး လို့ ထင်ရှား တော်မူတဲ့ ရွှေတောင်ကျောင်း ဆရာတော်ကြီးဆိုတာ ရှိပါတယ်၊ သရိုင်ရွာတွင် မကပါဘူး၊ တစ်နယ်လုံးမှာ သြဇာကောင်းပါတယ်။ သတ္တဝါများရဲ့ အကျိုးကိုလဲ ဆောင်တော်မူဟန် တူပါတယ်၊ ရွာရဲ အနောက်အင်းကြီးကို ဘေးမဲ့ ထားဖို့ ရှင်ဘုရင့်ထံ မေတ္တာရပ်လို့ ဘေးမဲ့ ရဖူးပါတယ်၊
ထိုဆရာတော်ကြီးရဲ့ သြဝါဒကိုနာယူရလို့ တပည့်တော်တို့ အမျိုးသာမက တစ်ရွာလုံး စာရိတ္တကောင်းကြပါတယ်၊ ရှေး လူကြီးသူမ များရဲ့ ထုံးစံမှာ ရဟန်း သံဃာမြင်လျှင် ဦးခေါင်းပေါ်မှာ, ပခုံးပေါ်မှာရှိတဲ့ ဝန်ထုပ်ကိုချပြီး ထိုင်၍ လက်အုပ်ချီလေ့ ရှိကြပါတယ်၊ ဒီအကျင့်ဟာ တပည့်တော်တို့ ငယ်စဉ်တိုင်အောင် ရှိသေးလို့ မန္တလေးမှ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးနှင့် အတူပါလာတဲ့ မြို့နယ် အစုံက သံဃာတော်တွေက ချီးမွမ်းတော်မူကြပါတယ်။
ဓမ္မဂုတ်။ ။ သရိုင်ဆရာတော်ကြီးက ဩဝါဒကောင်းတော့ လူကြီးတွေက ဆက်ပြီး လူငယ်တွေပါ ကောင်းကြရမှာပေါ့နော်။
တပည့်တော်။ ။ ဘာသာရေး၌ ယဉ်ကျေးရုံသာမကပါဘူး, မြန်မာမင်းလက်ထက်ကို မှီလိုက်တဲ့ လူကြီးသူမတို့က ရိုးရာအားဖြင့်လဲ ယဉ်ကျေးကြဟန် တူပါတယ်၊ တပည့်တော် ငယ်ငယ်တုန်းက အဘိုးများနှင့် အရွယ်တူ လူကြီးတွေ စကားပြော တာကို ကြားလိုက်ရဖူးပါတယ်၊ နံနက်ဆွမ်းခံဝင်ချိန်လောက်မှာ တပည့်တော်တို့ အိမ်ကိုလာပြီး ဘိုးအရွယ်တွေ လဘက်ရည်သောက်ရင်း စကား ပြောကြပါတယ်။ အသက်ကြီးတဲ့လူကြီးက ပြောလိုက်ရင် အသက် ငယ်တဲ့လူကြီးက “အမိန့်တော် အတိုင်းပါခင်ဗျာ၊ ဦးထိပ်ရွက်ပါခင်ဗျာ” လို့ ပြောကြပါတယ်၊
(ယခုခေတ်“ဟုတ်ကဲ့”လို့ အပြောမျိုးနှင့် သဘောတူပါတယ်။)
ဓမ္မဂုတ်။ ။ တယ် နားထောင်ကောင်းတဲ့ စကားအသုံးတွေဘဲနော်၊ ဒီ အသုံးအနှုန်းမျိုး ယခု ရှိသေးသလား။
တပည့်တော်။ ။ ဝေးပါရဲ ဘုရား ... တပည့်တော် မိဘတို့ လက်ထက်ကျတော့ မကြားရတော့ပါဘူး၊ မိဘလက်ထဲမှာ အင်္ဂလိပ် အုပ်စိုးချိန်ဖြစ်လို့ မြန်မာ့ ယဉ်ကျေးမှုတွေ တစ်စတစ်စ ကွယ်သွားပါတယ်၊ ဘိုးများရဲ့ လက်ထက်မှာ ဝတ်ထားတဲ့ အဝတ်ကလဲ များသောအားဖြင့် အဖြူတွေဖြစ်တော့ လူကြီးတွေကို ကြည့်ရတာ အသွားအလာ အနေအထိုင်မှစ၍ သိပ်ပြီး ကျက်သရေ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီ ယဉ်ကျေးမှုကတော့ အုပ်ချုပ်တဲ့ အစိုးရလိုက်ပြီး ပြောင်းလွှဲရမှာပေါ့ ကိုယ်တော်၊ ဒါ့ထက် စကားစကို ပြန်ဆက်ရဦးမယ်၊ ရွှေတောင်ကျောင်း ဆရာတော်ကြီးကတော့ ဘယ်လိုဆက်လာသလဲ ကိုယ်တော်။
တပည့်တော်။ ။ အဲဒီ အဆက်တော့ တပည့်တော် မကြားဖူးပါ၊ ဒါပေမယ့် သရိုင်ရွာက ရှေးသူတော်ကောင်း ဆရာတော်ကြီးတွေ အတော်ကြာကြာ ဆက်ခဲ့ကြ ဟန်တူပါတယ်၊ အရှင်သုမေဓာဆိုတာ“ရဟန္တာ”လို့ ကျော်စော ခဲ့ပါတယ်၊ ယခုလဲ စေတီလှဘုရားဝိုင်းရဲ့ အရှေ့တောင်ဒေါင့်မှာ“ရဟန္တာ သမုတ်တဲ့သိမ်”ဟု အသိအမှတ်ပြုအပ်တဲ့သိမ်တော် ရှိပါသေးတယ်၊ အဲဒီ သိမ်တော်မှာဘဲ ရွှေကျင် ဆရာတော်ကြီး ဥပဇ္ဈာယ်ပြု၍ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး ရဟန်းဖြစ်တယ်လို့ ပြောစမှတ် ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်တို့ရွာဟာ ဆရာတော်ကြီးတွေရဲ့ ဩဝါဒကို အဆက်ဆက် နာယူခဲ့ရပါလိမ့်မယ်။
တပည့်တော်။ ။ ဖြစ်လောက်ပါတယ်ဘုရား၊ အဲဒီ စေတီလှ၍ မဟာရာမ် တံတိုင်း အတွင်းမှာဘဲ မောင်ရင်ဈာန်ရ တည်ထားတဲ့ “လေးကျွန်းမြေ စေတီတော်ကလေး” ဆိုတာ တပည့်တော် ငယ်စဉ်က ဖူးလိုက်ရပါသေးတယ်၊ စေတီတော်က ငယ်ငယ်ဆိုတော့ လူမလေးစားလို့ ယခုတော့ မရှိတော့ပါဘူး။
ဓမ္မဂုတ်။ ။ နှမြောစရာဘဲ ကိုယ်တော်, ရာဇဝင်တန်ဖိုးကို မသိကြတော့ မစောင့်ရှောက်တတ်ကြပေဘူးပေါ့၊ ဒီလိုဆိုတော့ ကိုယ်တော်တို့ရွာရဲ ဘာသာရေး ယဉ်ကျေးမှုဟာ ကြာလှပြီပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား ... အရှင်အရဟံတို့ရဲ့ ရှေ့ပိုင်း ခေတ်အဆက်နဲ့ အပြိုင်ဖြစ်စရာ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီ စေတီတော်ကြီး, စေတီတော်ငယ်များကို ယခုတိုင်အောင် ပြုပြင် နေကြတာတော့ ချီးမွမ်းစရာဘဲ ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ်-တပည့်တော်တို့ရဲ့ အမျိုးမှာ ရှေးထုံးစံတစ်ခု ရှိပါတယ်၊ အိမ်ထောင်ကျပြီးတဲ့နှစ်မှာ တတ်နိုင်လျှင် ကထိန်ခင်းရပါတယ်။ သားကလေး ငါးနှစ်လောက်ရှိတဲ့အခါ ရှင်ပြု အလှူပေးရပါတယ်, နောက်တစ်ကြိမ် ရှင်ပြုဖို့ သား ရှိသေးလျှင် ဒုတိယ ရှင်ပြုအလှူပေးရပါတယ်, နောက်တော့ တတ်နိုင်လျှင် မိဘ ဘိုးဘွားတို့ရဲ့ ကျောင်း, ဘုရားစေတီ, တန်ဆောင်း ပြာသာဒ်တို့ကို ပြုပြင်ရ မွမ်းမံရပါတယ်။
ဓမ္မဂုတ်။ ။ ပစ္စည်းက မပေါများရင်ကော ကိုယ်တော်။
တပည့်တော်။ ။ ပစ္စည်းမရှိလို့ မတတ်နိုင်လျှင်တော့ ဘာမှမလုပ်တော့ဘူးပေါ့ ဘုရား၊ ဒီလိုလူအတွက်တော့ “အမျိုးတိမ်ကောသွားတယ်”လို့ ဆိုရတော့တာပေါ့၊ အဲဒီလို တတ်နိုင်တဲ့သူကလဲ သဒ္ဓါတရား ရှိဦးမှ ပြုပြင်တာပါ၊ သဒ္ဓါတရားမရှိလို့ မပြုပြင်ကြရင် တတ်နိုင်တဲ့ ဆွေနီးမျိုးစပ်က ပြုပြင်လေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒါ့ကြောင့် ကိုယ်တော်တို့ရွာက စေတီ ဆင်းတုတော်များမှာ ယနေ့အထိ ထုံးသင်္ကန်းဖွေးဖွေးနှင့် တန်ဆောင်းကြီးငယ်များလဲ တင့်တယ်နေတာဘဲနော်။
တပည့်တော်။ ။ မှန်ပါတယ်, တပည့်တော်ရဲ့ မိဖက် ဘဖက် နှစ်ဖက်လုံးမှာ တစ်ဖက် တစ်ဖက်လျှင် အမိ အဘ အစုံဖြာလိုက်တော့ လေးဖက်ဖြစ်သွားပါတယ်၊ အဲဒီ လေးဖက်တွင် အဖေ့ဖက် ဘိုးက စမွန်းအနွယ်ဖြစ်တော့ စမွန်းရွာမှာ သူ့မိဘဖက်က စေတီတော်ကို ထပ်မံ၍ ပြင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် လောက်မှာ ရွာက ထပ်မံပြုပြင်မယ်လို့ တပည့်တော်ကို အကြောင်းကြားတော့ တပည့်တော်ဆိုင်ရာက ဝတ္ထုတစ်ထောင် ထည့်လိုက်ရပါသေးတယ်၊
အဖေ့ဖက် အဖွားတို့ကတော့ အစိုးရပိုင်းမှာ ပါနေဟန်တူပါတယ်၊ အဖွားရဲ့မောင် တစ်ယောက်က ဆားတောင်အုပ်, ညီမတစ်ယောက်က နန်းတော်သူလို့ ကြားဖူးပါတယ်၊ ရှေးမင်းများ တည်ထားခဲ့တဲ့ ရှေးအကျဆုံး“ရွှေမုဋ္ဌောစေတီ” ဆိုတာ အဖွားဖက်က အမွေဆိုင်ဘုရားပါ၊ နောက်ဆုံးမှာ တပည့်တော်ရဲ့ အမ တစ်ဝမ်းကွဲက ပြင်သွားပါတယ်၊ အမနောက်တော့ မပြင်ကြလို့ အမေ့ဖက် ဒေါ်လေး တစ်ယောက်က ပြင်ပါတယ်၊ မကြာမီက မန္တလေးနေတဲ့ လူတစ်ယောက်ကို မင်းတို့တတ်နိုင်တဲ့အခါ“ရွှေမုဋ္ဌောစေတီတော်”ကို တာဝန်ယူကြလို့ ပြောလိုက် ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ မယ်တော်ဖက်ကကော ဘာကောင်းမှုများ ရှိသလဲ။
တပည့်တော်။ ။ အမေ၏ အမေ့ဖက်က ယခုတိုင်အောင် တတ်နိုင်တဲ့သူတွေ အများပင် ရှိပါသေးတယ်, သို့သော် အရင်းထဲကတော့ အတော်အားရော့ သွားပါပြီ, တစ်ဝမ်းကွဲတွေက အားကောင်းပါတယ်၊ ရွှေမုဋ္ဌောဘုရားဝိုင်းထဲမှာ အမေ့ဖက် အဖွားကြီးမှစ၍ ဆွေမျိုးတွေရဲ့ကောင်းမှု တော်တော် များများ ရှိပါတယ်၊
ထို ကောင်းမှုများကို သရိုင်ချောင်က သီလရှင်ဆရာ ဒေါ်လေး, ဝက်လက် ရွှေ့ပြောင်းနေတဲ့ ဒေါ်လေးနှင့် မန္တလေး ရွှေ့ပြောင်းနေတဲ့ ညီတစ်ဝမ်းကွဲတို့က ပြုပြင်ကြပါတယ်၊ အမေ့အဖွားရဲ စေတီတော်, အမေ့ဦးလေးရဲ့ စေတီတော်စတဲ့ ဆွေမျိုး စေတီ ပြာသာဒ် အားလုံးဘဲ တစ်ဝိုင်းလုံး သာယာနေပြီလို့ ပြောကြပါတယ်။
ဓမ္မဂုတ်။ ။“ရွှေမုဋ္ဌောဘုရားဝိုင်း”ဆိုတဲ့ စကားအရ မေးရအုံးမယ်, ကိုယ်တော် တို့ရဲ့ ရွာဦး ရွာထိပ်မှာ ဘုရားဝိုင်းက ဘယ်နှစ်ဝိုင်းရှိသလဲ။
တပည့်တော်။ ။ စေတီဦးလှဝိုင်း, ရွှေမုဋ္ဌောဝိုင်း, လေးမျက်နှာဝိုင်း, ပွတ်စေတီဝိုင်း ရယ်လို့ တံတိုင်းအသီးသီးခတ်ပြီး ခွဲခြားထားတဲ့ ဘုရားဝိုင်းက လေးဝိုင်း ရှိပါတယ်, ဘုရားဝိုင်းကြီးတွေရဲ့ အကြားမှာ ဇရပ်ကြီးတွေလဲ ရှိပါတယ်။ တပည့်တော်ဆွေမျိုး အဆက်ဆက်ရဲ ဇရပ်တွေပါ၊ တစ်ရွာလုံးသုံးနေတဲ့ အကြီးဆုံးဇရပ်ကို မကြာမီက အမွေဆိုင်ဖြစ်တဲ့ ဝမ်းကွဲအမနှင့် သကျသီဟ ဓမ္မာစရိယ ဦးကောဏ္ဍညာဘိဝံသရဲ မယ်တော်လဲဖြစ်, တပည့်တော်ရဲ့ တစ်ဝမ်းကွဲနှမလဲ ဖြစ်တဲ့သူက ပြင်ထားပါတယ်၊ အဲဒီ ဇရပ်ဒကာဒကာမကြီးရဲ့ ရွှေသာလျောင်းဘုရား ဆင်းတုတော်ကြီး၏ကိန်းရာ အုတ်တိုက်ကြီးကိုလဲ ပြင်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကျစွာမင်းကြီး တည်ထားတဲ့ စေတီလှကြီးကိုကော ဘယ်သူ့ အဆက်က အမွေဆိုင်သလဲ။
တပည့်တော်။ ။ အဲဒီ စေတီတော်ကြီးကို မိုးညှင်းမင်းက ထပ်မံပြီး ကြီးမားအောင် (နဂိုရ် စေတီတော်ကို ငုံ၍) ပြုပြင်ပါသတဲ့၊ စေတီတော်ကြီးက ကြီးကျယ်လွန်းတော့ တစ်ခါတစ်ခါ ပြိုပါတယ်၊ ထိုအခါ စုပေါင်းပြီး ပြုပြင်ပါသတဲ့၊ နောက် ၁၂၆၀ ပြည့်နှစ် ပြိုတော့ ခင်မင်ကျောင်းဒကာ ဘိုးစံဝန်နှင့် အဖွားဝိတို့က ပြုပြင်ပါတယ်၊ (အဖွားဝိ ဆိုတာ ဒေါ်လေးမြရဲ့ အဖေ့အမဖြစ်တဲ့ အရီးအရင်းပါ။) နောက်တစ်ခါ ပြိုပြန်တော့ သိပ်မကြာတဲ့ နှစ်က ဘိုးစံဝန်ရဲ့ မြေးတော်တဲ့ ညီအမ သုံးယောက်က အိမ်ထောင် မပြုတဲ့ ယောဂီများဖြစ်လို့ သူတို့အမွေရတဲ့ စိန် ရွှေ တစ်ချို့ကို မဝတ်တော့ဘဲ ဘုရားကြီးကို ခေါင်းဆောင်ပြီး ပြုပြင်ကြပါတယ်။ ယခုအချိန်မှာ သူတို့ဆွေမျိုးများ အမွေဆိုင်ပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ဆွေမျိုးက ဘုရားများကို ဂရုစိုက်သလောက် ကျောင်းတွေကိုတော့ ဂရုမစိုက်ကြဘူးထင်တယ်။
တပည့်တော်။ ။ ထင်စရာပေဘဲဘုရား ... သရိုင်ရွာမှာ ရှေးကကျောင်း ငါးကျောင်း ရှိပါတယ်၊ ရွှေတောင်ကျောင်း, ပင်းကျောင်း, ဗောဓိကျောင်းဆိုတဲ့ သုံးကျောင်းဟာ အခိုင်အခန့်ဆုံးပါဘဲ၊ ထိုကျောင်းကြီး သုံးကျောင်းလဲ မိဖက် ဘဖက်က ကျောင်းများ ဖြစ်ပါတယ်၊ ရွှေတောင်ဆရာတော်ကြီးရဲ့ ကျောင်းကို အဖေဖက် ဘိုးကြီး ဘိုးဖေက မူလတည်ပါသတဲ့၊ ဗောဓိကျောင်းကြီးကို အမေ့ဖက် အဖွားမယ်အိမ်, ထို့နောက် ကြီးတော် ဒေါ်မန်းညွန့် သား မောင်သာဌေးတို့က အမွေဆက်ခံပြီး ပြင်ပါတယ်။
ပင်းကျောင်းဆိုတာ ဘိုးအရင်းနဲ့ မ-တည် ကျောင်းကြီးပါ၊ နောက်တော့ (ယခု ကျောင်းထိုင် ဘုန်းတော်ကြီးရဲ့) မယ်တော်က တန်ဆောင်းဆက်ပြီး ဦးလတ်ကြီးက ပြာသာဒ်ဆက်ပါတယ်၊ အုတ်တိုက်ကတော့ ဒေါ်လေးမြနှင့် (ယခု ဘုန်းတော်ကြီးရဲ့) နောင်တော် ကောင်းမှုပါ၊ အဲဒီကျောင်းတွေကို မပြုပြင်ကြတာက ကျောင်းမှာ သံဃာက မရှိတော့လို့ပါ။ ကျောင်းထိုင် ဘုန်းကြီး တစ်ပါးစီသာ ရှိပါတော့တယ်၊ ဒါကြောင့် ဘုရားတွေ စိုပြေသလောက် ကျောင်းတွေခြောက်ကပ်နေတာပါ။
ဓမ္မဂုတ်။ ။ ကျောင်းတွေစိုလာအောင် ဘယ်လိုလုပ်ဖို့ စိတ်ကူးသလဲ ကိုယ်တော်။
တပည့်တော်။ ။ ဒီကိစ္စကတော့ လွယ်လွယ်နဲ့ ခက်တဲ့အလုပ်ပါဘုရား၊ ဘုန်းတော် ကြီးတွေ မကြိုးစားလို့ ကျဆင်းလာတာဖြစ်တော့ ကြိုးစားလျှင်တစ်နှစ် အတွင်းမှာ ပြန်၍ စိုပြေနိုင်ပါတယ်၊ နည်းလမ်းကိုတော့ အနာဂတ်သာသနာ, ဘာသာသွေး, ရုပ်ပုံရှင်ကျင့်ဝတ်, စာအုပ်တို့မှာ ရေးခဲ့ပါပြီ၊
ယခုလဲ တပည့်တော်နေခဲ့တဲ့ ပင်းကျောင်းမှာ ဒေါ်လေးက သူ့တူဦးပဉ္စင်းကို တိုက်တိုက်တွန်းတွန်း တောင်းပန်ပြီး ကိုးကွယ်ထားလို့ ကျောင်းလဲ အတော်အတန် သာယာလာပြီလို့ ကြားရပါတယ်၊ ဘုန်းကြီးကလေးက လောကီပညာလဲ ရှစ်တန်းလောက် သင်ဖူးပါတယ်၊ ဒါ့ကြောင့် ကလေးတွေလဲ အတော်ရောက်လာပြီလို့ ကြားရပါတယ်၊ ရွာကလဲ အတော်ဂရုစိုက်ကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ရဲ့ မိမျိုး ဘမျိုး နှစ်မျိုးလုံးဘဲ ဘုရား ဒကာ, ကျောင်းဒကာ အဆက်ဆက်တွေဖြစ်တော့ ကိုယ်တော်တို့ အမျိုးဟာ လူလိမ္မာ လူ့သူတော်ကောင်းချည်း ပြစ်မှာပေါ့နော်။
တပည့်တော်။ ။ ဒီလိုလဲ အထင်မကြီးလိုက်ပါနဲ့ ဘုရား၊ လူလိမ္မာ လူ့သတ္တိခဲ အစုံ ထွက်ပါတယ်၊ အမေရဲ့ ဘိုး (ဘိုးရာဇာ) မှာ မွေးပေါက်ဖော် ဆယ်ယောက်ရှိပါသတဲ့၊ ယောက်ျားကိုးယောက်, မိန်းမတစ်ယောက်သာ ပါပါတယ်၊ အဲဒီ ဆယ်ယောက်က ပေါက်ဖွားလိုက်တာ အမျိုးတော်တော် ပြန့်သွားပါတယ်၊ ထရံကာဆရာတော်ကြီးဟာ ဒီ ဆယ်ယောက်ထဲက နောင်တော်တစ်ယောက်ရဲ့ သားပေါ့၊ အဲဒီ မောင်နှမ ဆယ်ယောက်တုန်းက ဆင်းရဲသူ မပါပါဘူး၊ သူတို့က ပေါက်ဖွားတော့ ဆင်းရဲသူတွေလဲပါ, လူမိုက် သတ္တိခဲတွေလဲ နဲနဲပါးပါး ပါလာပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လောက်များ သတ္တိရှိကြတုန်း ကိုယ်တော်။
တပည့်တော်။ ။ ဒါတော့ တပည့်တော် မသိပါဘူး၊ ရှေးက သံချပ်ထိုးတာတော့... “ဒုတ်တိုနှစ်ချောင်း, ဘေးမှာမြှောင်, သေအောင်ရိုက်တဲ့ ရွှေရိုင်သားဘဲ”တဲ့။
ဓမ္မဂုတ်။ ။ ဟုတ်မှာပေါ့နော် ... ကိုယ်တော်တို့က အလောင်းမင်းတရားကြီးရဲ့ ရွှေဘိုသွေးရော အမျိုးသွေးရောဆိုတော့ သတ္တိရှိစရာဘဲ။
တပည့်တော်။ ။ ဒီ သရိုင်ဆွေမျိုးတွေဟာ မာနလဲ ကြီးကြပါတယ်၊ တစ်ခါတုန်းက အမေ့ရအမိဖက်က တစ်ဝမ်းကွဲ ဦးကြီးဟာ သူ့အလှူ သားရှင်ပြုမှာ စိန်ဗေဒါကြီးရဲ့ ဆိုင်းကိုငှားပြီး ပွဲငြိမ်အောင် စောင့်ရှောက်ဖို့အတွက် သူ့သြဇာရှိတဲ့ တောင်ဖက် နယ်က သတ္တိထင်ရှား ကျော်ကြားတဲ့ ညီအကို နှစ်ယောက်ကို ခေါ်ထားပါတယ်။
ဓမ္မဂုတ်။ ။ သရိုင်က သတ္တိရှိတဲ့လူတွေကို သူက မခဘူးဆိုတဲ့ သဘောပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်, သရိုင်က သတ္တိခဲတွေက အမေနဲ့ အဖေဖက်က မောင်နှမ ဆယ်ယောက်ရဲ့ အဆက်တွေပါ၊ သည်တော့ ဦးကြီးနဲ့ သွေး မစပ်ပါဘူး၊ ဒီလို သူက အဝေးနယ်သားကို အားကိုးတယ်ဆိုတော့ သရိုင်သတ္တိခဲတွေက ယားကျိကျိ ဖြစ်တာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ယားကျိကျိဖြစ်တော့ ဘယ့်နှယ်လုပ်သလဲ ကိုယ်တော်။
တပည့်တော်။ ။ ညကျတော့ စိန်ဗေဒါကြီးလဲ ဆိုင်းဝိုင်းထဲ ဝင်ပြီး ပတ်ပျိုး စ ပါရော၊ (ဗုံး-ဒိုင်း) ခဲကျလို့ စိန်ဗေဒါကြီးလဲ အတော်လွတ်အောင် ထွက်ပြေးရရှာသတဲ့။
ဓမ္မဂုတ်။ ။ စိန်ဗေဒါကြီးကတော့ ကိုယ်တော်တို့ရွာကို အတော်စိတ်နာမှာဘဲနော်။
ကပည့်တော်။ ။ စိတ်နာ-မနာတော့ မပြောနဲ့တော့ နောက်တစ်ခါ ဦးကြီးရဲ့သားက အလှူပေး သားရှင်ပြုပြန်တော့ ရာဇဝင်ကြွေး ဆပ်ချင်တဲ့သဘောနဲ့ စိန်ဗေဒါကြီးကိုဘဲ ငှားပါသေးတယ်။
ဓမ္မဂုတ်။ ။ စိန်ဗေဒါကြီးက လိုက်လာရောလား ကိုယ်တော်။
တပည့်တော်။ ။ သရိုင်ဆိုရင် ရွှေပေးတောင် မလိုက်ဘူးလို့ ဆလံတင်လိုက်ပါ သတဲ့။
ဓမ္မဂုတ်။ ။ ဟား... ဟား... ကိုယ်တော်တို့ရွာကတော့ ပြောစရာဘဲ, ရွှေတောင် ဆရာတော်ကြီး, မဟာဝိသုဒ္ဓါရုံ ရွှေကျင်သာသနာပိုင်ကြီး, ထရံကာ ဆရာတော်ကြီး စသော ရဟန်းပညာရှိများနှင့် စေတီတော်ကြီး, ဆင်းတုတော်ကြီး, ရေတွင်း ရေကန်ကြီးများကို ပြုစုပြင်ဆင်ဖော်ရပြီး နောင်လာ နောက်သားတို့ ထွန်းကားကြ, သူတော်ကောင်းကြသလောက် လူမိုက် သတ္တိခဲများလဲ ပေါ်ထွက်တဲ့ ရွာကြီးဖြစ်တော့ ရွာရဲ့မြေခံဟာ အင်မတန် ထူးလိမ့်မယ် ထင်တယ်။
တပည့်တော်။ ။ တပည့်တော်ငယ်ငယ်က မန္တလေး ဝိသုဒ္ဓါရုံတိုက် ရောက်တော့ တစ်ချို့ စာချဘုန်းကြီးများက ဆရာတော်ကြီးဆီ ခေါ်သွားပြီး ဆရာတော်ရဲ့ ဆွေမျိုး ဉာဏ်ကောင်းကလေးပါလို့ ပြတဲ့အခါ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက “သရိုင်ရွာဟာ ပုညတိတ္ထ (ကောင်းမှုပြုလုပ်ရာ ရေဆိပ်သဖွယ်) ဖြစ်တယ်၊ ပုညတိတ္ထ၌ နေကြသော မိဘတို့သည် ကုသိုလ်ကောင်းမှု အမြဲတိုးပွားနေ သောကြောင့် ထိုသူတို့ရဲ့သားသည် မိဘစကား, ဆရာ့စကား နားထောင်သူ သူတော်ကောင်း ပညာရှိဖြစ်တတ်တယ်”လို့ ဟိတောပဒေသဂါထာကို ရွတ်ပြပြီး မိန့်တော်မူဖူးပါတယ်။
ဓမ္မဂုတ်။ ။ ဒါထက် မေးရဦးမယ်, ကိုယ်တော်တို့ရွာရဲ့ အခြေအနေနဲ့ ကိုယ်တော်တို့ အမျိုးရဲ့ အခြေအနေဟာ ယခုအခါ ရှေးကလိုဘဲလား။
တပည့်တော်။ ။ အမျိုးရဲ့စာရိတ္တဟာ အင်္ဂလိပ်လက်ထက်မှာ တဖြေးဖြေး လျော့လာပါတယ်၊ ဘိုးတို့ကို အဖေတွေ မမှီတော့ပါဘူး၊ တပည့်တော် ငယ်စဉ်က တစ်ဝမ်းကွဲအထိ တစ်မျိုးလုံးဟာ လူကြီးများ ရဲ့စကားကို လိုက်နာကြပါသေးတယ်၊ ညီအစ်ကို မောင်နှမချင်းလဲ အကိုကြီး - အမကြီးများရဲ့ စကားကို အငယ်က နားထောင်ကြပါသေးတယ်။
တပည့်တော် နည်းနည်း ကြီးလာရင်ဘဲ ညီအရင်း တစ်ယောက်နှင့် ညီဝမ်းကွဲ တစ်ယောက် အတော် ဖောက်လာပါတယ်၊ သောက်ပါတယ်, စားပါတယ်, ဖဲကစားပါ တယ်, ပစ္စည်း အခြေအနေကလဲ တပည့်တော်ငယ်စဉ်မှာ မိုးကမှန်တော့ ပတ်ဝန်းကျင် လယ်တွေက စပါးထွက်ပါတယ်၊ ယာတွေကလဲ သူ့အချိန် နှင့်သူ နှမ်းထွက်ပါတယ်၊ ထန်းတောများကလဲ ထန်းလျက်ထွက်ပါတယ်။ ဒါကြောင့် အမျိုးထဲမှာ ဆင်းရဲတဲ့လူ ရှိကို မရှိပါဘူး၊ ဒါပေမယ့် တပည့်တော် တော်တော်ကြီး လာတဲ့အချိန်မှာ မိုးမကောင်းပါဘူး, ရေမြောင်းလဲမရှိတော့ လယ်တွေမလုပ်ရပါဘူး, ယာတွေလဲ ကောင်းကောင်း မလုပ်ရပါဘူး, ဒါ့ကြောင့် အမျိုးထဲမှာ လူဆင်းရဲတွေ စ-လာပါတယ်။
ဓမ္မဂုတ်။ ။ ယခုတော့ကော ကိုယ်တော်။
တပည့်တော်။ ။ ဒုတိယကမ္ဘာစစ် ဖြစ်ကတည်းက ပစ္စည်.ရှိတဲ့ ဆွေမျိုးတွေက ဝက်လက်ပြောင်း, မန္တလေးပြောင်း, ပြောင်းကုန်ကြတော့ အတော် အသင့်ရှိသူနှင့် မရှိသူတွေသာ ရွာမှာကျန်ရစ်ပါတယ်၊ ဒီတော့ အမျိုးတွေလဲ စီးပွားပျက်တော့ စာရိတ္တ ပျက်ကုန်တဲ့အပြင် စိတ်ရောလူပါ ကွဲကြပါတယ်၊ ရွာလဲ ရှေးကအဆင့်အတန်းမျိုး မရှိတော့ပါဘူး, ဆရာသမား ဖြစ်တဲ့ သံဃာတော်များလဲ အရှိန်အဝါနှင့်တကွ အရေအတွက်ပါ အလွန်ကျဆင်သွားပါတယ်ဘုရာ။
ဓမ္မဂုတ်။ ။ ဝမ်းမနည်းပါနဲ့ ကိုယ်တော်, ဆုတ်ကပ်ဆိုတာ ရုပ်အမြင်ကတိုးတက် သလောက် စိတ်အနေက ယုတ်ကြမ်းပြီး ဘရမ်းဘတာ ဖြစ်မြဲပါ။ ဒီအထဲမှာ တစ်ခါတစ်ခါ ကမ္ဘာစစ်နဲ့ တွေ့ပြန်တာ့ လူသတ္တဝါတွေဟာ တိရစ္ဆာန်တွေလို စာရိတ္တ ပျက်ကြရပါတယ်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား ... ဒါပေမယ့်-ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေက မတိမ်ကောသေးပါဘူး၊ တရားတော်ကို မှန်လိုကြည့်ပြီး မတော်တာတွေကို ပြင်နိုင်လျှင် ဒီနိုင်ငံအတွက်က လှပသောနိုင်ငံဖြစ်ဖို့ရာ မျှော်လင့်ချက်ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ရွာနှင့်စပ်ပြီး စာပေသမိုင်းကော မရှိဘူးလား။
တပည့်တော်။ ။ မကြားဖူးပါဘူးဘုရား, တပည့်တော်ငယ်စဉ်က ရခဲ့ဖူးတဲ့ ရတုတော့ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ရတုဆိုတာ ဟုတ်တာထက်ပိုပြီး မြှောက်တဲ့ဂုဏ်တွေတော့ ပါမှာဘဲနော်၊ ကဲကဲ... အဲဒီရတုကိုဘဲ နိဂုံးအနေနဲ့ ရွတ်ပြစမ်းပါ။
၁။ ရွှေဘိုလက်ျာ ဒက္ခိဏာတွင်, ကြေညာသတင်းလှိုင်။
၂။ အံ့၍မပြီး ရှုမငြီးသည့် ရပ်ကြီး ရွာရွှေရိုင်ဟု။
၃။ ဖက်ပြိုင် ရှင်းသည့်, စံကင်းပျော်ဖို့ရာ, တပ်သာတွင်း ရေချိုသွင်းသည့် နတ်မင်း တူးလာတာမို့။
၄။ ပဒုမ္မာနှင့် ငါးဖြာကြာဝတ်စီ, နတ်ရေကန်ထဲ ငှက်စုံဝဲသည်, ခြိမ့်သဲ တလည်လည်နှင့်။
၅။ ခြောက်မည် ရောင်စုံ တလူလူ, ရွှေစေတီကြီး မိုးတိမ်နီးမျှ လျှံညီးအဆူဆူသို့။
၆။ ရွှေဂူ ... ဘုရား ထူးခြားဟန်, အာကာဘဝဂ် တိမ်တောင်တက်သည်, ထွန်းတက် လျှံလျှံသို့။
၇။ မြဖလ်တကောင်း ထိပ်မှာတင်, ရွှေရိုင်သူများ ဖြူဖြူထွေးတို့ ဝပ်တွား ပဏာဆင်၍။
၈။ လေးအင် မဂ်ချမ်းသာ ... ဖိုလ်သူရည်မှန်း, နိဗ္ဗာန်လမ်းကို ကျွတ်တမ်း စေတနာနှင့်။
၉။ မုဋ္ဌောရယ်တဲ့ ရွှေစေတီ, ဓာတ်တော်စုံ ရောင်စုံကြွ, ထွန်းပရောင်ခြည်၊ အာကာလမ်းက ပျံသန်းမှီ, ဦးတင်ချီ၍ ပဏာမြွက်, ရပ်ရွှေရိုင်သူ ဆီမီးစုံ တလူလူနှင့်, ဩကာသံ ဝစီကြူ၍ ပြည်နိဗ္ဗူ၊ ခေမာကမ်းကိုလ, လျင်မကြာ ထွက်ခွာ မြန်းရအောင်ကွယ် ... နန်းသူ့ ရင်သွေး။
၅။ မွေးဖွားပြီးလစ် - ရွယ်ငါးနှစ်
ဓမ္မဂုတ်။ ။ တချို့မိခင်များ သားကောင်းတစ်ယောက်ရမယ်ဆိုရင် အိပ်မက်ကောင်း မက်တတ်တယ်လို့ ဆိုတယ်၊ ကိုယ်တော်ကို မိခင်က ကိုယ်ဝန်ရှိတုန်းမှာ အိပ်မက် ကောင်းကလေးများ မမက်ဘူးတဲ့လား။
တပည့်တော်။ ။ ဒီကိစ္စဟာ နဲနဲအူလယ်လယ် နိုင်ဟန်တူပါတယ်၊ ဘုရားအလောင်း ပဋိသန္ဓေနေတော့ မယ်တော်မာယာမှာ အိပ်မက် မက်လို့ နောက်လဲ အိပ်မက် ယူကြဟန် တူပါတယ်၊ အိပ်မက်က ပဓာနမဟုတ်ပါဘူး၊ မွေးပြီးတဲ့အခါ အလုပ်က ပဓာနပါ။
ဓမ္မဂုတ်။ ။ သူများကို ဝေဖန်မနေပါနဲ့ ကိုယ်တော်, ကိုယ်တော့်မယ်တော်မှာ အိပ်မက်ကောင်း မက်-မမက် ပြောစမ်းပါ။
တပည့်တော်။ ။ လိုရင်းမဟုတ်ဘူးလို့ လျှောက်ပြီးပြီ မဟုတ်ပါလား၊ နောင်လာ နောက်သား အချောင်သမားတွေ အတုယူပြီး လုပ်ဇာတ် ခင်းကုန်မှာ စိုးပါတယ်။
ဓမ္မဂုတ်။ ။ ရှိပါစေတော့ ကိုယ်တော်, ကိုယ်တော်ရဲ့ နှစ်ဘက်ဘိုးဘွားနှင့် မိဘ နာမည်များကိုတော့ နောင်လာနောက်သားတို့ သိချင်မှာပါ။
တပည့်တော်။ ။ အမေ့ဘက် ဘိုးဘွားက ဘိုးဆိုးပေ-ဖွားနန်းအိမ်၊ အမေက ဒေါ်အုန်းလှိုင်တဲ့၊ အဖေဘက်က ဘိုးဘွားက ဘိုးခင်မောင်-ဖွားစောမေ၊ အဖေက ဦးဇောတိတဲ့။
ဓမ္မဂုတ်။ ။ ဘိုးဘွားများရဲ့ ကိုယ်ရေး အရည်အချင်းကတော့ကော။
တပည့်တော်။ ။ အဖွား နှစ်ယောက်လုံး ထက်မြက်ပါတယ်၊ အသက်တော့ သိပ်မရှည်ကြပါဘူး၊ ဘိုးနှစ်ယောက်က လူအေး လူကောင်းကြီးတွေပါ၊ စီပွားရေးလဲ အေးအေးပါဘဲ, အထက်လူကြီးများ စုထားခဲ့တဲ့ ပစ္စည်းကိုတော့ မပျက်စီးအောင် ထိန်းနိုင်ကြပါတယ်, သိပ်တော့ မတိုးပါဘူး။ ဒါ့ကြောင့် နောက်ပိုင်းမှာ ပစ္စည်း အရှာကောင်းတဲ့ လူကြီးတွေက တက်သွားတော့ ဘိုးနှစ်ယောက်ရဲ့ပစ္စည်းဟာ ရွာမှာ ဒုတိယတန်းလောက် ရှိပါတော့တယ်။
အဘိုးနှစ်ယောက်လုံး အသက်ရှည်ကြပါတယ်၊ အမေ့ဖက် ဘိုးက နံနက်စောစော တုံးကြီးခေါက်တဲ့အခါ ဘုရားရှိခိုးပါတယ်၊ ဘိုးရဲ့ အသံဟာ အတော်ဝေးဝေးက ကြားရပါတယ်၊ ဥပုသ်စောင့်လဲ မှန်ပါတယ်။ ဆုံးခါနီး သုံးရက်လောက် နေမကောင်းတော့ “ဘုရား ရှိမခိုးနိုင်တာ နာသကွယ်”ဟု ညီးရှာပါသတဲ့၊ အဖေ့ဘက် ဘိုးကတော့ ရိုးရိုးကောင်းတဲ့ လူကောင်းကြီးပါ၊ နှစ်ယောက်လုံးပဲ လူရိုသေ ခံကြရပါတယ်။
ဓမ္မဂုတ်။ ။ မိဘများရဲ့ စာရိတ္တကတော့ကော။
တပည့်တော်။ ။ မိဘများက မြန်မာမင်းလက်ထက် ၁၂၄၀-၄၁ ခု ဖွားတွေပါ၊ အင်္ဂလိပ်ရောက်တော့ အသက်ကငယ်ကြပါသေးတယ်၊ အင်္ဂလိပ် လက်ထက်မှာ ကြီးကြရတော့ ချီးမွမ်းလောက်အောင် စာရိတ္တဘက်မှာ မထူးကြပါဘူး။ အမေက ကျောင်းအမသ္မီး ဖြစ်ပေမယ့် ရတနာသုံးပါးဘက်မှာ သိပ်မလိုက်စားပါဘူး၊ စီးပွားရေးမှာ အရေးကြီးပုံရပါတယ်၊ မောင်နှစ်မ ငါးယောက်ထဲမှာ အထက်မြက်ဆုံး ပါဘဲ။
အဖေကတော့ ဘိုးဘွားတို့ရဲ့ သ္မီးနှစ်ယောက် သားတစ်ယောက်တွင် အချစ်ဆုံး, အငယ်ဆုံး သားတစ်ယောက်မို့ အလိုလိုက် ထားဟန်တူပါရဲ့၊ စီးပွားရေးမှာ အခြား ဝမ်းကွဲများလို ပင်ပန်းခံပြီး ရှာလိုပုံ မရပါဘူး၊ မိဘနှစ်ယောက်လုံး အဖေ့ဘက်က ဘိုးဘွားနှင့် တစ်အိမ်တည်း နေကြပါတယ်၊ တပည့်တော်မှာ မောင်နှမလေးယောက် ရှိပါတယ်၊ နှမ တစ်ယောက်ထဲပါ၊ တပည့်တော် အကြီးဆုံး ဖြစ်ပါတယ်၊ နာမည် ကတော့“မောင်ဌေးလွင်”လို့ ခေါ်ပါတယ်။
ဓမ္မဂုတ်။ ။ မောင်နှမလေးယောက် နာမည်များကို ဘယ်လို ခေါ်ကြပါသလဲ, အများသိရအောင် ပြောပြစမ်းပါအုံး။
တပည့်တော်။ ။ (၁) မောင်ဌေးလွင်၊ (၂) မရှုတင်၊ (၃) မောင်ဌေးတင်၊ (၄) မောင်ဘခိုင် လို့ ခေါ်ကြပါတယ်၊ အဲဒီ လေးယောက်ထဲမှာ တပည့်တော် တစ်ယောက်သာ ရှိပါတော့တယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ မွေးဖွားတဲ့ခုနှစ် သက္ကရာဇ်ကကော။
တပည့်တော်။ ။ ၁၂၆၁-ခု၊ တပို့တွဲလကွယ်၊ (၂၇-၂-၁၉၀၀) အင်္ဂါနေ့ မွန်းမတည့်မီ ဖြစ်ပါတယ်၊ ထိုအချိန်မှာ အဖွားစောမေက ဥပုသ်ဇရပ်မှ ပြန်ရောက်ခါစ ဖြစ်ပါတယ်၊ တပည့်တော်ဖွားမြင်မှုအတွက် ကြောင့်ကြောင့်ကြကြနှင့် ဝမ်းမြောက်လှသောကြောင့် ဥပုသ်စောင့်ရင်း နေ့စာ လစ်ဟင်းရှာပါသတဲ့။
(Comment ပါ ဇာတာခွင်မှာ ဗေဒင်ပညာရှိများ မှန်းဆနိုင်ရန် ဖြစ်ပါတယ်။)
ဓမ္မဂုတ်။ ။ ဟောစာတမ်းကော မရှိဘူးလား၊
တပည့်တော်။ ။ ဟောစာတမ်းရှိပါရဲ့, ဒါပေမယ့် သိဖို့မလိုပါဘူးဘုရား၊ ဗေဒင် ပညာရှိများ သိလိမ့်မည်ပေါ့၊ ဇာတာထက် ရုပ်လက္ခဏာက သာ၍ တိကျမယ် ထင်ပါတယ်၊ ဘုရားအလောင်းတော် ဖွားမြင်တဲ့အခါ သုဒ္ဓေါဒနမင်းက ပုဏ္ဏားကျော် များကို ဖိတ်ပြီး ရုပ်လက္ခဏာကို စစ်ဆေးစေပါတယ်၊ ရုပ်လက္ခဏာက သာမန် အားဖြင့် မိဘတို့နှင့် တူတတ်သော်လဲ အမိဝမ်း၌ ခန္ဓာကိုယ်ကလေး စတည် ကတည်းက ကမ္မဇရုပ်ကလာပ် ကလေးတွေမှာ ရှေးကံကြောင့် ဖြစ်ခဲ့ရလေတော့ ရုပ်လက္ခဏာနှင့် အသံကိုကြည့်လျှင် နားလည်သူအတွက် ရှေးကံကို မှန်းဆ၍ သိနိုင်မှာပါဘဲ။
ဓမ္မဂုတ်။ ။ ဟုတ်တယ်, ဟုတ်တယ် ... ကံ ဉာဏ် အသံ ဆံ ဤလေးမျိုးဟာ ရှေးကံအတိုင်း ဖြစ်ကြရတာမို့ ဘယ်သူမှ တုပြိုင်လို့ မရနိုင်ဘူးတဲ့။
တပည့်တော်။ ။ မှန်ပါတယ်၊ လက်ဖဝါးမှာပါတဲ့ အကြောင်းတွေဟာ ရှေးကံရဲ့ အမှတ်လက္ခဏာဖြစ်သလို တစ်ကိုယ်လုံးလဲ ရှေးကံရဲ့ အမှတ်အသား လက္ခဏာတွေ ပါနေပါတယ်၊ တပည့်တော်ရဲ့လက္ခဏာကို ကြည့်ဖို့ရန် မန္တလေးက ဆရာစိန်ကို ဒကာထိန်ဝင်းက ပင့်လာပါတယ်၊ ရောက်တော့... ဆရာစိန်က လက်ကိုမကြည့်ဘဲ ဘယ်ဖက်ခြေဖဝါးကို ကြည့်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုများ အဟောထုတ်သလဲ။
တပည့်တော်။ ။ သူဟောပေမယ့် တပည့်တော်က အလုပ်မလုပ်ရင် ဘာမှမဖြစ် နိုင်ဘူးဆိုတာ တပည့်တော် နားလည်ပြီးဖြစ်ပါတယ်၊ ဒါ့ကြောင့် သူဟောသည့် အတွက် တပည့်တော်မှာ သာသနာရေး နိုင်ငံရေးကို ရှေးရှုကာပိုပြီး အလုပ်-အလုပ်ရဲလာပါတယ်၊ တပည့်တော်ရဲ့ ဒကာရင်းဖြစ်တဲ့ ဒကာ တင်မောင်နှင့် တပည့်လိုရင်းနှီးတဲ့ ဘုန်းကြီးကလေး “ဦးဣန္ဒက”ဆိုသူတို့ကလဲ ဗေဒင်ပညာအရ လည်းကောင်း, လက္ခဏာပညာအရ လည်းကောင်း, အသက်ရှည်ပြီးအလုပ်-လုပ်လျှင် အထမြောက်မည့်အကြောင်းကို အားပေး လျှောက်ထားကြပါတယ်၊
ထို့နောက်လဲ ဆရာတစ်ယောက်က တပည့်တော်ကိုလဲ မသိ, ရဟန်းလား လူဝတ်ကြောင်လားလဲ မသိဘဲ ဗေဒင်ဝါသနာပါတဲ့ ဒကာရင်း တစ်ယောက်က သူမှတ်ထားတဲ့ တပည့်တော်ရဲ့ဇာတာကွက်ကို ရေးပြတဲ့အခါ “ဒီဇာတာရှင်ဟာ အသက်လဲရှည်မယ်, နိုင်ငံကိုလဲ ကျေးဇူးပြုနိုင်တယ်, သူ့ဂုဏ်နဲ့လိုက်အောင် ခမ်းခမ်းနားနားနဲ့လဲ မနေဘူး”လို့ ဟောပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဖွားမြင်ပြီးတဲ့နောက် ကလေးဘဝ ဖြစ်ပုံကလေးများကို ပြောပါအုံး။
တပည့်တော်။ ။ တပည့်တော် ဖွားပြီးနောက် လသား အရွယ်လောက် ဖြစ်ပါလိမ့်မယ်, တစ်ရပ်လုံး မီးလောင်တော့ အဖွားစောက ဘာပစ္စည်းမှမယူဘဲ လက်တစ်ဖက်က ဆွမ်းတော်အုပ်ပေါ့, လက်တစ်ဖက်က တပည့်တော်ပွေ့ပြီး အိမ်က ဆင်းသွားတာဘဲ တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်အဖွားက ကိုယ်တော့်ကို တယ်အရေးစိုက်ပါလား။
တပည့်တော်။ ။ တပည့်တော်ကို အရေးစိုက်တာလဲ ဝမ်းသာပါတယ်၊ ဒါထက် “လက်တစ်ဖက်က ဆွမ်းတော်အုပ်ပေါ့”ဆိုတာကိုလဲ ကြည်ညိုပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အဖွားက သူတော်ကောင်းစိတ် များဟန်တူပါတယ်။
တပည့်တော်။ ။ အဖွားအရွယ်က အဲဒီအချိန်မှာ ငါးဆယ်ကျော်လောက်ဘဲ ရှိပါအုံးမယ်၊ ဒါပေမယ့်-ဝါတွင်းကျရင် ဝါကြီး စောင့်လေ့ ရှိပါတယ်။
ဓမ္မဂုတ်။ ။“ဝါကြီးစောင့်”ဆိုတာ ဘာအဓိပ္ပါယ်တုန်း။
တပည့်တော်။ ။ ဝါတွင်းသုံးလအတွင်း ဥပုသ်မချဘဲ ဥပုသ်ရက်ရှည် စောင့်ခြင်းကို “ဝါကြီးစောင့်”လို့ ခေါ်ပါတယ်၊ တပည့်တော်တို့ရွာမှာ ဒီ အလေ့အထက အဖွား အရွယ်တွေ စောင့်လေ့ရှိတဲ့ ထုံးစံပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရွာက ရှေးဆရာတော်ကြီးတွေရဲ့ အဆုံးအမဩဝါဒကို နာကြရတော့ ဒီလိုလဲ သူတော်ကောင်း အဖွားကြီးတွေ ရှိကြမှာပေါ့နော်။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ အဲဒီ ဝါကြီးစောင့် အဖွားတို့ တွင် ခေါင်းဆောင်လို့ ဆိုနိုင်တဲ့ အဖွားဂွမ်း တစ်ယောက်တော့ တပည့်တော် မှတ်မိတဲ့ အချိန်ကျမှ ဆုံးပါတယ်၊ ထိုအဖွားဂွမ်း ဆုံးခါနီးမှာ“တစ်အိမ်လုံးမွှေးတယ်, သာယာသော တီးသံတွေကိုလဲ ကြားရတယ်”လို့ ပြောကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်အဖွားကတော့ ဘယ်အရွယ်မှာ ဆုံးသတုန်း။
တပည့်တော်။ ။ တပည့်တော် မမှတ်မိခင်က ဆုံးပါတယ်။ တပည့်တော် ကောင်းကောင်း မသွားတတ်ခင် အဖွားက ဥပုသ်ဇရပ်ကို လက်ဆွဲခေါ် သွားတာ တစ်ခုဘဲ မှတ်မိပါတော့တယ်။
ဓမ္မဂုတ်။ ။ ဘိုးအရွယ်တွေကတော့ ဝါကြီးမစောင့်ကြဘူးလား။
တပည့်တော်။ ။ ဘိုးအရွယ်တွေ ဝါကြီးစောင့်တာတော့ မကြားဖူးပါဘူး၊ အမေ့ဖက်က ဘိုးတော့ တစ်လ ရှစ်သီတင်း ဥပုသ်မှန်မှန် စောင့်ပါတယ်၊ အဲဒီ ဘိုးရဲ့အဖေ (ဘိုးကြီး) ဘိုးရာဇာတော့ နောက်ပိုင်းမှာ ဆုံးသည့် တိုင်အောင် အမြဲ ရှစ်ပါးသီလနဲ့ နေသွားပါတယ်၊ ဆုံးတော့ အသက်ကိုးဆယ် ကျော်ပါပြီ။
ဓမ္မဂုတ်။ ။ ဆုံးခါနီးကော ဥပုသ်စောင့်တုန်းဘဲလား။
တပည့်တော်။ ။ စောင့်တုန်းပါဘဲ၊ ဘိုးကြီးရဲ့ထုံးစံက နံနက်စောစော စားစရာ ကလေးစာပြီး နေ့စားဖို့ ထမင်းချိုင့်ကလေးယူကာ သူတည်ထားတဲ့ လျောင်းတော်မူ ဘုရား ကျောင်းကို အရင်သွားပါတယ်၊ ဘုရားတန်ဆောင်းထဲမှာ တံမြက်လှည်း, ဘုရားရှိခိုးပြီးမှ သူ့သားဆောက်ထားတဲ့ ပင်းကျောင်းသွားပြီး နဲနဲပါးပါး တံမြက် လှည်းပြီးမှ ထမင်းစားပါတယ်၊ တစ်နေ့လုံး ကျောင်းမှာနေပါတယ်၊ သူနေဖို့ ပြုလုပ်ထားတဲ့ အခန်းကလေးမှာ နေပါတယ်၊ ညနေကျမှ အိမ်ပြန်အိပ်ပါတယ်၊ နောက်ဆုံးနေ့မှာတော့ အတူနေ မြေးတစ်ယောက်ကို ပြောပါတယ်။
ဘိုးကြီး။ ။ “ဒီနေ့ ဘိုးကြီး နဲနဲ နေမကောင်းဘူးဟေ့, မင့် အဖွား (သူ့ချွေးမ) ပြောလိုက်, ထမင်းကို အိမ် ပြန်စားမယ်”လို့။
မြေး။ ။ ဟုတ်ကဲ့။
ဘိုးကြီး။ ။ ထမင်းချိုင့်မယူဘဲ ထုံးစံအတိုင်း ဘုရားသွားရှိခိုး တံမြက်လှည်း, ကျောင်းသွား တံမြက်လှည်း, အလုပ်ပြီးမှ အိမ်ပြန်လာပါတယ်၊ အိမ်ရောက်တော့ “ဘိုးပြန်လာပြီဟေ့-အဖွားပြောလိုက် ထမင်းခူး”လို့။
မြေး။ ။ ဟုတ်ကဲ့-ဟု ဆိုပြီး ဘိုးကြီးကို ထမင်းကျွေးပါတယ်၊ ထမင်းနဲနဲဘဲ စာ ပါတယ်၊ ဒါပေမယ့် ဇလုံကလေး တစ်လုံးလောက်တော့ ကုန်ပါသေးသတဲ့၊ ထမင်းစားပြီး ဆေးလိပ်တောင်းလို့ သူသောက်နေကျ ဆေးလိပ်ကလေးကို မီးညှိပေး ပြီးတဲ့အခါ ဆေးလိပ်ကလေး လက်ကြားညှပ်ပြီး အိပ်ယာထဲမှာ လှဲနေပါတယ်။
အဖွား။ ။ မောင်မင်းရေး ... ဘိုးရဲ့အဝတ်များ ဖွပ်ရအောင် အဝတ်လဲခဲ့ပါဟေ့၊
(ထိုမြေးက “မောင်ချစ်မင်း”ပါ။)
မြေး။ ။ အဝတ်လဲဖို့ ဘိုးကြီးဆီလာတော့ ဘိုးကြီးက ခေါ်လိုမရတော့ဘူးတဲ့။
အဖွား လာကြည့်တော့မှ ဆုံးနေပြီဖြစ်ကြောင်း သိရတော့တယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ ဘိုးရော, ဘိုးကြီးရော ဆုံးသွားကြပုံ တယ်ကောင်း ကိုယ်တော်၊ ဘိုးဖြစ်သူကလဲ သုံးရက်သာ ဘုရားရှိမခိုးနိုင်ဘဲ ဆုံးရှာတယ်။
တပည့်တော်။ ။ အမေရဲ့အဖွားဖက်က (အဖွားရဲ့ဘိုး) ဘိုးကြီး တစ်ယောက်လဲ သိပ်တော်တာဘဲတဲ့၊ ရွာထဲမှာ စပါးလှောင်ချိန်ရောက်ရင် နဲနဲဆင်းရဲတဲ့ အိမ်တွေ သွားပြီး “ဝမ်းစာစပါး လုံလောက်ကြရဲ့လား-ဟဲ့”လို့ စပါးပုံ ကလေးတွေ လိုက်ကြည့်ပါသတဲ့၊ ဝမ်းစာလုံလောက်ပုံ မရရင် “ဦးကြီးဆီ လာပြီး စပါး ယူလှည့်ကြ”ဟု ဖိတ်မန်ပါသတဲ့၊
ထိုခေတ်က တစ်နှစ်လုံး ပေါက်အောင် ဝမ်းစာမလောက်တဲ့အိမ်က နဲလေတော့ မလုံလောက်တဲ့ အိမ်တချို့က သွားပြီး ယူကြပါသတဲ့၊ ကာလပျက်လို့ ဓားပြတွေ ထတော့ အဲဒီ ဘိုးကြီးက ဘုရားအသွား မပျက်ပါဘူး၊ ဓားပြတွေကသာ “ဟေ့ .. ဘုရားဒကာ မြင်ပါ့မယ်”ဟု ပြောပြီး ပုန်းရှောင်သွားပါသတဲ့။
ဓမ္မဂုတ်။ ။ ငယ်ငယ်တုန်းက ဆွေမျိုးဖြစ်တဲ့ ဒီလိုလူကြီး လူကောင်းတွေရဲ့ လမ်းစဉ်ကို တွေ့ရ ကြားရတော့ ကိုယ်တော့်အတွက် သူတော်ကောင်းဘက်မှာ အားတက်စရာကြီး ဖြစ်မှာဘဲနော်။
တပည့်တော်။ ။ ငယ်ငယ်တုန်းကတော့ သိပ်ပြီး အားကျရမှန်း မသိပါဘူးဘုရား၊ တော်တော် ကြီးလာတော့မှ လူ့ဖက်က ဘိုးတွေ ဘွားတွေကိုလဲ အားကျ သံဃာတော်ဖက်က မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးကိုလဲ အားကျမိပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အတွက်ကတော့ ရွာကလဲ ပဋိရူပဒေသ (သူတော်ကောင်း လုပ်ဖို့ သင့်တော်တဲ့အရပ်) ဖြစ်တဲ့အပြင် ဆွေမျိုးအမှီကလဲ သပ္ပုရိသူပ နိဿာယ (သူတော်ကောင်းအမှီ) ရတာဖြစ်တော့ “ပုဗ္ဗေစ ကတပုညတာ” ဆိုတဲ့ ရှေးကံကို မှန်းဆဖို့ဟာ အင်မတန် အားရစရာပါဘဲ ကိုယ်တော်။
တပည့်တော်။ ။ ဒါလောက် ကံကောင်းပေမယ့် စိတ်မချရသေးပါဘူးဘုရား၊ တပည့်တော်ငယ်ငယ် ဘာမျှမသိတတ်သေးတဲ့ အရွယ်တုန်းက တစ်ဝမ်းကွဲ အကိုကြီး တစ်ယောက် “တိန်းချိုချို တိန်းချိုချို”လို့ သင်ရင်း (အက) တတ်နေပါသတဲ့၊ စကားပြောတတ်တော့ အဆိုလဲသင်လို့ သီချင်းလဲ ဆိုတတ်နေပါသတဲ့၊ အဲဒီလို ကလေးက ဆိုတတ်-ကတတ်တော့ အများက မြှောက်ခိုင်း-ခိုင်းကြရော၊ တပည့်တော်ကလဲ အမြှောက်ကြိုက်တော့ “နတ်ရူး ဗုံနဲ့မြှောက်, ခြေထောက်က” ဆိုတာလို ဖြစ်နေလို့ အဆိုရော အကပါ ဝါသနာပါနေပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော့် ဘိုးဘွားများ က“ကလေးကို သင်မပေးကြပါနဲ့”လို့ မတားဘူးတဲ့လာ။
တပည့်တော်။ ။ သင်ပေးတဲ့သူက သူတို့ရဲ့ အကြံဖြစ်တော့ ပြုံးပြီး ကြည့်နေကြမယ် ထင်ပါတယ်၊ ဒီ အချိန်မှာ အဖွားလဲ ရှိချင်မှ ရှိတော့မှာပါ။
ဓမ္မဂုတ်။ ။ အဲဒီတုန်းက သီချင်းလေးများ ရသေးလား။
တပည့်တော်။ ။ နှစ်ပုဒ်လောက်တော့ ရပါသေးရဲ့ ဘုရား။
ဓမ္မဂုတ်။ ။ ပြောစမ်းပါ ကိုယ်တော်။
တပည့်တော်။ ။ သီချင် တစ်ပုဒ်က မကောင်.ပါဘူး၊ တစ်ပုဒ်ကတော့ နောက်လူများ မှတ်စရာမို့ ကောင်းပါတယ်။
ဓမ္မဂုတ်။ ။ ပြောသာပြောပါ ကိုယ်တော်။
တပည့်တော်။ ။ “မြစ်ပင်လယ် ရေသမုဒ်, ဥပဂုတ် မြတ်ရှင်ပင်၊ မိုးလေ နိုင်စေတတ်တဲ့ ကြေးပြာသာဒ်ရှင်၊ မလေးခင်က ရှိရှစ်ခိုး, မကြီးခင်က ရှိရှစ်ခိုး, အလိုဗျာ ဒီတစ်ည, ဆိုင်းပါရွှေမိုး”တဲ့ ဘုရာ'.
ဓမ္မဂုတ်။ ။ အလှူမှာ မိုးမရွာအောင် ရှင်ဥပဂုတ်ကို တိုင်တယ်တဲ့ သီချင်ဘဲ ကောင်းပါတယ်၊ နောက် တစ်ပုဒ် ...
ဓမ္မဂုတ်။ ။“ဘောက်မကြာ ဘာမကြောက်ပါဘူး၊ နောက်တစ်ခါ, အနာ ပျောက်ရင်တော့ ဖါတစ်ခေါက်ကိုတဲ့ သွားအုံးမယ်”တဲ့၊ ရှေ့ဆက်လို့ မကောင်းပါဘူး။
ဓမ္မဂုတ်။ ။ နှစ်ချိုးကျန်ပါသေးတယ်လေ၊ ဆက်စမ်းပါအုံး။
တပည့်တော်။ ။ သာပြီး ရုန်းရင်းပါသေးတယ်၊ မဆက်ပါရစေနဲ့ ကလေးဘဝတုန်းက စကားမပီတပီနဲ့ဆိုတာ နားထောင် ကောင်းပေမယ့် ကြီးတော့ နားထောင်လို့ မကောင်းပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော် ငယ်ငယ်တုန်းက ရွှင်ဟန်တူပါတယ်။
တပည့်တော်။ ။ ရွှင်ပုံရပါတယ်၊ အဖေက တပည့်တော်ကိုပွေ့ပြီး ဘုရားပွဲတို့ ဘာတို့ လိုက်ရတာ အလွန်ဂုဏ်ယူပါသတဲ့၊ တစ်မျိုးလုံးကလဲ ချစ်ပုံ ရပါတယ်၊ အဖေရဲ့ အမကြီး အရီးဆို သာတောင်မှ ချစ်ရှာပါသေးတယ်။
ဓမ္မဂုတ်။ ။ ကလေးငယ်ငယ်ဟာ မငိုတတ်ဘဲ ရွှင်နေရင် ကောင်းတဲ့သုဂတိ ဘဝက လာတယ်လို့ အသိအမှတ် ပြုကြပါတယ်၊ အငို အားကြီးနေရင် မကောင်းတဲ့ဘဝက လာတယ်လို့ ဆိုကြပါတယ်။
တပည့်တော်။ ။ များသောအားဖြင့်တော့ ဟုတ်စရာရှိပါတယ်၊ ဒါပေမယ့် တချို့ ကလေးများတော့ ကျန်းမာရေး မကောင်းလို့ ငိုရှာတာ ဖြစ်ပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် နဲနဲပါးပါး သိတတ်တဲ့အရွယ်ရောက်တော့ ဆိုသေး က, သေးလား။
တပည့်တော်။ ။ သိတတ်တဲ့အရွယ်ရောက်တော့ မဆိုတော့-မကတော့ပါဘူး၊ ဘိုးက ကကြီး, ခကွေး ချပေး, ဘုရားရှိခိုး ချပေးလို့ လမ်းတစ်မျိုးပြောင်း သွားပါတယ်၊ “ရွှေယုံနဲ့ ရွှေကျား, သက်ကယ်ရိတ် သွားရောတဲ့” စသော ပုံပြင်ကလေး ဘာကလေးများလဲ နားထောင်ချင်လာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ ကံကောင်းချင်တော့ သူတော်ကောင်းလမ်း ပြောင်းပေးမယ့် ဘိုးနဲ့ အတူနေရတာဘဲနော်၊ အဲဒီတုန်းက ပြင်မပေးရင် ကိုယ်တော်ဟာ အဆို, အက, ဝါသနာပါနေမှာဘဲ။
တပည့်တော်။ ။ တပည့်တော်နဲ့စပ်ပြီး နောက်လဲ ဆရာ့ကံကောင်းလို့ လမ်းမှန် ရောက်တာတွေ အများဘဲ တွေ့ရပါလိမ့်မယ်၊ ဘာမဆို ရှေးကံဟာ မလွတ်နိုင်ပါဘူး၊ ဉာဏ်မရှိခင် ငယ်စဉ်အရွယ်မှာ ကံစီမှန်သမျှ ခံကြရပါတယ်၊ တပည့်တော် အတွက်တော့ လူကောင်းများတဲ့ အမျိုးမှာ ဖြစ်ရတာကိုက ပထမ ကံကောင်းခြင်း ပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဘိုးက လူကောင်းဖြစ်အောင် လမ်းလွှဲပေးတာလဲ ကိုယ်တော့်ရဲ့ ဒုတိယ ကံကောင်းခြင်းပေါ့။
တပည့်တော်။ ။ ဒီလိုလဲ ဆိုနိုင်ပါတယ်၊ ဒါပေမယ့်-ကျန်းမာရေးတော့ ထိုခေတ်က မလိုက်စားတတ်ကြလို့ တပည့်တော် ငယ်ငယ်က တော်တော် ချူချာပါသတဲ့၊ ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဟန် မတူပါဘူး။
ဓမ္မဂုတ်။ ။ ဟုတ်တယ် ကိုယ်တော်၊ ရှေး လူတွေသာ ကျန်းမာရေး လိုက်စားတတ်လျှင် ယခုအခါ မြန်မာလူမျိုးတွေ တောင့်တောင့်တင်းတင်း ဖြစ်စရာ ရှိတယ်၊ ကျန်းမာရေး မလိုက်စားတတ်လို့ ယခုတော့ ချူနာသယ်ကလေးတွေ များနေတာဘဲ။
တပည့်တော်။ ။ ကျန်းမာရေးသာမက အချိုးအစားကျအောင်လဲ မပြုပြင် တတ်ကြပါဘူး၊ တပည့်တော်တို့ ကျမ်းစာထဲမှာတော့ ရုပ်ပြုပြင်တာရော စိတ်ပြုပြင် တာရော အပြည့်အစုံပါတာဘဲ ဘုရား။
ဓမ္မဂုတ်။ ။ ရုပ်ပြုပြင်ပုံ ဘယ်လိုပါတုန်း ကိုယ်တော်။
တပည့်တော်။ ။ ကလေးငယ်ငယ်မှာ ကိုယ့်နံ့ မကောင်းလျှင် ကောင်းအောင် နံ့သာရေ အကျဲကလေးနဲ့ လိမ်းပေးရမှ ပွတ်ပေးရသတဲ့၊ အမိဝမ်းထဲ အောင်းနေခဲ့ ရတုန်းက ကုပ်ကုပ်ကလေး နေခဲ့ရတာဖြစ်တော့ လက်ခြေ ကိုယ်အင်္ဂါတွေဟာ ဖြောင့်ဖြောင့်စန့်စန့် မရှိပါဘူး၊ ဒါကြောင့် မိခင်က ခြေဆင်းပြီးတော့ ကလေးကို ပေါင်ပေါ်မှာ စန့်စန့်ကလေး ထားပြီး လက်မောင်း, လက်ရုံး, ခြေသလုံး, ပေါင်တို့ကို ဆန့်တန်လျှင် ဆန့်ပေးရန် ဖိတန်လျှင် ဖိပေးရပါသတဲ့၊ နှာခေါင်းကလေး ပုနေ ပြားနေလျှင် သာသာယာယာ ဆွဲဆန့် မြှင့်ပေးရပါတယ်၊ နဖူးမောက်နေလျှင် ဖိပေးရပါတယ်၊ နောက်စေ့ထွက်နေ ကောက်နေလျှင်လဲ ပြုပြင်ပေးရပါတယ်။
ဓမ္မဂုတ်။ ။ ကျမ်းစာက ကလေးနုနုကို ပြုပြင်ဖို့ သေသေချာချာ ဆိုတယ်နော်၊ ယခု အမေတွေကတော့ ဒီလိုပြင်ပေးတာကို တွေ့ဖူးရဲ့လား။
တပည့်တော်။ ။ ယခု အမေတွေက ပြင်ရမှန်းလဲ မသိကြရှာပါဘူး၊ ဘာဘဲဖြစ်ဖြစ် ကံချည်းဘဲ အောက်မေ့လိုက်တာပါဘဲ၊ ဘုရားရဲ့ ဉာဏ် ဝီရိယဖြင့် ပြုပြင်မှု ကြိုးစားမှုကို အသားပေးတဲ့သြဝါဒ ရှိပါလျက် ကံချည်းချထားတော့ ဘာသာလဲနာ လူမျိုးလဲ နာတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ကံချည်း ပုံချရုံတွင် မကပါဘူး၊ သူတို့ရဲ့ ဉာဏ်မရှိတဲ့ဒဏ်ကို ကလေး နုနုတွေ ခံကြရရှာပါသေးတယ်။
တပည့်တော်။ ။ မှန်ပါတယ်၊
(၁) ကလေးနုနုအရွယ်မှာ အမေတို့ အထိန်းတို့က မချီတတ် မပွေ့တတ်နဲ့ တစ်ဖက်သတ် ချီပွေ့ထားတော့ နဂိုရ်ကောင်းတဲ့ ဦးခေါင်းကလေးတောင် ရွဲ့စောင်း သွားတတ်ပါတယ်။
(၂) ပခုံးပေါ်တင်ပြီးချီလို့ ပခုံးပေါ်မှာ ဖိထိနေတဲ့ ရင်ဘတ်ကလေး ပြားချပ် နေတတ်ပါတယ်။
(၃) အမေ (အထိန်း)တို့ရဲ့ လက်နှစ်ဖက်နဲ့ ကလေးရဲ့ ဂျိုင်းအောက်က ဘေးနှစ်ဖက်ကို ကိုင်ကိုင်ထားတာများလို့ ရင်ဘတ်ကလေးတွေဟာ မကားနိုင်ဘဲ သေးသွားတတ် ပါတယ်၊ ရင်ကလေးက ပြားပြီးသေးနေလျှင် အတွင်းမှာရှိတဲ့ နှလုံး အသဲ စသည်တို့လဲ ကျယ်ကျယ် ပြန့်ပြန့် ရင်ထဲမှာ တည်ရသလောက် မကောင်းဘူးပေါ့။
(၄) ပက်လက်ထားပြီး လက်နှစ်ဖက်နှင့် ပွေ့တဲ့အခါမှာလဲ လက်တစ်ဖက်က တင်ပါး အထက်မှာ ထားပြီးပွေ့လို့ ကလေးဟာ ဖြောင့်ဖြောင့်ဖြူးဖြူး မရှိဘဲ ဖင်ကော့ကလေး ဖြစ်သွားတတ်ပါတယ်။
(၅) သိပ်ပြီးမရပ်နိုင်ခင် “ရပ်နိုင်ပေ့ ရပ်နိုင်ပေ့”ဟု မြှောက်ပေးပြီး အရပ်သင်, အသွားသင်တဲ့အတွက် ခြေသလုံးလဲကောက်, ပေါင်လဲ ခွင်နေတတ်ပါတယ်။
(၆) ကလေးရဲ့အရိုးတွေ မမာခင် အမေ (အထိန်း)က ခါးထစ်ခွပြီး ချီလို့လဲ ပေါင်ကလေး ခြေသလုံးကလေး ခွင်တတ်ပါတယ်၊ ဒီထဲမှာ ခါးထစ်ခွစေတဲ့သူက ဝဝကြီးဆိုလျှင် သာ၍ဆိုးပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါ့ကိုယ်တော် ... စဉ်းစားမယ်ဆိုလျှင် သိစရာတွေ တယ်များ ပါလား၊ အမေတွေ မသိတဲ့ဒဏ်ကို ကလေးတွေ-တယ် ခံရတယ်နော်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား ... တေမိဇာတ် အဋ္ဌကထာမှာ -
(၁) နို့တိုက်မည့် အထိန်းရွေးပုံကို ပြထားပါတယ်၊ နို့တွဲကျတဲ့ မိန်းမရဲ့နို့ကို စို့ရရင် နို့က ဖိထားလို့ နှာခေါင်းပိနေ (ပုနေ) တတ်ပါသတဲ့။
(၂) အရပ်ရှည်တဲ့ မိန်းမရဲ့နို့ကို စို့ရရင် ရင်ခွင်ထဲနေတဲ့ ကလေးက နို့တံ မှီအောင် ကြိုးစားရလို့ လည်ပင်းရှည်နေတတ်ပါသတဲ့။
(၃) ပိန်တဲ့မိန်းမရဲ့နို့ကို ရင်ခွင်ထဲမှာနေပြီး စို့ရရင် နို့ထိန်းရဲ့ အရိုးတွေကြောင့် ပေါင်နာပါသတဲ့၊ ဝလွန်းတဲ့မိန်းမရဲ့ နို့ကိုစို့ရရင် ခြေခွင်နေတတ်ပါသတဲ့။
ဓမ္မဂုတ်။ ။ ကျမ်းစာက တယ်သေချာတယ်နော်။
တပည့်တော်။ ။ သေချာတာပေါ့ဘုရား၊ လူတွေက အသိဉာဏ်ကို တန်ဖိုး မထားတတ်လို့ အသိဉာဏ်ပေးတဲ့ကျမ်းစာ ကိုယ်ကျင့်ကို တန်ဖိုးမထားတတ်လို့ ကိုယ်ကျင့်ပေးကျမ်းစာကို မကြည့် မရှုကြတာပါ၊ ဒီလို ကျမ်းစာရဲ့ အသေးစိတ် ပြုပြင်ဖွယ်တွေကို သိရင်တော့ ကလေးနုနုကလေးကို ခြေမဆန့် လက်မဆန့် သာအောင် ပွေ့ထားခြင်း, စောင်ကိုလုပ်ထားတဲ့ စောင်ပုခက်မှာ ထားပြီး ကွေးနေအောင် သိပ်ခြင်းဟာလဲ မဖြောင့်စရာ အကြောင်းဖြစ်မှာပါဘဲ၊ ကောင်းတာ ကတော့ မိခင် (အထိန်း) တို့က ကြာကြာကြီး ပွေ့ပိုက်မထားဘဲ လက် ခြေ ဆန့်သာအောင် သစ်သား ပုခက်-ကြိမ်ပုခက် ကျယ်ကျယ်မှာထားခြင်း, သိပ်ခြင်းဟာ ကောင်းမယ် ထင်ပါတယ်၊ အအေးမိလောက်အောင် ပုခက်ကိုလဲ သိပ်လွှဲဖို့ မသင့်ပါဘူး၊ အပေါ်က အဝတ်ကလေးအုပ်ပြီး သာသာကလေး လွှဲသင့်ပါတယ်။
ဓမ္မဂုတ်။ ။ ငယ်ငယ်က ပြုပြင်ပေးတတ်ကြမယ်ဆိုရင် မြန်မာလူမျိုးတွေ သိပ် အရုပ်ဆိုးသူ ရှိမှာမဟုတ်ပါဘူး၊ ယခုတော့ ကျန်မာရေးကို ဂရုမစိုက်ဘဲ ပစ်စလက်ခတ် ထားကြလို့ ကလေးအများဟာ မထွားမကျိုင်း မျက်စိ မျက်နှာ မလှ, ပုံပန်းမကျဘဲ ရှိရတဲ့အပြင်, ဖုံတွေထဲ ပစ်ထားလို့ နှပ်တွဲလဲနှင့် သူငယ်နာရောဂါ စွဲပြီး မဲမဲ ပိန်ပိန်ကလေးတွေ ဖြစ်ကြရတာဟာ လူမျိုးအတွက် နာတယ်ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ် ဘုရား၊ လူမျိုးတိုင်းမှာ အပြုအပြင်ကောင်းရင် မလှသော်လဲ ပုံပန်းကျကျတော့ ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ရှေးကရော ယခုရောပါဘဲ၊ မြန်မာလူမျိုး အများစုဟာ အစား အသောက်ကို ဖြစ်သလို စားသောက်နေကြတာလဲ သနားစရာ ဖြစ်နေတာဘဲ ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား၊ ရှေးတုန်းက မိုးကောင်းတော့ မြက်ပေါ ပါတယ်၊ နွားတွေမွေးပြီး ကလေးတွေ နွားနို့တိုက်ပေးရရင် ထွားထွား ကျိုင်းကျိုင်း ဖြစ်နိုင်ပါတယ်၊ တပည့်တော်တို့အိမ်မှာ “ဘော်ဖြူမ”ဆိုတဲ့ နွားမတစ်ကောင် ရှိပါတယ်။ သူမွေးထားတဲ့အခါတော့ နွားနို့သောက်ရပါတယ်၊ ဒါပေမယ့်-တစ်ကောင်ထဲ ဆိုတော့ အမြဲမသောက်ရဘူးပေါ့၊ သုံး လေးကောင်ဆိုလဲ တတ်နိုင်သားနဲ့ မမွေးကြဘူး၊ နွားမတွေမွေးပြီး မြက်ပေါတဲ့နေရာမှာ အဖက်ပေးပြီး မွေးထားရင် နွားနို့လဲ မပြတ်အောင် သောက်ရမယ်၊ နွားကလေးတွေလဲ တိုးလာမယ်။
ဓမ္မဂုတ်။ ။ ရှေးခေတ်က ဟင်းသီး ဟင်းရွက်ကိုလဲ စနစ်တကျ ကြော်ချက် မစားတတ်ကြဘူး၊ ခရမ်းချဉ်သီးတို့ ဗူးသီး ဗူးရွက်တို့ ကြက်ဟင်းခါးသီး, ကန်ဇွန်းရွက် တို့ဆိုတာ တောရွာမှာ စိုက်လို့ရပါတယ်၊ များများ စားပေးရင် ကျန်းမာရေး ကောင်းနိုင်ပါတယ်။
တပည့်တော်။ ။ ခေတ်အလိုက်ဆိုတော့ နားမလည်ရှာကြဘူးပေါ့ ဘုရား၊ ရှေးက ကံကောင်းတာတော့ ရှိပါတယ်၊ မိဘတွေရဲ့ သွေးသားက ယခုအများစုထက်သန့်ရှင်း ပါတယ်၊ ပြီးတော့စားရတဲ့ဆန်ကလဲ မောင်းထောင်း ဆန်ဆိုတော့ ဖွဲနုတွေ အများ ကြီးကျန်သေးလို့ အားရှိအောင် တတ်နိုင်ပါသေးတယ်၊ ဒါကြောင့် ရှေးက ဘိုးဘွားတွေ ကျန်းမာရေးလဲ ကောင်းကြ, အသက်လဲ ရှည်ကြပါတယ်၊ ဘိုးတို့ ခေတ်က သရိုင်သားတွေဟာ အရပ်လဲမနိမ့်ပါဘူး၊ အသံကြီးတွေကလဲ တချို့များ ဟိန်းနေ ပါတယ်၊ မန္တလေး မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးရဲ့ နောက်လိုက် ကိုယ်တော်များက ပြောကြပါတယ် “သရိုင်သားကြီးတွေဟာ လူကောင်ကြီးတွေလဲ ကြီးမားတယ်, အသံတွေကလဲ ကြီးကျယ်တယ်”လို့။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ သူတို့က ကျန်းမာရေး နားမလည်ပေမယ့် ကံကကျန်းမာ အောင် စီမံလိုက်သလို ဖြစ်နေတာဘဲ၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးလဲ ဓာတ်ပုံကြည့်ရတာ ကြီးကြီးမားမားကြီးပါဘဲ။
တပည့်တော်။ ။ ရှေးက လူကြီးတွေက ထွေထွေရာရာလဲ စားလေ့မရှိပါဘူး၊ ပဲလှော်တို့ ထန်လျက်တို့, ထန်းရည်ချိုတို့, နွေအခါ မန်ကျည်းဖျော်ရည်တို့ စားကြ သောက်ကြတာဘဲ၊ ထမင်းလဲ နေ့လည်စာ စားတတ်ကြပါတယ်၊ ဒီအခါ ပဲလှော် ဆီဆမ်းနဲ့လဲ စားကြ, ထန်းလျက်နဲ့လဲ စားကြပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီလို သရည်စာကို ထွေထွေရာရာ မစားတာကလဲ ကျန်းမာရေးပါဘဲ၊ ခုတော့ကိုယ်တော် စားလိုက်ကြတဲ့ အစာတွေ အမျိုးမျိုးပါဘဲ၊ ပြီးတော့ တွေ့ကရကို မကြာခဏစားတော့ ဝမ်းမီးကလဲ ချက်နိုင်မှာ မဟုတ်ပါဘူး၊ စားတဲ့မုန့်တွေထဲမှာလဲ ဆေးအမျိုးမျိုး အနံ့အမျိုးမျိုးပါဘဲ။
တပည့်တော်။ ။ မှန်ပါတယ်၊ ခုလူတွေက ခေတ်မှီတယ်ဆိုပြီး ကျန်းမာရေး လိုက်စားကြ, ကျန်းမာရေး ဆေးတွေ စားကြပေမယ့် သူတို့ရဲ့ အပျော်အပါး လိုက်စားမှုက ဆေးစားတာနဲ့ မကာမိပါဘူး၊ သူတို့ရဲ့ သွေးသားလဲ တော်တော် များများဘဲ သန့်ရှင်းမယ် မဟုတ်ပါဘူး၊ သား သ္မီးတွေက ကျန်မာရေး ညံ့ဖို့ရန် အဖေ အမေထဲမှာ အခြေခံပါလာစရာ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဆေးဝါးဖက်က အသိအမြင် တိုးတက်လာတာတော့ အမှန်ပါဘဲ။ ဒါပေမယ့် ထိုဆေးဝါးကို လူအများစု သုံးစွဲနိုင်ဖို့က အတော်ကြိုးစားရ ပါလိမ့်ဦးမယ်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား၊ ဆေးဝါးကောင်းတွေကို သုံးနိုင်တဲ့လူ အစား အသောက်ကို သတိထားပြီ စားတတ်တဲ့သူများ အတွက်ကတော့ ယခုခေတ်ဟာ မဆိုးပါဘူး ၊ ဒါပေမယ့် အများစုက ဆေးဝါးကောင်းကို မသုံးနိုင်တဲ့အပြင် အများ စာနေကျ စက်ကြိတ်ဆန်တွေက အဖြူလွန်ပြီး အာဟာရဓာတ် (ဖွဲနု) နည်းပါး သောကြောင့် အသွေးအသား အဖြစ်နည်းစရာ ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ “အသီး အရွက်, သားငါးတွေမှာ အားရှိနိုင်တဲ့ ဓာတ်တွေ ပါတယ်”လို့ ဆိုပေမယ့် အသီးအရွက်ကိုလဲ မချက်တတ်, သားငါးကိုလဲ များများ မစားနိုင်တဲ့ လူတွေအတွက် ဆေးဝါးကောင်းလဲ မသုံးရ စက်ကြိတ်ဆန်ဖြူတွေကိုသာ စားနေရတယ်ဆိုတော့ ကျန်းမာရေးအတွက် သားငယ် သ္မီးငယ်တွေ ကြီးထွားလာဖို့ အတွက် နိုင်ငံခေါင်းဆောင်တွေ ပါးစပ်နဲ့ မန်းမှုတ်နေရုံဖြင့် မတိုးတက်နိုင်ပါဘူး။
တပည့်တော်။ ။ ဗုဒ္ဓမြတ်စွာက ယခုအခါ ဆုတ်ကပ်လို့ မိန့်တော်မူပေမယ့် ကိုယ်ကျင့်တရား ဆုတ်တာကိုသာ ရည်ရွယ်ပြီး မိန့်တော်မူလိုရင်း ဖြစ်ပါတယ်၊ အသက်ရှည်ဖို့ အတွက်မှာတော့“ဥတု ရေမြေနှင့် အစာသာ ပဓာနဖြစ်တယ်” လို့ ကျမ်းစာတို့က ဆိုပါဟယ်၊
ဥတုဘောဇန ဝသေန ဟိ အာယု ဟာယတိပိ ဝဍ္ဎတိပိ - ဥတု ဘောဇဉ်ကြောင့် အသက်သည် ဆုတ်လဲဆုတ်နိုင်, တိုးလဲတိုးနိုင်၏၊
(သုတ်မဟာဝါဝဂ္ဂ မဟာပဓာနသုတ္တဋ္ဌကထာ။)
ဓမ္မဂုတ်။ ။ ခေတ်အလိုက် မပြုပြင်တတ်မှုကြောင့် ကိုယ်တော် ငယ်စဉ်က ကျန်းမာရေး မကောင်းတာကတော့ သိရပါပြီ၊ စာရိတ္တတော့ ဘယ့်နှယ်တုန်း။
တပည့်တော်။ ။ စကားပြောတတ်တဲ့ အချိန်ကစပြီး ဘိုးရဲ့အသင်အပြကို ရခဲ့တာကြောင့် အကျင့်စာရိတ္တတော့ ကောင်းမည့်ဖက်သို့ ရှေးရှုနေပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်အိမ်တွေက ဆွေမျိုးတွေချည်းဖြစ်တော့ မတော်တာကို မြင်တွေ့ကြလဲ ဆုံးမလေ့ရှိကြပါတယ်။
ဓမ္မဂုတ်။ ။ သင်ပြပုံလေးတွေကို မှတ်မိသလောက် ပြောစမ်းပါကိုယ်တော်။
တပည့်တော်။ ။ လူကြီးတွေ အနားမှာ ဖိနပ်စီး၍ မသွားရပါ၊ လူကြီးတွေ ရှေ့မှာ မတ်မတ်ရပ်ပြီး မနေရပါ၊ လူကြီးများရဲ့ အနီးအပါး သွားစရာ ရှိရင် ခပ်ငုံ့ငုံ့ ခပ်ကုန်းကုန်း သွားရပါတယ်၊ နောက်ဖေးသွား ရှူးရှူးပေါက် တို့ကို လူနှင့်ဝေးတဲ့ နေရာမှာ သွားရပါတယ်၊ သောက်ရေအိုးနား တံထွေးမထွေးရ, နှပ်မညှစ်ရပါ၊ ထမင်းစားတုန်း စကားမပြောရပါ၊ ပျတ်ပျတ် မမြည်အောင် စားရပါတယ်၊ ထမင်းစားတဲ့အခါ ဟင်းကို များများမစားဘဲ ထမင်းကို များများစားရပါတယ်။
ဓမ္မဂုတ်။ ။ ဟင်းစားနဲတဲ့ အကျင့်ကတော့ ယခုခေတ်နဲ့ မလျော်ဘူးနော်။
တပည့်တော်။ ။ မှန်ပါတယ်၊ တပည့်တော်တို့ ငယ်ငယ်တုန်းက လူကြီးတွေနဲ့ အတူ မစားရသေးပါဘူး၊ ထိုခေတ်က ဇလုံထဲမှာ ထမင်းရော ဟင်းရော ထည့်ပေးပြီး ထမင်း မကုန်ခင် ဟင်းမကုန်အောင် စားရပါတယ်၊ ဟင်း ဆိုတာလဲ အမဲခြောက်ဖုတ်တို့ ငါးတို့ဖြစ်ပါတယ်၊ အဲဒီလို ဟင်းကိုနဲနဲစား ရပေမယ့် ထိုခေတ်က မောင်းထောင်းဆန် ထမင်းထဲမှာ အာဟာရဓာတ်က များလို့ တော်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကစားဖော် အပေါင်းအသင်းတွေက အရေးကြီးတယ်၊ ဘယ်လို ကစားရတုန်း။
တပည့်တော်။ ။ ငါးနှစ်သားအတွင်းမှာ ဟိုအိမ် ဒီအိမ်သွားပြီး ကစားလေ့ မရှိပါဘူး၊ အိမ်တွေက အသီးအသီး ဝင်းထရံကာထားလို့ အိမ်ဝင်းက ကျယ်တော့ ထစ်အိမ်နဲ့ တစ်အိမ် လည်ဖို့လဲ ကလေးအရွယ်မှာ မလွယ်ပါဘူး၊ လူကြီးတွေသွားမှ လိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ့်အိမ်မှာ မောင်နှမချင်း ကစားကြတာဘဲလား။
တပည့်တော်။ ။ တပည့်တော်အောက် ဒုတိယက နှမဖြစ်ပါတယ်၊ တပည့်တော် အောက် နှစ်ယောက်လောက်ငယ်တော့ သူလဲ တပည့်တော် သုံး လေးနှစ် ရှိပေမယ့် မကစားတတ်သေးပါဘူး၊ နောက် ညီနှစ်ယောက်လဲ ငါးနှစ်, ကိုးနှစ် ငယ်ပါတယ်၊ တပည့်တော်နဲ့ မကစားကြရပါဘူး၊ တပည့်တော်က အကိုကြီးဖြစ်တော့ သူတို့က တပည့်တော်ကို လေးစားကြရပါတယ်၊ တပည့်တော်ကလဲ ဝမ်းကွဲ အကိုကြီး အမကြီးများကို လေးစားရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ရဲ့ ကလေးဘဝဟာ ပျင်းစရာကြီးဘဲနော်။
တပည့်တော်။ ။ မှန်ပါတယ်၊ တပည့်တော်လဲ တစ်ခါတုန်းက နေ့လည်မှာ တစ်ယောက်ထဲပျင်းလို့ စဉ်းစားဖူးပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို စဉ်းစားသလဲ ကိုယ်တော်။
တပည့်တော်။ ။ အိမ်ရဲ့အရှေ့ဖက်မှာ မန်ကျည်းပင် ရှိပါတယ်၊ အရှေ့ ပြူတင်းပေါက်က မန်ကျည်းပင်ကို ကြည့်ပြီးတော့ “လူဖြစ်ရတာထက် မန်ကျည်းရွက်တွေဖြစ်ရတာ ကောင်းသေးတယ်၊ သူတို့တော့ ပျင်းကြမှာ မဟုတ်ဘူး” လို့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မန်ကျည်းရွက်တွေကို “သက်ရှိ အကောင်တွေလို့” ထင်နေသလာ.
