တောကိုသာ ရှင်းလင်းပါ-ဒု
ကိလေသာတောချုံပုတ်ကို ရှင်းလင်းပုံနည်းစနစ်များအပိုင်း
ကျွတ်ထိုက်သသူ ဝေနေယျတို့ရဲ့ အဆင့်အတန်းသို့ လိုက်ကာ တရားဟောကြားတော်မူပုံ
ဘုရားရှင်ဟာ မိမိချေချွတ်တော်မူရမည့် ကျွတ်ထိုက်သသူ တပည့် သာဝက ဝေနေယျတစ်ဦးကို တွေ့ရှိတော်မူတဲ့အခါ ဒီသာဝကဖြစ်သူရဲ့ အတွင်းသဘော အလိုအဇ္ဈာသယဓာတ်ခံနှင့် ဣန္ဒြေ အနုံ့အထက် အနုအရင့် ကို ကြည့်ရှုတော်မူကာ နည်းအမျိုးမျိုးဖြင့် တရားတော်ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ အချို့အချို့သော ဝေနေယျတွေကိုတော့ အနုပုဗ္ဗိကထာလို့ ခေါ်ဆိုအပ်တဲ့ အစဉ်အတိုင်းသော တရားစကားတော်ကို ဟောကြားပြသတော်မူကာ ချေချွတ်ပေးတော်မူပါတယ်။ အများအားဖြင့်တော့ လူဝတ်ကြောင် ဥပါသကာ ဥပါသိကာမများကို လိုအပ်တဲ့အခါမှာ ဒီ အနုပုဗ္ဗိ ကထာ တရားစကားတော်ကို ဟောကြားတော်မူလေ့ရှိပါတယ်။
အနုပုဗ္ဗိကထာ = အစဉ်အတိုင်းသော တရားစကား
အနုပုဗ္ဗိကထာတရားစကားဆိုတာကတော့ တစ်ခုပြီးတစ်ခု အစဉ် အတိုင်း ဟောကြားသွားတော်မူတဲ့ တရားစကားတော် တစ်မျိုး ဖြစ်ပါတယ်။
၁။ ဒါနကထာ = ဒါနနှင့် စပ်တဲ့ တရားစကား
၂။ သီလကထာ = သီလနှင့် စပ်တဲ့ တရားစကား
၃။ သဂ္ဂကထာ = နတ်ရွာသုဂတိနှင့် စပ်တဲ့ တရားစကား
၄။ ကာမာနံ အာဒီနဝကထာ = ကာမဂုဏ်တို့ရဲ့ အပြစ်အမျိုးမျိုးတွေကို ဖော်ပြထားတဲ့ ကာမဂုဏ်တို့ရဲ့ ယုတ်ညံ့ပုံ ကာမဂုဏ်တို့ရဲ့ ညစ်နွမ်းပုံ တို့နှင့် ဆက်စပ်နေတဲ့ တရားစကား
၅။ နေက္ခမ္မေ အာနိသံသကထာ = ကာမဂုဏ်တို့မှ ထွက်မြောက်သွားခြင်း ကြောင့် လွတ်မြောက်သွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးအာနိသင် အမျိုးမျိုးကို ဖော်ပြနေတဲ့ (က) ရှင်ရဟန်းပြုခြင်းနှင့် ဆက်စပ်တဲ့ တရား စကား၊ (ခ) သမထ ဝိပဿနာအစဖြာတဲ့ ကုသိုလ်အမျိုးမျိုးတွေနှင့် ဆက်စပ်နေတဲ့ တရားစကား၊ (ဂ) ကာမဂုဏ်တို့မှ လွတ်မြောက်ကြောင်း ဖြစ်တဲ့ ပထမစျာန်စတဲ့ စျာန်သမာဓိထူထောင်ပုံ ရရှိပုံ အမျိုးမျိုးတို့နှင့် ဆက်စပ်နေတဲ့ တရားစကား၊ (ဃ) ယင်းစျာန်သမာဓိတွေကို ဝိပဿနာ ရဲ့ အခြေပါဒကပြုကာ ရှေ့သို့တစ်ဆင့် တက်လျက် ဝိပဿနာဘာဝနာ ပွားများအားထုတ်ပုံနှင့် ဆက်စပ်တဲ့ တရားစကား၊ (င) သံသရာဝဋ်ဆင်း ရဲဒုက္ခအဝဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်နှင့် ဆက်စပ်နေတဲ့ တရားစကား ..
