မာတိကာသို့ ခုန်သွားရန်

တောကိုသာ ရှင်းလင်းပါ

ဝီကီရင်းမြစ် မှ

တောကိုသာ ရှင်းလင်းပါ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

---

မွန်မြတ်သော အသက်ရှင်ခြင်း

ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော၊

ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ စျာယိနော။၁

ယော စ = အကြင်ပုဂ္ဂိုလ်သည်ကား။ ဒုဿီလော = ကိုယ်ကျင့်သီလ မရှိပါဘဲလျက်။ အသမာဟိတော = ဥပစာရ အပ္ပနာ နှစ်ဖြာသော တည်ကြည် သော သမာဓိ မရှိပါဘဲလျက်။ ဝဿသတံ = နှစ်ပေါင်း (၁၀၀) ကာလကြာ အောင်။ စေ ဇီဝေ = အကယ်၍ အသက်ရှင်ကာ နေရစေကာမူ။ တဿ = ထိုပုဂ္ဂိုလ်၏။ ဝဿသတံ = နှစ်ပေါင်း (၁၀၀) ကာလကြာအောင်။ ဇီဝိတံ = အသက်ရှင်နေရခြင်းသည်ကား။ န သေယျော = မမြတ်သည်သာတည်း။ တဿ ဒုဿီလဿ = ထိုကိုယ်ကျင့်သီလ မရှိသော ပုဂ္ဂိုလ်၏။ ဝဿသတံ = နှစ်ပေါင်း (၁၀၀) ကာလကြာအောင်။ ဇီဝနတော = အသက်ရှင်ကာ နေရ ခြင်းထက်။ သီလဝန္တဿ = ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော။ စျာယိနော = အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုး သော စျာန်တို့ကို ဝင်စားလေ့ရှိသော ပုဂ္ဂိုလ်၏။ ဧကာဟံ = တစ်နေ့တစ်ရက် တစ်နံနက်မျှ။ ဇီဝိတံ = အသက်ရှင်နေရခြင်းသည်ကား။ သေယျော = သာလွန် ၍ မွန်မြတ်လှပါပေ၏။

ကိုယ်ကျင့်သီလလည်း မရှိသော, ဥပစာရစျာန်သမာဓိ အပ္ပနာစျာန် သမာဓိဆိုသည့် နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိဖြင့် စိတ်တည်ကြည်မှု သမာဓိလည်း မရှိသော ပုဂ္ဂိုလ်၏ နှစ်ပေါင်း (၁၀၀) ကာလ ကြာအောင် အသက်ရှင်နေရခြင်းသည်ကား မမြတ်သော အသက်ရှင်နေခြင်း သာ ဖြစ်ပါသည်။ ဤကဲ့သို့ ကိုယ်ကျင့်သီလ မရှိသော ပုဂ္ဂိုလ်၏ နှစ်ပေါင်း (၁၀၀) ကာလကြာအောင် အသက်ရှင်နေရခြင်းထက် ကိုယ်ကျင့်သီလနှင့် လည်း ပြည့်စုံသော, အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဆိုသည့် နှစ်မျိုးသော စျာန်တွေကိုလည်း ဝင်စားနေလေ့ရှိသော ပုဂ္ဂိုလ်၏ တစ်နေ့ တစ်ရက် တစ်နံနက်မျှ အသက်ရှင်နေရခြင်းသည်ကား သာလွန်၍ မွန်မြတ်လှ ပါပေသည်။၁

ဤကဲ့သို့ ဓမ္မပဒ ဒေသနာတော်မြတ်၌ ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမ ထားတော်မူသည့်အတိုင်း တရားဘာဝနာကို လေ့လာလိုက်စားနေတော်မူကြ သည့် သူတော်ကောင်းတို့၏ သန္တာန်၌ ကိုယ်ကျင့်သီလတွေနှင့် ပြည့်စုံလာနိုင် ရေးအတွက်လည်း အခါအခွင့်သင့်လျှင် သင့်သလို အဆုံးအမ ဩဝါဒစကား များကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပေးခဲ့ဖူးပါသည်။ အလားတူပင် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဆိုသည့် နှစ်မျိုးသော စျာန်တွေ ကို ဝင်စားနိုင်ရေးအတွက်လည်း မဂ္ဂ ခေါ်သည့့် လမ်းမှန်နှင့် ကုမ္မဂ္ဂ ခေါ်ဆို သည့် လမ်းမှားကို ခွဲခြားစိတ်ဖြာသိရှိနိုင်ရန် ရည်သန်တောင့်တကာ အခါ အခွင့်သင့်လျှင် သင့်သလို အဆုံးအမ ဩဝါဒစကားများကိုလည်း ပေးခဲ့ဖူး ပါသည်။

---

အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်

ဤနေရာတွင် အဋ္ဌသာလိနီအဋ္ဌကထာက၂ အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်တို့ကို ဤကဲ့သို့ ရှင်းလင်းတင်ပြထား၏။

စျာနန္တိ ဒုဝိဓံ စျာနံ --- အာရမ္မဏူပနိဇ္ဈာနံ လက္ခဏူပနိဇ္ဈာနန္တိ။ တတ္ထ အဋ္ဌ သမာပတ္တိယော ပထဝိကသိဏာဒိအာရမ္မဏံ ဥပနိဇ္ဈာယန္တီတိ အာရမ္မဏူပနိဇ္ဈာနန္တိ သင်္ချံ ဂတာ။ ဝိပဿနာမဂ္ဂဖလာနိ ပန လက္ခဏူပနိဇ္ဈာနံ နာမ။ တတ္ထ ဝိပဿနာ အနိစ္စာဒိလက္ခဏဿ ဥပနိဇ္ဈာနတော လက္ခဏူပနိဇ္ဈာနံ။ ဝိပဿနာယ ကတကိစ္စဿ မဂ္ဂေန ဣဇ္ဈနတော မဂ္ဂေါ လက္ခဏူပနိဇ္ဈာနံ။ ဖလံ ပန နိရောဓသစ္စံ တထလက္ခဏံ ဥပနိဇ္ဈာယတီတိ လက္ခဏူပနိဇ္ဈာနံ နာမ။၂

စျာန်ဟူသည် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟု စျာန် (၂)မျိုး ရှိ၏။ ထို (၂)မျိုးတို့တွင် လောကီစျာန်သမာပတ် (၈)ပါးတို့ကို -- ပထဝီကသိုဏ်းစသော သမထနိမိတ်အာရုံကို ကပ်၍ စိုက်စိုက်စူးစူး ရှုတတ် ကုန်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန် ဟူ၍ ခေါ်ဆို၏။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ ထိုတွင် ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို ကပ်၍ စူးစူး စိုက်စိုက် ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ ဝိပဿနာဉာဏ်၏ ပြုသင့်ပြုထိုက်သော သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို စူးစူးစိုက်စိုက် ရှုခြင်းလုပ်ငန်းကိစ္စ၏ မဂ်ဉာဏ်ကြောင့် ပြီးစီးပြည့်စုံလာရကား မဂ်ဉာဏ်သည် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှု သတ္တိအရှိန်အဝါကို ရရှိသဖြင့် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်၏။ မသိမှုကို ပယ်သတ်လိုက်သဖြင့် သိမှုသည် ပြီးစီး ပြည့်စုံသွား၏။ ဤသို့ ပြီးစီး ပြည့်စုံခြင်းကို ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီး ပြည့်စုံခြင်းဟု ဆို၏။ ထိုကြောင့် အရိယမဂ်တရားသည် ကိစ္စသိဒ္ဓိအားဖြင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏ဟု ဆိုလိုပါသည်။ အရိယဖိုလ်တရားသည်ကား နိရောဓသစ္စာအမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော် မြတ်၏ ဟုတ်မှန်တိုင်းသော သန္တိလက္ခဏာကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ် သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။၂

ဤကဲ့သို့သော အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်တို့ကို မျက်မှောက်ခေတ်တွင် တရားဘာဝနာကို လေ့လာလိုက်စားနေကြကုန်သော သူတော်စင်တို့ကိုလည်း ဝင်စားကာ နေထိုင်စေလိုသော ဦးတည်ချက်ဖြင့် မဂ္ဂ ခေါ်သည့့် လမ်းမှန်နှင့် ကုမ္မဂ္ဂ ခေါ်ဆိုသည့် လမ်းမှားကို ခွဲခြားကာ အခါအခွင့်သင့်လျှင် သင့်သလို ရှင်းလင်းတင်ပြပေးခဲ့ပါသည်။ အားပေးစကား တိုက်တွန်းစကားတွေကိုလည်း အကြိမ်များစွာ ပြောဟောပေးခဲ့ရပါသည်။

ဤကဲ့သို့ အဆုံးအမပေးထားသော တရားစကားများ ဟောကြားပေး ထားသော တရားစကားများကို နာယူရသော ယောဂီသူတော်စင်အချို့တွေက စာအုပ်စာတမ်းအဖြစ် မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုလိုပါကြောင်း တင်ပြ လျှောက်ထားလာကြပါသည်။ ဤကဲ့သို့ တင်ပြလျှောက်ထားလာကြသည့် အတွက် သင့်တော်သော ဩဝါဒစကားများနှင့် သင့်တော်သော ဟောကြား ထားသည့် တရားစကားများကို ပေါင်းစုကာ သင့်လျော်သော အစီအစဉ်ဖြင့် မဂ္ဂ ခေါ်သည့် လမ်းမှန်နှင့် ကုမ္မဂ္ဂ ခေါ်ဆိုသည့် လမ်းမှားကို ခွဲခြားသိရှိ နိုင်ရေးအတွက် ရည်ရွယ်တောင့်တကာ တောကိုတော့ ရှင်းလင်းပါ၊ သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့် ..ဆိုသည့်ဤကျမ်းစာငယ်ကို ရေးသား ပြုစုပေးလိုက်ရခြင်း ဖြစ်ပါသည်။

ဤကျမ်းစာငယ်၌ လမ်းမှားနှင့် လမ်းမှန်ကိုသာ ဦးစားပေးကာ ရှင်းလင်း တင်ပြထားသည့်အတွက် ကျင့်စဉ်အရပ်ရပ်ကိုကား အသေးစိတ် ဖော်ပြထားမှု မရှိပါ။ သမထပိုင်းဆိုင်ရာကျင့်စဉ်များ ဝိပဿနာပိုင်းဆိုင်ရာကျင့်စဉ်များကို နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသည့် ကျမ်းစာကြီး (၅)တွဲနှင့် ကျမ်းစာငယ် (၉)တွဲ တို့တွင် ပြည့်ပြည့်စုံစုံ ဖော်ပြထားပြီးသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ထိုကြောင့် သမထပိုင်းဆိုင်ရာကျင့်စဉ်နှင့် ဝိပဿနာပိုင်းဆိုင်ရာကျင့်စဉ်တို့ကို ပြည့်ပြည့်စုံစုံ သိရှိလိုပါက ထိုကျမ်းစာများ၌ ကြည့်ရှုကြပါကုန်။

ဤကျမ်းစာငယ်ကို ဖတ်ရှုနေကြကုန်သော သူတော်ကောင်းအပေါင်း တို့သည်လည်း ဘုရားရှင်ကိုယ်တော်တိုင် စိုက်ပျိုးတည်ထောင်ထားတော် မူခဲ့သည့် သာသနာ့အင်ကြင်းတောဥယျာဉ်ကြီးအတွင်း၌ အေးမြသည့် အရိပ်အာဝါသ ရှိနေကြသည့် သာသနာ့အင်ကြင်းပင်ကြီးတို့၏ အရိပ်ကို ခိုလှုံကာ အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်တို့ကို အောင်အောင် မြင်မြင် ဝင်စားနိုင်ကြသည့် သူတော်ကောင်း သူမြတ်လောင်းများ ဖြစ်ကြ ပါစေသောဝ် ...

အာသီသပတ္ထနာဖြင့် ဖြန့်ကြက်လျက် ...

ဖားအောက်တောရဆရာတော်

၁၃၇၁-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့

၈.၅.၂၀၀၉

---

ပဏာမ ဝန္ဒနာ

မဂ္ဂင်္ဂနာဝံ မုနိဒက္ခနာဝိကော၊

ဤဟာဖိယံ ဉာဏကရေန ဂါဟကော။

အာရုယှ ယော တာယ ဗဟူ ဘဝဏ္ဏဝါ၊

တာရေသိ တံ ဗုဒ္ဓမဃပ္ပဟံ နမေ။၃

ဤဟာဖိယံ = ဝီရိယတည်းဟူသော တက်မကို။

ဉာဏကရေန = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော လက်တော်ဖြင့်။

ဂါဟကော = မြဲမြံစွာ ကိုင်စွဲထားတော်မူသော။

ယော မုနိဒက္ခနာဝိကော = အကြင် မုနိထွတ်ထား မြတ်စွာဘုရားတည်း ဟူသော လိမ္မာလှစွာသော သင်္ဘောလှေမှူးသည်။

မဂ္ဂင်္ဂနာဝံ = မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော သင်္ဘော လှေထက်သို့။

အာရုယှ = တက်စီးတော်မူပြီး၍။

တာယ = ထိုမဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော သင်္ဘောလှေဖြင့်။

ဗဟူ = ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျများစွာ သတ္တဝါတို့ကို။

ဘဝဏ္ဏဝါ = ကူးခတ်လွန်မြောက်ဖို့ရန် အလွန် ခဲယဉ်းလှစွာသော, အပြောကျယ်သည့် ဘဝသုံးဖြာ ပင်လယ်မဟာသမုဒ္ဒရာမှ။

တာရေသိ = နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်အောင် ထုတ်ဆောင် ကယ်တင်တော်မူခဲ့လေပြီ။

အဃပ္ပဟံ = ပြောထူများစွာ သတ္တဝါတို့၏ ကိလေသာဝဋ်ဆင်းရဲ သံသရာ ဝဋ်ဆင်းရဲကို အမြစ် မကြွင်းအောင် ပယ်ရှင်းပေးတော်မူတတ်ထသော။

ဗုဒ္ဓံ = သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တော်တိုင် ထွင်းဖောက် သိမြင်တော် မူပြီးသည်ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့ကိုလည်း ထွင်းဖောက် သိမြင်စေတော်မူတတ်ထသော။

တံ မုနိဒက္ခံ = ထို မုနိထွတ်ထား မြတ်စွာဘုရားတည်းဟူသော လိမ္မာလှစွာ သော သင်္ဘောလှေမှူးကို။

အဟံ = တရားဟော တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော် သည်။

နမေ = နမာမိ = ကာယ ဝစီ မနောချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား ..။၃

သာဓု သာဓု သာဓု

__________

---

အခန်း (၁)

ဝနံ ဆိန္ဒထ = တောကိုသာ ရှင်းလင်းပါ

ဝနံ ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတေ ဘယံ။

ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။၄

ဒီဂါထာကို လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)ကျော်က ဇေတဝန် ကျောင်းတိုက်တော်မှာ မြတ်စွာဘုရား သီတင်းသုံးစံနေတော်မူစဉ် သက်တော် ရွယ်တော် ကြီးရင့်မှ ရှင်ရဟန်းပြုတော်မူလာကြတဲ့ ရဟန်းတော်ကြီးများကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ဂါထာဒေသနာ တော်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဒေသနာတော်မြတ်ဟာ ယနေ့ တရား နာယူနေကြတဲ့ အချို့သော ရဟန်းယောဂီတွေ ရှင်သာမဏေယောဂီတွေ သီလရှင်ယောဂီတွေ အမျိုးသားယောဂီတွေ အမျိုးသမီးယောဂီတွေနဲ့တော့ အံဝင်ခွင်ကျ ဖြစ်နေပုံရပါတယ်။ ဒီဂါထာဒေသနာတော်ရဲ့ အဓိပ္ပာယ်ကို နာကြားကြည့်ကြရအောင် ..။

ဘိက္ခဝေါ = ရဟန်းတော်များ အို ချစ်သားတို့ ...။ ဝနံ = တောချုံကို။ ဆိန္ဒထ = ရှင်းလင်းကြ ဖြတ်တောက်ကြပါကုန်လော့။ ရုက္ခံ = သစ်ပင်ကို။ မာ ဆိန္ဒထ = မခုတ်လှဲကြပါကုန်လင့်။

ချစ်သားရဟန်းတို့ ...တောချုံကိုတော့ ရှင်းလင်းကြ ဖြတ်တောက် ကြပါ။ သို့မဟုတ် ခုတ်ထွင်ကြပါ ရှင်းလင်းကြပါ။ သို့သော် သစ်ပင်ကိုတော့ မခုတ်လှဲကြပါနဲ့ ..တဲ့။

ဘယ့်နှယ်တုံး တရားနာပရိသတ်တွေ နားလည်ကြသလား? တောချုံ ကိုတော့ ရှင်းလင်းပါ။ သစ်ပင်တော့ မခုတ်လှဲပါနဲ့တဲ့။ နားလည်ကြသလား? နောက်တစ်ခု --- မြတ်စွာဘုရား ဆက်လက်ပြီး ဟောကြားတော်မူပြန်တယ်။

ဝနတော ဇာယတေ ဘယံ။၄

ဝနတော = တောချုံကြောင့်။ ဘယံ = ဘေးဒုက္ခ အမျိုးမျိုးသည်။ ဇာယတေ = ဖြစ်ပေါ်၍ လာတတ်ပေ၏။

တောချုံပုတ်ကို ဘာကြောင့် ဘုရားရှင်က အရှင်းခိုင်းတော်မူရသလဲ? တောချုံပုတ်ကြောင့် ဘေးဒုက္ခအမျိုးမျိုး ဖြစ်ပေါ်လာနိုင်တယ်တဲ့ .. ဒါကြောင့် တောချုံပုတ်ကိုတော့ ရှင်းပါ။ သစ်ပင်ကိုတော့ မခုတ်လှဲပါနဲ့တဲ့။ နားလည်ကြသလား? နောက်တစ်ခု --- ဆက်လက်ပြီး ဟောကြားတော် မူပြန်တယ် ..။

ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။၄

ဘိက္ခဝေါ = ရဟန်းတော်များ အို ချစ်သားတို့ ...။ ဝနဉ္စ = တောချုံကို လည်းကောင်း။ ဝနထဉ္စ = တောချုံမှ ဖြစ်ပေါ်လာတဲ့ အဆွယ်အပွား သစ်ပင်ငယ် ချုံနွယ် ပိတ်ပေါင်းကိုလည်းကောင်း။ ဆေတွာ = ဖြတ်တောက်နိုင်ကြကုန် သည်ဖြစ်၍။ နိဗ္ဗနာ = အပူမီး ငြိမ်းအေးကြကုန်သည်။ ဟောထ = ဖြစ်ကြပါ ကုန်လော့။

တောချုံကိုလည်း ဖြတ်တောက်ပစ်ပါ ရှင်းလင်းပါ။ အဲဒီတောချုံက ထပ်ဆင့် ဖြစ်ပေါ်လာတဲ့ အဆွယ်အပွားကလေးတွေ ရှိကြတယ်။ အဲဒီ အဆွယ် အပွားကလေးတွေကိုလည်း ဖြတ်တောက်ပစ်ပါ ရှင်းလင်းပါ။ အဲဒီလို ဖြတ်တောက်ပစ်မည် ရှင်းလင်းပစ်မည်ဆိုလို့ရှိရင်တော့ အပူမီးတွေ ငြိမ်းအေး သွားကြပါလိမ့်မည် .. ဆိုပြီးတော့ ဒီလို ဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့် ဘုရားရှင်က ယခုလို ဟောကြားပြသ ဆိုဆုံးမတော်မူရပါသလဲ? အကြောင်းရင်း နိဒါန်းကတော့ ဒီလိုပါ ..။၅

---

ပစ္စုပ္ပန်ဇာတ်ကြောင်းဝတ္ထု

တစ်ချိန်မှာ .. ဘုန်းကြီးတို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူတဲ့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးဟာ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံးစံနေတော်မူခဲ့ပါတယ်။ သာဝတ္ထိမှာလည်း ကြွယ်ဝချမ်းသာကြတဲ့ ကောင်းမှုကုသိုလ် အတူပြုဘက်ဖြစ်ကြတဲ့ ခင်မင်ရင်းနှီးကြတဲ့ အမျိုးကောင်းသား မိတ်ဆွေအပေါင်းအသင်းငါးဦးတို့ ရှိကြတယ်။ ဘုရားရှင်ရဲ့ထံတော်မှောက်မှာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိက တရားကောင်းတို့ကို နာကြားခွင့် ရရှိကြတဲ့အခါ သူတို့တစ်တွေဟာ သတိ သံဝေဂတွေ ရရှိသွားကြတဲ့အတွက် ငါတို့တစ်တွေဟာ အသက်အရွယ်ကြီးရင့် ကြကုန်ပြီ ဖြစ်ကြတယ်၊ တို့တစ်တွေ အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေထိုင်ကြခြင်းဖြင့် ဘာအကျိုးရှိနိုင်ကြတော့မှာလဲ ..၊ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီးတော့ အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက် ကာ ရှင်ရဟန်းပြုပြီး သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို တို့ကြိုးစားအားထုတ်ကြစို့ဟု --- ဒီလို အညီအညွတ် တိုင်ပင်ကြတယ်။ တိုင်ပင်လိုက်တဲ့အခါ အားလုံး သဘောတူညီမှုလည်း ရရှိသွားကြတယ်၊ ရှိနေကြတဲ့ စည်းစိမ်ဥစ္စာနှစ်တွေကို သားမယားတို့အား အပ်နှင်းပြီးတော့ ဘုရားရှင်ထံတော်မှာ ရှင်ရဟန်းပြုခွင့် ရရှိရန် ခွင့်ပန် လျှောက်ထားပြီးနောက် သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုတော်မူကြတယ်။ ရှင်ရဟန်း ပြုပြီးကြတဲ့ အချိန်အခါမှာ .. ဘာတွေ ဖြစ်လာကြသလဲ ..?

ရှင်ရဟန်းပြုပြီးတဲ့အခါ ရှင်ရဟန်းတွေနှင့် လျော်လျောက်ပတ် ကောင်းမြတ်တဲ့ သမဏဓမ္မ အမည်ရတဲ့ သမထ ဝိပဿနာဆိုတဲ့ ရဟန်းတရားတွေကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ်နိုင်တဲ့ စွမ်းအားတွေလည်း မရှိ ဖြစ်နေ ကြတယ်။

သက်တော် ရွယ်တော် ကြီးရင့်ကြပါမှ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာကြရတဲ့အတွက် ပရိယတ်တရားတော်မြတ်ကို သင်ယူဖို့ရန် မစွမ်းနိုင်လည်း ဖြစ်နေကြတယ်။ မစွမ်းနိုင်ကြတဲ့အတွက် ဇေတဝန်ကျောင်း တိုက်တော်ရဲ့ အစွန်အဖျားကျတဲ့ နေရာဒေသတစ်ခုမှာ သက်ရွက်မိုးကျောင်း ငယ်များ ဆောက်လုပ်ကာ စုပေါင်း နေထိုင် သီတင်းသုံးတော်မူကြတယ်။

ဆွမ်းခံကြွတော်မူကြတဲ့အခါမှာလည်း ဆွမ်းခံ၍ ရရသမျှ အစာ အာဟာရဖြင့် မမျှတနိုင် မစားနိုင် ဖြစ်နေကြတယ်။ တရားနာယူနေကြတဲ့ ယောဂီတွေထဲက အချို့သော အချို့သော ယောဂီတွေနဲ့တော့ တူနေကြပုံ ပေါ်တယ်။ မစားနိုင်ကြတဲ့အခါကျတော့ ဘာတွေ လုပ်ကြသလဲ ..? များသောအားဖြင့် မိမိတို့ရဲ့ အိမ်ရှင်မဟောင်းတွေရဲ့ လက်ရာဟောင်းတွေကို ပြန်ပြောင်းကာ အမှတ်ရနေကြတဲ့အတွက် မိမိတို့ရဲ့ သားသမီးများ အိမ်ရှင်မ ဟောင်းများ ရှိရာ အိမ်သို့ပဲ သွားသွားပြီး ဆွမ်းခံကာ ဆွမ်းဘုဉ်းပေးကြတယ်။ နောက်ပိုင်းကျတော့ သူတို့တစ်တွေ စနစ်ပြောင်းလိုက်ကြတယ်။ ဘယ်လို စနစ်ပြောင်းကြသလဲ ..?

ကိုယ်တော်တစ်ပါးရဲ့ မဓုရပါစိကာ အမည်ရှိတဲ့ အိမ်ရှင်မဟောင်းက တော်တော်ကလေး ချမ်းသာကြွယ်ဝပုံ ရပါတယ်၊ သဒ္ဓါတရားလည်း အလွန် ကောင်းမွန်ပါတယ်။ အားလုံးသော ရဟန်းမိတ်ဆွေတစ်စုတို့အတွက် အလွန် ကျေးဇူးများတဲ့ ဥပါသိကာမတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီတော့ ထိုရဟန်းတော်တွေဟာ သာဝတ္ထိမြို့ထဲ ဆိုင်ရာ ဆိုင်ရာ သား သမီးများ အိမ်ရှင်မဟောင်းများ ရှိရာ အိမ်တွေမှာ လှည့်လည်ပြီး ဆွမ်းခံ လိုက်ကြတယ်။ ဆွမ်းခံလို့ ရရှိကြတဲ့ ပစ္စည်းတွေကို မဓုရပါစိကာအိမ်သို့ သယ်ဆောင်သွားကြပြီး ကိုယ်တော်တွေအားလုံး စုပြုံပြီးတော့ ဘုဉ်းပေးတော် မူကြတယ်။ အိမ်ရှင်မကလည်း လှူနိုင် ဒါန်းနိုင်တဲ့ အိမ်ရှင်မ ဖြစ်ခြင်းကြောင့် ကိုယ်တော်အားလုံးကိုပဲ ရိုရိုသေသေနဲ့ မျှတအောင် ပြုစုလုပ်ကျွေးပါတယ်။ ဒီနည်းစနစ်နဲ့ နေထိုင်လိုက်ကြတော့ စားဝတ်နေရေးတွေကတော့ ပြေလည် သွားကြပြီဖြစ်တယ်။ အဲဒီလိုပြေလည်သွားကြတဲ့အခါ အချိန်တွေကို အလဟဿ မဖြုန်းတီးကြဘဲ စွမ်းအားရှိသလောက် သမထ ဝိပဿနာဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့တော့ အလွန်ကောင်းနေပါတယ်။ သို့သော် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မှုကတော့ မရှိ ဖြစ်နေကြတယ်။

ဒီလို နေထိုင်သီတင်းသုံးလာရာက တစ်နေ့မှာ ဘာဖြစ်လာသလဲဆိုတော့ မဓုရပါစိကာ အမည်ရှိတဲ့ အိမ်ရှင်မကလေးဟာ မမျှော်လင့်တဲ့ ရောဂါဝေဒနာ တစ်ခု စွဲကပ်လာတဲ့အတွက် ကွယ်လွန်သွားပြန်တယ်။ ကွယ်လွန်သွားတော့ မဓုရပါစိကာ ဥပါသိကာမတော့ ကွယ်လွန်သွားပြီ .. ဆိုပြီးတော့ အဲဒီ ကိုယ်တော်တွေဟာ ဇေတဝန်ကျောင်းတိုက်သို့ ပြန်ကြွသွားကြကာ မဓုရပါစိကာရဲ့ အိမ်ရှင်ဟောင်းဖြစ်တဲ့ ကိုယ်တော်ကြီးရဲ့ကျောင်းမှာ စုပေါင်းကာ တစ်ပါးရဲ့လည်ပင်းကို တစ်ပါး ဖက်ပြီးတော့ ငိုယိုနေကြတယ် ..တဲ့။

ဒီနေရာမှာ ပြောချင်တာကတော့ ရရသမျှနှင့် ရောင့်ရဲလွယ်ခြင်း = သန္တုဋ္ဌိဂုဏ်, အာဟာရအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာကိလေသာကို ခေါင်းပါးအောင် ကျင့်ခြင်း သလ္လေခဂုဏ်တို့ မရှိခြင်းကို အကြောင်းပြုပြီးတော့ အာဟာရအပေါ်၌ တွယ်တာမက်မောမှုကို အခြေခံကာ ရဟန်းတော်များနှင့် မသင့်လျော်တဲ့ ငိုပွဲဆင်ခြင်း စတဲ့ ပုံစံကလေးတွေ ဖြစ်လာကြတယ်။ သာသနာတော်မှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုကာ နေထိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ သန္တုဋ္ဌိဂုဏ် သလ္လေခဂုဏ်တွေနဲ့ ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ ရတာနဲ့ ရောင့်ရဲနိုင်တဲ့ စိတ်ထားကို မွေးမြူပေးရတယ်။ ကိလေသာတွေကို ခေါင်းပါးသွားအောင် ငါ ခါတွက်ပစ်မည် ဆိုပြီးတော့ စွဲမြဲတဲ့ အဓိဋ္ဌာန်ချက်နဲ့ ကိလေသာတွေကို တကယ်တမ်း ခေါင်းပါးသွားစေတတ်တဲ့ ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံလျက်ရှိတဲ့ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူတဲ့ သီလကျင့်စဉ် သမာဓိ ကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒီလို ကျင့်ခြင်းဖြင့် မိမိမှာ ရှိနေတဲ့ ကိလေသာတွေကို ခေါင်းပါးသွားအောင် မိမိက ခါတွက်ပေးရမှာ ဖြစ်တယ်။ ဒီလို ခါတွက်နိုင်ခြင်းကို သလ္လေခဂုဏ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

အဲဒီလို ငိုယိုနေကြတဲ့ အသံကို ဝန်းကျင်ပတ်ချာမှာ ရှိနေကြတဲ့ ရဟန်းတော်တွေက ကြားကြတဲ့အခါ ပြေးလာကြပြီးတော့ ငိုယိုကြခြင်းရဲ့ အကြောင်းရင်းကို မေးမြန်းလျှောက်ထားကြတဲ့အခါ ထိုငိုပွဲဆင်နေကြတဲ့ ရဟန်းတွေက ဒီလို ပြန်ပြောကြတယ် --- တပည့်တော်တို့မိတ်ဆွေတစ်ဦးရဲ့ အိမ်ရှင်မဟောင်းဖြစ်တဲ့ မဓုရပါစိကာကတော့ ကွယ်လွန်သွားပြီ ဖြစ်တယ်။ ထိုဥပါသိကာမဟာ တပည့်တော်တို့အတွက် အလွန်ကျေးဇူးများပါတယ်။ ယခုအခါမှာ ဒီလို ဥပါသိကာမမျိုးကို ဘယ်နေရာမှာ သွားပြီး ရှာဖွေလို့ ရရှိနိုင်ကြပါ့မလဲ?လို့ သူတို့ ငိုပွဲဆင်ရခြင်းရဲ့အကြောင်းကို ပြန်ပြောပြကြတယ်။

အဲဒါနဲ့ ဒီကိုယ်တော်တွေ ဖောက်ဖောက်ပြန်ပြန် ဖြစ်နေကြတဲ့အကြောင်း, ငိုပွဲကြီး ဆင်နွှဲနေကြတဲ့အကြောင်းကို ထိုရဟန်းတော်တွေက ဓမ္မသဘင်မှာ မြတ်စွာဘုရားထံ တင်ပြလျှောက်ထားကြတော့ .. မြတ်စွာဘုရားက ထိုငိုပွဲ ဆင်နေကြတဲ့ ရဟန်းတော်တို့ရဲ့ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် အတိတ် ဇာတ်လမ်းတစ်ခုကို ထုတ်ဖော်ကာ ဟောကြားပြသ ဆိုဆုံးမပေးတော်မူ ပါတယ်။၅

---

ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် ဇာတ်လမ်း

ထိုရဟန်းတော်တွေဟာ တစ်ချိန်က တစ်ခုသော ဘဝမှာ ကျီးကန်း အမျိုးအနွယ်၌ ကျီးကန်းများ ဖြစ်ခဲ့ကြဖူးတယ်။ တစ်နေ့မှာ သူတို့တစ်တွေဟာ သမုဒ္ဒရာကမ်းစပ် တစ်နေရာမှာ ကျက်စားနေခဲ့ကြတယ်။ အဲဒီနေ့မှာ ရွာသူ ရွာသား တချို့ဟာ နို့ဃနာထမင်းတွေ သားငါးဟင်းလျာတွေနဲ့ သေရည် သေရက် စသည်တို့ကို ယူဆောင်ကာ သမုဒ္ဒရာကမ်းစပ် တစ်နေရာမှာ နာဂဗလိလို့ ခေါ်ဆိုအပ်တဲ့ နဂါးတွေကို ဗလိနတ်စာကျွေးတဲ့ ပူဇော်ပွဲ တစ်ခုကို ပြုလုပ်ကြပြီးနောက် ပြန်သွားကြတယ်။ အဲဒီအခါမှာ မဓုရပါစိကာ ဥပါသိကာမ အလောင်းအလျာဖြစ်တဲ့ ကျီးမနှင့် အိမ်ရှင်ယောက်ျားဟောင်း ဖြစ်တဲ့ ကျီးဖိုတို့ဟာ အဲဒီ နာဂဗလိနတ်စာကျွေးတဲ့ အရပ်ကို သွားပြီးတော့ တဝကြီး လွေးလိုက်ကြတယ်၊ အရက်တွေကိုလည်း တဝကြီး သောက်လိုက်ကြ တယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက် အားရပါးရ တဝကြီး လွေးလိုက်တဲ့ ပွဲကြီးပွဲကောင်း တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ အရက်တွေကို အလွန်အကျွံ သောက်ထားတဲ့အတွက် ကျီးမက တော်တော်ကလေး မူးနေရှာတယ်၊ သမုဒ္ဒရာထဲမှာ ရေကစားမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် ကျီးမက သမုဒ္ဒရာကမ်းစပ် တစ်နေရာသို့ သက်ဆင်းသွားလိုက်တယ်။ ထိုအချိန်အခါမှာ သမုဒ္ဒရာရေ လှိုင်းတံပိုး တစ်ခုရဲ့ ရိုက်ခတ်မှုကြောင့် ကမ်းစပ်မှာ ကျက်စားနေတဲ့ ဒီကျီးမ ဟာ သမုဒ္ဒရာရေထဲ မျောပါသွားပြီးတော့ သေကျေပျက်စီးသွားခဲ့တယ်။ အဲဒီအခါမှာ ကျီးဖိုကလည်း ငါရဲ့ အိမ်ရှင်မတော့ ကွယ်လွန်ပျက်စီးခဲ့လေပြီ ပေါ့လို့ ငိုယိုမြည်တမ်းပြန်တယ်၊ အော်ဟစ်ပြန်တယ်။ အခြားကျီးကန်းတွေ လည်း ဒီအသံကို ကြားရတဲ့အတွက် စုပြုံရောက်ရှိလာကြကာ အလားတူပဲ ငိုယိုကြပြန်တယ်၊ မြည်တမ်းကြပြန်တယ်။ ဒီသမုဒ္ဒရာရေဟာ တို့အတွက် ဘာမှုလောက်မှာလဲ၊ သမုဒ္ဒရာရေကို ကုန်ခန်းသွားအောင် သွန်ပစ်ကြပြီးတော့ ကျီးမကို တို့ ထုတ်ဆောင် ကယ်တင်ကြမည်လို့ တိုင်ပင်ကြကာ သမုဒ္ဒရာရေ ကို နှုတ်သီးပါးစပ်ဖြင့် သယ်ဆောင်ကာ ကုန်းပေါ်မှာ သွားသွားပြီး ထွေးပစ် ကြတယ်။ သို့သော် သမုဒ္ဒရာရေကား မကုန်ခန်းနိုင် ဖြစ်ခဲ့တယ်။ ဆားငန်ရေရဲ့ စွမ်းအားကြောင့် ကျီးကန်းတွေရဲ့ လည်ချောင်းတွေလည်း ခြောက်ကပ်ကုန်ကြ တယ်၊ မျက်စိတွေလည်း နီကုန်ကြတယ်၊ ကျီးကန်းအပေါင်းတွေဟာ အလွန့် အလွန် ပင်ပန်းဆင်းရဲခဲ့ကြတယ်။

အဲဒီအချိန်အခါမှာ ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်းတော်ဟာ ထို သမုဒ္ဒရာကမ်းစပ်တစ်နေရာမှာပဲ နတ်သားတစ်ဦး ဖြစ်နေခဲ့တယ်။ ထိုဘုရားအလောင်းတော် နတ်သားက ကျီးကန်းအပေါင်းတို့ရဲ့ အကျိုးမဲ့ ပျက်စီးမှုကို မကြည့်ရှုလိုတဲ့အတွက် မသိ မလိမ္မာ မိုက်မဲလွန်းလှတဲ့ နားလည်မှု ခေါင်းပါး လွန်းလှတဲ့ ကျီးကန်းတို့အပေါ်မှာ သနားကြင်နာမှုကို အကြောင်းပြုကာ ကြောက်လန့်ဖွယ်ကောင်းလှတဲ့ အသံအမျိုးမျိုးကို ဖန်ဆင်းပြီးတော့ ကျီးကန်း တွေကို ခြောက်လှန့်လွှတ်လိုက်တယ်။ အဲဒီအခါမှာ ကျီးကန်းအပေါင်းတို့ လည်း အကျိုးမဲ့ သေကျေပျက်စီးခြင်းမှ လွတ်မြောက်သွားခဲ့ကြတယ်။ ထိုအချိန်အခါက မဓုရပါစိကာကတော့ သေကျေပျက်စီးသွားတဲ့ ကျီးမ ဖြစ်ခဲ့ ဖူးတယ်။ မဓုရပါစိကာရဲ့ အိမ်ရှင်ယောက်ျားဟောင်းဖြစ်တဲ့ ရဟန်းတော်ကြီးကတော့ ကျီးဖို ဖြစ်ခဲ့ဖူးတယ်။ ကျန်ရဟန်းတော်ကြီးတွေကတော့ ထိုကျီးမ သေကျေပျက်စီးတဲ့ပွဲမှာ ဝိုင်းငိုကြတဲ့ မြည်တမ်းကြတဲ့ ကျီးကန်းတွေ ဖြစ်ခဲ့ကြ ဖူးတယ် စသည်ဖြင့် မြတ်စွာဘုရားက ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ကာကဇာတ်တော်ကို၆ အကျယ်ထုတ်ဆောင်ကာ ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။

ဘဝတစ်ခုမှာ လက်ခံကျင့်သုံးခဲ့တဲ့ ဝါသနာဓာတ်ငွေ့ အရှိန်အဝါတွေ ဟာ ဘဝအဆက်ဆက်သို့ လိုက်ပါသွားတတ်ပုံကိုတော့ တရားနာပရိသတ် ဖြစ်ကြတဲ့ ယောဂီသူတော်စင်တွေ အထူးသတိပြုသင့်ကြပါတယ်။

ဒီလို ဟောကြားပြသ ဆိုဆုံးမတော်မူပြီးနောက် .. ဘုရားရှင်က ဆက်လက်ကာ ချစ်သား ရဟန်းတို့ ...ရာဂ ဒေါသ မောဟတည်းဟူသော တောချုံပုတ်ကို အမှီပြုပြီးတော့ သင်ချစ်သားတို့တစ်တွေဟာ ဒီလို ဆင်းရဲ ဒုက္ခသို့ ရောက်ရှိကြခြင်း ဖြစ်တယ်။ ထိုရာဂ ဒေါသ မောဟတည်းဟူသော တောချုံပုတ်ကို ရှင်းလင်းဖြတ်တောက်ဖို့ရန် သင့်တင့်လှပေတယ်။ ဒီလို ဖြတ်တောက်နိုင်ခဲ့မည်ဆိုလျှင် သင်ချစ်သားတို့တစ်တွေဟာ ဆင်းရဲဒုက္ခ မရှိ ချမ်းသာအတိ ပြီးပြည့်စုံကြမှာ ဖြစ်ကြပါတယ်။ ၇

ဒီလို ဆိုဆုံးမတော်မူပြီးနောက် မြတ်စွာဘုရားက တရားနိဒါန်းမှာ အစပျိုးခဲ့တဲ့ ဒီဂါထာဒေသနာကို ဟောကြားပေးတော်မူပါတယ်။ ထပ်ပြီး နာကြားကြည့်ကြရအောင် ..။

---

ကိလေသာ တောချုံပုတ်နှင့် အဆွယ်အပွားများကို ရှင်းလင်းကြပါ

ဝနံ ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတေ ဘယံ။

ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။၄

ဘိက္ခဝေါ = ရဟန်းတော်များ အို ချစ်သားတို့ ... ။ ဝနံ = တောချုံကို။ ဆိန္ဒထ = ရှင်းလင်းကြ ဖြတ်တောက်ကြပါကုန်လော့။ ရုက္ခံ = သစ်ပင်ကို။ မာ ဆိန္ဒထ = မခုတ်လှဲကြပါကုန်လင့်။ ဝနတော = တောချုံကြောင့်။ ဘယံ = ဘေးဒုက္ခ အမျိုးမျိုးသည်။ ဇာယတေ = ဖြစ်ပေါ်၍ လာတတ်ပေ၏။ ဝနဉ္စ = တောချုံကိုလည်းကောင်း။ ဝနထဉ္စ = တောချုံမှ ဖြစ်ပေါ်လာတဲ့ အဆွယ်အပွား သစ်ပင်ငယ် ချုံနွယ် ပိတ်ပေါင်းကိုလည်းကောင်း။ ဆေတွာ = ဖြတ်တောက်နိုင် ကြကုန်သည်ဖြစ်၍။ နိဗ္ဗနာ = အပူမီး ငြိမ်းအေးကြကုန်သည်။ ဟောထ = ဖြစ်ကြပါကုန်လော့။

ဘုရားရှင်က ဒီတရားတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူလိုက် တော့ အသက်အရွယ် ကြီးရင့်မှ ရှင်ရဟန်းပြုလာကြတဲ့ ကိုယ်တော်ကြီးတွေက ဘုရားရှင်က တို့ကိုတော့ တောအရှင်းခိုင်းနေပြီ၊ တို့တော့ ပေါက်တူးတွေ တူရွင်းတွေ သွားရှာရတော့မည် ဒီလို နားလည်သွားကြတယ်။ အဲဒီလို နားလည်ကြတဲ့အတွက် ငါဘုရားရှင် ဆိုလိုတဲ့ တောက ဘာလဲ ..ဆိုတာကို သိရှိသွားအောင် မြတ်စွာဘုရားက ဆက်လက်ပြီး ဟောကြားပြသ ဆိုဆုံးမ တော်မူပါတယ်။

ကိလေသာ တောချုံပုတ်နှင့် အဆွယ်အပွားများ

ဒီနေရာမှာ ဆိုလိုတာက ကိလေသာတွေကို ဘုရားရှင်က တောချုံနဲ့ ဥပမာ ပေးထားတော်မူပါတယ်။ ကိလေသာတွေက ဆယ်မျိုး ရှိနေတယ်။

၁။ လောဘ (= ရာဂ) = ဆွမ်း သင်္ကန်း ကျောင်း ဆေး စတဲ့ သက်ရှိသက်မဲ့ အာရုံအမျိုးမျိုးတို့အပေါ်မှာ တွယ်တာမက်မောမှုသဘော၊

၂။ ဒေါသ = သက်ရှိသက်မဲ့ အာရုံအမျိုးမျိုးတို့အပေါ်မှာ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းမှု ဖျက်ဆီးလိုမှုသဘော၊

၃။ မောဟ = ရုပ်နာမ်ပရမတ်သို့ ဆိုက်အောင် မသိဘဲ အပေါ်ယံ ပညတ်မှာသာ သောင်တင်ကာ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် အသိမှားမှုသဘော၊

၄။ မာန = စိတ်ဓာတ် တက်ကြွမြင့်မောက်မှုသဘော, အပေါ်စီးက အမြဲ တမ်း နေလိုမှုသဘော, အညံ့မခံလိုတဲ့သဘော၊

၅။ ဒိဋ္ဌိ = အယူမှားမှု, ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် တကယ်ထင်ရှား ရှိတယ်လို့ စွဲလမ်းယုံကြည်မှု အယူမှားမှု သဘော, ကံ-ကံရဲ့အကျိုးတရား မရှိဘူးလို့ စွဲလမ်းယုံကြည်မှု စသည်ဖြင့် အယူမှားမှုအမျိုးမျိုး၊

၆။ ဝိစိကိစ္ဆာ = ရတနာသုံးတန် ကံ-ကံရဲ့အကျိုးတရား စသည်တို့အပေါ်မှာ ယုံမှားသံသယရှိမှုသဘော၊

၇။ ထိန (မိဒ္ဓ) = သမထ ဝိပဿနာ စတဲ့ ကုသိုလ်ရေးလုပ်ငန်းတွေမှာ စိတ်ဓာတ် တက်တက်ကြွကြွ ထက်ထက်သန်သန် မရှိဘဲ စိတ်ဓာတ် ပျော့ညံ့နေမှု တွန့်ဆုတ်နေမှု ပျင်းရိနေမှု လေးလံထိုင်းမှိုင်းမှုသဘော၊

၈။ ဥဒ္ဓစ္စ = သမထ ဝိပဿနာ စတဲ့ ကုသိုလ်ရေးဆိုင်ရာ အာရုံတို့အပေါ်မှာ စိတ်ဓာတ် ငြိမ်ဝပ်တည်ကြည်မှု မရှိဘဲ ပြင်ပအာရုံအမျိုးမျိုးတို့အပေါ်မှာ စိတ်ဓာတ် ပျံ့လွင့်နေမှုသဘော၊

၉။ အဟိရိက = အကုသိုလ်တရားတွေ ဖြစ်ရမှာကို မရှက်မှု, ဒုစရိုက်မှု အမျိုးမျိုးတွေကို လွန်ကျူးရမှာကို မရှက်မှုသဘော၊

၁၀။ အနောတ္တပ္ပ = အကုသိုလ်တရားတွေ ဖြစ်ရမှာကို မကြောက်မှု, ဒုစရိုက်မှု အမျိုးမျိုးတွေကို လွန်ကျူးရမှာကို မကြောက်လန့်မှုသဘော ---

အားလုံးပေါင်းလိုက်တော့ ကိလေသာ ဆယ်မျိုးတို့ ဖြစ်ကြပါတယ်။

ဒီကိလေသာ ဆယ်မျိုးထဲမှာ လောဘ ဒေါသ မောဟ -- ဒီကိလေသာ သုံးမျိုးကိုတော့ ဝန (= တောချုံပုတ်)ဆိုတဲ့ အမည်နဲ့ ဘုရားရှင်က ဟောကြား ထားတော်မူပါတယ်။ ကျန်ကိလေသာ (၇)မျိုးနဲ့ မဖော်ပြရသေးတဲ့ အကုသိုလ် တရားအမျိုးမျိုးတွေကိုတော့ ဝနထ = တောချုံပုတ်ရဲ့ အဆွယ်အပွား ချုံနွယ် ပိတ်ပေါင်း သစ်ပင်ငယ်များအဖြစ် တင်စားကာ ဟောကြားထားတော်မူပါ တယ်။

နောက်တစ်နည်း အဋ္ဌကထာက ဖွင့်ဆိုထားတာကတော့ --- အပါယ် လေးဘုံသို့ ရောက်စေကြောင်းဖြစ်ကြတဲ့, အပါယ်လေးဘုံမှာ ပဋိသန္ဓေ တည်နေရကြောင်းဖြစ်ကြတဲ့ စွမ်းအင် အလွန့်အလွန် ကြီးမားကြတဲ့ ကိလေသာတွေကို ဝန (= ကိလေသာတောချုံပုတ်)လို့ ဟောကြားထားတော် မူပါတယ်။ အပါယ်လေးဘုံနှင့်တကွ လူ့ဘုံ နတ်ဘုံတွေမှာ ပဋိသန္ဓေနှင့် စုတိအကြား တစ်နည်းပြောရလျှင်တော့ ပဝတ္တိလို့ ခေါ်ဆိုတဲ့ ဘဝတစ်လျှောက်မှာ မကောင်းတဲ့ ဆင်းရဲတဲ့ အကျိုးအမျိုးမျိုး ကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ ကိလေသာတွေကိုတော့ ဝနထ (= ကိလေသာ တောချုံပုတ်ရဲ့ အဆွယ်အပွား ချုံနွယ်ပိတ်ပေါင်း သစ်ပင်ငယ်များ)အဖြစ် တင်စားကာ ဟောကြားထားတော်မူပါတယ်။ တစ်နည်းပြောရလျှင်တော့ ရှေးဦးအစဖြစ်ပေါ်နေကြတဲ့ ကိလေသာတွေကိုတော့ ဝန (= ကိလေသာ တောချုံပုတ်), နောက်ပိုင်းကာလ ထပ်ကာ ထပ်ကာ ဖြစ်ပေါ်နေတဲ့ ကိလေသာ တွေကိုတော့ ဝနထ (= ကိလေသာတောချုံပုတ်ရဲ့အဆွယ်အပွား ကိလေသာ တွေ)လို့ ဟောကြားထားတော်မူပါတယ်။၈

ထပ်မံရှင်းလင်းချက်

ထပ်ပြီးတော့ ရှင်းပြဦးမည်။ လောဘ ဒေါသ မောဟ -- ဒီကိလေသာ (၃)မျိုးကတော့ အကုသိုလ်တရားအားလုံးတို့ရဲ့ အခြေခံအကြောင်း အရင်း အမြစ် (ဟေတုပစ္စည်း)ဖြစ်တဲ့အတွက် တောချုံပုတ်ကြီးအသွင် တင်စားကာ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ လောဘ ဒေါသ မောဟ -- ဒီတရား (၃)မျိုးထဲမှာလည်း မောဟက ပိုပြီး အခြေခံ အကြောင်းရင်း ကျပါတယ်။ ဒီမောဟကိုပဲ အဝိဇ္ဇာဆိုတဲ့ အမည်တစ်မျိုးနဲ့လည်း ဘုရားရှင် ဟောကြား ထားတော်မူပါတယ်။ အဝိဇ္ဇာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ထပ်ပြီး ရှင်းလင်းကြရအောင် ..။

---

အဝိဇ္ဇာဆိုတာ ဘာလဲ?

အဝိဇ္ဇာ အဝိဇ္ဇာတိ ဘန္တေ ဝုစ္စတိ။ ကတမာ နု ခေါ ဘန္တေ အဝိဇ္ဇာ, ကိတ္တာဝတာ စ အဝိဇ္ဇာဂတော ဟောတီတိ? ဣဓ ဘိက္ခု အဿုတဝါ ပုထုဇ္ဇနော ရူပံ နပ္ပဇာနာတိ၊ ရူပသမုဒယံ နပ္ပဇာနာတိ၊ ရူပနိရောဓံ နပ္ပဇာနာတိ၊ ရူပနိရောဓဂါမိနိံ ပဋိပဒံ နပ္ပဇာနာတိ။ ဝေဒနံ နပ္ပဇာနာတိ။ သညံ။ သင်္ခါရေ နပ္ပဇာနာတိ။ ပ။ ဝိညာဏနိရောဓဂါမိနိံ ပဋိပဒံ နပ္ပဇာနာတိ။ အယံ ဝုစ္စတိ ဘိက္ခុ အဝိဇ္ဇာ။ ဧတ္တာဝတာ စ အဝိဇ္ဇာဂတော ဟောတီတိ။၉

တစ်ချိန်မှာ ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ် ပြီးတော့ ဒီလို လျှောက်ထားမေးမြန်းတော်မူတယ် --- မြတ်စွာဘုရား ... အဝိဇ္ဇာ အဝိဇ္ဇာလို့ ပြောဆိုနေပါတယ် မြတ်စွာဘုရား၊ အဘယ်ကို အဝိဇ္ဇာလို့ ခေါ်ဆိုပါသလဲ မြတ်စွာဘုရား? အဘယ်မျှသော အတိုင်းအရှည်ဖြင့် အဝိဇ္ဇာသို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါသလဲ မြတ်စွာဘုရား?.. ဒီလို သူက မေးမြန်းလျှောက်ထားတယ်။ အဲဒီလို မေးမြန်းလျှောက်ထားတဲ့အခါမှာ မြတ်စွာဘုရားက ဒီလို အဖြေပေးတော်မူပါတယ် ..။

ချစ်သားရဟန်း ... ငါဘုရားရှင်ရဲ့ သာသနာတော်မှာ သင်သိ (=ပရိယတ္တိအသိ), ကျင့်သိ (= ပဋိဝေဓအသိ)၁၀လို့ ခေါ်ဆိုအပ်တဲ့ အသိ နှစ်မျိုးဖြင့် အကြား+အမြင် = ဗဟုဿုတမရှိတဲ့ ပုထုဇန်တစ်ဦးဟာ ---

၁။ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်လို့ ခေါ်ဆိုတဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊

၂။ ဒီဒုက္ခသစ္စာတရားကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းရင်း သမုဒယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ မသိခြင်း၊

၃။ ဒီဒုက္ခသစ္စာတရားရဲ့ ချုပ်ငြိမ်းရာ နိရောဓသစ္စာတရားကို ဟုတ်တိုင်း မှန်စွာ မသိခြင်း၊

၄။ ဒီဒုက္ခသစ္စာတရားရဲ့ ချုပ်ငြိမ်းရာ နိရောဓသစ္စာသို့ ဆိုက်ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂင် (၈)ပါး = မဂ္ဂသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ မသိခြင်း ---

ဒီလို မသိခြင်းမျိုးကို အဝိဇ္ဇာလို့ ခေါ်ဆိုပါတယ်။ ဒီလို မသိခြင်းမျိုးသို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်ကို အဝိဇ္ဇာသို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ဒီလို ဘုရားရှင်က မိန့်ကြားတော်မူလိုက်ပါတယ်။

ဒီလို ဘုရားရှင်ရဲ့ ရှင်းလင်းဟောကြားတော်မူချက်ကို အခြေတည်ကာ သမ္မောဟဝိနောဒနီနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့က အဝိဇ္ဇာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဒီလို ထပ်ဆင့်ပြီးတော့ ရှင်းလင်း တင်ပြထားတော်မူပြန်တယ်။

ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိနေတဲ့ သိသင့်သိထိုက်တဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားစတဲ့ သစ္စာလေးရပ် တရားမြတ်တို့၌ တကယ်မသိဘဲ .. ရုပ်တရားနာမ်တရားလို့ မသိဘဲ, အကြောင်းတရား အကျိုးတရားလို့ မသိဘဲ, အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံလို့ မသိဘဲ ပြောင်းပြန်လှန်ကာ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားနေမှုသဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတွေထဲက ခန္ဓာတစ်ပါးပါးကို သို့မဟုတ် ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်လို့ အသိမှားနေမှုသဘောကို အဝိဇ္ဇာလို့ ခေါ်ဆို ကြောင်း ရှင်းလင်းတင်ပြထားပါတယ်။၁၁

---

အဝိဇ္ဇာနောက်သို့ အစဉ်လိုက်နေတဲ့ အကုသိုလ်တရားဆိုးများ

အဝိဇ္ဇာ = မောဟကတော့ အကုသိုလ်တရားအားလုံးတို့ရဲ့ ရှေ့သွား ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်တယ်။ ယင်းအဝိဇ္ဇာသို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ယင်း အသိမှားမှု အဝိဇ္ဇာ = မောဟကို အခြေတည်ကာ ဒုစရိုက်တရားတို့ကို လွန်ကျူးရမှာကို, အကုသိုလ်တရားတွေ စိတ်အစဉ်မှာ ဖြစ်ပေါ်လာရမှာကို မရှက်မှု (= အဟိရိက), မကြောက်လန့်မှု (= အနောတ္တပ္ပ) ဒီတရားနှစ်ပါးဟာလည်း အဝိဇ္ဇာနောက်သို့ အစဉ်လိုက်ကာ ဖြစ်ပေါ်လာ တတ်ကြပြန်တယ်။ ဒါတွင်ပဲလားဆိုတော့ မကသေးဘူး၊ အများကြီး ရှိနေ သေးတယ်။ ဘာတွေလဲ ..?

ယင်းအဝိဇ္ဇာသို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားနေမှုသဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတွေထဲက ခန္ဓာတစ်ပါးပါးကို သို့မဟုတ် ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်လို့ အသိမှားမှုသဘော, နိစ္စ သုခ သုဘလို့ အသိမှားမှုသဘော --- ဒီလို အသိမှားမှုဆိုတဲ့ အဝိဇ္ဇာ မောဟကို အမှီပြုကာ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် တကယ်ထင်ရှား ရှိတယ်လို့ စွဲလမ်း ယုံကြည်မှု (= အယူမှားမှု = ခံယူချက်မှားမှု)သဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ် တရားတွေထဲက ခန္ဓာတစ်ပါးပါးကို သို့မဟုတ် ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု စွဲလမ်းယုံကြည်မှု (= အယူမှားမှု = ခံယူချက်မှားမှု)သဘော, ယင်းခန္ဓာတစ်ပါးပါးထဲမှာ သို့မဟုတ် ခန္ဓာအများစုထဲမှာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် တကယ်ထင်ရှားရှိတယ်လို့ စွဲလမ်းယုံကြည်မှု (= အယူမှားမှု = ခံယူချက် မှားမှု)သဘော, နိစ္စ သုခ သုဘလို့ စွဲလမ်းယုံကြည်မှု (= အယူမှားမှု = ခံယူ ချက်မှားမှု)သဘောဆိုတဲ့ ဒီလို အယူမှားမှု မိစ္ဆာဒိဋ္ဌိသဘောတရား အမျိုးမျိုး တွေလည်း ထင်ရှားဖြစ်ပေါ်လာကြပြန်တယ်။

အသိမှားမှုကား အဝိဇ္ဇာ ဖြစ်တယ်။ အယူမှားမှုကတော့ မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်။ အသိမှားမှု အဝိဇ္ဇာဆိုတဲ့ တောချုံပုတ်ကို အမှီပြုပြီးတော့ အယူမှားမှု ဒိဋ္ဌိ, မရှက်မှု မကြောက်မှု အဟိရိက အနောတ္တပ္ပဆိုတဲ့ ဒီတောချုံပုတ်ရဲ့ အဆွယ်အပွား ချုံနွယ်ပိတ်ပေါင်း သစ်ပင်ငယ်များ တိုးပွားလာခြင်း ဖြစ်ပါတယ်။

---

အဝိဇ္ဇာနောက်သို့ အစဉ်လိုက်နေတဲ့ မိစ္ဆာမဂ္ဂင်များ

မိစ္ဆာဒိဋ္ဌိ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိစ္ဆာသင်္ကပ္ပလို့ ခေါ်ဆိုတဲ့ မှားယွင်းတဲ့ ကြံစည်စိတ်ကူးမှု အမျိုးမျိုးတွေလည်း ထင်ရှားဖြစ်ပေါ်လာတတ် ပြန်တယ်။ မိစ္ဆာသင်္ကပ္ပ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိစ္ဆာဝါစာလို့ ခေါ်ဆိုတဲ့ ဝစီဒုစရိုက်အမျိုးမျိုးတွေလည်း ထင်ရှားဖြစ်ပေါ်လာတတ်ပြန်တယ်။ မိစ္ဆာဝါစာထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိစ္ဆာကမ္မန္တလို့ ခေါ်ဆိုတဲ့ ကာယဒုစရိုက်အမျိုးမျိုးတွေလည်း ထင်ရှားဖြစ်ပေါ်လာတတ်ပြန်တယ်။ မိစ္ဆာကမ္မန္တ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိစ္ဆာအာဇီဝလို့ ခေါ်ဆိုတဲ့ မှားယွင်းတဲ့ အသက်မွေးမှု အမျိုးမျိုးတွေလည်း ထင်ရှားဖြစ်ပေါ်လာတတ် ပြန်တယ်။ မိစ္ဆာအာဇီဝ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိစ္ဆာဝါယာမလို့ ခေါ်ဆိုတဲ့ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှု အမျိုးမျိုးတွေလည်း ထင်ရှား ဖြစ်ပေါ်လာတတ်ပြန်တယ်။ မိစ္ဆာဝါယာမ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိစ္ဆာသတိလို့ ခေါ်ဆိုတဲ့ မှားယွင်းတဲ့ အသိမှားမှု မောဟနဲ့ ယှဉ်တွဲနေတဲ့ အကုသလသညာ အမျိုးမျိုးတွေလည်း ထင်ရှားဖြစ်ပေါ်လာတတ်ပြန်တယ်။ မိစ္ဆာသတိ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မိစ္ဆာသမာဓိလို့ ခေါ်ဆိုတဲ့ အကုသိုလ်ဖြစ်ကြောင်း အာရုံအမျိုးမျိုးတို့အပေါ်၌ စိတ်ဓာတ်စူးစိုက် တည်ငြိမ်နေမှု အမျိုးမျိုးလည်း ထင်ရှားဖြစ်ပေါ်လာတတ်ပြန်တယ်။ အဝိဇ္ဇာ မောဟဆိုတဲ့ တောချုံပုတ်ကို အမှီပြု၍ အစဉ်တစိုက်ဖြစ်ပေါ်လာတဲ့ ချုံနွယ် ပိတ်ပေါင်း အဆွယ်အပွား သစ်ပင်ငယ်များပင် ဖြစ်ကြပါတယ်။၁၂

ဒီတရားတွေထဲက အဝိဇ္ဇာနောက်သို့ အစဉ်တစိုက် လိုက်ပါနေတဲ့ အဟိရိက အနောတ္တပ္ပ တရားနှစ်ပါးကို အမှီပြုပြီးတော့ ဒုစရိုက်အမျိုးမျိုးတွေ ထင်ရှားဖြစ်ပေါ်လာပုံ, အကုသိုလ်တရားအမျိုးမျိုးတွေ ထင်ရှားဖြစ်ပေါ် လာပုံကို ထပ်ပြီး ပြောဦးမည်။

---

အဟိရိက အနောတ္တပ္ပတို့၏ စွမ်းအားများ

ဒီကိလေသာတွေထဲမှာ အဝိဇ္ဇာနောက်သို့ အစဉ်တစိုက် လိုက်ပါနေတဲ့ အဟိရိက အနောတ္တပ္ပ ကိလေသာ နှစ်မျိုးကတော့ ကိလေသာတရားအားလုံး ဖြစ်ပေါ်လာဖို့ရန် အကုသိုလ်တရားအားလုံး ဖြစ်ပေါ်လာဖို့ရန်အတွက် အခြေခံကျတဲ့ အကြောင်းရင်းတွေထဲက ထူးခြားတဲ့ ကိလေသာ နှစ်မျိုး ဖြစ်ပါ တယ်။ အစာအာဟာရအပေါ်မှာ တွယ်တာမက်မောမှုတွေ ဖြစ်နေရတာကို မရှက်တတ်ဘူး မကြောက်တတ်ဘူး၊ အဝတ်အစားအမျိုးမျိုးတို့အပေါ်မှာ တွယ်တာမက်မောမှုတွေ ဖြစ်နေရတာကို မရှက်တတ်ဘူး မကြောက်တတ်ဘူး၊ အဆောက်အဦးအမျိုးမျိုးအပေါ်မှာ တွယ်တာမက်မောမှုတွေ ဖြစ်နေရတာကို မရှက်တတ်ဘူး မကြောက်တတ်ဘူးဆိုလျှင် .. အစာအာဟာရအပေါ်မှာ တွယ်တာမက်မောမှုတွေ အားကောင်းလာဖို့, အဝတ်အစားအမျိုးမျိုးတို့အပေါ် မှာ တွယ်တာမက်မောမှုတွေ အားကောင်းလာဖို့, အဆောက်အဦးအမျိုးမျိုး အပေါ်မှာ တွယ်တာမက်မောမှုတွေ အားကောင်းလာဖို့ပဲ ဖြစ်တယ်။

ဒီလို .. တွယ်တာမက်မောမှုတွေ ဖြစ်ရတာကို မရှက်တတ်ဘူး မကြောက်တတ်ဘူးဆိုလျှင် ..အစားချင်း ပြိုင်ချင်တဲ့ စိတ်ထား, အဝတ်ချင်း ပြိုင်ချင်တဲ့ စိတ်ထား, အဆောက်အဦးချင်း ပြိုင်ချင်တဲ့ စိတ်ထား, တရားချင်း ပြိုင်ချင်တဲ့ စိတ်ထား စတဲ့ ပြိုင်ဆိုင်လိုတဲ့ စိတ်ထား မာန်မာနတရားတွေလည်း အားကောင်းလာတတ်ပါတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး၊ ငါပဲ သူပဲ ဆိုတဲ့ ဒိဋ္ဌိတွေလည်း အားကောင်းလာတတ်ပါတယ်။

မုသားပြောရမှာ မရှက်တတ် မကြောက်တတ်တဲ့အတွက် မုသားတွေ တွင်တွင်ပြောလာတတ်တယ်။ တရားတွေ လိမ်လျှောက်ရမှာ မရှက်တတ် မကြောက်တတ်တဲ့အတွက် ဆရာသမားထံသို့ တရားများ တင်ပြလျှောက် ထားတဲ့အခါ တရားတွေကို တကယ်မသိဘဲနဲ့ သိသယောင် လိမ်ညာပြီးတော့ လျှောက်တတ်ကြပြန်တယ်။ သမာဓိတွေကို တကယ်တမ်း အောင်အောင် မြင်မြင် ထူထောင်လို့ မရပါဘဲလျက် ရပါတယ်လို့ လျှောက်ထားကြပြန်တယ်၊ ရုပ်နာမ်ပရမတ်တရားတွေကို တကယ်တမ်း ဉာဏ်ပညာနဲ့ ထိုးထွင်း မသိဘဲ သိပါတယ်လို့ လျှောက်ထားကြပြန်တယ်၊ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားတွေကိုလည်း တကယ်တမ်း ဉာဏ်ပညာနဲ့ ထိုးထွင်း မသိဘဲ သိပါတယ်လို့ လျှောက်ထားကြပြန်တယ်။ ဝစီဒုစရိုက်တွေကို လွန်ကျူး ရမှာကို မရှက်တတ် မကြောက်တတ်တဲ့အတွက် အချင်းချင်းတွေ မသင့်မတင့် ဖြစ်အောင် ကုန်းစကားတွေ ပြောတတ်ကြပြန်တယ်၊ ကြမ်းတမ်းတဲ့ စကားတွေ ကို ပြောတတ်ကြပြန်တယ်၊ အနှစ်မရှိတဲ့ စကားတွေကိုလည်း ဝိုင်းဖွဲ့ကာ ပြောနေတတ်ကြပြန်တယ်၊ ဒီလို ပြုမူပြောဆိုနေကြခြင်းဟာ အချင်းချင်း ညီညွတ်မှုကို ပျက်ပြားစေတတ်တဲ့ လုပ်ငန်းရပ်တွေသာ ဖြစ်ကြတယ်၊ တရား ဂုဏ်သိက္ခာတွေကို ထိခိုက်ဖို့, ကျောင်းတိုက်ဂုဏ်သိက္ခာတွေကို ထိခိုက်ဖို့ အကြောင်းတရားတွေလည်း ဖြစ်ကြတယ်၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဆိုတာ ဒီလိုပုဂ္ဂိုလ်တွေလားလို့ ပညာရှိသူတော်ကောင်းတွေက ကဲ့ရဲ့ဖို့ အကြောင်းတရားတွေလည်း ဖြစ်ကြတယ်။

နောက်ထပ် အဝိဇ္ဇာနောက်သို့ အစဉ်တစိုက် လိုက်ပါနေတဲ့ ရာဂ, ဒေါသ, ဣဿာ, မစ္ဆရိယ, မာန်မာန အစရှိတဲ့ ဒီကိလေသာတွေအကြောင်းကိုလည်း ဆက်ပြောဦးမည်။ ကိလေသာတရားအားလုံးကတော့ အဝိဇ္ဇာ မောဟ နောက်သို့ အစဉ်တစိုက် လိုက်ပါနေတဲ့ ကိလေသာတရားဆိုးတွေသာ ဖြစ်ကြပါ တယ်။ ဒီကိလေသာတွေထဲမှာ ရာဂ, ဒေါသ, မောဟ (= အဝိဇ္ဇာ) ကိလေသာ သုံးပါးကိုတော့ တောချုံပုတ်အသွင်နဲ့ ဟောကြားထားတော်မူတယ်။ ကျန် ကိလေသာတွေကိုတော့ တောချုံပုတ်ရဲ့ အဆွယ်အပွား ချုံနွယ်ပိတ်ပေါင်း သစ်ပင်ငယ်များအဖြစ် တင်စားကာ ဟောကြားထားတော်မူခြင်း ဖြစ်တယ်။ အယူမှားမှု မိစ္ဆာဒိဋ္ဌိ စတဲ့ ကိလေသာတရားဆိုးများ, ပြိုင်ဆိုင်လိုမှု မာန်မာန စတဲ့ ကိလေသာတရားဆိုးများ, ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်တွေ တွန့်ဆုတ်နေမှု ပျင်းရိနေမှု ထိနမိဒ္ဓဆိုတဲ့ ကိလေသာတရားဆိုးများကတော့ ရာဂ, မောဟဆိုတဲ့ တောချုံပုတ်ရဲ့ အဆွယ်အပွားတွေသာ ဖြစ်ကြတယ်။ ဣဿာ = ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထား, မစ္ဆရိယ = ကိုယ့်စည်းစိမ် အထိမခံနိုင်တဲ့ စိတ်ထား စတဲ့ ကိလေသာတွေကတော့ ဒေါသ, မောဟဆိုတဲ့ တောချုံပုတ်ရဲ့ အဆွယ်အပွားတွေသာ ဖြစ်ကြပါတယ်။

ရာဂတွေ တစ်ပုံကြီးဖြင့် ပစ္စည်းလာဘ်လာဘတွေ ရလိုကြောင်းကို သွယ်ဝိုက်၍ဖြစ်စေ, တိုက်ရိုက်ဖြစ်စေ ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ ထံမှာ ပြောဆိုနေခြင်း၊ ဒေါသတွေ တစ်ပုံကြီးဖြင့်, မာန်မာန ဣဿာ မစ္ဆရိယ တွေ တစ်ပုံကြီးဖြင့် အချင်းချင်း ပြုမူပြောဆိုဆက်ဆံနေခြင်းတို့ကို ဘုရားရှင်ဟာ အလွန်ရွံရှာစက်ဆုပ်တော်မူပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်ကို မှီခို ဆည်းကပ်ပြီး နေထိုင်နေတဲ့ သူတော်ကောင်း မှန်ခဲ့လျှင် ဘုရားရှင် ရွံရှာ စက်ဆုပ်တော်မူတဲ့ လုပ်ငန်းရပ်တွေကို ရှောင်ရှားဖို့ ပယ်ရှားဖို့ သင့်တင့်လှပါ ပေတယ်။

ဒီနေရာမှာ --- ရှင်ရဟန်းတွေ .. သီလရှင်တွေ ..အတုယူသင့်တဲ့ လိုက်နာသင့်တဲ့ ရှောင်ကြဉ်သင့်တဲ့ ဝတ္ထုဇာတ်ကြောင်းကလေးတွေကို ထပ်မံပြီး ပြောကြရအောင် ..။

အတောင်းအရမ်း ထူပြောလှတဲ့ အာဠဝီရဟန်းတော်များ

တစ်ချိန်မှာ အာဠဝီပြည်က ရဟန်းတော်တချို့ဟာ ဆောက်လုပ် လှူဒါန်းမည့် အလှူရှင် ကျောင်းဒါယကာ မရှိဘဲ ကိုယ်တိုင်ကြီးကြပ်ကာ အတိုင်းအတာ ပမာဏကို လွန်နေတဲ့ ကျောင်းတွေကို ဆောက်လုပ်ကြပြန် တယ်။ နွားလှည်းပေးကြပါ၊ ဝါးပေးကြပါ၊ သစ်ပေးကြပါ၊ မြေညက်ပေးကြပါ စသည်ဖြင့် ကျောင်းဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းများကို အာဠဝီပြည်သူတို့ထံမှာ တောင်းခံကြပြန်တယ်။ အာဠဝီပြည်သူတို့လည်း ပစ္စည်း အမျိုးမျိုးတွေကို အတောင်းခံရမှုဖြင့် အညှဉ်းပန်း အနှိပ်စက် ခံနေကြရတဲ့ အတွက် ရဟန်းတော်တွေနှင့် တွေ့ဆုံရမှာကို ထိတ်လန့် ကြောက်ရွံ့လာ ကြတယ်၊ ရဟန်းတော်တွေကို မြင်လျှင် အိမ်ကို တံခါးပိတ်ကာ ပုန်းနေတတ်ကြ တယ်၊ သို့မဟုတ် အခြားတစ်နေရာသို့ ရှောင်တိမ်းထွက်ခွာသွားတတ်ကြတယ်၊ အကယ်၍ မလွှဲမရှောင်သာ ဖြစ်နေခဲ့လျှင်လည်း မျက်နှာလွှဲကာ ကျောခိုင်းနေ တတ်ကြတယ်။ ယုတ်စွအဆုံးအားဖြင့် အဝါရောင်ရှိနေတဲ့ နွားမတွေကို မြင်လျှင်တောင် ရဟန်းတွေလို့ အထင်မှားကာ ထွက်ပြေးတိမ်းရှောင်သွားတတ် ကြပြန်တယ်။

တစ်ချိန်မှာ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဟာ သီတင်းဝါလ ကျွတ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠဝီပြည် အဂ္ဂါဠဝစေတီ မှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ နောက်တစ်နေ့ အာဠဝီပြည်တွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူတဲ့အခါ ဆွမ်းလောင်းလှူသူ မရှိလောက်အောင် အာဠဝီပြည်သူ ပြည်သားတို့ရဲ့ ရဟန်းသံဃာတော်တို့အပေါ်မှာ သဒ္ဓါတရား ပျက်စီးနေပုံကို လည်း ကိုယ်တိုင် သိရှိသွားတော်မူခဲ့ပါတယ်။ အာဠဝီပြည်ရှိ အချို့ရဟန်းတော် တို့ရဲ့ တင်ပြလျှောက်ထားချက်အရ အာဠဝီပြည်ရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောနေပုံ အကြောင်းခြင်းရာ အစုံအလင်ကိုလည်း ကုန်စင်အောင် သိရှိသွားတော်မူခဲ့ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း ရာဇဂြိုဟ်ပြည်မှာ ဝါကျွတ်တော် မူပြီးနောက် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠဝီပြည် အဂ္ဂါဠဝ စေတီတော်သို့ပဲ ဆိုက်ရောက်တော်မူလာပြန်ပါတယ်။ ထိုအချိန်အခါမှာ အရှင်မဟာကဿပ မထေရ်မြတ်က အာဠဝီပြည်သူတို့ရဲ့ ရဟန်းသံဃာတော် တို့အပေါ်မှာ သဒ္ဓါတရား ပျက်စီးနေပုံ, အာဠဝီပြည်ရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောပုံ အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် ဘုရားရှင်အား တင်ပြ လျှောက်ထားတော်မူပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်က ရဟန်းသံဃာအစည်းအဝေးကို ခေါ်ယူတော်မူစေကာ ရဟန်းတော်တို့ကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးနောက် ဝတ္ထုဇာတ်ကြောင်း အမျိုးမျိုးဖြင့် ရဟန်းတော်တို့ကို ဆိုဆုံးမတော်မူပါတယ်။

အတောင်းအရမ်း ထူပြောမှုကို တိရစ္ဆာန်များသော်ပင် မနှစ်သက်ပါ

ရှေးအတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ဘုရားရှင်က ရှေးဦးစွာ ဟောပြတော်မူပါတယ်။ တစ်ချိန်မှာ --- ရသေ့ညီနောင် နှစ်ပါးတို့ဟာ သင့်လျော် လျောက်ပတ်တဲ့ ဂင်္ဂါမြစ်ကမ်းပါး တစ်နေရာမှာ တစ်ပါးစီ ခွဲကာ သီတင်းသုံး တော်မူကြပါတယ်။ ညီငယ်ဖြစ်တဲ့ ရသေ့ကတော့ မေတ္တာစျာန် ဆိုက်သည် အထိ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို အလေးဂရုပြုကာ စီးဖြန်း ပွားများတော်မူ လေ့ရှိပါတယ်။ သူ့ရဲ့ မေတ္တာဘာဝနာစွမ်းအားကြောင့် ဂင်္ဂါမြစ်ရဲ့ အခြား တစ်ဘက်ကမ်းပါးမှာ တည်ရှိနေတဲ့ မဏိကဏ္ဌနဂါးမင်းဟာ ဂင်္ဂါမြစ်ကို ကူးခတ် ပြီး ဒီရသေ့ငယ်ထံသို့ လာရောက်ကာ ဆည်းကပ်ခစားလေ့ရှိပါတယ်။ ဒီနဂါးကို မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုတာကတော့ သူရဲ့လည်ပင်းမှာ အလွန်တန်ခိုး အာနိသင် ကြီးမားတဲ့ ပတ္တမြားရတနာ တစ်ခုကို ဆင်မြန်းထားတဲ့အတွက် ကြောင့် မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီနဂါးမင်းဟာ နတ်သားအသွင် ဖန်ဆင်းပြီးတော့ ရှင်ရသေ့ငယ်နှင့် ပဋိသန္ထာရစကားများ ပြောကြားလျှောက်ထားပြီးနောက် မိမိရဲ့ မူလနဂါးအသွင်ကိုပင် ယူကာ ရသေ့ငယ်အား ဆည်းကပ်ခစားလေ့ ရှိပါတယ်။ ဒီနဂါးမင်းဟာ ရသေ့ တရား ဘာဝနာ ပွားများနေတဲ့အချိန်အခါမှာ ရသေ့ရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ ခန္ဓာကိုယ် ဖြင့် ခုနစ်ခွေ ပတ်ကာ ရသေ့ရဲ့ ဦးခေါင်းပေါ်မှာ ပါးပျဉ်းကို မိုးလျက် ဆည်းကပ် ခစားလေ့ ရှိပါတယ်။ ဒီလို ဆည်းကပ်ခစားမှုကို ရသေ့ငယ်ကား အလွန် ကြောက်ရွံ့လျက် ရှိနေခဲ့ပါတယ်။ ဒီလို ကြောက်ရွံ့မှုကို အကြောင်းပြုကာ ရသေ့ငယ်လည်း တဖြည်းဖြည်း ကျုံလှီပြီးတော့ ရုပ်အဆင်းတွေလည်း ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေလည်း ဖက်ရွက်လျော်ကဲ့သို့ ဖျော့တော့သော အရောင်အဆင်းတွေ ရှိလာတယ်၊ အကြော ပြိုင်းပြိုင်းထတဲ့ ခန္ဓာကိုယ်လည်း ဖြစ်ပေါ်လာတယ်။

တစ်နေ့မှာ နောင်တော်ရသေ့က ညီငယ်ရသေ့ရဲ့ ခန္ဓာကိုယ် ဖောက်ပြန် ပျက်စီးနေပုံကို မြင်တွေ့ရတဲ့အခါ အကြောင်းအခြင်းရာကို မေးမြန်းကြည့် တော်မူပါတယ်။ ထိုအခါမှာ ညီငယ်ရသေ့ရဲ့ တင်ပြချက်အရ နောင်တော် ရသေ့ကလည်း အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် သိရှိသွား တော်မူခဲ့ပါတယ်။ အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို အကြံ ဉာဏ်တစ်ခု ပေးသနားတော်မူခဲ့ပါတယ်။

ဒီအကြံပေးချက်ကတော့ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေနှင့် သီလရှင်တွေ အထူးသတိပြုသင့်တဲ့ အထူးရှောင်ရှားသင့်တဲ့ အကြံပေးချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လို အကြံပေးသလဲ?

ညီငယ် ... သင်ဟာ ဒီနဂါးလာနေတာကို သင်က အလိုမရှိဘူး ဆိုလျှင် အဲဒီနဂါးမှာ ဘယ်လိုပစ္စည်းတွေ ဆင်မြန်းထားတာကို သင် တွေ့မြင်ပါသလဲ ..?လို့ ဒီလို မေးမြန်းတော်မူလိုက်ပါတယ်။

အဲဒီအခါမှာ ညီငယ်ရသေ့က နဂါးမင်းရဲ့လည်ပင်းမှာ ပတ္တမြားရတနာ တစ်ခု ဆွဲထားတာကို မြင်တွေ့ပါကြောင်း တင်ပြလျှောက်ထားလိုက်ပါတယ်။ အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို ဒီနဂါးမင်း လာတဲ့အခါမှာ ဒီပတ္တမြားရတနာကို တောင်းခံဖို့ အလှူခံယူဖို့ အကြံပြုလိုက်ပါတယ်။

ညီငယ်ရသေ့ကလည်း နောင်တော်ရသေ့ရဲ့ အကြံပေးချက်အတိုင်း နောက်တစ်နေ့ မဏိကဏ္ဌနဂါးမင်း ဆည်းကပ်ခစားဖို့ရန် လာရောက်တဲ့ အခါမှာ ပတ္တမြားရတနာကို အလိုရှိတဲ့အတွက် ပတ္တမြားရတနာကို ပေးလှူပါ ဟု တောင်းခံလိုက်ပါတယ်။ နဂါးမင်းလည်း ခပ်မြန်မြန်ပဲ ပြန်သွားလိုက် ပါတယ်။ နောက်တစ်နေ့ ဒုတိယအကြိမ် လာတဲ့အခါလည်း အလားတူ အလှူ ခံပြန်တယ်။ နဂါးမင်းလည်း နောက်ကြောင်းလှည့်ကာ ပြန်သွားလိုက်ပါတယ်။ နောက်တစ်နေ့ တတိယအကြိမ် လာတဲ့အခါမှာလည်း ဂင်္ဂါမြစ်ကို ဖြတ်ကူး နေတုန်းဆဲဆဲမှာပဲ လှမ်းပြီးတော့ အလှူခံပြန်တယ်။ အဲဒီအခါမှာ နဂါးမင်းက ဒီပတ္တမြားရတနာရဲ့ စွမ်းအားကြောင့် သူ့မှာ တန်ခိုးအမျိုးမျိုးနဲ့ ပြည့်စုံနေတာ ဖြစ်ကြောင်း, ဒီပတ္တမြားရတနာကို မလှူဒါန်းနိုင်ကြောင်း, အတောင်းအရမ်း ထူပြောလွန်းလှတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးထံသို့ နောက်ထပ် ဘယ်တော့မှ မလာလို ကြောင်း စသည်တို့ကို ပြောဆိုကာ ပြန်သွားလိုက်ပါတယ်။ နောက်ထပ်လည်း ရသေ့ငယ်ထံသို့ ဘယ်တော့မှ မလာရောက်တော့ပါ။

ထိုအခါကျမှ ရသေ့ငယ်လည်း နဂါးမင်းမလာတော့တဲ့အတွက် စိတ် မကောင်းဖြစ်ကာ ရှေးကထက် ပို၍ပို၍ ကျုံလှီသွားခဲ့တယ်၊ ရုပ်အဆင်းတွေ လည်း ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေ လည်း ဖက်ရွက်လျော်ကဲ့သို့ ပို၍ပို၍ ဖျော့တော့လာတယ်၊ ခန္ဓာကိုယ်လည်း ပို၍ပို၍ အကြောပြိုင်းပြိုင်း ထလာတယ်။

ဒီလိုအခြင်းအရာကို မြင်တွေ့ရတဲ့အခါ နောင်တော်ရသေ့က နည်း အမျိုးမျိုးဖြင့် တရားဓမ္မပြကာ ဆိုဆုံးမပေးတော်မူပါတယ်။

ဒီဝတ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။

တေသဥှိ နာမ ဘိက္ခဝေ တိရစ္ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ္တိ။ ကိမင်္ဂံ ပန မနုဿဘူတာနံ! ၁၃

ရဟန်းတို့ ...တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလိုမရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း .. ၁၃

ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမတော်မူလိုက်ပါတယ်။

ငှက်တွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ကြပါ

တစ်ချိန်မှာ ရဟန်းတော်တစ်ပါးဟာ ဟိမဝန္တာတောအတွင်း တောင်ဝှမ်း တစ်နေရာမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီရဟန်းတော် သီတင်းသုံးတော် မူတဲ့ နေရာဒေသနှင့် မလှမ်းမကမ်းမှာ ညွန်အိုင်ကြီး တစ်ခု ရှိနေတယ်။ ထို ညွန်အိုင်ကို အမှီပြုကာ ညွန်အိုင်ဝန်းကျင်မှာ တည်ရှိတဲ့ တောအုပ်ကြီးအတွင်း မှာ ဒီငှက်တွေက နေထိုင်ကြတယ်။ ဒီညွန်အိုင်ကြီးမှာ နေ့အခါ ကျက်စားပြီး တော့ ညအခါ တောအုပ်ကြီးအတွင်းသို့ ပြန်လာကြတယ်။ ညဉ့်ဦးယာမ်မှာ ရော မိုးသောက်ယာမ်မှာရော ဒီငှက်တွေက ဆူညံမှု အမျိုးမျိုးတွေကို ပြုလုပ် ကြတယ်။ ဒီငှက်သံတွေရဲ့ ဆူညံမှုကြောင့် ရဟန်းတော်ဟာ ထိုတောအုပ် အတွင်းမှာ မပျော်မွေ့မှု ဖြစ်လာတယ်။ ဝါဆိုဝါကပ်ဖို့ရန် အချိန် နီးကပ် လာတဲ့အခါ ထိုရဟန်းတော်ဟာ ဘုရားရှင်ထံတော်မှောက်သို့ ပြန်လည် ကြွရောက်သွားတော်မူခဲ့ပါတယ်။ မိမိနေထိုင်သီတင်းသုံးရာ တောအုပ်အတွင်း မှာ ဖြစ်ပေါ်နေတဲ့ ငှက်တွေရဲ့ ဆူညံမှု အမျိုးမျိုးကိုလည်း ဘုရားရှင်အား တင်ပြလျှောက်ထားတော်မူခဲ့ပါတယ်။

ထိုအခါမှာ ဘုရားရှင်က ချစ်သားရဟန်း ... သင်ဟာ ဒီငှက်တွေရဲ့ ဒီတောအုပ်အတွင်းသို့ မလာခြင်းကို အလိုရှိပါသလား? -- ဒီလို ဘုရားရှင်က မေးမြန်းတော်မူလိုက်ပါတယ်။ အလိုရှိပါကြောင်းကို ဒီရဟန်းတော်က ဘုရားရှင်အား တင်ပြလျှောက်ထားလိုက်တဲ့အခါ ဘုရားရှင်က ထိုတောသို့ တစ်ဖန် ပြန်သွားကာ ညဉ့်ဦးယာမ်၌ သုံးကြိမ်, မဇ္ဈိမယာမ်၌ သုံးကြိမ်, မိုးသောက်ယာမ်၌ သုံးကြိမ် - တစ်ညလျှင် ကိုးကြိမ် ကိုးကြိမ် အောက်ပါ အတိုင်း ရွတ်ဆိုရန် တောင်းခံရန် အကြံပေးတော်မူလိုက်ပါတယ်။

သုဏန္တု မေ ဘောန္တော သကုဏာ၊ ယာဝတိကာ ဣမသ္မိံ ဝနသဏ္ဍေ ဝါသံ ဥပဂတာ၊ ပတ္တေန မေ အတ္ထော။ ဧကေကံ မေ ဘောန္တော ပတ္တံ ဒဒန္တု။၁၄

တောအုပ်အတွင်း မှီတင်းနေထိုင်ကြကုန်သော အိုငှက်အပေါင်းတို့... ငါ၏ စကားကို နားထောင်ကြပါကုန်လော့၊ ငါ့အား ငှက်တောင်ဖြင့် အလိုရှိ၏၊ ငှက်တစ်ကောင် တစ်ကောင်သည် အတောင် တစ်ခုစီ တစ်ခုစီ ငါ့အား ပေးလှူကြပါ။၁၄

ဒီလို ဘုရားရှင်က အကြံပေးတော်မူလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အကြံ ပေးတော်မူချက်အတိုင်း ဒီရဟန်းက ထိုတောအုပ်သို့ပင် တစ်ဖန် ပြန်ကြွတော် မူကာ တစ်ညလျှင် ကိုးကြိမ် ကိုးကြိမ် အထက်ပါအတိုင်း ရွတ်ဆိုကာ ငှက်တောင်များကို အလှူခံတော်မူပါတယ်။

ဒီနေရာမှာ ဒီရဟန်းရဲ့ တောင်းခံမှုကို ငှက်အပေါင်းတို့ ကြားသိနိုင်ရန် နားလည်နိုင်ရန်အတွက် ဘုရားရှင်က တန်ခိုးအာနုဘော်ဖြင့် အဓိဋ္ဌာန်ထား တော်မူခဲ့ပါတယ်။ ဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် ငှက်အပေါင်းတို့ ကလည်း ရဟန်းတော်က ငှက်တောင်တွေကို အလှူခံယူနေကြောင်းကို နားလည်သဘောပေါက်ခဲ့ကြတယ်။ ထိုအချိန်အခါမှာ ထိုငှက်တွေဟာ ထို တောအုပ်အတွင်းမှာ မနေထိုင်ကြတော့ဘဲ အခြားတစ်နေရာသို့ ပြောင်းရွှေ့ သွားခဲ့ကြတယ်။ နောက်ထပ် ဘယ်တော့မှ ထိုတောအုပ်သို့ ပြန်မလာကြ တော့ပါ။

ဒီဝတ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က အာဠဝီရဟန်းတော်များကို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။

တေသဥှိ နာမ ဘိက္ခဝေ တိရစ္ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ္တိ။ ကိမင်္ဂံ ပန မနုဿဘူတာနံ! ၁၅

ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလို မရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမ တော်မူလိုက်ပါတယ်။၁၅

တောင်းရမ်းမှုကို ရွံရှာစက်ဆုပ်တော်မူတဲ့ ရဋ္ဌပါလ ရှင်ရသေ့

ရှေးယခင်တစ်ချိန်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ထုတ်ဖော်ကာ ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ဆုံးမတော်မူပြန်တယ်။ တစ်ချိန်တုန်းက ရဋ္ဌပါလ အမည်ရှိတဲ့ ရှင်ရသေ့တစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီရှင်ရသေ့ရဲ့ ဖခင်ကား ကြွယ်ဝချမ်းသာသူ တစ်ဦးလည်း ဖြစ်တယ်။ သဒ္ဓါတရားလည်း ကောင်းမွန်သူဖြစ်တယ်။ အလှူခံပုဂ္ဂိုလ် များထိုထိုတို့ကိုလည်း အယုတ်အမြတ် မရွေး အနည်းအများမရွေး ပေးကမ်းလှူဒါန်းလေ့ ရှိခဲ့တယ်၊ သားဖြစ်သူ ရဋ္ဌပါလ ရှင်ရသေ့ကိုလည်း အလိုရှိရာကို တောင်းခံပါရန် အကြိမ်ကြိမ် လျှောက်ထားခဲ့တယ်။ သို့သော် ရဋ္ဌပါလ ရှင်ရသေ့ကား ဖခင်ဖြစ်သူထံ၌ တစ်ကြိမ်တစ်ခါမျှသော်လည်းပဲ မတောင်းခံခဲ့စဖူးပါ။ တစ်နေ့မှာ ဖခင်ဖြစ်သူ က ရှင်ရသေ့အား အဘယ်အကြောင်းကြောင့် သူရဲ့ထံမှာ အလိုရှိရာပစ္စည်းကို မတောင်းခံပါသလဲလို့ မေးမြန်းလျှောက်ထားခဲ့တယ်။ အဲဒီအခါမှာ ရဋ္ဌပါလ ရှင်ရသေ့က အလွန်မှတ်သားဖွယ်ရာ ကြည်ညိုဖွယ်ရာ အတုယူဖွယ်ရာ ကောင်းလှတဲ့ ဂါထာကလေး တစ်ပုဒ်ဖြင့် အဖြေ ပြန်ပေးခဲ့တယ်။ ဒီဂါထာ ကလေးကို နာကြည့်ကြရအောင် ..။

ယာစကော အပ္ပိယော ဟောတိ၊ ယာစံ အဒဒမပ္ပိယော။

တသ္မာဟံ တံ န ယာစာမိ၊ မာ မေ ဝိဒေဿနာ အဟု။၁၆

ဒီဂါထာရဲ့ အဓိပ္ပာယ်ကတော့ ---

၁။ တောင်းလျှင် မုန်းတတ်တယ်။ (ယာစကော အပ္ပိယော ဟောတိ)

၂။ တောင်းလို့ မပေးလျှင်လည်း မုန်းတတ်တယ်။ (ယာစံ အဒဒမပ္ပိယော)

၃။ ဒါကြောင့် ငါ မတောင်းခြင်း ဖြစ်ပါတယ်။ (တသ္မာဟံ တံ န ယာစာမိ)

၄။ သင်နှင့် ငါတို့ မေတ္တာတရား ပျက်ပြားခြင်း မဖြစ်စေချင်ပါ။ (မာ မေ ဝိဒေဿနာ အဟု) ..

