တစ်ဘဝ သံသရာ-ဒု
ဓမ္မဂုတ်။ ။ သာဓုပါ ကိုယ်တော်, သာဓုပါ သာဓုပါ၊ ဒါထက် ကိုယ်တော် ပြန်သွားတဲ့ အခါ ကိုယ်တော့် ညီအမိုက်က ကောင်းကောင်းမွန်မွန် နေရစ်ရဲ့လား။
တပည့်တော်။ ။ ဒီဟာကတော့ မပြောနိုင်ပါဘူး၊ ပစ္စည်းတွေ သာ၍လျှောသွား တာဟာ သူဖြုန်းတာလဲ အများကြီး ပါပါတယ်၊ ကောင်းကောင်း လုပ်စားရင် အိမ်နဲ့ယာနဲ့ ကျွဲနွားနဲ့ အပြည့်အစုံမို့ ဒကာကြီး မရှိတောင် သားအမိ နှစ်ယောက် လူတန်းစေ့ နေနိုင်ပါသေးတယ်၊ အမေကလဲ အမိုက်ဆုံး သားကို အချစ်ဆုံးဖြစ်တော့ ဘေးက ပြုပြင်ဖို့လဲ အခက်ဆုံး ဖြစ်နေတာပါပဲ၊ ဒီအကြောင်းတွေကို စဉ်းစားမိလို့ ဘဝသံသရာမှာ လူမိုက်နဲ့ မတွေ့မကြုံ မဆုံနိုင်အောင် ကြိုးစားမိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သွားခါနီးတော့ ကိုယ်တော့် ညီမိုက်ကို ဘာမှ သတိပေးစကား မပြောခဲ့တော့ဘူးလား။
တပည့်တော်။ ။ ကြွေးရှင်းဖို့ တာဝန်ကျေတော့ အထိုက်အလိုက် တရားစကား ပြောပြီး ပြန်ခဲ့ရပါတယ်၊ မပြန်ခင်တော့ ညီမိုက်ကို တေးထပ်တစ်ပုဒ် ရေးပေးခဲ့ ပါသေးတယ်။
တမ်းကုန်အောင် မဆိုးရစ်ပါနှင့် အမျိုးစစ် မျိုးမှန်၊
ဆိုးညစ်တော့ ဖိုးမတန်သည် ရိုးမှန်မှန် သဘော၊
အောင့်အည်း၍ ဖြောင့်တည်းစွာငယ် စောင့်စည်းကာ မင်းနေရစ်နော။
စောင့်စည်းမှ အေးသက်သာမည် လေးနက်စွာ စိတ်စော၊
မပြင်လျှင် မှန်စွာမျောမှာမို့ သံသာကြော ရေယဉ်၊
ခုအနေ စုတေရလျှင်လ, လူ့ပြေမှ ဝေးရမည်ပင်။
မင်း ဆိုးသမျှ မွေးမိခင်မှာ, တွေးကြည့်လျှင် စိတ်မအေးတာမို့၊
တဆိတ်ကလေး ပြင်စမ်းပါကွယ်, ပင်ပန်းလှတယ်။
နောင်ကြီးတော့ အခက်ကြွယ်သည်, လက်မလယ် လုပ်ငန်းကြောင့်လေး။
ဓမ္မဂုတ်။ ။ ကိုယ်တော် တေးထပ်ကလေး ရတော့ ကိုယ်တော့်ညီက ပြင်ပြီး နေရစ်ရဲ့လား။
တပည့်တော်။ ။ ခဏလောက်တော့ ပြင်ဟန်တူပါရဲ့၊ ကြာတော့ သူရဲ့ (ဆွဲချ) အဖော်တွေက တွဲခေါ်တော့ “ခွေးမြီးကောက် ကျည်တောက်စွပ်သလို” ကောက်မြဲ ကောက်တာပါပဲ။
ဓမ္မဂုတ်။ ။ သူက ဘယ်လောက် ဆိုးလို့လဲ, သောက်တတ်သလား, သူများကို ရိုက်ဝံ့ ခုတ်ဝံ့သလား။
တပည့်တော်။ ။ သောက်သလောက်လဲ သောက်ဟန်တူပါရဲ့. ရိုက်ဝံ့ ခုတ်ဝံ့တာ တော့ မဟုတ်ပါဘူး၊ သူတို့ ဆောင်ပုဒ်က ...
“ထီးပေါင် ဖိနပ်ပေါင်, လသာသာ ဖျာကိုခင်း,
မိုးအလင်း ရိုက်ရအောင်”... တဲ့။
ဓမ္မဂုတ်။ ။ ဪ. .. သူက ဖဲသမားကိုး။
တပည့်တော်။ ။ ဒကာကြီး မရှိတော့ မိခင်ကို ဂရုမစိုက်ပါဘူး၊ ရှိတဲ့ လှည်းနွားလဲ ပေါင်တာပဲ, ရှိတဲ့လယ်လဲ ပေါင်ပါသေးရဲ့၊ ပတ်ဝန်းကျင်က အပေါင်မခံဝံ့အောင် ဝမ်းကွဲ ညီတစ်ယောက်က သူ့လယ်လို့ ပြောထားလို့ အပေါင်မခံကြပါဘူး၊ ညီဝမ်းကွဲက ဆန်စက်ပိုင်ဖြစ်တော့ သူ့ကို လေးစားကြရပါတယ်၊ တချို့ကိုလဲ အမေ သဘော ကျအောင် ပြောပြီး ရောင်းတာပဲ, ထန်းတောလဲ ပါပြီး လယ်ယာလုပ်ရတဲ့ တောဟာ အလွန်ကောင်းပါသတဲ့၊ ဒါလဲ ရောင်းတာပဲ, အိမ်ကိုတောင် သူများ မပေါင်ရအောင် ဦးကြီး တစ်ယောက်က အပေါင်ခံထားရပါသတဲ့။
ဓမ္မဂုတ်။ ။ ပေါင်စရာ မရှိတော့ ဘာလုပ်တုန်း။
တပည့်တော်။ ။ မိခင်က သူ့သားဟာ နောင်တရပါပြီတဲ့၊ “ဒီတစ်ခါ လှည်းနွား ထောင်မိရင် ကောင်းကောင်း လုပ်ကိုင်စားမှာပါ”လို့ လာပြောပါတယ်၊ ဒီတော့ မနေသာတာနဲ့ နောက်ထပ် စာအုပ်ရိုက်ဖို့ထဲက ပေးလိုက်လို့ လှည်းနွားလဲ ဖြစ်ရော (ဆွဲချ) အဖော်တွေက ဆွဲချလို့ သိပ်ကြာကြာ မခံပါဘူး, ကုန်တာပါပဲ၊
မိခင်ကြီး လာပြန်ပါတယ်၊ ဒီတစ်ခါတော့ ပေးစရာ မရှိပါဘူး, ကြည့်နေသုံးနေတဲ့ ကျမ်းစာအုပ်တွေပဲ ရှိပါတယ် အဲဒါကို ကိုယ့်ဘာသာ ရောင်းပါတော့လို့ ပြောရပါတယ်, မိခင်ကြီးကလဲ ယုံဟန်မတူပါဘူး၊ ညီတစ်ယောက် မိုက်လိုက်တာ တစ်အိမ်လုံး ဒုက္ခရောက်ရုံမက, အိမ်က ထွက်ခွာလာတဲ့ တပည့်တော်ပါ ဒုက္ခ ရောက်တာပါပဲ။
ဓမ္မဂုတ်။ ။ အဲဒီအချိန်မှာ ညီဦးပဉ္စင်းကတော့ လူမထွက်သေးဘူးပေါ့နော်။
တပည့်တော်။ ။ သူက လူမထွက်သေးပါဘူး၊ သူကတော့ သူ့ အစ်ကိုလူမိုက်ရဲ့ သဘောကိုသိလို့ ဘာမှ ဂရုမစိုက်ပါဘူး၊ အဲဒီ ဖြစ်ရပ်တွေဟာ ဒကာကြီး ဆုံးပြီး အတော်ကြာမှ ဖြစ်တဲ့ကိစ္စတွေပါ၊ ဒကာကြီး ဆုံးပြီးလို့ ပြန်လာတဲ့အခါ တပည့်တော်ရဲ့ စိတ်တွေလဲ မတည်ငြိမ်သလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် အဘယာရာမ ဆရာတော်ထံ ခွင့်ပန်ပြီး စစ်ကိုင်းဘက် ဒုတိယ မဟာဂန္ဓာရုံ ချမ်းအေး ဆရာတော်ကြီးထံ သွားနေ ပါတယ်, စင်္ကြံကျောင်းမှာ ဝါဆိုပါတယ်၊ တပည့်တော်ရဲ့ မန္တလေးကျောင်းကိုတော့ ညီဦးပဉ္စင်း စောင့်ရှောက်ရစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီမှာ ဝါဆိုတော့ စိတ်တည်ငြိမ်မှု ရရဲ့လား။
တပည့်တော်။ ။ စာမချဘဲ ငြိမ်ငြိမ်နေရတော့ စိတ်အေးချမ်းမှု ရပါတယ်။ အဲဒီ ဝါကျွတ်လို့ တန်ဆောင်မုန်းလ ဂန္ဓာရုံဝိနည်းစာပြန်ပွဲမှာ ဝိပဿနာကို မူတည်ပြီး ဗောဇ္ဈင်တရား ဟောပါတယ်၊ နာရတဲ့ သီလရှင်တချို့က ဝါတွင်းမှာ တရား တော်တော်ကောင်းလို့ ဒါလောက် ကောင်းအောင် ဟောနိုင်တာပဲလို့ ပြောကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒါဖြင့် စစ်ကိုင်းဘက် နေရတာ ပျော်မှာပေါ့နော်, ဆက်ပြီး တစ်ခါတည်း နေလိုက်ပါ့လား။
တပည့်တော်။ ။ ပျော်တော့ ပျော်ပါတယ်ဘုရား၊ ဒါပေမယ့် တပည့်တော်ရဲ့ အလုပ်က သာသနာပြုဖို့ အလုပ်ဖြစ်တော့ “ပျော်ရာကို မနေရ တော်ရာမှာ နေရမယ်” ဆိုတဲ့အတိုင်း မန္တလေးသို့ ပြန်ခဲ့ရပါတယ်။
ဓမ္မဂုတ်။ ။ မန္တလေးပြန်ပြီး ဘာကိုလုပ်သလဲ။
တပည့်တော်။ ။ အခြေပြုသင်္ဂြိုဟ် ပထမအုပ် ရိုက်ဖို့ စီစဉ်ရပါတယ်။
ဓမ္မဂုတ်။ ။ စီစဉ်ဆိုတာ ရိုက်ဖို့ ငွေပြည့်စုံလို့ စီစဉ်ရတာလား။
တပည့်တော်။ ။ တပည့်တော့်စာအုပ် ရိုက်နှိပ်တဲ့စက်က “လှခင်အင်ဆန်း” စက်ပါ, သူတို့က ငွေကို အရေးမကြီးပါဘူး၊ စာအုပ်ပြီးတောင် မရှိသေးရင် မပေးဘဲ နေနိုင်ပါတယ်၊ ဒါပေမယ့် ရတနာ့ဂုဏ်ရည်က ရသမျှငွေ နည်းနည်းပါးပါးအပြင် ညီရဲ့ ရဟန်းအမ သား-သမီးများ အကူအညီနဲ့ ပြည့်စုံသွားပါတယ်။
ဓမ္မဂုတ်။ ။ စာကို ဘယ်သူ ပြင်သလဲ။
တပည့်တော်။ ။ စာကို တပည့်တော်ဘာသာ သွားပြီး ပြင်ပါတယ်၊ စာအုပ် ရိုက်တဲ့ အချိန်မှာ မန္တလေး၌ ပလိပ်ရောဂါ ဖြစ်နေလို့ စာပြင်သွားရတဲ့ ဒုက္ခက အသက်ဘေးနဲ့ နီးကပ်လှပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ဘာ့ကြောင့် ကိုယ်တိုင်သွားပြီး ပြင်သလဲ။
တပည့်တော်။ ။ ကိုယ်တိုင်သွားပြီး အမှားအမှန် အထားအသို အားလုံး သဘောကျ ပြင်ရမှ ကျေနပ်လို့ပါ၊ တပည့်တော်မှာ အဘယာရာမ ဆရာတော်ရဲ့ မောဂ္ဂလ္လာန် နိဿယ ပြင်ပုံကို နည်းရနေပါတယ်၊ ဆရာတော့် စာအုပ်တုန်းက ဆရာတော်က ကျောင်းမှာပြင်, စာချဘုန်းကြီးဖြစ်တဲ့ ဥုးမေဃိယာဘိဝံသက ပုံနှိပ်စက် ကြွပြီး ပြင်ပါတယ်။
ဓမ္မဂုတ်။ ။ တစ်နေ့ ဘယ်နှစ်ခေါက် သွားရတုန်း။
တပည့်တော်။ ။ နံနက် အရုဏ်ဆွမ်း စားပြီးနောက် တစ်ခေါက်သွားပါတယ်၊ အဲဒီ ထစ်ခေါက်က အတော်ကြာကြာ အချောရိုက်မှ ပြန်လာပါတယ်၊ တစ်ခါတလေတော့ နေ့တစ်နာရီလောက် သွားရပါသေးတယ်၊ စာစီပြီးသမျှကို အကြမ်းပြင်ချင်လို့ပါ။ အဲဒီလို သွားရတော့ ပလိပ်ရောဂါ ဖြစ်ချိန်မှာ တာဝန်အတော်ကြီးပါတယ်၊ ရောဂါက အရပ်တိုင်း အတော် ပျံ့လာတဲ့အခါ တိုက်ရှင်များလဲ ပြောင်းရွှေ့ နေကြပါပြီ၊ အလုပ်သမားတွေ ကတော့ စားရေးသောက်ရေး ကြပ်မှာစိုးလို့ အလုပ်မနားကြပါဘူး၊ သူတို့က အလုပ်မနားတော့ တပည့်တော်လဲ မှန်မှန်သွားပြင်နေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မကြောက်ဘူးလား။
တပည့်တော်။ ။ တစ်ခါတလေ ပတ်ဝန်းကျင်က ငိုသံကြားတဲ့အခါ အလုပ်သမား တွေက“မနေ့က အတော်ဖြစ်နေတယ်လို့ ကြားတယ်, ယနေ့ သွားပြီ”လို့ ပြောကြပါတယ်၊ နေ့လည်သွားတဲ့အခါ အသုဘချလာတာနဲ့ မတွေ့အောင် ရှောင်သွား တာတောင် သုံးလောင်းလောက်တော့ တွေ့ရပါသေးတယ်၊ တပည့်တော်လဲ အလုပ်သမားတွေက မနားလိုတဲ့အပြင် စာအုပ်ကလေး ပြီးစေချင်တာကြောင့် “ကြောက်တယ်-မကြောက်တယ်” ဆိုတာ မစဉ်းစားနိုင်ဘဲ နေ့စဉ်သွားနေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဉာဏ်ဝီရိယအကျိုး သိရက်သားနဲ့ ကံကိုချည့် ယုံနေသလား။
တပည့်တော်။ ။ တပည့်တော်ရဲ့ ယုံကြည်ချက်က “ငါဟာ သာသနာ့ဝန်ကို ဆောင်ထိုက်သူဖြစ်လျှင် ဝန်မဆောင်ရဘဲ မသေနိုင်ဘူး”လို့ ဖြစ်ပါတယ်။ သာသနာ့ဝန်ကို မဆောင်လိုက်လျှင်တော့ သေတာပဲ အဆန်းမဟုတ်ပါဘူး။
ဓမ္မဂုတ်။ ။ အခြေပြုသင်္ဂြိုဟ် ပထမအုပ် ရိုက်ပြီးတော့ ဒုတိယအုပ်လဲ ဆက်ရိုက်ဖို့ ကြိုးစားနိုင်ရဲ့လား။
တပည့်တော်။ ။ ကြိုးစားနိုင်ပါတယ်, အဲဒီ စာအုပ်များ ရိုက်နှိပ်ပြီးတဲ့အခါ တပည့်တော်လဲ ကျန်းမာရေးအကြောင်းကို အတော်နားလည် လာပါတယ်။ တပည့်တော်တို့ရဲ့ (စာချ စာသင် ပုဂ္ဂိုလ်အများရဲ့) ကျန်းမာရေး ချို့ယွင်းမှုဟာ “အစာအာဟာရ ချို့တဲ့မှုက စ၍ဖြစ်တယ်”ဆိုတာကို ကောင်းကောင်း သဘော ပေါက်လာပါတယ်၊
ဒါ့ကြောင့် နောက်တစ်နှစ် နွေအခါမှာ ကျွန်းကုန်းသွားပြီး အနားယူရင်း အခြေပြု သဒ္ဒါကို ရေးပါတယ်၊ ဒီတစ်ခေါက်တော့ နွားနို့သောက်တဲ့အခါ “ကက်ပလာ”ခေါ်တဲ့ မုယော စပါးနဲ့ ရောထားတဲ့ ငါးကြီးဆီတစ်ဇွန်းကို နွားနို့ပူပူ သုံးဆယ်သားလောက်ထဲ ထည့်ပြီး သောက်ဖို့ရန် သခင်ဟိန်တို့ မောင်နှမက စီမံကြပါတယ်။
ဓမ္မဂုတ်။ ။ နေ့ဆွမ်းလဲ အဝစားသေး, ငါးကြီးဆီတစ်ဇွန်းနဲ့ နွားနို့ သုံးဆယ်သား လောက်လဲ သောက်သေးတယ် ဆိုတော့ အစာကြေရဲ့လား။
တပည့်တော်။ ။ တပည့်တော့ ဝမ်းမီးရဲ့ သတ္တိကို အဲဒီအခါကျမှ အကဲခပ်မိပါတယ်, နေ့ဆွမ်းစားပြီးနောက် နွားနို့ သုံးဆယ်သားလောက် ပူပူထဲမှာ ငါးကြီးဆီတစ်ဇွန်း ထည့်ပြီး မွှေလိုက်ပါတယ်, အဆီတွေ ဝေ့နေပါတယ်, အဲဒီ နွားနို့သောက်ပြီး ရေချိုး, ရေချိုးပြီး အိပ်ပါတယ်၊ အိပ်ရာကထတော့ နေလို့ ကောင်းရုံပါပဲ, ညနေကျတော့ ဆွမ်းဆာလာပါတယ်၊ အဲဒီအခါမှာ ဝင်တိုဘိလပ်ရည် သောက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဝမ်းမီးက သိပ်ကောင်းတာပဲနော်, တခြားပုဂ္ဂိုလ်တွေတော့ ဒီလို ဖြစ်နိုင်မယ် မထင်ဘူး။
တပည့်တော်။ ။ တပည့်တော်တော့ အဲဒီ ငါးကြီးဆီနဲ့ နွားနို့ကြောင့် အားနည်းတဲ့ ရောဂါ သက်သာလို့ ယခု တပည့်တော်ရဲ့ တိုက်မှာ စာချဘုန်းကြီးများကို အဲဒီလို စားသောက်ကြဖို့ စီစဉ်တဲ့အခါ ညနေကျတော့ လေချဉ်တက်ပြီး အန်ချင်သလို ဖြစ်ကြတဲ့အတွက် နွားနို့ ရိုးရိုးကိုသာ သောက်စေရပါတယ်, တချို့တော့ နွားနို့တောင် အစာမကြေချင်ဘူးလို့ ပြောကြပါတယ်။ ဝမ်းမီးချင်း မတူကြပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ကျန်းမာရေး မကောင်းခဲ့တဲ့အတွက် ကိုယ်တော်က ဆရာလုပ်ပြီး တိုက်တာအုပ်ချုပ်တဲ့အခါမှာ စာချဘုန်းကြီးများနဲ့ စာသင်သား များအား ကျန်းမာရေး ချို့ယွင်းခြင်း၏ အကြောင်းကိုလဲ ပြောပြနိုင်, ကျန်းမာဖို့ လမ်းစဉ်ကိုလဲ ပြောပြနိုင်တာပဲနော်၊ ကိုယ်တော်ရဲ့ မကျန်းမာမှုဟာ တပည့်အများနဲ့ သာသနာပြုတဲ့ အခါကျတော့ များစွာ အထောက်အကူ ရပါပေတယ်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား, များစွာသော စာချပုဂ္ဂိုလ်နဲ့ စာသင်သားတွေရဲ့ မကျန်းမာမှုမှာ အစာ အာဟာရ ပြည့်ပြည့်ဝဝ မရခြင်းကို အကြောင်းခံ၍ ဖြစ်ရတာ များပါတယ်၊ ဒီနေရာမှာ ဝမ်းနည်းဖွယ်ကောင်းသော သီတင်းသုံးဖော် စာချပုဂ္ဂိုလ် တစ်ပါးရဲ့ အကြောင်းကို (နောင်လာနောက်သားတို့ သတိထားဖို့အတွက်) ပြောပြချင်ပါတယ်။
ဓမ္မဂုတ်။ ။ ပြောပါ, ပြောပါ။
တပည့်တော်။ ။ မဟာဝိသုဒ္ဓါရုံတိုက်, သုဝဏ္ဏဝတီအုတ်ကျောင်းမှာ အဘယာရာမ ဆရာတော်ရဲ့ ကိုယ်စား နေရစ်ခဲ့တဲ့ စာချဘုန်းကြီးတစ်ပါး ဖြစ်ပါတယ်, တပည့်တော်နဲ့ အလွန်ရင်းနှီးပါတယ်, တပည့်တော်ထက် နှစ်ဝါလောက် ကြီးပါတယ်၊ “ဘုန်းကြီးဥုးမေဃိယ”လို့ ခေါ်ပါတယ်, ရိုးသားဖြောင့်မတ် ပြီး သတ္တိရှိတဲ့ နေရာမှာ သီတင်းသုံးဖော် အများရဲ့ လေးစားခြင်းကို ခံရပါတယ်၊
ပရိယတ္တိသာသနာ့ဟိတ (သကျသီဟ) စာချတန်းကိုလဲ အောင်ပါတယ်, အဲဒီ စာပြန်ပွဲအတွက် ကြိုးစားမှုကြောင့် အားနည်းတဲ့ အပေါ်မှာ (စာအောင်ပြီးနောက် အနားမယူဘဲ) ဆက်၍ စာချရတော့ ပို၍ အားနည်းနေပါတယ်၊ စားရတဲ့ဆွမ်း-ဆွမ်းဟင်းကတော့ ကျောင်းရှိ စာသင်သားများ ဆွမ်းခံ၍ရသော ဆွမ်းသာ ဖြစ်ဟန် တူပါတယ်, ဘုန်းလဲ မကြီးရှာပါဘူး, အားအတော်နည်းတဲ့အခါ အနားယူရင်း သီဟိုဠ်ကြွပြီး သီဟိုဠ်ဘာသာနဲ့ သက္ကတကို လေ့လာဖို့ စီစဉ်ပါတယ်။
ဓမ္မဂုတ်။ ။ အားနည်းနေတာတောင် ဗဟုသုတ ရှာဖို့ဘက်က မလျှော့သေးဘူး ပေါ့နော်။
တပည့်တော်။ ။ တပည့်တော်တို့ စာချပုဂ္ဂိုလ် အများစုဟာ ကျန်းမာရေး သဘောကို ဂရုမစိုက်မိကြပါဘူး, ဖြစ်တော့မှ ဖြစ်သလို ခံကြရပါတယ်။ ထိုအရှင် သီဟိုဠ်ကြွဖို့ စီစဉ်တဲ့အချိန်မှာ တပည့်တော်က မကျန်းမာတဲ့ ဘက်က ကူးတက်ပြီး ကျန်းမာတဲ့ ဘက်သို့ ရောက်လာပါပြီ၊ ဒါ့ကြောင့် တပည့်တော်က ထိုအရှင်ကို အကြံပေးပါတယ်။
(၁) သီဟိုဠ်မကြွပါနဲ့, သီဟိုဠ်မှာ ဥတုကောင်းသော်လဲ စားရေးသောက်ရေးအတွက် ဂရုစိုက်မယ့်သူ မရှိပါဘူး။
(၂) မော်လမြိုင်မှာ ဘုန်းလဲကြီးတဲ့ ဓမ္မကထိက (နောက်၌ သတိပဋ္ဌာန် ကမ္မဋ္ဌာန်း ဆရာတော်) ဖြစ်သော ဘုန်းတော်ကြီး ဥုးပဏ္ဍဝ ရှိတယ် မဟုတ်ပါလား၊ ဆွေမျိုး တော်စပ်တဲ့ အဲဒီ ဘုန်းတော်ကြီးထံ ကြွလျှင် ထိုဘုန်းတော်ကြီးရဲ့ ဒကာ-ဒကာမ များက သကျသီဟဓမ္မာစရိယ ဆရာတော်ဖြစ်တဲ့ အရှင်ဘုရားကို စားရေး သောက်တာ ပြည့်စုံအောင် ဝမ်းမြောက်ဝမ်းသာ သဒ္ဓါတရားအပြည့်နဲ့ ဂရုစိုက်ကြပါလိမ့်မယ်။
(၃) မော်လမြိုင်ဥတုလဲ မိုးတွင်းမဟုတ်လျှင် ကောင်းပါလိမ့်မယ်, ဒီတော့ ဥတုဇရုပ်လဲ တိုးတက်စည်ကား လာနိုင်ပါတယ်။
(၄) ဒကာ-ဒကာမများ၏ ပြုစုမှုကြောင့် အစာအာဟာရ သပ္ပါယဖြစ်၍ အာဟာရဇ ရုပ်များလဲ အမှန်ပင် ကောင်းမွန်တိုးတက်လာနိုင်ပါတယ်။
(၅) အားလုံးက ဝိုင်းအုံပြီး အရေးပါကြတော့ စိတ်ချမ်းသာမှု အထူးရပြီး စိတ္တဇရုပ်တွေလဲ ကောင်းမွန်တဲ့ဘက်သို့ ပြောင်းလဲ တိုးတက်လာပါလိမ့်မယ်။
(၆) ဤရုပ်သုံးမျိုး တိုးတက်လာသည်နှင့်အမျှ ရှေးကုသိုလ်ကံ အခွင့်ရသဖြင့် ကမ္မဇရုပ်များလဲ အတူတကွ ကောင်းမွန်တဲ့ဘက်သို့ တိုးတက်ကြရပါလိမ့်မယ်။
(၇) ဤ အဓိပ္ပာယ်ပါသော စကားတို့ကို ပြောကာ မော်လမြိုင်ကြွဖို့ တိုက်တွန်းပါတယ်။
(မှတ်ချက်။ နံပါတ်စဉ် ၆ နှစ်ခု ဖြစ်နေ၍ နံပါတ် ၇ သို့ ပြင်ဆင်လိုက်ပါသည်။)
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကျွန်းကုန်းမှာ ကိုယ်တွေ့ဖြစ်တဲ့ ကိုယ်တော်ရဲ့ ကျန်းမာရေး တိုးတက်ပုံကို အတုယူပြီး ဥုးမေဃိယာဘိဝံသကို မော်လမြိုင် ကြွဖို့ တိုက်တွန်းတာ မဟုတ်လား။
တပည့်တော်။ ။ ဟုတ်ပါတယ်, ဒါပေမယ့် ထိုအရှင်ရဲ့ ကံမကောင်းချင်တော့ တပည့်တော်ပေးတဲ့အကြံထဲမှာ ဗဟုသုတတိုးတက်ဖို့ နည်းလမ်းမပါတဲ့ အတွက် သီဟိုဠ်သို့သာ ကြွသွားပါတယ်၊ “ကံမကောင်းလျှင် အမြော်အမြင် ဉာဏ်လဲ မကောင်းနိုင်ဘူး”လို့ ကျမ်းစာများ၌ မိန့်ဆိုထားပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ဆိုထားသလဲ ကိုယ်တော်။
တပည့်တော်။ ။ “ရှေးကံရဲ့ အပြစ်ဒဏ်ကို ခံရတဲ့သတ္တဝါမှာ ပျက်စီးဖို့ ရှေးရှုလာရင် နည်းမှန်လမ်းမှန် မဟုတ်သော အလုပ်က နည်းမှန်လမ်းမှန် ယောင်ယောင် ပုံဟန်ဆောင်၍ အသိဉာဏ်ကို လွှမ်းမိုးကာ မားမားမတ်မတ် ရပ်နေသလို ပေါ်ထင် လာတတ်၏”လို့ ဆိုပါတယ်။ (ဝဇိရဗုဒ္ဓိ, နှာ-၆၉။)
ကမ္မာပရာဓသတ္တာနံ ဝိနာသေ ပစ္စုပဋ္ဌိတေ၊
အနယော နယရူပေန ဗုဒ္ဓိမက္ကမ္မ တိဋ္ဌတိ။
ဓမ္မဂုတ်။ ။ သီဟိုဠ်မှာ တော်တော်ကြာအောင် နေနိုင်ရဲ့လား။
တပည့်တော်။ ။ မနေနိုင်ပါဘူး, ဥတုကောင်းသော်လဲ အစာက ငရုပ်သီး မဆလာ, အပူစာတွေ ပါတာချည်းဖြစ်တော့ မူလ မကျန်းမာမှုထက် ပိုပြီး မကျန်းမာဘဲ တစ်ဝါမျှနေပြီး ပြန်လာပါတယ်၊ ရောက်တဲ့အခါ သီတင်းသုံးဖော်များက စွမ်းနိုင် သမျှတော့ ကူညီကြပါရဲ့၊ ဒါပေမယ့် သိပ်ပြီးမထူးခြားလို့ ဆေးရုံကြွပြီး နေရပါတယ်၊ ဆေးရုံကလဲ ယခုခေတ်လောက် မပြည့်စုံပါဘူး၊ အားဆေးလဲ များများမကျွေးနိုင်, ဓာတ်မှန်လဲ ရိုက်မကြည့် နိုင်တော့ အတွင်းမှာ ဘယ်နေရာက ချို့ယွင်းတယ်ဆိုတာ ကောင်းကောင်း သိနိုင်မယ် မဟုတ်ပါဘူး၊
အတော်ကြာတဲ့အခါ အားကသာ ပိုနည်းပြီး ရောဂါအခြေအနေ မသိရတာနဲ့ ဆေးရုံကဆင်းပြီး ဝိဇ္ဇာလင်္ကာရကျောင်း တိုက်မှာ နေပါတယ်၊ ဝိဇ္ဇာလင်္ကာရ ဆရာတော် ဦးဝိသုဒ္ဓကလဲ အထူး ဂရုစိုက်ပါတယ်, ဒါပေမယ့် ရောဂါက မသက်သာ ပါဘူး၊ မီးရထား ဆရာဝန်ကြီးကို ခေါ်ပြတော့ အစာအိမ်မှာ ရောဂါဖြစ်နေတယ်, လွန်လဲနေပြီလို့ ပြောပါတယ်၊ ပြောတဲ့အတိုင်းပဲ မကြာခင် ပျံလွန်တော်မူရှာပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... ဒီလိုဆိုတော့ (သကျသီဟ ဓမ္မာစရိယ)ဖြစ်ပြီး တကယ် အားထုတ်တဲ့ စာချပုဂ္ဂိုလ်များအတွက် ဝမ်းနည်းစရာ ကောင်းတဲ့ပြင် စဉ်းစားစရာလဲ အများကြီး ရှိနေတယ်နော် ကိုယ်တော်တောင် ကံကောင်းလို့ မသေတာပေါ့။
တပည့်တော်။ ။ မှန်ပါတယ်, ပရိယတ္တိသာသနဟိတ သကျသီဟသာမက, အရကျက်ဖို့ များတဲ့ စာပြန်ပွဲ ဟူသမျှနဲ့ မန္တလေး စာပြောနည်းတွေကိုပါ ပြုပြင်ဖို့ အချိန်ရောက်နေတာ အတော်ကြာပါပြီ၊ ယခုခေတ်မှာ စာသင်စာချ အများစု၌ အားနည်းတဲ့ ရောဂါလဲ မကင်းကြပါ။ ဒါ့ကြောင့် တပည့်တော်ဟာ အခွင့်ရတိုင်း အရကျက်ဖို့များတဲ့ စာမေးပွဲတွေကို ပြုပြင်ဖို့ တိုက်တွန်းခဲ့ပါတယ်၊
နောက်ထပ်ပေါ်လာတဲ့ အရကျက် စာပြန်ပွဲတွေကို တပည့်တော်ကျောင်းတိုက်က ဝင်ကို မဝင်ရပါဘူး, ဝင်ချင်ရင် တခြားကျောင်းတိုက် သွားနေကြရပါတယ်၊ မန္တလေး ပရိယတ္တိနဲ့ ရန်ကုန် စေတိယင်္ဂဏကိုတော့ ရှေးဟောင်း စာပြန်ပွဲမို့ ဝင်ခွင့် ပေးပါတယ်၊ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ချင်ရင် တခြားတိုက် သွားရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်နည်းဟာ ကိုယ်တော့်လက်တွေ့မို့ မှန်တော့ မှန်ဟန် တူပါတယ်၊ ဒါပေမယ့် တချို့ဉာဏ်ကောင်း ကိုယ်တော်များက လက်ခံလိုကြမယ် မဟုတ်ပါဘူး။
တပည့်တော်။ ။ လက်မခံလိုကြပါဘူး, လက်မခံလို့ဘဲ ဂုဏ်ကို မြန်မြန်လိုချင်တဲ့ ပုဂ္ဂိုလ်များလဲ တခြားတိုက် သွားဝင်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်ဆီမှာ ဉာဏ်အထူးကောင်းတဲ့ ကိုယ်တော် ကလေးတွေ မရှိဘဲ နေမှာပေါ့။
တပည့်တော်။ ။ တပည့်တော်ရဲ့ မူက စာတတ်ခြင်းကို နံပါတ် (၁)လို့ မထားပါဘူး, စိတ်ကောင်းရှိခြင်းနဲ့ ဝိနည်းလေးစားခြင်းကို နံပါတ် (၁)လို့ သဘော ထားပါတယ်၊ ဒီတော့ ဂုဏ်ကို စောစောလိုချင်တဲ့ ပုဂ္ဂိုလ်ဟာ တပည့်တော်ဆီ မနေတာကိုဘဲ သဘောကျပါတယ်၊ တပည့်တော်လဲ ကိုရင်တုန်းက အကြီးအောင်ထားသူ ဖြစ်တော့ ရဟန်းဖြစ်လျှင်ဖြစ်ချင်း မန္တလေး ပရိယတ္တိ သာသနဟိတ သကျသီဟကို ဝင်နိုင် လောက်ပါတယ်၊
ဒါပေမယ့် မြောင်းမြ ဆရာတော်က ဝင်ဖို့ မတိုက်တွန်းတဲ့ပြင် ပခုက္ကူသွားဖို့ အမိန့် ပေးပါတယ်၊ အဲဒီ အမိန့်တော်ကို ဦးထိပ်ရွက်ပန်ဆင်ပြီး ပခုက္ကူ မဟာဝိသုတာရာမ တိုက်ကြီးမှာ အထက် ပိဋကတော်ကြီးတွေကို သုံးနှစ်လောက် ကိုယ်တိုင် ဆိုပြီး သုံးနှစ်လောက် စာချပြီးမှ သကျသီဟစာမေးပွဲကို ဝင်ခဲ့လို့ အထက်-အောက် ကျမ်းစာတွေမှာ ယခုလို အခြေရပြီး သာသနာ့ဝန်ကို ယခုလို ဆောင်နိုင်တယ် မဟုတ်ပါလားဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်လိုဆရာကောင်းနဲ့တွေ့ပြီး ကိုယ်တော့်လို ဆရာ့စကားကို လိုက်နာနိုင်ရင်တော့ ကောင်းတာပေါ့၊ တချို့မှာ အဲဒီလိုလဲ ဆရာကောင်းနဲ့ မတွေ့ကြရပါဘူး, တွေ့ပြန်တော့လဲ ကိုယ်တော့်လို ပုံပြီး ဆရာကို မယုံနိုင်ကြဘူး၊ ဒီတော့ လူငယ်ဘဝ၌ မိမိတို့ ဉာဏ်မြင်သလို လမ်းသွား ကြရတော့ အမှားလဲတွေ့, အမှန်လဲ တွေ့ကြတာပါပဲ၊
ကိုယ်တော့်မှာတော့ ကံကိုက ကောင်းလာတာဖြစ်လို့ လမ်းမှန်ကို လိုက်ခဲ့ရတာပါ၊ ကိုယ်တော်မှာ စဉ်းစားတတ်တဲ့ ဝါသနာလဲ ပါနေတော့ ကိုယ်တော်ဖြစ်ပုံနဲ့ ဆရာတော် ဥုးမေဃိယရဲ့ ဖြစ်ပုံကို စဉ်းစားလိုက်ရင် (နောက်သားတို့အတွက်) မှတ်စရာ အချက်တွေ အတော်များများ ရနေတာပဲပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်, ဥုးမေဃိယလို စိတ်သဘော ဖြောင့်မတ်ပြီး သတ္တိရှိရှိနဲ့ သာသနာ့ဝန် ဆောင်နိုင်မယ့် ပုဂ္ဂိုလ်တစ်ပါး ရဖို့ဟာ စာချဆရာတော်တိုင်းမှာ မလွယ်ပါဘူး, ကျောင်းကြီး-တိုက်ကြီးရဖို့က လွယ်ပါသေးတယ်၊ အဲဒီ ကျောင်းကြီး-တိုက်ကြီးဟာလဲ စာချပုဂ္ဂိုလ်ကောင်းကောင်း မရှိရင် ကျေးဇူး မများပါဘူး၊ စာချနိုင်ပြီး သာသနာ့ဝန် ဆောင်လိုတဲ့ပုဂ္ဂိုလ် ကောင်းကတော့ဝါးကပ်ကျောင်းနဲ့ နေရပေမယ့် စာချပြီး သာသနာ့ဝန်ကို ဆောင်ရှာတာပါပဲ၊
လူတွေကတော့ သောင်းကုန် သိန်းကုန် ကျောင်းကြီးကိုသာ ဆောက်လိုကြပါတယ်၊ စာတော်ပြီး အားနည်းသူကို မထောက်ပံ့တတ်, ဒီလို စာတော်ပြီ အားနည်းနေတဲ့ ပုဂ္ဂိုလ်တစ်ပါးကို ရာကုန် ထောင်ကုန် အကုန်အကျခံပြီး ဓာတ်စာကလေးနဲ့ အားရှိတဲ့အစာနဲ့ ပြုစုပေးဖို့တော့ နည်းနည်းလေးမှ စိတ်မဝင်စားကြပါဘူး။
ဒါ့ကြောင့် ယခုအချိန်မှာ ရဟန်းလောင်း ကောင်းကောင်း ရှာကြတဲ့ တပည့်တော် ဆိုင်ရာ ဒကာ-ဒကာမ တချို့ကို ပြောပါတယ်, စာတော်ပြီး ဝိနည်းသိက္ခာကို ရိုသေတဲ့ ရဟန်းလောင်းရဖို့ မလွယ်ပါဘူး၊ ငယ်တုန်းက ဆရာ့ဩဝါဒအတိုင်း ကောင်းကောင်း နေသော်လဲ တော်တော်ကြီးရင် ပျက်ချင်လဲ ပျက်တယ်, လူသော်လဲ ထွက်တတ် ပါတယ်၊ မိမိတို့ စိတ်ရင်းက သာသနာတော်ကို ချီးမြှောက်ချင်ရင် အထောက်အပံ့ အားနည်းပြီး ဝိနည်းသိက္ခာ လေးစားတဲ့အပြင်, စာဘက်က မညံ့တဲ့ ပုဂ္ဂိုလ်ကို ရဟန်း တစ်ပါးရတာက သာ၍ သာသနာပြုကိစ္စ၌ စိတ်ချရပါတယ်လို့ ပြောလေ့ ရှိပါတယ်၊ ထိုစကားကို သဘောကျ၍ သိမ်ထပ်ပေးတဲ့ ရဟန်းအမများလဲ ရှိကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်တုန်းကတော့ ရန်ကုန် အဖွားလေးဆိုတဲ့ မြေပိုင်ရှင် ဒကာမကြီးက သိမ်ထပ်ချင်တာကို အခွင့်မပေးခဲ့ဘဲ သူများအတွက်ကျမှ သိမ်ထပ်တဲ့ နည်းကို အားပေးပြန်ပြီလား။
တပည့်တော်။ ။ တပည့်တော်အတွက်တော့ နောင်ခါ သာသနာပြုရေးကို မျှော်တွေးလို့ ခွင့်မပေးခဲ့တာပါ၊ အခြားပုဂ္ဂိုလ်များအတွက်လဲ ဘုန်းကံကြီးဖို့ အားပေးတာ မဟုတ်ပါဘူး၊ အထောက်အပံ့ မရလျှင် ဥုးမေဃိယ လေးတွေ ဖြစ်မှာစိုးလို့ အကူအညီကလေးမျှ ရဖို့ရာ သိမ်ထပ်တဲ့ နည်းလမ်းကို ညွှန်ပြခြင်း ဖြစ်ပါတယ်။
အရှင်ဘုရားပဲ စဉ်စားကြည့်ပါ၊ ဆရာတော် ဥုးမေဃိယမှာ သကျသီဟစာပြန်ပွဲ အားထုတ်တုန်းက အားမနည်းအောင် နွားနို့ကလေးကို မှန်မှန်သောက်ရရင်, သကျသီဟအောင်ပြီးတဲ့အခါ မျှတသော ဆွမ်းဟင်းကလေးများနဲ့ နွားနို့ကလေးကို ရရင် ဒီလို မဖြစ်နိုင်တာ အမှန်ပါပဲဘုရား။
ထိုမျှလောက် အထောက်အပံ့ကလေးကိုမျှမရလို့ အားနည်းရာက ရောဂါဖြစ်ရတာပါ၊ တပည့်တော်မှာတော့ ကိုယ်ကနားမလည်ပေမယ့် ရှေးကံက စီမံလိုက်တော့ အားနည်းတုန်းကလဲ နွားနို့လောက်တော့ သောက်ရပါသေးတယ်, နောက်လဲ အနားယူရင်း စာရေးရင်းနဲ့ ကျန်းမာခြင်းဆိုင်ရာ ဓာတ်စာ ဆေးဝါးများကိုလဲ ရရှိခဲ့ပါတယ်၊ ဒါ့ကြောင့် ထိုမျှလောက် အထောက်အပံ့ကလေးသည်ပင် သာသနာ့ဝန် ဆောင်နိုင်ဖို့ အကြောင်း အလွန်ကောင်းနေပြီဖြစ်၍ နောက် ပုဂ္ဂိုလ်များအတွက် သိမ်ထပ်ဖို့ လမ်းစဉ်ကို ညွှန်ပြရခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ သာဓုပါ ကိုယ်တော် ... သာဓုပါ သာဓုပါ၊ ကိုယ်တော်ကတော့ ကံကောင်းလို့ မသေတဲ့အပြင်, စာလဲချ - စာလဲရေး - တိုက်တာလဲ အုပ်ချုပ်, အတော့်ကို အလုပ်-လုပ်နိုင်တာကတော့ ကျန်းမာရေးကို အတော်ဂရုစိုက်လို့ပေါ့ နော်။
တပည့်တော်။ ။ တပည့်တော်ရဲ့ တန်ဖိုးဟာ ကျန်းမာရေး အပေါ်မှာ တည်ပါတယ်, ဒါ့ကြောင့် နေ့စဉ် အစားအသောက်ကို မိမိ တတ်နိုင်သမျှ ကျန်းမာရေးနဲ့ ညီအောင် စားပါတယ်၊ ကျမ်းစာရေးတာတောင် ကျန်းမာရေးကြောင့် မတ်မတ်ရေးတာက များပါတယ်၊ အထိုင်များရင် ခါးပူလာလို့ အထိုင်နည်းအောင် မတ်မတ်ရပ်ပြီး စားပွဲ အမြင့်နဲ့ စာရေးတဲ့အကျင့်ကို လုပ်ခဲ့ရပါတယ်၊
ဟိုက-ဒီက ပင့်ဖိတ်တာကိုလဲ မလွှဲမရှောင်သာမှ လိုက်ပါတယ်, တရားဟောမှုကို အသက် (၆၀)ကျော်လောက်က စပြီး တဖြည်းဖြည်း လျှော့လိုက်ပါတယ်၊ ယခုတော့ အပြင်မှာ ဟောတဲ့ကိစ္စက အလွန်နည်းသွားပါပြီ၊ တချို့ ဒကာ-ဒကာမတွေက တရားဟောဖို့ ပင့် မရလို့ အကြည်ညို ပျက်ကြဟန် တူပါတယ်၊ ပျက်တဲ့သူတွေ ပျက်ပေမယ့် မပျက်တဲ့သူတွေလဲ ရှိသေးလို့ ကျောင်းတိုက်မှာ အထိုက်အလိုက် သံဃာအများ နေနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ရေးပြီးလို့ အတော်ကြာနေတဲ့ သင်္ဂြိုဟ်ဘာသာဋီကာတော့ ဘယ် အသက်အရွယ် ရောက်မှ ရိုက်နှိပ်ဖြစ်သလဲ။
တပည့်တော်။ ။ ဒီ ဘာသာဋီကာကျမ်းက ကြီးတာလဲတစ်ကြောင်း တပည့်တော်ရဲ့ အသက်က ငယ်သေးတာလဲ တစ်ကြောင်း, ငွေကုန်များစရာရှိ၍ မတတ်နိုင်တာလဲ တစ်ကြောင်း ဤအကြောင်း သုံးမျိုးကြောင့် ရိုက်နှိပ်ရန် အတော် ချင့်ချိန် နေရပါတယ်၊ သင်္ဂြိုဟ်ဘာသာဋီကာ မရိုက်ခင် ရတနာ့ဂုဏ်ရည် နှစ်ကြိမ် အခြေပြုသင်္ဂြိုဟ် နှစ်ကြိမ် အခြေပြုသဒ္ဒါ တစ်ကြိမ် ရိုက်နှိပ်ပြီးပါပြီ။
ဓမ္မဂုတ်။ ။ ကျမ်းကြီးတာနဲ့ အသက်ငယ်တာ ဘာဆိုင်သလဲ ကိုယ်တော်။
တပည့်တော်။ ။ ဆိုင်ပါသကောဘုရား, ဒီလို ကျမ်းဂန်ထဲတွင် စာရင်းဝင်နိုင်တဲ့ စာအုပ်ကြီးမျိုးကို သက်တော်ကြီး - နာမည်ကြီး ဆရာတော်ဖြစ်မှ ရေးထုတ်လေ့ ရှိပါတယ်၊ တပည့်တော်က စာချဘုန်းကြီးကလေးအဖြစ်သာ နာမည်ရှိသေးတာ ဖြစ်တော့ တပည့်တော်ရဲ့ စာအုပ်ကြီးကို လူမလေး ခွေးမခံ့ ဆိုတာမျိုး ဖြစ်မှာ စိုးရပါတယ်၊
ဒီလိုသာ မလေးမခံ့ ဖြစ်သွားရင် တပည့်တော်လဲ ကိုယ့်ပမာဏကို မနှိုင်းချိန်တတ်တဲ့ အူကြောင်ကြောင် သတ္တဝါတစ်ယောက် ဖြစ်သွားမှာပါပဲ, ဒါ့ကြောင့်လဲ ဒီ စာအုပ်ကြီးကို မရိုက်နှိပ်ဝံ့ပါဘူး၊ အဲဒီလို မရိုက်နှိပ်သေးဘဲ စာချဘုန်းကြီးတချို့ကို ပြင်ရင်းဆင်ရင်း ကြည့်ရှုစေပါတယ်၊ သူတို့က အတော်သဘောကျလို့ ရိုက်နှိပ်ဖို့ တိုက်တွန်းကြတော့လဲ ငွေရေးက မလွယ်ပါဘူး။
ဓမ္မဂုတ်။ ။ ဘယ့်နှယ်ကြောင့် မလွယ်ရသလဲ, ရတနာ့ဂုဏ်ရည် အခြေပြုသင်္ဂြိုဟ် အခြေပြုသဒ္ဒါတို့က ငွေထွက် မလွယ်ဘူးလား။
တပည့်တော်။ ။ စာအုပ်ရေးရ, ရိုက်ရတဲ့ ဒုက္ခကို မရေးဘူး-မရိုက်ဘူးတဲ့ ပုဂ္ဂိုလ်က မသိနိုင်ပါဘူး၊ “ဟိတောပဒေသ”မှာပါတဲ့ “အမြုံမိန်းမသည် ကလေးမွေးရတဲ့ ဒုက္ခကို မသိနိုင်ဘူး”ဆိုတဲ့ အတိုင်းပါပဲ၊ ဘေးအမြင် ကတော့ သိပ်လွယ်-သိပ်ကောင်းလို့ ထင်စရာပေါ့၊ အဲဒီ ပုဂ္ဂိုလ်တွေကို “အမြဲလုပ်မနေဘဲ ကိုယ်တိုင် မွေးကြည့်ပါ”လို့ ပြောချင်ပါတယ်။
တပည့်တော်မှာတော့ ကျောင်းသားဘဝတုန်းက မဟာဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးရဲ့ ကျမ်းစာများအကြောင်း, တော်တော်ကြီးတော့ စစ်ကိုင်း မဟာဂန္ဓာရုံ ဆရာတော်ရဲ့ “နိဗ္ဗာနမဂ္ဂဒီပနီကျမ်းစာ” အကြောင်း, လက်တွေ့အားဖြင့် အဘယာရာမဆရာတော်ရဲ့ ကျမ်းစာများ အကြောင်းကို သိနေတဲ့အပြင် ရတနာ့ဂုဏ်ရည်ကစပြီး စာအုပ်ကလေးတွေတောင် တော်တော် ကြိုးစားရတဲ့ အတွက် ထို စာအုပ်ကလေးများထက် ပိုပြီးကုန်ကျဖွယ် ကောင်းသော သင်္ဂြိုဟ်ဘာသာဋီကာ အတွက် ရိုက်နှိပ်ဖို့ မရဲဝံ့ပဲ ဖြစ်နေရပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘယ်နည်းနဲ့ ရိုက်နိုင်လာသလဲ။
တပည့်တော်။ ။ တပည့်တော်ရဲ့ ကံက ဖွံ့ဖွံ့ဖြိုးဖြိုးသာ အကျိုးမပေးတာ, အလုပ် ဖြစ်အောင်တော့ အကျိုးပေးတယ် ထင်ပါရဲ့၊ ညီရဲ့ ရဟန်းအမ သားသမီးများက အခြေပြုသင်္ဂြိုဟ် အခြေပြုသဒ္ဒါ ရိုက်တုန်းကလဲ နည်းနည်းပါးပါး လိုသလောက် အကူအညီကို ပေးခဲ့ကြပါတယ်၊ ဒါပေမယ့် သူတို့ တာဝန်ခံ မဟုတ်ပါဘူး, သင်္ဂြိုဟ်-ဘာသာဋီကာ ရိုက်တော့ နည်းနည်းပါးပါး ကူညီရုံနဲ့ မရသောကြောင့် တာဝန်ခံ အဖြစ်ဖြင့် ရိုက်ပါတယ်၊
ဒီလို ရိုက်ဖို့ရန် အကြောင်း တိုက်ဆိုင်ပုံကတော့ ရဟန်းအမကြီးရဲ့ သမီးအကြီး “အစ်မလေး”ဆိုသူက စစ်ကိုင်းသို့ ဝါတွင်းဥပုသ်စောင့်ရန် ရောက်လာပါတယ်၊ ဒီအခါမှာ သင်္ဂြိုဟ်ဘာသာဋီကာ ရိုက်ဖို့အတွက် ငွေအခက်အခဲ ဖြစ်နေတာကို သိလို့ သူက တာဝန်ယူပြီး ရိုက်ပါ့မယ်လို့ လျှောက်ပါတယ်၊
ဒီစာအုပ်က ကြီးလဲကြီးတော့ ငွေအရင်းစိုက်ရတာ များလိမ့်မယ်, ရိုက်ပြီးတဲ့အခါလဲ အရင်းပြန်ရအောင် တွင်ချင်မှ တွင်မယ်လို့ ပြောပါတယ်, မတွင်ကျင်လဲ နေပါစေ “သူ့မှာ ပညာပါရမီနည်းလို့ ပညာပါရမီဖြစ်အောင် ရိုက်ပါ့မယ်”လို့ လျှောက်တဲ့ အတွက် ငွေအခက်အခဲ မရှိတော့ပဲ သင်္ဂြိုဟ်ဘာသာဋီကာကို ၃၈နှစ် အရွယ် ရောက်မှ ရိုက်ဖြစ်ပါတယ်၊ လှခင်အင်ဆန်း ပုံနှိပ်တိုက်ကလဲ ငွေ အရေးမကြီးပါဘူး, ဒါပေမယ့် တပည့်တော်က ရိုက်ပြီး-ချုပ်ပြီးတဲ့အခါ အားလုံးရှင်းပြီးဖြစ်မှ စိတ်အေးတာမို့ အားလုံး ပြည့်စုံအောင် စီစဉ်ရတာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ စာအုပ်ကလေးတွေ ထွက်လာတိုင်း ကိုယ်တော် ပတ်ဝန်းကျင် မိတ်ဆွေတချို့က “ပရမတ္ထသရူပထဲက ကူးချတာပါကွာ, ဝိသုဒ္ဓါရုံ သုတ်နက်ထဲက ကူးချတာပါကွာ”လို့ သေးသိမ်အောင် ပြောကြတယ်၊ သင်္ဂြိုဟ် ဘာသာဋီကာစာအုပ်ကြီး ထွက်လာတော့ ဘယ်လိုပြောကြသေးသတဲ့တုန်း။
တပည့်တော်။ ။ သူတို့ ပြောတဲ့အတိုင်း မှန်သားပဲဘုရား, သူတို့က ကျမ်းစာရေးတဲ့ သဘောကို နားမလည်ကြလို့ အထူးအဆန်းလုပ်ပြီး ပြောနေကြတာပါ၊ အရှင်မဟာ ဗုဒ္ဓဃောသတောင် သီဟိုဠ်ဘာသာနဲ့ ရှိနေတဲ့ ရှေး အဋ္ဌကထာဟောင်းကို ချုံးပြီး ပါဠိဘာသာနဲ့ ကူးတာပါလို့ ဝန်ခံထားသားပဲ, သီဟိုဠ်အဋ္ဌကထာ ဆိုတာလဲ အရှင်မဟာကဿပတို့ ပထမသံဂါယနာ တင်စဉ်ကရှိတဲ့ မာဂဓဘာသာ အဋ္ဌကထာကို ကူးရတာပါ၊
အရှင်မဟာကဿပတို့ရဲ့ အဋ္ဌကထာဆိုတာလဲ ဗုဒ္ဓမြတ်စွာ၏ ဟိုနားဒီနားမှာ ဟောတော်မူတဲ့ ပကိဏ္ဏကဒေသနာတော်ကို ယူထားအပ်တဲ့ အဋ္ဌကထာ ဖြစ်ပါတယ်, အာလုံး အဆင့်ဆင့် ကူးချတာချည်းပါပဲ၊ ဒီတော့ တပည့်တော်က ဆရာတော်ကြီးရဲ့ ကျမ်းစာမှ ကူးပြီ စာသင်ငယ်တို့နဲ့ လျော်အောင် စီစဉ်တာဟာ ဘာများ ထူးဆန်းလို့တုန်း။
သင်္ဂြိုဟ်ဘာသာဋီကာ ထွက်လာတဲ့အခါတော့ အဘိဓမ္မာအဋ္ဌကထာ ဋီကာကြီးတွေမှ ထုတ်နုတ်ချက်တွေကများတော့ ဘာမှ မပြောကြတော့ပါဘူး ၊ ဒါလဲ ကူးချတာပဲ မဟုတ်လား၊ ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် (ရွှေကျင်ဂိုဏ်းရဲ့ ဥက္ကဋ္ဌ မဟာနာယက သာသနာပိုင်တစ်ပါး အပါအဝင်ဖြစ်တဲ့) စံကျောင်း ဆရာတော်ကြီး ကတော့ ကျမ်းစာကကြီးပြီး ကျမ်းပြုပုဂ္ဂိုလ်က ငယ်နေတယ် လို့ မိန့်တော်မူပါသတဲ့။
ဒီအကြောင်း မြောင်းမြဆရာတော်ကြားလို့ ဆရာတော်လဲ သင်္ဂြိုဟ်ဘာသာဋီကာ စာအုပ်ကြီးကို အားရတော်မူပါတယ်, ပခုက္ကူ ဆရာတော်ကြီးများလဲ အားရတော် မူကြပါတယ်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရထိုက်တဲ့ ဘာသာဋီကာစာအုပ်ကို ထုံးစံအတိုင်း ကျောက်စာရုံးကို ပို့လိုက်တော့ ကျောက်စာဝန်က သူနဲ့ရင်းနှီးတဲ့ ဆရာတော် တစ်ပါးကို ပြောပါသတဲ့၊ သင်္ဂြိုဟ်ဘာသာဋီကာစာအုပ်ရဲ့ အရည်အချင်းဟာ “အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့ ရထိုက်လောက်အောင် မြင့်ပါတယ်၊ ဒါပေမယ့် “ပုဂ္ဂိုလ်က ငယ်လွန်းလို့ နည်းနည်း စောင့်ရပါလိမ့်မယ်”လို့ ဒီလို စောင့်ရမယ်ဆိုတဲ့ အချိန်မှာပဲ ဒုတိယကမ္ဘာစစ် ဖြစ်လာတာပါပဲ။
ဓမ္မဂုတ်။ ။ ဪ ... ဒါ့ကြောင့် လွတ်လပ်ရေး ရပြီးတဲ့အခါ ဘွဲ့တံဆိပ်မပေးဘဲ အကြာကြီးနေပြီးနောက် ဘွဲ့တံဆိပ် စ၍ပေးတဲ့နှစ်မှာ ကိုယ်တော့်ဘွဲ့ ပါလာတာကိုး။
တပည့်တော်။ ။ မှန်ပါတယ်, အများကတော့ အကြောင်းမသိလို့ ထူးဆန်းတယ် ထင်ကြပါတယ်၊ တပည့်တော်ကတော့ အကြောင်း သိပြီးမို့ မဆန်းပါဘူးဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ ကပ္ပိယ မရှိရင် ငွေကို မထားဘူးလို့ဆိုပြီး ပခုက္ကူ နေတုန်းကလဲ ငွေနဲ့စပ်၍ ဝိနည်းတော်နဲ့ ညီအောင် စောင့်စည်းခဲ့တယ်, ဒီလို ငွေအများကြီးနဲ့ စာအုပ်ရိုက်တဲ့အခါ ဝိနည်းတော်နဲ့ ညီအောင် စီစဉ်နိုင်သေးရဲ့လား။
တပည့်တော်။ ။ တပည့်တော် ကိုယ်တိုင်တော့ ငွေကို မစီမံပါဘူး, ဒါပေမယ့် အကုန်လုံးတော့ အပ်ချင်မှ အပ်ပါ့မယ်။ ဒါ့ကြောင့် အစ်မလေးက တာဝန်ခံပြီး ရိုက်တဲ့အခါကစပြီး ရှေ့ပိုင်းငွေတွေကို မယ်တော်ကြီး ထောက်ပံ့ဖို့နဲ့ နောက် ကလေးတချို့ ပညာသင်ပေးဖို့လို့ ခွဲခြားလိုက်ပါတယ်၊ ဒါ့ကြောင့် အဲဒီငွေတွေဟာ အတော်ကြာတော့ ကုန်သွားတာပါပဲ။ နောက်ထပ် ငွေနဲ့စပ်လို့ အစ်မလေးရဲ့ တာဝန် ဖြစ်သွားလို့ အပ်စပ်ပါတယ်။
ဓမ္မဂုတ်။ ။ “ဉာတိလဲ မတော်, အလိုရှိရာ အပ်သောပစ္စည်းကို တောင်းပါ”လို့ ဖိတ်မန်ထားသူလဲ မဟုတ်လျှင် ရင်းနှီးသော်လဲ ရေတစ်ခွက်မျှ မတောင်းကောင်းဘူး မဟုတ်လား၊ အဲဒီ အစ်မလေးဆိုသူက ဖိတ်မန်ထားသူ ဟုတ်ရဲ့လား။
တပည့်တော်။ ။ ပစ္စည်းလေးပါး ဖိတ်ကြပေမယ့် တောင်းမယ်လို့ ရည်ရွယ်ချက် မရှိတော့ ဖိတ်ထားသူများကို သတိမထားမိပါဘူး၊ အလွန်ရင်းနှီးလာတဲ့ အခါမှ ဖိတ်ဖူး-မဖိတ်ဖူးကို စဉ်းစားရ မေးရပါတယ်၊ အဲဒီ အစ်မလေးက ဖိတ်-မဖိတ်ကို သတိ မရပါဘူး၊ ဒါပေမယ့် သူတို့ မိခင်ဖြစ်တဲ့ ညီရဲ့ ရဟန်းအမကြီးက “တပည့်တော်တို့ တစ်အိမ်သားလုံး ပစ္စည်းလေးပါး ဖိတ်ပါတယ်”လို့ လျှောက်ဖူးလို့ သူတို့အားလုံး ဖိတ်မန်သူထဲမှာ ပါနေပါတယ်၊
တပည့်တော်ရဲ့ တောင်မြို့က (အမွေခံ) ရဟန်းအမကလေးလဲ မဖိတ်ဖူးပါဘူး၊ ရဟန်းအမကြီး ရှိစဉ်က“တစ်တိုက်လုံးအတွက် ပစ္စည်းလေးပါး ဖိတ်ဖူး”လို့ ယခုရှိသော ရဟန်းအမလေးအထိ တောင်းကောင်းနေပါတယ်၊ သူတို့ သားသမီး များကျတော့ မတောင်းကောင်းပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် စာအုပ်နဲ့ စပ်တဲ့ ယခုအထိ ငွေများဟာ သာသနာရေး အတွက် အပ်အပ်စပ်စပ် (ဝိနည်းတော်နဲ့အညီ) စီမံတာပေါ့နော်၊ စာအုပ်တွေ အများကြီး ရိုက်နှိပ်နေတာဖြစ်လို့ ကိုယ်တော့်ကို ဝိနည်းတော်နဲ့ အညီ, အပ်အောင် စီမံလိမ့်မယ်လို့ ဘယ်သူမှ တွေးနိုင်ကြမယ် မဟုတ်ပါဘူး။
တပည့်တော်။ ။ တပည့်တော်လဲ သူများအထင်ကို သိပါတယ်, အမှန်ကတော့ သူများ ကြည်ညိုဖို့ထက် ကိုယ့်ကိုယ်ကို ကိုယ်ကြည်ညိုဖို့သာ အရေးကြီးပါတယ်, တပည့်တော်ဟာ စာအုပ်ရေးပြီး ရိုက်နှိပ်တဲ့အခါ ကောင်းကောင်း ပြင်ပေးဖို့သာ တာဝန်ယူပါတယ်၊ စက္ကူဝယ်ဖို့ စာအုပ်ရောင်းဖို့ တာဝန် မယူပါဘူး, စာအုပ် ဘယ်လောက် ငွေဘယ်လောက် ရှိသလဲလို့လဲ မေးလေ့မရှိပါဘူး၊ ကျောင်းတိုက်မှာ လုပ်ချင်တဲ့အလုပ် ရှိတဲ့အခါ “ဘာလုပ်ချင်တယ်, တတ်နိုင်ရဲ့လား”လို့ မေးပြီး တတ်နိုင်ပါတယ်ဆိုမှ လုပ်စရာရှိတာကို လုပ်စေပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ကိုယ်တော့်အလုပ်မှာ ကိုယ်တိုင်တော့ စိတ်ကျေနပ်စရာပါပဲ, သင်္ဂြိုဟ်ဘာသာဋီကာ ပြီးတော့ ဘာကို ဆက်ပြီး ရိုက်သလဲ။
တပည့်တော်။ ။ ရေးပြီးဖြစ်တဲ့ ဝီထိ (၃)ချက်စု ဘာသာဋီကာကို ရိုက်ပါတယ်၊ ထိုစာအုပ် ရိုက်တုန်းမှာ ကိုယ်ကျင့်အဘိဓမ္မာကို ရေးပါတယ်၊ လူဝတ်ကြောင်များက သင်္ဂြိုဟ်ဘာသာဋီကာကို ကြည့်ကြပါတယ်, သူတို့အတွက် ရေးအပ်သောကျမ်း မဟုတ်သဖြင့် ကောင်းကောင်း နားမလည်ကြပါဘူး။
ဒါ့ကြောင့် လူဝတ်ကြောင်များ နားလည်လောက်အောင် ကိုယ်ကျင့်အဘိဓမ္မာကို ရေးရခြင်း ဖြစ်ပါတယ်၊ အဲဒီ ကိုယ်ကျင့်အဘိဓမ္မာပြီးလို့ ရိုက်နှိပ်ချိန်မှာ တပည့်တော် အသက်လဲ ၄ဝ ကျော်ပြီလို့ ထင်ပါတယ်၊ ထို့နောက်လဲ ပါတိမောက်ဘာသာဋီကာကို ရိုက်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အသက် ၄၀ အတွင်းမှာ စာချ-စာရေးတာ မှတစ်ပါး သာသနာရေး ကိစ္စများကို ဘာလုပ်ရသေးတုန်း။
တပည့်တော်။ ။ တပည့်တော် တာဝန်တွေဟာ အလွန်များပါတယ်ဘုရား, စာချ-စာရေးအပြင် ကျောင်းတိုက်တွင်းမှာ ဟောစရာရှိရင် တပည့်တော်ပဲ တာဝန်ယူ ရပါတယ်, မဟာဝိသုဒ္ဓါရုံတိုက်မှာ အစည်းအဝေးရှိရင်လဲ ဆရာတော် ရှိတဲ့အခါ ဆရာတော်နဲ့အတူ သွားရပါတယ်, ဆရာတော်က သီဟိုဠ်ကြွနေတဲ့အခါ တပည့်တော်ချည်းလဲ သွားရပါတယ်၊ တစ်ခါတစ်ခါ စစ်ကိုင်းဘက်က ကိစ္စများကိုလဲ သွားပြီး ဆောင်ရွက်ရပါတယ်။
ဓမ္မဂုတ်။ ။ တစ်ဂိုဏ်းလုံးရဲ့ အကျိုးရှိမယ့် အလုပ်ကိုတော့ ဘာများလုပ်သေးတုန်း။
တပည့်တော်။ ။ ပခုက္ကူက ပြန်ရောက်ပြီးနောက် မန္တလေး ဝိသုဒ္ဓါရုံတိုက်မှာ နေစဉ်, ဝိသုဒ္ဓါရုံတိုက်ရှိ (ဆရာတော်ကြီးမှတစ်ပါး) စာချအားလုံး စုပေါင်းပြီး ဆွမ်းစားကျောင်း တစ်ကျောင်းမှာ စားဖို့ တိုက်အုပ်ဆရာတော်ကြီးထံ လျှောက်ဖူး ပါသေးတယ်၊ ဆွမ်းအတူ စားရာကစ၍ အချင်းချင်း သွေးစည်းဖို့ တိုင်တိုင်ပင်ပင် စာချကြဖို့, သူ့တပည့် ကိုယ့်တပည့် မခွဲခြားဖို့ ရည်ရွယ်တာပါ၊ ပခုက္ကူမှာ ဒီလို အတူစားကြလို့ စာချဘုန်းကြီးချင်း အလွန် ရင်းနှီး ခင်မင်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အကြံ အထမြောက်ရဲ့လား။
တပည့်တော်။ ။ စိတ်ကူးကို (နောင်အခါ တစ်တိုက်လုံးရဲ့ ဥက္ကဋ္ဌ မဟာနာယက ဖြစ်တဲ့) တိုက်အုပ်ဆရာတော်က အလွန်သဘောကျပါတယ်၊ “ဥုးဇနက ဖြစ်အောင် ကြိုးစားပါ, ကိုယ်တိုင် ဆွမ်းဖိတ်တန် ဖိတ်ပေးပါ့မယ်”လို့ မိန့်တော်မူပါတယ်၊ ဒါပေမယ့် စုပေါင်းစားဖို့ရာ တာဝန်ခံကျောင်းလဲ မရှိ ဆွမ်းလဲ မရှိပါဘူး၊ ဒါ့ကြောင့် အဲဒီ စိတ်ကူးဟာ ကောင်းကင်မှာ တိုက်ကြီး တည်သလို လေဖြစ်သွားပါတယ်။
ဓမ္မဂုတ်။ ။ နောက်ကော တစ်ဂိုဏ်းလုံးကောင်းဖို့ ဘာစိတ်ကူးသေးသလဲ, ကိုယ်တော်က စိတ်ကူးသမားမို့ မေးရတာပါ။
တပည့်တော်။ ။ နောက်လဲ သာသနာ့ဝန်ဆောင်ဆိုတဲ့ အဖွဲ့ တစ်ဖွဲ့ ဖွဲ့ပြီး တစ်ဂိုဏ်း လုံးရဲ့ စာသင်နည်းဟာ စည်းမျဉ်းတစ်ခုထဲဖြစ်ဖို့ ကြိုးစားပါသေးတယ်၊ ဝိသုဒ္ဓါရုံတိုက်၌ ဂိုဏ်းလုံးဆိုင်ရာ အစည်းအဝေးကြီးမှာ လျှောက်ထားတော့ စည်းမျဉ်းရေးပါဆိုလို့ ဝန်ဆောင်သံဃာချင်း တိုင်ပင်ပြီး ရေးပါတယ်, ရေးပြီး၍ စာအုပ်ကလေး ရိုက်ပြီးလို့ သုံးနှစ်တစ်ကြိမ် စည်းဝေးတဲ့ ဂိုဏ်းလုံးဆိုင်ရာ အစည်းအဝေးကြီးကို ရန်ကုန်-မြို့မကျောင်းကြီး၌ ပြုလုပ်တဲ့အခါ တင်ပြပါတယ်, ဆုံးဖြတ်ချက်က ကောင်းတော့ ကောင်းပါတယ်တဲ့၊ ကိုယ်တော်တို့ ဝန်ဆောင်အဖွဲ့ စာချပုဂ္ဂိုလ်များက နမူနာပြတဲ့ အနေနဲ့ ပို့ချကြပါတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် အထမြောက်တာပေါ့နော်။
တပည့်တော်။ ။ ဘာ အထမြောက်မှာလဲဘုရား, တစ်ဂိုဏ်းလုံးက ဆရာတော်ကြီးများ အားပေးမှ ထိုစည်းမျဉ်းအတိုင်း စာမေးပွဲကျင်းပပြီး ကြိုးစားရ မှာပါ, စာမေးပွဲ မပါရင် ဘယ်စာသင်သားက ဂရုတစိုက် သင်မှာတဲ့လဲ၊ ဒါ့ကြောင့် အဲဒီ ကိစ္စလဲ ရေဖြစ်သွား တာပါပဲ, တပည့်တော်တော့ ကြိုးစားလိုက်ရတာ မောလို့။
ဓမ္မဂုတ်။ ။ ဒီပြင်ကော ဘာများ မောရသေးတုန်း။
တပည့်တော်။ ။ သုံးနှစ်တစ်ကြိမ် စည်းဝေးတဲ့ ဂိုဏ်းအစည်းအဝေးတွေမှာ မော်လမြိုင် - မန္တလေး - ရန်ကုန် သုံးဌာနလုံး၌ တပည့်တော်ကိုချည်း အကျိုးဆောင် လုပ်စေကြပါတယ်, အတော်လဲ ပင်ပန်းခံပြီး ကြိုးစားပါတယ်၊ အစည်းအဝေးမှာ ဟောလိုက်ကြ, ပြောလိုက်ကြတာ အလွန်ပါပဲ၊ စာသင်တိုက် မရှိ, စာချ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေက ဂိုဏ်းကြီးပွားရေးကို သာပြီး ပြောကြပါသေးတယ်, သင်္ကြန်အမြောက် ပစ်ဖောက်သလိုပါပဲ။
အစည်းအဝေးလဲ ပြီးရော အမြောက်ကြီးတွေ အိပ်ရာပေါ် လှဲနေတော့တာပါပဲ၊ ဒါကြောင့် အဲဒီ သုံးကြိမ်က နောက်ကို ဂိုဏ်းအစည်းအဝေးတိုင်မှာ ဝတ်ကျေ တန်းကျေသာ လိုက်ပါတော့တယ်၊ ခရီဝေးတဲ့ အစည်းအဝေး (တောင်ကြီးတို့-ပဲခူးတို့) မှာ လိုက်တောင် မလိုက်တော့ပါဘူး။
ဓမ္မဂုတ်။ ။ ဒါဖြင့် ကိုယ်တော်ရဲ့ အသက် ၄၀ အတွင်း အများနဲ့လုပ်ရတဲ့ ကိစ္စတွေမှာ ဘာမှ ကျေနပ်စရာ မတွေ့ဘူးပေါ့နော်။
တပည့်တော်။ ။ အဘယာရာမဆရာတော်နဲ့ အတူလုပ်ရတဲ့ ကိစ္စတစ်ရပ်နဲ့ သရိုင်ရွာ ပင်းကျောင်းဘုန်းတော်ကြီးနဲ့ အတူလုပ်ရတဲ့ ကိစ္စတစ်ရပ်တော့ မှတ်မှတ်ရရ အထမြောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို လုပ်ရသလဲ။
တပည့်တော်။ ။ နွားထိုးကြီးမြို့မှာ သံဃာချင်း ကွဲနေလို့ မြို့သူကြီးနဲ့တကွ လူကြီးများလာပြီး အဘယာရာမဆရာတော်ကို စေ့စပ်ပေးဖို့ ပင့်ကြပါတယ်၊ ဒါ့ကြောင့် ရက်ချိန်းပေးပြီး ဝိဇ္ဇာလင်္ကာရတိုက်က ဥုးဝိသုဒ္ဓါဘိဝံသနဲ့, အဘယာရာမ တိုက်က စာချဘုန်းကြီးများကို ခေါ်ပြီး ဆရာတော် ကြွပါတယ်၊
ဒီအခါမှာ ဆရာတော်က တပည့်တော်ကို ပထမတန်းမှာ ရထားအတူစီးဖို့ အမိန့် ရှိပါတယ်၊ တပည့်တော်က အခြားစာချဘုန်းကြီး များကိုငဲ့ပြီး ဒုတိယတန်းမှာ အခြား ဘုန်းကြီးများနဲ့ အတူစီးပါ့မယ်လို့ လျှောက်ပါတယ်၊ ရောက်တဲ့အချိန်က ညဖြစ်လို့ တစ်မြို့လုံးလောက် မီးထွန်းပြီး ကြိုကြပါတယ်၊ မြို့ထဲမှာ လူတွေကို ဖယ်ထားတဲ့ နှစ်ထပ်တိုက်တစ်လုံး၌ တည်းကြရပါတယ်။
ဓမ္မဂုတ်။ ။ ရောက်ပြီးတော့ ဘာလုပ်ကြရတုန်း။
တပည့်တော်။ ။ နောက်တစ်ရက် နံနက်ဆွမ်း စားပြီးတဲ့အခါ လူကြီးများနဲ့ အတူ လုပ်ငန်းစဉ်ကို တိုင်ပင်ကြပါတယ်၊ ဆရာတော်နဲ့ လူကြီးများက တစ်နေရာ၊ တပည့်တော်တို့က ခပ်နီးနီး ထောင့်တစ်နေရာမှာ ထိုင်ကြပါတယ်၊ အမှုသွားမှာ တရားလို၊ (စောဒက)ပုဂ္ဂိုလ်က ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခါနီး၌ ဝိဿာသဂ္ဂါဟဖြင့် ယူထားတဲ့ကျောင်းကို ပျံလွန်တော်မူတဲ့ ဘုန်းကြီးရဲ့ တပည့် ဦးပဉ္စင်းကလေးက ဝင်ရောက်နေထိုင်တဲ့ အမှုပါ။
နှစ်ဘက် ကာယကံရှင်များရဲ့ တင်ပြထားတဲ့ စာကိုလဲ ကြည့်ကြရပါတယ်၊ စောဒက (တရားလို)နဲ့ စုဒိတက (တရားခံ)တို့ရဲ့ စာရေးပုံကြည့်၍ လည်းကောင်း၊ လူကြီး များကို မေး၍လည်းကောင်း၊ နှစ်ဘက်ကွာခြားမှုကို ရှင်းရှင်းကြီး သိရပါတယ်။ (စောဒက)က အသက်သိက္ခာလဲ ကြီး၊ ပညာအရည်အချင်းလဲ ကြီးပါတယ်၊ (စုဒိတက) က ငါးဝါမျှ မရသေးသော ဦးပဉ္စင်းကလေး ဖြစ်တဲ့အပြင် စာလဲ ကောင်းကောင်း မသင်ဖူးရှာပါဘူး။
ဓမ္မဂုတ်။ ။ တိုင်ပင်ကြတော့ ဘယ်လို သဘောတူကြတုန်း။
တပည့်တော်။ ။ ဆရာတော်နဲ့ လူကြီးများရဲ့ စကားကို တပည့်တော်တို့ နားထောင် နေကြပါတယ်၊ အတော်ကြာတော့ ဆရာတော်က လှမ်းပြီး “ဥုးဇနက ဘယ်လို သဘောရတုန်း”လို့ မေးပါတယ်၊ ဒီတော့ တပည့်တော်က (စောဒက) ဘုန်းကြီး ဆီကို တပည့်တော် သွားခွင့်ရလျှင် ကောင်းလိမ့် မယ်ထင်ပါတယ် လို့ လျှောက်လိုက်ပါတယ်၊ ဆရာတော်က ဘာမှ အမိန့်မရှိပါဘူး၊ လူကြီးများက မသွားသင့်တဲ့ အဓိပ္ပာယ်မျိုး ပြောကြပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်သားပါ၊ တရားဆုံးဖြတ်ရမယ့် အဖွဲ့ထဲက စောဒက (တရားလို) ဘက်ကို သွားတယ်ဆိုတာ ထုံးစံမှ မဟုတ်ဘဲ၊ ဒီလိုသွားရင် စုဒိတက (တရားခံ)က ဘယ်မှာ ဆုံးဖြတ်တာကို နာခံတော့မှာလဲ၊ ကိုယ်တော်က ဒါလောက်မှ မစဉ်းစားမိဘူးလား။
တပည့်တော်။ ။ တပည့်တော်က ထုံးစံဟာ ထုံးစံပဲ၊ အလုပ်ပြီးစီးတာသာ ပဓာန ဖြစ်တယ်လို့ ယူဆပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘယ်လို စီစဉ်သလဲ။
တပည့်တော်။ ။ အပြန်အလှန်စကား ပြောကြပြီးနောက် ဆရာတော်က လှမ်းပြီး ဘယ်လို သဘောကျတုန်းလို့ မေးပြန်ပါတယ်၊ တပည့်တော်ကလဲ တပည့်တော် သွားခွင့်ရရင် ကောင်းမှာပဲလို့ နဂိုက စကားအတိုင်း လျှောက်ပါတယ်၊ ဒီတော့ မြို့သူကြီးက “ဒါလောက် သွားလိုရင် သွားကြည့်သေးတာပေါ့ ဘုရား”လို့ လျှောက်ပြီး ကားပြင်ပါတယ်၊ တပည့်တော်လဲ “ဝိဇ္ဇာလင်္ကာရ ဆရာတော် ဥုးဝိသုဒ္ဓါဘိဝံသ”ကိုပါ ခေါ်ပြီး မြို့သူကြီးပါ (စောဒက) ပုဂ္ဂိုလ်ကျောင်းသို့ ထွက်ခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ဟိုရောက်တော့ အားလုံး အဆင်ပြေရဲ့လား။
တပည့်တော်။ ။ မြို့သူကြီးက တပည့်တော်တို့ လာတဲ့အကြောင်းကို စောဒက (တရားလို) ဘုန်းကြီးအား ပြောပြပါတယ်၊ တပည့်တော်က“တပည့်တော်ဟာ မည်သူ မည်ဝါဖြစ်ကြောင်း၊ အတူပါသော တစ်ပါးက ပထမကျော် သကျသီဟဓမ္မာစရိယ ဝိဇ္ဇာလင်္ကာရကျောင်းတိုက် ဆရာတော် ဥုးဝိသုဒ္ဓါဘိဝံသ” ဖြစ်ကြောင်းကို ပြောပါတယ်။
ဓမ္မဂုတ်။ ။ ဂုဏ်တွေဖော်ပြီး မိတ်ဆက်တာပေါ့လေ။
တပည့်တော်။ ။ ဆိုနိုင်ပါတယ်၊ ဂုဏဝန္တေ ပဿန္တိ ဇနာ - လောကတစ်ခုလုံးကိုက ဂုဏ်ရှိသူကိုမှ လူထင်ကြတယ်၊ ဒါ့ကြောင့် အဖော်ခေါ်တုန်းကိုက ဒီအချက်တွေ စဉ်းစားပြီး ဂုဏ်ထူးရှိတဲ့ ပုဂ္ဂိုလ်ကို ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ မိတ်ဆက်ပြီး ဘယ်လိုများ ကိုယ်တော်က ပြောရတုန်း။
တပည့်တော်။ ။ ဆရာတော်ကြီးအထံ ပြဖို့ တစ်ဆင့်ပို့ထားတဲ့ အရှင်ဘုရားတို့ရဲ့ စာကို မြို့သူကြီးမှတစ်ဆင့် ဆရာတော်ရော တပည့်တော်တို့ရော ကြည့်ရပါတယ်၊ စာအသွားအလာကို ကြည့်ခြင်းအားဖြင့် အရှင်ဘုရားရဲ့ အရည်အချင်းနဲ့ စိတ် သဘောထားကိုလဲ တပည့်တော်တို့ အကဲခတ်နိုင်ပါတယ်၊ အဲဒီ စိတ်သဘောထား ကြီးမားပုံကို သိရလို့ အရှင်ဘုရားနဲ့ တင်ကြိုပြီး ဆွေးနွေးရအောင် တပည့်တော်တို့ လာခဲ့ကြပါတယ်။
ဆရာတော်ဘုရားက လွှတ်လို့ လာခဲ့ခြင်း မဟုတ်ပါ၊ တရားဆုံးဖြတ်မယ့် ဘက်က ဒီလို မလာထိုက်ဘူး ဆိုတာလဲ တပည့်တော်တို့ သိပါတယ်။ ဒါပေမယ့် သာသနာ တော်ကို ကြည်ညိုတဲ့ သဒ္ဓါဓာတ်ခံရှိသူတို့ရဲ့ မေတ္တာဟာ လောကထုံးစံထက် အဖိုးတန်ပြီး ကိစ္စလုပ်ငန်းကို မြန်မြန် ပြီးလွယ်စေနိုင်တယ် ယူဆလို့ ထုံးစံကို ကျော်ခဲ့ခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... ကိုယ်တော်ရဲ့ စကားပလ္လင်က တစ်ဖက်သား နားဝင်စရာပေပဲ၊ စကားပလ္လင် ပြီးတဲ့အခါ ဘယ်လို ဆက်ရသလဲ။
တပည့်တော်။ ။ အရှင်ဘုရားလဲ ကျမ်းစာများကို ကြည့်ရှုလေ့လာပြီး ဖြစ်ပါလိမ့်မယ်၊ အရှင်ဘုရားရဲ့ စာထဲမှာ ဒီကျောင်းကို လိုချင်တဲ့ဆန္ဒ မရှိဘူး၊ နေတဲ့ ဦးပဉ္စင်းက မလေးစားဘူးထင်လို့ မခံချင်တာဘဲ ဆိုတာကိုလဲ သိရပါတယ်၊ (ဝိဿာသဂ္ဂါဟ) ယူရာ၌ ပစ္စည်းရှင်ပုဂ္ဂိုလ်က ဝမ်းမြောက် သဘောတူမှ အထ မြောက်နိုင်တယ်ဆိုတာ ပါနေပါတယ်၊ အဲဒီတော့ ပျံတော်မူမယ့် ပုဂ္ဂိုလ်က ဘာမှ ပြန်မပြောနိုင်ဘဲ ဝိဿာသဂ္ဂါဟ ယူခြင်းကို သဘောတူ-မတူ သိဖို့ မခဲယဉ်းဘူးလား။
သံဃာ့ပရိသတ်ရော - လူပရိသတ်ရော အလွန် များပါတယ်၊ စည်းဝေးတဲ့ အခါမှာ ဆရာတော်က တရားလို (စောဒက) ပုဂ္ဂိုလ်ရဲ့ စာကို ပြောပြပြီး “အလွန် သူတော်ကောင်းစိတ် ရှိပါပေတယ်၊ အားလုံး သာဓု ခေါ်ကြပါ”လို့ မိန့်တော်မူတဲ့ အခါ အားလုံး သာဓု ခေါ်ကြပါတယ်။
ဓမ္မဂုတ်။ ။ ထို့နောက် ဆရာတော်က ဘာ အမိန့်ရှိသေးသလဲ။
တပည့်တော်။ ။ ပရိသတ်အလယ်မှာ ဆုံးဖြတ်လို့ မဖြစ်သေးဘူး၊ ဒီနယ်က သံဃာတော်များ ညနေ ၅ နာရီလောက် တည်းခိုရာတိုက်သို့ ကြွခဲ့ကြပါ၊ အဲဒီကျမှ အဆုံးအဖြတ် ပေးပါ့မယ်၊ ဒို့က ပရိသတ်မှာ ကျက်စားလေ့ မရှိဘူး၊ ဒီတော့ ပရိသတ်မှာ ကျက်စားလေ့ရှိတဲ့ စာချဘုန်းကြီး ဥုးဇနကက သြဝါဒတရားစကား ပြောပါလိမ့်မယ်၊ ဤသို့ မိန့်တော်မူပြီး တပည့်တော်ကို အလှည့်ပေးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သံဃာ့ပရိသတ် - လူပရိသတ်ကြီးကို ကြည့်ပြီး ကြောက်ရွံ့ မနေဘူးလား။
တပည့်တော်။ ။ တပည့်တော်က ဒီပရိသတ်ကြီးမျိုးကို ပခုက္ကူနေစဉ် ဦးပဉ္စင်းကလေး ဘဝတုန်းက ကျက်စားခဲ့တာပါ၊ ရွှေကျင် ဂိုဏ်းလုံးဆိုင်ရာ မြို့ကြီး သုံးဌာန အစည်းအဝေးတို့မှာလဲ တာဝန်ဆောင်ခဲ့တယ် မဟုတ်လား၊ ဒါ့ကြောင့် ဆရာတော်က ယုံကြည်ပြီး ကိုယ်စား ပြုတော်မူတာဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘယ်လို သြဝါဒများကို ဟောပြခဲ့သလဲ။
တပည့်တော်။ ။ တပည့်တော်ကလဲ တပည့်တော် ညွှန်ပြတဲ့လမ်းကို ရှောရှော ရှူရှူ လိုက်လာတဲ့ (စောဒက)ပုဂ္ဂိုလ်ကိုပင် အမွှန်းတင်တဲ့ ဩဝါဒကို ပေးပါတယ်၊
(စူဠဝဂ္ဂ-ပဉ္စသတိက သံဂီတိက္ခန္ဓက) မှာ ပါတဲ့ တရားတော်ရဲ့ အချုပ်ကတော့ ...
(၁) ခုဒ်ကို မနင်း၊ နုပ်ကို နင်း၊ ရှိခြင်း ရိပ်မမြင်။
(၂) မာ-ရဟန်းပြု၊ တောင်းပန်မှု၊ ထေရ်စု ပြစ်တော်တင်။
(၃) ရိုသေသောအား၊ ဒုက္ကဋ်ကြား၊ ငါးပါး အာနန်ရှင် ... လို့
ပခုက္ကူ၊ စာသင်သားဘဝက စာတက်ရင်း ရခဲ့တဲ့ လင်္ကာသံပေါက် ကလေးကို မူတည်ပြီး အကျယ် ဟောပြတဲ့ သြဝါဒဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဓိပ္ပာယ်အကျယ်က ဘယ်လိုလဲ။
တပည့်တော်။ ။ မြတ်စွာဘုရားက “ပရိနိဗ္ဗာန် စံတော်မူတော့မည်”လို့ မိန့်တော် မူပြီးမှ အရှင်အာနန္ဒာကို ငါဘုရား ကွယ်လွန်တော်မူသောအခါ သံဃာများက “ပယ်နုတ်လိုလျှင် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကို ပယ်နိုင်တယ်”လို့ မိန့်တော် မူပါတယ်၊ အရှင်အာနန္ဒာမှာလဲ ဘုရားပရိနိဗ္ဗာန် စံတော်မူမည့် အရေးကို တွေးပြီး စိတ်သောကများနေလို့ “ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များ ဆိုတာ အဘယ် သိက္ခာပုဒ်များ ဖြစ်ပါသလဲ”လို့ မလျှောက်လိုက်မိပါဘူး၊ ဒီကိစ္စအတွက် ပရိနိဗ္ဗာန် စံတော်မူပြီး တဲ့အခါ အရှင်အာနန္ဒာကို မထေရ်ကြီး များက အပြစ်တင်ကြပါတယ်၊ ဒါ့ကြောင့် “ခုဒ်ကို မနင်း”လို့ လင်္ကာ၌ စပ်ဆိုထားပါတယ်။
ဓမ္မဂုတ်။ ။ နောက်တစ်မျိုးက ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ အခါတစ်ပါး၌ ဘုရားရှင်၏ ရေသနုပ်တော် စုတ်နေလို့ အရှင် အာနန္ဒာက ချုပ်ပေးရပါတယ်၊ ချုပ်တဲ့အခါ ကိုင်ပေးမယ့် ရဟန်း တစ်ပါးမှ မရှိလို့ သင်္ကန်းရဲ့ တစ်ဖက်အစကို ခြေဖြင့်နင်း၍ ချုပ်မိပါတယ်။ ဒါကိုလဲ ပရိနိဗ္ဗာန် စံတော်မူပြီးမှ အပြစ်တင်ကြပါတယ်၊ ဒါ့ကြောင့်“နုပ်ကို နင်း”လို့ လင်္ကာ၌ စပ်ဆို ထားပါတယ်။
ဓမ္မဂုတ်။ ။ နောက်တစ်မျိုးကကော ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့အခါ၌ မာတုဂါမများကို အရင် (ရှေးဦး) အလောင်းတော်ကို ရှိခိုးစေပါတယ်၊ မာတုဂါမတွေကလဲ အလောင်းတော်ကို ရှိခိုးကြရင်း ငိုကြလို့ မျက်ရည်တွေ ရွဲစိုနေပါတယ်။ ဒါကိုလဲ အပြစ်တင်ကြပါတယ်၊ ဒါ့ကြောင့် “ရှိခြင်း”လို့ လင်္ကာ စပ်ဆို ထားပါတယ်၊
(အရှင်အာနန္ဒာကလဲ နောက်မှ ရှိခိုးစေလျှင် မှောင်နေမှာ စိုးလို့ မာတုဂါမတွေကို အချိန်ရှိတုန်း ပြန်နိုင်အောင် အရင် ရှိခိုးစေခြင်း ဖြစ်ပါတယ်၊ အရှင်အာနန္ဒာမှာ အပြစ်မရှိပါဘူး။)
ဓမ္မဂုတ်။ ။ နောက်တစ်မျိုးက ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ ဘုရားရှင်သည် သုံးလလောက် လွန်လျှင် ပရိနိဗ္ဗာန် စံတော်မူမည် လို့ မိန့်တော်မမူခင်ကလေးမှာပင် အရှင်အာနန္ဒာကို အမိန့်ရှိဖူးပါတယ်၊ “အာနန္ဒာ ... ဣဒ္ဓိပါဒ်လေးပါးကို ပွားများထားတဲ့ ပုဂ္ဂိုလ်သည် အာယုကပ်ကုန်အောင် တည်နေ နိုင်တယ်၊ ငါဘုရားလဲ ဣဒ္ဓိပါဒ်လေးပါးကို ကောင်းကောင်း ပိုင်နိုင်အောင် ပွားများပြီး ဖြစ်သောကြောင့် အာယုကပ် ဆုံးအောင် ပရိနိဗ္ဗာန် မစံဘဲ နေတော်မူနိုင်တယ်”လို့ (“အာယုကပ်ပတ်လုံး တည်တော်မူပါ”လို့ လျှောက်နိုင်အောင် အရိပ်နိမိတ်ကို) အမိန့်တော်ရှိသော်လဲ -
ဘုရားရှင်၏ အရိပ်နိမိတ်စကားကို နားမလည်အောင် မာရ်နတ်က ထိုအချိန်မှာ နှောက်ယှက်ထားလို့ “အာယုကပ်ပတ်လုံး တည်တော်မူပါ”လို့ မလျှောက်မိပါ၊ ထို အချက်ကိုလဲ မထေရ်များက အပြစ်တင်တော်မူကြပါတယ်၊ ဒါ့ကြောင့် “ရိပ်မမြင်”လို့ လင်္ကာ၌ ဆိုထားပါတယ်၊
(မာရ်နတ်ရဲ့ လှည့်ပတ်မှုကို ခံရသောကြောင့် မလျှောက်မိခြင်း ဖြစ်ရကား အရှင် အာနန္ဒာမှာ အပြစ်မရှိပါ။)
ဓမ္မဂုတ်။ ။ နောက်တစ်မျိုးက ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ မာတုဂါမများအား ရဟန်းပြုခွင့် ပေးဖို့ရန် အရှင်အာနန္ဒာသည် တောင်းပန်၏၊ ထို တောင်းပန်မှုကိုလဲ အပြစ်တင်တော်မူကြပါတယ်။ ဒါကြောင့် “မာ-ရဟန်းပြု၊ တောင်းပန်မှု”လို့ လင်္ကာ၌ ဆိုတာပါ။
(အရှင်အာနန္ဒာကား မိထွေးတော် ဂေါတမီ၏ ဆင်းရဲပင်ပန်းစွာ လာ၍ ရဟန်းပြုခွင့် တောင်းသောအခါ ခွင့်မပေးသောကြောင့် မိထွေးတော် ဂေါတမီကို သနားလှသဖြင့် ကူညီ၍ ခွင့်တောင်းခြင်း ဖြစ်ပါတယ်၊ အပြစ် မရှိပါ။)
ဓမ္မဂုတ်။ ။ ဒီလို အပြစ်တင်ကြတော့ အရှင်အာနန္ဒာက အပြစ်မရှိကြောင်းကို ငြင်းသေးသလား။
တပည့်တော်။ ။ အရှင်အာနန္ဒာရဲ့ ပင်ကိုစိတ်က အင်မတန် နူးညံ့ပါတယ်၊ မထေရ်များက အဲဒီ အပြစ်ငါးပါးကို ပြ၍ “ဒုက္ကဋ် ဒေသေဟိ = မကောင်းသဖြင့် ပြုအပ်မိပါသည်လို့ လျှောက်ကြား ဝန်ခံပါ”လို့ မိန့်သောအခါ အရှင်အာနန္ဒာက တပည့်တော်မှာ အကြောင်းအားလျော်စွာ ပြုရခြင်းဖြစ်လို့ “မကောင်းပြုအပ်တယ်” လို့ မယူဆသော်လဲ ထေရ်များကို ကြည်ညိုသောအားဖြင့် “ဒုက္ကဋ် ဒေသေမိ = မကောင်း ပြုအပ်မိပါသည်လို့ လျှောက်ထား ဝန်ခံပါ၏”လို့ လျှောက်ပါတယ်၊ ဒါ့ကြောင့် “ရိုသေသောအား၊ ဒုက္ကဋ်ကြား၊ ငါးပါး အာနန်ရှင်”လို့ လင်္ကာ၌ ဆိုတာဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အရှင်အာနန္ဒာ၏ ဝန်ခံမှုနဲ့ ယခုကိစ္စမှာ ဘယ်လို ဆိုင်ပါသလဲ။
တပည့်တော်။ ။ ဆိုင်တာပေါ့ဘုရား၊ အရှင်အာနန္ဒာရဲ့ အလုပ်ဟာ မကောင်းသော အလုပ် မဟုတ်သော်လဲ မထေရ်များကို ကြည်ညိုသောအားဖြင့် “ဒုက္ကဋ- = မကောင်း အလုပ်”လို့ ဝန်ခံသလို၊ ဒီကိစ္စမှာလဲ စောဒကပုဂ္ဂိုလ်ရဲ့ အလုပ်ဟာ “မကောင်း”လို့ မဆိုနိုင်သော်လဲ ဆရာတော်ကို ကြည်ညိုသောအားဖြင့် ဆရာတော် သဘောရှိသလို ဆုံးဖြတ်ဖို့ရန် ပုံ၍ အပ်ခြင်းဟာ အရှင်အာနန္ဒာလို စိတ်ထား နူးညံ့ခြင်းရဲ့ လက္ခဏာပဲ မဟုတ်ပါလား။
ဓမ္မဂုတ်။ ။ သြော် ... ဒီလိုတော့ သဘောလက္ခဏာချင်း တူသားပါပဲ၊ ဒီ ဩဝါဒပဲလား၊ နောက်ဆက်ပြီး ဘာ သြဝါဒများကို ဟောသေးသလဲ။
တပည့်တော်။ ။ နောက်တော့ ရဟန်းသံဃာများ တစ်ဖက်နဲ့တစ်ဖက် မတည့်ကြရင် ရဟန်းတော်ချင်း သာမက၊ ကိုးကွယ်သော ဒကာ-ဒကာမချင်းလဲ မတည့်ကြ၊ ကိုယ်စောင့်နတ်ချင်းလဲ မတည့်ကြ၊ ကိုယ်စောင့်နတ်များရဲ့ မိတ်ဆွေဖြစ်တဲ့ အထက် နတ်ချင်းလဲ မတည့်ကြ၍ အကုသိုလ် တိုးပွားသဖြင့် သတ္တဝါအများပင် အပါယ် လေးပါး လားရမယ့်အကြောင်း ပြောပြ၍ ညီညီညွတ်ညွတ် နေရခြင်း၏ ကောင်းကျိုး များကိုပါ သြဝါဒပေးပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အစည်းအဝေး ပြီးတဲ့အခါ ညနေရောက်တော့ ဘယ်လို ဆုံးဖြတ်သလဲ။
တပည့်တော်။ ။ အဲဒီ အစည်းအဝေး ပြီး၍ တည်းခိုရာတိုက်သို့ ပြန်ရောက်တဲ့အခါ တပည့်တော်နဲ့ နောက်ပါဘုန်းကြီးများက တိုက်အောက်ထပ်မှာ နေတုန်း မြို့သူကြီးက လာပြီး “ဒီအတိုင်းဆိုရင်တော့ ငါးဝါမပြည့်သေးတဲ့ ဦးပဉ္စင်း ကလေး ကျောင်းမှ ထွက်သွားရလို့ ဒုက္ခရောက်တော့မှာပဲ၊ အရှင်ဘုရား ကြံနိုင်လျှင် ကြံပါအုံး”လို့ လျှောက်ပါတယ်။ မြို့သူကြီးလဲ ပြောကြ ဆိုကြတဲ့ အသံကို ကြားလို့ ဆုံးဖြတ်မယ့် အစီအစဉ်ကို ရိပ်မိနေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘယ်လို ကြံလိုက်သလဲ။
တပည့်တော်။ ။ ခဏလောက် စဉ်းစားပြီး ရတဲ့အကြံကို ပြောတော့ မြို့သူကြီးက သဘောကျပါတယ်၊ ဒါနဲ့ အပေါ်ထပ် တက်သွားပြီး တပည့်တော်ရဲ့ အကြံကို လျှောက်ပါတယ်၊ ဆရာတော်ကလဲ ဆုံးဖြတ်ဖို့စာ အဆင်သင့် ရေးဖို့ အမိန့်ရှိလို့ ဆရာတော် ရှေ့မှာပင် တိုင်ပင်ပြီး ရေးကြပါတယ်။
အဆုံးအဖြတ်
(၁) ပျံလွန်တော်မူခါနီးမှ ဝိဿာသဂ္ဂါဟ ယူကြရာ၌ ပျံလွန်တော်မူသော ပုဂ္ဂိုလ်၏ ဝမ်းမြောက်မှု ဖြစ်-မဖြစ် သိဖို့ မဖြစ်နိုင်၊ ထို့ကြောင့် ဝိဿာသဂ္ဂါဟ ယူခြင်း၏ အထမြောက်-မမြောက်ကို ဆုံးဖြတ်ဖို့ မလွယ်ကူ၊ ဝိဿာသဂ္ဂါဟ ယူမှု အထ မမြောက်စေကာမူ ယခု စောဒကပုဂ္ဂိုလ် (...)သည် မူလကပင် ပျံလွန်တော်မူသော ပုဂ္ဂိုလ်နဲ့ ကျောင်းနီးချင်း အကျွမ်းဝင်ပုဂ္ဂိုလ်ဖြစ်၍ ထိုကျောင်းကို စောင့်ရှောက်ဖို့ရန် ဝတ္တရား ရှိပေသည်။
(၂) ပျံလွန်တော်မူသော ဘုန်းတော်ကြီး၏တပည့် ဦးပဉ္စင်းကလေးသည် မရှိသေး၊ ပျံလွန်တော်မူပြီး နောက်မှ ရောက်လာသည့်ပြင် ငါးဝါမျှ မရသေးသည့်အတွက် မိမိကိုယ်တိုင် ကျောင်းထိုင်ပုဂ္ဂိုလ် လုပ်နေဖို့ မဆိုထားဘိ မှီခိုဖို့ရန် နိဿယည်းဆရာ မရှိဘဲ နေခွင့်သော်မှ မရချေ။
(၃) ထို့ကြောင့် ထိုကျောင်းဆိုင်ရာ ဒါယကာ-ဒါယိကာမများသည် စာပေဗဟုသုတ ရှိ၍ ဆယ်ဝါရပြီးသော ပုဂ္ဂိုလ်တစ်ပါးကို ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်ဖြင့် ပင့်ဖို့ရန် ကြိုးစားကြရမည်၊ ထိုသို့ ကြိုးစားရာ၌ အနှီးဆရာတော်ကြီးနဲ့ ဝိဿာသဂ္ဂါဟ ယူထားသော ဆရာတော် နှစ်ပါးကို တိုင်ပင်၍ ထိုဆရာတော်များ သဘောကျ ဖြစ်စေရမည်။
(၄) နှစ်ဘက်လုံးက လေးစားလောက်သော သက်တော်ကြီး ဆရာတော်ကြီးသည် ထို အနီးကျောင်း၌ သီတင်းသုံးတော်မူလျက် ရှိရကား ၊ကျောင်းထိုင်မည့် ဘုန်းကြီး မရောက်သေးမီ ဦးပဉ္စင်းကလေးသည် ထို ဆရာတော်ကြီး အထံ၌ နိဿယည်းယူ၍ နေရမည်။
(၅) ဤကျောင်း၌ရှိသော ဂရုဘဏ်-လဟုဘဏ် ပစ္စည်းများကို နေ့စဉ် သုံးစွဲနေကျ ပစ္စည်းမှတစ်ပါး အထူးသုံးစွဲခွင့် ကြုံတိုင်း ဝိဿာသဂ္ဂါဟ ယူထားသော ဆရာတော်နှင့် နိဿယည်းဆရာတော်ကြီး နှစ်ပါးထံ ခွင့်ပန်၍ ထို ဆရာတော်များ အလိုအတိုင်းသာ သုံးစွဲရမည်။ ဝိဿာသဂ္ဂါဟ ယူထားသော ဆရာတော်ကို မိမိ၏ ဆရာရင်းလို သဘောထားပြီး လေးစားရိုသေရမည်။
(ဤအတိုင်း မဟုတ်သော်လဲ ဤ အဓိပ္ပာယ်ပါသော ဝိနိစ္ဆယစာတမ်းကို စီစဉ်ကြပါတယ်။)
ဓမ္မဂုတ်။ ။ ညနေ သံဃာများ ရောက်လာကြတော့ ဒီအတိုင်း ဆုံးဖြတ်မှာပေါ့နော်၊ ကိုယ်တော်တို့ အဆုံးအဖြတ်ထဲမှာ (၃)နံပါတ်အရ ကျောင်းထိုင်ပုဂ္ဂိုလ် ပင့်လို့ ရလိမ့်မယ်ထင်သလား။
တပည့်တော်။ ။ ပင့်လို့ ရ-မရက တပည့်တော်တို့ ဆရာတော်ရဲ့ တာဝန်မဟုတ် ပါဘူး၊ အမှန်အတိုင်း လမ်းစဉ်ကျလို့ ထည့်ရတာပါ၊ ဒီလို ထည့်လိုက်တော့ ကိုယ်တော်ကလေးဟာ အသိအမှတ် ပြုလောက်သော ကျောင်းထိုင်ပုဂ္ဂိုလ် မဟုတ်သေးကြောင်းလဲ ထင်ရှားသွားပါတယ်၊ ဝိဿာသဂ္ဂါဟယူထားတဲ့ ပုဂ္ဂိုလ်မှာလဲ ဩဇာမပျက်ပါ၊ ဒီတော့(စောဒက) ပုဂ္ဂိုလ်များဘက်က ကျေနပ်မယ်မဟုတ်လား၊
ဒါပေမယ့် ဒီကိုယ်တော်ကလေးဟာ သူ့ဆရာရဲ့ ကျောင်းက ထွက်မသွားရဘဲ နေမြဲနေခွင့်ရတော့ (စုဒိတက) ဘက်ကရော မကျေနပ်ပေဘူးလား၊ ဒါ့ကြောင့် ဒီ အဆုံးအဖြတ်ကို ပေးပြီး နက်ဖြန် နံနက်မှာ ဆရာတော် ပြန်ကြွခဲ့ပါတယ်၊ နောက်ကြုံတိုင်း မေးကြည့်တော့လဲ သံဃာအားလုံး ညီညွတ်ကြပါတယ်လို့ပဲ ကြားသိရလို့ တပည့်တော်မှာ ကြိုးစားရကျိုးနပ်တယ်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သံဃသာမဂ္ဂီ (သံဃာညီညွတ်အောင်) ပြုရတဲ့ ကုသိုလ်က အလွန် ကြီးမြတ်တာဖြစ်တော့ ဝမ်းမြောက်စရာပါပဲ၊ သရိုင်က ဘုန်းတော်ကြီးနဲ့ အတူ ဆောင်ရွက်ရတဲ့ ကိစ္စကတော့ ဘာကိစ္စတုန်းကိုယ်တော်။
တပည့်တော်။ ။ ဒီကိစ္စက သိပ်ပြီး မကြီးကျယ်သော်လဲ မဆောင်ရွက်ရင် အချင်းချင်း သတ်မှု-ဖြတ်မှု ဖြစ်နိုင်လို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တပည့်တော်တို့ သရိုင်ရွာနဲ့ တစ်တိုင်ကွာလောက် ဝေးတဲ့ ဆင်နင်းရွာမှာ တောင်ကျောင်း - မြောက်ကျောင်း နှစ်ကျောင်းတွင် မြောက်ကျောင်းဘုန်းကြီး ပျံတော်မူပါတယ်။ အလောင်းကို တပည့်ဖြစ်တဲ့ တောင်ကျောင်းဒကာများ ကလည်း (ခေတ္တ) ပူဇော်ချင်ကြပါတယ်၊
လူချင်းက မတည့်ကြတော့ မြောက်ကျောင်းဒကာများက “မယူရဘူး၊ ယူရင် သိစေမယ်”လို့ ကြုံးဝါးပါသတဲ့။ တောင်ကျောင်း ဒကာများကလဲ အတင်းယူမယ်လို့ စကားသံ ပေးနေကြပါသတဲ့၊ လူတွေကတော့ နှစ်ဖက်လုံးပဲ သတ္တိမနည်းကြပါဘူး၊ ကုန်းဘောင် ရာဇဝင်မှာပါတဲ့ ဆင်မင်းဗိုလ်ရဲ့ သွေးအဆက်တွေဖြစ်တော့ ဗိုလ်သွေး ပါကြဟန် တူပါတယ်၊ ထန်းတောလဲ မဝေးလှပါဘူး။
ဓမ္မဂုတ်။ ။ ဒီကိစ္စက ကိုယ်တော်နဲ့ ဘယ်လိုဆိုင်တုန်း။
တပည့်တော်။ ။ ဆင်နင်းတောင်ကျောင်းက သရိုင်ရွာ ပင်းကျောင်းဘုန်းတော် ကြီးကို အပ်ထားတဲ့ကျောင်း၊ တောင်ကျောင်း ဒကာတွေကလဲ ပင်းကျောင်း ဘုန်းတော်ကြီးရဲ့ ဒကာတွေဖြစ်တယ်၊ ပင်းကျောင်း ဘုန်းတော်ကြီးက မြောက်ကျောင်း ဒကာများ အပေါ်မှာ သြဇာမရှိဘူး၊ ဒီလို ဖြစ်နေတုန်းမှာ အလှူကိစ္စ အတွက် တပည့်တော်က သရိုင်သို့ သွားရပါတယ်၊ ညနေ နေဝင်ခါနီးမှ ရွာသို့ ရောက်ပါတယ်၊ ရောက်-ရောက်ချင်းပဲ ပင်းကျောင်း ဘုန်းတော်ကြီးက ဆင်နင်းရွားမှာ ဖြစ်ပုံကို ပြောပြပြီး “ကိုယ်တော် ကယ်နိုင်ရင် ကယ်ပါ၊ လူတွေက သတ္တိခဲ တွေမို့ သေကုန်ကြ၊ ငွေကုန်ကြတော့မှာပဲ”လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ပင်းကျောင်း ဘုန်းတော်ကြီးက ဒီအရေးမှာ အတော် စိုးရိမ်နေဟန် တူတယ်နော်၊ ကိုယ်တော်က ဘယ်လို ပြန်လျှောက်သလဲ။
တပည့်တော်။ ။ တပည့်တော်က ရွာမှာ ကြာကြာ မနေနိုင်ပါဘူး၊ မနက်ဖြန် အလှူပြီးရင် သဘက်ခါ ပြန်ရမှာပါ၊ ဒီတော့ ခဏလောက် တွေးပြီး “ယနေ့ညပဲ သွားကြစို့”လို့ တိုင်ပင်ကာ နွားကောင်းကောင်းနဲ့ လှည်းကို ခေါ်ပြီး ခရီးဆက် ရပါတယ်၊ (လှည်းမစီးလို့ မဖြစ်ပါဘူး၊ လူကလဲ ပင်ပန်းနေပါပြီ၊ တောရွာရဲ့ လမ်းတွေကလဲ မြွေကြောက်ရပါတယ်။)
ဓမ္မဂုတ်။ ။ ဆင်နင်းရောက်တော့ ဘာများ ပြောဆိုကြရတုန်း။
တပည့်တော်။ ။ ပင်းကျောင်း ဘုန်းတော်ကြီးက တောင်ကျောင်းကြွပြီး တောင်ကျောင်း ဒကာများကို အကျိုးအကြောင်း ပြောပါတယ်၊ တပည့်တော်က မြောက်ကျောင်းသို့ တိုက်ရိုက်သွားပါတယ်၊ မြောက်ကျောင်းဘုန်းကြီး ကလေးက မန္တလေး တပည့်တော်ကျောင်းမှာ နေသွားဖူးပါတယ်၊ ကျောင်းဒကာ - ကျောင်း အမကြီးကလဲ တပည့်တော်ရဲ့ နှစ်ဝမ်းကွဲလောက် တော်စပ်တဲ့ ဆွေမျိုးများ ဖြစ်ပါတယ်၊ တပည့်တော် လာတယ်ကြားလို့ ကျောင်းဆိုင်ရာ ဒကာ-ဒကာမတွေ ချက်ချင်း ရောက်လာကြပါတယ်၊ မှောင်နေလို့ လူတွေကို သဲသဲကွဲကွဲ မသိရပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာများ စကားစလိုက်တုန်း။
တပည့်တော်။ ။ ဒီပရိသတ်ထဲမှာ ဘုန်းကြီးရဲ့ ဆွေမျိုးတွေလဲ ပါမှာပဲနော်”လို့ စကားစလိုက်ရင်ပဲ “ပါပါတယ်၊ ပါပါတယ်”ဆိုတဲ့ အသံတွေ ထွက်လာပါတယ်၊ မိမိလာခဲ့တဲ့ အကြောင်းကို ပြောပြပြီးတော့ တစ်ရပ်ထဲ တစ်ရွာထဲမှာ လုံးလုံး သွေးကွဲတဲ့သူရယ်လို့ မရှိနိုင်ပါဘူး၊ တစ်နည်းမစပ် တစ်နည်းစပ်နဲ့ သွေးသား စပ်နေတာချည်းပါပဲ၊ အမျိုးရဲ့ ထက်မြက်တဲ့ သတ္တိကို နေရာတိုင်းမှာ အသုံးမချရဘူး၊
ရှေးလူကြီးများရဲ့ သတ္တိခဲတွေဟာ သူတော်ကောင်း လုပ်စရာရှိတော့လဲ သူတော်ကောင်းသတ္တိကို အသုံးပြု ကြတာပဲ၊ ဒါ့ကြောင့် ဆရာသမား ပျံတော်မူတဲ့ ကိစ္စမှာ သူတော်ကောင်း သတ္တိကိုတော့ အသုံးမပြုကြဘဲ၊ လူမိုက်သတ္တိ ပြကြမယ် ဆိုရင် ဘယ်မှာ အမျိုးကောင်း ကျောင်းဒကာ - ကျောင်းအမလို့ ခေါ်နိုင်တော့မှာလဲ။
ဒါကြောင့် ပျံတော်မူတဲ့ ဆရာသမားရဲ့ အလောင်းကို နှစ်ဖက်လုံး တပည့်တွေ ပူဇော်ကြတယ်ဆိုတာ အလွန်ကောင်းတဲ့ သူတော်ကောင်း လက္ခဏာပဲ၊ “ဘုန်းကြီးရဲ့ စကားကို နားထောင်ကြ၊ ဘုန်းကြီးရဲ့ စကားကို ဆွေမျိုးတွေ နားထောင်ကြပါ”လို့ ပြောတဲ့အခါ “နားထောင်ပါ့မယ်”လို့ ဝန်ခံကြပါတယ်၊ ဒီတော့မှ တောင်ကျောင်း မှာရှိတဲ့ ပင်းကျောင်း ဘုန်းတော် ကြီးကို ဒကာ-ဒကာမများနဲ့အတူ ကြွလာဖို့ရန် အပင့်လွှတ်ရပါတယ်။
ရောက်လာတဲ့အခါ မျက်နှာစုံညီ ထပ်ပြီး တရားစကားပြော၍ နှစ်ဖက်လုံး ကျေကျေနပ်နပ် ဝန်ခံကြမှ တပည့်တော်တို့ ပြန်ခဲ့ကြပါတယ်၊ ဘုန်းကြီးပျံ မီးသင်္ဂြိုဟ်တဲ့အခါလဲ ဝန်ခံတဲ့အတိုင်း အေးအေးဆေးဆေး ပြီးမြောက် သွားတယ်လို့ ကြားရတဲ့အတွက် တပည့်တော်မှာ နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ ၃ဝကျော်၊ ၄၀အတွင်းမှာ အလုပ်အတော်များများ ပြီးစီးသားပဲ၊ ကိုယ်တိုင်က စိတ်မကျေနပ်သော်လဲ ကျေနပ်စရာ တော်တော်များများ ပြနိုင်ပါတယ်၊ နောက်၌ အများသိစရာတွေ အတော် များနေအုံးမှာမို့ ၄၀အတွင်း အလုပ်များကို နိဂုံးချုပ်ကြပါစို့။
နိဂုံး။
အနှစ်လေးဆယ်၊ သက်အရွယ်ကား၊
လူ့ဝယ် ထက်အောက်၊ တစ်ဝက်ရောက်ပေါ့၊
ခုလောက်မှာပင်၊ အလုပ်ခွင်၌၊
စိတ်လျှင် မပြတ်၊ ကိုယ်ပါကပ်၍၊
ပြတ်ပြတ်သားသား၊ လုပ်ပါငြားလည်း၊
အများနဲ့သော်၊ ကျိုးမပေါ်ခဲ့၊
အဖော်မမှီ၊ တစ်ကိုယ်တည်းကား၊
ပြီးစီးသည်သာ၊ များသည့်တာကြောင့်၊
နေရာတိုင်းမှာ၊ ဖော်မရှာဘဲ၊
ဘာသာကိုယ့်ဉာဏ်၊ ကိုယ်တည်ကြံလျှင်၊
ခံနိုင်ရိုးလား ... အကျိုးများ။
၁၁။ လေးဆယ်ကျော်ဝယ် - ငါးဆယ်ရွယ်
ဓမ္မဂုတ်။ ။ ၄၀ ကျော်လာတဲ့အခါလဲ အရွယ်က ကောင်းလာလို့ အလုပ်များ မှာပဲနော်၊ ကျန်းမာရေးကော ဘယ်လိုနေသေးလဲ။
တပည့်တော်။ ။ အလုပ်များပါတယ်ဘုရား၊ လုပ်နေကျ အလုပ်များအပြင် အပို အလုပ်များလဲ ရှိလာပါတယ်၊ ဒါပေမယ့် အနေတတ် အစားတတ် ဖြစ်ပြီး ကျန်းမာရေးကို အတော်အတန် နားလည်လာပါတယ်၊ စားရေး သောက်ရေးလဲ ငါးကြီးဆီ-နွားနို့ စသည်တို့က ရနိုင်လာတော့ အလုပ် များသော်လဲ ကျန်းမာရေး ဘက်က မလျော့ပါဘူး။
ဓမ္မဂုတ်။ ။ အပိုအလုပ်ဆိုတာ ဘယ်လို အလုပ်မျိုးတုန်း။
တပည့်တော်။ ။ ဘယ်လိုအလုပ်လို့ မယ်မယ်ရရတော့ ပြစရာ မရှိပါဘူး၊ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ တစ်နှစ်လောက်က ယခုအခါ အစိုးရစာချတန်း ဆိုတဲ့ စာမေးပွဲ ဖြစ်ပါတယ်၊ အဲဒီ စာမေးပွဲဖြစ်ရခြင်းရဲ့ အစက အဘယာရာမဆရာတော်၊ ပခုက္ကူ ဆရာတော်တို့ ပါဝင်တဲ့ ကော်မတီရဲ့ ဆုံးဖြတ်ချက်ပါ၊ အဲဒီ ကော်မတီမှာ အဘယာရာမဆရာတော်က “ရဟန်းတော်များကျောင်းမှာ မြန်မာစာနဲ့ ဂဏန်းသင်္ချာ သင်ဖြစ်အောင် ပထမငယ်အောက် အကြိုတန်းတစ်တန်း ထားပါ၊ ထို အကြို မူလတန်း၌ ပါဠိဆိုင်ရာစာပေနဲ့ ဂဏန်းသင်္ချာ မြန်မာစာတို့ကို ပြဋ္ဌာန်းပါ”လို့ အကြံပေးပါတယ်။
တပည့်တော်က ဂဏန်းသင်္ချာ သင်ထိုက်ကြောင်းကို အပြင်က အစစ်ခံပါတယ်။ တော်တော်များများ ပုဂ္ဂိုလ်တွေက ကန့်ကွက်ကြပါတယ်၊ မသင်ကောင်းဘူးလို့ ယူဆတဲ့ ဆရာတော်များရဲ့ သင်ပေးချက်အရ လူဝတ်ကြောင် ဥပါသကာကြီး များကပါ ကန့်ကွက်ကြပါတယ်၊ မင်းဆွေ မင်းမျိုး ဥပါသကာကြီးကလဲ ကန့်ကွက်လို့ ဆရာတော်က “ဒကာတော် ဝိနည်းလဲ နားမလည်ဘဲ ပြောမနေပါနဲ့”လို့ တားမြစ်ရပါတယ်၊ အဲဒီလို ကိစ္စမျိုးမှာ တပည့်တော် ပါဝင်ရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ကြိုးစားချက်အရ အကြိုတန်းစာမေးပွဲ ဖြစ်မြောက်ရဲ့လား။
တပည့်တော်။ ။ မဖြစ်မြောက်ပါဘူးဘုရား၊ စာချတန်း ဖြစ်မြောက်တဲ့အခါတော့ မန္တလေး၌ စပြီး ကျင်းပပါတယ်၊ အဲဒီ ပထမပြန် ကော်မတီထဲမှာ စာတော်တဲ့ လူပြန်တော်တွေ အတော်များများပါတော့ သူတို့ကပဲ ခေါင်းဆောင်ကြပါတယ်၊ စာမေးပွဲ ကျင်းပဖို့ မန္တလေး ရောက်တဲ့အခါ သူတို့က မန္တလေး ပုစ္ဆာထုတ်နေကျ ဆရာတော်များရဲ့ အကြောင်းကို ကောင်းကောင်းသိလို့ ပရိယတ္တိနဲ့ ဆိုင်ရာ ဆရာတော်များကို ဦးစားပေးပြီး မဆည်းကပ်ကြပါဘူး၊
ဒါကြောင့် ထိုဆရာတော်များအထံမှ (ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) ပုစ္ဆာထုတ်မပေးဘူးဆိုတဲ့ အသံကို သူတို့ ကြားကြပါသတဲ့၊ ဒီအကြောင်းကို ကော်မတီလူကြီးများက တပည့်တော်ကို ပြောပြပြီး ပထမနေ့ ပုစ္ဆာထုတ်ပေးဖို့ လျှောက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကကော ငြင်းနေသေးသလား။
တပည့်တော်။ ။ တပည့်တော်က မငြင်းပါဘူး၊ သူတို့ အားနည်းနေတဲ့အခါ ကူညီရတာ အလွန် အရသာရှိပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်သူနဲ့အတူ ဘယ်နေရာမှာ နေပြီး ထုတ်ရတုန်း။
တပည့်တော်။ ။ ဝိဇ္ဇာလင်္ကာရ အရှင်သုန္ဒရာဘိဝံသ ဆရာတော် အမှူးထားပြီး ပုစ္ဆာထုတ်ဖို့ လိုက်သွားပါတယ်၊ (နံနက် မေးခွန်းအတွက် ယနေ့လိုက လုံခြုံတဲ့ဌာန သွားပြီး ပုစ္ဆာထုတ်ရပါတယ်၊ မေးခွန်းမပေးမချင်း ဘယ်သူနဲ့မှ မတွေ့ရပါဘူး။)
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရဲ့ ပုစ္ဆာက ယခုပုစ္ဆာမျိုးပဲလား။
တပည့်တော်။ ။ အများထုတ်နေတဲ့ ပရိယတ္တိပုစ္ဆာထုတ်ပုံကို တပည့်တော် မနှစ်သက်ပါဘူး၊ ထိုထုတ်နည်းက မန္တလေး စာပြောနည်းကို မူထားပြီး ဝါကျ တစ်မျိုး နှစ်မျိုးလောက်နဲ့ ပုစ္ဆာဆယ်မျိုးဖြစ်အောင် ထုတ်တဲ့နည်းပါ။
တပည့်တော်ကတော့ တစ်ကျမ်းလုံး တက်ပြီး-လေ့လာပြီး ဟုတ်-မဟုတ် သိရအောင် ကျမ်းစာတစ်ကျမ်းလုံးရဲ့ ဆယ်နေရာလောက်မှ ထုတ်ယူပြီး ပုစ္ဆာဆယ်မျိုးဖြစ်အောင် ထုတ်တဲ့နည်း ဖြစ်ပါတယ်၊ အဲဒီအတိုင်း အဓိပ္ပာယ်နေ့မှာ ပုစ္ဆာထုတ်ပေးပါတယ်၊ တပည့်တော်ရဲ့ နည်းဟာ ပုစ္ဆာထုတ်တဲ့ ပုဂ္ဂိုလ်ဘက်က မလွယ်ပါဘူး၊ ဖြေတဲ့ဘက် ကတော့ တစ်ကျမ်းလုံး တက်ပြီးရင် လွယ်ပါတယ်၊
မတက်ရသေးဘဲ ခုန်ကျော်ပြီး လေ့လာထားသူ အတွက်တော့ ခက်ပါတယ်၊ ဒါ့ကြောင့် ပထမဆုံး ကျင်းပတဲ့ စာချတန်း စာမေးပွဲတုန်းက တပည့်တော်ရဲ့ ရှေ့သွား ပြုထားတဲ့ ပုစ္ဆာကို နည်းမှီပြီး ဒီအတိုင်း ထုတ်ကြပါတယ်၊ သို့သော် ထိုနည်းကို ယခုအခါ အသုံးမပြုကြပါဘူး။
ဓမ္မဂုတ်။ ။ နောက်နေ့များအတွက်တော့ မန္တလေး စာချပုဂ္ဂိုလ်များက ပုစ္ဆာ ထုတ်ပေးကြရဲ့လား။
တပည့်တော်။ ။ ပရိယတ္တိသာသနဟိတ အသင်းမှာ ထုတ်နေကျ မဟုတ်တဲ့ ဆရာတော်များနဲ့ (ထုတ်နေကျ ဖြစ်သော်လဲ) အချို့ ဆရာတော်ကြီးများရဲ့ အားပေးမှုကြောင့် အားလုံး အထမြောက်ပါတယ်၊ တပည့်တော်ကိုတော့ ကော်မတီ များက ရည်းနှီးစွာ သဘောထားကြလို့ ထင်ပါရဲ့ ဂုဏ်ထူးတန်း အစ (မဇ္ဈိမနိကာယ) ပဏ္ဏာသနေ့မှာလဲ တပည့်တော်ကို တိုက်တွန်းလို့ စံကင်းဆရာတော်ဘုရားကို ရှေ့ဆောင်ပြုပြီး ပုစ္ဆာထုတ်ရပါသေးတယ်။
ဓမ္မဂုတ်။ ။ ပရိယတ္တိသာသနဟိတ အသင်းမှာတော့ ပုစ္ဆာမထုတ်ဖူးဘူးလား။
တပည့်တော်။ ။ ခပ်ရွယ်ရွယ်တုန်းက အဘယာရာမဆရာတော်နဲ့အတူ တစ်ခါ ထုတ်ဖူးပါတယ်၊ နေ့က သင်္ဂြိုဟ်နေ့ပါ၊ ပင့်တဲ့နေရာရောက်တော့ ဆိုင်ရာ စာအုပ်တွေကို ယူပေးပါတယ်၊ ဆရာတော်က အခြားစာကို ကြည့်နေပါတယ်၊ ပုစ္ဆာ ထုတ်ဖို့တော့ တပည့်တော် တာဝန်လို့ သဘောထားဟန် တူပါတယ်၊ ဆရာတော်က ဘာမှ အမိန့်မရှိသော်လဲ တပည့်တော်ဘာသာ ပုစ္ဆာ ရေးနေပါတယ်၊ ဘာစာအုပ်မှ မကြည့်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဆရာတော်ကို ဘာမှ မတိုင်ပင်ဘူးလား။
တပည့်တော်။ ။ ဘာမှ မတိုင်ပင်ပါဘူး၊ ပုစ္ဆာနေပြီးမှ ဆရာတော်ကို(ပြင်လိုတာ ပြင်ရအောင်) ပြပါတယ်၊ ဆရာတော်က ကြည့်ပြီး“တော်ရောပေါ့”လို့ မိန့်ပါတယ်၊ အကျိုးဆောင် ဒကာကြီးက ကြည့်ပြီး “ပုစ္ဆာက လွယ်လွန်းမနေဘူးလား”လို့ ပြောတော့ ဆရာတော်က “မလွယ်ပါဘူးလေ၊ ဒါလောက်ကို ဖြေပါစေဦးတော့”လို့ မိန့်တော်မူတာနဲ့ အကျိုးဆောင် ဒကာကြီးလဲ ထပ်ပြီး မလျှောက်ပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီ ဒကာကြီးက ဘုန်းကြီးလူထွက်မို့ ပုစ္ဆာရဲ့ အလွယ်အခက်ကို ဝေဖန်နိုင်တာလား။
တပည့်တော်။ ။ ဘုန်းကြီးလူထွက်လဲ မဟုတ်ပါဘူး၊ အလွယ် အခက်လဲ သိမယ် မဟုတ်ပါဘူး၊ တပည့်တော်က ဘာစာအုပ်မှ မကြည့်ဘဲ ရေးလိုက်လို့ လွယ်တယ် ထင်တာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ ပုစ္ဆာကကော မလွယ်ဘူးလား။
တပည့်တော်။ ။ တပည့်တော်ရဲ့ သဘောက “ပုစ္ဆာကို ခက်လဲ မခက်စေရ၊ လွယ်လဲ မလွယ်စေရ၊ စာကို ကောင်းကောင်း ကြိုးစားထားတဲ့ စာသင်သား မှန်ရင် ဖြေနိုင်စေရမယ်၊ ဒါကြောင့် ကျမ်းဂန် တိုက်ရိုက်ရှိတာကိုသာ မေးရမယ်၊ အာစရိယ ဝါဒကိုလဲ မမေးထိုက်၊ မိမိ အထူးကြံထားတဲ့ အတ္တနောမတိကိုလဲ မမေးထိုက်”လို့ ယူဆပါတယ်။
အများအသုံးပြုနေတဲ့ ကျမ်းစာ၌ တိုက်ရိုက်မပါဘဲ အပို အာစရိယဝါဒ-အတ္တနောမတိ တို့ကို မေးရင် စာသင်သားတွေကို တမင်တကာ ညှင်းဆဲရာရောက်ပြီး မိမိ အစွမ်း ပြရာလဲ ရောက်သောကြောင့် ရိုးသားသော သူတော်ကောင်းစိတ်လို့ မဆိုနိုင်၊ နောက်နောက် ဘဝမှာ ဝဋ်ပါနိုင်တယ်လို့ ယူဆပါတယ်။
ဒါ့ကြောင့် ကျမ်းဂန်မှာ တိုက်ရိုက်မပါသော ပုစ္ဆာကို တပည့်တော် မထုတ်ရဲပါဘူး၊ ဝဋ်လိုက်မှာ မကြောက်လို့ တပည့်တော် ထုတ်မိရင်လဲ တအုံနွေးနွေးနဲ့ ပူဆွေးမှု ဝိပ္ပဋိသာရဖြစ်မှာ အမှန်ပါပဲ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်တို့ ဆရာတပည့်ကို နောက်နှစ်မှာ ပင့်သေးသလား။
တပည့်တော်။ ။ မပင့်တော့ပါဘူး၊ တပည့်တော်တို့ကလဲ မပင့်လေ ဝမ်းမြောက်လေ ပါပဲဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အသက် ၄၀ ကျော်လာပြီ၊ ဂိုဏ်းအလုပ် တိုက်တာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ စားရေး-စာချ-တရားဟော အလုပ်များ အပြင် အပို အလုပ်များကိုလဲ တစ်ရံတစ်ခါ လုပ်ရသောကြောင့် အသက်ကြီး သလောက် အလုပ်လဲ ကြီးလာပြီ၊ ဒါကြောင့် ကျမ်းစာအုပ်ရိုက်တဲ့အခါ ရှေးတုန်းကလို ပုံနှိပ်တိုက် နေ့စဉ်သွားပြီး ပြင်ဖို့ မသင့်တော်ဘူးထင်တယ်၊ နောက်နောက် စာအုပ်တွေအတွက် ဘယ်လိုများ စိတ်ကူးသလဲ။
တပည့်တော်။ ။ မှန်ပါတယ်၊ ပုံနှိပ်တိုက်သို့ နေ့စဉ်သွားလို့တော့ မသင့်တော့ပါဘူး၊ ဒါပေမယ့် တပည့်တော် ကိုယ်တိုင် မကြည့်မရှုရင် မူဟောင်းကိုပင် စိတ်မချပါဘူး၊ ဒါကြောင့် တပည့်တော်နေတဲ့ အနီးအပါးမှာ ပုံနှိပ်စက်ရှိမှ ဖြစ်တော့မယ်လို့ တာဝန်ယူပြီး ရိုက်နှိပ်နေတဲ့ အစ်မလေးကို ပြောပါတယ်၊ ဒီအခါ သူ့နာမည်နဲ့ ပုံနှိပ်စက်တစ်လုံးနဲ့ ဆိုင်ရာ ပစ္စည်းများကို ဝယ်ယူပါတယ်။ ဒီအချိန်မှာ သုံးလို့ ဖြစ်လောက်ရုံ စက်အဟောင်းကို ဝယ်ရတာပါ။
ဓမ္မဂုတ်။ ။ ဝယ်တဲ့အခါ ကိုယ်တော်က ကြောင့်ကြမစိုက်ရဘူးလား။
တပည့်တော်။ ။ အားလုံးကိစ္စမှာ တပည့်တော်က ကြားအနေနဲ့ ပါရပါတယ်။ ပုံနှိပ်စက်ရှာမှု ဝယ်မှုနဲ့ စက်မှာအသုံးပြုတဲ့ ပစ္စည်းဝယ်မှုစတဲ့ အလုပ်ကိုတော့ ထိုအချိန်မှာ အလုပ်-လုပ်ကြမည့် ဒါယကာဦးမောင်ကြီး၊ ဒါယကာ မောင်ထွန်း၊ ဒါယကာ မောင်ဖြေတို့က ကြောင့်ကြစိုက်ကြပါတယ်၊ ဦးမောင်ကြီး ဆိုသူက အလွန် နားလည်တဲ့ စက်ဆရာကြီးပါ၊ သူပဲ စက် အဟောင်းကို ရှာပြီး သူပဲ ပြင်ပါတယ်၊ ရိုက်နှိပ်တော့လဲ သူပဲ ရိုက်နှိပ်ပါတယ်။
မောင်ထွန်း၊ မောင်ဖြေတို့က ပထမတန်းစာလုံးရအောင် ရန်ကုန်သွားပြီး စာလုံး အသစ် မှာကြပါတယ်၊ အလုပ်-လုပ်တဲ့အခါ လခလဲ သူတို့ သဘောအတိုင်း ဆုံးဖြတ်ပြီး ယူကြပါတယ်၊ မောင်ဖြေက သူအတွက် ၅ ကျပ်လျှော့ယူတော့ တပည့်တော်က “ဘာပြုလို့ လျှော့ယူရသလဲ၊ မောင်ထွန်းလို ယူနိုင်သားပဲ”ဟု ပြောလို့ အားလုံး ကျေနပ်တဲ့အပြင် ပျော်ပျော်ရွှင်ရွှင် လုပ်ကြပါတယ်။
ဓမ္မဂုတ်။ ။ အလုပ်ဆိုင်ရာ ငွေကို ကိုယ်တော် စီမံသလား။
တပည့်တော်။ ။ တပည့်တော်ကိုယ်တိုင် ငွေကို ဘာမှ မစီမံပါဘူး၊ အစ်မလေး ကိုယ်တိုင် စီမံတာပါ၊ နောက်တော့ နေရာတိုင်းမှာ အစ်မလေး မပါနိုင်လို့ သူရဲ့ မောင် တစ်ဝမ်းကွဲတော်တဲ့ အိမ်ထောင်လဲ မရှိသေးတဲ့ မောင်ကျော်ကို ခေါ်ယူထားပါတယ်၊ တပည့်တော်ရဲ့ တူဖြစ်တဲ့ မောင်အောင်ခန့်လဲ ကျောင်းနေရင်း မောင်ကျော်နဲ့ အတူ စက်ထားတဲ့အိမ်မှာ နေကြပါတယ်၊ အစ်မလေးကတော့ စစ်ကိုင်းချောင်မှာ နေပြီး တစ်ခါတစ်ခါမှ စက်ကို လာပါတယ်။
ဓမ္မဂုတ်။ ။ စက်ကို ဘယ်နေရာထားတုန်း။
တပည့်တော်။ ။ အဘယာရာမတိုက်နဲ့ နီးတဲ့ အရပ်ထဲမှာ ထားပါတယ်၊ အဲဒီ နေရာကတော့ အခြားလူ မရှိတဲ့အိမ်မို့ တပည့်တော်နဲ့လဲ နီးတာနဲ့ နေ့စဉ်သွားပြီး ပြင်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီအချိန်မှာ အဘယာရာမ ဆရာတော်ကော ရှိရဲ့လား။
တပည့်တော်။ ။ အဲဒီနှစ်ဝါမှာ မောင်လမြိုင် သစ်တောပိုင်သူဌေး ဦးဖိုးတန်က တိုက်သစ်တည်ပြီး ဆရာတော်ကို ပင့်လို့ ဆရာတော်က မော်လမြိုင်မှာ ဝါဆိုပါတယ်။
ဓမ္မဂုတ်။ ။ ဆရာတော်ရှိရင် အဲဒီ စက်ကို သဘောတူပါ့မလား။
တပည့်တော်။ ။ ဆရာတော်ကိုယ်တိုင် အဲဒီအချိန်မှာ ကျမ်းစာရိုက်မှုနဲ့ စပ်ပြီး အခက်အခဲ တွေ့ နေတုန်းဖြစ်လို့ ဆရာတော်ရှိလဲ သဘောတူမယ်လို့ ထင်ပါတယ်၊ ဆရာတော်ရဲ့ စာအုပ်များလဲ အခါအားလျော်စွာ ရိုက်ရမှာပါပဲ၊ တပည့်တော်တို့ ကျမ်းရေး ပုဂ္ဂိုလ်များဟာ မိမိရေးပြီးတဲ့ ကျမ်းစာ ကလေးကို ရိုက်နှိပ်ပြီး စာအုပ် ဖြစ်ချင်တဲ့ စေတနာတစ်ခုပါပဲ၊ ငွေရဖို့တွေဘာတွေ လုံးလုံး မစဉ်းစားပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ပုံနှိပ်တိုက်ကို စာမူအပိုင် ပေးလိုက်ကြပါ့လား။
တပည့်တော်။ ။ အရှင်ဘုရားက စိတ်ကူးနဲ့ပြောတော့ အလွယ်ကလေးရယ်, များသောအားဖြင့် စာအုပ်ဆိုတာ ရိုက်ပြီး-ပြီးချင်း တွင်တာ မဟုတ်ပါဘူး၊ ကောင်းတာတောင် အတော်ကြာမှ တွင်ပါတယ်၊ ဒီတော့ ပုံနှိပ်တိုက်ရှင် ကြီးတွေက မရိုက်လိုကြပါဘူး၊ အဘယာရာမ ဆရာတော်ရဲ့ ပဉ္စိကာနိဿယကို ပုံနှိပ်စက် တစ်ခုက ရိုက်ပေးဖို့အတွက် တွင်ကျယ်နေတဲ့ အဘိဓာန်နိဿယကို ရိုက်ခွင့်ပေးရ ပါသေးတယ်၊
အချုပ်မှာတော့ တွင်ပုံမရတဲ့ စာအုပ်သစ်ကို ပုံနှိပ်စက်တိုင်းကပဲ တာဝန်ခံပြီး ရိုက်နှိပ်ဖို့ ဝန်လေးကြပါတယ်၊ တွင်ကျယ်နေတဲ့ စာအုပ်ကိုတော့ ဘယ်တိုက်ကမဆို ရိုက်လိုကြပါတယ်၊ ဒါ့ကြောင့်“စာရေးပုဂ္ဂိုလ်တိုင်းမှာ နောက်ထောက်ကျောခံ ဒကာ-ဒကာမပေါတဲ့ ဓမ္မကထိက ဖြစ်မှသာ လွယ်ကူစရာ ရှိတယ်”လို့ မှတ်ချက်ချထိုက် ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ကျမ်းစာအုပ်ကလဲ အတော်များနေပြီ၊ တာဝန်ခံပြီး ရိုက်နှိပ်တဲ့သူကလဲ ညီရဲ့ ရဟန်းအမသမီးဖြစ်တယ်၊ သူ့မှာလဲ ကိုယ်တော် စာအုပ် များကို ရိုက်ဖို့ ပုံနှိပ်စက်ရှိပြီ၊ ဒီလိုဆိုရင် ကိုယ်တော့်ကို အများက “လူထွက်တော့မှာပဲ”လို့ ထင်ကြလိမ့်မယ်ဆိုတာ မတွေးမိဘူးလား။
တပည့်တော်။ ။ တွေးနေဖို့ မလိုပါဘူး, အများက ဒီအတိုင်း ထင်ကြေးပေး နေကြတယ်ဆိုတာ သိပါတယ်။
ဓမ္မဂုတ်။ ။ သိရဲ့သားနဲ့ ဘာပြုလို့ ဒီလမ်းစဉ်အတိုင်း လုပ်ရတုန်း, ရှေးတုန်းက ရုပ်သေးမင်းသား ဦးဘကော့ သီဆိုတဲ့ “အပြစ်တင် မစောနဲ့ ပြောပြမယ်နော်, သင်္ကာရှင်းအောင် လင်းခဲ့မယ်နော်” သီချင်းလို သူတစ်ပါးတို့ရဲ့ မယုံသင်္ကာ ဖြစ်နေတာတွေ ရှင်းအောင် လင်းစမ်းပါအုံး ကိုယ်တော်။
တပည့်တော်။ ။ ဒီလမ်းစဉ်အတိုင်း မလုပ်ရင် ရှိသမျှ ဒကာ - ဒကာမတွေအထံ ရသမျှငွေ အလှူခံပြီး စာအုပ်ရိုက်ရပါလိမ့်မယ်၊ ဒီလိုဆိုရင် ကုသိုလ်ပါရမီ တိုးပွားအောင် ကျမ်းစာရေးရာက ဝိနည်းတော်ကို ဖောက်ဖျက်ရာ ရောက်ပြီး အကုသိုလ်တွေ တိုးပွားမှာပေါ့ဘုရား၊ ဒီလို မဖြစ်အောင်လို့ ဒီလမ်းကို လိုက်ရတာပါ။
ဓမ္မဂုတ်။ ။ တော်တော်တွင်နေတဲ့ စာအုပ်တွေကို ပုံနှိပ်စက်ရှင်များအား ရိုက်ခွင့် ပေးလိုက်ပါ့လား။
တပည့်တော်။ ။ မတွင်တဲ့ စာအုပ်ကျတော့ ကိုယ်တော့်အဖေတွေက ရိုက်ပေးမှာ တဲ့လား။
ဓမ္မဂုတ်။ ။ မသိပါဘူးကိုယ်တော်, သူများ မပြောနိုင်အောင် စဉ်စားရတာပါ။
တပည့်တော်။ ။ တပည့်တော်အယူအဆက တစ်မျိုးပဲ, သူများပြောတာဟာ သူများ ပြောတာပဲဖြစ်ပြီး ကိုယ်လုပ်တာက ဟုတ်မှန်ဖို့ အရေးကြီးပါတယ်။ ကိုယ်လုပ်တာက မှန်နေရင် အတော်ကြာတဲ့အခါ ပြောတဲ့သူတွေ ပါးစပ် ပိတ်ရမှာပဲလို့ ယူဆ ထားပါတယ်၊
ဒီပြင်လဲ တပည့်တော်ကို “လူထွက်တော့မှာပဲ”လို့ ထင်ကြေးပေးနေတဲ့ သူတွေဟာ ကိုယ်နဲ့နှိုင်းပြီး ပြောကြတာဖြစ်တယ်၊ သူတို့သာ ဒီလိုစုံနေရင် လူထွက်မှာ ဧကန်မို့ တပည့်တော် ကိုလဲ သူတို့လို ထင်ပြီး ပြောကြတာဖြစ်တယ်၊ ဒီတော့ တပည့်တော်က သူတို့ ထင်သလို မဟုတ်တဲ့အခါ သာသနာစိတ် ကြီးမားကြောင်းကို သူတို့ နားလည်သွားကြမှာပေါ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကတော့ လောကဘက်မှာ ဘယ်လောက်ပြည့်စုံပြည့်စုံ လူမထွက်မှာတော့ သေချာရဲ့နော်။
တပည့်တော်။ ။ ဒီအတွက် အဖြေပေးပြီး ဖြစ်အောင်လို့ တပည့်တော်နဲ့ ငယ်ငယ်တုန်းက ရင်းနှီးခင်မင်နေတဲ့ အထက်တန်း အမျိုးသမီးတွေကို ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က လောကီအာရုံကို ဒါလောက် ရှောင်နိုင်အောင် အာသဝေါ ကုန်ခန်းပြီးမို့လား။
တပည့်တော်။ ။ ဘယ်ဟုတ်မလဲ,တပည့်တော် ကိုယ်ဝန်ရှိတုန်းက အမေမက်တဲ့ အိပ်မက်ကိုက တပည့်တော်ကို သာသနာ့ဝန် ဆောင်ဖို့ နိမိတ်ပါနေတာရယ်, ပညာသင်တဲ့အခါ အထက်တန်း ဆရာများက အရေးတယူ သင်ပေးကြတာရယ်, သင်ပေးတဲ့ အတိုင်းလဲ အထမြောက်တာရယ်,အဲဒီ အချက်တွေ ကောက်ချက်ချပြီး ငါဟာ သာသနာ့တာဝန်ကို ဆောင်နိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်လို့ ယုံကြည်ထားပြီး လောကီအာရုံတွေကို ရှောင်ရတာပါ၊ စိတ်ရင်းကတော့ ဘယ်ရှောင်ချင်မှာလဲ, အရှင်ဘုရားလို ခံစားချင်တာပေါ့။
ဓမ္မဂုတ်။ ။ အဲဒီလို အများက ကဲ့ရဲ့ကြတော့ မော်လမြိုင်မှာ သီတင်းသုံးတော် မူနေသော အဘယာရာမဆရာတော်က မကြားပေဘူးလား။
တပည့်တော်။ ။ ကြားမှာပေါ့ဘုရား, တချို့က ခရီးကြုံသလိုလိုနဲ့ တမင်တကာ သွားပြီး လျှောက်ကြဟန် တူပါတယ်၊ စာအုပ် ရိုက်နှိပ်ရတဲ့ ကိစ္စမှာ ဆရာတော် ကိုယ်တိုင် အခက်အခဲနဲ့ တွေ့ခဲ့တာကို တပည့်တော် သိပါတယ်။ ဒါ့ကြောင့် ဆရာတော်ရှိလဲ ပုံနှိပ်စက် ဝယ်တဲ့ကိစ္စကို ဆရာတော်အား သိအောင် လျှောက်မှာ ပါပဲ, ပုံနှိပ်စက်မဝယ်မီ မော်လမြိုင် မကြွခင်ကဘဲ အဘယာရာမ ဆရာတော် အထံမှာ ပစ်စာတွေရောက်လို့ ဆရာတော်က တပည့်တော်ကို ပြပါတယ်။
ဓမ္မဂုတ်။ ။ ဆရာတော်က ပစ်စာကိုပြပြီး ဘာ အမိန့်ရှိတုန်း။
တပည့်တော်။ ။ သူတို့စာထဲမှာ တပည့်တော်ဟာ စစ်ကိုင်းဘက် သွားတဲ့အခါ အစ်မလေးရှိတဲ့ ဇရပ်မှာ ညအိပ်တယ်လို ရေးပါတယ်, ပခုက္ကူက ဖျားပြီး ပြန်လာ တုန်းမှာ ဒေါ်လေးတို့ ဇရပ်တွင် တစ်ညဉ့်သာ အိပ်ဖူးပါတယ်။ အဲဒီကလွဲရင် သီလရှင် ဇရပ်မှာ တစ်ညဉ့်မျှ မအိပ်ဖူးပါ, ဒီအကြောင်းကို လျှောက်တဲ့အပြင် တပည့်တော်ကို ကျမ်းစာအုပ်တွေ ရိုက်ဖြစ်အောင် ကူညီတဲ့သူကို တပည့်တော်ကလဲ အရေးတယူ ခင်တယ်၊ ဒါပေမယ့် တပည့်တော်မှာ လူထွက်ဖို့ ရည်ရွယ်ချက်မရှိတဲ့ အကြောင်းကို လျှောက်တော့ “သူများ အထင်မလွဲအောင် နေဖို့” သတိပေးပါတယ်၊ ဒါ့ကြောင့် ဆရာတော်က တပည့်တော်အပေါ်မှာ အထင်မသေး, အထင်မလွဲပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီတုန်းက သတင်းဖြစ်နေတာကတော့ ဆရာတော်က ကိုယ်တော်ကို “မော်လမြိုင်ကနေပြီး နှင်တယ်”လို့ ဖြစ်နေတာပဲ, ဟုတ်သလား။
တပည့်တော်။ ။ တပည့်တော်ကို အဘယာရာမတိုက် ခေါ်လာတာက တပည့် အဖြစ်နဲ့ ခေါ်လာတာ မဟုတ်ပါဘူး, ဆရာတော်က တစ်ဂိုဏ်းလုံးရဲ့ နာယကမို့ ဝိသုဒ္ဓါရုံတိုက်သို့ ပြန်တဲ့အခါ အဘယာရာမတိုက် အုပ်ချုပ်ရစ်ဖို့ ခေါ်လာတာပါ၊ သီဟိုဠ်က ဆရာတော်များ ကြွလာတဲ့အခါ တပည့်တော်ကို “ဥပါစရိယ = ဒုတိယ ဆရာတော်”လို့ အမိန့်ရှိပါတယ်, တပည့်တော်ကို မနှင်ပါဘူး, ဆရာတော့်တိုက်မှာ နေရစ်တဲ့ ဦးပဉ္စင်း တချို့ကိုတော့ နှင်ဟန်တူပါတယ်၊ တပည့်တော်နဲ့ မဆိုင်ပါဘူး။
ဓမ္မဂုတ်။ ။ ပြီးတော့ ပုံနှိပ်စက် ဝယ်ပြီးတဲ့အခါ ကျောင်းတိုက်အမကြီးကလဲ ကိုယ်တော်ရဲ့ လုပ်ပုံကို မကျေနပ်ဘူးဆို။
တပည့်တော်။ ။ ဒီကိစ္စကို စောစောကပဲ တပည့်တော် ကြားပါတယ်, ဒါပေမယ့် တိုက်ခိုက်သူရှိရင်တော့ နည်းနည်းပါးပါး လှုပ်ချင်လုပ်မှာပေါ့၊ တိုက်အမကြီးက တပည့်တော်နဲ့ သူရဲ့ ဆုံးသွားတဲ့ သားအကြီးနဲ့ သက်တူရွယ်တူမို့ တပည့်တော်ကို သားတစ်ယောက်လို သဘောထားကြောင်းကို ပြောင်းရွှေ့ခါနီးမှာ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို ဘယ်သူကမှ တိုက်ရိုက်တော့ မပြောကြ, မလျှောက် ကြဘူးလား။
တပည့်တော်။ ။ ဒီလို ပြောသံဆိုသံတွေ လျှံလာတဲ့အခါ ကျောင်းအမကြီးရဲ့ ဆွေမျိုး တော်စပ်တဲ့ ပွဲစားကြီးဦးမြမောင်နဲ့ သားမက်ဖြစ်တဲ့ ဝတ်လုံ ဦးဘကြည်တို့ ရောက်လာကြပါတယ်၊ သူတို့က“ဝယ်ပြီးတဲ့ ပုံနှိပ်စက်ကို ကုန်ကျသမျှပေးပြီး ယူပါ့မယ်, တပည့်တော် ရိုက်ချင်တဲ့ စာအုပ်ကို ရိုက်ဖို့ရန်အတွက် သူတို့ အသင်း ဖွဲ့ထားပါ့မယ်”တဲ့။
ဓမ္မဂုတ်။ ။ ဒီတော့် ကိုယ်တော်က ခွင့်မပြုလိုက်ဘူးလား, ကောင်းတော့လဲ ကောင်းသားပဲ။