ဒီလို အစဉ်အတိုင်းဖြစ်တဲ့ တရားစကားတော်တွေကို ကျွတ်ထိုက်သသူ ဝေနေယျတို့နှင့် လျော်အောင် သင့်တော်သလို ဟောကြားပြသ ဆိုဆုံးမပေး တော်မူပါတယ်။ ဒီလို ဟောကြားပြသပေးတော်မူပြီးတဲ့နောက် ကျွတ်ထိုက်သ သူ ဝေနေယျတို့ရဲ့ စိတ်ဓာတ်တွေဟာ .. မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်လောက် အောင် (= သစ္စာလေးရပ်တရားမြတ်ကို ထိုးထွင်းသိမြင်နိုင်လောက်အောင်) အခန့်သင့်ဖြစ်လာတဲ့အခါ နူးညံ့ပျော့ပျောင်းလာတဲ့အခါ နီဝရဏကိလေသာ တို့မှ ကင်းစင်နေတဲ့အတွက် စိတ်ဓာတ်တွေ ဖြူစင်နေတဲ့အခါ --- ဒီလိုအခါမျိုး တွေမှာ ဘုရားရှင်တို့ရဲ့ နှုတ်တော်မှ တိုက်ရိုက် ထွက်ပေါ်တော်မူလာတဲ့ သာမုက္ကံသိက ဓမ္မဒေသနာလို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးနှင့် စပ်တဲ့ တရား စကားတော်တွေကို အစဉ်အတိုင်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူလိုက် ပါတယ်။ ဒီလို ဟောကြားတော်မူလိုက်တဲ့ ဒေသနာတော်မြတ်ရဲ့အဆုံးမှာ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါတွေဟာလည်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် အရိယမဂ္ဂသမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်သွားတော်မူခဲ့ကြပါတယ်။၁၇၆
သီလ+သမာဓိ+ပညာကထာ
နောက်တစ်မျိုးကတော့ သံယုတ်ပါဠိတော် သတိပဋ္ဌာနသံယုတ် ဘိက္ခု သုတ္တန်မှာ၁၇၇ လာရှိတဲ့ ရဟန်းတော်လို ကျွတ်ထိုက်သသူ ဝေနေယျ တစ်ဦးကို ရရှိတော်မူတဲ့အခါ ထိုရဟန်းတော်ရဲ့ သန္တာန်မှာ ဖြူစင်မြင့်မြတ်တဲ့ သီလ ကျင့်စဉ်တွေက ချို့တဲ့နေတာကို သိမြင်တော်မူတဲ့အတွက် ---- ချစ်သား ရဟန်း ... သင်ချစ်သားဟာ ရှေ့ဦးစွာ ကောင်းမွန်စင်ကြယ်တဲ့ သီလရှိသူ ဖြစ်အောင် ကြိုးစားပါ၊ ကံ-ကံရဲ့အကျိုးကို တတ်သိနားလည်နေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်အမြင်တွေနဲ့လည်း ပြည့်စုံအောင် ကြိုးစားပါ၊ ဒီလို စင်ကြယ်နေတဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီးတော့ ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ ခေါ်ဆိုတဲ့ သတိပဋ္ဌာန်တရားလေးပါးတို့ကို (က) အဇ္ဈတ္တ မှာရော (ခ) ဗဟိဒ္ဓမှာရော (ဂ) အဇ္ဈတ္တ-ဗဟိဒ္ဓမှာရော -- ဒီလို သုံးမျိုးသော အခြင်းအရာတို့ဖြင့် ဆက်လက်ကာ ပွားများအားထုတ်ပါ စသည်ဖြင့် ဘုရားရှင်က ညွှန်ကြားပေးတော်မူလိုက်ပါတယ်။ သီလမပြည့်စုံသေးတဲ့ သာဝကတစ်ဦးကို သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို အစဉ်အတိုင်းကျင့်ရန် ညွှန်ကြားပေးတော်မူခြင်း ဖြစ်ပါ တယ်။
သမာဓိ+ပညာကထာ