ဒီလို ရှင်ရသေ့က ပြန်ပြီးတော့ အဖြေပေးတော်မူလိုက်ပါတယ်။

ဒီထုံးဟောင်းကို အတုယူကာ ကျင့်စေတော်မူလိုတဲ့အတွက် ဘုရားရှင် ကလည်း ဒီထုံးဟောင်းကို ထုတ်ဆောင်ကာ ရဟန်းတော်တို့ကို ဆိုဆုံးမတော် မူခဲ့ခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ .. ဝိနည်းဒေသနာတော်ကို အလွန်ကြည်ညိုလေးစားတော် မူတဲ့, ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ထံ၌ တောင်းခံမှုကိုလည်း အလွန် ရွံရှာစက်ဆုပ်တော်မူတဲ့, အမည်မဖော်လိုတဲ့ ရှေးဆရာတော်ကြီး တစ်ပါးရဲ့ အကြောင်းကို ပြောလိုက်ဦးမည်။

ကြည်ညိုဖွယ်ရာ ရှေးဆရာတော်ကြီးတစ်ပါး

ရှေးယခင်က မြန်မာပြည်မှာ သံသပိတ်တွေက အလွန်ကြီး ခေတ်မစား ကြသေးတဲ့အတွက် ရှေးရှေး ဆရာတော်ကြီးများဟာ များသောအားဖြင့် မြေသပိတ်တွေကိုပဲ ရိုရိုသေသေနဲ့ အသုံးပြုတော်မူခဲ့ကြပါတယ်။ တစ်နေ့မှာ ယင်းဆရာတော်ကြီးက မိခင်ဖြစ်သူ ကျောင်းသို့ရောက်ရှိလာတဲ့အခါ မိခင်ထံ၌ မြေသပိတ်တစ်လုံးကို အလိုရှိကြောင်း မိန့်ကြားတော်မူလိုက်ပါတယ်။ မိခင် ဖြစ်သူကလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါ ဒီလို လျှောက်ထားပြီးတော့ ပြန်သွားခဲ့တယ်။ အချိန်တော်တော် ကြာညောင်းသွား တဲ့အခါ ဆရာတော်ကြီးက မိခင်ထံမှာ ဒုတိယအကြိမ် ထပ်မံပြီးတော့ တောင်းတော်မူပါတယ်။ ဒုတိယအကြိမ်မှာလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါလို့ ပြောဆိုကာ ပြန်သွားခဲ့ပြန်တယ်။ နောက် အချိန် တော်တော်ကြာသွားပြန်တဲ့အခါ တတိယအကြိမ် ထပ်မံပြီးတော့ မိခင်ထံ၌ ဆရာတော်ကြီးက သပိတ်ကို အလှူခံပြန်တယ်။ တတိယအကြိမ် မှာလည်း မိခင်ဖြစ်သူက အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာပဲ တောင်းခံတော် မူပါလို့ ထပ်မံပြီး လျှောက်ထားပြန်တယ်။

ဒီလို သုံးကြိမ်တိုင်တိုင် တောင်းခံတော်မူတဲ့အခါ သုံးကြိမ်စလုံးမှာပဲ မိခင်ဖြစ်သူက ပုံစံတူ အဖြေပေးနေတဲ့အတွက် ဆရာတော်ကြီးက မိခင် ဖြစ်သူ အား မေးခွန်းတစ်ခုကို မေးကြည့်တော်မူပါတယ်။ ဘယ်လို မေးတော်မူသလဲ?

ဒီဒါယကာကြီးဟာ ဘုန်းကြီးရဲ့ ဖခင်အရင်း ဟုတ်ပါရဲ့လား ..

အဲဒီလို မေးမြန်းကြည့်တော်မူလိုက်ပါတယ်။ အဲဒီအခါမှာ မိခင်ဖြစ်သူက ဖခင်အရင်း ဖြစ်ပါကြောင်းကို ဝန်ခံလျှောက်ထားသွားခဲ့တယ်။

ဆရာတော်ကြီးက ဘာကြောင့် ဒီလို မေးရတာလဲ? အကြောင်းကတော့ ဆွေမျိုးမတော်သူထံ မဖိတ်ကြားထားသူတို့ထံ၌ မတောင်းခံရန် ဘုရားရှင်က သိက္ခာပုဒ်တော်ဖြင့် ပညတ်ထားတော်မူပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဖခင် အရင်း မဟုတ်ခဲ့လျှင် ဆွေမျိုးမတော်သူဘဲ ဖြစ်နေပါတယ်။ ဝိနည်းတော်အရ ဒီလို ဆွေမျိုးမတော်သူထံ၌ မတောင်းခံလိုတဲ့အတွက် ယခုလို ဖခင်အရင်း ဟုတ်မဟုတ်ကို မိခင်ဖြစ်သူအား မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

သာသနာတော်မှာ မှီတင်းနေထိုင်ကြတဲ့ ရှင်ရဟန်းတွေဟာ ဒီလို ဝိနည်း ဒေသနာတော်ကို လေးစားကာ ဆွေမျိုးမတော်သူများထံ၌ မတောင်းခံခြင်း, ဆွေမျိုးတော်သူများထံ၌လည်း အတောင်းအရမ်း မထူပြောခြင်း အလိုနည်းပါး ခြင်းကို ဘုရားရှင်က နှစ်ခြိုက်တော်မူပါတယ်။

ယခုလို အတောင်းအရမ်း ထူပြောလှခြင်း စတဲ့ အတောမသတ်နိုင်တဲ့ လောဘဦးဆောင်နေတဲ့ ကိလေသာ တောချုံပုတ်နှင့် တောချုံပုတ်ရဲ့ အစွယ် အပွားဖြစ်ကြတဲ့ အကုသိုလ်တရား အမျိုးမျိုးတွေကို ရှင်းလင်းသုတ်သင်ပစ် ဖို့ရန် ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဆိုဆုံးမနေတော်မူတယ်။ ဘယ်လို ရှင်းကြမလဲ?

မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားလို့ ခေါ်ဆိုအပ်တဲ့ .. သီလကျင့်စဉ် သမာဓိ ကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ အောင်အောင်မြင်မြင် မှန်မှန်ကန်ကန် တိတိကျကျ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်သည့် တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ဒီကိလေသာ တောချုံပုတ်နှင့် အဆွယ်အပွားတွေကို ရှင်းလင်းပစ်ကြရမှာ ဖြစ်တယ်။ ဘုရား ရှင် ဟောကြားထားတော်မူတဲ့ သီလကျင့်စဉ်ပိုင်းဆိုင်ရာ ဒေသနာတွေကတော့ အလွန်ကျယ်ဝန်းလှပါတယ်။ မိမိတို့စွမ်းအားရှိသလောက် လေ့လာကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်တယ်။ အလားတူပဲ သမာဓိ ကျင့်စဉ်ပိုင်းတွေကလည်း အထိုက်အလျောက် ကျယ်ဝန်းတဲ့သဘော ရှိပါ တယ်။ သို့သော်လည်း မိမိတို့စွမ်းအားရှိသလောက် စျာန်သမာဓိတွေကို ဝိပဿနာဉာဏ်တွေရဲ့ အခြေခံပါဒကစျာန် ဖြစ်နိုင်လောက်အောင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်တွေကတော့ ပိုမိုပြီးတော့ နက်ရှိုင်းတဲ့ သဘောလည်း ရှိပါတယ်၊ ခက်ခဲတဲ့သဘောလည်း ရှိပါတယ်။

ဘယ်လိုပင် နက်နဲခက်ခဲသော်လည်း ဖြူစင်သန့်ရှင်းနေတဲ့ သီလဆိုတဲ့ မြေပေါ်မှာ ရပ်တည်ပြီးတော့ စျာန်သမာဓိဆိုတဲ့ ကျောက်ဖျာထက်မှာ ဝိပဿနာဉာဏ်ဆိုတဲ့ သန်လျက်ကို မြမြထက်သွားအောင် မလျော့တဲ့ ဇွဲလုံ့လဝီရိယ, မမေ့ပျောက်တတ်တဲ့ ထင်လင်းတဲ့သတိတို့ အမြဲတမ်း ခြံရံကာ အဆက်မပြတ် သွေးနေခဲ့မည်ဆိုလျှင်တော့ တစ်နေ့မှာတော့ ဒီဝိပဿနာ ဉာဏ်သန်လျက်ဟာ ထက်မြက်စူးရှလာမှာ ဖြစ်ပါတယ်။ ဒီဝိပဿနာ ဉာဏ်သန်လျက်ဟာ ထက်မြက်စူးရှလာခဲ့လျှင် ဘယ်လိုပင် ခက်ခဲနက်နဲသော်လည်း တစ်နေ့မှာတော့ သဒ္ဓါတရား အပြည့်အဝဖြင့် အိမ်ရာတည်ထောင်တဲ့ လူ့ဘောင်ကို စွန့်ခွာကာ အိမ်ရာမတည်ထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ မျှော်မှန်းနေတဲ့ အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းနိုင်ကြမှာ ဖြစ်ပါတယ်။ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပြီဆိုလျှင်တော့ .. ကိလေသာ တောချုံပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားတွေကို အနုသယဓာတ်ငုတ်ပါ မကျန် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှင်းလင်းသုတ်သင်ပြီး ဖြစ်သွားပါလိမ့်မည်။

ဒီကျင့်စဉ်အရပ်ရပ်တွေထဲက ရှေးဦးစွာ .. ကထာဝတ္ထု ဆယ်ပါး အကြောင်းကို တရားနာပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုပါတယ် ..။


အခန်း (၂)

ကထာဝတ္ထု ဆယ်ပါး (ရှေ့ပိုင်း)

ဘုရားရှင်ပြောကြားစေတော်မူလိုသော စကား ဆယ်ခွန်း

ရှေးဦးစွာ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေနှင့် ဆက်စပ် နေတဲ့ ဘုရားရှင်ဘက်က ပြောကြားစေတော်မူလိုတဲ့ စကား (၁၀)ခွန်း အကြောင်းကို ဆက်ပြီး ပြောကြရအောင် ..။

ရပ်အကြောင်း ရွာအကြောင်း အစားအကြောင်း အဝတ်အကြောင်း ဆွေမျိုးအကြောင်း မိတ်ဆွေအကြောင်း စတဲ့ မဂ်ဖိုလ်နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းမှ ဖီလာကန့်လန့် ဖြစ်နေတဲ့, မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်နှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်နေကြတဲ့ တိရစ္ဆာနကထာလို့ ဘုရားရှင်က ရှုတ်ချကာ ခေါ်ဝေါ်သုံးစွဲထားတော်မူတဲ့ စကားအမျိုးမျိုးတွေကို ဝိုင်းဖွဲ့ကာ ပြောဆိုနေတာမျိုးကိုတော့ ဘုရားရှင်က နှစ်ခြိုက်တော်မမူပါဘူး။ ဘုရားရှင် ပြောကြားစေတော်မူလိုတဲ့ စကား (၁၀)ခွန်းကိုတော့ အင်္ဂုတ္တိုရ် ဒသကနိပါတ် ပဌမကထာဝတ္ထုသုတ္တန်မှာ၁၇ မြတ်စွာဘုရား ဟောကြားထား တော်မူခဲ့ပါတယ်။ ဒီစကား ဆယ်ခွန်းက ဘာတွေလဲ?

၁။ အပ္ပိစ္ဆကထာ = အလိုနည်းပါးခြင်းနှင့်စပ်တဲ့ တရားစကား၊

၂။ သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်ခြင်းနှင့်စပ်တဲ့ တရားစကား၊

၃။ ပဝိဝေကကထာ = ကင်းဆိတ်မှု ဝိဝေကသုံးဖြာနှင့်စပ်တဲ့ တရားစကား၊

၄။ အသံသဂ္ဂကထာ = ရောရောနှောနှော မနေထိုင်ခြင်းနှင့်စပ်တဲ့ တရား စကား၊

၅။ ဝီရိယာရမ္ဘကထာ = သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယနှင့်စပ်တဲ့ တရား စကား၊

၆။ သီလကထာ = သီလကျင့်စဉ်နှင့်စပ်တဲ့ တရားစကား၊

၇။ သမာဓိကထာ = သမာဓိကျင့်စဉ်နှင့်စပ်တဲ့ တရားစကား၊

၈။ ပညာကထာ = ဝိပဿနာပညာကျင့်စဉ်နှင့်စပ်တဲ့ တရားစကား၊

၉။ ဝိမုတ္တိကထာ = ကိလေသာတို့မှ လွတ်မြောက်မှု ဝိမုတ္တိနှင့်စပ်တဲ့ တရားစကား၊

၁၀။ ဝိမုတ္တိဉာဏဒဿနကထာ = အရိယဖိုလ် အသီးအသီးကို ရပြီးနောက် ဖြစ်ပေါ်လာတဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့်စပ်တဲ့ တရားစကား -----

အားလုံးပေါင်းလိုက်တော့ စကား (၁၀)မျိုး ဖြစ်ပါတယ်။ ဒီစကား (၁၀)မျိုးကိုတော့ ပြောသင့်တဲ့ အချိန်အခါမှာ ပြောသင့်တဲ့ အတိုင်းအတာ ပမာဏကို နှိုင်းချိန်ပြီးတော့ ပြောတန်သလောက် ပြောဆိုဖို့ရန် ဘုရားရှင်က ခွင့်ပြုထားတော်မူပါတယ်။ သို့သော် ပြောသင့်တဲ့ စကားတွေပဲ ဆိုပြီးတော့ ဝိုင်းဖွဲ့ကာ ပြောမဆုံးပေါင် တောသုံးတောင် လုပ်ကာ ဟိမဝန္တာ ချီးမွမ်းခန်း တွေ ဖွင့်ဆိုနေကြခြင်းမျိုးကိုတော့ မြတ်စွာဘုရား နှစ်ခြိုက်တော်မမူပါဘူး။ ဒီစကား (၁၀)ခွန်းတို့ရဲ့ အဓိပ္ပာယ်ကို ထပ်မံပြီးတော့ ရှင်လင်းတင်ပြကြ ရအောင် ..။

၁။ အပ္ပိစ္ဆကထာ = အလိုနည်းပါးခြင်းနှင့် စပ်တဲ့ တရားစကား

ဘုရားရှင်ရဲ့ သာသနာတော်ကို မှီခိုအားထားပြီး နေထိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဆိုတာ အလိုလည်း နည်းပါးရမည်၊ အလိုဆန္ဒ နည်းပါးတဲ့ စကားမျိုးကိုလည်း ပြောဆိုတတ်ရမည်၊ အလိုရမ္မက်တွေ အားကောင်းစေတဲ့ စကားမျိုးကို မပြောဆိုဘဲ ရှောင်ကြဉ်နိုင်ရမည်။

ဒီနေရာမှာ အဋ္ဌကထာ ဋီကာများက၁၈ ရှင်းလင်းတင်ပြထားတော် မူကြတဲ့ ဣစ္ဆာ (= အလိုရှိပုံ) အမျိုးမျိုးတွေကို ပြောကြရအောင် ..။

၁။ အတြိစ္ဆ = အပိုအလွန် အလိုရှိခြင်း၊

၂။ ပါပိစ္ဆ = ယုတ်မာတဲ့ အလိုဆိုးရှိခြင်း၊

၃။ မဟိစ္ဆ = မိမိရဲ့ အတိုင်းအတာပမာဏကို မသိဘဲ မကြည့်ဘဲ ခံယူခြင်း၊

၄။ အပ္ပိစ္ဆ = အလိုနည်းပါးခြင်း ..

ဒီလို (၄)မျိုးခွဲကာ ဖွင့်ဆိုထားကြပါတယ်။ ဒီ (၄)မျိုးကို တစ်ခုပြီးတစ်ခု အစဉ်အတိုင်း ရှင်းလင်းကြရအောင်။ ရှေးဦးစွာ အတြိစ္ဆ အကြောင်းကို စတင် ပြောကြစို့ ..။

အတြိစ္ဆ = အပိုအလွန် အလိုရှိခြင်း

အတြိစ္ဆ ဆိုတာကတော့ မိမိရရှိတဲ့ လာဘ်လာဘနှင့် မကျေနပ်ဘဲ အပိုတွေ ထပ်ခါထပ်ခါ လိုချင်မှုမျိုးကို ဆိုလိုတယ်။ ဥပမာ --- ဆွမ်းတစ်ကော် လောင်းလှူလိုက်လျှင် မကျေနပ်သေးဘူး၊ နှစ်ကော်လောက် လိုချင်ပြန်တယ်၊ သုံးကော်လောက် လိုချင်ပြန်တယ်၊ ဟင်းတစ်ခွက်လောက် လောင်းလှူ လိုက်လျှင် မကျေနပ်သေးဘူး၊ နှစ်ခွက် သုံးခွက်လောက် လိုချင်ပြန်တယ်၊ တစ်ဇွန်းလောက် လောင်းလှူလိုက်လျှင် မကျေနပ်သေးဘူး၊ နှစ်ဇွန်း သုံးဇွန်း လောက် လိုချင်ပြန်တယ်၊ ဒီလို ရရသမျှနှင့် မကျေနပ်နိုင်ဘဲ မျှတရုံနှင့် မကျေနပ်နိုင်ဘဲ အပိုအလွန်တွေကို လိုချင်နေတာမျိုးကို အတြိစ္ဆလို့ ခေါ်ဆို တယ်။ ဘာကြောင့် ဒီလို အပိုအလွန်တွေကို လိုချင်နေရတာလဲ။ အားလုံး သိကြပါလိမ့်မည်၊ ဘာလေးတွေအတွက် ညာလေးတွေအတွက် ဒီလို အကြောင်းအမျိုးမျိုးတွေ ပြကာ အပိုအလွန်တွေကို လိုချင်နေကြခြင်း ဖြစ်တယ်၊ စားမကုန်တော့လည်း သွန်ပစ်ကြပြန်တယ်။

ဒီလို အပိုအလွန်တွေကို လိုလားတောင့်တနေတဲ့ အတြိစ္ဆပုဂ္ဂိုလ်မျိုး တွေကို ရည်ညွှန်းကာ ဘုရားရှင်က မိတ္တဝိန္ဒကဇာတ်တော်များကို၁၉ ဟောကြား ထားတော်မူခဲ့ကြောင်းကို အဋ္ဌကထာ ဋီကာတို့က၁၈ ဖွင့်ဆိုထားတော်မူ ကြပါတယ်။

မိတ္တဝိန္ဒကဇာတ်

ဒီဇာတ်တော်ကတော့ ကဿပမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်ပေါ်ခဲ့တဲ့ ဇာတ်ကြောင်း ဝတ္ထု ဖြစ်ပါတယ်။ ထိုအချိန်အခါက ကုဋေ ရှစ်ဆယ်မက ကြွယ်ဝချမ်းသာတဲ့ မိသားစုတစ်ခု ရှိခဲ့တယ်။ ဇနီးမောင်နှံ နှစ်ဦးတို့ဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ တပည့်သာဝက သောတာပန် အရိယာသူတော်ကောင်းတွေ ဖြစ်ကြတယ်။ သူတို့မှာ သားတစ်ယောက် ရှိတယ်။ ဒီသားကတော့ သာသနာတော်ကို ကြည်ညိုလေးစားတဲ့စိတ်ထား မရှိ ဖြစ်ခဲ့တယ်။ ဒီသားကို အဋ္ဌကထာများက သောတာပန်အရိယာ သူတော် ကောင်းဖြစ်တဲ့ မိခင်ကဲ့သို့သော မိတ်ကောင်းဆွေကောင်းတွေကိုပင် ပြစ်မှား တတ်တဲ့အတွက် မိတ္တဝိန္ဒကလို့ ခေါ်ဆိုထားတယ်။ မိဘတွေက ဒါနပြုဖို့ သီလဆောက်တည်ကျင့်သုံးဖို့ ဥပုသ်ဆောက်တည်ကျင့်သုံးဖို့ သမထ ဝိပဿနာဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ အကြိမ်ကြိမ် တိုက်တွန်းသော်လည်း မိဘတွေရဲ့စကားကို မနာယူခဲ့ပေ။ ဖခင် ကွယ်လွန် သွားပြီးနောက် တစ်နေ့မှာ မိခင်ဖြစ်သူက ရှိနေတဲ့ စည်းစိမ်ဥစ္စာနှစ်တွေနှင့် အိမ်ကို စီမံကွပ်ကဲရန် တိုက်တွန်းပြန်တယ်။ မိခင်ရဲ့စကားကို မနာယူ ဖြစ်ခဲ့ ပြန်တယ်။ တစ်နေ့မှာတော့ မိခင်ဖြစ်သူက သားဖြစ်သူကို နင်ဟာ ... ဘုရားရှင်ရဲ့ ကျောင်းတော်သို့ သွားပြီးလျှင် တစ်နေ့တာ ဥပုသ်ဆောက်တည် ကျင့်သုံးပါ၊ ပြီးတော့ ညအခါ တရားနာယူပါ၊ တရားလည်း ကျင့်ပါ၊ ဒီလို ပြုလုပ်မည်ဆိုလျှင် မနက် အိမ်ကို ပြန်လာတဲ့အခါ နင့်ကို ငါ အသပြာ တစ်ထောင်ပေးမည်လို့ ချော့မော့ကာ ပြောဆိုခဲ့ပါတယ်။ သားဖြစ်သူကလည်း အသပြာတစ်ထောင် ရမည်ဆိုသဖြင့် သဘောတူညီခဲ့တယ်။ နံနက်စာ စားပြီး နောက် ကျောင်းတော်သို့ သွားကာ ဥပုသ်ဆောက်တည်ကျင့်သုံးခဲ့တယ်၊ ဒါပေမဲ့ ညအခါမှာ တရားနာယူမှု မရှိဘဲ တရားလည်း မကျင့်ဘဲ တစ်နေရာ မှာ အိပ်စက်ကာ နံနက်မိုးလင်းတော့ အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ကို ပြန်ရောက်တဲ့အခါ မိခင်ဖြစ်သူကလည်း ကတိအတိုင်း အသပြာ ထောင်ထုပ် ကို ပေးအပ်ခဲ့ပါတယ်။ ဒီအသပြာတစ်ထောင်ကို အရင်းတည်ကာ သားဖြစ်သူ က အရောင်းအဝယ် ပြုလုပ်လိုက်ရာ မကြာမီ အချိန်ကာလအတွင်းမှာပဲ သိန်းနှစ်ဆယ် ရရှိခဲ့ပါတယ်။ ထိုသိန်းနှစ်ဆယ်မျှဖြင့် မရောင့်ရဲနိုင်သေး အားမရနိုင်သေး ဖြစ်နေပြန်တယ်။ ပင်လယ်ခရီးဖြင့် သွားရောက်ကာ ကုန်ကူးသန်း ရောင်းဝယ်လိုကြောင်း မိခင်ထံ တင်ပြလာခဲ့ပြန်တယ်။ မိခင်က လည်း သားတစ်ဦးတည်းသာ ရှိနေသည်က တစ်ကြောင်း အိမ်မှာလည်း စည်းစိမ်ဥစ္စာနှစ်တွေက များစွာ ရှိနေသည်က တစ်ကြောင်း ဒီလို အကြောင်းကြောင်းတွေကြောင့် အန္တရာယ်များလွန်းလှတဲ့ ပင်လယ်ခရီးကို မသွားဖို့ရန် အကြိမ်ကြိမ် တားမြစ်ခဲ့တယ်၊ အကြိမ်ကြိမ် တောင်းပန်ခဲ့တယ်။ သို့သော် သားကတော့ မိခင်စကားကို မနာယူခဲ့ပါဘူး။ မိခင်က သားရဲ့လက်ကို ဆွဲကာ မသွားဖို့ရန် အတင်းတားမြစ်ခဲ့ပေမဲ့လည်း မိခင်ကို လဲသွားအောင် ရိုက်ပုတ် တွန်းလှဲကာ အိမ်ကနေ ထွက်ခွာပြီးတော့ လှေသင်္ဘောဖြင့် ပင်လယ်ခရီးကို သွားခဲ့ပါတယ်။

သို့သော် ခုနစ်ရက်လောက် ကြာညောင်းသွားတဲ့အခါ လှေသင်္ဘောဟာ ကျောက်ချထားသလို နေရာမရွေ့တော့ဘဲ ပင်လယ်ထဲမှာ ရပ်တန့် တည်နေခဲ့ ပါတယ်။ အဲဒီအခါမှာ ကာဠကဏ္ဏီခေါ်တဲ့ လူယုတ်မာစာရေးတံမဲ ကောက်ယူ ရန် အားလုံးက သဘောတူညီကြတဲ့အတွက် စာရေးတံမဲ ကောက်လေရာ သုံးကြိမ်တိုင်တိုင် ဒီစာရေးတံမဲဟာ မိတ္တဝိန္ဒကလက်ထဲကိုပဲ ရောက်ရှိသွားခဲ့ ပါတယ်။ အဲဒီအခါမှာ လှေသင်္ဘောသားများဟာ သစ်သားပျဉ်ချပ် တစ်ခုဖြင့် ဖောင်ဖွဲ့ချည်ပြီးတဲ့နောက် မိတ္တဝိန္ဒကကို ဖောင်ပေါ်တင်ကာ ပင်လယ်ထဲကို မျှောလွှတ်လိုက်ကြတယ်။ ထိုအခါကျမှ လှေသင်္ဘောဟာ မြားကို လေးညှို့မှ ပစ်လွှတ်လိုက်သလို လျင်မြန်စွာ သွားလို့ ရရှိသွားခဲ့ပါတယ်။

မိတ္တဝိန္ဒကလည်း သစ်သားပျဉ်ချပ်ဖောင်ဖြင့် ပင်လယ်ထဲ မျောသွား လေရာ ကျွန်းတစ်ခုကို ဆိုက်ရောက်သွားခဲ့တယ်။ အဲဒီကျွန်းမှာ ဝေမာနိက ပြိတ္တာအမျိုးသမီး (၄)ဦးတို့ဟာ ဖန်ဗိမာန်နဲ့ နေထိုင်နေကြတယ်။ သူတို့ဟာ သူတို့ထူထောင်ခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခုနစ်ရက်တိုင်တိုင် ခံစားကြရပြီးနောက် သူတို့ ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံရဲ့စွမ်းအားကြောင့် အဲဒီဖန်ဗိမာန်ထဲမှာ ခုနစ်ရက်တိုင်တိုင် နတ်စည်းစိမ်လို စည်းစိမ်ချမ်းသာသုခအဝဝကို သုံးဆောင်ခံစားနေကြရတဲ့ ဝေမာနိကပြိတ္တာမျိုးတွေ ဖြစ်ကြတယ်။ မိတ္တဝိန္ဒကလည်း ထိုအမျိုးသမီး (၄)ဦးတို့နှင့်အတူ အဲဒီဖန်ဗိမာန်ထဲမှာပဲ ခုနစ်ရက်တိုင်တိုင် စည်းစိမ်ချမ်းသာ တွေကို သုံးဆောင်ခံစားနေခဲ့ပါတယ်။ ခုနစ်ရက်ပြည့်တဲ့အခါ ထိုအမျိုးသမီး တွေဟာလည်း ဆင်းရဲဒုက္ခခံစားဖို့ရန်အတွက် ဗိမာန်မှ ထွက်ခွာခါနီးမှာ ခုနစ်ရက်ကြာလျှင် သူတို့ ပြန်လာမှာဖြစ်တဲ့အကြောင်း ဒီဗိမာန်မှ အခြား အရပ်တစ်ပါးသို့ မထွက်ခွာဖို့အကြောင်းတို့ကို မှာကြားပြီးနောက် ထွက်ခွာ သွားကြတယ်။

မိတ္တဝိန္ဒကလည်း ဒီစည်းစိမ်လောက်နဲ့ မရောင့်ရဲနိုင်သေးဘဲ နောက်ထပ် စည်းစိမ် အပိုအလွန်တွေကို လိုလားတဲ့အတွက် မိမိရဲ့ မူလပျဉ်ချပ်ဖောင်ဖြင့် မျှောကာ ပင်လယ်ခရီးကို ဆက်ခဲ့ပြန်တယ်။ ကျွန်းတစ်ကျွန်းကို ဆိုက်ရောက် သွားတဲ့အခါ ငွေဗိမာန်နဲ့ စည်းစိမ်ခံစံနေကြတဲ့ အလားတူ ဝေမာနိက ပြိတ္တာအမျိုးသမီး (၈)ဦးတို့နှင့် ဆုံစည်းမိပြန်တယ်။ ထို (၈)ဦးတို့နှင့် ခုနစ်ရက် တိုင်တိုင် စည်းစိမ်ခံစားနေရရုံမျှဖြင့် မတင်းတိမ် မရောင့်ရဲနိုင်သေးဘဲ ထိုအမျိုးသမီးတို့ ဆင်းရဲဒုက္ခခံဖို့ရန် ထွက်ခွာသွားကြတဲ့အခါ မိမိရဲ့ ပျဉ်ချပ် ဖောင်ငယ်ဖြင့် မျှောကာ ပင်လယ်ခရီးကို ဆက်ခဲ့ပြန်တယ်။ ကျွန်းတစ်ကျွန်းကို ဆိုက်ရောက်သွားတဲ့အခါ ပတ္တမြားဗိမာန်နဲ့ စည်းစိမ်ခံစားနေကြတဲ့ အလားတူ ဝေမာနိကပြိတ္တာအမျိုးသမီး (၁၆)ဦးတို့နှင့် ဆုံစည်းမိပြန်တယ်။ ထိုအမျိုးသမီး (၁၆)ဦးတို့နှင့် ပတ္တမြားဗိမာန်အတွင်းမှာ ခုနစ်ရက်တိုင်တိုင် စည်းစိမ်ခံစား နေရရုံမျှဖြင့် မရောင့်ရဲ မတင်းတိမ်နိုင်သေးတဲ့အတွက် ထိုအမျိုးသမီးတို့ ဆင်းရဲဒုက္ခခံဖို့ရန် ထွက်ခွာသွားကြတဲ့အခါ မိမိရဲ့ ပျဉ်ချပ်ဖောင်ငယ်ဖြင့် မျှောကာ ပင်လယ်ခရီးကို ဆက်ခဲ့ပြန်တယ်။ ကျွန်းတစ်ကျွန်းကို ဆိုက်ရောက် သွားတဲ့အခါ ရွှေဗိမာန်ထဲမှာ စည်းစိမ်ခံစံနေကြတဲ့ အလားတူ ဝေမာနိက ပြိတ္တာအမျိုးသမီး (၃၂)ဦးတို့နှင့် ဆုံစည်းမိပြန်တယ်။ ထိုအမျိုးသမီး (၃၂)ဦးတို့ နှင့်အတူ နတ်စည်းစိမ်တမျှ ကြီးကျယ်လှတဲ့ ချမ်းသာသုခအဝဝတွေကို ခုနစ်ရက်တိုင်တိုင် သုံးဆောင်ခံစားပြန်တယ်။ သို့သော် ဒီစည်းစိမ်မျှလောက် နဲ့လည်း မကျေနပ်နိုင်သေး မရောင့်ရဲနိုင်သေး မတင်းတိမ်နိုင်သေး ဖြစ်နေပြန် တယ်။ နောက်ထပ် အပိုအလွန်တွေကို ထပ်မံပြီးတော့ အလိုရှိနေပြန်တယ်။

တရားနာပရိသတ်တွေ .. ဘယ်လိုများ သဘောရကြသလဲ၊ ဒီလောက် ဆိုရင် ကျေနပ်လောက်ဖို့တော့ မကောင်းဘူးလား။ သို့သော် အပိုအလွန် တွေကို အလိုရှိနေကြတဲ့ အတြိစ္ဆသမားတို့ရဲ့ လောဘစွမ်းအားကတော့ မရောင့်ရဲနိုင်သေး ဖြစ်နေပြန်တယ်။ ဒီလို မရောင့်ရဲနိုင်ခြင်းဟာ နောက်ထပ် ဆင်းရဲဒုက္ခတွေ ရဖို့ရန် အကြောင်းတရားတွေ ဖြစ်နေတယ်ဆိုတာကိုလည်း မောဟတရားက ဖုံးအုပ်ထားတဲ့အတွက် ဉာဏ်မျက်စိဖြင့် မမြင်နိုင် မဆင်ခြင် နိုင် ဖြစ်နေတယ်။

ဒီတော့ နောက်ထပ် သူဟာ ဘာတွေကို ဆက်လုပ်ပြန်သလဲ?

အဲဒီ (၃၂)ဦးသော အမျိုးသမီးတို့ ဆင်းရဲဒုက္ခခံစားဖို့ရန်အလှည့်သို့ ရောက်ရှိလာကြတဲ့အတွက် ရွှေဗိမာန်မှ ထွက်ခွာသွားကြတဲ့အခါ မိမိရဲ့ ပျဉ်ချပ်ဖောင်ငယ်ဖြင့် မျှောကာ ပင်လယ်ခရီးကို ဆက်ခဲ့ပြန်တယ်။ မိမိ ပြုစုပျိုးထောင်ခဲ့တဲ့ အမိကို ပြစ်မှားခဲ့တဲ့ အကုသိုလ်ကံတို့ရဲ့စွမ်းအားကြောင့် ဥဿဒငရဲငယ်တစ်ခုကို ဆိုက်ရောက်သွားခဲ့တယ်၊ သေခါနီး ငရဲနိမိတ် ထင်နေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ လူ့ဘဝ လူ့ခန္ဓာကိုယ်ကို အကျိုးပေးနေတဲ့ ကုသိုလ်ကံအရှိန်အဝါ ကုန်ခန်းသွားတဲ့အတွက် လူ့ဘဝ လူ့ခန္ဓာကိုယ် ပျောက်ကာ ငရဲဘဝကို အကျိုးပေးမည့် အမိကို စော်ကားခဲ့တဲ့ အကုသိုလ်ကံတွေရဲ့စွမ်းအားကြောင့် ငရဲဘဝ ငရဲခန္ဓာကိုယ်ဟာ ဘွားကနဲ ထင်ရှားဖြစ်ပေါ်ခဲ့တယ်၊ ကိုယ်ထင်ရှား ဘွားကနဲဖြစ်တဲ့ ဩပပါတိက ပဋိသန္ဓေမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ မိတ္တဝိန္ဒကဟာ ခုလို စိတ္တက္ခဏ မခြားဘဲ ခန္ဓာကိုယ် ပြောင်းလဲသွားတာကို လျင်မြန်တဲ့အတွက် သတိမပြုမိလိုက် ဖြစ်ခဲ့ပါတယ်။

ဒီငရဲကိုလည်း တံတိုင်းလေးဘက် ကာရံထားတဲ့ လှပတင့်တယ်တဲ့ မြို့တစ်မြို့အဖြစ်နဲ့ သူ့အာရုံထဲမှာ ထင်မြင်နေတယ်။ အကျိုးပေးဖို့ရန် ရင့်ကျက်လာတဲ့ အကုသိုလ်ကံတွေရဲ့စွမ်းအားကြောင့် ခုလို မကောင်းတဲ့ အာရုံကို ကောင်းတဲ့အာရုံအဖြစ်နဲ့ ထင်မြင်နေခြင်း ဖြစ်တယ်။ ဒီမြို့မှာ ငါ ဘုရင်ပြုလုပ်မည်ဆိုတဲ့ ဦးတည်ချက်ဖြင့် မြို့ထဲကို ဝင်ရောက်သွားခဲ့တယ်။ သူ့ကိုယ်သူ ငရဲသား ဖြစ်နေတာကိုရော ငရဲသို့ ရောက်နေတာကိုရော မသိ ဖြစ်နေတယ်၊ သူထူထောင်ထားခဲ့တဲ့ အကုသိုလ်ကံတို့ရဲ့စွမ်းအားကြောင့်ပဲ ဖြစ်ပါတယ်။ တစ်နေရာရောက်တော့ ဦးထိပ်ထက်၌ သင်ဓုန်းစက်ဖြင့် အခုတ် ခံနေရတဲ့ ငရဲသားတစ်ဦးကို သွားတွေ့တယ်။ သွေးတွေ ဖြာထွက်အောင် ခုတ်နေတဲ့ ဒီသင်ဓုန်းစက်ကို မိတ္တဝိန္ဒကရဲ့အာရုံထဲမှာ လှပတင့်တယ်တဲ့ ပဒုမ္မာ ကြာပန်းကြီးအသွင် ထင်မြင်နေတယ်။ ငရဲသားရဲ့လည်ပင်းမှ စီးကျလာတဲ့ သွေးတွေကိုလည်း စန္ဒကူးနံ့သာရည်တွေ လိမ်းကျံထားတယ်လို့ ထင်မြင် နေတယ်။ ရုန်းထွက်မပြေးနိုင်အောင် ငရဲသားရဲ့ရင်ဘတ်မှာ ချည်နှောင် ထားတဲ့ အနှောင်အဖွဲ့အမျိုးမျိုးတွေကိုလည်း အဆင်းတန်ဆာအမျိုးမျိုးတွေနဲ့ ဆင်မြန်းထားတယ်လို့ ထင်မြင်နေတယ်။ ဒါကြောင့် ငရဲသားအသစ်ဖြစ်နေတဲ့ မိတ္တဝိန္ဒကက အဲဒီသင်ဓုန်းစက်ကို ငရဲသားထံမှ မရအရ တောင်းယူကာ သူ့ရဲ့ဦးထိပ်ထက်မှာ ပန်ဆင်ခိုင်းလိုက်ပါတယ်။ မူလငရဲသားလည်း အကုသိုလ်ကံ အရှိန်အဝါကုန်သဖြင့် ငရဲမှ ကျွတ်လွတ်ကာ ကွယ်ပျောက် သွားခဲ့ပါတယ်။ မိတ္တဝိန္ဒကငရဲသားလည်း ဆက်လက်ကာ ယခင်ငရဲသားကဲ့သို့ ငရဲဒုက္ခအမျိုးမျိုးကို ခံနေရပြန်တယ်။၁၉

မိမိရရှိထိုက်တဲ့ အတိုင်းအတာပမာဏထက် ပိုလွန်ကာ အလိုရှိနေတဲ့ အတြိစ္ဆ လောဘသမားတို့ သွားရမည့်လမ်းကို ဘုရားရှင်က ထုတ်ဆောင်ကာ ရဟန်းတော်တို့ကို ဆိုဆုံးမထားတော်မူခဲ့တဲ့ ထုံးဟောင်းတစ်ခု ဖြစ်ပါတယ်။

သဒ္ဓါဒေယျ ဝိနိပါတ

န စ ဘိက္ခဝေ သဒ္ဓါဒေယျံ ဝိနိပါတေတဗ္ဗံ။ ယော ဝိနိပါတေယျ၊ အာပတ္တိ ဒုက္ကဋဿ။၂၀

နောက်တစ်ခု ထပ်ပြောဦးမည်။ ဆွမ်းတွေကို အပိုအလွန် အလှူခံပြီးတော့ စားမကုန်လို့ စွန့်ပစ်ကြပြန်တယ်။ ဟိုနေရာမှာ သွားစွန့်ပစ်လိုက် ဒီနေရာမှာ သွားစွန့်ပစ်လိုက် ပြုလုပ်ကြတယ်။ ပတ်ဝန်းကျင် မသန့်ရှင်းမှုတွေလည်း ဖြစ်ပေါ်လာကြပြန်တယ်။ ဒီလို အပြုအမူမျိုးတွေကို ဘုရားရှင်ဟာ နှစ်ခြိုက် တော်မမူပါဘူး။ ဒီဆွမ်းတွေဟာ အလှူရှင်တို့က ရတနာသုံးတန်တို့ရဲ့ ဂုဏ်ကျေး ဇူးတော်တွေနှင့် ကံ-ကံရဲ့အကျိုးတရားတို့ကို ရည်မျှော်ကာ လှူဒါန်းပူဇော်ထား တဲ့ ဒက္ခိဏခေါ်တဲ့ မြတ်သော အလှူဒါနပစ္စည်းတွေပဲ ဖြစ်ကြပါတယ်။ ဒီလို သဒ္ဓါတရားပြဓာန်းလျက် လှူဒါန်းပူဇော်ထားတဲ့ ပစ္စည်းတွေကို ဖရိုဖရဲ ဖြန့်ကျဲ လျက် ပျက်စီးအောင် ဖျက်ဆီးခဲ့လျှင်, တစ်နည်း ပြောရလျှင်တော့ အလွဲသုံး စားပြုလုပ်ခဲ့လျှင် ဒုက္ကဋ်အာပတ်သင့်စေ၂၀ ဆိုပြီးတော့ .. ဒီလို ဘုရားရှင်က သိက္ခာပုဒ်တော် ပညတ်ကာ တားမြစ်ထားတော်မူခဲ့ပါတယ်။ ဆွမ်းတွင် သာမက ပစ္စည်းလေးပါးစလုံးကိုပင် ရိုရိုသေသေ လေးလေးမြတ်မြတ် ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် ဆင်ခြင်ကာ စည်းကမ်းတကျ အသုံးပြုနေတာမျိုးကိုသာ ဘုရားရှင် ဘက်က ကြည့်ရှုတော်မူလိုတယ်၊ မြင်တော်မူလိုတယ်။ အလွဲသုံးစားပြုလုပ် တယ်ဆိုတာ မိဘကလွဲလျှင် မစွန့်သင့်တဲ့ ပုဂ္ဂိုလ်တွေကို စွန့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို မစွန့်ဖို့ရန် ဘုရားရှင်က တားမြစ်ထားတော်မူခဲ့တဲ့ သိက္ခာပုဒ်တော် တစ်ခု ဖြစ်ပါတယ်။ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ သူတော်ကောင်းတွေကို ဆိုဆုံးမထားတော်မူခဲ့တဲ့ အဆုံးအမ ဩဝါဒစကားတော်တွေသာ ဖြစ်ကြ ပါတယ်။

ရှေးရှေးဆရာတော်ကြီးများရဲ့ အဆုံးအမ ဩဝါဒ တစ်ခုကို ဒီနေရာမှာ ထပ်ပြီးတော့ ပြောပြဦးမည်။ ရှေးရှေးဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့ ယဉ်ကျေးမှုအရ မွန်မြတ်သော စိတ်စေတနာ ခြံရံလျက်ရှိတဲ့ သဒ္ဓါဓာတ်ဖြင့် အချို့အချို့သော ကျေးရွာများရဲ့ သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ ရွာလယ်တစ်နေရာမှာ သာလာယံ ဇရပ်တွေကို ဆောက်လုပ်ကာ လှူဒါန်း ပူဇော်ထားကြတယ်။ ဦးတည်ချက်ကတော့ ရဟန်းရှင်လူ မည်သူမဆို ဧည့်သည်အာဂန္တုအဖြစ်နဲ့ ခေတ္တခဏ တည်းခိုရန်အတွက် ဖြစ်ပါတယ်။ ဒီလို ဇရပ်မျိုးတွေကို မည်သည့်သံဃာမဆို အရပ်လေးမျက်နှာမှ ဆိုက်ရောက်တော် မူလာတဲ့ သံဃာတော်များလည်း တည်းခိုရန်အတွက် ရည်ညွှန်းချက်လည်း ပူးတွဲပါဝင်နေခြင်းကြောင့် သံဃိကအဆောက်အဦးနှင့် အလားတူတဲ့အတွက် သံဃိကအဆောက်အဦးကဲ့သို့ သဘောထားကာ ဝိနည်းဒေသနာတော်နှင့် အညီ သံဃိကအဆောက်အဦးကို သုံးစွဲသလို သုံးစွဲရမည်လို့ ရှေးရှေးဆရာတော်ကြီးများက ဆိုဆုံးမထားတော်မူခဲ့ကြပါတယ်။

အလားတူပဲ ဖားအောက်တောရမှာ အလှူရှင်များက ဆွမ်းတွေ လာရောက်လှူဒါန်းပူဇော်ကြတယ်။ အလှူရှင်တွေရဲ့ ဦးတည်ချက်ကတော့ သံဃာတော်များကို အများဆုံး ဦးတည်ထားပါတယ်။ သို့သော်လည်း သီလရှင် ယောဂီ အမျိုးသားယောဂီ အမျိုးသမီးယောဂီတွေအတွက်လည်း ဦးတည်ချက် တစ်စိတ်တစ်ဒေသ ပါဝင်လျက်ရှိနေပါတယ်။ သာလာယံဇရပ်ကို ဆောက်လုပ် လှူဒါန်းပူဇော်တဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီဆွမ်းတွေဟာ အရပ်လေးမျက်နှာမှ ဤကျောင်းတိုက်ကို ဆိုက်ရောက်တော်မူလာတဲ့ သံဃာတော်များအတွက် အဓိကရည်ညွှန်းချက် ပါဝင်နေခြင်းကြောင့် တစ်စိတ် တစ်ဒေသအားဖြင့် သံဃိကပစ္စည်းနှင့် အလားတူနေပါတယ်။ ဒီလို သံဃိက ပစ္စည်းမျိုးကို အလှူရှင်တွေရဲ့ သဒ္ဓါတရား ပျက်စီးလောက်အောင် ဖရိုဖရဲ ဖြန့်ကျဲကာ ဖျက်ဆီးခြင်းမျိုးကိုတော့ ဘုရားရှင်က သိက္ခာပုဒ်တော် ပညတ်ကာ တားမြစ်ထားတော်မူပြီး ဖြစ်ပါတယ်။ ဒီလို သံဃာ့လာဘ်လာဘတွေကို ဖျက်ဆီးပစ်ခြင်းဟာ အလွန်လည်း အပြစ်ကြီးပါတယ်။ ဒီနေရာမှာ လောသကတိဿမထေရ်ရဲ့ ထုံးကလေးကို အတိုချုပ်ပြီးတော့ ထပ်ပြောဦးမည်။

လောသကတိဿမထေရ် အလောင်းအလျာ

လောသကတိဿမထေရ်အလောင်းအလျာ သူတော်ကောင်းဟာ ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ နှစ်ပေါင်း နှစ်သောင်းခန့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့တဲ့ တောနေရဟန်းတော်တစ်ပါး ဖြစ်ခဲ့ဖူးပါတယ်။ မိမိရဲ့ ကျောင်းဒါယကာက အခြားရဟန်းသံဃာတော်တို့အပေါ်၌ ကြည်ညိုလေးစားမှုကို မကြည့်ရှုနိုင် မရှုစိမ့်နိုင်တဲ့ ကုလမစ္ဆရိယတရားရဲ့ လွှမ်းမိုးမှုကြောင့် ရဟန္တာ အရှင်မြတ် တစ်ပါးအတွက် ကျောင်းဒါယကာက လှူဒါန်းပူဇော်လိုက်တဲ့ ဆွမ်းတွေကို လမ်းခုလတ် တစ်နေရာမှာ တောက်လောင်နေတဲ့ မီးပုံထဲသို့ စွန့်ပစ်ခဲ့ဖူးတယ်။ ကျောင်းကို ပြန်ရောက်တဲ့ အခါမှာ အာဂန္တုရဟန္တာအရှင်မြတ်ဟာ အရပ်တစ်ပါးကို ဖယ်ခွာကြွသွားပြီဆိုတာကို သိရှိလိုက်တဲ့အခါမှာ နောင်တတစ်ဖန် ပူပန်မှုတွေ များစွာ ဖြစ်ခဲ့ပါတယ်၊ မသေမီ ဘဝတစ်လျှောက် မှာလည်း အကြိမ်များစွာ ထပ်ကာထပ်ကာ ဖြစ်ခဲ့ပါတယ်။ ဒီအကုသိုလ်ကံဟာ သေခါနီးကာလမှာ အကျိုးပေးဖို့ရန် ရင့်ကျက်လာပြန်တယ်။ နှစ်ပေါင်းများစွာ သူကျင့်ခဲ့တဲ့ သီလကုသိုလ် သမာဓိကုသိုလ် ပညာကုသိုလ်တရားတွေက ဒီအကုသိုလ်ကံရဲ့ စွမ်းအားကို မဖယ်ရှားနိုင် မတွန်းလှန်နိုင် ဖြစ်နေခဲ့ကြတယ်။ ဒီအကုသိုလ်ကံကြောင့်ပဲ ငရဲသို့ရောက်ရှိကာ ငရဲမှာ နှစ်သန်းပေါင်းများစွာ ဆင်းရဲဒုက္ခအမျိုးမျိုးတွေကို ခံစားရပြန်တယ်။ ငရဲမှ ကျွတ်လာပြန်တော့လည်း ပြိတ္တာဘဝ တိရစ္ဆာန်ဘဝ လူ့ဘဝဆိုတဲ့ ဘဝထိုထိုမှာ တစ်ကြိမ်တစ်ခါမျှသော် လည်း အစာကို ဝအောင် မစားခဲ့ရစဖူးဘူး။ အငတ်ငတ် အပြတ်ပြတ်နဲ့ပဲ ဘဝတွေကို အဆုံးသတ်ခဲ့ရတယ်။ နောက်ဆုံးဘဝမှာလည်း လှည့်လှည်သွား လာနိုင်တဲ့ အရွယ်ကို ရောက်တဲ့အခါ မိဘတွေရဲ့ စွန့်ပစ်မှုကို ခံယူရပြန်တယ်၊ အငတ်ငတ် အပြတ်ပြတ်နဲ့သာ ရှာဖွေစားသောက်နေခဲ့ရတယ်။

ခုနစ်နှစ်သားအရွယ်သို့ ရောက်ရှိတဲ့အချိန်အခါမှာ .. လက်ဝယ် ခွက်စွဲလျက် လှည့်လှည်၍ တောင်းစားနေရာက တစ်နေ့မှာ သူတစ်ပါးတို့ အိုးခွက်ပန်းကန်တွေကို ဆေးပြီးနောက် စွန့်ပစ်လိုက်တဲ့ ပန်းကန်ဆေးရေထဲမှာ ပါလာတဲ့ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ ထမင်းလုံးကလေးများကို တစ်လုံးစီ တစ်လုံးစီ လိုက်ကောက်ကာ စားသုံးနေရတာကို အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မြင်တွေ့တော်မူလိုက်တဲ့အခါ အလွန်သနားကရုဏာ သက်တော်မူတဲ့အတွက် ကျောင်းကို ခေါ်ဆောင်သွားကာ ရှင်ပြုပေးတော် မူလိုက်ပါတယ်။ ရှင်ဖြစ်ပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက လောသကတိဿ သာမဏေကို ခေါ်ဆောင်ကာ ရွာတွင်းသို့ ဆွမ်းခံကြွခဲ့မည် ဆိုလျှင် လောင်းလှူသူ မရှိလောက်အောင် ဖြစ်နေပြန်တယ်။ အကယ်၍ လောင်းလှူလိုက်ပြန်တော့လည်း လောသကတိဿရဲ့ သပိတ်ထဲကို ရောက်ရှိ သွားတာနဲ့ တစ်ပြိုင်နက်တည်း ဆွမ်းတွေဟာ ပျောက်ပျက်သွားကြပြန်တယ်။ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးလည်း နောက်ပိုင်းမှာတော့ လောသကတိဿ သာမဏေကို မခေါ်ဆောင်တော့ဘဲ တစ်ပါးတည်းသာ ဆွမ်းခံကြွ တော်မူခဲ့ပါတယ်။

သို့သော် လောသကတိဿဟာ ကဿပဘုရားရှင်လက်ထက်တော် အခါက ပြုစုပျိုးထောင်ခဲ့တဲ့ သီလကုသိုလ်ကံ သမာဓိကုသိုလ်ကံ ပညာ ကုသိုလ်ကံတို့ကလည်း အရှိန်အဝါကောင်းမွန်စွာဖြင့် အားပေးထောက်ပံ့နေ ကြတဲ့အတွက် ဆရာဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ထံမှ သင်ကြားနာယူခဲ့ရတဲ့အတိုင်း သမထ ဝိပဿနာဘာဝနာတွေကို အပတ် တကုတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာ တစ်နေ့မှာတော့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ပါတယ်။ ရဟန္တာဖြစ်တော်မူပြီး နောက်လည်း အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အကုသိုလ်ကံအရှိန်အဝါက မကုန်ခန်းနိုင်သေးတဲ့အတွက် အငတ်ငတ် အပြတ်ပြတ်နဲ့ပဲ ဘဝခရီးကို ဆက်လက်ပြီး သွားနေရပြန်တယ်။ တစ်နေ့မှာတော့ အသက်ရှည်မှု အာယုသင်္ခါရကို ဆက်လက်တည်တံ့အောင် ပြုပြင်ဖန်တီးပေးနေတဲ့ အတိတ်က ထူထောင်ခဲ့တဲ့ ကုသိုလ်ကံတွေက အရှိန်အဝါ ကုန်ဆုံးလာပြီ ဖြစ်တဲ့အတွက် ပရိနိဗ္ဗာန်စံတော်မူဖို့ရန် နေ့ရက်အချိန်အခါသို့ ဆိုက်ရောက်လာခဲ့ပါတယ်။ ထိုနေ့မှာ ဆရာတစ်ဆူ ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ထံသို့ ဆည်းကပ်ကာ ပရိနိဗ္ဗာန်စံဖို့ရန်အတွက် ခွင့်ပန်လျှောက်ထားခဲ့ပါတယ်။

ထိုနေ့မှာတော့ .. အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ငါ့တပည့်ကို ဒီနေ့တော့ ဆွမ်းဝအောင် ငါကျွေးမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် လောသကတိဿကို ဆွမ်းခံမကြွစေဘဲ ကျောင်းမှာသာ စောင့်ဆိုင်းနေရန် မှာကြားခဲ့ပြီးနောက် မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူခဲ့ပါတယ်။ ထိုနေ့မှာ ဒါယကာတစ်ဦးက အသင့်စီမံထားပြီးဖြစ်တဲ့ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ် တွေကို အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား သပိတ်အပြည့် လောင်းလှူပူဇော်လိုက်ပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း ကျောင်းကို ပြန်ကြွရန် ပြင်ဆင်တော်မူလိုက်တဲ့အခါ ဒါယကာဖြစ်သူက မိမိ အိမ်မှာပဲ ဆွမ်းဘုဉ်းပေးတော်မူပါရန် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အား တောင်းပန်လျှောက်ထားလိုက်ပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီး ပေးလှူလိုတဲ့ လောသကတိဿမထေရ်အတွက်လည်း ဆွမ်းတွေ ကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ကာ အလုပ်သမားတွေကို လောသကတိဿမထေရ် ရှိရာ ကျောင်းတော်သို့ အပို့ခိုင်းလိုက်ပါတယ်။ သို့သော် အလုပ်သမားတွေက ထိုအစာအာဟာရတွေကို လမ်းခုလတ် တစ်နေရာမှာ ထိုင်စားပြီးနောက် ပြန်လာခဲ့ကြပြန်တယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးလည်း ကျောင်းကို ပြန်လည်ရောက် ရှိတော်မူတဲ့အခါ လောသကတိဿမထေရ် ဆွမ်းမဘုဉ်းပေးရသေးတဲ့ အခြင်း အရာကိုလည်း သိရှိသွားတော်မူတဲ့အတွက် နေမွန်းလည်း လွဲသွားပြီဖြစ်ခြင်း ကြောင့် သပိတ်ကို ပိုက်တော်မူကာ ကောသလမင်းကြီးရဲ့ နန်းတော်သို့ ဆွမ်းခံ ကြွဝင်တော်မူပြန်တယ်။ မွန်းလွဲနေပြီဖြစ်ခြင်းကြောင့် နန်းတော်ကလည်း စတုမဓုဆွမ်းတွေကိုသာ သပိတ်အပြည့် လောင်းလှူပူဇော်လိုက်ကြပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးလည်း ကျောင်းကို ပြန်ကြွတော်မူကာ စတုမဓုများကို လောသကတိဿမထေရ်အား ပေးလှူတော်မူလိုက်ပါတယ်။ သို့သော် လောသကတိဿ မထေရ်လက်ထဲကို ရောက်ရှိသွားတာနဲ့ တစ်ပြိုင် နက်တည်း စတုမဓုတွေ ပျောက်ပျက်သွားမည်ဆိုတာကို သိရှိတော်မူတဲ့ အတွက် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မိမိရဲ့ တစ်ဖက်သော လက်တော်ဖြင့် စတုမဓုသပိတ်ကို ကိုင်ပေးထားတော်မူပါတယ်။ ထိုအချိန်အခါ မှာ စတုမဓုတွေလည်း ပျောက်ပျက်မသွားကြဘဲ သပိတ်ထဲမှာ တည်ရှိမြဲ တည်ရှိနေကြပါတယ်။

အဲဒီအချိန်အခါမှာ လောသကတိဿ မထေရ်ကို အလိုရှိသလောက် စတုမဓုတွေကို ဘုဉ်းပေးတော်မူရန် မိန့်ကြားတော်မူလိုက်ပါတယ်။ လောသကတိဿ မထေရ်မြတ်လည်း စတုမဓုတွေကို မျှတပြည့်စုံသည့်တိုင်အောင် ဘုဉ်းပေးတော်မူပါတယ်။ လောသကတိဿ မထေရ်ရဲ့ ဘဝတစ်လျှောက်မှာ ဒီတစ်ကြိမ်သာလျှင် အာဟာရကို မျှတအောင် ပြည့်ဝစုံလင်အောင် ဘုဉ်းပေး တော်မူခဲ့ရဖူးပါတယ်။၂၁

ဆွမ်းတွေကို အပိုအလွန် ခံယူကာ, အပို အလျှံပယ် မကုန်ခန်းနိုင်အောင် ခံယူကာ စွန့်ပစ်တတ်တဲ့ ယောဂီတွေ သတိရှိဖို့ အလွန်ကောင်းလှတဲ့ ဝတ္ထု ဇာတ်လမ်း တစ်ခုပဲ ဖြစ်ပါတယ်။

ပါပိစ္ဆ = ယုတ်မာတဲ့ အလိုဆိုး

အတြိစ္ဆအကြောင်းကို ပြောပြီးနောက် ပါပိစ္ဆအကြောင်းကို ဆက်လက်ပြီး ပြောကြရအောင် ..။

ပါပိစ္ဆ = ယုတ်မာတဲ့ အလိုဆိုးဆိုတာ ဘာလဲ?

ပုဂ္ဂိုလ်တစ်ယောက်ဟာ လာဘ်လာဘတွေကိုလည်း သိပ်လိုချင်တယ်၊ အရိုအသေ အလေးဂရုပြုကာ ပူဇော်မှု အမျိုးမျိုးတွေကိုလည်း သိပ်ပြီးတော့ ခံယူချင်နေတယ်၊ နာမည်လည်း သိပ်ကြီးချင်တယ်၊ ဂုဏ်သတင်းတွေလည်း သိပ်ကြီးချင်တယ်၊ သိပ်လည်း ကျော်ကြားချင်တယ်။ ဒီလို ယုတ်ညံ့တဲ့ အလို ဆန္ဒတွေကို အမှီပြုကာ မိမိမှာ ထင်ရှားမရှိတဲ့ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော် ကာ ချီးမွမ်းစကားတွေကို ပြောကြားနေပြန်တယ်။ ဒီလို စိတ်နေ စိတ်ထားမျိုး တွေကို ယုတ်ညံ့တဲ့ ယုတ်မာတဲ့ အလိုဆိုးလို့ ခေါ်ဆိုပါတယ်။၂၂

ဆိုလိုတာကတော့ မိမိက ဘွဲ့မရဘဲ ဘွဲ့ရနေသယောင် ပြောဆိုတတ် တယ်၊ သီလတွေ တကယ် မစင်ကြယ်ဘဲ စင်ကြယ်နေသယောင် ပြောဆိုတတ် တယ်၊ စျာန်တရားတွေကို တကယ် မရဘဲ ရနေသယောင် ပြောဆိုတတ်တယ်၊ ရုပ်တရားတွေကို ပရမတ်သို့ဆိုက်အောင် ပညာမျက်စိဖြင့် တကယ် မသိ မမြင်ဘဲ သိနေသယောင် မြင်နေသယောင် ပြောဆိုတတ်တယ်၊ နာမ်တရား တွေကို ပရမတ်သို့ဆိုက်အောင် ပညာမျက်စိဖြင့် တကယ် မသိမမြင်ဘဲ သိနေသယောင် မြင်နေသယောင် ပြောဆိုတတ်တယ်၊ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားတွေကို ပညာမျက်စိဖြင့် တကယ် မသိမမြင်ဘဲ သိနေသယောင် မြင်နေသယောင် ပြောဆိုတတ်တယ်၊ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ) တရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်း အရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာတွေကို ဝိပဿနာဉာဏ် ပညာမျက်စိဖြင့် တကယ်တမ်း မသိမမြင်ပါဘဲလျက် သိနေသယောင် မြင်နေ သယောင် ပြောဆိုတတ်ပြန်တယ်။

ဘာကြောင့် ဒီလို ပြောဆိုနေရတာလဲ?

လာဘ်လာဘတွေ များများရချင်လို့ ပြောဆိုတယ်။ သူတစ်ပါးတွေရဲ့ အရိုအသေကို ခံချင်လို့ ပြောဆိုတယ်။ သူတစ်ပါးတွေရဲ့ ပူဇော်မှု အမျိုးမျိုး တွေကို အလိုရှိလို့ ပြောဆိုတယ်။ ဒီကိုယ်တော်ကလေးက သိပ်တော်တာပဲ၊ ဒီဆရာလေးက သိပ်တော်တာပဲ၊ ဒီယောဂီက သိပ်တော်တာပဲလို့ ဒီလို သူတစ်ပါးတွေရဲ့ ချီးကျူးမှုကို အလိုရှိလို့ နာမည်ကြီးမှုကို အလိုရှိလို့ ကျော်ကြား မှုကို အလိုရှိလို့ ဂုဏ်သတင်း ကြီးမားမှုကို အလိုရှိလို့ ပြောဆိုတယ်။ ဒါတွင်လား ဆိုတော့ မကသေးဘူး။ တရားအားထုတ်သူအချင်းချင်း ပြိုင်ဆိုင်ချင်လာတယ်။ ယောဂီတစ်ယောက်က ရှုလို့ရပါတယ်လို့ ဆရာသမားကို လျှောက်ထားနေခဲ့ လျှင် မိမိက ရှုမရပါဘူးလို့ ဆရာသမားကို လျှောက်ထားရမှာကို ရှက်နေတယ်၊ အညံ့မခံချင် ဖြစ်နေတယ်။ မိမိရဲ့ဂုဏ်သိက္ခာ နိမ့်ကျမှုကို မခံနိုင်ဖြစ်နေတယ်။ ဂုဏ်သိက္ခာ နိမ့်ကျမှုကို မခံချင်ဘူးဆိုတာက ဂုဏ်သိက္ခာကြီးမားမှုကို အလိုရှိ တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် စာတွေကို အလွတ်ရအောင် ကျက်ကျက်ပြီးတော့ တကယ်တမ်း ရှုမရပါဘဲလျက် ရှုရပါတယ်လို့ လိမ်ညာကာ ဆရာသမားတွေကို တင်ပြလျှောက်ထားနေတဲ့ ယောဂီတွေဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေလဲ? ပါပိစ္ဆ (= ယုတ်မာတဲ့ အလိုဆိုးရှိနေတဲ့) ပုဂ္ဂိုလ်တွေ, ဣစ္ဆာပကတ (= ယုတ်မာတဲ့ အလိုဆိုးရဲ့ ဒဏ်ချက်ကို အလူးအလဲ ခံယူနေ ရတဲ့) ပုဂ္ဂိုလ်တွေလို့ ဒီလို ဘုရားရှင်က ရှုတ်ချကာ ခေါ်ဝေါ်သုံးစွဲထားတော် မူပါတယ်။၂၃

အလားတူပဲ ဒီပါပိစ္ဆတရားကို အကြောင်းခံကာ ဒီပုဂ္ဂိုလ်ဟာ တရား ရနေတဲ့ ပုဂ္ဂိုလ်ပဲလို့ သူတစ်ပါးတွေက အသိအမှတ် ပြုလာနိုင်လောက်အောင် အံ့ဩဖွယ်ရာ ကိုယ်အမူအရာ အမျိုးမျိုးတွေ နှုတ်အမူအရာ အမျိုးမျိုးတွေ ကိုလည်း ပြုလုပ်ပြတတ်ပြန်တယ်။ ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်း တွေမှာလည်း သူတစ်ပါးတို့ အထင်ကြီးလာအောင်ဆိုတဲ့ ဦးတည်ချက်နဲ့, တရားရနေတဲ့သူပဲလို့ သူတစ်ပါးတွေ အသိအမှတ်ပြုလာအောင်ဆိုတဲ့ ဦးတည် ချက်နဲ့ သီတင်းသုံးနေပြနေပြန်တယ်။ ပစ္စည်းလာဘ်လာဘတွေ လှူချင်လာ အောင် ပစ္စည်းလာဘ်လာဘ ရရှိရေးနှင့် အလွန်နီးကပ်နေတဲ့ သွယ်ဝိုက်တဲ့ စကား အမျိုးမျိုးတွေကိုလည်း ပြောဆိုနေတတ်ပြန်တယ်။၂၄

ဒီလိုယုတ်မာတဲ့ အလိုဆိုးတွေရှိနေတဲ့ ပုဂ္ဂိုလ်မျိုးကို ရည်ညွှန်းတော် မူပြီးတော့ ဘုရားရှင်က ဝိဘင်းဒေသနာတော်မှာ၂၅ ဒီလို ဟောကြားထားတော် မူခဲ့ပါတယ်။

ယုတ်မာတဲ့ အလိုဆိုးရှိမှုဆိုတာ ဘာလဲ?

၁။ ဤသာသနာတော်မှာ အချို့သောပုဂ္ဂိုလ်ဟာ မိမိမှာ သဒ္ဓါတရား ထင်ရှားမရှိပါဘဲလျက် မိမိကို သဒ္ဓါတရားထင်ရှားရှိသူဟု လူအများက အသိအမှတ်ပြုတာကို အလိုရှိပြန်တယ်။

၂။ မိမိက ဖြူစင်တဲ့သီလ မရှိပါဘဲလျက် မိမိကို ဖြူစင်တဲ့သီလရှိသူဟု လူအများက အသိအမှတ်ပြုတာကို အလိုရှိပြန်တယ်။

၃။ (က) ရုပ်နာမ်ပရမတ်တရားတွေကို (ခ) ကြောင်း-ကျိုး-ဆက်နွှယ်မှု (=ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေကို သင်သိလို့ ခေါ်ဆိုအပ်တဲ့ ပရိယတ္တိအသိ, ကျင့်သိလို့ခေါ်ဆိုအပ်တဲ့ ပဋိဝေဓအသိ၂၆ - ဒီလို အသိ နှစ်မျိုးဆိုတဲ့ အကြား+အမြင် ဗဟုဿုတ မရှိပါဘဲလျက် မိမိကို အကြား+အမြင် ဗဟုဿုတရှိသူပါဟု လူအများက အသိအမှတ် ပြုတာကို အလိုရှိပြန်တယ်။

၄။ မိမိက အပေါင်းအဖော်နှင့် ပျော်ပျော်ရွှင်ရွှင်နေရမှုကို မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သူဖြစ်ပါလျက် (က) တစ်ကိုယ်ရေ တစ်ကာယ ကင်းကင်းရှင်းရှင်း နေထိုင်လိုသူ (ခ) စျာန်သမာပတ်တွေကို ဝင်စားကာ စိတ်အစဉ်မှာ နီဝရဏအညစ်အကြေး ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်လို သူ (ဂ) နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ်ဝင်စားပြီးတော့ ဥပဓိ လေးဖြာမှ ကင်းဆိတ်ကာ နေထိုင်လိုသူဆိုတဲ့ ဝိဝေကသုံးဖြာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သူဟု လူအများက အသိအမှတ်ပြုတာကို အလိုရှိ ပြန်တယ်။

၅။ မိမိက အပျင်းကြောတွေ အမျိုးမျိုးထူနေသူ ဖြစ်ပါလျက် အပြင်းအထန် ကြိုးစားအားထုတ်တတ်တဲ့ လုံ့လဝီရိယရှိသူဟု လူအများက အသိ အမှတ်ပြုတာကို အလိုရှိပြန်တယ်။

၆။ မိမိက သတိလက်လွတ်နေသူ တစ်ဦး ဖြစ်ပါလျက် သတိပဋ္ဌာန် လေးပါး ကို အစဉ်ပွားနေတဲ့ သတိတရားနှင့် ပြည့်စုံသူဟု လူအများက အသိ အမှတ်ပြုတာကို အလိုရှိပြန်တယ်။

၇။ ဥပစာရ အပ္ပနာ နှစ်ဖြာသော စိတ်တည်ကြည်မှု သမာဓိတွေ မိမိမှာ ထင်ရှား မရှိပါဘဲလျက် ဥပစာရ အပ္ပနာ နှစ်ဖြာသော စိတ်တည်ကြည်မှု သမာဓိတွေ ထင်ရှားရှိနေသူဟု လူအများက အသိအမှတ်ပြုတာကို အလိုရှိပြန်တယ်။

၈။ တကယ့် ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်ကြတဲ့ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ) တရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာတွေကို တကယ်ထင်ထင်ရှားရှား ထိုးထွင်းသိမြင်တတ်တဲ့ တကယ့်ဝိပဿနာဉာဏ်ပညာ အစစ်တွေ မိမိမှာ တကယ်ထင်ရှား မရှိ ပါဘဲလျက်, ရုပ်နာမ်အတုအယောင်လောက်ကိုသာ ရှုနေတတ်သူ ဖြစ်ပါ လျက် တကယ့်ဝိပဿနာဉာဏ်ပညာ အစစ်တွေ ထင်ရှားရှိနေသူဟု လူအများက အသိအမှတ်ပြုတာကို အလိုရှိပြန်တယ်။

၉။ မိမိက ကိလေသာအာသဝေါတရားတွေ ကင်းစင်နေတဲ့ တကယ့်ရဟန္တာ အစစ် မဟုတ်ပါဘဲလျက် ရဟန္တာအတုအယောင်မျှသာ ဖြစ်နေပါလျက် တကယ့်ရဟန္တာအစစ်ပါဟု လူအများက အသိအမှတ်ပြုတာကို အလိုရှိ ပြန်တယ်။

ဒီလို အတုအယောင်အမျိုးမျိုးတွေအပေါ်မှာ တွယ်တာမက်မောတတ်တဲ့ ရာဂနှင့် အတူယှဉ်တွဲကာ ဖြစ်ပေါ်နေတဲ့ လိုလားတောင့်တမှုအမျိုးမျိုး ရှိနေ ခြင်းကို ပါပိစ္ဆ (= ယုတ်မာတဲ့ အလိုဆိုးရှိမှု)လို့ ခေါ်ဆိုပါတယ်။

ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က စတုတ္ထပါရာဇိက ပါဠိတော်မှာ၂၇ သူခိုးကြီး ငါးဦး အကြောင်းကို ထုတ်ဖော်ကာ .. ရဟန်းတော်တို့အား ဆိုဆုံးမထားတော်မူခဲ့ပါတယ်။ ဒီသူခိုးကြီး ငါးဦး အကြောင်းကို လိုရင်းအတိုချုပ်ကာ ပြောကြရအောင် ..။

သူခိုးကြီး ငါးဦး

တစ်နေ့မှာ သူခိုးဗိုလ်ကြီး တစ်ယောက်ဟာ မိမိရဲ့နောက်လိုက် သူခိုး ပေါင်း ရာထောင်တို့ ခြံရံလျက် မြို့ရွာတွေကို ဝင်ရောက်ကာ လုယက် တိုက်ခိုက်ပြီးတော့ ပစ္စည်းတွေ သိမ်းပိုက်ကာ စားသောက်နေထိုင်ဖို့ရန် အကြံ အစည် တစ်ခု ဖြစ်ခဲ့တယ်။ ဒီလို ကြံစည်ထားခဲ့တဲ့အတိုင်း တစ်နေ့မှာတော့ နောက်လိုက် သူခိုးပေါင်း ရာထောင် ခြံရံလျက် မြို့ရွာတွေကို ဝင်ရောက် တိုက်ခိုက်ကာ ပစ္စည်းတွေ သိမ်းပိုက်ပြီးတော့ စားသောက် နေထိုင်ခဲ့တယ်။

ဒီသူခိုးကြီးအကြောင်းကိုတော့ ဥပမာအနေနဲ့ မြတ်စွာဘုရားက ထုတ်ဆောင်ကာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ဟောကြား တော်မူပြီးနောက် ရဟန်းတော်တွေကို ဘုရားရှင်က အောက်ပါအတိုင်း သာသနာတော်မှာ ထင်ရှားတည်ရှိနေတဲ့ သူခိုးကြီး ငါးဦးအကြောင်းကို ထုတ်ဖော်ကာ ဆိုဆုံးမတော်မူပါတယ်။

အမှတ် (၁) သူခိုးကြီး --- အလားတူပဲ ချစ်သားရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သာသနာတော်မှာလည်း ယုတ်ညံ့တဲ့စိတ်ထား ယုတ်မာတဲ့ စိတ်ထားရှိတဲ့ ရဟန်းတော်တစ်ပါးဟာ ငါဟာ ဘယ်သောအခါကျမှ နောက်လိုက်ရဟန်းပေါင်း ရာထောင်တို့ခြံရံလျက် ရွာ နိဂုံး မင်းနေပြည်တော် တို့မှာ လှည့်လည်ပြီးတော့ ရဟန်းရှင်လူတို့ရဲ့ အရိုအသေပြုမှု အလေးဂရုပြုမှု မြတ်နိုးမှု ပူဇော်မှု ပသမှုတို့ကို ခံယူရပါ့မလဲ? သင်္ကန်း ဆွမ်း ကျောင်း ဆေးစတဲ့ လာဘ်လာဘတွေကို ပေါပေါများများ ရရှိပါ့မလဲ ..?လို့ ဒီလို သူက တစ်နေ့မှာ စဉ်းစားခန်း ဝင်မိခဲ့တယ်။

တစ်ချိန်မှာတော့ အဲဒီရဟန်းဟာ နောက်လိုက်ရဟန်းပေါင်း ရာထောင် တို့ခြံရံလျက် ရွာ နိဂုံး မင်းနေပြည်တော်တို့မှာ လှည့်လည်ပြီးတော့ ရဟန်းရှင်လူ တို့ရဲ့ အရိုအသေပြုမှု အလေးဂရုပြုမှု မြတ်နိုးမှု ပူဇော်မှု ပသမှုတို့ကို ခံယူခဲ့ရ တယ်၊ သင်္ကန်း ဆွမ်း ကျောင်း ဆေးစတဲ့ ပစ္စည်း လာဘ်လာဘတွေကိုလည်း များစွာ ရရှိခဲ့တယ်။ ရဟန်းတို့ ... ဒီလိုရဟန်းမျိုးဟာ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ အမှတ် (၁) ပထမသူခိုးကြီးပဲ ဖြစ်တယ်။

အမှတ် (၂) သူခိုးကြီး --- ချစ်သားရဟန်းတို့ ... နောက်တစ်မျိုး ကတော့ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ယုတ်ညံ့တဲ့စိတ်ထား ယုတ်မာတဲ့ စိတ်ထားရှိတဲ့ ရဟန်းတော်တစ်ပါးဟာ ငါဘုရားရှင် ဟောကြားထားတော်မူတဲ့ ဓမ္မဝိနယတရားတော်များကို ဆရာသမားများထံမှာ သင်ယူပြီးနောက် ပရိသတ်အလယ်သို့ ရောက်ရှိတဲ့အခါ ကိုယ်တွေ့ဉာဏ်မြင်တရား ပြုလုပ်ကာ အသံနေ အသံထား ကောင်းမွန်စွာဖြင့် ပရိသတ်နှစ်ခြိုက်အောင် တရားတော် ကို ဟောကြားပြသပြန်တယ်။ ရဟန်းတို့ ... ဒီလိုရဟန်းမျိုးဟာ ငါဘုရားရှင် ရဲ့ သာသနာတော်မှာ အမှတ် (၂) ဒုတိယသူခိုးကြီးပဲ ဖြစ်တယ်။

ဒီဒုတိယသူခိုးကြီးကတော့ ဘုရားရှင်ရဲ့ တရားတော်များကို ဘုရားရှင် ဟောကြားထားတော်မူတဲ့ တရားတော်တွေပဲလို့ ဝန်မခံလိုဘဲ မိမိရဲ့ ကိုယ်တွေ့ ဉာဏ်မြင်တရား ပြုလုပ်ကာ ဟောကြားပြသနေတဲ့အတွက် သူခိုးဘဝသို့ ရောက်ရှိသွားခြင်း ဖြစ်တယ်။၂၈

အမှတ် (၃) သူခိုးကြီး --- ချစ်သားရဟန်းတို့ ... နောက်တစ်မျိုး ကတော့ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ယုတ်ညံ့တဲ့စိတ်ထား ယုတ်မာတဲ့ စိတ်ထားရှိတဲ့ ရဟန်းတော်တစ်ပါးဟာ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ သီလ တကယ်ဖြူစင်နေတဲ့, ဖြူစင်မြင့်မြတ်တဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ဖြူဖြူစင်စင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သီတင်းသုံးဖော် ရဟန်းတော် တစ်ပါးကို အခြေ အမြစ်မရှိတဲ့ မမှန်ကန်တဲ့စွဲချက်ဖြင့် မမြတ်တဲ့ မေထုန်အကျင့် အဗြဟ္မစရိယ သိက္ခာပုဒ်ဖြင့် စွပ်စွဲပြန်တယ်။ ရဟန်းတို့ ... ဒီလိုရဟန်းမျိုးဟာ ငါဘုရားရှင် ရဲ့ သာသနာတော်မှာ အမှတ် (၃) တတိယသူခိုးကြီးပဲ ဖြစ်တယ်။

အမှတ် (၄) သူခိုးကြီး --- ချစ်သားရဟန်းတို့ ... နောက်တစ်မျိုး ကတော့ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ယုတ်ညံ့တဲ့စိတ်ထား ယုတ်မာတဲ့ စိတ်ထားရှိတဲ့ ရဟန်းတော်တစ်ပါးဟာ ငါဘုရားရှင်ရဲ့ သာသနာတော်အတွင်း မှာ အရပ်လေးမျက်နှာမှာ တည်ရှိနေတဲ့ ရောက်ပြီးရောက်ဆဲ သံဃာတော်များ ကို ရည်ညွှန်းကာ လှူဒါန်းပူဇော်ထားတဲ့, အလွန်အလေးဂရုပြုကာ ရိုရို သေသေ လေးလေးစားစား ထိန်းသိမ်းစောင့်ရှောက်ကာ သုံးစွဲရမည့် ဂရုဘဏ္ဍာလို့ ခေါ်ဆိုအပ်တဲ့ ကျောင်းအဆောက်အဦးများနှင့် ကုဋင် ညောင်စောင်း အိုးခွက် ပန်းကန် စတဲ့ ကျောင်းအသုံးအဆောင် ပစ္စည်းတွေကို လူ ဒကာ ဒကာမတို့အား ပေးကမ်းကာ ချီးမြှောက်မှုကို ပြုတယ်၊ ထိုပစ္စည်းတွေကို ပေးကမ်းခြင်းဖြင့် လူ ဒကာ ဒကာမတို့က မိမိအပေါ်မှာ ကြည်ညိုမြတ်နိုး လာအောင် ပစ္စည်းလာဘ်လာဘတွေ ပြန်လည်လှူဒါန်းလာအောင် သွေးဆောင်ပြန်တယ်၊ ဖြားယောင်းပြန်တယ်။ ရဟန်းတို့ ... ဒီလို ရဟန်းမျိုးဟာ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ အမှတ် (၄) စတုတ္ထသူခိုးကြီးပဲ ဖြစ်တယ်။

အမှတ် (၅) သူခိုးကြီး --- ချစ်သားရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ယုတ်ညံ့တဲ့စိတ်ထား ယုတ်မာတဲ့စိတ်ထားရှိတဲ့ ရဟန်းတော်တစ်ပါးဟာ မိမိမှာ ထင်ရှားမရှိတဲ့ စျာန်မဂ်ဖိုလ်တရားတွေကို ထင်ရှား ရှိနေသယောင် ဟန်ဆောင်ကာ ဝါကြွားပလွှားပြီး ပြောဆိုတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ကာမာဝစရနတ်ပြည် ငါးထပ်နှင့်တကွသော မာရ်နတ်သား တည်ရှိရာ ဝသဝတ္တီနတ်ပြည်နှင့်တကွသော နတ်လောကမှာရော, ဗြဟ္မာ့ပြည် နှစ်ဆယ်လို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မာ့လောကမှာရော, သမုတိနတ်လို့ ခေါ်ဆို အပ်တဲ့ ရှင်ဘုရင်တွေနှင့်တကွ ရဟန်းပုဏ္ဏားတွေနှင့်တကွသော လူ့လောက မှာရော တိုင်းသူပြည်သားတို့ လှူဒါန်းပူဇော်နေတဲ့ ဆွမ်းကို ခိုးပြီး စားနေတဲ့ အတွက်ကြောင့် သူခိုးအားလုံးထဲမှာ ထိပ်တန်းအကျဆုံး အကြီးမားဆုံး အဆိုးဆုံး သူခိုးကြီး ဖြစ်တယ်။၂၉

ဒီနံပါတ် (၅) သူခိုးကြီးနှင့် ဆက်စပ်ပြီးတော့ ဘုရားရှင်က ရဟန်းတော် တို့ကို ဂါထာဒေသနာတော်တို့ဖြင့် ဆက်လက်ကာ ဆိုဆုံးမ ထားတော်မူ ပါတယ်။ ထိုဒေသနာတော်တို့ရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကတော့ ဒီလို တိုင်းသူ ပြည်သားတို့ရဲ့ ဆွမ်းတွေကို ခိုးပြီးတော့ စားနေမည့်အစား အလျှံတပြောင်ပြောင် မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ သံတွေခဲတွေကို မျိုနေခြင်းက မြတ်သေးတယ်။ ဒီပုဂ္ဂိုလ်မျိုးဟာ သေသည်၏ အခြားမဲ့၌ ငရဲသို့ ကျရောက် ကာ ငရဲဒုက္ခမျိုးစုံကို ခံစားရမှာ ဖြစ်တယ် စသည်ဖြင့် ဆက်လက်ကာ ဆိုဆုံးမ တော်မူပါတယ်။

ဒီနေရာမှာ .. ဘုန်းကြီးဘက်ကလည်း တရားနာပရိသတ်တွေကို တရားအားထုတ်ရင်းဖြင့် မိတ္တဝိန္ဒကကဲ့သို့ ငရဲသို့ တစ်ခါတစ်ခေါက်လောက် အလည်အပတ် ခရီးဒေသစာရီ ကြွချီချင်ကြသလား? ဒီလို မေးခွန်း တစ်ခုတော့ မေးကြည့်ချင်ပါတယ်။ ဘယ်လို အဖြေပေးကြမလဲ? နဖူးပေါ်ကို လက်တင်၍ဖြစ်စေ, လက်ပေါ်ကို နဖူးတင်၍ဖြစ်စေ အဖြေပေးနိုင်အောင် သေသေချာချာ စဉ်းစားထားကြပါ။

နောက်တစ်ခုကတော့ တရားစစ် တရားမှန်ကို တကယ်အလိုရှိနေကြတဲ့ ယောဂီသူတော်စင်တွေရဲ့ သန္တာန်မှာ တကယ်ထင်ရှား တည်ရှိနေရမည့် ပဓာနိယင်္ဂတရား ငါးပါး အကြောင်းကိုလည်း၃၀ ဒီနေရာမှာ ဆက်ပြီးတော့ ပြောချင်သေးတယ်။

ပဓာနိယင်္ဂတရား ငါးပါး

တစ်ချိန်မှာ ဗောဓိမင်းသားက မြတ်စွာဘုရားရှင်အား မေးခွန်းတစ်ခုကို မေးမြန်းလျှောက်ထားခဲ့ဖူးတယ်။ ဘယ်လိုလျှောက်ထားသလဲ ..?