တပည့်တော်။ ။ စောစောကသာ ဒီလို အသင်းဖွဲ့ ထားရင် အလွန်ကောင်းမှာပဲ, ယခုတော့ သူတစ်ပါး ဝယ်ပြီးမှ ပြန်ယူပြီး တစ်မျိုးစီစဉ်တယ် ဆိုတော့ မူလဥစ္စာရှင်မှာ စိတ်ကောင်းနိုင်စရာ မရှိတော့ဘူး”လို့ ပြောလိုက် ပါတယ်။
(စက်ဝယ်တုန်းကလဲ အဲဒီ ဦးမြမောင်က အသိသက်သေလုပ်ပြီး သူပဲ စကား ပြောပါတယ်, မဟာဂန္ဓာရုံ ချမ်းအေးဆရာတော်ကြီးရဲ့ ဒကာရင်းဖြစ်လို့ တပည့်တော်နဲ့လဲ ရင်းနှီးပါတယ်။)
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ကိုယ်တော့်အလုပ်ကို တချို့က မကျေနပ်ဘူးပေါ့၊ မကျေနပ်ဘဲ နဲ့ ကိုယ်တော်က မသိဟန်ဆောင်ပြီး နေမြဲ နေရောလား။
တပည့်တော်။ ။ တပည့်တော်ရဲ့ အလုပ်ကို စောစောကတော့ ဘယ်သူမှ ကူညီဖော် မရခဲ့ကြဘဲ အခြားနည်းလမ်း မရှိလို့ ဝိနည်းတော်နဲ့လဲ မဆန့်ကျင်ရအောင် ဖြစ်သလို လုပ်ခါမှ သူများက မကျေနပ်ရင် “ငါ့ စိတ်တိုင်းကျ လုပ်ရမယ့် အရပ်ကို ရွှေ့မယ်”လို့ ဆုံးဖြတ်ပြီး ကျောင်းမှာရှိတဲ့ တပည့်တွေကို အကျိုးအကြောင်း ပြောကာ“အလိုရှိရာ သွားကြဖို့ မိမိ သွားတဲ့နေရာ လိုက်လာလို့ ရှိရင် ယခုထက် ပိုပြီး စည်းကမ်းကြီးလိမ့်မယ်”လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီအကြောင်းကို အခြား ဆရာတော်များလဲ မကြားဘူးလား။
တပည့်တော်။ ။ ဒီအကြောင်းကို တပည့်များမှတစ်ဆင့် ဝိသုဒ္ဓါရုံတိုက်က သံတော်ဆင့် ဆရာတော်ကြီး ကြားလို့ ခေါ်ပြောပါတယ်၊ “ဥုးဇနက ... တခြား မသွားပါနဲ့ နာမည်ပျက်ကုန်ပါလိမ့်မယ်”တဲ့။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က ဘယ်လို ပြန်ပြီး လျှောက်သလဲ။
တပည့်တော်။ ။ ဆရာတော်ဘုရားက အကျိုးလိုလားတော်မူလို့ ခေါ်ပြီး အမိန့် ရှိတော်မူတာကို ဝမ်းမြောက်ပါတယ်ဘုရား၊ ဒါပေမယ့် တပည့်တော်မှာ နာမည်ကြီးပြီး အလုပ်က များလွန်းပါတယ်၊ “တပည့်တော်ရဲ့ နာမည်ဟာ အထိုက်အလိုက် လျော့သွားမှ တပည့်တော် သက်သာမည် ထင်ပါတယ်”လို့ လျှောက်ပါတယ်၊
အမှန်လဲ တပည့်တော်မှာ အလုပ် များလွန်းနေပါတယ်၊ ယခုလို မဟုတ်တာတွေ ပြောကြတော့လဲ ဖေးဖေးမမ ကူမယ့်သူ မရှိပါဘူး၊ ဒါကြောင့် “သာသနာတော်ကို ကြီးကြီးကျယ်ကျယ် မဆောင်ရချင် ရှိပါစေတော့ စာရေး-စာချပြီး အေးအေးပဲ နေတော့မယ်”လို့ စိတ်ကို ဆုံးဖြတ်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်ရွှေ့ဖို့ ဆုံးဖြတ်သလဲ။
တပည့်တော်။ ။ အမရပူရမြို့ မဟာဂန္ဓာရုံတိုက် ရွှေ့ဖို့ ရည်ရွယ်ပါတယ်။ ထို တိုက်က ကမ္မဋ္ဌာန်းကျောင်းတိုက်ဖြစ်၍ သံဃာ လေးပါးလောက်သာ ရှိပါတယ်၊ တပည့်တော်ရဲ့ ရဟန်းအမကြီးများ မိဘတို့ စတည်တဲ့ကျောင်းတိုက် ဖြစ်ပါတယ်၊ ဒုတိယအကြိမ် တပည့်တော် ရဟန်းထပ်တဲ့ နေရာလဲ ဖြစ်ပါတယ်၊ အမွေခံ ရဟန်းအမလေးလဲ ရှိပါသေးတယ်၊
ဒါ့ကြောင့် ရဟန်းအမလေးကို အကျိုးအကြောင်း ပြောတော့“ဦးပဉ္စင်း ပြောင်းလာ ရင် ဝမ်းသာတာပဲ, ဦးပဉ္စင်းဟာ လူထွက်လာတောင် အစ်ကိုကြီးပဲ”လို့ ရင်းနှီးစွာ ပြောပါတယ်။ ဒီနောက် အတိသုခဆရာတော်ကြီးကို လျှောက်တော့လဲ ငယ်ဆရာလို ဖြစ်နေလို့ ဝမ်းမြောက်တဲ့ အကြောင်းကို အမိန့်ရှိပါတယ်၊ ပြောင်းခါနီး နောက် တစ်ကြိမ် လာတဲ့အခါ “ဂန္ဓာရုံတိုက်တော့ ကြီးပွားတော့မှာပဲ, နိမိတ်တွေ သိပ်ကောင်းတာပဲ”လို့ အလွန်ဝမ်းမြောက်တဲ့ လက္ခဏာဖြင့် အမိန့်ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ပြောင်းရွှေ့ဖို့ သေချာသွားတာပေါ့နော်။
တပည့်တော်။ ။ တပည့်တော်ဟာ အလုပ်တစ်ခုကို နောက်ဆုတ်လေ့ မရှိခဲ့ပါဘူး, ဖြစ်တဲ့နည်းနဲ့ ရှေ့တိုးလေ့ ရှိပါတယ်၊ တပည့်တော် အဘယာရာမ တိုက်မှ ထွက်ခဲ့တဲ့အခါ “နာမည်ပျက်လိမ့်မယ်”ဆိုတာ သိပါတယ်။ ဗမာပြည်ကလေး လောက် မွှေးတဲ့နာမည်ကို “ဧရာမ နာမည်ကြီး”လို့ မယူဆပါဘူး၊
နာမည်ဆိုတာ လူကဖြစ်တာပါ၊ လူကဟုတ်ရင် နာမည်ဆိုတာ ဖြစ်လာမှာပါပဲ, နာမည်ပျက်ချင် ပျက်ပါစေ, “ကုသိုလ်ရအောင် နေမယ်, စိတ်အေးအေး နေမယ်”လို့ နာမည်ကို အနာခံပြီး စိတ်ချမ်းသာမည့်လမ်းကို လိုက်ရခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ပြောင်းမယ်ဆိုတာ သေချာတော့ ဘယ်သူများ လာသေးတုန်း။
တပည့်တော်။ ။ မပြောင်းမီ ရက်တော်တော်ဝေးတုန်းက မန္တလေးမှာ ကိစ္စရှိလို့ ကြွလာတဲ့ ပခုက္ကူမှ ယခု မဟာရဋ္ဌဂုရုဆရာတော်ဘုရားကြီး တပည့်တော်ကျောင်း ကြွပြီး ညအိပ်တော်မူပါတယ်။ ဒီအခါ တပည့်တော်က တောင်မြို့ ရွှေ့မယ့် အကြောင်းကို အတော်စုံစုံ လျှောက်လိုက်ပါတယ်၊ ဆရာတော်က ဘာမျှ အထူး မိန့်တော်မမူပါဘူး။
ဓမ္မဂုတ်။ ။ နောက်တစ်ရက် ရွှေ့မယ်ဆိုတော့ ဘယ်သူများ လာကြတုန်း။
တပည့်တော်။ ။ နောက်တစ်ရက် ရွှေ့မယ်ဆိုတော့ တိုက်အမကြီးနဲ့ သမီး ရောက်လာပါတယ်၊ ဒီအခါ မရွှေ့ဘို့ လျှောက်ပါတယ်၊ “ဒကာမကြီးက ဦးပဉ္စင်း လုပ်ပုံတွေကို မကျေနပ်ဘူးဆို” “မကျေနပ်ဆိုတာ သားကို မကျေနပ်တဲ့ မကျေနပ်မျိုးပါ, စိမ်းကားတဲ့ မကျေနပ်မျိုး မဟုတ်ပါဘူး” လို့ ပြောပါတယ်၊ “ခုတော့ အားလုံး ပြင်ဆင်ပြီးပြီ”လို့ ပြောတော့“သီတင်းကျွတ်ရင် ပြန်ကြွခဲ့ပါ”လို့ လျှောက်ပါတယ်၊
ကျောင်းအမကြီးက အမှန်လဲ စိတ်ထဲမှာ ရင်းနှီးဟန် တူပါတယ်၊ နောက်လဲ တပည့်တော်က အမရပူရမှာ နေသော်လဲ သူ့မြေးတွေ ရှင်ပြုအလှူလုပ်တဲ့အခါ တပည့်တော် ကို ရေစက်ချပေးဖို့ လျှောက်ပါတယ်၊ သမီးနဲ့ သမက်ကလဲ ယခုအထိ တပည့်တော်ကို ဆွေမျိုးလို့ ယူဆနေတာကို သိရပါတယ်။
ဓမ္မဂုတ်။ ။ ဘုန်းတော်ကြီးထဲကတော့ ဘယ်ဆရာတော်များ ကြွလာပြီး ဘာများ အမိန့်ရှိကြသေးသလဲ။
တပည့်တော်။ ။ မပြောင်းမီ ညနေမှာ စည်ရှင်ဆရာတော် ကြွလာပါသေးတယ်။ ဝမ်းနည်းစကားကို အမိန့်ရှိပါတယ်၊ ညအခါ တိုက်အုပ်ဆရာတော်ဆီ သွားပါတယ်၊ ဆရာတော်က ဝမ်းနည်းစကား ပြောပြီးတော့ “ဇနကလို စွယ်စုံပုဂ္ဂိုလ် ရှားပါတယ်” လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ပြောင်းမည့်နံနက် ဘယ်သူတွေ လာကြသေးလဲ။
တပည့်တော်။ ။ ပြောင့်ရွှေ့မယ့်နံနက် ပြောင်းခါနီးမှာ ဝိဇ္ဇာလင်္ကာရ အရှင်သုန္ဒရာ-ဘိဝံသဆရာတော် ကြွလာပါတယ်၊ အဲဒီ ဆရာတော်နဲ့တော့ ရင်းရင်းနှီးနှီး စကား ပြောနေကျ ဖြစ်ပါတယ်၊ ဆရာတော်က “နောက် အဘယာရာမ ပြန်လာဖို့ ရည်ရွယ်သေးသလား”လို့ မေးပါတယ်။ “မရည်ရွယ်ပါဘူး, ပြန်နေရင် ဝိသုဒ္ဓါရုံ နေမှာပါ”လို့ လျှောက်ပါတယ်။ “မော်လမြိုင်က အဘယာရာမ ဆရာတော် သိပြီးပြီလား”လို့ မေးတော့ ယနေ့ နံနက်ပဲ တရားဝင်ဖြစ်အောင် ရေစစ္စလီလုပ်ပြီး စာဆက်ကပ် လိုက်ပါတယ်လို့ လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ထွက်တော်မူ နန်းကခွာပုံကလေး ပြောစမ်းပါအုံး, နောက်လိုက် တပည့် သံဃာက ဘယ်နှစ်ပါး ပါတုန်း။
တပည့်တော်။ ။ တပည့် ကိုရင်နှစ်ပါး, ဦးပဉ္စင်း တစ်ပါး ပါပါတယ်၊ သူတို့က အရင် ရွှေ့ နှင့်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို ဘယ်သူတွေက လိုက်ပို့ပြီး ဘယ်သူတွေက လာကြိုကြတုန်း။
တပည့်တော်။ ။ အဟမ်း... အဟမ်း။
ဓမ္မဂုတ်။ ။ ပြောသာ ပြောပါကိုယ်တော် ကိုယ်တော်က သူဌေး ဒကာ ဒကာမ တွေနှင့် သိန်းတန် သောင်းတန် တိုက်ကြီးတွေကို ခွဲရမှာမို့ ရင်ထဲ ဆို့နေသလား။
တပည့်တော်။ ။ ရင်ထဲ မဆိုပါဘူး, အရှင်ဘုရားက “ဘယ်သူတွေက ပို့လို့ ဘယ်သူတွေက ကြိုကြသလဲ”မေးတော့ အဖြေခက်လွန်းလို့ပါ။
ဓမ္မဂုတ်။ ။ မှန်တာပြော သစ္စာ, မှန်တဲ့အတိုင်းသာ ပြောပေါ့။
တပည့်တော်။ ။ အင်း ... တစ်ယောက်မှလဲ လာမကြို, တစ်ယောက်မှလဲ လိုက်မပို့ပါဘူး” ကြွားတယ်လို့များ ထင်သလား။
ဓမ္မဂုတ်။ ။ “ကောင်းတယ်ကိုယ်တော်, လူဆိုတာ ဒီလို မှတ်တမ်းတင်စရာ ရှိမှ လုံ့လဝီရိယ တိုးတက်တယ်” ကိုယ်တော် တစ်ပါးတည်း ပစ္စည်းတွေ ဘယ်လို သယ်တုန်း။
တပည့်တော်။ ။ ကျောင်းမှာ ရှိသေးတဲ့ ဦးပဉ္စင်းက လှည်းငါးစီး ငှားထားပါတယ်၊ အဲဒီ လှည်းတွေပေါ်မှာ အမြဲ အသုံးပြုနေတဲ့ စာအုပ်တွေ ကုလားထိုင်တွေ, ဘီရိုတွေ, စာချတဲ့အခါမှာ စာသင်သားများထိုင်တဲ့ ခုံတန်းလျားများကို တင်ပြီး အရင် လွှတ်လိုက်ပါတယ်၊ နောက်မှ တပည့်တော်က လမ်းပြေးကားနဲ့ လိုက်သွားပါတယ်။
ဓမ္မဂုတ်။ ။ ဒီအခါ ကိုယ်တော်ရဲ့ စိတ်ဟာ ဘယ်လိုနေသလဲ, ဝမ်းမနည်းဘူးလား။
တပည့်တော်။ ။ တပည့်တော့်စိတ်ဟာ သူများ ဆင်းရဲတာကို (အထူးအားဖြင့် ကိုယ်နှင့်စပ်ရာ ဆင်းရဲတာကို) မြင်တဲ့အခါ စိတ်မချမ်းမသာ ဖြစ်တတ်ပါတယ်၊ ကိုယ်ဆင်းရဲတဲ့ အခါတော့ ဘာမှ ထင်ထင်ရှားရှား မဖြစ်တတ်ပါဘူး၊ ကြီးကျယ် ခမ်းနားစွာ အကျိုးရတဲ့ အခါလဲ ရှိခဲ့ပါတယ်, ဝမ်းလဲမသာလှပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ တော်သေးတာပေါ့ နော်၊ အမရပူရ ရောက်တော့ နေရ စားရပုံ ဘယ်လိုတုန်း။
တပည့်တော်။ ။ ဦးပဉ္စင်း, ကိုရင်များက သူတို့ဘာသာ စားပြီး တပည့်တော်တော့ အတိသုခ ဆရာတော်ကြီးနဲ့ ရက်တော်တော်ကြာ အတူ စားပါတယ်၊ ဝါဆိုခါနီး လောက်ကျတော့ အစ်မလေး (စာအုပ်တာဝန်ခံ) နဲ့ အဖော်တစ်ယောက် ရောက်လာလို့ တပည့်တော်လဲ နံနက် ဆွမ်းစား, နောက် အတော်ကြာတော့ သံဃာများလဲ နံနက်ဆွမ်းစားပြီး နေ့အတွက် ဆွမ်းခံကြပါတယ်။ ဒီအချိန်မှာ တိုက်ဒကာကြီး ရှိသေးလို့ တိုက်ဒကာကြီး တိုက်အမကြီးများက ဆွမ်းဟင်း တော်တော်များများ ပို့ပါတယ်၊ ဝါတွင်းမှာ တပည့်သံဃာ ၇ ပါးလောက် ရှိပါတယ်။
ဓမ္မဂုတ်။ ။ အနေတော့ ဘယ်လိုနေရတုန်း။
တပည့်တော်။ ။ ရှိတဲ့တိုက် နှစ်လုံးမှာ သက်တော်ကြီး ဆရာတော်နှစ်ပါးက နေလို့ တပည့်တော်တော့ ကျောင်းအိုတစ်ဆောင်မှာ ဘုန်းတော်ကြီး ဥုးကောဏ္ဍညနှင့် အတူနေရပါတယ်၊ နေ့နေ့တော့ စာရေး စာချဖို့ရာ အဲဒီ ကျောင်းရဲ့ အောက်ထပ်မှာ ဝါးထရံ ကာထားရပါတယ်၊ တပည့်များတော့ စေတီရဲ့ တောင်ဘက်မှာ တောထွက် ကိုယ်တော်ကြီးနဲ့ အတူ တစ်ထပ်တိုက်ပြားကလေးမှာ နေကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ဆရာတပည့် အားလုံးပဲ အနေရော-အစားပါ အရာရာ မပြည့်စုံလှဘူးပေါ့နော်။
တပည့်တော်။ ။ မပြည့်စုံသော်လဲ နေသာ စားသာပါတယ်ဘုရား၊ ဒါပေမယ့် ပလိပ်ရဟန်းအမ ဒကာမပုရဲ့ မောင်ဝမ်းကွဲတော်တဲ့ တပည့်တော်ကို ဆွေမျိုးလို ကြည်ညိုနေတဲ့ ဆည်ရွာကသူကြီး “ဦးဆွဲ”လာတော့ အရာရာ ကြည့်ပြီး ဝမ်းနည်းဟန် တူပါရဲ့ ပြန်သွားတဲ့အခါ လမ်းရောက်တော့ သူ့သမီးနဲ့ နှမများကို “ဂုဏ်နဲ့ မလိုက်ပါဘူးကွာ”လို့ ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဟုတ်သားပဲကိုယ်တော်, ကိုယ်တော်ရဲ့ ဂုဏ်နဲ့ လိုက်မှ မလိုက်ဘဲ။
တပည့်တော်။ ။ တပည့်တော်ကတော့“ဂုဏ်နဲ့ ဒြပ် ဟပ်တယ် မဟပ်ဘူး” ဆိုတာကို မစဉ်းစားမိပါဘူး, ဖြစ်သလို လမ်းသွားနိုင်ပါတယ်၊ ပြီးတော့လဲ အရာရာ အောက်ကျခံပြီး ကုသိုလ်ရရ နေမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ဒီလောကကြီး ကိုရော, လောကထဲက ရဟန်းတချို့ လူတချို့ကိုရော အထင်မကြီးပါဘူး၊ ဂုဏ် ပကာသန သမားတွေကို အထင်တောင် သေးပါသေးတယ်။
ဓမ္မဂုတ်။ ။ ပုံနှိပ်စက်ကတော့ ဘယ်နေရစ်သလဲ။
တပည့်တော်။ ။ ပထမက အဘယာရာမတိုက် အနီးမှာပါ၊ နောက် တပည့်တော် မရွှေ့ခင် မြို့လယ် လက်ဆည်ကန်ရပ် ရွှေ့ထားပါတယ်၊ အမရပူရသို့ ပြောင်းလာတဲ့ အခါမှာ အတော်ကြာအောင် ထိုနေရာမှာ ထားပါသေးတယ်။ နောက်တော့ စစ်ဖြစ်လို့ အားလုံး ဖြုတ်ပြီး အမရပူရ ယူထားရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ပြောင်းတဲ့နှစ်မှာ ဒုတိယကမ္ဘာစစ် ဖြစ်ပြီလား။
တပည့်တော်။ ။ ဒုတိယကမ္ဘာစစ်က ၁၃၀၃-ခုနှစ်မှာ မြန်မာပြည်အတွက် စစ်ကြေညာပါတယ်, တပည့်တော်လဲ အဲဒီနှစ် ဝါဆိုဦးမှာ ရွှေ့ပြီး ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ စစ်ဖြစ်တော့ ကိုယ်တော်က ဘယ်မှာ ရွှေ့နေသေးတုန်း။
တပည့်တော်။ ။ တပည့်တော်တော့ ဘယ်မှ မရွှေ့သေးပါဘူး၊ အစ်မလေးတို့ မောင်နှမက ဆည်ရွာ ရွှေ့နေကြပါတယ်၊ မောင်ဖြစ်တဲ့ မောင်ကျော်က တစ်ခါတစ်ခါ ပြန်လာပါတယ်၊ မောင်ကျော်ရဲ့ ညီက ကိုရင်ဝတ်နေလို့ တပည့်တော်နဲ့အတူ နေရစ်ပါတယ်, နောက်တော့ သူလဲ လူဝတ်လဲသွားပါတယ်။
ဓမ္မဂုတ်။ ။ တပည့် သံဃာများကော ကိုယ့်အရပ် မပြန်ကြဘူးလား။
တပည့်တော်။ ။ စောစောပိုင်းက မပြန်ကြသေးပါဘူး, “ဒီအချိန်မှာ စစ်ဘေးကြောင့် ပြေးလာကြတဲ့ ကုလားလူမျိုးတွေဟာ ကျောင်းတိုက် ပတ်ဝန်းကျင်မှာ သနားစရာ ဖြစ်နေပါတယ်, တချို့လဲ သေကြပါတယ်၊ တပည့်တော် တို့ ဆရာတပည့်က ထို ကုလားတွေနေရာ သွားပြီး ပရိတ်ရွတ်ပေးကြလို့ သူတို့တစ်စု အတော် စိတ်သက်သာရာ ရကြပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ ကိုယ်တော်, စစ်ရေးကြောင့် အောက်ပြည်က ပြေးလာပြီး လမ်းမှာ အစားဆင်းရဲ အနေဆင်းရဲကြောင့် သေရသူတွေ အများကြီး ရှိမှာပါပဲ။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား, အလွန်သနားစရာလဲ ကောင်းပါတယ်။ အဲဒီအချိန်မှာပဲ ဝက်လက်အနောက် ရွှေပန်းကုံးမှာ အိမ်ထောင်ကျနေတဲ့ အစ်ကိုကြီး ဝမ်းကွဲက သားရှင်ပြုအလှူ ပင့်လို့ တပည့်တော်နဲ့ မောင်ကျော်တို့ သွားကြပါတယ်,ဘူတာရောက်တော့ စစ်ပြေးဒုက္ခသည် ကုလားတွေကို တွေ့ရပါတယ်၊ တပည့်တော်လဲ သနားလွန်းလို့ ဈေးရောင်း လာတဲ့ ဈေးသည် အားလုံးဆီကမုန့်တွေကို အကုန်အဝယ်ခိုင်းပြီး အဲဒီ ဒုက္ခသည်များကို ဝေရပါတယ်၊ တချို့ဈေးသည်များက ရထားမလာသေးခင် အိမ်ပြန်ပြီး ယူကြလို့ ထပ်ပြီး ဝယ်ရ-ဝေရပါသေးတယ်၊
အဲဒီအခါ အလွန်ကြွယ်ဝသော အလောင်းတော်တွေရဲ့ အားရပါးရ ဒါနပြုကြပုံကိုလဲ သွား၍ သတိရမိပါတယ်၊ အဲဒီ အလှူက ပြန်လာတဲ့အခါလဲ ကျောင်းမှာ ရှိတဲ့ တပည့်တို့အား ဝမ်းဘဲသား ဆန်ပြုတ်ကပ်ဖို့ရန် မောင်ကျော်ကို ဝက်လက်မှာ တွေ့တဲ့ ဝမ်းဘဲကင်တွေ ကပ္ပိ (ဝယ်) ခဲ့ဖို့ တိုက်တွန်းရပါသေးတယ်၊ ဒါနဟာ ပြုမိတော့ အလွန် ထက်သန်ပါတယ်ဘုရား, နောက်မဆုတ်ချင်ပါဘူး။
ဓမ္မဂုတ်။ ။ သာဓုပါကိုယ်တော် ... သာဓုပါ သာဓုပါ၊ ဒီနောက် ကိုယ်တော်တို့ ဆရာတပည့် ဘယ်လောက်ကြာကြာ အတူနေကြသေးတုန်း။
တပည့်တော်။ ။ သိပ် မကြာလှပါဘူး, ဆိုင်ရာ ဆရာမိဘတို့က ပြန်ခေါ်တာနဲ့ ဦးပဉ္စင်း နှစ်ပါးနဲ့ တပည့်တော်သာ ကျန်ပါတော့တယ်၊ နောက်တော့ အဲဒီ ဦးပဉ္စင်းများလဲ ပြန်ကြပါတယ်, တပည့်တော်ကို ဆည်ရွာသူကြီးက ကားကလေးနဲ့ အပင့်လွှတ်လို့ ကျောင်းတိုက်မှာ ရှိနေတဲ့ မူလ ဆရာတော်ကြီးများနဲ့ ခွဲပြီး ဆည်ရွာ လိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ထို ဆရာတော်ကြီးများတော့ စစ်ပြီးအထိ နေကြတာပဲလား။
တပည့်တော်။ ။ အတိသုခဆရာတော်ကြီးက ဘယ်မှ မရွှေ့ပါဘူး,တိုက်ကျောင်း ဘုန်းတော်ကြီးနဲ့ ဘုန်းတော်ကြီး ကောဏ္ဍညတို့တော့ စစ်အတွင်းမှာ မရှေးမနှောင်း ပျံတော်မူကြပါတယ်၊ တောထွက် ဦးပဉ္စင်းကြီးတစ်ပါးက သူ့ရွာ ပြန်သွားပါတယ်။
ဓမ္မဂုတ်။ ။ ဆည်ရွာမှာ ကိုယ်တော် ဘယ်လောက်ကြာတုန်း။
တပည့်တော်။ ။ ဂျပန်အုပ်ချုပ်ရေး မစခင်အထိလောက်တိုင်အောင် နေပါတယ်, ဂျပန်အုပ်ချုပ်ရေး စတော့ အမရပူရ ပြန်နေပါတယ်၊ ဒီအချိန်မှာ ကျောင်းတိုက် အတွင်း စစ်ပြေးသူတွေ တော်တော်များများ ရှိနေပါတယ်။
ဓမ္မဂုတ်။ ။ ဂျပန်အုပ်ချုပ်တုန်းမှာ အင်္ဂလိပ် ပြန်ပြီး ဗုံးချတယ်မဟုတ်လား အဲဒီအခါ ကိုယ်တော် မရွေ့ဘူးလား။
တပည့်တော်။ ။ စစ်အတွင်းဆိုတာ ဘယ်နေရာမှ အေးချမ်းလှတယ်လို့ မဆိုနိုင်ပါဘူးဘုရား, ဒါ့ကြောင့် တပည့်တော်လဲ ထပ်ပြီး မရွှေ့တော့ပါဘူး၊ စစ်ပြေးသူတွေထဲက ရင်းနှီးတဲ့ ဒကာလှမောင် ကပ်တဲ့ ဆွမ်းကိုစားပြီ ရေးလက်စ စာကို ဆက်ရေးနေပါတယ်, အဲဒီအချိန်က မုရင်းစပါးလုပ်တဲ့ ဒကာကြီးတို့ လယ်လုပ်တဲက ဝမ်းဘဲဥနဲ့ ဆွမ်းကပ်လို့ ဝမ်းဘဲဥဟာ “အလွန်စားလို့ ကောင်းပါလား”လို့ သတိပြုမိပါတယ်၊ တစ်ခါဟာလဲ ဗမာမုန့်ဆီကြော် စားရလို့ မုန့်ဆီကြော်ရဲ့ အရသာကို အဲဒီ အခါကျမှ ကောင်းကောင်း သိလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် အဲဒီ စစ်အတွင်းက ဘဲဥပြုတ်လောက် ကောင်းတဲ့ဟင်းနဲ့ မုန့်ဆီကြော်လို မုန့်ကိုပင် အလွန်ခဲယဉ်းနေတာပေါ့နော်။
တပည့်တော်။ ။ အလွန်ခဲယဉ်းပါတယ်, ဆီ-ငံပြာရည်-ငါးပိ စသည်တို့က လွယ်လွယ် ကူကူ မရတော့ ဖြစ်သလို စားနေကြရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အချိန်တုန်းက အမရပူရကို ဂျပန်စစ်သား အများကြီးရှိလို့ အင်္ဂလိပ်က ဗုံးအတော်ချလိုက်တယ် မဟုတ်လား။
တပည့်တော်။ ။ ဟုတ်ပါတယ်,တစ်နေ့ထဲ ဆက်ပြီး ခုနစ်ကြိမ်လောက် ချပါတယ်၊ အဲဒီအခါတော့ ဂျပန်တွေက ဆုတ်လာလို့ အမရပူရမှာ အတော် များနေပါတယ်, ကျောင်းတိုက် ပတ်ဝန်းကျင်မှာလဲ စစ်ပြေးရော စစ်သားတွေရော ပြည့်နေပါတယ်၊ တပည့်တော်က အဲဒီ ဗုံးချတဲ့ အချိန်မှာ ရေချိုးပြီးခါစဖြစ်လို့ အဝေး မပြေးနိုင်ပါဘူး, ဘုရားအုတ်တိုက်နားမှာ ကပ်နေပါတယ်၊ ပထမအကြိမ် ဗုံးကျလို့ စင်လာတဲ့ သဲတွေက တပည့်တော် အနားအထိ ရောက်လာပါတယ်, နောက်နောက် အကြိမ် များလဲ သိပ်မဝေးပါဘူး၊ တပည့်တော်က ဗုံးထဲ ပါတော့မှာပဲလို့ ထင်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သိပ်မကြောက်ဘူးလား။
တပည့်တော်။ ။ စစ်ပြေးလူစုကိုသာ“ဗုံးကျင်းထဲ ဝင်ကြ ဝင်ကြ”လို့ ပြောပြီး သူတို့ကိုသာ စိုးရိမ်နေပါတယ်, ကိုယ့်အတွက်ကတော့ မကြောက်အားပါဘူး၊ တစ်ခါတစ်ခါ တပည့်တော်က စာရေးနေတုန်း စက်သေနတ်နဲ့ ပစ်, ဗုံးလဲ ချချင်တဲ့ နေရာ ချတဲ့ လေယာဉ်ပျံလာရင် အားလုံးဝင်ပြီးမှ တပည့်တော် ဝင်ပါတယ်၊ တစ်ခါ တစ်ခါလဲ ကျောင်းကလေးပေါ်က မဆင်းတော့ဘဲ စာရေးမြဲ ရေးနေလိုက်တာပါပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကိုယ့်ကိုယ်ကို “ကမ္မဿကာ” ထားလိုက်တော့တာ ပဲလား။
တပည့်တော်။ ။ ငါဟာ သာသနာတော်ကို အရာထင်အောင် ပြုဖို့ရန် ကံ ပါသေးရင် ဤ လက်နက်ဘေးမှ လွတ်ပါစေ, သာသနာပြုဖို့ရန် ကံမပါရင်တော့ လွတ်ဖို့ရန် မမျှော်တော့ပါဘူး”လို့ တွေးပါတယ်၊ နောက်တော့ အောက်ပါ ဂါထာကို ကိုယ့်အတွက်ရော - ညောင်ရွှေ စော်ဘွားကြီးအတွက်ရော ရေးပါတယ်၊
[စော်ဘွားကြီးက တောင်ကြီးမှာ ဂိုဏ်းအစည်းအဝေး လုပ်တော့ ကော့ကရိတ် ဆရာတော်ကြီးကို သူကြံတဲ့အတိုင်း ဂါထာထစ်ပုဒ် တောင်းပါသတဲ့၊ ထို ဆရာတော်က တပည့်တော်နဲ့ တွေ့တဲ့အခါ ဂါထာရေးပေးဖို့ တိုက်တွန်းလို့ ရေးရတာပါ၊ တပည့်တော် အကြံနဲ့လဲ တူနေပါတယ်။]
သစေ အာဒိစ္စဗန္ဓုဿ, ဟေဿံ သာသနကာရကော၊
ယုဒ္ဓေ ဘယာ ပမုတ္တော.မှိ, နော စေ နာမှိ အမုတ္တကော။
အာဒိစ္စဗန္ဓုဿ - နေနတ်နွယ်ဖွား, ဘေးတော်ဘုရား၏၊
သာသနကာရကော - သုံးရပ်သာသနာ, စည်ပင်သာအောင်, ကောင်းစွာပင့်ကူ မြှင့်နိုင်သူသည်၊
သစေ ဟေဿံ - ရှေးပါရမီ, ပါခဲ့ပြီမို့. စုံညီမြတ်လေး, အကယ်၍ ဖြစ်နိုင်သေးအံ့၊
ယုဒ္ဓေ - ဥရောပနဲ့ အာရှမကျန်, ပြည်မြန်ကိုချုံး, မီးဟုန်းဟုန်းစွဲ ဤစစ်ပွဲ၌၊
ဘယာ - အမြောက်ဗုံးဆံ, လက်နက်ဒဏ်ဟု, ရန်မာရ်မကောင်း, ဘေးအပေါင်းမှ၊
ပမုတ္တော အမှိ - ကံဉာဏ်လုံ့လ, အသုံးချသဖြင့်, လုံးဝ သန့်ရှင်း လွတ်ကင်း ပါစေသတည်း၊
နော စေ ဟေဿံ - ဗုဒ္ဓသာသနာ, ပြုလောက်ရာသည့် ဇာတာတော်တွင်, ကံ မမြင်ပါမူကား၊
နာမှိ အမုတ္တကော - အမြောက်ဗုံးဆံ, လက်နက်ဒဏ်မှ, လွတ်ရန်မမျှော်, ဘဝ ခန္ဓာတော် ရုပ်သိမ်း၍, အေးငြိမ်းစွာ စံရပါစေသော်။
ဓမ္မဂုတ်။ ။ ဂါထာက စော်ဘွားကြီးအတွက်ရော ကိုယ်တော့်အတွက်ရောဖြစ်လို့ သိပ်ကောင်းတာပဲ။
တပည့်တော်။ ။ စော်ဘွားကြီးက အဲဒီ ဂါထာဟာ တပည့်တော် ရေးမှန်းကို နောင်အခါ သိလို့ သူ သမ္မတ ဖြစ်ချိန်မှာ တပည့်တော်ကလဲ ဗုဒ္ဓဘာသာ သင်ခန်းစာ ရေးချိန်နဲ့ ကြုံနေလို့ သူ့ အိမ်တော်ကို ပင့်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကိုယ့်အသက်ကို သာသနာ ပြုဖို့အတွက်သာ ရှည်စေချင်တယ်, အခြားအတွက်တော့ ရှည်ဖို့ မလိုဘူးပေါ့နော်။
တပည့်တော်။ ။ အမှန်ပါပဲဘုရား, သာသနာ မပြုရရင်တော့ အသက်ရှည်ဖို့ မလိုလားပါဘူး, တပည့်တော် နေရတာဟာ ချမ်းသာတာမှ မဟုတ်ဘဲ၊ စာချ-စာရေး တပည့်တွေကို တတ်အောင်သင်ပေး, အမြဲ သြဝါဒပေးနဲ့ နေ့တိုင်း ပင်ပန်းနေတာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော့် စိတ်က ဒီလို ထားပေမယ့် ပတ်ဝန်းကျင်ကတော့ ကိုယ်တော့်ကို လူထွက်လိမ့်မယ်ချည်း ထင်နေကြတာပါလား။
တပည့်တော်။ ။ မှန်ပါတယ် သူတို့ စိတ်နဲ့ နှိုင်းကြည့်ကြတာ ဖြစ်ပါလိမ့်မယ်။ စစ်အတွင်းတုန်းကပေါ့, မိုးညှင်း (သမ္ဗုဒ္ဓေ) ရုံပိုင်ကတော်ကြီး ရောက်လာပါတယ်၊ သူ့သမီးများက သီလရှင်ဖြစ်တော့ သမီးများကြည့်တဲ့ တပည့်တော်ရဲ့ ကျမ်းစာ တွေကို ကြည့်ပြီး ကြည်ညိုနေတဲ့ ဒကာမကြီးပါ၊ စစ်အတွင်းက သမီးများနဲ့အတူ စစ်ကိုင်းချောင်လာရင်း “တပည့်တော်ကို ဖူးချင်တယ်” လို့ တည်းတဲ့ချောင်က သီလရှင်များကို ပြောတော့ “ရှင်ကသာ ဖူးချင်နေတာ, ရှင့်ဘုန်းကြီးကတော့ လူထွက်ဖို့ အားလုံးစုံနေပြီ”လို့ ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီတော့ အဲဒီ ဒကာမကြီးက မလာတော့ဘူးလား။
တပည့်တော်။ ။ အို ... လူထွက်လဲ လူဝတ်နဲ့ကိုပင် ဖူးချင်ပါတယ်”လို့ ပြောပြီး အမရပူရဘက်ကို သမီးများနဲ့အတူ လိမ်မော်သီးတွေ ယူပြီး ကူးလာပါတယ်၊ တပည့်တော်က ဒီအချိန်မှာ တစ်ပါးတည်းပါ, စစ်သားတွေတော့ ပြည့်လို့ပေါ့၊ တပည့်တော်နဲ့ တွေ့တွေ့ချင်း ဝမ်းသာလွန်းလို့ စစ်ကိုင်းဘက်က သီလရှင်များ ပြောတဲ့စကားရော သူပြောခဲ့တဲ့ စကားရော အားလုံးလျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က ဘာပြန်ပြောလိုက်တုန်း။
တပည့်တော်။ ။ သူ့ ယုံကြည်ချက် သဒ္ဓါတရားကို အားရလွန်းလို့ တပည့်တော်ရဲ့ စိတ်ရင်းကို ပြောလိုက်ပါတယ်၊ ဒကာမကြီးက ဒါလောက် ကြည်ညိုရင် ဘုန်းကြီးရဲ့ စိတ်ရင်းကို ပြောရအုံးမယ်၊ “ဘုန်းကြီးက နောက်ဆုံး ပရိနိဗ္ဗာန် စံမယ့် ဘဝမှာတောင် ဒီသင်္ကန်းအဝတ်နဲ့ ပရိနိဗ္ဗာန် စံလိုပါတယ်၊ ဒါလောက် မျှော်မှန်းထားတဲ့အတွက် ယခုဘဝ ဝတ်ရတဲ့ သင်္ကန်းကို ဘယ်တော့မှ ချွတ်လိမ့်မယ် မဟုတ်ပါ၊ တစ်သာသနာလုံး သင်္ကန်းဝတ်ဟူသမျှ လူထွက်ရမယ်, လူမထွက်ရင် သတ်ပစ်မယ် ဆိုတောင် သင်္ကန်းဝတ်နဲ့ အသေခံနိုင်ပါတယ်”လို့ ပြောပြပါတယ်၊ ဒကာမကြီးလဲ အင်မတန် ကျေနပ်စွာနဲ့ ပြန်သွားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဒီသင်္ကန်းကို အင်မတန် တန်ဖိုးထားတယ်ကိုး။
တပည့်တော်။ ။ တန်ဖိုး ထားပါသော်ကောဘုရား, သင်္ကန်းကို တန်ဖိုးထား သလောက် သင်္ကန်းဝတ်သူတိုင်းလဲ ကျက်သရေရှိရှိ သိက္ခာရှိရှိနဲ့ တန်ဖိုးရှိအောင် နေစေချင်တာပေါ့၊ ဒါ့ကြောင့် သာသနာပြုပြင်ရေးကို မကြာခဏ စပ်မိတိုင်း ပြောနေတာပါ၊ တပည့်တော် ကျောင်းမှာလဲ ကိုရင်ကလေးမှ စ၍ သင်္ကန်းကို အသွေး အရောင် ရင့်ရင့်နဲ့ ညီညီဝတ်ကြဖို့ မြို့ထဲ ရွာထဲမှာလဲ သင်္ကန်းကို ကျကျနန ရုံပြီးမှ ဣန္ဒြေရရ သွားကြဖို့ အမြဲ သတိပေးနေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ဆန္ဒအတိုင်းသာ ဖြစ်ရင်တော့ သာသနာနဲ့ ဒါယကာဟာ အပြန်အလှန် အင်မတန် အကျိုးရှိမှာပဲနော်။
တပည့်တော်။ ။ အကျိုးရှိမှာပေါ့ဘုရား, ဒါ့ကြောင့် “တစ်နေ့နေ့မှာ သာသနာ ပြုရဦးမည်လား”လို့ ယခုတိုင် မျှော်နေပါတယ်၊ အဲဒီလို သာသနာပြုချင်တဲ့ ကိစ္စ ဟာလဲ ကြီးမှမဟုတ်ပါဘူး၊ အဘယာရာမတိုက် နေကတည်းက ဆရာတော်နဲ့ မကြာမကြာ စကားစပ်မိတဲ့ ကိစ္စပါ။ တစ်နေ့တော့ သာသနာ မသန့်ရှင်းတာကို စပ်မိလို့ “ရွှေကျင်ဂိုဏ်းကြီးကို ရှေးဆရာတော်ကြီးများ လက်ထက်ကလို သန့်ရှင်းအောင် လုပ်နိုင်ရင် ကောင်းမှာပဲ”လို့ လျှောက်ပါတယ်၊ ဒီအခါမှာ ဆရာတော်က “ဂိုဏ်းသံဃာကို နည်းအောင်လုပ်နိုင်မှ သန့်ရှင်းမှာပဲ”လို့ အမိန့် ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်သားပဲကိုယ်တော်, များတာကြိုက်ရင် သန့်ရှင်းဖို့ အခဲယဉ်းသားပဲ၊ ဒါ့ထက် အဘယာရာမ ဆရာတော်တော့ အရည်အချင်း ပြည့်တော်မူသလောက် သာသနာကို အားရအောင် ပြုတော်မူမသွားရရှာဘူးနော်၊ ဘယ်အရွယ်မှာ ပျံတော်မူတုန်း။
တပည့်တော်။ ။ ပြီးသမျှ ကျမ်းစာအုပ်တွေကတော့ အများအကျိုးရှိလို့ ပြုပြီးခဲ့သမျှ ကျေးဇူးများပါတယ်ဘုရား၊ စစ်အတွင်း နောက်ပိုင်းမှာ စစ်ကိုင်း ဝိပဿနာဂန္ဓာရုံ၌ ခိုလှုံတော်မူစဉ် သက်တော် ၆၅ နှစ်မှာ အနာကလေး ပေါက်၍ မကျန်းမမာဖြစ်ပြီး ပျံတော်မူပါတယ်၊ စစ်အတွင်းပေမယ့် တပည့် တပန်း - ရဟန်းတော်များနဲ့ သီလရှင် များ၏ ကြောင့်ကြစိုက်မှုကြောင့် ဆင်းဆင်းရဲရဲတော့ မဟုတ်ပါ၊ ရက်အနည်းငယ် ထားတဲ့ ဈာပနဖြစ်ပေမယ့် အလွန်စည်ကားပါတယ်၊ ပျံတော်မူချိန်မှာ တပည့်တော်က အမရပူရမှာမို့ မသိပါဘူး၊ လာပြီး အကြောင်းကြားမှ လိုက်သွားရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာများ အကူအညီ လုပ်နိုင်သေးတုန်း။
တပည့်တော်။ ။ တပည့်တော်က ဘုန်းကြီးပျံဖြစ်ဖြစ်, ဆရာတော်ပျံဖြစ်ဖြစ် ငွေမကုန်တာပဲ သဘောကျလို့ ငွေကုန်ဖို့တော့ ဘာမှ မစဉ်းစားပါဘူး၊ ဒီလို ကုန်စရာလဲ အမှန်အားဖြင့် ငွေမရှိပါဘူး၊ ဒါကြောင့် တချို့က သံဝေဂဂါထာရေးဖို့ တိုက်တွန်းတာနဲ့ သံဝေဂဂါထာကိုသာ ရေးလိုက်တာပါပဲ။
ဓမ္မဂုတ်။ ။ ဒါဖြင့် ဘာမှ ဝတ္တရားကျေအောင် မလုပ်နိုင်ဘူးပေါ့။
တပည့်တော်။ ။ ဒီလိုလဲ မဟုတ်ပါဘူး, အဲဒီအချိန်မှာ ချပ်သင်းသူဌေး ဒကာကြီးက စစ်ပြေးရင်း ချပ်သင်းချောင်မှာ ရောက်နေလို့ ချပ်သင်းဆရာကြီးကို ပြောပါသတဲ့၊ “တောင်မြို့ ဦးပဉ္စင်းက ဆရာတော်ပျံမှာ ဘာမှ လုပ်မယ် မထင်ဘူး၊ ဘာမှ မလုပ်ဘဲ နေလို့ မတော်ဘူး, သူက တာဝန်ယူပါ့မယ်, လုပ်သင့် လုပ်ထိုက်တာ လုပ်ပါစေ”တဲ့၊ ဒီစကားကို ချပ်သင်းချောင် ဆရာကြီး လာပြီး လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က ဘာပြောတုန်း။
တပည့်တော်။ ။ ဒီလိုဆိုရင် အများ ထုံးစံအတိုင်း “ဝတ္ထု (ငွေ) ကို ထည့်လိုက်ရုံပေါ့”လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ချပ်သင်းချောင်ဆရာကြီးက ဘာပြန်လျှောက်သလဲ။
တပည့်တော်။ ။ ထည့်စေလိုသလောက် ထည့်ပါလိမ့်မယ်, ဒကာကြီးက ဂဏန်း မပါပါဘူး, ဘယ်လောက် ထည့်စေချင်ပါသလဲ၊ ဒကာကြီးအပေါ် မှာ အားမနာနဲ့”တဲ့၊ ဒီစကား ကြားရတော့ တပည့်တော်လဲ အတော် ဝမ်းသာသွားပါတယ်၊
“အများ တပည့်ကြီးတွေက ယခုအချိန်တော့ (၃ဝဝိ) အများဆုံးပါပဲ, (၅ဝဝိ)လောက် ထည့်လိုက်ရင် တော်လောက်ပြီ ထင်ပါတယ်”လို့ ပြောပါတယ်၊ နောက်တစ်ရက် လာပို့တာပါပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရေးတဲ့ သံဝေဂဂါထာကို ယခု ရသေးလား။
တပည့်တော်။ ။ ။ ပါဠိတော့ ရပါသေးရဲ့၊ အနက်တော့ အကုန် မရတော့ပါဘူး။
၁။ ဒေဝါ သင်္ဂမ္မ မန္တေန္တိ၊ သုဓမ္မာယံ ယသဿိနော၊
သကလော သဘယော အာသိ, အဘယော ဒါနိ မဟလ္လကော၊
နေဿာမ အဘယံ ဌာနံ၊ အဘယံ သံဃနာယကံ။
၂။ ကာမံ သာသနကိစ္စာနိ သန္တိ ထေရဿ ကာတဝေ၊
ကာရာပေတု သကေ သိဿေ, ပါကဋေ အနုနာယကေ၊
ဧဝံ မန္တိယ မာနေန္တိ၊ ဣတိ မညာမသေ မယံ။
၃။ တသ္မာ နော ထေရာ ဟာယ, ဒေဝေါကာသ ဂတော တုရံ၊
ဘုသံ သောကပရေတာနံ, အယံ စရိမမာနနာ။
ဓမ္မဂုတ်။ ။ အနက်ပါရရင် ကောင်းမှာပဲနော်၊ အဲဒီတုန်းက ရွတ်ဖတ်ကြတဲ့ ဆရာကလေးများထံ ရှိကောင်း ရှိပါလိမ့်ဦးမယ်၊ ကိုယ်တော်က ထပ်ပြီး ရေးမပေး နိုင်လဲ စုံစမ်းရဦးမှာပဲ။
[အမှာ။ ။ အောက်ပါ အနက်များကို ရှာဖွေ၍ ထည့်ထားပါသည်။]
ဂါထာအနက်များ
၁။ သုဓမ္မာယံ - နတ်ပြည်ငါးဆင့် ဘုံတိုင်းတင့်သည့် နန်းမြင့်သာစုံ, ဓမ္မာရုံ၌၊
ယသဿိနော - ခြွေရံသင်းပင်း, ဂုဏ်သတင်းဖြင့် ညှင်းတလူလူ, သင်းကြူ ကြပေကုန်သော၊
ဒေဝါ - နတ်သိကြားနှင့်, စပ်နားနေရာ, အသရေဖြာသည့် ဒေဝါမင်းပေါင်း သူတော်ကောင်းတို့သည်၊
သင်္ဂမ္မ - ညီညာပေါင်းစုံ, စည်းဝေးကုန်၍၊
မန္တေန္တိ - သာသနာအရေး, ကမ္ဘာရေးကို ဆွေးနွေးစိုင်ပြင်, တိုင်ပင်ကြလေကုန်၏၊
သကလော - ဥရောပနှင့် အာရှမကျန်, ပြည်မြန်ကိုချုံး, တစ်ကမ္ဘာလုံးသည်၊
သဘယော အာသိ - ရေပြင် မြေပြင်မှ ဝေဟင်တစ်လျှောက်, ဘေးကြီး ရောက်လျက်မှ လွတ်မြောက်မရ ဖြစ်ခဲ့ရလေပြီ၊
အဘယော - ရွှေကျင်နိကာယ, သံဃာဦးစီး, (အဘယာရာမ) ဆရာတော်ကြီးသည်၊
ဒါနိ မဟလ္လကော - သန္ဓေရက်နှစ်, သက္ကရာဇ်ကို, တွက်စစ်ညွှန်းမြောက်, ခြောက်ဆယ့်ခြောက်သို့ ရောက်တော်မူသဖြင့်, ရင့်တော်မူလေပြီ၊
ဒါနိ မဟလ္လကော - ဝါလေးဆယ့်ငါး, ရေတွက်ငြားက, ဘုရားတမူ တူတော် မူခဲ့လေပြီ၊
သံဃနာယကံ - သံဃာဝှဲချင့် ပွဲတိုင်းတင့်သည့် ဂိုဏ်းမြင့်အကျော်, သံဃနာယက ဖြစ်တော်မူသော၊
အဘယံ - ရတနာပုံ, အဘယာရုံ၌, ယာပိုက်မွေ့လျော်, ဆရာတော်ကို၊
အဘယံ ဌာနံ - ဘေးရန်ကင်းမြုံ နတ်တို့ဘုံသို့၊
နေဿာမ - ခါမလင့်ကြောင်း, အခွင့်တောင်း၍, သင့်ကြောင်း သင့်ရာ, ပင့်ချေကြပါစို့တကား၊
၂။ ထေရဿ - အဘယာရုံ, ရွှေဘုံတိုက်, ဆရာတော်၏၊
ကာတဝေ - ကိုယ်တော်တိုင်ကြပ်, မပြတ်အောင်လျှင်း, ရွက်ဆောင်ခြင်းငှာ၊
သာသန ကိစ္စာနိ - သာသနာ့ဝန်, ဂိုဏ်းတာဝန်၌, အားသွန်စဖွယ်, အသွယ်သွယ် သော ကိစ္စတို့သည်၊
ကာမံ သန္တိ - အကယ်၍ကား, မပြုအားသဖြင့်, ထံပါးမသွေ, ချန်ထားရပေကုန်၏၊
တာနိ - ထိုကျန်သမျှ ကိစ္စအားလုံး, ကုန်မဆုံးတို့ကို၊
ပါကဋေ - ပွဲတိုင်းယှဉ်သော်, သဘင်ကျော်၍ ထင်ပေါ်သလောက်, စင်တော်ကောက် ဖြစ်ကုန်သော၊
အနုနာယကေ - ဆရာတော် မျက်မှောက်, ကိုးစားလောက်သည့် လက်ထောက် စာချ, နာယကလည်း ဖြစ်ကုန်သော၊
သကေ သိဿေ - ပါဠိ သက္ကတ ဘက်ဘက်မှလျှင်, လက်ရယူပြီး, တပည့်ကြီးတို့ကို၊
ကာရာပေတု - ဆရာတော်လက်စ, မပျက်ရအောင်, တက်ကြွအနေမှု ပြုရစ်ပါစေတော့၊
ဧဝံမန္တိယ - ဤသို့ ပြည့်စုံ, တိုင်ပင် ကြကုန်၍၊
အာနေန္တိ - ထောင့်သုံးရာပို, ငါးပြာသိုဝယ်, ခွာညိုပန်းဆက်, ဆန်းသုံးရက်ဆီ, သုံးနာရီက, ဌာနီရွှေ့ပြောင်း, သင့်ပါကြောင်းဖြင့်, ခွင့်တော်လေးမူ, ပင့်ယူ ကြလေကုန်၏၊
မယံ - ဆရာတော့်စိတ်ဓာတ်, မြင့်မြတ်လှပုံ, အလုံးစုံကို, အကုန်သိတောင်း, တပည့် အပေါင်းတို့သည်၊
ဣတိ မညာမသေ - မြေကြီးလက်ခတ်, မလွဲတတ်သို့ တပ်အပ်ဆင်ခြင်, ထင်မြင်ကုန်ပါတော့သည်ဘုရား။
၃။ တသ္မာ - ထိုသို့နတ်ပေါင်း, ဦးညွှတ်ပြောင်း၍, ခွင့်တောင်းသဖြင့် ပင့်တော် မူကြလေသောကြောင့်၊
ထေရော - အဘယာရုံ, ရွှေဘုံတိုက်ပျော်, ဆရာတော်သည်၊
နော(သိဿေ) - ဂိုဏ်းနှင့်တကွ အားထားကြသည့်, များလှဘိတောင်း, တပည့် အပေါင်းတို့ကို၊
ဩဟာယ - ကံဖြစ်သမျှ ကျန်ရစ်ကြဟု, လှစ်ဟညွှန်းမြွက်, ခွန်းဆက်တော်မမူဘဲ၊
ဒေဝေါကာသံ - အဘယာပီပီ, ဘေးမသီသည့် ရွှေပြည်ကြငှန်း, နတ်တို့နန်းသို့၊
တုရံဂတော - မြန်လွန်းလှစွာ, ခဏခါဖြင့်, လတာမရှည်, သြော်... ကြွရှာလေပြီ တကား၊
ဘုသံ - မချုပ်တည်းနိုင်, အပြီးတိုင်အောင်, ဦးမှိုင်ဟင်းချ, ပြင်းပြင်းပြပြသာလျှင်၊
သောကပရေတာနံ - သောကဗုံးမိ, လုံးလုံးထိ၍, မချိရာတောင်း, သံဃာပေါင်းနှင့် တိုက်ကျောင်းအမကြီး, သားသမီးအစ, များလှလူတွင်, သီလရှင်အပေါင်း, တပည့် ကောင်းတို့၏၊
အယံ မာနနာ - အရှင့်ရုပ်ကလာပ်, ကိန်းဝပ်စဉ်ဝယ်, ခုနှယ်ကော်ရော် ပူဇော်ရခြင်းသည်၊
စရိမ မာနနာ - ကြွရော့ဘုရာ့ ကန်တော့ကြဖို့, တသချုံးမှိုင်, မမုန်းနိုင်သော်လဲ, အဆုံးတိုင် ပူဇော်ခြင်းပါဘုရား။
ဓမ္မဂုတ်။ ။ စစ်အတွင်း နေထိုင်ရပုံတော့ သိရပါပြီ၊ စစ်ပြီးတော့ ဘာများ ဆက်ပြီး လုပ်တုန်း။
တပည့်တော်။ ။ ။ စစ်ပြီးတယ်ဆိုရင်ပဲ တပည့်တော် အတွက်က လက်ရှိဖြစ်တဲ့ ကျမ်းစာ ရေးသားခြင်း အလုပ်အပြင်, မြောင်းမြဆရာတော် - ကျွန်းကုန်း ဆရာတော် နှစ်ပါးနဲ့အတူ (သခင်ထိန်ဝင်း) ဆိုတဲ့ ဒကာကလေး ရောက်လာလို့ စာရေးစရာ ပိုလာပါတယ်။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့် ပိုလာရတာတုန်း။
တပည့်တော်။ ။ ။ ထိုဆရာတော် နှစ်ပါးရဲ့ ဒကာရင်းလဲဖြစ်, နိုင်ငံရေး အတွေ့အကြုံလဲ များလာတဲ့ သခင်ထိန်ဝင်းက “သာသနာတော်ကို လက်ရှိ အခြေအနေထက် တိုးပြီး နိုင်ငံမှာ အကျိုးရှိအောင် မပြုပြင်နိုင်ရင် နိုင်ငံခြား ဝါဒတွေ ဝင်လာတော့မှာပဲ, ဒီလို ဝင်လာရင် သာသနာတော်ဟာ အထင်သေးခံရတော့မှာ သေချာပါတယ်၊ ဒါ့ကြောင့် ဆရာတော်များက သာသနာ တိုးတက်လမ်းကို ကြံကြပါဦး”လို့ ထိုဆရာတော်နှစ်ပါးကို လျှောက်ပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလို လျှောက်တော့ ဆရာတော်နှစ်ပါးက ဘယ်လိုအမိန့်ရှိပါတုန်း။
တပည့်တော်။ ။ ။ “ဒကာထိန်ဝင်းက သာသနာရေး ကိစ္စကို ဒါလောက် စိတ်ဝင်စားရင် တောင်မြို့ဘုန်းကြီးနဲ့ တွေ့ပေးမှပဲ”လို့ အမိန့်ရှိပါသတဲ့။ အဲဒီ အခါကျမှ တပည့်တော်ရဲ့ အကြောင်းကို သိရလို့ တပည့်တော်နဲ့ တွေ့ဖို့ရန် ဆရာတော်နှစ်ပါးကို ပင့်ပြီး သွားဖြစ်ရုံ ကားစုတ်ကလေးနဲ့ တပည့်တော်အထံ လမ်းမှာ ဆင်းဆင်းရဲရဲ လာကြရလို့ ညမှ ရောက်လာကြပါတယ်၊ ရောက်တဲ့ နေ့ရက်ကို တပည့်တော် မမှတ်မိတော့ပါဘူး၊ နောက်မှ ဒကာထိန်ဝင်းက သူရဲ့ ဒိုင်ယာရီမှတ်တမ်း ကြည့်ပြီး “၁၃၀၇ ခု၊ နတ်တော်လပြည့်ကျော် ၈ ရက် ည ၁၂ နာရီအချိန် တပည့်တော်ဆီ ရောက်တယ်” ဆိုတာ လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီကိစ္စနဲ့ စပ်ပြီး ဘယ်လို အလုပ်ပိုလာသလဲ။
တပည့်တော်။ ။ ။ တပည့်တော်ရဲ့ ရေးလက်စကျမ်းစာ ပြီးတဲ့အခါ အနာဂတ် သာသနာအတွက် “အနာဂတ်သာသနာရေး” ကျမ်းစာ ရေးရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာသာရေးမှာ အသားကျအောင် ရေးလိုက်တော့ အများစုက ကျေနပ်ကြရဲ့လား။
တပည့်တော်။ ။ ။ ကျေနပ်-မကျေနပ်တော့ အရှင်ဘုရားပဲ စဉ်းစားပေတော့မှ၊ တပည့်တော်ရဲ့ စာအုပ်ထဲမှာ ဘာသာရေး ပြုပြင်ချက်တွေကို ကြည့်ပြီး တပည့်တော်ကို “ကွန်မြူနစ်”လို့ ကင်ပွန်းတပ်ကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်ဟာ အကျိုးမရဘဲ အပြစ်သာ ဖြစ်တော့တာ ပေါ့နော်။
တပည့်တော်။ ။ ။ ဒီလိုလဲ မဟုတ်ပါဘူး, စဉ်းစားဉာဏ်ရှိပြီး အမျိုးဘာသာ သာသနာကို မြှင့်တင်လိုသော နိုင်ငံရေး လူကြီးလူကောင်းများက အလွန် ကျေနပ် ကြပါတယ်၊ တချို့ သံဃာတော်များကလဲ အများနဲ့ မဆန့်ကျင်ဝံ့လို့သာပါ, စိတ်ထဲမှာတော့ သဘောကျကြပါတယ်၊ ဘာပဲ ပြောပြော ဘာသာရေးလိုက်စားတဲ့ နောက်လူငယ်များ အတွက်တော့ များစွာ အထောက်အကူ ဖြစ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒါကြောင့် ကိုယ်တော့်မှာ ကိစ္စအပိုတွေ များလာတယ်လို့ ဆိုလိုသလား။
တပည့်တော်။ ။ ။ ဒါတွင် ဘယ်ကမှာလဲဘုရား, စစ်ပြီးချိန်မှာ သာသနာရေး ဘာသာရေးက အလွန် အားနည်းနေလို့ တရားပွဲတွေ မန္တလေးမှာ မှန်မှန်ကျင်းပပြီး သာသနာရေး-ဘာသာရေး တရားတွေကို ဟောကြရပါတယ်၊ နန္ဒဝန်ဦးဘတင်-ကျောင်းဆရာကြီး ဦးဘသိုက်-ပိုး ဦးဘသိန်း - ရှေ့နေ ဦးဘသိန်းတို့နဲ့ အတူပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဒီလို တရားပွဲမျိုးတော့ ဟောလေ့ရှိသလား။
တပည့်တော်။ ။ ။ တပည့်တော်က အမျိုး-ဘာသာ-သာသနာ ဒီ သုံးဌာနအတွက် ခပ်ရွယ်ရွယ်ကပင် ဟောလေ့ရှိပါတယ်၊ အမရပူရ မပြောင်းခင်က မန္တလေးမြို့ အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ဗုဒ္ဓဘာသာ အထက်တန်းကျောင်းကြီးမှာ ဆုံးမ ဩဝါဒပေးမယ့် ဘုန်းတော်ကြီး နှစ်ပါးလောက် လိုနေပါတယ်။ တစ်ပါးက ယောက်ျား ကလေးကျောင်းအတွက်, တစ်ပါးက မိန်းကလေး ကျောင်းအတွက်ဖြစ်ပါတယ်။ ဒီအခါမှာ ဣန္ဒြေရရနဲ့ ကလေးများ နားလည်အောင် ဟောမယ့်ပုဂ္ဂိုလ်ကို ကော်မတီ လူကြီးများ စဉ်းစားပြီး တပည့်တော်ကို လျှောက်ပါတယ်၊ တပည့်တော်က ခွင့်ပြုတဲ့အခါ တနင်္ဂနွေနေ့တိုင်း ကားဖြင့် လာပင့်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မိန်းကလေးကျောင်းလား, ယောက်ျားကလေး ကျောင်းလား။
တပည့်တော်။ ။ ။ တပည့်တော်ကို မိန်းကလေးကျောင်းဟောဖို့ သဘောတူကြ ပါတယ်၊ ဟောတဲ့အခါတိုင်း မူလတန်း ငယ်ရွယ်သူတွေအတွက် ၁၅မိနစ်လောက် ပထမ ဟောပါတယ်၊ ပြီးမှ ကျောင်းသူ အကြီးများနဲ့ ဆရာမများအတွက် ဟောပါတယ်၊ အလွန်ဆုံးမှ တစ်နာရီလောက် ကြာမှာပါ။
ဓမ္မဂုတ်။ ။ ယောက်ျားကလေးများတော့ ဘယ်ပုဂ္ဂိုလ် ဟောသတဲ့တုန်း။
တပည့်တော်။ ။ ။ ကော်မတီလူကြီးများ ကျေနပ်လောက်တဲ့ ပုဂ္ဂိုလ်ကို ရှာလို့ မရသေးဘူးလို့ ကြားတာပါပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟောတာ ဘယ်လောက်ကြာတုန်း။
တပည့်တော်။ ။ ။ အတော်ကြာပါတယ်, မမှတ်မိပါဘူး၊ အဲဒီ အချိန်မှာ နိုင်ငံခြားတို့၌ စစ်ဘေးသံတွေ ကြားနေရလို့ မြန်မာနိုင်ငံအတွက်လဲ စိတ်ချဟန် မတူပါဘူး၊ ဒါကြောင့် အမရပူရ မပြောင်းခင်ကပင် ရပ်ဆိုင်းထားရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ တစ်တိုင်းပြည်လုံး ညီညီညွတ်ညွတ် နဝမကွန်ဖရင့် အချိန်လောက်ကစပြီး အမျိုး-ဘာသာ-သာသနာရေး တရားတွေ ဟောလာခဲ့တာ ထင်တယ်။
တပည့်တော်။ ။ ။ မဟုတ်ပါဘူး, တပည့်တော်ဟာ ကိုရင်ဖြစ်ပြီး တရားဟောသည်က စ၍ ဒါနအကျိုးကို သိပ်မဟောဘဲ, ပြုပြင်ရေး ဒါနနဲ့ ကိုယ်ကျင့် စာရိတ္တတရားကိုသာ အများအားဖြင့် ဟောခဲ့ပါတယ်၊ တပည့်တော်ရဲ့ တရားဟောပုံက အများနဲ့ မတူဘဲ တစ်မျိုးဖြစ်နေလို့ ဘကြီးတော်တဲ့ ဥပါသကာတစ်ယောက်က ဆွေမျိုး လူကြီးများ ရှေ့မှာ “ဦးပဉ္စင်း ဘာဆုတောင်းတုန်း”လို့ ရဟန်း ငါးဝါလောက်တုန်းက မေးဖူးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘယ်လို ဖြေလိုက်တုန်း။
တပည့်တော်။ ။ ။ ဘကြီးရာ ...“ဆုဆိုတာ ကိုယ့်စိတ်ထဲမှာ ရည်ရွယ်တဲ့အတိုင်း အလုပ်လုပ်နိုင်မှ အထမြောက်တာပါ၊ အလုပ်တော့ မလုပ်နိုင်ဘဲ ကြီးကြီး ကျယ်ကျယ် ဆုတောင်းလို့လဲ မရနိုင်ပါဘူး၊ ဆုကို ဒီဘဝမှစပြီး တောင်းဖို့လဲ လိုမယ် မဟုတ်ပါဘူး၊ ရှေးရှေးက အထုံရပြီး ဖြစ်ပါလိမ့်မယ်။ ဦးပဉ္စင်း အလုပ်နှင့် အလုပ်ရဲ့ အထမြောက်ပုံကို ကြည့်ပြီး မိမိဆုကို မှန်းနိုင်ပါတယ်”လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ စစ်ပြီးတဲ့အခါမှစ၍ ကိုယ်တော်ရဲ့ ဂန္ဓာရုံကျောင်းတိုက်ကို အသစ် ပြန်တည်သလို စရမှာပဲနော်, စစ်မဖြစ်ခင်က သံဃာများများမှ မရှိခဲ့ဘဲ, ရှိသမျှလဲ စစ်အတွင်းမှာ ကုန်တာပဲ မဟုတ်လား။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်, စစ်ပြီးမှ သံဃာများ တစ်စတစ်စ ရောက်လာ ကြပါတယ်၊ သံဃာများလာတော့လဲ နေရေးပြဿနာက ကြီးလာပါတယ်၊ နေစရာ ကလဲ မပြည့်စုံ, ကျောင်းဆောက်စရာလဲ ငွေမရှိ၊ ကျောင်းငယ် ကလေးကို ဆွမ်းလဲ စားရ, သံဃာလဲ နေရအောင် ချဲ့ထွင်ပြင်ဖို့ရန် စစ်အတွင်းမှာ မဝတ်ရက်ဘဲ သိမ်းထားတဲ့ ၁၅ခန်း သင်္ကန်းကြီးကို ဒကာကြွယ်ထံ အပ်ပြီး “ဒီသင်္ကန်းကြီးနဲ့ သံလဲ အလိုရှိတယ်, လက်သမားလဲ အလိုရှိတယ်”လို့ ပြောရပါတယ်၊ သူက လက်သမား လဲဟုတ်, ဘုန်းကြီးလူထွက်လဲ ဟုတ်ပြီး တပည့်တော်ကို ကြည်ညိုပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ သင်္ကန်းကြီးကို သူက ဘယ်လိုလုပ်သလဲ။
တပည့်တော်။ ။ ။ သူက ပစ္စည်းရှိတဲ့ ဒကာတစ်ယောက်ထံ သွားပြီး ကထိန်ခင်းတဲ့ အခါ အသုံးကျပါတယ်, ယူထားပါလို့ သွားပြောတော့ အဲဒီ ဒကာက ငွေလိုမှန်း သိဟန်တူပါတယ်၊ တန်ဖိုးပြည့်အောင် မပေးလိုပါဘူး၊ ရသမျှနဲ့ ရောင်းလာခဲ့ပြီး သံဝယ်ခဲ့ပါတယ်၊ လက်သမားအလုပ်တော့ သူနဲ့ ကျောင်းက ဦးပဉ္စင်း ကိုရင်များ စုပေါင်းလုပ်ကြပါတယ်၊ နောက်တော့ သံဃာများလာလေ ကျောင်းပြဿနာ ကျယ်ဝန်းလာလေပါပဲ၊ ကျောင်း အမကြီးက အုတ်နံကပ် နှစ်ထပ်ကျောင်းကြီး ဆောက်တော့မှ အတော် နေသာပါတယ်။ (ဒီအချိန်မှာ ကျောင်းဒကာကြီး မရှိတော့ပါဘူး၊ စစ်ဦးလောက်ကပင် ဆုံးပါတယ်။)
ဓမ္မဂုတ်။ ။ စားရေးတော့ ဘယ်လို စီစဉ်ရတုန်း။
တပည့်တော်။ ။ ။ စားရေးကတော့ ဟိုက ဒီက ရတာနဲ့ ပေါင်းပြီး ကျမ်းစာအုပ် တွေကို တာဝန်ခံရိုက်တဲ့ အစ်မလေးက နံနက်ဆွမ်း တာဝန်ယူပါတယ်။ နေ့ဆွမ်း အတွက် ဟင်းနှစ်ခွက်လောက်လဲ ချက်ပါတယ်၊ အဲဒီအချိန့်မှာ စက္ကူဈေး -အလုပ်သမား ဈေးမှစ၍ အစစအရာရာ ဈေးကြီးနေလို့ စာအုပ် မရိုက်နိုင်သေးပါဘူး၊ ဈေးကျဦး မလားလို့ စောင့်နေပါတယ်၊ နောက်မှ ဈေးမကျလို့ ဖြစ်သလို ရိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ သံဃာက ဘယ်လောက် ရှိနေပြီလဲ။
တပည့်တော်။ ။ ။ စစ်ပြီး ပထမဝါဆိုမှာ မများလှသေးသော်လဲ ဒုတိယဝါဆိုလောက် ကစပြီး တဖြည်းဖြည်း များလာပါတယ်၊ ဆန်နဲ့ ပဲအတွက် ယခု စာချဘုန်းကြီး ဖြစ်နေတဲ့ ဥုးဣန္ဒောဘာသဘိဝံသတို့ရဲ့ သရက်ချို ကျောက်ကုန်းစသော ရွာများကို အတော် အားကိုးရပါတယ်၊
ဆီအတွက်ကတော့ ယခု ကျောင်းတိုက်ခွဲပြီး ရွှေလှေမှာနေတဲ့ ဥုးကဝိန္ဒနှင့် ယခု စာချဘုန်းကြီးများ ဖြစ်ကြတဲ့ ဥုးစန္ဒောဘာသ, ဥုးကုဏ္ဍလာဘိဝံသတို့ရဲ့ ဆီသည် နယ်ကို အတော်အားကိုးရပါတယ်၊ အခြား ကိုရင် ဦးပဉ္စင်းများက လဲ ဆန် ဆီစသော ပစ္စည်းများ ပါလာတတ်ပါတယ်၊ အဲဒီ ဆန် ပဲ ဆီ တို့နဲ့ အရင်းခံပြီး ဆွမ်းကိစ္စကို ပြီးပြေစေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က စာသင်သားတွေကို ကိုယ်တိုင် ပိုက်ဆံကိုင်တာ ဝယ်စားတာကို မကျေနပ်တော့ ဒီလိုပဲ တာဝန်ယူရမှာပေါ့နော်, ဒါလဲ ယူနိုင်လို့ ယူတာပါ, မယူနိုင်ရင် ဖြစ်သလို ထားရမှာပဲ မဟုတ်လား။
တပည့်တော်။ ။ ။ တပည့်တော် ဝါဒနဲ့တော့ ဆရာက တာဝန်မယူလို့ ဖြစ်ကို မဖြစ်နိုင်ပါဘူး၊ တာဝန်မယူနိုင်ရင် စာသင်သားကို လက်မခံဘဲ နေရုံပါပဲ။ ဒီကိစ္စနဲ့ စပ်ပြီးတော့ “အနာဂတ်သာသနာရေး ကျမ်းစာနဲ့ ဘာသာသွေး ကျမ်းစာ”တို့မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးထားပါတယ်။
ဓမ္မဂုတ်။ ။ ဝိနည်းတော်နဲ့ စပ်တဲ့ကိစ္စတွေကို ပုရွက်ဆိတ်အုံ တုတ်နဲ့ဆွသလို ကြွမလာပါစေနဲ့တော့၊ ကျောင်းတိုက်ကို ယခုလို သာယာလာအောင် ဘယ်လောက် အပင်ပန်းခံပြီး ဆရာ တပည့် ပြုခဲ့ရတုန်း။
တပည့်တော်။ ။ ။ ဆရာတပည့် တစ်စုက ယနေ့အထိ ကျောင်းတိုက်သာယာအောင် ပြုနေရတာပါပဲဘုရား, ဒါပေမယ့် ရှေ့ပိုင်းကလောက် ကိုယ်ပန်း စိတ်ပန်းတော့ မပန်းရပေဘူးပေါ့။
ဓမ္မဂုတ်။ ။ ပြုရိုးပြုစဉ်ကတော့ ဘုရားရှင်ကိုယ်က သေနာသနဝတ်လို့ ပညတ် တော်မူခဲ့လို့ ပြုကြရမှာပေါ့၊ လူပန်း စိတ်ပန်း ငွေပန်းဆိုသလို အရာရာ ပန်းအောင် ပြုခဲ့ရတာကို မေးတာပါ။
တပည့်တော်။ ။ ။ စစ်ပြီးလို့ တဖြည်းဖြည်း သံဃာများလာရင် ကျောင်းအတွက် တာဝန်ကြီးပုံကို ပြောခဲ့ပြီနော်, အတော်အတန် နေသာတဲ့အခါ တိုက်တည်စ လောက်က ကျောင်းဒကာကြီးများ တည်ထားခဲ့တဲ့ စေတီတော်ကို ပရိဝုဏ်တံတိုင်းပါ အားလုံး ပထမ ပြင်တာပဲဘုရား၊ နောက်နှစ်နှစ်လောက် ကြာတော့ တစ်ဝက် လောက်အထိ ရွှေသင်္ကန်း ကပ်ပါတယ်, နောက်နောက်လဲ ဆက်ကာဆက်ကာ တတ်နိုင်သလောက် ပြုပြင်လို့ ယခုဖူးမြင်ရတဲ့ အခြေအနေတိုင်အောင် စေတီတော် ပတ်ဝန်းကျင် သာယာလာပါတယ်။
ထို့နောက် စေတီတော်နှင့် နီးနေသော ဆင်းတုတော်ကြီး သီတင်းသုံးတော် မူရာ ဘုရားတိုက်ကို ဘေးပတ်ဝန်းကျင်က အမိုးလှည့်ပြီး တဖြည်းဖြည်း အတွင်းအပြင် ပြုပြင်ရပါတယ်၊ စေတီတော် ဝင်းအတွင်းက တန်ဆောင်း နှစ်ဆောင်သာ မန္တလေးမြို့ ဒါယကာ ဦးကာကနဲ့ သားသမီးများရဲ့ ကောင်းမှုဖြစ်ပါတယ်၊ ကျန် ပြုပြင်မှုတွေ ကတော့ တပည့်တော် ပုဂ္ဂလိက ရတာနဲ့ ကျမ်းစာအုပ် တာဝန်ခံ အစ်မလေးရဲ့ ကောင်းမှုများချည်း ဖြစ်ပါတယ်၊
ကျောင်းထဲမှာလဲ ကျမ်းစာအုပ် တာဝန်ခံ အစ်မလေးက နှစ်ထပ် အသားကျောင်း ဆောက်ပါတယ်၊ သူ ဆုံးသည့်တိုင်အောင် သံဃာများအတွက် နံနက်ဆွမ်း (ချဉ်ပေါင်ဟင်း - ပဲပြုတ်နဲ့) နေ့ဆွမ်းအတွက် ဟင်း နှစ်ခွက်ကို နေ့စဉ်တာဝန် ယူပါတယ်၊ အဲဒီ ဆွမ်း-ဆွမ်းဟင်းများကတော့ စာချဘုန်းကြီးများနဲ့ သံဃာများရဲ့ ရပ်ရွာက ဆွေမျိုး ဒကာ-ဒကာမများ နှင့် ကျောင်းဆိုင်ရာ ဒကာ-ဒကာမများပါ အားလုံးစုပေါင်းပြီး စိတ်တူ ကိုယ်မျှ ဝိုင်းဝန်းဆောင်ရွက်မှု အကူအညီ များစွာရလို့ စွမ်းဆောင်နိုင်ခြင်း ဖြစ်ပါတယ်၊
ကျမ်းစာအုပ်ချည်းတော့ ဒါလောက် စွမ်းနိုင်မည်မဟုတ်ပါ။ တာဝန်ခံ အစ်မလေး ရှိတုန်းက ဆည်ရွာမှာ ကြိုတင်ပြီး လိုလိုမယ်မယ် စပါးဝယ်ထားရပါတယ်, ဆန် လိုတဲ့အခါ အသုံးပြုဖို့နဲ့ ဆီလိုတဲ့အခါလဲ ထိုစပါးကို ရောင်းပြီး ဆီဝယ်ဖို့ ဖြစ်ပါတယ်၊ စားရေးအတွက် ထိုမျှလောက် တာဝန်ယူထားလို့ စာသင်သားအားလုံး စားရေး အတွက်နှင့် နေရာ အတွက်က အထိုက်အလိုက် ပြည့်စုံခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ တစ်တိုက်လုံး သံဃာများကို တစ်နေရာတည်းမှာ စုပေါင်းစားရတော့ သံဃာများက များလာတဲ့အခါ ဆွမ်းစားကျောင်းက တဖြည်းဖြည်း ငယ်ငယ် မနေဘူးလား။
တပည့်တော်။ ။ ။ သံဃာတစ်ရာ ကျော်လာတဲ့အခါ ဆွမ်းစားကျောင်းသာ မကပါဘူး၊ ကုဋီ (ကျင်ကြီးအိမ်) လဲ လိုလာပါတယ်၊ သံဃာ နှစ်ရာနီးနီး ရှိလာတဲ့အခါမှာ ဆွမ်းစားကျောင်းနဲ့ ကုဋီမလောက်လို့ ထန်းရွက်တဲ့ ဆွမ်းစားကျောင်းနဲ့ ထန်းရွက်၏ ကုဋီကြီး ဆောက်ရပါတယ်၊ နောက်ထပ် တိုးချဲ့ထားတဲ့ ဥယျာဉ်ကျောင်းထဲမှာရှိတဲ့ ထန်းပင်တွေက အရွက်ကို အသုံးပြုဖို့ရာ ထန်းတက်နိုင်သော ဒကာကို ငှားရပါတယ်, ဝါးလဲ ကပ္ပီ ရပါတယ်၊ ထန်းရွက်-ဝါးရတဲ့အခါမှာ ကျောင်းတိုက်သံဃာများ မတတ် တတတ်နဲ့ ဆောက်ကြရပါတယ်၊ ဆွမ်းစားလို့လဲ ဖြစ်ပါတယ်, ကုဋီ သွားလို့လဲ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီအချိန်မှာတောင် ဒကာ-ဒကာမများကို ကိုယ်တော်က မပြောဘူးလား။
တပည့်တော်။ ။ ။ ဝိနည်းတော်က တိုက်ရိုက် ပြောကောင်းလို့လား ဘုရား၊ တပည့်တော်က မပြောကောင်းတာတော့ ပြောဖို့ ဝေးပါသေးရဲ့, ပြောကောင်း တာတောင် တောင်းဖို့ကိစ္စတော့ နှုတ်က မထွက်ပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီအချိန်မှာ စာအုပ်တာဝန်ခံ အစ်မလေးက မတတ်နိုင်ဘူးလား။
တပည့်တော်။ ။ ။ ကျောင်းတိုက်ပြုပြင်ရေးနဲ့ ဆက်နေလို့သာ တစ်လျှောက်လုံး ရေးရတာပါ။ ဒီအချိန်မှာ တပည့်တော် အသက်လဲ ၅ဝ-ကျော် ၆၀ နီးနေပါပြီ၊ အစ်မလေးက သံဃာတစ်ရာကျော်ကျော် ရှိတဲ့အခါတုန်းက ဆုံးပါတယ်၊ သံဃာ နှစ်ရာထိအောင် မပြုစုရပါဘူး၊ သူရှိစေကာမူ ဆွမ်းကိစ္စက သာ၍ သာ၍ အကုန် အကျ များလာလို့ ကျောင်းဘက်ကို များများ တာဝန်မယူ နိုင်ပါဘူး၊ ကျောင်းပြင်စရာ ရှိတောင် တပည့်တော်ရဲ့ ပုဂ္ဂလိက (နဝကမ္မ)နဲ့ ပြင်ရပါတယ်၊
သံဃာ အားလုံးအတွက်“တစ်အိုးတည်း စား, တစ်ဩဇာတည်း နေ”ဆိုတော့ တာဝန် ယူရတာ အလွန်ငွေကုန်ပါတယ်၊ တစ်ခါတုန်းက သံဃာတစ်ရာလောက် ရှိချိန်မှာ တံတားဦးမြို့က“ဒေါ်မြမေ - ဒေါ်ဝင်းဒေါ်သိန်း” ဆိုတဲ့ ညီအစ်မ များက“တစ်လအတွက် ကုန်ကျစရိတ်ကို တာဝန်ယူလိုပါတယ်”ဟု လျှောက်လို့ နဝကမ္မငွေကို အပ်စပ်အောင် ထိန်းသိမ်းတဲ့ ဦးကျော်ဝင်းက “ဆွမ်း-ဟင်း-မီး-ရေ-ညနေ ထန်းလျက်ရည်”အားလုံးအတွက် ကုန်ကျစရိတ်ကို အနည်းဆုံး တွက်ပေးတဲ့ အခါ တစ်လအတွက် တစ်ထောင်ကျော် ကုန်ပါသတဲ့၊ (နေ့ဆွမ်းအတွက် ဆွမ်းခံလို့ရတာ မပါသေးပါဘူး။)
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ သံဃာ နှစ်ရာရှိတဲ့အခါ နှစ်ထောင်ကျော်, ယခုလို သုံးရာ ရှိတဲ့အခါ သုံးထောင်ကျော်, လေးရာ ငါးရာ ရှိတဲ့အခါ လေးထောင်ကျော်-ငါးထောင်ကျော် စသည်ကုန်မှာပဲနော်။
တပည့်တော်။ ။ ။ တန်ဖိုးအနေကတော့ ကုန်တာ အမှန်ပါပဲ၊ သို့သော် ဆန်တို့ ဆီတို့ ထန်းလျက်တို့, ငရုပ် ကြက်သွန်တို့ မီးအတွက် ရေအတွက်တို့ပါ ထိုက်တန်သမျှ အကူအညီ လှူကြလို့ ငွေကို ထုတ်ပြီး ဒါလောက်ကုန်ဖို့တော့ မလိုပါဘူး၊ သံဃာ့ကံ အလိုက် ဖြစ်သွားတာပါပဲ။
ဓမ္မဂုတ်။ ။ လှူသူ ပြတ်တဲ့အခါတော့လဲ ထုတ်ပြီး ကုန်ရမှာပေါ့နော်။
တပည့်တော်။ ။ ။ မှန်ပါတယ်, တစ်ခါတစ်ခါ ဆန် ဆီမှစ၍ ကပ္ပီရ (ဝယ်ရ) ပါသေးတယ်၊ ဒါ့ကြောင့် ဝိနည်းနဲ့အညီ အပ်အပ်စပ်စပ် စားဖို့ နေဖို့ မလွယ် တာကြောင့် သာသနာ့အရေးကို အမြဲတွေးပြီး တာဝန်ပေါ့အောင် ပြင်ဖို့ရန် စိတ်ကူး ရတာပါပဲ၊ တပည့်တော်များရဲ့ ကျောင်းတိုက်အတွက်တော့ အစကစပြီး ဝိနည်းနဲ့ ညီအောင် စီစဉ်ခဲ့လို့ ယခုအထိ ဝိနည်းနဲ့ အညီ ဖြစ်နေပါတယ်၊
ဒါကြောင့်လဲ ကောင်းကောင်း မနေလိုတဲ့ စာသင်သားတွေ မနေနိုင်အောင် အထူး စောင့်ရှောက်ရပါတယ်၊ သူတော်ကောင်းစိတ် ရှိမှသာ နေစေချင်ပါတယ်၊ တာဝန် ဆောင်ရတာ တပည့်တော်ရော စာချဘုန်းကြီးများရော ရင်းနှီးတဲ့ ဒကာ-ဒကာမ များရော ကိုယ်ပန်း, စိတ်ပန်း, ငွေပန်း, ပင်ပန်းလွန်းလို့ပါ။
ဓမ္မဂုတ်။ ။ ဒီလို တိုက်ရှိ သံဃာအားလုံး တစုတဝေးတည်း စားရခြင်းရဲ့ လက်တွေ့ အကျိုးကို ပြောပြစမ်းပါဦး။
တပည့်တော်။ ။ ။ တိုက်ရှိ သံဃာအားလုံး အတူစားရခြင်းရဲ့ အကျိုးကတော့ အလွန်များပါတယ်။
- ၁။ စာချဘုန်းကြီးအချင်းချင်း, ကျောင်းအချင်းချင်း, အပြိုင်အဆိုင် မရှိဘဲ ရသမျှ အတူစားရတော့ (တစ်အိုးတည်းစား - အိမ်သူအိမ်သားလို) စိတ်ဝမ်း မကွဲပြားဘဲ အလွန် သွေးစည်း ညီညွတ်ပါတယ်။
- ၂။ တိုက်တာမှာ လုပ်စရာရှိရင် သူ့ ကျောင်း - ကိုယ့်ကျောင်း မရွေးဘဲ အားလုံးဝိုင်း၍ လုပ်ကြပါတယ်၊ ဒါ့ကြောင့် ကျောင်းရှေ့ မျက်နှာသာ တိုင်းမှာ ဆိုင်ရာကျောင်းက သန့်ရှင်းစေတဲ့အပြင် အကြီးအကျယ် ပြုပြင်စရာရှိရင် ကျောင်းတိုက်က ဝိုင်း၍ ပြုပြင်ကြပါတယ်။
- ၃။ မိမိတို့ဆိုင်ရာ ဆရာမိဘ - ဆွေမျိုးဉာတိ - ဒကာ ဒကာမတို့က ဆန်- ဆီ ပဲ-ထန်းလျက် စသည် လှူလိုက်လဲ အားလုံး သံယိက အဖြစ်ဖြင့် လှူ၍ ပုဂ္ဂလိက မထားရ၊ အားလုံးအတွက် တစ်နေရာတည်းမှာ ချက်ပြုတ်ရသောကြောင့် ကျောင်းတိုင်းမှာ သန့်ရှင်းမှုလဲ ပင်ကိုအတိုင်း ရှိနေပါတယ်။
- ၄။ စာအံတဲ့အခါ မည်သည့်ကျောင်း၌မျှ အသံကျယ်စွာ မအံရဘဲ တိုးတိုး အံရသောကြောင့် တိတ်ဆိတ် ငြိမ်သက်မှုလဲ ကျောင်းတိုင်းမှာ အတော်ကလေး ရနေပါတယ်။
- ၅။ အားလုံး ကျန်းမာရေးအတွက် ဂိလာနကျောင်း သီးခြားထားသောကြောင့် မကျန်းမာသော ကိုယ်တော်ရှိရင် မိမိကျောင်းမှာ မနေရဘဲ ဂိလာနကျောင်းမှာ လာ၍နေရသောကြောင့်လဲ ကျောင်းတိုက်မှာ တစ်မျိုး သန့်ရှင်းနေပါတယ်။
- ၆။ အရေးကြီးသော ဂိလာနကို ဆေးရုံပို့မှု စသည်ဖြင့် ကူညီစရာရှိရင်လဲ သူ့ကျောင်း-ကိုယ့်ကျောင်းက ပုဂ္ဂိုလ်လို့ မရွေးဘဲ တာဝန်ဆောင်နိုင်သော ပုဂ္ဂိုလ်များက ကူညီကြရပါတယ်။
- ၇။ စစ်ပြီးတဲ့အခါတုန်းက ဆောင်းအခါမှာ ကိုရင်တစ်ပါး ဖျားပါတယ်၊ ပထမ မြို့က ဆရာနဲ့ ကုပါတယ်, ဆရာက ညဉ့်အခါမှာ ကြပ်လာတဲ့ သလိပ်ကို နိုင်အောင် မကုနိုင်ပါဘူး, အင်္ဂလိပ်ဆေးကိုင်တဲ့ ဆရာကို ခေါ်ရပါတယ်။ သူလဲ ထိုသလိပ်ကို နိုင်အောင် မကုနိုင်ပါဘူး, ကိုရင်က အားလဲနည်းလာတော့ သူကလဲ စိုးရိမ်မှု ဆိုင်ရာ ဆရာမိဘတို့ကလဲ စိုးရိမ်ပါတယ်၊ အဲဒီ အခါမှာ စာချဘုန်းကြီးများနဲ့ တာဝန်ဆောင် တချို့ကို ခေါ်ပြီးတော့ ကိုရင်ရဲ့ စိုးရိမ်ဖွယ်ကို ပြောပါတယ်၊ ဆေးဆရာတွေတော့ အဖျားထက် သလိပ်ကို မနိုင်ကြတော့ဘူး, ဒီသလိပ်ဟာ နေဝင်၍ အေးတဲ့အခါ ကြပ်ကြပ်လာတာပဲ, ဒီတော့ အအေးကို ကာကွယ်ဖို့ရာ တစ်ညလုံး ရင်မှာ ကြပ်ထုပ် ကပ်ပေးရရင်, တစ်ကိုယ်လုံးလဲ အအေး မလွှမ်းနိုင်အောင် ကာကွယ်ရရင် ဒီသလိပ်ကို နိုင်စရာရှိတယ်။
ဒါ့ကြောင့် နေဝင်ခါနီး အအေးမများခင်ကစပြီး နေထွက်၍ အအေးပေါ့သည့် တိုင်အောင် ကြပ်ထုပ် မပြတ်စေဘဲ နာရီဝက်စီ, သို့မဟုတ် တစ်နာရီစီ အလဲ အလှယ်ဖြင့် ကြပ်ထုပ်ထိုးရအောင် အဖွဲ့ ဖွဲ့ကြပါ။
တစ်ဖွဲ့လျှင် “ကြပ်ထုပ်မီးကင်သူ ကြပ်ထုပ်ယူပေးသူ, ကြပ်ထုပ်ကို ကိုရင်ရဲ့ ရင်မှာ ကပ်ပေးသူ”ဟု သုံးပါးကို ထိုအလုပ် မချို့ယွင်းအောင် ထိန်းဖို့ အကြီးတစ်ပါးမှ ဤလေးပါးသံဃာ ရှိပါစေ, စာချဘုန်းကြီးများက တစ်လှည့်စီအိပ်ပြီး ထိုအဖွဲ့များကို စောင့်ရှောက်ကြပါ “ကိုရင်ရဲ့ အသက်ကို ဒို့ ဆရာတပည့် လုယူဖို့ တာဝန် ယူကြပါ”လို့ ပြောတဲ့အခါ အားလုံး သဒ္ဓါထက်ထက်သန်သန်ဖြင့် ပြုစုကြပါတယ်၊ နောက်ဆုံးတော့ သလိပ်ကို နိုင်သည့်အတွက် ကိုရင်လဲ ကျန်းမာလို့ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ စားအတူ - နေအတူ စိတ်ဝမ်းမကွဲဘဲ ဆရာ တပည့် စည်းလုံးရတဲ့အကျိုးဟာ မကုန်နိုင်အောင်ပင် များတာပေါ့နော်။
တပည့်တော်။ ။ ။ မှန်ပါတယ်ဘုရား, ဒါ့ကြောင့် တပည့်တော်လဲ အားလုံး ညီညီညွတ်ညွတ် ဖြစ်အောင် စားရေး-နေရေး အဆင်ပြေအောင် တာဝန်ယူတဲ့ အပြင် စိတ်နေစိတ်ထားပါ သဒ္ဓါတရား မလျော့အောင် အသိဉာဏ်လဲ တိုးအောင်, နံနက် အရုဏ်ဆွမ်း စားပြီးချိန်မှာ နေ့စဉ် နာရီဝက်ခန့် ဩဝါဒပေးပါတယ်၊ ပြီးတော့မှ ဆွမ်းခံမသွားခင် စာအခြေရပြီး ကိုယ်တော်များအား သုတ္တန်ပါဠိတော်ကို အဓိပ္ပာယ် ပြောပြီး စာချပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို ဆရာတပည့် လက်ကျညီညီနဲ့ စည်းစည်းလုံးလုံး လက်ရည် တစ်ပြင်တည်း ဆောင်ရွက်ကြတော့ လောက သံသရာ နှစ်မျိုးလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ သာသနာ့ အသရေကို ကောင်းကောင်းကြီး ဆောင်နိုင်တာပေါ့နော်၊ သာသနာ့ဝန်ထမ်းအားလုံး ဒီနည်းအတိုင်း ကျင့်သုံးနိုင်ကြရင် သိပ်ကောင်းမှာပဲ ကိုယ်တော်။
တပည့်တော်။ ။ ။ မှန်ပါတယ်ဘုရား, ဒီအတိုင်းသာ သဘောထားကြီးကြီး တစ်ဦးနဲ့ တစ်ဦး အနွံအတာခံပြီး သည်းခံမှုဖြင့် စိတ်ရှည်ရှည်ထား ဆောင်ရွက်ကြရင် တပည့်တော်တို့ရဲ့ သာသနာဟာ နေလို လလိုမက ကမ္ဘာကစံပြုပြီး အကြည့်ခံကြ ရမှာပါဘုရား၊ ဒါလောက်သာမကသေးပါဘူး, လူတိုင်း၏ လေးစားမှု ခံယူကြရပြီး ကျင့်သုံးသူ - ကိုးကွယ်သူများဟာ ယခုဘဝမှာပင် ရင်အေးပြီး သာသနာရေးပါ မျှော်တွေး၍ အေးချမ်းမှုလဲ ဖြစ်နိုင်ကြရပါမည်ဘုရား။
ဓမ္မဂုတ်။ ။ ကဲကဲ ကိုယ်တော်ရဲ့ အသက် ၄၀ ကျော် ၅၀ အတွင်းမှာ သူများ အထင်သေးပြီး နာမည်မှေးစရာ ဖြစ်လောက်အောင် နေရာကိုလဲ ရွှေ့ရတယ်, ရောက်တဲ့နေရာမှာ ကိုယ့်ဘာသာ စားရေး-နေရေးကို တပည့်များအတွက် စီစဉ်ရတယ်, ဒုတိယကမ္ဘာစစ်ကြီးလဲ ဖြစ်လာတယ်, ကမ္ဘာစစ် အပြီးမှာ ရှားရှား ပါးပါးနဲ့ ရောက်လာသော သံဃာများကို ထိန်းသိမ်းရင်း စာရေးရ စာချရ-အမျိုး-ဘာသာ-သာသနာ ကြီးပွားရေး တရားဟောရတယ်။
အနာဂတ်သာသနာ ပြုပြင်လို၍ ကျမ်းစာရေးရာမှာလဲ “ကွန်မြူနစ်”လို့ တချို့က စွပ်စွဲပြီး စာအုပ်ကို သပိတ်မှောက်မယ်လို့ အကြိမ်းအမောင်း ခံရတယ်၊ ဒီကြားထဲမှာ ကိုယ်တော်က ဘာမှ မဖြစ်သလိုနေပြီး ကျောင်းတိုက်အတွက် တိုးတက်အောင် ပြုပြင်နေတယ်ဆိုတော့ ကိုယ်တော့်ဇွဲကို ဘယ်သူမှ မစဉ်းစားဘဲ နေမည် မဟုတ်ပါဘူး, အတုယူလိုတဲ့ နောက် ပုဂ္ဂိုလ်များလဲ အတုယူစရာကောင်းတဲ့ ဇွဲပါပဲ၊
ဘယ်သူ ဘာပြောပြော သည်းခံမှုဖြင့် ဘုရားသာသနာတော်ကို ရှေးရှုကာ ကိုယ့် အလုပ်ကိုသာ ဇောက်ချပြီး ဆောင်ရွက်တော့ ရာခိုင်နှုန်းပြည့် မဟုတ်သော်လဲ အောင်မြင် သင့်သလောက်တော့ အောင်မြင်တယ် ဆိုရမှာပါပဲ။ ဒီလို အပင်ပန်းခံ ရတဲ့ ငါးဆယ်အတွင်းမှာ ဖြစ်ခဲ့သမျှ အားလုံး နိဂုံး အုပ်ကြပါစို့ကိုယ်တော်။
နိဂုံး။
အသက်ငါးဆယ်, ထိုသည့်နယ်ကား,
အရွယ်လည်းတင့်, ဉာဏ်လည်းပွင့်၍,
ဆင့်ဆင့်တက်ကြောင်း ဆက်ဖို့ကောင်းလည်း
အကြောင်းမဟန်, အဟောင်းကံကြောင့်,
အမှန်အစစ်, မမှန်ဖြစ်၏,
ထိုနှစ်ကမ္ဘာ, စစ်ဖြစ်လာသော်,
အရာရာစုံ, မကောင်း ကြုံသား,
လူ့ဘုံ ထုံးစံ, ကဲ့ရဲ့ဒဏ်ဖြင့်,
ရန်မာရ် ပိတ်သဲ, ခရီးခဲ၌,
စိတ်ဇွဲ သန်သန်, နောက်မပြန်ဘဲ,
ရဲမာန် ရဲဆေး, ရဲစိတ်မွေးလျက်,
ရဲသွေးနီနီ, စီရရီသည် ...
သာကီနွယ်တို့ သွားလမ်းကို။
၁၂။ ငါးဆယ်လွန်လျှင်း - ခြောက်ဆယ်တွင်း
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ငါးဆယ်ကျော်ရင်တော့ ကံကောင်းကလေးများ ပေါ်လာလောက်ပါပြီ, ဘယ့်နှယ်လဲ။
တပည့်တော်။ ။ ။ အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်အတွက်တော့ အေးအေးသက်သာနဲ့ ဆရာတော် အခေါ်ခံပြီး ကံကောင်းပေါ်တဲ့ အရွယ်ပေါ့ဘုရား၊ အလုပ်လုပ်တဲ့သူ အတွက်ကတော့ ကံကောင်းကံဆိုး အမျိုးမျိုးနဲ့ တွေ့ရိုးထုံးစံပါပဲ။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ လေ, ကိုယ့်အတွက်သာမက အမျိုး- ဘာသာ- သာသနာ အတွက် အားတက်သရော ကြိုးစားသော ပုဂ္ဂိုလ်တိုင်းမှာပဲ ရှေးရှေးကလဲ ခလုတ် တံသင်း ကုန်းကျင်းအဖုံဖုံ စုံနေတဲ့ လမ်းခရီးကို လျှောက်ခဲ့ရတာချည်းပါပဲ။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်ဘုရား, ငါးဆယ်အတွင်းတုန်းက ကံအဆက်တွေ မကုန်သေးပါဘူး, စစ်ပြီးခေတ်မှာ တဖြည်းဖြည်း သံဃာများ ရောက်လာတော့ ထိုသံဃာ အများစုအတွက် ကျောင်းက စားရေး-နေရေး စီစဉ်ပေးလို့ အလိုက်အထိုက် နေသာပေမယ့် သင်္ကန်း-ဖိနပ် အတွက် တာဝန်မယူနိုင်ပါဘူး၊
အချိန်အခါကလဲ အရာရာ ရှားပါးတုန်းအခါ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ရှေး ဆရာတော်ကြီးများ လက်ထက်ကစ၍ တောင်မြို့ သံဃာများကို ဝင်ခွင့်ပြုထားတဲ့ စစ်ကိုင်း မဟာဂန္ဓာရုံ ဝိနည်း စာပြန်ပွဲကို တပည့်တော်ရဲ့ တပည့်များကို ဝင်စေရပါတယ်၊ သင်္ကန်းကလေး ဖိနပ်ကလေးများ ရလိုရငြားပါ။
ဓမ္မဂုတ်။ ။ အဝေးသံဃာများကို ဝင်ခွင့်မပြုတဲ့ ဝိနည်းစာပြန်ပွဲက ဘာပြုလို့ တောင်မြို့ မဟာဂန္ဓာရုံ သံဃာကိုတော့ ဝင်ခွင့်ပြုသတဲ့တုန်း။
တပည့်တော်။ ။ ။ စစ်ကိုင်း ဂန္ဓာရုံစာပြန်ပွဲဆိုတာ ပထမ မဟာဂန္ဓာရုံ ဆရာတော်နဲ့ ဒုတိယမဟာဂန္ဓာရုံ ချမ်းအေးဆရာတော်တို့ စခဲ့တာပါ၊ ထိုဆရာတော်ကြီး နှစ်ပါးက နွေအခါမှာ တောင်မြို့ မဟာဂန္ဓာရုံမှာလဲ ကြွပြီး သီတင်းသုံးလေ့ရှိပါတယ်၊ ဒါ့ကြောင့် နှစ်ချောင့်တစ်ချောင်လို နေတာပါ၊ ဒီလို တစ်ချောင်တည်းလို ဖြစ်နေတဲ့အတွက် တောင်မြို့ မဟာဂန္ဓာရုံသံဃာကိုလဲ ခြွင်းချက် အနေအားဖြင့် ဝင်ခွင့်ပြုခဲ့ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို အခွင့်ရလို့ ကိုယ်တော့်တပည့်များက ဝင်တော့ ဘာဖြစ်တုန်း။
တပည့်တော်။ ။ ။ ပထမတော့ ဘာမှ မဖြစ်ပါဘူး၊ ဒါပေမယ့် တပည့်တော်ဆီက အထူး ပြုပြင်ထားတာဖြစ်လို့ ရဟန်း သာမဏေများ ကြွသွားကြတဲ့အခါ သီလရှင် တွေကရော စာပြန်ပွဲလာတဲ့ ဒကာ ဒကာမတွေကရော အတော် ကြည်ညိုကြပါသတဲ့၊
(စစ်ပြီးစမို့ သံဃာ ၂၀ လောက်ပါ။)
ဓမ္မဂုတ်။ ။ ကြည်ညိုရင် သာကောင်းတယ် မဟုတ်လား, ဘာဖြစ်သေးတုန်း။
တပည့်တော်။ ။ ။ ကြည်ညိုစရာ ကောင်းရုံတွင် မကဘူး, တပည့်တော်ဆီက ဝိနည်းဘက်မှာလဲ ကြိုးစားနေတာဖြစ်လို့ ဝိနည်းပြန်တဲ့အခါ အထက်တန်း လေးစောင်ပြန်တွေက သိသိသာသာကြီး များများလာပါတယ်၊ ဒီတော့ လေးစောင်ပြန် ပုဂ္ဂိုလ်ကို အထူးပိုပြီး လှူရတဲ့အခါ တပည့်တော် ကျောင်းတိုက်က အရများနေတာ မြင်တော့ တချို့က စဉ်စားကြပါလိမ့်မယ်၊ တချို့ ကိုယ်တော်ကလေး များကလဲ “တောင်မြို့ ဂန္ဓာရုံကချည်း ယူသွားတာပဲ”လို့ ရယ်စရာ ပြောကြပါသတဲ့။
ဓမ္မဂုတ်။ ။ အင်း ... အကောင်းကလဲ မကောင်းကျိုး ပေးတတ်သေးတာပဲ ကိုယ်တော်, အကောင်းဘက်မှာလဲ သူများထက် သိပ်မကွာအောင် ကောင်းမှ လူ့မျက်စိ မမြင်တာ၊ သိပ်ကွာခြားလာရင် အမျိုးမျိုး မျက်စိတွေက အမျိုးမျိုး ကြည့်ပေမှာပဲ။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်, ဒီလို သီလရှင်များရော ဒကာ ဒကာမများပါ မျက်စိကျလာတဲ့အချိန်မှာ ဒုတိယ မဟာဂန္ဓာရုံ ချမ်းအေးဆရာတော်ကြီးလဲ စက္ခုတော် အလင်းမရ၍ စစ်ကိုင်းချောင်ရဲ့ အပူဒဏ်ကို ခံတော်မမူနိုင်သည့်အတွက် တောင်မြို့ မဟာဂန္ဓာရုံသို့ ကြွတော်မူလာပါတယ်။
ဓမ္မဂုတ်။ ။ ဆရာတော်ဘုရားကြီးက နွေအခါ အပူသက်သာရုံ ကြွလာတာပဲလား။
တပည့်တော်။ ။ ။ အပူလဲ သက်သာအောင် တပည့်များကိုလဲ ချီးမြှောက်ရာ ရောက်အောင် ကြွလာတာနဲ့ တူပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ချီးမြှောက်ရာ ရောက်အောင်လဲ ကိုယ်တော်။
တပည့်တော်။ ။ ။ ဆရာတော်ကြီးက တပည့်တော်ကို ကျောင်းသားအရွယ်က စပြီး ဂရုစိုက်တော်မူပါတယ်၊ ယခုလဲ သံဃာတွေ အတော်များနေတယ်လို့ ကြားသိတော်မူတာနဲ့ ဝမ်းမြောက်ဟန်တူပါတယ်၊ တပည့်တော်ကလဲ တပည့်တော် အတွက် အဟောင်းတွေကို စုပေါင်းပြီး ကျောင်းဆောက်တဲ့အခါ ဆရာတော်ကြီး ထံမှာ ပိုနေသော နှစ်ခန်းပတ်လည် ကျောင်းကလေးကို တောင်းပါတယ်၊
ထိုကျောင်းကလေးကို ယူခွင့်လဲ ပြုပါတယ်၊ မကြာခဏလဲ “မောင်ဇနကမှာ ကျောင်းမရှိလို့ ကျောင်းဟောင်းကလေး ချီးမြှင့်လိုက်ရတယ်”လို့ အမိန့်ရှိပါသတဲ့၊ ဒါ့ကြောင့် သနားပြီး ချီးမြှောက်တဲ့အနေနဲ့ ကြွလာဟန် တူပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ကိုယ်တော်နေဖို့ ကျောင်းကို ဘာပြုလို့ အဟောင်းတွေ စုပေါင်းပြီး ဆောက်ရတာတုန်း, ဒကာ မရှိလို့လား။
တပည့်တော်။ ။ ။ ဒကာ မရှိလို့ချည်းတော့ မဟုတ်ပါဘူး, ဆရာသမားကြီးများ သီတင်းသုံးဖူးတဲ့ အဟောင်းကိုပဲ တပည့်တော်က မြတ်နိုးလို့ပါ၊ အဲဒီ စုပေါင်း ကျောင်းကလေးမှာ ပထမ မဟာဂန္ဓာရုံဆရာတော်နဲ့ အတိသုခ ဆရာတော်တို့ သီတင်းသုံးဖူးတဲ့ တောင်မြို့ ကျောင်းက အဟောင်းတချို့လဲ ပါပါတယ်၊ စစ်ကိုင်း ဂန္ဓာရုံက ကျောင်းကလေးလဲ ပါပါတယ်။
အားလုံး ပေါင်းပြီး လိုတာကိုမှ ဖြည့်စွက်ပြီး နေစရာဖြစ်အောင် စီမံပါတယ်၊ ထို ကျောင်းကိုပဲ ပြင်လိုတဲ့သူတွေက ဖျက်ပြင်ပါလို့ လျှောက်ပေမယ့် ဆရာတော်ကြီးများရဲ့ အမွေတွေ ပါနေလို့ မဖျက်ပါဘူး၊ နေလို့ သပ္ပါယဖြစ်အောင်တော့ ထပ်ပြီး ပြုပြင်ပါတယ်၊ သုံးခါလောက် ရှိပါပြီ၊ ထပ်ပြုပြင်တာ။
ဓမ္မဂုတ်။ ။ မဟာဂန္ဓာရုံ ချမ်းအေးဆရာတော်ကြီး ကြွလာတာနဲ့ ကိုယ်တော် ကျောင်းတိုက်မှာ ပိုပြီး လူသိများသွားမှာပဲ နော်။
တပည့်တော်။ ။ တပည့် သံဃာတွေ ကြည်ညိုစရာကောင်းလို့ စစ်ကိုင်းဘက်က သီလရှင်များက အကြည်ညိုများတဲ့အပြင် ဆရာတော်ကြီးက ကြွလာပြန်တော့ ဒကာ-ဒကာမတွေလဲ ပို၍ အကြည်ညိုများမှာကို မြင်ကြပါလိမ့်မယ်၊ တိုးလာသမျှကို ဂန္ဓာရုံဝိနည်းစာပြန်ပွဲက လက်ခံရင် စစ်ကိုင်း စာပြန် သံဃာတော်များမှာ အရ နည်းလိမ့်မယ်လို့ မြင်ကြဟန် တူပါတယ်။ ဒါ့ကြောင့် နောက်နှစ်မှာ တောင်မြို့ ဂန္ဓာရုံက သံဃာတစ်ဝက်သာ စာပြန်ပွဲ ဝင်ခွင့်ပေးဖို့ အလေးအနက် တိုင်ပင် ဆုံးဖြတ်ကြပါသတဲ့။
ဓမ္မဂုတ်။ ။ သြော် ... ဘယ့်နှယ့်ဟာတုန်း၊ ချီးမြှောက်ရမယ့်အစား ဘယ်လိုများ လုပ်လိုက်ကြပါလိမ့်။
တပည့်တော်။ ။ ဒါတွင် ဘယ်ကမှာတုန်း၊ ဂန္ဓာရုံချမ်းအေးဆရာတော်ကြီးလဲ တပည့်တော်ရဲ့ ကျောင်းတိုက်၌ သံဃာများရဲ့ အပြုအစုခံနေခိုက်မှာပဲ တပည့်တော် အတွက်“အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့က ထွက်လာတော့ ဆရာတော်ဘုရားကြီးမှာ လွန်စွာအားရတော်မူတာနဲ့ လာလာသမျှ အာဂန္တုကသံဃာများနဲ့ ဒကာ-ဒကာမ တို့အား တပည့်တော်ရဲ့ ငယ်ငယ်က စာတော်ပုံနှင့် ဘွဲ့တံဆိပ်ရကြောင်းကို စပ်မိတိုင်း အမိန့်ရှိတော်မူပါတယ်၊ ဒါ့ကြောင့် တောင်မြို့ ဂန္ဓာရုံဟာ သံဃာတော်များရော လူဒကာ-ဒကာမများပါ လွန်စွာ မျက်စိကျစရာ ဖြစ်လာပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပြီ၊ ဒီလိုဆိုရင်တော့ ကိုယ်တော့်မှာ နောက်ထပ် တစ်ခုခုတော့ ဖြစ်ပါလိမ့်ဦးမယ်။
တပည့်တော်။ ။ ဆရာတော်ဘုရားကြီးလဲ တပည့်တော်တို့ သံဃာများရဲ့ အပြုစု ခံတော်မူရင်းပင် သက်တော် ၉၁-နှစ်မှာ သိပ်ပြီး ရောဂါဒဏ် မခံရဘဲ ပျံလွန်တော် မူပါတယ်၊ အဲဒီ ပျံလွန်တော်မူပြီးတဲ့နောက် ဝိနည်းစာပြန်ပွဲ မတိုင်ခင် “စစ်ကိုင်းဂန္ဓာရုံ ဝိနည်းစာပြန်ပွဲဝင်ခွင့်ကို တောင်မြို့ ဂန္ဓာရုံသံဃာများအတွက် လုံးဝ ပိတ်လိုက်ပြီ”လို့ နာယကဆရာတော်များ တိုင်ပင်၍ ဆုံးဖြတ်ချက် ချလိုက်ကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီအကြောင်း ကြားရတော့ ကိုယ်တော့်စိတ်မှာ မထိခိုက်ဘူးလား။
တပည့်တော်။ ။ တပည့်တော့်အတွက် စိတ်မထိခိုက်ပေမယ့် တိုက်သံဃာများ အတွက်တော့ ထိခိုက်ပါတယ်၊ တပည့်တော်က သံဃာများအတွက် ကျောင်းနဲ့ ဆွမ်းသာ ပြည့်စုံအောင် ကြိုးစားနိုင်ပါတယ်၊ သင်္ကန်း ဖိနပ်အတွက် မကြိုးစားနိုင်ပါဘူး၊ သင်္ကန်းဖိနပ်အတွက် တချို့မှာ မခဲယဉ်းသော်လဲ တချို့မှာ ခဲယဉ်းပါတယ်၊ အဲဒီ စာပြန်ပွဲကရတော့ ခဲယဉ်းတဲ့ တပည့်များမှာလဲ ပြည့်စုံပါတယ်၊ ဒါ့ကြောင့် အဲဒီ စာပြန်ပွဲကို ဝင်စေရခြင်း ဖြစ်ပါတယ်၊ ဝိနည်းပါဠိကို နှုတ်တက်ရဖို့ အတွက်က စာပြန်ပွဲ မဝင်ရပေမယ့် ကျောင်းစည်းကမ်းအလိုက် ရကို ရကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီအခါ စိတ်ထိခိုက်ကြသော စာသင်သား သံဃာကလေးများကို ကိုယ်တော်က ဘယ်လိုများ သြဝါဒပေးသလဲ။
တပည့်တော်။ ။ တပည့်တော့်ကျောင်းတိုက်မှာ နံနက်ဆွမ်း စားပြီးတဲ့အခါ စာမမြင်ခင် သံဃာစည်းဝေးပြီး ဩဝါဒပေးလေ့ ရှိပါတယ်၊ ဩဝါဒပြီးမှ ဆွမ်းခံ သွားခါနီးအထိ စာပို့ချပါတယ်၊ အဲဒီ ထုံးစံအတိုင်း သြဝါဒပေးတဲ့အခါ “စစ်ကိုင်းဘက်က မဟာဂန္ဓာရုံ ဝိနည်းစာပြန်ပွဲကို ဒီတိုက်က မဝင်ရ”လို့ ဆုံးဖြတ်လိုက်ကြပြီတဲ့၊ ဘုန်းကြီးကလဲ သင်္ကန်း ဖိနပ်ကလေးများ ရအောင်လို့သာ ဝင်စေရတာ ဖြစ်တယ်၊
ဒါ့ကြောင့် ရမယ့်လာဘ်ဟာ အနောက်ဘက်အပေါက်က မဝင်လာရင် အခြား အပေါက်က ဝင်လာပါလိမ့်မယ်၊ ဘာမှ အထူး မစဉ်းစားကြပါနဲ့ မိမိတို့ ကိုယ်တိုင်သာ ဝိနည်းတော်ကို လေးလေးစားစား နေနိုင်ကြဖို့ သတိပြုကြပါ၊ “အကျိုးပေးဖို့ ရှေးရှုနေတဲ့ကံဟာ တစ်နည်းနည်းနဲ့ အမှန် အကျိုးပေးပါလိမ့်မယ်”လို့ တပည့်တော် ယူဆတဲ့အတိုင်းပင် ဩဝါဒ ပေးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က စစ်ကိုင်းစာပြန်ပွဲ မဝင်ရရင် ကိုယ့်ကျောင်းမှာ ဝိနည်းစာပြန်ပွဲ လုပ်ပါ့လား။
တပည့်တော်။ ။ တပည့်တော်မှာ ဒကာ-ဒကာမများနဲ့ စပ်ပြီး မူရှိပါတယ်။“ဒကာ-ဒကာမများမှာ သံဃာတော်များကို လှူကြပေမယ့် သူတို့ပစ္စည်း ရှာရတာ အလွန် ပင်ပန်းရှာကြပါတယ်၊ လူလူချင်းပေးဖို့ အလွန်လဲ တွန့်တိုကြတယ်၊ နေ့စဉ်လဲ သံဃာများကို ဆွမ်း-ဆွမ်းဟင်း လောင်းလှူကြရပါတယ်၊ တချို့မှာ ကျောင်းကြီး ကျောင်းငယ် ဆောက်လုပ်ကြပါတယ်၊ သံဃာများအတွက် သူတို့ ကုန်ကျစရိတ်ဟာ များလှပြီ၊ နောက်ထပ်အပို ကုန်ကျမယ့် ကိစ္စကို ရှောင်နိုင်သမျှ ရှောင်သင့်တယ်”လို့ တပည့်တော်မှာ မူရှိနေပါတယ်၊
ဒါ့ကြောင့် တပည့်တော် ကျောင်းတိုက်မှာ စေတီတော်ကို သာယာအောင် ပြုပြင်ထားသော်လဲ ဆွမ်းတော်ကြီးတင်တဲ့ ဘုရားပွဲ မလုပ်ပါဘူး၊ ကထိန်ပွဲ-ရဟန်းခံပွဲ-ဝါဆိုပွဲ-ပဝါရဏာပွဲစသော ငွေကုန်ရမယ့် ပွဲဟူသမျှ ဘာကိုမှ မလုပ်ရပါဘူး၊ သူတို့ သဒ္ဓါတရားနဲ့ လာလှူတဲ့ကိစ္စမှာလဲ ပွဲဆိုင်ရာ မပါစေဘဲ ကိစ္စပြီးစေပါတယ်၊
ဒီတော့ တပည့်တော်ရဲ့မူအရ ဒကာ-ဒကာမတွေ အလှူလာအောင် လမ်းခင်းသလို ဖြစ်နေတဲ့ ဝိနည်းစာပြန်ပွဲကို တပည့်တော်ရဲ့ မူက လက်မခံနိုင်ပါဘူး၊ ဒါပေမယ့် နေ့စဉ်နေ့စဉ် ဘုရားဝတ်တက်ရာမှာ အလှည့်ကျအားဖြင့် ဝိနည်းကို ရွတ်နေကြလို့ ပွဲမလုပ်တဲ့ ဝိနည်းပြန်ကတော့ နေ့စဉ်နေ့စဉ် မှန်မှန်ရှိနေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော် “အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့ရပြီးတဲ့နောက် သာသနာရေး အတွက် အစိုးရဆိုင်ရာ အလုပ်တွေ ဘာများလုပ်ရသေးတုန်း။
တပည့်တော်။ ။ စစ်ပြီးတဲ့နောက်မှာ ကလေးရော လူကြီးပါ စာရိတ္တဘက်က ကျဆင်းနေလို့ စာရိတ္တကောင်းအောင် ရည်ရွယ်ပြီး အစိုးရက ကျောင်းသားတွေကို ဗုဒ္ဓဘာသာ သင်ခန်းစာ စီစဉ်ပေးဖို့ရန် ဆရာတော်လေးပါးနဲ့ လူကြီးများစုံညီ ကော်မတီဖွဲ့ပါတယ်၊
အဲဒီ လေးပါးထဲမှာ အဂ္ဂမဟာပဏ္ဍိတ (နောင်ခါ မဟာရဋ္ဌဂုရု) ညောင်ရမ်း ဆရာတော်၊ ရန်ကုန်ကျောင်းတော်ရာတိုက် မန်းဦးဆရာတော်၊ ရန်ကုန်ဘုရားကြီး ဆရာတော်နဲ့ တပည့်တော်များ ပါပါတယ်၊ လူကော်မတီမှာတော့ တရားဝန်ကြီး ဦးသိန်းမောင် စသော လူကြီးများ ပါပါတယ်။ တပည့်တော် တာဝန်ယူပြီး (လေးတန်း အထိ) သင်ခန်းစာများကို ရေးပါတယ်။
ဓမ္မဂုတ်။ ။ ဒီအခါမှာ ဘယ်သွားပြီး စည်းဝေးရတုန်း။
တပည့်တော်။ ။ ရန်ကုန်သွားပြီး အများအားဖြင့် ဟိုက်ကုတ်ရုံကြီးမှာ စည်းဝေးရပါတယ်၊ အဲဒီ အချိန်တုန်းက မီးရထားလမ်းက စိတ်မချရသေးလို့ လေယာဉ်နဲ့ချည်း အစည်းအဝေးရှိတိုင်း သွားရပါတယ်၊ တပည့်တော်မှာ ပထမအခေါက်တော့ ကျောက်ကုန်း ဓမ္မမေဒနီတိုက်မှာ တည်းပါတယ်။ နောက်တော့ အစည်းအဝေး ပို့ရ ယူရတဲ့ ကားကို အားနာလို့ ဓမ္မသုခတိုက် ဇရပ်မှာပဲ တည်းပါတယ်၊ ဆွမ်းအတွက် တော့ ဒေါ်ရူပမာလာက တာဝန်ယူပါတယ်၊ စာရေးစရာရှိတဲ့အခါ မိမိနေရာ တောင်မြို့ပြန်ပြီး ရေးပါတယ်၊
အဲဒီ ဓမ္မသုခတိုက် သွန်းဘုရားကြီး အနီးမှာ တည်းရတော့ ခပ်လှမ်းလှမ်းက ရေတိုင်မှာ အရပ်ထဲက လူတချို့ မကြာမကြာလာပြီး ရေခပ်ကြပါတယ်၊ တချို့ လူတွေက ရေပိုက်နှုတ်သီးကို ဖွင့်ပြီး မပိတ်ဘဲ ထားခဲ့လို့ တပည့်တော် မြင်တိုင်း သွားသွားပြီး ပိတ်ရပါတယ်၊ အဲဒီ အချိန်မှာ နွေအခါဖြစ်လို့ ရန်ကုန်မြို့ထဲမှာ ရေရှားတဲ့အကြောင်း သတင်းစာက မကြာမကြာ ရေးနေပါတယ်၊ လူတွေက စည်းကမ်းမရှိတော့ ရှားသင့် သလောက်ထက် ပိုရှားနေဟန်တူပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါလိမ့်မယ်ကိုယ်တော်၊ တပည့်တော်တို့ လူစုကို စည်းကမ်း ရှိအောင် အသိဉာဏ် ပေးဖို့ကတော့ ယနေ့အထိ လိုနေပါသေးတယ်။
တပည့်တော်။ ။ တစ်နိုင်ငံလုံးတော့ မပြောနဲ့တော့၊ တပည့်တော်ရဲ့ ကျောင်းတိုက်မှာတောင် စည်းကမ်းရှိအောင် မကြာမကြာ သြဝါဒထဲမှာ ထည့်ပြီး ပြောနေရပါတယ်၊ လူမျိုးအလိုက် ရပ်ရွာ မိဘ ဆွေမျိုးတွေကလဲ စည်းကမ်းရိုသေတဲ့ထုံးစံ နည်းပါးတဲ့အပြင်၊ မူလဆရာဖြစ်တဲ့ ကျေးရွာ ဘုန်းတော်ကြီးများကလဲ မသင်ပြနိုင်ခဲ့ကြတော့ တပည့်တော်ကျောင်းမှာ အရာရာစည်းကမ်းရှိဖို့ကိုပဲ အထူးတာဝန်ယူပြီး သင်နေရပါတယ်၊
ဒါ့ကြောင့် တပည့်တော်က ရဟန်းသံဃာတော်များကို စည်းကမ်းကျကျ အုပ်ချုပ် သင်ပြတဲ့ ကျောင်းတိုက်ကြီးတွေ အများအပြား ဖြစ်စေချင်တာပါပဲ။ အဲဒီလို ကျောင်းတိုက်ကထွက်တဲ့ ဘုန်းကြီးတွေသာ ကျေးရွာဘုန်းကြီးတွေ ဖြစ်လာရင် ရွာသူရွာသား လူကြီးများနဲ့ ကလေးတွေပါ စည်းကမ်းရိုသေတဲ့ အကျင့်ကို ဘုန်းကြီးကျောင်းက ရနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်သဘောအတိုင်းတော့ အစိုးရကပါ လိုက်နိုင်မှ ဖြစ်မယ် ထင်တယ်။
တပည့်တော်။ ။ အစိုးရက လိုက်နိုင်ရင်တော့ နှစ်အနည်းငယ်နဲ့ အထမြောက်နိုင်တာပေါ့ဘုရား၊ အစိုးရက မလိုက်စေကာမူ ဘုန်းတော်ကြီးများ ကိုယ်တိုင်က ဒီလို ဆန္ဒရှိရင်လဲ တဖြည်းဖြည်းတော့ ဖြစ်လာနိုင်ပါတယ်၊ တပည့်တော်တော့ တတ်နိုင်သမျှ တာဝန်ဆောင်နေမှာပါပဲ။
ဓမ္မဂုတ်။ ။ ဗုဒ္ဓဘာသာ သင်ခန်းစာ ရေးပြီးတော့ အစိုးရက ဘာလုပ်သေးသလဲ။
တပည့်တော်။ ။“ဉာဏ်ပူဇော်ခ”ဆိုတဲ့သဘောနဲ့ ရေးတဲ့ ပုဂ္ဂိုလ်များကို (၁၅ဝဝိ)စီ လှူပါတယ်၊ လူဝတ်ကြောင် ဦးတင်ရွှေကတော့ ယူပါတယ်၊ တပည့်တော်က မယူပါဘူး၊ အထက်တန်းအတွက်ရေးတဲ့ မန်းဦးဆရာတော်လဲ မယူပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာပြုလို့ မယူတာတုန်း၊ သုံးစရာကိစ္စ မရှိလို့လား။
တပည့်တော်။ ။ ဘုရားတိုက်ပတ်လည် စမြင်အမိုးအတွက် (၁၅ဝဝိ) ကုန်မှ လောက်မယ့်ကိစ္စက လောလောဆယ်ကို ရှိနေပါတယ်။
ဓမ္မဂုတ်။ ။ ဒါဖြင့် ဘာ့ကြောင့် မယူသလဲ၊ မအပ်လို့လား။
တပည့်တော်။ ။ ဒကာကြီး ဦးသိန်းမောင်က အပ်တဲ့နည်းနဲ့ လျှောက်ပါတယ်၊ ဒါ့ကြောင့် ဝိနည်းနဲ့လဲ အပ်ပါတယ်။
ဓမ္မဂုတ်။ ။ အပ်ရင် ဘာပြုလို့ အလှူမခံတာတုန်း။
တပည့်တော်။ ။ အဲဒီတုန်းက ဒကာကြီး ဦးသိန်းမောင်ထံ ပြန်လိုက်တဲ့စာ ရှိပါသေးတယ်။
* * *
ဗုဒ္ဓဘာသာသင်ခန်းစာ စီစဉ်ရေးအဖွဲ့
အတွင်းရေးမှူးမှတစ်ဆင့်
ဥက္ကဋ္ဌ ဒါယကာကြီး ဦးသိန်းမောင် ထံ
ကိစ္စ။ ။ အလှူတော်ငွေ ၁၅ဝဝိ (တစ်ထောင့်ငါးရာ) နှင့်စပ်၍ ဘုန်းကြီး၏ သဘောဆန္ဒကို ပြန်ကြားခြင်း။
၁။ ပြန်ကြားသိစေအပ်ပါသည်၊ ဥက္ကဋ္ဌ ဒကာကြီး ... နိုင်ငံတော် အစိုးရ၏ ပညာရေးဝန်ကြီးက “ဗုဒ္ဓဘာသာသင်ခန်းစာ”စီစဉ်ရေးအဖွဲ့ မှ တစ်ဆင့် ဘုန်းကြီး၏ နဝကမ္မအား ဝတ္ထု တစ်ထောင့်ငါးရာကို အခမ်းအနားဖြင့် လှူဒါန်းရန် စီစဉ်နေကြောင်းကို ကြားသိရ၍ ပုထုဇဉ်သဘာဝအတိုင်း ဝမ်းမြောက်ပါသည်။
၂။ သို့သော် နိုင်ငံတော်နှင့် သာသနာတော်ကို အမှန် တိုးတက်စေလိုသော ဆန္ဒဖြင့် ဘာသာရေး ကျမ်းစာများကို ရေးသားခဲ့သော၊ ရေးသားဆဲလည်း ဖြစ်နေသော ဘုန်းကြီး၏အတွက်မှာ ဤကိစ္စနှင့်စပ်၍ သဘာဝကျကျ စဉ်းစားသင့်တယ်လို့ ယူဆပါသည်။
၃။ ဘုန်းကြီးသည် တိုင်းသူပြည်သား လူအများ၏ အဖိုးအခမဲ့ လှူဒါန်းကြသော ဆွမ်း-သင်္ကန်း-ကျောင်း-ဆေး ပစ္စည်းလေးပါးကို သုံးစား၍ ကျောင်းသား သာမဏေ ရဟန်း ဘဝဖြင့် ဆရာသမားများ အထံတော်ဝယ် အဖိုးအခ မပေးရဘဲပင် ဗုဒ္ဓတရားတော်များကို သင်ယူကာ အထိုက် အလျောက် ရှင်လူအများ လေးစားလောက်အောင် တတ်မြောက်ခဲ့ရသည် ဟူသော အခြေခံအကြောင်းကို မမေ့သင့်ပါ။
၄။ နိုင်ငံတော် အစိုးရနှင့်တကွ ဥက္ကဋ္ဌဒကာကြီး အမှူးထားသော သင်ခန်းစာ စီစဉ်ရေးအဖွဲ့က နိုင်ငံတော် အမျိုးသား အမျိုးသမီးကလေးများအတွက် မူလတန်းမှ စတုတ္ထတန်းအထိ ဗုဒ္ဓဘာသာသင်ခန်းစာကို စီစဉ်ပေးပါရန် တောင်းပန် လွှဲအပ်ခြင်းသည်ပင် ဘုန်းကြီး၏ အရည်အချင်းကို လေးစားကြောင်း ထင်ရှားသော လက္ခဏာ တစ်ရပ်ဖြစ်၍ ဘုန်းကြီးက ပထမ ကျေနပ်ခဲ့ပါပြီ။
၅။ ဘုန်းကြီးစီစဉ်ပေးအပ်သော သင်ခန်းစာကို အစိုးရက ကောင်းမွန်စွာ ရိုက်နှိပ်၍ စာသင် ကျောင်းသားကလေးများအား သင်ကြဖို့ရန် အခမဲ့ ဝေငှမည်ဟူသော ရည်ရွယ်ချက်ကို သိရသောကြောင့် ဒုတိယ တစ်ဖန် ကျေနပ်ရပြန်ပါသည်။
၆။ ထိုသို့ ကျေနပ်ခြင်းအမျိုးမျိုး ရှိပြီးရုံမျှမက ဘုန်းကြီးသည် “အနာဂတ် သာသနာရေး ကျမ်းစာ”၌ ငွေအလှူခံမှု၏ အပြစ်ကို နှစ်နှစ်ကာကာ ရေးထားသည့်ပြင် ကျောင်းတိုက် သံဃာများအားလည်း ထိုအပြစ်ကို ပြောပြ၍ ဩဝါဒပေးလေ့ ရှိပါသည်။
၇။ နိုင်ငံတော်နှင့် သာသနာတော်ကို သဘာဝကျကျ တိုးတက်စေလိုသော ထိုဆန္ဒကို အကဲခတ်မိပုံ ရသောကြောင့်ပင် ရန်ကုန်မြို့ ဝိုင်-အမ်-ဘီ-အေ အသင်းနှင့် မန္တလေးမြို့ သာသနာတော်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ အသင်းတို့က ယခုအချိန်မှာ ဘုန်းကြီးကို လေးစားအားကိုးလျက် ရှိကြပါသည်။
၈။ ဘုန်းကြီး၏ ဒကာဖြစ်ကြသော ထိုအသင်းများသည် “ဗုဒ္ဓဘာသာ သင်ခန်းစာကို ရေးပေးသည့်အတွက် လှူအပ်သော နဝကမ္မ တစ်ထောင့်ငါးရာကို ဘုန်းကြီး လက်ခံသတဲ့”ဟု ကြားရသောအခါ များစွာ ရင်ထုမနာ ဖြစ်ရှာကြပါလိမ့်မည်။
၉။ ပြခဲ့သော အကြောင်းများကြောင့် ဘုန်းကြီးအား နဝကမ္မကို လှူဒါန်းဖွယ် မလိုတော့ပါ၊ အခမဲ့ သင်ကြား၍ တတ်မြောက်ခဲ့သော အရည်အချင်းဖြင့် အခမဲ့ ဝေငှမည့် “ဗုဒ္ဓဘာသာသင်ခန်းစာ”ကို စီစဉ်ရသော ကောင်းမှုသည် ဘုန်းကြီးအတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို အခမဲ့ သိမြင်ရန်နှင့် ဘုန်းကြီး၏ သြဝါဒခံ ပုဂ္ဂိုလ်များ ကျေနပ်ရန်သာ ဖြစ်ပါစေတော့။
ဥုးဇနကာဘိဝံသ
* * *
ဓမ္မဂုတ်။ ။ အဲဒီ သင်ခန်းစာကိစ္စ ပြီးသောအခါ နောက်ထပ် ဘာကိစ္စ ပေါ်လာသေးတုန်း။
တပည့်တော်။ ။ အဲဒီကိစ္စ ပြီးသောအခါ ဆဋ္ဌသံဂါယနာတင်ကိစ္စ၊ ဝိနိစ္ဆယကိစ္စများ ဆက်ကာ ဆက်ကာ ပေါ်လာတော့တာပါပဲ။
ဓမ္မဂုတ်။ ။ ဆဋ္ဌသံဂါယနာတင်ကိစ္စ၌ ကိုယ်တော်က ဘာများ အရာထင်အောင် ပါဝင်ရသေးတုန်း။
တပည့်တော်။ ။“ဆဋ္ဌသံဂါယနာ”ဆိုတဲ့ စကားလုံးကို “အနာဂတ်သာသနာရေး” ကျမ်းစာတုန်းက တပည့်တော်စ၍ သုံးခဲ့ခြင်း ဖြစ်ပါတယ်၊ တပည့်တော် ဖြစ်စေချင်တဲ့ ဆဋ္ဌသံဂါယနာဟာ သာသနာကို သန့်ရှင်းအောင် စီမံဖို့သည် ပထမနဲ့ အဓိကအကျိုး၊ ပိဋကကျမ်းစာတွေ သန့်ရှင်းဖို့သည် ဒုတိယအကျိုး ဖြစ်ပါတယ်၊
အဲဒီ နှစ်မျိုးတွင် ယခု ပြုလုပ်ကြမယ့် ဆဋ္ဌသံဂါယနာမှာ ပထမအကျိုး မပါပါဘူး၊ ဒုတိယအကျိုးကိုသာ ရည်ရွယ်ကြပါတယ်၊ ပထမအကျိုး ရမှသာ ငွေကုန်ရကျိုး နပ်မှာပါ၊ ဒုတိယအကျိုး အတွက်မှာ ဒါလောက် ငွေကုန်ဖို့ မလိုပါဘူး။
ဒါ့ကြောင့် ကျောင်းမှာ အလုပ်များနေတဲ့အတွက် “တပည့်တော်ကို ဝန်ဆောင်ထဲ မထည့်ပါနဲ့”လို့ ပထမအစည်းအဝေးမှာ ပြောပါတယ်၊ ဒီတော့ ဆိုင်ရာပုဂ္ဂိုလ်များက “ဝန်မဆောင်နိုင်လဲ မဆောင်ရပါဘူး၊ နာမည်ပါရုံတော့ ထည့်ပါရစေ”ဟု ပြောလို့ ထည့်ခွင့်ပြုရပါတယ်။ ဝန်တော့ အထူး မဆောင်ရပါဘူး၊ ဝန်ဆောင် အစည်းအဝေးလဲ တစ်ခါတစ်ရံမှ တက်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က စိတ်ကောက်တာလား။
တပည့်တော်။ ။ စိတ်ကောက်တာ မဟုတ်ပါဘူး၊ တပည့်တော် ဖြစ်စေချင်တဲ့ သာသနာ သန့်ရှင်းရေးတော့ စာရေးပြီး အကြံပေးပါသေးတယ်၊ ဘာမျှ အရေးမယူကြပါဘူး၊ တချို့က ဝန်ကြီးချုပ်နဲ့ တွေ့ပါတဲ့၊ “ဝန်ကြီးချုပ်နဲ့ တွေ့ပြီး ပြောပါ”လို့ အကြံပေးကြပါရဲ့၊ တွေ့ပြီးပြောသော်လဲ ပတ်ဝန်းကျင်က ကန့်ကွက်ရင် ပျက်မှာမို့ မတွေ့တော့ပါဘူး၊
ဆဋ္ဌသံဂါယနာပြီးမှ ဝန်ကြီးချုပ် မန္တလေးလာတဲ့အခါ ဒကာဦးလှ (လူထု) က တပည့်တော် ကြံစည်ကဲ့တဲ့အကြောင်းကို စကားစပ်မိ၍ ပြောပြလို့ ဝန်ကြီးချုပ်က နန်းတော်ထဲမှာ သံဃာအများကို ဆွမ်းကပ်တဲ့အခါ တပည့်တော်ကို ချန်ထားပြီး တပည့်တော်နဲ့ တော်တော်ကြာကြာ ဆွေးနွေးပါတယ်၊ အဲဒီ အခါကျမှ သဘောကျလို့ “သာသနာ သန့်ရှင်းရေးကို ယခုလုပ်ကော မဖြစ်နိုင်ဘူးလား”လို့ လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘာပြန်ပြောတုန်း။
တပည့်တော်။ ။ မြန်မာစကားပုံ ရှိတယ်မဟုတ်လား၊ “ဦးကျိုးမှတော့ ပဲ့နဲ့ တိုက်လို့ မရနိုင်ဘူး” ဆိုတာ၊ ဒါ့ကြောင့် “သံဂါယနာ တင်တုန်းက သံဂါယနာ အရှိန်နဲ့ ရောပြီး သာသနာသန့်ရှင်းရေးလုပ်ရင် ရနိုင်စရာ ရှိပါတယ်၊ ယခုတော့ ဦးကျိုးသွားပြီ ဖြစ်၍ ပဲ့နဲ့တိုက်လို့ မရနိုင်ပါဘူး၊ နောင်ခါမှ တစ်မျိုးတစ်ဖုံ စဉ်းစားထိုက်ပါတယ်”လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဝိနိစ္ဆယကိစ္စကျတော့ ဘာလုပ်ရသေးတုန်း။
တပည့်တော်။ ။ ဝိနိစ္ဆယကိစ္စမှာလဲ တပည့်တော် မပါလိုပါဘူး၊ ဒါပေမယ့် မြောင်းမြ ဆရာတော်နဲ့ ကျောက်ကုန်း မေဒိနီဆရာတော်ကို ထည့်ထားတော့ ထိုဆရာတော် နှစ်ပါးလုံးက စကားနည်းတော်မူကြတာနဲ့ တပည့်တော် ပါရတာပါ၊ သိပ်ပြီး အလုပ် မလုပ်ရပါဘူး၊ ရွှေကျင်ဂိုဏ်းအတွက်သီးခြား ဝိနိစ္ဆယဌာန ရှိဖို့ကိုသာ ကြိုးစားရပါတယ်၊ ထို သီးခြားဆိုတာလဲ ရုံးတွေ ဘာတွေဖွင့်တဲ့ သီးခြား မဟုတ်ပါဘူး၊ ရွှေကျင်ဂိုဏ်းဝင် သံဃာများရဲ့ အမှုကို ရွှေကျင်ဂိုဏ်းဝင် ဆရာတော်ကြီးများထံ အဆုံးအဖြတ်ခံဖို့သာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ နောက်တစ်ဖန် အဲဒီဝိနိစ္ဆယအတွက် ကော်မတီ ရွေးရပြန်တယ် မဟုတ်လား။
တပည့်တော်။ ။ အဲဒီ နောက်ထပ်အတွက်တော့ တပည့်တော် မပါပါဘူး၊ ဒါပေမယ့် အဲဒီ အစည်းအဝေး ရပ်နားပြီး ကော်မတီဝင် အနီးစခန်း ဆရာတော်နဲ့ ပိုက်ကျုံးဆရာတော်က ဂိုဏ်းရဲ့ တာဝန်ရှိပုဂ္ဂိုလ်များကို ဝိသုဒ္ဓါရုံတိုက်သို့ ပင့်ပြီး အစည်းအဝေး၌ ဖြစ်သမျှကို မဟာရဋ္ဌဂုရု ဆရာတော်ကြီးရှေ့မှာ လျှောက်ပါတယ်၊
ဒီအခါ သံဃာများက တပည့်တော်ကို တာဝန်ပေးလို့ ရွှေကျင်ဂိုဏ်းရဲ့ သဘောကျ ဖြစ်သော ဝိနိစ္ဆယစည်းမျဉ်းကို ဝိနည်းပါဠိတော် အဋ္ဌကထာ ထောက်ပြပြီး ရေးလိုက်ရပါတယ်၊
(ထို ဝိနိစ္ဆယစာတမ်းကို သီးခြားစာအုပ်ကလေး ရိုက်ထားပါသည်။)
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ အသက် ၆၀ အတွင်းမှာ ပါဠိတက္ကသိုလ်များလဲ ပေါ်ပေါက်လာတယ် မဟုတ်လား။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ “ပါဠိတက္ကသိုလ်” ဆိုတဲ့ နာမည်ကိုလဲ တပည့်တော်ရဲ့ “အနာဂတ်သာသနာရေး”ကျမ်းစာထဲမှာ စ၍သုံးခဲ့ပါတယ်၊ တပည့်တော်ရဲ့ စိတ်ထဲမှာ ထင်မြင်နေတဲ့ ပါဠိတက္ကသိုလ်က ...
၁။ မြန်မာနိုင်ငံမှာ ရဟန်းတော်များရဲ့ စာသင်နည်းဟာ အလွန်ရှေးကျနေလို့ စာသင်နည်းကို ပြုပြင်ပေးမယ့် ပါဠိတက္ကသိုလ်။
၂။ ပါဠိတက္ကသိုလ်၌ သီတင်းသုံးပြီး အုပ်ချုပ် စာချတော်မူကြတဲ့ နာယကဓမ္မာစရိယ ဆရာတော်များလဲ အင်မတန့် သိက္ခာသမာဓိနဲ့ ဝိနည်းကို လေးစားသော ပုဂ္ဂိုလ်များသာ ဖြစ်သင့်တဲ့ ပါဠိတက္ကသိုလ်။
၃။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကို မြင်ရသူတိုင်း လေးစားလောက်သော သမာဓိ ပညာဖြင့် ပါဠိအပြင် သက္ကတဘာသန္တရ အမျိုးမျိုးကို တစ်မျိုးစီ တစ်မျိုးစီ ကျွမ်းကျင်သော ပုဂ္ဂိုလ်များလဲ ပါဝင်တဲ့ ပါဠိတက္ကသိုလ်။
၄။ ကျေးရွာတို့၌ ကျောင်းထိုင်အင်္ဂါနှင့် ပြည့်စုံသော ကျောင်းထိုင် ပုဂ္ဂိုလ်များကို ပေါ်ထွန်းစေနိုင်တဲ့ ပါဠိတက္ကသိုလ်။
၅။ တန်းအသီးသီး ခွဲခြား၍ စာသင်နည်းကို စီစဉ်ထားသောကြောင့် မူလတန်း အလယ်တန်း- အထက်တန်း စာသင်တိုက်များကိုလည်း အဆွယ်အပွား အဖြစ်ဖြင့် မြို့တိုင်း ရွာကြီးတိုင်းမှာ ပေါ်ထွန်းစေနိုင်တဲ့ ပါဠိတက္ကသိုလ်။
၆။ စာသင်နည်းသာမက ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေး အစီအစဉ်ကိုလဲ အစဉ် အတိုင်း သီလမှစ၍ ဘာဝနာတိုင်အောင် ညွှန်ပြ၍ ဒါနမှုကိစ္စ၌ အပိုပကာသနရဲ့ အပြစ်ကိုလဲ စီစဉ်ညွှန်ပြနိုင်တဲ့ ပါဠိတက္ကသိုလ်။
၇။ အစိုးရက အားပေးလို့ရှိရင် သာသနာတော်၌ ရဟန်း သာမဏေအဖြစ်ဖြင့် ဝင်လိုသူများအတွက် ဂန္ထဓုရ (စာသင်လိုသူ)လား၊ ဝိပဿနာဓုရ (ကမ္မဋ္ဌာန်း အားထုတ်လိုသူ)လားဟု အစကပင် စီစစ်၍ ရည်ရွယ်ချက်ရှိမှ ဝင်ရမယ့် ဥပဒေ လုပ်ဖို့ရန် အစိုးရကို တိုက်တွန်းနိုင်တဲ့ ပါဠိတက္ကသိုလ်။
၈။ သာသနာတော်သို့ ဝင်ပြီးနောက် ရည်ရွယ်ရင်းအတိုင်း ဂန္ထဓုရကျောင်း ဝိပဿနာဓုရကျောင်း၌ နေဖို့ရန် ဂန္တကျောင်း ဝိပဿနာကျောင်း နှစ်မျိုးလဲ ရွာကြီးတိုင်းမြို့တိုင်းမှာ ရှိနေဖို့ ကြိုးစားရမည့် ပါဠိတက္ကသိုလ်။
တပည့်တော်မှာ ပါဠိတက္ကသိုလ် ကျောင်းတိုက်အတွက် ဤမျှလောက် အဆင့်မြင့်မြင့်ကို စဉ်းစားပြီး သီတင်းသုံးဖော် တချို့နဲ့လဲ ဆွေးနွေးပြီးဖြစ်သောကြောင့် မိုးတွင်းအခါ မှိုတွေပွင့်သလို ပွင့်၍လာသဖြင့် သာယာဖွယ်ကောင်းသော ပါဠိတက္ကသိုလ် ကျောင်းတိုက်တွေကို တပည့်တော် ကျောင်းတိုက်က မှိုကြည့် ပရိသတ် အနေဖြင့်သာ သင့်သလို ကြည့်နေခဲ့ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်သဘောကျ မဟုတ်တတ်သော်လဲ သူ့နည်းသူ့ဟန်နဲ့ ပေါ်ပေါက်လာတဲ့ ပါဠိတက္ကသိုလ်တွေဟာ သာသနာအတွက် ကျေးဇူးရှိတန် သလောက် ရှိတယ် မဟုတ်လား။
တပည့်တော်။ ။ ရှိတန်သလောက်တော့ ရှိပါတယ်၊ တပည့်တော်က ရှိတန်သလောက် မဟုတ်ဘဲ ရှိသင့်သလောက် ရှိစေချင်တာပါ၊ ယခုတော့ ရှိသင့်သလောက် မရောက်ဘဲ၊ ရှိတန်သလောက်သာ ရှိလို့ အားမရတာပါ၊ သာသနာ့ခေါင်းဆောင် ဆရာတော်များနဲ့ စာချ ဆရာတော်များက စုပေါင်း ကြံစည်ပြီး ဆောင်ရွက်ကြရင် လက်ရှိအဆင့်ထက်မြင့်တဲ့ “ပါဠိတက္ကသိုလ်ကြီး” ဖြစ်နိုင်ပါတယ်၊ ဒါ့ကြောင့် သူတစ်လူ ငါတစ်မင်း မလုပ်ဘဲ စုပေါင်းညီညာ ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုင်း .. ကိုင်း .. ကိုယ်တော်ရဲ့ ငါးဆယ်ကျော် ခြောက်ဆယ်အတွင်း၌ ဖြစ်သမျှ အဖုံဖုံကို အတော်စုံအောင် သိရပြီဖြစ်၍ ဤအခန်းအတွက် ကမ္ပတ်ဖုံး၍ နိဂုံးအုပ်လိုက်ကြစို့။
နိဂုံး။
သက်ငါးဆယ်ကျော်၊ ခြောက်ဆယ်ပေါ်လည်း၊
ရွှင်ပျော်အေးမြ၊ မနေရဘဲ၊
သာသနာ့ဝန်၊ တစ်ပါးကျွန်သို့၊
အားသွန်ကြိုးပမ်း၊ နေ့စဉ်ထမ်း၍၊
အစွမ်းအလျောက်၊ စခန်းပေါက်လည်း၊
ဝမ်းမြောက်သည့်ဟန်၊ သာဓုသံကို၊
မနာခံရ၊ ဝိုင်း၍ချ၏၊
ကာလကြာညောင်း၊ အခါပြောင်းသော်၊
အကြောင်းရှေးကံ၊ အကောင်းဖန်သဖြင့်၊
မှန်မှန်ဖြိုးလက်၊ တိုး၍ တက်၏၊
သို့တွက်သံဝေ၊ တရားဖြေ၍၊
လူ့ပြေတွေ့ကြုံ၊ လောကဓံစုံကြောင့်၊
မတုန်စေငြား၊ ကိုယ့်စိတ်ထားကို၊
နောက်သားလူရှင်၊ ယူစေချင်သည်...