တပည့်တော်။ ။ ထင်နေပါတယ်၊ မန်ကျည်းပင်က မိခင်ကြီး၊ မန်ကျည်းရွက်, မန်ကျည်းသီးတို့က သားသ္မီးတွေလို့ ထင်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ အတွေးလွန်နေတာဘဲနော်။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ အတွေးလွန်နေတာပါ၊ တပည့်တော်သာ အတွေး
လွန်တာ မဟုတ်ပါဘူး၊ အိန္ဒိယက ရှေးလူတွေလဲ အတွေးလွန်ကြပါတယ်။
“ဇီဝသညိနော ဟိ မနုဿာ ရုက္ခသ္မိံ = လူတွေက စိမ်းစိုသော မြက်သစ်ပင်တွေမှာ အသက်ရှိတယ်၊ မြက်သစ်ပင် တွေဟာလဲ သက်ရှိ အကောင်ကလေးများ ဖြစ်ကြတယ်လို့ မှတ်ထင်ကြတယ်”ဟု မိန့်တော်မူပါတယ်၊
(ဝိနည်းပါစိတ်, ဘူတဂါမသိက္ခာပုဒ်။)
ဓမ္မဂုတ်။ ။ အိန္ဒိယက ရှေးလူတွေကလဲ “မြက်သစ်ပင်တွေမှာ အသက်ရှိတယ်လို့
ထင်ကြတာဘဲ”ကိုး။
တပည့်တော်။ ။ ဒီလိုထင်နေကြလို့ပေါ့ဘုရား၊ မိုးတွင်းမှာ ခရီးသွားတဲ့ ရဟန်းများကို “အသက်ရှိတဲ့ မြက်ပင်ကလေးတွေကို နင်းပြီး ညှဉ်းဆဲကြတယ်”လို့ လူတွေက ကဲ့ရဲ့ကြတော့ ဘုရားရှင်ကလဲ “သစ်ပင်ကို မနင်း မခုတ်ကြနှင့် မိုးတွင်းမှာ အသွား အလာမရှိဘဲ ငြိမ်သက်စွာနေကြ”လို့ ပညတ်တော်မူရတာပေါ့။
ဓမ္မဂုတ်။ ။“သစ်ပင်တွေမှာ အသက်ရှိတယ်”လို့ ယူဆတဲ့အယူဟာ မှန်လို့ ဘုရားရှင်က ပညတ်တော်မူတာလား။
တပည့်တော်။ ။ မှန်လို့တော့ ဘယ်ဟုတ်မလဲဘုရား၊ တချို့လူတွေက အပြစ် မြင်နေကြတော့ ဘုရားရှင်က မဆန့်ကျင်အောင် ပညတ်တော်မူတာ ဖြစ်ပါတယ်၊ မိုးတွင်းမှာ ခရီးမသွားဘဲ တရားကို ကြိုးစားစေလိုသောကြောင့် ပညတ်တော် မူတာလဲ ဖြစ်ပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ မြက်သစ်ပင်တွေ အသက်ရှိတယ်ဆိုတဲ့ အယူမျိုးဟာ တိတ္ထိတို့ အယူထဲမှာ ပါသလား။
တပည့်တော်။ ။ မက္ခလိဂေါသာလဆရာကြီးက စိမ်းစိမ်းစိုစိုနဲ့ ကြီးပွားနေတဲ့ သစ်ပင် ဟူသမျှ ကောက်ပင်, ပဲပင်, မြက်ပင်, သစ်ပင်အားလုံးကို “ဇီဝ=အသက်ရှိတဲ့ အကောင်တွေ”လို့ ယူပါသတဲ့။
ဓမ္မဂုတ်။ ။ ဟုတ်ကော ဟုတ်ရဲ့လား ကိုယ်တော်။
တပည့်တော်။ ။ ဘယ်ဟုတ်မှာလဲ ဘုရား အသက်(ဇီဝ)ဆိုတာ ရုပ်တရား နာမ်တရားထဲမှာပါတဲ့ ဇီဝိတကို ခေါ်တာပါ၊ ရုပ်ထဲမှာပါတဲ့ “ဇီဝိတ”ဟာ ကံကြောင့် ဖြစ်ရတဲ့ ရုပ်ပါ၊ ဒါ့ကြောင့် သတ်လို့သေသေ, ရောဂါကြောင့် သေသေ, ကံအစွမ်းကုန်လို့ သေသေ, အသက်တမ်းစေ့လို့ဘဲ သေသေ သေတာမှန်သမျှ ထိုဇီဝိတရုပ်, ဇီဝိတနာမ်တွေ တစ်ဘဝအတွက် နောက်ထပ် မဆက်တော့ဘဲ ချုပ်တာချည်-ပါဘဲ၊ အဲဒီ ဇီဝိတကိုပင် အာယု (အသက်) လို့လဲ ခေါ်ရပါတယ်၊ မြက်သစ်ပင်တွေမှာ ထိုဇီဝိတမျိုး မရှိပါဘူး။
ဓမ္မဂုတ်။ ။ သြော် ... ကိုယ်တော်ဟာ ငယ်ငယ်တုန်းက ဒိဋ္ဌိကလေးပေါ့နော်။
တပည့်တော်။ ။ တပည့်တော်ငယ်ငယ်တုန်းက မြက်သစ်ပင်တွေကို အသက် ရှိတယ်လို့ ယူရုံတွင်မက အဲဒီမြက် သစ်ပင်တွေကို နွား ကျွဲ မြင်းစသော အကောင်တွေ စားတော့ ထိုသစ်ပင် သစ်ရွက်မှ အသက်တွေဟာ နွားကျွဲ၊ မြင်းတို့ အထဲရောက်ပြီး ထိုမှတစ်ဆင့် နွားထီး နွားမစသည်တို့ ပေါင်းစပ်လို့ နွားဖြစ်, ကျွဲဖြစ်,မြင်း စသည်ဖြစ်တယ်၊ လူတွေက သစ်သီး သစ်ရွက် စားကြရာမှတစ်ဆင့် လူလဲဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ ကလေးဘဝ ကတည်းက ဒိဋ္ဌိမှ မိစ္ဆာဒိဋ္ဌိကို ဖြစ်နေတာပေါ့နော်။
တပည့်တော်။ ။ အယူမှားလျှင် မိစ္ဆာလို့ ဆိုချင်ဆိုနိုင်ပါတယ်၊ ဒါပေမယ့် ကံနှင့် ကံ၏ ကောင်းကျိုးဆိုးကျိုးကို မပယ်သမျှတော့ မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့ မပြောနိုင်ပါဘူး၊ တပည့်တော် ငယ်ငယ်တုန်းက အယူမှားတစ်ခု ရှိပါသေးတယ်၊ အဲဒီအယူကတော့ ငါးနှစ်အရွယ်ကျော်မှ ဖြစ်တယ်လို့ ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို အယူတုန်း ကိုယ်တော်။
တပည့်တော်။ ။ တောင်အရပ်က လူကြီးတစ်ယောက် မအိုသေးဘဲ သေဆုံးပါတယ်၊ ထိုအခါ တပည့်တော်က စဉ်းစားပါတယ်၊ “ဒီလူကြီးဟာ ခရီး အသွားများတယ်၊ စကားအပြောများတယ်။ လူတစ်ယောက်မှာ တစ်ဘဝ အတွက် ခရီးမည်မျှ သွားနိုင်တယ်၊ စကားမည်မျှ ပြောနိုင်တယ်၊ အစား မည်မျှ စားနိုင်တယ်”စသည်ဖြင့် သတ်မှတ်ချက်ရှိပြီး ဖြစ်တယ်၊ ဒီလူကြီးဟာ အဲဒီ သတ်မှတ်ချက်ကုန်လို့ သေဆုံး ရတယ်လို့ တွေးမိပါတယ်။
ဓမ္မဂုတ်။ ။ ဒီအယူလဲ မိစ္ဆာအယူထဲမှာ ပါနေတာပေါ့နော်။
တပည့်တော်။ ။ ပါနေပါတယ်၊ မလိဆရာကြီးက“သတ္တဝါတိုင်းမှာ သုခနှင့် ဒုက္ခကို ချင့်တောင်းနှင့် ချင့်ထားသလို ပိုင်းခြားသတ်မှတ်ပြီး ဖြစ်တယ်”လို့ ယူပါတယ်၊ တပည့်တော် အယူဟာလဲ ထိုအယူနဲ့ ခပ်ဆင်ဆင် ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တွေးတော စဉ်းစားတဲ့အလေ့ဟာ ကလေးဘဝတုန်းက ပါနေတာဘဲကိုး။
တပည့်တော်။ ။ တပည့်တော်ငယ်ငယ်က နဲနဲမိုးချုပ်မှ အဖေနဲ့အတူ လှည်းနဲ့ “ဗန်သင်”ဆိုတဲ့ တောက ပြန်လာတုန်းမှာ မိုးပေါ်ကြည့်ပြီး “မိုးပေါ်က ကြယ်တွေမှာ လူရှိသလား”လို့ မေးဖူးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် အဖေက ဘယ်လိုပြန်ပြောတုန်း။
တပည့်တော်။ ။ ပြန်ပြောတာတော့ မမှတ်မိပါဘူး, “လူမရှိဘူး-နတ်ရှိတယ်” လို့ ပြောမယ် ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အတွက်ကတော့ ဗုဒ္ဓမြတ်စွာရဲ့ ဘာသာရေး စာပေတွေကို တတ်သိရတာ အလွန်ကံကောင်းတာဘဲ၊ သာသနာပမှာ ကိုယ်တော် စဉ်းစားလေ့ ရှိပုံမျိုးနဲ့ စဉ်းစားရင်တော့ ကိုယ်တော့်အတွက် သွက်သွက် လည်အောင် မှားတော့မှာဘဲ။
တပည့်တော်။ ။ ဒါကြောင့်မို့ “တပည့်တော် ကံကောင်းတာတွေကို တွေ့ရ ပါလိမ့်ဦးမယ်”လို့ လျှောက်ခဲ့တာဘဲ၊ ဒါ့ကြောင့်လဲ ယခုတွေ့ရတဲ့ ဗုဒ္ဓ မြတ်စွာရဲ့ သာသနာတော်ကို မတိမ်ကောစေချင်တာပါ၊ မတိမ်ကောအောင် စောင့်ရှောက်ဖို့လဲ တပည့်တော်မှာ တာဝန်ရှိတယ်လို့ ယူဆနေတာပါဘဲ၊ သာသနာကြီးဟာ တပည့်တော်ရဲ့ တစ်သံသရာလုံးအတွက် ကျေးဇူးရှင်ကြီး မဟုတ်ပါလားဘုရား။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ်, ဟုတ်ပါတယ်၊ ကိုယ်တော့်အတွက် “ဘုရား ကျေးဇူးတော်သည် အဆုံးမရှိ”ဆိုတာ မှန်ပါတယ်။
တပည့်တော်။ ။ ဘုရားရှင်ရဲ့ ကျေးဇူးတော်များ ထင်ရှားတာလဲ တရားတော် များကြောင့် ဖြစ်ပါတယ်၊ ဒါ့ကြောင့် တရားတော်များရဲ့ ကျေးဇူးတော်လဲ တပည့်တော်မှာ အနန္တောပါဘဲ၊ ဒီတရားတော်များကို ဘုရားပရိနိဗ္ဗာန် စံတော်မူပြီး နောက် ရဟန္တာအဆက်ဆက်, ရဟန်းကောင်း အဆက်ဆက်တို့ ဆောင်ရွက် စောင့်ရှောက်တော်မူလာခဲ့လို့ မပျောက်ပျက်တာ ဖြစ်ပါတယ်၊ ဒါ့ကြောင့် သံဃာ့ ကျေးဇူးတော်လဲ တပည့်တော်အတွက် အနန္တောပင် ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဘုရား, တရား, သံဃာအကြောင်းကို ဘယ်အရွယ်ကျမှ ကိုယ်တော် ကောင်းကောင်းသိသလဲ။
တပည့်တော်။ ။ အတော်အတန်တော့ ဘုန်းကြီးကျောင်းရောက်ရင် သိပါတယ်။ ဆင်းတုတော်များကို ဘုရားအစစ်ရဲ့ ပုံတော်မှန်း အရိုးဓာတ်တော်များကို စေတီတော် အတွင်းမှာ ဌာပနာထားမှန်းကိုတော့ ပိဋကစာပေကို တော်တော် များများသင်ရတဲ့ အခါကျမှ သိပါတယ်၊ ပိဋကတရားတော်များနှင့် မဂ်ဖိုလ်နိဗ္ဗာန် တရားတော်များသာ တရားအစစ်ဆိုတာရယ်, အရိယာသံဃာတော်မှ သံဃာအစစ် ဆိုတာရယ်ကိုတော့ ပိဋကစာပေကို ကောင်းကောင်း လေ့လာပြီးတဲ့အခါကျမှ ရှင်းရှင်းလင်းလင်း သိပါတယ်၊ အဲဒီ အခါကျမှ ဘုရားရှင်ရဲ့ သဗ္ဗညုတ ဉာဏ်တော်ကိုလဲ မှန်းဆ နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ဗုဒ္ဓဘာသာဝင် အများစုဟာ ဗုဒ္ဓ ဓမ္မ သံဃ အကြောင်းကို ကောင်းကောင်းသိဖို့ မလွယ်ဘူးပေါ့နော်။
တပည့်တော်။ ။ မလွယ်ပါဘူးဘုရား၊ ကောင်းကောင်းမသိကြလို့ ဘာသာရေး ကိစ္စတွေမှာ အလွဲအချော် လုပ်နေကြတာ ဖြစ်ပါတယ်၊ ကောင်းကောင်း သိကြရင် ဒီအလုပ်တွေဟာ ဘုရားအလိုတော်နှင့် ဆန့်ကျင်မှန်း သိကြမှာပါ။ ဒီလိုသိရင် အကျိုးမရှိတဲ့ ငွေကုန်မှုတွေ ဘယ်မှာ လုပ်ကြတော့မှာလဲ။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ ကိုယ်တော်တို့အမျိုးဟာ “သားကလေး ငါးနှစ်သားလောက် ရှိရင် ပစ္စည်းတတ်နိုင်တဲ့ မိဘက ရှင်ပြု အလှူပေးကြတယ်”ဆိုတာ ဘယ်မှာ ဘုရား အလိုတော်ဟုတ်တော့မှာလဲ၊ ကိုယ်တော့်ကို ဘယ်အရွယ်မှာ ရှင်ပြုတုန်း။
တပည့်တော်။ ။ တပည့်တော်ကို ငါးနှစ်ပြည့်ခါနီးမှာ ရှင်ပြုပါတယ်၊ ရှင်ပြုတဲ့ နေ့က ၁၂၆၆-ခုနှစ် တပို့တွဲလဆန်း (၁၀) ရက်ဆိုတော့ ငါးနှစ် ပြည့်ဖို့ ဆယ့်ကိုးရက်သာ လိုပါတော့တယ်။
ဓမ္မဂုတ်။ ။ အဲဒီ ရှင်ပြုပြီးတော့ သင်္ကန်းဝတ်နဲ့ ဆက်ပြီးနေရော့လား။
တပည့်တော်။ ။ သင်္ကန်းဝတ်ဖို့ နေနေသာသာ ဘုန်းကြီးကျောင်းတောင် မနေ ရသေးပါဘူး၊ အမျိုးထုံးစံအတိုင်းမို့ ရှင်ပြုတာပါ၊ နည်းလမ်း မကျတဲ့ အလုပ်တွေပါ ဘုရား။
ဓမ္မဂုတ်။ ။ အလှူလုပ်တဲ့အခါတုန်းက မပျော်ဘူးလား။
တပည့်တော်။ ။ အလှူပေးပြီး ရှင်ပြုတဲ့အချိန် အိမ်ဝင်းထဲမှာ မဏ္ဍပ်ထိုးပြီး အလှူနေ့မတိုင်ခင် လူတွေဝင်ထွက် စားသောက်ကြ မုန့်တွေကြော်ကြနှင့် အလွန် ပျော်ပါတယ်။
ဓမ္မဂုတ်။ ။ အလှူနေ့မှာ မောင်ရှင်လောင်းလုပ်ရတာကော မပျော်ဘူးလား။
တပည့်တော်။ ။ အဲဒီနေ့တော့ မောင်ရှင်လောင်းလုပ်ပြီး ပိုးပုဆိုး တောင်ရှည် ဝတ်ရ, သနပ်ခါးလိမ်းရ, “ကလေးက ဣန္ဒြေရတယ်ဟေ့”ဟု မြှောက်ကြလို့ ဣန္ဒြေနဲ့ နေရတဲ့အတွက် မပျော်ပါဘူး၊ တပည့်တော်က ဆော့နေချင်တာ။
ဓမ္မဂုတ်။ ။ ရှင်လောင်းယူတဲ့ (လှည့်တဲ့) အခါကော မပျော်ဘူးလား။
တပည့်တော်။ ။ တပည့်တော်တို့အရပ်မှာ ပထမရက်မှာ ဝတ်စားပြီး ဆွေမျိုး လူကြီးများကို ကန်တော့ရပါတယ်၊ အဲဒါကို “ရှင်လောင်းလှည့်”လို့ ခေါ်ပါတယ်၊ ဒုတိယအလှူရက်မှာ ကျောင်းက ရှင်လောင်းကို ခေါ်ယူလာတဲ့ သဘောမျိုးနဲ့ “ရှင်လောင်းယူ”လုပ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရွာမှာ အဲဒီရှင်လောင်းယူတဲ့ အလုပ်က ပထမရက် အလုပ်ထက် ကြီးကျယ်မှာပေါ့နော်။
တပည့်တော်။ ။ ကြီးကျယ်ပါတယ်၊ ရှင်လောင်းကြီးရင် မြင်းစီးရပါတယ်။ ရှင်လောင်းငယ်တော့ ထမ်းစင်စီးရပါတယ်၊ နှစ်မျိုးလုံးမှာ ရွှေထီးဆောင်းလျက် ချည်းပါ၊ တပည့်တော်က ငယ်တော့ ထမ်းစင်စီးရပါတယ်၊ ထမ်းစင် ရှေ့က လူကြီးတွေက တံခွန်ကုက္ကားကိုင်လို့၊ အလှူဒကာလဲ သပိတ်ပရိက္ခရာ လွယ်လို့၊ မိန်းမ ကြီးငယ်တချို့က လှူဖွယ်ဝတ္ထုနှင့် မီးထောင်ပြည့် ပူဇော်ဖို့ ဖယောင်းတိုင်များကို ရွက်လို့၊ ဆွေမျိုးထဲက ချောတဲ့အပျို ကလေးများက ကွမ်းတောင်ကိုင်လို့၊ ထမ်းစင်နောက်က ဘုန်းကြီးကျောင်းသားတွေက ရတုဆိုပြီး သျှိုး (ရှိုး) ထိုးကြလို့၊ အဲဒီနောက်မှာ ဒိုးပတ်ဆိုင်းက တီးလို့ မှုတ်လို့ လိုက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ရွာထုံးစံအတိုင်းဆိုတော့ ပျော်စရာ ကောင်းပေလိမ့်မယ်နော်။
တပည့်တော်။ ။ ပျော်စရာကောင်းပါတယ်၊ ရှင်လောင်းယူပုံကို ထွက်ကြည့်တဲ့ လူတွေ အပျော်ဆုံးကတော့ ဒိုးပတ်ဝိုင်း ပါဘုရား၊ ဒိုးပတ်ဝိုင်းက လမ်းဆုံတိုင်းမှာ ခပ်ကြာကြာတီးလေ့ ရှိပါတယ်။
ဓမ္မဂုတ်။ ။ အင်း..ရှေးထုံးစံဟာ အကျိုးရှိ-မရှိကို မစဉ်းစားရင်တော့ အတော် ပျော်စရာကောင်းပါတယ်၊ ကိုယ်တော်တော့ ရွှေထီးဆောင်းပြီး ထမ်းစင် စီးရတာ မပျော်ဘူးလား။
တပည့်တော်။ ။ တပည့်တော်တော့ ထမ်းစင်စီးတုန်းက ပျော်ဖို့ နေနေသာသာ ထမ်းစင်ပေါ်မှာအိပ်ပြီး ငိုက်နေလို့ အဖေကလာပြီး သတိပေးရပါသေးတယ်၊ “ငိုက်မနေနဲ့ နောက်က ဘထွေးကြူကတာ ကြည့်”တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တစ်မျိုးဘဲ ဒီလိုအခါမျိုးဟာ စိတ်ကြီးဝင်ပြီး ပျော်ဖို့ အင်မတန်ကောင်းတာ၊ ဒါတောင် ကိုယ်တော်က မပျော်ဘဲကိုး၊ ဒါကြောင့် ကိုယ်တော်က “အနာဂတ်သာသနာရေး” ကျမ်းစာမှာ ရှင်ပြု အလှူပေးကြပုံကို အပြစ်ပြုပြီး ဝေဖန်ထားတာ ထင်တယ်။
တပည့်တော်။ ။ ဒါလဲ ပါကောင်း ပါပါလိမ့်မယ်၊ ခေတ်အလိုက် သုံးစရာတွေက များလာတော့ ဟို ရှေးခေတ်ကလို တရားတော်နဲ့ မလျော်တဲ့ အပိုကုန် အလှူဒါနကို ပြုမယ့်အစား အကျိုးရှိတဲ့ အလှူဒါနကိုသာ ပြုစေချင်လို့လဲ ဖြစ်ပါတယ်၊ ငွေကုန်သလောက် အကျိုးရှိစေချင်ပါတယ်၊ ခေတ်လူငယ် တို့က ဧကန်စိစစ်တော့မှာ ကိုလဲ မြင်ပါတယ်၊
ဤ အကြောင်းများကြောင့် တပည့်တော်က တင်ကြိုပြီး “အနာဂတ် သာသနာရေး”ကျမ်းစာမှာ ဒါမှ အားလုံးကို စိစစ်ပြတာပါ၊ သည့်ပြင်လဲ ရပ်ရွာ ဘုန်းတော်ကြီးများကို ရှေးက ဘုန်းတော်ကြီးများလို ရွာဦး ရွာထိပ်ကနေပြီး ရွာသား ကလေး တွေကို ခေတ်အလိုက် ပညာသင်ပေးကာ ဆရာသမားကောင်း ပီပီနဲ့ ထိပ်တန်းမှာ တည်မြဲ တည်စေချင်လို့ပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော် ဆန္ဒအတိုင်းကော ဖြစ်ရဲ့လား။
တပည့်တော်။ ။ ကောင်းသော ပြုပြင်ရေးဆိုတာ အသိဉာဏ်ရှိသူသာ လိုက်ရိုး ထုံးစံ ဖြစ်ပါတယ်၊ အသိဉာဏ် မရှိသူအတွက်တော့ အကောင်း မကောင်း မစဉ်းစားတတ်, အကျိုးရှိ-မရှိ မသိတတ်တဲ့အတွက် မိရိုးဖလာ လိုက်ရမှ ကျေနပ်နိုင်ပါတယ်၊ ဒီ ကိစ္စမျိုးမှာ အစိုးရ ကိုယ်တိုင်က ဇိကုပ်ပြီး နတ်ပြည်တင်ရမဲ့ ကိစ္စမျိုးဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... အစိုးရဆိုတဲ့သူမှာလဲ တိုင်းသူပြည်သား လူအများနဲ့ ဆန့်ကျင်ပြီး မှန်တာကို လုပ်ရဲတဲ့သတ္တိက မလွယ်လှဘူး ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ်၊ အစိုးရဆိုသူမှာ ပထမကိစ္စက အမှားအမှန်ကို သိဖို့ ဖြစ်ပါတယ်၊ မှားမှန် သိသောအရာကို ပြုပြင်ဖို့က ဒုတိယကိစ္စပါ။ ဘာသာရေးနှင့် စပ်လာလျှင် မှားတယ် မှန်တယ်ဆိုတာ လူဝတ်ကြောင် များကို မဆိုထားနဲ့ ပိဋက ပါဠိတော် အဋ္ဌကထာကို ကောက်ချက်ချ၍ မသင်ယူခဲ့ရင် “ပိဋက ကျွမ်းပါပေ့”ဆိုတဲ့ ပညာရှင်သော်မှ သတိမမူ ဂူမမြင် ဖြစ်နိုင်ပါတယ်ဘုရာ ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ စကားအရ စဉ်းစားရင် ကိုယ်တော်ရဲ့အမျိုးဟာ သရိုင် တစ်ရွာလုံးကို လွှမ်းမိုးနေကြောင်.လဲ သိရပြီ၊ သရိုင်ရွာရဲ့ ရွာဦးရွာထိပ်က ဘုရားကျောင်းတွေလဲ ယခုအထိ ကိုယ်တော့်ဆွေမျိုး အများစုရဲ့ ကောင်းမှုများ ဖြစ်ကြောင်းကိုလဲ သိရပြီ၊ စိန်ဗေဒါကြီးကိုတောင် အနှောက်အယှက်ပေးတဲ့ အကြောင်းကိုလဲ သိရပြီ၊ အဲဒီလို လူဆိုး လူကောင်း သောင်းပြောင်း ပြည့်နေသော အမျိုးမှာ ကိုယ်တော် ဖြစ်ရတဲ့အတွက် ဘယ်လို အကျိုးရတယ်ဆိုတာ ပြောစမ်းပါဦး။
တပည့်တော်။ ။ ပွဲကြည့်ရမှ ဇာတ်ဝတ္ထုများကိုကြားနာရတဲ့အခါ ဇာတ်အဖွဲ့ ကြီးလေ ဇာတ်ဝတ္ထုကောင်းလေ အသိဉာဏ်တိုးလေ ဖြစ်ရသကဲ့သို့ ဆွေမျိုးကြီးထဲမှာ အမျိုးမျိုး အဖုံဖုံ စုံအောင် တွေ့နေရလေတော့ ကလေးတုန်းက အမှတ်တမဲ့ နေခဲ့ပေမယ့် တော်တော်ကြီးလို့ နိုင်ငံအရေး သာသနာတော် အရေးကို စဉ်းစား တတ်တဲ့ အရွယ်ရောက်တော့ ကိုယ်တွေ့ မျက်မြင် သင်ခန်းစာတွေကိုလဲ ကိုယ့် အမျိုးထဲမှာပင် အတွင်းကျကျ ရရှိနေပါတယ်၊
အထက်လူ အောက်လူတွေရဲ့ စိတ်နေစိတ်ထားကိုလဲ ကိုယ်တွေ့ သိရပါတယ်၊ ဒါယကာ ဒါယိကာမများနှင့် ဆက်ဆံနိုင်တဲ့ အရွယ်မှာလဲ ကိုယ့်အမျိုးနဲ့နှိုင်းယှဉ်ပြီး သူတို့ရဲ့စိတ်ထားကို မှန်းဆနိုင်ပါတယ်၊ ဒီတော့ တက္ကသိုလ် “အထက်တန်းက ထွက်လာသူဟာ တက္ကသိုလ်ဗဟုသုတ ရခဲ့သလို”လူနှင့်ဆိုင်ရာဗဟုသုတကို ပိုက်ဆံ မကုန်ဘဲ တမင်္ဂလာလဲ မရှာရဘဲနှင့် အမျိုးထဲကပင် အပြည့်အစုံ ရသောကြောင့် အမျိုးကြီးမှာ ဖြစ်ရတဲ့အတွက် အလွန်ကျေးဇူးများပါတယ် ဘုရား။
မိမိ အမျိုးက အရာရာမှာ လူတန်းစေ့သူတွေများတော့ ခေတ်အလိုက် အထက်တန်း ရောက်နေကြတဲ့ ဒကာ-ဒကာမများနဲ့ ဆက်ဆံရာမှာလဲ အမျိုးတွေကိုကြည့်ပြီး ညှာညှာတာတာ ဆက်ဆံတတ်တဲ့ အလေ့အကျင့် ရနေလို့ အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုင်း, ကိုင်း... ကိုယ်တော်ရဲ့ ငါးနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ကလေးဘဝ၌ အဆိုအကမှစ၍ ရှင်မပြုဘဲနှင့် ရှင်ပြုလို့ခေါ်ကြတဲ့ အလှူကိစ္စမှာ အိပ်ငိုက်ချင်တဲ့အထိတော့ သိရပါပြီ၊ ခြောက်နှစ်မှ အထက်ဖြစ်သမျှ အကြောင်း ကောင်း-မကောင်းကို တစ်ခန်းဆက်ကြဦးစို့။
နိဂုံး။ ။
ငါးနှစ်တွင်းဝယ်, ဒို့ငယ်ငယ်၌,
ကိုယ့်ဝယ်ဖြစ်ပုံ, စနစ်စုံအောင်,
အကုန်ရေးသား, မလျှောက်အားလည်း,
အများအတွက်, သိဖွယ်ချက်နှင့်,
မှတ်ချက်ယူနည်း, လျှောက်ထားပြီး၍,
တစ်နည်းတွက်စရာ, အဆက်လာဖို့,
ဤမှာငါးနှစ်, နိဂုံးဖြစ်သည်...
ပြည်ချစ်သူတို့ သိဖွယ်ကို။
၆။ ငါးနှစ်ကျော်ဝယ် - ဆယ်နှစ်ရွယ်
ဓမ္မဂုတ်။ ။ ဦးဇနကရေ ... ကိုယ်တော်ရှင်ပြုပြီးတဲ့အခါ ကျောင်းနေရောလား။
တပည့်တော်။ ။ မနေရသေးပါ ဘုရား၊ ဘိုးက အင်မတန်ချစ်တော့ ငါးနှစ် ပြည့်တောင် ကျောင်းမထားသေးပါဘူး။
ဓမ္မဂုတ်။ ။ လူကြီးတွေက အချစ်လွန်တာလဲ ချစ်ရာမရောက်ဘဲ နှစ်ရာ ရောက်တာဘဲနော်။
တပည့်တော်။ ။ မှန်ပါတယ်၊ တပည့်တော်တို့ အဖေဖက် အမျိုးကိုက သားသ္မီးကို အချစ်လွန်ဟန်တူပါတယ်၊ သုံးဆက်မြောက် ဘိုးကြီးက အသက်ရှစ်ဆယ်လောက် ရှိတော့ ပြောပါသတဲ့၊“ငါသေရမှာ မကြောက်ပါဘူး, ငါသေတဲ့အခါ ငါ့သား ကလေးက (နှစ်ဆက်မြောက် ဘိုးဖြစ်သူက) ငါ့အလောင်းကို ကြောင့်ကြစိုက်ရမှာ သနားတာဘဲ”လို့။
ဓမ္မဂုတ်။ ။ ငါ့သားကလေးဆိုတဲ့သူက ဘယ်လောက်ကြီးပြီလဲ။
တပည့်တော်။ ။ ငါ့သားကလေးဆိုတဲ့သူက အဲဒီအချိန်မှာ အသက်ခြောက်ဆယ် လောက် ရှိပါပြီတဲ့၊ “ဘိုးဖေ”လို့ ခေါ်ပါတယ်၊ ရွှေတောင်ကျောင်းကြီးရဲ့ ကျောင်းဒကာပါ။
ဓမ္မဂုတ်။ ။ သြော် ... အသက်ခြောက်ဆယ်လောက် ရှိတာတောင် (သားကလေး) တဲ့လား, ကိုယ်တော့်အမျိုးက သံယောဇဉ်ကြီးပုံရတယ်။
တပည့်တော်။ ။ သံယောဇဉ်ကြီးကြပါတယ်၊ အဖေရဲ့ အဖေ ဘိုးခင်မောင် ဆုံးခါနီးမှာ တပည့်တော်ကို အပင့်ခိုင်းပါသေးသတဲ့၊ အဖေက ပင့်မပေးပါဘူး၊ အဲဒီ အချိန်မှာ တပည့်တော်က ပခုက္ကူမှာ စာသင်နေပါတယ်။ ဆုံးမှ သံကြိုးလာတော့ မဆုံးခင်က ခေါ်ရင် လာဖို့ပါဘဲ၊ ဆုံးမှလာလို့တော့ မထူးပါဘူး၊ ကူညီပြီး ငိုဖို့သာ ရှိပါတော့တယ်၊ “မလာပါရစေနဲ့”လို့ စာပြန်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... ကိုယ်တော့် လက်ထက်ကျတော့ သဘာဝကျတဲ့ ပိဋကတော် တွေကို သင်ရလို့ အမှန်ကို လိုက်နိုင်ပြီပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ် ဘုရား၊ ဘုရားရှင်၏ ရွှေနှုတ်တော်ထွက်ဖြစ်တဲ့ ပိဋကတော်ဟာ သတ္တဝါတွေ ချမ်းသာဖို့ချည်း ဖြစ်ပါတယ်၊ ယခု လူတို့ဒုက္ခ ရောက်နေတာဟာ ငွေမကုန်တန်ဘဲ အပိုကုန်တာတွေ များပြီး တကယ် သုံးစရာ ကြုံတဲ့အခါ မသုံးနိုင်ကြလို့ ဖြစ်ပါတယ်၊ မသာ-အသုဘ ဟာ (ဘုန်းကြီးပြန်ဖြစ် စေကာမူ) ချဲ့ထွင်လေ ငွေကုန်လေ, လူပန်းလေ ဒုက္ခများလေ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုင်း, ကိုင်း ... ရှေးလူကြီးတွေရဲ့ အမှားဒုက္ခတွေကို ပုရွက်ဆိတ်အုံ ဒုတ်နဲ့ဆွသလို ပွထ မလာပါစေနဲ့တော့၊ ကိုယ်တော် ဘယ်အရွယ်ကျမှ ကျောင်းနေတုန်း။
တပည့်တော်။ ။ ခြောက်နှစ်ပြည့်ခါနီးမှာ နေရလို့ သိပ်မကြီးပါဘူး၊ ကျောင်း ထားတဲ့ရက်က တပို့တွဲလပြည့်နေ့ နှမ်းမနဲ ထိုးကြတဲ့အခါ နှမ်းမနဲလှူရင်း ကျောင်းအပ်တာပါဘဲ။
ဓမ္မဂုတ်။ ။ တခြားနေ့ရက်မှာကျောင်းအပ်ရင် ဆွမ်းအုပ်ပါရမှာမို့ ကိုယ်တော့်ဘိုးက ချွေတာတဲ့သဘောနဲ့ ထိုရက်မှာ ကျောင်းအပ်တာထင်တယ်။
တပည့်တော်။ ။ မလျှောက်တတ်ပါဘုရား၊ ဖြစ်ချင်လဲ ဖြစ်နိုင်တာပါဘဲ၊ တပည့်တော်တို့ အမျိုးက အများအားဖြင့် ချွေတာရေး အားကြီးလွန်းတယ် ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်တယ်, ဟုတ်တယ်-ဇာတ် အငြိမ့် လူပျက်တွေကတောင် “ဖြစ်လေရာ ဘဝသံသရာမှာ သရိုင်ရွာရဲ့ ဆီပုလင်း မဖြစ်ပါရစေနဲ့”လို့ ဆုတောင်းသတဲ့၊ လူပျက်တစ်ယောက်က (ဘာပြုလို့တုန်း)လို့ မေးတော့ “ဆီများများ မကျအောင် ဆီပုလင်းအပေါက်ကို လက်နဲ့ပိတ်-ပိတ်ပြီး ဟင်းအိုးအထက်မှာ လှဲ့ယမ်းတဲ့အခါ မူးလွန်းလို့”ဟု ပြက်လုံးထုတ်ကြသတဲ့။
တပည့်တော်။ ။ အဲဒီပြက်လုံးအတိုင်း မဟုတ်ပါဘုရား၊ အဲဒီခေတ်တုန်းက ဆီပုလင်းတောင် မသုံးသေးပါဘူး၊ ဆွေမျိုးများရဲ့ အိမ်တိုင်းမှာ အများအားဖြင့် ပိုလို့ ရောင်းဖို့ ဆီအိုးကြီး, အိမ်မှာတစ်နှစ်လုံးသုံးဖို့ ဆီအိုးလတ်, မီးဖိုထဲမှာသုံးဖို့ ဆီအိုး ငယ်ငယ်ကလေး၊ အဲဒီလို သုံးမျိုး ထားကြပါတယ်၊ ဆီအိုးငယ်ငယ်ကလေးမှာ ဆီကုန်ရင် ဆီအိုးလတ်ကဆီကို ယူပါတယ်၊
အဲဒီ အိုးကလေးထဲမှာ ထန်းသီး အငယ်ကလေးကို လုပ်ထားတဲ့ ဆီမှုတ် ပေါက်စကလေး ရှိပါတယ်၊ အရွယ်ကတော့ လက်ညှိုးနှင့် လက်မ ကွင်းထားတဲ့ လက်ကွင်းလောက်သာ ရှိပါတယ်၊ အဲဒီမှုတ်ကလေးနဲ့ ယူပြီး ဟင်းအိုးထဲမှာ ထည့်တာဖြစ်တော့ ဘယ်အခါမှ ပိုလွန်မသွားနိုင်ပါဘူး၊ နံနက်အိပ်ယာထမှာ ကလေးတွေကို ဆီဆမ်း ဆားဖြူး ထမင်းကျွေးရင် အဲဒီမှုတ်ကလေးကို ထမင်းထဲ လှည့်ပတ် ဖိလိုက်တာပါဘဲ၊ ဆီကတော့ တစ်စက်နှစ်စက် သာသာလောက်သာ ဆမ်းတာပါ။
ဓမ္မဂုတ်။ ။ ဒီလို စည်းကမ်းကြီးကြီးနဲ့ နှမြောလို့လဲ ရှေးလူကြီးတွေက “ငါတို့ အမျိုးမှာ လူမွဲမရှိဘူး”လို့ ကြွားကြဟန်တူတယ်။
တပည့်တော်။ ။ ဟုတ်လောက်ပါတယ်၊ တပည့်တော်တို့အမျိုးရဲ့ တစ်ဝမ်းကွဲနှင့် အရင်းထဲမှာ တပည့်တော်ရဲ့ မိဘများဟာ ပစ္စည်းအညံ့ဆုံးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စပါးထားတဲ့ကျီဟာ တပည့်တော်တို့ကျီက အငယ်ဆုံးပါ၊ စပါးတစ်ထောင်လောက်သာ ဝင်ဆံ့နိုင်ပါတယ်၊ ဒါပေမယ့် လှည်း, နွား, ကျွဲ အစုံ ရှိတဲ့အပြင် အဖေစီးဖို့ မြင်းတစ်စီးလဲ ရှိပါသေးတယ်။ လယ်ယာလုပ်တဲ့အခါ စာရင်းငှါး တစ်ယောက် ကြီးကြီးလဲ ထားလေ့ရှိပါတယ်၊ အဖေက သိပ်ပြီး အပင်ပန်းမခံပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရဲ့ ရှေးခေတ်အမျိုးက နှမြောတာတော့ မှတ်တမ်း တင်လောက်ပါတယ်၊ အဲဒီလို နှမြောလောက်အောင် ပစ္စည်းရှိတာက ဘာ အကြောင်းလဲ။
တပည့်တော်။ ။ ဒီဟာလဲ လုံလောက်တဲ့ အကြောင်း ရှိပါတယ်၊ သားနဲ့ သ္မီးတို့ အိမ်ထောင်ကျတဲ့အခါမှာ နှစ်ယောက်လုံး ဆွေမျိုးချည်းဖြစ်တော့ ယောက္ခမ မိဘ တစ်အိမ်အိမ်မှာ လူကြီးတွေနဲ့ အတူနေကြရပါတယ်၊ အိမ်ကလဲ နေလောက်အောင် ကျယ်ဝန်းပါတယ်၊ လူကြီးများက ကျွေးထားပါတယ်။ တချို့မှာ အဝတ်လဲဆင်တယ်၊ ဒီတော့ သူတို့ မင်္ဂလာဆောင်တုန်းက လက်ဖွဲ့ လိုက်ကြတဲ့ ငွေဟာ သုံးစရာ မလိုပါဘူး၊ စပါးဝယ်ကြပါတယ်၊ သီတင်းကျွတ်ရင် ကထိန်လဲ ခင်းနိုင်ကြပါတယ်၊ ကိုယ်ပိုင်စပါး တော်တော် များပြီး အိမ်ငယ်တစ်လုံးနဲ့ နေနိုင်လောက်မှ အိမ်ခွဲကြ ပါတယ်၊ အဲဒီလို အိမ်ခွဲတော့လဲ မိဘများရဲ့ဝင်းထဲမှာ အိမ်ဆောက်ရတာဖြစ်တော့ လူကြီးများရဲ့ အအုပ်အထိန်း မကင်းပါဘူး။
ဓမ္မဂုတ်။ ။ လူကြီးများနဲ့ တစ်ဝင်းထဲနေရတော့ အဖော်အပေါင်း မကောင်းနဲ့လဲ မပေါင်းဖြစ်၊ ထိုအဖော်အပေါင်း မကောင်းကလဲ မလာကြ၊ ဒီတော့ အသောက်အစား အကစားဆိုတာလဲ မဖြစ်နိုင်၊ ဒါကြောင့် ပစ္စည်းသာမက စာရိတ္တဖက်ကလဲ ထိန်းပြီးသား ဖြစ်သွားတာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ အသုံးအစွဲမှာလဲ လူကြီးတွေနဲ့ အတူနေအတူစား ဖြစ်တုန်းက လက်ထပ်သင်ပြီးဖြစ်လို့ စနစ်ကျနေပါတယ်၊ ဒီလိုနေရင်းက တဖြေးဖြေး စပါးများလာတဲ့အချိန်မှာ တစ်ဖက်ဖက်က အမွေရပြန်တော့ သာပြီး အားရှိသွားပါတယ်၊ တချို့တော့ စပါးသာ ပိုပြီးလှောင်ပါတယ်၊ အိမ်တော့ ကြီးကြီး ကျယ်ကျယ် မဆောက်သေးပါဘူး၊ စပါးကျီနဲ့ တွဲပြီး နေကြပါတယ်၊ “ဦးသာရ”ဆိုတဲ့ ဦးကြီးတစ်ယောက်ဟာ ပထမဆုံး အမြတ်တော်ခွန် ကောက်တဲ့စနစ် ပေါ်လာတော့ အမြတ်တော်ခွန် ပေးရပါတယ်။ စပါးကျီနဲ့ တွဲနေတုန်းဖြစ်တော့ အမြတ်တော် ဝန်ထောက်က ကိစ္စရှိ၍ နာမည် မမှတ်မိတဲ့အခါ “ဘယ်သူတဲ့ဗျာ, အိမ်မရှိတဲ့ လူကြီးဟာလေ”ဟု ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့၊ ကိုယ်တော်တို့အမျိုးက စီးပွားရှာရေးတော့ နာမည်ရတဲ့ အမျိုးပါဘဲ။
တပည့်တော်။ ။ မှန်ပါတယ်၊ ဒုတိယကမ္ဘာစစ်ဖြစ်တော့ တစ်ဝမ်းကွဲ အမျိုးတွေရဲ့ စီးပွားဟာ အတော်မြင့်နေပါပြီ၊ ဦးလေးတစ်ယောက်ဟာ စပါးရောင်းယင်း ငွေစက္ကူတွေ သိမ်းရင်းနဲ့ ဝက်လက်မှာ ဗုံးချတော့ ပါသွားရှာပါတယ်၊ ဒီလို အမေ့ဖက်ကအမျိုးတွေ စီးပွားတက်နေချိန်မှာ အမေက ပစ္စည်းအညံ့ဆုံးအချိန် ရောက်နေတော့ အမေဟာ ပိုပြီး စိတ်မကောင်း ဖြစ်ရှာပါတယ်။
ဓမ္မဂုတ်။ ။ ဘာလို့ ကိုယ်တော့်မိဘက စီးပွားညံ့ရသလဲ။
တပည့်တော်။ ။ ဒီကိစ္စကို နောက်မှ ပြောပါရစေဘုရား၊ နဲနဲကျယ်ဝန်းပါတယ်၊ တပည့်တော် ကျောင်းနေစအချိန်မှာ အမျိုးထုံးစံအတိုင်း သားရှင်ပြု လုပ်နိုင်ကြတာ ဖြစ်တော့ တပည့်တော်ငယ်စဉ်က မမွဲကြသေးပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကျောင်းနေတာ ရှင်ပြုပြီး နောက်တစ်နှစ် တပို့တွဲလပြည့်နေ့ ဆိုတော့ ခြောက်နှစ်ပြည့်ပြီနော်။
တပည့်တော်။ ။ မှန်ပါတယ်၊ ခြောက်နှစ်ပြည့်ဖို့ရန် (၁၄)ရက်သာ လိုပါတော့တယ်၊ ကျောင်းနေစအခါမှာ ဘိုးက စိတ်မချလို့ နေ့တိုင်းလိုက်ပို့ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကျောင်းနဲ့ ရွာနဲ့က ဝေးလို့လား။
တပည့်တော်။ ။ ကျောင်းနဲ့ ရွာနဲ့က မဝေးပါဘူး၊ ဒါပေမယ့် တပည့်တော်တို့အိမ်က ရွာလယ်မှာဆိုတော့ နဲနဲဝေးတယ်လို့ ဆိုရမှာပါ။
ဓမ္မဂုတ်။ ။ ရွာအလယ်မှာ အိမ်ရှိတယ်ဆိုတော့ ကိုယ်တော်တို့အိမ်က သိပ် ကြီးကျယ်သလား။
တပည့်တော်။ ။ မကြီးကျယ်ပါဘူး၊ အဖေဖက်က ဘိုးရဲ့မိဘ ဘိုးဘွားများ လက်ထက်က ရွာထဲမှာ ဂုဏ်တော်တော်ရှိဟန် တူပါတယ်၊ ဘိုးရဲ့ အမ ဒေါ်လေးကြီး ဆိုသူနှင့် အကြောင်းပါတဲ့ ဘိုးအကြီးဟာ တစ်နယ်လုံး ထင်ရှားတဲ့ ပစ္စည်းရှင် ဖြစ်ပါတယ်၊ တပည့်တော်တို့အမွေရတဲ့ ဘိုးအိမ်ကတော့ လေးခန်း သုံးခန်းသာရှိတဲ့ နှစ်ဆောင်ပြိုင်အိမ်ကလေးပါ၊
မီးလောင် ပြီးမှ ကဗျာကယာ ဆောက်ရတဲ့အတွက် ခမ်းခမ်းနားနား မရှိလှပါဘူး၊ ဒါပေမယ့်-အိမ်နေရာဝင်းက လမ်း သုံးလမ်းဆုံတဲ့ ရွာအလယ်မှာ တည်နေတာ ဖြစ်တော့ နံနက်ဆွမ်းခံချိန် လူကြီးနဲနဲ ညဉ့်ဦးချိန်မှာ လူကြီးတွေ များများစုပြီး လဘက်ရည်သောက်ကြ စကားပြောကြနဲ့ တော်တော် စိုပြေပါတယ်၊ ဒီသူကြီးတွေ လာပြီး စကားပြောကြလို့လဲ တပည့်တော်မှာ ငယ်ငယ်က လဘက်ရည် တည်ပေးယင်း အကြားအမြင် ဗဟုသုတ အတော်ရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ဟာ ကံလဲကောင်းတယ်နော်၊ ငယ်ငယ် ကလေးက လူကြီးတွေနဲ့ နီးနီးကပ်ကပ် နေခဲ့ရတယ်၊ ညဉ့်ဦးက စကား ပြောကြ တော့လဲ ကိုယ်တော်က မအိပ်ဘဲ နားထောင်နေတာဘဲလား။
တပည့်တော်။ ။ ဘာဟုတ်မလဲ, အိပ်ချင်တဲ့အခါ လူကြီးတွေစကားပြောတဲ့ နှစ်ခန်းပေါက် ခုတင်ကြီးပေါ် လူကြီးတွေအနား လှဲလိုက်တာဘဲ၊ ဘိုးတို့ အဖေတို့က “အိမ်ပေါ်ကို တက်အိပ်ချေ”လို့ ပြောလဲ အိမ်ပေါ်မှာ တစ္ဆေကြောက်လို့ မတက်ဝံ့ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်ငယ်ငယ်က သတ္တိနည်းသလား။
တပည့်တော်။ ။ လူချင်းတော့ သိပ်ကြောက်တတ်မယ် မထင်ပါဘူး၊ တစ္ဆေကိုတော့ အတော်ကြီး ကြောက်တတ်ပါတယ်၊ သို့ပေမယ့် - တစ္ဆေထက် ဆရာကို ကြောက်တာက ပိုဟန်တူပါတယ်၊ ကိုးနှစ်ထက် မကြီးသေးတဲ့ အရွယ်မှာ အိမ်-အိပ်ပါတယ်၊ ကျောင်းက လက်ထောက်ဦးပဉ္စင်းက နက်ဖန် ညောင်ပင်တွင်းရွာမှာ ဆွမ်းကြီးခံကိစ္စရှိလို့ လိုက်ရမယ်၊ စောစော လာခဲ့လို့ မှာပါတယ်၊
တပည့်တော်တစ်ရေးနိုးတော့ ကျောင်းသွားဖို့ပြင်ပါတယ်၊ အမေက အစောကြီး ရှိသေးတယ်လို့ ပြောပေမယ့် ဦးပဉ္စင်းဆိုမှာကြောက်လို့ ကျောင်းသွားပါတယ်၊ ကျောင်းနဲ့ ရွာနဲ့ အကြားမှာ ကုက္ကိုပင်ကြီးက တစ္ဆေချောက်တတ်တယ်လို့ ကျောင်းသားကြီးတွေကလဲ ပြောကြပါတယ်၊ ဒါပေမယ့် တစ္ဆေကြောက်ကြောက်နဲ့ဘဲ ဆရာကို ပိုကြောက်လို့ တစ်ယောက်ထဲ သွားပါတယ်၊ ကျောင်ရောက်တော့ နာရီပြန်နှစ်ချက်သာ ထိုးပါသေးတယ်၊ ထပ်အိပ်ပြီး ညောင်ပင်တွင်းသွားခါနီးမှ ထ-တဲ့အခါ မူးနေလို့ မလိုက်နိုင်တော့ပါဘူး။
ဓမ္မဂုတ်။ ။ အကြောက်လွန်ပြီး မူးတာထင်ပါတယ်။
တပည့်တော်။ ။ မသိပါဘူး ဘုရား၊ အအေးမိလို့ မူးတာလဲ ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် တစ္ဆေကြောက်တဲ့အကျင့်က ဘယ်အရွယ်ကျမှ ပျောက်သလဲ။
တပည့်တော်။ ။ တပည့်တော် တစ္ဆေကြောက်တတ်တဲ့အကျင့်က ကျမ်းစာ ဗဟုသုတ ရင့်ကျက်မှ ပျောက်သွားပါတယ်၊ ဒါကြောင့် တပည့်တော် တောင်မြို့ ရောက်မှ မြောင်းမြဆရာတော် ကြွလာတဲ့အခါ ဦးပဉ္စင်းများကို မေးပါသတဲ့၊ “ဦးပဉ္စင်းတို့ရဲ့ဆရာက တစ်ယောက်ထဲ အိပ်ဝံ့သလား”လို့ အိပ်ဝံ့တဲ့အကြောင်း လျှောက်ကြတော့“သြော် ... တယ်တော်နေပါလား”လို့ မိန့်တော်မူပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော် ကျောင်းရောက်တဲ့အခါ အောက်တန်းစာများ သင်ရပုံကို ပြောစမ်းပါဦး။
တပည့်တော်။ ။ ထုံးစံအတိုင်းပေါ့ ဘုရား၊ သင်ပုန်းကြီး, မင်္ဂလသုတ်, ဆုံးမစာ, လက္ခဏာတော်ကြီး ဘုရားရှိခိုး, ပရိတ်ကြီးပါဠိ, လောကနီတိတို့ကို အစဉ်အတိုင်း တက်ရပါတယ်။
ဓမ္မဂုတ်။ ။ ဒီစာတွေကို သင်နေရတာ ဘယ်လောက် ကြာသလဲ။
တပည့်တော်။ ။ တပည့်တော်က ကျက်ဉာဏ်ထက် မမေ့တဲ့ဉာဏ်က ပိုကောင်းပါတယ်၊ သင်ပုန်းကြီး တော်တော်များများကို ဘိုးက ချပေးထားလို့ ကျောင်းရောက်တဲ့အခါ သိပ်ပြီး ကြာကြာမတက်ရပါဘူး၊ ရပြီးတွေလို ဖြစ်နေပါတယ်၊ လောကနီတိတိုင်အောင် တစ်နှစ်ခွဲလောက်သာ ကြာမယ် ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ မြန်တာပေါ့နော်၊ လောကနီတိကုန်တဲ့အခါ စာရေး-စာဖတ် သွက်ပလား၊ သတ်ပုံများကော နားလည်ပလား။
တပည့်တော်။ ။ အဲဒီဟာကတော့ ဂွဘဲဘုရား၊ သင်တုန်းကိုက စာအရေးအသားကို
ဦးစားပေးသင်တာ မဟုတ်တော့ သတ်ပုံမမှန်သော စာရေးနည်းတောင် မတတ်ပါဘူး။
ဓမ္မဂုတ်။ ။ သတ်ပုံ မသင်ရဘူးလား။
တပည့်တော်။ ။“ငါးမည် ရွှေကြာ, ခက်ညွန့်ဖြာ, စိမ်းပြာကိုလည်း ရစ်ရမည်” စသော သတ်ပုံသံပေါက်ကို ကျက်ရပါတယ်၊ ဒါပေမယ့် သံပေါက်ရတာဘဲ ရှိတယ်၊ ရေးနည်းပုံစံကို မပြတော့ သတ်ပုံမှန်အောင် မရေးတတ်ပါဘူး၊ ကြီးတဲ့အခါ ကျမ်းစာရေးတော့တောင် သတ်ပုံစာအုပ်ကို အနားထားရပါတယ်၊ ဒါတောင် မှားမှား နေပါသေးတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါ့ ကိုယ်တော်၊ တပည့်တော်တို့ရဲ့ ဘုန်းကြီးကျောင်းတွေဟာ ရှေးရှေးခေတ်က သတ်ပုံအရာမှာ ခေါင်းဆောင်လုပ်နိုင်တဲ့ ပညာရှိတွေ ထွက်ခဲ့ပါ လျက်ကနဲ့ နောက်ပိုင်းကျတော့ သတ်ပုံညံ့ရတယ် ဆိုတာ သိပ်ဝမ်းနည်းစရာပါဘဲ။
တပည့်တော်။ ။ အရှင်ဘုရားသတ်ပုံညံ့ဆိုတာတော့ မပြောနဲ့တော့၊ တချို့ စာတော်တော်-တော်မှ စာပေးစာယူ ပြုတဲ့အခါ “အကျောင်းစကား မှာကျားလိုက်ပါသည်”ဟု ကျောင်း+ကျား တို့ကို ယပင့်ဖြင့် ရေးပါသေးတယ်။
ဓမ္မဂုတ်။ ။ ဟုတ်တယ်, ဟုတ်တယ်-ဘုန်းကြီးကျောင်းထွက် လူဝတ်ကြောင်တွေ ကျတော့ စာရေးပုံဟာ သွက်သွက်လည်အောင် မှားကုန်တော့တာဘဲ။
တပည့်တော်။ ။ မှားတာမှ တချို့အမှားဟာ ရယ်စရာကောင်းအောင် ဖြစ်သွား ပါတယ်၊ စစ်ကိုင်းချောင် ခေတ္တနေတုန်းက နံနက် ဆွမ်းစားသွားယင်း လမ်းမှာ ပစ်ထားတဲ့ စာရွက်စုတ်ကလေးကို ကောက်ယူပြီး ဖတ်မိပါတယ်။ အဖေက သ္မီး သီလရှင်ထံ ပေးတဲ့စာထဲမှာ“ငါ့သ္မီး မြစ်တာကျောင့် အဖေ့လီး မာပါ၏”တဲ့။
ဓမ္မဂုတ်။ ။ ဟား ဟား-ဟုတ်ပြီ ကိုယ်တော်၊ ဒါကြောင့် အထက်မြို့မှာ ဘွင်းဘွင်း ပြောလေ့ရှိတဲ့ ဆရာတော်ကြီးတစ်ပါးအထံ သီလရှင်ကလေး တစ်ယောက်က လျှောက်သတဲ့။
တပည့်တော်။ ။ ဘယ်လို လျှောက်သတဲ့တုန်း ဘုရား။
ဓမ္မဂုတ်။ ။ တပည့်တော်ရဲ့ သီလရှင်ဆရာကြီးက သင်္ဂြိုဟ်ပို့ချတော့“စိတ္တံ- စိတ်လည်းကောင်း၊ စေတသိကံ - စေတသိက်လည်းကောင်း”ဆိုတဲ့ နိဿယမှာ “လည်း”ကို မထည့်ဘဲ “စိတ္တံ-စိတ်ကောင်း၊ စေတသိက် - စေတသိက်ကောင်း”လို့ ချပေးပါတယ်၊ မှန်ပါသလားလို့ လျှောက်သတဲ့။
တပည့်တော်။ ။ ဒီတော့ ဆရာတော်ကြီးက ဘယ်လို အမိန့်ရှိသတဲ့တုန်းဘုရား။
ဓမ္မဂုတ်။ ။ ဒီတော့ ဆရာတော်ကြီးက ... ဟာ-နင်တို့ဆရာ“လည်း”အကြံ မှားနေပြီး နင်တို့ဆရာကြီး ကြောက်တဲ့ဟာက “လုံးကြီးတင် ဆန်ခတ်ပါ” ဟ, ဒီလည်းက စိတ်နဲ့စေတသိက်တို့ကို စုစည်းတဲ့ သမုစ္စည်းအနက်ဟော “လည်း”ပါလို့ မိန့်တော်မူပါသတဲ့။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား၊ ပါဠိမှာ သတ်ပုံလို့ခေါ်နိုင်တဲ့ အက္ခရာ မှားလျှင် အနက်အဓိပ္ပါယ် အယူအဆ မှားနေသလိုဘဲ၊ မြန်မာစာမှာလဲ သတ်ပုံ အက္ခရာမှားလျှင် အနက်အဓိပ္ပာယ် အယူအဆ မှားတာပါဘဲ၊ ဒီတော့ တပည့်တော် တို့ရဲ့ ဘုန်ကြီးကျောင်းတွေမှာ သတ်ပုံသတ်ညွှန်းနှင့်တကွ စာရေးသင်ရတဲ့ ရှေးနည်းကို ပြင်သုံးကြဖို့ ကောင်းနေပါပြီဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော် ငယ်ငယ်က စာရေးတဲ့ အလေ့အထနည်းပြီး သတ်ပုံ မမှန်တာ ရှိပါစေအုံး၊ စာဖတ်ကတော့ ဘယ့်နှယ်တုန်း။
ဓမ္မဂုတ်။ ။ ဟာ ဒါတော့ ကိုယ်တော်တို့ ဆရာတော်ကြီးက လွန်ပြီထင်တယ်။ ကိုယ်တော့်အဖေရဲ့ အပြစ်ဟာ ကျောင်းသားများပေါ် ကူးစက်တာတော့ မတော်လှဘူး ထင်တယ်။
တပည့်တော်။ ။ တပည့်တော်တို့ ဆရာတော်ကြီးက ရွှေကျင်တိုက်မှာနေခဲ့ပေမယ့် စိတ်က အလွန်ထက်ပါတယ်၊ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး ကြွလာတဲ့အခါ ကျောင်းသားတွေကို မရိုက်ဖို့ရန် အလှူခံတော့ လှူခဲ့ရပါတယ်၊ နောက် ရိုက်ချင် လောက်အောင် အပြစ်တွေ့တော့ “ငါက ဒုတ်သာလှူခဲ့တာ, ဓားမလှူခဲ့ဘူး, သတ်ပစ်လို့ သေကုန်ကြမယ်”လို့ အမိန့်ရှိပါသတဲ့။
ဓမ္မဂုတ်။ ။ အဲဒီအခါ မန္တလေးရောက်ကထဲက မန္တလေးမှာဆက်ပြီး စာသင်ရသလား။
တပည့်တော်။ ။ မဟုတ်ပါဘူး၊ နောက်တစ်ခေါက် စပါးရောင်းဖို့ အဖေလာတဲ့ အခါမှာ တပည့်တော်က ဖျားနေတာလဲ တစ်ကြောင်း, ရွာကျောင်း ဆရာတော်က မကျေနပ်တာလဲ တစ်ကြောင်း ဒီအကြောင်းကြောင့် ရွာသို့ ပြန်လိုက်ခဲ့ရပါတယ်။
ဓမ္မဂုတ်။ ။ ရွာရောက်တော့ ဘာစာတွေ တက်ရသလဲ။
တပည့်တော်။ ။ သဒ္ဒါကြီးက ကုန်လုနေတော့ ကုန်အောင်တက်ပြီးမှ သင်္ဂြိုဟ် သင်ရပါတယ်၊ ရပြီးတဲ့စာတွေကို ညတိုင်းပြန်တဲ့အခါ မကုန်နိုင်လို့ ကိုးနာရီလောက် ထိအောင် စာပြန်ရပါတယ်၊ အခြား ကျောင်းသားတွေ စာအံတိတ်သော်လဲ တပည့်တော် မတိတ်ရသေးပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီအခါမှာ ကိုယ်တော်က ကျောင်းအိပ်သလား။
တပည့်တော်။ ။ သဒ္ဒါအတော်ရောက်ကထဲက ကျောင်းမှာအိပ်ရတာများပါတယ်၊ ညကို ရပြီးတဲ့စာတွေကုန်အောင် ပြန်ရပါတယ်၊ နံနက်စောစော အိပ်ယာထတော့ ခဏလောက် ဘုရားဝတ်တက်, ဦးပေါ်ဦးရဲ့ “ယမမင်းထံ အစစ်ခံ သံပေါက်” စသည်ကို ကျောင်းသားများအား ချပေးရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဆယ်နှစ်လောက်ရှိယင်ဘဲ လူကြီးကလေးလို ဖြစ်နေ တာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ တပည့်တော်က စာတော်တဲ့ကလေးဖြစ်တော့ စိတ်ကလဲ စာကိုအကြောင်းပြုပြီး လူကြီးလိုဖြစ်လာပါတယ်၊ အိမ်မှုကိစ္စ ကိုလဲ ကြောင့်ကြောင့် ကြကြ ရှိလာပါတယ်၊ တစ်ခါတုန်းက နေ့လည် အချိန်မှာ လူကြီးတွေ မရှိဘဲ လဘက်ရည်တယ်သလား, ဘာလုပ်သလဲ မမှတ်မိပါဘူး၊ ကိစ္စပြီးတော့ မီးဖိုထဲကမီးကို ငြိမ်းလေ့ရှိတဲ့အတိုင်း မီးကျီးတွေ အပေါ်က လက်နဲ့ခံပြီးတော့ ရေဖျန်းပါတယ်၊
မီးအငွေ့ ရိုက်လို့ ညာဖက် လက်ဖမိုးတွေ ပူတော့ ဘယ်ဖက်လက်နဲ့ ခံပြီး ဖျန်းပါတယ်။ မီးတော့ငြိမ်းပါရဲ့ လက်ဖမိုး နှစ်ဖက် အပူလောင်နေပါတယ်၊ အဲဒီ အခါမျိုးမှာ ငံပြာရည်နဲ့ နယ်ရတယ် ကြားဖူးလို့ ငံပြာရည်နဲ့ နယ်ပါတယ်။ သာပြီး ပူစပ်၍ မခံနိုင်တော့ ရေအင်တုံထဲ နှစ်လိုက်ရော လက်ဖမိုး နှစ်ဖက်လုံး အဖုတွေ ထလာတော့တာပါဘဲ၊ အဲဒီကစပြီး အနာဖြစ်လို့ အတော် ခံလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကျောင်းအိပ်တဲ့အခါ ကစားရသေးလား၊ ကိုယ်တော်က ကစားဝါသနာပါတယ်ဆို။
တပည့်တော်။ ။ ကျောင်းအိပ်တဲ့အခါ မကစားရတော့ပါဘူး၊ အိမ်အိပ်တဲ့အခါ တုန်းကတော့ စာကလဲနည်းသေးလို့ စာပြန်ပြီးရင် အိမ်နီးချင်း နှမတွေနဲ့ ကစားတဲ့ အခါလဲ ကစား, လူကြီးများ စကားပြောတာ နားထောင်တဲ့ အခါလဲ နားထောင်နဲ့ တစ်ခါတစ်ခါလဲ ရွာထဲမှာ လမ်းထွက်ပြီး အခြားကလေးတွေနဲ့ ကစား, အဲဒီလို နေတာနဲ့ မပျင်းပါဘူး။
ဓမ္မဂုတ်။ ။ နှမတွေနဲ့ ဘာလုပ်တမ်း ကစားသလဲ။
တပည့်တော်။ ။ “ဖန်ခုန်မှ ထုပ်ဆီး, ညောင်ပင်တစ္ဆေ ကြက်ထုပ်ပစ်”စတဲ့ ကစားတွေပါ၊ တစ်ခါတစ်လေတော့ ဆွေမျိုးသိပ်မရင်းတဲ့ အမျိုးသ္မီးတွေနဲ့လဲ နေ့ (ကျောင်းအားတဲ့အခါ) ကစားပါတယ်၊ သူတို့က တပည့်တော်ကို ခင်လို့ ဆွေမျိုးရင်း အချို့နဲ့ အတူလိုက်လာပါတယ်၊ သူတို့နဲ့ကစားတဲ့ အခါတော့ သူတို့ကလဲသိက္ခာရှိလို့ တပည့်တော်က သီလပေးတဲ့ကိုယ်တော်, သူတို့က သီလယူတဲ့ ဥပုသ်သည်လုပ်ပြီး သိက္ခာရှိရှိနဲ့ ကစားကြပါတယ်။
ဓမ္မဂုတ်။ ။ ညီတွေ အကိုတွေနဲ့တော့ မကစားဘူးလား။
တပည့်တော်။ ။ အကိုတွေက တော်တော်ကြီးပါတယ်၊ သူတို့က ကျောင်းမှာ အိပ်ကြတာ များပါတယ်၊ ညီလဲ အိမ်နီးချင်းမှာ မရှိပါဘူး၊ ရှိတဲ့ညီကလဲ အိမ်ချင်းနဲနဲ ဝေးတော့ ကစားဖော် မဖြစ်ကြပါဘူး။
ဓမ္မဂုတ်။ ။ ကျောင်းမှာတော့ လုံးလုံး မကစားရဘူးလား။
တပည့်တော်။ ။ နေ့လည် စာအံနားချိန်မှာ ကစားရပါတယ်၊ အလှူရှိလို့ အားတဲ့ အခါနှင့် ဥပုသ်နေ့မှာလဲ ကျောင်းပြင်ထွက်ပြီး ကစားကြပါတယ်။ ကျည်းသားရိုက်တမ်း, ဂုံညင်းထိုးတမ်းနဲ့ ကြီးတဲ့အခါ ဘောလုံးကန်တမ်း, ပိုက်ဆံပစ်တမ်း, မော်တော်ကြီးတဲ့အခါ လူခပ်ကြီးကြီးတွေနဲ့ သုံးပုံဖဲ ရိုက်တမ်း စုံလို့ပါဘဲ၊ နဘမ်းချ, လက်ဝှေ့သတ် ကစားနည်းတော့ ကြမ်းလွန်းလို့ တပည့်တော်တော့ ဝါသနာ မပါလှပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်ငယ်ငယ်က သုံးပုံဖဲလဲ ရိုက်တတ်သလား။
တပည့်တော်။ ။ ရိုက်တတ်ရုံ မကပါဘူး၊ သိပ် ဝါသနာပါတာဘဲ၊ သုံးပုံဖဲက အတွေး ကောင်းဖို့လိုပါတယ်၊ အဲဒီလို တွေးရတာက အလွန်သမာဓိရပြီး အရသာရှိပါတယ်၊ အတွေးမှန်လျှင်တော့ သိပ်ပျော်တာဘဲ။
ဓမ္မဂုတ်။ ။ ပိုက်ဆံတမ်းလား။
တပည့်တော်။ ။ ပိုက်ဆံတမ်း မဟုတ်ပါဘူး၊ ဆွေမျိုးတွေ အစ်ကိုကြီးတွေနဲ့ တခြားက လူကြီးတွေ ထုံးခွေတမ်းပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ ဆယ်နှစ်အရွယ်အထိ အကြောင်းအရာတွေကို သိရပါပြီ၊ ကိုယ်တော်ကျောင်းနေတဲ့အခါ ဉာဏ်ကောင်းကြောင်း ထင်ရှားပုံ၊ စာဖတ်ဝါသနာပါ၍ စာဖတ်တတ်သော်လဲ ဂဏန်းသင်္ချာနှင့် သတ်ပုံ နားမလည်ပုံ, ညဉ့်စာအံတဲ့အခါ တခြားကျောင်းသားတွေ စာအံတိတ်သော်လဲ မတိတ်ရသေးပုံ, နံနက်စောစော ကျောင်းသားများအား ကိုယ်တော်က သံပေါက်စာများကို တိုင်ပေးရပုံ, ဇာတ်တော်တွေ ကြားရလို့ အားကျပြီး ကုသိုလ်များများပြုပုံ, ဘိုးဖုန်းရဲ့ အရေးတော်ပုံစစ်ကို ကြားရ၍ ဝံသာနုစိတ် ရွှေဘိုသွေး ထက်သန်ပုံ, မင်းကွန်း ရောက်ခိုက် အင်္ဂလိပ်တွေက ဓာတ်ပုံရိုက်မယ်လုပ်တော့ ညီအကို နှစ်ယောက် ပြေးကြပုံ, မြစ်ထဲမှာရေနစ်လို့ ကံကောင်းထောက်မသဖြင့် ဆယ်မည့်သူ အဒေါ်ရှိပုံ မန္တလေး ခေတ္တနေရပုံ, လှေကားကို ခုန်ခုန်တက်လို့ တိုက်မိ၍ ခြေသလုံး ရိုးမှာ အနာရွတ်တွေ ယခုအထိ ရှိသေးပုံ, ကိုယ်တော်ရဲ့ ခုန်တက်ပုံကို မဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီးရဲ့ မျက်စိတော်ထဲမှာ မြင်နေပုံ, ကစားမျိုးစုံနှင့်တကွ သုံးပုံဖဲဝါသနာပါပုံ, မီးထင်းကိစ္စမှာလဲ ကြောင့်ကြရှိပုံ, အတော်စုံစုံ သိရပါပြီ၊ ဆယ်နှစ်မှအထက် သိစရာတွေကို သိဖို့ရန် ဆယ်နှစ် နိဂုံးကို ဤနေရာတွင် ကမ္ပတ်ဖုံးကြပါစို့။
နိဂုံး။
လူတွင်တစ်ယောက်, ဆိုရလောက်အောင်,
ထွန်းတောက်မည့်သူ, ထိုသည့်လူကား,
ငယ်မူငယ်သွေး, ငယ်ကလေးက,
ဘိုးဘေးလည်းစောင့်, မျိုးလည်းစောင့်၍,
စောင့်မည့်အရာ, တွေ့မြဲသာတည်း၊
ဝါသနာခေါ်, အထုံသော်ကား,
မတော်မတဲ့မှု, မရှိခဲ့၍,
တဲ့ရာတော်ရာ, ဝါသနာကြောင့်,
ဉာဏ်ပါဝီရိ, အမြဲရှိသား၊
မိမိဘိုးဘွား, ဆရာများက,
အားထားလေးမူ, အရေးယူ၏၊
ထိုသူမျိုးသာ, ဖြစ်ခဲ့ပါမူ,
နောင်ခါဆက်ဆက်, ညွန့်အတက်ဖြင့်,
ကွန့်လျက်ဝေဖြိုး, သစ်ပင်မျိုးသို့,
တိုင်းကျိုးပြည်ရွာ, သာသနာနှင့်,
ဘာသာမျိုးနွယ်, ခိုကိုးဖွယ်သည် ...
ငယ်ငယ်သစ်ပင် သဘောတည်း။
၇။ ဆယ်နှစ်လွန်လစ် - ဆယ့်ငါးနှစ်
ဓမ္မဂုတ်။ ။ ကိုယ်တော်က မန္တလေးကပြန်ပြီး ရွာမှာနေတဲ့အခါ မန္တလေးနှင့် အဆက်အသွယ် မရှိတော့ဘူးလား။
တပည့်တော်။ ။ တပည့်တော်တို့ရွာနဲ့ မန္တလေး ဝိသုဒ္ဓါရုံတိုက်က အိမ်ဦး ကြမ်းပြင်လို ဖြစ်နေတော့ မကြာမကြာ အဆက်အသွယ် ရှိပါတယ်၊ တစ်ခါတုန်းက မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ပင်းကျောင်းမှာ သိမ်သမုတ် ကိစ္စနဲ့ ကြွတော်မူလာပါတယ်၊ ဓမ္မကထိကများနှင့် စာချ ဘုန်းကြီးများလဲ ပါလာပါတယ်၊ အဲဒီ စာချဘုန်းကြီးများ အထဲမှာ အဘယာရာမဆရာတော် ဖြစ်သည့် စာချဘုန်းတော်ကြီးလဲ ပါလာပါတယ်၊ တပည့်တော်ရဲ့ နာမည်နဲ့ သားရေအုပ်ထားတဲ့ သဒ္ဒါသုံးစောင်တွဲ စာအုပ်ကို လက်ထောက်ဦးပဉ္စင်း အနားမှာတွေ့တော့ ဒီကလေးက သဒ္ဒါတက် သလားလို့ မေးပါသတဲ့။ အဲဒီအခါမှာ တပည့်တော်ရဲ့အကြောင်းကို ပြောနေကြတုန်း တပည့်တော်က ကွမ်းကပ်ဖို့ ကွမ်းအစ်ယူပြီး ကျောင်းပေါ် တက်သွားတော့ လက်ထောက် ဦးပဉ္စင်းက “ဌေးလွင်”ဆိုတာ သူဘဲလို့ ပြောပါတယ်, ဒီတော့ ...