မြတ်စွာဘုရား... ဘုရားရှင်ကဲ့သို့သော ဆိုဆုံးမပေးတော်မူမည့်, နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင်ပေးတော်မူမည့် ဆရာတစ်ဆူကို ရရှိထားတဲ့ ရဟန်းတော်တစ်ပါးဟာ အဘယ်မျှလောက် အတိုင်းအတာ ပမာဏ အချိန်ကာလအထိ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခဲ့မည်ဆိုလျှင်, အရဟတ္တဖိုလ်ကို ရည်ညွှန်းကာ အိမ်ရာတည် ထောင်တဲ့ လူဘောင်ကို စွန့်ခွာပြီးတော့ အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာကြတဲ့ အမျိုးကောင်းသား အမျိုးကောင်း သမီးတို့ ရောက်သင့်ရောက်ထိုက်တဲ့, အတုမရှိ လွန်မြတ်တဲ့ အရိယမဂ်တည်း ဟူသော မြတ်သော မဂ္ဂဗြဟ္မစရိယလျှင် အဆုံးအပိုင်းအခြား ရှိနေတဲ့ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်ပါသလဲ မြတ်စွာဘုရား ..? ဒီလို သူက ဘုရားရှင်အား မေးမြန်းလျှောက်ထားခဲ့တယ်။

ထိုအခါမှာ ဘုရားရှင်က ပဓာနိယင်္ဂတရား ငါးပါးနှင့် ပြည့်စုံအောင် ပြည့်ပြည့်စုံစုံ အညီအညွတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတော်သာမှန်လျှင် (၇)နှစ်ကို အစထား၍ တစ်နေ့တာအတွင်းမှာပင် ညနေချမ်းအခါ၌ ဆိုဆုံးမတော်မူခဲ့လျှင် နံနက်မိုးသောက်ထအခါ၌, နံနက် မိုးသောက်ထအခါ၌ ဆိုဆုံးမတော်မူခဲ့လျှင် ညနေချမ်းအခါ၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ပါကြောင်းကို ပြန်လည်မိန့်ကြားတော်မူလိုက်ပါတယ်။ ဒီပဓာနိယင်္ဂတရား ငါးပါးအကြောင်းကို ဆက်လက်ပြီးတော့ ရှင်းလင်းကြ ရအောင် ..။

၁။ သဒ္ဓါတရားရှိခြင်း

ဒီနေရာမှာ သဒ္ဓါတရားက လေးမျိုး ရှိနေပါတယ် ..။

သဗ္ဗညုဘုရားအလောင်းတော်တို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ သဒ္ဓါ တရားကတော့ သဗ္ဗညုတဉာဏ်ရရှိဖို့ရန် ရည်သန်တောင့်တတော်မူကာ ဆုထူးပန်ထွာတော်မူခဲ့တဲ့အချိန်အခါကာလမှ စပြီးတော့ ဆင်းသက်လာတော် မူခြင်းကြောင့် အာဂမနသဒ္ဓါလို့ ခေါ်ဆိုတယ်။

အရိယာသူတော်ကောင်းတို့ရဲ့ သဒ္ဓါတရားကတော့ အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်ခြင်းဖြင့်, တစ်နည်းဆိုရလျှင် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့ကို ထိုးထွင်းသိမြင်ခြင်းဖြင့် ရရှိလာတဲ့ သဒ္ဓါတရားဖြစ်ခြင်းကြောင့် အဓိဂမသဒ္ဓါလို့ ခေါ်ဆိုတယ်။

ပုထုဇန်သူတော်ကောင်းတို့ရဲ့ သန္တာန်ဝယ် -- ဗုဒ္ဓေါ ဓမ္မော သံဃောလို့ ပြောဆိုသံကို ကြားလိုက်တဲ့အခါ ရတနာသုံးပါးတို့အပေါ်၌ လှုပ်ရှားမှု မရှိတော့ဘဲ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားကိုတော့ ဩကပ္ပနသဒ္ဓါလို့ ခေါ်ဆိုတယ်။

ပုထုဇန်သူတော်ကောင်းတို့ရဲ့ သန္တာန်ဝယ် ရတနာသုံးပါးတို့ အပေါ်၌ စိတ်ကြည်လင်ရုံမျှ ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရားကိုတော့ ပသာဒသဒ္ဓါလို့ ခေါ်ဆိုပါတယ်။

ဒီနေရာမှာကတော့ ဩကပ္ပနသဒ္ဓါတရား ထင်ရှားရှိခြင်းကို ရည်ညွှန်း ထားတော်မူပါတယ်။၃၁

အရဟံအစ ဘဂဝါအဆုံးရှိတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော် ကိုးပါးလို့ ခေါ်ဆိုအပ်တဲ့ ဗောဓိဉာဏ်တော်မြတ်အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိရမည်။ ဒီနေရာမှာ တရားအားထုတ်နေတဲ့ တပည့်သာဝက တစ်ဦးဟာ အထူးသဖြင့် ဘုရားရှင်ရဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဗုဒ္ဓဂုဏ်တော် ဒီဂုဏ်တော် နှစ်မျိုးတို့အပေါ်၌ အထူးသဖြင့် ပို၍ ပို၍ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝရှိဖို့ကတော့ အထူးလိုအပ်ပါတယ်။

ဘုရားရှင်သည် ဆရာမကူ သယမ္ဘူဉာဏ်တော်မြတ်ဖြင့် အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော် မူခဲ့တယ်၊ ဒါကတော့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဖြစ်ပါတယ်။ ဘုရားရှင်သည် ဆရာမကူ သယမ္ဘူဉာဏ်တော်မြတ်ဖြင့် အရိယသစ္စာလေးရပ် တရားမြတ် တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီးတဲ့အခါ တပည့် သာဝကတို့ကိုလည်းပဲ အရိယာသစ္စာလေးရပ် တရားမြတ်တို့ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ဟောကြားပြသ ဆိုဆုံးမပေးတော် မူပါတယ်၊ ဒါကတော့ ဗုဒ္ဓဂုဏ်တော် ဖြစ်ပါတယ်။ တရားအားထုတ်နေတဲ့ ဘုရားရှင်ရဲ့ တပည့်သာဝကတစ်ဦးဟာ ဒီဂုဏ်တော် နှစ်မျိုးတို့အပေါ်၌ အထူး အလေးဂရုပြုကာ ပို၍ပို၍ ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိဖို့ကတော့ အထူးလိုအပ်နေပါတယ်။ ဘာကြောင့်လဲ ..? ပဓာနိယင်္ဂတရား ငါးပါးလုံးကို ရှင်းလင်းတင်ပြပြီးတဲ့အခါ အဖြေကို ပြောကြရအောင် ..။

၂။ အပ္ပါဗာဓ = အနာရောဂါကင်းခြင်း = ကျန်းမာရေး ကောင်းမွန်ခြင်း

ဒီအင်္ဂါရပ်မှာတော့ ဘုရားရှင်က အနာရောဂါကင်းခြင်း (= ကျန်းမာရေး ကောင်းမွန်ခြင်း)ရဲ့ အကြောင်းရင်းဖြစ်တဲ့, စားလိုက်တဲ့အာဟာရတွေကို အညီ အမျှ ကြေကျက်စေနိုင်တဲ့ စွမ်းအားရှိတဲ့ မပူလွန်း မအေးလွန်းတဲ့ ပါစကဝမ်းမီး နှင့် ပြည့်စုံမှုကို အဓိကရည်ညွှန်းပြီးတော့ ဟောကြားထားတော်မူပါတယ်။ ပါစကဝမ်းမီးဆိုတာကတော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္မဇရုပ်တွေထဲမှာ အကျုံးဝင်နေတဲ့, ဇီဝိတ လျှင်ကိုးခုမြောက်ရှိတဲ့ ဇီဝိတနဝကရုပ်ကလာပ်တွေထဲမှာ ပါဝင်နေတဲ့ တေဇောဓာတ်တစ်မျိုးကိုပင် အစာကို ကြေကျက်သွားအောင် ချေချက်ပေးနိုင် တဲ့အတွက် ပါစကဝမ်းမီးလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီပါစကဝမ်းမီးက အလွန်ပြင်းထန်လို့ အလွန်အရှိန်အဝါကောင်းလို့ စားလိုက်တဲ့ အစာအာဟာရ တွေကို တစ်ခဏချင်းအတွင်းမှာပင် ချေဖျက်ပစ်လိုက်မည်ဆိုလျှင် နောက်ထပ် အစာသစ်တွေကို ထပ်ခါထပ်ခါ ထည့်ပေးရမှာဖြစ်တယ်။ အကယ်၍ ထပ်ထည့်မပေးနိုင်လျှင် အစာသစ်အိမ် ဝမ်းရေလွှာကို လောင်မြိုက်နေတဲ့ အတွက် ကျန်းမာရေးတွေက ချို့တဲ့လာနိုင်တယ်၊ အစာအိမ်ရောဂါတွေ ဖြစ်ပေါ်လာနိုင်တယ်။ အကယ်၍ ဒီပါစကဝမ်းမီးက အလွန်အေးလွန်းလို့ အလွန်ညံ့လို့ အလွန်နုံ့လို့ စားလိုက်တဲ့ အစာအာဟာရတွေကို ကောင်းမွန်စွာ မချေဖျက်နိုင်ဘူးဆိုလျှင်လည်း အစာမကြေကျက်ခြင်းစတဲ့ ရောဂါအမျိုးမျိုး တွေ ဖြစ်ပေါ်လာကာ ခွန်အားတွေ ဆုတ်ယုတ်လာတတ်ပြန်တယ်။

ဒီလို ကျန်းမာရေး မကောင်းမွန်တဲ့သူတွေဟာ တရားဘာဝနာကို စွမ်းစွမ်းတမံ ကျင့်ကြံကြိုးကုတ် ကြိုးစားအားထုတ်မှုကို မပြုလုပ်နိုင် ကြတော့ဘူး။ ဒါကြောင့် ဒီအင်္ဂါရပ်မှာ အစာကို အညီအမျှ ကြေကျက် စေတတ်တဲ့ ပါစကဝမ်းမီး ရှိခြင်းကို ပဓာနထားကာ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။

၃။ မာယာ သာဌေယျ ကင်းစင်ခြင်း

မိမိမှာ ထင်ရှားရှိနေတဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ထားခြင်း ဖုံးကွယ်နေခြင်းသဘောကို မာယာ၊ မိမိမှာ ထင်ရှားမရှိတဲ့ သီလတရား စျာန်သမာဓိတရား ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ထင်ရှား ရှိသယောင် ထုတ်ဖော်ပြနေခြင်း ချီးမွမ်းစကားတွေ ပြောဆိုနေခြင်းကို သာဌေယျလို့ ခေါ်ဆိုပါတယ်။၃၂ မာယာ သာဌေယျ ဒီနှစ်မျိုးထဲမှာ သာဌေယျ က မာယာထက် သာလွန်အားကောင်းတဲ့ လှည့်ပတ်တတ်တဲ့ ဝဉ္စနာခေါ်တဲ့ လောဘဦးဆောင်တဲ့ အကုသိုလ်တစ်မျိုး ဖြစ်ပါတယ်။၃၃

သမထ ဝိပဿနာဘာဝနာတွေကို မဂ်ဆိုက်ဖိုလ်ဆိုက်သည့်တိုင်အောင် တကယ်တမ်း အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် လိုတဲ့ သူတော်ကောင်းမှန်လျှင် ဒီလို မာယာ သာဌေယျ အလှည့်အပတ်တွေ ကင်းကင်းရှင်းရှင်းနဲ့ ဘုရားရှင်ရဲ့ ထံတော်မှောက်၌ဖြစ်စေ သို့မဟုတ် ဆရာသမားရဲ့ထံ၌ဖြစ်စေ သီတင်းသုံးဖော်တို့ရဲ့ထံ၌ဖြစ်စေ သိလျှင် သိသည့် အတိုင်း, မသိလျှင်မသိသည့်အတိုင်း, ရှုလို့ရလျှင် ရှုလို့ရသည့်အတိုင်း, ရှုလို့ မရလျှင် ရှုလို့မရသည့်အတိုင်း, အမှန်ကို အမှန်အတိုင်းသာ ဝန်ခံ လျှောက်ထားပြောကြားရမှာဖြစ်တယ်။

ဒီအင်္ဂါရပ်ကတော့ တရားစစ် တရားမှန်ကို တကယ်တမ်း အလိုရှိနေတဲ့ သူတော်ကောင်းတွေအတွက် အလွန်အရေးကြီးတဲ့ အင်္ဂါရပ် တစ်ခုပဲ ဖြစ်ပါ တယ်။ စျာန်သမာဓိတွေကို တကယ်ထူထောင်လို့ မရဘဲ ထူထောင်လို့ ရပါ တယ်လို့, ရုပ်တရားတွေကို ပရမတ်သို့ဆိုက်အောင် တကယ်ရှုလို့မရဘဲ ရှုလို့ရ ပါတယ်လို့, နာမ်တရားတွေကို ပရမတ်သို့ဆိုက်အောင် တကယ်ရှုလို့ မရဘဲ ရှုလို့ရပါတယ်လို့, ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘော တရားတွေကို တကယ်ရှုလို့မရဘဲ ရှုလို့ရပါတယ်လို့, ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်း အရာတွေကို တကယ်ရှုလို့မရဘဲ ရှုလို့ရပါတယ်လို့ -- ဒီလို အမှတ် (၅) သူခိုး အကြီးစား လုပ်နေတဲ့ ယောဂီတစ်ဦးကို ဆရာသမားတွေဘက်ကလည်း သစ္စာ လေးရပ် တရားမြတ်တွေကို ဉာဏ်ပညာမျက်စိဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိမြင်သည့်တိုင်အောင် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သင်ကြား ပေးလို့ ရနိုင်တော့မှာလဲ..? သူခိုးကြီးတွေ သွားတဲ့လမ်းအတိုင်းသာ ချောချောမောမော အေးအေးဆေးဆေးနဲ့ သွားပါတော့လို့ ပြောရတော့မလို ဖြစ်နေပါတယ်။

၄။ အာရဒ္ဓဝီရိယ = အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိခြင်း

အကုသိုလ်တရားတွေကို ပယ်ရှားနိုင်ရေးအတွက် မရရှိသေးတဲ့ သီလ ကုသိုလ်, ဥပစာရ အပ္ပနာ နှစ်ဖြာသော စျာန်သမာဓိကုသိုလ်, ဝိပဿနာ ကုသိုလ်, အရိယမဂ်ကုသိုလ်လို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်တရား အမျိုးမျိုးတွေ ကို ရရှိရေးအတွက် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာစေရေးအတွက် စွမ်းအင်ကြီးမား တဲ့ လုံ့လဝီရိယ, မြဲမြံခိုင်ခံ့တဲ့ လုံ့လဝီရိယ, တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်အောင် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ, နောက်ကြောင်းသို့ ဘယ်တော့ မှ ပြန်မဆုတ်တဲ့ ကုသိုလ်တရားတွေ ပြည့်စုံလာရေးအတွက် မိမိထမ်းဆောင်ရ မည့် သီလ သမာဓိ ပညာဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပစ်ချမထားတဲ့ အပြင်း အထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ ရှိရမည်။

ဒီအင်္ဂါရပ်ကလည်း အလွန် လိုအပ်ပါတယ်။ ဟိုဟာတွေကို အကြောင်း ပြ, ထိုဟာတွေကို အကြောင်းပြ, ညောင်ညက်ညောင်ညက် လုပ်နေတာတွေကို တော့ ဘုရားရှင်က နှစ်ခြိုက်တော် မမူပါဘူး။ မဂ်ဖိုလ် နိဗ္ဗာန်ကို တကယ်လိုချင် လျှင် ဘုရားမကြိုက်တဲ့ အလုပ်ကိုတော့ မလုပ်မိအောင်သာ ကြိုးစားပါ။

၅။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း

အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စတဲ့ အကြောင်း သမုဒယသစ္စာ တရားတို့ရဲ့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စတဲ့ အကြောင်း သမုဒယသစ္စာတရားတို့ရဲ့ အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားတို့ရဲ့ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းပုံကိုလည်းကောင်း, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စတဲ့ အကြောင်း သမုဒယသစ္စာ တရားတို့နှင့် တကွ အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ ခဏအားဖြင့် ဥဒယ+ဝယ သဘောကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ ပိုင်းပိုင်းခြားခြား ထိုးထွင်းသိမြင် တတ်တဲ့ ဥဒယဗ္ဗယဉာဏ်နှင့်လည်း ပြည့်စုံရမည်။ အကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှု ပျက်မှုကို ထိုးထွင်းသိနေတဲ့ ဥပက္ကိလေသ ဆယ်ပါးတို့မှ လွတ်မြောက်သွားတဲ့ ဝိပဿနာဉာဏ်, ယင်းသင်္ခါရတရားတို့ရဲ့ အပျက် သက်သက်ကို သိနေတဲ့ ဝိပဿနာဉာဏ် -- ဒီဝိပဿနာဉာဏ်တွေ ကတော့ ဖြူစင်မြင့်မြတ်တဲ့, ကိလေသာထု အစိုင်အခဲတွေကို တဒင်္ဂအားဖြင့် ဖြိုခွဲ ဖျက်ဆီးခြင်းငှာ စွမ်းနိုင်တဲ့ ဝိပဿနာဉာဏ်ပညာတွေ ဖြစ်ကြပါတယ်။ ဒီလို ဝိပဿနာဉာဏ်တွေနဲ့လည်း ပြည့်စုံရမည်။၃၄

ဒီစကားရပ်အားလုံးကတော့ ဝိပဿနာဉာဏ်အားလုံးကိုပင် ရည်ညွှန်း ထားကြောင်းကို အဋ္ဌကထာများက ဖွင့်ဆိုထားကြပါတယ်။၃၅

ဒီလို ဝိပဿနာဉာဏ်အားလုံး အဝင်အပါဖြစ်နေတဲ့ ပဓာနိယင်္ဂတရား ငါးပါးစလုံးနှင့် ပြည့်စုံညီညွတ်နေတဲ့ ကျွတ်ထိုက်သသူ တပည့်ဝေနေယျ သာဝကတစ်ဦးကို ဘုရားရှင်ကဲ့သို့သော ဆရာတစ်ဆူက ညနေချမ်းအခါ၌ ဆိုဆုံးမတော်မူခဲ့လျှင် နံနက်မိုးသောက်ထအခါ၌, နံနက်မိုးသောက်ထအခါ၌ ဆိုဆုံးမတော်မူခဲ့လျှင် ညနေချမ်းအခါ၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက် နိုင်ပါကြောင်းကို ဘုရားရှင်က ဒီဗောဓိရာဇကုမာရသုတ္တန်မှာ၃၀ ဟောကြားထား တော်မူခဲ့ပါတယ်။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်နှင့် ဗုဒ္ဓဂုဏ်တော်တို့အပေါ်၌ ယုံကြည်မှု သဒ္ဓါတရား ရှိမှုရဲ့ အရေးကြီးပုံကို ဆက်ပြောကြရအောင် ..။

__________

သစ္စာလေးပါးကို ရှင်းလင်းတင်ပြသည့်အပိုင်း

သစ္စာလေးရပ် တရားမြတ်

ဒီအရဟတ္တဖိုလ်တိုင်အောင်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်အားလုံး တို့ဟာ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင်တော်မူတဲ့ ဉာဏ်တော်မြတ်တွေကြီးသာ ဖြစ်ကြပါတယ်။ ဒီလို အရိယမဂ်ဉာဏ်တွေက ထိုးထွင်းသိမြင်လိုက်တဲ့ သစ္စာလေးရပ် တရားမြတ်တို့ အကြောင်းကို အကျဉ်းချုပ်ကာ ဆက်လက်ပြီး ပြောကြရအောင် ..။

ပဌမကောဋိဂါမသုတ္တန်

ဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံတော်မူမည့် နောက်ဆုံးနှစ်မှာ ပရိနိဗ္ဗာန် မစံတော်မူမီ အချိန်ကာလတို့၌ ဝဇ္ဇီတိုင်းအတွင်းရှိ ဝေသာလီပြည် ပတ်ဝန်းကျင်တို့၌ လှည့်လည်ကာ သီတင်းသုံးစံနေတော်မူလျက် ရှိခဲ့ပါတယ်။ တစ်ချိန်မှာတော့ ကောဋိဂါမရွာသို့ ဆိုက်ရောက်တော်မူခဲ့ပါတယ်။ ထိုရွာမှာ ဘုရားရှင်က ရဟန်းတော်တို့ကို သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတော်ကို ဒီလို ဟောကြားပေးတော်မူခဲ့ပါတယ်။

ချစ်သား ရဟန်းတို့ ...အရိယသစ္စာလေးရပ် တရားမြတ်တို့ကို အနုဗောဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်ဖြင့်လည်း ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ပဋိဝေဓဉာဏ်လို့ ခေါ်ဆို အပ်တဲ့ အရိယမဂ်ဉာဏ်ဖြင့်လည်း ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့်၃၆, ၃၇ ငါဘုရားရှင်ရော သင်ချစ်သားတို့တစ်တွေရော ဤသို့ကလောက် ရှည်လျား လှတဲ့ သံသရာခရီးထဲမှာ ရှည်မြင့်လှစွာသော အချိန်ကာလတို့ပတ်လုံး ဤဘဝ မှ ထိုဘဝသို့, ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ရတယ်။ တစ်ခုသောဘဝမှာလည်း ထပ်ခါထပ်ခါ ကျင်လည် ကျက်စား ပြေးသွားခဲ့ရတယ်။

အဘယ် အရိယသစ္စာလေးရပ် တရားမြတ်ကို မသိတာလဲ..? ဒုက္ခအရိယသစ္စာတရားကို။ ပ ။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တရားကို။ ပ ။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို။ ပ ။ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို အနုဗောဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်ဖြင့်လည်း ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့်, ပဋိဝေဓဉာဏ်လို့ ခေါ်ဆို အပ်တဲ့ အရိယမဂ်ဉာဏ်ဖြင့်လည်း ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်ရော သင်ချစ်သားတို့တစ်တွေရော ဤသို့ကလောက် ရှည်လျား လှတဲ့ သံသရာခရီးထဲမှာ ရှည်မြင့်လှစွာသော အချိန်ကာလတို့ပတ်လုံး ဤဘဝ မှ ထိုဘဝသို့, ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန် ကျင်လည် ကျက်စား ပြေးသွားခဲ့ရတယ်။ တစ်ခုသောဘဝမှာလည်း ထပ်ခါထပ်ခါ ကျင်လည် ကျက်စား ပြေးသွားခဲ့ရတယ်။

ချစ်သား ရဟန်းတို့ ... ယခုအခါမှာတော့ ငါဘုရားရှင်ဟာ ဒုက္ခအရိယသစ္စာတရား။ ပ ။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား။ ပ။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား။ ပ ။ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရား -- ဤအရိယသစ္စာ လေးရပ် တရားမြတ်တို့ကို အနုဗောဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ် ဖြင့်လည်း ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ထိုးထွင်း၍ သိမြင်အပ်ပြီးပြီ၊ ပဋိဝေဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ အရိယမဂ်ဉာဏ်ဖြင့်လည်း ထိုးထွင်း၍ သိမြင်အပ် ပြီးပြီ၊ ဘဝရဲ့အရင်းအမြစ်ဖြစ်တဲ့ တဏှာကို အကြွင်းမဲ့ ဖြတ်တောက်ပြီးပြီ၊ ဘဝကို သွယ်တန်းပေးနေတဲ့ မြောင်းနဲ့တူတဲ့ တဏှာတရားကို အကြွင်းမဲ့ ပယ်နုတ်အပ်ပြီးပြီ၊ ယခုအခါမှာ ဘဝသစ်၌ ထပ်မံဖြစ်ရခြင်းသည် မရှိတော့ပြီ ဟု ဒီလို မိန့်ကြားတော်မူပါတယ်။

ဒီသုတ္တန်မှာ ဘုရားရှင်ဟာ မိမိကိုယ်တော်တိုင် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို အနုဗောဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်ဖြင့် လည်း ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ထိုးထွင်း၍ သိမြင်ပါကြောင်း, ပဋိဝေဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ အရိယမဂ်ဉာဏ်ဖြင့်လည်း ထိုးထွင်း၍ သိမြင်ပါ ကြောင်း, ဒီလို ထိုးထွင်းသိမြင်တဲ့အတွက် ဘဝတွေရဲ့ အကြောင်းရင်းမြစ် ဖြစ်တဲ့ တဏှာသမုဒယသစ္စာတရားကို ပယ်နုတ်နိုင်ကြောင်း, ဒီလို ပယ်နုတ်နိုင် တဲ့အတွက် ဘဝရဲ့ အဆုံးအပိုင်းအခြားသို့ ရောက်ရှိနေပါကြောင်းတို့ကို ဝန်ခံကာ ဟောကြားထားတော်မူခဲ့ပါတယ်။၃၈

အလားတူပင် တပည့်သာဝကတွေကိုလည်း ဘဝအဆုံးအပိုင်းအခြားလို့ ခေါ်ဆိုအပ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားသို့ ရောက် အောင် အတုလိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်စေတော်မူလိုတဲ့ အတွက် ကူဋာဂါရသုတ္တန်မှာ၃၉ ဘုရားရှင်က ဒီလို တိုက်တွန်းထားတော်မူခဲ့ ပါတယ်။

ကူဋာဂါရသုတ္တန်

ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်ကတော့ ပြောလာပြီ။ ဘယ်လို ပြောသလဲ? - ငါဟာ ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ, ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို။ ပ ။ ဒုက္ခချုပ်ရာ နိရောဓ အရိယသစ္စာတရားကို။ ပ ။ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ ..ငါဟာ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်ပြမည်လို့ ဒီလို ပြောဆိုလာခဲ့မည်ဆိုလျှင် ပြောဆိုတဲ့အတိုင်း ဖြစ်နိုင်ရာတဲ့ ဒီအကြောင်း အရာမျိုးဟာ မရှိနိုင်ပါဘူး။

ဒီလို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ဥပမာတစ်ခုပြကာ တရားတော်ကို ဆက်လက်ပြီး ဟောကြားတော်မူပါတယ်။ ဒီဥပမာရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ။

အထွဋ်တပ်တဲ့ ပြာသာဒ်ဆောင်ပေါက်နေတဲ့ အိမ်တစ်အိမ်ကို ဆောက်လုပ်လိုတဲ့သူဟာ အိမ်ရဲ့ အောက်ပိုင်းအဆောက်အဦးတွေကို လုံးဝ မဆောက် လုပ်ဘဲ အိမ်ရဲ့ အပေါ်ပိုင်းအဆောက်အဦးသက်သက်ကိုသာ ဆောက်လုပ် ကာ အထွဋ်တပ်တဲ့ ပြာသာဒ်ဆောင်ပေါက်နေတဲ့ အိမ်ကို ဆောက်လုပ်မည် ဆိုလျှင် ဘယ်လိုမှ မဖြစ်နိုင်သလို -- အလားတူပဲ အရိယသစ္စာလေးရပ် တရား မြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်လို့ရနိုင်တဲ့ ဒီအကြောင်းအရာမျိုးဟာ ဘယ်လိုမှ မရှိနိုင်ပါဘူး။ ဒီလို ဥပမာပြကာ ဆက်လက်ဟောကြားတော်မူပါတယ်။ ဒီလို ဟောကြားတော်မူ ပြီးနောက် သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်လို့ရနိုင်တဲ့ အကြောင်းအရာကိုလည်း ဆက်လက်ကာ ဟောကြားတော်မူပါတယ်။

ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်ကတော့ ပြောလာပြီ။ ဘယ်လို ပြောသလဲ? -- ငါဟာ ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးတဲ့ အခါ၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို။ ပ ။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို။ ပ ။ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးတဲ့ အခါ..ငါဟာ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်ပြ မည်လို့ ဒီလို ပြောဆိုလာခဲ့မည်ဆိုလျှင် ပြောဆိုတဲ့အတိုင်း ဖြစ်နိုင်ရာတဲ့ ဒီအကြောင်းအရာမျိုးဟာ ထင်ရှားရှိနေပါတယ်။

အလားတူပဲ ဥပမာပြကာ တရားတော်ကို ဆက်လက်ဟောကြားတော် မူပါတယ်။ ဒီဥပမာရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ။

အထွဋ်တပ်တဲ့ ပြာသာဒ်ဆောင်ပေါက်နေတဲ့ အိမ်တစ်အိမ်ကို ဆောက် လုပ်လိုတဲ့သူဟာ အိမ်ရဲ့ အောက်ပိုင်းအဆောက်အဦးတွေကို ဆောက်လုပ်ပြီး မှ အိမ်ရဲ့ အပေါ်ပိုင်းအဆောက်အဦးတွေကို ဆောက်လုပ်ကာ အထွဋ်တပ်တဲ့ ပြာသာဒ်ဆောင်ပေါက်နေတဲ့ အိမ်ကို ဆောက်လုပ်မည်ဆိုလျှင် ဖြစ်နိုင်တဲ့ သဘောတရားရှိသလို -- အလားတူပဲ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးတဲ့အခါ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်မည် ဆိုလျှင် ပြုလုပ်လို့ရနိုင်တဲ့ ဒီအကြောင်းအရာမျိုးဟာ ထင်ရှားရှိနေပါတယ်။ ဒီလို ဥပမာပြကာ ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ရဟန်းတော် တို့ကို အောက်ပါအတိုင်း ဆက်လက်ကာ တိုက်တွန်းတော်မူပါတယ်။

ချစ်သားရဟန်းတို့ ... ဒါ့ကြောင့် သင်ချစ်သားတို့တစ်တွေဟာ .. ဤကား ဒုက္ခအရိယသစ္စာတရားလို့ သိအောင် ကြိုးစားအားထုတ်ကြစမ်းပါ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ သိအောင် ကြိုးစား အားထုတ်ကြစမ်းပါ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားလို့ သိအောင် ကြိုးစားအားထုတ်ကြစမ်းပါ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားလို့ သိအောင် ကြိုးစား အားထုတ်ကြစမ်းပါ။

ဒီလို ဘုရားရှင်က တိုက်တွန်းထားတော်မူခဲ့ပါတယ်။

ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ် လိုတဲ့, သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်တဲ့ နိဗ္ဗာန်ကို ရောက် လိုတဲ့ သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းဟာ အနုဗောဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်ဖြင့်လည်း အရိယသစ္စာလေးရပ် တရားမြတ် တို့ကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ထိုးထွင်းသိမြင်အောင်, ပဋိဝေဓဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ အရိယမဂ်ဉာဏ်ဖြင့်လည်း အရိယသစ္စာလေးရပ် တရားမြတ် တို့ကို ထိုးထွင်းသိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမှာ ဖြစ်တယ်။

ဒီနေရာမှာ သစ္စာလေးပါးကို အတိုချုပ်ကာ ပြောကြရအောင် ..။

ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်တဲ့ သစ္စာလေးပါး

ဒုက္ခသစ္စာ

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။၄၀

ဒီလို ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့အတိုင်း ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာလို့ ခေါ်ဆိုအပ်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ဟာ ဒုက္ခသစ္စာတရားတွေ ဖြစ်ကြ ပါတယ်။

ဘာကို ရူပုပါဒါနက္ခန္ဓာလို့။ ပ ။ ဝိညာဏုပါဒါနက္ခန္ဓာလို့ ခေါ်ဆိုသလဲ? ဒီမေးခွန်းရဲ့ အဖြေကိုတော့ ဘုရားရှင်က ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန် မှာ၄၁ --- အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံနယ်မြေအတွင်းမှာ တည်ရှိနေတဲ့, တဏှာ ဒိဋ္ဌိတို့ကပ်ရောက်အပ်တဲ့ ကံက ငါရဲ့အကျိုးတရားလို့ စွဲယူအပ်တဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (=အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)လို့ ခေါ်ဆိုအပ်တဲ့ (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေကြတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာလို့ အသီးအသီး ခေါ်ဆိုကြောင်းကို ရှင်းလင်းဟောကြား ထားတော်မူပါတယ်။

ဒီလို (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ဟာ ဒုက္ခသစ္စာတရားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒုက္ခသစ္စာ စာရင်းထဲမှာ အတိတ် ခန္ဓာငါးပါးတွေလည်း ပါဝင်ကြတယ်၊ အနာဂတ် ခန္ဓာငါးပါးတွေလည်း ပါဝင်ကြတယ်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတွေလည်း ပါဝင် ကြတယ်၊ အဇ္ဈတ္တခန္ဓာငါးပါးတွေလည်း ပါဝင်ကြတယ်၊ ဗဟိဒ္ဓ ခန္ဓာငါးပါး တွေလည်း ပါဝင်ကြတယ် .. ဒီလိုစသည်ဖြင့် သဘောပေါက်ကြပါ။

သမုဒယသစ္စာ

ဘုရားရှင်သည် ကျွတ်ထိုတ်သသူ တပည့်ဝေနေယျတို့ရဲ့ အလိုအကြိုက် အဇ္ဈာသယဓာတ်ကို လိုက်ကာ, ဣန္ဒြေ အနုံ့အထက် အနုအရင့်သို့ လိုက်ကာ နည်းမျိုးစုံဖြင့် သမုဒယသစ္စာကို ဟောကြားပြသတော်မူခဲ့ပါတယ်။ နည်းမျိုးစုံ ဟောကြားထားတော်မူသော်လည်း ဆိုလိုရင်းအဓိပ္ပာယ်မှာ အားလုံးပင် တူညီလျက် ရှိပါတယ်။ အားလုံးကတော့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (=ပဋိစ္စသမုပ္ပါဒ်)သဘောတရားကို ဦးတည်လျက်ပင် ရှိပါတယ်။ ဒါကြောင့် ဘုရားရှင်က အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်မှာ၄၂ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားတို့ရဲ့ အကြောင်းနှင့် အကျိုး ဆက်စပ်ကာ အထပ်ထပ် ဖြစ်ပေါ်ပုံအစဉ်ကို သမုဒယသစ္စာလို့ ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။

ရဟန်းတို့ ... အဘယ်ကို သမုဒယသစ္စာလို့ ခေါ်ဆိုပါသလဲ?

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏

သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏

ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်-ရုပ်ဖြစ်၏

နာမ်-ရုပ်ဖြစ်ခြင်းကြောင့် သဠာယတနဖြစ်၏

သဠာယတနဖြစ်ခြင်းကြောင့် ဖဿဖြစ်၏

ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏

ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်၏

တဏှာဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်၏

ဥပါဒါန်ဖြစ်ခြင်းကြောင့် ကမ္မဘဝ+ဥပပတ္တိဘဝဖြစ်၏

ကမ္မဘဝဖြစ်ခြင်းကြောင့် ပဋိသန္ဓေတည်နေရခြင်း ဇာတိဖြစ်၏

ဇာတိဖြစ်ခြင်းကြောင့် အိုရခြင်း (= ဇရာ), သေရခြင်း (= မရဏ) ဖြစ်၏၊ စိုးရိမ်ရခြင်း (= သောက), ငိုကြွေးမြည်တမ်းရခြင်း (= ပရိဒေဝ), ကိုယ်ဆင်းရဲ ရခြင်း (= ဒုက္ခ), စိတ်ဆင်းရဲရခြင်း (= ဒေါမနဿ), ပြင်းစွာ ပူပန်ရခြင်း (=ဥပါယာသ)တရားတို့ ထင်ရှားဖြစ်ကြကုန်၏။

ဤသို့လျှင် ချမ်းသာသုခမဖက် သက်သက်သော ဆင်းရဲဒုက္ခ အစုအပုံ သည် ထင်ရှားဖြစ်ပေါ်လာ၏။ ရဟန်းတို့ ... ဤကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားတို့ရဲ့ ဖြစ်စဉ်ကို သမုဒယသစ္စာလို့ ခေါ်ဆို ပါတယ် --- ဒီလို ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။

ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အကျဉ်းချုပ်လိုက်လျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့က အကြောင်း သမုဒယသစ္စာတရားတွေ ဖြစ်ကြတယ်။ ဝိညာဏ် နာမ်-ရုပ် သဠာယတန ဖဿ ဝေဒနာတို့က အကျိုး ဒုက္ခသစ္စာ တရားတွေ ဖြစ်ကြတယ်။

အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ ဝိညာဏ် နာမ်-ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုး ဒုက္ခသစ္စာတရားတွေ ထင်ရှား ဖြစ်ပေါ်လာကြရတယ်။

အလားတူပဲ .. ဒီပစ္စုပ္ပန်ဘဝမှာ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ် နာမ်-ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာကြလိမ့်မည်။

အလားတူပဲ .. အတိတ်အဆက်ဆက်ဘဝတွေနှင့် သံသရာခရီး မဆုံးသေးသူတို့အတွက် အနာဂတ်ဘဝအဆက်ဆက်တွေကိုလည်း ပုံစံတူ သဘောပေါက်ပါ။

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးဟာ ဒီလို သမုဒယသစ္စာတရားတွေကြောင့် ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်နေပုံကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရမှာ ဖြစ်ပါတယ်။

နိရောဓသစ္စာ

ဘုရားရှင်ဟာကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘော တရားတို့ရဲ့ ချုပ်ငြိမ်းမှုအစဉ်ကိုလည်း နိရောဓသစ္စာအဖြစ်နဲ့ ဒီတိတ္ထာယတနသုတ္တန်မှာပဲ၄၂ ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။

ရဟန်းတို့ ... အဘယ်ကို နိရောဓသစ္စာလို့ ခေါ်ဆိုပါသလဲ?

အဝိဇ္ဇာရဲ့ (အရဟတ္တမဂ်ကြောင့်) အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရချုပ်၏

သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏

ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်-ရုပ်ချုပ်၏

နာမ်-ရုပ်ချုပ်ခြင်းကြောင့် သဠာယတနချုပ်၏

သဠာယတနချုပ်ခြင်းကြောင့် ဖဿချုပ်၏

ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏

ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်၏

တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏

ဥပါဒါန်ချုပ်ခြင်းကြောင့် ကမ္မဘဝ+ဥပပတ္တိဘဝချုပ်၏

ကမ္မဘဝချုပ်ခြင်းကြောင့် (အနာဂတ်ဘဝဝယ်) ပဋိသန္ဓေတည်နေရခြင်း (= ဇာတိ) ချုပ်၏

ဇာတိချုပ်ခြင်းကြောင့် အိုရခြင်း (= ဇရာ), သေရခြင်း (= မရဏ) ချုပ်၏၊ စိုးရိမ်ရခြင်း (= သောက), ငိုကြွေးမြည်တမ်းရခြင်း (= ပရိဒေဝ), ကိုယ်ဆင်းရဲ ရခြင်း (= ဒုက္ခ), စိတ်ဆင်းရဲရခြင်း (= ဒေါမနဿ), ပြင်းစွာ ပူပန်ရခြင်း (=ဥပါယာသ)တရားတို့ ချုပ်ကြကုန်၏။

ဤသို့လျှင် ချမ်းသာသုခမဖက် သက်သက်သော ဆင်းရဲဒုက္ခအစုအပုံ၏ ချုပ်ငြိမ်းခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ရဟန်းတို့ ... ဤ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတို့ရဲ့ ချုပ်ငြိမ်းမှုအစဉ်ကို နိရောဓသစ္စာလို့ ခေါ်ဆိုပါတယ် ---

ဒီလို ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။

ဒီနေရာမှာလည်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတို့ရဲ့ (အရဟတ္တမဂ်ကြောင့်) အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် ဝိညာဏ် နာမ်-ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကို နိရောဓသစ္စာလို့ ဘုရားရှင်က ဟောကြား ထားတော်မူခဲ့ပါတယ်။ ဘယ်အချိန်အခါမှာ ဒီလို အကြောင်း-အကျိုးတွေဟာ ချုပ်ငြိမ်းသွားကြမှာလဲ?

အကြောင်း-အကျိုးတို့ရဲ့ ချုပ်ငြိမ်းမည့်အချိန်

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အစီ အစဉ်တကျ စီးဖြန်းလာလေရာ ဥဒယဗ္ဗယဉာဏ်ပိုင်းကို ရောက်ရှိတဲ့အခါ အထက်က ရှင်းပြခဲ့တဲ့အတိုင်း အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ ထင်ရှားဖြစ်ပေါ် လာခြင်းကိုသာ ဝိပဿနာဉာဏ်ပညာမျက်စိဖြင့် သိအောင် မြင်အောင် ရှုရသည်သာ မဟုတ်သေး၊ အကြောင်း သမုဒယသစ္စာတရားတို့ရဲ့ အကြွင်း အကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားပုံ ကိုလည်း သိအောင် မြင်အောင် ရှုရတော့မှာ ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂမဟာဋီကာတို့ရဲ့၄၃,၄၄ ဖွင့်ဆိုချက်အရ ဒီဥဒယဗ္ဗယ ဝိပဿနာဉာဏ်ပိုင်းကို အားသစ်လျက်ရှိနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ ဒီဘဝ မှာသော်လည်းကောင်း, နောင်အနာဂတ်ဘဝတစ်ခုခုမှာသော်လည်းကောင်း အနာဂတ်တစ်ချိန်ချိန်မှာ အရဟတ္တမဂ်ကို ရရှိတော့မှာ ဖြစ်တယ်။ ဒီလို အရဟတ္တမဂ်သို့ ဆိုက်ရောက်တဲ့အခါမှာ အရဟတ္တမဂ်ဉာဏ်ရဲ့ စွမ်းအား ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ဟာ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြမှာဖြစ်တယ်။ ဒီလို အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတဲ့အတွက် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ဟာ ဒီဘဝအရဟတ္တမဂ်သို့ မဆိုက်ရောက်မီမှာဘဲဖြစ်စေ, အတိတ်ဘဝထိုထိုကပဲ ဖြစ်စေ ပြုစုပျိုးထောင်ခဲ့တဲ့ သင်္ခါရ ကံတွေကို အထောက်အပံ့ မပေးနိုင်ကြ တော့ဘူး။ ဒီလို အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ရဲ့ အားပေးထောက်ပံ့မှုကို မရရှိ ကြတဲ့ သူပြုစုပျိုးထောင်ခဲ့တဲ့ သင်္ခါရ ကံတွေဟာ နောင်ဘဝသစ်လို့ ခေါ်ဆိုအပ် တဲ့ အနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ ကုန်ခန်းသွား ကြတယ်၊ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားကြတယ်။ ဒီလို အရဟတ္တမဂ်ဉာဏ် ရဲ့ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေရဲ့ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်း သွားကြတဲ့အတွက်, နောင်အနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ထင်ရှားမရှိကြခြင်းကြောင့် နောင်အနာဂတ်ဘဝသစ်မှာ အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေလည်း ထင်ရှားဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအားတွေ မရှိကြတော့ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရား တွေလည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားကြတယ်။ ဒီလို အကြောင်း-အကျိုး နှစ်ရပ်လုံးတို့ရဲ့ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို နိရောဓသစ္စာလို့ ဒီတိတ္ထာယတနသုတ္တန်မှာ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနိရောဓ သစ္စာတရားကတော့ ဥဒယဗ္ဗယာနုပဿနာဉာဏ် (= ဥဒယဗ္ဗယဝိပဿနာ ဉာဏ်)နဲ့ ထိုးထွင်းသိရမည့် နိရောဓသစ္စာတရား ဖြစ်ပါတယ်။

ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ သစ္စာတရား

သစ္စာလေးပါးထဲမှာ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရား နှစ်ပါး ကိုတော့ သံသရာဝဋ်ဆင်းရဲဒုက္ခထဲမှာ အကြောင်းနှင့် အကျိုး ဆက်စပ်ကာ အထပ်ထပ် လည်ပတ်နေကြတဲ့ သစ္စာတရား (= အမှန်တရား)တွေ ဖြစ်ခြင်း ကြောင့် ဝဋ္ဋသစ္စာတရားတွေလို့ ခေါ်ဆိုတယ်။ နိရောဓသစ္စာတရား မဂ္ဂသစ္စာ တရား ဒီသစ္စာတရား နှစ်ပါးကိုတော့ သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ လွတ်ကင်းရာဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်ကြောင်း သစ္စာတရား (= အမှန်တရား) တွေ ဖြစ်ခြင်းကြောင့် ဝိဝဋ္ဋသစ္စာတရားတွေလို့ ခေါ်ဆိုတယ်။၄၅

ဒီလို ဝဋ္ဋသစ္စာတရား ဝိဝဋ္ဋသစ္စာတရား နှစ်မျိုးရှိတဲ့အနက်က ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ရဟန်းတော်ဟာ ဒုက္ခသစ္စာ သမုဒယ သစ္စာခေါ်တဲ့ ဝဋ္ဋသစ္စာ တရားနှစ်ပါးကို အာရုံယူကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရမည်လို့၄၅ ဒီလို သတ်မှတ်ချက်ပေးထားပါတယ်။ ဆိုလိုတာကတော့ ---

၁။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (=အဝေး), သန္တိက (= အနီး)လို့ ခေါ်ဆိုအပ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံလို့ ခေါ်ဆိုအပ်တဲ့, ဒုက္ခသစ္စာ ဖြစ်ပေါ်လာကြောင်း သမုဒယသစ္စာတရား ..

ဒီသစ္စာတရားနှစ်ပါးဟာ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံသစ္စာတရားတွေ ဖြစ်ကြတယ်။ ဒီသစ္စာတရားနှစ်ပါးကိုပင် ရည်ညွှန်းတော်မူကာ ဘုရားရှင်က သဗ္ဗေ သင်္ခါရာ အနိစ္စာ စသည်ဖြင့် ထိုထိုဒေသနာတွေမှာ အလျဉ်းသင့်သလို ဟောကြားထားတော်မူခဲ့တဲ့အတွက် ဒီသစ္စာတရားနှစ်ပါးကို သင်္ခါရတရား တွေလို့လည်း ခေါ်ဆိုပါတယ်။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက အနိုင်နိုင် ပြုပြင်ပေးပါမှ ဖြစ်ပေါ်လာနိုင်တဲ့စွမ်းအား ရှိကြခြင်းကြောင့် ဒီတရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဝိပဿနာဆိုတာ ဘာလဲ?

ယခုတင်ပြထားတဲ့ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရတဲ့ သင်္ခါရဓမ္မ (= သင်္ခါရတရား)တွေကို အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ စသည်ဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုမြင်တတ်တဲ့ ဉာဏ်ကို ဝိပဿနာလို့ ခေါ်ဆိုတယ်။၄၆

ဆိုလိုတာကတော့ ဒီသင်္ခါရတရားတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘော, ပြိုပြိုပျက်ပျက်နေတဲ့သဘော ဒီသဘောတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး တော့ အနိစ္စလို့ ရှုရမည်၊ ဒီသင်္ခါရတရားတွေရဲ့ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက် ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့သဘော, ပြိုပြိုပျက်ပျက် နေတဲ့အတွက် ကြောက်လန့်ဖွယ်ကောင်းတဲ့ အနက်သဘော ဒီသဘောတရား တွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ရှုရမည်၊ ဒီသင်္ခါရတရား တွေဟာ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား, ပြိုပြိုပျက်ပျက်နေတဲ့ အနိစ္စတရား, ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရား, ပြိုပြိုပျက်ပျက်နေတဲ့အတွက် ကြောက်လန့်ဖွယ်ကောင်းတဲ့ ဒုက္ခတရား --- ဒီလို အနိစ္စတရား ဒုက္ခတရားတွေသာ ဖြစ်ခြင်းကြောင့် ဒီသင်္ခါရ တရားတွေထဲမှာ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တဆိုတာ ထင်ရှားမရှိပါဘူး။ ဒီလို ခိုင်မာတဲ့အနှစ်သာရ အတ္တ မရှိမှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုရမည်၊ ဒီလို သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ ဒီလို အမျိုးမျိုး အဖုံဖုံ ရှုနေတတ်တဲ့ ရှုမြင်တတ်တဲ့ ဉာဏ်ကိုသာလျှင် ဝိပဿနာလို့ ခေါ်ဆိုပါတယ်။

ဒီနေရာမှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ယောဂါဝစရ သူတော်စင်တစ်ဦးဟာ ---

၁။ သင်္ခါရတရားတွေကိုလည်း ဉာဏ်နဲ့ မြင်ရမည်။

၂။ ဒီသင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာကိုလည်း ဉာဏ်နဲ့ မြင်ရမည်။

၃။ ဒီသင်္ခါရတရားတွေရဲ့ ဒီလိုအခြင်းအရာတွေကို ဉာဏ်နဲ့ မြင်တွေ့ပြီးတဲ့ အခါကျမှ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ တစ်လှည့်စီ ရှုရမည်။

ဒီလို သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးမှ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်တတ်တဲ့ ဉာဏ်ကို သာလျှင် ဝိပဿနာလို့ ခေါ်ဆိုလိုရင်း ဖြစ်ပါတယ်။

အလွန်ခက်ခဲတဲ့ လုပ်ငန်းရပ်

ပရမာဏုမြူခန့် သေးငယ်တဲ့ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်းမှာ တည်ရှိ နေကြတဲ့ ရုပ်ပရမတ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့် တိုင်အောင် ထိုးထွင်းသိမြင်ဖို့ဆိုတာလည်း အလွန်ခက်ခဲပါတယ်။ နာမ်ပရမတ် တရားတွေဆိုတာလည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ စိတ္တက္ခဏ အကြိမ်ပေါင်း ကုဋေတစ်သိန်းခန့်မျှ အလွန် လျင်လျင်မြန်မြန် ဖြစ်ပြီးပျက်နေ ကြတဲ့ သဘာဝတရားတွေ ဖြစ်ကြခြင်းကြောင့် စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း မှာ တည်ရှိနေကြတဲ့ စိတ်-စေတသိက်နာမ်တရားစုတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် ထိုးထွင်းသိမြင်ဖို့ဆိုတာလည်း အလွန် ခက်ခဲပါတယ်။၄၇

ဒီရုပ်နာမ်ပရမတ်လို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား တွေကိုသာ ယောဂီပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ထိုးထွင်းသိမြင်ဖို့ရန် ခက်ခဲ နက်နဲသည်သာ မဟုတ်သေး၊ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံလို့ ခေါ်ဆိုအပ်တဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာခြင်း, ပစ္စုပ္ပန်ဘဝမှာ ပြုစုပျိုးထောင် နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံလို့ ခေါ်ဆိုအပ်တဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် နောင်အနာဂတ်ဘဝမှာ အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာခြင်းဆိုတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားဖြစ်တဲ့ သမုဒယသစ္စာတရား တွေကို ထိုးထွင်းသိမြင်ဖို့ရန် ဆိုတာလည်း အလွန် ခက်ခဲနက်နဲလှပါတယ်။

အလားတူပဲ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံလို့ ခေါ်ဆိုအပ်တဲ့ အကြောင်း သမုဒယသစ္စာတရားတွေရဲ့ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေရဲ့ အကြွင်း အကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဆိုတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတို့ရဲ့ချုပ်စဉ်ဖြစ်တဲ့ နိရောဓသစ္စာတရားကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်ဖို့ရန် ဆိုတာလည်း အလွန် ခက်ခဲ နက်နဲလှပါတယ်။

ဒီ သမုဒယသစ္စာ နိရောဓသစ္စာ တရားနှစ်ပါးတို့ဟာလည်း မဟာ သမုဒ္ဒရာကဲ့သို့ အလွန်နက်နဲတဲ့ သဘောရှိတဲ့အတွက် မြင်းမိုရ်တောင်ဖြင့် ဖုံးအုပ်ထားတဲ့ မုန်ညင်းစေ့ကို ရှာဖွေတွေ့ရှိဖို့ရန် အလွန့်အလွန် ခက်ခဲသလို ဒီသစ္စာတရား နှစ်ပါးကို ယောဂီပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်ဖို့ဆိုတာ အလွန့်အလွန် ခက်ခဲတဲ့သဘော ရှိပါတယ်။

ဒီလိုနက်နဲ ခက်ခဲတဲ့သဘော ရှိခြင်းကြောင့် ပညာမျက်စိမှာ ကိလေသာ မြူမှုန်တွေ ထူပြောနေတဲ့ သတ္တဝါတွေကို မြင်တွေ့တော်မူတဲ့အခါ ဘုရားရှင်ရဲ့ သန္တာန်တော်မှာ သစ္စာလေးရပ် တရားမြတ်တို့ကို ဟောကြားပြသမှု မပြု တော့ဘဲ ကြောင့်ကြမဲ့နေတော်မူရန် စိတ်အစဉ်များ ဖြစ်ပေါ်တော်မူခဲ့ဖူး ပါတယ်။၄၈

သို့သော် နောက်ထပ်တစ်ဖန် ဗုဒ္ဓစက္ခုလို့ ခေါ်ဆိုအပ်တဲ့ ဉာဏ်တော် မြတ်ဖြင့် သတ္တဝါတွေကို လှမ်းမြော်ကြည့်ရှုတော်မူလိုက်တဲ့အခါ ပညာမျက်စိ မှာ ကိလေသာမြူမှုန်တွေ နည်းပါးနေကြတဲ့ သတ္တဝါအချို့တွေကိုလည်း တွေ့မြင်တော်မူခဲ့ပြန်ပါတယ်။ ထိုအခါကျမှ သစ္စာလေးရပ် တရားမြတ်တို့ကို ဟောကြားပြသ ဆိုဆုံးမတော်မူရန် ဆန္ဒတော်များ ဘုရားရှင်ရဲ့သန္တာန်တော် မှာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့ပါတယ်။၄၉

ဤမျှခက်ခဲနက်နဲလှတဲ့ သစ္စာလေးရပ် တရားမြတ်တို့ကို တပည့် သာဝကတွေလည်း ဝိပဿနာဉာဏ်ပညာမျက်စိ အရိယမဂ်ဉာဏ်ပညာ မျက်စိတို့ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နိုင်ရေးအတွက် ရည်သန် တောင့်တတော်မူကာ နည်းလမ်းကောင်းတစ်ခုကို ညွှန်ကြားပြသ ဆိုဆုံးမ ပေးသနားထားတော်မူခဲ့ပါတယ်။ ဘုရားရှင်ပေးသနားတော်မူခဲ့တဲ့ ဒီနည်းလမ်း ကောင်းက ဘာလဲ ..?

သမာဓိကို ထူထောင်ပါ

ဘုရားရှင်သည် သစ္စသံယုတ် သမာဓိသုတ္တန်ဒေသနာတော်မှာ၅၀ သစ္စာ လေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိမြင်နိုင်ရေးအတွက် သမာဓိကို ထူထောင်ကြပါရန် ရဟန်းတော်တို့ကို ဒီလို ဆိုဆုံးမထားတော်မူခဲ့ပါတယ်။

ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ၊ ပွားများကြပါ။ သမာဓိရှိတဲ့ ရဟန်းတော်ဟာ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ်။ ဘာကို ဟုတ်တိုင်းမှန်စွာ သိမှာလဲ? ဤကား ဒုက္ခသစ္စာတရားလို့ ဟုတ်တိုင်း မှန်စွာ သိမည်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရားလို့ ဟုတ်တိုင်း မှန်စွာ သိမည်၊ ဤကား ဒုက္ခချုပ်ကြောင်း နိရောဓသစ္စာတရားလို့ ဟုတ်တိုင်း မှန်စွာ သိမည်၊ ဤကား ဒုက္ခချုပ်ကြောင်း နိရောဓသို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်တဲ့ မဂ္ဂသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမည်။ ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ၊ ပွားများကြပါ။ သမာဓိရှိတဲ့ ရဟန်းတော်ဟာ ဒီ သစ္စာလေးပါး တရားကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ်။

ဒီလို ဘုရားရှင်က တပည့်သာဝကတွေ သစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် သမာဓိကို ထူထောင်ခြင်းဆိုတဲ့ နည်းလမ်းကောင်း တစ်ခုကို ပေးသနားတော်မူခဲ့ပါတယ်။

ဒါကြောင့် သစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်လိုတဲ့ တပည့်သာဝကတစ်ဦးဟာ ဘုရားရှင် ပေးသနားတော်မူခဲ့တဲ့ နည်းလမ်းကောင်း တစ်ခုကို ရိုရိုသေသေ ဦးထိပ် ထက်မှာ ပန်ဆင်လျက် သမာဓိကို ထူထောင်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို စတင်ပြီးတော့ အားသစ်ပါ။

သမာဓိထူထောင်ခြင်းလုပ်ငန်း

သမာဓိထူထောင်ပုံနည်းစနစ်တွေကိုတော့ ဤဌာနမှာ ဆရာသမား တွေက ဆိုင်ရာဆိုင်ရာ တပည့်ယောဂီတွေကို သင်ကြားပေးနေလျက် ရှိပါ တယ်။ မိမိတို့ဆရာသမားတွေ သင်ကြားပေးတဲ့အတိုင်းသာလျှင် အောင်မြင်မှု တွေကို ရရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။ သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိနေတာမှန်သော်လည်း ဒီဌာနမှာတော့ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို စတင်အားထုတ်လိုတဲ့ ယောဂီသူတော်စင်တွေကို အာနာပါနဿတိကမ္မဋ္ဌာန်းက စ၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် သမာဓိထူထောင်ပုံနည်းစနစ်တွေကို သင်ပေးလေ့ ရှိပါတယ်။ သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းက စ၍ သမာဓိထူထောင်လိုတဲ့ ယောဂီသူတော်စင်များကို လည်း ဓာတ်ကမ္မဋ္ဌာန်းကစ၍ ဥပစာရသမာဓိသို့ ဆိုက်သည့်တိုင်အောင် သမာဓိထူထောင်ပုံနည်းစနစ်တွေကို သင်ပေးလေ့ ရှိပါတယ်။ ထိုအာနာပါန စတုတ္ထစျာန်သမာဓိနဲ့ယှဉ်နေတဲ့ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပညာရောင် ဉာဏ်ရောင်လို့ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် အာလောကသုတ္တန်စသည်တို့မှာ၅၁ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဉာဏ်အရောင်အလင်းရဲ့ အကူအညီဖြင့် ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေစတဲ့ (၃၂)ကောဋ္ဌာသ အစုအပုံတွေကို မိမိရဲ့ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်မှာရော အပြင်ဗဟိဒ္ဓ သက်ရှိ လောကသတ္တဝါတွေရဲ့ သန္တာန်မှာရော ဉာဏ်ဖြင့် သိမ်းဆည်းမည်ဆိုလျှင် သိမ်းဆည်းလို့ ရနိုင်ပါတယ်။

အလားတူပဲ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပစာရသမာဓိသို့ ဆိုက်အောင် အောင်အောင်မြင်မြင် သမာဓိကို ထူထောင်နိုင်တဲ့ ယောဂီသူတော်ကောင်း ဟာလည်း ထိုဥပစာရသမာဓိနဲ့ ယှဉ်နေတဲ့ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အရောင်အလင်းရဲ့ အကူအညီဖြင့် (၃၂)ကောဋ္ဌာသအစုအပုံတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာပဲ သိမ်းဆည်းမည်ဆိုလျှင် သိမ်းဆည်းလို့ ရနိုင်ပါတယ်။ သိမ်းဆည်းတယ်ဆိုတာကတော့ ပကတိသော မျက်စိဖြင့် တွေ့မြင်နေရသကဲ့သို့ ဉာဏ်မျက်စိဖြင့် ရှုမြင်လို့ရခြင်းကို ဆိုလိုပါတယ်။

လမ်းသုံးသွယ်

ဒီလို (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာ နိုင်နိုင်နင်းနင်း အဝါးဝစွာ ဉာဏ်ပညာမျက်စိဖြင့် သိမ်းဆည်းနိုင် ပိုင်းခြားနိုင် ရှုလို့ရနိုင်တဲ့ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးဟာ လမ်းသုံးသွယ်တို့တွင် ကြိုက်ရာ လမ်းကို ရွေးချယ်ကာ ရှုပွားနိုင်ကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ မှာ၅၂ ဖွင့်ဆိုလျက် ရှိပါတယ်။ လမ်းသုံးသွယ်ဆိုတာကတော့ ဒီနေရာမှာ --

၁။ ပဋိကူလမနသိကာရလမ်း၊

၂။ အရောင်ကသိုဏ်းလမ်း၊

၃။ ဓာတ်ကမ္မဋ္ဌာန်းအကျယ်ရှုပွားနည်းလမ်းတို့ ဖြစ်ကြပါတယ်။

ဒီနေရာမှာ အရောင်ကသိုဏ်းလမ်းကို ရှေးဦးစွာ ပြောကြရအောင် ..။

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာ (၃၂)ကောဋ္ဌာသတွေကို နိုင်နိုင် နင်းနင်း အဝါးဝစွာ ဉာဏ်ပညာမျက်စိဖြင့် သိမ်းဆည်းနိုင် ပိုင်းခြားနိုင် ရှုလိ့ု ရနိုင်တဲ့ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးဟာ အဇ္ဈတ္တကောဋ္ဌာသတွေကို အာရုံယူလို့ ဖြစ်စေ, ဗဟိဒ္ဓကောဋ္ဌာသတွေကို အာရုံယူလို့ဖြစ်စေ ပို၍ ရှုလို့ ကောင်းတဲ့ အဇ္ဈတ္တ ဗဟိဒ္ဓကောဋ္ဌာသတွေကို အာရုံယူကာ အရောင်ကသိုဏ်းတွေကို ရှုနိုင်ပါတယ်။၅၃

၁။ ဆံပင်ကဲ့သို့ အရောင်ညိုနေတဲ့ ကောဋ္ဌာသတစ်ခုခုကို အာရုံယူကာ အညိုရောင်ကသိုဏ်း = နီလကသိုဏ်း

၂။ ကျင်ငယ်ကဲ့သို့သော အဝါရောင်ကောဋ္ဌာသတစ်ခုခုကို အာရုံယူကာ အဝါရောင်ကသိုဏ်း = ပီတကသိုဏ်း

၃။ နှလုံးအိမ်အတွင်းရှိ သွေးကဲ့သို့သော အနီရောင်ကောဋ္ဌာသတစ်ခုခုကို အာရုံယူကာ အနီရောင်ကသိုဏ်း = လောဟိတကသိုဏ်း

၄။ အရိုးစုကဲ့သို့ အထူးသဖြင့် ဦးခေါင်းခွံကဲ့သို့သော အဖြူရောင်ကောဋ္ဌာသ တစ်ခုခုကို အာရုံယူကာ အဖြူရောင်ကသိုဏ်း = ဩဒါတကသိုဏ်း --

ဒီကသိုဏ်း (၄)မျိုးတို့ကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ရှုနိုင်ပါတယ်။ ဒီကသိုဏ်း (၄)မျိုးထဲမှာလည်း အင်္ဂုတ္တိုရ် တတိယတွဲ ပဌမကောသလသုတ္တန်မှာ၅၄ ဘုရားရှင်က အဖြူရောင်ကသိုဏ်း (= ဩဒါတ ကသိုဏ်း)ကို အသာဆုံး အမြတ်ဆုံးကသိုဏ်းအဖြစ် ချီးမွမ်းမြှောက်စား ထားတော်မူခဲ့ပါတယ်။ အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် အောင်အောင်မြင်မြင် ရှုပွားနိုင်ကြတဲ့ ယောဂီ အများစု ကလည်း အဖြူရောင်ကသိုဏ်းကို ရှုရတာ အခြားကသိုဏ်းတွေကို ပွားများရ တာထက် သမာဓိက ပို၍ပို၍ နက်ရှိုင်းကြောင်း စိတ်ဓာတ်ကလည်း အထူး သဖြင့် ပို၍ပို၍ ကြည်လင်ကြောင်းကို ဝန်ခံစကားပြောကြားကြပါတယ်။

ဒီလို အရောင်ကသိုဏ်း (၄)မျိုးတို့ကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့် တိုင်အောင် အောင်အောင်မြင်မြင် ရှုပွားနိုင်တဲ့ ယောဂီတစ်ဦးဟာ ကြွင်းကျန် နေသေးတဲ့ ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယော ကသိုဏ်း, အာလောကကသိုဏ်း, အာကာသကသိုဏ်းတို့ကို ရှုပွားမည် ဆိုရင်လည်း အောင်အောင်မြင်မြင် ရှုပွားလို့ရနိုင်ပါတယ်။

ကသိုဏ်း (၁၀)ပါးတို့ကို တစ်ခုစီ တစ်ခုစီ အာရုံယူကာ ကသိုဏ်းတိုင်း ကသိုဏ်းတိုင်း၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများ အားထုတ်ထားပြီးတဲ့ ယောဂီသူတော်စင်ဟာ အရူပစျာန် (၄)ပါးတို့ကို ဆက်လက်ကာ ရှုပွားမည်ဆိုလျှင်လည်း လွယ်ကူနေမည်သာ ဖြစ်ပါတယ်။

ရူပါဝစရစျာန် (၄)ပါး, အရူပါဝစရစျာန် (၄)ပါးဆိုတဲ့ စျာန်သမာပတ် (၈)ပါးတို့ကို ပထဝီကသိုဏ်းမှသည် အလင်းရောင် (= အာလောကကသိုဏ်း) သို့တိုင်အောင်သော ကသိုဏ်း (၉)မျိုးတို့၌ ရှုလို့ရနိုင်ပါတယ်။ အာကာသ ကသိုဏ်းကို အာရုံယူကာ ရှုမည်ဆိုလျှင်တော့ ရူပါဝစရစျာန် (၄)ပါးလောက် ကိုသာ ရရှိနိုင်ပါတယ်။

ဒီလို ကသိုဏ်း (၁၀)ပါး စျာန်သမာပတ် (၈)ပါးတို့ကို နိုင်နိုင်နင်းနင်း အောင်အောင်မြင်မြင် ရှုထားပြီးတဲ့ ယောဂီသူတော်ကောင်းရဲ့ သမာဓိဟာ အလွန်အားကောင်းတဲ့ သမာဓိအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒီလို အားကောင်းတဲ့ စျာန်သမာဓိတွေကို အခြေခံပြီးတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရစျာန်တွေကို အားထုတ်မည် ဆိုလျှင်လည်း အောင်အောင်မြင်မြင် အားထုတ်လို့ရနိုင်ပါတယ်။ လိင်တူ အလောင်းကောင်တစ်ခုကို အာရုံယူကာ အသုဘဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ခဲ့မည်ဆိုလျှင်လည်း ပထမစျာန်သမာဓိသို့ ဆိုက်သည်အထိ လွယ်လွယ်ကူကူ ပွားများလို့ ရနိုင်ပါတယ်။ အလားတူပင် ဗုဒ္ဓါနုဿတိ မရဏာနုဿတိ ကမ္မဋ္ဌာန်းတွေကို ဆက်လက်ကာ စီးဖြန်းမည်ဆိုလျှင်လည်း ဥပစာရသမာဓိသို့ ဆိုက်သည့်တိုင်အောင် အလွယ်တကူ စီးဖြန်းလို့ ရနိုင်ပါတယ်။ ဒီစျာန်သမာဓိ လုပ်ငန်းခွင် အဆင့်ဆင့်ကို အသေးစိတ် သိရှိလိုပါက ဝိသုဒ္ဓိမဂ်ကျမ်းကြီးနှင့် နိဗ္ဗာနဂါမိနိပဋိပဒါကျမ်းကြီးတို့မှာ ကြည့်ရှုပါလေ။

လမ်းနှစ်သွယ်

ဒီလို သမာဓိတွေကို အောင်အောင်မြင်မြင် အားထုတ်ပြီးတဲ့ ယောဂီ သူတော်ကောင်းဟာ ဝိပဿနာသို့ ကူးလိုပါက သမထစျာန်ယာဉ်ရှိနေတဲ့ သမထယာနိကပုဂ္ဂိုလ် ဖြစ်နေခြင်းကြောင့် တရားထိုင်တိုင်း ထိုင်တိုင်း မိမိ နှစ်ခြိုက်တဲ့ စျာန်သမာဓိတစ်ခုခုကို ဝိပဿနာရဲ့အခြေခံ စျာန်သမာဓိအဖြစ် ထူထောင်ပါ။ များသောအားဖြင့်တော့ ယောဂီ တော်တော်ခပ်များများဟာ အဖြူရောင်ကသိုဏ်းကို အာရုံယူကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့် တိုင်အောင် သမာဓိကို ထူထောင်လေ့ရှိကြပါတယ်။

သမထယာနိကပုဂ္ဂိုလ်တွေဟာ စျာန်အင်္ဂါတွေကို သိမ်းဆည်းတတ်ကြပြီး ဖြစ်တဲ့အတွက် စျာန်အင်္ဂါတွေကို စတင်သိမ်းဆည်းကာ ဉာဏ်ပညာဖြင့် ပိုင်းခြားယူကာ ဒီစျာန်အင်္ဂါတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူ ယှဉ်တွဲ ကာ ဖြစ်ပေါ်နေကြတဲ့ စျာန်နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းမည် ဆိုလျှင်လည်း သိမ်းဆည်းလို့ရနိုင်ပါတယ်။ အလားတူပဲ ယင်းစျာန်နာမ်တရား တွေနှင့် စျာနသမာပတ္တိဝီထိတစ်ခုရဲ့အတွင်းမှာ အတူတကွ ဖြစ်နေကြတဲ့ စျာနသမာပတ္တိဝီထိနာမ်တရားတွေကို ဆက်လက်ကာ သိမ်းဆည်းမည် ဆိုလျှင်လည်း သိမ်းဆည်းလို့ရနိုင်ပါတယ်။ ဆိုလိုတာကတော့ ဝိပဿနာသို့ ကူးရာ၌ နာမ်ကမ္မဋ္ဌာန်းကစ၍ ရှုခြင်း, ရုပ်ကမ္မဋ္ဌာန်းကစ၍ ရှုခြင်း -- ဒီလို ရှုပွားခြင်း နှစ်မျိုးရှိတဲ့အနက် သမထယာနိကပုဂ္ဂိုလ်ဟာ နာမ်ကမ္မဋ္ဌာန်းက စပြီးတော့ နာမ်တရားတွေကို သိမ်းဆည်းမည် ရှုပွားမည်ဆိုလျှင်လည်း အောင်မြင်မှုကို ရရှိနိုင်တယ်လို့ ဆိုလိုပါတယ်။၅၅

အကယ်၍ သမထယာနိကပုဂ္ဂိုလ်ဟာ နာမ်ကမ္မဋ္ဌာန်းကစ၍ မရှုလိုတဲ့ အတွက် ရုပ်ကမ္မဋ္ဌာန်းကစပြီးတော့ ရှုချင်တယ်ဆိုလျှင်လည်း စျာန်သမထ ယာဉ်မရှိတဲ့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်လိုပဲ ဓာတ်ကြီး (၄)ပါးကို စတင်ကာ သိမ်းဆည်းရှုပွားရန် ဝိသုဒ္ဓိမဂ်အဋ္ဌကထာက၅၆ ညွှန်ကြားလျက်ရှိပါတယ်။

ဘယ်လိုအကြောင်းကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဒီလိုညွှန်ကြားချက် တွေကို ထုတ်ပြန်ကြေညာနေရပါသလဲ? ဒီမေးခွန်းရဲ့ အဖြေကိုတော့ သက္ကပဥှ သုတ္တန်ကို ဖွင့်ဆိုနေတဲ့ ဒီဃနိကာယ်အဋ္ဌကထာ, မဇ္ဈိမနိကာယ် မဟာသတိပဋ္ဌာနသုတ္တန်ကို ဖွင့်ဆိုနေတဲ့ မဇ္ဈိမနိကာယ်အဋ္ဌကထာ, ခုဒ္ဒကနိကာယ် ဣတိဝုတ်အဋ္ဌကထာ, သတိပဋ္ဌာနဝိဘင်းကို ဖွင့်ဆိုနေတဲ့ ဝိဘင်းအဋ္ဌကထာ (= သမ္မောဟဝိနောဒနီအဋ္ဌကထာ)တို့က၅၇ ဒီလို ရှင်းပြထားပါတယ်။

ဝိပဿနာပိုင်းသို့ ရောက်ရှိလာတဲ့အခါ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းလို့ ခေါ်ဆိုတဲ့ ကမ္မဋ္ဌာန်းနှစ်မျိုး ရှိပါတယ်။ ရုပ်ကမ္မဋ္ဌာန်းကို ရူပပရိဂ္ဂဟ (=ရုပ်တရားကို သိမ်းဆည်းခြင်း = ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း), နာမ်ကမ္မဋ္ဌာန်းကို အရူပပရိဂ္ဂဟ (= နာမ်တရားကို သိမ်းဆည်းခြင်း = နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း) ဒီလိုလည်း အမည်တစ်မျိုးစီနှင့် ခေါ်ဆိုပါတယ်။ ဒီနှစ်မျိုးထဲမှာ ဘုရားရှင်ဟာ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့အခါ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းအားဖြင့် ဓာတ်ကြီး (၄)ပါးကို စတင်ကာ သိမ်းဆည်းရှုပွားဖို့ရန်လည်း ဟောကြား တော်မူပါတယ်၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဖြင့်လည်း ဓာတ်ကြီး (၄)ပါးကို စတင်ကာ သိမ်းဆည်းရှုပွားဖို့ရန်လည်း ဟောကြားတော်မူပါတယ်။

ဘုရားရှင်ဟာ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းရှုပွားနည်းကို နာမည်ကျော်ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရပဗ္ဗပိုင်းမှာ၅၈ ဟောကြားထားတော် မူခဲ့ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကိုတော့ မဟာရာဟုလောဝါဒ သုတ္တန်, ဓာတုဝိဘင်္ဂသုတ္တန်, အဘိဓမ္မာဝိဘင်္ဂ ဓာတုဝိဘင်းပါဠိတော်တွေမှာ၅၉ ဟောကြားပြသတော်မူခဲ့ပါတယ်။ အလားတူပင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း ခြေရာအပေါင်းတို့တွင် အကြီးမားဆုံးခြေရာဖြစ်တဲ့ ဆင်ခြေရာကြီးကို ဥပမာဆောင်ကာ ဟောပြထားတော်မူခဲ့တဲ့ မဟာဟတ္ထိပဒေါပမသုတ္တန်မှာ၆၀ ဓာတ်ကမ္မဋ္ဌာန်းအကျယ်ရှုပွားနည်းကို တစ်မျိုးတစ်ဖုံ တန်ဆာဆင်ပြီးတော့ ဟောကြားပြသ ဆိုဆုံးမထားတော်မူခဲ့ပါတယ်။

ဒါ့ကြောင့် ဘုရားဟောဒေသနာတော်အရပ်ရပ်တွေကို ဦးထိပ်ရွက် ပန်ဆင်ကာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဝိပဿနာပိုင်းသို့ ရောက်ရှိလာတဲ့ ယောဂီတစ်ဦးကို ရုပ်ကမ္မဋ္ဌာန်းက စတင်ကာ သိမ်းဆည်းလို ရှုပွားလိုခဲ့လျှင် ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း ဒီနည်းလမ်း နှစ်မျိုးတို့တွင် ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဓာတ်ကြီး (၄)ပါးကို စတင် သိမ်းဆည်းရန် ညွှန်ကြားချက်ကို ထုတ်ပြန်ကြေညာထားတော်မူခြင်း ဖြစ်ပါ တယ်။ ယောဂီသူတော်ကောင်းတစ်ဦးဟာလည်း ဘုရားဟော ဒေသနာတော် အရပ်ရပ်တို့မှာ လာရှိတဲ့အတိုင်း ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လိုပါက ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်းသာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကသာလျှင် ပို၍ စိတ်ချယုံကြည်ရတဲ့ လုပ်ငန်းခွင် ဖြစ်တယ်လို့သာ ယုံကြည်ယူဆပါ။ ဘုရားဟောဒေသနာတော်ကို ကျောခိုင်း ကာ ဆရာ့အပြောနှင့်သာ အလွမ်းကြီးလွမ်းနေမည်ဆိုလျှင် ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်ပရမတ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိမြင် ရေးမှာ မမျှော်မှန်းအပ်တဲ့ ပန်းတိုင်တစ်ခုသာ ဖြစ်နေဖွယ်ရာ ရှိပါတယ်။ ဘုရားရှင် ညွှန်ကြားတော်မူတဲ့အတိုင်း မကျင့်တဲ့အတွက် ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်ပရမတ်တရားတွေကို မသိမမြင်ခြင်းကတော့ ဘုရားရှင်ရဲ့အပြစ် မဟုတ်၊ မိမိရဲ့ ဘုရားဟောဒေသနာတော်ကို ကျောပေး ထားတဲ့ မလိုက်နာတဲ့ အပြစ်သာ ဖြစ်တယ်ဆိုတာကိုတော့ သဘောပေါက် သင့်ပါတယ်။

အကြည်ဓာတ်ဆိုတာ ဘာလဲ?

ဒီနေရာမှာ .. ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းကို အကျဉ်းချုပ်ကာ ဆွေးနွေးကြရအောင် ..။

ဘုရားရှင်ဟာ ဓမ္မသင်္ဂဏီပါဠိတော်၆၁ စသည်တို့မှာ -----

၁။ ပထဝီဓာတ်ဝယ် မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ဟု သဘောတရား (၆)မျိုး၊

၂။ အာပေါဓာတ်ဝယ် ယိုစီး-ဖွဲ့စည်းဟု သဘောတရား (၂)မျိုး၊

၃။ တေဇောဓာတ်ဝယ် ပူမှု အေးမှုဟု သဘောတရား (၂)မျိုး၊

၄။ ဝါယောဓာတ်ဝယ် ထောက်ကန်မှု တွန်းကန်မှုဟု သဘောတရား (၂)မျိုး

ဒီလို ဓာတ်ကြီး (၄)ပါးတို့မှာ အားလုံးပေါင်းလိုက်လျှင် ဓာတ်သဘော တရား (၁၂)မျိုးကို ဟောကြားထားတော်မူခဲ့ပါတယ်။၆၁

ဒီဓာတ်ကမ္မဋ္ဌာန်းကို စီးဖြန်းလိုတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးဟာ သမထ ယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မည်ဆိုလျှင် ထိုင်တိုင်း ထိုင်တိုင်း ကြိုက်နှစ်သက်ရာ စျာန်သမာဓိတစ်ခုခုကို ဝိပဿနာရဲ့အခြေခံ ပါဒကစျာန်အဖြစ် ပြန်လည် ထူထောင်ပါ၊ သို့မဟုတ် ဩဒါတကသိုဏ်းကို အာရုံယူကာ စတုတ္ထစျာန် သမာဓိသို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ထူထောင်ပါ။ ထိုစျာန်သမာဓိ တွေနှင့် စျာန်စိတ္တက္ခဏတစ်ခုတစ်ခုအတွင်းဝယ် အတူယှဉ်တွဲကာ ဖြစ်ပေါ် နေတဲ့ ဉာဏ်ရဲ့စွမ်းအားကြောင့် အလင်းရောင်တွေက ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာတဲ့အခါ စျာန်မှထကာ ---

မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်ကန်-တွန်းကန်ဆိုတဲ့ ဓာတ်သဘောတရား (၁၂)မျိုးကို တစ်လုံးစီ တစ်လုံးစီ ခြေဆုံး ခေါင်းဆုံး သွက်သွက်လက်လက် ဉာဏ်ဖြင့် မြင်နေအောင် သိမ်းဆည်း ရှုပွား ပါ။ အကယ်၍ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မည်ဆိုလျှင်လည်း ဒီဓာတ် သဘောတရား (၁၂)မျိုးကိုပဲ စတင်ကာ ပုံစံတူ ရှုပွားပါ။

သွက်သွက်လက်လက် ရှုမြင်နိုင်တဲ့အခါ တစ်ကိုယ်လုံးကို ခြုံငုံ၍ ယင်း သဘောတရား (၁၂)မျိုးကို ဉာဏ်ထဲမှာ ပြိုင်တူလိုလို ထင်လာ မြင်လာသည့် တိုင်အောင် ဆက်လက် ရှုပွား သိမ်းဆည်းပါ။ ပြိုင်တူလိုလို ဉာဏ်ထဲမှာ ထင်လာ မြင်လာတဲ့အခါ ---

၁။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်၍ ပထဝီဓာတ်

၂။ ယိုစီး-ဖွဲ့စည်းကို ကြည့်၍ အာပေါဓာတ်

၃။ ပူ-အေးကို ကြည့်၍ တေဇောဓာတ်

၄။ ထောက်ကန်-တွန်းကန်ကို ကြည့်၍ ဝါယောဓာတ် - လို့

ဒီလို (၄)အုပ်စု ခွဲကာ ယင်းဓာတ် (၄)ပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် သမာဓိကို ဆက်လက်ထူထောင်ပါ။ သမာဓိက ပို၍ပို၍ အားကောင်းလာတဲ့အခါ နက်ရှိုင်းလာတဲ့အခါ ဓာတ် (၄)ပါးအာရုံ၌ အလွန်ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့အခါ ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အစုအပုံကြီးကိုသာ ဉာဏ်ထဲမှာ တွေ့မြင်နေမည်ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ ယင်းဓာတ်ကြီး (၄)ပါးတို့ကို ပင် အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်လိုက်တဲ့အခါ သမာဓိ ကလည်း ရှေးကထက် ပို၍ပို၍ နက်ရှိုင်းသထက် နက်ရှိုင်းလာတဲ့အခါ ရေခဲတုံး ဖန်တုံး မှန်တုံးကဲ့သို့ ကြည်လင်နေတဲ့ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အကြည်ဓာတ် အတုံးအခဲ အစုအပုံကြီးကို စတင်တွေ့ရှိပါလိမ့်မည်။

ဒီနေရာမှာ အကြည်ဓာတ် အတုံးအခဲဆိုတာ ဘာလဲလို့ မေးစရာရှိတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက၆၂ ဒီလို အဖြေပေးထားပါတယ်။

၁။ စက္ခုပသာဒ (= စက္ခုအကြည်ဓာတ် = မျက်စိအကြည်ဓာတ်)ဆိုတာ ရူပါရုံကို အာရုံယူတတ်တဲ့ စက္ခုဝိညာဏ်နာမ်တရားစုတို့ရဲ့ မှီရာ ဝတ္ထုရုပ် သာ ဖြစ်တယ်။

၂။ သောတပသာဒ (= သောတအကြည်ဓာတ် = နားအကြည်ဓာတ်)ဆိုတာ အသံ သဒ္ဒါရုံကို အာရုံယူတတ်တဲ့ သောတဝိညာဏ်နာမ်တရားစုတို့ရဲ့ မှီရာ ဝတ္ထုရုပ်သာ ဖြစ်တယ်။

၃။ ဃာနပသာဒ (= ဃာနအကြည်ဓာတ် = နှာခေါင်းအကြည်ဓာတ်)ဆိုတာ အနံ့ ဂန္ဓာရုံကို အာရုံယူနေတဲ့ ဃာနဝိညာဏ်နာမ်တရားစုတို့ရဲ့ မှီရာ ဝတ္ထုရုပ်သာ ဖြစ်တယ်။

၄။ ဇိဝှါပသာဒ (= ဇိဝှါအကြည်ဓာတ် = လျှာအကြည်ဓာတ်)ဆိုတာ အရသာ ရသာရုံကို အာရုံယူနေတဲ့ ဇိဝှါဝိညာဏ်နာမ်တရားစုတို့ရဲ့ မှီရာ ဝတ္ထုရုပ် သာ ဖြစ်တယ်။

၅။ ကာယပသာဒ (= ကာယအကြည်ဓာတ် = ကိုယ်အကြည်ဓာတ်)ဆိုတာ အတွေ့ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူနေတဲ့ ကာယဝိညာဏ်နာမ်တရားစုတို့ရဲ့ မှီရာ ဝတ္ထုရုပ်သာ ဖြစ်တယ်။

ဒီစက္ခုပသာဒ စတဲ့ ပသာဒရုပ် အကြည်ရုပ် (၅)ခုတို့ဟာ ရူပါရုံစတဲ့ ဆိုင်ရာ အာရုံတို့ကို အာရုံယူတတ်တဲ့ စက္ခုဝိညာဏ်နာမ်တရားစု စတဲ့ ဆိုင်ရာ ဆိုင်ရာ နာမ်တရားစုတွေကို မှီရာ ဝတ္ထုရုပ်အဖြစ်ဖြင့် (ဝတ္ထုပုရေဇာတ ပစ္စယသတ္တိဖြင့်) ကျေးဇူးပြုပေးနေတဲ့ မှီရာ ဝတ္ထုရုပ်တရားတွေ ဖြစ်ကြတယ်။ ဒီလို မှီရာ ဝတ္ထုရုပ်ဖြစ်နေကြတဲ့ ပသာဒရုပ် အကြည်ရုပ်တွေဟာ ကြေးမုံမှန် အပြင်လို ကြည်လင်နေတဲ့အတွက်ကြောင့် ပသာဒရုပ် (= အကြည်ရုပ်) တွေလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။၆၂

ဒီအကြည်ရုပ်တွေရဲ့ အပေါင်းအစုကို ဃနလို့ခေါ်ဆိုတဲ့ ရုပ်တုံးရုပ်ခဲ တွေကို ဉာဏ်နှင့် မဖြိုခွဲနိုင်မီ, ရုပ်ကလာပ်တွေကို ဉာဏ်နှင့် မတွေ့မြင်မီ အချိန်ကာလအတွင်းမှာ ယင်းအကြည်ရုပ်တွေကို အစုလိုက် အပြုံလိုက် အတုံးလိုက် အခဲလိုက် တွေ့မြင်နေခြင်းသာ ဖြစ်ပါတယ်။ ထိုအချိန်အခါမျိုးမှာ အာကာသဓာတ်ကို မြင်အောင် ရှုရန် ..အထက်မှာ ဖော်ပြထားခဲ့တဲ့ မဟာရာဟုလောဝါဒသုတ္တန်, ဓာတုဝိဘင်္ဂသုတ္တန်နှင့် အဘိဓမ္မာဝိဘင်္ဂ ဓာတုဝိဘင်းပါဠိတော်တို့မှာ၆၃ ဘုရားရှင်က ညွှန်ကြားထားတော်မူခဲ့ပါတယ်။ အလားတူပင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း မဟာဟတ္ထိ ပဒေါပမသုတ္တန်မှာ၆၄ ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ဒီလို ညွှန်ကြားတော် မူချက်တွေနဲ့ ပတ်သက်လို့ မဟာရာဟုလောဝါဒသုတ္တန်ကို ဖွင့်ဆိုထားတဲ့ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာက စာပိုဒ် (၁၁၄)မှာ၆၅ ဒီလို ရှင်းပြထားပါတယ်။

၁။ အာကာသဓာတ်ကို ဦးတည်ကာ ဆိုင်ရာဆိုင်ရာ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ဆိုင်ရာဆိုင်ရာ ဓာတ်ကြီး (၄)ပါးကို မှီတွယ် ဖြစ်ပေါ်နေကြတဲ့ ဆိုင်ရာဆိုင်ရာ ဥပါဒါရုပ်တွေကို သိမ်းဆည်းဖို့ ရန် ဉာဏ်ဖြင့် ပိုင်းခြားယူဖို့ရန် ညွှန်ကြားပြသတော်မူလိုခြင်း၊

၂။ ရုပ်တရားတွေကို ရုပ်ပရမတ်သို့ဆိုက်အောင် ရှုပွားသိမ်းဆည်းရာ၌ လွယ်ကူသော နည်းစနစ်ကို ညွှန်ကြားပြသတော်မူလိုခြင်း ..