စိတ်တွင်သုခ-ရကြောင်းတည်း။
၁၃။ ခြောက်ဆယ်ကျော်ရွယ် - ခုနစ်ဆယ်
▬▬▬▬▬▬▬▬▬▬▬▬
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော်ရဲ့ အသက်ခြောက်ဆယ် အတွင်းမှာ ခလုတ် တံသင်း ကုန်းကျင်းတွေ ပေါများသော လမ်းကိုသာ လျှောက်ခဲ့ရတယ်နော်၊ ခြောက်ဆယ်ကျော်ရင် ကံပေါ်ကောင်းပါရဲ့။
တပည့်တော်။ ။ တစ်ကိုယ်ကောင်း လမ်းသွားသူ့အတွက်သာ“လူ့ချမ်းသာ” ဆိုတဲ့ အချိန်အရွယ်ကောင်းကို ရနိုင်တာပါ၊ အများကောင်းစားအောင် လုပ်ရမယ့်ကံ ပါလာသူဟာ ဉာဏ်က လုပ်စရာတွေကို တစ်ခုပြီးတစ်ခု မြင်နေတာဖြစ်တော့ အမြဲဝီရိယထုတ်၍ အလုပ်လုပ်နေရပါတယ်၊ အလုပ်လုပ်ရင်တော့လဲ ထိမိ တိုက်မိ ခိုက်မိစရာ ဆူးငြောင့်ခလုတ်တွေကို တွေ့ရမှာပေါ့၊ ဒါ့ကြောင့် အသက်ကြီးလေ ဉာဏ်ကြီးလေ၊ အလုပ်လုပ်စရာ မြင်လေ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တို့အတွက်မှာ ဘယ်သူမဆို “လူ့ချမ်းသာ”ဆိုတဲ့ အချိန်အရွယ်ကောင်းကို ရဖို့လမ်း မရှိနိုင်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ခြောက်ဆယ်ကျော်တောင် အလုပ်တွေက များပြီး ပင်ပန်းတုန်းပဲလား။
တပည့်တော်။ ။ မပင်ပန်းဘဲ နေနိုင်ပါ့မလားဘုရား၊ ကျောင်းတိုက်သံဃာက တဖြည်းဖြည်း တိုးတိုးလာတော့ သူတို့အတွက် စားရေး- နေရေး- ပညာပေးရေး သာမက စည်းကမ်းတကျ နေကြဖို့ရာ နေ့စဉ်နံနက်တိုင်း (အရုဏ်ဆွမ်းစားအပြီးမှာ) သြဝါဒ ပေးရပါတယ်၊ တရားဟော အတွက်ကလဲ လျှော့တယ်လို့ မရှိသေးပါဘူး၊
ဒါ့ကြောင့် ကျန်းမာရေး ချို့ယွင်းနေတာကို တပည့်တော်ကိုယ်တိုင် မသိသော်လဲ စဉ်းစားတတ်တဲ့ ဒကာတချို့က သိဟန်တူပါတယ်၊ ဒါကြောင့် ရန်ကုန်မြို့ ဒကာ ဦးပွင့်ကောင်းက သူရဲ့ ရန်ကုန် မဟာဂန္ဓာရုံကျောင်းတိုက် အတွင်းမှာ သိမ်တိုက် ပြီးတော့ တပည့်တော်ကို ရေစက်ချပင့်ပါတယ်၊ စောစောက ရင်းနှီးပြီး၊ တောင်မြို့ ကျောင်းတိုက်မှာ ငံပြာရည် လိုသလောက် ထောက်ပံ့တဲ့ ဒကာဖြစ်လို့ မငြင်းသာပါဘူး၊
ဒါနဲ့ တပည့်တော် ကဆုန်လပြည့်နေ့ အရောက်သွားရပါတယ်၊ အခြားဆရာတော်များ သုံးညစီ တရားဟောကြသလို၊ တပည့်တော်လဲ သုံးည ဟောရပါတယ်၊ ရေစက်ချ ကိစ္စ ပြီးတဲ့အခါ မပြန်သေးခင် ကျန်းမာရေးစစ်ဖို့“သမားတော်ဘွဲ့ရ ဆရာဝန်ကြီး ဦးအေး”ကို ကျောင်းဒကာက ပင့်လာပါတယ်၊ ဆရာဝန်ကြီးက စစ်ဆေးပြီး ဘာရောဂါ တွေ့တယ်လို့ မပြောပါဘူး၊ “ဆေးရုံတက်ပါ”ဆိုလို့ အမရပူရသို့ ခေတ္တပြန်ပြီး စီမံစရာ ရှိတာ စီမံရပါတယ်၊ ထို့နောက် ဝါမဆိုခင် ဆေးရုံက ဆင်းနိုင်အောင် ရန်ကုန်ပြန်၍ ဆေးရုံကြီး တက်ရပါတယ်။
ဓမ္မဂုတ်။ ။ ဆေးရုံမှာ ဘယ်လိုနေရသလဲ။
တပည့်တော်။ ။ ဆေးရုံကြီးကို မရောက်ဖူးပါဘူး။ ဒါ့ကြောင့် ဆေးရုံရဲ့ အကြောင်း ဘာမှ နားမလည်ပါဘူး၊ ဆေးရုံရောက်တဲ့အခါ တပည့်တော်နေတဲ့ အပေါ်ထပ်မှာ ဦးခန်းနှစ်ခန်းက သံဃာများချည်း နေရပါတယ်၊ ပိုက်ဆံပေးရတဲ့ အခန်းတွေဖြစ်လို့ သန့်ရှင်းပါတယ်၊ တစ်ဆက်တည်း နံရံခြားထားတဲ့ အခန်းတွေမှာ လူယောက်ျား တွေချည်း ရှိသော်လဲ တစ်ထပ် တည်းမှာပင် အတော်ဝေးတော့ မိန်းမတွေလဲ ရှိပါတယ်၊ အောက်ထပ်တွေ မှာလဲ မိန်းမတွေရှိပါတယ်၊ လှေခါးက တစ်ဆက် တည်းပါ၊
ဒါ့ကြောင့် ညကျတော့ တပည့်တော်က ကိုယ်ကိုဆန့်ပြီး မအိပ်ပါဘူး၊ (သဟသေယျ) အာပတ်မသင့်အောင် ထိုင်လျက်အိပ်ပါတယ်၊ ဒီအကြောင်းကို အတူလိုက်နေတဲ့ ဒကာကြီးကျော်က နံနက်စောစော စားဖွယ်သောက်ဖွယ် အပို့လာတဲ့ ကျောင်းဒကာ အိမ်က ဒကာကို ပြောပါတယ်၊ အဲဒီ ဒကာက ဆရာဝန်ကြီး ဦးအေးလာတဲ့အခါ ပြောပါတယ်၊ ဆရာဝန်ကြီးက သြဇာရှိသူဖြစ်တော့ “ဒီလိုဆိုရင် ည ၇ နာရီလောက် ကျောင်းပြန်အိပ်ပြီး နံနက် ၆ နာရီလောက် ရောက်အောင် ကြွခဲ့ပါ”လို့ လျှောက်လို့ နေ့စဉ် ဒီလိုသွားနိုင် ပြန်နိုင်အောင် ကျောင်းဒကာက ကားစီမံပါတယ်၊
ဆေးရုံတက်ရပေမယ့် (အလုပ်တာဝန်ကလဲ မရှိတော့) အနားယူသလိုပါပဲ၊ အလွန် သက်သာပါတယ်၊ ရောဂါဆိုတာလဲ ရုတ်တရက်ဖြစ်တဲ့ရောဂါ မဟုတ်ဘဲ တဖြည်းဖြည်း ဖြစ်လာတဲ့ ရောဂါမို့ နာကျင် ကိုက်ခဲခြင်း မရှိဘဲ သက်သက်သာသာနဲ့ ဆေးစား-ဆေးထိုးရုံပါပဲ၊ ဒါ့ကြောင့် တချို့ရက်များ၌ ညနေ မပြန်ခင် ဆေးရုံရောက်မှ သိကျွမ်းရင်းနှီးတဲ့ ဒကာများအတွက် ဗောဇ္ဈင်တရားကို ဟောရွတ် ရွတ်ပြီးမှ ကျောင်းပြန်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ဆေးရုံတက်ရင်းတောင် (ပရဟိတ) အလုပ်ကို လုပ်ခွင့် ကြုံကြုံနေတာပဲနော်၊ ကိုယ်တော့ ရောဂါက ဘာရောဂါလို့ ဆရာဝန်က ပြောသလဲ။
တပည့်တော်။ ။ ဘာရောဂါလို့တော့ နာမည်မပြောပါဘူး၊ ရုပ်ရဲ့ အခြေအနေ ကတော့ ဝပါတယ်၊ ခြေသလုံးကို နှိပ်တဲ့အခါ ပိမ့်ဝင်သွားပါတယ်။ မျက်နှာလဲ ဝသလိုလိုနဲ့ ပွနေဟန်တူပါရဲ့၊ အရပ်သား အမြင်ကတော့ ဝတယ်ဆိုတာပါပဲ၊ ဆရာဝန်များ အမြင်တော့ အသားပွတယ်လို့ပဲ ယူဆပါတယ်၊ ဒါ့ကြောင့် နှလုံးရောဂါအဖြစ်နဲ့ စမ်းသပ်ပါတယ်၊ ခေတ်မီ ကိရိယာအစုံနဲ့ စမ်းပါတယ်၊ ကြီးကြီး ကျယ်ကျယ်တော့ ရှိပုံမရပါဘူး။ ဒါပေမယ့် မန္တလေးရောက်တောင် နှလုံးရောဂါ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး ဒေါ်မြင့်မြင့်ခင်ကို မကြာမကြာ ပြဖို့ ညွှန်ပြပါသေးတယ်။
ဓမ္မဂုတ်။ ။ ဆေးရုံမှာ ဘယ်လောက်ကြာတုန်း။
တပည့်တော်။ ။ တစ်လနီးနီးလောက် ကြာမယ်ထင်ပါတယ်၊ မန္တလေးရောက် တော့လဲ ဆက်ပြပါတယ်၊ တစ်ခါတစ်ခါ သွေးတိုးရောဂါ ရှိဟန်တူပါတယ်၊ ဆေးရုံတုန်းက အဲဒီ ရောဂါကိုလဲ ကုပါတယ်၊ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး၊ သို့သော် ငါးပိ- ငါးခြောက်- ပုဇွန်ခြောက် စသော ဆားများသော အစာကို ယခုအထိ ရှောင်နေရပါတယ်၊
ဆားလဲနည်းနိုင်သမျှ နည်းစေရပါတယ်၊ သွေးတိုးများရင် နှလုံးရောဂါလဲ ဖြစ်တတ်တယ်လို့ ဆိုပါတယ်၊ ဒါ့ကြောင့် သွေးတိုးရောဂါ စောင့်ရှောက်ရင်း အခြား ရောဂါကြီးတွေ မဖြစ်အောင် ကာဆီးရာ ရောက်နေလို့ အဲဒီ သွေးတိုးရောဂါ ကလေးကို “သက်စောင့်ရောဂါ”လို့ ဆိုနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ သွေးတိုး များ-မများကို ဘယ်လိုသိနိုင်သလဲ။
တပည့်တော်။ ။ သွေးတိုး များ-မများကို မကြာမကြာ ဒေါက်တာညိုညို ဆိုသူက လာပြီးတိုင်းပါတယ်၊ သူက မန္တလေး ဗုဒ္ဓဘာသာ အထက်တန်းကျောင်း တရားဟောတုန်းက ကျောင်းသူဖြစ်လို့ တပည့်တော်ကို ကြည်ညိုပါတယ်၊ နည်းနည်းများရင် သုံးရက်လောက် ညအိပ်ခါနီး ဆေးတစ်လုံး စားစေပါတယ်။ သွေးတိုးလဲ ကျသွားတာပါပဲ၊ အမှန်ကတော့ အစားမှားလို့ချည်း မဟုတ်ပါဘူး၊ အလုပ် များလွန်းရင်၊ စိတ်ဆင်းရဲရင်လဲ သွေးတိုးတာပါပဲ။ ဒါ့ကြောင့် စိတ်သက်သာအောင် နေပြီး တရားဟောကို တဖြည်းဖြည်း မလိုက်ဘဲ လျှော့လိုက်ရပါတယ်၊ ကျောင်းတိုက် အလုပ်က အမြဲ များနေတာကိုး။
ဓမ္မဂုတ်။ ။ ကိုယ်တော်လို ပုဂ္ဂိုလ်က တရားပွဲအနေနဲ့တော့ မဟောတာဘဲ ကောင်းပါတယ်၊ “အသက်ဉာဏ်စောင့်”ဆိုတာကိုး။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ တရားအဟော များရင်တော့ အသက်ရှည်သင့် သလောက် မရှည်တာဘဲ များပါတယ်၊ ပြောစမှတ် စကားကလေး တစ်ခုရှိပါတယ်၊ “ဒကာကို ဆရာက မြှောက်တော့ မွဲရော၊ ဆရာကို ဒကာက မြှောက်တော့ လဲရော”တဲ့။
ဓမ္မဂုတ်။ ။ ဘာဆိုလိုတာတုန်း ကိုယ်တော်။
တပည့်တော်။ ။ ဆရာဘုန်းကြီးက ဒကာကို “သိပ်သဒ္ဓါတရား ကောင်းတယ်၊ ကောင်းတယ်”လို့ မြှောက်တော့ ဒကာက ကျောင်းကြီးတိုက်ကြီးတွေကို (ကိုယ့်မှာလဲ သိပ်မရှိဘဲနဲ့) ဆောက်လှူရင် မွဲရောတဲ့၊
ဒကာကလဲ ဆရာကို “တရားဟော ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”လို့ မြှောက်တော့ ဆရာက သိပ်ဟောရော၊ ဒီတော့ ဆရာဖြစ်သူ ဓမ္မကထိကဟာ လဲတာပဲ၊ ထကို မထနိုင်တော့ဘူးတဲ့။
ဓမ္မဂုတ်။ ။ ဟားဟား ... ဟုတ်လိုက်တာ ကိုယ်တော်၊ ယခုတော့ ကျန်းမာရေး ဘယ်လိုနေသေးတုန်း။
တပည့်တော်။ ။ ဆရာဝန်များနဲ့ မြန်မာဆေးဆရာများရဲ့ စောင့်ရှောက်မှုကြောင့် ရောဂါတော့ မယ်မယ်ရရ ရှိဟန်မတူပါဘူး၊ ဒါပေမယ့် ကျန်းမာရေး (ဆရာဝန်များ ပေးတဲ့)ဆေးကို နေ့စဉ် စားရတဲ့အပြင် ဆွမ်းဟင်းကိုလဲ ဓာတ်စာလို ဟင်းကိုသာ စားနေရပါတယ်၊ ဆွမ်းစားလဲ ပင့်တိုင်း မလိုက်နိုင်ပါဘူး၊ ကျောင်းမှာလဲ ဒကာ ဒကာမ အလာများလို့ စာချ စာရေးအပြင် တရားစကားပြောရတာကိုက တချို့ ရက်မှာ မသက်သာပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ရန်ကုန်ဆေးရုံကြီး တက်တုန်းက သဟသေယျ အာပတ် မသင့်အောင် လဲလျောင်းပြီး မအိပ်ဘဲ ထိုင်လျက် အိပ်တယ်လို့ ဆိုတယ်၊ အဲဒီအာပတ်ကို ကျောင်းမှာနေလဲ စောင့်ရှောက်တာပဲလား။
တပည့်တော်။ ။ သဟသေယျအာပတ် ဆိုတာ တစ်ခါသင့်ပြီး၍ မပြတ်သေးရင် လူ သာမဏေရှိတဲ့ နေရာမှာ နောက်နောက်ရက်များ၌ ဆက်ဆက်အိပ်တိုင်း ဆက်ဆက် သင့်တဲ့ အာပတ်မို့ “သဟသေယျဟင်းလေးအိုး”လို့ ခေါ်ကြတာကို တပည့်တော် ကျောင်းသားဘဝ ရုက္ခမူချောင် နေတုန်းကပင် ကြားနေရပါတယ်၊ ဝိနည်းမှာလဲ ဒီအတိုင်းပါပဲ၊ ငွေနဲ့ ဝယ်ထားတဲ့ ဆွမ်း-သင်္ကန်း-ကျောင်း-ဆေးစသော ပစ္စည်းများလဲ အမြဲ အာပတ်သင့်စေပါတယ်၊ ဒေသနာကြားလို့လဲ အာပတ်မပြေဘူး၊ တစ်ခါတည်း စွန့်၍ ဒေသနာကြားမှ အာပတ်ပြေတယ်လို့ ဆိုတာကိုလဲ ငယ်စဉ်က သိခဲ့ရပါတယ်၊ ဒါ့ကြောင့် တပည့်တော် ကျောင်းတိုက်မှာ သဟသေယျနဲ့ နိသဂ္ဂိယ ပစ္စည်း မထားကြဘို့ အထူး သတိပေးထားပါတယ်၊
[ငွေရှိရင် ကပ္ပိယထံ အပ်သောနည်းနဲ့ ထားရပါတယ်။]
ဓမ္မဂုတ်။ ။ ရထား သင်္ဘောနဲ့ ညဉ့်အိပ် သွားရတဲ့အခါတော့ ဘယ့်နှယ် လုပ်သလဲ။
တပည့်တော်။ ။ ထိုင်ပြီး အိပ်ရပါတယ်၊ ယခုခေတ်လို တစ်တွဲနဲ့ တစ်တွဲ ဆက်ပြီး သွားနိုင်တဲ့ မီးရထားမှာ ကိုယ်တွဲထဲ၌ မာတုဂါမ မရှိသော်လဲ အခြားအခန်း၊ အခြား တွဲမှာ ရှိလို့ သဟသေယျ မလွတ်နိုင်ပါဘူး၊ ဒါ့ကြောင့် ညအခါ ထိုင်ပြီး အိပ်ရပါတယ်၊ သင်္ဘောမှာလဲ ဒီလိုပါပဲ၊ ဒါ့ကြောင့် တပည့်တော်အတွက် ညခရီးသွားရတာ မသက်သာပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် သေလောက်တဲ့ ရောဂါကြောင့် လှဲပြီး နေရတဲ့အခါ ဆေးရုံမတက်ဘဲ နေမည်လား။
တပည့်တော်။ ။ အာပတ်နဲ့တော့ မသေလိုပါဘူး၊ သဟသေယျ မကင်းတဲ့ ဆေးရုံ ဆေးတိုက်တော့ သိရင် အပို့မခံပါဘူး၊ အသေခံပါ့မယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင်တော့ အမြီးအမောက် ရှေ့နောက် ညီပါရဲ့၊ ကိုယ်တော့်မှာ အလုပ်တွေကများလို့ စဉ်းစားမိတာပါ၊ တကယ်လို့ ကိုယ်တော်က ရောဂါကြောင့် သတိမေ့နေတုန်း ဆေးရုံပို့ရင်ကော။
တပည့်တော်။ ။ ဒီလို မပို့အောင်တော့ တပည့်ကြီးများက တားရပါမယ်။ သတိမရတုန်း ပို့သော်လဲ သတိရတဲ့အခါ ဆေးရုံရောက်နေမှန်းသိရင် သေခါနီး စိတ်ကောင်းမှာ မဟုတ်ပါဘူး၊ အာပတ်နဲ့ သေရင် ပြိတ္တာဖြစ်ဖို့ သေချာပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်မှာ ပရဟိတဆောင်ဖို့ အရည်အချင်းလဲရှိ၊ ဆောင်လဲ ဆောင်တာဖြစ်လို့ အသက်တော့ ရှည်စေချင်ပါတယ်ကိုယ်တော်။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ မိမိ ကျောင်းတိုက်ရဲ့ တာဝန်တွေများနေတဲ့ အကြားမှာ တစ်ခါတစ်ခါ ကြီးလေးတဲ့ အပြင်တာဝန်များလဲ ပေါ်လာပါတယ်၊ တပည့်တော် ၆၄-နှစ် အရွယ်လောက်မှာ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ အစည်းအဝေးလုပ်လို့ မန္တလေး ဝိသုဒ္ဓါရုံတိုက်သစ်၌ မန္တလေး-စစ်ကိုင်း စသော အနီးအပါးက ဂိုဏ်းသံဃာများ အစည်းအဝေး လုပ်ကြပါတယ်၊ အဲဒီ အစည်းအဝေးမှာ ဖတ်ဖို့ မဟာရဋ္ဌရု စံကင်းဆရာတော်ဘုရားကြီးရဲ့ ဩဝါဒကထာ ရေးဖို့ တပည့်တော်ကို တာဝန်ပေးကြပါတယ်။
ဓမ္မဂုတ်။ ။ အမလေး ... အဲဒီ တာဝန် ယူလိုက်သလား၊ တစ်ပါးချင်းက ကိုယ်တော့်ကို မချနိုင်သော်လဲ အများစုမိရင် ကိုယ်တော့်ကို ဝိုင်းချမယ့် အဖွဲ့က ရှိနေပြီးဆိုတာ သေချာတယ်။
တပည့်တော်။ ။ ငြင်းလို့တော့ ဘယ်ကောင်းမှာလဲ၊ ဒါပေမယ့် လွယ်လွယ်တော့ တာဝန် မယူပါဘူး၊ “တပည့်တော် ရေးရင် ဝိနည်းဆိုင်ရာ မည်သည့် အချက်တွေ ပါပါလိမ့်မယ်၊ အခြားပုဂ္ဂိုလ် တစ်ပါးပါးကို တာဝန်ပေးကြပါ” လို့ ပြောတော့ ထပ်ပြီး တိုက်တွန်းကြ၍ ခေတ်ပုဂ္ဂိုလ်များကို စဉ်စားစေလိုတဲ့အတွက် ဘုရားလက်ထက် တော်ကစ၍ ကောင်းမွန်စွာ မနေရင် ဒုက္ခဖြစ်ရတဲ့ ပုဂ္ဂိုလ်များအကြောင်းကို ဆရာတော်ဘုရားကြီးရဲ့ သြဝါဒကထာ အဖြစ်နဲ့ ရေးပြီးတော့ ဝိသုဒ္ဓါရုံတိုက်သို့ ပို့လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ထင်မြင်ချက် ပေးကြတုန်း။
တပည့်တော်။ ။ တိုက်ရဲ့ စာချနာယက ဘုန်းတော်ကြီးများ အစုံအညီရှေ့မှာ ဖတ်ပြီးတဲ့အခါ နုတ်ပယ်စရာ ဖြည့်စွက်စရာကို မညွှန်ပြဘဲ စာအုပ်ဖြစ်အောင် အမြန်ရိုက်ပါလို့ စာပြန်လိုက်ပါတယ်၊ ဒီအချိန်မှာ ဂိုဏ်းအစည်း အဝေးရက်ကလဲ နီးနေပြီဖြစ်လို့ စာအုပ်ဖြစ်အောင် အမြန် ရိုက်နှိပ်စေပါတယ်၊ စာအုပ်ရိုက်ပြီး၍ ချုပ်ပြီး တချို့တစ်ဝက်ကို ဝိသုဒ္ဓါရုံတိုက် ပို့လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ပို့လိုက်တော့ ဘာဖြစ်တုန်း။
တပည့်တော်။ ။ အစည်းအဝေးသို့ တင်ကြို၍ ရောက်နှင့်သော ပုဂ္ဂိုလ်အချို့က ဖတ်ကြည့်ပြီးတော့ ဒီစာကို ဆရာတော်ဘုရားကြီး၏ သြဝါဒ မဖြစ်ထိုက်ဘူးလို့ ကန့်ကွက်ကြပါရောတဲ့။
ဓမ္မဂုတ်။ ။ ဟိုက် ... ရက်စက်လိုက်ကြတာ ကိုယ်တော်၊ ရေးဖို့ တိုက်တွန်းတုန်း ကလဲ မရေးပါရစေနဲ့လို့ ကိုယ်တော်က ရှောင်ခဲ့တယ်၊ ထပ်တိုက်တွန်းကြလို့ ရေးပြီးတဲ့အခါ ပြင်ကြရအောင် စာချနာယကများရှေ့မှာ တင်ပြခဲ့တယ်၊ ရိုက်ပါတော့ ဆိုလို့ စာအုပ်ဖြစ်အောင် ငွေကုန်ခံပြီး ရိုက်စေတယ်။ အားလုံးပြီးမှ ရောက်လာတဲ့ ကိုယ်တော် တချို့က ကန့်ကွက်တယ် ဆိုတာတော့ ကိုယ်တော့်အပေါ်မှာ ပုဂ္ဂိုလ် ရေးနဲ့ နှိမ်ကြတာပဲ ထင်တယ်၊ နောက်တော့ ဘာဖြစ်သလဲ။
တပည့်တော်။ ။ တပည့်တော်ဆီကိုလာပြီး စာအုပ်အတွက် ဒီလိုဖြစ်နေတဲ့ အကြောင်း မဟာရဋ္ဌဂုရုဆရာတော်ကြီးလဲ သဘောတူ-မတူ နှစ်ဖက်ကွဲမှာ စိုးလို့ စိတ်တော် မချမ်းမသာ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို ဝါဆိုကျောင်း ဘုန်းကြီး ဥုးအဂ္ဂိယက ပထမလာပြီး လျှောက်ပါတယ်၊ ဒီတော့ တပည့်တော်က ဒီလို ကန့်ကွက်သူရှိလို့ ဆရာတော်ကြီး စိတ်မချမ်းသာရင် ဒီစာအုပ် မဝေဘဲ ထားလိုက် တာပေါ့လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ အေးသွားမှာပေါ့နော်။
တပည့်တော်။ ။ ဘာအေးမှာလဲဘုရား၊ နောက်မကြာခင် ဥုးဓမ္မာဝုဓာဘိဝံသ နှင့် ပညာသိရီဘိဝံသ ဆိုတဲ့ စာချဘုန်းကြီး နှစ်ပါး ရောက်လာပြီး ဥုးအဂ္ဃိယကို ဘယ်လို ပြောလိုက်ပါသလဲလို့ မေးကြပါတယ်၊ ဒီတော့ ဒီစာအုပ်ကို မဝေဘဲ ထားလိုက် တာပေါ့လို့ ပြောလိုက်တဲ့အကြောင်း ကြားတော့ မဝေဘဲ မနေနိုင်ပါဘူး၊ သက်သက် ဘာလုပ်တာ ညာလုပ်တာလို့ ပြောပြီး ပြန်သွားကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီအခါ ကိုယ်တော့်စိတ်မှာ ဘယ်လိုဖြစ်နေတုန်း။
တပည့်တော်။ ။ တပည့်တော်မှာတော့ ဒီလို မကောင်း လောကဓံတွေကို တစ်ယောက်တည်း ခံရတာများပြီ မဟုတ်လား၊ ယခုလောကဓံက အစုအရုံးနဲ့ ခံရတာဖြစ်လို့ တပည့်တော်အတွက် ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး၊ ဒါပေမယ့် မဟာရဋ္ဌဂုရု စံကင်းဆရာတော်ဘုရားကြီး စိတ်ဆင်းရဲမှာစိုးလို့ ဆရာတော်ကြီး စိတ်ချမ်းသာမယ့် နည်းလမ်းကို စဉ်းစားနေပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို စဉ်းစားနေတော့ နည်းလမ်းကောင်း ရရဲ့လား။
တပည့်တော်။ ။ ရပါတယ်၊ ဒီစာအုပ်ကို ဆရာတော်ကြီးရဲ့ သြဝါဒကထာဆိုရင် ဝိနည်းဆိုင်ရာတွေ ပါတဲ့အတွက် သိပ်ပြီးလေးနက်သွားမှာစိုးလို့ ကန့်ကွက် ကြတာပါ၊ သံဃာ အစည်းအဝေးမှာ တပည့်တော်၏ လျှောက်ထားချက် ဆိုရင် သူတို့ မကန့်ကွက်နိုင်ပါဘူး၊ ဒါကြောင့် ဒီစဉ်းစားချက်အတိုင်း ဆရာတော်ကြီးအား လျှောက်တဲ့အခါ နှစ်ဖက်စလုံး ကျေနပ်စရာရှိလို့ ဆရာတော်ကြီးလည်း ဝမ်းမြောက်တော်မူပါတယ်၊
ထို့နောက် အစည်းအဝေး သံဃာတော်များ အစုံအညီမကြွမီဘဲ “ဆရာတော်ကြီးရဲ့ သြဝါဒကထာ” ဆိုတဲ့ ခေါင်းစီးကို ဖယ်ပြီး “တပည့်တော်၏ သာသနာရေး လျှောက် ထားချက်”ဆိုတဲ့ ခေါင်းစီးကို လဲလိုက်ပါတယ်၊ အတွင်းစာသားကိုတော့ နည်းနည်း ပြင်ပြီး ရှေ့ပိုင်းနိဒါန်းကို ရိုက်နှိပ်စေရပြန်ပါတယ်၊ တာဝန်က မသေးလှပါဘူးဘုရား။
ဓမ္မဂုတ်။ ။ သံဃာတော်များတော့ “ဆရာတော်ကြီးရဲ့ သြဝါဒကထာ”ဆိုတဲ့ ခေါင်းစီးကို မတွေ့ရတော့ဘူးပေါ့နော်။
တပည့်တော်။ ။ မူလခေါင်းစီးပါ စာအုပ်ကို တပည့်တော်က ပြင်လိမ့်မယ်လို့ ထင်ကတည်းက ဝေရမယ်ဆိုတဲ့ဘက်က ချုပ်ပြီးသမျှကို အတင်းယူပြီး ဝေငှလို့ အရင်ရောက်နှင့်တဲ့ သံဃာများတော့ မူလခေါင်စီးအတိုင်းပဲ ကြည့်ရပါတယ်၊ နောက်ရောက်လာတဲ့ သံဃာများကလဲ နှစ်ဖက်ကွဲနေပုံကို ကြားရလို့ အဲဒီ သြဝါဒ ကထာကို လေးလေးစားစား ကြည့်ကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်အလုပ်က ပြုတ်မသွားဘဲ ပိုပြီးထင်ရှားလာ ပြန်တာပေါ့နော် ကိုယ်တော် ကံကိုက ဒီလိုချည်း ထင်ပါရဲ့၊ တက်ချိန်တန်ရင် အနှောက်အယှက် အမြဲခံရတာချည်းပဲ။
တပည့်တော်။ ။ ဒီလို ဆိုစရာ ဖြစ်နေပါတယ်၊ အဲဒီ စာအုပ်ကလေးက အစည်းအဝေး ကြွလာတဲ့ သံဃာတော်များ ပြန်ကြွတဲ့အခါ အရပ်တိုင်း ပျံ့နှံ့သွားလို့ ရန်ကုန် ဟံသာဝတီ သတင်းစာတိုက်က ထပ်ပြီးရိုက်ခွင့် တောင်းပါတယ်၊ တပည့်တော်က ရိုက်ခွင့်ပြုလိုက်လို့ ပထမအကြိမ် ရိုက်တဲ့အခါ ချက်ချင်း ကုန်သွားဟန်တူပါရဲ့၊ လမကြာခင် ဒုတိယအကြိမ် ထပ်ရိုက်တာကို တွေ့ရပါတယ်၊ အဲဒီ သာသနာရေး လျှောက်ထားချက်မှာပဲ တပည့်တော်ရဲ့ ခွင့်ပြုချက်ဖြင့် “ဝိနိစ္ဆယဌာန - ခုံဝိနိစ္ဆယစိစစ်ချက်” ဆိုတဲ့ စာတမ်းကိုလဲ နောက်ဆက်တွဲအဖြစ် ထည့်ထားပါတယ်၊
[ဤစိစစ်ချက်က တပည့်တော်ရေးထားတဲ့ စိစစ်ချက်မို့ ခွင့်ပြုနိုင်ပါတယ်။]
ဓမ္မဂုတ်။ ။ ကိုယ်တော်က အခွင့်ကြုံတိုင်း သာသနာ ကောင်းစားရေးကို ရေးတယ်၊ ရေးတိုင်းလဲ ဝိုင်းပြီး အနှိမ်ခံရတယ်၊ ဒီတော့ ကိုယ်တော်ဟာ အများဆိုင်တဲ့ ကောင်းစားရေးကို မစဉ်းစားဘဲ ကိုယ့်ကျောင်းတိုက် တစ်တိုက်အတွက်သာ ကြိုးစားဖို့ သင့်တော့တယ်နော်။
တပည့်တော်။ ။ ဒီလို ဘယ်ဟုတ်မှာလဲဘုရား၊ တပည့်တော် ကျောင်းတိုက် တစ်တိုက် ကောင်းနေရုံနဲ့ နောင်ရေးအတွက် အကောင်းမဖြစ်နိုင်ပါဘူး၊ တပည့်တော် ကျောင်းကထွက်သွားပြီး၊ အများနဲ့ ရောရောနှောနှော နေရတဲ့အခါ တပည့်တော် စည်းကမ်းအတိုင်း နေရဲတဲ့ ပုဂ္ဂိုလ်က အလွန်နည်းပြီး အများလို နေရတဲ့သူက များပါလိမ့်မယ်၊ ဒီတော့ တပည့်တော်ရဲ့ ပြုပြင်ရကျိုး မနပ်နိုင်ပါဘူး။
ဒီပြင်လဲ တပည့်တော်ရဲ့ စိတ်က ဘုရားရှင်ကို အလွန်ကြည်ညိုပါတယ်၊ ဒီတော့ ဘုရားရှင်ရဲ့ သာသနာတော် တစ်ရပ်လုံး အဆင့်အတန်း မြင့်မြင့်နဲ့ တင့်တင့် တယ်တယ် ဖြစ်စေလိုပါတယ်၊ အဲဒီလို ဖြစ်ဖို့ဆိုတာလဲ ဘုရားရှင်ရဲ့ ဝိနည်းတော် အတိုင်း နေနိုင်မှ ဖြစ်မှာပါ၊ ဒါ့ကြောင့် တပည့်တော့်ကျောင်းတိုက် ကောင်းဖို့ကို ပဓာနမထားဘဲ သာသနာတော် တစ်ရပ်လုံး မြင့်မြတ်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဖြစ်နိုင်ရင်တော့ ကောင်းမှာပေါ့၊ ဒါပေမယ့် ဖြစ်နိုင်ဖို့ ခဲယဉ်းလို့ ပြောနေရတာပါ။
တပည့်တော်။ ။ ခဲယဉ်းတယ် ဆိုပေမယ့် တပည့်တော်ရဲ့ ပြုပြင်ရေးကို သူတော်ကောင်း ရှင်လူအားလုံးက ထောက်ခံနေကြပါတယ်၊ တိုင်းပြည် အုပ်ချုပ် နေသော အစိုးရကသာ ကူညီလိုက်မယ်ဆိုရင် နေ့ချင်းညချင်း ဖြစ်နိုင်ပါတယ်၊ အနော်ရထာမင်းလက်ထက်က သာသနာပြုပြင်ရသလို မခဲယဉ်းပါဘူး၊ အမရပူရ ဘိုးတော်မင်းလက်ထက်က “တင်ဂိုဏ်း-ရုံဂိုဏ်း” ပြင်ရသလိုလဲ မခဲယဉ်းပါဘူး၊ လွယ်လွယ်နဲ့ အသားကျလာမှာပါ၊ အဲဒီအစီအစဉ်ကို တပည့်တော်လဲ စိတ်ကူး ပြီးသား ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်စိတ်ကူးအတိုင်း ဖြစ်ရင်တော့ “အတိုင်းထက်အလွန် တံခွန်နဲ့ ဘုရား”ဆိုတာလို ဗုဒ္ဓဘာသာဝင် ရှင်လူအားလုံး အကျိုးများပြီး သာသနာတော်လဲ အရှည်ခံ့ခံ့ တည်တံ့မှာပေါ့ နော်။
တပည့်တော်။ ။ ဗုဒ္ဓမြတ်စွာရဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် (ယခု သူတော်ကောင်း အခေါ်ခံသူတို့ လိုက်၍ မမီနိုင်စရာ) ပါရမီတော် များကို ခက်ခက်ခဲခဲ ဖြည့်ကျင့်တော်မူပြီးမှ တည်ထောင်တော်မူရတဲ့ သာသနာတော် ဖြစ်ပါတယ်။ ယခုလို သာသနာနှစ် ၂၅၀၀ (နှစ်ထောင့်ငါးရာ) ကျော်ရုံမျှနဲ့ ဆယ်၍မရအောင် အလွန် တိမ်မြုပ်သွားတယ်ဆိုရင် ဘယ်မှာ သာသနာ့ဝန်ထမ်း ရဟန်းတော်များ တာဝန် ကျေမှာလဲဘုရား။
တပည့်တော် အယူအဆကတော့ ပြုပြင်မှု မရှိတဲ့အခါ ဆုတ်ယုတ်ပြီး ပြုပြင်သူ ရှိတဲ့အခါ တက်မှာပဲ၊ ရှေးကလဲ ဒီလို ဆုတ်ချည်-တက်ချည် လာခဲ့တာပဲလို့ ယူဆပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ လွတ်လပ်ရေး ရပြီးရင် သာသနာတော်ကို ပြုပြင်ဖို့ “အနာဂတ် သာသနာရေး”ကျမ်းစာကို အစိုးရပိုင်းက မဖတ်ဘူးတဲ့လား၊ အစိုးရအကူအညီကော ရဖူးသလား။
တပည့်တော်။ ။ အစိုးရဆိုတဲ့ ပုဂ္ဂိုလ်များဟာ အဖက်ဖက်ကို ကြည့်ရပါတယ် ဘုရား၊ ကိုယ့်တစ်စိတ်တည်းနဲ့ အလုပ်မလုပ်နိုင်ကြပါဘူး၊ ဝန်ကြီးချုပ် ဦးနုဟာ နိုင်ငံခြားက ကလေးများကို ခေါ်ပြီး တပည့်တော့်ထံ အပ်ဖို့ တပည့်တော်ဆီက သာသနာ့ မျိုးကောင်းကို ရတဲ့အခါ နိုင်ငံခြား (အိန္ဒိယနီပေါ)တို့မှာ သာသနာဖြန့်ဖို့ စီမံဖူးပါတယ်၊ တပည့်တော်ကိုလဲ ရန်ကုန်မှာ ကျောင်းတိုက် တစ်တိုက်ကွဲဖို့ စီစဉ်ပါသေးတယ်၊ အထမမြောက်ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ သာသနာ တိုးတက်ရေးကို ရည်ရွယ်ပြီး အကြံအစည် ထုတ်၍ တကုပ်ကုပ် ကြိုးစားနေတာဟာ လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်ရဲ့လား။
တပည့်တော်။ ။ ဘယ်ဖြစ်လိမ့်မှာတုန်းဘုရား၊ အရှင်ဘုရားကမေးလို့ ပြောရ ဦးမယ်၊ တစ်ခါတုန်းက ပါဠိတက္ကသိုလ်ကျောင်းတိုက်များမှ ဆရာတော်၊ သို့မဟုတ် လက်ထောက် စာချဆရာတော်များ စည်းဝေးတော်မူကြတဲ့ အစည်းအဝေးမှာ တပည့်တော်ရဲ့ (ဘာသာသွေး) စာအုပ်လား၊ သို့မဟုတ် ရွှေကျင်ဂိုဏ်း အစည်း အဝေးမှာ လျှောက်တဲ့ သာသနာရေးလျှောက်ထားချက် စာအုပ်လား မသိပါဘူး၊ တပည့်တော်လဲ စုံစမ်းမကြည့်ပါဘူး၊
အဲဒီ စာအုပ်ထဲမှာပါတဲ့ ဝိနည်းဆိုင်ရာကို ထောက်ပြပြီးတော့ သာသနာရေး ဘာသာရေး နိုင်ငံရေးတွေမှာ အရေးပါ အရာရောက်တဲ့ ဥပါသကာကြီး တစ်ယောက်က ထိုစာအုပ်ကို အစည်းအဝေးသို့ ပို့လိုက်ဟန် တူပါတယ်။
ဓမ္မဂုတ်။ ။ ပို့လိုက်တော့ ဘာဖြစ်တုန်း။
တပည့်တော်။ ။ ဘာဖြစ်ဆို မပြောပါနဲ့တော့ “စာအုပ်ကုန်သည်ရဲ့ အရေးအသားကို လေးစားဖို့ မလိုဘူး”ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ဆုံးဖြတ်တော်မူကြပါသတဲ့။
ဓမ္မဂုတ်။ ။ မြန်မာပြည် တစ်ပြည်လုံးမှာ (ပါဠိတက္ကသိုလ်) ဆိုတဲ့ ထိပ်တန်းပုဂ္ဂိုလ် များက ကိုယ်တော့်ကို “စာအုပ်ကုန်သည်”တဲ့လား။
တပည့်တော်။ ။ ဒီလို ဆိုလိုတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ သူတို့က ဘာကို ကောက်ချက်ချကြသလဲ။
တပည့်တော်။ ။ တပည့်တော်က ကျမ်းစာတွေရေးပြီး ရောင်းစားနေတာ၊ “စီးပွားရေးသမားပဲ”တဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကကော သူတို့ စွပ်စွဲတဲ့အတိုင်းပဲလား။
တပည့်တော်။ ။ ရှေ့ပိုင်းမှာ ပုံနှိပ်စက် ဝယ်ရသည်အထိ လူဝတ်ကြောင်က ကျမ်းစာအုပ်တွေကို တာဝန်ယူပြီး ရိုက်နှိပ်တဲ့အကြောင်းကို နည်းနည်း ပါးပါး လျှောက်ခဲ့ပါပြီ၊ အဲဒီ လူဝတ်ကြောင်ကလဲ သူ့မှာ ပညာပါရမီ နည်းလို့ ပညာပါရမီ အဖြစ်ဖြင့် သင်္ဂြိုဟ်ဘာသာဋီကာရိုက်ဖို့ ကူညီရာမှ တဖြည်းဖြည်း တာဝန်ခံ ဖြစ်သွားရပါတယ်။
စာအုပ်တွေကို ငွေရင်းသွင်းပြီး ရိုက်တဲ့သူက အဲဒီစာအုပ်တွေ မရောင်းရင် နောက်ထပ် စာအုပ်တွေရိုက်ဖို့ ဘယ်က ငွေရမှာလဲ၊ သူဌေးအကြီးစား ဖြစ်ရင်တော့ တပည့်တော်ရေးပြီး စာတွေကို ရိုက်ပြီး ဝေငှနိုင်မှာပဲ၊ အဲဒီလို သူဌေးလဲမဟုတ်၊ တချို့ပုဂ္ဂိုလ် တွေတော့ စာအုပ်ရိုက်ပြီးတဲ့အခါ လှူဒါန်း ဝေငှတာရှိပါရဲ့၊ အဲဒီလို လှူဒါန်းဝေငှနိုင်အောင် စပ်ရာ ဒကာ ဒကာမများထံ ပြောရ ဟောရပါတယ်။ အဲဒီ နည်းဟာလဲ စာအုပ်ငယ်ငယ် တစ်အုပ် နှစ်အုပ် စသည်လောက်သာ ဖြစ်နိုင်ပါတယ်၊
အဲဒီလို အလှူခံတဲ့နည်းကိုတော့ တပည့်တော်ရဲ့ ဝိနည်းက ခွင့်မပြုတဲ့အပြင် အပ်သောနည်းဖြင့် အလှူခံဦးတော့ တပည့်တော်မှာ ဘယ်နည်းနဲ့မှ ပြည့်စုံအောင် မရနိုင်ပါဘူး၊ (သုံးရာ့ငါးဆယ်) လောက်သာ ကုန်တဲ့ ရတနာ့ဂုဏ်ရည်တုန်းက နှစ်ရာ့ငါးဆယ်သာ ထည့်ဝင်သူရှိလို့ ညီဦးပဉ္စင်းက စာအုပ်ဘီရိုကို ငွေတစ်ရာ ဖြစ်အောင် အစ်ကိုရဲ့ အလှူမှာ စီစဉ်ခဲ့ရတယ် မဟုတ်လား။
ဓမ္မဂုတ်။ ။ တော်ပါတော့ ကိုယ်တော်၊ ကိုယ်တော်ရဲ့ ဝမ်းနည်းစရာ ဖြစ်ပုံတွေကို ပြန်ပြီး ပြောမနေပါနဲ့တော့၊ စာအုပ်ကုန်သည် မဟုတ်ရကြောင်းကိုသာ ရှင်းပြစမ်းပါ။
တပည့်တော်။ ။ တပည့်တော် သာသနာတော်မှာ နေတာဟာ သာသနာ ပြုချင်လို့ နေတာဖြစ်တော့ ဝိနည်းနဲ့ အပြစ်မရှိအောင် ကိစ္စတိုင်းမှာ သတိထားခဲ့ပါတယ်၊ တပည့်တော်က တပင်တပန်း သင်ခဲ့ရတဲ့ ပညာတွေကို စာသင်သားများ အလွယ် တကူ သင်ယူနိုင်တဲ့နည်း၊ လူဝတ်ကြောင်များ အလွယ်တကူ နားလည်နိုင်တဲ့နည်းနဲ့ ရေးသားပါတယ်၊
ရေးသားပြီးတဲ့အခါ ရိုက်နှိပ်ဖို့ စက္ကူ ဝယ်တဲ့ကိစ္စ၌ တပည့်တော် မပါဝင်ပါဘူး၊ ရိုက်နှိပ်တဲ့အခါ အထားအသို ကောင်းအောင်၊ မှန်ကန်အောင်သာ တပည့်တော် ပြင်ဆင်ပါတယ်၊ ကျောင်းတိုက် စာချဘုန်းကြီးများလဲ ပြင်တဲ့နေရာမှာ ကူညီကြ ပါတယ်၊ ရိုက်နှိပ်ပြီးသည်ကစ၍ ချုပ်ဖို့ ဖြန့်ဖို့ကိစ္စမှာ တပည့်တော်ရော၊ စာချ ဘုန်းကြီးများရော မပါကြပါဘူး၊ တာဝန်ခံရိုက်တဲ့ အစ်မလေးရဲ့ မောင်ဖြစ်သူ မောင်ကျော်က ရှေ့ပိုင်းမှာ အားလုံး တာဝန်ယူပါတယ်။
တာဝန်ခံအစ်မလေး ကွယ်လွန်တဲ့အခါ မောင်ကျော်နဲ့ တပည့်တော်ရဲ့ တူဖြစ်သူ မောင်အောင်ခန့် (သူတို့ သမီးယောက်ဖနှစ်ယောက်)က အားလုံး တာဝန်ယူပါတယ်၊ ယခုအထိ စာအုပ်ကုန်သည်များနဲ့ အရောင်း အဝယ်စကား မပြောဖူးပါဘူး၊ စာအုပ်ရောင်းတဲ့ အတန်းတောင် တစ်ခါမှ မသွားဖူးပါဘူး။
ဓမ္မဂုတ်။ ။ အင်း ... ဒီအထိ ကိုယ်တော်ဟာ စာအုပ်ကုန်သည် မဟုတ်ပေဘူး။
တပည့်တော်။ ။ သာ၍ရှင်းအောင် လျှောက်ပါဦးမယ်၊ အစ်မလေးလက်ထက်က စပြီး ယနေ့တိုင်အောင် “ငွေဘယ်လောက်ရှိပြီလဲ၊ စာအုပ်ဘယ်လောက် ရှိသေး သလဲ၊ ဘယ်စာအုပ်ဟာ ဘယ်လောက် ရောင်းပြီးပြီလဲ”လို့ မေးလေ့ မရှိပါဘူး၊ ကျောင်းမှာ ဘုရားပြုပြင်ဖို့ ကျောင်းပြုပြင်ဖို့ လိုတဲ့အခါ မည်သည့်ကိစ္စ ရှိနေတယ်၊ တတ်နိုင်ရဲ့လားလို့ မေးပြီး၊ တတ်နိုင်ပါတယ် ဆိုမှ ပြင်စရာရှိတာကို လက်သမား-ပန်းရံ စသူတို့ကို ညွှန်ပြပြီး ပြင်စေပါတယ်၊
ဘာဝယ်လိုက်၊ ညာဝယ်လိုက်လို့ မခိုင်းပါဘူး၊ အုတ်လိုတယ်၊ အသားလိုတယ်လို့ ပြောပါတယ်၊ လက်သမား-ပန်းရံတို့ကိုလဲ ငွေ ဘယ်လောက် ပေးလိုက်လို့ မပြောပါဘူး၊ သူတို့ဘာသာ ပေးကြတာပါပဲ။ ကျောင်းတိုက်အတွက် ဆွမ်းဟင်း ကိုတော့ ယခုအချိန်အထိ ဒကာကြီး ဦးကျော်ဝင်းထံ လစဉ်ကုန်သလောက် ငွေကို ပို့ကြရပါတယ်၊ အစ်မလေး ရှိတုန်းကတော့ သူ့ကိုယ်တိုင် ဝယ်စရာရှိတာကို အဝယ်ခိုင်းပါတယ်။
ဓမ္မဂုတ်။ ။ “ဒကာကြီး ကျော်”ဆိုတာက ဘာတော်သလဲ။
တပည့်တော်။ ။ တပည့်တော်နဲ့ ဆွေမျိုးတော့ မတော်ပါဘူး၊ ပါရမီကူညီသူ ဖြစ်ပါတယ်၊ သူက ရွှေကျင်တိုက်မှာ နေဖူးတဲ့ ဦးကြီး ဘုန်းတော်ကြီး ရဲ့ သြဝါဒကို ငယ်စဉ်က ရခဲ့လို့ သာသနာတော်ကို ကြည်ညိုလေးစားပါတယ်၊ မြေစာရင်း အင်စပက်တော် ပင်စင်ရမို့ လက်အောက်မှာ မြေတိုင်စာရေး အများနဲ့ နေခဲ့ ရသည့်အတွက် ဆက်ဆံရေးမှာလဲ ပြေပါတယ်၊
မျိုးရိုးလဲ မညံ့ ပစ္စည်းလဲ ပြည့်စုံပါတယ်၊ မန္တလေးမှာ သူပိုင် ဝင်းခြံနဲ့ အိမ် ရှိပါတယ်၊ ဒကာမကြီးက ရိပ်သာမှာ နေပါတယ်၊ ဒကာကြီးက တစ်ယောက်တည်းသော သားကို ရဟန်းဖြစ်စေချင်လို့ စောင့်ရှောက်ဖို့ရာ ကျောင်းတိုက်အနီး ဇရပ်မှာ ဥပုသ်စောင့်ရင်း နေပါတယ်။
ဓမ္မဂုတ်။ ။ ရည်ရွယ်တဲ့အတိုင်း အထမြောက်ရဲ့လား။
တပည့်တော်။ ။ သားက ဉာဏ်ကောင်းတော့ ရဟန်းဖြစ်၍ စာချတန်း အောင်သည် အထိ ဂန္ဓာရုံမှာ နေပါတယ်၊ ထို့နောက် ရန်ကုန်ရောက်သွားလို့ လူထွက်ပြီး ဘီအက်စ်စီ (B.s.c) အောင်လို့ အထက်တန်း စာသင်ကျောင်းမှာ ဆရာ လုပ်နေပါတယ်၊ ဒါကြောင့် ရည်ရွယ်တဲ့ တစ်ပိုင်းသာ ထမြောက်ပါတယ်။
ဓမ္မဂုတ်။ ။ သား ထွက်သွားတော့လဲ မပြန်တော့ဘူးလား။
တပည့်တော်။ ။ အနေကြာတော့ လူထဲလဲ မနေတတ်၊ ဂန္ဓာရုံလဲ သံယောဇဉ်ဖြစ်၊ တပည့်တော်နဲ့ သံဃာများကို ကြည်ညိုလို့ မပြန်တော့ဘဲ သားလေး ရှိစဉ်ကပင် သံဃိကနဝကမ္မ (ငွေ)ကို ဝိနည်းနဲ့လျော်အောင် ထိန်းသိမ်း စောင့်ရှောက်ပြီး သူ့ ထမင်း သူစားနေပါတယ်၊ အစ်မလေး မရှိတဲ့အခါ ကျောင်းတိုက်တာဝန်က ပိုလာလို့ အသွားအလာ များပါတယ်။
ထိုအခါ သူ့ ထမင်း သူချက်ရတာ တာဝန်ကြီးလို့ ဇရပ်မှာ စာချဘုန်းကြီးများ အတွက် ချက်တဲ့ ဆွမ်းနဲ့ဟင်းများကို (ကပ္ပိယ) ကာရက ဖြစ်သည့်အတွက် စားကောင်း ပါတယ်လို့ ပြောရပါတယ်၊ ယခုအခါ (ယနေ့စာရေးချိန်မှာ) အသက် ၇၇-နှစ် လောက်ရှိ၍ ကြီးသော်လဲ ကျောင်းတိုက်ရဲ့ တာဝန်ကို ဆောင်နိုင်လောက်အောင် ကျန်းမာပါတယ်။
ဓမ္မဂုတ်။ ။ သာဓုပါ ကိုယ်တော်... သာဓုပါ သာဓုပါ၊ အဲဒီ ဥပါသကာကြီးက ဝိနည်းနဲ့ အပ်စပ်အောင် စီမံတတ်လို့လဲ ကိုယ်တော်ရဲ့ ကျောင်းတိုက်မှာ ပြင်သမျှ ဆောက်သမျှ ကျောင်းတွေနဲ့ နေ့စဉ်ဆွမ်းဟင်းကိစ္စမှာ အပ်အပ် စပ်စပ် ဖြစ်နိုင်တာပဲ၊ ဒီလို မဟုတ်ရင် ဝိနည်းတော်နဲ့ ညီဖို့ ခက်သားပဲ။
တပည့်တော်။ ။ တပည့်တော် ကျောင်းသားဘဝတုန်းကပင် ငွေနဲ့ စပ်၍ မအပ်မရာ လုပ်ကြတာတွေကို တွေ့ပါတယ်ဘုရား၊ အဲဒီတုန်းက နားမလည်သော်လဲ နားလည်တဲ့ ယခုအချိန်မှာ ဒီနည်းဟာ သာသနာတော်ကို ပြုရာမရောက်ဘူး၊ ဘုရားရှင်ရဲ့ အာဏာတော်ကို ကျူးကျော်ရာ ရောက်တယ်လို့ နားလည်တဲ့အတွက် သာသနာတစ်ရပ်လုံးကို မပြင်ရင် ဖြစ်ကို မဖြစ်ဘူးလို့ ဆုံးဖြတ်ပြီး မိမိကျောင်းတိုက် အတွက် အထူးပြုပြင်နေခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကျောင်းမှာ ပြင်စရာနဲ့ ဆွမ်းဟင်းအတွက် ကုန်ကျစရိတ်ဟာ တစ်လ ဘယ့်လောက်ကုန်သလဲ။
တပည့်တော်။ ။ ဒါကတော့ ယုံနိုင်စရာ မရှိလောက်အောင်ပါဘဲဘုရား၊ ဒါပေမယ့် အတိအကျတော့ မဟုတ်ပါဘူး၊ ကူညီသူ-ထောက်ပံ့မှု များတဲ့အခါ အကုန်နည်းပြီး၊ ထောက်ပံ့သူနည်းတဲ့အခါ အကုန်များပါတယ်၊ ဒါပေမယ့် စာအုပ်ဆိုင်ရာထဲကချည်း မဟုတ်ပါဘူး၊ သံဃိကရတဲ့ လာဘ်ထဲကလဲ ပါ၊ တပည့်တော်ရဲ့ ပုဂ္ဂလိကရတဲ့ လာဘ်ထဲကလဲ ပါပါတယ်။
ဓမ္မဂုတ်။ ။ ဒီအထိလဲ ကိုယ်တော့်မှာ စာအုပ်ကုန်သည် ဖြစ်လောက်တဲ့လက္ခဏာ မပါပါဘဲလား၊ ဒါနဲ့တောင် ကိုယ်တော့်ကို “စာအုပ်ကုန်သည်”လို့ စွပ်စွဲကြတာက ဘာ့ကြောင့်လဲ ကိုယ်တော်။
တပည့်တော်။ ။ ဘယ်သိမှာလဲ ဘုရား၊ စိတ်ကြောင့် စေတသိက်ကြောင့် သူပြော လူပြောကြောင့် ဖြစ်မှာပေါ့။
ဓမ္မဂုတ်။ ။ ဒုက္ခပါပဲကိုယ်တော်၊ ကိုယ်တော်တစ်ပါး ကြိုးကြိုးစားစား အလုပ်လုပ်တဲ့ အတွက် တချို့မှာ အကျိုးနည်းရှာရတာပဲ၊ ဒါလဲ အဆန်းတော့ မဟုတ်ပေဘူး၊ ရှေးရှေးကလဲ ဒီလို၊ ဘုရားလက်ထက်တော်ကလဲ ဒီလိုပါပဲနော်။
တပည့်တော်။ ။ တပည့်တော်က ကျမ်းစာအုပ်နဲ့ စပ်ပြီး တပည့်တော်အတွက်ကိုသာ သတိထားတာ မဟုတ်ပါဘူး၊ တပည့်တော်နဲ့ စပ်ရာအတွက်လဲ သတိထားပါတယ်၊ တပည့်တော်ရဲ့ ကျမ်းစာအုပ်တွေ ထွက်ခါစကစပြီး လူထွက်လိမ့်မယ်လို့ ထင်ကြတုန်းပဲ၊ တပည့်တော် စဉ်းစားခဲ့ဖူးပါတယ်။ သူတို့ ပြောသလို ငါက လူထွက်ပါပြီ ဆိုကြစို့၊ လူထွက်ရင် ဒီစာအုပ်တွေမှ ရတဲ့ငွေဖြင့် ငါရယ်၊ ငါနဲ့ ရေစက်ဆုံတဲ့သူရယ် သုံးစွဲနေရင် ဘဝသံသရာမှာ နစ်နာလိမ့်မယ်၊ ငါရော၊ ငါနဲ့ ရေစက်ဆုံတဲ့သူရော ထိုကဲ့သို့ အနစ်နာ မခံနိုင်ပါဘူးလို့ စဉ်းစားမိပါသေးတယ်၊
ယခုလဲ ကျမ်းစာအုပ်တွေကို တာဝန်ယူပြီး စက်တင်ရိုက်နှိပ် ဖြန့်ဝေနေတဲ့ မောင်ကျော်နဲ့ တူဖြစ်သူ မောင်အောင်ခန့်တို့ကို အမြဲ သတိပေးပါတယ်၊ ကျမ်းစာအုပ်မှ ထွက်တဲ့ ငွေကို သာသနာအကျိုးများဖို့ သဘောထားရမယ်၊ သင်တို့ရဲ့ စီးပွားရေး မဖြစ်စေကြနဲ့ ငွေမလည်လို့ ခေတ္တသုံးလဲ ပြန်ပြီးရှင်းနိုင်မှ ကောင်းတယ်၊
ခေတ်အားလျော်စွာ သင်တို့ရဲ့ တာဝန်ဆောင်ခကိုတော့ တရားသဖြင့် သုံးကောင်း တာပေါ့၊ ဆွေမျိုးရင်းထဲက အထက်တန်းပညာ သင်ကြားဖို့ လိုနေရင်လဲ ကူညီ ထိုက်ပါတယ်၊ စီးပွားရေးဖြစ်အောင်တော့ ဘယ်သူမှ မသုံးကောင်းပါဘူး၊ နောက် နောက် မတွင်ကျယ်နိုင်သော အထက်တန်း ဘာသာဋီကာတွေ ရိုက်နိုင်အောင်သာ ကြိုးစားကြပါ၊
ငါဟာ သာသနာရေး အတွက် စာရေးတယ်၊ တိုက်က စာချဘုန်းကြီးများလဲ ကူညီကြတယ်၊ ဒီတော့ ဘယ်နည်းနဲ့မှ စီးပွားရေး မဖြစ်ကောင်းပါဘူး၊ စီးပွားရေး သုံးရင် သားစဉ်မြေးဆက် အညွန့်တုံးကြလိမ့်မယ်၊ ငါမရှိတောင် ဂန္ဓာရုံသာသနာ အတွက်၊ ဂန္ဓာရုံက ဆိတ်သုဉ်းသွားရင် အခြား ဘာသာရေး အတွက်သာ ဖြစ်စေလိုတယ်လို့ ပြောထားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်စိတ်ထားနဲ့ သူတို့စွပ်စွဲပုံကတော့ စလေ ဦးပုည တေးထပ်ထဲက “မိုးကြိုးနဲ့ အီးသံလို ခရီးမှန် ကွာလွန်းလှလေး”ဖြစ်နေပါပကော။
တပည့်တော်။ ။ သူတို့ထဲကလဲ တချို့က ကိုယ်နဲ့နှိုင်းပြီး သူတို့ ငွေစုသလို တပည့်တော်ကို ငွေမက်တဲ့သူလို့ ထင်ပါလိမ့်မယ်၊ တပည့်တော်က ဒီ ဘဝအတွက် ကောင်းမှုကုသိုလ်များဖို့ အတွက်မှတစ်ပါး အခြား ဂုဏ်ပကာသနတို့ ပစ္စည်း လာဘ်တို့ကို ဘာမှ အရေးတကြီး မမက်ပါဘူးဘုရား၊ သာသနာ ပြုနိုင်ဖို့အတွက် ဂုဏ်မရှိရင် သာသနာကို ကျယ်ကျယ်ပြန့်ပြန့် ပြုဖို့ မဖြစ်နိုင်လို့ စာမေးပွဲဂုဏ်တွေကို ရအောင် ယူခဲ့ရပါတယ်၊ လာဘ်လာဘ နည်းသူဟာလဲ သာသနာကို တွင်ကျယ် အောင် မပြုနိုင်လို့ လာဘ်လာဘကိုလဲ အထိုက်အလျောက် ငဲ့ရပါတယ်။
ဓမ္မဂုတ်။ ။ ဒါလောက်တော့ ငဲ့ရမှာပေါ့ ကိုယ်တော်၊ ဆက်ပြီး မေးရဦးမယ်၊ “စာအုပ်ကုန်သည်”လို့ အခေါ်ခံရတဲ့ ဂုဏ်ကို ချီးမြှင့်ကြပြီးတော့ တချို့ သံဃာတော်များက ဘာကို ချီးမြှင့်ကြသေးတုန်း။
တပည့်တော်။ ။ တပည့်တော်မှာ အများအပြစ်ပြောခံရမယ့်ကံက ကုန်သေးဟန် မတူပါဘူး၊ ဒါကြောင့် တပည့်တော် အတွက်တော့ “လာပါလိမ့်မယ်၊ လာလိမ့်မယ်ဟေ့”လို့ ဆိုတာလိုပါပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘောလုံးလို နာနာပေါက်လေ မြင့်လေဖြစ်တော့ “လာပါစေတော့ လာစေတော့ဗျ”လို့ပဲ သဘော ထားလိုက်ပေါ့ ကိုယ်တော်၊ ဘယ်လိုများ လာသေးတုန်း။
တပည့်တော်။ ။ တော်လှန်ရေးအစိုးရတက်လာပြီးနောက် အတော်ကြာတော့ သာသနာရေးကို ရှေးရှုပြီး ဂိုဏ်းပေါင်းစုံ ဆရာတော် နှစ်ကျိပ်တစ်ပါးကို ရန်ကုန် ကမ္ဘာအေး-ပုဗ္ဗဝိဒေဟကျောင်းဆောင်သို့ ပင့်ပါတယ်၊ အဲဒီအဖွဲ့က နောက်ဆုံး မှော်ဘီမြို့အနီး ဥယျာဉ်ထဲမှာ စည်းဝေးတဲ့ အစည်းအဝေးကို “မှော်ဘီ အစည်းအဝေး”လို့ ခေါ်ကြပါတယ်၊
အဲဒီအဖွဲ့မှာ ရွှေကျင်ဂိုဏ်းအတွက် မြောင်းမြဆရာတော်၊ ညောင်တုံးရွှေဟင်္သာ တိုက်အုပ် ဆရာတော်နဲ့ တပည့်တော်တို့ သုံးပါး-ပါပါတယ်၊ ပခုက္ကူက မဟာရဋ္ဌဂုရု ဆရာတော်ကြီးနဲ့ တိုက်အုပ်ဆရာတော် ဦးနန္ဒိယလဲ ပါပါတယ်၊ ဒွါရဂိုဏ်း -ငှက်တွင်းဂိုဏ်းက ဆရာတော်များလဲ ပါကြပါတယ်၊ ပါဠိတက္ကသိုလ်မှာ ဥက္ကဋ္ဌဖြစ်တဲ့ ပြည် ဇောတိကာရုံဆရာတော်နဲ့ တိပိဋကဆရာတော် ဦးကောသလ္လတို့လဲ ပါပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ဆရာတော်များ ပါလိမ့်မယ်ဆိုတာ လာပင့်တုန်းက မသိဘူးလား။
တပည့်တော်။ ။ ဗုဒ္ဓသာသနအဖွဲ့ ဒကာ ဦးလှမောင်က လျှို့ဝှက်တဲ့နည်းနဲ့ လာပင့်တာပါ၊ ဘာအကြောင်းမှ မပါပါဘူး၊ ရန်ကုန်ရောက်တော့မှ အဲဒီ ဆရာတော်များ ပါသေးတယ်ဆိုတာ သိရပါတယ်။
ဓမ္မဂုတ်။ ။ ရန်ကုန်ရောက်တော့ အစိုးရက ဘာများ အထူးလျှောက်သေးတုန်း။
တပည့်တော်။ ။ အထူးရယ်လို့တော့ မဟုတ်ပါဘူး၊ သာသနာတော် သန့်ရှင်း တိုးတက်ရေးကို လိုလားတဲ့အကြောင်းကိုသာ လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ စည်းဝေးကြတဲ့အခါ ဘယ်လိုများ အကြံဉာဏ်ပေးကြပါသလဲ၊ ညီညီ ညွတ်ညွတ်ကော ဖြစ်ကြပါရဲ့လား။
တပည့်တော်။ ။ “အားလုံး ညီညီညွတ်ညွတ်ဆိုတာ တစ်အိမ်တည်း အတူ နေတောင် ခဲယဉ်းတာဖြစ်တော့ ဂိုဏ်းပေါင်းစုံ ပုဂ္ဂိုလ်အားလုံး ညီညွတ်ဖို့ ဆိုတာ ဒုလ္လဘတစ်ပါး”လို့ ဆိုရမလောက်ပါဘဲ၊ ဒါပေမယ့် နောက်ဆုံးတော့ ညီညွတ်တဲ့ အချက် ရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်အချက်လဲ ကိုယ်တော်။
တပည့်တော်။ ။ သာသနာ သန့်ရှင်းရေးအတွက် သာသနာဝင် ပုဂ္ဂိုလ်တိုင်းမှာ မှတ်ပုံတင်လက်မှတ် ရှိကြဖို့နဲ့၊ မင်းတုန်းမင်းလက်ထက်က အမိန့်တော် ပြန်တမ်း အတိုင်း သွားကြ-လာကြဖို့ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ သာသနာတိုးတက်ရေးအတွက်ကိုတော့ ဘယ်လို အကြံဉာဏ်များ ပေးကြပါသေးသလဲ။
တပည့်တော်။ ။ စာပြန်ပွဲမှာ ကျမ်းရင်းစာသားကိုသာ မေးဖို့နဲ့ ညဝါအကောက်များ၌ အလွန်ကျယ်ဝန်းသော အရကောက်များကို မမေးဖို့ ညွှန်ပြကြပါတယ်၊ ထို့ပြင် ကျက်ဖို့ရန်များသော အဘိဓာန်အစား ခုဒ္ဒသိက္ခာကို သွင်းဖို့၊ ဝင်လိုသော စာသင်သားများအတွက် ပထမငယ်မဝင်မီ အစိုးရ မူလတန်းနဲ့ ညီမျှသော အတန်းကို ဝင်ဖို့ရန် မူလတန်း တစ်တန်းရှိဖို့ ညွှန်ပြကြပါတယ်၊
(တပည့်တော်က ဆန်းနဲ့ အလင်္ကာသည် စာအရေး အသားအတွက်သာ အကျိုး များသဖြင့် ပထမကြီးတန်း၌ ဖြေလိုမှ ဖြေရသော အပိုဘာသာ ဖြစ်စေလိုပါတယ်၊ ပထမကြီးတန်းမှ နုတ်ပြီးတော့ စာချတန်း၌ ယခုမေးသလို မေးရင် အထိုက် အလျောက် လေ့လာပြီး ဖြစ်နိုင်ပါတယ်လို့ အကြံဉာဏ်ပေးသော်လဲ အားလုံး သဘောတူ မဖြစ်လို့ အစိုးရကို အကြံမပေးရပါဘူး။)
ဓမ္မဂုတ်။ ။ အဲဒီ ကိစ္စမှာ ကိုယ်တော်က တော်တော်ကြိုးစားလိုက်သလား။
တပည့်တော်။ ။ သာသနာရေးဆိုရင် တပည့်တော်က ကြိုးစားလေ့ ရှိတယ် မဟုတ်လား၊ ယခုလို အစိုးရကိုယ်တိုင် လိုလားတဲ့ သာသနာရေးဆိုတော့ တပည့်တော် ဘယ်မှာ မကြိုးစားဘဲ နေနိုင်မှာတုန်း။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် သာသနာ သန့်ရှင်းအောင်လုပ်တဲ့ ကိုယ်တော့်ကို အခြား သံဃာများက ကျေနပ်ပါ့မလား။
တပည့်တော်။ ။ ကျေနပ်-မကျေနပ်တော့ မသိပါဘူး၊ တချို့လုပ်ပုံကလေး ကတော့ အမျိုးမျိုးတွေးစရာပါပဲ၊ “တော်လှန်ရေးအစိုးရရဲ့ သာသနာ သန့်ရှင်းရေးကိစ္စမှာ တပည့်တော်ကို ပင့်တယ်”လို့ ကြားကတည်းက တပည့်တော်ကို အစိုးရက အယုံအကြည် မရှိအောင်နဲ့ တိုင်းပြည်က အထင်သေးအောင် ရည်ရွယ်ဟန်တူပါရဲ့၊
“စာအုပ်ကုန်သည် စာအုပ်ကုန်သည်”ဆိုတဲ့ ပါဠိတက္ကသိုလ်က ထွက်ပေါ်သံဟာ မန္တလေး ကျောင်းတိုက်တချို့က တံတိုင်းနံရံနဲ့ လူအလာများတဲ့ မဟာမြတ်မုနိဘုရား အနီးကသင်ပုန်းကြီးပေါ်မှာ အော်နေပါသတဲ့။
ဓမ္မဂုတ်။ ။ အင်း… နှစ်ကျိပ်တစ်ပါးထဲမှာ ကိုယ်တော့်ကို သီးခြားနှိမ်ကြတယ် ဆိုတော့ ကိုယ်တော့်မှာ ဘဝဝဋ် မကင်းဘူးထင်တယ်၊ ဒီလို ပြောကြ ဆိုကြ-နံရံကပ်ကြ သင်ပုန်းကြီးပေါ်မှာ အော်ကြတော့ အစိုးရက ကိုယ်တော့်ကို အထင် မသေးဘူးလား။
တပည့်တော်။ ။ နိုင်ငံကို အုပ်ချုပ်ရတဲ့ အစိုးရမှာ ကိစ္စတစ်ခု ပေါ်လာရင် အမှန် ရအောင် စုံထောက်အများကြီး စေလွှတ်ရပါတယ်၊ တပည့်တော်ရဲ့ မကောင်း သတင်းတွေကို အစည်းအဝေး၌ ပါဝင်ဖို့ရန် မပင့်မီကပင် ပါဠိတက္ကသိုလ်က အသံနဲ့ အခြားအသံများကို ကြားပြီးဖြစ်လို့ တပည့်တော်ရဲ့ ကျမ်းစာတွေကို အကုန်လုံး ရှာဖွေပြီး ကြည့်ပါသတဲ့၊ အဲဒီလို ကြည့်ပြီးဖြစ်လို့ တပည့်တော် အပေါ်မှာ အထင် မသေးဘဲ နှစ်ကျိပ်တစ်ပါးထဲမှာ ထည့်တာ ဖြစ်ပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ ဟုတ်လောက်ပါတယ်၊ ပြီးတော့ ဘာကိစ္စများ ကြုံရသေးတုန်း။
တပည့်တော်။ ။ တပည့်တော်တို့ သာသနာ့သန့်ရှင်းရေးကိစ္စ မပြီးခင်မှာပင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရဲ့ ဖခင်ဆုံးလို့ ဆွမ်းသွတ် ဆွမ်းကပ် ပြုလုပ်တဲ့အခါ တပည့်တော်တို့ တစ်ဖွဲ့လုံးကို ပင့်ပါတယ်၊ ဆွမ်းကပ်ပြီးလို့ ရေစက်ချဖို့ကိစ္စ ရောက်တော့ ပခုက္ကူ မဟာရဋ္ဌဂုရု ဆရာတော်ကြီးက သံဃာ့ ပရိသတ်၊ ဗိုလ်စုံပရိသတ်အလယ်မှာ ရေစက်ချဖို့ တပည့်တော်ကို အမိန့်ပေးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တင်ကြိုပြီး စီစဉ်ထားတာ မရှိတော့ ကြောက်ရွံ့ မနေဘူးလား။
တပည့်တော်။ ။ ခပ်ရွယ်ရွယ်ကစပြီး သံဃာပရိသတ် - မင်းပေါင်းစုံ ပရိသတ်ထဲ နွှဲလာခဲ့ဖူးတာဖြစ်တော့ တာပတ်ကွင်း ပြေးနေကျ မြင်းကောင်းလိုပါပဲ၊ ပရိသတ် ကြီးကြီးမြင်လေ ရွှင်လေဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အခါတုန်းက ရေစက်မချခင် ကိုယ်တော် ပြောဟောခဲ့တဲ့ တရားကို မှတ်မိသေးသလား။
တပည့်တော်။ ။ မမှတ်မိတာပေါ့ဘုရား၊ ကွယ်လွန်သူကို ရည်မှန်းပြီး ဆွမ်းသွတ် တယ်ဆိုတာ ကွယ်လွန်သူက ဒီကုသိုလ်ကို သိပြီး သာဓုခေါ်မှ ကုသိုလ် အဖို့ကို ရနိုင်တယ်၊ သာဓု မခေါ်နိုင်ရင် အဖို့မရဘူး၊ ဒါပေမယ့် ကုသိုလ် ပြုတဲ့ သားသမီး မှာတော့ ထုံးစံအတိုင်း ဒါနကုသိုလ် ဖြစ်ပါတယ်၊
ကွယ်လွန်သူရဲ့ ရောက်ရာဘဝဆိုတဲ့ ဂတိကလဲ “ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်”လို့ ငါးမျိုးရှိတယ်၊ ငရဲရောက်နေတဲ့သူ၊ တိရစ္ဆာန်အမိဝမ်းမှာ ဖြစ်နေတဲ့သူ၊ လူ့ အမိဝမ်းမှာ ဖြစ်နေတဲ့သူဟာ ဒီက ကုသိုလ်ပြုနေတာ မသိမမြင်နိုင်လေတော့ သာဓု မခေါ်နိုင်ပါဘူး၊ နတ်ဖြစ်တဲ့ သူကလဲ သူ့မှာ ချမ်းသာနေတာဖြစ်တော့ ဒီက ကုသိုလ်အဖို့ကို မျှော်မယ် မဟုတ်ပါဘူး၊
ပြိတ္တာဖြစ်နေသူကတော့ နှစ်မျိုးရှိတယ်၊ တစ်မျိုးက မိမိအိမ်နဲ့ အလွန်ဝေးကွာသော အရပ်မှာ ဖြစ်ရသူ၊ မိမိအိမ်အနီး ရွာအနီးမှာ (တစ္ဆေ၊ အစိမ်း)ဖြစ်နေသူ တစ္ဆေပြိတ္တာ အဲဒီနှစ်မျိုးတွင် သေခါနီး၌ သားသမီး စသည်ကို စွဲလမ်းသွားရင် အနီးအပါးမှာ တစ္ဆေပြိတ္တာ ဖြစ်တတ်ပါတယ်၊ အစား အဝတ် အနေလဲ မပြည့်မစုံဖြစ်တတ်ပါတယ်၊
ထိုကဲ့သို့ ပြိတ္တာမျိုးကတော့ သားသမီးတို့က မိမိကို ရည်စူးပြီး (ဆွမ်း၊ သင်္ကန်း၊ ကျောင်းစသော) အလှူပေး၍ အမျှဝေတဲ့အခါ အလွန် ဝမ်းမြောက်စွာ သာဓု ခေါ်နိုင်သောကြောင့် ထိုကုသိုလ်ရဲ့ အဖို့ကို သူ့မှာ ချက်ချင်းရနိုင်ပါတယ်၊ အဲဒီလို တရားစကား ပြောခဲ့ပါတယ်၊
အဲဒီလို ပြောပြီးနောက် မှတ်စရာတစ်ခုကို ဆက်ပါသေးတယ်၊
(၁) ဒီစကားအစဉ်ကို စဉ်းစားရင် “ကွယ်လွန်သူရဲ့ နေထိုင်ရာ အိမ်အနီး စသည်၌ ကုသိုလ်ပြု အမျှဝေမှ ကွယ်လွန်သူကသိ၍ ကုသိုလ်အဖို့ ရနိုင်တယ်”ဆိုတာ ထင်ရှားပြီး၊ ယခုခေတ်မှာ ကွယ်လွန်သူရဲ့ နေရာမဟုတ်ဘဲ အဝေးကနေ၍ ဥပမာ-ဗိုလ်ချုပ်အောင်ဆန်း စသူတို့အတွက် ရွှေဘိုစသည်၌ နေသူတို့က ထိုနေ့မှာ သံဃာတော်များ ဆွမ်းကပ်ပြီး အမျှဝေတယ်ဆိုတာ ကုသိုလ်အဖို့ မရနိုင်ပါဘူး၊
(၂) ထို့ပြင် ကွယ်လွန်တဲ့နှစ်က ကြာလှပြီ၊ နှစ်စဉ် ကုသိုလ်ပြု အမျှဝေတယ်ဆိုတော့ ပြိတ္တာဘဝမှာဖြစ်ပြီး ယခုအထိ မကျွတ်သေးလို့ဟု အဓိပ္ပာယ် ရနေပြန်တယ်၊ ဒါကြောင့် ဘာကိစ္စမဆို ငွေမကုန်တန် မကုန်ရအောင်၊ ကုန်ရင်လဲ အကျိုးရှိအောင် ဘာသာရေးဆိုင်ရာ စနစ်တကျ နားလည်ကြဖို့ လိုပါတယ်လို့ သတိပေးခဲ့ပါတယ်၊
(၃) ကုသိုလ် ပြုတဲ့အခါလဲ သီလမရှိတဲ့ပုဂ္ဂိုလ်ကို လှူပြီး အမျှဝေရင် အမျှမရဘူးလို့ ကျမ်းစာတို့၌ ဆိုပါတယ်ဟု တစ်နိုင်ငံလုံးရဲ့ ကိုယ်စားလှယ် ဗိုလ်များဖြစ်လို့ တစ်နိုင်ငံလုံးအတွက် သတိပေးစကားကို ပြောပြီးမှ ရေစက်သွန်းချ အမျှဝေ စေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ တရားစကားကို အတူကြွလာတဲ့ ဆရာတော်ကြီးများက ကျေနပ်တော်မူကြပုံ ရရဲ့လား။
တပည့်တော်။ ။ အခြား ဆရာတော်များထံမှ အထူး မကြားရသော်လဲ၊ ဒွါရဂိုဏ်း ဆရာတော်နှစ်ပါး အထံမှတော့ လွန်စွာ ကျေနပ်တော်မူသံကို ကြားရပါတယ်။
ဓမ္မဂုတ်။ ။ ကောင်းပါတယ်ကိုယ်တော်၊ မင်းပရိသတ်မှာ မိမိတို့ အလိုရှိတာကို ပြောခြင်း၊ ဒါနသီလအကျိုးကို ဟောခြင်းထက် အသိဉာဏ်တိုးဖို့ တရားကို ဟောခြင်း သာလျှင် သဘာဝကျပါတယ်။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား၊ တပည့်တော်မှာ မင်းပရိသတ် တချို့၌ လိုက်ဖူးပါတယ်၊ ခေါင်းဆောင် ပုဂ္ဂိုလ်များရဲ့ ဟောပုံ၊ ပြောပုံတွေက မင်းရော ပရိသတ်ရော ကျေနပ်ဖွယ်မကောင်းလို့ သာသနာတော်အတွက် ရှက်ခဲ့ရဖူးပါတယ်။
ဓမ္မဂုတ်။ ။ မှတ်မိသေးသလား၊ မှတ်မိရင် ပြောပြစမ်းပါဦး။
တပည့်တော်။ ။ နည်းနည်းပါးပါးတော့ သတိရပါ သေးရဲ့၊ ပထမကိစ္စက ဗြိတိသျှတို့ အုပ်စိုးစဉ် မြန်မာလူမျိုးထဲက ဘုရင်ခံခေတ္တဖြစ်ရတဲ့ အချိန်တုန်းကပေါ့။
ဓမ္မဂုတ်။ ။ သြော်... အတော်ကြာပါပြီကော၊ ဘယ်လိုကိစ္စတုန်း၊ အဲဒီတုန်းက ကိုယ်တော် ငယ်ငယ်ရှိဦးမှာပေါ့။
တပည့်တော်။ ။ ဟုတ်ပါတယ်၊ ဘုရင်ခံ မန္တလေးရောက်တဲ့အခါ သံဃာတော် များကို မန္တလေးနန်းတော် ဘုရင်ခံအိမ်မှာ ဆွမ်းကပ်တဲ့ ကိစ္စပါ၊ သံဃာ ၅၀လောက် ရှိမယ်ထင်ပါတယ်၊ ဆွမ်းပွဲထိုင်ဖို့ နေရာကို ဘွဲ့နာမည်ပါ မြေပုံဆွဲပြီး တပည့်တော် တို့ဆီကို မြေပုံစာရွက် ဆက်ကပ်ထားပါတယ်၊ နန်းတော်မဝင်ခင် ကျုံးအနောက် ဘက်အိမ်မှာ စုပြီးမှ မော်တော်ကားတန်းနဲ့ တစုတရုံးတည်း ဝင်ရပါတယ်၊ ရောက်တဲ့အခါ ဆွမ်းပွဲပြင်ထားတဲ့အခန်း ကြွပြီး မြေပုံအတိုင်း ထိုင်ကြရပါတယ်၊ ထိုအခါ ဘုရင်ခံမပါသော ဝေယျာဝစ္စ ဒကာများက ဆွမ်းကပ်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီစည်းကမ်းတွေကိုတော့ ကိုယ်တော် ကျေနပ်မယ်ထင်တယ်။ ဆွမ်းစားပြီးနောက် လက်ဖက်ရည် သောက်ပြီးတော့ ဘယ်နေရာပင့်သလဲ။
တပည့်တော်။ ။ ဆွမ်းစားပြီးတော့ အခန်းကြီးတစ်ဆောင်ဆီသို့ ပင်လို့ သွားကြ ရပါတယ်၊ အဲဒီ အခန်းကြီးထဲမှာ သံဃာများက နံရံ ကျောပေးပြီး ခပ်ဝိုင်းဝိုင်း ခင်းထားသော ကုလားထိုင်များမှာ ထိုင်ကြရပါတယ်၊ ထိုင်သူ မရှိသေးဘဲ ဦးခေါင်း နေရာလောက်မှာ ဒေါင်းရုပ်ထင်ပါရဲ့၊ အရုပ်တပ်ထားတဲ့ ကုလားထိုင်ကတော့ နည်းနည်းမြင့်ပါတယ်၊ ခမ်းနားလဲ ခမ်းနားပါတယ်၊
တပည့်တော်တို့ ထိုင်ပြီး မကြာခင် မြန်မာဘုရင်ခံဆိုသူဟာ အပြင် စင်္ကလြမ်းက ဒေါက်ဒေါက်နဲ့ လျှောက်လာတဲ့ ဖိနပ်သံကို ကြားရပါတယ်၊ အခန်းတွင်းရောက်တော့ ခြေနင်းစီးလျက် လက်အုပ် ခေတ္တချီပြီး အဲဒီ ကုလားထိုင်ကြီးပေါ်မှာ ထိုင်ကာ ဝတ္တရားအတိုင်း သာသနာတော်ကို စောင့်ရှောက်မယ့်အကြောင်း လျှောက်ပါတယ်၊
ဓမ္မဂုတ်။ ။ သံဃာများဖက်က ဘယ်လို ပြန်ပြီး ပြောကြတုန်း။
တပည့်တော်။ ။ သံဃာများထဲမှာ အကြီးဆုံးဖြစ်တဲ့ မထေရ်ကြီးကလဲ ထုံးစံအတိုင်း ဝမ်းမြောက်တဲ့ အကြောင်းတို့ ဘာတို့ ပြောဟန်တူပါတယ်၊ အဲဒီလို ပထမပြောတဲ့ မထေရ်ကြီးက စကားအပြီးမသတ်ခင် ဒုတိယ ဝါကြီးပုံရတဲ့ မထေရ်ကြီးက (လုပြောသလို) ဝင်ပြောပြန်ပါတယ်၊ ထို မထေရ်ကြီးပြောလို့ မကြာခင် “သက်တော်စောင့်”လို့ ခေါ်မလား၊ “အပါးတော်မြဲ”လို့ ခေါ်မလာ၊ အဲဒီ ဒကာ တစ်ယောက်က “ဘုရင်ခံကြီးမှာ အလုပ်တွေများပါတယ်၊ ညောင်းတော်မူပါပြီ”လို့ ငှက်ဆိုးထိုးသံ ကြားရင်း ဘုရင်ခံလဲ “အင်း ...”လို့ ဆိုပြီး ထသွားပါလေရော။
ဓမ္မဂုတ်။ ။ ဪ ... ဒီလိုဆိုရင် ကိုယ်တော်တို့မှာ တန်းလန်းကြီး ကျန်ရစ်တာ ပေါ့နော်။
တပည့်တော်။ ။ တန်းလန်းဆိုဆို ဘာဆိုဆို ဆိုချင်ရာ ဆိုပါစေတော့ ကျန်ရစ် တာတော့ အမှန်ပါပဲ၊ အားလုံး မျက်နှာပျက် ရှက်ရှက်နဲ့ ထပြန်ခဲ့ကြရပါတယ်၊ ကားပေါ်ရောက်တော့ အဘယာရာမဆရာတော်နဲ့ စည်ရှင်ဆရာတော်များကို လျှောက်မိပါသေးတယ်၊ “ရှက်လိုက်တာဘုရား၊ ဒီကိစ္စမှာဘုရင်ခံရဲ့ စကားကို စည်ရှင်ဆရာတော်သာ ပြန်ပြီး ပြောရရင်တော့ ဘယ်လောက် အဆင်ပြေမလဲ”လို့။
ဓမ္မဂုတ်။ ။ ရှက်လဲ ရှက်စရာပေပဲ၊ တပည့်တော်တို့ ဘုန်းကြီးတွေကို လူများက “အလိုက် မသိတတ်ဘူး”လို့ စွပ်စွဲတာလဲ ဒီလို ဘုန်းကြီးတွေကြောင့်ပဲ ဖြစ်တယ်၊ နောက်တော့ ဒီလို ရှက်စရာ ဘယ်မှာ တွေ့ရသေးတုန်း။
တပည့်တော်။ ။ လွတ်လပ်ရေး ရပြီးနောက် ဒုတိယမြောက် သမ္မတကြီး မန္တလေး လာတဲ့အခါ ဆွမ်းကျွေးပွဲမှာပေါ့, နေရာက ကျုံးအရှေ့ဖက် အယင်က ကော်မရှင်နာ အိမ်မှာလို့ ထင်ပါတယ်၊ တပည့်တော်က တောင်မြို့ရောက်နေပါပြီ၊ သမ္မတမဖြစ်ခင် တပည့်တော်က ဗုဒ္ဓဘာသာကော်မတီမှာ ပါဝင်တဲ့အခါ သူ့ရဲ့ အိမ်မှာ ဆွမ်းစားပင့်လို့ ရေစက်ချဖူးပါတယ်၊ ဒါ့ကြောင့် တပည့်တော်ကို ပါအောင်ပင့်ပါလို့ တမင်သတိ ပေးပါသတဲ့၊
တပည့်တော် ရောက်သွားတဲ့အခါ ဘုရင်ခံ ဆွမ်းကျွေးတုန်းက ကပွဲလို အစီအစဉ်နဲ့ မဟုတ်တော့ဘဲ, အရင် ရောက်လာတဲ့ သံဃာများ ဆွမ်းစားနေကြပါပြီ။ တပည့်တော် ကတော့ များသောအားဖြင့် သတိနဲ့နေတဲ့သူဖြစ်တော့ ဆွမ်း ဟင်းများကို သတိ ထားမိပါတယ်၊ သဒ္ဓါတရားနဲ့ ဝိုင်းဝန်းပြီး ကူညီ ချက်ပြုတ်တဲ့ဟင်းများ ဟုတ်ပုံ မရပါဘူး၊ ကံထရိုက်ပေးပြီး ချက်စေတာနဲ့ တူပါတယ်၊ ထုံစံအတိုင်း စားသောက်ပြီးတော့ သမ္မတကြီးနဲ့တွေ့ဖို့ အခန်းဆောင်ကြီးထဲ ရွှေ့ကြရပါတယ်။
ဓမ္မဂုတ်။ ။ ဒီအချိန်ထိ သမ္မတကြီး ရောက်မလာသေးဘူး ပေါ့နော်။
တပည့်တော်။ ။ မရောက်လာသေးပါဘူး၊ အခန်းဆောင်ကြီးထဲ သံဃာများ အတွက် ခင်းထားတဲ့ကော်ဇောတွေက ဒုတိယတန်းလောက် အဆင့်ရှိတဲ့ အငှားလိုက် ကော်ဇောတွေသာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ နေရာတိုင်း သတိထားပြီး အပြစ်ရှာနေတာကိုး ကိုယ်တော်။
တပည့်တော်။ ။ နေပါဦး လေ ဆက်ပြီးလျှောက်ပါဦးမယ်၊ အချိန်က တန်ခူးလ လောက်လို့ ထင်ပါတယ်၊ အတော်ပူနေပါပြီ၊ ဒါ့ကြောင့် သံဃာများအတွက် ဒုတိယတန်းစား အငှားလိုက် ကော်ဇောအဟောင်းတွေကို ခင်းပေးသော်လဲ သမ္မတကြီး အတွက်တော့ အဲဒီ ကော်ဇောပေါ်မှာ ကတ္တီပါနီညိုကွပ်ထားတဲ့ နှစ်ဖက်ချော သင်းဖြူကလေးခင်းလို့။
ဓမ္မဂုတ်။ ။ နေပါဦး ကိုယ်တော်, အဲဒီလို စီမံကြတာက ဘယ်သူတွေတဲ့တုန်း။
တပည့်တော်။ ။ ဘယ်သူတွေဖြစ်ရမှာလဲဘုရား, “သာသနာ့ဒါယကာ”ဆိုတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ မန္တလေး နေပြည်တော်သားတွေပေါ့၊ သူတို့က သာသနာ့ ဝန်ထမ်း ရဟန်းတော်များကို သမ္မတလောက် အရေးမထားဘူး ဆိုတာ (လယ်ပြင်မှာ ဖင်ကားပြီး ဆင်သွားသလို) ထင်ရှားလှတယ် မဟုတ်လားဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ဘုန်ကြီးတချို့ကလဲ လှူနိုင်ဒါန်းနိုင်တဲ့ အဲဒီ မန္တလေးသား တွေကို ပလူးပလဲလုပ်နေကြပါလိမ့်မယ်၊ ဒါ့ကြောင့် “အရော ဝင်တော့ အရိုသေ တန်”ဆိုတဲ့ စကားအတိုင်း ဖြစ်သွားဟန် တူပါတယ်၊ ကိုယ်တော် ကိုယ်တော်တို့ အဲဒီလိုထိုင်ပြီးတဲ့နောက် သမ္မတကြီးက ဘယ်ကကြွလာသလဲ။
တပည့်တော်။ ။ တော်ပြီဘုရား တော်ပြီ၊ တပည့်တော်ဆက်ပြီးမလျှောက်ချင်တော့ဘူး၊ လူတွေဆိုတာ အများအားဖြင့် ဘုန်းကြီးတွေကို ရိုသေတယ်လို့ ဆိုတာ ဝတ်ကျေ တမ်းကျေ လုပ်ကြတာပါဘုရာ့၊ တချို့ဘုန်းကြီးတွေကလဲ ရိုသေချင်စရာ မကောင်းဘူး၊ ဝပ်ချဖို့ဆိုတာတော့ ဝေးရော, ဒါ့ကြောင့် တပည့်တော်က သာသနာတော်ကို အရေအတွက် မများချင် နေပါစေ, အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာ နေစေချင်ပါတယ်၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များကလဲ မိမိကို မလေးစားမဲ့ နေရာသို့ မသွားသင့်ကြပါဘူး။
ဓမ္မဂုတ်။ ။ အင်း... ဗိုလ်ချုပ်အဖေရဲ့ ရက်လည်ဆွမ်းကျွေးက ဆက်သွယ်ပြီး ဘေးထွက်လာလိုက်တာ အတော်များသွားပြီ၊ ဗိုလ်ချုပ်တို့ ဆွမ်းကျွေးမှာတော့ ဒီလို မကျေနပ်စရာ မတွေ့ရဘူးပေါ့နော်။
တပည့်တော်။ ။ ဒီလိုမကျေနပ်စရာ မတွေ့ရပါဘူး၊ အားလုံးကောင်စီဝင်တွေ အရပ်ဝတ် အရပ်စားနဲ့ပါ၊ ကိုးဆယ်ကျော် ရေစကြိုဆရာတော်ကြီးတို့ မအူပင် ဆရာတော်ကြီးတို့ကို သူတို့ဆရာရင်းလို ဖေးဖေး မမနဲ့ ကြိုကြ ပို့ကြပါတယ်၊ လွတ်လပ်ရေးရပြီးနောက် အခြား သမ္မတများရဲ့ မုန့်ဆွမ်းကျွေး၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများရဲ့ ဆွမ်းကျွေးအားလုံးလဲ ကျေနပ်ဖွယ်ချည်းပါပဲဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရဲ့ သာသနာ့ သန့်ရှင်းရေးအဖွဲ့က ဘယ်လို အနားသတ်ပြီး ကမ္ပတ်ဖုံးလိုက်ကြတုန်း။
တပည့်တော်။ ။ နယ်တိုင်း နယ်တိုင်းက ရွေးချယ်လွှတ်လိုက်တဲ့ ကိုယ်စားလှယ် သံဃာများနဲ့ အတူ မှော်ဘီမြို့မှာ အစည်းအဝေးကြီး လုပ်ပြီး ကမ္ပတ်ဖုံးလိုက်ကြပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အစည်းအဝေးမှာ ကိုယ်တော်က ဘာများ အထူးလုပ်သေးလဲ။
တပည့်တော်။ ။ အဲဒီအချိန်မှာ မန္တလေး၌ တပည့်တော်ကို အတော်ဆော်နေ ကြပြီဖြစ်လို့ တပည့်တော် နာမည်ပေါ်အောင် ဘာမှ မလုပ်ပါဘူး၊ ဒါပေမယ့် ပခုက္ကူ မဟာရဋ္ဌဂုရု ဆရာတော်ကြီးရဲ့ သြဝါဒကထာကိုတော့ ရေးပါသေးတယ်။
ဓမ္မဂုတ်။ ။ အဲဒီ အစည်းအဝေးကြီးပြီးတော့ ကိုယ်တော် ပြန်လာတာပဲလား။
တပည့်တော်။ ။ အစည်းအဝေးပြီးတဲ့နောက် အစိုးရထံ ပေးစရာအကြံဉာဏ်များနဲ့ လုပ်စရာရှိတာ လုပ်ပြီးတဲ့အခါ မန္တလေးဂယက်က တပည့်တော် အတွက် ရန်ကုန် ထိအောင်ရိုက်လာလို့ တချို့ကမပြန်ဖို့ အကြံပေးကြပါသေးတယ်၊ တပည့်တော်ကလဲ ကြောက်လို့ မပြန်သေးဘဲနေယင် ကျောင်းတိုက် တပည့်တွေကပါ အထင်သေးမှာ မြင်လို့ ဖြစ်ချင်တာဖြစ်ပါစေ၊ “လာမယ့်ဘေးတော့ ပြေးပြီးတွေ့ရမှာပဲ”လို့ ရက်ပိုမဆိုင်းဘဲ ပြန်ခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ဒီအခါ ကိုယ်တော့်ကိုပင့်တဲ့ အစိုးရက ကူညီရဲလား။
တပည့်တော်။ ။ ဒီကိစ္စမှာ အစိုးတာဝန်က လိုတာထက်အောင် ပိုနေပါသေးတယ်၊ တပည့်တော် ပထမရန်ကုန်သွားကတည်းက အသွားပြန်မှာ စစ်ဗိုလ်တစ်ယောက် အစောင့်အရှောက် ထည့်ဖို့စီမံပါတယ်၊ တပည့်တော်က မထည့်ပါနဲ့။ ကိစ္စမရှိပါဘူး ဆိုလို့ မထည့်ပေမယ့် ဆိုင်ရာကို တပည့်တော် လာတဲ့အကြောင်း တင်ကြိုပြီး သတိပေးထားပါတယ်၊
ရန်ကုန်က ပြန်တဲ့အခါလဲ ဒီလိုပါပဲ၊ အဲဒီ အစည်းအဝေးကြီးပြီးလို့ ပြန်တဲ့အခေါက် ကျတော့ မန္တလေး၌ အရေးကြီးတယ်လို့ ထင်ဟန်တူပါရဲ့, ဘူတာကြီးမှာ အရပ်ဝတ် အတော်များများ ထားပြီး တပည့်တော် ရထားဆင်းတဲ့နေရာမှ စ၍ ဘူတာမှ ထွက်သည့်တိုင်အောင် လမ်းရှင်းထားပါတယ်၊
ကျောင်းတိုက် ရောက်ပြီးနောက်လဲ ကျောင်းပေါက်မှာ အတော်ကြာကြာ စုံထောက် ထားသေးဟန် တူပါရဲ့၊ တပည့်တော်က သွားစရာရှိ၍ သွားရင် နောက် မနီးမဝေးက လိုက်တဲ့အပြင် ဆိုင်ရာရဲဌာနကိုလဲ အကြောင်းကြားထားပါတယ်၊ အစိုးရက သူတို့တာဝန်ကျေအောင် ဤမျှလောက်အထိ စောင့်ရှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါ့ကြောင့် ပြောခဲ့တယ်မဟုတ်လား၊ “သူများက နှိမ်လေ, ကိုယ်တော်က ဘောလုံးလို တက်လေပဲ”လို့ ။
တပည့်တော်။ ။ တပည့်တော်ဟာ တပည့်တော်ရဲ့ ဖြစ်စဉ်ကို စဉ်းစားပြီးတော့ စိတ်ကြီးဝင်တယ် ဆိုရမည်လား, မပြောတတ်ပါဘူး။
- ၁။ တပည့်တော် ကိုယ်ဝန်ရှိတုန်းမှာ မိခင်ကကောင်းသော အိပ်မက်မက်ခြင်း။
- ၂။ ဘုရားဒကာ-ကျောင်းဒကာ ဘိုးဘွားအမျိုးမှာ ဖြစ်ရခြင်း။
- ၃။ ဒုတိယ ရွှေကျင်သာသနာပိုင် စသော သူတော်ကောင်း ပညာရှိထွက်တဲ့ အမျိုးမှာ ဖြစ်ရခြင်း။
- ၄။ ကလေးငယ်ငယ် နှောင်းနှောင်းတုန်းက သီချင်းဆိုလို့-ကလို့-ပျော်ပျော် နေခဲ့ခြင်း။
- ၅။ ကလေးငယ်ဘဝတုန်းက ထူးထူးဆန်းဆန်း စဉ်းစားချက်တွေကို စဉ်းစားလေ့ ရှိခြင်း။
- ၆။ကျောင်းပညာသင်တဲ့အခါ တတ်လွယ်၍ မမေ့တတ်ခြင်း။
- ၇။ ရှေးသူတော်ကောင်းများရဲ့ ဇာတ်ဝတ္ထုကို ကြားရတဲ့အခါ ဝမ်းသာ၍ ထို သူတော်ကောင်းများကို အားကျခြင်း။
- ၈။ အခြေခံစာများကို အထက်တန်းဆရာက ကြောင့်ကြစိုက် ပို့ချပေးခြင်း။
- ၉။ နည်းနည်း အရွယ်ကောင်းလာတဲ့အခါ ရွာမှာရော ရောက်ရာအရပ်မှာရော ချစ်ခင်သူ များခဲ့ခြင်း။
- ၁၀။ ကျောင်းသားဘဝဖြင့် ပထမငယ် ပထမလတ်အောင်၍ သာမဏေဘဝဖြင့် အကြီးတန်း အောင်နိုင်အောင်, သကျသီဟ (ဓမ္မာစရိယ) ဖြစ်ပြီးတဲ့ မြောင်းမြ ဆရာတော်ရဲ့ အချီးအမြှောက်ကို ရခဲ့ခြင်း။
- ၁၁။ မိဘများ ပစ္စည်းဆုတ်ယုတ်လို့ လူ့ဘောင်ကို စိတ်ကူးမိပြန်တော့လဲ သင်ပြီး စာတွေကိုငဲ့ပြီး လူ့ဘောင် မရောက်ခဲ့ခြင်း။
- ၁၂။ ရဟန်းဖြစ်ခါနီးမှာ အထက်တန်း ဝိပဿနာဆရာတော်များဖြစ်ကြသော ပထမ မဟာဂန္ဓာရုံဆရာတော်နဲ့ ဒုတိယမဟာဂန္ဓာရုံ ချမ်းအေးဆရာတော်တို့က ကိုယ်တော်တိုင် ဂရုတစိုက် စီစဉ်တော်မူကြခြင်း။
- ၁၃။ ပခုက္ကူစာသင်တိုက်ကြီး၌ စာဆိုဝါရဖို့ ခဲယဉ်းသော်လဲ မိမိမှာ ဆရာတော်ကြီး သုံးပါးက ကိုယ်တော်တိုင် စာဆိုခိုင်းပြီးမှ ရဟန်းသုံးဝါအရ၌ စာချအဖြစ် ချီးမြှောက်တော်မူကြခြင်း။
- ၁၄။ ပခုက္ကူ၌ သုံးဝါလောက်စာချပြီးမှ ပရိယတ္တိသာသနဟိတ (သကျသီဟ) စာပြန်ပွဲကို ဝင်ရာ စာသင်တန်း - စာချတန်းကို သုံးနှစ်အတွင်းအောင်၍ ထိုအတွင်း၌ အစိုးရပထမကျော်ကိုလဲ အောင်ခဲ့ခြင်း။
- ၁၅။ ရဟန်းငယ်ဘဝ၌ ပခုက္ကူတိုက်ကြီးဝယ် စာပို့ချတော်မူခဲ့၍ သကျသီဟ ဓမ္မာစရိယဘွဲ့ကို ရတော်မူပြီး, သက္ကတကျမ်းတို့၌ အထူးကျွမ်းကျင်တော် မူသော အဘယာရာမဆရာတော်က မိမိကို သက္ကတ သင်ယူဖြစ်အောင် စီစဉ်၍ ကိုယ်တိုင် ပို့ချပေးတော်မူခြင်း။
- ၁၆။ ကျမ်းစာရေးသားတဲ့အခါ ရေးသမျှကျမ်းစာ အငယ်-အကြီးတို့ကို ဆိုင်ရာ အသီးသီးက လူရော-ရှင်ပါ သုံးစွဲကြခြင်း။
- ၁၇။ သင်္ဂြိုဟ်ဘာသာဋီကာ ထွက်ချိန်၌ “အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ ထိုက်တန်ပါတယ်, သို့သော် ငယ်လွန်းပါသေးတယ်”လို့ ပြောဆိုသံကိုလည်းကောင်း, ညောင်တုံး ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယကဖြစ်မယ့် စံကျောင်းဆရာ တော်ဘုရားကြီး၏ “ကျမ်းစာက ကြီးပြီး ပုဂ္ဂိုလ်က ငယ်နေတယ်” ဟူသော အမိန့်သံကို ကြားခဲ့ရခြင်း။
- ၁၈။ လွတ်လပ်ရေးရပြီးနောက် ပထမဘွဲ့တံဆိပ်ပေးရာ၌ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ ရရှိခဲ့ခြင်း။
- ၁၉။ ကျမ်းစာများကို ရေးသားရာ၌ ဆရာသမားများရဲ့ နည်းကို ရပြီးဖြစ်၍ မပင်မပန်းဘဲ ပြီးစေနိုင်ခဲ့ခြင်း။
ဤဖြစ်စဉ်များကို ထောက်ထား၍ တပည့်တော်ကိုယ် တပည့်တော် သာမန် သတ္တဝါ တစ်ယောက်လို့ မယူဆဘဲ, အတိတ်က ကုသိုလ်တွေ များစွာပါလာပြီလို့ ယူဆသောကြောင့်“ဒီဘဝမှာ ကဲ့ရဲ့သမျှ-နှိမ်ချသမျှ ဒဏ်တွေသည် ခန္တီပါရမီ အပို ရဖို့အကြောင်း အကောင်းချည်းသာ”လို့ ယူဆကာ ရှေ့တိုးဖို့ သာသနာတော် အရေးကို အမြဲမျှော်တွေးပြီး အလုပ် လုပ်နေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အင်း... များစွာသော စာတတ်ပုဂ္ဂိုလ်များမှာ မူလရပ်ရွာဆရာတော်နဲ့ စာသင်တိုက်က ဆရာတော် တစ်ပါးနှစ်ပါး လောက်သာ အချီးအမြှောက် ခံကြ ရတယ်, ကိုယ်တော့်မှာတော့ မူလရပ်ရွာ ဆရာတော်အပြင် ဂိုဏ်းဂဏအစုံ ထိပ်တန်း ဂုဏ်ရှိတော်မူကြသော ပရိယတ်ဆရာတော်ကြီး နှစ်ပါးကလဲ ချီးမြှောက်တော် မူကြတော့ ကိုယ်တော်ရဲ့ စိတ်ဓာတ်မှာ ထိုဆရာတော်များရဲ့ သတ္တိတွေ ပါနေဟန်တူပါတယ်။
တပည့်တော်။ ။ ဒီလိုလဲ ထင်စရာ ဖြစ်နေပါတယ် ဘုရား, မဟာဂန္ဓာရုံ ဆရာတော်များရဲ့ ပဋိပတ် ကျင့်တော်မူပုံကို ကြည်ညိုလွန်းလို့ ကျောင်းတိုက် သံဃာ အားလုံးအား ဝိနည်းသီလကို မူထားပြီး ပဋိပတ်ကျင့်ကြဖို့ကိုလဲ အမြဲ သတိပေးပါတယ်၊
ပခုက္ကူ ဆရာတော်များနဲ့ အဘယာရာမဆရာတော် မြောင်းမြဆရာတော်များရဲ့ အဂတိမလိုက်စားဘဲ လုံ့လဝီရိယကြိုးစား တော်မူပုံကို အားရလွန်းလို့ ယခုအရွယ် တိုင်အောင် ဇွဲလုံ့လ အပြည့်အဝဖြင့် သာသနာ့ အရေးကို ကြိုးစားနေရပါတယ်၊ ထို ဆရာတော်များရဲ့ အရှိန်ကြောင့် ကြိုးစားသလောက် အရာထင်နေပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ကိုင်း ကိုင်း... ကိုယ်တော်ရဲ့ အသက်ခုနစ်ဆယ်အတွင်း ဖြစ်ပျက်ခြင်း အဖုံဖုံကို အတော်စုံအောင် သိရပြီးဖြစ်၍ ယခုအခါ နိဂုံးအုပ်ကြစို့လား။
နိဂုံး။
သက်ခုနစ်ဆယ် ဤအရွယ်ကား,
သွယ်သွယ် ရှင်လူ ပင်ရှင်ယူ၏,
ကိုယ့်မူထိုမျှ ခွင့်မရ၍,
နေ့ညမအား အလုပ်များကို,
မနားမနေ လုပ်နိုင်စေဖို့,
လူ့မြေထင်ရှား ဓာတ်စာစားလျက်,
ဆေးဝါးရရာ မှီဝဲကာဖြင့်,
ခန္ဓာမနွမ်း ကိုယ်လက်ကျန်အောင်,
စွမ်းနိုင်သလောက် မြဲစောင့်ရှောက်၏,
ထိုနောက်စိတ်ပါ ကျန်းခံ့သာအောင်,
မြတ်စွာဇိနော် ရုပ်ပုံတော်နဲ့,
ဂုဏ်တော်အစုံ အမြဲထုံလျက်,
လူ့ဘုံမဆန့် အားလုံးနှံ့ဖို့,
သင်းပျံ့ချစ်စရာ ရေမေတ္တာကို,
သစ္စာရောစွက် ရပ်တိုင်းပက်၏,
အသက်တည်ရေး ဤနှစ်ဆေးထက်,
ဝဋ်ဘေးကင်းစင် နိဗ္ဗာန်မြင်ဖို့,
နေ့စဉ်မကွာ ဘာဝနာနဲ့,
ကျမ်းစာပို့ချ ရေးသားရသည် ...
ဘဝသံသာ လွန်ကြောင်းတည်း။
၁၄။ ခုနစ်ဆယ်ကျော်ဝယ် - ရှစ်ဆယ်ရွယ်
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော့်အသက်က ခုနစ်ဆယ်ကျော်လာပြီ။ အလုပ်တွေကလဲ အတော်တွင်ကျယ်လာပြီ၊ ကိုယ့်တော့် ရည်မှန်းချက်တွေ မပြည့်စုံသေးဘူးလား။
တပည့်တော်။ ။ မပြည့်စုံသေးပါဘူးဘုရာ့။
ဓမ္မဂုတ်။ ။ ဘာလိုသေးလို့တုန်း ကိုယ်တော်၊ ကျမ်းစာအုပ်တွေလဲ ရိုက်နှိပ်ပြီး ကိုယ်က (၂၉) နံပါတ် ရောက်နေပြီ, မရိုက်ရသေးတာက ဘယ်လောက် ရှိနေသေးတုန်း။
တပည့်တော်။ ။ စူဠဝဂ္ဂ, ပရိဝါရဘာသာဋီကာ နှစ်အုပ်နဲ့ ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ အဲဒီသုံးအုပ်က ရေးလို့ပြီးပေမယ့် မရိုက်ရသေးဘူးဘုရာ့၊ သီလက္ခန် ဘာသာဋီကာကလဲ ပါဠိတော်နိဿယနဲ့ တွဲထားလို့ လေးတွဲရိုက်ရမှာ, နှစ်တွဲသာ ပြီးပါသေးတယ်၊
(ယခု အားလုံးပြီးပြီ၊ စူဠဝဂ္ဂ, ပရိဝါရဘာသာ ဋီကာကိုလဲ ရိုက်ပြီးပြီ။)
ဓမ္မဂုတ်။ ။ ဒါတွေကတော့ ရိုက်ဖြစ်မှာပေါ့လေ၊ နောက်ထပ် ရေးဖို့ကော ရည်ရွယ် ထားသေးလို့လား။
တပည့်တော်။ ။ သင်ရိုးပိဋကအကုန် ဘာသာဋီကာ စုံအောင် ရေးမယ်လို့ မှန်းထားပါတယ်၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာနဲ့ မူလဋီကာ, ပဉ္စပကြိုဏ် အဋ္ဌကထာနဲ့ မူလဋီကာ အဲဒီ လေးအုပ်အပြင်, သုတ်မဟာဝဂ္ဂ သုတ်ပါထေယျ နှစ်အုပ်လဲ ကျန်ပါသေးတယ်၊
(ယခု သမ္မောဟဝိနောဒနီနဲ့ မူလဋီကာ-ပဋိစ္စသမုပ္ပါဒ် အကုန်အထိ ရိုက်ပြီးပါပြီ။)
ဓမ္မဂုတ်။ ။ ကိုယ်တော့် အသက်အရွယ်နဲ့ ဒီဘာသာဋီကာတွေကို စုံအောင် ရေးနိုင်မယ်လို့ မျှော်လင့်နေသလား။
တပည့်တော်။ ။ တပည့်တော်က ပြက္ခဒိန်အသက်ကို မူမထားဘဲ, ကျန်းမာရေး အသက်ကို မူထားပါတယ်၊ ကျန်းမာရေး ကောင်းနေယင် (အသက်ရှစ်ဆယ် အထိ အလုပ် လုပ်နိုင်ရင်) ဒီကျမ်းစာ အားလုံး ရေးပြီး-ရိုက်နှိပ်ပြီး ဖြစ်ရမှာပေါ့ဘုရာ့။
ဓမ္မဂုတ်။ ။“ကိုယ်တော့်ကို အဲဒီ အသက်ထိအောင် ကျန်းမာပါစေ့မယ်”လို့ ဘယ်သူက တာဝန်ခံမှာလဲ။
တပည့်တော်။ ။ ဘယ်သူက တာဝန်ခံမယ်ဆိုကာ တပည့်တော် ဘယ်သိမှာတုန်း, တပည့်တော် သာသနာအလုပ် လုပ်နေတယ် ဆိုတာတော့ တန်ခိုးရှိတဲ့သူ, သာသနာတော်ကို စောင့်ရှောက်တဲ့သူများ သိမှာပေါ့၊ ဒီလိုသိယင် သူတို့ဟာ တပည့်တော်ကို စောင့်ရှောက်ကြမှာပေါ့၊ ဒီပြင်လဲ သာသနာတော် အလုပ်ကို ကောင်းကောင်းလုပ်ဖို့ အတိတ်ကံ ပါလာယင် ပစ္စုပ္ပန် ကံကောင်းတွေက ထပ်လောင်းပြီး အားပေးကြမှာပါ၊ ဒါ့ကြောင့် အဲဒီ ကံတွေရဲ့ အကျိုးပေးဖို့လဲ မျှော်မိပါတယ်။
ဓမ္မဂုတ်။ ။ သေရေးကိုတော့ မစဉ်းစားမိဘူးလား။
တပည့်တော်။ ။ မစဉ်းစားဘဲ နေမည်လားဘုရား, ယခုလုပ်နေတဲ့ အလုပ်တွေဟာ ဗုဒ္ဓသာသနာတော်ကို မြှင့်တင်နေတဲ့ အလုပ် ဖြစ်ပါတယ်၊ ဤမျှလောက် ကောင်းနေသော အလုပ်ကို နေ့စဉ် လုပ်နေခြင်းသည်ပင် တပည့်တော်အတွက် အားကိုးလောက်သော သဒ္ဓါ ပညာ သတိ ဝီရိယတွေ ဖြစ်နေပြီ မဟုတ်ပါလား။
ဓမ္မဂုတ်။ ။ ဒီဟာတော့ ဟုတ်ပါတယ်, တပည့်တော်က ဒီ အလုပ်အပြင် ဘာဝနာ အလုပ်များကို မေ့နေသလားလို့ပါ။
တပည့်တော်။ ။ တပည့်တော်တို့ ကျမ်းစာမှာ“ဗုဒ္ဓါနုဿတိ မေတ္တာစ, အသုဘံ မရဏဿတိ”လို့ ရဟန်းတော်များအတွက် အမြဲရှိနေဖို့ရာ ဘာဝနာ လေးမျိုးကို ညွှန်ပြထားပါတယ်၊ ဒါ့ကြောင့် သေရေးကို မရဏဿတိ ဘာဝနာက အမြဲ သတိပေးနေလို့ အပိုအချိန် မဖြုန်အားဘဲ မသေခင် လုပ်စရာတွေကို ကြိုးစား နေတာပေါ့။
ဓမ္မဂုတ်။ ။ အဲဒီ ဘာဝနာအကျိုးကို ပြောစမ်းပါဦး။
တပည့်တော်။ ။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ဗုဒ္ဓမြတ်စွာရဲ့ အကြောင်းကို ကောင်းကောင်း သိလိုက်ပါတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ အကြောင်းကို ကောင်းကောင်း သိလေ ဘုရားကို ကြည်ညိုလေဖြစ်ပြီး, ရဟန်းတော်ဖြစ်ရင် သာသနာ့ တာဝန်ကို ကောင်းကောင်း ထမ်းလေ, ပရိယတ် ပဋိပတ်ကို ကောင်းကောင်း ကျင့်လေ, ဘုရားပညတ်တော် ဝိနည်းကို ကောင်းကောင်း လိုက်နာလေ, သာသနာတော် ကျက်သရေရှိအောင် အသွားအလာ အနေအထိုင် အပြောအဆိုမှစ၍ ပြုပြင်လေ, ဘုရားအလိုတော်နဲ့ ဆန့်ကျင်တဲ့ ဘုရားပွဲ ကျောင်းပွဲတွေ မလုပ်လေ, သာသနာတော်ရဲ့ အရှိန်အဝါကို တိုးသည်ထက် တိုးအောင် ကြိုးစားလေ ဖြစ်ပါတယ်။
လူဝတ်ကြောင်ဖြစ်ရင် သာသနာပြု ဒါနမှတစ်ပါး ဘုရားအလိုတော်ကျ မဟုတ်သော ပကာသနဒါနတွေကို ရှောင်ကြဉ်ရပါတယ်၊ ဥပုသ်စောင့် ကမ္မဋ္ဌာန်းထိုင် စသော ကောင်းမှုကိစ္စတိုင်းမှာလဲ သူတစ်ပါး အထင်ကြီးဖို့ မဟုတ်ဘဲ ဗုဒ္ဓမြတ်စွာရဲ့ အလိုတော်ကျသာ ဖြစ်စေရပါတယ်၊ မည်သည့် ကောင်းမှုမဆို နိဗ္ဗာန်ကို ဦးတည်လျက် ရှိစေရပါတယ်။
ဓမ္မဂုတ်။ ။ ဒီအကျိုးများဟာ ကိုယ်တော်ရဲ့ ကိုယ်တွေ့ဖြစ်ပုံရပါတယ်။ ကိုယ်တော်ဟာ ကျောင်းတိုက် တစ်တိုက်လုံး ဒီအတိုင်းဖြစ်အောင် ကြိုးစားပြီး သာသနာတော် တစ်ရပ်လုံး တိုးတက်ရေးကို အမြဲကြောင့်ကြစိုက်နေတာက ဗုဒ္ဓါနုဿတိဘာဝနာရဲ့ အရှိန်အဝါ ဖြစ်ဟန်တူပါတယ်၊ မေတ္တာဘာဝနာကို ကြိုးစားရခြင်းရဲ့ အကျိုးကို ပြောစမ်းပါဦး။
တပည့်တော်။ ။ ၁။ မေတ္တာအစစ်ဆိုတာ ကိုယ်ကျိုးကို ပဓာန မထားဘဲ သူ့အကျိုးကိုသာ ပဓာနထားတဲ့ သဘောတရား ဖြစ်ပါတယ်၊ ရဟန်း သံဃာတော်မှန်လျှင် ကိုယ့်အတွက်က မဂ်ဖိုလ်နိဗ္ဗာန်သာ ဖြစ်ထိုက်ပါတယ်။ ကျန်အလုပ်တွေမှာ ဝိနည်းတော်ကို မူထားပြီး သတ္တဝါအကျိုးများအောင် လုပ်ရပါတယ်၊ ဒါ့ကြောင့် ဒကာ-ဒကာမများနဲ့ ဆက်ဆံတဲ့အခါမှာ သူတို့ကို အကုန်အကျ မများစေဘဲ နေ့စဉ် ဆွမ်းလောင်းနေကြတာကိုပင် ဧရာမ ကျေးဇူးရှင်တွေလို သဘောထားနိုင်ပါတယ်။
၂။ ဘုရားပွဲ ကျောင်းပွဲစသော အပိုကုန်ပြီး ဘုရားအလိုတော်မကျတဲ့ ပွဲတွေ အကုသိုလ်တောင် ဖြစ်သေးတဲ့ပွဲတွေကို မေတ္တာရှင်က မတိုက်တွန်းရုံမက, တားပင် တားမြစ်ရပါတယ်၊ ဒကာ ဒကာမတွေကို ဒါနနဲ့ သီလ တွင် သီလက (၁) နံပါတ်, ဒါနက (၂) နံပါတ်ဖြစ်ပုံကို ဟောရပါတယ်၊ ငါးပါးသီလ မရှိရင် ဒါနရှင်ကြီးပင် ဖြစ်သော်လဲ ငရဲကျနိုင်ပုံ, ဒါနမရှိသော်လဲ ငါးပါးသီလရှိ၍, ငါးပါးသီလတွင်မပါသော ဒုစရိုက်များကို ရှောင်နိုင်ရင် ငရဲမကျနိုင်ပုံတို့ကို ဝတ္ထုကြောင်းနဲ့တကွ ဟောရပါတယ်။
၃။ လူ့အဆင့်အတန်းလိုက်ပြီး သီလရှိသူကိုသာ ဒါနနဲ့ဘာဝနာကို ပြုလုပ်တတ်ဖို့ ဟောရပါတယ်၊ မေတ္တာမရှိရင် အလှူခံပုဂ္ဂိုလ်တွေမှာ မိမိရဖို့ တစ်ခုသာ ကြည့်တတ်ပါတယ်၊ အဲဒီလို ကြည့်မှုကြောင့် သာသနာတော်ကိုပါ အထင်သေး ခံရတတ်ပါတယ်ဘုရား၊ ဒါ့ကြောင့် ရဟန်းသံဃာများအတွက် မေတ္တာဘာဝနာကိုလဲ ကျမ်းစာက ညွှန်ပြထားပါတယ်။
၄။ လူဝတ်ကြောင်များလဲ မေတ္တာဘာဝနာကို လေ့လာထားရင် မတရား စီးပွားရှာမှု သွေးစုပ်မှု မရှိဘဲ သမ္မာအာဇီဝ ဖြစ်အောင် အသက် မွေးနိုင်ကြမှာပါပဲ၊ မတရား လောဘနဲ့ ပြင်းထန်သော ဒေါသလဲ မရှိတော့ဘဲ အိမ်တွင်းရေး သာယာရုံမက, ပြည်တွင်းရေးပါ သာယာစေနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ အင်း... မေတ္တာရဲ့ သဘောတရားဟာ တယ်ကောင်းပါလား ကိုယ်တော်၊ ကိုယ်တော်ရဲ့ အနာဂတ်သာသနာရေးမှာ အပို ကုန်ကျစရိတ်တွေ မရှိရအောင် နည်းလမ်း ပေးထားတာဟာ အဲဒီ မေတ္တာဘာဝနာကြောင့်ပေါ့နော်၊ မရဏဿတိ ဘာဝနာရဲ့ လက်တွေ့ အကျိုး ရပုံကိုလဲ ပြောပါဦး။
တပည့်တော်။ ။ ၁။ သေရမည့်အရေးကို သတိပေးနေတဲ့ မရဏဿတိဘာဝနာ ကတော့ မကောင်းမှုဟူသမျှ အကုန်ရှောင်, ကောင်းမှုဟူသမျှ ကြုံတိုင်းလုပ်, အမြဲလုပ်လို့ နှိုးဆော်နေသလိုပါပဲဘုရား၊ ယနေ့သေမည်လား, မနက်ဖန် သေမည်လား မသိရပါဘူး၊ သေရင် ယခုလက်ရှိ အပေါင်းအဖော်တွေနဲ့ ကွဲရမှာမို့ မသေခင် ခင်ခင်မင်မင်နဲ့ တစ်ယောက် အကျိုးကို တစ်ယောက် ဆောင်ကြ၊ မတရားလုပ်တာ မြင်ယင် တားမြစ်ကြ၊ သေလျှင် အပါယ်လေးပါး သွားရလိမ့်မယ်လို့ ပြောကြ၊ တရားသဖြင့် လုပ်နေရင် အားပေးကြ၊ သေရင် ကောင်းရာဘဝ ရောက်လိမ့်မယ်လို့ တိုက်တွန်း နေသလိုပါဘဲ။
၂။ မတရား အသက်မွေးမှုကိုလဲ တားမြစ်နေတာပါဘဲ၊ အသင်ဟာ မတရားသဖြင့် ပစ္စည်းတွေစုပြီး သေတဲ့အခါ ပစ္စည်းတွေကို ထားခဲ့ရမယ်။ သင်က အပါယ်သွားမယ်၊ နောက်လူတွေက သင့်ပစ္စည်းကိုသုံးပြီး ပျော်ရစ်ကြမယ်၊ ဒါ့ကြောင့် ပစ္စည်းကို မတရားလဲ မရှာနဲ့၊ အလွန်လဲ မက်မောမနေပါနဲ့လို့ ဟောပြောနေသလိုပါဘဲ။
၃။ ရဟန်းတော်ဖြစ်ရင်လဲ အာပတ်မသင့်အောင် နေပါ၊ အာပတ်သင့်ယင် အပေါ့ဆုံး အာပတ်သည်ပင် ပြိတ္တာဖြစ်စေနိုင်ပါတယ်လို့ သတိပေး နေတာပါဘဲ၊ မသေခင် သွားရမယ့်ဂတိကို ရဲရဲသွားနိုင်အောင် အာပတ် စင်ကြယ်စွာဖြင့် ပရိယတ် ပဋိပတ်ကြိုးစာပါ၊ ဘာဝနာကို နေ့စဉ်ပွားပါလို့ ညွှန်ပြနေသလို ဖြစ်ပါတယ် ဘုရား။
၄။ ဘာဝနာပွားနေပြန်ယင် နောက်မဆုတ်အောင် “သေဘေးကြီး မလာခင်, နာဘေးကြီး မလာခင်, ကြိုးစားလိုက်”လို့ အမြဲတိုက်တွန်း နေသလိုပါပဲ၊ တကယ့် သေဘေးကြုံလာတော့ သူ့မှာအဆန်း မဟုတ်တော့ဘဲ (ကုသိုလ်တွေကလဲ ကြိုးစားပြီးဖြစ်လို့) အလွန် သေရဲပါတယ်။
ဒါ့ကြောင့် မရဏသတိဘာဝနာလဲ ရှင်လူအားလုံး အမြဲသုံးထိုက်တဲ့ ဘာဝနာပါပဲ ဘုရား၊ ရှေးတုန်းက ဘုရားအလောင်းနဲ့ မိသားစုခြောက်ယောက် မရဏဿတိ ဘာဝနာရှိနေကြလို့ သေတဲ့ ဘုရားအလောင်းက နတ်ပြည်ရောက်ပြီး ကျန်တဲ့ သူတွေက မပူမဆွေး နေနိုင်ကြပါသတဲ့။
ဓမ္မဂုတ်။ ။ သာဓုပါကိုယ်တော်, သာဓု သာဓု၊ ကျမ်းစာမှာ ညွှန်ပြထားတဲ့ ဘာဝနာ လေးပါးထဲမှာ အသုဘဘာဝနာကိုတော့ ကိုယ်တော်က မတိုက်တွန်းဘူးလား။
တပည့်တော်။ ။ အသုဘဘာဝနာဆိုတာ ရာဂစရိုက် အားကြီးတဲ့ ပုဂ္ဂိုလ်များ အတွက် သာပြီး သင့်ပါတယ်၊ ဒါ့ကြောင့် ချန်ထား လိုက်ပါတယ်။ ကျောင်းတိုက်မှ သံဃာများကိုတော့ လေးပါးလုံးပဲ ဟောပေးပါတယ်။ ငယ်ရွယ်သူတွေဟာ အသုဘဘာဝနာ မပါလို့ မကောင်းပါဘူး။
ဓမ္မဂုတ်။ ။ ဝိပဿနာဘာဝနာကိုတော့ မလေ့လာဘူး, မဟောဘူးလား။
တပည့်တော်။ ။ ဟောရုံတွင် ဘယ်ကမလဲ, (ကျောင်းတိုက်တွင်းရှိ) ဥယျာဉ်ထဲမှာ နေတဲ့ စာချဘုန်းကြီးများက ခေါင်းဆောင်ပြီး ဝိပဿနာဘာဝနာ အလုပ်ကို အများ အားထုတ်အောင် ကြိုးစားကြပါတယ်।...
ကတီဟံ စရေယျ သာမညံ, စိတ္တံ စေ န နိဝါရယေ။
ပဒေ ပဒေ ဝိသီဒေယျ၊ သင်္ကပ္ပါနံ ဝသာနုကော။
အဲဒီ ဂါထာကို အနက်ပါ ကျက်စေပြီး မကြာခင် ရက်အနည်းငယ်ကပဲ ထပ်ပြီး တိုက်တွန်းပါသေးတယ်။
ဓမ္မဂုတ်။ ။ နည်းကတော့ ဘယ်သူ့နည်းတုန်း။
တပည့်တော်။ ။ အရှင်ဘုရား မေးပုံက တရားဝေးလိုက်တာဘုရား, သာသနာတော် နေပြီး ဘယ်သူ့နည်းကို ယူရဦးမှာတုန်း, ဘုရားနည်းပေါ့၊ ယခု လောလောဆယ် မှာပင် ဝိပဿနာတရားစာကို ပို့ချခိုက်ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ဘယ် ပါဠိတော်မှာပါတဲ့ ဝိပဿနာလဲ။
တပည့်တော်။ ။ သုတ်သီလက္ခန်ပါဠိတော်, သာမညဖလသုတ်မှာပါတဲ့ ဝိပဿနာ တရားတော်ဖြစ်ပါတယ်၊ ဌာနက ရာဇဂြိုဟ်မြို့, သမားတော် ဇီဝကရဲ့ သရက်ဥယျာဉ် ကျောင်းတိုက်မှာပါ, အချိန်က ညဉ့်ဦးယာမ် အချိန်ပါ၊ တရားနာ ပရိသတ်က ရဟန်းတော်ငါးရာနဲ့ အဇာတသတ်မင်း အမှူးရှိသော မင်းပရိသတ်များစွာ ဖြစ်ပါတယ်၊ အဇာတသတ်မင်းက လျှောက်လို့ ဟောတော်မူရတာပါ။
ဓမ္မဂုတ်။ ။ သြော် သြော်... အဇာတသတ်မင်း နားလည်လောက်အောင် လွယ်ကူတဲ့ ဝိပဿနာတရား ဖြစ်မှာပေါ့နော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, သို့သော် အစီအစဉ်အတိုင်း အားမထုတ်ရင်တော့ ဘယ်နည်းနဲ့မှ တရား မပေါက်နိုင်ပါဘူး။
ဓမ္မဂုတ်။ ။ အစီအစဉ်က ဘယ်လိုတဲ့တုန်း။
တပည့်တော်။ ။ ရဟန်းကောင်းတစ်ပါးဖြစ်၍ ဒီဘဝမှာ လက်တွေ့ ရနိုင်တဲ့ အကျိုးထူးကို အဇာတသတ်မင်းက မေးလျှောက်ပါတယ်၊ ဒီတော့ ဗုဒ္ဓမြတ်စွာက...
- ၁။ သီလစင်ကြယ်ရပုံ,
- ၂။ စက္ခုစသောဣန္ဒြေ ၆ ပါးနဲ့ စပ်ပြီး မြင်တိုင်း ကြားတိုင်း အနံ့ရတိုင်း အစာစားတိုင်း အတွေ့အထိရှိတိုင်း စိတ်ဖြင့် ကြံစည်တိုင်း - လောဘလဲ မဖြစ်, ဒေါသလဲ မဖြစ်အောင် စောင့်စည်းရတဲ့ ဣန္ဒြိယသံဝရအကျင့်ကို ဟောတော်မူပါတယ်။
- ၃။ စားရင် ငါစားတယ်လို့ မယူဆဘဲ, ရုပ်တရားအပေါင်း ဖြစ်တဲ့ လက်ကို စိတ်က အလိုရှိရာသို့ ပို့ဆောင်၍ ပါးစပ်အတွင်း ရောက်အောင် ယူစေရာဝယ် စိတ်ပေါင်း များစွာဖြစ်၍ စိတ်အလိုအတိုင်း ရုပ်ကလာပ်ကလေးတွေ ဆက်ကာ ဆက်ကာ ဥပါဒ်နေခြင်းကို ဉာဏ်ဖြင့် ဆင်ခြင်ရပုံ, ထို့အတူ သောက်တဲ့အခါ မုန့်ကို စားတဲ့အခါ စသည်တို့၌လည်းကောင်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း စသည်၌ လည်းကောင်း အမြဲ သတိနဲ့ ဉာဏ်လိုက်ပါပုံကို ဟောတော်မူပါတယ်။
ဓမ္မဂုတ်။ ။ ဒီအထိဆိုရင် သီလကလဲ စင်ကြယ်, ဣန္ဒြေ ၆ ပါးကိုလဲ ထိန်းထား ကိစ္စဟူသမျှ၌ သတိနဲ့ ဉာဏ်က အစဉ်ပါနေရတော့, ငါ-ငါဆိုတဲ့ အတ္တစွဲ, မာနစွဲ, တဏှာစွဲဟာ ပျောက်သလောက် ဖြစ်နေပြီပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်, အခိုက်အတန့်လောက်တော့ ပျောက်နေပါပြီ၊ အဲဒီ နောက်ကို ...
- ၄။ စား ဝတ် နေ ကိစ္စတို့၌ မိမိနဲ့ သင့်လျော်ရုံ မျှတရုံသာ သုံးစွဲခြင်းဆိုတဲ့ တင်းတိမ်ရောင့်ရဲမှု သန္တောသကို ဟောတော်မူပါတယ်၊ “ကျန်းမာရေးနဲ့ ညီညွတ်ရုံ စားရ-ဝတ်ရ-နေရမယ်”လို့ မိန့်တော်မူလိုရင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ သြော်... ဒီလိုဆိုရင် အကောင်းကြိုက်နေတာကိုက ဘာဝနာကမ္မဋ္ဌာန်းရဲ့ လမ်းစဉ် မဟုတ်တော့ဘူးပေါ့နော်။
တပည့်တော်။ ။ အကောင်းကြိုက်မှုဟာ ဘယ်မှာ ဘာဝနာနဲ့ လမ်းစဉ် ဟုတ်တော့မှာလဲ၊ လျှာက အရသာကောင်းကို ခံစားချင်လို့ ဣန္ဒြိယသံဝရဆိုတဲ့ အကျင့်ပါပျက်နေပြီပဲ, အဲဒီ သန္တောသကို ဟောတော်မူပြီးနောက် -
- ၅။ နီဝရဏငါးပါး ပယ်ပုံကို ဟောတော်မူပါတယ်၊ နီဝရဏငါးပါးဆိုတာ ...
- (က) “ကာမ”ဆိုတဲ့ အာရုံငါးပါးကို ခံစားလိုသော ကာမစ္ဆန္ဒနီဝရဏ။
- (ခ) စိတ်ဆိုးခြင်း, စိတ်တိုခြင်း, စိတ်ညစ်ခြင်းဆိုတဲ့ ဗျာပါဒနီဝရဏ။
- (ဂ) စိတ်-စေတသိက်တို့၏ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေခြင်းဆိုတဲ့ ထိနမိဒ္ဓ နီဝရဏ။
- (ဃ) စိတ်ပျံ့လွင့်ခြင်း, အကုသိုလ် ပြုမိခဲ့-ကုသိုလ်ကို မပြုမိခဲ့၍ နောင်တရနေခြင်း ဆိုတဲ့ ဥဒ္ဓစ္စကုက္ကစ္စနီဝရဏ။
- (င) မိမိ အားထုတ်နေတဲ့ တရားကိုလည်းကောင်း, ဘုရားကိုလည်းကောင်း မယုံသင်္ကာ ဖြစ်နေတဲ့ ဝိစိကိစ္ဆာနီဝရဏ,
- အဲဒီ ငါးပါးကို မဖြစ်အောင် ပယ်ရပါတယ်၊ ဒီနောက် ...
- ၆။ ဈာန်ရအောင် အားထုတ်၍ သမာဓိအလုပ်မှာ ထိပ်တန်း ရောက်စေရပါတယ်။
ဓမ္မဂုတ်။ ။ ဈာန်မရရင် ဝိပဿနာ အားမထုတ်နိုင်ဘူးလား ကိုယ်တော်။
တပည့်တော်။ ။ ဈာန်မရသော်လဲ ဗုဒ္ဓါနုဿတိ မေတ္တာ အသုဘ မရဏဿတိနဲ့ အာနာပါန စသော ဘာဝနာ တစ်ပါးပါးကို စိတ်တည်ငြိမ်နေအောင် ကြိုးစားထားရင် ဝိပဿနာတက်ပြီး အားထုတ်နိုင်တယ်လို့ ကျမ်းစာတို့က ဆိုပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် သမာဓိကောင်းကောင်း ရပြီးမှ ဝိပဿနာတက်ရင် ရုပ်နာမ်အပေါ်မှာ ဉာဏ်အမြင် ရှင်းလွယ်ပါတယ်။ အဇာတသတ်မင်းကို ဘုရားရှင်က ထိပ်တန်း ရောက်သော ဈာန်သမာဓိကို ဟောတော်မူပြီးမှ ..
- ၇။ ဝိပဿနာတက်ပုံကို ဟောတော်မူပါတယ်။
ဓမ္မဂုတ်။ ။ အဇာတသတ်မင်း နားလည်အောင် ဟောပြတော်မူတဲ့ ဝိပဿနာကို ပြောစမ်းပါဦး။
တပည့်တော်။ ။ ဝိပဿနာကို ဗုဒ္ဓမြတ်စွာ ဟောတော်မူတုန်းက ကျဉ်းလဲကျဉ်း ရှင်းလဲရှင်းပါတယ်၊ ဒါပေမယ့် ယခုလူတွေတော့ သဘောပေါက်ဖို့ မလွယ်ပါဘူး၊ တပည့်တော်ကိုယ်တိုင် အဲဒီပါဠိတော်ကို ပို့ချစဉ်က ဗုဒ္ဓမြတ်စွာ၏ ဟောတော်မူစဉ်ကို မူထားပြီး အကျယ်ချဲ့ ဟောရပါတယ်၊ ထိုအတိုင်း ချဲ့မယ်ဆိုရင် စာတစ်အုပ် သီးခြားထုတ်မှ ပြည့်စုံစရာရှိပါတယ်၊ ဒါ့ကြောင့် ဝိပဿနာအတွက် အကျဉ်းရော အကျယ်ရော မလျှောက်ပါရစေနဲ့တော့။
ဓမ္မဂုတ်။ ။ စာသင်သားများ အတွက်တော့ အောက်တန်းရော အထက်တန်းရော စုံအောင် ရေးပြီးတဲ့အပြင် ယခုလဲ ကျန်သေးသော သင်ရိုးပိဋကရဲ့ ဘာသာဋီကာ စုံအောင်ရေးဖို့ စိတ်ကူးနေပြန်တယ်၊ ကိုယ်တော်ရဲ့ အထက်တန်းကျမ်းစာတွေဟာ ကြည့်ရှုသူလဲ နည်းပါဘိသနဲ့၊ တာဝန်ခံ ရိုက်တဲ့သူတွေကလဲ ရောင်းလို့ မတွင်ပါဘူး၊ ငွေအိပ်တဲ့ စာအုပ်တွေလို့ ပြောနေတဲ့ကြားက ထပ်ရေး, ထပ်ရိုက်စေတယ်ဆိုတော့ ကိုယ်တော်က ဘာအကျိုးကို ရည်ရွယ်နေတာလဲ၊ ဝိပဿနာ စာအုပ်သာ ကိုယ်တော် ရေးထုတ်မယ်ဆိုရင် အလွန်တွင်မှာပေါ့ကိုယ်တော်။
တပည့်တော်။ ။ ဒီဟာတွေကို တပည့်တော် သိပါတယ်၊ ရိပ်သာတွေ ခေတ်စား လာစကပင် တပည့်တော်ကို ဝိပဿနာဆိုင်ရာ ကျမ်းစာရေးဖို့ ရင်းနှီးတဲ့ ဒကာများက တိုက်တွန်းကြပါတယ်၊ တစ်နေ့နေ့တော့ ရေးမှာပါပဲ။ ဒါပေမယ့် ယခုလို ခေတ်စားတုန်း ရေးလိုက်ရင် ပေါ်ပင်လိုက်ပြီး ရေးတယ်လို့ ထင်ရုံတွင်မက, စီးပွားရေးသမားလို့ စွပ်စွဲတဲ့ ပုဂ္ဂိုလ်များက သူတို့ ဒကာ ဒကာမတွေကို ထောက်ပြ ဖို့ရာ ခိုင်မာသော သာဓက ဖြစ်လာပါလိမ့်မယ်၊
အထက်တန်း ဘာသာဋီကာတွေကတော့ ကြည့်ရှုတဲ့ အနည်းစု ပုဂ္ဂိုလ်အတွက် အကျိုးပြုပါလိမ့်မယ်၊ ထို့ပြင် တပည့်တော်တို့ ဆရာအစဉ်အဆက်မှာ ဗုဒ္ဓမြတ်စွာ မိန့်မြွက်တော်မူတဲ့ ဩဝါဒတော် တစ်ချက်က သံမှိုနှက်သလို စွဲနေကြပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ဩဝါဒတော်တုန်းကိုယ်တော်။
တပည့်တော်။ ။ “အရှင်ဂေါတမဟာ သတ္တဝါ အားလုံးအပေါ်မှာ မေတ္တာရှိတယ် ဆိုသော်လဲ သူ့ရဲ့သာဝက ရဟန်းများနဲ့ ဥပါသကာ-ဥပါသိကာမ တို့ အပေါ်၌သာ တရားများများ ဟောတယ်”လို့ တိတ္ထိတို့က စွပ်စွဲကြပါတယ်၊ ဒီတော့ ဗုဒ္ဓမြတ်စွာက ရေအိုးကြီး ဥပမာကို... ပြပြီး ချေပတော်မူပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ဥပမာ ပြတော်မူတုန်း။
တပည့်တော်။ ။ မိုး အကြီးအကျယ် ရွာလာတဲ့အခါ ရေတံလျှောက်မှကျတဲ့ ရေကို ခံဖို့ရာ စဉ့်အိုး အကောင်းကြီးက တစ်လုံးမှ နှုတ်ခမ်းပဲ့က တစ်လုံး, အကွဲက တစ်လုံး ဤသုံးမျိုးရှိရာဝယ် “ပထမ ဘယ်အိုးနဲ့ ခံမည်လဲ”တဲ့၊
ဒီတော့ စဉ့်အိုး အကောင်းကြီးနဲ့ ခံမှာပဲလို့ ဖြေတဲ့အခါ, မိုးက မတိတ်သေးဘူး, စဉ့်အိုးကြီးလဲ ပြည့်နေပြီ၊ နောက်ထပ် ဘယ်အိုးနဲ့ ခံမည်လဲ။ ဒီတော့ နှုတ်ခမ်းပဲ့အိုးနဲ့ ခံမှာပဲလို့ ဖြေတဲ့အခါ, အဲဒီ နှုတ်ခမ်းပဲ့အိုးလဲ ပြည့်ပြန်ပြီ၊ မိုးက မတိတ်သေးဘူး, ဘယ်အိုးနဲ့ ခံမည်လဲ၊ ဒီတော့ နွား ခွေး-ငှက်တို့ သောက်ဖို့ရာ စဉ့်အိုးအကွဲနဲ့ ခံမှာပဲလို့ ဖြေပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ဘုရားရှင်က ဆက်ပြီး ဘယ်လို ရှင်းပြတော်မူပါသလဲ။
တပည့်တော်။ ။ ဒီလို ဖြေတဲ့အခါ ဘုရားရှင်က ငါဘုရားရဲ့ ရဟန်းသာဝက များသည် စဉ့်အိုးအကောင်းကြီးနဲ့ တူကြတယ်၊ ထည့်သမျှ တရားရေတွေကို အပြည့် ခံယူနိုင်ကြတယ်၊ ဒါကြောင့် “တရားမိုးရေကို ရဟန်းသာဝကတွေ အထဲမှာ အများဆုံး ထည့်ပေးရတယ်”လို့ မိန့်တော်မူပါတယ်၊
ထို့နောက် ရတနာသုံးပါးကို ကိုးကွယ်ကြတဲ့ ဥပါသကာ - ဥပါသိကာမများသည် နှုတ်ခမ်းပဲ့ စဉ့်အိုးနဲ့ တူကြတယ်၊ ရဟန်းသာဝကများလောက် တရားရေကို မယူနိုင်သော်လဲ တော်တော်များများ ယူနိုင်သေးတယ်၊ ဒါ့ကြောင့် ဥပါသကာ-ဥပါသိကာမများကို သာဝကများလောက် တရားရေကို မယူနိုင်သည့်အတွက် သာဝကများလောက် တရားရေကို ထည့်မပေးနိုင်ဘူး၊
တိတ္ထိတို့ကတော့ စဉ့်အိုးအကွဲနဲ့ တူကြတယ်၊ ဟောသမျှ တရားတွေဟာ ဘေးလျှံပြီး ကျကုန်မှာဖြစ်လို့ “နောက်နောင်အခါ အထုံဝါသနာကလေးမျှ ရပါစေတော့”လို့ သဘောထားပြီး အနည်းငယ်မျှသာ တရားရေကို ထည့်ပေးရတယ်လို့ ရှင်းပြတော် မူပါတယ်။
ဓမ္မဂုတ်။ ။ ကောင်းလိုက်တဲ့ သြဝါဒပေပဲနော်, ဒါ့ကြောင့် ကိုယ်တော်တို့ရဲ့ ဆရာ့ ဆရာတော် အဆက်ဆက်လဲ စဉ့်အိုးအကောင်းနဲ့တူတဲ့ တပည့်သံဃာတော်များကို ထိန်းသိမ်း၍ စာပေပို့ချမှုကို ဂရုစိုက်တော်မူကြတာပဲနော်၊ ကိုယ်တော်ကလဲ အဲဒီ သြဝါဒတော်နဲ့အညီ ရဟန်းတော်များအတွက် ကျမ်းစာတွေကို များများရေးပြီး လူဝတ်ကြောင်များအတွက်တော့ နည်းနည်း ရေးရတာကိုး။
တပည့်တော်။ ။ အရှင်ဘုရားပဲ စဉ်းစားကြည့်ပါလား, သာသနာတော် တည်တံ့အောင် ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးချိန်က စပြီး အရှင်မဟာကဿပ အစရှိတဲ့ ရဟန်းတော်များ ဆောင်တော်မူခဲ့ကြတယ် မဟုတ်လား၊ ဝေသာလီပြည်က ရဟန်းတွေ ငွေအလှူခံမှုကြောင့် ဒုတိယသံဂါယနာ တင်ပြီးတဲ့ အချိန်တုန်းက ရဟန္တာအရှင်မြတ်တွေ နောင်ရေးအတွက် အတော်ကြိုးစားခဲ့ကြရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ကြိုးစားခဲ့ရတုန်း ကိုယ်တော်။
တပည့်တော်။ ။ သာသနာတော်၌ တတိယအကြိမ် ဘေးရန်ပေါ်လာရင် ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်ကို လူ့ပြည် နတ်ပြည်မှာရှာသော်လဲ မတွေ့ရပါဘူးတဲ့၊ ထို့နောက် ဗြဟ္မာပြည်ကို ကြည့်တဲ့အခါ အသက်တမ်း ကုန်လုနီးနေတဲ့ အထက် ဗြဟ္မာပြည်တက်ဖို့ရန် အထက်ဈာန် ရပြီးဖြစ်နေတဲ့ တိဿဗြဟ္မာကြီးကို မြင်ကြလို့ ရဟန္တာရှစ်ပါး ဗြဟ္မာကြီးထံကြွပြီး တတိယအကြိမ် သာသနဘေးရန်ကို အသင် ဗြဟ္မာကြီးသာ ကာကွယ်နိုင်စရာ ရှိပါတယ်၊ လူ့ပြည်-နတ်ပြည်မှာ မရှိပါဘူး၊
ဒါကြောင့် “လူ့ပြည်၌ ပဋိသန္ဓေနေဖို့ စိတ်ညွတ်ပါ”လို့ တိုက်တွန်းတဲ့အခါ တိဿ ဗြဟ္မာကြီးကလဲ “ငါဟာ သာသနာပြုရမယ့် သူပါတကား”လို့ အလွန် ဝမ်းမြောက်စွာဖြင့် အထက်ဗြဟ္မာပြည် မတက်တော့ဘဲ လူ့ပြည်သို့ဆင်းသက်ပြီး ပဋိသန္ဓေနေရန် ပဋိညာဉ် ပေးလိုက်ပါသတဲ့၊ ရှေးရှေး ရဟန္တာကြီးများက အဲဒီလောက်ပဲ သာသနာတော်ရဲ့ အရေးကို မိမိတို့အရေးလို ယူဆတော်မူကြပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... သာသနာတော် တည်တံ့ဖို့ အရေးကို ရှေးရဟန္တာအရှင်များလဲ အတော်ကြီး ကြိုးစားရပေသကိုး၊ ဗြဟ္မာမင်းကြီးကလဲ သာသနာပြုဖို့ အရေးကို အထက် ဗြဟ္မစည်းစိမ်နဲ့ လဲခဲ့ရသကိုး။
တပည့်တော်။ ။ မှန်ပါတယ်, အရှင်မဟိန္ဒမထေရ်လဲ ဓမ္မာသောကမင်းကြီးရဲ့ သားတော်ဖြစ်လို့ အိမ်ရှေ့မင်းဖြစ်ဖို့ သေချာနေပါပြီ၊ အဲဒီအိမ်ရှေ့မင်း စည်းစိမ်ကို စွန့်ပြီး သီဟိုဠ်သာသနာကို ပြုတော်မူခဲ့ပါတယ်၊ ယခုလက်လှမ်းမှီလောက်တဲ့ သာသနာဝင်ကို ကြည့်ပါဦး, ရဟန်းသံဃာတော်များကို စာပေပို့ချ၍ မွေ့လျော်တော်မူသွားတဲ့ ဆရာတော်များရဲ့ သာသနာဆက်နေပုံနဲ့ လူဝတ်ကြောင်များကို ဦးစားပေးပြီး တရားဟောသွားတဲ့ ဆရာတော်များရဲ့ သာသနာ အဆက်ပြတ်သလောက် ဖြစ်နေပုံကို နေရာတိုင်းမှာ နှိုင်းယှဉ်ကြည့်စမ်းပါဘုရား၊
ဒါ့ကြောင့် တပည့်တော်လဲ ရှေးကဆရာသမားများရဲ့ လမ်းစဉ်အတိုင်း သံဃာ့ပရိသတ်ကို စာချစာရေးပြီး စဉ့်အိုးကောင်းမှာ များများရေတွေ ထည့်နေရပါတယ်၊ ဒကာဒကာမများအတွက်တော့ ထိုက်တန်သော အသိဉာဏ်ကို ထိုက်တန်သလောက် ရေးလဲရေး ဟောလဲဟော ရောက်လာသော သူများအား သြဝါဒလဲ ပေးနေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဝိပဿနာတရားစာကိုတော့ ဘယ်တော့လောက် ရေးမယ်ကြံသလဲ။
တပည့်တော်။ ။ အခါအခွင့်ကြည့်ပြီး ရေးမှာပါပဲဘုရား၊ ကျောင်းတိုက်မှာတော့ ဥယျာဉ်ဘက်က စာချဘုန်းကြီးများနဲ့တကွ စာမေးပွဲကိစ္စ အထိုက်အလျောက် ပြီးနေသော ပုဂ္ဂိုလ်များအား ဘာဝနာအလုပ်ကို ရှေးကထက် အချိန်ပိုပြီး လုပ်ကြဖို့ တိုက်တွန်းနေပါတယ်၊ ပို့ချတဲ့ သုတ္တန် ပါဠိတော်များမှာလဲ ဘာဝနာအကြောင်းတွေက မကြာမကြာ ပါနေတာ ဖြစ်တော့ ပါဠိတော်ချယင်း ဘာဝနာတွေကို အလွန့်အလွန် ပြောနေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ပါဠိတော်ချည်း ပို့ချသလား, အဋ္ဌကထာ ဋီကာများကိုကော မပို့ချဘူးလား။
တပည့်တော်။ ။ ဝိနည်းပိဋကအတွက် ပါဠိတော်ရော အဋ္ဌကထာပါ နှစ်မျိုးလုံး ပို့ချပါတယ်၊ စာချဘုန်းကြီးများကိုလဲ ပို့ချစေပါတယ်၊ အဘိဓမ္မာ ပိဋကတ်အတွက် ပါဠိတော် အဋ္ဌကထာ မူလဋီကာ သုံးမျိုးလုံး ပို့ချပါတယ်၊ သုတ္တန်ပိဋကတ်အတွက်တော့ သီလက္ခန်ကိုသာ ပါဠိတော် အဋ္ဌကထာ အစုံပို့ချပြီး နောက်နောက် ပါဠိတော်များအတွက် ပါဠိတော်ကိုသာ မူထားပြီး ပို့ချဖို့ အဋ္ဌကထာကိုတော့ တွဲဖက် အဖြစ်ဖြင့် သင့်တော်ရုံသာ ဖတ်ဖို့ အစီအစဉ်လုပ်နေပါတယ်၊
[ယခုမှစ၍ စီစဉ်ရတာပါ။]
ဓမ္မဂုတ်။ ။ အင်း ... ဒီအတိုင်းသာ အထမြောက်သွားရင် သုတ္တန်ပါဠိတော်တွေကို မြန်မြန်ပေါက်ဖို့နဲ့ သုတ္တန်ပိဋကမှ အသိဉာဏ်တွေ မြန်မြန်ရဖို့အကြောင်း အလွန်ကောင်းတဲ့ အစီအစဉ်ပါပဲ။
တပည့်တော်။ ။ အရှင်ဘုရားပဲ လေ့လာကြည့်ပါလား, ဘုရားလက်ထက်တော်က တရားထူးရကြ, အရိယာဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဝိနည်း အဘိဓမ္မာကြောင့် မဟုတ်ပါဘူး၊ သုတ္တန်တရားတော်များကြောင့်ပါ၊
တာဝတိံသာမှာ အဘိဓမ္မာတရား ဟောတော်မူစဉ်ကလဲ တရားထူးရကြဖို့ အတွက် သုတ္တန်တရားကို ကြားညှပ်ပြီး ဟောတော်မူခဲ့ရပါသေးတယ်။ ယခုခေတ် ဘုန်းကြီးတချို့က ဒါနသုတ္တန်တချို့ကိုသာ အဟောများနေကြလို့ သုတ္တန်တရားကို လူတွေကပါ အထင်သေးနေကြတာ ဖြစ်ပါတယ်၊ အမှန်ကတော့ သုတ္တန်ပါဠိတော်များကသာ တရားရစေနိုင်တာပါ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ကိုယ်တော်ရဲ့ ကျောင်းတိုက်သံဃာများမှာ သက်တော်ထင်ရှား ဘုရားရှင်ကိုလဲ နေ့စဉ်ဖူးတွေ့နေရ ဘုရားရှင်ရဲ့ ပါဠိတော်သုတ္တန်များကိုလဲ အဓိပ္ပာယ်နှင့်တကွ နေ့စဉ်ကြားနာနေရတော့ ဗုဒ္ဓါနုဿတိ ဘာဝနာလဲ ဖြစ်နေကြလို့ သာသနာတော်ရဲ့ ယဉ်ကျေးမှုတွေကိုတော့ အမြဲ ရနေမှာပေါ့နော်, သီလသာ စင်ကြယ်လို့ရှိရင် လာမယ့်ဘဝ၌ ဒုဂ္ဂတိ အပါယ်ဘေးကတော့ စိတ်ချလက်ချ လွတ်တော့မှာပါပဲ။
တပည့်တော်။ ။ သီလစင်ကြယ် မစင်ကြယ်မှာ သူတို့ရဲ့ သဒ္ဓါတရားအပေါ် တည်ပါတယ်၊ ကျောင်းတိုက် အတွက်ကတော့ နိသဂ္ဂိပစ္စည်းအားလုံး သန့်ရှင်းအောင် အမြဲ စီစဉ်ထားပါတယ်၊ နိသဂ္ဂိ မကင်းမှာစိုးလို့ ဦးပဉ္စင်း ကိုရင်များ ယူလာကြတဲ့ ဆန်, ဆီ, ပဲ, ကြက်သွန်, ထန်းလျက် စတဲ့ ပစ္စည်းများကိုပါ စိစစ်လေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ ကြိုးစားပါကိုယ်တော်, ကြိုးစားပါ၊ ကိုယ်တော့်မှာ ဒီအသက်အရွယ် ထိအောင် သာသာယာယာနဲ့ လာခဲ့ရတဲ့လမ်းက အင်မတန် နည်းပါတယ်၊ ခလုပ်တံသင်း (ကဇင်း) ကုန်းကျင်းတွေ ပေါတဲ့အပြင်, နှိမ်လိုတဲ့ ဘေးရန်တွေ အကြားမှာ ကသိကအောက် လာခဲ့ရတာက များလေတော့ ဒုက္ခရောက်ရကျိုး နပ်အောင် အလွန်ကြိုးစားမှ တော်ပါ့မယ်။
တပည့်တော်။ ။ “လောကဓံ တွေ့ရိုးမို့ အမျိုးမျိုး တွေ့ရမယ်၊ စိတ်အနေ မတုန်လှုပ်အောင်, ထိန်းချုပ်ပါ့ကွယ်”လို့ အခြေပြု မင်္ဂလသုတ်မှာ ရေးထားတဲ့ အတိုင်း လောကဓံ အကောင်း-အဆိုးကို ခံခဲ့ရတာကိုပဲ တပည့်တော်က ကိုယ့်ပါရမီကို အကဲခတ်လို့ရပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်တယ် ဟုတ်တယ်၊ “ကောင်းဆိုးနှစ်တန်, လောကဓံ, ခံနိုင်သူမှ လူတော်ကွ”လို့ လက်သီးလက်ရုံးတန်းပြီး ပြလိုက်စမ်းပါ၊ ဒါထက်ကိုယ်တော်ရဲ့ သာသနာရေးကို အထောက်အကူပြုတဲ့ ဒကာ ဒကာမတွေတော့ အတော်အားကောင်းနေပြီ ထင်တယ်၊ ကျောင်းတိုက်ကလဲ နဂိုကထက် အလွန်ကျယ်ပြန့်နေပြီ၊
သံဃာ သုံးရာကျော်တောင် ဝါတွင်းမှာ ရှိပေမယ့် (၁၃၃၃-ခုနှစ် ဝါ၌ သံဃာတော် လေးရာကျော်အထိ၊ ၁၃၃၄ခုနှစ် ဝါ၌ သံဃာတော်ငါးရာကျော်အထိ ရှိနေပေမယ့်) အားလုံးသံဃာများ နံနက်ဆွမ်း မျှတရုံ စားနိုင်ကြတယ်၊
ဆွမ်းခံတဲ့အခါ ဆွမ်း-ဟင်း(မဖိတ်) ရဘဲ သဒ္ဓါတရားဖြင့် လောင်းတဲ့ ဆွမ်း-ဟင်းကိုသာ ခံယူစေတာဖြစ်တော့ တချို့ရဟန်းတော်များနဲ့ သာမဏေများ ဆွမ်းဟင်း မရကြပေမယ့် အားလုံးမျှတအောင် ကျောင်းက ဟင်းနှစ်ခွက် ချက်ပေးနိုင်တယ်၊
ညနေမှာ ထိုသံဃာတော်များ ဆာမှာစိုးလို့ ထန်းလျက်ရည် ကျိုပြီး တိုက်နိုင်သေးတယ်။ ဒီ ကုန်ကျစရိတ်တွေကို ကိုယ်တော် စာအုပ်တာဝန်ခံများက ထောက်ပံ့ရုံနဲ့တော့ တတ်နိုင်စရာ မရှိဘူး, အများ ဝိုင်းကြလို့သာ တတ်နိုင်တာဖြစ်မှာပဲ။
တပည့်တော်။ ။ စာအုပ်တာဝန်ခံများက သံဃာတစ်ရာလောက် အထိသာ တာဝန်ယူနိုင်ခဲ့ပါတယ်၊ နောက်တော့ သံဃာများလေ အများက ဝိုင်းဝန်းလေဖြစ်လို့ အများကုသိုလ်က များလာပါတယ်၊ စာအုပ်တာဝန်ခံများက ဟင်းသီးဟင်းရွက်ဝယ်ဖို့ ထင်းဝယ်ဖို့ ဟင်းချက်တဲ့ သူတွေပေးဖို့လောက်နဲ့ စာအုပ်အသစ် ရိုက်ဖို့ကိုသာ တာဝန်ယူနိုင်ပါတယ်၊ မတွင်ကျယ်တဲ့ နောက်နောက် ဘာသာဋီကာတွေကို အသစ်အသစ် ရိုက်နေရလို့လဲ သူတို့မှာ ငွေပို သိပ်မရှိဘူးလို့ သိရပါတယ်။
ဓမ္မဂုတ်။ ။ နောက်မှ ဝိုင်းဝန်းကြတဲ့ သာသနာပြု ဒကာ-ဒကာမတွေကို ကိုယ်တော်က ဘယ်လို ကျေးဇူးပြန်နိုင်သလဲ။
တပည့်တော်။ ။ သူတို့အတွက် နေ့စဉ် မေတ္တာပို့တာဟာ ကျေးဇူးပြန်တာပေါ့ ဘုရား၊ ကျောင်းလာတဲ့အခါလဲ မဂ်ဖိုလ် နိဗ္ဗာန်အထိ မျှော်မှန်းပြီး သီလကို နံပါတ်(၁), ဒါနကို နံပါတ်(၂), ဘာဝနာကို နံပါတ်(၃)ထားပြီး ကြိုးစားကြဖို့ သတိပေးတာလဲ ကျေးဇူးတုန့်ပြန်တာပါပဲ၊ ဒါနကအားကောင်း နေပေမယ့် သီလမပါရင် နောက်ဘဝအတွက် ဂတိကောင်းရဖို့ စိတ်မချရဘူး၊
ဒါန မများပေမယ့် ငါးပါးသီလလောက် မြဲပြီး ဘုရားအစစ်, တရားအစစ်, အရိယာသံဃာအစစ်ကို ကိုးကွယ်တဲ့ သရဏဂုံ တည်ရင် သုဂတိဘဝရဖို့ မလွဲနိုင်ပါဘူး, နိဗ္ဗာန်ရဖို့အတွက်ကတော့ ဝိပဿနာဘာဝနာ မပါလို့ မဖြစ်နိုင်ပါဘူး။
ဒါ့ကြောင့် “ဘာဝနာကိုလဲ ကြိုးစားကြပါ, မှန်မှန် ပွားများကြပါလို့ တိုက်တွန်းပါတယ် တစ်ခါတစ်ရံ အကျယ်လဲ ဟောပါတယ်၊ တပည့်တော်ရဲ့ ရင်းနှီးသူတွေဟာ အာဇီဝဋ္ဌမကသီလကိုတော့ အလွန်မြဲစေချင်ပါတယ်။ စီးပွားရှာတဲ့ နေရာမှာ မတရား ရှာဖို့ကို မဆိုထားနဲ့ ကိုယ့်လောက် မပြည့်စုံသူများနဲ့ ဆက်ဆံရာမှာ ညှာညှာတာတာ မေတ္တာ ကရုဏာနဲ့ ဆက်ဆံကြပါလို့ အမြဲသတိပေးပါတယ်။
တပည့်တော်ရဲ့ ဒကာ-ဒကာမများဟာ အတော် ရင်းနှီးလာတဲ့အခါ တပည့်တော်ကို ဆရာသမားလိုတွင် မကဘဲ, ဆွေမျိုးလိုလဲ ခင်ကြ ကြည်ညိုကြပါတယ်, ပါရမီဖြည့်သလိုပါပဲ၊ ဒကာ-ဒကာမတွေသာ မကပါဘူး, တိုက်တာမှာ စာပို့ချနေတဲ့ ပုဂ္ဂိုလ်တို့မှာလဲ အနေကြတဲ့ ပုဂ္ဂိုလ်များက နိဗ္ဗာန်ကို မှန်းပြီး ပါရမီဖြည့်နေကြသလိုပါပဲ, အလွန် တာဝန်ဆောင်ကြပါတယ်၊ သူတို့ဘာသာ ကျောင်းခွဲနေကြရင် ဆရာတော်ကလေးတွေ အခေါ်ခံရမယ့် ပုဂ္ဂိုလ်တွေပါ။
ဓမ္မဂုတ်။ ။ အင်း… ဒီလိုဆိုတော့ ကိုယ်တော့်မှာ ပင်ပန်းရကျိုးနပ်ပါတယ်။ “သာသနာပြုရာမှာ ရည်ရွယ်ချက် အထမြောက်တယ်”လို့ ယူဆနိုင်တာပေါ့နော်။
တပည့်တော်။ ။ ဘယ်မှာ ရည်ရွယ်ချက် အထမြောက်ဦးမှာလဲဘုရား။
တပည့်တော့် ရည်ရွယ်ချက်က...
