မာတိကာသို့ ခုန်သွားရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက်အမှတ် ၁/၂၀၂၁

ဝီကီရင်းမြစ် မှ
ကြေညာချက်အမှတ် (၁/၂၀၂၁) (၂၀၂၁)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
5851ကြေညာချက်အမှတ် (၁/၂၀၂၁)၂၀၂၁တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကြေညာချက်အမှတ်(၁/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ပျက်ကွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးအား ခေါ်ယူ၍ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်ခဲ့သည်။ . နိုင်ငံတော်သမ္မတအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖြေရှင်းပေးရန် နှစ်ကြိမ် တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။

၃။ လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက်ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

၄။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။

၅။ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။

၆။ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်ရုံး