စာချဘုန်ကြီး။ စာအုပ်ကိုင်ပြီး ထိုင်အုံးဟေ့-ဒီစာအုပ်က မင်းစာအုပ်လား။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား။
စာချဘုန်ကြီး။ မင်းက သဒ္ဒါတက်တော့ ရုပ်တွက်တတ်သလား။
တပည့်တော်။ ။ နဲနဲတော့ တွက်တတ်ပါတယ်ဘုရား။
စာချဘုန်းကြီး။ “မျာယံ”ကို တွက်စမ်း။
တပည့်တော်။ ။ တွက်ပြပါသည်။
စာချဘုန်ကြီး။ “ပဋိသန္ထာရဝုတျဿ”ကို တွက်စမ်း။
တပည့်တော်။ ။ တွက်ပြပါသည်။
စာချဘုန်းကြီး။ အနားမှာရှိသော (မန္တလေးက ပါလာသော) ကိုရင်များကို မင်းတို့ သူ့လို တွက်တတ်ကြရဲ့လား၊ (ကိုရင်များက ပြုံးနေကြသည်။)
စာချဘုန်ကြီး။ မန္တလေး မနေချင်ဘူးလား။
တပည့်တော်။ ။ နေချင်ပါတယ်ဘုရား၊ တပည့်တော် ခဏလောက်တော့ နေဖူးပါတယ်၊ ဖျားလို့ အဖေက ပြန်ခေါ်လာတာပါ။
စာချဘုန်းကြီး။ အေး ... မန္တလေး လာနေပေါ့။
[အဘယာရာမဆရာတော်သည် ထိုအခါမှစ၍ မိမိအပေါ်မှာ ဂရုစိုက်သော လက္ခဏာ ရှိပါသည်၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးကလည်း အဘယာရာမ ဆရာတော်ကို အထူး ဂရုစိုက်တော်မူသောကြောင့် ဉာဏ်ကောင်းသော ကလေးလဲဖြစ်, ဆရာတော်ကြီး၏ မျိုးရိုးလဲဖြစ်သည့်အတွက် အတုန့်ပြန်တဲ့ လက္ခဏာပင် ဖြစ်ပါသည်။]
ဓမ္မဂုတ်။ ။ မန္တလေးမှာနေကြတဲ့ ကိုယ်တော်တို့ရွာက ကိုယ်တော်တွေကော ဉာဏ်ကောင်းတွေ မရှိကြဘူးလား။
တပည့်တော်။ ။ အများပင် ရှိကြပါတယ်၊ ဒါပေမယ့် သာသနာတော်မှာ ကြာရှည် မမွေ့လျော်ဘဲ တချို့က လူ့ဘောင်ပြောင်းလို့ ဆရာတော်ကြီး ကိုယ်တိုင်ပင် သရိုင်သားတွေကို မချီးမြှောက်ဝံ့အောင် ဖြစ်နေပါတယ်၊ ဝိသုဒ္ဓါရုံ အရှေ့တိုက်မှစ၍ ပြောစမှတ်တစ်ခု ရှိပါသတဲ့၊ “သရိုင်သားတွေဟာ အစကောင်းသော်လဲ အနှောင်း မကောင်းဘူး”လို့ တပည့်တော် ဝိသုဒ္ဓါရုံ တိုက်ရောက်လို့ နာမည်ထွက်လာတဲ့ အခါမှာ အဲဒီလိုဘဲ ပြောကြပါတယ်။ သရိုင်မှာ နေတုန်းကပင် တပည့်တော်ရဲ့ နာမည်က မန္တလေးဝိသုဒ္ဓါရုံတိုက်မှာ ရောက်နှင့်ပြီး ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်နာမည်ကြီးဖို့ ဇာတာက သိပ်ကောင်းဟန် တူပါတယ်။ နာမည်ကြီးလို့လဲ ကိုယ်တော့်ကို လိုလားတဲ့သူတွေက အားရကြ သလောက် မလိုလားတဲ့သူတွေက နှိမ်ကြဟန် တူပါတယ်။
တပည့်တော်။ ။ တပည့်တော်တွင် မကပါဘူး၊ မဟာဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးနဲ့စပ်ပြီး သရိုင်သား ဉာဏ်ကောင်းတွေဟာ အနှိမ်ခံကြရပါတယ်၊ ဝိသုဒ္ဓါရုံ တိုက်ထဲမှာ ပြောလေ့ရှိတဲ့ စကားတစ်ရပ်က .“ဟေ... သရိုင်သား ဟုတ်-မဟုတ်ကို ရုပ်လက္ခဏာကြည့်ရမယ်၊ သရိုင်သားမှန်ယင် အသားယင်လဲ မဲရမယ်, သွားယင်လဲ ခေါရမယ်, နဖူးယင်လဲ မောက်ရမယ်, နှာရောင်ယင်လဲ ကောက်ရမယ်, နောက်စေ့ ယင်လဲ ထွက်ရမယ်”တဲ့။
ဓမ္မဂုတ်။ ။ အား ... ကိုယ်တော့် ရွာသားတွေကို တယ်နှိမ်ကြပါလား။
တပည့်တော်။ ။ ရွာသားတွေကလဲ နှိမ်ချင်စရာပါဘဲဘုရား၊ ပညာတော်ပြီး သဒ္ဓါတရား နဲသလား မသိပါဘူး၊ တပည့်တော်ရဲ့ ဆွေမျိုးရင်းများသည်ပင် ရဟန်း ဖြစ်ပြီးမှ လူ့ဘောင် ရောက်ကုန်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်တယ်, ဟုတ်တယ်၊ “ဥုးလာသန”ဆိုတာ ကိုယ်တော့်ညီ အရင်းဆို။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ တပည့်တော်ထက် ကျက်ဉာဏ်ကောင်းပါတယ်။ ရုပ်ရော အသံပါ တပည့်တော်ထက် သာပါတယ်၊ ဒါပေမယ့် ဆရာသမားတွေက အရေးပါတော့ သဒ္ဓါတရားနဲသလို ဖြစ်နေပါတယ်၊ ဒါ့ကြောင့် ရဟန်းမဖြစ်ခင် ဆယ့်ရှစ်နှစ်သားလောက်က“မင်း ... လူထွက်ပြီး ဒကာကြီးနဲ့အတူ ကူးသန်း ရောင်းဝယ်ရေး အလုပ်သင်ရင် ကောင်းမယ်ထင်တယ်”လို့ ပြောမိပါတယ်၊ ဒါပေမယ့် မထွက်သေးဘဲ ရဟန်းဖြစ်ပြီး “ပထမကျော်အောင်, သကျသီဟ နှစ်ကျမ်းလား အောင်ပြီးမှ လူထွက်ပါတယ်”
ဓမ္မဂုတ်။ ။ ကိုယ်တော်က သဒ္ဓါတရား ကောင်းတဲ့သူမှ သာသနာတော်မှာ နေထိုက်တယ်လို့ ယူဆသလား။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ သဒ္ဓါတရားမရှိယင် ဝိနည်းကိုမလေးစားပါဘူး၊ လူများရဲ့ ပစ္စည်းလေးပါးကို သုံးစွဲပြီး ဝိနည်းတော်အတိုင်း မနေယင် အပါယ်လေးပါး သွားဖို့ သေချာတယ်လို့ ယူဆပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီဝါဒကို ကြားကြားနေလို့ ကိုယ်တော်ရဲ့ ဉာဏ်ကောင်း စာတော် ဆွေမျိုးတွေ လူထွက်သွားကြတာဘဲ ထင်တယ်၊ “ဥုးကစ္စာယန” ဆိုတာလဲ ကိုယ်တော်ရဲ့ တူတော်တယ်ဆို မဟုတ်လား။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ အစ်ကိုတစ်ဝမ်းကွဲနှင့် အဒေါ်ကလေး တစ်ဝမ်းကွဲရဲ့ သားပါ၊ သူကမှ သာပြီး တော်ပါသေးတယ်၊ ကိုရင်ဘဝ တုန်းက ပထမကျော် လဲအောင်, သကျသီဟ ကိုရင်စာပြန်ပွဲလဲ ထိပ်ဆုံး အထိအောင်, အစိုးရဓမ္မာစရိယ, သကျသီဟ (ပရိယတ္တိ) ဓမ္မာစရိယရော အောင်ပြီးမှ လူထွက်ပြီး (ဘီအေ) တောင် အောင်လိုက်ပါသေးတယ်။
ဓမ္မဂုတ်။ ။ အား ... အဲဒီ ညီနဲ့တူသာ သဒ္ဓါတရား ကောင်းကောင်းနဲ့ ကိုယ်တော့်ကို ကူညီပြီး သာသနာကို ရွက်ဆောင်လိုက်ရယင် ကိုယ်တော်တို့ တူဝရီးသုံးယောက်ရဲ့ သာသနာဟာ ဗမာတစ်ပြည်လုံးတောင် ဆံ့မှာ မဟုတ်ဘူးနော်။
တပည့်တော်။ ။ သူတို့တွင် မကသေးဘူးဘုရား၊ တပည့်တော်ရဲ့ နှမတစ်ဝမ်းကွဲ သားတွေလဲ ကိုရင်ဘဝက ဓမ္မာစရိယ အောင်သူတွေ နှစ်ယောက်လား, သုံးယောက်လား ရှိပါသေးတယ်၊ သူတို့လဲ လူ့ဘောင်ရောက်ကုန်ပါပြီ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သူတို့ကို သေသေချာချာ မသိရအောင် သူတို့က ဘယ်မှာနေကြလို့တုန်း။
တပည့်တော်။ ။ သူတို့အဖေဖက်က သာ၍ရင်းတဲ့ စစ်ကိုင်းတောင် ဆရာတော် ဥုးဝိသုဒ္ဓိရဲ့ ဝိဇ္ဇာဒပ္ပဏိချောင်မှာ နေကြလို့ သေသေချာချာ မသိတာပါ၊ ဥုးဝိသုဒ္ဓိ ဆိုတာလဲ ရွှေကျင်ဂိုဏ်းမှာထင်ရှားတဲ့ သကျသီဟ ဓမ္မာစရိယ တစ်ပါးဖြစ်ပါတယ်၊ တပည့်တော်နဲ့လဲ နှစ်ဝမ်းကွဲ ဦးလေးတော်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့အမျိုးက ဉာဏ်ကောင်းတွေ များသလား။
တပည့်တော်။ ။ များတယ်လို့ ဆိုရမှာပေါ့ဘုရား၊ ဒါ့ကြောင့် ရွှေဘိုမြို့ စက်ပိုင် ဦးထွန်းဖေက တပည့်တော်ရဲ့ညီ သစ်စက်ပိုင် တစ်ယောက်ကို ပြောသတဲ့၊ ကိုဘသန်းရေ “ဥုးဇနက နောက်တော့ ခင်ဗျားတို့ အမျိုးထဲက ထွန်းကားတဲ့သူ မပေါ်နိုင်တော့ဘူးလို့ ထင်တာ၊ ယခုလဲ တစ်ပါးပေါ်လာပြန်ပြီ” လို့ (ဥုးကစ္စာယနကို ညွန်ပြ၍) ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော့်ညီက ဘယ်လိုပြန်ပြောသတဲ့လဲ။
တပည့်တော်။ ။ တပည့်တော်ရဲ့ အဲဒီညီက ခပ်ကြွားကြွားဘဲ “ကျွန်တော်တို့ အမျိုးမှာ ဗိုက် ဆယ်လုံးရှိယင် သုံးလုံးကတော့ နိုင်ငံကျော်ဖြစ်မှာ သေချာပါတယ်” တဲ့။
ဓမ္မဂုတ်။ ။ အင်း ... ကြွားမယ်ဆိုလဲ ကြွားစရာပါဘဲ၊ ကိုယ်တော်ကတော့ ကိုယ်တော့်ညီများ တူများလို မဖြစ်ဘဲ တစ်မျိုးတစ်ဘာသာ ဖြစ်လာတာက ဘာအကြောင်းလဲ ကိုယ်တော်။
တပည့်တော်။ ။ လူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ဟာ ရှေးရှေးဘဝက ပါလာတဲ့ အထုံဝါသနာနဲ့လဲဆိုင်, မိဘ ဘိုးဘွား ဆရာသမားများနဲ့လဲဆိုင်, ပတ်ဝန်းကျင် အပေါင်းအသင်းနဲ့လဲ ဆိုင်ပါတယ်၊ တပည့်တော်ရဲ့ ရှေးရှေးဘဝ ကံတွေက လမ်းတစ်မျိုး စဉ်ပေးလိုက်ဟန် တူပါတယ်၊ ငယ်ငယ်တုန်းက သစ်ပင်တွေမှာ အသက်ရှိတယ်လို့ ထင်တာရယ်, မိုးပေါ်ကကြယ်တွေမှာလူရှိ-မရှိ သိချင်တာရယ် အဲဒီအချက်တွေဟာ ရှေးရှေး ဘဝကပါလာတဲ့ ဉာဏ်ဓာတ် နေမှာပါဘဲ၊
ဒီဘဝ ရောက်တော့လဲ ဘိုးရဲ့ထိန်းသိမ်းမှုဟာ တပည့်တော်မှာ ကောင်းသော အထောက်အကူ ဖြစ်ပါတယ်၊ ကျောင်းရောက်တော့လဲ ဇာတ်နိပါတ်တွေကိုကြားရလို့ အားကျတဲ့စိတ်ဟာ ရှေးဘဝကဓာတ်ခံကြောင့် ဖြစ်မှာပါ၊ အားကျပြီး ကုသိုလ်ပြုတာ ကတော့ ပတ်ဝန်းကျင် ဆွေမျိုးများက ဘုရားဒကာ ကျောင်းဒကာတွေ များလို့ ဖြစ်ပါတယ်။
“မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးစသော သူတော်ကောင်းကြီးများကိုလဲ အားကျတာ ကတော့ ပတ်ဝန်းကျင် အပေါင်းအသင်းကြောင့်”ဟု ဆိုရမှာပါဘဲ၊ အဲဒီ အားလုံးကို ခြုံလိုက်တဲ့အခါ တပည့်တော်ရဲ့ လမ်းစဉ်ဟာ ဖြောင့်မှန်ဖို့ အကြောင်းတွေ ဖြစ်လာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် မန္တလေးကို ဘယ်အရွယ်လောက်ကျမှ နောက်တစ်ခေါက် ရောက်ရသလဲ။
တပည့်တော်။ ။ မန္တလေး နောက်တစ်ခေါက် ရောက်တဲ့အချိန်ဟာ သက္ကရာဇ် ၁၂၇၃-ခုနှစ်, နတ်တော်လဆန်း သုံးရက်လို့ မှတ်မိပါတယ်၊ အဲဒီတော့ တပည့်တော် အသက်ဟာ (၁၂)နှစ် ပြည့်လုနေပါပြီ။
ဓမ္မဂုတ်။ ။ မန္တလေးရောက်တော့ ဘာစာတွေ ကုန်ပြီးပြီလဲ။
တပည့်တော်။ ။ သဒ္ဒါ, သင်္ဂြိုဟ်နဲ့ ပုဒ်စစ် တချို့တစ်ဝက် ရနေပါပြီ။
ဓမ္မဂုတ်။ ။ မန္တလေးရောက်ပုံ ပြောပြပါအုံး။
တပည့်တော်။ ။ ရွှေတောင်ကျောင်းက ဦးပဉ္စင်းတစ်ပါး အရပ်ပြန်လာတဲ့အခါ ပင်းကျောင်းဆရာတော်ဘုရားကြီးက အမေ့ခေါ်ပြီး “နင့်သားကို မန္တလေး စာသင် ရအောင်ထဲ့လိုက်”ပြောလို့ အဲဒီဦးပဉ္စင်းနဲ့ ထဲ့လိုက်တာပါဘဲ။
ဓမ္မဂုတ်။ ။ အဲဒီတော့ ဦးပဉ္စင်းရဲ့တပည့် ဖြစ်သွားတာပေါ့နော်။
တပည့်တော်။ ။ ဆရာတော်ဘုရားကြီးကတော့ တပည့်အဖြစ်နဲ့ အပ်တဲ့သဘော ဟုတ်ဟန် မတူပါဘူး၊ မန္တလေးရောက်ယင် ပင်းကျောင်းက ဆွေမျိုးတော်တဲ့ ဦးပဉ္စင်းများ ထိန်းကြလိမ့်မယ် ဆိုတဲ့သဘောနဲ့ အထဲ့ ခိုင်းဟန်တူပါတယ်။
ဓမ္မဂုတ်။ ။ ဒါပေမယ့် လောကသဘောနဲ့တော့ အဲဒီ ဦးပဉ္စင်းထံ တပည့်အဖြစ် အပ်နှံသလို ဖြစ်သွားတာပေါ့။
တပည့်တော်။ ။ မှန်ပါတယ်၊ အဲဒီဦးပဉ္စင်းဆိုတာကလဲ သူ့အဖေနဲ့တပည့်တော် အဖေက ဆွေမျိုး မတော်ပေမယ့် အလွန်ရင်းနှီးကြလို့ မန္တလေးရောက်တဲ့အခါ တပည့်အဖြစ်နဲ့ ထိန်းပါတယ်။
ဓမ္မဂုတ်။ ။ ဒီအချိန်မှာ ကိုယ်တော့်ဘိုးနဲ့ ကိုယ်တော့်အဖေက ဘယ်သွား နေကြသလဲ။
တပည့်တော်။ ။ ဘိုးက နောက်အိမ်ထောင်ပြုပြီး ခင်မင်ရွာရောက်နေပါတယ်။ အဖေက စပါးကုန်သည် ဖြစ်နေပါပြီ၊ မန္တလေးကို စပါးရောင်းသွားနေပါတယ်၊ ဒါ့ကြောင့် တပည့်တော်ကို မန္တလေးထဲ့တဲ့ကိစ္စမှာ ဘိုးနဲ့အဖေ မပါတာဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို မန္တလေးပို့ပုံကတော့ မရေမရာကြီးဘဲကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ်၊ “အစမကောင်းတော့ အနှောင်းမသေချာ” ဆိုတာလို နောက်တော့ မကောင်းကျိုးတွေဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ မန္တလေးရောက်တော့ အဘယာရာမ ဆရာတော်လောင်းဖြစ်တဲ့ စာချ ဘုန်းတော်ကြီးနဲ့ တွေ့သေးသလား။
တပည့်တော်။ ။ ဆရာတော်နဲ့တွေ့တော့ ဆရာတော်ကသဘောကျတဲ့လက္ခဏာနဲ့ “မင်းရောက်လာပြီလားဟေ့”တဲ့၊ ဒါပေမယ့်-ဆရာတော်နေတဲ့ ကျောင်းကြီးနဲ့ တပည့်တော်နေတဲ့ ဆီးပင်ကျောင်းက တခြားစီနေတော့ အဆက်အသွယ် မရှိပါဘူး၊ ဆရာတော်လဲ မကြာခင်ပင် အိန္ဒိယသို့ သက္ကတအသင် သွားဟန်တူပါတယ်, မတွေ့တော့ပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီအခါမှာ ကိုယ်တော်ရဲ့ဦးလေးဆိုတာ မရှိဘူးလား။
တပည့်တော်။ ။ မရှိတော့ပါဘူး၊ ဦးလေးကြီးက သကျသီဟစာပြန်ပွဲဝင်တာ ကျလို့ ရှက်ပြီး အောက်ပြည်ပြေးဟန် တူပါတယ်၊ ပထမရန်ကုန်, နောက်တော့ လပွတ္တာမြို့ လေးထပ်ကျောင်း ဆရာတော်ထံ ရောက်နေပါတယ်။
ဓမ္မဂုတ်။ ။ မန္တလေးရောက်တော့ ဖြစ်ပျက်ပုံများကို ပြောပြပါအုံး။
တပည့်တော်။ ။ မန္တလေးရောက်တော့ အဖေနဲ့ တွေ့ပါတယ်၊ အဖေက ထမင်း လခပေးစားဖို့ စီစဉ်ပါတယ်၊ တပည့်တော်က နေပါစေ, ကျောင်းမှာဘဲ စားမယ်လို့ ပြောပါတယ်၊ မုန့်ဖိုးပေးထားပါတယ်၊ အဲဒီခေတ်တုန်းက ခေါက်ဆွဲတစ်လုံး တစ်ပဲ, ပေါက်စီတစ်လုံး တစ်ပြားဆိုတော့ နေ့စဉ်ပိုက်ဆံ ငါးပြားလောက် သုံးနိုင်ယင် ညနေစာ လုံလောက်ပါတယ်၊ ခေါက်ဆွဲဆိုင်က ဝိသုဒ္ဓါရုံတိုက် မြောက်ဖက် ကျောက်လမ်းဘေးမှာ ရှိပါတယ်။ တပည့်တော်ကတော့ မကြာမကြာ သွားစား ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ စားရေးအတွက် မဆင်းရဲဘူးပေါ့နော်။
တပည့်တော်။ ။ ဒီလိုလဲ မဟုတ်သေးဘူးဘုရား၊ တစ်ခါတစ်လေ ကျောင်းမှာ ညနေစာချက်စားပါတယ်၊ တပည့်တော်က တစ်ယောက်ထဲ ထမင်းချက်ပြီး ငါးဘတ် ငါးပိကို ထမင်းအိုးထဲအုံးပြီး စားပါတယ်၊ တစ်ယောက်ထဲလဲဖြစ် ငါးပိအုံး တစ်ခွက်ထဲနဲ့ စားရလို့ ဝမ်းနဲလိုက်တာဘုရား။
ဓမ္မဂုတ်။ ။ ခေါက်ဆွဲသွားစားဖို့ ပိုက်ဆံကုန်နေလို့လား။
တပည့်တော်။ ။ ဒီလိုလဲ ဟုတ်မယ်မထင်ပါဘူးဘုရား၊ တပည့်တော်က မျိုးရိုး အလိုက် ပိုက်ဆံအသုံးချွေတာပါတယ်၊ ကုန်သင့်မှ ကုန်စေပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်မှာပါဘဲ၊ ကိုယ်တော့်အမျိုးကိုက ချွေတာရေးကြောင့် ပိုက်ဆံ ပေါနေတဲ့ အမျိုးတွေဘဲ။
တပည့်တော်။ ။ ဝန်ခံပါတယ်ဘုရား၊ ချွေတာမှုမရှိယင် ဘယ်အိမ်မှ မခံနိုင်ပါဘူး၊ တပည့်တော်တို့တစ်မျိုးလုံးဟာ ပိုက်ဆံအသုံး စည်းကမ်းရှိလွန်းလို့ လူမွဲ မရှိဘူးလို့ ပြောနိုင်တာပါ၊ စည်းမဲ့ကမ်းမဲ့သုံးယင် အားလုံးလူမွဲမျိုး ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါပေမယ့် ချွေတာလွန်းအားကြီးလို့ ငတ်နေတာတော့ မကောင်းပါဘူး ကိုယ်တော်။
တပည့်တော်။ ။ ဒါလောက်လဲ မချွေတာပါဘူး၊ စားသင့်သလောက်တော့ စားကြပါတယ်၊ အဖေကတော့ ဆွေမျိုးတွေထဲမှာ ချွေတာမှုမရှိတဲ့လူ တစ်ယောက်ပါ၊ ကောင်းကောင်း စားပါတယ်၊ ထမင်းစားတဲ့အခါ ထမင်း ပူပူပေါ်မှာ ထောပတ် ဆမ်းပြီးစားလေ့ရှိပါတယ်၊ အဲဒီခေတ်က ထောပတ် ကောင်းကောင်း တစ်ပိဿာမှ သုံးကျပ်လောက်သာ ပေးရပါတယ်။
ဓမ္မဂုတ်။ ။ ဒါဖြင့် ကိုယ်တော်တို့အိမ် မွဲတာဟာ ကိုယ်တော့်အဖေ အသုံးအစွဲ များလို့ ဆိုချင်သလား။
တပည့်တော်။ ။ မွဲဖို့အကြောင်းကတော့ အသုံးအစွဲချည့် မဟုတ်ပါဘူး၊ ပထမ ကမ္ဘာစစ် နောက်ပိုင်းမှာ ပဲဖြူကလေး ဈေးကောင်းပါတယ်၊ အဖေက စပါးကုန်သည် သာမက ပဲကုန်သည်လဲ အကြီးအကျယ် လုပ်ပါတယ်၊ စစ်ပြီးခါနီး ပဲဖြူကလေး ဈေးအကျမှာ ကုန်သည်အများပင် အမွဲသာ အဖတ်တင်ရစ်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အဖေက လူစုံ လူလည် လူကြွားထင်ပါရဲ့။
တပည့်တော်။ ။ ဆိုစရာဖြစ်နေတာပါဘဲ၊ ဆွေရင်းမျိုးရင်းထဲမှာ အဖေက အလည်ဆုံးပါ၊ ဘိုးက အိမ်ထောင်ပြုပြီး ရွှေ့ပြောင်းသွားကထဲက အိမ်မှာ လူစုံ အဝင်အထွက် ရှိလာပါတယ်၊ ရုံးကိစ္စဆိုယင် အဖေကို အားကိုးကြပါတယ်၊ ရပ်ကိစ္စ ရွာကိစ္စမှာလဲ အဖေပါတာ များပါတယ်၊ တပည့်တော် ငယ်ငယ်တုန်းက လူခွန် မပေးရဘဲ အိမ်ခွန်သာပေးရပါတယ်၊
တပည့်တော် တို့ရွာမှာ ပစ္စည်းရှိသူတွေများလို့ တစ်အိမ် ခြောက်ကျပ်နှုန်း ထားပါတယ်။ အဲဒီအခါ မည်သည့်အိမ်က မည်မျှပေးထိုက်တယ်လို့ စီစဉ်ဖို့ရန် သမာဓိ လူကြီးသုံးယောက်လောက် ရွေးပါတယ်၊ အဖေနဲ့ အခြား ဆွေမျိုးလူကြီး နှစ်ယောက်လောက်စုပြီး တပည့်တော်တို့အိမ်မှာ စည်းဝေး ဆုံးဖြတ်ကြတာပါဘဲ၊ အစိုးရဖက်လဲ ရွာမှာကိစ္စရှိယင် တပည့်တော်တို့အိမ်မှာ တည်းပြီး အလုပ် လုပ်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အဖေ ကုန်သည်လုပ်လို့ မွဲတယ်ဆိုယင် မခွဲခင်က ဆွေမျိုး လူကြီးများက သတိမပေးကြဘူးလား။
တပည့်တော်။ ။ ပေးကြပါတယ်၊ တပည့်တော်တို့အိမ်နဲ့ ကပ်နေတဲ့ ဓနရှင် ဘကြီးတစ်ယောက်က စပါးကုန်သည် လုပ်နေကြတဲ့ အဖေနဲ့ ဘိုးလေးကို ပြောပါသတဲ့၊ “ဟဲ့-နင်တို့နှစ်ယောက် ထူလွန်း ကဲလွန်းတယ်၊ ဒို့အမျိုး ထဲမှာ ရိုးရာအလုပ်နဲ့ မပွဲခဲ့ပါဘူး”လို့။
ဓမ္မဂုတ်။ ။ ကိုယ်တော့် ဘိုးလေးထက် ကိုယ်တော့် ဘကြီးက ကြီးသလား။
တပည့်တော်။ ။ အမျိုးတွေကများတော့ ဝါစဉ်အားဖြင့်သာ ဘိုးလေးတော်တာပါ၊ အသက်ချင်းတော့ ဘကြီးက အပုံကြီး ကြီးပါတယ်၊ ဘိုလေး ဆိုသူက ဘိုးရဲ့အဖေ (ဘိုးကြီး)ရဲ့ နောက်အိမ်ထောင်က မွေးတဲ့ သားကလေး ဖြစ်ပါတယ်၊ အဖေထက်တော့ အများကြီး ကြီးပါသေးတယ်၊ အဲဒီ ဘိုးလေးကလဲ စပါးကုန်သည် လုပ်ပါတယ်၊ ဘိုးလေးရဲ့သား (ဘထွေး)လဲ မန္တလေး ဆီးပင်ကျောင်းမှာ ကိုရင်ဝတ်နဲ့ နေပါသေးတယ်၊ နောက်တော့ လူထွက်ပါတယ်၊ သူလဲ စပါးကုန်သည်လုပ်ပြီး နောက်တော့ ဆုံးရှာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် မန္တလေးရောက်တော့ တော-မကျဘူးလား။
တပည့်တော်။ ။ တောက ကလေးများ ထုံးစံအတိုင်းပေါ့ဘုရား၊ ကိုယ်မသိတဲ့ နေရာ ကျတော့ နားမလည်ဘူးပေါ့။ ဒီလို နဲနဲပါးပါး နားမလည်မှန်း သိတော့ အယင် ရောက်ပြီးဖြစ်တဲ့ တောသားဘုန်းကြီးများကလဲ လှောင်ကြ ပြောင်ကြနဲ့ အလည် လုပ်ကြပါသေးတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို အလည်လုပ်သလဲ။
တပည့်တော်။ ။ ကျောင်းတိုက်ထဲလာပြီး ကုလားတွေက မုန့်ရောင်းကြပါတယ်၊ မုတ်ဆိတ်ကြီးနဲ့ ကုလားရောင်းတဲ့“အာတာပူစီ”ဆိုလား အမျှင် အမျှင်နဲ့ မုန့်ကို ဝယ်စားတော့ ကုလားပြန်သွားတဲ့အခါ “အဲဒီ မုန့်ဟာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကို ဖြတ်ပြီးတော့ သကြားနဲ့ နယ်ပြီး ဆေးဆိုးထားတာ”တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ယုံရောလား။
တပည့်တော်။ ။ မယုံပါဘူး၊ ဒါပေမယ့် ရွံသွားတာနဲ့ နောက်တော့ ဝယ်မစားတော့ဘူး၊ တခြား ကုလားတစ်ယောက်ရောင်းတဲ့ နံပြားနဲ့ ကာဖီကိုသာ သောက်တော့တယ်၊ နံပြားတစ်ပိုင်းတစ်ပြား, ကာဖီတစ်ခွက်ငယ်ငယ် တစ်ပြား ပေးရပါတယ်။
ဓမ္မဂုတ်။ ။ ဒီပြင်တော့ မြို့ကအစာတွေ ဘာစားရသေးတုန်း။
တပည့်တော်။ ။ တစ်ခါတော့ ဒူရင်းသီးကို ကိုယ်တော်ကြီးတွေက ပေးတယ်။ တပည့်တော်က အနံ့တောင် မခံချင်လို့ ပြန်ပေးတော့ “တောသား, ဘာနားလည်လို့လဲ, ဒီဟာ ဒူရင်းသီး သိပ်ကောင်းတာဘဲ”တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘယ့်နှယ်ပြန်ပြောသလဲ။
တပည့်တော်။ ။ ပိန္နဲသီးလောက်မကောင်းပါဘူးလို့ ပြန်ပြောတော့ အားလုံးက ရယ်ကြတယ်၊ ဒါပေမယ့် “ဒါလောက် သူများပြောလှ ငါလဲ ကြိုက်အောင် လုပ်မယ်”လို့ စိတ်ထဲက ကြံလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ကြိုက်ရောလား။
တပည့်တော်။ ။ နောက်တော့ မှိုတက်နေတဲ့ ဒူရင်းသီးယိုကို သူများစားတဲ့အခါ စားကြည့်တော့ နဲနဲစားနိုင်ပါတယ်၊ ဒီလိုနဲ့ တစ်စတစ်စ ဒူးရင်းသီးအစား သင်လာ လိုက်တာ နောက်တော့ ဒူးရင်သီးနဲ့တောင် ထမင်းဝအောင် စားတတ်လာပါတယ်၊ ခုအနေတော့ ပိန္နဲသီးတောင် မစားချင်တော့ပါဘူး၊ ဒူရင်းသီးအရသာက လွှမ်းသွား ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် မန္တလေးရောက်စမှာ ဘာများ မှတ်မှတ်သားသား ရှိသေးသလဲ။
တပည့်တော်။ ။ တပည့်တော် မန္တလေးရောက်တော့ အများက “ဆရာတော်ကြီးရဲ့ ဆွေမျိုးအဆက်ဖြစ်တဲ့ ဉာဏ်ကောင်းကလေး”ဆိုပြီး အရေးပါကြပါတယ်၊ ဒါပေမယ့် တချို့ စာတော်ပုဂ္ဂိုလ်များက စမ်းတဲ့သဘောနဲ့ စာမေးကြပါတယ်၊ တပည့်တော်ကလဲ ဖြေနိုင်ပါတယ်၊ ဒီလို ဖြေနိုင်ရက်သားနဲ့“မင်းလဲ မင့်ဦးလေးလို ဖြစ်အုံးမှာဘဲ”လို့ ဗျာဒိတ်ပေးသွားကြပါတယ်။
ဓမ္မဂုတ်။ ။ ဘာဆိုလိုတာလဲ။
တပည့်တော်။ ။ ဦးလေးကြီးက သကျသီဟ (ပရိယတ္တိ) စာမေးပွဲမှာ ကျပြီး ထွက်ပြေးပါတယ်၊ တပည့်တော်လဲ“ဒီလို စာမေးပွဲကျအုံးမှာဘဲ”လို့ ဆိုလိုတယ်လို့ နားလည်ပါတယ်၊ အခြား စာချဘုန်းကြီး တစ်ပါးကတော့ သင်္ဂြိုဟ်ဘက်က မေးပါတယ်၊ ဖြေလဲ ဖြေနိုင်ပါတယ်၊ ဒါပေမယ့် ကျော်သလောက် မဟုတ်သေး ပါဘူးကွာ”လို့ ပြောသွားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ငယ်ငယ်ကပင် မလိုတဲ့ပုဂ္ဂိုလ်တွေ ရှိနေတာပေါ့နော်။
တပည့်တော်။ ။ အရှင်ဘုရား, တပည့်တော်လို သာမန်သတ္တဝါအတွက် မဆန်း ပါဘူး၊ ဘုရားရှင်တောင်မှ တိတ္ထိတွေက သိပ်ပြီး မလိုလားကြသေးတာဘဲ မဟုတ်လား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ စာသင်ရပုံကို ပြောပါအုံး။
တပည့်တော်။ ။ ပထမ ရောက်စတော့ သရိုင်ကတက်လာတဲ့စာကိုဘဲ ဆက်ပြီး တက်ရပါတယ်၊ တစ်နှစ်လောက်ကြာတော့ အစိုးရ ပထမပြန် အငယ်တန်းမှာ ဝင်ပါတယ်။
ဓမ္မဂုတ်။ ။ အောင်ရဲ့လား။
တပည့်တော်။ ။ စာရတာသာ ရှိတာဘဲ အဓိပ္ပာယ်ကောင်းကောင်း နားမလည် ပါဘူး၊ အရွယ်ကလဲ ဆယ့်သုံးနှစ်သာ ရှိသေးတော့ အများကိုယ်တော်တွေက သူတို့ဖြေပြီးလို့ လာကြည့်ကြတာ ပြည့်နေတာဘဲ၊ ဟိုကပြော-သည်က ပြောနဲ့ ပြောလိုက်ကြတာ ပညာဝန် ဦးစော ဆိုတာကလဲ ကလေး တစ်ယောက်ထဲပါတာမို့ ဘာလုပ်လုပ် သဘောကျပြီး ကြည့်နေတာဘဲ၊ အားလုံးက အောင်မယ်လို့ ပြောကြတော့ တပည့်တော်လဲ အောင်မယ် လို့ဘဲ ထင်ခဲ့တာဘဲ၊ ဂေဇက်ထွက်တော့ မပါလာဘူး၊ အိပ်ယာထဲ သွားစောင်ခြုံပြီး ငိုလိုက်တာ ဘာပြောကောင်းမလဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဆယ့်သုံးနှစ်သား ဆိုတော့ ငယ်လဲငယ်လွန်းပါသေး တယ်လေ။
တပည့်တော်။ ။ တပည့်တော်က ထွားထွားကျိုင်းကျိုင်းလဲ မဟုတ်တော့ သာပြီး ငယ်သလိုလဲ ဖြစ်နေပါတယ်၊ နောက်တစ်နှစ်ကျတော့ ဆယ့်ငါးနှစ် မပြည့်သေးယင် စာမေးပွဲမဝင်ရဘူးလို့ ဥပဒေလုပ်လို့ ဆယ့်လေးနှစ်သားအရွယ်မှာ စာမေးပွဲ မဖြေရပါ၊ အဲဒီနှစ်မှာတော့ စာကို ကောင်းကောင်း နိုင်နေပါပြီ။
ဓမ္မဂုတ်။ ။ ဘယ်လိုသင်နည်းနဲ့ သင်လို့ နိုင်တာလဲ၊ ကျက်တဲ့စာတွေက ကျေလို့လား။
တပည့်တော်။ ။ မဟုတ်ပါဘူး၊ စာသင်နည်း မှန်လာလို့ပါ။
ဓမ္မဂုတ်။ ။ ဘယ်လို မှန်လာတာလဲ။
တပည့်တော်။ ။ သဒ္ဒါသင်ယင် ပထမ -
(၁) နာမ်ဂိုဏ်း, အာချာတ်ဂိုဏ်း ကြေရပါတယ်၊
(၂) သုတ်စဉ်, သုတ်နက် ကြေရပါတယ်၊
(၃) တစ်သုတ်အတွက် ဆိုင်ရာရုပ်များကိုလဲ တွက်တတ်ရပါတယ်၊
ဒါလောက်ဆိုယင် သဒ္ဒါဖက်က အခြေခံရပါတယ်။
ဓမ္မဂုတ်။ ။ သဒ္ဒါကြီးပါဠိကို မကျက်ရဘူးလား။
တပည့်တော်။ ။ ကျက်ဖို့မလိုပါဘူး၊ စာမေးပွဲအတွက်တော့ ကျက်ကြရပါတယ်၊ ဒါပေမယ့် ထိုသို့ကျက်မှုကြောင့် သဒ္ဒါအခြေအနေတော့ သိပ်ပြီး မတိုးလာပါဘူး။
ဓမ္မဂုတ်။ ။ အများကတော့ သဒ္ဒါကြီးကို အရကျက်ကြရတယ်နော်။
တပည့်တော်။ ။ တပည့်တော်လဲ ရွာတုန်းက အရကျက်ခဲ့ရပါတယ်၊ ဒါပေမယ့် ဝိသုဒ္ဓါရုံတိုက်ရောက်တော့ သူများတွေ ရုပ်တွက်ကြပါတယ်၊ တပည့်တော်က သူတို့လောက် မတွက်တတ်ပါဘူး။
ဓမ္မဂုတ်။ ။ စာသင်နည်းကို ဘယ်သူက ပြောင်းပေးသလဲ။
တပည့်တော်။ ။ တပည့်တော် ကံကောင်းချင်တော့ နောင်အခါ မြောင်းမြ ဆရာတော် ဖြစ်မယ့် စာချဘုန်းကြီးက ဝိသုဒ္ဓါရုံတိုက် စည်ရှင်ကျောင်းက နေပြီး တပည့်တော်တို့ ဆီးပင်ကျောင်းကို ပြောင်းလာပါတယ်၊ ဆီးပင်ကျောင်းမှာ အတော်အတန် စာဝါသနာပါတဲ့ ဦးပဉ္စင်းများဟာ အဲဒီ စာချဘုန်းကြီးဆီမှာ စာတက်ကြပါတယ်၊ တပည့်တော်ကို ခေါ်လာတဲ့ ဦးပဉ္စင်းလဲ အဲဒီ စာချဘုန်းကြီး ဆီမှာ စာတက်ပါတယ်။
ဓမ္မဂုတ်။ ။ ဆီးပင်ကျောင်းဘုန်းကြီးက စာမချဘူးလား။
တပည့်တော်။ ။ ဆီးပင်ကျောင်းဘုန်းကြီးလဲ စာချပါတယ်၊ ဒါပေမယ့် နဲနဲ ပျင်းဟန် တူပါတယ်၊ နောက်တော့ လူထွက်ပါတယ်၊ ဉာဏ်ကောင်း သဘောကောင်း သကျသီဟ ဓမ္မာစရိယလ အောင်ပြီး ဖြစ်ပါတယ်၊ မြောင်းမြဆရာတော်လောင်း စာချ ဘုန်းကြီးကလဲ သကျသီဟ ဓမ္မာစရိယ ပါဘဲ၊ သည့်ပြင်လဲ ဥုးနိယမဆိုတဲ့ သကျသီဟ ဓမ္မာစရိယလဲ ရှိပါသေးတယ်၊ အဲဒီအချိန်မှာ ဆီးပင်ကျောင်းဟာ စာတော်တဲ့ စာသင်သားတွေ စာချဘုန်းကြီးတွေနဲ့ အလွန်မြိုင်ပါတယ်၊ စာသင်သား တွေလဲ (၄၀) ခန့်လောက်ရှိပြီး ကျောင်းလဲပြည့်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘယ်နည်းနဲ့ စာသင်ပုံ ပြောင်းခဲ့သလဲ။
တပည့်တော်။ ။ သာမဏေအများ အလယ်တိုက်ကြီးအောက်မှာ ညဉ့်အခါ စာပြန်ကြပါတယ်၊ အဲဒီအခါမှာ သူတို့ချင်း ရုပ်တွက်ပုံကိုမေးကြမှ ဖြေကြပါတယ်၊ တပည့်တော်က သူတို့လို မဖြေတတ်ပါဘူး၊ စာအရကတော့ သူတို့ထက် သာပါတယ်၊ စာရပေမယ့် အသိကနဲတော့ ရှက်ပါတယ်၊ တစ်နေ့တော့ နေရာချင်းနီးကပ်နေတဲ့ ဥုးဉာဏဆိုတဲ့ ဦးပဉ္စင်းတစ်ပါးအထံမှာ “တပည့်တော်တော့ ဒီဘဝမှာ ရုပ် ကောင်းကောင်း တွက်တတ်တော့မယ် မထင်ပါဘူး”လို့ ငြီးမိပါတယ်၊ အသံကလဲ ဝမ်းနည်းသံ ပါဟန်တူပါတယ်။ မှန်ပါတယ်၊ အဲဒီ စာကျက်တဲ့ နည်းနဲ့တော့ ရုပ်တွက်တတ်ဖို့ မဖြစ်နိုင်ပါဘူး။
ဓမ္မဂုတ်။ ။ ဒီတော့ ဥုးဉာဏက ဘယ်လိုပြောသလဲ။
တပည့်တော်။ ။ သနားဟန်တူပါတယ်၊ မြောင်းမြဆရာတော်လောင်းဖြစ်တဲ့ စာချ ဘုန်းကြီးကို “ကောင်ကလေးက ရုပ်မတွက်တတ်လို့ ငြီးနေရှာတယ်” ဟု လျှောက်ပါ သတဲ့။ ဒီတော့ အဲဒီစာချဘုန်းကြီးက ကိုရင်တစ်ပါး ဆိုနေတဲ့ နာမ်ဂိုဏ်းကို အလိုက်ခိုင်းပါတယ်၊ တပည့်တော်လဲ ဝမ်းသာလာတယ်၊ အဲဒီကိုရင်နဲ့ အတူ တစ်ခေါက်ကုန်တော့ တပည့်တော်ချည်း နောက်တစ်ခေါက် ထပ်ပြီး အဆိုခိုင်း ပါတယ်၊ အဲဒီနာမ်ဂိုဏ်းကုန်တော့ နာမ်ရုပ်တွေ ကျေလိုက်တာ မပြောနဲ့တော့၊ “ငါမသိတဲ့ နာမ်ရုပ်ရယ်လို့ မရှိတော့ဘူး” လို့တောင် ထင်မိပါတယ်၊ နာမ်ဂိုဏ်း ကိုလဲ ည-ဘုရားဝတ်တက်အပြီးမှာ ရွတ်အံလိုက်တာ အဲဒီ စာချဘုန်းကြီးကတောင် “တော်လောက်ပါပြီဟာ” ဟု တားယူရပါတယ်။
ဓမ္မဂုတ်။ ။ နာမ်ဂိုဏ်းကုန်တော့ ဘာစာဝါ ပို့ချပေးသလဲ။
တပည့်တော်။ ။ အချာတ်ဂိုဏ်း ချပေးပါတယ်။ ဒီနောက်တော့ ရူပသိဒ္ဓိကို အလိုက်ခိုင်းပြီး ဓမ္မပဒတစ်ဝါ ပို့ချပေးပါတယ်၊ ရူပသိဒ္ဓိ ပို့ချတဲ့အခါမှာ စာလိုက် ဦးပဉ္စင်းတွေ တော်တော် များများပါတယ်၊ တပည့်တော်က ကျောင်းသားအဖြစ်နဲ့ နောက်ဆုံးက လိုက်ရပါတယ်၊ စာချဘုန်းကြီးက ချပေးသမျှ နိယာမ်တွေကို တပည့်တော် ရနေပါတယ်၊
“စပ်ဆိုင်လာတဲ့ အခါ ရွတ်ကြစမ်း”လို့ စာချဘုန်းကြီးကခိုင်းလျှင် ဦးပဉ္စင်းတွေက သွက်သွက် မရွတ်တတ်ပေမယ့် တပည့်တော်က ရွတ်တတ်ပါတယ်၊ ဦးပဉ္စင်းတွေက နောက်လှဲ့ပြီး တပည့်တော်ကို ကြည့်ကြပါတယ်၊ “အာကကောင် ကလေးဘဲ” ဆိုတဲ့မျက်နှာနဲ့၊ တပည့်တော်ကတော့ ကောင်ကလေးပေမယ့် အဲဒီဦးပဉ္စင်းများကို ကိုယ့်ထက်သာတယ်လို့ မယူဆပါဘူး။
ဓမ္မဂုတ်။ ။ ဓမ္မပဒလဲ ဒီလိုအများနဲ့ ဘဲလား။
တပည့်တော်။ ။ ဓမ္မပဒတော့ တပည့်တော် တစ်ယောက်ထဲပါ၊ နေ့ဆွမ်းစားပြီး နာရီဝက်လောက် ဆိုရပါတယ်၊ တစ်ခါခါ တပည့်တော်က ထမင်းစားပြီး အိပ်ချင်လို့ ဘုန်းကြီးက ရှေ့ကချသွားတာကို တပည့်တော်က ငိုက်လျက် ဆိုသွားတာဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အအိပ်အငိုက် ဝါသနာပါသလား။
တပည့်တော်။ ။ ဝါသနာလို့ ဆိုရမယ်ထင်ပါတယ်၊ နောက်လဲ အဲဒီလိုအိပ်ငိုက်တဲ့ အကြောင်းများကို လျှောက်ပါဦးမယ်။
ဓမ္မဂုတ်။ ။ ရူပသိဒ္ဓိနဲ့ ဓမ္မပဒကို ကုန်အောင်တက်ရရဲ့လား။
တပည့်တော်။ ။ ကောင်းကောင်းတော့ မမှတ်မိပါဘူး၊ ကုန်တယ်လို့ ထင်ပါတယ်၊ ပလိပ်ရောဂါဖြစ်လို့ ထွက်ပြေးကြရတဲ့အခါမှာ ဟပည့်တော်ကို ခေါ်လာတဲ့ ဦးပဉ္စင်းရဲ့ ရဟန်းဒကာများရွာကို သွားကြပါတယ်။ မြောင်းမြဆရာတော်လောင်း စာချဘုန်းကြီး လဲ ပါပါတယ်၊ စဉ့်ကိုင် အနောက်က ဝန်းသိုဆိုတဲ့ရွာပါ၊
အဲဒီရွာရဲ့ အနောက်ကျောင်းက ရဟန်း ဒကာကြီး ဦးထယ်, ရဟန်းအမကြီး ဒေါ်ထိုက်တို့ ကိုးကွယ်တဲ့ကျောင်းမို့ အဲဒီကျောင်းမှာနေရင်း ရူပသိဒ္ဓိကို ကိုရင် တစ်ပါးနဲ့အတူ ဆက်၍တက်ရပါတယ်၊ ညကျယင် တစ်ယောက်နဲ့တစ်ယောက် ခက်တဲ့ရုပ်တွေကို အပြိုင် မေးကြ ဖြေကြရပါတယ်၊ ဒါ့ကြောင့် ရူပသိဒ္ဓိကို အတော် နိုင်နိုင် နားလည်ပါတယ်၊ ဓမ္မပဒကိုလဲ ကိုယ်တိုင်ဆိုရတာဖြစ်လို့ အတော် ကြေနေ ပါတယ်။ ဝတ္ထုတွေကိုလဲ အများကြီး-သိပြီး အနက်ဉာဏ်လဲ ရင့်သန်နေပါတယ်၊ ဒီအခါမှာ ဆယ့်လေးနှစ် ပြည့်ခါနီးလောက် ရှိပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ ပလိပ်ပြေးရင်း စာတက်ရတယ်ဆိုတော့ ကိုယ်တော့်အတွက် စာဝါ မပျက်ဘူးပေါ့၊ အဲဒီရွာက ပျော်စရာကောင်းရဲ့လား။
တပည့်တော်။ ။ တပည့်တော်အတွက်တော့ ရောက်တဲ့နေရာက အရေးပါကြလို့ ပျင်းစရာရယ်လို့ မထင်ပါဘူး၊ အဲဒီရွာမှာ ကျောင်းဒကာ ရဟန်း ဒကာကြီးရဲ့ သ္မီးအကြီးဆုံးက အိမ်ထောင်သည် ဖြစ်ပါတယ်, မလေးပိုတဲ့၊ တပည့်တော်ကို “ကိုဌေး, ကိုဌေး”နဲ့ အရေးစိုက်ပါတယ်၊
အဲဒီကျောင်း ဒကာကြီးများက ကြံလက်ကား ကုန်သည်ကြီးဖြစ်တော့ မန္တလေးမှာ လက်ကား ကြံဆိုင်ထွက်တဲ့အခါ တပည့်တော်ကို ကြံတစ်စည်း တစ်စည်း ပေးလို့ ဈေးချိုကနေ ဝိသုဒ္ဓါရုံတိုက်ထိအောင် ထမ်းလာခဲ့တာဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကျောင်းသားဆိုပေမယ့် အသက်က ဆယ့်လေးနှစ် လောက်ဆိုတော့ အတော်ကြီးနေပြီ, မရှက်ဘူးလား။
တပည့်တော်။ ။ ဒါကတော့ အမကြီးလိုနေတဲ့သူက ချစ်လို့ပေးတာဖြစ်တော့ ထမ်းလာရတာ မရှက်ပါဘူး၊ ဒါပေမယ့် သကျသီဟ (ပရိယတ္တိ) အောင်ပြီး ဖြစ်တဲ့ စာချ-စာသင်များဖို့ လပြည့်နေ့တိုင်း ပြစ်တောင်းနှစ်လုံးနဲ့ ဆွမ်းဆန် ယူဖို့ရန် သကျသီဟဘုရားထဲ သွားရပါတယ်၊
အဲဒီက ပြန်လာတဲ့အခါမှာ လမ်းကတိုက်တွေ အိမ်တွေရှေ့က ဖြတ်လာရပါတယ်၊ သူတို့ကလဲ တိုးတိုး တိတ်တိတ်နဲ့ “ဘုန်းကြီးကျောင်းသား သူတောင်းစား”လို့ ဆိုချင်ဆိုမှာ၊ အဲဒီလိုတွေးပြီး ရှက်တာပေါ့ဘုရား။
(လှူဖွယ်ပစ္စည်းများထည့်ပြီး ထမ်းရတဲ့တောင်းကို “ပြစ်တောင်း”ဟု ခေါ်သည်။)
ဓမ္မဂုတ်။ ။ ရှက်တော့ ဘာလုပ်သလဲ။
တပည့်တော်။ ။ ဘာလုပ်နိုင်မှာလဲ, ဘဝကိုက ဒီလိုဖန်တီးလာတော့ ဒီလိုဘဲ လုပ်ရမှာပေါ့၊ ဒါပေမယ့် အအေးမိပြီး ဖျားတဲ့အခါကျတော့ သူများလို အဖျားပျောက်ဖို့ တောင့်တမယ့်အစား “သေသွားပါတော့”လို့ တောင့်တမိပါတယ်၊ ဒီတစ်ခါသေယင် ပြုထားတဲ့ ရေလှူ ပန်းလှူ ဥပုသ်စောင့်တဲ့ ကုသိုလ်ကြောင့် ဒီဘဝထက် အဆင့်အတန်း မြင့်မယ်ဆိုတာ ယုံကြည်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပြစ်တောင်း ထမ်းရတာကလေးအတွက် သေချင် လောက်အောင် ရှက်ရသလား၊ သရိုင်ရွာတုန်းက မထမ်းခဲ့ရဖူးလား။
တပည့်တော်။ ။ အမှန်ဘဲ သေချင်လောက်အောင် ရှက်ပါတယ်၊ သရိုင်ရွာတုန်း ကတော့ ကျေးရွာထုံးစံဖြစ်နေလို့ သပိတ်တို့ ပြစ်တောင်းတို့ ထမ်းရပေမယ့် ရှက်စရာလို့ မယူဆခဲ့ပါဘူး၊ မန္တလေးရောက်တော့ အဆင့်အတန်းက တစ်မျိုးစီဖြစ်လို့ ရှက်တာပါ၊
တပည့်တော် ငယ်ငယ်ကထဲက မူရှိပါတယ်၊ အမတွေ အဒေါ်တွေက မုန့်ပေးတဲ့အခါ တပည့်တော်က မယူပါဘူး၊ “ငါက သနားလို့ပေးတာ”လို့ ပြောပြီးပေးယင် ကျုပ်ကို မသနားနဲ့ “ဒုက္ခိတသတ္တဝါ မဟုတ်ဘူး”လို့ ပြောပြီး မယူပါဘူး၊ “ငါ့မောင်ကို ချစ်လို့
ပေးတာ, ငါ့တူကို ချစ်လို့ ပေးတာ”လို့ ပြောမှ ယူပြီးစားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အဖေက စပါးရောင်းဖို့ မကြာမကြာလာတော့ ကိုယ်တော်လဲ မြို့ထဲ မကြာမကြာ သွားမှာပေါ့။
တပည့်တော်။ ။ တပည့်တော် အဖေလာတိုင်းတော့ မသွားပါဘူး၊ တစ်ခါ တစ်ခါတော့ သွားပါတယ်၊ အဲဒီခေတ်က ကမ်းနားမှာရှိတဲ့ ပွဲစားတွေအိမ်မှာလဲ အိပ်ဖူးပါတယ်၊ ဈေးချိုအနောက်က သင်္ကန်းတန်းမှာလဲ အအိပ်အနေ များပါတယ်၊ ယခု မာဃ သင်္ကန်းတိုက်နဲ့ ဆက်စပ်နေတဲ့ ဦးလူသစ် အိမ်မှာ အဖေက တည်းလေ့ရှိပါတယ်၊ ထိုအိမ်ရဲ့ နောက်ဖေးဝင်းထဲမှာဘဲ (သူတို့ဆွေမျိုးတွေဖြစ်လို့) တည်းပါတယ်၊ သရိုင်က အလှူရှိယင် အဲဒီ ဦးလူသစ်ဆီမှာ ပရိက္ခရာဝယ်ကြလို့ မိတ်ဆွေရင်း ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုယင် ကိုယ်တော်ရဲ့ အသိတွေ မန္တလေးမှာ များနေမှာပေါ့။
တပည့်တော်။ ။ မများပါဘူး၊ အဲဒီသင်္ကန်းတန်းက ဆွေမျိုးများလောက်ဘဲ ရှိပါတယ်၊ အဖေနဲ့အတူ ပွဲစားတွေ စက်ပိုင်တွေရဲ့အိမ်တို့ တိုက်တို့တော့ ရောက်ဖူးပါတယ်၊ အကျွမ်းမဝင်ပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီလို ဝင်ထွက်သွားလာ နေရတာတော့ မရှက်ဘူးလား။
တပည့်တော်။ ။ အလှူခံသွားတာမှ မဟုတ်ဘဲ၊ ဘာရှက်စရာရှိတုန်း၊ တပည့်တော်ရဲ့ ပုံပန်းနှင့် နေထိုင်ပုံအချိုးအစားက အဲဒီ ပွဲစား စက်ပိုင်တွေရဲ့ သားတွေထက် အောက်မကျပါဘူး၊ စာပေပညာမှာ တပည့်တော်က သာပါသေးတယ်၊ သူတို့ အင်္ဂလိပ်စာပညာ သင်ပေမယ့် အဲဒီအရွယ်မှာ သိပ်မတတ် ကြသေးပါဘူး။
ဓမ္မဂုတ်။ ။ တော်သားဘဲ, ကိုယ်တော်စိတ်က ဒီနေရာမှာ အောက်ချမထားဘူး။
တပည့်တော်။ ။ ဘာအောက်ချစရာရှိလဲ၊ သူတို့တထွေလဲ ဒီလိုစပါးကုန်သည် ဘဝမျိုးက တိုးတက်သွားကြတာ များပါတယ်၊ အဖေက တပည့်တော်ကို မန္တလေး ထားတာဟာ ရည်ရွယ်ချက်ရှိပါတယ်၊ “ဘုန်းကြီးဖြစ်ယင်လဲ စာတတ်ဘုန်းကြီး ဖြစ်ရော၊ ဘုန်းကြီးမဖြစ်ယင်လဲ မန္တလေးအကြောင်း ကောင်းကောင်း သိရော”လို့။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အဖေက မန္တလေးကို သဘောကျသလား။
တပည့်တော်။ ။ သဘောကျတာတော့ မပြောနဲ့တော့၊ မာဃသင်္ကန်းတိုက်နဲ့ မျက်စောင်းထိုးအိမ်ကိုတောင် ဝယ်ဖို့စိတ်ကူးသေးတယ်၊ ရွာကဆွေမျိုး တွေဖျက်လို့ မဝယ်ဖြစ်တာ၊ ထိုအချိန်က မြေရော အိမ်ရောမှ နှစ်ထောင်လောက် ပေးရမှာပါ၊ အိမ်က သိပ်မကြီးသော်လဲ နေလောက်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတုန်းက ကိုယ်တော့်အဖေ မန္တလေးနေဖြစ်ယင် ကိုယ်တော်လဲ ဘုန်းကြီးဖြစ်မှာ မဟုတ်ပါဘူး။
တပည့်တော်။ ။ ဒီလိုဘယ်ဟုတ်မလဲ၊ တပည့်တော်က ဘုန်းကြီးဘဝကို အထင် မသေးပါဘူး၊ ဗုဒ္ဓမြတ်စွာက ဆင်းသက်လာတဲ့ ဘုန်းကြီးဘဝကို ယခုလဲ အထင်ကြီး နေတာပါဘဲ၊ ဒါကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော် အားလုံးကို အထင်သေး မခံရအောင် တပည့်တော် စိတ်ကူးနေတာပါ။
ဓမ္မဂုတ်။ ။ ဘယ်လိုလုပ်ဖို့ စိတ်ကူးသလဲ၊ ပိုက်ဆံကိုအထင်ကြီးတဲ့ လောကထဲမှာ ပိုက်ဆံမရှိဘဲ တောင်းရမ်းစားနေရတဲ့ ဘုန်းကြီးဘဝကို ဘယ်သူက အထင်ကြီးမှာလဲ။
တပည့်တော်။ ။ အရှင်ဘုရားလို အပေါ်ရံတွေးတဲ့ လူတွေအတွက်တော့ အထင်သေးစရာပေါ့။ ဒါပေမယ့် (ဘုရားအမိန့်တော်အတိုင်း) ဝိနည်းသီလကိုထိန်းပြီး သမာဓိရရနဲ့ ဝိပဿနာ ပညာကိုသာ ကြိုးစားနေကြယင် ဘယ်သူကမှ အထင် မသေးပါဘူး၊ ယခုတော့ လိုချင်မှုအားကြီးနေလို့ ဝိနည်းတော်အတိုင်းလဲ မနေကြလို့ အထင်သေးခံရတာပါ။
ဓမ္မဂုတ်။ ။ ဝိနည်းတော်အတိုင်း နေပေမယ့် ခေတ်လူတွေကတော့ အထင်သေး မှာပါဘဲ ကိုယ်တော်။
တပည့်တော်။ ။ “ခေတ်လူ”ဆိုပေမယ့် တချို့က ဗုဒ္ဓဘာသာကို လေးစားတဲ့ လူတွေ အများပင် ပါဝင်ပါတယ်၊ ထိုလူများကတော့ ဝိနည်းတော်အတိုင်း နေကြယင် အထင်မသေးပါဘူး၊ လေးစားကြ ရိုသေကြပါတယ်။
ဓမ္မဂုတ်။ ။ ကျေးရွာမှာ ကျောင်းထိုင်နေကြတဲ့ ဘုန်းတော်ကြီးများကို အထင် မသေးအောင် ဘယ်လိုစီစဉ်မလဲ။
တပည့်တော်။ ။ အလွယ်ကလေးပါဘုရား၊ ဝိနည်းတော်အတိုင်း ဣန္ဒြေရရ နေပြီး ကျေးရွာက ကလေးများကို ခေတ်အလိုက် ပညာတတ်အောင်, စာရိတ္တ ကောင်းအောင် သင်ပေးနိုင်လျှင်, လူကြီးများကို ဘာသာရေး ယဉ်ကျေးအောင် ဟောပြနိုင်လျှင် ဘယ်တော့မှအထင်မသေးပါဘူး၊ ထို အရည်အချင်း မရှိယင်တော့ အထင်သေးသူရဲ့အပြစ် မဟုတ်ပေဘူးပေါ့ ဘုရား၊ ဒီကိစ္စနှင့်စပ်၍ ရေးစရာတွေကို “အနဂတ်သာသနာရေး”ကျမ်းမှာ အတော်ကလေး ရေးပြီးပါပြီ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အဖေက မန္တလေး ခဏခဏရောက်တော့ ကိုယ်တော်လဲ ကိုယ်တော့်အဖေဆီ သွားတဲ့အခါ ပွဲမကြည့်ဘူးလား။
တပည့်တော်။ ။ အား ... အဖေ့ဆီသွားမှ မဟုတ်ပါဘူး၊ ကျောင်းက ပွဲမကြည့်ဖို့ရန် တားမြစ်ပေမယ့် ခိုးခိုးကြည့်တဲ့ ကိုရင်တွေနဲ့အတူ ခိုးပြီးကြည့်နိုင်ပါတယ်။ တပည့်တော်က ပွဲဝါသနာ ပါပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ အကနဲ့ အဆိုကို နားမလည်ပါဘူး၊ သူတို့ခင်းတဲ့ ဇာတ်လမ်းကိုသာ မှတ်တာပါ၊ ခိုးကြည့်တဲ့ အခါရော, အဖေတို့နဲ့ကြည့်တဲ့ အခါရော ဇာတ်လမ်းမပြီးခင် တပည့်တော်က မပြန်ချင်ဘူး၊ သူတို့ပြန်တော့ ပြန်ရလို့ စိတ်မကြေနပ်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပွဲသာ ဝါသနာပါသလား၊ အလောင်းအစားကော ဝါသနာ မပါဘူးလား။
တပည့်တော်။ ။ အလောင်းအစားလဲ သိပ်ဝါသနာပါတာဘဲ၊ ကိုးမီးဖဲ, ကျင်ဖဲ ဆိုတဲ့ ဖဲလဲ အပျော်တမ်း ကစားတတ်ပါတယ်၊ ကြွေလဲ ပစ်တတ်ပါတယ်။ ပွဲသွားတဲ့အခါ ကစားမျိုးစုံလဲ နဲနဲပါးပါးတော့ လောင်းလိုက်သေးတာဘဲ၊ လှေပွဲတို့ မြင်းပွဲမှာ တွေ့တဲ့အခါလဲ လောင်းသေးတာဘဲ၊ ရှုံးတာများပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကျောင်းသားရှိသေးတယ်၊ ကစားတဲ့အတတ်ကတော့ တော်တော်စုံနေပြီ၊ ဒါတောင် စာတတ်အောင်သင်ပြီး ရဟန်းဖြစ်လာတာတော့ ချီးမွမ်းစရာပါဘဲ။
တပည့်တော်။ ။ တပည့်တော်မှာ ကလေးဘဝနဲ့ ကစားမျိုးစုံပေမယ့် ဆရာသမား များက စာကိုလဲ စုံအောင်သင်ပေးကြတာဘဲ၊ ပါဠိစီကုံးနည်း, ဂါထာစီနည်းကို ဆယ့်သုံးနှစ်သားက သင်ပေးပြီး မြောင်းမြဆရာတော်လောင်း စာချဘုန်းကြီးက စာအရေးအသား ကောင်းအောင်လို့ ကျောင်းသားဘဝနဲ့ ပျို့ကဗျာ လင်္ကာ တေးထပ် တို့ကိုလဲ လေ့လာစေပါတယ်၊ ဆယ့်လေးနှစ်, ဆယ်ငါးနှစ်သား လောက်မှာ အတော် အတန်တတ်နေပါပြီ၊
တပည့်တော် စာတော်တာက တစ်တိုက်လုံး သိနေတာဖြစ်တော့ နောင်ခါ ဂိုဏ်း၏ ဥက္ကဋ္ဌ မဟာနာယကတစ်ပါးဖြစ်မည့် ထိုအချိန်က တိုက်ကြပ်ဆရာတော်ကလဲ အများ ကျောင်းသားတွေကို ပို့ချပေးတဲ့ စာအတွက် ညနေတိုင်း ကျောင်းသားတွေ စာဆိုဖို့ လာရောက်သော်လဲ တပည့်တော်ကိုတော့ မလာနဲ့တော့တဲ့။ မည်သည့် စာအုပ်မှာ ပါတယ်၊ ကိုယ်ဘာသာ ကျက်ခဲ့လို့ ပြောပါတယ်။ တပည့်တော်က အားလုံးရဲ့အယင် ရနှင့်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပညာဖက်မှာတော့ ဉာဏ်ကောင်းတဲ့အပြင် ကံလဲ ကောင်းတယ်နော်။
တပည့်တော်။ ။ ပညာဖက်မှာသာ ကံကောင်းတာ မဟုတ်သေးပါဘူး၊ စာရိတ္တ ဖက်မှာလဲ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ငယ်ငယ်တုန်းက လူကြီး လူကောင်း ဖြစ်တဲ့ ဘိုးရဲ့အဆုံးအမနဲ့ ကြီးခဲ့ရပါတယ်၊ ကျောင်းနေတော့လဲ စာကိုအကြောင်း ပြုပြီး ဆရာသမားကြီးများက အရေးစိုက်ကြလို့ စာရိတ္တ ကောင်းရပါတယ်၊ ဒါ့ထက် ပိုပြီး ကမ္မဋ္ဌာန်းဆရာတော်ဖြစ်တဲ့ စစ်ကိုင်းမဟာဂန္ဓာရုံ ဆရာတော်ကို ဖူးတွေ့ ရတာလဲ ကံကောင်းပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုဆက်သွယ်ပြီး ဖူးတွေ့ရသလဲ။
တပည့်တော်။ ။ တပည့်တော် ဆယ့်သုံးနှစ်သားလောက်မှာ မန္တလေးမှာ ပလိပ်ဖြစ်လို့ မြောင်းမြဆရာတော်လောင်း စာချဘုန်းကြီးနဲ့ တပည့်တော်ဆရာ အပါအဝင် ဦးပဉ္စင်းများ စစ်ကိုင်းချမ်းအေး ဆရာတော်ဘုရားကို မှီခိုပြီး ဓမ္မာရုံချောင်မှာ နေကြပါတယ်၊ သက်သတ်လွတ် ဆားဟင်းကိုစားကြရပါတယ်၊
ချမ်းအေးဆရာတော်ကြီးနဲ့ အခြား ကမ္မဋ္ဌာန်း ဆရာတော်ဘုရား များကလဲ ဂရုစိုက်တော်မူကြပါတယ်၊ စာကိုတော့ အားလုံးဘဲ တိုးတိုးကလေး အံကြရပါတယ်၊ နေ့လယ်မှာဆိုရင် သစ်ရွက်ကြွေသံ, ငှက်သံမှ တစ်ပါး ဘာသံမှမကြားရပါဘူး၊ စစ်ကိုင်းတောင်က ယခုလောက်လဲ မစည်ကားသေးပါဘူး၊ တပည့်တော်လဲ ကျောင်းသားငယ်ပေမယ့် အလွန်ပျော်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်လဲ သက်သတ်လွတ် ဆားဟင်းကိုစားနိုင်သလား။
တပည့်တော်။ ။ စားနိုင်ပါတယ်၊ ချမ်းအေးဆရာတော်ဘုရားကြီးက ပဋိပတ် အကျင့်ဖက်မှာ ပါဝင်ပေမယ့် ပရိယတ်ကိုအလွန် အားပေးတော်မူပါတယ်။ တပည့်တော် စာတော်တာကို သိတော်မူလို့ အထူး အရေးစိုက်တော်မူပါတယ်၊ ထမင်းစားပုံစားနည်းကို သင်ပေးပါတယ်၊ ပတ္တပိုဏ်စားသလို ဇလုံကြီးထဲမှာ ဟင်းရော ဆွမ်းရောထဲ့ပြီး ထမင်းလုတ်ကို (ဝိနည်းတော်အတိုင်း) ပြင်ပြီး စားရပါတယ်၊ ထမင်းလုတ်ပြင်နည်းကို ဒန်ပူစားရင်း အနားက ထိုင်ပြီး ပြတော်မူပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီအခါတုန်းက မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက ဘယ်မှာ သီတင်းသုံးတော်မူသလဲ။
တပည့်တော်။ ။ နဲနဲနာမည်ကြီးလာလို့ လူတွေအလာများတဲ့အခါ ကမ္မဋ္ဌာန်းအလုပ် ပျက်တဲ့အတွက် ပတ်ဝန်းကျင်၌ ထရံကြီးတွေကိုကာစေပြီး ယခု မဟာသုခချောင် နေရာမှာ လူတွေ့မခံဘဲ တရားသက်သက် ကျင့်နေတော်မူပါတယ်၊ ဆွမ်းပို့တဲ့ပုဂ္ဂိုလ် တစ်ပါးသာ ဝင်ခွင့်ရှိပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီအထဲကို ကိုယ်တော်ရောက်ဖူးသလား။
တပည့်တော်။ ။ တစ်နေ့တော့ ဆွမ်းပို့သွားတဲ့ အတိသုခဘုန်းတော်ကြီးက တပည့်တော်နဲ့တွေ့လို့ “လာဟေ့ ... လိုက်မလား”လို့ ခေါ်ပါတယ်။ တပည့်တော်က လိုက်သွားပါတယ်၊ ချောင်ထဲဝင်ခါနီးတော့ သော့ခတ်ထားတဲ့ တံခါးကိုဖွင့်ပြီး အတွင်း ဝင်ရပါတယ်၊ အားလုံး တိတ်ဆိတ်နေတာတောင် ခြေသံမကြားစေနဲ့လို့ သတိပေးပါသေးတယ်။
ဓမ္မဂုတ်။ ။ ကျောင်းတွင်းရောက်တော့ ဆရာတော့်ကို တွေ့ရသေးသလား။
တပည့်တော်။ ။ မတွေ့ရပါဘူး၊ မနေ့က ဆွမ်းဘုဉ်းပေးပြီး ဆေးထားတဲ့ ဆွဲချိုင့် ကလေးကို ဆွမ်းဘုဉ်းပေးတဲ့ နေရာအနီးမှာတွေ့လို့ အဲဒီဆွဲချိုင့်ကို ယူပြီး ယနေ့ ယူလာတဲ့ (အကပ်ခံပြီး) ဆွဲချိုင့်ကို ထားခဲ့ရပါတယ်၊ တိတ်တိတ်ကလေး ပြန်ထွက်ခဲ့ကြပြီး ဝင်းတံခါးပေါက်အပြင် ရောက်တဲ့အခါ သော့ခတ်မြဲ ခတ်ရပါတယ်၊ ပြီးတော့မှ တုံးကလေးကို (၃) ချက်လောက် ခေါက်ရပါတယ်၊ ဆွဲချိုင့်ထားခဲ့ပြီး ပါကြောင်း အထိမ်းအမှတ်ပေါ့။
ဓမ္မဂုတ်။ ။ ဘယ်လောက်ကြာကြာ လူအတွေ့မခံဘဲ အားထုတ်တော်မူသလဲ။
တပည့်တော်။ ။ သုံးနှစ်လောက် ကြာတယ်လို့ ကြားဖူးတာပါဘဲ၊ နောက်တော့ မကျန်းမာလို့ အတင်းပင့်ရတယ်လို့ ဆိုပါတယ်၊ အဲဒီဆရာတော်က တပည့်တော်ကို ရဟန်းဖြစ်ခါနီးမှာ အထူးဂရုစိုက်တော်မူတဲ့ ဥပဇ္ဈာယ် ဆရာဖြစ်လာပါတယ်၊ တပည့်တော်မှာ အဲဒီဆရာတော်နဲ့ ရင်းရင်းနှီးနှီး တွေ့ရတဲ့အတွက် သာသနာရေး ကိစ္စမှာ သဘာဝကျကျ အစစ်အမှန်ကို လိုက်နိုင်ပါတယ်ဘုရား၊ အလွန်ကျေးဇူးတော် ကြီးမားလှပါတယ်။
ဓမ္မဂုတ်။ ။ အခြား ဘယ်ဆရာတော်များကို အထူးလေးစားပါသေးသလဲ။
တပည့်တော်။ ။ ပရိယတ်ဆရာတော်များကတော့ နောက်လာမည့်ဆရာတော် အများပါဘဲ၊ ပဋိပတ်ဖက်ကတော့ မဟာဂန္ဓာရုံဆရာတော်, ချမ်းအေးဆရာတော် အတိသုခဆရာတော်နှင့် ပရိယတ်စာသင်တိုက်လဲရှိ ပဋိပတ်လဲကျင့်, ဝိနည်းသိက္ခာ ကိုလည်း အထူးလေးစားတော်မူတဲ့ ငကင်းဆရာတော် ဘုရားကြီးများဖြစ်ပါတယ်၊
အဲဒီ ငကင်းဆရာတော်ကြီးဟာ မြောင်းမြဆရာတော်ရဲ့ ဆရာသမားလဲ ဖြစ်တော် မူကြပါတယ်၊ တပည့်တော်ပခုက္ကူ စာချဖြစ်ပြီးမှ စစ်ကိုင်းချောင်မှာ ဖူးတွေ့ပါတယ်။ စကားပြောတဲ့အခါ သိမ်မွေ့တော်မူပုံကို မပြောနဲ့တော့ စကား တစ်လုံးတစ်လုံးကို ဝါဂွမ်းနဲ့ ခံယူထားဖို့တောင် ကောင်းတော့တာဘဲ၊ အဲဒီဆရာတော်များက တပည့်တော်ကိုလဲ ဂရုစိုက်တော်မူကြလို့ တပည့်တော်မှာ ပရိယတ်ဆရာတော် များရဲ့ ကျေးဇူးသာမက, ပဋိပတ်ဆရာတော်များရဲ့ ကျေးဇူးတွေကလဲ မကုန်နိုင်အောင် ဆပ်ဖို့ကြွေးတင်နေသလို ဖြစ်ပါတယ်ဘုရား၊ ဒါ့ကြောင့် သာသနာ ပြုရာမှာ ပဋိပတ်ကိုယ်ကျင့်မပါသော သာသနာကို တပည့်တော် မပြုနိုင်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို ငယ်ငယ်တုန်းက ဝိသုဒ္ဓါရုံတိုက်က ဘုန်းတော်ကြီး အများကလဲ ဂရုစိုက်ကြတယ်ဆို၊ ကိုယ်တော်ကလဲ အဲဒီ ငယ်ငယ်တုန်းက ဣန္ဒြေနဲ့ သိက္ခာနဲ့ နေရမှာပေါ့နော်။
တပည့်တော်။ ။ ဒီလိုလဲဘယ်ဟုတ်မလဲ၊ ဝါသနာဆိုတာ အခက်သားဘဲဘုရား၊ ညနေသုံးနာရီချိန်မှာ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက ပါရာဇိကဏ် အဋ္ဌကထာ ပို့ချပါတယ်၊ မြောင်းမြဆရာတော်လောင်း စာချဘုန်းကြီးက စာဆိုပါတယ်၊ စာတော်သော ဘုန်းကြီး ဦးပဉ္စင်းအများဘဲ စာလိုက်ကြပါတယ်။ ဒီအချိန်မှာ ကိုရင်တွေနဲ့ တပည့်တော်က သိမ်ကျောင်းတံခါးပိတ်ပြီး ဘောကန်ကြတာဘဲ။
ဓမ္မဂုတ်။ ။ ဘုန်ကြီးများက မသိကြဘူးလား။
တပည့်တော်။ ။ တစ်ရက်မက နှစ်ရက်မကဆိုတော့ သိကြမှာပေါ့ဘုရား၊ တစ်ခါတော့ တိုက်ကြပ်ဘုန်းတော်ကြီးလာပြီး ဖမ်းတာပါဘဲ၊ ကိုရင်အများ ထွက်ပြေး ကြပါတယ်၊ တပည့်တော်ကတော့ အဝေး မပြေးနိုင်တာနဲ့ သိမ်ကျောင်းဘေးနား ကပ်နေပါတယ်။ ဘုန်းတော်ကြီးက “ဟဲ့ကောင် လာခဲ့ လာခဲ့”လို့ ခေါ်တာနဲ့ သွားရပါတယ်၊ ဘောကန်တဲ့ကိုရင်တွေကို အခေါ်ခိုင်းလို့ ခေါ်ပေးရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့က လွန်ကိုလွန်ပါတယ်၊ နှင်မထုတ်ဘူးလား။
တပည့်တော်။ ။ နှင်တော့ မထုတ်ပါဘူး၊ ဒဏ်ပေးလို့ အားလုံးဒဏ်ထမ်းရပါတယ်၊ ဒီနောက်တော့ တပည့်တော်တို့ ဘောပွဲလဲ ပျက်သွားပါတယ်။
ဓမ္မဂုတ်။ ။ ဘော့လုံးက ဘယ်ကရသလဲ။
တပည့်တော်။ ။ ဘယ်ကမှ မရပါဘူး၊ သင်္ကန်းစုတ်တွေကိုလုံးပြီး ဘောလုံး လုပ်ကြတာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ဘော့လုံးက ဝံသာနုဘော့လုံးပေါ့နော်။
တပည့်တော်။ ။ တပည့်တော်တို့ခေတ်က အများအားဖြင့် ဝံသာနုစိတ်ရှိကြပါတယ်၊ ဒါပေမယ့် ဘောလုံးကိုတော့ ဝံသာနုစိတ်နဲ့ လုပ်တာမဟုတ်ပါဘူး၊ ဘယ်သူမှ တာဝန် ယူပြီး မဝယ်ကြလို့ လွယ်တဲ့နည်းနဲ့ သင်္ကန်းစုတ် လုပ်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီအချိန်မှာ ကိုယ်တော့်အသက် ဆယ့်လေးနှစ်ပြည့်ပြီလား။
တပည့်တော်။ ။ ဆယ့်လေးနှစ် ပြည့်လုပါပြီ၊ အဲဒီနှစ်မှာ အစိုးရစာမေးပွဲ မဝင်ရလို့ အရပ်ကခေါ်လာတဲ့ဦးပဉ္စင်းနဲ့အတူ အောက်ပြည်ကိုသွားပါတယ်။
ဓမ္မဂုတ်။ ။ ဘာကိစ္စနဲ့တုန်း။
တပည့်တော်။ ။ ကိစ္စကတော့ အထူးမရှိပါဘူး၊ အဲဒီအချိန်မှာ တပည့်တော် ဦးလေးက ရန်ကုန် ဗိုလ်တထောင်တိုက် (သရိုင်သားဖြစ်တဲ့) ဆရာတော် ဥုးတိဏ္ဏဆီမှာ နေပါတယ်၊ ဦးလေးကြီးရဲ့အဖ ဒကာကြီးဆုံးလို့ ဗိုလ်တထောင်ဆရာတော်နဲ့ ဦးလေးကြီးတို့ ကြွလာကြပြီး ဘိုးလေးရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ကြပါတယ်၊ အဲဒီဆရာတော် ဥုးတိဏ္ဏအပြန်မှာ လိုက်သွားကြတာပါဘဲ။
ဓမ္မဂုတ်။ ။ ရန်ကုန်တွင်ဘဲလား။
တပည့်တော်။ ။ ရန်ကုန်တွင် မကပါဘူး၊ မြောင်းမြနယ် သုဓနုရွာမှာ ဆရာ ဦးပဉ္စင်းရဲ့ ရဟန်းဒကာ ရဟန်းအမများရှိပါတယ်၊ အဲဒီ မြောင်းမြနယ် ရောက်အောင် သွားကြပါတယ်၊ တပေါင်း-တန်ခူးဆိုတော့ တပည့်တော် အသက်လဲ ဆယ့်ငါးနှစ်ထဲ ရောက်လာပါပြီ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဆရာ ဦးပဉ္စင်းက ရဟန်းဒကာ နှစ်ဦးလား၊ စဉ့်ကိုင်နယ် ဝန်းသိုရွာမှာလဲ ရဟန်းဒကာ ရဟန်းအမ ရှိတယ်ဆို။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ ရဟန်းဒကာ နှစ်ဦးရှိပါတယ်၊ မြောင်းမြနယ်လဲ ပြောက်ရွာဆရာတော်ကြီးက သရိုင်သားဖြစ်လို့ အဲဒီ ဆရာတော်ကြီးကို အကြောင်း ပြုပြီး ရဟန်းဒကာတစ်ယောက် ရှိဟန်တူပါတယ်၊ အဲဒီ အချိန်တုန်းကလဲ ပြောက်ရွာဆရာတော်ကြီးကို အကြောင်းပြုပြီး သရိုင်နဲ့စပ်တဲ့ ဘုန်းတော်ကြီးတွေ မြောင်းမြနယ်မှာ တော်တော်များများ ရှိကြပါတယ်၊ နောက်တော့ လူထွက်ကြတာ များပါတယ်၊ တပည့်တော်ဆရာဦးပဉ္စင်းလဲ သုဓနုမှာ ကျောင်းထိုင်ပြီး နောက်တော့ လူဝတ်လဲတယ်လို့ ကြားရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီအခါ ကိုယ်တော့်အသက်က ဆယ့်ငါးနှစ်ထဲ ရောက်နေလို့ ကျောင်းသားကြီး ဖြစ်မနေဘူးလား။
တပည့်တော်။ ။ သိပ်ကြီးပုံတော့ မရသေးပါဘူး၊ တပည့်တော်က မန္တလေးမှာ အနေကြာတော့ မြို့ရည်ဝပြီး မြို့သားလိုဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အောက်ပြည်ခရီးမှာ ဘယ်မြို့ဘယ်ရွာဟာ ပျော်စရာကောင်းသလဲ။
တပည့်တော်။ ။ ဘယ်မြို့ဘယ်ရွာမှ ပျင်းစရာမကောင်းပါဘူး၊ နွေအခါဆိုတော့ အညာဒေသထက် အားလုံးသာတယ်လို့ ဆိုရမှာဘဲ၊ သုဓနုမှာ နဲနဲတော့ ပျင်းစရာ ကောင်းပါတယ်၊ ဒါပေမယ့် တပည့်တော်အတွက်တော့ ကာလသားတွေနဲ့ ကက်ဆွဲရလို့ ဖဲဗဟုသုတတစ်မျိုး တိုးလာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘုန်းကြီးကျောင်းသားဘဲ, ကိုယ်တော့်ကို ကာလသား တွေက အဖက်လုပ်သလား။
တပည့်တော်။ ။ တပည့်တော်က စာတော်တဲ့ ကျောင်းသားဖြစ်လို့ စိတ်က မငယ်ပါဘူး၊ သူတို့ကလဲ အထင်မသေးပါဘူး၊ အရေးစိုက်ကြပါတယ်။ ကျောင်းဒကာကြီးရဲ့သား မောင်ချစ်-မောင်နှစ်ဆိုတာ အဲဒီရွာတွင် မက အဲဒီနယ်မှာ နာမည်ကြီးကြပါတယ်။
ဓမ္မဂုတ်။ ။ ပြီးတော့ ဘယ်ရွာရောက်သေးသလဲ။
တပည့်တော်။ ။ ပတ်ဝန်းကျင် ရွာကလေးတွေနဲ့ ခပ်ဝေးဝေးရွာတွေ လပွတ္တာမြို့ ထိအောင် ရောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်ရွာက အပျော်ဆုံးလဲ။
တပည့်တော်။ ။ အတော်ကြာကြာနေရတဲ့ “တူးမြောင်း”ဆိုတာ အပျော်ဆုံးပါ၊ အဲဒီရွာမှာ အဲဒီအချိန်က သရိုင်သား ဘုန်းတော်ကြီးတစ်ပါး သီတင်းသုံးပါတယ်၊ သူတော်ကောင်းပါ၊ လူလဲမထွက်ပါဘူး။
ဓမ္မဂုတ်။ ။ ဘာပြုလို့ အဲဒီရွာမှာ ပျော်တာတုန်း။
တပည့်တော်။ ။ နေရတာကလဲကြာပါတယ်။ စားရတာလဲ ကောင်းပါတယ်။ ကျောင်းဒကာ ကျောင်းအမကြီးတို့ မိသားစုကလဲ သိပ်ဂရုစိုက်ပါတယ်။ တစ်မျိုးလုံး ကလဲ ဂရုစိုက်ပါတယ်၊ အဲဒီရွာမှာသူတို့က အမျိုးကြီးပြီး ပစ္စည်း အရှိဆုံးဖြစ်ပါတယ်၊ ဥတု ရေ မြေလဲ အညာထက်သာပါတယ်၊ ဒါ့ကြောင့် ပျော်တာပေါ့။
ဓမ္မဂုတ်။ ။ ထမင်း ဘယ်မှာစားတုန်း။
တပည့်တော်။ ။ နံနက်ပိုင်းတော့ ကျောင်းမှာစားပါတယ်၊ ညနေပိုင်းတော့ ကျောင်းဒကာ ကျောင်းအမကြီးတို့အိမ်မှာ စားပါတယ်၊ ကျောင်းစားတဲ့အခါ ရှေးက မြေဇလုံကြီးထဲမှာ ထမင်းထည့် ငါးဟင်းနဲ့ နယ်ပြီး မျှင်ငါးပိရည် နဲနဲထည့် သရက်ကင်းကလေးများကို အတို့လုပ်ပြီး တစ်ယောက်ထဲ လဖက်ရည်နဲ့ သောက်စား ရတာ အလွန်မြန်တာဘဲ။
ဓမ္မဂုတ်။ ။ ညနေစာတော့ကော။
တပည့်တော်။ ။ ညနေကျတော့ တပည့်တော်ရယ်, အဲဒီအိမ်က သားငယ် ကျောင်းသားနှင့် သ္မီးရယ် သုံးယောက် အတူစားလေ့ရှိပါတယ်၊ တပည့်တော်တို့ သုံးယောက်ရဲ့ အရွယ်ကလဲ မောင်နှမ သုံးယောက်လိုဖြစ်တော့ အမကြီးတွေကလဲ သဘောကျမှ ကျောင်းအမကြီးကလဲ သဘောကျပါတယ်။ ဥပုသ်နေ့ကျတော့ အမကြီးတွေက တပည့်တော်ကို သန်းရှာပေး, ခေါင်းဖီး ပေးကြပါတယ်၊ အနီးအပါး အိမ်တွေကလဲ သူတို့မောင်ကလေးကို သန်းရှာနေသလားလို့ လာကြည့်ကြပါတယ်၊ အဲဒီအိမ်ကတော့ ကိုယ့်အိမ်လိုပါဘဲ၊ အောက်ထပ် အထက်ထပ် သွားနေတာပါဘဲ၊ ညနေစာတော့ တပည့်တော်တို့ သုံးယောက်က နေ့စဉ် လူကြီးများ မစားခင် အယင်စားကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ပြောသလိုတော့ ကိုယ်တော့်အတွက် ပျော်စရာပေပေါ့နော်၊ ပြန်ခဲ့ရတော့ မလွမ်းဘူးလား။
တပည့်တော်။ ။ လွမ်းစရာတော့ အလွန်ကောင်းတာဘဲဘုရား၊ လွမ်း မလွမ်းတော့ မမှတ်မိပါဘူး၊ မပြန်ခင်တစ်ရက် ညနေမှာ သုံးယောက်အတူ ထမင်းစားကြတော့ မောင်အငယ်က နက်ဖန် ခင်ဗျား ပြန်တော့မှာလားတဲ့၊ ပြန်တော့မှာလို့ ပြောတော့ အမလေးက အဟုတ်လားတဲ့၊ အဟုတ်ပါလို့ ပြောတော့ ဘုရားစူးတဲ့၊ ဒီတော့ နဲနဲရှက်ပြီး အဟုတ်ပါလို့ ထပ်ပြော လိုက်ရပါတယ်၊
တပည့်တော်လဲ စိတ်မကောင်းပါဘူး၊ သူလဲ စိတ်ကောင်းဟန် မတူပါဘူး၊ အဲဒီ အမလေးဟာ အဲဒီတစ်ရွာလုံးရဲ့ မျက်နှာဖုံးပါ၊ ထိုအချိန်က ပဒုမ္မာပိတ်ပါးအကျီကို ဝတ်သူ မများသေးပါဘူး၊ သူတို့ညီအမ များလောက်သာ ဝတ်ကြပါသေးတယ်၊ ထို ပဒုမ္မာပိတ်ပါးဟာ အသားဖြူသူတို့နဲ့ အလွန်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ လူချင်း မခွဲချင်ပေမယ့် ကံကခွဲတော့ ကွဲရတာဘဲနော်။
တပည့်တော်။ ။ တပည့်တော်ကတော့ ဒီအချိန်မှာ ဘာသာရေး တရားတွေ အများကြီး နားလည်နေပါပြီ၊ သူခမျာတော့ တပည့်တော်ပြန်တဲ့အခါ ငိုရှာပါတယ်၊ သူ့အတွက် အိမ်ထောင်ကောင်းကောင်း မြန်မြန်ရပါစေလို့ ဆုတောင်းပါတယ်၊ နှစ်မကြာမီဘဲ အခြားမြို့က ဓနရှင်တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်လို့ သိရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဆုတောင်း ပြည့်ရဲ့လား။
တပည့်တော်။ ။ ပြည့်ပုံရပါတယ်၊ တပည့်တော်တို့ နောက်ထပ်အဆက်အသွယ် မရှိပေမယ့် တပည့်တော် စားမေးပွဲတွေပြီးလို့ စစ်ကိုင်း ဇေတဝန်ချောင်မှာ ခေတ္တနေတုန်း ဒကာမကြီးတစ်ယောက်နဲ့ စကားစပ်မိလို့ သူ့ရဲ့နာမည် ပါလာတာနဲ့ ဆက်ပြီးမေးတဲ့အခါ တပည့်တော်နဲ့ ထမင်းအတူစားဖက် ဖြစ်တဲ့ အမျိုးသ္မီး ဖြစ်ကြောင်း သိရပါတယ်၊ သူတို့မှာ မော်တော်ပိုင်လဲ ရှိပါတယ်၊ ကျောင်းဆောက်ပြီးလဲရှိတယ်လို့ သိရပါတယ်။
ဓမ္မဂုတ်။ ။ သာဓု သာဓု ... ကိုယ်တော့်စိတ်က ဘုန်းကြီးလုပ်ဖို့ အမြဲဘဲလား။
တပည့်တော်။ ။ တပည့်တော်ရဲ့ ကောင်းတဲ့ဉာဏ်, တတ်တဲ့ပညာတွေဟာ ဘုန်းကြီးဘဝနဲ့ ပါရမီဖြည့်ဖို့ အခြေခံဖြစ်ပါတယ်၊ လူ့ဘဝမှာဆိုယင် ဒါလောက် အသုံးဝင်မှာ မဟုတ်ပါဘူး၊ ငယ်ငယ်ကလဲ ဥပုသ်စောင့်, ရေလှူ ပန်းလှူ လုပ်နေတာဘဲ၊ ဆော့တဲ့ဝါသနာမှတစ်ပါး အားလုံး ဝါသနာတွေဟာ အကောင်း ချည်းပါဘဲ၊ သရိုင်ရွာနေတုန်းကစပြီး ဝိသုဒ္ဓါရုံတိုက်မှာ နေသည်အထိ ပညာဖက်က တပည့်တော်ကို ဘယ်သူမှ မပြိုင်ကြပါဘူး။ အားလုံးက အသာပေးထားကြပါတယ်၊ တပည့်တော် မမွေးခင် မိခင် အိပ်မက်ကလဲ ဘုန်းကြီးဘဝနဲ့ အလုပ်လုပ်ဖို့ လမ်းညွှန်သလို ဖြစ်နေပါ တယ်၊ ဒါ့ကြောင့် တပည့်တော်ကို ခင်မင်တဲ့ အမျိုးသ္မီး တွေကို သူတော်ကောင်း ဖြစ်ယင်ဖြစ်, မဖြစ်ယင်လဲ အိမ်ထောင် ကောင်းကောင်း ရကြပါစေလို့သာ ဆုတောင်းပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီရွာကရွှေ့တော့ ဘယ်ရောက်သေးတုန်း။
တပည့်တော်။ ။ လပွတ္တာ ရောက်ပါတယ်၊ အဲဒီအချိန်မှာ လပွတ္တာ လေးထပ် ကျောင်းကြီးမှာ သီတင်းသုံးသော ဆရာတော်ကြီးက မန္တလေးမြို့ အရှေ့ ဝိသုဒ္ဓါရုံတိုက် မိုးကောင်းကျောင်းဘုန်းတော်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ မိုးကောင်းကျောင်း ကျောင်းဒကာ - ကျောင်းအမကြီးများရဲ့ ရဟန်းလဲ ဖြစ်ပါတယ်၊ လပွတ္တာက တစ်နှစ် တစ်ခေါက် ပြန်လာပြီး အနောက်ဝိသုဒ္ဓါရုံမှာ ဆွမ်းကျွေးလေ့ရှိပါတယ်၊ အဲဒီအခါ တပည့်တော် နေတဲ့ ဆီးပင်ကျောင်းမှာ တဲပါတယ်၊
တပည့်တော်ကို မိုးကောင်းကျောင်း ဒကာကြီးတိုက် ခေါ်သွားလေ့ရှိပါတယ်၊ ဆွမ်းအယူလဲ ခိုင်းပါတယ်၊ ဆွဲချိုင့်နဲ့သွားယူပါတယ်။ အပြန်တော့ ဓာတ်ရထားစီးပြီး ပြန်လေ့ရှိပါတယ်၊ ဒါ့ကြောင့် လပွတ္တာ ဆရာတော်ကြီးနဲ့ အလွန်ရင်းနှီးပြီး ဆရာတော်ကြီးကလဲ အလွန်ဂရုစိုက်ပါတယ်၊ လပွတ္တာ ရောက်တော့လဲ တစ်မျိုး ပျော်ပါတယ်။
စားစရာတွေ အလွန်ပေါပါတယ်၊ လိပ်သား, မျောက်သား, မိကျောင်းသား ဆိုတာကို အဲဒီကျမှ စားဖူးပါတယ်၊ ပြန်ခါနီးရက်က ဥပုသ်နေ့ဖြစ်လို့ ဥပုသ်စောင့် လာကြပါတယ်၊ တပည့်တော်က ကျောင်းသားတွေနဲ့ ကစားနေတုန်း ဆရာတော်ကြီးက “ဟိုကလေးကို အထင်မသေးကြနဲ့ အလွန်အဆိပ် ပြင်းတယ်, စာသိပ်တော်တာဘဲ”လို့ ပြောပါသတဲ့၊ ဒီတော့ ဥပုသ်သည်တွေက ခေါ်ပြီး စာမေးကြပါတယ်။
ဓမ္မဂုတ်။ ။ ဖြေနိုင်ရဲ့လား။
တပည့်တော်။ ။ လူတွေရဲ့ သင်္ဂြိုဟ်အသိလောက်တော့ ဘာဂရုစိုက်လိမ့်မှာတုန်း၊ စာမေးပြီးတော့ “ပြန်ခါနီး ဖြစ်နေကွယ်, ထမင်းကျွေးစမ်းချင်သေး”လို့ ဒကာ တစ်ယောက်က ပြောပါတယ်၊ အဲဒီဒကာတွေထဲမှာ “ဒကာတာတီး” ဆိုတဲ့ ဒကာကလေးကတော့ ယခုအထိ ရှိပါသေးတယ်၊ အသက်ရှစ်ဆယ် ကျော်နေပါပြီး လပွတ္တာလေးထပ်ကျောင်း ယခုဘုန်းတော်ကြီးက တပည့်တော်ရဲ့ ရင်းနှီးတဲ့ သီတင်းသုံးဖော် ဖြစ်ပါတယ်၊ မြောင်းမြဆရာတော်ရဲ့ တပည့်ကြီး တစ်ပါးလဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် လပွတ္တာနဲ့တော့ ယခုလဲ အဆက်ရှိနေပါတယ်။
ဓမ္မဂုတ်။ ။ အောက်က ပြန်ရောက်တော့ ဘယ်မှာနေတုန်း။
တပည့်တော်။ ။ ဝိသုဒ္ဓါရုံတိုက်မှာဘဲ နေပါတယ်၊ စာတော့ မြောင်းမြ ဆရာတော်လောင်း စာချဘုန်းကြီးအထံမှာ လိုက်လဲလိုက်, ဆိုလဲဆိုပါတယ်။ ဓမ္မပဒကို ဆက်ပြီးဆိုတယ်လို့ ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို ရွာကခေါ်လာတဲ့ ဆရာနဲ့တော့ ဘယ်လိုကွဲကြတာလဲ။
တပည့်တော်။ ။ တပည့်တော်ဖျားလို့ ရွာကမိဘများလာကြပါတယ်၊ အဲဒီ ဖျားတဲ့ အခါတုန်းကပေါ့ တပည့်တော်က ဒီအဖျားနဲ့ သေသွားတာ ကောင်းတယ်လို့ စဉ်းစားမိတာ။
ဓမ္မဂုတ်။ ။ ဒီလိုစဉ်းစားရတာက ဘာပြုလို့လဲ။
တပည့်တော်။ ။ လပြည့်နေ့များမှာ သကျသီဟဘုရားထဲက ပြစ်တောင်းထမ်းပြီး ပြန်ရတာ ရှက်တဲ့အကြောင်း လျှောက်ခဲ့ဖူးတယ် မဟုတ်လား၊ ဒါ့ကြောင့် နောက် ဘဝမှာ ဒီလိုအောက်ကျတဲ့ အဖြစ်မျိုး မဖြစ်နိုင်ဘူးလို့ ယူဆပြီး “သေသွားလျှင် ကောင်းတယ်”လို့ စဉ်းစားမိတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကတော့ အဖျားပျောက်ဖို့ထက် သေဖို့ကို တောင့်တ တာတော့ စိတ်တစ်မျိုးလို့ ဆိုရမှာပေါ့၊ အဖျားပျောက်တော့ ဘာဖြစ်သလဲ။
တပည့်တော်။ ။ အဖျားပျောက်တော့ အမေ-အဖေများက နေ့လည်ရထားအမီ သွားရမှာမို့ ပြန်ခါနီးမှာ သရိုင်ကခေါ်လာတဲ့ ဦးပဉ္စင်း အိပ်နေလို့ ဝပ်မချဘဲ ပြန်ကြတယ်၊ ကိုယ်တော်က နိုးလာလို့ သူ့ကို ဝပ်မချဘဲ ပြန်ကြတဲ့ မိဘကို အကြောင်းပြုပြီး “နင်လဲ လိုက်သွား”လို့ နှင်တော့တာဘဲ။
ဓမ္မဂုတ်။ ။ ကိုယ့်တော့်မိဘများကလဲ လွန်တာဘဲ၊ သားရဲ့ဆရာကို ဝပ်မချဘဲ ပြန်သွားတာကိုး။
တပည့်တော်။ ။ တပည့်တော်ကို အဲဒီဦးပဉ္စင်းက စာတတ်အောင် သင်မပေးနိုင်ဘူး ဆိုတာ အဖေက သိပါတယ်၊ မိဘချင်း ရင်နှီးလို့သာထားတာ, ထိုဦးပဉ္စင်းကို နဂိုရ်ကပင် သိပ်အရေးမစိုက်လှဘူး။
ဓမ္မဂုတ်။ ။ ဒါ ကိုယ်တော့်အဖေက လွဲတာဘဲ၊ ဘာပြောပြော သူက စောင့်ရှောက်နေတာ သူ့ကိုအရေးစိုက်မှပေါ့၊ ကိုယ်တော့်ကို အဲဒီဦးပဉ္စင်းက နှင်တော့ ကိုယ်တော်က ဘာပြန်ပြီး လျှောက်သေးတုန်း။
တပည့်တော်။ ။ ဘာမှမလျှောက်ဘူး၊ အဖေများဆီ မှီအောင်လိုက်သွားတာဘဲ။ ရှမ်းစုဘူတာရောက်တော့ အဖေကလဲ အကြောင်းသိတဲ့အခါ တပည့်တော်ကို ရွာရောက်အောင် ခေါ်သွားတာဘဲ၊ ပြန်လဲမတောင်းပန်ဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော့် မိဘများက သာသနာတော်နဲ့ ဘုန်းကြီးများ၏ သဘောကို နားမလည်တာလား, မာနကြီးတာလား။
တပည့်တော်။ ။ နှစ်မျိုးစလုံး ဖြစ်စရာရှိပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘာဖြစ်သေးလဲ။
တပည့်တော်။ ။ တပည့်တော်ကို စာချနေတဲ့ မြောင်းမြဆရာတော်လောင်း ဘုန်းကြီးက တပည့်တော်ရဲ့ တန်ဖိုးကို သိလို့ လိုက်ခေါ်ပါတယ်၊ ဒီတော့ ဒကာကြီးက လွယ်လွယ်နဲ့ဘဲ ထဲ့လိုက်တာပါဘဲ၊ နဂိုရ်ကလဲ ဒကာကြီးက မန္တလေး ရောက်တိုင်း အဲဒီစာချဘုန်းကြီးဆီမှာ အဝင်များပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘာဖြစ်သေးသလဲ။
တပည့်တော်။ ။ ဘာမှပြဿနာအထူးမဖြစ်ပါဘူး၊ တပည့်တော်လဲ စာတက်မြဲ တက်နေတာပါဘဲ၊ မူလဆရာလုပ်တဲ့ ဦးပဉ္စင်းက အခေါ်အပြော သိပ်မလုပ်ပါဘူး၊ နောက်နွေအခါမှာ မန္တလေး၌ (ကျောက်ရောဂါထင်ပါတယ်) ရောဂါဖြစ်လို့ ပြန်ခဲ့ပါတယ်၊ ဒီအခါမှာ အဖေက ဝက်လက်ခေတ္တ နေပြီး စပါးအရောင်းအဝယ် လုပ်ပါတယ်၊ အဲဒီဝက်လက်မှာ တပည့်တော်တို့ မောင်နှမ လေးယောက်လုံး ဝက်သက်ပေါက်ကြပါတယ်၊ ဆရာ အထူးမခေါ်ပါဘူး၊ တောထုံးစံအတိုင်း ဆေးမီးတိုနဲ့ ပြီးတာပါဘဲ၊ ဒါပေမယ့် တပည့်တော်ရဲ့ ယာဖက်မျက်လုံးထဲမှာ ဝက်သက်ပေါက်လို့ မျက်စိကွယ်မယ်ထင်ပြီး အတော်ဘဲ စိတ်ဆင်းရဲခဲ့ ရပါသေးတယ်။
ဓမ္မဂုတ်။ ။ မကန်းဘူးလား။
တပည့်တော်။ ။ သူငယ်အိမ်ပေါ်မှာ ပေါက်တာမဟုတ်လို့ တိမ်နဲနဲဖြစ်ပြီး ပျောက်သွားပါတယ်၊ ဒါပေမယ့် မျက်စိအားတော့ နဲသေးတယ်လို့ ထင်တာနဲ့ အိမ်မှာအလွယ်ရှိနေတဲ့ ရွှေကိုင်းမျက်မှန်တော့ တပ်ပါသေးရဲ့၊ ပါဝါရှိတာ မဟုတ်တော့ အကျိုးမရှိပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော် အဲဒီအရွယ်မှာ ဆယ့်ငါးနှစ်ထဲရောက်နေပြီနော်။ ဝက်လက်က မြို့ကလေးလိုဖြစ်တော့ မပျော်ဘူးလား။
တပည့်တော်။ ။ မပျော်အားပါဘူး၊ အဲဒီတုန်းက အစိုးရစာမေးပွဲဝင်ဖို့ လက်မှတ် ထိုးပြီးဖြစ်လို့ ဝက်သက်ပျောက်ယင်ဘဲ ထိုအချိန်က ပြဋ္ဌာန်းထားတဲ့ မဟာဇနက ဇာတ်အဋ္ဌကထာကို ကိုယ့်ဘာသာ ကြည့်နေပါတယ်၊ ဒီလိုကြည့်နေတာကို အမျိုးသ္မီးကြီး တစ်ယောက်က အင်္ဂလိပ်စာကြည့်တယ် ထင်လို့လားတော့ မပြောတတ်ဘူး “အဒေါ်ကတော့ ဒီသားကြီးယင် သိပ်မျက်နှာကြီးမှာဘဲ”တဲ့။
ဓမ္မဂုတ်။ ။ အဲဒီတုန်းက ကိုယ်တော့်အဖေဟာ စပါးတွေဝယ်ပြီး ဘယ်ပို့လဲ။
တပည့်တော်။ ။ အဲဒီအချိန်က ဝက်လက်မှာ စပါးကုန်သည် ပွဲစားတွေ တော်တော် များများ ရှိပါတယ်၊ အားလုံးဘဲ မီးရထားနဲ့ မန္တလေးပို့ကြပါတယ်၊ မန္တလေးက စက်ပိုင်ပွဲစားတွေက ပေါက်ဈေးအတိုင်း ရောင်းပေးပြီး ပွဲခယူပါတယ်၊ တစ်ခါတစ်ခါ ဝက်လက်က ကုန်သည်တွေကိုယ်တိုင် လိုက်ပြီး ရောင်းကြပါတယ်။
ဓမ္မဂုတ်။ ။ လူကိုယ်တိုင် မလိုက်ဘဲနဲ့ စက်ပိုင်ပွဲစားတွေက ရောင်းပေးတာကို ကျေနပ်ကြသလား။
တပည့်တော်။ ။ အများအားဖြင့် ကျေနပ်ကြပါတယ်၊ ဒါပေမယ့် တစ်ခါတုန်းက ပွဲစားတစ်ယောက်ဆီက ရှင်းတမ်းနဲ့ စက်ပိုင်တစ်ယောက်ဆီက ရှင်းတမ်းကို တိုက်ဆိုင်ကြည့်တဲ့အခါ ပွဲစားဆီက ရောင်းဈေးမြင့်ပြီး ရှင်းတမ်းကြတော့ အရှုံး ထွက်နေတာနဲ့ သေသေချာချာစစ်တဲ့အခါမှာ ပွဲစားလိမ်တာသိလို့ တရားစွဲမယ်လို့ လုပ်ကြပါတယ်၊
ပွဲစားကလဲကြောက်ပြီး ဝက်လက် ရောက်လာပါတယ်၊ ဝက်လက်က ပွဲစားတွေက သူ့ကို အရေးမစိုက်ကြပါဘူး။ အခြားအိမ်မှာညအိပ်ပြီး တပည့်တော်ရဲ့ အဖေလဲ မရှိခိုက်မှာ အိမ်ရောက်လာတော့ တပည့်တော်လဲ သနားတာနဲ့ အရေးတယူ ပြုစုပါတယ်၊ နောက်တော့လဲ ကြေအေးလို့ တရားမစွဲဖြစ်ပါဘူး၊ အဲဒီ အခါတုန်း ကပေါ့ဘုရား မီရထားကြီးက နိမိတ်ဖတ်တယ်လို့ ရီစရာပြောကြပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုလဲ ကိုယ်တော်။
တပည့်တော်။ ။ ပေါက်ကန်ဖက်က ဝက်လက်ဘူတာသို့ မီရထားကြီး ဝင်လာတဲ့ အခါ ကျောက်ဂျောက်ဂျက်ဂျက်မြည်တဲ့ မီရထားအသံကြီးကို “ခြောက်ဆယ့်ငါးကျပ်, ခြောက်ဆယ့်ငါးကျပ်”လို့ အော်ပြီး ဝင်လာတယ် လို့ ကြားကြသတဲ့၊ ဝက်လက်မှ ထွက်ခါနီး “ဂျုံးဂျုံးဂျုံးဂျုံး”လို့ မြည်တဲ့ အသံကြီးကိုတော့ “ရှုံးရှုံး ရှုံးရှုံး”လို့ နားထဲမှာ ကြားကြရသတဲ့၊ အဲဒီအခါတုန်းက စပါးတစ်ရာကို ခြောက်ဆယ့်ငါးကျပ် ကျော်ကျော်
ခုနစ်ဆယ်လောက် ရောင်းရမှ မရှုံးဘဲ အမြတ်ရမှာကိုး။
ဓမ္မဂုတ်။ ။ ဝက်လက်ကတစ်ဆင့် ဘယ်သွားရတုန်း။
တပည့်တော်။ ။ မြောင်းမြဆရာတော်လောင်း ဖြစ်တဲ့ ဆရာက (သကျသီဟ အောင်ပြီးမှ) ရွှေဘိုမြို့ မိတ္ထီလာတိုက်မှာ ပဋ္ဌာန်းဆိုဖို့ ခေတ္တရောက်နေပါတယ်၊ ဒါကြောင့် အဖေက ရွှေဘို ပို့ပါတယ်။
ဓမ္မဂုတ်။ ။ ပျော်စရာကောင်းရဲ့လား။
တပည့်တော်။ ။ မကောင်းပါဘူး၊ အချိန်ကလဲ နွေအခါဖြစ်ပါတယ်၊ မိတ္ထီလာတိုက် နေရမည့် ကျောင်းကြီးကလဲ ရှေးအုတ်လှေခါးပျက်ကြီးနဲ့ ကြည့်လို့ မကောင်းပါဘူး ဘုရား၊ ကျောင်းဖြစ်ပေမယ့် မညီမညွတ် ခင်းထားတဲ့ ဝါးကြမ်းတွေပါ၊ အမိုးကလဲ သက်ကယ်မိုးထားပါတယ်၊ ထိုကျောင်းကြီးနဲ့ တွဲထားတဲ့ နှစ်ခန်းကျောင်းကလေးမှာ နေကြရပါတယ်၊
သံဃာလဲ တော်တော် များပါတယ်၊ ထိုအချိန်က တိုက်သံဃာ ခုနှစ်ဆယ်ကျော်, ရှစ်ဆယ်လောက် ရှိမယ်ထင်ပါတယ်၊ ရွှေဘိုမြို့ပေါ်မှာ သံဃာအများဆုံး ဖြစ်ပါတယ်၊ ဆရာတော်ကြီးက ကြည်ညိုစရာ ကောင်းပါတယ်၊ ဒါပေမယ့် ကျောင်းတွေကတော့ နည်းလဲ နည်း, ကောင်းလဲ မကောင်းပါဘူး။
ဓမ္မဂုတ်။ ။ ပျင်းတော့ ဘယ်လိုကြံသေးသလဲ။
တပည့်တော်။ ။ ပျင်းပေမယ့် ဘယ်လိုမှ မကြံပါဘူး၊ တပည်တော်ရဲ့ ပင်ကိုစိတ်က လူကြီးထားတဲ့နေရာမှာ ပျော်ပျော်-ပျင်းပျင်း နေဖို့ တာဝန်ရှိတာပဲလို့ အမြဲ ယူဆပါတယ်။
ဓမ္မဂုတ်။ ။ နောက်လဲ ပျင်းတာပဲလား။
တပည့်တော်။ ။ နောက်တော့ မပျင်းရုံတွင် မကပါဘူး၊ အလွန်ပျော်တဲ့နေရာ ဖြစ်သွားပါတယ်။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့်လဲ။
တပည့်တော်။ ။ စာတော်တဲ့အတွက် ဆရာတော်ကြီးကလဲ ဂရုစိုက်ပါကယ်၊ အတူနေ သံဃာများကလဲ အရေးပါကြပါတယ်, တစ်တိုက်လုံးကလဲ ဂရုစိုက်ကြပါတယ်၊ နောင်အခါ ကန့်ဗလူမှာ ဆရာတော်ဖြစ်ပြီး ပြန်တော်မူသွားတဲ့ ဦးပညာသီဟ, ဦးဇဝနတို့နှင့် ယခု မုတ္တမမှာ သီတင်းသုံးတဲ့ ဦးအာစိဏ္ဏတို့ဆိုတာ တပည့်တော်ကို ဟင်းကောင်းကောင်း ပေးလေ့ရှိပါတယ်၊
မုတ္တမဆရာတော်ကို သံဂါယနာတင်မှာ တွေ့စဉ်က စကားလက်ဆုံ မကျလိုက်ရတဲ့ အတွက် ယခုအထိ ဝမ်းနည်းမိပါတယ်၊ ယခု ကန်တော့ပါတယ်ဘုရား၊ ယခုရှိ-မရှိ မသိရသော စာတက်ဖက် ဦးမာရိန္ဒ ဦးဝိသုဒ္ဓတို့ကိုလဲ ကန်တော့ပါတယ်ဘုရား၊ ရွှေဘိုဆရာတော်ဦးကေသရ ကတော့ မြောင်းမြဆရာတော်ရဲ့ တပည့်ကြီးဖြစ်လို့ တပည့်တော်နဲ့ ပခုက္ကူမှာ စာသင်အတူသွားတဲ့ သီတင်းသုံးဖော်အရင်း ဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ ကိုယ်စား ဆွမ်းခံကြွသော ဦးဇဝန (ယခု လားရှိုးမြို့မှာ သာသနာပြုနေသော ဆရာတော်) နဲ့အတူ တပည့်တော်က ဗျပ်ဆိုင်း ထမ်းပြီး ဆွမ်းခံလိုက်ရပါတယ်၊ ထိုဆရာတော်ကိုလဲ အမှတ်တရကန်တော့ ပါတယ်ဘုရား၊ စစ်ကိုင်း လေးကျွန်းသာယာချောင်မှာ ပြန်တော်မူသွားတဲ့ ဆရာတော်ဦးဇောတကိုလဲ ကန်တော့ပါတယ်ဘုရား၊ စာချ ဆရာတော် ဦးသုဒဿန, ရွှေပေါက်ပင် ဆရာတော်ကြီး ဦးဇရာတို့ကတော့ မြောင်းမြဆရာတော်၏ သီတင်းသုံးဖော်များ ဖြစ်ကြပါတယ်၊ ထိုဆရာတော်ကြီးများကိုလဲ ကန်တော့ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ရွှေဘိုမှာ ပျင်းတုန်းက ပျင်းပြီး ပျော်တော့လဲ သိပ်ပျော်တာဘဲလား။
တပည့်တော်။ ။ မှန်ပါတယ်၊ ဒီပျော်စရာတွေဟာ ဝါတွင်းမှာ ဖြစ်ပါတယ်။ ရွှေဘိုရောက်ပြီး သိပ်မကြာဘဲ မန္တလေးကို စာမေးပွဲဝင်ဖို့ လာရပါတယ်။ အဲဒီအချိန်မှာ အစိုးရစာမေးပွဲ လုပ်ရာဌာနက မန္တလေးနဲ့ရန်ကုန် နှစ်ဌာနသာ ရှိပါတယ်။
ဓမ္မဂုတ်။ ။ မန္တလေးရောက်တော့ ဘယ်မှာ တည်းသလဲ။
တပည့်တော်။ ။ အဖေတည်းလေ့ရှိတဲ့ အိမ်တော်ရာသင်္ကန်းတန်းက ဦးလူသစ် အိမ်မှာ တည်းပါတယ်။
ဓမ္မဂုတ်။ ။ စာမေးပွဲ ဖြေနိုင်-မဖြေနိုင်ကို စစ်ဆေးမယ့်လူ မရှိဘူးပေါ့။
တပည့်တော်။ ။ စစ်ဆေးမယ့်သူ မရှိပါဘူး၊ နံနက်စာစားပြီးတော့ (ထိုအချိန်ကရှိတဲ့) ဓာတ်ရထားကို ဈေးချိုအလယ်ပေါက်ကစီးပြီး (အဲဒီတုန်းက စာမေးပွဲလုပ်တဲ့) မဟာမြတ်မုနိဘုရားကြီး သွားပါတယ်၊ ဆာတဲ့အခါ မုန့်တီဝယ်စားပါတယ်၊ အများစားတဲ့ ဆွမ်းကျွေးတော့ သွားမစားပါဘူး၊ စာဖြေပြီး ပြန်လာပါတယ်၊
တည်းအိမ်ရောက်တော့ “ဘယ်နယ်လဲဟေ့... ကိုဌေး”လို့ မေးတော့ “ဖြေနိုင်ပါတယ်ဗျာ”လို့ ပြောပြီး လွယ်အိတ် ကလေးချ, အများအားဖြင့် အဲဒီအိမ်ရဲ့ နောက်ဖေးက မိန်းမတစ်စု“ကြင်ပစ်”တဲ့နေရာဝင်ပြီး တပည့်တော်လဲ ကြင်ပစ်တာပါဘဲ။
ဓမ္မဂုတ်။ ။ “ကြင်ပစ်”ဆိုတာ အဲဒီခေတ်က ဖဲရိုက်ခြင်းတစ်မျိုးဘဲ၊ ကိုယ်တော်က ဖဲဆိုရင် ဝါသနာပါတာဘဲလား၊ နောက်ရက်အတွက် စာမကြည့်ဘူးလား။
တပည့်တော်။ ။ ခဏလောက်ကြည့်ယင် ကြင်ဖဲရိုက်နည်း နားလည်တာပေါ့ ဘုရား၊ စာမေးပွဲမဝင်ဘဲ တစ်နှစ်တောင် နားနေရလို့ ပထမငယ်လောက်တော့ အရေးမကြီးပါဘူး၊ အောင်လဲ အောင်တာပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က“ပျော်ပျော်နေယင်း စာမေးပွဲဝင်,ဝင်လဲအောင်”ဆိုတော့
ကိုယ်တော့်အတွက် စာတွေဟာ ပျော်စရာ ဖြစ်နေတာပေါ့နော်၊ အဲဒီအချိန်မှာ ကိုယ်တော့် အသက်ဟာ ဆယ့်ခြောက်နှစ်ထဲ ဝင်လာပြီဖြစ်လို့ တစ်ခန်း ရပ်ကြဦးစို့ ၊
ဆယ်နှစ်မှ ဆယ့်ငါးနှစ်အတွင်း ကိုယ်တော်က ပျော်ပျော်နေလို့သာ ပျော်စရာ ဖြစ်နေတာဘဲ၊ ဝမ်းနည်းစရာ (မူလဆရာရဲ့ အနှင်ခံရသည့် တိုင်အောင်) ရှိသေး တာဘဲ၊ ကိုယ်တော်ကတော့ နှင်တာလဲ မဖြုံဘူးပေါ့နော်။
တပည့်တော်။ ။ တပည့်တော်ကံက တစ်မျိုးထင်တယ်ဘုရား၊ တပည့်တော်ရဲ့ တိုးတက်ဖို့ ကိစ္စကြုံတိုင်း အနှိမ်ခံရမှု အဖျက်ခံရ၊ ဆင်းရဲရတာတွေကို နောက်လဲ တွေ့ပါလိမ့်အုံးမယ်၊ ဒီလို လောကဓမ်မျိုးကိုတော့ ရှေးရှေး ဘဝတွေက ကျင့်သား ရခဲ့သလား မသိပါ၊ အရေးကို မကြီးတော့ပါဘူး။
ဓမ္မဂုတ်။ ။ ကိုင်း ကိုင်း ... နောက်ဆက်စရာတွေအတွက် တစ်ခန်းရပ်ကြစို့ရဲ့။
နိဂုံး။
လူ-ဟုဆိုလျှင်, လူလိုပင်သာ,
လူတွင်တွေ့ရိုး, ကြောင်း အကျိုးနှင့်,
ကောင်းဆိုးနှစ်တန်, လောကဓမ်ကို,
အမှန်တွေ့မြဲ, စိတ်ဝယ်စွဲ၍,
ဝမ်းနဲ ဝမ်းသာ, မများပါမှ,
နောက်လာဆက်ဆက်, တိုးကာတက်၏၊
သို့တွက် များပြား, အို...လူသားတို့,
ဘုရားမိန့်ဖော်, တရားတော်ကို,
ပျော်ပျော် လိုက်စား, စိတ်ဝယ်ထားလျက်,
များလောကဓမ်, ကြံ့ကြံ့ခံ၍,
မှန်မှန် မဖြုံ, စိတ်မတုန်အောင်...