“ကိုယ်တည်းတစ်ယောက်, ချမ်းသာရောက်ဖို့,
ခုလောက်ကြိုးကုတ်, အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ, သာသနာ၏, ရှေးခါဘိုးဘ, လက်ထက်ကလျှင်,
ရသည့်တန်ခိုး, ထပ်မညှိုးဖို့ အားကြိုးမာန်တက်,
ငါဆောင်ရွက်သည် ... ဆက်လက် တည်တံ့ရုံသာတည်း”လို့
ရေးသားဖူးတဲ့အတိုင်း မိဘ- ဘိုးဘွား- ဆရာသမားကြီးများ လက်ထက်က အခြေအနေ ပြန်ရောက်အောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အသက်ရှည်သမျှ ဆက်၍ ကြိုးစားရပါဦးမည်။
ဓမ္မဂုတ်။ ။ ဆက်၍ ကြိုးစားတာကတော့ ကောင်းပါတယ်ကိုယ်တော်, ယခုလဲ ကိုယ်တော့်ကျောင်းတိုက်ဟာ အတော်လဲကြီးကျယ်, အတော်လဲ သာယာနေပါပြီ၊ ဆဋ္ဌသံဂါယနာခေတ်ကတည်းက ကိုယ်တော့်ကျောင်းတိုက်ကို “သီဟိုဠ် ယိုးဒယား, ကမ္ဘောဒီယား၊ လာအို”ဆိုတဲ့ နိုင်ငံခြား ဗုဒ္ဓဘာသာတွေ အရောက်များနေပြီ မဟုတ်လား၊
အဲဒီတုန်းက ဆိုဗီယက် (ရုရှား) နိုင်ငံက ဗုဒ္ဓဘာသာ သာသနာပိုင် ဘုန်းတော်ကြီးမှာ ကိုယ်တော့်ကျောင်းတိုက်က သံဃာများ ကြည့်ပြီး (ဝမ်းသာလွန်းလို့) မျက်ရည်များ ကျရှာတယ်ဆို မဟုတ်လား, ယခုလဲ တိုင်းပြည်အုပ်ချုပ်တဲ့ လူကြီးတွေ ရောက်ကြတယ် မဟုတ်လား၊ ကိုယ်တော် ရည်မှန်းတဲ့ သာသနာရေးဟာ တစ်နေ့တော့ အကောင်အထည်ပေါ်ဖို့ မျှော်လင့်ချက် ရှိပါတယ်၊ ကြိုးစားပါ, ကြိုးစားပါ။
တပည့်တော်။ ။ တပည့်တော်က သာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာ မဟုတ်ပါဘူး, နိုင်ငံရေးစိတ်နဲ့လဲ ကြိုးစားတာပါ၊ ဒါပေမယ့် “နိုင်ငံရေး၌ ဘုန်းကြီးများ တိုက်ရိုက်မပါထိုက်”လို့လဲ ယူဆပါတယ်၊ လွတ်လပ်ရေး မရခင်တုန်းက အိန္ဒိယနဲ့ မြန်မာနိုင်ငံ တွဲနေဖို့-ခွဲနေဖို့ ဝါဒနှစ်မျိုး ကွဲခဲ့ပါတယ်၊
အမြော်အမြင်ကျယ်တဲ့ ခေါင်းဆောင်တစ်စုက ခွဲဖို့နဲ့ အခြားတစ်စုက တွဲဖို့ကို မူထားပြီး ရွေးကောက်ပွဲ လုပ်ကြတဲ့အခါ အတွဲသမားတွေက ကျေးရွာ ဘုန်းတော်ကြီးတွေကို ကပ်ထားကြလို့ ဘုန်းကြီးသြဇာ များတဲ့ ကျေးရွာသားတွေက အတွဲဘက် မဲပေးလိုက်ကြတဲ့အတွက် အခွဲသမားတွေ ခွက်ခွက်လန်အောင် ရှုံးခဲ့ကြပါတယ်၊ ဒါကြောင့် နိုင်ငံရေးမှာ ဘုန်းကြီးတွေ မပါမှ ကောင်းပါတယ်။
ဓမ္မဂုတ်။ ။ တချို့နေရာတော့ကော ကိုယ်တော်။
တပည့်တော်။ ။ သာသနာက ဒီလို ရွေးကောက်ပွဲတွေမှာ ပါကောင်းတဲ့ သာသနာမျိုး မဟုတ်ပါဘူး၊ ဘီလူးစည်း, လူ့စည်း ခွဲထားသလို ကိုယ့်စည်းနဲ့ကိုယ် ဣန္ဒြေရရ နေရမယ့် သာသနာပါ၊ အဲဒီ သာသနာမျိုး ဖြစ်ဖို့ရန် အခြေခံကစပြီး တဖြည်းဖြည်း ပြုပြင်ရဦးမှာပါ။
ဓမ္မဂုတ်။ ။ ပြုပြင်လိုက်တော့ ဘယ်လိုအကျို ရှိမည်လို့ မျှော်မှန်းသလဲ။
တပည့်တော်။ ။ အကျိုးအများကြီး ရှိနိုင်ပါတယ်၊ ထိုသို့ပြုပြင်ဖို့ရန် ကျောင်းတိုက်ကြီးလဲ ရှိရပါမယ်၊ ထိုသို့ပြုပြင်လိုက်တဲ့အခါမှာ ...
(က) သာသနာရေး - ဘာသာရေးနဲ့စပ်ပြီး အပို အကုန်အကျတွေ ရှိရမည် မဟုတ်ပါ။
(ခ) ကျောင်း-ဘုရား တည်ဆောက်မှုမှစ၍ စည်းကမ်းရှိလာပါလိမ့်မယ်။
(ဂ) ကျေးရွာတို့၌ ကျောင်းထိုင်ဘုန်းကြီးများလဲ ကလေးတွေရဲ့ ပညာရေးကို အခြေခံ ကောင်းကောင်းရအောင် တာဝန်ယူနိုင်ရပါ့မယ်။
(ဃ) ရပ်သူရွာသားတို့ရဲ့ စာရိတ္တကောင်းမွန်ရေးကိုလဲ တာဝန်ယူနိုင်ရပါ့မယ်။
(င) ကျောင်းဘုန်းကြီးများ ကိုယ်တိုင်လဲ ထိုသို့ တာဝန်ယူနိုင်လောက်အောင် အရည်အချင်းရှိပြီး ဖြစ်ရပါမယ်။
(စ) ထိုသို့ စိစစ်သည်နဲ့တစ်ပြိုင်နက် အရည်အချင်းမရှိဘဲ ကျောင်းထိုင်ဘုန်းကြီး ဘဝ၌ နေခွင့်ရမည် မဟုတ်ပါ။
(ဆ) ဒီလို ပြုပြင်ဖို့လွယ်ကူအောင် ရဟန်းပြုမည်ဆိုရင် “ပရိယတ်(စာ)သင်ဖို့လား, ပဋိပတ် (ကျင့်)ဖို့လား”လို့ ခွဲခြားရပါ့မယ်၊ ပရိယတ်သင်ဖို့ ဆိုရင် အသင်ကောင်းတဲ့ တိုက်မှာသာ နေထိုင်ရပါ့မယ်၊ တရားကျင့်ဖို့ ဆိုရင်လဲ ပဋိပတ်ကျောင်းတိုက်မှာသာ နေထိုင်ရပါ့မယ်။
(ဇ) ဘုန်းကြီးကျောင်း ဟူသမျှလဲ စာသင်ကျောင်း ကမ္မဋ္ဌာန်းကျောင်း နှစ်မျိုးသာ ရှိရပါ့မယ်။
(ဈ) ထိုအခါ အပိုအလုပ်လုပ်သော ရဟန်းတော်များ မရှိသလို, အပိုကျောင်းတွေလဲ ရှိတော့မည် မဟုတ်ပါ၊ အပိုဖြစ်နေသော ကျောင်းတွေကို ဝိနည်းတော်နဲ့လျော်အောင် ပြုပြင်၍ စုပေါင်းပေးရပါ့မယ်။
(ည) စာသင်ကျောင်းတိုက်များလဲ ပိဋကသင်ရာမှာ “မူလတန်း အလယ်တန်း အထက်တန်း”လို့ အမျိုးမျိုးခွဲပြီးရင်,စာသင်နည်းကိုလဲ အတန်းလိုက် သင်ရပါ့မယ်။
(ဋ) စာသင်ကျောင်း-ကျောင်းတိုက်တိုင်းမှာ လက်တွေ့ဘာဝနာ အလုပ်လဲ ရှိရပါ့မယ်၊ ထိုပုဂ္ဂိုလ်သည်ပင် ဘာဝနာအလုပ်ဖြင့် နေလိုသောအခါ ဘာဝနာကျောင်း ဖြစ်စေ, သီခြား ကမ္မဋ္ဌာန်းကျောင်းမှာဖြစ်စေ, ရွှေ့၍ နေနိုင်ပါလိမ့်မယ်။
(ဌ) အဲဒီအခါမှာ ရဟန်းတော်များရဲ့ စာရိတ္တကိုလဲ ဝိနည်းတော်နဲ့အညီ ပြုပြင်ပြီး ဖြစ်ပါလိမ့်မယ်။
(ဍ) ထိုရဟန်းတော်များသည်ပင် ကလေးသူငယ်တို့အား စာပေသင်ပြပေးခြင်း, ရပ်ရွာလူကြီးတို့အား စာရိတ္တကောင်းအောင် ဟောပြောပေးခြင်း, အားဖြင့် တာဝန်ဆောင်နိုင်ကြပါလိမ့်မယ်။
(ဎ) ဤသို့ တာဝန်ဆောင်နိုင်သောအခါ သာသနာတော်နဲ့ နိုင်ငံတော်သည် ကိုင်းကျွန်းမှီ, ကျွန်းကိုင်းမှီ ဖြစ်၍ သာသနာတော်အတွက် တစ်ဖက် တစ်လမ်းက နိုင်ငံတိုးတက်မလာပေဘူးလားဘုရား။
(ဏ) ဒါ့ကြောင့် တပည့်တော်ရဲ့ သာသနာပြုပြင်ရေးကို ကြိုးစားရာ၌ နိုင်ငံရေးလဲ ရည်ရွယ်ချက်ရှိကြောင်းကို လျှောက်ခဲ့တာပါ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့လဲ နိုင်ငံရေးနဲ့ သာသနာရေးဟာ တချို့ကိစ္စမှာတော့ တွဲနိုင်တာပေါ့နော်။
တပည့်တော်။ ။ ဘုရားရှင် ပွင့်တော်မူလာတာကိုက သတ္တဝါတို့မှာ လောကီ လောကုတ္တရာ နှစ်ဖြာတိုးပွား၍ လူရော-ရှင်ပါ အကျိုးများဖို့ ပွင့်တော်မူလာတာ ဖြစ်ပါတယ်၊ ဤနည်းအတိုင်းလဲ အနော်ရထာ-အရှင်အရဟံတို့ လက်ထဲမှစ၍ ဆရာ-ဒကာ ညီညာပေါင်းစုလျက် နိုင်ငံနဲ့ သာသနာကို ပြုခဲ့ကြတယ် မဟုတ်ပါလားဘုရား၊ ဒါ့ကြောင့် တပည့်တော်တော့ သာသနာ့အရေးကို မပြုပြင်ရသေးသမျှ တပည့်တော်ရဲ့ ရည်ရွယ်ချက်ဟာ အထမြောက်ပြီလို့ မဆိုနိုင်ပါဘူးဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို အမြင်ကျယ်ကျယ်နဲ့ ပြုပြင်မယ်ဆိုရင်တော့ ခေတ်လူများလဲ လက်ခံကြရမှာပေါ့နော်။
တပည့်တော်။ ။ ဒီလို ပြုပြင်ထားတဲ့ သာသနာဆိုရင် ဗုဒ္ဓဘာသာဝင်သာ မကပါဘူး, ဗုဒ္ဓဘာသာ မဟုတ်သူများလဲ လေးစားကြမှာ အမှန်ပါပဲဘုရား။ တပည့်တော်က လက်တွေ့ဖြစ်လို့ လျှောက်ဝံ့တာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော့် လက်တွေ့များကို ပြောစမ်းပါဦး။
တပည့်တော်။ ။ နိုင်ငံခြားက ဘာသာ ရှိ-မရှိကြသော အမျိုးသား-အမျိုးသမီး လူကြီးသူမတွေ တပည့်တော်ရဲ့ ကျောင်းတိုက်ကို အကြောင်းအားလျော်စွာ ရောက်လာကြပါတယ်၊ သူတို့ အားလုံးပဲ အဲဒီ အစီအစဉ်ကျအောင် ဆောက်လုပ်ထားတဲ့ ကျောင်းများနဲ့ ကျောင်းတိုက်ရဲ့ ဆိတ်ငြိမ် သာယာပုံကို မြင်ရုံမျှဖြင့် စိတ်အေးချမ်းမှုကို ရကြပါတယ်၊ တပည့်တော်နဲ့ ဘာသာရေး သံသရာရေး ဆွေးနွေးကြတဲ့အခါ (အပြည့်အစုံ မဟုတ်သော်လဲ) အတော်ကျေနပ်ပုံ ရကြပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်လောက်ပါတယ်, စေတီတော်မှစ၍ အားလုံး တင့်တယ်အောင် ပြုပြင်ထားပေတာကိုး။
တပည့်တော်။ ။ စေတီတော်ကိုက ကျောင်းတိုက်ရဲ့ ကျက်သရေဆောင်လို ဖြစ်နေတာပါပဲ၊ စေတီတော် တစ်ဝက်လောက်အထိ ရွှေချပြီး ပူဇော်ထားတယ်၊ ဓာတ်မီး သုံးတိုင်ကလဲ ၁၅ ပေလောက် မြင့်ပြီး တကယ့် ကျောက်ဖယောင်းတိုင်ကြီးတွေလိုပါပဲ၊ ပန်းပူဇော်တော့လဲ တခြားနေရာမှာလို ပန်းကလာပ်ကလေးမျိုး မဟုတ်ဘဲ စေတီတော်ရဲ့ ပတ်လည်မှာ ပန်းလှေက ရှစ်စင်း, ပန်းအိုးကြီးတွေက ငါးလုံး, ထိုအထဲမှာ ပန်းပင်တွေ စိုက်ပြီး အမြဲပန်းပွင့်နေစေတယ်၊ ဆောင်းအခါမှာ ဆိုရင် နိုင်ငံခြား နှင်းဆီပွင့်တွေက စေတီတော်ကြီးနဲ့ ပနံရလိုက်တာ လွန်လို့ပါပဲ။
အောက်ခြေ သမံတလင်းကလဲ ဘိလပ်မြေ အချောကိုင်ပြီး ဆေးရောင်ခြယ်ထားသေးတယ်၊ ဘေးနားက တန်ဆောင်း နှစ်ဆောင်ကလဲ ဘုရား အာရုံယူစရာ ကောင်းအောင် သစ်သားကလေးတွေကို အကွက်ဖော်ပြီး ခင်းထားတာဖြစ်တော့ ဘုရား တံတိုင်းအတွင်း ရောက်ရင် ဗုဒ္ဓဘာသာဝင် ဟူသမျှ အားလုံး ကြည်နူးကြပါတယ်။
ဓမ္မဂုတ်။ ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံခြားသားများတော့ ဘယ်လိုစိတ်ဖြစ်မယ် မပြောတတ်ဘူးနော်။
တပည့်တော်။ ။ သူတို့လဲ သူတို့ အယူအဆနဲ့ ကျေနပ်ကြပါတယ်၊ ယခုလောက် မစည်ကားသေးတဲ့ ရှေးက တပည့်တော်ရဲ့ ကျောင်းတိုက်သို့ အမေရိကန်မှ “ဒေါက်တာဂတ်”ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပါတယ်၊ သူက တပည့်တော်ကို ပုဂ္ဂိုလ်ရေး အရလဲ လေးစားပါတယ်၊ အရှေ့တိုင်းဘာသာတွေကို လေ့လာနေသော ဒေါက်တာဘွဲ့ရတစ်ယောက် ဖြစ်ပါတယ်။
တပည့်တော်ရဲ့ ကျောင်းတိုက်က သံဃာများကို ရုပ်ရှင်ရိုက်ပြီး ရောက်တဲ့ နေရာ မြောက်ပိုင်း ဗုဒ္ဓဘာသာဝင်များကို ပြတော့ နဂိုကမတ်မတ်ရပ်ပြီး ရုပ်ရှင်ကြည့်နေတဲ့ ပရိသတ်ဟာ သံဃာတွေကိုလဲ မြင်ရော အားလုံးထိုင်ပြီး ရှိခိုးဦးချကြပါသတဲ့၊ သူဟာ မြန်မာနိုင်ငံကို ရောက်တိုင်း တပည့်တော်ဆီကို ဝင်လာလေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပေမှာပဲ, ကိုယ်တော်က သံဃာများကို ကျောင်းတိုက်ရဲ့ အသရေ သာမက, သာသနာ့အသရေ နိုင်ငံတော်ရဲ့ အသရေကိုပါ ဆောင်နိုင်အောင် ဩဝါဒ ပေးထားတာဖြစ်တော့ တိုက်ရှိ သံဃာအများကလဲ ကျေနပ်စရာ ကောင်းပေမှာပေါ့၊ ပြီးတော့ ကိုယ်တော် သံဃာတွေကလဲ ကျောင်းတလင်းကို ကိုယ့်ကျောင်းအနီးမှာ နေ့စဉ် တံမြက်လှည်းကြတာ ဖြစ်တော့ ကျောင်းတိုက်ကြီးကိုက သာသနာ့အသရေ ဆောင်နေသလို ဖြစ်နေတာပါပဲ။
တပည့်တော်။ ။ ဒီလိုလဲ ဆိုနိုင်ပါတယ်, တပည့်တော်ရဲ့ စာချဘုန်းကြီးများ အသီးသီး ခေါင်းဆောင်ပြီးတော့ ကျောင်းတလင်းကို သန့်ရှင်းနေအောင် အုတ်ခဲ အကျိုးတွေ ထုပြီး ထုံး-သဲ ရောကာ ပြုပြင်ထားကြပါတယ်၊ မူလတံတိုင်းအတွင်းမှာ ရှိသော နဂိုကျောင်းတလင်းက ကျောက်ခဲကလေးတွေဟာ မိုးရွာတိုင်း ပေါ်လာလို့ ကြည့်လဲမကောင်း, သွားလို့လဲ မကောင်းပါဘူး၊
ဒါကြောင့် ကျောင်းတိုက်ရဲ့ ဘေးမှာ အုတ်သမံတလင်းခင်းပြီး မူလတံတိုင်း အတွင်းက ကျန်သမျှ အားလုံးလောက်ကို အုတ်ခဲအကျိုးတွေနှင့် မွမ်းမံထားလို့ မြေတွေပါ အမြင်ကောင်းနေပါတယ်၊ မြေတွေ အမြင်ကောင်းသလောက် သံဃာများလဲ အမြင်ကောင်းအောင် အဝတ်အစား အနေအထိုင်ကိုပါ ရောက်လာတဲ့ အသစ်တိုင်း တာဝန်ခံ (အာမခံ)ပုဂ္ဂိုလ်က ပြုပြင်ပေးရပါတယ်။
တပည့်တော်ရဲ့ ကျောင်းတိုက်ကို စိန်ပီတာကျောင်းက စိန်ပီတာ ဆရာမကြီး (ခရစ်ယာန် ဆရာမကြီး) တွေပင် တစ်ခါတစ်ခါ လာပြီး ကြည့်ကြပါတယ်၊ ဆရာဝန်မကြီးကတော့ တပည့်တော် မကျန်းမာတဲ့အခါ ဆေးကုသပေးပါတယ်၊ သူတို့ဟာ ဤနိုင်ငံမှာ နေခွင့်မရလို့ အမိနိုင်ငံဖြစ်တဲ့ ပြင်သစ်ကို ပြန်ခါနီးမှာ “နောက်ဘဝမှာတောင် တွေ့ချင်ပါသေးတယ်” လို့ ဝမ်းနည်းစကား ပြောသွားရှာပါတယ်။ သူက မြန်မာနိုင်ငံမှာ အနေကြာလို့ မြန်မာစကား တော်တော် ပြောနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ မေတ္တာဟာ အတော် စူးဟန်တူတယ်၊ အမေရိကန် ဒေါက်တာတို့ - ပြင်သစ်ဆရာဝန်မတို့ကတောင် ခင်နေကြတယ်။
တပည့်တော်။ ။ မေတ္တာလဲ မေတ္တာ, စေတနာလဲ စေတနာပါပဲ၊ တစ်ခါတုန်းက တပည့်တော်တို့ အထံသို့ အင်္ဂလန်မှ ပရိုဖက်ဆာ ဆရာကြီး ရောက်လာပါတယ်၊ ထို ဆရာကြီးကတော့ အင်္ဂလန်မှာ ထင်ရှားတဲ့ ဆရာကြီး ရှစ်ယောက်တွင် တစ်ယောက် အပါအဝင်လို့ ဆိုပါတယ်၊ သူမရောက်ခင် တစ်ပတ်လောက်က တင်ကြိုပြီး ထို ဆရာကြီး ရောက်လာတဲ့အခါ ဘာသာရေး ဆွေးနွေးဖို့ရန် တပည့်တော်အထံ ခေါ်လာဖို့ မန္တလေးမြို့က ဝတ်လုံဦးသာကြွယ်, ဗိုလ်ကြီးဦးဘဖေ, ဦးခင်မောင်ဒွေးနဲ့ ဦးစံလှပေါ် တို့က လျှောက်ထားနှင့်ပါတယ်၊ နက်ဖြန်လာမယ်ဆိုတော့ တစ်ခါထပ်ပြီး လျှောက်ပါတယ်၊ တပည့်တော်က ထို ဆရာကြီးရဲ့ အသက်အရွယ် မေးကြည့်ပြီး စဉ်စားပါတယ်။
ဓမ္မဂုတ်။ ။ ကြောက်ဒူးတုန်နေသလား, ဘယ်လို စဉ်းစားသေးတုန်း။
တပည့်တော်။ ။ အရှင်ဘုရားက ဗုဒ္ဓတရားတော်ရဲ့ အရှိန်သတ္တိကို သိမှ မသိဘဲ, အထင်သေးမှာပေါ့။
ဓမ္မဂုတ်။ ။ ကဲလေ, ဘွာ -ဘွာ၊ တပည့်တော်ပြောတာ မှားသွားပါတယ်, ဘယ်လို စဉ်းစားတုန်း။
တပည့်တော်။ ။ ဆရာကြီးက အင်္ဂလန်မှာ ထိပ်တန်း ပရိုဖက်ဆာ, ငါက ဘုန်းကြီးကျောင်းထွက်ဖြစ်တဲ့ ဘုန်းကြီး၊ ဒီတော့ ငါက ကမ္ဘာ့ဗဟုသုတ အပြည့်ရှိတဲ့ ဆရာကြီးနဲ့ “စကားပြောရမှာ ကြောက်သလား, ရွံ့သလား” လို့ ကိုယ့်ကိုယ်ကို မေးပါတယ်၊ ဘာကြောက်စရာ-ရွံ့စရာရှိသလဲ, ငါ့မှာ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ အများကြီး ရှိနေတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ ယဉ်ကျေးမှုများကို အားလုံးအသုံးပြုပြီး ဆရာကြီးနဲ့ တွေ့မယ်၊ စကား ပြောမယ်လို့ အဖြေထွက်လာပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ယဉ်ကျေးမှုများကို ကိုယ်တော်က အသုံးပြုလိုက်သလဲ။
တပည့်တော်။ ။ နက်ဖြန် (၁၀) နာရီလောက် လာပါ့မယ်လို့ လျှောက်လာတဲ့ ဒကာများကို ဆရာကြီးရဲ့ အသက်အရွယ်မေးပြီး ဆရာကြီးကို အာရုံယူကာ မေတ္တာစစ်စစ် ပို့ပါတယ်၊ လာတဲ့အခါမှာလဲ ဆရာကြီး ထိုင်ဖို့ နေရာကို ဘုန်းကြီးတို့ ကျောင်းက ခင်းမပေးကောင်းဘူး၊ ဒါကြောင့် ဒကာတို့က အရင် ရောက်အောင် လာပြီး နေရာခင်းပါလို့ ပြောလိုက်ပါတယ်၊ တပည့်တော်ကတော့ လျှောက်ထားဖို့ လာတဲ့ သူများ ပြန်သွားပြီးနောက် မကြာမကြာလဲ မေတ္တာပို့ပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... ကိုယ်တော့်ရဲ့ မေတ္တာ စေတနာကတော့ ဆရာကြီးဆီ ဓာတ်ရောက်တော့မှာပဲ၊ နက်ဖြန်ရောက်လာတော့ ဘယ်လိုများ ထိုင်ကြတုန်း။
တပည့်တော်။ ။ ဆရာကြီးက အသက် (၆၀)လောက် ရှိပါတယ်၊ တပည့်တော်လဲ အဲဒီတုန်က (၆၀) ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်၊ နက်ဖြန်ရောက်လာတဲ့ အခါ တပည့်တော်ကလဲ ကုလားထိုင်နဲ့ ဆရာကြီးနဲ့ စကားပြန်လုပ်မယ့် ဝတ်လုံဦးသာကြွယ်ကလဲ ကုလားထိုင်နဲ့၊ လိုက်ပါလာတဲ့ အင်္ဂလိပ် သံအရာရှိ ကောလိပ်ကျောင်းဆရာနဲ့ ဦးခင်မောင်ဒွေး-ဦးစံလှပေါ် စသူတို့ကတော့ ခုံတန်းလျားအပေါ်မှာ ထိုင်ကြပါတယ်၊
တပည့်တော်ရဲ့ ကုလားထိုင်အောက် ခြေထောက်ချပုံ, လက်ထားပုံ, မျက်နှာထားပုံမှစ၍ အားလုံးကို သတိနဲ့ ထားပါတယ်၊ ဆရာကြီးကို အရိုအသေပေးတာလဲ မဟုတ်, မလေးမစားလဲ မဟုတ်တဲ့ ဗုဒ္ဓယဉ်ကျေးမှု အတိုင်းပါ။
ဓမ္မဂုတ်။ ။ ဘယ်လိုစကားမျိုး ပြောကြတုန်း။
တပည့်တော်။ ။ ထိုင်မိရင်ပဲ တပည့်တော်ကစပြီး ဆရာကြီးလာမယ်ဆိုတာ ဒကာများက အကြောင်းကြားထားနှင့်လို့ ဝမ်းမြောက်နေပါတယ်၊ ဆရာကြီးနဲ့ ဘုန်းကြီးဟာ ယခုမှ တွေ့ရသော်လဲ ဗုဒ္ဓတရားတော်အရ ရှေးရှေး ဘဝများစွာကလဲ ရင်းရင်းနှီးနှီး တွေ့ခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့ကြောင့် ဘုန်းကြီးကို ယခုမှ တွေ့ရပေမယ့် ရှေးရှေးက ရင်းနှီးပြီးသော သိဟောင်း ကျွမ်းဟောင်းတွေလို သဘောထားပြီး “မေးလိုတာ မှန်သမျှကို အားမနာဘဲ မေးပါ၊ အားနာနေရင် မေးချင်တာတွေ ချန်ထားရလို့ အားမရဘဲ ရှိတတ်ပါတယ်”လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ အား ... ကိုယ်တော်ရဲ့ စကားပလ္လင်ခံလိုက်ပုံက စိတ်ထဲမှာ ရင်းရင်းနှီးနှီး ဖြစ်ချင်စရာပေပဲကိုး, ဘာများ လျှောက်သွားသေးတုန်း။
တပည့်တော်။ ။ ဆရာကြီးက “ကျေးဇူးတင်ပါတယ်”လို့ ပြောပြီး, သူမေးချင်တာတွေ မေးပါတယ်၊ မေးတာကလဲ ဘာသာရေးဆိုင်ရာတွေပါပဲ, တပည့်တော်ကလဲ ဖြေပါတယ်၊ ဘယ့်လောက် ကြာသွားတယ်တော့ မပြောတတ်ပါဘူး, ဝတ်လုံဦးသာကြွယ်က “ထမင်းစား ဖိတ်ထားတဲ့ နေရာသွားဖို့ အချိန် နီးနေပါပြီ”လို့ ပြောမှ သူ့ နာရီကိုကြည့်ပြီး “ပြန်တောင် မပြန်ချင်သေးဘူး (သူမေးတာကို ဖြေတဲ့ သဘောမဟုတ်ဘဲ) ဆရာတော် ပြောချင်တာကို (၁၀)မိနစ်လောက် ပြောပါဦး”လို့ လျှောက်တဲ့အတွက် တပည့်တော်က သက်ရှိ-သက်မဲ့ အရာဝတ္ထုအားလုံးဟာ အနိစ္စ (မမြဲ) တာချည်းဖြစ်တဲ့ အကြောင်းကို ဝိပဿနာအကျဉ်း ဟောလိုက်ပါတယ်။ ဆရာကြီးလဲ “ကျေးဇူးတင်ပါတယ်”လို့ ပြောပြီး တပည့်တော်ကို အလွန် ရိုသေစွာဖြင့် ခွဲခွာသွားပါတယ်၊ ကျောင်းတိုက်ကိုလဲ အတော်ကြာကြာ လှည့်ပတ် ကြည့်သွားပါတယ်။
ဓမ္မဂုတ်။ ။ ဗုဒ္ဓမြတ်စွာရဲ့ ယဉ်ကျေးမှုကို မူထားပြီးတော့ အသုံးပြုလိုက်တဲ့ ကိုယ်မှု-နှုတ်မှု-စိတ်မှုဟာ “ပြန်တောင် မပြန်ချင်သေးဘူး”လို့ ပြောရလောက်အောင် ဆရာကြီးရဲ့ စိတ်နှလုံးထဲမှာ ထိရောက်သွားတာပဲနော်၊ ဒီလို ထိရောက်ပုံတွေ ရှိသေးရင် ကြားချင်ပါသေးတယ် ကိုယ်တော်။
တပည့်တော်။ ။ ရှိပါသေးတယ်, ဒီကိစ္စကတော့ သိပ်မကြာသေးပါဘူး, သူရဲ့ အမိနိုင်ငံဖြစ်တဲ့ အီတလီမှာ (ပီအိပ်ခ်ျဒီ) ဘွဲ့ရပြီးနောက် အင်္ဂလန်က အဲဒီ ဘွဲ့ကို ထပ်ယူဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ သူက ခေတ်ပညာ ထိပ်တန်း ရောက်နေသူဖြစ်တော့ သူတို့ရဲ့ အမိဘာသာကိုလဲ မကိုးကွယ်ဘဲ ဘာသာမရှိသူ ဖြစ်ပါတယ်၊
မြန်မာနိုင်ငံ ရောက်လာတဲ့အခါ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)က တပည့်တော်ဆီ ခေါ်လာပါတယ်။ တပည့်တော်ဆီ ရောက်တော့ တပည့်တော်ကျောင်းမှာ (အမ်အေ) ဘွဲ့ယူဖို့ စာတန်းရေးနေတဲ့ ဗုဒ္ဓဘာသာ ဂျာမဏီအမျိုးသမီးကို တွေ့ပါတယ်၊ ဒီအခါ သူလဲ အချိန်ရသလောက် တပည့်တော့် အနားမှာနေပြီး “ဘာသာရေးကို မေးချင်တယ်”လို့ ဆိုပါတယ်၊ ထို့နောက် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နေရာတွေကို သွားပြီး မပြန်ခင် တပည့်တော်ကျောင်းမှာ သုံးရက် လာနေပါတယ်။
ဓမ္မဂုတ်။ ။ သူက ဘယ်လိုဝတ် ဘယ်လိုစားသလဲ။
တပည့်တော်။ ။ မြန်မာလိုဝတ်ပြီးတော့ ကျောင်းမှာနေတဲ့ ဂျာမဏီ အမျိုးသ္မီးနဲ့ အတူစား, အတူအိပ်ပါတယ်၊ တပည့်တော်ဆီ မကြာမကြာ သူတို့ ၂ယောက်လာပြီး ဘာသာရေးတွေကို မေးပါတယ်၊ ဂျာမနီအမျိုးသမီးက မြန်မာပြန်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ အဖြေကို သူက နားလည်ပုံရရဲ့လား။
တပည့်တော်။ ။ သူကမေးတဲ့အခါ မေးတာကိုလဲ ဖြေတယ်, အဲဒီအမေးရဲ့ အရင်းအဆကိုပြောပြီး အပိုဖြေတယ် အဲဒီအမေးရဲ့ နောက်အဆက် သိစရာကိုလဲ ဖေါ်ပြီးပြောတယ်၊ ဒါကြောင့် “နောက်ဘဝမရှိဘူး”လို့ နဂိုရ်ထင်နေတာဟာ အသိအမြင်ပြောင်းပြီး “နောက်ဘဝရှိတယ်” ဆိုတာ ယုံကြည်ပုံရပါတယ်။
ဓမ္မဂုတ်။ ။ ဘာကိုထောက်ပြီး သိနိုင်ပါသလဲ။
တပည့်တော်။ ။ အချိန်ရသ၍ တပည့်တော်ကို ဓာတ်ပုံရိုက်ယူပြီး ယခုဘဝမှာ အခက်အခဲ အမျိုးမျိုးကြောင့် “ပြန်တွေ့မှ တွေ့ရတော့မယ်, နောက်ဘဝတော့ ပြန်တွေ့ချင်ပါသေးတယ်”လို့ ပြန်ခါနီး လျှောက်သွားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ စေတနာ မေတ္တာဟာ အင်္ဂလန် ပရိုဖက်ဆာကြီးကိုတောင် စူးအောင် စွမ်းနိုင်တော့ နဂိုရ်က စိတ်နှလုံးနုနေတဲ့ အမျိုးသမီး အပေါ်မှာ ဘာပြောစရာရှိတော့မှာလဲ၊ ဒီအမျိုးသမီးနဲ့ တွေ့ခဏ်းမှာလဲ ကိုယ်တော်က ဗုဒ္ဓယဉ်ကျေးမှုကို စေတနာနဲ့ ပြောပြလိုတ်တာကိုး၊ သူကလဲ မေတ္တာစိတ်ဖြင့် ပြောရှာမှာပေါ့၊ ဒါ့ပြင်ကော နိုင်ငံခြားဆိုင်ရာ ဘယ်မှာသုံးစွဲသေးတုန်း။
တပည့်တော်။ ။ တခါတုန်းက သီဟိုဠ် မဟာမင်းကြီး ရောက်လာပါတယ်, ယဉ်ကျေးမှုဌာနက လိုက်ပို့တာဖြစ်တော့ ထိုဌာနက ဒကာများလဲ ပါပါတယ်၊ သီဟိုဠ် ဆိုတာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ကျောင်းတိုက် သံဃာများကိုလဲ မြင်သွားရလေအောင်, နံနက်တိုင်း ဩဝါဒပေးပြီး စာပို့ချတဲ့ ဆွမ်းစားကျောင်းကြီးပေါ်မှာ သံဃာများကို စည်းဝေးစေပါတယ်၊ ပြီးတော့မှ ထိုမင်းကြီးနဲ့ အဖွဲ့ကိုခေါ်ပြီး သံဃာများကို ကြည်ညိုစေပါတယ်။
ဓမ္မဂုတ်။ ။ မင်းကြီးက တော်တော် ကြည်ညိုပုံရရဲ့လား။
တပည့်တော်။ ။ ကျောင်းမှာတော့ ဘာမှ ပြောမသွားပါဘူး, အပြင်ရောက်တော့ ပြောပါသတဲ့, ကျောင်းပေါ်တက်ပြီး အခန်းကြီးထဲ ဝင်တော့ “ဆင်းတုတော် ကလေးတွေ တယ်များပါလား”လို့ ထင်မိပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သင်ပြထားလို့ သံဃာများကလဲ “ဆင်းတုတော် ကလေးများ”လို့ ထင်ရလောက်အောင် အတော် ငြိမ်သက်နေဟန် တူပါရဲ့၊ ကိုယ်တော်နဲ့ စကားပြောတော့ ဘယ်သူက စကားပြန်လုပ်တုန်း။
တပည့်တော်။ ။ ယဉ်ကျေးမှုဌာနက စကားပြန် လုပ်ပါတယ်, အဲဒီ မင်းကြီးက ပါဠိလို သင်ဖူးလို့ တချို့ကိုလဲ ပါဠိလို ပြောပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သီဟိုဠ်သံနဲ့ ပြောတတ်သလား။
တပည့်တော်။ ။ သီဟိုဠ်သံဆိုတာ သက္ကတသင်တုန်းက အဘယာရာမ ဆရာတော် ရွတ်တဲ့ အသံမျိုးဖြစ်တော့ အထူးမသင်ရပါဘူး၊ တစ်ခါတုန်းက (ပါဠိပါရဂူ) ဆိုတဲ့ (အမ်အေ) တစ်ယောက် လာဖူးပါတယ်, စာကပြန် လုပ်ဖို့ ကောလိပ်ကျောင်းက မြန်မာစကားတတ်တဲ့ အင်္ဂလိပ်ဆရာ တစ်ယောက်ကိုလဲ ထည့်လိုက်ပါတယ်၊
ရောက်တဲ့အခါ အဲဒီ ပါရဂူနဲ့ တပည့်တော်က ပါဠိလိုပြောလို့ စကားပြန်က ဘာမှ နားမလည်ပါဘူး, သူတို့နှစ်ယောက် အင်္ဂလိပ်လို ပြောတဲ့အခါ တပည့်တော်က ဘာမှ နားလည်ပါဘူး၊ စကားပြောပြီးတဲ့အခါ အဲဒီပါရဂူက “အိန္ဒိယ ရောက်ဖူးသလား”လို့ မေးပါတယ်၊ “မရောက်ဖူးပါဘူး”လို့ ပြောတော့ ပါဠိစကား အပြော ဘယ်မှာ သင်ပါတုန်းတဲ့၊ ဘုန်းကြီးရဲ့ ဆရာတော်က အိန္ဒိယမှာ နေပြီး သက္ကတ သင်ဖူးပါတယ်၊ အဲဒီ ဆရာတော်ဆီက အိန္ဒိယအသံနဲ့ သက္ကတကို သင်ပါတယ်၊ ဒါ့ကြောင့် နည်းနည်းပါးပါး ပြောတတ်တာ ဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီပြင်တော့ နိုင်ငံခြားက ဘယ်သူ လာဖူးသေးသလဲ။
တပည့်တော်။ ။ လာဖူးတဲ့သူတွေကတော့ အများကြီးပါပဲ, မှတ်လောက်တဲ့ သူတွေကိုသာ သတိရတာပါ၊ ဂျပန်က မြန်မာနိုင်ငံကို ပညာတော်သင် လွှတ်ထားတဲ့ အမျိုးသားတစ်ယောက် ဦးမောင်မောင်တင် (မဟာဝဠာ)က လိုက်ပို့လို့ ရောက်လာပါသေးတယ်၊ ရန်ကုန်မှာတုန်းက ဒုလ္လဘရဟန်းပြုချင်လို့ ဦးနုကို ပြောတဲ့အခါ, ဦးနုက ညွှန်လိုက်တဲ့သူ ဖြစ်ပါတယ်၊ ရဟန်းပြုပြီးတော့ တပည့်တော်ရဲ့ နံနက် ဩဝါဒကို နေ့တိုင်း ရေးမှတ်တယ်၊
သူတို့နိုင်ငံက မြောက်ပိုင်း ဗုဒ္ဓဘာသာဝင်တွေများတဲ့ နိုင်ငံဖြစ်လို့ သူ့ကိုတော့ ဘာသာရေးဆိုင်ရာ သြဝါဒကို တော်တော်များများ ပေးလိုက်ရပါတယ်၊ သူဟာ နောက်တော့ သံရုံးအရာရှိအဖြစ်နဲ့ မြန်မာနိုင်ငံကို တစ်ဖန် ရောက်လာပါတယ်၊ သူ့ကို အကြောင်းပြုပြီး နောက်ထပ် ရောက်လာတဲ့ ဂျပန်များကလဲ အချိန်ရတဲ့အခါ ဒုလ္လဘရဟန်း ပြုချင်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ကိုယ်တော့်ကျောင်းတိုက်ရဲ့ အကြောင်းကို ဂျပန်ပြည်က အတော်သိနေမှာပေါ့။
တပည့်တော်။ ။ သူတို့ တိုင်းပြည်ကလဲ အကျယ်ကြီးဆိုတော့ ဒါလောက်လဲ သိမယ် မဟုတ်ပါဘူး၊ ဒါပေမယ့် ဂျပန်ပြည်သို့ ဗိုလ်ချုပ်သွားတဲ့ အချိန်မှာ ဂျပန်က တပည့်တော်ရဲ့ ကျောင်းတိုက်၌ နေ့စဉ်အလုပ်တွေကို ရုပ်ရှင် ရိုက်ယူပါတယ်၊ အဲဒီ ရုပ်ရှင်ကို ဂျပန်ပြည်မှာ ပြရင်တော့ အသိများမှာပါပဲ။
ဓမ္မဂုတ်။ ။ ရုပ်ရှင်ရိုက်ဖို့တော့ ဘယ်သူက ညွှန်လို့တဲ့တုန်း။
တပည့်တော်။ ။ ဘယ်သူက ညွှန်တယ်လို့ဆိုတာ မသိပါဘူး၊ သာသနာရေး အရာရှိ ခင်မောင်ကျော်တော့ ခေါင်းဆောင်လမ်းညွှန်အဖြစ်နဲ့ ပါလာတာပဲ။ သူက ညအိပ်ပြီး ကျောင်းတိုက်ရဲ့ နေ့စဉ်အလုပ်ကို လေ့လာပါတယ်၊ ရုပ်ရှင်ရိုက်သင့်တာကို ရိုက်စေပါတယ်၊
ကျောင်းတိုက် သာယာအောင် သံဃာအားလုံးက နေ့စဉ် သန့်ရှင်းကြပုံ, အားလုံးအတွက် ကိုရင်များက ဆွမ်းချက်ကြပုံ, ဆွမ်းဟင်းကို အားလုံးအတွက် ဇရပ်က ဒကာမများက ချက်ကြပုံ, နေ့တိုင်း တုံးကြီးခေါက်၍ အိပ်ရာမှ ထကြရပုံ, ညဉ့်တိုင်း ကြေးမောင်း ခေါင်းလောင်းထိုး၍ ဘုရားဝတ်တက်ကြပုံ, တုံးကလေး ခေါက်၍ စာတက်ကြပုံ, သံချောင်းခေါက်၍ အရုဏ်ဆွမ်း - နေ့ဆွမ်းကို ဆွမ်းစားကျောင်းမှာ နှစ်နေရာ ခွဲ၍ စုပေါင်းစားကြပုံ, အဲဒီ အားလုံးကို ရုပ်ရှင်ရိုက်ပါတယ်။
ဓမ္မဂုတ်။ ။ အားလုံးပြီးတော့ ဘယ်သူက ဘာပြောတုန်း။
တပည့်တော်။ ။ ခေါင်းဆောင်ခေါ်လာတဲ့ ခင်မောင်ကျော်က ရုပ်ရှင်ရိုက်ပြီးတဲ့အခါ “ဆရာတော့်ကျောင်းက ဆိုရှယ်လစ်စနစ်ကို အစောကြီး အောင်မြင်နေတာကိုး”လို့ လျှောက်ပါတယ်၊ ဘုန်းကြီးက ဆိုရှယ်လစ်စနစ်ကို နားမလည်ပါဘူး၊ “ဗုဒ္ဓဝါဒအတိုင်း လုပ်နေတာပါ၊ ဒီဟာ ဗုဒ္ဓစနစ်သာ ဖြစ်ပါတယ်”လို့ ပြန်ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်သားပဲကိုယ်တော်, ခေတ်မှာ ဘယ်သူတွေ ဘယ်လောက် ကောင်းအောင် တီထွင်ပေမယ့် ဗုဒ္ဓဝါဒလောက်တော့ ဘယ်နည်းနဲ့မှ မကောင်းနိုင်ပါဘူး၊ ဗုဒ္ဓဝါဒမှာ မေတ္တာလဲပါ, ကရုဏာ - မုဒိတာလဲပါ, ဉာဏ်လဲပါ, လုံ့လဝီရိယလဲ အားကြီး အများကြီး ပါရတာဖြစ်လို့ အရာရာမှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြီးစီးနိုင်ပါတယ်။
တပည့်တော်။ ။ ဟုတ်ပါတယ်, ယခုလက်တွေ့ ဗုဒ္ဓဘာသာဝင်တွေက ဘာသာရေး ဆိုင်ရာမှာ အသုံးအဖြုန်းများပြီး ဘာသာရေး ခေါင်းဆောင်တွေက အလုပ်ကောင်းကောင်း လုပ်သူ နည်းပါးနေတော့ ဗုဒ္ဓဘာသာဟာ လောကီ ကြီးပွားရေး မဖြစ်နိုင်ဘူးလို့ အထင်မှားကြတာပါ၊ ယခု ဘာသာရေး အလုပ်တွေဟာ ဗုဒ္ဓအလိုတော်ကျ များသောအားဖြင့် မဟုတ်ပါဘူး။ စင်စစ်မှာတော့ ဗုဒ္ဓဘာသာကို အတွင်းကျကျ ဖျက်ဆီးရာ ရောက်ပါတယ်။ ဒါ့ကြောင့် တပည့်တော် ဖြစ်ချင်တဲ့ သာသနာ - ဘာသာဆိုတာ ဗုဒ္ဓအလိုတော်နဲ့ သင့်လျော်ပြီး ယခုဘဝရော တမလွန်ဘဝရော ကောင်းကျိုးပြုမယ့် သာသနာ-ဘာသာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီလိုသာ ဖြစ်နိုင်ရင်တော့ ဗုဒ္ဓဘာသာကို ကမ္ဘာကတောင် လက်ခံနိုင်စရာ ဖြစ်မှာပဲနော်။
တပည့်တော်။ ။ တပည့်တော်က သတင်းစာမှာ တွေ့ရသမျှကို စဉ်းစားပါတယ်။ နိုင်ငံအသီးသီး၌ ကမ္ဘာက အသိအမှတ်ပြုရတဲ့ ပညာရှိကြီးတွေဟာ ရုပ် ဝတ္ထု ဖက်မှာသာ ပညာရှိ ဖြစ်ကြပါတယ်၊ ဒါ့ကြောင့် ရုပ်ဝတ္ထုတိုးတက်ရေးကိုသာ ကြိုးစားကြပါတယ်၊ ကြိုးစားသလောက်လဲ ရုပ်ဖက်က တိုးတက်ပါတယ်၊ ထိုသို့ တိုးတက်ပါလျက် သူတို့ ကိုယ်တိုင်နဲ့တကွ သူတို့ တိုင်းသူပြည်သားတွေ ချမ်းသာခွင့် မရကြပါဘူး၊
အကောင်းအမွန်တွေကို မျက်စိဖြင့် မြင်ရ, နားဖြင့် ကြားရ၊ နှာခေါင်းဖြင့် နမ်းရ ရှူရ, လျှာဖြင့် စားသောက်ရ, ကိုယ်ဖြင့် ထိတွေ့ခံစားကြရပါလျက် မချမ်းသာကြပါဘူး။ စင်စစ်တော့ ပို၍ ပို၍ အကျင့်စာရိတ္တ ပျက်စီးလာကြသဖြင့် သာ၍သာ၍ စိတ်ဆင်းရဲ နေကြတာကိုသာ ကြားရပါတယ်၊ ထို ပညာရှိကြီးများရဲ့ ရုပ်ဖက်အသိဉာဏ်သည် မိုးထိအောင် လျှံနေစေကာမူ “ဧကန်မုချ စိတ်ချမ်းသာမှုကို ပေးနိုင်လိမ့်မည် မဟုတ်”လို့ ရဲရဲကြီး ဆိုဝံ့ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မြန်မာနိုင်ငံတောင်မှ နှံ့အောင် မရောက်ဖူးတဲ့ ဗဟုသုတ ကလေးနဲ့ ဘာ့ကြောင့် ဒီလို တွေးနိုင်သလဲ။
တပည့်တော်။ ။ “သုခ”ဆိုတာ နှစ်မျိုးရှိတယ်ဘုရား၊ စိတ်ချမ်းသာမှုနဲ့ ကိုယ်ချမ်းသာမှုတဲ့၊ အဲဒီ နှစ်မျိုးမှာလဲ စိတ်ချမ်းသာမှုကသာ ပဓာနဖြစ်တယ်၊ နိုင်ငံကြီးသား ပညာရှိများက ခန္ဓာကိုယ် ချမ်းသာမှုကိုသာ ရှေးရှုပြီး ရှေ့ဆောင် နေကြတာဖြစ်တယ်၊ ကိုယ်ချမ်းသာတိုင်း စိတ်မချမ်းသာဘူး ဆိုတာကို သူတို့ ပြန်ပြီး စဉ်းစားရင် မြင်မှာပါပဲ၊ အဲဒီချမ်းသာမှုကိုတော့ ဗုဒ္ဓဝါဒမှာ အပြည့်အစုံ လမ်းညွှန်ထားပါတယ်၊
ဒါ့ကြောင့် တစ်နေ့ကျရင် အဲဒီ ပညာရှင်တွေ “ဗုဒ္ဓဝါဒကို စဉ်းစားကြလိမ့်မယ်”လို့ မျှော်လင့်ပါတယ်။ အဲဒီလို စဉ်းစားတဲ့အခါမှသာ အပေါစား ဗုဒ္ဓဘာသာတွေနဲ့ ဆွေးနွေးပြီး ပေါတောတော ဗုဒ္ဓဘာသာတွေရဲ့ အလုပ်ကို လေ့လာရင် ဗုဒ္ဓဘာသာကိုပင် အထင်သေးမှာ စိုးရိမ်မိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ယခု ကိုယ်တော့်ကျောင်းတိုက် ပြုပြင်နေတာရယ်, ဟောပြော ရေးသား နေတာရယ်, လက်ရှိ ပစ္စက္ခအတွက်သာမက အနာဂတ်အတွက်ပါ ရည်ရွယ်တယ် ပေါ့နော်။
တပည့်တော်။ ။ တပည့်တော်ရဲ့ ကျောင်းတိုက် တစ်တိုက်သာ ကောင်းဖို့လောက် ဆိုရင် ဒါလောက် မကြိုးစားပါဘူး၊ နောင် အနာဂတ်အတွက် နိုင်ငံရော သာသနာ ရော ကောင်းဖို့ကို ရည်ရွယ်တာဖြစ်ပါတယ်၊ “အနာဂတ် သာသနာရေး” ကျမ်းစာ ရေးတုန်းကလဲ ဒီစိတ်နဲ့ ရေးခဲ့တာပါ၊ တပည့်တော်စိတ်မှာ “တိုက်တစ်တိုက် ဂိုဏ်းတစ်ဂိုဏ်း သာသနာတစ်ရပ် ကောင်းစားရေး”ဆိုတဲ့ စိတ်ထား မရှိပါဘူး၊ အများ ကောင်းစားစေလိုတဲ့ စိတ်ချည်းပါပဲ။
ဓမ္မဂုတ်။ ။ အဲဒီလို စိတ်ထားလို့ ကိုယ်တော့်မှာ ခုထိ ပင်ပန်းနေတာကို ကိုယ်တော် မငြီးငွေ့သေးဘူးလား။
တပည့်တော်။ ။ လောကမှာ “ဘုံကျွန်”လို့ ခေါ်လောက်တဲ့ ပုဂ္ဂိုလ်တွေဟာ အလွန် သနားစရာပါပဲဘုရား၊ အများအတွက် ကြောင့်ကြများမှုကြောင့် လုပ်ရကိုင်ရ-ကြံစည်ရတဲ့အတွက် ခန္ဓာကိုယ်လဲ ပင်ပန်းရဲ့ စိတ်လဲ ပင်ပန်းရဲ့ ဒါပေမယ့်လဲ ငြီးငွေ့ တယ်လို့ မရှိကြပါဘူး။ အများရဲ့ဒဏ်ကို ခံကြတာပါပဲ။ ဒါ့ကြောင့် တပည့်တော်ဟာ ဘုရားအလောင်းနဲ့ သာဝကအလောင်းကြီးတွေကို သိပ်ကျေးဇူးတင်, သိပ်အားရ တာပဲဘုရား၊ ဘုရားဖြစ်မှ သာဝကဖြစ်မှ တပည့်တော်က ကြည်ညိုတာ မဟုတ်ပါဘူး၊
အလောင်းတော် ဘဝကိုပါ ကြည်ညိုတာပါပဲ၊ ဒါ့ကြောင့် အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကို လည်းကောင်း, သာသနာတော်ကို ကြည်ညို ထောက်ပံ့ကြတဲ့ ဒကာဒကာမတို့နေရာ နိုင်ငံတော်ကိုလည်းကောင်း အင်မတန် သာယာစေလိုတဲ့ ဆန္ဒ တပည့်တော်မှာ ပြင်းပြနေပါတယ်ဘုရား၊ ပြီးတော့လဲ သာသနာတော်ကို အကြောင်း ပြုပြီး နိုင်ငံပါ အေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကို အလွန် လိုချင်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီလို ကျယ်ပြန့်တဲ့ ဆန္ဒကြောင့်သာ ကိုယ်တော် ပင်ပန်းရတာပါ၊ ကိုယ်တော်နဲ့ ကိုယ်တော့်ကျောင်းတိုက် အတွက်ကတော့ ယခုအခါ ဖူလုံနေပါပြီ၊ ကိုယ်တော် ကျောင်းတိုက်ကလဲ...
၁။ အရှေ့ဘက်မှာ တောင်သမန်အင်းကြီးကလဲ ရှုမျှော်ခင်း အလွန် ကောင်းနေပါတယ်။
၂။ မိုးတွင်းမှာလဲ ရေပြင်ဖွေးဖွေးနဲ့။
၃။ ဆောင်း-နွေကျတော့ လယ်ခင်း ယာခင်း စိမ်းစိမ်းစိုစိုနဲ့။
၄။ ဘေးနှစ်ဖက်မှာလဲ မြောက်ဘက်က ယာခင်းတွေနဲ့ ကျော်အောင်စံထား ကျောင်းတိုက်၊ တောင်ဘက်က တောင်မင်းကြီးဘုရားနဲ့ စေတီတော်များ၊ အနောက် မြောက်နားမှာ လူနေအိမ်ခြေရှိသော်လဲ ကျောင်းတိုက်ဝင်းက ကျယ်တော့ လူနေ အိမ်ခြေနဲ့ မရောဘဲ တိတ်ဆိတ်တဲ့အပြင် -
၅။ သံဃာများရဲ့ စာအံသံကလဲ ကျယ်ကျယ် မအံရလေတော့ အသံကိုက တိတ်နေပါတယ်။
၆။ ၁၃၃၂-ခုနှစ် ဝါတွင်းတုန်းက သံဃာ သုံးရာကျော်လောက်ရှိတယ် ဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။
၇။ ကျောင်းတွေ ဆောက်ထားပုံကလဲ အစီအစဉ်နဲ့ဆိုတော့ ကြည့်ရတာ ကြည်နူးစရာပါပဲ၊ ကိုယ်တော် ပြောင်းလာခါစတုန်းကနဲ့တော့ အလွန်ကွာခြားနေလို့ ရှေးကရောက်ပြီး နှစ်အတော်ကြာမှ ပြန်ရောက်လာသူ တချို့ဟာ မျက်စိလည် စရာတောင် ဖြစ်တာပဲ။
တပည့်တော်။ ။ အရှင်ဘုရား ပြောသလိုပဲ တချို့က မျက်စိလည်တယ်လို့ ပြောကြပါတယ်၊ အမှန်ကတော့ ဒီလိုဖြစ်အောင်ဟာ ဒကာ-ဒကာမ ပေါလို့ မဟုတ်ပါဘူး၊ တပည့်တော်တို့ ဆရာ-တပည့်အားလုံး သာသနာပြုလိုတဲ့ ဇွဲနဲ့ သဲသဲမဲမဲ ပြုပြင်ကြလို့ ဒီလို သာယာနေတာပါ၊ ယခု စာချဖြစ်နေတဲ့ ဘုန်းကြီးများက သူတို့ကိုယ်တိုင် အပင်ပန်းခံပြီး တည်ထောင်ခဲ့ရတာဖြစ်လို့ သူတို့ အာမခံရတဲ့ နောက် စာသင်သားများကို ပေါ့ပေါ့လျော့လျော့ နေခွင့် မပေးကြပါဘူး၊ တပည့်တော် ညွှန်ပြတဲ့အတိုင်း ကြပ်ကြပ်မတ်မတ် ထားကြပါတယ်၊
ဒါ့ကြောင့် ယနေ့အထိတော့ သီဟိုဠ်မင်းကြီးလာတုန်းက “ဆင်းတုတော် ကလေးတွေ”လို့ ထင်မှားသလို အထိုက်အလျောက် သိမ်မွေ့ကြပါတယ်၊ ဒါပေမယ့် ရောက်လာခါစ သာမဏေ - ရဟန်းများကတော့ လအတော်ကြာကြာ နေမိမှ အချိုးအစားကျပါတယ်၊ တချို့လဲ အဲဒီလို ပြုပြင်မှုတွေကများတော့ မနေတတ် မထိုင်တတ်ဖြစ်ပြီး မကြာခင် ပျင်းလို့ ပြန်ကြပါတယ်၊ တပည့်တော် ကျောင်းတိုက်ရဲ့ ဆောင်ပုဒ်ကတော့...
ဤကျောင်းတိုက်၌
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ဝိနည်းလေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၄။ သန့်ရှင်းဖို့က စတုတ္ထ
၅။ အဝတ်အစားတတ်ဖို့က ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အပြောအဆိုတတ်ဖို့က သတ္တမ
၈။ အသွားအလာတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က နဝမ
၁၀။ စာတတ်ဖို့က ဒသမ
ဤ (၁၀) ချက်ကို အစဉ်အတိုင်း ဂရုစိုက်ပါတဲ့ ဘုရား။
ဓမ္မဂုတ်။ ။ နေ့လည်ဆွမ်းစားပြီး နာရီဝက်ခန့် ငြိမ်သက်စွာအိပ်နေကြတုန်းမှာ အဲဒီ ဆိုင်းဘုတ်ကို ကြည့်မိရင်တော့ တောရွာမှာ ဖြစ်သလိုနေလာခဲ့တဲ့ ကိုရင်ကလေးဟာ ပြန်မပြေးဘဲ နေမလားကိုယ်တော်, ကိုရင်ကလေးတွေ မပြောနဲ့ ရဟန်းဖြစ်ပြီး ကိုယ်တော်တွေတောင် ပြန်ပြေးချင်လောက်အောင် ကိုယ်တော် ဆိုင်းဘုတ်က ကောင်းတာပဲ။
တပည့်တော်။ ။ တပည့်တော်က ဘုန်းကြီးလုပ်တာဟာ ပျော်ပျော်နေဖို့ လုပ်တာ မဟုတ်ဘူး၊ “ကုသိုလ်ပါရမီ များများရဖို့ သို့မဟုတ် ဒီဘဝတွင်ပဲ မဂ်ဖိုလ်ရဖို့ ရည်ရွယ်တဲ့သူမှ ဘုန်းကြီးလုပ်ထိုက်တယ်”လို့ အမြဲယူဆပါ တယ်, သာမန်လောက် ကုသိုလ်လိုချင်ရင် လူဝတ်ကြောင် အဖြစ်နဲ့လဲ ရနိုင်တာပါပဲ၊
ဒါ့ကြောင့် တပည့်တော်ရဲ့ ကျောင်းတိုက်မှသာ ပျင်းလို့ ပြေးကြရမှာ မဟုတ်ပါဘူး, ဝိနည်းတော်နဲ့လျော်အောင် မနေနိုင်ရင် သာသနာတော်ကလဲ ပြေးမှ သင့်လျော် ပါတယ်၊ ဒါ့ကြောင့် ကျောင်းတိုက် မရောက်ခင်က ပျင်းတတ်တဲ့သူကို ငွေကုန်ခံပြီး ဆရာမိဘတို့က မပို့မိအောင် စီစဉ်ရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို စီစဉ်သလဲ ကိုယ်တော်။
တပည့်တော်။ ။ “နေချင်ပါတယ်”လို့ လျှောက်ရင် အောက်ပါ စည်းကမ်း စာရွက်ကို တင်ကြို ပေးထားပါတယ်။
ဤကျောင်းတိုက်၌ နေလိုသူသည်
၁။ အင်္ဂါကြီးငယ် ချို့ယွင်းချက် မရှိစေရ။
၂။ ကုသိုလ်များများရလိုသော ဆန္ဒရှိခြင်း။
၃။ ရှင်ဖြစ်ရင် (က) ရတနာ့ဂုဏ်ရည်လာ ရတနာသုံးပါးဂုဏ်တော် ကိုလည်းကောင်း, (ခ) ရုပ်ပုံရှင်ကျင့်ဝတ်လာ ကျက်စရာများကို လည်းကောင်း, ရပြီးဖြစ်ခြင်း။
၄။ (ဂ) ရဟန်းဖြစ်ရင် ပါတိမောက်ဘာသာဋီကာလာ နိဿယဖြင့် ဘိက္ခုပါတိမောက် ပါဌ်အနက်ကို ရပြီးဖြစ်ခြင်း။
၅။ သင်္ကန်းများကို ပိန္နဲရင့်ရောင် (ညောင်ခေါက်ရောင်) ဆိုးခဲ့ရခြင်း။
၆။ သပိတ်နဲ့ (ဆွမ်းခံဖြစ်လောက်သော) သပိတ်အိတ် ဝတ်ခွက် ငါးလုံးခန့် ပါရခြင်း။
၇။ အရောင်ဆိုးပြီးသော သင်္ကန်း-နေရာထိုင်နဲ့ ရေခွက်, ဆပ်ပြာခွက်, လက်သုတ်ပဝါ, ဇွန်း, (လဖက်ရည်စသည် သောက်ဖို့ရန်) ဂိုင်ခွက် (အလတ်စား မတ်ခွက်) ပါရခြင်း။
၈။ သင်္ကန်း, ခဲတံ, ဗလာစာအုပ်စသော ပစ္စည်းအားလုံးပင် ရဟန်း သာမဏေတို့ ကိုယ်တိုင် ဝယ်ထားသော နိသဂ္ဂိ စ္စည်း မဟုတ်ဘဲ မိဘ-ဆွေမျိုး, ပစ္စည်းလေးပါး ဒကာ-ဒကာမများက လှူဒါန်းအပ်သော ပစ္စည်းများ ဖြစ်စေရခြင်း။
၉။ ဆရာ မိဘစသော အုပ်ထိန်းသူဖြစ်စေ, သူတို့က ခိုင်းစေအပ်သော အကြီးအကဲ ဖြစ်စေ, လိုက်ပါ အပ်နှံရခြင်း၊
(ရဟန်းတော်များ လိုက်ပို့ရင် ကပ္ပိယကာရက ပါစေရမည်။)
၁၀။ ကျောင်းတိုက်သို့ ရောက်သောအခါ ငွေကို မိမိကိုယ်တိုင် မကိုင် မသိမ်းဘဲ, ဖိုးသူတော်စသော ကပ္ပိယတို့ထံ လွှဲအပ်ထားရခြင်း။
၁၁။ မြို့တွင်းမှ ကျောင်းတိုက်သို့ လာသောအခါ ဆိုက်ကား, မြင်းလှည်း နွားလှည်းတို့ကို မစီးခဲ့ရခြင်း။
ခြွင်းချက်။ ။ ကျောင်းတိုက်၌ နေလိုသောဆန္ဒ ပြင်းပြခြင်းရဲ့ အထိမ်းအမှတ် အဖြစ်ဖြင့် ထင်ရှားအောင် နံပါတ် ၃-၄ အချက်များကို ပြထားပါသည်။ ထို့ကြောင့် ကျောင်းတိုက်၌ နေဆဲလည်းဖြစ်, စောင့်ရှောက်မယ့် ပုဂ္ဂိုလ်လည်း ဖြစ်သူနဲ့ အတူ လာလျှင် ကျောင်းတိုက်ရောက်မှလည်း စာကျက်မှတ်နိုင်ပါသည်။
ဓမ္မဂုတ်။ ။ အဲဒီ စည်းကမ်း(၁၀)ချက်ဟာ ဝိနည်းတော်နဲ့ လျော်ညီတာချည်း ဖြစ်သည့်ပြင် လိုက်နာချင်စရာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် “ငွေမကိုင်ရ။ ငွေနဲ့ ကိုယ်တိုင်ဝယ်တဲ့ပစ္စည်း မပါစေရ”ဆိုတဲ့ စည်းကမ်းကတော့ ယခုအချိန်မှာ ခေတ်နဲ့ မလျော်တော့ဘူးလို့ ထင်ပါတယ်။
တပည့်တော်။ ။ အရှင်ဘုရား ... အဲဒီ ငွေနဲ့စပ်ပြီး ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် သိက္ခာပုဒ် ဘယ့်လောက် ပညတ်တော်မူခဲ့ရတယ် ဆိုတာ အရှင်ဘုရားလဲ သိပါတယ်၊ သုတ္တန် ပါဠိတော်မှာ “ငွေအပ်ရင် ကာမဂုဏ်တွေလဲ အပ်တော့မှာပေါ့” လို့ မိန့်တော်မူတဲ့ တရားတော် ရှိပါတယ်၊
အဲဒီငွေကို ခံယူမှုကြောင့် ရဟန္တာအရှင်မြတ်များ ဒုတိယသံဂါယနာ တင်တော်မူခဲ့ကြ ရပါတယ်၊ ဒီတော့ ဘယ်နည်းနဲ့မှ ခေတ်အလိုကို မလိုက်ထိုက်ပါဘူး, ခေတ်ကသာ ဘုရားရှင်ရဲ့ အလိုတော်ကို လိုက်ရမှာပါ၊ ဘုရားရှင်ရဲ့ သိက္ခာပုဒ်များဟာ
“အပ္ပသန္နာနံ ပသာဒါယ, = မကြည်ညိုသေးတဲ့သူများ ကြည်ညိုဖို့နဲ့၊
ပသန္နာနံ ဘိယျော ဘာဝါယ = ကြည်ညိုပြီးသော ဒကာဒကာမတို့၏ တိုး၍ ကြည်ညိုဖို့ချည်း”
ဖြစ်ပါတယ်၊ ဒါကြောင့် သာသနာပြုပုဂ္ဂိုလ် မှန်သမျှတော့ ဘုရားအလိုတော် ကျအောင် ဝိနည်းတော်နဲ့ အညီ နေထိုင်ရမှာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်, ဘုရား ပရိနိဗ္ဗာန် စံတော်မူခါနီးတုန်းက ခုဒ္ဒါနုခုဒ္ဒက - (ငယ်ကုန်,သာ၍ငယ်ကုန်သော) သိက္ခာပုဒ်များကို ပယ်နုတ်လိုရင် ပယ်နုတ်နိုင်တယ် လို့ မိန့်တော်မူတယ် မဟုတ်လား။
တပည့်တော်။ ။ မှန်ပါတယ်, “ပယ်နုတ်လိုရင်”ဆိုတဲ့ အပိုဒ်ကို သတိပြုတော်မူပါ၊ “အရှင်မဟာကဿပတို့လို ခေါင်းဆောင်ကြီးများက မပယ်နုတ် လိုရင်လဲ မပယ်နုတ် ရစ်ကြနဲ့”လို့ အဓိပ္ပာယ်ရပါတယ်၊ အဲဒီ သေးသေး ငယ်ငယ် သိက္ခာပုဒ်များ ဆိုတာ လဲ လူများနဲ့ မဆက်သွယ်တဲ့ ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်များကို မိန့်တော်မူလိုပါတယ်၊
ပဏ္ဏတ္တိ - လောကမှာ အကုသိုလ် အပြစ်မရှိဘဲ ဘုရားပညတ်တော်ကြောင့်၊
ဝဇ္ဇ - အပြစ်ရှိသော သိက္ခာပုဒ်၊
ဒီတော့ ငွေကို သာယာမှုဆိုတဲ့ လောဘအကုသိုလ် အပြစ်ဟာ လောကမှာပင် ရှိနေပါတယ်၊ ဒီလို သိက္ခာပုဒ်မျိုးကို ပယ်နုတ်ရစ်ကြလို့ အဓိပ္ပာယ် မရပါဘူး၊ ဒီကိစ္စနဲ့ စပ်ပြီးတော့ ကဿပ မြတ်စွာဘုရားရှင်ရဲ့ နောက်ပိုင်း သာသနာတော်သမိုင်းကို တပည့်တော်တို့က စဉ်စားကြဖို့ လိုပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်သမိုင်းလဲ ကိုယ်တော်။
တပည့်တော်။ ။ ကဿပမြတ်စွာဘုရား လက်ထက်တော်၌ တောကျောင်း ဘုန်းတော်ကြီး တစ်ပါးသည် လှေဖြင့် ခရီးသွားစဉ် ပိန်းရွက်ကလေးကို စွဲမိ၍ ပိန်းရွက် ပြတ်သွားဖူးပါသတဲ့၊ အဲဒီ ကိစ္စမှာ ပြတ်စေလိုသော စေတနာ မပါရင် အာပတ် မသင့်ပါဘူး၊ ဒါပေမယ့် ထို ဘုန်းတော်ကြီးရဲ့ စိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေပါတယ်၊ ပျံလွန်တော်မူခါနီး၌ အဲဒီ ကိစ္စကို သတိလဲရ, တောကျောင်းဖြစ်၍ ဒေသနာပြောကြား စရာလဲ မရှိဘဲ ပျံလွန်တော်မူရပါတယ်၊ ထို ဘုန်းတော်ကြီးမှာ အနှစ် နှစ်သောင်း လောက် ကောင်းကောင်း နေခဲ့ပေမယ့် အဲဒီ မရှင်းမလင်း ဖြစ်နေတဲ့ အာပတ် ကိစ္စကြောင့် နဂါးကြီး ဖြစ်ရရှာပါသတဲ့။
ဓမ္မဂုတ်။ ။ ကဿပဘုရားရှင်က အနှစ် နှစ်သောင်းတမ်းမှာ ပွင့်တော်မူလို့ ထို ဘုန်းတော်ကြီးလဲ အနှစ် နှစ်သောင်းနီးနီး စောင့်ထိန်းထားတဲ့ သီလ တွေ အကြားက ပိန်းရွက် ဆွဲကိုင်မိတဲ့ ကိစ္စကို ယုံမှားသံသယ ဖြစ်ရုံနဲ့ သုဂတိဘဝကို မရောက်စေဘဲ, ဒုဂ္ဂတိ နဂါးဘဝ ရောက်ရတယ်နော်၊ တကယ်လို့ သေသေချာချာ အာပတ် သင့်တာကို သတိရလျက် စုတေရရင်တော့ ငရဲ ပြိတ္တာ ဖြစ်ရတော့မှာပဲ။
တပည့်တော်။ ။ မှန်ပါတယ်, ကဿပမြတ်စွာဘုရားရဲ့ နောက်ပိုင်းသာသနာမှာ ဗရမ်းဗတာနေပြီး သေတဲ့ ပုဂ္ဂိုလ်တွေကတော့ ငရဲသို့ ပထမရောက်, ငရဲက လွတ်တဲ့အခါ တပည့်တော်တို့ ဘုရားပွင့်တာနဲ့ ကြုံကြိုက်ပြီး ဂိဇ္ဈကုဋ်မှာ ပြိတ္တာတွေ ဖြစ်နေကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ်, ဟုတ်ပါတယ်၊ ဒီအကြောင်းတွေကို လက္ခဏသံယုတ် ပါဠိတော်မှာရော, စတုတ္ထပါရာဇိက ပါဠိတော်မှာရော အထင်အရှား ပါနေတာပဲ။
တပည့်တော်။ ။ ထိုကဲ့သို့ ဆိုးဆိုးဝါးဝါး မဟုတ်ဘဲ အဂတိကလေး နည်းနည်းပါးပါး လိုက်စားမိရုံနဲ့ အကျိုးရနည်းတာများ ဝမ်းနည်းစရာ ကောင်းလိုက်တာဘုရား။
ဓမ္မဂုတ်။ ။ ဘယ်အကြောင်းလဲ ကိုယ်တော်။
တပည့်တော်။ ။ သာတာဂိရနဲ့ ဟေမဝတနတ်များရဲ့ အကြောင်းပေါ့ဘုရား၊
အဲဒီ နတ်စစ်သူကြီး နှစ်ယောက်ဟာ ကဿပဘုရား သာသနာတော်ဝယ် (နည်းနည်း တော့ နောက်ပိုင်းကျလာဟန် တူပါရဲ့) ရဟန်းငါးရာစီ အခြွေအရံရှိသော ပညာတတ် ဝိနည်းဓိုရ်ကြီးများ ဖြစ်ကြပါတယ်၊ အဲဒီ နှစ်ပါးဟာ အလွန်လဲ ခင်မင်ရင်းနှီး ကြပါတယ်၊ ဝိနည်းဆုံးဖြတ်စရာရှိရင် အဲဒီနှစ်ပါးပဲ ဆုံးဖြတ်ရပါတယ်၊
အဲဒီနှစ်ပါးဟာ တစ်ခါတော့ သူတို့ကို အတော်ကြာကြာ ဆည်းကပ်နေတဲ့ တောရွာက ရဟန်း ကလေးဖက်ကို အရှုံး ပေးရမယ့်ကိစ္စမှာ အဆုံးအဖြတ်မပေးဘဲ ရှောင်လွှဲမိ တာနဲ့ တစ်ဖက်က အနိုင်ရမယ့် ကိုယ်တော်ကလေးက ဝမ်းနည်း ပန်းနည်း ငိုကြွေးတော့ နောင်တရကြပါတယ်၊
အဲဒီ ကိစ္စကြောင့် သီလလဲ ပြည့်စုံတဲ့အပြင် ပညာတတ် ဝိနည်းဓိုရ် နှစ်ပါးဟာ အထက်နတ်ပြည်မှာ မဖြစ်နိုင်ကြဘဲ သာတာဂိရတောင်, ဟိမဝန္တာတောင်တို့မှာ နတ်စစ်သူကြီးများ ဖြစ်ကြရပါသတဲ့၊ အခြွေ အရံများလဲ သူတို့အထံမှာ လက်အောက်ခံ နတ်စစ်သားတွေ ဖြစ်ကြပါတယ်။
ဓမ္မဂုတ်။ ။ အင်း .. မတရား အနိုင်ပေးတာ မဟုတ်ဘဲ ဆုံးဖြတ်ဖို့ကိစ္စကို ရှောင်နေရုံနဲ့ အောက်တန်းမှာ အကျိုးပေးရတယ်နော်၊ အမြဲ လိုက်နိုင်အောင် စွဲလမ်းတဲ့ တပည့် အခြံအရံဟာ ငါးရာတောင်ရှိတယ်၊ ထို ဆရာတော်မျိုးဟာ ယခုခေတ် ရှိရဲ့လား ကိုယ်တော်။
တပည့်တော်။ ။ အဲဒီ ကဿပဘုရားရှင်ရဲ့ နောက်ပိုင်း သာသနာမှာပဲ သူတော်ကောင်း ရဟန်းတော် ၇-ပါးဟာ အများနဲ့ ပေါင်းသင်းဆက်ဆံပြီး မနေဝံ့ တော့ပဲ တောင်ကလပ်ပေါ်သို့ လှေကားဖြင့်တက်ပြီး တောင်ပေါ်ရောက်တဲ့ အခါ ပြန်၍ မဆင်းနိုင်အောင် လှေကားကို တွန်းချလိုက်ကြပါသတဲ့၊ ထို့နောက် သေသေ ကျေကျေ တရားအားထုတ်ကြလေရာ တစ်ပါးက ရဟန္တာ, တစ်ပါးက အနာဂါမ်ဖြစ်ပြီး ကျန်ငါးပါးကတော့ ဘာမျှမဖြစ်ဘဲ တပည့်တော်တို့ ဘုရားသာသနာရောက်မှ ကျွတ်တမ်းဝင်ကြပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... ဒီသမိုင်းကို ကြည့်ရင်တော့ ယခု ဘုရားရှင်ရဲ့ သာသနာ့ ဝန်ထမ်း ရဟန်း သာမဏေများလဲ ဒီလမ်းအတိုင်း အမျိုးမျိုး တွေ့ရတော့မှာပဲ။
တပည့်တော်။ ။ ဟုတ်ပါတယ်, တပည့်တော်ရဲ့ သာသနာတော်ကို ပြုပြင်ချင်တဲ့ ကိစ္စက သာသနာ့ဝန်ထမ်း ရဟန်း သာမဏေမှန်ရင် လာမယ့်ဘဝ အတွက် အပါယ်လေးပါးက လွတ်စေလိုတဲ့ ဆန္ဒနဲ့ အကယ်၍ သူတော်ကောင်းစိတ် ပြင်းပြရင် မဂ်ဖိုလ် ရစေလိုတဲ့ ဆန္ဒသာ ဖြစ်ပါတယ်၊
ဤ ဘဝမှာလဲ လူအများရဲ့ အထင်သေး အမြင်သေးကို မခံရစေချင်ပါဘူး၊ မတော်တဆ ဂတိလွဲသွားတဲ့ ဘဝမှာတောင် ရဟန်းဘဝက သွားတဲ့သူဟာ လူဝတ်ကြောင် များထက် သာစေချင်ပါတယ်၊ တပည့်တော်ရဲ့ သာသနာ မြတ်နိုးပုံဟာ ဒါလောက်တောင် ပြင်းထန်တယ် ဆိုတာလဲ ကိစ္စတစ်ခု ကြုံတုန်းက သိလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ဘာကိစ္စတုန်း ကိုယ်တော်။
တပည့်တော်။ ။ ကမ္မဋ္ဌာန်း ရိပ်သာကြီးမှခွဲလာတဲ့ ရိပ်သာခွဲကျောင်းတစ်ကျောင်းမှာ တောထွက် ကိုယ်တော်ကြီး နှစ်ပါးတွင် တစ်ပါးပျံလွန်တော်မူလို့ ပြိတ္တာ-တစ္ဆေ ဖြစ်နေပါသတဲ့၊ ရက်လည်ဆွမ်း ကျွေးပြီးတဲ့အခါတော့ ရဟန်းများ လူများလဲ ပြန်သွားကြလို့ တစ်ပါးတည်းရှိတဲ့ ညကျတော့ ကျန်ရစ်တဲ့ ဘုန်းကြီးမှာ အိပ်လို့ မဖြစ်အောင် ချောက်ပါရောတဲ့၊
ကျန်ရစ်တဲ့ ဘုန်းကြီးကလဲ သတ္တိကောင်းတော့ မကြောက်ပါဘူး၊ သို့သော် မီးထွန်း ထားရင် မီးကို ငြိမ်းပစ်ပါသတဲ့၊ မင်းကို ငါက လူတုန်းကမှ မကြောက်ဘဲ အခု ဘာကြောက်ရမှာတုန်းဆိုပြီး ကမ္မဋ္ဌာန်းဘုန်းကြီးက သူကိုင်နေကျ ဓားရှည်ကြီးကို ခုတင်ပေါ်တင်လိုက်တော့ အဲဒီ ဓားရှည်ကို တစ္ဆေက ဆွဲပစ်လိုက်ပါသတဲ့။
ဓမ္မဂုတ်။ ။ ဟား ဟား ... သူလဲ ကမ္မဋ္ဌာန်းဘုန်းကြီးက ဖြစ်သွားတဲ့ တစ္ဆေဆိုတော့ ကမ္မဋ္ဌာန်းဘုန်းကြီးရဲ့ ဓားရှည်ကို ဘယ် အရေးစိုက်မှာတုန်း ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော်လဲ နောက်ဆက်ပြီး ဘာများဖြစ်သေးတုန်းလို့ သိချင်တာနဲ့ သူတို့အကြောင်းကို မကြာခဏ မေးနေပါတယ်။
ဓမ္မဂုတ်။ ။ နောက်တော့ ဘာများ ဖြစ်သေးတုန်း။
တပည့်တော်။ ။ လူဝတ်ကြောင် ပယောဂဆရာကို ခေါ်ပြီး သူတို့နည်းနဲ့ လုပ်လို့ နောက် မချောက်တော့ဘူးလို့ ကြားတဲ့အခါ တပည့်တော်မှာ ဝမ်းနည်းသလို ဖြစ်သွားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တစ္ဆေမချောက်တာကို ဝမ်းနည်းရသလား, အဓိပ္ပာယ် မရှိတာ ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော် ဖြစ်စေချင်တာက “ဘုန်းတော်ကြီးများက ပရိတ် ရွတ်ပြီး မေတ္တာရပ်ခံလို့ မပျောက်တော့ဘူး”ဆိုတဲ့ စကားကိုသာ ကြားချင်တာကိုး၊ ယခုတော့ လူဝတ်ကြောင်ဆရာက ဆေးနဲ့လုပ်လို့ ဘုန်းကြီးတစ္ဆေက မချောက်နိုင် ဘူးဆိုတာ ကြားရတော့ ဘုန်းကြီးတစ္ဆေဖက်က အရှုံးထွက်လို့ ဝမ်းနည်းတာပဲဘုရား၊ တပည့်တော်ကတော့ ဘာပဲ ပြောပြော ဘုန်းကြီးမှန်ရင် တစ္ဆေဖြစ်တောင် လူထက် သာစေချင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ ဆန္ဒက သာသနာ့ဝန်ထမ်း ရဟန်းသာမဏေဟူသမျှ လူများရဲ့ လေးစားလောက်သော အဆင့်အတန်းမှာ ရှိစေချင်တာပေါ့နော်၊ ကိုယ်တော် စေတနာကို လက်ခံပြီး ပြုပြင်ကြရင်တော့ မဖြစ်နိုင်စရာ မရှိဘူးပေါ့၊ ဒီဆန္ဒအတိုင်း ဖြစ်စေချင်လို့ “ဤကျောင်းတိုက်၌ စိတ်ကောင်းရှိဖို့က...ပထမ” အစရှိတဲ့ ဆိုင်းဘုတ်ကို ကပ်ထားတာ မဟုတ်လား၊ အဲဒီဆိုင်းဘုတ်ရဲ့ ပထမ-ဒုတိယစသော အစဉ်မှာ အရေးကြီးတာကို ရှေ့က ထားတာထင်တယ်၊ အရေးကြီးပုံ နည်းနည်းပြောစမ်းပါဦး။
တပည့်တော်။ ။ “စိတ်ကောင်းရှိဖို့က …. ပထမ”ဆိုတဲ့ နံပါတ် (၁) က ဤ ကျောင်းတိုက်မှာ နေလိုရင် -
“အကြီးက အငယ်ကို နှိမ်, အငယ်ကအကြီးကို မရိုသေဆိုတဲ့ စိတ်မျိုး
ကိုယ့်ထက်သာသူကို မနာလိုတဲ့ ဣဿာစိတ်,
ဉာဏ်ဝီရိယ ကောင်းတဲ့သူကို တိုးတက်မှာစိုးတဲ့ မစ္ဆရိယစိတ်,
အလွန် ထင်ရှားသိသာတဲ့ တဏှာရာဂစိတ်,
ဂုဏ်နဲ့လာဘ်ကို အလွန်လို လားတဲ့ လောဘစိတ်,
ပြင်းထန်တဲ့ ဒေါသစိတ်,
မာန်မာနစိတ်
စတဲ့ စိတ်မျိုးတွေ မဖြစ်စေဘဲ,
ဆရာပီပီ-တပည့်ပီပီ ရိုသေလေးစားတဲ့ မေတ္တာစိတ်,
မကျန်းမာသူကို သနားတဲ့ ကရုဏာစိတ်,
သူတစ်ပါး ပညာတတ်သည်ကို လာဘ်ပေါသည်ကို ဝမ်းမြောက်တဲ့ မုဒိတာစိတ်,
ဘုရားဝေယျဝစ္စကို စိတ်ပါလက်ပါ ပြုလိုတဲ့စိတ်,
သဒ္ဓါတရားကောင်းတဲ့ စိတ်,
ပျော့ပျောင်း နူးညံ့တဲ့စိတ်,
အပါယ်လေးပါး ကြောက်တဲ့စိတ်,
မဂ်ဖိုလ်နိဗ္ဗာန် လိုလားတဲ့ စိတ်
စတဲ့စိတ်မျိုးတွေ ရှိရမယ်”လို့ ဆိုလိုပါတယ်။
ဓမ္မဂုတ်။ ။ ကောင်းလိုက်တာ ကိုယ်တော်၊ ဗုဒ္ဓမြတ်စွာကလဲ စိတ်ကို လိုရင်း ထားပြီး ဟောတော်မူတာပဲ၊ “စိတ်သာရှင်စော ဘုရားဟော”လို့ မြန်မာ များလဲ ပြောကြပါရဲ့၊ ဒါပေမယ့် အဓိပ္ပာယ်ကိုတော့ ကောင်းကောင်း နားမလည်ကြပါဘူး၊ “ဝိနည်း လေးစားဖို့က... ဒုတိယ”ဆိုတဲ့ အချက်ကို ရှင်းပြပါဦး။
တပည့်တော်။ ။ ရဟန်း သာမဏေမှန်ရင် ဘုရားရှင်၏ ဝိနည်းသိက္ခာပုဒ်တော်ကို လိုက်နာနိုင်မှသာ အပါယ်လေးပါးမှ လွတ်မှာပါ၊ ဝိနည်းမလေးစားရင် ကဿပ ဘုရားရှင်ရဲ့ နောက်ပိုင်း သာသနာတော်သမိုင်းလို ဖြစ်ကြရမှာပါ။ သာသနာတော်ရဲ့ တာရှည်တည်တံ့ဖို့ဖြစ်တဲ့ အသက်ဟာလဲ ဝိနည်းသာ ဖြစ်ပါတယ်၊ ဝိနည်းမကျင့်ရင် သာသနာတော် မတည်ပါဘူး၊
ဒါ့ကြောင့် ရှေးမထေရ်ကြီးများက “အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ”လို့ သုံးကြိမ်ဆက်၍ မိန့်မြွက်တော်မူခဲ့ကြပါတယ်၊ ဆိုလိုရင်းက
“အနာဂတ် ကာလ၌ သာသနာတော်ကို -
လဇ္ဇီပုဂ္ဂိုလ် စောင့်ရှောက်ရစ်လိမ့်မယ်,
လဇ္ဇီပုဂ္ဂိုလ် စောင့်ရှောက် ရစ်လိမ့်မယ်,
လဇ္ဇီပုဂ္ဂိုလ် စောင့်ရှောက်ရစ်လိမ့်မယ်”လို့ ဆိုလိုပါတယ်။
ဓမ္မဂုတ်။ ။ လဇ္ဇီပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုန်း။
တပည့်တော်။ ။ ဝိနည်းတော်အတိုင်းနေ၍ အာပတ်မသင့်အောင် စောင်စည်းခြင်း, အာပတ်သင့်မိရင် “မိမိမှာ မည်သည့်အာပတ် သင့်မိပါပြီ နောင်ခါ မသင့်အောင် စောင့်စည်းပါမည်”လို့ လျှောက်သောအားဖြင့် ဒေသနာကြားခြင်း, သံဃိက ပစ္စည်းဝေမှု တရားဆုံးဖြတ်မှုစသည်၌ အဂတိ မလိုက်ခြင်း ဤဂုဏ်အင်္ဂါရှိသူကို “လဇ္ဇီပုဂ္ဂိုလ်”လို့ ခေါ်ပါတယ်။
“အနာဂတ်ကာလ၌ အဲဒီ လဇ္ဇီပုဂ္ဂိုလ်သာ သာသနာတော်ကို မကွယ်အောင် စောင့်ရစ်လိမ့်မယ်”လို့ ကြွေးကြော်တော်မူခဲ့ကြခြင်း ဖြစ်ပါတယ်၊ ဒါကြောင့် စိတ်ကောင်းရှိနေရုံတွင် မပြီးဘဲ ဝိနည်းလေးစားမှုပါ အရေးကြီးသောကြောင့် “ဝိနည်းလေးစားဖို့က.... ဒုတိယ”လို့ ရေးထားပါတယ်။
ဓမ္မဂုတ်။ ။“ကျန်းမာဖို့က … တတိယ”ဆိုတာက ဘယ်လို ရည်ရွယ်ချက်လဲ။
တပည့်တော်။ ။ စိတ်ကောင်းလဲရှိ, ဝိနည်းကိုလဲ လေးစားတဲ့ ကိုယ်တော်ကလေးဟာ မကျန်းမမာဖြစ်နေရင် ရှေ့ဆက်ပြီး ဘာမျှ အလုပ်တွင်အောင် မလုပ်နိုင်ပါဘူး၊ စာတတ်ပြန်ရင် အဲဒီစာကို အသုံးမချနိုင်ပါဘူး၊ ဒါ့ကြောင့် ကျန်းမာဖို့လဲ အရေးကြီးလို့ “ကျန်းမာဖို့က … တတိယ”လို့ ရေးထားပါတယ်၊
တပည့်တော်ရဲ့ ကျောင်းတိုက်မှာ မကျန်းမာတဲ့အခါ သီးခြားနေဖို့ ဆေးကျောင်းလဲ ရှိပါတယ်၊ မကျန်းမာရင် အဲဒီကျောင်းသို့ သွားနေရပါတယ်၊ ဆေးလဲ တော်တော် စုံအောင်ထားပြီး လုပ်ကျွေးမယ့် ကိုယ်တော်များလဲ ရှိစေပါတယ်၊ ထိုကိုယ်တော် များက အတော်အတန် အဖျားရေဂါ ရိုးရိုးဆိုရင် ပျောက်အောင်ကုနိုင်ပါတယ်၊ သူတို့ နိုင်ပုံ မရရင် ဆရာကို ခေါ်စေပါတယ်၊ ဆရာခေါ်ရုံဖြင့် ပျောက်ပုံမရရင်တော့ ဆေးရုံသို့ ပို့စေပါတယ်။
ဓမ္မဂုတ်။ ။“သန့်ရှင်းဖို့က .... စတုတ္ထ”ဆိုတာ ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ မကျန်းမာခြင်းရဲ့ အကြောင်းတို့တွင် မသန့်မရှင်းမှုလဲ အကြောင်း တစ်ခုပါပဲ၊ အများအားဖြင့် ခန္ဓာကိုယ်ကိုလဲ ရေချိုးချိန် ချိုးပြီး သန့်ရှင်းအောင် ပြုပြင်ရပါတယ်, အဝတ်ကိုလဲ ချွေးစော်မနံစေဘဲ သန့်ရှင်းစေရပါတယ်, ပတ်ဝန်းကျင် နေရာများကိုလဲ ရေဖြန်းပြီး တံမြက်လှည်းခြင်း စသည်ဖြင့် သန့်ရှင်းစေရပါတယ်။
အဲဒီလို သန့်ရှင်းပြီးတဲ့အခါ ခန္ဓာကိုယ် ပေါ့ပါးပါတယ်, စိတ်လဲ ကြည်လင်ပါတယ်၊ စိတ်ကြည်လင်တော့ သမာဓိရပြီး စာကြည့်လို့ စာသင်လို့ ဉာဏ်လဲ တိုးလာပါတယ်၊ များသောအားဖြင့် သန့်ရှင်းခြင်းရဲ့ အကျိုးကို မသိလို့ သန့်ရှင်းအောင် မကြိုးစား ကြပါဘူး၊ နေထိုင်မကောင်း၍ ရေမချိုးနိုင်ရင် ရေချိုးခန်းဝင်ပြီး ရေနွေးဖြင့် ဆွတ်ထားသော အဝတ်ကိုညှစ်ပြီး ကိုယ်ကို သန့်ရှင်းအောင် ပွတ်တိုက်ပေးရပါတယ်၊
ဒါ့ကြောင့် ကျန်းမာဖို့အပြင် “သန့်ရှင်းဖို့က ... စတုတ္ထ”လို့ ဆိုထားပါတယ်။
ဓမ္မဂုတ်။ ။“အဝတ်အစားတတ်ဖို့က .... ပဉ္စမ”ဆိုတဲ့ ရည်ရွယ်ချက်က ဘယ်လိုတုန်း။
တပည့်တော်။ ။ သင်္ကန်းကို “ရဟန္တာများရဲ့ တံခွန်အောင်လံ”လို့ ခေါ်ပါတယ်။ ဆွမ်းကိုလဲ မလုပ်မကိုင်ရဘဲ ဗုဒ္ဓဘာသာဝင်များက မျှတအောင် နေ့စဉ် လှူကြ ပါတယ်၊ သေခိယသိက္ခာပုဒ်တော်မှာ မတို-မရှည် ညီညီဝတ်ဖို့နဲ့ ဆွမ်းစားပုံစည်းကမ်း များကို ပြထားပါတယ်၊ အဲဒီ သိက္ခာပုဒ်တော်များနဲ့ အညီ သင်္ကန်းကို အရောင် ရင့်ရင့်ဆိုးပြီး ဝတ်တတ်ဖို့နဲ့ ဆွမ်းကို စားတတ်ဖို့လဲ တာဝန်ခံများက သင်ပေး ကြရပါတယ်။
မှတ်ချက်။ ။
ဘုရားလက်ထက်တော်၌ ဆွမ်းစားသောအခါ ဇွန်းကို အသုံးမပြုကြသောကြောင့် ဇွန်းနဲ့ စပ်တဲ့ သိက္ခာပုဒ် မရှိပါဘူး, ယခုခေတ်မှာ ဇွန်းကို အသုံးပြုကြပါတယ်, ဆွမ်းစားတဲ့အခါ ဇွန်းသံ ပန်းကန်သံဟာ အလွန် သိက္ခာပျက်ပါတယ်၊ ဒါ့ကြောင့် ဇွန်းသံ ပန်းကန်သံ မကြားရအောင်လဲ အထူး ဂရုစိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်စည်းကမ်းထဲမှာ “သင်္ကန်းကို အရောင်ရင့်ရင့် ဆိုးပြီး ဝတ်တတ်ဖို့”လို့ ပါနေတယ်၊ အရောင်မရင့်တော့ ဘာအပြစ်ရှိသလဲ။
တပည့်တော်။ ။ ဖုဿထေရဂါထာပါဠိတော်မှာ “ပိလက္ခရဇနံ ရတ္တံ, ဂရဟန္တာ သကံ ဓဇံ = ညောင်ခေါက်ဖြင့် ဆိုအပ်သော အရောင်ရင့်ရင့် သင်္ကန်းကို နောင် အနာဂတ်ကာလ၌ ကဲ့ရဲ့ကြလိမ့်မည်”လို့ ဆိုပါတယ်၊ ဒါ့ကြောင့် ရှေးခေတ်က ပိန္နဲဆိုးရင်လဲ ညောင်ခေါက်ဆိုးလို ဖြစ်အောင် အရောင်ရင့်ရင့် ဆိုး၍ ဝတ်ခဲ့ကြပါတယ်၊
ဒါ့ကြောင့် တပည့်တော်များရဲ့ ဥပဇ္ဈာယ် ဖြစ်တော်မူကြသော မဟာဂန္ဓာရုံ ကမ္မဋ္ဌာန်း ဆရာတော်ဘုရားကြီးများ လက်ထက်၌ ကမ္မဋ္ဌာန်းဆရာတော် အားလုံးပင် အရောင် ရင့်ရင့် ဝတ်တော်မူကြပါတယ်။
အဝါနုနုကိုတော့ “ရထိကာယ ဂမိဿန္တိ, ဒန္တဝဏ္ဏိကပါရုတာ = ဆင်စွယ်ရောင် ဆိုးထားသော အဝတ်သင်္ကန်းကို ခြုံရမ်းကြကုန်လျက်၊ လူအများ သွားလာရာ ရထား-မော်တော်ကားလမ်းတို့၌ လှည့်လည်ကြ လိမ့်မည်”လို့ ထို ဖုဿထေရ ဂါထာ၌ အပြစ်ပြတော်မူပါတယ်၊ ဒါကြောင့် အဝါရင့်ရင့် အရောင်ကို မပယ်လို သော်လဲ မထေရ်မြတ်က“ပိလက္ခရတ္တ = ညောင်ခေါက်ဆိုး အရောင်မျိုးကို” နှစ်သက်တော်မူပါတယ်။
ဓမ္မဂုတ်။ ။ အညိုရင့်ရင့်အရောင်ကိုတော့ မထေရ်မြတ်က ဘယ်လို သဘော ထားပါသလဲ။
တပည့်တော်။ ။ အညိုရောင်ကတော့ ဝိနည်းတော်မှာကို “မဟာရင်္ဂ = များစွာသော ဆိုးရည်ဖြင့် ဆိုအပ်သော အရောင်သည် မအပ်”လို့ ပယ်ထားရုံမက ဖုဿထေရ ဂါထာမှာလဲ “နီလစီဝရပါရုတာ, စရိဿန္တရိယာဝိယ = သင်္ကန်းညိုကြီးများကို ဝတ်ရုံသုံးစွဲကာ အရိယာများလို့ ထင်ရလောက်အောင် ဟန်ဆောင်၍ လှည့်လည်ရစ် ကြလိမ့်မည်”လို့ မိန့်တော်မူခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ဟဲ ဟဲ... ယခုအခါ သင်္ကန်းညိုကြီး ဝတ်ပြီး ယောဂီလိုလို ရသေ့ လိုလို, ညာနေတဲ့ သူတော်ကောင်း ဆိုသူတွေကို တည့်တည့်ကြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆံလိုပါပဲလား၊ ဒီလိုဆိုရင် ပိန္နဲရောင်ရင့်ရင့် ညောင်ခေါက်ရောင်ဟာ ဝိနည်းတော်အားဖြင့် လည်းကောင်း, ဖုဿ မထေရ်မြတ်ရဲ့ အလိုအားဖြင့် လည်းကောင်း အသင့်တော်ဆုံးလို့ ဆိုရမှာပဲ။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။“အနေအထိုင်တတ်ဖို့က ….. ဆဋ္ဌမ”ရဲ့ ရည်ရွယ်ချက်ကဘယ်လိုတုန်း။
တပည့်တော်။ ။ အသင်အပြ မရှိရင် ဆရာသမားနဲ့ ကိုယ့်ထက်ကြီးသူရဲ့ အနားမှာ လေးလေးစားစား နေနည်းထိုင်နည်းများကို မရကြပါဘူး၊ ဒါ့ကြောင့် ဆရာသမားရှေ့, ကြီးသူများရဲ့ ရှေ့၌ ရိုသေစွာ နေထိုင်ရပုံ, အချင်းချင်းလဲ ကိုးရို့ကားယား မနေကြပဲ သိက္ခာရှိရှိ နေထိုင်ရပုံ, ဒကာ ဒကာမတို့ အနီးမှာလဲ မိမိက အောက်က မနေမိစေဘဲ ရိုသေစရာကောင်းအောင် နေထိုင်ရပုံဤအားလုံးကို မကြာမကြာ သတိပေးပါတယ်၊ တချို့ ကိုယ်တော်များက တံတိုင်းပေါ်ထိုင်တတ်ပါတယ်၊ လူကာလသားများလို အင်မတန် အကြည့်ရ ဆိုးပါတယ်။
ဓမ္မဂုတ်။ ။“အပြောအဆို တတ်ဖို့က … သတ္တမ”ဆိုတဲ့ ရည်ရွယ်ချက်က ဘယ်လိုတုန်း။
တပည့်တော်။ ။ လူအချင်းချင်း ပြောသလို, ရဟန်း သာမဏေ အချင်းချင်း မင်းနဲ့ ငါနဲ့ ကွာနဲ့ ပြောသံတွေဟာ ယခုအခါ နားမချမ်းသာအောင် ပြည့်လျှံနေပါတယ်၊ ရဟန်း သာမဏေဆိုတာ ကြီးသူကခေါ်ရင် “ဘုရား= အရှင်ဘုရား”လို့ ထူးပြီး, “တပည့်တော်က, အရှင်ဘုရားက, ကိုရင်က, ဦးပဉ္စင်းက, ဘုန်းကြီးက”စသည်ဖြင့် ပြောမှ ရဟန်းအသုံးအနှုန်း မှန်ပါတယ်၊
လူဝတ်ကြောင်များနဲ့ ပြောတဲ့အခါလဲ “ခင်ဗျား ကျုပ်”လို့ ပြောတာလဲ မကောင်းပါဘူး၊ ဒကာဖြူ, ဒကာမနီ စသည်ဖြင့် သူ့နာမည် ရှေ့က “ဒကာ-ဒကာမ”ဆိုတဲ့ စကားလုံးကို ထည့်ပြီးသုံးမှ သာသနာ့ အသုံး မှန်ပါတယ်၊ ဒါ့ကြောင့် အပြောအဆိုကိုလဲ မကြာမကြာ သတိပေး ရပါတယ်၊ တာဝန်ခံများကို အမြဲ သင်ပေးစေရပါတယ်။
ဓမ္မဂုတ်။ ။“အသွားအလာတတ်ဖို့က ….. အဋ္ဌမ”ဆိုတာ ဘယ်လို ရည်ရွယ်ချက် ပါလဲ။
တပည့်တော်။ ။ ရပ်ရွာ မိဘရင်း, ဆရာရင်းတို့က ဘာမှ မပြုပြင်ကြ, ပြုလဲ မပြုပြင်တတ်ကြတော့ ကျောင်းတိုက်သို့ နေဖို့ ရောက်လာသူများတွင် တချို့ရဲ့ သွားပုံ လာပုံဟာ ကြည့်လို့ မကောင်းပါဘူး၊ တချို့မှာ ဆွမ်းခံ သွားရာမှစ၍ ကာလသားများလို ရင်ဘောင်တန်း သွားကြပါတယ်။ လုံးလုံး မသင့်လျော်ပါဘူး၊
ဒါ့ကြောင့် ဆိုင်ရာ တာဝန်ခံများက အသွား အလာတတ်အောင် ပြုပြင်ကြရပါတယ်၊ ဖိနပ်စီးတာလဲ မြေကြီး၌ ရှပ်တိုက်မစီးဖို့, ဖိနပ်အသစ်စီးတဲ့ခါ တည့်နိုင်သမျှ တည့်တည့်စီးဖို့ စသည်ဖြင့် အမြဲ ပြုပြင်ရပါတယ်၊ စာတတ်သော်လဲ အသွားအလာ မတတ်ရင် အထင်သေးစရာ ဖြစ်ပါတယ်၊ ဘုရားရှင်ရဲ့ ကြွသွားပုံကို ကျမ်စာတို့၌ ပြထားပါတယ်, အလွန် ကျက်သရေ ရှိပါတယ်၊ ဒါ့ကြောင့် “အသွားအလာ တတ်ဖို့ကို ... အဋ္ဌမ”လို့ ဆိုထားပါတယ်။
ဓမ္မဂုတ်။ ။“စည်းကမ်းလိုက်နာဖို့က ..... နဝမ”ဆိုတာ ဘာအဓိပ္ပာယ်လဲ။
တပည့်တော်။ ။ ရှေးလူကြီးများ, ဆရာသမားကြီးများရဲ့ ကောင်းသော စည်းကမ်း ထုံးစံ ဥပဒေကို နောက်လူများက လိုက်နာဖို့ တာဝန်ရှိပါတယ်၊ တပည့်တော်ရဲ့ ကျောင်းတိုက်မှာလဲ စည်းကမ်းတွေ အများအပြားပင် ရှိပါတယ်, အဲဒီ စည်းကမ်း မလိုက်နာရင်တော့ ကျောင်းတိုက်မှာ နေလို့ မဖြစ်ပါဘူး၊ ဒါ့ကြောင့် ကျောင်းတိုက် စည်းကမ်းဖြစ်စေ, အခြားနေရာ အတွက် တည်ရှိသော စည်းကမ်းဖြစ်စေ, ဆိုင်ရာ စည်းကမ်းကို လိုက်နာတတ်ဖို့ အရေးကြီးသောကြောင့် ဤ နဝမအချက်ကိုလဲ ထည့်ရပါတယ်။
ဓမ္မဂုတ်။ ။“စာတတ်ဖို့က ...... ဒသမ”ဆိုတာ ဘယ်လို ရည်ရွယ်ပါသလဲ။
တပည့်တော်။ ။ အများအယူအဆက “စာတတ်ဖို့က ….. ပထမ”လို့ ယူဆဟန် တူပါတယ်၊ ဒါပေမယ့် စိတ်ကောင်း မရှိဘဲ, ဝိနည်းကို မလေးစားဘဲ, အဝတ်-အရုံ-အနေ-အထိုင်-အပြောအဆို မတတ်ဘဲ စာတတ်ရုံသက်သက် ဖြင့် သူ့မှာလဲ ကုသိုလ် မရပါဘူး၊ သာသနာတော်ကိုလဲ မပြုစုနိုင်ပါဘူး၊
ဝိနည်းလေးစားမှု စသော အားလုံးဂုဏ်တွေ ပြည့်စုံနေပေမယ့် မကျန်းမာရင်လဲ သူ့ကျိုး-ကိုယ့်ကျိုး ဘာတစ်ခုမှ မပြုနိုင်ပါဘူး၊ ဒါ့ကြောင့် စိတ်ကောင်းရှိမှု စသည် အားလုံးပြည့်စုံမှ စာတတ်ရကျိုး နပ်ပါတယ်ဘုရား။ ဒါ့ကြောင့် စာတတ်မှုကို နောက်ဆုံးထားရပါတယ်။
(စာမတတ်လို့ အပါယ်မကျပါဘူး၊ စိတ်ကောင်းမရှိရင်, ဝိနည်းမလေးစားရင် အပါယ် ကျနိုင်ပါတယ်၊ ဒါ့ကြောင့် စာတတ်မှုဟာ စိတ်ကောင်းရှိမှုလောက် အဖိုးမတန်သည့် အတွက် အရေးမကြီးလှပါ၊ အရေးမကြီးသောကြောင့်လဲ နောက်ဆုံးမှာ ထားရပါတယ်။)
ဓမ္မဂုတ်။ ။ ကိုယ်တော် ကျောင်းတိုက်အတွက် စီစဉ်ထားတဲ့ ဂုဏ်အင်္ဂါ (၁၀) ချက်ဟာ ဘုန်းကြီးကျောင်းတိုက်တိုင်းမှာ ရှိရင် သာသနာတော် အသရေ တိုးလာမှာ ပဲနော်၊ ဒီအင်္ဂါ (၁၀)ပါးကတော့ လူ့အိမ်မှာလဲ ရှိသင့်, လူဝတ်ကြောင်များရဲ့ စာသင်ကျောင်းတိုင်းမှာလဲ ရှိသင့်တာပါပဲ။
တပည့်တော်။ ။ ဒီအင်္ဂါ (၁၀)ချက်ကို တပည့်တော်ရဲ့ ကျောင်းတိုက်အတွက်သာ ရည်ရွယ်တာ မဟုတ်ပါဘူး၊ အနာဂတ်သာသနာ ပြုနိုင်တဲ့အခါ ကျောင်းတိုင်း ကျောင်းတိုင်းမှာ ဒီအင်္ဂါရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါထက် ယနေ့ဟာ ကိုယ်တော်ရဲ့ (ခုနစ်ဆယ့်တစ်နှစ်ပြည့်မွေးနေ့) မဟုတ်လား၊ ကိုယ်တော်က မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဘာကုသိုလ်မှ အထူး မလုပ်ဘဲကိုး။
တပည့်တော်။ ။ တပည့်တော်က မွေးနေ့ အထိမ်းအမှတ်ပွဲလုပ်ရင် တပည့်တော်ရဲ့ ဒကာ-ဒကာမများက အလှူဒါန ပြုကြပါလိမ့်မယ်၊ အဲဒီလို အပို ကုန်တာကို တပည့်တော်က မူအားဖြင့် မလိုလားပါဘူး၊ အမြဲ လှူနေကြတဲ့ ဆွမ်းဒါနကိုပင် ကျေးဇူးတင်လှပါပြီ၊ ဒါ့ကြောင့် မွေးနေ့အထိမ်းအမှတ်ပွဲ လုပ်လေ့ မရှိပါဘူး။
ဓမ္မဂုတ်။ ။ ဒီလို အလှူဒါန အပိုပြုကြတော့ ကုသိုလ်အပိုရတာပဲ မဟုတ်လား၊ ကိုယ်တော်က ကုသိုလ်ရမှာကို ပိတ်ပင်ရာ ရောက်နေပါ့မယ်။
တပည့်တော်။ ။ တပည့်တော်တို့ရဲ့ မြန်မာလူမျိုး ဒကာ-ဒကာမတွေမှာ ဒါနကုသိုလ် မနည်းပါဘူးဘုရား၊ သီလစစ်စစ်ကုသိုလ်နဲ့ ဘာဝနာစစ်စစ် ကုသိုလ်ကသာ နည်းနေရှာကြတာပါ၊ တချို့လဲ မွေးနေ့ဆိုပြီး ကျေညာတာကြောင့် မလွှဲသာလွှဲသာ ပြုရတဲ့ ဒါနတွေပါ၊ အဲဒီ ဒါနကတော့ ကုသိုလ်ရမှာ မဟုတ်ပါဘူး၊
ပြီးတော့လဲ အရှင်ဘုရားကိုယ်တိုင် ဝိနည်းကို စဉ်းစားပါဦး၊ လူတွေ လှူအောင် ရည်ရွယ်ပြီး လုပ်ရင် ဝိညတ္တိမဖြစ်သော်လဲ ပရိယာယ် သြဘာသနိမိတ်ပြုရာတော့ ရောက်နေပါတယ်၊ ဒီလိုဆိုတော့ အဲဒီ လှူသမျှတွေဟာ ရဟန်း သာမဏေများ မသုံးကောင်းပါဘူး။
ဓမ္မဂုတ်။ ။ လူလဲ မလာစေချင်, အကုန်လဲ အပိုမခံစေချင်ရင် ကိုယ်တော် ရှိတာကလေးကို လှူပြီး မွေးနေ့ဒါန လုပ်ပါလား။
တပည့်တော်။ ။ တပည့်တော် ရှိတာကိုတော့ မွေးနေ့မှ လှူနေဖို့ မလိုပါဘူး။ နေ့စဉ် တပည့်တော် ဆိုင်ရာရော, သံဃာဆိုင်ရာရော, နဝကမ္မဝတ္ထုတွေနဲ့ နံနက်ဆွမ်း စားကြဖို့, နေ့လဲ ဟင်းချက်ဖို့ ဒါနဖြစ်နေပါတယ်၊ စာချ ဘုန်းကြီးများနဲ့ တချို့ တာဝန်ဆောင်များအတွက် သင်္ကန်းစသည်ကိုလဲ လိုတဲ့အခါ လှူနေရပါတယ်၊ ဒါ့ကြောင့် မွေးနေ့ကျမှ အထူး ဒါနပြုဖို့လဲ မလိုပါဘူး၊
နေ့စဉ်ပြုတဲ့ဒါနနဲ့ မွေးနေ့ကျမှ ပြုတဲ့ဒါန နှစ်မျိုးယှဉ်ကြည့်ရင် နေ့စဉ်ဒါနက မသာပေဘူးလား၊ မွေးနေ့ဆိုတဲ့ စွဲလမ်းမှုဒါနမှာ တဏှာခြံရံနေလို့ သံသရာမှာ ကြာရှည်ဖို့ အထောက်အပံ့တောင် ဖြစ်နိုင်ပါသေးတယ်၊ ထို့ပြင် သမ္မုတိ (ပညတ်) အားဖြင့်သာ “မွေးနေ့ သေနေ့”လို့ ခွဲရတာပါ၊ ပရမတ္ထအားဖြင့်တော့ ခဏတိုင်းမှာ ရုပ်တွေဟာ တစ်ခါတစ်ခါ သေပြီး, တစ်ခါတစ်ခါ ထပ်မွေးနေတာ ဖြစ်ပါတယ်၊
နာမ်က ငါ့ထက် မြန်ပါသေးတယ်၊ ဒါ့ကြောင့် ပညတ်မွေးနေ့ကို ရှုတာထက် ပရမတ်မွေးနေ့ကို ရှုရတာက သာပြီး သဘာဝလဲကျ, ဝိပဿနာဘာဝနာလဲ ဖြစ်ပါတယ်။ ဘုရားရှင်မှစ၍ အဂ္ဂသာဝက မဟာသာဝက ဘိက္ခု ဘိက္ခုနီများနဲ့တကွ ရှေးရှေးက သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် အရှင်မြတ်တွေ မွေးနေ့ အထိမ်းအမှတ် မပြုခဲ့ကြပါဘုရား။
ဓမ္မဂုတ်။ ။ ကိုင်း ကိုင်း .. သိစရာများလဲ အတော်စုံပါပြီ၊ ကိုယ်တော်ရဲ့ ၇၁-နှစ် အရွယ်တိုင်အောင် အားထုတ်ခဲ့သမျှလဲ အတော်အတန် အရာထင် ပါပြီ။ ကျောင်းတိုက်လဲ သာသာယာယာနဲ့ ကျမ်းစာတွေလဲ အတော် ပြီးနေပါပြီ၊ ကိုယ်တော်ရဲ့ ဆန္ဒအတိုင်း အသက်ရှည်ရှည်နဲ့ နောက်ထပ် ရည်ရွယ်တဲ့ ကျမ်းစာများ ပြီးစီးတဲ့အပြင်, သာသနာတော်ကြီးကိုလဲ ဘိုးဘွားမိဘတို့ လက်ထက်က သာသနာတော်ထက်ပင် တိုးတက်ထွန်းလင်းအောင် ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်တောင်းပါတယ်။
တပည့်တော်။ ။ အရှင်ဘုရား ဆုတောင်းတာတော့ ဝမ်းမြောက်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးများရော, အစိုးရရော, တိုင်းပြည်ကပါ အားပေး ကူညီမှ တပည့်တော် ဆန္ဒအတိုင်း အထမြောက်စရာ ရှိပါတယ်၊ တပည့်တော်ကလဲ အထမြောက်သည် ဖြစ်စေ, မမြောက်သည်ဖြစ်စေ ဗုဒ္ဓမြတ်စွာသည် နောက်ဆုံး ပရိနိဗ္ဗာန်စံတော် မူချိန်အထိ သတ္တဝါများရဲ့ အကျိုးကို ဆောင်တော်မူပုံနဲ့ အလောင်းအလျာ ဘဝ တုန်းက သတ္တဝါအများရဲ့ အကျိုးကို နောက်ဆုံး ဝေဿန္တရာမင်း ဘဝအထိ ဆောင်ခဲ့ပုံကို ကြည်ညိုလွန်းလို့ တပည့်တော့် အသက်ကို ဘုရားသာသနာတော်မှာ စွန့်လှူသောအားဖြင့် သာသနာတော်အရေးကို ကြိုးစားဖို့ တာဝန်ရှိနေပါတယ်ဘုရား။
ဗုဒ္ဓမြတ်စွာ, လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးကို
အသက်ပေး၍ ပြုခဲ့သည်
ဗုဒ္ဓမြတ်စွာ, သာသနာအတွက်တော့
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဓမ္မဂုတ်။ ။ (၇၁)နှစ်အတွင်းမှာ အစည်းအဝေးများ၌ မှတ်မှတ်သားသား ပြောဆိုဖူး တာများရှိရင် အများအတွက် သိချင်ပါသေးတယ်။
တပည့်တော်။ ။ အများအတွက် လျှောက်ဖူးတာတော့ အများကြီးပါပဲ၊ ဒီအထဲမှာ (ပရဟိတ) အစည်းအဝေးတုန်းက လျှောက်ထားတဲ့ စကားကတော့ အတော် စုံလင်ပါတယ်။
ဓမ္မဂုတ်။ ။ ပြောစမ်းပါကိုယ်တော်။
---
ပရဟိတ သံဃာ့အစည်းအဝေး၌ အရှင်ဇနကာဘိဝံသ လျှောက်ထားချက်
အကျိုးဆောင်ဆရာတော်က တပည့်တော်ကို သြဝါဒကထာ ချီးမြှင့်ပါရန် တောင်းပန်သော်လဲ ပရဟိတအဖွဲ့ဝင် အရှင်မြတ်တို့အား သြဝါဒ အနေအားဖြင့် မိန့်ခွန်းပေးခြင်းထက် ရိုသေစွာ လျှောက်ထားခြင်းက သံဃာ့ဂါရဝ ဖြစ်သောကြောင့် သာသနာတော် ထုံးတမ်းအရ ရိုသေစွာ လျှောက်ထားပါရစေဘုရား။
ယခုလျှောက်ထားမည့် အကြောင်းအရာများကို အရေးကြုံလာမှ ကြံတွေး၍ ဝတ်ကျေ တန်းကျေလျှောက်ခြင်း မဟုတ်ပါ၊ ကြာမြင့်စွာ စဉ်းစားပြီးဖြစ်၍ တပည့်တော်ရဲ့ နှလုံးအသည်းထဲမှာ စွဲနေပြီဖြစ်သော အကြောင်းအရာများ ဖြစ်ပါသည်၊ ပရဟိတ သံဃာ့အဖွဲ့ဝင် အရှင်ဘုရား တို့လဲ တပည့်တော်ကဲ့သို့ သာသနာ့အရေးကို တွေးပြီး ဖြစ်ကြလိမ့်မယ်လို့ ယုံကြည်ပါသည်။ သို့ဖြစ်၍ “ယခုလျှောက်မည့် အချက်တို့တွင် များစွာသော အချက်တို့မှာ အရှင်တို့နဲ့ သဘောတူစရာ ရှိနိုင်ပါ၏”လို့ မျှော်လင့်ကာ ပွင့်ပွင့်လင်းလင်း လျှောက်ပါရစေဘုရား။
---
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်
တပည့်တော်များရဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံ တော်ဝယ် အနော်ရထာမင်း လက်ထက်မှစ၍ ခိုင်မြဲစွာ အခြေစိုက်လာခဲ့သောကြောင့် ယခုအချိန်ထိဆိုရင် နှစ်ပေါင်း (၉၃၀) ကျော် ကြာရှည်ခဲ့ပါပြီ၊ သို့ဖြစ်၍ မြန်မာနိုင်ငံ တော်ဝယ် သာသနာတော် အသက်သည် မူလဘုရား ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ထက်ပင် ကြာရှည်စွာ တည်ခွင့်ရသည်လို့ ယူဆပါသောကြောင့် တပည့်တော်ရဲ့ စိတ်မှာ တိုင်းသူပြည်သားနဲ့ သာသနာ့ဝန်ဆောင် ရှေးရှေးထိပ်ခေါင်တင် ဆရာတော် သံဃာတော်များကို လေးလေးစားစား ကျေးဇူးတင်ပါတယ်ဘုရား။
---
တာဝန်ကျေသော ဆရာတော်များ
ထိုစဉ်အခါက သာသနာ့တာဝန်ကို လူ ဒါယကာများ ဖက်ကလည်း လူ့အလိုက်, သံဃာတော်များဖက်ကလဲ သံဃာ့အလိုက် သိုက်သိုက် မြိုက်မြိုက် တာဝန် ကျေအောင် ထမ်းဆောင်ခဲ့ကြသောကြောင့် ယခုလောက် အချိန် ကြာရှည်စွာ သာသနာတော် တည်နေပါသည်၊
ထင်ရှားစေပါဦးမည်-
ထိုအချိန်က ဆရာတော်အဆက်ဆက်သည် ဘုရား-တရား-ပိဋကကျမ်းစာများကိုလဲ ပါရဂူရောက် တတ်မြောက်အောင် သင်ယူတော်မူကြ၏။ သူ့ခေတ်သူ့ခါ လူဝတ်ကြောင်များနဲ့ ဆိုင်တဲ့ အပြစ်ကင်း ပညာများကိုလဲ ဆရာအဖြစ်ရောက် တတ်မြောက်အောင် ကြိုးစားတော်မူကြ၏၊
ထိုသို့ တတ်မြောက်ပြီးသောအခါ ကိုယ်တိုင်လည်း အနေအထိုင် သိပ်သည်းစွာဖြင့် ဗုဒ္ဓတရားတော်များမှ လူနဲ့ဆိုင်သော ပေါင်းသင်းဆက်ဆံမှု ယဉ်ကျေးမှုများကိုလည်း ကလေးသူငယ်တို့အား သင်ပြတော်မူကြ၏၊ လူဝတ်ကြောင်ဆိုင်ရာ “နော ဧက နော”စသော ဂဏန်းသင်္ချာကိုလည်း စပါးတွက်, သစ်တွက်မကျန် သင်ပေးတော်မူကြ၏။
ထိုသို့ ခေတ်အားလျော်စွာ လူ့တစ်ဘဝလုံး အသုံးကျအောင် သင်ပြပေးလိုက်ရုံမက ကျောင်းမှထွက်ပြီးသော တပည့်များကိုလည်း အသောက်အစား အကစား မရှိရအောင် မကြာမကြာ ဆုံးမတော်မူကြသဖြင့် ရွာတိုင်း ရပ်တိုင်းမှာ ထိုခေတ်နှင့် လျော်သော လူတော်လူကောင်းတွေ အပြည့် ရှိနေကြပါသည်၊
ထိုသို့သော ဘုန်းတော်ကြီးများရဲ့ တပည့် တစ်ယောက် နှစ်ယောက်စသော သဒ္ဓါ ပညာ ထူးချွန်သူတို့လည်း ရဟန်းဘဝသို့ ရောက်လာကြသဖြင့် ထို ရဟန်းတော် များလည်း အများအားဖြင့် ရပ်ရွာရဲ့ ဆရာဖြစ်နိုင်သော အရည်အချင်း ပြည့်ဝ သူများသာ ဖြစ်ပါပေသည်။
---
တာဝန်ကျေသော ဒကာများ
လူဝတ်ကြောင်ဘဝ၌ နေကြရသော ဒကာတို့တွင် ရပ်သူ ရွာသားလည်း ဘုန်းကြီး ကျောင်းထွက်, ရွာသူကြီးလည်း ဘုန်းကြီးကျောင်းထွက်, မှူးကြီးမတ်ရာ သေနာပတိ အပြင် ရှင်ဘုရင်သော်မှလည်း ဘုန်းကြီးကျောင်းသားပင် ဖြစ်ခဲ့ရကား, မိမိတို့ရဲ့ တစ်ဘဝလုံး လူရာဝင်ရေးကို (အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ) သက်သက် မေတ္တာ ကရုဏာရှေ့ထား၍ သင်ပေးလိုက်သော ဆရာသမားတို့အား ပြော၍ မပြနိုင်အောင် ကျေးဇူးတင်လှသဖြင့် မိမိတို့ စားဦး စားဖျားကို ကြည်ကြည်ဖြူဖြူ ပေးလှူကြ, လူရည်တတ်ဖြစ်သော တပည့်များကလည်း ဘုရားတည်ကြ, ကျောင်းဆောက်ကြ၍ မှူးမတ်သေနာပတိ နှင့် ပြည့်ရှင်မင်းတို့က သာသနာတော်ကို ချီးမြှောက်ကြသဖြင့် ဒကာတာဝန်ကို အစွမ်းကုန် ကျေပွန်စေကြပါသည်၊
ဤနည်းအားဖြင့် မြန်မာမင်း အဆက်ဆက်တို့ လက်ထက်ဝယ် ဆရာ-ဒကာ တာဝန် ကျေပွန်စွာ ရွက်ဆောင်လာမှုကြောင့် ဤသာသနာတော်သည် မြန်မာနိုင်ငံတော်၌ ဤမျှ ကြာရှည်အောင် တည်နေနိုင်ခဲ့ပါသည်။
---
ခေတ်ပြောင်းချိန်
ဤနည်းအားဖြင့် တပည့်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်သည် ဤမြန်မာနိုင်ငံ သာသနာတော်ဝယ် အမျိုး ဘာသာ- သာသနာ- ပညာအကျိုးကို ဆရာနဲ့ဒကာ စည်းလုံးစွာဖြင့် ရွက်ဆောင်နိုင်ခဲ့ ပါသော်လည်း သင်္ခါရ မှန်သမျှတို့ ပြောင်းလွဲ ကြရသည့် ဓမ္မတာဖြစ်ရကား, မင်းတုန်းမင်းလက်ထက်၌ မန္တလေးနေပြည်တော်ဝယ် “သံတဲကျောင်း”ခေါ် အင်္ဂလိပ်စာပေပညာကို သင်ပေးသောကျောင်း တစ်ကျောင်း ပေါ်ခဲ့ပါသည်။
ထိုကျောင်း၌ မင်းဆွေ-မင်းမျိုးများအပြင် ဘုရင်မင်းရဲ့ သားတော်အချို့လည်း အခြွေအရံများနဲ့အတူ နေ့စဉ်သွား၍ ပညာသင်ကြသည်လို့ တစ်ဆင့်ကြားဖူးပါသည်။
ထိုသို့ မင်းသားများ ဘာသန္တရ သင်ခြင်းသည် အပျော်တမ်းသင်ခြင်း မဟုတ်, နိုင်ငံခြားနဲ့ ဆက်ဆံရာဝယ် (စကားပြန် မထားဘဲ) မိမိတို့ဘာသာ တိုက်ရိုက် ဆက်ဆံနိုင်အောင် သင်ကြခြင်း ဖြစ်ပါလိမ့်မည်။
သို့ဖြစ်လျှင် ရှေးရှေးက သင်လာသော သင်ရိုးပညာသည်“နေရာတိုင်းမှာ အသုံး မဝင်”ဟု အဓိပ္ပာယ် သက်ရောက်နေရကား ထိုအချိန်ကပင် ထိပ်ခေါင်တင် ဆရာတော် အချို့လည်း ထိုအဓိပ္ပာယ်ကို စဉ်းစားမိတော်မူကြပါလိမ့်မည်၊ ထို့ကြောင့်ပင် ရွှေကျင်ဆရာတော် ဘုရားကြီးသည် အင်္ဂလိပ်စာများကို “အတော် အတန် လေ့လာတော်မူသည်”လို့ တစ်ဆင့် ကြားသိရပါသည်။
---
ဖြစ်ထိုက်လျက် မဖြစ်ခဲ့
ထိုအချိန်၌ တပည့်တော်တို့ရဲ့ ဘေးတော်- ဘိုးတော်- ဆရာတော်တချို့သည် ထိုဘာသန္တရကိုလည်း“နော ဧက နော” စသော ဂဏန်းသင်္ချာလို သဘောထား၍ ကိုယ်တိုင်လေ့လာ ကြပြီးလျှင် မြို့နေတပည့်တို့အား သင်ကြားပေးခဲ့ကြပါမူ ယခုလိုအချိန်မှာ နိုင်ငံခြား၌ ဘာသာခြား ဘုန်းကြီးများ အုပ်ချုပ်လျက်ရှိသော တက္ကသိုလ်များ ကဲ့သို့ ပိဋကတော်နဲ့တကွ ဘာသန္တရကို ပို့ချနိုင်သော တက္ကသိုလ်ကြီး တို့သည် မန္တလေး - ရန်ကုန်နေပြည်တော်များ၌ မားမားမတ်မတ် တည်ရှိကြလေရာ၏၊
ထိုကဲ့သို့ဖြစ်ခဲ့ရင် တပည့်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်သည် ဤ နိုင်ငံတော်၌ သာမက,အခြားနိုင်ငံများသို့ပင် အရှိန်အဝါ တောက်လျက် ရှိရာ၏၊ ယခုမူကား ဖြစ်ထိုက်သောအချက်များ ပျက်ကွက်ခဲ့သည့်အတွက် များစွာသော ကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းသားသူငယ်မျှ မရှိကြတော့ပါ၊
ထိုသို့ ကျောင်းသားသူငယ် မရှိခြင်းမှာလည်း တပည့်တော် တို့ရဲ့ ဘုန်းတော်ကြီးများ က ကလေးသူငယ်တို့ကို လူရာဝင်အောင် မသင်ပြနိုင်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင် သားရှင်မိဘတို့က မိမိတို့သားကို မိမိတို့ နေခဲ့သော ကျောင်းမှာပင် ထားလိုပါလျက် မထားနိုင်တော့ဘဲ မတတ်သာလှ၍ ခပ်ခွာခွာ နေကြရခြင်း ဖြစ်ပါသည်။
---
သာမန်အန္တရာယ် မဟုတ်ပါ
ကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းသား မရှိခြင်းသည် သာသနာတော် အတွက် သာမန် အန္တရာယ် မဟုတ်ပါ၊ သစ်ပင်ကြီး၌ ရေသောက်မြစ် ပြတ်နေသည့် ပမာ ကြီးစွာသော ဓမ္မန္တရာယ်ဖြစ်ကြောင်းကို (ပရဟိတ) အဖွဲ့ဝင် အရှင်ဘုရားများလဲ စဉ်းစားပြီး ဖြစ်ကြပါလိမ့်မည်၊
တပည့်တော်တို့ရဲ့ လက်ရှိသာသနာ့ ဝန်ဆောင်များသည် ငယ်စဉ်ကစ၍ ပိဋကပညာ အလိမ္မာတို့ကို အခြေခံ ရခဲ့သောကြောင့် တစ်စတစ်စ ကြီးပွားလျက် သာသနာ့ တာဝန်ကို ဆောင်နိုင် ကြသည် မဟုတ်ပါလော၊ ဘုန်းကြီးကျောင်းသား မရှိရင် ရှင်သာမဏေလဲ ကြာရှည်စွာ ဖြစ်မယ့်သူ မရှိနိုင်တော့ပါ၊ သာမဏေဘဝမှစ၍ အဆက်ဆက် တာဝန်ဆောင်ကြမယ့် ရဟန်းတော်များလဲ မရှိနိုင်တော့ပါ၊
ထို့ပြင်ဘုန်းတော်ကြီးများရဲ့ အသင်အပြကို မခံကြရသော တိုင်းသူပြည်သား တို့လဲ ဘုန်းကြီးများကို မိရိုးဖလာလောက်သာ ကိုးကွယ်ကြတော့မည် ဖြစ်၍ “သာသနာ စစ်စစ်ကို ထောက်ပံ့မည့်သူများ”လို့ လေးစားလောက် သူများ မဖြစ်နိုင်တော့ပါ၊
သစ်ပင်ကြီးမှာ ရေသောက်မြစ် ပြတ်နေရသည့် အပြင်, ပတ်ဝန်းကျင် အမြစ်ကလေး များမှာလဲ အအေးဓာတ် မရတော့သကဲ့သို့ အခြေခံကျောင်းသားများ မရှိသည့်အပြင် ထောက်ပံ့ချင်သူလည်း တစ်စတစ်စ နည်းပါးရာမှ လုံးဝမရှိတဲ့ အဖြစ်သို့ ရောက်ရတော့မည်ဖြစ်၍ အသီးအပွင့် ဝေဝေဆာဆာနဲ့ လွန်စွာ အရိပ်ကောင်းခဲ့သော ဗုဒ္ဓမြတ်စွာ သာသနာ့သစ်ပင်ကြီးသည် မကြာမီ ချောက်သွေ့ ယိုင်လဲ၍ မခိုင်မြဲသော အခြေသို့ ရောက်ရပါတော့မည်။
---
အန္တရာယ်ကို ဘယ်လိုတားမလဲ
တပည့်တော်များရဲ့ ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှစ၍ အကြောင်းရှိမှ အကျိုးဖြစ်ပုံကို ဟောပြတော်မူလေ့ ရှိပါတယ်။“အကြောင်းမဲ့သက်သက် အကျိုး ဖြစ်သည်” လို့ တစ်ခုတလေမျှ ဟောတော်မမူပါ၊ တပည့်တော်တို့ သာသနာတော် ဆုတ်ယုတ်ရာမှ ကွယ်ပမယ့် အချက်၌လည်း ပြခဲ့သော အကြောင်းကြောင်းတွေ ထင်ရှားနေပြီ မဟုတ်ပါလော၊
မကောင်းသော အကြောင်းကြောင့် မကောင်းသော အကျိုးကို တွေ့ရရင် မကောင်းသော အကြောင်းနေရာဝယ် ကောင်းသောအကြောင်းကို လဲလှယ်နိုင်ပါမူ ဧကန်မုချ ကောင်းကျိုး ရဦးမည်ကိုလည်း တပည့်တော်တို့ သိနိုင်ကြပါသည်။
ယခုအခါ ဘုန်းတော် ကြီးကျောင်းများ၌ ကျောင်းသားမရှိမှုသည် အရေးအကြီးဆုံး အကြောင်းလို့ ကောင်းကောင်း သဘောပေါက်ပြီးသော တပည့်တော်တို့သည် ကျောင်းသား ရှိလာအောင် ဘယ်လို ပြုပြင်ကြမည်နည်း၊ ခေတ်ဟောင်းတုန်းက ပထမပြန် စုံစမ်းရေး ကော်မတီ ပေါ်လာသောအခါ ကော်မတီတွင် ပါဝင်သော ကျေးဇူးရှင် အဘယာရာမ ဆရာတော်သည် မူလတန်း ဂဏန်းသင်္ချာနဲ့ အခြေခံပါဠိမျှကို ပထမငယ်တန်း မဝင်မီ တစ်ဆင့်ထားဖို့ အကြံပေးခဲ့ဖူးပါသည်။
---
အရေးကြီးသော အချိန်
ယခုအခါ သာသနာကို ပြုပြင်လိုသော ပုဂ္ဂိုလ်များ အတော်ကလေး လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ၊ လှုပ်လှုပ်ရွရွဖြစ်ရခြင်း အချိန်မှာလဲ ဤအတိုင်းသွားရင် “မြန်မာနိုင်ငံ သာသနာသည် သိပ်မကြာတော့”ဟု အမြင်ပေါက်သူတွေ များလာသောကြောင့် ဖြစ်ပါသည်၊
မြန်မာနိုင်ငံ သာသနာတော်သည် တစ်နည်းအားဖြင့် ဆေးမှား မခံသော သူနာနဲ့ တူနေပါသည်၊ ဘာဆေးမျှ မကျွေးဘဲ လက်ရှိ ဓာတ်စာများနဲ့ ထားရင် ဤသူနာသည် သူ့အလိုလို ဖြည်းဖြည်း သွားရှာပါလိမ့်မည်၊ ခေတ်ပေါ်ဆေးများကို တိုက်ကျွေး ကုသရင်ကား အနာနဲ့ဆေး သင့်အောင် ပေးဖို့ အရေးကြီးပါသည်၊ ဆေးတစ်ချက် မှားရင် ဖြတ်ကနဲ သွားပါလိမ့်မည်။
ဤဥပမာဖြင့် “ဘာကိုဆိုလိုပါသလဲ”လို့ မေးရင် လက်ရှိ စာသင်စာချ- စာမေးပွဲ ကျင်းပ၍ ဘုရားပွဲ၊ ကျောင်းပွဲ၊ ကထိန်ပွဲ, ရှင်ပြုအလှူပွဲ စသော ပကာသနဒါနမှုတို့သည် ဤသို့ ပြုရင်း ပြုရင်းပင် သာသနာတော်လဲ တဖြည်းဖြည်း ဆုတ်၍ဆုတ်၍ လာသောကြောင့် မျှော်လင့်ချက် မရှိသော လူမမာကို “စားချင်တာ စားပါစေတော့”လို့ ဆေးဆရာက ပြောသဖြင့် ဆွေမျိုးများက စားချင်တာကို ပေးနေသည်နှင့် တူလှပါသည်။ ဤနည်းကို တဖြည်းဖြည်းသွားမယ့် “သူနာကြိုက် ဓာတ်စာပေးနည်း”လို့ ဆိုလိုပါသည်။
---
ကြိုတင်၍ စဉ်းစားဖွယ်
တစ်ဖန် အင်္ဂလိပ်စာ ဂဏန်းသင်္ချာတို့ကို ဆရာလုပ်ဖို့ သင်ပေး၍ ကျေးရွာ ကျောင်းများ၌ ကျောင်းသားတွေ ပြန်လည် လာစေမည်ဟု ရည်ရွယ်သော်လဲ တကယ် တတ်လာသောအခါ လူထွက်သူက ထွက်, ကျောင်းလခယူ၍ စာပြသူကပြ, ဤသို့ လုပ်နေကြလျှင်ကား ဆေးမှားသော သူနာလို မကြာခင် သာသနာ ကွယ်သွားပါလိမ့်မည်၊ ဤအချက်သည် အမှန် တင်ကြို၍ တွက်ရမယ့်အချက် ဖြစ်ပါသည်။
ဘာ့ကြောင့်နည်း, အနုမြူဓာတ်ကို တွေ့ရှိအောင် ကြိုးစားသော လောကဓာတ် ဆရာတို့သည် သူတို့ရဲ့ အနုမြူကို လူသားများ အကျိုးရှိသော နေရာတွင် သုံးစေလိုသော်လဲ ယခုအခါ လူသားတွေ အစုလိုက် အပြုံလိုက် သေမယ့် ကိစ္စ၌ အသုံးချနေသကဲ့သို့ မျှော်လင့်ချက်ကတခြား လက်တွေ့ ကတခြား ဖြစ်နေတတ် သောကြောင့် ဘာသန္တရအတွက် သာသနာ ကွယ်လွယ်မယ့် အချက်ကိုလဲ ကြိုတင်၍ တွက်ရပါလိမ့်မည်။
---
တကယ် မျှော်လင့်ဖွယ်
တပည့်တော်များ၏ သာသနာဝယ် သဒ္ဓါတရားဖြင့် နေထိုင်သော ရဟန်း သာမဏေများ အတော်များများ ရှိပါသေးသည်။ ထို ရဟန်း သာမဏေများ၌ သာသနာပြုစိတ် သွင်းပေးရရင် ပရဟိတ သာသနာ့ဝန်ဆောင်တွေ အများအပြား ဖြစ်လာနိုင်စရာ ရှိပါသည်။ အကယ်၍ တပည့်တော်သာ တတ်နိုင်လို့ စီစဉ်ရရင် …
၁။ ဤ သာသနာတော်ကို မှီလျက် မိမိတို့မှာ ကုသိုလ်ပါရမီ တိုးပွား၍ လောက-သံသရာ နှစ်ဖြာ အကျိုးများအောင် စွမ်းဆောင်နိုင်ပုံကို သင်တန်းပေးပါမည်။
၂။ မြင်မြင်သူ လူအများရဲ့ စိတ်ကို ဆွဲဆောင်နိုင်လောက်အောင် အဝတ်အစား-အနေအထိုင်-အပြောအဆို ယဉ်ကျေးသိမ်မွေ့ဖို့ သင်တန်းပေးပါမည်။
၃။ လောဘ ဒေါသ မာန နည်းပါး၍ လောကီ ဂုဏ်သကာသနကို လိုလားစိတ် ကင်းဖို့ သင်တန်းပေးပါမည်။
၄။ ပိဋကစာပေနဲ့တကွ အနဝဇ္ဇ သိပ္ပ ဝိဇ္ဇာတို့ကို ဆရာလုပ်နိုင်သည်အထိ တတ်မြောက်အောင် သင်ယူကြဖို့ သင်တန်းပေး၍, ထိုကဲ့သို့ သင်ယူ နိုင်အောင်လဲ စီစဉ်ပေးပါမည်။
၅။ ထိုပညာတို့ကို တတ်မြောက်သောအခါ အမျိုး ဘာသာ သာသနာ ပညာ အကျိုး သက်သက်ကို ပါရမီဖြစ် ဆောင်ရွက်ကြဖို့ သင်တန်းပေးပါမည်။
---
ဂုဏ်ရှိရှိ တည်စေမည်လား
ဂုဏ်မဲ့မဲ့ ကွယ်စေမည်လား
တပည့်တော် လိုလားသော အချက်များကို အရှင်ဘုရားတို့လဲ လေ့လာပြီး ဖြစ်ကြပါလိမ့်မည်၊ တပည့်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ပြခဲ့သော ဂုဏ်အင်္ဂါတို့နဲ့ ပြည့်စုံသော ပုဂ္ဂိုလ်အများ စိတ်ထားညီညီနဲ့ ထမ်းဆောင်နိုင်ကြပါလျှင် ဗုဒ္ဓမြတ်စွာ သာသနာတော်သည် ဤ မြန်မာနိုင်ငံတော်ဝယ် ဂုဏ်ရှိရှိနဲ့ ခိုင်ခံ့ တည်ကြည်စွာ အမျိုး ဘာသာ ပညာ အကျိုးကို ရွက်ဆောင်လျက် ဘုန်းကျက်သရေ တိုးတက်နေပါလိမ့်မည်။
ထိုသို့မျှ မထမ်းဆောင်နိုင်ကြလျှင်ကား တပည့်တော်တို့ အားလုံးပင် ဂုဏ်မဲ့ သိရ်မဲ့ဖြစ်ကာ ဤသာသနာတော်လဲ ဤနိုင်ငံမှ ကွယ်ပပါလိမ့်မည်။ ထို့ကြောင့် “နိုင်ငံတော်အဝှမ်း၌ သီတင်းသုံး နေထိုင်ကြသော ရဟန်း သာမဏေတို့အား ဂုဏ်ရှိရှိနဲ့ သာသနာတော်ကို တည်စေကြမည်လား, ဂုဏ်မဲ့ သိရ်မဲနဲ့ သာသနာတော်ကို ကွယ်စေကြမည်လား”ဟူသော ပြဿနာကို ဤ ပရဟိတသံဃာ့အဖွဲ့ ဝင် အရှင်မြတ်တို့၏ မျက်မှောက်၌ မေးလျှောက်လိုပါသည်, သာသနာတော်ဝင် အရှင်မြတ်တို့ဘုရား။
နိဂုံး။ ။
ပရဟိတ မည်နာမဖြင့်
သံဃာ့ အဖွဲ့ဝင်, အို အရှင်တို့ ...