နောက်တစ်မျိုး ပြောကြရအောင် .. ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သမာဓိ သုတ္တန်နှင့် သစ္စသံယုတ်ပါဠိတော် သမာဓိသုတ္တန်တွေမှာ၁၇၈ လာရှိကြတဲ့ တရားနာပရိသတ် ဖြစ်တော်မူကြတဲ့ ရဟန်းတော်တွေမှာ သီလကျင့်စဉ် တွေကတော့ ဖြူစင်နေကြပြီး ဖြစ်ကြတယ်။ သို့သော် သမာဓိကျင့်စဉ် ပညာ ကျင့်စဉ်တို့က လိုအပ်လျက်ပင် ရှိနေကြပါသေးတယ်။ ဒီလိုသာဝကများကို သမာဓိကို ထူထောင်ရန် ဘုရားရှင်က တိုက်တွန်းတော်မူပြီးနောက် သစ္စာ လေးရပ် တရားမြတ်ကို ထိုးထွင်း သိမြင်အောင် ပညာကျင့်စဉ်တွေကို ဆက်လက်ကျင့်ဖို့ရန် ညွှန်ကြားပေးတော်မူလိုက်ပါတယ်။
ပညာကထာ
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်နှင့် အနတ္တလက္ခဏသုတ္တန်တို့ကို၁၇၉ နာယူတော် မူနေကြတဲ့ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကဲ့သို့ အချို့အချို့သော ကျွတ်ထိုက်သသူ တပည့်ဝေနေယျသာဝကတွေရဲ့ သန္တာန်မှာ သီလပိုင်းတွေကလည်း ဖြူစင်ပြီး ဖြစ်နေကြတယ်၊ သမာဓိကျင့်စဉ်တွေကိုလည်း အောင်အောင်မြင်မြင် ကျင့် ထားပြီး ဖြစ်နေကြတယ်။ ထိုကဲ့သို့သော တပည့်သာဝကမျိုးတွေကို သီလ ကျင့်စဉ် သမာဓိကျင့်စဉ်တို့နှင့် ဆက်စပ်နေတဲ့ တရားစကားတော်တွေကို ဟောကြားတော်မမူတော့ဘဲ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် အနတ္တလက္ခဏသုတ္တန် တို့ကဲ့သို့သော သစ္စာလေးပါးနဲ့ ဆက်စပ်နေတဲ့ ပညာကျင့်စဉ်ပိုင်းဆိုင်ရာ တရားစကားတော်တွေကိုသာ ဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမပေးတော် မူပါတယ်။
အဇ္ဈာသယဓာတ်နှင့် လျော်ညီတဲ့ ညွှန်ကြားချက်များ
ဘုရားရှင်သည် ဥဒါန်းပါဠိတော် မေဃိယသုတ္တန်မှာ၁၈၀ ..
၁။ ရာဂစရိုက်ထူပြောနေတဲ့ ပုဂ္ဂိုလ်ကို ရာဂကို ပယ်ရှားနိုင်ရေးအတွက် အသုဘဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန်
၂။ ဒေါသစရိုက်ထူပြောနေတဲ့ ပုဂ္ဂိုလ်ကို ဗျာပါဒဒေါသကို ပယ်ရှားနိုင်ရေး အတွက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန်
၃။ အကုသလဝိတက်တွေ ထူပြောနေတဲ့ ပုဂ္ဂိုလ်ကို အကုသလဝိတက် တွေကို ပယ်ရှားနိုင်ရေးအတွက် အာနာပါနဿတိကမ္မဋ္ဌာန်းကို ပွားများ အားထုတ်ရန်
၄။ ငါ ငါလို့ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရားကို ပယ်ရှားနိုင်ရေး အတွက် အနိစ္စာနုပဿနာဘာဝနာကို ပွားများအားထုတ်ရန် ..
ဒီလို ညွှန်ကြားထားတော်မူပါတယ်။
အနိစ္စသညာ ထင်ရှားတည်ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အနတ္တသညာ ဟာ ကောင်းစွာတည်လာနိုင်ကြောင်းကိုလည်း ဆက်လက်ကာ ဟောကြား ထားတော်မူပါတယ်။ ဒီအနတ္တသညာဟာ ငါဆိုတဲ့ ထောင်လွှားနေတဲ့ အစွဲကို ဖြိုခွဲနိုင်ရေးအတွက် အခြေခံအကျဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါ တယ်။ ဒါကြောင့် ဘုရားရှင်က အနတ္တသညာ ထင်ရှားတည်ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ငါ ငါလို့ ထောင်လွှားတက်ကြွနေတဲ့ မာနစွဲကို ပယ်နုတ်နိုင်မည် ဖြစ်ကြောင်း, မျက်မှောက်ဘဝမှာပဲ နိဗ္ဗာန်သို့ ရောက်ရှိနိုင်ကြောင်းကို ဆက်လက်ကာ ဟောကြားထားတော်မူပါတယ်။