လူ့ဘုံသင်တို့ သွားဖွယ်ကို။
၈။ ဆယ့်ငါးလွန်ကြွယ် - သက်နှစ်ဆယ်
ဓမ္မဂုတ်။ ။ ကိုယ်တော် စာမေးပွဲဖြေပြီးပြန်လာတော့ ဘယ်လမ်းက ပြန်လာလဲ။
တပည့်တော်။ ။ သင်္ဘောလမ်းက အဖေနဲ့အတူပြန်လာပါတယ်၊ သင်္ဘောပေါ်မှာ စဉ့်ကူးက ပလိပ် အရာရှိတစ်ယောက်က တပည့်တော်ကိုမြင်တော့ အလွန်ခင်ပြီး အရေးပါပါတယ်၊ ဟင်္သာကြီးဆိုတဲ့ရွာမှာ ဦးစံပွင့်ဆိုတဲ့ အဖေ့မိတ်ဆွေအိမ်မှာ တည်းပါတယ်၊ နောက်ညနေမှာ ဖဲအကြီးအကျယ် ရိုက်တဲ့ အနီးအပါးရွာသို့ သွားကြပါတယ်၊ ဖဲဒိုင်ခံတဲ့အိမ်ဟာ အလှူပွဲ ကလေးလိုဘဲ ဟင်းကောင်းချက်ပြီး ဖဲသမားတွေကို ကျွေးပါတယ်၊ အဲဒီ အထဲမှာ နာမည်ကြီး ဖဲသမားတစ်ယောက်က တပည့်တော်ကို ငွေတစ်ကျပ်ပေးလို့ ဖဲရိုက်တဲ့နေရာမှာ ဘေးကနေပြီး ထိုးလိုက် ပါတယ်၊ ရှုံးပါရော့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အလောင်းအစား ဝါသနာပါပေမယ့် အကျိုးမပေးဘူး ထင်တယ်။
တပည့်တော်။ ။ အစစ်အမှန် စဉ်းစားယင်တော့ ဖဲသမားဆိုတာ တစ်လှည့်လောက် အကျိုးပေးပေမယ့် နောက်တော့ အိတ်ထဲက ပါတာပါဘဲ၊ တပည့်တော် အတွက်တော့ အကျိုးမပေးတာဟာ ကံကောင်းပါတယ်၊ အကျိုးပေးနေယင် ဖဲသမားကြီးဖြစ်မှာ စိုးရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီကနေပြီး ဘယ်သွားသလဲ။
တပည့်တော်။ ။ မိမိတို့ရွာ (သရိုင်)သွားပြီး ရက်နဲနဲကြာတဲ့အခါ ရွှေဘိုပြန်တာပါဘဲ၊ ရွှေဘိုပြန်တော့ သားအဖနှစ်ယောက် မြင်းတစ်စီးစီနဲ့ ဝက်လက် သွားပါတယ်၊ ဒီ အချိန်မှာ အဖေစီးနေကျ မြင်းတစ်စီးအပြင် တော်တော် ပြေးတဲ့မြင်းကလေး တစ်စီးလည်း ဈေးကောင်းကောင်းရယင် ရောင်းဖို့ထားတာ ရှိပါတယ်၊ အဲဒီ မြင်းကလေးကို အဖေကစီး, မြင်းကြီးကို တပည့်တော်က စီးပါတယ်၊
ဝက်လက်မရောက်ခင်တော့ မှန်မှန်ပါဘဲ, ဝက်လက်ထဲ ရောက်တော့ (အဖေက မြင်းကောင်းကြောင်း ပြချင်လို့နဲ့တူပါရုံ) အပြေးစီး ပါရော၊ တပည့်တော်မြင်းကြီးကလဲ အတုလိုက်ပြီးပြေးလို့ မြင်းပေါ်က မကျအောင် အတော် ထိန်းထားရတယ်၊ ကြောက်လိုက်တာလဲ မပြောနဲ့တော့။
ဓမ္မဂုတ်။ ။ ရွှေဘိုရောက်တော့ ပျော်ရဲ့လား။
တပည့်တော်။ ။ ဒီတစ်ခါတော့ ကျောင်းရှိသံဃာ အားလုံးက အရေးပါနေကြပြီ ဖြစ်လို့ ပျော်ပါတယ်၊ ကျောင်းသားချင်းလဲ ဘောလုံးကန်ကြပါတယ်။ ရင်းနှီးတဲ့ ကျောင်းသားတချို့ကတော့ “လူညှာနဲ့ သာယံ”တို့ဖြစ်ပါတယ်၊ ဘောလုံးဆိုပေမယ့် မန္တလေးတုန်းကကန်ခဲ့တဲ့ သင်္ကန်းစုတ်တွေ လုံးထားတဲ့ ဝံသာနုဘော့လုံးပါဘဲ၊ စာကိုလဲ နေ့လယ် ဆွမ်းစားကျောင်းဘုန်းကြီး ဆီမှာ ဋီကာကျော်လိုက်ပြီး သုံးနာရီလောက်ကျတော့ ဆရာ့ဆီမှာ သီလက္ခန်အဋ္ဌကထာ ဆိုရပါတယ်၊
ညကျတော့ ယမိုက်ဆိုရပါတယ်၊ နံနက်ပိုင်းမှာ ပထမတော့ အဋ္ဌသာလိနီ ဆိုရပါသေးတယ်၊ နောက်တော့ စာဝါများလို့ ရပ်ထားရပါတယ်၊ တပည့်တော်ရဲ့ စာဆိုသံကို ဆရာတော်ကြီးက ကြားတော်မူလို့ တပည့်တော်ကို အလွန်အရေး ပါပါတယ်၊ ညနေ ဘုရား ဝတ်မတက်ခင် စားစရာပေးပြီး ပါဠိ စီကုံးခိုင်းလေ့ရှိပါတယ်၊ တစ်ခါတစ်ရံ ဂါထာစီလဲ ခိုင်းပါတယ်၊ တပည့်တော်တို့ပြန်သွားတဲ့ အခါတောင်မှ တပည့်တော်ရဲ့ဂုဏ်ကို သံဃာ့အလယ်မှာ မိန့်တော်မူပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘောလုံးကန်တဲ့ ကစားနည်းတော့ သိပ် ဝါသနာ ပါဟန်တူတယ်။
တပည့်တော်။ ။ ဝါသနာပါတယ်လို့ ဆိုရမှာပါဘဲ၊ ယခုတောင် နိုင်ငံခြားနဲ့ ကန်တဲ့ သတင်းကို ဂရုစိုက်ပြီး ဖတ်ပါသေးတယ်၊ အဲဒီတုန်းကရွှေဘိုမှာ ဝါတွင်း(မိုးတွင်း)အခါ အသင်းဖွဲ့ပြီးကန်ရတဲ့ ဘော့ပွဲလဲ ရှိပါတယ်။ ထိုအချိန်မှာ ရုံးသင်းဟာ အကောင်းဆုံးပါဘဲ၊
စာရေးကြီးထင်ပေါ်တို့, ပျာတာ ဖိုးငယ်တို့ မြို့အုပ်ကြီးတို့ဟာ အလွန်ကောင်းတဲ့ ဘောသမားတွေပါ။ စာရေးကြီးထင်ပေါ် ဆိုတဲ့လူဟာ လူကတော့ ခပ်သေးသေးဘဲ ဂိုးအပြင် စီးကနေပြီး ကန်လိုက်တဲ့ဘောလုံးဟာ ကွင်းအလယ်လောက် ရောက်သွား တာဘဲ၊ ပရိတ်သတ်က “ထင်ပေါ်ကွ”လို့ အော်ကြတယ်၊ တပည့်တော်လဲ အော်တာဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ စာဝါတွေ ပြည့်နေတဲ့ကြားက ဘယ်လိုလုပ်ပြီး ဘော့ပွဲ သွားသလဲ၊ ကိုယ်တော့်ဆရာက ခွင့်ပြုသလား။
တပည့်တော်။ ။ ဆရာကခွင့်ပြုတာပေါ့၊ ဆရာကိုယ်တိုင်လဲ ဝါသနာပါတာဘဲ။ အဲဒီခေတ်က ရဟန်းသာမဏေများ ဘောလုံးပွဲ မလာကြပါဘူး၊ တပည့်တော် ကတော့ ကျောင်းသားဘဝမို့ လွတ်လပ်တာပါ၊ ညနေ သုံးနာရီ စာဝါ ဆိုပြီးယင် ညအခါဆိုဖို့ ယမိုက်ကို တော်တော်ရတဲ့အခါ ဘောပွဲမှီအောင် ခပ်ပြေးပြေး သွားတာပါဘဲ၊ ဘောပွဲပြီးယင် ကုလားကြီးဆီက ကုလားပဲပြုတ်ဝယ်ပြီး လမ်းမှာ စားယင်း ခပ်ပြေးပြေး ပြန်လာပါတယ်၊ ကျောင်းတိုက် ရောက်တော့ ညဆိုရမယ့် ယမိုက်ကို ထပ်ပြီးကြည့်ပါတယ်၊ ညမှာဆိုတဲ့အခါ ဆရာက မထောက်ရပါဘူး၊ တပည့်တော်ဘာသာ ဆိုသွားတာပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော် စာသင်ရတာက ပျော်ပျော်ပါးပါး ကစားယင်း, ဘော့ပွဲ ကြည့်ယင်း သင်ရတာမို့ ကိုယ်တော့်မှာလဲ ကျန်းကျန်းမာမာနဲ့ စာတော်လာတာ ထင်တယ်။
တပည့်တော်။ ။ ထင်စရာပါဘဲဘုရား၊ တပည့်တော်မှာ စာသင်ရလို့ မပျင်းခဲ့ပါဘူး၊ ဉာဏ်ကလဲ ကျက်ဉာဏ်ကတော့ အကောင်းကြီး မဟုတ်ပါဘူး၊ ဆရာပြောသမျှကို မှတ်မိတဲ့ဉာဏ်, ရပြီးမမေ့တဲ့ဉာဏ်ကတော့ ကောင်းပါတယ်၊ ကျန်းမာရေး သိပ်မချို့ယွင်းတာကတော့ ကျောင်းသားဘဝနဲ့ အကြာကြီးနေပြီး ညစာစားပြီး စာသင်ရတာလဲ အကြောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ တပည့်တော်ကို လူထွက်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြတဲ့အတွက် စောစော ကိုရင်ဝတ်ဖို့ မစီမံကြပါဘူး။
ဓမ္မဂုတ်။ ။ ရွှေဘိုနေတုန်းမှာ သရိုင် မပြန်ရဘူးလား။
တပည့်တော်။ ။ ရွှေတောင်ကျောင်း ဆရာတော်ကြီး ပြန်လွန်တော်မူတော့ တပေါင်းလ သင်္ဂြိုဟ်မှာမို့ တပည့်တော် ပြန်ပါသေးတယ်၊ အဲဒီ ဆရာတော်ပြန်မှာ လောင်တိုက်တွေ၊ နတ်လမ်းတွေ ရုပ်သေး, အငြိမ့်တွေနဲ့ အလွန်စည်ကားလှပါတယ်။ အလောင်းကို နတ်ရထားနဲ့ လောင်တိုက်ပေါ် တင်တဲ့အခါ တပည့်တော်ကို နတ်မြင်းပျံစီးဖို့ စီမံကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က နတ်ရထားပေါ်မှာ နတ်သားလုပ်ပြီး နတ်မြင်းပျံ စီးရမယ်ဆိုတော့ ကိုယ်တော်က ရုပ်ချောလို့လား။
တပည့်တော်။ ။ ရုပ်ချောလို့တော့ မဟုတ်ပါဘူး၊ မြို့မှာ အနေများလို့ သန့်ရှင်းတဲ့ ရုပ်ကိုကြည့်ပြီး ရွေးကြတာဖြစ်ပါလိမ့်မယ်၊ တပည့်တော်က ဆယ့်လေးနှစ်သား လောက်ကထဲက ရွာရောက်တဲ့အခါ ရှင်ပြုအလှူရှိယင် ညဉ့်အခါ သံဃာစင်ပေါ် တက်ပြီး သင်္ဂြိုဟ်စကား ပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် တပည့်တော်က ရွာမှာ ထင်ရှားပြီး လူချစ်များသောကလေး တစ်ယောက်မို့ ရွေးကြတာလဲ ဖြစ်ဟန် တူပါတယ်၊ အဲဒီတုန်းက“ခါနွေ ညှာကြွေ လေပြေလေ ဆော်သွင်း ဆော်သွင်း”ဆိုတဲ့ သီချင်းတောင် ကျက်ရပါသေးတယ်၊ ဒါပေမယ့် လူကြီးတွေက သဘောမတူလို့ ထင်ပါရဲ့ နတ်ရထား မစီးဖြစ်ပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီ ဘုန်းကြီးပြန်ပွဲမှာ မပျော်ဘူးလား။
တပည့်တော်။ ။ ပျော်တာတော့ မပြောနဲ့တော့ ရွယ်တူတွေက ရှင်လူထွက် ဖြစ်ကုန်ပြီ၊ တပည့်တော်က မြို့သားလိုဖြစ်နေတော့ အားလုံးက အရေးပါကြတယ်၊ တပည့်တော်ကလဲ အဲဒီ ရှင်လူထွက် သူငယ်ချင်းတွေနဲ့အတူ ပိုလိုကို သောက်လေ့ မရှိပေမယ့် ဟန်သောက်တော့ သောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါဖြင့်ရွာမှာ ဆက်မနေချင်ဘူးလား။
တပည့်တော်။ ။ တပည့်တော်မှာ သင်ပြီးဖြစ်တဲ့ ပိဋကစာပေတွေက တပည့်တော်ကို ရွာမှာနေခွင့် မပေးသလို ဖြစ်နေပါတယ်၊ တပည့်တော်ကလဲ ပိဋကစာတွေကို အလွန် လေးစားပါတယ်၊ အဲဒီစာတွေကိုပစ်ပြီး ရွာကို မချစ်နိုင်ပါဘူး၊ ရွာထက် စာကိုချစ်လို့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေပေါပြီး ပျော်စရာကောင်းတဲ့ရွာကို ပစ်ခဲ့ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ မေးပါရစေ, ကိုယ်တော်တို့ရွာက ဒုတိယအကြိမ် ရွှေကျင်သာသနာပိုင် ဖြစ်တော်မူတဲ့ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားရဲ့ ဆွေမျိုး အများနေတဲ့ရွာ, မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရား ရဟန်းဖြစ်ရာ သိမ်တော်နှင့် စေတီတော် ပေါများတဲ့ရွာ, ရွှေတောင်ကျောင်းဆရာတော်ကြီးကလဲ မဟာဝိသုဒ္ဓါရုံဆရာတော်ကို စောင့်ရှောက်ပြီး အရှေ့ဝိသုဒ္ဓါရုံတိုက်မှာ တိုက်အုပ်ဘုန်းတော်ကြီးဖြစ်ခဲ့တဲ့ ဆရာတော်ကြီးလို့ ဆိုတယ်၊
အဲဒီလို ဆရာတော်ကြီးပြန်တော်မူတဲ့ကိစ္စမှာ ဒီလိုရွာက ရုပ်သေး, အငြိမ့်တွေနဲ့ ဘုန်းကြီးပြန်ဈာပနကို ပြာကျစေတယ်ဆိုတာ အမြီးအမောက်, အထက်အောက် ညီပါရဲ့လားကိုယ်တော်၊ ကိုယ်တော်လဲ ပျော်ရုံသာပျော်ပြီး ဒီအချက်တွေကို အဲဒီတုန်းက မစဉ်းစားမိဘူးလား။
တပည့်တော်။ ။ အလုပ်လုပ်ကြပုံကတော့ ဘယ်မှာ အမြီးအမောက် ရှေ့ နောက် ညီတော့မှာလဲဘုရား၊ အဲဒီအခါတုန်းက တပည့်တော်လဲ ကျောင်းသား ဘဝမှာ ရှိနေသေးတာမို့ ပျော်ရုံဘဲ ပျော်တတ်ပါတယ်၊ မစဉ်းစားတတ်သေးပါဘူး၊ အမှန် ကတော့ ရွာက ရဟန်းသံဃာတော်ထဲမှာရော ရွာသူ ရွာသားထဲမှာရော စဉ်းစားတတ်သူတွေရှိပေမယ့် အားနဲဟန်တူပါတယ်။
မန္တလေးကို စာသင်ကြွကြတဲ့ ရဟန်းအများကလဲ “ဘုန်းကြီးပြန် ကြာကြာ မထားရ၊ ပွဲလမ်းမပါရ”ဆိုတဲ့ ဂိုဏ်းစည်းမျဉ်းဥပဒေကို လေးစားမှုထက် မန္တလေးကအကျင့် ရလာတဲ့ အပျော်အပါးကို ဂရုစိုက်ကြဟန်တူပါတယ်၊ အဲဒီရွှေတောင်ဆရာတော်ကြီး ပြန်တော်မူချိန်မှာ မန္တလေးမဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးလဲ သက်တော် ထင်ရှား ရှိပါသေးတယ်၊
အားလုံးခြုံပြီး စဉ်းစားရယင် အဲဒီ ဘုန်းကြီးပြန်ဈာပနဟာ ရင်နာစရာကြီး ဖြစ်ပါတယ် ဘုရား၊ ဒီလိုဘုန်းကြီးပြန်ကိစ္စ၌ အကြီးအကျယ် ပွဲသဘင် လုပ်မှုရဲ့အပြစ် တွေကို “အနာဂတ်သာသနာရေးကျမ်း”မှာ တပည့်တော် စိစစ်ညွှန်ပြပြီး ဖြစ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အင်း... “ခေါင်က မိုးမလုံ”ဆိုတာလို ဒုတိယရွှေကျင်သာသနပိုင် ထွက်တဲ့ အရပ်က မဟာဝိသုဒ္ဓါရုံ ရွှေကျင်ဆရာတော်ကြီး သက်တော်ထင်ရှား ရှိတုန်းမှာပင် ရွှေကျင်ဂိုဏ်းရဲ့ စည်းမျဉ်းကို မလိုက်ဘူး ဆိုတော့ ကိုယ်တော့်ရွာ၍ နောင်အချိန်တွင် သာသနာရေးမှာ ဘယ်လို နေလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာ မလိုတော့ဘူးပေါ့နော်၊ ဒါထက် ကိုယ်တော့်ဆရာနဲ့ ကိုယ်တော်တို့ ဘယ်အချိန်မှာ ရွှေဘိုမြို့ မိတ္ထီလာတိုက်မှ ခွဲခွါခဲ့ကြသလဲ။
တပည့်တော်။ ။ အဲဒီ ဆရာတော်ပြန်က အပြန်မှာ သိပ်မကြာဘူးလို့ ထင်ပါတယ်၊ တပည့်တော်တို့ စစ်ကိုင်းရုက္ခမူချောင်မှာ ခေတ္တ ရွှေ့လာပါတယ်။
ဓမ္မဂုတ်။ ။ ရုက္ခမူချောင်ရောက်တော့ ကိုယ်တော်က ဘာလုပ်ရတုန်း။
တပည့်တော်။ ။ နံနက်စောစော အားလုံးယာဂုသောက်ပြီးတဲ့အခါ စစ်ကိုင်းမြို့ထဲသို့ သံဃာများ ဆွမ်းခံကြွကြပါတယ်၊ အဲဒီအချိန်မှာ မန်ကျည်းရွက်ဟင်း စတဲ့ ဟင်းရည် ချက်ရပါတယ်၊ ဟင်းရည်ကိုလဲ သက်လွတ်တစ်မျိုး, သက်မလွတ်တစ်မျိုး နှစ်မျိုး ချက်ရပါတယ်၊ ဟင်းရည်ချက်ပြီးတော့ စစ်ကိုင်းကပြန်လာတဲ့ ဆွမ်းဟင်းဗျပ်ဆိုင်းကို မြို့ပေါက်လောက်ကနေပြီး ကြိုရပါတယ်၊
အဲဒီလို ဟင်းချက်တုန်း အကြိုသွားတုန်းမှာလဲ တပည့်တော် ကျက်စရာရှိတဲ့စာကို ကျက်ပါတယ်။ ထိုအချိန်က အတိသုဒ္ဓါရုံချောင် မရှိသေးပါဘူး၊ အတိသုဒ္ဓါရုံ ဆရာတော်ကြီးက ရုက္ခမူချောင်မှာ သီတင်းသုံးပါတယ်၊ တပည့်တော်က ဆရာတော်ကြီးပို့ချတဲ့ အဋ္ဌသာလိနီနှင့် မူလဋီကာကိုလိုက်ပြီး ဆရာ့ထံမှာ သီလက္ခန်အဋ္ဌကထာကို ဆိုပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ရုက္ခမူချောင်မှာ ဘယ်လောက်ကြာတုန်း။
တပည့်တော်။ ။ သိပ်မကြာပါဘူး၊ ကဆုန်လလောက်မှာ ပလိပ်ကပင့်လို့ မြောင်းမြ ဆရာတော်လောင်းဖြစ်တဲ့ စာချဆရာနဲ့ အတူ ပလိပ်မြို့သို့ လိုက်သွားရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ပလိပ်မှာကော ကိုယ်တော် ပျော်ရဲ့လား။
တပည့်တော်။ ။ လူဆိုတာ ကိုယ့်ကို အရေးပါတဲ့နေရာမှာ ပျော်တာချည်းဘဲဘုရား၊ ပလိပ်ရောက်တော့ ကျောင်းဒကာ ဦးခင်ဆိုတာ ရွှေကျင်ဂိုဏ်း ဒကာ မဟုတ်ပေမယ့် ရွှေကျင်ဒကာတွေကို ပင့်ပေးပါဆိုလို့ ရွှေကျင်ဒကာများက ပင့်ရတာဖြစ်တော့ ရွှေကျင်ဒကာ - ဒကာမများကရော, ကျောင်း ဒကာရဲ့ ဆွေမျိုးများကရော ပါလာတဲ့ သံဃာအားလုံးကို သိပ်ဂရုစိုက်ကြပါတယ်၊ တပည့်တော်ကိုတော့ ပထမလတ် ဝင်မယ့် ကျောင်းသားဆိုပြီး အထူး အရေးပါကြပါတယ်၊ ဒီတော့ တပည့်တော်ဟာ ပလိပ်မှာမပျော်ဘဲ နေပါ့မလား။
ဓမ္မဂုတ်။ ။ ကိုယ်တော် ပထမလတ်ဝင်တော့ ပလိပ်ကသွားပြီး ဘယ်မှာ တည်းသလဲ။ အောင်ကော အောင်ရဲ့လား။
တပည့်တော်။ ။ ငယ်ငယ်က နေခဲ့ဖူးတဲ့ ဝိသုဒ္ဓါရုံတိုက် ဆီးပင်ကျောင်းမှာ တည်းပါတယ်၊ တပည့်တော်က ပထမလတ်ထက်မြင့်တဲ့ စာတွေကိုတောင် တက်နေတာဖြစ်လို့ အလွယ်တကူနဲ့ အောင်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ပလိပ်မြို့ဟာ အဲဒီ အချိန်က ငှက်ဖျားရှိတယ်လို့ ဆိုပါတယ်။ ကိုယ်တော် မဖျားဘူးလား။
တပည့်တော်က။ တပည့်တော်က ငှက်ဖျားမှာ ဗွေဆော်ဘဲ၊ နောက်တော့ အခြား သံဃာများလဲ ဖျားပါတယ်၊ ဝါတွင်းမှာ သံဃာအစိတ်လောက် ရှိပါတယ်၊ မဖျားတဲ့သူ မရှိသလောက်ပါဘဲ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုယင် မပျင်းကြဘူးလား။
တပည့်တော်။ ။ ဒကာ-ဒကာမတွေက သိပ်ပြုစုကြလို့ ဘယ်သူမှ မပျင်းကြပါဘူး။ တစ်ခါတစ်လေ မြို့ထဲက ဟင်းကောင်းများများ မပါတာကိုသိယင် “ရွှေမိုး”လို့ ခေါ်တဲ့ဒကာကြီးက ဈေးထဲသွားတာဘဲ၊ ဈေးထဲက နဲနဲစီစုပြီး ငါးဝယ်လာပါတယ်၊ အဲဒီနေ့မှာ ဟင်းကောင်းကောင်း ပူပူနွေးနွေး စားကြရပါတယ်။
မိုးရွာတဲ့အခါတော့ “ဒကာပို, ဒကာဦးလူငယ်, ဒကာကိုး”ဆိုတဲ့ ဒကာကြီးများက ဆွမ်းခံပေးကြပါတယ်။ အားလုံး သံဃာများဟာ စားလိုက်, ဖျားလိုက်နဲ့ ပျော်ကြပါတယ်၊ ဒါပေမယ့် တပည့်တော်မှာ စိတ်တစ်မျိုးဖြစ်လာပါတယ်၊ သူတို့က ဒါလောက် ဂရုစိုက်ယင် ငါတို့က “ပေါ့ပေါ့နေလို့ မဖြစ်ဘူး”လို့ စိတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် စာကောင်းကောင်း မအံရတဲ့ ဥပုသ်နေ့မှာ တာဝန်မကြေသလို စိတ်မှာ ဖြစ်ရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီလိုစားလိုက်, ဖျားလိုက်နဲ့ နေတဲ့အခါ တာဝန်ခံပြီး ပြုစုမယ့်သူကော ရှိကြရဲ့လား။
တပည့်တော်။ ။ တာဝန်ခံပြီး ပြုစုဖို့ရန် ကိုရင်များနှင့်ဦးပဉ္စင်းငယ်များအတွက် ပစ္စည်းလေးပါး ဒကာ-ဒကာမများ ရှိကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် ပစ္စည်းလေးပါး ဒကာ-ဒကာမကတော့ ဘယ်သူတွေတုန်း။
တပည့်တော်။ ။ တပည့်တော်ကိုတော့ ဘယ်သူကမှ တာဝန်ခံပြီး ဖိတ်တဲ့သူ မရှိပါဘူး။
ဓမ္မဂုတ်။ ။ အို ... ကိုယ်တော့်ကို အရေးအပါကြဆုံးဆို မဟုတ်လား၊ ဘာ့ကြောင့် ပစ္စည်းလေးပါး ဖိတ်မယ့်သူ မရှိသလဲ၊ ကိုယ်တော်က ကျောင်းသားဘဝမှာ ရှိနေလို့လား။
တပည့်တော်။ ။ မသိပါဘူးဘုရား၊ ဘယ်သူကမှ မဖိတ်တာတော့ အမှန်ဘဲ။ တပည့်တော်ကို ဝါဆိုခါနီးမှာ ဘိုးနဲ့ အမေလာပြီး သင်္ကန်းဝတ်ပေးလို့ ကျောင်းသား မဟုတ်တော့ပါဘူး၊ ကိုရင်ဖြစ်နေပါပြီ။
ဓမ္မဂုတ်။ ။ ကိုရင်ဖြစ်ပြီးတဲ့အခါ ကျောင်းသားတုန်းကလို ဆော့သေးသလား၊ ပွဲကော ကြည့်သေးသလား။
တပည့်တော်။ ။ ပလိပ်ရောက်ကထဲက မဆော့တော့ပါဘူး၊ ကိုရင်ဖြစ်သည်က စ၍ ပွဲလဲ မကြည့်တော့ပါဘူး၊ သိက္ခာကို စွမ်းနိုင်သမျှ ထိန်းပါတယ်။
ဓမ္မဂုတ်။ ။ “ရှင်ဇနက”ဆိုတဲ့ ဘွဲ့ကို ဘယ်သူက ပေးတာလဲ။
တပည့်တော်။ ။ ဆရာဘုန်းတော်ကြီးက “မင်းဘွဲ့ကို မင်းဘာသာ ကြိုက်သလို ပေးတော့”လို့ ခွင့်ပြုတာနဲ့ ရှေးနာမည်လဲဖြစ်ရမယ်, အနက်အဓိပ္ပာယ်လဲ ရှိရမယ် ဆိုတဲ့မူနဲ့ ရှာပါတယ်၊ ဒီတော့ ငယ်ငယ်တုန်းက စွဲလာခဲ့တဲ့ ဝီရိယ အရှင် ဖြစ်တော်မူသော “မဟာဇနက”အလောင်းတော်ကို သတိရလိုက်ပါတယ်၊ အဘိဓာန်မှာ အနက်အဓိပ္ပာယ်ကြည့်တော့ “တာတော=အဖ, ဇနကော=အဖ, ပိတာ=အဖ”လို့ တွေ့ရပါတယ်၊
ဒီတော့ “ငါလဲ လူအများရဲ့ အဖအရာမှာ နေရလောက်အောင် ဉာဏ်ကောင်းပြီး ပညာအရှိသားဘဲ၊ အလောင်းတော်ရဲ့ နာမည်လဲဖြစ်တယ်, ဘုရားရှင်ကို အလေး ဂရုပြုရာလဲရောက်အောင် “ရှင်ဇနက”ဆိုတဲ့ နာမည်ကို သဘောကျကြောင်း လျှောက်တော့ ဆရာကလဲ ဆန်းဂိုဏ်း အလိုနှင့်လဲ သင့်တာနဲ့ ဒီဘွဲ့ကိုခွင့်ပြု လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဝတ်ပုံ စားပုံကိုတော့ ဘယ်သူက သင်ပေးသလဲ။
တပည့်တော်။ ။ စားပုံကိုတော့ စစ်ကိုင်း ချမ်းအေးဆရာတော် (ဒုတိယ မဟာ ဂန္ဓာရုံဆရာတော်)က ကလေးတုန်းကပင် သင်ပေးထားလို့ တတ်ပြီးဖြစ်ပါတယ်၊ သင်္ကန်းဝတ်တော့ ဆရာက မတိုမရှည် ညီညီဝတ်ရမယ်လို့ အမိန့်ပေးထားတဲ့ အတွက် ညီ-မညီကို ကိုယ့်ကိုယ်လဲကြည့်, အရိပ်ထဲလဲကြည့်, ညဉ့်စာပြန်ယင်း လသာမီးအိမ်အောက်မှာလဲ အရိပ်ကြည့်ပြီး ခဏခဏ ပြင်ဝတ်, ပြင်ရမ်းနဲ့ လေ့ကျင့်ပါတယ်၊ သင်္ကန်းရုံလဲ ကောင်းတဲ့ပုဂ္ဂိုလ်များကို ပြဖို့ပြောပြီး သင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပလိပ်မှာ ကိုရင်ဖြစ်ရက်သားနဲ့ ရှင့်ဒကာလဲ မရှိ ပစ္စည်းလေးပါး ဒကာလဲ မရှိ၊ ဒီလိုဆိုတော့ ကိုယ်တော့်ကို သိပ်ကြည်ညိုသူ မရှိဘူး ထင်တယ်။
တပည့်တော်။ ။ အရှင်ဘုရား ... တွေးမယ်ဆိုလဲ တွေးစရာပါဘဲ၊ ဒါပေမယ့် ကိုရင် ဖြစ်တဲ့ဝါမှာ ပထမဆုံး ဥပုသ်နေ့ရောက်တော့ ကျောင်းအမကြီးရဲ့ အဖေက သူ့ဇရပ်မှာ သီလပေးဖို့ တပည့်တော်ကို ပင့်ပါတယ်၊ တပည့်တော်ကလဲ ကိုရင်ကလေးပေမယ့် ဟောရေး ပြောရေးမှာ မရှက် မကြောက်တတ်တော့ လိုက်သွားတာဘဲ၊ သီလပေးပြီး ပြန်မယ်လို့ထတော့ ကိုရင် ရေစက်မချတော့ဘူးလား လို့ ဒကာကြီးကမေးပါတယ်၊ ဒီတော့ ချတာပေါ့ဗျာဆိုပြီး ပြန်ထိုင်ကာ “ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု”ကို အနက်ပါ ပေးပြီး ရေစက်ချပါတယ်၊ ပြီးတော့ ပြန်လာခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ နောက်သီတင်းရောက်တော့ မပင့်တော့ဘူးလား။
တပည့်တော်။ ။ နောက်သီတင်းလဲ အဲဒီဇရပ်က တပည့်တော်ကို ပင့်ပါတယ်။ ရေစက်ချပြီးတဲ့အခါ တရားဟောပါအုံးဆိုလို့ ဓမ္မပဒထဲက ဂါထာတစ်ပုဒ် ရွတ်ပြီး တရားဟောပါတယ်၊ အဲဒီအခါကစပြီး တရားဟော ကောင်းတယ်လို့ နာမည်ဖြစ်သွား ပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ကိုယ်တော်က တရားဟောတော့တာဘဲလား။
တပည့်တော်။ ။ မဟောလို့လဲ မဖြစ်တော့ဘူးဘုရား၊ တပည့်တော်ကို ဥပုသ်နေ့ မှာလဲ ဆရာက ဒီဃနိကာယ် ပါဠိတော်နှင့် အဋ္ဌကထာစာဝါကို ပို့ချတယ်။ စိတ်မထင်ယင် ငေါက်ရုံမကပါဘူး ဖနောင့်နဲ့လဲ တစ်ခါတစ်ခါ ပေါက်ပါတယ်၊ တပည့်တော်က ငိုယင်းစာဆိုနေတာဘဲ၊
ဥပုသ်နေ့ကြုံတဲ့အခါ တပည့်တော် စာဆိုတာကို ဥပုသ်သည်တွေက နာ နေပါတယ်၊ စာဆိုပြီးတော့ ကျောင်းအောက် ဥပုသ်သည်တွေက အပင့်ခိုင်းလို့ တပည့်တော်ကို လာပင့်ပါတယ်၊ တပည့်တော်လဲ တစ်ခါတစ်လေ မျက်ရည်သုတ်ပြီး လိုက်သွား တာဘဲ၊ ကျောင်းအောက်ရောက်တော့ သီလပေးပြီး တရားတစ်ပုဒ်တော့ ဟောလိုက် သေးတာဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟောသမျှ သဘောကျတာချည်းဘဲလား။
တပည့်တော်။ ။ သဘောကျ မကျတော့ မပြောနဲ့တော့၊ သီတင်းကျွတ်လို့ ကထိန်ပွဲမှာ မန္တလေးဝိသုဒ္ဓါရုံတိုက်က နိုင်ငံကျော် ဓမ္မကထိကများနဲ့အတူ တပည့်တော်ကိုလဲ ညတရားဟောဖို့ရန် တိုက်တွန်းကြတာပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ အရှက်မရှိ ဟောတာဘဲလား။
တပည့်တော်။ ။ တရားဟောတာ ဘာရှက်စရာရှိလဲ၊ တပည့်တော်က ကိုယ့်ဘာသာ စီစဉ်ပြီး ဓမ္မကထိကအစစ်လို ညတရားအရှည် ဟောတာဘဲ၊ အဲဒီတုန်းက ဟောတဲ့ တရားဟာ အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါတို့ ပါရမီဖြည့်ခဲ့ပုံ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အများက သဘောကျရဲ့လား။
တပည့်တော်။ ။ သဘောကျ မကျကို စဉ်းစားပေတော့၊ တရားဟောပြီး မကြာခင် ဆည်ရွာအလှူက ညတရားဟောဖို့ လာပင့်တာဘဲ၊ မန္တလေး ဝိသုဒ္ဓါရုံတိုက်ကလဲ “တရားဟောကောင်းတဲ့ ကိုရင်”လို့ စာချဘုန်းတော်ကြီးများကပါ အသိအမှတ် ပြုသွားပါတယ်။
ဓမ္မဂုတ်။ ။ ဆည်ရွာလိုက်ပြီး ညတရား ဟောသေးသလား။
တပည့်တော်။ ။ ဆရာဘုန်းတော်ကြီးက ငယ်ငယ်ရှိသေးတယ်၊ ညတရားဟော လို့တော့ မတော်ဘူးလို့ တားမြစ်တာနဲ့ မဟောဖြစ်ပါဘူး၊ ကျောင်းမှာရှိတဲ့ ဓမ္မကထိက ဦးပဉ္စင်းတစ်ပါး လိုက်ပြီးဟောပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်ကို သိပ်ကြည်ညိုကြတာဘဲနော်၊ ဒါတောင် ပစ္စည်းလေးပါး ဖိတ်မယ့်သူ မရှိဘူး၊ တခြားကိုရင် ဦးပဉ္စင်းတွေမှာတော့ ဖိတ်တဲ့ သူတွေ အရှိသားနဲ့။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ ဒါပေမယ့် တစ်နေ့တော့ အဲဒီအရပ်သား လူနာမည်
“ထွန်းရွှေ”လို့ ခေါ်တဲ့ ကိုရင်တစ်ပါးက စာကလေး လာပေးတယ်၊ စာရဲ့ အဓိပ္ပာယ်က ပစ္စည့်လေးပါးဖိတ်တဲ့ စာဘဲ၊ ဖိတ်တဲ့သူရဲ့ နာမည်က ကျောင်းမှာ ကြည်ညိုတဲ့ အမျိုးသ္မီးထဲမှာ အဆင့်အတန်းအမြင့်ဆုံး ဖြစ်ပြီး တပည့်တော်ထက် နဲနဲငယ်တဲ့ အမျိုးသ္မီးရဲ့နာမည် ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က သိပ်ဝမ်းသာ မသွားဘူးလား။
တပည့်တော်။ ။ ဝမ်းမသာအားပါဘူး၊ တွေးတောစရာတွေ အလွန်များသွားပါတယ်၊ ဒီကိစ္စဟာ နောင်တစ်ချိန်မှာ ရှုပ်ထွေးစရာရှိတယ်၊ ကျောင်းလဲ နာမည်ပျက်နိုင်တယ်၊ ဒီစာကို ဆရာ့ထံပြမှဖြစ်မယ်လို့ စဉ်းစားပြီး စာကို ဆရာ့ထံပြမယ်လို့ အသွား လမ်းမှာ ရှိတဲ့အခန်းက ဦးပဉ္စင်းတွေနဲ့ စာပေးတဲ့ကိုရင်တို့ ထွက်လာပြီး တပည့်တော်ကို တားကြပါတယ်၊ ကိုယ်တော် စိတ်ကိုစမ်းချင်လို့ ရေးကြတာပါတဲ့၊ ဆရာ့ကိုမလျှောက် ဖို့ရန် တောင်းပန်ကြပါတယ်။
ဓမ္မဂုတ်။ ။ သြော် ... ဒီလိုကိုး၊ ကိုယ်တော်က ဝမ်းသာပြီး ငြိမ်နေလိုက်ယင် ကိုယ်တော့်ကို “အူလယ်လယ်အကောင်ဘဲ”လို့ ထင်ကြမှာပေါ့နော်။
တပည့်တော်။ ။ သူတို့ထင်တာ မထင်တာ အရေးမကြီးပါဘူး၊ လမ်းစဉ်အတိုင်း မှန်အောင်သွားဖို့သာ တပည့်တော်ရဲ့ တာဝန်ပါ။
ဓမ္မဂုတ်။ ။ သူတို့က အဲဒီလို စာရေးရအောင် အဲဒီအမျိုးသ္မီးက ကိုယ်တော့်ကို အထူး ကြည်ညိုလို့လား။
တပည့်တော်။ ။ တပည့်တော်ကို သူတို့အားလုံးက ကြည်ညိုတယ်ဆိုတာ သိလို့ အဲဒီအမျိုးသ္မီးကလဲ ကြည်ညိုမှာဘဲလို့ ယူဆကြဟန်တူပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီအမျိုးသ္မီးက ကြည်ကော မကြည်ညိုဘူးလား။
တပည့်တော်။ ။ နောင်အခါ တပည့်တော်ရဲ့ ရဟန်းအမဖြစ်မယ့် ဒကာမရဲ့ ဆွေမျိုးဖြစ်လို့ တပည့်တော်ကို သူအိမ်ထောင်ကျပြီးလဲ ကြည်ညိုပါတယ်၊ တပည့်တော်ကလဲ အရေးပါပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ပလိပ်မှာနေတဲ့အခါ ငှက်ဖျားဖျားတော့ ဘယ်ကဆရာနဲ့ ဆေးကုသလဲ၊ အဲဒီအခါတုန်းက ဆရာဝန်လည်း သိပ်မရှိသေးဘူး။
တပည့်တော်။ ။ ဖျားတဲ့အခါ ဗျင်းကလေးရွာက “ဆရာနှစ်”ဆိုတဲ့ ဆေးဆရာကြီးက ကုသပေးပါတယ်၊ သူ့ရဲ့သား နှစ်ယောက်က ကိုရင်အဖြစ်နဲ့ ကျောင်းမှာရှိပါတယ်၊ အဲဒီသားကိုရင်များကို အကြောင်းပြုပြီး တစ်ကျောင်းလုံးကို ဆေးကုသပေးပါတယ်၊ အဲဒီဆရာကြီးက တောင်သာဂိုဏ်း ဆရာကြီးပါ၊ တော်လဲ တော်ပါတယ်၊ ပစ္စည်းလဲ ရှိပါတယ်၊ တစ်ပါးမှလဲ မပျက်စီးပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အဲဒီဆေးကုနည်းကို မရလိုက်ဘူးလား။
တပည့်တော်။ ။ တပည့်တော်လဲ အဲဒီ တောင်သာဂိုဏ်းရဲ့ ဆေးကုနည်းကို အတော် များများ ရလိုက်ပါတယ်၊ အဲဒီလက်တွေ့ကြောင့် ပဲကျား (စွန်တာနီ) ပဲပြုတ်ဟာ ကျန်းမာရေး ကောင်းတယ်၊ သံပုရာသီး, ရှောက်သီး တို့ဟာ ဓာတ်စာတောင် ဖြစ်နိုင်ပါတယ်၊ အုန်းရည်ဟာ ဆောင်းအခါ နံနက်စောစော သောက်ယင် ကျန်းမာရေး ကောင်းတယ်၊ ဟိုခေတ်က “ကွီနိုင်”တောင် မပေါ်သေးတော့ “ကွီနိုင်” အစား ဂန့်ဂလာရွက်ကို သုံးခွက် တစ်ခွက်တင် ကျိုပြီး အဖျားဖြတ်ဆေး လုပ်ရတယ် ဆိုတာတွေကို နားလည်ခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်မှာ ပလိပ်နေပြီး ငှက်ဖျား ဖျားရတာ အကျိုး များတာပေါ့နော်၊ ယခု ကိုယ်တော် ကျန်းမာရေး လိုက်စားတာဟာ ပလိပ်ရဲ့ ကျေးဇူးလို့ ဆိုရမှာပေါ့။
တပည့်တော်။ ။ ဆိုထိုက်ပါတယ်၊ ပလိပ်မြို့အတွက်တော့ တပည့်တော်ရဲ့ မွေးရပ်လို ဖြစ်ပြီး ရင်းနှီးတဲ့ ဒကာ-ဒကာမ အများစုဟာ ဆွေမျိုးတွေလို ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီပလိပ်မှာနေတုန်း ကိစ္စအထူးတော့ ဘာများဖြစ်သေးတုန်း။
တပည့်တော်။ ။ တပည့်တော်တို့ ပလိပ်မှာ ဒုတိယဝါမဆိုခင် မန္တလေးက မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ပြန်လွန်တော်မူပါတယ်၊ အဲဒီ ဆရာတော်ပြန် ဈာပနအခါမှာ ရင်းနှီးတဲ့ ဒကာ-ဒကာမများနဲ့အတူ တပည့်တော်တို့ သွားကြရပါတယ်၊ ဆီးပင် ဆွမ်းစားကျောင်းမှာ ဒကာမများတည်းခိုတဲ့ နေရာသို့ ကိုယ်တော်များ လာကြတဲ့ အခါမှာ ဟိုက ဒီက လက်အုပ်ချီကြလို့ ဘယ်ကိုယ်တော်မှ မသွားဝံ့ပါဘူး၊ ဒကာမများက အဲဒီလောက် ယဉ်ကျေးပါတယ်၊
ဒါတောင် “ဦးတိဏ္ဏ”ဆိုတဲ့ သရိုင်သား ဦးပဉ္စင်းက တပည့်တော်နဲ့ ရင်းနှီးတဲ့ အမျိုးသ္မီးကို သူလိုချင်တယ်, ပြောပေးစမ်းပါလို့ ခိုင်းသေးတယ်၊ အဲဒီလောက် ရိုင်းပါတယ်၊ ဒါ့ကြောင့် ဘုန်းကြီးကျောင်းမှာ အမျိုးသ္မီး ခပ်ရွယ်ရွယ်တွေ ညဉ့်အိပ် ညဉ့်နေ မသွားသင့်ပါ၊ တစ်ခါတုန်းကလဲ (တပည့်တော် ပခုက္ကူကပြန်မှ) သီလရှင် နှစ်ယောက် ဆွမ်းစားကျောင်းမှာ အိပ်ကြပါတယ်၊ ညကျတော့ အော်သံကြားလို့ တပည့်တော်လဲ ကပြာကယာ ထပြေးတော့ သီလရှင်ရဲ့လက်ကို ဒါးနဲ့တွက်ပြီး ဆင်းပြေးလို့ မမိလိုက်ပါဘူး၊ ဒီအထိ စိုးရိမ်စရာများပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီလောက် ယဉ်ကျေးပြီး ရင်းနှီးတဲ့ပလိပ်မှာ ဘယ်နှစ်ဝါနေပြီး ဘယ်လိုနည်းနဲ့ ခွဲခွါခဲ့ကြတုန်း၊ အဲဒီအခါမှာ ကိုယ်တော့်အသက်က ဘယ်လောက် ရှိနေပြီလဲ။
တပည့်တော်။ ။ အဲဒီပလိပ်မြို့မှာ နှစ်ဝါကြာပါတယ်၊ တပည့်တော်လဲ ပထမကြီး ဝင်နိုင်လောက်အောင် စာတွေပြည့်စုံတဲ့အပြင် ဒီဃနိကာယ် သုံးကျမ်းလုံး ပါဠိတော်ရော, အဋ္ဌကထာပါ ကုန်အောင်ဆိုပြီး ဖြစ်ပါတယ်၊ အသက်တော့ ဆယ့်ရှစ်နှစ် ပြည့်လုပါပြီ၊ ပထမလတ် အောင်ပြီးနောက် တစ်နှစ်နားပြီးဖြစ်လို့ ပထမကြီးဝင်ဖို့ရန် လက်မှတ်ထိုးထားပါတယ်၊
အဲဒီအခါမှာ ဆရာဘုန်းတော်ကြီးက တပည့်တွေ ဖျားလွန်းလို့ စိတ်မကောင်း ဖြစ်ဟန်တူပါတယ်၊ သံဃာလဲ သိပ်များများတိုးဖို့ မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားမိပါ လိမ့်မယ်။ ဒါ့ကြောင့် အဲဒီ ပလိပ်မြို့က ပြောင်းရွှေ့ဖို့ စဉ်းစားပါလိမ့်မယ်၊ သို့သော် ဒကာ-ဒကာမတွေက သိပ်ပြီး ဂရုစိုက်ကြတော့ “ရွှေ့တော့မယ်”ဆိုတဲ့ အကြောင်း ကိုလဲ ပြောရက်ဟန် မတူပါဘူး၊ ဒါကြောင့် မည်သူ့ကိုမျှ မပြောတော့ဘဲ တိတ်တိတ်ကလေး စစ်ကိုင်းကို ကြွတော့တာပါဘဲ။
ဓမ္မဂုတ်။ ။ ဒကာများက လိုက်မပင့်ကြဘူးလား။
တပည့်တော်။ ။ ချက်ချင်း လိုက်ကြပါတယ်၊ ဒါပေမယ့် ပြန်ပင့်လို့ မရတော့ပါဘူး၊ ကျန်ခဲ့တဲ့ တပည့်တွေလဲ အနေခက်ကြပါတယ်၊ အချိန်ကလဲ နွေပေါက်ခါစဖြစ်လို့ ညောင်ရွက်တွေလဲ ကြွေကုန်ပါပြီ၊ ကျီးကလေးတွေကလဲ ပျင်းကြဟန်တူပါတယ် တအာအာနဲ့၊ ဆရာမရှိတော့ တပည့်တွေ ကြာကြာနေလို့ အကျိုး မထူးတာနဲ့ တပည့်တော်တို့အားလုံး စစ်ကိုင်းတချို့ အခြားနီးစပ်ရာတချို့ ရွှေ့ကြ ပြောင်းကြ ရပါတယ်။
ဓမ္မဂုတ်။ ။ စစ်ကိုင်း ဘယ်ချောင်မှာ တည်းကြတုန်း။
တပည့်တော်။ ။ အရှေ့မှန်ကျောင်းမှာ တည်းကြပါတယ်၊ အရှေ့မှန်ကျောင်း ဆရာတော်က နိုင်ငံကျော် ဓမ္မကထိကဆရာတော် ဦးသုနန္ဒ ဖြစ်ပါတယ်။ မြောင်းမြ ဆရာတော်လောင်းဖြစ်တဲ့ ဆရာဘုန်းကြီးနဲ့ ဥက္ကံဘုရားကြီး တိုက်မှာ အတူ နေခဲ့ကြတယ်လို့ ကြားဖူးပါတယ်၊ ပြောမနာ, ဆိုမနာ ရင်းနှီးကြဟန်တူပါတယ်၊
တပည့်တော်တို့ဆရာက ငယ်ပါတယ်၊ ဒါပေမယ့် စာအရည်အချင်းတော့ ဆရာက သာပါတယ်၊ တစ်ခါတစ်ခါ“ဟေ့... ဖိုး … သ” လို့ ခေါ်သံကြားတော့ တပည့်တော်က မခံချင်ပါဘူး၊ ငါကြီးတဲ့အခါ “ဓမ္မကထိကတွေရဲ့ အောက်ကျ နောက်ကျ မဖြစ်စေရဘူး”လို့တောင် စိတ်ဖြစ်မိပါတယ်၊ ဓမ္မကထိက, စာချ နှစ်မျိုးတွင် သာသနာ့အလုပ်ကို စာချဘုန်းတော်ကြီးတို့ကသာ များများလုပ်နိုင်တာ ဖြစ်တော့ “စာချဘုန်းကြီးကို ဓမ္မကထိကဘုန်းကြီးက လေးစားရမယ်”လို့ ငယ်ငယ်ကထဲက ယူဆခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ရင်းနှီးလို့ “ဟေ့...တို့, ဖိုး..တို့.”ခေါ်တာကို ကိုယ်တော်က နာသလား။
တပည့်တော်။ ။ ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်က စာချဘုန်းကြီးတစ်ပါးကို ဒီလို မခေါ်သင့်ပါဘူး၊ စာချပုဂ္ဂိုလ် တစ်ပါးဖြစ်အောင် စာသင်ရတာဟာလဲ ဓမ္မကထိက ဖြစ်ဖို့ထက် ခက်တယ်လို့ ယူဆတာကြောင့် မကျေနပ်သလို ဖြစ်မိပါတယ်၊ ပုဂ္ဂိုလ် သဘောနဲ့တော့ ထိုဆရာတော်ကို တပည့်တော် ကိုယ်တိုင်လဲ ခင်မင်ပါတယ်။ လေးစားပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီနှစ်မှာ နေရာအပြောင်းအလွဲတွေဖြစ်ပြီး စာမတက်ရတော့ ပထမကြီး ဝင်ဖြစ်သေးသလား။
တပည့်တော်။ ။ ပထမကြီးဝင်ဖို့ စိတ်ပျက်နေပါတယ်၊ ဒါနဲ့ သရိုင်ပြန်သွားပါတယ်၊ ဝက်လက်ဘူတာရောက်တော့ ဒကာကြီး လာကြိုပါတယ်၊ နေပူတာနဲ့ ရွာထိအောင် မသွားသေးဘဲ အိမ်တစ်အိမ်ရဲ့ အထက်ထပ်မှာ ခဏ တည်းခိုပါတယ်၊ ဒကာကြီးက တခြားအိမ် သွားနေတုန်းမှာ အောက်ထပ်၌ မိန်းမတွေစုပြီး ဘုန်းတော်ကြီးတစ်ပါးထံ ဗေဒင်မေးသံကို ကြားရပါတယ်။
ဗေဒင်ဟောပုံကို အိမ်ပေါ်က နားထောင်ပြီး မေးချင်စိတ်ရှိတာနဲ့ အောက်ဆင်း သွားပါတယ်၊ ဘုန်းတော်ကြီးက တစ်ခန်းပေါက် ခုဋင်ကြီးပေါ်မှာ နေပါတယ်၊ တပည့်တော်က ခုဋင်အောက် အနောက်ဖက်နားထိုင်ပြီး ဝပ်ချပါတယ်၊ ကိုရင်က ဘာကိစ္စရှိတုန်းလို့ မေးတော့ “တပည့်တော် စာမေးပွဲဝင်တဲ့အခါ အောင်-မအောင် သိချင်လို့ပါဘုရား”လို့ လျှောက်ပါတယ်။
ဘုန်းတော်ကြီး။ ။ လျှောက်လိုက်သည်နှင့် တပြိုင်နက် “အောင်ပါ့ အောင်ပါ့”တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကဝင်ယင် “သာတောင် အောင်သေး”လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
တပည့်တော်။ ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလဲ ပထမလတ် အောင်ပါတယ်ဘုရား၊ ယခု ပထမကြီးဝင်ရမှာပါ။
ဘုန်းတော်ကြီး။ ။ အောင်မှာပါ, အောင်မှာပါ၊ ဉာဏ်က တယ်ထက်တယ်။ မိန်းမဆိုယင် “ဇော်ဂနီ”ဘဲလို့ မိန်းတွေဖက် လှည့်ပြီး ဟာသတောင် လုပ်လိုက်ပါသေးတယ်။
ဓမ္မဂုတ်။ ။ အဲဒီဗေဒင်က ခုနှစ်သက္ကရာဇ် မမေးဘဲ ရုပ်နဲ့ အနေအထိုင်ကို ကြည့်ပြီး ဟောတာမို့ အင်္ဂဝိဇ္ဇာ ဖြစ်ပါလိမ့်မယ်၊ အင်္ဂဝိဇ္ဇာဆိုတာ မှန်ယင်လဲ သိပ်မှန်တတ်ပါတယ်၊ လွဲယင်လဲ သွက်ချာပါတော လည်ကုန်မှာဘဲ။
တပည့်တော်။ ။ ဟုတ်ပါလိမ့်မယ်၊ တပည့်တော်လဲ အဲဒီ ဘုန်းတော်ကြီး ဟောလိုက်မှ ပထမကြီးဝင်ဖို့ စိတ်အားတက်လာပါတယ်၊ အောင်လဲ အောင်ပါတယ်။
ဓမ္မဂုတ်။ ။ ပထမကြီးဝင်တော့ ဘယ်မှာတည်းခိုပြီး ဝင်သလဲ။
တပည့်တော်။ ။ စာဖြေဌာနဖြစ်တဲ့ မဟာမြတ်မုနိ ဘုရားကြီးရဲ့ အရှေ့မြောက် ဒေါင့်က ဇရပ်ကြီးမှာ တည်းပါတယ်၊ စာတွေကလဲ ကြည့်စရာများတာနဲ့ စာဖြေဌာန နှင့်နီးအောင် ဧည့်သည်တွေ တည်းခိုတဲ့ နှစ်ထပ်တိုက်ကြီးမှာ ဆိုင်ရာလူကြီးများထံ ခွင့်တောင်းပြီး တည်းရပါတယ်၊ ရွှေဘိုဆရာတော်လောင်း ဦးကေသရ, စစ်ကိုင်း မှန်ကျောင်း ဆရာတော်လောင်းဦးသောမ, မိဂဒါဝုန် ဆရာတော်လောင်းဦးရာဇိန္ဒတို့နဲ့ အတူတည်းပါတယ်၊ နှစ်ထပ်တိုက်ကြီးရဲ့ အရှေ့ဖက် တစ်ထပ်တိုက် မှာတော့ သီလရှင်များ တည်းကြပါတယ်။
ဓမ္မဂုတ်။ ။ ဆွမ်းကော ဘယ်ကရသလဲ၊ ကိုယ်တော်တို့က အများထဲလိုက်ပြီး မစားကြဘူးလား။
တပည့်တော်။ ။ ဘယ်ကမှလဲ ဆွမ်းမရပါဘူး၊ “ဘသိန်း”ဆိုတဲ့ ကျောင်းသား တစ်ယောက်က မတတ်-တတတ်နဲ့ နံနက်ဆွမ်း ချက်ရှာပါတယ်၊ ပျော့လိုက်, မာလိုက်နဲ့ ဆွမ်းလဲမကောင်း, ဟင်းလဲမကောင်းပါဘူး။
ဓမ္မဂုတ်။ ။ တည်းခိုတဲ့နေရာချင်း နီးကပ်နေတဲ့ သီလရှင်များက ချက်မစားကြ ဘူးလား။
တပည့်တော်။ ။ သူတို့လဲ ချက်စားကြပါတယ်၊ ထမင်းချက်တဲ့နေရာ စဖိုချောင် တစ်ခုမှာ အတူချက်ကြတာပါဘဲ။
ဓမ္မဂုတ်။ ။ ဒါတောင် သူတို့က ကူညီပြီး ချက်မပေးကြဘူးလား။
တပည့်တော်။ ။ သူတို့မှာလဲ သူတို့တာဝန်နဲ့မို့ ကူညီအားမယ် မဟုတ်ပါဘူး၊ ပြီးတော့ ခပ်ရွယ်ရွယ်ချည်း နီးနီးတည်းခိုရလို့ စိတ်ကလဲ ရှင်းကြဟန် မတူပါဘူး၊ တစ်ခါတော့ စာဖြေပြီး ပြန်လာတဲ့အချိန်မှာ တစ်နေ့လုံး အောင့်ထားရတာ စွန့်ချင်လွန်းလို့ မီးဖိုချောင်နောက်ဖေး ဝင်းထရံ အကြားသို့ တပည့်တော်တို့ဖက်က ဦးပဉ္စင်းက အရှေ့ဖက်က အဝင်, သီလရှင်တစ်ယောက်က အနောက်ဖက်က အဝင် သင်းပိုင် အလှန်ချင်း ဆုံနေပါရော၊ အဲဒီအခါ နှစ်ယောက်လုံးရှက်ပြီး ပြန်ပြေးလာကြတယ်၊ တည်းခိုတဲ့နေရာရဲ့ တံခါးပေါက်အရောက်မှာ နှစ်ယောက်လုံးက ခေါင်းပြူပြီး ချောင်းကြည့်တာကို နှစ်ယောက်လုံး မြင်ကြလို့ တပည့်တော်တို့ဖက်က ကိုယ်တော်မှာ အပြေးအလွှား တိုက်အပေါ်ထပ် တက်ပြေးလာပြီးတော့ မောကြီး ပန်းကြီးနဲ့ လာပြောပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... တစ်ဖက်နဲ့တစ်ဖက် စိတ်မလုံနေကြတဲ့အထဲမှာ ကြံကြံ ဖန်ဖန်လဲ လာဆုံတတ်သေးတယ်နော်၊ ဪ ... လောက လောက။
တပည့်တော်။ ။ ဒါတွင် ဘယ်ကမလဲ (နောက်တစ်ရက်ထင်ပါတယ်) နံနက် စောစော အိပ်ရာထပြီး အပြင်ဖက် မျက်နှာသစ်သူကသစ်, အိမ်သာတက် သူက တက်နဲ့ ကိုယ့်ကိစ္စနဲ့ ကိုယ်ဖြစ်နေတုန်း သီလရှင်တစ်ယော်က မျက်နှာသစ်ပြီး ပြန်ဝင်တဲ့အခါ မဟာမြတ်မုနိဘုရားရဲ့ ဓာတ်မီးရောင်က သူ့တိုက်အတွင်း တံခါးပေါက်မှ လင်းနေတာကို သတိမထားမိဘဲ ကတုံးကြီးနဲ့ လူတစ်ယောက် အရိပ်ကို နံရံမှာမြင်လို့“လူပါ လူပါ လူပါ”လို့ ကြောက်တဲ့ အသံကြီးနဲ့ အော်လိုက်တာ တစ်ဝင်းလုံ ချောက်ချားသွားတာဘဲ၊ တပည့်တော်လဲ အိမ်သာတက် နေရာက မလှုပ်ဝံ့ဘူး။
ဓမ္မဂုတ်။ ။ နောက်တော့ ဘယ်ကလူကို ဖမ်းမိတုန်း။
တပည့်တော်။ ။ ဘယ်ကလူမှ မဟုတ်ဘူး၊ သူ့အရိပ် သူလန့်ပြီး အော်တာဖြစ်ကြောင်း နောက်မှ အားလုံး သိကြတယ်။ ဒီလိုမသိယင် တပည့်တော်တို့ အဖွဲ့ထဲက တစ်ပါးပါးကို စွပ်စွဲမှာပေါ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့မှာ သူတို့ရဲ့ အချက်အပြုတ် အကူအညီ မရတဲ့အပြင် ကံကောင်းလို့ ဂတ် (ပလိပ်ဌာနာ) မရောက်ကြရတာဘဲနော်။
တပည့်တော်။ ။ တစ်နေ့တော့ သူတို့ရဲ့ဆရာလုပ်တဲ့သူက ကိတ်မုန့်ပန်းကန်ပြာ ကလေး တစ်ချပ်စာလှူလို့ နဲနဲပါးပါး အကူအညီရပါတယ်။
ဓမ္မဂုတ်။ ။ ဒီပြင်ကော ဘယ်က အကူအညီရသေးတုန်း။
တပည့်တော်။ ။ ဦးရာဇိန္ဒ (မိဂဒါဝုန်ဆရာတော်လောင်း) ရဲ့ ရဟန်းအမကြီးက ရေခဲမုန့်လာလှူလို့ အာလုံး ဝဝစားကြရပါတယ်၊ ဒါပေမယ့် တပည့်တော်တော့ ရင်ပြေ့နေလို့ အဲဒီရေခဲမုန့်တောင် ကောင်းကောင် မမျိုနိုင်ပါဘူး ၊ စာမေးပွဲစိတ်ဟာ အလွန်ပြင်းထန်ပါတယ်ဘုရား၊ ဒါကြောင့် မိမိဆရာ ဖြစ်တဲ့အခါ စာမေးပွဲကို ဖြေးဖြေး ဝင်ကြလို့ ပြောရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ မိဂဒါဝုန်ဆရာတော်လောင်းရဲ့ ရဟန်းအမအပြင် ဘယ်သူကမှ ဂရုမစိုက်ကြဘူးလား။
တပည့်တော်။ ။ စားရေးသောက်ရေး အတွက်တော့ ဘယ်သူကမှ ဂရုမစိုက်ကြ ပါဘူး၊ အငယ်, အလတ်နေ့တွေကုန်လို အကြီးတန်း သံဃာများ ဆွမ်ကျွေးကဲ့အခါ တပည့်တော်ကတော့ အများနည်းတူ လိုက်ပြီး စားပါတယ်၊
ဓမ္မဂုတ်။ ။ အဲဒီ အကြီးတန်းဖြေတဲ့ သံဃာက ဘယ်လောက်များတုန်း၊ သာမဏေ ဘယ်နှစ်ပါး ပါသေးတုန်း။
တပည့်တော်။ ။ အဲဒီအချိန်တုန်းက စာဖြေဌာနက မန္တလေးနှင့်ရန်ကုန် နှစ်ဌာနသာ ရှိပါသေးတယ်၊ အထက်နိုင်ငံ စာဖြေသံဃာအားလုံးက မန္တလေးမှာ ဖြေကြရပါတယ်၊ မန္တလေးမှာ ငယ်, လတ်, ကြီး အားလုံးမှ ကိုးရာလောက် ရှိပါတယ်၊ အကြီးတန်းမှာ ခြောက်ဆယ်ထက် မများပါဘူး၊ သာမဏေက တပည့်တော် တစ်ပါးသာ ပါပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တစ်ပါးထဲ သာမဏေပါတယ်ဆိုတော့ ဆွမ်းကျွေးတဲ့အခါ ကိုယ်တော့်ကို သီးခြားခွဲကျွေးရမှာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ တပည့်တော်ကို သီခြားခွဲကျွေးတဲ့အပြင် ရှမ်းပွဲရပ်က မဟာမြတ်မုနိဘုရားလူကြီးလဲဖြစ်, သမာဓိမြို့ဝန်လဲဖြစ်တဲ့ ပွဲစားကြီး “ဦးဘ”ဆိုတဲ့ ဒကာကြီးက တပည့်တော်ကို သိပ်ကြည်ညိုဟန်တူပါတယ်။
ဆွမ်းကျွေးတဲ့နေရာမှာ တစ်ခြား လူကြီးတွေကို “ကျွန်တော့် ကိုရင် ကျွန်တော့် ကိုရင်”လို့ ပြောပြီး ကျွန်တော့် ကိုရင်က “အကျော်အောင်မှာ”လို့ ပြောပါတယ်။ စာမေးပွဲပြီးယင် သူ့တိုက်ကြွပါလို့ ပင့်တာနဲ့ တစ်ခေါက် သွားခဲ့ဖူးပါသေးတယ်။
ဓမ္မဂုတ်။ ။ ဟိုတုန်းက နယုန်လမှာ စာမေးပွဲပြုလုပ်တာဖြစ်လို့ စာမေးပွဲပြီးယင် မကြာခင် ဝါဆိုရတယ်၊ အဲဒီဝါမှာ ဘယ်အရပ်ဆိုသလဲ။
တပည့်တော်။ ။ မြောင်းမြဆရာတော်လောင်း ဖြစ်တဲ့ဆရာက ပခုက္ကူ သွားစေ ချင်တယ်လို့ အမိန့်ရှိတာနဲ့ ရွှေဘိုဆရာတော်လောင်း ဦးကေသရနဲ့အတူ ပခုက္ကူမြို့ သွားပြီး ပထမ မဟာဝိသုတာရာမတိုက်ကြီးမှာ ဝါဆိုရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရောက်တဲ့အချိန်မှာ သံဃာဘယ်လောက်ရှိပြီလဲ။
တပည့်တော်။ ။ ငါးရာကျော်လောက်ရှိပြီလို့ ထင်ပါတယ်၊ ယခုအချိန်လောက် နေစရာ ကျောင်းက မများသေးပါဘူး၊ ကျောင်းတိုင်းမှာ သံဃာပြည့်နေလို့ တပည့်တော်တို့မှာ သူများမနေချင်လောက်အောင် ပျက်စီးနေတဲ့ (ဝါးကြမ်းအခင်း တွေ ပျက်နေ၍ ကြမ်းပေါက်ကျွံကျမှာစိုးလို့ ဖြေးဖြေး နင်းသွားရသော, မတော်တဆ ကျွံကျယင် ခြေတစ်ဖက်က ကျောင်းပေါ်မှာ နေရစ်၍, ခြေတစ်ဖက်က မြေကြီး ထောက်မိနေ လောက်အောင် နိမ့်သော, သံဃာ ငါးပါး, ခြောက်ပါးထက်လဲ ပို၍ မနေလောက်သော) ဝါးကပ်မိုး ထရံကာ နေမြင် လမြင်ကျောင်းမှာ နေခွင့် ရကြပါတယ်၊ ကျောင်း နာမည်က“ဓမ္မရက္ခိတ”ပါတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကျောင်းအတွက် ကံမကောင်းဘူးနော်၊ ရွှေဘိုတုန်းကလဲ ကျောင်းအိုကြီးနဲ့ ကပ်နေတဲ့ ကျောင်းကလေးမှာ နေခဲ့ရတယ်။
တပည့်တော်။ ။ ကျောင်းကလေးက နေမြင်လမြင် ခင်မင်စရာ မကောင်းရုံတွင် မကဘူး၊ ဘုရားတိုက်ကြီးပတ်လည် ကျောင်းတန်းတွေထဲမှာ အနောက်ဖက် ကလဲ (ယခုလိုလည်း ကုဋိကောင်းကောင်းက မရှိသေးတဲ့အတွက်) ကုဋီကလေးတွေ တော်တော်များများ တန်းပြီးထားရာမှာ တစ်လုံးသော ကုဋီကလေးနဲ့ အတော်နီးကပ် နေပါတယ်၊ တစ်ခါတစ်ရံ ဆွမ်းစားယင်းတောင် ဂန္ဓာရုံရနံ့က သင်းပြန့်လာပါတယ်။
ဓမ္မဂုတ်။ ။ ဟဲဟဲ ... ကိုယ်တော်ရဲ့ ဇွဲသတ္တိကို နေရာက စမ်းပြီးထင်တယ်။
တပည့်တော်။ ။ ဇွဲသတ္တိကိုသာ နေရာကစမ်းတာ မဟုတ်ဘူး၊ အဲဒီ မလုံမခြုံ ကျောင်းကလေးမှာ နေရတာမို့ ညတစ်ညမှာ သူခိုးခိုးခံရလို့ ဦးကေသရရဲ့ သံသေတ္တာနဲ့ တပည့်တော်ရဲ့ မိုင်းလုံးကော်ဇောကြီးနဲ့ ရှိစုမဲ့စုပစ္စည်းတွေ ကုန်ပါရောလား။
ဓမ္မဂုတ်။ ။ အဲဒီအခါ ဘယ်သူကများ ထောက်ပံ့ကြသေးတုန်း။
တပည့်တော်။ ။ ဘယ်သူကမှမထောက်ပံ့ပါဘူး၊ မြောင်းမြဆရာတော်လောင်းလဲ ဆွမ်းတော်ထားလို့ ဝမ်းတော်မှ မနိုင့်တနိုင် ဖြစ်နေတဲ့အခါ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ဆရာတပည့်တွေဟာ ကံတူအကျိုးပေးထင်တယ်။ အဲဒီ ဓမ္မရက္ခိတကျောင်းအိုကလေးမှာ အုပ်ချုပ်တဲ့ဘုန်းကြီး ရှိသေးလား။
တပည့်တော်။ ။ ထိုကျောင်း အုပ်ချုပ်တဲ့ဘုန်းကြီးကို “ပွဲခေါင်း”လို့ ခေါ်ကြ ပါတယ်၊ (ဆွမ်းစားတဲ့ပွဲမှာ ခေါင်းဆောင်ဟု ဆိုလိုဟန် တူပါတယ်။ နောက်တော့ ကျောင်းဘုန်းကြီးလို့ ပြင်ခေါ်ပါတယ်။) ကျောင်းဘုန်ကြီး ဆိုတာ ထိုကျောင်းမှာ အယင်ရောက်၍ ဝါအားဖြင့် ကြီးသောပုဂ္ဂိုလ်သာ ဖြစ်ပါတယ်၊ ထိုပုဂ္ဂိုလ်က ဦးသောဘိတပါတဲ့၊ အင်မတန် ရိုးသားရှာပါတယ်၊ တပည့်တော်က စာတော်တဲ့ ကိုရင်ဆိုတာ သိတဲ့အခါကစပြီး ကျောင်းရှိ ပုဂ္ဂိုလ်များနှင့် အနီးအပါးကျောင်းများက အရေးပါကြပါတယ်။
ဓမ္မဂုတ်။ ။ ဆွမ်းကော ဘယ်လိုရသလဲ။
တပည့်တော်။ ။ ရောက်ခါစသုံးရက်မှာ အာဂန္တုကဆိုပြီး နံနက်ရော, နေ့ရော ဆရာတော်များက ကျွေးပါတယ်၊ အာဂန္တုကများတဲ့ ဝါဆိုခါနီးမှာ ဆွမ်းကျွေးကလေး တမျှ အတော်များများ ကျွေးရပါတယ်၊ အဲဒီရက် အတွင်းမှာ မိမိဆွမ်းခံဖို့လမ်းကို နီးစပ်ရာ အယင်ရောက်နေသော စာသင်သားများနဲ့ စီစဉ်ရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို စီစဉ်ပုံလဲ။
တပည့်တော်။ ။ သံဃာက မြို့နဲ့မလိုက်အောင် များနေလို့ ရိုးရိုး ရပ်ပြီး ဆွမ်းခံတဲ့ ကိုယ်တော်ဟာ ပြည့်စုံအောင် ဆွမ်းရဖို့မလွယ်ပါ၊ ဒါ့ကြောင့် ညနေပိုင်းလောက်မှာ သံဃာအသွားနဲတဲ့ ရပ်ကွက်ကို ဆွမ်းဖိတ် သွားရပါတယ်၊ (ဆွမ်းဟင်းဖြစ်စေ, ဆွမ်းဖြစ်စေ လောင်းဖို့ရန် ပြောခြင်းကို “ဆွမ်းဖိတ်”လို့ ခေါ်ပါတယ်။)
အိမ်တစ်အိမ်ကို သံယာနဲတယ်ထင်လျှင် အိမ်ပေါက်က ရပ်ရပါတယ်။ အိမ်ရှင်က “ဘာအလိုရှိပါတုန်း”လို့ မေးတဲ့အခါ ဆွမ်းဟင်းနဲ့ဆွမ်း အလိုရှိလို့ဟု ပြောရပါတယ်၊ တာဝန်ခံ ထားတဲ့သံဃာက များနေလို့ မတတ်နိုင်သေးပါဟု လျှောက်လျှင် အခြား တစ်အိမ်သို့ သွားရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို ဆွမ်း, ဆွမ်းဟင်းဖိတ်တဲ့နည်းကို ဝိနည်းတော်က ခွင့်ပြုရဲ့လား။
တပည့်တော်။ ။ သင်္ကန်းရုံပြီး ဆွမ်းခံသလို ရပ်တဲ့နည်းကို (ဆွမ်းခံတာလိုဘဲ) ဝိနည်းတော်က ခွင့်ပြုပါတယ်။ သို့သော် “မတတ်နိုင်ပါ”ဟု လျှောက်ထားသောအခါ ဆက်ပြီး လက်မခံချင် - ခံချင်အောင်ပြောတဲ့နည် ကိုတော့ ဝိနည်းတော်က ခွင့်မပြုပါ၊ ထိုသို့ ပြောသည့်အတွက် အားနာပါးနာနှင့် လက်ခံပြီး လောင်တဲ့ဆွမ်း, ဆွမ်းဟင်းကို ထိုပုဂ္ဂိုလ်မှာလဲ မအပ်, အခြား ပုဂ္ဂိုလ်များမှာလဲ မအပ်ပါ၊
(သေခိယမှာလာတဲ့“သူပေါဒနုဝိညတ္တိ” အပြစ်ရှိ၍ စားသူတိုင်း ဒုက္ကဋ်အာပတ် သင့်ပါတယ်။)
ဓမ္မဂုတ်။ ။ ကိုယ်တော့်အတွက်တော့ ဖိတ်ရသေးလား။
တပည့်တော်။ ။ မဖိတ်ရတဲ့ ကိုယ်တော်ဆိုတာ နဲနဲပါးပါးသာ ရှိပါလိမ့်မယ်။ မိမိဆိုင်ရာမိဘ ရဟန်းဒကာ, ရဟန်းအမ စသူတို့က ကြောင့်ကြစိုက်ပေးတဲ့ ပုဂ္ဂိုလ် များတော့ မဖိတ်ဘဲ ပြည့်စုံကြပါတယ်။
ဓမ္မဂုတ်။ ။“ကြောင့်ကြစိုက်”ဆိုတာ ဘယ်လိုလဲ။
တပည့်တော်။ ။ ပခုက္ကူမြို့မှာ မိတ်ဆွေရှိတဲ့သူများက “ဦးပဉ္စင်းအတွက် ကြောင့်ကြစိုက်လိုက်ပါ”လို့ မှာကြားလိုက်ယင် ထိုအသိများက ဆွမ်း ပြည့်စုံအောင် ဂရုစိုက်တတ်ပါတယ်၊ ဒါမှမဟုတ်ယင် ဆွမ်းဆိုင်က လခပေးပြီး “ဆွမ်းလောင်းပါ” ဟု ပြောထားယင်လဲ ဆွမ်းဆိုင်က လခရနေသမျှ ကြောင့်ကြ စိုက်ပါတယ်၊ တပည့်တော်မှာတော့ အဲဒီနှစ်မျိုးလုံး မရှိတာကြောင့် “ဘုန်ကြီးပဏ်”ဆိုတဲ့ ကိုယ်တော်ကြီးတစ်ပါးက ဆွမ်းဖိတ်ဖို့ ခေါ်သွားလို့ လိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ဆွမ်းဖိတ်သွားတော့ “လောင်းပါ့မယ်”လို့ တာဝန်ခံတဲ့အိမ်က ဘယ်နှစ်အိမ် ရသလဲ။
တပည့်တော်။ ။ ရဖို့ဝေးပါရဲ့၊ တပည့်တော်ကို သံဃာနဲမယ်လို့ ထင်ရတဲ့ ခံတောအရပ်ကို ခေါ်သွားပါတယ်။ ပထမဆုံး အိမ်ကြီးတစ်အိမ်ကိုဝင်ပြီး ရပ်ပါတယ်၊ မိဘများအပြင် အရွယ်တူအမျိုးသ္မီးတစ်ယောက် ဆန်ဆေးနေဟန် တူပါတယ်၊ ဘာအလိုရှိပါတုန်း-ဟု ထုံးစံအတိုင်း မေးတဲ့အခါ “ဟောဒီ ကိုရင်ဟာ စာသင်ချင် လွန်းလို့ မိဝေး ဖဝေးလာရှာတယ်” စသော သနားဖွယ်စကားမျိုးကို နိဒါန်းပျိုး နေတုန်း ထိုဘုန်းကြီးနောက်က တပည့်တော်မှာ ရှက်လွန်းလို့ စကားဆုံးအောင် နားမထောင်နိုင်ဘဲ တိတ်တိတ်ကလေး ပြန်ပြေးခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ ဘုန်းကြီးပဏ်မှ အားမနာဘူး၊ ဘုန်းကြီးပဏ်က ပြန်လာတော့ မဆူဘူးလား။
တပည့်တော်။ ။ မဆူရှာပါဘူး၊ အလွန် သဘောကောင်းတဲ့ ဘုန်းကြီးပါ။ ကျောင်းတိုက်မှာ ကိုယ်တော်အများသုံးတဲ့ ကနုတံတွေကို သူနဲ့ အဖော်များက တာဝန်ယူပြီး ဆေးပေးလေ့ ရှိပါတယ်၊ သူတော်ကောင်းစိတ်လဲ ရှိပါတယ်၊ နေမကောင်းလို့ ခေါင်းကိုက်တယ်ဆိုယင် ဘယ်သူ့ကိုမဆို နှိပ်ပေးပါတယ်၊ ပျောက်ပါပြီလို့ မဆိုမချင်း အတင်းနှိပ်တော့တာဘဲ။ သူ့လက်သည်းတွေက ရှည်တော့ နာတာနဲ့ “ပျောက်ပါပြီ”လို့ ဆိုကြ ရပါတယ်၊ သူက တိုက်မှာ အနေကြာတော့ စာလဲ နဲနဲပါးပါး ပို့ချပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ကိုယ်တော့်ကို ဆွမ်းဖိတ်ပေးမယ့်သူ ရှိသေးရဲ့လား၊
တပည့်တော်။ ။ အဲဒီ ဘုန်းကြီးပဏ်ကလဲ ဖိတ်ပေးပါသေးတယ်၊ ဦးဝါသဝ ဆိုတဲ့ ဘုန်းကြီးတစ်ပါးကလဲ ဖိတ်ပေးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ လိုက်တာဘဲလား။
တပည့်တော်။ ။ မလိုက်လို့ ဘယ်ဖြစ်မလဲ, အဲဒီကျောင်းမှာ ကိုရင်တစ်ပါးတည်းမို့ တစ်ပါးတည်း ဆွမ်းစားရပါတယ်၊ ဟင်းမရယင် အနားက ဦးပဉ္စင်းများက ပေးရမှာပေါ့၊ သူတို့မှာလဲ များများမရတော့ အားနာစရာကြီး။
ဓမ္မဂုတ်။ ။ လိုက်သွားတော့ ရရောလား။
တပည့်တော်။ ။ ရသင့်သလောက်ရပါတယ်၊ ဒါပေမယ့် တပည့်တော်က စကား ရှည်ရှည်မပြောရဘဲ ဆွမ်းဟင်း အလိုရှိကြောင်းပြောရုံနဲ့ “ကြွခဲ့တာပေါ့” လို့ လက်ခံတဲ့အိမ်ကို မှတ်ထားပြီး အဲဒီအိမ်မျိုးကိုသာ သွားပါတယ်။ မလောင်းချင် လောင်းချင်အောင်ပြောမှ လက်ခံတဲ့ အိမ်ကိုတော့ မသွားပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က “မရှိ-စိတ်ကြီးဝင်ကြီး”ပေါ့နော်။
တပည့်တော်။ ။ စိတ်ကြီးဝင်တာ မဟုတ်ပါဘူးဘုရား၊ ဝိနည်းတော်ကိုက ထပ်ပြောမှ ရတဲ့ ဆွမ်း, ဆွမ်းဟင်းကို ခွင့်မပြုလို့ပါ၊ တရားသဖြင့်ရတဲ့ ဆွမ်းတောင်မှ တပည့်တော်က တချို့အိမ်ကို မသွားပါဘူး။
ဓမ္မဂုတ်။ ။ ဘယ်လိုအိမ်ကို မသွားဘဲနေတုန်း။
တပည့်တော်။ ။ ဖိတ်ပြီး နောက်တစ်ရက်မှာ တရားသဖြင့်ရတဲ့ အိမ်တစ်အိမ်ကို ဝင်ပါတယ်၊ ဝင်တဲ့အခါ မနေ့ကတွေ့တဲ့ဒကာကို မတွေ့လို့ “ဘယ်သွားလဲ” လို့ မေးတော့ “လှည်းတိုက်သွားပါတယ်”လို့ လျှောက်ပါတယ်။ တပည့်တော်စိတ်ထဲမှာ သနားပြီး အတော် စိတ်မချမ်းမသာ ဖြစ်ပါတယ်၊ ဒကာမလဲ ကျန်းမာလှပုံ မရပါဘူး၊ အနီးအပါးမှာ ခွေးအပိန်ကိုလဲ မြင်ရပါတယ်၊ အိမ့်အပြင်မှာခင်းထားတဲ့ အသားကြမ်း တွေကလဲ ကျိုးတိုး ကျဲတဲနဲ့ အတော်ဟောင်းနေပါပြီ၊ အိမ်ကလဲ အိမ်ငယ်လေး ဖြစ်ပါတယ်။
လောင်းတဲ့ဟင်းကတော့ မနေ့ညကသီးခြားခွဲထားဟန်တူတဲ့ ငါးမြင်းသားဟင်းလို့ ထင်ပါတယ်၊ အသား, အခေါက်ကလေး ပါပါတယ်၊ ပြန်လာပြီး လမ်းမှာ စဉ်စားပါတယ်၊ ငါဟာ အရှင်မဟာကဿပလို တန်ခိုးကြီးယင်တော့ ဒိဋ္ဌဓမ္မအကျိုး ရအောင် သမာပတ်ဝင်စားပြီးမှ နက်ဖန် ဒီအိမ်ကလေးသို့ ဆွမ်းခံဝင်မှာဘဲ၊
ယခုငါ့မှာ ဘာတန်ခိုးမှ မရှိ၊ သူတို့မှာလဲ ပစ္စည်းမပေါရှာပါဘူး၊ သဒ္ဓါလဲအလွန် ကောင်းတယ်၊ ငါ့မှာ ယခုရှိတဲ့ သီလ, သမာဓိလောက်နဲ့တော့ ဒီအိမ်က ဆွမ်းဟင်းကို မခံထိုက်သေးဘူး၊ အဲဒီလိုစဉ်းစားပြီး နက်ဖန်တော့ အဲဒီအိမ်ကို မဝင်တော့ပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုယင်တော့ ကိုယ်တော်ဟာ ဆွမ်းဆင်းရဲဖို့ သေချာတာပေါ့နော်။
တပည့်တော်။ ။ ဆင်းရဲဖို့ မပြောနဲ့တော့၊ တစ်သက်လုံး အစားအတွက် မဆင်းရဲခဲ့ ပေမယ့် ပခုက္ကူမှာ တစ်သံသရာလုံးက ဝဋ်ကြွေးတွေ အခွင့်သာဟန် တူပါတယ်၊ ဆက်ပြီး မနေရဲလောက်အောင် ကြောက်နေပါတယ်။
ဓမ္မဂုတ်။ ။ ဆွမ်းဆင်းရဲတာတော့ ဟုတ်ပါပြီ၊ စာသင်ရစာလိုက်ရတာတော့ ဘယ်လိုလဲ။
တပည့်တော်။ ။ စာလိုက်ရတာကတော့ အားရစရာကြီးပါဘဲ၊ တပည့်တော်တို့ ရောက်စက အရှေ့တိုက်လဲ မခွဲသေးတော့ ဆရာတော်လေးပါး စည်းစည်း လုံးလုံးနဲ့ အုပ်ချုပ်ပြီး တစ်နေ့ အနဲဆုံး စာသုံးဝါစီ ပို့ချကြပါတယ်။ ရန်ကုန်မြို့ ဘုရားကြီး တိုက်မှာ တိုက်ခွဲမည့် ဆရာတော် ဦးကောဏ္ဍညနဲ့ စာချဘုန်းတော်ကြီးများလဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ငါးပါးလောက် အမြဲရှိပါတယ်၊
ဒီတော့ ဝိနည်း, သုတ္တန်, အဘိဓမ္မာဖက်စုံ စာဝါတွေကို လိုက်လိုရာ လိုက်နိုင်ပါတယ်၊ တပည့်တော်လဲ တိုက်ထဲမှာ မည်သည့်စာဝါများ ရှိတဲ့အကြောင်းကို မြောင်းမြ ဆရာတော်လောင်းဖြစ်တဲ့ ဆရာရှိရာသို့ စာဖြင့် လျှောက်ရပါတယ်၊ ဆရာကလဲ မည်သည့်စာဝါကို လိုက်ရမယ်လို့ အမြဲအမိန့်ပေးပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်အတွက် အထက်တန်းပါဠိတော် အဋ္ဌကထာ များကိုပေါက်ဖို့ သေချာတာပေါ့နော်၊ ဆရာတော်များနဲ့ စာချဆရာတော်များအတွက် ဆွမ်းတော့ ဘယ်လို ဘုဉ်းပေးကြတုန်း။
တပည့်တော်။ ။ စာချဆရာတော်အားလုံးပင် ဆရာတော်ကြီးများနဲ့အတူ ဆွမ်းစား ကျောင်း တစ်ကျောင်းထဲမှာ ဘုဉ်းပေးကြပါတယ်၊ နံနက် ခုနှစ်နာရီလောက် ဘုဉ်းပေးဖို့ ကျောင်းကကိုရင်များ ချက်ကြပါတယ်၊ မြို့ထဲကလဲ ပို့ပါတယ်။ နေ့ဆွမ်း အတွက် မြို့ထဲလဲခံ, ကျောင်းကလဲ ဆွမ်းနဲ့ဟင်း ချက်ပါတယ်၊ အားလုံး ပြည့်စုံကြပါတယ်။ ဆွမ်းအတွက်က ပြည့်စုံနေတာဖြစ်လို့ ဆရာတော်ကြီးများနဲ့ စာချဘုန်ကြီးများလဲ စာချဖို့ တင်ကြိုပြီးလဲ ကြည့်နိုင်, အချိန်တန်ယင် မှန်မှန်လဲ ပို့ချနိုင်ကြပါတယ်။
ဓမ္မဂုတ်။ ။ စာပို့ချတော့ ကိုယ့်သဘောနဲ့ကိုယ် အချိန်ထားပြီး ပို့ချကြသလား။
တပည့်တော်။ ။ မဟုတ်ပါဘူး၊ စာဝါတိုင်းမှာ အချိန်တူ ပို့ချဖို့ရန် တုံးခေါက်ပါတယ်၊ နေ့ဆွမ်းမစားမီ ကိုးနာရီလောက် တုံးခေါက်ပါတယ်၊ နေ့ဆွမ်း စားပြီး ညနေ လေးနာရီအထိ သုံးကြိမ် တုံးခေါက်ပါတယ်၊ စာဝါ အချိန်ကုန်တဲ့အခါ ဆရာတော်ကြီး တချို့က တိုက်ကြီးပတ်လည် ကျောင်းတွေကို ကြည့်ရှုယင်း လမ်းလျှောက် ကြပါတယ်၊
နဲနဲမှောင်တဲ့အခါ ဘုရား ဝတ်တက် တုံးခေါက်ပြီး ဝတ်တက်ကြပါတယ်၊ ဝတ်တက် ပြီးသောအခါ ဆရာတော်ကြီးများက အလယ်ကျောင်းကြီးရဲ့ အောက်ထပ် အရှေ့ နားမှာ စုဝေးပြီး တိုက်တာအရေး, စာဝါအရေးကို ဆွေးနွေးယင်း ဝတ်ဖြည့် လာတဲ့ ကိုယ်တော်တချို့ရဲ့ ဝတ်ဖြည့်မှု (နင်း, နှိပ်, ချိုးပေးမှု)ကို ခံကြပါတယ်၊
ဓမ္မဂုတ်။ ။ ဒီလို သာသနာတော်ရဲ့ ပရိယတ်လုပ်ငန်းကို ကြိုးပမ်းတော်မူကြယင် ဘယ်မှာ ပရိယတ်သာသနာ ဆုတ်နိုင်စရာ ရှိတော့မှာလဲ။
တပည့်တော်။ ။ မှန်ပါတယ်၊ တပည့်တော် ရောက်တဲ့အချိန်တုန်းက ဆရာတော် ကြီးများရဲ့ သက်တော်မှာ လေးဆယ် ပတ်ဝန်းကျင်သာ ရှိကြသေးတော့ သဒ္ဓါအား ဉာဏ်အား, ဝီရိယအားတွေ အစွမ်းကုန် တက်တုန်းအချိန် ဖြစ်ပါတယ်၊ ဒါကြောင့် ကြိုးစားတော်မူကြ, ကြိုးစားသည့်အတွက် သုံးနှစ်လောက် ကြာယင် ဝါဆိုသံဃာ ခြောက်ရာကျော်လောက်ဖြစ်ပါတယ်၊
ဘာကြောင့် မှတ်မိသလဲ ဆိုတော့“ကထိန်အောင်စာ”ရေးတဲ့အခါမှာ “အောက် အညာမှ ရောက်လာကြတဲ့ ခြောက်ရာမျှ တပည့်များကို ပိပြားအောင် ဆုံးမ၍” ဟု တပည့်တော်ကိုယ်တိုင် ထည့်သွင်းပြီး ရေးခဲ့လို့ပါ။
ဓမ္မဂုတ်။ ။ သြော် ... ကိုယ်တော့်ကို ဆရာတော်ကြီးများက ရောက်ရောက်ချင်း ချီးမြှောက်လို့ ကိုယ်တော်က အရေးပါ အရာရောက်နေပြီလား။
တပည့်တော်။ ။ ရောက်ခါစတုန်းက ဘယ်ချီးမြှောက်မှာတုန်း၊ တပည့်တော်ရဲ့ အကြောင်းကို ဆရာတော်များက ထူးထူးခြားခြား ဘာမှ မသိသေးပါဘူး၊ သံဃာ ငါးရာလောက်ထဲမှာ တပည့်တော်ကို အထူးသိဖို့လဲ မလွယ်ပါဘူး၊ ဒါပေမယ့် ဆရာတော်များနဲ့ ရင်းနှီးပြီး ဆွမ်းစားကျောင်းမှာနေတဲ့ ဦးဂန္ဓမာကတော့ တပည့်တော်ရဲ့ အကြောင်းကို နဲနဲပါးပါး သိပါတယ်၊ တပည့်တော်တို့ကို အာမခံဖို့ရန် ဦးနန္ဒမာလာဆိုတဲ့ ဘုန်းတော်ကြီးက ဦးဂန္ဓမာထံစာရေးလို့ ဦးဂန္ဓမာက တပည့်တော် တို့အတွက် နေခွင့်ရဖို့ အာမခံပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်အတွက် မန္တလေးဝိသုဒ္ဓါရုံတိုက်တုန်းကလို ပခုက္ကူတိုက်ကြီးမှာ ထင်ရှားဖို့ အခက်သားပါကလား။
တပည့်တော်။ ။ ထင်ရှားဖို့ ခက်ပါတယ်၊ ဒါပေမယ့် ဆရာတော်များ အသိအမှတ် ပြုဖို့ အကြောင်းအမျိုးမျိုး တိုက်ဆိုင်လာတာကတော့ တပည့်တော်ရဲ့ ရှေးကံလို့ ဆိုရမှာပါဘဲ၊ တပည့်တော်တို့ ရောက်တဲ့ဝါမှာ တစ်နိုင်ငံလုံး တုပ်ကွေး အကြီး အကျယ် ဖြစ်ပါတယ်၊ တပည့်တော်တို့ တစ်ကျောင်းလုံးလဲ တုပ်ကွေးဖြစ်ပါတယ်၊ တစ်တိုက် လုံးလဲ အများအားဖြင့် ဖြစ်ပါတယ်၊ စောစောပိုင်းက ဆရာတော်များ ကိုယ်တိုင် ကျောင်းတိုင်းလိုက်ပြီး ဆေးတိုက်ကြ, အားပေးကြပါတယ်၊ နောက်တော့ ဆရာတော် များလဲ ကွေးကြပါတယ်၊ နဲနဲပါးပါးလဲ ပျက်စီးပါတယ်၊ ဦးကေသရနဲ့ အတူ တပည့်တော်တို့လဲ စစ်ကိုင်း ပြန်ပြေးခဲ့ကြရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုပြန်ပြေးခဲ့တော့ ဆရာတော်များက ကိုယ်တော့်ကို ဘယ့်နှယ် လုပ်ပြီး သိနိုင်မှာတုန်း။