ဤတွင် စည်းဝေး သာသနာရေး၌,
လေးလေးနက်နက် လျှောက်ထားချက်ကို,
နှစ်သက်ကြည်စွာ လက်ခံပါလော......
မြန်မာဌာနီ ရှေးခါဆီဝယ်,
မထေရ်အပေါင်း စံရာကျောင်းမှ,
ငြိမ့်ငြောင်းသာယာ မိန့်အာဏာကို,
မြို့ရွာလူများ လွန်လေးစားခဲ့...
ခုကား သို့နှယ် မဟုတ် ကွယ်၍,
နယ်ပယ် ပွားစီး သားသမီးတို့ ,
ဘုန်းကြီးကျောင်းတွင် စာမသင်တော့...
ထို့ပြင် မြို့နေ ကလေးတွေကား,
ဒို့မေ ဘာသာ ဒို့မေ စာကို,
သင်ရာကောင်းမျှ မထင်ကြဘဲ,
ပြင်ကလာပေး စာပထွေးကို,
အလေးဂရု အရေးပြု၏။
ယခုလိုသာ နှစ်ပေါင်းကြာလျှင်,
မြန်မာတိုင်းဖွား အမျိုးသားတို့,
ဘုရားကိုစွန့် တရားစွန့်၍,
စွန်လိမ့်မှန်စွာ မြတ်သံဃာတည်း...
ထိုခါ တိုင်းဖွား လူအများလည်း,
တရားမပါ အမှားစာကြောင့်,
များစွာခုထက် တိုး၍ ပျက်လိမ့်။
သို့တွက်များပြား ဘုန်းဘုရားတို့
တရားကိုယ်နှင့် လုံအောင်ကျင့်၍
မလင့်စေရ ကိုယ့်ဒေသ၌,
သိပ္ပ ဝိဇ္ဇာ ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ,
ဘုန်းလှိုင်ဟောပြ သြဝါဒကို,
စိတ်ကကြည်ဖြူ လိုက်နာယူလျက်,
ကိုယ်မူ နှုတ်ပြောင်း စိတ်လည်းကောင်းလိမ့်။
မကောင်း အကောင်း အကြောင်းကြောင်းကို,
သောင်းပြောင်းကုန်စင် အစုံမြင်သည့်,
ထေရ်ရှင်များစွာ ဒါယကာတို့ ,
အခါအခွင့် ပဏာသင့်အောင်,
စာနှင့်စုပေါင်း နည်းသစ်ပြောင်းမှ,
နောက်နှောင်း မြန်မာ သာသနာသည်,
ရှည်ကြာနေသို့ ထွန်းမည်ကိုး။
အရှင်ဇနကာဘိဝံသ
အမရပူရမြို့
၁၃၂၁-ခု
သီတင်းကျွတ်လဆန်း (၈) ရက်၊
---
ဓမ္မဂုတ်။ ။ ဒါ့ပြင်ကော ရှိသေးလား။
တပည့်တော်။ ။ သာသနာရေး အရာရှိက မေးလို့ ပြောတဲ့အချက်လဲ ရှိပါသေးတယ်။
---
သာသနာတော်အရေး မေးလာသော အရာရှိအား ပြောပြချက်
သာသနာတော်နဲ့ တိုင်းပြည်အတွက် မိမိစိတ်၌ စွဲမြဲနေသော လုပ်ငန်းကိစ္စနဲ့ မျှော်လင့်နေသော အချက်များမှာ...
၁။ ကျေးရွာကျောင်းများ၌ ခေတ်အားလျော်စွာ သင်ပြပေးမယ့် ဘုန်းတော်ကြီးများ အနည်းဆုံး တစ်ရွာ-တစ်ကျောင်း သီတင်းသုံးတော်မူစေလိုခြင်း။
၂။ ထိုကဲ့သို့ ဘုန်းတော်ကြီးများ အများအပြား ပေါ်ထွန်းလာအောင် သင်ပြမယ့် အခြေခံ ကျောင်းတိုက်များ တည်ရှိစေလိုခြင်းများ ဖြစ်ပါသည်။
---
အကျယ် ညွှန်ပြချက်
၁။ ကျေးရွာအများ၌ ခေတ်အားလျော်စွာ သင်ပြပေမယ့် ဘုန်းတော်ကြီးများ သီတင်းသုံးလျက် အနည်းဆုံး တစ်ရွာ-တစ်ကျောင်းရှိခဲ့သော်, “သာသနာတော်ကို အကြောင်းပြု၍ တိုင်းပြည်အတွက် တစ်ဖက် တစ်လမ်းမှ အကျိုးများနိုင်မည်”လို့ ယူဆပါသည်။
ရှင်းပြပါဦးမည်။ ။ ကျေးရွာကျောင်းများ၌ ထိုကဲ့သို့သော ဘုန်းတော်ကြီးများ သီတင်းသုံး နေထိုင်ပါလျှင်...
- (က) ကလေးများအား အနည်းဆုံး မူလတန်းပညာ, ကျန်းမာရေးပညာ, ချွေတာသုံးစွဲရေး ပညာနဲ့ စည်းစနစ်ရှိရေးစသော စာရိတ္တကိုပါ သင်ပြနိုင်ခြင်း။
- (ခ) လူရွယ်လူလတ်တို့အား ဗုဒ္ဓမြတ်စွာ၏ အလောင်းအလျာဘဝ များစွာ၌ လည်းကောင်း, ဘုရားဖြစ်တော်မူပြီးသော အခါ၌ လည်းကောင်း, သတ္တဝါအများ၏ အကျိုးစီပွား ဆောင်တော်မူပုံများကို ညွှန်ပြ၍ “လုံ့လ ဝိရိယဖြင့် ပရဟိတအလုပ်ကို လုပ်ခြင်းသည် ယခုဘဝ-နောက်ဘဝအကျိုးရနိုင်၏”ဟု နားလည်စေနိုင်ခြင်း။
- (ဂ) ကံနဲ့ ကံ၏အကျိုးကို နားလည်အောင် ဟောပြ၍ နောက်နောက် ဘဝအတွက် စိတ်ချလက်ချန့် ဘာသာရေးကို လိုက်စားစေနိုင်ခြင်း, ဤသို့အားဖြင့် ဝိနည်းတော်နဲ့ လျော်ညီစွာ တိုင်းပြည်ရဲ့ တာဝန်ကို ယူနိုင်စရာရှိပါတယ်။
ဤသို့ ကျောင်းထိုင်ဘုန်းကြီးများ၏ အခြေခံဘာသာရေးများကို အရွယ်အားလျော်စွာ သင်ပြဟောပြောမှုကြောင့် လောကအကြောင်း သံသရာအကြောင်း ကောင်းကောင်း သိလာသောအခါ...
- (ဃ) တရားသဖြင့် စီးပွားရှာမှု အောက်လက်ငယ်သားတို့အား ညှာတာမှု, စည်းစနစ်ရှိမှု, ကျန်းမာရေး လိုက်စားမှုစသော လူတိုင်းလူတိုင်း လိုလားအပ်သော အကျိုးများ ပေါ်ထွက်လာဖွယ်ရှိခြင်း။
- (င) အလှူဒါန လက်ထပ်မှုစသော ကိစ္စတို့၌ အတုအပ ပကာသနတွေကို အလိုလို စက်ဆုတ်သောစိတ် ဖြစ်လာနိုင်ဖွယ်ရှိခြင်း။
- (စ) ရှင်ပြု ရဟန်းခံ ဘုန်းကြီးပြန် အသုဘစသော ကိစ္စတို့၌ မလိုအပ်သော ကုန်ကျစရိတ်တွေ အလိုလို သက်သာဖွယ်ရှိခြင်း။
- (ဆ) ဘုရားရှင် အလိုတော်နဲ့ မလျော်သော ဘုရားပွဲမှ ကျောင်းပွဲ နတ်ပွဲတွေ အလိုလို ပပျောက်ဖွယ်ရှိခြင်း။
- (ဇ) ကျေးရွာအနှံ့အပြား၌ လူရွယ်လူလတ်တို့ အခြေခံပညာနဲ့ စာရိတ္တ ကောင်းမွန်နေ ရကား, လူပျင်း လူအ လူန လူထိုင်းတွေ နည်းပါး၍ သွက်လက် ထက်မြက်သူများ တိုးပွားလာဖွယ်ရှိခြင်း။
- (ဈ) ဤနည်းအားဖြင့် ရွာတိုင်း အိမ်တိုင်း၌ တိုးတက်ကြီးပွားလာသလောက် အသောက်အစား အကစားလဲ နည်းပါးဖွယ်ရှိခြင်း။
- (ည) ထိုသို့ နည်းပါးသဖြင့် ဌာန-ရုံးတို့နဲ့ သက်ဆိုင်သော အမှုကြီးများ နည်းပါး၍ အသေးအဖွဲကလေးများမှာ ရပ်ရွာ လူကြီးများဖြင့် ပြီးစီးဖွယ်ရှိခြင်း။
ဤအကျိုးများသည် ကျေးရွာဘုန်းတော်ကြီးများ၏ အခြေခံ ရွက်ဆောင်မှုကြောင့် အဆင့်ဆင့်ရနိုင်မည့် အကျိုးများဖြစ်ရကား သာသနာတော်က တစ်ဖက်တစ်လမ်း အားဖြင့် လောကအကျိုး များအောင် ဆောင်နိုင်သောအချက်များ ဖြစ်ပေသည်။
၂။ ကျေးရွာကျောင်းများ၌ ခေတ်အားလျော်စွာ သင်ပြပေးမည့် ဘုန်းတော်ကြီးများ ထွန်းကားလာဖို့ရန် အခြေခံကျောင်းတိုက်များကို ဂိုဏ်းအသီး သီး၌ တည်ရှိစေဖို့ အရေးကြီးပါသည်။ ထိုကျောင်းတိုက်များကို အသစ် တည်ပေးရမည် မဟုတ်ပါ၊ လက်ရှိကျောင်းတိုက်ကြီးများဝယ် ထိုကဲ့သို့ ပြုပြင်လိုသော ကျောင်းတိုက်များကို အစိုးရက အသိအမှတ် ပြု၍ စည်းစနစ်ကျအောင် အတန်းစဉ်ထားလျက် သင်ပြကြဖို့သာ လိုအပ်ပါသည်။
ထို ကျောင်းတိုက်များ၌ ..
- (က) ကျေးရွာပြုပြင်ဖို့ရန် ဆန္ဒရှိသော ဝါတော် မကြီးလွန်းသော ပုဂ္ဂိုလ်များကို ရွေးချယ်၍ လက်ခံရပါမည်။
- (ခ) ထိုပုဂ္ဂိုလ်များသည် ကိုယ်မှု-နှုတ်မှု-စိတ်မှုကိုပါ အများ၏ ကြည်ညိုဖွယ် အားကိုးဖွယ် ဖြစ်လောက်အောင် ပြုပြင်လေ့လာကြရပါမည်။
- (ဂ) အနည်းဆုံး မူလတန်းပညာကို အစိုးရစနစ်အတိုင်း သင်ပြနိုင်အောင် လေ့လာကြရပါမည်။
- (ဃ) ဗုဒ္ဓမြတ်စွာ၏ အလောင်းတော်ဘဝမှ စ၍ ဘုရားဖြစ်ရာဘဝ တိုင်အောင် အများအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူပုံကို ပါဠိတော်မှ ထုတ်ဖော်၍ လေ့လာကြရပါမည်။
- (င) ကံအကျိုးပေးရာ၌ ဉာဏ် ဝီရိယရှိမှ အကျိုးပေးနိုင်ပုံကို တော်တော်စုံအောင် လေ့လာကြရပါမည်။
- (စ) ဝိနည်းပညတ်တော်နဲ့စပ်၍ ကျက်မှတ်ဖွယ်များကို အသေးစိတ် ကျက်ရ မှတ်ရ ဖတ်ရပါမည်။
- (ဆ) ဤကဲ့သို့ ဆရာလုပ်မယ့်သူ ကိုယ်တိုင်က အခြေခံပြည့်စုံမှသာ တိုင်းပြည်၌ သာသနာတော်နဲ့ စပ်၍ အကျိုးရမည်ဖြစ်ရကား, ထိုသာသနာတော်ကို မည်သူမဆို ဦးထိပ်ထား၍ လေးစားကြပါလိမ့်မည်။
အရှင်ဇနကာဘိဝံသ
အမရပူရမြို့။
၁၃၂၆-ခု
တန်ဆောင်မုန်းလ
---
၁၅။ ခုနစ်ဆယ့်နှစ်နှစ်အတွင်း ဖြစ်စဉ်
ဓမ္မဂုတ်။ ။ ဥုးဇနကရေ.. အသက် (၇၂) နှစ်အတွင်း ဖြစ်စဉ်ကလေးများကို ပြောပြပါဦး။
တပည့်တော်။ ။ (၇၂) နှစ်မှာ ကျောင်းတိုက်သံဃာက ရှေးကထက် ပိုပြီး များလာပါတယ်, ဝါဆိုခါနီးမှာ လေးရာလောက် ရှိနေပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီသံဃာများကို ရှေးကလို နံနက်ဆွမ်းကျွေးနိုင်သေးရဲ့လား။
တပည့်တော်။ ။ တော့ကျွေးနိုင်ပါရဲ့, ဒါပေမယ့် စိတ်ကတော့ ကြောင့်ကြ ဗျာပါရ အတော်များပါတယ်၊ တပည့်တော်တို့ ဝိနည်းတော်က လူဝတ်ကြောင်များကို “သံဃာများလို့ လှူကြပါ”ဟု မပြောကောင်းတဲ့အပြင် လှူချင်လာအောင် ပရိယာယ် အရိပ်နိမိတ်တောင် မပြောကောင်းပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ဒီသံဃာအများကို နံနက်ဆွမ်း ကျွေးနိုင်အောင် ကြောင့်ကြ ဗျာပါရ များတယ်ဆိုတာ စိတ်ထဲက များရတာ နေမှာပေါ့။
တပည့်တော်။ ။ ဟုတ်ပါတယ်, စိတ်ထဲကများရတဲ့ ဗျာပါရဆိုတာ လူရော နတ်ရော-သတ္တဝါအပေါ်မှာရော ရှေးကထက်ပိုပြီး မေတ္တာပို့ရတဲ့ ဗျာပါရပါ၊ (ဗုဒ္ဓါနုဿတိကိုတော့ ခါတိုင်းလဲ မနည်းပါဘူး။) ကျောင်းတိုက်သံဃာ များကိုလဲ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာကို ရှေးကထက် ပိုပြီး ကြိုးစားကြဖို့ တိုက်တွန်းရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို ဗျာပါရများတော့ ဘယ်လို အကျိုးရတုန်း။
တပည့်တော်။ ။ တိုက်သံဃာများအား နံနက်ဆွမ်း ကျွေးနိုင်တဲ့အကျိုး, နေ့ဆွမ်း အတွက်လဲ ဟင်းနှစ်ခွက် ချက်နိုင်တဲ့ အကျိုးများကို ရပါတယ်။
ဓမ္မဂုတ်။ ။ နေထိုင်စရာကော လုံလောက်ရဲ့လား။
တပည့်တော်။ ။ နေစရာကျောင်းတွေလဲ ပြည့်စုံပါတယ်, သံဃာများသလောက် ကုဋီ (ကျင်ကြီးအိမ်) ကိုလဲ ချဲ့ရပါတယ်, ဆွမ်းစားကျောင်းကိုလဲ ချဲ့ရပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... အဲဒီတာဝန်ကလဲ အကြီးသားပဲနော်။
တပည့်တော်။ ။ တပည့်တော်တို့ ဆရာတပည့်အတွက်တော့ စားစရာလောက် တာဝန်မကြီးပါဘူး၊ သံဃာတစ်ရာကျော်တုန်းက ဆွမ်းစားကျောင်း မလောက်လို့ ကျောင်းမှာရှိတဲ့ ထန်းပင်က ထန်းရွက်တွေနဲ့ ဆွမ်းစားကျောင်းရော ကုဋီပါဖြစ်အောင် ကြိုးစားခဲ့ဖူးပါပြီ၊ ယခုတော့ ဆွမ်းစားကျောင်းလဲ ဝါးကပ်မိုး ထရံကာနဲ့ ချဲ့ထွင် နိုင်ပါတယ်၊ ကုဋီကိုတော့ ရေလောင်းကုဋီ ဖြစ်အောင် ချဲ့ထွင်နိုင်ဖို့ရန် ဒကာ ရှိလာပါတယ်။
ဓမ္မဂုတ်။ ။ သံဃာ ၄၀၀ ကို ညနေ ထန်းလျက်ရည် နွေအခါ မန်ကျည်းဖျော်ရည် တိုက်နိုင်သေးရဲ့လား။
တပည့်တော်။ ။ နှစ်ပေါက်တော့ မတတ်နိုင်ပါဘူး၊ အတော်ကြာကြာ ဆောင်းကုန်အောင်တော့ တိုက်နိုင်ပါသေးတယ်။
ဓမ္မဂုတ်။ ။ စာတော့ ကိုယ်တော် ကိုယ်တိုင် ပို့ချတုန်း, ရေးတုန်းပဲလား။
တပည့်တော်။ ။ ပို့ချတုန်း, ရေးတုန်းပါပဲ၊ နံနက် ဩဝါဒအပြီးမှာ ရိုက်နှိပ်ပြီးဖြစ်တဲ့ သီလက္ခန်ပါဠိတော် အဋ္ဌကထာကို နည်းနည်းပို့ချပါတယ်၊ နေ့ ၁၂ နာရီခွဲတော့ ဝိဘင်းပါဠိတော်, သမ္မောဟဝိနောဒနီ အဋ္ဌကထာ မူလ ဋီကာကို ပို့ချပါတယ်၊ စာအုပ် မရိုက်ရသေးလို့ စာဆိုသူများကို ရေးလဲ ရေးစေပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ကျမ်းစာတွေကို စာအုပ်ဖြစ်အောင် ရိုက်နှိပ်ဖို့ မှန်းသေးသလား, စာအုပ် တစ်ထောင်ရိုက်ရင် ဆယ်အုပ်လောက် ကုန်ဖို့တောင် အခက်ကြီးပါ ကိုယ်တော်။
တပည့်တော်။ ။ စာအုပ်ကုန်တာ မကုန်တာ အရေးမကြီးပါဘူး၊ သင်ရိုးပိဋက ကျမ်းစာတွေ ပို့ချလိုတဲ့ ပုဂ္ဂိုလ်များအတွက် အမှီရဖို့သာ ရည်ရွယ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ကျမ်းကြီးအတွက် အဋ္ဌသာလိနီတုန်းကလို လေးတွဲတော့ ရိုက်ရမယ် ထင်တယ်၊ ကုန်ကျစရိတ်တွေ ဘယ်ကရမှာလဲ။
တပည့်တော်။ ။ ကျမ်းစာအုပ်ရိုက်နေကျ ပုဂ္ဂိုလ်က အရှုံးခံပြီး ရိုက်ကြပေါ့ ဘုရား၊ ပြီးခဲ့တဲ့ ပရိဝါရဘာသာဋီကာ ရိုက်တုန်းကတောင် စက္ကူမရသောကြောင့် အုပ်ရေ ငါးရာသာ ရိုက်ရတဲ့အတွက် သုံးထောင်လောက် ရှုံးတယ်လို့ လျှောက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်က ဘယ်လို ပြောသလဲ။
တပည့်တော်။ ။“ငါက အရှုံးခံပြီး ရိုက်ရမှ စိတ်ကျမ်းသာတယ်, ရှုံးချင် ရှုံးပါစေ, ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာ”လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ဝါတွင်းက သံဃာ လေးရာလောက်ရှိတဲ့အခါ ကိုယ်တော်နဲ့ တိုက်သံဃာများက ဗုဒ္ဓါနုဿတိနဲ့ မေတ္တာကို တိုးပြီး ကြိုးစားရုံပဲလား, ကိုယ်တော်က ဘာလုပ်သေးတုန်း။
တပည့်တော်။ ။ တပည့်တော်က အထက်နတ်တွေကို မေတ္တာနဲ့ ဆွယ်ရုံတွင် မက ပါဘူး၊ သူတို့ ပိုပြီး ကျေနပ်အောင် သက်သတ်လွတ် (ဆားဟင်း)ကိုလဲ စားပါတယ်။
ဓမ္မဂုတ်။ ။ အထက်နတ်တွေနဲ့ ဘယ်လိုဆိုင်သလဲ။
တပည့်တော်။ ။ အထက်နတ်ကောင်းများက သူ့ အသက်ကို သတ်မစားကြပါဘူး၊ နတ်သုဓာကိုသာ စားကြပါတယ်၊ အောက်နတ်တွေ တချို့ကတော့ လူသားတောင် စားကြဟန်တူပါတယ်၊ သမ္ဗလာဇာတ်မှာ ငါ့ရဲ့ မိဖုရား မဖြစ်လိုရင်“အလံ တွံ ပါတရာသာယ, မယှံ ဘက္ခာ ဘဝိဿသိ = နက်ဖြန် နံနက်စားဖို့ရာ ငါ့အစာ ဖြစ်လိမ့်မယ်”လို့ ဒါနောရက္ခိုသ်က ပြောပါတယ်။
သုတ်ပါထိကဝဂ္ဂ, အာဋာနာဋိယသုတ်မှာလဲ များသောအားဖြင့် ယက္ခနတ်မျိုး တွေဟာ ပါဏာတိပါတ စသော ငါးပါးသီလ မလုံခြုံကြလို့ ဝေဿဝဏ်နတ်မင်းက မြတ်စွာဘုရားအား လျှောက်ပါတယ်၊ တပည့်တော်ကတော့ အသားမစားသော နတ်ကောင်းများက တပည့်တော်ကိုလည်းကောင်း, တပည့်တော်ရဲ့ သံဃာများကို လည်းကောင်း စောင့်ရှောက်ကြဖို့ရန် တပည့်တော်ကိုယ်တိုင် အသားစားမှုမှ ရှောင်လိုက်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကုသိုလ်ရအောင် တမင်တကာ ကျင့်တယ်လို့ မဆိုလိုဘူးပေါ့နော်။
တပည့်တော်။ ။ မဆိုလိုပါဘူး, အသားမစားသော နတ်ကောင်းများက ကျေကျေ နပ်နပ် စောင့်ရှောက်ဖို့ရန်သာ ဖြစ်ပါတယ်၊ တပည့်တော် မစားပေမယ့် သံဃာများ ကိုတော့ မစားဖို့ရန် မတိုက်တွန်းပါ၊ သို့သော် သံဃာ လေးရာအတွက် အသား ဟင်းများ ချက်၍ ဆွမ်းကျွေးလိုရင် ဖျာတွေပေါ်မှာ အသားတွေ အကောင်တွေ အများအပြား တင်ထားတာကိုလဲ စက်ဆုတ်, အညှီအဟောက် နံလွန်းတာကိုလဲ စက်ဆုတ်လို့ ဆွမ်းကပ်တဲ့ အခါ “အသားကြီးတွေကို ရှောင်နိုင်သမျှ ရှောင်ကြပါ၊ ဟင်းသီးဟင်းရွက်နဲ့ ရောကြပါ”လို့တော့ အမြဲ သတိပေးရပါတယ်။
ဓမ္မဂုတ်။ ။လူတွေက သူတို့အသားတွေ စားကြသလို သံဃာတော်များကိုလဲ အသားစားစေချင်ကြတာနဲ့တော့ ကိုယ်တော် ဩဝါဒဟာ ပြောင်းပြန်ဖြစ်နေ တော့မှာပဲ ထင်။
တပည့်တော်။ ။ အရှင်ဘုရား စဉ်းစားကြည့်ပါလား, သံဃာတော်များက အသား တွေကို အရသာခံပြီး (လူများစားသလို) စားရင် လောဘပိုပြီး မဖြစ်ပေဘူးလား၊ လယ်ယာမြေကောင်း ရွေးတဲ့အခါမှာ “လောဘ (ရာဂ) ဒေါ, မောဟကင်းတဲ့မြေကို ရွေးရမယ်”လို့ ဘုရားရှင် ဟောတော်မူပါတယ်၊
ယခုတော့ လောဘနည်းအောင် မရွေးတဲ့အပြင် မိမိတို့ရဲ့ အလှူဒါန မျိုးစေ့ချတဲ့ လယ်ယာမြေမှာ လောဘပေါင်းမြက်တွေ များအောင် ကြိုးစားရာ ရောက်ပါပြီကော၊ လူတွေရဲ့ အသိဉာဏ်နည်းမှုကို ပြုပြင် မပြေးကြသော ဆရာသမားများလဲ တာဝန်မကင်းပါဘူးဘုရား။
ဓမ္မဂုတ်။ ။ ဗုဒ္ဓမြတ်စွာက“မနာပဒါယီ လဘတေ မနာပံ = မွန်မွန်မြတ်မြတ်ကို ပေးလှူလေ့ရှိသူသည် မွန်မြတ်သောပစ္စည်းကို ရနိုင်၏”လို့ ဟောတော်မူပါတယ်၊ ထိုတရားကို လက်ကိုင်ထားပြီး လူတို့က မိမိတို့ သုံးစွဲတာထက် ကောင်းမွန်သော ပစ္စည်းကို လှူကြဟန်တူပါတယ်၊ ကိုယ်တော်က မွန်မြတ်သော အသားဟင်းတွေကို ပိတ်ပင်ရင် ကိုယ်တော့်မှာ ဝဋ်မလိုက်ပေဘူးလား။
တပည့်တော်။ ။“မနာပဒါယီ လဘတေ မနာပံ”လို့ ဟောတော်မူတဲ့ တရားတော်က ပဉ္စကအင်္ဂုတ္တိုရ် ပထမပဏ္ဏာသက, မနာပဒါယီသုတ်တော် မှာပါတဲ့ တရားတော် ဖြစ်ပါတယ်၊ ထိုသုတ်တော်ရဲ့ အဆက်ဖြစ်တဲ့ အောက်နားမှာ “ခေတ္တုပမေ အရဟန္တေ ဝိဒိတွာ = လယ်ယာမြေကောင်း သဖွယ် ဖြစ်ကြသော ရဟန္တာပုဂ္ဂိုလ်၌ အသိဉာဏ်ဖြင့် စွန့်ကြဲလှူဒါန်း၍”ဟု မိန့်တော်မူပါတယ်။
ကောင်းမြတ်သော ဆွမ်း-သင်္ကန်း-ကျောင်းတို့ကို ရဟန္တာ(အနာဂါမ်) မဟုတ်သော ပုဂ္ဂိုလ်အား ပေးလှူရင် ထိုပုဂ္ဂိုလ်က တဏှာလောဘ မဖြစ်အောင် ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးစွဲတတ်မှ ထိုပုဂ္ဂိုလ်မှာ အပြစ်လွတ်ပြီး အလှူရှင်မှာလဲ အကျိုး များပါတယ်၊ ထိုသို့ မသုံးစွဲတတ်ရင် အလှူရှင်မှာ အကျိုးမများရုံသာမက အလှူခံ ပုဂ္ဂိုလ်မှာ အပြစ်ကြီးကြောင်းကို အခြားသုတ္တန်မှာ ဟောတော်မူပြန်ပါတယ်၊ ဒါ့ကြောင့် တပည့်တော်က အလှူရှင်တွေမှာ အကုန်အကျများသလောက် အကျိုးရ၍ ကျောင်းသံဃာများမှာလဲ အပြစ်မရှိသော နည်းလမ်းကိုသာ ညွှန်ပြရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုညွှန်ပြတော့ လိုက်နာကြရဲ့လား။
တပည့်တော်။ ။ အလှူရှင်အတော်များများက လိုက်နာကြပါတယ်၊ တချို့က ထောပတ်ဆွမ်း, အုန်းဆွမ်း, သစ်သီးဒန်ပေါက်ဆွမ်း ကပ်ကြပါတယ်၊ ဟင်းကိုတော့ ငါးပိကြော်တို့ ပုဇွန်ခြောက်ခတ်တဲ့ဟင်းရည်တို့ ငှက်ပျောသီးမွှေး, သို့မဟုတ် ငှက်ပျောကြော်တို့ကို ကပ်ကြပါတယ်၊ တချို့ကလဲ အသား သိပ်မများစေဘဲ နံနက်ဆွမ်းအဖြစ် ကြာဆန်တို့ကို ကပ်ကြပါတယ်။
ဓမ္မဂုတ်။ ။ မြန်မာလူမျိုးများမှာ ကိုယ်စားနေကြ, ဝတ်နေကြ, သုံးနေကြထက် ညံ့တာကို လှူရင် ဒါသဒါန (လှူဖွယ်ဝတ္ထုရဲ့ ကျွန်အဖြစ်ဖြင့် လှူခြင်း) ဟု လည်းကောင်း, ကိုယ်သုံးတာနဲ့ တန်းတူပစ္စည်းကို လှူရင် သဟာယဒါန (မိတ်ဆွေအလှူ) ဟု လည်းကောင်း, မိမိသုံးတာထက် ကောင်းမွန်သော ပစ္စည်းကို လှူရင် သာမိဒါန (အရှင်သခင် အလှူမျိုး)ဟု လည်းကောင်း, ပဉ္စကအင်္ဂုတ္တိုရ် ပထမပံ, သီဟသုတ်အဋ္ဌကထာမှာ ဟောတော်မူထားတာရှိလို့ မိမိတို့ အသုံးထက် ညံ့တာကိုတော့ မလှူချင်ကြပါဘူး။
တပည့်တော်။ ။ မှန်ပါတယ်, တပည့်တော်ကလဲ ညံ့အောင်စီစဉ်တာ မဟုတ်ပါဘူး၊ အလှူခံဖက်က အမှတ်တမဲ့ စားသုံးကြရင် လယ်မြေမကောင်းမှာ စိုးလို့ သတိပေး ရတာပါ၊ အုန်းဆွမ်းစသော အလှူများဟာ မညံ့ပါဘူး, မွန်မြတ်ပါတယ်၊ ယခုခေတ် သင်္ကန်း-ကျောင်း အလှူများလဲ အလွန် မွန်မြတ်ပါတယ်၊ သုံးစွဲသူကသာ အပြစ်ကင်းအောင် သုံးတတ်ဖို့ အရေးကြီးပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... တပည့်တော်တို့ရဲ့ သာသနာ့အလုပ်တွေမှာ ပြုပြင်စရာတွေ တယ်များပါလား ကိုယ်တော်, တချို့ အလှူခံပုဂ္ဂိုလ်များကတော့ အလှူရှင်တွေ သာပြီးသာယာအောင် “ဆွမ်းစားမကောင်းတာ ကြာပြီ ယနေ့ ဟင်းက ကောင်းတော့ ဆွမ်းစားလို့ ကောင်းသွားတယ်”လို့ ပြောကြသေးတယ် ကိုယ်တော်။
တပည့်တော်။ ။ လူတွေကလဲ ဒီလိုမြှောက်ပင့်ပြီး ချီးမွမ်းတဲ့ ကိုယ်တော်ကိုမှ နောက်ထပ် ဆွမ်းကပ်ချင်ကြတယ် မဟုတ်လား၊ “ဒီလို မြှောက်ပင့် ချီးမွမ်းပြီးပြောမှ လှူတဲ့ပစ္စည်းကို ဝိနည်းတော်အရ မအပ်ဘူး, မသုံးကောင်းဘူး, မိစ္ဆာဇီဝ”လို့ ဆိုပါတယ်။
ဓမ္မဂုတ်။ ။ ကိုင်း ကိုင်း ... အများက အပြစ်မရှိဘူးလို့ ယူဆတဲ့ အလုပ်တွေကို ထုတ်ဖော် မနေပါနဲ့တော့ သက်သတ်လွတ် စားတော့ ကိုယ်တော့်မှာ အားမနည်း ဘူးလား။
တပည့်တော်။ ။ ထူးပြီး အားနည်းတယ် မထင်ပါဘူး, သက်သက်လွတ် စားပေမယ့် အားရှိတဲ့ ခေတ်ပေါ်ဆေးများကိုတော့ ရနိုင်သမျှ စားနေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ (၇၂)နှစ် အသက်အရွယ်အတွင်းမှာ ဝါဆိုသံဃာ (၄ဝဝ) ကျော်ရှိလာတယ်၊ ထို (၄ဝဝ) ကျော် သံဃာများအတွက် တစ်လုံး တစ်စည်ထဲ (မိသားစု တစ်စုလို) စားနိုင် သောက်နိုင်အောင် ကြိုးစားတဲ့ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာဘာဝနာ တန်ခိုးကြောင့် အစားဖက်ကလဲ လုံလောက်တယ်၊ နေရာလဲ လုံလောက်တယ်ဆိုတော့ ကိုယ်တော်ရဲ့ သာသနာပြု အလုပ်ဟာ အားရှိစရာပါပဲ၊ (၇၃) နှစ်အတွက် ရှေ့သို့ဆက်ဖို့ရန် (၇၂)နှစ်တာ တစ်ဘဝသံသရာကို နိဂုံးချုပ်ကြစို့ရဲ့။
နိဂုံး။
ကိုယ်တည်း တစ်ယောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှေးခါဘိုးဘ လက်ထက်ကလျှင်
ရသည့်တန်ခိုး ထပ်မညှိုးဖို့
အားကြိုးမာန်တက် ငါဆောင်ရွက်သည်
ဆက်လက် တည်တံ့ရုံသာတည်း။
၁၆။ ခုနစ်ဆယ့်သုံးနှစ်အတွင်း ဖြစ်စဉ်
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော့်အသက် (၇၃)နှစ် အတွင်းမှာတော့ ဘာများ ထူးခြားချက်ရှိသေးသလဲ။
တပည့်တော်။ ။ သိပ်ပြီး ထူးခြားချက်တော့ မရှိပါဘူးဘုရား၊ ဝါတွင်းမှာ တိုက်သံဃာ (၅၀၀)ကျော်အထိ တိုးတက်လာပါတယ်၊ သံဃာ (၅၀၀) ရှိတယ်ဆိုလို့ ဘုရား လက်ထက်တော်က သံဃာတော် (၅၀၀)ကို မှန်းမျှော်ပြီး ဆွမ်းကပ်ကြတဲ့ အလှူရှင်ကတော့ သိသိသာသာကြီး များလာပါတယ်။
ဓမ္မဂုတ်။ ။ သံဃာ (၅၀၀) အတွက် နံနက်ဆွမ်းချည်းသက်သက် ဘယ်လောက် ကုန်ကျသလဲ ကိုယ်တော်။
တပည့်တော်။ ။ ကျောင်းမှာ နေ့စဉ် ချက်ရိုးချက်စဉ်ကတော့ မျှတလောက်ရုံ ဆွမ်းနဲ့ ငံပြာရည်ဖျော်, စွန်တာနီပဲပြုတ်, လဘက်ရည်ကြမ်းလောက်သာ ဖြစ်လို့ အလွန်ကြီး မကုန်လှပါဘူး၊ (တချို့ သံဃာများကလဲ ဆွမ်းမစားဘဲ နံနက်ယာဂု သောက်ကြပါတယ်။) အလှူရှင်များက နံနက်ဆွမ်း ကပ်တဲ့အခါ မှာတော့ ဟင်းသားပြွမ်း, ခရမ်းချဉ်သီးငါးပိချက်, ဤနှစ်ခွက်လောက် ဆိုရင်ပင် အတော် အကုန်အကျ များပါတယ်၊ တချို့ကိုတော့ အကုန် အကျနည်းအောင် ဗယာကြော် လဘက်ရည်အကြမ်းနဲ့ အဆာပြေရုံသာ ဆွမ်းကို ကပ်စေပါတယ်၊ ဒါတောင် ဆန်ဈေး ဆီဈေးကြီးတဲ့အခါ (၃၀၀) ကျပ်လောက် ကုန်ပါသေးတယ်။
ဓမ္မဂုတ်။ ။ နံနက်အတွက် အဆာပြေရုံဆွမ်းနဲ့ နေ့ဆွမ်းပါကပ်ရင် ဘယ်လောက် ကုန်တတ်သလဲ။
တပည့်တော်။ ။ တချို့က သင့်တော်ရုံ ကပ်ရရင် ကျေနပ်ကြလို့ အနည်းဆုံး တစ်ထောင့်ငါးရာလောက် ကုန်ပါတယ်၊ တချို့ကတော့ ကောင်းကောင်း များများ ကပ်ရမှ ကျေနပ်ကြတာမို့ နှစ်ထောင်ကျော် သုံးထောင်လောက် ကုန်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါလောက် ကုန်တာတောင် ဆွမ်းကပ်တဲ့ ဒကာ-ဒကာမတွေက တယ် မပြတ်ဘူးဆိုတော့ ကိုယ်တော်ကျောင်းတိုက် သံဃာများရဲ့ ဘုန်းကံဟာ ကျေနပ်စရာပေါ့နော်။
တပည့်တော်။ ။ အရင်းစစ်တော့ အမြစ်မြေကတဲ့ဘုရား, တပည့်တော်တို့ သာသနာတော် တစ်ရပ်လုံးကိုက ဘုရားသာသနာတော် မဟုတ်ပါလား၊ ဘုရားရှင်ရဲ့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အရဟံ) ဂုဏ်တော်က ဘုရားသာသနာတော် တစ်ရပ်လုံးကို လွှမ်းခြုံနေပါတယ်၊ ဒါ့ကြောင့် တပည့်တော်တို့ ကျောင်းတိုက်မှာ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာကို အများစုရဲ့ ဘာဝနာအဖြစ်ဖြင့် ကြိုးစားကြတဲ့အတွက် (အရဟံ) ဂုဏ်တော်ကလဲ တစ်တိုက်လုံးကို မွမ်းနေဟန် တူပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ နေစရာကျောင်းကတော့ လုံလောက်ရဲ့လား။
တပည့်တော်။ ။“ဘုရားရှင်ရဲ့ ဘုန်းတော်နဲ့ သံဃာများရဲ့ ကံဆိုတာ ပြောမယုံ ကြုံမှသိ”ဆိုတဲ့ အတိုင်းပဲဘုရား၊ ကျောင်းတွေလဲ သံဃာများ နေလောက်အောင် ပြည့်စုံပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ပခုက္ကူမှာ နေတုန်းက ပထမနေရတဲ့ ကျောင်းအိုကလေး ကလဲ နေမြင်-လမြင်, ကြမ်းပေါက်ကျွံပြီဆိုရင် မြေကြီးရောက်သွားတာပဲလို့ ကိုယ်တော် ပြောခဲ့တယ်, ဆွမ်းခံတဲ့ အခါလဲ လုံလောက်အောင် မရလို့ နေ့ဆွမ်း အတွက် ဆွမ်းသန့်သန့် ချန်ထား၍ ရေနဲ့ကျိုက်ပြီး အလိုက်သင့် မျှောချရတယ်လို့လဲ ပြောခဲ့တယ်၊ ယခုတော့ သံဃာ (၅၀၀) ချောင်ချောင် လည်လည် နေသာ စားသာအောင် ပြည့်စုံတယ်ဆိုတော့ ရှေးကံရဲ့ အကျိုးပေးဟာလဲ အခါကာလ လိုက်ပြီးမှ ပေးတာဆိုတာ သိပ်ထင်ရှားတာပဲ ကိုယ်တော်။
တပည့်တော်။ ။ ရှေးကံဆိုတာ ဘဝခြားပြီးမှ အကျိုးပေးတာမို့ သူ့သတ္တိချည်းတော့ အကျိုးပေးနိုင်တဲ့ ကံက အနည်းသားပါဘုရား၊ ဒီဘဝ “ဉာဏ်-သတိ-ဝီရိယ”ဆိုတဲ့ ပယောဂသမ္ပတ္တိ အကူအညီရမှသာ ရှေးကံက အကျိုးပေးနိုင်တာပါ၊
[ပယောဂ - ကာယပယောဂ, ဝစီပယောဂ, မနောပယောဂ၏၊၊
သမ္ပတ္တိ-ပြည့်စုံခြင်း၊]
ထိုပယောဂကိုပင် အချုပ်အားဖြင့်“သတိ-ဉာဏ်-ဝီရိယ”လို့ ယူထားပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်လောက်ပါတယ်, ကိုယ်တော်ရဲ့ ပယောဂဆိုတဲ့ သတိ - ဉာဏ်-ဝီရိယတို့ရဲ့ ပြည့်စုံမှု သမ္ပတ္တိကိုကြည့်ရင် အကျိုးပေးတာကတောင် နည်းနေ သေးတာပဲ။
- သရိုင်ရွာ ကျောင်းသားကလေး ဘဝတုန်းကိုက ကျောင်းသားများ အားလုံးထက် ထူးပြီး ဉာဏ်-ဝီရိယကောင်းလို့ ဘုန်းတော်ကြီးက သီးခြားခွဲပြီး စာအံ-စာတက် စေတယ်။
- မန္တလေး ဝိသုဒ္ဓါရုံတိုက် ရောက်တော့လဲ ကျောင်းသား ၆၀ ကျော်ထဲမှာ တိုက်ကြပ် ဘုန်းတော်ကြီးက ကိုယ်တော့်ကို သူများနည်းတူ စာဆို မလာစေဘဲ သီးခြား အကျက်ခိုင်းတယ်။
- မြောင်းမြဆရာတော်လောင်းဆီမှာ စာတက်ကြတော့လဲ ကိုယ်တော့်ကို သီးခြား စာချပေးတယ်။
- ပခုက္ကူ၊ မဟာဝိသုတာရာမတိုက် ရောက်ပြန်တော့လဲ မထင်မရှား နေရာမှာ ကိုရင်ဘဝနဲ့ ပထမကြီး ဂေဇက်ပါလာလို့ ထင်ရှားတဲ့အဖြစ်ကို ရောက်ပြီး မကြာမီ အဘယာရာမဆရာတော် ကြွလာခိုက်မှာ အကြောင်းစုံ ပြောပြလို့ ဆရာတော်ကြီး များက ခေါ်ပြီး တစ်နေ့လျှင် စာဝါ နှစ်ဝါ အဆိုခိုင်းတော်မူကြတယ်။
- ကိုယ်တော်ရဲ့ စာဆိုသံကို ပရိသတ်အားလုံးက ကျေနပ်လို့ ရဟန်း နှစ်ဝါ ရ ကတည်းက စာချအဖြစ် ချီးမြှောက်လိမ့်မယ်လို့ နိမိတ်ဖတ်ကြတဲ့ အတိုင်း သုံးဝါရတော့ စာချအဖြစ် ချီးမြှောက်တော်မူကြတယ်။
- မန္တလေး သကျသီဟစာမေးပွဲဝင်ဖို့ လျှောက်တဲ့အခါ ပခုက္ကူ ဆရာတော်များနဲ့ မြောင်းမြဆရာတော်ကပါ ဝင်စေလိုတဲ့ဆန္ဒ မရှိသော်လည်း “နောင်အခါ ငါ ဘာလုပ် ရမည်ဆိုတာ မသိနိုင်ဘူး, ယခုအချိန်က အားလုံးပြည့်စုံနေဖို့ လိုတယ်”လို့ ယူဆပြီး ဝင်ရောက်ဖြေဆိုတယ်။
- ဖြေဆိုတော့လဲ သုံးနှစ်အတွင်းမှာ သကျသီဟ စာသင်တန်း စာချတန်းအပြင် အစိုးရ ပထမကျော်ကိုပါ အောင်မြင်ပြန်တယ်။
- ထို့နောက် အဘယာရာမတိုက်ရောက်တော့ အဘယာရာမဆရာတော်က သက္ကတကို ပို့ချပေးပြန်တယ်။
- ထို့နောက် ခန္ဓာကိုယ်မှာ သေလုမတတ် ဖြစ်လောက်အောင် အားအင် ခြောက်ခမ်းနေပါလျက် မိမိ၏ ဉာဏ်စွမ်းဉာဏ်စကလေးများ ကျန်ရစ် စေတော့လို့ ရည်ရွယ်၍ သင်္ဂြိုဟ်ဘာသာဋီကာကို ရေးတယ်။
- ထိုသို့ရေး၍ ကျမ်းပြီးသည့်တိုင်အောင် မသေပြန်တော့ ကျမ်းစာတွေကိုသာ ချလဲချ-ရေးလဲရေးနဲ့ ကြိုးစားလာခဲ့ရာ, ပတ်ဝန်းကျင် သီတင်းသုံးဖော် တချို့က အားမပေးတဲ့အပြင် “စာအုပ်ကုန်သည်”လို့ ကြွေးကြော်ကာ ဖိနှိပ်ကြတာကို လည်းကောင်း, ပုံနှိပ်စက်သို့ သွား၍ စာမပြင်နိုင်သောကြောင့် ဖြစ်နိုင်သမျှ ပုံနှိပ်စက် အဟောင်းကို တာဝန်ခံ မောင်နှမတို့အား ဝယ်စေတဲ့အခါ လူထွက်တော့မှာပဲလို့ နိုင်ငံတစ်ခုလုံး နှံ့သွားစေတဲ့ ဗျာဒိတ်သံကို လည်းကောင်း ကိုယ်တော်က နားမကြားသလို ခံနိုင်အောင် ခံပြီး ကျမ်းကြီး ကျမ်းငယ် ကျမ်းပေါင်း (၃၂)ကျမ်းအထိ ရိုက်နှိပ်ပြီးဖြစ်အောင် လုပ်မြဲအလုပ်ကိုသာ ဆက်လက်၍ လုပ်ရဲတာကတော့ “ဝီရာနံ - မကြောက်မရွံ့ နောက်မတွန့်သည့် ရဲဝံ့ဇာနည် ယောက်ျား ပီသသူတို့၏ + ကမ္မံ - အလုပ်တည်း၊ ဝီရိယံ-ရဲရင့်သူတို့၏ အလုပ်”ဆိုတဲ့ ဝိဂြိုဟ်ဝစနတ္ထနဲ့အညီ ဝီရိယဆိုတဲ့ ပယောဂသမ္ပတ္တိ အစစ်ပါပဲ။
ဒါ့ကြောင့် ထို သတိ-ဉာဏ်-ဝီရိယတို့၏ အကျိုးကို ယခု (၇၃) နှစ်အရွယ်ရောက်မှ တွေ့ရတာမို့ တပည့်တော်တို့ အလိုအားဖြင့် ကံအစွမ်းဟာ အလွန်နည်းတယ် လို့တောင် ထင်မိတာပဲ။
တပည့်တော်။ ။ ဒီလိုလဲ မထင်ပါနဲ့ဘုရား, သာမန်အကျိုးကလေးတွေတော့ ငယ်ငယ်တုန်းကလဲ ထိုက်တန်သလောက် ပေးခဲ့လို့ ဆရာသမားများရဲ့ အချီးအမြှောက်ကို အပြည့်အစုံ ရခဲ့တာပေါ့။
ဓမ္မဂုတ်။ ။ ဆရာသမားများရဲ့ အချီးအမြှောက်ကိုတော့ ခံရပါရဲ့၊ ဒကာဒကာမတို့၏ အကူအညီကို ရသင့်သလောက် မရခဲ့တော့ ပတ်ဝန်းကျင် အပြိုင်အဆိုင်တွေက ကိုယ်တော့်ကို ပြိုင်ဝံ့ကြတာပေါ့၊ သူတို့လိုသာ ဒကာ-ဒကာမပေါရင် သူတို့က ဘယ်မှာ ပြိုင်ဝံ့မှာလဲ ၊ ဆရာသမားဖက်, ပညာဖက်က တူမှ မတူတဲ့ဥစ္စာပဲ။
တပည့်တော်။ ။ အရွယ် ငယ်ငယ်တုန်းက ဒကာ-ဒကာမ မပေါတာဟာ တပည့်တော့် အတွက် ကိုယ်စွမ်းသတ္တိ သာပြီးထင်ရှားစေတာမို့ တပည့်တော် ကတော့ အကောင်း ဖက်က ယူဆပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ယူဆတာတွေ မှန်ကောင်း မှန်ပါလိမ့်မယ်၊ ဒါပေမယ့် စာမေးပွဲတွေအပြီး အားနည်းနေတုန်းက ဂရုတစိုက် ပြုစုမယ့်သူ ရှိရင် သေလု မတတ်ဖြစ်မှာ မဟုတ်ဘူး၊ ယခုတော့ အတော်နှောင်းမှ နည်းနည်း ပါးပါးကလေး အကူအညီရပေလို့ မသေခဲ့တာ ဖြစ်မှာပါ ကိုယ်တော်။
တပည့်တော်။ ။ မသေလဲ ပြီးတာပဲ မဟုတ်လား ဘုရား၊ ရှေးကံက ညံ့နေတဲ့ အချိန်မှာ မသေတာဘဲ ကျေးဇူးကြီးလှပါပြီ။
ဓမ္မဂုတ်။ ။ ယခု (၇၃) နှစ်အတွင်းမှာ ကျောင်းတိုက်သံဃာ ငါးရာကျော်နဲ့ နေလောက် စားလောက် ပြည့်စုံနေတော့ ရှေ့ကို ဒါ့ထက်တိုးပြီး သံဃာ လက်ခံဖို့ စိတ်ကူးသေးသလား။
တပည့်တော်။ ။ သံဃာ (၅၀၀)ကို တစ်မိတည်း သားလို အတူစား အတူနေတဲ့ စနစ်က ဒီတစ်တိုက်သာ ရှိသေးလို့ အများကပဲ တာဝန်ကြီးလွန်းတာကို ကြည့်ပြီး သံဃာလက်ခံဖို့ မသင့်တော်ဘူးလို့ ပြောကြပါတယ်၊ တပည့်တော် ကတော့ “သာသနာတော်ကြီးကို အခြေကစပြီး မပြုပြင်နိုင်ရင် အကျိုး မရ, ရပြန်ရင်လဲ အကျိုးနည်း, နည်းရုံတွင်မက အပြစ်တောင် ရစရာတွေ သိမြင်နေလို့ စည်းစနစ် ကျနတဲ့ သံဃာပရိသတ် အများကြီး လိုအပ်နေပြီ”လို့ ယူဆနေပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော်ရဲ့ အသိအမြင်တွေကို တစ်ခန်း သန့်သန့် မှတ်သားဖို့ရာ (၇၃) နှစ်အတွက် နိဂုံးအုပ်ရာဝယ် အကျဉ်းချုပ် သိချင်တယ် ကိုယ်တော်။
နိဂုံး။
ကိုယ်တည်းတစ်ယောက် ဆင်းရဲရောက်လို့
ကိုယ့်နောက်အများ ချမ်းသာပွားမူ
တစ်ပါးဖြစ်ထွေ ဆင်းရဲစေတော့
စိတ်နေခုလို ဝမ်းဝယ်သို၍
ထိုထိုအလုပ် လွန်ကြိုးကုတ်သော်
မဟုတ်သတင်း လုပ်ဇာတ် ခင်းလျက်
ချင်းချင်းရွဲ့သံ ကဲ့ရဲ့သံတို့
နာခံမညီ ပြည်လုံးဟီမျှ
ဝေးနီးအနှံ့ ပြန့်အောင်ဖြန့်လည်း
မခံ့တရံ့ ခံ့တရံ့နဲ့
ကြံ့ကြံ့ပုံသေ ခံခဲ့ပေ၏၊
မသေမပျောက် ခုချိန်ရောက်သော်
နောက်က ဒကာ ဒါယိကာနဲ့၊
ဆရာသမား တပည့်များတို့
အားထားကူညီ ဝိုင်းအုံပြီမို့
ကိုယ်သည်လည်းကောင်း ကိုယ့်အပေါင်းနဲ့
ကိုယ့်နှောင်းငယ်သား တိုင်းကျိုးများဖို့
ဘုရားသာသနာတော် မူရင်းပေါ်အောင်
ဖွင့်ဖော်သင့်ကြောင်း အခွင့်တောင်းသည် ...
အပေါင်း ဆရာတော်ဘုရား။
၁၇။ ခုနစ်ဆယ့်လေးနှစ် အတွင်းဖြစ်စဉ်
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ..
“ဘုရားသာသနာတော် မူရင်းပေါ်အောင်
ဖွင့်ဖော်သင့်ကြောင်း အခွင့်တောင်းသည် ...
အပေါင်း ဆရာတော်ဘုရား”
ဆိုတဲ့ ကိုယ်တော်ရဲ့ နိဂုံးလင်္ကာ အဆုံးပိုဒ်ကလေးကို တွေးပြီးတော့ ကိုယ်တော့်ရဲ့ ရင်တွင်းမှာ “သာသနာတော်ကို ပြုပြင်သင့်တဲ့ အကြောင်း အရာတွေ များစွာ ရှိနေလိမ့်မယ်လို့ ထင်မိပါတယ်၊ အဲဒီ အကြောင်းအရာ အချို့ကို အများသိရအောင် ပြောပြရင် မကောင်းဘူးလား ကိုယ်တော်။
တပည့်တော်။ ။ ကောင်းပါတယ်, တော်တော်များများ လျှောက်ပါ့မည်။
တပည့်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာတာကိုက “ဒေဝ မနုဿာနံ အတ္ထာယ ဟိတာယ သုခါယ”လို့ ဟောတော်မူသည့်အတိုင်း “နတ်လူအများရဲ့ ဤဘဝ မှာရော-နောက်ဘဝမှာရော စီပွားချမ်းသာ တိုးပွား၍ အကျိုးများဖို့ ပွင့်တော်မူလာတာ ဖြစ်ပါတယ်”၊ ယခုအခါ ထိုရည်ရွယ်တော်မူချက်အတိုင်း“သာသနာတော်က အကျိုးပြုနိုင်-မပြုနိုင်, ပြုနိုင်ရင် မည်မျှအတိုင်းအတာအထိ အကျိုးပြုနိုင်သည်”လို့ စဉ်းစားစိစစ်ဖို့ လိုပါတယ်။
ဓမ္မဂုတ်။ ။ ယခုအခါ ကမ္ဘာအလီလီ တိုင်းပြည်အရပ်ရပ်မှ လူတော် လူတတ်တွေ အလည်အပတ် ရောက်လာတဲ့အခါ ဤသင်္ကန်းဝတ် ပုဂ္ဂိုလ်တို့ကို ဟိုမြို့ ဒီရွာမှာ ဆိုသလို အများအပြားတွေ့ရတိုင်း လက်ညှိုးထိုးကာ စားဝတ်နေရေး အလုပ်အကိုင် ကိုပါ မေးလေ့ရှိကြပါသတဲ့၊ အမေးအမြန်း ခံရသူတို့က မိမိတို့ကိုးကွယ်တဲ့ သာသနာကို ဖာဖာထေးထေး ဖြေကြပေမယ့် သူတို့က မကျေနပ်တဲ့ လက္ခဏာ ပြကြလို့ အမေးခံရသူ အများပင် စိတ်မကောင်း ဖြစ်ရပါသတဲ့၊
ဒါ့ကြောင့် ရဟန်းတော်များကိုယ်တိုင် မိမိတို့သာသနာကို မိမိတို့ဘာသာ မြှင့်တင်၍ အများစိစစ်ခံနိုင်အောင် ပြုပြင်ဖို့ အချိန်ကတော့ မလွှဲသာမရှောင်သာ အမှန်ပင် ရောက်လာပြီ ကိုယ်တော်၊ ရှေးကလို အမှတ်တမဲ့စား, အမှတ်တမဲ့သွား, အမှတ်တမဲ့ နေလို့တော့ ဘယ်နည်းနဲ့မှ ယခုခေတ်မှာ မသင့်တော့ဘူး။
တပည့်တော်။ ။ နိုင်ငံခြားသားတွေ မကျေနပ်တဲ့ အကြောင်းက ဒါလောက် အရေး မကြီးပါဘူး ဘုရား၊ တပည့်တော်တို့ ဆရာ-ဒကာ အချင်းချင်း သာသနာတော်နဲ့ စပ်ပြီး အကျိုးရ နည်းနေမှုကသာ လိုရင်းဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ်, ဟုတ်ပါတယ်, အဲဒီ အကျိုးရ နည်းနေပုံကိုသာ ရှင်းလင်းပြပြီး အကျိုးရများအောင် လုပ်နိုင်ရင်တော့ နိုင်ငံခြားသားတို့ရဲ့ အထင် သေးမှုကိုလဲ ဖြေရှင်းပြီးဖြစ်မှာပါပဲ။
တပည့်တော်။ ။ တပည့်တော်တို့ရဲ့ မြန်မာလူမျိုးများဟာ“တစ်မူးရလို့ တစ်ပဲလှူ” ဆိုတဲ့ လူမျိုးများနဲ့ အရင်းအဖျားသာ ကွဲတာမို့ ဒါနကိစ္စမှာ အလွန် ဇွဲသန်ကြပါတယ်၊ ဒါနကိစ္စ ဇွဲသန်ကြတော့ ကိုယ်ကျင့်သီလကို ထိန်းသိမ်းမှု နည်းပါးနေပါတယ်၊
အမှန်ကတော့ ... ဒီဘဝမှာ လူကောင်း သူကောင်းဖြစ်ဖို့ရော နောက်ဘဝမှာ လားရာ ဂတိ ကောင်းဖို့ရော ကိုယ်ကျင့်သီလက ပဓာန ဖြစ်ပါတယ်၊ သီလကြောင့် ကောင်းတဲ့ ဂတိ, ကောင်းတဲ့ဘဝရောက်မှ ဒါနက နောက်လိုက်အဖြစ်နဲ့ အကျိုးပေးနိုင်တာပါ။
ဓမ္မဂုတ်။ ။ ဟုတ်ပါ့မလားကိုယ်တော်, ဒါနကော ဂတိကောင်းရောက်အောင် မပို့နိုင်ဘူးလား၊ တချို့များ ဆွမ်းတစ်အုပ် လှူဖူးလို့ အပါယ်မလားဘဲ နိဗ္ဗာန် တိုင်အောင် အကျိုးရတယ် မဟုတ်လား၊ ဝိသာခါ အနာထပိဏ်တို့ အထက် နတ်ပြည်မှာ ရောက်နေကြတာဟာ ဒါနကြောင့် မဟုတ်ဘူးလား။
တပည့်တော်။ ။ ဝိသာခါ အနာထပိဏ်တို့နဲ့တော့ မနှိုင်းပါနဲ့ဘုရား, သူတို့က သောတာပန်ဖြစ်ပြီးသူတွေမို့ အလွန် ငါးပါးသီလ စင်ကြယ်ကြတဲ့အပြင် ဒုစရိုက် ဆယ်ပါးလဲ အမှားမရှိပါဘူး၊ အလွန်စိတ်ထား ဖြူစင်ပါတယ်။
ဆွမ်းတစ်အုပ် လှူဖူး, ပန်းတစ်ပွင့် လှူဖူးလို့ အပါယ်မလားခဲ့ရဘူး ဆိုတဲ့ သူတော်ကောင်းများလဲ ထို အလှူကြောင့်သာမကပါဘူး၊ အခြေခံ ငါးပါး သီလကလဲ မပျက်ကြလို့ သုဂတိဘဝကို ရတာပါ၊
အဲဒီလိုရတဲ့အခါ သူတော်ကောင်းနဲ့ ပေါင်းရပါလိမ့်မယ်၊ အဲဒီလို နောက်ထပ် နောက်ထပ် ကုသိုလ်တွေက တိုးတိုးနေလို့ အပါယ်မလားရဘဲ ဘုရားနဲ့တွေ့တဲ့အခါ တရားထူးရ၍ နိဗ္ဗာန်အထိ အကျိုးရတာ ဖြစ်ပါတယ်၊
အဲဒီ အကျိုးရဲ့ အရင်းအမြစ်က ဆွမ်းအလှူ၊ ပန်းအလှူ ဖြစ်လို့ ဆွမ်းတစ်အုပ် အလှူကြောင့် ပန်းတစ်ပွင့် အလှူကြောင့် အပါယ်မလားဘဲ နိဗ္ဗာန်ရတယ်လို့ ဥဒါန်း တွင်လာတာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့လဲ ယုတ္တိရှိပါပေတယ် ကိုယ်တော်။
တပည့်တော်။ ။ အရှင်ဘုရား စဉ်စားစမ်းပါ၊ ဒီဘဝမှာ ငါးပါးသီလမှ မလုံဘဲ ဒုစရိုက် (၁၀) ပါးမှ မရှောင်ဘဲနဲ့ ပါဏာတိပါတ ဖြစ်စေ, ကာမေသုမိစ္ဆာစာရ ဖြစ်စေ, သုရာမေရယ အဒိန္နာဒါန မုသာဝါဒ တစ်ခုခု ဖြစ်စေ မရှောင်ဘဲ ကျောင်းကြီးဆောက်, ဘုရားတည်, အလှူကြီးပေးနေ သူဟာ သေခါနီးမှာ ထိုကုသိုလ် အကုသိုလ် နှစ်မျိုး ထင်လာရင် စိတ်ကြည်နိုင်ပါ့မလား၊
စိတ်မကြည်ရင် ပြုပြင်ပေးနိုင်သူလဲ မရှိခဲ့သော် ဧကန် အပါယ်သွားရမှာပါပဲ, အလှူကြီးတွေက မကယ်နိုင်ပါဘူး၊
(ဣမမှီ စာယံ သမယေ, ကာလံ ကယိရာထ ပုဂ္ဂလော။ နိရယံ ဥပပဇ္ဇေယျ၊ စိတ္တံ ဟိဿ ပဒူသိတံ၊-ဣတိဝုတ်, ဧကနိပါတ်။)
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်ကျင့်သီလက မစင်ကြယ်ရင် ကုသိုလ်တွေ အကျိုးပေးဖို့ကလဲ မရေရာဘူးပေါ့နော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, ငါးပါးသီလမှ မလုံခြုံရင် ဒုစရိုက် (၁၀)ပါးမှ မရှောင်နိုင်ရင် အာဇီဝဋ္ဌမကသီလလဲ ပြည့်စုံမှာ မဟုတ်ပါ, အပါယ်သွားဖို့က သာ၍ နီးကပ်ပါတယ်။
ဓမ္မဂုတ်။ ။ လူတွေကတော့ ဒီ အကြောင်းကို ကောင်းကောင်း မရှင်းကြလို့ ဒါနကို သိပ်ပြုကြ, ဒါနကို သိပ်အားကိုးကြ ဒါနပြုနိုင်အောင် မတရားနည်းနဲ့ စီးပွား ရှာကြတယ်နော်။
တပည့်တော်။ ။ မြန်မာလူမျိုးတွေက အားကိုးရာအစစ်ဖြစ်တဲ့ သီလကို အားမကိုးကြဘဲ, ဒါနကို အားကိုးကြလွန်းလို့ စားဝတ်နေရေး ချောင်လည် နေတဲ့ သာသနာကို အချောင်သမား တော်တော်များများက ဝင်ရောက် ခိုစရာလို့ ယူဆပြီး သာသနာဘောင် ရောက်တဲ့အခါ ဝိနည်းတော်အတိုင်း သီလကို ဂရုမစိုက်ကြဘဲ ပေါ့ပေါ့စား- ပေါ့ပေါ့သွား- ပေါ့ပေါ့နေကြလို့ မသေခင် စဉ်းစားတတ်သူတွေရဲ့ အထင်သေး အမြင်သေးကို ခံပြီး သေတဲ့အခါကျတော့လဲ ပေါ့ပေါ့ပဲ သေကြရ တာပါပဲ။
ဓမ္မဂုတ်။ ။ အလှူရှင်တွေက ငါးပါးသီလကိုမျှ စင်ကြယ်အောင် မကြိုးစားတဲ့အပြင် အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ရဟန်းတော်များကလဲ သီလမစင်ကြယ်ရင်တော့ ယခု အလှူတွေဟာ နောက်ဘဝ အကျိုးရဖို့ ဘယ်လိုနေမလဲ ကိုယ်တော်။
တပည့်တော်။ ။ သီလ-ဒါနနဲ့စပ်ပြီး မှတ်စရာအကျယ်ကို ကိုယ်ကျင့်အဘိဓမ္မာ ကျမ်း၌ ရေးခဲ့ပါပြီ၊ ဒီမှာ ထပ်ရေးနေလို့ ပျင်းစရာဖြစ်နေပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ သီလမစင်ကြယ်တဲ့ အလှူရှင်တွေမှာ အကျိုးရ နည်းမှာကတော့ သေချာပါတယ်၊ သီလမစင်ကြယ်ဘဲ လူတို့ရဲ့ ဆွမ်း-သင်္ကန်း-ကျောင်း ဆေးတို့ကို သုံးစွဲနေကြတဲ့ အလှူခံဖက်ကတော့ ဘယ်လိုဖြစ်စရာရှိသလဲ။
တပည့်တော်။ ။ ဒီကိစ္စနဲ့ စပ်၍ ကဿပမြတ်စွာဘုရား၏ နောက်ပိုင်းသာသနာမှာ ဖြစ်ပျက်ပုံတွေကို အနာဂတ်သာသနာရေးကျမ်း၌ အတော်စုံလင်စွာ ရေးခဲ့ဖူးပါပြီ၊ ယခုလောလောဆယ် ကြားသိနေရတဲ့ သာသနာဝင် အချို့ရဲ့ သွားလမ်းကိုတော့ မလွှဲမသွေ သိထိုက်နေပြီလို့ ယူဆ၍ ကြားသိရသမျှကို ရေးပြပါ့မယ်။
ဓမ္မဂုတ်။ ။ အား ... ယခုလက်ရှိ သာသနာဝင်များရဲ့ လားရာဂတိလား။
တပည့်တော်။ ။ဟုတ်ပါတယ်, တပည့်တော်က တမင်တကာ စပ်စုတာ မဟုတ်ပါဘူး၊ အကြောင်းအားလျော်စွာ ပြောဆိုကြတဲ့ ဝတ္ထုတွေပါ။
ဓမ္မဂုတ်။ ။ တပည့်တော်တို့ကိုပါ ထိမယ့်အကြောင်းဆိုရင်တော့ နားမထောင်ချင်ဘူး ကိုယ်တော်, ပြောသင့်မှ ပြောပါ။
တပည့်တော်။ ။ အရှင်ဘုရားလဲ ဘုန်းကြီးထဲက ဘုန်းကြီးဆိုတော့ ထိချင်လဲ ထိမှာပါပဲဘုရား, ကြားရသမျှတွေ နောင်လာနောက်သား သူတော်ကောင်းများ သတိထားဖို့ရာ ပြောရတော့မှာပဲ ကိုယ်တော်၊ နားမထောင်ဝံ့ရင်လဲ နားပိတ်ထားပေါ့။
ဓမ္မဂုတ်။ ။ တပည့်တော် ဒါလောက် အကျင့်မပျက်ပါဘူး, ပြောသာပြောပါ။ နားထောင်ရဲပါတယ်။
တပည့်တော်။ ။ ကျောင်း တစ်ကျောင်းမှာ တောထွက် ကမ္မဋ္ဌာန်းဘုန်းကြီး နှစ်ပါးတွင် တစ်ပါးသေလို့ (မပျံတော်မူဘဲ) တစ္ဆေဖြစ်ပြီး ခြောက်တယ် ဆိုတဲ့ အကြောင်းကို (ရှေ့တုန်းက) ပြောခဲ့ပြီနော်၊ ယခု တပည့်တော်နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ် မနီးစပ်တဲ့ ပုဂ္ဂိုလ်များ အကြောင်းကို ပြောပြပါ့မယ်။
လူဝင်စား
အောက်သား ဘုန်းကြီးတစ်ပါးဟာ တပည့်တော် ရဟန်းကလေး အဖြစ်တုန်းက အလွန်ထင်ရှားတဲ့ နိုင်ငံကျော် (ဓမ္မကထိက) ဖြစ်ပါတယ် အောက်နိုင်ငံက အထက် လာတော့ ပခုက္ကူတိုက်ကြီး ဝင်လာလို့ မြင်လိုက်ရပါတယ်, စကားအပြောလဲ အလွန်ကောင်းပါတယ်၊ ထိုပုဂ္ဂိုလ် ပျံတော်မူတော့ ဆင်းရဲသော လူဝင်စားကလေး ဖြစ်ပါသတဲ့။
ဓမ္မဂုတ်။ ။ ဟယ် ... မှတ်ကရော, ထင်ရှားသော ဓမ္မကထိကဆရာတော်ကြီးက ဆင်းဆင်းရဲရဲ လူဝင်စား ဖြစ်သတဲ့လား။
တပည့်တော်။ ။ တပည့်တော်တို့နဲ့ နီးစပ်တဲ့ သူ့နယ်မှာ ထင်ရှားသော ဆရာတော် အခေါ်ခံ ဘုန်းကြီးတစ်ပါးလဲ ဆင်းရဲသော အမိဝမ်းမှာ လူဝင်စား ဖြစ်ပါသတဲ့၊ ဒီလို ဘုန်းကြီးလူဝင်စားတွေကတော့ လူချမ်းသာအဖြစ် နည်းပြီး, လူဆင်းရဲအဖြစ် များနေဟန်တူပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီလို လူဝင်စား လူဆင်းရဲ ဖြစ်ရတော့ ဘုန်းကြီးဘဝနဲ့စာရင် အမြတ်မရဘဲ အရှုံးထွက်တာပေါ့နော်။
တပည့်တော်။ ။ ရှုံးတာမှ အတော်ကြီးကို ရှုံးပါတယ်၊ သို့သော် တစ္ဆေဖြစ်တာ လောက်တော့ မနစ်နာဘူးပေါ့။
ဓမ္မဂုတ်။ ။ အဲ ... ဘုန်းကြီးသေပြီး တစ္ဆေဖြစ်နေတာတွေဟာ တော်တော်များ သတဲ့လား။
တပည့်တော်။ ။ အနာဂတ်သာသနာရေးကျမ်းမှာ ဘုန်းကြီးတစ်ပါး ပျံတော်မူခါနီး အိပ်ရာပေါ်ကနေပြီး ငွေမြှုပ်ထားတဲ့ မြေကြီးကို ကြည့်ကြည့်နေတာနဲ့ ဒကာ တစ်ယောက်က တူးဖော်ယူသွားတဲ့အကြောင်းကို ရေးခဲ့ဖူးပါတယ်။ မြို့တစ်မြို့မှာ ဘုန်းကြီးတစ်ပါး ရုတ်တရက် ပျံတော်မူပြီးမှ ဒကာ တစ်ယောက်ကို ပြုံးပြီး “မည်သည့် ဒကာမက အပ်ထားတဲ့ ငွေတွေ မည်သည့် နေရာမှာ ရှိပါတယ်, ပြန်ပေးလိုက်ကြပါ၊ သူ့မှာတော့ သစ်ပင်ကလေးတစ်ပင်မှာ ဆင်းဆင်းရဲရဲ နေရပါတယ်”လို့ ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဒုက္ခပါဘဲ ကိုယ်တော်, ကိုယ်တော်က စိတ်သဘော ကောင်းပြီး ယုံကြည် စိတ်ချရလို့ ဒကာမက ရွှေငွေတွေကို သိမ်းထားဖို့ရန် အပ်နှံထားဟန် တူပါတယ်၊ အဲဒီ ဒကာမပါ သေပြီး အဲဒီ ဘုန်းကြီးတစ္ဆေအနား အဲဒီ ငွေတွေနဲ့ သွားနေဖို့ ကောင်းတာပဲ။
တပည့်တော်။ ။ အဲဒီ ဘုန်းကြီးအရင်က ကျောင်းထိုင်လုပ်သွားတဲ့ ဘုန်းကြီး ကတော့ အဲဒီ ကျောင်းဝင်းထဲက ကန်ပေါင်ရိုးမှာ တစ္ဆေဖြစ်ပြီး ညအခါ မဲမဲကြီး သွားနေတာကို မြင်ကြရသတဲ့။
ဓမ္မဂုတ်။ ။ အင်း ...“အရင် ဘုန်းကြီးက တစ္ဆေအကြီး, နောက် ဘုန်းကြီးက တစ္ဆေအငယ်”လို့ ဆိုရမှာပေါ့။
တပည့်တော်။ ။ အောက်ပြည် မြို့တစ်မြို့မှာ ဘုန်းကြီးတစ်ပါး သေလောက်သော ရောဂါဖြစ်နေလို့ ဒကာများလဲ လာ၍အိပ်ကြ, တောရွာက ဆွေမျိုးများလဲ လာ၍ အိပ်ကြတဲ့အခါ အားလုံးအိပ်ကြပြီထင်လို့ ဆွေမျိုးများကို နှိုးပြီး အထက်ဘုံပေါ်မှာ ငွေတွေရှိတဲ့ အကြောင်းကို ပြောပါသတဲ့။
အိပ်မပျော်တဲ့ မြို့က ဒကာများက “ပြုစုတော့ ဒို့က, ပေးစရာရှိတော့ သူ့ဆွေမျိုး”လို့ ပြောပြီး, ထို ဘုန်းကြီး မသေခင် အထက်ဘုံပေါ်တက်၍ ငွေတွေကို ယူကြပါရောတဲ့၊ ထို ဘုန်းကြီး ပျံတော်မူတဲ့အခါ စပါးကြီးမြွေ ဖြစ်ပြီး အိပ်ရာပေါ်မှာ ခွေနေတာတွေ့လို့ အခြားနေရာ သွားပို့သော်လဲ ဒီနေရာကိုဘဲ အတော်ကြာကြာ ပြန်ပြန်လာပါသတဲ့။
ဓမ္မဂုတ်။ ။ ချက်ချင်းသေပြီး မြွေအကြီးစား ဖြစ်နိုင်တာက ဘာသဘောလဲ ကိုယ်တော်။
တပည့်တော်။ ။“ဥပပါတ်ပဋိသန္ဓေ”ဆိုတာ တစ်ခါတည်း ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်, အဲဒီ မြွေကတော့ ဥပပါတ်ပဋိသန္ဓေ ဖြစ်မှာပေါ့၊ စာထဲမှာလဲ မြှုပ်ထားတဲ့ ပစ္စည်းဥစ္စာကို စွဲပြီးသေလို့ ဥစ္စာစောင့် မြွေကြီး ဖြစ်နေတာကို တွေ့ရပါတယ်။
ဓမ္မဂုတ်။ ။ ဘုန်းကြီးဘဝနဲ့ ပစ္စည်းတွေ များနေတာလဲ တွက်ခြေမကိုက်တဲ့အပြင် တိရစ္ဆာန်ဖြစ်ဖို့ ပြိတ္တာဖြစ်ဖို့သာ များနေပါလား ကိုယ်တော်, လူတွေလဲ ပစ္စည်းစွဲ-ဆွေမျိုးစုံနဲ့ ပြိတ္တာ (တစ္ဆေ) ဖြစ်ကြပါတယ်၊ သူတို့ မှာတော့ သူတို့ ရှာထားတဲ့ ပစ္စည်းမို့ စွဲလမ်းပါစေတော့ ဘုန်းကြီးများ စွဲလမ်းတာကတော့ နစ်နာချက် ဆိုးလိုက်တာ ကိုယ်တော်။
တပည့်တော်။ ။ အထက်နိုင်ငံမှာ ဆရာတော် အခေါ်ခံသော ပုဂ္ဂိုလ်တစ်ပါးကတော့ အပင့်အဖိတ် များသလောက် ပစ္စည်းကလဲပေါ, မလှူရက် မပေးရက်နဲ့ ပျံတော်မူတော့ သူတစ်ပါးထဲနေတဲ့ ကျောင်းကြီးဟာ တစ္ဆေခြောက်လွန်းလို့ နောက်ထပ် သံဃာတောင် တော်တော်နဲ့ မနေဝံ့ဘူးတဲ့။
ဓမ္မဂုတ်။ ။ ဒီလို ဆရာတော်များကလဲ ဘဝနတ်ထံ ပျံလွန်တော်မမူကြဘဲကိုးနော်, ဘုန်းကြီးပျံ ကြော်ငြာများမှာတော့ ဘဝနတ်ထံ ပျံလွန်တော်မူချည်းပဲ၊ ယခုတော့ “ပျံတော်မမူဘဲ လျှိုးတော်မူတာက အတော်များနေပုံ ရနေပါပြီကော”။
တပည့်တော်။ ။ အဲဒီထက် ထင်ရှားတဲ့ စာတတ်ပေတတ် ဆရာတော်တစ်ပါး ကတော့ ပစ္စည်းတွေ ချန်ထားခဲ့ပြီး ပျံတော်မူတဲ့အခါ တစ်နေရာမှာ သင်္ကန်း ခေါင်းမြီးခြုံပြီး လမ်းသွားနေတာကို အထင်အမြင်ရတယ်ဆိုတဲ့ ဝိဇ္ဇာဂိုဏ်း ကိုယ်တော် တစ်ပါးက တွေ့ရပါသတဲ့။
ဓမ္မဂုတ်။ ။ အထင်အမြင်ရတယ်ဆိုတာ ဘယ်လိုဟာတုန်းကိုယ်တော်, သူမြင်တဲ့
အတိုင်းကော အမှန်ဖြစ်နိုင်မှာလား။
တပည့်တော်။ ။ ။ တပည့်တော်လဲ ဒီဂိုဏ်းကိစ္စတွေကို နားမလည်ပါဘူး၊ ခပ်ရွယ်ရွယ်တုန်းက “ဓမ္မကထိက နာမည်ကျော်တစ်ပါးဟာ ပျံလွန်တော်မူ ပြီးနောက်၊ ပြိတ္တာ (တစ္ဆေ) ဖြစ်နေတယ်”လို့ ဂိုဏ်းဝင်ပုဂ္ဂိုလ်က ပြောဖူးပါတယ်၊ သိပ် မထင်ရှားတဲ့ ဓမ္မကထိကတစ်ပါးလဲ အလားတူ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို ဝတ္ထုတွေ အများကြီး ရှိမှာပဲနော်။
တပည့်တော်။ ။ ။ ရှိတာပေါ့ဘုရား၊ တပည့်တော်ငယ်ငယ်က အတော်ထင်ရှားတဲ့ ဆရာတော်တစ်ပါးအတွက် အတော်ထင်ရှားတဲ့ ကုမ္ပဏီပိုင် ဒကာက အတော် ကောင်းတဲ့ စံကျောင်းတစ်ကျောင်း ဆောက်ပါတယ်၊ ကျောင်းမပြီးခင် ထိုဆရာတော် ပျံတော်မူတော့ ထိုတိုက်ရဲ့ ဆရာတော်ကြီးကို လှူလို့ ဆရာတော်ကြီးက ကျောင်းပေါ်မှာ တက်အိပ်တော့ ထိုမူလဘုန်းကြီးက ဖြစ်နေတဲ့ သရဲက ဆရာတော်ကြီးရဲ့ လည်ပင်းကိုလာပြီး ညှစ်ပါသတဲ့။
ဓမ္မဂုတ်။ ။ ဒါကတော့ တစ္ဆေအဆင့်ထက်မြင့်တဲ့ သရဲမို့လို့ ဆရာတော်ကြီး ကိုတောင် နှိပ်စက်နိုင်တာပဲနော်။
တပည့်တော်။ ။ ။ ဝိနည်းဓိုရ်လို့ အတော်ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါးတော့ ပျံတော်မူပြီးနောက် ရုက္ခစိုးဖြစ်နေကြောင်း သူ့ဆိုင်ရာ ဒကာမအား ပူးပြောလို့ သိရပါတယ်၊ ဒါပေမယ့် တန်ခိုးတော့ ကြီးဟန်မတူဘူး၊ ပူးပြောရင်းက သူ၏ အလုပ်အကျွေးဖြစ်ဖူးတဲ့သူကို ဘယ်မှာနေတုန်းလို့ မေးပါသတဲ့
(ဒီလိုမသိနိုင်တာထောက်ပြီး တန်ခိုးမကြီးဘူးလို့ သိရပါတယ်။)
ဓမ္မဂုတ်။ ။ ဝိနည်းဓိုရ် ဖြစ်ပါလျက် တန်ခိုးသိပ်မကြီးတဲ့ ရုက္ခစိုးလောက်တော့ ကျေနပ်စရာ မကောင်းနိုင်ဘူးကိုယ်တော်။
တပည့်တော်။ ။ ။ ဝိနည်းဓိုရ် ဆိုသော်လဲ သီလသာမန်လောက်သာ ပြည့်စုံသေးတာ ဖြစ်ရတော့ စိတ်နေစိတ်ထားက မဖြူစင်ရင် အထက်တန်း မရောက်နိုင်ပါဘူးဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ပြောတဲ့အထဲမှာ ဆရာတော်၊ ဓမ္မကထိက၊ စာချ၊ ကျောင်းထိုင်၊ ဝိနည်းဓိုရ် အတော်စုံပြီ၊ ကိုယ်တော်ရဲ့ တိုက်သံဃာ (၅၀၀) လောက် ပျံတော်မူကြရင် ဘယ်လိုနေလိမ့်မယ် ထင်သလဲ။
တပည့်တော်။ ။ ။ တပည့်တော်ရဲ့ တိုက်သံဃာပဲဖြစ်ဖြစ်၊ အခြားတိုက်သံဃာ ဖြစ်ဖြစ် ဝိနည်းတော် သီလကို ဂရုမစိုက်ဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ ဆဆ နေရင်တော့ လယ်တီဆရာတော်ကြီးရဲ့ သြဝါဒလင်္ကာအတိုင်း...
“အပါယ်ထိုထို၊ ဥဒဟိုသည်၊ နှင်လို လူမိုက် သွားလမ်းတည်း၊
ငါလို လူမိုက် သွားလမ်းတည်း”ပဲ ဖြစ်မှာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ စာမေးပွဲတွေ ဝင်ပြီး စာသင်နေတဲ့ ကိုယ်တော်လေးများ “အပါယ် ထိုထို ဥဒဟို”က မလွတ်နိုင်ပေဘူးလား။
တပည့်တော်။ ။ ။ မန္တလေးအနောက်တောင် မြစ်ဆိပ်အနီးမှာ ပေပင်ကျောင်းတိုက်လို့ ရှိပါတယ်၊ အဲဒီ ဆရာတော်ကြီးက ညအခါ သုသာန်သချိုင်းကြွပြီး တရားထိုင်လေ့ တရားဟောလေ့ ရှိပါတယ်၊ အဲဒီအခါမှာ တချို့တစ္ဆေများက ရိုရိုသေသေ တရားနာပြီး၊ တချို့ကတော့ မလေးမခံ့ လုပ်ကြပါသတဲ့၊ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်း သင်္ချိုင်း အတွင်းက ကိုယ်တော်ကလေးများရဲ့ သံပြိုင် ညဝါ ရွတ်သံကိုလဲ ကြားရပါသတဲ့။
ဓမ္မဂုတ်။ ။ ဦးပဉ္စင်းတွေ လာပြီး ညဝါရွတ်ကြတာ ဖြစ်ချင်ဖြစ်မှာပါကိုယ်တော်၊ တစ္ဆေဆိုရင် ညဝါတွေ ဘယ်မှာရတော့မှာလဲ။
တပည့်တော်။ ။ ။ ဘဝမခြားရင် ကျက်ပြီးသား စာတွေ ရနိုင်ပါသေးတယ်။ ကျောင်းတိုက်တွင်းက ကိုယ်တော်များက အလွန်ဝေးသော သုသာန်လာပြီး ညအခါ ရွတ်မှာ မဟုတ်ပါဘူး၊ ပေပင်ဆရာတော်ကြွတဲ့ သုသာန်က မြို့အနီး သုသာန် မဟုတ်ပါ၊ ရှမ်းကလေးကျွန်းရွာတို့လို ရွာက သုသာန်မျိုးပါ။
ဓမ္မဂုတ်။ ။ စာတွေရနေရင် တစ္ဆေဖြစ်စရာ ရှိသေးရဲ့ လားကိုယ်တော်၊ ဒီလိုလဲ စဉ်းစားဦးမှပေါ့။
တပည့်တော်။ ။ ။ လူတွေက စာအထင်ကြီးနေလို့ ခက်တာပဲဘုရား၊ စာသင်တဲ့ ရည်ရွယ်ချက်က စာမေးပွဲအောင်ပြီး “ဂုဏ်ရှိဖို့ လာဘ်ရဖို့ နာမည် ကြီးဖို့”ဆိုရင် စာတွေ ရွတ်ဆိုတိုင်း အနက်အဓိပ္ပာယ် စဉ်စားတိုင်း မသန့်ရှင်းတော့လို့ ထို စာသင်နည်းကို “မြွေဖမ်းမတတ်သော အလမ္ပာယ် သမားရဲ့ မြွေဖမ်းနည်း”လို့ (မူလပဏ္ဏာသ အလဂဒ္ဒူပမသုတ်မှာ) ဟောတော် မူပါတယ်၊
“အလမ္ပာယ်သမားဟာ မြွေကို အဖမ်းမတတ်၍ ခါးကိုကိုင်ပြီး ဖမ်းလို့ မြွေကိုက် ခံရသလို၊ စာသင်နည်းမတတ်၍ ထိုစာကြောင့် အကိုက်ကို ခံရတယ်”လို့ မိန့်တော်မူလိုရင်း ဖြစ်ပါတယ်၊ အဲဒီလို စာသင်မယ့်အစား စာမသင်ဘဲ အိပ်နေတာက ကောင်းသေးတယ်”လို့လဲ အဋ္ဌကထာက မှတ်ချက်ပြပါတယ်။
ဓမ္မဂုတ်။ ။ ရှင်းစမ်းပါဦး ကိုယ်တော်၊ “စာသင်တာနဲ့ အပါယ်ကျရတယ်” ဆိုတာ မရှင်းသေးပါဘူး။
တပည့်တော်။ ။ ။ စိတ်ဆိုတာ ပုထုဇဉ်နဲ့ အောက်တန်း အရိယာများအတွက် ကုသိုလ်နဲ့ အကုသိုလ် နှစ်မျိုးသာ လိုရင်းဖြစ်ပါတယ်၊ ကုသိုလ်ဖြစ်ရင် ဖြစ်၊ မဖြစ်ရင် အကုသိုလ် ဖြစ်မှာပဲ၊ စာမေးပွဲ အောင်ချင်တဲ့ စိတ်ဟာ အများအားဖြင့် ဘာစိတ် ဖြစ်မလဲ၊ လိုချင်တဲ့ လောဘဇောက အကုသိုလ်စိတ် မဖြစ်ပေဘူးလား၊ လာဘ် လိုချင်တာ၊ နာမည်ကျော်ကြားချင်တာတွေကော အကုသိုလ် လောဘဇောစိတ်တွေ မဟုတ်ဘူးလား၊ သာသနာပြုလိုတဲ့ဆန္ဒ ပါရင်တော့ ထိုပုဂ္ဂိုလ်အတွက် ကုသိုလ်ဇော ဖြစ်စရာ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို ပုဂ္ဂိုလ်ကတော့ အနည်းသားပါဘုရား၊ ကျေးရွာ ဆရာမိဘ ရဟန်း ဒကာ ရှင့်ဒကာ-ဒကာမများက စာမေးပွဲအောင်တယ်ဆိုတော့ ဝမ်းသာကြတာလဲ အကုသိုလ် လောဘဇောတွေပေါ့နော်။
တပည့်တော်။ ။ ။ အကုသိုလ်တွေသာ များပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ကျောင်းတိုက်ကြီးတွေ သိန်းချီ၍ အကုန်ခံ ဆောက်ကြတဲ့ ကျောင်းဒကာကြီးတွေက သူတို့ ဆရာတော်ကို (အဂ္ဂမဟာပဏ္ဍိတ)ဘွဲ့ ရအောင် ကြိုးစားကြတာလဲ အဲဒီ အဝှာဇောတွေချည်း ဖြစ်မှာပေါ့။
တပည့်တော်။ ။ ။ အဘိဓမ္မာသဘောဆိုတာ မျက်နှာမလိုက်ဘူးဘုရား၊ လောဘ မှန်ရင် တိရစ္ဆာန်မှာ ဖြစ်ဖြစ်၊ လူမှာ ဖြစ်ဖြစ် လိုချင်တဲ့သဘော သာယာတဲ့သဘောချည်းပဲ။
ဓမ္မဂုတ်။ ။ ခက်ကုန်ပြီ ဥုးဇနကရေ ... ကုသိုလ်ထင်လို့ လုပ်နေကြတာတွေဟာ အကုသိုလ်ဖက်က များနေရုံမက တစ္ဆေ ပြိတ္တာဖြစ်တဲ့ ဝတ္ထုတွေကလဲ စာတွေ့ သာမက၊ ငါတွေ့ ကလဲ မနည်းပါလား၊ နည်းနည်းပါးပါး စိတ်သက်သာအောင် ကောင်းရာ၊ မြတ်ရာ ရောက်တဲ့ ဝတ္ထုကလေးများ မကြားတော့ဘူးလား။
တပည့်တော်။ ။ ။ သုံးနှစ်လောက် လူတွေ့မခံဘဲ တရားအားထုတ်တော်မူတဲ့ ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံဆရာတော် ပျံတော်မူတဲ့ ညမှာ ပုညရှင်နဲ့ ဥမင်သုံးဆယ် တောင်တန်း တစ်ရပ်လုံး အလင်းရောင်တွေ ပြန့်နေတယ် ဆိုတာကို ပြောခဲ့ပြီနော်၊ တပည့်တော်ရဲ့ ဆိုင်ရာ စာချဆရာတော်တစ်ပါး ပျံတော်မူခါနီး မေ့သွားပြီး သတိရ လာတဲ့အခါမှာ အစိမ်းရောင်ခြယ်ထားသော တိုက်ဗိမာန်အတွင်းမှာ ဆရာတော်ကို တွေ့ခဲ့ရတဲ့အကြောင်း ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုလဲ အကောင်းဖက်က ရှိရဦးမှာပေါ့နော်။
တပည့်တော်။ ။ ။ ရှိနိုင်ပါတယ် - ရှိနိုင်ပါတယ်၊ သာသနာတော်ကြီးကိုက မကောင်းသူပယ် ကောင်းသူကယ်တဲ့ သာသနာတော် ဖြစ်ပါတယ်၊ အထက်ရောက်သွားတဲ့ ပုဂ္ဂိုလ်များအတွက်က ပြန်၍ကြားဖို့ တွေ့ဖို့ ခဲယဉ်းလို့သာ မကြားရ-မတွေ့ရခြင်း ဖြစ်ပါတယ်၊ သေပြီးတဲ့နောက် လားရာဂတိက “ငရဲ- ပြိတ္တာ- တိရစ္ဆာန်- လူ- နတ်ဗြဟ္မာ”လို့ ငါးဌာန ရှိရာတွင် ပြိတ္တာတွင် ပါဝင်သော တစ္ဆေပြန်ပြောနိုင်တဲ့ လူတချို့နဲ့ အောက်နတ်တချို့သာ သိခွင့်ရှိပါတယ်၊
အခြားဂတိ ရောက်နေသူများကိုတော့ သိနိုင်တဲ့ အခွင့်က အလွန်နည်းပါတယ်၊ ဘုရားလက်ထက်တော်တုန်းကတော့ ဘုရားရှင်ကလဲ ဟောပြတော်မူလို့ အထက် အောက် ရောက်သူများကို သိခွင့်ရသည့်အတိုင်း ပါဠိတော်မှာ တွေ့ကြရပါတယ်၊ ထိုပါဠိတော်မှာ ငရဲ- တိရစ္ဆာန်- ပြိတ္တာနဲ့ လူနတ်ဗြဟ္မာဖြစ်ရခြင်း၏ အကြောင်းကိုပါ ဟောတော်မူတာဖြစ်လို့ ဗုဒ္ဓဘာသာဝင်တိုင်း အလွန် ဖတ်ထိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင်တော့ အကြောင်းမကောင်းလို့ တစ္ဆေ ပြိတ္တာ ဖြစ်ရတာကို လက်တွေ့သိရရင်တော့ အကြောင်းကောင်းအောင် ပြင်ဖို့သာ တပည့်တော်တို့ တာဝန်ဖြစ်ပါတယ်။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်၊ သာသနာတော် တစ်ရပ်လုံး မျက်စိလည်၍ အမှားလမ်း သွားခဲ့လို့ ငွေကုန် လူပန်းဖြစ်သလောက် အကျိုးမရတာကို သိရရင် သာသနာတော် မူရင်းအတိုင်း ဖြစ်နိုင်တဲ့အခါ မျက်စိလည်ပျောက်၍ လမ်းမှန် ရောက်ဖို့ သေချာတာမို့ “ဘုရားသာသနာတော်၊ ဖွင့်ဖော်သင့်ကြောင်း၊ အခွင့်တောင်းသည်”ဟု လျှောက်ခဲ့ရခြင်း ဖြစ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော့်စကား ကြားရတော့ ပခုက္ကူ ဆရာတော်ရဲ့ သြဝါဒကို သွားပြီး သတိရတယ်ကိုယ်တော်၊ မုဆိုးတစ်ယောက် ခွေးတွေနဲ့ သားကောင် လိုက်တုန်း မျက်လုံး ဆူးခက်နဲ့ ငြိလို့ မျက်လုံးထွက်လာတဲ့အခါ သားကောင် မျက်ခြေပြတ်မှာ စိုးလို့ မျက်လုံးကို အတွင်းအပြင် မကြည့်အားဘဲ ပြန်ပြီး တပ်ထားလိုက်တာ မြင်တဲ့ဖက်က အတွင်းဖြစ်နေတယ်၊ အဲဒီနေ့ကပဲ သွားစိုက်ရာမှာ သွားစိုက်ဆရာနဲ့ စကားပြော မတည့်လို့ ဆရာက ခွေးသွားကို စိုက်ပေးလိုက်သတဲ့၊ သားကောင်ရမှ အေးအေးဆေးဆေး ထိုင်တဲ့အခါ မျက်လုံးတစ်ဖက်က ဗိုက်ထဲက မစင်တွေ မြင်နေပြီး၊ ခွေးသွားကလဲ မစင်ကိုချည်း စားချင်နေပါသတဲ့။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်၊ အဲဒီ ဥပမာကို ဆရာတော် ပြောပြီးတဲ့အခါ ဦးပဉ္စင်းတို့လဲ သာသနာတော်ကို ဝင်လာတဲ့အခါ မျက်စိတပ် မမှားကြစေနဲ့ သွားစိုက်လဲ မမှားကြစေနဲ့၊ ဂုဏ်တို့ လာဘ်တို့ကို လိုချင်တဲ့ မျက်စိ တပ်မိရင် အဲဒီ ဂုဏ်လာဘ်မစင်ကို အစိုက်မှားတဲ့ သွားက စားချင်လာလိမ့်မယ်”လို့ ဩဝါဒ ပေးတော်မူပါတယ်၊ မိန့်တော်မူလိုရင်းက“ဂုဏ် လာဘ်ကို မလိုချင်နဲ့ ကုသိုလ်ကိုသာ လိုချင်ပြီး ကုသိုလ်များများရဖို့ ကြိုးစားကြ”လို့ မိန့်တော်မူလိုရင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဘယာရာမဆရာတော်ကလဲ “ဂုဏ်လာဘ်ရအောင် ဒကာ ဒကာမတွေ အနား အမြီး မနှံ့ကြနဲ့”လို့ မိန့်တော်မူတယ်မဟုတ်လား။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်၊ ခွေးရဲ့ အမြီးနှံ့ခြင်းကို သက္ကတက “သွာဘတ္တိ (ဆွာဘတ္တိ)” လို့ ခေါ်ပါတယ်၊ “ဆွာ-ခွေး၏၊ ဘတ္တိ-သခင်ကို ခစားခြင်း” ဆိုတာ ခစားနေတဲ့ သခင်ထံက စားစရာကလေးရအောင် အမြီးနှံ့ခြင်းပင် ဖြစ်ပါတယ်၊ “ဦးပဉ္စင်းတို့လဲ ဒကာ-ဒကာမတို့အထံက သူတို့ ပစ္စည်း ကလေး လှူချင်အောင် ဒကာ-ဒကာမတွေကို မခစားကြနဲ့ အမြီးမနှံ့ကြနဲ့” လို့ ဩဝါဒပေးတော်မူပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဆရာများ ဖြစ်တော်မူတဲ့ ဆရာတော်နှစ်ပါးရဲ့ သြဝါဒ တွေဟာ အဓိပ္ပာယ် ထပ်နေတာပဲ၊ ယခုခေတ်တော့ “သွာဘတ္တိ”လုပ်ပြီး မျက်စိအတပ်-သွားအစိုက် မှားကြတဲ့ ပုဂ္ဂိုလ်တွေဟာ တော်တော်များများ ရှိကြမှာ ပဲနော်။
တပည့်တော်။ ။ ။ လူရော ရှင်ပါ ဘာသာရေးကိစ္စ၌ အမှားမှား အယွင်းယွင်း လုပ်နေကြပေမယ့် သာသနာတော်ကြီးက တည်မြဲတည်ပြီး ဂုဏ်ရှိမြဲ ဂုဏ်ရှိနေတယ် ဆိုရင်တော့ ပြုပြင်ဖို့ရန် စဉ်းစားစရာတောင် မလိုပါဘူး ဘုရား၊ ယခုတော့ သာသနာတော်က တဖြည်းဖြည်း ဂုဏ်ငယ်လာတယ်။ ဂုဏ်ငယ်ရုံမက သာသနာ့ ဝန်ထမ်း ရဟန်းတော် အရေအတွက်လဲ မြို့ရော ကျေးရွာတိုင်းမှာ တစ်နှစ်ထက် တစ်နှစ် နည်းနည်းလာတယ်၊
အရေအတွက် နည်းရာက တချို့ကျောင်းတွေမှာ ကျောင်းထိုင်မယ့် ပုဂ္ဂိုလ်တောင် မရှိတော့လို့ သာသနာတော် အသက်ဖြစ်တဲ့ ဝိနည်းလဲ နားမလည်ကြတဲ့ တောထွက်ကြီးတွေ ကျောင်းထိုင်နေကြရပြီး များစွာသော ကျေးရွာကျောင်းတို့မှာ သင်ပြနိုင်သော ကျောင်းဘုန်းကြီး မရှိလို့ သာသနာ အညွန့်အညှောက် ဒါယကာ အညွန့်အညှောက်ဖြစ်သော ကျောင်းသားသူငယ်များ မရှိတာလဲ အတော်ကြာခဲ့ပြီး ထိုအညွန့်အညှောက် မပေါက်ရင် သာသနာတော် သစ်ပင်ကြီးများလဲ ရပ်တိုင်း ရွာတိုင်းမှာ ပေါက်နိုင်တော့မည် မဟုတ်ပါ၊
ဒီအတိုင်းသွားရင် မြန်မာနိုင်ငံ၌ သစ်ပင်ကြီးနဲ့တူတဲ့ သာသနာတော်ကြီး ကွယ်တော့မည်မှာ နှစ်ကြာတော့မည် မဟုတ်ကြောင်း ကောင်းကောင်း သိနိုင်တယ် မဟုတ်လားဘုရား။
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော် တွက်ပြတဲ့ အကြောင်းတွေ ကြားရတော့ တပည့်တော်လဲ အများကြီး ဝမ်းနည်းလာပါတယ်၊ ဒါပေမယ့် ဘုရားပွဲ ကျောင်းပွဲ -ရဟန်းခံ ရှင်ပြုပွဲ- တရားပွဲနဲ့ ဝိနည်းစာပြန်ပွဲမှ အစိုးရနဲ့ အသင်းတွေကလုပ်တဲ့ ပါဠိပထမပြန်တွေကတော့ နှစ်စဉ်မှန်မှန် သာသနာပြုလို့ နာမည်ခံပြီး လုပ်နေကြ တာပဲ မဟုတ်လား။
တပည့်တော်။ ။ ။ သူတို့ နာမည်ခံတဲ့အတိုင်း မှန်ရင်တော့ သာသနာတော်ကြီးဟာ မိုးထိနေစရာပေါ့၊ ယခုတော့ သာသနာတော်ကြီးဟာ လှော်ရင်း လှော်ရင်း လှုပ်လှုပ်ပြီး လှုပ်လေ-မြုပ်လေ ဖြစ်နေပုံကိုသာ ကြည့်ပေတော့။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့် ဒီလို လှော်ရင်း နစ်နေရတာတုန်း ကိုယ်တော်။
တပည့်တော်။ ။ ။ အများစုက ဘုရားစစ်- တရားစစ်- သံဃာစစ်ကို မမြင်ကြလို့ပေါ့ ဘုရား။ ။
ဓမ္မဂုတ်။ ။ ရှင်းပြပါဦး ကိုယ်တော် ကိုယ်တော့်စကားက ပဟေဠိဆန်လိုက်တာ။
တပည့်တော်။ ။ ။ တပည့်တော် ကြားဖူးတဲ့ ရှေးစကားတစ်ရပ် ရှိပါတယ်။
“ဘုရား အစစ်ကို စေတီ ရုပ်ပွားဆင်းတုတော်များက ကွယ်ထားတယ်၊
တရားအစစ်ကို ဓမ္မကထိကများရဲ့ ဟောတရားက ကွယ်ထားတယ်၊
သံဃာအစစ်ကို ဘုန်းတော်ကြီးများက ကွယ်ထားတယ်”
ဒီလို ကြားဖူးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်စကားက ဟုတ်တော့ ဟုတ်ပါရဲ့၊ နားကြားလို့ မကောင်းဘူး ကိုယ်တော်။
တပည့်တော်။ ။ ။ ပထမ ကြားတုန်းက တပည့်တော်လဲ နားမခံသာပါဘူး၊ ဒါပေမယ့် စဉ်းစားလိုက်တော့ အဟုတ်သားပဲလို့ စိတ်ထဲမှာ ဖြစ်ပါတယ်။ အဲဒီ စကားဟာ အမြော်အမြင်ပြည့်ဝတဲ့ ပညာရှိ သူတော်ကောင်းရဲ့ စကား ဖြစ်ပါလိမ့်မယ်။
ဘုရားအစစ် ကွယ်ထားပုံ
များစွာသော ဗုဒ္ဓဘာသာဝင်တွေက လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီဖြည့်ပြီးမှ ဖြစ်တော်မူလာရတဲ့ဘုရား၊ ပါရမီတော်အဟုန် တစ်ကိုယ်လုံးထုံပြီး အလွန်သပ္ပါယ်တော်မူတဲ့ ဘုရား၊ ထိုသပ္ပါယ်သော ရုပ်တော်ဝယ် မေတ္တာတော် ကရုဏာတော် ဉာဏ်တော်ကြီးဖြင့် အလွန်တင့်တယ်တော်မူသော ဘုရား၊ သတ္တဝါ တို့ကို တရားထူးရအောင် ပရိနိဗ္ဗာန်စံတော်မူခါနီး စက္ကန့်ပိုင်းအချိန်အထိ မနားမနေ တရားဟောတော်မူတဲ့ဘုရား၊
ဒီလို သက်တော်ထင်ရှားဘုရားကို မမှန်းနိုင် မမျှော်နိုင်ကြဘဲ၊ ရုပ်ပုံ-ရုပ်ပွား-ဆင်းတု-စေတီတော်များကိုသာ အများစုက “ကိုးကွယ်ရာဘုရား”လို့ ထင်နေခြင်းဟာ ဘုရားအစစ်ကို ရုပ်ပုံရုပ်ပွားတော် စသည်က (မမြင်အောင်) ကွယ်ထားသလို ဖြစ်တာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ရုပ်ပုံ-စေတီတော်ကို ဘုရားအစစ်လို့ တပည့်တော်တို့ ငယ်ငယ်တုန်း ကလဲ ထင်ခဲ့ကြတာပဲနော်၊ ဆရာကောင်းများရဲ့ ဟောပြမှုကို မနာခံရတဲ့ ဗုဒ္ဓဘာသာဝင် အများစုဟာလဲ တပည့်တော်တို့ ငယ်ငယ်တုန်းက အသိနဲ့ သိပ်ပြီး ကွာကြမယ် မဟုတ်ပါဘူး။
တပည့်တော်။ ။ ။ ဒီလို ဘုရားအစစ်ကို မသိရတော့ ကိုးကွယ်မှုလဲ ပေါ့ပေါ့ဆဆ၊ ဆွမ်းတော်တင်မှုစသော ဒါနမှုလဲ ပေါ့ပေါ့ဆဆမှ ဗုဒ္ဓါနုဿတိ ဘာဝနာကိုလဲ မပွားများတတ် ဖြစ်ကုန်ကြတာပေါ့ဘုရား၊ ပေါ့ပေါ့ဆဆ လုပ်သမျှတွေဟာ အကျိုးပေးတော့လဲ တော်ရုံလျော်ရုံသာ အကျိုးရမှာပါပဲ၊ လုံးလုံးအကျိုး မရတော့ မဖြစ်နိုင်ဘူးပေါ့၊ သို့သော် ပွဲလမ်းသဘင်တွေနဲ့ ပူဇော်မှုမျိုးကတော့ အကျိုး မရရုံတွင်မက အပြစ်တောင် ရကြဦးမှာပါ။
ဓမ္မဂုတ်။ ။ ဝိသာခါရဲ့ ပုဗ္ဗာရုံကျောင်းတိုက်ကြီး ရေစက်ချတုန်းက ဝိသာခါ ကိုယ်တိုင် သီချင်းဆိုပြီး က-တယ်ဆို မဟုတ်လား၊ ဒက္ခိဏသာခါ မဟာဗောဓိကို သီဟိုဠ်ကျွန်း ပင့်တုန်းကလဲ အတီးအမှုတ်တွေနဲ့ ပို့ကြကြိုကြတယ် မဟုတ်လား၊ ကိုယ်တော်က ဘာ့ကြောင့် “အပြစ်တောင်ရဦးမှာ”လို့ ပြောနိုင်သလဲ။
တပည့်တော်။ ။ ။ ဝိသာခါဟာ ကျောင်းတော်ကြီး ပြီးချိန်က ဝမ်းမြောက်လွန်းလို့ ဂါထာငါးပုဒ်ဖြင့် ဥဒါန်းကျူးတာပါဘုရား၊ ဒီလိုအသံထုတ်ပြီး ဥဒါန်းကျူးတာကိုပင် တချို့က သီချင်းဆိုတယ်ထင်လို့ ဘုရားရှင်အား လျှောက်ကြတော့ ဘုရားရှင်က “သီချင်းဆိုတာ မဟုတ်၊ သူ့ဆုတောင်း ပြည့်ဝ၍ ဝမ်းမြောက်လှသဖြင့် ဥဒါန်း ကျူးတာ ဖြစ်တယ်”လို့ မိန့်တော်မူပါတယ်။ ကလဲ မကပါဘူး၊
(ဓမ္မပဒ ပုပ္ဖဝဂ်၊ ဝိသာခါဝတ္ထုအဋ္ဌကထာ။)
ဒက္ခိဏသာခါ မဟာဗောဓိကို သီဟိုဠ်ကျွန်း ပင့်တုန်း-ပို့တုန်းကလဲ စိတ်အားတက်ကြွ စေနိုင်တဲ့ အတီးအမှုတ်တွေသာ ပါတာပါ၊ ယခု ဘုရားပွဲများလို တဏှာရာဂ တိုးပွား စေနိုင်တဲ့ မင်းသားမင်းသမီး-လူရွှင်များရဲ့ သီချင်းမျိုး အက အခုန်မျိုး မဟုတ်ပါဘူး၊ တပည့်တော် ကျောင်းသားတုန်းက အိမ်တော်ရာဘုရားပွဲ အငြိမ့်ကို အဖေနဲ့အတူ သွားကြည့်ပါတယ်၊ မင်းသမီးက မမြရွှေ၊ မင်းသားလုပ်တဲ့ လူရွှင်က မောင်ဓာတ်ခိုး တဲ့၊ သူက...
“ဗာရာဏပြည့်ရှင်၊ ဘုရင် မောင်ဓာတ်ခိုး...