ဒီလို ဦးတည်ချက်နှစ်မျိုးဖြင့် အာကာသဓာတ်ကို ရှုပွားသိမ်းဆည်းရန် ညွှန်ကြားထားတော်မူခြင်း ဖြစ်ကြောင်းကို ရှင်းလင်းဖွင့်ဆိုထားပါတယ်။

အာကာသဓာတ်ဆိုတာ ဘာလဲ?

အာကာသဓာတ်ဆိုတာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၆၆, မဟာဋီကာ၆၇, ၆၈နှင့် ပရမတ္ထဒီပနီ၆၉တို့က ရှင်းလင်းတင်ပြထားတော်မူတဲ့အတိုင်း ရုပ်ကလာပ် တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုတို့ ရောယှက်ရှုပ်ထွေးမှု မရှိရန် ပိုင်းခြားပြကြောင်း ဖြစ်တဲ့ ပိုင်းခြားပေးသလိုဖြစ်နေတဲ့ ရုပ်ကလာပ်တွေရဲ့ နယ်ခြားဒေသ အပိုင်း အခြားကို အာကာသဓာတ်လို့ ဒီနေရာမှာ ခေါ်ဆိုလိုရင်း ဖြစ်ပါတယ်။

ရှေ့ကပြောခဲ့တဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လာရာ အကြည်ဓာတ်တွေကို အစုလိုက် အပြုံလိုက် အတုံးလိုက် အခဲလိုက် အပြင်လိုက် ဉာဏ်နဲ့တွေ့မြင်နေတဲ့အခါ ထိုအကြည်ပြင် အတုံးအခဲမှာ တည်ရှိနေတဲ့ အာကာသဓာတ်ကို မြင်အောင် စိုက်ရှုပါ။ ဒီလို စိုက်ရှုလိုက်တဲ့ အခါ အာကာသဓာတ် အကြားအပေါက်တွေကို တွေ့မြင်တာနဲ့ တစ်ပြိုင်နက် တည်း ရုပ်ကလာပ်တွေကို စတင်ကာ တွေ့ရှိမှာဖြစ်ပါတယ်။

အနောက်တိုင်းသားတို့ရဲ့ သံသယ

ဒီနေရာမှာ အနောက်တိုင်းသားယောဂီတော်တော်များများကတော့ ဒီလို ရုပ်ကလာပ်တွေကို ဉာဏ်နဲ့မြင်အောင် ရှုရမှုနှင့် ပတ်သက်လို့ --- ဘုရားရှင်က ရုပ်ကလာပ်တွေကို ရှုဖို့ရန် ဘယ်သုတ္တန်မှာ ဟောကြားထားတော်မူပါသလဲ? ဒီမေးခွန်းကို ခဏခဏ မေးမြန်းတတ်ကြတယ်။

ဘုရားရှင်ဟာ ရုပ်ကလာပ်ဆိုတဲ့ နာမည်တပ်ကာ ရှုပွားသိမ်းဆည်းဖို့ရန် သုတ္တန်ဒေသနာတော်တို့မှာ တိုက်ရိုက်ညွှန်ကြားမှု မပြုခဲ့သော်လည်း ရုပ်ကလာပ်တွေရဲ့ အကြားအပေါက် နယ်ခြားဒေသဖြစ်တဲ့, ရုပ်ကလာပ် တွေကို တစ်ခုနှင့်တစ်ခု ရောယှက်မှု မရှိအောင် ပိုင်းခြားပေးကြောင်းဖြစ်တဲ့, ပရိစ္ဆေဒရုပ်လို့ ခေါ်ဆိုတဲ့ အာကာသဓာတ်ကိုတော့ ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းရှုပွားဖို့ရန် အထက်မှာတင်ပြထားတဲ့ မဟာရာဟုလောဝါဒ သုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ညွှန်ကြားထားတော်မူပြီး ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလိပ်အစိုးရဆိုတဲ့ စကားလုံးနဲ့ ဗြိတိသျှအစိုးရဆိုတဲ့ စကားလုံးတို့ဟာ တူညီတဲ့အဓိပ္ပာယ်ရှိတဲ့ အစိုးရအဖွဲ့အစည်းတစ်ခုတည်း ကိုသာ ရည်ညွှန်းထားကြတဲ့ စကားလုံးတွေ ဖြစ်ကြသလို -- အလားတူပဲ ရုပ်ကလာပ်ကို ရှုပါဆိုတဲ့ စကားလုံးနဲ့ အာကာသဓာတ်ကို ရှုပါဆိုတဲ့ စကားလုံးတို့ဟာ တူညီတဲ့အနက်အဓိပ္ပာယ်ရှိနေတဲ့, ရုပ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းကို မြင်အောင်ရှုခြင်းဆိုတဲ့ ရုပ်ကမ္မဋ္ဌာန်းရှုကွက်လုပ်ငန်းခွင် တစ်ခုတည်းကိုသာ ရည်ညွှန်းနေတဲ့ စကားလုံးတွေ ဖြစ်ကြတယ်။ ဒီတော့ ရုပ်ကလာပ်ကို ရှုပါဆိုတာနဲ့ အာကာသဓာတ်ကို ရှုပါဆိုတာ အနက် အဓိပ္ပာယ် အတူတူပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ? ရုပ်ကလာပ်ဆိုတာ ရုပ်တရားတို့ရဲ့ အသေးဆုံးအဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။ ယောဂီ တစ်ဦးဟာ အာကာသဓာတ်ကို ရှုလို့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ဒီရုပ်တရားတွေရဲ့ အသေးဆုံးအဖွဲ့အစည်းကိုလည်း ပြိုင်တူတွေ့မြင်နေပြီးသာ ဖြစ်ပါတယ်။

ရုပ်ပရမတ်တရားတွေကို စတင်သိတဲ့အချိန်

ဒီလို ရုပ်ကလာပ်တွေကို တွေ့မြင်တဲ့အခါ ရုပ်ကလာပ်တစ်ခုတစ်ခု အတွင်းမှာ တည်ရှိနေကြတဲ့ ဓာတ်ကြီး (၄)ပါးကိုလည်း သိမ်းဆည်းပါ။ ဒီဓာတ်ကြီး (၄)ပါးကို မှီတွယ်ဖြစ်ပေါ်နေတဲ့ ကလာပ်တူရုပ်တရားများ ဖြစ်ကြ တဲ့ အဆင်း အနံ့ အရသာ ဩဇာစတဲ့ ဥပါဒါရုပ်တွေကိုလည်း ဆက်လက် သိမ်းဆည်းပါ။ ဒီလိုသိမ်းဆည်းနိုင်ခဲ့လျှင်တော့ အဲဒီအချိန်အခါမှာ ရုပ်ပရမတ် တရားတွေကို ပရမတ်သို့ဆိုက်အောင် စတင် သိရှိပြီဖြစ်ပါတယ်။ ဒီလို သိမ်းဆည်းနိုင်တဲ့အခါ မျက်စိ နား နှာ လျှာ ကိုယ် နှလုံးလို့ ခေါ်ဆိုအပ်တဲ့ ဒွါရ (၆)ပါးတို့မှာ တည်ရှိနေကြတဲ့ ရုပ်ကလာပ်တွေကိုလည်း ဉာဏ်နဲ့ မြင်အောင် ရှုပါ၊ ယင်းရုပ်ကလာပ်တွေမှာ တည်ရှိနေကြတဲ့ ဘူတရုပ်လို့ ခေါ်ဆိုတဲ့ ဓာတ်ကြီး (၄)ပါး, ယင်းဓာတ်ကြီး (၄)ပါးတို့ကို မှီတွယ်ဖြစ်ပေါ် နေကြတဲ့ ကလာပ်တူဥပါဒါရုပ်တွေကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဒွါရ (၆)ပါးတို့မှာ တည်ရှိနေကြတဲ့ ရုပ်တရားတွေကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဆိုတဲ့ ဒီရှုကွက်ကတော့ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းရှုပွားနည်း ထဲမှာ အကျုံးဝင်နေပါတယ်။ ဆံပင် မွေးညင်းစတဲ့ (၄၂)ကောဋ္ဌာသ အစုအပုံ တွေမှာ တည်ရှိနေကြတဲ့ ရုပ်ကလာပ်တွေကို မြင်အောင် ရှုခြင်း, ယင်း ရုပ်ကလာပ်တွေမှာ တည်ရှိနေကြတဲ့ ဘူတရုပ် ဥပါဒါရုပ်တွေကို သိမ်းဆည်း ခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဆိုတဲ့ ဒီလုပ်ငန်းခွင်ကတော့ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းထဲမှာ အကျုံးဝင်လျက် ရှိနေပါတယ်။

ဥပါဒါရုပ်ဆိုတာ

ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့ကို မှီတွယ်ဖြစ်ပေါ်နေကြတဲ့ ကလာပ်တူ အဆင်း အနံ့ အရသာ ဩဇာစတဲ့ ရုပ်တရားတွေကို ဥပါဒါရုပ်လို့ ခေါ်ဆိုပါတယ်။ ဘယ်လို မှီတွယ်ဖြစ်ပေါ်နေကြတာလဲ? ဥပမာ -- ရုပ်ကလာပ် တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ဝဏ္ဏ (= အဆင်း)ဆိုတာ ကလာပ်တူဓာတ်ကြီး (၄)ပါးတို့ရဲ့ အရောင်အဆင်းမျှသာ ဖြစ်တယ်၊ ဂန္ဓ (= အနံ့)ဆိုတာ ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့ရဲ့ အနံ့မျှသာ ဖြစ်တယ်၊ ရသ (= အရသာ)ဆိုတာ ကလာပ်တူဓာတ်ကြီး (၄)ပါးတို့ရဲ့ အရသာမျှသာ ဖြစ်တယ်၊ ဩဇာ (= အဆီ အစေး)ဆိုတာ ကလာပ်တူဓာတ်ကြီး (၄)ပါးတို့ရဲ့ အဆီအစေးမျှသာ ဖြစ်တယ်၊ ဇီဝိတ (= အသက်ရှင်မှုသဘော)ဆိုတာ ကလာပ်တူဓာတ်ကြီး (၄)ပါးတို့ရဲ့ အသက်ရှင်နေမှုသဘောမျှသာ ဖြစ်တယ်၊ ပသာဒ (= အကြည်ဓာတ်)ဆိုတာ ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့ရဲ့ ကြည်နေတဲ့သဘောမျှသာ ဖြစ်တယ် -- ဤသို့စသည်ဖြင့် သဘောပေါက်ပါ။

နာမ်ပရမတ်တရားတွေကို သိမ်းဆည်းခြင်း

ရုပ်တရားတွေကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပြီးတဲ့အခါ နာမ်တရားတွေကိုလည်း ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းရမှာဖြစ်တယ်။ သမထယာနိကပုဂ္ဂိုလ်တွေကတော့ သမထစျာန်တွေကို ပွားများအားထုတ်စဉ် အခါကတည်းက စျာန်အင်္ဂါတွေကို ရှုတတ်ကြပြီးဖြစ်တဲ့အတွက် ယင်း စျာန်အင်္ဂါတွေကို ဦးတည်ကာ ယင်းစျာန်အင်္ဂါတွေနှင့် စိတ္တက္ခဏတစ်ခု အတွင်းမှာ အတူယှဉ်တွဲကာ ဖြစ်ပေါ်သွားကြတဲ့ စျာန်နာမ်တရားတွေကို ဆက်လက်ကာ သိမ်းဆည်းမည်ဆိုလျှင် လွယ်လွယ်ကူကူ သိမ်းဆည်းလို့ ရနိုင် ပါတယ်။ စျာန်နာမ်တရားတွေကို သိမ်းဆည်းပုံနဲ့ပတ်သက်လို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ စျာန်နာမ်တရားတွေကို သိမ်းဆည်းပုံ ဝိပဿနာ ရှုပွားပုံနည်းစနစ်တွေကို ဥပရိပဏ္ဏာသပါဠိတော် အနုပဒသုတ္တန်မှာရဝ ဘုရားရှင်ကိုယ်တော်တိုင်က ထုတ်ဖော်ကာ ဟောကြားထားတော်မူခဲ့ပါတယ်။

စျာန်သမာပတ်တစ်ခုတစ်ခုရဲ့အတွင်းမှာ စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိနေကြတဲ့ ဖဿ ဝေဒနာ သညာ စေတနာစတဲ့ ဒီစျာန်နာမ်တရား တွေကို တစ်လုံးစီ တစ်လုံးစီ အာရုံယူကာ ယင်းစျာန်နာမ်တရားတို့ရဲ့ ဖြစ်မှု ဥပါဒ်ကာလ တည်မှုဌီကာလ ပျက်မှုဘင်ကာလတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်လျက် လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်နေတဲ့ ဝိပဿနာ ရှုနည်းကိုတော့ အနုပဒဓမ္မ ဝိပဿနာလို့ ခေါ်ဆိုပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ ပထမစျာန်ကနေ စပြီးတော့ အာကိဉ္စညာယတနစျာန်အထိ သမာပတ် (၇)ပါးတို့မှာ အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူပါတယ်။

သို့သော် နေဝသညာနာသညာယတနစျာန်ကို ဆိုက်ရောက်တဲ့အခါ ယင်းစျာန်နာမ်တရားတွေက အလွန့်အလွန် သိမ်မွေ့တဲ့အတွက်ကြောင့် စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို အာရုံယူကာ အနုပဒဓမ္မ ဝိပဿနာ နည်းဖြင့် ဝိပဿနာ မရှုတော့ဘဲ ယင်းနေဝသညာနာသညာယတနစျာန် အတွင်းမှာ တည်ရှိနေကြတဲ့ စျာန်နာမ်တရားအားလုံးတို့ကို ပေါင်းစု ခြုံငုံကာ အပေါင်းလိုက် အစုလိုက် လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွား သုံးသပ်တော်မူပါတယ်။ ဒီလို ဝိပဿနာရှုနည်းကိုတော့ ကလာပသမ္မသန ဝိပဿနာရှုနည်းလို့ ခေါ်ဆိုပါတယ်။ရဝ

အနုပဒသုတ္တန်အဋ္ဌကထာကလည်းရ၁ ယခုကဲ့သို့ စျာန်နာမ်တရားတွေကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ် တော်မူနိုင်ခြင်းမှာ --- ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ .. ယင်းစျာန်နာမ် တရားတို့ရဲ့ မှီရာဝတ္ထုရုပ်နှင့် ယင်းစျာန်နာမ်တရားတို့ရဲ့ အာရုံဖြစ်တဲ့ ကသိုဏ်း ပဋိဘာဂနိမိတ်စတဲ့ ဆိုင်ရာအာရုံကို ပူးတွဲကာ ဉာဏ်ဖြင့် သိမ်းဆည်း ထားနိုင်တဲ့အတွက်ကြောင့် ယခုလို ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်ခြင်း ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။

ဒီရှင်းလင်းတင်ပြချက်တွေကတော့ မျက်မှောက်ခေတ်မှာ နာမ်တရား တွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းလိုတဲ့ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်လိုတဲ့ ယောဂါဝစရသူတော်မွန်တို့ အတုယူကာ ကျင့်သင့်ကျင့်ထိုက်တဲ့ နည်းလမ်းဥပဒေသကောင်းတွေ ဖြစ်ကြပါတယ်။ ဥပမာ --- အာနာပါန ပထမစျာန်နာမ်တရားတွေကို သိမ်းဆည်းရှုပွားလိုတဲ့ ယောဂါဝစရပုဂ္ဂိုလ်မွန်ဟာ အာနာပါန ပထမစျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ---

၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံနှင့်

၂။ အာနာပါန ပထမစျာန်နာမ်တရားတို့ရဲ့ စွဲမှီ၍ ဖြစ်ရာဖြစ်တဲ့ ဘဝင်မနော အကြည်ဓာတ် (= မနောဒွါရ)တို့ကို ပူးတွဲ သိမ်းဆည်းပါ။

ဒီလို ပူးတွဲ သိမ်းဆည်းနိုင်ပါမှ အာနာပါနပထမစျာန်နာမ်တရားတွေကို သိမ်းဆည်းရှုပွားလို့ရမှာ ဖြစ်ပါတယ်။

ဘဝင်မနောအကြည်ဓာတ်ဆိုတာ ဘာလဲ?

ဘုရားရှင်ဟာ အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသင်္ဃာတဝဂ်တို့မှာရ၂ ဘဝင်စိတ်ကို --- ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ = သုဂတခေါ်ဆိုသည့် ထိုမြတ်စွာဘုရားကို။ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပတဲ့ အရောင်ရှိတဲ့စိတ်လို့ ဟောကြားထားတော်မူခဲ့ပါတယ်။

ဒီဟောကြားချက်ကိုလည်း အဋ္ဌကထာ ဋီကာတို့က ဒီဒေသနာတော်ဟာ မုချဒေသနာတော် မဟုတ်၊ ပရိယာယကထာ (= အကြောင်းပရိယာယ် တစ်မျိုး အားဖြင့် တင်စားကာ ဟောကြားထားတော်မူတဲ့) ဒေသနာတော် တစ်ခုသာ ဖြစ်ကြောင်းကို ရှင်းပြထားတော်မူကြပါတယ်။ အကြောင်းကတော့ ပြိုးပြိုး ပြက်ပြက် တလက်လက်တောက်ပမှု (= ပဘဿရ) ဆိုတာ ဝဏ္ဏဓာတ် (=ရူပါရုံ)၌ ရသင့်ရထိုက်တဲ့ ဂုဏ်ထူးဝိသေသ တစ်မျိုးသာ ဖြစ်တဲ့အတွက်, ဘဝင်စိတ်ကလည်း နာမ်တရားမျှသာ ဖြစ်နေတဲ့အတွက် ယင်းဘဝင်စိတ်မှာ အရောင်အလင်းကတော့ မရှိပါ။၇၃ ဒါပေမဲ့ ယင်းဘဝင်စိတ်ဟာ သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့လို အရောင်အလင်းကို အထိုက် အလျောက်တော့ ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိနေပါတယ်။

ဆိုလိုတာကတော့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်နေတဲ့ အိမ်ရှင် ဘဝင်စိတ်ဟာ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို အဆက်မပြတ် ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီလို ဘဝင်စိတ် တွေကြောင့် ဆက်ကာဆက်ကာ ဖြစ်ပေါ်နေကြတဲ့ စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်နေတဲ့ ဝဏ္ဏဓာတ်ရူပါရုံဟာ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲကာ ဖြစ်ပေါ် နေတဲ့ ပညာဉာဏ်က စွမ်းအင်ကြီးမားလျှင် ကြီးမားသလို ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပတဲ့ အရောင်အဆင်း ရှိပါတယ်။ အဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်နေတဲ့ ယင်းဘဝင်စိတ္တဇရုပ်ကလာပ်ပေါင်း များစွာတို့ ပေါင်းစည်းမိတဲ့အခါ ယင်းရုပ်ကလာပ်တို့ရဲ့ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေတဲ့ အရောင်အဆင်းတွေဟာ တစ်စုတစ်ဝေးတည်း အစုလိုက် အပြုံလိုက် ရောယှက်ကာ ဆက်စပ်ကာ ဖြစ်ပေါ်လာကြပါတယ်။

နောက်တစ်မျိုးကတော့ ဥတုဇရုပ်ကလာပ်တွေရဲ့ အရောင်အဆင်း ဖြစ်ပါတယ်။ ဝီထိစိတ်တို့ရဲ့ အကြားအကြားမှာ ဒီလို အဆက်မပြတ် အကြိမ် များစွာ ဆက်တိုက်ဖြစ်ပေါ်နေကြတဲ့ ဘဝင်စိတ်တွေကြောင့် ဖြစ်ပေါ်လာ ကြတဲ့ စိတ္တဇရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ တေဇောဓာတ်လည်း ပါဝင်လျက်ရှိပါတယ်။ ယင်းတေဇောဓာတ်ကိုလည်း ဥတုလို့ အမည်တစ်မျိုးနဲ့ ခေါ်ဆိုပါတယ်။ ယင်းစိတ္တဇရုပ်ကလာပ်တိုင်းမှာ တည်ရှိနေတဲ့ တေဇောဓာတ် ဥတုတိုင်း ဥတုတိုင်းကလည်း ဥတုဇရုပ်ကလာပ်တွေကို ဆက်ကာဆက်ကာ ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။ ယင်းဥတုဇရုပ်ကလာပ်တိုင်းမှာ ပါဝင်နေတဲ့ ဝဏ္ဏဓာတ်ရူပါရုံတိုင်းဟာလည်း မူလအကြောင်းရင်းခံ ဖြစ်နေတဲ့ ဘဝင်စိတ်နဲ့ ယှဉ်တွဲနေတဲ့ ပညာဉာဏ်က စွမ်းအင်ကြီးမားလျှင် ကြီးမားသလို ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပနေတဲ့သဘော ရှိပါတယ်။

ဒီလို ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေကြတဲ့ စိတ္တဇရုပ် ကလာပ်တို့ရဲ့ အရောင်အဆင်းနှင့် ဥတုဇရုပ်ကလာပ်တို့ရဲ့ အရောင်အဆင်း ဒီနှစ်မျိုးသော ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေတဲ့ အရောင်အဆင်းကိုပဲ, အကျိုးဖြစ်တဲ့ အရောင် အဆင်းဆိုတဲ့ အမည်ကို အကြောင်းဖြစ်တဲ့ ဘဝင်နာမ်တရားစုတို့ အပေါ်မှာ တင်စားကာ --- မူလဘဝင်စိတ်ကို အကြောင်းခံကာ ဖြစ်ပေါ်လာကြတဲ့ အရောင်အဆင်းတွေ ဖြစ်ခြင်းကြောင့် --- ဘဝင်မနောအကြည်ဓာတ် (=မနောဒွါရ)လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဘဝင်စိတ်နဲ့ ယှဉ်နေတဲ့ ဉာဏ်ရဲ့ စွမ်းအင်ကြီးမားမှု

ဒီဘဝင်နာမ်တရားစုဟာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ လက်ရှိ ပစ္စုပ္ပန်ဝိပါက် ခန္ဓာငါးပါးကို ဖြစ်စေတဲ့ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ် နေတဲ့ ဝိပါက်နာမ်တရားစု တစ်မျိုးသာ ဖြစ်ပါတယ်။ အတိတ်က ပြုစု ပိုးထောင်ခဲ့တဲ့ ယင်းကုသိုလ်နဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်ပညာက စွမ်းအင် ကြီးမား ခဲ့လျှင် ဘဝင်နာမ်တရားစုနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ပညာဟာလည်း စွမ်းအင် ကြီးမားနေတတ်ပါတယ်။ အလားတူပဲ အတိတ်က ပြုစုပိုးထောင်ခဲ့တဲ့ ယင်း ကုသိုလ်နဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်ပညာက နုံ့နေခဲ့လျှင် ဘဝင်နာမ်တရားစုနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ပညာဟာလည်း နုံ့နေတတ်ပါတယ်။ ဒါကြောင့် ဘဝင် နာမ်တရားစုနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ပညာက စွမ်းအင်ကြီးမားနေခဲ့လျှင် လည်း ဘဝင်မနောအကြည်ဓာတ်ဟာ ပို၍ ကြည်လင်တောက်ပနေတဲ့ သဘော ရှိတတ်ပါတယ်။ ဒါပေမဲ့ ဘဝင်နာမ်တရားစုနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ပညာက စွမ်းအင်နုံ့နေလျှင်တော့ ဘဝင်မနောအကြည်ဓာတ်ရဲ့ ကြည်လင်တောက်ပမှုဟာလည်း နုံ့နေတတ်ပါတယ်။

ယင်းဘဝင်စိတ်တွေဟာ ဆိုင်ရာဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ် ဖြစ်ပေါ် နေကြတဲ့ နာမ်တရားစုတွေသာ ဖြစ်ကြပါတယ်။ အလားတူပဲ စျာန်နာမ် တရားတွေ ဖြစ်ပေါ်လာကြတဲ့အခါမှာလည်း အခြားအခြားသော အသစ် အသစ်ဖြစ်ပေါ်နေကြတဲ့ ပုံစံတူ ဟဒယဝတ္ထုရုပ်တွေကိုပဲ မှီတွယ်ကာ ဖြစ်ပေါ် လာကြရပါတယ်။ ကြွင်းကျန်နေတဲ့ မနောဓာတ် မနောဝိညာဏဓာတ် အမည် ရတဲ့ နာမ်တရားစုတွေဟာလည်း အသစ်အသစ်ဖြစ်ပေါ်နေကြတဲ့ ပုံစံတူ ဟဒယဝတ္ထုရုပ်တွေကိုပဲ မှီတွယ်ကာ ဖြစ်ပေါ်လာကြရပါတယ်။ ဟဒယဝတ္ထုရုပ်ဆိုတဲ့ အမည်ချင်း တူညီသော်လည်း ဘဝင်စိတ်တို့ရဲ့ မှီရာ ဟဒယဝတ္ထုရုပ် က တခြား, စျာန်နာမ်တရားတို့ရဲ့ မှီရာဟဒယဝတ္ထုရုပ်က တခြား, ကျန်မနောဓာတ် မနောဝိညာဏဓာတ် အမည်ရတဲ့ နာမ်တရားစုတွေရဲ့ မှီရာ ဟဒယ ဝတ္ထုရုပ်က တစ်မျိုးတခြားသာ ဖြစ်ပါတယ်။ အမည်တူသော်လည်း မှီရာ ဟဒယဝတ္ထုရုပ်ချင်းကား ကွဲပြားလျက် ရှိနေကြပါတယ်။ ဘဝင်စိတ်တွေမှာ လည်း စိတ္တက္ခဏကွဲပြားသလို မှီရာဟဒယဝတ္ထုရုပ်တွေလည်း ကွဲပြားလျက်ပဲ ရှိနေပါတယ်။ အလားတူပဲ စျာန်နာမ်တရားတွေမှာလည်း စိတ္တက္ခဏ ကွဲပြား သလို မှီရာ ဟဒယဝတ္ထုရုပ်တွေလည်း ကွဲပြားလျက်ပဲ ရှိကြပါတယ်။ ကျန်နေ တဲ့ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရတဲ့ နာမ်တရားစုတွေမှာလည်း ပုံစံတူပဲ သဘောပေါက်ပါ။

ဘဝင်နာမ်တရားပဲဖြစ်ဖြစ်, စျာန်နာမ်တရားပဲဖြစ်ဖြစ်, ကျန်နေတဲ့ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရတဲ့ နာမ်တရားပဲဖြစ်ဖြစ် မိမိ မဖြစ်မီ ရှေ့စိတ္တက္ခဏက ဖြစ်ခဲ့တဲ့ ဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ်ကာ ဖြစ်ပေါ်လာရိုး ဓမ္မတာ ရှိပါတယ်။ ဒါကြောင့် ဟဒယဝတ္ထုဆိုတဲ့ အမည်တူသော်လည်း မှီရာ ဟဒယဝတ္ထုရုပ်ချင်း ရှေ့နှင့်နောက် ကွဲပြားနေသည့်အတွက် မတူညီသည်ကို သဘောပေါက်ပါ။ ဒီဟဒယဝတ္ထုရုပ်တွေဟာလည်း အတိတ်က အကျိုးပေး နေတဲ့ ကံရဲ့စွမ်းအားကြောင့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းရဲ့ ဥပါဒ်ကာလ တိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်းမှာ ဘဝတစ်လျှောက်လုံး အမြဲတမ်း ဖြစ်နေကြတဲ့ ကမ္မဇရုပ်တရားတွေ ဖြစ်ကြပါတယ်။ ဒီကမ္မဇရုပ်တွေဟာ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့ကြလို့ ချုပ်ပျက်သွားကြပေမဲ့ စိတ္တက္ခဏ တိုင်းရဲ့ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်းမှာ အသစ်အသစ် တွေက ထပ်ခါထပ်ခါ ဖြစ်ကြလျက်ပဲ ရှိကြပါတယ်။ မနောဓာတ် မနောဝိညာဏဓာတ်အမည်ရတဲ့ စိတ်တိုင်း စိတ်တိုင်းဟာ မိမိ မိမိရဲ့ ရှေးရှေး စိတ္တက္ခဏက ဖြစ်ခဲ့တဲ့ ဟဒယဝတ္ထုရုပ် တစ်ခုတစ်ခုကိုသာ မှီတွယ်လျက် ဖြစ်ရိုးဓမ္မတာ ရှိပါတယ်။

စျာန်နာမ်တရားတွေကို သိမ်းဆည်းပုံစနစ်

စျာန်နာမ်တရားတွေကို သိမ်းဆည်းလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာ စျာန သမာပတ္တိစိတ်အစဉ်အတိုင်း ဖြစ်ပေါ်သွားကြတဲ့ စျာန်နာမ်တရားတွေကို သိမ်းဆည်းရမှာဖြစ်တယ်။ ဒီလိုသိမ်းဆည်းတဲ့အခါမှာ စျာန်အင်္ဂါတွေကိုသာ သိမ်းဆည်းရသည်မဟုတ်သေး၊ စျာန်အင်္ဂါတွေနဲ့ အတူယှဉ်တွဲဖြစ်နေကြတဲ့ စျာန်နာမ်တရားအားလုံးကို သိမ်းဆည်းရမှာဖြစ်တယ်။ ပုံစံတစ်ခု ထုတ်ပြော ကြစို့ ..။ အာနာပါနပထမစျာန်နာမ်တရားတွေကို ပုံစံထုတ်ကာ ရေတွက် ပြမည်။

  • အသိစိတ် ၁-လုံး၊
  • အညသမာန်းစေတသိက် ၁၃-လုံး၊
  • သောဘဏသာဓာရဏစေတသိက် ၁၉-လုံး၊
  • ပညိန္ဒြေစေတသိက် ၁-လုံး၊

အားလုံးပေါင်းသော် စျာန်နာမ်တရား (၃၄)လုံးတို့ ဖြစ်ကြပါတယ်။

ဒီစျာန်နာမ်တရားတွေဟာ စျာနသမာပတ္တိဝီထိစဉ်တစ်ခုအတွင်းမှာ စိတ္တက္ခဏပေါင်း အကြိမ်များစွာ ဖြစ်ပေါ်နေကြတဲ့ စျာန်နာမ်တရားတွေသာ ဖြစ်ကြပါတယ်။ ဒီစျာန်နာမ်တရားတွေကို စျာနသမာပတ္တိဝီထိစဉ်အတိုင်း သိမ်းဆည်းလိုတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ ရှေးဦးစွာ အာနာပါနကမ္မဋ္ဌာန်းကို တစ်ဖန်ပြန်လည်ကာ စီးဖြန်းပါ။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ ပထမစျာန်သမာဓိကို ဝင်စားပါ။ ယင်း ပထမစျာန်မှ ထလျှင်ထချင်း အထက်ကပြောခဲ့တဲ့ ဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)ကို သိမ်းဆည်းပါ။ ယင်း ဘဝင်မနောအကြည်ဓာတ် (=မနောဒွါရ)မှာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်က ရှေးရှုကျရောက်နေတဲ့အခါ ထင်နေတဲ့အခါ စျာန်အင်္ဂါ (၅)ပါးကို ဦးတည်ကာ (၃၄)လုံးသော စျာန်နာမ်တရားတွေကို -- ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဆိုတဲ့ ဥပစာရသမာဓိဇောတွေမှာရော အပ္ပနာစျာန်ဇောတွေမှာရော စိတ္တက္ခဏ တိုင်းမှာ ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းရှုပွားပါ။

ဒီလို သိမ်းဆည်းတဲ့နေရာမှာ စျာနသမာပတ္တိဝီထိရဲ့ အစဆုံး စိတ္တက္ခဏ ဖြစ်တဲ့ မနောဒွါရာဝဇ္ဇန်းအခိုက်မှာတော့ --- အသိစိတ်က (၁)လုံး၊ သဗ္ဗစိတ္တသာဓာရဏစေတသိက်က (၇)လုံး၊ ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယဆိုတဲ့ ပကိဏ်းစေတသိက်က (၄)လုံး -- အားလုံးပေါင်းသော် စိတ်စေတသိက်က (၁၂)လုံးပဲ ရှိပါတယ်။ ခုပြောခဲ့သလို ဝတ္ထု (= ဒွါရ)နှင့် အာရုံကို ပူးတွဲ သိမ်းဆည်းလျက် စျာန်နာမ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းရှုပွားမည်ဆိုလျှင် ရှုပွားလို့ရနိုင်တဲ့ထုံးကို အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အနုပဒသုတ္တန်မှာ သက်သေသာဓက ထင်ရှားပြထား တော်မူခဲ့ပါတယ်။

ယောဂီပုဂ္ဂိုလ်တစ်ဦးဟာ စျာန်နာမ်တရားတွေကိုသာမက စက္ခုဒွါရဝီထိ စတဲ့ ထိုထိုဝီထိစိတ်အစဉ်တွေအတွင်းမှာ တည်ရှိနေကြတဲ့ နာမ်တရားတွေကို သိမ်းဆည်းမည်ဆိုလျှင်လည်း အလားတူပဲ ထိုထိုနာမ်တရားတို့ရဲ့ စွဲမှီရာ ဖြစ်ကြတဲ့ စက္ခုဒွါရ မနောဒွါရ စတဲ့ ထိုထိုဒွါရတွေနှင့် ရူပါရုံ စတဲ့ ထိုထို အာရုံတွေကို ပူးတွဲသိမ်းဆည်းပါ၊ စက္ခုဒွါရဝီထိနာမ်တရား စတဲ့ ထိုထို နာမ်တရားတွေကို သိမ်းဆည်းမည်ဆိုလျှင်လည်း သိမ်းဆည်းလို့ ရနိုင်ပါတယ်၊ ရှုလို့ရနိုင်ပါတယ်။ ဒီလို နာမ်တရားတွေကို ရှုပွားသိမ်းဆည်းနိုင်ပါမှ နာမ်တရားတွေကို ပရမတ်သို့ဆိုက်အောင် သိရှိသည်မည်ပါတယ်။

ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်တဲ့ သစ္စာလေးပါး

ဒီလို ရုပ်တွေ နာမ်တွေကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိရှိပါမှ ဒုက္ခသစ္စာကို စတင်ကာ သိရှိသည်မည်ပါတယ်။ သို့သော် ဒီလောက်နဲ့တော့ မလုံလောက်သေးပါ။ ဒီရုပ်နာမ်တွေထဲမှာ ရုပ်တရားတွေက ရူပက္ခန္ဓာ, နာမ်တရားတွေထဲမှာ အကျုံးဝင်နေတဲ့ .. ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တွေက ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ အသီးအသီး ဖြစ်ကြပါတယ်။ အားလုံးပေါင်းလိုက်တော့ ခန္ဓာ (၅)ပါး ဖြစ်တယ်။

ဘုရားရှင်ဟာ မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်တို့မှာရ၄ မိမိရဲ့ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်မှာလည်း ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ ခေါ်ဆိုတဲ့ ခန္ဓာ (၅)ပါး ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်းရှုပွားရန်၊ အပြင်ဗဟိဒ္ဓ မှာလည်း ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ ခေါ်ဆိုတဲ့ ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ဒီလိုညွှန်ကြားထားတော်မူခဲ့တဲ့အတွက် ယောဂီပုဂ္ဂိုလ်ဟာ အဇ္ဈတ္တခန္ဓာ (၅)ပါး တွေကို သိမ်းဆည်းပြီးတဲ့အခါ ဗဟိဒ္ဓခန္ဓာ (၅)ပါးတွေကို ဆက်လက်ကာ သိမ်းဆည်းရှုပွားပါ။

ဒီလောက်နဲ့တော့ မပြီးသေးဘူး၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို မိမိရဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် အတိတ်ခန္ဓာ (၅)ပါး ရုပ်တရားနာမ်တရား, အနာဂတ်ခန္ဓာ (၅)ပါး ရုပ်တရားနာမ်တရားတွေကိုလည်း ဆက်လက်ကာ သိမ်းဆည်း ရှုပွား ပါ။ ဒီရှုကွက်ကိုလည်း ဘုရားရှင်က မဟာသတိပဋိဋ္ဌာနသုတ္တန် ဒေသနာတော် တွေမှာ ..

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ ..၊ ၇၅

ဤသို့ စသည်ဖြင့် ညွှန်ကြားထားတော်မူခဲ့ပါတယ်။

သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိအောင်မြင်အောင် ရှုခြင်း နှင့် ကြောင်း-ကျိုး-ဆက် (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားတွေကို သိအောင် မြင်အောင် ရှုခြင်းမှာ သဘောအနက်အဓိပ္ပာယ် တစ်ခုတည်းသာ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ဒီကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်သဘောတရား) ရှုကွက်ကို ကျွတ်ထိုက်သသူ တပည့်ဝေနေယျတို့ရဲ့ အလိုအကြိုက် စရိုက် ဝါသနာသို့လိုက်ကာ, ဣန္ဒြေ အနုံ့အထက် အနုအရင့်သို့ လိုက်ကာ နည်းမျိုးစုံ ဖြင့် ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့ပါတယ်။ ဒီနည်းမျိုးစုံထဲက နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် အာဟာရသုတ္တန်ဒေသနာတော်မှာရ၆ --- အနာဂတ်ဘဝသစ် ကို တာစူကာ ပြုစုပျိုးထောင်ထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်နာမ်တရားစု, သင်္ခါရ ကံလို့ဆိုအပ်တဲ့ ကမ္မဝဋ်နာမ်တရားစုတွေက စတင် ကာ သိမ်းဆည်းရှုပွားပုံစနစ်ကို --- ညွှန်ကြားထားတော်မူခဲ့ပါတယ်။

ထိုစနစ်ကို စံထားကာ ရှုကွက်ကို နားလည်သဘောပေါက်စေရန် အတွက် ယောဂီတစ်ဦးရဲ့ ရှုကွက်ပုံစံကို ပြောကြရအောင် ..။

ဒီယောဂီကတော့ ဒီဘဝမှာပဲ ကိလေသာတို့မှ လွတ်မြောက်မှု, ဘဝမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ဝိမုတ္တိကို လိုလားတောင့်တနေတဲ့အတွက် တရားဘာဝနာကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော် ကောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီယောဂီက ဒီဘဝမှာ အရဟတ္တဖိုလ်ကို အကယ်၍ မရရှိခဲ့ဘူးဆိုလျှင် နောင်အနာဂတ်မှာ ဘဝတစ်ခုခုကို လက်ခံ ရတော့မှာဖြစ်တဲ့အတွက် တတိယစျာန်ဘုံ ဗြဟ္မာဘဝကိုပဲ သူက ရွေးချယ် ထားပါတယ်။ ဩဒါတကသိုဏ်း တတိယစျာန်ကို သူက ပိုနှစ်ခြိုက်နေတဲ့ အတွက် ဒီလို ရွေးချယ်ခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ပရမတ္ထသစ္စာအားဖြင့် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ မရှိ၊ ဖြစ်ပြီး ပျက်နေတဲ့ ရုပ်နာမ်အစုအပုံမျှသာ ရှိနေတဲ့အတွက် တတိယစျာန်ဘုံ ဗြဟ္မာလို့ သိနေခြင်းမှာ မှားယွင်းတဲ့အသိသာ ဖြစ်တယ်။ ဒီလိုမှားယွင်းတဲ့အသိကိုပဲ အဝိဇ္ဇာလို့ ခေါ်ဆိုခြင်း ဖြစ်တယ်။ ဒါကြောင့် ..

  1. ဗြဟ္မာလို့ အသိမှားခြင်းက အဝိဇ္ဇာ၊
  2. ယင်း ဗြဟ္မာဘဝကို တွယ်တာတပ်မက်နေခြင်းသဘောက တဏှာ၊
  3. ယင်း ဗြဟ္မာဘဝကို စိတ်ကပ်ရောက်စွဲနေခြင်းသဘောက ဥပါဒါန် အသီးအသီး ဖြစ်ကြတယ်။

ယင်းကိလေသဝဋ် (၃)မျိုးကို အကြောင်းခံကာ တတိယစျာန်ဘုံ ဗြဟ္မာ ဘဝဆိုတဲ့ ခန္ဓာ (၅)ပါး ရုပ်တရားနာမ်တရားတွေကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တတိယစျာန်ကုသိုလ်သင်္ခါရတရားတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ပြုစုပျိုးထောင်ပြန်တယ်။ သို့သော် ဒီတတိယ စျာန်ကုသိုလ်သင်္ခါရတရားတွေဟာလည်း ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရား တွေသာဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ပျက်သွားကြပြန်တယ်။ သို့သော် ဒီလို ဖြစ်ပြီး ပျက်သွားတဲ့အခါမှာ နောင်အနာဂတ်ဝယ် သူမျှော်လင့် တောင့်တထား တဲ့ ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိကို သူရဲ့ရုပ်နာမ် အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားကြတယ်။ ယင်းစွမ်းအင်ကမ္မသတ္တိကိုပဲ နာနာက္ခဏိကကမ္မပစ္စည်းဖြစ်တဲ့ ကံလို့ ပဋ္ဌာန်းဒေသနာတော် နာနာက္ခဏိကကမ္မပစ္စည်းပိုင်းမှာရ၇ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။

အားလုံးပေါင်းလိုက်တော့ --- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့, နောင်အနာဂတ်ဘဝ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေကို ဖြစ်ပေါ်လာ အောင် ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်နေတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ဟာ စုံညီသွားကြပြီဖြစ်တယ်။ ထိုယောဂီဟာ ဒီလို အနာဂတ်ဘဝအတွက် တာစူကာ ပြုစုပျိုးထောင်ထားတဲ့ ခုပြောခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်နာမ်တရားစု, သင်္ခါရ ကံလို့ဆိုတဲ့ ကမ္မဝဋ်စျာန်နာမ်တရားစုတွေ ကို စတင်ကာ ရုပ်နာမ်တွေကို ပြန်လည်သိမ်းဆည်းပါတယ်။ ဒီလိုသိမ်းဆည်း ပြီးတဲ့နောက် ဒီဘဝအတိတ်ဘက်သို့ တာစူကာ ဒီဘဝပဋိသန္ဓေသို့တိုင်အောင် ရုပ်တွေနာမ်တွေကို တဖြည်းဖြည်း သိမ်းဆည်းသွားရာ ပဋိသန္ဓေရုပ်နာမ် တွေကို သိမ်းဆည်းနိုင်တဲ့အဆင့်အထိ ရောက်ရှိသွားတယ်။ ထိုမှတစ်ဆင့် အတိတ်ဘဝ စုတိနှင့် မရဏာသန္နဇောအခိုက် ရုပ်နာမ်တွေကို ဆက်လက်ကာ သိမ်းဆည်းလေရာ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောရဲ့ အာရုံကို တွေ့ရှိပြန်တယ်။

ဒီယောဂီရဲ့ မရဏာသန္နဇောအခိုက်မှာ ငှက်ကလေးတွေကို အဘယဒါန ဘေးမဲ့အလှူအဖြစ် ဇီဝိတဒါနအဖြစ် လွှတ်ခဲ့ဖူးတဲ့ ကံအာရုံဟာ အသစ် တစ်ဖန် ပြန်လည်ကာ ငှက်ကလေးတွေကို လွှတ်နေတဲ့အနေအထားအားဖြင့် ပြန်ပေါ်လာခဲ့ပါတယ်။ တစ်ဖန် တကယ် ငှက်တွေကို လွှတ်နေတဲ့အချိန်အခါ အထိ ရုပ်နာမ်တွေကို ဆက်လက် သိမ်းဆည်းလေရာ ငှက်တွေကို ဘေးမဲ့ ဇီဝိတဒါနပေးလှူခဲ့တဲ့ ကုသိုလ်သင်္ခါရကံတွေကိုသာ သိမ်းဆည်းလို့ရခဲ့တယ်၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေကို ရှာဖွေလို့မရ သိမ်းဆည်းလို့မရ ဖြစ်ခဲ့တယ်။ ထိုအခါမှာ သေခါနီးကာလဘက်သို့ ဦးတည်ကာ ရုပ်နာမ်တွေကို တစ်ဖန် ပြန်၍ ဆက်လက်သိမ်းဆည်းလေရာ သေခါနီးကာလ မရဏာသန္နဇော မစောမီ အချိန်အခါမှာ ဘဝမှ လွတ်မြောက်မှုကို ရရှိနိုင်တဲ့ တစ်နည်းပြောရ လျှင်တော့ နိဗ္ဗာန်ကို ရရှိနိုင်တဲ့ အမျိုးသမီးဘဝဘက်သို့ စိတ်ဓာတ်တွေ ညွတ်ကိုင်းရှိုင်းနေတဲ့ နာမ်တရားစုတွေကို သိမ်းဆည်းလို့ ရရှိသွားခဲ့တယ်။

ငှက်ကလေးတွေကို ဇီဝိတဒါန ဘေးမဲ့အလှူဆိုတဲ့ ကုသိုလ်သင်္ခါရတွေကို ပြုစုပျိုးထောင်နေစဉ်အချိန်အခါမှာ မလှူမီ ရှေ့အဖို့မှာရော လှူပြီး နောက်ပိုင်း မှာရော ဒီလိုဘဝတစ်ခုခုကို လိုလားတောင့်တတဲ့ စိတ်ထားတွေ မဖြစ်ပေါ်ခဲ့ ပေမဲ့လို့ ထိုကုသိုလ်ကံကို အဝိဇ္ဇာ တဏှာဆိုတဲ့ အနုသယဓာတ်ငုတ်တွေက ခြံရံလျက်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဒီအနုသယဓာတ်တွေရဲ့ စွမ်းအား ကြောင့် သေခါနီးကာလ မရဏာသန္နဇော မစောမီ အချိန်မှာ ဘဝ လွတ်မြောက်မှုကို ရရှိနိုင်တဲ့ အမျိုးသမီးဘဝဘက်သို့ စိတ်ဓာတ်တွေက ညွတ်ကိုင်းရှိုင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ကံကို ထူထောင်စဉ်အချိန်အခါမှာ အဝိဇ္ဇာအနုသယ ခြံရံကာ ဘဝကို တွယ်တာမှု တဏှာအနုသယဓာတ်ကို အရင်းတည်လျက် ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်သင်္ခါရ တရားမျိုးတွေကို ရည်ညွှန်းကာ အရှင်အနုရုဒ္ဓါမထေရ်မြတ်က မိမိရဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းငယ်မှာရ၈ ----- အဝိဇ္ဇာနုသယပရိက္ခိတ္တေန တဏှာနုသယမူလကေနေ သင်္ခါရေန .. စသည်ဖြင့် ဖွင့်ဆိုထားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော် ဒီဖွင့်ဆိုချက်ဟာ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် တတိယစေတနာသုတ္တန်မှာရ၉ ဘုရားရှင်ရဲ့ ဟောကြားတော်မူချက်နှင့် ညီညွတ်လျက်ပင် ရှိပါတယ်။ ဒီဒေသနာတော်ရဲ့ ကောက်နုတ်ချက်ကတော့ ဒီလိုပါ။

ပုဂ္ဂိုလ်တစ်ဦးဟာ ကုသိုလ်ကံတစ်ခုကို ပြုစုပျိုးထောင်စဉ်အချိန်အခါမှာ အထူးသဖြင့် ဝိပဿနာကုသိုလ်ကံကို ပြုစုပျိုးထောင်စဉ်အချိန်အခါမှာ ဘဝတစ်ခုကို လိုလားတပ်မက်နေတဲ့ တဏှာ ဒိဋ္ဌိတို့ ခြံရံကာ ဒီကုသိုလ်ကံကို ဖြစ်ပေါ်လာအောင် ပြုစုပျိုးထောင်မှုလည်း မရှိ၊ ကုသိုလ်စေတနာကို ဖြူဖြူ စင်စင်သာ ဖြစ်ပေါ်စေတယ်။ ဘဝတစ်ခုခုကို ရလိုကြောင်း တဏှာ ဒိဋ္ဌိတို့ဖြင့် ပူးတွဲကာ ကြံစည်စိတ်ကူးမှုကလည်း မရှိ ဖြစ်ခဲ့တယ်။ သို့သော် ကုသိုလ်ကံကို ပြုစုပျိုးထောင်နေစဉ်အချိန်အခါမှာ တဏှာ ဒိဋ္ဌိတို့ ခြံရံမှု မရှိသော်လည်း တစ်နည်းပြောရလျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်ပေါ်ကာ ခြံရံထားမှု မရှိသော်လည်း ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် တို့ဟာ အနုသယဓာတ်ငုတ်အနေအားဖြင့်တော့ ကိန်းဝပ်ကာ တည်ရှိနေ လျက်ပင် ရှိကြပါတယ်၊ အရိယမဂ်တရားဖြင့် မပယ်ရှားရသေးတဲ့အတွက် ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို အနုသယဓာတ်ငုတ်အနေအားဖြင့် တည်ရှိနေ ခြင်းသည်ပင် ဒီပုဂ္ဂိုလ် ထူထောင်ထားတဲ့ ကုသိုလ်ကံဟာ အထူးသဖြင့် ဝိပဿနာကုသိုလ်ကံဟာ နောင်တစ်ဖန်ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိတဲ့ ကမ္မဝိညာဏ်အရာ၌ တည်ရှိဖို့ရန် အကြောင်းတရားပဲ ဖြစ်ပါတယ်။၇၉

ဒီလို ဘုရားရှင် ဟောကြားထားတော်မူတဲ့အတွက် ..

ဒီယောဂီသူတော်ကောင်းဟာလည်း ငှက်ကလေးတွေကို ဘေးမဲ့အလှူ ပေးလှူနေစဉ်အချိန်အခါမှာ ဘဝတစ်ခုခုကို ရလိုရောက်လိုတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံကာ ဒီဘေးမဲ့အလှူကုသိုလ်စေတနာကို ပြုစုပျိုးထောင်မှုလည်း မရှိ ဖြစ်ခဲ့တယ်၊ ဘဝတစ်ခုခုကို ရချင်ရောက်ချင်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံကာ ကြံစည်စိတ်ကူးမှုတွေကလည်း မရှိ ဖြစ်ခဲ့တယ်။ သို့သော် ဒီဘေးမဲ့ အလှူကုသိုလ်စေတနာအုပ်စုကို ပြုစုပျိုးထောင်စဉ်အချိန်အခါမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ဟာ ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်ပေါ် မလာကြ ပေမယ့်လို့ အနုသယဓာတ်ငုတ်အနေအားဖြင့်တော့ ကိန်းဝပ်ကာ တည်ရှိနေ လျက်ပင် ရှိကြပါတယ်။ ဒီလို အနုသယဓာတ်ငုတ်အနေအားဖြင့် တည်ရှိနေ ခြင်းသည်ပင် ယင်းဘေးမဲ့အလှူကုသိုလ်စေတနာအုပ်စုဟာ နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ကမ္မဝိညာဏ်အရာ၌ တည်ရှိဖို့ရန် အကြောင်းတရားပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ထိုယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ ဇီဝိတဒါန ဘေးမဲ့ အလှူ ပေးလှူခဲ့စဉ်က ငှက်ကလေးတွေအပေါ်မှာ ကြင်နာသနားမှု ကရုဏာ တရားက ပြဓာန်းလျက် ရှိနေပါတယ်။ ယင်းကုသိုလ်သင်္ခါရတရားတွေကို ပြန်လည်ရေတွက်ကြည့်လိုက်တဲ့အခါ ရှေ့ကဖော်ပြခဲ့တဲ့ ပထမစျာန်နာမ်တရားတွေနဲ့ အလားတူနေတဲ့ ဇီဝိတဒါန ဘေးမဲ့အလှူ ဒါနကုသိုလ်စေတနာ အုပ်စု (၃၄)လုံးနှင့် နောက်ထပ်တိုးလာတဲ့ ငှက်တွေအပေါ် ကြင်နာသနားမှု ကရုဏာစေတသိက် (၁)လုံး -- အားလုံးရေတွက်လိုက်တော့ ဇီဝိတဒါန ကုသိုလ်စေတနာအုပ်စု (၃၅)လုံးတို့ကို သိမ်းဆည်းလို့ ရရှိသွားခဲ့ပါတယ်။

ဒီယောဂီသူတော်ကောင်း ပြုစုပျိုးထောင်ထားတဲ့ ဘေးမဲ့အလှူကုသိုလ် စေတနာအုပ်စု သင်္ခါရတရားတွေဟာ သူမျှော်လင့်တောင့်တနေတဲ့ ဘဝ လွတ်မြောက်မှုကို ရရှိနိုင်တဲ့ အမျိုးသမီးဘဝလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာ (၅)ပါး ရုပ်တရားနာမ်တရားတွေကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအား ရှိတဲ့ ကမ္မဝိညာဏ်အရာမှာ တည်ရှိသွားကြပါတယ်။ သို့သော်လည်း ဒီကုသိုလ် သင်္ခါရတရားတွေဟာ အနိစ္စတရားမျိုးတွေသာ ဖြစ်ကြတဲ့အတွက် ဖြစ်ဖြစ်ပြီး တာနဲ့ ပျက်ပျက်သွားကြပါတယ်။ ဒီကုသိုလ်သင်္ခါရတရားတွေ ချုပ်ပျက်သွားတဲ့ အခါမှာ သူ့ရဲ့ ရုပ်နာမ်အစဉ်မှာ မြှုပ်နှံထားခဲ့တဲ့ သူမျှော်လင့်တောင့်တနေတဲ့ ဘဝလွတ်မြောက်မှုကို ရရှိနိုင်တဲ့ အမျိုးသမီးဘဝဆိုတဲ့ ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကတော့ ကံတရားပဲ ဖြစ်ပါတယ်။ အားလုံးပေါင်းလိုက်တော့ ----

  1. ဘဝလွတ်မြောက်မှုကို ရရှိနိုင်တဲ့ အမျိုးသမီးဘဝလို့ အသိမှားမှု သဘောက အဝိဇ္ဇာ၊
  2. ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ၊
  3. ယင်းအမျိုးသမီးဘဝကို စိတ်ကပ်စွဲနေတဲ့သဘောက ဥပါဒါန်၊
  4. ငှက်တွေကို ဇီဝိတဒါန ဘေးမဲ့အလှူ ပေးလှူနေတဲ့ ကုသိုလ်စေတနာ အုပ်စု (၃၅)လုံးက သင်္ခါရ၊
  5. ယင်းကုသိုလ်သင်္ခါရတရားရဲ့ စွမ်းအင်ကမ္မသတ္တိက ကံ ---

အားလုံးပေါင်းလိုက်တော့ အကြောင်းတရား (၅)ပါး စုံညီသွားပြီ ဖြစ်ပါ တယ်။ ဒီအကြောင်းတရားတွေကတော့ သမုဒယသစ္စာတရားတွေပဲ ဖြစ်ကြ ပါတယ်။

ဒီအကြောင်းတရား (၅)ပါး သမုဒယသစ္စာတရားတွေကြောင့် ယခု ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေအခိုက်မှာ ပဋိသန္ဓေခန္ဓာ (၅)ပါး ရုပ်တရားနာမ်တရား တွေ ဖြစ်-မဖြစ်ကို ဉာဏ်ဖြင့် စူးစိုက်ကာ ရှုကြည့်လိုက်တဲ့အခါ ဖြစ်ပေါ်နေ တာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခဲ့ ပါတယ်။ အလားတူပဲ ဘဝတစ်လျှောက်အတွင်းမှာ ဒွါရ (၆)ပါးမှာ ထိုက်သလို ဖြစ်ပေါ်နေကြတဲ့ ဝိပါက်နာမ်တရားအများစုနှင့် ကမ္မဇရုပ်တွေဟာလည်း ဒီသမုဒယသစ္စာကြောင့်ပင် ဖြစ်ပေါ်နေကြတာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်ရှုလို့ ရရှိခဲ့ပါတယ်။

စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တစ်ခုကတော့ .. ဒီယောဂီ သူတော်ကောင်းဟာ အနောက်တိုင်းသူ တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ အတိတ်ဘဝက ရိုမန်ကက်သလစ်ဂိုဏ်းဝင် ခရစ်ယာန်တစ်ဦးပဲ ဖြစ်ခဲ့ပါတယ်။ အတိတ်ဘဝက သူ ပညာသင်ခဲ့စဉ်အချိန်အခါက သူတို့ရဲ့ကျောင်းမှာ ဗုဒ္ဓဘာသာအကြောင်းကိုလည်း သင်ကြားခဲ့ရတယ်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ ပြတိုက်လို့ခေါ်ဆိုတဲ့ အခန်းတစ်ခန်းလည်း သူတို့ကျောင်း အဆောက်အဦး ထဲမှာ တည်ရှိခဲ့ပါတယ်။ ထိုအခန်းထဲမှာ ဂေါတမဘုရားအလောင်းတော်ရဲ့ ဘဝလွတ်မြောက်ရေးအတွက်, မသေရာအမြိုက်နိဗ္ဗာန်ကို ရရှိရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် (၆)နှစ်တိုင်တိုင် ဒုက္ကရစရိယာကို ကျင့်နေတဲ့ ရုပ်ပုံတော်ဟာ သူ့ရဲ့စိတ်ဓာတ်ကို အလွန်ဆွဲဆောင်နေတဲ့ ရုပ်ပုံတော်တစ်ခု ဖြစ်ခဲ့တယ်။ ဘဝမှ လွတ်မြောက်ကြောင်း တရားကောင်းတွေကို အလားတူ ကျင့်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေဟာ သူ့ရဲ့သန္တာန်မှာ အကြိမ်များစွာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် သေခါနီးကာလမှာ သူဟာ ဘဝမှ လွတ်မြောက်ရေးကို ရရှိနိုင်တဲ့ အမျိုးသမီးဘဝဘက်သို့ စိတ်ဓာတ်တွေက ညွတ်ကိုင်းရှိုင်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒီယောဂီပုဂ္ဂိုလ်ဟာ အဖြူရောင် ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိ ကို ဝိပဿနာရဲ့ အခြေပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ပြီးနောက် ရုပ်နာမ်တွေကို သိမ်းဆည်းလေရာ ရုပ်တရား နာမ်တရားတွေကို ရုပ်ပရမတ် နာမ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်အထိ သိမ်းဆည်းရှုပွားနိုင်ခဲ့ပါတယ်။ အလားတူပဲ ဗဟိဒ္ဓ ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား)တွေကို သိမ်းဆည်း နိုင်ခဲ့တယ်၊ အတိတ်ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား), အနာဂတ်ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား)တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်။

ဒါတွင်မကသေးဘူး၊ ရှေးက ရှင်းပြခဲ့တဲ့အတိုင်း အတိတ်က ပြုစု ပိုးထောင်ထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် ယခုပစ္စုပ္ပန်ဘဝမှာ အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်နေတာကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုလို့ ရခဲ့တယ်။ အလားတူပဲ ယခုဘဝမှာ သူကိုယ်တိုင် ပြုစုပိုးထောင်ထားတဲ့ အထက်ကဖော်ပြခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် (တတိယစျာန်) သင်္ခါရ ကံ ဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် အနာဂတ် ဗြဟ္မာဘဝမှာ ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား)ဆိုတဲ့ ဒုက္ခသစ္စာတရားတွေ ထင်ရှား ဖြစ်ပေါ်လာမှာကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုမြင်လို့ ရရှိခဲ့ပါတယ်။

ဒါတွင်မကသေးဘူး၊ ဒီယောဂီသူတော်ကောင်းဟာ နောင်အနာဂတ် ဗြဟ္မာဘဝမှာ သူမျှော်လင့်တောင့်တနေတဲ့ ဘဝလွတ်မြောက်မှုကို ရရှိတော့မှာ ဖြစ်ပါတယ်။

နောင်အနာဂတ် ဗြဟ္မာဘဝသို့ ရောက်ရှိတဲ့အခါကျမှ ရရှိမှာဖြစ်တဲ့ အရဟတ္တမဂ်ရဲ့စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ နောက်ထပ်အနာဂတ်ဘဝသစ်ကို ဖြစ်စေတတ်တဲ့ သမုဒယသစ္စာတရားတွေ ဟာ နောင်တစ်ဖန် ဘယ်တော့မှ ထပ်မဖြစ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားတဲ့အတွက် ကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေဟာလည်း နောင်တစ်ဖန် ဘယ်တော့မှ ထပ်မဖြစ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်း အကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို သူရဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ရှုမြင်လို့ ရရှိခဲ့ပါတယ်။ ဒီယောဂီဟာ သူမျှော်လင့် တောင့်တနေတဲ့ အိုနာသေရေး ဒုက္ခဘေးအဝဝတို့မှ အပြီးတိုင် ကျွတ်လွတ် ထွက်မြောက်ရတော့မည့်သဘောကို ဉာဏ်နဲ့ လှမ်းမြော်ကြည့်ပြီးတော့ ဝမ်းအသာကြီး သာနေခဲ့ပါတယ်။

ဒီနေရာမှာ နားလည်မှု မလွဲစေချင်တဲ့အချက်တစ်ခုတော့ ရှိပါတယ်။ ဝိပဿနာဉာဏ်ဟာ အရဟတ္တမဂ်ကို အာရုံပြုနိုင်ပါသလားလို့ စာပေ ကျွမ်းကျင်ကြတဲ့ အချို့အချို့ ယောဂီသူတော်ကောင်းများက မေးမြန်းတော် မူလေ့ ရှိကြပါတယ်။ ဒီနေရာမှာ ဝိပဿနာဉာဏ်က အရဟတ္တမဂ်ဉာဏ်ကို အာရုံပြုနိုင်တယ်လို့ မဆိုလိုပါဘူး။ ဝိပဿနာဉာဏ်က အရဟတ္တမဂ်ရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းသမုဒယသစ္စာတရားတွေရဲ့ ချုပ်ငြိမ်းမှု, အကျိုးဒုက္ခသစ္စာတရားတွေရဲ့ ချုပ်ငြိမ်းမှုတွေကိုသာ ရှုမြင်တယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

ဒီအဆင့်သို့ ရောက်ရှိနေတဲ့ ယောဂီသူတော်ကောင်းတစ်ဦးဟာ ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား)တွေရဲ့ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်ကာ လက္ခဏာ ရေးသုံးတန် တင်ကာ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဝိပဿနာ ရှုနေရမှာ ဖြစ်တယ်။ ဗဟိဒ္ဓခန္ဓာ (၅)ပါး, အတိတ်ခန္ဓာ (၅)ပါး, အနာဂတ်ခန္ဓာ (၅)ပါး ဆိုတဲ့ ရုပ်တရားနာမ်တရားတွေကိုလည်း အလားတူပဲ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဝိပဿနာရှုပွားရမှာ ဖြစ်ပါတယ်။

ဒီလို အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတဲ့ ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဆိုတဲ့ သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်တရားနာမ်တရားတွေကို ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ဖြစ်မှု ပျက်မှုတွေကို ဝိပဿနာဉာဏ် ဖြင့် မြင်အောင်ကြည့်ကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားသုံးသပ်နေတဲ့ ယောဂီသူတော်ကောင်း တစ်ဦးရဲ့ ဝိပဿနာ ဉာဏ်အမြင်မှာ သစ္စာလေးပါး မြတ်တရားတို့ ထင်ရှားလာပုံကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာတို့က၈၀ သတိပဋ္ဌာန်ပါဠိတော်နှင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်တို့ကို ရည်ညွှန်းတော်မူကာ ဒီလို ရှင်းပြထားကြ ပါတယ်။ ဒီလို ရှင်းပြတဲ့အပိုင်းမှာ ဥဒယဗ္ဗယဉာဏ်ကို ငါးမျိုးငါးစားခွဲကာ ရှင်းပြထားတော်မူကြပါတယ် ..။

  1. ပစ္စယတော ဥဒယဒဿန
  2. ခဏတော ဥဒယဒဿန
  3. ပစ္စယတော ဝယဒဿန
  4. ခဏတော ဝယဒဿန
  5. ပစ္စယတော ဥဒယဗ္ဗယဒဿန + ခဏတော ဥဒယဗ္ဗယဒဿန

၁။ ပစ္စယတော ဥဒယဒဿန

ပစ္စယတော ဥဒယဒဿနဉာဏ်ဆိုတာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံ, ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံကို ထိုးထွင်းသိမြင်နေတဲ့ ဝိပဿနာဉာဏ်ကို ပစ္စယတော ဥဒယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။ ဒီလို ပစ္စယတော ဥဒယဒဿနဉာဏ်ဖြင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်း ကြောင့် အကျိုးတရားတွေ ထင်ရှားဖြစ်နေပုံကို ရှုမြင်လိုက်တဲ့အခါ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဇနကအကြောင်းလို့ ခေါ်ဆိုအပ်တဲ့ သမုဒယသစ္စာတရားကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေတဲ့အတွက်ကြောင့် ထိုအချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့ သန္တာန်မှာ သမုဒယသစ္စာတရားဟာ ထင်ရှားလာပါတယ်။

၂။ ခဏတော ဥဒယဒဿန

ခဏတော ဥဒယဒဿနဉာဏ်ဆိုတာ ကတော့ ယင်းရုပ်နာမ်ပရမတ်တရားတို့ရဲ့ ခဏအားဖြင့် ဖြစ်နေမှုကို အဆက် မပြတ် အဖြစ်သက်သက်ကိုသာ ရှုမြင်နေတဲ့ဉာဏ်ကို ခဏတော ဥဒယဒဿန ဉာဏ်လို့ ခေါ်ဆိုပါတယ်။ ဒီလို ကာလ (၃)ပါး, သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အဖြစ်သက်သက်ကို ခဏတော ဥဒယဒဿနဉာဏ်ဖြင့် ထိုးထွင်းသိမြင်နေတဲ့အတွက်ကြောင့် ထိုအချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ ရုပ်နာမ်ဓမ္မသင်္ခါရ တရားတို့ရဲ့ အဆက်မပြတ် ဖြစ်နေမှု ဇာတိဒုက္ခကို ထိုးထွင်းသိမြင်နေတဲ့ အတွက်ကြောင့် ဒုက္ခသစ္စာတရားဟာ ထင်ရှားလာပါတယ်။

၃။ ပစ္စယတော ဝယဒဿန

ပစ္စယတော ဝယဒဿနဉာဏ်ဆိုတာ ကတော့ --- ယခုဘဝမှာပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည့် သူတော်ကောင်းများအတွက် ယခုဘဝအနာဂတ်တစ်ချိန်ချိန်မှာ, နောင် အနာဂတ်ဘဝရောက်ရှိပါမှ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည့် သူတော်ကောင်းများအတွက် နောင်အနာဂတ်ဘဝ တစ်ချိန်ချိန်မှာ ဖြစ်ပေါ် လာမည့် အရဟတ္တမဂ်ဉာဏ်ရဲ့စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေဟာ နောင်တစ်ဖန် ဘယ်တော့မှ ထပ်မဖြစ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်း အကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားတဲ့အတွက်ကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေဟာလည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောင်တစ်ဖန် ဘယ်တော့မှ ထပ်မဖြစ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတယ်။ ---- ဒီလို ချုပ်ငြိမ်းမှုကို ထိုးထွင်း သိမြင်နေတဲ့ ဝိပဿနာဉာဏ်ကို ပစ္စယတော ဝယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။ ဒီလို ပစ္စယတော ဝယဒဿနဉာဏ် အမြင် ရှိနေတဲ့ ယောဂီသူတော်ကောင်းဟာ ---- အကြောင်းတရားတွေက နောင်တစ်ဖန် ဘယ်တော့မှ ထပ်မဖြစ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားတဲ့အတွက်ကြောင့် အကြောင်းတရားတွေ ထင်ရှားရှိပါမှ ထင်ရှားဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအား ရှိကြတဲ့ အကျိုးတရားတွေဟာလည်း ဖြစ်နိုင်တဲ့စွမ်းအားတွေ ကုန်ခန်းကာ နောင်တစ်ဖန် ဘယ်တော့မှ ထပ်မဖြစ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းဆိုတဲ့ ဒီလို အကြောင်း အကျိုး နှစ်ရပ်လုံးရဲ့ ချုပ်ငြိမ်းမှုကိုသိမြင်နေတဲ့အတွက်ကြောင့်---ထိုအချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့ သန္တာန်မှာ နိရောဓသစ္စာ တရားဟာ ထင်ရှားလာပါတယ်။

၄။ ခဏတော ဝယဒဿန

ခဏတော ဝယဒဿနဉာဏ်ဆိုတာ ကတော့ ---- ကာလ (၃)ပါး, သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ ခဏဘင်အားဖြင့် အဆက်မပြတ် ပျက်နေမှုကို တွေ့မြင်နေတဲ့ ဝိပဿနာဉာဏ်ကို ခဏတော ဝယဒဿနဉာဏ်လို့ ခေါ်ဆိုပါ တယ်။ ဒီလို ခဏတော ဝယဒဿနဉာဏ်အမြင်ကို ရရှိနေတဲ့ သူတော်ကောင်း ရဲ့သန္တာန်မှာ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ခဏဘင်အားဖြင့် အဆက်မပြတ် သေကျေပျက်စီးနေမှု မရဏဒုက္ခကို ထိုးထွင်းကာ သိမြင်နေတဲ့အတွက်ကြောင့် ဒုက္ခသစ္စာတရားဟာ ထင်ရှားလာပါတယ်။

၅။ ပစ္စယတော ဥဒယဗ္ဗယဒဿန + ခဏတော ဥဒယဗ္ဗယဒဿန

ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်ဆိုတာကတော့ ---- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံ, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ချုပ်ငြိမ်းပုံကို တစ်ဆက်တည်း ပူးတွဲသိမ်းဆည်းကာ ရှုနေတဲ့ ဝိပဿနာဉာဏ်ကို ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။ ဥပမာ ..

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ် ၏..

စသည်ဖြင့် ဖြစ်ကြောင်းသဘောနှင့် ချုပ်ကြောင်းသဘောကို တစ်ခုပြီး တစ်ခု ပူးတွဲကာ ဆက်တိုက်ရှုနေတဲ့ ဝိပဿနာဉာဏ်မျိုးကို ဆိုလိုပါတယ်။

ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်ဆိုတာကတော့ ---- ကာလ (၃)ပါး သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ ဖြစ်မှု ပျက်မှု နှစ်မျိုးစလုံးကို မြင်အောင် ကြည့်ကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ အဆက်မပြတ် ရှုမြင်နေတဲ့ ဝိပဿနာဉာဏ်ကို ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်လို့ ခေါ်ဆို ပါတယ်။ ဥပမာ ..

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏-

ဤသို့စသည်ဖြင့် ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်ဖြင့် ရှုမြင်ပြီးတဲ့ အခါ --

အဝိဇ္ဇာလည်း ဖြစ်-ပျက် အနိစ္စ၊ ရုပ်လည်း ဖြစ်-ပျက် အနိစ္စ ..