တပည့်တော်။ ။ အဲဒီလို တစ်နိုင်ငံလုံးတုပ်ကွေးဖြစ်ပြီး တချို့လဲသေကြတော့ အဲဒီဝါမှာ စစ်ကိုင်းချောင်မှာ သီတင်းသုံးနေတဲ့ မြောင်းမြဆရာတော်လောင်း ဆရာက စာပေးတာလဲ စာမပြန်ကြလို့ ပခုက္ကူ ဆရာတော် ဦးပညာထံ သံကြိုးရိုက် မေးပါတယ်၊ “ဇနကနဲ့ ကေသရတို့ သေကြပလား၊ သံကြိုးပြန်ပါ”တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ဆရာကလဲ စိုးရိမ်အားကြီးမဟာပေါ့နော်၊ ဒီတော့ ဘယ်လို သံကြိုးပြန်လိုက်သတဲ့လဲ။
တပည့်တော်။ ။ အဲဒီ သံကြိုးစာအရ စုံစမ်းတဲ့အခါမှာ ဦးဂန္ဓမာက ပြန်သွားပြီလို့ လျှောက်သဖြင့် ပြန်သွားကြကြောင်း သံကြိုးပြန်လိုက်ပါသတဲ့၊ အဲဒီ သံကြိုးစာ အရ“ဇနက”ဆိုတဲ့ ဘွဲ့နာမည်ကို ဆရာတော်များ နှုတ်တက် ရသွားတဲ့အကျိုးဟာ မနဲဘူးဘုရား။
ဓမ္မဂုတ်။ ။ ဘယ်လို အကျိုးဆက်လာသလဲ။
တပည့်တော်။ ။ သီတင်းကျွတ်ခါနီးမှာ အစိုးရစာမေးပွဲ ဂေဇက် ထွက်လာပါတယ်။ ဆရာတော်များလဲ သတင်းစာကို အဖတ်ခိုင်းပြီး နားထောင်လေ့ ရှိပါတယ်။ သတင်းစာထဲမှာ ဂေဇက်ပါလို့ဖတ်တော့ ပထမကြီးတန်းမှာ “ပလိပ်မြို့ ရွှေကျင်ကျောင်း ရှင်ဇနက”ဆိုတဲ့ နာမည်ကိုကြားတော့ တစ်နေ့တုန်းက “ဇနကလား”လို့ မေးကြပါသတဲ့၊ ဦးဂန္ဓမာကလဲ ဟုတ်ပါလိမ့်မယ်၊
အဲဒီကိုရင်ဟာ စာလဲတော်, ရွှေကျင်လဲရွှေကျင်ပါလို့ လျှောက်သတဲ့၊ အဲဒီခေတ်က ကိုရင်အဖြစ်နဲ့ ပထမကြီးအောင်တာ မန္တလေးက တပည့်တော်တစ်ပါးနဲ့ ရန်ကုန်က ရှင်ဉာဏဝံသ တစ်ပါးသာ ပါပါတယ်။ ဒါကြောင့် ပခုက္ကူတိုက်ကြီးက စာမေးပွဲကို ပဓာနမထားသော်လဲ ကိုရင်အဖြစ်နဲ့ အောင်တာကိုတော့ သတိထားတော်မူကြဟန် တူပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘယ်လိုဆက်သွယ်သေးတုန်း။
တပည့်တော်။ ။ သီတင်းကျွတ်ပြီး မကြာခင် ဦးကေသရ မပါဘဲ တပည့်တော် တစ်ပါးထဲ ပခုက္ကူ ပြန်သွားပါတယ်၊ ပခုက္ကူရောက်တော့“ဇနက”ဆိုတာ မင်းလား လို့ အရှေ့တိုက်သစ်တည်မည့် ဆရာတော်ကမေးလို့ ဟုတ်ပါကြောင်း လျှောက်တဲ့ အခါ စာမေးပွဲဝင်သလားလို့ မေးပြန်ပါတယ်၊ ဝင်ထားကြောင်း လျှောက်တော့ တစ်နေ့က ဂေဇက်ထဲမှာ“မင်းကိုး”လို့ အမိန့်ရှိပါတယ်။
ဓမ္မဂုတ်။ ။ သူများဆိုတာကို လိုက်ပြီးနားထောင်ရတဲ့ စာလိုက်ပုဂ္ဂိုလ်ထက် ဆရာ့ အထံမှာ ကိုယ်တိုင်ဆိုရတဲ့ စာဆိုပုဂ္ဂိုလ်က ပို၍ ကျေးဇူးရှိတာဟာ စာသင်သား လောကမှာ ထုံးစံဖြစ်နေပါတယ်၊ ကိုယ်တော်က စာလိုက်လား, စာဆိုလား။
တပည့်တော်။ ။ တပည့်တော်က စောစောပိုင်းမှာ စာလိုက်ထဲကပါဘဲ၊ အတော် ကြာလို့ စာမေးပွဲ အကြီးအောင်ထားတဲ့ ကိုရင်မှန်း သိတဲ့အခါ ယခုရှိတဲ့ မဟာရဋ္ဌဂုရု ဆရာတော်လောင်း စာချဘုန်းတော်ကြီးက သုတ်ပါထေယျ ပါဠိတော်နှင့်အဋ္ဌကထာ စာဆိုနေကျကိုယ်တော်က အသံဝင်နေလို့ စာချ ဘုန်ကြီးရဲအနီးမှာ စာလိုက်နေတဲ့ တပည့်တော်ကို “ကိုရင်ဆိုစမ်း”ဟု ရုတ်တရက်ခိုင်းပါတယ်။
ဓမ္မဂုတ်။ ။ စာလိုက်က ဘယ်လောက်ရှိတုန်း၊ ကိုယ်တော်က ကျေနပ်အောင် ဆိုနိုင်ရဲ့လား။
တပည့်တော်။ ။ စာလိုက်က နှစ်ရာနီးနီး ရှိမယ်ထင်ပါတယ်၊ တပည့်တော်က စောစောတင်ကြိုပြီး ကြည့်လေ့ရှိတာလဲ တစ်ကြောင်း, အဲဒီ အဋ္ဌကထာကို ပလိပ်မှာ တုန်းက ကိုယ်တိုင် ကုန်အောင်ဆိုပြီး ဖြစ်တာလဲတစ်ကြောင်း အဲဒီအကြောင်း ကြောင့် ကောင်းကောင်းဆိုနိုင်ပါကယ်၊ နောက်တစ်ရက် ကျတော့ အနားက စာလိုက် ဦးပဉ္စင်းကြီးက ကျောကိုလက်နဲ့သပ်ပြီး“ကိုရင် .. ဘာမှ မကြောက်နဲ့ ရဲရဲသာဆို”လို့ အားပေးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သံဃာနှစ်ရာနီးနီး ပရိသတ်ကို ကြောက်လို့လား။
တပည့်တော်။ ။ ဘာကြောက်လိမ့်မှာလဲ၊ အဲဒီ နှစ်ရာနီးနီးဟာ ဦးပဉ္စင်းတွေသာ များပါတယ်၊ အဲဒီအထဲမှာ ကိုယ့်ထက်သာတာ တစ်ပါးမှ မရှိနိုင်ဘူးလို့ ယူဆထားပြီးပါ။
ဓမ္မဂုက်။ ။ ဘယ်လောက်ကြာကြာ ဆိုရတုန်း။
တပည့်တော်။ ။ သုံးရက်လောက်ပါ၊ နောက်တော့ နဂိုရ်ဆိုမြဲ ဦးပဉ္စင်းက အသံထွက်လာကာနဲ့ သူဘဲဆက်ဆိုပါတယ်။ သို့သော် အဲဒီ မဟာရဋ္ဌဂုရု ဆရာတော်လောင်းက သမ္မောဟဝိနောဒနီနဲ့ မူလဋီကာချတဲ့အခါ မူလဋီကာ အဆိုပိုင်းလို့ ကိုယ်တိုင် ဆိုရပါတယ်၊ အဲဒီအခါမှာ တပည့်တော်ကရဟန်း ဖြစ်ပါပြီ။
ဓမ္မဂုတ်။ ။ အဲ ... ကိုယ်တော် ရဟန်းဖြစ်ပုံ အစီအစဉ်ကို သိလိုပါတယ်။ ပြောပါအုံး။
တပည့်တော်။ ။ တပည့်တော်ရဲ့ကိစ္စဟာ ဘယ်ဟာမဆို လွယ်လွယ်ကူကူ မဖြစ် တတ်ပါဘူး၊ တပည့်တော် ပထမကြီးအောင်တော့ ဆရာက စစ်ကိုင်းချောင်မှာ သီတင်းသုံးပါတယ်။ ထိုအချိန်က ပထမကြီးအောင်တဲ့ ကိုရင်ဆိုတာ အလွန်အရေးပါ ခံရပါတယ်၊ ဒါကြောင့် စစ်ကိုင်ချောင်က ဆွေမျိုးတစ်စုက သူတို့တစ်မျိုးလုံး စုပေါင်းပြီး ရဟန်းဒကာ ခံလိုတယ်လို့ ဆရာကိုလျှောက်တော့ ဆရာလဲကျေနပ်ပြီး တပည့်တော်နဲ့ - စစ်ကိုင်းမှာတွေ့ဖို့ ကပ္ပိယ ကျောင်းသား တစ်ယောက်နဲ့ ကြွလာပါတယ်၊ တပည့်တော်လဲ ပခုက္ကူက ပြန်လာပါတယ်။
စစ်ကိုင်းချောင် အရှေ့မှန်ကျောင်းမှာ ဆရာနဲ့ တွေ့တဲ့အခါ ပခုက္ကူမှာ ဆွမ်းဆင်းရဲ လွန်းလို့ နေချင်စိတ် မရှိတဲ့အကြောင်းကို လျှောက်ပါတယ်၊ အမှန်လဲ မနေချင်ပါဘူး၊ မဟာဂန္ဓာရုံဆရာတော်လို စာကြည့်ပြီး ဘာဝနာနဲ့နေဖို့သာ စိတ်ဖြစ်နေပါတယ်၊ အထက်စာတွေကိုလဲ အတော်ကြည့်တတ်ပြီလို့ ယူဆပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဆရာက ဘာအမိန့်ရှိတုန်း။
တပည့်တော်။ ။ ဆရာက ဘာမှအမိန့် မရှိသေးပါဘူး၊ ရဟန်းခံကိစ္စကိုသာ စဉ်းစားဟန် တူပါတယ်၊ ဒါ့ကြောင့် အောက်ပြည် “စစ်ချောင်း”ကို လိုက်ခဲ့ဖို့ အမိန့်ရှိပါတယ်၊ အောက်ပြည်မသွားခင် မိဘများထံ ခွင့်ပန်ဖို့ ကိစ္စလဲရှိပါတယ်၊ မိဘများထံ ခွင့်မပန်ခင် ပလိပ်ကိုလဲ နှုတ်ဆက်ယင်းနဲ့ အကျိုးအကြောင်း ပြောဖို့ဆိုပြီး ဆရာက ကြွသွားပါတယ်၊
အကျိုး အကြောင်းကို ပြောပြတဲ့အခါမှာ “မပု”ဆိုတဲ့ ဒကာမက “ကိုရင့်ကို သူတို့က ရဟန်းခံမယ်လို့ ရည်စူးထားပါတယ်၊ အောက်ပြည်ကိုတော့ မပေးနိုင်ပါဘူး”လို့ လျှောက်တော့ ဆရာက စကားပရိယာယ် မကြွယ်တာလဲ တစ်ကြောင်း, နဂိုရ်က ရင်းနှီးနေတာလဲ တစ်ကြောင်းကြောင့် ဘာမှ မငြင်းတော့ဘဲ“ဒကာမပုက ရဟန်းအမ လုပ်လိမ့်မယ်” ဆိုတဲ့ သတင်းကိုသာ ယူပြီး မှန်ကျောင်း ပြန်လာခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ရှေးတုန်းက ရဟန်းအမလုပ်ဖို့ လျှောက်ဖူးသလား။
တပည့်တော်။ ။ လျှောက်ဖူးတယ်လို့ မမှတ်မိကြပါဘူး၊ လျှောက်ဖူးယင်လဲ ဆရာက ဘယ်မှာ အောက်ပြည်က ဒကာ-ဒကာမများကို ခွင့်ပြုလိမ့်မှာလဲ။ အမှန်ကတော့ ပလိပ်နေစဉ်က ရင်းရင်းနှီးနှီးဖြစ်လို့ ဆရာက ဘာမှမငြင်းဘဲ ပြန်ခဲ့ဟန်တူပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို “ပလိပ်က ပစ္စည်းလေးပါး ဖိတ်တဲ့သူ မရှိဘူး”လို့ ဆိုခဲ့တယ်၊ အဲဒီ ရဟန်းအမလုပ်မယ့်သူကလဲ မဖိတ်ဘူးလား။
တပည့်တော်။ ။ ပစ္စည်းလေးပါတော့ မဖိတ်ပါဘူး၊ ဒါပေမယ့် လိုတာတော့ လှူနေတာပါဘဲ။
ဓမ္မဂုတ်။ ။ အဲဒီအခါ ကိုယ်တော်က ရဟန်းခံနိုင်လောက်အောင် အသက် ပြည့်ပြီလား။ ။
တပည့်တော်။ ။ မပြည့်သေးပါဘူး, “အောက်ပြည်ကို လိုက်ရတော့မယ်” ဆိုလို့ လိုက်ဖို့ရန် စီစဉ်နေကြခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကတော့ ဘယ်ကို သဘောကျသလဲ။
တပည့်တော်။ ။ တပည့်တော်က ပစ္စည်းရှိတဲ့ဘက်ကို လိုက်ရမှာ ရှက်ပါတယ်။ ဒါ့ကြောင့် ပစ္စည်းသိပ်မရှိဘဲ နဂိုက ကြည်ညိုနေတဲ့ ဒကာမပုကိုပဲ ကျေနပ် နေပါတယ်၊ ဒါပေမယ့် အောက်ပြည်က တပည့်တော်ကို ရဟန်းပြုခွင့် မရဘူးဆိုတာ ကြားတော့ ဆရာနဲ့အတူပါလာတဲ့ ဒကာကလေး အထံ အမျိုးသ္မီး တစ်ယောက်ဆီက “သူတို့မှာ အဖိုးတန် စိန်တစ်လုံး လက်လွတ်သွားလို့”ဝမ်းနဲတဲ့ အကြောင်းကို စာပြန်လာတဲ့အခါ အတော်ကြီး သနားသွားပါတယ်ဘုရား၊ နောက်ကိုလဲ လူကြုံတဲ့အခါ အဲဒီ အမျိုးသ္မီးအကြောင်းကို မေးလေ့ရှိပါတယ်၊ ရေစက်ဆိုတာ ဒီလိုကိစ္စမှာလဲ အရေးကြီးပြန်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်ဆရာဘုန်းတော်ကြီးက အောက်ပြည် စစ်ချောင်းကို ပြန်ကြွသေးသလား။
တပည့်တော်။ ။ တပည့်တော့်ဆရာက သိပ်ရိုးပါတယ်၊ လူဝတ်ကြောင်များကို လှဲ့ကာ ပတ်ကာ စကားပြောလေ့မရှိပါဘူး၊ စစ်ချောင်းက ဒကာ-ဒကာမ များအား တပည့်တော်ကို မရတဲ့အကြောင်း ပြောရမှာလဲ အားနာဟန်တူပါတယ်၊ ဒါ့ကြောင့် ကိုယ်တိုင် မပြန်တော့ပဲ ကပ္ပိယလုပ်ပြီး လိုက်လာတဲ့ ဒကာကလေးကိုသာ ပြန်လွှတ်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် မိဘများကိုတော့ ဘယ်လို အကြောင်းကြားသလဲ။
တပည့်တော်။ ။ မိဘများကို တိုက်ရိုက် အကြောင်းကြားဖို့တော့ ဆရာ့မှာ ဝန်လေးဟန် တူပါတယ်၊ ဒါ့ကြောင့် အကြောင်းမကြားသေးပါဘူး၊ ဒကာမပုက ရဟန်းအမ လုပ်လိမ့်မယ်ဆိုတဲ့ အကြောင်းကိုတော့ စစ်ကိုင်း ချမ်းအေး ဆရာတော်ကြီး ကြားတဲ့အခါ မဟာဂန္ဓာရုံဆရာတော်နဲ့ တိုင်ပင်တော်မူကြတယ်လို့ နောင်ခါ သိရပါတယ်၊
“ဒကာမပု” ဆိုတာ ထို ဆရာတော် နှစ်ပါးရဲ့ ငယ်တပည့် ဖြစ်ပါတယ်၊ သဒ္ဓါ တရားက ပစ္စည်းအင်အားထက် ပိုပါတယ်၊ ထိုအချိန်မှာ အိမ်ထောင် မရှိသေးပါဘူး၊ ဆရာတော်ကြီး နှစ်ပါးကလဲ ငယ်ငယ်ကလို “မိပု”လို့ဘဲ ခေါ်ပါတယ်။ ဆရာတော် နှစ်ပါးတိုင်ပင်ပုံက ကိုရင်က ကျောင်းတိုက်နဲ့ ဆရာတော် လုပ်နိုင်လောက်အောင် အရည်အချင်းရှိတယ်၊ မိပုကကျောင်းတိုက် တည်ပေးဖို့ မလွယ်ဘူး၊ ဒီတော့ ပစ္စည်းလေးပါး ဒကာမလဲဖြစ်, ဂန္ဓာရုံကျောင်း အမလဲဖြစ်တဲ့ အမရပူရမြို့ တရုတ်တန်းက ဒကာမကြီး ဒေါ်ကြည်နဲ့ ဒကာမ မညွန့်တို့ ညီအမကို ရဟန်းအမ လုပ်ခိုင်းဖို့ စိတ်ကူးကြပါ သတဲ့။
အဲဒီလို စီစဉ်တဲ့အခါ ဒကာမပုကိုလဲ ငဲ့ညှာတော်မူတာကြောင့် “ဒကာမပုက ပထမ, တောင်မြို့ ကျောင်းအမများက ဒုတိယ, မိဘရင်း ဒကာ-ဒကာမကြီးတို့က တတိယ”လို့ ရဟန်းခံကိစ္စကို စီစဉ်ကြပါတယ်၊ ပထမနဲ့ ဒုတိယက ဘာပြဿနာမှ မရှိသော်လဲ ဒကာကြီးက (သူ့မှာ ပစ္စည်းဆုတ်ယုတ်နေလို့ ဒီလို စီစဉ်တယ်ထင်ဟန် တူပါရဲ့) မပေးနိုင်ပါဘူး ဆိုပြီး ငြင်းနေလို့ ချမ်းအေး ဆရာတော်ကြီးက အတော် တရားဟောရပါသေးတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အချိန်မှာ ကိုယ်တော့် ဒကာကြီးရဲ့ ပစ္စည်းအခြေအနေဟာ သိသိသာသာကြီး ဆုတ်ယုတ်နေပြီလား။
တပည့်တော်။ ။ ဆုတ်ယုတ်ပါပြီ, ပြန်ပြီးတိုးတက်ဖို့လဲ အလားအလာရှိဟန် မတူပါဘူး၊ အမေကလဲ စိတ်အလွန် ဆင်းရဲနေဟန် တူပါတယ်၊ နဂိုက မာနကြီး ခဲ့တာကြောင့် သာပြီး မနေတတ် မထိုင်တတ် ဖြစ်နေဟန်တူပါတယ်၊ အဖေနဲ့ အမေလဲ သိပ်ပြီး အဆင်မပြေကြပါဘူး၊ တစ်ခါတော့ “အမေစိတ်ကောင်းအောင် ဘယ်လိုပြင်မလဲ”လို့ အဖေ့ကိုမေးတဲ့အခါ “ဘယ်လိုပြင်လို့မှ ရမှာမဟုတ်ဘူး၊ ပြန်ပြီး ပစ္စည်းပေါမှ ရမှာ”လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ပစ္စည်းဆုတ်ယုတ်တဲ့အိမ်ဟာ အဲဒီလိုဘဲ များပါတယ်၊ ကိုယ်တော် သံသရာ တစ်လျှောက်လုံးရဲ့ ရှေးကံကို စဉ်းစားပြီး သဘောကြီးကြီး ထားနိုင်တဲ့ မိန်းမများနဲ့ ဖြစ်သလို နေတတ်တဲ့ သတ္တိရှိသူများသာ ဒီလိုအချိန်မျိုးမှာ နေသာ ထိုင်သာ ရှိနိုင်ပါတယ်။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ အမေက ကျောင်းအမသ္မီးဖြစ်ပေမယ့် တရား သဘောအတိုင်း နေတတ်ဖို့ အပုံကြီး လိုပါသေးတယ်၊ အဖေကတော့ နေလဲ နေတတ်ပါတယ်၊ နဂိုက အရည်အချင်း ရှိတာကြောင့် ဆက်ဆံ ပေါင်းသင်းရေးမှာလဲ တန်းမလျှော့ပါဘူး၊ ဆွေမျိုးထဲမှာ အားလုံးက အရေးပေးလျက်ပါဘဲ၊ အမေ့ကျတော့ ဒီလိုမဟုတ်လို့ သာပြီးစိတ်ဆင်းရဲဟန် တူပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာမှ အကူအညီ မပေးနိုင်ဘူးပေါ့နော်။
တပည့်တော်။ ။ တပည့်တော်ရဲ့ စိတ်မှာ မိဘနှစ်ပါးလုံး အမွေရနိုင်တာကိုလဲ စဉ်စား, တပည့်တော် ငယ်ငယ်က ငွေတိုးပေးတဲ့ အော်ဒီမင်စာချုပ် များကိုလဲ တွေ့ဖူးလို့ မိဘများ မဆင်းရဲနိုင်ဘူးလို့ ထင်ခဲ့ပါတယ်၊ ဒါ့ကြောင့် မိဘများအတွက် ကြောင့်ကြမဲ့နေခဲ့ရာမှ ယခုလို ဆုတ်ယုတ်ပုံကို သိမှ ဘာမှ အကူအညီမပေးနိုင်လို့ တပည့်တော်လဲ စိတ်မကောင်းပါဘူး၊
မိဘများကို ပြုစုရအောင် ဆယ့်ရှစ်နှစ်သား လောက်က လူတွက်ဖို့တောင် ကြံမိပါသေးတယ်၊ အဖေရဲ့ မိတ်ဆွေတွေနဲ့ ဆက်ဆံပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ရလျှင် တက်လမ်းရှိသေးတယ်လို့ ထင်နေပါတယ်၊ အဖေဟာ သရိုင်ရွာ အရှေ့ဘက် မြစ်ရိုးတစ်လျှောက်မှာ ဟင်္သာကြီး တိုင်အောင်နဲ့ အနောက်ဖက်မှာ ဝက်လက်အနောက် ရွှေပန်းကုံး တိုင်အောင် မိတ်ဆွေ များပါတယ်၊
အများက ယုံကြည်တဲ့အတွက် ဝံသာနုခေတ်မှာ ရွှေဘိုတောင်ဖက် ဝက်လက် အရှေ့ဖက်မှာ ဒုတိယ ဥက္ကဋ္ဌဖြစ်ပါတယ်၊ ပထမ ဥက္ကဋ္ဌကတော့ ပင်းစင်းက ဦးထွန်းစံကြီး ဆိုသူပါ၊ ဝက်လက်အနောက်ဘက်မှာ ဒုတိယ ဥက္ကဋ္ဌတစ်ယောက်လဲ ရှိပါတယ်၊ အဲဒီလို ယုံကြည်သူ များတဲ့အတွက် စပါး, ပဲတို့ကို ငွေအကြေ မပေးသေးဘဲ အများကြီး ယူပြီး ရောင်းနိုင်ပါတယ်၊ ဒါ့ကြောင့် တပည့်တော်လဲ ဒီအလုပ်ကိုလုပ်ဖို့ ကြံစည်မိတာပါ။
ဓမ္မဂုတ်။ ။ ဘာပြုလို့ အကြံတိုင်း မလုပ်ဖြစ်သလဲ, မလုပ်ရဲလို့လား။
တပည့်တော်။ ။ မဟုတ်ပါဘူး၊ အဲဒီအချိန်မှာ ပထမကြီးတန်းဝင်နိုင်လောက်အောင် စာတွေက ပြည့်စုံပြီးဖြစ်လို့ စာတွေကို နှမြောသည့်အတွက် ကြံတဲ့အတိုင်း မလုပ်ဖြစ်တာပါ။
ဓမ္မဂုတ်။ ။ မလုပ်ဖြစ်တာလဲ ကံကောင်းပါတယ် ကိုယ်တော်၊ ဒါ့ထက်ရဟန်းခံ ကိစ္စအတွက် ကိုယ်တော်ကတော့ ဘာမှ ဆရာတော်ကြီးများကို မလျှောက်ဘူးလား။
တပည့်တော်။ ။ တပည့်တော်က ဆရာတော်ကြီးများ စီစဉ်တာကို လိုက်ဖို့ဘဲ တာဝန်ရှိတယ်လို့ ယူဆပြီး ဘာမှ မစဉ်းစားပါဘူး၊ နောက်တော့ အဲဒီ အစီအစဉ် အတိုင်း ၁၂၈၀ ခုနှစ်,တပေါင်းလပြည့်မှာ ပလိပ်မြို့ အေးကျောင်းမှာ သီတင်းသုံးခိုက် ဖြစ်တော်မူသော မဟာဂန္ဓာရုံဆရာတော်ကို ဥပဇ္ဈာယ်ပြုပြီး တပည့်တော်ကို ပထမအကြိမ် ရဟန်းအဖြစ်ရောက်အောင် ချီးမြှောက်တော်မူကြပါတယ်။
ဓမ္မဂုတ်။ ။ မဟာဂန္ဓာရုံဆရာတော်ဆိုတာ လူတွေ့မခံဘဲ သုံးနှစ်ခန့် တစ်ပါးထဲ ဂူအောင်းပြီး သီတင်းသုံးတော်မူတဲ့ ဆရာတော်လား။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ ဆရာတော်ရဲ့ အပေါ်ကမျက်ခွံတော်မှာ မလှုပ်သလို ထင်ရအောင် အမြဲစက္ခုန္ဒြေရနေပါတယ်၊ အလွန်ငြိမ်သက်တော်မူပါတယ်၊ အဲဒီ အေးကျောင်း၌ သီတင်းသုံးနေတုန်းမှာပင် တပည့်တော်နဲ့ ဘုန်းတော်ကြီးတစ်ပါး အနားမှာရှိတုန်း စကားပြောယင်း ငယ်စဉ်က ရောဂါများတဲ့အတွက် “ခန္ဓာဝန် လက်စသိမ်းအောင်လို့ ကြိုးစားတာဘဲ၊ ဒါပေမယ့်”လို့ ဆိုပြီး ရှေ့မဆက်ပါဘူး၊ တပည့်တော်အထင်တော့ “အောက်မဂ် အောက်ဖိုလ်လောက်သာရလို့ အားမရတဲ့ သဘော ဖြစ်ဟန်တူပါရဲ့”လို့ စဉ်းစားမိပါတယ်။
ဓမ္မဂုတ်။ ။ ဒုတိယအကြိမ် ရဟန်းထပ်တော့ ဘယ်နေရာ ဘယ်အခါမှာတုန်း။
တပည့်တော်။ ။ ၁၂၈၁ ခုနှစ်, နယုန်လပြည့်နေ့ဖြစ်ပါတယ်။ နေရာကတော့ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင်းက သိမ်မှာပါ၊ အဲဒီ ရဟန်း အမများက ပစ္စည်းရော, သဒ္ဓါရော ပြည့်စုံတဲ့အပြင် မဟာဂန္ဓာရုံ ဆရာတော်နဲ့ ချမ်းအေး ဆရာတော်ကြီး နှစ်ပါးလုံးရဲ့ အရင်းဆုံးများဖြစ်လို့ ဆရာတော်များ စီမံတဲ့အတိုင်း ပိဋကပါဠိတော် အဋ္ဌကထာဋီကာ အစုံ ပါပါတယ်။
ပလိပ် ရဟန်းခံတုန်းကလဲ တပည့်တော် လိုသလောက် အဋ္ဌကထာ ဋီကာစာအုပ်များ ပါပြီးဖြစ်ပါတယ်၊ သို့သော် ဆရာတော်များက တပည့်တော်အတွက် သာမက တပည့်တော်ကို အတူလိုက်ပြီး စောင့်ရှောက်မယ့်ပုဂ္ဂိုလ်အတွက်ပါ ပိဋကစာအုပ်တွေ နှစ်စုံလောက်ရှိအောင် စီမံတော်မူ ကြခြင်းဖြစ်ပါတယ်၊ ရဟန်ခံ နှစ်ကြိမ်လုံးမှာ ခေတ်နဲ့ဆိုင်တဲ့ အသုံး အဆောင်ကတော့ မပါပါဘူး၊ အဲ.. ပတ်တူအိတ်တစ်လုံးတော့ ပါပါရဲ့၊ တပည့်တော်ကလဲ မတောင့်တပါဘူး၊ ဆရာတော်ကြီးများ အလိုအတိုင်း ဖြစ်စေတာပါဘဲ။
ဓမ္မဂုတ်။ ။ ဒုတိယ ရဟန်းထပ်ပြီးတဲ့အခါ ကိုယ်တော် ဘယ်မှာဝါဆိုသလဲ။
တပည့်တော်။ ။ မြောင်းမြဆရာတော်လောင်းဖြစ်တဲ့ဆရာက“ငါတော့ ပခုက္ကူ မှာဘဲ ပြန်နေစေချင်သေးတာဘဲ, ဆွမ်းက သိပ်ဆင်းရဲသလား”လို့ မိန့်တော်မူတာနဲ့ “နေစေချင်လဲ နေတာပေါ့ဘုရား၊ ဆွမ်းဆင်းရဲတာကတော့ အများထုံးစံပါဘဲ”လို့ လျှောက်ပြီး ပခုက္ကူကိုဘဲပြန်ပြီး ဝါဆိုရပါတယ်၊
မဟာဂန္ဓာရုံဆရာတော်က တပည့်တော် ပျက်စီးမှာစိုးတော်မူလို့ တပည့်တော်ကို စောင့်ရှောက်ယင်း မြောင်းမြဆရာတော်လောင်းကို ပခုက္ကူကြွဖို့ တိုက်တွန်းတာနဲ့ မှန်ကျောင်းက ဦးသောမကြီးရော, ဆရာရော ပခုက္ကူလိုက်ပြီး ဝါဆိုကြပါတယ်၊
သို့သော် ဆရာက ကျန်းမာရေး မညီညွတ်လို့ ဝါတွင်းမှာ ပြန်ရပါတယ်၊ ဆရာ့ကို လိုက်ပို့ယင်း မဟာဂန္ဓာရုံဆရာတော်ထံဝင်တော့ ဆရာတော်လဲ စစ်ကိုင်းမဟာသုခ ချောင်မှာ မကျန်းမမာ ဖြစ်တော်မူနေပါတယ်၊ “အဲဒီရောဂါနဲ့ ဆရာတော် ပျံတော်မူတယ်”လို့ ပခုက္ကူမှ ကြားသိရပါတယ်။
ဓမ္မဂုတ်။ ။ မဟာဂန္ဓာရုံဆရာတော် ပြန်တော်မူလို့ ဘာများ အထူးအဆန်း ကြားသေးတုန်း။
တပည့်တော်။ ။ ဆရာတော်က စစ်ကိုင်းတောင်ရိုး ရွှေကျင်ဂိုဏ်းရဲ့ အချုပ် နာယက ဖြစ်တော်မူပါတယ်၊ “ဆရာတော် ပြန်တော်မူတယ်”ကြားလို့ ရုက္ခမူချောင် စသော ဂိုဏ်းဆိုင်ရာချောင်များက ဘုန်းတော်ကြီးများ ပုညရှင်တောင်၏ အနောက်ဘက်က မဟာဂန္ဓာရုံသို့ လာကြတဲ့အခါ အနောက်ဘက် အနီးအပါးချောင်က ဆရာတော်ကြီး တစ်ပါးက “ကိုယ်တော်တို့ ဘယ်သွားကြမလို့တုန်း”လို့ မေးပါသတဲ့၊ မဟာဂန္ဓာရုံ ဆရာတော် ပျံတော်မူလို့ မဟာသုခချောင် သွားကြမလို့ပါ-ဟု လျှောက်တော့ ဟာ ... ဟုတ်လား, မနေ့ညက“အဲဒီ တောင်တန်း တစ်လျှောက်မှာ အရောင်တွေ ကွန့်မြူးလိုက်တာ အလွန်ပါဘဲ”ဟု မိန့်တော်မူပါသတဲ့။
ဓမ္မဂုတ်။ ။ မဟာဂန္ဓာရုံဆရာတော်က ဘာကမ္မဋ္ဌာန်းကို စွဲမြဲတော်မူပါတုန်း။
တပည့်တော်။ ။ ဆရာတော်က ဗုဒ္ဓါနုဿတိ (အရဟံ) ဂုဏ်တော်ကို အခြေခံပြီး အနိစ္စ ဒုက္ခ အနတ္တ ဝိပဿနာ စွဲမြဲတော်မူပါတယ်၊ ဆရာတော်ကြီးရဲ့ ဣန္ဒြေသိက္ခာတော်နဲ့ နှုတ်တော်က“ရုပ် နာမ် ဖြစ်ပျက်”လို့ မိန့်တော်မူတဲ့ ဖြစ်ပျက်ဟာ ကြားရသူရဲ့ စိတ်ကို အလွန်ဆွဲဆောင်ပါတယ်ဘုရား၊ ဆရာတော်သည် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏ တပည့်ဖြစ်သော်လဲ ဆရာတော်က လျှောက်ထားတဲ့ စကားကို မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးက လေးစားတော်မူပါတယ်၊ တပည့်တော်ကို နောက်ဆုံး ဥပဇ္ဈာယ်ပေးပြီးတဲ့ဝါမှာ ပြန်တော်မူတာကြောင့် တပည့်တော်ဟာ နောက်ဆုံးတပည့် ဖြစ်တယ်လို့ ဆိုရပါမယ်။
ဓမ္မဂုတ်။ ။ မဟာဂန္ဓာရုံဆရာတော် ပြန်တော်မူတော့ စစ်ကိုင်းဘက်မှာ ရွှေကျင် ဂိုဏ်းကို ဘယ်ဆရာတော်က စောင့်ရှောက်ပါတုန်း။
တပည့်တော်။ ။ ချမ်းအေးဆရာတော်ကြီးက စောင့်ရှောက်ပါတယ်၊ အဲဒီ ဆရာတော်ကြီးကို ဒုတိယ မဟာဂန္ဓာရုံဆရာတော်လို့ သိကြပါတယ်၊ ပထမ မဟာဂန္ဓာရုံဆရာတော်နဲ့အတူ တော်ထွက်တော်မူလာတဲ့ ဆရာတော်ကြီးလဲ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီဝါတွင်းမှာ ကိုယ်တော်က ပခုက္ကူ ဆရာတော်ကြီးများထံ စာဆိုရပြီလား။
တပည့်တော်။ ။ စာမဆိုရသေးပါဘူး၊ အများနည်းတူ လိုက်ရုံဘဲ လိုက်နေရပါ သေးတယ်၊ နောက်တစ်ဝါတွင်းလောက်မရောက်ခင် စာဆိုရပါတယ်။
ဓမ္မဂုတ်။ ။ ဆွမ်းအတွက်ကတော့ ဆင်းရဲတုန်းဘဲလား၊ ရဟန်းအမများဆီက အထောက်အပံ့ မရဘူးလား။
တပည့်တော်။ ။ ရဟန်းအမများက “အလိုရှိတာ တောင်းပါလို့”ဖိတ်ပါတယ်။ တပည့်တော်က “တောင်းတဲ့”ဝါသနာ မပါပါဘူး၊ ဒါကြောင့် သတိရတဲ့အခါ ပို့လိုက်တဲ့ငွေကို ကပ္ပိယရှိယင် လက်ခံပါတယ်၊ ကပ္ပိယ မရှိယင်တော့ လက်မခံပါဘူး၊ ဒကာမကြီးများက ကမ္မဋ္ဌာန်းဆရာတော်များရဲ့ ဒကာမဖြစ်လို့ ကပ္ပိယမရှိဘဲ ယူထားယင် အထင်သေးမှာ စိုးရပါတယ်၊
ဒါကြောင့် ဆွမ်းဆင်းရဲတာကတော့ ရဟန်းဖြစ်ပေမယ့် ဆင်းရဲမြဲ ဆင်းရဲတာပါဘဲ၊ တစ်ခါတစ်လေ ဆောင်းအခါမှာ ကျွန်းထဲက စာရေးတံ ဆွမ်းကျွေးတတ်ပါတယ်။ ထိုအခါ တပည့်တော်တော့ ဘယ်လောက် ဝေးဝေး ဘယ်လောက် ချမ်းချမ်း လိုက်တာဘဲ၊ အဲဒီအခါကျမှ ဟင်းကောင်းကောင်း စားရတာကိုး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ဟာ ငတ်ကိုယ် ငတ်နေတာပေါ့ နော်။
တပည့်တော်။ ။ ဆိုနိုင်ပါတယ်၊ လုံးဝ မစားရတဲ့မငတ်တော့ မဟုတ်ပါဘူး၊ စားချင်တာ မစားရတဲ့ အငတ်မျိုးတော့ ငတ်နေတာပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မိဘများက တတိယအကြိမ်ရဟန်းခံတော့ ဘယ်အရပ်မှာ ဘယ်အချိန်တုန်း။
တပည့်တော်။ ။ တတိယအကြိမ် ရဟန်းခံတော့ စစ်ကိုင်းတောင် မှန်ကျောင်းမှာ တဲပြီးတော့ ဆေးတိုက်အနီးက မြစ်ထဲ (ရေသိမ်)မှာ တပေါင်းလပြည့်နေ့ ရဟန်း ခံပါတယ်။
ဓမ္မဂုတ်။ ။ ဒီအခါမှာ မဟာဂန္ဓာရုံဆရာတော် မရှိတော့ဘူးနော်၊ ဘယ်ဆရာတော်က ဥပဇ္ဈာယ်လုပ်သလဲ။
တပည့်တော်။ ။ အဲဒီအချိန်မှာ ဒီပဲရင်းဆရာတော်က စစ်ကိုင်းမှာ သီတင်းသုံးခိုက် ဖြစ်လို့ ဆရာတော်က ဥပဇ္ဈာယ်အဖြစ် ချီးမြှင့်ပါတယ်၊ တောင်ဖီလာ ဆရာတော် ဦးပဏ္ဍဝံသ, ပထမရုက္ခမူ (အတိသုဒ္ဓါရုံ) ဆရာတော် စသော ဝိနည်းဓိုရ် ဆရာတော်ကြီးများ ပါပါတယ်။
ဓမ္မဂုတ်။ ။ ပထမအကြိမ် ရဟန်းပြုခဲ့ရာ ပလိပ်မြို့ အေးကျောင်း ခဏ္ဍသိမ်, ဒုတိယ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်တွင်း ခဏ္ဍသိမ်, ယခု တတိယ အကြိမ်ကျတော့ စစ်ကိုင်းတောင်ရိုးအနီး ဧရာဝတီမြစ်တွင်း “ဥဒကုက္ခေပသိမ်”ဆိုတော့ သိမ်နဲ့စပ်ပြီး ဘာမှ သံသယဖြစ်စရာ မလိုဘူးပေါ့နော်။
တပည့်တော်။ ။ မဟာဂန္ဓာရုံကျောင်းတိုက်တွင်းရှိ ဒုတိယအကြိမ်ဝင်ခဲ့တဲ့ သိမ်ကလဲ စစ်ကိုင်း မဟာဂန္ဓာရုံဆရာတော် သမုတ်ခဲ့တဲ့သိမ်, တောင်ရိုးအနီး ဧရာဝတီမြစ် အတွင်း “ဥဒကုက္ခေပသိမ်”ဆိုတော့ သိမ်နဲ့ စပ်ပြီး စိတ်ရှင်းပါတယ်ဘုရား၊ (ယခု လက်ရှိသိမ် မဟုတ်, ဖျက်လိုက်သောသိမ် ဖြစ်သည်။)
ဓမ္မဂုတ်။ ။ ဒီအချိန်မှာ ကိုယ်တော့်အသက် နှစ်ဆယ်က-ဆယ့်ငါးရက်ကျော် လာပြီ ဖြစ်လို့ ဒီအဆက်ကို ရပ်လိုက်ကြဦးစို့။
နိဂုံး။
အသက်နှစ်ဆယ်, ခုအရွယ်၌,
လူ့ဝယ်ဓမ္မတာ, ကြုံတွေ့လာသည့်,
ချမ်းသာ ဆင်းရဲ, အနဲနဲကို,
ထူးကဲ စိတ်ထား မဖောက်ပြားဘဲ,
အများ ထုံးစံ, ကိုယ်လည်းခံ၍,
ရရန်ဒုလ္လဘ, ပဗ္ဗဇ္ဇကို,
အရယူကာ, တစ်သက်တာ၏,
နောက်လာဦးမည့်, များပြားဘိသည့်,
ဒုက္ခိ ဒုက္ခာ, ဆင်းရဲစွာလည်း,
ဆရာ မိန့်ချက်, ဦးထိပ်ရွက်၍,
ဆက်လက်ကြိုးကုတ်, အားကုန်ထုတ်သည်,
အဟုတ် ကြိုးစားလိမ့်သတည်း။
၉။ နှစ်ဆယ်လွန်ကယ် - သုံးဆယ်ရွယ်
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပခုက္ကူမှာ ဒါလောက် ဆင်းရဲပါလျက်နဲ့ နေတာကတော့ ဘယ်လို ရည်ရွယ်ချက်ရှိလို့လဲ။
တပည့်တော်။ ။ ရည်ရွယ်ချက်ကြောင့် မဟုတ်ပါဘူး, ဆရာက နေစေချင်လို့ နေတာပါပဲ၊ တပည့်တော်နောက်မှ ရွှေကျင်ဂိုဏ်း (စစ်ကိုင်း မန္တလေး နေဖူးတဲ့) ဦးပဉ္စင်းများ ရောက်လာကြပါတယ်၊ သူတို့ကတော့ အများအားဖြင့် သိပ်မကြာဘဲ ပြန်ကြတာပါပဲ, တချို့တော့ ဒကာ ဒကာမ အဆက်အသွယ်ကောင်းလို့ ဆွမ်းလဲ ပြည့်စုံကြပါတယ်၊ အဲဒီလို ပြည့်စုံတဲ့ မိတ်ဆွေတစ်ပါးက တပည့်တော်ကို ပြောတဲ့ စကားကလေး မှတ်မိပါသေးတယ်၊ “ငါတော့ မင်းလောက်များ ဆင်းရဲယင် မနေဘူး”တဲ့။
ဓမ္မဂုတ်။ ။ သူက ဒီလို ပြောရအောင်က ကိုယ်တော့်ထက် ဘယ်လောက် ကြီးလို့တုန်း။ ။
တပည့်တော်။ ။ သူက လေးဝါလောက် ကြီးပါတယ်၊ ဆရာတူတပည့်လဲ ဖြစ်ပါတယ်၊ ပြောတဲ့နေ့က မိုးရွာတဲ့နေ့ပါ၊ အားလုံး ဆွမ်းချက်စားဖို့ရန် ဆရာတော်များက ဆန်နဲ့ဆီကို ဝေငှပါတယ်၊ တပည့်တော်ကတော့ ရဟန်း ဖြစ်ပြီးကတည်းက မိုးရွာပေမယ့် ဆွမ်းခံထွက်ပါတယ်၊ ဆွမ်းခံယင်း “ငါသည် ဘယ်အခါကျမှ ၇ ရက်စွေနေတဲ့ မိုးရေထဲ ဆွမ်းခံစားရတဲ့ ရသေ့အလုပ်ကို လုပ်ရပါ့မတုန်း”လို့ တမ်းတတဲ့ တရားကလေးကို တွေးပြီး ပြန်လာပါတယ်၊
အဲဒီ ကိုယ်တော်က သူရဲ့ ဒကာ-ဒကာမအိမ် သွားဖို့ ထီးဆောင်းပြီးတော့ ထွက်အလာ တိုက်အပေါက်မှာ တွေ့ကြပါတယ်, တွေ့တော့ “ပြစမ်းပါ”ဆိုပြီး သပိတ်ကို ဖွင့်ကြည့်ပါတယ်, သပိတ်ထဲမှာ စားချင့်စဖွယ် မပါပါဘူး၊ ဒါကြောင့် “ငါတော့ မင့်လောက် ဆင်းရဲယင် မနေဘူး”လို့ ပြောပါတယ်၊ အဲဒီ စကားကို ကြားရလို့ ကျောင်းရောက်တဲ့အခါ တေးထပ်တစ်ပုဒ် စပ်ပါတယ်၊ အကုန်တော့ မရတော့ပါဘူး, နောက်နားမှာတော့ ...
“ဓမ္မလမ်းနဲ့ ကြွလှမ်းအလာတွင်, ပြစမ်းကွာ မင့်ပတ္တရယ်လို့ ဖွင့်လှပ်ကြ ရှက်ဖွယ့်ကြောင်တောင်, ပြက်ရယ် ပြောင်လှောင်၊ သာကီစစ် ဇာတ်လမ်း မပြောင်တယ်, ပတ်သန်းမှောင် တိမ်ခိုးကြောင့်လေး” ... တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ယခုအခါ မေတ္တာကို အလုပ်အဖြစ်နဲ့ ဂရုစိုက်သလို, ဟိုတုန်းက ပခုက္ကူ၊ ဒကာ-ဒကာမတွေအပေါ် မေတ္တာမပို့ဘူးထင်တယ်။ ဒါ့ကြောင့် ဒီလောက် ဆွမ်းဆင်းရဲတာ ဖြစ်ဟန်တူပါတယ်။
တပည့်တော်။ ။ တပည့်တော်ရဲ့ မေတ္တာအလုပ်ဟာ ဟိုတုန်းကလဲ လုပ်ပါတယ်။ ဒါပေမယ့် မိဘရယ်, ဘိုးများရယ်, ဆရာများရယ်, သွားလေသူ အဖွားရယ်, နောက် ရဟန်းအမများရယ်, ဒါလောက်သာ မှန်မှန်မေတ္တာပို့ပါတယ်။ ပခုက္ကူတော့ ဆွမ်းခံလမ်းက အိမ်များကိုသာ မေတ္တာပို့ပါတယ်။
ဓမ္မဂုတ်။ ။ ဆွမ်းခံအိမ်တွေကို မေတ္တာပို့တော့ မေတ္တာစူးရဲ့လား။
တပည့်တော်။ ။ စူးပုံ မရပါဘူး, ညက မေတ္တာပို့ထားတဲ့ အိမ်ကလဲ နံနက် ဆွမ်းခံသွားတော့“ကန်တော့ဆွမ်း”လို့ ဆိုချင် ဆိုတာပါပဲ၊ တပည့်တော်ကလဲ “ငါ့မေတ္တာက ဘာစူးလိမ့်မှာတုန်း, ငါက သူတို့ အကျိုးထက် ဆွမ်းနဲ့ဟင်း ရဖို့က လိုရင်းထားပြီး ပို့တာကိုး”လို့ စိတ်ထဲမှာ ဖြေပါတယ်။
ဓမ္မဂုတ်။ ။ ပခုက္ကူတိုက်မှာ ကိုယ်တော် ပထမရောက်စက နေခဲ့တဲ့ ကျောင်းအို ကလေးမှာဘဲ ဆက်နေသလား။
တပည့်တော်။ ။ အဲဒီ ကျောင်းကလေးကို ဖျက်လို့ အနီးဖြစ်တဲ့ “ခံတောကျောင်း”မှာ ရွှေ့ရပါတယ်၊ နောက်တော့ “ဓမ္မမဉ္ဇူ”ဆိုတဲ့ ကျောင်းမှာ ရွှေ့ရပြန်ပါတယ်။
ဓမ္မဂုတ်။ ။ ဘာပြုလို့ ရွှေ့တာလဲ, ဒုတိယကျောင်းကို ဖျက်လို့လား။
တပည့်တော်။ ။ ဒုတိယကျောင်းက မကောင်းသော်လဲ ဖျက်လောက်အောင် မဆိုးသေးပါဘူး, ဒုတိယကျောင်းမှာ အတော်ကြာကြာ နေပြီးမှ ထိုကျောင်းလဲ သံဃာမရှိတော့လို့ တပည့်တော်ကို ရွှေ့နေဖို့ မဟာရဋ္ဌဂုရု ဆရာတော်လောင်းက ခိုင်းပါတယ်။
ဓမ္မဂုတ်။ ။ ဒုတိယကျောင်းမှာ ဘာပြုလို့ သံဃာမရှိတာတုန်း။
တပည့်တော်။ ။ တပည့်တော် ရဟန်းတစ်ဝါ ရပြီးလောက်မှာ နဂိုက အတူ အုပ်ချုပ်တဲ့ ဆရာတော်ကြီး လေးပါးတွင် တစ်ပါးက တိုက်ခွဲလို့ အဲဒီ ဆရာတော်ကြီးဆီ လိုက်သွားကြပါတယ်၊ အဲဒီအချိန်မှာ တပည့်တော်က ယခု မဟာရဋ္ဌဂုရုဆရာတော်လောင်းဆီမှာ ဝိဘင်းမူလဋီကာကို ဆိုနေပါတယ်၊ တပည့်တော်က တိုက်ခွဲတဲ့ဆီကို မလိုက်ပါဘူး။
တပည့်တော်နဲ့ အတူနေ အားလုံး လိုက်သွားတော့ ဆရာတော်ကခေါ်ပြီး “မင့်မိတ်ဆွေတွေ လိုက်သွားကုန်ပြီ, မင်းလဲ ဆိုတဲ့စာဝါကို မငဲ့နဲ့ လိုက်ချင်ယင် လိုက်သွား နိုင်တယ်”လို့ ပြောပါတယ်၊ ဒီတော့ တပည့်တော်က “မိတ်ဆွေတွေ ငဲ့နေတာမဟုတ်ပါ, တပည့်တော်သဘောနဲ့ တပည့်တော်နေတာပါ”လို့ လျှောက်ပါတယ်၊ “ဒီလိုဆိုယင်လဲ ပြီးတာဘဲ”လို့ အမိန့်ရှိပြီး ကျောင်းရွှေ့ နေဖို့ အမိန့်ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ဟာ ပခုက္ကူတိုက်ကြီးမှာ စာချဖြစ်ဖို့ တစ်ဆင့် နီးသွားတယ်လို့ ဆိုရမယ်ထင်တယ်။
တပည့်တော်။ ။ ပခုက္ကူတိုက်ကြီးမှာ စာချဖြစ်ဖို့ တပည့်တော် မမျှော်လင့်ပါဘူး၊ ပိဋကတွေ ပေါက်ဖို့သာ မျှော်လင့်ပါတယ်။
ဓမ္မဂုတ်။ ။ ဘာပြုလို့ မမျှော်လင့်သလဲ၊ ပခုက္ကူတိုက်ကြီးရဲ့ စာချဆိုတာ တစ်နိုင်ငံ လုံးက အသိအမှတ်ပြုတာဘဲ။
တပည့်တော်။ ။ တစ်နိုင်ငံလုံးက သံဃာအများ ရောက်နေတာဖြစ်တော့ တစ်နိုင်ငံလုံး အသိအမှတ်ပြုတယ်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် တပည့်တော်က ရွှေကျင်ဂိုဏ်းရဲ့ အရင်းဆုံးဆိုတာ သိတော်မူကြပြီးဖြစ်လို့ “ဒီမှာ အမြဲမနေနိုင်ဘူး” ဆိုတာ သိတော်မူကြပါတယ်။
ဓမ္မဂုတ်။ ။ ရွှေကျင်ဂိုဏ်းဝင် သာမန်မဟုတ်, ဆရာတော်ကြီးများနဲ့ အရင်းဆုံး ဆိုတာ ဘယ်လိုနည်းနဲ့ သိတော်မူကြသလဲ။
တပည့်တော်။ ။ ဆရာတော်တစ်ပါး တိုက်ခွဲတယ်ဆိုတာကို ထိုအချိန်မှာ အိန္ဒိယ သီဟိုဠ်တို့က ပညာသင်ပြီး ပြန်ရောက်လာတဲ့ (အဘယာရာမဆရာတော်လောင်း ဖြစ်သော) ဝိသုဒ္ဓါရုံ သုဝဏ္ဏဝတီ ဘုန်းတော်ကြီးက ကြားလို့ ကြွလာပါတယ်၊ အဲဒီဆရာတော်ကလဲ ပခုက္ကူတိုက်ကြီးမှာ ရဟန်းကလေး ဘဝကပင် ထို ဆရာတော်များနဲ့ အတူ အုပ်ချုပ်ပြီး စာချခဲ့တဲ့ဆရာတော် တစ်ပါး ဖြစ်ပါတယ်၊ ဒါ့ကြောင့် သံယောဇဉ် မကင်းတဲ့အတွက် အကျိုးအကြောင်း သိရအောင် ကြွလာ ပါတယ်၊ ကြွလာတဲ့ညမှာဘဲ စာသင်သား တော်တော်များများလာပြီး ဆရာတော်ကြီး လေးပါးကို ဝတ်ဖြည့်ကြပါတယ်။ တပည့်တော်လဲ မန္တလေး ဆရာတော်ကို ဝတ်ဖြည့်ပါတယ်၊
ဝတ်ဖြည့်ပြီးလို့ ပြန်ခါနီးတော့ မန္တလေးဆရာတော်က ဝမ်းလျားမှောက်ရာက လှည့်ပြီး “ဒီအထဲ ဒို့အသိများပါသလား”လို့ မေးပါတယ်၊ ဆရာတော် တစ်ပါးက တပည့်တော်ကို လက်ညှိုးညွှန်ပြီး “သူ့ မသိဘူးလား”လို့ မေးတော့ အဘယာရာမ ဆရာတော်လောင်းက ဟင် ... “ဇနကပါလား”လို့ မိန့်တော်မူပါတယ်။
တပည့်တော် ပြန်လာတဲ့အခါ တပည့်တော် အကြောင်းကို မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးရဲ့ သွေးသားဖြစ်ကြောင်း, ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး စာတော်ကြောင်းနဲ့ တရားဟောလဲကောင်းကြောင်းကိုပါ အပြည့်အစုံ ပြောပါသတဲ့၊ ဒါ့ကြောင့် တပည့်တော်ကို ရွှေကျင်ဂိုဏ်း ပြန်ရမယ့်သူဖြစ်ကြောင်းကို သိကြပြီး ဖြစ်ပါတယ်၊ ဒီပြင်လဲ ညောင်ဦး ဆရာတော်, ညောင်တုံးဆရာတော်လို့ တွင်တဲ့ ဆရာတော်က “စာသင် ပြီးယင် ပြန်သိမ်းမယ့်ဆရာရှိသလား”လို့ မေးဖူးပါတယ်၊
တပည့်တော်က ရှိပါကြောင်း (မြောင်းမြဆရာတော်ကို ညွှန်ပြပြီး) ထိုဆရာတော်က ပြန်ခေါ်မည့်အကြောင်းကို လျှောက်ပါတယ်၊ ဒီလို အကြောင်းအမျိုးမျိုးကြောင့် ပခုက္ကူတိုက်ကြီးမှာ စာချဘုန်ကြီးဖြစ်ဖို့ မမျှော်လင့်ပါဘူး၊ ဒါပေမယ့် မိတ်ဆွေများ ကတော့ ကိုယ်တော်စာချဖြစ်လိမ့်မယ်လို့ အစောကြီးက ပြောနေပါတယ်၊ တပည့်တော်ကလဲ မဖြစ်နိုင်ပါဘူး၊ တပည့်တော်က ရွှေကျင်ဘဲလို့ အမြဲပြောပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်စာဆိုတ ာကြားရုံနဲ့ “စာချဖြစ်လိမ့်မယ်”လို့ ထင်ကြေးပေး ရလောက်အောင် ကိုယ်တော်က ဘယ်လောက်များများ စာဆိုရလို့တုန်း။
တပည့်တော်။ ။ ပထမ မဟာရဋ္ဌဂုရုလောင်း ဆရာတော်ထံမှာ မူလဋီကာဆိုပြီး နောက် ဒီဃနိကာယ် အဋ္ဌကထာ ဆိုနေတုန်းမှာ ညောင်တုံးဆရာတော်က သံယုတ်အဋ္ဌကထာ အဆိုခိုင်းလို့ တစ်နေ့ထဲ နှစ်ဝါဆိုရပါတယ်၊ တစ်ဝါ တစ်ဝါမှာ စာရွက်လို နှစ်ရွက်စီ လေးမျက်နှာရှိပါတယ်၊ သံယုတ်ဆိုတုန်းက ပေစာနဲ့ ဆိုရပါတယ်။ စာအုပ်ရိုက်ပြီး မရှိသေးပါဘူး၊ တစ်နေ့လျှင် စာရွက်လို လေးမျက်နှာကို နှစ်ခေါက်ဆိုတော့ ရှစ်မျက်နှာဖြစ်သွားတာပေါ့၊ အဲဒီစာ နှစ်ဝါဆိုတဲ့အပြင် ဆရာတော်ကြီး ဦးပညာထံမှာလဲ တစ်ဝါ လိုက်ပါသေးတယ်၊
အဲဒီအခါမှာ တပည့်တော်က စာလိုက်တဲ့ပုဂ္ဂိုလ်တွေ အထင်မသေးရအောင် သိပ်ပြီး ကြိုးစားရပါတယ်၊ ညနေမှာ ထိုစာနှစ်ဝါ လုံးအတွက် အဋ္ဌကထာချည်း ကုန်အောင် ပထမကြည့်ပြီး ဒုတိယဋီကာအဖွင့် များနှင့် တွဲကြည့်ပါတယ်၊ နေဝင်ခါနီးတိုင်အောင် ကြည့်ရပါတယ်၊ နံနက်လဲ စာမမြင်ခင် ဆွမ်းသပိတ်ကိုဆေးပြီး စာမြင်သည်နဲ့ တပြိုင်နက် ထို ဆိုဝါ နှစ်ဝါကုန်အောင် တစ်ကြိမ်ကြည့်ပြန်ပါတယ်၊ စာကြည့်ပြီးတဲ့ အချိန်မှာ သံဃာအများ ဆွမ်းခံထွက်သွားကြပါပြီ၊ တပည့်တော်က နောက်မှ ခပ်မြန်မြန်သွားပါတယ်၊ ဒါ့ကြောင့် တချို့ဘုံလောင်းစောင့်ပြီး ခုဋင်ပေါ်ထိုင်နေကြတဲ့ ကိုယ်တော်များက “စာပို့ကြီးလာပြီ, စာပို့ကြီးလာပြီ”လို့ ပြောကြတယ်ဆိုတာ နောက်မှ ကြားသိရပါတယ်။
ဓမ္မဂုတ်။ ။ ဘာအဓိပ္ပာယ်နဲ့ ပြောကြတာတဲ့လဲ။
တပည့်တော်။ ။ ဟိုခေတ်က စာပို့ရထားကြီး, စာပို့သင်္ဘောကြီးဆိုတာ ရှိပါတယ်၊ အချိန်လဲမှန်တယ်၊ မြန်လဲမြန်တယ်၊ ဒါကြောင့် တင်စားပြီး ပြောကြဟန်တူပါတယ်၊ တပည့်တော်က မှန်မှန်နဲ့ မြန်မြန်သွားပြီး ပြန်လာတဲ့အခါ သူများကို မစောင့် တော့ဘူး၊ စာဆိုရမှာမို့ တစ်ပါးထဲ အယင်စားပြီး စာဆိုတဲ့နေရာ သွားတာဘဲ။
ဓမ္မဂုတ်။ ။ အဲဒီလိုတစ်ပါးထဲလဲစား, ဆွမ်းဟင်းကလဲ မရဘူးဆိုတော့ နေ့ဆွမ်း အတွက် ဘယ်လိုလုပ်သလဲ။
တပည့်တော်။ ။ ရတဲ့ဟင်းတော့ နံနက် ရှစ်နာရီလောက် စားလိုက်တာနဲ့ ကုန်ပါရော၊ နေ့ဆွမ်းအတွက် ဆွမ်းသန့်သန့်ကလေး ချန်ထားပြီး တစ်ခါ တစ်ခါ ထန်းလျက်ခဲနဲ့ ရေနဲ့ ကျိုက်ချရတာဘဲ၊ နောက်ပိုင်းတော့ ဦးကဝိန္ဒ ဆိုတဲ့ မိတ်ဆွေ တစ်ပါးက ဆွမ်းခံပြန်တဲ့အခါ ဟင်းတစ်ခွက် နှစ်ခွက်ပေးလို့ အဲဒီဟင်းကလေးနဲ့လဲ စားရပါတယ်၊ ဘယာကြော် ရတဲ့အခါတော့ အနီးမှာနေတဲ့ ပခုက္ကူမြင်သာရပ်က ကိုရင်ကလေးရဲ့ ပဲကျားပြုတ်နဲ့ လဲစားပါတယ်၊ စာဆိုတဲ့အခါ အသံကပ်မှာစိုးလို့ ဘယာကြော် မစားဝံ့ပါဘူး။
ဓမ္မဂုတ်။ ။ ဒီလို အာဟာရဖြစ်တဲ့အစာ မစားရဘဲ နေ့စဉ် စာကြိုးစားတော့ ကိုယ်တော့် ကျန်းမာရေး ဘယ်လိုနေသလဲ။
တပည့်တော်။ ။ ကျန်းမာရေး မကောင်းတော့ပါဘူး၊ အလွန်အားနဲပါတယ်။ ညကျယင် စာအံဖို့ မဆိုထားနဲ့ စကားတောင် မပြောနိုင်ပါဘူး။
ဓမ္မဂုတ်။ ။ ဒါလောက် အားနဲနေယင် မန္တလေးက ပရိယတ္တိသာသနဟိတ အသင်းက ကျင်းပတဲ့ “သကျသီဟစာမေးပွဲ”လို့ ခေါ်တဲ့ စာမေးပွဲကို ဝင်ဖို့ ရည်ရွယ်သေးသလား။
တပည့်တော်။ ။ ရည်ရွယ်ပါတယ်။ ရည်ရွယ်လို့မို့ ကိုရင်တုန်းက ရခဲ့တဲ့ ပထမကြီးတန်း စာတွေကို မမေ့အောင် ကြိုးစားပါတယ်။
ဓမ္မဂုတ်။ ။ နေ့လဲတစ်နေ့လုံး မအား, ညလဲ စကားတောင်မှ မပြောနိုင်အောင် အားနဲနေတဲ့အထဲက ဘယ်လိုလုပ်ပြီး ရထားတဲ့စာတွေ မမေ့အောင် ကြိုးစားသလဲ။
တပည့်တော်။ ။ တပည့်တော်က ကျက်ဉာဏ် သိပ်မကောင်းပေမယ့် မမေ့နိုင်တဲ့ သတိကတော့ ကောင်းဟန်တူပါတယ်၊ သင်္ကြန်တွင်း, ဝါဆိုဦး, သီတင်းကျွတ် အဲဒီ ရက်များမှာ တော်တော်ကြာအောင် ဆရာတော်များက စာဝါမချဘဲ ရပ်နားပါတယ်။ ဒီအခါ ရပြီးစာတွေကို တစ်ကြိမ်တစ်ကြိမ် မမေ့အောင် နေ့အခါမှာ အံပါတယ်၊ ဒီနည်းနဲ့ မမေ့အောင် ကြိုးစားလာတာပါ။
ဓမ္မဂုတ်။ ။ ဒါလောက် ကြိုးစားနေယင်း အားရှိတဲ့အစာလဲ မစားရ အားနဲပြီး သေနိုင်တယ်ဆိုတာကို မတွေးမိဘူးလား။
တပည့်တော်။ ။ တွေးမိရုံ ဘယ်ကမှာလဲ၊ သေဖို့ အတော် နီးနေပြီလို့ဘဲ တွက်ထားပါတယ်။
ဓမ္မဂုတ်။ ။ သေရမှာ မကြောက်ဘူးလား။
တပည့်တော်။ ။ သေရမှာထက် အောက်ကျ နောက်ကျ နေရမှာကို ပိုပြီး ကြောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို အောက်ကျမယ် ထင်လို့လဲ။
တပည့်တော်။ ။ အဲဒီအချိန်မှာ တပည့်တော်ရဲ့ အားကိုးစရာ ဘာမှမမြင်ဘူး ဘုရား၊ မိဘများလဲ ပစ္စည်းဆုတ်ယုတ်နေ ဆရာရင်းဖြစ်တဲ့ မြောင်းမြ ဆရာတော်လောင်း ကလဲ ဆွမ်းတော်ထားလို့ ဝမ်းတော်မှ အနိုင်နိုင်ဖြစ်နေ တဲ့အချိန်ပါ၊ ပလိပ် ရဟန်းအမက ရင်းနှီးပေမယ့် ပစ္စည်းက သင့်ရုံသာ ရှိပါတယ်၊ အမရပူရ ရဟန်းအမ ကတော့ ငယ်ငယ်က ရင်းနှီးသူ မဟုတ်လို့ မှန်မှန်ဘဲ ဆက်ဆံရပါတယ်၊
ပထမ မဟာဂန္ဓာရုံ ဥပဇ္ဈာယ်ဆရာတော်က ပြန်လွန်တော်မူပါပြီ၊ အခြား ဆရာတော်များက တွေ့တဲ့အခါ အရေးပါကြသော်လဲ ကွယ်ရာမှာတော့ ထောက်ပံ့ဖို့ တာဝန်မရှိပါဘူး၊ ဒါ့ကြောင့် အဲဒီအချိန်မှာ တပည့်တော်အတွက် အားကိုးစရာ မရှိပါဘူး၊ မန္တလေး ပြန်သွားယင် အောက်ကျ နောက်ကျဖြစ်ဖို့ သေချာပါတယ်၊ ဒါ့ကြောင့် “သေယင် မြေကြီး, ရှင်ယင် ရွှေထီး”ဆိုတဲ့ ပြောရိုးအတိုင်း သေမလောက် အပင်ပန်းခံပြီး ကြိုးစားရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို စာဝါနားတဲ့အခါမျိုးမှာ ဒေသန္တရ ဗဟုသုတဖြစ်အောင် ပုဂံ-ညောင်ဦးစသော အရပ်များကို မသွားဘူးလား။
တပည့်တော်။ ။ မသွားပါဘူး၊ ပုဂံ-ညောင်ဦးဆိုတာ စာချဖြစ်မှ သိမ်သမုတ် ကိစ္စကြောင့် ဆရာတော်များနဲ့အတူ တစ်ခေါက်သာ ရောက်ဖူးပါတယ်၊ ယခုအထိလဲ ဒေသန္တရအဖြစ်, ဘုရားဖူးအဖြစ် မလည်ဖူးပါဘူး။
ဓမ္မဂုတ်။ ။ စာဆိုဝါတော့ နှစ်ဝါ အမြဲဆိုနေရသလား။
တပည့်တော်။ ။ ပထမဆရာတော်က စာတစ်ဝါ အကုန်မှာ “ဇနက ... တော်လောက်ပြီ”လို့ ပြောပြီး စာဆိုရပ်လိုက်ပါတယ်၊ အဲဒီဆရာတော်ကရပ်ပြီး မကြာခင် ဆရာတော် ဦးပညာဆီမှာ အဘိဓမ္မာအဋ္ဌကထာ တတိယအုပ်ကို ဆိုရပါတယ်၊ ဒါ့ကြောင့် တစ်နေ့ စာနှစ်ဝါဘဲ ဆိုဆိုနေရပါတယ်၊ နောက် မကြာခင် ဝံသာနုခေတ်က ကြီးစိုးလာလို့ ပခုက္ကူတိုက်ကလဲ ဓမ္မကထိကတွေ ထွက်ပါတယ်၊
ပခုက္ကူကိုလဲ အကျော်အမော် ဓမ္မကထိကတွေလာပြီး ဟောကြပါတယ်၊ ရှေ့ပိုင်း ကတော့ ဆရာတော်များလဲ ကျေနပ်ပုံရလို့ သွားပြီး နားထောင်ပါတယ်၊ နောက်ပိုင်း ကျတော့ ဆရာတော်များက နဲနဲ မကျေနပ်ဟန်တူလို့ အများသွားပေမယ့် တပည့်တော် မသွားပါဘူး။
ဓမ္မဂုတ်။ ။ ဆရာတော်တွေမှမသိဘဲ, သွားတော့ကော ဘာဖြစ်တုန်း။
တပည့်တော်။ ။ ဆရာတော်များက အကြောင်းရှိလို့ “ဇနက ခေါ်လိုက်စမ်း”လို့ ခိုင်းလျှင် မတွေ့မှာစိုးလို့ မသွားတာပါ၊ တပည့်တော်ကို ဆရာတော်များ အထင်သေးမှာ စိုးပါတယ်၊ ရွှေကျင်ဂိုဏ်းသား ဖြစ်လို့လဲ အထင်သေး မခံချင်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တစ်ခြားနေပေမယ့် ဂိုဏ်းကိုတော့ လေးစားသေးတာ ဘဲလား။
တပည့်တော်။ ။ တပည့်တော်ဝါသနာက တစ်နေရာရောက်ယင် မူလနေရာကို လေးစားတဲ့ထုံးစံ ရှိပါတယ်၊ ပခုက္ကူက မန္တလေးပြန်ရောက်တဲ့ အခါလဲ ပခုက္ကူကို အထင်မသေးအောင် အမြဲသတိထားပါတယ်, ကြိုးစားပါတယ်။ ဒါ့ကြောင့် ပခုက္ကူ နေတုန်းလဲ ရွှေကျင်ဂိုဏ်းနှင့် ဆရာသမားများကို အထင် မသေးအောင် စောင့်စည်း ပါတယ်၊
တစ်ခါက ဓမ္မမဉ္ဇူကျောင်း မပြောင်းခင် ခံတောကျောင်းမှာနေခိုက် ကျောင်းရှိ ကိုယ်တော်များ မိုးအေးအေးမှာ စာမတက်ရလို့ ဝိုင်းဖွဲ့ပြီး စကားပြောနေကြပါတယ်၊ တပည့်တော်လဲ စာကြည့်ပြီးလို့ အဲဒီဝိုင်းသွားပြီး ထိုင်ပါတယ်၊ ဆေးလိပ် ပန်းကန်ပြားက အလယ်ခေါင်မှာပါ၊ တပည့်တော် ရောက်ချိန်မှာ သူတစ်လှည် ငါတစ်လှည့် သောက်နေကြပါတယ်၊ မိုးအေးအေးဆိုတော့ မီးခိုးငွေ့လေးတလူလူနဲ့ သောက်ချင်စရာလဲ ကောင်းပါတယ်၊ တစ်ပါးက တပည့်တော်ကို “မသောက် ချင်ဘူးလား”လို့ မေးပါတယ်၊ တပည့်တော်က “သောက်ချင်သားဘဲ”လို့ ပြောတော့ “သောက်ချင် သောက်ပါလား”တဲ့၊ ဒီတော့ တပည့်တော်က ပြုံးပြီး “ဇာတ်ပျက်သွားလိမ့်မယ်”လို့ ပြောပါတယ်၊ အားလုံးလဲ ပြုံးကြပါတယ်။
တစ်ခါတော့လဲ ဒီလို စကားဝိုင်းမှာ သွားပြီး ထိုင်မိပါတယ်၊ အဲဒီအခါ မြောင်းမြ ဆရာတော်လောင်း ဆရာတော်က “ဟို … ဇနက ဘာလုပ်နေတာတုန်း”လို့ ပြောလေ့ရှိတဲ့ စကားကို နားထဲမှာ ကြားသလို ဖြစ်လာလို့ ချက်ချင်း ကိုယ့်နေရာ ပြန်ပြီး စာကြည့်ရပါတယ်၊
တစ်ခါတော့လဲ ရွှေဂူကြီး ဘုရားပွဲမှာ အထူးအဆန်း မီးပန်းတွေလွှတ်ပြီး ပူဇော် ပါတယ်၊ တိုက်က သံဃာအများ သွားကြသော်လဲ တပည့်တော်တော့ ဆရာတော်ကြီးများ ခေါ်ယင် မတွေ့မှာစိုးလို့ မသွားဘဲနဲ့ ကျောင်းတိုက်ထဲကပင် လမ်းလျှောက်ပြီး အပေါ်တက်လာတဲ့ မီးပန်းတွေကို ကြည့်နေပါတယ်၊ အဲဒီတော့ ဓမ္မမဉ္ဇူကျောင်း မပြောင်းရသေးပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီလို စောင့်စည်းတာတွေက ကိုယ်တော့်အတွက် ဆရာသမားများရဲ့ ယုံကြည်ခံရဖို့အကြောင်း အကောင်းတွေ ဖြစ်နေတာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ ဆရာသမားများက ယုံကြည်တော်မူကြ၍ စာပေ ဘက်က ချီးမြှောက်ကြလို့လဲ တပည့်တော်မှာ ဒီအခြေအနေ ရောက်နိုင်တာပါ၊ တပည့်တော် အစွမ်းချည်း မဟုတ်ပါဘူး၊ များစွာသော စာသင်သားတွေမှာ တပည့်တော်ထက် ကျက်ဉာဏ်ကောင်းသူတွေ ရှိကြပါတယ်၊ ဒါပေမယ့် ဆရာသမား များရဲ့ ချီးမြှောက်မှုကိုတော့ တပည့်တော်လို ရကြဟန် မတူပါဘူး။
ဓမ္မဂုတ်။ ။ ဝံသာနုခေတ်တုန်းက ကိုယ်တော်ကော ဝံသာနုတရား မဟောဘူးလား။
တပည့်တော်။ ။ ရှေ့ပိုင်းတုန်းကတော့ မဟောပါဘူး၊ နောက်ပိုင်းကျတော့ “သီတင်းသုံးဖော် ဓမ္မကထိကများက ကူညီပြီး ဟောပါဦး”လို့ တိုက်တွန်းတာနဲ့ ဟောပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်အခါတုန်းကလဲ။
တပည့်တော်။ ။ အဲဒါကတော့ အစကစပြီး ပြောမှထင်တယ်၊ တပည့်တော်က ရဟန်းသုံးဝါလောက် အရမှာ သီတင်းကျွတ်တော့ မျက်စိအားနည်းပါတယ်။ (တပည့်တော်က မသိပေမယ့် ဆီးအလွန်ဝါပြီး) ဆီးရောဂါ ဖြစ်နေဟန် တူပါတယ်၊ ညောင်တုန်းဆရာတော်ဆီ စာဆိုနေတုန်းမှာပင် စာကြည့်လို့ မမြင်နိုင်အောင် မျက်စိအားနည်းလို့ စာဝါတွေရပ်ပြီး မန္တလေး ပြန်ရပါတယ်၊
အဲဒီ အခါမှာ နဝမကွန်ဖရင့်က မန္တလေးမှာ ကျင်းပဖို့ရန် အချိန် နီးကပ်နေတာဖြစ်လို့ သင်္ဘောပေါ်မှာ ကိုယ်စားလှယ်ကြီးတွေ (ခေါင်းဆောင်တချို့) ပါလာပါတယ်၊ မန္တလေးသင်္ဘောဆိုက်ယင် ကြိုဖို့စောင့်နေကြတဲ့ လူထုကြီးကို စစ်ကိုင်းမှ သင်္ဘော ခွာလာကတည်းက မြင်ကြရလို့ တအံ့တသြ ပြောကြပါတယ်၊ တပည့်တော်က ဘာမှ မမြင်နိုင်ပါဘူး၊ မန္တလေး ဂေါဝိန်ဆိပ်ကမ်းနဲ့ နီးမှ မြင်ရပါတယ်၊ ဒါလောက်အထိ မျက်စိက မှုန်နေပါတယ်၊ ဒါပေမယ့် မျက်စိကို ကျကျနနကုဖို့နည်းလမ်း မသိပါဘူး၊ နဝမကွန်ဖရင့်မှာ ကြည့်ယင်း အချိန်ကုန်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က လူတွေရဲ့ အစည်းအဝေးကို သွားကြည့်သလား။
တပည့်တော်။ ။ သွားကြည့်တာပေါ့၊ အစည်းအဝေး ဆိုပေမယ့်လဲ သာမန် အစည်း အဝေးမျိုး မဟုတ်ပါဘူး၊ နိုင်ငံကို လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ အစည်းအဝေး ဆိုတော့ တပည့်တော်တွင် ဘယ်ကမလဲ၊ မန္တလေးက ဒိပ်ဆိုတဲ့ ဆရာသမားကြီးတွေ စစ်ကိုင်းဘက်က ဆရာသမားကြီးတွေတောင် (သံဃာတော်များအတွက် ခပ်မြင့်မြင့် ဆောက်ထားတဲ့) သံဃာစင်ပေါ် ကြွပြီး ရှုစားတော်မူကြပါတယ်၊
ခေါင်းဆောင် လူကြီးတွေ ညီညွတ်ပုံကလဲ (အစဆုံးနဲ့ နောက်ဆုံးဖြစ်မလားမသိ) ယခုလက်နက် ရှိလျှင် ယခု ထချချင်စရာ ကောင်းလောက်အောင် ညီညွတ် ကြပါတယ်၊ ကြည့်ရတာလဲ သူ့ခေတ်နဲ့ သူ့အခါ ကျက်သရေ ရှိလိုက်တာ မပြောပါနဲ့တော့၊ ယောက်ျား တွေက ပိုးပုဆိုး၊ ယောပုဆိုး တောင်ရှည်နဲ့ အမျိုးသမီး တွေကလဲ ပင်နီ အင်္ကျီ ယောထမီနဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဝံသာနုစိတ် အားကြီးပြီး မျက်စိကုဖို့တောင် သတိ မရတော့ဘူးလား။
တပည့်တော်။ ။ မျက်စိက စာမကြည့်ဘဲနေတော့ နည်းနည်း သက်သာလာပါတယ်၊ ဆေးရုံကို ပြပါတယ်၊ ဆေးရုံက သူငယ်အိမ်ကို ကြည့်တဲ့အခါမှာ “ရောဂါ မရှိပါဘူး၊ စာမကြည့်ပါနဲ့”လို့ ပြောပါတယ်၊ ဒါပေမယ့် ဆေးရုံက ထွက်လာလို့ ဓာတ်ရထားပေါ် တက်စီးတဲ့အခါ ညီဖြစ်သူ ကျောင်းသားလဲပါတော့ ဓာတ်ရထားလက်မှတ်ကို သူက ယူပါတယ်။
တပည့်တော်က လက်မှတ် ကြည့်တဲ့အခါ စာလုံးတွေ ဖတ်လို့ မရတော့ပါဘူး၊ ဒီအခါမှာ မျက်စိကောင်းမှာ မဟုတ်တော့ပါဘူးလို့ တွေးပြီး အတော်ဝမ်းနည်း လိုက်ပါတယ်၊ နောက်တစ်ရက် ဦးစံကောင်းဆေးတိုက်ကို ပြပါတယ်၊ ဦးစံကောင်းက “သူငယ်အိမ် ကျက်နေတယ်”လို့ ပြောပါတယ်၊ ဆေးရုံရောက်တဲ့အကြောင်း ပြောတော့ “သူငယ်အိမ်ကို ကြည့်ထားလို့ပါ၊ မကြာခင် ပြန်ကောင်း ပါလိမ့်မယ်”လို့ ပြောမှ စိတ်အေးသွားပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘယ်လို ကုတုန်း။
တပည့်တော်။ ။ နောက်တော့ ပလိပ်က ရဟန်းအမရဲ့ ယောက်ျား ဓာတ်ဆရာလဲ ဖြစ်တဲ့ ဆရာဖြေကို မေးကြည့်ပါတယ်၊ ဒကာကြီး ဓာတ်စာပေးတဲ့အတိုင်း စာမကြည့်ဘဲနေပြီး ရွာပြန်သွားပါတယ်၊ ရွာရောက်တော့ မိဘများက သင့်မြတ်တဲ့ ဆွမ်းဟင်းကို ချက်ပေး၊ နွားနို့သောက်၊ ညနေ ထန်းလျက်ရည်နဲ့ ရှောက်ရည် သောက်၊ ဒီလိုနဲ့ နှစ်လလောက်ကြာတော့ ဆီးလဲကောင်း မျက်စိလဲ ကောင်းပြီး အတော်အားရှိလာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ရဟန်းအမ ဒေါ်ပုဆိုတာက အပျိုကြီး မဟုတ်လား၊ အခု ကိုယ်တော့်စကားထဲမှာ “ရဟန်းအမရဲ့ ယောက်ျား”လို့ ဆိုတယ်။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ တပည့်တော် ရဟန်းခံတုန်းက အပျိုကြီးပါ၊ နောက်မှ ဖျားလို့ ဆေးကုရာက နဂိုကလဲ ဆွေမကင်း မျိုးမကင်း ဆိုတော့ အကြောင်း ပါသွားတာပါ။
ဓမ္မဂုတ်။ ။ မျက်စိရောဂါ ပျောက်တော့ ဘာတွေ လုပ်သေးတုန်း။
တပည့်တော်။ ။ မျက်စိရောဂါ ပျောက်တဲ့အချိန်မှာ မြောင်းမြဆရာတော်လောင်း ဆရာလဲ သရိုင်မှာ ခေတ္တရောက်နေလို့ ဆန်းကျမ်း၌လာသော ပတ္တာရ ဖြန့်နည်းကို ထပ်ပြီးလေ့လာပါတယ်၊ ပြီးတော့ ပခုက္ကူပြန်ဖို့ရန် မန္တလေး ရောက်တဲ့အခါ အနောက်ပြင် စာချအကျော် သူဌေးကျောင်းဆရာတော် ဦးရေဝတနှင့် ဆရာတော် ဦးသီလာစာရတို့အထံ တစ်ရက်သွားပြီး စာလိုက်ပါတယ်၊
နောက်တစ်ရက် တောင်ပြင်က ဆရာတော် ဦးငြိမ်းနှင့် ဆရာတော်ဦးနာရဒအထံ စာလိုက်ပါတယ်၊ အခြားဆရာတော်များကတော့ ခေတ်အလိုက် ပို့ချတော်မူကြ တာပါပဲ၊ ဆရာတော် ဦးငြိမ်းကတော့ ရှေးမူအတိုင်းနဲ့ တူပါရဲ့၊ ချတဲ့စာဝါက ဝိသုဒ္ဓိမဂ် ဖြစ်ပါတယ်၊ စာချဖို့ နေရာသို့ ကြွလာပြီး ပေစာတင်ထားတဲ့ ခေါင်းအုံးဘက်သို့ ဒူးတုတ်ပြီး ဦးချပါတယ်၊ အဲဒီနောက် စာလိပ်တွေကို ကျောပေးပြီး ဒူးတုတ် ရက်အတိုင်း စာချပါတယ်၊ တပည့်တော် သိပ်ကြည်ညိုပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မန္တလေးမှာ အဲဒီနှစ်ရက်ပဲ တခြားတိုက် သွားပြီး စာလိုက်ဖူးသလား။
တပည့်တော်။ ။ မှန်ပါတယ်၊ ဒီနှစ်ရက်နဲ့ လေးပါးအထံ ပြီးအောင် စာလိုက် ပါတယ်၊ ဒီအချိန်မှာ ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို အတော်များများ လိုက်ပြီး ဆိုပြီး ဖြစ်လို့ အနက်ဉာဏ်က အတော်ကြီးနေပါပြီ၊ ပခုက္ကူ ပြန်ဖို့ မှန်းတာက ပဋ္ဌာန်း အဋ္ဌကထာ ဋီကာ မကုန်သေးလို့ပါ၊ ထို အဋ္ဌကထာ ဋီကာကုန်ယင် လာမည့် ဝါတွင်းမှာ မန္တလေး ဝိသုဒ္ဓါရုံ ပြန်နေဖို့ပါပဲ။
ဓမ္မဂုတ်။ ။ ပြန်နေဖြစ်ရဲ့လား။
တပည့်တော်။ ။ မပြန်ဖြစ်ပါဘူး၊ “ကိစ္စဆိုတာ ကြံတိုင်းလဲ မဖြစ်ပါဘူး မကြံဘဲလဲ ဖြစ်တတ်ပါတယ်”လို့ ဘုရားဟောတော်မူတဲ့အတိုင်းပါဘဲ၊ ပခုက္ကူ ရောက်တော့ ဆိုမြဲ စာဝါများကို ဆက်ပြီး ဆိုရာက မူလပဏ္ဏာသ ကုန်တဲ့အခါ ညောင်တုန်း ဆရာတော်က “ဇနက ... တော်လောက်ပြီ”လို့ စာဆို ရပ်လိုက်ပါတယ်၊ အဲဒီ အချိန်မှာ ပဋ္ဌာန်း အဋ္ဌကထာ တစ်ဝါသာ ဆိုရပါတော့တယ်၊ “ဘာပြုလို့ စာဝါတွေ ရပ်လိုက်ကြ ပါလိမ့်မယ်”လို့ စိတ်ထဲမှာ တွေးမိပါတယ်၊
တစ်ချိန်တော့ ရဟန်းခံရှိတဲ့အခါမှာ တပည့်တော် က သံဃာ့အစွန် ထိုင်နေပါတယ်၊ ရဟန်းပရိသတ်က ငါးရာလောက်ရှိတော့ ထိပ်ဆုံးက ညောင်တုန်းဆရာတော်က “ဇနက... ရဟန်းလောင်း ဆုံးမ တတ်ပါလိမ့်မယ်”လို့ ဆိုပြီး၊ “ဇနက ... ဇနက”လို့ ခေါ်နေတာကို ရုတ်တရက် မကြားလို့ အနားက ကိုယ်တော်များက တစ်ဆင့် ပြောကြ ပါတယ်၊ ဆရာတော်များအနား ရောက်တော့ “မန်ကျည်းစေ့ ကမ္မဝါစာ” ဆိုတဲ့ မဖတ်တတ်တဲ့ ကမ္မဝါစာကြီးကို လက်ထဲအပ်ပြီး “သုဏာတုမေ... ဇနကော, အနုသာသေယျ”လို့ ဉတ်ထားတော့တာပါပဲ။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က “မဖတ်တတ်ပါ”လို့ မလျှောက်ဘူးလား။
တပည့်တော်။ ။ ဘယ်လျှောက်ဝံမှာတုန်း၊ မဖတ်တတ်တဲ့ ကမ္မဝါစာကြီးကိုင်ပြီး ရဟန်းလောင်းရှိတဲ့နေရာ သံဃာ့အပြင်ဘက် ထွက်ခဲ့ရတာပေါ့၊ ရဟန်းလောင်းနား ရောက်တော့ “ဘယ်ကစပြီး ဖတ်ရမှန်းမသိ”လို့ တောင်ရှာ မြောက်ရှာ ရှာနေတုန်း “ဆိုလေ ဆိုလေ”လို့ ညောင်တုန်း ဆရာတော်က လှမ်းပြီး အမိန့်ပေးတာနဲ့ “စာတက်တုန်းက ရထားတဲ့အတိုင်း” ရဟန်းလောင်းကို သွန်သင်ရတော့တာပါပဲ။
ဓမ္မဂုတ်။ ။ ပြီးတော့ ဆရာတော်များက ဘာပြောသေးတုန်း။
တပည့်တော်။ ။ ဘာပြောရမှာလဲ တင်ကြိုပြီး သတိပေးထားတာမှ မဟုတ်တဲ့ ဥစ္စာ၊ ဒီနောက် ထုံးစံအတိုင်း ကမ္မဝါစာဖတ်တော့ ဆရာတော်နှစ်ပါးနှင့် အတူဖတ်ရလို့ ချောနေတာပေါ့။
ဓမ္မဂုတ်။ ။ နောက်တော့ ကိုယ်တော်က လေ့ကျက်ထားရောလား။
တပည့်တော်။ ။ တပည့်တော်က “ဒီအလုပ်ဟာ ငါ့အလုပ် မဟုတ်ဘူး၊ စာဆိုဖို့သာ ငါ့အလုပ်ဖြစ်တယ်”လို့ ယူဆပြီး ဘာမှ အထူး မလေ့ကျက်ပါဘူး၊ ဒီလို ရဟန်းလောင်း မဆုံးမတတ်တဲ့ ငါ့ကို နောက်တစ်ခါ ခိုင်းမှာလဲ မဟုတ်ပါဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့် ထင်ကြေး မကိုက်ဘူးဘုရား၊ နောက်တစ်ခါ ရဟန်းခံ ကိစ္စရှိတော့ ခိုင်းပြန်တာဘဲ၊ ဒီတစ်ခါတော့ ကမ္မဝါစာကြီးကို လက်နဲ့ထောက်ပြီး “ဒီကအစ၊ ဒီမှာအဆုံး”လို့ အစ အဆုံး လောက်ကိုသာ ပြပါတယ်၊ တပည့်တော်လဲ အစကို သိတာနဲ့ စာတက်တုန်းက ရဘူးတာမှန်းပြီး ဆုံးမလိုက်ပါတယ်၊ ပထမအကြိမ်ထက်တော့ တော်လာပါတယ်၊ ဒါပေမယ့် မဟန်သေးပါဘူး၊ “နောက်လဲ ခိုင်းတော့မှာ မဟုတ်ပါဘူး”လို့ ယူဆပြီး ထပ်လဲ မလေ့ကျက်ပါဘူး။
ဓမ္မဂုတ်။ ။ မခိုင်းတော့ဘူးလား။
တပည့်တော်။ ။ ခိုင်းတာပေါ့ဘုရား၊ ဒီတစ်ခါတော့ ကျောင်းတိုက်ကြီးရဲ့ အပြင် ကျောင်းတစ်ကျောင်းမှာ ဖြစ်ပါတယ်၊ သံဃာက နည်းတော့ “တပည့်တော်က လွဲလိုက်၊ ညောင်တုန်းဆရာတော်က ထောက်လိုက်”နဲ့ ပြီးသွားပါတယ်၊ အဲဒီ သုံးကြိမ်လဲ ပြီးရော တပည့်တော်လဲ ပခုက္ကူ ရဟန်းလောင်း ဆုံးမနည်းအတိုင်းတော့ ကောင်းကောင်း ဆုံးမတတ်တော့တာပါပဲ။
ဓမ္မဂုတ်။ ။ အင်း...ကိုယ်တော့်ကို စာသင်ပေးရုံတွင် မကဘူး၊ ရဟန်းခံရဟန်းလောင်း ဆုံးမပုံကိုလဲ မတတ်-တတ်အောင် လက်ထပ် သင်ပေးကြတာပဲနော်။
တပည့်တော်။ ။ ရဟန်းခံ-ရဟန်းလောင်းဆုံးမတွင် ဘယ်ကမလဲ၊ သိမ်သမုတ် ကိစ္စကိုလဲ တပည့်တော်မှာ လက်ထပ်ရခဲ့ပါတယ်၊ တစ်ခါတုန်းက “ကျဘို့” ဆိုတဲ့ ရွာမှာ ရဟန်းခံ-သိမ်သမုတ်ကိစ္စရှိလို့ ပထမဆရာတော် (ဆရာတော် ဦးပညာ)က တပည့်တော်ကို ခေါ်သွားပါတယ်၊ တရားလဲ ဟောရပါတယ်၊ သိမ်သမုတ်နည်းကိုလဲ ကိုယ်တွေ့ ရခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီရွာမှာ ဘာများ တွေ့သေးတုန်း။
တပည့်တော်။ ။ အဲဒီရွာမှာ နံနက်စောစော အဲဒီနယ်က ဆရာတော်ကြီး တစ်ပါးနဲ့ တပည့်တော်တို့ ဆရာတော်ပါ လက်ဖက်ရည် ဘုဉ်းပေးကြပါတယ်၊ တပည့်တော်က လက်ဖက်ရည်လဲ ငဲ့ပေးပါတယ်၊ မုန့်များကို ပန်းကန်နဲ့ ခွဲယူပြီး လက်ဖက်ရည် သောက်ပါတယ်၊ တပည့်တော်က ဒူးတုပ်လျက်ပါ၊ ဒီအခါ အဲဒီ ဆရာတော်ကြီးက တပည့်တော်ကို ကြည့်ပြီး “ဦးပဉ္စင်းလေးက ရွှေကျင်လား ဒွါရလား”လို့ မေးပါတယ်၊ ပခုက္ကူဆရာတော်က “ရွှေကျင်ပေါ့ဗျာ၊ ရွှေကျင် ရွှေကျင်”လို့ ဖြေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် နေပုံက ဘယ်လိုနေလို့ မေးတာလဲ။
တပည့်တော်။ ။ မလျှောက်တတ်ပါဘူးဘုရား၊ ဆရာကောင်းများနဲ့ ကြီးလာတဲ့ သူဟာ အနေတော့ အများနဲ့တူပုံ မရပါဘူး၊ ဥပမာ-မိကောင်း ဖကောင်း သားသမီး များဟာ အရာရာမှာ အပြောအဆို အနေအထိုင် ကျစ်လစ်သလိုပါပဲ။
ဓမ္မဂုတ်။ ။ ပခုက္ကူမှာ ဒီလိုအဖြစ်မျိုး ဘယ်နှစ်ခါ ကြုံဘူးသလဲ။
တပည့်တော်။ ။ နောက်တစ်ခါလဲ ကြုံဘူးပါသေးတယ်၊ နေရာက “စိမ့်ကန်” ဆိုတဲ့ရွာ သိမ်သမုတ်ကိစ္စပါဘဲ၊ ညောင်တုန်းဆရာတော်နဲ့ အတူပါ၊ လက်ဖက်ရည် သောက်ကြတုန်း တပည့်တော်က လက်ဖက်ရည် ငဲ့ပေးယင်း ကိုယ်တိုင်လဲ ခွဲယူပြီး သောက်တုန်းမှာ ဆရာတော်ကြီးတစ်ပါးက “ဦးပဉ္စင်း ကလေးက ရွှေကျင်လား၊ ဒွါရလား”လို့ဘဲ မေးပြန်ပါတယ်၊ ဒီတော့ ညောင်တုန်းဆရာတော်က “ရွှေကျင်ပေါ့ ဗျာ၊ ရွှေကျင်မှ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး သွေးသားထဲကပါ”လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတော့ ကိုယ်တော်က ဝံသာနုတရား ဟောပြီလား။
တပည့်တော်။ ။ တပည့်တော်ကို သီတင်းသုံးဖော်များက တိုက်တွန်းလို့ ဝံသာနု တရား ဟောနေတုန်း၊ ပဋ္ဌာန်း အဋ္ဌကထာလဲ ဆိုနေတုန်းမှာ ဆရာတော် များက စာချမြှောက်လိုက်ပါတယ်၊ စာချမြှောက်တဲ့ရက်က ကဆုန်လဆန်း တစ်ရက်နေ့ ဖြစ်ပါတယ်၊ ဒီအချိန်မှာ တပည့်တော် သုံးဝါသာရသေးလို့ အသက် ၂၂ နှစ်နဲ့ ၂ လ ပြည့်ရုံသာ ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပခုက္ကူစာချ ဖြစ်တဲ့ရက်ကို သေသေချာချာ မှတ်မိတာက ဘာအကြောင်းလဲ။
တပည့်တော်။ ။ အရှင်ဘုရား စဉ်းစားပါလား၊ တပည့်တော် ပခုက္ကူမှာ မသေထမင်း မသေဟင်းနဲ့ နေလာခဲ့ရတာ မဟုတ်လား၊ စာချဖြစ်တယ် ဆိုတော့ နံနက် ခပ်စောစော ဆွမ်းပူ ဟင်းပူနဲ့ နေ့ဆွမ်း ပြည့်ပြည့်စုံစုံနဲ့ ပြီးတော့ အဲဒီအချိန်မှာ သံဃာ ခြောက်ရာကျော်လောက်ရှိတဲ့ တိုက်ကြီး၌ ဆရာတော်ကြီး များနှင့်အတူ လက်ထောက် စာချများပါ ၁၈ ပါးလောက် ထဲတွင် အသက်အငယ်ဆုံး စာချ ဘုန်းကြီးကလေး ဖြစ်ပါတယ်၊