ရာဂ ဒေါသ မာန်မာနစတဲ့ ကိလေသာတောချုံပုတ်တွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ခုတ်ထွင်ရှင်းလင်းရမည်ဆိုတဲ့ တောရှင်းပုံ နည်းစနစ်ကောင်းတွေကို ဘုရားရှင်က ညွှန်ကြားထားတော်မူခဲ့ခြင်း ဖြစ်ပါ တယ်။
ရာဂကို တိုက်ဖျက်ရေးနည်းလမ်း
ဘုရားရှင်ဟာ သုတ္တနိပါတ်ပါဠိတော် ဝိဇယသုတ္တန်မှာ၁၈၁ .. (၁) သဝိညာ ဏကအသုဘ = ရှင်အသုဘ, (၂) အဝိညာဏကအသုဘ = သေအသုဘ - လို့၁၈၂ အသုဘဘာဝနာ ရှုပွားပုံ နည်းစနစ် နှစ်မျိုးကို ဟောကြားပြသ ဆိုဆုံးမ ထားတော်မူခဲ့ပါတယ်။
သက်ရှိသတ္တဝါတို့ရဲ့ သန္တာန်မှာ တည်ရှိနေကြတဲ့ (၃၂)ကောဋ္ဌာသ အစုအပုံတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘဘာဝနာကို ပွားများအားထုတ်ခဲ့လျှင် သဝိညာဏကအသုဘ (= ရှင်အသုဘ)ဘာဝနာကို ပွားများတယ်လို့ ခေါ်ဆိုပါတယ်။ ဂိရိမာနန္ဒသုတ္တန်မှာတော့၁၈၃ ဒီရှုကွက်ကို အသုဘသညာလို့ အမည်တစ်မျိုးနဲ့ ဟောကြားထားတော်မူခဲ့ပါတယ်၊ အမည်ကွဲသော်လည်း အဓိပ္ပာယ်မှာ တူညီလျက်ပင်ရှိပါတယ်။
သေနေတဲ့ အလောင်းကောင်မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသအစုအပုံ တို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို သို့မဟုတ် အလောင်းကောင်တစ်ခုလုံးရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့လျှင် အဝိညာဏကအသုဘ (= သေအသုဘ)ဘာဝနာကို ပွားများ တယ်လို့ ခေါ်ဆိုပါတယ်။
သဝိညာဏကအသုဘ (= ရှင်အသုဘ)ဘာဝနာကို ပွားများအားထုတ်တဲ့ အပိုင်းမှာလည်း (က) သမထပိုင်း ပွားများအားထုတ်ပုံ နည်းစနစ်, (ခ) ဝိပဿနာပိုင်းပွားများအားထုတ်ပုံ နည်းစနစ်လို့ အသုဘဘာဝနာ ပွားများ အားထုတ်ပုံ နည်းစနစ် နှစ်မျိုး ရှိနေပါတယ်။ အလားတူပဲ အဝိညာဏက အသုဘ (= သေအသုဘ)ဘာဝနာကို ပွားများအားထုတ်တဲ့အပိုင်းမှာလည်း (က) သမထပိုင်း ပွားများအားထုတ်ပုံနည်းစနစ်, (ခ) ဝိပဿနာပိုင်း ပွားများ အားထုတ်ပုံနည်းစနစ်လို့ အသုဘဘာဝနာ ပွားများအားထုတ်ပုံ နည်းစနစ် နှစ်မျိုးပင် ရှိနေပါတယ်။
သမထပိုင်းဆိုင်ရာ သဝိညာဏကအသုဘ (= ရှင်အသုဘ) ဘာဝနာ ပွားများအားထုတ်ပုံအကြောင်းကို ပြောကြရအောင် ..။
သမထပိုင်းဆိုင်ရာ သဝိညာဏကအသုဘ (= ရှင်အသုဘ) ရှုကွက်
သမ္မောဟဝိနောဒနီအဋ္ဌကထာမှာတော့၁၈၄ ဒီလို ဖွင့်ဆိုထားပါတယ်။ အသက်ထင်ရှားရှိနေတဲ့ မိမိရဲ့ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေကြတဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေထဲက အရိုးစုကဲ့သို့သော ကောဋ္ဌာသတစ်ခုကို ဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအများစုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသ အားလုံးကိုဖြစ်စေ အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းရှုပွားခဲ့လျှင် ပထမစျာန်သမာဓိသို့လည်း ဆိုက်ရောက်နိုင်တယ်၊ သို့မဟုတ် ပထမစျာန်သမာဓိရဲ့ အနီးအပါးမှာ ဖြစ်နေတဲ့ ဥပစာရသမာဓိ သို့လည်း ဆိုက်ရောက်နိုင်တယ်။ ဒီလို ဖွင့်ဆိုထားပါတယ်။ သို့သော် ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေရဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေထဲက အရိုးစုကဲ့သို့သော ကောဋ္ဌာသတစ်ခုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအများစုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအားလုံးကိုဖြစ်စေ အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းရှုပွားခဲ့လျှင်တော့ ပထမစျာန်သမာဓိ သို့လည်း မဆိုက်ရောက်နိုင်ကြောင်း, ပထမစျာန်သမာဓိရဲ့ အနီးအပါးမှာ ဖြစ်နေတဲ့ ဥပစာရသမာဓိသို့လည်း မဆိုက်ရောက်နိုင်ကြောင်းကို ဖွင့်ဆို ထားပါတယ်။ အကြောင်းပြချက်ကတော့ ဗဟိဒ္ဓကောဋ္ဌာသတွေအပေါ်မှာ ရွံရှာစက်ဆုပ်ဖွယ်အခြင်းအရာက ဥပစာရသမာဓိသို့ ဆိုက်နိုင်လောက်အောင် ပထမစျာန်သမာဓိသို့ ဆိုက်နိုင်လောက်အောင် ထင်ထင်ရှားရှား မထင်လာ မမြင်လာနိုင်သောကြောင့် ဖြစ်ပါတယ်။
ဘာကြောင့် မထင်လာ မမြင်လာနိုင်သလဲ? ယောဂီတွေ ... ကြက်ရိုး ဝက်ရိုးတွေ ကိုက်ဖူးကြသလား? ကြက်သား ဝက်သားတွေ စားဖူးကြသလား? ငါးအမဲတွေကိုကော စားနေကြသလား? စားဖူးကြတယ်, စားနေကြပါတယ် ဆိုလျှင် ရွံရှာလို့လား? သို့မဟုတ် မရွံရှာလို့လား? ဒီမေးခွန်းတွေကို မိမိကိုယ်ကို မိမိ မေးကြည့်လိုက်လျှင်တော့ သဘောပေါက်နိုင်ပါတယ်။
ဒီနေရာမှာ အဋ္ဌကထာက ဝေဖန်ဆန်းစစ်ပြထားတာ တစ်ခုတော့ ရှိနေ ပါတယ်။ ဗဟိဒ္ဓ သေနေတဲ့ အလောင်းကောင်တစ်ဦးရဲ့ သန္တာန်မှာ တည်ရှိနေ ကြတဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေထဲက အရိုးစုကဲ့သို့သော ကောဋ္ဌာသ တစ်ခုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအများစုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအားလုံးကိုဖြစ်စေ တစ်နည်းပြောရလျှင်တော့ အလောင်းကောင် တစ်ခုလုံးကိုဖြစ်စေ အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းရှုပွားခဲ့လျှင် ပထမစျာန်သမာဓိသို့လည်း ဆိုက်ရောက်နိုင်တယ်၊ ပထမစျာန်သမာဓိရဲ့ အနီးအပါးမှာ ဖြစ်နေတဲ့ ဥပစာရသမာဓိသို့လည်း ဆိုက်ရောက်နိုင်တယ်။ ဒီလို ဆိုက်ရောက်နိုင်ပါလျက် ဗဟိဒ္ဓ သက်ရှိသတ္တဝါ တွေရဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေကို အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းရှုပွားခဲ့လျှင် အဘယ်ကြောင်းကြောင့် ဥပစာရသမာဓိ အပ္ပနာသမာဓိသို့ မဆိုက်ရောက်ပါသလဲဆိုပြီးတော့ ဒီလို ဆန်းစစ်ပြထားပါတယ်။
အကြောင်းပြချက်ကတော့ ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေရဲ့ (၃၂)ကောဋ္ဌာသ တွေက ဥပါဒိန္နကပက္ခ (= သက်ရှိအဖို့အစု)မှာ တည်နေသောကြောင့် ဖြစ်ပါ တယ်။ ဗဟိဒ္ဓအလောင်းကောင်တွေရဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေကတော့ အနုပါဒိန္နကပက္ခ (= သက်မဲ့အဖို့အစု)မှာ တည်နေသောကြောင့် ဖြစ်တယ်လို့ ဒီလို အဋ္ဌကထာက ရှင်းလင်းတင်ပြထားပါတယ်။