ဤသို့စသည်ဖြင့် ရှုမြင်တတ်တဲ့ ဝိပဿနာဉာဏ်ကို ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။

ယင်း ပစ္စယတော ဥဒယဗ္ဗယဒဿန + ခဏတော ဥဒယဗ္ဗယဒဿန ဉာဏ်တို့ကား သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊ ဝိပဿနာသမ္မာဒိဋ္ဌိလို့ ဆိုလိုပါတယ်။ ယင်းဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်နှင့် စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲ ဖြစ်ပေါ်သွားကြတဲ့ သမ္မာသင်္ကပ္ပ (= ပစ္စယတော ဥဒယဗ္ဗယ + ခဏတော ဥဒယဗ္ဗယလို့ ခေါ်ဆိုတဲ့ နှစ်မျိုးသော ဥဒယဗ္ဗယအာရုံပေါ်သို့ ဝိပဿနာ စိတ်ကို ရှေ့ရှုတင်ပေးခြင်းသဘော)၊ သမ္မာဝါယာမ (= နှစ်မျိုးသော ဥဒယဗ္ဗယ သဘောကို သိအောင် ကြိုးစားအားထုတ်နေခြင်းသဘော)၊ သမ္မာသတိ (=နှစ်မျိုးသော ဥဒယဗ္ဗယအာရုံကို အမှတ်ရနေခြင်းသဘော)၊ သမ္မာသမာဓိ (= နှစ်မျိုးသော ဥဒယဗ္ဗယအာရုံ၌ ဝိပဿနာစိတ်ရဲ့ တည်ငြိမ်နေမှုသဘော တည်ကြည်နေမှုသဘော) --- အားလုံးပေါင်းလိုက်တော့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ဖြစ်ကြပါတယ်။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မစီးဖြန်းမီ ကြိုတင်ဆောက် တည်ကာ ကျင့်သုံးနေတဲ့ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလ မဂ္ဂင် (၃)ပါးတို့ကိုပါ ထပ်ပြီးပေါင်းလိုက်လျှင် မဂ္ဂင် (၈)ပါး ဖြစ်သွားကြပါတယ်။ ဒီလောကီမဂ္ဂင်တရားကိုယ် (၈)ပါးကတော့ ဝိပဿနာဉာဏ်အခိုက်မှာ ဖြစ်ပေါ်နေကြတဲ့ ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခချုပ်ရာနိရောဓသို့ ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆိုတဲ့ မဂ္ဂသစ္စာတရားတွေ ဖြစ်ကြပါတယ်။

ဝိပဿနာရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ အရူပသတ္တကဝိပဿနာ ရှုနည်းစတဲ့ ဝိပဿနာရှုကွက်တွေကို စေ့စေ့စုံစုံ ဝိပဿနာရှုနေတဲ့အခါ တစ်ခါတစ်ရံ မိမိရဲ့ ဝိပဿနာဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဇောဝီထိ စိတ်အစဉ်နာမ်တရားစုတွေကိုလည်း တစ်ဖန်ပြန်ကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာရှုပေးရပါတယ်။

ဒီလို ဝိပဿနာဉာဏ် ဦးဆောင်နေတဲ့ ဝိပဿနာဇောဝီထိစိတ်အစဉ် နာမ်တရားစုတွေကို တစ်ဖန်ပြန်ကာ ဝိပဿနာရှုနိုင်တဲ့အခါ ဒီဝိပဿနာဇော နာမ်တရားစုတွေထဲမှာ အကျုံးဝင်နေတဲ့ အထက်ကဖော်ပြခဲ့တဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ လောကီမဂ္ဂသစ္စာ တရားတွေကိုလည်း ယောဂီပုဂ္ဂိုလ်က ထိုးထွင်းသိမြင်နေပါတယ်။ ယင်း လောကီမဂ္ဂသစ္စာတရားတွေဟာ ----

  • ဒုက္ခသစ္စာအမည်ရတဲ့ ရုပ်ပရမတ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်အထိ ထိုးထွင်းမသိမမြင်အောင် ဖုံးလွှမ်းထားတတ်တဲ့ မောဟ၊ နာမ်ပရမတ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်အထိ ထိုးထွင်း မသိမမြင်အောင် ဖုံးလွှမ်းထားတတ်တဲ့ မောဟ၊
  • အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာ တရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး (= ရုပ်တရား နာမ်တရား = ဒုက္ခသစ္စာတရား)တွေ ထင်ရှားဖြစ်ပေါ်လာခြင်းဆိုတဲ့ သမုဒယ သစ္စာကို မသိမမြင်အောင် ဖုံးလွှမ်းထားတတ်တဲ့ မောဟ၊
  • အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာ တရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား = ဒုက္ခသစ္စာတရား)တွေ ချုပ်ငြိမ်းခြင်းဆိုတဲ့ နိရောဓသစ္စာတရားကို မသိမမြင် အောင် ဖုံးလွှမ်းထားတတ်တဲ့ မောဟ၊
  • ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေတဲ့ လောကီမဂ္ဂသစ္စာတရားတွေကို မသိ မမြင်အောင် ဖုံးလွှမ်းထားတတ်တဲ့ မောဟ ----

ဒီလို သစ္စာလေးပါးကို မသိမမြင်အောင် ဖုံးလွှမ်းထားတတ်တဲ့ မောဟ တရားကို တဒင်္ဂအားဖြင့် ပယ်ရှားနိုင်တဲ့အတွက်ကြောင့် ယင်းမဂ္ဂင်တရားကိုယ် (၅)ပါးတို့ကို လောကီမဂ္ဂသစ္စာတရားတွေလို့ ခေါ်ဆိုပါတယ်။

ဒီနေရာမှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိလို့ ခေါ်ဆိုတဲ့ လောကီမဂ္ဂင်တရားကိုယ်တွေကို ခြုံငုံကာ ပြောကြစို့ ဆိုလျှင် ဒီမဂ္ဂင်တရားကိုယ် (၅)ပါးတို့ဟာ ကာလ (၃)ပါး, သန္တာန် (၂)ပါး အတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ တွေကိုလည်း ထွင်းဖောက်ကာ သိမြင်နေကြပါတယ်။ ဒီလို သိမြင်နေတဲ့ အတွက်ကြောင့် ဒီလိုမသိမမြင်ရအောင် ဖုံးလွှမ်းထားတတ်တဲ့ မောဟတရား ကိုလည်း တဒင်္ဂအားဖြင့် ပယ်ရှားလျက်ပင် ရှိနေကြပါတယ်။

အလားတူပဲ ကြိုတင်ဆောက်တည်ကာ ကျင့်သုံးနေဆဲဖြစ်တဲ့ သီလမဂ္ဂင် (၃)ပါးထဲမှာ သမ္မာဝါစာက မိစ္ဆာဝါစာဖြစ်အောင်, သမ္မာကမ္မန္တက မိစ္ဆာကမ္မန္တ ဖြစ်အောင်, သမ္မာအာဇီဝက မိစ္ဆာအာဇီဝဖြစ်အောင် တားမြစ်နှောင့်ယှက် တတ်တဲ့ ကိလေသာအညစ်အကြေးတွေကို တဒင်္ဂအားဖြင့် ပယ်ရှားနိုင်တဲ့ အတွက်ကြောင့် ယင်းသီလမဂ္ဂင် (၃)ပါးတို့ကိုလည်း လောကီမဂ္ဂသစ္စာ စာရင်း တွင် ထည့်သွင်းကာ လောကီမဂ္ဂသစ္စာတရားတွေလို့ပဲ ခေါ်ဆိုပါတယ်။

အားလုံးပေါင်းလိုက်တော့ ဝိပဿနာဉာဏ်အခိုက်မှာ ဖြစ်ပေါ်နေကြတဲ့ ဥဒယဗ္ဗယဉာဏ်ဖြင့် ထိုးထွင်းသိမြင်နေတဲ့ သစ္စာလေးပါးတရားတို့ ဖြစ်ကြ ပါတယ်။

ယခုပြောခဲ့တဲ့ ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်နှင့် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်တို့ဖြင့် ရှုမြင်နေတဲ့ ဝိပဿနာလုပ်ငန်းခွင်ကို ရည်ညွှန်း တော်မူကာ ဘုရားရှင်က သတိပဋ္ဌာန်ဒေသနာတော်အားလုံးတို့မှာ သမုဒယဓမ္မာနုပဿီ = အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး (=ရုပ်တရားနာမ်တရား = ဒုက္ခသစ္စာတရား)တွေ ထင်ရှားဖြစ်ပေါ်လာပုံကို လည်းကောင်း, အကျိုး ခန္ဓာ (၅)ပါးတို့ရဲ့ ခဏအားဖြင့် အဆက်မပြတ် ဖြစ်နေမှုသဘောကိုလည်းကောင်း အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍ နေရန် ညွှန်ကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

နောက်တစ်ခု ပြောကြဦးစို့ --- ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်နှင့် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်တို့ဖြင့် ရှုမြင်အပ်တဲ့ ဝိပဿနာလုပ်ငန်း ခွင်ကို ရည်ညွှန်းတော်မူကာ ဘုရားရှင်က သတိပဋ္ဌာန်ဒေသနာတော်အားလုံး တို့မှာ ဝယဓမ္မာနုပဿီ = အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး (=ရုပ်တရားနာမ်တရား = ဒုက္ခသစ္စာတရား)တွေ ချုပ်ငြိမ်းပုံကိုလည်းကောင်း, အကျိုး ခန္ဓာ (၅)ပါးတို့ရဲ့ ခဏအားဖြင့် အဆက်မပြတ် ပျက်နေမှုသဘောကို လည်းကောင်း အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍နေရန် ညွှန်ကြားတော် မူခဲ့ခြင်း ဖြစ်ပါတယ်။

နောက်တစ်ခု ပြောကြဦးစို့ --- ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်နှင့် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်တို့ဖြင့် ရှုမြင်အပ်တဲ့ ဝိပဿနာလုပ်ငန်း ခွင်ကို ရည်ညွှန်းတော်မူကာ ဘုရားရှင်က သတိပဋ္ဌာန်ဒေသနာတော် အားလုံး တို့မှာ သမုဒယဝယဓမ္မာနုပဿီ = အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား = ဒုက္ခသစ္စာတရား)တွေ ထင်ရှားဖြစ်ပေါ် လာပုံ, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာ တရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး (= ရုပ်တရားနာမ်တရား = ဒုက္ခသစ္စာတရား)တွေ ချုပ်ငြိမ်းပုံကိုလည်းကောင်း, အကြောင်းတရားနှင့် တကွသော အကျိုး ခန္ဓာ (၅)ပါးတို့ရဲ့ ခဏအားဖြင့် အဆက်မပြတ် ဖြစ်-ပျက်နေမှုသဘောကိုလည်းကောင်း အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍ နေရန် ညွှန်ကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ခုတင်ပြနေတဲ့ ဥဒယဗ္ဗယဉာဏ်ပိုင်း ရှုကွက်အမျိုး မျိုးတွေဟာ သတိပဋ္ဌာန်ဒေသနာတော်မြတ်မှာ ဘုရားရှင် ညွှန်ကြားထားတော် မူသည့်အတိုင်းသာလျှင် ရှုနေတဲ့ ရှုကွက်အမျိုးမျိုးတွေသာ ဖြစ်တယ်ဆိုတာကို ဘုရားရှင်ရဲ့ ဗောဓိဉာဏ်တော်မြတ်အပေါ်၌ အလေးအနက် မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ ဩကပ္ပနသဒ္ဓါတရားဖြင့် ယုံယုံကြည်ကြည် နာယူ မှတ်သားပါလေ။

နိရောဓသစ္စာအကြောင်း

ဒီလို ဥဒယဗ္ဗယဉာဏ်စတဲ့ ဝိပဿနာဉာဏ်တွေဖြင့် ထိုးထွင်းသိမြင် နေတဲ့ နိရောဓသစ္စာအကြောင်းကို ဆက်ပြီးတော့ ဆွေးနွေးကြရအောင် ..။

ယောဂါဝစရပုဂ္ဂိုလ်ဟာ ယခုလို ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်ရောက်လာတဲ့ အခါ ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲ အားထုတ်နေဆဲအချိန်မှာ ပုထုဇန် အဆင့်မှာသာ တည်ရှိနေပါသေးတယ်။ ဆက်လက်ကာ ဝိပဿနာဘာဝနာ တွေကို အစဉ်အတိုင်း အဆက်မပြတ် အဆင့်ဆင့် ဆက်လက် ကြိုးစား အားထုတ်လိုက်တဲ့အခါ ပါရမီတွေကလည်း ရင့်ညောင်းလာခဲ့ပြီဆိုလျှင်တော့ ဒီဘဝ သို့မဟုတ် နောင်အနာဂတ်ဘဝဆိုတဲ့ အနာဂတ် တစ်ချိန်ချိန်မှာတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ဆိုက်ရောက်မှာဖြစ်တယ်။ ဒီလို အနာဂတ်မှာ မိမိရရှိတော့မည့် အရဟတ္တမဂ်ဉာဏ်ရဲ့ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်နေတဲ့ ကိလေသာထု အစိုင်အခဲတွေဟာ အကြွင်း အကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုမျိုးကိုတော့ ဘုရားရှင်က -- အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ .. စသည်ဖြင့် အသေသဝိရာဂနိရောဓလို့ ဟောကြားတော်မူခဲ့ပါတယ်။၈၁ ဒီလို ကိလေသာတွေရဲ့ ချုပ်ငြိမ်းမှုကို နောက်ထပ်တစ်ဖန် ပြန်လည်ကာ ဘယ်တော့မှ ဖြစ်ပေါ်ခြင်း အလျှင်းမရှိကြ တော့တဲ့အတွက် အနုပ္ပါဒနိရောဓလို့လည်း ခေါ်ဆိုပါတယ်၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိတဲ့ ချုပ်ငြိမ်းခြင်းလို့ ဆိုလိုပါတယ်။ ဒီလို ကိလေသာ တွေရဲ့ ချုပ်ငြိမ်းမှုကို ကိလေသပရိနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်၊ သဥပါဒိသေသနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်။ သဥပါဒိသေသနိဗ္ဗာန်ဆိုတာကတော့ ကိလေသာတွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားသော် လည်း ခန္ဓာ (၅)ပါးက ကြွင်းကျန်နေသေးတဲ့အတွက် ပရိနိဗ္ဗာန်စံသည်အထိ ဆက်လက်တည်ရှိနေမှာဖြစ်ခြင်းကြောင့် သဥပါဒိသေသနိဗ္ဗာန်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ခန္ဓပရိနိဗ္ဗာန် ဖြစ်တယ်။ ဒီလို အရဟတ္တမဂ်ဉာဏ် ရဲ့ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာထုတွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတဲ့အတွက် ဒီကိလေသာ တွေရဲ့ အထောက်အပံ့ကို မရရှိတဲ့အတွက်ကြောင့် အတိတ်ဘဝထိုထိုမှာရော အရဟတ္တမဂ်ဆိုက်ရောက်မည့်ဘဝမှာရော အရဟတ္တမဂ်သို့ မဆိုက်ရောက်မီ ပြုစုပျိုးထောင်ခဲ့တဲ့ သင်္ခါရ ကံတွေလည်း နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင် တဲ့ စွမ်းအင်တွေ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတယ်။ ဒီလို အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာ တရားတွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတဲ့အတွက် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ဟာလည်း ပရိနိဗ္ဗာနစုတိအခိုက်မှာ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီးတော့ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတယ်။ ဒီလို ချုပ်ငြိမ်းမှုမျိုးကိုတော့ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ဖြစ်ပေါ်ခြင်း အလျှင်းမရှိကြတော့တဲ့အတွက် အနုပ္ပါဒနိရောဓ လို့လည်း ခေါ်ဆိုပါတယ်၊ ခန္ဓပရိနိဗ္ဗာန်လို့လည်း ခေါ်ဆိုပါတယ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံတော်မူတယ်လို့လည်း ခေါ်ဆိုပါတယ်။ အနုပါဒိသေသနိဗ္ဗာန်ဆိုတာကတော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် ထင်ရှားဖြစ်ပေါ်နေကြတဲ့ အကျိုး ဝိပါက်ခန္ဓာ ဒုက္ခသစ္စာတရားတွေရဲ့ အကြွင်း အကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန်လို့ ခေါ်ဆို ပါတယ်။၈၂, ၈၃

ဒီနေရာမှာ ဘုရားရှင်ကို ဦးတည်ကာ ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်အကြောင်းကို ဆက်ပြောကြရအောင် ..။

ဘုရားရှင်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ည မိုး သောက်ယာမ်အဆုံး၌ ဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေထက်မှာ သဗ္ဗညုတဉာဏ်အထွတ်တပ်ထားတဲ့ အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်တို့ကို ရရှိ တဲ့အတွက်ကြောင့် ကိလေသာတွေရဲ့ ချုပ်ငြိမ်းခြင်းဆိုတဲ့ ကိလေသပရိနိဗ္ဗာန် ကို ဝင်စံတော်မူခဲ့ပါတယ်။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် (၄၅)ဝါ အချိန်ကာလကို လွန်မြောက်တော်မူပြီးတဲ့အခါ မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့်နေ့ည မိုးသောက်ယာမ်ကာလရဲ့ နောက်ဆုံးပိုင်းမှာပဲ ကုသိနာရုံ ပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်အတွင်းမှာပဲ ဝိပါက်ခန္ဓာ (၅)ပါးတို့ရဲ့ ချုပ်ငြိမ်းခြင်းဆိုတဲ့ ခန္ဓပရိနိဗ္ဗာန်ကို ဝင်စံတော်မူခဲ့ပါတယ်။၈၄

ဒါကြောင့် ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံတော်မူရာ အချိန်ကာလနှင့် နေရာဒေသတို့ဟာလည်း ထင်ရှားတည်ရှိ နေခဲ့ပါတယ်။ အလားတူပဲ ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန ဓာတ် ဝင်စံတော်မူရာ အချိန်ကာလနှင့် နေရာဒေသတို့ဟာလည်း အထင် အရှား တည်ရှိနေခဲ့ပါတယ်။

သို့သော် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လို့ ခေါ်ဆိုအပ်တဲ့, လောကုတ္တရာ အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ရဲ့ အာရုံဖြစ်တဲ့, လောကုတ္တရာ နိရောဓသစ္စာအစစ်ဖြစ်တော်မူတဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီးကတော့ နိစ္စ ထာဝရ အမြဲတည်ရှိနေတဲ့ အငြိမ်းဓာတ်တရားတော်ကြီးသာ ဖြစ်ပါတယ်။ ထိုလောကုတ္တရာ နိဗ္ဗာန်တရားတော်မြတ်ကြီးဟာ အကြောင်းတရားတွေက ပြုပြင်လို့ဖြစ်ပေါ်လာရတဲ့ တရားမျိုး မဟုတ်ခြင်းကြောင့် ထိုနိဗ္ဗာန်တရားတော် မြတ်ကို အသင်္ခတဓာတု (= အသင်္ခတဓာတ်)လို့လည်း ခေါ်ဆိုပါတယ်။၈၅ ထိုနိဗ္ဗာန်တရားတော်မြတ်ဟာ မပျက်မစီးဘဲ အမြဲထာဝရ တည်ရှိနေတဲ့တရား မျိုးဖြစ်ခြင်းကြောင့် လောကမှာ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာတော်မူ သည်ပင်ဖြစ်စေ, လောကမှာ ဘုရားရှင်တို့ မပွင့်ထွန်း မပေါ်ပေါက်တော်မူခဲ့ သည်ပင်ဖြစ်စေ အမြဲထာဝရ တည်ရှိနေတဲ့ တရားမြတ်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်တို့ ပွင့်ထွန်းတော်မူလာတဲ့အခါ ထိုနိဗ္ဗာန်သို့ ပရိနိဗ္ဗာန် ဝင်စံတော် မူကြတဲ့ သူတော်ကောင်းတွေ များပြားခြင်းကြောင့် ထိုနိဗ္ဗာန်မှာ ပြည့်သွား သည်ဟူ၍ မရှိ၊ ဘုရားရှင်တို့ မပွင့်ထွန်းတော်မူတဲ့အခါ သုညကမ္ဘာ များစွာတို့၌ ပရိနိဗ္ဗာန်ဝင်စံတော်မူတဲ့ သူတော်ကောင်းတွေ မရှိခြင်းကြောင့် ထိုနိဗ္ဗာန်တရား တော်မြတ်ကြီးဟာ ယုတ်လျော့သွားသည်ဟူ၍ မရှိ၊၈၆ နိစ္စထာဝရ အမြဲတည်ရှိ နေတဲ့ တရားတော်မြတ်သာ ဖြစ်ပါတယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ဟာ ဘယ်အချိန်အခါက စတင်ဖြစ်ခဲ့တယ်လို့ ပြောဆို သတ်မှတ်ဖို့ရန် အချိန်ကာလလည်း မရှိ၊ ဘယ်နေရာ ဘယ်ဒေသမှာ ဖြစ်နေ ပါတယ်လို့ ပြောဆိုသတ်မှတ်ဖို့ရန် နေရာဒေသလည်း မရှိပါ၊ နိစ္စထာဝရ မပျက်စီးဘဲ အမြဲတည်နေတဲ့ တရားတော်မြတ်သာ ဖြစ်ပါတယ်။၈၇

သို့သော် ကိလေသာတွေရဲ့ချုပ်ငြိမ်းမှု ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်တရားတော်မြတ်နှင့် ခန္ဓာတို့ရဲ့ချုပ်ငြိမ်းမှု ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန်တရားတော်မြတ်တို့မှာ ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေကြတဲ့ အကြောင်းတရားတွေလည်း ထင်ရှားရှိနေကြတယ်၊ ပရိနိဗ္ဗာန်စံတော်မူရာ အချိန်ကာလနှင့် နေရာဒေသတို့လည်း ထင်ရှား ရှိနေကြတယ်။ ဘာအကြောင်းတရားတွေလဲ? လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ် တရားလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဘာဝနာကို ရင့်ကျက်လာအောင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ပါမှ ဒီလို ရင့်ကျက်လာတဲ့ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးနိုင်ပါမှ ဒီလို ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ လေးဆင့် သော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဟာ လောကုတ္တရာ နိရောဓသစ္စာ ဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူ ကာ တစ်ဆင့်ပြီးတစ်ဆင့် (တစ်ဆင့်နှင့် တစ်ဆင့်အကြားတွင် စိတ္တက္ခဏပေါင်း များစွာ ဝိပဿနာဇောဝီထိပေါင်းများစွာ ခြားလျက်) ဖြစ်ပေါ်လာကြပါတယ်။

လေးဆင့်သော အရိယမဂ်ဉာဏ်တို့က မိမိတို့ကို အာရမ္မဏူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီးရဲ့ အငြိမ်းဓာတ် အအေးဓာတ် အရှိန်အဝါသတ္တိထူးကြီး အကူအညီကို ရယူကာ ဆိုင်ရာဆိုင်ရာ ကိလေသာအပူမီးတွေကို တစ်ဆင့်ပြီး တစ်ဆင့် သမုစ္ဆေဒပဟာန်ဆိုတဲ့ အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် ငြိမ်းအေး အောင် ငြှိမ်းသတ်ကြပါတယ်။ လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ကလည်း အလားတူပဲ မိမိတို့ကို အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေ တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးရဲ့ အငြိမ်းဓာတ် အအေးဓာတ် အရှိန်အဝါသတ္တိထူးကြီးအကူအညီကို ရယူကာ ဆိုင်ရာဆိုင်ရာ ကိလေသာအပူမီးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပဋိပဿဒ္ဓိ နိရောဓသဘောဖြင့် တစ်ဖန်ထပ်မံကာ ငြိမ်းသထက် ငြိမ်းအေးအောင် ငြှိမ်းသတ်ကြပါတယ်။ ဒီလို ငြှိမ်းသတ်ကြတဲ့အတွက်ကြောင့် ကိလေသာအပူမီးဆိုတဲ့ သမုဒယသစ္စာတရား တွေဟာ တစ်နည်းပြောရလျှင်တော့ အထက်ကရှင်းပြခဲ့တဲ့အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ သမုဒယသစ္စာတရားတွေဟာ အကြွင်း အကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြပါတယ်။ ဒီလို အကြောင်းတရား တွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတဲ့အတွက် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေလည်း အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားကြပါတယ်။

ဒါကြောင့် ကိလေသာအပူမီးတို့ရဲ့ ငြိမ်းအေးခြင်း ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်တို့မှာ ---

၁။ ဝိပဿနာဉာဏ်

၂။ အရိယမဂ်ဉာဏ်

၃။ အရိယဖိုလ်ဉာဏ်

၄။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် ..

ဆိုတဲ့ ဒီလိုအကြောင်းတရားတွေ ထင်ရှားရှိနေကြပါတယ်၊ ဒီလို အကြောင်းတရားတွေကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ သဘောတရား တွေသာ ဖြစ်ကြပါတယ်။ ဖြစ်ပေါ်လာရာ အချိန်ကာလနှင့် ဖြစ်ပေါ်လာရာ နေရာဒေသတို့ဟာလည်း အထင်အရှား ရှိနေကြပါတယ်။

ခန္ဓာတို့ရဲ့ချုပ်ငြိမ်းခြင်း ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန် တို့မှာလည်း ကိလေသာတို့ရဲ့ ချုပ်ငြိမ်းခြင်း ကိလေသပရိနိဗ္ဗာန်ဆိုတဲ့ အကြောင်းတရားဟာ ထင်ရှားရှိနေပါတယ်။ ကိလေသပရိနိဗ္ဗာန် ဝင်စံရခြင်း ကြောင့်သာလျှင် ခန္ဓပရိနိဗ္ဗာန် ဝင်စံနိုင်ခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရလျှင် သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ခြင်းကြောင့်သာလျှင် အနုပါဒိသေသ နိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာလည်း ခန္ဓပရိနိဗ္ဗာန် ဝင်စံရာ သို့မဟုတ် အနုပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံရာ အချိန်ကာလနှင့် နေရာဒေသတို့ဟာလည်း ထင်ရှားရှိနေပါတယ်။

---

အရိယမဂ္ဂ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်တဲ့ သစ္စာလေးပါး

ဒီနေရာမှာ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်တဲ့ သစ္စာလေးပါး အကြောင်းကို ရှင်းပြပြီးတဲ့အခါ လောကုတ္တရာ အရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်း သိမြင်အပ်တဲ့ သစ္စာလေးပါးအကြောင်းကို ဆက်လက်ပြီးတော့ ဆွေးနွေးကြ ရအောင် ..။

အရိယမဂ်ဉာဏ်ဟာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော် မြတ်ကြီးဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရားကို တိုက်ရိုက်အာရုံပြုကာ ထိုးထွင်းသိခြင်းဆိုတဲ့ အာရမ္မဏပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိမြင် ပါတယ်။ ဒီလို ထိုးထွင်းသိမြင်တဲ့အခါမှာ ယင်းအရိယမဂ်ဉာဏ်က သစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟတရားကို အကြွင်းမဲ့ ပယ်ရှား လိုက် ပယ်သတ်လိုက်ပါတယ်။ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟတရားကို ပယ်ရှားလိုက်တဲ့အတွက် ပယ်သတ်လိုက်တဲ့အတွက် သစ္စာ လေးပါးကို မသိမှု မောဟ (= အဝိဇ္ဇာ)ပျောက်ကာ သိမှု အမောဟ (=ဝိဇ္ဇာ) တရားဟာ ထင်ရှားဖြစ်ပေါ်လာပါတယ်။ ဒီလိုသစ္စာလေးပါးကို မသိမှုပျောက် ကာ သိမှု ဖြစ်ပေါ်လာခြင်းကိုပဲ အသမ္မောဟပဋိဝေဓ (= မောဟမရှိသော အားဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်း)လို့ ခေါ်ဆိုပါတယ်။ ဒီလို သိခြင်း မျိုးကိုပဲ ရည်ရွယ်ကာ အရိယမဂ်ဉာဏ်ဟာ နိရောဓသစ္စာတရားကို အာရမ္မဏ ပဋိဝေဓအားဖြင့် ထိုးထွင်းသိတယ်၊ သစ္စာလေးပါးတို့ကို အသမ္မောဟပဋိဝေဓ အားဖြင့် ထိုးထွင်းသိတယ်လို့ မိန့်ဆိုတော်မူခြင်း ဖြစ်ပါတယ်။၈၈, ၈၉

ဆိုလိုတာကတော့ အရိယာသူတော်ကောင်းဟာ မိမိရရှိခဲ့တဲ့ အရိယ မဂ်တရားက သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟတရားကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီးဖြစ်တဲ့အတွက် မိမိ အလိုရှိ တဲ့အခါ သစ္စာလေးပါးကို ရှုလိုက်လျှင် သစ္စာလေးပါးတို့ဟာ ထိုအရိယာ သူတော်ကောင်းရဲ့ ဉာဏ်အမြင်မှာ ရေပေါ်မှာ ဘူးတောင်းတွေ ပေါ်သလို ပေါလောပေါ်ကာ ထင်ရှားနေပါတယ်။

၁။ ထိုအရိယာသူတော်ကောင်းက ဒုက္ခသစ္စာအမည်ရတဲ့ ရုပ်နာမ်ပရမတ် တရားတွေကို လှမ်းရှုလိုက်ပါက အချိန်မရွေး ရှုလို့ရနေပါတယ်။

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာ တရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာ တရားတွေ ထင်ရှားဖြစ်ပေါ်လာခြင်းဆိုတဲ့ သမုဒယသစ္စာတရားတွေကို ဝိပဿနာဉာဏ်ဖြင့် လှမ်းရှုလိုက်လျှင်လည်း အချိန်မရွေး ရှုလို့ ရနေ ပါတယ်။

၃။ အကြောင်း သမုဒယသစ္စာတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ဒုက္ခသစ္စာတရားတွေ ချုပ်ငြိမ်းခြင်းဆိုတဲ့ နိရောဓသစ္စာတရားကိုလည်း ဝိပဿနာဉာဏ်ဖြင့် လှမ်းရှုလိုက်က အချိန်မရွေး ရှုလို့ရနေပါတယ်။

ဒါတွင် မကသေးပါဘူး၊ မိမိရရှိထားတဲ့ အရိယမဂ်ဉာဏ်ကြောင့် ဖြစ်ပေါ် လာတဲ့ အရိယဖိုလ်ဉာဏ်ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရားတော်မြတ်ကြီးကို မျက်မှောက်ပြုကာ နေလိုတဲ့အတွက် ဖလသမာပတ်ကို ဝင်စားလိုတဲ့ဦးတည်ချက်ဖြင့် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုက်လျှင်လည်း ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ ဖြစ်ပေါ်လာတဲ့ ဖလသမာပတ်လို့ခေါ်ဆိုအပ်တဲ့ အရိယဖိုလ်စိတ်တို့ဖြင့် အာရုံမျက်မှောက်ပြုကာ နိဗ္ဗာန်တရားတော်မြတ်ကြီးရဲ့ အငြိမ်းဓာတ်ချမ်းသာ သန္တိသုခ အရသာကြီးကို အလိုရှိသလို သုံးဆောင်ခံစားလို့ ရရှိနိုင်ပါတယ်။ လောကုတ္တရာနိရောဓသစ္စာသို့ ဆိုက်ရောက်ကာ မျက်မှောက်ပြုနေခြင်းပဲ ဖြစ်ပါတယ်။

၄။ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်တဲ့ လောကီမဂ္ဂသစ္စာတရားတွေ ကိုလည်း အလိုရှိတဲ့အခါ အချိန်မရွေး ရှုလို့ရနေပါတယ်။ အလားတူပဲ မိမိရရှိခဲ့တဲ့ လောကုတ္တရာ အရိယမဂ်ဉာဏ်အခိုက် ထင်ရှားဖြစ်ပေါ်ခဲ့တဲ့ လောကုတ္တရာမဂ္ဂသစ္စာတရားတွေကိုလည်း ပစ္စဝေက္ခဏာဉာဏ်ဖြင့် ပြန်လည်ဆင်ခြင်ကာ ရှုပွားသုံးသပ်လိုက်တဲ့အခါ အချိန်မရွေး ရှုလို့ ရနေပါတယ်။ လောကီမဂ္ဂသစ္စာတရားတွေက သင်္ခါရတရားတွေကိုသာ အာရုံပြုကြသော်လည်း တစ်နည်းပြောရလျှင်တော့ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတွေကို အာရုံပြုနေကြသော်လည်း မိမိရရှိထားတဲ့ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲ ဖြစ်ပေါ်သွားခဲ့ကြတဲ့ မဂ္ဂင်တရားကိုယ် (၈)ပါး (= လောကုတ္တရာ မဂ္ဂ သစ္စာတရား)တွေကတော့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရားတော်မြတ်ကြီးကိုသာ အာရုံပြုနေကြ ပါတယ်။

ခုပြောခဲ့တဲ့ သစ္စာလေးပါးကတော့ အရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင် အပ်တဲ့ သစ္စာလေးပါးပဲ ဖြစ်ကြပါတယ်။

ယခုလို တင်ပြပြောဆိုခဲ့ပြီးတဲ့အတိုင်း အရိယသစ္စာလေးရပ် တရားမြတ် တို့ကို ဝိပဿနာသမ္မာဒိဋ္ဌိ အရိယမဂ္ဂသမ္မာဒိဋ္ဌိလို့ ခေါ်ဆိုတဲ့ နှစ်မျိုးသော သမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် ကာ မသိမမြင်ခဲ့လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုမှ မရောက်ရှိနိုင်ကြောင်း, ယင်းအရိယသစ္စာ လေးရပ် တရားမြတ်တို့ကို ယင်းနှစ်မျိုးသော သမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ကာ သိပါမှ မြင်ပါမှ သံသရာဝဋ်ဆင်းရဲ ဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင်ကြောင်း ရနိုင်ကြောင်း ကို အထက်ကဖော်ပြခဲ့တဲ့ ကူဋာဂါရသုတ္တန်မှာ၉၀ ဘုရားရှင်က ဟောကြားထား တော်မူခဲ့ပြီး ဖြစ်ပါတယ်။

---

အဘိဓမ္မာကို ပယ်ရှားနေသူများ

အနောက်တိုင်းသား တော်တော်ခပ်များများကတော့ အဘိဓမ္မာ ဒေသနာတော်ကို ဘုရားဟောဒေသနာတော် မဟုတ်ပါဟု ငြင်းပယ်နေကြပါတယ်၊ နောက်ပိုင်းကျမှ ဖြည့်စွက်ထားတဲ့ ကျမ်းစာတွေသာ ဖြစ်တယ်လို့ သူတို့က ပြောဆိုလိုကြပါတယ်။ အဘိဓမ္မာဒေသနာတော်ကို ဘုရားဟော ဒေသနာ တော်အဖြစ် လက်မခံလိုကြတဲ့ ငြင်းပယ်လိုကြတဲ့ အနောက်တိုင်းသားတွေ ထဲမှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦးကတော့ မစ္စစ်ရိုက်ဒေးဗစ်ပဲ ဖြစ်ပါတယ်။ ဒီအမျိုးသမီးဟာ အချို့သော သုတ္တန်ပါဠိတော်များနှင့် ဓမ္မသင်္ဂဏီပါဠိတော်ကို အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ဝန်းကျင်လောက်က မြန်မာနိုင်ငံမှ ရခိုင်အမျိုးသားတစ်ဦး ဖြစ်သူ ယစ်မျိုးမင်းကြီးဟောင်း ဒါယကာကြီး ဦးရွှေဇံအောင်က အင်္ဂလိပ်လို ဘာသာပြန်ဆိုထားတဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းငယ်ကို တည်းဖြတ်ခဲ့သူ အယ်ဒီတာတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဒီကျမ်းငယ်ရဲ့နိဒါန်းမှာ.. သူက ထူးခြားတဲ့မှတ်ချက် တစ်ခုကို ရေးသား ထားခဲ့ပါတယ်။ ဒီမှတ်ချက်ကတော့ ဘာလဲ?

သူဟာ အဘိဓမ္မာဒေသနာတော်ကို (၁၀)နှစ်တိုင်တိုင် လေ့လာခဲ့ပါ တယ်။ ဒီလိုလေ့လာတဲ့အခါမှာ ဒီအဘိဓမ္မာဒေသနာတော်ဟာ လူသားတွေ အတွက် အဘယ်ကဲ့သို့သော အကျိုးကျေးဇူး တစ်စုံတစ်ရာကို ပြုပေးနေပါ သလဲလို့ သိလိုတဲ့စိတ်ဓာတ်ဖြင့် လေ့လာကြည့်ရှုလိုက်ရာ ဒီအဘိဓမ္မာဒေသနာ တော်မှာ လူသားတွေအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာကို ပြုပေးနေတဲ့ အကြောင်းအရာကို သူ ရှာဖွေလို့ မတွေ့ရှိပါကြောင်း ...စသည်ဖြင့် သူက ဒီလိုမှတ်ချက် ရေးသားထားခဲ့ပါတယ်။

အဘိဓမ္မာဒေသနာတော်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်ပရမတ်တရား နာမ်ပရမတ်တရားတွေဟာ ဒုက္ခသစ္စာတရားတွေ ဖြစ်ကြတယ်၊ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေဟာ သမုဒယ သစ္စာတရားတွေ ဖြစ်ကြတယ်။ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားလို့ ခေါ်ဆိုတဲ့ သင်္ခါရတရားတွေဟာ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတရားတွေ ဖြစ်ကြတယ်။ လောကုတ္တရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး ကို သိလိုတဲ့ မြင်လိုတဲ့ ဆိုက်ရောက်လိုတဲ့ ယောဂီသူတော်ကောင်းတစ်ဦးဟာ ဒီသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တွင်တွင်ကြီး စီးဖြန်း ရမည်ဆိုတဲ့ ဒီလိုသဘောတရားမျှကိုပင် မသိရှိတဲ့ မသိသေးတဲ့ သူ တစ်ဦးသာ ဖြစ်ပါတယ်။

ဒီလို မသိမှု မောဟတရားတွေကို တစ်ပုံကြီးထမ်းကာ မောဟတွေ ထူပြောလွန်းလှတဲ့ ကိလေသာတောချုံပုတ်ထဲကနေပြီးတော့ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့ အဘိဓမ္မာဒေသနာတော်အပေါ်မှာ ယုံမှား သံသယတွေ အမျိုးမျိုးဖြစ်အောင် ဟစ်အော်ကြွေးကျော်လိုက်တဲ့ ထုတ်ပြန် ကြေညာချက် တစ်မျိုးသာ ဖြစ်ပါတယ်။

ဒီလို ကုန်းအော်နေတဲ့ ကြွေးကျော်သံနောက်သို့ သံယောင်လိုက်ကာ အဘိဓမ္မာဒေသနာတော်နှင့် ဆက်စပ်နေတဲ့ ကြွေးကျော်သံအမျိုးမျိုးတွေကို လည်း ကြွေးကျော်နေကြတဲ့ အရှေ့တိုင်းသားအချို့တွေလည်း ရှိကြပါတယ်။ သို့သော် အချို့အချို့သော အရှေ့တိုင်းသားတွေကတော့ အဘိဓမ္မာဒေသနာ တော်ကို ဘုရားဟောမဟုတ်ပါလို့ ဒီလိုတော့ တိုက်ရိုက် မပယ်ရှားကြပါ။ ဒါပေမဲ့လို့ ဘုရားရှင်ဟာ ..အဘိဓမ္မာဒေသနာတော်ကို တာဝတိံသာ နတ်ပြည်မှာ နတ်ဗြဟ္မာတို့အတွက်သာ ဟောကြားတော်မူခဲ့ပါတယ်၊ လူသား တွေအတွက် ဟောကြားထားတော်မူတဲ့ ဒေသနာတော် မဟုတ်ပါလို့ အကြောင်းပြကာ အဘိဓမ္မာဒေသနာတော်မှာ ဘုရားရှင် ဟောကြားထား တော်မူတဲ့ ရုပ်နာမ်ပရမတ်တရားတွေကို ဝိပဿနာ ရှုပွားသုံးသပ်မှုကို ငြင်းဆို နေကြပြန်တယ်။ ဒီလို ငြင်းဆိုနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းပြချက်ကို ကောက်ချက်ချကြည့်လိုက်မည်ဆိုလျှင် ဒီလို သဘောတရားတွေကို တွေ့ရှိနိုင် ပါတယ်။

နတ်ဗြဟ္မာတွေ သိရှိသွားကြတဲ့ ရုပ်နာမ်ပရမတ် ဒုက္ခသစ္စာတရားတွေက တစ်မျိုးတခြား ဖြစ်တယ်၊ လူသားတွေ သိရှိကြတဲ့ ဒုက္ခသစ္စာတရားတွေက (အဘိဓမ္မာမှာ လာရှိတဲ့ ရုပ်ပရမတ် နာမ်ပရမတ်တရားတွေ မဟုတ်ကြတော့ တဲ့အတွက်) တစ်မျိုးတခြား ဖြစ်နေပြန်တယ်၊ သိရှိရမည့် ဒုက္ခသစ္စာတရားချင်း က မတူညီတဲ့ သဘော ရှိနေပြန်တယ်။ အလားတူပဲ နတ်ဗြဟ္မာတွေ သိရှိသွား ကြတဲ့ အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရား (နောက်ထပ် ဒုတိယအနာဂတ်စသည် ရှိနေကြသူတို့အတွက် အနာဂတ် အကြောင်းတရား) ဆိုတဲ့ သမုဒယသစ္စာတရားတွေက တစ်မျိုးတခြား ဖြစ်တယ်၊ လူသားတွေ သိရှိရမည့် သမုဒယသစ္စာတရားတွေက (အတိတ်နှင့် အနာဂတ်ကို မရှုကြ တော့တဲ့အတွက်) တစ်မျိုးတခြား ဖြစ်နေပြန်တယ်။ ဒီလို ကွဲပြားနေတဲ့အတွက် နတ်ဗြဟ္မာတွေရဲ့ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြတဲ့ ဒုက္ခသစ္စာ သမုဒယသစ္စာလို့ ခေါ်ဆိုတဲ့ သင်္ခါရတရားတွေက တစ်မျိုးတခြား ဖြစ်တယ်၊ လူသားတွေရဲ့ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြတဲ့ ဒုက္ခသစ္စာ သမုဒယ သစ္စာလို့ ခေါ်ဆိုတဲ့ သင်္ခါရတရားတွေက တစ်မျိုးတခြား ဖြစ်နေကြပြန်တယ်။ ဒီလို ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံချင်းတွေက မတူညီကြတဲ့အတွက် ထိုးထွင်းသိမြင်ရမည့် သစ္စာလေးပါး တရားတို့မှာလည်း ကွဲပြားမှုတွေက ရှိနေကြပြန်တယ်။

အဘိဓမ္မာဒေသနာတော်ကို ငြင်းဆိုနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အကြောင်းပြ ချက်ကို ကောက်ချက်ချကြည့်လိုက်မည်ဆိုလျှင် ဒီလို ကွဲပြားနေတဲ့ သဘော တရားတွေကို တွေ့ရှိနိုင်ပါတယ်။

ဒီလို ကွဲပြားမှုတွေဟာ ဘုရားရှင်ရဲ့ ဗောဓိဉာဏ်တော်မြတ်အပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်မှု ဩကပ္ပနသဒ္ဓါတရား ထင်ရှားရှိခြင်းဆိုတဲ့ ပဓာနိယင်္ဂတရား ချို့တဲ့နေခြင်းကြောင့် ဖြစ်ပေါ်လာကြတဲ့, ပိဋကတ်တော်မှာ မလာရှိတဲ့, ဘုရားရှင်ကလည်း ဟောကြားထားတော်မမူခဲ့တဲ့ မှားယွင်းနေတဲ့ ခံယူချက်အမျိုးမျိုးတွေကို အခြေတည်ကာ ဖြစ်ပေါ်လာကြတဲ့ ကွဲပြားမှု တွေသာ ဖြစ်ကြပါတယ်။ တကယ်တမ်း အမှန်တရားကို ပြောကြစို့ဆိုလျှင် လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် မည်သည့်အရိယာသူတော်ကောင်း မဆို အရိယာသူတော်ကောင်းတိုင်း အရိယာသူတော်ကောင်းတိုင်း ထိုးထွင်း သိမြင်တော်မူကြတဲ့ သစ္စာလေးပါး မြတ်တရားတို့ကား အကွဲအပြား မရှိ အားလုံးပင် တူညီလျက် ရှိကြပါတယ်။

ဒီလို ငြင်းဆိုနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားရှင် ဟောကြားတော်မူတဲ့ ရုပ်နာမ်ပရမတ်အစစ်ဖြစ်ကြတဲ့ ဒုက္ခသစ္စာတရားကိုမျှ မသိရှိကြသေးတဲ့ ပုဂ္ဂိုလ်မျိုးတွေသာ ဖြစ်ကြပါတယ်။ ဒီလို ဒုက္ခသစ္စာတရားကိုမျှ မသိရှိကြ သေးတဲ့ သူတွေထဲမှာ အချို့အချို့သော ပုဂ္ဂိုလ်မျိုးတွေက အတိတ် အနာဂတ် ရှုမှုကို အပြင်းအထန် ကန့်ကွက်နေကြပြန်တယ်။

ဒီလို ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဒုက္ခသစ္စာတရားကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိကြသေးတဲ့, အတိတ် အနာဂတ် ရှုပွားမှုကိုလည်း အပြင်းအထန် ကန့်ကွက်နေကြတဲ့ ယောဂီပုဂ္ဂိုလ်တွေအဖို့ ..အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် ဒီဘဝ မှာ ရုပ်နာမ်ပရမတ်အစစ်ဖြစ်ကြတဲ့ အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာခြင်း၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် နောင် အနာဂတ်မှာ ရုပ်နာမ်ပရမတ်အစစ်ဖြစ်ကြတဲ့ ခန္ဓာ (၅)ပါး အကျိုး ဒုက္ခသစ္စာ တရားတွေ ထင်ရှားဖြစ်ပေါ်လာခြင်း စတဲ့ ဒီသမုဒယသစ္စာ သဘောတရား ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးမှာ မမျှော်မှန်းအပ်တဲ့ အရာဌာနတစ်မျိုးသာ ဖြစ်နေပါတယ်။ အလားတူပဲ နောင်တစ်ချိန် မိမိရရှိတော့မည့် အရဟတ္တမဂ်ရဲ့ စွမ်းအားကြောင့် မိမိတို့ ပြုစုပျိုးထောင်ထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေရဲ့ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်း ကြောင့် နောင်အနာဂတ် ပရိနိဗ္ဗာနစုတိအခိုက်ဝယ် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဆိုတဲ့ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်တဲ့ ဒီနိရောဓသစ္စာသဘောတရားကို လည်းပဲ အနာဂတ်ရှုကွက်ကို လုံးဝ ပယ်ရှားနေကြတဲ့အတွက် မိမိတို့ရဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းဆိုတဲ့ ဒီအရာဌာနဟာလည်း မမျှော်မှန်းအပ်တဲ့ အရာဌာနမျိုး တစ်ခုသာ ဖြစ်နေ ပါတယ်။

ဒီလို ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားကိုမျှ သမ္မာဒိဋ္ဌိ ဉာဏ်ပညာ ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်သေးတဲ့ ယောဂီသူတော် ကောင်းတစ်ဦးရဲ့သန္တာန်မှာ --- ဒီလို ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားလို့ ခေါ်ဆိုတဲ့ သင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါမှ ဖြစ်ပေါ်လာနိုင်တဲ့ ဝိပဿနာဉာဏ် အမြင်တွေဟာလည်း ဖြစ်ပေါ်လာဖို့ရန် ပြည့်စုံလာဖို့ရန် ပို၍ပို၍ မမျှော်မှန်း အပ်တဲ့ အရာဌာနတစ်မျိုးသာ ဖြစ်နေပါတယ်။ ဒီလို ပဓာနိယင်္ဂတရား အမျိုးမျိုးတွေ ချို့တဲ့နေတဲ့ သူတော်ကောင်းတစ်ဦးရဲ့သန္တာန်မှာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးမှာ မိုးနှင့် မြေကြီးပမာ အလွန့်အလွန် ဝေးကွာ လျက်ပင် ရှိနေပါသေးတယ်။

ဒါကြောင့် အဘိဓမ္မာဒေသနာတော်ကို ပယ်ရှားနေသူများကို အဋ္ဌသာလိနီ အဋ္ဌကထာက၉၁ ဒီလို ပြင်းပြင်းထန်ထန် သတိပေးထားပါတယ် ..။

အဘိဓမ္မာဒေသနာတော်ကို တားမြစ်ကန့်ကွက်နေတဲ့သူဟာ.. ဘုရားရှင်ရဲ့ ဓမ္မစကြာဒေသနာတော်တို့ကဲ့သို့သော မြတ်သော တရားဓမ္မစက် ကို ပုတ်ခတ်စော်ကားမှုကို ပေးနေတဲ့သူသာ ဖြစ်ပါတယ်၊ သဗ္ဗညုတဉာဏ် တော်မြတ်ကို တားမြစ်ကန့်ကွက်နှောင့်ယှက်နေသူသာ ဖြစ်ပါတယ်၊ ဘုရားရှင် ရဲ့ ရဲရင့်တော်မူတဲ့ ဝေသာရဇ္ဇဉာဏ်တော်မြတ်တွေကို နောက်ကြောင်းသို့ ပြန်လည်ဆုတ်နစ်စေတဲ့သူသာ ဖြစ်ပါတယ်၊ ဘုရားရှင်ရဲ့ အဘိဓမ္မာဒေသနာ တော်ကို လိုက်နာကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ သူတော် ကောင်းကို အမှားမှား အယွင်းယွင်း ဖြစ်အောင်, အဘိဓမ္မာဒေသနာတော်မှာ လာရှိတဲ့ ရုပ်နာမ်ပရမတ် ဒုက္ခသစ္စာတရားတွေကို ထိုးထွင်းသိအောင် ကျင့်လိုနေတဲ့သူတော်ကောင်းကို မကျင့်မိအောင် ပြုကျင့်နေသူသာ ဖြစ်ပါ တယ်၊ ရသင့်ရထိုက်တဲ့ အရိယမဂ်ဉာဏ်ကို မရရှိအောင် တားမြစ်နှောင့်ယှက် ခြင်းဆိုတဲ့ အနှောင်အဖွဲ့ကို ဖွဲ့ချည်နေတဲ့ သူသာ ဖြစ်ပါတယ်။ သံဃာကွဲပြား ကြောင်းဖြစ်တဲ့ ဘေဒကရဝတ္ထု (၁၈)မျိုးတို့တွင်၉၂ --- ဘုရားရှင် ဟောကြား တော်မမူတဲ့ ဒုက္ခသစ္စာမဟုတ်တဲ့ အဓမ္မကို ဒုက္ခသစ္စာပါဟု ဓမ္မလုပ်ကာ ထင်ရှားပြခြင်း၊ ဘုရားရှင် ဟောကြားတော်မမူတဲ့ သမုဒယသစ္စာမဟုတ်တဲ့ အဓမ္မကို သမုဒယသစ္စာပါဟု ဓမ္မလုပ်ကာ ထင်ရှားပြခြင်း၊ တပည့်သာဝက တွေဟာ သိအောင် ရှုပွားရမည်လို့ ဘုရားရှင်က ဟောကြားထားတော်မူတဲ့ ရုပ်နာမ်ပရမတ်အစစ်ဖြစ်တဲ့ ဒုက္ခသစ္စာဆိုတဲ့ ဓမ္မအစစ်ကို -- ဒီလိုဒုက္ခသစ္စာ မျိုးကို သာဝကတွေ ရှုဖို့မလိုပါဘူး -- ဟု အဓမ္မလုပ်ကာ ထင်ရှားပြခြင်း၊ တပည့်သာဝကတွေဟာ သိအောင် ရှုပွားရမည်လို့ ဘုရားရှင် ဟောကြား တော်မူတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အတိတ်အကြောင်းတရား, ပစ္စုပ္ပန်အကြောင်းတရားများဖြစ်ကြတဲ့ တကယ့် သမုဒယသစ္စာအစစ်ဖြစ်တဲ့ ဓမ္မတွေကို -- အတိတ် အနာဂတ်ကို ရှုဖို့မလိုပါဘူး -- ဟု ပစ်ပယ်ကာ သမုဒယ သစ္စာ အတုအယောင်ဖြစ်တဲ့ အဓမ္မတွေကို သမုဒယသစ္စာပါဟု ဓမ္မလုပ်ကာ ထင်ရှားပြခြင်း -- ဒီလို အဓမ္မကို ဓမ္မဟု, ဓမ္မကို အဓမ္မဟု ထင်ရှားပြခြင်းဆိုတဲ့ လုပ်ငန်းခွင်ဟာလည်း သံဃာကွဲပြားကြောင်းလုပ်ငန်းခွင်တို့တွင် တစ်ခု အပါ အဝင် ဖြစ်ပါတယ်။ ဒီလို အဓမ္မကို ဓမ္မဟု, ဓမ္မကို အဓမ္မဟု ထင်ရှားပြနေခြင်း ဟာ သံဃာကွဲပြားကြောင်း ဘေဒကရဝတ္ထု (၁၈)မျိုးတို့တွင် ဘေဒကရဝတ္ထု တစ်မျိုးကို ထင်ရှား ဖော်ပြနေသူ တစ်ဦးသာ ဖြစ်ပါတယ်။ ဒီလို သံဃာ ကွဲပြားကြောင်း ဘေဒကရဝတ္ထုတစ်မျိုးမျိုးကို ထင်ရှားပြနေတဲ့ ရဟန်းတော်ကို သံဃာတော်က သံဃာ့ဘောင်မှ နှင်ထုတ်ပစ်ခြင်းဆိုတဲ့ ဥက္ခေပနီယဝိနည်း ကံကို ပြုလုပ်ပေးထိုက်ပါတယ်။ ဒီလိုဝိနည်းကံကို ပြုလုပ်ပြီးတဲ့အခါမှာ သံဃာတော်က ဒီလိုပုဂ္ဂိုလ်မျိုးကို ခြိမ်းခြောက်ခြင်းဆိုတဲ့ တဇ္ဇနီယကံကို ထပ်မံပြီးတော့ ပြုထိုက်ပါတယ်။ ဒီလို သံဃာ့ဘောင်မှ နှင်ထုတ်ခြင်း = ဥက္ခေပနီယကံ, သံဃာတော်က ခြိမ်းခြောက်ခြင်း = တဇ္ဇနီယကံတွေကို ပြုလုပ်ပြီးတဲ့အခါ ဒီပုဂ္ဂိုလ်မျိုးကို သံဃာ့ဘောင်မှ နှင်ထုတ်လျက် အမောင် ယောက်ျား ...သွားပေတော့၊ စားကြွင်းစား လုပ်ကာ အသက်မွေးပေတော့-ဒီလို ပြောဆိုကာ မောင်းထုတ်လိုက်ပါ။ ၉၁

အဘိဓမ္မာဒေသနာတော်ကို ပယ်ရှားနေသူများကို ဒီလို ပြင်းပြင်း ထန်ထန် သတိပေးထားပါတယ်။

သာသနာတော်ကို ကွယ်ပျောက်အောင်လုပ်နေသူများ

ဘုရားရှင်ကလည်း အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒီလို ဟောကြားသွားတော်မူ ခဲ့ပါတယ်။

ချစ်သား ရဟန်းတို့ ...အကြင်ရဟန်းတွေဟာ (က) အဓမ္မကို ဓမ္မလို့ (ခ) ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေကြတယ်၊ ချစ်သား ရဟန်းတို့ ... အဲဒီ ရဟန်းတွေဟာ လူအများရဲ့ အစီးအပွားမဲ့ခြင်းငှာ လူအများရဲ့ ချမ်းသာ မဲ့ခြင်းငှာ လူအများရဲ့ အကျိုးမဲ့ခြင်းငှာ နတ်လူတွေရဲ့ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်နေတဲ့သူတွေ ဖြစ်ကြပါတယ်။ ချစ်သား ရဟန်းတို့ ... အဲဒီရဟန်းတွေဟာ များပြားလှတဲ့ အကုသိုလ်တရားတွေကိုလည်း ဖြစ်ပွား စေတဲ့သူတွေ ဖြစ်ကြပါတယ်၊ အဲဒီရဟန်းတွေဟာ ဒီသာသနာတော်ကိုလည်း ကွယ်ပျောက်စေတဲ့သူတွေ ဖြစ်ကြပါတယ်။၉၃

တပည့်သာဝကတွေ သိသင့်သိထိုက်တဲ့ ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတွေကို မသိအောင် အဓမ္မကို ဓမ္မလို့, ဓမ္မကို အဓမ္မလို့ ထင်ရှားပြကာ တားမြစ်နှောင့်ယှက်နေတဲ့အတွက် ဒီလို တားမြစ်နှောင့်ယှက်ခြင်းဟာ တပည့် သာဝကတွေရဲ့သန္တာန်မှာ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ ရသင့် ရထိုက်တဲ့ အကျိုးစီးပွား ချမ်းသာသုခတွေကို မရအောင် ဆုတ်ယုတ် ပျက်စီး သွားအောင် ပြုကျင့်နေတာပဲ ဖြစ်ပါတယ်၊ သစ္စာလေးရပ် တရားမြတ်ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်မြတ်ကြီးကို ကွယ်ပျောက်အောင် ပြုလုပ်နေခြင်းသာ ဖြစ်ပါတယ်။

---

ဝေသာရဇ္ဇဉာဏ်တော်မြတ် (၄) ပါး

ဒီနေရာမှာ ဘုရားရှင်ရဲ့ ရဲရင့်တော်မူတဲ့ ဝေသာရဇ္ဇဉာဏ်တော်မြတ် တွေကို နောက်ကြောင်းသို့ ပြန်လည်ဆုတ်နစ်စေတဲ့သူ ဖြစ်နေပုံကို ပိုမိုပြီးတော့ နားလည်သဘောပေါက်စေရန် အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် ဝေသာရဇ္ဇသုတ္တန်မှာ၉၄ ဘုရားရှင် ဟောကြားထားတော်မူခဲ့တဲ့ ဝေသာရဇ္ဇ ဉာဏ်တော်မြတ် (၄)ပါးအကြောင်းကို ကြည်ညိုဖွယ် နာယူဖွယ် မှတ်သားဖွယ် လိုက်နာဖွယ်ကောင်းလှတဲ့အတွက်ကြောင့် ဘုရားရှင် ဟောကြားထားတော် မူတဲ့ မူရင်းအတိုင်း ဦးစားပေးကာ ရှင်းလင်း တင်ပြကြရအောင် ..။

ဝေသာရဇ္ဇသုတ္တန်

ရဟန်းတို့ ...မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော် တို့သည် ဤ (၄)မျိုးတို့တည်း။ ယင်း ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်း သဗ္ဗညုတဉာဏ်တော် ရှင်၏ အဖြစ်ကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို တော်မူ၏၊ (ဓမ္မစကြာဒေသနာတော်တို့ကဲ့သို့သော) မြတ်သော တရားဓမ္မစက် ကို လည်ပတ်စေတော်မူ၏။ အဘယ် (၄)မျိုးတို့နည်းဟူမူ ---

---

ပထမဝေသာရဇ္ဇဉာဏ်တော်

အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကောင်းမွန် မှန်ကန်စွာ ကိုယ်တိုင်မျက်မှောက် ထိုးဖောက်သိမြင်တော်မူသည့် သမ္မာ သမ္ဗုဒ္ဓဘုရားရှင်အဖြစ် ဝန်ခံတော်မူသော အရှင်ဘုရားသည် ဤမည်သော တရားတို့ကို ထိုးထွင်း၍ မသိအပ်ကုန်သေးဟု ငါဘုရားအပေါ်၌ သမဏ ဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူပင်ဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

---

ဒုတိယဝေသာရဇ္ဇဉာဏ်တော်

အာသဝေါတရားတို့ ကုန်ပြီးသူ ခီဏာသဝ (= ရဟန္တာ)အဖြစ် ဝန်ခံတော် မူသော အရှင်ဘုရားအား -- ဤမည်သော အာသဝေါတရားတို့သည် မကုန် သေးကုန် - ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ် စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူပင် ဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်း ခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

---

တတိယဝေသာရဇ္ဇဉာဏ်တော်

စျာန်-မဂ်-ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ - ဟု အရှင်ဘုရား ဟောကြားထားတော်မူအပ်ကုန်သော (အမိကိုသတ်ခြင်း, အဖကိုသတ်ခြင်း, ရဟန္တာပုဂ္ဂိုလ်ကိုသတ်ခြင်း, ဘုရားရှင်အား သွေးစိမ်းတည်စေခြင်း, သံဃာ သင်းခွဲခြင်းဟူသည့် အနန္တရိယကံ ငါးပါး စသည့်) ထိုတရားတို့သည် မှီဝဲသော သူအား စျာန်-မဂ်-ဖိုလ်၏ အန္တရာယ်ကို မပြုနိုင်ကုန် - ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူပင်ဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိ နှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရားမြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

---

စတုတ္ထဝေသာရဇ္ဇဉာဏ်တော်

သံသရာဝဋ်ဆင်းရဲ ဒုက္ခကုန်ခြင်းငှာ ဟောကြားထားတော်မူအပ်သော အရှင်ဘုရား၏ နိယျာနိကတရားတော်သည် ဟောတော်မူသည့်အတိုင်း ကျင့်သသူအား သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကောင်းစွာ မထုတ်ဆောင်နိုင် -ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ် ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူပင်ဖြစ်စေ အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော် မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

ရဟန်းတို့ ...မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော် တို့သည် ဤ (၄)မျိုးတို့တည်း။ ယင်း ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်း သဗ္ဗညုတဉာဏ်တော်ရှင်၏ အဖြစ်ကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။၉၃

ခုတင်ပြခဲ့တာကတော့ ဝေသာရဇ္ဇသုတ္တန်မူရင်းအတိုင်း တင်ပြလိုက် ခြင်းပဲ ဖြစ်ပါတယ်။ ဒီဝေသာရဇ္ဇဉာဏ်တော် (၄)ပါးထဲက (၄)ခုမြောက်ဖြစ်တဲ့ စတုတ္ထဝေသာရဇ္ဇဉာဏ်တော်ကို ထပ်မံပြီးတော့ ဆွေးနွေးကြရအောင် ..။

သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် အပရိဇာနနသုတ္တန်နှင့် ဣတိဝုတ် ပါဠိတော် သဗ္ဗပရိညာသုတ္တန်တို့မှာ၉၅ ဘုရားရှင်က --- အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်နာမ်ပရမတ်တရားတို့ကို နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတဲ့ ဉာတပရိညာ, သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်ဆိုတဲ့ တီရဏပရိညာ, ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်းဝိပဿနာဉာဏ်အားလုံးဆိုတဲ့ ပဟာနပရိညာ- ဒီလိုပရိညာပညာ (၃)မျိုးတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ပိုင်းပိုင်း ခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်နိုင် - လို့ ဟောကြားထား တော်မူခဲ့ပါတယ်။

အလားတူပဲ ရှေ့အထက်က တင်ပြခဲ့တဲ့အတိုင်း သစ္စသံယုတ်ပါဠိတော် ကူဋာဂါရသုတ္တန်၃၉ စသည်တို့မှာလည်း ဘုရားရှင်က အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်း အခြားဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည်၊ ယင်းအရိယသစ္စာလေးရပ် တရား မြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ပါက သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြား ဖြစ်တဲ့ နိဗ္ဗာန်သို့ ဘယ်လိုမှ မရောက်ရှိနိုင်ကြောင်းကို ဟောကြားထားတော် မူခဲ့ပါတယ်။

ဒါ့ကြောင့် အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်နာမ်ပရမတ်တရားတို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိခြင်း, သို့မဟုတ် အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းတို့ဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတွေပဲ ဖြစ်ကြပါတယ်။

ယင်းခန္ဓာ (၅)ပါး ရုပ်နာမ်ပရမတ်တရားတို့ကို ပရိညာပညာ (၃)မျိုး တို့ဖြင့် ပိုင်းပိုင်းခြားခြား သိရေးအတွက် သို့မဟုတ် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ဘယ်ကျင့်စဉ်တွေကို ကျင့်ရမှာ လဲလို့တော့ မေးစရာရှိတယ်။ ဘုရားရှင်က ဒုက္ခနိရောဓဂါမိနိပဋိပဒါ (= ဒုက္ခ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်)လို့ အမည်တပ်ကာ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ဟောကြားပြသ ဆိုဆုံးမထားတော်မူခဲ့ပါတယ်။ တစ်နည်းပြောရလျှင်တော့ ဒီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေဟာ သံသရာဝဋ် ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိက တရားကောင်း နိယျာနိကကျင့်စဉ်ကောင်းတွေပဲ ဖြစ်ကြပါတယ်။

ဒီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေဟာ လောကီဝိပဿနာဉာဏ်အခိုက် ဖြစ်ပေါ်နေတဲ့ မဂ္ဂင် (၈)ပါး, လောကုတ္တရာမဂ်ဉာဏ်အခိုက် ဖြစ်ပေါ်နေတဲ့ မဂ္ဂင် (၈)ပါး -- ဒီလို နှစ်မျိုးနှစ်စား ရှိပုံကို ရှေ့ပိုင်းက ရှင်းပြခဲ့ပါတယ်။ လောကီဝိပဿနာဉာဏ်အခိုက် ဖြစ်ပေါ်နေတဲ့ မဂ္ဂင် (၈)ပါးကို ပုဗ္ဗဘာဂပဋိပဒါ (= အရိယမဂ်သို့ မဆိုက်မီ ကျင့်ရမည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရား)ဟု လည်းကောင်း, ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် (= အရိယမဂ်သို့ မဆိုက်ရောက်မီ ရှေ့အဖို့၌ ကျင့်ရမည့် သတိပဋ္ဌာနမဂ်)ဟုလည်းကောင်း ဒီလို ခေါ်ဆိုကြ ပါတယ်။ ဒီကျင့်စဉ်တွေဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတွေပဲ ဖြစ်ကြပါတယ်။ သို့သော် ပုဂ္ဂိုလ်တစ်ယောက် က ဒီကျင့်စဉ်တွေဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းတွေ မဟုတ်ပါလို့ ပြောဆိုလာခဲ့လျှင် ဘုရားရှင်ရဲ့ စတုတ္ထမြောက် ဝေသာရဇ္ဇဉာဏ်တော်ကို တားမြစ် ကန့်ကွက်နေသူ, နောက်ကြောင်းသို့ ပြန်လည်ဆုတ်နစ်စေသူသာ ဖြစ်ပါတယ်။

သို့သော် ဒီမဂ္ဂင် (၈)ပါးကျင့်စဉ်တရားတွေဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတွေ မဟုတ်ပါလို့ ဒီလို တိုက်ရိုက်ပြောဆိုနေတဲ့သူကတော့ မရှိပါဘူး။ သွယ်ဝိုက်တဲ့ နည်းအမျိုးမျိုး ဖြင့်သာ ကန့်ကွက်ပြောဆိုနေတဲ့သူတွေသာ ရှိကြပါတယ်။ ဘယ်လို ပြောဆို ကန့်ကွက်ကြသလဲ?

အချို့ပုဂ္ဂိုလ်တွေကတော့ သန္တတိအမတ်ကြီး ရဟန္တာဖြစ်သွားတော်မူတဲ့ ထုံးကို ကြည့်ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေးအတွက် (၅)ပါးသီလမြဲဖို့ မလိုပါ ဟု ပြောကြပြန်တယ်။ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ ဒီသီလ မဂ္ဂင် (၃)ပါးကို သွယ်ဝိုက်တဲ့နည်းဖြင့် အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိရေး သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရေးအတွက် နိယျာနိကတရားကောင်း မဟုတ်ပါဟု တိုက်ရိုက်မပြောသော်လည်း ပြောသလိုတော့ ဖြစ်နေပါတယ်။၉၆

ဘုရားရှင်ဟာ မဟာသတိပဋ္ဌာနသုတ္တန်မှာ အရိယမဂ်သို့ မဆိုက်ရောက် မီ အရိယမဂ်ရဲ့ရှေ့အဖို့၌ ဖြည့်ကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်လို့ ခေါ်ဆို အပ်တဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ရှင်းလင်းတင်ပြတဲ့ အပိုင်းမှာ-- ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန် သမာဓိတို့ကို သမ္မာသမာဓိလို့ ခေါ်ဆိုကြောင်း --- ဟောကြားထားတော်မူ ခဲ့ပါတယ်။၉၇

သို့သော် အချို့သောပုဂ္ဂိုလ်တွေက ယခုခေတ်မှာ စျာန်တရားတွေကို အားထုတ်လို့ မရနိုင်တော့ဘူး စသည်ဖြင့် အကြောင်းပြကာ စျာန်သမာဓိ ထူထောင်မှုတွေကို မလိုလားအပ်တဲ့ ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ပြောဆို ကြပါတယ်။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိလို့ခေါ်ဆိုတဲ့ သမာဓိကျင့်စဉ်တွေကို သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ် အသိအမှတ် မပြုလို ကြပါ။ သမာဓိကျင့်စဉ်ကို သွယ်ဝိုက်တဲ့နည်းအားဖြင့် တားမြစ်ကန့်ကွက်နေမှု တစ်မျိုးပဲ ဖြစ်ပါတယ်။

ဘုရားရှင်ဟာ သတိပဋ္ဌာန်ကျင့်စဉ်ဒေသနာတော်၌ ခန္ဓာ (၅)ပါး ရုပ်နာမ် ပရမတ်တရားဆိုတဲ့ ဒုက္ခသစ္စာကို သိတဲ့ဉာဏ်, ယင်းဒုက္ခသစ္စာရဲ့ အကြောင်း ရင်းဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ သမုဒယသစ္စာကို သိတဲ့ဉာဏ်, ယင်းဒုက္ခသစ္စာရဲ့ ချုပ်ရာ နိရောဓသစ္စာကို သိတဲ့ဉာဏ်, ယင်း ဒုက္ခသစ္စာရဲ့ ချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ်ကို သိတဲ့ဉာဏ် - ဒီဉာဏ် (၄)မျိုးကို သမ္မာဒိဋ္ဌိလို့ ခေါ်ဆိုကြောင်းကို ဟောကြားထားတော် မူခဲ့ပါတယ်။၉၈

သို့သော် ဒီနေရာမှာလည်း အချို့အချို့သော ယောဂီသူတော်ကောင်း များက ဘုရားရှင် ဟောကြားထားတော်မူခဲ့တဲ့ ခန္ဓာ (၅)ပါး ရုပ်နာမ်ပရမတ် တရားဆိုတဲ့ ဒုက္ခသစ္စာတရားတွေဟာ ဘုရားရှင်သာ ထိုးထွင်းသိနိုင်တဲ့ တရားတွေ ဖြစ်ကြတယ်၊ သာဝကတွေဟာ ဒီရုပ်နာမ်ပရမတ်တရားတွေကို ပရမတ်သို့ဆိုက်အောင် ဘယ်လိုမှ ထိုးထွင်းမသိနိုင်ပါဟု ကန့်ကွက်ပြောဆို ကြပြန်တယ်။ အချို့သူတော်ကောင်းတွေကလည်း ဝိပဿနာရှုတဲ့အခါမှာ အတိတ် အနာဂတ်ကို ရှုဖို့မလိုပါဟု ညွှန်ကြားချက်အမျိုးမျိုးတွေ ထုတ်ဝေကာ အတိတ်ကပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန်မှာ ပြုစုပျိုး ထောင်နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယ သစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် နောင်အနာဂတ်မှာ အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေကို သိအောင် မြင်အောင် ရှုမှုကို ကန့်ကွက်ပြောဆိုကြပြန်တယ်။ ဒီလို ကန့်ကွက်ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒုက္ခသစ္စာကို ထိုးထွင်းသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်, သမုဒယသစ္စာကို ထိုးထွင်းသိ နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်, ယင်းဒုက္ခသစ္စာ သမုဒယသစ္စာဆိုတဲ့ သင်္ခါရတရား တွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် ..စတဲ့ သမ္မာဒိဋ္ဌိဉာဏ်အမျိုးမျိုးတွေကို သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း ဖြစ်မှုကို သွယ်ဝိုက် သောနည်းတွေနဲ့ ကန့်ကွက်ပြောဆိုကြသူတွေသာ ဖြစ်ကြပါတယ်။

ဒီလို မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို သွယ်ဝိုက်သောနည်းလမ်းနဲ့ပဲ ဖြစ်စေ တိုက်ရိုက်ပဲဖြစ်စေ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်မှုကို ကန့်ကွက်ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားရှင်ရဲ့ စတုတ္ထမြောက် ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို နောက်ကြောင်းသို့ ပြန်လည်ဆုတ်နစ်စေတဲ့သူတွေသာ ဖြစ်ကြပါတယ်၊ သဗ္ဗညုတဉာဏ်တော် မြတ်ကို တားမြစ်ကန့်ကွက်နှောင့်ယှက်နေကြသူတွေသာ ဖြစ်ကြပါတယ်။

ဒီနေရာမှာ ထပ်မံပြီးတော့ အထူးသတိပေးချင်တဲ့အချက်ကတော့ -- ဒီလို ကန့်ကွက်နေတဲ့သူတွေဟာ ဘုရားရှင်ရဲ့ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို တားမြစ်ကန့်ကွက်နိုင်တဲ့စွမ်းအား ရှိတဲ့ဉာဏ်, ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ် တော်မြတ်ကို တားမြစ်ကန့်ကွက်နိုင်တဲ့စွမ်းအား ရှိတဲ့ဉာဏ် - ဒီလိုဉာဏ်အမြင် မျိုးတွေ မိမိရဲ့ သန္တာန်မှာ ထင်ရှား ရှိ-မရှိကိုတော့ အထူးပဲ စဉ်းစားဆင်ခြင်ကြ ပါလို့ သတိပေးလိုက်ပါတယ်။

အဘိဓမ္မာဒေသနာတော်ဟာ ဘုရားဟောဒေသနာတော်ဖြစ်ပါတယ်

ထေရဝါဒသာသနာတော်၌ ဘုရားရှင်သည် မိမိရဲ့ တပည့်သာဝက ရဟန်းတော်တွေကို အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သည်အထိ သစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်စေခြင်းငှာ ရည်သန်တောင့်တတော်မူလျက် သုတ် ဝိနည်း အဘိဓမ္မာ ဆိုတဲ့ ဒေသနာတော်အရပ်ရပ်တွေကို ကျွတ်ထိုက်သသူ ဝေနေယျတို့ရဲ့ အလို အကြိုက် စရိုက်ဝါသနာနှင့် ဣန္ဒြေ အနုံ့အထက် အနုအရင့်သို့လိုက်ကာ နည်းမျိုးစုံဖြင့် တန်ဆာဆင်ကာ ဟောကြားပြသ ဆိုဆုံးမထားတော်မူ ခဲ့ပါတယ်။ သို့သော် အထက်က တင်ပြထားခဲ့တဲ့အတိုင်း အချို့အချို့သော သူတော်ကောင်းတွေက အဘိဓမ္မာဒေသနာတော်ကို မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေး အတွက် အလိုမရှိအပ်တဲ့ တရားတစ်ခုအဖြစ် သဘောပိုက်ကာ, ဘုရားဟော ဒေသနာတော် မဟုတ်ဟု ပြောဆိုကာ, ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နောက် သာသနာတော်ရဲ့ နောက်ပိုင်းကာလသို့ ရောက်ရှိလာတဲ့ အခါကျမှ ပိဋကတ်တော်စာရင်း၌ ထပ်မံထည့်သွင်းကာ ဖော်ပြထားတဲ့ နောက်တိုး ကျမ်းစာများအဖြစ် အသိအမှတ် ပြုချင်ကြပါတယ်။ ဒီလို စွပ်စွဲချက်နှင့် ပတ်သက်လို့ ဖြေရှင်းနိုင်ရန်အတွက် ဝိနည်းဒေသနာတော်၌ လာရှိတဲ့ အဘိဓမ္မာဒေသနာတော်နှင့် ဆက်စပ်ကာ ဘုရားရှင်ကိုယ်တော်တိုင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ပညတ်ထားတော်မူခဲ့တဲ့ သိက္ခာပုဒ် တော် တစ်ခုကို ထုတ်ဆောင်ကာ ရှင်းပြလိုပါတယ်။

ဘုရားရှင်ဟာ ဝိနည်းမဟာဝါပါဠိတော်မှာ၉၉, ၁၀၀ ဆရာဥပဇ္ဈာယ်ပြုကာ တပည့်ရဟန်းလောင်းတွေကို ရဟန်းပြုပေးထိုက်တဲ့, ဆရာဥပဇ္ဈာယ်ပြုကာ တပည့်ရှင်သာမဏေလောင်းတွေကို ရှင်သာမဏေပြုပေးထိုက်တဲ့ ဆရာ ဥပဇ္ဈာယ်ပြုလုပ်ထိုက်သူ ရဟန်းတော်တွေမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေကို နည်းမျိုးစုံဖြင့် ခွဲခြားစိတ်ဖြာကာ, သိက္ခာပုဒ်တော်များ ပညတ်ကာ သတ်မှတ် ပေးတော်မူခဲ့ပါတယ်။ အလားတူပဲ ငါးဝါ မပြည့်သေးတဲ့ တပည့်ရဟန်းတော် များကို မှီရာနိဿရည်းဆရာ ပြုကာ နိဿရည်းပေးထိုက်တဲ့ နိဿရည်းဆရာ ဖြစ်ထိုက်တဲ့ ရဟန်းတော်တွေမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေကို နည်းမျိုး စုံဖြင့် ခွဲခြားစိတ်ဖြာကာ, သိက္ခာပုဒ်တော်များ ပညတ်ကာ သတ်မှတ်ပေးတော် မူခဲ့ပါတယ်။ ထိုအင်္ဂါရပ်တွေကို ပေါင်းစုကာ လိုရင်းကို တင်ပြရမည်ဆိုလျှင် အရေးကြီးတဲ့ အင်္ဂါရပ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ကြပါတယ်။

ဥပဇ္ဈာယ်ဆရာ နိဿရည်းဆရာ ဖြစ်ထိုက်တဲ့ ရဟန်းတော်ဟာ ..

၁။ ရဟန်းဝါ (၁၀)ဝါ သို့မဟုတ် (၁၀)ဝါကျော် ရှိရမည်။

၂။ ပါရာဇိကဏ်ပါဠိတော်နှင့် ပါစိတ်ပါဠိတော်လို့ ခေါ်ဆိုတဲ့ သို့မဟုတ် ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်းလို့လည်း ခေါ်ဆိုတဲ့ ဥဘတောဝိဘင်း (=ဝိဘင်းနှစ်ဖြာ)ကို နှုတ်ငုံဆောင်ထားနိုင်သူ, အဋ္ဌကထာ အနက် အဓိပ္ပာယ် အဆုံးအဖြတ်များနှင့်တကွ သိက္ခာပုဒ်တော် အားလုံးတို့ရဲ့ အနက်အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ နားလည်ထားပြီးသူ, တပည့်သာဝက တို့ကိုလည်း ယင်းသိက္ခာပုဒ်အရပ်ရပ်တွေနှင့် ဆက်စပ်ကာ ဆိုဆုံးမပေး နိုင်သူ ဖြစ်ရမည်။

၃။ မဟာဝါခန္ဓက စူဠဝါခန္ဓကနှင့် ပရိဝါပါဠိတော်တို့၌ လာရှိကြတဲ့ ဝိနည်းကံ လို့ခေါ်ဆိုအပ်တဲ့ ကံကြီး ကံငယ်အသွယ်သွယ်တို့ကို ကျွမ်းကျင်လိမ္မာသူ တတ်သိနားလည်သူ ဖြစ်ရမည်။ တပည့်တွေကိုလည်း ယင်းကံကြီး ကံငယ်တို့နှင့် ပတ်သက်၍ သင်ကြားပေးနိုင်သူ ဆိုဆုံးမပေးနိုင်သူ ဖြစ်ရ မည်။ ဆရာသမားကျင့်ဝတ် တပည့်ကျင့်ဝတ် အစရှိတဲ့ မဟာဝါခန္ဓက စူဠဝါခန္ဓကတို့၌ လာရှိတဲ့ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့နှင့် တကွ သော အဘိသမာစာရိက အမည်ရတဲ့ မွန်မြတ်သော ကျင့်ဝတ်အသွယ် သွယ်တို့၌ ကျွမ်းကျင်လိမ္မာသူ, တပည့်သာဝကတို့အား ဆိုဆုံးမနိုင်သူ ဖြစ်ရမည်။ အဘိဝိနယ အမည်ရတဲ့ ဝိနည်းဒေသနာတော်အားလုံးတို့၌ လာရှိတဲ့ သိက္ခာပုဒ်တော် အားလုံးတို့ကို တတ်သိနားလည်သူ, တပည့် သာဝကတို့အားလည်း သွန်သင်ပြသ ဆိုဆုံးမပေးနိုင်သူ ဖြစ်ရမည်။

၄။ သောတာပန်အစရှိတဲ့ သေက္ခအရိယာသူတော်ကောင်းများ ဖြစ်ရေး အတွက် သာသနာတော်မှာ ရှေ့ဦးအစ ဖြည့်ကျင့်ရမည့် အာဒိဗြဟ္မ စရိယက အမည်ရတဲ့ သီလကျင့်စဉ် သီလသိက္ခာ, သမာဓိကျင့်စဉ် သမာဓိသိက္ခာ, ပညာကျင့်စဉ် ပညာသိက္ခာလို့ ခေါ်ဆိုအပ်တဲ့ သိက္ခာ (၃)ရပ် အကျင့်မြတ်တို့ကို ကျွမ်းကျင်လိမ္မာသူ တတ်သိနားလည်သူ, တပည့်သာဝကတို့အားလည်း ဆိုဆုံးမပေးနိုင်သူ ဖြစ်ရမည်။

၅။ အဘိဓမ္မေ ဝိနေတုံ၉၉

အဘိဓမ္မေတိ နာမရူပပရိစ္ဆေဒေ ဝိနေတုံ၁၀၁

အဘိဓမ္မာဒေသနာတော်မှာ လာရှိတဲ့ ရုပ်ပရမတ်တရားတွေကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင်, နာမ်ပရမတ်တရားတွေကိုလည်း ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိတတ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်မှ စ၍ အရဟတ္တဖိုလ်တိုင်အောင်သော ကျင့်စဉ်အရပ်ရပ် တွေကို တပည့်သာဝကတို့အားလည်း ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ စွမ်းအား ရှိရမည်။

၆။ တပည့်သာဝကတို့ရဲ့ သန္တာန်မှာ ကျရောက်နေတဲ့ ---- ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့အပေါ်၌ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာဟု စွဲလမ်းယုံကြည်မှု, အသက်ကောင် လိပ်ပြာ ကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု စွဲလမ်းယုံကြည်မှု (= သက္ကာယ ဒိဋ္ဌိ) အစရှိတဲ့ ဒိဋ္ဌိအမျိုးမျိုးတွေကို ပယ်နုတ်ပေးနိုင်တဲ့ စွမ်းအား ရှိရမည်။ ပယ်နုတ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တရားဒေသနာတော် အမျိုးမျိုး ကျင့်စဉ်အမျိုးမျိုးတွေကို ဟောကြားပြသ ဆိုဆုံးမကာ ယင်းဒိဋ္ဌိအမျိုးမျိုး တွေကို ပယ်နုတ်ပေးနိုင်တဲ့စွမ်းအား ရှိရမည်။

ဤသို့စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ ဖြစ်ထိုက်သူ နိဿရည်းဆရာ ဖြစ် ထိုက်သူ ရဟန်းတော်တို့ရဲ့ သန္တာန်မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ် အမျိုးမျိုးတွေ ကို သိက္ခာပုဒ်တော်များ ပညတ်ကာ ပြည့်စုံအောင် ကျင့်ထားရန် ညွှန်ကြား ထားတော်မူခဲ့ပါတယ်။ ဒီလို ညွှန်ကြားထားတော်မူတဲ့ ညွှန်ကြားချက်တွေထဲက ဒီနေရာမှာ အလေးဂရုပြုကာ ဆွေးနွေးတင်ပြလိုတဲ့ အင်္ဂါရပ်ကတော့ အမှတ် (၅)မှာ ဖော်ပြထားတဲ့ အဘိဓမ္မာဒေသနာတော်နှင့်

ဆက်စပ်နေတဲ့ ညွှန်ကြားချက် သိက္ခာပုဒ်တော်ပဲ ဖြစ်ပါတယ်။

အကယ်၍ ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူခဲ့စဉ်အခါကတည်း က အဘိဓမ္မာဒေသနာတော်ဟာ သာသနာတော်မှာ တကယ်ထင်ရှား မရှိခဲ့ သေးဘူးဆိုလျှင်, လူ့ပြည်လူ့လောကမှာလည်း တကယ်ထင်ရှား မရှိခဲ့သေးဘူး ဆိုလျှင်, ဘုရားရှင်ကိုယ်တော်တိုင်ကလည်းပဲ အဘိဓမ္မာဒေသနာတော်ကို မဟောကြားရသေးဘူးဆိုလျှင် ဒီလိုသိက္ခာပုဒ်တော်များကို ပညတ်တော်မမူ ခဲ့လေရာ။ သို့သော် အဘိဓမ္မာဒေသနာတော်ဟာ ဘုရားရှင် သက်တော် ထင်ရှား ရှိတော်မူစဉ်အခါကတည်းက သာသနာတော်မှာ တကယ်ထင်ရှား တည်ရှိနေခဲ့တဲ့အတွက် ဘုရားရှင် ကိုယ်တော်တိုင်ကလည်းပဲ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားထားတော်မူပြီး ဖြစ်နေတဲ့အတွက်ကြောင့် သာလျှင် ဒီလိုသိက္ခာပုဒ်တော်များကို ပညတ်တော်မူကာ ရဟန်းတော်တို့အား ညွှန်ကြားချက်ကို ပေးသနားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

အလားတူပဲ အချို့အချို့သော သုတ္တန်ဒေသနာတော်မြတ်တို့မှာ၁၀၂ အဘိဓမ္မာဒေသနာတော်နှင့် ဆက်စပ်နေတဲ့ အကြောင်းအရာအချို့ကို ဖော်ပြ ထားတဲ့ ဒေသနာစကားရပ်များလည်း လာရှိကြပါတယ်။ ထိုသုတ္တန်တွေထဲက ထင်ရှားတဲ့ သုတ္တန်တစ်ခုကတော့ မဟာဂေါသိင်္ဂသုတ္တန်ပဲ ဖြစ်ပါတယ်။ ထို သုတ္တန်အကြောင်းကိုတော့ နောက်ပိုင်းသို့ ရောက်ရှိတဲ့အခါ ရှင်းလင်းတင်ပြ ပါမည်။

ကမ္မသတ္တိရဲ့စွမ်းအင်

နောက်တစ်ခု -- ကမ္မသတ္တိစွမ်းအင်အကြောင်းကို ဆက်လက်ကာ ဆွေးနွေးကြရအောင် ..။

အချို့အချို့သော သူတော်ကောင်းများက အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း သမုဒယသစ္စာတရားတွေထဲမှာ အကျုံးဝင်နေတဲ့ ကံဆိုတဲ့ ကမ္မသတ္တိရဲ့စွမ်းအင်ကို ရှုပွားသုံးသပ်မှုနဲ့ ပတ်သက်လို့ သံသယ ရှိနေကြပြန်တယ်။ အနုသယဓာတ်တွေဟာ သတ္တဝါတစ်ဦးရဲ့ ရုပ်နာမ်သန္တာန် အစဉ်မှာ အငုပ်ဓာတ်အနေအားဖြင့် ကိန်းဝပ်တည်နေကာ အစဉ်တစိုက် လိုက်ပါလျက် တည်ရှိနေကြပါတယ်။ ထိုအနုသယဓာတ်ကို သာဝကတွေဟာ ထိုးထွင်းမသိနိုင်ကြဘဲ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သာ သိမြင်ကြပါတယ်။ သတ္တဝါတို့ရဲ့ အလိုအဇ္ဈာသယ အနုသယဓာတ်ကို ထိုးထွင်းသိမြင်တော်မူတဲ့ အာသယာနုသယဉာဏ်တော်မြတ်ဟာ သဗ္ဗညုဘုရားရှင်တို့ရဲ့ သန္တာန်မှာသာ သီးသန့်တည်ရှိနေတဲ့ အာဝေဏိကဂုဏ်တော်တစ်မျိုး ဖြစ်ပါတယ်။

အလားတူပဲ သတ္တဝါတို့ ပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေဟာလည်း အနိစ္စတရားတွေသာ ဖြစ်ကြခြင်းကြောင့် ဖြစ်ပြီးနောက် ချုပ်ပျက်သွားကြတယ်။ သို့သော် ထိုသင်္ခါရတရားတို့ရဲ့ စွမ်းအင် ကမ္မသတ္တိကတော့ သတ္တဝါအသီးအသီးရဲ့ ရုပ်နာမ်သန္တာန်အစဉ် အသီးအသီး မှာ အစဉ်တစိုက် လိုက်ပါကာ ကိန်းဝပ်တည်နေလျက် ရှိပါတယ်။ ရုပ်နာမ် သန္တာန်အစဉ်မှာ အငုပ်ဓာတ်အနေဖြင့် ကိန်းဝပ်တည်နေတဲ့ အနုသယဓာတ် ကို သာဝကတွေ ထိုးထွင်းမသိနိုင်သလို ဒီလို ရုပ်နာမ်သန္တာန်အစဉ်မှာ အစဉ် တစိုက် လိုက်ပါကာ ကိန်းဝပ်တည်နေတဲ့ ဒီကမ္မသတ္တိကိုလည်းဥပါဒ် ဌီ ဘင် အနေအားဖြင့် ထင်ရှားတည်ရှိနေတဲ့ တရားမျိုး မဟုတ်ခြင်းကြောင့် သာဝက တစ်ဦးအနေဖြင့် ဒီကမ္မသတ္တိကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်မှုကို အချို့သူတော်ကောင်းများက ငြင်းဆိုကြပြန်တယ်။

ဒီနေရာမှာ လူ့ဘဝသို့ ရောက်ရှိလာတော့မည့် ယောဂီ တစ်ဦးရဲ့ သန္တာန်မှာ အတိတ်ဘဝသေခါနီးအချိန်အခါကာလမှာ ထင်မြင်လာခဲ့တဲ့ .. (၁) ကံ, (၂) ကမ္မနိမိတ်, (၃) ဂတိနိမိတ်အကြောင်းကိုသာ ဦးတည်ကာ ဆွေးနွေးကြရအောင် ..။

ယောဂီတစ်ဦးရဲ့သန္တာန်မှာ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်သင်္ခါရ+ကံ, အကုသိုလ်သင်္ခါရ+ကံတွေဟာ များစွာ ရှိကြပါတယ်။ ဒီကံတွေထဲမှာ ကုသိုလ်ကံ တစ်ခုခုက ရင့်ကျက်လာလို့ လူ့ဘဝ လူ့ခန္ဓာ (၅)ပါးကို ဖြစ်ပေါ်လာစေဖို့ရန် အဆင်သင့် ဖြစ်လာပြီဆိုလျှင်, ဒီလို အကျိုးပေး ဖို့ရန် ရင့်ကျက်လာတဲ့ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ကံ ကမ္မနိမိတ် ဂတိ နိမိတ်ဆိုတဲ့ နိမိတ် (၃)မျိုးထဲက တစ်မျိုးမျိုးဟာ အတိတ်ဘဝသေခါနီးကာလ မရဏသန္နဇောအခိုက်မှာ သို့မဟုတ် မရဏာသန္နဇော မစောမီ အချိန်အခါ ကတည်းက စတင်ကာ ထင်လာမြဲဓမ္မတာ ဖြစ်ပါတယ်။ ဒီလို နိမိတ် (၃)မျိုး တစ်မျိုးမျိုး ထင်လာခြင်းဟာ အကျိုးပေးတော့မည့် ကံရဲ့ စွမ်းအင်သတ္တိကြောင့် သာ ထင်လာခြင်း ဖြစ်ပါတယ်။၁၀၃

ဥပမာ --- ဒါနကုသိုလ်သင်္ခါရကံ တစ်ခုက ရင့်ကျက်လာလို့ အကျိုး ပေးတော့မည်ဆိုလျှင် ..

၁။ ထိုကံကို အသစ်တစ်ဖန် ထပ်မံကာ ထူထောင်နေတဲ့ ကုသိုလ်ကံအာရုံ သော်လည်း ထင်လာတတ်ပါတယ်။ ဥပမာ --- သံဃာတော်အား ဆွမ်း လှူခဲ့တဲ့ ကုသိုလ်သင်္ခါရကံက ရင့်ကျက်လာလို့ အကျိုးပေးတော့မည် ဆိုလျှင် သေခါနီးကာလဝယ် သံဃာတော်အား အသစ်တစ်ဖန် ဆွမ်းလှူ နေတဲ့ ကံအာရုံသော်လည်း ထင်လာတတ်ပါတယ်။ သို့မဟုတ် ..

၂။ ယင်းကုသိုလ်ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ပါဝင်နေတဲ့ အလှူခံပုဂ္ဂိုလ် သို့မဟုတ် လှူဖွယ်ဝတ္ထုစတဲ့ ကမ္မနိမိတ်အာရုံသော်လည်း ထင်လာ တတ်ပါတယ်။ အကယ်၍ သမထကုသိုလ်ကံက အကျိုးပေးတော့မည် ဆိုလျှင်လည်း ထိုသမထကုသိုလ်ကံရဲ့ အာရုံနိမိတ်ဖြစ်တဲ့ ကသိုဏ်း ပဋိဘာဂနိမိတ်စတဲ့ ပဋိဘာဂနိမိတ်အာရုံတွေလည်း ထင်နေတတ်ပါတယ်။ အကယ်၍ ဝိပဿနာဘာဝနာကံက အကျိုးပေးတော့မည်ဆိုလျှင်လည်း ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်ကြတဲ့ သင်္ခါရတရားတွေရဲ့ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဆိုတဲ့ အခြင်းအရာ (၃)မျိုးထဲက တစ်မျိုးမျိုးသော အခြင်းအရာဆိုတဲ့ ကမ္မနိမိတ်အာရုံဟာ ထင်လာတတ်ပါတယ်။ သို့မဟုတ် ..