ဒီတော့ တပည့်တော်အတွက် တစ်သက်လုံး သာသနာ့ကိစ္စမှာ ခိုင်မြဲသော အခြေခံ ရသွားတယ် မဟုတ်ပါလား၊ အဲဒီအချိန်မှာ လက်ထောက် စာချပုဂ္ဂိုလ်များကလဲ ဣဿာ မဖြစ်တဲ့အပြင် အားလုံး ခင်မင်ကြပါတယ်၊ ဒါ့ကြောင့် ပခုက္ကူစာချ ဖြစ်တာဟာ တပည့်တော်အတွက် မှတ်သားဖွယ် ဖြစ်လို့ လ-ရက်တို့ကို သေသေ ချာချာ မှတ်မိနေတာပါ၊ ပဋ္ဌာန်းအဋ္ဌကထာ ကုန်ယင် မန္တလေးပြန်ဖို့ ကြံစည် ထားတာလဲ မပြန်နိုင်သေးဘဲ၊ တာဝန်ကျေအောင် ဆက်ပြီး စာချနေရပါတော့တယ်။
ဓမ္မဂုတ်။ ။ စာချဖြစ်ပြီးတဲ့နောက် ဝံသာနုတရား ဟောသေးသလား။
တပည့်တော်။ ။ မဟောတော့ပါဘူး၊ မဟောခြင်းရဲ့ အကြောင်းကလဲ တိုက်တာကို စောင့်ရှောက်လို့ပါပဲ၊ အဲဒီတုန်းက ဝံသာနုတရားဟောလို့ နာမည်ကြီးလာယင် တစ်နည်းနည်းနဲ့ ထောင်ကျမှာပဲ၊ စာချ မဖြစ်သေးလျှင် ထောင်ကျတာ အရေးမကြီး ပေမယ့်၊ စာချ ဖြစ်ပြီးတဲ့ အခါကျတော့ “ပခုက္ကူတိုက်ကြီးက စာချဘုန်းကြီး ထောင်ကျသတဲ့”ဆိုတဲ့ နာမည်က တိုက်ကြီးပါ တွဲနေမှာမို့ ဆရာတော်များ စိတ်မကောင်းဖြစ်မှာ စိုးတဲ့အတွက် တရားဟော ရပ်လိုက်တာပါပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဝံသာနုတရားကို အစိုးရထိအောင် ဟောတတ်လို့လား။
တပည့်တော်။ ။ အစိုးရထိအောင် မဟုတ်ပေမယ့် တိုင်းတစ်ပါးသားရဲ့ လက်အောက် ခံနေရတာဟာ မကောင်းတဲ့အကြောင်းတော့ ဟောရတာပဲ၊ ဒါလောက် ဟောတာ ကိုလဲ အုပ်ချုပ်တဲ့ အစိုးရက မခံနိုင်ဖြစ်မှာပေါ့၊ ဒါ့ကြောင့် စာချဖြစ်ပြီးနောက် မကြာခင်ဘဲ အရေးပိုင်က လွှတ်လိုက်လို့ဆိုပြီး စုံထောက်က လာမှတ်တာပါပဲ။
ဓမ္မဂုတ်။ ။ စာချဖြစ်တဲ့ အကြောင်းကို မြောင်းမြဆရာတော်လောင်းဖြစ်တဲ့ ဆရာက မသိဘူးလား။
တပည့်တော်။ ။ တပည့်တော် ဝမ်းမြောက်သလို ဆရာလဲ ဝမ်းမြောက်တော်မူမယ် ဆိုတာ သိလို့ စာချဖြစ်တဲ့အကြောင်းကို လျှောက်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဆရာက ဘယ်လို အမိန့်ရှိသေးသလဲ။
တပည့်တော်။ ။ ပခုက္ကူရောက်သည်ကစ၍ ဆရာက အဝေးမှနေပြီး “မည်သည့် စာဝါကို ဆို၊ မည်သည့်စာဝါကို လိုက်”စသည်ဖြင့် အမြဲစီစဉ်ခဲ့ပါတယ်၊ စာချဖြစ်တယ် ကြားတော်မူတဲ့အခါ အရာရာ စိတ်ချပြီးဖြစ်လို့ “ဒီနောက်ကို ဆရာက စီစဉ်ပေးဖို့ မလိုတော့ဘူး၊ တပည့်ဘာသာ စီစဉ်နိုင်ပြီ”လို့ လွတ်လပ်ခွင့် ပေးတော်မူပါတယ်၊ ဆရာနဲ့ အတူနေ တပည့်ကြီးများကိုလဲ ပခုက္ကူသို့ ပို့ပေးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဆရာက ဆရာ့တာဝန် သိပ်ကျေတာပဲနော်၊ အုပ်ထိန်းချိန်မှာ အဝေးကနေပြီး အုပ်ထိန်းလို့ စိတ်ချလောက်တဲ့အခါမှာ လွတ်လပ်ခွင့် ပေးလို့။
တပည့်တော်။ ။ မှန်ပါတယ်၊ တပည့်တော်သာ မကပါဘူး၊ အခြား တပည့်များကိုလဲ ဒီလိုပဲ စီစဉ်တော်မူပါတယ်၊ ဒါကြောင့် ယခုအချိန်မှာ ဆရာတော် ကိုယ်တိုင် သီတင်းမသုံးသော်လဲ တပည့်ကြီးများက “မြောင်းမြ - လပွတ္တာ” စသော စာသင်တိုက် တွေမှာ အခြေအနေ ကောင်းအောင် အုပ်ချုပ်နိုင်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဆရာက တပည့်များအပေါ် အုပ်ချုပ်ပုံကို ကိုယ်တော် သတိထားမိသမျှ ပြောပါဦး။
တပည့်တော်။ ။ ဆရာက တပည့်များကို ဖိနှိပ်၍လဲ မထား၊ လွတ်လွတ်လပ်လပ်လဲ မထားဘဲ အလယ်အလတ်နည်းဖြင့် အုပ်ချုပ်ပါတယ်၊ ဒကာ ဒကာမတွေနှင့် ရင်းရင်း နှီးနှီး ရောရော နှောနှောနေတဲ့ တပည့်ကို (မိမိစကား နားထောင်ပုံရလျှင်) ထိုသို့ မနေအောင် တားမြစ်ပါတယ်၊ စကား နားထောင်ပုံ မရတဲ့ တပည့်ကို ငယ်ယင် အပြစ်ပေးပြီး ကြီးယင် လစ်လျူရှုပါတယ်၊ သို့သော် မိမိဆိုင်ရာ တိုက်မှာတော့ နေခွင့်မပေးပါ။
မြောင်းမြဆရာတော်သာ ဒီလို အုပ်ချုပ်တော်မူတာ မဟုတ်သေးဘူး၊ ပခုက္ကူ ဆရာတော်များလဲ ဒီလိုပဲ အုပ်ချုပ်တော်မူကြပါတယ်၊ တပည့်တော် ရှိတုန်းက ကျောင်းတိုက်ထဲမှာ ဥပုသ်စောင့်သော ဒကာ ဒကာမလဲ မရှိပါဘူး (ဦးဘိုးချမ်း)ဆိုတဲ့ ကျောင်းဒကာကြီးတစ်ယောက်သာ ဥပုသ် စောင့်တာ မြင်ရပါတယ်၊ ကျောင်းတိုက် ထဲမှာ ဒကာ ဒကာမ အဝင်အထွက် လဲ အလွန်နည်းပါတယ်၊
တပည့်တော်ရဲ့ ဓမ္မမဉ္ဇူကျောင်းအမနဲ့ တစ်ခါမှ တပည့်တော် စကား မပြောခဲ့ဖူးပါဘူး၊ တောင်မြို့ရောက်ပြီး နာမည် တော်တော် ထင်ရှားမှ “ဥုးဇနကာဘိဝံသ ဆိုတာ သူရဲ့ ကျောင်းမှာ စာချသွားတဲ့ ဘုန်းကြီး”ဟု သိလို့ လိုက်လာဖူးပါတယ်၊ ပခုက္ကူကျောင်း
တိုက်ကြီးက ဒါလောက်ပဲ ဒကာ ဒကာမနဲ့ ရောနှောမှု ကင်းပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုကင်းကင်းရှင်းရှင်း နေရတာ ကောင်းတာပေါ့နော်၊ စာကိုချည်း တစ်ဖက်သတ် စိတ်ဝင်စားတာဖြစ်တော့ သမာဓိလဲ တိုးမှာပေါ့။
တပည့်တော်။ ။ မှန်ပါ၊ ကောင်းတော့ သိပ်ကောင်းတာပဲ၊ ဒါပေမယ့် တပည့်တော် ဖြစ်ပုံကလေး ပြောရဦးမယ်၊ တပည့်တော်မှာ စာသင်သား ဘဝတုန်းကလဲ ရင်းရင်းနှီးနှီး ဆွမ်းခံအိမ် မရှိခဲ့၊ စာချဖြစ်တော့လဲ စာကိုသာ ကြိုးစားပြီး ချနေရလို့ ဘယ်ဒကာမနဲ့မှ အသိအကျွမ်း မဖြစ်ခဲ့ပါ၊ သို့သော် သီတင်းကျွတ်တဲ့အခါ စာဝါလဲ ခေတ္တနားကြ၊ မီးထွန်းကြလို့ တပည့်တော်နေတဲ့ ဓမ္မမဉ္ဇူကျောင်းမှာလဲ ဖယောင်းတိုင် မီးတွေ ထွန်းထားပါတယ်၊ တစ်တိုက်လုံးလဲ မီးတွေ ထိန်နေပါတယ်၊ ဒီအချိန်မှာ သီဟိုဠ်ရှင်ဘုရားမှာလဲ ဓာတ်မီး ပူဇော်ခါစမို့ ကိုယ်တော်အများ သွားပြီး ကြည့်ကြပါတယ်၊
တပည့်တော်က ကျောင်းမှာ တစ်ယောက်တည်း ကျောင်းရှေ့နားက မြေပြင်ပေါ်မှာ ပက်လက် ကုလားထိုင်ပေါ် ထိုင်ပြီး ကျောင်းဘက်ကို လှည့်ကြည့်နေပါတယ်၊ ဒီအချိန်မှာ ကျောင်းတိုက်နဲ့ စပ်တဲ့ ကျောင်းဒကာ ကျောင်းအမတို့ရဲ့ သမီးအများ ကျောင်းတိုက်ကို လှည့်လည် ကြည့်ရှုရင်း တပည့်တော်အနီးက လမ်းပေါ်မှာ ရောက်လာ ကြပါတယ်၊ တပည့်တော်က သူတို့ကို လှည့်ပြီး မကြည့်ပါဘူး၊ ဒါပေမယ့် ခပ်နီးနီး ရောက်တဲ့အခါ ကြက်သီးတွေ ထလာပါတယ်။
ဒီတော့ ဆက်ပြီး စဉ်းစားပါတယ်၊ သူတို့ကို ကြည့်လဲ မကြည့်၊ သူတို့နဲ့ စပ်ပြီး ဘာမှလဲ မစဉ်းစားဘဲ၊ အထက်တန်း အမျိုးသမီးတွေမှန်း သိရုံနဲ့ အနား ရောက်လာတဲ့အခါ ငါ့မှာ ကြက်သီးထရတယ် ဆိုတော့ “သူတို့ရဲ့ အဆိပ်ဟာ အလွန် ပြင်းထန်ပါ တကား”လို့ စဉ်းစားမိပါတယ်၊
ဒီနောက် ဘုရား အလောင်းများ ဒီကိစ္စအတွက် အရှက်ရခဲ့ဖူးတာတွေကိုပါ တွေးပြီး အတော်ကြာတဲ့အခါမှာ ဂါထာတစ်ပုဒ်လဲ ရေးပါတယ်၊ နောက်တစ်ကြိမ်မှာ တေးထပ် တစ်ပုဒ်လဲ ရေးပါတယ်။
ဓမ္မဂုတ်။ ။ ဂါထာကို ရသေးသလား၊ ရယင် ရွတ်ပြစမ်းပါ။
တပည့်တော်။ ။ “ဦးပဏ္ဍိတ”ဆိုတဲ့ မိတ်ဆွေက သူ့ဘွဲ့ နာမည် အစပိုဒ်မှာ ပါတဲ့ ဂါထာတစ်ပုဒ် ရေးပေးပါလို့ တောင်းတာနဲ့ အဲဒီ ကြက်သီး ထခဲ့တာကို မှန်းပြီး ရေးပေးပါတယ်။
ပဏ္ဍဝန္တာ ပဝေဓန္တိ, ဍိက္ကရိန သမာဂမေ၊
တသ္မာတံ မုတ္တကေ ကာလေ, စရေယျ ကာနနေ ဝရေ။
ဆိုလိုရင်းကတော့ “စာပေပရိယတ်၌ ကျွမ်းကျင်သော ပညာရှင်ပင် ဖြစ်သော်လဲ ပုထုဇဉ်တို့၏ စိတ်ကို အဆိပ်တက်အောင် ပြုစွမ်းနိုင်သော မိန်းမပျိုတို့နှင့် ကြုံတွေ့ တဲ့အခါမှာ စိတ်တုန်လှုပ်ကြရသည်၊ ဒါ့ကြောင့် ငါသည် စာပေပြည့်စုံတဲ့အခါဝယ် ထိုမိန်းမပျိုတို့ကို ရှောင်လျက် တောတောင် အရပ်မှာ ကမ္မဋ္ဌာန်း ကျင့်၍ နေပါတော့မည်”။
ဓမ္မဂုတ်။ ။ တယ်ကောင်း ကိုယ်တော် တေးထပ်ကလေးက ဘယ်လိုတဲ့တုန်း။
တပည့်တော်။ ။ တေးထပ်ကလဲ လူထွက်ချင်တဲ့ သူတော်တစ်ယောက်ကို အကြောင်းပြုပြီး၊ အဲဒီ ကြက်သီးထမှုပါ သတိရလာသောကြောင့် ရေးပေးတာပါ၊ အဲဒီ တေးထပ်မှာ သဠာယတနသံယုတ်၊ အာသီဝိသဝဂ်၌ပါတဲ့ မြွေလေးမျိုး ဥပမာကို ယူထားပါတယ်၊ မြွေဆိုပေမယ့် ထိုမျှလောက် အဆိပ်ပြင်းတာဟာ နဂါးပဲ ဖြစ်ထိုက်ပါတယ်။
ဒိဋ္ဌဝိသမြွေ။ ။ ထို မြွေနဂါး၏ စူးစူးစိုက်စိုက် အကြည့်ခံရတဲ့သူမှာ အကြည့်ခံရရုံနှင့် အဆိပ်တက်စေနိုင်ပါတယ်၊ ထို့အတူ မိန်းမပျိုရဲ့ အကြည့်ခံရသူမှာလဲ အဆိပ် တက်သလို စိတ်ထဲမှာရော ရင်ထဲမှာရော တစ်မျိုးတစ်ဖုံ ဖြစ်ရတတ်ပါတယ်။
ဖုဋ္ဌဝိသမြွေ။ ။ ထို မြွေနဂါး၏ အထိခံရသူမှာလဲ တစ်ကိုယ်လုံး အဆိပ်တွေ ပျံ့စေနိုင်ပါတယ်၊ ထို့အတူပဲ မိန်းမပျိုရဲ့ အထိခံရသူမှာလဲ တစ်ကိုယ်လုံး အဆိပ် ပျံ့သလို ရှိန်းဖိန်းသွားနိုင်ပါတယ်။
ဝါတဝိသမြွေ။ ။ ထို မြွေနဂါး၏ နှာခေါင်းလေဖြင့် အမှုတ်ခံရလျှင် ဖွဲပြာကဲ့သို့ ဖြစ်သွားစေနိုင်ပါတယ်၊ ထို့အတူ မိန်းမပျိုရဲ့ နှာခေါင်းလေ အမှုတ်ခံရသူမှာလဲ တစ်ကိုယ်လုံး အဆိပ်တွေ ပျံ့သလို မနေတတ် မထိုင်တတ် ဖြစ်နိုင်ပါတယ်။
ဒဋ္ဌဝိသမြွေ။ ။ ထို မြွေနဂါးရဲ့ အကိုက်ခံရသူမှာ ထိုနေရာ၌ပင် လဲ၍ သေနိုင်ပါတယ်၊ ထို့အတူ မိန်းမပျိုရဲ့ ကာမဂုဏ် မေထုန် အကိုက်ခံရသူမှာလဲ တစ်ကိုယ်လုံး အဆိပ် တက်ကာ မေ့မူးသွားစေနိုင်ပါတယ်။
အဲဒီ မြွေနဂါး လေးမျိုးကို ဥပမာပြုပြီး မိန်းမပျိုများကို ရေးထားပါတယ်။
တေးထပ်ထဲမှာ ဘုရားအလောင်းကြီး များတောင်မှ ယခုလို အဆိပ်တက်ရတဲ့ အကြောင်းကို ပြထားပါတယ်၊ ထို အကြောင်းကတော့ “မုဒုလက္ခဏဇာတ်၊ ဟရိတစဇာတ်”တို့ကို ရည်ရွယ်တာပါ၊ ဟရိတစဇာတ်ကို ကိုယ်ကျင့် အဘိဓမ္မာ၌ ထည့်ထားပါတယ်၊ အဲဒီ အဆိပ်များဟာ အသုဘဘာဝနာ ပွားထားတဲ့ သူတွေ ကိုတော့ မတက်နိုင်ပါဘူး၊ ထို့ကြောင့် ထိုအဆိပ်ကို ကြောက်လျှင် “အသုဘဘာဝနာ ဆေးကို ကိုယ်ခံအဖြစ် သုံးစွဲရမယ်”လို့လဲ ညွှန်ပြထားပါတယ်၊
အဲဒီ မြွေအမျိုးကြောင့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အမှားမှား ပြုမိလျှင် “တစ်မျိုးလုံး တစ်နွယ်လုံး နာမည်ပျက်တတ်ပါတယ်” လို့လဲ သတိပေးထားပါတယ်၊ အလွန်ကောင်းတဲ့ တေးထပ်ဖြစ်လို့ ရွတ်ပြပါ့မယ်။
*
အဆိပ်ဖြေ တေးထပ်
ကြည့်ရုံ မြင်ရုံ အဆိပ်တက်သမို့၊ သိပ်ခက်သတဲ့ ကြည့်ဖို့ကို၊
စိတ်ပျက်သကွဲ့ ထိဖို့ဆိုလျှင်၊ အမိတို့လို မြွေအမျိုး။
နှာခေါင်းလေနှင့် အမှုတ်ခံလျှင်၊ တစ်မုဟုတ်အမြန် သေတတ်ပါသတဲ့ဗျိုး။
ကိုက်များကိုက်က ငိုက်ဆိုက်နေပြီ၊ ကတိုက်ကရိုက် သေမည် အမှန်ဆိုး၊
မိုက်မိုက်ပွေလီ ဉာဏ်သူခိုးဖြင့်၊ ကြံဆိုးကြံနှင့် အသင့်ရှောင်၊
“အသုဘ”ခေါ် ဆေးတော်ကြီး၊ မနှေးဖော်ပြီး သုံးစွဲပါလေမောင်။
ငါတို့ဘုရား အလောင်းတော်တောင်ပင်၊ ကြောင်းမလျော်ပေါင် မိဘုရားနှင့်၊
ကြည့်မှားသဖြင့် မသင့်ဉာဏ်တွေခြယ်၊ အကျင့်ဈာန်တွေကွယ်။
မြွေအမျိုးကြောင့် တန်ခိုးပြယ်လျှင်၊ အမျိုးအနွယ် မှိန်တတ်ပါသတဲ့လေး။
*
ဓမ္မဂုတ်။ ။ ကောင်းပါ့ ကိုယ်တော်၊ ကိုယ်တော့်မှာတော့ မကြည့်ရ၊ မထိရ၊ လေမှုတ်လဲ မခံရ၊ အကိုက်လဲ မခံရဘဲ ခပ်နီးနီးမှာ သူတို့ရောက်လာရုံနဲ့ ကြက်သီးထတယ်ဆိုတော့ အဲဒီအမျိုးသမီးတွေက ကိုယ်တော်တေးထပ်မှာ ပါတာ ထက်တောင် ပိုပြီး သတ္တိကြွယ်ပါသေးလား။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား၊ ဒါ့ကြောင့် တပည့်တော်လဲ သူတို့ရဲ့ မပြုမပြင် ပင်ကိုယ်အဆိပ်ကို အံ့သြသွားမိပါတယ်။
ဓမ္မဂုတ်။ ။ ဒါလောက် အဆိပ်ပြင်းတာကလဲ ပခုက္ကူတိုက်ကြီးက မာတုဂါမနဲ့ အနေ ဝေးလေတော့ ကိုယ်တော့် စိတ်မှာ သာ၍ ကင်းရှင်းနေတဲ့အတွက် ပိုပြီး အဆိပ်က ပြင်းဟန်တူပါတယ်၊ ဥပမာ-လက်နှီးလုပ်တဲ့ အဝတ်စုတ်မှာ အမဲစက် နောက်ထပ် လူးပေမယ့် ထူးပြီး မညစ်သော်လဲ၊ အဝတ်ဖြူဖြူ ကလေးမှာတော့ အမဲစက်ကလေး တစ်ကွက်ဟာ ထင်းထင်းကြီး ထင်ရှားသလိုပေါ့။
တပည့်တော်။ ။ ဒီလို ထူးထူးဆန်းဆန်း ဖြစ်တတ်တာကို သတိရပြီး၊ တပည့်တော် အုပ်ချုပ်တဲ့ အချိန်ကျတော့ ဖြစ်နိုင်သမျှ ရှင်းအောင် တိုက်တာမှာ သတိပေး ထားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် စာချဖြစ်တဲ့အခါ စားရေးက မပူရ မပင်ရလို့ စိတ်လဲ အေးသွားပြီး၊ စာလဲ ပဋ္ဌာန်း အဋ္ဌကထာမှတစ်ပါး မဆိုရလို့ ခန္ဓာကိုယ်လဲ သက်သာပြီ၊ ဒါ့ကြောင့် ကိုယ်တော့်မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေမှာပေါ့။
တပည့်တော်။ ။ စားရေး မပူရ၊ စာများများ မဆိုရပေမယ့် စာချနဲ့တူအောင် ကြိုးစားပြီး (မချခင်) ကြည့်ရှုရတာက စာဆိုတုန်းကထက် မသက်သာပါ ဘုရား၊ ဒါ့ကြောင့် ပင်ပန်းမြဲ ပင်ပန်းနေပါသေးတယ်၊ ဒီပြင်လဲ မန္တလေးက “သကျသီဟ” ဆိုတဲ့ ပရိယတ္တိစာမေးပွဲကို ဝင်ဖို့ တာဝန်ရှိသေးတော့ ထို စာမေးပွဲနဲ့ ဆိုင်တဲ့ အောက် ကျမ်းစာတွေ အထက် အဋ္ဌကထာတွေကို ကြိုးကြိုးစားစား ပို့ချနေတဲ့အတွက် ပိုပြီး ပင်ပန်းသလို ဖြစ်နေပါတယ်၊ ညဝါ ချတဲ့အခါမှာ (ဖျော်ရည်ကလေးမျှ သောက်စရာ မရှိတော့) စာချ ပြီးယင် အများအားဖြင့် မူးပြီး အိပ်ရတော့တာပဲ။
ဓမ္မဂုတ်။ ။ အင်း ... ကိုယ်တော်ဟာ ဒီလို စာချယင်း မသေခဲ့တာတော့ ကံ ကောင်းတယ် ဆိုရမလား၊ ကံဆိုးတယ် ဆိုရမလားဘဲ။
တပည့်တော်။ ။ နှစ်မျိုးလုံး ဆိုနိုင်ပါတယ်၊ ဆင်းရဲတာကတော့ ကံဆိုးလို့ပေါ့။ မသေဘဲ ယနေ့ အထိ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်တာကတော့ ကံမှ အကြီးအကျယ် ကောင်းလို့ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ မန္တလေး ပရိယတ္တိအသင်း စာမေးပွဲတော့ ဘယ်အရွယ်မှာ ဝင်ဖြစ်သလဲ။
တပည့်တော်။ ။ ၆-ဝါရမှ ဝင်ဖြစ်ပါတယ်၊ ဒီအချိန် ပခုက္ကူမှာ စာချရတာလဲ သုံးနှစ်လောက်ရှိတော့ စာချရည် အတော် ဝနေပါပြီ။
ဓမ္မဂုတ်။ ။ သူများမှာ စာသင်သားဘဝနဲ့ အဲဒီစာမေးပွဲကို ဝင်ကြတယ်၊ ကိုယ်တော် ကတော့ စာချဘဝနဲ့ ဝင်တာဖြစ်လို့ ကျများ ကျလိုက်ယင် နာမည် အတော်ပျက်မှာပဲ။
တပည့်တော်။ ။ မှန်ပါတယ်၊ ဒါ့ကြောင့် ပခုက္ကူဆရာတော်ကြီးများကလဲ မဝင်စေချင်၊ မြောင်းမြဆရာတော်ကလဲ ပင်ပန်းလွန်းလို့ မဝင်စေချင်ပါဘူး။
ဓမ္မဂုတ်။ ။ ဒီလို ကျေးဇူးရှင် ဆရာတော်ကြီးများက မဝင်စေချင်တဲ့ စာပြန်ပွဲကို ကိုယ်တော်က ဘာသဘောနဲ့ ဝင်ဖြစ်အောင် ဝင်တာလဲ။
တပည့်တော်။ ။ တပည့်တော်မှာ ငယ်ငယ်ကတည်းကစပြီး ကိုယ့်အရည်အချင်း ကိုယ်သိလို့ သာသနာတော်၌ လုပ်စရာတွေရှိယင် ဘာမဆိုလုပ်နိုင်အောင် အမြဲ သတိရှိခဲ့ပါတယ်၊ သရိုင်ရွာမှာ နေစဉ်ကလဲ စာပေဘက်မှာ တပည့်တော်နဲ့ အပြိုင် မရှိခဲ့ပါဘူး၊ မန္တလေး ဝိသုဒ္ဓါရုံတိုက် ရောက်တော့လဲ တပည့်တော်ထက် ကြီးသူတွေ ကပါ တပည့်တော်ကို ပညာဘက်က အသာပေးကြပါတယ်၊
အစိုးရ ပထမပြန်ကို ကျောင်းသားဘဝနဲ့ နှစ်ဆင့်အောင်ပြီးမှ အကြီးတန်းမှာ တစ်နိုင်ငံလုံးမှ သာမဏေ နှစ်ပါးသာ ပါပါတယ်၊ တစ်ပါးက နောင်အခါ ရန်ကုန် အောင်မြေဘုံစံတိုက်ရဲ့ ဆရာတော်ဖြစ်ပြီး ပျံတော်မူရှာပါတယ်၊ ပခုက္ကူရောက်တော့ သံဃာတွေက များတဲ့ အတွက် ပြိုင်တဲ့သူ ရှိကောင်း ရှိပါလိမ့်မယ်၊ ဒါပေမယ့် တပည့်တော်ရဲ့ စာဆိုပုံကို သဘောကျပြီး တပည့်တော်ကိုသာ စာသင်သားရော ဆရာတော်ကြီးများကပါ ကျေနပ်ကြပါတယ်။
ဓမ္မဂုတ်။ ။ အားလုံး ကျေနပ်ယင် တော်ရောပေါ့ ကိုယ်တော်၊ ဘာပြုလို့ ပရိယတ္တိ စာပြန်ပွဲကို ဝင်ချင်သေးသလဲ။
တပည့်တော်။ ။ ပခုက္ကူစာချ ဖြစ်ပြီးတဲ့အခါမှာ “တပည့်တော်အတွက် တစ်သက်လုံး ကျေနပ်စရာကောင်းပြီ”လို့ ဆိုနိုင်သော်လဲ တပည့်တော် အမြင်က တစ်နိုင်ငံလုံး အတွက် ကြည့်လေ့ရှိပါတယ်၊ ပခုက္ကူစာချဖြစ်သော်လဲ မန္တလေးက သူ့နည်းနဲ့သူ အထင်ကြီးနေတာဖြစ်လို့ မန္တလေးနည်း မရသေးရင် အထင်သေးချင် ကြပါတယ်၊
မန္တလေးနည်းရဲ့ အဓိကသော့ချက်မှာ အဲဒီ ပရိယတ္တိ(သကျသီဟ) စာမေးပွဲ အောင်-မအောင် အပေါ်မှာ တည်ပါတယ်၊ ကျေးဇူးရှင်ကြီးများ အမြင်နဲ့ တပည့်တော် အပေါ်မှာ အရာရာ ကျေနပ်ပြီးဖြစ်သော်လဲ တစ်နိုင်ငံလုံးက အကြွင်းမဲ့ ကျေနပ်ဖို့ လိုပါသေးတယ်၊ ဒါ့ကြောင့် ပခုက္ကူစာချဖြစ်၍ စာရည်ဝနေသော်လဲ မန္တလေး စာသင်တန်းကို အောက်ကျ နောက်ကျခံပြီး ဝင်ခဲ့ရတာပါ၊ အဲဒီလို ဝင်တဲ့အခါ အသက် ၂၇ နှစ်အတွင်း၌သာ ဝင်ခွင့်ရတဲ့ စာမေးပွဲဖြစ်လို့ ခြေချော်လက်ချော် နှစ်ကြိမ်လောက် ဝင်နိုင်အောင် ၆ ဝါ အရမှာ လာပြီး ဝင်ရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ စာမေးပွဲ လာဝင်တော့ မန္တလေးက ဘယ်လို ထင်ကြေး ပေးကြသလဲ၊ အလွယ်တကူ အောင်မှာပဲလို့ ထင်ကြရဲ့လား။
တပည့်တော်။ ။ ဒီအချိန်မှာ မန္တလေးမှာ တပည့်တော်နဲ့ အရွယ်တူတွေ သကျသီဟ အောင်ကြ၊ ပထမကျော် အောင်ကြနဲ့ စာမေးပွဲဘက်မှာ အလွန်ခြေသွက်နေ ကြပါတယ်၊ တပည့်တော်ကိုလဲ အဲဒီ အသိုင်းအဝိုင်း တချို့က “ပခုက္ကူစာချပေမယ့် မန္တလေးတော့ ဘာရလိမ့်မှာတုန်း”လို့ အထင်သေးကြပါတယ်၊ တချို့ကတော့လဲ မန္တလေးနေစဉ်က အကြောင်း သိကြလို့ အထင် မသေးကြပါဘူး၊
မှန်-မမှန်ကို စာမေးပွဲ ဖြေတဲ့အခါ အကြီးတန်းဝင်နေသော ကိုယ်တော်တချို့က ဆိုယင် သူတို့ဖြေပုံကို (အငယ်တန်းဖြေပြီး ထွက်လာသော) တပည့်တော်ကို မေးကြပါတယ်၊ အဲဒီလောက်အထိ တပည့်တော်ကို တချို့က လေးစားကြပါတယ်။
ဓမ္မဂုတ်။ ။ အောင်တော့ အောင်ရဲ့လား၊ ဘယ်အဆင့်က အောင်တုန်း။
တပည့်တော်။ ။ နံပါတ် (၂)က အောင်ပါတယ်၊ နံပါတ် (၁) ကိုယ်တော်က ပခုက္ကူ ခေတ္တနေဖူးပြီး တပည့်တော်ဆီမှာ စာလိုက်ဖူးပါတယ်၊ သူက စာမေးပွဲတွေ အတော် များများ ဝင်ပြီးရုံမက၊ အဲဒီအချိန်မှာ ပထမကျော် အောင်ပြီးပါပြီ၊ တပည့်တော်ထက် နည်းနည်း ဝါငယ်ပါတယ်၊
ဖြေပြီး ပြန်လာတဲ့အခါမှာ တပည့်တော်နောက်က လိုက်ပြီး သူဖြေခဲ့ပုံတွေကို နေ့စဉ် ပြောပါတယ်၊ နောက်ဆုံးနေ့ ပြောပြီးတဲ့အခါမှာ “ဦးပဉ္စင်းတော့ (သူ့ကို) အောင်မှာ သေချာတယ်၊ ဒို့လဲ သဒ္ဒါနေ့က မကျရင် အောင်မှာပဲ” လို့ ပြောလိုက်ပါတယ်၊ သူက မြန်မာပြည်မှာ ရှိသမျှ အထက်တန်း စာမေးပွဲတွေ အောင်တဲ့အပြင်၊ ဘီ.အေတောင် အောင်လိုက်ပါသေးတယ်၊ အတော် ဉာဏ်ကောင်းပါလိမ့်မယ်၊ “ဦးပညိန္ဒာဘိဝံသ”တဲ့။
ဓမ္မဂုတ်။ ။ စာသင်တန်း အောင်ပြီးနောက် ကိုယ်တော် ဘယ်မှာ ဝါဆိုသလဲ။
တပည့်တော်။ ။ အဲဒီ ဝါဆိုဖို့ နေရာစဉ်စားပုံကလေးကို လျှောက်ပါအုံးမယ်။
ပရိယတ္တိ စာသင်တန်း ဝင်တဲ့အခါ တပည့်တော်က ယခုနေတဲ့ အမရပူရမြို့ မဟာဂန္ဓာရုံတိုက်မှာ ခေတ္တနေပြီး ဝင်ပါတယ်၊ ဒီတိုက်က တပည့်တော်ရဲ့ ရဟန်း အမကြီးနဲ့ မောင်နှမများရဲ့ မိဘများ စတည်ခဲ့တဲ့ ကမ္မဋ္ဌာန်းကျောင်းတိုက် ဖြစ်ပါတယ်၊ သံဃာငယ်များ နေခွင့်မရပါဘူး၊ အသက်ကြီးတဲ့ ကမ္မဋ္ဌာန်း ဘုန်းတော်ကြီးများသာ နေခွင့်ရပါတယ်၊
ဒီအချိန်မှာ အုပ်ချုပ်တဲ့ အတိသုခဆရာတော်ကြီးက မဟာဂန္ဓာရုံ (တပည့်တော်ရဲ့ ဥပဇ္ဈာယ်) ဆရာတော်ဆီမှာ နေဖူးလို့ မဟာဂန္ဓာရုံဆရာတော်ကလဲ သဘောကျ ကျောင်းဒကာ ကျောင်းအမများကလဲ ကြည်ညိုတဲ့ ကမ္မဋ္ဌာန်း ဆရာတော်ကြီး ဖြစ်ပါတယ်၊ တပည့်တော်ကို အမျိုးမျိုး ငဲ့ပြီး ငယ်ငယ်ကလဲ ခင်နေတာမို့ ခေတ္တ နေခွင့်ပြုပါတယ်၊ ရဟန်းအမကြီး နှစ်ယောက်တွင် အကြီးတစ်ယောက်က ကွယ်လွန် ပါပြီ၊ ကျန်သော ရဟန်းအမကလဲ တပည့်တော် နေတာကို ကျေနပ်ပါတယ်၊ ဒါပေမယ့် တပည့်တော်မှာ ထိုတိုက်ရဲ့ ထုံးစံအတိုင်း သတ်သတ်လွတ် စားပြီး သကျသီဟစာများကို လေ့လာရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်နှစ်လလောက် ကြာသလဲ။
တပည့်တော်။ ။ သုံးလေးလလောက် ကြာပါလိမ့်မယ်၊ စာကို လေ့လာတယ် ဆိုပေမယ့် အားလုံး ရပြီးဖြစ်လို့ ညအခါမှာ စာသိပ်မပြန်ပါဘူး၊ အိပ်တဲ့ ခုတင်ပေါ် ထိုင်ပြီး စာပြန်ယင်း အိပ်ချင်တော့ အိပ်လိုက်တာပါပဲ။ ကိုးနာရီတိုင်အောင် စာပြန်လေ့ မရှိပါဘူး၊ နေ့ခင်းတော့ ဟိုစာ ဒီစာတွေ ကြည့်တာပဲ၊ စာပြန်ပွဲနီးလို့ ဝိသုဒ္ဓါရုံ ဇီးပင်ကျောင်းမှာ သွားနေတော့ သကျသီဟ စာပြန်ပွဲဝင်မည့် ကိုယ်တော် သုံးပါးလောက်ဟာ တပည့်တော် တစ်ရေးနိုးတောင် စာပြန်ကြတုန်း ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ စောစောက သက်သတ်လွတ် မစားရအောင် မန္တလေး ဝိသုဒ္ဓါရုံတိုက် သွားပြီး ဘာပြုလို့ မနေသလဲ။
တပည့်တော်။ ။ မေးစရာပါပဲဘုရား၊ ဒါပေမယ့် တပည့်တော်ရဲ့ ဆရာရင်းဖြစ်တဲ့ မြောင်းမြဆရာတော်လောင်းက ဒီအချိန်မှာ ဝိသုဒ္ဓါရုံ၌ မနေဘဲ နိုင်ငံခြား ရောက်နေတယ်လို့ ထင်ပါတယ်၊ ဆရာရင်းက မရှိတော့ တပည့်တော် ဆွမ်း ဘယ်က ရမှာလဲ၊ ပခုက္ကူမှာ ဆွမ်းမခံရဘဲ စာချလာတဲ့ အချိန်က များတော့ ဆွမ်းခံရမှာလဲ ဝန်လေးသလို ဖြစ်နေပါတယ်၊ ဒါ့ကြောင့် သက်သတ်လွတ် စားရ စားရ ဆွမ်းမခံဘဲ စားရတဲ့နေရာမှာ နေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဆရာ့ကံ ကောင်းသလောက် အစားအသောက်ကံတော့ ဆိုးရှာတယ်နော်၊ ပြောပါအုံး ... “စာသင်တန်းစာမေးပွဲ အောင်ပြီး တဲ့အခါ ဘယ်မှာ ဝါဆိုသလဲ”ဆိုတာကို။
တပည့်တော်။ ။ နေပါအုံးဘုရား ... လျှောက်ပါ့မယ်၊ ဒီအချိန်မှာ တပည့်တော် ကိုယ်တိုင် ဝါဆိုဖို့ နေရာကို မဆုံးဖြတ်နိုင်လို့ အောက်ပါ တေးထပ်ကို ရေးမိပါတယ်။
ဘယ်ဆီမှာ အတည်ဖြစ်ရပါ၊ သည်တစ်နှစ် ဝါမှာ၊
စီစစ်လို့ အရာရာဝယ်၊ အခါခါ ထောက်တွေး။
နေထိုင်မြဲ မြို့ရွှေကူမှာ၊ ဟို့နေသူများကြောင့် မအေး။
ရွှေမန်းသို့ မြန်းကြွပြန်လျှင်၊ ချမ်းမြရန်ပုံဝေး၊
သည်ဆီမှာ ရီရီရဲ့ အရေးရယ်က၊ သီသီကလေး ခက်တုံ၊
ခွင့်မတော် ကြောင်းမလှမှဖြင့် ကျောင်းဘုရာ့ မောင်းချမည့်ပုံ။
အနောက်ဘက် ဓမ္မာရုံမှာ၊ ကညာစုံ စာပြဖို့၊
တစ်ဝါမျှ ပြောင်းနေရသော်၊ ကောင်းလေစွ သြော်၊
ဒီအချက် ထုံးမှတ်လျော်အောင်၊ ဆုံးဖြတ်တော်မူစမ်းကြလေး...။
ဓမ္မဂုတ်။ ။ ကိုယ်တော့် တေးထပ်ထဲမှာ တွေးစရာတွေ အများကြီး ပါနေတယ်၊ ရှင်းပြအုံးမှပဲ၊ “မြို့ရွှေကူမှာ ဟို့နေသူ”ဆိုတာ ဘယ်သူတွေလဲ၊ “ပခုက္ကူမှာ ရင်းနှီးတဲ့ ဒကာမ မရှိဘူး”ဆို။
တပည့်တော်။ ။ အရှင်ဘုရားက အတွေးလွန်သွားလို့ပါ၊ ကဗျာဆိုတာ ဒီလိုပဲ ယဉ်အောင် ရေးရပါတယ်၊ “ဟို့နေသူ”ဆိုတာ စာသင်သားတွေကို ဆိုလိုတာပါ၊ နဂိုကပင် တပည့်တော်ဆီမှာ အလွန် စာတက်ချင်ကြပါတယ်၊ မန္တလေးက စာသင်တန်း အောင်လာတယ်ဆိုတော့၊ သာပြီး အောက်ခြေ စာတွေကို တက်လိုကြပါလိမ့်မယ်။
ဒီတော့ တပည့်တော်ကလဲ အားနာပြီး ပို့ချရပါလိမ့်မယ်၊ ဒါ့ကြောင့် အေးအေးသက်သာ နေခွင့်မရမှာမြင်လို့ “နေထိုင်မြဲ မြို့ရွှေကူမှာ၊ ဟို့နေသူများကြောင့် မအေး”လို့ စပ်တာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်စာက နုလွန်းလို့ အတွေးမျှော်ရတာပဲ၊ “ရွှေမန်းသို့ မြန်းကြွပြန်လျှင်၊ ချမ်းမြရန်ပုံဝေး”ဆိုတာက ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ မန္တလေး ဝါဆိုရင် စားရေးကခက်တယ်၊ “ပရိယတ္တိအသင်းက ထောက်ပံ့တယ်”ဆိုပေမယ့် ဆန်နဲ့ ထင်းသာ ထောက်ပံ့တာမို မစားလောက်ပါဘူး၊ ဒါ့ကြောင့် “ရွှေမန်းသို့ မြန်းကြွပြန်လျှင်၊ ချမ်းမြရန်ပုံဝေး”လို့ စပ်တာပါ။
ဓမ္မဂုတ်။ ။ “သည်ဆီမှာ ရီရီရဲ့ အရေးရယ်က” ဆိုတာကတော့ ဘယ်လို အဓိပ္ပာယ်လဲ၊ ရီရီဆိုတာက ကိုယ်တော်နဲ့ ဘယ်လို ဆက်သွယ်နေလို့လဲ။
တပည့်တော်။ ။ ကဗျာမို့ စကားအသုံး နုနေတာပါဘုရား၊ ရီရီဆိုတာ ရဟန်းအမ တိုက်က (ဒေါ်ရီ)လို့ ခေါ်တဲ့ ဒကာမကြီးပါ၊ သူ့ကို လူငယ်တွေက “ရီရီ”လို့ ခေါ်ပေမယ့် အလွန် ကြမ်းပါတယ်။ ရဟန်းအမတိုက်မှာ အရာရာ စောင့်ရှောက်ဖော် ရတဲ့ ဒကာမကြီးပါ၊ အဲဒီ ဒကာမကြီးက “တပည့်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ ဂန္ဓာရုံတိုက်မှာ နေတာကို သဘောမတူပါဘူး၊ ရှေးဆရာတော်ကြီးများက သံဃာငယ်ကို လက်မခံရဘူး”ဆိုတဲ့ ဝါဒဟာ သူ့မှာ စွဲနေပါတယ်၊ ရဟန်းအမများရဲ့ ရဟန်းဖြစ်လို့ - ဘာမှလဲ မပြောပါဘူး။
ဒါပေမယ့် တပည့်တော်ဘက်က တစ်ချက် လွဲရင်တော့ “ဂျောင်း ဘုရာ့”လို့ မောင်းချမှာ သေချာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်စာက နုနေလို့ “ရီရီဆိုတာ ချောချောနုနုလေး”လို့ ထင်သွားတယ်၊ “အနောက်ဘက် ဓမ္မာရုံ”ဆိုတာကတော့ ဘယ်လို ဆက်သွယ်သလဲ။
တပည့်တော်။ ။ တပည့်တော် ဂန္ဓာရုံမှာ စာကျက်နေတုန်း စစ်ကိုင်းဘက်က စာမေးပွဲအတွင်းမှာ စောင့်ရှောက်ဖို့ လာပြီးလျှောက်ပါတယ်၊ တပည့်တော်က “အားတဲ့အခါတော့ စာမေးပွဲနဲ့ဆိုင်တဲ့ စာများကို စောစောက တင်ကြို ပြီး ပြောဖို့ ဖြစ်နိုင်ပါရဲ့”လို့ ပြောလိုက်ပါတယ်၊ ဒါ့ကြောင့် တစ်ဝါမျှ သွားနေရရင် ကောင်းမှာပဲလို့ ကြံစည်မိပါတယ်။
ဓမ္မဂုတ်။ ။ အား ... အဲဒီ အကြံဟာ ကောင်းတယ် ကိုယ်တော်၊ အဲဒီသာ ဝါဆိုပြီး အကြီး၊ အငယ်၊ အရွယ်မျိုးစုံတွေကို စာပြနေရရင်တော့ စာမေးပွဲကြောင့် နွမ်းနေတဲ့ ကိုယ်တော့်စိတ်တွေ အားလုံး လန်းသွားမှာပဲ၊ ဒါနဲ့ အဲဒီမှာ ဝါဆိုဖြစ်ရဲ့လား။
တပည့်တော်။ ။ စိတ်ဆိုတာ ကူးတိုင်းဖြစ်ရင် ခက်ကုန်မှာပေါ့ ဘုရား၊ စာမေးပွဲ အောင်လို့ မန္တလေးမှာ အောင်ပွဲလဲ လုပ်ပြီးရော တပည့်တော်လဲ ဝါဆိုဖို့ နေရာ မသေချာသေးတဲ့ အချိန်မှာ ညောင်ဦးမှာ တိုက်ခွဲပြီး သီတင်းသုံးနေတဲ့ ဆရာတော်က မန္တလေး မြတောင်တိုက်မှာ ခေတ္တ ကြွလာလို့ သွားပြီး ဝပ်ချပါတယ်၊ ရောက်-ရောက်ချင်း “ဇနက လား၊ ပခုက္ကူ ဘယ်တော့ ပြန်မလဲ” လို့ မေးပါရော၊ အဲဒီတော့ ဘာမှ မစဉ်းစားအားပါဘူး၊ “နောက် သင်္ဘောတစ်ပတ်မှာ ပြန်မှာပါ”လို့ လျှောက်လိုက်ရတာပဲ။
ဓမ္မဂုတ်။ ။ အဲ .. ညောင်ဦးဆရာတော်က “ဒီအချက် ထုံးမှတ်လျော်အောင်၊ ဆုံးဖြတ်တော်မူလိုက်တာပဲနော်” ကိုယ်တော်က “မပြန်တော့ပါ”လို့ မလျှောက်ရဲ ဘူးပေါ့။
တပည့်တော်။ ။ ဘယ် လျှောက်ရဲတော့မှာလဲ၊ ပခုက္ကူ ဝါဆိုဖို့ စီစဉ်ရတော့တာပေါ့။
ဓမ္မဂုတ်။ ။ အဲဒီ တစ်ဝါဆိုပြီးတော့မှ ပခုက္ကူမှာ နောက်ထပ် ဝါမဆိုတော့ဘူးလား။
တပည့်တော်။ ။ အဲဒီ တစ်ဝါကလဲ မှတ်လောက်သားလောက်ပါပဲဘုရား၊ ဝါကျွတ်လို့ ဆောင်းဝင်လာတဲ့အခါ ပခုက္ကူမြို့မှာ ပလိပ်ရောဂါ ဖြစ်ပါတယ်၊ ကျောင်းတိုက်ကြီး မှာလဲ ၆ဝဝ ကျော် သံဃာတော်တွေ တဖြည်းဖြည်း ပြန်ကြလို့ ၆၀ တောင် မကျန်တော့ပါဘူး၊ ကျောင်းတွေ အများကြီးမှာ ကျောင်းစောင့်လောက်သာ ရှိကြ ပါတော့တယ်၊ တပည့်တော်လဲ တိုက်သစ် တစ်လုံးရဲ့ အပေါ်ထပ်မှာ တစ်ယောက် တည်းနေပြီး နံနက်လင်းတဲ့အခါ ကြွက်သေရှာရပါတယ်၊ တွေ့ရင် ဝါးညှပ်ကလေးနဲ့ ယူပြီး အဝေးပစ်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မန္တလေး-စစ်ကိုင်း ပြန်မလာဘူးလား။
တပည့်တော်။ ။ ဆရာတော်ကြီးများနဲ့ အတူစား အတူနေဆိုတော့ အရေးကြီးနေတဲ့ အချိန်မှာ ဆရာတော်ကြီးများကို ခွဲခွာပြီး မပြန်ထိုက်ဘူးလို့ ယူဆပါတယ်၊ ဒါ့ကြောင့် မပြန်ခဲ့ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပခုက္ကူ ဆရာတော်ကြီးများကို ဒါလောက်ပဲ ငဲ့ရသလား၊ မတော်တဆဖြစ်ရင် သေနိုင်တယ်ဆိုတာ မသိဘူးလား။
တပည့်တော်။ ။ မန္တလေးနေစဉ်က ပလိပ်ရောဂါအကြောင်း ကောင်းကောင်း သိပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် အရာရာမှာ တပည့်တော်ကို “ကောင်းတူ” ဖြစ်အောင် ချီးမြှောက်ထားတာဖြစ်လို့ တပည့်တော်ကလဲ “သေတူရှင်တူ”လို့ပဲ သဘော ထားရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လောက်များ ချီးမြှောက်လို့လဲ ကိုယ်တော်၊ ဒါလောက် ငဲ့ရလောက်အောင်။
တပည့်တော်။ ။ တစ်ခါတုန်းက ဓမ္မမဉ္ဇူကျောင်းမှာနေတဲ့ ဦးပဉ္စင်းတစ်ပါး ခွေးကို အလွန်အမင်း ရိုက်နေပါတယ်၊ (ယခု တိုက်အုပ် ဘုန်းတော်ကြီး ဖြစ်တဲ့) စာချဘုန်းကြီး ဦးဂန္ဓမာလဲ မကျေနပ်တဲ့ မျက်နှာနဲ့ လာကြည့်ပါတယ်၊ တပည့်တော်လဲ အမြင်မတော်လို့ “ဟို ... ဦးပဉ္စင်း၊ ခွေးကို ဒါလောက် ရိုက်ရသလား”လို့ ပြောပေမယ့် မရပ်တန့်ပါဘူး၊ ဒါနဲ့ တပည့်တော်လဲ စိတ်ဆိုးတာနဲ့ “ဦးပဉ္စင်း ဒီကျောင်းက ထွက်သွားရမယ်” လို့ မြင်ပါတယ်၊ သူက “သူ့ကျောင်းလား မသွားဘူး”လို့ တခြား ကိုယ်တော်များကို ပြောနေပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က လျှော့လိုက်ရောလား။
တပည့်တော်။ ။ တပည့်တော်က “အလုပ်တစ်ခုကို မလုပ်ဘဲ နေတန်ရင် အစက မလုပ်နဲ့ လုပ်မိရင် နောက်မဆုတ်ရဘူး”လို့ သဘောထားပါတယ်။ ဒါ့ကြောင့် စာချ ဘုန်းတော်ကြီးဖြစ်တဲ့ ဦးကုမာရကို လျှောက်ပါတယ်။ ထို စာချ ဘုန်းတော်ကြီးက တပည့်တော်ထက် ၁၀ ဝါလောက် ကြီးမယ် ထင်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ စာချဘုန်းတော်ကြီးက ဘာလုပ်သလဲ။
တပည့်တော်။ ။ ထူးထူးထွေထွေတော့ မလုပ်ပါဘူး ဆရာတော်ကြီးများကို သွားလျှောက်ပါတယ်၊ “ဦးပဉ္စင်းတစ်ပါးဟာ အပြစ်ရှိလို့ ဥုးဇနက နှင်တာ ထွက်မသွားဘူး”လို့။
ဒီတော့ ဆရာတော်ကြီးများက နေ့ဆွမ်း စားပြီးချိန်မှာ အဲဒီ ဦးပဉ္စင်းကို အာမခံ ထားတဲ့ ကိုယ်တော်ပါ အခေါ်ခိုင်းပြီး၊ ဦးပဉ္စင်းက ဇနက နှင်တာကို “သူ့ကျောင်းလား ဆိုပြီး မသွားဘူး”ဆိုတာ ဟုတ်သလား၊ “ကျောင်းတိုက်ကြီးကို ငါတို့ချည်း မနိုင်လို့ စာချဘုန်းကြီးတွေပါ ဝိုင်းပြီး အုပ်ချုပ်နေရတယ်၊ “ဇနက”က မကျေနပ်ရင် သူနေတဲ့ ဓမ္မမဉ္ဇူ ကျောင်းကသာ နှင်နိုင်တာ မဟုတ်ဘူး၊ ဘယ်ကျောင်းကမဆို နှင်နိုင်တယ်၊ ညနေ လေးနာရီအတွင်း တိုက်က ထွက်ရမယ်”လို့ အမိန့် ချတာပါပဲ။
ဓမ္မဂုတ်။ ။ ဟုတ်ပါ့နော်၊ ကိုယ်တော့်ကို ဆရာတော်များက တန်းတူထားပြီး မြှောက်စားကြတာပဲ၊ ဒါ့ကြောင့် ကိုယ်တော်က “သေတူ-ရှင်တူ” စိတ်ထားတဲ့ ဟာလဲ ထားထိုက်ပါပေတယ်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား၊ တပည့်တော်ဟာ ရွှေကျင်ဂိုဏ်းထဲမှာ ဆရာရင်း မရှိရင် ပခုက္ကူက ခွာဖို့ မလိုပါဘူး၊ တပည့်တော်ရဲ့ သာသနာ့ တက်လမ်းဟာ ထိပ်တန်းအထိ ဖြောင့်တန်းပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘေးတော်ဘုရားရဲ့ ဂိုဏ်းကြီးနဲ့ ဆရာရင်းကို ငဲ့ပြီး အမှန်ပင် ဝမ်းနည်းစွာဖြင့် ခွဲခွာခဲ့ရခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ခွဲခွာခဲ့ရပုံကလေး မှတ်မိသေးရဲ့လား၊ ပြောပြစမ်းပါအုံး။
တပည့်တော်။ ။ မှတ်မိပါတယ်ဘုရား၊ ထိုနှစ်မှာဖြစ်တဲ့ ပလိပ်ရောဂါက နည်းနည်း ပိုလာတော့ ညောင်ဦးမှာ သီတင်းသုံးတော်မူခိုက်ဖြစ်တဲ့ ဆရာတော်က ကြွလာပြီး ဖြစ်ပုံတွေကို နှီးနှောကြပါတယ်၊ နောက်ဆုံးတော့ တိုက်ကြီးမှာ သီတင်းသုံးတဲ့ ဆရာတော်များလဲ ညောင်ဦးရွှေ့ကြဖို့ ဆုံးဖြတ်ကြဟန်တူပါတယ်၊
ဓမ္မမဉ္ဇူကျောင်းမှာ တပည့်တော်ရဲ့ ဦးလေး နှစ်ဝမ်းကွဲလောက် တော်တဲ့ “စစ်ကိုင်း ရွှေပြည်ချောင်က ဦးဝိလာသ”ဆိုတဲ့ ဦးပဉ္စင်းလဲ ရှိပါသေးတယ်၊ ထိုကိုယ်တော်ဟာ နဂိုက စာအခြေ ပါလာတဲ့အပြင် ဒုတိယစာချ ဆရာတော်ထံ အတော်ကြာကြာ စာဆိုပြီးဖြစ်လို့ သိပ်မကြာခင် စာချဖြစ်ဖို့ သေချာပါတယ်၊ ဒါ့ကြောင့် ထိုပုဂ္ဂိုလ်လဲ ပလိပ်ကြီး ဖြစ်သည့်တိုင်အောင် နေရှာပါသေးတယ်။
ဒါပေမယ့် နက်ဖြန် ပြန်တော့မယ်ဆိုတော့ ဆရာတော်ကြီးများက တပည့်တော်ကို ခေါ်ပြီး “ဇနက ... မောင်ဝိလာသ ပြန်လာလို့မှ မင်းပြန်မလာရင် မင့်ဆိုင်ရာက စိတ်ကောင်းကြမယ် မဟုတ်ဘူး၊ မင်းလဲ နက်ဖြန် ပြန်လိုက်သွားတော့၊ ဒို့လဲ မကြာခင် ညောင်ဦးကို ရွှေ့ကြမယ်”လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ သြော် ... ဆရာတော်များက တမင် ပြန်လွှတ်မှ ကိုယ်တော် ပြန်ခဲ့တာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ နက်ဖြန် နေ့ဆွမ်းစားပြီးချိန်တော့ ညောင်ဦး ဆရာတော်ကလဲ ညောင်ဦး ပြန်ဖို့ တိုက်ကြီးက ထွက်လာပါတယ်၊ တပည့်တော် တို့လဲ စစ်ကိုင်းပြန်ဖို့ ထွက်လာပါတယ်၊ ဒီအချိန်မှာ တိုက်ကြီးနဲ့ ခွဲခွာခဲ့ရတော့ ဝမ်းနည်းမှုဟာ သိသိသာသာကြီး ဖြစ်လာပါတယ်။ ဒါပေမယ့် အများအပေါ် ဆရာလုပ်ပြီး အုပ်ချုပ်ရတဲ့ ဒုက္ခကို ငယ်ငယ်ရွယ်ရွယ်နဲ့ တွေ့ရလို့ တိုက်တာ အုပ်ချုပ်ဖို့တော့ အတော်ကြီး စိတ်ပျက်ခဲ့ပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုနဲ့ ကိုယ်တော်တို့ တူအရီး စစ်ကိုင်းပြန်ရောက်တဲ့အခါ စိတ်ချမ်းသာမှုတော့ ရကြမှာပေါ့နော်။
တပည့်တော်။ ။ တပည့်တော်တို့ စစ်ကိုင်းရောက်တဲ့အခါ (နောက်မှ ပြောကြ ပါတယ်။) တပည့်တော်တို့ မျက်နှာဟာ “ဇီးရွက်ကလေးလို ငယ်လို့”တဲ့၊ ပြောလဲ ပြောစရာပဲ၊ ပခုက္ကူမှာ အသက်လုပြီး နေရသလို ဖြစ်နေတာကိုး၊ တပည့်တော်ရဲ့ ကံက တစ်မျိုးပဲဘုရား၊ တပည့်တော်က ရေသာခိုပြီး အေးအေး ဆေးဆေး မှီခိုပြီး နေရတယ်လို့ မရှိခဲ့ပါဘူး၊ တပည့်တော်ကို ဝိုင်းပြီး အားကိုးကြတာပါပဲ။
ဓမ္မဂုတ်။ ။ ဘယ်လို အားကိုးကြတာလဲ။
တပည့်တော်။ ။ ထိုအချိန်က ချပ်သင်းချောင်မှာ တစ်ဝမ်းကွဲ ဒေါ်လေးညီအမ နှစ်ယောက် ရှိပါတယ်၊ (နောက်တော့ “သရိုင်ချောင်”လို့ ချောင်သစ်တည်ပါတယ်။) အဲဒီမှာ ဆွမ်းစားပါတယ်၊ တည်းတော့ အထက်ဇေတဝန် (ယခု အလယ်ဇေတဝန်) ချောင်မှာ တည်းပါတယ်၊ နှစ်ရက်လောက်ကြာတော့ ဒေါ်လေးတို့ဆီမှာ ဆွမ်းစားမယ် လို့ လာတုန်း (ချောင်တစ်ချောင် ဆရာက ဆိုပါတော့) ဆွမ်းစား အပင့်ခိုင်းလို့ သီလရှင်ကလေးနှစ်ယောက် လာပင့်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဝမ်းသာအားရနဲ့ လိုက်သွားရောလား။
တပည့်တော်။ ။ တပည့်တော်က ဒေါ်လေးတို့ကို တိုင်ပင်တော့ ဒေါ်လေးတို့နဲ့ ရင်းနှီးတဲ့ ဆရာမို့ မကန့်ကွက်ပါဘူး၊ လိုက်သွားလို့ ရောက်တော့ အဟမ်း...။
ဓမ္မဂုတ်။ ။ ပြောသာ ပြောပါကိုယ်တော် ရောက်တော့ ဘာများ ထူးဆန်းလို့တုန်း။
တပည့်တော်။ ။ လက်ဆေးဖို့ ခွက်က အင်မတန်သန့်ရှင်းပြီး ဖန်လက်ဆေးခွက် ထဲမှာ ဆောင်းအခါနဲ့ လိုက်အောင် ရေနွေးစပ်ထားတယ်ဘုရား၊ ဆွမ်းနဲ့ ဟင်းများ ကလဲ ပန်းကန်တွေပါ သန့်သန့်ပြန့်ပြန့်ပဲ၊ တပည့်တော်တို့လို စာသင်သားဘဝက ဆင်းဆင်းရဲရဲနဲ့တက်ပြီး စာချဘုန်းကြီး ဖြစ်တဲ့သူတွေကို ဒီလို ဘယ်သူမှ ပြုစုမယ့်သူ မရှိပါဘူးဘုရား။
အမှန်က တပည့်တော်ကို မိဘ ဆွေမျိုးများနဲ့ ရဟန်းအမများက ကြုံတဲ့အခါ ဟင်းကောင်း၊ ဆွမ်းကောင်းတွေနဲ့ ကျွေးကြသော်လဲ ဒီလိုတော့ သာယာဖွယ် မဟုတ်ပါဘူး၊ အဲဒီလို နံနက်ဆွမ်းပြီးတော့ နေ့ဆွမ်းလဲ ကြွစားဖို့ နေ့ဆွမ်းပြီးတော့ နောက်ရက်လဲ နံနက်ရော နေ့ပါ ဆွမ်းစားဖို့ လျှောက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်မှာ ရတနာပုံကိန်း ဆိုက်လာတယ်လို့ ဆိုရမှာပေါ့နော်။
တပည့်တော်။ ။ နေပါအုံးဘုရား ... ကိစ္စဆိုတာ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ခြုံမိမှ အကျိုး အပြစ် သိနိုင်ပါတယ်၊ သုံးရက်လောက် ဆွမ်းစားပြီးတော့ သီလရှင် ခပ်ရွယ်ရွယ် ရုပ်ရေ စင်စင်ကြယ်ကြယ်နဲ့ ဆရာ့ရှေ့မှာ စာအုပ်ကလေးတွေနဲ့ ရောက်လာပြီး ဆရာလုပ်သူက သူတို့ကို ဆန်းကျမ်းရဲ့ အဓိပ္ပာယ် ပြောပေးဖို့ရန် တောင်းပန်ပါလေရော။
ဓမ္မဂုတ်။ ။ အလဲ့... “ဒီယုန်မြင်လို့၊ ဒီချုံထွင်တာပဲ”နော်၊ ကိုယ်တော်က အစိုးရ ပထမကြီးကို သာမဏေဘဝက အောင်ပြီး သကျသီဟစာသင်တန်းလဲအောင်၊ ပခုက္ကူစာချဆိုတော့ ကိုယ်တော့်ကို အားကိုးရှာတာလဲ အဆိုး မဆိုသာပေဘူး။
တပည့်တော်။ ။ မဆိုးပါဘူးဘုရား၊ သူတို့မှာလဲ သူတို့ ဂုဏ်သိန် သူတို့ ရုပ်ရည်နဲ့ ဆိုတော့ (ယခုခေတ်လို ဆက်ဆံမှု မရဲသေးဘဲ) ရဟန်းတော်များနဲ့ ဝေးနေကြရှာ ပါတယ်၊ ဒါ့ကြောင့် တပည့်တော်လဲ ဆွမ်းစားလာရင်း အဓိပ္ပာယ် ပြောပေးဖို့တော့ ခွင့်ပြုလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ စာချပေးဖို့တော့ ဘာပြုလို့ ခွင့်မပြုတာလဲ။
တပည့်တော်။ ။ အဲဒီ အချိန်မှာ စစ်ကိုင်း-ရွှေကျင်ဂိုဏ်းကို အုပ်ချုပ်နေတဲ့ ဒုတိယ မဟာဂန္ဓာရုံဆရာတော် အမှူးရှိတဲ့ နာယက ဆရာတော်များက စစ်ကိုင်းချောင်မှာ “ကပ်-စာ-ထိုး”ဆိုတဲ့ သုံးမျိုးကို မရှောင်နိုင်ရင် ဂိုဏ်းမှ အပလို့ ကြေညာထား ပါတယ်၊ ဒါ့ကြောင့် စာချဖို့တော့ ခွင့်မပြုနိုင်ပါဘူး။
ဓမ္မဂုတ်။ ။ “ကပ်-စာ-ထိုး”ဆိုတဲ့ သုံးမျိုးက ဘာအဓိပ္ပာယ်လဲ၊ ကိုယ်တော်တို့ ဆရာများရဲ့ ဥပဒေကြ ပဟေဠိဆန်လိုက်တာ။
တပည့်တော်။ ။ “ကပ်”ဆိုတာက မာတုဂါမ-မယ်သီလကို ဆွမ်းချက်ဖို့ရန် ကျောင်းမှာ ကပ္ပိယ မလုပ်စေရ၊
“စာ”ဆိုတာက သီလရှင်-မာတုဂါမ များကို စာမချရ၊
“ထိုး”ဆိုတာက အဂ္ဂိရတ် မထိုးရ၊
ဒီသုံးမျိုးကို ဆိုလိုပါတယ်၊ အဲဒီ ဥပဒေလဲ ပေါ်လာရော အဂ္ဂိရတ် ထိုးနေတဲ့ နိုင်ငံကျော် ဓမ္မကထိကဆရာတော်က “ဂဏဝိမုတ်၊ သီးခြားထုတ် လုပ်ရပ် ဝင်တော့မည်”လို့ လင်္ကာလုပ်ပြီးတော့ (အဂ္ဂိရတ်ကို မစွန့်ဘဲ ဂိုဏ်းကို စွန့်တယ်)လို့ ဆိုတော့တာပါပဲ၊ တပည့်တော်ကလဲ အဲဒီ ဥပဒေနဲ့ မငြိအောင် စာမချဘဲ ရှောင်ပြီး အဓိပ္ပာယ်ကို ပြောပေးရပါတယ်။
ဓမ္မဂုတ်။ ။ သီလရှင်က ဘယ့်လောက်များတုန်း။
တပည့်တော်။ ။ ထင်ထင်ပေါ်ပေါ် ရှေ့မှာတော့ သုံးလေးယောက်ပါ၊ အခန်းတွင်း မထင်မရှားက ဘယ့်လောက်မှန်း မသိပါဘူး။
ဓမ္မဂုတ်။ ။ သူတို့က ဘာပြုလို့ မထင်မရှား ပုန်းပြီး နားထောင်တာတုန်း။
တပည့်တော်။ ။ သူတို့က တခြားချောင်ကပါ၊ ဆရာ မသိအောင် တိတ်တိတ် လာပြီး နားထောင်တဲ့သူတွေပါ။ နောက်တော့ သူတို့ ချောင်ကလဲ ဒီလိုပဲ စာနာချင်ပါတယ်လို့ သူတို့ ဆရာကို ပူဆာကြတော့ သူတို့ ဆရာကလဲ ပင့်ပြီး ဆွမ်းကျွေးပြန်တာပဲ၊ တပည့်တော်ကလဲ မည်သည့်ချောင်က လာပြီး နားထောင်ကြတဲ့ အကြောင်း ကြားပြီးပါပဲ၊ ဆွမ်းကျွေးပြီးတော့ ဒီလိုပဲ ဆန်းကျမ်းအဓိပ္ပာယ် ပြောပေးဖို့ လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဘာပြုလို့ တစ်နေရာမှာ ပေါင်းပြီး စာမနာကြတာလဲ။
တပည့်တော်။ ။ အင်း... မိန်းမဓမ္မတာပဲ ထင်ပါတယ်၊ သူများချောင် သွားပြီး စာ နားထောင်ရတယ်ဆိုတော့ ဂုဏ်ငယ်တယ်လို့ ထင်ဟန်တူပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ လျှောက်တဲ့အတိုင်း သွားပြီး ပြောတာပဲလား၊ ကိုယ်တော့် အတွက် ဂုဏ်မငယ်ဖူးလား။
တပည့်တော်။ ။ တပည့်တော်က သီလရှင်အများစုနဲ့ သိပ် မဆက်ဆံဖူးသေးတော့ ကိုယ့်ဂုဏ်အတွက် မစဉ်းစားမိပါဘူးဘုရား၊ သူတို့လျှောက်တဲ့ အတိုင်း နှစ်နေရာခွဲပြီး စာပြောပေးတာပါပဲ။
ဓမ္မဂုတ်။ ။ တပည့်တော်တော့ တယ် မကျေနပ်ချင်ဘူး၊ ကိုယ်တော့်ကိုက ဖိုးပါချင် ဖြစ်နေဟန်တူတယ်၊ ဘယ်ချောင်တွေတုန်း။
တပည့်တော်။ ။ တပည့်တော်က ဖိုးပါချင် ဖြစ်နေတာလဲ မဟုတ်ပါဘူးဘုရား၊ သီလရှင်တွေဆိုတာ ရဟန်းတော်များနဲ့ ယုံယုံကြည်ကြည် ဆက်ဆံဖို့ မလွယ်တဲ့ အကြောင်းကို သိလေတော့ ညှာတာတဲ့ သဘောပါပဲ။
တပည့်တော် မှာလဲ ဒေါ်လေးတွေ ရှိတယ်မဟုတ်လား၊ ချောင်နာမည်တော့ မဖော် ပါရစေနဲ့၊ နောက်အကြောင်းတွေအတွက် အခေါ်ရလွယ်အောင် ပထမချောင်ကို “ဟေမဝတချောင်” ဒုတိယချောင်ကို “သာတာဂိရိချောင်”လို့ မှတ်လိုက်ပါတော့။
ဓမ္မဂုတ်။ ။ ဘုရားလက်ထက်တော်က “သာတာဂိရိနတ်မင်း၊ ဟေမဝတနတ်မင်း” တို့ နေတဲ့ တောင်များကို အတုယူတာလား။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ နံနက်ဆွမ်းကို သာတာဂိရိချောင်မှာ စားပြီး စာအဓိပ္ပာယ် ပြောပါတယ်၊ စာနာသူ ပိုပြီး များပါတယ်၊ အများအားဖြင့် တပည့်တော်ထက် အသက်ကြီးသူတွေကို ရွေးပြီး နာစေဟန် တူပါတယ်။ ဆရာ ကလဲ အနားက နားထောင်နေပါတယ်၊ အမျိုးသမီးတွေလဲ စောင့်ရင်း၊ တပည့်တော်ကိုလဲ စောင့်ရင်းပေါ့။
နေ့ဆွမ်းကျတော့ ဟေမဝတချောင်မှာ စားပါတယ်၊ ဆွမ်းမစားခင် စာအဓိပ္ပာယ် ပြောပါတယ်၊ ဆွမ်းစားပြီးတော့ ကျောင်းပြန်ပါတယ်၊ ဆွမ်းကိုတော့ သာတာဂိရိ ချောင်မှာ စာလိုက် သူတွေ တစ်လှည့်စီ၊ ဟေမဝတချောင်မှာတော့ စုပေါင်းပြီး တစ်နေရာက ချက်ကြဟန် တူပါတယ်၊ မေးတော့ မကြည့်မိပါဘူး။
ဓမ္မဂုတ်။ ။ ဆန်းအဓိပ္ပာယ်ပြောလို့ ကုန်တဲ့အခါတော့ ရှေ့ ဘာစာဝါမှ မဆက်ရတော့ဘူးလား။
တပည့်တော်။ ။ သူတို့လဲ တပည့်တော်ရဲ့ စာအဓိပ္ပာယ်မျိုး နာဖူးကြဟန် မတူပါဘူး၊ ဒါကြောင့် ဆန်းကုန်တဲ့အခါ အလင်္ကာကျမ်းရဲ့ အဓိပ္ပာယ်များကို ပြောပေးပါအုံးလို့ နှစ်ချောင်လုံးက လျှောက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ ပြောပေးချင်တယ် မဟုတ်လား။
တပည့်တော်။ ။ တပည့်တော်ကို ဒီလို အထင်မသေးပါနဲ့၊ ပြောပေးချင်တာ မပေးချင်တာ အသာ ဖယ်ထားလိုက်ပါ၊ စည်းကမ်းနဲ့ လုပ်ပါတယ်။ အလင်္ကာကျမ်းမှာ ပြောဖို့ကို မဆိုထားနဲ့ ကျားနဲ့ မတို့ အတူနားထောင်ဖို့ ခက်တဲ့ အဓိပ္ပာယ်တွေတောင် ပါနေပါတယ်၊ ဒါကြောင့် အလင်္ကာအဓိပ္ပာယ်က အပြောခက်တဲ့အကြောင်းကို ဆရာအား ပြောပြပါတယ်၊
ဒါပေမယ့် အလွန်နာချင်နေကြတော့ ဂန္ဓာရုံချောင် ချမ်းအေးဆရာတော်ကြီးကို လျှောက်ပါအုံး၊ ခွင့်ရမှ ပြောပါရစေလို့ ဆရာတော်ကြီးကို လွှဲလိုက်ပါတယ်။ “စာတော့ မချနဲ့ အဓိပ္ပာယ်တော့ ပြောပေးလိုက်ပါ၊ တရားဟောသလိုပေါ့”ဟု ခွင့်ပြုချက်ရတာနဲ့ နှစ်ဌာနလုံး အဓိပ္ပာယ်ပြောရပြန်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် အဓိပ္ပာယ် ပြောတာကို သာတာဂိရိချောင်က ငယ်ရွယ် သူတွေ မနာရဘူးလား။
တပည့်တော်။ ။ ကွယ်ရာကတော့ နာ-မနာ မသိပါဘူး၊ မျက်မြင်မှာတော့ အကြီးတွေချည်းပါပဲ။ ဒါပေမယ့် ရက်ကြာတော့ အငယ်တွေက စာစီစာကုံး သင်ပေးဖို့ လျှောက်ရန် ဆရာကြီးကို ပူဆာဟန် တူပါတယ်၊ ဆရာကြီးက တပည့်တော်နဲ့ သူရဲ့ ဥစ္စာပေါ ရုပ်ချောကလေးတွေကို ထောပတ်အိုးနဲ့ မီးကျီးခဲ တွေ့သလို ဖြစ်မှာစိုး၊ လူမြင်မတော်မှာလဲ စိုးဟန်တူပါတယ်၊ တပည့်တော်ရဲ့ စာပေဂုဏ်သိက္ခာကိုလဲ မကျစေချင်ပါဘူး၊ သူ့အသည်း ကလေးတွေကိုလည်း မကွဲစေချင်ပါဘူး၊ ဒါ့ကြောင့် အမျိုးမျိုး စဉ်းစားပြီးမှ စာစီစာကုံး ပြပေးဖို့ လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ကကော ရိုးရဲ့လား၊ ဘုရားစူး။
တပည့်တော်။ ။ တပည့်တော်ရဲ့ အကြောင်းတွေကို ပြန်ပြီး ကြည့်ပါ။ အထက်တန်း အမျိုးသမီးတွေကို ရိုးရိုးသားသား ဆက်ဆံခဲ့တယ်ဆိုတာ တွေ့ပါလိမ့်မယ်၊ တပည့်တော်က မိမိရဲ့ စာပေပညာကို အလွန်လေးစား ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အချိန်တုန်းက ကိုယ်တော့်အသက် ဘယ်လောက် ရှိပြီလဲ။
တပည့်တော်။ ။ သကျသီဟ ပရိယတ္တိစာပြန်ပွဲ အကြီးတန်းကို ဝင်မယ့်နှစ် ဆိုတော့ နှစ်သစ်မကူးခင် ၂၆ နှစ်လောက်ပဲ ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ကလဲ ထတုန်း ကြွတုန်း၊ ကိုယ်တော်နဲ့ ရွယ်တူ ငယ်သူတွေကလဲ လှတုန်း ပတုန်း၊ ကိုယ်တော်တို့က ရိုးသားတယ် ဆိုအုံးတော့ မြင်ရတဲ့သူတွေ စိတ်ရှင်းဖို့ အခက်သားပဲနော်။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား၊ ဒါ့ကြောင့်မို့ ညနေ သုံးနာရီလောက် စာပြတဲ့အခါ အဆောင်တစ်ခုလုံး၌ လူမြင်မယ့်ဘက်က တံခါးပေါက်တွေ အကုန် ပိတ်ထားလိုက်ပါတယ်၊ လူကြီးလဲ တစ်ယောက်မှ မပါပါဘူး၊ လူကြီးတွေက ဧည့်သည် လာရင် အဝေးမှ ဧည့်ခံဖို့ အပြင်မှာ နေကြဟန် တူပါတယ်၊ တပည့်တော်တို့ အားလုံးဟာ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တော့ အမျိုးမျိုး နေကြမှာပေါ့။
ဓမ္မဂုတ်။ ။ ဟဲ ဟဲ... ကိုယ်တော့်မှာလဲ ဒီလို စာပြချင်တဲ့စိတ်ဟာ နဂိုက ရှိနေဟန် တူပါတယ်၊ ဟုတ်တယ်မဟုတ်လား၊ မှန်မှန်ပြောစမ်း။
တပည့်တော်။ ။ ဘာ့ကြောင့် ဒီလို စွပ်စွဲနိုင်သလဲ။
ဓမ္မဂုတ်။ ။ စွပ်စွဲတာမဟုတ်ဘူးလေ၊ သကျသီဟစာမေးပွဲ အငယ်အောင်တုန်းက “ဘယ်ဆီမှာ အတည်ဖြစ်ရ”လို့ နေရာရှာတဲ့ တေးထပ်ထဲမှာ “အနောက်ဘက် ဓမ္မာရုံမှာ၊ ကညာစုံ စာပြဖို့”လို့ ရေးခဲ့တယ် မဟုတ်လား၊ ယခုတော့ ကိုယ်တော် မျှော်တဲ့အတိုင်း စုံနေပြီဥစ္စာပဲ။
တပည့်တော်။ ။ ဟာ... ဒါက စာအဖြစ် ရေးတာပါ၊ တကယ်မျှော်တာ မဟုတ်ပါဘူး။
ဓမ္မဂုတ်။ ။ ကဲလေ ရှိပါစေတော့၊ ဒီလို တံခါးပိတ် အစည်းအဝေးအကြောင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားသူတွေက အမျိုးမျိုး မတွေးကြပေဘူးလား။
တပည့်တော်။ ။ တွေးရုံတွင် ဘယ်ကမလဲ၊ စွပ်စွဲတဲ့သူတွေက စွပ်စွဲကြပါတယ်။ တပည့်တော်ကိုလဲ ပျက်စီးတော့မှာပဲလို့ ဒေါ်လေးတို့ထံ သွားပြောကြတာနဲ့ ဒေါ်လေး အငယ်က သီလရှင်တွေကို စာမပြပါနဲ့လို့ တားပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတော့ ကိုယ်တော်က ဘာပြန်ပြောသလဲ။
တပည့်တော်။ ။ တပည့်တော်က မိမိတို့မှာ ရိုးရိုးသားသား ဆက်ဆံကြပါလျက်၊ ပတ်ဝန်းကျင်က ဒီလိုပြောတော့ တပည့်မကလေးတွေကိုလဲ သနားတယ်၊ နောက်ဆုတ်ရင်လဲ အထင်သေးကြလိမ့်မယ်၊ ဒါ့ကြောင့် ဒေါ်လေး... “ဘာမှ မဖြစ်နိုင်ပါဘူး၊ နှစ်လလောက်နေရင် မန္တလေး စာပြန်ပွဲအတွက် သွားရမှာပါ၊ အဲဒီတော့ အလိုလို ခွဲပြီး ဖြစ်ပါလိမ့်မယ်၊ ယခုအချိန်မှာ သူများ ပြောလို့တော့ စာအပြော ရပ်ထားဖို့ မဖြစ်နိုင်ပါဘူး”လို့ ပြောရပါ တယ်။
ဓမ္မဂုတ်။ ။ မေးစမ်းပါရစေ၊ ပခုက္ကူမှာ နေတုန်းက မီးပူဇော်တာကို ကြည့်ဖို့ အမျိုးသမီးတွေ လာတဲ့အခါ ကိုယ်တော်အနီး ရောက်တော့ “သူတို့ကို လှည့်မကြည့် ဘဲနဲ့ ကြက်သီးထတယ်”လို့ ပြောခဲ့တယ်၊ သီလရှင် ချောချောကလေးတွေကို စာပြနေရတဲ့အခါ ကြက်သီးမထဘူးလား၊ မှန်မှန်ပြော။
တပည့်တော်။ ။ ကြက်သီးလဲ မထပါဘူး၊ ဘာမှလဲ မဖြစ်ပါဘူး၊ ဒါပေမယ့် မုန်းတော့ မမုန်းဘူးပေါ့ဘုရား၊ သူတို့က မုန်းစရာမှ မကောင်းဘဲဥစ္စာ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် နားလည်ပြီး ကိုယ်တော်၊ ဒီပြဿနာတွေက သာတာဂိရိ ချောင်မှာ ဖြစ်တာတွေနော်၊ ဟေမဝတချောင်မှာကော ဘာမှ မဖြစ်ဘူးလား။
တပည့်တော်။ ။ ဟေမဝတချောင်မှာ ထူးပြီး ဖြစ်စရာ မရှိပါဘူး၊ စတည်ကတည်းက တပည့်တော်ထက် ငယ်သူတွေပါ၊ သူတို့က တပည့်တော်ကို (ပခုက္ကူစာချဘုန်းကြီး ဖြစ်တဲ့အတွက်) “ဘုန်းကြီးကလေး၊ ဘုန်းကြီးကလေး”လို့ ခေါ်ကြပါတယ်၊ အင်မတန် ရင်းနှီးကြပါတယ်၊
အောက်သူ ကလေးတွေဖြစ်လို့ ဖြူဖြူစင်စင်ကလေးတွေပါ။ အစကတည်းက ရင်းနှီးစွာ ဆက်ဆံကြတော့ ပြဿနာအသစ် ဘာမှ မဖြစ်ပါဘူး၊ သာတာဂိရိချောင် မှာသာ အကြီးပိုင်းကတစ်မျိုး၊ အငယ်ပိုင်းကတစ်ဖုံမို့ ပြဿနာစုံဖြစ်ရတာပါ။
ဓမ္မဂုတ်။ ။ ဒီ ပြဿနာတွေကို ဘယ်လိုလုပ်ပြီး ရှင်းသလဲ။
တပည့်တော်။ ။ ဘယ်လိုမှ မရှင်းရပါဘူး၊ စာဝါတွေကုန်တဲ့အခါ မန္တလေးသို့ စာပြန်ပွဲဝင်ဖို့ ရွှေ့လိုက်တာနဲ့ ပြဿနာအားလုံး အဖြေထွက်ပြီး ဖြစ်သွားပါတယ်။ ဘေးက ပျက်စီးတော့မှာပဲလို့ ကမ္ဘာပျက်မလောက် အိပ်မက် မက်နေတဲ့သူများလဲ အိပ်မက်ကောင်းတုန်း နိုးလာကြသလို ဖြစ်သွားတာပါပဲ။
ဓမ္မဂုတ်။ ။ မန္တလေးရောက်တော့ သူတို့က မလိုက်လာကြဘူးလား။
တပည့်တော်။ ။ သာတာဂိရိချောင်က မလိုက်လာကြပါဘူး၊ သူတို့လဲ ဘယ်မှာ လိုက်ဝံ့မှာလဲ၊ ဆရာကိုလဲ ကြောက်ရတယ်၊ ဘေးက အချင်းချင်းကိုလဲ ရွံ့ရတယ်၊ ကိုယ့်လိပ်ပြာလဲ ကိုယ်မလုံသလို ဖြစ်မှာပေါ့၊ ဒီနည်းအားဖြင့် သူတို့တစ်တွေနဲ့ အဆက်ပြတ်သလို ဖြစ်သွားပါတယ်၊
အဲဒီလို အဆက်ပြတ်တာကိုပင် တချို့ ရင်းနှီးသူ သီလရှင် လူကြီးပိုင်းက မခံချင်လို့ “သူတို့ တစ်တွေဟာ ဦးပဉ္စင်းကို ကြည်ညိုတုန်းက တံခါးပိတ်ပြီး ကြည်ညိုတဲ့သူတွေ၊ ခုမှ စိမ်းကားနေကြတာ”လို့တောင် ပြောကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ ရင်းနှီးဖူးတဲ့ သူတွေကို အဆက်မပြတ်အောင် အသွားအလာ မလုပ်ဘူးလား။
တပည့်တော်။ ။ တပည့်တော်က ဘုန်းကြီးတွေကို အထင်သေးခံရတာ မကျေနပ်လို့ တပည့်တော်အတွက်တော့ အထင်သေး မခံရအောင် အမြဲ သတိထားပါတယ်၊ သီလရှင်ကျောင်းဖြစ်ဖြစ်၊ လူ့အိမ်ဖြစ်ဖြစ် မသွားပါဘူး၊ နောက်ပိုင်းမှာ ရဟန်းအမများ ဆီလောက်တော့ သွားပါရဲ့။
ဓမ္မဂုတ်။ ။ ဟေမဝတချောင်ကတော့ ဆက်လက် ရင်းနှီးတာပဲလား။
တပည့်တော်။ ။ ဟေမဝတချောင်က အတော်ကြာအောင် ဆက်လက် ရင်းနှီး ပါတယ်၊ ဒါပေမယ့် အတော်ကြာတဲ့အခါ သူတို့ ပင့်တာကို ဆရာသမား များရဲ့ ကိစ္စကြောင့် မလိုက်နိုင်တဲ့အတွက် အဆက် ပြတ်သလောက် စိတ်နာသွားပါတယ်။
ဓမ္မဂုတ်။ ။ “ရွှေမန်းသို့ မြန်းကြွပြန်လျှင်၊ ချမ်းမြရန် ပုံဝေး”လို့ ရေးခဲ့တယ်၊ ယခု ရွှေမန်းရောက်တော့ စားရေးသောက်ရေး အဆင်ပြေရဲ့လား။
တပည့်တော်။ ။ ပြေပါတယ်၊ ဇီးပင်ကျောင်း ဘုန်းတော်ကြီးနဲ့ အတူစားရပါတယ်၊ အဲဒီ ဘုန်းတော်ကြီးမှာ တိုက်အမက နေ့တိုင်း ဆွမ်း တစ်ချိုင့် ပို့ပါတယ်။
ဓမ္မဂုတ်။ ။ ပထမကျော်လဲ အဲဒီနှစ်မှာပဲ ဝင်တယ်နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ ပထမကျော်ဝင်ဖို့ အစီအစဉ် မရှိခဲ့ပါဘူး၊ ဒါပေမယ့် စစ်ကိုင်းဘက် စာပြောတဲ့အချိန်မှာ ပထမကျော်အောင်ပွဲက ပြန်လာတဲ့ ဆရာကြီးက ပထမကျော်ဝင်ဖို့ တိုက်တွန်းတဲ့အပြင် သီတင်းသုံးဖော်များကလဲ ဒီဂုဏ်တစ်ခု လိုနေပါသေးတယ်၊ ဝင်စမ်းပါအုံးလို့ တိုက်တွန်းကြတာကြောင့် ရွှေဘိုသွားပြီး သူများ မသိအောင် ဝင်ဖို့ရန် ရွှေဘိုဆရာတော်လို့ နောင်အခါ ခေါ်ကြတဲ့ ဦးကေသရထံ လက်မှတ်ထိုးဖို့ စာရေးလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဘာပြုလို့ သူများ မသိစေချင်တာလဲ။
တပည့်တော်။ ။ “ပထမကျော်”ဆိုတာ လူတွေကသာ အထင်ကြီးနေကြတာ၊ ရဟန်းတော်ချင်းတော့ အထင်မကြီးတဲ့အပြင် အထင်တောင် သေးချင်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့်လဲ ကိုယ်တော်။
တပည့်တော်။ ။ “ပထမကျော်”ဆိုတာ ပထမကြီးထဲမှာ အမှတ်အများဆုံး ရသူကို ရွေးယူတာပါ၊ အမှတ်အများဆုံး ရဖို့ကလဲ ဉာဏ်အမျိုးမျိုး ထုတ်ကြရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပထမကြီးကို ကိုရင်ဘဝတုန်းက အောင်ခဲ့တယ်ဆို၊ ယခု ထပ်ဝင်ဖို့ အခွင့်ရသေးသလား။
တပည့်တော်။ ။ ဟိုခေတ်က စာချတန်းဆိုတာ မရှိသေးတော့ ပထမကျော် အတွက် ပထမကြီးကို ထပ်ပြီး ဝင်နိုင်ပါတယ်၊ ယခုခေတ်တော့ ထပ်ဝင်ခွင့် ရဟန်မတူပါဘူး၊ စာချတန်းကို တန်းဝင်ရပါတယ်။
ဓမ္မဂုတ်။ ။ ဉာဏ်အမျိုးမျိုး ထုတ်ပုံကို ပြောပြစမ်းပါအုံး။
တပည့်တော်။ ။ ပထမနည်းက ပုစ္ဆာထုတ်ရတဲ့ လူကော်မတီထဲမှာ အရေးအပါဆုံး သူထံ ကပ်ရပါတယ်၊ ထိုသူက ဘယ်လို စီစဉ်ပေးတယ်ဆိုတာတော့ မသိပါဘူး၊ နောက်ဆုံးတော့ အမှတ်အများဆုံးရတဲ့သူဟာ “ပထမကျော်” ဖြစ်လာတာပါပဲ။
ဓမ္မဂုတ်။ ။ ဘယ်လိုနည်းနဲ့ ကပ်ရတုန်းကိုယ်တော်။
တပည့်တော်။ ။ ဒါလဲ မသိပါဘူးဘုရား၊ “ငွေပေးတန် ပေး၊ နှမပေးတန်ပေး” ဖြစ်မှာပေါ့။
ဓမ္မဂုတ်။ ။ ဒုတိယနည်းက ဘယ်လိုတုန်း။
တပည့်တော်။ ။ ဒုတိယနည်းကတော့ “နတ်မင်းများကို ကူညီဝိုင်းလို့ မှိုင်းမပါ” ဆိုတာမျိုးပါတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဟာ ပဟေဠိဆန်လိုက်တာ ကိုယ်တော်၊ တပည့်တော် နားလည်အောင် ရှင်းရှင်း ပြောစမ်းပါ။
တပည့်တော်။ ။ ဒီလိုဘုရား၊ စာမေးပွဲ ဖြေတဲ့သူကို အပြင်ဘက်ကနေပြီး ကူညီဖို့ရန် စာချဘုန်းကြီး အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ် နှစ်ပါးသုံးပါးလောက် ရှိရတယ်၊ ထိုပုဂ္ဂိုလ်က (ထိုပုဂ္ဂိုလ်များက) ဆိုင်ရာက ပုစ္ဆာ ဝေပြီးတဲ့အခါ သူ့နည်းနဲ့သူ ပုစ္ဆာစာရွက်ရအောင် လုပ်ရတယ်၊ ရဖို့လဲ ခက်ဟန်မတူပါဘူး၊
အဲဒီ ပုစ္ဆာကြည့်ပြီး အပြင်ဘက်က တစ်နေရာမှာ စာအုပ်နဲ့ တိုက်ပြီး အဖြေ ရေးတာပဲ၊ အဲဒီ အဖြေကို အတွင်းရောက်အောင် ကျွမ်းကျင်တဲ့နည်းနဲ့ ပို့ကြရတယ်၊ အတွင်းလူက ထိုအဖြေကို ကူးချပြီး ထွက်လာတာပဲ၊ အပြင်နတ်က စွမ်းသလောက် အဖြေပေါ်မှာ အမှတ် ကောင်းကောင်းရတာပဲ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ခိုးရတာပဲနော်၊ ရဟန်းတော်တွေ ပါရာဇိက မကျကုန်ဘူးလား။
တပည့်တော်။ ။ စာမေးပွဲ ဝင်သူတိုင်း မခိုးကြပါဘူး၊ တချို့တလေ ဝိနည်း မရိုသေတဲ့ သူတွေသာ အပြင်နတ်လဲ လုပ်ကြ၊ အတွင်းလူလဲ လုပ်ကြနဲ့ ရှုပ်ကုန်တာပါ၊ အများစုက ရိုးရိုးသားသား အောင်ကြတာပါ။
ဓမ္မဂုတ်။ ။ ဒီကိစ္စဟာ ဘယ်တော့လောက်က စပြီး ဖြစ်ခဲ့တာလဲ။
တပည့်တော်။ ။ စာမေးပွဲ ပေါ်ကတည်းကလို့ ဆိုရမှာပဲ ထင်တယ်၊ တပည့်တော် ကျောင်းသားတုန်းက စာမေးပွဲ မဝင်နိုင်သေးခင် သွားကြည့်တော့ ဒီကိစ္စကို တွေ့ခဲ့တာပဲ၊ နတ်မင်းများက သင်ဖြူးတွေ ဘာတွေ ခင်းပြီး အကြီးအကျယ် ကူညီနေကြပါတယ်။
ဓမ္မဂုတ်။ ။ ကျွတ်ကျွတ်၊ ကျွတ်ကျွတ်၊ ဖြစ်မှဖြစ်ရလေ ကိုယ်တော်၊ ... သာသနာပြု စာမေးပွဲကြီးက သာသနာဖျက်သလို ဖြစ်နေပါပြီကော။
တပည့်တော်။ ။ အဲဒီလို ဖြစ်နေတာပဲ ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဒါ့ကြောင့် ပထမကျော် မဝင်ချင်တာကိုး၊ ရွှေဘိုမှာ လက်မှတ်ထိုးပြီး ဝင်တာက ဘာ အဓိပ္ပာယ်တုန်း။
တပည့်တော်။ ။ မန္တလေးမှာ ပထမကျော် မှန်းနေတဲ့ မိတ်ဆွေတွေ ရှိပါတယ်၊ ဒီတော့ သူတို့နဲ့ တိုက်ရိုက် မပြိုင်ချင်ပါဘူး၊ တပည့်တော်မှာ နာမည်ကြီး နေသူဖြစ်လို့ ပထမကျော် အောင်လာရင် ကော်မတီတွေကို သူ့ရဟန်း အမက ငွေထိုးလို့ အောင်တယ်ဖြစ်ဖြစ်၊ မန္တလေး ဆရာကြီးတွေက နတ်လုပ်လို့ ဖြစ်ဖြစ် တစ်နည်း နည်းနဲ့တော့ ထင်ကြမှာ သေချာပါတယ်။
ဒါ့ကြောင့် ရွှေဘိုမှာ တပည့်တော် အထက်က နတ်လုပ်နိုင်တဲ့သူ မရှိပါဘူး၊ အရ ကျက်စရာဟူသမျှကို သကျသီဟ အငယ်ဝင်ပြီးနောက် ရနေတဲ့အပြင်၊ အဓိပ္ပာယ် ဘက်က စာချဖြစ်နေတာမို့ ကြောက်စရာ မရှိရုံမက၊ ဆန်းနှင့် အလင်္ကာကို ကျေးဇူးရှင်မကလေးတို့အား ပူပူနွေးနွေး နှစ်ချိန်တောင် သင်တန်းပေးထားတာဖြစ်လို့ အားလုံးပြည့်စုံနေပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ မန္တလေးက ဘိုးတော်နတ်ကြီးတွေကို မကြောက်ဘူး ပေါ့နော်။