ဒီအကြောင်းပြချက်ကို နည်းမှီကာ မူလဋီကာဆရာတော်က မိမိရဲ့ မူလဋီကာမှာ၁၈၅ ဖြတ်ထုံးတစ်ခုကို တင်ပြထားပါတယ်။ ဗဟိဒ္ဓ သက်ရှိသတ္တဝါ တွေရဲ့ သန္တာန်မှာ တည်ရှိနေကြတဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေကိုလည်း သေနေတဲ့ အလောင်းကောင်တစ်ခုမှာ တည်ရှိနေကြတဲ့ (၃၂) ကောဋ္ဌာသ အစုအပုံတွေကဲ့သို့ သဘောထားကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘော အားဖြင့် နှလုံးသွင်းရှုပွားတတ်ခဲ့လျှင်လည်း ဥပစာရသမာဓိသို့ ဆိုက်ရောက် နိုင်ကြောင်းကို တင်ပြထားပါတယ်။
ဒီတော့ ယောဂီတွေဘက်က ဒီရှုကွက်ကို လက်တွေ့ ရှုချင်တယ်ဆိုလျှင် မိမိတို့ ရရှိထားပြီးဖြစ်တဲ့ သမာဓိတစ်ခုခုကိုတော့ ပြန်လည်ကာ ထူထောင်ပါ။ ဥပမာ - ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိကို ထူထောင်ထားပြီးတဲ့ ယောဂီဖြစ်ခဲ့လျှင် ယင်းစတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်ပြီး ထူထောင်ပါ။ ယင်းစတုတ္ထစျာန်သမာဓိနှင့် ယှဉ်နေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အရောင်အလင်းရဲ့ အကူအညီကိုယူကာ မိမိရဲ့ အဇ္ဈတ္တ သန္တာန်မှာ တည်ရှိနေကြတဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေကို သိမ်းဆည်းပါ။ ယင်း (၃၂)ကောဋ္ဌာသအစုအပုံတွေထဲက ကောဋ္ဌာသတစ်ခုခုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအများစုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအားလုံးကို ဖြစ်စေ အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ရှုပွားပါ၊ ပထမစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်ပါတယ်။ အလားတူပဲ ဗဟိဒ္ဓ သက်ရှိ သတ္တဝါတွေရဲ့ (၃၂)ကောဋ္ဌာသအစုအပုံတွေထဲက ကောဋ္ဌာသတစ်ခုခုကို ဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအများစုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသ အားလုံးကိုဖြစ်စေ အာရုံယူကာ ---- သက်မဲ့အလောင်းကောင်မှာ တည်ရှိနေတဲ့ ကောဋ္ဌာသကဲ့သို့ သဘောထားကာ --- ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘော အားဖြင့် ရှုပွားခဲ့လျှင်လည်း ဥပစာရသမာဓိသို့ ဆိုက်ရောက်နိုင်ပါတယ်။
ဒီလို ရှုပွားပုံစနစ်ကတော့ သမထပိုင်းဆိုင်ရာ သဝိညာဏကအသုဘ (= ရှင်အသုဘ) ရှုနည်း ဖြစ်ပါတယ်၊ ဂိရိမာနန္ဒသုတ္တန်နှင့် အညီပဲ ဖြစ်ပါတယ်။
နောက်တစ်ခု .. သမထပိုင်းဆိုင်ရာ အဝိညာဏကအသုဘ (= သေ အသုဘ) ဘာဝနာ ရှုကွက်ကို ပြောကြရအောင် ..။
သမထပိုင်းဆိုင်ရာ အဝိညာဏကအသုဘ (= သေအသုဘ) ရှုကွက်
သေနေတဲ့ အလောင်းကောင်တစ်ခုကို အာရုံယူကာ ပထမစျာန် သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ချင်တယ်ဆိုလျှင်တော့ လိင်တူ အလောင်းကောင်တစ်ခုကို ရွေးချယ်ဖို့ လိုပါတယ်။ ဒီလိင်တူ အလောင်း ကောင်တစ်ခုလုံးကိုဖြစ်စေ သို့မဟုတ် လိင်တူ အလောင်းကောင်မှာ တည်ရှိတဲ့ ကောဋ္ဌာသတစ်ခုခုကိုဖြစ်စေ သို့မဟုတ် ကောဋ္ဌာသအများစုကိုဖြစ်စေ အာရုံ ယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းရှုပွားခဲ့လျှင် ပထမစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်ပါတယ်။