၃။ လူသားများအတွက် ဝကွက်ကာ ပြောဆိုရလျှင် မိမိသွားရောက်ရတော့ မည့် နေရာဒေသဖြစ်တဲ့ ကမ္ဗလာအနီရောင်အဆင်းရှိတဲ့ အမိဝမ်းရေ လွှာလို့ ခေါ်ဆိုတဲ့ ဂတိနိမိတ်သော်လည်း ထင်နေတတ်ပါတယ်။

ဒီ ကံ ကမ္မနိမိတ် ဂတိနိမိတ်တို့ဟာ အကျိုးပေးတော့မည့် ကုသိုလ်ကံရဲ့ စွမ်းအားကြောင့်သာလျှင် ထင်ရှားဖြစ်ပေါ်လာကြရတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကံအာရုံကို အလေးဂရုပြုကာ ပြောလိုပါတယ်။

ဒီလို ပဋိသန္ဓေကို ဖြစ်စေတော့မည့် ကုသိုလ်ကံရဲ့စွမ်းအင်သတ္တိကြောင့် ဒီကုသိုလ်ကံကို အသစ်တစ်ဖန် ထပ်မံကာ ပြုစုပျိုးထောင်နေတဲ့ အနေအထား အားဖြင့် ဒီကုသိုလ်ကံအာရုံဟာ သေခါနီးကာလ ဘဝင်မနောအကြည်ဓာတ် လို့ ခေါ်ဆိုအပ်တဲ့ မနောဒွါရမှာ ရှေးရှူကျရောက်ကာ ရှေးရှူဆိုက်ရောက်ကာ ထင်လာနေပါတယ်။၁၀၄ ဆိုလိုတာကတော့ သေခါနီးကာလမှာ အလားတူ ကုသိုလ်ကံတရားတွေဟာ သေမည့်သူရဲ့ မနောဒွါရကို အစွဲပြုပြီးတော့ အသစ်တစ်ဖန် ထပ်မံကာ ဖြစ်ပေါ်နေကြပါတယ်။ ဒီလို ထင်လာတဲ့အခါမှာ ဒီလိုကံကို ပြုစုပျိုးထောင်နေတဲ့ ကုသိုလ်ဇောဝီထိစိတ်အစဉ် နာမ်တရားစု တွေကို ပစ္စယပရိဂ္ဂဟဉာဏ် ဝိပဿနာဉာဏ်တို့ဖြင့် ပိုင်းခြားယူကာ သိမ်း ဆည်းလိုက်လျှင် အကျိုးပေးတော့မည့် ကုသိုလ်သင်္ခါရ နာမ်တရားစုတွေကို သိမ်းဆည်းလို့ ရနိုင်ပါတယ်။ ဒီလို သိမ်းဆည်းနိုင်တဲ့ အချိန်အခါမှာ မသေမီ အတိတ်ဘက်သို့ တာစူကာ ရုပ်နာမ်တွေကို ဆက်လက်ကာ ပစ္စယပရိဂ္ဂဟ ဉာဏ် ဝိပဿနာဉာဏ်တို့ဖြင့် ရှုပွားသိမ်းဆည်းသွားလိုက်တဲ့အခါ အတိတ် ဘဝတစ်ချိန်မှာ ထိုကံကို တကယ်ထူထောင်နေစဉ်က ဖြစ်ပေါ်ခဲ့တဲ့ ရုပ်နာမ် တွေနှင့်တကွ ယင်းကုသိုလ်သင်္ခါရ နာမ်တရားစုတွေကိုပါ ဉာဏ်ဖြင့် ပိုင်းခြား ယူလို့ သိမ်းဆည်းရှုပွားလို့ ရရှိနိုင်ပါတယ်။

ဥပမာ --- အထက်ကတင်ပြခဲ့တဲ့ ယောဂီတစ်ဦးဟာ မသေမီ ရှေ့ပိုင်း အချိန်ကာလတစ်ခုက ငှက်ကလေးတွေကို ဇီဝိတဒါန (= ဘေးမဲ့)အလှူ ပေးလှူခဲ့ဖူးပါတယ်။ သေခါနီးကာလမှာ ငှက်ကလေးတွေဟာ လှောင်အိမ် ပချုပ်ထဲမှ အစီအရီ ပျံထွက်နေတဲ့ ကမ္မနိမိတ်အာရုံဟာ ထိုယောဂီရဲ့ ဘဝင် မနောအကြည် (= မနောဒွါရ)မှာ ထင်နေခဲ့ပါတယ်။ ဒီလို ကမ္မနိမိတ်အာရုံကို တွေ့ရှိတဲ့အခါ ငှက်ကလေးတွေကို တကယ် ဘေးမဲ့အလှူ လှူနေတဲ့ အချိန် အခါမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုပ်နာမ်တွေကို ဆက်လက်သိမ်းဆည်းလိုက်တဲ့အခါ ဇီဝိတဒါန (= ဘေးမဲ့)အလှူ ပေးလှူနေတဲ့ ကရုဏာ ပြဓာန်းလျက်ရှိတဲ့ ကုသိုလ်သင်္ခါရ စေတနာအုပ်စု နာမ်တရား (၃၅)လုံးတို့ကို ဇောဝီထိစိတ် အစဉ်အတိုင်း သိမ်းဆည်းလို့ ရရှိခဲ့ပါတယ်။ အဲဒီနာမ်တရားတွေဟာ လှောင် အိမ်ပချုပ်ထဲမှ အစီအရီ ပျံထွက်နေတဲ့ ငှက်ကလေးတွေကို အာရုံယူကာ ဖြစ်ပေါ်နေခဲ့ကြပါတယ်။ ဒီကုသိုလ်သင်္ခါရတရားတွေဟာလည်း အနိစ္စတရား တွေသာ ဖြစ်ကြတဲ့အတွက် ဖြစ်ပြီးတာနဲ့ ချုပ်ပျက်သွားကြတယ်။ ဒီလို ကုသိုလ် သင်္ခါရတရားတွေကို ပိုင်ပိုင်နိုင်နိုင် ထပ်ကာထပ်ကာ သိမ်းဆည်းလိုက်တဲ့အခါ ဒီသင်္ခါရတရားတွေ ချုပ်ပျက်ပြီးနောက် ကျန်ရစ်ခဲ့တဲ့ နောင်ဘဝသစ်ကို ဖြစ်စေ နိုင်တဲ့ စွမ်းအားရှိတဲ့ စွမ်းအင်ကမ္မသတ္တိကိုပါ ဉာဏ်ဖြင့် သိမ်းဆည်းလို့ ရှုပွားလို့ ရခဲ့ပါတယ်၊ အကျိုးပေးတော့မည့် ကမ္မသတ္တိစွမ်းအားပဲ ဖြစ်ပါတယ်။ ဒီစွမ်းအားဟာ အကျိုးပေးတော့မှာ ဖြစ်နေတဲ့အတွက် ထင်ရှားပေါ်လွင်လာ ပါတယ်။ ဒီလို ထင်ရှားပေါ်လွင်နေတဲ့အတွက်ကြောင့် ခုလို ပစ္စယပရိဂ္ဂဟ ဉာဏ် ဝိပဿနာဉာဏ်တို့ဖြင့် သိမ်းဆည်းလို့ ရှုလို့ ရရှိခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ သမုဒယသစ္စာကို ထိုးထွင်းသိမြင်မှုနဲ့ ပတ်သက်လို့ သံယယ မရှိသင့်ပါ။ ဘုရားရှင်ရဲ့ ဗောဓိဉာဏ် တော်မြတ်အပေါ်၌ ယုံကြည်ချက်သဒ္ဓါတရားရှိဖို့ အထူး လိုအပ်ပါတယ်။

ပါပိစ္ဆ နိဂုံးချုပ်

ဒီနေရာမှာ ပါပိစ္ဆ (= ယုတ်မာတဲ့ အလိုဆိုး)နဲ့ ဆက်စပ်လို့ နိဂုံးချုပ် ပြောလိုတာကတော့ ယောဂီသူတော်ကောင်းတွေဟာ မိမိမှာ ထင်ရှားရှိနေတဲ့ အပြစ်တွေကို ဖုံးကွယ်ထားခြင်းဆိုတဲ့ မာယာတရားတွေ ကင်းစင်အောင် ကျင့်ကြပါ။ မိမိမှာ ထင်ရှားမရှိတဲ့ သီလဂုဏ်ကျေးဇူးတွေ စျာန်သမာဓိ ဂုဏ်ကျေးဇူးတွေကို ရှိသယောင်နှင့် ဟန်ဆောင်ကာ ထုတ်ဖော်ဝါကြွားမှု မပြုကြပါနှင့်၊ ဆရာသမားတွေကိုလည်း တကယ်တမ်း စျာန်သမာဓိတွေကို ထူထောင်လို့ မရဘဲနဲ့ ရပါတယ်လို့ မလျှောက်ထားကြပါနှင့်၊ ရုပ်နာမ်ပရမတ် တရားတွေကို တကယ်မသိဘဲ သိသယောင်, ကြောင်း-ကျိုး-ဆက်နွှယ်မှု (=ပဋိစ္စသမုပ္ပါဒ်)သဘောတရားတွေကို တကယ်မသိဘဲ သိသယောင်, ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတို့ရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်း အရာ အနတ္တအခြင်းအရာတွေကိုလည်း တကယ်တမ်း ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင် ထိုးထွင်းမသိဘဲ မမြင်ဘဲ သိသယောင် မြင်သယောင် ဟန်ဆောင် ကာ သူတစ်ပါးတို့အားလည်း ပြောကြားမှု မပြုကြပါနှင့်၊ ဆရာသမားတို့အား လည်း တင်ပြလျှောက်ထားမှု မပြုကြပါနှင့်၊ အဘိဓမ္မာဒေသနာတော်မြတ် ကိုလည်း ဘုရားဟောဒေသနာတော် မဟုတ်ပါဟု သံယောင်လိုက်ကာ ကြွေးကြော်မှု မပြုကြပါနှင့်။ တရားဘာဝနာ အားထုတ်ရင်းဖြင့် ငရဲရွာခရီးကို စိတ်ပြေလက်ပျောက် တစ်ခါတစ်ခေါက်လောက် အလည်အပတ် သွားရောက် ကာ ပျော်ပွဲစားထွက်လိုတဲ့ ယုတ်မာတဲ့ စိတ်ထားကလေးတွေကိုတော့ ပယ်ရှား ကြပါလို့ နောက်ဆုံး တိုက်တွန်းလိုက်ပါတယ်။

__________

ကထာဝတ္ထု ဆယ်ပါး (နောက်ပိုင်း)

ကထာဝတ္ထု ဆယ်ပါး (နောက်ပိုင်း)

အပ္ပိစ္ဆကထာအဆက်

ပါပိစ္ဆအကြောင်းကို ပြောပြပြီးတဲ့နောက် မဟိစ္ဆအကြောင်းကို ဆက်လက်ပြီးတော့ ဆွေးနွေးကြရအောင် ..။

မဟိစ္ဆဆိုတာ ဘာလဲ?

မဟိစ္ဆဆိုတာကတော့ မိမိမှာရှိတဲ့ ဂုဏ်တွေကို ထုတ်ဖော်ကာ မိမိ အကြောင်းကို မိမိကိုယ်တိုင် ချီးမွမ်းစကားတွေ ခပ်များများ ပြောချင်တယ်။ ပစ္စည်းလေးဖြာကို အလှူခံယူတဲ့နေရာမှာလည်း မိမိရဲ့ အတိုင်းအတာ ပမာဏ ကို မသိဘဲ ခပ်များများ အလှူခံယူပြန်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို မဟိစ္ဆ (=အလိုများပြားတဲ့ ပုဂ္ဂိုလ်)လို့ ခေါ်ဆိုပါတယ်။၁၀၅

ဒီလိုပုဂ္ဂိုလ်မျိုးဟာ မိမိက တကယ်သီလဖြူစင်နေသူ ဖြစ်ခဲ့လျှင်လည်း မိမိသီလဖြူစင်ကြောင်းကို သူတစ်ပါးတွေကို သိပ်ပြီးတော့ သိစေချင်တယ်၊ သိအောင်လည်း ပြောတတ်ပြန်တယ်။ မိမိမှာ ဥပစာရ အပ္ပနာ နှစ်ဖြာသော စျာန်သမာဓိတွေ တကယ်ထင်ရှားရှိနေလျှင်လည်း မိမိမှာ ဥပစာရ အပ္ပနာ နှစ်ဖြာသော စျာန်သမာဓိတွေ ထင်ရှားရှိနေတာကို သူတစ်ပါးတွေကို သိပ် သိစေချင်တယ်၊ သိအောင်လည်း ပြောပြတတ်ပြန်တယ်။ မိမိမှာ တကယ့် ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်ကြတဲ့ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ) တရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ တွေကို တကယ်ထင်ထင်ရှားရှား ထိုးထွင်းသိမြင်တတ်တဲ့ တကယ့်ဝိပဿနာ ဉာဏ်ပညာအစစ်တွေ တကယ်ထင်ရှားရှိနေပြန်လျှင်လည်း ဒီလို ဝိပဿနာ ဉာဏ်တွေ တကယ်ထင်ရှားရှိနေတာကို သူတစ်ပါးတွေကို သိပ်ပြီးတော့ သိစေချင်တယ်၊ သိအောင်လည်း ပြောပြတတ်ပြန်တယ်။ အလားတူပဲ မိမိမှာ ထင်ရှားရှိနေတဲ့ အခြားအခြားသော ဂုဏ်ပုဒ်တွေကိုလည်း ထုတ်ဖော်ကာ မိမိအကြောင်းကို မိမိကိုယ်တိုင် ဟိမဝန္တာချီးမွမ်းခန်းတွေ ဖွင့်ဆိုနေတတ် ပြန်တယ်။

ဒါတွင်လားဆိုတော့ မကသေးပါဘူး ..။ ဒီလို မဟိစ္ဆပုဂ္ဂိုလ်နှင့် ပတ်သက်လို့ ဥဒါနအဋ္ဌကထာ စသည်တို့မှာ၁၀၆ အတိုင်းအရှည်ပမာဏကို မသိမှု, အလိုများပြားမှုနှင့် ဆက်စပ်ကာ လေးမျိုးလေးစား ဖွင့်ဆိုထားပါတယ်။

၁။ ပရိယေသန = ရှာမှီးခြင်း,

၂။ ပဋိဂ္ဂဟဏ = ခံယူခြင်း,

၃။ ပရိဘောဂ = သုံးဆောင်ခြင်း,

၄။ ဝိဿဇ္ဇန = စွန့်လွှတ်ခြင်း

ဆိုပြီးတော့ လေးမျိုးလေးစား ဖွင့်ဆိုထားပါတယ်။

၁။ ပရိယေသန = ရှာမှီးခြင်း ---- မိမိမှာ တကယ်လိုအပ်နေတဲ့ အတိုင်း အတာပမာဏလောက်ကိုသာ အပ်သောနည်းဖြင့် ရှာဖွေခြင်းကိုပဲ ဘုရားရှင် က ခွင့်ပြုထားတော်မူပါတယ်။ အပ်သောနည်းဖြင့် ရှာဖွေခြင်းဆိုတာကတော့ ဆွမ်းခံဝတ်ဖြင့် ရှာဖွေခြင်း, ဆွေမျိုးတော်စပ်သူ ပစ္စည်းလေးပါး အလှူခံရန် တောင်းခံရန် မိမိအား ဖိတ်ကြားထားသူတို့ထံ၌သာ မိမိမှာ တကယ်လိုအပ် နေတဲ့ အတိုင်းအတာပမာဏလောက်ကို နှိုင်းချိန်ပြီးတော့ ဆွမ်းပစ္စည်း ဆေးပစ္စည်း စတဲ့ ရဟန်းတော်တို့နှင့် အပ်စပ်တဲ့ ပစ္စည်းများကိုသာလျှင် အလှူခံယူခြင်း တောင်းခံခြင်းကို ဝိနည်းဒေသနာတော်နှင့်အညီ အပ်စပ်တဲ့ နည်းလမ်းဖြင့် ပစ္စည်းလေးပါးကို ရှာဖွေခြင်းလို့ ခေါ်ဆိုပါတယ်။

သို့သော် မိမိမှာ တကယ်တမ်းလိုအပ်နေတဲ့ အတိုင်းအတာပမာဏထက် ပို၍ အလှူခံယူခြင်း, ဆွေမျိုးမတော်သူ ပစ္စည်းလေးပါး တောင်းခံရန် မဖိတ် ကြားထားသူတို့ထံ၌ မိမိအလိုရှိတဲ့ ပစ္စည်းများကို တောင်းခံခြင်း အလှူခံယူ ခြင်းများကိုတော့ ဘုရားရှင်က တားမြစ်ထားတော်မူပါတယ်၊ မအပ်သော ရှာမှီးခြင်းလို့ ခေါ်ဆိုပါတယ်။ အလားတူပဲ သစ်သီးပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း ဗေဒင်ဟောခြင်းစသည်ဖြင့် ဒါယကာတို့ရဲ့ ရတနာသုံးပါးကို ကြည်ညိုနေတဲ့ စစ်မှန်တဲ့ သဒ္ဓါတရားကို ပျက်စီးသွားအောင် ဖျက်ဆီးကာ သစ်သီးပေးလို့ ပန်းပေးလို့ ဆေးကုလို့ ဗေဒင်ဟောလို့ မိမိအပေါ်မှာ ကြည်ညို လာခြင်း စတဲ့ သဒ္ဓါအတုအယောင်တွေ ဖြစ်ပေါ်လာအောင် ပြုလုပ်ခြင်းဖြင့် ပစ္စည်းလေးပါးကို ရရှိအောင် ရှာဖွေခြင်းကိုလည်း မအပ်သော ရှာဖွေခြင်းလို့ပဲ ခေါ်ဆိုပါတယ်။ ဒီလို မအပ်သော ရှာမှီးခြင်းဖြင့် ပစ္စည်းလေးပါးကို ရှာဖွေခြင်း မျိုးကို ပစ္စည်းလေးပါးကို ရှာဖွေရာ၌ မဟိစ္ဆ (= အလိုရမ္မက် များပြားသူ)ဟု ခေါ်ဆိုပါတယ်။

၂။ ပဋိဂ္ဂဟဏ = ခံယူခြင်း ---- ပစ္စည်းလေးပါးကို အလှူခံယူတဲ့ နေရာမှာ လည်း အတိုင်းအတာပမာဏကို သိဖို့လိုပါတယ်။

(က) လှူဖွယ်ဝတ္ထုကတော့ များနေတယ်၊ သို့သော် အလှူဒါယကာက နည်းနည်းပဲ လှူချင်တယ်ဆိုလျှင် နည်းနည်းပဲ လှူချင်နေတဲ့ ဒါယကာရဲ့ အလိုဆန္ဒကို လိုက်လျောကာ နည်းနည်းပဲ အလှူခံယူရပါတယ်။

(ခ) အလှူဒါယကာကတော့ ခပ်များများပဲ လှူချင်တယ်၊ သို့သော် လှူဖွယ်ဝတ္ထုက နည်းနေတယ်ဆိုလျှင်လည်း လှူဖွယ်ဝတ္ထုနည်းပါးမှုကို ကြည့်ပြီးတော့ နည်းနည်းပဲ အလှူခံယူရပါတယ်။

(ဂ) လှူဖွယ်ဝတ္ထုကလည်း များနေတယ်၊ အလှူဒါယကာကလည်း များများပဲ လှူချင်တယ်ဆိုလျှင်တော့ မိမိ စားသုံးနိုင်တဲ့ သုံးစွဲနိုင်တဲ့ အတိုင်း အတာပမာဏကို နှိုင်းချိန်ကာ မိမိနှင့် မျှတရုံလောက်ကိုသာ ခံယူပါ။

ဒီလို အလှူခံယူတဲ့ နည်းစနစ်ကတော့ ဘုရားရှင်က တပည့်သာဝက တွေကို ပေးသနားသွားတော်မူတဲ့ အလှူခံယူပုံ နည်းစနစ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အလှူခံယူရာ၌ အတိုင်းအရှည်ပမာဏကို သိတဲ့ အလှူခံယူ နည်းမျိုး ဖြစ်ပါတယ်။ သို့သော် ဒီလို ညွှန်ကြားထားတော်မူတဲ့ စည်းကမ်း သတ်မှတ်ချက် နည်းစနစ်ကို ကျော်လွန်ကာ မိမိအတိုင်းအတာပမာဏကို မသိဘဲ များများအလှူခံယူနေတဲ့ ပုဂ္ဂိုလ်မျိုးကို မဟိစ္ဆ (= အလိုရမ္မက် များပြားသူ)လို့ပဲ ခေါ်ဆိုပါတယ်။

၃။ ပရိဘောဂ = သုံးဆောင်ခြင်း ---- ပစ္စည်းလေးပါးကို သုံးစွဲတဲ့ အပိုင်းမှာလည်း ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့ -- ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ .. စတဲ့ ဆိုင်ရာဆိုင်ရာ ပစ္စဝေက္ခဏာဆင်ခြင်ပုံ နည်းစနစ် တွေကို ပစ္စဝေက္ခဏာဉာဏ်အသီးအသီးဖြင့် ဆင်ခြင်ကာ .. ပစ္စည်းလေးပါး ကို သုံးဆောင်ပါ။ ပစ္စဝေက္ခဏာဉာဏ်ဖြင့် မဆင်ခြင်ဘဲ ပစ္စည်းလေးပါးကို သုံးစွဲမှုမျိုးကို ဘုရားရှင်ဟာ နှစ်ခြိုက်တော်မမူပါ၊ ဣဏပရိဘောဂ = ကြွေးမြီ ယူကာ သုံးစွဲသူ, ပစ္စဝေက္ခဏာဉာဏ်အကြွေးတွေ တစ်ပုံကြီးဖြင့် ပစ္စည်း လေးပါးကို သုံးစွဲနေသူလို့ ဘုရားရှင်က သတ်မှတ်ထားတော်မူခဲ့ပါတယ်။ ဒီလို ပစ္စည်းလေးပါးကို သုံးဆောင်တဲ့အခါမှာ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်မှု မပြုတော့ဘဲ -- ဟိုပစ္စည်းကို သုံးစွဲလိုက်, ဒီပစ္စည်းကို သုံးစွဲလိုက် စသည်ဖြင့် မိမိသုံးစွဲချင်တဲ့ ပစ္စည်းကို သုံးစွဲချင်သလို သုံးစွဲနေတဲ့ ပုဂ္ဂိုလ်မျိုးကို မဟိစ္ဆ (= ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ အလိုရမ္မက် များပြားသူ)လို့ပဲ ခေါ်ဆို ပါတယ်။

နောက်တစ်မျိုးကတော့ ဆေးပစ္စည်းအမျိုးမျိုးတွေကို အနာရောဂါဆိုတဲ့ အကြောင်းတရား ထင်ရှားရှိပါမှ သုံးစွဲဖို့ရန် ဘုရားရှင်က ခွင့်ပြုထားတော် မူခဲ့ပါတယ်။ စပါး (၇)မျိုးတို့ဖြင့် စီမံဖော်စပ်ထားတဲ့ ဘာလီဖျော်ရည်လို အဖျော်ယမကာအမျိုးမျိုး, သင်္ဂါယနာမထေရ်မြတ်တို့ ဝိနည်းမဟာပဒေသ (၄)ပါးနှင့် ညှိကာ ပယ်ရှားထားတော်မူခဲ့တဲ့ သခွားသုံးမျိုး ပိန္နဲနှစ်မျိုး အုန်းသီး ထန်းသီး ဘူး ဖရုံဆိုတဲ့ အသီးကြီး (၉)မျိုးတို့ဖြင့် စီမံပြုပြင်ထားတဲ့ ဖျော်ရည် အမျိုးမျိုး -- ဒီလို မအပ်တဲ့ ဖျော်ရည်အမျိုးမျိုးမှလွဲ၍ ရဟန်းတော်တို့နှင့် အပ်စပ်တဲ့ ရေအေးဖြင့် ဖျော်စပ်ထားတဲ့ အဖျော်ယမကာများကိုလည်း မွန်းလွဲပိုင်း၌ ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့ အကြောင်းတရား ထင်ရှားရှိပါမှ သာလျှင် သုံးဆောင်ရန် ဘုရားရှင်က ခွင့်ပြုထားတော်မူခဲ့ပါတယ်။

မကျန်းမာသူ ဂိလာနပုဂ္ဂိုလ်တို့အား တင်လဲခဲကို (= ထန်းလျက်ခဲကို = ကြံသကာခဲကို) သုံးဆောင်ရန်, ထောပတ် ဆီဥ ဆီ ပျားရည်တို့ကိုလည်း သုံးဆောင်ရန် ဘုရားရှင်က ခွင့်ပြုထားတော်မူခဲ့ပါတယ်။ သို့သော် ကျန်းမာ ရေးကောင်းမွန်နေတဲ့ ရဟန်း သာမဏေများကိုတော့ မွန်းလွဲအခါ၌ ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့ အကြောင်းတရားကြောင့် ယင်းတင်လဲခဲ (=ထန်းလျက်ခဲ = သကြားခဲ = သကြားလုံး = ကြံသကာခဲ)ကို သုံးဆောင်ခြင်း, ထောပတ် ဆီဥ ဆီ ပျားရည်တို့ကို သုံးဆောင်ခြင်းတို့ကို ဘုရားရှင်က တားမြစ် ထားတော်မူခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကောင်းနေတဲ့ ဆာလောင် မွတ်သိပ်နေတဲ့ ရဟန်းသာမဏေများကိုတော့ မွန်းလွဲပိုင်းအခါ၌ ရေဖြင့် ဖျော်စပ်ထားတဲ့ တင်လဲဖျော်ရည် (= ထန်းလျက်ဖျော်ရည် = ကြံသကာ ဖျော်ရည် = သကြားရည် = ကြံရည်)တို့ကို ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါ တယ်။၁၀၇ ဒီနေရာမှာလည်း အနာရောဂါမရှိဘဲ ဆေးအမျိုးမျိုးကို သုံးစွဲခြင်း, မွန်းလွဲပိုင်း၌ ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့ အကြောင်းကြောင့် တင်လဲခဲ အမျိုးမျိုးနှင့် ထောပတ် ဆီဥ ဆီ ပျားရည်တို့ကို သုံးစွဲခြင်း, ဆာလောင်မွတ်သိပ် ခြင်းဆိုတဲ့ အကြောင်းတရား ထင်ရှားမရှိဘဲ မွန်းလွဲပိုင်း၌ ဖျော်ရည်အမျိုးမျိုးနှင့် တင်လဲဖျော်ရည် (= ထန်းလျက်ဖျော်ရည် = ကြံသကာဖျော်ရည် = ကြံရည်) တို့ကို သောက်သုံးခြင်း, ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့ အကြောင်းတရား ထင်ရှားရှိသည်ပင်ဖြစ်စေ မရှိသည်ပင်ဖြစ်စေ မွန်းလွဲပိုင်း၌ ဝိနည်းမဟာဝါ ပါဠိတော်၌၁၀၈ ဘုရားရှင် တားမြစ်ထားတော်မူပြီးဖြစ်တဲ့ ပက္ကဍာကရသလို့၁၀၉ ခေါ်ဆိုတဲ့ မီးဖြင့် ကျိုချက်ထားတဲ့ သစ်ရွက်ဖျော်ရည် အမျိုးမျိုး သစ်သီး ဖျော်ရည်အမျိုးမျိုးတို့ကို သောက်သုံးခြင်းတို့ဟာလည်း မဟိစ္ဆ (= ဆေးပစ္စည်း ဖျော်ရည်ပစ္စည်းအမျိုးမျိုးတို့ကို သုံးဆောင်ရာ၌ အလိုရမ္မက် များပြားသူ)လို့ပဲ ခေါ်ဆိုပါတယ်။

၄။ ဝိဿဇ္ဇန = စွန့်လွှတ်ခြင်း ---- ကျောင်းတည်ရာမြေ, ကျောင်း အဆောက်အဦး, ကျောင်းအသုံးအဆောင်ပရိဘောဂပစ္စည်းများ ဖြစ်ကြတဲ့ အိုးခွက်ပန်းကန် စတဲ့ ဂရုဘဏ်ပစ္စည်းအမျိုးမျိုးတွေကတော့ မည်သူ့ကိုမျှ မစွန့်လွှတ်ကောင်းတဲ့ ပစ္စည်းတွေ ဖြစ်ကြပါတယ်။ သို့သော် ဆွမ်းပစ္စည်း ဆေးပစ္စည်း စတဲ့ ဂရုဘဏ် မဟုတ်တဲ့ အချို့အချို့သော ပစ္စည်းများကိုတော့ မိဘအရင်းဖြစ်သူတို့အား စွန့်လွှတ်ခြင်းကိုတော့ ဘုရားရှင်က ခွင့်ပြုထားတော် မူခဲ့ပါတယ်။၁၁၀ ကြွင်းကျန်နေတဲ့ပုဂ္ဂိုလ်တွေကို ဒီပစ္စည်းအမျိုးမျိုးတွေကို စွန့်လွှတ်ခြင်းကိုတော့ ဘုရားရှင်က သိက္ခာပုဒ်တော်များ ပညတ်ကာ တားမြစ် ထားတော်မူခဲ့ပါတယ်။ သို့သော် ရဟန်းတော် တစ်ပါးဟာ ဘုရားရှင်က ဘယ်လိုပင် တားမြစ်ထားသော်လည်း လိုက်နာမှုမပြုဘဲ မိမိစွန့်ချင်တဲ့ပစ္စည်းကို မိမိပေးချင်တဲ့ပစ္စည်းကို မိမိစွန့်ချင်တဲ့ပုဂ္ဂိုလ်အား မိမိပေးချင်တဲ့ပုဂ္ဂိုလ်အား စွန့်ချင်သလိုစွန့်တယ် ပေးချင်သလိုပေးတယ်၊ ဒီလိုရဟန်းတော်မျိုးဟာ မဟိစ္ဆ (= ပစ္စည်းကို စွန့်ရာ၌ အလိုများပြားသူ)လို့ပဲ ခေါ်ဆိုပါတယ်။

ဒီလို ပစ္စည်းတွေကို မအပ်သောနည်းဖြင့် စွန့်ချင်သလိုစွန့်နေတဲ့ ရဟန်းတော်ရဲ့စိတ်ထားကို အကဲခတ်ကြည့်လိုက်လျှင် သူ့စိတ်ထားရဲ့ နောက်ခံ ဘက်ဂရောင်းမှာတော့ လျှို့ဝှက်ချက် အလိုဆန္ဒအမျိုးမျိုးတွေတော့ ရှိနေတယ် လို့ သုံးသပ်လို့ရနိုင်ပါတယ်၊ ငှက်ပျောသီးပေးလျှင် အုန်းသီးရလိမ့်မည်ဆိုတဲ့ မျှော်လင့်ချက်မျိုးကတော့ ရှိနေတတ်ပါတယ်။ ဒီလို အလိုဆန္ဒအမျိုးမျိုး တွေကိုပဲ မဟိစ္ဆ (= အလိုရမ္မက် များပြားသူ)လို့ပဲ ခေါ်ဆိုပါတယ်။

ခုပြောခဲ့တဲ့ မဟိစ္ဆပုဂ္ဂိုလ် (၄)မျိုးထဲက ပစ္စည်းလေးပါးကို ခံယူရာ၌ မိမိရဲ့အတိုင်းအရှည်ပမာဏကို တတ်သိနားလည်မှု မရှိတဲ့, တင်းတိမ်ရောင့်ရဲ မှုလည်း မရှိတဲ့ မဟိစ္ဆပုဂ္ဂိုလ်ရဲ့အလိုဆန္ဒကို တင်းတိမ်ရောင့်ရဲသွားအောင် ပြုလုပ်ပေးဖို့ရန် အလွန်ခက်ခဲလှပါတယ်။ ဒီလို ခက်ခဲတဲ့အတွက်ကြောင့် မွေးမိခင်အရင်းကသော်လည်းပဲ သူ့ရဲ့စိတ်ဓာတ်ကို ကျေနပ်မှုရသွားအောင် သိမ်းသွင်းဆွဲဆောင်ဖို့ရန် မစွမ်းနိုင်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဥဒါန အဋ္ဌကထာက ဒီလို ဆက်လက်ကာ ဖွင့်ဆိုထားတော်မူပါတယ် ..။

မရောင့်ရဲနိုင်တဲ့ တရားသုံးမျိုး

အဂ္ဂိက္ခန္ဓော သမုဒ္ဒေါ စ၊ မဟိစ္ဆော စာပိ ပုဂ္ဂလော။

သကဋေဟိ ပစ္စယေ ဒေန္တု၊ တယောပေတေ အတပ္ပိယာ။၁၁၁

၁။ အဂ္ဂိက္ခန္ဓ = မီးပုံကြီး

၂။ သမုဒ္ဒ = သမုဒ္ဒရာပင်လယ်

၃။ မဟိစ္ဆ = အလိုများပြားသူ ..

ဒီ (၃)မျိုးတို့ကို ပစ္စည်းတွေကို လှည်းအပြည့်တင်ကာ ထပ်ကာထပ်ကာ ထည့်ပေးနေသော်လည်း ရောင့်ရဲသွားအောင် ပြုလုပ်ပေးဖို့ရန်ကား မစွမ်း နိုင်ပေ။

မီးပုံကြီးထဲသို့ ပစ္စည်းတွေကို လှည်းအပြည့်တင်ကာ ထပ်ကာထပ်ကာ ထည့်ပေးနေသော်လည်း ဒီမီးပုံကြီးမှာ ရောင့်ရဲသွားတယ်လို့ မရှိပါ။ သမုဒ္ဒရာ ပင်လယ်ပြင်ကြီးထဲသို့ ပစ္စည်းတွေကို လှည်းအပြည့်တင်ကာ ထပ်ကာထပ်ကာ သွန်ချပေးနေပေမယ့်လို့ မဟာသမုဒ္ဒရာပင်လယ်ကြီးကလည်း ရောင့်ရဲသွား တယ်လို့ မရှိပါ။ အလားတူပဲ မဟိစ္ဆ (= အလိုများပြားသူ)ကို ပစ္စည်းတွေကို လှည်းအပြည့်တင်ကာ ထပ်ကာထပ်ကာ ပေးလှူနေသော်လည်း ထိုပုဂ္ဂိုလ်မျိုး ရဲ့ အလိုဆန္ဒတွေကို ရောင့်ရဲသွားအောင် တင်းတိမ်သွားအောင် မွေးမိခင်ရင်း ကသော်လည်း ပြုလုပ်ပေးဖို့ရန် မစွမ်းနိုင်ပါ။

အပ္ပိစ္ဆပုဂ္ဂိုလ်

အပ္ပိစ္ဆဆိုတာကတော့ ဒီလိုပါ။ ခုပြောခဲ့ပြီးတဲ့ ..

၁။ အပိုအလွန်တွေကို အလိုရှိခြင်း အတြိစ္ဆ

၂။ ယုတ်မာတဲ့ အလိုဆိုးရှိခြင်း ပါပိစ္ဆ

၃။ အလိုရမ္မက်များပြားခြင်း မဟိစ္ဆ ..

ဆိုတဲ့ ဒီလို ယုတ်ညံ့တဲ့ အကုသိုလ်အလိုဆိုး (၃)မျိုးကို ခပ်ဝေးဝေးက ရှောင်ရှားပြီးတော့ မိမိမှာ ထင်ရှားရှိနေတဲ့ သီလ သမာဓိ ပညာစတဲ့ ဂုဏ်ကျေးဇူးအရပ်ရပ်တွေကို ထုတ်ဖော်ချီးကျူးမှု ထင်ရှားဖော်ပြမှု မပြုလုပ်ဘဲ ပစ္စည်းလေးဖြာကို အလှူခံယူရာ၌ မိမိရဲ့ အတိုင်းအရှည်ပမာဏကို နှိုင်းရှည့် ကာ မိမိနှင့် မျှတလောက်ရုံမျှကိုသာ အလှူခံယူခြင်း အလိုရှိခြင်းမျိုးကို အလိုနည်းပါးခြင်း (= အပ္ပိစ္ဆ)လို့ ခေါ်ဆိုပါတယ်။ ဒီလို အလိုနည်းပါးနေတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း အပ္ပိစ္ဆပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။

ဒီလို အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံနေတဲ့ အလိုနည်းပါးနေတဲ့ သူတော်ကောင်း ဟာ မိမိမှာ ထင်ရှားရှိနေတဲ့ ဂုဏ်တွေကို ဖုံးကွယ်ထားလိုတဲ့ ကောင်းမွန်တဲ့ မွန်မြတ်တဲ့ အလိုဆန္ဒတွေသာ ထင်ရှားရှိနေတဲ့အတွက် ..

၁။ မိမိမှာ သဒ္ဓါတရား ထင်ရှားရှိနေသော်လည်း သဒ္ဓါတရား ထင်ရှား ရှိနေတဲ့ သူတော်ကောင်းတစ်ဦးပဲလို့ မိမိကို လူအများက အသိအမှတ် ပြုတာကို အလိုမရှိ၊

၂။ မိမိမှာ သီလဂုဏ်ကျေးဇူးတရား ..

၃။ အကြား+အမြင် ဗဟုဿုတများပြားခြင်း ဂုဏ်ကျေးဇူးတရား ..

၄။ ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းဂုဏ်ကျေးဇူးတရား..

၅။ အကုသိုလ်တရားတွေကို ပယ်ရှားနိုင်ရေး ကုသိုလ်တရားတွေ ပြည့်စုံ လာရေးအတွက် အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ ဂုဏ်ကျေးဇူးတရား ..

၆။ သတိပဋ္ဌာန် (၄)ပါးတို့၌ အစဉ်ပွားများနေတဲ့ ထင်လင်းတဲ့ သတိတရား ထင်ရှားရှိခြင်း ဂုဏ်ကျေးဇူးတရား ..

၇။ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတရား ထင်ရှားရှိခြင်း ဂုဏ်ကျေးဇူး တရား ..

၈။ ဝိပဿနာဉာဏ်ပညာအမျိုးမျိုးနှင့် ပြည့်စုံနေခြင်း ဂုဏ်ကျေးဇူးတရား..

ဒီလို အမျိုးမျိုးသော ဂုဏ်ကျေးဇူးတရားတွေ မိမိမှာ တကယ်ထင်ရှား တည်ရှိနေသော်လည်း မိမိကို ဒီလို ဂုဏ်ကျေးဇူးအမျိုးမျိုးနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းပါလို့ လူအများက အသိအမှတ်ပြုတာကို အလိုမရှိ။၁၁၂

အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုး

ဒီနေရာမှာ ဥဒါနအဋ္ဌကထာက အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုးအကြောင်းကို ဆက်လက်ကာ ရှင်းလင်းဖွင့်ဆိုထားပါတယ်။ ဒီအလိုနည်းပါးနေတဲ့ (= အပ္ပိစ္ဆ) ပုဂ္ဂိုလ်လေးမျိုးဆိုတာကတော့ ..

၁။ ပစ္စယအပ္ပိစ္ဆ = ပစ္စည်းလေးပါး၌ အလိုနည်းပါးသူ

၂။ ဓုတင်္ဂပ္ပိစ္ဆ = ဓုတင်ကျင့်ဝတ်ဂုဏ်ကျေးဇူး၌ အလိုနည်းပါးသူ

၃။ ပရိယတ္တိအပ္ပိစ္ဆ = ပရိယတ်ဂုဏ်ကျေးဇူး၌ အလိုနည်းပါးသူ

၄။ အဓိဂမအပ္ပိစ္ဆ = မိမိရရှိထားပြီတဲ့ လောကုတ္တရာတရားဂုဏ်ကျေးဇူး၌ အလိုနည်းပါးသူ

ဒီလို အလိုနည်းပါးသူ (= အပ္ပိစ္ဆပုဂ္ဂိုလ်) လေးမျိုး ရှိပါတယ်။၁၁၃

၁။ ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ် ---- ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်း လေးပါးကို အလှူခံယူတဲ့အခါမှာ ..

(က) အလှူရှင်ဒါယကာရဲ့ နည်းနည်းလှူလိုခြင်း များများလှူလိုခြင်းဆိုတဲ့ အလိုဆန္ဒကို တတ်သိနားလည်ကာ

(ခ) လှူဖွယ်ဝတ္ထုပစ္စည်းစုရဲ့ အနည်းအများကို ကြည့်ရှုကာ

(ဂ) မိမိနှင့် မျှတလောက်ရုံ အတိုင်းအတာပမာဏကို တတ်သိနားလည် ကာ ..

အထက် မဟိစ္ဆကို ရှင်းလင်းတဲ့ အပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း၁၁၄ နည်းနည်းသာ အလှူခံယူခြင်း သို့မဟုတ် မိမိနှင့် မျှတရုံလောက်ကိုသာ အလှူခံယူခြင်းဆိုတဲ့ အလိုနည်းပါးသူကို ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။

၂။ ဓုတင်္ဂအပ္ပိစ္ဆပုဂ္ဂိုလ် ---- မိမိက ဓုတင်ကျင့်ဝတ်ပဋိပတ္တိကို အရိုအသေ ပြုကာ တကယ်လက်တွေ့ ကျင့်နေသူဖြစ်ပေမယ့်လို့ -- ဒီသူတော်ကောင်းဟာ ဓုတင်ကျင့်ဝတ် ပဋိပတ္တိတွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ဓုတင်အမျိုးမျိုး ကို ဆောင်နေတဲ့ သူတော်ကောင်းတစ်ဦးပါလို့ မိမိကို လူအများက အသိ အမှတ်ပြုတာကို အလိုမရှိ၊ ဒီလို အလိုနည်းပါးတဲ့ ပုဂ္ဂိုလ်မျိုးကို ဓုတင်္ဂအပ္ပိစ္ဆ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။

၃။ ပရိယတ္တိအပ္ပိစ္ဆပုဂ္ဂိုလ် ---- သူတော်ကောင်းတစ်ဦးဟာ သုတ် ဝိနည်း အဘိဓမ္မာဆိုတဲ့ ပရိယတ်တရားတော်တို့၌ အကြား+အမြင် ဗဟုဿုတ များပြားသူတစ်ဦး ဖြစ်ပါတယ်။ ရှေးခေတ် စာပေကျမ်းဂန် သင်ယူပုံနည်းစနစ် အရ ပြောရလျှင် ရှေးယခင်တုန်းက စာပေကျမ်းဂန်များကို သင်ယူတဲ့အခါမှာ ဆရာသမားဖြစ်သူကလည်း နှုတ်တိုက်သင်ပေးရတယ်။ တပည့်ဖြစ်သူက လည်း ဆရာသမား သင်ပေးတဲ့အတိုင်း နှုတ်တိုက်ရအောင် နှုတ်ငုံရအောင် အလွတ်ရအောင် သင်ယူရပါတယ်။ စာအုပ်စာတမ်းများ ပေါပေါများများ မထွန်းကားသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလို သင်ယူလိုက်တဲ့အခါမှာ သုတ် ဝိနည်း အဘိဓမ္မာဆိုတဲ့ ပရိယတ်တရားတော်တွေကိုလည်း အလွတ် ရအောင် သင်ယူတယ်၊ မိမိ အလွတ်ရထားပြီးတဲ့ ပါဠိတော်တွေရဲ့ အနက် အဓိပ္ပာယ်တွေကို ဖွင့်ဆိုကြောင်းဖြစ်တဲ့ အဋ္ဌကထာတွေကိုလည်း အလားတူပဲ အလွတ်ရအောင် သင်ယူရတယ်။ ဒီလို သင်ယူတဲ့အခါမှာ ဆရာသမားထံမှ ရှေးဦးစွာ နားဖြင့် နားထောင်ကာ သင်ယူမှုကို အကြားဗဟုဿုတလို့ ခေါ်ဆို ပါတယ်။ ပရိယတ္တိဗဟုဿုတလို့လည်း ခေါ်ဆိုပါတယ်။

သင်ယူထားတဲ့အတိုင်း ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်အရပ်ရပ်တွေကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်မှုမျိုးကိုတော့ အမြင်ဗဟုဿုတလို့ ခေါ်ဆိုပါတယ်။ အထူးသဖြင့် ဒုက္ခသစ္စာအမည်ရတဲ့ ရုပ်ပရမတ်တရား နာမ်ပရမတ်တရား, သမုဒယသစ္စာအမည်ရတဲ့ အကြောင်းတရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားတယ်။၁၁၅ သစ္စာ လေးပါးစလုံးကို ထိုးထွင်းသိမြင်တဲ့ သမ္မာဒိဋ္ဌိဉာဏ်အမြင်ကို ရရှိခဲ့မည်ဆိုလျှင် တော့ အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ပါတယ်။ အထွတ်အထိပ်သို့ ရောက်ရှိနေတဲ့ အမြင်ဗဟုဿုတ ဖြစ်ပါတယ်၊ ပဋိဝေဓ ဗဟုဿုတလို့လည်း ခေါ်ဆိုပါတယ်။ သို့သော် ဒီနေရာမှာကတော့ ပရိယတ္တိဗဟုဿုတကို ဦးစားပေးကာ ပြောဆိုလိုရင်း ဖြစ်ပါတယ်။၁၁၆

သူတော်ကောင်းတစ်ဦးဟာ ပရိယတ်တရားတော်အပေါ်၌ ဒီလို အကြားဗဟုဿုတ+အမြင်ဗဟုဿုတဆိုတဲ့ အကြား+အမြင် ဗဟုဿုတ များပြားနေသူ ဖြစ်သော်လည်းပဲ ဒီသူတော်ကောင်းဟာ အကြား+အမြင် ဗဟုဿုတများပြားသူပါလို့ မိမိကို လူအများက အသိအမှတ်ပြုတာကို အလိုမရှိ၊ ဂုဏ်ပြုပွဲအမျိုးမျိုး ချီးကျူးပွဲအမျိုးမျိုး ပူဇော်ပွဲအမျိုးမျိုးတွေကို ကျင်းပကာ ဒီသူတော်ကောင်းဟာ ပရိယတ်တရားတော်၌ အလွန်ကျွမ်းကျင် လိမ္မာတော်မူတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်လို့ လူအများက မိမိကို အသိအမှတ်ပြုတာကို အလိုမရှိ၊ ဒီလို အလိုနည်းပါးတဲ့ ပုဂ္ဂိုလ်မျိုးကို ပရိယတ္တိ-အပ္ပိစ္ဆပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။

၄။ အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ် ---- ပုဂ္ဂိုလ်တစ်ဦးဟာ သောတာပန်အစရှိတဲ့ အရိယာသူတော်ကောင်းအဆင့်သို့ ရောက်ရှိနေပေမယ့်လို့ မိမိကို သူတစ်ပါး က မိမိကို လူအများက အရိယာသူတော်ကောင်းတစ်ဦးပါလို့ အသိအမှတ် ပြုတာကို အလိုမရှိ၊ မိမိကို အရိယာသူတော်ကောင်း ဖြစ်ပါတယ်လို့ လူအများ သိအောင် သို့မဟုတ် သူတစ်ပါးသိအောင် ထုတ်ဖော်ပြောကြားလိုတဲ့ အလို ဆန္ဒကား ကင်းရှင်းလျက်ပဲ ရှိတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ မိမိရရှိထားတဲ့ လောကုတ္တရာ တရားထူး တရားမြတ်ကို သူတစ်ပါးသိမှာကို အလွန်ရှက်နိုးတော်မူတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီနေရာမှာ မူလပဏ္ဏာသအဋ္ဌကထာက အဓိဂမအပ္ပိစ္ဆအရာဝယ် အထွတ်အထိပ်သို့ ရောက်ရှိနေတော်မူတဲ့ မဇ္ဈန္တိက မထေရ်မြတ်ကြီးအကြောင်းကို ဖွင့်ဆိုထား ပါတယ်။

မဇ္ဈန္တိက မထေရ်မြတ်ကြီး

ဒီ မဇ္ဈန္တိက မထေရ်မြတ်ကြီးကတော့ ကိလေသာအာသဝေါ ကင်းစင် တော်မူပြီးတဲ့ ရဟန္တာအရှင်မြတ်ကြီး တစ်ပါး ဖြစ်တော်မူပါတယ်။ သို့သော် လည်း မထေရ်မြတ်ကြီး သုံးစွဲနေတော်မူတဲ့ သပိတ်တော်နှင့် ဝတ်ရုံထားတော် မူတဲ့ သင်္ကန်း (၃)ထည်တို့ကို တန်ဖိုးဖြတ်ကြည့်လိုက်လျှင် အားလုံးပေါင်း လိုက်ပါမှ အသပြာ တစ်မတ်မျှသာ ထိုက်တန်တဲ့ သပိတ် သင်္ကန်းတော်များ ဖြစ်ကြပါတယ်။ တန်ဖိုး အလွန့်အလွန် နည်းပါးလွန်းလှတဲ့ အဖိုးမထိုက်တန်တဲ့ အညံ့စား သပိတ် သင်္ကန်းကိုသာလျှင် သုံးစွဲတော်မူလေ့ရှိခဲ့ပါတယ်။ ဓမ္မာသောကလို့လည်း ခေါ်ဆိုတဲ့ အသောက မင်းတရားကြီးကား တတိယ သင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်ရေးအတွက် ပဓာနအလှူဒါယကာကြီး တစ်ဦးလည်း ဖြစ်ပါတယ်၊ သီဟိုဠ်ကျွန်းမှာ သာသနာ့မျိုးစေ့ကို အောင်အောင် မြင်မြင် စတင်ကာ ကြဲချစိုက်ပျိုးသွားတော်မူခဲ့တဲ့ ရဟန္တာအရှင်မြတ် အရှင်မဟာမဟိန္ဒ မထေရ်မြတ်ကြီးနှင့် သီဟိုဠ်ကျွန်းမှာ ဘိက္ခုနီသာသနာ တော်ကို စတင်တည်ထောင်ထားတော်မူခဲ့တဲ့ ရဟန္တာအရှင်မ သံဃမိတ္တာ ထေရီမတို့ရဲ့ ဖခမည်းတော်ကြီးလည်း ဖြစ်ပါတယ်။ ဒီ အသောကမင်းတရား ကြီးဟာ အလွန်ကြီးကျယ်ခမ်းနားလှတဲ့ အသောကာရုံကျောင်းတိုက် တော်ကြီးကို ဆောက်လုပ်တော်မူပြီးနောက် တစ်နေ့မှာ ကျောင်းလွှတ်ပူဇော်ပွဲ ကြီးတစ်ခုကို ကျင်းပခဲ့ပါတယ်။ မဇ္ဈန္တိက မထေရ်မြတ်ကြီးကတော့ အဲဒီ ကျောင်းလွှတ်ပူဇော်ပွဲကြီးမှာ သိက္ခာဝါ အကြီးဆုံး သံဃာ့မထေရ်ကြီးတစ်ပါး ဖြစ်တော်မူခဲ့ပါတယ်။ မထေရ်မြတ်ကြီးမှာ အသောကမင်းတရားကြီးရဲ့ အလှူ ဒါနပွဲကြီးကို ချီးမြှောက်တော်မူလိုတဲ့ မွန်မြတ်တဲ့ ဆန္ဒဓာတ်တရားများ ထင်ရှား ရှိခဲ့ပါတယ်။ သို့သော် အဲဒီ အလှူဒါနပွဲကြီးကို ချီးမြှောက်တော်မူမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် အလှူဒါနပွဲသို့ ကြွရောက်တော်မူသွားတဲ့အခါမှာ အလွန် ခေါင်းပါးလွန်းလှတဲ့ အလွန်တန်ဖိုးနည်းလွန်းလှတဲ့ အညံ့စားဖြစ်တဲ့ သင်္ကန်း တော်ကို ဝတ်ရုံကာ အညံ့စားဖြစ်တဲ့ သပိတ်တော်ကို စွဲကိုင်လျက် ကြွတော်မူ လေရာ .. အလှူဒါနပွဲကို ကြီးကြပ်နေတဲ့ တာဝန်ရှိလူကြီးမင်းများက အဆင့်အတန်း နိမ့်လွန်းလှတဲ့ အညံ့စားသင်္ကန်းကို ဝတ်ရုံပြီးတော့ အညံ့စား သပိတ်ကို စွဲကိုင်ထားတာကို ကြည့်ပြီးတော့ အညံ့စား တောထွက်ကိုယ်တော် ကြီး တစ်ပါးလို့ ယူဆကာ အရှင်ဘုရား ...အလှူဒါနပွဲနဲ့ ခပ်လှမ်းလှမ်း သင့်တော်တဲ့တစ်နေရာမှာ ခဏလောက် စောင့်ဆိုင်းပြီး နေတော်မူပါလို့ လျှောက်ထားကြပါတယ်။ ဆိုလိုတာကတော့ အလှူအခမ်းအနား ပြီးတဲ့အခါမှ အကြွင်းအကျန်များကို လှူပေးပါ့မည်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်ပါတယ်။ ဒီလို အဓိပ္ပာယ်မျိုးနှင့် တစ်နေရာမှာ ခေတ္တခဏ အလှူပွဲပြီးသည်အထိ စောင့်ဆိုင်း နေရန် ပြောကြားကြခြင်း ဖြစ်တယ်။ အလှူပွဲပြီးမှ သူတောင်းစားတွေကို ပေးလှူတဲ့ပုံစံမျိုးနဲ့ ပေးလှူလိုတဲ့သဘော ဖြစ်ပါတယ်။

မဇ္ဈန္တိက မထေရ်မြတ်ကြီးကတော့ ဒီလိုစဉ်းစားတော်မူပါတယ် .. ငါကဲ့သို့သော ကိလေသာအာသဝေါ ကင်းကွာနေတဲ့ ရဟန္တာမထေရ်မြတ်ကြီး တစ်ပါးက အသောကမင်းတရားကြီးကဲ့သို့သော ဒီလို အလှူရှင်တစ်ဦးကို သာသနာတော်အတွက် အလွန်ကျေးဇူးကြီးမားလှတဲ့ ဒီလို အလှူဒါနပွဲ တစ်ခုမှာ ချီးမြှောက်မှုကို မပြုခဲ့ဘူးဆိုလျှင် အဘယ်ကဲ့သို့သော သူတော် ကောင်း တစ်ဦးဟာ ချီးမြှောက်သင့်တော့မှာလဲ.. ဒီလို စဉ်းစားဆင်ခြင် တော်မူကာ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ ဣဒ္ဓိဝိဓအဘိညာဏ်ရဲ့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ ပါဒကစျာန်ကို ဝင်စားတော်မူကာ အဘိညာဏ်တန်ခိုး တော်ဖြင့် မြေကြီးထဲသို့ ငုပ်လျှိုးကြွသွားတော်မူပြီးနောက် သံဃာ့ထေရ်ကြီးရဲ့ နေရာသို့အရောက်မှာ မြေကြီးထဲမှ ထွက်ပေါ်တော်မူလာကာ သံဃာ့ထေရ် ကြီးအား လောင်းလှူပူဇော်တဲ့ဆွမ်းကို အလှူခံယူတော်မူခဲ့ပါတယ်။ အလှူခံယူ တော်မူပြီးနောက် တစ်ဖန် အဘိညာဏ်တန်ခိုးတော်ဖြင့် မြေကြီးထဲသို့ ငုပ်လျှိုးကာ ပြန်ကြွသွားတော်မူခဲ့ပါတယ်။၁၁၇

ဒီလို မဇ္ဈန္တိက မထေရ်မြတ်ကြီးဟာ ကိလေသာအာသဝေါ ကင်းစင်တော် မူတဲ့ ရဟန္တာစင်စစ် ဧကန်ပင် ဖြစ်တော်မူသော်လည်း မိမိကို လူများအပေါင်း က ကိလေသာအာသဝေါ ကင်းကွာတော်မူတဲ့ ရဟန္တာအရှင်မြတ်ပါလို့ အသိ အမှတ်ပြုတာကို အလိုရှိတော်မမူခဲ့ပါ။ ဒီလို အလိုမရှိတဲ့အတွက် အညံ့စား သပိတ်သင်္ကန်းကို အသုံးပြုကာ ခေါင်းခေါင်းပါးပါးနဲ့ နေထိုင်သီတင်းသုံး တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလို အလိုနည်းပါးတဲ့ ပုဂ္ဂိုလ်မျိုးကို အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်လို့ ခေါ်ဆို ပါတယ်။

ဒီနေရာမှာ ---- မိမိကိုယ်ကို မိမိ လောကုတ္တရာ တရားထူး တရားမြတ် တွေကို ရရှိထားပြီးပါပြီလို့ ဒီလို ယူဆယုံကြည်နေတဲ့ ယောဂီသူတော်ကောင်း တွေဟာလည်း ဒီမဇ္ဈန္တိက မထေရ်မြတ်ကြီးရဲ့ထုံးကို အတုယူကာ လိုက်နာ ပြုကျင့်သင့်ကြပါတယ်။ ဒီလို လိုက်နာပြုကျင့်နေတဲ့ အလိုနည်းပါးတဲ့ အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံနေတဲ့ ရဟန်းတော်တစ်ပါးဟာ သို့မဟုတ် ဆရာလေးတစ်ပါး ဟာ သို့မဟုတ် သူတော်ကောင်းတစ်ဦးဟာ မဖြစ်ပေါ်သေးတဲ့ လာဘ်လာဘ ကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ဖြစ်ပေါ်လာပြီးတဲ့ လာဘ်လာဘကိုလည်း ထာဝရတည်တံ့အောင် ထာဝရအလှူဖြစ်အောင် အမြဲတမ်းလှူအောင် ပြုလုပ် နေသည်မည်တယ်။ တကယ်ပြုလုပ်နေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး၊ ဒီလို အလိုနည်းပါးခြင်းဆိုတဲ့ဂုဏ်နှင့် မိမိရဲ့ အတိုင်းအတာပမာဏကို သိရှိကာ မျှတရုံကိုသာ အလှူခံယူခြင်းဆိုတဲ့ အလှူခံရာ၌ အတိုင်းအရှည်ကို သိတတ်တဲ့ ဂုဏ်တွေဟာ ရရှိပြီးဖြစ်တဲ့ အမြဲနိစ္စဘတ် လှူဒါန်းနေတဲ့ အလှူဒါနမျိုးတွေကို တည်တံ့အောင် လုပ်နေသလို ဖြစ်နေတယ်လို့သာ ဆိုလိုရင်းဖြစ်ပါတယ်။ ဒါတွင်မကသေးဘူး၊ ဒီလို အပ္ပိစ္ဆပုဂ္ဂိုလ်မျိုးဟာ အလှူရှင်ဒါယကာတို့ရဲ့ စိတ်ဓာတ်ကို ကြည်လင်စေတတ်တဲ့ ပုဂ္ဂိုလ်မျိုးလည်း ဖြစ်တယ်၊ နှစ်သက် ကျေနပ်စေတတ်တဲ့ ပုဂ္ဂိုလ်မျိုးလည်း ဖြစ်တယ်။ ဒီလို အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံ နေတဲ့ မျှတရုံ အနည်းငယ်လောက်ကိုသာ အလှူခံယူလေ့ရှိတဲ့ ပုဂ္ဂိုလ်မျိုးကို သူတကယ်လက်တွေ့ကျင့်နေတဲ့ မျှတရုံလောက်ကိုသာ အလှူခံယူခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကြည့်ပြီးတော့ အလှူရှင်တွေက ကြည်ညိုလေးစားသွား ကြတယ်။ ပို၍ပို၍ ထပ်ကာထပ်ကာ လှူဒါန်းလိုတဲ့ သဒ္ဓါတရားတွေလည်း ထင်ရှားဖြစ်ပေါ်လာကြတဲ့အတွက် ပို၍ပို၍လည်း ထပ်ကာထပ်ကာ လှူဒါန်း လာတတ်ကြပါတယ်။၁၁၈

ယခုလို အပ္ပိစ္ဆကထာရဲ့ အောက်မှာ အလွန်ကျယ်ကျယ်ပြန့်ပြန့် ရှည်လျားစွာ တင်ပြထားတဲ့ အကြောင်းအရာတွေကတော့ ရှောင်သင့်တဲ့ အကြောင်းအရာတွေနှင့် ဆောင်သင့်တဲ့အကြောင်းအရာတွေပဲ ဖြစ်ကြပါ တယ်။ သာသနာတော်ကို မှီတင်းနေထိုင်နေကြတဲ့ တပည့်သာဝကတွေကို ဘုရားရှင်ဟာ ရှောင်သင့်တဲ့အကြောင်းအရာတွေကိုလည်း နည်းမျိုးစုံဖြင့် ရှောင်ကြဉ်ရန် နည်းလမ်းကောင်းတွေကို ညွှန်ကြားပြသ ဆိုဆုံးမထားတော် မူခဲ့ပါတယ်၊ ဆောင်သင့်တဲ့ အကြောင်းအရာဖြစ်တဲ့ သီလကျင့်စဉ် သမာဓိ ကျင့်စဉ် ပညာကျင့်စဉ်တွေကိုလည်း လိုက်နာပြုကျင့်နိုင်အောင် လိုက်နာ ပြုကျင့်လာအောင် နည်းမျိုးစုံဖြင့် ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူခဲ့ ပါတယ်။ ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူခဲ့တဲ့အတိုင်း ရှောင်သင့်တဲ့အကြောင်းအရာတွေကို ရှောင်ကာ ဆောင်သင့်တဲ့အကြောင်း အရာတွေကို ဆောင်လျက် လိုက်နာပြုကျင့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အပ္ပိစ္ဆကထာအကြောင်းကိုတော့ ရှည်လျားစွာ ရှင်းလင်းတင်ပြလို့တော့ ပြီးသွားပါပြီ။ သန္တုဋ္ဌိကထာစသည်တို့ကို ဆက်လက်ပြီးတော့ ဆွေးနွေး ကြရအောင် ..။

---

၂။ သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်ခြင်းနှင့် စပ်တဲ့ တရားစကား

ဘုရားရှင်ရဲ့ သာသနာတော်ကို မှီတင်းနေထိုင်တဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ ရရသမျှဆွမ်း ရရသမျှသင်္ကန်း ရရသမျှကျောင်းအိပ်ရာနေရာနဲ့ တင်းတိမ် ရောင့်ရဲနိုင်တဲ့ စိတ်ထားမျိုးကို ခပ်များများ မွေးမြူပေးရတယ်။ ရရသမျှနဲ့ ရောင့်ရဲနိုင်လွယ်တဲ့ ဂုဏ်ကျေးဇူးနဲ့ ဆက်စပ်နေတဲ့ တရားစကားမျိုးကိုလည်း ပြောဆိုတတ်ရမည်။ ရရသမျှဆွမ်းနှင့် မကျေနပ်နိုင်တဲ့စိတ်ထား မတင်းတိမ် နိုင်တဲ့စိတ်ထား၊ ရရသမျှသင်္ကန်း ရရသမျှကျောင်းအိပ်ရာနေရာ ရရသမျှ ဆေးပစ္စည်းနှင့် မရောင့်ရဲနိုင်တဲ့စိတ်ထား မတင်းတိမ်နိုင်တဲ့စိတ်ထား အပိုတွေ ထပ်ရှာဖွေနေတဲ့စိတ်ထား အပိုတွေ ထပ်စီမံဆောင်ရွက်နေတဲ့စိတ်ထား --- ဒီစိတ်ထားမျိုးတွေကိုတော့ ဘုရားရှင်ဟာ အလွန်စက်ဆုပ်ရွံရှာတော်မူပါ တယ်။ ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူတဲ့ စိတ်နေစိတ်ထားမျိုးတွေ မိမိတို့ သန္တာန်မှာ မဖြစ်ပေါ်လာအောင် အပြင်းအထန် ကြိုးစားအားထုတ်ဖို့တော့ လိုပါတယ်။၁၁၉

ဒီနေရာမှာ သန္တုဋ္ဌိဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အဋ္ဌကထာများက ဂါထာတစ်ပုဒ်ဖြင့် ဒီလို ဆိုဆုံးမထားတော်မူခဲ့တယ်။

အတီတံ နာနုသောစန္တော၊ နပ္ပဇပ္ပမနာဂတံ။

ပစ္စုပ္ပန္နေန ယာပေန္တော၊ သန္တုဋ္ဌောတိ ပဝုစ္စတိ။၁၂၀

အတိတ်က ရရှိခဲ့ဖူးတဲ့ ပစ္စည်းလေးဖြာကိုလည်း အစဉ်တွေးကာ ဆွေးမနေတော့ဘဲ အနာဂတ်မှာရလတ္တံ့ ပစ္စည်းလေးပါးကိုလည်း အမျှော်ကြီး မျှော်ကာ တောင့်တမှုမပြုတော့ဘဲ ပစ္စုပ္ပန်မှာ ရရသမျှ ပစ္စည်းလေးဖြာဖြင့် မျှတနေထိုင်တတ်တဲ့ သူတော်ကောင်းကို ရောင့်ရဲလွယ်တဲ့ သန္တုဋ္ဌိတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။၁၂၀

ဒီနေရာမှာ သန္တောသတရား (၁၂)ပါးအကြောင်းကို အကျဉ်းချုပ်ကာ ဆွေးနွေးကြရအောင် ..။

သန္တောသတရား (၁၂) ပါး

ဆွမ်း သင်္ကန်း ကျောင်း ဆေးလို့ ပစ္စည်းလေးပါးရှိရာ တစ်ပါးတစ်ပါးမှာ

၁။ ယထာလာဘသန္တောသ = ရရသမျှနှင့် ရောင့်ရဲခြင်း

၂။ ယထာဗလသန္တောသ = မိမိရဲ့ ခွန်အားဗလနှင့် မျှတတဲ့ ပစ္စည်းဖြင့် ရောင့်ရဲခြင်း

၃။ ယထာသာရုပ္ပသန္တောသ = မိမိနှင့် သာရုပ္ပဖြစ်တဲ့ ပစ္စည်းဖြင့် ရောင့်ရဲခြင်း

ဒီလို ရောင့်ရဲခြင်း (၃)မျိုးစီ ရှိကြတဲ့အတွက် အားလုံးပေါင်းလိုက်သော် သန္တောသတရား (၁၂)ပါး ဖြစ်ကြပါတယ်။

၁။ သင်္ကန်း၌ ယထာလာဘသန္တောသ ---- ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သင်္ကန်း ကို ရရှိခဲ့လျှင် ရတဲ့သင်္ကန်းနှင့် ရောင့်ရဲတယ်၊ နောက်ထပ် သင်္ကန်းရလိုကြောင်း တောင့်တမှု မရှိဘူး၊ အကယ်၍ နောက်ထပ် သင်္ကန်းရခဲ့လျှင်လည်း အလှူမခံ ယူဘူး။ ဒီလို ရရသမျှသင်္ကန်းဖြင့် ရောင့်ရဲခြင်းကို ယထာလာဘသန္တောသလို့ ခေါ်ဆိုပါတယ်။

၂။ သင်္ကန်း၌ ယထာဗလသန္တောသ ---- မိမိက ခွန်အားနည်းပါးနေ သည်ကတစ်ကြောင်း အနာရောဂါထူပြောနေသည်ကတစ်ကြောင်း ဒီလို အကြောင်းတွေကြောင့် လေးလံတဲ့ သင်္ကန်းကို ရရှိတဲ့အခါ မဝတ်ရုံ မသုံး ဆောင်နိုင်တဲ့အတွက် ရင်းနှီးတဲ့ သီတင်းသုံးဖော်တစ်ဦးဦးထံမှာ အကောင်း အညံ့ ရွေးချယ်မှု မပြုတော့ဘဲ ပေါ့ပါးတဲ့ သင်္ကန်းဖြင့် လဲလှယ်ကာ သုံးစွဲခြင်း မျိုးကိုတော့ ယထာဗလသန္တောသ (= မိမိရဲ့ ခွန်အားဗလနှင့် မျှတတဲ့ သင်္ကန်းဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။

၃။ သင်္ကန်း၌ ယထာသာရုပ္ပသန္တောသ ---- ရဟန်းတော်တစ်ပါးဟာ နှစ်ထပ်နှစ်လွှာပြုကာ ချုပ်လုပ်ထားတဲ့ အလွန်ကောင်းမွန်တဲ့ တန်ဖိုးကြီးမား လှတဲ့ အကောင်းစား သင်္ကန်းအမျိုးမျိုးတွေကို ရရှိတဲ့အခါ မိမိရရှိတဲ့ အကောင်းစား သင်္ကန်းတွေကို သံဃာ့ထေရ်ကြီးတို့အား လှူဒါန်းခြင်း, ပရိယတ် ပဋိပတ် နှစ်ဌာနတို့၌ အကြား+အမြင် ဗဟုဿုတ များပြားတော် မူကြတဲ့ ရဟန်းတော်တို့အား လှူဒါန်းခြင်း, မကျန်းမာတဲ့ ရဟန်းတော်တို့အား လှူဒါန်းခြင်း, ခွန်အားနည်းပါးတဲ့ ရဟန်းတော်တို့အား လှူဒါန်းခြင်း, လာဘ်လာဘနည်းပါးတဲ့ ရဟန်းတော်တို့အား လှူဒါန်းခြင်းစသည်ဖြင့် သင့်တော်တဲ့ ရဟန်းတော်တို့အား သင့်တော်သလို ခွဲခြားလှူဒါန်းပြီးနောက် မိမိကိုယ်တိုင်ကတော့ ပံသုကူသင်္ကန်းများကို ကောက်ယူကာ ဝတ်ရုံသုံးဆောင် ခြင်း, တခြားရဟန်းတော်တို့ရဲ့ သင်္ကန်းဟောင်းများကို အလှူခံယူကာ သုံးဆောင်ခြင်းကို ယထာသာရုပ္ပသန္တောသ (= မိမိနှင့် သာရုပ္ပဖြစ်တဲ့ သင်္ကန်းဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။

၄။ ဆွမ်း၌ ယထာလာဘသန္တောသ ---- ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ ညံ့တဲ့ဆွမ်းကိုပင်ဖြစ်စေ မွန်မြတ်တဲ့ဆွမ်းကိုပင်ဖြစ်စေ ရရသမျှဆွမ်းဖြင့် ကျေနပ်ရောင့်ရဲတယ်။ နောက်ထပ် ဆွမ်းကို မျှော်လင့် တောင့်တမှု မရှိဘူး၊ နောက်ထပ်ရပြန်လျှင်လည်း နောက်တစ်ကြိမ် ထပ်စားဖို့ အလှူမခံယူဘူး။ ဒီလို ရရသမျှဆွမ်းဖြင့် ရောင့်ရဲခြင်းကို ယထာလာဘ သန္တောသလို့ ခေါ်ဆိုပါတယ်။

ဒီလို ရရသမျှနှင့် ရောင့်ရဲခြင်းဆိုတဲ့ ကျင့်စဉ်မျိုးကိုတော့ ဘုရားရှင်က အလွန်နှစ်ခြိုက်တော်မူပါတယ်။ ရတာနဲ့ မရောင့်ရဲနိုင်တဲ့အတွက် အလှူရှင်က လောင်းလှူလိုက်တဲ့ မုန့်ဟင်းခါးဟင်းရည်လောက်နှင့် မကျေနပ် မရောင့်ရဲ နိုင်သေးတဲ့အတွက် ဟိုဟာ ဒီဟာတွေကို ထပ်ဆောင်းကာ မုန့်ဟင်းခါး ဟင်းရည်ကို ကိုယ်တိုင်ချက်ပြီးတော့ ဇူဇကာပုဏ္ဏားကြီးရဲ့တပည့်ခံကာ တဝကြီး စားသုံးနေတာမျိုးကိုတော့ ဘုရားရှင်က အလွန်ရွံရှာစက်ဆုပ်တော် မူပါတယ်။ ဒီနေရာမှာ တရားနာပရိသတ်တွေ .. ဟိုဟာ ဒီဟာတွေကို ထပ်ဆောင်းတယ်ဆိုတာကို နားလည်သဘောပေါက်ကြရဲ့လား ..? ဘုန်းကြီးကတော့ နားလည်ပြီးဖြစ်ကြတယ်လို့ ယူဆပါတယ်။

၅။ ဆွမ်း၌ ယထာဗလသန္တောသ ---- ဒီနေရာမှာ ရဟန်းတော်တစ်ပါးဟာ မကျန်းမမာ ဖြစ်နေတယ်။ မိမိနှင့် မသင့်တော်တဲ့ ကြမ်းတမ်းတဲ့ အဆီဩဇာ နည်းပါးတဲ့ အာဟာရတွေကို စားသုံးခဲ့မည်ဆိုလျှင် အနာရောဂါတွေဟာ ပိုဆိုး လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ ဒီလိုအခါမျိုးမှာ မိမိနှင့် မသင့်လျော်တဲ့ အာဟာရတွေကို မိမိနှင့်သဘာဂဖြစ်တဲ့ သီတင်းသုံးဖော် တစ်ပါးပါးထံမှာ သင့်လျော်တဲ့ အာဟာရဖြင့် လဲလှယ်ကာ ဘုဉ်းပေး သုံးဆောင်တော်မူပြီး နောက် သမဏဓမ္မအမည်ရတဲ့ သမထ ဝိပဿနာ ဘာဝနာတရားတွေကို ဆက်လက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါတယ်။ ဒီလို လဲလှယ်လို့ရရှိတဲ့ဆွမ်းမျှဖြင့် ကျေနပ်ရောင့်ရဲမှု ရှိခြင်းကို ယထာဗလသန္တောသ (= မိမိရဲ့ ကျန်းမာရေးစွမ်းအားနှင့် သင့်လျော်လျောက်ပတ်တဲ့ အာဟာရဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။

ယခုပြောခဲ့တဲ့ ပုံစံမျိုးလောက်နှင့် မရောင့်ရဲနိုင်သေးတဲ့အတွက် ပုံစံ အမျိုးမျိုးဖြင့် ထပ်မံချက်ပြုတ်ကာ သုံးစွဲစားသောက်ခြင်းမျိုးကိုတော့ ယထာဗလသန္တောသလို့ မခေါ်ဆိုပါဘူး၊ ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူတဲ့ လုပ်ငန်း ခွင်တစ်မျိုးသာ ဖြစ်ပါတယ်။

၆။ ဆွမ်း၌ ယထာသာရုပ္ပသန္တောသ ---- ရဟန်းတော်တစ်ပါးဟာ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ်ဘောဇဉ်တွေကို ဝိနည်းတော်နှင့်အညီ အလှူခံလို့ ရရှိတော်မူပြန်တယ်။ သို့သော် ဒီလို မွန်မြတ်တဲ့ ဆွမ်းခဲဖွယ်ဘောဇဉ်ဆိုတာ သံဃာ့ထေရ်ကြီးများ, ပရိယတ် ပဋိပတ် နှစ်ဌာနတို့၌ အကြား+အမြင် ဗဟုဿုတများပြားတော်မူကြတဲ့ ရဟန်းတော်များ, ဂိလာနရဟန်းတော်များ, ခွန်အားနည်းပါးတဲ့ ရဟန်းတော်များ, သံဃာ့ဝန်ဆောင်ရဟန်းတော်များ စတဲ့ ရဟန်းတော်တို့နှင့်သာ သင့်တင့်လျောက်ပတ်ပါတယ်လို့ နှလုံးပိုက်ကာ ထိုကဲ့သို့သော ရဟန်းတော်တို့အား သင့်တော်သလို လှူဒါန်းပြီးနောက် ထိုရဟန်းတော်တို့ထံမှ ရရှိတဲ့ ဆွမ်းကိုဖြစ်စေ, ဆွမ်းခံဝတ်ဖြင့် ရရှိတဲ့ မိဿက ဘတ်လို့ ခေါ်ဆိုတဲ့ ပတ္တပိုဏ်ဆွမ်းကိုဖြစ်စေ ဘုဉ်းပေးသုံးဆောင်ကာ မိမိနှင့် သာရုပ္ပဖြစ်ရာဆွမ်းဖြင့် ရောင့်ရဲခြင်းကို ယထာသာရုပ္ပသန္တောသလို့ ခေါ်ဆို ပါတယ်။

၇။ ကျောင်း၌ ယထာလာဘသန္တောသ ---- ဒီသာသနာတော်မှာ ဘုရားရှင်က သံဃိကကျောင်းအဆောက်အဦးများကို ထေရ်စဉ်ဝါလိုက် အတိုင်း ကျောင်းကောင်းကျောင်းမြတ်တို့ကို ရွေးချယ်စိစစ်ကာ သုံးစွဲခြင်းကို ခွင့်ပြုထားတော်မူပါတယ်။ ဆိုလိုတာကတော့ အကောင်းဆုံးကျောင်းမှာ ဝါအကြီးဆုံး ရဟန်းတော်က သီတင်းသုံးပါ၊ အညံ့ဆုံးကျောင်းမှာ ဝါအငယ်ဆုံး ရဟန်းတော်က သီတင်းသုံးပါ၊ ဒီလို ထေရ်စဉ်ဝါလိုက်အတိုင်း ကျောင်းကောင်း ကျောင်းမြတ် ရွေးချယ်စိစစ်ကာ သီတင်းသုံးရန် ပညတ်ထားတော်မူပါတယ်။ သို့သော် နောက်တစ်နေ့မှာ ပို၍ ဝါကြီးတဲ့ မထေရ်ကြီးတစ်ပါးထိုကျောင်းတိုက် ကို ထပ်မံ ဆိုက်ရောက်လာခဲ့မည်ဆိုလျှင် အကောင်းဆုံး ကျောင်းကို အသင့် ရောက်ရှိလာတဲ့ ဝါအကြီးဆုံး မထေရ်ကြီးအား လဲလှယ်ကာ သီတင်းသုံးစေ ရပါတယ်။ ပထမသီတင်းသုံးတဲ့ ဝါအကြီးဆုံး ရဟန်းတော်က ဒုတိယ အကောင်းဆုံးဖြစ်တဲ့ နောက်တစ်ကျောင်းသို့ ပြောင်းရွှေ့ကာ သီတင်းသုံး ရပြန်ပါတယ်။ ဒီလို ထေရ်ကြီး ဝါကြီး အာဂန္တုက ရဟန်းတော်များ အသစ် ရောက်လာတိုင်း ရောက်လာတိုင်း ကျောင်းများကို ထေရ်စဉ်ဝါလိုက်အတိုင်း အကောင်းအမြတ် ရွေးချယ်ကာ နေရာ ပြောင်းကာ ပြောင်းကာ သီတင်းသုံးရ ပါတယ်။ ဒီလို နေထိုင်ပုံနည်းစနစ်ကတော့ ဘုရားရှင် ချမှတ်ပေးသွားတော်မူတဲ့ သံဃိကကျောင်းမှာ နေထိုင်သီတင်းသုံးပုံ စနစ်ဟောင်း တစ်ခု ဖြစ်ပါတယ်။ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ ရဟန်းတော်တိုင်း ရဟန်းတော် တိုင်းဟာ ဒီနေထိုင်ပုံနည်းစနစ် သိက္ခာပုဒ်တော်ကို ရိုသေစွာ လိုက်နာကျင့်သုံး ရမှာ ဖြစ်ပါတယ်။ သာသနာ့နွယ်ဝင် သီလရှင်တွေနှင့် ယောဂီသူတော်စင် တွေလည်း ဒီနည်းစနစ်ကို လိုက်နာကျင့်သုံးနိုင်ပါက ငါ့နေရာ ငါ့ကျောင်းလို့ စွဲနေတဲ့ အစွဲတွေလည်း တဖြည်းဖြည်း လျော့ပါးသွားမှာ ဖြစ်ပါတယ်။

ရဟန်းတော်တစ်ပါးဟာ ယခုလို ကျောင်းတွေကို ဝေဖန်လိုက်တဲ့အခါ အညံ့စားဖြစ်တဲ့ သစ်ရွက်မိုးကျောင်းငယ်တစ်ခုကို ရရှိတယ်ဆိုကြပါစို့ ..၊ ထိုရဟန်းတော်ဟာ မိမိရရှိတဲ့ ကျောင်းဖြင့်သာလျှင် ကျေနပ်ရောင့်ရဲနေတယ်၊ နောက်ထပ် ပိုကောင်းတဲ့ ကျောင်းတစ်ဆောင် ရရှိဖို့ဆိုတဲ့ ဒီလို အလိုဆန္ဒ တွေဟာ သူ့ရဲ့ စိတ်အစဉ်မှာ မဖြစ်ပေါ်ခဲ့ဘူး။ အကယ်၍ အာဂန္တု အသစ် အသစ်တွေ ရောက်လာလို့ ကျောင်းတွေကို ထပ်ကာထပ်ကာ ဝေဖန်လိုက်တဲ့ အခါ ထိုရဟန်းတော်က သိက္ခာဝါကြီးနေတဲ့အတွက် ကျောင်းကောင်းကောင်း တစ်ဆောင်ကို ရရှိခဲ့မည်ဆိုလျှင်လည်း အဲဒီရဟန်းတော်က မိမိထံသို့ အသင့် ရောက်ရှိလာတဲ့ ထိုကျောင်းကောင်းကောင်းကို မယူတော့ဘဲ မိမိရဲ့ မူလ သစ်ရွက်မိုးကျောင်းငယ်မှာသာ ကျေကျေနပ်နပ်ဖြင့် ရောင့်ရဲကာ သီတင်းသုံး နေထိုင်တယ်။ ဒီလို ရောင့်ရဲခြင်းမျိုးကို ယထာလာဘသန္တောသ (= ရရသမျှ သော ကျောင်းဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။ မရောင့်ရဲနိုင်တဲ့ စိတ်နေ စိတ်ထားတွေကို တိုက်ဖျက်နေတဲ့ ကြည်ညိုဖွယ် ဂုဏ်ယူဖွယ်ကောင်းတဲ့ စနစ်ဟောင်း တစ်ခု ဖြစ်ပါတယ်။

ဒီနေရာမှာ ဝိနည်းစူဠဝါအဋ္ဌကထာ၁၂၁ ကျောင်းအိပ်ရာနေရာ ခွဲခြား ဝေဖန်ပေးတဲ့အပိုင်းမှာ ဇမ္ဗူဒိပ်ကျွန်းမှာ သီတင်းသုံးတော်မူကြတဲ့ ရှေးရှေး မထေရ်မြတ်ကြီးတို့ရဲ့ ကြည်ညိုဖွယ် ဂုဏ်ယူဖွယ် အတုယူဖွယ် ကောင်းလှတဲ့ သံဃိကကျောင်းမှာ နေထိုင်ပုံနည်းစနစ်တစ်ခုကို ဖော်ပြထားတော်မူပါတယ်။ ရှေးရှေးမထေရ်မြတ်ကြီးတွေဟာ --- ဘုန်းကြီးမွဲ တစ်လှည်းတိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ လှူသမျှပစ္စည်းတွေကို အများကြီး သိမ်းပိုက်ကာ သာသနာတော်မှာ နေထိုင်တဲ့ နည်းစနစ်မျိုးကို အထူး ရှောင်ရှားတော်မူလေ့ ရှိကြပါတယ်။ မိမိ ရရှိလာတဲ့ လာဘ်လာဘပစ္စည်းတွေကို သင့်တော်တဲ့ သီတင်းသုံးဖော်တို့အား လှူဒါန်းခြင်း, အရပ်လေးမျက်နှာမှ ဒီကျောင်းတိုက်သို့ ဆိုက်ရောက်တော်မူဆဲ ဆိုက်ရောက်တော်မူလတ္တံ့ ဖြစ်တော်မူကြတဲ့ သံဃာတော်တို့ အသုံးပြုပါရန် ဆိုတဲ့ ဦးတည်ချက်ဖြင့် သံဃာ့ဘဏ္ဍာတော်ထိန်းပုဂ္ဂိုလ်များထံ အပ်နှံကာ လှူဒါန်းထားခြင်း စသည်ဖြင့် စွန့်လွှတ်ကာ သပတ္တဘာရ .. ငှက်များဟာ မိမိရဲ့အတောင်ကိုသာလျှင် သယ်ဆောင်ကာ အလိုရှိရာအရပ်ကို ပျံသန်း သွားလာနေထိုင်သလို .. အလားတူပဲ ပရိက္ခရာ (၈)ပါးဆိုတဲ့ အတောင် ဝန်ထုပ်ကို ထမ်းဆောင်ကာ အရပ်လေးမျက်နှာ အလိုရှိရာအရပ်ကို ကြွသွား တော်မူခြင်းဆိုတဲ့ ပေါ့ပါးတဲ့ အသက်မွေးမှု ရှိခြင်း ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ ဖြည့်ကျင့်လေ့ ရှိတော်မူကြပါတယ်။ ဒီလို ပေါ့ပါးတဲ့ အသက်မွေးမှု ရှိနေကြတဲ့အတွက် အာဂန္တုအသစ် ရောက်လာသည်ဖြစ်စေ မရောက်လာ သည်ဖြစ်စေ နေ့စဉ်ပင် ကျောင်းအိပ်ရာနေရာ ပြောင်းရွှေ့ခြင်းဆိုတဲ့ ကျင့်ဝတ် ကို ဆောင်ရွက်တော်မူကြပါတယ်။ ဦးတည်ချက်ကတော့ နေရာတစ်ခုကို ငါ့နေရာ ငါ့အခန်း ငါ့ကျောင်းဆိုတဲ့ အစွဲတွေကို ဖြုတ်ချင်တာကလည်း တစ်ကြောင်း, နေရာတိုင်း သို့မဟုတ် အခန်းတိုင်း သို့မဟုတ် ကျောင်းတိုင်းဟာ ရဟန်းတော် တစ်ပါးအတွက် သပ္ပါယမျှတမှု ရှိသော်လည်း ရှိလေရာတယ်, မရှိသော်လည်း ဖြစ်လေရာတယ် - ဒီလို သပ္ပါယမျှတမှု သပ္ပါယမမျှတမှုတို့ကို အပြောင်းအလဲ ပြုလုပ်လိုတာကလည်း တစ်ကြောင်း ---- ဒီလို အကြောင်းတွေ ကြောင့် နေ့စဉ် ကျောင်းအိပ်ရာနေရာ ပြောင်းရွှေ့ခြင်းကို ပြုတော်မူကြခြင်း ဖြစ်ပါတယ်။ နေရာစွဲ ကျောင်းစွဲကို တိုက်ဖျက်တော်မူတဲ့ စနစ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၈။ ကျောင်း၌ ယထာဗလသန္တောသ ---- ရဟန်းတော်တစ်ပါးဟာ ကျန်းမာရေးချို့တဲ့နေတယ်၊ အနာရောဂါအမျိုးမျိုးဖြင့် နှိပ်စက်ခံနေရတယ်။ မိမိလက်ရှိသီတင်းသုံးရာကျောင်းမှာ ဆက်လက်နေထိုင်ခဲ့မည်ဆိုလျှင် ကျန်းမာ ရေးက ပို၍ပို၍ ချို့တဲ့ကာ အနာရောဂါတွေက ပို၍ပို၍ ဆိုးလာတယ်။ ဒီလိုအခါမျိုးမှာ မိမိနှင့် သဘာဂဖြစ်တဲ့ မိတ်ဆွေ သီတင်းသုံးဖော် တစ်ပါးရဲ့ ကျောင်းသို့ ပြောင်းရွှေ့ကာ ကျောင်းချင်း လဲလှယ်ပြီးတော့ သီတင်းသုံးလျက် ရဟန်းတရားတွေကို ဆက်လက် ပွားများအားထုတ်တယ်။ ဒီလို မိမိရဲ့ ကျန်းမာရေးစွမ်းအားနှင့် မျှတတဲ့ ကျောင်းကို ပြောင်းရွှေ့ကာ သီတင်းသုံးရ ခြင်းဖြင့် ကျေနပ်ရောင့်ရဲမှုမျိုးကို ရရှိခဲ့တယ်။ ဒီလို ကျေနပ်ရောင့်ရဲခြင်းကို ယထာဗလသန္တောသ (= မိမိရဲ့ ကျန်းမာရေးစွမ်းအားနှင့် မျှတတဲ့ ကျောင်းဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။

၉။ ကျောင်း၌ ယထာသာရုပ္ပသန္တောသ ---- ရဟန်းတော်တစ်ပါးဟာ ကျောင်းတိုက်တစ်ခုကို ရောက်ရှိသွားတဲ့အခါ မိမိက ထေရ်ကြီး ဝါကြီး ဖြစ်တဲ့ အတွက် ဘုန်းကံကြီးမားသူတို့သာ ရထိုက်တဲ့ အကောင်းဆုံး လိုဏ်ဂူကျောင်း ကို ရရှိတယ်။ ဒီလို ကျောင်းကောင်းကောင်းတွေဟာ သမထ ဝိပဿနာ ဘာဝနာစတဲ့ ကုသိုလ်တရားတွေရဲ့အပေါ်မှာ မေ့မေ့လျော့လျော့ နေထိုင်ဖို့ရန် အကြောင်းရင်းတစ်ခု ဖြစ်နေတယ်လို့ သူက သဘောပေါက်နေတယ်။ ဘာကြောင့်လဲ? ကျောင်းအပေါ်မှာ နှစ်သက်မှု သာယာမှုဟာ အနည်းငယ်မျှ သော်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီလို နှစ်သက်သာယာမှု ဖြစ်နေခြင်း ဟာ မိမိ ပွားများအားထုတ်ရမည့် သမထ ဝိပဿနာဘာဝနာ ကုသိုလ်တရား တို့အပေါ်မှာ ခေတ္တခဏ မေ့လျော့နေခြင်း တစ်မျိုး ဖြစ်ပါတယ်။