တပည့်တော်။ ။ မန္တလေး ဘိုးတော်ကြီးတွေလဲ တပည့်တော်ထက် ပိုပြီး ဗဟုသုတ မများပါဘူး၊ ပြီးတော့ အပြင်က ကူပေးရတဲ့ကိစ္စမှာ စာအုပ်ထဲမှာ တိုက်ရိုက်မပါတဲ့ သဘောအမေးတွေကို စိန်ပြေနပြေ စဉ်းစားချိန် မရပါဘူး၊ အမြန်ရေးပြီး အတွင်း သွင်းရတာဖြစ်လို့ ထို သဘောအမေးတွေကို တပည့်တော်က ပိုပြီး အသာ ယူထားပါတယ်၊ ပြီးတော့လဲ ထိုခေတ်က ဆယ်ရက် ဖြေရပါတယ်၊ ကိုးရက်လောက် ဖြေပြီးတဲ့အခါ တပည့်တော် အတွက် မျှော်လင့်ချက် ရှိ-မရှိ စဉ်းစားနိုင်ပါတယ်၊ မျှော်လင့်ချက် မရှိရင် နောက်ဆုံးရက် မဖြေဘဲ ထားမယ်လို့ ကြံပြီးသာပါ။
ဓမ္မဂုတ်။ ။ နောက်ဆုံးရက် ဖြေတော့ကော ဘာဖြစ်တုန်း။
တပည့်တော်။ ။ နောက်ဆုံးရက်ပါဖြေရင် ဂေဇက်ထဲမှာ ခရေပွင့် ပြထားပြီး “ပထမကြီး ထပ်အောင်” လို့ ဖော်ပြပါတယ်၊ ထိုသို့ ဖော်ပြရင် ပထမကျော် ဝင်ကြောင်း အများသိမှာ စိုးပါတယ်၊ ဒါ့ကြောင့် ဂေဇက်ထဲ လုံးလုံး မပါအောင် နောက်ဆုံးရက်ကို မဖြေဖို့ စိတ်ကူးရတာပါ။
ဓမ္မဂုတ်။ ။ သူများမသိအောင် ခိုးကြောင်ခိုးဝှက်လုပ်ပြီး ပထမကျော် အဝင် သွားပုံကလေး ပြောစမ်းပါအုံး။
တပည့်တော်။ ။ ဒီကိစ္စကို သူများမသိအောင် လုပ်ရတာဖြစ်လို့ အားလုံး ပရိယာယ် ဆင်ရပါတယ်၊ ဆီးပင်ကျောင်း ဘုန်းတော်ကြီးကို သွားခါနီး ဝပ်ချတော့ “ကိုဇနက .. ဘယ်သွားမလို့တုန်း စာမေးပွဲက နီးလှပြီ”လို့ ပြောပါတယ်။
(စာမေးပွဲဆိုတာ သကျသီဟ ပရိယတ္တိစာမေးပွဲကို ဆိုလိုတာပါ၊ ထိုစာမေးပွဲက အစိုးရ ပထမပြန်ပြီးရင် ရက်မကြာခင် ဆက်လေ့ ရှိပါတယ်။)
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က ဘယ်လို လျှောက်သလဲ။
တပည့်တော်။ ။ “ကိစ္စကလေးတစ်ခု ရှိလို့ပါ”လို့ လျှောက်ပါတယ်၊ ဘယ်ရယ်လို့ မမေးတဲ့အတွက် မလျှောက်ပါဘူး၊ “မကြာစေနဲ့”လို့ အမိန့်ရှိပါ တယ်၊ “အကြောင်း မညီညွတ်ရင် မကြာပါဘူး”လို့ လျှောက်ပါတယ်၊
(စာမေးပွဲ မဝင်ဖြစ်လျှင် အကြောင်း မညီညွတ်ဘူးလို့ ဆိုလိုပါတယ်။)
ဓမ္မဂုတ်။ ။ ပြီးတော့ ဘယ်သူ့ကို နှုတ်ဆက်သေးတုန်း။
တပည့်တော်။ ။ အတူ ဆွမ်းစားတဲ့ ဦးရာဇိန္ဒ (မိဂဒါဝုန် ဆရာတော်လောင်း) ကို နှုတ်ဆက်ပါသေးတယ်၊ သူက “ကိုယ့်လူ ဘယ်သွားမလို့တုန်း”လို့ မေးပါတယ်၊ “တောင်မြို့ သွားမယ်”လို့ ဖြေပါတယ်၊ “ဘာကိစ္စလဲ”လို့ မေးပါတယ်၊ “စိန်ကလေးတစ်လုံး ကြည့်စရာရှိလို့”ဟု ဖြေလိုက်ပါတယ်။ (နဂိုက စဉ်းစား ထားတာ မဟုတ်လို့ နှုတ်ထဲ ပေါ်လာသလို ဖြေလိုက်တာပါပဲ။)
“ဘယ်သူ့ဖို့တုန်း”လို့ မေးပြီး “ရဟန်းအမဖို့လား”လို့ သူက ဆက်မေးပါတယ်၊ တပည့်တော်ကလဲ “ဆိုပါတော့လေ”လို့ ဖြေပါတယ်၊ “ကိုယ့်လူ မျက်နှာဟာ ယနေ့ တယ်ရွှင်နေပါလား”လို့ ပြောပါတယ်၊ “ရွှင်ဆို လာဘ်ရစရာ ရှိတာကိုး”လို့ နှုတ်ဆက်ပြီး တောင်မြို့ သွားတဲ့ ရထားလက်မှတ် ယူခိုင်းဖို့ ကလေး တစ်ယောက်နဲ့အတူ ရှမ်းစုဘူတာကို ထွက်ခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ဘာလို့ တောင်မြို့ ဝင်တာတုန်း၊ ရွှေဘို တိုက်ရိုက် သွားပါ့လား။
တပည့်တော်။ ။ ရွှေဘိုသွားဖို့ စရိတ်မရှိပါဘူး ဘုရား, တပည့်တော်မှာ ငွေ မထားတာ ကြာပါပြီ၊ ကပ္ပိယရှိမှ ငွေထားပါတယ်။ ထိုအချိန်မှာ ကပ္ပိယလဲ မရှိပါဘူး၊ တောင်မြို့ သွားဖို့ ရထားစရိတ်တောင် သူများဆီ တောင်းရပါတယ်။
ဓမ္မဂုတ်။ ။ တောင်မြို့သွားပြီး ရဟန်းအမဆီ ဝင်ရောလား။
တပည့်တော်။ ။ ဒီအချိန်မှာ ရဟန်းအမနဲ့ တပည့်တော်နဲ့ သိပ် အဆင်မပြေကြဘူး၊ ဒါ့ကြောင့် ကျောင်းတိုက်သွားပြီး ကပ္ပိယလုပ်တဲ့ ဒကာဖြူကို နံနက်ကျတော့ ရထားလက်မှတ် ယူပေးဖို့ ပြောရမှာပါ။
ဓမ္မဂုတ်။ ။ ဘာပြုလို့ အဆင်မပြေတာတုန်း။
တပည့်တော်။ ။ စစ်ကိုင်းချောင်က သီလရှင်များကို စာပြောပေးတဲ့ ကိစ္စပေါ့ဘုရား, အဲဒီ ကိစ္စတုန်းက စစ်ကိုင်းချောင်မှာ ဟိုးလေးတကျော်ဖြစ်တော့ ရဟန်းအမနဲ့ ဆက်နေတဲ့ သီလရှင်တွေက သွားပြီး ကတုန်းကတိုက် လုပ်ကြလို့ ရဟန်းအမက ဒေါပွနေတယ်ဆိုတာကို ဒကာဖြူက စောစောက ပြောဖူးပါတယ်၊ ဒါ့ကြောင့် ရဟန်းအမဆီ မသွားဘဲ ဒကာဖြူဆီ ရထားလက်မှတ်အတွက် ဝင်ရပါတယ်။
ဓမ္မဂုတ်။ ။ ကပ္ပိယ ဒကာဖြူက ရဟန်းအမ သဘောမတူဘဲ လက်မှတ်ယူဖို့ ငွေကို သုံးနိုင်သလား။
တပည့်တော်။ ။ ဒါလောက်တော့ သုံးနိုင်ပါတယ်၊ နံနက်ဆွမ်း စားပြီးတော့ “ဒကာဖြူ ... ရထားလိုက်ပြီး လက်မှတ်ယူပေးစမ်းပါ”လို့ ခေါ်ခဲ့တာပဲ။ ဘူတာရောက်တော့ ဒကာဖြူက “ဘယ်ဘူတာ ယူရမှာလဲ”လို့ မေးတော့ “မြင်းကသာဘူတာကို ယူပါ, ဒုတိယတန်းလဲ မယူပါနဲ့ တတိယတန်းပဲယူပါ”လို့ ပြောရပါတယ်။
ဓမ္မဂုတ်။ ။ ဘာပြုလို့ မြင်းကသာဘူတာကို တတိယတန်းလက်မှတ် အယူခိုင်း ရတာလဲ။
တပည့်တော်။ ။ တပည့်တော် ရွှေဘိုသွားတာကို ဘယ်သူမှ မသိစေချင်လို့ပါ။ မြင်းကသာဘူတာဆိုတာ ရွှေဘို လွန်ပြီးမှ ရောက်ရတဲ့ဘူတာ ဖြစ်ပါတယ်၊ ခါတိုင်းတော့ တပည့်တော်အတွက် ဒကာဖြူက ဒုတိယတန်း လက်မှတ် ယူပေးလေ့ ရှိပါတယ်၊ ဒီတစ်ခါတော့ ရဟန်းအမက မကျေနပ်နေတုန်းဖြစ်လို့ တတိယတန်း လက်မှတ်ကို ယူစေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဟာက တကယ့် ထိပ်တန်း စာမေးပွဲ သွားဝင်တာတောင် ချို့ချို့တဲ့တဲ့ကိုနော်, ကိုယ်တော် ကံကိုလဲ သနားပါတယ်။
တပည့်တော်။ ။ မသနားနဲ့အုံး ဘုရား, ရှေ့လျှောက် အလားတူတွေ အများကြီး တွေ့ရလိမ့်အုံးမယ်၊ ဒကာဖြူက ဘူတာက ပြန်ပြီး ရဟန်းအမကို ဦးပဉ္စင်း မြင်းကသာ သွားတဲ့အကြောင်း ပြောတဲ့အခါ, ရှင့် ဦးပဉ္စင်းက မြင်းကသာ သွားတာမဟုတ်ပါဘူး၊ နက်ဖြန် စာမေးပွဲမှာ မယ်သီလတွေကို နတ်လုပ်ပြီး ကူရအောင် “ဆင်ကသာ သွားတာ”လို့ ငေါ့တော့တော့ ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလို ပြောရုံတွင်ပဲလား။
တပည့်တော်။ ။ ပြောရုံတွင် မကပါဘူး, နက်ဖြန်ကျတော့ သူ့မိတ်ဆွေ သီလရှင်တွေကို အားပေးတဲ့အနေနဲ့ စာမေးပွဲ ကျင်းပတဲ့ ဆင်များရှင်ဘုရား သွားပါသေးသတဲ့၊ တပည့်တော်ကို မတွေ့ပါဘူး, ကိုယ်တော်ကြီး တစ်ပါးကို စပါးကျီထဲမှာ တွေ့ပါသတဲ့, အဲဒီ ကိုယ်တော်ကြီးက ရိုးလဲရိုး ရဟန်းအမကိုလဲ သိလို့ “အဟမ်း... အတည်မဖြောင့်လို့ ကျီထောင့် နေရသဗျ”လို့ ပြောလိုက်သတဲ့၊ တပည့်တော်ကိုတော့ သူနဲ့ မတွေ့အောင် ပုန်းနေတယ်လို့ မှတ်ချက်ချသွားပါသတဲ့။
(ဒီဟာတွေကို ဒကာဖြူက ပြန်ပြောလို့ သိရတာပါ။)
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ကိုယ် မလုပ်ရဘဲနဲ့ အလွဲလွဲ အမှားအမှား အထင်ခံရ တယ်နော်။
တပည့်တော်။ ။ စာမေးပွဲနဲ့ စပ်ပြီး ကိုယ်တိုင်လဲ နတ်မလုပ်ပါဘူး, နတ်အကူ အညီလဲ မယူဖူးပါ၊ ဒါပေမယ့် တပည့်တော်က ကျောင်းသားအဖြစ်နဲ့ စာမေးပွဲ အလတ်တန်းအောင်တော့ “ဒီ အကောင်ကလေးဟာ ဒါလောက် မတော်နိုင်သေး ပါဘူး, သူ့ဆရာက ကူပေးလို့ အောင်တာပါ”လို့ ဆရာနဲ့ ရွယ်တူ ဦးပဉ္စင်းကြီးတွေက အထင်သေးကြ-ပြောကြပါတယ်။
ဒီကိုယ်တော်ကြီးတွေနဲ့ ပထမကြီး ဝင်တဲ့အခါ အတူတူ ဖြစ်နေပါတယ်။ အဲဒီအခါ ကျတော့ စာဖြေခုံချင်းက နီးကပ်နေလို့ တပည့်တော် သန့်သန့် ရှင်းရှင်း ဖြေတာကို သူတို့ သိရုံမက, တပည့်တော်ကို သူတို့က ဆန်းဘာသာ ဖြေတဲ့နေ့မှာ တိုးတိုး တိုးတိုးနဲ့ လှည့်မေးကြပါသေးတယ်။ တပည့်တော်ကလဲ အစောင့်တွေ အထင်လွဲမှာ စိုးလို့ မပြောဘဲ, အားလုံး ပြီး၍ အဖြေစာအုပ်ကို အစောင့်များရဲ့ လက်ထဲအပ်ပြီးမှ သူတို့ အနားက ဖြတ်ပြီး တိုးတိုး ပြောခဲ့ပါတယ်၊
(ဒီအချိန်မှာ တပည့်တော်ဟာ ကိုရင်ဘဝ ရှိပါသေးတယ်၊ ဒါကြောင့် ဝိနည်းလို အပြစ်မရှိပါဘူး။) ဂေဇက် ထွက်လာတဲ့အခါ သူတို့လဲ မပါပါဘူး၊ ဒီတော့မှ သူတို့က “ဇနက က အောင်မှာပေါ့, စာ သိပ်ရတာကိုး”လို့ ပြောကြပါသတဲ့။
ဓမ္မဂုတ်။ ။ အရဘက်ကတွင် မကဘူး, သဘော အယူအဆဘက်ကလဲ သာလို့ အောင်တာ ဖြစ်မှာပေါ့။
တပည့်တော်။ ။ မှန်ပါတယ်, အဲဒီ ပထမကြီး ဝင်တဲ့အချိန်မှာ ဓမ္မပဒအဋ္ဌကထာနဲ့ ဒီဃနိကာယ်လို့ ခေါ်တဲ့ သုတ်သုံးကျမ်း ပါဠိတော် အဋ္ဌကထာကို ကိုယ်တိုင် ဆိုပြီးနေတာကို သူတို့ မသိကြပါဘူး၊ အဲဒီ ပါဠိတော် အဋ္ဌကထာကြီးတွေက သဘောဉာဏ်ကို ထက်သန်စေနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုင်း ကိုင်း ... အဲဒီဟာတွေ ထားလိုက်ပါဦး, ပထမကျော်ဝင်ပုံ ဆက်ကြဦးစို့၊ ရွှေဘိုရောက်တော့ အားလုံး အဆင်ပြေရဲ့လား။
တပည့်တော်။ ။ ရွှေဘိုမှာ ဦးကေသရက ကျောင်းပိုင် မရှိပါဘူး၊ သူနေတဲ့ ကျောင်းမှာလဲ နံနက်ဆွမ်း မစားရပါဘူး၊ ဒါ့ကြောင့် တပည့်တော်ကို နံနက် ဆွမ်းစားရအောင် ပုခန်းတိုက် ပို့ထားပါတယ်၊ ပုခန်းတိုက်ကလဲ တပည့်တော်ကို စာချပုဂ္ဂိုလ်လဲဖြစ် ပထမကျော် ဖြေမည့်သူလဲဖြစ်တော့ ဆရာတော်ကြီးနဲ့တကွ တိုက်အုပ် ဘုန်းတော်ကြီးကပါ ဂရုစိုက်ကြပါတယ်၊
ဆရာတော်ကြီးကျောင်းရဲ့ အောက်ထပ် ဆင်ဝင်ထဲမှာ တစ်ပါးတည်း သီးခြား ထားပါတယ်၊ နံနက်ဆွမ်းကို ဆရာတော်ကြီးနဲ့အတူ စားရပါတယ်၊ မန္တလေးက အလင်္ကာကောက် စာအုပ်တစ်အုပ်သာ ပါပါတယ်။ ဆိုင်ရာ စာအုပ်များကို နေ့စဉ် တစ်မျိုးပြီး တစ်မျိုး ပုခန်းတိုက်က ငှားပြီး ကြည့်ရပါတယ်။
ဓမ္မဂုတ်။ ။ ညလဲ စာကြည့်တာပဲလား။
တပည့်တော်။ ။ ညအခါ ဖယောင်းတိုင်ထွန်းပြီး အတော်ညဉ့်နက်အောင် စာကြည့်ပါတယ်၊ တစ်ညတော့ စာကြည့်ပြီး မိုးကလေး ရွာထားတဲ့နေရာမှာ လမ်းလျှောက်နေရင်း ကင်းကိုက်ပါလေရော, ဘာကင်းမှန်းလဲ မသိ၊ အားလုံး အိပ်ကြပြီဖြစ်လို့ ခေါ်စရာလဲ မရှိ၊ မီးလဲ မရှိနဲ့ “ကဲ... ဘာ ဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်ရောဟ”လို့ တွေးပြီး ကျောင်းထဲ ဝင်အိပ်လိုက်ပါတယ်၊ နံနက်ကျတော့ သက်သာသွားလို့ တော်ပါသေးတယ်။
ဓမ္မဂုတ်။ ။ နံနက် ဆွမ်းစားပြီးတော့ ဘာလုပ်တုန်း။
တပည့်တော်။ ။ နံနက် ဆွမ်းစားပြီးတဲ့အခါ ခေါင်းရင်းနားမှာရှိတဲ့ ခရေပင်က အပွင့်တွေကို တစ်ရာကျော်, တစ်ရာကျော် နေ့တိုင်းကောက်ပြီး ဘုရားကို ရေနဲ့တကွ ပူဇော်ပါတယ်၊ ပန်းကောက်တဲ့အခါ အောင်ဂါထာနဲ့ အောင်တေးထပ်ကိုလဲ တိုးတိုးရွတ်ပါတယ်။
ဓမ္မဂုတ်။ ။ ပန်းပွင့် တစ်ရာကျော် ပူဇော်တာက ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ ဖြေရတဲ့ ပုစ္ဆာတွေမှာ နေ့တိုင်း အမှတ်တစ်ရာ ပေးပါတယ်။ အဲဒီ အမှတ်အားလုံး မဟုတ်တောင် ၉၀ ကျော်လောက်ရမှ ပထမကျော်ကို မျှော်နိုင်ပါတယ်, ဒါ့ကြောင့် ပန်းပွင့်တစ်ရာကျော်ကို နေ့စဉ် ပူဇော်တာပါ။
ဓမ္မဂုတ်။ ။ “အောင်ဂါထာ-အောင်တေးထပ်” ဆိုတာက ဘယ်ဟာလဲ။
တပည့်တော်။ ။ အောင်ဂါထာဆိုတာက ရတနာ့ဂုဏ်ရည်မှာပါတဲ့ “နမောတေ” ဆိုတဲ့ ဂါထာပါ၊ အောင်တေးထပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အောင်မြေပလ္လင် အောင်ပင်လှ၌, အောင်မြင်သပ ရန်သူပုန်၊
အောင်ရှင်ဘုရာ့ အရဟံဂုဏ်ကို, မကျန်အကုန် တေဇာနှင့်၊
ဝေဆာမြင့်မြင့် ဆင်းရနံ့လူတယ်, သတင်းပြန့်ကြူ ဆင့်ကဲသာလို့တင့်။
မြင့်ပဲသာလို့ မြင့်ရေးပေါ်အောင်, အရှင့်မြေးတော် ကျော်ကျော်သနှင့်၊
အသင့်တွေးမျှော် တော်လျော်သင့်ဖို့, ကော်ရော်သဖြင့် အရှင့်ထံ၊
အောင်ပန်းထွေထွေ ညောင်ရေတကောင်းနှင့်, အောင်စေအကြောင်း ခွင့်တောင်း အောင်ဆုပန်။
အပရာဇိတ ပလ္လင့်ပျံမှာ, အရှင့်သဏ္ဌာန် စိတ်အစဉ်ညွတ်လို့၊
ထိပ်တင်တမွတ် အလွတ်ဖြိုးကြွယ်စွာ, မချွတ်ကိုးကွယ်ကာ၊
အောင်ပန်းဆင့်ဆင့် ခိုင်ပွင့်ညှာကို, အပြိုင်ဝင်ကာ ချူစမ်းမယ်ဖျလေး။
မရှောင်တမ်းဖြင့် နိုင်သင့်ရာကို အနိုင်ကျင့်ကာ ယူစမ်းမယ်ဖျလေး။
ဓမ္မဂုတ်။ ။ ပန်းတို့ ရေတို့ ပူဇော်ပြီးတော့ ဖြေရမယ့်စာကို ကြည့်မှာပေါ့နော်၊ စာကြည့်ပြီး နေ့ဆွမ်းတော့ ဘယ်မှာ စားသလဲ။
တပည့်တော်။ ။ နေ့ဆွမ်းတော့ ပိဋကတိုက် ဦးကေသရတို့ကျောင်းမှာ စားပါတယ်, ကျောင်းဘုန်းကြီးက ဆွမ်းဟင်းအများကြီး ရပါတယ်၊ နေ့တိုင်း ခတက်ချဉ်သုတ်နဲ့ စားရတာ အလွန်မြန်ပါတယ်။
ဓမ္မဂုတ်။ ။ စာမေးပွဲဆိုင်ရာက နေ့ဆွမ်း မကျွေးဘူးလား။
တပည့်တော်။ ။ ကျွေးပါတယ်, ဒါပေမယ့် တပည့်တော်က အများနဲ့ ရောရော နှောနှော မစားတတ်ပါဘူး၊ ဒါ့ကြောင့် ကျောင်းက စားပြီးမှ သွားတာပါပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်လို အကြီး အကျော် ဝင်တာက ဘယ်နှစ်ပါးရှိတုန်း။
တပည့်တော်။ ။ တပည့်တော် တစ်ပါးထဲပါ, ဒါ့ကြောင့် အလတ်ပြီးတဲ့နေ့မှာ ပညာအုပ်က ဆရာမတွေကို “နောက်ရက်တော့ အကျော်ဝင်တဲ့ ကိုယ်တော် ကို ဆွမ်းကပ်ကြအုံးမလား”လို့ စာဖြေတဲ့ စာသင်ကျောင်းရဲ့ အောက်ထပ်မှာ မေးသံ ကြားပါတယ်၊ ဆရာမတွေကို “နေ့တိုင်းလဲ စားမှ မစားဘဲ, ဘာကျွေးဖို့ လိုသေးတုန်း”လို့ ပြောကြတဲ့ အသံကို အပေါ်က ကြားရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကံကိုက ဆိုးပါတယ် ကိုယ်တော်, တကယ်ဆိုတော့ အကျော်ဝင်တဲ့ ကိုယ်တော်ကို မွန်မွန်မြတ်မြတ် ကျွေးဖို့ကောင်းပါတယ်။
တပည့်တော်။ ။ တပည့်တော်ကံက စားတတ်ဖို့သာ ကံပါဟန်တူပါတယ်။ ဒီပြင်တော့ ကောင်းလှတယ် မရှိပါဘူး, တပည့်တော်ကလဲ စာတတ်ပြီး သာသနာ့ဝန် ဆောင်နိုင်ရင် ပြီးတာပါပဲ၊ ဒီပြင်ကံတော့ ကောင်းဖို့ရန် မတောင့်တပါဘူး။
ဓမ္မဂုတ်။ ။ ပထမလတ်နေ့ ပြီးတဲ့အခါ ကိုယ်တော် ဘယ်သွားဖြေရသလဲ။
တပည့်တော်။ ။ ပညာအုပ်က သူ့ရုံးကိုကြွပြီး ဖြေပါ လျှောက်လို့ သူ့အိမ်က သူ့ရုံး သွားဖြေရပါတယ်, ပညာအုပ်က သဒ္ဓါတရား ကောင်းဟန် တူပါတယ်၊ တပည့်တော်ကို နေ့တိုင်း လက်ဖက်ရည် အချိုရော မုန့်ပါကပ်ပါတယ်။
ဓမ္မဂုတ်။ ။ ကျောင်းဆရာမတွေက “ဆွမ်းမကျွေးနိုင်ဘူး”ဆိုတော့ ပညာအုပ် က ကိုယ်တော့်ကို သနားဟန် တူပါရဲ့ ၊ ကိုယ်တော် ၁၀ ရက်ပြည့်အောင် ဖြေတာပဲလား။
တပည့်တော်။ ။ ၉ ရက်ဖြေပြီးတော့ အမှတ်တွေကို ခန့်မှန်းကြည့်ပါတယ်။ သဒ္ဒါ သင်္ဂြိုဟ်နေ့တွေမှာ သဘောမေးခွန်းတွေ များများပါပါတယ်၊ အဲဒီ မေးခွန်းတွေကို မန္တလေး နတ်မင်းကြီးများကလဲ ကပျာကယာဆိုတော့ မှန်အောင်ဖြေပြီး အတွင်း သွင်းဖို့ မလွယ်ဘူးလို့ ယူဆပါတယ်၊ ၁ဝ ရက်မြောက် ပုစ္ဆာအတွက် ဘာသာပြန် ပါဠိစီမေးခွန်းတော့ စင်းလုံးချောမယ်လို့ တွက်ထားပါတယ်၊
ဒါ့ကြောင့် ၁၀ ရက်မြောက် တဲ့အခါ နှစ်နာရီလောက်နဲ့ ပြီးလို့ ပညာအုပ်က “မြန်လှပါလား, မပြေဘူးလား”လို့ မေးပါတယ်၊ တပည့်တော်က “အဖြေ ကြည့်ပါလား” လို့ ပြောတာနဲ့ အဖြေကြည့်တော့ အားလုံး ဖြေထားတယ်ကိုး၊ ရဟန်းတော်တွေ “ပါဠိမနိုင်ဘူး”လို့ ကြားဖူးကြောင်း ပြောတော့ “ဦးပဉ္စင်းတော့ ဒီနေ့ အဖြေနိုင်ဆုံးပဲ”လို့ ပြောခဲ့ပါတယ်၊ ကျောင်းရောက်တဲ့အခါ ဦးကေသရကို အတ္ထုပ္ပတ္တိရေးချင် ရေးတော့, ငွေမထိုးဘဲ ရိုးရိုးသားသား အမှတ်များသူကို အအောင် ပေးရင် သေချာပါတယ်လို့ ကြွားလိုက်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် မန္တလေး ဘိုးတော်နတ်ကြီးတွေတောင် အရေးမစိုက်ဘူးလို့ ဆိုလိုတာပေါ့လေ။
တပည့်တော်။ ။ ဟုတ်ပါတယ်, သဘောအဖြေကျတော့ ဘိုးတော်ကြီးတွေက သိပ်စဉ်းစားချိန် မရပါဘူး၊ အတွင်းမှာ ကိုယ့်ဉာဏ်နဲ့ကိုယ် သူက စဉ်းစားချိန် ရပါတယ်။
ဓမ္မဂုတ်။ ။ ၁ဝ ရက်လုံးလုံး စာဖြေရတော့ ကျန်းမာရေး ဘယ်လိုနေတုန်း။
တပည့်တော်။ ။ အဲဒီအရွယ်တိုင်အောင် “ကျန်းမာရေးကို တမင် လိုက်စား ယူရတယ်” ဆိုတာ နားမလည်သေးဘူး၊ ဒါ့ကြောင့် ကျန်းမာရေးကတော့ ပစ်စလက်ခတ်ပါပဲ၊ “ထုံနစို”ဆိုတဲ့ ရောဂါက ပခုက္ကူမှာတုန်းကပင် နည်းနည်း ရှိနေလို့ အဲဒီ အချိန်မှာ ညနေပိုင်းကျရင် သွေးကျပြီး ခြေထောက် ရောင်နေပါတယ်၊ စာမေးပွဲဖြေရင်း နောက်ရက်တွေမှာ ကုလားထိုင်ပေါ် ထိုင်ပြီး ခြေချ ဖြေရတော့ သာပြီး ဆိုးပါတယ်၊
တပည့်တော်ဘဝမှာ ဆရာရင်းကလဲ ဘုန်းကံဘက်က အားမကိုးရ၊ ဒကာ ဒကာမ အရင်းအချာ ဆိုတာလဲ ရဟန်းအမများသာ ရှိတယ်၊ မိဘများလဲ ပစ္စည်းလျှောနေပြီ။ ဒီတော့ တပည့်တော်အတွက် ဤလောကမှာ တတ်ထားတဲ့ စာကလေးတောင် အကျိုးရချင်မှ ရတော့မှာမို့ သေလဲ မြေကြီး, ရှင်လဲ ရွှေထီးဆိုတာ လိုပါပဲ၊ သေမှာကို အရေးမစိုက်မိပါဘူး၊
ဒါကြောင့် စွဲကပ်တဲ့ ရောဂါကို မကုအားပါဘူး၊ ကုစရာလဲ ငွေမရှိပါဘူး၊ ပထမကျော် အဝင်သွားတဲ့ ကိစ္စကိုပဲ ကြည့်ပါ, ဘယ်သူမှ အရေးတယူ မရှိပါဘူး၊ တပည့်တော် ကလဲ အရေးစိုက်သူ မရှိဘဲ ကိုယ့်ဒူးကိုယ်ချွန်ရတာကို ဂုဏ်ယူပါတယ်။
ဓမ္မဂုတ်။ ။ ပထမကျော် ဖြေတဲ့အခါ ကိုယ်တော် ဖြေပုံကလေး ပြောစမ်းပါအုံး။
တပည့်တော်။ ။ ဦးကေသရတို့ ကျောင်းမှာ နေ့ဆွမ်းစားပြီးတော့ အချိန် စောသေးတာနဲ့ ကျောင်းကို လှည့်ပတ်ပြီး ခပ်မြန်မြန် လမ်းလျှောက်ပါတယ်၊ ဥပုသ်နေ့မှာ ဥပုသ်သည်တွေ လာပေမယ့် တပည့်တော်က ကိုယ့်လမ်းကိုယ် လျှောက်တာပဲ, အချိန်နီးမှ စာဖြေဌာနကို သွားပါတယ်။ လက်ထဲမှာ ဆိုင်ရာ စာအုပ်တစ်အုပ်နဲ့ ဖောင်တိန်တစ်လက်သာ ပါပါတယ်၊
စာဖြေ ဌာနရောက်တော့လဲ ပုစ္ဆာ မဝေခင် စာကြည့်နေတာပါပဲ၊ ပုစ္ဆာဝေခါနီးတော့ စာအုပ်ကို ဆိုင်ရာအပ်ပြီး ဖြေဖို့ဝေတဲ့ စာရွက်ပေါ် အထက်ဆုံး နေရာမှာ ဖောင်တိန်ထည့်တဲ့ သေတ္တာကလေးနဲ့ မျဉ်းတစ်ကြောင်းသာ ကြောင်းလိုက်ပါတယ်၊ အောက်တော့ မျဉ်းမကြောင်းဘဲ ရေးတာပါပဲ၊ ပုစ္ဆာအမှတ်စဉ်ကို မကျော်ဘဲ အစဉ်အတိုင်း ဖြေပါတယ်။
ဓမ္မဂုတ်။ ။ ဖြေပြီးတော့ တစ်ခါတည်း ပြန်ခဲ့ရောလား။
တပည့်တော်။ ။ ပရိယတ္တိစာမေးပွဲအတွက် ရက်က နီးနေပြီဖြစ်လို့ နောက် တစ်ရက်မှာ ပြန်ခဲ့ပါတယ်၊ ပြန်တဲ့ရက်မှာ နေဆွမ်းစားပြီး ချက်ချင်း ဘူတာသွားဖို့ တာဝန်ရှိသော်လဲ လိုက်ပို့မယ့် ဦးကေသရက “နေပါအုံးကွာ စောပါသေးတယ်” ဆိုလို့ စိတ်တထင့်ထင့်နဲ့ နေရပါတယ်၊ နောက်တော့ “သွားမှဖြစ်မယ်”ဆိုပြီး ထလာ ရပါတယ်၊
တပည့်တော်က ရှေ့က အဝေးကြီးရောက်တောင် လိုက်ပို့ကြတဲ့သူတွေက နောက်မှာ ရှိရစ်ပါတယ်။ ခရီးတစ်ဝက်လောက် ရောက်တော့ မီးရထား ဝင်လာတာကို မြင်ရလို့ တပည့်တော်တော့ မပြေးတာတမယ်ပါပဲ, အတင်းသုတ်ရပါတယ်။ ဦးကေသရကိုလဲ ဆဲချင်လိုက်တာ လူကြီးမို့ အသာ အောင့်နေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာပြုလို့ ဒါလောက် အရေးကြီးရတာလဲ၊ သူလဲ သူ့မြို့က ရထားအကြောင်း သိလို့ စိတ်ချလက်ချ လုပ်နေမှာပေါ့။
တပည့်တော်။ ။ ဟုတ်ပါတယ်, ဘူတာမှာ နာရီဝက်လောက် ကြာကြာရပ်တော့ သူက အေးအေးဆေးဆေး လာတာပါပဲ၊ တပည့်တော်ကတော့ နိမိတ်ကလေး ဘာလေးလဲ ကောက်ချင်တတ်ပါတယ်၊ ပရိယတ္တိ စာမေးပွဲကို ဆက်ပြီး ဖြေရမှာပါ။ တကယ်လို့ ရထားမမီရင် အခြားနည်းဖြင့် သွားစရာ မရှိပါဘူး၊ ဒီက ရထား မမီခြင်းသည် ပရိယတ္တိအတွက် ဖြေဖို့ရက် မီသော်လဲ အောင်ဂေဇက်မှာ မပြည့်မစုံ ဖြစ်မှာကို နိမိတ်ကောက်မိလို့ အရေးတကြီး ရထားမီအောင် ကြိုးစားတာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကံ ဉာဏ် ဝီရိယကြောင့် အကျိုးရပုံကိုပြတဲ့ ဗုဒ္ဓ ကျမ်းစာတွေကို အများကြီး လေ့လာပြီး ဖြစ်ပါလျက် လောကီ အတိတ် နိမိတ်တွေကို ဂရုစိုက်နေရသေးသလား။
တပည့်တော်။ ။ နိမိတ်ကျမ်းဆိုတဲ့ လောကီကျမ်းအကြောင်းကို ပိဋကတော်မှာ အနည်းငယ် ပြင်ထားပါတယ်၊ ထို နိမိတ်ကြောင့် အကျိုးရတာတော့ မဟုတ်ပါဘူး၊ ကံ ဉာဏ် ဝီရိယကြောင့် အကျိုးပေးခွင့် ကြုံတဲ့အခါ အကျိုးပေးဖို့ရန် အရိပ် နိမိတ်ဆိုတာ ရှိတတ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နိမိတ်ကောက်တဲ့ အကျင့်က တပည့်တော်မှာ ရှိနေပါတယ်။
သို့သော် မှန်မှန် ကောက်တတ်ဖို့ကတော့ မလွယ်ပါဘူး, အမှားကိုလဲ အမှန်လုပ်ပြီး ကောက်ချင် ကောက်မိမှာပါပဲ၊ ဒါ့ကြောင့် နည်းနည်းပါးပါး နိမိတ်ကောက်တတ်တဲ့ အလေ့ဟာ (တပည့်တော်အတွက်) ကောင်းသော အလေ့အကျင့် မဟုတ်မှန်း သိပါတယ်။
ဓမ္မဂုတ်။ ။ ရွှေဘိုက မန္တလေး ပြန်ရောက်တော့ မန္တလေး သီတင်းသုံးဖော် မိတ်ဆွေတွေက ဘာမေးကြသလဲ။
တပည့်တော်။ ။ သူတို့က အမျိုးမျိုး တွေးနေကြပါတယ်၊ အကျော်ဝင်တယ် လို့လဲ တွေးကြရဲ့ (ရဟန်းအမ တွေးသလို) နတ်မင်းလုပ်နေတယ်လို့လဲ တွေးကြရဲ့၊ အကျော်ဝင်သလားလို့ မေးတဲ့ ကိုယ်တော်တွေကို “ဝင်ရင်သိမှာပေါ့”လို့ ဖြေလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ကျန်းမာရေးကော ကောင်းရဲ့လား။
တပည့်တော်။ ။ ကျန်းမာရေး ကောင်း-မကောင်း မသိတတ်သေးပါဘူး ဘုရား၊ ရွှေဘိုက ရောက်ပြီး နောက်တစ်ရက် ညတရားဟောဖို့ စစ်ကိုင်း ဟေမဝတချောင်က လာပင့်လို့ လိုက်ပြီး ညတရား ဟောလိုက်ပါသေးတယ်၊ (သူတို့က စာမေးပွဲ ဖြေထားမှန်း မသိတော့ ပင့်မှာပဲ၊ တပည့်တော်ကလဲ မသိစေချင်တော့ လိုက်ဟောရတာပဲ၊) အဲဒီ တရားဟောပြီး ပြန်လာတဲ့အခါ အားလဲ မရှိဘူး ဘုရား၊ ကျောင်းရောက်လို့ နေ့ဆွမ်းစားတော့ ဆီးပင်ကျောင်း ဘုန်းတော်ကြီးကရော, ဦးရာဇိန္ဒကပါ တပည့်တော်ကို “သိပ်အပန်းမခံနဲ့ မျက်တွင်းတွေချိုင့်ကုန်ပြီ”လို့ ပြောကြတော့ အတော်ဝမ်းနည်းသွားပါတယ်။
ဓမ္မဂုတ်။ ။ စာဖြေတော့ ဘာဖြစ်သေးတုန်း။
တပည့်တော်။ ။ နက်ဖြန်ကျတော့ ပရိယတ္တိ (သကျသီဟ) စာမေးပွဲ အဖြေ သွားရပါတယ်၊ စာမဖြေခင် ဘုရားဝတ်ပြုဖို့ ဘုရားပေါ် တက်တဲ့အခါ ရင်ထဲက တလှပ်လှပ် ဖြစ်တာကို သတိထားလိုက်မိပါတယ်။
ဓမ္မဂုတ်။ ။ နှလုံးရောဂါများ ဖြစ်နေပါ့မယ်, ဘယ်ဆရာဝန်မှ မပြဘူးလား။
တပည့်တော်။ ။ ဝေးပါ့ ဘုရား, အဲဒီတုန်းက ဆရာဝန်ကလဲ ရှားပါသေးတယ်။ တပည့်တော်မှာ မြန်မာဆေးတောင် မူးလို့ ရှူစရာ မရှိပါဘူး၊ နှလုံးရောဂါနဲ့ သေလိုက်ရင် ဘုမသိ ဘမသိနဲ့ ရေတိမ်နစ်ရမှာပါ။
ဓမ္မဂုတ်။ ။ အား... ကိုယ်တော့်အတွက်က စာဘက်မှာ နာမည်ကြီးသလောက် ပစ္စည်း လာဘ်ဘက်က အကူအညီနည်းတယ်နော်၊ ဟေမဝတတို့ သာတာဂိရိတို့ တပည့်မတွေ ကကော သတိမရကြဘူးလား။
တပည့်တော်။ ။ တပည့်တော်ရဲ့ စာတော်တယ် - တရားဟောကောင်းတယ်ဆိုတဲ့ နာမည်က ကျော်နေတာဖြစ်လို့ တပည့်တော်ကို အများက အလွန် ဘုန်းကြီးတယ်, အလွန် ပြည့်စုံတယ်လို့ ထင်ကြပါတယ်၊ အမှန်အားဖြင့် ပြည့်လည်း ပြည့်စုံလောက် ပါတယ်၊ ဒါပေမယ့် ထင်ရှားတဲ့ ဆရာတော်အရွယ် မဟုတ်သေးရင် သူတို့ဆီကို ထွက်လိုက် ဝင်လိုက် ကူညီလိုက် လုပ်မှ ပင့်ကြ ဖိတ်ကြ, လှူကြ-ဒါန်းကြတာပါ၊ ဒီလိုမဟုတ်ရင် လိုတဲ့အခါ တရားဟော ပင့်ရုံမှတစ်ပါး ကူညီလေ့ မရှိကြပါဘူး, ဒီလို အကြောင်းတွေ ကြည့်ပြီး စိတ်နာနာရှိတာနဲ့ ရေးစပ်တဲ့ တေးထပ်ကလေးကို ရှုစမ်းပါဦး။
ပြုပုံပြင်ပုံ နည်းမကျက, နွားထီး နွားမ ငါးကျပ်စီ၊
စနည်းအရ မှားအပ်ပြီကို, တရားဓာတ်အကြည် ရွှေဉာဏ်နှင့်။
ရှုစားတုံက, ပြုထားပုံမလှ, ခုများကြုံရ ဘုံဘဝ အနေငယ်၊
နုံစွာ့ အသရေ ကံနည်းသူမို့ထင့်။...
မျက်နှာကြီးမှ ဟင်းဖတ်ပါသည်, သင်းအတတ်ဟာ ကြုံဆူမြင့်၊
မကင်းတတ်စွာ ပုံယူချင့်က, အကုန်တူသဖြင့် သူ့အလို၊
မမြော်မမြင် လျော်စဉ်ခိုက်, ပေါ်ပင်အလိုက် အမြဲ ရေသာခို။
အများအထင်က တရားရင်ဆိုတယ်, ဘပြားပင်လို ဘယ်ဝယ်ယိမ်းလို့၊
သွယ်သွယ်ကိန်းနှင့် မလိမ်းကျကြံကာ, မိန်းမဓမ္မတာ၊
အရေးကြီးက ဘေးတီးမပါလျှင်, အသွေးနီးရာ ချိုတတ်ရှာကြလေး...
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ ကိုယ်တော့်ကို အများက (အထူးအားဖြင့် သံဃာချင်းက) အလွန် ဘုန်းကြီးတယ်လို့ ထင်ကြတာပဲ။
တပည့်တော်။ ။ တပည့်တော်က အထင်ကြီးခံပြီး ဆင်းရဲတဲ့ ကံကတော့ အလွန် ပါဟန် တူပါတယ်၊ ပခုက္ကူ၊ နေတုန်းကလဲ စာချမဖြစ်ခင် အလွန်ဆင်းရဲပေမယ့် အများကတော့ အလွန် ပြည့်စုံတယ်လို့ ထင်ကြပါ တယ်၊ တစ်ခါတုန်းက ပခုက္ကူမှာ ခြင်ကိုက်လွန်းလို့ ရဟန်းအမများဆီ ရောက်ခိုက် ခြင်ထောင် တောင်းပါတယ်၊ ခြင်ထောင် အဝယ်ခိုင်းတဲ့ ဒကာမက နှစ်ယောက်အိပ် ခြင်ထောင်ကြီး ဝယ်လာလို့ ထပ်ပြီး အဝယ် ခိုင်းတဲ့အခါ တစ်ယောက်အိပ် သေးသေးကလေး ဖြစ်နေတယ်၊ ဒါကို ယူပြီး ပခုက္ကူ ရောက်-ရောက်ခြင်း ခြင်ထောင် ထောင်ပါတယ်၊
ဒီအခါမှာ စာချ ဖြစ်နေပါပြီ၊ တပည့် တချို့က လာပြီး ဝတ်ဖြည့်ကြတော့ ဦးပဉ္စင်း တစ်ပါးက အသာကလေး ခြင်ထောင် ကိုင်ကြည့်နေတာ မြင်လို့ “မင်းက ဘာပြုလို့ ခြင်ထောင် ကိုင်ကြည့်ရတာတုန်း”လို့ မေးတဲ့အခါ “ပိုးခြင်ထောင်လားလို့”ဟု လျှောက်ပါတယ်၊ အဲဒီလောက် တပည့်တော်ကို အထင်ကြီးကြပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ် ကိုယ်တော်ရဲ့ အထင်ကြီး ခံရဖို့ ပါတဲ့ကံက ကိုယ်တော့်ကို ဒုက္ခပေးနေတာပါပဲ၊ အဲဒီလို နှလုံးတုန်တုန် ရင်ခုန်ခုန်နဲ့ စာဖြေတော့ အဆင်ပြေရဲ့လား။
တပည့်တော်။ ။ ပထမနေ့မှာ ပါရာဇိကဏ် အဋ္ဌကထာကို ဖြေရပါတယ်။ ပုစ္ဆာက ခက်တော့ ခက်ပါတယ်၊ ဒါပေမယ့် မဖြေနိုင်အောင် မဟုတ်ပါဘူး, ဖြေတုန်းမှာ ဖျားနေတယ် ထင်ပါတယ်၊ အဖြေသာ ရေးနေရတယ်, စိတ်က တယ် မရွှင်ပါဘူး၊ ဖြေပြီးတဲ့အခါမှာလဲ “အောင်မှတ်တော့ ရလောက်ပါရဲ့”ဟု တွေးပြီး ကောင်းကောင်းတောင် ပြန် မစစ်ပါဘူး၊ ကျောင်းပြန်လာခဲ့ပါတယ်၊
(အဋ္ဌကထာ သုံးကျမ်းကို တစ်ရက်ခြား ဖြေရလို့ နောက်တစ်ရက်က နားရက်ပါ။) အဲဒီ ရက်မှာ ချွေးအောင်းပြီး ရှိတဲ့ နို့ဆီနဲ့ မုန့်နဲ့ စားနေလိုက်ပါတယ်, အတော် နေကောင်းသွားပါတယ်၊ နောက်တစ်ရက်တော့ စိတ်ကြည်ကြည်နဲ့ ဖြေနိုင်ပါတယ်၊ စတုတ္ထရက် နားပြီး ပဉ္စမရက်လဲ နေကောင်းကောင်းနဲ့ ဖြေနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါကြောင့် ဂေဇက်ထွက်တဲ့အခါ ပထမတစ်ကျမ်း ကျပြီး, နောက် နှစ်ကျမ်းအောင်တာ ထင်တယ်။
တပည့်တော်။ ။ ဟုတ်ပါလိမ့်မယ်၊ ဂေဇက်ထွက်လာတော့ တပည့်တော်နဲ့ ရင်းနှီးတဲ့ ကိုယ်တော်များက သုံးကျမ်းလုံး မအောင်လို့ အားမရကြပါဘူး၊ ဒါပေမယ့် တပည့်တော် ကတော့ ပထမကျော်ဝင်တဲ့အပြင် တရားဟော လိုက်သွားမိလို့ နေမကောင်းဖြစ်ရ နေမကောင်းလို့ ကျရတာပဲလို့ စိတ်ကို ဖြေနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ အဋ္ဌကထာ နှစ်ကျမ်း အောင်ပြီးတော့ မန္တလေးမှာပဲ ဝါဆိုရော့လား။
တပည့်တော်။ ။ နဂိုကလဲ အဲဒီ ဝါမှာ မန္တလေးဆိုဖို့ ရည်ရွယ်ပြီး ဖြစ်ပါတယ်။ မန္တလေး ဝါဆိုပြီး ရူပသိဒ္ဓိစာဝါ ပို့ချပါတယ်၊ ပတ်ဝန်းကျင် ကျောင်းတိုက်က လာပြီး စာလိုက်တဲ့ သံဃာတွေ တဖြည်းဖြည်း များလာပါတယ်၊ အဲဒီလို စာလိုက်သံဃာတွေ များလာတုန်းမှာ အစိုးရ ပထမပြန်ဂေဇက် ထွက်ချိန် ရောက်လာပါတယ်၊ ဂေဇက် ထွက်မယ့်နေ့မှာ ကလေးနှစ်ယောက်က တပည့်တော် ခေါင်းရင်းမှာရှိတဲ့ မာလကာ ပင်ပေါ်တက်ပြီး ဆွတ်စားနေရင်း တစ်ယောက်က “အောင်မြေသာဇံ”လို့ သီချင်း ဆိုပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတာ ဘာဖြစ်တုန်း။
တပည့်တော်။ ။ အဲဒီ အသံထဲမှာ “သာ+ဇံ”ကို ထောက်ပြီး သောကြာနဲ့ အင်္ဂါတော့ အောင်တော့မှာပဲ၊ သာက ရှေ့၊ ဇံက နောက် ဆိုတော့ သောကြာက ရဟန်း, အင်္ဂါက သီလရှင် ဖြစ်စရာရှိတယ်၊ ငါတော့ “အောင်မှာ မဟုတ်ပါဘူး”လို့ နိမိတ်ကောက်ပါတယ်၊ ညနေ စာပို့လာတော့ ပိဋကတိုက်၌ သတင်းစာ စောင့်နေတဲ့ စာချဘုန်းတော်ကြီးများက စာပို့မှာ ပါလာတဲ့ ဂေဇက်ကို အတင်းယူပြီး ဖတ်ကြတဲ့ အခါ တပည့်တော် နာမည်ကို ထိပ်ဆုံးကတွေ့လို့ ပိဋကတိုက် အရှေ့ဘက်မှာ လမ်းလျှောက်နေတဲ့ တပည့်တော်ကို ဆီးပင် ဘုန်းတော်ကြီးက “ကိုဇနက ကိုဇနက ... အကျော်အောင်တယ်, အကျော်အောင်တယ်”လို့ လှမ်းပြောလိုက်ပါတယ်။ တပည့်တော်က တိုက်ပေါ်တက်သွားတော့ ဂေဇက် ဖတ်နေတဲ့ ဘုန်းတော်ကြီးက ထပ်ပြီး ဖတ်ပြပါတယ်။
ဓမ္မဂုတ်။ ။ သီလရှင်ဘက်ကတော့ ဘယ်သူ အကျော်အောင်သလဲ။
တပည့်တော်။ ။ မသုနန္ဒီ အောင်ပါတယ်, “သာ+ဇံ”က ပြောင်းပြန် ဖြစ်သွား ပါတယ်၊ အဲဒီလို ပထမကျော် အောင်တော့မှ ပရိယတ္တိတုန်းက နှစ်ကျမ်း အောင်ရုံနဲ့ မကျေနပ်တဲ့ သီတင်းသုံးဖော်တွေက ကျေနပ်ကြောင်း ပြောပြီး, ဒီလို ဆက်ဖြေရလို့ ပရိယတ္တိ ပထမနေ့ ကျရကြောင်းကိုလဲ သိသွားကြပါတယ်၊ တပည့်တော်ဆီ စာလိုက်နေတဲ့ သံဃာများလဲ ပိုပြီး အားရပါးရ ဖြစ်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ တောင်မြို့ ရဟန်းအမက အထင်မှားနေတဲ့ ပြဿနာလဲ ရှင်းသွားမှာပေါ့နော်။
တပည့်တော်။ ။ ပထမကျော် အောင်တယ် ကြားတော့ နတ်လုပ်ပြီး ကူပေးနေတယ် လို့ ပြောကြဆိုကြတာတွေပါ ရှင်းသွားရုံတွင် မကပါဘူး, “ငါ့ ဦးပဉ္စင်းကတော့ သူလုပ်စရာရှိတာ လုပ်ရှာတာပဲ”လို့ ပြောပြီး အဲဒီ နောက်မှာ ဆီးပင်ကျောင်း ရောက်လာပါတယ်၊ ရဟန်းအမ ရောက်လာချိန်မှာ စာလိုက်သံဃာ အများနဲ့ စာချနေတာကို တွေ့မြင်သွားပါတယ်။
စာချတဲ့ ဆီးပင်ကျောင်းဟောင်းကြီးကလဲ ကြမ်းပေါက်တွေနဲ့ပါ။ တပည့်တော်ဖို့ ကျောင်းဆောက်ချင်ရှာပါတယ်, အရောင်းအဝယ်က မကောင်းပါဘူး၊ အဲဒီအချိန်က စပြီး ဆုံးတဲ့အချိန်အထိ တစ်လ (၁ဝိ)တန် ကပ္ပိယထံ လာပြီး လွှဲအပ်ပါတယ်၊ တပည့်တော်လဲ အဲဒီဟာနဲ့ နွားနို့နဲ့ ရှာလပတ်ရည် မှန်မှန် သောက်နိုင်လာပါတယ်။
ဓမ္မဂုတ်။ ။ ခါတိုင်းတော့ ဒီလို မသောက်နိုင်ဘူးလား။
တပည့်တော်။ ။ တရားလေး ဘာလေး ဟောတဲ့နေရာက ရတော့ ရပါတယ်, ဒါပေမယ့် ဆွမ်းစား မကောင်းတဲ့အခါ မုန့်လေးပဲလေး ကပ္ပိစားရအောင် ဟိုနား ဒီနား သွားစရာရှိရင် သွားရအောင်, တပည့်ကလေးများ ကူညီတန် ကူညီရအောင် ထားရသေးတော့ မှန်မှန် မသောက်နိုင်ပါဘူး။
ဓမ္မဂုတ်။ ။ ပလိပ် ရဟန်းအမက မထောက်ဘူးလား။
တပည့်တော်။ ။ ပလိပ်ရဟန်းအမက တပည့်တော်ကို သိပ်ကြည်ညိုပါတယ်။ ဒါပေမယ့် တောင်မြို့ ရဟန်းအမက အမြဲ ထောက်ပံ့နေတယ်လို့ ယူဆဟန် တူပါတယ်, တောင်းရင်တော့ မခဲယဉ်းပါဘူး၊ တပည့်တော်ကလဲ တောင်းတဲ့ ဝါသနာ မပါပါဘူး။
ဓမ္မဂုတ်။ ။ ပထမကျော် အောင်တော့ အတ္ထုပ္ပတ္တိ ရေးသေးသလား။
တပည့်တော်။ ။ သူရိယမဂ္ဂဇင်း အယ်ဒီတာက ဓာတ်ပုံနဲ့ အတ္ထုပ္ပတ္တိ တောင်းလို့ ဦးကေသရက အတ္ထုပ္ပတ္တိ ရေးပါတယ်၊ ဦးမောင်ကြီး “ပရိုမိုက် ဓာတ်ပုံ ဆရာ”လို့ ရေးထားတဲ့ တိုက်ကို သွားပြီး သူများမသိအောင် ဓာတ်ပုံရိုက်ပါတယ်, “ဓာတ်ပုံ ကောင်းကောင်း ရိုက်ပေးပါ”လို့ ပြောတော့ “သူ့နဂိုရုပ်ရှိသလောက် ကောင်းမှာပဲ”လို့ ပြောပါတယ်၊ သူပြောတာ မခံချင်သော်လဲ “ဟုတ်သားပဲ”လို့ တွေးပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်၊ ရွှေဘို ဦးကေသရထံမှ အတ္ထုပ္ပတ္တိစာတမ်း ရောက်လာလို့ ဖတ်ကြည့်တော့ သိပ် ချီးမွမ်းစကားတွေ ပါနေတာကို တွေ့ရပါတယ်၊ ဒါ့ကြောင့် ရှက်တာနဲ့ အဲဒီ အတ္ထုပ္ပတ္တိကို မပေးဘဲ ကိုယ့်ဘာသာ တော်သလို ရေးပြီး ပေးလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ပရိယတ္တိ (သကျသီဟ) အကြီးတန်းမှာ တစ်ကျမ်းကျန်နေတာကို အထူး ကြိုးစားသေးသလား။
တပည့်တော်။ ။ အထူးတော့ မကြိုးစားပါဘူး, နည်းနည်းတော့ ဂရုစိုက်ရပါတယ်, တစ်ကျမ်းထဲ ဖြေရမှာဖြစ်တော့ (သေနတ်နဲ့ မှတ်တိုင်ကို တစ်ချက် တည်း မှန်အောင် ပစ်ရတာလို) လွဲမှာ စိုးရပါတယ်၊ ဒါ့ကြောင့် (ရှေးရှေး စာမေးပွဲတွေတုန်းက အစမ်း မဖြေခဲ့ပေမယ့်) ဒီတစ်ကျမ်းအတွက် သုဝဏ္ဏဝတီဆရာတော် (အဘယာရာမ ဆရာတော်လောင်း) ဆီမှာ နှစ်ရက်လောက် အစမ်းဖြေပါတယ်, ဘုရားကြီးတိုက်က ဦးဝိုင်းဆီကိုလဲ သွားပြီး ဝါကျ အယူအဆကို မေးပါတယ်၊ ဒါ့ကြောင့်လဲ အဲဒီ တစ်ကျမ်းဟာ (၁) နံပါတ်နဲ့ အောင်လာပါတယ်။
ဓမ္မဂုတ်။ ။ ဒီအချိန်ဟာ စာမေးပွဲဆိုင်ရာတွေ မှန်းတဲ့အတိုင်း ပြည့်စုံပြီနော်, စေတိယင်္ဂဏ ဆိုတာကတော့ သကျသီဟ ပရိယတ္တိအတွင်း ဝင်ပြီးဖြစ်ပါတယ်၊ ကိုယ်တော့်အသက် ဘယ်လောက် ရှိပြီလဲ။
တပည့်တော်။ ။ မှန်ပါတယ်, တပည့်တော် မှန်းထားတဲ့ သာသနာပြုရေး အခြေခံ လုပ်ငန်းတွေ စုံပါပြီ၊ အဲဒီလို စုံသလောက် ခန္ဓာကိုယ်လဲ ပိန်ခြောက်နေပါပြီ၊ အသက်ကတော့ ရဟန်းဝါ ရှစ်ဝါမို့ ၂၇နှစ် ပြည့်ရုံသာ ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ၉ ဝါမြောက်မှာ ဘယ်မှာ ဝါဆိုရတုန်း။
တပည့်တော်။ ။ အဲဒီ အချိန်မှာ အဘယာရာမရွှေဂူတိုက်ကို သုဝဏ္ဏဝတီ ဆရာတော်က ပြောင်းရွှေ့ ဝါဆိုရမှာဖြစ်လို့ တပည့်တော်ကို လိုက်နိုင်ရင် ခေါ်သွားလိုကြောင်း, ဆီးပင်ဘုန်းတော်ကြီးနဲ့ တိုင်ပင်ကြပါသတဲ့၊ တပည့်တော်က မလိုက်ချင်ပါဘူး, ဘေးတော်ဘုရားကြီးရဲ့ ဝိသုဒ္ဓါရုံတိုက်ကိုလဲ သံယောဇဉ် ဖြစ်နေပါတယ်၊ ဒါပေမယ့် ဆီးပင်ဆရာတော် ပြောပုံက...
“ကိုဇနက လိုက်သွားပါ၊ သုဝဏ္ဏဝတီဆရာတော်က တစ်ဝါ နှစ်ဝါလောက် နေပြီး ဝိသုဒ္ဓါရုံ ပြန်နေရမှာပါ။ ဒီအခါ ကိုဇနကကို လွှဲခဲ့ရမှာ ဖြစ်တယ်၊ ဒီတော့ ကိုဇနက က မိမိ ဆရာကို ပင့်တာပေါ့”လို့ ပြောပါတယ်။
(ထိုအချိန်မှာ ဆရာက သီဟိုဠ် အိန္ဒိယတို့မှ ပြန်ပြီး မြောင်းမြ ပဇ္ဇောတာရုံတိုက် ရောက်၍ မကြာသေးပါ၊ သံဃာလဲ များများ မရှိသေးပါ၊ သာမန် ကျောင်းတိုက် ကလေးမျှသာ ဖြစ်ပါသေးတယ်၊ ဒါ့ကြောင့် ဆီးပင်ကျောင်း ဘုန်းတော်ကြီးက ဒီအကြံကို ကြံခြင်းဖြစ်ပါတယ်။)
ဆီးပင်ကျောင်း ဘုန်းတော်ကြီးရဲ့ အကြောင်းပြချက်တွင် မြောင်းမြ ဆရာတော်ကို မန္တလေး ရောက်စေနိုင်တဲ့ နည်းဟာ ဒီ တစ်နည်းသာ အကောင်းဆုံး ဖြစ်ပါတယ်၊ “ငါ့ဆရာဟာ အစွန်အဖျားမှာ မထင်မရှား မနေထိုက်ဘူး, ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုမှာသာ နေထိုက်တယ်”လို့ သဘောရပြီး အဘယာရာမ ရွှေဂူတိုက်ကြီးကို မမက်သော်လဲ ဆရာရင်းကို ငဲ့ကာ အဘယာရာမ လိုက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ပြောင်းရွှေ့တဲ့ရက်ကို မှတ်မိသေးလား။
တပည့်တော်။ ။ ပြောင်းရွှေ့တဲ့ရက်က သကျသီဟ စာအောင်ပွဲ ကျင်းပတဲ့ရက် ဖြစ်ပါတယ်၊ တပည့်တော်က အောင်ပွဲဝင်နေရလို့ နောက်ကျမှ အဘယာ ရာမတိုက်ကို လိုက်ရပါတယ်၊ ရောက်လျှင်ရောက်ချင်း သံဃာများ ရှေ့မှာ ဒီပဲရင်း သာသနာပိုင် ဆရာတော်ဘုရားကြီးက “ဇနက... တော်ပေ့ကွယ်, ပခုက္ကူက ရောက်ပြီး ဘာမှ မကြာသေးဘူး (ပထမကျော်ရော, သကျသီဟ အကြီးတန်းရော) အောင်လိုက်တာ”လို့ ချီးမွမ်းတော်မူပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ပြောင်းရွှေ့တဲ့အခါ နေမည့်သံဃာ ဘယ်လောက်ပါတုန်း။
တပည့်တော်။ ။ တပည့်တော်ဆိုင်ရာ လေးငါးပါးနဲ့ ပေါင်းမှ အားလုံးသံဃာ ၃၇-ပါးသာ ပါပါတယ်၊ အဘယာရာမ ဆရာတော်က သမာဓိ ကြီးတော်မူတော့ သံဃာအများက ကြည်ညိုပေမယ့် အနီးအပါးမှာတော့ မနေဝံ့ကြပါဘူး။
ဓမ္မဂုတ်။ ။ အဘယာရာမတိုက် ရောက်တဲ့အခါ ဆရာတော်နဲ့ ကိုယ်တော်ရဲ့ ဆွမ်းကိစ္စကတော့ ဘယ်လိုလဲ။
တပည့်တော်။ ။ ရောက်ပြီး နောက်တစ်ရက်လောက်မှာ ထင်ပါတယ်, တိုက် ဒကာ-တိုက်အမများက ဆရာတော်အတွက် ၃၀ တန်, တပည့်တော် အတွက် ၁ဝ တန် လစဉ် ထောက်ပံ့ဖို့ ရည်ရွယ်ကြောင်း လျှောက်ပါတယ်။ “ဆရာတော်ရော-တပည့်တော်ရော ထောက်ပံ့ဖို့ မလိုပါဘူး၊ လိုက်ပါလာတဲ့ သံဃာများ ချမ်းသာရင် ပြီးတာပဲ”လို့ ပြောတော့ သံဃာများအတွက် နံနက်ဆွမ်းစားဖို့ ဖြစ်သွားပါတယ်၊
ဆရာတော်နဲ့ တပည့်တော် - တိုက်အုပ် ဆရာတော်ကြီးအတွက် မှန်းပြီး ညနေ ဟင်း သွားယူရပါတယ်၊ ကပ္ပိယ ဒကာကြီးဦးတင်က အဲဒီ ဟင်းကို နွေးပြီး နံနက်ကပ်လို့ တပည့်တော်တို့ သုံးပါး အတူ ဆွမ်းစားကျောင်းမှာ ဆွမ်းစားကြ, သံဃာများ အားလုံးလဲ ဆွမ်းစားကြပါတယ်။
နေ့ ဆွမ်းကျတော့ တိုက်အုပ်ဘုန်းကြီး ခံလာတဲ့ ဆွမ်းဟင်းထဲက နွေးတန်တာ နွေးပြီး အတူ စားကြပါတယ်၊ တိုက်အုပ်ဘုန်းကြီး ဦးဇောတ ဆိုတာက တိုက်ကြီး စတည်ကတည်းက ကြပ်မတ် စောင့်ရှောက်ပြီးနေတာကြောင့် တိုက်ဒကာ-တိုက်အမ များနဲ့ ပိုပြီး ရင်းနှီးပါတယ်၊ တပည့်တော် နဲ့ကတော့ အတော်ကြာမှ ရင်းနှီးကြတာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အဘယာရာမ ရောက်တော့ စာချရုံပဲလား။
တပည့်တော်။ ။ စာချရုံတွင် မကပါဘူး, စာလဲချရ - ဟောပြောစရာရှိလဲ ဟောပြောရပါတယ်၊ နောက် အတော်ကြာတဲ့အခါ ဆရာတော်က သက္ကတကို ပို့ချပေးလို့ မုဒ္ဓဗောဓကျမ်းနဲ့ စာနကျနီတိကျမ်းကို ဆိုရပါတယ်၊ ဒါ့ကြောင့် အဘယာရာမ လိုက်ရတဲ့အတွက် ထူးခြားသော အကျိုးကို ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘုန်းကံဘက်မှာ အကျိုး မပေးသော်လဲ ဆရာသမား ဘက်ကတော့ ထူးထူးခြားခြား အကျိုးပေးတယ်နော်၊ ကိုယ်တော့်ကို နိုင်ငံမှာ ဒိပ်ဆိုတဲ့ ဆရာတော်တွေက စာတက်ဖို့ မလျှောက်ရဘဲ ကိုယ်တော်တိုင် ပို့ချပေးကြတာချည့်ပဲနော်။
တပည့်တော်။ ။ မှန်ပါတယ်, မြောင်းမြဆရာတော်က စပြီး တပည့်တော်ရဲ့ ဆရာတော်များ အားလုံး နိုင်ငံရဲ့ ထိပ်တန်းချည်းပါပဲ၊ အဲဒီ ဆရာတော် အားလုံးကလဲ တပည့်တော်ကို အလိုလို ခေါ်ပြီး စာချပေးကြတာချည်း ပါပဲ၊ ဒါတွင် မကသေးဘူး, ပခုက္ကူမှာ စာချပြီးမှ အဘယာရာမသို့ ရောက်လာတဲ့ ဦးဂုဏဆိုတဲ့ ဦးပဉ္စင်း တစ်ပါးကလဲ အင်္ဂလိပ်စာ ဖတ်ပါအုံးလို့ တိုက်တွန်းတာနဲ့ သူ့ဆီမှာ နည်းနည်းပါးပါး ဖတ်လိုက်ရပါသေးတယ်။
ဓမ္မဂုတ်။ ။ စာမေးပွဲကိစ္စတော့ အားလုံး ပြီးသွားပြီနော်, ဘာများ ဆက်ပြီး ကြိုးစားသေးတုန်း။
တပည့်တော်။ ။ မေတ္တာဘာဝနာကို နည်းနည်း ပိုပြီးကြိုးစားပါတယ်၊ သာမဏေ ဘဝကစပြီး မေတ္တာပို့ပါတယ်၊ ဗုဒ္ဓါနုဿတိလဲ နံနက်တိုင်း ညအိပ်ခါ နီးတိုင်း ပွားပါတယ်၊ အဲဒီ မေတ္တာကတော့ မိဘဘိုးဘွား ဆရာသမားနဲ့ ကိုယ်စောင့်နတ် စသည်မျှသာ ဖြစ်ပါတယ်၊ ဆွမ်းခံလမ်းပို့တဲ့ မေတ္တာတော့ အရင်တုန်းက ပြောပြီးပါပြီ။
ဓမ္မဂုတ်။ ။ ဘာပြုလို့ မေတ္တာဘာဝနာကို ပိုပြီး ဂရုစိုက်လာသလဲ။
တပည့်တော်။ ။ တပည့်တော်ဟာ ငယ်စဉ်က ရွှင်ရွှင်ပျပျ နေလေ့ရှိပါတယ်။ ဒါပေမယ့် ပခုက္ကူရောက်တော့ ဆွမ်းကိစ္စ အလွန်ဆင်းရဲတာနဲ့ စိတ်ကို တင်းရလွန်းလို့ ထင်ပါရဲ့ မျက်နှာထားပါ တင်းမာသွားဟန် တူပါတယ်။ စာဘက်ကလဲ အထင် အရှားကြီး မဟုတ်ပေမယ့် ဘုန်းကြီးတယ်လို့လဲ အထင်ခံရ, မျက်နှာထားကလဲ တင်းမာနေတော့ “သိပ် မာနကြီးတဲ့သူ”လို့ အများစုက မှတ်ယူထားကြပါတယ်၊ ဒီတော့ စာမေးပွဲ အားလုံး ပြီးတဲ့အခါ စဉ်စားပါတယ်။
“ငါဟာ တစ်ကိုယ်ကောင်း အတွက်ဆိုရင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားလို ပဋိပတ်လမ်းဖြင့် ကမ္မဋ္ဌာန်းအားထုတ်ဖို့ပဲ, ယခုတော့ မြောင်းမြဆရာတော် စသော ဆရာတော်များရဲ့ သဘောတော်အရ စာပေပရိယတ်လမ်းကို လိုက်ရာက ထိပ်တန်း ရောက်ခဲ့ပြီ၊ အများအကျိုး ဆောင်ချင်ရင် မနာလိုနေသူ တချို့မှတစ်ပါး အများက ချစ်ခင်ဖို့ အရေးကြီးတယ်၊ ဒါ့ကြောင့် အများက ချစ်ခင်ကြ - ကြည်ညိုကြအောင် မေတ္တာဘာဝနာကို တိုးချဲ့ဖို့ လိုလိမ့်မယ်” အဲဒီလို တွေးမိလို့ မေတ္တာဘာဝနာကို တိုးချဲ့ပြီး ကြိုးစားလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ရည်ရွယ်သလောက် အကျိုးရောက်ရဲ့လား။
တပည့်တော်။ ။ သုံးနှစ်လောက် ကွဲနေသူတွေက ပြန်တွေ့တော့ ဥုးဇနကရဲ့ မျက်နှာဟာ အရင်ကနဲ့ မတူတော့ဘူးလို့ ပြောကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် အကျိုးသက်ရောက်တာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ ဒါ့ကြောင့် တပည့်တော်ရဲ့ တိုက်တာသံဃာများကို ဗုဒ္ဓါနုဿတိနဲ့ မေတ္တာကို အထူးကြိုးစားကြပါ၊ ဗုဒ္ဓါနုဿတိ ဘာဝနာကို ကြိုးစားရင် ဗုဒ္ဓမြတ်စွာကို ကြည်ညိုပြီး သာသနာပြုလိုသောဆန္ဒ ပြင်းပြလာပါလိမ့်မယ်၊ မေတ္တာ ဘာဝနာကြောင့်လဲ ပစ္စည်းလေးပါး ဒကာ ဒကာမတွေရဲ့ လေးစားမှုကိုရ၍ သာသနာပြုရာမှာ အထောက်အပံ့ ဖြစ်တဲ့အပြင်၊ မိမိကို မုန်းနေသူများသော်မှ တဖြည်းဖြည်း မေတ္တာလည်လာပါလိမ့်မယ်။
မေတ္တာဆိုတာ ရေလိုပါပဲ၊ ရေများလာရင် ကုန်းမြင့်ပေါ်ကို တက်၍ စိုစေနိုင်သကဲ့သို့ မေတ္တာဓာတ်တွေ များလာရင်လဲ ရန်ဘက်လုပ်နေသော ကုန်းမြင့်ပေါ်ကိုပင် အစိုဓာတ်ပေးကာ မေတ္တာပြန်၍ စိုစေနိုင်ပါတယ်၊ ဒါ့ကြောင့် “ဗုဒ္ဓါနုဿတိနဲ့ မေတ္တာ ဤနှစ်ရပ်ကို နေ့စဉ်မပြတ် ကြိုးစားကြပါ”လို့ တိုက်တွန်းလေ့ ရှိပါတယ်။
ဓမ္မဂုတ်။ ။သာဓု သာဓု ... ကောင်းပါတယ် ကောင်းပါတယ်၊ ဒါ့ထက် ပထမကျော် အောင်ပွဲ ကျင်းပတာလဲ အဘယာရာမ ရောက်မှပေါ့နော်။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ အဲဒီ အောင်ပွဲကို တပည့်တော် ဘာမှ နားမလည်ပါဘူး၊ ဒါပေမယ့် ပထမကျော် ဒေါ်သုနန္ဒီနဲ့ စပ်ပြီး စစ်ကိုင်းက သီလရှင် ဆရာများ၏ ဂရုစိုက်မှုကြောင့် တပည့်တော်အတွက်ပါ အောင်ပွဲ သွားတဲ့အခါ ခမ်းခမ်းနားနား ဖြစ်သွားပါတယ်၊ အဲဒီ ကိစ္စနဲ့စပ်ပြီး မေမြို့က ဒေါ်အဉ္ဇနာရဲ့ အဘ ပင်ရှင်ယူပြီးတဲ့ သစ်တောဝန်ထောက်ကြီး ဦးသင် ဆိုတဲ့ ဥပါသကာကြီးဟာ အတော်ကြိုးစားရှာပါတယ်၊ ထို ဒကာကြီးက ရတနာသုံးပါးနဲ့ စပ်လာရင် တာဝန်ဆောင်တတ်တဲ့ ဝါသနာရှိပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ဆိုင်ရာက ဘာမှ မလုပ်တတ်သော်လဲ ရွှေနားတောင်းကြောင့် ကိုယ်တော် ပြောင်လက်သွားတာပေါ့ နော်။
တပည့်တော်။ ။ ဆိုထိုက်ပါတယ်၊ အဲဒီ အောင်ပွဲသွားတဲ့အခါ တပည့်တော် စီးတဲ့ ဖိနပ်နဲ့ ရုံတဲ့သင်္ကန်းကို မှတ်မိပါသေးတယ်၊ ဖိနပ်က ဟောင်းပြီး ရွတ်တွေ ဖြစ်နေပါပြီ၊ သင်္ကန်းလဲ ကျောဘက်က ချွေးကွက်အမည်းနဲ့ ဖြစ်နေပါတယ်၊ အောင်ပွဲထဲဝင်ခါနီး တပည့်တော် ဖိနပ်ချွတ်မယ်လုပ်တော့ ပညာဝန် ဦးဇော်ဖေက မချွတ်ပါနဲ့လို့ လျှောက်လို့ ဖိနပ်စီးပြီး ဝင်ရပါတယ်။ အားလုံး လူတွေကလဲ ဖိနပ်နဲ့ကိုး၊ ဒါ့ကြောင့် ဖိနပ်မချွတ်ပါနဲ့လို့ လျှောက်တာပဲ။
ဓမ္မဂုတ်။ ။ အောင်ပွဲက ကျေနပ်ဖွယ် ကောင်းရဲ့လား။
တပည့်တော်။ ။ အောင်ပွဲလုပ်တဲ့ နေရာက စစ်တပ်အနီးမှာပါ၊ အားလုံးနေဖို့ မဏ္ဍပ်ထိုးထားပါတယ်၊ ပထမကျော်တံဆိပ်နဲ့ ဆုငွေကပ်မယ့်သူက ပညာရေးဝန်ကြီး ဦးဘရင် ဖြစ်ပါတယ်၊ “ဆာဟာကုတ်ဘတ္တလာ”လက်ထက်ဖြစ်လို့ ဘုရင်ခံကိုယ်တိုင် ကပ်ရမည်ဖြစ်သော်လဲ ဘုရင်ခံ၏ ကိုယ်စား ပညာရေးဝန်ကြီးက ကပ်ပါတယ်၊ အဲဒီ ဆက်ကပ်တဲ့ နေရာက စင်မြင့်ဖြစ်ပါတယ်၊
ပရိသတ် စုံလောက်တဲ့အခါ ပညာရေးဝန်ကြီးက စင်မြင့်ပေါ်တက်လာပါတယ်၊ ရဟန်းတော်များ ဆရာတော်ကြီးများနဲ့တကွ အားလုံးပရိသတ်တွေက စင်မြင့်အောက်မှာပါ၊ အဲဒီဟာ ကြည့်ရတာ တပည့်တော်မျက်စိနဲ့ အဆင်မပြေပါဘူး၊ စိတ်ထဲမှာ ယခုအထိ မကျေနပ်ပါဘူး၊ ဘုန်းကြီးတွေ အောက်ကျတယ်လို့ ယူဆပါတယ်။ အဲဒီပွဲမှာ အဘယာရာမဆရာတော် မလိုက်ပါဘူး၊ မလိုက်တာလဲ ကောင်းပါတယ်။
ဓမ္မဂုတ်။ ။ ပခုက္ကူဆရာတော်၊ မြောင်းမြဆရာတော်များကို လှမ်းပင့်သေးသလား။
တပည့်တော်။ ။ တပည့်တော် အကျော်အောင်တာက ပခုက္ကူတိုက်က နာမည်နဲ့ အောင်တာပါ၊ (ပခုက္ကူနေရင်း သကျသီဟဝင်တော့ မန္တလေးနာမည်နဲ့ ဝင်ရလို့ မန္တလေးရောက်မှ ပထမကျော်ဝင်တော့ ပခုက္ကူတိုက်သားအဖြစ်ဖြင့် ဝင်ပါတယ်။) ဒါ့ကြောင့် ပခုက္ကူဆရာတော်ကြီးများကို ပင့်လိုက်ပါတယ်၊ ယခု မဟာရဋ္ဌဂုရုလောင်း ဆရာတော်နဲ့ ဆရာတော်ကြီး ဦးအာလောကတို့ ကြွတော်မူလာကြပါတယ်၊ မြောင်းမြဆရာတော်တော့ ခရီးဝေးလွန်းသည့်အတွက် မပင့်ပါဘူး၊
(နောက်ပင့်ဖို့ရာ ရန်ကုန်မှာ ကိစ္စရှိပါသေးတယ်။)
ဓမ္မဂုတ်။ ။ ပထမကျော်ဆုငွေ ဘယ်လောက်ရတုန်း၊ ပစ္စည်းက ဘာတွေရတုန်း။
တပည့်တော်။ ။ အစိုးရ သတ်မှတ်ထားတဲ့ ဆုငွေက ၁၅ဝိ၊ အခြားသူတွေက ဘဏ်မှာ အပ်ထားတဲ့အထဲက အတိုးနဲ့ ပေါင်းပြီး အားလုံးလှူငွေ ၆ဝဝိ (ခြောက်ရာ) လောက် ရတယ်ထင်ပါတယ်၊ ပစ္စည်းကတော့ မှတ်မိတာဖြင့် သင်ရိုး ပိဋက သုံးပုံ ပါဠိတော်သာ ဖြစ်ပါတယ်၊ အခြားပစ္စည်းများကိုတော့ မမှတ်မိပါဘူး။
ဓမ္မဂုတ်။ ။ ဆုငွေကို လှူတော့ ဝိနည်းတော်နဲ့အညီ အပ်အပ်စပ်စပ် လျှောက်ပြီး ကပ္ပိယထံ လွှဲအပ်လှူတာ ဟုတ်ရဲ့လား။
တပည့်တော်။ ။ ဘယ်ဟုတ်မှာတုန်း၊ မအပ်မရာတွေချည်းပေါ့၊ ဒါ့ကြောင့် ရန်ကုန်သွားဖို့ တစ်ရာလောက် အချိန်ခိုင်းပြီး အားလုံးကို ဖခင်ဒကာကြီးအား စွန့်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ အစိုးရပိုင်းက ဝိနည်းနားမလည်ရင် ငွေကို လှူခွင့်ကြုံတဲ့အခါတိုင်း ဒီလိုချည်း လှူနေမှာပဲ၊ ဒီတော့ သာသနာတော်ကို ပြုတယ်ဆိုပေမယ့် အစစ်အမှန်ကတော့ ဖျက်ရာရောက်နေတာပဲနော်၊ သာသနာတော်၏ အသက်ဟာ ဝိနည်းပဲ မဟုတ်လား၊ ဝိနည်းပျက်ရင် သာသနာတော် အသက်ဟာ မသေသော်လဲ အားနည်းတာပေါ့။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား၊ ဒီကိစ္စကို လူရော ရှင်ပါ အားလုံး ပြုပြင်နိုင်အောင် အချိန်စောင့်ရပါလိမ့်မယ်၊ ပြုပြင်နိုင်မယ့် အချိန်ကိုလဲ တပည့်တော် မျှော်နေပါတယ်။
ဓမ္မဂုတ်။ ။ ရန်ကုန်ကိုတော့ ဘာကိစ္စကြောင့် သွားရမှာတုန်း။
တပည့်တော်။ ။ ရန်ကုန်မှာ “ပုညကုသလအသင်း”ဆိုတာ ရှိပါတယ်။ ပထမကျော်အောင် တစ်ပါးကို ထိုအသင်းက ပိဋကသုံးပုံ ပါဠိတော် အဋ္ဌကထာ လှူလေ့ရှိပါတယ်၊ ထည့်စရာ ဗီရိုလဲ ပါပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ရန်ကုန်မှာ သွားရေးလာရေး ကျွမ်းကျင်ရဲ့လား၊ ဘယ်သူ အဖော်ပါသေးတုန်း။
တပည့်တော်။ ။ မကျွမ်းကျင်ပါဘူး။ ညီ ဦးပဉ္စင်းပါ ပါသေးတယ်။
ဒီအချိန်မှာ စစ်ကိုင်းဘက်၌ ပလိပ်နည်းနည်းပါးပါးဖြစ်လို့ ရန်ကုန်သွားကြတဲ့ တပည့်ဟောင်း သီလရှင်များနဲ့ မမျှော်လင့်ဘဲ ဘူတာမှာ ဆုံကြပါတယ်၊ ဒါ့ကြောင့် ရန်ကုန်ဘူတာကြီး ရထားက ဆင်းတဲ့အခါ သူတို့က မြင်းရထားနဲ့ အရင်သွားပြီးမှ ခြေလျင်လာတဲ့ တပည့်တော်တို့ ညီနောင်ကို ဗဟန်းမှာရှိသော သီလရှင်များကို အကြိုလွှတ်ပါတယ်၊ ဗဟန်းက ဆရာ ဒေါ်ဂုဏဝတီ၊ ဒေါ်ဉာဏဝတီတို့က စစ်ကိုင်း စာပြောပေးတဲ့အခါမှာ လူကြီးပိုင်းအနေနဲ့ ပါကြပါတယ်၊ သူတို့ကပဲ ရန်ကုန်နေခိုက် အစားအသောက် တာဝန်ယူကြပါတယ်။
ဓမ္မဂုတ်။ ။ တည်းတော့ ဘယ်မှာတုန်း။
တပည့်တော်။ ။ တည်းတော့ စစ်ကိုင်းဘက်မှာတုန်းက မစိုးရိမ် ရွှေကျင်ငါးတိုက်ကို အုပ်ချုပ်တော်မူတဲ့ မစိုးရိမ်ဆရာတော်ရဲ့ ကျောင်းမှာ တည်းပါတယ်၊ (မစိုးရိမ် ဆရာတော်လဲ တပည့်တော်ရောက်ပြီး မကြာခင် ကျောင်းစောင့်ရှိခိုက် နေရပ်ဖြစ်တဲ့ အောင်လံ (အာလံ) ကို အတော်ကြာကြာ ကြွသွားပါတယ်။) ဒါ့ကြောင့် နေရေးလဲ ပြည့်စုံတယ်၊
အဲဒီ မစိုးရိမ်ကျောင်း ဒကာ ကျောင်းအမဖြစ်တဲ့ ပညာဝန် ဦးမောင်မောင်၊ မင်းကတော် ဒေါ်ရှင်တို့ကလဲ တပည့်တော်ရဲ့ ဥပဇ္ဈာယ် မဟာဂန္ဓာရုံဆရာတော်နဲ့ ဒုတိယ မဟာဂန္ဓာရုံ ချမ်းအေးဆရာတော်ရဲ့ ဒကာ ဒကာမ အရင်းဖြစ်လို့ တပည့်တော်ကို ရင်းရင်းနှီးနှီး ဝမ်းမြောက်ဝမ်းသာ ကြည်ညိုကြပါတယ်၊ အားလုံး အကြောင်းတွေ ညီညွတ်နေတာနဲ့ တပည့်တော်မှာ ထိုအချိန်က ရန်ကုန်နေရတာ အလွန် ချမ်းသာပါတယ်။
ဓမ္မဂုတ်။ ။ ရန်ကုန်ရောက်ပြီး ဘယ်သွားသေးတုန်း။
တပည့်တော်။ ။ ရန်ကုန်ရောက်ပြီး မကြာခင် မြောင်းမြဆရာတော်ကို ပိဋကလှူပွဲပင့်ဖို့ ပထမ ဝါးခယ်မနယ် ကျွန်းကုန်းသွားပါတယ်၊ ရက်အနည်းငယ် နေပြီးတော့ မြောင်းမြသွားပါတယ်၊ မြောင်းမြ ပဇ္ဇောတာရုံကျောင်းတိုက် ရောက်တဲ့အခါ ယခုအချိန်လို သံဃာများများ မရှိသေးဘဲ ဆရာတော် နေခါစဖြစ်၍ သံဃာ လေးငါးပါးသာ တွေ့ရလို့ တပည့်တော်မှာ ဆရာနဲ့ တွေ့တွေ့ချင်း မျက်ရည်ကျပါတယ်၊ စကား မပြောနိုင်ပါဘူး၊ နောက်မှ စိတ်ကိုထိန်းပြီး ရန်ကုန်ကိစ္စအတွက် အပင့်လာတဲ့ အကြောင်းကို လျှောက်ရပါတယ်၊ ဝတ္တရားကျေအောင် ပင့်ရတာပါ၊ ကိစ္စက ဆရာ မပါလဲပြီးတာမို့ အရေးတကြီးလဲ မဟုတ်ပါဘူး၊ တပည့်တော်ကလဲ ဆရာ့ထံ ကန်တော့ရောက်ဖို့ တာဝန်ရှိလို့ သွားတာပါ၊ ဆရာကလဲ “လိုက်လို့ အကျိုး မထူးပါဘူး”လို့ မိန့်ပြီး လိုက်တော်မမူပါဘူး။
ဓမ္မဂုတ်။ ။ ယခုတော့ မြောင်းမြ ပဇ္ဇောတာရုံတိုက်က တစ်နယ်လုံးမှာ သံဃာ အများဆုံးနဲ့ အနေအထိုင် စည်းကမ်း အကောင်းဆုံး၊ စာမေးပွဲမှာလဲ အများဆုံး အောင်တဲ့တိုက်ဖြစ်၍ အထင်ရှားဆုံး ဖြစ်နေပြီပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်၊ ဆရာတော် အရွယ်ကောင်းတုန်းက ကြိုးစားလိုက်လို့ တပည့်ကောင်းတွေ ပေါ်ထွက်ပြီး ထို တပည့်ကြီးတွေ အုပ်ချုပ်နေကြပါတယ်၊ ပဓာနလုပ်ပြီး အုပ်ချုပ်တဲ့ ဆရာတော် ဦးဉာဏိကဆိုသူက ပခုက္ကူ၊ ညောင်တုံး ဆရာတော်ထံမှာ စာဆိုခဲ့ပါတယ်၊ အိန္ဒိယ ဗာရာဏသီ တက္ကသိုလ်မှာ သက္ကတ ဂုဏ်ထူးနဲ့ ဘီအေ အောင်လာတဲ့ စွယ်စုံဆရာတော် ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ မြောင်းမြမသွားခင် ကျွန်းကုန်းဝင်တာက ဘယ်လို ရင်းနှီးသူများ ရှိလို့လဲ။
တပည့်တော်။ ။ အဲဒီ အချိန်မှာ တပည့်တော်ရဲ့ ညီဖြစ်တဲ့ ကိုရင်လာသနရဲ့ ရဟန်းအမလောင်းများ ဖြစ်တဲ့ “ဒေါ်လှခင် - ဒေါ်လှမေ”ဆိုတဲ့ ဒကာမကြီးများက အဲဒီ ဝါးခယ်မ ကျွန်းကုန်းက ဖြစ်ပါတယ်၊ ညီရဟန်းလောင်း ပါတာနဲ့ ကျွန်းကုန်းကို ဝင်ရတာပါ၊ အဲဒီ ဒကာမကြီးများ မိသားစုက တပည့်တော်ကိုပါ သူတို့ ရဟန်းလိုပဲ သဘောထားကြပါတယ်၊ နောက် ရဟန်းခံတဲ့ အချိန်ရောက်တော့ ဗဟန်း ဒေါ်ဂုဏဝတီရဲ့ တပည့်ဖြစ်တဲ့ (အဲဒီအချိန်မှာ မြေပိုင်သလောက် ပိုင်နေတဲ့) ဒေါ်ဝံသီလဲ ရဟန်းအမအဖြစ်ဖြင့် ပါဝင်ပါတယ်။
ဓမ္မဂုတ်။ ။ ရန်ကုန် ပြန်ရောက်လို့ ပိဋကသုံးပုံလှူပွဲ ပြီးတဲ့အခါ ရန်ကုန်မှာ ဆက်နေ သေးသလား။
တပည့်တော်။ ။ ရန်ကုန်မှာ အတော်ကြာအောင် ဆက်နေပါတယ်၊ နှစ်လခန့် ကြာမယ် ထင်ပါတယ်၊ မစိုးရိမ်ဆရာတော်က ကျောင်းကလေးကို အပ်ထားခဲ့လို့ ရွှေတိဂုံ စေတီတော်ကြီးနဲ့ မလှမ်းမကမ်း ခြံကလေးထဲမှာ ကျောင်းစောင့်ရင်း နေရတာပါ၊ တစ်ပါးတည်းလဲဖြစ်လို့ ဘေးရန်ကင်းအောင် ညဉ့်အခါ “မဟာသမယသုတ်”စတဲ့ တရားများကို ရွတ်နေပါတယ်၊ အနီးအပါးမှာရှိတဲ့ ဗုဒ္ဓဘာသာ မဟုတ်သူတွေကတောင် တပည့်တော် ရွတ်သံကို နားထောင်လို့ ကောင်းတဲ့အကြောင်း ကျောင်းအမ ဒေါ်ရှင် လာတဲ့အခါ ပြောကြပါသတဲ့။
ဓမ္မဂုတ်။ ။ အဲဒီလောက် ကြာကြာနေတဲ့အခါ ဘယ်သူက ဆွမ်းတာဝန်ယူသလဲ။
တပည့်တော်။ ။ စစ်ကိုင်းချောင်မှာ စာပြောတုန်းက လူကြီးပိုင်းမှာ ပါတဲ့ ဆရာ ဒေါ်ဂုဏဝတီနဲ့ ဒေါ်ဉာဏဝတီတို့က တာဝန်ယူကြပါတယ်၊ သူတို့နဲ့ အတူနေတဲ့ (နာမည်ရင်းတော့ မသိပါ။) “အဖွားလေး”လို့ ခေါ်တဲ့ ဥပုသ်သည် ဒကာမကြီးက ကုန်ကျစရိတ်ကို တာဝန်ယူဟန် တူပါတယ်၊ အဲဒီ အဖွားလေးက ထိုခေတ် မြေပိုင်ရှင်ကြီးဖြစ်လို့ ထိုမျှလောက် တာဝန်ကို ယူဖို့ရန် ဝန်မလေးပါ၊ အတော်ကြာတော့ ထိုအဖွားလေးကပါ ကြည်ညိုလို့ တပည့်တော်ကို သိမ်ထပ်ပေးချင်တယ် လို့ လျှောက်ကြပါတယ်။ (ထပ်ပြီး ရဟန်းအမ လုပ်ချင်တယ်လို့ ဆိုလိုပါတယ်။)
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ သိမ်ထပ် ခွင့်ပြုလိုက်သလား။
တပည့်တော်။ ။ ခွင့်မပြုပါဘူး၊ သူတို့ကို ရေရေလည်လည် ပြောရပါတယ်၊ ပြောတဲ့ အဓိပ္ပာယ်ကတော့ “သိမ်ထပ်”ဆိုတာ ဘာမှ ထူးတာမဟုတ်ပါဘူး၊ ရင်းနှီးတဲ့ ဒကာ ဒကာမ ပိုလာခြင်းသာ အကျိုးရှိပါတယ်၊ ဦးပဉ္စင်းက သာသနာတော်ရဲ့ နောင်ရေးကို ဘယ်လို ပြုခွင့်ရှိမယ်ဆိုတာ မသိနိုင်ပါဘူး၊ ပြုပြင်ချင်တာတွေ တော်တော်များများ ရှိပါတယ်၊ အဲဒီ အခါမှာ ဦးပဉ္စင်းကို “ဘုန်းကြီးအောင်၊ ဒကာ-ဒကာမ ပေါအောင်၊ ပထမကျော် အောင်ပြီး ကြီးတောင်းကြီးမှ မြေပိုင်ရှင် ရဟန်းအမအသစ်နဲ့ သိမ်ထပ်ခဲ့တယ်”လို့ အပြောခံရပါလိမ့်မယ်၊ ဒါ့ကြောင့် “သိမ်မထပ်ပါရစေနဲ့”လို့ ပြောခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတုန်းက သိမ်ထပ်ဖြစ်ရင်တော့ ကိုယ်တော့်အတွက် ချမ်းချမ်းသာသာ နေနိုင်ဖို့ မျှော်လင့်ချက် ရှိတယ်ဆိုတာကို မစဉ်စားမိဘူးလား။
တပည့်တော်။ ။ စဉ်စားနေဖို့ မလိုပါဘူး၊ ဆရာ ဒေါ်ဂုဏဝတီက“အဖွားလေးမှာ အမွေပေးဖို့ ရင်းနှီးတဲ့ သံယောဇဉ်မရှိပါဘူး၊ ဒီလယ်ဧကတွေကို ဦးပဉ္စင်းရဲ့ သာသနာရေးမှာ သုံးဖို့ပါပဲ”လို့ အတိအလင်း လျှောက်ပါတယ်၊ တပည့်တော်ကလဲ နောင်အခါ သူများက “ဘုန်းကြီးဖို့ လမ်းထွင်တယ်”လို့ ယူဆမှာ စိုးလို့ သိမ်ထပ်ဖို့ ငြင်းရတာပါ။
ဓမ္မဂုတ်။ ။ အဲဒီ ရန်ကုန် နေတုန်းမှာ နှစ်လလောက်အတွင်း စာပေအလုပ်တော့ ဘာမှ မရှိဘူးပေါ့နော်။
တပည့်တော်။ ။ ဒီလိုလဲ မအားပါဘူး၊ စစ်ကိုင်းမှာ ပလိပ်ဖြစ်လို့ ပြေးလာတဲ့ သူတွေထဲမှာ လူကြီးပိုင်း တပည့်ဟောင်းတွေ ပါလာတော့ သူတို့က နေ့စဉ်လိုပဲ စာမေးကြပါတယ်၊ သူတို့ လူကြီးပိုင်းကတော့ အမလေးတွေ အမကြီးတွေလို ရင်းလဲ ရင်းနှီးကြပါတယ်၊ သတိပေးစရာ ရှိရင်လဲ ဒေါ်ဂုဏဝတီက စပြီး သတိပေးကြပါတယ်၊ စစ်ကိုင်းနေစဉ် ငယ်ငယ်တုန်းကစပြီး တပည့်တော်ရဲ့ ပညာရေး ရာဇဝင်ကို သိထားပြီးဖြစ်လို့ တကယ်လဲကြည်ညိုကြပါတယ်၊ ယုံလဲ ယုံကြည်ကြပါတယ်၊
တပည့်တော် ဝတ်ရုံလာတဲ့ နှစ်ထပ်သင်္ကန်းကြီးက နောက်ကျောဘက်မှာ ချွေးကွက်ပြီး မည်းနေလို့ ချက်ချင်းပဲ အဖွားလေး တာဝန်ယူပြီး ၂၅ ခန်းရှိသော ပဒုမ္မာသင်္ကန်းကြီးကို ချုပ်ပြီး လှူပါတယ်၊ သင်္ကန်းချုပ်ဖို့ကိစ္စ၌ ဒေါ်သက်စုဆိုတဲ့ ယောဂီက ကြောင့်ကြ စိုက်ပါတယ်၊ အဲဒီ ဒေါ်သက်စု - ဒေါ်သက်ပုဆိုတဲ့ ယောဂီ ညီအမက ပုဇွန်တောင်ကပါ၊ တပည့်တော်ကိုလဲ ကြည်ညိုပါတယ်၊ ညီကိုလဲ သူတို့ ရဟန်းလို့ပဲ ပြောလေ့ရှိပါတယ်၊ ထို ဒကာမကြီးများ ကွယ်လွန်တဲ့ - နောက် အဆက်အနွယ်ဖြစ်တဲ့ ဆွေမျိုးများကလဲ ကြည်ညိုကြပါတယ်။ ဒကာဇင်ဆိုတဲ့ လူပျိုကြီးက ယခုတိုင်အောင် ကျောင်းတိုက်အတွက် သူတတ်နိုင်သမျှ အကူအညီ ပေးလေ့ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မန္တလေး စာသင်တိုက်ကြီးတွေမှာ စာချနေတဲ့ အခါသာ စားရေးသောက်ရေးက စပြီး ဆင်းရဲတာနော်၊ အပြင်ထွက်လိုက်တော့လဲ ချမ်းသာဖို့ အချက်တွေ အရှိသားပါပဲလား၊ ဒါပေမယ့် ဆင်းရဲ ဇာတာပါတော့ စာသင်သား အများနဲ့ စာသင်တိုက်ကြီးထဲမှာ အဆင်းရဲ ခံရတာပဲထင်တယ်။