ခုပြောခဲ့တာတွေကတော့ သမထပိုင်းဆိုင်ရာ သဝိညာဏကအသုဘ (= ရှင်အသုဘ)နှင့် အဝိညာဏကအသုဘ (= သေအသုဘ) ဘာဝနာ ရှုကွက် တွေ ဖြစ်ကြပါတယ်။
ဝိပဿနာပိုင်းဆိုင်ရာ အသုဘဘာဝနာ ရှုကွက်ကို ဆက်လက် ပြောကြ ရအောင် ..။
ဝိပဿနာပိုင်းဆိုင်ရာ အသုဘဘာဝနာ ရှုကွက်
ဘုရားရှင်ဟာ မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်မှာ၁၈၆ သုသာန်သင်္ချိုင်းနှင့်ဆက်စပ်နေတဲ့ အသုဘဘာဝနာ (၉)မျိုးကို ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့ပါတယ်။ ယင်းအသုဘဘာဝနာ ရှုကွက်တွေမှာ ပထမစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် အသုဘဘာဝနာကို ပွားများပြီးမှ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ ကြိုးစားအားထုတ်ရန် ညွှန်ကြားထားတော်မူတဲ့ ဒေသနာတော်များ ဖြစ်ကြောင်းကို ရှေးအဋ္ဌကထာ များက ဖွင့်ဆိုထားတော်မူခဲ့ကြပါတယ်။ သို့သော် ရဟန္တာတစ်ဆူ ဖြစ်တော်မူတဲ့ မဟာသီဝမထေရ်မြတ်ကြီးကတော့ မဟာသတိပဋ္ဌာနသုတ္တန်မှာ လာရှိတဲ့ အသုဘဘာဝနာရှုကွက် (၉)မျိုးတို့ဟာ အာဒီနဝါနုပဿနာ (= မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ အပြစ်အာဒီနဝတွေကို အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ် ဖို့ရန် ညွှန်ကြားထားတော်မူခဲ့တဲ့) ဒေသနာတော်တွေသာ ဖြစ်ကြောင်းကို မိန့်ကြားထားတော်မူခဲ့ပါတယ်။၁၈၇
အာဒီနဝါနုပဿနာ ဆိုတာကတော့ ဒုက္ခာနုပဿနာရဲ့ အခြံအရံ အနုပဿနာတစ်မျိုးသာ ဖြစ်ပါတယ်။ ဝိသုဒ္ဓိမဂ်မှာ ဖော်ပြထားတဲ့ တော(၄၀) ရှုကွက်တွေထဲက ဒုက္ခလက္ခဏာရှုကွက် (၂၅)ချက်ထဲမှာ ဒီအာဒီနဝါ နုပဿနာဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။၁၈၈
ဒီနေရာမှာ မဟာသီဝမထေရ်မြတ် ဆိုလိုတာကတော့ ဒီလိုပါ ..။
သေနေတဲ့ ဗဟိဒ္ဓ အသုဘအလောင်းကောင်တစ်ခုကို အာရုံယူကာ ပထမစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများလိုတဲ့ ယောဂီ သူတော် ကောင်းဟာ ဗဟိဒ္ဓ လိင်တူ အလောင်းကောင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ် သဘော ကိုသာ အာရုံယူကာ ပထမစျာန်သမာဓိသို့ ဆိုက်သည်အထိ စူးစူးစိုက်စိုက် ရှုနေရတဲ့ လုပ်ငန်းခွင် တစ်ခုသာ ဖြစ်တယ်၊ မိမိရဲ့ အဇ္ဈတ္တအလောင်းကောင် ကို အာရုံယူကာ ပထမစျာန်သမာဓိသို့ ဆိုက်အောင် ပုံစံတူ အသုဘဘာဝနာ ကို ရှုဖို့ မလိုပါ၊ အဇ္ဈတ္တအလောင်းကောင်ကို အာရုံယူကာ ရှုနေခဲ့လျှင်လည်း ပထမစျာန်သမာဓိသို့ မဆိုက်ရောက်နိုင်ပါ။ သို့သော် ဒီမဟာသတိပဋ္ဌာန သုတ္တန်မှာ ဘုရားရှင်က ဗဟိဒ္ဓအလောင်းကောင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘော ကို အာရုံယူကာ အသုဘဘာဝနာကို ပွားများပြီးနောက် -- သော ဣမမေဝ ကာယံ ဥပသံဟရတိ ..