ဒီလို သဘောပေါက်နေတဲ့အတွက် ထိုကျောင်းကို မိမိက မခံယူဘဲ အခြား ထေရ်ကြီး ဝါကြီး တစ်ပါးပါးကို ဖြစ်စေ, ဗဟုဿုတများပြားတဲ့ ရဟန်းတော်တစ်ပါးပါးကို ဖြစ်စေ, ဂိလာနရဟန်းတော်တစ်ပါးပါးကို ဖြစ်စေ, ခွန်အားနည်းပါးတဲ့ ရဟန်းတော်တစ်ပါးပါးကို ဖြစ်စေ, လာဘ်လာဘ နည်းပါး တဲ့ ရဟန်းတော်တစ်ပါးပါးကို ဖြစ်စေ သင့်တော်တဲ့ ရဟန်းတော်တစ်ပါးပါးကို ထိုကျောင်းကို ခံယူစေကာ မိမိက သစ်ရွက်မိုးကျောင်းငယ်စတဲ့ အညံ့စား ကျောင်းတစ်ကျောင်းကျောင်းကို ခံယူကာ ရဟန်းတရားတွေကို ကြိုးစား အားထုတ်ခြင်းဖြင့် ကျေနပ်ရောင့်ရဲနေတယ်၊ ဒီလိုရောင့်ရဲခြင်းမျိုးကို ယထာသာရုပ္ပသန္တောသ (= မိမိနှင့် သာရုပ္ပဖြစ်ရာကျောင်းဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။

အလွန်ကြည်ညိုဖွယ်ကောင်းလှတဲ့, စိတ်ဓာတ်သာယာအေးချမ်းမှု သဘောတရားကို အများဆုံး အကူအညီ အထောက်အပံ့ပေးနေတဲ့ ကျင့်ဝတ် ပဋိပတ်ကောင်း စိတ်နေစိတ်ထားကောင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလို ကျင့်ဝတ်မျိုးကို ကြည်ညိုတတ်ကြစမ်းပါလို့ တိုက်တွန်းလိုက်ပါတယ်။

၁၀။ ဆေး၌ ယထာလာဘသန္တောသ ---- ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ တန်ဖိုးရှိတဲ့ ဆေးကိုပင်ဖြစ်စေ, တန်ဖိုးမရှိတဲ့ ဆေးကိုပင် ဖြစ်စေ, အလွန်မွန်မြတ်တဲ့ ဆေးကိုပင်ဖြစ်စေ, အဆီအနှစ် ခေါင်းပါးတဲ့ အာနိသင်ညံ့တဲ့ ဆေးကိုပင်ဖြစ်စေ ရရှိတဲ့အခါ မိမိမှာ ထင်ရှားရှိနေတဲ့ ရောဂါကို ပျောက်ကင်းစေနိုင်တဲ့ ဆေးသာမှန်လျှင် ရရှိတဲ့ ဆေးနဲ့ ကျေနပ် တယ်။ နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဖန်ခါးသီးလို ဆေးက မိမိ ရောဂါကို ပျောက်ကင်းစေနိုင်ခဲ့လျှင် ဒီလိုဆေးမျိုးလောက်နဲ့ပဲ ရောင့်ရဲ တင်းတိမ်မှုရှိတယ်။ ရောဂါပျောက်ကင်းရိုးမှန်လျှင် ရလွယ်တဲ့ တန်ဖိုးနည်းပါး တဲ့ ဆေးဖြင့်သာ ရောင့်ရဲတဲ့သူဖြစ်တယ်။ နောက်ထပ် ဆေးအမျိုးမျိုးကို လိုလားတောင့်တမှု မရှိ၊ ရရှိသော်လည်း အလှူမခံ။ ဒီလို ရောင့်ရဲခြင်းဟာ ယထာလာဘသန္တောသ (= ဆေးပစ္စည်း၌ ရရသမျှဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။

၁၁။ ဆေး၌ ယထာဗလသန္တောသ ---- ရဟန်းတော်တစ်ပါးဟာ မိမိ ရောဂါပျောက်ကင်းရေးအတွက် ဆီကို အလိုရှိနေတယ်။ သို့သော် မိမိကို တင်လဲကိုသာလှူတဲ့သူ ရှိနေပြန်တယ်။ ဒီရဟန်းတော်ဟာ မိမိနှင့် သဘာဂ ဖြစ်နေတဲ့ သီတင်းသုံးဖော် ရဟန်းတော်တစ်ပါးထံကို ချဉ်းကပ်ကာ မိမိမှာရှိတဲ့ တင်လဲကို ဒီရဟန်းတော်အား ပေးလှူကာ ဒီရဟန်းတော်ထံမှာရှိနေတဲ့ ဆီကို အလှူခံယူပြီးနောက် ဆေးဖော်စပ်ကာ သုံးစွဲလျက် ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါတယ်။ ဟိုဟိုဒီဒီ လိုက်ပြီးတော့ အလှူခံမှု မပြုဘဲ ခုလို ရရှိတဲ့ဆေးနဲ့ပဲ ကျေနပ်ရောင့်ရဲခြင်းကို ယထာဗလသန္တောသ (= မိမိစွမ်းအားနှင့် အညီ ရရှိတဲ့ ဆေးပစ္စည်းဖြင့် ရောင့်ရဲခြင်း) လို့ ခေါ်ဆိုပါတယ်။

၁၂။ ဆေး၌ ယထာသာရုပ္ပသန္တောသ ---- ရဟန်းတော်တစ်ပါးဟာ ရှေးရှေးအတိတ်ဘဝများက ပြုစုပျိုးထောင် ဆည်းပူး စုဆောင်းထားခဲ့ဖူးတဲ့ ကုသိုလ်ပါရမီ ဘုန်းကံအရှိန်အဝါတွေဟာ အလွန်အားကောင်းနေတဲ့အတွက် ကြောင့် ထောပတ် ဆီဥ ပျားရည် တင်လဲစတဲ့ အလွန်မွန်မြတ်တဲ့ ဆေးတွေကို ရရှိတော်မူလေ့ရှိပါတယ်။ ထိုရဟန်းတော်ဟာ ဒီလိုမွန်မြတ်တဲ့ ဆေးပစ္စည်း အမျိုးမျိုးတွေကို သံဃာထေရ်ကြီးများ, ပရိယတ် ပဋိပတ် နှစ်ဌာနတို့၌ အကြား+အမြင် ဗဟုဿုတများပြားတော်မူကြတဲ့ ရဟန်းတော်များ, ဂိလာန ရဟန်းတော်များ, ခွန်အားနည်းပါးတဲ့ ရဟန်းတော်များ, လာဘ်လာဘ နည်းပါးတဲ့ ရဟန်းတော်များ စတဲ့ သီတင်းသုံးဖော် သံဃာတော်တို့အား လှူဒါန်းပြီးနောက် မိမိကိုယ်တိုင်ကတော့ တန်ဖိုးနည်းပါးတဲ့ မိမိနဲ့ သာရုပ္ပ ဖြစ်နေတဲ့ ဆေးလောက်ကိုသာ သုံးစွဲတော်မူလေ့ရှိပါတယ်။ ဒီလို ရောင့်ရဲလွယ် ခြင်းမျိုးကို ယထာသာရုပ္ပသန္တောသ (= မိမိနှင့် သာရုပ္ပဖြစ်ရာ ဆေးပစ္စည်းဖြင့် ရောင့်ရဲခြင်း)လို့ ခေါ်ဆိုပါတယ်။

ဒီလို ရဟန်းတော်မျိုးကို အလှူရှင်တစ်ဦးက နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံ ထားအပ်တဲ့ ဖန်ခါးသီးဆေးတွေကို ခွက်တစ်ခုထဲမှာ ထည့်ကာ စတုမဓုဆေး တွေကိုလည်း အခြားခွက်တစ်ခုထဲမှာ ထည့်ပြီးတော့ ယင်းခွက်နှစ်ခုတို့ကို ကိုင်ဆောင်လျက် ..အရှင်ဘုရား ...အလိုရှိရာဆေးကို အလှူခံယူတော် မူပါ --- ဒီလို လျှောက်ထားခဲ့မည်ဆိုလျှင် ဒီဆေးနှစ်မျိုးထဲက ဘယ်ဆေးကိုပဲ ဖြစ်ဖြစ် သုံးစွဲခဲ့လျှင် မိမိမှာ ထင်ရှားရှိနေတဲ့ ရောဂါလည်း ပျောက်ကင်းသည် မှန်ပါက နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဖန်ခါးသီးဆေးကိုသာ ရွေးချယ်တော်မူပါတယ်။ အကြောင်းကတော့ ဒီနွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံ ထားအပ်တဲ့ ဖန်ခါးသီးဆေးဟာ ဘုရားရှင် ချီးမွမ်းမြှောက်စားတော်မူတဲ့ ဆေးလည်း ဖြစ်တယ်၊ ရဟန်းပြုခဲ့စဉ် အချိန်အခါတုန်းက သိမ်ထဲမှာပဲ ဆရာ သမားတွေက ဘုရားရှင်ညွှန်ကြားထားတော်မူတဲ့အတိုင်း သင်ဟာ .. နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး ဖန်ခါးသီးစတဲ့ ဆေးကို အမှီပြုပြီးတော့ ရဟန်းတရားတွေကို ပွားများအားထုတ်ရမည် --- ဒီလို ဆိုဆုံးမတော်မူခဲ့ပါတယ်၊ မိမိကလည်း အာမ ဘန္တေ ဆိုပြီးတော့ ပဋိညာဉ် ဝန်ခံချက်စကား လျှောက်ထားခဲ့ပါတယ်။ ဒီလို မိမိရဲ့ ပဋိညာဉ်ခံဝန်ချက်နှင့် အညီ ငါဟာ နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဖန်ခါးသီးဆေးကိုသာ သုံးစွဲတော့မည်လို့ ဆုံးဖြတ်ချက်ချကာ စတုမဓုဆေးကို အလှူမခံယူဘဲ နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဖန်ခါးသီးဆေးကိုသာ အလှူခံယူတော် မူတယ်။ ဒီလိုရဟန်းတော်မျိုးကိုတော့ ယထာသာရုပ္ပသန္တောသ (= မိမိနှင့် သာရုပ္ပဖြစ်တဲ့ ဆေးပစ္စည်းဖြင့် ရောင့်ရဲလွယ်တဲ့) သူတော်ကောင်းအပေါင်း တို့တွင် အထွတ်အထိပ်သို့ ရောက်ရှိနေတဲ့ ပရမသန္တုဋ္ဌ = အမြတ်ဆုံး သန္တုဋ္ဌ တရား ထင်ရှားရှိသူလို့ ခေါ်ဆိုပါတယ်။

သန္တုဋ္ဌိကထာဆိုတာ

သာသနာတော်မှာ မှီတင်းနေထိုင်တဲ့ သူတော်ကောင်းတွေကို ဒီလို ရရ သမျှနှင့် ရောင့်ရဲလွယ်ခြင်း စတဲ့ သန္တောသတရားအမျိုးမျိုးတွေနှင့် ပြည့်ပြည့် စုံစုံ ဖြည့်ကျင့်နေထိုင်ရန် ဘုရားရှင်က နည်းမျိုးစုံဖြင့် ညွှန်ကြားပြသ ဆိုဆုံးမ ထားတော်မူခဲ့ပါတယ်။ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နေတဲ့ သူတော်ကောင်းတစ်ဦးဟာ ဒီသန္တောသတရား အမျိုးမျိုး တွေရဲ့ အကျိုးဂုဏ်အင်အာနိသင်တွေကို ထင်ရှားဖော်ပြနေတဲ့ တရားစကား၊ သန္တောသတရား ထင်ရှားမရှိကြတဲ့ အတြိစ္ဆ (= အလွန် အလိုကြီးမားသူ), ပါပိစ္ဆ (= ယုတ်မာတဲ့ အလိုဆိုးရှိသူ), မဟိစ္ဆ (= အလိုရမ္မက် များပြားသူ)တို့ ရရှိခံစားရမည့် အပြစ်အာဒီနဝ ဒုက္ခမျိုးစုံနှင့် ဆက်စပ်နေတဲ့ တရားစကား- ဒီလို သန္တောသတရားတွေရဲ့ အကျိုးဂုဏ်အင်အာနိသင်တွေကိုလည်း ထင်ရှား ဖော်ပြနေတဲ့, သန္တောသတရားထင်ရှားမရှိသူတို့ရဲ့ အပြစ်အာဒီနဝတွေကို လည်း ထင်ရှားဖော်ပြနေတဲ့ တရားစကားအမျိုးမျိုးတွေကို သန္တုဋ္ဌိကထာ (=ရောင့်ရဲလွယ်ခြင်းနှင့် ဆက်စပ်နေတဲ့ တရားစကား)လို့ ခေါ်ဆိုပါတယ်။

အာရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။

ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။၁၂၂

၁။ အနာရောဂါ ကင်းခြင်းကတော့ အမြတ်ဆုံးသော လာဘ်လာဘ ဖြစ်တယ်။

(အာရောဂျပရမာ လာဘာ)

၂။ ရောင့်ရဲလွယ်ခြင်းကတော့ အမြတ်ဆုံးသော စည်းစိမ်ဥစ္စာ ဖြစ်တယ်။

(သန္တုဋ္ဌိပရမံ ဓနံ)

၃။ ချစ်ကျွမ်းဝင်သူကတော့ အမြတ်ဆုံးသော ဆွေမျိုး ဖြစ်တယ်။

(ဝိဿာသပရမာ ဉာတိ)

၄။ နိဗ္ဗာန်တရားတော်မြတ်ကတော့ အမြတ်ဆုံးသော ချမ်းသာ ဖြစ်ပါတယ်။

(နိဗ္ဗာနံ ပရမံ သုခံ)

---

၃။ ပဝိဝေကကထာ = ကင်းဆိတ်မှု ဝိဝေကသုံးဖြာနှင့် စပ်တဲ့ တရားစကား

ဒီနေရာမှာ ဝိဝေက သုံးမျိုး ရှိပါတယ်။

(က) ကာယဝိဝေက = တစ်ပါးထီးတည်း တစ်ကိုယ်ထီးတည်း နေထိုင်ခြင်း၊

(ခ) စိတ္တဝိဝေက = လောကီစျာန်သမာပတ် (လောကုတ္တရာစျာန် သမာပတ်)တွေကို ဝင်စားကာ နီဝရဏ ကိလေသာအညစ်အကြေး အမျိုးမျိုးတို့မှ ကင်းဆိတ်နေတဲ့ စိတ်ဖြင့် နေထိုင်ခြင်း၊၁၂၃

(ဂ) ဥပဓိဝိဝေက = ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံ ပြု၍ နေထိုင်ခြင်း ..

ပေါင်းလိုက်တော့ ဝိဝေက သုံးပါး ဖြစ်တယ်။ ဒီ (၃)မျိုးကို ထပ်ပြီးတော့ ရှင်းလင်းကြရအောင် ..။

ကာယဝိဝေက ---- ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ .. တောကျောင်း, တောင်ကျောင်း, သစ်ပင်ရင်းကျောင်း, ချောက်ကမ်းပါး, လိုဏ်ဂူ, သုသာန်, တောအုပ်, လွင်တီးခေါင်, ကောက်ရိုးပုံ စတဲ့ ဆိတ်ငြိမ်တဲ့ ကျောင်းအိပ်ရာနေရာတွေကို မှီဝဲကာ တစ်ကိုယ်ရေ တစ်ကာယ နေထိုင်လေ့ ရှိတယ်၊ အပါင်းအဖော်တွေနှင့် ကင်းကင်းရှင်းရှင်း နေထိုင်လေ့ရှိတယ်။ တစ်ပါးတည်း သွားတယ်၊ တစ်ပါးတည်း ရပ်တယ်၊ တစ်ပါးတည်း ထိုင်တယ်၊ တစ်ပါးတည်း အိပ်တယ်၊ တစ်ပါးတည်း ဆွမ်းခံသွားတယ်၊ တစ်ပါးတည်း ဆွမ်းခံရွာမှ ပြန်လာတယ်၊ တစ်ပါးတည်း ဆိတ်ကွယ်ရာအရပ်မှာ နေထိုင် တယ်၊ ကမ္မဋ္ဌာန်း အာရုံပေါ်မှာ စိတ်ဓာတ်ကို ဆောက်တည်ထားကာ တစ်ပါးထီးတည်း စင်္ကြံကြွလေ့ရှိတယ်၊ တစ်ပါးထီးတည်း ကျောင်းဝင်းထဲမှာ လှည့်လည်သွားလာလေ့ရှိတယ်၊ တစ်ပါးထီးတည်း သီတင်းသုံးလေ့ရှိတယ်၊ တစ်ပါးထီးတည်း ဣရိယာပုထ်ကို မျှတအောင် စောင့်ရှောက်ကာ တရား ဘာဝနာကို ကြိုးစားအားထုတ်လေ့ရှိတယ်၊ ဒီလို တစ်ပါးထီးတည်း နေထိုင် တာမျိုးကိုတော့ ကာယဝိဝေက (= တစ်ကိုယ်ရေ တစ်ကာယ ကင်းကင်း ရှင်းရှင်း နေထိုင်ခြင်း)လို့ ခေါ်ဆိုပါတယ်။

သွားလည်း တစ်တွဲတွဲ, ရပ်လည်း တစ်တွဲတွဲ, ထိုင်လည်း တစ်တွဲတွဲ, အိပ်လည်း တစ်တွဲတွဲ, စားလည်း တစ်တွဲတွဲ စသည်ဖြင့် တစ်တွဲတွဲလုပ်နေတဲ့ အလုပ်မျိုးကို ဘုရားရှင်ဟာ နှစ်ခြိုက်တော်မမူပါဘူး။ တစ်ပါးထီးတည်း တစ်ကိုယ်ထီးတည်း အပေါင်းအဖော်တွေနှင့် ကင်းကင်းရှင်းရှင်း နေထိုင်တဲ့ လုပ်ငန်းမျိုးကိုသာ ဘုရားရှင်ဟာ နှစ်ခြိုက်တော်မူပါတယ်။

စိတ္တဝိဝေက ---- နောက်တစ်ခု .. စိတ္တဝိဝေကအကြောင်းကို ပြောကြ ရအောင် ..။

အာရုံ ငါးပါး ကာမဂုဏ်တရားတို့အပေါ်မှာ လိုလားတပ်မက်မှု ကာမစ္ဆန္ဒ နီဝရဏ၊ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့အပေါ်၌ ဖျက်ဆီးပစ်လိုမှု သို့မဟုတ် သူတစ်ပါးတို့ ဂုဏ်သိက္ခာကျအောင် ဖျက်ဆီးလိုမှု ဗျာပါဒနီဝရဏ၊ ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ် တွန့်ဆုတ်နေမှု ပျင်းရိမှု ထိနမိဒ္ဓနီဝရဏ၊ ဘာဝနာလုပ်ငန်းခွင်အာရုံမှ ပြင်ပအာရုံအမျိုးမျိုးတွေမှာ စိတ်ဓာတ် ပျံ့လွင့် ပြေးသွားနေမှု + ပြုပြီးဒုစရိုက်အမျိုးမျိုး မပြုမိလိုက်တဲ့ သုစရိုက်အမျိုးမျိုးတို့ အပေါ်မှာ နောင်တတစ်ဖန် ပူပန်နေမှုဆိုတဲ့ ဥဒ္ဓစ္စ+ကုက္ကုစ္စနီဝရဏ၊ ရတနာ သုံးတန် ကံ-ကံရဲ့အကျိုးတရား စသည်တို့အပေါ်မှာ ဟုတ်လေသလား မဟုတ်လေသလား, ယခုလိုခေတ်မှာ စျာန်သမာပတ်တွေ ရမှရနိုင်ပါ့မလား မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရမှရနိုင်ပါ့မလား စသည်ဖြင့် သို့လောသို့လော တွေးတောယုံမှားမှု ဝိစိကိစ္ဆာနီဝရဏ --- ဒီနီဝရဏ ငါးပါးကတော့ စျာန်မဂ်ဖိုလ် တရားတွေကို မရအောင် တားမြစ်နှောင့်ယှက် ပိတ်ဆို့ထားတတ်တဲ့ ကိလေသာ အပိတ်အဖုံးတွေ ဖြစ်ကြတယ်။

မိမိတို့ရဲ့ စိတ်အစဉ်မှာ ဒီနီဝရဏကိလေသာ အညစ်အကြေးတွေမှ ကင်းဆိတ်သွားအောင် ကင်းဆိတ်ရာ ကင်းဆိတ်ကြောင်းဖြစ်တဲ့ ပထမစျာန် သမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းကို စိတ္တဝိဝေကလို့ ခေါ်ဆိုတယ်။ ဝိတက် ဝိစာရတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ ဒုတိယစျာန်သမာပတ်ကို, ပီတိမှ ကင်းဆိတ်ရာဖြစ်တဲ့ တတိယစျာန်သမာပတ်ကို, သုခဒုက္ခမှ ကင်းဆိတ်ရာ ဖြစ်တဲ့ စတုတ္ထစျာန်သမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းကိုလည်း စိတ္တ ဝိဝေကလို့ ခေါ်ဆိုတယ်။

နောက်တစ်ခုကတော့ အာကာသာနဉ္စာယတနစျာန်ကို ဝင်စားလျက် နေထိုင်မည်ဆိုလျှင် ရူပသညာ နာနတ္တသညာ ပဋိဃသညာတွေမှ ကင်းဆိတ် နေတယ်။ ရူပသညာဆိုတာကတော့ ပထဝီကသိုဏ်းမှသည် အာလောက ကသိုဏ်းသို့တိုင်အောင် ကိုးမျိုးသော ကသိုဏ်းရုပ်တွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ရူပါဝစရစျာန်တွေနဲ့ ယှဉ်တွဲနေတဲ့ သညာကို ရူပသညာလို့ ခေါ်ဆိုတယ်။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံပြုကာ ဖြစ်ပေါ်လာကြတဲ့, သက်ဆိုင်ရာဝတ္ထုနှင့် သက်ဆိုင်ရာအာရုံတို့ ထိခိုက်ခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ဥပမာ --- စက္ခုဝတ္ထုနှင့် ရူပါရုံ, သောတဝတ္ထုနှင့် သဒ္ဒါရုံ, ဃာနဝတ္ထုနှင့် ဂန္ဓာရုံ, ဇိဝှါဝတ္ထုနှင့် ရသာရုံ, ကာယဝတ္ထုနှင့် ဖောဋ္ဌဗ္ဗာရုံ တို့ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စက္ခုဒွါရဝီထိ သောတဒွါရဝီထိ ဃာနဒွါရဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိတွေရဲ့အတွင်းမှာ တည်ရှိနေကြတဲ့ ကာမာဝစရစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့ အဆင်း ရူပါရုံကို မှတ်သားတဲ့ ရူပသညာ, အသံ သဒ္ဒါရုံကို မှတ်သားတဲ့ သဒ္ဒသညာ, အနံ့ ဂန္ဓာရုံကို မှတ်သားတဲ့ ဂန္ဓသညာ, အရသာ ရသာရုံကို မှတ်သားတဲ့ ရသသညာ, အတွေ့ ဖောဋ္ဌဗ္ဗာရုံ ကို မှတ်သားတဲ့ ဖောဋ္ဌဗ္ဗသညာ -- ဒီသညာအမျိုးမျိုးကိုတော့ ဝတ္ထုနှင့် အာရုံတို့ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကြတဲ့ သညာတွေ ဖြစ်နေကြတဲ့အတွက် ပဋိဃသညာလို့ ခေါ်ဆိုတယ်။ မနောဓာတ် မနောဝိညာဏဓာတ်လို့ ခေါ်ဆို တဲ့ ကာမာဝစရကုသိုလ် အကုသိုလ် ဝိပါက် ကိရိယာစိတ်တွေ ရှိကြတယ်။ ဒီစိတ်တွေဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံလို့ ခေါ်ဆိုတဲ့ အာရုံအမျိုးမျိုးတွေကို အာရုံပြုကြတဲ့အတွက် ယင်းစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့ သညာကို အာရုံအမျိုးမျိုး ရှိနေတဲ့ နာနတ္တသညာလို့ ခေါ်ဆိုတယ်၊ အာရုံ အမျိုးမျိုးရှိနေတဲ့ ထူးထွေကွဲပြားတဲ့ သညာလို့ ဆိုလိုတယ်။၁၂၄

အာကာသာနဉ္စာယတနစျာန်ကို ဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ယင်း အာကာသာနဉ္စာယတနစျာန်စိတ်က ပထဝီကသိုဏ်းရုပ်စတဲ့ ကသိုဏ်းရုပ်ကို နှလုံးမသွင်းတော့ဘဲ ကသိုဏ်းရုပ်ကို ခွာပြီးမှ ရရှိလာတဲ့ အနန္တအာကာသလို့ ခေါ်ဆိုအပ်တဲ့ အဆုံးအပိုင်းအခြား မရှိတဲ့ ကောင်းကင်ပညတ်ကိုသာ အာရုံ ပြုနေတဲ့အတွက် ရူပါဝစရစျာန်တွေနှင့် ရူပါဝစရစျာန်တွေရဲ့ အာရုံမှလည်း ဆိတ်သုဉ်းနေတယ်၊ ရူပသညာ ပဋိဃသညာ နာနတ္တသညာတို့မှလည်း ဆိတ်သုဉ်းနေတယ်။ ဒီလို ဆိတ်သုဉ်းနေတဲ့အတွက်ကြောင့် အာကာသာနဉ္စာယတနစျာန်စိတ်ကိုလည်း စိတ္တဝိဝေကလို့ ခေါ်ဆိုတယ်။ အလားတူပဲ ဝိညာဏဉ္စာယတနစျာန်သို့ ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကာသာနဉ္စာယတနစျာန်မှ ဆိတ်သုဉ်းနေတယ်၊ အာကိဉ္စညာယတနစျာန်သို့ ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဝိညာဏဉ္စာယတနစျာန်မှ ဆိတ်သုဉ်း နေတယ်၊ နေဝသညာနာသညာယတနစျာန်သို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကိဉ္စညာယတနစျာန်မှ ဆိတ်သုဉ်းနေတယ်။ ဒါကြောင့် ဒီ ဝိညာဏဉ္စာယတနစျာန် အာကိဉ္စညာယတနစျာန် နေဝသညာနာသညာယတနစျာန်တွေကို ဝင်စားလျက် နေထိုင်ခြင်းကိုလည်း စိတ္တဝိဝေကလို့ ခေါ်ဆိုတယ်။၁၂၄

ဒီလို စိတ္တဝိဝေကနယ်ပယ်မှာ သီတင်းသုံးနေထိုင်နေခြင်းကိုလည်း မြတ်စွာဘုရား နှစ်ခြိုက်တော်မူပါတယ်။ အချိန်တွေ ဖြုန်းပြီးတော့ အကျိုး မရှိတဲ့ စျာန်မဂ်ဖိုလ်နဲ့ မဆက်စပ်တဲ့ စကားအမျိုးမျိုးတွေကို ပြောဆိုကာ နေထိုင်နေခြင်းမျိုးကိုတော့ ဘုရားရှင်သည် အမြဲ ရွံရှာစက်ဆုပ်တော်မူ ပါတယ်။

မဟာနိဒ္ဒေသပါဠိတော်နှင့်၁၂၅ မဟာနိဒ္ဒေသအဋ္ဌကထာတို့မှာတော့၁၂၆ ခုပြောခဲ့တဲ့ စျာန်သမာပတ် ရှစ်ပါးတွင်သာမက လောကုတ္တရာစိတ်တွေ ကိုလည်း မိမိတို့ ပယ်ရှားရမည့် ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့မှ ကင်းဆိတ် နေကြတဲ့အတွက် စိတ္တဝိဝေကလို့ ခေါ်ဆိုကြောင်း ရှင်းလင်းတင်ပြထားတော် မူပါတယ်။

သောတာပတ္တိမဂ်ဉာဏ် ---- ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့အပေါ်၌ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် စွဲလမ်းယုံကြည်မှု (= အယူမှားမှု), အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင်လို့ စွဲလမ်းယုံကြည်မှု (= အယူမှားမှု) ..ဆိုတဲ့ သက္ကာယ ဒိဋ္ဌိသံယောဇဉ် (= ဒိဋ္ဌာနုသယ)၊ ရတနာသုံးတန် ကံ-ကံရဲ့ အကျိုးတရား စသည်တို့အပေါ်၌ ဟုတ်လေသလား မဟုတ်လေသလား, ယခုလိုခေတ်မှာ စျာန်သမာပတ်တွေ ရမှရနိုင်ပါ့မလား, မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရမှရနိုင်ပါ့ မလား စသည်ဖြင့် သို့လောသို့လော တွေးတောယုံမှားမှု (= ဝိစိကိစ္ဆာ သံယောဇဉ် = ဝိစိကိစ္ဆာနုသယ)၊ နွားအကျင့် ခွေးအကျင့် စသည်တို့ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်တယ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက် နိုင်တယ်လို့ ဒီလို အမှားမှား အယွင်းယွင်း သုံးသပ်တတ်တဲ့ သီလဗ္ဗတပရာ မာသသံယောဇဉ် - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာ တို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတို့ နောက်သို့ အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း-ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးကို သောတာပတ္တိမဂ်ဉာဏ်ကအကြွင်းမဲ့ ပယ်ရှားထားပြီးဖြစ်တဲ့အတွက် သောတာပတ္တိမဂ်ဉာဏ်ဟာအဇ္ဈတ္တ သင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးမှ ကင်းဆိတ်နေတယ်။ အလားတူပဲ သောတာပတ္တိဖလသမာပတ်ကို ဝင်စားနေတဲ့ သောတာပန် အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

သကဒါဂါမိမဂ်ဉာဏ် ---- ရုန့်ရင်းကြမ်းတမ်းတဲ့ ကာမရာဂသံယောဇဉ် (= ကာမရာဂါနုသယ)နှင့် ရုန့်ရင်းကြမ်းတမ်းတဲ့ ပဋိဃသံယောဇဉ် (= ပဋိဃာနုသယ) - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတွေရဲ့ နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း- ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးကို သကဒါဂါမိမဂ်ဉာဏ်ကပယ်ရှားထားပြီးဖြစ်တဲ့အတွက် သကဒါဂါမိမဂ်ဉာဏ်ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးတို့မှ ကင်းဆိတ်နေတယ်။ အလားတူပဲသကဒါဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ သကဒါဂါမ်အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

အနာဂါမိမဂ်ဉာဏ် ---- သိမ်မွေ့နူးညံ့နေတဲ့ ကာမရာဂသံယောဇဉ် (=ကာမရာဂါနုသယ)နှင့် သိမ်မွေ့နူးညံ့နေတဲ့ ပဋိဃသံယောဇဉ် (= ပဋိဃာနုသယ) - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတွေရဲ့ နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း- ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးကို အနာဂါမိမဂ်ဉာဏ်ကအကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီးဖြစ်တဲ့ အတွက် အနာဂါမိမဂ်ဉာဏ်ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်နေတယ်။ အလားတူပဲအနာဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ အနာဂါမ်အရိယာသူတော်ကောင်း ရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်း အကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

အရဟတ္တမဂ်ဉာဏ် ---- ရူပဘဝအပေါ်မှာ တွယ်တာမက်မောနေတဲ့ ရူပရာဂသံယောဇဉ်နှင့် အရူပဘဝအပေါ်မှာ တွယ်တာမက်မောနေတဲ့ အရူပရာဂသံယောဇဉ်ဆိုတဲ့ ဘဝရာဂါနုသယ, စိတ်ဓာတ်တက်ကြွ ထောင်လွှားခြင်း မာနသံယောဇဉ် (= မာနာနုသယ), စိတ်ဓာတ်ပျံ့လွင့်မှု ဥဒ္ဓစ္စသံယောဇဉ်, သစ္စာလေးပါး အမှန်တရားတွေကို မသိမှု ပြောင်းပြန်လှန်ကာ ယောက်ျား မိန်းမ စသည်ဖြင့် အမှားတွေကို သိနေမှု အဝိဇ္ဇာသံယောဇဉ် (= အဝိဇ္ဇာနုသယ) - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတွေရဲ့ နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း- ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးကို အရဟတ္တမဂ်ဉာဏ်ကအကြွင်း အကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီးဖြစ်တဲ့အတွက် အရဟတ္တမဂ်ဉာဏ် ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်နေတယ်။ အလားတူပဲအရဟတ္တဖလသမာပတ်ကို ဝင်စားတော်မူ နေတဲ့ ရဟန္တာအရိယာသူတော်ကောင်းရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

ဒါတွင်မကသေးဘူး၊ အရဟတ္တမဂ်ဉာဏ်က အကြွင်းအကျန်မရှိ ကုန်စင် အောင် ပယ်ရှားလိုက်ပြီးဖြစ်တဲ့ အကုသိုလ်တရား (= အကုသိုလ်ခန္ဓာ) အားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုထားတဲ့အတွက် ယင်းအဇ္ဈတ္တ သင်္ခါရ (= အကုသိုလ်ခန္ဓာ)မှ ထောက်ဆကာ ကြွင်းကျန်နေကြတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားအားလုံးတို့ကို (အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေကြတဲ့ သင်္ခါရတရား တွေပဲ ဖြစ်ချင်ဖြစ်ကြပါစေ, ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေကြတဲ့ သင်္ခါရတရား တွေပဲ ဖြစ်ချင်ဖြစ်ကြပါစေ အားလုံးကိုပဲ) ဗဟိဒ္ဓ သဗ္ဗနိမိတ္တ (= ဗဟိဒ္ဓသင်္ခါရ တရားတွေ)လို့ ခေါ်ဆိုပါတယ်။ အရဟတ္တမဂ်ဉာဏ်ဟာ ယင်းအဇ္ဈတ္တသင်္ခါရ အမည်ရတဲ့ အကုသိုလ်ခန္ဓာနှင့် ဗဟိဒ္ဓ သဗ္ဗနိမိတ္တ အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။ အလားတူပဲအရဟတ္တ ဖလသမာပတ်ကို ဝင်စားတော်မူနေတဲ့ ရဟန္တာအရှင်မြတ်ရဲ့ သန္တာန်မှာလည်း ယင်းအဇ္ဈတ္တသင်္ခါရအမည်ရတဲ့ အကုသိုလ်ခန္ဓာနှင့် ဗဟိဒ္ဓ သဗ္ဗနိမိတ္တ အမည် ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။၁၂၇

သို့သော် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့မှာတော့၁၂၈ အရိယမဂ်ဉာဏ် (၄)ပါးလုံးတို့မှာပဲ ---- မိမိတို့ဆိုင်ရာ အရိယမဂ်တရား အသီးအသီးက ပယ်ရှားထားပြီးဖြစ်တဲ့ အဇ္ဈတ္တသင်္ခါရအမည်ရတဲ့ အကုသိုလ် ခန္ဓာအားလုံးနှင့် ဗဟိဒ္ဓ သဗ္ဗနိမိတ္တ အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံး တို့မှ ကင်းဆိတ်နေကြောင်းကို ဟောကြားထားတော်မူခဲ့ပါတယ်၊ ဖွင့်ဆိုထား တော်မူခဲ့ပါတယ်။ အလားတူပဲ လေးမျိုးသော ဆိုင်ရာဆိုင်ရာ ဖလသမာပတ် အသီးအသီးကို ဝင်စားတော်မူနေကြတဲ့ ဆိုင်ရာဆိုင်ရာ အရိယာသူတော် ကောင်းတွေရဲ့ သန္တာန်မှာလည်း ဖလသမာပတ်အသီးအသီးအခိုက်မှာ မိမိတို့ ဆိုင်ရာ အရိယမဂ်တရားအသီးအသီးက ပယ်ရှားထားပြီးဖြစ်တဲ့ အဇ္ဈတ္တသင်္ခါရ အမည်ရတဲ့ အကုသိုလ်ခန္ဓာအသီးအသီးနှင့် ဗဟိဒ္ဓ သဗ္ဗနိမိတ္တ အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။

အကြောင်းပြချက်ကတော့ ဒီလိုပါ။ အရိယမဂ်ဉာဏ်အားလုံးတို့နှင့် အရိယဖိုလ်ဉာဏ်အားလုံးတို့ဟာ သဗ္ဗသင်္ခါရသမထအမည်ရတဲ့ သင်္ခါရတရား အားလုံးတို့မှ ငြိမ်းအေးရာဖြစ်တော်မူတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို, သဗ္ဗူပဓိနိဿဂ္ဂအမည်ရတဲ့ ဥပဓိလေးဖြာတို့ကို စွန့်လွှတ် ရာဖြစ်တဲ့ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အသီးအသီး အာရုံပြုကာ ဖြစ်ပေါ်နေကြတဲ့ လောကုတ္တရာတရားထူး တရားမြတ်တွေ ဖြစ်ကြပါတယ်။ မိမိတို့ရဲ့ အာရုံ ဖြစ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးဟာလည်း သင်္ခါရတရား အားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်၊ မိမိတို့ဆိုင်ရာ အရိယမဂ်ဉာဏ် အသီးအသီး ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယမဂ် စိတ်စေတသိက် တွေသာ ဖြစ်ခွင့်ရှိကြတဲ့အတွက် အခြားသင်္ခါရတရားတွေလည်း ဖြစ်ခွင့်မရှိ ကြတဲ့အတွက် ပြောခဲ့ပြီးတဲ့ ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တသင်္ခါရ အမည်ရတဲ့ အကုသိုလ် ခန္ဓာအသီးအသီးနှင့် ဗဟိဒ္ဓ သဗ္ဗနိမိတ္တ အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။ အလားတူပဲ အရိယ ဖိုလ်ဉာဏ်အသီးအသီး ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယဖိုလ် စိတ် စေတသိက်တွေသာ ထင်ရှားဖြစ်နေကြတဲ့အတွက် အခြားသင်္ခါရတရားတွေ လည်း ဖြစ်ခွင့်မရှိကြတဲ့အတွက် ပြောခဲ့ပြီးတဲ့ ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တ သင်္ခါရ အမည်ရတဲ့ အကုသိုလ်ခန္ဓာအသီးအသီးနှင့် ဗဟိဒ္ဓ သဗ္ဗနိမိတ္တ အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။

ဒီလောကုတ္တရာစိတ်တွေကတော့ အကောင်းဆုံးသော အမြတ်ဆုံးသော ဘုရားရှင် အနှစ်ခြိုက်ဆုံး ဖြစ်တော်မူတဲ့ စိတ္တဝိဝေကတရားတွေ ဖြစ်ကြ ပါတယ်။

ယခုလို အဆင့်အတန်း မြင့်မားလှတဲ့ စိတ္တဝိဝေကနှင့် ဆက်စပ်နေတဲ့ တရားစကားတွေကို ဆွေးနွေးနေတာ တိုင်ပင်နေတာ ပြောကြားနေတာ တွေကိုလည်း ဘုရားရှင်က နှစ်ခြိုက်တော်မူပါတယ်၊ ကြားလည်း ကြားလိုတဲ့ သဘော ရှိတော်မူပါတယ်။

ဘုရားရှင်ဘက်ကတော့ မိမိတည်ထောင်ထားတော်မူတဲ့ သာသနာတော် ကို မှီတင်းနေထိုင်ကြတဲ့ တပည့်သာဝကတွေဟာ ယခုလို အဆင့်အတန်း မြင့်မားလှတဲ့ စိတ္တဝိဝေကနယ်ပယ်မှာ နေထိုင်သီတင်းသုံးနေတာကို နှစ်ခြိုက် တော်မူပါတယ်၊ မြင်လည်း မြင်တော်မူလိုပါတယ်၊ နေထိုင်သီတင်းသုံးနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်မြောက်ရေးအတွက်လည်း ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ တိုက်တွန်းတော်မူခဲ့ပါတယ်။

ချစ်သားရဟန်းတို့ ...ဤသည်တို့ကတော့ ..သစ်ပင်ရင်းကျောင်းတွေ ဖြစ်ကြတယ်၊ ဤသည်တို့ကတော့ .. ဆိတ်ငြိမ်တဲ့ တောကျောင်း တောင် ကျောင်းတွေ ဖြစ်ကြတယ်၊ ချစ်သားရဟန်းတို့ ... ဒီလို သစ်ပင်ရင်းကျောင်း တွေမှာ နေထိုင်ပြီးတော့ ဒီလိုဆိတ်ငြိမ်တဲ့ တောကျောင်း တောင်ကျောင်းတွေ မှာ နေထိုင်ပြီးတော့ လောကီစျာန် လောကုတ္တရာစျာန်တွေကို ဝင်စားကာ သင်ချစ်သားတို့ရဲ့သန္တာန်မှာ တည်ရှိနေကြတဲ့ ကိလေသာတောချုံပုတ်တွေကို လောင်ကျွမ်းသွားအောင် ရှို့မြှိုက်ကြစမ်းပါ၊ သမထ ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေထိုင်ကြပါကုန်လင့်၊ နောင်သောအခါ သေခါနီးကာလကျမှ မကောင်းတဲ့ အာရုံနိမိတ်တွေ ထင်လာ တဲ့အတွက် ငါတော့ မှားခဲ့လေပြီပေါ့လို့ စိတ်နှလုံး မသာမယာ မဖြစ်ကြပါ ကုန်လင့် ..။ ဒီအဆုံးအမကတော့ သင်ချစ်သားတို့အတွက် ငါဘုရားရှင် တို့က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမနေတဲ့ အဆုံးအမ (= အနုသာသနီ) တရားစကားတော်ပဲ ဖြစ်ပါတယ်။၁၂၉

ဒီလို ဘုရားရှင်က ထပ်ကာထပ်ကာ တိုက်တွန်းတော်မူခဲ့ပါတယ်။

နောက်တစ်ခု --- ဥပဓိဝိဝေကအကြောင်းကို ပြောကြရအောင် ..။

ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်နေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကို ဥပဓိဝိဝေကလို့ ခေါ်ဆိုပါတယ်။ ဥပဓိ လေးဖြာဆိုတာကတော့ ကာမူပဓိ ခန္ဓူပဓိ ကိလေသူပဓိ အဘိသင်္ခါရူပဓိတို့ ဖြစ်ကြတယ်။

အဆင်း အသံ အနံ့ အရသာ အတွေ့အထိလို့ ခေါ်ဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ---- ယင်းအာရုံအသီးအသီးတို့အပေါ်၌ တွယ်တာ မက်မောမှု သာယာနှစ်သက်မှု ကာမတဏှာလျှင် အကြောင်းရင်းခံ ရှိနေတဲ့ ဝမ်းမြောက်ဝမ်းသာ ခံစားမှု သောမနဿ (= သုခဝေဒနာ)ရဲ့ တည်ရာဖြစ်လို့ ကာမူပဓိလို့ ခေါ်ဆိုပါတယ်။

ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ---- ယင်းခန္ဓာလျှင် အကြောင်းရင်းခံ ရှိနေတဲ့ ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခ, အိုရခြင်း ဇရာဒုက္ခ, ဖျားနာရခြင်း ဗျာဓိဒုက္ခ, သေကျေပျက်စီးရခြင်း မရဏဒုက္ခ, အိုနာသေရေး ဒုက္ခဘေးမှ ကင်းဝေးရန် အလိုရှိပါသော်လည်း တောင့်တပါသော်လည်း အလိုရှိတိုင်း တောင့်တတိုင်း မရနိုင်တဲ့အတွက် စိတ်ဆင်းရဲရခြင်းဒုက္ခ, ချစ်နှစ်သက်အပ်တဲ့ သတ္တဝါ သင်္ခါရတွေနှင့် ကွေကွင်းခွဲခွာရလို့ ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲရခြင်း ဒုက္ခ, မချစ်မနှစ်သက်အပ်တဲ့ သတ္တဝါ သင်္ခါရတွေနှင့် ပေါင်းသင်းဆက်ဆံ နေရလို့ ဖြစ်ပေါ်လာရတဲ့ စိတ်ဆင်းရဲရခြင်းဒုက္ခ, သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတွေ ဖောက်ပြန်ပျက်စီးမှုကို အကြောင်းပြုကာ ဖြစ်ပေါ်လာတဲ့ စိုးရိမ် ရခြင်း သောက, ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ, ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿ, ပြင်းစွာပူပန်ရခြင်း ဥပါယာသဆိုတဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ရာဂမီး ဒေါသမီး မောဟမီး စတဲ့ ကိလေသာ အပူမီးတွေရဲ့ လောင်မြိုက်မှုကြောင့် ဖြစ်ပေါ်လာရတဲ့ ဆင်းရဲဒုက္ခ --- ဒီဆင်းရဲဒုက္ခအဝဝတို့ရဲ့ တည်ရာဖြစ်လို့ ခန္ဓူပဓိလို့ ခေါ်ဆိုပါတယ်။

ရာဂ, ဒေါသ, မောဟ, မာန်မာန စတဲ့ ကိလေသာတွေကိုလည်း ---- အပါယ်သံသရာဝဋ်ဆင်းရဲသို့ ရောက်ခြင်း ရခြင်းရဲ့ အကြောင်းရင်းစစ် ဧကန် ဖြစ်နေကြတဲ့အတွက် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝတို့ရဲ့ တည်ရာဖြစ် လို့ ကိလေသူပဓိလို့ ခေါ်ဆိုပါတယ်။

ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေဟာလည်း ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်တည်ထောင်ပေးတတ်တဲ့ တရားတွေ ဖြစ်ခြင်း ကြောင့် အဘိသင်္ခါရတရားတွေလို့ ခေါ်ဆိုတယ်။ ဒါကြောင့် ဒီ ကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေကိုလည်း ဘဝဒုက္ခ သံသရာ ဝဋ်ဒုက္ခအဝဝတို့ရဲ့ တည်ရာဖြစ်လို့ အဘိသင်္ခါရူပဓိလို့ ခေါ်ဆိုပါတယ်။

နိဗ္ဗာန်တရားတော်မြတ်ကြီးမှာ ခုပြောခဲ့တဲ့ ဥပဓိ လေးပါးစလုံးတို့ဟာ မတည်ရှိကြဘူး၊ ဥပဓိ လေးဖြာတို့မှ အမြဲတမ်း ကင်းဆိတ်လျက် ရှိနေတယ်။ ဒါကြောင့် ဒီနိဗ္ဗာန်တရားတော်မြတ်ကို ဥပဓိဝိဝေကလို့ ခေါ်ဆိုပါတယ်။၁၃၀, ၁၃၁

ဒီလို ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုလျက် ဖလသမာပတ်တွေ ဝင်စားကာ နေထိုင်ခြင်းကိုလည်း ဘုရားရှင် က အလွန်နှစ်ခြိုက်တော်မူပါတယ်။ ဒီလို ဥပဓိဝိဝေကနှင့် ဆက်စပ်နေတဲ့ တရားစကားတွေကို ဆွေးနွေးနေခြင်း တိုင်ပင်နေခြင်း ပြောကြားနေခြင်း ကိုလည်း ဘုရားရှင်က ကြည်ဖြူစွာ ခွင့်ပြုတော်မူလျက်ပင် ရှိနေပါတယ်။

၄။ အသံသဂ္ဂကထာ = ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်တဲ့ တရားစကား

ဒီနေရာမှာ ဥဒါနအဋ္ဌကထာ စတဲ့ အဋ္ဌကထာများက၁၃၂ သံသဂ္ဂ (၅)မျိုး ဖွင့်ဆိုထားကြပါတယ်။

၁။ သဝနသံသဂ္ဂ = ကြားရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှော နေထိုင်ခြင်း

၂။ ဒဿနသံသဂ္ဂ = မြင်ရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း

၃။ သမုလ္လပနသံသဂ္ဂ = စကားပြောဆိုနေရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း

၄။ သမ္ဘောဂသံသဂ္ဂ = ပစ္စည်းကို သုံးဆောင်ရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း

၅။ ကာယသံသဂ္ဂ = ကိုယ်လက်နှီးနှောမိခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာ တို့နှင့် ရောနှောနေထိုင်ခြင်း ..

ဒီလို သံသဂ္ဂ (၅)မျိုး ဖွင့်ဆိုထားကြပါတယ်။

၁။ သဝနသံသဂ္ဂ = ကြားရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း ---- ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ ဤမည် ဤမည်သော ရွာမှာ ဤမည် ဤမည်သော အမျိုးသမီးတစ်ဦးဟာ ရုပ်အဆင်းက သိပ်လှတယ်၊ ကြည့်လို့လည်း သိပ်ကောင်းတယ်၊ ရှုမြင်ရသူတို့ရဲ့ စိတ်ဓာတ်ကို ကြည်လင်စေတတ်တယ်၊ အသားအရေ အရောင်အဆင်း ကလည်း သိပ်လှတယ်၊ လုံးရပ်သဏ္ဌာန်နှင့်လည်း ပြည့်စုံတယ် ---- ဒီလို ဂုဏ်သတင်းတွေကို သူတစ်ပါးတွေက ပြောပြလို့ ကြားလိုက်မိတယ်။ ဒီလို ကြားလိုက်ရရုံနဲ့ပဲ သာသနာတော်မှာ ရဟန်းဘဝဖြင့် ရဟန်းတရားတွေကို ဆက်လက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့အတွက် စိတ်ဓာတ် တွေက ဆုတ်နစ်သွားတယ်၊ နစ်မြုပ်သွားတယ်၊ သာသနဗြဟ္မစရိယခေါ်တဲ့ မွန်မြတ်တဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို ဆက်လက် ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် မစွမ်းနိုင် ဖြစ်သွားတယ်၊ နောက်ဆုံးတော့ သိက္ခာချပြီး လူဝတ်လဲသွားတယ်။ ဒီလို ဝိသဘာဂအာရုံ အကြောင်းကို ကြားလိုက်ရတဲ့အခါမှာပဲဖြစ်စေ, မိမိကိုယ်တိုင်က အမျိုးသမီးကို မြင်တွေ့လိုက်တဲ့အခါ ဒီအမျိုးသမီးရဲ့ ပြုံးရယ်နေတဲ့အသံ စကားပြောဆိုနေတဲ့ အသံ သီချင်းအမျိုးမျိုးတွေကို သီဆိုနေတဲ့ သီချင်းသံ --- ဒီလိုအသံအမျိုးမျိုး တွေကို ကြားလိုက်တဲ့အခါမှာပဲဖြစ်စေ မိမိရဲ့သန္တာန်မှာ ဒီီအမျိုးသမီးအပေါ်၌ တွယ်တာမက်မောနေတဲ့ သာယာနှစ်သက်နေတဲ့ ရာဂအမျိုးမျိုးတွေလည်း ထင်ရှားဖြစ်ပေါ်လာပြန်တယ်။ ဒီလို ကြားလိုက်တဲ့အခါ သောတဝိညာဏဝီထိ နောက်ကို အစဉ်တစိုက်လိုက်ပါနေကြတဲ့ မနောဒွါရဝီထိအမျိုးမျိုးတွေရဲ့ အတွင်းမှာ တည်ရှိကြတဲ့ ဇောစိတ်တွေနှင့် ယှဉ်တွဲကာ ဖြစ်ပေါ်လာတဲ့ ရာဂအမျိုးမျိုးတွေနှင့် ပေါင်းဖော်ယှဉ်တွဲကာ ရောနှောနေထိုင်ခြင်းကိုပဲ သဝနသံသဂ္ဂလို့ ခေါ်ဆိုပါတယ်။၁၃၂

ဒီအပိုင်းမှာ အဋ္ဌကထာများက အနိတ္ထိဂန္ဓ ပစ္စေကဗုဒ္ဓါဘုရားအလောင်းတော်ရဲ့ ဝတ္ထုဇာတ်ကြောင်းကို ပုံစံထုတ်ပြထားပါတယ်။ ဒီသူတော်ကောင်း ဟာ ပစ္စေကဗောဓိဉာဏ်ရရှိရေးအတွက် ရည်ရွယ်တောင့်တတော်မူကာ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး ပါရမီအလီလီတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ပါတယ်။ သို့သော် ပါရမီတရားအပေါင်းတို့က မပြီးစီး မပြည့်စုံကြသေးတဲ့အတွက် ပစ္စေကဗောဓိဉာဏ်တော်မြတ်ကို မရရှိခင် စပ်ကြားကာလ တစ်ခုသောဘဝဝယ် ကဿပဘုရားရှင်ရဲ့ သာသနာတော်နှင့် ကြုံကြိုက်တဲ့အတွက် သာသနာတော်အတွင်းသို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုခဲ့ပါတယ်။ ရှင်ရဟန်းပြုတော်မူပြီးနောက် ကသိုဏ်းပရိကံတွေကို လေ့ကျင့် တော်မူခဲ့ပါတယ်။ ပထမစျာန်ကို ဦးစားပေးကာ ဝိပဿနာရဲ့ အခြေခံပါဒက စျာန်အဖြစ် ပွားများအားထုတ်ခဲ့ပါတယ်။ ယင်းစျာန်သမာဓိကို ဝိပဿနာရဲ့ အခြေခံသမာဓိအဖြစ် ထူထောင်ပြီးနောက် ရုပ်-နာမ်-ကြောင်း-ကျိုး (=သင်္ခါရ) တရားတွေကို သိမ်းဆည်းကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ အဆင့်ဆင့် သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်တော်မူခဲ့ ပါတယ်။ သို့သော် ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် ပါရမီတော်မြတ် အပေါင်းတို့က မရင့်ကျက်သေးတဲ့အတွက် အရိယမဂ်သို့ မဆိုက်ရောက်ဘဲ ဣဒ္ဓိပါဒ်လေးပါး ခြံရံကာ ပထမစျာန်ကို အမြတ်စား ပွားခဲ့တဲ့အတွက် ကွယ်လွန်တဲ့အခါ ပထမစျာန်ဘုံ ဗြဟ္မာ့ပြည်သို့ ရောက်ရှိခဲ့ပါတယ်။ ယင်း ဗြဟ္မာ့ပြည်မှ သက်တမ်းကုန်လို့ လူ့ပြည်ကို တစ်ဖန် ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာတဲ့အခါ ဗာရာဏသီဘုရင်ရဲ့ မိဖုရားခေါင်ကြီးဝမ်းကြာ တိုက်မှာ ပဋိသန္ဓေ တည်နေခဲ့ပါတယ်။ မွေးဖွားလာပြီးနောက် ယောက်ျားနှင့် မိန်းမကို ခွဲခြားပြီး သိနိုင်တဲ့အချိန်က စ၍ အမျိုးသမီးတို့ရဲ့လက်တွင်းမှာ မပျော်မွေ့တဲ့အတွက် အမျိုးသားတွေကပဲ အစစ အရာရာ ပြုစုလုပ်ကျွေး ခဲ့ရတယ်။ နို့ချိုတိုက်ကျွေးတဲ့ အမျိုးသမီးတွေကလည်း ယောက်ျားအသွင် ဝတ်ဆင်ကာ ရင်သားများကို ဖုံးအုပ်ကာ နို့ချိုတိုက်ကျွေးကြရပါတယ်။ဒီကလေးဟာ အမျိုးသမီးအနံ့ကို ရလျှင်လည်း ငိုတတ်တယ်၊ အမျိုးသမီး အသံကို ကြားလျှင်လည်း ငိုတတ်တယ်၊ သိကြားလိမ္မာတဲ့အရွယ်ကို ရောက်ရှိ လာတဲ့အခါမှာလည်း အမျိုးသမီးများကို မြင်လိုတဲ့စိတ်ထားမရှိ ဖြစ်နေတယ်။ ဒါကြောင့် သူ့ကို အနိတ္ထိဂန္ဓသူတို့သားလို့ အမည်ပေးထားကြပါတယ်။

ဒီအနိတ္ထိဂန္ဓသူတို့သားလေး (၁၆)နှစ်အရွယ်ကို ရောက်ရှိလာတဲ့အခါမှာ မိဘနှစ်ပါးတို့က .. မင်းမျိုးမင်းနွယ် အစဉ်အဆက်ကို တည်တံ့အောင် ပြုလုပ်မည်လို့ ဆုံးဖြတ်ချက်ချကာ အမျိုးသမီးအမျိုးမျိုးတွေဖြင့် နည်းမျိုးစုံ ပြုလုပ်ကာ ဖြားယောင်းသွေးဆောင်ခဲ့ပါတယ်။ သို့သော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။ တစ်နေ့မှာတော့ အလွန်အဆင်းလှပတဲ့ ရွှေစင်ရုပ်တစ်ခုကို ပြုလုပ် ကာ မင်းသားငယ်အား ပြလိုက်တဲ့အခါ မင်းသားငယ်က သဘောကျသွားတဲ့ အတွက် ဒီလို ရွှေစင်ရုပ်နှင့် တူညီတဲ့ အမျိုးသမီးငယ်ကို ရရှိမည်ဆိုလျှင် သူသဘောတူလက်ခံမည်ဖြစ်ကြောင်းကို မိဘတွေအား ပြောကြားလိုက်ပါ တယ်။ ဒီလို သဘောတူညီချက်ကို ရရှိတဲ့အခါ ဗာရာဏသီဘုရင်ကလည်း မှူးကြီးမတ်ရာတွေကို ဒီလို ရွှေစင်ရုပ်နှင့်တူညီတဲ့ အမျိုးသမီးငယ်ကို ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ လှည့်လည်ကာ ရှာဖွေရန် အမိန့်တော်မြတ် ချမှတ်ပေးလိုက် ပါတယ်။ မှူးကြီးမတ်ရာတို့ကလည်း ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ လှည့်လည်ပြီး ရှာဖွေလိုက်ကြတဲ့အခါ နောက်ဆုံးမှာတော့ မဒ္ဒရာဇ်တိုင်း သာဂလမြို့ မဒ္ဒရာဇ်ဘုရင်မင်းမြတ်ရဲ့ သမီးတော် မင်းသမီးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ မဒ္ဒရာဇ်ဘုရင်မင်းမြတ်ရဲ့ သဘောတူညီမှုနှင့် ဗာရာဏသီဘုရင်ရဲ့ ခွင့်ပြုချက်အရ ထိုမင်းသမီးငယ်ကို ဗာရာဏသီမြို့သို့ သယ်ဆောင်ခဲ့ကြပါတယ်။

ရွှေစင်ရုပ်ထက် ပိုမိုပြီး ချောမောလှပတဲ့ မင်းသမီးငယ်ကို ရရှိလာပြီဆိုတဲ့ သတင်းစကားကို ကြားလိုက်ရရုံမျှဖြင့် အနိတ္ထိဂန္ဓသူတို့သားဟာ မိမိရရှိထားတဲ့ ပထမစျာန်သမာဓိမှ ချက်ချင်းပဲ လျှောကျသွားခဲ့တယ်။ မိမိရဲ့ မိဖုရားလောင်း မင်းသမီးငယ်အပေါ်မှာ တွယ်တာမက်မောနေတဲ့ နှစ်သက်မြတ်နိုးမှု ရာဂမီး တွေဟာ အရှိန်ပြင်းစွာ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပါတယ်။

တစ်နေ့မှာ မှူးကြီးမတ်ရာတွေလည်း မင်းသမီးငယ်ကို သယ်ဆောင်ကာ ဗာရာဏသီမြို့သို့ ဆိုက်ရောက်ခဲ့ကြပါတယ်။ ကြီးကျယ်တဲ့ မင်းခမ်းမင်းနားဖြင့် မင်းသမီးငယ်ကို နန်းတွင်းသို့ သယ်ဆောင်ယူမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် မြို့ကို ပြင်ဆင်နေတာကို စောင့်ဆိုင်းရင်းနဲ့ပဲ မင်းဥယျာဉ်တော်မှာ တစ်ညတာ မျှ တည်းခိုကြပါတယ်။

သို့သော် ကံဆိုးမိုးမှောင်ကျရောက်ဖို့အတွက် အကြောင်းတစ်ခုက ပေါ်လာပြန်တယ်။ ထိုမင်းသမီးငယ်ကား နတ်အဆင်းတမျှ အလွန့်အလွန် ချောမောလှပတင့်တယ်ရုံသာမက အလွန့်အလွန် သိမ်မွေ့နူးညံ့တဲ့ ကိုယ်ခံ အားရှိနေတဲ့ အားနွဲ့သူ ဖြစ်နေသည်ကတစ်ကြောင်း, ကြမ်းတမ်းတဲ့ လမ်းခရီး ကို ရက်ပေါင်းများစွာ ဝေါယာဉ်စီးကာ ဖြတ်ကျော်လာခဲ့ရတာကလည်း တစ်ကြောင်း -- ဒီလိုအကြောင်းတွေကြောင့် အလွန့်အလွန် ပင်ပန်းနွမ်းနယ် ကာ အားကုန်ခန်းပြီးတော့ ထိုညမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ဗာရာဏသီမင်းမြတ်နှင့်တကွ တိုင်းသူပြည်သားအားလုံးတို့လည်း ယူကျုံးမရဖြစ်ကာ ကြေကွဲဝမ်းနည်းဖွယ်ရာဇာတ်လမ်းနဲ့ ကြုံတွေ့နေကြရပြန် တယ်။ အထူးသဖြင့် မင်းသားငယ်ရဲ့ သန္တာန်မှာ စိတ်ဆင်းရဲမှု ဒေါမနဿ တရားတွေက အလွန့်အလွန် ဖိစီးနှိပ်စက်နေခဲ့ပါတယ်။ သို့သော် ပစ္စေကဗောဓိဉာဏ်တော်မြတ်ကို ရရှိဖို့ရန် ပါရမီတော်မြတ်အပေါင်းတို့က ရင့်ညောင်း လာကြပြီ ဖြစ်တဲ့အတွက် .. ရှေးရှေးဘဝပေါင်းများစွာကရော အနီးကပ်ဆုံး ဖြစ်တဲ့ ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းကရော ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေနှင့်တကွ ရုပ်နာမ်ဓမ္မ (=သင်္ခါရ)တရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ် ထားခဲ့ဖူးတဲ့ ဝိပဿနာဉာဏ်တွေကလည်း အားပေးထောက်ပံ့နေကြတဲ့ အတွက် .. ပဋိသန္ဓေ တည်နေရမှု ဇာတိကို အကြောင်းခံကာ ဖြစ်ပေါ်လာ ခဲ့တဲ့ ယခုလို စိတ်ဆင်းရဲရခြင်း ဒုက္ခကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့အထိ ရှုပွားလို့ ရရှိခဲ့ပါတယ်။ အလားတူပဲ ဇာတိရဲ့ အကြောင်းရင်းခံဖြစ်တဲ့ ကမ္မဘဝ, ကမ္မဘဝရဲ့ အကြောင်းရင်းခံဖြစ်တဲ့ ဥပါဒါန်စတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားတွေကို အနုလုံ ပဋိလုံအားဖြင့် အပြန်ပြန် အလှန်လှန် ရှုပွားသုံးသပ်လို့ ရရှိခဲ့ပါတယ်။ ရှေ့သို့တစ်ဆင့်တက်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို အဆင့်ဆင့် စီးဖြန်းတော်မူလိုက်တဲ့အခါ ပစ္စေကဗောဓိဉာဏ်တော်မြတ်သို့ ဆိုက်ရောက်တော်မူကာ ပစ္စေကဗုဒ္ဓါဘုရားရှင်အဖြစ်သို့ ရောက်ရှိသွားတော်မူခဲ့ပါတယ်။

မင်းသမီးငယ်ရဲ့အကြောင်းကို ကြားရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ တွယ်တာ မက်မောမှု သာယာတပ်မက်မှုဆိုတဲ့ ရာဂတရားနှင့် ပေါင်းဖော်ကာ ရောရော နှောနှော နေထိုင်မိခြင်းဆိုတဲ့ သဝနသံသဂ္ဂဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။၁၃၃

၂။ ဒဿနသံသဂ္ဂ = မြင်ရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း ---- ဒီရဟန်းတော်ကတော့ အမျိုးသမီးအကြောင်းကို ကြားလိုက်မိတာတော့ မဟုတ်ဘူး၊ သူကိုယ်တိုင် မြင်တွေ့လိုက်မိတယ်။ ဒီ အမျိုးသမီးဟာ ရုပ်အဆင်းက သိပ်လှတယ်၊ ကြည့်လို့လည်း သိပ်ကောင်း တယ်၊ ရှုမြင်ရသူတို့ရဲ့စိတ်ဓာတ်ကို ကြည်လင်စေတတ်တယ်၊ အသားအရေ အရောင်အဆင်းကလည်း သိပ်လှတယ်၊ လုံးရပ်သဏ္ဌာန်နှင့်လည်း ပြည့်စုံ တယ်။ ဒီလိုအမျိုးသမီးကို မြင်တွေ့လိုက်ရတဲ့အခါ ဒီလိုမြင်လိုက်ရရုံနဲ့ပဲ သာသနာတော်မှာ ရဟန်းဘဝဖြင့် ရဟန်းတရားတွေကို ဆက်လက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့အတွက် စိတ်ဓာတ်တွေက ဆုတ်နစ် သွားတယ်၊ နစ်မြုပ်သွားတယ်၊ သာသနဗြဟ္မစရိယခေါ်တဲ့ မွန်မြတ်တဲ့ သီလ ကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို ဆက်လက်ကာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန် မစွမ်းနိုင် ဖြစ်သွားတယ်၊ နောက်ဆုံးတော့ သိက္ခာချပြီး လူဝတ်လဲသွားတယ်။ ဒီလို ဝိသဘာဂအာရုံကို မြင်လိုက်ရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတွေနှင့် ပေါင်းဖော်ယှဉ်တွဲကာ ရောနှောနေထိုင် ခြင်းကို ဒဿနသံသဂ္ဂလို့ ခေါ်ဆိုပါတယ်။၁၃၄

ဒီနေရာမှာ အထူးသဖြင့်တော့ အမျိုးသားနှင့် အမျိုးသမီးတို့ တစ်ဦးနှင့် တစ်ဦး မြင်တွေ့ကြရာဝယ် စက္ခုဝိညာဏဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြ ပါတယ်။ ဒီစက္ခုဝိညာဏဝီထိစိတ်အစဉ်တွေနောက်သို့ အစဉ်တစိုက် လိုက်ကာ ဖြစ်ပေါ်နေကြတဲ့ မနောဒွါရဝီထိစိတ်အစဉ်တွေလည်း ရှိကြ ပါတယ်။ ဒီမနောဒွါရဝီထိဇောစိတ်အစဉ်တွေနဲ့ ယှဉ်တွဲကာ ဖြစ်ပေါ်နေတဲ့ တစ်ဦးနှင့်တစ်ဦး သာယာနှစ်သက်နေတဲ့ တွယ်တာမက်မောနေတဲ့ ရာဂတွေ ကတော့ စက္ခုဝိညာဏဝီထိအတွင်းမှာ ဖြစ်ပေါ်ကြတဲ့ ရာဂတွေထက် ပိုမိုကာ အားကောင်းတဲ့သဘော ရှိပါတယ်။ ဒီလို ရူပါရုံကို တပ်မက်နေတဲ့ သာယာ နှစ်သက်နေတဲ့ စွမ်းအားကောင်းတဲ့ ရာဂတွေနှင့် ယှဉ်တွဲနေတဲ့ စိတ်အစဉ် တွေနှင့် ပေါင်းဖော်ကာ ရောနှောနေထိုင်ခြင်းကို ဒဿနသံသဂ္ဂလို့ ခေါ်ဆိုလို ရင်းဖြစ်ပါတယ်။၁၃၅

ဒီနေရာမှာ အဋ္ဌကထာများက ဝတ္ထုအကြောင်းတစ်ခုကို ဖော်ပြထားကြ ပါတယ် ..။

တစ်နေ့မှာ သီဟိုဠ်ကျွန်း ကလျာဏီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဒီဃနိကာယ် သုံးကျမ်းကို နှုတ်ငုံဆောင်ထားနိုင်တဲ့ ဒီဃဘာဏက ရဟန်းတော်ငယ်တစ်ပါးဟာ ပါဠိတော်များကို ဆက်လက်ကာ သင်ယူရန်အတွက် ကာလဒီဃဝါပိဒွါရကျောင်းတိုက်ကို ရောက်ရှိခဲ့ပါတယ်။ ပါဠိတော်များကို သင်ယူရန်အတွက် ဆရာသမားထံသို့ ချဉ်းကပ်ကာ လျှောက်ထားလိုက်တဲ့ အခါ သင်ကြားပေးမည့် ဆရာတော်ကြီးက ရဟန်းငယ်ရဲ့ အန္တရာယ်ကို ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တော်မြတ်ရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုလို့ရတဲ့ အနာဂတံသအဘိညာဏ်ဉာဏ်တော်မြတ်ဖြင့် မြင်တွေ့နေပြီးဖြစ်တဲ့အတွက် ပါဠိတော်ကို သင်ယူရန် ခွင့်မပြုခဲ့ပါ။ သို့သော် ရဟန်းတော်ငယ်က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လျှောက်ထားနေတဲ့ အတွက် ငါ့ရှင် ...ရွာထဲကို မသွားခဲ့ဘူးဆိုလျှင် သင်ပေးမည်လို့ ပြောဆို ကာ ဆရာတော်ကြီးက ခွင့်ပြုတော်မူလိုက်ပါတယ်။ ရဟန်းတော်ငယ်ကလည်း တပည့်တော် ရွာတွင်းကို မသွားပါဘူးလို့ ဝန်ခံစကား လျှောက်ကြားကာ ဆရာတော်ကြီးထံမှာ ပါဠိတော်များကို သင်ယူခဲ့ပါတယ်။ ပါဠိတော်ကို သင်ယူ ခြင်းကိစ္စ ပြီးဆုံးတဲ့အခါ ရဟန်းတော်ငယ်က မိမိရဲ့ မူလနေရင်း ကျောင်းတိုက် ဖြစ်တဲ့ ကလျာဏီကျောင်းတိုက်သို့ တစ်ဖန် ပြန်ကြွလာတော်မူခဲ့ပါတယ်။

ဒီကလျာဏီကျောင်းတိုက်ကတော့ ဘုန်းကြီးတို့ မြန်မာပြည် သာသနာ တော်ဝင်သမိုင်းနှင့် ဆက်စပ်လျက်ရှိနေတဲ့ ကျောင်းတိုက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပဲခူး (= ဟံသာဝတီ)နေပြည်တော် ဓမ္မစေတီမင်းလက်ထက်က မြန်မာရဟန်း တော်များကို သီဟိုဠ်ကျွန်း ယင်းကလျာဏီကျောင်းတိုက်သို့ စေလွှတ်တော်မူ ကာ ယင်းကလျာဏီကျောင်းတိုက်ရဲ့ အနီးအပါးမှာ တည်ရှိနေတဲ့ ကလျာဏီမြစ်ထဲမှာ ရေသိမ်ကို စီမံကာ ယင်းရေသိမ်၌ ရဟန်းအသစ်ထပ်မံပြုခြင်းဆိုတဲ့ ဥပသမ္ပဒကံကို ဆောင်စေတော်မူခဲ့ပါတယ်။ ဒါကြောင့် ဒီကျောင်းတိုက်ဟာ မြန်မာ့သာသနာတော်ဝင်သမိုင်းနှင့် ဆက်စပ်နေတဲ့ ကျောင်းတိုက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ထိုရဟန်းတော်ငယ်ဟာ မိမိရဲ့ မူလနေရင်းကျောင်းတိုက်ဖြစ်တဲ့ ကလျာဏီကျောင်းတိုက်ကို ပြန်လည်ကြွလာတဲ့အခါ လမ်းခုလတ် တစ်နေရာ မှာ ဘယ်လိုအကြောင်းကြောင့် ဆရာတော်ကြီးက ရွာတွင်းကို သွားဖို့ရန် ခွင့်မပြုခဲ့ပါသလဲလို့ သူက စဉ်းစားခဲ့တယ်၊ ခွင့်မပြုရခြင်းရဲ့ အကြောင်းရင်း ကိုလည်း သူက သိချင်နေတယ်။ ဒီလို သိချင်တဲ့အတွက် ရွာထဲကို ဆွမ်းခံဝင် လိုက်တယ်။ ထိုနေ့မှာ အဝါရောင်ဝတ်စုံတွေကို ဆင်မြန်းထားတဲ့ အမျိုးသမီး ငယ်တစ်ဦးက ထိုရဟန်းတော်ငယ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ရဟန်းတော်ငယ်အပေါ်၌ အလွန်တွယ်တာမက်မောနေတဲ့ ထိန်းချုပ်လို့မရ နိုင်တဲ့ ရာဂမီးတွေဟာ အရှိန်ပြင်းထန်စွာဖြင့် တောက်လောင်လာခဲ့ပါတယ်။ ထိုအမျိုးသမီးငယ်က တစ်ယောက်ချိုမျှလောက်သော ယာဂုဆွမ်းတွေကို ခပ်မြန်မြန်ယူကာ ထိုရဟန်းငယ်အား လောင်းလှူလိုက်ပြီးနောက် မိမိအိပ်ရာ ထက်သို့ ခပ်မြန်မြန်သွားကာ လျောင်းစက်ပြီး နေလိုက်ပါတယ်။ ဒီလို ဗုန်းဗုန်းလဲနေတဲ့ အခြင်းအရာကို မိဘတွေက မြင်တွေ့လိုက်တဲ့အခါ သမီး ဖြစ်သူအား ကရုဏာသက်ကာ မေးမြန်းကြည့်ကြပါတယ်။ သမီးဖြစ်သူက လည်း အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် ပြောပြလိုက်ပါ တယ်။ ဒီရဟန်းတော်ငယ်ကို မရရှိခဲ့လျှင် သေကျေပျက်စီးရမှာ အမှန်ဖြစ် ကြောင်းကို ထပ်လောင်းကာ ပြောဆိုလိုက်ပါတယ်။ မိဘတွေကလည်း တစ်ဦးတည်းသော သမီးရဲ့ သေကျေပျက်စီးသွားမှုကို မကြည့်ရှုနိုင်ကြတဲ့ အတွက် ရဟန်းတော်ငယ်နောက်ကို ခပ်မြန်မြန်လိုက်ကာ လူဝတ်လဲပြီးတော့ သမီးနှင့် လက်ဆက်ပါရန် အကြိမ်ကြိမ် တောင်းပန်ကြပါတယ်။ သို့သော် လည်း ရဟန်းငယ်က အကြိမ်ကြိမ် ငြင်းဆိုကာ ကလျာဏီကျောင်းတိုက်သို့ပင် ပြန်ကြွခဲ့ပါတယ်။

ထိုအမျိုးသမီးငယ်ဟာလည်း ဒီလို ရာဂမီးရဲ့ လောင်မြိုက်မှု ဒဏ်ချက် ကြောင့် ခုနစ်ရက်တိုင်တိုင် မစားနိုင် မသောက်နိုင်ဖြစ်ကာ ကွယ်လွန်သွားခဲ့ ပါတယ်။ စျာပနအခမ်းအနား၌ ထိုအမျိုးသမီးငယ် ဝတ်ရုံသွားခဲ့တဲ့ အဝါရောင် ဝတ်စုံတွေကို မိဘတို့က ရဟန်းတော်တို့အား လှူဒါန်းပူဇော်ခဲ့ပါတယ်။ သံဃာ တော်များကလည်း ဝိနည်းတော်နှင့် အညီ ခွဲတမ်းချကာ ဝေဖန်တော်မူခဲ့ကြ ပါတယ်။ ထိုအဝါရောင်ပိတ်စဝေစုတစ်ခုကို အလှူခံရရှိခဲ့တဲ့ ရဟန်းတော်ကြီး တစ်ပါးဟာ ထိုဝေစုရတဲ့ပိတ်စကို ယူဆောင်ကာ ကလျာဏီကျောင်းတိုက်သို့ ပင် ကြွရောက်တော်မူခဲ့ပါတယ်။ ထိုရဟန်းငယ်ဟာလည်း ကလျာဏီစေတီတော်ကို ဖူးမြော်ကန်တော့မည်ဆိုတဲ့ ဦးတည်ချက်ဖြင့် ကလျာဏီကျောင်းတိုက်သို့ပင် ရောက်ရှိခဲ့ပါတယ်။

တစ်နေ့မှာ ထိုရဟန်းငယ်ဟာ နေ့သန့်စင်ကာ သီတင်းသုံးနေတဲ့အချိန်မှာ ပိတ်စကို ဝေစုရလာတဲ့ ရဟန်းတော်ကြီးက ထိုရဟန်းငယ်ထံသို့ ချဉ်းကပ်ကာ ထိုပိတ်စဖြင့် ရေစစ်ချုပ်ပေးပါရန် အကူအညီကို တောင်းခံခဲ့တယ်။ ထိုရဟန်း ငယ်ကလည်း ထိုပိတ်စရဲ့ ရာဇဝင်အကြောင်းကို သိလိုတဲ့စိတ်ထားဖြင့် မေးမြန်းကြည့်လိုက်တဲ့အခါ .. ထိုရဟန်းတော်ကြီးကလည်း ပိတ်စရဲ့ ရာဇဝင်အကြောင်းကို ကုန်စင်အောင် လွမ်းဖွယ်ဆွေးဖွယ်ကောင်းလှတဲ့ အဖွဲ့အနွဲ့တွေ ခပ်ကောင်းကောင်းဖြင့် ပြောပြလိုက်ပုံတော့ ရပါတယ်။

ထိုသတင်းကို ကြားလိုက်ရတဲ့အခါ ထိုရဟန်းငယ်က ဒီပိတ်စရှင် အမျိုးသမီးငယ်ဟာ မိမိအပေါ်မှာ စွဲလမ်းခဲ့တဲ့ အမျိုးသမီးငယ်ပဲ ဖြစ်တယ်လို့ သိရှိတဲ့အတွက် စိတ်မကောင်းလည်း ဖြစ်မိတယ်၊ အမျိုးသမီးအပေါ်မှာ တွယ် တာမက်မောတဲ့ ရာဂမီးတွေလည်း တောက်လောင်လာပြန်တယ်။ ဒီရာဂမီးရဲ့ အပူအရှိန်အဝါက အလွန်ပြင်းထန်စွာ တောက်လောင်နေတဲ့အတွက်ကြောင့် ဒီရဟန်းတော်ငယ်လည်း ကွယ်လွန်သွားခဲ့ပါတယ်။၁၃၆

ဒီလိုအကြောင်းအရာမျိုးကို ရည်ညွှန်းတော်မူပြီးတော့ ဘုရားရှင်က အင်္ဂုတ္တိုရ် ဧကကနိပါတ်မှာ၁၃၇ ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။

ချစ်သားရဟန်းတို့ ... အမျိုးသမီးရဲ့ ရုပ်အဆင်းဟာ အမျိုးသားရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအားရှိပါတယ်။ အမျိုးသားတစ်ဦးရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထား နိုင်တဲ့ စွမ်းအားရှိတဲ့ အမျိုးသမီးရဲ့ ရုပ်အဆင်းမှတစ်ပါး အခြားတစ်ပါးသော ဒီလို နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအား ရှိတဲ့ ရုပ်အဆင်းမျိုးကို ငါဘုရား မြင်တော်မမူပါဘူး။

ချစ်သားရဟန်းတို့ ... အမျိုးသားရဲ့ ရုပ်အဆင်းဟာလည်း အမျိုးသမီး ရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအားရှိပါတယ်။ အမျိုးသမီး တစ်ဦးရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထား နိုင်တဲ့ စွမ်းအားရှိတဲ့ အမျိုးသားရဲ့ ရုပ်အဆင်းမှ တစ်ပါး အခြားတစ်ပါးသော ဒီလို နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအား ရှိတဲ့ ရုပ်အဆင်းမျိုးကို ငါဘုရား မြင်တော်မမူပါဘူး။၁၃၇

၃။ သမုလ္လပနသံသဂ္ဂ = စကားပြောဆိုနေရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း ---- ဒီလို အမျိုးသမီးနဲ့ တွေ့မြင်ပြီးတဲ့ အခါ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အလ္လာပသလ္လာပစကားတွေ ပြောကြ တယ်။ ဒီလိုစကားပြောရင်းဖြင့် ရင်းနှီးကာ ဖြစ်ပေါ်လာတဲ့ တွယ်တာ မက်မော မှု ကိလေသာထုအစိုင်အခဲတွေနဲ့ ပေါင်းဖော်ယှဉ်တွဲကာ ရောနှော နေထိုင်ခြင်း ကို သမုလ္လပနသံသဂ္ဂလို့ ခေါ်ဆိုပါတယ်။

ဒါတွင်ပဲလားဆိုတော့ မကသေးဘူး၊ ဒကာ ဒကာမတွေနှင့် ရောရော နှောနှော နေထိုင်ကာ ရယ်စရာမောစရာ ရယ်ရွှမ်းဖတ်ရွှမ်း အမျိုးမျိုးတွေကို ပုံကြီးချဲ့ကာ ပြောဆိုပြီးတော့ တဟားဟား ရယ်မောခြင်း စသည်တို့ကို ပြုကျင့်ကာ ဒီလို စကားပြောဆိုမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ရာဂနှင့် ပေါင်းဖော်နေခြင်းကိုလည်း သမုလ္လပနသံသဂ္ဂလို့ပဲ ခေါ်ဆိုပါတယ်။၁၃၈

၄။ သမ္ဘောဂသံသဂ္ဂ = ပစ္စည်းကို သုံးဆောင်ရရုံမျှဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း ---- မိမိရဲ့ပစ္စည်းတစ်ခုခုကို အမျိုးသမီး တစ်ဦးဦးအား ပေးလို့ပဲဖြစ်ဖြစ် မပေးဘဲပဲဖြစ်ဖြစ် ထိုအမျိုးသမီးက မိမိအား ပေးလှူလိုက်တဲ့ တောထဲက ရှာဖွေစုဆောင်းလာခဲ့တဲ့ သစ်သီးဝလံ ဟင်းသီး ဟင်းရွက် ပန်းစတဲ့ လှူဖွယ်ဝတ္ထုအစုစုတွေကို မိမိက သုံးဆောင်လိုက်တယ်။ ဒီလို သုံးစွဲတဲ့အချိန်အခါမှာ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်မှုမရှိဘဲ သူလှူ လိုက်တဲ့ ပစ္စည်းပဲလို့ စိတ်ထဲမှာ စွဲလမ်းပြီးတော့ သုံးစွဲပြန်တယ်။ ဒီလို ကိလေသာနှင့် ပေါင်းဖော်ယှဉ်တွဲပြီး လှူဒါန်းတဲ့ ပစ္စည်းကို သုံးစွဲခြင်းမျိုးကို တော့ သမ္ဘောဂသံသဂ္ဂလို့ ခေါ်ဆိုပါတယ်။ တစ်ဦးနှင့်တစ်ဦး ပစ္စည်းချင်း အပေးအယူလုပ်ကာ တစ်ဦးအပေါ်တစ်ဦး သာယာတပ်မက်မှု ရာဂတရားတွေ တိုးပွားလာအောင် ပြုကျင့်နေတဲ့ ရောနှောမှု သံသဂ္ဂတစ်မျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ အဋ္ဌကထာများက၁၃၉ ဝတ္ထုဇာတ်လမ်းတစ်ခုကို ဖော်ပြထား ပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ သီဟိုဠ်ကျွန်းမှာ သာသနာတော်ခေတ်ဦးပိုင်းက အလွန်ထင်ရှားကျော်ကြားခဲ့ဖူးတဲ့ ဒုဋ္ဌဂါမဏိဘုရင်ရဲ့လက်ထက်တော်အခါက စတင်ခဲ့တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒုဋ္ဌဂါမဏိမင်းဟာ သာသနာတော်ကို အလွန်ကြည်ညိုလေးစားခဲ့တဲ့ မင်းတစ်ဦးလည်း ဖြစ်ပါတယ်။ မရိစဝဋ္ဋိ အမည် ရတဲ့ ကျောင်းတိုက်ကြီးတစ်ခုကို တည်ဆောက်ကာ ဘိက္ခုသံဃာ ဘိက္ခုနီ သံဃာလို့ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော သံဃာတို့ကို ပင့်ဖိတ်ကာ ကျောင်းရေ စက်ချပူဇော်ပွဲကြီး တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုရေစက်ချပွဲမှာ ဘိက္ခုသံဃာတော်ဘက်က သံဃာတစ်သိန်း, ဘိက္ခုနီသံဃာဘက်က သံဃာ ကိုးသောင်း -- နှစ်ရပ်ပေါင်းက နှစ်ဘက်သော သံဃာတော် တစ်သိန်းကိုးသောင်း ရှိခဲ့ပါတယ်။ ဒီအလှူခံသံဃာတော်တို့ရဲ့ အရေအတွက်ကို ကြည့်ခြင်း အားဖြင့် မရိစဝဋ္ဋိအမည်ရတဲ့ ဒီကျောင်းတိုက်ကြီးဟာလည်း အလွန်ကြီးကျယ် ခမ်းနားတဲ့ ကျောင်းတိုက်ကြီး တစ်ခု ဖြစ်ခဲ့တယ်လို့တော့ ခန့်မှန်းရပါတယ်။ ထိုအလှူခံသံဃာတော်တွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ အလှူခံပုဂ္ဂိုလ် နှစ်ဦးက တော့ ဘိက္ခုသံဃာဘက်မှာ ခုနစ်နှစ်သားအရွယ်သာ ရှိသေးတဲ့ ရှင်သာမဏေ ငယ်ကလေးတစ်ပါးနဲ့ ဘိက္ခုနီသံဃာဘက်မှာ ခုနစ်နှစ်သမီးအရွယ်သာ ရှိနေ သေးတဲ့ သာမဏေရီမငယ်ကလေး တစ်ပါးတို့ ဖြစ်ကြပါတယ်။ ထိုကိုရင်ငယ် ကလေးဟာ လောလောပူနေတဲ့ ယာဂုဆွမ်းကို အလှူခံယူပြီးတဲ့အခါ သပိတ် က ပူလွန်းတဲ့အတွက် မိမိရဲ့ သင်္ကန်းစွန်းဖြင့် သပိတ်ကို ပွေ့ချီကာ မိမိ ထိုင်ရမည့်နေရာကို ရောက်ရှိတဲ့အခါ ကြမ်းပြင်ပေါ်မှာ သပိတ်အောက်က သင်္ကန်းကို ခံကာ ချထားလိုက်ပါတယ်။ ဒီလို အခြင်းအရာကို တွေ့မြင်နေတဲ့ မျက်နှာချင်းဆိုင် ဝါအငယ်ဆုံးနေရာမှာ ထိုင်နေတဲ့ ခုနစ်နှစ်သမီးအရွယ် သာမဏေရီမလေးက ကရုဏာသက်ကာ သူ့မှာပါရှိလာတဲ့ ဆင်စွယ်သပိတ် ခြေကလေးကို ကိုရင်ကလေးအား လှူဒါန်းပေးလိုက်ပါတယ်။ ဒီသပိတ်ခြေက အောင်သွယ်လုပ်ပေးမည့် သပိတ်ခြေပဲ ဖြစ်ပါတယ်။