တပည့်တော်။ ။ ဒီလို ဆိုချင်လဲ ဆိုနိုင်ပါတယ်၊ ဒါပေမယ့် သာသနာ့အလုပ်ကတော့ စာသင်သားအများရှိတဲ့ စာသင်တိုက်မှာသာ (စာတတ်ဘုန်းကြီးများ အတွက်) ရှိတယ်လို့ ဆိုရမှာပါ၊ ဥပမာ-စစ်ဗိုလ်ကောင်းများအတွက် စစ်မြေပြင်မှာသာ အလုပ်ကောင်း ရှိသလိုပါပဲ၊ ဒါ့ကြောင့် မစိုးရိမ်ဆရာတော် ပြန်ရောက်တဲ့အခါ တပည့်တော်လဲ မကြာခင် မန္တလေးသို့ ပြန်ခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ချမ်းချမ်းသာသာ နေရတဲ့ နေရာက စားရေးသောက်ရေး မချမ်းသာတဲ့ နေရာသို့ ပြန်ရမှာ မပျင်းဘူးလား။
တပည့်တော်။ ။ မပျင်းဘဲ နေမလားဘုရား၊ ဒါ့ကြောင့် အောက်ပါ ငြီးတွားတဲ့ ဂါထာကို ရေးပြီး အမတော်တွေဆီ ပေးခဲ့ပါသေးတယ်။
အကာမာပိ ဝိနာ ဟောန္တိ၊ အပ္ပိယေဟိ သမစ္ဆရေ၊
ဝိနာ ရမ္မံ ယုတ္တံ ယန္တိ၊ ဟာဟာ လောကမှ ဓမ္မတာ။
ဆိုလိုရင်းကတော့ -“မခွဲချင်ပေမယ့် (ခွဲမှ အကျိုးရှိမယ်ဆိုရင်) ခွဲ၍ နေကြရတယ်၊ မချစ်သူတွေနဲ့ အတူ မနေချင်ပေမယ့် (အကျိုးရှိမယ်ဆိုရင်) အတူ နေကြရတယ်၊ ပျော်ရာ မနေရ၊ တော်ရာ နေရမယ်ဆိုတဲ့ ရှေးထုံစံကြီးဟာ စိတ်ပျက်စရာ ကောင်းလှပါတကား”ဟု ဆိုလိုပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်အမတွေက မသနားကြ၊ မတားကြဘူးလား။
တပည့်တော်။ ။ နည်းနည်းပါးပါးတော့ စားကြပါရဲ့၊ ဒါပေမယ့် တပည့်တော်ရဲ့ တာဝန်ကိုလဲ သူတို့ သိပြီးဖြစ်တော့ သိပ်မတားနိုင်ကြပါဘူး၊ တပည့်တော်လဲ ပြန်ခဲ့ပါတယ်၊ “ပျော်ရာ မနေရ - တော်ရာ နေရမယ်”လို့ ဥပဒေက ရှိတာကိုး။
ဓမ္မဂုတ်။ ။ ပြန်လာတော့ လမ်းမှာ ဘယ်ကို ဝင်သေးတုန်း။
တပည့်တော်။ ။ လမ်းမှာ ပြွန်တန်ဆာကို ဝင်ရပါသေးတယ်၊ ပြွန်တန်ဆာ၌ ယခု ဆရာကြီးဖြစ်နေသော ဒေါ်ဓမ္မစာရီက စစ်ကိုင်း စာပြောတုန်းက ပါပါတယ်၊ သူ့ကို အကြောင်းပြုပြီး ရောက်လာတဲ့ “မလှသင်း”ဆိုသူက ပထမကျော်ကိစ္စနဲ့ ရန်ကုန် ကြွတဲ့အခါ ပြွန်တန်ဆာဝင်ဖို့ လျှောက်ထားပါတယ်၊ သူကပြောထားလို့ တစ်မျိုးလုံးကလဲ တွေ့ချင်နေကြပါတယ်၊ ဒါကြောင့် ဝင်ရတာပါ။
အဲဒီ အချိန်တုန်းက မလှသင်းရဲ့ အဒေါ်နဲ့ ဦးကြီး ဦးစံပျော်-ဒေါ်ကျော့ ဆိုတာက မင်းကျောင်းတိုက် ဒကာ ဒကာမများဖြစ်လို့ အဲဒီ ကျောင်းမှာ တည်းရပါတယ်၊ တစ်မျိုးလုံး ကြည်ညိုကြရုံတွင်မက၊ နောက် အဆက်အသွယ်များကလဲ ကြည်ညိုကြပါတယ်၊ ကျောင်းအမကြီး ဒေါ်ကျော့က တပည့်တော်ကို သားတစ်ယောက်လိုလဲ ခင်ပါတယ်၊ တိုက်သူကြီးကတော် “ဒေါ်ဝင်း”ဆိုတာကလဲ ဒီအတိုင်းပါပဲ။
ဓမ္မဂုတ်။ ။ နောက်လဲ ပြွန်တန်ဆာ သွားသေးသလား။
တပည့်တော်။ ။ နောက်တစ်ကြိမ် ပြွန်တန်ဆာသွားပါတယ်၊ ရောက်တဲ့အချိန်က ကုလား ဗမာ အဓိကရုဏ်းအချိန်ဖြစ်လို့ လယ်လုပ်တဲ့ ကုလားတွေ အတော်ဒုက္ခ ဖြစ်နေကြပါတယ်၊ ဒီအခါ ကျောင်းအမကြီး ဒေါ်ကျော့က သူ့လုပ်သား ကုလားတွေနဲ့ သူပေးထားတဲ့ ကျွဲတွေကို အိမ်အနီးအပါးမှာ ခေါ်ယူပြီး စောင့်ရှောက်ထားပါတယ်၊ လူငယ်အားလုံးက သဘောမတူကြပါ၊ ဒါပေမယ့် ကျောင်းအမကြီးကို မပြောဝံ့ကြပါဘူး၊ တပည့်တော် ရောက်သွားတဲ့အခါ ကျောင်းအမကြီးရဲ့ သားမက် ကိုသာထွန်းနဲ့ သမီးများ တူမများက ကျောင်းအမကြီးကို ပြောပေးပါအုံး၊ ပတ်ဝန်းကျင်က“အိမ်ပါ မီးရှို့မယ်လို့ ကြိမ်းဝါးနေကြပါတယ်”လို့ ရောက်-ရောက်ချင်း အရေးတကြီး တိုင်ကြလို့ တပည့်တော်က အကျိုးအကြောင်း ပြောပြတဲ့အခါ တပည့်တော် အကြံပေးတဲ့အတိုင်း ကုလားတွေကို ဘေးကင်းရာ ပို့ပြီး အစာရေစာ ထောက်ပံ့ထားလို့ အားလုံး ပြေလည်သွားပါတယ်။
ဒါ့ကြောင့် ပြွန်တန်ဆာ ဆွေမျိုးများလဲ ကျွန်းကုန်း ရဟန်းအမများလိုပဲ ရင်းနှီးတဲ့ ဆွေမျိုးတွေလို ဖြစ်နေကြပါတယ်၊ ဒါ့ကြောင့် ရန်ကုန်သွားတိုင်း ပြွန်တန်ဆာဟာ မဝင်မကောင်းသလို ဖြစ်နေပါတယ်၊ ဒါလောက် ရင်းနှီးကြပေမယ့် တပည့်တော်ရဲ့ သာသနာ့အလုပ်က ပဓာနဖြစ်တော့ “ပျော်ရာ မနေရ တော်ရာ နေရမယ်”ဆိုတဲ့ ဥပဒေအတိုင်း ရွှေမန်းသို့ မြန်းကြွခဲ့ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ တချို့ ကိုယ်တော်များဟာ အဆင့်အတန်းမြင့်တဲ့ ဒကာ-ဒကာမတွေနဲ့ ဆက်ဆံရင်းနှီးတဲ့အခါ လောကွတ်ပျူငှာ များသလို ဖြစ်နေတတ်ပါတယ်၊ ကိုယ်တော်က အဲဒီလို မဖြစ်ဖို့ရန် သတိထားရဲ့လား။
တပည့်တော်။ ။ အရှင်ဘုရား ... တပည့်တော်ရဲ့ မျိုးရိုးဇာတိကို ပြန်ပြီး စဉ်းစားပါ၊ တပည့်တော် အမျိုးလဲ အဖေ့ဘက်က ဘုရင်လက်ထက်မှ စ၍ သူကြီးမျိုး ဖြစ်တဲ့အပြင်၊ ဘုရားဒကာ ကျောင်းဒကာ အမျိုးလဲ ဖြစ်ပါတယ်၊ အမေ့ဘက်ကတော့ ယခုအထိ ပြည့်စုံတဲ့ ဘုရား ကျောင်းဒကာ ဒကာမများ ဖြစ်ပါတယ်၊ ဒီတော့ အထက်အညာမှာ နေနေ၊ အောက်အကြေသို့ ရောက်ရောက် တွေ့ကြုံရတဲ့ ဓနရှင် ဘုရားဒကာ-ကျောင်းဒကာ၊ ဘုရားအမ-ကျောင်းအမတွေကို အထင်ကြီးနေဖို့ မလိုပါဘုရား၊
တပည့်တော်က သူတို့ထက် ပိဋကစာပေ ပညာတောင် သာနေတာဖြစ်လို့ အမြော်အမြင် အယူအဆလဲ တပည့်တော်က ပိုပြီးမြင့်ပါသေးတယ်၊ ဒါ့ကြောင့် သူတို့က တပည့်တော်ကို အထင်မသေးတဲ့အပြင် အားကိုးလောက်သော သွေးသား တစ်ပါးလို့ မြင်နေကြပါတယ်၊ လောကွတ်ပျူငှာ လုပ်စရာ မလိုပါဘူး၊ ဒါပေမယ့် မိမိနေရာ ရောက်လာတဲ့အခါတော့ သူတို့ကို သွေးသားလိုပဲ စောင့်ရှောက်ပါတယ်။
ဓမ္မဂုတ်။ ။ အထက်အညာမှာရော အောက်အကြေမှာရော ဓနရှင်ဖြစ်သူတွေ ကိုယ့် အမျိုးထက် မသာဘူးလို့ ယူဆသလား။
တပည့်တော်။ ။ လိုရင်းဖြစ်တဲ့ ဘုရားဒကာ-ကျောင်းဒကာဖြစ်ခြင်း၊ လူကြီးလူကောင်း သိက္ခာရှိခြင်းမှာ မသာကြဘူးလို့ ဆိုလိုပါတယ်၊ ဓနပေါမှုကတော့ မြို့က အလုပ်အကိုင်ကြီးလို့ ပိုပြီး ပေါမှန်း သိပါတယ်၊ ရုပ်ရေ အဆင်း အဝတ်အစား အနေအထိုင်ချင်းလဲ မြို့ကသာပါတယ်၊ မြို့ချင်း တူပြန်ရင်လဲ အရာရာ အောက်မြို့တွေက သာတာများပါတယ်၊ မြန်မာနိုင်ငံနဲ့ နိုင်ငံကြီးတွေရဲ့ ဓနရှင်ချင်း နှိုင်းစာရင်လဲ အလုပ်အကိုင်ကြီးတဲ့ နိုင်ငံကြီးတွေက သာပါတယ်၊ ဗဟုသုတ အရာမှာလဲ နိုင်ငံကြီးတွေက သာပြန်တာပါပဲ၊ ဒီလို သာတာတွေကို တပည့်တော် နားလည်ပါတယ်။
ဒါပေမယ့်လဲ အရည်အချင်း သမာဓိ သိက္ခာနဲ့ အမြော်အမြင် ပညာတော့ မသာပါဘူး၊ သတ္တိဗျတ္တိမှာလဲ မသာနိုင်ပါ၊ လက်နက်ချင်း လူဦးရေချင်းသာ မကွာရင် တပည့်တော်တို့ ဗမာတွေဟာ ဘယ်သူ့ကိုမှ မကြောက်ပါဘူး၊ ယခုတော့ အခြေခံက ကွာနေလွန်းလို့ လျှော့နေရတာပါ။
ဓမ္မဂုတ်။ ။ ဒီလို ယူဆရင်တော့ ကိုယ်တော့အထင်ဟာ လမ်းမှန်ကျပါတယ်၊ တပည့်တော်က ကိုယ်တော်ဟာ အကြောင်းမဲ့ အထင်ကြီးပြီး “ကိုယ့်ငါးချဉ် ကိုယ်ချဉ် နေတာလား”လို့ပါ။
တပည့်တော်။ ။ အရှင်ဘုရား ... ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတရားတော်ဟာ ဘယ်လောက် လမ်းမှန်ကျအောင် ညွှန်ပြနိုင်တယ်ဆိုတာရယ်၊ တမလွန်ဘဝတွေကို ပြေး၍ ကြည့်သလို သိအောင် ညွှန်ပြနိုင်တယ် ဆိုတာရယ်၊ လောကကြီးမှာ ရုပ်နာမ်မှတစ်ပါး ဘာမှ မရှိဘူးလို့ ကောက်ချက်ချ၍ ပြနိုင်တယ် ဆိုတာရယ် လေးလေးနက်နက် စဉ်းစားကြည့်ပြီး (မပြနိုင်ဘူးလို့) ငြင်းရဲရင် ငြင်းစမ်းပါ၊
ဒါ့လောက် အတွင်းကျကျ တရားလက်ကိုင်ရအောင် လေ့လာပြီးတဲ့ ပုဂ္ဂိုလ်မှန်ရင် ကိုယ့်ကိုယ်ကိုလဲ အထင်မကြီး၊ ဘာမှလဲ အထင်မကြီးပါဘူး၊ ဘယ်နေရာမှလဲ သတ္တိမကြောင်ဘူးဆိုတာ စွဲစွဲမြဲမြဲ မှတ်လိုက်ပါဘုရား၊ ဒီတော့ တပည့်တော်က အမျိုးကို အရမ်းမဲ့ အထင်ကြီးနေတာ မဟုတ်ပါဘူး။
ဓမ္မဂုတ်။ ။ ကဲကဲကျေနပ်ပါတယ် ကိုယ်တော်၊ မန္တလေးရောက်တော့ စာကို ဆက်ပို့ချရမှာပေါ့နော်။
တပည့်တော်။ ။ စာကိုလဲ ဆက်ချရပါတယ်၊ အတော်ကလေးကြာတော့ ညီကိုရင် ရဟန်းခံပေးဖို့ရာ ကျွန်းကုန်းက ဒကာမကြီး ဒေါ်လှခင်နဲ့ “အမလေး”လို့ ခေါ်ကြတဲ့ သမီးအကြီးရယ်၊ “သခင်ဟိန်”လို့ ခေါ်ကြတဲ့ သားတစ်ယောက်ရယ် ရောက်လာကြပါတယ်၊ ရန်ကုန် ဗဟန်းက ဒေါ်ဝံသီတို့လဲ စစ်ကိုင်းဘက် သီလရှင်များ၏ စီစဉ်ချက်အရ အတူစပ်ပြီး ရဟန်းခံရအောင် ရောက်လာကြပါတယ်။
ဓမ္မဂုတ်။ ။ ရဟန်းခံကိစ္စအတွက် ရဟန်းလောင်းဖို့ ပစ္စည်းတွေက ကိုယ်တော် ရဟန်းခံတုန်းကလို ကျမ်းစာအုပ်တွေ များများ ဟုတ်ရဲ့လား။
တပည့်တော်။ ။ ဘာဟုတ်လိမ့်မှာတုန်း၊ စာအုပ်က ပြည့်စုံပြီးဖြစ်လို့ စာဗီရိုသာ စာအုပ်နည်းနည်းနဲ့ ပါပါတယ်၊ ကျန်ပစ္စည်းတွေက “ပိုးကော်ဇောက တစ်ရာတန် သားမွေးစောင်က တစ်ရာတန် ခြင်ထောင် - ခေါင်းအုံး ယူနီဖောင်းသေတ္တာ”စသော ပစ္စည်းတွေ ဖြစ်ပါတယ်၊ ကော်ဇော-စောင် သေတ္တာဝယ်တာကို သီလရှင်များ ဝယ်ပြီးမှ သိပါတယ်၊
ဆွမ်းစားပင့်လို့ ဝိသုဒ္ဓါရုံတိုက်က ကြွလာတဲ့ သံဃာတော် နှစ်ရာလှူဖို့ မောဂ္ဂလ္လာန် နိဿယ အတွဲ (၁)ကိုတော့ ဆရာတော် အလိုကျ တပည့်တော် စီမံလိုက်ပါတယ်၊ (ဆရာတော်က တစ်ခါတည်း အုပ်ကြီး မတတ်နိုင်လို့ ပထမအုပ်အသေးစား ခွဲပြီး ရိုက်ရပါတယ်၊ တစ်အုပ်မှ တစ်ကျပ်ကျပါတယ်။)
ဓမ္မဂုတ်။ ။ ကော်ဇောကြီး စောင်ကြီးတွေဟာ ကိုယ်တော့်ဝါဒနဲ့ ကိုက်ညီရဲ့လား။
တပည့်တော်။ ။ ဘယ်ကိုက်ညီမှာတုန်း၊ ဒါ့ကြောင့် အဲဒီ ရဟန်းခံကိစ္စ၌ တရားဟောတဲ့အခါ “ရဟန်းကလေးဆိုတာ သစ်ပင်နဲ့ တူတယ်၊ သစ်ပင်ကလေးဟာ ရေမရှိရင်လဲ ခြောက်ပြီး သေတတ်တယ်၊ ရေများရင်လဲ အအေးမိပြီး သေတတ်တယ်၊ ရဟန်းဒကာ - ရဟန်းအမဆိုတာ သစ်ပင် စိုက်တဲ့သူနဲ့ တူတယ်၊ ကိုယ့်သစ်ပင်ကို သတိထားပြီး စိုက်ရတယ်၊ လုံးလုံး အထောက်အပံ့ မရှိခြင်းဟာ ရေမလောင်းဘဲ ထားတာနဲ့ တူတယ်၊ သိပ်ပြီး ထောက်ပံ့လှူဒါန်းတာဟာ ရေအလောင်းများတာနဲ့ တူတယ်”လို့ ဟောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် ညီရဟန်းမှာတော့ အဲဒီလို ပစ္စည်းကောင်းတွေကြောင့် အအေးမမိဘူးလား။
တပည့်တော်။ ။ အအေးမိရုံတွင် ဘယ်ကမလဲ၊ နောက်တော့ လူထွက်တာပါပဲ။ တပည့်တော်ညီက နဂိုက အလွန်သွက်ပါတယ်၊ လူလဲ သွက်တယ်၊ ရုပ်လဲ သွက်တယ်၊ အသံလဲ ကောင်းတယ်၊ အဲဒီလို သွက်လွန်းလို့ တပည့်တော် မနှစ်သက်ပါဘူး၊ တပည့်တော်က တည်တည်မှ သဘောကျတာပါ၊ သူ့ရဲ့ ရဟန်းအမသမီးတွေက ပြောကြပါသတဲ့၊ နောင်တော်နဲ့ ညီတော်ဟာ နည်းနည်းပဲ ကွာတယ်၊ နောင်တော်က ဘာကိစ္စမဆို စားတာသောက်တာ မှစ၍ အချိန်နာရီ တိကျမှ ကြိုက်တယ်၊ ညီတော်က ဘာကိစ္စမဆို အချိန် နာရီ တိကျဖို့ မလိုဘူးလို့ ပြောကြပါသတဲ့၊ ဒါပေမယ့် သူတို့ဦးပဉ္စင်းကို အလွန် ကျေနပ်ကြပါတယ်၊
တပည့်တော်က သူ့စိတ်ဟာ လူ့ဘက်မှာတော့ အသုံးကျပါလိမ့်မယ်၊ သာသနာတော်နဲ့တော့ မသင့်လျော်ဘူးထင်လို့ ကိုရင်ဘဝ ၁၈ နှစ်သားလောက်က “မင်း လူထွက်ပါလား၊ လူထွက်ပြီး ဒကာကြီးနဲ့ အတူအလုပ်လုပ်ရင် အောက်မကျပါဘူး”လို့ ပြောခဲ့ဖူးပါတယ်၊ သူက တပည့်တော် ကွယ်ရာမှာ ပြောပါသတဲ့၊ “ ဒါလောက် လူထွက်စေချင်ရင် ရဟန်းဖြစ်ပြီးမှ ထွက်မယ်”လို့ ပြောပါသတဲ့၊ စိတ်သဘောထားချင်းက အဲဒီလောက် မတူတာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ညီဟာ ဉာဏ်တော့ အင်မတန်တော်တဲ့သူပါပဲ၊ ကိုယ်တော့်အောက် မလျော့ပါဘူး၊ သာရင်တောင် သာမှာပါ၊ ဒါပေမယ့် ကိုယ်တော်လို သမာဓိ မရှိလို့ ကိုယ်တော့်လို မဖြစ်တာ ထင်တယ်။ ကိုယ်တော်ကလဲ သာသနာတော်မှာ ပျော်အောင် ချော့မှ မထားပဲကိုး။
တပည့်တော်။ ။ တပည့်တော်က ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ကို အလွန် လေးစားပါတယ်၊ ဒီဘဝမှာ တရားကျင့်ပြီး မဂ်ဖိုလ်နိဗ္ဗာန် မြန်မြန်ရလိုတဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ ဆုတစ်မျိုးမျိုး မှန်းပြီး တကယ့်စိတ်ထားဖြင့် ပါရမီ ဖြည့်နေတဲ့ ပုဂ္ဂိုလ်တစ်မျိုး ဤနှစ်မျိုးသာ သာသနာတော်မှာ နေထိုက်တယ်လို့ ယူဆပါတယ်၊ ဒီလို ရည်ရွယ်ချက် မရှိတဲ့သူဟာ ဉာဏ်ကောင်းပြီး စာတတ်ရုံဖြင့် သာသနာ့ ဘောင်မှာ မနေထိုက်ပါဘူး၊ အစား အနေချောင်လို့ ဝင်လာတဲ့သူ၊ ဂုဏ်လာဘ်မျှော်၍ ဝင်လာတဲ့သူတွေ အတွက်တော့ သာသနာတော်နဲ့ လားလားမှ မထိုက်ပါဘူး၊ ဒီဘဝ ချောင်လေသမျှ နောင်ဘဝမှာ ကြပ်ဖို့ သေချာပါတယ်၊
မဟာဂန္ဓာရုံ ဆရာတော်ကလဲ “ရှင်ချောင် သေကြပ်၊ ရှင်ကြပ် သေချောင်”လို့ မိန့်တော်မူပါတယ်။ ဒါ့ကြောင့် တပည့်တော်ရဲ့ ညီကို သံသရာမှာ အသေမကြပ် စေလိုတဲ့ အတွက်ကြောင့်လည်းကောင်း၊ တပည့်တော်ရဲ့ အမျိုးထဲက သာသနာမှာ အချောင်ဝင်နေတယ်လို့ ထင်မှာစိုးတဲ့ အတွက်ကြောင့် လည်းကောင်း၊ တပည့်တော်ရဲ့ ညီအရင်းကို လူထွက်ခိုင်းရတာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ဝါမှာ ကိုယ်တော့်အတွက် ဆယ်ဝါရတော့မယ်၊ ကိုယ်တော် ကျန်းမာရေး ဘယ်လို နေသလဲ၊ ဘာကို အထူးလုပ်သေးသလဲ။
တပည့်တော်။ ။ ညီ ရဟန်းခံတုန်းက စုပေါင်းရိုက်ထားတဲ့ ဓာတ်ပုံကြည့်ရင် တပည့်တော်ရဲ့ ကျန်းမာရေး မကောင်းသေးကြောင်းကို တွေ့ရပါလိမ့်မယ်၊ ပိန်ရုံတွင် မက အသားအရေတွေ ခြောက်နေပါတယ်၊ အသားအရေ ခြောက်ရုံတွင်မက ထုံတုန်တုန် ရောဂါလဲ မပျောက်သေးဘဲ အားနည်းနေပါတယ်၊ ဒါ့ကြောင့် အများက “သိပ် အသက်ရှည်မှာ မဟုတ်ဘူး”လို့ ထင်ကြပါတယ်၊ တပည့်တော်လဲ ကိုယ့်ကိုယ်ကို ဒီလိုပဲ ထင်ပါတယ်၊
ဒါ့ကြောင့်မသေခင် ငါရဲ့ စဉ်စားဉာဏ်ကလေးများ ကျန်တန်သမျှ ကျန်ရစ်အောင် “သင်္ဂြိုဟ်ဘာသာဋီကာ”ကို စပြီး ရေးပါတယ်၊ နေ့စဉ်လိုလို လမ်းလျှောက်မှုကို အထူး ကြိုးစားပါတယ်၊ တစ်ခါတစ်ရံ ညနေ သုံးနာရီ အချိန်လောက် အဘယာရာမ တိုက်က ထွက်ပြီး နန်းမြို့ ကျုံးအနောက် မင်္ဂလာတံခါးနား ရောက်အောင် လျှောက်ပြီးမှ မြစ်ဆိပ်က လှည့်ပြီး ပြန်လာပါတယ်၊ အမှန်ကတော့ အားသိပ်မရှိဘဲနဲ့ ဒါလောက် လမ်းလျှောက်တာ နည်းလမ်းမှန်ဟန် မတူပါဘူး၊ ရောဂါရဲ့ အကြောင်းရင်းက ညောင်းတာ ကိုက်တာမှ မဟုတ်ဘဲ၊ အားနည်းတဲ့ ရောဂါပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို အမရပူရ ရဟန်းအမကလဲ တစ်လ (၁ဝိ) ထောက်ပံ့တယ်ဆို၊ အောက်ပြည်က ကြည်ညိုသူတွေလဲ အတော်ရှိနေပြီဖြစ်တော့ အားရှိတဲ့ ဆေးဝါးဓာတ်စာ မစားရဘူးလား။
တပည့်တော်။ ။ အဲဒီခေတ်က ယခုလို အားရှိစေနိုင်တဲ့ ဆေးလဲ မပေါသေးပါဘူး၊ စတုမဓူဆေးဟာ အားရှိစေနိုင်ပါတယ်၊ ဒါပေမယ့် ဖော်စရာ ပစ္စည်း မရှိပါဘူး၊ အလိုက်သိစွာ လှူမယ့်သူလဲ မရှိပါဘူး၊ ရဟန်းအမက လစဉ် ထောက်ပံ့တဲ့ (၁ဝိ) ကတော့ နွားနို့သောက်ဖို့ - ရှာလပတ်ရည်သောက်ဖို့ လောက်သာ ဖြစ်ပါတယ်၊ တပည့်တော်ကလဲ သူတို့ဆီကို ယခုအထိ တောင်းလေ့ မရှိပါဘူး။
ဓမ္မဂုတ်။ ။ ကြည်ညိုတဲ့ သူတွေကို တောင်းကောင်းတယ် မဟုတ်လား။
တပည့်တော်။ ။ ဆွေမျိုး မတော်သူတို့က “အလိုရှိတာ တောင်းပါ”လို့ ဖိတ်မန်မှု မရှိလျှင် ရေကိုမျှ မတောင်းကောင်းဘူးဆိုတာ အရှင်ဘုရားလဲ သိမှာပေါ့။
ဓမ္မဂုတ်။ ။ ဒီလို မဖိတ်မန်သူ့ထံ တောင်းလို့ရတော့ ဘာအပြစ်ရှိတုန်း။
တပည့်တော်။ ။ တောင်းလျှင် အာပတ်သင့်တယ်၊ ရတော့လဲ အာပတ်သင့်တယ်၊ သုံးတိုင်းသုံးတိုင်းလဲ အာပတ်သင့်တာပဲ၊ အခြား ရဟန်းများက ထို ပစ္စည်းကို သုံးပြန်လျှင်လဲ သုံးစွဲသူတိုင်းမှာ အာပတ်သင့်ပါသတဲ့ဘုရား။
ဓမ္မဂုတ်။ ။ လူတွေက ဝိနည်းကို နားမလည်တော့လဲ မခက်တန်ပဲနဲ့ ခက်ကုန်တာပါပဲ၊ တချို့ ကိုယ်တော်များကလဲ ဝိနည်းတော်နဲ့ အပ်သည်ဖြစ်စေ မအပ်သည်ဖြစ်စေ တောင်းကြတာပဲ မဟုတ်လား၊ အဲဒီလို တောင်းမှု ရမ်းမှု ဦးမလေးတော့ ဒကာ-ဒကာမတွေက တပည့်တော်တို့ ဘုန်းကြီးတွေကို အထင်သေးကြတာပေါ့၊ တပည့်တော်ကလဲ ဘုန်းကြီးတွေ အထင်သေး ခံရတာကို လုံးဝ မလိုလားပါဘူး။
တပည့်တော်။ ။ အဲဒီ ပုဂ္ဂိုလ်တွေကြောင့် ဝိနည်းလေးစားတဲ့ သံဃာတော်တွေမှာ သာပြီး အနေအထိုင် ခက်ကုန်တာပဲ မဟုတ်လား၊ တချို့မှာ မတောင်းကောင်းတဲ့ ဒကာတွေထံ ကျောင်းဆောက်ဖို့တောင် တောင်းကြတယ်၊ တချို့ကလဲ ကျောင်းဒကာ မှန်းသလောက်ထက် အပိုစီမံကြတယ်၊ ဒါ့ကြောင့် ကျောင်းကြီးတွေပါ မအပ်မရာ ဖြစ်ပြီး ဝိနည်းလေးစားတဲ့ ကိုယ်တော်များက အဲဒီကျောင်းကို မတက် မနင်းဘဲ ငြင်းတော်မူကြ၊ ဒီလို ငြင်းလို့ ရန်ဖြစ်ကြနဲ့ သာသနာ့ ဘေးရန်ကြီး မဖြစ်သင့်ဘဲ ဖြစ်လာတာပေါ့ ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို ဝိနည်းတော်အရ မအပ်တဲ့ကျောင်း၊ မသုံးကောင်းတဲ့ ကျောင်းတွေကို အပ်အောင်လုပ်လို့ မဖြစ်နိုင်ဘူးလား။
တပည့်တော်။ ။ အစိုးရက ကူညီလာတဲ့အခါ အားလုံး အပ်အောင်လုပ်လို့ ဖြစ်နိုင်တဲ့နည်းလမ်း ရှိပါတယ်၊ ရပ်ရွာလူကြီးများက နားလည်ဖို့လဲ လိုပါတယ်၊ ကျောင်းဒကာ ဆိုင်ရာက ပြန်သိမ်းပြီး အပ်အောင် ပြန်လှူရင် အပ်သောကျောင်း ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ဒီအချိန်အထိ သီးခြားကျောင်းတော့ မရှိသေးဘူးနော်။
တပည့်တော်။ ။ ရှိတော့ မရှိသေးပါဘူး၊ ဒါပေမယ့် တိုက်ကြီးပေါ်က ထုံနာနဲ့ မတည့်လို့ ကျောင်းဒကာကြီးများ ဥပုသ်စောင့်ဖို့ ဆောက်ထားတဲ့ ဝါးကပ်မိုး ထရံကာ အသားဇရပ်ကို ဆင်းနေပါတယ်၊ မကြာခင်ဘဲ ထန်းလျက်ပွဲစားကြီး ဦးဘနဲ့ ဆက်သွယ်ပြီး ပွဲစားကြီး ဦးကံ-ဒေါ်ပွားတို့က ငါးခန်း လေးခန်းလို့ ဆိုရလောက်တဲ့ နှစ်ထပ်တိုက်တစ်လုံးကို အဘယာရာမ တိုက်ထဲမှာ တည်ပါတယ်၊
ထိုအချိန်နဲ့ မရှေးမနှောင်းမှာဘဲ ချပ်သင်းသူဌေး ဦးဘတင်ရဲ့ မိခင် မှုံမှုံက ဆောက်ပြီးခါစ ကျောင်းသစ်ကြီးအတွက် တပည့်တော်ကို ပင့်ပေးဖို့ ချပ်သင်းချောင်ဆရာကို တိုက်တွန်းပါတယ်၊ ချပ်သင်းချောင် ဆရာကလဲ တပည့်တော်ကို အမကြီး တစ်ယောက်လိုပဲ ကြည်ညိုပါတယ်၊ အားလုံး အဆင်ပြေပြီး တစ်သက်လုံး ချမ်းသာမည့် လမ်းကြောင်းတွေကိုလဲ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က လက်မခံဘူးလား။
တပည့်တော်။ ။ ကြည်ညိုတဲ့ ဒကာမကြီးကို ငဲ့ပြီး တစ်ဝါလောက်တော့ နေနိုင်ပါရဲ့ . အမြဲတော့ မနေချင်ပါဘူးလို့ ပြောပါတယ်၊ ဒီလိုတော့လဲ ဘယ်ဖြစ်မလဲ ဦးပဉ္စင်းလို့ ပြောပါတယ်၊ ဒါနဲ့ မနေဖြစ်ပါဘူး၊ မနေဖြစ်ပေမယ်လို့ မရင်းနှီးရုံသာ မရင်းနှီးတာပါ၊ ကြည်ညိုတာတော့ မပျက်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာဖြစ်လို့ မနေချင်တာတုန်း၊ အဲဒီတုန်းက နေလိုက်ရင် အစစအရာရာ ချမ်းသာမယ်ဆိုတာ မမြင်ဘူးလား။
တပည့်တော်။ ။ ချမ်းသာရုံတင်မကဘူး၊ “သူဌေးကိုးကွယ်တဲ့ ဆရာတော်ကလေး” လို့ နာမည်လဲ သိပ်ကြီးသွားမယ်ဆိုတာ တပည့်တော် သိပါရဲ့ ၊ ဒါပေမယ့် စစ်ဗိုလ်ကောင်းရဲ့ အလုပ်ကောင်းဟာ ဆင်းရဲတဲ့ စစ်မြေပြင်မှာသာ ထင်ရှားနိုင်သလို၊ စာချကောင်းရဲ့ အလုပ်ကောင်းဟာ စာသင်သား အများဆုံးနေရာ မန္တလေးလို နေရာမျိုးမှာသာ ရှိနိုင်တယ်ဆိုတာ တပည့်တော်ရဲ့မူ ဖြစ်ပါတယ်၊ ဒါကြောင့် တပည့်တော်ရဲ့ ဆရာကိုပင် မြောင်းမြမှ မန္တလေးရောက်အောင် ကြံစည်သေးတယ် မဟုတ်ပါလား။
ဓမ္မဂုတ်။ ။ ကိုယ်တော် တွက်ကိန်းနဲ့တော့ သာသနာ့အလုပ်ကို တကယ် လုပ်ချင်ရင် မန္တလေးမှာပင် နေရမှာပေါ့နော်၊ မန္တလေးက ပွဲစား ဦးကံကြီးတိုက် ပြီးတဲ့အခါ ကိုယ်တော် နေတာပဲလား။
တပည့်တော်။ ။ နဂိုကလဲ တပည့်တော်ကို ရည်စူးတာပါ၊ ဆရာတော်ကလဲ တပည့်တော်ကို ထားလို့ တပည့်များနဲ့ သီးခြား ခွဲခြား နေရပါတယ်၊ သီးခြားလဲ ဆရာတပည့် ဆွမ်းစားကြပါတယ်၊ ကျောင်းဒကာ-ကျောင်း အမများဆီ တပည့်တော် နံနက်စာစားဖို့ ညနေကသွားပြီး ဆွမ်းဟင်း ယူထားပါတယ်၊ အဲဒီ ဆွမ်းဟင်းကို ကျောင်းမှာရှိတဲ့ ဟင်းသီးဟင်းရွက် ငါးပိ-ငံပြာရည် ဆီတို့နဲ့ များအောင် ပွားပြီး ဆရာတပည့် စားကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကျောင်းမှာ သံဃာက ဘယ့်လောက်ရှိတုန်း။
တပည့်တော်။ ။ အများဆုံး ၂၁ ပါးသာ ရှိဖူးပါတယ်။ (တစ်တိုက်လုံးမှာလဲ အများဆုံး ၅၁ ပါးသာ ရှိဖူးပါတယ်။)
ဓမ္မဂုတ်။ ။ အဲဒီ ရှိသမျှ တပည့်နဲ့ အတူ စားတာပဲလား၊ ဆန် ဆီ ဆား စသည်တို့ကို ဘယ်လို ရသလဲ။
တပည့်တော်။ ။ ဆန်ကတော့ တိုက်ဒကာ တိုက်အမကြီးများက ကျောင်းခွဲသော်လဲ ခွဲပြီး ထောက်ပံ့ပါတယ်၊ ဆီ စသည်ကတော့ တပည့်တော် သရိုင်အလှူ စသည်ကလဲ ရတန်သမျှ ရပါတယ်၊ တပည့်များကလဲ သူတို့ အရပ်က ယူလာကြပါတယ်၊ ဆီပိုလျှင် အဲဒီ ဆီနဲ့ ဆား-ငါးပိငံပြာရည် စသည် ဖြစ်စေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တပည့်များနဲ့ အတူစားဆိုတော့ ပိုပြီး ရင်းနှီးကြ သြဝါဒကို နာယူကြမှာပေါ့ နော်။
တပည့်တော်။ ။ သိပ်တော့လဲ မဟုတ်လှပါဘူး၊ တခြားကျောင်းတွေစာရင်တော့ တော်တယ်လို့ ဆိုရမှာ ထင်ပါရဲ့ ၊ တပည့်တော်ဝါဒက စာသင်သားတွေကို နံနက်ဆွမ်း မကျွေးနိုင်ရင်ဖြစ်စေ၊ နေ့ဆွမ်းအတွက် ကျောင်းက အကူအညီ မပေးနိုင်ရင်ဖြစ်စေ၊ သူတို့ဘာသာ ပိုက်ဆံနဲ့ ဝယ်စားရမှာပေါ့၊ ဒီလို ဝယ်စားရကတည်းက သူတို့ကိုယ်တိုင် အာပတ်သင့်မှန်း သိနေတာ ဖြစ်တော့ “တစ်တက်စားလဲ ကြက်သွန် နှစ်တက်စားလဲ ကြက်သွန်” ဆိုတာလို လက်လွန်မှဖြင့် မထူးဘူးဆိုပြီး အခြား အာပတ်တွေကိုပင် မစောင်းစည်းဘဲ နေကြတော့မှာပေါ့၊ ဒီလို အာပတ် ဗလပွေနဲ့နေရင် ဘယ်မှာ အသေကောင်းတော့မှာလဲ၊ သေပြီး အပါယ်ကျရမယ်ဆိုရင် သာသနာတော် အကျိုးရပုံဟာ အပါယ်လေးပါးသာ ဖြစ်စရာရှိတော့ ဘုရာရှင်၏ ရည်ရွယ်တော်မူချက်နဲ့ ဘယ်မှာ ကိုက်ညီတော့မှာလဲ။ ဒါ့ကြောင့် စားရေးကစပြီး အာပတ်မသင့်အောင် ထိမ်းပေးရမယ်လို့ စဉ်စားပြီး နံနက်ဆွမ်း၊ နေ့ဆွမ်း အတူ စားလာခဲ့တာပါဘုရား။
ဓမ္မဂုတ်။ ။ ဒီလို ကျွေးမွေးဖို့ ကြိုးစားတဲ့အခါ လွယ်ကူရဲ့လား။
တပည့်တော်။ ။ မလွယ်ကူတာမှ အလွန့်ကို မလွယ်ကူတာပါဘုရား၊ တစ်ခါတော့ စဉ်းစားမိပါတယ်၊ သာသနာတော်ကို သန့်ရှင်းစွာဖြင့် ကြီးကြီးကျယ်ကျယ် ပြုလိုသော်လဲ ယခုလက်ရှိ နှစ်ဆယ်လောက်ကိုပင် အတော် ဝန်လေးနေတာဖြစ်တော့ သာသနာတော် တစ်ရပ်လုံးမှာ အကပ္ပိယငွေရှိမှ ဖြစ်မယ့် ဒီစနစ်အတိုင်း သွားလို့တော့ “သာသနာသန့်ရှင်းအောင် ပြုဖို့ မလွယ်တော့ပါတကား”လို့ စဉ်းစားမိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို တွေးမိတော့လဲ တပည့်တော်တို့ရဲ့ သာသနာပြုရေးဟာ အငိုလွယ်ပြီး အရှိုက်ခက်သလို ဖြစ်နေတာပေါ့နော်၊ ဝမ်းနည်းစရာပါပဲ။
တပည့်တော်။ ။ ဝမ်းနည်းမယ်ဆိုရင်လဲ ဝမ်းနည်းစရာပါပဲဘုရား၊ ဒါပေမယ့် ကျွန်းနဲ့ ကိုင်းပမာ ဆရာ ဒကာ လက်တွဲပြီး စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်ကြရင်တော့ ကောင်းသော သာသနာကို မျှော်မှန်နိုင်ပါသေးတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီအချိန်မှာ ကိုယ်တော်ဟာ (၁၁) ဝါလောက် ရှိနေပြီမို့ အသက် ၃၀ ပြည့်နေပြီ၊ တစ်ခန်းရပ်ကြအုံးစို့ရဲ့။
နိဂုံး။ ။
သုံးဆယ်တွင်းမှာ, ဖြစ်ပျက်ပုံကို,
စုံတန်သမျှ, စုံစေ့ငအောင်,
ရေးရစုပေါင်း, အကြောင်းကြောင်းဝယ်,
ဉာဏ်ကောင်းလုံ့လ, အသုံးချသဖြင့်,
လုံးဝအကျိုး, တစ်ဂုဏ်တိုးလည်း,
ရှိရိုးရောဂါ, အားနည်းစွာဖြင့်,
ခန္ဓာအတွက်, တိုး-မတက်ဘဲ,
အသက်နေပုံ, မသေရုံသည်, ...
လူ့ဘုံ ဌာန ဝေးမည်ထင့်။
၁၀။ သုံးဆယ်လွန်ကယ် - သက်လေးဆယ်
▬▬▬▬▬▬▬▬
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို အသက် မရှည်ပေဘူးလို့ အများကလဲ ထင်, ကိုယ်တော် ကိုယ်တိုင်လဲ ထင်နေပါလျက် အသက်ရှည်နေတာကတော့ ဘာ့ကြောင့်လဲ ကိုယ်တော်။
တပည့်တော်။ ။ ရှေးကံဆိုတာ အလွန်လဲ ဆန်း-အလွန်လဲ စွမ်းပါတယ်။ ကျန်းမာရေး လိုက်စားဖို့ရန် တပည့်တော်မှာ အသိဉာဏ်လဲ မရှိသေးပါဘူး။ ကျန်းမာရေးကို ပြုပြင်လို့ ရနိုင်တယ်ဆိုတာလဲ နားမလည်သေးပါဘူး၊ ဒါပေမယ့် တပည့်တော်မှာ ရှေးရှေးက ပါလာတဲ့ ကံကတော့ တပည့်တော်ရဲ့ ကျန်းမာရေးကို လမ်းစပေါ်အောင် စီမံပေးသလို ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ဖြစ်ပုံကလေး ပြောစမ်းပါအုံး။
တပည့်တော်။ ။ အလံကုန်းမှာ နာမည် ထင်ရှားပြီးဖြစ်သော ဘုန်းတော်ကြီး ဦးနာယကနဲ့ မြောင်းမြဆရာတော်တို့မှာ သက်ရွယ်တော် တူကြပြီး အလွန်လဲ ရင်းနှီးကြပါတယ်၊ ဝိသုဒ္ဓါရုံ နေစဉ်က မြောင်းမြဆရာတော်လောင်းဆီမှာ ဘုန်းတော်ကြီး ဦးနာယကက စာတက်ဖူးလို့ အထူး လေးစားပါတယ်။ မြောင်းမြ ဆရာတော်လောင်းက ဘုန်းကံနည်းလို့ ဆင်းရဲချိန်မှာ ကူညီ ထောက်ပံ့ပါတယ်၊
အဲဒီ အချိန်မှာ ဘုန်းတော်ကြီး ဦးနာယကက မြောင်းမြ ပဇ္ဇောတာရုံတိုက်သို့ ကြွလာပါတယ်၊ ပဇ္ဇောတာရုံတိုက်မှာလဲ သံဃာ တော်တော်များနေပါပြီ၊ တပည့်တော်ကိုလဲ ဘုန်းတော်ကြီး ဦးနာယကက ဝိသုဒ္ဓါရုံတိုက် နေစဉ်တုန်းကပင် ခင်နေပါတယ်၊ ပဇ္ဇောတာရုံတိုက်သို့ ကြွရောက်ချိန်မှာ ရဟန်းခံပြီးဖြစ်တဲ့ တပည့်တော်ညီက ကျွန်းကုန်းနဲ့ မြောင်းမြကို မကြာခဏ သွားပါတယ်၊
ကျွန်းကုန်း ဒကာ-ဒကာမများကလဲ ဘုန်းတော်ကြီး ကောင်းကောင်းတစ်ပါး ကိုးကွယ်ချင်ပါတယ်, ဘုန်းတော်ကြီး ဦးနာယကကလဲ အလံကုန်း မပြန်ချင်တော့ ပါဘူးတဲ့။ ဒါ့ကြောင့်မို့ တပည့်တော် ညီရဲ့ ဆက်သွယ်မှုကို အကြောင်းပြုပြီး ဘုန်းကြီး ဦးနာယကကို ကျွန်းကုန်းက ပင့်ကြပါတယ်၊ ပင့်လို့ ရတဲ့အခါ ဥယျာဉ်ကြီးတစ်ခုကို “ရွှေကျင်ကျောင်းသစ်”လို့ သမုတ်ပြီး ကျောင်းတိုက် တည်လိုက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကျန်းမာရေးနဲ့ ဒီကျောင်းသစ်က ဘယ်လို ဆိုင်နေသလဲ, သဘောပေါက်အောင် ရှင်းပြစမ်းပါအုံး။
တပည့်တော်။ ။ ဆိုင်ပါသော်ကော ဘုရား, ကျန်းမာရေး အခြေခံဟာ အဲဒီ ကျောင်းတိုက်ပေါ့၊ အဲဒီ ကျောင်းတိုက် စသည်မိတဲ့အခါ ဒကာ-ဒကာမတွေ ကလဲ တပည့်တော်ကို လာစေချင်, ဘုန်းတော်ကြီးကလဲ လာစေချင်ပါတယ်။ ဒီ အကြောင်းကို တပည့်တော် သိပါတယ်၊ တပည့်တော်ကလဲ စာချကိစ္စကို အနားယူပြီး စာရေးချင်ပါတယ်၊
ဒါကြောင့် မန္တလေးကျောင်းတိုက်၌ ကထိန်ပြီးတဲ့အခါ လာခဲ့ပါ့မယ်လို့ လျှောက်လိုက် ပါတယ်၊ ဒီအကြောင်းကို ကျောင်းသစ်ဘုန်းတော်ကြီးက သိတဲ့အခါ တပည့်တော် လာရင် အေးအေး နေရအောင် သီးခြားကျောင်းကလေး စီမံနှင့်ပါတယ်၊ တပည့်တော်လဲ တန်ဆောင်မုန်းလ သရိုင်ကထိန်နဲ့ တိုက်ကထိန် ပြီးတော့ မန္တလေးမှ သွားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် တစ်ပါးတည်းလား, အဖော် ဘယ်သူပါသေးတုန်း။
တပည့်တော်။ ။ တစ်ပါးတည်းပါပဲ၊ ဒါ့ကြောင့် မန္တလေး ဘူတာကြီး၌ လိုက်ပို့သူများ ပြန်သွားတဲ့အခါ ရထားတွဲပေါ်မှာ တစ်ယောက်တည်း စဉ်းစားမိပါတယ်၊ “သေတယ်”ဆိုတာ ဒီလို တစ်ယောက်တည်း သေရတာပဲ၊ သေတဲ့သူဟာ ဘာမှ မပါတော့ဘူး၊ တပည့်တော်မှာ ဟိုကျရင် စာရေးဖို့ စာအုပ်သေတ္တာနဲ့ အဝတ်သင်္ကန်း အိပ်စရာ ခြုံစရာ ထည့်တဲ့ ဖာတစ်လုံး ပါသေးရဲ့၊ စားစရာလဲ မပါ၊ ဆာတတ်လို့ သောက်စရာတော့ ဓာတ်ဗူးထဲမှာ ထည့်ပေးလိုက်တဲ့ ဘိလပ်ရည် နှစ်လုံးစာပါရဲ့၊ ပိုက်ဆံလဲ လုံးလုံး မပါ၊
ဒီတော့ နက်ဖြန် နံနက် စားရေးမှစ၍ ကြောင့်ကြသေး သလားလို့ ကိုယ့်ကိုယ်ကို မေးပါတယ်၊ “မကြောင့်ကြတဲ့အပြင် စိတ်ကြည်၍ နေပါတယ်”၊ နက်ဖြန်နံနက် ပြွန်တန်ဆာ ရထားဆိုက်ရင် ပြွန်တန်ဆာက လာကြိုလိမ့်မယ်၊ ထိုနေရာမှာ ရက် အနည်းငယ်နေပြီး ရန်ကုန်ရောက်တော့လဲ ရန်ကုန်က ဒေါ်သက်စု, ဒေါ်ဂုဏ, ဒေါ်ဉာဏတို့က ဂရုစိုက်လိမ့်မယ်၊
ရန်ကုန်မှာ ခေတ္တ နားပြီးရင် ကျွန်းကုန်းသွားမယ်၊ သခင်ဟိန်တို့က ဝါးခယ်မကို လာပြီး ကြိုကြလိမ့်မယ်၊ အဲဒီလို တွေးပြီး မန္တလေးက အဖော်တွေ မပါဘဲ တစ်ယောက်တည်း စိတ်အေးချမ်း နေပါတယ်။ ထို့နောက်“သေကြတယ်ဆိုတာ ဒီလိုပဲ”လို့ စဉ်းစားမိပါတယ်၊
ဒီဘဝက ပစ္စည်းတွေလဲ ဘာမှ မယူနိုင်ဘူး, သံယောဇဉ် ဖြစ်သူများလဲ တစ်ယောက်မှ မပါနိုင်ဘူး၊ ဒါပေမယ့် ကုသိုလ်ကောင်းမှုတွေ ကောင်းကောင်း ပြုနေတဲ့သူ အတွက်တော့ ထို ကောင်းမှုတွေက နောက်ဘဝတွေမှာ ဆွေမျိုးအသစ် မိတ်ဆွေ အသစ်လိုဖြစ်ပြီး စားဝတ်နေရေးမှစ၍ အားလုံး အဆင်ပြေအောင် စီစဉ်ထားသလို ဖြစ်စေတာပဲ၊
ဒီတော့ ဒီဘဝက သက်ရှိသက်မဲ့ ပစ္စည်းတွေ သံယောဇဉ်တွေကို တွယ်တာနေဖို့ မလိုပါဘူး၊ မိမိမှာ ကုသိုလ်ဆွေမျိုး နေ့စဉ် တိုးဖို့သာ လိုပါတယ်၊ သံယောဇဉ် ဖြစ်နေသူတွေလဲ သူတော်ကောင်းချည်း ဖြစ်ရင် ပြန်လည်တွေ့ဆုံဖို့ လမ်းစဉ် ရှိပါတယ်၊ သူယုတ်မာ သံယောဇဉ်တွေကိုတော့ ပြန်မတွေ့လေ ကောင်းလေပေါ့၊ ဤသို့ ရထားပေါ်မှာ တစ်ယောက်တည်း အတွေးကောင်းနေတုန်းမှာ နောက်ထပ် စီးမယ့် ခရီးသည်များ ရောက်လာတာနဲ့ အရေးကောင်း ဒိန်း-ဒေါင်းဖျက်သလို ဖြစ်သွားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်လမ်းစဉ်အတိုင်း ကျွန်းကုန်းရောက်တော့ ကိုယ်တော်ရဲ့ မျှော်မှန်းချက် ကိုက်ရဲ့လား။
တပည့်တော်။ ။ စိတ်ကူးခဲ့တာထက် ပိုပြီး ကျေနပ်ဖွယ်တွေကို တွေ့ရပါတယ်။ ဘုန်းတော်ကြီးဦးနာယကက တပည့်တော်ကို မန္တလေး ကျောင်းသားဘဝတုန်း ကတည်းက ခင်နေတဲ့အပြင် စာမေးပွဲတွေအားလုံး ပြီးစီးနေတာကို သတင်းကြားလို့ အတော် ချမ်းသာအောင် စီစဉ်ထားပါတယ်၊
အဲဒီ ဘုန်းတော်ကြီးနဲ့အတူ စာချဘုန်းတော်ကြီးကလဲ တပည့်တော်နဲ့ ပလိပ်မှာရော ပခုက္ကူမှာရော အတူနေဖြစ်တဲ့ (ယခု လပွတ္တာဆရာတော် ဖြစ်နေတဲ့) ဘုန်းတော် ကလေး ဦးကုသလ ဖြစ်ပါတယ်၊ ကျောင်းသစ်ဆိုင်ရာ ဒကာဒကာမ အားလုံးကလဲ အရေးစိုက်ကြလို့ တပည့်တော်မှာ စိတ်ရော ကိုယ်ပါ အလွန်ချမ်းသာပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဘယ်လောက်အထိ ချမ်းသာအောင် ပြုကြလို့ ကိုယ်တော်က ကြားရသူတွေ သွားရည်ယိုလောက်အောင် ပြောနေရတာတုန်း။
တပည့်တော်။ ။ ရောက်-ရောက်ချင်း တပည့်တော်နေဖို့ ကျောင်းကလေးကို တွေ့ရတော့ စိတ်ချမ်းသာလွန်းလို့ အောက်ပါ ဥဒါန်းဂါထာကို ရေးမိ ပါတယ်၊ ကျောင်းကလေးက ၂ ခန်း ၃ ခန်း, စမြင်က အောက်အနိမ့် ၃ ခန်း ၁ ခန်း ရှိပါတယ်, ၃ ခန်း ပတ်လည်လို ဖြစ်နေတာပေါ့, အဲဒီ ကျောင်းကလေးမှာ ဘုန်းတော်ကလေး ဦးကုသလနဲ့အတူ နေရပါတယ်။ ကျောင်းဖွဲ့ ဂါထာကလေး ကြည့်ပါ။
သပ္ပာယော အာလယော မယှံ, သောကရောဂံ တိကိစ္ဆယံ၊
ဂန္ထ ကမ္မံ ပဓာနာယ, သန္တော သန္တသုမာပိတော။
သန္တော - လေးပင်တိုင်တန်း, ဓနိလွှမ်းလျက်, ဆန်းပြားပလေ, လွမ်းအား ပြေအောင်, ကြမ်းကြားလေ တညှင်းညှင်းနဲ့ တသင်းသင်း အေးမြပေထသော၊
သန္တသုမာပိတော - မလာမီပင်, ဟိုယခင်က, ကြိုတင်ကာ သူတော်ကောင်းတို့ စုပေါင်းသိုက်မြိုက်, ထိုက်အလိုက်ဖြင့်, ကတိုက်ကရိုက် ဖန်ဆင်းအပ်ထသော၊
မယှံ - ငါ၏၊
အာလယော - ယခုလိုကံ, ကုသိုလ်ဖန်သဖြင့်, အရံသင့် အစွမ်းကုန်, စခန်းစုံ၍, မန်းဘုံမေ့မျှ, မွေ့စရာနှင့် တွေ့ရပေတောင်း, ဤ ကျောင်းကလေးသည်၊
သောကရောဂံ - သောက ဗျာပါ, အရာရာနဲ့ ခါခါပွားတိုး, ရောဂါမျိုးကို၊
တိကိစ္ဆယံ - ကုစားဖေးမမ ဘေး မခအောင်, အေးမြစေမှု ကင်းအောင်ပြုလျက်၊
ဂန္ထ ကမ္မံ - သာသနာ့ ဝန်ထမ်း, ရဟန်းတို့တာ, ကျမ်းစာပြုနည်း, အမှုကြီးကို၊
ပဓာနာယ - မကြောက်မရွံ့ နောက်မတွန့်ဘဲ, သက်စွန့်ကြိုးကုတ် အားထုတ်ခြင်းမှာ၊
သပ္ပာယော (ဝတ) - ဆေးဝါးလည်းစုံ, ဓာတ်စာစုံသဖြင့်, အကုန်မြင့်ကြွယ်, သြော်... အပုံကြီး တင့်တယ်ပါပေစွတကား။
ဓမ္မဂုတ်။ ။ အဲဒီ ဓနိကျောင်းကလေးမှာ နေရတာနဲ့ပဲ ကိုယ်တော့်ကျန်းမာရေးက ကောင်းလာရောလား။
တပည့်တော်။ ။ ဒီဟာကြောင့်ချည်းတော့ ဘယ်ဟုတ်မလဲဘုရား, ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်အစဉ်ဟာ ကမ္မဇရုပ်စဉ် - စိတ္တဇရုပ်စဉ် - ဥတုဇရုပ်စဉ် - အာဟာရဇ ရုပ်စဉ် အားဖြင့် လေးပါးသော ရုပ်အစဉ်တွေ ဖြစ်ပျက်နေတာဖြစ်လို့ စိတ်-ဥတု-အာဟာရ ဆိုင်ရာတွေက စုံပြီးကောင်းလို့သာ ကျန်းမာရေး ကောင်းဖို့ ဖြစ်လာတာပါ။
ဓမ္မဂုတ်။ ။ ဘယ်လိုကောင်းပုံလဲ ကိုယ်တော်။
တပည့်တော်။ ။ နံနက် အရုဏ်ဆွမ်း စားတဲ့အခါ တပည့်တော်ဖို့ သီးခြား ဓာတ်စာဖြစ်တဲ့ ဟင်းတစ်ခွက် အပိုပါပါတယ်, အရုဏ်ဆွမ်းစားပြီး အတော်ကြာတဲ့ အခါ နေ့စဉ်မှန်မှန် အုန်းစိမ်းအရည် သောက်ရပါတယ်။
(ဆောင်းအခါမှာ အုန်းရည်နဲ့ သင့်မြတ်တယ် ဆိုတာကို ငယ်စဉ်ကပင် ကြားဖူးနေ ပါတယ်။)
နေ့ဆွမ်းလဲ သင့်မြတ်တဲ့ ဟင်းကိုရွေးပြီး စားနိုင်ပါတယ်၊ ဟင်းတွေက များတော့ ရွေးချယ်လို့ ရပါတယ်, နွားနို့လဲ ကောင်းကောင်း စစ်စစ် သောက်ရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို ကောင်းသော အစာတွေကို များများစားတဲ့အခါ အစာကြေရဲ့လား။
တပည့်တော်။ ။ တပည့်တော်ရဲ့ ကမ္မဇဝမ်းမီးက အလွန်ကောင်းပါတယ်, နေ့ဆွမ်းစား နွားနို့သောက်ပြီးနောက် ရေချိုး၍ နာရီဝက်ခန့် အိပ်လိုက်တဲ့ အခါမှာ ဝမ်းထဲ၌ ချောင်ချောင်လည်လည် ရှိသွားပါတယ်၊ ညနေကျတော့ ဆာလာပါတယ်။ ဒီအချိန်မှာ“ဝင်တို”လို့ ခေါ်တဲ့ ဘိလပ်ရည် အကောင်းစားကို သောက်ရပါတယ်, အဲဒီတုန်းက တစ်လုံးမှ ၆ ပြား ပေးရပါတယ်, မြို့မှာတော့ တစ်ပဲပါ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ရဲ့ စာသင်သားဘဝမှ စ၍ စာချဘုန်းကြီး ဖြစ်သည့်တိုင်အောင် အားနည်းနေတာဟာ အားရှိတဲ့ အာဟာရကို မစားရလို့ ဖြစ်ကြောင်း ထင်ရှားတာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်, စာသင်သားအများနဲ့ စာချဘုန်းကြီးများမှာ ဖြစ်တဲ့ ရောဂါဟာ အာဟာရချို့တဲ့မှုကစပြီး ဖြစ်ရတာ များပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ရဲ့ အာဟာရဇရုပ် တိုးတက်ဖို့ကတော့ သေချာနေပြီပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်, အောက်ပြည်ဥတုဟာ မိုးများလွန်းတဲ့အချိန်မှ တစ်ပါး ကျန်အချိန်မှာ အညာ အလယ်ပိုင်းဥတုထက် သာပါတယ်၊ တပည့်တော် ရောက်တဲ့ ဆောင်းတွင်းမှာ မန္တလေးဥတုလောက် မအေးပါဘူး၊ ဒါ့ကြောင့် တပည့်တော်ရဲ့ ခန္ဓာကိုယ်ဝယ် ဥတုဇရုပ် တိုးတက်ဖို့ရာလဲ အခြေခံ ရနေပါတယ်။
ဓမ္မဂုတ်။ ။ အင်း... စိတ္တဇရုပ် တိုးတက်ဖို့ရန် စိတ်ချမ်းသာမှုကတော့ ကျောင်း ကလေးရော-ဓာတ်စာ ဆေးဝါးရော-အစာ အာဟာရတွေရော စုံပြီး ကောင်းနိုင်တဲ့ အပြင်, ကြည်ညိုကြတဲ့ ဒကာ-ဒကာမတွေရဲ့ ပြုစုယုယမှုကို ခံရပြန်တော့ ကိုယ်တော့်ကံဟာ အပုံကြီး တက်လာပြီလို့ ဆိုရမှာပဲနော်။
တပည့်တော်။ ။ မှန်ပါတယ်, ဥပုသ်နေ့ဆိုရင် ဥပုသ်စောင့်ကြ, အခြားမှာလဲ ညနေစာထမင်း စားပြီးရင် ဒကာမကြီး တော်တော်များများ ဩဝါဒစကား နာယူကြနဲ့ သူတို့လဲ ပျော်ကြ-တပည့်တော်လဲ စိတ်ချမ်းသာခွင့် ရပါတယ်၊ ဒီတော့ စိတ္တဇရုပ် များလဲ မထင်မရှား တိုးနေပါလိမ့်မယ်ဆိုတာ မှန်းဆ သိနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီမှာနေတာ ဘယ်လောက်ကြာတုန်း။
တပည့်တော်။ ။ လေးလကျော်ကျော် ကြာပါတယ်၊ အဲဒီ အတွင်းမှာ သရိုင်က ဆွေမျိုးများနှင့် စပ်ပြီး ထူးဆန်းသော မှတ်စရာတစ်ခု ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ဖြစ်သလဲ။
တပည့်တော်။ ။ နေ့ဆွမ်းစားပြီး ရေချိုး, ရေချိုးပြီးနောက် ထုံးစံအတိုင်း အိပ်ပါတယ်၊ စောင်းပြီး အိပ်မပျော်တပျော် အချိန်မှာ သရိုင်မှာ လူစု လူဝေးနဲ့ အသုဘချတဲ့အခါ ငိုတဲ့ အသံမျိုးကို ကြားရပါတယ်၊ နှမအရင်းလဲ တပည့်တော် မလာခင် မီးဖွား၍ အားနည်းနေတယ်ဆိုတာလဲ သိခဲ့ပါတယ်၊ ကြားရတဲ့အသံက အိပ်မက်လိုလို, တကယ် ကြားရသလိုလို ဖြစ်ပါတယ်၊ တပည့်တော်လဲ နှမအတွက် စိုးရိမ်လိုက် ပါတယ်၊ ပြန်သွားတဲ့အခါ “နှမ ဆုံးပြီ”ဆိုတာ သိရပါတယ်။
ဓမ္မဂုတ်။ ။ ဒီ ဖြစ်ပုံက အဆန်းသားပဲနော်, ကိုယ်တော်က ဘယ်လို ထင်တုန်း။
တပည့်တော်။ ။ ဘယ်လိုမှ သေသေချာချာ မထင်တတ်ပါဘူး၊ ဖြစ်နိုင်တာ ကတော့ “မိမိကို စောင့်ရှောက်တဲ့ နတ်များက ဆောင်ပြဟန် တူပါရဲ့”လို့ တွေးရုံပဲ တွေးတတ်ပါတယ်။
ဓမ္မဂုတ်။ ။ ကျွန်းကုန်းမှာ ချမ်းချမ်းသာသာနေတုန်း မြောင်းမြ ဆရာ့ဆီတော့ မရောက်ဘူးလား။
တပည့်တော်။ ။ ကျွန်းကုန်းဘုန်းတော်ကြီးနဲ့အတူ ရောက်ပါတယ်၊ ဆရာ့ဆီ ရောက်တော့လဲ တပည့်တော်က သင်္ဂြိုဟ်ဘာသာဋီကာ ရေးနေတာပါပဲ။ ဆရာက “ဘာရေးတာတုန်း”လို့ မေးပါတယ်၊ သင်္ဂြိုဟ်အဖွင့် ရေးနေပါ တယ်လို့ လျှောက်တော့ “နင့်ဟာ-ဟုတ်မှာလားဟာ”တဲ့၊
ဆရာဆိုတာ တပည့်ကို အထင်ကြီးလေ့ မရှိပါဘူး၊ နဂိုထင်ရှားနေတဲ့ အဖွင့်ကျမ်း များကို ညွှန်ပြပြီး “အဲဒီလောက် ကောင်းအောင် ရေးနိုင်မှာလား”လို့ မေးပါတယ်။ တပည့်တော်ကလဲ “အဲဒီလောက်သာ ကောင်းမှာဖြစ်ရင် ဘယ်ရေးမှာလဲဘုရား”လို့ လျှောက်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ကျွန်းကုန်းမှာ လေးလကျော်လောက်နေပြီး ပြန်သွားတော့ အခြား မိတ်ဆွေများက ဘယ်လိုပြောကြသလဲ။
တပည့်တော်။ ။ ဘုန်းတော်ကြီး ဦးမေဃိယ (သကျသီဟဓမ္မာစရိယ)က “ကိုယ်တော်ရဲ့ ကျန်းမာရေး အတော် ကောင်းလာတယ်”လို့ ပြောပါတယ်။
(ထို ဘုန်းတော်ကြီးက အဘယာရာမ ဆရာတော်ရဲ့ တပည့်ကြီး ဖြစ်ပါတယ်၊ သုဝဏ္ဏဝတီတိုက်ကျောင်းမှာ ဆရာတော်က ထားခဲ့လို့ နေရစ်ခဲ့ရပါတယ်၊ တပည့်တော်နဲ့ အလွန် ရင်းနှီးပါတယ်။)
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကျွန်းကုန်းမှာ လေးလကျော်လောက် စာရေးရင်း အနားယူရတာဟာ ကျေးဇူးရှိတာပေါ့နော်။
တပည့်တော်။ ။ ကျေးဇူးရှိတာတော့ မပြောနဲ့တော့၊ အဲဒီက ပြန်မှ မိမိကျန်းမာရေး ချို့ယွင်းမှုဟာ ဘာရောဂါမှ မဟုတ်ဘူး, အာဟာရ ချို့တဲ့လွန်းလို့ ဖြစ်ရတဲ့ရောဂါ ဆိုတာ နားလည်လာပါတယ်၊ ထိုမျှလောက် ခံနိုင်တာလဲ နို့ကလေး မှန်မှန် သောက်ရသေးလို့ ခံနိုင်တာပါ။ ဒါ့ကြောင့် နွားနို့ မှန်မှန်သောက်နိုင်လောက်အောင် ထောက်ပံ့နေတဲ့ ရဟန်းအမကိုလဲ ကျေးဇူးတင်ရပါတယ်။
ဓမ္မဂုတ်။ ။ သာသနာပြုဖို့ အသက်ကို ဒါလောက် ဆက်ပေးတဲ့ ဘုန်းတော်ကြီး ဦးနာယကကို လည်းကောင်း, ကျွန်းကုန်း ဒကာ-ဒကာမများကို လည်းကောင်း ကျေးဇူး မတင်ဘူးလား။
တပည့်တော်။ ။ ဘယ့်နှယ်မေးပါလိမ့်, သိပ်ကျေးဇူးတင်တာပေါ့၊ ဒါ့ကြောင့် မန္တလေးကို ပြန်ရောက်တဲ့အခါ အောက်ပါ နှစ်ဂါထာကို ကျွန်းကုန်း ဘုန်းတော်ကြီးထံ ရေးလိုက်ပါတယ်။
အဝသိမှ စတုမ္မာသံ, ထေရစ္ဆာယံ သုနိဿိယ၊
သစေ ဒေါသောတ္ထိ အညောညံ တံ ခမဿု အသေသကံ။
ဆိုလိုရင်းက - မထေရ်မြတ်ရဲ့ အရိပ်ကို မှီခို၍ လေးလလောက် နေခဲ့ရပါတယ်ဘုရား၊ အဲဒီ နေတဲ့အတွင်းမှာ အချင်းချင်း အပြစ်ရှိရင် သည်းခံတော်မူပါ။
ဓမ္မဂုတ်။ ။ နောက် တစ်ဂါထာကတော့ကော။
တပည့်တော်။ ။
အဝိယုတ္တေ ဝိယောဂေန၊ သောကသလ္လသမပ္ပိတော၊
သဒါ သဗ္ဗံ သရန္တောဝ, ပုရံ မန္တလမာဂတော။
အဝိယုတ္တေ - အမြဲမကွာ, မခွဲခွာဘဲ, နွှဲကာအတူ နေထိုက်တဲ့ သူတွေကို၊
ဝိယောဂေန - မလွှဲသာ လွှဲသာ, ခွဲခွာခဲ့ရပါသောကြောင့်၊
သောကသလ္လသမပ္ပိတော- ရင်တဒိတ်ဒိတ်, မရွှင်စိတ်ဖြင့် ကြိတ်ကာအနိုင်, မှိုင်တညီးညီး သောကတည်းဟူသော ငြောင့်ကြီးက,တစ်ဖြောင့်တည်း စူးဝင်အပ်သည်ဖြစ်၍၊
သဗ္ဗံ - အောက်မေ့ဖွယ်ရာ အဖြာဖြာကို၊
သဒါ သရန္တောဝ - မပြတ်တသ, အမှတ်ရလျက်သာလျှင်၊
ပုရံမန္တလံ - ဖုံတွေကထူ, လေ နေပူကြောင့်, အသုရကာယ်, ဘုံနှယ်တမျှ, မြန်မာ့ကြငှန်း, နေပြည်မန်းသို့၊
အာဂတော - လဆုတ် လေးရက်, နေခြည်တက်၌, ရွှေစကြာမြန်း... အလွမ်း မပျောက် တပျောက်, တစ်စခန်းထောက်၍, လှမ်းရောက်ခဲ့ရပါတော့သတည်း။
ဓမ္မဂုတ်။ ။ မန္တလေးရောက်တော့ ဘာလုပ်ရတုန်း။
တပည့်တော်။ ။ ထုံးစံအတိုင်းပေါ့ဘုရား, စာလဲချ စာလဲရေးပေါ့။
ဓမ္မဂုတ်။ ။ အဲဒီလို စာချ စာရေးတော့ ကျန်းမာရေးက ဘယ်လိုနေတုန်း။
တပည့်တော်။ ။ ကျွန်းကုန်းက ရလာတဲ့ ကျန်းမာရေးက တိုးလဲ မတိုး, ဆုတ်လဲ မဆုတ်ပါ၊ ဒါပေမယ့် ကျန်းမာရေးကို တမင် ပြုပြင်ယူရင် ရနိုင်တယ်လို့ နားလည် လာတဲ့အခါ ကျန်းမာရေး လျော့မသွားအောင် စွမ်းနိုင်သမျှ စောင့်ရှောက်ပါတယ်။
ဓမ္မဂုတ်။ ။ သင်္ဂြိုဟ်ဘာသာဋီကာက မပြီးသေးဘူးလား။
တပည့်တော်။ ။ မန္တလေး ပြန်ရောက်ပြီး အတော်ကြာတော့ ပြီးပါတယ်။
ဓမ္မဂုတ်။ ။ ပြီးတဲ့အခါ ကိုယ့်ဟာကိုယ် သဘောကျရဲ့လား။
တပည့်တော်။ ။ စာအုပ်က သိပ်ကြီးနေတော့ သဘောမကျတဲ့အပြင် စိတ်ပျက် နေပါတယ်၊ အဲဒီအတိုင်းသာ ရိုက်ရမယ်ဆိုရင် နှစ်အုပ် ခွဲရပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘယ်လို စီစဉ်သလဲ။
တပည့်တော်။ ။ အဲဒီအချိန်မှာ သက္ကတဆိုင်ရာလဲ အတော်ဖတ်ပြီးပါပြီ၊ အင်္ဂလိပ်စာလဲ နည်းနည်း ဖတ်ပြီးပါပြီ၊ ပါဠိအဋ္ဌကထာ ရေးပုံ-ဋီကာများရေး ပုံနဲ့ ထိုသက္ကတ အင်္ဂလိပ်တို့ရဲ့ ရေးပုံကို စဉ်းစားကြည့်တဲ့အခါ ရေးသားပုံချင်း အတော် တူပါတယ်၊ သို့သော် အင်္ဂလိပ်-သက္ကတစာအုပ် များက ပုံနှိပ်ရာ၌ အဖြတ်အတောက် အလွန်ကောင်းပါတယ်၊ လွယ်တာသန့်သန့် လေးနက်တာသန့်သန့် ခွဲခြားစီစဉ်လေ့ ရှိပါတယ်၊ အဲဒီ စာအုပ်များ ရေးသားပုံ ရိုက်နှိပ်ပုံ အားလုံးကို ခြုံပြီး စဉ်းစားတဲ့အခါ တပည့်တော်ရဲ့ ကျမ်းစာအတွက် ဉာဏ်အလင်းရောင် ရလာပါတယ်၊
ဒါ့ကြောင့် သင်္ဂြိုဟ်ဘာသာဋီကာ အကျယ်ကြီးထဲမှ နိဿယနှင့် လွယ်ကူသော အဓိပ္ပာယ်သရုပ်ခွဲတို့ကို သီးခြား ခွဲထုတ်၍“အခြေပြုသင်္ဂြိုဟ်”ဆိုတဲ့နာမည်နဲ့ စာတစ်အုပ် လုပ်လိုက်ပါတယ်။ ထို့နောက် ဝီထိနှင့်သုံးချက်စု အဓိပ္ပာယ်များကိုလဲ ခွဲထုတ်၍ စာတစ်အုပ် လုပ်လိုက်ပါတယ်၊ ထိုသို့ စာအုပ် ခွဲထုတ်လိုက်တဲ့ အခါမှာ သင်္ဂြိုဟ် ဘာသာဋီကာအတွက် လေးနက်သော အဓိပ္ပာယ်များချည်း ကျန်သော ကြောင့် တစ်အုပ်တည်းဖြင့် ပြီးနိုင်လောက်အောင် အဆင်သင့် ဖြစ်လာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အလုပ်က ကံရော-ဉာဏ်ရော-ဝီရိယရော အတော်စုံလို့ အထမြောက်တာပဲနော်၊ သက္ကတတို့ အင်္ဂလိပ်တို့ မဖတ်ဖူးရင် ဒီအကြံမျိုး ရမှာ မဟုတ်ဘူး၊ ခုတော့ ကံကောင်းတဲ့အတွက် သက္ကတကို လေ့လာခွင့် ကြုံရ-အင်္ဂလိပ်ကိုလဲ ဆားမြီးသလို မြီးခွင့် ကြုံရတာပဲ ၊ အဲဒီ ကံကိုက ကိုယ်တော့်အတွက် အဖိုးတန်ပါတယ်၊ အဲဒီ ကံကို အရင်းခံပြီး ဉာဏ် ဝီရိယ စိုက်လိုက်တော့ စိတ်ပျက်စရာ ကောင်းလောက်အောင် ကျယ်ဝန်းနေတဲ့ စာအုပ်ကြီးဟာ စိတ်ကျေနပ်စရာ ဖြစ်လာတာပဲနော်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား, နဂိုအတိုင်းသာ အလွယ်ရော-အခက်ပါ စုပေါင်းပြီး စာအုပ်ရိုက်မယ်ဆိုရင် အခြေမရသေးသူများလဲ အခက်တွေ အကြားမှာ မိမိတို့နဲ့ဆိုင်တဲ့ နိဿယအဓိပ္ပာယ်ကို ရွေးချယ်နိုင်ဖို့ မလွယ် ပါဘူး၊ အခြေရပြီးသူများ အတွက်ကို နိဿယနဲ့ သရုပ်အဓိပ္ပာယ်များလဲ အပိုပဲ ဖြစ်ပါတယ်၊ ဒါကြောင့် စာအုပ်ကြီး နှစ်အုပ်စာလောက် များပြား နေတဲ့အတွက် အလွယ်နဲ့ အခက်ကို ခွဲဖို့ အကြံကောင်း ရတာကိုက ဆရာကောင်းများ အထံမှ နည်းခံခဲ့ရတဲ့ ကျေးဇူး ကြီးကြောင့် ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီလို သုံးကျမ်း ခွဲပြီးတဲ့အခါ တစ်ခါတည်း ရိုက်နှိပ်ရောလား။
တပည့်တော်။ ။ မရိုက်သေးပါဘူးဘုရား၊ တိုက်အမကြီးနဲ့ ဖခင်ဒကာကြီးက ရတနာသုံးပါးရဲ့ ဂုဏ်တော်ကို ကျကျနန သိချင်ပါတယ်လို့ ဆိုတဲ့အတွက် ရတနာ့ ဂုဏ်ရည်ကို ရေးရပါသေးတယ်၊ အဲဒီ ရတနာ့ဂုဏ်ရည် ပြီးတဲ့အခါ ရှေးဦးစွာ ရတနာသုံးပါးကို ဦးထိပ်ထားရာ ရောက်အောင် ရတနာ့ ဂုဏ်ရည်ကို ရိုက်နှိပ်စေ ရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ရတနာ့ဂုဏ်ရည်ကို ရိုက်နှိပ်တော့ ငွေ ဘယ်က ရသလဲ။
တပည့်တော်။ ။ “ရတနာ့ဂုဏ်ရည်ဆိုတဲ့ စာအုပ်ကလေး ရိုက်မယ်”လို့ စပ်မိ စပ်ရာ ပြောတော့ ဟိုက ဒီက ငါးကျပ်စီ တစ်ဆယ်စီ ထည့်ကြလို့ ၂၅ဝိ လောက် ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အလှူခံတာလား။
တပည့်တော်။ ။ အလှူမခံပါဘူး, သူတို့ ထည့်ထားတဲ့ ငွေအလိုက် စာအုပ် ရမယ်လို့တော့ ပြောပါတယ်၊ တစ်အုပ်မှ ငါးမူး (ပြားငါးဆယ်)လောက် မှန်းပြီး ငါးကျပ် ထည့်ထားတဲ့သူမှာ ၁၀ အုပ် ရပါတယ်။
ဓမ္မဂုတ်။ ။ စာအုပ်က ဘယ်လောက်ရိုက်တုန်း အဲဒီ ၂၅ဝိ နဲ့ လောက်ရဲ့လား။
တပည့်တော်။ ။ ဘယ်လောက်မှာတုန်း, စာအုပ်က တစ်ထောင်ရိုက်ပါတယ်, အားလုံး ၃၅ဝိ ကျပါတယ်၊ တပည့်တော်မှာ ငွေ မရှိပါဘူး၊ နွားနို့ ရှာလပတ်ရည် သောက်ဖို့ တစ်လ တစ်ဆယ်တန် အပ်သောပစ္စည်းတော့ ကပ္ပိယဆီမှာ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ငွေမရှိတော့ ဘယ်လိုလုပ်ရတုန်း။
တပည့်တော်။ ။ အဲဒီ အချိန်မှာ ညီက လူမထွက်သေးပါဘူး၊ သူရဟန်းခံတုန်းက သူ့ရဟန်းအမများ လှူထားတဲ့ စာဘီရိုကို အလှူပေးမယ့်အကိုတစ်ယောက်အား အယူခိုင်းပြီး ထိုဘီရိုထဲမှ ရတဲ့ငွေပါပေါင်း ၃၅ဝ ပြည့်ပါတယ်။ စာအုပ် ပြီးတဲ့အခါ စာအုပ် ၅၀၀ ကိုတော့ အလှူရှင်များကို ပေးပြီး ကျန်တဲ့ ၅ဝဝ ကိုတော့ ညီကစီမံလို့ ထိုက်တန်သလောက် ငွေဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ပထမဆုံး စာအုပ်ကလေးကိုတောင် ရိုက်ဖြစ်အောင် အတော် ကြိုးစားရတယ်နော်၊ ကိုယ်တော့် ရဟန်းအမများ အောက်ပြည်က ကြည်ညိုသူတို့က တာဝန်မယူကြဘူးလား။
တပည့်တော်။ ။ အဲဒီ စာအုပ်ကလေး ရိုက်ခါနီးမှာ တောင်မြို့ ရဟန်းအမ ဆုံးရှာပါတယ်၊ ပလိပ်ရဟန်းအမကတော့ သိပ်မပေါလို့ မပြောပါဘူး။ ဆုံးသွားတဲ့ ရဟန်းအမမှာ သမီး(မွေးစား)တစ်ယောက် ကျန်ရစ်သော်လဲ မကြာခင် အိမ်ထောင် ကျလို့ သူ့ကိုလဲ မပြောမိပါဘူး၊ ဒါပေမယ့် သူက ဆက်ပြီးတော့ တစ်လတစ်ဆယ် ထောက်ပံ့နေပါတယ်၊ သားဦးရတဲ့အခါ အဲဒီ သားအတွက် အသုံးစရိတ် ပိုလာလို့ သူ့ အထောက်အပံ့ကို တပည့်တော်ကပဲ ရပ်နားစေပါတယ်။
ဓမ္မဂုတ်။ ။ မိဘများက ပစ္စည်းလျှောနေပေမယ့် နှစ်ဖက်ဆွေမျိုးတွေ ပစ္စည်း ပေါသေးသားပဲ, သူတို့ဆီ မတောင်းဘူးလား။
တပည့်တော်။ ။ တပည့်တော်က မျက်နှာအငယ်ခံပြီး ဘယ်သူ့ကိုမှ မပြောပါဘူး၊ သူတို့ကလဲ တပည့်တော်က နာမည်ကြီးတော့ “ဘာမှ လိုလေသေး မရှိ ပြည့်စုံ နေတယ်”လို့ ထင်ရှာကြပါတယ်၊ အောက်ပြည်က ကြည်ညိုသူတွေ ကလဲ ဒီလိုပဲ ထင်ကြပါတယ်၊ ဘုန်းကံ နေရာမှာတော့ တပည့်တော်က ဟန်သာရှိပါတယ်, အဆန် မရှိပါဘူး။
ဓမ္မဂုတ်။ ။ ဒီစာအုပ်လေး ရိုက်ပြီးတော့ နောက်စာအုပ် ရိုက်နိုင်သေးရဲ့လား။
တပည့်တော်။ ။ ကိုယ်လုပ်ချင်တာတော့ တစ်နည်းနည်းနဲ့ ပြီးစီးအောင်မြင်နိုင်ဖို့ ကံပါဟန် တူပါတယ်၊ ရတနာ့ဂုဏ်ရည်စာအုပ်ကလေး ပြီးတဲ့အခါ အကြောင်းအား လျော်စွာ ညီရဟန်းအမရဲ့ သားဖြစ်တဲ့ (သခင်ဟိန်)က ကျောင်းရောက်လာပြီး အတော်ကြာကြာ နေပါတယ်, သူက သခင်ဖြစ်တော့ ဘာသာရေးကိစ္စတွေမှာ တပည့်တော်ရဲ့ အယူအဆကို သဘောကျပါတယ်၊
သူ့မှာလဲ ဘာသာရေးကိစ္စမှာ သဘာဝကျကျ အတော်နားလည် ဖို့ ဩဝါဒတွေကို နာယူရပါတယ်, ပြီးတော့ တပည့်တော်မှာ နာမည် ကြီးသော်လဲ စားရေးသောက်ရေး ကစပြီး ပေါပေါများများ မဟုတ်ကြောင်းကို သိတဲ့အပြင် ငွေမရှိကြောင်းကိုလဲ သိသွားပါတယ်၊ ဒါကြောင့် နောက်စာအုပ်များအတွက် သူတို့ထံမှ အကူအညီရဖို့ရန် အခွင့်ကောင်း ကြုံလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါဖြင့် ရတနာ့ဂုဏ်ရည် ရိုက်ပြီးတဲ့အခါ အခြေပြုသင်္ဂြိုဟ်ကို ဆက်ပြီး ရိုက်တာပဲလား။
တပည့်တော်။ ။ ဆက်ပြီး မရိုက်နိုင်သေးပါဘူးဘုရား, နှစ်နှစ်လောက် ကြာမှ ရိုက်နိုင်ပါတယ်, အဲဒီ စာအုပ်မရိုက်ခင် ဖခင်ဒကာကြီး ဆုံးပါတယ်။ ပလိပ် ရဟန်း အမလဲ မရှေးမနှောင်းဘဲ ဆုံးပါတယ်၊ သူတို့ နှစ်ယောက်လုံး ရောဂါဖြစ်ပုံလဲ တူကြပါတယ်၊
အစာစားချင်လျက်သားနဲ့ စားလိုက်ရင် အန်-အန်ထွက်လို့ မစားနိုင်ကြပါဘူး, ယခုခေတ်လိုဆိုရင် အစာအိမ် မကောင်းတာဖြစ်ဟန် တူပါတယ်, ထိုခေတ်က ဆေးရုံကိုလဲ ယခုလောက် အားမကိုးသေးပါဘူး, ဆေးရုံကလဲ ယခုလောက် မစွမ်းသေးပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဖခင် ဒကာကြီးကို ကောင်းကောင်း ပြုစုနိုင်ရဲ့လား။
တပည့်တော်။ ။ ပြုစုဆိုတာ ငွေရှိမှ ဖြစ်တာပါ, ငွေမရှိတော့ တော်ရုံပဲ ပြုစု နိုင်ပါတယ်၊ ဒကာကြီး အတော်ဖြစ်လို့ လာခေါ်တဲ့အခါ ညီ ဦးပဉ္စင်းရယ် သကျသီဟ ဝင်ထားကြတဲ့ တပည့် နှစ်ပါးရယ် ခေါ်ပြီး လိုက်သွားကြပါ တယ်၊ ငွေကတော့(ညီ ဦးပဉ္စင်းက သွားပြောလို့) တောင်မြို့ ရဟန်းအမဆီ က ရတဲ့ (၅ဝ)လောက်နဲ့ အားလုံး (၉ဝိ)လောက်သာ ပါပါတယ်။
တောင်မြို့ ရဟန်းအမက နံနက်ရထားလာပြီး “မနေ့က ငွေနဲနေလို့ ထပ်ယူပါအုံး”လို့ လျှောက်ပါသေးတယ်, “တော်လောက်ပြီ”လို့ ပြောပြီး မယူခဲ့ပါဘူး၊ ရွာရောက်တော့ ဘိုးလေးတစ်ယောက်က “ကိုယ်တော် ဒကာကြီးတော့ ရမှာ မဟုတ်တော့ဘူး, ငွေဘယ်လောက်ပါတုန်း”လို့ မေးပါတယ်၊ တပည့်တော်ရဲ့ တစ်မျိုးလုံးက တပည့်တော်ကို အလွန် ဘုန်းကြီးပြီး ငွေ အလွန်ပေါတယ်လို့ ထင်နေကြပါတယ်။
ဓမ္မဂုတ်။ ။ ထင်မယ်ဆိုလဲ ထင်စရာပါပဲ, ကိုယ်တော်တို့ရွာနဲ့ ပတ်ဝန်းကျင်က ဘုန်းကြီးတွေဟာ အောက်ပြည်သွားပြီး ကျောင်းထိုင်ကြ, အတော်ကြာတော့ မိဘများထံ ပြန်လာပြီး မိဘများပေးလို့ (အချို့မှာ ပေါင်ထားတဲ့ လယ်ယာများကို ရွေးပေးကြလို့) မိဘတွေ ချောင်ချောင်လည်လည် ဖြစ်နေတာကို မြင်ကြရတယ် မဟုတ်လား၊ ဒါ့ကြောင့် အဲဒီ ဘုန်းကြီးတွေထက် နာမည်ကြီးတဲ့ ကိုယ်တော့်ကို သာပြီး အထင်ကြီးကြမှာပေါ့။
တပည့်တော်။ ။ အဲဒီ အကြောင်းတွေကြောင့် ဆွေမျိုးများသာမက အမေကလဲ အထင်ကြီးနေပါတယ်, တပည့်တော်တို့က အပေးအကမ်း နည်းတယ် ထင်ပြီး မကျေနပ်ကြပါဘူး၊ ဖခင်ဒကာကြီးကတော့ ကျောင်းကို မကြာခဏ ရောက်တာ ဖြစ်လို့ အကြောင်းမှန်ကို သိရှာပါတယ်၊ တပည့်တော်တို့ ညီနောင်ကို ဘာမှ အပူမရှာပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော် ဒကာကြီးလဲ ဒီရောဂါနဲ့ ဆုံးတာပဲလား။
တပည့်တော်။ ။ ထိုအချိန်မှာ ကုလို့ မရတဲ့ ရောဂါဖြစ်လို့ ဆုံးရှာတာပါပဲ ဘုရား, ဒကာကြီးတာက နံနက် ၇ နာရီလောက်မှာပါ၊ မဆုံးမီညက တပည့်တော်တို့ ဆရာတပည့် အိမ်မှာပဲ အိပ်ကြပါတယ်၊ တပည့်များကို အိမ်ဝင်း ပတ်ဝန်းကျင်မှာ ပရိတ်ရွတ်ကြဖို့ ပြောပါတယ်, ဒကာကြီး ဆုံးပြီးလို့ ထုံးစံအတိုင်း အကိုကြီးများ-ညီများ ပြင်နေတုန်း တပည့်တော် ကျောင်းပြန်ပြီး ရေချိုးပါတယ်။
မကြာခင် ဆွေမျိုးများ လိုက်လာပြီး ဘယ်လို စီမံမှာတုန်းလို့ မေးကြပါတယ်, ဦးပဉ္စင်း သဘောကတော့ ညနေပြီးအောင် စီမံချင်တာပဲလို့ ပြောတဲ့အခါ အားလုံးက မကျေနပ်ကြလို့ “ကျေနပ်သလို ထားကြပေါ့”လို့ ပြောလိုက်ပါတယ်၊ ဒါကြောင့် ၅ ရက် ထားပြီး ရပ်ရွာထုံးစံအတိုင်း သင်္ဂြိုဟ်လိုက်ပါတယ်၊ ဘုန်းကြီးများလှူရန် ကိုတော့ ပင်းကျောင်းဘုန်းကြီးက ထုတ်ပေးလို့ လှူရပါသေးတယ်။ တပည့်တော်ကတော့ အမေစိတ်ဆင်းရဲမှာစိုးလို့ အားလုံး အလိုလိုက်ရတာပါ၊ အလုပ်အပိုချည်းပဲလို့ နားလည်ပြီး ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီကိစ္စပြီးတော့ ချက်ချင်းပဲ မန္တလေး ပြန်ခဲ့ရောလား။
တပည့်တော်။ ။ မပြန်နိုင်သေးပါဘူးဘုရား, ဖခင်အလောင်းကို မီးသင်္ဂြိုဟ်ပြီးတဲ့ ညမှာ အိမ်သွားပြီး ဆွေမျိုးလူကြီးများကို ပြောရပါတယ်၊ “ဦးပဉ္စင်းတော့ မန္တလေး ပြန်ရပါလိမ့်မယ်၊ ဒကာကြီး ရှိစဉ်က ကြွေးတွေတင်နေတယ် ဆိုတာလဲ သိပါတယ်၊ အဲဒီ ကြွေးတွေနဲ့ ဒကာမကြီးကို ထားခဲ့လို့ မဖြစ်ပါဘူး၊ အတူနေ သားကလဲ လိမ်မာသူ မဟုတ်တော့ ဒကာမကြီးမှာ ပိုပြီး ဒုက္ခရောက်ပါလိမ့်မယ်၊ ကြွေးတွေကို ဖြစ်နိုင်တဲ့နည်းနဲ့ ရှင်းပေးကြပါ”လို့ ပြောရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ငွေမရှိဘူးလို့ ဆိုတယ်, ဘယ်လို ရှင်းလို့ဖြစ်မှာလဲ။
တပည့်တော်။ ။ ကြွေးက လယ်ယာတွေ အပေါင်နဲ့ ထားတာဖြစ်လို့ ရှင်းနိုင်တဲ့ နည်း ရှိပါတယ်၊ ကြွေးရှင်ဆိုသူတွေလဲ တစ်ဝမ်းကွဲ ဆွေမျိုးတွေထဲက ဖြစ်မှာပါ။ ဒါ့ကြောင့် ရှင်းဖို့ရန်ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။
ဓမ္မဂုတ်။ ။ ဖြစ်ကော ဖြစ်ရဲ့လား။
တပည့်တော်။ ။ တပည့်တော် ထိုင်နေတုန်းမှာလဲ ဦးသာရဆိုတဲ့ ဦးကြီးနဲ့ ဦးစိတ္တဆိုတဲ့ အကိုကြီးတို့ ထသွားပြီး မကြာခင် ပြန်လာတာပါပဲ၊ ကြွေးရှင်ကလဲ အားလုံး ရှင်းတဲ့အပြင် “အမေနဲ့ အတူနေတဲ့ သားဖြစ်သူက ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားမယ်ဆိုရင် ကျွဲနွားတွေကို မသိမ်းဘဲ ထားပါ့မယ်”လို့ ပြောလိုက်ပါ သတဲ့၊ အဲဒီအချိန်မှာ (၁၇) ဧကရှိတဲ့ လယ်ကလေးတော့ လွတ်လွတ်လပ်လပ် ကျန်သေးတယ် ထင်ပါတယ်။ ညီသာ လိမ်မာရင် လုပ်ကိုင်စားနိုင်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ ပခုက္ကူတိုက်ကြီးရဲ့ စာချဘုန်းကြီး, မန္တလေး (ပရိယတ္တိ သာသနဟိတသကျသီဟ) အသင်းကြီးရဲ့ ဓမ္မာစရိယ(စာချ), အစိုးရ ပထမကျော်, မရှောင်သာတဲ့အခါ တရားဟော ဓမ္မကထိက, ကျမ်းစာအုပ်များကို စ၍ ရေးနေသော ကျမ်းပြုပုဂ္ဂိုလ်, ဒီလို ဂုဏ်ထူးတွေ ရှိနေပါလျက် ဖခင်ဒကာကြီး အသုဘချပြီးတဲ့ ညမှာ ကြွေးစာရင်း ရှင်းရတယ် ဆိုတော့ ကိုယ်တော့်အတွက် ဝမ်းနည်းစရာ အလွန်ကောင်းတာပဲ၊ ကိုယ်တော် ဝမ်းမနည်းဘူးလား။
တပည့်တော်။ ။ ဒီအချိန်မှာ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကြီးတွေ, ဇာတ်တော်တွေကို သိလဲသိ, ပို့ချလဲ ပို့ချနေတာဖြစ်တော့ ဒီလောက် လောကဓံကို ခံဖို့အတွက် တပည့်တော်မှာ လုံလောက်သော တရားလက်နက် ရှိနေပါပြီ ဘုရား၊ ဒီတရား လက်နက်များဖြင့် ရှေးကလဲ ခံနိုင်, ယခုလဲ ခံနိုင်, နောင်တွေ့လတံ့တွေကိုလဲ ခံနိုင်တာကြောင့် တရားတော်ရဲ့ ကျေးဇူးတော် အနန္တကို တပည့်တော်မှာ ကိုယ်တွေ့ ရရှိနေကြောင်း သိသာနေပါတယ်။