လေးတောင်ပြည့်တဲ့ ခန်းသာလယ်မှာ၊
ငါးတောင်ပြည့်တဲ့ ခန်းသာလယ်မှာ”တဲ့။
ကောင်းသေးလား ကိုယ်တော်၊ နာမည်ကြီးတဲ့ အိမ်တော်ရာဘုရား ပူဇော်ပွဲမှာ ရွတ်လိုက်-ဖတ်လိုက်တဲ့ တရားသံတွေ၊ သက်တော်ထင်ရှား ဘုရားကိုသာ မြင်ကြလို့ မှန်းမျှော်နိုင်ကြလို့ရှိရင် ဘယ်နည်းနဲ့မှ ဒီလို ဘုရားပွဲမျိုး လုပ်ရက်ကြမှာ မဟုတ်ပါဘူး၊
ယခုတော့ သက်တော်ရှိတဲ့ ဘုရားအစစ်ကို သက်တော်မဲ့တဲ့ ရုပ်ပွားတော် စေတီတော်တို့က ကွယ်ထားတဲ့ အတွက် ယဉ်ကျေးစွာ ပူဇော်ရမယ့်အချိန်မှာ ဘာသာခြား - နိုင်ငံခြားလူတွေ အထင်သေးအောင် ရိုင်းစိုင်းစွာ စော်ကားလိုက် ကြတာပါပဲ ဘုရား။
(ယဉ်ကျေးစွာ ပူဇော်နည်းကို အနာဂတ်သာသနာရေးကျမ်း၌ ပြထားပြီ။)
ဓမ္မဂုတ်။ ။ ဒီလို ကိစ္စတွေ ကြည့်ပြီး ရှေးပညာရှိကြီးများက“သက်တော် ထင်ရှား ဘုရားအစစ်ကို စေတီ ရုပ်ပွား ဆင်းတုတော်များက ကွယ်ထားတယ်”လို့ ဆိုပေတာပဲနော်။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်ဘုရား၊ “တရားအစစ်အမှန်ကို ဓမ္မကထိကတချို့ရဲ့ တရားက ကွယ်ထားတယ်ဆိုတာနဲ့ သံဃာအစစ် သံဃာအမှန်ကို ယခု ဘုန်းကြီး များက ကွယ်ထားတယ်”ဆိုတာကိုလဲ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များ သိနိုင်ပါတယ်၊ ယခု အခါမှာ ဒါလောက်တွင် မကသေးဘူး၊ အရိယာသံဃာ အစစ်လို့ မဆိုနိုင်သော်လဲ သမ္မုတိသံဃာတွင် ပါဝင်တဲ့ သံဃာများကို ဝိဇ္ဇာဂိုဏ်းတွေက ကွယ်လာလို့ ရိုးရိုး ဘုန်းကြီးထဲကတောင် ဝိဇ္ဇာဂိုဏ်း ထောင်လာကြပြန်ပြီ။
ဓမ္မဂုတ်။ ။ ။“ဝိဇ္ဇာဂိုဏ်း”ဆိုလို့ ပြောရဦးမယ်၊ ကိုယ်တော့်ကျောင်းတိုက်မှာ ဝိဇ္ဇာဆိုင်ရာ ဂိုဏ်းဆိုင်ရာတွေ ဝင်ကြ ထွက်ကြတယ်ဆို မဟုတ်လား။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်၊ အဲဒီ ဒကာများက ဝိဇ္ဇာတွေ ဂိုဏ်းတွေနဲ့ မတွေ့ခင်ကတည်းက တပည့်တော်နဲ့ ရင်းနှီးနေတဲ့ မန္တလေး ဒကာတင်မောင်တို့နဲ့ ရန်ကုန် ဒကာ ထိန်ဝင်းတို့ပါ။
ဓမ္မဂုတ်။ ။ သူတို့က ဝင်ထွက်နေကြတော့ ကိုယ်တော့်ကိုလဲ ဂိုဏ်းဝင်လို့ မထင်ပေဘူးလား။
တပည့်တော်။ ။ ။ ထင်ရုံတင် ဘယ်ကမှာလဲ၊ တချို့က “ဆရာတော် ဥဇနက ဂိုဏ်းထဲ မဝင်ဘူးလား”လို့ တိုက်ရိုက်မေးကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီစကား ကြားရတော့ ကိုယ်တော်က ဘာပြန်ပြောသလဲ။
တပည့်တော်။ ။ ။“ဝိဇ္ဇာတို့ ဂိုဏ်းတို့ အကူအညီရအောင် ဘုန်းကြီးက ဂိုဏ်းထဲဝင်ဖို့ မလိုပါဘူး၊ ဘုန်းကြီးအလုပ်က လမ်းမှန်လို့ ကူညီနိုင်ရင် သူတို့ ဘာသာ ကူညီကြမှာပါ”လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ အဲ... ရှင်းတယ်ကိုယ်တော်၊ ကိုယ်တော့်ဘာသာ သာသနာတော် အလုပ်ကိုလုပ်လို့ အထမြောက်နေတဲ့ဥစ္စာ၊ တချို့က “ဝိဇ္ဇာက (မ) လို့နတ်ကို အားကိုးသည့်အတွက် နတ်က (မ) လို့”ဟု မဟုတ်တရုတ်တွေ ပြောကြတယ်။ ခုတော့ ရှင်းသွားတာပေါ့။
တပည့်တော်။ ။ ။ နတ်များကိုတော့ မေတ္တာပို့တဲ့အခါ အထူး ပို့ပါတယ်။ စိတ်ကောင်းရှိရှိ ဝိနည်းကို ဂရုစိုက်နေကြတဲ့ ရဟန်းသံဃာများကိုတော့ သူတို့တတ်နိုင်သမျှ စောင့်ရှောက်ကြပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အထင်မကြီးတဲ့ အကြောင်းကိုတော့ ပြောပြချင်ပါတယ်။
ဓမ္မဂုတ်။ ။ ပြောပါ ကိုယ်တော်၊ ပြောပါ ပြောပါ၊ တချို့က နတ်ကို အထင်ကြီးသင့် တာထက် ပိုပြီး အထင်ကြီးကြလွန်းလို့။
တပည့်တော်။ ။ ။ ကျောင်းတိုက်မှာ ကျောင်းဆောက်ဖို့ကိစ္စ ကြုံလာရင် ဆိုင်ရာ နတ်များကို မေတ္တာရပ်ခံပြီး ထိုနေရာ၌ရှိသော သစ်ပင်ကြီးများကို ပယ်သင့်က ပယ်ရပါတယ်၊ အခြားလွတ်လပ်သောသစ်ပင်များကို ရွှေ့နေကြ ဖို့လဲ ပြောရပါတယ်၊ နေစရာလုံးလုံးမရှိရင် အိပ်မက်ပေးကြပါ၊ နေစရာ လုပ်ပေးပါ့မယ်လို့လဲ ပြောပါတယ်၊ တစ်ခါတုန်းက ကျောင်းဆောက်ဖို့ရန် လျှောက်ထားသူမရှိဘဲ နောင်အခါ ကျောင်းနေရာဖြစ်ဖို့ မှန်းပြီး ညောင်ပင်ကြီးတစ်ပင် ဖယ်ဖို့ စီမံရပါတယ်။
ဓမ္မဂုတ်။ ။ စီမံတော့ ဘာဖြစ်သလဲ။
တပည့်တော်။ ။ ။ ထိုသို့စီမံပြီး သစ်ပင်အလုပ်သမားများက သစ်မြစ်တွေဖြတ်ကြ တူးကြတဲ့အခါ နောက်တစ်နေ့ နံနက်ကျတော့ မနီးမဝေးအိမ်က ဒကာမက “ညက သစ်ပင်ပေါ်က ကယ်ကြပါဦး”လို့ အော်သံကြားရတယ်လို့ ပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဒကာမက “နတ်ကလေးတွေကို သနားစရာကောင်းတယ်”လို့ ဆိုလိုတာပေါ့နော်။
တပည့်တော်။ ။ ။ အဲဒီအသံကို အနီအပါးကိုယ်တော်များကို ကြားကြသလားလို့ မေးတော့လဲ “ဘယ်သူမှ မကြားဘူး”တဲ့၊ ဒါပေမယ့် “ကျောင်းဒကာ မရှိသေးဘဲ ငါက သစ်ပင်ကို ကြိုတင်ပြီး ဖယ်တာတော့ မကောင်းသေးဘူး”လို့ တွေးပြီး “သစ်ပင်ကို မခုတ်ကြ-မတူးကြသေးနဲ့”လို့ ပြောထားပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ မဖယ်တော့ဘူးလား။
တပည့်တော်။ ။ ။ ဒီလိုအမြစ်တွေ မဖြတ်-မတူးဘဲ ရပ်ထားတုန်းမှာ ကျောင်းတိုက်နဲ့ သိပ်မဝေးသော အိမ်တစ်အိမ်က ဒကာမကြီးက “သစ်ပင်ပေါ်က အော်သံ ကြားတယ်” ဆိုတဲ့ မိန်းမကို ပြောပြန်ပါသတဲ့၊ “အဲဒီ ညောင်ပင်ကြီးက ဘိုးတော် လက်ထဲက ညောင်ပင်ဖြစ်တယ်၊ နေတဲ့ ရုက္ခစိုးကြီးက သောတာပန်”လို့ ပြောပြန်ပါသတဲ့၊ ဒီအကြောင်းကို တပည့်တော်အား တချို့ ကိုယ်တော်များက လျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်က သိပ်ပြီး ကြောက်မသွားဘူးလား။
တပည့်တော်။ ။ ။ နံနက်စောစော သြဝါဒပေးနေကျ အချိန်မှာ မိမိ စိတ်ကူးပုံ ကြားသိရပုံတွေကို သံဃာများအား ပြောပြပြီးတော့ “ဘုန်းကြီးက ဒီညောင်ပင်ကြီးကို အခု မဖယ်သေးဘူး”လို့ ကြံပြီး ရပ်ထားပါတယ်။ ဒါပေမယ့် တောပြောတောင်ပြော ပြောနေတဲ့မိန်းမတွေက “ငါတို့ပြောလို့ ကြောက်ပြီး သစ်ပင်ကြီးကို မခုတ်ဝံ့တော့ဘူး”လို့ အထင်သေးကာ သူတို့ ဝါဒဖြန့်ကြလိမ့်မယ်၊ ဒါ့ကြောင့် “ဒီသစ်ပင်ကို ဆက်လက်ပြီး လဲသည်အထိ ကပ္ပိကြ”လို့ အမိန့်ပေးရပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... ဝိဇ္ဇာဂိုဏ်းထောင်တာထက် ယခု ဒကာ-ဒကာမ အလာများ အောင် ကမ္မဋ္ဌာန်းတိုက် တည်ဖို့ရန် ကမ္မဋ္ဌာန်းသင်တန်း တက်နေကြတယ်လို့ ကြားရပြန်တယ် ကိုယ်တော်။
တပည့်တော်။ ။ ။ အရှင်ဘုရားပဲ စဉ်စားကြည့်ပေတော့လေ၊ တပည့်တော်တို့ သာသနာတော်ကို “အမြီးကနှုတ် ခေါင်းကနှုတ်”နဲ့ ပြုတ်လု ပြုတ်လု ဖြစ်နေရာမှာ “အတွင်းကဖျက် အပြင်ကဖျက်”နဲ့ ဝိုင်းဖျက်နေကြပြီ ဖြစ်လို့ ကိုးကွယ်တဲ့ ဒကာ-ဒကာမများလဲ ဘာသာရေး မျက်စိလည်နေကြတာဟာ အပြစ်မတင်သာတော့ဘူး။
ဓမ္မဂုတ်။ ။ ဒါကြောင့် ကိုယ်တော်က “ဘုရားသာသနာတော်၊ မူရင်းပေါ်အောင်၊ ဖွင့်ဖေါ်သင့်ကြောင်း၊ အခွင့်တောင်းသည်”လို့ လျှောက်ခဲ့ကာပေါ့နော်။
တပည့်တော်။ ။ ။ သာသနာ ကိစ္စတိုင်းမှာ ဆရာရော-ဒကာပါ လုပ်ချင်ရာ လုပ်နေကြသော်လဲ “သာသနာတော်ကြီးက မဆုတ်ယုတ်ဘဲ ခိုင်မြဲပြီး ဂုဏ်သရေလဲရှိ တရားရမြဲ ရနေတယ်”ဆိုရင် စဉ်းစားဖွယ် မလိုပါဘူး၊ ယခုတော့ ကမ္ဘာများစွာ ပါရမီတွေကို ဖြည့်တော်မူပြီးမှ တည်ထောင်ရတဲ့ သာသနာတော် သင်္ဘောကြီး ရေတိမ်နစ်ရာမှာ ရိုးရိုးသားသား ဝန်ထမ်းလိုတဲ့ ဘုရားသားတော်တွေနဲ့ ရိုးရိုးသားသား ကိုးကွယ်လိုတဲ့ ဒကာ-ဒကာမတွေပါ ငွေကုန်လူပန်းနဲ့ ဗရမ်းဗတာ ဖြစ်ပြီး နှစ်ကုန်မှာစိုးလို့ မူရင်းကစပြီး ပြင်ဖို့ရန် စိတ်ကူးရတာ ဖြစ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဘယ်လို ဖော်ထုတ်ဖို့ စိတ်ကူးသလဲ ကိုယ်တော်။
တပည့်တော်။ ။ ။ ဗုဒ္ဓမြတ်စွာရဲ့ အလိုတော်ကျအောင် ဖော်ထုတ်ဖို့ပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ဗုဒ္ဓမြတ်စွာရဲ့ အလိုတော်က ဘယ်လိုတုန်းကိုယ်တော်။
တပည့်တော်။ ။ ။ ဗုဒ္ဓမြတ်စွာ ဝိနည်းပညတ်တော်မူတဲ့ အခါတိုင်းမှာ “သဒ္ဓမ္မ ဌိတိယာ = သူတော်ကောင်းတရားဖြစ်တဲ့ သာသနာတော်ကြီး၏ မြဲမြံခိုင်ခံ့ တည်တံ့ဖို့ အကျိုးငှာ၊ သိက္ခာပဒံ ပညပေဿာမိ = သိက္ခာပုဒ် ဝိနည်းကို ပညတ်တော်မူအံ့”ဟု မိန့်တော်မူလေ့ရှိပါတယ်၊
ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာ အလိုတော်မှာ ဝိနည်း (သီလ)ကို ကျင့်ကြစေလိုတဲ့ ဆန္ဒတော်ပင် ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပြီ-ဟုတ်ပြီ ဘုရားရှင်ရဲ့ အလိုတော်ပေါ်ပြီ၊ သံဂါယနာ တင်တော်မူကြတုန်းလဲ “ဝိနယော နာမ သာသနဿ အာယု = ဝိနည်း ဆိုတာ သာသနာတော်ရဲ့ အသက်ဖြစ်တယ်”လို့ မိန့်တော်မူပြီး၊ ဝိနည်း ပိဋကတော်ကို ပထမဆုံး သံဂါယနာ တင်တော်မူခဲ့ကြပါတယ်။
တပည့်တော်။ ။ ။ မှန်ပါတယ်ဘုရား၊ “ဝိနယေ ဌိတေ သာသနံ ဌိတံ = ဝိနည်း တည်လို့ရှိရင် သာသနာတော် တည်တာပဲ”လို့ အဋ္ဌကထာ ဆရာများလဲ မိန့်တော်မူပါတယ်။
ဓမ္မဂုတ်။ ။ ။“ဝိနည်းတည်”ဆိုတာ ဘယ်လိုတည်တဲ့ အတည်လဲ ကိုယ်တော်၊ စာအုပ်ထဲမှာ ကျောက်ပြားပေါ်မှာ ရေးထားလို့ ပုံရိုက်ထားလို့ တည်တဲ့ အတည်ကို ဆိုလိုတာလား။
တပည့်တော်။ ။ ။ ဘယ်ဟုတ်မှာလဲ ဘုရား၊ “ဝိနည်းပါဠိတော်ရော အဋ္ဌကထာရော လဇ္ဇီပုဂ္ဂိုလ်တို့ သန္တာန်မှာ တည်ရှိတာကို ဝိနည်းတည်တယ်”လို့ ခေါ်တာပါ။
ဓမ္မဂုတ်။ ။ ဘယ်လိုပုဂ္ဂိုလ်ကို “လဇ္ဇီပုဂ္ဂိုလ်”လို့ ခေါ်သလဲကိုယ်တော်။
တပည့်တော်။ ။ ။ အာပတ်သင့်မှာကို ရှက်တဲ့အတွက် အာပတ်မရှိအောင် စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ကို “လဇ္ဇီ”လို့ ခေါ်ပါတယ်၊ (လဇ္ဇာ ယဿ အတ္ထီတိ လဇ္ဇီ = အကြင်သူ့မှာ အာပတ်သင့်မည်မှ ရှက်ခြင်းသည် ရှိ၏၊ ထိုသူ့ကို“လဇ္ဇီ”လို့ခေါ်၏ တဲ့ ဘုရား။)
ဓမ္မဂုတ်။ ။ ဟုတ်ပါပြီကိုယ်တော်၊ ဒါ့ကြောင့် ရှေးမထေရ်မြတ်တို့ကလဲ
“အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ၊ လဇ္ဇီ ရက္ခိဿတိ =
အနာဂတ်ကာလ၌ သာသနာတော်ကို
လဇ္ဇီ ပုဂ္ဂိုလ် စောင့်ရှောက်ရစ်လိမ့်မယ်၊
လဇ္ဇီ ပုဂ္ဂိုလ် စောင့်ရှောက်ရစ်လိမ့်မယ်၊
လဇ္ဇီ ပုဂ္ဂိုလ် စောင့်ရှောက်ရစ်လိမ့်မယ်”
လို့ သုံးကြိမ် ကြွေးကြော်တော်မူခဲ့တာပဲ၊
(ပါရာဇိကအဋ္ဌကထာ၊ စတုဗ္ဇိဓ ဝိနယကထာ။)
တပည့်တော်။ ။ ။ မှန်ပါတယ်ဘုရား၊ ဒါ့ကြောင့် သာသနာတော်ကို မူရင်းပေါ်အောင် ပြုပြင်တဲ့အခါ ဝိနည်းကို ပြန်၍ စောင့်ရှောက်ကြအောင် ဖော်ရမှာ ဖြစ်ပါတယ်၊ လူမှာ ဘုရားတည်- ကျောင်းဆောက်- အလှူကြီး ပေးတဲ့ ဒါနမျိုး မတတ်နိုင်စေကာမူ ငါးပါးသီလကို လုံခြုံရင် ဒုစရိုက် ဆယ်ပါးမဖြစ်ရင် အပါယ်မကျနိုင်သလို၊ ရဟန်းတော်များမှာလဲ စာမတတ်စာမေးပွဲမအောင်- တရားမဟောတတ်- စာချဆရာ-ကမ္မဋ္ဌာန်းဆရာ- မလုပ် တတ်ချင်နေပါစေ၊ ဝိနည်းသီလနဲ့ ပြည့်စုံသော လဇ္ဇီ သူတော်ကောင်း ဖြစ်ရင် အပါယ်မကျနိုင်ပါဘူး။
လူမှာ ဒါနကြီးတွေ ရှိနေသော်လဲ ငါးပါးသီလမှ မလုံခြုံရင် ပါဏာတိပါတ တစ်ခုနဲ့လဲ အပါယ်ကျနိုင်၊ အရောင်းအဝယ် ကိစ္စမှာ လိမ်လည် လှည့်ပတ်တဲ့ မုသာဝါဒနဲ့ အဒိန္နာဒါန စသည် မလုံခြုံရင် အပါယ်ကျနိုင်သလို၊ ရဟန်းတော်များမှာလဲ ဝိနည်း သီလ မလုံခြုံရင် အပါယ်ကျနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပြီကိုယ်တော်မှ “အရင်းစစ်တော့ အမြစ်မြေက”ဆိုတာလို ဘွားဘွားကြီး ပေါ်နေပြီ၊ ပြအပ်ခဲ့တဲ့ ဘုန်းကြီးတစ္ဆေတွေဟာ စာတတ်သူ ဓမ္မကထိကဖြစ်သူ- စာချသူ- စာမေးပွဲအောင်သူ- ကမ္မဋ္ဌာန်းထိုင်သူတွေ ဖြစ်ကြ ပါလျက် တစ္ဆေဆိုတဲ့ ပြိတ္တာဘဝမှာ ဖြစ်ရတာဟာ ဝိနည်းကို မလေးစား မလုံခြုံကြလို့ဘဲနော်။
တပည့်တော်။ ။ ။ ဧကန်ပါ့ဘုရား၊ ယခုအခါ သာသနာတော်ကြီး အရည်အချင်းရော အရေအတွက်ပါ လျော့လာတာလဲ ဝိနည်းမကျင့်ကြလို့သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သာသနာတော်ကို အရင်းပေါ်အောင် ဖော်ရင် ဝိနည်းကျင့်ကြဖို့ ဖော်ရမှာပါပဲ။
ဓမ္မဂုတ်။ ။ ယခုလို ဝိနည်းသိက္ခာ ဗရမ်းဗတာ ဖြစ်နေတဲ့အချိန်မှာ ဘယ်လို ဖော်ရမှာလဲ ကိုယ်တော်။
တပည့်တော်။ ။ ။ တပည့်တော် ကျောင်းတိုက်မှာ သံဃာတွေ တဖြည်းဖြည်း တိုးပွား နေတာ အလှူဒါနတွေ တိုးပွားနေတာဟာ မျက်မြင်မဟုတ်ပါလား၊ အဲဒီလို တိုးပွားတဲ့ အကြောင်းတွေကတော့ ဝိနည်းကို အဓိကထားလို့ ဖြစ်တယ်ဆိုတာ အရှင်ဘုရားလဲ သိမှာပါပဲ။
ဓမ္မဂုတ်။ ။ ။“ဤကျောင်းတိုက်၌ စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ”လို့ ဆောင်ပုဒ်အစဉ်အတိုင်း ဝိနည်း ဂရုစိုက်ဖို့ဆိုတာ သိပါတယ်။
တပည့်တော်။ ။ ။“သံဃာမှန်သမျှ ဂရုစိုက်ရမည်”ဆိုတဲ့ ကြွေးကြော်သံကို ကျေးရွာ ဆရာသမားများက အလွန်နားဝင်ချိုဟန် တူပါတယ်၊ ဒါ့ကြောင့် မိမိတို့ရဲ့ ရှိသမျှ လက်ကျန် တပည့်ကလေးတွေကို တပည့်တော်ရဲ့ ကျောင်းတိုက်မှာ ပို့ကြတော့တာပဲ၊
တပည့်တော်ကလဲ “ဒို့ကျောင်းက ဂိုဏ်းဂဏ မရွေးဘဲ ဘုရားအလိုတော်ကျ နေထိုင် ကြရမယ်”လို့ ဆိုတော့ နဂိုက ဂိုဏ်းရွေးတဲ့ ဆရာသမားများလဲ သဘောကျပြီး တပည့်တွေကို ပို့ကြတော့တာပဲ၊ ဒါ့ကြောင့် ဝိနည်းကို မူထားတဲ့အတွက် ဆရာသမားများ အများစုက အလွန်နှစ်သက် ကျေနပ်ကြဟန် တူပါတယ်။
ဓမ္မဂုတ်။ ။ ဝိနည်းကို မူထားရမှာတော့ မှန်ပါတယ်၊ ဒါပေမယ့် တချို့က ပြင်မရအောင် လက်လွန်ခြေလွန် ဖြစ်ကုန်ကြပြီ၊ သူတို့အတွက် ဘယ့်နှယ်လုပ်မလဲ။
တပည့်တော်။ ။ ။ သူတို့လဲ ကိုယ့်ကိုယ်ကို ချစ်ရင် ဆိုင်ရာ ဝိနည်းကံ အတိုင်း ကုစားကြပေါ့ ဘုရား၊ ကုလဲ မကုစားနိုင်မှု ကောင်းကောင်းလဲ မနေနိုင်ရင်တော့ “အပါယ်ထိုထို ဥဒဟိုသည်” ဆိုတဲ့ လယ်တီဆရာတော်ရဲ့ လင်္ကာအတိုင်း သွားကြရမှာပေါ့၊
သူတို့ကို စဉ်းစားနေဖို့ မလိုပါဘူး၊ နောင်လာ နောက်သားတို့ အတွက်သာ “ကုသိုလ်များများ လိုချင်မှ သာသနာတော်ကို ဝင်ခဲ့ကြပါ” ဆိုတဲ့ ဆောင်ပုဒ်ကို အများသိအောင် ကြွေးကြော်ရမှပဲ။
ဓမ္မဂုတ်။ ။ ဒီကိစ္စမှာ အစိုးရလဲပါ၊ တိုင်းသူပြည်သားလဲပါမှ ဖြစ်နိုင်မှာပါ ကိုယ်တော်၊ ကိုယ်တော့်ဆိုင်ရာ လောက်နဲ့တော့ မလွယ်ပါဘူး။
တပည့်တော်။ ။ ။ တပည့်တော်လဲ ဒီလိုပါကြမှ ဖြစ်မယ်ဆိုတာ သိပါရဲ့၊ ဒါပေမယ့် “ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်သည် ဤမျှလောက် နှစ်ပေါင်း (၂၅၀၀)ကျော်ရုံဖြင့် ဒါလောက် မနိမ့်ကျသင့်သေးဘူး၊ ပြန်တက်လာရဦးမယ်”လို့ ယူဆပြီး “ဗုဒ္ဓမြတ်စွာရဲ့ ဘုန်းတော် ကံတော် အရှိန်ပါ (တစ်နည်းနည်းဖြင့်) ကူညီလာ ပါလိမ့်မယ်”လို့ ယူဆပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အယူအဆက ခေတ်မမီလိုက်တာ ကိုယ်တော်။
တပည့်တော်။ ။ ။ ခေတ်မမီဘူးလို့ ယူဆတဲ့ ပုဂ္ဂိုလ်တွေက ပွဲကြည့်အနေနဲ့ ဘေးကကြည့်ပေါ့ ဘုရား၊ တပည့်တော်ကတော့ သာသနာတိုးတက်မယ့် ဇာတ်လမ်းကို တပည့်တော့ ကျောင်းတိုက်မှာ အစမ်း က-နေတာပဲ၊ ဒီဇာတ်ကို ပရိသတ် အတော်များများက သဘောကျပြီဆိုရင် အစိုးရလဲ ပါဝင်လာရမှာပါ။
ဓမ္မဂုတ်။ ။ အခု အစမ်း က-ကြည့်တော့ ဟန်ပုံရရဲ့လား။
တပည့်တော်။ ။ ။ ကြည့်ရသူတိုင်းက ကြိုက်ပုံရပါတယ်ဘုရား၊ ကျေးရွာ ဆရာ သမားတွေဆိုတာ သူတို့ရဲ့ လက်ကျန်တပည့်ထဲက မျှော်လင့်ချက်ရှိတဲ့ ကိုရင်တွေကို ပို့ပြီး ဒီ က-နည်းကို အသင်ခိုင်းနေကြပါတယ်၊ ကိုယ်တိုင် ကြည့်ရ တစ်ဆင့်ကြားရတဲ့ ဒကာ-ဒကာမတွေကလဲ ကြည့်ချင်လွန်းလို့ လာကြ အားပေးကြနဲ့ အတော် စည်ကားနေပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော့်နည်း ကိုယ်တော့်ဟန်က မှန်တယ်လို့ ဆိုရမှာပေါ့နော်။
တပည့်တော်။ ။ ။ တပည့်တော်ရဲ့နည်း မဟုတ်ပါဘူး၊ “ဝိနည်းတော်ကို လေးစားပြီး၊ ဝိနည်းတော်အတိုင်း နေထိုင်ရမယ်”ဆိုတဲ့မူဟာ ဘုရားနည်းပါး၊ ဒီနည်းကို တပည့်တော်က ဦးထိပ်ရွက်ပြီး လေးလေးနက်နက် အကွက်ဆင်တာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ်၊ ဘုရားနည်းအစစ်ဖြစ်တော့ နေရေး-သေရေး နှစ်ထွေ အေးပြီး ဘေးကင်း ရန်ကင်းနဲ့ အောင်ခြင်းကြီး အောင်ပါလိမ့်မယ်ကိုယ်တော်။
တပည့်တော်။ ။ ။ တပည့်တော်က ဒီနည်းအတိုင်း မအောင်မြင်လဲ“လှေခွက်ချည်း ကျန်ပါစေ၊ အလံမလှဲဘူး”ဆိုတဲ့ ဝါဒပဲဘုရား။
ဓမ္မဂုတ်။ ။ ဟုတ်ပြီကိုယ်တော်၊ ပြည်တွင်း ပြည်ပ အစိုးရ ဒကာ-ဒကာမတွေ မကြာမကြာ လာကြတယ်ဆိုတာ ဒီ က-နည်းကို ကြည့်ကြတာပဲ ထင်တယ်။ ဂျပန်သံအမတ်ကြီးဆိုတာ ဥယျာဉ်ထဲရောက်တော့ စိတ်အေးလွန်းလို့ သူ့အဖွဲ့ နဲ့အတူ နေ့အချိန် အတော်ကြာကြာ နေသွားတယ်ဆို မဟုတ်လား။
တပည့်တော်။ ။ ။ ဟုတ်ဟန်တူပါတယ်၊ နေ့အချိန် အတော်ကြာကြာ နေသွားပါတယ်၊ သူနဲ့အတူပါတဲ့ သံအရာရှိကလဲ အဲဒီ ဥယျာဉ်ကျောင်းကလေး တစ်ကျောင်းမှာ ဒုလ္လဘရဟန်းအဖြစ်နဲ့ တစ်လကျော်လောက် နေသွားဖူးပါတယ်၊ သူက ရန်ကုန် တက္ကသိုလ်မှာ မြန်မာစကား သင်နေတာဖြစ်လို့ မြန်မာလိုလဲ ပြောတတ်၊ မြန်မာလို ပြောသမျှကိုလဲ အတော်များများ နားလည်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီနည်းက ကိုယ်တော်ထွင်တဲ့နည်းလား။
တပည့်တော်။ ။ ။ ဒီနည်းက တပည့်တော်လက်ထက်မှ ထွင်တဲ့နည်း မဟုတ်ပါဘူး၊ တပည့်တော်ရဲ့ ရှေးရှေးက (သီးလုံးဆရာတော်) ဆိုတာ ကြားလိုက်ရဖူးပါတယ်၊ ထို ဆရာတော်ကြီး အထံမှာ ဗန်းမော်ဆရာတော် သင်္ဂဇာဆရာတော် ရွှေကျင် ဆရာတော်တို့၏ အလောင်းအလျာတွေ အတူတပည့် ခံနေကြပါတယ်၊
ထို ဆရာတော်လောင်းများ အချင်းချင်းလဲ မေတ္တာရေချမ်း ကမ်းလှမ်း သောက်သုံး တော်မူကြပါတယ်၊ ကြီးရင့်တော်မူတဲ့ အခါမှာလဲ ဆရာတူတပည့်ပီပီ “ရွှေကျင်-သုဓမ္မာ”ဆိုတဲ့ ဂိုဏ်းခွဲစိတ်တွေ လုံးဝ မရှိကြပါဘူး၊ အားလုံး သာသနာစိတ် တစ်စိတ်တည်းပါ။
ဓမ္မဂုတ်။ ။ သြော် ... ရွှေကျင်ဆရာတော်နဲ့ ဗန်းမော်ဆရာတော်၊ သင်္ဂဇာဆရာတော် တို့ဟာ ဆရာတူ တပည့်တွေလား။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်၊ တပည့်တော်က အဲဒီ အဖြစ်ကို ကျေနပ် ကြည်ညိုလွန်းလို့ တပည့်တော်ရဲ့ သာသနာပြု ဇာတ်လမ်းမှာ အဲဒီ အခန်းကို ရှေ့တန်း တင်ထားပါတယ် ဘုရား၊ ဒါကြောင့် တပည့်တော် ကျောင်း တိုက်မှာ ရောက်လာသူတိုင်း ဂိုဏ်းစကား မပြောရပါဘူး၊ ဝိနည်းတော် နဲ့အညီ နေထိုင်ဖို့ဟာ ကျောင်းတိုက် ဇာတ်လမ်းရဲ့ အကြမ်းဖျင်းမူ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပြီကိုယ်တော်, ဒါ့ကြောင့် ဂိုဏ်းမျိုးစုံက ဇာတ်လမ်းပါဝင်သူတွေ ကိုယ်တော့်ကျောင်းတိုက်မှာ များနေဟန်တူပါတယ်၊ ယခု ကိုယ်တော်ရဲ့ အသက် (၇၄) နှစ်မှာ တိုက်သံဃာ ဘယ်လောက်ရှိတုန်း။
တပည့်တော်။ ။ တိုက်သံဃာ ရဟန်း သာမဏေ (၅၅၀)ကျော် ရှိပါတယ်, ဖိုးသူတော်ကလဲ (၃၀)ကျော်လောက် ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် နံနက်ဆွမ်း ကျွေးနိုင်သေးရဲ့လား။
တပည့်တော်။ ။ ဘုရားရှင်ရဲ့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အရဟံ) ဂုဏ်တော်က သာသနာတစ်လျှောက်လုံးမှာ အုပ်ဖုံးနေတာဖြစ်တော့ သံဃာအားလုံး နံနက်ဆွမ်း ကျွေးပြီး နေ့မှာ ချက်ရိုးချက်စဉ် ဟင်းနှစ်ခွက်အတွက် ပြည့်စုံနေပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ဒါလောက် သံဃာများများ နေလောက်အောင် ကျောင်းလဲ ပြည့်စုံမှာပေါ့ နော်။
တပည့်တော်။ ။ ကျောင်းကလဲ (၂)နှစ်အတွင်းမှာ ကျောင်းလတ်-ကျောင်းကြီးတွေ (၁၂) ကျောင်းလောက် တိုးလာလေတော့ (ဝါတွင်းမှာ အားလုံး မပြီးသေးပေမယ့် ပြီးတဲ့အခါ) ဒီသံဃာတော့ ကောင်းကောင်း နေလောက်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ နေစမ်းပါဦး, ဒါလောက် သံဃာတွေများတော့ ဝါတွင်းမှာ ငြိမ်ငြိမ် သက်သက် ရှိရဲ့လား။
တပည့်တော်။ ။ သြော် ... အရှင်ဘုရားက ဘာများ ကြားလို့ စစ်ကြောနေရ တာတုန်း။
ဓမ္မဂုတ်။ ။ ခေတ်ကြီးက လူရော-ရှင်ပါ (တစ်ကမ္ဘာလုံး) တရား ပျက်လွန်းလို့ မေးရတာပါ။
တပည့်တော်။ ။ မေးလဲ မေးစရာပေပဲဘုရား၊ တပည့်တော် (၇၄)နှစ် ဝါတွင်း တော်သလင်းလပြည့်ကျော် (၉)ရက် ည ဘုရားဝတ်တက်ပြီးချိန် (၇)နာရီ လောက် တပည့်တော်လဲ ဘုရားအာရုံပြုပြီး မေတ္တာပို့နေတုန်းမှာ“ဝိုင်းဟချဟ”ဆိုတဲ့ ငှက်ဆိုးထိုးသံတွေ ကြားရပါတယ်၊ ကြားပေမယ့် သူခိုးလိုက်တာ ထင်လို့ တပည့်တော် အလုပ်ကိုပဲ ဆက်လုပ်နေပါတယ်၊
နည်းနည်း ကြာမှ မပြီးနိုင်လို့ တောင်ဝှေးတုတ်ကို ကိုင်ပြီး အနီးကျောင်းက ဦးပဉ္စင်း သုံးပါးလောက်နဲ့ သွားတော့ အုတ်ခဲတွေနဲ့ ဟိုပေါက်-ဒီပေါက် တပည့်တော် အနားတောင် အုတ်ခဲ ရောက်လာပါတယ်၊ တပည့်တော်နဲ့ အတူပါတဲ့ ဦးပဉ္စင်းတွေက မခံနိုင်လို့ အတင်းဝင်ရိုက်မယ်လုပ်တော့ တပည့်တော်က တားထားရပါတယ်၊ ဒါတောင် အတော်အတန်တော့ လက်လွန်ကြသေးဟန်တူပါရဲ့ ။
ဓမ္မဂုတ်။ ။ ဘာအကြောင်းလဲ ကိုယ်တော်။
တပည့်တော်။ ။ မူလအကြောင်းက သိဖို့ အခက်သားပဲဘုရား၊ စာချနေတဲ့ ဦးပဉ္စင်းကလေး နှစ်ပါးက ပန်းရန်သမကလေးနဲ့ စကားပြောတာကစပြီး တစ်စတစ်စ ကျယ်ပြန့်သွားတာနဲ့ တူပါတယ်၊ ဒီဟာကို စာချဘုန်းကြီးများ စစ်ဆေးတုန်း မပြီးနိုင်လို့ ဆန္ဒပြကြတယ်လို့ သိရပါတယ်၊ တပည့်တော်တော့ မူလက မသိဘဲ ဆန္ဒပြကြမှ သိရပါတယ်၊ စာချဘုန်းကြီး ကလေး နှစ်ပါးလဲ တစ်ခြားသွားနေကြဖို့ လွှတ်လိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ စာချဘုန်းကြီးများက ဘာပြုလို့ ကိုယ်တော့်ကို စောစော မလျှောက်သလဲ။
တပည့်တော်။ ။ နဂိုထုံးစံကလဲ တပည့်တော် သိသင့်မှ သိစေပါတယ်။ တပည့်တော်မှာ သိမ်မွေ့တဲ့ စာအလုပ်နဲ့ လာလာသမျှ ဒကာ-ဒကာမတွေကို ဟောရ ပြောရတဲ့ အလုပ်ကြောင့် တိုက်တွင်းမှာ ဖြစ်တဲ့ ကိစ္စအများကို သူတို့ဘာသာ စီမံလေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ ကိစ္စရဲ့ အကြီးအငယ် လိုက်ပြီး ကိုယ်တော့်ကို သိသင့်တာမှ အသိပေးတာတော့ ကောင်းပါရဲ့ ၊ ယခုလို ကျောင်းတိုက်မှာ ကျော်မကောင်း ကြားမကောင်းဖြစ်တော့ ကိုယ်တော့်စိတ်ကို မထိခိုက်ဘူးလား။
တပည့်တော်။ ။ တပည့်တော်ရဲ့ ပိဋကတော်မှာ ချထားတဲ့ စိတ်ဟာ သာမန် အကျိုးပြုတဲ့စိတ် မဟုတ်ပါဘူး၊ နေရာတိုင်းမှာ ကောင်းဆိုးနှစ်တန် လောကဓံကို (ပုထုဇဉ်အလိုက်) ထိုက်တန်သမျှ ခံနိုင်လောက်အောင် အင်အားပြည့်စုံနေတဲ့စိတ် ဖြစ်ပါတယ်၊
သို့သော ...“ဤ ကျောင်းတိုက် သာသနာတော်ဖြင့် ဗုဒ္ဓမြတ်စွာကို ပူဇော်ပါ၏”လို့ နံနက်တိုင်း ညတိုင်း (ဘုရားပူဇော်ဖို့ရန် ပန်းဥယျာဉ်ကြီးလို) သာယာအောင် ပြုပြင်ထားတဲ့ ကျောင်းတိုက်ကြီးကို ယခုလို အမဲကွက်ထင်အောင် လုပ်တဲ့သူများ အတွက်တော့ အားကြီး သနားစရာကောင်းပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ ကိုယ်တော်တွေကိုတော့ စစ်လား, ဆေးလား, နှင်လား, ထုတ်လား လုပ်သေးသလား။
တပည့်တော်။ ။ဒီကိစ္စမျိုးဟာ စစ်ဆေးပေမယ့် (မူရင်းလက်သည်) မပေါ်နိုင်ပါဘူး၊ ဒါကြောင့် ဘာမျှ မစစ်ဆေးတော့ဘဲ “မိမိတို့ အပြစ်ကို မိမိတို့ ဘာသာ ဝန်ချကြ ဆန်ဈေးကြီးလို့ ဆွမ်းလောင်းနိုင်သူ နည်းသည့်အတွက် နေ့ဆွမ်းအရ နည်းလို့ ကျောင်းက နေ့ဆွမ်းပါ ချက်နေရတယ်၊ သီတင်းကျွတ်တဲ့အခါ (တပည့်တော် ရွာကပြန်လာရင်) ချက်တော့မည်မဟုတ်”လို့ ပြောပြီး ပြန်လိုတဲ့သူ ပြန်နိုင်အောင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက် နေ့မှာ ဖြစ်သမျှနဲ့ ကထိန်ခင်းပါတယ်၊ ကထိန် အပြီးမှာ တစ်နှစ်လုံး စုထားတဲ့ သင်္ကန်းစသော ဝေစရာများကိုလဲ ဝေပေးလိုက် ပါတယ်။
ဓမ္မဂုတ်။ ။“ရွာကပြန်လာရင်”ဆိုလို့ မေးရဦးမယ်၊ ကိုယ်တော်က ရွာကို ဘာကိစ္စ သွားရမှာလဲ။
တပည့်တော်။ ။ စစ်ပြီးကတည်းက ဝက်လက်မှာ သိမ်သမုတ်ကိစ္စရှိလို့ ရွာလဲ ကိစ္စရှိတာနဲ့ တစ်ခေါက်ရောက်ပါတယ်၊ အဲဒီနောက်တော့ မယ်တော်ကြီးလဲ မရှိလို့ ဝက်လက်ဆွေမျိုး - ရွာဆွေမျိုးအားလုံး မပင့်ကြနဲ့တော့လို့ ပိတ်ထားပါတယ်, တစ်ခါ တစ်ခါ လာပင့်လဲ မလိုက်ပါဘူး၊ အဲဒီဝါဆိုဦးက နှမဝမ်းကွဲ ပြုပြင်ထားတဲ့ လျောင်းတော်မူ ဘုရားကြီးနဲ့ တန်ဆောင်းကိုလဲ ရေစက်ချ, မြေးများကိုလဲ ရှင်ပြုဖို့ အတွက် (အများက ပင့်လို့ရမှာ မဟုတ်ဘူးလို့ တားလျက်သားနဲ့) လာပင့်တယ်၊
ဒီတော့ တပည့်တော်က “ငါဟာ ယခုအခါ ဆွေဘုန်းကြီး, မျိုးဘုန်းကြီး မဟုတ်တော့ဘူး၊ ငါ့ကျောင်းတိုက်ကို နိုင်ငံက ဝိုင်းပြီး ထောက်ပံ့ကြလို့ ဒီသံဃာ များနေနိုင်တာ၊ ဒီတော့ အများဆိုင်ဘုန်းကြီး ဖြစ်နေပြီ၊ သင်တို့ရွာက တစ်ရွာလုံး အပင့်နဲ့ဆိုရင် လာနိုင်စရာရှိရဲ့”လို့ ပြောလိုက်မိပါတယ်။
ပြောတုန်းကတော့ ကျေနပ်ရုံ ပြောလိုက်တာပါ၊ ဒီစကား ကြားတော့ ရွာက ဝမ်းသာအားရဖြစ်ပြီး ရွာကြွဖို့ရန် ပင့်ကြပါရော, သည်တော့ မလိုက်ရင်မဖြစ်လို့ မိမိချည်းလာလို့ သိပ်အကျိုးများမှာ မဟုတ်, သံဃာ တစ်ရာလောက်နဲ့ လာမှ ဖြစ်မယ်လို့ ပြောလိုက်ပါတယ်၊
ဒီစကားအရ သာ၍ ဝမ်းသာကြလို့ တစ်ရွာလုံးမက အနီးအပါးရွာများနဲ့ ဝက်လက်မြို့ ကပါ လာဖို့ရန် မျှော်နေကြပါတယ်၊ ဒီတော့ ကာဘိုးဆည်ကြီးနဲ့ ဆက်နေတဲ့ အင်းကြီးကို ရေပြည့်ချိန်ဖြစ်တဲ့ သီတင်းကျွတ်ဟာ အသာယာဆုံးပဲ လို့ နှလုံးသွင်းပြီး သီတင်းကျွတ် လပြည့်ကျော် (၃) ရက်နေ့မှာ သံဃာတစ်ရာနဲ့ မွေးဖွားရာ ဇာတိဖြစ်သော သရိုင်ရွာသို့ သွားရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သွားပုံအစီအစဉ်ကို မှတ်သားလောက်ရင် ပြောပြပါဦး, ရက်က ဘယ်လောက်ကြာတုန်း။
တပည့်တော်။ ။ မှတ်လောက် မမှတ်လောက်တော့ အောက်ပါ အစီအစဉ်ပဲ ကြည့်ပါတော့၊ အသွားအပြန် (၅)ရက်လောက်ကြာပါတယ်။
သရိုင်ရွာသွား မှတ်တမ်း
▬▬▬▬▬▬▬▬▬
ဓမ္မဂုတ်။ ။ ဘာနဲ့ သွားကြတုန်း, ရထားနဲ့လား ကားနဲ့လား။
တပည့်တော်။ ။ ပထမမီးရထားနဲ့ သွားကြဖို့ စီစဉ်ပါတယ်၊ (၆၀)ကျော်ဆန့်တဲ့ နှစ်တွဲလောက်ကို အသွားအပြန် စီစဉ်ပြီး အဲဒီ တွဲနှစ်တွဲကို ဝက်လက်မှာ မပြန်ခင် ရပ်ထားဖို့ စိတ်ကူးပါတယ်၊ ကုန်ကျစရိတ်ကိုလဲ ကျောင်းအမ တစ်ယောက်က တာဝန်ယူပါတယ်၊ ဒါပေမယ့် ဝက်လက်ကို နေ့ဆွမ်းအမီ ရောက်ဖို့ မသောချာလို့ ရထားနဲ့ သွားဖို့ကို ပြင်ပြီး ရွှေဘိုနဲ့ မန္တလေး ပြေးနေတဲ့ ရန်အောင်မန်း ကားကြီး သုံးစီးအပြင်, မြောင်းမြဆရာတော်နဲ့ တပည့်တော်တို့ဖို့ လင့်ရိုဗာ ကားနှစ်စီးနဲ့ သွားကြပါတယ်။
ဓမ္မဂုတ်။ ။ မြောင်းမြဆရာတော်လဲ ပါသေးသလား။
တပည့်တော်။ ။ မြောင်းမြဆရာတော်ကအခြေအနေကိုလဲကြည့်ရင်း သရိုင်ရွာ ကိုလဲ (မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့ ရဟန်းဖြစ်တဲ့ရွာမို့) ရောက်လိုတဲ့ ဆန္ဒအပြင်, တပည့်တော်ကိုလဲ ချီးမြှောက်တဲ့ သဘောနဲ့ လိုက်တော်မူတာပါ။
ဓမ္မဂုတ်။ ။ ကားတာဝန်တော့ ဘယ်သူက ယူသလဲ။
တပည့်တော်။ ။ ပထမတော့ ရွာကစုပြီး တာဝန်ယူကြဖို့ စီစဉ်ပါတယ်, မန္တလေး လာပြီး ရန်အောင်မန်း ကားကြီးများကို ငှားတဲ့အခါ ကားပိုင်ရှင်တွေက ဆွေမျိုးတွေ ဖြစ်တော့ “သူတို့ကိုယ်တိုင်ပဲ ကုသိုလ်ယူမယ်”လို့ ပြောပြီး ၃၀ကျော် ဆန့်တဲ့ ကားကြီး သုံးစီးအတွက် အသွားအပြန် တာဝန်ယူကြတယ်၊
ဆရာတော်ကြီးနဲ့ တပည့်တော်လဲ ရှေ့ပိုင်းက အတူမစီးချင်, နောက်ပိုင်းကလဲ လေအေးမိမှာစိုးလို့ လင့်ရိုဗာ နှစ်စီးကို ကျောင်းဒကာနဲ့ ဆွေမျိုးများက တာဝန် ယူကြပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်အချိန် ကျောင်းတိုက်က ထွက်ကြသလဲ။
တပည့်တော်။ ။ ကျောင်းတိုက်၌ နံနက်ဆွမ်းစားပြီး ၇ နာရီလောက် ထွက်ကြ ပါတယ်၊ ဆားတောင်က တပည့်တော်တို့ လာမယ်ဆိုတာ သိနှင့်လို့ မှုန့်မျိုးစုံနဲ့ လက်ဖက်ရည် ကပ်ကြပါတယ်၊ ကားလမ်းက လှတောအထိ ကောင်းလို့ မကြာပါဘူး၊
လှတောက ဝက်လက်သွားတဲ့လမ်းက မကောင်းလို့ ၇ မိုင်လောက် ခရီးကို မိနစ် ၄၀ လောက် မောင်းရပါတယ်၊ ဝက်လက်သို့ နေ့ဆွမ်းမီတော့ ရောက်ပါရဲ့ . ဝက်လက်မြို့ သံလမ်းအနောက် ဒကာ ဒကာမများက ဘုရားကြီး ကျောင်းတိုက်မှာ နေ့ဆွမ်း ကပ်ပါတယ်၊ သံဃာများလဲ ဆွမ်းစားပြီးတဲ့အခါ ဘုရားကြီးကျောင်း, မစိုးရိမ်ကျောင်း၊ မြို့မကျောင်း သုံးဌာနခွဲပြီး ရေချိုးကြ ခေတ္တအပန်းဖြေကြပါတယ်။
ဓမ္မဂုတ်။ ။ သရိုင်တော့ ဘယ်အချိန်မှာ သွားကြသလဲ။
တပည့်တော်။ ။ မြောင်းမြဆရာတော်ကြီးက နေပူနဲ့ မတည့်ပါဘူး၊ ဒါ့ကြောင့် ဆရာတော်ကြီးကို ငဲ့ပြီး ၂ နာရီလောက်မှ သရိုင်သွားကြပါတယ်။ သွားတဲ့အခါ အင်းကြီးကိုဖြတ်ပြီး ဖောင်နဲ့ကူးဖို့ ဖောင်ပေါ်မှာ သံဃာတစ်ရာက ပရိတ်ရွတ်ပြီး သွားကြဖို့ စီစဉ်ပါတယ်။
ဓမ္မဂုတ်။ ။ စီစဉ်တဲ့အတိုင်း ဖြစ်ရဲ့လား။
တပည့်တော်။ ။ ဖောင်ပေါ်မှာ မရောက်ခင် မြင်တော်ရွာက ရှလပတ်ရည် ကပ်ရင်း တပည့်တော်ရဲ့ သြဝါဒကို နာကြဖို့ စီစဉ်ထားတော့ မြင်တော် ရောက်အောင် ကားနဲ့ သွားဖို့ ခဲယဉ်းလို့ သံဃာများက ခြေလျင်ကြွကြပါတယ်၊ ဆရာတော်အတွက် (သူတို့က အထမ်းနဲ့ ကြွစေချင်ပေမယ့် ဆရာတော်က အထမ်းနဲ့ မသွားလိုဘူး အမိန့်ရှိလို့) တပည့်တော်နဲ့ ဆရာတော်အတွက် လင့်ရိုဗာကား နှစ်ခေါက် ခက်ခက် ခဲခဲ သွားရပါတယ်။
(လင့်ရိုဗာတစ်စီးက မန္တလေးပြန်သွားလို့ ကျောင်းဒကာကိုရဲ့ ကားတစ်စီးသာ အပြန်အတွက် စောင့်ရင်း ကျန်နေပါတယ်၊ အပြန် ဆရာတော်ကြီးအတွက် တပည့်တော်ရဲ့ အခြားဆွေမျိုး ကားတစ်စီး လာပါတယ်။)
ဓမ္မဂုတ်။ ။ မြင်တော်ရောက်တော့ အားလုံးအဆင်သင့်ပဲလား။
တပည့်တော်။ ။ တပည့်တော်က ဩဝါဒပေးရမှာမို့ ဆရာတော့်အရင် မြင်တော်သို့ ရောက်ပါတယ်၊ ရောက်တဲ့အခါ သရိုင်အနီးအပါးရွာက ကျောင်း ဘုန်းတော်ကြီးများ အစုံအညီတွေ့ရလို့ သူတို့ကလဲ ဝမ်းသာ, တပည့်တော်မှာလဲ အားရဝမ်းသာ ဖြစ်ရပါတယ်၊
မြင်တော်ရွာကလဲ တစ်ရွာလုံးလောက် အင်းရေဆိပ်မှာ ဆင်းပြီး မဏ္ဍပ် ထိုင်ခုံ အစုံအလင် ပြင်ထားကြပါတယ်၊ တပည့်တော်လဲ မြောင်းမြဆရာတော် မရောက်ခင် ဩဝါဒစကားကို ပြောပါတယ်၊ ဆရာတော်ရောက်လို့ ဩဝါဒပြီးတဲ့အခါ ကမ်းနားကို ဆင်းပြီး စီစဉ်ထားတဲ့ ဖောင်ပေါ်တက်တော့ သံဃာတစ်ဝက်ပင် မတက်ရသေးဘူး ဖောင်က မြုပ်လု မြုပ်လုဖြစ်လို့ မြောင်းမြဆရာတော်က သီးခြား လှေတစ်စင်းနဲ့ ကြွနှင့်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကကော။
တပည့်တော်။ ။ တပည့်တော်ကတော့ သံဃာအားလုံး စောင့်ပြီး နေပါတယ်။ ဒါပေမယ့် ဖောင်နဲ့ကူးလို့ ဖြစ်ပုံမရတော့ ဖောင်ပေါ်မှာ သံဃာ (၂၅)ပါးလောက် ချန်ပြီး ကျန်သံဃာများနဲ့ တပည့်တော်ပါ လှေကိုယ်စီနဲ့ ကူးရပါတယ်။
ဓမ္မဂုတ်။ ။ ပရိတ်ကော ရွတ်ဖြစ်သေးလား။
တပည့်တော်။ ။ စည်းစည်း လုံးလုံးတော့ မဟုတ်တော့ဘူး၊ တချို့ ရွတ်ကြပါ သေးတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ သရိုင်ရွာသွားဖို့ အင်းအရှေ့ဖက် အချိန်ကောင်း ရောက်ရဲ့လား။
တပည့်တော်။ ။ ဘယ်ရောက်တော့မှာလဲဘုရား, ဒကာ-ဒကာမတွေကလဲ (တချို့ ရွာသားများနဲ့ ရွာအနီးတွေက) တပည့်တော်ကို လုံးလုံး မမြင်ဘူးကြလို့ သရိုင်ဖက် သွားမယ့် ကမ်းနားမှာ နေ့လည်လောက်က လာပြီး စောင့်မျှော်နေကြပါသတဲ့၊ တပည့်တော် ရောက်တော့ နည်းနည်း မှောင်နေသော်လဲ ကျန်နေတဲ့ ထို ဒကာ-ဒကာမများကို အထူးကရုဏာ ဖြစ်ရပါတယ်၊
လှေပို့တဲ့ ဖောင်ဒကာများကလဲ ထိုးဝါးနဲ့ ထိုးရတာ အားမရလို့ မှောင်မှာစိုးတဲ့အတွက် လူထောက်မီတဲ့ နေရာတွေမှာ ဆင်းပြီး ဖောင်ကို တွန်းကြပါသတဲ့၊ တပည့်တော် တော့ သရိုင်သွားရတဲ့အတွက် ပတ်ဝန်းကျင်က သံဃာများနဲ့ ဒကာ-ဒကာမများ အပေါ်မှာ မေတ္တာရော, မုဒိတာရော, ကရုဏာရော များစွာဖြစ်ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ မှောင်မှ အင်းကတက်ပြီး ရွာသွားတော့ လမ်းကောင်းရဲ့လား။
တပည့်တော်။ ။ လမ်းက ရှေးကားလမ်းအပျက်မို့ မကောင်းပါဘူး၊ တပည့်တော်ရော-သံဃာများပါ ဆင်းရဲကြပါတယ်၊ တပည့်တော်တော့ အားလုံး ဒကာ-ဒကာမတွေ မှောင်နေတုန်း သူတို့ဆိုင်ရာ ရွာသို့ တချို့ကခြေလျင်, တချို့က လှေနဲ့ ပြန်ကြ ရမည်ကို သနားပြီး ကိုယ့်ဆင်းရဲကို မစဉ်းစားအားပါဘုရား။
ဓမ္မဂုတ်။ ။ မြောင်းမြဆရာတော်ကြီးလဲ ဒီလိုပဲလား။
တပည့်တော်။ ။ ဆရာတော်ကြီးက မမှောင်ခင် ရောက်နှင့်တော့ ဒါလောက် ဆင်းရဲမယ်မဟုတ်ပါဘူး။
ဓမ္မဂုတ်။ ။ ရွာတော့ အားလုံး ချောချောမောမော ရောက်ကြတာပဲနော်။
တပည့်တော်။ ။ အားလုံး ချောချောမောမော ရောက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဝက်လက်နဲ့ ကိုယ်တော်တို့ ရွာက ဘယ်လောက်ဝေးသလဲ, ကုန်းပေါ်က လမ်းမပေါက်ဘူးလား။
တပည့်တော်။ ။ ဝက်လက်နဲ့ သရိုင်က လေးမိုင် (နှစ်တိုင်)လောက် ဝေးပါတယ်, အင်းအလယ်မှာ ဖြတ်ကူးထားတဲ့ ကုန်းလမ်းလဲ ရှိပါတယ်၊ ဝက်လက်နဲ့ မြင်တော်က တစ်မိုင်သာသာ, အင်းအရှေ့ကမ်းနဲ့ သရိုင်ရွာက တစ်မိုင် သာသာ ရှိတော့ အင်းရေပြင်ရဲ့ အပြန့်က နှစ်မိုင်နီးနီး ရှိပါတယ်။
အလျားတော့ ဘယ်လောက်ရှိမယ်ဆိုတာ တပည့်တော် မသိပါဘူး၊ အဲဒီ အင်းကြီး အလယ်မှာ ဖြတ်ပြီး ရှေးတုန်းက ဖောက်ထားတဲ့လမ်း ရှိပါတယ်။ လမ်းဘေးမှာ မန်ကျည်းပင်တွေ သရိုင်ရွာက ရွှေတောင်ဆရာတော်ရဲ့ အမိန့်နဲ့ စိုက်တာပါ၊ ယခုလဲ တချို့ရှိပါသေးရဲ့ ကြီးတော့ သိပ်မကြီးပါဘူး။
ဓမ္မဂုတ်။ ။ အဲဒီ အင်းကြီးမှာ ရေအမြဲ ရှိသလား။
တပည့်တော်။ ။ တပည့်တော် အတော်ကြီးသည့်တိုင်အောင် အမြဲ ရှိပါတယ်။ ရှင်မွေးလွန်းမြို့ထွက်တဲ့ ကိုင်းပင်တွေလဲ အတော်များများ ပေါက်ပါတယ်။ အဲဒီ အပင်တွေကိုပင် သက်ကယ်ပျစ် (အမိုးရက်) ကြပါတယ်, ငါး-ရေကြက် စတဲ့ ငှက်တွေလဲ အတော်များများ ရှိပါတယ်။ ယခုတော့ နွေအခါမှာ ရေမရှိတော့ဘူးလို့ ကြားရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သီတင်းကျွတ်အချိန်မှာ သရိုင်သွားဖို့ စီစဉ်တာက ဒီအင်းကြီးရဲ့ ရေများချိန်ကို ကြည့်ပြီး စီစဉ်တာပေါ့နော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, သွားတော့ ဝါဆိုဦးတုန်းက သွားဖို့ပါပဲ။ ဝါဆိုဦးမှာ အင်းရေမရောက်သေးပါဘူး, အင်းအလယ် ဖြတ်သွားရတဲ့ လမ်းကလဲ ကားသွားလို့ မကောင်းတော့ သံဃာများ ခြေလျင်ကြွရလိမ့်မယ်၊ လမ်းက ကြမ်းတဲ့အပြင် ဖုန်လဲများမယ် ထင်ပါတယ်၊ ဒီတော့ လေးမိုင်လောက် ထိုခရီး၌ ပါလာတဲ့ သံဃာများကို မသွားစေချင်ပါဘူး၊ အင်းထဲ ရေများတဲ့ သီတင်းကျွတ်ဆိုတော့ လှေနဲ့သွားရလို့ သံဃာများ သိပ်မပင်ပန်းလှပါဘူး၊ ဒါ့ကြောင့် ဝါဆိုဦးတုန်းကပင့်တဲ့ ဒကာများကို သီတင်းကျွတ်မှ လာမယ်လို့ ပြောလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် အစီအစဉ်ကောင်းပါတယ်, နောက်ပါ သံဃာများကို မပင်ပန်းအောင် စီစဉ်တဲ့နည်းဟာ ကိုယ်တော်ရဲ့ မူလစိတ်ရင်းအတိုင်းပင် ဖြစ်ဟန် တူပါတယ်၊ ကိုယ်တော်က ကျောင်းရှိသံဃာများကို အမြဲချမ်းသာအောင် နံနက်ဆွမ်း နေ့ဟင်းနှစ်ခွက် အမြဲ, ညနေ ထန်းလျက်ရည်, နွေအခါ ဖျော်ရည်တိုက်နိုင်အောင် စီစဉ်ထားတာပဲ။
တပည့်တော်။ ။ တပည့်တော်က ကျောင်းတိုက်မှာရှိတဲ့ သံဃာများကိုသာ ငဲ့ညှာတာ မဟုတ်ပါဘူး၊ တစ်သာသနာလုံး သံဃာများကိုလဲ နောက်ဘဝ ဂတိကောင်းအောင်လို့ ပြုပြင်ဖို့ရန် အခွင့်ရတိုင်း တိုက်တွန်းနေတာပဲ။
ဓမ္မဂုတ်။ ။ ဒကာ-ဒကာမများ အပေါ်မှာလဲ ဒီလိုပဲလား။
တပည့်တော်။ ။ ဒကာ-ဒကာမများ အပေါ်မှာလဲ ရင်းလျှင်ရသလို ငဲ့ညှာပြီး လူ့သီလ-လူ့ကျင့်ဝတ် ပြည့်စုံဖို့ အမြဲ သတိပေးနေပါတယ်၊ တပည့်တော်ရဲ့ ဉာဏ်မှာ ဒီဘဝ၌ ဒီလိုနေရင် နောက်ဘဝ၌ ဘယ်လိုဖြစ်မယ်ဆိုတာ အတော်သေချာအောင် မြင်နေပါတယ်။
ဓမ္မဂုတ်။ ။ ဘာကိုထောက်ပြီး ဒီလိုမြင်တာလဲ ကိုယ်တော်။
တပည့်တော်။ ။ ကဿပမြတ်စွာဘုရား လက်ထက်တော်က နောက်ပိုင်း သာသနာတော်ကိုလဲ လေ့လာရပါတယ်၊ ယခုလက်ရှိ သာသနာဝင်အချို့ရဲ့ နောက် ဘဝ ရောက်နေပုံကို လူဝင်စားအဖြစ်နဲ့ ပြန်ပြောတာ (အိပ်မက်တာ) တစ္ဆေ ပြိတ္တာ အဖြစ်နဲ့ ပူးပြောကြတာကိုလဲ တစ်ဆင့် ကြားနေရပါတယ်၊
လူဝတ်ကြောင်များ အတွက်လဲ ဒီလိုပဲ ကြားတဲ့အပြင် ရှေးရှေးက လူဝတ်ကြောင် များရဲ့ ဘဝကောင်း ဘဝဆိုးကိုလဲ စာထဲမှာ အမျိုးမျိုး တွေ့ရတော့ တပည့်တော် ကိုယ်တိုင် လက်တွေ့ သိနေတာပေါ့ ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ သရိုင်ရွာရောက်တော့ ဖြစ်ပုံကို ပြောပါဦး။
တပည့်တော်။ ။ တပည့်တော် သရိုင်ရွာရောက်တော့ သံဃာတစ်ရာကို ရှေးက ဆွမ်းမကပ်ဘူးလို့ တစ်ဦးတည်း ဆွမ်းကပ်လိုသူတွေ တော်တော်များပါသတဲ့၊ ဒါပေမယ့် အများက ခွင့်မပြုနိုင်လို့ ကိုယ့်ရွာနဲ့ ကိုယ် စုပေါင်းပြီး အနီးအပါးရွာများရော အလှည့်ကျ ဆွမ်းကပ်ကြရပါတယ်။
ဓမ္မဂုတ်။ ။ အနီးအပါးက ဆွမ်းကပ်တဲ့အခါ အဲဒီရွာ သွားကြရသလား။
တပည့်တော်။ ။ မသွားကြရပါဘူး, နံနက် ယာဂုဆွမ်းနဲ့ နေ့ဆွမ်းအတွက် သရိုင်ရွာက နှမနဲ့ အစ်မများ ပြင်ထားတဲ့ ရွာဦးဇရပ်ကြီးမှာ လာပြီး ချက်ကြပါတယ်၊ ပင်းကျောင်းမှာ တည်းကြတဲ့ သံဃာတစ်ရာလဲ ဇရပ်အနီး ကြွ၍ စီတန်းပြီး ဆွမ်းခံကြပါတယ်၊ ထို့နောက် ဇရပ်ကြီးပေါ်တက်ပြီး အသင့်ပြင်ထားတဲ့ ဆွမ်းဟင်းပွဲများမှာ ထိုင်၍ ဇွန်းသံ-ပန်းကန်သံ မကြားရအောင် ငြိမ်သက်စွာ ဆွမ်းစားကြပါတယ်။
ဓမ္မဂုတ်။ ။ သံဃာတစ်ရာကို ဆွမ်းလောင်းပြီး ငြိမ်သက်စွာ မိမိတို့ရှေ့မှာ ဆွမ်းစားကြတာကို မြင်ရတော့ သိပ်ကြည်ညိုကြမှာပဲနော်။
တပည့်တော်။ ။ သံဃာတစ်ရာကို အတူပါစေရတာဟာ တပည့်တော်ငယ်စဉ်က ကြွေးကို ဆပ်တဲ့သဘောလဲ ပါပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုကြွေးလဲ ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော် မမွေးခင်ကစပြီး ယခုတိုင်အောင် အနီးအပါး ရွာများနဲ့ တပည့်တော်တို့ရွာမှာ ဝါတွင်း၌ တစ်သီတင်းလျှင်(ဘုရား ရှိရှိမရှိရှိ) တစ်ရွာလျှင် တစ်ရက်ကျ သုံးရက်လောက် နံနက်ဆွမ်းကျွေးပြီး နေ့ဆွမ်းအတွက် ဆွမ်းလောင်းလေ့ ရှိပါတယ်၊ အဲဒီအခါမှာ ဆွမ်းစားပုံက အတော်အတန်ကြည့်လို့ ကောင်းသော်လဲ ဆွမ်းလောင်းတဲ့ အခါတော့ ဦးပဉ္စင်းကလေးများနဲ့ ကိုရင်ကလေး များသာဖြစ်၍ ကြည့်လို့ မကောင်းပါဘူး၊ တစ်ခါတစ်ခါ ကိုရင်ကလေးတွေ ရှေ့က ဝင်လို့ နေရာလုရင်း သပိတ်နဲ့ ခုတ်ကြသည်အထိ ရန်ဖြစ်ကြပါတယ်၊ ဆွမ်းလောင်းတဲ့ ဒကာမကြီးတွေက တောင်းပန်ကြ-ရန်ပွဲဖျဉ်ကြရပါတယ်။
ဓမ္မဂုတ်။ ။ ဒီဟာနဲ့ ကြွေးဆပ်တာနဲ့ ဘာဆိုင်သလဲ ကိုယ်တော်။
တပည့်တော်။ ။ အဲဒီလို ကြည်ညိုစရာ မကောင်းတဲ့ ဖြစ်ပုံတွေကို တပည့်တော်ရဲ့ ရွာနဲ့ အနီးအပါးရွာက ဒကာ-ဒကာမများ နှစ်ပေါင်းများစွာ မိရိုးဖလာ သာသနာကို သဒ္ဓါတရားရှိရှိ မဟုတ်ဘဲ လှူဒါန်းနေကြရတော့ သဒ္ဓါတရား ဖြစ်လောက်တဲ့ သာသနာကို ပြရတာဟာ သာသနာတော်နဲ့ စပ်တဲ့ ကြွေးကို ဆပ်ရာမရောက်ဘူးလား ဘုရား။
ဓမ္မဂုတ်။ ။ ရွာများက တစ်လှည့်စီ ကပ်ကြတဲ့ဆွမ်းကို ဟင်းကောင်းတွေနဲ့ စားပြီး ဘာမှ မလုပ်ကြတော့ဘူးလား။
တပည့်တော်။ ။“ဟင်းကောင်းတွေနဲ့ စားပြီး”ဆိုတဲ့ စကားကို ပထမရှင်းပါရစေ၊ တပည့်တော် သွားမယ့်ရက်ကို ပြောတုန်းကပင်“ဆွမ်းကပ်သောအခါ သားကြီး ငါးကြီး မပါရဘူး”လို့ တားမြစ်ထားပါတယ်၊ မုန့်ကိုလဲ မြို့ကမုန့်တွေ မဝယ်ဘဲ ရွာမှာဖြစ်တဲ့ မုန့်နဲ့သာ ကပ်ရမယ်လို့ ပြောထား ပါတယ်၊ ဒါ့ကြောင့် သား ငါး အစိုတွေ မပါပါဘူး၊ ငါးခြောက်တို့လို (နောက်ပိုင်းတော့) ငါးချဉ်ရည်တို့လိုသာ ကပ်ကြပါတယ်၊ မုန့်လဲ တောရွာမှာ ဖြစ်နိုင်တဲ့ မုန့်ကိုသာ ကပ်ကြပါတယ်၊ အဲဒီလို စားပြီးတောလဲ အားလပ်ခွင့် ယူမနေကြပါဘူး။
ဓမ္မဂုတ်။ ။ ဘာလုပ်ကြတုန်း။
တပည့်တော်။ ။ ရွာရောက်ပြီးနောက် ဒုတိယညမှာ ရွာလယ် စာသင်ကျောင်း ဝင်းကြီးထဲ၌ သံဃာတစ်ရာက ပရိတ်ရွတ်ပြီး တပည့်တော်က သြဝါဒ ပေးပါတယ်။
ဓမ္မဂုတ်။ ။ ပရိသတ် တော်တော်များသလား။
တပည့်တော်။ ။ အနီးအပါး ရွာများနဲ့ အတော်ဝေးသော ဆားတောင်ကြီး မှက်ထိ ဆိုတဲ့ ရွာများကပါ လာကြလို့ အလွန်ကျယ်ဝန်းသောဝင်းကြီး အပြည့်ဖြစ်အောင် များတယ်လို့ သိရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ နောက်တစ်ညတော့ ဘာလုပ်သေးတုန်း။
တပည့်တော်။ ။ နောက်တစ်ညတော့ ဘုရားစေတီတော်ဝင်းကြီးများရဲ့ အလယ်မှာ တည်ရှိသော နှမနဲ့ အစ်မတို့ရဲ့ ဇရပ်ကြီးပေါ်မှာ သံဃာများ ပရိတ်ရွတ်ပြီး တပည့်တော်က ဩဝါဒပေးပါတယ်။
ဓမ္မဂုတ်။ ။ နောက်ဆုံး အိပ်ရမယ့်ညတော့ကော အားလုံး နားကြရော့လား။
တပည့်တော်။ ။ သံဃာများ မနားကြရပါဘူး၊ ခင်မင်ရွာနဲ့ စမွန်းရွာတွေမှာ သံဃာ (၂၅)ပါးစီကြွ၍, မင်းကုန်းရွာကြီးမှာ သံဃာ(၅ဝ) ကြွပြီး ပရိတ် ရွတ်ကြပါတယ်၊ မင်းကုန်းရွာက နည်းနည်းဝေးလို့ ညဉ့်အခါ မပြန်ဘဲ ညအိပ်, နံနက် ဆန်ပြုတ်တို့ မုန့်တို့ ဘုဉ်းပေးပြီးမှ ပြန်ခဲ့ကြပါတယ်၊ အသက် (၆၀)ကျော် ဒကာကြီးက ဒီလို သံဃာများကို တစ်ခါမှ မဖူးခဲ့ရဘူး လို့ လျှောက်လိုက်ပါတယ်၊
(တပည့်တော်ရဲ့ သံဃာများက သင်္ကန်း အသွေးအရောင် ရင့်ရင့်နဲ့ ညီညီသွားကြ-ညီညီစားကြ-ညီညီရွတ်ဆိုကြတာ ဖြစ်တော့ ရွာတိုင်း ဒကာ-ဒကာမများက အလွန် ကြည်ညိုကြပါတယ်။)
ဓမ္မဂုတ်။ ။ နေ့နေ့တော့ ဘာလုပ်ကြသေးတုန်း။
တပည့်တော်။ ။ သရိုင်သွားမယ်ဆိုတာကြားလို့ ဦးထိန်ဝင်းဆိုတဲ့ ဒကာက မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးရဲ့ ရပ်ရွာလဲဖြစ်, တပည့်တော်ရဲ့ ရပ်ရွာလဲ ဖြစ်လို့ လေ့လာလိုတဲ့ဆန္ဒနဲ့ ရန်ကုန်မှ တမင်ကလာ လာပြီး လိုက်ခဲ့ပါတယ်၊ သူက မန္တလေးမှ ဓာတ်ပုံဆရာ တစ်ယောက်ကိုလဲ ခေါ်ခဲ့ပါတယ်၊ သရိုင်မှာနေတဲ့ သုံးရက် အတွင်း တပည့်တော်နဲ့ဆိုင်တဲ့ နေရာတွေကို ကျောင်းများ စေတီတော်များနဲ့ တစ်ပဲသာ ရေတွင်းမှာ ဓာတ်ပုံရိုက်ယူပါတယ်။
ဓမ္မဂုတ်။ ။ တော်တော် စုံရဲ့လား။
တပည့်တော်။ ။ တော်တော်တော့ ပြည့်စုံပါတယ်၊ တပည့်တော်(၁၁)နှစ်သား လောက်က ညမှာ ကျောင်းသားများ စာအံတိတ်တောင် တပည့်တော်က စာအံ မတိတ်ရသေးဘဲ (၉)နာရီလောက်အထိ စာပြန်ရတဲ့ (ခရေပင်ကြီးအောက်က သမံတလင်းအစွန်) နေရာတောင် ဓာတ်ပုံရိုက်ပါသေးတယ်, အသွားအပြန် အင်းလယ်မှာ လှေနဲ့ (အလာတုန်းက တချို့ဖောင်နဲ့) သွားပုံတွေကိုလဲ ဓာတ်ပုံ ရိုက်ရပါတယ်၊ ဓာတ်ပုံခက (၃၅၀)လောက် ကုန်ကျပါသတဲ့။
ဓမ္မဂုတ်။ ။ အဲဒီလို ဓာတ်ပုံရိုက်တာလဲ အကောင်းသားပဲ, ဒီစာအုပ်မှာတောင် ထည့်သင့်တာကို ထည့်ဖို့ကောင်းတယ်၊ ဒီလိုဓာတ်ပုံနဲ့ မပြနိုင်ရင်(ရွာရွှေရိုင်) ဆိုတဲ့ အခန်းမှာ ကိုယ်တော်ရေးခဲ့တဲ့ ဆွေမျိုးများရဲ့ ဘုရား, ကျောင်း, တန်ဆောင်းတွေမှာ စိတ်ကူးယဉ်တွေ ဖြစ်ကုန်မှာပေါ့။
တပည့်တော်။ ။ ဟုတ်ပါတယ်, စိတ်ကူးယဉ်လို့ ထင်စရာပါပဲ၊ အမှန်ကတော့ ယခုတစ်ခေါက် ဒကာထိန်ဝင်းလေ့လာမှ ရှေးမီလူကြီးများက တပည့်တော် ဆွေမျိုး များရဲ့ ရှေးကောင်းမှုတွေကို ပိုပြီးထုတ်ဖော် ပြောကြားပါသေးတယ်၊ စေတီတော် ဝိုင်းကြီး သုံးဝိုင်းထဲမှာ ရှိသမျှကောင်းမှုတော်များပင် တပည့်တော် ရဲ့ အရင်းအဖျား စပ်တော်တဲ့ ဆွေမျိုးများရဲ့ ကောင်းမှုတွေ များပါတယ်၊ ရွာကျောင်း သုံးကျောင်းမှာ ရှိတဲ့ ကျောင်းကြီးတွေကလဲ ဆွေမျိုးအရင်း များရဲ့ ကျောင်းတွေသာ ဖြစ်ပါတယ်၊ ထိုနယ်က တပည့်တော်ကို ဂရုစိုက်ကြတာလဲ ဆွေမျိုး အရှိန်အဝါ အများကြီး ပါပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဆွေမျိုးအရှိန်အဝါ ကြီးပေမယ့် မိဘများမွဲသွားတဲ့ အကြောင်းကို စဉ်းစားရင် ဝမ်းမနည်းဘူးလား။
တပည့်တော်။ ။ သံသရာကို တစ်ဘဝတည်းကြည့်လို့ မပြည့်စုံပါဘူးဘုရား" တစ်သံသရာလုံး ကြည့်တတ်မှ အကောင်းအဆိုး လောကဓံကို ခံနိုင်ပါတယ်၊ တပည့်တော်က တစ်သံသရာလုံး နိဗ္ဗာန်အထိ ကြည့်တဲ့သူပါ၊ မိဘများ ပစ္စည်း ပျက်ပေမယ့် တပည့်တော်သာ လူ့လောကနေရင် ဆွေမျိုးထဲမှာ အောက်မကျတဲ့ လူတစ်ယောက် ဖြစ်နိုင်တာသိလို့ တပည့်တော်အတွက် တရားဖြင့် ကြည့်နိုင်ပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို ပစ္စည်းပျက်ပြီး ဆုံးကြရတဲ့ မိဘများအတွက်တော့ ဘာမှ ဂရုမစိုက်တော့ဘူးလား။
တပည့်တော်။ ။ သူတော်ကောင်းလမ်းကို သွားနေတဲ့သူတိုင်း ဆရာမိဘများကို ဦးထိပ်က ထားလေ့ရှိပါတယ်၊ တပည့်တော်လဲ မိဘများကို ရည်စူးပြီး သံယိကဆွမ်း-သင်္ကန်းတို့ကို မိဘများအိမ်ယာမှာသွားပြီး ကျွေးမွေး လှူဒါန်းဖို့ ရှေးကလဲတစ်ခါ တူမောင်အောင်ခန့်ကို စေခိုင်းဖူးပါတယ်၊ ယခုတစ်ခေါက် တပည့်တော် ရောက်တဲ့ အခါလဲ ထိုနည်းအတိုင်း ကျွေးမွေး လှူဒါန်းပြီး အမျှဝေစေပါတယ်၊
အမျှဝေရုံတင်မကပါဘူး, ဤအလှူကိုပဲ မိဘများရဲ့ အလှူအဖြစ်ဖြင့် လှူဖို့ရန် တိရောကုဋ္ဋသုတ်မှာ လာတဲ့အတိုင်း “ဣဒံ နော ဉာတီနံ ဟောတု, သုခိတာ ဟောန္တု ဉာတယော”ပါဠိတော်ကို မြန်မာပြန်ပြီး “ဤသံယိက ဆွမ်းဒါန သင်္ကန်း-ထီး ဖိနပ် ဒါနသည် ကွယ်လွန်ကြပြီးသော အဘ-ဦးဇောတိ, အမိ-ဒေါ်အုန်းလှိုင်ကို အစပြု၍ ဆွေမျိုးများအတွက် ဖြစ်ပါစေသတည်း၊ ကွယ်လွန်ကြပြီးသော အဘဦးဇောတိ, အမိ-ဒေါ်အုန်းလှိုင်မှ စ၍ ဆွေမျိုးများသည် ချမ်းသာကြပါစေသတည်း” ဤသို့ တပည့်တော်ကိုယ်စား လှူဒါန်းတဲ့ တူတော်သူ မောင်အောင်ခန့်ကို ဆိုစေပါတယ်။
ဓမ္မဂုတ်။ ။ ယခုခေတ် အမျှဝေတာမျိုးကော ကုသိုလ်အဖို့ မရနိုင်ဘူးလား။
တပည့်တော်။ ။ ရနိုင်ပါတယ်, ထိုပါဠိတော်အတိုင်း ဆိုစေတဲ့အပြင် ထုံးစံ အတိုင်းလဲ အမျှဝေစေပါသေးတယ်၊ တိရောကုဋ္ဋသုတ်မှာ “ကျန်ရစ်သော ဆွေမျိုး များ၌ စားဖွယ်သောက်ဖွယ် ပေါများသော်လဲ ကွယ်လွန်သူတို့က ကံမကောင်းရင် မည်သည့် ဆွေမျိုးကမျှ သူတို့အတွက် ကုသိုလ်ပြုဖို့ သတိမရကြဘူး”လို့ ဟောတော်မူပါတယ်။
ဓမ္မဂုတ်။ ။ ဒါ့ပြင်တော့ ကုသိုလ်ရေးနဲ့ စပ်ပြီး ဘာများလုပ်ခဲ့ရသေးတုန်း။
တပည့်တော်။ ။ မပြန်ခင်တစ်ရက်မှာ သံဃာများ ဆွမ်းစားကြွခိုက် ကျောင်းထဲ၌ တစ်ယောက်တည်း လမ်းလျှောက်နေစဉ် စေတီလှဘုရားဝိုင်းအတွင်း အရှေ့တောင် ထောင့်၌ အတော်ပျက်စီးပြီး ကွဲအက်နေသော, ထီးတော်လဲ မရှိသော စေတီတော်ကြီး တစ်ဆူကို သတိထားမိပါတယ်၊ ထိုစေတီတော်ကို ကြည့်ရင်း အမွေခံအဆက်မရှိလို့ မပြင်ကြတာထင်တယ်၊
မိမိရဲ့ ရင်းနှီးတဲ့ ဒကာ-ဒကာမများ စုပေါင်းပြီးပြင်ရင် ဖြစ်နိုင်စရာရှိတယ်လို့ တွေးမိပါ တယ်၊ ဒီလို တွေးပြီးနောက် ကျောင်းဘုန်းကြီး (တူတော်သူ) ကို ခေါ်၍ “ဒီ စေတီတော်ကြီးက ဘယ်လူကြီးများ အဆက်လဲ”လို့ မေးတော့ တပည့်တော်ရဲ့ ဝမ်းကွဲ ဘေးများရဲ့ စေတီလို့ သိရပါတယ်၊ နောက်ဆက် ဆွေမျိုးများထဲမှာလဲ ပြင်နိုင်သူ (နှမရဲ့ ယောက်ျား) တစ်ယောက်သာ ရှိပါတယ်၊ သူလဲ နှမက သူ့ဆိုင်ရာတွေ ပြင်နေတော့ ဘာမှမပြောဘဲ စိတ်သာကူးနေပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အမျိုးထဲ ပစ္စည်းပေါတဲ့သူ အများကြီးမဟုတ်လား။
တပည့်တော်။ ။ ဘုရားတည်- ကျောင်းဆောက်လုပ်နိုင်လောက်အောင် ပေါတဲ့ သူတွေက ရှေးဆွေမျိုးများ ဖြစ်ပါတယ်၊ ယခုတော့ ဒီလို ပေါတဲ့သူများက ဝက်လက်-မန္တလေး ရွှေ့ကုန်ကြလို့ စားနိုင်သောက်နိုင်လောက်သာ ကျန်ပါတော့တယ်၊ တချို့လဲ တော်တော် နွမ်းပါးကုန်ပါပြီ၊ ဒုတိယကမ္ဘာစစ် ဖြစ်ကတည်းက ရွာရဲ့ အခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား ပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ပျက်စီးနေတဲ့ စေတီတော်က အတော်ကြီးသလား။
တပည့်တော်။ ။ တော်တော်ကို ကြီးပါတယ်, နှစ်သောင်းလောက်ကုန်မှ ပြီးမယ်လို့ ပြောကြပါတယ်၊ ဒီအကြောင်းကို ဒကာထိန်ဝင်းကြားတော့ စေတီတော်နဲ့ နီးကပ်သော ရဟန္တာသမုတ်တယ်လို့ နာမည်ကျော်ကြားတဲ့ သိမ်လဲ ရှိတဲ့အတွက် သူက အားတက်သရော ပြင်လိုတဲ့ဆန္ဒ ဖြစ်ပါတယ်။
ဒကာထိန်ဝင်း။ ။ တချို့နေရာမှာ ရဟန္တာသမုတ်တဲ့သိမ်လို့ နာမည်တော့ ရှိပါတယ်၊ အဲဒီသိမ်မှာ ထင်ရှားတဲ့ ဆရာတော် (မည်သည့်ပုဂ္ဂိုလ်)ရဟန်း ဖြစ်ဖူးတယ်လို့တော့ မပြောနိုင်ကြပါဘူး၊ “ဒီသိမ်တော်ကတော့ ရွှေကျင် ဆရာတော် ဥပဇ္ဈာယ်လုပ်၍ မဟာဝိသုဒ္ဓါရုံဆရာတော် ရဟန်းဖြစ်ရာဌာန ဖြစ်တဲ့သိမ်”လို့ အထင်အရှား သိရတော့ အလွန် အခြေခံကောင်းပါတယ်၊
ဒီသိမ်တော်ရဲ့ ပြာသာဒ်ပါ ထပ်ပြင်ဖို့ ကောင်းပါတယ်၊ ဒီသိမ်နဲ့စေတီတော်ကြီးလဲ ပြင်လိုက်တဲ့အခါ အလွန်ကြည်ညိုစရာ ကောင်းမှာပါပဲလို့ ဒကာထိန်ဝင်းက လျှောက်ပါတယ်၊ ဒါ့ကြောင့် ဒီသိမ်တော် ဒီစေတီတော်ကို ပြင်ဖို့ရန် စိတ်ကူးယဉ် ကုသိုလ် အများကြီး ရခဲ့ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ပြန်မယ့်ရက် အရင်ညတော့ ဘယ်မှာ အိပ်ကြရသလဲ။
တပည့်တော်။ ။ မပြန်ခင် ညတော့ ဝက်လက်ပြန်ပြီး အိပ်ကြရပါတယ်။ ဝက်လက် သံလမ်းအရှေ့ဘက်က အသွားတုန်းက ဆွမ်းမကပ်ရသေးလို့ နံနက်ယာဂုနဲ့ နေ့ဆွမ်းလဲ ကပ်ရင်း တပည့်တော်ရဲ့ သြဝါဒတရားကိုလဲ ညဉ့်အခါ နာလိုကြ သောကြောင့် ယခုလို ဝက်လက်ပြန်ပြီး အိပ်ကြရတာပါ။
(မြောင်းမြဆရာတော်ကတော့ သရိုင်မှာ ကျိန်းစက်ပြီး နံနက်မှ ကြွလာပါတယ်။)
ဓမ္မဂုတ်။ ။ သရိုင်က ဝက်လက် လာပုံအစီအစဉ် ပြောပါဦးကိုယ်တော်။
တပည့်တော်။ ။ သရိုင်က ဝက်လက် လာတဲ့အခါ ညောင်ပင်တွင်းရွာအတွက် စဉ်းစားရပါတယ်, အနီးအပါး ရွာများသို့ ပရိတ်ရွတ် ကြွကြတဲ့အခါ ညောင်ပင်တွင်း ရွာက အင်းကြီးနဲ့ နီးကပ်တဲ့အတွက် ရွာထဲမှာလဲ ရွှံ့တွေနဲ့ ရွာအနီးလမ်းမှာလဲ ရွှံ့တွေနဲ့မို့ သံဃာများ ပရိတ်ရွတ် မကြွနိုင်ပါဘူး။
သံဃာများ အင်းကြီးကို ကူးလာတုန်းက အဲဒီရွာက လှေအများစုပဲ ပို့ကြရပါတယ်, ပြန်တော့လဲ အဲဒီရွာက လှေများနဲ့ပဲ ပြန်ရပါ့မယ်။ အခြား ရွာများနည်းတူ သရိုင် လာပြီး စရပ်ကြီးမှာ ဆွမ်းလဲ ကပ်ရှာကြပါတယ်၊ ဒီတော့ ညောင်ပင်တွင်းရွာအတွက် ကျေနပ်မှု ရရစ်အောင် ရွာနဲ့ အနီးဆုံး ကမ်းနားမှာ လှေတွေနဲ့ကပ်ပြီး ပရိတ်ရွတ် ပေးပါ့မယ်လို့ ပြောရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုပြောတော့ ဝမ်းမြောက်ကြမှာပေါ့နော်။
တပည့်တော်။ ။ ဝမ်းမြောက်ရုံတွင် မကပါဘူး, ရွာကျောင်း ဘုန်းတော်ကြီးရော, ရွာသားများပါ အားတက်ပြီး ရွာအနီး လမ်းနဲ့ ရွာတွင်းသံဃာများ အင်းဆိပ်ဆင်းမယ့် လမ်းမှာရှိသော ရွှံ့ဗွက်တွေကို သွားလို့ဖြစ်အောင် ဖို့ကြ ပြင်ကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ငဲ့ညှာမယ်ဆိုလဲ ငဲ့ညှာစရာပေပဲ ကိုယ်တော်။
တပည့်တော်။ ။ သရိုင်သွားရတဲ့ ကိစ္စမှာ တပည့်တော့်အတွက် မေတ္တာ ကရုဏာ အလွန်များစရာတွေကိုသာ တွေ့ရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်အချိန် ဝက်လက်ပြန်ဖို့ စီစဉ်သလဲ။
တပည့်တော်။ ။ နေ့ (၁)နာရီလောက် ကျောင်းကထွက်ပြီး ဇရပ်ကြီးမှာ ရောက်နေကြသော ဆွေမျိုး ဒကာ-ဒကာမများကို (နှုတ်ဆက်တဲ့အနေနဲ့) သံဃာ အားလုံး ဇရပ်ကြီးပေါ်တက်ပြီး အရပ်ဆယ်မျက်နှာကို မေတ္တာပို့ကြပါတယ်၊ တပည့်တော်လဲ ဩဝါဒစကား နည်းနည်းပြောပြီး အားလုံးသံဃာများ ရွာထဲက ဖြတ်၍ ညောင်ပင်တွင်းသို့ သွားကြပါတယ်၊
အချို့ ဒကာဒကာမများလဲ ဇရပ်ကြီးကဆင်းပြီး ရွာတွင်း လိုက်လာကြ, အချို့လဲ ရွာအနောက်ဘက် အတော်ဝေးအောင် လိုက်လာကြပါတယ်၊ အနည်းငယ် ဒကာများကတော့ ညောင်ပင်တွင်းထိအောင် လိုက်လာကြပါတယ်။
ဓမ္မဂုတ်။ ။ ညောင်ပင်တွင်းရောက်တော့ ဘာများ လုပ်ကြရတုန်း။
တပည့်တော်။ ။ ထုံးစံအတိုင်း သံဃာတော်များက ပရိတ်ရွတ်, တပည့်တော်က ဩဝါဒပေးတာပါပဲ, ဒကာ-ဒကာမများက ရှာလပတ်ရည် ကပ်ပြီး အင်းဆိပ်မှာ ဆိုက်ထားတဲ့ လှေများပေါ်သို့ အားလုံးရောက်တဲ့အခါ လှေထွက်တော့ (ဓမ္မစကြာ) ရွတ်ကြပါတယ်၊ နေကလဲ မပူ-မအေး ဖြစ်လို့ လေကလေး ညှင်းညှင်းနဲ့ အလွန် ကြည်နူးဖွယ် ကောင်းပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ လှေကဆင်းတော့ ဝက်လက် ဘယ်လို သွားကြသလဲ။
တပည့်တော်။ ။ သံဃာများက ခြေလျင်, တပည့်တော်အတွက်တော့ လင့်ရိုဗာကား ရောက်လာပါတယ်, အလာတုန်းကလိုပဲ ကျောင်းတိုက်သုံးတိုက်မှာ မျှပြီး ညအိပ်ဖို့ စီစဉ်ကြပါတယ်၊
(မြောင်းမြဆရာတော်ကြီးက သရိုင်မှာ ကျိန်းပြီး နံနက်မှ လိုက်လာပါတယ်၊ ထိုည၌ ဆရာတော်ကြီးကလဲ ဇရပ်ပေါ်မှာ သာသနာရေး တရားတော်ကို အတော်ကြာကြာ ဟောတော်မူပါသတဲ့။)
ဓမ္မဂုတ်။ ။ ညကျတော့ ဘာလုပ်ရသေးတုန်း။
တပည့်တော်။ ။ ပရိသတ်များ ရောက်လာတဲ့အခါ ဘုရားကြီးကျောင်းတိုက် အတွင်း၌ရှိသော ဓမ္မာရုံကြီးမှာ သံဃာတော်များ ရတနာ့သုတ် ရွတ်ရင်း အနက် ပေးပြီး, တပည့်တော်က တရားအဓိပ္ပာယ်ကို ပြောပြပါတယ်။ (ရတနာ့သုတ် ဖြစ်ပေါ်လာရတဲ့ အကြောင်းကိုလဲ ပြောပါတယ်။) ဓမ္မရတနာ အခန်း ရောက်တဲ့အခါ နိဗ္ဗာန်အကြောင်းကို အတော်များများ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ပရိသတ် အတော်များသလား။
တပည့်တော်။ ။ ဓမ္မာရုံကြီး ပြည့်တဲ့အပြင် အခြားနေရာမှာ ထိုင်တဲ့လူလဲ မနည်းဘူးလို့ ပြောကြပါတယ်၊ ဒါပေမယ့် သရိုင်တုန်းကလောက် မများပါဘူး။
ဓမ္မဂုတ်။ ။ နောက်ရက်တော့ ဘာလုပ်ရသေးတုန်း။
တပည့်တော်။ ။ နံနက် ယာဂု, နေ့ဆွမ်းကပ်ပြီးလို့ သံဃာအများ ရေချိုးကြ ခေတ္တအိပ်ကြပြီးနောက် ပြန်ဖို့ ကားကြီးတွေ, လင့်ရိုဗာကား နှစ်စီးပါ ရောက်လာလို့ နေ့(၁)နာရီလောက်မှာ ပြန်ခဲ့ကြပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အပြန်တော့ လမ်းမှာ ဘာလုပ်ရသေးတုန်း။
တပည့်တော်။ ။ အထူးတော့ ဘာမှ မလုပ်ရပါဘူး၊ ရွာသာကြီးက ရှာလပတ်ရည် ကပ်ပြီး ပေါင်းမရွာရောက်တော့ ကြံရည်ကပ်ကြပါတယ်၊ နေရာတိုင်းမှာ ပရိတ်လဲ ရွတ်ကြပါတယ်၊ ပေါင်းမရွာက တပည့်တော်တို့ရဲ့ ကားကို မသိလိုက်ကြလို့ တပည့်တော် မဝင်ခဲ့ရပါဘူး၊ ဒါ့ကြောင့် ရွာသာကြီး ကျောင်းထဲမှာ တပည့်တော် ဩဝါဒပေးပြီး ပေါင်းမရွာ ရောက်တော့ စာချဘုန်းကြီး ဥုးကုဏ္ဍလက (တပည့်တော် မြင်တော်ရွာတုန်းက ပေးတဲ့ သြဝါဒကို) ပြောခဲ့ပါသတဲ့။
ဓမ္မဂုတ်။ ။ ဘယ်လို ဩဝါဒတုန်း ကိုယ်တော်။
တပည့်တော်။ ။ သြဝါဒကတော့-
“အမှောင်က အမှောင်သွားမယ့်သူ,
အမှောင်က အလင်းသွားမယ့်သူ,
အလင်းက အမှောင်သွားမယ့်သူ,
အလင်းက အလင်းသွားမယ့်သူ”
လို့ လူလေးမျိုးရှိကြောင်း အလင်းသွားဖြစ်အောင် ကြိုးစားကြဖို့ အကြောင်းပါပဲ ဘုရား။
ဓမ္မဂုတ်။ ။ ကျောင်းတိုက်ပြန်ရောက်တော့ အားလုံးအချိန်ကောင်းရဲ့လား။
တပည့်တော်။ ။ မြောင်းမြဆရာတော်ကြီးက နောက်တစ်ရက် မုံရွာ ကြွစရာရှိလို့ မန္တလေး တောက်လျှောက် ကြွပါတယ်၊ တပည့်တော်လဲ မြင်မြင်ထင်ထင် ရောက်ပါရဲ့. သံဃာများကတော့ နည်းနည်းမှောင်မှ ရောက်လာကြပါတယ်။
ဓမ္မဂုတ်။ ။ သရိုင်သွားရတဲ့ ကိစ္စကတော့ အားလုံး ကျေနပ်စရာပါပဲ၊ ကျောင်းတိုက် ပြန်ရောက်တော့ ဘာများ ထူးသေးတုန်း။
တပည့်တော်။ ။ ဘာမှ မထူးပါဘူး, ဒါပေမယ့် တပည့်တော်ကို သရိုင် တစ်နယ်လုံးက လေးစားကြပုံ, ကျောင်းတိုက်တွင်းမှာ ကျောင်းသစ်တွေကလဲ အများအပြား တိုးနေပုံ, ကြည်ညိုတဲ့ ဒကာ-ဒကာမ အတော်များများကလဲ လာ၍ မကြာမကြာသံဃာကုန် ဆွမ်းကပ်ကြပုံ အလုံးစုံကိုလည်းကောင်း, နေထိုင်ကြတဲ့ သံဃာအများက သူတော်ကောင်း ဖြစ်ဖို့ထက် စာမေးပွဲအောင်ဖို့ကို ဂရုစိုက်နေကြပုံ, စာမေးပွဲ အောင်လိုသော စိတ်ထားကလဲ အများအားဖြင့် လာဘ်လိုချင်စိတ် ဂုဏ်လိုချင်စိတ်က ဦးစီးနေပုံ, ထိုစိတ် မျိုးဖြင့် စာသင်-စာချခြင်းကို ဗုဒ္ဓမြတ်စွာက (မြွေဖမ်းခြင်းနှင့် တူသော စာသင်နည်း)လို့ ကဲ့ရဲ့ တော်မူပုံ, ဝါတွင်း တော်သလင်း လပြည့်ကျော် (၉)ရက် ည (၇)နာရီလောက်က တချို့သံဃာများ ဆူကြပုံ, ထို ဆူခြင်းရဲ့ အကြောင်းက ကာမတဏှာနဲ့ ဆက်သွယ်နေပုံ, အရပ်ရပ်ကျောင်းတိုက် တွေမှာလဲ ဝိနည်းသိက္ခာ လေးစားပုံက အလွန့်အလွန် နည်းပါးပုံ, သာသနာတော် ကလဲ “ဝိနယေ ဌိတေ သာသနံ ဌိတံ”နှင့် အညီ...
လဇ္ဇီသူတော်ကောင်း သန္တာန်၌ ဝိနည်းတည်မှ သာသနာ ကြာရှည် တည်နိုင်ပုံ, သာသနာတော်၌ ဝိနည်ကျင့်ခြင်း ဟူသော အရည်အချင်း ဆုတ်ယုတ်ရုံသာမက အရေအတွက်ပါ ဆုတ်ယုတ်လာသဖြင့် အချို့ကျေးရွာ ကျောင်းများ၌ ကျောင်းထိုင် ပုဂ္ဂိုလ်ပင် မရှိရုံသာမက ရှိသမျှ တချို့၌ ကြီးမှ ရဟန်းပြုသော တောထွက်အများ ပါနေပုံ, ဤသို့ ဆုတ်ယုတ်နေရုံ တွင်မက ရှိသမျှ ရဟန်းသံဃာများကိုလဲ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ လူအတော် များများကပင် ဂရုစိုက်မှု နည်းပါးလာပုံ, ရှိသမျှ ဘုန်းကြီးအချို့လဲ သာသနာ့အလုပ်ဖြစ်တဲ့ ပရိယတ် ပဋိပတ်အလုပ်ကို မလုပ်ဘဲ အမျိုးမျိုး အလုပ်တွေကို လုပ်နေကြပုံ, ယခုလောက် မဆုတ်ယုတ်သေးသော အချိန် ကပင် ပျံလွန်တော်မူကြသော ရဟန်း-ဘုန်းကြီး (ဆရာတော်အခေါ်ခံ) များပင် ဂတိကောင်း မရောက်ကြဘဲ တစ္ဆေ-ပြိတ္တာ ဖြစ်နေကြပုံ, လူ့ဘဝ ရသော်လဲ အောက်တန်းမှာ ဖြစ်နေကြပုံ, ဤအလုံးစုံကို မကြာမကြာလဲ တွေးမိ, ကျောင်းတိုက်ဝယ် နံနက်စောစော ဩဝါဒ ပေးရာ၌ မကြာမကြာ ထည့်၍ထည့်၍ ပြောမိမှ ရောက်လာသူ တချို့ အားလဲ မကြာမကြာ ပြောမိပါသည်။
ထို့ကြောင့် တပည့်တော် ကျောင်းတိုက်ရှိ ရဟန်း သာမဏေများကို ယခုလက်ရှိမူမှ အတော်များများပြောင်းပြီး ဝိနည်းသိက္ခာရှိရှိ မထေရ်များ (ဩဝါဒအတိုင်း) လေးစားသော သံဃာများသာဖြစ်အောင် ကြိုးစားမည်ဟု စိတ်ကိုလဲ ဆုံးဖြတ်, လက်ရှိသံဃာ သုံးရာလောက်နဲ့ စာချဘုန်းကြီးများ ကိုလဲ ပြောပြပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော့် စိတ်ကူးအတိုင်း ဖြစ်နိုင်ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ဘုရားဆိုသလို တိုင်းသူပြည်သားရော အစိုးရရော သူတော်ကောင်း သံဃာများရော အားလုံး ဝမ်းမြောက်စရာ ဖြစ်မှာပါပဲ ကိုယ်တော်၊ ဒါပေမယ့် ဝိနည်း စာရိတ္တပျက်တာ အတော်ကြာပြီဖြစ်လို့ ကိုယ်တော့် သဘောကျ မူပြောင်းဖို့တော့ အတော်ခဲယဉ်းမယ် ထင်တယ်။
တပည့်တော်။ ။ ခက်မယ်ဆိုတာလဲ စဉ်းစားမိပါတယ်၊ ဒါပေမယ့် အများ မိုးခါးရေ သောက်သလိုတော့ တပည့်တော် မသောက်နိုင်တော့ဘူး၊ သာသနာ အရှည် တည်ဖို့တွေးပြီး စာသင်သားတွေကို နံနက်ဆွမ်းကျွေး၍ ပင်ပင်ပန်းပန်း စာရေး-စာချနေတာ ဖြစ်ပါတယ်၊
သာသနာ တာရှည်တည်ရေးကို မတွေးဘဲ မိမိ ကုသိုလ်ရရုံ သက်သက်ဆိုရင် လိုလားတဲ့ သံဃာတော် များကို တရားပေးပြီး တရားအားထုတ်တဲ့ ကျောင်းတိုက် ဖြစ်အောင် ရင်းနှီးသော ဒကာ-ဒကာမများလဲ ရံဖန်ရံခါ တရားအားထုတ်နိုင်အောင် ပဋိပတ်ကို ဦးစားပေးတဲ့ကျောင်းတိုက်ဖက်သို့ ဦးလှည့်လိုက်ရုံဖြင့် ကိစ္စ ပြီးနိုင်ပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ပြောင်းမယ့်မူကို တပည့်တော် မသိရဘူးလား, သိနိုင်ရင် ပြောပြစမ်းပါ။
တပည့်တော်။ ။ “အလုပ်မပြီးခင် ဗမာမမြင်ရဘူး”ဆိုတဲ့ ရှေးစကားအတိုင်း တပည့်တော်အလုပ်က အကောင်အထည် မပေါ်ခင် အများသိပေးရင် စိတ်ကူး ယဉ်တာပါကွာ၊ မဖြစ်နိုင်ပါဘူးလို့ ပြောကြမှာပေါ့၊ ယခုကစ၍ မူပြောင်းနေပါတယ် အကောင်အထည် ပေါ်လာတဲ့အခါ အရှင်ဘုရားလဲ မြင်ရပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ကျောင်းတိုက်က စာသင်တိုက် အဖြစ်နဲ့တောင် တိတ်ဆိတ်နေတာဖြစ်တော့ ပဋိပတ်ကျောင်းတိုက်လုပ်ရင် သိပ်အဆင်ပြေမှာပဲ။
တပည့်တော်။ ။ အဆင်ပြေမယ်ဆိုတာ တပည့်တော်လဲ သိပါတယ်၊ ကျောင်းတိုက်ရှိ ကျောင်းဆောင်များကိုလဲ တိတ်ဆိတ်နေအောင်နဲ့ သာယာ သန့်ရှင်းအောင် အမြဲ ညွှန်ပြပြီး တချို့ ဟောင်းလာတဲ့ ကျောင်းများကို ဒကာမရှိရင် တပည့်တော် တာဝန်ယူ၍ ပြင်ဆင်ကာ အသစ်လို့ ပြန်၍ ဖြစ်စေပါတယ်၊
ဒီလို သာယာနေတဲ့ ကျောင်းတိုက် တစ်ရပ်လုံးကို ပန်းဥယျာဉ်ကြီးလို သဘောထားပြီး “ဤကျောင်းတိုက် သာသနာတော်ဖြင့် ဗုဒ္ဓမြတ်စွာကို ပူဇော်ပါ၏” ဟု နှုတ်မြွက်၍ နံနက်တိုင်း ညတိုင်း ဘုရားကို ပူဇော်နေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒါလောက် ပြုပြင်နိုင်အောင်တော့ ကိုယ်တော့်မှာ အပ်အပ်စပ်စပ် ဝတ္ထုငွေ ဘယ်ကရသလဲ, ကျမ်းစာအုပ်တွေက ရသလား။
တပည့်တော်။ ။ ကျောင်းတွေပြင်ဖို့ ကျမ်းစာအုပ်တွေက များများမရပါဘူး၊ ရှေ့ပိုင်းမှာ ကျမ်းစာအုပ်များကို တာဝန်ခံရိုက်နှိပ်တဲ့ အစ်မလေးဆိုသူက ကျောင်းသံဃာများ အတွက် ဆွမ်းကိစ္စကို တာဝန်ယူပြီး, ပိုတာကို စေတီတော်လဲ ပြုပြင်ရ မွမ်းမံရပါတယ်။ စေတီတော်အထက်ပိုင်းမှာ ရွှေသင်္ကန်းလဲ ကပ်ရပါတယ်၊ တချို့ကျောင်းကိုလဲ ပြုပြင်ရပါတယ်။
ဓမ္မဂုတ်။ ။ နောက်ပိုင်းကျတော့ ဘာဖြစ်သလဲ။
တပည့်တော်။ ။ အစ်မလေး ကွယ်လွန်တော့ ကံအားလျော်စွာ မြေစာရင်း အင်စပက်တော် ပင်စင်စား ဒကာကြီးက သံဃိကနဲ့ တပည့်တော်ရဲ့ ပုဂ္ဂလိက (ငွေ)များကို ဝိနည်းတော်နဲ့လျော်အောင် ထိန်းပြီး ပြင်စရာရှိတာကို ပြင်ရပါတယ်၊ ကျမ်းစာအုပ်များကို အစ်မလေးရဲ့ မောင်နဲ့ တပည့်တော်ရဲ့ တူ မောင်အောင်ခန့်က တာဝန်ယူပြီး ဆွမ်းဟင်းအတွက် လစဉ်ထောက်ပံ့ကြပါတယ်၊
ဒါပေမယ့် အထက်တန်းကျတဲ့ အဋ္ဌကထာနဲ့ ဘာသာဋီကာ နိဿယများကို ရိုက်နှိပ်တဲ့အခါ ထို စာအုပ်များ၌ ငွေတွေများစွာ ဝင်သွားလေတော့ တစ်ခါတစ်ခါ စာအုပ်ဆိုင်ရာငွေတွေ ကုန်သွားပါတယ်။ ကုန်သွားပေမယ့် ဆွမ်းဟင်းအတွက်နဲ့ ဇရပ်ဝင်းပြင်စရာများအတွက်တော့ ဖြစ်တဲ့နည်းနဲ့ ကျွေးယူပြီး ပြုလုပ်ကြရပါတယ်၊
(ဒကာကြီးဦးကျော်ဝင်း ထံမှ ကြွေးယူ၍ စာအုပ်ဆိုင်ရာ ငွေရသောအခါ ဆပ်ကြ ရပါတယ်။)
ဓမ္မဂုတ်။ ။ ကိုယ်တော့် ပုဂ္ဂလိက (နဝကမ္မ) ဆိုတာကော တော်တော်များသလား။
တပည့်တော်။ ။ သိပ်တော့ မများပါဘူး, သို့သော် နည်းလဲ မနည်းဘူးလို့ ဆိုရမှာပဲ။
ဓမ္မဂုတ်။ ။ ဘယ်ကမှန်မှန် ရသလဲ။
တပည့်တော်။ ။ ရန်ကုန်မြို့မှ ဒကာကြီး ဦးမောင်ကြီးက ဒုတိယကမ္ဘာစစ် မဖြစ်မီ စကော့တလန် ရေနံကုမ္ပဏီမှာ ရှယ်ယာ (အစု) ဝင်ထားပါတယ်။ ပထမတော့ ရှယ်ယာများဟန်မတူပါဘူး၊ စစ်ဖြစ်တဲ့အခါကျတော့ အမြတ်တွေကို မပို့နိုင်လို့ ကုမ္ပဏီက ရှယ်ယာအဖြစ်ဖြင့် စုထားပါသတဲ့။ ဒီတော့ စစ်ပြီးတဲ့အခါ ဦးမောင်ကြီးရဲ့ ရှယ်ယာတွေ အတော်များနေပါတယ်၊
ဦးမောင်ကြီးက ထိုရှယ်ယာမှ နှစ်စဉ်ရတဲ့အမြတ်ငွေကို ရှစ်ပုံခွဲပြီး နှစ်ပုံကို မန္တလေး ပရိယတ္တိအသင်း, တစ်ပုံကို ရန်ကုန် ဝိုင်အမ်ဘီအေ (ဗုဒ္ဓဘာသာ ကလျာဏယုဝ) အသင်း လှူပါတယ်၊ ကျန်ငါးပုံကိုတော့ မြန်မာနိုင်ငံမှာ ပရိယတ္တိဘက်က အားထုတ် နေကြတဲ့ ဆရာတော်ကြီးငါးပါး၏ နဝကမ္မ (လုပ်စရာအလုပ်)အား လှူခဲ့ပါတယ်၊ တစ်နှစ်တစ်နှစ်မှာ တစ်ပုံလျှင် သုံးထောင်ကျော် တန်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ဦးမောင်ကြီးရဲ့ (နဝကမ္မ) ပင် ကိုယ်တော့်မှာ တစ်နှစ် တစ်နှစ် သုံးထောင်ကျော်တန် ရတာပေါ့နော်၊ အခြားနေရာကကော မရဘူးလား။
တပည့်တော်။ ။ အခြားကလဲ ရပါတယ်, တချို့က သံဃိကအဖြစ်ဖြင့် လှူကြပါတယ်၊ တချို့ကတော့ တပည့်တော် အလိုရှိရာလို့ဆိုပြီး ပုဂ္ဂလိကလှူကြပါတယ်၊ ဒါ့ကြောင့် တစ်နှစ်တစ်နှစ်မှာ တပည့်တော်ပုဂ္ဂလိက (ငွေ) အတော် များနေပါတယ်။
ဓမ္မဂုတ်။ ။ ဒါတွေကို ကိုယ်တော်ရဲ့ ကပ္ပိယ ဒကာကြီးက စုထားတာပဲလား။
တပည့်တော်။ ။ ကြာကြာ မစုရပါဘူး, တချို့ ပုဂ္ဂလိကကို စာသင်သားများအတွက် စာမေးပွဲသွားတဲ့အခါ သုံးပါတယ်၊ တပည့်တော်ရဲ့ အတွက်ကတော့ အဂ္ဂမဟာပဏ္ဍိတ အဖြစ်ရတဲ့ (နဝကမ္မ)မှ စားသောက်ဖို့ သုံးပါတယ်၊ ကျန်သမျှ ကိုတော့ ကျောင်းတိုက်မှာ ပြုပြင်စရာရှိတာကို ပြုပြင်ပါတယ်။
ဓမ္မဂုတ်။ ။ ဦးမောင်ကြီး (နဝကမ္မ)ကို ရန်ကုန်မှာလှူတော့ ကိုယ်တော် သွားရသေးသလား။
တပည့်တော်။ ။ နှစ်စဉ်တော့ မသွားရပါဘူး၊ ကပ္ပိယညွှန်လျှင် ပြီးတာပါပဲ။ ဒါပေမယ့် မသွားတာကြာရင် ဂေါပကလူကြီးများက လာစေချင်ကြတဲ့ ဆန္ဒကြောင့် သွားရပါသေးတယ်၊ ယခု တပည့်တော်အသက် (၇၄)နှစ် မှာတော့ မသွားရင် မကောင်းလို့ သွားရပါတယ်။
ဓမ္မဂုတ်။ ။ သွားတဲ့အတွက်တော့ အကျိုးရှိမှာပေါ့နော်၊ ရန်ကုန်သွားပုံ ပြန်ပုံနဲ့ ဆောင်ရွက်ခဲ့ပုံကို ပြောစမ်းပါကိုယ်တော်။
တပည့်တော်။ ။ တပည့်တော်မှာ အဂ္ဂမဟာပဏ္ဍိတအတွက် ရထား-သင်္ဘော စီးဖို့ အခမဲ့ အထက်တန်းလက်မှတ်ရှိပါတယ်၊ ဒါပေမယ့် ဒီအချိန်မှာ ရထားတွေက ကြပ်လွန်းလို့ အထက်တန်းတွဲတွေမှာ စည်းကမ်း အလွန် နည်းနေပါတယ်၊ ဒါ့ကြောင့် ညအိပ်ခရီးအတွက် ရထားစီးဖို့ခက်သဖြင့် တပည့်တော်နဲ့တကွ ဒကာကြီးပါ လေယာဉ်ပျံဖြင့် သွားကြရပါတယ်။
ဓမ္မဂုတ်။ ။ လေယာဉ်ပျံနဲ့ဆိုတော့ ချမ်းသာရဲ့လား။
တပည့်တော်။ ။ ထူးတော့ မချမ်းသာပါဘူး, ဒါပေမယ့် သူ့နေရာနဲ့ သူဆိုတော့ ဣန္ဒြေရရ စီးနိုင်တာပေါ့။
ဓမ္မဂုတ်။ ။ မီးရထားလဲ နေ့ချင်းပေါက် ရထားမှာတော့ သူ့နေရာနဲ့သူ သတ်မှတ် ထားသားပဲ။
တပည့်တော်။ ။ အဲဒီရထားကိုတော့ အခမဲ့လက်မှတ်ဖြင့် စီးခွင့်မရပါဘူး။
ဓမ္မဂုတ်။ ။ ဒါကြောင့် လေယာဉ်ပျံနဲ့ မြန်မြန်ရောက်အောင် သွားတယ်ဆိုပါတော့၊ ရန်ကုန်ရောက်တော့ အားလုံး အဆင်ပြေရဲ့လား။
တပည့်တော်။ ။ အားလုံး အဆင်ပြေပါတယ်, ဒကာ-ဒကာမများက တပည့်တော်ရဲ့ ကျောင်းတိုက်ကို ရောက်ဖူးကြတာဖြစ်တော့ တပည့်တော်ရဲ့ အကြောင်းကို အတော် များများသိထားကြလို့ သိပ်ဂရုစိုက်ကြပါတယ်။
ဓမ္မဂုတ်။ ။ တည်းတော့ ဘယ်မှာ တည်းသလဲ။
တပည့်တော်။ ။ ကျေးဇူးရှင်မြောင်းမြဆရာတော်က ထိုအချိန်မှာ မြောင်းမြ၌ သီတင်းသုံးနေလို့ ဆရာတော်ရဲ့ ကျောင်းတိုက်မှာ မတည်းဘဲ, ဗဟန်း မဟာဝိသုဒ္ဓါရုံတိုက်မှာ တည်းဖို့ ထိုတိုက်ရဲ့ ဆရာတော်ဖြစ်တဲ့ ဥုးဝါသဝါဘိဝံသက လျှောက်လို့ ဒကာ ထိန်ဝင်းနဲ့ ဒကာ အောင်သိန်းတို့က စီစဉ်ထားကြပါတယ်။
ဓမ္မဂုတ်။ ။ သာသနာရေးဆိုင်ရာ အလုပ်ကိုတော့ ဘာများလုပ်ရတုန်း။
တပည့်တော်။ ။ တရားတော့ မဟောပါဘူး, မိမိထက် အသက်ကြီးတဲ့ ဒကာ ဒကာမကြီးများ အိမ်ကိုသာသွားမယ်၊ အခြားအိမ် မသွားဘူးလို့ ပြောထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဩဝါဒပေးရုံကလေး ခဏကြွပါ ဆိုလို့ ဟိုအိမ်-ဒီအိမ်သွားရင်း သြဝါဒပေးရ, တချို့နေရာမှာလဲ တရားဟောရပါတယ်၊ ဝိုင်အမ်ဘီအေ ကတော့ တပည့်တော် တရားဟောလိမ့်မယ်လို့ ကြေညာထားလို့ ဦးမောင်ကြီး (နဝကမ္မ) အလှူနေ့ရဲ့ ညမှာ သာသနာ ပြုပြင်ရေး တရားကို တစ်နာရီခွဲလောက် ဟောခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ပရိသတ် တော်တော်လာကြရဲ့လား။
တပည့်တော်။ ။ အသင်းတိုက် အတွင်း-အပြင် ပြည့်နေအောင် လာကြပါသတဲ့, သံဃာများလဲ အတော်လာကြပါတယ်၊ နောက်တစ်ရက် ညနေလဲ ဘာသာရေး နဲ့စပ်ပြီး “မရှင်းလင်းတဲ့ အချက်များကို မေးနိုင်ပါတယ်”လို့ ဒကာဦးစိန်ဝင်းက ကြေညာထားသဖြင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူရော, ဟုတ်သူရော တော်တော် များများ လာကြ-မေးကြပါတယ်။
ဓမ္မဂုတ်။ ။ အပြန်မှာကော အားလုံး အဆင်ပြေရဲ့လား။
တပည့်တော်။ ။ အပြန်ခရီးကလဲ မှတ်သားစရာပါပဲ, တပည့်တော်မှာ ရန်ကုန် ရောက်ရင် ပြွန်တန်ဆာကိုဝင်ဖို့ တာဝန်ရှိနေပါတယ်, လူကြီးလက်ထက်က စပြီး ရင်းနှီးလာကြတဲ့ သားသမီး, တူမများက ဆွေမျိုးလို ဖြစ်နေကြလို့ မဝင်ရင် တာဝန် မကျေပါဘူး၊ သူတို့ကလဲ အတော်ကြီးကျပြီဖြစ်၍ တပည့်တော်ဆီကို မလာနိုင်ကြပါဘူး၊
ဒါ့ကြောင့် အပြန်မှာ ရထားနဲ့ ဖြစ်သလိုပြန်ပြီး ပြွန်တန်ဆာကိုဝင်မယ်, ပြွန်တန်ဆာ ဝင်ရင် တောင်ငူမှာလဲ ဆရာတော်များရော တပည့်ဒကာ-ဒကာမများပါ ရင်းနှီးသူတွေ များတော့ ဝင်ရလိမ့်မယ်ဆိုတာကို ရန်ကုန်က ဒကာတော်တော် များများက သိကြပါတယ်။
ဓမ္မဂုတ်။ ။ သိကြတော့ ဘယ်လို စီစဉ်ကြသလဲ။
တပည့်တော်။ ။ ရထားနဲ့ ပြန်ရင် ပင်ပန်းပါလိမ့်မယ်၊ ဒါကြောင့် ပြွန်တန်ဆာနဲ့ တောင်ငူကို သူတို့ကားနဲ့ လိုက်ပို့ပါ့မယ်, အလိုရှိသလောက် နေပြီးမှ ရန်ကုန်ပြန်ပြီး ရန်ကုန်ကမှ လေယာဉ်ပျံနဲ့ မန္တလေးပြန်ပါလို့ လျှောက်ကြ ပါတယ်။
ဓမ္မဂုတ်။ ။ အင်း... တယ်တာဝန်ကျေကြတဲ့ ဒကာတွေပါလား, ကိုယ်တော်က ငဲ့ညှာတယ်ဆိုတာလဲ ငဲ့ညှာလောက်ပါပေတယ်၊ ဒီလို စီစဉ်လို့ အပြန်ခရီးမှာ အားလုံး အဆင်ပြေရောပေါ့နော်။
တပည့်တော်။ ။ ဒကာများက ဒီလိုအစီအစဉ်ကို လျှောက်ကြတော့ တပည့်တော်က ပြောရပါတယ်, ဒီအစီအစဉ်ဟာ ဘုန်းကြီးရဲ့ ချမ်းသာမှုအတွက်သာ ကြည့်ရင်တော့ အားလုံးကောင်းပါတယ်၊ ဒါပေမယ့် ယခုအခါ ကားပစ္စည်းကလဲ အတော်ရှားတယ်, ဓာတ်ဆီကလဲ ဈေးအလွန်ကြီးပြီး ခက်ခဲနေပါတယ်, ဘုန်းကြီး ချမ်းသာမှုအတွက် ဒီလောက် အကုန်အကျ မခံစေလိုပါဘူး၊ ဒါကြောင့် မီးရထားနဲ့ပဲ ဖြစ်သလို ပြန်ပါ့မယ်လို့ ပြောရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ဒကာများက ကျေနပ်ကြရဲ့လား။
တပည့်တော်။ ။ သူတို့မှာ အကုန်အကျများမှာစိုးလို့ တပည့်တော် အဆင်းရဲခံမယ် ဆိုတာကို ဒကာများက ဘယ်နည်းနဲ့မှ လက်မခံကြပါဘူး, အကုန်အကျ မများအောင် အစိုးရဆီက ကားကြီးကိုငှားပြီး အများလိုက်ကြ ပါ့မယ်လို့ တစ်မျိုးပြင်ကြ ပါသေးတယ်၊ တပည့်တော်မှာလဲ အကုန်အကျထက် အရေးကြီးတဲ့အကြောင်း ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ဘာအကြောင်းလဲ ကိုယ်တော်။
တပည့်တော်။ ။ ယခုခေတ်မှာ ဒကာ-ဒကာမ အသိုင်းအဝိုင်းပြပြီး လူပြိန်းတွေ အထင်ကြီးအောင် ဟန်ဆောင်နေတ ဲ့ပုဂ္ဂိုလ်တွေ အတော်များနေပါတယ်, သူတို့ ရောက်တဲ့နေရာမှာ အကြိုအဆိုတွေ မများ-များအောင် ကိုယ်တိုင်ရော, အတွင်း ဒကာ-ဒကာမများရော အလွန် ကြိုးစားကြပါတယ်၊
ထို အသိုင်းအဝိုင်း ကြီးကျယ်မှုကြောင့် ပညာနည်းသော လူတစ်စုကလဲ ရောယောင် လိုက်လာကြပါတယ်၊ တပည့်တော်ကိုယ်တိုင် အဲဒီပုဂ္ဂိုလ်မျိုး ဖြစ်သွားရင်, နောင်လာ နောက်သား တချို့က တပည့်တော် အလုပ်ကို အတုလိုက်ပြီး ဒီလိုပဲ အသိုင်း အဝိုင်းများအောင် လုပ်ရစ်ကြပါလိမ့်မယ်။ အဲဒီ နောင်လာနောက်သားတို့ အတုလိုက် မှားမှာစိုးတာကြောင့် ယခုလို ခမ်းခမ်းနားနား စီစဉ်မှုကို မလိုက်လျောနိုင်တဲ့ အကြောင်း ပြောရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုပြောတော့ ဒကာများက ကျေနပ်ကြရဲ့လား။
တပည့်တော်။ ။ “နောင်လာနောက်သားတွေ အတုလိုက် မှားမှာစိုးလို့” ဆိုတဲ့ အကြောင်းပြကို သူတို့စဉ်းစားပြီးတော့ တပည့်တော်ရဲ့ သာသနာပြုလိုတဲ့ ဆန္ဒကို လိုက်လျောတဲ့သဘောနဲ့ သူတို့အကြံကို လျှော့လိုက်ကြပါတယ်။ ဒါပေမယ့် ဆရာတော် ဆင်းရဲလိမ့်မယ်လို့ လျှောက်ကြပါသေးတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဘယ်လိုပြန်ပြောသလဲ။
တပည့်တော်။ ။ ကိုယ်ခန္ဓာတော့ ဆင်းရဲမှာပါပဲ, ဒါပေမယ့် စိတ်မဆင်းရဲပါဘူး၊ “လူအများ ခံစားရတဲ့ဆင်းရဲကို ကိုယ်လဲ ခံစားရမှ ဗဟုသုတ ရပါတယ်”လို့ ပြောတော့ အားလုံးပဲ ကျေကျေနပ်နပ် လိုက်လျောကြပါတယ်။
ဓမ္မဂုတ်။ ။ မီးရထားနဲ့ ပြန်လာတော့ ဘယ်လိုဆင်းရဲသလဲ။
တပည့်တော်။ ။ အဲဒီအချိန်မှာ မီရထား အထွက်-အဝင်က အချိန်မမှန်တော့ ရန်ကုန်ဘူတာကြီးမှာ လေးနာရီလောက် စောင့်ရပါတယ်၊ ထိုင်စရာလဲ တော်သလိုပါပဲ၊ ရထားပေါ်ရောက်တော့ အထက်တန်းတွဲ နှစ်ယောက် အိပ်တဲ့ အခန်းဖြစ်လို့ ဒကာကြီးနဲ့ တပည့်တော်သာ ရှိပါတယ်၊
ဒါပေမယ့် အတော် ဘူတာများများ ဆိုက်ပြီးတဲ့အခါ အခန်းအပြင်ဖက်မှာ လူအများ ရောက်နေကြလို့ သူတို့က အတွင်းဝင်ဖို့ရန် မကြာမကြာ တံခါး တွန်းကြည့် ကြပါတယ်၊ တပည့်တော်တို့ကလဲ အတွင်းက ကလန့်(ဂျက်) ချပြီး ငြိမ်ငြိမ်ပဲ နေခဲ့ကြပါတယ်၊ ပြွန်တန်ဆာ ရောက်တော့ ရှစ်နာရီလောက်ဖြစ်လို့ အတော် မှောင်နေပါပြီ။
ဓမ္မဂုတ်။ ။ ပြွန်တန်ဆာမှာ ဘယ်လောက် ကြာကြာ နေသလဲ။
တပည့်တော်။ ။ မကြာပါဘူး, အားလုံးက တားကြပေမယ့် အလုပ်မရှိဘဲ နေလို့မဖြစ်ဘူးဟု ပြောပြီး နောက်တစ်ရက် နေ့ဆွမ်းအပြီးမှာ တောင်ငူသို့ ခရီးဆက်ခဲ့ကြပါတယ်။
ဓမ္မဂုတ်။ ။ တောင်ငူခရီးတော့ ဘယ်လို စီးရတုန်း။
တပည့်တော်။ ။ တောင်ငူသို့ အချိန်ကောင် ကောင်းရောက်ဖို့ ရထားက လော်ကယ် တစ်စင်းသာ ရှိပါတယ်၊ ထိုရထားမှာလဲ အများအားဖြင့် အထက်တန်းတွဲ မပါတတ်ပါဘူး၊ ဒါကြောင့် ကားနဲ့ ပို့ဖို့ စိတ်ကူးကြပါသေးတယ်။ သို့သော် သူတို့မှာလဲ ကားမရှိ အငှားကားကလဲ မရှိ ဖြစ်နေတော့ မတတ်နိုင်ကြပါ။ ဒါ့ကြောင့် ထို လော်ကယ်ရထားနဲ့ပဲ ပြန်ဖို့ စီစဉ်ရပါတော့တယ်၊ ထိုရထားကလဲ တိုးဝှေ့ စီးနိုင်မှ ထိုင်ရရုံ နေရာသာ ရနိုင်ပါတယ်။ ဒါ့ကြောင့် စာတိုက်ထဲမှာ ရုံပိုင်ကပြောပေးလို့ စီးရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ တွဲကတော့ သန့်ရှင်းပြီး ချောင်ရဲ လား။
တပည့်တော်။ ။ အခြားတွဲတွေက ကြပ်လွန်းတော့ စာတိုက်တွဲပိုင်နဲ့ နားလည်မှု ယူကာ နောက်နောက် ဘူတာ၌ တက်လာကြတဲ့လူတွေ အတော်များရုံမက ရေနံဆီဈေးက အထက်ပိုင်းမှာ ကောင်းနေလို့ ရန်ကုန်က ပါလာတဲ့ ရေနံဆီပုံး တွေကလဲ ဟိုချောင်ဒီကြားမှာ အတော်များပါတယ်၊ ဒါကြောင့် စာတိုက်ဗိုလ်ရဲ့ ကုလားထိုင်လေးပေါ်မှာ ပါတဲ့သင်္ကန်းကြီးကို ဖင်ခုပြီး တပည့်တော် ထိုင်ရပေမယ့် မသက်သာလှပါဘူး၊ အတူပါလာတဲ့ ဒကာကြီးလဲ ထောင့်တစ်ခုမှာ တော်သလို နေရှာပါတယ်၊
ဒါပေမယ့် ရန်ကုန်က ဒီလို ဆင်းရဲမှာစိုးလို့ ကားနဲ့ပို့ပါရစေ ဆိုတာကို သာသနာရေးတွေးပြီး ငြင်းပယ်ခဲ့တာပေါ့၊ ဒီလို ကိုယ်ခန္ဓာ ဆင်းရဲသော်လဲ စိတ်ကတော့ လုံးလုံးမဆင်းရဲပဲ သံသရာခရီးအတွက် အမျိုးမျိုး စဉ်းစားဉာဏ်တွေ ပေါ်ထွက်ခဲ့ပါတယ်ဘုရား၊ တပည့်တော်ကို အားကိုးသူများတော့ သံသရာမှာ ဒီလို မဆင်းရဲစေချင်ပါဘူး၊ ဒါကြောင့် သူတို့ကို သီလကောင်းအောင် နေဖို့ အထူး သတိပေးနေရပါတယ်။
ဓမ္မဂုတ်။ ။ အင်း... အဆိုးထဲက အကောင်းထွက်ဆိုတာ ဒီလိုဟာပဲ နော်။ သီလ စင်ကြယ်ဖို့ကတော့ ကိုယ်တော်ဆိုင်ရာသာ မဟုတ်ဘူး, အားလုံး လိုကြတာပဲ၊ “သီလတော သုခိတာ = သီလကြောင့် ချမ်းသာသုခ ရကြတယ်”လို့ တရားတော်က ရှိပေသကိုး၊ တောင်ငူရောက်တော့ အားလုံး အဆင်ပြေရဲ့လား။
တပည့်တော်။ ။ အားလုံး အဆင်ပြေပါရဲ့ သို့သော် ရထားပေါ်တုန်းက ရေနံဆီပုံးတွေရဲ့ အနီးမှာ ထိုင်ရလို့ ရုံတဲ့သင်္ကန်းမှာ ရေနံဆီအကွက်တွေနဲ့ ဖင်ခု ထိုင်ရတဲ့ သင်္ကန်းကြီးမှာလဲ ရေနံဆီစော် နံနေလို့ ရုံတဲ့သင်္ကန်းကို တောင်ငူမြို့ ထောင့်ကျောင်း ရောက်ရောက်ချင်း လျှော်ခိုင်းရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ တောင်ငူမှာတော့ အားလုံးအဆင်ပြေရဲ့လား။
တပည့်တော်။ ။ အားလုံး ပြေပါတယ်၊ ရန်ကုန်တုန်းကလိုပဲ စားဖွယ်သောက်ဖွယ် တွေက များလွန်းနေပါတယ်၊ ကြာကြာ မနေနိုင်-တစ်ညသာ အိပ်မယ် ဆိုလို့လဲ လိုတာထက် ပိုအောင် ဂရုစိုက်ကြပါတယ်။
ဓမ္မဂုတ်။ ။ တောင်ငူမှာ တစ်ညအိပ်ပြီး မန္တလေးပြန်တော့ ရထားအတွက် အဆင်ပြေရဲ့လား။
တပည့်တော်။ ။ ဒီရထားကတော့ မန္တလေး-ရန်ကုန် နေ့ချင်းပေါက်ရထားဖြစ်လို့ တောင်ငူသို့ ၁၁ နာရီကျော်မှာ ရောက်ပါတယ်၊ ဒါ့ကြောင့် နေ့ ဆွမ်းစားဖို့ အချိန် ရတဲ့အပြင် မန္တလေးသို့လဲ ၇ နာရီလောက် ရောက်လို့ အားလုံး အဆင်ပြေပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ အဂ္ဂမဟာပဏ္ဍိတ အတွက် ရတဲ့လက်မှတ်က နေ့ခြင်းပေါက် အမြန်ရထားမှာ စီးခွင့်မရဘူးဆို, ယခုတော့ ထိုရထားကိုပဲ စီးပြန် သလား။
တပည့်တော်။ ။ အခမဲ့လက်မှတ်နဲ့ စီးတာ မဟုတ်ပါဘူး၊ ထုံးစံအတိုင်း အထက်တန်း လက်မှတ်အတွက် ဝတ္ထု (ငွေ) ပေးပြီး စီးရတာပါ၊ အဲဒီ လက်မှတ်ကိုလဲ ဒကာကြီးအတွက်ပါ တောင်ငူက ဒကာစိန်ဆိုသူက တာဝန်ယူပါတယ်။
ဓမ္မဂုတ်။ ။ ခြုံကြည့်လိုက်တဲ့အခါ အပြန်ခရီးမှာ အနည်းငယ် ပင်ပန်းတာမှ တစ်ပါး ဒီတစ်နှစ် ရန်ကုန်သွားရတာ အားလုံး အကျိုးရှိတယ်လို့ ဆိုရမှာပဲနော်။
တပည့်တော်။ ။ အားလုံး အကျိုးရှိရုံမက, သရိုင်စေတီတော်နဲ့ သိမ်တော်အတွက် ကုန်ကျမယ့်ငွေများကိုလဲ နဂိုတာဝန်ခံထားသော ဒကာထိန်ဝင်းက သူ၏ မိတ်ဆွေ တချို့ အကူအညီဖြင့် ဒကာကြီးထံ ငွေတချို့ လွှဲအပ်လိုက်လို့ သရိုင်က စေတီတော်နဲ့ သိမ်တော်အတွက်ပါ အကျိုးများပါတယ်။
သရိုင်က တာဝန်ဆောင်တဲ့ ဒကာများကလဲ စေတီတော်ကြီးကို အုတ်ကောင်း ရနိုင်သမျှ ပြန်ရအောင် ချက်ချင်းပင် စီစဉ်ကြတယ်ဆိုတာ ကြားရလို့ တပည့်တော်မှာ နေ့စဉ် ကုသိုလ်အပို ရနေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သာဓုပါ ကိုယ်တော် ... သာဓုပါ သာဓုပါ၊ ကိုယ်တော်ကတော့ ဘာသာရော သာသနာရော ကိုယ့်တာဝန်လို သဘောထားနေတာဖြစ်လို့ အသက် ကြာကြာရှည်လေ အများအတွက် အကျိုးရှိလေ ဖြစ်ပါတယ်။ အသက်ရှည် အောင်သာ “ဝန်နဲ့ အား, မြားနဲ့ လေး”ဆိုတာလို ကိစ္စတိုင်းမှာ ကျန်းမာရေး မထိခိုက်ဖို့ သတိထားပါကိုယ်တော်။
တပည့်တော်။ ။ ကျန်းမာရေးကတော့ သိပ်သတိထားပါတယ်ဘုရား၊ ဒါပေမယ့် မလွှဲမရှောင်သာတဲ့ ကိစ္စကလေးတွေက မူလအလုပ်ပေါ်မှာ ထပ်ထပ်ဆင့် လာလို့ တစ်ခါတစ်ခါ ကျန်းမာရေး ထိခိုက်လာပါတယ်၊ ရန်ကုန်မှာတုန်းက စကားပြောရ-တရားဟောရနဲ့ အလုပ်တွေ အလွန်များနေတဲ့ အချိန်မှာ ဒေါက်တာမျိုးတင့်က ကျန်းမာရေး သိရအောင် လာပြီး စမ်းသပ်ပါတယ်။ သူလာတုန်းကလဲ လူတော်တော် များများနဲ့ စကားပြောနေတဲ့ နံနက် (၈)နာရီအချိန် ဖြစ်ပါတယ်၊
စမ်းတဲ့အခါ ရောဂါမတွေ့ပါဘူး၊ သို့သော် အဆုတ်မှာ တစ်စုံတစ်ခု သံသယ ရှိပါသတဲ့၊ ထိုနေ့ကလဲ ပြန်ဖို့နေ့ဖြစ်တော့ သူကိုယ်တိုင် ထပ်မစမ်းနိုင်ပါဘူး၊ ဒါ့ကြောင့် မကြာမီ မန္တလေးက ရင်းနှီးတဲ့ သူ့ဆိုင်ရာ ဒကာမများနဲ့ တွေ့တဲ့အခါ ဆရာတော်ရဲ့ အဆုပ်ကို မန္တလေးက သူနဲ့လဲ ရင်းနှီး, မန္တလေးက တပည့်များနှင့်လဲ ရင်းနှီးတဲ့ ဆရာဝန်ကြီး ဦးထွန်းသင်နဲ့ ထပ်စမ်းပါစေလို့ မှာလိုက်ပါသတဲ့။
ဒီအကြောင်းကို အမြဲ စမ်းသပ်ပေးနေတဲ့ ဒေါက်တာညိုညိုလာတဲ့အခါ ပြောလို့ မန္တလေးမှာ ဓာတ်မှန်ရိုက်ကြည့်ဖို့ စီစဉ်ပါတယ်၊ ဓာတ်မှန်ဌာနက ဆရာဝန် ဒေါ်ဌေးမြင့်ကလဲ ကျောင်းတိုက်ကို ကြည်ညိုနေတာဖြစ်လို့ အားလုံး ဂရုတစိုက် စီစဉ်ကြပါတယ်၊ ဓာတ်မှန်တစ်ခါရိုက်ပြီးတဲ့အခါ ဓာတ်မှန်ရိုက်တုန်း အသက်ရှူတဲ့ လက္ခဏာ တွေ့ရလို့ ချက်ချင်းထပ်ပြီး ရိုက်ကြည့်ပါတယ်၊
ဆရာဝန် ဒကာမနှစ်ယောက်လုံး ကြည့်ပြီးတဲ့အချိန်မှာ စကားပြောလို့ မဆုံးမီ ပါရဂူ ဦးထွန်းသင်ဆိုတာ လာနေကြမဟုတ်ဘဲ ရောက်လာပါတယ်, (ကံဆိုတာက အင်မတန်ဆန်းပါတယ်) ဆရာဝန်ကြီး ဆရာဝန်မများရော, အဆုပ်မှာ အအေးမိ တဲ့ဒဏ် နည်းနည်းရှိတယ်လို့ ပြောပါတယ်၊
စမ်းနေကြ ဒေါက်တာညိုညိုကလဲ အဆုပ်မှာ အအေးမိတယ် ဆိုပြီး, ဆောင်းအေး တော်တော်အေးပြီးတဲ့ အချိန်တုန်းက ဆေးပေးဖူးပါတယ်၊ ယခုတော့ အားလုံးက ရောဂါမကြီးပါဘူး၊ တစ်နေ့ လေးလုံး (တစ်လုံးစီ လေးကြိမ်) စားရတဲ့ ဆေးကို နှစ်ပုလင်း ရှစ်ရက်စာ ပေးလိုက်ပါတယ်၊ ဒီဆေးကုန်တော့ ထပ်ပြီးဓာတ်မှန်ရိုက်ဖို့လဲ ညွှန်ပြကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က သာသနာတော်ကြီးကို အလွန်ကောင်းစေချင်လို့ ကိုယ်တော့်ဆန္ဒ ပြီးသည်အထိ သာသနာတော်ကို စောင့်ရှောက်နိုင်အောင် လူရော-နတ်ရော ဝိုင်းဝန်းပြီး ကူညီကြတာ ထင်ပါရဲ့၊ လာနေကြမဟုတ်တဲ့ ဆရာဝန်ကြီး ကတောင် ကိုယ်တော့်ကို စမ်းသပ်တဲ့နေရာသို့ အဆင်သင့် ရောက်လာတယ် ဆိုတော့။
တပည့်တော်။ ။ တပည့်တော်မှာ ဒီလို အကြောင်းအရာလေးတွေ မကြာမကြာ တွေ့ရလို့ နတ်ရော လူပါ သတ္တဝါအများကို မကြာမကြာ မေတ္တာ အထူးပို့, နေ့စဉ်လဲ မေတ္တာပို့ပြီး မိမိရဲ့ ကုသိုလ်အဖို့ နေ့စဉ်လဲ အမျှဝေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဆေးစားပြီး ဓာတ်မှန်ရိုက်တော့ ကိုယ်ထဲမှာ ဘာများ တွေ့သေးတုန်း။
တပည့်တော်။ ။ ဘာရောဂါမှ မတွေ့ပါဘူးတဲ့၊ ဒါ့ကြောင့် နောက်ထပ်လဲ ရောဂါနဲ့ ဆိုင်တဲ့ဆေးကို မပေးကြပါဘူး၊ တပည့်တော်လဲ စားနေကြ အားရှိတဲ့ ဆေးကိုသာ စားမြဲ စားနေပါတယ်။
ဓမ္မဂုတ်။ ။ ယခု တပို့တွဲလဆိုတော့ ကိုယ်တော့်အသက် (၇၄)နှစ် ပြည့်လုပြီပေါ့၊ ပြည့်ခါနီး ဘာများ အထူးလုပ်သေးတုန်း။
တပည့်တော်။ ။ ပြည့်ခါနီးမှာ ကျောင်းတိုက်တွင်းက စေတီတော်မှာ ရွှေချထားတဲ့ နေရာတချို့၌ ပျက်နေလို့ ပြုပြင်ရပါတယ်၊ တပည့်တော် ရဟန်းထပ် တုန်းက ရေစက်ချတဲ့ စာချတိုက်လဲ အပေါ်အုတ်အမိုးက မိုးယိုလို့ အမိုး အားလုံး ဖျက်ပြီး သွပ်မိုးဖို့ စီစဉ်နေရပါတယ်၊
အဲဒီ စေတီတော်နဲ့ စာချတိုက်ကို တပည့်တော်က တာဝန်ယူပြီး ပြင်ပါတယ်၊ ကျောင်းအမ တစ်ယောက်က သူ တာဝန်ယူပါ့မယ်လို့ လျှောက်သော်လဲ ခွင့်မပေးဘဲ, ရန်ကုန်က ဦးမောင်ကြီး လှူသွားတဲ့ နဝကမ္မဝတ္ထုများကို ဒီလို အဖိုးတန်တဲ့ သာသနာရေးမှာ သုံးဖို့ရန် (ကပ္ပိယ ဒကာကြီးကို) ညွှန်ပြရပါတယ်။
ဓမ္မဂုတ်။ ။ သာဓု-သာဓု, ကောင်းဖို့ ကောင်းပါ့၊ ဒါ့အပြင်ကော ဘာကုသိုလ်များ ပြုသေးတုန်း။
တပည့်တော်။ ။ တပည့်တော် သရိုင်သွားတုန်းက ပြင်ဖို့လို့ စီမံထားတဲ့ စေတီတော်ကြီး အတွက် ရန်ကုန် ဒကာထိန်ဝင်းနဲ့ ဆိုင်ရာဒကာ-ဒကာမများက ဒကာကြီးထံ နဝကမ္မ (ငွေ) လွှဲအပ်လိုက်လို့ အဲဒီ စေတီတော်ကြီးကိုလဲ ယခုအချိန်မှာ ပြုပြင်ဖို့ စီစဉ်နေပါပြီ၊
ရပ်ရွာနယ်ပယ် သံဃာတော်များရော ဒကာ-ဒကာမများပါ ရှင်းလင်းတဲ့အခါနဲ့ ထုံးတိုက်ဖို့- သဲတိုက်ဖို့ - အုတ်ဖုတ်ဖို့ လှည်းလိုတဲ့အခါ အားတက်သရော ဝမ်းမြောက်ဝမ်းသာ ကူညီနေကြတယ်လို့ ကြားရတဲ့အတွက် တပည့်တော်မှာ မိမိကြောင့် တစ်နယ်လုံး ကုသိုလ်ရကြပုံကို တွေးပြီး အလွန်ပင် ဝမ်းမြောက် နေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကောင်းလိုက်တာ ကိုယ်တော်, ကိုယ်တော့်ကို အကြောင်းပြုပြီး တစ်နယ်လုံး သံဃာတော်များရော ဒကာ-ဒကာမများပါ ကုသိုလ်ရကြတယ် ဆိုတော့ ဝမ်းမြောက်စရာပါပဲ၊ ဒါ့ပြင်တော့ ဘာများ ဝမ်းမြောက်စရာ ရှိသေးတုန်း။
တပည့်တော်။ ။ ပို့ချနေတဲ့ ဝိဘင်းပါဠိတော်, သမ္မောဟဝိနောဒနီအဋ္ဌကထာနဲ့ မူလဋီကာတို့ သင်္ကြန်မတိုင်မီ ကုန်လောက်အောင် နီးကပ်နေတဲ့အပြင် ပထမစာအုပ် ရိုက်နှိပ်တာက မကြာမီ ပြီးတော့မှာမို့ အလွန်ပင် ဝမ်းမြောက်နေပါတယ်။
ဓမ္မဂုတ်။ ။ ဆရာဝန်များရဲ့ အကူအညီကြောင့် ကျန်းမာရေးကောင်းကြောင်းကိုလဲ သိရ၊ ကုသိုလ်ရေးတွေကလဲ အဖက်ဖက်က ကောင်းကောင်းရနေတာ ဖြစ်တော့ ကိုယ်တော်ရဲ့ (၇၄)နှစ်ပြည့် အသက်တာသည် လာမယ့်နှစ် အတွက်ပါ ကုသိုလ် အဆက် ပါနေတယ်လို့ ဆိုရလောက်အောင် ကောင်းသော နှစ်ပြည့် ဖြစ်ပါပေတယ်၊
ဒါ့ကြောင့် (၇၅) နှစ် အသက်၌ ဆက်လက်၍ ကုသိုလ်တရား ကြိုးစားဖို့ရန် နှစ်ဟောင်း သက္ကရာဇ်ကို တစ်ခန်းအဖြစ်ဖြင့် မှတ်ပြီး ဖြတ်ကြပါစို့ ကိုယ်တော်။
နိဂုံး။ ။
ကုသိုလ် ဥစ္စာ ကျန်းခန့်သာ၍,
ပညာတန်ခိုး အမျိုးမျိုးဖြင့်,
အကျိုးစုံထွက် ဤနှစ်တွက်,
ဆက်ဆက် ဝမ်းမြောက်ဖွယ်။
၁၈။ ခုနှစ်ဆယ့်ငါးနှစ် မှတ်တမ်း
ဓမ္မဂုတ်။ ။ တပေါင်းလကစ၍ အသက် (၇၅)နှစ်ထဲ ရောက်လာပြီ ဘာများ လုပ်ရ-ကိုင်ရသေးတုန်း။
တပည့်တော်။ ။ သမ္မောဟဝိနောဒနီအဋ္ဌကထာဋီလာနဲ့ ဝိဘင်းပါဠိတော် ပို့ချတာ ပြီးဆုံးသွားသောကြောင့် ဝမ်းမြောက်ရပါတယ်၊ ထိုစာအုပ်ကြီးမှ ပဌမတွဲလည်း ရိုက်ပြီးပါပြီ၊ ဒါကြောင့် ဝမ်းမြောက်ရတယ်။
ဓမ္မဂုတ်။ ။ ဒီလို စက္ကူ အခက်အခဲ ရှိတဲ့နှစ်မှာ ပဌမ တအုပ်ပြီးအောင် ရိုက်နိုင်တာ ကတော့ ဝမ်းမြောက်စရာပါဘဲ ဘယ်လိုပြီးအောင် ရိုက်ရတုန်း။
တပည့်တော်။ ။ ရိုက်နှိပ်ရတာကလဲ မှတ်လောက်သားလောက် အခက်အခဲပါဘဲ၊ ပဌမ တပည့်တော် စိတ်ကြိုက်ရအောင် အဖြတ်အတောက် အထားအသို အားလုံး ပြင်ပြီး တပည့်တော့် အနီးမှာရှိတဲ့ စက်ဖြင့် ရိုက်နှိပ်ရပါတယ်၊ စက္ကူမရှိလို့ စာမူရရုံ ငါးဖောင်လောက် ရိုက်စေပါတယ် ရိုက်ပြီးတဲ့အခါ နှစ်ဖောင်လောက်ကို (ဗုဒ္ဓသာသန အဖွဲ့ပုံနှိပ်တိုက် ညွှန်ကြားရေးမှူး) ဒကာဥုးလှမောင်ထံ ပို့ပေးရပါတယ်၊ ဥုးလှမောင်က သူတို့ ကမ္ဘာအေးပုံနှိပ်စက်မှာ တပည့်တော်မူအတိုင်း ထပ်မံပြီး ရိုက်သင့်တဲ့ အရေအတွက်အတိုင်း ရိုက်နှိပ်စေပါတယ်၊ အဲဒီလို ခက်ခက်ခဲ ရိုက်ရလို့ ပြီးတဲ့အခါ သာပြီး ဝမ်းမြောက်ရတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုယင် စာစီခကိုယ်က နှစ်ခါ ကုန်နေတာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ် တပည့်တော် ထံက စီပြီး ရိုက်ပေးလိုက်တာ ကမ္ဘာအေးမှာ မူမှန်ရအောင်လို့ တပည့်တော်ဆီက စီခ-ရိုက်ခ အပိုအကုန် ခံလိုက်တာပါ။
ဓမ္မဂုတ်။ ။ အင်း .... အပိုကုန်တာပဲ ထောင်ချီပြီးကုန်မှာဘဲ, ပြီးတော့ဘာများ ဝမ်းမြောက်စရာရှိသေးလဲ။
တပည့်တော်။ ။ ကျောင်းတိုက်မှာပြင်နေတဲ့ ဘုရားရွှေသင်္ကန်းကပ်မှု စာချတိုက် ပြင်မှုများ ပြီးစီးသွားလို့ ဝမ်းမြောက်ရပါတယ်၊ သရိုင်ရွာမှာ ပြင်နေတဲ့ စေတီတော်ကြီး လဲ အထည်ကိုယ် ပြီးစီး၍ အင်္ဂတေ မွမ်းမံ ကြားရသဖြင့် ဝမ်းမြောက်ရပါတယ်၊ ကုန်ကျစရိတ်ကတော့ နှစ်သောင်းကျော်လောက် မှန်းပေမယ့် စေတီတော်က မှန်းတာထက်ကြီးပြီး (ရွှေတိဂုံ) ပုံတော် တည်ရလို့ သုံးသောင်းကျော်ကုန်ပြီး ကြေးထီးတော်နဲ့ သိမ်ပြင်ဖို့ပါဆိုရင် လေးသောင်းနီးနီး ကုန်မည်ဟု ကြားရလို့ တာဝန် ယူထားသော ဒကာထိန်ဝင်းအတွက် နည်းနည်း စိတ်မရှင်းဖြစ်ပါတယ်၊ ဒါ့ကြောင့် တပည့်တော်ကလဲ ငါးထောင်တန်လောက် ပါဝင်စေရပါသေးတယ်။
ဓမ္မဂုတ်။ ။ ဒါ့ပြင်ကော ဘာကိစ္စများ လုပ်ရသေးလဲ။
တပည့်တော်။ ။ ပူတဲ့အချိန်မို့ ပို့ချတဲ့စာဝါများ ရပ်နားနေချိန်မှာ ကျောင်းအမကြီး ဒေါ်ကျင်က “ဂန္ဓာရုံတိုက်အတွင်းမှာ ဆောက်လုပ်တဲ့ နှစ်ထပ်ကျောင်း ပြီးလို့ ကျောင်းပူဇော်ပွဲ (ရေစက်ချ) ပြုလုပ်တဲ့အခါ သီလရှင်တော်တော် များများနဲ့ လူဝတ်ကြောင် မိတ်ဆွေတချို့ကို မှတ်သားစရာ စာအုပ်ကလေးဖြင့် ဖိတ်ချင် ပါတယ်”လို့ လျှောက်သည့်အတွက် ကျောင်းသံဃာများနဲ့ ရင်းနှီးသူများအား ဟောပြောလေ့ရှိသော, (ကျောင်းတိုက်မှာ) နံနက် ဩဝါဒအပြီး၌ တစ်လှည့်စီ ရွတ်ဆိုလေ့ရှိသော ကဗျာလင်္ကာတို့ကို မူတည်၍ “ဗုဒ္ဓါနုဿတိဘာဝနာ”ဆိုတဲ့ စာစောင်ကလေးကို စီစဉ်ပေးရပါတယ်။
ဓမ္မဂုတ်။ ။ ဒီစာအုပ်ကလေးက နာမည်အတိုင်းဆိုရင် ကမ္မဋ္ဌာန်းစာအုပ်ကလေး ဖြစ်မှာပေါ့ နော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, (ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း) စာအုပ်ကလေးပါ၊ ကမ္မဋ္ဌာန်းဆိုပေမယ့် ဖတ်လို့ကောင်းပြီး စိတ်ဝင်စားဖွယ် အတုယူဖွယ် ဝတ္ထုကလေး များနဲ့ ရေးထားတာဖြစ်လို့ ပျင်းစရာမဟုတ်ပါဘူး၊ တပည့်တော်မှာလဲ နွေအခါမို့ ချွေးတလုံးလုံးနဲ့ ရေးရင်း ရေးရင်း စိတ်အေးချမ်းပြီး ကုသိုလ်ရလိုက်တာ အလွန်ပါပဲ ဘုရား။
ဓမ္မဂုတ်။ ။ နိုင်ငံခြား ဧည့်သည်များကော ရှေးကလို လာကြသေးသလား။
တပည့်တော်။ ။ မကြာမကြာ လာကြပါတယ်, ဒီအထဲမှာ (ဗုဒ္ဓါနုဿတိဘာဝနာ) စာအုပ်လေး ရိုက်နှိပ်ပြီးခါနီးမှာ ရောက်လာသော အင်္ဂလန်က ကလေးဆရာဝန် ပါမောက္ခဆိုတဲ့ သူကတော့ မှတ်တမ်းတင်စရာပါပဲ ဗုဒ္ဓဘာသာ ဆိုင်ရာ နောက်ဘဝသို့ လိုက်၍ ကံက အကျိုးပေးပုံစသော ပြဿနာမျိုးစုံကို မေးလို့ ကျေနပ်အောင် အဖြေရသွားပါတယ်၊ သူ့မှာ အင်္ဂလန်မှ ထွက်ခါနီး၌ “စိတ်ထဲမှာ တစ်ခုခု အထူးအဆန်း တွေ့ရလိမ့်မယ်” လို့ ထင်ခဲ့ပါတယ်၊ ယခုတွေ့ရတာ သူ့အတွက် အလွန်ထူးဆန်းပါတယ်လို့ လျှောက်သွားပါတယ်။
ဓမ္မဂုတ်။ ။ ယခုနှစ် ဝါထပ်တယ်နော်, ဝါတွင်းမှာ သံဃာဘယ်လောက်ရှိတုန်း။
တပည့်တော်။ ။ (ရဟန်း-သာမဏေအားလုံး) (၄၉၀) ရှိပါတယ်, သူတော်ကလေး များက (၂၀)ကျော် ရှိပါတယ်။
ဓမ္မဂုတ်။ ။ အားလုံးအတွက် နံနက်ဆွမ်းကော ပြည့်ပြည့်စုံစုံ ကျွေးနိုင်သေးရဲ့လား၊ ဆန်ဈေးက တစ်ပြည် (လေးကျပ်) လောက်ဆိုတော့ အရပ်ထဲက နေ့ဆွမ်း လုံလောက်အောင် လောင်းနိုင်ကြသေးရဲ့လား။
တပည့်တော်။ ။ နံနက်ဆွမ်းလဲ ကျောင်းက တတ်နိုင်ပါသေးရဲ့၊ နေ့ဆွမ်းလဲ မြို့နဲ့ အနီးအပါးရွာများက ကြိုးစားကြလို့ ပြည့်စုံပါသေးရဲ့၊ ဒါပေမယ့် ဒုတိယဝါဆိုလ ကုန်ခါနီးမှာ တစ်နိုင်ငံလုံး ရေကြီးတော့ နေ့ဆွမ်းအတွက် ကျောင်းက ကူညီပေးရပါတယ်၊
ဒီလို ကူညီနေတုန်းမှာ ဆန်နဲ့ အခြား ပစ္စည်းတချို့ထားတဲ့ ဂိုဒေါင်က ရေဝိုင်းနေတော့ အမြဲနေတဲ့အနီးအပါး ဒကာမကြီးများကို ရေလွတ်ရာ ရွှေ့နေစေရပါတယ်၊ ဒီလို ရွှေ့နေခိုက်မှာ ဆန်ငါးအိတ်နဲ့ လဘက်ခြောက်နှစ်အိတ် ညဉ့်အခါပျောက်သွားလို့ ရွှေ့ရပြောင်းရနဲ့ ကိုရင်ကြီးတွေ အလုပ်များသွားပါတယ်။
ဓမ္မဂုတ်။ ။ ကျောင်းတိုက်ရဲ့ တံတိုင်းကျော်လောက်အောင် ရေက ကြီးသလား။
တပည့်တော်။ ။ ဒကာမကြီးများနေတဲ့ ဇရပ်ဝင်းရဲ့ တံတိုင်းက သိပ်မမြင့်တော့ ရေက တံတိုင်းပေါ် ကျော်နေပါတယ်၊ ဒါကြောင့် ကျောင်းတိုက်ရဲ့ အနီးအပါး တောင်သမန်အင်း ရေကဝင်တိုင်း တံတိုင်းကျော်နေတာနဲ့ အနီးအပါး ဒကာမကြီးများ ရွှေ့ နေရတာကို အခွင့်ကောင်းယူပြီး လှေကြီးနဲ့ကပ်၍ ယူသွားကြတာ ဖြစ်မှာပေါ့ ဘုရား။
ဓမ္မဂုတ်။ ။ ဒီအကြောင်းကို ကျောင်းတိုက်ကိုးကွယ်တဲ့ ဒကာ-ဒကာမများ ကြားတော့ ဆန်-ဆီစသော အကူအညီ ရမှာပေါ့နော်။
တပည့်တော်။ ။ ဒီလိုကူညီမှာစိုးလို့ ဒီအကြောင်းကို “ဘယ်သူမှ မပြောနဲ့” လို့ နှုတ်ပိတ်ထားပါတယ်။
ဓမ္မဂုတ်။ ။ ဘာပြုလို့ ပိတ်ရတာလဲကိုယ်တော်, ဒီဟာ အခွင့်ကောင်းပဲ မဟုတ်လား။
တပည့်တော်။ ။ တပည့်တော်ရဲ့ ဆိုင်ရာ ဒကာ-ဒကာမများက ကျောင်းမှာ လိုနေတယ်ထင်တိုင်း သူတို့ဘာသာ ဆန်-ဆီစသည်တို့ကို ပို့လေ့ရှိကြပါတယ်၊ ဒါ့ကြောင့် သူတို့မှာ မကုန်တန် မကုန်ရအောင် သူခိုး ခိုးသွားတဲ့ အကြောင်း မပြောဖို့ရန် နှုတ်ပိတ်ထားရပါတယ်၊
ဒီလိုပိတ်ထားဒါတောင် အနီးအပါး ရွာတွေမှာ ရေဝိုင်းလို့ ကျောင်းတိုက်မှာလဲ ရေဝိုင်းလို့ ဆွမ်းအခက်အခဲ ရှိလိမ့်မယ်ထင်ပြီး မန္တလေး ဒကာ-ဒကာမများက ဆန်ဆီ-ပဲစသော လှူဖွယ်များကို သူတစ်မျိုး ကိုယ်တစ်ဖုံ တချို့မှာ စုပေါင်း၍ ကားကြီးနဲ့ တစ်နေ့တည်း လာပို့ကြလို့ အားလုံးကို ပြောလိုက်ရပါတယ်၊ ကျောင်းတိုက်မှာ အားလုံးပြည့်စုံပါတယ်, ပို့နေဖို့ မလိုပါဘူး၊ နီးစပ်ရာကိုလဲ ပြည့်စုံကြောင်းကို ပြောလိုက်ပါလို့ မှာလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကျောင်းတိုက်ကို ဒါလောက်ပဲ ကြည်ညိုကြသကိုး၊ ဒါထက် မေးရဦးမယ်, ရှေ့နှစ် ဝါတွင်းက သံဃာ (၅၀၀)ကျော် ရှိပြီး ယခုဝါမှာ (၄၅၀) ကျော်သာ ရှိတာဟာ ဘာဖြစ်လို့လဲ။
တပည့်တော်။ ။ မနှစ်က သံဃာလက်ခံဖို့ စည်းကမ်း လျှော့လိုက်တော့ သံဃာများပြီး ဝါတွင်းမှာ ဆန္ဒပြတဲ့ကိစ္စ ဖြစ်ရတယ်မဟုတ်လား၊ အဲဒီကိစ္စကို အကြောင်းပြုပြီးတော့ ယခုနှစ် သံဃာလက်ခံဖို့ စည်းကမ်းကို ပြင်ထားပါတယ်၊ စာသင်သားအများကိုလဲ စာမေးပွဲ ဦးစားမပေးစေဘဲ ရှေးရှေးက တပည့်တော် ကိုယ်တိုင် အခြေပြုပေးခဲ့သလို စာချဘုန်းကြီးများကို စာသင်သားများ အခြေခံ ရအောင် စာပို့ချကြဖို့ တိုက်တွန်းထားပါတယ်၊
ဒါ့ကြောင့် စာမေးပွဲမြန်မြန်အောင်ဖို့ အရေးကြီးနေသော အဟောင်းတချို့က မန္တလေး ရွှေ့ပြောင်းပြီး အသစ်များလဲ လာဖို့ရန် နည်းနည်း တွန့်သွားကြဟန် တူပါတယ်၊ တပည့်တော်က ဝိနည်းကိုလဲ ဂရုမစိုက်, စာအခြေရဖို့လဲ ဂရုမစိုက်ဘဲ စာမေးပွဲ အောင်ပြီး နာမည်ကြီးဖို့လောက်သာ ဂရုစိုက်သူများ ကို နောင်သံသရာရေးအတွက် အားမရသောကြောင့် တင်းတင်းကြပ်ကြပ်ပဲ လက်ခံချင်ပါတော့တယ် ဘုရား။
ဓမ္မဂုတ်။ ။ ယခုနှစ် ဝါကျွတ်တော့မယ်, သရိုင်ရွာမှာပြင်နေတဲ့ စေတီတော်ကြီးနဲ့ သိမ်တော်အတွက် ကိုယ်တော် သွားရဦးမှာလား။
တပည့်တော်။ ။ စေတီတော်ကြီးနဲ့ သိမ်တော်ကို ပြုပြင်တဲ့ကိစ္စက ပြီးပြီဟု ကြားရလို့ ဝါတွင်းမှာပဲ သူတို့ထုံးစံအတိုင်း ဘုရားပူဇော်ပွဲ ပြီးပါပြီ။
ဓမ္မဂုတ်။ ။ ဒါဖြင့် ကိုယ်တော်သွားဖို့ မလိုတော့ဘူးပေါ့။
တပည့်တော်။ ။ သီတင်းကျွတ်တဲ့အခါ ရန်ကုန်က အလှူရှင်များက သွားလိုသော ဆန္ဒရှိရင် ရပ်ရွာကလဲ တာဝန်ခံပြီး ပင့်ကြရင်တော့ သွားရဦးမှာပေါ့ဘုရား။
လာ၍ ပင့်ကြခြင်း
သီတင်းကျွတ်သောအခါ အနီးအပါးရွာများနဲ့ သရိုင်ရွာ လူကြီးများက တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ ကြွဖို့ရန် လာပင့်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို အပင့်လာတော့ ကိုယ်တော်က ဘာများ စီစဉ်သေးသလဲ။
(ကိုယ်တော်က နည်းနည်းတော့ အထွဋ်တပ်ချင်တတ်လို့ မေးရတာပါ။)
တပည့်တော်။ ။ လာပင့်တဲ့အခါ ပြီးစီးသော စေတီတော်နဲ့ သိမ်တော်ကို ဖူးမျှော်ရင်း လာမယ်လို့ ဝန်ခံလိုက်ပါတယ်၊ သို့သော် မနှစ်က သံဃာ တစ်ရာသာ ကြွလာလို့ တချို့ရွာတွေမှာ ခွဲ၍ကြွရတဲ့အတွက် သံဃာနည်း နေပါတယ်၊ ဒါ့ကြောင့် အားမရဘူး ဆိုတာ သိခဲ့ရပါတယ်၊ ဒီတစ်ခါတော့ သံဃာတစ်ရာ့ငါးဆယ်နဲ့ လာခဲ့မယ်လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ရန်ကုန်က ဘုရားဒကာများကိုတော့ အကြောင်းမကြားဘူးလား။
တပည့်တော်။ ။ သူတို့ကိုလဲ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ သွားဖို့ရန် အသိပေးထားလို့ ဦးထိန်ဝင်း- ဗိုလ်မှူးကြီးဟောင်း ဦးအောင်သိန်း ဒကာ ဦးစောလွင်နဲ့ ဒကာ-ဒကာမ ဆယ့်ငါးယောက်လောက် လမပြည့်ခင်က ရောက်နေကြပါတယ်၊ ဦးမောင်မောင်-ဦးပေါ်ဇံတို့ကတော့ လပြည့်နေ့ညမှ ရောက်လာကြပါတယ်။
ဓမ္မဂုတ်။ ။ သွားဖို့ကိစ္စတော့ ဘယ်လိုစီစဉ်သလဲ။
တပည့်တော်။ ။ ဒီနှစ်တော့ ကားပစ္စည်းတွေကလဲရှား, ဓာတ်ဆီကလဲရှားလို့ အသွားမှာ ရထားနဲ့သွားဖို့ စီစဉ်ရပါတယ်၊ ရထားနဲ့ သွားရင် ဝက်လက်သို့ နေ့ဆွမ်းအမှီ ရောက်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီသံဃာတွေ အမရပူရဘူတာကစီးလို့ ဖြစ်ပါ့မလား၊ မန္တလေး သွားစီးရင်လဲ ခရီးစရိတ်တွေ အပိုကုန်ဦးမှာပေါ့။
တပည့်တော်။ ။ သယ်ယူပို့ဆောင်ရေးဌာနကို မေတ္တာရပ်ခံရပါတယ်၊ ရထားတွဲ သုံးတွဲလောက်ကို အထူးစီစဉ်ပေးပါ၊ အမရပူရဘူတာက စီးနိုင်အောင်လဲ မေတ္တာ ရပ်လို့ ရလဲရပါတယ်၊ နံနက်ဆွမ်းတော့ ပိန်းတန်းဘူတာ အနီးအပါးက ဒကာညိမ်ရဲ့ အိမ်မှာ အရုဏ်မတက်ခင်သွားပြီး အရုဏ်တက် တက်ချင်း စားကြပါတယ်၊
ဆွမ်းစားပြီး မကြာခင် ရထားလဲဆိုက်လာ တာပါပဲ၊ သံဃာများနဲ့ ဒကာ-ဒကာမများ လိုက်ပါလာသလောက် လက်မှတ်ခကို ထုံးစံအတိုင်း ပေးရပါတယ်၊ အားလုံး လက်မှတ်ခငွေကိုတော့ တပည့်တော်ရဲ့ ကျောင်းအမ ညီအမများက တာဝန် ယူကြပါတယ်။
ဓမ္မဂုတ်။ ။ ဝက်လက်ဘူတာရောက်သည်ကစ၍ နောက်အစီစဉ်များတော့ မနှစ်ကထက် ဘာထူးသေးသလဲ။
တပည့်တော်။ ။ ဝက်လက်ကဆင်းပြီး သံဃာတစ်ရာ့ငါးဆယ် ဝက်လက်မြို့ထဲက ဘုရားကြီးကျောင်းတိုက်သို့ စီတန်းပြီး ကြွသွားတာကို ကြည်ညိုလွန်းလို့ နိဗ္ဗာန်ဆော် ဒကာကြီးက “သံဃာစစ် သံဃာမှန်များ ကြွလာပါပြီခင်ဗျာ” လို့ ကြွေးကြော်တာနဲ့ နောက်ဆုံးကလိုက်တဲ့ တပည့်တော်က “ထိုအသံကို အမြန်ဆုံးပိတ်ပါ”လို့ အပြောခိုင်းရပါတယ်။
ဓမ္မဂုတ်။ ။ ဘာပြုလို့လဲကိုယ်တော် အကောင်းသားပဲဥစ္စာ။
တပည့်တော်။ ။ ဘာကောင်းရမှာလဲဘုရား, အခြားသံဃာများ ကြားရင်“သူတို့ကို သံဃာစစ်မဟုတ်ဘူး”လို့ ပြောရာရောက်ပါတယ်၊ ဒါ့ကြောင့် မကြွေးကြော်ဖို့ ပိတ်ရတာပါ, ပိတ်ပင်ရုံတွင်မကဘဲ, အဲဒီနိဗ္ဗာန်ဆော်နဲ့ တွေ့တဲ့အခါ ဒီလို မကြွေးကြော်ရဘူး, ပုထုဇဉ်သံဃာဟူသမျှ သံဃာအစစ် မဟုတ်ဘဲ အားလုံး သမ္မုတိသံဃာ (သံဃာလို့ သမုတ်ထားတဲ့ သံဃာအတုသာ) ဖြစ်တယ်လို့ ပြောရပါတယ်၊
အပြန်ည၌ တရားပွဲမှာလဲ အဲဒီ စကားကို ထပ်ပြီး ရှင်းပြရသေးတယ်၊ တပည့်တော်ရဲ့ သဘောက ဂိုဏ်းဂဏမရွေး စည်းစည်းလုံးလုံးနဲ့ ဝိုင်းပြီး သာသနာတော်ကို ထိန်းသိမ်းစေချင်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုစိတ်ထားနိုင်တာလဲ ကောင်းပါ့ကိုယ်တော်၊ သရိုင်ရောက်တော့ နေရေး စားရေး အားလုံး မနှစ်ကလို အဆင်ပြေမှာပေါ့နော်။
တပည့်တော်။ ။ မနှစ်ကလို သားစိမ်းငါးစိမ်း မပါစေရဘဲ အလှည့်ကျနဲ့ အနီးအပါး ရွာများက ဆွမ်းကပ်ကြလို့ အဆင်ပြေပါတယ်။ ဒီနှစ်မှာတော့“ဆင်နင်း”ဆိုတဲ့ ရွာကလဲ လာပြီးဆွမ်းကပ်ပါတယ်။
ဓမ္မဂုတ်။ ။ စေတီတော်ကြီးနဲ့ သိမ်တော်ကို ဖူးမျှော်ရတော့ အလှူရှင်များက ကျေနပ်ပုံ ရကြရဲ့လား။
တပည့်တော်။ ။ ကျေနပ်ကြပါတယ်, စေတီတော်က ရန်ကုန် (ရွှေတိဂုံ) ပုံတော်ဖြစ်တော့ အနီးအပါး ရွာများကလဲ စိတ်ဝင်စားပြီး လာရောက် ဖူးမြော်ကြပါတယ်၊ စေတီတော်ကြီးကို ပြင်လိုက်သည့်အတွက် ကြပ်မတ်ပြီး ပြုပြင်တဲ့ ဦးကောဏ္ဍညာဘိဝံသက တံတိုင်းတွေပါ ပြုပြင်စေလို့ စေတီတော်, သိမ်တော်များရဲ့ ပတ်ဝန်းကျင်နဲ့တကွ စေတီလှကြီး တစ်ဝိုင်းလုံး သာယာနေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ “မောင်ရင်ဈာန်ရ” စေတီတော်ကလေး နေရာကိုတော့ မပြင်ကြဘူးလား။
တပည့်တော်။ ။ “မောင်ရင်ဈာန်ရ” စေတီတော်ကလေး နေရာကိုလဲ ရပ်ရွာ ဒကာများက အသစ်တည်ပြီး ရွာလူကြီး “ဒကာထွေးသိမ်း” က စေတီတော် ကလေးကို ကျောက်ကွန်ကရစ်အမိုးနဲ့ အတိုင်အကာများဖြင့် ပူဇော်ထားလို့ အလွန်ကြည်ညိုဖွယ် ဖြစ်နေပါပြီဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ “မောင်ရင်ဈာန်ရ”ရဲ့ အကြောင်းတော့ ဘာမျှ ခြေခြေမြစ်မြစ် မသိရဘူးလား။
တပည့်တော်။ ။ ဒီတစ်ခေါက်တော့ ဖိုဝန်းတောင်သမိုင်း သဲလွန်စရလို့ သိရပါပြီး ဘုရား၊ “မောင်ရင်ဈာန်ရ”ဆိုတာ ပုဂံရာဇဝင်ထဲမှာလဲ ပါပါတယ်။ ဖိုဝန်းတောင် သမိုင်းမှာတော့ သာ၍ သေချာပါတယ်၊ မူလက ဟန်လင်း (ဟလင်း)မြို့က မင်းမျိုးဖြစ်ပါသတဲ့၊ နောက်တော့ သရိုင်ရွာမှာနေဟန် တူပါတယ်၊ နောက်ဆုံးမင်း ဖြစ်သူမှာ ထိုမောင်ရင်ရဲ့ ဘထွေးတော်စပ်၍ မယ်တော်နဲ့ ဖေါက်ပြန်တယ်ကြားတော့ ဈာန်ဖြင့်သွားပြီး တရားဟောပါသေးသတဲ့။
ဓမ္မဂုတ်။ ။ ထို “မောင်ရင်ဈာန်ရ” နေသွားတဲ့နေရာ အတွက်တော့ ဘာမျှ အစွန်းအစ မသိရဘူးလား။
တပည့်တော်။ ။ ယခုတစ်ခေါက် သရိုင်ရောက်မှ သိခဲ့ရတာရှိပါတယ်၊ သရိုင်ရွာက ဒကာမများ ဘုရားဖူးသွားကြတော့ ရထားပေါ်မှာ တွေ့ခဲ့ရတဲ့ ဒကာကြီး တစ်ယောက်က “သရိုင်ရွာက”ဆိုတာ စကားစပ်မိလို့ “အမိတို့ ရွာမှာ တန်ခိုးကြီး ဘုရား မရှိဘူးလား” လို့ မေးပါသတဲ့၊
ဘုရားအများရဲ့ နာမည်တော်ကို ပြောတဲ့အခါ “ရွှေညောင်ရွာစေတီတော်” ဆိုတဲ့ နာမည်ရောက်တော့ “အဲဒီ စေတီတော်ရဲ့ တံတိုင်းအတွင်းမှာ အုတ်ခုံရှိလိမ့်မယ်, အဲဒီအုတ်ခုံဟာ မောင်ရင်ဈာန်ရ ဈာန်ကြွတဲ့နေရာနဲ့ ကောင်းကင်မှ ဆင်းတဲ့ နေရာပဲ” လို့ ပြောပြီး “တူမကြီးတို့ရွာကတော့ မတိမ်ကောနိုင်ပါဘူး” လို့ ပြောလိုက်ပါသတဲ့၊ ထိုအုတ်ခုံကလဲ ယခုအထိ ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ဒီတစ်ခေါက် သံဃာများနဲ့သွားတော့ အရင်တစ်ခေါက်က ရောက်ပြီး ရွာများအပြင်, ဘယ်ရွာများ ရောက်သေးတုန်း။
တပည့်တော်။ ။ သီတင်းကျွတ်လ အပင့်လာကြတုန်းကပင် တန်ဆောင်မုန်း လပြည့်ကျော်ရင် နည်းနည်း အေးတော့မှာမို့ ဒီတစ်ခေါက်တော့ သံဃာများကို ဟန်လင်း (ဟလင်း)မြို့ဟောင်းမှာရှိတဲ့ ရေပူတွင်းကို ပို့ပေးရဦးမယ်လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ရေပူတွင်းက အတော်ကို ပူသလား။
တပည့်တော်။ ။ ပူပါတယ်“ကြက်ဥ ကျက်လောက်အောင်ပူတယ်”လို့ ပြောကြပါ တယ်၊ ခပ်လှမ်းလှမ်းမှာရှိတဲ့ ရေပူတွင်းကတော့ ရိုးရိုး ရေအေးတွင်းတွေပါပဲ။
ဓမ္မဂုတ်။ ။ ဘာပြုလို့ အဲဒီ တွင်းရေကျမှ ထူးပြီး ပူရတာတုန်း။
တပည့်တော်။ ။ လောကဓာတ် ဆရာတွေက “ကန့်ဓာတ် များသောကြောင့် ပူတယ်” လို့ ယူဆကြပါသတဲ့၊ တပည့်တော်တို့ ကျမ်းစာ စတုတ္ထပါရာဇိက ပါဠိတော်မှာ ရာဇဂြိုဟ်မြို့၏ အနီးဝယ် “တပေါဒါ” ဆိုတဲ့ ရေအိုင်ရှိပါတယ်၊ (ဝေဘာရတောင်) လို့ ခေါ်ရသော တောင်ရဲ့ အောက် မြေအတွင်း၌ နဂါးတို့နေရာမှာ အလွန်ကြည်လင်အေးမြသော ရေအိုင်လဲ ရှိပါတယ်၊ ထိုရေအိုင်တစ်ခုမှ အထက်သို့ တက်လာသောရေသည် လောဟကုမ္ဘီငရဲ နှစ်လုံးတို့၏ အကြားမှ ဖြတ်သန်း စီးခဲ့ရသောကြောင့် မြေပြင်သို့ ရောက်သောအခါ “အလွန်ပူသော တပေါဒါရေအိုင် ဖြစ်ရတယ်” လို့ ဘုရားဟော ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ဟန်လင်းကြီးက “ရေပူအိုင်-ရေပူတွင်းကလဲ ဒီသဘောပဲ” လို့ ဆိုလိုသလား။
တပည့်တော်။ ။ ဒီသဘောပဲထင်လို့ ပါလာသော ကိုယ်တော်များကို ထိုရေပူတွင်းရဲ့ ပူပုံကို ဆင်ခြင်ပြီး ငရဲကို သတိရအောင် ပို့လိုတာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ လောကဓာတ်ဆရာတို့ အလိုအားဖြင့် ကန့်ဓာတ်များလို့ ပူတာမှန်ရင် ကိုယ်တော့်အယူအဆ ဘယ့်နှယ်မှန်ပါ့မလဲ။
တပည့်တော်။ ။ ဒီလိုဖြစ်ရင် တပည့်တော်တို့ အယူအဆကို “မှားတယ်” လို့ ဝန်ခံရမှာပေါ့၊ ကန့်ဓာတ်များလို့ ပူတယ်ဆိုတဲ့ ဆရာတို့ အလိုအတိုင်း မှန်လိမ့်မယ်လို့ ထင်ရင် ရေအေးတွင်း တစ်ခုထဲကို ကန့်တွေ အများကြီးထည့်ပြီး ပူ-မပူ စမ်းကြည့်နိုင်သားပဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော် သံဃာများ ရေပူရေကို ချိုးခဲ့ကြရဲ့လား။
တပည့်တော်။ ။ မချိုးခဲ့ကြရပါဘူး ဘုရား, သရိုင်ရွာနဲ့ ဟန်လင်းက နည်းနည်း ဝေးပါတယ်, ကုန်းလမ်းကလဲ လယ်တွေကြားက သွားရမှာမို့ လမ်းမကောင်း ပါဘူး, ညောင်ပင်တွင်းက လှေနဲ့ပို့ကြရပါတယ်၊ ဒါ့ကြောင့် သရိုင်က နံနက်အရုဏ်ဆွမ်း စားပြီးပြီးချင်း သွားတာတောင် ဟန်လင်းသို့ နေ့ဆွမ်းစားခါနီးမှ ရောက်ပါတယ်။
ဓမ္မဂုတ်။ ။ ရောက်ရောက်ချင်း ဆွမ်းစားကြရော့လား, ဘယ်လို ဆွမ်းကပ်ကြတုန်း။
တပည့်တော်။ ။ တပည့်တော်ရဲ့ သံဃာများ လာမယ်ကြားလို့ တပည့်တော်ရဲ့ ညီတစ်ဝမ်းကွဲ တော်သူက သံဃာအားလုံး ဆွမ်းကပ်ဖို့ စီစဉ်ပါတယ်။ ဒီအကြောင်းကို ရွာလူကြီး ဦးအိုဆိုသူက ကြားပြန်တော့ သူကလဲ ကပ်ပါရစေလို့ ခွင့်တောင်းပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ (၂)ရက် နေရမှာပေါ့နော်။
တပည့်တော်။ ။ ညီကလဲ ခွဲမပေးနိုင်ကြောင်းကို ပြောတော့ တပည့်တော်တို့ ဝက်လက်ရောက်ရင်ပင် သူတို့ရောက်လာပြီး အကျိုးအကြောင်း လျှောက်ကြပါတယ်၊ ဒီတော့ တပည့်တော်က (၂)ရက်လဲ မနေနိုင်ပါ၊ ညီဖြစ်သူက တစ်ဝက်ခွဲပြီး ဒကာကြီး ဦးအိုကို ပေးဖို့ရန် မေတ္တာရပ်ခံလို့ ကျေနပ်သွားကြပါတယ်။
ဓမ္မဂုတ်။ ။ ဆွမ်းစားခါနီးမှရောက်ရင် ဆွမ်းစားပြီးတဲ့အခါ ရေမချိုးနိုင်ဘူးလား။
တပည့်တော်။ ။ ရေပူတွင်းဆိုတာ ဆောင်းအခါမှာသာ စောစောချိုးရမှ ကောင်းတာ ဘုရား, ဆွမ်းစားပြီးတော့မှ ရေချိုးလဲ မကောင်းတော့ဘူး၊ ဆွမ်းမကပ်ရတဲ့ လူအများကလဲ နောက်ရက် ဆွမ်းမကပ်ရရင် “ဆွမ်းဆန်စိမ်း လောင်းပါရစေ” လို့ လျှောက်ကြတော့ နေ့ဆွမ်းစားပြီး မကြာခင် ကပ္ပိယကိုယ်စီလိုက်ပြီး ဆွမ်းဆန်စိမ်း ခံကြရပါသတဲ့၊ ဆွမ်းဆန်စိမ်းခံပြီးတော့လဲ အပြန်မှာ ဆားတောင်ကြီးရွာက ဝင်ဖို့လျှောက်လို့ ဆားတောင် ကြီးရွာ ဝင်ဖို့ကိစ္စ ထိုညနေမှာပင် ညောင်ပင်တွင်းနဲ့ စမွန်းရွာတို့၌ သံဃာခွဲပြီး ပရိတ်ရွတ်ဖို့ကိစ္စက စီစဉ်ပြီးဖြစ်နေလို့ ချက်ချင်းပင် ပြန်ခဲ့ ကြရပါတယ်၊
(လိုက်ပါသွားကြသော ရန်ကုန်က ဒကာ-ဒကာမများကတော့ ရေပူ ချိုးခဲ့ကြရပါရဲ့။)
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ကို ရွာခံသံဃာများကရော ဒကာ-ဒကာမများကပါ ဒီလို ကျေနပ်ကြ - ကြည်ညိုကြရင် နောက်တစ်ခေါက် သွားတဲ့အခါ သံဃာများများနဲ့ ရက်ကြာကြာနေဖို့ မကောင်းဘူးလား။
တပည့်တော်။ ။ နောက်တစ်ခါသွားခွင့်ကြုံရင် သံဃာ (၂၀၀)လောက်လာဖို့နဲ့ ဟန်လင်းမြို့မှာ သီးခြား တစ်ညအိပ်ဖို့ကောင်းတယ်လို့တော့ စိတ်ကူးခဲ့ပါတယ်, ရက်ကြာကြာနေဖို့တော့ ဖြစ်ဖို့ခဲယင်းပါရဲ့၊ ကျောင်းတိုက်မှာလဲ ကိစ္စ အသစ် အသစ်က ရှိနေတာလဲ ပါတယ်၊ ယခုပြန်ပြီးနောက် (၈) ရက်နေ့မှာပင် ကျောင်းရေစက်ချ ရှိနေပါတယ်။
ဓမ္မဂုတ်။ ။ သရိုင်မှ ပြန်တဲ့အခါ ရှေးနှစ်တုန်းကလို ဝက်လက်ပြန်ပြီး ညအိပ်ကြသလား။
တပည့်တော်။ ။ ဝက်လက်ပြန်ပြီး ညအိပ်ကြဖို့ အစီအစဉ် လုပ်ပါတယ်။ ဒါပေမယ့် ဝက်လက်အိပ်ဖို့ညမှာ မင်းရွာနဲ့ ကျည်းပင်ကန်ရွာတို့က ပရိတ်နာလိုပါတယ်လို့ လျှောက်ကြလို့ ထိုနှစ်ရွာသို့ သံဃာ(၅ဝ)စီခွဲပြီး သွားကြရပါတယ်၊ ကျည်ပင်ကန် ဆိုတာ ဝက်လက်ရဲ့ မြောက်ဖက် ကျပါတယ်၊
ဘုန်းတော်ကြီးကိုယ်တိုင် သရိုင်လာပြီး ပင့်လို့ မလိုက်ရင် မကောင်းတာကြောင့် လိုက်ကြရပါတယ်၊ ဒါကြောင့် ဝက်လက် ဘုရားကြီးကျောင်းတိုက် ၌ တပည့်တော်နဲ့ သံဃာ (၅၀)သာ အိပ်ကြရပါတယ်။
ဓမ္မဂုတ်။ ။ သရိုင်က ဝက်လက်အပြန်မှာ မနှစ်ကလို လှေတွေနဲ့ပဲလား။
တပည့်တော်။ ။ အင်းကို ကူးတဲ့အခါတော့ မနှစ်ကလို လှေတွေနဲ့ပါပဲ။ ဒါပေမယ့် ညောင်ပင်တွင်းမှာ ပရိတ်ရွတ်ပြီးဖြစ်လို့ ညောင်ပင်တွင်းကို မဝင်ရတော့ပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်လဲ မနှစ်ကလို သရိုင်က အင်းဆိပ်အထိ ခြေလျင်ပဲလား။
တပည့်တော်။ ။ အလာတုန်းက ဝက်လက်မှ မြင်တော်အထိ ခြေလျင်လာခဲ့ရတဲ့ အတွက် ပင်ပန်းတာကိုသိလို့ ထမ်းစင်နဲ့ထမ်းကြဖို့ လျှောက်ကြပါတယ်။ ထမ်းစင် စီးလောက်အောင် မအိုသေးပါဘူး ပြောတော့ လယ်ထွန်စက် နောက်က (ထရေလာ ဆိုလား) အဲဒီဟာနဲ့ကြွဖို့ နံနက်စောစောကပဲ ရောက်လာပါတယ်၊
ဒါကို တချို့က မကျေနပ်လို့ ဝက်လက်သွားပြီး လမ်းပြေးကားကြီးကို (ကားပိုင်ရှင် ကျေနပ်အောင် ငွေပေးပြီး) ယူလာကြ ပါတယ်၊ ဒါကြောင့် ငယ်တဲ့ကိုယ်တော်တွေက ထရေလာနဲ့ တပည့်တော်နဲ့ ခပ်ကြီးကြီး ကိုယ်တော်များက လမ်းပြေးကားနဲ့ ကားမဆန့်လို့ မစီးရတဲ့ ကိုယ်တော်များက ခြေလျင်တချို့ အင်းရေပြင်ကတချို့ ဝက်လက်သို့ လာခဲ့ကြပါတယ်၊
တပည့်တော်လဲ လှေနဲ့ သွားဖြစ်တဲ့နေရာမှာ လှေပေါ်စီးပြီး လှေလမ်းဆုံမှ ကားပေါ် တက်စီးပြီး ဝက်လက်သို့ လာခဲ့ပါတယ်။ ဝက်လက်ရောက်မှ သံဃာငါးဆယ်ကို ကျည်းပင်ကန်က လာပင့်ပါတယ်။
ဓမ္မဂုတ်။ ။ ဝက်လက်မှာတော့ ပရိတ်ရွတ်တော့ဘူးလား။
တပည့်တော်။ ။ မနှစ်ကလိုဘဲ ပရိတ်ရွတ်ကြပါတယ်၊ တရားလဲ ဟောပါသေးတယ်၊ ဒါပေမယ့် သံဃာနည်းနေလို့ နံနက် ယာဂု-ဆန်ပြုတ် ကပ်သူတို့ကတော့ အားရကြဟန် မတူပါဘူး။
ဓမ္မဂုတ်။ ။ အပြန်အစီအစဉ်တော့ မနှစ်ကထက် ဘာထူးသေးတုန်း။
တပည့်တော်။ ။ သိပ်မထူးပါဘူး, သံဃာများသည့်အတွက် မနှစ်က ကားသုံးစီးနဲ့ ပြီးသော်လဲ ဒီနှစ်တော့ ကျောင်းဒကာ ဦးဘသန်း, တူမ ဒကာမ မသန်းရှင်တို့ရဲ့ ရန်အောင်မန်းကားကြီး သုံးစီး, တူ မောင်သန်းမြင့်တို့က ကားကြီးတစ်စီး, စုစုပေါင်း ကားကြီးလေးစီးဖြင့် ပြန်ရပါတယ်၊ တပည့်တော်ဖို့တော့ ကျောင်းဒကာကို ကျောင်းအမ မသိန်းတို့က လင့်ရိုဗာကားတစ်စီး လွှတ်ပေးပါတယ်။
ဓမ္မဂုတ်။ ။ ဝက်လက်မှ ဘယ်အချိန်လောက် ပြန်ခဲ့ကြသလဲ။
တပည့်တော်။ ။ (၁၂)နာရီခွဲလောက် ပြန်ခဲ့ကြပါတယ်၊ ပြန်ခါနီး၌ ဝက်လက် ဒကာ-ဒကာမများက ဘိလပ်ရည်ကပ်ဖို့ ရောက်လာကြလို့ ဒီအချိန်က ဆာတဲ့အချိန် မဟုတ်သေးဘူး၊ ဒါကြောင့် မသောက်ကောင်းပါဘူးလို့ ပြောတော့ “သောက်ကောင်း တဲ့အချိန်ကျမှ သောက်ကြပါ, ပုလင်းတွေကို တောင်မြို့ကျောင်းတိုက်လိုက်ပြီး ယူပါ့မယ်” လို့ လျှောက်ကြသောကြောင့် တောင်မြို့ထိအောင် ယူခဲ့ရပါတယ်၊
လမ်းမှာလဲ ရွာသာကြီးက ဖျော်ရည်ကပ်လို့ အဲဒီ ဘိလပ်ရည်ကို မသောက်ကြ ရပါဘူး၊ တောင်မြို့ရောက်တော့လဲ အားလုံးသံဃာများကို ခွင့်ပန်ပြီး နောက်တစ်ရက် ညနေမှ ကျန်ရစ်တဲ့ သံဃာများကို ကပ်စေရပါတယ်။
ဓမ္မဂုတ်။ ။ ကျောင်းတိုက် ပြန်ရောက်ပြီးနောက် ဘာများ အထူးအစီအစဉ် လုပ်သေးတုန်း။
တပည့်တော်။ ။ ဝါတွင်းကပင် နံနက်တိုင်း သြဝါဒပေးတဲ့အခါ ပဋိပတ်ဖက်က အလုပ်လုပ်တဲ့အချိန် များမှတော်မည်, ပရိယတ်ချည်း ကြိုးစားလာကြတာ စိတ်အနေ ဘာမှ ထူးထူးခြားခြား ကောင်းမလာဘူး၊ သီလအကျင့် မပါတဲ့ ပရိယတ်စာသင်နည်း ကိုတော့ ဒီကျောင်းတိုက်မှာ ဘယ်နည်းနဲ့မှ လက်မခံထိုက်ဘူးလို့ မကြာမကြာ သတိပေးထားပါတယ်၊ ဝါကျွတ်ခါနီးတော့ ဝါကျွတ်ပြီးရင် စည်းကမ်းပြင်ရလိမ့်မယ်၊ မနေနိုင်တဲ့ ကိုယ်တော်များ ရွှေ့ကြ-ပြောင်းကြဖို့ သတိပေးထားပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီလို သတိပေးတဲ့အတိုင်း နေထိုင်ကြဖို့ ဘယ်လိုစီစဉ်သလဲ။
တပည့်တော်။ ။ ဤကျောင်းတိုက်၌ ကျောင်းသစ်တွေလဲ ဆောက်နေတုန်းမှာ အရပ်ရပ်က တိုက်ရှိသံဃာကုန် ဆမ်းကျွေးတွေကလဲ မကြာမကြာ လာကြပုံကို လည်းကောင်း, သရိုင်သွားတဲ့အခါ မနှစ်ကထက် ယခုနှစ်မှာ ပိုပြီး ဂရုစိုက်တဲ့ရွာတွေ များလာပုံကိုလည်းကောင်း, ညွှန်ပြပြီး သံဃာများက ကိုယ်ကျင့်သီလ နည်းနေရင် ...