သို့သော် သူတို့နှစ်ဦးတို့ဟာ တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ ထပ်မံ တွေ့ဆုံမှု မရှိကြတော့ဘဲ အသက် (၂၀)အရွယ်သို့ ရောက်ရှိတဲ့အခါ အသီး အသီး ရဟန်းပြုကြပါတယ်။ ရဟန်းပြုကြပြီးနောက် သက်တော် (၈၀) ဝါတော် (၆၀)အရွယ်သို့ ရောက်ရှိလာကြတဲ့အခါ ဗြာဟ္မဏတိဿ သူပုန်ဘေးကြောင့် သီဟိုဠ်ကျွန်းမှာ ဆက်လက်နေထိုင်သီတင်းသုံးဖို့ရန် အခက်အခဲ ရှိလာကြတဲ့ အတွက် အိန္ဒိယသို့ ပြောင်းရွှေ့ကာ သီတင်းသုံးတော်မူကြပါတယ်။ ဘိက္ခုနီမ ကြီးက အိန္ဒိယဘက်ကို အရင်ရောက်ရှိသွားခဲ့တယ်။ ဆရာတော်ကြီးကတော့ နောက်မှ ရောက်ရှိသွားခဲ့ပါတယ်။ ဘိက္ခုနီမကြီးကလည်း သီဟိုဠ်ကျွန်းမှ ဆရာတော်ကြီးတစ်ပါး ကြွရောက်တော်မူလာတယ်ဆိုတဲ့ သတင်းစကားကို ကြားသိရတဲ့အခါ ဆရာတော်ကြီးအား သွားရောက် ဖူးမြော်ကန်တော့ပါ တယ်။ အဲဒီအခါမှာ သီဟိုဠ်ကျွန်းအကြောင်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းတွေကို ပြောကြရင်းဖြင့် မရိစဝဋ္ဋိ အမည်ရတဲ့ ကျောင်းရေစက်ချပွဲ အခမ်းအနားအကြောင်းအရာသို့ ရောက်ရှိသွားကြတယ်။ ထိုကျောင်းရေစက် ချပွဲမှာ အရှင်ဘုရားက ဘယ်အရွယ်ရှိနေပြီလဲ စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး မေးမြန်းကြရာ ခုနစ်နှစ်သားအရွယ်သာ ရှိနေသေးတဲ့ အငယ်ဆုံး သာမဏေ ကလေးနှင့် ခုနစ်နှစ်သမီးအရွယ်သာ ရှိနေသေးတဲ့ အငယ်ဆုံး သာမဏေရီမ ကလေးတို့ ဖြစ်ခဲ့ကြတာကို သိရှိသွားကြတယ်။ အဲဒီအခါမှာ ဘိက္ခုနီမကြီးက ထိုအချိန်က ကိုရင်လေးတစ်ပါးအား ဆင်စွယ်သပိတ်ခြေတစ်ခု လှူခဲ့ဖူး ကြောင်းကို ပြောပြလိုက်တဲ့အခါ ဆရာတော်ကြီးက ထိုင်ရာနေရာမှ ထကာ တစ်သက်လုံး တရိုတသေ သိမ်းဆည်းထားခဲ့တဲ့ ဆင်စွယ်သပိတ်ခြေကလေး ကို သွားရောက်ယူငင်ကာ ဘိက္ခုနီမကြီးအား ပြသလိုက်ပါတယ်။

အဲဒီအချိန်အခါမှာ .. ဘိက္ခုနီမကြီးကလည်း ဒီသပိတ်ခြေဟာ သူလှူဒါန်းခဲ့တဲ့ သပိတ်ခြေဖြစ်ကြောင်းကို ကောင်းကောင်းကြီး မှတ်မိတဲ့ အတွက် အလှူရှင်သာမဏေရီမလေးဟာ သူပင်ဖြစ်ကြောင်းကို ဆရာတော် ကြီးအား တင်ပြ လျှောက်ထားလိုက်ပါတယ်။ ဒီသပိတ်ခြေကလေးကပဲ အောင်သွယ်လုပ်ပေးလိုက်တဲ့အတွက် တစ်နေ့မှာ .. ဒီဘိက္ခုနီမကြီးနှင့် ဒီဆရာတော်ကြီးတို့ဟာ ရင်းနှီးမှုတွေ အလွန်အကျွံ ဖြစ်လာကြတဲ့အတွက် နှစ်ဦးစလုံးဟာ သက်တော် (၈၀)အရွယ်မှာပင် လူဝတ်လဲခဲ့ကြရပါတယ်။၁၃၉ ပစ္စည်းချင်း ပေါင်းဖော်မိရာက လူအချင်းချင်း ပေါင်းဖော်ကြတဲ့ အဆင့်သို့ ရောက်ရှိသွားခဲ့တဲ့ သမ္ဘောဂသံသဂ္ဂ ဇာတ်လမ်းဟောင်း တစ်ခုပဲ ဖြစ်ပါတယ်။

လူပင် အိုသော်လည်း ရာဂကတော့ မအိုပါ

ဒီလို ဇာတ်လမ်းမျိုးကိုပင် ရည်ညွှန်းကာ ကုသဇာတ်အဋ္ဌကထာမှာ လာရှိတဲ့သိကြားမင်းကြီး ပြောကြားခဲ့တဲ့စကားကို မိတ်ဆက်ပေးရဦးမည်။ နန်းမွေကို ဆက်ခံရန် သားရတနာ သမီးရတနာ မရှိတဲ့အတွက် သီလဝတီ မိဖုရားကြီးကို သားဆုပန်ရန်အတွက် ရှင်ဘုရင်ကြီးက ခွင့်ပြုလိုက်ပါတယ်။ သို့သော် သီလဝတီမိဖုရားကြီးကား အလွန်သီလဖြူစင်တဲ့ အမျိုးကောင်းသမီး တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ သီလတန်ခိုးအာနုဘော်ကြောင့် သိကြားမင်းကြီးရဲ့ ပဏ္ဍုကမ္ဗလာမြကျောက်ဖြာဟာ ပူလောင်တင်းမာတဲ့ အခြင်းအရာကို ထင်ရှား ပြခဲ့ပါတယ်။ သိကြားမင်းကြီးလည်း ဆင်ခြင်ကြည့်လိုက်တဲ့အခါ အကြောင်း အခြင်းအရာ အစုံအလင်ကို ကုန်စင်အောင် သိရှိတဲ့အတွက် ဘုရားအလောင်း အလျာဖြစ်တော်မူတဲ့ မင်းကုသအလောင်းအလျာ နတ်သားရဲ့ သဘောတူညီ ချက်ကို ရယူကာ ပုဏ္ဏားအိုအသွင်ကို ဖန်ဆင်းပြီးတော့ သီလဝတီမိဖုရားကြီး တို့ရဲ့ နန်းရင်ပြင်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။

ထိုအချိန်အခါမှာ .. သီလဝတီမိဖုရားကြီး သားဆုပန်ရန်အတွက် အလိုရှိသူများ နန်းရင်ပြင်သို့ လာရောက်ကာ သီလဝတီမိဖုရားကြီးကို အလှူခံယူနိုင်ပါကြောင်းကို ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်တဲ့အတွက် အလှူခံယူမည့်ပုဂ္ဂိုလ်တွေလည်း နန်းရင်ပြင်သို့ အသင့်ရောက်ရှိနေကြပြီး ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ ပုဏ္ဏားအိုအသွင်ကို ဆောင်ယူထားတဲ့ သိကြား မင်းကြီးက ရှေ့တန်းမှာ မတ်တပ်ရပ်လျက် ရှိနေပါတယ်။ သူ့ရဲ့ ဘုန်းတန်ခိုး ကြောင့် ဘယ်သူမှ သူ့ရှေ့ကို ကျော်တက်လို့မရ ဖြစ်နေကြပါတယ်။ နောက်မှာ တည်ရှိနေကြတဲ့ လူအများကလည်း ဒီသက်ကျားအိုကြီး တစ်ဦးရဲ့ မိဖုရားကြီး အပေါ်မှာ တွယ်တာမက်မောမှုကို ကြည့်ပြီးတော့ ပြက်ရယ်ပြုနေကြပါတယ်။ အဲဒီအခါမှာ ပုဏ္ဏားအိုအသွင်ဆောင်ထားတဲ့ သိကြားမင်းကြီးက သစေပိ မေ သရီရံ ဇိဏ္ဏံ၊ ရာဂေါ ပန န ဇီရတိ = ငါ့ရဲ့ ခန္ဓာကိုယ်ဟာ အိုနေသော်လည်း ငါ့ရဲ့ ရာဂကတော့ မအိုသေးပါလို့ မိမိကို ပြက်ရယ်ပြုနေတဲ့ လူအများကို ပြောပြလိုက်ပါတယ်။၁၄၀ အလားတူပဲ .. အထက်ပါ သပိတ်ခြေဇာတ်လမ်း ဟာလည်း လူပင်အိုသော်လည်း ရာဂမအိုသေးတဲ့ သတိပြုသင့်တဲ့ ဇာတ်လမ်း တစ်ခုပဲ ဖြစ်ပါတယ်။

၅။ ကာယသံသဂ္ဂ = ကိုယ်လက်နှီးနှောမိခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့နှင့် ရောနှောနေထိုင်ခြင်း

အမျိုးသားနှင့် အမျိုးသမီးတို့ တစ်ဦးနှင့်တစ်ဦး ကိုယ်လက်နှီးနှောမိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက် သာယာမှု တွယ်တာမက်မောမှု ရာဂနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲနေထိုင်ခြင်းကို ကာယသံသဂ္ဂလို့ ခေါ်ဆိုပါတယ်။

ဒီနေရာမှာ အပဒါနအဋ္ဌကထာက၁၄၁ ဝမ်းနည်းကြေကွဲဖွယ်ရာ မြင်ကွင်း တစ်ခုကို ဖော်ပြထားပါတယ်။ တစ်ချိန်က သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ အလွန် ထင်ရှားကျော်ကြားတော်မူခဲ့တဲ့ မဟာဝိဟာရအမည်ရတဲ့ ကျောင်း တိုက်ကြီးတစ်ခု တည်ရှိခဲ့ဖူးပါတယ်။ ထိုကျောင်းတိုက်ကြီးအတွင်းမှာ တည်ရှိ ခဲ့တဲ့ ဓမ္မာရုံကြီးတစ်ခုရဲ့အတွင်းဝယ် ဓမ္မာသနပလ္လင်ထက်မှာ ရဟန်းတော်ငယ် တစ်ပါးက တရားတော်များကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီဓမ္မကထိက ရဟန်းတော်ဟာ တင့်တယ်တဲ့ ဥပဓိသမ္ပတ္တိနှင့် အလွန်ပြည့်စုံရုံတွင်မက အသံ ဩဇာကောင်းမွန်စွာဖြင့် အနှစ်သာရရှိတဲ့ တရားတော်များကို တရားနာ ပရိသတ်တို့ နှစ်ခြိုက်ကျေနပ်လောက်အောင် ဟောကြားတော်မူနိုင်တဲ့ အကျော်အမော် ဓမ္မကထိကတစ်ဦးပင် ဖြစ်ခဲ့ပါတယ်။ အဲဒီတရားပွဲကို အရပ် လေးမျက်နှာမှ အလွန်များပြားလှတဲ့ တရားနာပရိသတ်တွေက လာရောက် ကာ နာယူခဲ့ကြပါတယ်၊ ရှင်ဘုရင်ကြီးနှင့်တကွ မိဖုရားကြီးတို့ဟာလည်း သမီးဖြစ်သူ မင်းသမီးတစ်ဦးကိုပါ ခေါ်ဆောင်ပြီးတော့ လာရောက်ကာ တရားတော်ကို နာယူခဲ့ကြပါတယ်။

ထိုအခါ မင်းသမီးငယ်ရဲ့ သန္တာန်မှာ .. အလွန်တင့်တယ်တဲ့ ဥပဓိ သမ္ပတ္တိနှင့် ပြည့်စုံနေတဲ့ ဓမ္မကထိကရဟန်းတော်ရဲ့ ရုပ်အဆင်းနဲ့ အဆီဩဇာ ပြည့်ဝနေတဲ့ အလွန်ကောင်းမွန်တဲ့ အသံတို့အပေါ်မှာ တွယ်တာမက်မောမှု နှစ်သက်မြတ်နိုးမှု ရာဂတရားတွေက အရှိန်အဟုန် ပြင်းထန်စွာဖြင့် တဖွားဖွား ဖြစ်ပေါ်နေခဲ့ပါတယ်။ အလားတူပဲ ဓမ္မကထိကရဟန်းတော်ရဲ့ သန္တာန်မှာ လည်း မင်းသမီးအပေါ်မှာ တွယ်တာမက်မောနေတဲ့ နှစ်သက်မြတ်နိုးနေတဲ့ ရာဂတရားတွေဟာ အရှိန်အဟုန် ပြင်းထန်စွာဖြင့် တဖွားဖွား ဖြစ်ပေါ်နေခဲ့ ပါတယ်။

ဒီလို ဓမ္မကထိကရဟန်းတော်နှင့် မင်းသမီးတို့ရဲ့ တစ်ဦးအပေါ်မှာ တစ်ဦးက တွယ်တာမက်မောမှု နှစ်သက်မြတ်နိုးမှု ရာဂတရားတွေ ထင်ရှား ဖြစ်ပွားနေတဲ့အခြင်းအရာကို ရှင်ဘုရင်ကြီးကလည်း တရားနာယူရင်းဖြင့် သတိပြုမိလျက် ရှိနေပါတယ်။ လူတွေရဲ့ အတွင်းသဘော စိတ်နေစိတ်ထားကို ကိုယ်အမူအရာ နှုတ်အမူအရာတွေကို ကြည့်ပြီးတော့ အကဲခတ်ကောင်းတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီရှင်ဘုရင်ကြီးဟာလည်း လိမ္မာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒီလို အကဲခတ်မိတဲ့အတွက် တရားပွဲအပြီးမှာ ရှင်ဘုရင်ကြီးကလည်း ဓမ္မကထိကရဟန်းတော်ငယ်နှင့် မင်းသမီးတို့ နှစ်ဦးကို နှစ်ဦးချင်း အေးအေးဆေးဆေး တွေ့ဆုံခွင့်ရရှိရန် သင့်တော်တဲ့တစ်နေရာမှာ အစီအစဉ်တစ်ခုကို ပြုလုပ်ပေးလိုက်ပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံတဲ့နေရာ ကိုလည်း အခြားသူများ မတွေ့ရအောင် တင်းတိမ်ကန့်လန့်ကာတွေနဲ့ ကာရံ ပေးထားလိုက်ပါတယ်။ အချိန် အတန်ငယ်ကြာညောင်းလို့ တင်းတိမ်ကန့်လန့် ကာများကို ဖယ်ရှားကာ ကြည့်လိုက်တဲ့အခါ နှစ်ဦးသားတို့ဟာ တစ်ဦးရဲ့ လည်ပင်းကို တစ်ဦးက ပွေ့ဖက်ကာ သေပွဲဝင်နေကြတာကိုပဲ မြင်တွေ့ကြရ တော့တယ်။၁၄၁

ဒီလို အကြောင်းအရာမျိုးတွေကို ရည်ညွှန်းတော်မူကာ ဘုရားရှင် ကလည်း အင်္ဂုတ္တိုရ်ပါဠိတော်မှာ၁၄၂ ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။

ချစ်သားရဟန်းတို့ ...အမျိုးသမီးရဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံဟာ အမျိုးသား ရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအားရှိပါတယ်။ အမျိုးသားတစ်ဦးရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင် တဲ့ စွမ်းအားရှိတဲ့ အမျိုးသမီးရဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အခြားတစ်ပါး သော ဒီလို နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအားရှိတဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံမျိုးကို ငါဘုရား မြင်တော်မမူပါဘူး။

ချစ်သားရဟန်းတို့ ... အမျိုးသားရဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံဟာလည်း အမျိုးသမီးရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့ နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအားရှိပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ကာ နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင်ထားနိုင်တဲ့ စွမ်းအားရှိတဲ့ အမျိုးသားရဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အခြားတစ်ပါးသော ဒီလို နှစ်သက်တပ်မက်မှု တည်တံ့နေအောင် ဆွဲဆောင် ထားနိုင်တဲ့ စွမ်းအားရှိတဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံမျိုးကို ငါဘုရား မြင်တော်မမူ ပါဘူး။၁၄၂

ခုပြောခဲ့တာတွေကတော့ သံသဂ္ဂ (၅)မျိုးနှင့် ဆက်စပ်နေတဲ့ အကြောင်း အရာတွေပဲ ဖြစ်ပါတယ်။ ဒါတွင်မကသေးဘူး၊ ဥဒါနအဋ္ဌကထာက၁၄၃ ဘုရားရှင် နှစ်ခြိုက်တော်မမူတဲ့ သံသဂ္ဂအချို့ကိုလည်း ဆက်လက်ကာ ရှင်းပြ ထားပါတယ်။

ရဟန်းတော်တစ်ပါးဟာ .. ဒကာ ဒကာမတွေနှင့် ရောရောနှောနှော နေထိုင်လေ့ရှိတယ်၊ ဒကာ ဒကာမတွေ ချမ်းသာသုခအမျိုးမျိုးတွေနဲ့ ဆုံဆည်း နေရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာမှုတွေ ဖြစ်ပေါ်နေကြတဲ့အခါ မိမိက လည်း အတူရောကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။ ဒကာ ဒကာမတွေ ဆင်းရဲဒုက္ခအမျိုးမျိုးတွေနဲ့ ရင်ဆိုင်ကြရလို့ ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ပေါ် နေကြတဲ့အခါ မိမိကလည်း အတူရောကာ ဝမ်းနည်းပြလိုက်တယ်။ ဒကာ ဒကာမတွေရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကာ အကျိုးတော်ဆောင်လုပ်ငန်းရပ်အမျိုးမျိုးတွေကို ပြုလုပ်ပေးတတ် ပြန်တယ်။၁၄၄

ဒီလို ဘုရားရှင် ဟောကြားထားတော်မူခဲ့တဲ့အတိုင်း ရဟန်းတော်တို့နှင့် မလျော်မလျောက်ပတ်တဲ့, ဝိနည်းတော်နှင့် မလျော်မလျောက်ပတ်တဲ့ နေထိုင် ခြင်းဖြင့် ရောရောနှောနှော နေထိုင်ခြင်း = သံသဂ္ဂ

အလားတူပဲ ရဟန်းတော်တစ်ပါးဟာလည်း ရဟန်းတော်တို့နှင့် မလျော် မလျောက်ပတ်တဲ့, ဝိနည်းတော်နှင့် မလျော်မလျောက်ပတ်တဲ့ နေထိုင်ခြင်းဖြင့် ဒကာ ဒကာမတွေနှင့် ရောရောနှောနှော နေထိုင်ပြန်တယ်၊ ဒီလို ရဟန်းတော် ရဲ့ ရောရောနှောနှော နေထိုင်မှု, ဝိနည်းတော်ကို မရိုသေ မလေးစားမှုတို့ကို မြင်တွေ့လိုက်ကြရတဲ့ သီတင်းသုံးဖော် ရဟန်းတော်တို့ရဲ့ သန္တာန်မှာ စိတ် မချမ်းသာမှုစတဲ့ အကုသိုလ်တရားတွေ တိုးပွားလာနိုင်လောက်အောင်, သီတင်းသုံးဖော်တို့ရဲ့မျက်လုံးမှာ ကြည့်လို့မကောင်း မြင်လို့မကောင်းနိုင် လောက်အောင် ရောရောနှောနှော နေထိုင်ခြင်း = သံသဂ္ဂ --

ဒီလို သံသဂ္ဂအမျိုးမျိုးတွေကို သာသနာတော်မှာ မှီတင်းနေထိုင်နေတဲ့ ရဟန်းတော်တစ်ပါးဟာ ပယ်ရှားထားရမှာ ဖြစ်တယ်။ ဒီလို ပယ်ရှားပြီးတဲ့အခါ ပြောသင့်ပြောထိုက်တဲ့ အသံသဂ္ဂကထာ (= ရောရောနှောနှော မနေထိုင် ခြင်းနှင့် ဆက်စပ်နေတဲ့ တရားစကားတွေ)ကို ပြောဆိုသင့်တဲ့ အတိုင်းအတာ ပမာဏကို နှိုင်းချိန်ကာ ပြောဆိုဖို့ရန် ဘုရားရှင်က ခွင့်ပြုထားတော်မူခဲ့ပါတယ်။ အဲဒီအသံသဂ္ဂကထာ အမျိုးမျိုးကို ဆက်ပြီးတော့ ပြောကြရအောင် ..။

အသံသဂ္ဂကထာ (၅) မျိုး

၁။ အိုခြင်း နာခြင်း သေခြင်းစတဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝတို့အပေါ်မှာ မြဲမြံခိုင်ခံ့တည်တံ့နေတဲ့ သံဝေဂဉာဏ်နှင့် ဆက်စပ်နေတဲ့ တရားစကား၊

၂။ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတို့ရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘာဝတွေကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်ရှုနိုင်တဲ့အတွက် ကြောင့် သင်္ခါရတရားတို့အပေါ်မှာ ကြောက်ရွံ့ဖွယ် တရားတွေပါ လို့ ထင်မြင်နေတဲ့ ဘယသညာနှင့် ဆက်စပ်နေတဲ့ တရားစကား၊

၃။ မိမိခန္ဓာအိမ်မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသအစုအပုံ, ဗဟိဒ္ဓခန္ဓာအိမ်မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသအစုအပုံ -- ဒီ (၃၂)ကောဋ္ဌာသ အစုအပုံ တွေရဲ့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို နှလုံးသွင်း ရှုပွားနေတဲ့ ပဋိကူလသညာနှင့် ဆက်စပ်နေတဲ့ တရားစကား၊

၄။ အကုသိုလ်တရားအားလုံးတို့အပေါ်၌ ရွံရှာစက်ဆုပ်မှု, ထိုအကုသိုလ် အမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာမည့် အပါယ်ဝဋ်ဆင်းရဲဒုက္ခ စတဲ့ ဆင်းရဲဒုက္ခအဝဝတို့အပေါ်မှာ ရွံရှာစက်ဆုပ်မှု, အကုသိုလ်အမျိုးမျိုးတို့ရဲ့ တည်ရာလုပ်ငန်းရပ်ဖြစ်တဲ့ ဒုစရိုက်အမျိုးမျိုးတို့အပေါ်မှာ ရွံရှာစက်ဆုပ် မှု, ဒုစရိုက်အမျိုးမျိုးတို့ကို အကြောင်းခံကာ ဖြစ်ပေါ်လာမည့် အပါယ်ဝဋ် ဆင်းရဲဒုက္ခစတဲ့ ဆင်းရဲဒုက္ခအဝဝတို့အပေါ်မှာ ရွံရှာစက်ဆုပ်မှု - ဒီလို ရွံရှာစက်ဆုပ်မှု အမျိုးမျိုး ရှေ့သွားပြဓာန်းလျက် ရှိနေတဲ့ အကုသိုလ် တရား ဒုစရိုက်တရားတို့မှ ရှက်တတ်တဲ့ ဟိရိနှင့် ဒီလို အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်တတ်တဲ့ ဩတ္တပ္ပတရားတွေဟာ လောကကို စောင့်ရှောက်ပေးနေတဲ့ လောကပါလတရားတွေ ဖြစ်ကြပါတယ်။ ဒီလို လောကပါလတရားဖြစ်ကြတဲ့ ဟိရိ ဩတ္တပ္ပတို့နှင့် ဆက်စပ်နေတဲ့ တရားစကား၊

၅။ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း ကွေးခြင်း ဆန့်ခြင်းစတဲ့ ကိုယ် အမူအရာ နှုတ်အမူအရာ ဟူသမျှတို့မှာ မိမိက သမထကမ္မဋ္ဌာန်းကို ပွားများနေခိုက် ဖြစ်ခဲ့လျှင်လည်း မိမိရှုပွားနေတဲ့ သမထကမ္မဋ္ဌာန်း အာရုံပေါ်မှာ သတိသမ္ပဇဉ်ဉာဏ်ယှဉ်ကာ အမြဲတမ်း ရှုပွားနေခြင်း၊ မိမိက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့သူ ဖြစ်ခဲ့လျှင်လည်း ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်ကြတဲ့ အကြောင်းတရားနှင့် တကွ သော ရုပ်-နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်း အရာ အနတ္တအခြင်းအရာတွေကို သတိသမ္ပဇဉ်ဉာဏ်ယှဉ်ကာ ကြည့်ရှု ဆင်ခြင်လျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်း --- ဒီလို သတိသမ္ပဇဉ်ဉာဏ်ယှဉ်ကာ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်း တွေကို ပွားများအားထုတ်ပုံနှင့် ဆက်စပ်နေတဲ့ တရားစကား ..

အားလုံးပေါင်းလိုက်တော့ အသံသဂ္ဂကထာ စကား (၅)မျိုးတို့ ဖြစ်ကြ ပါတယ်။

ဒီအသံသဂ္ဂကထာ (၅)မျိုးနဲ့ ဆက်စပ်နေတဲ့ သမထ ဝိပဿနာစတဲ့ လုပ်ငန်းခွင်အရပ်ရပ်တွေဟာ ပြုကျင့်လိုက်နာသူတို့ရဲ့ဉာဏ်မှာ အမြဲတမ်း ရှေ့ရှုတည်နေခဲ့မည်ဆိုလျှင် ထိုလုပ်ငန်းခွင်တွေက သံသဂ္ဂ (၅)မျိုးကြောင့် ဖြစ်ပေါ်လာတဲ့ ကိလေသာအညစ်အကြေးတွေကို -- ပိန်းကြာဖက်ပေါ်တွင် ရေမတင်ဘဲ ကင်းစင်လျှောကျသွားသလို -- ကင်းစင်လျှောကျသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။၁၄၅

၅။ ဝီရိယာရမ္ဘကထာ = ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယနှင့် ဆက်စပ်နေတဲ့ တရားစကား

အကုသိုလ်တရားတွေကို ပယ်ရှားနိုင်ရေးအတွက် ကုသိုလ်တရား အမျိုးမျိုးတို့နှင့် ပြီးပြည့်စုံလာရေးအတွက် သမထ ဝိပဿနာ အစဖြာတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ရဲရဲဝံ့ဝံ့ နောက်မတွန့်ဘဲ ပြုကျင့်နေသူတို့ရဲ့ ရဲရင့်တဲ့လုပ်ငန်းရပ်ကို ဝီရိယလို့ ခေါ်ဆိုပါတယ်။ ဒီလို ရဲရင့်တဲ့လုပ်ငန်းရပ်ကို ပြုလုပ်နေတဲ့ ရဲရင့်သူတို့ရဲ့ အကုသိုလ်တရားတွေကို ပယ်ရှားနိုင်ရေး ကုသိုလ် တရားအမျိုးမျိုးတို့ ပြီးပြည့်စုံလာရေးအတွက် ကြိုးစားအားထုတ်မှုမျိုးကို ဝီရိယာရမ္ဘလို့ ခေါ်ဆိုပါတယ်။

ဒီနေရာမှာ ကာယိကဝီရိယ စေတသိကဝီရိယလို့ ဝီရိယ (၂)မျိုး, အာရမ္ဘ ဓာတု နိက္ကမဓာတု ပရက္ကမဓာတုလို့ ဝီရိယဓာတ်က (၃)မျိုး, သမ္မပ္ပဓာန်နည်း အားဖြင့် ဝီရိယက (၄)မျိုး -- ဒီလို ဝီရိယအမျိုးမျိုးကို ဟောကြားထားတော် မူခဲ့ပါတယ်၊ အဋ္ဌကထာများကလည်း၁၄၆ ဖွင့်ဆိုထားတော်မူကြပါတယ်။

ကာယိကဝီရိယ

ရဟန်းတော်တစ်ပါးဟာ အပေါင်းအဖော် ဂိုဏ်းဂဏကို ပယ်ရှားထား ပြီးတော့ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယရဲ့ တည်ရာဖြစ်တဲ့ ဝီရိယာရမ္ဘ ဝတ္ထု (၈)ခုကို ဆင်ခြင်တယ်။၁၄၇

ဒီဝီရိယာရမ္ဘဝတ္ထု (၈)ခုတို့ရဲ့ အတိုချုပ်ကတော့ ..

၁။ ခရီးသွားခါနီးနေခြင်း,

၂။ ခရီးသွားပြီးစဖြစ်ခြင်း,

၃။ တစ်စုံတစ်ခုအမှုကိစ္စကို ပြုခါနီးနေခြင်း,

၄။ တစ်စုံတစ်ခုအမှုကိစ္စကို ပြုပြီးစဖြစ်ခြင်း,

၅။ မကျန်းမမာစပြုနေခြင်း,

၆။ ကျန်းမာပြီးစဖြစ်ခြင်း,

၇။ ဆွမ်းလုံလောက်စွာ မရခြင်း,

၈။ ဆွမ်းအလွန်ပေါများစွာ ရခြင်း၁၄၈

ဒီ (၈)ပါးတို့ဟာ နည်းမှန်လမ်းမှန် နှလုံးသွင်း ဆင်ခြင်တတ်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင် မရှိသူတို့အဖို့ အပျင်းကြောတွေ ထူနေဖို့ရန် အကြောင်းတရားတွေ ဖြစ်ကြပါတယ်။ သို့သော် နည်းမှန်လမ်းမှန် နှလုံးသွင်း ဆင်ခြင်တတ်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင် ရှိနေသူတို့အတွက်ကတော့ ဝီရိယဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားတွေပဲ ဖြစ်ကြပါတယ်။ ဒီနေရာမှာ ဝီရိယဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားဖြစ်ပေါ်နေပုံကို သဘောပေါက် နားလည်နိုင်ရန် ဘုရားရှင် ဟောကြားထားတော်မူခဲ့တဲ့ ဒေသနာတော်မှ ကောက်နုတ်ချက် (၂)ခုကို မူရင်းအတိုင်း နာကြားကြည့်ကြရအောင် ..။

ချစ်သား ရဟန်းတို့ ... ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ ခရီးသွားခါနီး ဖြစ်နေတယ်၊ အဲဒီရဟန်းရဲ့ သန္တာန်မှာ .. ငါဟာ ခရီးသွားရ တော့မည်၊ ခရီးသွားနေတဲ့ ငါဟာ ဘုရားရှင်တို့ရဲ့ အဆုံးအမကို နှလုံးသွင်းရန် မလွယ်ကူ၊ ယခု ငါဟာ မရောက်ရသေးတဲ့ (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်တွေကို ရောက်ရှိရန်, မရသေးတဲ့ တရားထူး တရားမြတ် တွေကို ရရှိရန်, မျက်မှောက်မပြုရသေးတဲ့ တရားထူး တရားမြတ်တွေကို မျက်မှောက်ပြုရန် ခရီးမသွားမီ စောစောကပဲ ဝီရိယကို အားထုတ်တော့မည် လို့ ဒီလို စိတ်အကြံအစည် ဖြစ်ပေါ်လာတယ်။ အဲဒီရဟန်းဟာ မရောက်ရ သေးတဲ့ (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်တွေကို ရောက်ရှိ ရန်, မရသေးတဲ့ တရားထူး တရားမြတ်တွေကို ရရှိရန်, မျက်မှောက် မပြုရ သေးတဲ့ တရားထူး တရားမြတ်တွေကို မျက်မှောက်ပြုရန် ဝီရိယကို ကြိုးစား အားထုတ်တယ်။ ချစ်သား ရဟန်းတို့ ...ဒါကတော့ ပထမ ကြိုးစား အားထုတ်ခြင်း လုံ့လဝီရိယရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ချစ်သား ရဟန်းတို့ ... နောက်တစ်မျိုးကတော့ ရဟန်းတော် တစ်ပါးဟာ ခရီးသွားပြီးခါစ ဖြစ်နေတယ်၊ အဲဒီရဟန်းရဲ့ သန္တာန်မှာ .. ငါဟာ ခရီးသွားခဲ့ပြီးပြီ၊ ခရီးသွားခဲ့တဲ့ ငါဟာ ဘုရားရှင်တို့ရဲ့ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင် ဖြစ်ခဲ့တယ်၊ ယခု ငါဟာ မရောက်ရသေးတဲ့ (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်တွေကို ရောက်ရှိရန်, မရသေးတဲ့ တရားထူး တရားမြတ်တွေကို ရရှိရန်, မျက်မှောက်မပြုရသေးတဲ့ တရားထူး တရားမြတ်တွေကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်တော့မည်လို့ ဒီလို စိတ်အကြံအစည် ဖြစ်ပေါ်လာတယ်။ အဲဒီရဟန်းဟာ မရောက်ရသေးတဲ့ (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်တွေကို ရောက်ရှိရန်, မရသေးတဲ့ တရားထူး တရားမြတ်တွေကို ရရှိရန်, မျက်မှောက်မပြုရသေးတဲ့ တရားထူး တရားမြတ်တွေကို မျက်မှောက်ပြုရန် ဝီရိယကို ကြိုးစားအားထုတ် တယ်။ ချစ်သား ရဟန်းတို့ ...ဒါကတော့ ဒုတိယ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။၁၄၉

ဒီလို နှလုံးသွင်းဆင်ခြင်တတ်မှုကိုပဲ နည်းမှန်လမ်းမှန် နှလုံးသွင်းဆင်ခြင် တတ်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်လို့ ဆိုလိုပါတယ်။ ဒီပစ္စဝေက္ခဏာဉာဏ် အမြင် ရှေ့သွားရှိနေတဲ့ ဆင်ခြင်တဲ့အတိုင်း ကြိုးစားအားထုတ်နေတဲ့ လုံ့လ ဝီရိယကို ကာယိကဝီရိယလို့ ဆိုလိုရင်း ဖြစ်ပါတယ်။ တစ်စုံတစ်ခု အမှုကိစ္စကို ပြုခါနီးနေခြင်း, ပြုပြီးစဖြစ်ခြင်း စသည်တို့မှာလည်း နည်းမှီကာ သဘော ပေါက်ပါ။

ဒီလို ဝီရိယာရမ္ဘဝတ္ထု (၈)ပါးကို နည်းမှန်လမ်းမှန် နှလုံးသွင်းဆင်ခြင်ကာ သွား ရပ် ထိုင် လျောင်းဆိုတဲ့ ဣရိယာပုထ် (၄)ပါးစလုံးတို့မှာ တစ်ပါးထီးတည်း နေထိုင်ကာ မဖြစ်ပေါ်သေးတဲ့ စျာန် မဂ် ဖိုလ် တရားထူး တရားမြတ်တွေကို ဖြစ်ပေါ်စေရမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် သမထ ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တယ်။ ဒီလို ကြိုးစားအားထုတ်မှုမျိုးကို ကာယိကဝီရိယလို့ ခေါ်ဆိုတယ်။၁၅၀

ညဉ့်နှင့်နေ့ နှစ်ရပ်ပေါင်းကို (၆)ပုံပုံလိုက်လျှင် တစ်ပုံတစ်ပုံမှာ (၄)နာရီစီ ရှိပါတယ်။ ရဟန်းတော်တစ်ပါးဟာ ညဉ့်သုံးယာမ်မှာ မဇ္ဈိမယာမ်တစ်ပုံပဲ ကျိန်းစက်တယ်၊ တစ်နည်းပြောရလျှင်တော့ မဇ္ဈိမယာမ် (၄)နာရီမျှသာ ကျိန်းစက်တယ်။ ကျန်နေတဲ့ (၅)ပုံဆိုတဲ့ နာရီပေါင်း (၂၀)လုံးမှာ သမထ ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တယ်။ ဒီလို လုံ့လဝီရိယမျိုးကိုလည်း ကာယိကဝီရိယလို့ပဲ ခေါ်ဆိုပါတယ်။၁၅၁

စေတသိကဝီရိယ

ရဟန်းတော်တစ်ပါးဟာ မိမိရဲ့ စိတ်အစဉ်မှာ နီဝရဏအညစ်အကြေး ကိလေသာအညစ်အကြေးတွေနှင့် ပေါင်းဖော်နေထိုင်မှုကို ပယ်ရှားကာ စျာန် သမာပတ် (၈)ပါးတို့ကို ပွားများအားထုတ်လျက် စျာန်ဝင်စားလျက် တစ်ပါးထီး တည်း နေထိုင်သီတင်းသုံးတယ်။ စင်္ကြံသွားနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်လာ တဲ့ ကိလေသာကို စင်္ကြံသွားနေတဲ့ အချိန်အခါမှာပဲ စျာန်သမာပတ်ကို ဝင်စား လျက် နှိပ်ကွပ်ပစ်လိုက်တယ်၊ ရပ်တဲ့ဣရိယာပုထ်တိုင်အောင် ဆက်လက်ဖြစ် ပေါ်ခွင့်ကို မပေးဘူး။ အလားတူပဲ ရပ်တဲ့ဣရိယာပုထ်အခိုက်မှာ ဖြစ်ပေါ် နေတဲ့ ကိလေသာကိုလည်း ထိုင်တဲ့ဣရိယာပုထ်သို့တိုင်အောင်, ထိုင်တဲ့ ဣရိယာပုထ်အခိုက်မှာ ဖြစ်ပေါ်နေတဲ့ ကိလေသာကိုလည်း လျောင်းစက်တဲ့ ဣရိယာပုထ်သို့တိုင်အောင် ဖြစ်ပေါ်ခွင့်ကို မပေးဘူး၊ ထိုထိုဣရိယာပုထ် အခိုက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိလေသာကို ထိုထိုဣရိယာပုထ်အခိုက်မှာပဲ စျာန် သမာပတ်ကို ဝင်စားလျက် ပယ်ရှားပစ်လိုက်တယ်။ အလားတူပဲ ဝိပဿနာ ဘာဝနာတွေကို ပွားများနေခိုက်မှာ ကိလေသာတွေ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင် လည်း ထိုထိုဣရိယာပုထ်အခိုက်မှာ ဖြစ်ပေါ်နေတဲ့ ကိလေသာတွေကို ထိုထို ဣရိယာပုထ်အခိုက်မှာပဲ ဝိပဿနာဘာဝနာတွေကို ပွားများလျက် ပယ်ရှားပစ် လိုက်တယ်။ ဒီလိုကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယမျိုးကိုတော့ စေတသိက ဝီရိယလို့ ခေါ်ဆိုပါတယ်။၁၅၂

ဝိဘင်္ဂအဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာတို့မှာတော့၁၅၃ အထွတ် အထိပ်သို့ ရောက်ရှိနေတဲ့ စေတသိကဝီရိယ တစ်မျိုးကို ထပ်မံကာ ဖွင့်ဆိုထား တော်မူကြပါတယ်။

ငါဟာ အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှကာလပတ်လုံး ဒီလို ထက်ဝယ်ဖွဲ့ခွေထိုင်နေတဲ့ ဣရိယာပုထ်ကို ဘယ်တော့မှ မဖျက်တော့ပေအံ့ = အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ဒီနေရာမှ ငါ ဘယ်တော့မှ မထတော့ပေအံ့ ..ဒီလို ကာယပယောဂမပါဘဲ စိတ်ဓာတ်ဖြင့် ပြင်းပြင်းထန်ထန် ဆောက်တည်ကာ ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယမျိုးကို စေတသိကဝီရိယလို့ ခေါ်ဆိုပါတယ်။

ငါဟာ ကိလေသာအာသဝေါတရားတွေမှ မလွတ်မြောက်သေးသမျှ ကာလပတ်လုံး ဒီလိုဏ်ဂူအတွင်းမှ ဘယ်တော့မှ မထွက်ပေတော့အံ့ လို့ ကဿကလိုဏ်ဂူမှာ သီတင်းသုံးတော်မူတဲ့ မဟာမိတ္တ (အယျမိတ္တ) မထေရ် မြတ်ကြီးကဲ့သို့၁၅၄ မိမိသီတင်းသုံးရာ အရပ်ဒေသဖြင့် ပိုင်းခြားလို့ပဲဖြစ်စေ သို့မဟုတ် ငါဟာ ကိလေသာအာသဝေါတရားတွေမှ မလွတ်မြောက်သေး သမျှကာလပတ်လုံး ဒီထက်ဝယ်ဖွဲ့ခွေထိုင်နေတဲ့ ဣရိယာပုထ်ကို ဘယ်တော့မှ မဖျက်တော့အံ့ .. ဒီလို ဣရိယာပုထ်ဖြင့် ပိုင်းခြားလို့ပဲဖြစ်စေ စိတ်ဓာတ်ကို မြဲမြံစွာ ဖွဲ့ချည်ပြီးတော့ သမထ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို အပတ် တကုတ် စေ့ဆော်ကာ ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ် နေတဲ့ လုံ့လဝီရိယမျိုးကို စေတသိကဝီရိယလို့ ခေါ်ဆိုပါတယ်။၁၅၅

ဘုရားရှင်ဟာ အင်္ဂုတ္တိုရ်ပါဠိတော် ဧကကနိပါတ် စတဲ့၁၅၆ ထိုထိုပါဠိတော် တို့မှာ နီဝရဏ (၅)ပါး ပယ်ရှားနိုင်ရေးအတွက် အာရမ္ဘဓာတ်ဝီရိယ နိက္ကမ ဓာတ်ဝီရိယ ပရက္ကမဓာတ်ဝီရိယဆိုတဲ့ ဝီရိယလက်နက်ကောင်းတွေကို အသုံးပြုရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။

အာရမ္ဘဓာတ်ဝီရိယ ---- နီဝရဏအညစ်အကြေး ကိလေသာ အညစ် အကြေးတွေကို ပယ်ရှားနိုင်ရေးဆိုတဲ့ ဦးတည်ချက်ဖြင့် မရရှိသေးတဲ့ စျာန် တရားတွေကို ရရှိရန်, မရရှိသေးတဲ့ ဝိပဿနာဉာဏ်တွေကို ရရှိရန်, မရရှိ သေးတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရရှိရန် ရည်သန်တောင့်တကာ သမထ ဘာဝနာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ရှေ့ဦးအစ ကြိုးစားအားထုတ် ခြင်းဆိုတဲ့ လုံ့လဝီရိယကို အာရမ္ဘဓာတ်ဝီရိယလို့ ခေါ်ဆိုပါတယ်။၁၅၇

နိက္ကမဓာတ်ဝီရိယ ---- ဒီလို ကြိုးစားအားထုတ်နေတဲ့အခါ တစ်ခါတစ်ရံ ဝယ် ကမ္မဋ္ဌာန်းအာရုံမှ စိတ်ဓာတ်တွေ တွန့်ဆုတ်နေခြင်း အားထုတ်လိုတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေ လျော့ပါးနေခြင်းကြောင့် ကမ္မဋ္ဌာန်းအာရုံပေါ်မှာ အားမထုတ်လိုတဲ့ ပျင်းရိနေတဲ့ ကောသဇ္ဇတရားတွေဟာ ထင်ရှားဖြစ်ပေါ် လာခဲ့ပြန်တယ်။ အဲဒီအခါမှာ ယောဂီပုဂ္ဂိုလ်က မိမိရဲ့ ကြိုးစားအားထုတ်ခြင်း ဆိုတဲ့ လုံ့လဝီရိယကို မြှင့်တင်ပေးလိုက်တယ်။ ဒီလို မြှင့်တင်ထားတဲ့ လုံ့လ ဝီရိယဖြင့် သမထ ဝိပဿနာဘာဝနာတွေကို ဆက်လက်ကာ ကြိုးပမ်း လိုက်တဲ့အခါ ပျင်းရိခြင်းကောသဇ္ဇတရားကို ကျော်လွှားလွန်မြောက်သွားခဲ့ တယ်။ ဒီလို ပျင်းရိခြင်းကောသဇ္ဇတရားကို ကျော်လွှားလွန်မြောက်သွားနိုင်တဲ့ အတွက်ကြောင့် အာရမ္ဘဓာတ်ဝီရိယထက် ပိုမိုကာ စွမ်းအင်ကြီးမားနေတဲ့ ထပ်ဆင့်ကာ မြှင့်တင်ထားတဲ့ လုံ့လဝီရိယကို နိက္ကမဓာတ်ဝီရိယလို့ ခေါ်ဆို ပါတယ်။၁၅၇

ပရက္ကမဓာတ်ဝီရိယ ---- ဒီလို သမထ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ဆက်လက်ကာ အပြင်းအထန် ကြိုးစားအားထုတ်လိုက်တဲ့အခါ ရှေးရှေး ဘာဝနာကုသိုလ်ဇောတွေမှာ တည်ရှိနေတဲ့ လုံ့လဝီရိယရဲ့ အာသေဝနပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှုအရှိန်အဝါသတ္တိထူးကို ဆက်ခံနေရတဲ့ နောက် နောက်ဘာဝနာကုသိုလ်ဇောတွေနဲ့ ယှဉ်တွဲနေတဲ့ လုံ့လဝီရိယဟာ ပို၍ ပို၍ အားကောင်းလာပါတယ်။ အလားတူပဲ ရှေးရှေးဘာဝနာကုသိုလ် ဇောဝီထိစိတ် အစဉ်တွေမှာ တည်ရှိနေကြတဲ့ လုံ့လဝီရိယတို့ကလည်း နောက်နောက်သော ဘာဝနာကုသိုလ်ဇောဝီထိစိတ်အစဉ်တွေမှာ တည်ရှိနေကြတဲ့ လုံ့လဝီရိယ တွေကို အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် စွမ်းအင် ပြည့်ဝနေတဲ့ ဝီရိယတွေ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးလျက်ပင် ရှိနေကြ ပါတယ်။ ဒီလို ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံနေကြရတဲ့ နောက်နောက်သော ဘာဝနာကုသိုလ်ဇော, နောက်နောက်သော ဘာဝနာ ကုသိုလ်ဇောဝီထိစိတ်အစဉ်တွေမှာ တည်ရှိနေကြတဲ့ လုံ့လဝီရိယတွေဟာ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ကာ စွမ်းအင်တွေ ပြည့်ဝစုံညီလာ ကြပါတယ်။

ဒီလို စွမ်းအင်ပြည့်ဝနေတဲ့ ဝီရိယတွေက ပထမစျာန်သမာဓိကို မရရှိ သေးလျှင် ပထမစျာန်သမာဓိကို ရရှိအောင်, ဒုတိယစျာန်သမာဓိကို မရရှိ သေးလျှင် ဒုတိယစျာန်သမာဓိကို ရရှိအောင် စသည်ဖြင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့်နေတဲ့ အဆင့်ဆင့်သော အထက်အထက်စျာန်တရား တွေကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိအောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအင်တွေ ပြည့်ဝစုံညီလာကြပါတယ်။ အလားတူပဲ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အခါမှာလည်း .. ရုပ်နာမ်ပရမတ် တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်အထိ ထိုးထွင်း မသိမမြင် သေးလျှင်လည်း ထိုးထွင်းသိမြင်လာအောင်, ကြောင်း-ကျိုး-ဆက်နွှယ်မှု (=ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်သေးလျှင် ထွင်းဖောက် သိမြင် လာအောင်, ယင်းရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ရဲ့ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတွေကို ထိုးထွင်းသိမြင်တတ်တဲ့ သမ္မသနဉာဏ်စတဲ့ ဝိပဿနာဉာဏ်တွေ မဖြစ်ပေါ်ခဲ့သေးဘူးဆိုလျှင်လည်း ယင်းဝိပဿနာဉာဏ်တွေ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သထက်မြင့်ကာ အဆင့် ဆင့် ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအင်တွေ ပြည့်ဝစုံညီလာ ကြပါတယ်။ အလားတူပဲ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရရှိသေးလျှင် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိအောင်, သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရရှိသေးလျှင်လည်း သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိ အောင်, အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရရှိသေးလျှင်လည်း အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိအောင်, အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရရှိ သေးလျှင်လည်း အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိအောင် - ဒီလို တစ်ဆင့် ပြီးတစ်ဆင့် မြင့်သထက်မြင့်တဲ့ အရာဌာနတွေကို ရောက်ရှိသွားအောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအင်တွေလည်း ပြည့်ဝစုံညီလာကြပါတယ်။ ----- ဒီလို အဆင့်ဆင့်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားကာ တစ်ဆင့်ပြီး တစ်ဆင့် မြင့်သထက်မြင့်တဲ့ အရာဌာနတွေသို့ ရောက်ရှိအောင် ပို့ဆောင် ပေးနိုင်တဲ့ စွမ်းအင်ပြည့်ဝ စုံညီနေတဲ့ အလွန်အားကောင်းတဲ့ လုံ့လဝီရိယ ဓာတ်ကို ပရက္ကမဓာတ်ဝီရိယလို့ ခေါ်ဆိုပါတယ်။၁၅၈

အင်္ဂုတ္တရအဋ္ဌကထာမှာတော့၁၅၉ ရှေးရှေးမဟာအဋ္ဌကထာမှာ လာရှိတဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်မျိုးကိုလည်း ဖော်ပြထားပါတယ်။ အာရမ္ဘ ဓာတ်ဝီရိယဆိုတာ စိတ်အစဉ်မှာ စွဲကပ်နေတဲ့ လိုလားတောင့်တမှု အမျိုးမျိုး တွေကို ပယ်နုတ်နိုင်တဲ့ စွမ်းအားရှိတဲ့ ဝီရိယကို ဆိုလိုပါတယ်။ နိက္ကမဓာတ် ဝီရိယဆိုတာ စိတ်အစဉ်မှာ စွဲကပ်နေတဲ့ တံခါးကျင်မင်းတုပ် ချထားသကဲ့သို့ မြဲမြံခိုင်ခံ့နေတဲ့ ကိလေသာထုတွေကို ပယ်ခွာနိုင်တဲ့ စွမ်းအားရှိတဲ့ ဝီရိယမျိုးကို ဆိုလိုပါတယ်။ ပရက္ကမဓာတ်ဝီရိယဆိုတာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်ပါး, အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့ရဲ့ အတွင်းမှာ တည်ရှိနေကြတဲ့ သက်ရှိသင်္ခါရ သက်မဲ့သင်္ခါရတရားတို့အပေါ်မှာ ရုန်းထွက်လို့မရနိုင်လောက် အောင် နှောင်ဖွဲ့ထားတတ်တဲ့ ကိလေသာ အနှောင်အဖွဲ့တွေကို ဖြတ်တောက် ပစ်ခြင်းငှာ စွမ်းနိုင်တဲ့ လုံ့လဝီရိယကို ဆိုလိုပါတယ်လို့ ဒီလိုလည်း အဓိပ္ပာယ် တစ်မျိုး ဖွင့်ဆိုထားပါတယ်။

သမ္မပ္ပဓာနလုံ့လဝီရိယ (၄) မျိုး

၁။ ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ မိမိရဲ့သန္တာန်မှာ ထင်ရှား မဖြစ်ပေါ်လာသေးတဲ့ ယုတ်ညံ့တဲ့ အကုသိုလ်တရားတွေကို ထင်ရှား ဖြစ်ပေါ်မလာအောင် ကုသိုလ်ဆန္ဒဓာတ်ကို ဖြစ်စေတယ်၊ (သမထ ဝိပဿနာဘာဝနာတွေကို) အပြင်းအထန် ကြိုးစားအားထုတ်တယ်၊ လုံ့လပြုတယ်၊ စိတ်ဓာတ်ကို နောက်သို့ တွန့်ဆုတ်မသွားအောင် မြှင့်တင် ထားတယ်၊ ဆောက်တည်ထားတယ်။

၂။ မိမိသန္တာန်မှာ ထင်ရှားဖြစ်ပေါ်ပြီးတဲ့ ယုတ်ညံ့တဲ့ အကုသိုလ်တရား တွေကို ပယ်ရှားနိုင်အောင် ကုသိုလ်ဆန္ဒဓာတ်ကို ဖြစ်စေတယ်၊ (သမထ ဝိပဿနာဘာဝနာတွေကို) အပြင်းအထန် ကြိုးစားအားထုတ်တယ်၊ လုံ့လပြုတယ်၊ စိတ်ဓာတ်ကို နောက်သို့တွန့်ဆုတ်မသွားအောင် မြှင့်တင် ထားတယ်၊ ဆောက်တည်ထားတယ်။

၃။ မိမိသန္တာန်မှာ ထင်ရှားမဖြစ်ပေါ်လာသေးတဲ့ ကုသိုလ်တရားတွေကို ထင်ရှားဖြစ်ပေါ်လာအောင် ကုသိုလ်ဆန္ဒဓာတ်ကို ဖြစ်စေတယ်၊ (သမထ ဝိပဿနာဘာဝနာတွေကို) အပြင်းအထန် ကြိုးစားအားထုတ်တယ်၊ လုံ့လပြုတယ်၊ စိတ်ဓာတ်ကို နောက်သို့တွန့်ဆုတ်မသွားအောင် မြှင့်တင် ထားတယ်၊ ဆောက်တည်ထားတယ်။

၄။ မိမိသန္တာန်မှာ ထင်ရှားဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေကို တည်မြဲ နေအောင် မပျောက်ပျက်အောင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက် မြင့်ကာ တိုးတက်ပွားများလာအောင် ပြန့်ပြောများပြားကြီးပွားလာ အောင်, အရဟတ္တဖိုလ်တိုင်အောင်သော ဘာဝနာလုပ်ငန်းရပ်တွေကို ပြီးစီးပြည့်စုံလာအောင် ကုသိုလ်ဆန္ဒဓာတ်ကို ဖြစ်စေတယ်၊ (သမထ ဝိပဿနာဘာဝနာတွေကို) အပြင်းအထန် ကြိုးစားအားထုတ်တယ်၊ လုံ့လပြုတယ်၊ စိတ်ဓာတ်ကို နောက်သို့တွန့်ဆုတ်မသွားအောင် မြှင့်တင် ထားတယ်၊ ဆောက်တည်ထားတယ်။

ဒီ(၄)မျိုးသော ဝီရိယတွေကို သမ္မပ္ပဓာနလုံ့လဝီရိယလို့ ခေါ်ဆိုပါတယ်။၁၆၀

အင်္ဂါလေးပါးရှိတဲ့ ဝီရိယ

ဒီသာသနာတော်မှာ သဒ္ဓါတရား အပြည့်အဝရှိနေတဲ့ ရဟန်းတော် တစ်ပါးဟာ တကယ်စင်စစ်အားဖြင့် ငါ့ရဲ့ ခန္ဓာအိမ်မှာ ..

၁။ အရေ ကြွင်းစေ၊

၂။ အကြော ကြွင်းစေ၊

၃။ အရိုး ကြွင်းစေ၊

၄။ အသားအသွေးတွေ အကုန်ခန်းခြောက်ချင် ခန်းခြောက်ပါစေ ..

ယောက်ျားတို့ရဲ့ စွမ်းအားဖြင့်, ယောက်ျားတို့ရဲ့ ဇွဲလုံ့လဝီရိယဖြင့် ရနိုင်တဲ့ ရောက်နိုင်တဲ့ အရာဌာနသို့ မရရှိသေးသမျှကာလပတ်လုံး မရောက်ရှိသေး သမျှကာလပတ်လုံး ငါ့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရဲ့ ရပ်တန့်သွားခြင်း မည်သည် ဘယ်တော့မှ မဖြစ်စေရ--- လို့ ဒီလို စွဲမြဲစွာ အဓိဋ္ဌာန်ဆောက်တည် ကာ အရဟတ္တဖိုလ်ပန်းတိုင်ကို မျှော်မှန်းပြီးတော့ သမထ ဝိပဿနာဘာဝနာ တွေကို အပြင်းအထန် ကြိုးစားအားထုတ်တယ်။ ဒီလို ဝီရိယမျိုးကိုတော့ အင်္ဂါလေးပါးရှိတဲ့ ဝီရိယလို့ ခေါ်ဆိုပါတယ်။၁၆၁

ဘုရားအလောင်းတော်ဟာလည်းပဲ ဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေ ထက်မှာ ထိုင်တော်မူကာ ဒီလို အင်္ဂါလေးပါးရှိတဲ့ ဝီရိယခြံရံတော်မူလျက်.. ငါ မျှော်လင့်တောင့်တနေတဲ့ သဗ္ဗညုတဉာဏ်တော်မြတ်သို့ မရောက်ရှိသေး သမျှကာလပတ်လုံး ဒီထက်ဝယ်ဖွဲ့ခွေထိုင်နေတဲ့ ဣရိယာပုထ်ကို ဘယ်တော့မှ မဖျက်သိမ်းတော့အံ့ ဒီလို စွဲမြဲစွာ အဓိဋ္ဌာန်ဆောက်တည်ပြီးတော့ သဗ္ဗညုတ ဉာဏ်တော်မြတ်သို့ ဆိုက်ရောက်တော်မူသည်အထိ သမထ ဝိပဿနာ ဘာဝနာတွေကို ညဉ့်လုံးပေါက် အပြင်းအထန် ကြိုးစားအားထုတ်တော်မူခဲ့ ပါတယ်။၁၆၂

အာရဒ္ဓဝီရိယ

ရဟန်းတော်တစ်ပါးဟာ ခုတင်ပြခဲ့တဲ့ ကာယိကဝီရိယ စေတသိကဝီရိယ အာရမ္ဘဓာတ်ဝီရိယ နိက္ကမဓာတ်ဝီရိယ ပရက္ကမဓာတ်ဝီရိယ သမ္မပ္ပဓာန ဝီရိယဆိုတဲ့ လုံ့လဝီရိယအမျိုးမျိုးတွေကို အခြေတည်ကာ သမထ ဝိပဿနာ ဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တယ်။ ဒီလို ကြိုးစား အားထုတ်တဲ့အခါမှာ သွားဆဲအချိန်အခါ ဖြစ်ပေါ်နေတဲ့ ကိလေသာတွေကို ရပ်ဆဲအချိန်သို့တိုင်အောင် ဖြစ်ပေါ်ခွင့်ကို မပေးဘဲ, ရပ်ဆဲအချိန်အခါ ဖြစ်ပေါ်နေတဲ့ ကိလေသာတွေကိုလည်း ထိုင်ဆဲအချိန်အခါသို့ရောက်သည့် တိုင်အောင် ထိုင်ဆဲအချိန်အခါ ဖြစ်ပေါ်နေတဲ့ ကိလေသာတွေကိုလည်း အိပ်ဆဲအချိန်အခါသို့ ရောက်သည့်တိုင်အောင် ဖြစ်ပေါ်ခွင့်ကို မပေးဘဲ .. ဆိတ်ခွာလှံကန်ဖြင့် ပါးပျဉ်းထောင်နေတဲ့ မြွေဟောက်ကို ဖမ်းယူ လိုက်သကဲ့ သို့, ထက်လှစွာသော သန်လျက်ဓားဖြင့် ရန်သူရဲ့လည်ပင်းကို ဖြတ်လိုက်ဘိ သကဲ့သို့ --- ထိုထိုဣရိယာပုထ်အခိုက်မှာပဲ ထိုထိုကိလေသာတွေကို နောက် ထပ်ခေါင်းထောင်မလာအောင် သမထဝိပဿနာဘာဝနာတွေကို အပြင်း အထန် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ လုံ့လဝီရိယစွမ်းအားဖြင့် ပယ်ရှားပစ် လိုက်တယ်။ ဒီကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယမျိုးကို အာရဒ္ဓဝီရိယလို့ ခေါ်ဆိုပါတယ်။ ဒီလို ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း အာရဒ္ဓ ဝိပဿကပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ဒီလို အာရဒ္ဓဝီရိယနှင့် ဆက်စပ်နေတဲ့ တရားစကားအမျိုးမျိုးကို ဝီရိယာရမ္ဘကထာ တရားစကားလို့ ခေါ်ဆိုပါတယ်။၁၆၃

ဒီလို ဝီရိယာရမ္ဘကထာ တရားစကားမျိုးကိုလည်း ပြောသင့်တဲ့ အချိန် အခါကာလမှာ ပြောသင့်တဲ့အတိုင်းအတာပမာဏကို နှိုင်းချိန်ကာ ပြောကြား ဖို့ရန် ဘုရားရှင်က ခွင့်ပြုထားတော်မူခဲ့ပါတယ်။


၆။ သီလကထာ = သီလကျင့်စဉ်နှင့် စပ်တဲ့ တရားစကား

ဒီနေရာမှာ .. သီလက လောကီသီလ, လောကုတ္တရာသီလလို့ နှစ်မျိုး ရှိနေပါတယ်။

လောကီသီလ

လောကီသီလကတော့ ..

၁။ ပါတိမောက္ခသံဝရသီလ = ဝိနည်းဒေသနာတော်မှာ လာရှိတဲ့ သီလကျင့်စဉ်အမျိုးမျိုး၊

၂။ ဣန္ဒြိယသံဝရသီလ = မျက်စိ နှာ နား လျှာ ကိုယ် နှလုံးဆိုတဲ့ ဒွါရခြောက်ပါး တံခါးကြီးခြောက်ပေါက်တို့မှ ကိလေသာရန်သူတွေ ဝင်ရောက် မလာနိုင်အောင် ---- သမထဘာဝနာကို ပွားများနေခိုက်ဖြစ်ခဲ့လျှင် မိမိ ပွားများနေတဲ့ သမထကမ္မဋ္ဌာန်းအာရုံအပေါ်မှာ, ဝိပဿနာဘာဝနာကို ပွားများနေခိုက်ဖြစ်ခဲ့လျှင်လည်း ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြတဲ့ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတို့ရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာအာရုံအပေါ်မှာ ဘာဝနာ စိတ်ကို အမြဲတမ်း သွတ်သွင်းထားလျက် ကိလေသာမြေခွေးအိုတို့ရဲ့ ကိုက်ခဲ ခြင်းကို မခံစားရအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း စောင့်စည်းခြင်း၊၁၆၄

၃။ အာဇီဝပါရိသုဒ္ဓိသီလ = ဝိနည်းဒေသနာတော်မှာ အသက်မွေး ဝမ်းကျောင်းစင်ကြယ်မှုနှင့် ဆက်စပ်ကာ ဘုရားရှင် ပညတ်ထားတော်မူခဲ့တဲ့ သိက္ခာပုဒ်တော်များကို ရိုရိုသေသေ လိုက်နာပြုကျင့်လျက် မိမိရဲ့ အသက်မွေး ဝမ်းကျောင်းသီလကို စင်ကြယ်အောင် သုတ်သင်ခြင်း၊

၄။ ပစ္စယသန္နိဿိတသီလ = ပစ္စည်းလေးပါးကို သုံးဆောင်တဲ့အခါမှာ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ကာ သုံးစွဲခြင်း ..

ဒီသီလ လေးမျိုးကတော့ အရိယမဂ်ရဲ့ရှေ့အဖို့မှာ ရဟန်းတော်များ လိုက်နာပြုကျင့်ရမည့် လောကီသီလများ ဖြစ်ကြပါတယ်။

အမျိုးသားယောဂီ အမျိုးသမီးယောဂီတွေအတွက်ကတော့ အောက်ထစ် ဆုံးအားဖြင့် (၅)ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် ထိန်းသိမ်းစောင့် ရှောက်ကြရမှာ ဖြစ်ပါတယ်။ စွမ်းနိုင်ပါက (၈)ပါးသီလ, ဒီထက်ပိုစွမ်းနိုင်ပါက (၁၀)ပါးသီလတို့ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်လျှင်ကား အတိုင်းထက်အလွန် တံခွန်နှင့်ဘုရားပဲ ဖြစ်ပါတယ်။ ဒါကတော့ ပါတိမောက္ခသံဝရသီလပဲ ဖြစ်ပါတယ်၊ ဣန္ဒြိယသံဝရသီလနှင့် ပစ္စယသန္နိဿိတသီလကိုတော့ ရဟန်းတော်များနည်းတူ ကျင့်ရမှာ ဖြစ်ပါတယ်။ အာဇီဝ ပါရိသုဒ္ဓိသီလပိုင်းမှာတော့ နည်းနည်းကွဲပြားမှု ရှိပါတယ်။

၁။ သူ့အသက်သတ်လို့ရရှိတဲ့ပစ္စည်း

၂။ ခိုးလို့ ဝှက်လို့ တိုက်လို့ ခိုက်လို့ လာဘ်စားလို့ ရရှိတဲ့ပစ္စည်း

၃။ ကာမေသုမိစ္ဆာစာရအမှုတွေ ပြုကျင့်လို့ ရရှိတဲ့ပစ္စည်း

၄။ မုသားစကားတွေကို ပြောဆိုလို့ ရရှိတဲ့ပစ္စည်း

၅။ ကုန်းတိုက်စကားတွေကို ပြောဆိုလို့ ရရှိတဲ့ပစ္စည်း

၆။ ကြမ်းတမ်းတဲ့စကားတွေကို ပြောဆိုလို့ ရရှိတဲ့ပစ္စည်း

၇။ တကယ်ထင်ရှားမဟုတ်တဲ့ ပုံဝတ္ထုအမျိုးမျိုးတွေကို ပြောဆိုခြင်း ရေးသား ခြင်းစတဲ့ ပြိန်ဖျင်းတဲ့စကားတွေကို ပြောဆိုလို့ ရရှိတဲ့ပစ္စည်း..

ဒီလို ကာယဒုစရိုက် ဝစီဒုစရိုက် အမျိုးမျိုးတွေကြောင့် ရရှိတဲ့ပစ္စည်းကို လုံးဝသုံးစွဲမှု မပြုဘဲ ရှောင်ကြဉ်ရမည်။

ဗုဒ္ဓဘာသာဝင် သူတော်စင်ဖြစ်ကြတဲ့ ဥပါသကာ ဥပါသိကာမများ မပြု မကျင့် ရှောင်ကြဉ်ရန် ကုန်သွယ်မှု (၅)မျိုးကိုလည်း အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် ဝဏိဇ္ဇာသုတ္တန်မှာ၁၆၅ ..

၁။ သတ္ထဝဏိဇ္ဇာ = လက်နက်ကို ကုန်သွယ်ခြင်း

၂။ သတ္တဝဏိဇ္ဇာ = လူကို ကုန်သွယ်ခြင်း

၃။ မံသဝဏိဇ္ဇာ = (မွေးမြူရေး ပြုလုပ်ကာ) အသားငါးကိုကုန်သွယ်ခြင်း

၄။ မဇ္ဇဝဏိဇ္ဇာ = မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း

၅။ ဝိသဝဏိဇ္ဇာ = (ပိုးသတ်ဆေးတို့လို) အဆိပ်ကို ကုန်သွယ်ခြင်း ..

ဒီကုန်သွယ်ခြင်း (၅)မျိုးကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ မပြုမကျင့် ရှောင်ကြဉ်ရန် ဘုရားရှင်က ညွှန်ကြားတော်မူခဲ့ပါတယ်။ ဒီကုန်သွယ်မှု (၅)မျိုး ကြောင့် ရရှိတဲ့ပစ္စည်းတွေကိုလည်း အသက်မွေးဝမ်းကျောင်း စင်ကြယ်ရေး အတွက် မသုံးစွဲဖို့ရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။

ဒီသီလ လေးမျိုးကတော့ အရိယမဂ်ရဲ့ရှေ့အဖို့မှာ ဖြည့်ကျင့်ရမည့် လောကီသီလတွေပဲ ဖြစ်ကြပါတယ်။

လောကုတ္တရာသီလ

အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့အခိုက်မှာ အရိယမဂ်စိတ် ဖိုလ်စိတ်တို့နှင့် ယှဉ်တွဲကာ မဂ္ဂင်တရားကိုယ် (၈)ပါး ကျင့်စဉ်တရားတွေဟာလည်း အထင် အရှား တည်ရှိနေခဲ့ကြပါတယ်။ ယင်းမဂ္ဂင်တရားကိုယ် (၈)ပါးထဲမှာ သမ္မာ ဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင် (၃)ပါးတို့လည်း ပူးတွဲကာ ပါဝင်လျက်ရှိနေကြပါတယ်။ ယင်း အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့နှင့် ယှဉ်တွဲ နေကြတဲ့ သီလမဂ္ဂင်တွေကတော့ လောကုတ္တရာသီလတွေပဲ ဖြစ်ကြပါတယ်။

ယင်း လောကီသီလ လောကုတ္တရာသီလတို့နှင့် ဆက်စပ်နေတဲ့ တရား စကားအမျိုးမျိုးကို သီလကထာ တရားစကားလို့ ခေါ်ဆိုပါတယ်။၁၆၆ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အဖြစ် လက်ခံနိုင် ခဲ့ပါလျှင် မဂ္ဂင် (၈)ပါးတို့ရဲ့ အစိတ်အပိုင်းများအဖြစ် ပါဝင်နေကြတဲ့ သမ္မာ ဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင်တွေကိုလည်း နိဗ္ဗာန်ရောက် ကြောင်းကျင့်စဉ်အဖြစ် လက်ခံဖို့ကတော့ လိုအပ်နေပါတယ်။


၇။ သမာဓိကထာ = သမာဓိကျင့်စဉ်နှင့် စပ်တဲ့ တရားစကား

ဝိပဿနာရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ သမာဓိကို ပါဒကစျာန် သမာဓိလို့ ခေါ်ဆိုပါတယ်။ ဥပစာရသမာဓိနှင့်တကွ စျာန်သမာပတ် (၈)ပါး စလုံးတို့ဟာ ဝိပဿနာရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ ပါဒကစျာန်သမာဓိ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွား များလိုတဲ့ ယောဂီသူတော်ကောင်းဟာ တရားထိုင်တိုင်း ထိုင်တိုင်း ရှေ့ဦးစွာ မိမိနှစ်ခြိုက်ရာ ဥပစာရစျာန်သမာဓိတစ်ခုခုကိုပဲဖြစ်စေ သို့မဟုတ် အပ္ပနာစျာန် သမာဓိလို့ခေါ်ဆိုတဲ့ ရူပါဝစရစျာန်သမာဓိ (၄)ပါး အရူပါဝစရစျာန်သမာဓိ (၄)ပါးထဲက မိမိနှစ်ခြိုက်ရာ စျာန်သမာဓိတစ်ခုခုကိုပဲဖြစ်စေ သမာဓိကို ပြန်လည်ထူထောင်ပေးရပါတယ်။ ဒီစျာန်သမာဓိနှင့်ယှဉ်တဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်းရောင်တွေက ပြိုးပြိုးပြက် တလက်လက် တောက်ပလာတဲ့အခါ စျာန်မှထကာ ယင်းဉာဏ်အလင်းရောင်ရဲ့ အကူအညီ ကို ယူပြီးတော့ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တွေကို သိမ်းဆည်း ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများရပါတယ်။ ဒီလို သမာဓိမျိုးကို ဝိပဿနာရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ ပါဒကစျာန်သမာဓိလို့ ခေါ်ဆို ပါတယ်။

ဒီလို သမာဓိမျိုးကိုပင် ရည်ညွှန်းတော်မူပြီးတော့ ဘုရားရှင်က ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် သမာဓိသုတ္တန်မှာ၁၆၇ ..

၁။ ခန္ဓာ (၅)ပါးကို ဟုတ်တိုင်းမှန်စွာ သိမြင်ရေးအတွက်

၂။ ခန္ဓာ (၅)ပါးတို့ရဲ့ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို ဟုတ်တိုင်း မှန်စွာ သိမြင်ရေးအတွက်

၃။ ခန္ဓာ (၅)ပါးတို့ရဲ့ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို ဟုတ်တိုင်းမှန်စွာ သိမြင်ရေးအတွက် ..

သမာဓိကို ထူထောင်ရန် ရဟန်းတော်တို့အား တိုက်တွန်းထားတော် မူခဲ့ခြင်း ဖြစ်ပါတယ်။

အလားတူပဲ သစ္စသံယုတ်ပါဠိတော် သမာဓိသုတ္တန် တရားဒေသနာ တော်မြတ်မှာလည်း၁၆၈ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နိုင်ရေးအတွက် သမာဓိကို ထူထောင်ကြပါရန် ရဟန်းတော်တို့အား ဘုရားရှင်က တိုက်တွန်းထားတော် မူခဲ့ပါတယ်။

ယင်း ဥပစာရသမာဓိနှင့်တကွ စျာန်သမာပတ် (၈)ပါးတို့ကို စိတ္တဝိသုဒ္ဓိ လို့လည်း အမည်တစ်မျိုးနဲ့ ခေါ်ဆိုပါတယ်။ နီဝရဏကိလေသာ အညစ် အကြေးတွေကို ခပ်ကြာကြာ ခွာထားနိုင်တဲ့အတွက် နီဝရဏကိလေသာ အညစ်အကြေးတွေမှ ကင်းစင်နေတဲ့ စိတ်တွေလို့ ဆိုလိုပါတယ်။

သမာဓိ၏ အကျိုးဂုဏ်အင်အာနိသင် (၅) ပါး

၁။ ဒိဋ္ဌဓမ္မသုခဝိဟာရ ---- ရဟန္တာအရှင်မြတ်များဟာ မျက်မှောက် ဘဝမှာပဲ စျာန်ချမ်းသာဖြင့် ချမ်းချမ်းသာသာ နေထိုင်လိုခဲ့လျှင် စျာန် သမာဓိတွေကို ထူထောင်ကြပါတယ်။ အရဟတ္တဖိုလ်တိုင်အောင်သော ပြုသင့် ပြုထိုက်တဲ့ ရဟန်းကိစ္စတွေကို ပြုလုပ်ပြီးစီးနေပြီး ဖြစ်နေကြတဲ့အတွက် စျာန်သမာဓိတွေကို အခြေခံကာ အခြားပြုလုပ်ဖွယ် လုပ်ငန်းကိစ္စဆိုတာ ရဟန္တာအရှင်မြတ်များအတွက် လုံးဝမရှိတော့ပြီ ဖြစ်ပါတယ်။ မျက်မှောက် ဘဝမှာ စျာန်ချမ်းသာကို သုံးဆောင်ခံစားကာ နေထိုင်ခြင်းဆိုတဲ့ ဦးတည်ချက် တစ်မျိုးတည်းဖြစ်သာ ရဟန္တာဖြစ်တော်မူပြီးနောက် စျာန်သမာဓိတွေကို တစ်ဖန်ပြန်လည်ကာ ထူထောင်တော်မူကြခြင်း ဖြစ်ပါတယ်။

၂။ ဝိပဿနာနိသံသ ----- ဝိပဿနာဉာဏ်အမြင်တွေ သန့်ရှင်းစင်ကြယ် ရေးအတွက်လည်း စျာန်သမာဓိတွေကို ထူထောင်ရပါတယ်။

၃။ အဘိညာနိသံသ ---- အဘိညာဏ်အမျိုးမျိုးကို အလိုရှိတဲ့ သူတော် ကောင်းတွေဟာလည်း ကသိုဏ်း (၈)ပါး သမာပတ် (၈)ပါးဆိုတဲ့ ဒီစျာန် သမာဓိတွေကို (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ဝင်စားကာ စိတ်ကို ဆုံးမပေးရပါတယ်။၁၆၉

၄။ ဘဝဝိသေသာနိသံသ ----- ဗြဟ္မာဘဝကို အလိုရှိတဲ့ သူတော်ကောင်း တွေဟာလည်း သေသည့်တိုင်အောင် ဒီစျာန်တွေကို မလျှောကျအောင် ပွားများအားထုတ်ရပါတယ်။

၅။ နိရောဓာနိသံသ ----- နိရောဓသမာပတ်ကို ဝင်စားတော်မူလိုတဲ့ အနာဂါမ် ရဟန္တာ သူတော်ကောင်းတွေဟာလည်း ဒီစျာန်သမာပတ် (၈)ပါး တို့ကိုပဲ နိရောဓသမာပတ်ရဲ့ အခြေခံအကြောင်းရင်းအဖြစ်နဲ့ ပွားများပြီး နောက် ပထမစျာန်နာမ်တရားစတဲ့ စျာန်နာမ်တရားတွေကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်တော် မူကြရပါတယ်။၁၇၀

ဒီလို အကျိုးဂုဏ်အင်အာနိသင်အမျိုးမျိုး ရှိနေတဲ့, ဘုရားရှင်ကိုယ်တော် တိုင် ဟောကြားထားတော်မူခဲ့တဲ့, ဘုရားရှင်ကိုယ်တော်တိုင်ကလည်း သမာဓိ ကို ထူထောင်ရန် တပည့်သာဝကတို့အား အကြိမ်ကြိမ် တိုက်တွန်းတော်မူ ထားတဲ့ ဒီစျာန်သမာဓိလုပ်ငန်းခွင်ကို လွယ်လွယ်ကလေးနှင့် မပစ်ပယ်မိဖို့ အထူးသတိပြုသင့်လှပါတယ်။ ပိုပြီးတော့ သတိပြုသင့်တဲ့အချက်ကတော့ ဒုက္ခနိရောဓဂါမိနိပဋိပဒါအမည်ရတဲ့ ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်ကြတဲ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတွေထဲမှာ သမ္မာသမာဓိ အမည် ရတဲ့ စျာန်သမာဓိတွေကိုလည်း နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်တစ်ခု အဖြစ်နဲ့ ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့တဲ့အချက်ပဲ ဖြစ်ပါတယ်။

ယခုလို စျာန်သမာဓိတွေကို ဝိပဿနာရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ ပါဒကစျာန်သမာဓိအဖြစ် သမာဓိထူထောင်ပြီးနောက် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း ပွားများအားထုတ်လာလေရာ ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဟာ နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာကြပါတယ်။ ထိုအရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့နှင့် ယှဉ်တွဲနေတဲ့ သမာဓိကတော့ လောကုတ္တရာသမာဓိပဲ ဖြစ်ပါတယ်။

ဒီလို လောကီသမာဓိ လောကုတ္တရာသမာဓိဆိုတဲ့ သမာဓိတွေနှင့် ဆက်စပ်နေတဲ့ တရားစကားကိုတော့ သမာဓိကထာလို့ ခေါ်ဆိုပါတယ်။၁၇၁


၈။ ပညာကထာ = ဝိပဿနာပညာကျင့်စဉ်နှင့် စပ်တဲ့ တရားစကား

စျာန်သမာဓိ အမျိုးမျိုးတွေနဲ့ ယှဉ်တွဲနေတဲ့ စျာနသမ္မာဒိဋ္ဌိပညာ, အဘိညာဏ်ပညာ, ဝိပဿနာဉာဏ်အမျိုးမျိုးတွေနဲ့ ယှဉ်တွဲနေတဲ့ ဝိပဿနာ ပညာ - ဒီပညာတွေကတော့ လောကီပညာများ ဖြစ်ကြပါတယ်။

လောကုတ္တရာအရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့နဲ့ ယှဉ်တွဲနေတဲ့ ပညာတွေ ကတော့ လောကုတ္တရာပညာ ဖြစ်ပါတယ်။

ဒီလို လောကီပညာ လောကုတ္တရာပညာဆိုတဲ့ ပညာတွေနှင့် ဆက်စပ် နေတဲ့ တရားစကားကိုတော့ ပညာကထာလို့ ခေါ်ဆိုပါတယ်။၁၇၂


၉။ ဝိမုတ္တိကထာ = ကိလေသာတို့မှ လွတ်မြောက်မှု ဝိမုတ္တိနှင့် စပ်တဲ့ တရားစကား

အရိယဖိုလ်အသီးအသီးကို ---- ဆိုင်ရာဆိုင်ရာ အရိယမဂ်ဉာဏ်တို့က ပယ်ရှားထားပြီးတဲ့ ကိလေသာတို့မှ ကွင်းလုံးကျွတ် လွတ်မြောက်သွားတဲ့ အတွက်ကြောင့် (ပဋိပ္ပဿဒ္ဓိ)ဝိမုတ္တိလို့ ခေါ်ဆိုပါတယ်၊ အချို့အရာ၌ ပဋိပ္ပဿဒ္ဓိနိရောဓလို့လည်း ခေါ်ဆိုပါတယ်။ နိဗ္ဗာန်တရားတော်မြတ်ကိုလည်း တဏှာဦးဆောင်တဲ့ ကိလေသာအားလုံးတို့မှ ထွက်မြောက်ရာ ငြိမ်းအေးရာ ဖြစ်တဲ့အတွက်ကြောင့် (နိဿရဏ)ဝိမုတ္တိလို့ပဲ ခေါ်ဆိုပါတယ်၊ နိဿရဏ နိရောဓလို့လည်း ခေါ်ဆိုပါတယ်။

သို့သော် ဒီနေရာမှာ အပရေဆရာတော်တို့ရဲ့ အယူအဆကိုလည်း ဥဒါနအဋ္ဌကထာက ဖော်ပြထားပါတယ်။ ဥပစာရစျာန်သမာဓိနှင့် ဝိပဿနာ ဉာဏ်ကဲ့သို့သော မဟာကုသိုလ်တရားများကလည်း ကိလေသာတွေကို တဒင်္ဂ အားဖြင့် ပယ်ရှားထားနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒီလို ပယ်ရှားလိုက်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့ရဲ့ တဒင်္ဂအားဖြင့် မရှိမှု အဘာဝ သဘောကို တဒင်္ဂဝိမုတ္တိလို့ ခေါ်ဆိုပါတယ်၊ တဒင်္ဂနိရောဓလို့လည်း ခေါ်ဆို ပါတယ်။ မဟဂ္ဂုတ်ကုသိုလ်အမည်ရတဲ့ သမထစျာန်ကုသိုလ်တရားများက လည်း ကိလေသာတွေကို ခပ်ကြာကြာ ခွာထားနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီလို ခွာထားလိုက်တဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့ရဲ့ ဝိက္ခမ္ဘနအားဖြင့် မရှိမှု အဘာဝကို ဝိက္ခမ္ဘနဝိမုတ္တိလို့ ခေါ်ဆိုပါတယ်၊ ဝိက္ခမ္ဘန နိရောဓလို့လည်း ခေါ်ဆိုပါတယ်။ အဆင့်ဆင့်သော အရိယမဂ်ဉာဏ် အသီး အသီးကလည်း ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို အကြွင်းအကျန် မရှိ ကုန်စင်အောင် သမုစ္ဆေဒပဟာန်ဖြင့် အပြီးတိုင် ပယ်ရှားထားနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီလို သမုစ္ဆေဒအားဖြင့် ပယ်ရှားလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိလေသာတို့ရဲ့ မရှိမှု အဘာဝကို သမုစ္ဆေဒဝိမုတ္တိလို့ ခေါ်ဆိုပါတယ်၊ သမုစ္ဆေဒနိရောဓလို့လည်း ခေါ်ဆိုပါတယ်။၁၇၃

ယင်းဝိမုတ္တိအမျိုးမျိုးတို့နှင့် ဆက်စပ်နေတဲ့ တရားစကားတွေကို ဝိမုတ္တိ ကထာလို့ ခေါ်ဆိုပါတယ်။၁၇၄


၁၀။ ဝိမုတ္တိဉာဏဒဿနကထာ = အရိယဖိုလ် အသီးအသီးကို ရပြီးနောက် ဖြစ်ပေါ်လာတဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် စပ်တဲ့ တရားစကား

၁။ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိပြီးတဲ့ သောတာပန်အရိယာ သူတော်ကောင်းရဲ့ သန္တာန်မှာ ..

(က) သောတာပတ္တိမဂ်ကို ဆင်ခြင်ခြင်း၊

(ခ) သောတာပတ္တိဖိုလ်ကို ဆင်ခြင်ခြင်း၊

(ဂ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း၊

(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း၊

(င) မပယ်ရသေးတဲ့ ကိလေသာကို ဆင်ခြင်ခြင်း ..

ဒီလို ပစ္စဝေက္ခဏာဉာဏ်အမြင် (၅)မျိုး ထင်ရှားဖြစ်ပေါ်ခဲ့ပါတယ်။

အလားတူပဲ သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိပြီးတဲ့ သကဒါဂါမ် အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာလည်း ပစ္စဝေက္ခဏာဉာဏ်အမြင် (၅)မျိုး, အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိပြီးတဲ့ အနာဂါမ်အရိယာ သူတော် ကောင်းရဲ့ သန္တာန်မှာလည်း ပစ္စဝေက္ခဏာဉာဏ်အမြင် (၅)မျိုး အသီးအသီး ဖြစ်ပေါ်ခဲ့ကြပါတယ်။

အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိတော်မူပြီးတဲ့ ရဟန္တာအရှင်မြတ်ရဲ့ သန္တာန်မှာတော့ ..

(က) အရဟတ္တမဂ်ကို ဆင်ခြင်ခြင်း၊

(ခ) အရဟတ္တဖိုလ်ကို ဆင်ခြင်ခြင်း၊

(ဂ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း၊

(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း ..

ဒီလို ပစ္စဝေက္ခဏာဉာဏ်အမြင် (၄)မျိုးတို့ ဖြစ်ပေါ်ခဲ့ကြပါတယ်။

ပစ္စဝေက္ခဏာဉာဏ်အားလုံးကို ပေါင်းလိုက်တော့ ပစ္စဝေက္ခဏာဉာဏ် အမြင် (၁၉)မျိုးတို့ ဖြစ်ကြပါတယ်။ ဒီပစ္စဝေက္ခဏာဉာဏ်အမြင် အမျိုးမျိုး တို့နှင့် ဆက်စပ်နေတဲ့ တရားစကားကို ဝိမုတ္တိဉာဏဒဿနကထာလို့ ခေါ်ဆို ပါတယ်။၁၇၅

အားလုံးပေါင်းလိုက်တော့ ကထာဝတ္ထု (၁၀)ပါးတို့ ဖြစ်ကြပါတယ်။

---