(၁) မိမိတို့အတွက် ဒုတိယဘဝမှာပင် ဂတိကောင်းဖို့ စိတ်မချရပုံကို ကျမ်ဂန်မှာ ပါသော ဝတ္ထုများအရ လည်းကောင်း, ပြန်တော်မူပြီးနောက် တစ္ဆေ-ပြိတ္တာ ဘဝဖြင့် ချောက်လှန့်ပုံ ပူး၍ပြောကြပုံကို လက်တွေ့ညွှန်ပြ၍လည်းကောင်း, ယခုဘဝမှာ ဆရာတော် အခေါ်ခံနေသော်လဲ သေတဲ့အခါ တစ္ဆေ-ပြိတ္တာ ဖြစ်ရပုံ, လူဝင်စား ဖြစ်သော်လဲ အမိဆင်းရဲဝမ်းတွင်း၌ ဝင်စားရပုံကို လက်တွေ့ညွှန်ပြ၍လည်းကောင်း, မိမိတို့က သီလ-သမာဓိ-ပညာ နည်းနေ ရင် ကျောင်းဒကာ-ကျောင်းအမ ဆွမ်းဒကာ-ဆွမ်းအမတို့မှာ အကျိုးရ နည်းပုံကို ပြောပြ၍လည်းကောင်း, မိမိတို့အတွက် စာတတ် ဖို့ထက် သီလ စင်ကြယ်ဖို့ သမာဓိရဖို့ အရေးကြီးကြောင်းကို ပြောပြရပါတယ်ဘုရား။
(၂) ထို့ပြင် ယခုအခါ စာသင်ကြပုံကလဲ စာတတ်ဖို့ထက် စာမေးပွဲအောင် ဖို့ကို ပဓာနထား၍ သင်ကြပုံကိုလည်းကောင်း, စာမေးပွဲအောင်လိုတဲ့ဆန္ဒမှာလဲ ဂုဏ်ရမှ လာဘ်ရမှုကို ရည်ရွယ်သူက များနေပုံကိုလည်းကောင်း, ထို့သို့ များသည့်အတွက် စာမေးပွဲတွေ အောင်သော်လဲ စာပို့ချနိုင်သူက နည်းပါးပုံ, စာပို့ချနိုင်ပြန်တော့လဲ သူတို့အထံ စာတက်သူက နည်းပါးပုံ, တချို့မှာ “ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” ဆိုသလို ဖြစ်နေသော ရဟန်းဘဝကို စွန့်ခွာရပုံကိုလည်းကောင်း, လက်တွေ့ သာဓကဖြင့် ညွှန်ပြရပါတယ်။
(၃) ဗုဒ္ဓမြတ်စွာသည် (က) ဂုဏ်လာဘ် လို၍လည်းကောင်း, (ခ) သူတစ်ပါးအပေါ် မောက်မော်လို၍လည်းကောင်း, စာသင် စာချမှုကိုက မြွေဖမ်းပုံနဲ့ တူသော စာသင် စာချနည်းလို့ ဟောတော်မူပုံကိုလဲ ထပ်ပြီး ပြောပြရပါတယ်။
(အလမ္ပာယ်ပြဖို့ မြွေဆိုးကိုဖမ်းရာ၌ အဖမ်းမတတ်သူမှာ မြွေကိုက်ခံရသော စာသင်နည်းလို့ ဟောတော်မူလိုရင်း ဖြစ်၏။ ထို့ကြောင့် ဂုဏ်လာဘ်ကို မျှော်ကိုး၍ စာသင်ရင် မြွေကိုက်ခံရသူကဲ့သို့ အပါယ်လေးပါးထိအောင် ဒုက္ခရောက်ရလိမ့်မည် လို့ ဟောတော်မူလိုရင်း ဖြစ်သည်။)
(၄) ထို့ကြောင့် ဂုဏ် လာဘ်စသည်ကို မတောင့်တဘဲ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို သိလိုသောဆန္ဒမှ သိသောအခါ ကျင့်မည်ဟူသော ဆန္ဒဖြင့် သင်ခြင်းကို သံသရာ ဝဋ်မှ လွတ်ဖို့ကို ရည်းစူးသော စာသင်နည်းလို့ ဟော်မူပုံကိုလဲ ပြောပြရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ မြွေဖမ်းတဲ့ စာသင်နည်းကို အမြန်ဆုံး ပယ်နိုင်လေ, ကောင်းလေပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား၊ တပည့်တော်တို့နိုင်ငံမှာ မြန်မာမင်းများ လက်ထက်ကပင် “ပထမပြန်” ခေါ် စာတော်ပြန်များကို ဂုဏ်တွေ လာဘ်တွေ ပေးပြီး ချီးမြှောက်ခဲ့ကြပါတယ်၊ ယခုခေတ် စာပြန်ပွဲအမျိုးမျိုး ဘွဲ့တံဆိပ် အမျိုးမျိုးဟာ မြန်မာမင်းလက်ထက်က အမွေအဆက်များ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂုဏ်လာဘ်ကို ဘမ်းပြ၍ ကျင်းပနေကြတဲ့ စာပြန်ပွဲတွေဟာ အကောင်း နည်းပါးလှပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ ကိုယ်တော် စိစစ်သလို စိစစ်ကြည့်တော့ စာပြန်ပွဲတွေဟာ ငွေကုန် လူပန်းသလောက် အကျိုးမရဘဲ အပြစ်သာများနေပါပြီကော။ ဒီလိုဆို သာသနာပြုစာပြန်ပွဲတွေ ဟုတ်နိုင်ပါတော့မလား။
တပည့်တော်။ ။ ငွေကုန်လူပန်းသလောက် အကျိုးရ-မရတော့ အရှင်ဘုရားပဲ စဉ်းစားကြည့်ပေါ့ဘုရား, အဲဒီလို စာပြန်ပွဲတွေ အောင်ပြီးတဲ့ပုဂ္ဂိုလ်က မိမိတို့ မွေးရာဇာတိပြန်ပြီး မနေလိုတော့ဘူးဘုရား, မိုးထိအောင် ဧရာမ ဘွဲ့တံဆိပ်ကြီးတွေ ရထားသော်လဲ မိမိတို့ရဲ့ သွေးသားကလေးများကို လူရာ ဝင်အောင် သင်ပြနိုင်တဲ့ အစီအစဉ်က မပါတော့ (ပြောရမှာရှက်ပါရဲ့) လေးတန်းလောက်တောင် သင်ပြဖို့ မဆိုထားဘိ, တချို့များ သတ်ပုံ မှန်အောင် မရေးနိုင်ဘူးကိုယ်တော်, ဒါတွေကတော့ တပည့်တော် လက်တွေ့ပဲ။
ဓမ္မဂုတ်။ ။ ဘယ်ကြည့်နေလို့ တော်တော့မှာတုန်း ကိုယ်တော်။
တပည့်တော်။ ။ ဒီတော့ တပည့်တော်တို့ရဲ့ ယခုအထိ စာသင်နည်းဟာ လောက မှာလဲ လူရာမဝင် (မြွေဖမ်းတဲ့) စာသင်နည်းဖြစ်လို့ နောက်ဘဝ မှာလဲ အကျိုးမပြုဘဲ တစ်ဘဝထဲ စားရ-သောက်ရရုံသာ ဖြစ်နေတဲ့အတွက် စာသင်နည်းကိုလဲ ပြင်ချင် ပါတယ် ဘုရား၊ သို့သော် ဒီကိစ္စက အစိုးရပါမှ ဖြစ်နိုင်တာမို့ တပည့်တော်တိုက်မှာ တပည့်တော်နဲ့ စာချဘုန်းကြီးများ တာဝန်ယူပြီး ပြင်နိုင်မယ့် နည်းလမ်းကိုသာ ရှာပါတော့တယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ပြုပြင်ဖို့ စီစဉ်ပါသလဲ။
တပည့်တော်။ ။ နေ့ပိုင်းမှာ စာသင်-စာချဆိုတဲ့ ဂန္ထဓုရ တာဝန်ကို ဆောင်ကြဖို့နဲ့ ညဉ့် ဘုရားဝတ်တက်ပြီးချိန်ကစ၍ အိပ်ဖို့ တုန်းခေါက်ချိန်အထိ ဝိပဿနာ ရ တာဝန်ကို ဆောင်ကြဖို့ရန် စီစဉ်ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အများစုက စာမေးပွဲအောင်ဖို့ အရေးကြီးနေတဲ့ ခေတ်ကြီး ဖြစ်နေလေတော့ ကိုယ်တော့်အစီအစဉ်က ဖြစ်နိုင်ပါ့မလား ကိုယ်တော်။
တပည့်တော်။ ။ ယခုလို မိုးခါးရေသောက် ခေတ်ကြီး ဆိုပြီး မပြင်ဝံ့ကြလို့ သာသနာရေး ဘာသာရေးက ရေစုံမျောခဲ့ကြပြီ မဟုတ်လားဘုရား၊ အလှူ ဒါနတွေ အကုန်အကျများသလောက် ဘာသာရေး သာနာရေး အစစ် အမှန်တွေ ကွယ်လု မတတ် ဖြစ်နေပါပြီ၊ လှူသူလဲ အကျိုးအရနည်း အလှူခံအများစုမှာလဲ ဂုဏ်ပကာသန လဘ်လာဘတွေ သာယာပြီးတော့ လောဘစိတ်တွေများပြီး သေတော့ တစ္ဆေပြိတ္တာဘဝမှာ တွေ့နေကြရပြီ မဟုတ်လားဘုရား၊ ဒီတော့ သာသနာတော်ကြီး ဟာ ဘုရားအလိုတော်ကျ ဟုတ်နိုင်ပါတော့မှာလား။
ဓမ္မဂုတ်။ ။ ရှေးရှေး ဆရာတော်ကြီးတွေ ပြင်လို့ရမှာ မဟုတ်တော့ဘူးလို့ ယူဆတော်မူကြပြီး ကိုယ်တစ်ပါးကောင်း ကျင့်သွားကြပါလျက်, ကိုယ်တော်က လူစွမ်းကောင်းကြီး လုပ်ပြီး ပြင်မယ်ဆိုတော့ စောင့်ကြည့်ရသေးတာပေါ့နော်။
တပည့်တော်။ ။ တပည့်တော်က အစိုးရပါတဲ့အခါ တစ်သာသနာလုံးပြင်မယ်။ အစိုးရမပါရင် ကိုယ့်ကျောင်းတိုက် ကိုယ်ပြင်မယ် လို့ ရည်ရွယ်တာပါ ဘုရား၊ အစိုးရမပါဘဲ တစ်သာသနာလုံးပြင်ဖို့ ကြံစည်တာ မဟုတ်ပါဘူး၊ ဒီတော့ ကိုယ့် တစ်တိုက်တာကလေး ပြင်ဖို့အတွက် လူစွမ်းကောင်း လုပ်နေဖို့ မလိုပါဘူး၊ သုံးနှစ်လောက်ပြင်လိုက်ရင် ဧကန်မုချ အသားကျနိုင်ပါတယ်၊ အရှင်ဘုရားလဲ ဒါလောက်တော့ စောင့်ကြည့်ပါဦး။
ဓမ္မဂုတ်။ ။ စောင့်ကြည့်မယ် ကိုယ်တော် ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို ထပ်ပြီး ပြောပြစမ်းပါဦး။
တပည့်တော်။ ။ တပည့်တော်ရည်ရွယ်ချက်က အခြားမဟုတ်ပါဘူး, သာသနာတော်ရဲ့ မူလရည်ရွယ်ရင်းအတိုင်း ပြန်ဖြစ်ဖို့ပါဘဲ။
ဓမ္မဂုတ်။ ။ မူလရည်ရွယ်ရင်းဆိုတာ ဘာကို ဆိုလိုသလဲ။
တပည့်တော်။ ။ ဗုဒ္ဓမြတ်စွာက သာသနာတော်ကို တည်ထောင်တော်မူတဲ့ကိစ္စမှာ လူအများစုကို ကုသိုလ်ရစေဖို့ပဲ မဟုတ်ပါလား၊ ဒါ့ကြောင့် သာသနာတော်ကိုဝင်ပြီး ရဟန်းပြုလိုရင် လူဝတ်ကြောင်များ ရိုးရိုးရနိုင်တဲ့ ကုသိုလ်ထက်ပိုပြီး ကုသိုလ် ရလိုတဲ့ဆန္ဒ ပြင်းပြမှ ဝင်ထိုက်ပါတယ်။
ဒါ့ကြောင့် သာသနာတော် ဝင်သောပုဂ္ဂိုလ်မှာ ယခုဘဝပင်လျှင် ကျွတ်တမ်း ဝင်နိုင်အောင် ကြိုးစားလိုသော ဆန္ဒ သော်လဲ ရှိရပါ့မယ်၊ သို့မဟုတ် သီလပါရမီကို မူထား၍ ပါရမီဖြည့်လိုသော ဆန္ဒ သော်လဲ ရှိရပါ့မယ်။ ထိုနှစ်မျိုးတွင် တစ်မျိုးမျိုးမှ ဆန္ဒမပြင်းထန်ရင် ရိုးရိုးလူဝတ်ကြောင် ဘဝဖြင့်ပင် ကုသိုလ်ရအောင် နေသင့် ပါတယ်၊ ဒီလိုဆန္ဒမရှိဘဲ ဝင်လာသူဟာ စားဝတ်နေရေးချောင်အောင် ဝင်နေသော အချောင်သမားသာ ဖြစ်စရာရှိပါတယ်။
ဓမ္မဂုတ်။ ။ သေသေချာချာ စဉ်းစားရင်တော့ ဒီလိုပဲ ဖြစ်စရာရှိနေတာပေါ့နော်။
တပည့်တော်။ ။ ဒါ့ကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော် ဖြစ်လာရင် ခေတ်အလိုက် တာဝန်သုံးမျိုး တွင် တစ်မျိုးမျိုး ထမ်းနိုင်အောင် ကြိုးစားရပါ့မယ်။
(၁) အမျိုးက-အတ္တဟိတ ပရဟိတ နှစ်မျိုးရအောင် ကျောင်းထိုင်ဘုန်းကြီး လုပ်ပြီး သီလ စင်ကြယ်စွာဖြင့် မိမိနေရာ ရပ်ရွာနယ်ပယ်၏ ကလေးများကို ခေတ်နဲ့ လျော်အောင် လူတန်းစေ့ ပညာသင်ပေးဖို့နဲ့ လူကြီးများကို ဘာသာရေးတရား နားလည်အောင် ဟောပြဖို့ တာဝန်ယူရပါ့မယ်။ တစ်ရွာလျှင် ရွာငယ်ရင် တစ်ကျောင်းသာ, ရွာအလွန်ကြီးမှ နှစ်ကျောင်းသာ ရှိသင့်ပါတယ်။
(၂) အမျိုးက အတ္တဟိတ မိမိတစ်ပါးတည်း အကျိုးကိုသာ ပဓာနထား၍ တောကျောင်း ဘုန်းကြီး အဖြစ်ဖြင့် ဘာဝနာကမ္မဋ္ဌာန်းကို အချိန်မှန်မှန် ကြိုးစားသော ပုဂ္ဂိုလ်ဖြစ်ရပါ့မယ်၊ ထိုပုဂ္ဂိုလ်မျိုးကတော့ ရပ်ရွာရဲ့ အလှူဒါန ကိစ္စကို လိုက်ကို မလိုက်တော့ဘဲ တရားအားထုတ်မှုဖြင့်သာ အချိန်ကုန်စေရ ပါ့မယ်၊
တစ်ပါးတည်းသာမက ဘုရားလက်ထက်တော် တုန်းကကဲ့သို့ ဆွမ်းခံရာဌာန ပြည့်စုံရင် သုံးဆယ်-ခြောက်ဆယ် စုပေါင်း၍ တောကျောင်းမှာ နေနိုင်ကြပါတယ်၊ နံနက် ယာဂုဘုဉ်းပေး၍ အချိန်ကျရင် အားလုံး ဆွမ်းခံကြွပြီး အပြန်မှာ ဆွမ်း တစ်ထပ်ဖြင့် ကိစ္စပြီးစေရပါ့မယ်၊ စာချနိုင်သော ကမ္မဋ္ဌာန်းဆရာတော်ပါရင် ဝိသုဒ္ဓိမဂ်-အထက်နိကာယ်ကြီးများကို သဒ္ဓါ-ပညာ-ဝီရိယတိုးပွားအောင် ပို့ချသင့်ပါတယ်။
အားလုံးသော တောကျောင်း ဘုန်းကြီးကျောင်းများ၏ ကိုယ်အနေမှာ ဣန္ဒြေခြောက်ပါးလုံး လုံခြုံနေသည့်လက္ခဏာ ဖြင့် လွန်စွာငြိမ်သက်သော အသွင်ကို ဆောင်နိုင်ဖို့ ကြိုးစားရပါ့မယ်။
နေရာကျောင်းအများလဲ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ တစ်ပါး သွားရင် ပျက် ကျန်ရစ်သော်လဲ အရေးမကြီးသော ကျောင်းတိုက်, သံဃာ မရှိ၍ ပျက်သော်လဲ အရေးမကြီးသော ဘုရားလက်ထက်တော်က ကျောင်းကလေး များလို, ကုန်ကျစရိတ် မများသော ကျောင်းကလေးများ သာ ဖြစ်သင့်ပါတယ်။
အနီးအပါးရွာက ဒကာများ ကမ္မဋ္ဌာန်းအားထုတ်လိုရင် ထိုကဲ့သို့ ကျောင်းကလေးမှာ (ကပ္ပယ)များလို အကြွင်းအကျန် သာမန်အစာမျိုးကို စား၍ နေနိုင်ရင် လက်ခံပြီး, ကောင်းကောင်းစားရမှ ဖြစ်မည်ဆိုရင် တရားယူပြီးအိမ်ပြန်၍ ကျောင်းမှာ နေ့ အချိန် ခဏသာ နေသင့်ပါတယ်။ ဒကာမများကိုတော့ (မာတိကာ မာတာ) ဒကာမကြီးကဲ့သို့ တရားနည်းကို ယူပြီး အိမ်ပြန်၍, (သို့မဟုတ် ရွာအနီးဇရပ်၌ အဖော်များနဲ့ နေ၍) တရား အားထုတ်သင့်ပါတယ်၊ သံဃာတော်များအနီး၌ကား အားထုတ်ရိုးထုံစံ မရှိခဲ့ပါ။
ထို တောကျောင်း၌ ကုသိုလ်ဒါန ပြုဖို့ရန်လည်း လာကြဖို့ မလိုပါ။ သီတင်းကျွတ် ကထိန်သော်မှလည်း ဒကာ-ဒကာမများ (အလှူရှင် ကိုယ်တိုင်လောက်သာ)လာ၍ သင်္ကန်းကပ်လှူသင့်ပါတယ်၊ တောကျောင်းသည် တောကျောင်းပီပီ အမြဲ တိတ်ဆိတ် နေသင့်ပါတယ်။
ရွာကျောင်း၌ ဘုန်းတော်ကြီး မရှိသောအခါ တောကျောင်းမှ တာဝန် ဆောင်နိုင်မယ့် ဘုန်းကြီးတစ်ပါးကို တောင်းတောင်း ပန်ပန်ဖြင့် ရွာကျောင်း၌ သီတင်းသုံး၍ (အတ္တဟိတ-ပရဟိတ) တာဝန်ကိုယူဖို့ လျှောက်ထားသင့်ပါသည်၊ ထို ဘုန်းတော်ကြီးလဲ နဂိုကပင် ရွာသူ-ရွာသား လူအများ၏ လေးစားလောက်သော ပုဂ္ဂိုလ် ဖြစ်သင့်ပါတယ်။
(၃) အမျိုးကတော့ သီလစင်ကြယ်စွာဖြင့် စာသင်တိုက်၌ စာပို့ချနေသော ပုဂ္ဂိုလ် ဖြစ်ရပါ့မယ်၊ ထို စာသင်တိုက် စာချပုဂ္ဂိုလ်ကတော့ ကျေးရွာတို့၌ ကျောင်းဘုန်းကြီး အရည်အခြင်း, ကျေးရွာတောကျောင်းတို့၌ ကျောင်း ဘုန်းကြီး အရည်အချင်းများကို အဆင့်ဆင့်ရပြီးပုဂ္ဂိုလ် ဖြစ်သင့်ပါတယ်။
စာသင်တိုက်တို့မှာလဲ ခေတ်နဲ့လျော်အောင် စာသင်နည်း ရှိရပါ့မယ်။ မြို့ကြီးများ ၌သာ မဟုတ်ဘဲ, မြို့ငယ်-ရွာကြီးတို့၌လဲ အောက်တန်း အလယ်တန်း-အထက်တန်း စာသင်တိုက်များ အစားစားရှိသင့်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ ကျောင်းတိုက်မှာ ယခုပြုပြင်ဖို့ ရည်ရွယ်တာ ဒီသုံးမျိုးသောပုဂ္ဂိုလ်များ ပေါ်ထွက်လာအောင်ရှေးရှုပြီး ပြုပြင်ဖို့လား, ကိုယ်တော် ရည်ရွယ်တဲ့အတိုင်း ဖြစ်မြောက်ရင်တော့ သာသနာတော်မှာ တရားလဲ မကျင့်, စာလဲ မသင်-မချတဲ့ ဗုံမဟုတ် ပတ်မဟုတ်နဲ့ အလုပ်လက်မဲ့ ကိုယ်တော်တွေ ရှိတော့မှာ မဟုတ်ဘူးနော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, ဖြစ်နိုင်ရင် ဒီလို ပုဂ္ဂိုလ်သုံးမျိုး ပေါ်ထွက်လာအောင် ရည်ရွယ်တာပါ၊ သို့သော် ဒီလိုဖြစ်အောင်ဆိုတာ အစိုးရလဲပါမှ လွယ်ကူမှာပါ, အစိုးရ မပါသေးခင် တပည့်တော် တတ်နိုင်သမျှ ပြုပြင်ဖို့ကတော့ ဒါလောက် မကျယ်ဝန်း သေးပါဘူး, ဝိနည်းတော်ကို လေးလေးစားစားနဲ့ နေ့ (စာသင်), ည (ဘာဝနာပွား) ဖို့လောက်သာ ကြိုးစားရဦးမှာပါ။
ဓမ္မဂုတ်။ ။ အဲဒီလောက် ဖြစ်ဖို့ကို ယခု ပြုပြင်နေပြီလား။
တပည့်တော်။ ။ ။ ယခု ပြုပြင်နေပါပြီ၊ သံဃာ (၅ဝ)လောက်ကစပြီး အချိုးကျကျ ပြင်ချင်ပါတယ်၊ “တချို့ကိုယ်တော်များ ခေတ္တပြန်ကြပါဦး ဒီက အချိုးကျလို့ ဒီအတိုင်း နေနိုင်တယ်ဆိုမှ ပြန်လာကြပါ”လို့ ပြောပါတယ်၊ ဒါပေမယ့် မပြန်လိုကြပါဘူး၊ မပြန်တော့ အားလုံးကို တရားဟောပြီး ညဉ့် စာမအံဘဲ တရားထိုင်ကြဖို့ စီစဉ်ပါတယ်၊ ကိုရင်ငယ်ကလေးများနဲ့ သူတော်များကိုတော့ (အိပ်ချင်ရင် စောစော အိပ်နိုင် ပါတယ်) လို့ ခွင့်ပြုထားရပါတယ်။
ဓမ္မဂုတ်။ ။ “တရားထိုင်”ဆိုတာ သီလက ပထမအဆင့်ပဲ၊ သီလစင်ကြယ်အောင် ဘယ်လို စီစဉ်သလဲ။
တပည့်တော်။ ။ ။ ကိုယ်ပိုင်သပိတ်-သင်္ကန်း-စာအုပ် စသည်တို့ကို ဝိနည်းတော်နဲ့ မလျော်အောင် ကိုယ်တိုင်ဝယ်ထားသော ပစ္စည်းဖြစ်ရင်၊ ကိုယ်တိုင် အာပတ် သင့်ပါတယ်၊ ဒါ့ကြောင့် အားလုံး စွန့်ပစ်ကြပါ၊ ငွေကိုလဲ ကပ္ပိယ (ဖိုးသူတော်)ထံမှာ ရှိစေကာမူ အလွယ်တကူ သုံးစွဲမိစရာရှိသောကြောင့် ဒကာကြီး-ဒကာမကြီးတို့ထံ ဖိုးသူတော်က စာရင်းနှင့် အပ်ပါစေ၊ နောက်ထပ်လဲ ကပ္ပိယထံ၌သော်မှ ငွေမရှိအောင် သန့်ရှင်းကြပါစေ၊ လိုအပ်သော ပစ္စည်းများကို ဒကာကြီး-ဒကာမကြီးစသူတို့ လာတဲ့အခါမှာ ကပ္ပိပါစေ၊ ဤသို့ ညွှန်ပြနေပါတယ်။
ဓမ္မဂုတ်။ ။ မကျန်းမာ၍ ဆေးလိုနေရင် ဘယ်လို လုပ်ရမှာလဲ။
တပည့်တော်။ ။ ။ သာမန် မကျန်းမာသော အဖျားအနာလောက်အတွက် ဂိလာန ကျောင်းမှာ နေရာရော ဆေးရော တော်တော် ပြည့်ပြည့်စုံစုံ ရှိပါတယ်၊ အထူး ရောဂါအတွက် အထူးဆေးလိုရင် တာဝန်ခံဘုန်းကြီးက ဒကာကြီးထံ သံဃိကငွေကို ခေတ္တ ယူစေ၍ ကပ္ပိစေနိုင်ပါတယ်၊
ပျောက်သောအခါ ထိုပုဂ္ဂိုလ်ဆိုင်ရာက ဒကာကြီးထံ အစားပေးဖို့ တာဝန်ရှိပါတယ်၊ အကြောင်း အမျိုးမျိုးကြောင့် အစားမပေးနိုင်ရင်လဲ မတရား သုံးစွဲစေခြင်း မဟုတ်သောကြောင့် တာဝန်ခံဘုန်းကြီးက သံဃာများထံ ခွင့်ပန်ရပါ့မယ်၊ ယခု အထိတော့ ဒီတိုင်အောင် မဖြစ်သေးပါဘူး၊ ရည်ရွယ်ချက်ကိုသာ ပြောထားရပါတယ်။
ဓမ္မဂုတ်။ ။ သီလက အရင်းခံဖြစ်လို့ သီလစင်ကြယ်အောင် နေနိုင်ရင်ပင် သာသနာတော်အတွက် အတော်နှစ်သက်စရာ ကောင်းနေပါပြီ ကိုယ်တော်၊ ဒါ မဟုတ်ပေဘူးလား။
တပည့်တော်။ ။ ။ မှန်ပါတယ်ဘုရား၊ သီလစင်ကြယ်ရင် အလိုလို စိတ်ချမ်းသာပြီး နှစ်သက်မှု ပီတိ၊ ဝမ်းမြောက်မှု ပါမောဇ္ဇ၊ ကိုယ်စိတ်ငြိမ်းအေးမှု ပဿဒ္ဓိ တရားတွေ နေ့စဉ် တိုးပွားစေနိုင်ပါတယ်၊ ဒီလို တရားတွေ တိုးပွားနေတဲ့အတွက် သီလ စင်ကြယ်ရုံဖြင့်ပင် အပါယ်မကျနိုင်ပါဘူး ဘုရား၊ ရဟန်းတော်များ ပျံလွန်တော်မူတဲ့ အခါ တစ္ဆေ-ပြိတ္တာ ဖြစ်နေတယ် ဆိုတာဟာ များသောအားဖြင့် သီလမစင်ကြယ်လို့ ဖြစ်ရတာပါ။
ဓမ္မဂုတ်။ ။ တချို့ကလဲ သီလက သိပ်မပျက်ပေမယ့် ပစ္စည်းဥစ္စာကလေးတွေ စုထားမိတဲ့အတွက် အဲဒီ စွဲလမ်းမှုကြောင့်လဲ တစ္ဆေ-ပြိတ္တာဖြစ်နိုင်တယ် မဟုတ်လား။
တပည့်တော်။ ။ ။ ဒါကတော့ လူဝတ်ကြောင်များ အတိုင်းပေါ့ဘုရား၊ လူဝတ်ကြောင်များလို ပစ္စည်း ခင်မင်နေရင်တော့ သီလစင်ကြယ်နေရုံနဲ့ ပြိတ္တာ တစ္ဆေ ဘဝက မလွတ်နိုင်သေးပါဘူး၊ ဘာဝနာကမ္မဋ္ဌာန်းကို နေ့စဉ်မှန်မှန် ပွားစေပြီး ပစ္စည်းသာမက မိမိ ခန္ဓာကိုယ်ကိုပါ အနိစ္စ-ဒုက္ခ-အနတ္တ မှန်မှန်ရှုနိုင်မှ အရပ်ရပ် တွယ်တာတတ်သော သံယောဇဉ်က လွတ်နိုင်မှာပေါ့။ ဒါ့ကြောင့် စင်ကြယ်သော သီလကို အခြေခံပြီး နေ့စဉ် မှန်မှန် ဘာဝနာပွားတဲ့ အလုပ်ကလဲ သူတော်ကောင်း မှန်ရင် ဧကန်အားထုတ်ရမယ့်အလုပ် ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ်၊ သူတော်ကောင်းမှန်ရင်တော့ ကိုယ့်ရဲ့ လာမယ့်ဘဝ အတွက် လမ်းမလွဲအောင် နေ့စဉ် ဘာဝနာအလုပ် ရှိရမှာပါပဲ၊ ယခု ကိုယ်တော်ကျောင်းမှာ တော်တော်ခရီးရောက်ကြပြီလား။
တပည့်တော်။ ။ ။ ခရီးရောက်ပြီလို့တော့ ဘယ်မှာ ဆိုနိုင်ဦးမှာလဲ ဘုရား၊ ဒါပေမယ့် ယခုလို တစ်ဖက်တစ်လမ်းက ဘာဝနာနဲ့ နေရတဲ့အတွက် စာအားထုတ်ချိန် နည်းသောကြောင့် ဒီအလုပ်ကိုလျှော့ကာ “ပြန်ဆုတ်ထိုက်သလား”လို့ မေးတော့ “ပြန်မဆုတ်ထိုက်ပါဘူးလို့”အများက ဖြေကြပါတယ်၊
ဒါ့ကြောင့် ကျောင်းတိုက်တိုင်းမှာ ဆရာသမားများက ဝိနည်း စင်ကြယ်အောင် စီစဉ်ပေးပြီး ယခုလို တိုက်တွန်းကြရင် တပည့်အများပင် လိုက်နာကြမည် ထင်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဖြစ်နိုင်စရာပဲ ကိုယ်တော်၊ ရဟန်း-သာမဏေ တော်တော် များများဟာ ကုသိုလ်ကိုတော့ လိုချင်ကြပါတယ်၊ အစီအစဉ် မရှိကြလို့ တော်သလို နေကြရရှာတာပါ။
တပည့်တော်။ ။ ။ တပည့်တော်လဲ ဒီလိုပဲ ယူဆပါတယ်၊ တစ်ချိန်ကျရင် သာသနာတော်ဝင်ကထဲက ကုသိုလ်လိုချင်မှု၌ လူဝတ်ကြောင်ထက် ဆန္ဒ ပြင်းပြမှ သာသနာတော်ဝင်ကြဖို့ စည်းကမ်းလုပ်နိုင်ပါလိမ့်မယ်၊ ထိုအခါ အမျိုးဘာသာ-သာသနာအတွက် ကျေနပ်စရာ အချက်တွေကို မြင်ကြရပါလိမ့်မယ်လို့ မျှော်မှန်းမိပါတယ်ဘုရား။ ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ အသက် (၇၅)နှစ် ပြည့်လုပြီနော်၊ ဝါတွင်းမှာ ဆွမ်းကိစ္စမှစ၍ အားလုံး အဆင်ပြေကြလို့ ဝမ်းမြောက်စရာဖြစ်ပါတယ်၊ မွေးဇာတိ သရိုင်ရွာသို့ သွားခဲ့ရတာလဲ မနှစ်ကထက် ပိုပြီး တစ်နယ်လုံးက အရေးပါကြလို့ နယ်သံဃာများနဲ့ ဒကာ-ဒကာမများရော ကိုယ်တော်ရဲ့ သံဃာများပါ သာသာနာတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရာရောက်လို့ ဝမ်းမြောက်စရာပါပဲ။
ဘုရားဒကာ-ဘုရားအမများလဲ စေတီတော်ကြီးနဲ့ သိမ်တော်ကြီးကို ပြုပြင်ပြီးတာ ဖူးတွေ့ရလို့ ဝမ်းမြောက်ကြမှာပါပဲ၊ ကိုယ်တော်ရဲ့ ကျောင်းတိုက်ကလဲ ပြုပြင်ပြီးရင်း ပြုပြင်ရင်းမို့ လာရောက်တဲ့ ရဟန်းရှင် လူ အများပဲ အားရကြပါတယ်၊ ကိုယ်တော်ရဲ့ ကျန်းမာရေးကလဲ စာရေး-စာချတဲ့အပြင် ပြုပြင်စရာတွေကို ပြုပြင်ကာ စိတ်ရော ကိုယ်ပါ အနားမယူဘဲ အလုပ် လုပ်ပြနိုင်တာကိုလဲ အားရစရာပါပဲ၊
ဒါ့ကြောင့် ဒီလို ဝမ်းမြောက်စရာ အားရစရာ များတဲ့နှစ်က နောက် တစ်နှစ်အား ကျေးဇူးပြုဖို့ရာ နိဂုံးအုပ်ကြပါစို့နော်၊ ကဲကဲ... ကိုယ်တော် ရွတ်နေကျ ကဗျာ ကလေးကို တပည့်တော် ရွတ်လိုက်ဦးမယ်။
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့
ငါပါ အသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
သာဓု သာဓု သာဓု။
---
၁၉။ ခုနစ်ဆယ့်ခြောက်နှစ် မှတ်တမ်း
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော့်အသက် (၇၆) နှစ်အတွင်း ရောက်လာ ပြီနော်၊ ရှေးပိုင်းမှာ ဘာများရှိသေးလဲ။
တပည့်တော်။ ။ ။ အထူးမှတ်စရာ မရှိလှပါဘူးဘုရား၊ တပည့်တော်ကို တွေ့ချင်ကြလို့ လာတဲ့ဒကာ-ဒကာမတွေကတော့ ရှေးတုန်းကထက်များလို့ တစ်ခါ တစ်ခါ အလုပ် ပျက်ပြီး ငြီးငွေ့စရာ ဖြစ်လာပါတယ်၊ ကျောင်းတိုက်မှာ ဆောက်လက်စ ကျောင်းများလဲ ရှေ့သီတင်းကျွတ်ပြီးကစ၍ တစ်ကျောင်းပြီး တစ်ကျောင်းပြီးလာလို့ သံဃာများနေစရာ အတော်များလာပါတယ်။
ဓမ္မဂုတ်။ ။ ဝါဆိုဖို့ အတော် နီးလာပြီနော်၊ ဘာစာဝါများ ပို့ချဖို့ စီစဉ်ထားပါသလဲ။
တပည့်တော်။ ။ ။ နယုန်လပြည့်ကျော် တစ်ရက်နေ့ကစပြီး ပဉ္စပကြိုဏ်ငါးကျမ်းတွင် ကထာဝတ္ထုကျမ်းကို ပါဠိတော်အဋ္ဌကထာ ဋီကာတွဲပြီး ပို့ချနေပါတယ်၊ ပို့ချရင်းလဲ ရေးနေရပါတယ်၊ ဝါဆိုပြီးရင် သုတ်မဟာဝဂ္ဂပါဠိတော်နဲ့ အဋ္ဌကထာကို ပို့ချဖို့ စီစဉ်ထားပါတယ်။
ဓမ္မဂုတ်။ ။ ဝါဆိုသံဃာ ဘယ်လောက်ရှိသလဲ။
တပည့်တော်။ ။ ။ ရှေ့ဝါကျွတ်လောက်ကစ၍ “စာမေးပွဲ ဦးစားမပေးသော စာပို့ချနည်းဖြင့် စာချရ-စာသင်ရမယ်၊ ညဉ့်ဘုရားဝတ်တက်ပြီး တရားထိုင်ရမယ်” ဆိုတဲ့ စည်းကမ်းကို ပီပီသသ လိုက်နာရမည် ဖြစ်သောကြောင့် ယခုဝါဆိုချိန်မှာ သံဃာ လေးရာကျော်သာ ရှိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အင်း... မနှစ်ကဝါထက် ငါးဆယ်နီးနီး လျော့သွားပြီနော်၊ ဒီလိုဆိုရင် ကြာလေလျော့လေဖြစ်ပြီး သံဃာ နည်းမသွားပေဘူးလား။
တပည့်တော်။ ။ ။ တပည့်တော်မှာ “စာချဘုန်းကြီး၊ ဓမ္မကထိကဘုန်းကြီး တပည့်တော်ရဲ့ တိုက်အနီးက ရိပ်သာဘုန်းကြီး နိုင်ငံရေးဘုန်းကြီး”စတဲ့ ဘုန်းတော်ကြီး အမျိုးမျိုးတွေသေရင် တစ္ဆေ-ပြိတ္တာ ဖြစ်သူက မနည်းကြောင်း ကြားနေရတဲ့အပြင် ဝါမဆိုခင် မကြာမီက သီတင်းတစ်ခု ကြားရပြန်တော့ ကောင်းကောင်း မနေမှာကိုသာ တွေးပြီး ရင်မအေးဘဲ ဖြစ်နေပါဟယ် ဘုရား။
ဓမ္မဂုတ်။ ။ ဘာအကြောင်း ကြားရပြန်လို့တုန်း။
တပည့်တော်။ ။ ။ မြို့သာ ရဟန်းခံကိစ္စ၌ သိမ်ထဲမှာ သက်တော်ကြီးဆရာတော် တစ်ပါးက “ဦးပဉ္စင်းတို့ ဝိနည်းသိက္ခာကို ရိုသေစွာဖြင့် ကောင်းကောင်း နေကြပါ၊ အမြင်-အကြားရနေသော ပိဋကတိုက်ကျောင်း ဘုန်းကြီးက မြန်မာရှင်ဘုရင် လက်ထက်က ဝိနည်းလေးစားသော (ရာဇဂုရု) တံဆိပ်ရ တချို့ပင် တစ္ဆေ-ပြိတ္တာ ဖြစ်နေတာကို မြင်ရတယ်”လို့ ပြောသည်ဟု - သတိပေးပါသတဲ့ဘုရား။
ဓမ္မဂုတ်။ ။ ဝိနည်း မလေးစားရင်တော့ ဟုတ်မှာပေါ့ ကိုယ်တော်၊ (ရာဇဂုရု) ဆိုပေမယ့် “ဆွမ်းဆန်တော်ပါဘုရား”လို့ လျှောက်ပြီးလှူတဲ့ ဒေါင်းဒင်္ဂါးငွေတွေကို တချို့က လက်ခံ သာယာနေကြလို့
“မိုးချုပ်လို့ ပြန်ချိန်တော်၊ မြလေးစွယ်တော် ပေါ်သည့်ချောင်းမှာ၊ ဒေါင်းတွေကအော် ... ဒေါင်းအော်ရင် ကြိုသူလွှတ်ပါ့၊ ပျိုတို့မောင် ဝါဝါဝတ်ကို ဒေါင်ခွပ်သည့်လေး”
လို့ ဝိနည်းလေးစားသော ဆရာတော်တစ်ပါးက ဤလေးချိုးကလေးကိုပင် ရေးသား၍ သတိပေးရသေးတယ် မဟုတ်လား။
တပည့်တော်။ ။ ။ ကဿပဘုရားရှင်ရဲ့ သာသနာတော် နောက်ပိုင်းမှာ ရဟန်း တော်တွေ အကျင့်ပျက်လို့ အဝီစိကျပြီးမှ တပည့်တော်တို့ ဘုရားလက်ထက်တော် ရောက်တဲ့အခါ ဂိဇ္ဈကုဋ်မှာ ပြိတ္တာတချို့ ဖြစ်နေကြပုံကို လက္ခဏသံယုတ်, စတုတ္ထပါရာဇိက တို့၌ တွေ့ရသော်လဲ စွဲစွဲမြဲမြဲ သတိမထားမိပါဘူး။
ယခုတော့ မိမိလက်လှမ်းမှီသလောက် ပုဂ္ဂိုလ်တွေက တစ္ဆေ-ပြိတ္တာ ဖြစ်နေကြပုံကို နည်းအမျိုးမျိုးနဲ့ ကြားရ-သိရတဲ့အခါ ဘဝကောင်းဖို့အတွက် လူဝတ်ကြောင်များ ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ မပါဘဲ ဒါနချည်း စိတ်မချရပုံ၊ ရဟန်းသံဃာများ အတွက် ဝိနည်းကို ဂရုမစိုက်ရင် စာပေ ပရိယတ်က မိုးထိအောင် တတ်သော်လဲ နောက်ဘဝ ကောင်းဖို့ စိတ်မချရပုံ၊ မိမိတို့ကသီလမစင်ကြယ်ရင် ဒကာ-ဒကာမတို့ရဲ့ အလှူဒါနလဲ လယ်ယာ မြေကောင်းမှာ မစိုက်ရသလိုဖြစ်သောကြောင့် အကျိုးမများပုံ အတော် စုံစုံလင်လင် တွေးမိနေတယ်။
ထို့ကြောင့် သံဃာနည်းရုံမက တစ်ယောက်ထဲ ကျန်စေကာမူ တရားကျင့်တဲ့မူ မပါသော စာသင်တိုက်ဝယ် သီလစင်ကြယ်ဖို့ ကြိုးစားမှုမရှိသော ရဟန်းသံဃာ များ၏ မိမိဒကာ-ဒကာမများရဲ့ ပစ္စည်းလေးပါးကို သုံးစွဲပြီး ဂုဏ်ရအောင်-လာဘ် ရအောင်ကြိုးစားသော စာမေးပွဲကို နည်းနည်းလေးမျှ အားမပေးလိုသောစိတ်ဆန္ဒ ဖြစ်နေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ အသက်အရွယ်ကြီးပုံ၊ ဒီလိုစိတ်ဖြစ်ပုံကတော့ကိုယ်တော် အတွက် နှစ်သက်ကျေနပ်ဖွယ်ဖြစ်ပါတယ်၊ ကိုယ်တော်ရည်ရွယ်သလို ကိုယ်တော့် ကျောင်းတိုက်ကစပြီး တစ်သာသနာလုံးပြင်ဖို့ တိုက်တွန်း နိုင်ရင်ဖြင့် “အတိုင်းထက် အလွန် တံခွန်နဲ့ဘုရား”ဆိုတာလို ဗုဒ္ဓဘာသာဝင် အားလုံး ကံကောင်း ထောက်မတယ် လို့ ဆိုရမှာပဲ။
တပည့်တော်။ ။ ။ တစ်နိုင်ငံလုံးရဲ့ သာသနာတော်ကို ပြုပြင်ဖို့ကိစ္စမှာတော့ အစိုးရ ကသာ စိတ်ဝင်စားရင် နှစ်အနည်းငယ်အတွင်း ရှင်းလင်းပြီး ဖြစ်နိုင်ပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ အစိုးရကလဲ မဆူမပူဘဲနဲ့ ပြုပြင်နိုင်တဲ့ နည်းလမ်းကိုတွေ့ရရင် လက်ခံမှာ သေချာပါတယ်၊ ဘာပြုလို့လဲ ဆိုတော့ ... ဘာသာရေး အပို ကုန်ကျစရိတ်က နိုင်ငံအပေါ်မှာ တာဝန်ပိုနေသလို အတုအယောင် ရဟန်း တွေကြောင့် သို့မဟုတ် ရဟန်းအလုပ်ကို မလုပ်ဘဲ လူ့အလုပ်ကို လုပ်နေတဲ့ ရဟန်းတွေကြောင့်၊ အုပ်ချုပ်ရေးမှာလဲရှုပ်ထွေး၍ တာဝန်ပိုတာကို အစိုးရ ကိုယ်တွေ့ ဖြစ်နေရလို့ပါ။
တပည့်တော်။ ။ ။ သာသနာတော်ကို ပြုပြင်ရတဲ့အတွက် ဆူဆူပူပူနဲ့ ဒေါသတွေ ဖြစ်ရမယ့်နည်းမျိုးဆိုရင် တပည့်တော် မစဉ်စားပါဘူး၊ ယခုစဉ်စားထားတာက မည်သူမျှ ဆူပူဖို့မလိုဘဲ အားလုံးလက်ခံနိုင်မယ့် အစီအစဉ်သာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကောင်းပါတယ်ကိုယ်တော်၊ အထမြောက်ပါစေလို့လဲ ဆန္ဒပြုပါတယ်။ ဒါ့ထက် မြောင်းမြဆရာတော်ဘုရားကြီး ဒီနှစ် ဘယ်မှာဝါကပ်တော်မူမှာတဲ့လဲ။
တပည့်တော်။ ။ ။ ဆရာတော်ဘုရားကြီး ဒီနှစ် ၁၃၃၇-ခုနှစ် ဝါဆိုလပြည့်ကျော် (၂) ရက်နေ့ နံနက် (၇)နာရီ သာသာလောက်က နှစ်ဖက်ကွဲနေတယ်လို့ အများက သမုတ်ကြသော ရန်ကုန်မဟာဗောဓိကျောင်းတိုက်ကို မျက်နှာလွှဲ၍ တစ်ပါးထဲ ကြွသွားတော်မူပါပြီဘုရား။
ဓမ္မဂုတ်။ ။ အား.... အဲဒီ ကိစ္စနဲ့စပ်ပြီး ကိုယ်တော်ကော အလောင်းတော်ကို အဖူးမြော် သွားသေးလား။
တပည့်တော်။ ။ ။ တပည့်တော် သွားသော်လဲ ဆရာတော်အတွက် ထူးတော့မည် မဟုတ်တာလဲ တစ်ကြောင်း၊ ကွဲနေသော တပည့်နှစ်ဖက်ကို စေ့စပ်အောင် တတ်နိုင်မည် မထင်တာလဲ တစ်ကြောင်း၊ အများနဲ့ အတူစား မဟုတ်ဘဲ သက်သတ်လွတ် စားနေတဲ့အတွက် ဒကာများကို တာဝန်ပိုမှာစိုးတာလဲ တစ်ကြောင်း ကြောင့် အဝေးကသာ ပူဇော်ရပါတော့တယ်ဘုရား။
ဓမ္မဂုတ်။ ။ ဆရာတော်ကြီးက ကိုယ်တော့်အပေါ်မှာ အလွန် ကျေးဇူးများခဲ့တယ် နော်။
တပည့်တော်။ ။ ။ တပည့်တော်ရဲ့ ယခုအချိန်အထိ အလုပ်လုပ်နေနိုင်တာဟာ အရင်းခံကတော့ ဆရာတော်ကြီးရဲ့ စောင့်ရှောက်မှုပါပဲဘုရား၊ အဲဒီ အကြောင်းကို ရှေးပိုင်းမှာ ရေးခဲ့ပါပြီ၊ ဒီလို ကျေးဇူးရှင် ဖြစ်သောကြောင့် တပည့်တော့ ကျောင်းတိုက်သို့ ဆရာတော်ကြွလာတဲ့အခါ ချမ်းသာစွာ သီတင်းသုံးဖို့ရာ ကုဋီ-ရေ အပြည့်အစုံပါသော သီခြား နံကပ်ကျောင်းကို စီစဉ်ထားပါတယ်၊
ဆရာတော်ကြီးက အပူကြောက်လို့ တပည့်တော်နဲ့ စပ်တဲ့ မေမြို့ ဂန္ဓာရုံကျောင်း မှာလဲ ယခုဝါတွင်း ကျောင်းသစ်ဆောက်ဖို့ စီစဉ်ပြီးပါပြီ၊ ဆရာတော်ကြီးကို နွေတုန်းက မေမြို့ကို ခေတ္တကြွဖို့ ပင့်ပါတယ်ဘုရား၊ ဒါပေမယ့် “မိမိမရှိရင် မဖြစ်ဘူး”လို့ ယူဆတော်မူပြီး ကြွတော်မမူနိုင်ပါဘူး။
ဓမ္မဂုတ်။ ။ မဟာဗောဓိကျောင်းတိုက်နဲ့ စပ်ပြီးတော့ ဘာမှ အကြံဉာဏ် မလျှောက်ဘူးလား။
တပည့်တော်။ ။ ။ တပည့်တော်မှာ ငယ်တပည့်ဖြစ်လို့ ဆရာတော်ကြီး စိတ်ထိခိုက်မဲ့ အကြံကိုလဲ မပေးရဲပါဘူး၊ ဒီမဟာဗောဓိကျောင်းတိုက်ကို လက်ခံတဲ့ အခါတုန်းက ကျွန်းကုန်းဆရာတော်လဲ ရှိပါသေးတယ်၊ ဆရာတော်ကြီးနဲ့ နှစ်ကိုယ့်တစ်စိပ်လို ဖြစ်နေပါတယ်၊ ဝါတော်လဲ တူတယ်လို့ ထင်ပါတယ်၊ သက်တော်-ရွယ်တော် အတူပါပဲ၊ မဟာဗောဓိကျောင်းတိုက်ကို လက်ခံစဉ်က ဆရာတော်နှစ်ပါးလုံး အသက် (၇၀) အရွယ် ရှိနေပါပြီ။
ဒါ့ကြောင့် ကျွန်းကုန်း ဆရာတော်ကြီးထံ စာရေးပြီး လျှောက်ဖူးပါတယ်၊ ကျောင်းတိုက်တစ်တိုက် အထမြောက်ဖို့အတွက် အနည်းဆုံး (၁၀) နှစ် လောက် ကြိုးစားမှ အရာထင်နိုင်ပါတယ်၊ ဒါ့ကြောင့် မဟာဗောဓိ ကျောင်းကို စာသင်တိုက် ဖြစ်အောင် ကြိုးစားမယ်ဆိုရင် ဆရာတော်များ သက်တော် (၈၀)လောက်မှ အထ မြောက်ပါ့မယ်၊ ဆက်လက်ပြီး ခိုင်မြဲအောင်လုပ်ဖို့ အချိန်မရှိတော့ပါ၊ အေးအေး ဆေးဆေးနေဖို့ အရွယ်ကိုလဲ ချန်ရပါသေးတယ်၊ ဒီလို အဓိပ္ပာယ်ပါသောစာကိုရေးပြီး လျှောက်လိုက်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဘယ်လို စာပြန်ပါသလဲ။
တပည့်တော်။ ။ ။ “ကြောင့်ကြ မစိုက်ကြပါဘူး၊ အေးအေး နေကြပါတယ်” ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ စာပြန်ပါတယ်၊ တပည့်တော်နဲ့ တွေ့တိုင်းလဲ ကျွန်းကုန်း ဆရာတော်နဲ့ ဆရာတော်ကြီးကပါ “အေးအေး နေကြပါတယ်”လို့ပဲ အမိန့်ရှိပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကတော့ ဘယ်လိုတွေးသလဲ။
တပည့်တော်။ ။ ။ တပည့်တော်က တပည့်တော်ရဲ့ ဂန္ဓာရုံတိုက်၌ ကြောင့်ကြစိုက် ရပုံကို စဉ်းစားပြီး ကိုယ်ချင်းစာမိပါတယ်၊ အတော်ကြာတော့ ကျွန်းကုန်း ဆရာတော် ပျံလွန်တော်မူတဲ့အခါ ဆရာတော်ကြီးတစ်ပါးတည်းမှာ အကူအညီ တပည့်ကြီး ကောင်းကောင်း လိုတယ်လို့သာ စဉ်းစားမိပါတယ်။
နောင် တခြားက ဘုန်းကြီးတစ်ပါး ရောက်လာလို့ အဆင်ပြေလိမ့်မယ်လို့ ယူဆထား ရာမှ အဆင်မပြေကြောင်း ကြားသိရပါတော့တယ်၊ ဒီကိစ္စကို ဒီတွင်ပဲ ရပ်ကြပါစို့ ဘုရား။
ဓမ္မဂုတ်။ ။ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ရန်ကုန် မဟာဗောဓိသို့ ရောက်သေးသလား။
တပည့်တော်။ ။ ။ ပဲခူးမှာ ရွှေကျင်ဂိုဏ်း အစည်းအဝေးရှိလို့ ရန်ကုန်က သိမ်သမုတ် ကိစ္စ နှစ်ကိစ္စ ရှိတာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ရန်ကုန်က လှည့်သွားပါတယ်၊ အဲဒီအခါ မဟာဗောဓိမှာ တည်းပါတယ်။
ဓမ္မဂုတ်။ ။ အရင် ပဲခူးအစည်းအဝေးတုန်းက မလိုက်ဘဲ ယခု အစည်းအဝေးကျမှ ဘာမျှော်လို့ လိုက်ရတာတုန်း။
တပည့်တော်။ ။ ။ မျှော်လို့ မဟုတ်ပါဘူး မြောင်းမြဆရာတော် ပျံလွန်တော် မူကတည်းက ဂိုဏ်းအတွက် ဥက္ကဋ္ဌ (သာသနာပိုင်) တစ်ပါး လိုနေလို့ ထို အစည်းအဝေးမှာ ဥက္ကဋ္ဌ ရွေးကြရပါလိမ့်မယ်၊ “ဒီကိစ္စအတွက် တပည့်တော်ကို မစဉ်းစားကြပါနဲ့”လို့ မန္တလေးက တာဝန်ဆောင်များကို အသိပေးထားပါတယ်၊
အစည်းအဝေးကိုလဲ တပည့်တော် (အဝေး) လိုက်လေ့ မရှိပါဘူးလို့ ပြောတော့ အစည်းအဝေးတော့ တစ်ရက်ဖြစ်ဖြစ် ကြွပါဦးလို့ ပြောကြလို့ တစ်ညအတွက် တရားဟောရုံ ဟောပြီး အစည်းအဝေးပြီးမယ့် နောက်တစ်ရက်မှာ (အစည်းအဝေး ပြီးအောင် မနေဘဲ) ရန်ကုန်မှာ ကိစ္စရှိလို့ ပြန်လာခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ တရားဟောတော့ ဘာအကြောင်းများ ဟောခဲ့သလဲ။
တပည့်တော်။ ။ ။ ပဲခူး ရွှေကျင်ဂိုဏ်းကို “တောဂိုဏ်း”လို့ ခေါ်ပါတယ်။ “တောဂိုဏ်း”ဆိုတာ ပဲခူးဆရာတော် ဦးသီလနဲ့အတူ တောမှာ သီတင်းသုံး ကြသော ဘုန်းတော်ကြီးများကို အစွဲပြုပြီး ဖြစ်လာတဲ့ ဂိုဏ်းပါ၊ နောက်မှ ရွှေကျင် ဆရာတော်ကြီးရဲ့ ဂိုဏ်းနဲ့ သဘောတူလို့ ပေါင်းပြီး “ရွှေကျင်ဂိုဏ်း, တောဂိုဏ်း”လို့ ခေါ်တာပါ။
ဒါ့ကြောင့် ယခုအခါမှာ သာသနာတော်၌ အကျင့်စာရိတ္တဖက်က အလွန် လျှောကျ နေပြီဖြစ်သည့် အတွက် ပဲခူးနယ်စသော အောက်ပြည် ဂိုဏ်းဝင် သံဃာတော်များက ဆရာတော် ဦးသီလနီးနီး သီလသိက္ခာကြီးဖို့၊ အထက်ပိုင်း ဂိုဏ်းဝင်သံဃာတော်များ ကလဲ ရွှေကျင်ဆရာတော်နီးနီး သီလ သိက္ခာကြီးဖို့ ကြိုးစားသင့်ပါကြောင်း လျှောက်ထားခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ သီလသိက္ခာလျှောကျလို့ အပြစ်ရပုံကိုကော မဟောခဲ့ဘူးလား။
တပည့်တော်။ ။ ။ ဟောခဲ့ပါတယ်ဘုရား၊ သီလသိက္ခာ မရှိကြလို့ ပြိတ္တာဘဝမှာ ယခုခေတ်ပုဂ္ဂိုလ်တချို့ တွေ့ရပုံကို လက်တွေ့ဝတ္ထုများပြ၍ လျှောက်ခဲ့တဲ့ အပြင်၊ အမြင် အထင်ပေါက်သော ဆရာတော်တစ်ပါးကမူ ရှင်ဘုရင် လက်ထက်က ရာဇဂုရု ဆရာတော်တချို့ကိုပင် ပြိတ္တာဘဝ၌ တွေ့မြင်ရသည် ဟု ပြောကြောင်း၊ ယခုခေတ် အဂ္ဂမဟာပဏ္ဍိတများလဲ သီလမစင်ကြယ်ရင် ထိုရာဇဂုရု ဆရာတော်များလမ်းသို့ မြန်းရဖို့ရှိကြောင်းကိုပါ လျှောက်ခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်တရားကို ဘုန်းတော်ကြီးအများကတော့ ကျေနပ်မယ် မဟုတ်ဘူး၊ မြှောက်ဟောမှ အများက ကျေနပ်တာကိုယ်တော်။
တပည့်တော်။ ။ ။ တပည့်တော်ကျောင်းမှာ ပြောလေ့ရှိတဲ့ စကားတစ်ရပ်က “ကိုယ့်ကိုယ်တိုင် အထင်မကြီးတဲ့ အရာကို လူ ဒကာ-ဒကာမများ အထင်ကြီးအောင် မပြောရ မဟောရဘူး”လို့ တားမြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် လူအများက အမှန်အတိုင်း နားလည်ဖို့ အရေးကြီးပါတယ်။
ဓမ္မဂုတ်။ ။ ဒါ့ပြင်တော့ ဘာအကြောင်းကို ဟောသေးတုန်း။
တပည့်တော်။ ။ ။ တရားပြီးခါနီးတော့ “ခယံ ဝိရာဂံ အမတံ ပဏီတံ”ဂါထာအတိုင်း နိဗ္ဗာန်၏အကြောင်း ဟောပါတယ်၊ အဲဒီအချိန်မှာ ပရိသတ်လဲ အလွန်ငြိမ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟောတဲ့ညက ပရိသတ် တော်တော်များသလား။
တပည့်တော်။ ။ ။ ကြခတ်ဝိုင်းကျောင်းတိုက်ဓမ္မာရုံကြီးဆိုတာ သံဃာတစ်ထောင်ကို ချောင်ချောင် ဆွမ်းကပ်လို့ ဆံ့ပါသတဲ့၊ အဲဒီဓမ္မာရုံအတွင်း ပြည့်နေတဲ့ အပြင် ပတ်ဝန်းကျင်မှာလဲ လူရော သံဃာတော်များပါ အတွင်းလောက်မက များတယ်လို့ ပြောကြပါတယ်၊
တရားဟောပြီး ထွက်လာတော့ လူတွေက တိုးဝှေ့ပြီး တပည့်တော်ကို ကြည့်လိုက်ကြတာ တပည့်တော်မှာ ထွက်လာယင်း မေတ္တာပို့လို့ မပြီးနိုင်အောင် ရှိရပါတယ်၊ အဲဒီကပြန်လို့ မိမိနေရာ ရောက်တဲ့အခါလဲ ယခုတိုင်အောင် မေတ္တာ ပို့တဲ့အခါ ပဲခူးနယ် နတ်ကြီးများနှင့်တကွ ဆရာတော် သံဃာတော် ဒကာ-ဒကာမ အားလုံးကို သီခြားနာမည်ထဲမှာ ထည့်၍ ပို့ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော့်စကားထဲမှာ “ကိုယ့်ကိုယ်တိုင် အထင်မကြီးတဲ့ အရာကို လူ ဒကာ-ဒကာမများ အထင်ကြီးအောင် မပြောရ-မဟောရဘူး”လို့ ဆိုတယ်၊ ကိုယ်တော့်ကိုယ်တိုင်က သာသနာတော်ကို အထင်မကြီးလို့လား။
တပည့်တော်။ ။ ။ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ဆိုတာ -
- ပရိယတ် (စာပေသင်ကြား ပို့ချမှု)
- ပဋိပတ် (သီလမှစ၍ သမာဓိရအောင် ဝိပဿနာဉာဏ် မြင်အောင် ကျင့်မှု)
- ပဋိဝေဓ (မဂ်ဖိုလ်ရမှု)
ဤသုံးမျိုးကို ဆိုပါတယ်။
ရဟန်းတော်များကိုတော့ ထိုသာသနာတော်သုံးရပ်၏ တာဝန်ကို (မကွယ်အောင် မလျော့အောင်) ထမ်းဆောင်နေကြသည့် အတွက်ကြောင့် သာသနာ့ဝန်ဆောင်များ လို့ ခေါ်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ်လေ၊ ကိုယ်တော်က အဲဒီ သာသနာကို အထင်မကြီး လို့လား။
တပည့်တော်။ ။ ။ တပည့်တော်က သာသနာတော်ကိုတော့ သိပ်အထင်ကြီးတာပဲ၊ သို့သော် သာသနာ့ ဝန်ဆောင်များ၏ ဝန်ဆောင်ပုံကိုတော့ အားမရဘူး ဘုရား။
ဓမ္မဂုတ်။ ။ ဘာပြုလို့ ဝန်ဆောင်ပုဂ္ဂိုလ်များကို အားမရတာလဲ။
တပည့်တော်။ ။ ။ အရှင်ဘုရားပဲ လေးလေးနက်နက် စဉ်းစားကြည့်ပါလား၊ လူတွေက ထောက်ပံ့လိုက်ကြတာ လိုတယ်ကို မရှိသလောက်ဘဲ၊ ဒါပေမယ့် ထောက်ပံ့ပုံ နည်းမမှန်တော့ သာသနာတော်က အောက်ဆုံးဖြစ်တဲ့ သီလ အကျင့် ဖက်က ပျက်စီးလိုက်တာ အတော်ကြာရင် သာသနာအစစ် ပျောက်ပြီး အတုတွေသာ ကျန်ရစ်တော့မှာပဲ။
ဓမ္မဂုတ်။ ။ အင်း ... ကိုယ်တော်ပြောတော့ တပည့်တော်စိတ်ထဲမှာလဲ နည်းနည်း မကောင်းဖြစ်သွားတယ်ကိုယ်တော်၊ ပရိယတ် (စာပေသင်ကြား ပို့ချမှု)မှာ ဂုဏ်ရှိဖို့ လာဘ်ရဖို့က ပဓာနဖြစ်နေတယ်၊ ပဋိပတ်ဆိုတဲ့ ကျင့်မှုမှာလဲ ဂုဏ်တွေ လာဘ်တွေ လွှမ်းမိုးပြီး တချို့ နေရာမှာ သီလ-သမာဓိရော လက်လွတ်သလောက်ပါပဲ၊ ဘယ့်နှယ် ကိုယ်တော်... တရားအားထုတ်တယ် ဆိုပြီး၊ ကဲလေ... မပြောချင်ပါဘူး။
တပည့်တော်။ ။ ။ မပြောတာဘဲ ကောင်းပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ပဲခူးအစည်းအဝေးမှာ ဥက္ကဋ္ဌ တင်ဖြစ်ရဲ့လား။
တပည့်တော်။ ။ ။ တပည့်တော် တရားဟောတဲ့ညကပင် အရှေ့မဟာဝိသုဒ္ဓါရုံ တိုက်အုပ် သက်တော်ကိုးဆယ်ကျော် ဆရာတော်ကြီးကို ဥက္ကဋ္ဌတင်ကြပါ သတဲ့၊ ထို့နောက် ဒုတိယဥက္ကဋ္ဌရွေးတော့ အခြားဆရာတော်များအပြင် တပည့်တော်ကိုလဲ ထည့်ထားတယ်ကြားလို့ ပြန်နုတ်ဖို့ (ဆိုင်ရာကို) ပြောခဲ့ပါသေးတယ်၊ ဒါပေမယ့် အနုတ်မခံကြပါဘူးတဲ့။
ဓမ္မဂုတ်။ ။ “ရန်ကုန် ကိစ္စရှိလို့”ဆိုတာက ဘာကိစ္စလဲ၊ သိမ်သမုတ်ကိစ္စလား။
တပည့်တော်။ ။ ။ သိမ်သမုတ်ကိစ္စက ပဲခူးအစည်းအဝေး မသွားခင်ကပင် ဆောင်ရွက်ပြီးပါပြီ၊ ယခုကိစ္စကတော့ ပျံလွန်တော်မူသော ဆရာတော်ကြီး၏ မြောင်းမြ ပဇ္ဇောတာရုံ ကျောင်းတိုက်ကိစ္စနဲ့ ရန်ကုန် မဟာဗောဓိကျောင်းတိုက် ကိစ္စဖြစ်လို့ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီကိစ္စများကို ဘယ်လို စီစဉ်ခဲ့ကုန်း။
တပည့်တော်။ ။ ။ ပဇ္ဇောတာရုံက ဥုးဉာဏိကနဲ့ တပည့်အားလုံးက ရန်ကုန် မဟာဗောဓိရွှေ့ပြီး မဟာဗောဓိ စာချဘုန်းကြီး ဥုးကုမာရနဲ့ တပည့်အားလုံးက မြောင်းမြ ပဇ္ဇောတာရုံ ရွှေ့ဖို့ အစီအစဉ်ပါပဲ။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့် ဒီလို စီစဉ်ရတာတုန်း။
တပည့်တော်။ ။ ။ စာချဘုန်းကြီး ဥုးဉာဏိကက သက္ကတ အင်္ဂလိပ်နှင့် ပိဋကပါ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ ရန်ကုန်မှာသာ အလုပ် လုပ်သင့်တယ်လို့ ယူဆ ပါတယ်၊ စာချဘုန်းကြီး ဥုးကုမာရက တိုက်တာအုပ်ချုပ်မှုနှင့် စာချမှု၌သာ ကျွမ်းကျင်တယ်၊ အဟော အပြော အလေ့အထ မရှိပါဘူး။
မြောင်းမြမှာတော့ ထိုဘုန်းကြီးနဲ့ ကောင်းတူဆိုးဖက် စာချဘုန်းကြီး ဥုးဣန္ဒဝံသက ပဇ္ဇောတာရုံတိုက်သစ်မှာရှိတော့ နှစ်တိုက် တစ်တိုက်ဆိုသလို အပြန်အလှန် အကူအညီ ရနိုင်သောကြောင့် ဥုးကုမာရက မြောင်းမြ ပဇ္ဇောတာရုံတိုက်ဟောင်းမှာ နေသင့်တယ်လို့ ယူဆပါတယ်၊ ဒါကြောင့်သာ ထိုဘုန်းကြီး နှစ်ပါးလုံးရဲ့ နောင်ရေးကို ကြည့်ပြီး စီစဉ်ရခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီအစီအစဉ်ကို ထိုဘုန်းကြီးများက သဘောတူရဲ့လား။
တပည့်တော်။ ။ ။ တပည့်တော် သိရသလောက်တော့ ထိုဘုန်းကြီး နှစ်ပါးကလဲ သဘောတူပါတယ်၊ ထိုအခါ လပွတ္တာ လေးထပ်ဆရာတော်လဲ ရှိလို့ လေးထပ် ဆရာတော်ကလဲ သဘောတူပါတယ်၊ ရန်ကုန် မဟာဗောဓိကျောင်ဒကာ ဦးကိုကိုလေးနဲ့ ဒကာထိန်ဝင်းတို့ကလဲ ဒီလိုဖြစ်ရင် အတိုင်းထက်အလွန် ကောင်းပါတယ်လို့ လျှောက်ကြပါတယ်။
ဓမ္မဂုတ်။ ။ သာဓု ကိုယ်တော် သာဓု-သာဓု။
တပည့်တော်။ ။ ။ သုံးခွန်းပြည့်အောင် မခေါ်သေးနဲ့ဘုရား၊ နှစ်ခွန်းလောက်နဲ့ ရပ်ထားပါဦး၊ အလုပ်ကိစ္စဆိုတာ အားလုံး ပြီးစီးမှ ချီးမွမ်းရတယ်လို့ လောကနီတိက ဆိုထားပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်တော့မှ ပြီးမှာတုန်း။
တပည့်တော်။ ။ ။ ယခုအချိန်မှာ တစ်ထောင့်သုံးရာ သုံးဆယ့်ခုနစ်ခု (၁၃၃၇) တန်ဆောင်မုန်း လကုန်ခါနီးဖြစ်လို့ စာမေးပွဲမဝင်ကြရသေးဘူး၊ အစိုးရစာမေးပွဲ အတွက် ကြိုးစားကြတုန်း ရှိသေးတယ်၊ ထိုစာမေးပွဲပြီးတော့လဲ သင်္ကြန်က တစ်ဆက် တည်းကျမှာ၊ အဲဒီ သင်္ကြန်ပြီးမှ အပြောင်းအရွှေ့ လုပ်ကြရပါ့မယ်။ အားလုံး ပြောင်းရွှေ့ပြီး၍ နေသားတကျ ဖြစ်တဲ့အခါ ရောက်မှ သာဓု သုံးခွန်း ပြည့်အောင် ခေါ်တာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ကောင်းပြီ၊ သာဓု-သာဓု (နှစ်ကြိမ်သာ ခေါ်ထားဦးမယ်နော်။)
တပည့်တော်။ ။ ။ ဟုတ်ပါတယ်၊ နှစ်ခွန်းပဲ ခေါ်ပါဦး၊ ယခုခေတ်က အကောင်း လုပ်ပေမယ့် အများက အကောင်းလို့ ယူဆချင်မှ ယူဆကြမှာပါ၊ တပည့်တော် ကတော့ ဖြစ်တာ မဖြစ်တာ မိမိတာဝန်မဟုတ်၊ ဖြစ်သင့်တာကို အကြံဉာဏ်ပေးခြင်း သာ မိမိတာဝန်လို့ ယူဆပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဥုးဇနကရေ … ယခု တပို့တွဲလပြည့်ကျော်လာပြီ၊ ကိုယ်တော့ အသက် ခုနစ်ဆယ့်ခြောက်နှစ် ပြည့်တော့မယ်၊ ကိုယ်တော့ အလုပ်များ တော်တော် အထမြောက်ရဲ့လား။
တပည့်တော်။ ။ ။ မှန်ပါ၊ အတော်တော့ အထမြောက်တယ်လို့ ဆိုရမှာပဲ၊ ပို့ချနေတဲ့ စာဝါနှစ်ဝါတွင် ကထာဝတ္ထု ပါဠိတော် အဋ္ဌကထာ ဋီကာ သုံးကျမ်းက တန်ခူးလ သင်္ကြန်မကျခင် ပြီးစီးစရာရှိပါတယ်၊ သုတ်မဟာဝဂ္ဂ ပါဠိတော် အဋ္ဌကထာကလဲ စာလိုက်သံဃာများကို မှတ်စရာတွေ ထောက်ထောက်ပြပြီး မနှေးလွန်း မမြန်လွန်း ပို့ချနေတာမို့ အများစုက သဒ္ဓါတရား တိုးတက်ကြဟန် တူပါတယ်၊ ယခု မဟာပဒါနသုတ် ရောက်တဲ့အခါမှာ စာချ တာဝန်ဆောင်များပင် လိုက်နေကြပါတယ်။
ဓမ္မဂုတ်။ ။ အဲ... ကောင်းတယ် ကိုယ်တော်၊ သကျသီဟ ဓမ္မာစရိယဖြစ်ဖြစ်၊ အခြား ဓမ္မာစရိယဖြစ်ဖြစ် ကိုယ်တိုင် မသွားဘူးသောလမ်းကို (အကျိုးရှိပုံ ကိုယ်တိုင် မသိဖူးတော့) ကိုယ့်တပည့်များကို လမ်းမပြဝံ့ဘူး၊ ကိုယ်တော်ကတော့ ကိုယ်တိုင် သွားဖူး-ပေါက်ဖူး-ချဖူးနေလို့ ကိုယ်တိုင်ချပြီး တပည့်များအား သဒ္ဓါတရားဖြစ်မယ့် အချက်များကို မှတ်ချက်ချပြနိုင်တာ။
တပည့်တော်။ ။ ။ မှန်ပါတယ်ဘုရား၊ ပြီးခဲ့တဲ့ မဟာပဒါနသုတ်မှာ “ဥဂ္ဃဋိတညူ - ဝိပဉ္စတညူ - နေယျ - ပဒပရမ”ဟု ပုဂ္ဂိုလ်လေးမျိုး ပြတော်မူပါတယ်၊ အဲဒီ လေးမျိုးတွင် ရှေ့သုံးမျိုးက ယခုဘဝမှာပင် တရားထူး ရကြပါတယ်၊ နောက်ဆုံး တစ်မျိုးက ဆရာကောင်းထံ နာယူမှတ်သားပြီး ကြိုးကြိုးစားစား တရားအားထုတ် ရပါတယ်၊
သို့သော် တရားထူးမရဘဲ နောက်နောက်ဘဝ၌ အထုံဝါသနာပါဖို့ အကျိုးသာ ရပါတယ်၊ နောက်ဘုရားနဲ့ တွေ့ရင်လဲ တရားရဖို့ လွယ်ကူပါတယ်၊ အဲဒီပုဂ္ဂိုလ်တောင်မှ ယခုခေတ်လို စာမေးပွဲတွေ အောင်ပြီး နာမည်ကြီးရုံနဲ့ ကျေနပ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲ တကယ့်ကို တရားအားထုတ်ပါသေးတယ်။
ထိုသို့ အားမထုတ်တဲ့ ပုဂ္ဂိုလ်ဆိုရင် နောက်ပိတ်ဆုံး ပဒပရမအဆင့် လောက်မှ မရောက်ပါဘူး၊ အဲဒီလို ထောက်ပြတဲ့အခါမှာ စာချဘုန်းကြီး တချို့က သူတို့ မှတ်ထားပုံနဲ့ မတူသောကြောင့် ကျမ်းရင်းအတိုင်း သိဖို့လိုကြောင်း သဘောပေါက်ပြီး ကိုယ်တိုင် စာလိုက်ကြတာဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အင်း ... စာပို့ချရကျိုး နပ်လိုက်တာ ကိုယ်တော်။ အဲဒီပုဂ္ဂိုလ်လေးမျိုးရဲ့ သဘောကို ဒီမှာထည့်ရရင် မကောင်းပေဘူးလား။
တပည့်တော်။ ။ ။ အကျယ်ပြဖို့တော့ စိတ်မဝင်စားတဲ့သူများအထွက် ပျင်းစရာ ဖြစ်ပါလိမ့်မယ်၊ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များ အကျဉ်း မှတ်သားရအောင် စာပို့ချတုန်းက ရေးပေးတဲ့ လင်္ကာလေးပုဒ်ကို ထည့်သွင်းပါ့မယ်။ အကျယ် လိုချင်ရင်တော့ ထို အဋ္ဌကထာကို ကြည့်ကြပေါ့ဘုရား။
၁။ သစ္စာလေးဝ, မြတ်ဓမ္မကို, စ၍ဟောလင့်, ဉာဏ်ကိုဖွင့်က, လွယ်လင့် ထုတ်ချောက်, တရားပေါက်မူ, ထိုသည့်သူ, တညူဥဂ္ဃဋိ မှတ်။
၂။ အကျဉ်းတရား, ဟောတုံငြားက, တရားထင်ထင်, မသိမြင်ဘဲ, ချဲ့ထွင် ထပ်လှောက်, အကျယ်ရောက်မှ, ထွင်းဖောက်သိမူ, ထိုသည့်သူ, တညူဝိပဉ္စိ မှတ်။
၃။ ဘုရားဟောဖေါ်, တရားတော်ကို, သင်သော်မယွင်း, နာယူခြင်းနှင့်, ရှင်းလင်းအောင်မေး, မြဲဆွေးနွေးလျက်, ကြံတွေးစဉ်းစား, ဘာဝနာပွားမှ တရားရမူ, ထိုသည့်သူ, ခေါ်ယူ နေယျမှတ်။
၄။ ဘုရားဟောဖော်, တရားတော်ကို, သင်သော်မယွင်း, နာယူခြင်းနှင့်, ရှင်းလင်းအောင်မေး, မြဲဆွေးနွေးလျက်, ကြံတွေးပို့ချမှု တရားပြ၍, သီလသိက္ခာ, စင်ကြယ်စွာဖြင့်, ဘာဝနာ ကမ္မဋ္ဌာန်း, လွန်ကြိုးပမ်းလည်း, ဉာဏ်စွမ်းမပြ, တရား မရဘဲ, ဘဝနောင်ခါ, အထုံပါဖို့, ကျမ်းစာ ပုဒ်ပါဌ်, တတ်ရုံသာမျှမှု အကျိုးရ, ပဒပရမ မှတ်။
ဓမ္မဂုတ်။ ။ စတုတ္ထဖြစ်တဲ့ ပဒပရမပုဂ္ဂိုလ်က ယခုကာလအများနှင့် ဆိုင်နေပါတယ်၊ နားလည်အောင် ရှင်းပြစမ်းပါ ကိုယ်တော်။
တပည့်တော်။ ။ ။ ဘုရားတရားတော်ကို စာသင်သားအဖြစ်ဖြင့် သင်ယူခြင်း၊ သို့မဟုတ် တရားနာသူ အဖြစ်ဖြင့် နာယူခြင်း၊ သင်အပ်ပြီး- နာယူအပ်ပြီး သောတရားကို ဆရာ့အထံ၌ အဖန်ဖန် မေးမြန်းခြင်း၊ ထိုတရား၏ အဓိပ္ပာယ်ကို ကြံစည်ခြင်း၊ ဆရာလုပ်၍ ပို့ချခြင်း၊ သို့မဟုတ် ဟောပြခြင်း၊ သီလသိက္ခာ စင်ကြယ်စွာဖြင့် သမထကမ္မဋ္ဌာန်း-ဝိပဿနာကမ္မဋ္ဌာန်းကို ကြိုးဖမ်း အားထုတ်ခြင်း၊ ဤအားလုံးကို ပြုပါသော်လည်း ဉာဏ်၏ အစွမ်းပြသော အားဖြင့် တရားထူးကို မရနိုင်၊
နောက်နောက်ဘဝ၊ သို့မဟုတ် နောက်သာသနာနဲ့ ကြုံသောအခါ တရားအားထုတ်မှု အထုံပါသောကြောင့် လွယ်ကူစွာ တရားပေါက်ဖို့ အကြောင်းသာ ဖြစ်၏၊ ဤဘဝ အတွက်မှာ ကျမ်းစာ ပုဒ်ပါဌ်တို့ကို တတ်ရုံအထိသာ အကျိုးရှိ၏၊ ဤပုဂ္ဂိုလ်ကို “ပဒပရမပုဂ္ဂိုလ်”လို့ ခေါ်သည်။
(ပဒ - ကျမ်းစာ ပုဒ်ပါဌ်တတ်ခြင်းဟူသော + ပရမ - အလွန်ဆုံး အကျိုးရှိသူ။)
ဓမ္မဂုတ်။ ။ ကိုယ်တော်ပြောတာက အတွေးနဲ့ပြောတာလား၊ လူဝတ်ကြောင် ဖြစ်ဖြစ်၊ ရဟန်းသာမဏေဖြစ်ဖြစ်၊ တရားအားမထုတ်တဲ့ပုဂ္ဂိုလ် တရား အားထုတ် သော်လဲ သီလမစင်ကြယ်တဲ့ ပုဂ္ဂိုလ်ဟာ တရားထူး မရဘူး ဆိုတာတော့ ထုံးစံဖြစ်လို့ ထားလိုက်ပါတော့၊ ကိုယ်တော် စာထဲမှာ... “သီလသိက္ခာ စင်ကြယ်စွာဖြင့် တရား အားထုတ်သော်လဲ”ဆိုတဲ့ အပိုဒ်ကို ရှင်းပြစမ်းပါ။
တပည့်တော်။ ။ ။ ဒီနေရာကနေပြီး ရှင်းပြလို့တော့ နားလည်ဖို့ မလွယ်ဘူးဘုရား၊ သုတ်မဟာဝဂ္ဂ မဟာပဒါနသုတ် အဋ္ဌကထာ ဋီကာကို သေချာစွာကြည့်မှ နားလည်နိုင်မယ်။
ဓမ္မဂုတ်။ ။ အဲဒီ အဋ္ဌကထာ ဋီကာမှာ “တရားအားထုတ်တယ်”လို့ မပါဘူး ဆိုပါလား။
တပည့်တော်။ ။ ။ ထိုဘဝ၌ “တရားမရနိုင်ဘူး”လို့တော့ ဆိုတယ်မဟုတ်လား။
ဓမ္မဂုတ်။ ။ ဆိုပါတယ်၊ ဋီကာမှာလဲ “ထို အတ္တဘောဖြင့် မဂ်ဖိုလ်ကို မရနိုင်၊ အောက်ထစ်ဆုံး ဈာန်လဲမရ၊ ဝိပဿနာလဲ မရနိုင်”လို့ ဆိုပါတယ်။
တပည့်တော်။ ။ ။ အားမထုတ်တဲ့ပုဂ္ဂိုလ် သီလမစင်ကြယ်တဲ့ ပုဂ္ဂိုလ်များအတွက် “မရနိုင်”လို့ ဆိုဖို့ လိုသေးသလား။
ဓမ္မဂုတ်။ ။ အား. .. ဟုတ်ပြီ ကိုယ်တော်၊ နေယျပုဂ္ဂိုလ်က အားလဲထုတ်တယ် တရားထူးလဲ ရနိုင်တယ်၊ ပဒပရမပုဂ္ဂိုလ်ကတော့ အားထုတ်ပါလျက် နေယျပုဂ္ဂိုလ် ကဲ့သို့ “တရား မရနိုင်”လို့ ဆိုလိုတာပဲ။
တပည့်တော်။ ။ ။ ဟုတ်ပါတယ်ဘုရား၊ နောက်ဆုံး ပဒပရမပုဂ္ဂိုလ်ဟာ တရားထူး မရသောကြောင့် အကျိုးမယုတ်ပါဘူး၊ အနာဂတ်ကာလ၌ တရားကျင့်မှု အထုံ ဝါသနာပါသွားလို့ ထိုအခါ၌ ဥဂ္ဃဋိတညူ-ဝိပဉ္စိတညူ ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီအဓိပ္ပာယ်ကိုတော့ အဋ္ဌကထာမှာပင် “ပဒပရမာနံ အနာဂတေ ဝါသနတ္ထာယ ဟောတိ”လို့ တိုက်ရိုက်ဆိုပေသားပဲ၊ ဒီတော့ ဘာဘဲပြောပြော ယခုလိုဘဝမှာ သီလ စင်စင်ကြယ်ကြယ်နဲ့ တရားအားထုတ် ဖို့တော့ ရှင်သာမဏေ ရဟန်းတော်တိုင်း လိုအပ်နေတာပေါ့နော်။
တပည့်တော်။ ။ ။ မှန်ပါတယ်ဘုရား၊ သီလ မစင်ကြယ်ရင်လည်းကောင်း၊ သီလ စင်ကြယ်သော်လဲ ကမ္မဋ္ဌာန်း အားမထုတ်ရင် လည်းကောင်း (ပုဂ္ဂိုလ်လေးမျိုး တွင်“ဒါးမနောက်ပိတ်ခွေး”လို့ ခေါ်ရတဲ့) ပဒပရမပုဂ္ဂိုလ်လောက်မှ ဖြစ်တော့မည် မဟုတ်ပါဘဲ၊ ဗုဒ္ဓသာသနာတော်မှာ ချောင်ချောင် လည်လည် ပေါ့ပေါ့ဆဆ နေမယ့်အစား လူဝတ်ကြောင် ဘဝဖြင့် နေရခြင်းက တွက်ခြေကိုက်ပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ဘာ တွက်ခြေကိုက်သလဲကိုယ်တော်။
တပည့်တော်။ ။ လူဝတ်ကြောင်ဆိုတာ ကိုယ့်လုပ်စာကိုယ်စားပြီး ကိုယ်ဇနီး သားသမီးများနဲ့ အတူနေရလို့ အလုပ်အကိုင် ဆင်းရဲသော်လဲ စိတ်ပျော်နေတယ်၊ ဒါနလဲ ထိုက်တန်သမျှ ပြုကြပါတယ်၊ ငါးပါးသီလ လုံခြုံရင် အပါယ်လဲ မကျနိုင်ပါဘူး၊ သေရင် ဘဝကောင်းရဖို့ များပါတယ်၊
ရဟန်းဘဝဆိုတာကတော့ လူဝတ်ကြောင်များရဲ့ လုပ်စာကို စား-ဝတ်နေရလို့ သီလ မစင်ကြယ်ရင် အပါယ်ကျဖို့ သေချာပါတယ်၊ ဒါ့ကြောင့် ရဟန်းသာမဏေဘဝနဲ့ ပေါ့ပေါ့ဆဆ နေမယ့်အစား လူဝတ်ကြောင်ဘဝဖြင့် နေခြင်းက တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်၊ ယောက်ျားဖြစ်ပါလျက် သူများလုပ်စာကို မှီခိုပြီး (ရဟန်းကျင့်ဝတ်ကို မကျင့်ဘဲ) အချောင်စားနေခြင်းဟာလဲ ယောက်ျား မပီသရာ ရောက်ပါတယ်။
ဓမ္မဂုတ်။ ။ ကျမ်းစာအတိုင်း ပဒပရမပုဂ္ဂိုလ်လောက်မျှ ဖြစ်အောင် မကျင့်နိုင်ရင် ရဟန်းဘဝနဲ့ မနေထိုက်သောကြောင့် ရဟန်းတော်အများ လူထွက်ကုန်ရင် သာသနာတော် အားမသေးပေဘူးလား။
တပည့်တော်။ ။ အရှင်ဘုရားက သာသနာဆိုတာ ဘုန်းတော်ကြီးများကို ဆိုလိုသလား။
ဓမ္မဂုတ်။ ။ အဲ... မှားပြီးကိုယ်တော်, မှားပြီ၊ သာသနာဆိုတာ သီလ-သမာဓိ-ပညာ, (တနည်း) ပရိယတ်-ပဋိပတ်-ပဋိဝေဓ တရားများ ဖြစ်ပေတယ်။
တပည့်တော်။ ။ အဲဒီ သာသနာသုံးရပ်ကို ရဟန်းတော်စစ်စစ် ငါးပါးလောက်က အားရှိပါးရှိ ထမ်းနေရင် နောက်ထပ် သာသနာ့ဝန်ထမ်း ရဟန်းတော်ပေါင်း ထောင်သောင်းမက ပွားစေနိုင်ပါတယ်ဘုရား၊ သာသနာသုံးရပ် ဝန်ကို မထမ်းဘဲ သာသနာတော် လေးအောင် သာသနာ့ဝန်စီးတွေ များနေလို့တော့ သာသနာ စည်ကားတယ်လို့ မခေါ်ရပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ကိုယ်တော် ကျောင်းတိုက်၌ သာသနာ့ဝန်ဆောင် များလာအောင် ဘယ်လို စိတ်ကူးမှာလဲ။
တပည့်တော်။ ။ အစီအစဉ်တော့ ရှိပါပြီးဘုရား, ဒါပေမယ့် အကောင်အထည် ဖော်တဲ့အခါ ဘယ်လို အထမြောက်မယ်ဆိုတာ မသိနိုင်သေးလို့ အဲဒီ အစီအစဉ်ကို မလျှောက်ပါရစေနဲ့။
ဓမ္မဂုတ်။ ။ ဘယ်တော့ စ-မယ် စိတ်ကူးတုန်း။
တပည့်တော်။ ။ ယခုအချိန်မှစပြီး အဲဒီ အစီအစဉ်အတိုင်း နှိုးဆော်နေပါတယ် ဘုရား၊ ဘုရားဝတ်တက်အပြီး ၇ နာရီလောက်မှစ၍ ညဉ့်အခါ စာမအံရတော့ပါဘူး၊ ညဝါဆိုဆဲ ပုဂ္ဂိုလ်များလဲ ဘုရားဝတ်မတက်ခင် ဆိုကြရပါတယ်၊ ရပြီးစာတွေ မမေ့အောင်ပြန်ဖို့လဲ ဘုရားဝတ်မတက်ခင်သာ ပြန်ကြရပါတယ်၊ ဘုရားဝတ်တက် တာလဲ ၁၅ မိနစ်လောက်သာ ကြာပါတယ်။
ဓမ္မဂုတ်။ ။ ယခု ဝါပမှာ ဒီလိုစီစဉ်ရင် ဝါတွင်းကျတော့ ဘယ်လို စီစဉ်ဦးမှာလဲ။
တပည့်တော်။ ။ အဲဒါတော့ ယခုထက်ပိုပြီး ကျင့်ဖို့လိုပါတယ်၊ အစီအစဉ်တော့ တကယ်လုပ်ကြည့်မှ သိပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ နောက်လာမယ့် အသစ် သံဃာများက ကိုယ်တော့် စည်းကမ်းကို လိုက်နိုင်မှာတဲ့လား။
တပည့်တော်။ ။ သူတို့ကို လာဖို့ခေါ်ယူတာမှ မဟုတ်ဘဲ, စည်းကမ်းအတိုင်း တရား မကျင့်နိုင်ရင် သီလနဲ့စပ်၍ စင်ကြယ်အောင်မနေနိုင်ရင် နဂိုကပင် မလာဘဲ နေကြဖို့ပေါ့ဘုရား၊ တပည့်တော်ကတော့ ရဟန်း သာမဏေ မှန်သမျှ အညံ့ဆုံး ဖြစ်တဲ့ ပဒပရမပုဂ္ဂိုလ် အဆင့်လောက် ကျင့်ကိုကျင့်မှ အပါယ်မကျဘဲ “မဂ်ဖိုလ်နိဗ္ဗာန်လမ်း သွားနေတယ်“လို့ ဆိုနိုင်ပါတယ်။
ဓမ္မဂုတ်။ ။ ပဒပရမပုဂ္ဂိုလ်အကြောင်း ပြတဲ့ လင်္ကာကလေးကို ထပ်ဆိုစမ်းပါဦး ကိုယ်တော်၊ တပည့်တော် ကျောချမ်းလွန်းလို့။
တပည့်တော်။ ။ ဘုရားဟောဖော်, တရားတော်ကို, သင်သော်မယွင်း, နာယူခြင်းနှင့် ရှင်းလင်းအောင်မေး, မြဲဆွေးနွေးလျက်, ကြံတွေးပို့ချမှု တရားပြ၍, သီလ သိက္ခာ, စင်ကြယ်စွာဖြင့်, ဘာဝနာကမ္မဋ္ဌာန်း, လွန်ကြိုးပမ်းလည်း, ဉာဏ်စွမ်းမပြ, တရားမရဘဲ, ဘဝနောင်ခါ, အထုံပါဖို့ ကျမ်းစာ ပုဒ်ပါဌ်, တတ်ရုံသာမျှ, အကျိုးရ၊ ပဒပရမမှတ်။
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ယနေ့ “တပို့တွဲလပြည့်ကျော် ၅ ရက်ဆိုတော့ ကိုယ်တော့်အသက် ခုနစ်ဆယ့်ခြောက်နှစ်”ပြည့်လုနေပြီနော်၊ ဒီအသက် ဒီအ ရွယ်မှာ ဒီလို အထက်တန်းကျတဲ့ အဘိဓမ္မာပါဠိတော်နဲ့ ပဉ္စပကြိုဏ် အဋ္ဌကထာ မူလဋီကာကိုလဲ ချရင်းရေးမှ သုတ်မဟာဝဂ္ဂပါဠိတော် အဋ္ဌကထာကိုလဲ ချရင်း ရေးတဲ့အလုပ်အပြင် တိုက်သံဃာများကို တစ်ဩဇာတည်း အုပ်ချုပ်၍ နံနက်ဆွမ်းလဲ ကျွေး, နေ့ဆွမ်းအတွက် အားလုံး သံဃာများဖို့ ဟင်းနှစ်ခွက်လဲ ချက်ပေးနိုင်, ညနေလဲ ထန်းလျက်ရည်ကျိုပြီး တိုက်နိုင်သေးတယ်ဆိုတဲ့ ကံကို ကျေနပ်ဖို့ ကောင်းလှပြီကိုယ်တော်၊
ယခုတစ်ဖန် တိုက်သံဃာများကို ပဒပရမပုဂ္ဂိုလ်အဆင့်အတန်းရောက်အောင် ပို့နိုင်ဖို့ ကြိုးစားပြန်တယ်ဆိုတော့ တိုက်သံဃာများက သူတို့အကျိုး ဖြစ်သည့်အတွက် လိုက်နာချင်စရာ ကောင်းပါတယ်၊ အားလုံးလိုက်နာ၍ အနာဂတ် သာသနာအတွက် ဝန်ဆောင်ကောင်းအများ ထွန်းကားပါစေလို့ ဆုတောင်းပါတယ် ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော်က သူတစ်ပါးတို့ရဲ့ ကောင်းရာကောင်းကြောင်း ဆုတောင်းကြ, မေတ္တာပို့ကြတာကို သိပ်အားမကိုးပါဘူး ဘုရား၊ ကိုယ့် ကိုယ်တိုင် ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နိုင်ဖို့ရာ ကျန်းမာရေး ကောင်းတဲ့ အာဟာရနဲ့ ဆေးကိုသာ အားကိုးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့ အယူအဆဟာ မှန်ပါတယ်၊ တချို့ကတော့ သူ့အတွက် မေတ္တာပို့ပေးပါ, ဆုတောင်းပေးပါလို့တောင် ပြောကြ ဆိုကြ လျှောက်တတ်ကြတယ် မဟုတ်လား။
တပည့်တော်။ ။ အရှင်ဘုရားပဲ စဉ်းစားပါ့လား, ဘုရားရှင်ကို သက်တော် ရာကျော် မက ရှည်အောင် ကျန်းမာအောင် လူရော-နတ်ရော-ဗြဟ္မာရော မေတ္တာထားကြ ဆုတောင်းကြမယ် မဟုတ်လား၊ ဒါပေမယ့် အကြောင်း အားလျော်စွာ မကျန်းမာခွင့် ကြုံတဲ့အခါ ဇီဝကသမားတော်ကိုယ်တိုင် ဆေးကပ်ရတယ် မဟုတ်လား၊ သက်တော်ရှစ်ဆယ်ပြည့်တော့လဲ ပရိနိဗ္ဗာန် စံတော်မူရတယ် မဟုတ်လား ဘုရား။
ဓမ္မဂုတ်။ ။ ဟုတ်ပါ့ကိုယ်တော် ... ဟုတ်ပါ့ ဟုတ်ပါ့, ဒီလိုဆိုရင် ကိုယ်တော်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ကို ဘာမှမလုပ်တော့ဘူးပေါ့နော်။
တပည့်တော်။ ။ ကျောင်းအမတစ်ယောက်က မွေးနေ့ အထိန်းအမှတ်ဖြင့် တပည့်တော့်အတွက် သံဃာများကို ဆွမ်းကပ်လိုတယ်လို့ လျှောက်ပါတယ်။ တပည့်တော်က ပြောလိုက်ပါတယ်၊ ငါ့မှာ နေ့တိုင်းကုသိုလ်တွေ အများကြီး ရနေတယ် ဆိုတာ သင်တို့ အသိသားပဲ,“မွေးနေ့ရောက်မှ အထူးကုသိုလ် ပြုနေဖို့ မလိုပါဘူး”လို့ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ်ကိုယ်တော်, ဒီလိုဆိုရင် ကိုယ်တော့်မွေးနေ့ အထိန်း အမှတ်ကို ခြောက်ခြောက်သွေ့သွေ့ နဲ့ (အား အား... မှားလို့ မှားလို့) အေးဆေး တိတ်ဆိတ်စွာဖြင့် ပြုလုပ်ရတော့မှာပေါ့နော်။
တပည့်တော်။ ။ ခြောက်ခြောက်သွေ့သွေ့ ဆိုဆို, အေးအေးဆေးဆေး ဆိုဆို မွေးနေ့ဆိုတာ သေဖို့ရာ နှစ်တစ်ပတ် ပြည့်လာပြန်တဲ့ အထိမ်းအမှတ်ပဲ ဘုရား၊ ဒါ့ကြောင့် ယနေ့မွေးနေ့မှာ နံနက်စောစောကစပြီး ကိုယ့်စိတ်ကို သတိထားပါတယ်၊ စိတ်မကောင်းဖြစ်စရာ တွေ့တောင် ဒေါသ-ဒေါမနဿ မဖြစ်စေဘဲ မေတ္တာစိတ် ဖြစ်အောင် ကြိုးစားပါတယ်ဘုရာ။
ဓမ္မဂုတ်။ ။ ဒီလို စိတ်ကောင်း နှလုံးကောင်း ထားပြီး မွေးနေ့ အထိမ်းအမှတ် လုပ်တယ်ဆိုတာ အမှတ်တရဖြစ်အောင် လင်္ကာကလေးတစ်ခု လုပ်ထားရင် ကောင်းမှာပဲ ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော် လုပ်တာထက် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ရေးသားထားတဲ့ လင်္ကာကလေးကိုပဲ မှတ်ပါတော့ဘုရား။
ဘေးပွဲကြုံ အေးသဲတုန် ကိုယ်စီကုတ်ပါလို့ အားထုတ်သင့်သား၊
သို့ပါကို ... ဘယ်တော့ ဘာလိုလိုနဲ့ နောင်ရေးကို မျှော်ခေါ်လင့်လို့
ဘာဝနာ သီခေါင်လွင့်တယ်... ဖျင်းဖင့် အများ။
ဓမ္မဂုတ်။ ။ အင်း ... တယ်ကောင်း တယ်ကောင်း။
တပည့်တော်။ ။ ဒီလင်္ကာကလေးထက် ဗုဒ္ဓမြတ်စွာရဲ့ တရားတော်က သာပြီး သတိရစရာ ကောင်းပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ရွတ်ပါဦး ကိုယ်တော် (၇၆ နှစ်ပြည့် အထိန်းအမှတ်ပေါ့။)
ကတီဟံ စရေယျ သာမညံ စိတ္တံ စေ န နိဝါရယေ၊
ပဒေပဒေ ဝိသီဒေယျ, သင်္ကပ္ပါနံ ဝသာနုဂေါ။
စိတ္တံ - အာရုံအများ, လှည့်လည်သွားလျက်, ကျက်စား၍နေ, စိတ်လေ စိတ်လွင့်ကို၊
စေ နနိဝါရယေ - သတိတရား, ကောင်းစွာထားလျက်, အကယ်၍ မတားမြစ် နိုင်ငြားအံ့၊
(ဧဝံသတိ - ကိုယ့်စိတ်ကိုပင်, အမြဲယဉ်အောင်, ဆင်ခြင်သောအား, သတိထား၍ မတားမြစ်နိုင်သည်ရှိသော်၊)
ကတီဟံ - ဘယ်နှစ်ဘယ်လ, ဘယ်ရက်ကျမှ၊
သာမညံ - ကိလေသာခန်း, လွန်ငြိမ်းချမ်းသဖြင့် ရဟန်းအစစ်, ဖြစ်ဖို့အကြောင်း, ကောင်းသော ဘာဝနာအလုပ်ကို၊
စရေယျ - လုံ့လရင့်သန် အသင့်မှန်အောင်, ကျင့်ကြံကြိုးကုတ်, အားထုတ်နိုင်ပါ တော့အံ့နည်း၊
သကပ္ပါနံ - ကာမဗျာပါ, ဝိဟိံသာဟု, ယုတ်မာသုံးလီ, အကြံအစည်တို့၏၊
ဝသာနုဂေါ - အလိုအကြိုက်, ကိုယ့်စရိုက်ကို မိုက်မိုက်မှားမှား, လိုက်စားသည်ဖြစ်၍၊
ပဒေပဒေ - သွား ရပ် ထိုင် လျောင်း, လိုရာပြောင်း၍, အကြောင်းအားလျော်စွာ, ဣရိယာပုထ်တိုင်း၌၊
ဝိသီဒေယျ - ဘာဝနာအလုပ်, အားမထုတ်ဘဲ, ဆုတ်ကာ ဆုတ်ကာ, နစ်မြုပ်၍ နေရာသူတည်း။
၂၀။ ခုနစ်ဆယ့်ခုနစ်နှစ် မှတ်တမ်း
ဓမ္မဂုတ်။ ။ ဇနကရေ... ကိုယ်တော့်အသက် (၇၇) နှစ်ထဲ ရောက်လာပြီနော်၊ နှစ်ဦးမှာ ဘာများ မှတ်စရာရှိတုန်း။
တပည့်တော်။ ။ (၇၇) နှစ်ထဲရောက်ပြီးစ တပေါင်းလအကုန်မှာ ကထာဝတ္ထု ပါဠိတော် အဋ္ဌကထာ ဋီကာကို အပြီးပို့ချ ရေးသားနိုင်ပါတယ် ဘုရား။ တန်ခူးလ သင်္ကြန်မတိုင်မီ ပြီးအောင်မှန်းပြီး ကျောင်းတိုက် အတွင်းရှိ စေတီတော်ကို ရွှေသင်္ကန်း ကပ်နိုင်ပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ သာဓုပါ ကိုယ်တော်, သာဓုပါ, သာဓုပါ။
တပည့်တော်။ ။ တပည့်တော်လဲ ထိုကုသိုလ် နှစ်ရပ်အတွက် အလွန် နှစ်သက်မှု ဖြစ်ပါတယ်ဘုရား၊ တချို့က ရွှေသင်္ကန်းကပ်မှုအတွက် ရွှေတွေ မိုးထဲ ပါပါသွားလို့ နည်းနည်း သဒ္ဓါတွန့်ကြပါတယ်ဘုရား၊ တပည့်တော်ကတော့ ဘုရားနဲ့စပ်လာရင် ဘာဘဲဖြစ်ဖြစ် အမြတ်ချည်းပဲလို့ သဘောထားပြီး ဖြစ်လို့ သဒ္ဓါတရားမတွန့်ပါဘူး၊ စိတ် အလွန်ထက်သန် ကြည်နူးပါတယ်။
ဓမ္မဂုတ်။ ။ အသက်က အတော်ကြီးလာပြီ, ကျန်းမာရေး ဘယ်လိုနေသေးသလဲ။
တပည့်တော်။ ။ ကျန်းမာရေးတော့ နည်းနည်း အားမရဘူးဘုရား၊ မကြာမီက ခါးနာလို့ တော်တော်ခံရပါသေးတယ်၊ ဟိုဆေး-ဒီဆေး လုပ်သော်လဲ မပျောက်ပါဘူး။
ဓမ္မဂုတ်။ ။ နောက်တော့ ဘယ်နည်းနဲ့ ပျောက်တုန်း။
တပည့်တော်။ ။ အနှိပ်ကျွမ်းကျင်တဲ့ဆရာကို ဒကာမကြီး ဒေါ်မြက ခေါ်လာလို့ ထိုဆရာက ပထမတစ်ခါနှိပ်, နောက်တစ်ရက်ခြာပြီး တစ်ခါနှိပ်တာမို့ ပျောက်ပါတယ်၊ နှိပ်ဆိုပေမယ့် အပြင်းအထန် ကြာကြာနှိပ်တာ မဟုတ်ပါဘူး၊ ငါးမိနစ်လောက် အကြောပြင်ပေးတာနဲ့ ပျောက်သွားပါတယ်။
ဓမ္မဂုတ်။ ။ နာတော့ မနာဘူးလား။
တပည့်တော်။ ။ နှိပ်တာကတော့ မနာပါဘူး, သူရဲ့ လက်သည်းတွေက ရှည်လို့ လက်သည်းအတွက်တော့ နာပါတယ်၊ အားနာလို့လဲ သူ့ကို မပြောလိုက်ပါဘူး။
ဓမ္မဂုတ်။ ။ ဆရာဝန်ကိုတော့ မပြဘူးလား။
တပည့်တော်။ ။ တပည့်တော်ကို အမြဲကြည့်တဲ့ ဆရာဝန်တောင် သူခါးနာတုန်းက အခြား ဆရာဝန် ဆေးထိုးသော်လဲ မပျောက်ဘူးပြောလို့ တပည့်တော်က ပြဖို့ မလိုတော့ပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ဆရာဝန်တွေ ခါးနာတဲ့အခါ ဘယ့်နှယ်လုပ်ပေါ့။
တပည့်တော်။ ။ ဆရာဝန်တစ်ယောက် လည်ပင်းမစောင်းနိုင်အောင် နာနေလို့ သူ့နည်းနဲ့သူ စုံအောင်လုပ်သော်လဲ မပျောက်လို့ ဒကာမကြီးဒေါ်မြက ထိုဆရာဝန်ကို တောင်းတောင်းပန်ပန်ခေါ်ပြီး မြန်မာ လက်နှိပ်ဆရာကို ပြပါသတဲ့၊ လက်နှိပ်ဆရာက ခဏကလေး အကြောလွဲနေတာကို တည့်အောင် လုပ်လိုက်တော့ ချက်ချင်း ပျောက်ပါရော့တဲ့၊ ဒါ့နဲ့ ဒေါ်မြက ဆရာခကို သူက ပေးပြီးပါပြီ ပြောသော်လဲ “ကျုပ်ကလဲ ပညာကို ကန်တော့ပါရစေဦး” လို့ ပြောပြီး ငွေနှစ်ဆယ် ကုန်တော့သွားသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ မြန်မာ့နည်းတွေလဲ ခရီးရောက်သားနော်၊ မြန်မာ့ နည်းတွေ ပျောက်ကွယ်မသွားအောင် ထိန်းထားဖို့လိုတယ်။
တပည့်တော်။ ။ မှန်ပါတယ်, ဟင်းထဲ၌ ဆားလေးရင် သွေးတိုးတတ်လို့ ဆား ပေါ့ပေါ့ဟင်းကို စားနေရတာ ကြာပါပြီ, မကြာမီက သွေးတိုး များလာတော့ မူးပါတယ်၊ ဒေါက်တာလာပြီး သွေးတိုင်းတော့ နည်းနည်းများ နေတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် သူ့ဆေးကို မပေးပါဘူး, တပည့်တော် စားနေကျဆေးကို စားပါလို့ ပြောပါတယ်၊
တပည့်တော်လဲ စားနေကျ ဧကရာဇ်မြစ်ကို မန်ကျီးစေ့ သာသာလောက် သွေးသောက်ပါတယ်၊ ပထမ နှစ်ရက်လောက်တုန်းက အခြားဆေးတစ်မျိုးလဲ သုံးနေလို့ သွေးမကျပါဘူး, ထိုဆေးကိုဖယ်ပြီး ဧကရာဇ်မြစ်ကို တစ်ရက် နှစ်ရက်လောက်သောက်တော့ သွေးတိုးကျသွားပါတယ်၊ ဒီဟာကို သဘောကျလို့ ဒေါက်တာလဲ ထိုဆေးကို မှတ်ယူသွားပါသေးတယ်။
ဓမ္မဂုတ်။ ။ နိုင်ငံခြားက ဆေးတွေဟာ လက်တွေ့စမ်းသတ်ပြီးမို့ ကောင်းပါတယ်၊ ဒါပေမယ့် နိုင်ငံခြားငွေနဲ့ ဝယ်ရတော့ တိုင်းပြည်မှာ မသက်သာပါဘူး၊ ကိုယ့်နိုင်ငံက ဖြစ်တဲ့ ဆေးတွေကို လက်တွေ့ဖြစ်အောင် လုပ်ကြဖို့ ကောင်းပါတယ်။
တပည့်တော်။ ။ သိပ်ကောင်းတာပေါ့ဘုရား, ယခုလဲ တော်တော်တော့ ထုတ်ဖော်နေကြပါပြီ။
ဓမ္မဂုတ်။ ။ ကိုယ်တော် လွန်ခဲ့တဲ့နှစ်က သရိုင်မသွားဘူးပေါ့နော်, ကိုယ်တော် မသွားတော့ သံဃာများလဲ မသွားကြဘူးလား။
တပည့်တော်။ ။ တပည့်တော် မသွားပါဘူး, ဒါပေမယ့် သရိုင်ညောင်ပင်တွင်း ဒကာများ အပင့်လာလို့ ရွာသာကြီးက နှစ်ဆန်းတစ်ရက်နေ့ ပင့်နေကျ သံဃာ တစ်ရာနဲ့ ပတ်ဝန်းကျင် ကျေးရွာများအတွက် သုံးဆယ်လောက် မှန်းထားပြီး သံဃာ (၁၃၀) လောက် သင်္ကြန်နီးမှ ကြွကြရပါတယ်၊ သရိုင် ပတ်ဝန်းကျင်ရွာများနဲ့ ဟန်လင်းမြို့ဟောင်း ပတ်ဝန်းကျင်ရွာ, ဝက်လက် ပတ်ဝန်းကျင် ရွာတွေကပါ တော်တော်နှံ့အောင် ပင့်ကြလို့ သံဃာတော်များ နည်းနည်း ပင်ပန်းကြပါတယ်။
ဒီလိုကြွပြီး၍ စည်းစည်းလုံးလုံးနဲ့ မှောင်ခါစ ပရိတ်ရွတ်ကြသည်ကို ကြားနာကြရလို့ တချို့ရွာ၌ ဆွမ်းဆန်စိမ်း လောင်းကြနဲ့ အတော်ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြဟန် တူပါတယ်။ ဒီအကြောင်းကြားလို့ အင်းဝ တပယ်နယ်ကလဲ မကြာမီက သံဃာ သုံးဆယ်လောက်ပင့်ပြီး ပရိတ်နာကြပါတယ်, ယခုလဲ သံဃာသုံးဆယ်လောက် မရကန် စတဲ့ရွာများနဲ့ ရေဦးမြို့သို့ ပရိတ်ရွတ် ဆွမ်းဆန်စိမ်းခံ ကြွနေကြပါတယ်၊ အဲဒီက အပြန်မှာ မကြာမီ တံတားဦးမြို့က သံဃာတစ်ရာပင့်လို့ တစ်ညဉ့်အိပ် ကြွရပါဦးမယ်။
ဓမ္မဂုတ်။ ။ ဒီလိုသာ ရွာရိုးလျှောက်နေရင်တော့ အကျင့်နဲ့ စာဖက်ကလျော့ကုန်မှာ စိုးရတယ်နော်။
တပည့်တော်။ ။ တပည့်တော်တို့လဲ သတိရှိကြပါတယ်,လူတွေက အကြည်ညို များပြီး အလှူဒါနတွေ ပေါသည့်အတွက် ပိုပြီး သီလထိန်းကြဖို့ သတိ ပေးနေပါတယ်၊ ယခုလဲ တစ်တိုက်လုံး ကိုယ်ကျင့်ဖက်က တိုးအောင် ယခု စာဝါနားချို့မှာ “ဒုလ္လဘကထာ”ဆိုတဲ့ ကျမ်းစာကို ရေးနေပါတယ်။
အကျင့်ဖက်က မလျော့တဲ့အပြင်, တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ ရေးနေတာပါ၊ တစ်ဖက်ကတော့ နယုန်လဆန်းရင် ရပ်နားထားသော စာဝါအားလုံး ပို့ကြရမှာပါ။
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ယခု ဝါတွင်ရောက်လာပြီနော်, သံဃာဘယ်လောက် ရှိတုန်း။
တပည့်တော်။ ။ သံဃာ (ရဟန်း-သာမဏေ) အားလုံး လေးရာခုနစ်ကျိတ် ရှိပါတယ်၊ သူတော်ကလေးများက နှစ်ဆယ်ကျော်လောက် ရှိပါတယ်။
ဓမ္မဂုတ်။ ။ အားလုံးပေါင်းရင် ငါးရာနီးနီး ရှိနေတာပေါ့, စားစရာကော လုံလောက်ရဲ့လား၊ ယခုနှစ် ဆန်ဈေး-ဆီဈေးစသော အားလုံးဈေးတွေက တက်နေလို့ စားရေးအတွက် အခက်အခဲ ရှိမယ်ထင်တယ်။
တပည့်တော်။ ။ အစားအသောက် ဈေးတွေကတော့ မကြားဝံ့အောင်ပါပဲ။ ဆန်တစ်တင်း ရှစ်ဆယ်, ဆီတစ်ပိဿာ သုံးဆယ်ငါးကျပ်, ပဲတစ်တင်း လေးဆယ်, ဆားတစ်ပိဿာ လေးကျပ်, ကြက်သွန်တစ်ပိဿာ သုံးကျပ်ခွဲ၊ ထန်းလျက် တစ်ပိဿာ သုံးကျပ်အထက်, သားငါးဈေးတွေလဲ ဒီလိုပဲ တက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် သံဃာ (၅၀၀) လောက်ကို နံနက်ဆွမ်း ကျွေးနိုင်သေးရဲ့လား။
တပည့်တော်။ ။ စောစောက အရှင်ဘုရားစကားအတိုင်းဆိုရင် ရွာရိုးလျှောက် ခဲ့ကြတဲ့အတွက် ဆန်-ပဲ-ဆား-ထန်းလျက်တို့ အလုံအလောက်ရှိလို့ ဆီကိုလဲ ပိုတဲ့ဆန်နဲ့ လဲတန်လဲပြီး, ဟိုက-ဒီက လှူကြတဲ့ ဆန်-ဆီနဲ့ (နဝကမ္မ) ကြောင့် နံနက်ဆွမ်းလဲ ပဲပြုတ်- ငံပြာရည်- လဘက်ရည်ကြမ်းဖြင့် ကျွေးနိုင်ပါသေးတယ်, နေ့ဆွမ်းအတွက်လဲ အားလုံးလောက်အောင် ဟင်း နှစ်ခွက် ချက်နိုင်ပါတယ်၊ ညနေ ထန်းလျက်ရည်လဲ လုံလုံလောက်လောက် တိုက်နိုင်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ “ရွာရိုးလျှောက်”ဆိုတဲ့စကားကို သုံးစွဲရတာက ကိုယ်တော် ကလေးတွေ စာသင်ပျက်မှာစိုးလို့ပါ ကိုယ်တော်၊ အမှန်ကတော့ ယခုလို ဆန်ဈေး-ဆီဈေး-ပဲဈေးနဲ့ ဆိုရင် တစ်ခါတစ်ရံ လှူတဲ့ ဆန်-ဆီ-ပဲနဲ့ လုံလောက်နိုင်မယ် မဟုတ်ပေဘူး။
တပည့်တော်။ ။ မလုံလောက်ပါဘူး ဘုရား၊ တပည့်တော်တို့ ကိုယ်တိုင်လဲ ဟိုရွာ ဒီရွာသွားပြီး ဆွမ်းဆန်စိမ်းခံဖို့ မရည်ရွယ်ကြပါဘူး၊ အကြောင်းအားလျော်စွာ သရိုင်တစ်နယ်လုံး သွားရာဝယ် အရင်တစ်နှစ်က စပြီး ဟန်လင်း မြို့ဟောင်းက ဆွမ်းဆန်စိမ်းလောင်းတဲ့အလုပ် ဖြစ်သွားတာပါ။
ဒီအကြောင်း ကြားတော့ ရွာအများကလဲ ဆွမ်းဆန်စိမ်း လောင်းဖို့ စီစဉ်ကြပါတယ်၊ ဒီလို စီစဉ်ရတဲ့ကိစ္စက မည်သူမျှ တာဝန်မကြီးဘဲ ကျောင်းတိုက်အတွက်တော့ အထောက်အပံ့ကြီး ဖြစ်သွားပါတယ်၊ ဆန်တွင်မက, ပဲထန်းလျက် ဆား စသည်ပါ တတ်နိုင်သလို လောင်းကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့က မစရဘဲ ဒီလို ဆန်ဈေး ဆီဈေး ကြီးတော့မယ့် အချိန် မရောက်မီ အရင်တစ်နှစ်က ဆွမ်းဆန်စိမ်းလောင်းတဲ့အလေ့ ပေါ်လာတာကိုက ကိုယ်တော့်ကျောင်းအတွက် ကိုယ်တော်နဲ့တကွ နေ့စဉ် နံနက်တိုင်း စုပေါင်းပို့ကြတဲ့ မေတ္တာရဲ့ တန်ခိုးအတွက် အကျိုးထွက်တာပဲလို့ ဆိုရမှာပေါ့နော်။
တပည့်တော်။ ။ မှန်ပါ, မေတ္တာရဲ့ တန်ခိုးဆိုဆို,မေတ္တာပို့ရာတွင် နတ်အများရော တန်ခိုးရှင်တွေပါ ပါဝင်နေလို့ နတ်အများနဲ့ တန်ခိုးရှိသူများက ဝိုင်းကြတယ်လို့ ဆိုချင်လဲ ဆိုနိုင်ပါတယ်၊ ဒါထက် ကျောင်းတိုက်အတွင်းမှာ အများစုက ဝိနည်း တရားတော်နဲ့အညီ ခေတ်အလိုက်နေကြလို့ တရားတော်က ပြန်စောင့်ရှောက်တာပဲ လို့ဆိုရင် သာ၍ သဘာဝကျမယ် ထင်ပါတယ် ဘုရား၊
ဓမ္မာ ဟဝေ ရက္ခတိ ဓမ္မစာရိံ = တရားသည် တရားအတိုင်း ကျင့်နေသူကို အမှန်ပင် စောင့်ရှောက်၏။ - ဓမ္မပဒ။
ဓမ္မဂုတ်။ ။ ယခု ဝါဆိုပြီးပြီ, စာဝါတော့ အားလုံး ပြန်ကောက်ကြပြီပေါ့နော်။
တပည့်တော်။ ။ မှန်ပါ, အားလုံး ပြန်ကောက်ကြပါပြီ၊ တပည့်တော်ရဲ့ ယမိုက် ပါဠိတော် အဋ္ဌကထာ မူလဋီကာနဲ့ သုတ်မဟာဝဂ္ဂ ပါဠိတော် အဋ္ဌကထာကိုတော့ နယုန်လပြည့်ကျော် (၁) ရက်ကပင် စ၍ ပို့ချခဲ့ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ယခု ၁၃၃၈-ခုနှစ် ဝါမှာ သံဃာ ဘယ်လောက်ရှိတုန်း။
တပည့်တော်။ ။ တာဝန်ဆောင် ဘုန်းကြီးများကို သေသေချာချာ မမေးမိပါဘူး၊ လေးရာ့ခြောက်ဆယ့်ကိုးပါးနဲ့ သူတော်ကလေးများ နှစ်ဆယ်ကျော် ရှိတယ်လို့တော့ သိရပါတယ်။
ဓမ္မဂုတ်။ ။ ဝါကျွတ်တော့လဲ ဒီလောက်ပဲ ရှိသေးသလား။
တပည့်တော်။ ။ ဒီအရေအတွက်က ဝါကျွတ်မှ ကထိန့်အမများက သံဃာ အရေအတွက် သိချင်လို့ တာဝန်ဆောင် ဘုန်းကြီးများကပြောတဲ့ အရေအတွက်ပါ။
ဓမ္မဂုတ်။ ။ ကထိန်အမများက ဒီသံဃာ အားလုံးကို သင်္ကန်း အစေ့အင လှူနိုင်ရဲ့လား။
တပည့်တော်။ ။ တပည့်တော်ကျောင်းမှာ ရှေ့နှစ် ကထိန်ပြီးနောက် ရသမျှ သံဃိကပစ္စည်းများကို မဝေသေးဘဲ နောက်တစ်နှစ်ကထိန်ကျတော့ ကထိန်က ရတဲ့ပစ္စည်းနဲ့ ပေါင်းပြီး မဲချဝေလေ့ရှိပါတယ်၊ ဒါ့ကြောင့် ကထိန်ဒကာ-ဒကာမ တချို့က ကျောင်းမှာရှိတဲ့ သင်္ကန်းအရေအတွက်ကို မေးပြီးမှ သူတို့တတ်နိုင်ရင် အားလုံး သံဃာစေ့အောင် ဖြည့်ပြီး သင်္ကန်းလှူလေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ ယခုနှစ် ကထိန်ဒကာ-ဒကာမက ဘယ်ကလဲ, သူတို့ကော သံဃာ စေ့အောင် သင်္ကန်း ဖြည့်နိုင်ရဲ့လား။
တပည့်တော်။ ။ ယခုနှစ် ကထိန်ခင်းမည့်သူက စာချကျောင်းကြီးတစ်ကျောင်းရဲ့ ကျောင်းအမ ဒေါ်ညွန့်ညွန့်-ဒေါ်သန်းသန်းနဲ့ ဆွေမျိုး မောင်နှမများ ဖြစ်ပါတယ်၊ ကျောင်းတိုက်မှာ စုပေါင်းထားတဲ့ သံယိက သင်္ကန်းက သုံးရာ့ခြောက်စုံသာရှိလို့ လိုသမျှကို သံဃာစေ့ရအောင် ဖြည့်ပြီး လှူကြပါတယ်။
ဓမ္မဂုတ်။ ။ သင်္ကန်းတစ်စုံ ဘယ်လောက်ပေးရတုန်း။
တပည့်တော်။ ။ ဝါတွင်းတုန်းကတော့ တစ်စုံကို တစ်ရာ့သုံးဆယ်လောက် ပေးရ ပါတယ်၊ ကထိန်ခေတ်ရောက်တော့ အစိုးရ ရောင်းဈေးတောင် တစ်ရာ့ခြောက်ဆယ် လို့ ကြားပါတယ်။
ဓမ္မဂုတ်။ ။ အင်း... ဒီသံဃာအားလုံး သင်္ကန်းစေ့ငအောင် ရတယ်ဆိုတာတော့ ချီးမွမ်းစရာပါပဲ၊ နောက်နောက်နှစ်တွေမှာ ဒီလိုသာ သင်္ကန်းဈေးကြီးနေရင် ကျောင်းမှာ ဒါလောက်များများ စုမိဖို့ ခဲယဉ်းပါလိမ့်မယ်။
တပည့်တော်။ ။ သင်္ကန်းသာမကပါဘူး,ဆန်ဈေး-ဆီဈေးမှစ၍ အားလုံး ဈေးတွေ ကြီးနေတော့ သံဃာများများ လက်ခံဖို့တောင် စဉ်းစားစရာ ဖြစ်လာပါတယ်။
ဓမ္မဂုတ်။ ။ အင်းစဉ်းစားစရာပဲ, သီတင်းကျွတ်တော့ စာဝါမနားဘူးလား။
တပည့်တော်။ ။ နေပူလွန်းတဲ့ အခါကျမှ နားကြဖို့ရန် သီတင်းကျွတ်မှာ မနားကြပါဘူး၊ တပည့်တော်လဲ သီတင်းကျွတ်ခါနီးမှ ယမိုက်အဋ္ဌကထာ မူလဋီကာ ကုန်ခဲ့လို့ ယခု ပဋ္ဌာန်းအဋ္ဌကထာ မူလဋီကာကို ပို့ချနေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သာဓု ကိုယ်တော်, သာဓု သာဓု၊ ကိုယ်တော့်မှာတော့ သံဃာ အများကိုလဲ စောင့်ရှောက်နိုင်, ကျမ်းစာတွေကို ရေးရာမှာလဲ ထိပ်ဆုံး ပဋ္ဌာန်း အဋ္ဌကထာ မူလဋီကာ တိုင်အောင် ပို့ချနိုင်ရေးသားနိုင်လို့ ကိုယ်တော်ရဲ့ လူ့ဘဝဟာ အားရစရာကြီးပါပဲ။
တပည့်တော်။ ။ အရှင်ဘုရား ဝမ်းမြောက်ရအောင် အခြားကုသိုလ်ကြီးများကိုလဲ လျှောက်ပါဦးမယ်။
ဓမ္မဂုတ်။ ။ လျှောက်စမ်းပါ ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော်တို့ ကျောင်းတိုက်ရဲ့ တောင်ဖက် ခပ်နီးနီးမှာ “တောင်မင်းကြီးဘုရား”လို့ ထင်ရှားတဲ့ ဆင်းတုတော်ကြီးတစ်ဆူ ရှိပါတယ်။ ထို ဘုရားဝင်းရဲ့ တောင်ဖက်၌ တောင်သမန်အင်းရေ ကြီးတဲ့အခါ လှိုင်းပုတ်လို့ တံတိုင်းအခြေကမြေတွေ ရေထဲ ပါကုန်ပါတယ်၊
အမရပူရ ပ-လ-စ အမှတ် (၂) အင်ဂျင်နီယာစစ်တပ်က မြေတွေကို (ဘူလ်ဒိုဇာ) ဆိုလား, အဲဒီဟာကြီးနဲ့ ကော်ပြီး ဖို့လို့ တံတိုင်းအခြေမှာ မြေတွေတော့ ပြန်ရောက်ပါရဲ့၊ ဒါပေမယ့် မိုးတွင်းရောက်ရင် ဒီလိုပဲ လှိုင်းထဲပါသွားဦးမှာပဲ၊
ဒါ့ကြောင့် အများကုသိုလ်နဲ့ ရေကာတာ ကျောက်တုပ်လုပ်တဲ့အခါ ကျောင်းတိုက် တာဝန်ဆောင် ဒကာကြီး ဦးကျော်ဝင်းက အလှူ ငွေကိုလက်ခံပြီး စာချဘုန်းကြီး ဥုးစန္ဒောဘာသက ကြည့်ရှု စောင့်ရှောက်လို့ တံတိုင်းကြီး စိတ်ချရအောင် ကျောက်တုပ် ပြီးပါပြီ၊
အဲဒီငွေထဲမှာ ဂန္ဓာရုံကျောင်းဒကာ ဦးထွန်းလှိုင် (ယခု သင်္ကန်းဝတ်နေသူ) နှင့် ကျောင်း အမဖြစ်တဲ့ ဒေါ်သိန်းက လိုသမျှငွေကို တာဝန်ယူပါတယ်၊ ကျောက်တုပ်လဲ အခြား ကျန်သေးသောနေရာအတွက် ဆက်စရာ ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ဒီကိစ္စလဲ ကိုယ်တော့်ရဲ့ ကျောင်းတိုက်က တာဝန်ဆောင်လို့ အထမြောက်သွားတဲ့အတွက် ဝမ်းမြောက်စရာပါပဲ၊ ကျောက်တုပ်မရှိရင် တံတိုင်းကြီး ပြိုမယ်၊ တံတိုင်းပြိုရင် ဆင်းတုတော်ကြီးလဲ မကြာခင် ရေနန်းစံရမှာ ဧကန်ပါပဲ။
တပည့်တော်။ ။ ဒါ့ပြင် တစ်မျိုးရှိပါသေးတယ်၊ ဒါက တံတားကြီးကိစ္စပါ။ တောင်မင်းကြီးဘုရားနဲ့ နီးနီးမှာပင် တောင်သမန်ရွာမှ စ၍ ဟိုဖက်က ရွာအများ သွားဖို့ရာ “ဦးပိန်တံတား”ဆိုတဲ့ တံတားကြီးလဲ ရေကြီးတဲ့အခါ အင်းရေရဲ့ လှိုင်းဒဏ်ကြောင့် သွားလို့ ခဲယဉ်းလောက်အောင် ပျက်စီးသွား ပါတယ်, ဒီကိစ္စကို အစိုးရကလဲ ပြင်ပါတယ်၊ ကျောင်းတိုက်နဲ့နီးနေလို့ ကျောင်းက ဒကာကြီး ဦးကျော်ဝင်းထံလဲ လှူကြပါတယ်။
နိုင်ငံတော်ကောင်စီဝင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဦးမောင်မောင် ကိုယ်တိုင်ပင် တံတိုင်းပြင်ဖို့ရန် ဒကာကြီးအထံ ငွေတစ်ထောင် အပ်ပါတယ်။ ဒကာကြီးက ငွေကို တာဝန်ယူပြီးတော့ စာချဘုန်းကြီး ဥုးစန္ဒောဘာသနဲ့ ဥုးမဟိန္ဒတို့က လက်သမား များကို ကြည့်ရှု စီစဉ်စေကြလို့ ယခုနှစ်မှာ ကောင်းကောင်းကြီး သွားနိုင်အောင် ပြီးစီးပါတယ်၊ သို့သော် အားလုံး ကောင်းအောင် ထပ်မံပြင်စရာ ကျန်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ဒီကိစ္စလဲ ကိုယ်တော် ကျောင်းတိုက်က စောင့်ရှောက်လို့သာ ခပ်မြန်မြန် အထမြောက်တယ်လို့ ဆိုရမှာပဲ၊ ကိုယ်တော့် အတွက်တော့ ပရဟိတကိစ္စတွေမှာ ကိုယ်တော်က အရင်းခံဖြစ်နေလို့ ကိုယ်တော့်ဘဝကို ကျေနပ်ပေမှာပဲ။
တပည့်တော်။ ။ ယခု လောလောဆယ် တာဝန်တစ်မျိုး တိုးလာပြန်ပါတယ်။ ထိုတာဝန်က တောင်သမန်ဖက်မှာရှိသော ကျောက်တော်ကြီး ဘုရားကို ပြုပြင်စရာ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ ကျောက်တော်ကြီးဆင်းတုတော်ကို အင်းဝခေတ် ဘကြီးတော်လက်ထက်က ပူဇော်ပါတယ်, ကျောက်သားလဲ အလွန်ကောင်းတယ်, လက်ရာလဲ အလွန်ကောင်းတယ်လို့ ချီးမွမ်းကြပါတယ်။
တပည့်တော်။ ။ မှန်ပါတယ်, အဲဒီ ဆင်းတုတော်ကြီးကို ပုဂံမင်းက အမရပူရ ပင့်ပြီး ထုထည်ကြီးမားသော စေတီတော်ကြီးအတွင်းမှာ ပူဇော်ပါတယ်။ အဲဒီ စေတီကြီးမှာ ပြုပြင် စောင့်ရှောက်ဖို့ တာဝန်ရောက်လာပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုနည်းနဲ့ တာဝန်ရောက်လာတုန်း ကိုယ်တော်။
တပည့်တော်။ ။ ထီးတော်မှာ ရွှေကုန်နေလို့ တပည့်တော်ကျောင်းတိုက်၌ ထွက်-ဝင်နေသော မန္တလေးမြို့ မျက်ပါးရပ် ဒေါ်သိန်းမေတို့ ညီအမက ရွှေချဖို့ရန် မျက်ပါးရပ်ပင့်ပြီး ရွှေချပါတယ်၊ ပြီးတော့ ထီးတော်ကို ပြန်တင်တဲ့အခါ တပည့်တော် ကျောင်းတိုက် ဆွမ်းစားကျောင်းဘုန်းကြီး ဥုးအဂ္ဂဝံသလဲ ဘုရားပေါ်သို့ ငြမ်းရှိတုန်း တက်သွားပါတယ်၊
ကျောင်းတိုက် ပြန်ရောက်တဲ့အခါ စေတီတော်ကြီးအပေါ်မှာ သစ်ပင်တွေလဲ ပေါက်နေပါတယ်၊ တချို့သစ်ပင်တွေမှာ အတော်ကြီးပြီး စေတီ အတွင်းသို့ ရောက်နေပါတယ်၊ ရှေးဟောင်း သုတေသနဌာနက တစ်နှစ်တစ်ခါ ပြုပြင် စောင့်ရှောက်သော်လဲ သစ်ပင်တွေကို တူးမပစ်နိုင်ပါ။ ဒီလိုဆိုရင် အတော် ကြာရင် စေတီတော်ကြီး ပျက်စီးပါလိမ့်မယ်လို့ လျှောက်ပါတယ်၊ ဒီအကြောင်းကို ကြားရတော့ တပည့်တော်မှာ တာဝန် မရှိပေဘူးလား။
ဓမ္မဂုတ်။ ။ ဒီ အကြောင်းလဲ ကြားရ, မိမိမှာ သစ်ပင်တွေကို ရှင်းနိုင်လောက်အောင် အင်းအားလဲရှိရင်တော့ ကိုယ်တော့်မှာ တာဝန်ရှိတာပေါ့။
တပည့်တော်။ ။ ဒါ့ကြောင့် အဲဒီ သစ်ပင်တွေကို အခြေကစပြီး မရှိအောင် လုပ်ဖို့ စီစဉ်ပါ၊ ကုန်ကျစရိတ်တော့ တပည့်တော်တာဝန် ရှိပါစေလို့ ပြောရပါတယ်၊ ထိုသို့ ပြောသောအခါ စေတီတော်မှာသာ မကဘူး, စေတီတော်ဝင်းနဲ့ ပတ်ဝန်းကျင် တံတိုင်းကြီးတွေရဲ့ အတွင်း အပြင် အထက် မှာလဲ ညောင်ပင်စသော သစ်ပင်မျိုးစုံ ပေါက်နေရုံမက အမြစ်တွေလဲ အတွင်းရောက်နေပါပြီ၊ ယခုလဲ အတော်ပျက်နေပြီးမှ နောင်အခါဆိုရင် သာ၍ အပြင်ခက်ပါလိမ့်မယ်လို့ လျှောက်ပါတယ်၊ ဒီလို ကြားပြန်တော့ အားလုံးကိုပဲ ရှင်းအောင် စီစဉ်ပါ၊ ကုန်ကျစရိတ် တပည့်တော် တာဝန်ယူပါ့မယ်လို့ ပြောလိုက်ရပြန်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင်တော့ ကုန်ကျစရိတ် မနည်းပေဘူးနော်။
တပည့်တော်။ ။ ဘယ်နည်းမှာလဲဘုရား, သစ်မြစ်တွေ တူးပစ်ရတဲ့ နေရာမှာလဲ နဂိုအတိုင်းဖြစ်အောင် ပန်ရံဆရာက လိုက်ရဦးမှာပါ။
ဓမ္မဂုတ်။ ။ ဒီတာဝန်တွေ ကိုယ်တော်က အကုန်ယူနိုင်မှာလား။
တပည့်တော်။ ။ သစ်မြစ်တူးပစ် ပြန်ပြီး မွမ်းမံရုံလောက်တော့ တာဝန် ယူနိုင်ပါရဲ့၊ ဒါပေမယ့် တကယ် ပြုပြင်တော့ စေတီတော်ကြီးဘေးက အမိုး ပတ်ဝန်းကျင်မှာ မိုးယိုနေတာတွေရော, လင်းနို့တွေ မဝင်နိုင်အောင် လုပ်ဖို့ရာရော, ပျက်နေသော မျက်နှာကြက်ကို ပြုပြင်ဖို့ရာရော, တံတိုင်းကြီး၏ ပျက်နေသောအရာ, ယိုင်နေသော အရာ, ပြိုနေသောအရာတို့ကို ပြင်ဖို့ရာရောဆိုတော့ တပည့်တော်မှာရှိနေသော နဝကမ္မ (ငွေ) လောက်နဲ့ မလုံလောက်ပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် လိုတဲ့ငွေကို အလှူခံမှာလား,ငွေဆိုတာ ဘုရားအတွက်လဲ အလှူမခံကောင်းဘူးဆိုတာ ကိုယ်တော်လဲ အသိသားပဲ။
တပည့်တော်။ ။ အလှူမခံပါဘူးဘုရား, သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာရဲ့ “အရဟံ-ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရား”ဆိုတဲ့ အရဟံ ဂုဏ်တော်ကို အထူးသတိထားပြီး အာရုံပြုနေပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို အာရုံပြုတော့ အကျိုးရရောလား။
တပည့်တော်။ ။ အကျိုးသိပ်ရပါတယ်ဘုရား, ဘုရား အတွင်း-အပြင် သစ်ပင် သစ်မြစ်တွေ ရှင်းလင်းဖို့ရန် ကျောင်းအမ ဒေါ်သိန်းက ဒကာကြီး ဦးကျော်ဝင်းထံ (နဝကမ္မ) အတွက် ငွေတစ်သောင်း ပို့လာပါတယ်။ “ဘုရားပြင်ဖို့ လိုတာလဲပြောပါ” လို့ လျှောက်ပါတယ်၊
မျက်နှာကြက် ပြင်ဖို့ ကျောင်းအမ ညွန့်ညွန့်-သန်းသန်း ညီမတို့က တာဝန်ယူပါတယ်။ အရပ်ရပ် ကုန်ကျစရိတ်တွေကို ဦးသာဌေး, သမီးမြင့်မြင့်တို့က တာဝန်ယူပါတယ်၊ သူတို့အတွက် ဘယ်နှစ်သိန်းကုန်လို့ ဂဏန်းမပိုင်းပါဘူးတဲ့။
ဓမ္မဂုတ်။ ။ အား.. ဒီလိုဆိုတော့ အားရှိစရာပါလား ကိုယ်တော်, နဂိုမူလအတိုင်း ကောင်းကောင်းပြင်မယ်ဆိုရင် ဘယ်လောက်ကုန်မယ်လို့ ခန့်မှန်းသလဲ။
တပည့်တော်။ ။ တပည့်တော်တော့ မမှန်းတတ်ပါဘူး, အများကတော့ နှစ်သိန်းတောင် လောက်မှာမဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ် ဘုရားကြီးကို ပုဂံမင်း တည်ပြီးသည်ကစပြီး ကျကျနန ပြုပြင်ခဲ့ကြဟန် မတူပါဘူး၊ ဒါ့ကြောင့် တပည့်တော် လက်ထက်မှာ တပည့်တော်နဲ့ ဒကာ-ဒကာမများ ပြင်ထိုက်လို့ ပြင်ရတာပဲလို့ ယူဆပြီး ယခုအချိန်မှာ တစ်နေ့ လူဆယ်ယောက်လောက်နဲ့ သစ်ပင်-သစ်မြစ်တွေ ရှင်းနေပါတယ်၊ ဘုရားကြီး ပြုပြင်ပြီးတဲ့အခါ အစောင့်အရှောက် စီစဉ်ဖို့ပါ တာဝန်ရှိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အနီးအပါးရွာက မစောင့်ရှောက်ဘူးလား။
တပည့်တော်။ ။ အနီးအပါးရွာကလဲ စောင့်ရှောက်ပါတယ်။ဒါပေမယ့် အမြဲ စောင့်ရှောက်ဖို့ကိုတော့ မလွယ်ပါဘူး၊ အနီးအပါး သုံးရွာလောက်က လူတွေတော့ စေတီတော်ကြီးကို ပြုပြင်နေတယ်လို့ ကြားရသည်ကစပြီး အလွန် ဝမ်းမြောက် နေကြပါတယ်၊ ဘုရားဖူးလာတဲ့သူတွေလဲ အလွန် ဝမ်းမြောက်ကြပါတယ်၊
ထီးတော်ကို ရွှေချပြီးလို့ ပြန်တင်တဲ့အခါမှာ ရထားပျံနဲ့တင်ကြလို့ အားလုံး ဝမ်းမြောက်ကြပါတယ်, သံဃာတစ်ရာ ဆွမ်းကပ်ပြီး တချို့က ပိုက်ဆံကြဲကြ, တချို့က ကကြ-ခုန်ကြပါသတဲ့၊ တပည့်တော်တော့ ယခုအထိ စေတီတော်ကြီးကို ကျောင်းက နေပြီး ကန်တော့နေရပါတယ်။ စေတီတော်ကြီးနဲ့ တပည့်တော် ကျောင်းဟာ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း ကွာခြားနေပေမယ့် နေရာ ချင်းတော့ တဲ့နေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ အများကောင်းဖို့ ကြိုးစားတဲ့ စေတနာတွေဟာ ယခုဘဝမှာလဲ အကျိုးပေးနေပြီ ထင်ပါရဲ့၊ ကြိုးစားပါ, ကြိုးစားပါ။
တပည့်တော်။ ။ အရှင်ဘုရားက သတိပေးလို့ ရှေးက ရေးခဲ့ဖူးတဲ့ လင်္ကာကလေးကို ပြန်၍ အမှတ်ရတယ်ဘုရား။
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းကမှ
နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့
ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားသည်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အလုပ်တွေက ကြာလေ အထမြောက်လေဖြစ်တော့ ကိုယ်တော် အသက်ရှည်ရှည်နဲ့ အလုပ်လုပ်နိုင်ဖို့ ကျန်းမာရေးကို ဂရုစိုက်ပါ ကိုယ်တော်။
တပည့်တော်။ ။ ကျန်းမာရေးကို ဂရုစိုက်ပေမယ့် တချို့ကို နားမလည်တော့ ကိုယ့်မှာ ဘာဖြစ်နေတယ်ဆိုတာ မသိပါဘုရား, ကိုယ်နားလည်သလောက် အနေအထိုင် အစားအသောက်တော့ အမြဲသတိထားပါတယ်၊ ဟိုက ဒီက ပင့်တာ ကိုလဲ အလွန် အလိုက်နည်းပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်နားမလည်တဲ့ ကျန်းမာရေးအတွက်တော့ နားလည်တဲ့ ဆရာများကို မမေးဘူးလား။
တပည့်တော်။ ။ တပည့်တော်ကို မကြာမကြာ ကျန်းမာရေးစစ်တဲ့ ဒေါက်တာ တပည့်မက သမားတော်ဘွဲ့ရ ဆရာဝန်ကြီး ဒေါက်တာဦးထွန်းသင်ကို ဆရာတော်ကို စမ်းသပ်စေချင်ပါတယ်ပြောလို့ တန်ဆောင်မုန်းလဆန်း (၁၂) ရက်နေ့လောက်က နှလုံးစမ်းတဲ့စက်ပါ အပြည့်အစုံယူလာပြီး စမ်းသပ်ပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ဘာရောဂါများ တွေ့သတဲ့တုန်း။
တပည့်တော်။ ။ ဘာရောဂါမှ ကြီးကြီးမားမား မရှိပါတဲ့၊ ဒါပေမယ့် သာ၍ သေချာအောင်ဆိုပြီး, (၁၄) ရက်နေ့လောက် ဓာတ်မှန်ရိုက်ဖို့ ပြောလို့ ဆေးရုံကြီး သွားပြီး ဓာတ်မှန်ရိုက်တော့ ဓာတ်မှန်ဆိုင်ရာ ဒေါက်တာ ဌေးမြင့်ကလဲ အထူးဂရုစိုက်ပြီး ရိုက်ပေးပါတယ်။
ဓမ္မဂုတ်။ ။ ဓာတ်မှန်ထဲမှာ ဘာတွေ့သတဲ့လဲ။
တပည့်တော်။ ။ သိပ်တော့ ထူးထူးခြားခြား တွေ့ဟန်မတူပါဘူး၊ နည်းနည်းပါးပါး ချို့ယွင်းတဲ့အတွက် (၇) ရက်လောက်စားဖို့ ဆေး (၃) မျိုး ပေးလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုသာ သမားတော်များကလဲ ဂရုစိုက်ပေးရင်တော့ အတော် ကြာကြာ သာသနာအကျိုးကို ဆောင်နိုင်ဦးမှာပဲနော်။
တပည့်တော်။ ။ တပည့်တော်က အလုပ်လုပ်နိုင်တဲ့အား ရှိသလောက်တော့ လူ့ဘဝ နေချင်ပါသေးတယ်, အလုပ် မလုပ်နိုင်ဘဲနဲ့တော့ မနေချင်ပါဘူးဘုရား၊ ဘဝ အသစ်မှာ လုပ်စရာအလုပ်တွေ ရှိဦးမှာပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော် အလုပ်လုပ်ချင်သလို လုပ်စရာတွေ များလာစရာရှိပါတယ်။
တပည့်တော်။ ။ အား... အရှင်ဘုရားပြောတာ သိပ်မှန်တာပဲ, ကျောက်တော်ကြီး ဘုရားကို ပြုပြင်နေတယ်ကြားလို့ ဒကာမခင်မြင့် (မန္တလေး ဒါးတန်း ရေခဲစက် ဒေါသန်း ကွယ်လွန်သူရဲ့ သမီး) ကသူ့မိခင် ရှိတုန်းက ရည်မှန်း ထားပြီးဖြစ်တဲ့ မေမြို့ ဂန္ဓာရုံကျောင်းဆောက်ဖို့ကိစ္စ ကြုံလာပါတယ်၊ ထိုကျောင်းမှာ မြောင်းမြဆရာတော် နွေအခါ သီတင်းသုံးဖို့ရာ ကျောင်းဆောက်ဖို့ အစီအစဉ် ရှိသော်လဲ ဆရာတော် မရှိတဲ့အခါ မဆောက်တော့ ဘူးလို့ စိတ်ကူးထားပါတယ်။
ဓမ္မဂုတ်။ ။ ယခုတော့ ဘာ စိတ်ကူးရပြန်တုန်း။
တပည့်တော်။ ။ ယခုတော့ ကျောင်းဆောက်ဖို့ စိတ်ကူးရပါတယ်။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့်တုန်း ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော်တိုက်က စာချဘုန်းကြီးတစ်ပါး ဂန္ဓာရုံနေတုန်းက နေကောင်းတယ်လို့ မရှိပါဘူး, မေမြို့ ဂန္ဓာရုံရောက်တော့ ဆရာဝန်များက စောင့်ရှောက်ပေးလို့ ကောင်းပါသတဲ့၊ ဒါ့ကြောင့် မိုးရော ဆောင်းရော ဆက်နေ ပါတယ်, သူက စာပို့ချပေးတော့ သံဃာလဲ တော်တော်များလာ ပါတယ်၊ ဒါ့ကြောင့် ကျောင်းက စာချဘုန်းကြီးများလဲ နွေအခါ သွားနေ နိုင်အောင် သုံးခန်း ငါးခန်း တစ်ထပ်သိမ်ကျောင်း ဆောက်ဖို့ စီစဉ်ရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လောက်ကုန်မယ် ထင်သလဲ။
တပည့်တော်။ ။ မမှန်းတတ်ပါဘူး ဘုရား, သိပ် မကုန်အောင် သတိပေးပါတယ်, သိမ်ကျောင်း ဆောက်နေတုန်းမှာပဲ, အမြင့်ဆုံး ကုန်းပေါ်မှာ စေတီတော်ကလေးနဲ့ စေတီတော်ရဲ့ ကျောင်းဆောင်လဲ ဖြစ်အောင် တန်ဆောင်းဆောက်ဖို့ စိတ်ကူးပါလို့ တာဝန်ယူပြီး ကြပ်မတ်နေသော စာချဘုန်းကြီး ဦးမဟိန္ဒကို သတိပေးထားပါတယ်။
ဓမ္မဂုတ်။ ။ ကျောင်းမှာ ဆင်းတုတော်တော့ မပူဇော်ရဘူးလား။
တပည့်တော်။ ။ ဆင်းတုတော် အများစုက သက်တော်ထင်ရှား ဘုရားနဲ့ မတူလို့ သက်တော်ထင်ရှား အာရုံမရမှာစိုးပါတယ်၊ ဒါ့ကြောင့် ဓာတ်တော် ဌာပနာတဲ့ စေတီတော်ကို စဉ်းစားရတာပါ။ အဲဒီ စေတီတော်ကလေးကို တစ်ဆူလုံး ရွှေချပြီး တန်ဆောင်းကြီးအတွင်းမှာ သံတိုင်ကလေးတွေကာလို့ အလွန် ကြည်ညိုစရာ ကောင်းမှာပေါ့၊ ကျောင်းတိုက်ရဲ့ စေတီတော် ဆိုပေမယ့် ပတ်ဝန်းကျင် ရွာများရဲ့ ကိုးကွယ်ရာလဲ ဖြစ်မှာပါဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်က “ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား”ဆိုတာကို ရည်ရွယ်တာလား။
တပည့်တော်။ ။ လူအမျိုးမျိုးဆိုတော့ တပည့်တော် မရည်ရွယ်ပေမယ့် သူတို့ ဘာသာ သူတို့ သစ္စာပြုကြတာလဲ ရှိမှာပေါ့ဘုရား၊ တပည့်တော်ကတော့ ကျောင်းသံဃာများ ဝတ်ပြုရအောင် ရည်ရွယ်ချက်က ပထမ, ပတ်ဝန်းကျင် ရွာများ ကုသိုလ်တိုးပွားအောင် ရည်ရွယ်ချက်က ဒုတိယ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က ဆင်းတုတော်များကို သက်တော်ထင်ရှားဘုရားနဲ့ မတူလို့ ကိုးကွယ်လေ့ မရှိဘူးဆိုရင်, ကျောက်တော်ကြီးဘုရား ဆင်းတုတော်ကြီးကို ဘာ့ကြောင့် စောင့်ရှောက်ရတုန်း။
တပည့်တော်။ ။ ကျောက်တော်ကြီးက စေတီတော်ရော ဆင်းတုတော်ကြီးရော, အလွန် ထိန်းသိမ်းထိုက်ပါတယ်၊ ကျောက်ဆင်းတုတော်ကြီးက ကျောက်လဲ အလွန်ကောင်း, လက်ရာလဲ အလွန်ကောင်းတယ်လို့ ချီးမွမ်းကြပါတယ်။ ဒီလို သက်တော်ထင်ရှားဘုရား ဂုဏ်ပြုနေတဲ့ ဆင်းတုတော်မျိုးတော့ တပည့်တော်မှာ စောင့်ရှောက်ဖို့တာဝန် ရှိနေပါတယ်ဘုရား၊ တတ်နိုင်လျက်နဲ့ မစောင့်ရှောက်ရင် တပည့်တော်မှာ တာဝန်မကျေရာ ရောက်ပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ ဟုတ်တယ် ဟုတ်တယ်, သာဓုကိုယ်တော် သာဓု သာဓု။
တပည့်တော်။ ။ အရှင်ဘုရား သာဓုခေါ်ရဲအောင် ယခု လောလောဆယ် ထိန်းသိမ်း စောင့်ရှောက်ရသော ကြေးဆင်းတုတော်ကြီး အကြောင်းကို လျှောက်ရဦးမယ်။
ဓမ္မဂုတ်။ ။ ပြောပါ ပြောပါ။
တပည့်တော်။ ။ တပည့်တော်တို့တိုက်ရဲ့ တောင်ဘက်မှာ တောင်မင်းကြီးဘုရားရဲ့ တံတိုင်းအပြင်ဖက်ရှိ ကောင်းမှုတော်ပုံ စေတီတော်အတွင်းမှာ ကြေးဆင်းတု တော်ကြီး တစ်ဆူရှိပါတယ်, နဂိုတုန်းက ထိုဆင်းတုတော်ကြီးရဲ့ အနီးမှာ ကျောင်းရှိပါတယ်, ယခုတော့ ထိုကျောင်းဘုန်းကြီးက ပြန်တော်မူလို့ နေသူ မရှိတဲ့အတွက် ကျောင်းကိုအုပ်ချုပ်တဲ့ ဘုန်းကြီးရဲ့ ကျောင်းသို့ ရွှေ့လိုက်ရပါတယ်၊
ဒါကြောင့် ထိုကြေးဆင်းတုတော်ကြီးမှာ အစောင့်အရှောက် မရှိရင် အလွန်စိုးရိမ်စရာ ဖြစ်နေပါတယ်၊ ယခု အချိန်မှာ ရိုးရိုးဆင်းတုတော်တွေတောင် ခိုးကြပါတယ်, ကြေးဆင်းတုဆိုတော့ အလွန်တန်ဖိုးများလို့ ခေါင်းလောင်းခိုးသူတွေက ဖျက်စီးပြီး ကြေးကို ရောင်းကြသလို ဆင်းတုတော်ကြီးကိုလဲ ကြီးမားသည့်အတွက် မရွှေ့နိုင် တော့ ဦးခေါင်းတော်-လက်တော်စသည်တို့ကို ဖြတ်ယူမှာ စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် တပည့်တော့်ကျောင်းတိုက်သို့ ပင့်ရပါတယ်။
ဓမ္မဂုတ်။ ။ ဆင်းတုတော်ကြီးက မရွှေ့နိုင်အောင် ကြီးသလား။
တပည့်တော်။ ။ ရွှေ့နိုင်-မရွှေ့နိုင်တော့ အရှင်ဘုရား စဉ်းစားကြည့်ပေါ့၊ ရွှေ၊ ငွေ၊ ကြေးဖြူ၊ ကြေးနီ၊ သံ, ငါးမျိုးကို စုပေါင်းပြီးကျိုထားလို့ “ပဉ္စလောဟ ဆင်းတုတော်”လို့ ခေါ်ကြပါသတဲ့၊
မူလ အလှူဒကာက ဘကြီးတော်လက်ထက်က ဘွဲ့ထူးရသော စစ်ဖက်မင်းကြီး (ဇေယျာရာဇကျော်ထင်) ဆိုသူဖြစ်ပါတယ်၊ ကျပ်ချိန် နှစ်သိန်းလေးသောင်းရှိပါတယ်။ မြန်မာသက္ကရာဇ် ၁၃၃၈-ခု၊ ပြာသိုလပြည့်ကျော် ၂ ရက်နေ့က တပည့်တော် ကျောင်းတိုက် ပင့်တုန်းက (အင်ဂျင်နီယာစစ်တပ် ဒု-ဗိုလ်မှူးကြီးတင်ထွဋ် ဗိုလ်ကြီးရွှေစိမ့်) တို့ ခေါင်းဆောင်ပြီး ကရိန်းစက်ဖြင့် ပင့်ခဲ့ရပါတယ်။ လူ (မ)လို့ မလွယ်ပါဘူး။
ကျောင်းတိုက်ရောက်တော့လဲ တိုက်တံခါးပေါက် မဝင်လို့ တံခါးကို ဖြုတ်ပြီး ဘေး နှစ်ဖက်အဝင်ဝက အုတ်နံရံကို ဖြတ်ပြီးမှ ပင့်လို့ရပါတယ်။ သွင်းပြီးတော့လဲ ယာယီ အသားပလ္လင်ပေါ်ရောက်အောင် ကရိန်းစက်ကြီးနဲ့ပဲ မြှောက်ပြီး တင်ရပါတယ်၊ ဒီလို သာသနာ့အသရေ - ဘာသာတံခွန် ဖြစ်သော ဆင်းတုတော်များကိုတော့ တပည့်တော်က မစောင့်ရှောက်ရင် ဘယ်မှာ တာဝန်ကြေတော့မှာလဲဘုရား၊ ဒါကြောင့် တာဝန်ကျေအောင် စောင့်ရှောက်ရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် သာဓုပါ ကိုယ်တော်, သာဓုပါ သာဓုပါ။
တပည့်တော်။ ။ နောက်ဆက်တွဲ တာဝန်ကလေးများကလဲ ပေါ့ပေါ့ထမ်းလို့ မရပါဘူးဘုရား။
ဓမ္မဂုတ်။ ။ ဘာတာဝန်များလဲ ကိုယ်တော်။
တပည့်တော်။ ။ ကောင်းမှုတော်အတွင်း ကိန်းဝပ်တော်မူတဲ့ ကြေးဆင်းတုတော်ကြီး ရွှေ့လာပြီးနောက် ထိုအနီးက ကျောင်းဟောင်းကို တောင်လေးလုံးတိုက် အတွင်းမှာ ထပ်မံဆောက်မယ့်ဒကာ မရှိလို့ တပည့်တော်ကပဲ ဒကာလုပ်ပြီး ဆောက်ပေး ရပါတယ်။
ဓမ္မဂုတ်။ ။ ဒီဟာလဲ ဆောင်သင့်တဲ့တာဝန်ကို ဆောင်ရတာဖြစ်လို့ ကောင်းပါတယ် ကိုယ်တော်၊ ဒါ့ပြင်ကော ဒီလို တာဝန်မျိုး ရှိသေးသလား။
တပည့်တော်။ ။ ကျောက်တော်ကြီးဘုရားရဲ့ အနီးမှာ “မေဃဝတီတိုက်”လို့ ခေါ်တဲ့ ရှေးကျောင်းတိုက်ဟောင်းကြီးထဲမှာလဲ ကျောင်းတွေက ပျက်နေလို့ နေစရာ မိုးလုံတဲ့ ကျောင်းဆောင် မရှိပါဘူး၊ အဲဒီကျောင်းကိုလဲ တပည့်တော်ပဲ စောင့်ရှောက်ဖို့ တာဝန် ကျနေလို့ ထိုကျောင်းမှာ လက်ရှိဘုန်းတော်ကြီး နေဖို့ရန် ကျောင်းဟောင်းတွေမှ ရသမျှကိုယူပြီး သုံးခန်း နှစ်ခန်း စမြင်နဲ့ ကျောင်းဆောက်ဖို့ စီမံနေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အင်း... ဒါလဲ ဆောင်သင့်တဲ့ တာဝန်ပေပဲလေ၊ ဒါ့ပြင်တော့ လောလောဆယ် ဘာတာဝန်ရှိသေးတုန်း၊ ကိုယ်တော့်အသက်က ယနေ့ ဆိုရင် (၇၇)နှစ် ပြည့်တဲ့နေ့ပဲ။
တပည့်တော်။ ။ ဟုတ်ပါတယ်, (၇၇)နှစ် ယနေ့ပြည့်ပါတယ်။ ယနေ့ပဲ ကြေးဆင်းတုတော်ကြီး သီတင်းသုံးခဲ့တဲ့ လိုဏ်အတွင်းမှာ ကြေးဆင်တုတော် လောက် ကြီးမားတဲ့ ကျောက်ဆင်းတုတော်ကြီးကို ရွှေ့ပြီး ပူဇော်ပါတယ်ဘုရား၊ အဲဒီ ကျောက်ဆင်းတုတော်ကြီး အမိုးပျက်ပြီး အကာမရှိ ဖြစ်နေပါတယ်၊ ပင့်လာတဲ့ ကြေးဆင်းတုတော်ကြီးအတွက် သီတင်းသုံးဖို့ နေရာကလဲ ပြုပြင်တုန်းပဲ ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ သာသနာတော်ကြီးကလဲ တဖြည်းဖြည်း ဆုတ်လာရာက နည်းနည်း မြန်သလို ဖြစ်နေလို့ ကိုယ်တော် ကျောင်းတိုက် သံဃာများကိုတော့ တောင့်ထားဖို့ သတိပေးပါ ကိုယ်တော်။
တပည့်တော်။ ။ တပည့်တော်ကျောင်းတိုက်က အားလုံးသံဃာများ အတူစား အတူနေဖြစ်လို့ အုပ်ချုပ်ရတာ အခြားနေရာနဲ့စာရင် လွယ်ကူပါတယ်ဘုရား၊ စာချဘုန်းကြီးများနဲ့ တာဝန်ဆောင်ကြသော ခပ်ကြီးကြီး ပုဂ္ဂိုလ်များကလဲ တပည့်တော် သဘောအတိုင်း လိုက်လျောကြသော ပုဂ္ဂိုလ်များဖြစ်လို့ ရှေးခေတ်က ကျောင်းတိုက်များလို အတော်တော့ ကြည့်သာရှုသာ ဖြစ်နေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အင်း ... သာသနာ့အလုပ် ရည်မှန်းချက်တွေနဲ့ တစ်နှစ်တာကို နိဂုံး အုပ်ရတာ ဝမ်းမြောက်စရာပါပဲ၊ ရွတ်နေကျ လင်္ကာကလေးကို ရွတ်ကြဦးစို့ ကိုယ်တော်။
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့
ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားသည်။
၂၁။ ခုနှစ်ဆယ့်ရှစ် မှတ်တမ်း
၂၁။ ခုနစ်ဆယ့်ရှစ်နှစ် မှတ်တမ်း
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... ကိုယ်တော့်အသက်လဲ (၇၈)နှစ်ထဲ ရောက်လာပြီနော်, ယနေ့ဆိုရင် (၂)လကျော်ကျော်တောင်ရောက်လာပြီ၊ ဘာများ မှတ်သားစရာ ရှိပြီးလဲ။
တပည့်တော်။ ။ အကောင်းဖက်မှာတော့ အထက်-အောက် အများစုက တိုက် သံဃာများကို ကြည်ညိုကြလို့ အရောက်အပေါက် များလာပါတယ်။ ရောက်ပြန်တော့လဲ ကျောင်းတိုက်က သန့်သန့်ရှင်းရှင်း ဆိတ်ဆိတ် ငြိမ်ငြိမ်ဆိုတော့ နံနက်ဆွမ်း နေ့ဆွမ်း တတ်နိုင်သလို ကပ်လှူကြသူတွေ များလာပါတယ်။
ဓမ္မဂုတ်။ ။ များစရာပေပဲကိုယ်တော်, နံနက်ဆွမ်းကပ်ပြီးတဲ့အခါ ကိုယ်တော်ရဲ့ နေ့တိုင်းပေးနေကျ ဩဝါဒကလဲ ဆွမ်းဒကာ-ဒကာမများရဲ့ စိတ်ကို အလွန် ဆွဲဆောင်နိုင်စရာ ကောင်းပါပေတယ်၊ ရှိသမျှ သံဃာအားလုံး ပထမ ဆွမ်းစားကျောင်းကြီးရဲ့ အထက်ထပ်မှာ စုပေါင်းပြီး ညီညီညာညာ တရားစာ အမျိုးမျိုးကို ရွတ်တာရယ်, ကိုယ်တော်က တရားစကားနဲ့ ဩဝါဒပေးတာရယ်, ဩဝါဒအပြီးမှာ ဆွမ်းရေစက်ချ တိုတိုချပြီးမှ သံဃာအားလုံး ညီညီညာညာ မေတ္တာပို့ကြတဲ့အသံရယ်, အားလုံးခြုံလိုက် တဲ့အခါ ဆွမ်းဒကာ-ဒကာမများနဲ့ ပါလာသမျှ အားလုံးပဲ သာသနာ့အရသာကို ခံယူကြရပေလိမ့်မယ်။
တပည့်တော်။ ။ အဲဒီ နံနက်ဆွမ်း စားပြီးချိန်မှာ စုပေါင်းပြီး ရွတ်ဆိုကြ, ဩဝါဒလဲ ပြုပြင်စရာရှိရင် ပြုပြင်စရာတွေပါ ထည့်၍ပေးရလို့ ကျောင်းတိုက်အတွက် အလွန် အကျိုးများခဲ့ပါတယ်။ ဒီအလုပ်ဟာ သံဃာတော် များကတည်းက လုပ်လာတဲ့ အလုပ်ဖြစ်လို့ ယခုတော့ အသားကျနေပါပြီ။
ဓမ္မဂုတ်။ ။ ကိုယ်တော်ပြောတဲ့ စကားထဲမှာ “အကောင်းဖက်မှာတော့“ဆိုတဲ့ စကားကို သုံးစွဲထားတော့ အဆိုးဖက်မှာလဲ မှတ်သားစရာ ရှိနေဟန်တူတယ်။
တပည့်တော်။ ။ မှတ်သားစရာရှိပါတယ်, တပေါင်းလကွယ်နေ့မှာပါ။ ကွယ်လွန်သူ ဒကာကြီး (ဦးကာက) ရှိစဉ်ကစပြီး သိန်းကျော်အောင် အကုန်ကျခံ၍ဆောက်တဲ့ မီတင်းကုဋ်ကြီးပြီးလို့ ကျန်ရစ်ခဲ့တဲ့ မိသားစုက ရေစက်ချဖို့ကိစ္စ ရှိပါတယ်, နံနက်ဆွမ်း-နေ့ဆွမ်း နှစ်ထပ် ကပ်ပါတယ်။
နံနက်ဆွမ်းလောင်းတဲ့နေရာကို တပည့်တော်ကိုယ်တိုင် ကြပ်မတ် ကြည့်ရှု ပြီးမှ စာချဘုန်းကြီး တစ်ပါးပါးကို ကြည့်ရှုကြပ်မတ်လိုက်ပါလို့ မှာခဲ့ပြီး ယာဂုသောက် သွားလေ့ရှိပါတယ်၊ ထိုနေ့ကလဲ ထိုသို့ ကြည့်ရှုမှာထားခဲ့ပြီး ယာဂုသောက်အသွားမှာ ခွေးတစ်ကောင်က သံဃာတွေ ဆွမ်းခံနေတဲ့ နေရာသွားဖို့ဝင်လာလို့ ကိုယ်တော် တစ်ပါးကို ခွေးခြောက်ဖို့ပြောရင်း အသွားမပျက် သွားနေစဉ် ခလုတ်တိုက်ပြီး လဲပါရောဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်က အသက်အရွယ် ကြီးရင့်နေတာကို သတိမထားဘူး၊ ငယ်တုန်းကလို စိတ်နောက် ကိုယ်ပါ အလုပ်လုပ်တာဟာ မှားတာပဲ ကိုယ်တော်၊ ခွေးခြောက်ခိုင်းရင်လဲ ရပ်ပြီး ခိုင်းပါလာ ပြီးသွားပေါ့။
တပည့်တော်။ ။ မှားတာတော့ အမှန်ပဲဘုရာ, နောက်ထပ် အမှားကလဲရှိသေးတယ်၊ တပည့်တော်မှာ တာဝန်တွေက သိပ်များတယ်မဟုတ်လား၊ သံဃာများ နံနက်ဆွမ် စားပြီးရင် ကျောင်းကြီးပေါ် ရောက်တဲ့အခါ အလှူရှင်များရော ဖိတ်ထားတဲ့လူအချို့ပါ ကျောင်းကြီးပေါ် ရောက်ကြရပါတယ်၊ အဲဒီ နေရာမှာ တပည့်တော်က သူ့တို့နောက်မှ ရောက်ရိုးထုံးစံ မရှိပါဘူး, တပည့်တော်က အရင်ရောက်ရိုး ထုံးစံပါ၊ ယာဂုသောက်ဖို့ ကိစ္စကို အမြန်ပြီးအောင် လုပ်ရပါတယ်၊ ဒါ့ကြောင့် ခွေးခြောက်ခိုင်ရင်း ယာဂုသောက်တဲ့ နေရာသွားလို့ ဒီလို ခလုတ်တိုက်ပြီး လဲရတာပဲ။
ဓမ္မဂုတ်။ ။ လဲတော့ ဘာမှ မဖြစ်ဘူးလား။
တပည့်တော်။ ။ လဲတော့ ခွေးခြောက်တဲ့ ဦးပဉ္စင်းက ပြေးလာပြီး ထူပေးမှ ထနိုင်ပါတယ်, ဘာတွေဖြစ်တယ်ဆိုတာလဲ မစဉ်းစားအားပါဘူး၊ ယာဂု အမြန် သောက်ဖို့ သွားပါတယ်၊ ဒီနောက်လဲ ဩဝါဒတရားစကားပြောရ ရေစက်ချရနဲ့ ကိုယ့်အနာကို ဂရုမစိုက်အားသေးပါဘူး။
ဓမ္မဂုတ်။ ။ ဒါဟာ အကြောင်းအားလျော်စွာဖြစ်ရပေမယ့် ခဏလောက်တော့ နာတဲ့နေရာ ဂရုစိုက်ဖို့ ကောင်းတာပဲ ကိုယ်တော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, လဲပြီးပြီးချင်း ဂရုစိုက်ရင်တော့ သိပ်ကြီးကျယ်စရာ မရှိပါဘူး၊ အကြောင်းတွေက ဒီလိုဆက်နေတော့ အားလုံး ကိစ္စပြီးတဲ့အခါ ဆေးကျောင်းက ကိုယ်တော်ကို ခေါ်ပြီး ကြည့်တော့ ဝဲဖက်ခြေသလုံးရိုး နှစ်နေရာ လောက် ပဲ့နေတာကို တွေ့ရပါတယ်၊ ပွန်းတဲ့ ပဲ့တဲ့နေရာ ဆေးထည့်ခိုင်းရပါတယ်။
ဓမ္မဂုတ်။ ။ ဘာဆေး ထည့်ပေးသလဲ။
တပည့်တော်။ ။ တပည့်တော်က ဘာမှ နားမလည်ပါဘူး, သူထည့်ပေးတဲ့ဆေး ကိုပဲ လက်ခံရပါတယ်၊ လက်မောင်းလဲ အတော်နာနေကြောင်းကို အဲဒီ အခါမှ သိရပါတယ်၊ နောက်ရက်၌ တပည့်ဆရာဝန်ကလေးရောက်လာလို့ သူကလဲ ဆေးကုပေးပါတယ်၊ ဒါပေမယ့် အမျိုးမျိုး ချို့ယွင်းချက်တွေကြောင့် အနာပေါက် ကုသမှုမှာ နာမည်ရသော ဒကာ-ဒကာမရင်းတို့ရဲ့ မြန်မာဆေးနဲ့ပဲ ထပ်ပြီး ကုရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လောက်ကြာအောင် ကုရတုန်း။
တပည့်တော်။ ။ တစ်လခွဲလောက် ကုရပါတယ်, ယနေ့ ကဆုန်လပြည့်နေ့ပါ။ အနာလဲ ပျောက်ပါပြီ၊ ဒီကိစ္စအတွက် တပည့်တော်ရဲ့ ချို့ယွင်းချက် သင်ခန်းစာ (မှတ်စရာ) တွေ အများပင် ရလိုက်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကတော့ “လူမိုက်နောက်မှ အကြံရ” ဆိုတာမျိုးပဲ, ကိစ္စပြီးမှ သင်ခန်းစာ ရတော့တယ်။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား, တပည့်တော်လဲ ကိုယ့်ချို့ယွင်းချက်ကို ကိစ္စပြီးမှ သိလေ့ရှိတာဟာ အမှားကြီးပါပဲ။
ဓမ္မဂုတ်။ ။ နိုင်ငံခြားဧည့်သည်များကော ကိုယ်တော့ဆီ မလာကြဘူးလား။
တပည့်တော်။ ။ ကျောင်းတိုက်ကို ပြဖို့ မကြာခဏ ကားပို့တဲ့ ဒကာက နိုင်ငံခြား ဧည့်သည်များကို ကျောင်းတိုက် ခေါ်လာလေ့ရှိပါတယ်။ တပည့်တော်ထံတော့ ဗုဒ္ဓဘာသာကိုမှ ခေါ်လာလေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဗုဒ္ဓဘာသာ ဧည့်သည်များက ဘာကို မေးလေ့ရှိတုန်း။
တပည့်တော်။ ။ စကားပြန်နဲ့ ပြောနေရတော့ သူတို့က သိပ်မမေးတတ်ပါဘူး၊ ၁၃၃၈-ခု, ပထမဝါဆိုလဆန်း ၁၁ ရက်နေ့ကတော့ အမေရိကန် ဒကာ တစ်ယောက်က သရဏဂုံယူပြီးတော့ ငါးပါးသီလ ဆောက်တည်သွားလို့ များစွာ ဝမ်းမြောက်မိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဝမ်းမြောက်စရာပဲကိုယ်တော်, ယခု ဝါဆိုပြီးပြီ၊ ဝါဆိုသံဃာ ဘယ်လောက်ရှိတုန်း၊
တပည့်တော်။ ။ ရဟန်း-သာမဏေ (၅၅၀)ကျော် ရှိပါတယ်, ဖိုးသူတော် (၂၀)ကျော် ရှိပါတယ်။
ဓမ္မဂုတ်။ ။ အားလုံးအတွက် ဆွမ်းပြည့်စုံရဲ့ လား, ဆန်ဈေး-ဆီဈေးတွေက အလွန်ကြီးနေတယ်။
တပည့်တော်။ ။ ဗုဒ္ဓမြတ်စွာရဲ့ သာသနာ့ အရှိန်အဝါဆိုတာ အံ့သြစရာပဲဘုရား၊ သံဃာအားလုံး နံနက်ဆွမ်း စားနိုင်လောက်အောင် နေ့ဆွမ်း အတွက် ဟင်းနှစ်ခွက် စီမံနိုင်လောက်ရုံတွင် မက, ညနေ ထန်းလျက်ရည် တိုက်နိုင်လောက်အောင် အားလုံး ပြည့်စုံပါတယ်ဘုရား။
အထူးသဖြင့် ယခုနှစ်အနေနဲ့ ရေဦး, မရကန်, ဝက်လက်, တပယ်, ပေါက်မြိုင်, တံတားဦးတို့အပြင်၊ မြင်းခြံ, နွားထိုးကြီးနဲ့ လိပ်ဆန်ခွန် ကတ္တီပါရွာတို့က ဆွမ်းဆန်စိမ်း ပင့်လောင်းမှုများ တိုးလာသဖြင့် ပို၍ ပြည့်စုံပါတယ်၊ ယခုအချိန်မှာ ဒုတိယဝါဆိုလဆန်း ၁၃ ရက်နေ့မှစပြီး လပြည့်ကျော် ၄ ရက်နေ့တိုင်အောင် နံနက်ဆွမ်း-နေ့ ဆွမ်းကပ်မယ့်သူများ အဆက်မပြတ် ရှိနေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သံဃာ့ကံဆိုတာ အံ့သြစရာပေပဲနော်, ဒါ့ထက် ပဉ္စကြိုဏ်အဋ္ဌကထာနဲ့ မူလဋီကာ ပို့ချနေတာ မကုန်သေးဘူးလား။
တပည့်တော်။ ။ ၁၃၃၈-ခုနှစ်, ဝါခေါင်လဆန်း ၁၂ ရက်နေ့မှာ ပို့ချလို့ ပြီးဆုံးပါပြီဘုရား။
ဓမ္မဂုတ်။ ။ သိပ် ဝမ်းမြောက်စရာပဲနော်, မူလတန်း ပါဠိသိက္ခာနဲ့ တကွ သင်ရိုး အဋ္ဌကထာကျမ်းကြီးများကို ကုန်အောင်ရေးနိုင်တဲ့ ဇွဲလုံ့လကို ကိုယ်တော်ကိုယ်တိုင် ဝမ်းမမြောက်ဘူးလား။
တပည့်တော်။ ။ အားလုံး ပညာပါရမီဖြစ်လို့ ဝမ်းမြောက်ပါတယ်ဘုရား၊ ရှေးရှေး ဘဝများစွာက ပညာအထုံပါလာလို့ ယခုဘဝ၌ ပညာရေးဆိုင်ရာဝယ် အရာရာ အထမြောက်တဲ့အပြင်, အကျိုးများရစ်လိမ့်မည်ကို တွေးကာ ယခုဘဝ ထပ်၍ တိုးပွားသော ပညာပါရမီကို များစွာ ကျေနပ်နေပါတယ်၊ ဒါပေမယ့် ရေးသား ရုံဖြင့် သာသနာတော်မှာ အကျိုးမများလှသေးပါဘူး, ကျမ်းစာအုပ်ဖြစ်အောင် ရိုက်နှိပ်နိုင်မှ အကျိုးများရစ်မှာပါ။ ဒါ့ကြောင့် ရေးသားသမျှအားလုံး ကျမ်းစာအုပ် ဖြစ်ပြီးသည့် တိုင်အောင် အသက်ရှည်စေချင်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ဗုဒ္ဓမြတ်စွာရဲ့ သာသနာ့ အရှိန်အဝါဟာ အံ့သြလောက်ပါပေတယ်။ ဒီလို အရာရာ ပြည့်စုံနေတဲ့အခါ ကိုယ်တော့ကျန်းမာရေး သိပ် အရေးကြီးတာပဲ, ကျန်းမာရေး လုံလောက်ရဲ့လား။
တပည့်တော်။ ။ လူကတော့ နေထိုင်ကောင်းပါရဲ့ , ပထမဝါဆိုလ မကုန်ခင် မျက်မှေးရောင်တဲ့ ရောဂါဖြစ်လို့ ယခု ဝါဆိုပြီးတဲ့အချိန်အထိ မျက်လုံး အားနည်း နေပါတယ်၊ ဒါ့ကြောင့် စာကြည့်မှု လျှော့ထားလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် ကျန်းမာရေးကိုတော့ ဉာဏ်ရှိသမျှ ကြိုးစားပါ၊ ကိုယ်တော်မှ ကိုယ်တော့် တာဝန်တွေက များလွန်းနေတယ်၊ ကျောင်းတိုက် တာဝန်အပြင်, ကျောက်တော်ကြီးဘုရား တာဝန်ကလဲ မငယ်လှဘူး။
တပည့်တော်။ ။ တာဝန်တွေများလို့ ကျန်းမာရေးကို ဂရုစိုက်ပါတယ်ဘုရား၊ ပတ်ဝန်းကျင်ကလဲ တပည့်တော်ရဲ့ ကျန်းမာရေးကို နားစိုက်ကြဟန်တူပါရဲ့၊ ဒုတိယဝါဆိုလပြည့်ကျော် (၈) ရက်နေ့က စစ်ကိုင်းဖက်မှာ တပည့်တော် ပျံတော်မူပြီ ကြားလို့ သံဃာတော် တချို့နဲ့ သီလရှင် တော်တော်များများ လာကြပါတယ်, သံဃာတော်ထဲမှာ (ရွှေဟင်္သာချောင် ဒုတိယ သာသနာပိုင်) တစ်ပါးလဲ ကြွတော်မူ လာလို့ အားနာစရာ ဖြစ်သွားပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ပျံတော်မူတဲ့သတင်းက ဘာ့ကြောင့် ဖြစ်ရတာတုန်း။
တပည့်တော်။ ။ မလျှောက်တတ်ပါဘူးဘုရား, ဒီအချိန်မှာ မင်္ဂလာတိုက်က တပည့်တော်နဲ့ အသက်မကွာလှတဲ့ တိုက်အုပ်ဘုန်းတော်ကြီး ပျံတော်မူလို့ ၃ ရက် လောက်ရှိပါပြီ၊ ဒီဟာနဲ့များ ရောသွားသလား မသိပါဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုလဲ ပြီးတာပါပဲ, ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ။ ယခု သီတင်းကျွတ်ပြီ, ဝါတွင်းက ကျောင်းတိုက်မှာ ဘာများ အထူး ဖြစ်သေးသလဲ။
တပည့်တော်။ ။ သိပ်တော့ မထူးပါဘူး, တချို့ အပြစ်များတော့ ရှိပါရဲ့၊ ဒါပေမယ့် မကြားကောင်း မနာသာ တိုက်ရိုက်မသိတော့ ဒီလိုပဲထားလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် အတွက်တော့ ဘာများ အထူး ဖြစ်သေးသလဲ။
တပည့်တော်။ ။ သီတင်းကျွတ် မတိုင်မီကပင် တပည့်တော်စိတ်မှာ သံဝေဂ လိုလို, ဘာလိုလို, အများနဲ့ မဆက်ဆံလို. ရှုပ်ရှုပ်ထွေးထွေး အာရုံတွေ မကြည့် လိုတဲ့စိတ်တွေ သိသိသာသာ ဖြစ်နေပါတယ်, ဝဲဖက်လက်မှာလဲ အခြား လက္ခဏာ တော့ သတိထားကြည့်ပေမယ့် မသိသာပါဘူး၊ လက်ခလယ် တည့်တည့် တက်လာတဲ့ အကြောင်းကတော့ ရှေးက မရှိဘဲ ပေါ်နေတယ်။
ဓမ္မဂုတ်။ ။ လက္ခဏာဆရာများကို မေးမကြည့်ဘူးလား။
တပည့်တော်။ ။ တပည့်တော်ရဲ့ ဇာတာရော, လက္ခဏာရော, အမြဲဂရုစိုက်တဲ့ ဒကာဦးတင်မောင်ကို ပြပါတယ်, ဒီလက္ခဏာဟာ လောကကြီးကို ငြီးငွေ့တဲ့ အထိန်းအမှတ်ပဲ၊ စိတ်ဖြစ်တဲ့အတိုင်း ပေါ်လာတာဖြစ်တယ်လို့ ပြောတဲ့အတွက် စိတ်ဖြစ်ပုံကိုလဲ ပြောလိုက်ပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင်တော့ အကောင်းသားပဲ ကိုယ်တော်, ရှေးသူတော်ကောင်း များလဲ အသက်ကြီးလာတဲ့အခါ တောထဲမှာပျော်ကြလို့ တောထွက်ကြပါတယ်။
တပည့်တော်။ ။ ဒကာဦးတင်မောင်ကလဲ တပည့်တော်ကို (၈၃)နှစ်လောက် ရောက်တဲ့အခါ “လက်ရှိကျောင်းတိုက်ကို လျစ်လျူရှုလိမ့်မယ်”လို့လဲ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကလဲ ဒီလို စိတ်ကူးသလား။
တပည့်တော်။ ။ အထူးစိတ်ကူးဖို့ မလိုပါဘူး, ယခုလဲ မလွှဲသာလို့ စောင့်ရှောက် နေရတာပါ၊ ရေးပြီး ကျမ်းစာတွေကလဲ စာအုပ်မဖြစ်သေးလို့ တဖြည်းဖြည်း စာအုပ်ဖြစ်အောင် ကြိုးစားယင်း, စာကိုလဲ တစ်နေ့ နှစ်ဝါလောက်ချပြီး သြဝါဒကို နံနက်တိုင်း ပေးနေရပါတယ်။
ဓမ္မဂုတ်။ ။ ဒီဟာတွေလဲ သာသနာတော်မှာ အကျိုးများပါတယ် ကိုယ်တော်။
တပည့်တော်။ ။ အကျိုး များတန်သလောက်တော့ များပါရဲ့၊ ဒါပေမယ့် သေရေးအတွက် သန့်သန့်ပြင်နေတာလောက်တော့ အကျိုး မများဘူး ဘုရား။
ဓမ္မဂုတ်။ ။ “သေရေးပြင်”ဆိုတာ ဘာကို ဆိုလိုတာလဲ ကိုယ်တော်။
တပည့်တော်။ ။ သမ္မပ္ပဓာန် လုံ့လ ဝီရိယအတိုင်း အကုသိုလ်ဖြစ်မယ့်ကိစ္စ ကြုံလာတဲ့အခါ ကြာကြာမဖြစ်စေဘဲ သတိထားပြီး ချက်ချင်းရပ်ဖို့နဲ့ ကုသိုလ်ဆိုင်ရာ ကိစ္စမှာတော့ မှန်မှန်တိုးပွားဖို့ အချိန်ရှိသမျှ ကြိုးစားရတဲ့ အလုပ်ပါဘုရား၊ ဒီလို သတိ-ဝီရိယဖြင့် မှန်မှန်ကြိုးစားနေရင် သေရေးအတွက် ကြောက်စရာ မရှိတော့ဘူး ဘုရား။
ဓမ္မဂုတ်။ ။ အင်း ... ဒီအတိုင်း ကြိုးစားရင်တော့ သေဖို့ ကိစ္စအတွက် ကြောက်စရာ မရှိတာ အမှန်ဘဲကိုယ်တော်၊ ကြိုးစားပါ, ကြိုးစားပါ။
တပည့်တော်။ ။ သေရေး-နေရေး, နှစ်ထွေ အေးဖို့ လေးလေးနက်နက် စဉ်းစားလျက်ပင် နေ့ရက်-လတွေ ကုန်သွားလေလည်း စိတ်နေမပြောင်း, စိတ်ကောင်း မပျက်, စိတ်စက်တည်ကြည်, သေဖို့ရည်သည်.... သေမည် မကြောက်အောင်တကား။
ဓမ္မဂုတ်။ ။ သေရေး ကြိုးစားယင်း နေရေးလဲ ကျန်းမာအောင် ကြိုးစားပေါ့ ကိုယ်တော်။
တပည့်တော်။ ။ “ကံ”ဆိုတာ အင်မတန် ဆန်းကြယ်ပါတယ်ဘုရား, ကျန်းမာအောင် ကြိုးစားနေပါလျက် မျက်မှေးရောင်ရောဂါက သီတင်းမကျွတ်ခင် ထပ်ပြီးဖြစ်လို့ ဒေါက်တာသန်းတင်ကို ပြရပါသေးတယ်၊ သူ့ဆေးပေးလို့ ပျောက်ပြန်ပါတယ်။
ဓမ္မဂုတ်။ ။ နောက်ထပ်လဲ ဘာမှမဖြစ်အောင် သတိထားပေါ့ကိုယ်တော်။
တပည့်တော်။ ။ သတိတော့ ထားပါတယ်, ဒါပေမယ့် သီတင်းကျွတ်လပြည့် မကျော်(၈)ရက်နေ့က ရေချိုးခန်းထမှာ ရေချိုးပြီး ချော်လဲလို့ အုတ်ခုန်နဲ့ တိုက်ပြီး ဦးထိပ်မှာအနည်းငယ် ပေါက်သွားပါတယ်၊ (၁၀)ရက်လောက် ကုလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကံမကောင်းတဲ့အထဲမှာ ဒါလောက်နဲ့ ပြီးသွားတာကံကောင်းတယ်လို့ ဆိုရမှာပဲ၊ တချို့များ ကျိုးတောင် ကြတယ်။
တပည့်တော်။ ။ ကံကတော့ ကောင်းသင့်သလောက် ကောင်းဟန်တူပါတယ်, သမားတော်ကြီး ဦးထွန်သင်ဆိုတာ မနှစ်က ဒီအချိန်မှာ တပည့်တော်ရဲ့ ကျန်းမာရေးကို စစ်ဆေးပါတယ်၊ ယခုနှစ်လဲ မနှစ်ကလိုပဲ နှလုံစမ်းတဲ့ စက်နဲ့အတူ အခြား ကရိယာတွေကိုပါ စုံအောင်ယူလာပြီး သူ့လက်ထောက် များနဲ့အတူ လာရောက် စစ်ဆေးပါတယ်။
မနှစ်ကနဲ့ မတူဘူးလို့ ပြောပါတယ်၊ ဒါပေမယ့် သာ၍သေချာအောင် ဓာတ်မှန် ရိုက်ဖို့ပြောလို့ ဆေးရုံကြီးလိုက်ပြီး ဓာတ်မှန်ရိုက်ရပါတယ်, ဆေးလဲ နှစ်မျိုးလောက် ပေးပါတယ်၊ ၁၂ ရက်လောက် စားရမယ်လို့ ဆိုပါတယ်။
ဓမ္မဂုတ်။ ။ ဆေးစားပြီး တော့ ဘာလုပ်သေးတုန်း။
တပည့်တော်။ ။ ဆေးပေးတာက ရောဂါရှာတာနဲ့ တူပါရဲ့ ဆေးစားပြီးတော့ ဓာတ်မှန်ရိုက်ကြည့်ပါတယ်, ဓာတ်မှန်ရိုက်ပြီး ဆေးအမျိုးမျိုးလဲ ထပ်ပေးပါတယ်၊ ယခု အဲဒီဆေး များကို စားနေတုန်းဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ တစ်နေ့တုန်းကလို ထပ်မလဲအောင် သတိထားပါကိုယ်တော်။
တပည့်တော်။ ။ ထပ်မလဲအောင် ရေချိုးခန်းအပြည့် အသားကွက်တွေ ခင်းထားပါတယ်, အဲဒီအသားကွက်ပေါ် နင်းသွားရင်တောင် လဲမှာကို အထူး သတိထားပြီး နေရပါတယ်၊ လဲထားတဲ့ဒဏ်က မကြီးကျယ်သော်လဲ ကြောက်စရာ ကောင်းလွန်းလို့လား မသိပါဘူး ဘုရား, ဟိုနား-ဒီနား သွားတာတောင် လဲမှာ ကြောက်နေသလို မရဲတရဲ ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ လဲထားတာက ခွေးခြောက်ခိုင်းတုန်းက တစ်ခါ, ရေချိုးခန်းထဲ တစ်ခါ, ၂ ခါတောင် ရှိနေလို့ အလိုလို စိတ်စွဲနေဟန် တူပါတယ်၊ ပိုပြီး သတိထားပေါ့ ကိုယ်တော်။
တပည့်တော်။ ။ အိုတဲ့အခါကျတော့ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေ အကြောတွေက ခန္ဓာကိုယ်ကို မအိုခင်တုန်းကလို မဆောင်နိုင်တော့ဘူး၊ ဥပမာ“လှည်းအိုကြီးဟာ ဝန်မဆောင်နိုင်သလိုပါပဲ”လို့ ဓမ္မပဒအဋ္ဌကထာ, စက္ခုပါလထေရဝတ္ထုမှာ မိန့်တဲ့ အတိုင်း, တပည့်တော်ရဲ့ အရိုး-အကြောတွေ ဟာလဲ ထုံးစံအတိုင်း ခန္ဓာဝန်ကို ဆောင်ဖို့ ခဲယဉ်းဟန်တူပါတယ်။
ဇိဏ္ဏာ အဋ္ဌီ စ နှာရု စ, ဂတ္တာနိ န ဝဟန္တိ မေ၊ ဇိဏ္ဏောဝ သကဋော ဘာရံ, သာယံ လောကဿ ဓမ္မတာ။
ဓမ္မဂုတ်။ ။ ဥုးဇနကရေ ... နိုင်ငံခြားဧည့်သည်များ မလာတာကြာပြီ၊ ယခုလဲ လာဖို့အကြောင်း မရှိသေးဘူးလား။
တပည့်တော်။ ။ အကြောင်းထူးမကြားပဲနဲ့ ယခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံမှ ဘုန်းကြီးသုံးပါး ရောက်လာပါတယ်။ ထိုနိုင်ငံ၌ ဘောင်းဘီ-အင်္ကျီ ဝတ်နေကြသော (မဟာယာန) ဘုန်းတော်ကြီး များသာ ဖြစ်ကြပါတယ်၊
သို့ရာတွင် ရောက်လာကြသော ဘုန်းတော်ကြီး သုံးပါးထဲမှ အလတ်တစ်ပါးက ယိုးဒယား (ထိုင်း) နိုင်ငံ၌ ထေရဝါဒ ဘုန်းကြီးအဖြစ် ပြောင်းခဲ့သည်မှာ ၄ လလောက် ရှိပါပြီတဲ့၊ ထို့ကြောင့် အဲဒီဘုန်းကြီးကတော့ ယိုးဒယားဘုန်းကြီးများအတိုင်းပင် သင်္ကန်းဝတ်လာပါတယ်။
ဓမ္မဂုတ်။ ။ သူတို့က ကိုယ်တော့်ဆီကို ဘာကိစ္စနဲ့ ရောက်လာကြသလဲ။
တပည့်တော်။ ။ ယိုးဒယားလိုဝတ်ထားတဲ့ ထေရဝါဒဘုန်းကြီးက မြန်မာနိုင်ငံ လှည့်လည်ယင်း ဤကျောင်းတိုက်ကိုဖြတ်ပြီး ဦးပိန်တံတားကြီးသို့ သွားသောအခါ ဤကျောင်းတိုက်၏ သန့်ရှင်း သာယာပုံကို လည်းကောင်း, တိတ်ဆိတ်ပုံကို လည်းကောင်း, သတိထား၍ မှတ်သားခဲ့ဖူးပါသတဲ့၊
နောက်တစ်ကြိမ် မြန်မာနိုင်ငံသို့ ကိုးရီးယား ဒကာ-ဒကာမများနဲ့ လာသောအခါ တပည့်တော်ဆီ ဝင်လာပါတယ်, ဝင်လာသောအခါ တပည့်တော် နေရာ၌ ရေခဲသေတ္တာ, ဆိုဖာကြီးစသော ခေတ်မှီ အသုံးအဆောင်ကောင်းတွေ ဘာတစ်ခုမျှ မရှိသည်ကို သတိထားမိပါသတဲ့။
ဓမ္မဂုတ်။ ။ အဲဒီကိုယ်တော်က စဉ်းစားဉာဏ် အရှိသားပဲနော်၊ ဒါ့ကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာ ပြောင်းလိုက်တာနဲ့ တူတယ်။
တပည့်တော်။ ။ အဲဒီကိုယ်တော်က တပည့်တော် နေပုံထိုင်ပုံတွေကို ဓာတ်ပုံ တော်တော်များများ ရိုက်သွားပါတယ်၊ ကိုးရီယားသို့ ရောက်သောအခါ တချို့ ထေရဝါဒဘုန်းကြီးများ ခမ်းခမ်းနားနားနဲ့ (ရေခဲသေတ္တာ-အသံ ဖမ်းစက် စသော ခေတ်မှီ အသုံးအဆောင်များနဲ့) နေပုံကိုကြည့်၍ ထိုသို့ နေလိုစိတ် ဖြစ်ဟာခါ တပည့်တော် ယခုလို နေပုံကို အထူး သတိရ၍ ခမ်းခမ်းနားနား နေလိုစိတ်ကို ပြုပြင်နိုင်ပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီကိုယ်တော်နဲ့ တခြားကိုယ်တော် နှစ်ပါးက ကိုယ်တော့်ကျောင်းတိုက်သို့ ဘယ်လို စိတ်နဲ့ ရောက်လာပါတုန်း။
တပည့်တော်။ ။ သူတို့သုံးပါးထဲတွင် အငယ်ဆုံး မဟာယာနဘုန်းကြီးကလဲ ပထမအကြိမ် မြန်မာနိုင်ငံသို့ ရောက်လာသောအခါ ဤကျောင်းတိုက်ကို ဖြတ်၍ သွားစဉ် သန့်ရှင်း တိတ်ဆိတ်ပုံကို သတိထားမိပါသတဲ့၊ သူတို့ နှစ်ပါးက ကိုးရီးယား၌ ထင်ရှားသော မဟာနာယက ဆရာတော်ကြီးကို ဤကျောင်းတိုက်အကြောင်း ပြောပြသောအခါ ကမ္ဘာလှည့်ယင်း ဤကျောင်းတိုက်ကို ဝင်ရောက်လေ့လာမည်လို့ ပြောပါတဲ့။
ဓမ္မဂုတ်။ ။ သူတို့သုံးပါး လာသောအခါ ဘယ်နည်းနဲ့ ကိုယ်တော့်ကျောင်း ရောက်သလဲ။
တပည့်တော်။ ။ မန္တလေးဟိုတယ် ရောက်သောအခါ အင်္ဂလိပ်လိုပြောတတ်သော ထေရဝါဒဘုန်းကြီးက ဟိုတယ်ဆိုင်ရာ ကားသမားကို မန္တလေးမြို့ရဲ့ တောင်ဘက်မှာ သန့်ရှင်းသာယာသော ကျောင်းတိုက်ရှိတယ်၊ အဲဒီ ကျောင်းတိုက်ကို ပို့ပေးစမ်းပါ, ထို ကျောင်းတိုက်မှာ အိပ်ခွင့်လေ့လာခွင့် ရရင် ဟိုတယ် ပြန်မအိပ်ပါ, အခွင့်မရရင် ပြန်အိပ်ပါ့မယ်လို့ ဟိုတယ်ဆိုင်ရာကို ပြောသောအခါ “ကြွပါ ကြွပါ, အခွင့် ရပါလိမ့်မယ်”လို့ ပြောလိုက်ပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီနည်းနဲ့ ကိုယ်တော့်ကျောင်းတိုက်သို့ ရောက်လာတာပေါ့နော်။
တပည့်တော်။ ။ ရောက်လာသောည အိပ်ခွင့်-လေ့လာခွင့်ရလို့ ပထမအကြိမ် ဝမ်းမြောက်ကြပါတယ်၊ “မဟာနာယက”ဆိုတဲ့ မထေရ်ကြီးက သက်တော် (၆၈)နှစ် ရှိပါပြီ၊ မဟာနာယကနဲ့ ထိုက်တန်အောင် ဣန္ဒြေကြီးရင့်ပါသည်။ မျက်နှာကြည်လင် ပါသည်။ စကားပြောသောအခါ အေးအေးပင် ပြောတတ်ပါသည်။
ဓမ္မဂုတ်။ ။ သူတို့နဲ့ စကားပြောဖို့ရန် စကားပြန်က ကိုယ်တော့်ကျောင်းတိုက်မှာ ရှိသလား။
တပည့်တော်။ ။ ဆယ်တန်းဆရာလုပ်ခဲ့ပြီး, ပိဋက၌လည်း အတော်ခရီး ရောက်နေတဲ့ ဦးပဉ္စင်းတစ်ပါး ရှိပါတယ်, အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်သော လူဝတ်ကြောင်ယောဂီ ဒကာမ တစ်ယောက်လဲ ရှိပါတယ်၊ သို့သော် အရာရာ နှံ့စပ်နေသော လူ့ဘဝတုန်းက အလုပ်အကိုင် ကြီးကြီး မားမားနဲ့ နိုင်ငံ တော်တော် များများကို ရောက်ခဲ့ပြီးသော တပည့်တော် ရဟန်းအမနဲ့ သူ့ဇနီးဖက်က ဆွေမျိုး တော်စပ်သူ ဦးမောင်မောင်လေးသည် ဒုလ္လဘ ရဟန်းအဖြစ်ဖြင့် ကိုးကြိမ်ဝတ်ခဲ့ရာမှ သဒ္ဓါတရား ပြင်းပြသောကြောင့် လူဝတ်မလဲတော့ဘဲ ပိဋကကျမ်းစာတို့ကို လေ့လာယင်း တပည့်တော့်ကျောင်းတိုက်မှာ ရောက်နေပါတယ်၊
ဘွဲ့က (ဥုးကုဏ္ဍလ) လို့ ခေါ်ပါတယ်၊ တပည့်တော်ကျောင်းတိုက်မှာ စာချ ဘုန်းကြီး“ဥုးကုဏ္ဍလ” တစ်ပါးလဲ ရှိပါတယ်၊ ထိုနှစ်ပါးက ကိုးရီးယား ဘုန်းကြီး များ၏ စားသောက် နေထိုင်ရေးနဲ့တကွ စကားပြန်ပြုလုပ်ရေးပါ အပြည့်အစုံ ဆောင်ရွက်ကြပါသည်။
ဓမ္မဂုတ်။ ။ ကိုယ်တော်နဲ့ကော ပထမဆုံးတွေ့တော့ ဘာများ ပြောရတုန်း။
တပည့်တော်။ ။ ညနေအချိန်မှာ ဥုးကုဏ္ဍလ နှစ်ပါးနဲ့ အတူ တပည့်တော်ထံ လာကြသောအခါ တပည့်တော်က “မတ်မတ်ရပ်ပြီးတော့ ယခုမှ ဤကျောင်းတိုက်သို့ ရောက်သော်လဲ ဘုန်းကြီးအားလုံးသည် ရှေးကအတူ နေခဲ့ကြဖူးသော အကြောင်း ကြောင့် ယခုပြန်၍ တွေ့ကြရပါသည်။
အယူဝါဒကွဲ ပြားသော်လဲ ဗုဒ္ဓမြတ်စွာရဲ့ သားတော်ချည်းသာ ဖြစ်ကြသောကြောင့် ဧည့်သည် (အာဂန္တု) ကဲ့သို့ သဘောမထားဘဲ မိမိတို့ နေမြဲကျောင်းတိုက်ကဲ့သို့ ရင်းရင်းနှီးနှီး လွတ်လွတ်လပ်လပ် နေကြပါ, လေ့လာလိုသမျှ အားလုံးစုံအောင် လေ့လာကြပါ”လို့ ပြောလိုက်သည်ကို ဥုးကုဏ္ဍလက အင်္ဂလိပ်လို ပြန်၍ ပြောသောအခါ ထေရဝါဒဘုန်းကြီးက ဝမ်းမြောက်လွန်းလို့ သူ့မဟာနာယက ဆရာတော်အား ရှိုက်၍ရှိုက်၍ မျက်ရည် တလည်လည်နဲ့ ပြောပြရှာသည် မဟာနာယက ဆရာတော်လဲ မျက်ရည်ဝိုင်း၍ လာပါသည်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ စကားကလဲ ဝမ်းမြောက်စရာဖြစ်လို့ ဝမ်းသာလုံးဆို့တဲ့ မျက်ရည်မျိုးကျတာပေါ့နော်၊ သူတို့ ဘာများ လေ့လာသွားတုန်း။
တပည့်တော်။ ။ ကျောင်းတိုက်မှာ ဘုရားဝတ်တက်ပုံ, ဘုရားဝတ်တက်အပြီး၌ ကမ္မဋ္ဌာန်းထိုင်ကြပုံကို ထိုည၌ လေ့လာ၍ ဓာတ်ပုံရိုက်ကြပါသည်၊ နံနက် ရောက်တဲ့ အခါ ယာဂုကပ်သော အလှူရှင်များက ယာဂုလောင်းချိန်မှာ နှစ်တန်းခွဲ၍ နှစ်နေရာ၌သာ ယာဂုခံယူကြပုံ, ယာဂုဘုဉ်းပေးကြပုံကို ဓာတ်ပုံရိုက်ကြပါသည်၊
ယာဂုဘုဉ်းပေးပြီး၍ ဩဝါဒခံယူဖို့ရန် ဆွမ်းစား ကျောင်းပေါ်သို့ရောက်တဲ့အခါ ဩဝါဒနာယူသော သံဃာတော်များကို အဖက်ဖက်မှ လှည့်ပတ်ပြီး အတော်များများ ဓာတ်ပုံရိုက်ကြပါတယ်၊ ဩဝါဒပြီးတဲ့အခါ မဟာထေရ်ကြီးနဲ့ တပည့်တော်တို့ အနီးကပ်ထိုင်နေပုံကို ဓာတ်ပုံရိုက်ကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီနောက်တော့ ဘယ်နေရာများ ဓာတ်ပုံရိုက်ကြသေးတုန်း။
တပည့်တော်။ ။ ကျောင်းထဲသို့ လှည့်ပတ်၍ ကြည့်ရှုစဉ်, ဥယျာဉ်ထဲသို့ ရောက်သောအခါ သစ်ပင်များ၏အောက်၌ ကမ္မဋ္ဌာန်းထိုင်ပုံကလေးတွေကို တွေ့၍ မဟာနာယကထေရ်ကြီးသည် ထိုခုံကလေးပေါ်ဝယ် စက္ခုန္ဒြေချ၍ ကမ္မဋ္ဌာန်း ထိုင်နေသည်မှာ လွန်စွာ ကြည်ညိုဖို့ ကောင်းသောကြောင့် ဥုးကုဏ္ဍလ နှစ်ပါးက စကားပြန်ဘုန်းကြီးကို ဓာတ်ပုံရိုက်ဖို့ ပြောရပါသတဲ့။
ဓမ္မဂုတ်။ ။ မဟာနာယက ထေရ်ကြီးက သူ့နည်းနဲ့ သူ တရားထိုင်နေကျ ဖြစ်ဟန်တူပါတယ်နော်။
တပည့်တော်။ ။ တရားထိုင်နေကျ ဖြစ်ပါလိမ့်မယ်, ပင်ကိုယ်မျက်နှာ အနေကိုက တပည့်တော်ရဲ့ ဥပဇ္ဈာယ်ဆရာ ပထမ မဟာဟန္ဓာရုံ ဆရာတော်ကဲ့သို့ အေးအေး ဆေးဆေး ငြိမ်ငြိမ်သက်သက် ရှိလှပါတယ်။
ဓမ္မဂုတ်။ ။ နောက် ဘယ်နေရာများ ဓာတ်ပုံရိုက်သေးတုန်း။
တပည့်တော်။ ။ နေ့ဆွမ်းစားသောအခါ သေခိယသိက္ခာပုဒ်နဲ့အညီ, စားကြပုံကို ကြည့်၍ ဓာတ်ပုံ တော်တော်များများ ရိုက်ပါတယ်၊ နေ့ဆွမ်းစားပြီးနောက် စစ်ကိုင်း ဖက်သို့သွား၍ လေ့လာပြီးမှ ပြန်လာကြပါတယ်။ နောက်တစ်နေ့နံနက် ရောက်သောအခါ ဆွမ်းချက်ရာမီးဖို, ဆွမ်းဟင်းချက်ရာဌာန စသည်ကို ဓာတ်ပုံရိုက်၍ တောင်သမန် ကျောက်တော်ကြီးဘုရားကို သွားရောက် ဖူးမြော်ကြပါတယ်၊ ပြန်လာ သောအခါ တစ်တိုက်လုံးသံဃာ များနဲ့အတူ ကိုးရီးယားဘုန်းကြီးနဲ့ တပည့်တော်ပါ-ပါအောင် ဓာတ်ပုံ ရိုက်ကြပါသည်။
ဓမ္မဂုတ်။ ။ ဘယ်အချိန် ပြန်ကြတုန်း။
တပည့်တော်။ ။ နေ့လည်လောက် လေယာဉ်ပျံစီးရမည်ဖြစ်၍ ဆွမ်းစားပြီး သောအခါ ပြန်ကြပါတယ်။
ဓမ္မဂုတ်။ ။ ပြန်ခါနီးတော့ ဘာများ လျှောက်ထားသေးတုန်း။
တပည့်တော်။ ။“ပြန်တော့မယ့်အနေနဲ့ နှုတ်တောင် မဆက်ချင်ပါဘူး. ပြန်လဲ မပြန်ချင်ပါဘူး၊ ဒီမှာနေရတာ အားလုံးချမ်းသာမှု အားလုံးပြည့်စုံပါတယ်” လို့ မဟာနာယကထေရ်က သူ့မှာ ကံမကောင်း အကြောင်းမသင့်လို့ ဝိနည်းတော်ကို အပြည့်အစုံ မလိုက်နာရသော်လဲ နိဗ္ဗာန်မရခင် ဆရာတော်နဲ့အတူ ဗုဒ္ဓသာသနာ တော်ကို ပြုနိုင်ဖို့ရန် ဆုတောင်းပါတယ်လို့ ဝမ်းနည်းစွာ လျှောက်ထား၍ ခွဲခွာ သွားကြပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သမားတော်ကြီးဦးထွန်းသင်က ဆေးတွေပေးပြီးတော့ ကျန်းမာရေး စစ်နေတာ မပြီးသေးဘူးလား။
တပည့်တော်။ ။ ယနေ့ ၁၃၃၈-ခု, နတ်တော်လဆန်း (၄) ရက်နေ့မှာ ရက်ချိန်း ပေးပြီးတော့ ဓာတ်မှန် တည့်တည့်တစ်ကြိမ်, ယာဖက်စောင်းလျက် တစ်ကြိမ် ရိုက်ကြည့်ပါတယ်၊ ထို့နောက် ဓာတ်မှန်ဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ ဒေါက်တာ ဌေးမြင့် ရောက်လာတဲ့အခါ နှလုံးသက်သက် စမ်းသပ် ဖို့ရန် စက်တစ်မျိုးဖြင့် ပက်လက်အိပ်စေပြီး နှစ်ကြိမ်, ဝဲဖက်စောင်းအိပ်စေပြီး သုံးကြိမ်, ယာဖက် စောင်းလျက် အိပ်စေ၍ သုံးကြိမ် ရိုက်စေပါတယ်၊
အားလုံး ကြည့်ပြီးသောအခါ နှလုံးစသည်၌ “စိုးရိမ်စရာ ရောဂါမရှိပါ” လို့ လျှောက်ကြပါတယ်၊ သူတို့က “ဝမ်းထဲ၌ စိုးရိမ်စရာ မရှိဘူး”လို့ ဆိုသော်လဲ မျက်စိအတွက် မျက်စိဆရာဝန်ကိုပြ၍ စမ်းသပ်နေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ကို ဆရာဝန်များနဲ့ သမားတော် ကိုယ်တိုင်က စောင့်ရှောက် နေကြခြင်းမှာလဲ သာသနာတော်အလုပ်ကို ကြိုးစားဖို့ရာ အားတက်ဖွယ် တစ်မျိုးပါပဲနော်။
တပည့်တော်။ ။ မှန်ပါတယ်, တပည့်တော်တော့ ကျန်းမာရေးကို ဒါလောက် နားမလည်ပါ၊ အစားအသောက် အနေအထိုင်ကိုသာ ပြုပြင်ရပါတယ်။
ဓမ္မဂုတ်။ ။ စားလို့ သောက်လို့တော့ ကောင်းတယ်မဟုတ်လား။
တပည့်တော်။ ။ သက်သတ်လွတ်စားနေတာဖြစ်တော့ ကောင်းလှတယ်မဟုတ်ပါဘူး ဘုရား, အားရှိသောဆေးကလေးများ ကူပြီးတော့ အလုပ်လုပ်နိုင်အောင် စားနေရတာပါ၊ တစ်ခါတစ်ခါ ငါးခြောက်ဖုတ် အနံ့ကလေးများ မွှေးလို့ စားချင်စိတ် ဖြစ်ပါရဲ့၊ ဒါပေမယ့် စိတ်ကို ချုပ်တည်းရပါတယ်။
. . .
တစ်ဘဝသံသရာ ပြီးပြီ။
. . . . . . .
အမှာ။
ဆရာတော်၏ “တစ်ဘဝသံသရာ”မှတ်တမ်းကို ၁၃၃၉-ခုနှစ်၊ နတ်တော်လဆန်း (၄) ရက်နေ့အထိ ကိုယ်တော်တိုင်ရေးပြီး ဖြစ်ပါသည်။
ဤဘဝမှ ပြန်လွန်တော်မမူမီ ကျန်ရှိသေးသော (၁၃)ရက် ကာလနှင့် နောက်ဆုံး ဈာပနပြုပြီးချိန်အထိ ဖြစ်စဉ်များကို ဆက်လက် ရေးသား တင်ပြရန် တာဝန်ရှိသည့် အလျောက် ရေးသား တင်ပြပါသည်။
ဤသို့ ရေးသားတင်ပြရာတွင် နိမ္မိတဆရာတော် ဥုးဓမ္မဂုတ္တနှင့် ဆွေးနွေးဟန်ဖြင့်ပင် ဆက်လက် ရေးသားတင်ပြရရင် ဆရာတော်၏ မူလ ချခင်းထားသည့်ဇာတ်ကြောင်း ဟန်မပျက်စေဘဲရှိသဖြင့် ဖတ်ရှု ကြည်ညို ရသူတို့၏စိတ်မှာ အာရုံမပြောင်း တစ်ကြောင်းတည်းသော သမာဓိဖြင့် စိတ်အေးချမ်း တည်ငြိမ်မှုကို ရယူနိုင်လိမ့်မည် လို့ မျှော်လင့်ပါသည်။
. . .
ဓမ္မဂုတ်။ ။ ကိုယ်တော်ဘွဲ့ က ဘယ်လိုခေါ်သလဲ။
တပည့်တော်။ ။“စန္ဒောဘာသ”လို့ ခေါ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် ဒီဂန္ဓာရုံရောက်တာ ဘယ်လောက်ကြာပြီလဲ။
တပည့်တော်။ ။ ဆရာတော် တောင်မြို့ရောက်တာနဲ့ တစ်ပြိုင်တည်းလိုပါပဲဘုရား။
ဓမ္မဂုတ်။ ။ ဒါဖြင့် ဒီဂန္ဓာရုံစာသင်တိုက် တည်ထောင်ကတည်းက နေမှာပေါ့။
တပည့်တော်။ ။ ဆိုနိုင်ပါတယ်ဘုရား, အမှန်ကတော့ (၂)နှစ်လောက်တောင် စောရောက်ပါသေးတယ်။
ဓမ္မဂုတ်။ ။ သြော် ... ဒီလိုဆိုတော့ ကိုယ်တော်က တပည့်ကြီးပေါ့။
တပည့်တော်။ ။ လက်ရှိ တပည့်တွေထဲမှာတော့ တပည့်တော် အကြီးဆုံးပါဘုရား။
ဓမ္မဂုတ်။ ။ ကျောင်းတိုက်လက်ရှိ တပည့်တွေထဲမှာ အကြီးဆုံးဆိုတော့ ယခု ကျောင်းတိုက်ထဲမရှိဘဲ အဝေးရောက် တပည့်ကြီးတွေကော ရှိကြသေးသလား။
တပည့်တော်။ ။ မှန်ပါ့, ရှိကြပါသေးတယ်၊ ဒါပေမယ့် သူတို့ ဣဿရိယနဲ့ သူတို့ (ကျောင်းထိုင်) ဖြစ်နေကြပါတယ်။
ဓမ္မဂုတ်။ ။ ဒါဖြင့် ကိုယ်တော်တို့ ဆရာတော် မရှိတော့ ဆရာတော်ကို တိုက်ရိုက် မေးချင်တာတွေ မေးလို့ မဖြစ်တော့ဘူး၊ ကိုယ်တော့ကိုပဲ မေးရဦးမယ်။
တပည့်တော်။ ။ မေးပါဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ဆရာတော် ပျံလွန်တော်မမူမီ မှတ်တမ်း မရေးဘဲ ကျန်နေတဲ့ နေ့ရက်တွေမှာ ဘယ်လို ကိစ္စတွေကို ဆောင်ရွက်သေးသလဲ။
တပည့်တော်။ ။ ကျန်ရှိနေတဲ့ရက်တွေမှာ နေ့စဉ် ဆောင်ရွက်နေကျအတိုင်း နံနက် အရုဏ်ဆွမ်းစားပြီး ဥပုသ်နေ့မှတစ်ပါး, တပည့် သံဃာတွေနဲ့ ဒကာ-ဒကာမတွေကို ဩဝါဒ ပေးပါတယ်၊ နေ့လည်အချိန် စာဝါများ ပို့ချခြင်း, ကျမ်းစာ ရေးသားခြင်း ပြုပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ဆရာတော် ကျမ်းစာ ရေးသားတဲ့အခါ နေ့အချိန်မှာသာ ရေးသလား, ညမှာကော မရေးဘူးလား။
တပည့်တော်။ ။ တစ်ခါတစ်ရံ အရေးပေါ်ကိစ္စရှိတဲ့ အခါနဲ့ အိပ်ရာတွင်းနေစဉ် စိတ်ကူး- ပေါ်လာတဲ့ အချက်အလက်ရှိတဲ့ အခါများမှာတော့ ညညမှာလဲ ရေးပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ ကိုယ်တော်တို့ဆရာတော်ဟာ ကျန်းမာရေးအတွက် ညမှာ မီးမကြည့်ဘူးလို့ ကြားဖူးပါသလား။
တပည့်တော်။ ။ မှန်ပါတယ်, ရှေ့ပိုင်း အချိန်တုန်းကတော့ ညမှာ လုံးဝ မီးနဲ့ စာမရေးပါဘူး.. လွန်ခဲ့တဲ့ (၅)နှစ်အတွင်းလောက်မှ သေဖို့အချိန် နီးနေပြီ အလုပ်တွေ ကျန်နေမှာစိုးလို့ဆိုပြီး တစ်ခါတစ်ရံ မီးနဲ့ စာရေးခြင်း ဖြစ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို စာရေးတော့ ထိုင်ရေးသလား။
တပည့်တော်။ ။ ထိုင်မရေးတာ ကြာပါပြီ၊ တပည့်တော် မှတ်မိသလောက်တော့ ၁၃၀၅-ခုနှစ်, ကစ္စည်းဘာသာဋီကာ ရေးကတည်းက မတ်တတ်စားပွဲနဲ့သာ ရေးပါတယ်၊ ရိုးရိုးစားပွဲခုံကို အောက်က အုတ်ခဲခုပြီး မတ်တတ်စာပွဲ ဖြစ်အောင် စီမံပေးရပါတယ်။
ဓမ္မဂုတ်။ ။ စာရေး-စာပို့ချတယ်ဆိုတော့ ဘယ်အချိန်မှာ ပို့ချသလဲ။
တပည့်တော်။ ။ နေ့ ၁၂ နာရီမှ တစ်နာရီအထိ တစ်ဝါ, ၅ မိနစ် နားပြီးတော့ ၂ နာရီ အချိန်အထိ တစ်ဝါ၊ နေ့စဉ် စာဝါနှစ်ကြိမ် ပို့ချပါတယ်။
ဓမ္မဂုတ်။ ။ တစ်နေ့ စာဝါနှစ်ကြိမ် ပို့ချတယ်ဆိုတော့ တော်တော် ပင်ပန်းမှာပဲနော်, အမြဲတမ်း နှစ်ဝါပို့ချတာပဲလား။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဘာစာဝါတွေ ပို့ချသလဲ။
တပည့်တော်။ ။ အမြဲတမ်းဆိုတော့ အစုံပါပဲဘုရား, ယခု နောက်ဆုံးပို့ချတဲ့ စာဝါကတော့ လွန်ခဲ့တဲ့နှစ်က ပြီးသွားတဲ့ “ပဉ္စကြိုဏ်”ခေါ်တဲ့ အဘိဓမ္မာ အဋ္ဌကထာနဲ့ မူလဋီကာပါဘုရား။
ဓမ္မဂုတ်။ ။ ဪ... စာချဘုန်းကြီးတွေကြောက်တဲ့ တကယ့်စာဝါကိုး။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ အဘိဓမ္မာအဋ္ဌကထာနဲ့ မူလဋီကာကျမ် များ ပြီးသွားတော့ နောက်ထပ် ဘာစာဝါများ ပို့ချသေးသလဲ။
တပည့်တော်။ ။ ပါရာဇိကဏ်ပါဠိတော်ကို အစားထိုးပြီး ပို့ချပါတယ်ဘုရား၊ ပို့ချလက်စ သုတ်မဟာဝါ ပါဠိတော်နဲ့ အဋ္ဌကထာကိုလဲ ဆက်လက် ပို့ချပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ သုတ်မဟာဝါ စာဝါကို ပို့ချရုံပဲလား, အရင် ကျမ်းစာတွေလို အဓိပ္ပာယ်ဖွင့် (ဘာသာဋီကာ) မရေးဘူးလား။
တပည့်တော်။ ။ ရေးပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီကျမ်းကိုရေးတော့ ကျမ်းနာမည်ကို “သုတ်မဟာဝါ ဘာသာဋီကာ” လို့ တပ်မှာပေါ့နော်။
တပည့်တော်။ ။ ထုံစံအတိုင်း “ဘာသာဋီကာ”နာမည်ချည်းပါပဲဘုရား။
ဓမ္မဂုတ်။ ။ ဒါ့ကြောင့် အများကလဲ “ဘာသာဋီကာဆရာ”လို့ ခေါ်ကြတာ နေမှာပေါ့၊ ဒါနဲ့ စပ်ပြီး မေးရဦးမယ်, အဲဒီနာမည်ဟာ ဘယ်လိုအဓိပ္ပာယ် ရှိလို့ မှည့်ခေါ်တာလဲ၊ ကိုယ်တော်က ရှေ့မှီနောက်မှီဆိုတော့ ကိုယ်တော်တို့ ဆရာတော်ရဲ့ အာဘော် (ရည်ရွယ်ချက်)ကို ပြောပြပါဦး။
တပည့်တော်။ ။“ဘာသာဋီကာ”ဆိုတဲ့ စကားလုံးကတော့ အများသိပြီး ဖြစ်ပါလိမ့်မယ်, ပေါ်လဲ ပေါ်လွင်ပါတယ်၊ ဆိုင်ရာ ကျမ်းစာများရဲ့ အဓိပ္ပာယ်ကို တိုင်းရင်းမြန်မာဘာသာနဲ့ ချဲ့ဖွင့်ပြတာမို့ “မြန်မာ”ဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး, “ဘာသာဋီကာ”လို့ သုံးတာပါဘုရား။
ဓမ္မဂုတ်။ ။ ဒါဖြင့် ဒီစကားလုံးဟာ ကိုယ်တော်တို့ဆရာတော်ကစပြီး ထွင်တဲ့ စကားလုံးပဲလား။
တပည့်တော်။ ။ မဟုတ်ပါဘုရား, တပည့်တော်တို့ဆရာတော်ရဲ့ ဆရာဖြစ်တဲ့ အဘယာရာမဆရာတော် အသုံးပြုတဲ့ စကားလုံးကို ပူဇော်တဲ့အနေလဲရောက်, အဓိပ္ပာယ်လဲ ပေါ်လွင်တာနဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီစကားလုံးနဲ့စပ်ပြီး အတိုက်အခံများ မပေါ်ပေါက်ခဲ့ဖူးလား။
တပည့်တော်။ ။ ပေါ်ပေါက်ခဲ့ဖူးပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ဘယ်လိုပေါ်တာလဲ ကိုယ်တော်, အတိုက်အခံပေါ်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲနော်၊ တပည့်တော်တို့သိရအောင် ပြောပြစမ်းပါဦး။
တပည့်တော်။ ။ အဲဒီ အတိုက်အခံပေါ်တဲ့အချိန်မှာ သင်္ဂြိုဟ်ဘာသာဋီကာနဲ့ ပါတိမောက် ဘာသာဋီကာ နှစ်ကျမ်းထွက်ပြီးပါပြီ၊ နောက်ဆက်လက်ပြီး ရူပသိဒ္ဓိ ဘာသာဋီကာ - ကစ္စည်းဘာသာဋီကာများ ထွက်လာပါလိမ့်မည်လို့ ဆိုင်ရာဒကာ များက ကြေညာလိုက်တော့ -
“ပုပ္ပားဦးကျော်ရင်”လို့ နာမည် ကျော်ကြားတဲ့ မြန်မာပညာရှိ စာရေးဆရာ, မုံရွာ လယ်တီဦးကောဝိဒ ဆရာတော်က ဒီနာမည်ကို တပည့်တော်တို့သုံးဖို့ ရည်ရွယ် ထားပါတယ်။ ဒါ့ကြောင့် အရှင်ဘုရား ခွင့်ပြုထားတဲ့ ဒကာများရဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းခိုင်းပေးပါလို့ စာနဲ့ အကြောင်းကြားပါတယ်၊
အဲဒီအခါ တပည့်တော်တို့ ဆရာတော်က “နာမည်ဆိုတာ နာမည်ပါပဲ”တပည့်တော် ရေးတော့ တပည့်တော်ဘာသာဋီကာ, အရှင်ဘုရာရေးတော့ အရှင်ဘုရား ဘာသာ ဋီကာ ဖြစ်ရုံပါပဲ, မှတ်ပုံတင်ထားတာလဲ မဟုတ်တော့ အရှင်ဘုရားလဲ သုံးပါ၊ တပည့်တော်လဲ သုံးပါရစေလို့ စာပြန်လိုက်သည့်အတွက် နှစ်ဦးနှစ်ဝ ကြေနပ်မှု ရသွားတယ်လို့ သိရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ဆရာတော်က “ဇွဲကောင်း-ဝီရိယကောင်း”ဆိုတော့ လျှော့ဖို့တော့ စိတ်ကူးထဲတောင် ထည့်မှာမဟုတ်ဘူးထင်တယ်။
တပည့်တော်။ ။ ဇွဲကောင်းပုံကို အထူးပြောစရာ မလိုပါဘူးဘုရား၊ ဂျပန်ခေတ်တုန်းက ဖြစ်ပုံကလေးတစ်ခု အကြောင်းတိုက်ဆိုင်တုန်း လျှောက်ပါ ဦးမယ်၊ အဲဒီတုန်းက တစ်နေ့သောအခါ ဆရာတော်မှာ ငှက်ဖျားဆန်ဆန် တုန်ဖျား နေပါတယ်, စာရေးရင်း လက်ကခဲတံ မြဲအောင်မကိုင်နိုင်လို့ တပည့်တော်ကို ခေါ်ပါတယ်၊ ခေါ်ပြီးတော့ ဆရာတော် မထိုင်နိုင်လို့ ခဋင်ပေါ်လှဲပြီး ဖျားနေရင်း ဆရာတော်ကပြောလိုက် တပည့်တော်က နောက်ကလိုက်ရေးနဲ့ လုပ်ခဲ့ရပါ သေးတယ်ဘုရား။
ဓမ္မဂုတ်။ ။ တော်တော့်ကို ဇွဲကြီးတာပဲနော်, ချီးကျူးထိုက်တဲ့ ဇွဲပါပဲ၊ ဒါ့ထက် အဲဒီဖျားတုန်း ရေးတဲ့ကျမ်းက ဘာကျမ်းတုန်း။
တပည့်တော်။ ။ ကစ္စည်းဘာသာဋီကာကျမ်းပါဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် အဲဒီကျမ်းကို ကစ္စည်းဘာသာဋီကာလို့ နာမည် မပေးပဲ, “ဇွဲကျမ်း”လို့ နာမည်ပေးစရာကောင်းတယ်နော်၊ ဇွဲအကြောင်း ပြောရတာနဲ့ မူလစကားပြတ်သွားတယ်, ပြန်ပြီး ဆက်မေးရဦးမယ်။
တပည့်တော်။ ။ မေးပါဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ ပို့ချလက်စ သုတ်မဟာဝါကျမ်းကြီး ပြီးဆုံးသွားတော့ ဘယ်ကျမ်း ဆက်ပို့ချဦးမယ်လို့များ ပြောသေးတုန်း။
တပည့်တော်။ ။ ဒီဃနိကာယ်ထဲက နောက်ဆုံဖြစ်တဲ့ “သုတ်ပါထေယျကျမ်း” ဆက်ပြီး ပို့ချဖို့ အစီအစဉ်ရှိပါတယ်။
ဓမ္မဂုတ်။ ။ ကဲလေ အဲဒါတော့ ထားပါဦး၊ တပည့်တော် ဆက်မေးချင်တာက ပို့ချလက်စ သုတ်မဟာဝါကျမ်း ပို့ချရေးသားလို့ ပြီးဆုံးတော့ ကျန်းမာရေးကော ကောင်းရဲ့လား။
တပည့်တော်။ ။ ကောင်းပါတယ်ဘုရား, ကောင်းရုံတွင်မက တော်တော်ကို ပျော်ရွှင်နေပုံရပါတယ်။
ဓမ္မဂုတ်။ ။“စိတ်လန်းတော့ ကိုယ်ကြည်, စိတ်ပျိုတော့ ကိုယ်နု”ဆိုသလို စိတ္တဇရုပ်တွေ ဖြစ်နေမှာပေါ့နော်၊ အဲဒီလို ကျမ်းစာတွေ ရေးလို့-ပို့ချလို့ ပြီးတိုင်း ဘာတွေများ ပြောလေ့-ပြုလေ့ ရှိပါသလဲ၊ ကိုယ်တော်က နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် အတူနေရလို့ အတွင်းကျကျ သိသင့်သလောက် သိလိမ့်မယ်ထင်လို့ မေးရတာပါ, ပြောစမ်းပါဦး။
တပည့်တော်။ ။ အဲဒီလို ကျမ်းစာတွေ ရေးသား-ပို့ချပြီးတိုင်း ရက်ပေါင်း တော်တော် ကြာကြာ တပည့်တွေနဲ့ ဆက်ဆံတဲ့နေရာမှာလဲ ရယ်စရာ မောစရာများ ပြောတတ်ပါတယ်၊ သွားရင်းလာရင်း နှုတ်ကလဲ တိုးတိုး ကလေး -
“ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ, ဗုဒ္ဓံ ပူဇေမိ - ဓမ္မံ ပူဇေမိ - သံယံ ပူဇေမိ”လို့ မကြာမကြာ ကြားရပါတယ်၊ ပြီးတော့...
“စိရံ တိဋ္ဌတု သဒ္ဓမ္မော, ဓမ္မေ ဟောန္တု သဂါရဝါ၊ သဗ္ဗေပိ သတ္တာ ကာလေန သမ္မာ ဒေဝေါ ပဝဿတု၊ ယထာ ရက္ခိံသု ပေါရာဏာ, သုရာဇာနော တထေဝိမံ, ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ဣဝ”လို့ ဆက်ပြီး ရွတ်နေတာကိုလဲ ကြားရဖူးပါတယ် ဘုရား၊
(ဆရာတော် ရွတ်ဆိုတဲ့ ပါဠိများကို အများသိနိုင်ရန် ယောဇနာ အနက်များကို ဆက်လက် ရေးထည့်လိုက်ပါသည်။)
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ - ဤသို့ ကျမ်းစာပို့ချ ရေးသားရခြင်း ဟူသော ဓမ္မာနုဓမ္မ (ပတိပတ်) လောကုတ္တရာအကျင့်မြတ်ဖြင့်၊
ဗုဒ္ဓံ - မြတ်စွာဘုရားကို၊
ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား၊
ဓမ္မံ - မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို၊
ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား၊
သံဃံ - မဂ်ဖိုလ်၌တည်, ရှစ်လီသော အရိယာသံဃာတော်နှင့်တကွ ထိုမဂ်ဖိုလ်ကို ရည်မှန်း၍ ကျင့်တော်မူနေ ကြသော သမ္မုတိသံဃာတော် အရှင်မြတ်အပေါင်းကို၊
ပူဇေမိ - ရှိခိုးကော်ရော် ပူဇော်ပါ၏ အရှင်ဘုရား။
သဒ္ဓမ္မော - ဘုရားဟောဖော်, သူတော်ကောင်းတရားတော်သည်၊
စိရံ - ခေတ်အဆင့်ဆင့် ဆောင်ယူကျင့်၍ ကြာမြင့်လှစွာ, ငါးထောင်သာအောင်၊
တိဋ္ဌတု - ပါဠိအနက်, မလျော့ပျက်ဘဲ, ထွန်းတက်၍သာ တည်တံ့ပါစေသတည်း။
သဗ္ဗေပိ - ကမ္ဘာလွှမ်းခြုံ အလုံးစုံလည်းဖြစ်ကုန်သော၊
သတ္တာ - သွားလာ လှုပ်ရှား, သတ္တဝါအများတို့သည်၊
ဓမ္မေ - ဆိုင်ရာ ဆင့်ဆင့်, ကိုယ်ကျင့် တရား၌၊
သဂါရဝါ - ရိုသေလေးစားခြင်း ရှိကုန်သည်၊
ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း။
ဒေဝေါ - လူအများ၏ ချမ်းသာပွားတိုး, အားထားရာမိုးသည်။
ကာလေန - သင့်လျော်လျောက်ပတ်မှု ကောင်းမြတ်သောအခါ၌၊
သမ္မာ - မဖောက်မပြန် မှန်ကန်စွာ၊
ပဝဿတု - ရွာသွန်းပါစေသတည်း။
ပေါရာဏာ - ရှေးအထက်က, ဆက်ဆက်များလှမှ ဖြစ်ပေါ်ကြကုန်သော၊
သုရာဇာနော - ရေမြေ အပေါင်း, တိမ်းမစောင်းအောင်, ထိန်းကျောင်းပေတတ်, မင်းကောင်း မင်းမြတ်တို့သည်၊
ပဇံ - တိုင်းသားပြည်သူ ရှင်လူအပေါင်းကို၊
ရက္ခိံသုယထာ - ခိုးသား ဓားမြ, မရှိရအောင်, နေ့ည ပုံသေ, စောင့်ရှောက်ကြ လေကုန်သကဲ့သို့၊
တထေဝ - ပမာထားယူ, အလားတူသာလျှင်၊
ရာဇာ - နိုင်ငံပိုင်နင်း, အစိုးရမင်းသည်၊
ဣမံ ပဇံ - တိုင်းသား ပြည်သူ, ရှင်လူအများကို၊
အတ္တနောပဇံ ဣဝ - မိမိရင်နှစ်, သားရင်းစစ်ကဲ့သို့ ၊
ဓမ္မေန - တရားသဖြင့်၊
ရက္ခတု - ကျောသား ရင်းသား, မခွဲခြားဘဲ, တရားအလျောက် စောင့်ရှောက်ပါစေ သတည်း။
ဓမ္မဂုတ်။ ။ တယ်ကောင်းတဲ့ ရည်ရွယ်ချက်ပဲ ကိုယ်တော်, လက်စနဲ့ ဆက်မေး ရဦးမယ်၊ နောက်တော့ ဘာများ ဆက်လုပ်သေးတုန်း။
တပည့်တော်။ ။ နတ်တော်လဆန်း (၁၃) ရက်နေ့က သုတ်မဟာဝါ ပြီးဆုံးတော့ (၁၄-၁၅) ရက်နေ့များမှာ ထုံးစံအတိုင်း စာပို့ချမှု အနားယူပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ နတ်တော်လဆန်း (၁၄) ရက်နေ့မှာ အားလပ်တဲ့ နေ့ဖြစ်တော့ ကျန်းကျန်းမာမာနဲ့ စိတ်ပေါ့ ကိုယ်ပေါ့ ရှိနေမှာပေါ့နော်။
တပည့်တော်။ ။ ကျန်းမာရေးအတွက် ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး၊ အဲဒီလို ထူးခြားမှုမရှိတော့ နေ့ဆွမ်းကို ဗူးသီးကြော်နဲ့ စားချင်တယ်ဆိုလို့ ဆွမ်းပြုစုနေတဲ့ ဒကာမကြီးက ဗူးသီးကြော် ကပ်ပါတယ်၊ အဲဒီ ဗူးသီးကြော်နဲ့ စားရလို့ ထင်ပါရဲ့ ဆွမ်းတော်တော်များများ ဘုဉ်းပေးနိုင်တယ်လို့ သိရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီလို ဗူးသီးကြော်စားတော့ ကျန်းမာရေးကော ကောင်းရဲ့လား။
တပည့်တော်။ ။ ဗူးသီးကြော် မဘုဉ်းပေးခင်က နည်းနည်းဖြစ်နေတဲ့ မျက်မှေး (မျက်ခွံ) ရောင်နေတာကလွဲပြီး ထူးထူးခြားခြား ဘာဖြစ်တယ်လို့ အမိန့်မရှိတော့ အားလုံးကလဲ နေထိုင်ကောင်းတယ်လို့ ယူဆကြပါတယ်။
ဓမ္မဂုတ်။ ။ နောက်တစ်ရက် လပြည့်နေ့ရောက်တော့ ဘာများ ထူးထူးခြားခြား ဖြစ်တယ်လို့ ပြောသေးတုန်း။
တပည့်တော်။ ။ လပြည့်နေ့ နေ့လည်ပိုင်းအထိ ဘာမှ ထူးထူးခြားခြား အမိန့် မရှိပါဘူး၊ မျက်မှေးရောင်ရောဂါအတွက် ဆရာဝန်ကိုလဲ ဘာမှမပြော ရသေးတော့ စာချဘုန်းကြီးတစ်ပါးရဲ့ ကိုယ်တွေ့ သုံးဖူးတဲ့ ပေါက်ပန်းဖြူ ရွက်ကြမ်းပြုတ် ရေနွေးငွေ့ ကြပ်ထုပ်ပဲထိုးပါတယ်၊ နည်းနည်းသက်သာတယ်လို့ သိရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒါဖြင့် လပြည့်နေ့မှာတော့ ဘာများ ဘုဉ်းပေးသေးတုန်း။
တပည့်တော်။ ။ နေ့စဉ် ဘုဉ်းပေးသလို ဆန်ပြုတ်ဘုဉ်းပေးပါတယ်၊ ကိုးနာရီ အချိန်လောက် သစ်သီး နည်းနည်း ဘုဉ်းပေးပြီး (၁၀)နာရီခွဲမှာ ဆွမ်းဘုဉ်းပေး ပါတယ်။
ဓမ္မဂုတ်။ ။ နေ့လည်နဲ့ ညနေအချိန်မှာကော ဘာများ ဘုဉ်းပေးသေးတုန်း။
တပည့်တော်။ ။ ခါတိုင်းတော့ ဖျော်ရည် ဘုဉ်းပေးပါတယ်၊ လပြည့်နေ့ နေ့ပိုင်းမှာ ထန်းလျက်ရည် ဘုဉ်းပေးချင်တယ်ဆိုလို့ ဆွမ်းပြုစုနေတဲ့ ဒကာမကြီးက ကျိုပြီး ကပ်ပါတယ်။
ဓမ္မဂုတ်။ ။ ဒါဖြင့် နတ်တော်လပြည့်နေ့မှာ တစ်နေ့လုံး နေထိုင်ကောင်းတယ်လို့ ဆိုရမှာပေါ့နော်။
တပည့်တော်။ ။ တစ်နေ့လုံး နေထိုင်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး၊ ညနေ (၃) နာရီခွဲတော့ သံဃာအားလုံး စုဝေးပြီး ဥပုသ်ပြုပါတယ်, အဲဒီ ဥပုသ်ပြုပြီး အမြဲ နေတဲ့ကျောင်းပြန်ရောက်တော့ မောတယ်လို့ ပြောပါတယ်၊ ဒီအချိန်မှာ ဆရာဝန် ရောက်နေပါတယ်, ဆရာဝန်က ပြုစုပေးလိုက်တော့ နေသာထိုင်သာ ရှိသွားပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်အချိန်လောက် ရှိပြီလဲ။
တပည့်တော်။ ။ ညနေ (၅)နာရီလောက် ရှိပါပြီ။
ဓမ္မဂုတ်။ ။ အဲဒီ ညမှာကော ဘယ်လိုနေသေးတုန်း, နေထိုင်ကောင်းသွားရောလား။
တပည့်တော်။ ။ မကောင်းပါဘူး, နည်းနည်းဖျားပါတယ်။
ဓမ္မဂုတ်။ ။ အမြဲနေတဲ့ကျောင်းကလေးပေါ်မှာ ဘယ်နှစ်ပါးနေသလဲ, တစ်ပါးတည်း နေသလား။
တပည့်တော်။ ။ အမြဲတမ်း တစ်ပါးတည်းနေပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတော့ နည်းနည်း နေမကောင်းဘူးဆိုတော့ အစောင့်အရှောက် ခေါ်မထားဘူးလား။
တပည့်တော်။ ။ ကိုရင်နှစ်ပါးနဲ့ ပြုစုတတ်တဲ့ ဦးပဉ္စင်းတစ်ပါး ဆရာတော် ကျောင်းပေါ်အိပ်ဖို့ လျှောက်တဲ့အခါ ဘုန်းကြီးဘာမှဖြစ်တာမှ မဟုတ်ဘဲ, အိပ်ဖို့ မလိုဘူးလို့ပြောတော့ တပည့်တော်တို့က ဇွတ်ထားလို့လဲ မဖြစ်ပါဘူးဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် ကိုယ်တော်တို့က ဒီအတိုင်းထားလိုက်ရောလား။
တပည့်တော်။ ။ မထားပါဘူးဘုရား, ကျောင်းပေါ်အိပ်ဖို့ လက်မခံတော့ အနီးကပ် နေတဲ့ ကျောင်းပေါ်မှာ အလှည့်ကျ နားထောင်ဖို့ တစ်ခါတစ်ရံ ကျောင်းပေါ် တက်ကြည့်ဖို့, ကိုရင်နှစ်ပါးနဲ့ ဦးပဉ္စင်းတစ်ပါးကို တာဝန် ပေးထားပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီညမှာ ထူးထူးခြားခြား ဘာဖြစ်သေးတုန်း။
တပည့်တော်။ ။ ဘာမှမဖြစ်ပါဘူး, နံနက်အရုဏ်တက်ချိန် ဆန်ပြုတ်ဘုဉ်းပေးပြီး နေ့စဉ်ဆောင်ရွက်နေကျအတိုင်း သံဃာများကို ဩဝါဒပေးပါတယ်။ (၈) နာရီ လောက်မှာ သစ်သီးဘုဉ်းပေးပြီး (၁၀) နာရီခွဲအချိန် ဆွမ်းဘုဉ်းပေးတဲ့အခါ ခါတိုင်းရက်လို ဆွမ်းမစားနိုင်ပါ၊ ဒီနောက် ရေချိုးပါတယ်။
ဓမ္မဂုတ်။ ။ ဟင်း.. အရင်ရက်က ဖျားတယ်ဆိုပြီး ရေချိုးသေးသတဲ့လား။
တပည့်တော်။ ။ အဲဒါ တပည့်တော်တို့ မသိလိုက်ပါဘူး, ရေချိုးပြီးမှ သိရပါတယ်။
ဓမ္မဂုတ်။ ။ ရေချိုးပြီးတော့ ထူးထူးခြားခြား ဘာဖြစ်သေးတုန်း။
တပည့်တော်။ ။ ဘာမှ ပြောလောက်အောင် မဖြစ်ပါဘူး, နေကောင်းတယ်ဆိုပြီး နေ့ (၁၂) နာရီမှ (၁) နာရီအထိ ဒီဃနိကာယ်, သုတ်ပါထေယျ စာဝါ ပို့ချပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ သုတ်ပါထေယျ စာဝါကို လပြည့်ကျော် (၁) ရက်နေ့မှစပြီး ပို့ချတာလား။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ စာဝါပြီးတော့ ကျန်းမာရေး ဘယ်လိုနေသေးတုန်း။
တပည့်တော်။ ။ အနည်းငယ် အားနည်းတဲ့သဘော ရှိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဘယ်ဆရာဝန်များ ခေါ်ပြသေးတုန်း။
တပည့်တော်။ ။ သီးခြား မခေါ်ပါဘုရား, အမြဲ စမ်းသပ်နေတဲ့ သမားတော်ကြီး ဒေါက်တာ ဦးထွန်းသင်က သူ့တပည့်ဖြစ်တဲ့ အမရပူရ ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာ ကံရွှင်နဲ့ အခြားဆရာဝန် နှစ်ယောက်လာပါတယ်။
ဓမ္မဂုတ်။ ။ ဆရာဝန်တွေ ဒါလောက်များတာက အရေးကြီးလို့ ခေါ်လာတာလား။
တပည့်တော်။ ။ မဟုတ်ပါဘုရား,ဒေါက်တာ ဦးထွန်းသင်က အမရပူရမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်၍ ရွေးကောက်ပွဲရက်နီးလို့ လိုအပ်လျှင် ဆက်လက် စောင့်ရှောက်ဖို့ရန် ဆရာဝန်များ ပါလာတယ်လို့ သိရပါတယ်။
ဓမ္မဂုတ်။ ။ ဆရာဝန်များက ဘယ်လို ပြောသေးတုန်း။
တပည့်တော်။ ။ ထူးထူးထွေထွေ မပြောပါဘူး, နေ့စဉ်သုံးရန် ပေးထားတဲ့ ဆေးများကို ပြန်လည်စိစစ်ပြီး ပြောင်းလွှဲပေးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ဆရာတော်ကကော ဘာများပြောသေးတုန်း။
တပည့်တော်။ ။ အထူး ဘာမှမပြောပါဘူး, ယခု သောက်ရမယ့်ဆေးတွေထဲမှ ဆီးဆေးပါရင် လျှော့ဖို့ကောင်းမယ်ထင်တယ်၊ ဆီးသွားရတာ များနေတယ်လို့ ဆရာတော်က ပြောပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတော့ ဆရာဝန်က ဘာပြောသေးတုန်း။
တပည့်တော်။ ။ ဘာမှ မပြောပါဘူး, ဆီးဆေး လျှော့ပေးသွားပါတယ်။ ဆရာဝန်ကတော့ သဘောမကျဘူးလို့ ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို သဘောမကျတာလဲ, ပြောစမ်းပါဦး။
တပည့်တော်။ ။ လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်ထဲမှာ အပြစ်နည်းနည်း တွေ့တယ်လို့ သိရပါတယ်, အပြစ်အတွက် ပေးထားတဲ့ ဆီးဆေးလျှော့လိုက်ရလို့ သိပ်အားမရတဲ့ သဘောပါဘုရား။
ဓမ္မဂုတ်။ ။ အဆုပ်ထဲမှာ အပြစ်တွေ့တယ်ဆိုတာ ကိုယ်တော်တို့ဆရာတော်က မသိဘူးလား။
တပည့်တော်။ ။ ပထမ ဘယ်သူမှ မလျှောက်ကြလို့ မသိပါဘူး၊ နောက်တော့ ဆရာဝန်ကလေးတစ်ယောက် လျှောက်တာနဲ့ သိသွားပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို သိသွားတဲ့အခါ ဘာပြောသေးတုန်း။
တပည့်တော်။ ။ အထူးမပြောပါ, အသက်ကြီးလို့ လူအိုရင် ရောဂါတစ်ခုခု ရှိစမြဲပဲ,“လှည်းအိုကြီးလို ချို့ယွင်းချက် ဖြစ်လာတဲ့သဘော နေမှာပေါ့”လို့ ဒါလောက်ပဲ ပြောပါတယ်။
ဓမ္မဂုတ်။ ။ ပြီးတော့ ဆရာဝန်ကြီး ပြန်သွားရောလား။
တပည့်တော်။ ။ ပြန်ဖို့ ကျောင်းပေါ်က ဆင်းလာပြီး, ကျောင်းအောက်လဲ ရောက်ရော တပည့်တွေက ဆရာဝန်ကြီးကို ဝိုင်းပြောကြပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို ပြောကြတုန်း။
တပည့်တော်။ ။ ဆရာတော်ကို လျှောက်ထားပေးပါဦး, နံနက်ဩဝါဒ မပေးဖို့နဲ့ နေ့လည် စာဝါလဲနားထားဖို့ ဒေါက်တာလျှောက်ရင် ရပါတယ်လို့ ဝိုင်းပြောကြ ရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတော့ ဆရာဝန်က ဘာပြောတုန်း။
တပည့်တော်။ ။ ဘာမှ မပြောဘဲ ကျောင်းပေါ် ပြန်တက်ပြီး (၃) ရက်လောက် အနားယူပါလို့ လျှောက်ထားပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုလျှောက်တော့ လက်ခံရောလား။
တပည့်တော်။ ။ ပြန်မပြောဘဲ ပြုံးပြီးနေပါတယ်။
ဓမ္မဂုတ်။ ။ ပြုံးနေတယ်ဆိုတာ လက်ခံတဲ့သဘောပေါ့။
တပည့်တော်။ ။ မဟုတ်ပါဘူးဘုရား, ကိစ္စမရှိဘူးဆိုပြီး လက်မခံတဲ့ သဘောပါ။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့် ကိုယ်တော်က ဒီလို ပြောနိုင်ရတာလဲ။
တပည့်တော်။ ။ တပည့်တော်တို့ ဆရာတော်သဘောကို ကောင်းကောင်း သိပါတယ်, ဒီလို အမူအရာမျိုးဆိုရင် လက်မခံတဲ့သဘောပါ။
ဓမ္မဂုတ်။ ။ အားလုံး ကိစ္စတွေမှာ လက်မခံရင် ဒီလို အမူအရာမျိုးချည်း ပြတာပဲလား။
တပည့်တော်။ ။ မဟုတ်ပါဘုရား, ကိုယ့်အရေးကိစ္စများသာ ဒီလို အမူအရာ ပြတာပါ၊ အခြားသူတွေကိစ္စများတော့ ဖြေရှင်းပြောပြလေ့ ရှိပါတယ်။
ဓမ္မဂုတ်။ ။ ဆရာတော်ဟာ ကျန်းမာရေးအတွက်ဆိုရင် ဒေါက်တာ ညွှန်ကြား တဲ့အတိုင်း လိုက်နာတယ်လို့ ကြားဖူးပါကလား။
တပည့်တော်။ ။ မှန်ပါ့, ဆရာဝန်ညွှန်ကြားချက်ဆိုရင် သူကိုင်တိုင်မဆိုထားနဲ့ အခြားသူများ ဖောက်ဖျက်တာတောင် မကြိုက်ပါဘူး၊ ဒါပေမယ့် ယခု အကြိမ်တော့ စာဝါက ယနေ့မှစပြီး ပို့ချတာဖြစ်လို့ “ဝေဿန္တရာမင်း ဆန္ဒမျိုး ဖြစ်စေချင်တဲ့ သဘော”လို့ ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဖြေတဲ့ စကားထဲမှာ “ဝေဿန္တရာမင်းရဲ့ ဆန္ဒ”ဆိုတာ ဘယ်လိုတုန်း။
တပည့်တော်။ ။ ဝေဿန္တရာမင်းဟာ အလှူဒါနပြုတဲ့နေရာမှာ နောက်မဆုတ်ဘဲ အလှူခံပုဂ္ဂိုလ်လာရင် “မလှူနိုင်ဘူး မလှူချင်ဘူး မရှိဘူး”ဆိုတာမျိုး လုံးဝ မဖြစ် စေချင်တဲ့အတွက် သားတော် သမီးတော်, ဆင်ဖြူတော်, သက်ရှိပစ္စည်းများအပြင် (အများက မသင့်တော်ဘူးလို့ အသိအမှတ် ပြုထားတဲ့) သေရည်အရက်ကိုတောင် ထည့်လှူပါတယ်၊
အဲဒါဟာ မဟာဇ္ဈာသယ (လှူဒါန်းလိုတဲ့ဆန္ဒက ပြင်းထန်လွန်းအားကြီးလို့ သေရည် အရက်ကို ထည့်လှူခြင်းဖြစ်ပါတယ်။) အဲဒီလို ကျမ်းစာပြီးစေချင်တဲ့ဆန္ဒက ပြင်းထန် လွန်းအားကြီးတဲ့ မဟာဇ္ဈာသယကြောင့် လက်မခံချင်သလို ဖြစ်ပါလိမ့်မယ်ဘုရား။
ဓမ္မဂုတ်။ ။ ဇွဲလုံ့လက ပြင်းထန်လွန်းတော့ ဟုတ်ပေမှာပေါ့ကိုယ်တော်သူ့ကိုယ်သူ “သေမယ့်အလုပ်တောင် မရပ်ဘူး”ဆိုတဲ့ သဘောများထားရောလား။
တပည့်တော်။ ။ မလျှောက်တတ်ပါဘုရား။
ဓမ္မဂုတ်။ ။ ခါတိုင်းဆိုရင် ကျန်းမာရေးလိုက်စားတာက ပိုတောင်နေသေးတယ် ဆိုပြီး, ယခုတော့ မှားတယ်လို့ ဆိုရမှာပေါ့ နော်။
တပည့်တော်။ ။ ကျမ်းစာများ ပို့ချ-ရေးသားမှုအတွက် ပြီးစေချင်တဲ့ဆန္ဒက ပြင်းထန် လွန်းအားကြီးတော့ မှားတယ်လို့ဘဲ ပြောရတော့မှာပေါ့ဘုရား၊ ယခု ပို့ချ-ရေးသားတဲ့ ကျမ်းစာကုန်ဆုံးရင် ပိဋကသုံးပုံရဲ့ အဖွင့်တွေ အားလုံး ပြီးဆုံးသွားပါပြီ၊ ဒါကြောင့် နောက်မဆုတ်ချင်တဲ့သဘော ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ဘုရား၊ ကောင်းတဲ့ ပါရမီအလုပ်နဲ့ စပ်ပြီး ကဗျာတောင် စပ်ခဲ့ဖူးပါသေးတယ်။
ဓမ္မဂုတ်။ ။ အဲဒီကဗျာကို ကိုယ်တော် ရွတ်မပြနိုင်ဘူးလား။
တပည့်တော်။ ။ ရွတ်ပြပါမယ်ဘုရား။
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက၊
နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့
ငါပါ အသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားသည်။
ဓမ္မဂုတ်။ ။ တောက်... နာကျည်းလိုက်တာ ကိုယ်တော်, သူ့ ရည်ရွယ်ချက်အတိုင်း အဲဒီ နောက်ဆုံးဖြစ်တဲ့ “သုတ်ပါထေယျကျမ်း”သာ ပြီးဆုံးမယ် ဆိုရင် ဒီဘုရား သာသနာတော်မှာ မှတ်တမ်းတင်ရမယ့် ကိစ္စကြီးပဲ၊
“နောင် ပွင့်တော်မူမယ့် အရိမေတ္တေယျ မြတ်စွာဘုရား လက်ထက် ရောက်ရင် လွန်ခဲ့သော ဂေါတမဘုရားသာသနာတုန်းက ဇနကထေရ်ဟာ ပိဋက သုံးပုံကို ထို ဘုရားသာသနာနဲ့ အများအတွက် အဖွင့်ကျမ်းစာ ရေးသားခဲ့သော ကောင်းမှုကြောင့် မည်သည့်ဘဝ (သို့မဟုတ်-ငါဘုရား လက်ထက်မှာ) မည်ကဲ့သို့ အကျိုးတရားများ ရရှိသွားပြီ”လို့ မိန့်တော်မူမှာ သေချာပါတယ် ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား, သို့သော်လဲ “တပည့်တော်တို့မှာ ဖြစ်သမျှ အကြောင်း အကောင်းချည်း”လို့ အောက်မေ့ပြီး၊
သကိစ္စေ အသမတ္တေဝ, သဉ္စဟန္တိ ဗဟူ ဇနာ၊
ယထာလဒ္ဓံ ဘဝံ သာယံ, ပုထုဇ္ဇနာန ဓမ္မတာ။
“ရဟန်းရှင် လူ ခပ်သိမ်းသူတို့သည် မိမိကိစ္စ မပြီးဆုံးမီ လက်ရှိဘဝ (လုပ်ငန်း)ကို စွန့်ပစ်ချန်ထား၍ သွားကြရခြင်းသည် ပုထုဇဉ်တို့၏ ထုံးစံပါ”ဆိုတဲ့ ဩဝါဒဖြင့် ဖြေသိမ့်ရပါတော့တယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ ရက်တွေမှာ ကိုယ်အမူရာ နှုတ်အမူရာတွေကို အကဲခပ်တဲ့ သဘောနဲ့ သတိထားပြီး မကြည့်မိဘူးလား။
တပည့်တော်။ ။ အနည်းငယ်တော့ သတိထားမိပါတယ်။ “ကာယဝိဝေက စိတ္တဝိဝေက”ဖြစ်အောင် နေတယ်လို့ ထင်ပါတယ်၊
(ကာယဝိဝေက - ကိုယ် ငြိမ်းချမ်းမှု၊
စိတ္တဝိဝေက - စိတ်၏ ဆိတ်ငြိမ် အေးချမ်းမှု),
ပြီးတော့လဲ လပြည့်ကျော်တစ်ရက်နေ့ နံနက်က ဇရပ်မှာနေပြီး ဥပုသ်ရက်ရှည် စောင့်နေကြတဲ့ ကျောင်းအမတွေကိုလဲ ပြန်လွှတ်ပါတယ်, သား ဒုလ္လဘ ရဟန်း ဝတ်နေလို့ ဆွမ်းပြုစုနေတဲ့ ကျောင်းအမတွေကိုလဲ ပြန်လွှတ်ပါတယ်, ဆရာတော်ကို ပြုစုနေတဲ့ ကိုရင်-ဦးပဉ္စင်းများကိုလဲ ကိစ္စရှိမှ ခေါ်မယ်ပြောပြီး အနားမှာ မထားဘဲ တစ်ပါးတည်း နေပါတယ်၊ အဲဒါတွေကိုထောက်ပြီး ဝိဝေက (ဆိတ်ငြိမ် အေးချမ်းမှု) ယူတယ်လို့ ထင်ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ လပြည့်ကျော် နှစ်ရက်နေ့ နံနက်ရောက်တော့ကော ကျန်းမာရေးက ဘယ်လိုနေသလဲ, ကောင်းရဲ့လား။
တည့်တော်။ ။ အနည်းငယ်ဖျားနေတဲ့ရောဂါ သက်သာလာပါတယ်။
ဓမ္မဂုတ်။ ။ ဒါဖြင့် နှစ်ရက်နေ့နံနက်ကော ဘာများဘုဉ်းပေးသေးတုန်း။
တပည့်တော်။ ။ နံနက် (အရုဏ်) ဆန်ပြုတ်နဲ့ (၈) နာရီလောက် သစ်သီး ဘုဉ်းပေးပါတယ်။
ဓမ္မဂုတ်။ ။ (၈) နာရီလောက် ဘုဉ်းပေးတဲ့ သစ်သီးက ဘာသစ်သီးတုန်း၊
တပည့်တော်။ ။ မာလကာသီးပါဘုရား။
ဓမ္မဂုတ်။ ။ ဟင် ... မာလကာသီးဆိုတော့ မောတဲ့ ရင်ကြပ်တဲ့ ဖျားတဲ့ရောဂါနဲ့ တဲ့ပါ့မလားကိုယ်တော်။
တပည့်တော်။ ။ အများကတော့ မသင့်မြတ်ဘူးလို့ ထင်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ မသင့်မြတ်ဘူးထင်ရင်, ဘာပြုလို့ ကပ်ကြတာတုန်း။
တပည့်တော်။ ။ ကိုရင်ကလေးတစ်ပါးကို ဆွမ်းပြုစုတဲ့ ဒကာမကြီးထသွား ပြီး အယူခိုင်းတော့ ဒကာမကြီးက မသင့်ကြောင်း ဆရာတော့်ထံပြန်ပြီ အလျှောက် ခိုင်းပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတော့ ကိုယ်တော့်ဆရာတော်က ဘာပြန်ပြောတုန်း။
တပည့်တော်။ ။ ယူသာယူခဲ့ပါ တဲ့ပါတယ်, ခါတိုင်းလဲ စားနေကျပဲလို့ ပြောပြီး အယူခိုင်းတော့ ဒကာမကြီးက ခွဲစိပ်ပြီး ပေးလိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ မာလကာသီးပေးလိုက်တာ အခြားသူတွေ မသိကြဘူးလား။
တပည့်တော်။ ။ မသိကြပါဘုရား, ဒါပေမယ့် ဒကာမကြီးက စာချဘုန်းကြီး တစ်ပါးကို မြန်မြန်သွားလျှောက်ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ စာချဘုန်းကြီးကကော ဘာပြောသလဲ။
တပည့်တော်။ ။ ဘာမှမပြောပါဘူး, ချက်ချင်းလိုက်သွားတော့ ဘုဉ်းပေးပြီး ဖြစ်နေပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ မာလကာသီးကို ဘယ်လောက်ကုန်အောင် ဘုဉ်းပေးသလဲ။
တပည့်တော်။ ။ လေးစိတ်စိတ်ပေးလိုက်တာ သုံးစိတ် ဘုဉ်းပေးပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အကြောင်းက တိုက်ဆိုင်လာတော့ အမှားကို အမှန်ထင်မိယက် ဖြစ်တယ်လို့ ဆိုရမလိုပါကလား ကိုယ်တော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, တပည့်တော်လဲ စဉ်းစားမိပါတယ်၊ ရှေးပညာရှိ ကြီးများ ညွှန်ပြထားတဲ့ နီတိစကားကိုလဲ သတိပြုမိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော်သတိပြုမိတဲ့ နီတိစကားက ဘယ်လိုလဲ ပြောပြစမ်းပါဦး။
တပည့်တော်။ ။
အသမ္ဘဝေါ ဟေမမိဂဿ ဇာတိ,
တထာပိ ရာမော လုလုဘေမိဂါယ၊
ပါယေန သမာပန္နဝိပတ္တိကာလေ,
ဓိယောပိ ပုမာနံ ခလိနာ ဘဝန္တိ။
ဟေမမိဂဿ - ရွှေသမင်၏ (ရွှေအစစ်ဖြစ်တဲ့ သမင်၏၊)
ဇာတိ - မွေးဖွားခြင်းသည်၊
အသမ္ဘဝေါ - မဖြစ်သင့် မဖြစ်နိုင်ပါ၊
တထာပိ - သို့ပါလျက်လည်း၊
ရာမော - ရာမမင်းသည်၊
မိဂါယ - ရွှေသမင် ရဖို့ရာ၊
လုလုဘေ - လိုချင် မက်မောဖူးလေပြီ၊
သမာပန္နဝိပတ္တိကာလေ - နီးကပ်သော ပျက်စီးခြင်း၏အခါ၌၊
(ပျက်စီးချိန် နီးရာအခါ၌၊)
ပုမာနံအပိ - ယောက်ျား ပညာရှင်ကြီးတို့၏သော်မှလည်း၊
ဓိယော - အသိဉာဏ်တို့သည်၊
ပါယေန - များသောအားဖြင့်၊
ခလိနာ - ချွတ်ချော် မှားယွင်းကြကုန်သည်၊
ဘဝန္တိ - ဖြစ်တတ်ကုန်၏။
ရွှေသမင် အလိုက်မှား၍ ချောက်ကြားကျပြီး အသက်ဆုံးရှုံးရသော ရာမမင်းလို အမှားကို အမှန်ထင်မိရက်သား ဖြစ်များနေရော့လားလို့ တွေးမိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီနေ့ နံနက်က ခါတိုင်းလို ဩဝါဒပေးသေးသလား။
တပည့်တော်။ ။ အစပထမတော့ သြဝါဒပေးဖို့ ကြံပါသေးတယ်၊ ဘေးက လျှောက်ကြလို့ အဲဒီ နှစ်ရက်နေ့ နံနက်တော့ မပေးတော့ပါဘူး၊ ဩဝါဒတော့ ဒီနေ့တစ်ရက်နားမယ်, ဒါပေမယ့် (၁၂) နာရီ စာဝါကိုတော့ မနားဘူးလို့ ပြောပါသေးတယ်။
ဓမ္မဂုတ်။ ။ ဇွဲကတော့ နှစ်ပါးမရှိသလောက်ပါပဲ, နောက်ပြီးတော့ ဘာဆက် လုပ်သေးတုန်း။
တပည့်တော်။ ။ နေ့လည် (၁၂) နာရီ စာဝါအတွက် နည်းနည်းပါးပါး ကြိုတင်ပြီး စာရေးပါတယ်၊ ပြီးတော့ (၁၀)နာရီလောက်မှာ နွားနို့နဲ့ ကျိုထားတဲ့ ဆွမ်းပျော့ပျော့ (နွားနို့ဆွမ်း) ကို ဘုဉ်းပေးပါတယ်၊ နောက်နာရီဝက်ခန့်ခြားပြီး ကွယ်ကာအုတ် ဘုဉ်းပေးပါတယ်။
ဓမ္မဂုတ်။ ။ တော်တော်များများကုန်အောင် ဘုဉ်းပေးနိုင်ရဲ့လား။
တပည့်တော်။ ။ သိပ်မများဘူးလို့ ဆွမ်းကပ်တဲ့ကိုရင်နဲ့ ဦးပဉ္စင်းများက လာပြီးလျှောက်ပါတယ်၊ ပြီးတော့ဆက်ပြီး ခါတိုင်းလိုလဲ မဟုတ်ဘူး, လက်တွေလဲ တုန်နေတယ်၊ ကွယ်ကာအုတ် ဘုဉ်းပေးတော့ ပါးစပ်တွေရော သင်္ကန်းတွေပါ ပေပွပြီး, စားပွဲခုံမှာရော ဖိတ်စင်နေတာပဲလို့ သူတို့လျှောက်လို့ သိရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီတော့ ကိုယ်တော်တို့က ဘာများ လုပ်ကြသေးတုန်း။
တပည့်တော်။ ။ ဘာမှ ထူးမလုပ်ရပါဘူး, ဆွမ်းဘုဉ်းပေးပြီးတော့ ဆေးကပ်တဲ့ ကိုရင်များကို မေးကြည့်ပါတယ်, ဆွမ်းဘုဉ်းပေးတုန်းက လက်တွေတုန်နေ တာသာ ဖြစ်ပါတယ်, ငါနေကောင်းတယ်လို့တောင် အမိန့်ရှိပါတယ်တဲ့၊ အဲဒီလို သိရတော့ ဘာမှ လုပ်စရာမလိုဘူးလို့ ယူဆပြီး ကိုယ့်ကျောင်းကို ပြန်သွားကြပါတယ်၊ အကြောင်း မထူးဘဲ သူ့အနားလာတာလဲ မကြိုက်လို့ မသွားတော့ပါဘူးဘုရား။
ဓမ္မဂုတ်။ ။ အဲဒီနောက်တော့ ဘာများ ဆက်လုပ်သေးတုန်း။
တပည့်တော်။ ။ (၁၁) နာရီ အချိန်ခန့်မှာ လှူဒါန်းရန်, ကန်တော့ရန် ရောက်လာတဲ့ ဒကာ-ဒကာမတွေကို ခေတ္တ စကားပြောပြီး ပြန်လွှတ်လိုက်ပါတယ်၊ (၁၂)နာရီ အချိန်မှာ စာဝါပို့ချရဦးမှာဖြစ်လို့ အနားယူတဲ့ သဘောနဲ့ ခေတ္တ ကျိန်းတယ်လို့ သိရပါတယ်။
ဓမ္မဂုတ်။ ။ (၁၁)နာရီ အချိန်ရောက်တော့ စာဝါ ပို့ချနိုင်ရဲ့လား။
တပည့်တော်။ ။ (၁၂) နာရီထိုးဖို့ (၁၀) မိနစ်လောက်အလိုမှာ စာတက်မယ့် သံဃာများထက် အရင်ရောက်အောင် ပြုစုတဲ့ ဦးပဉ္စင်းနဲ့ ကိုရင်များက ထိန်းပြီး စာဝါ ပို့ချတဲ့ ကျောင်းသို့ ပို့ပေးရပါတယ်။
ဓမ္မဂုတ်။ ။ဆရာတော်က အရင်ရောက်နေတယ်ဆိုတော့ လုံ့လဝီရိယကတော့ ပြောစရာ မလိုတော့ဘူးနော်၊ ဒါ့ကြောင့်လဲ သူ့အလုပ်တွေ တွင်ကျယ်တာ နေမှာပဲ, မဟုတ်ပေဘူးလား။
တပည့်တော်။ ။ ဟုတ်ပါတယ်ဘုရား, ဒီဘဝအတွက်သာမက သံသရာခရီး အတွက်ပါ ကြိုတင် ပြင်ဆင်မှုတွေလဲ အမြဲတမ်း ဆောင်ရွက်နေပါတယ်။ ဘာကိစ္စ ဖြစ်ဖြစ် (ကိစ္စအထူး မရှိရင်) နောက်ကျတယ်လို့ မရှိပါဘူး၊ ဒါ့ကြောင့် တပည့်တွေကိုလဲ လုံ့လဝီရိယနည်းလို့ မကြာမကြာ မြည်တွန်ပါတယ်၊
“ကိုယ်တော်တို့ဟာ ဘာမှ တက်တက်ကြွကြွ မရှိဘူး, သံသရာ သွားရမယ့်ခရီးက အရှည်ကြီးရှိသေးတယ်, ဒီလို လုံ့လ-ဝီရိယမျိုးနဲ့ဆိုရင် ကိုယ်တော်တို့တစ်တွေ သံသရာ ခရီးရှည်သလောက် ဒုက္ခကြော ရှည်နေကြ ဦးမှာပဲ၊ နောက်ကျတယ်ဆိုတာ ဘယ်ဟာမှ မကောင်းဘူး၊ သေတာတောင် ကောင်းချင်မှ ကောင်းမှာ, တချို့ စောစော သေတာတောင် ကောင်းချင် ကောင်းဦးမယ်”လို့ မကြာမကြာ အမိန့်ရှိပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒါဖြင့် ၁၂ နာရီထိုးတော့ စာဝါပို့ချရောလား။
တပည့်တော်။ ။ မှန်ပါ, ၁၂ နာရီက ၁ နာရီအထိ စာဝါ ပို့ချပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီ စာဝါကို ကိုယ်တော်ကော လိုက်သေးသလား။
တပည့်တော်။ ။ မလိုက်ပါဘုရား, ဒီစာဝါက တပည့်တော် ကိုယ်တိုင်ဆိုပြီး တက်တာက သုံးခေါက်နဲ့ သူများဆိုပြီး လိုက်နားထောင်တာက နှစ်ခေါက် ဆိုတော့ အားလုံး ငါးခေါက် ရှိပြီဖြစ်၍ ဆရာတော်က မလိုက်ချင်နေတော့လို့ အမိန့်ရှိသဖြင့် မလိုက်တော့ပါဘုရား။
ဓမ္မဂုတ်။ ။ စာဝါ ပို့ချတော့ ကောင်းကောင်း ပို့ချနိုင်ရဲ့တဲ့လား။ ။
တပည့်တော်။ ။ အဓိပ္ပာယ် ပြောသလောက်တော့ ပြောပါသတဲ့၊ ဒါပေမယ့် “လေအားတော့ တော်တော်ပျော့တယ်”လို့ ပြောကြပါတယ်, စာဝါ ပြီးဆုံးတော့ ဒီနေ့တော့ အချိန်စေ့ပြီ, မသေသေးရင် မနက်ဖြန်ဆက်ပြီး ပို့ချမယ်လို့ အမိန့်ရှိပါသတဲ့။
ဓမ္မဂုတ်။ ။ သြော်... အဲဒီလို ပြောသေးသတဲ့လား၊ ဒီလိုဆိုရင် သူ့ကိုယ်သူ သိများ နေရောလားကိုယ်တော်။
တပည့်တော်။ ။ သိနေသလို ထင်စရာပါပဲဘုရား, သေသေချာချာတော့ မလျှောက်တတ်ပါဘူး။
ဓမ္မဂုတ်။ ။ စာပို့ချပြီးတော့ သူ့ကျောင်း ပြန်ကြွသွားရောလား။
တပည့်တော်။ ။ ပြန်ကြွသွားပါတယ်ဘုရား၊ ဒါပေမယ့် ဦးပဉ္စင်း နှစ်ပါးရံပြီး ပို့ပေးပါတယ်။
ဓမ္မဂုတ်။ ။ ဦးပဉ္စင်းနှစ်ပါး ပို့ပေးတယ်ဆိုတော့ သူ့ကျောင်းသူ မပြန်နိုင်လို့လား, အခြေအနေက ဘယ်လိုနေလို့တုန်း။
တပည့်တော်။ ။ ပြန်နိုင်ပါတယ်တဲ့၊ ဒါပေမယ့် လိုလိုမယ်မယ် ထိန်းတဲ့အနေနဲ့ လိုက်ပို့တာကို လက်ခံခြင်း ဖြစ်ပါတယ်တဲ့။
ဓမ္မဂုတ်။ ။ ကျောင်းရောက်တော့ ကျန်းမာရေး ဘယ်လိုနေသေးတုန်း။
တပည့်တော်။ ။ အနည်းငယ် မောလာပါသတဲ့။
ဓမ္မဂုတ်။ ။ အဲဒီလို မောလာတော့ ဆရာဝန် မခေါ်ဘူးလား, ဘယ်လို ပြုစုပေးကြသလဲ။
တပည့်တော်။ ။ ဆရာဝန်ခေါ်ဖို့ မလိုဘူးလို့ အမိန့်ရှိပါတယ်၊ ထန်းလျက်ရည် သောက်လိုက်ရင် ပျောက်သွားမှာပါ, ခါတိုင်းလဲ ယခုလို စာချပြန်ရင် နည်းနည်း မောတာပဲ, ကိစ္စမရှိပါဘူးလို့ အမိန့်ရှိပါတယ်၊ ဒါ့ကြောင့် ဒကာမကြီးထံ ကိုရင် တစ်ပါးလွှတ်ပြီး ထန်းလျက်ရည် အကျိုခိုင်းပါတယ်။ မကြာမီ ထန်းလျက်ရည် ဘုဉ်းပေးပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ထန်းလျက်ရည် ဘုဉ်းပေးတော့ သက်သာရဲ့လား။
တပည့်တော်။ ။ နည်းနည်းတော့ သက်သာသွားပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ပြီးတော့ ဘာများ ဆက်လုပ်သေးတုန်း။
တပည့်တော်။ ။ ပြုစုနေတဲ့ ဦးပဉ္စင်း-ကိုရင်များကို ဆေးရုံကျောင်းအမ ဒေါ်ခင်မနဲ့ ဒေါ်ညိုညိုဆိုတဲ့ ဒကာမကြီး နှစ်ယောက်က အကြံပေး ပြုစုနေကြပါတယ်။
ဓမ္မဂုတ်။ ။ ဒီလို ပြုစုတော့ အခြေအနေ ဘယ်လိုနေသေးတုန်း။
တပည့်တော်။ ။ အနည်းငယ်တော့ သက်သာသွားပါတယ်၊ မကြာမီ ဆရာဝန်များ ရောက်လာပြီး ထပ်မံပြုစုပြန်တော့ တော်တော် နေကောင်းသွားပါတယ်။
ဓမ္မဂုတ်။ ။ ဆရာဝန်တွေ ဆက်ပြီး စောင့်ရှောက် နေသေးသလား။
တပည့်တော်။ ။ မနေပါဘုရား, ဆရာဝန်ကြီးလဲ ရွေးကောက်ပွဲ နီးကပ်နေလို့ သူ့ မဲဆန္ဒနယ်က လူထုနဲ့ ဆွေးနွေးစရာရှိလို့ ပြန်သွားပါတယ်။
ဓမ္မဂုတ်။ ။ ဆရာဝန်ပြန်သွားတော့ ဘယ်အချိန်လောက် ရှိပြီလဲ။
တပည့်တော်။ ။ နှစ်နာရီခွဲလောက် ရှိပါပြီ။
ဓမ္မဂုတ်။ ။ အဲဒီ အချိန်မှာ ခပ်စောစောက ဦးပဉ္စင်း-ကိုရင်များကို အကြံပေးနေတဲ့ ကျောင်းအမ ဒကာမကြီး နှစ်ယောက်ကော ရှိသေးသလား။
တပည့်တော်။ ။ မရှိတော့ပါဘုရား, ဆရာဝန်လိုက်ပို့တဲ့ ကားကြုံနဲ့ ဆရာတော်က အပြန်ခိုင်းလို့ ပြန်သွားကြရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ပြန်ခိုင်းတယ်ဆိုတော့ သူ့အနားမှာ ရှုပ်ရှုပ်ထွေးထွေး မနေစေချင်လို့နဲ့ တူပါရဲ့နော်။
တပည့်တော်။ ။ ဟုတ်လောက်ပါတယ်ဘုရား, အနားမှာ ဒကာ-ဒကာမတွေ မပြောနဲ့ ပြုစုနေတဲ့ ဦးပဉ္စင်း-ကိုရင်တွေတောင် နေစေချင်ပုံ မရပါဘူး ဘုရား၊ လွန်ခဲ့တဲ့ လပြည့်နေ့ညနဲ့ လပြည့်ကျော်တစ်ရက်နေ့ ညများကလဲ ကိုရင်နှစ်ပါးနဲ့ ဦးပဉ္စင်း တစ်ပါး အနားမှာအိပ်ဖို့ လျှောက်တာတောင် လက်မခံပါ၊ ညဉ့်နက်တော့ ဦးပဉ္စင်း တစ်ပါးအိပ်ဖို့ ကျောင်းပေါ်တက် သွားတော့ မအိပ်နဲ့ ကိုယ့်ကျောင်း ကိုယ်ပြန်ဆိုလို့ ပြန်ခဲ့ရပါတယ်၊
ဦးပဉ္စင်းက ကျင်ငယ်ခွက် ခုတင်ခြေရင်းနား ထားခဲ့ပါ့မယ်လျှောက်တော့ ထားချင် ထားခဲ့လို့ ပြောပါတယ်၊ ဒါတောင် “ရှေးသူတော်ကောင်းတွေ တောထွက်ရာမှာ ဒီလို ကျင်ငယ်ခွက် ဘယ်သူမှ လိုက်မထားကြပါဘူး”လို့ အမိန့် ရှိပါသေးတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုရင် တစ်ညလုံး တစ်ပါးတည်း နေမှာပေါ့နော်။
တပည့်တော်။ ။ နေတာတော့ တစ်ပါးတည်းပါပဲ၊ ဒါပေမယ့် ကျောင်းပတ်ဝန်း ကျင်မှာ ပြုစုသူများ အမြဲရှိနေပါတယ်ဘုရား, မကြာမကြာ အလှည့်ကျ ကျောင်းကလေးပေါ် တက်ကြည့်ကြပါတယ်, အိပ်ရာပေါ်မှာ အမြဲ ထိုင်နေတာ တွေ့ရပါတယ်တဲ့။
ဓမ္မဂုတ်။ ။ ကဲ... ဒီစကား ထားလိုက်ပါဦး၊ ခပ်စောစောကစကား ပြန်ဆက်ကြစို့ ၊ နှစ်နာရီခွဲလောက် ဆရာဝန် ပြန်သွားပြီးနောက် ဘယ်လိုနေသေးသလဲ။
တပည့်တော်။ ။ ထူးထူးခြားခြား မရှိပါဘုရား, ကုလားထိုင်ပေါ်မှာ မှီစရာ ခေါင်းအုံးထားပြီး မတ်မတ် ထိုင်နေတာပါပဲဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို ကုလားထိုင်ပေါ် ထိုင်နေတာ ဘယ်လောက်ကြာတုန်း။
တပည့်တော်။ ။ တစ်နာရီခွဲလောက် ကြာပါတယ်။
ဓမ္မဂုတ်။ ။ ကုလားထိုင်ပေါ်မှာ တစ်နာရီခွဲလောက် ထိုင်နေတဲ့ အချိန်အတွင်းမှာ ဘာတွေ ပြောပြီး ဘယ်လို အမူအရာများ တွေ့ရသေးတုန်း။
တပည့်တော်။ ။ ဘာမှ မပြောပါဘုရား, အမူအရာလဲ ထူးထူးထွေထွေ မတွေ့ပါ၊ မျက်စိကို အမြဲ မှိတ်ထားပြီး လက်အုပ်ချီနေတာသာ တွေ့ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ လေးနာရီလောက် အချိန်ရောက်တော့ ရောဂါက ဘယ်လို နေသေးတုန်း။
တပည့်တော်။ ။ ရောဂါတိုးပြီး အနေခက်တယ် ဆိုရမှာပဲဘုရား, ဒါပေမယ့် ဘေးက ပုဂ္ဂိုလ်တွေကိုတော့ ဘာမှ အမိန့်မရှိပါဘူး၊ ခုတင်ပေါ် ရွှေ့ချင်တယ်ဆိုလို့ ရွှေ့ပေးရပါတယ်။
ဓမ္မဂုတ်။ ။ ခုတင်ပေါ်ရွှေ့တော့ (မ)ပြီး ရွှေ့ပေးရတာလား။
တပည့်တော်။ ။ မဟုတ်ပါဘုရား, သူ့ဟာသူ ကြွတာပါပဲ၊ ဘေးက လိုလိုမယ်မယ် ထိန်းပေးရုံပါဘုရား။
ဓမ္မဂုတ် ။ ။ ခုတင်ပေါ်ရောက်တော့ ထိုင်နေသလား လှဲနေသလား။
တပည့်တော်။ ။ ညာဖက် မျက်နှာပြုပြီး စောင်းနေပါတယ်, ၁၅ မိနစ်လောက် ကြာတော့ ပက်လက်ပြောင်းပြီး လက်နှစ်ဖက် ဘေးချကာ မျက်စိမှိတ်ထားပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ အချိန်မှာ ဆရာဝန်တွေ မရှိဘူးလား။
တပည့်တော်။ ။ မကြာမီ အချိန်ကမှ ပြန်သွားကြလို့ မရှိပါဘုရား၊ ဒါပေမယ့် နီးစပ်ရာ ဆရာဝန်များ အမြန်ဆုံး သွားခေါ်ပါတယ်။
ဓမ္မဂုတ်။ ။ သွားခေါ်တဲ့ ဆရာဝန်က ဘယ်ဆရာဝန်တွေလဲ မကြာမီက ပြန်သွားတဲ့ သမားတော်ကြီး ဦးထွန်းသင်ပဲလား။
တပည့်တော်။ ။ မဟုတ်ပါဘုရား, အနီးဆုံးဖြစ်တဲ့ မြို့နယ်ဆရာဝန်နဲ့ အခြား ဆရာဝန် နှစ်ဦးပါ။
ဓမ္မဂုတ်။ ။ ဆရာဝန်များ ဘယ်အချိန်လောက် ရောက်လာကြတုန်း။
တပည့်တော်။ ။ မကြာပါဘုရား, လေးနာရီ ဆယ့်ငါးမိနစ်လောက် ပထမ ဆရာဝန် တစ်ယောက် ရောက်လာပြီး နောက် ဆယ့်ငါးမိနစ်လောက် ခြားပြီး ဆရာဝန် နှစ်ယောက် ရောက်လာကြပါတယ်။
ဓမ္မဂုတ်။ ။ ပထမရောက်တဲ့ ဆရာဝန်က ဘာပြောသေးတုန်း။
တပည့်တော်။ ။ ဘာမှ မပြောပါဘုရား, မျှော်လင့်ချက် မရှိတဲ့အနေနဲ့ မျက်နှာ မကြည်မသာ နေတာသာ တွေ့ရပါတယ်။
ဓမ္မဂုတ်။ ။ နောက် ရောက်လာတဲ့ ဆရာဝန်တွေကကော ဘာ ပြောသေးတုန်း။
တပည့်တော်။ ။ ဘာမှ မပြောကြပါဘူး, နည်းနည်းပါးပါး စမ်းသပ်ပြီး တစ်မိနစ် လောက် ဆရာတော်ကို စိုက်ကြည့်ပြီး အော်ငိုတော့တာပါပဲဘုရား။
ဓမ္မဂုတ်။ ။ အဲဒီတော့ ဘယ်အချိန်လောက် ရှိပြီလဲ။
တပည့်တော်။ ။ ဆရာဝန်များရဲ့ နာရီ မေးကြည့်တော့ လေးနာရီခွဲတိတိ ရှိပြီလို့ ပြောပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဆရာတော် ပြန်လွန်တော်မူတာ“၁၃၃၉-ခုနှစ်, နတ်တော်လပြည့်ကျော် (၂) ရက်၊ (၂၇-၁၂-၁၉၇၇) အင်္ဂါနေ့ ညနေ လေးနာရီခွဲတိတိ”လို့ သတ်မှတ်ရမှာ ပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီ အချိန်မှာ ကျောင်းတိုက်ရှိ သံဃာတွေကော မငိုကြဘူးလား။
တပည့်တော်။ ။ တချို့ သံဃာတွေတော့ ကျိတ်ငိုကြပါတယ်ဘုရား, သိပ်ပြီး ကျယ်ကျယ်လောင်လောင် မငိုကြဖို့ သတိပေးနေရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကော မငိုဘူးလား။
တပည့်တော်။ ။ ငိုတော့ ငိုချင်ပါတယ်ဘုရား, တပည့်တော်ကစငိုရင် အခြား သံဃာတွေ ပိုဆိုးမှာစိုးလို့ ဖြေသိမ့်နေရပါတယ်, အခြားအကြောင်းတွေ တွေးပြီးတော့လဲ ငိုချင်စိတ်ကို သိမ်းဆည်းထားရပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို အကြောင်းတွေ တွေးပြီး စိတ်ကို သိမ်းဆည်းထားသလဲ။
တပည့်တော်။ ။ ငါငိုတာကို ဆရာတော်သာ မြင်ရင် ကြိုက်မှာ မဟုတ်ဘူး, အကျိုးမဲ့ကို လိုလားတဲ့သူများရှိရင် သူတို့ကျိတ်ပြီး လက်ခုပ်တီး ဝမ်းသာနေမှာပဲ, အကျိုး လိုလားတဲ့ သူတွေအားလုံးလဲ စိတ်ဆင်းရဲနေမှာပဲ, ပြီးတော့ နေ့စဉ် ဆရာတော် ဟောပြော,ဩဝါဒပေးနေတာတွေလဲ ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး, အထက်တန်း နိကာယ်စာပေများကို သင်ယူ လေ့ကျက်ထားတာတွေလဲ ငါ့အတွက် ဘာတန်ဖိုးမှ မရှိသလို ဖြစ်ကုန်မှာ, အဲဒီလို တွေးပြီး ငိုချင်စိတ်ပျောက်အောင် သိမ်းဆည်းထားရပါတယ်။
ဓမ္မဂုတ်။ ။ ရှေ့ဆက်ပြီး ဘယ်လိုစီစဉ်ကြတုန်း။
တပည့်တော်။ ။ ဆရာတော် ပျံလွန်တော်မူခြင်းကို ဆရာဝန်များ၏ အတည်ပြုချက် ရပြီးနောက် တပည့်တော် စဉ်းစားချက်မှာ .. ဆရာတော်၏ ရဟန်း တပည့်, လူဝတ်ကြောင် တပည့်တွေဟာ တစ်ပြည်လုံးမှာ နေရာအနှံ့အပြား ရှိတော့ ပြည့်စုံအောင် အကြောင်းကြားနိုင်မည် မဟုတ်, ဈာပနပြုရန် ရက်ကလဲ ကြာကြာ ထားချင်မှ ထားနိုင်မှာ, အဲဒီတော့ (မြန်မာ့အသံ) ရေဒီယိုမှ ယနေ့ည သတင်း အခန်းမှာပါရင် ကောင်းမယ်လို့ ဆုံးဖြတ်ပြီး တပည့်တော် စပ်တဲ့ တောင်လေးလုံး ကျောင်းမှ (ကလောင်ရှင် ကိုပညာ) ကို တာဝန်ပေးပြီး ဟံသာဝတီ သတင်းစာ တိုက်နှင့် သက်ဆိုင်သူများထံ အကူအညီယူပြီး ရေဒီယို သတင်းပါအောင် စီစဉ် ရပါတယ်, မန္တလေးရှိ ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး အမှူးပြုသော ဂိုဏ်းဦးစီး ဆရာတော်များကို အကြောင်းကြား လျှောက်ထားခြင်းများသာ ပထမနေ့ အဖို့ ဆောင်ရွက်နိုင်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ပတ်ဝန်းကျင်က ဒကာ-ဒကာမတွေ မလာကြဘူးလား။
တပည့်တော်။ ။ လာကြပါတယ်, ညဉ့်နက်လေ လူများလာလေ ဖြစ်တော့ အမရပူရမှာရှိတဲ့ သာရေးနာရေးအဖွဲ့ မှ အသင်းဝင်လူငယ်များ ရောက်လာလို့ ပရိသတ်ကို ထိန်းခိုင်းထားရပါတယ်, ည (၁၂) နာရီ လောက်မှ ပရိသတ် စဲသွားပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ နောက်တစ်နေ့ကော ဘာအစီအစဉ်တွေ လုပ်ဆောင်ကြတုန်း။
တပည့်တော်။ ။ နတ်တော်လပြည့်ကျော် (၃)ရက်နေ့တော့ သာသနာပိုင် ဆရာတော် ဘုရားကြီးနှင့် ဂိုဏ်းဦးစီး ဆရာတော်များကိုပင့်ပြီး ဘယ်လို ဆောင်ရွက် ရမည်ဆိုတဲ့ အမိန့်ကို ခံယူပါတယ်။
ဓမ္မဂုတ်။ ။ ဒီတော့ သာသနာပိုင် ဆရာတော်ဘုရားကြီးများက ဘယ်လို အမိန့် ပေးတော်မူကြပါသလဲ။
တပည့်တော်။ ။ တပည့်တော်များကို ဘယ်လိုစီစဉ်ချင်ကြသလဲ, ဘယ်လိုဆန္ဒ ရှိကြသလဲလို့ ထပ်မေးပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အဲဒီလို ဆရာတော်ဘုရားကြီးများက မေးတော့ ဘယ်လို လျှောက်ထားကြတုန်း။
တပည့်တော်။ ။ အဲဒီလို ဆရာတော်ဘုရားကြီးများက မေးတော့ ဆရာတော် ဆန္ဒအရ ရက်တိုတိုကျဉ်းကျဉ်းနဲ့ (၅)ရက်လောက်ထားပြီး မီးသင်္ဂြိုဟ်လိုသော်လဲ ယခုဆိုရင် နှစ်ရက်ကုန်သွားပါပြီ, နက်ဖြန်တစ်ရက်သာ စီမံဖို့ အချိန်ရမှာမို့ အချိန် တိုတောင်းသဖြင့် (၅)ရက်ထား အစီအစဉ်က မဖြစ် နိုင်တော့ပါ, သို့အတွက် (၇)ရက် ထားလိုကြောင်း, အခြားဆရာတော်ကြီးများ သင်္ဂြိုဟ်တဲ့ နည်းအတိုင်း မန္တလေး အရှေ့ပြင်သို့ ပင့်ဆောင်ပြီး သင်္ဂြိုဟ်လိုသော်လဲ တောင်မြို့ (အမရပူရ)မှာသာ ဆန္ဒရှိသူများသဖြင့် တောင်မြို့မှာသာ သင်္ဂြိုဟ်တော့မည့် အကြောင်း လျှောက်ထား ပါတယ်။
ဓမ္မဂုတ်။ ။ အဲဒီတော့ သာသနာပိုင် ဆရာတော်ဘုရားကြီးများက ဘာများ ဆက်ပြီး အမိန့်ရှိတော်မူကြသေးတုန်း။
တပည့်တော်။ ။ (၇)ရက်ထားခြင်း, တောင်မြို့မှာသာ သင်္ဂြိုဟ်လိုခြင်း ဆိုတဲ့ အချက်များကို အများဆန္ဒအရ သင့်မြတ်ပါတယ်၊ အဲဒီအတိုင်း ဆက်ပြီး ဆောင်ရွက်ကြ တာပေါ့၊ ယခုကိစ္စမှာ သာရေးမဟုတ်, နာရေးဖြစ်တော့ ပထမ ရွှေကျင် ဆရာတော်, မဟာဝိသုဒ္ဓါရုံဆရာတော် နောက်ဆုံး သက်တော်ရှည် သာသနာပိုင် စံကင်းဆရာတော် ဘုရားကြီးများ၏ ဈာပနတွေ တုန်းကလိုပင် အလှူခံသံဃာလဲ ပင့်ဖို့မလိုဘူး။
သူတို့ထံမှ အထောက် အပံ့ကိုလဲ လက်မခံပါနဲ့။ လှူဖွယ်ဝတ္ထုများကိုလဲ လှူဖို့မလိုဘူး၊ ဈာပန ကိစ္စ ကြွလိုတဲ့ပုဂ္ဂိုလ်များ သူတို့ဆန္ဒအတိုင်းပဲ, ပင့်လိုက်ရင် လာလိုတဲ့ အခြား ပုဂ္ဂိုလ်များကို ဟန့်တားထားသလိုဖြစ်ပြီး အလာခက်ကြလိမ့်မယ်။ အဲဒီတော့ အကြောင်းကြားရုံသာ အကြောင်းကြားပါလို့ အမိန့်ပေးတော် မူသည့်အတိုင်း လိုက်နာ ဆောင်ရွက်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ဈာပနမှာ ဘုန်းကြီးပရိသတ် နည်းနေမှာပေါ့နော်။
တပည့်တော်။ ။ မှန်ပါ, အထိုက်အလျောက်တော့ ကြွလာပါတယ်ဘုရား, ကြွလာတဲ့ သံဃာတော်များကို ဆွမ်းကပ်ရန် စီစဉ်ထားရာ စာရင်းအရ ၂၅၀၀ (နှစ်ထောင့်ငါးရာ) လောက် ဆွမ်းကပ်ရပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒကာ-ဒကာမတွေကိုကော ထမင်းကျွေးသေးသလား။
တပည့်တော်။ ။ အားလုံးအနေနဲ့တော့ မကျွေးပါဘုရား, ဝေယျာဝစ္စ (ကပ္ပိယကာရက) နဲ့ သီလရှင်, စုစုပေါင်း နှစ်ထောင်နီးပါးလောက်သာ ကျွေးပါတယ်။
ဓမ္မဂုတ်။ ။ သံဃာတော် ၂၅၀၀, ဝေယျာဝစ္စ(ကပ္ပိယကာရက)နဲ့ သီလရှင် နှစ်ရပ်ပေါင်း ၄ဝဝဝ (လေးထောင်) ကျော်ခန့်ဆိုတော့ မနည်းပါလား၊ အဲဒီ သူတွေ အတွက် သားကြီးငါးကြီးတွေ တော်တော်ရှာရ ဖွေရမှာပေါ့နော်။
တပည့်တော်။ ။ ဒီရက်အတွင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သားကြီး ငါးကြီးတွေ မစီမံဖို့ (ကပ္ပိယကာရက) ကျောင်းဒကာ-ကျောင်းအမများကို မေတ္တာရပ်ခံထားလို့ လိုက်နာကြပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ နောက်ဆုံး ဈာပနပွဲမှာ စည်စည်ကားကား ရှိရဲ့လား။
တပည့်တော်။ ။ မှန်ပါဘုရား, ပရိသတ် အကဲခပ်တတ်တဲ့ သူများကတော့ (သိန်းကျော် ပရိသတ်) လို့ သတ်မှတ်ကြပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒါလောက် ပရိသတ်များတော့ ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းနိုင်ရဲ့လား, ဘာပြဿနာများ ပေါ်သေးတုန်း။
တပည့်တော်။ ။ ပထမတော့ ထိန်းလို့မှ ရပါ့မလားလို့ ဈာပနကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ (ပ-လ-စ-၂) တပ်မှူး ဒု-ဗိုလ်မှူးကြီးတင်ထွဋ်နဲ့ တာဝန် ရှိသူများက စိုးရိမ်မကင်း ဖြစ်မိပါတယ်တဲ့၊ သို့သော် အားလုံး အေးအေး ချမ်းချမ်း ကိုယ့် သံဝေဂစိတ်နဲ့ ကိုယ် ဖြစ်နေသဖြင့် ဘာ ပြဿနာမှ မပေါ်ပါဘုရား။
ဓမ္မဂုတ်။ ။ ရုပ်ကလာပ်တော်ကို ကျောင်းတိုက်က ဈာပနပြုတဲ့ (မီးသင်္ဂြိုဟ်တဲ့) နေရာပင့်တော့ ကရဝိတ်ဖေါင် စသည့် အဆောင်အယောင်တွေနဲ့လား။
တပည့်တော်။ ။ မဟုတ်ပါဘုရား, အားလုံး သံဃာတပည့်တွေကို ပြောထားပါတယ်၊ ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ပင့်ဆောင်ရာမှာ နောက်ဆုံး ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ယာဉ်အဖြစ် အသုံးပြုခြင်းဟာ အမွန်မြတ်ဆုံး, အကောင်းဆုံး, သဘာဝအကျဆုံး ဖြစ်တယ်လို့ နားလည်ပြီး, ဒီအတိုင်း ကျင့်သုံးကြပါတယ်ဘုရား။
ဓမ္မဂုတ် ။ ။ အဲဒီလို ရုပ်ကလာပ် ပင့်ဆောင်တဲ့ (ထမ်းတဲ့) နေရာမှ ဒကာ ဒကာမတွေ မပါဘူးလား။
တပည့်တော်။ ။ ဒကာ-ဒကာမတွေ မကိုင်ရ (မထမ်းရ)ပါ ဘုရား၊ အားလုံး သံဃာတော်တွေချည်းပါဘဲ။
ဓမ္မဂုတ်။ ။ ရုပ်ကလာပ် ပင့်ဆောင်တဲ့နေရာမှာ ဒကာ-ဒကာမတွေကို ဘာဖြစ်လို့ ကိုင်ဆောင်ခွင့် (ထမ်းခွင့်) မပြုတုန်း။
တပည့်တော်။ ။ ဒကာ-ဒကာမတွေကို ကိုင်ဆောင်ခွင့် (ထမ်းခွင့်) ပြုလိုက်ရင် အလုအယက် ရုတ်ရုတ်သဲသဲဖြစ်ပြီး ဆိတ်ငြိမ်တဲ့ သံဝေဂပွဲနဲ့ မတူဘဲ ပျော်ပွဲလို ဖြစ်သွားမှာ စိုးလို့ပါဘုရား။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ဒကာ-ဒကာမတွေက ကျေနပ်ကြပါ့မလား။
တပည့်တော်။ ။ အစိမ်း အမှည့်မရွေး တပြေးညီထဲ ဘယ်သူ့မှ ခွင့်မပြုတော့ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ဈာပနကိစ္စနဲ့ ပတ်သက်ပြီး ဆွမ်းကျွေးမှုစသော အခြားဆောင်ရွက်ဖွယ် ကိစ္စတွေကို သီးခြား ကောင်းမှုရှင်များ (တပည့်တော်က ဘာတာဝန် ယူပါ့မယ်လို့ ဆိုသူများကော) မရှိဘူးလား။
တပည့်တော်။ ။ လျှောက်ထားသူတွေကတော့ များပါတယ်ဘုရား, ဒါပေမယ့် ကြီးကြီးငယ်ငယ် ဘာ တာဝန်မှ သီးခြား မယူကြဖို့, ဘာပဲ ဆောင်ရွက် ဆောင်ရွက် အသေးအဖွဲ့ ကစပြီး အများကောင်းမှုချည်း ဖြစ်စေကြဖို့ ပြောထားတော့ အားလုံး ကျေကျေနပ်နပ်နဲ့ လိုက်နာကြပါတယ်။
ဓမ္မဂုတ်။ ။ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်တာလား, မြေမြုပ်တာလား, ရေမျှောတာလား၊ ဒါက ပိဋကစာပေမှာ လာတဲ့ ဈာပန သုံးမျိုးရှိလို့ သိရအောင် မေးတာပါ, လျှာရှည်တယ်လို့လဲ မအောက်မေ့ပါနဲ့ ကိုယ်တော်။
တပည့်တော်။ ။ မီးသင်္ဂြိုဟ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ ဒီလို မီးသင်္ဂြိုဟ်တော့ အရိုးကျန်အောင် မီးသင်္ဂြိုဟ်တာလား, အားလုံး ပြာဖြစ်အောင် မီးသင်္ဂြိုဟ်တာလား။
တပည့်တော်။ ။ အရိုးကျန်အောင် မီးသင်္ဂြိုဟ်ပါတယ်, အားလုံး ပြာဖြစ်အောင် မသင်္ဂြိုဟ်ပါဘုရား။
ဓမ္မဂုတ်။ ။ ဒါဖြင့် နောက်ရက်မှာ အရိုးကောက်ပွဲ ကျင်းပသေးသလား။
တပည့်တော်။ ။ မကျင်းပပါဘုရား, ရိုးရိုးပဲ ကိုယ့်ဘာသာ သံဃာတွေနဲ့ ကောက်ပြီး သိမ်းဆည်းထားပါတယ်။
ဓမ္မဂုတ်။ ။ သိမ်းဆည်းထားတဲ့ အရိုးကို ဘယ်လို လုပ်ဖို့ ရည်ရွယ်ထားသလဲ။
တပည့်တော်။ ။ အခွင့်သာတဲ့ အချိန်မှာ (တပည့်များအမှတ်ရစေရန်) အထိမ်းအမှတ် ဗိမာန် ဆောက်ပြီးထားရန် ရည်ရွယ်ပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ အားလုံး ဈာပနပွဲတစ်ခုလုံး ခြုံကြည့်ရင် အေးအေးချမ်းချမ်း ချောချောမောမော ပြီးဆုံးသွားလို့ ဝမ်းမြောက်ပါတယ်၊
ကဲကဲ... တပည့်ဖြစ်တဲ့ အားလုံးသော ရဟန်း ရှင်လူ ခပ်သိမ်းသူတို့ရဲ့ ကိုယ်စား နောက်ဆုံး အဖြစ်ဖြင့် ရှိခိုးကန်တော့လိုက်ပါဦး ကိုယ်တော်။
တပည့်တော်။ ။ မှန်ပါ့ ဘုရား။
သုဗ္ဗတော နော သိဿေဟာယ,
ဒိဗွောကာသ . ဂတော တုရံ၊
ထေရော သောကပရေတာနံ၊
အယံ စရိမဝန္ဒနာ။
သုဗ္ဗတော - ရဟန်းတော်မြတ်, ကျင့်သုံးအပ်သည့်, လေးရပ်သုဒ္ဓိ, ကောင်းမြတ်သော သီလရှိတော်မူသော၊
ထေရော - သာသနာအလုပ်, နောက်မဆုတ်ဘဲ, အားထုတ်ရွှင်ပျော်, ဆရာတော်သည်၊
နော သိဿေ - အမိမဲ့သား, ရေနည်းငါးနှင့် မခြားတမူ, အလားတူသည့်, သားတပည့်တို့ကို၊
ဩဟာယ - တာဝန်ဟူသမျှ ယူရစ်ကြဖို့ စိတ်ချအနေ, မိန့်မချွေဘဲ, မျက်နှာတော် လွှဲလျက်သာလျှင်၊
ဒိဗွောကာသံ - ရုတ်တရက်သားဟာမို့ တပည့်တွေကို နှုတ်မဆက်အားရော့ထင့်, ထက်ဖျားက ပင့်ဆောင်ယူ, ကြည်ကြည်ပျူ ရှိန်ဝါသန်းပြီမို့, ဟို ... သီတဂူ နိမ္မာနန်းဆီသို့၊
တုရံဂတော - သံယောဇဉ်နွယ်ကြိုးကို ပယ်ချိုးကာ ချိန်ခါ ဆန်းလို့, သြော် ... ကြွလှမ်းတော်မူရှာပြီဘုရား။
သောကပရေတာနံ - သောကတွေ ပွေကာလှိုင်, တွေကာမှိုင် ကယ်သူဝေးပြီမို့ တပည့်တွေမှာ ဘုရား ... ပရိဒေဖြင့်လဲ ဘယ် မအေးနိုင်ဘူး ဆွေး တသသ, ငေးတ ရတဲ့ တပည့်တော်တို့၏၊
အယံ - ကာယနှင့် မြတ်ဝစီ, မနောကံ အလီလီဖြင့်, တင်ချီကာ ဦးနှိမ်ကျိုးလို့ အကြိမ်ကြိမ် ရှိခိုးလိုက်ခြင်းသည်ကား၊
စရိမဝန္ဒနာ - ဂုဏ်တော်တမ်းတ, ပုံမှန်းဆလျက်, လွမ်းရချုံးမှိုင်, မမုန်းနိုင်သော်လဲ, သြော်...နောက်ဆုံးတိုင် ကန်တော့ခြင်းပါဘုရား။
တစ်ဘဝသံသရာ ပြီးပြီ။