စသည်ဖြင့် မိမိရဲ့ အဇ္ဈတ္တခန္ဓာကိုယ်ကိုလည်း သေနေတဲ့ အလောင်းကောင်နည်းတူ သေနေတဲ့ပုံကို ဉာဏ်နဲ့ မြင်အောင် ကပ်ဆောင်ကြည့်ကာ အသုဘဘာဝနာကို ရှုပွားသုံးသပ်ဖို့ရန် ညွှန်ကြားထား တော်မူခဲ့ပါတယ်။ ဒါကြောင့် မဟာသတိပဋိဋ္ဌာနသုတ္တန်မှာ လာရှိတဲ့ အသုဘ ဘာဝနာရှုကွက်ဟာ အာဒီနဝါနုပဿနာအနေဖြင့် ဘုရားရှင် ညွှန်ကြား ထားတော်မူခဲ့တဲ့ ရှုကွက်သာ ဖြစ်ပါတယ်။
ဒီရှုကွက်ကို ရှုတဲ့အခါမှာလည်း ဗဟိဒ္ဓ သေနေတဲ့ အလောင်းကောင် ပုံစံနည်းတူ မိမိရဲ့ သေနေတဲ့ အလောင်းကောင်ပုံကိုလည်း ဉာဏ်နဲ့ မြင်အောင် ကပ်ဆောင်ကြည့်ကာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် လှည့်လည်ကာ အသုဘအခြင်းအရာ ရွံရှာစက်ဆုပ်ဖွယ်အခြင်းအရာကို မြင်အောင် ရှုရမည့် လုပ်ငန်းခွင်ဖြစ်ပါတယ်။ ဒီလို မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ သေကျေ ပျက်စီးနေတဲ့ အလောင်းကောင်ကို အာရုံယူကာ အသုဘဘာဝနာရှုကွက်ကို ရှုနိုင်တဲ့ ယောဂီသူတော်ကောင်းဟာ မိမိရာဂဖြစ်နေတဲ့ ဗဟိဒ္ဓ သက်ရှိသတ္တဝါ တစ်ဦးကိုလည်း ဉာဏ်နဲ့ ကပ်ဆောင်ကာ ပုံစံတူ ရှုလိုက်ပါက ထိုသက်ရှိ သတ္တဝါရဲ့ သေနေတဲ့ အလောင်းကောင်ကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နိုင် ပါတယ်။ ဒီလိုတွေ့မြင်တဲ့အခါမှာလည်း အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ လှည့်ကာ အသုဘဘာဝနာကို ဆက်လက်ကာ ပွားများနိုင်ပါတယ်။ အလားတူပဲ မိမိ ရာဂဖြစ်နေတဲ့ အခြားအခြားသော သက်ရှိသတ္တဝါတွေကိုလည်း တစ်ယောက် ပြီးတစ်ယောက် ပြောင်းရွှေ့ကာ ပုံစံတူပဲ ရှုနိုင်ပါတယ်။ ဒီလိုရှုနေတဲ့ ရှုကွက်မျိုး ကို အာဒီနဝါနုပဿနာလို့ ခေါ်ဆိုပါတယ်။ ဒီလို အာဒီနဝါနုပဿနာကို ရှုနိုင်တဲ့ ယောဂီသူတော်ကောင်းဟာ မိမိရာဂဖြစ်နေတဲ့ နှစ်သက်မြတ်နိုးနေတဲ့ သက်ရှိသတ္တဝါတိုင်းကို ရှုလိုက်တိုင်း ရှုလိုက်တိုင်း သေကျေပျက်စီးနေတဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှတဲ့ အသုဘအလောင်းကောင်တွေအဖြစ်နဲ့သာ အမြဲတမ်း မြင်တွေ့နေခဲ့မည်ဆိုလျှင် ရာဂကိလေသာ တောချုံပုတ်ကြီးကို တော်တော်လေး အောင်အောင်မြင်မြင် ရှင်းလင်းလို့ ရရှိသွားပြီ ဖြစ်ပါတယ်။ သို့သော် အနုသယဓာတ်လို့ ခေါ်ဆိုအပ်တဲ့ ဒီ တောချုံပုတ်ရဲ့ အမြစ်တွေက တော့ ဆက်လက်ကာ တည်ရှိနေပါသေးတယ်။ ဒီအမြစ်တွေကိုပါ ကုန်စင် သွားအောင် ဆက်လက်ကာ ရှင်းလင်းကြရမှာ ဖြစ်ပါတယ်။
ဒီလို အာဒီနဝါနုပဿနာအနေနဲ့ မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ ခန္ဓာအိမ်မှာ --- တစ်နေ့မှာ ကျိန်းသေဧကန် ဖြစ်လာတော့မည့် သေနေတဲ့ အလောင်းကောင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာဆိုတဲ့ အပြစ် အာဒီနဝတွေကို ဉာဏ်နဲ့ ကပ်ဆောင်ကာ ရှုနေတဲ့အပိုင်းမှာ လိင်တူ အလောင်းကောင် လိင်မတူ အလောင်းကောင်လို့ ခွဲခြားသတ်မှတ်ပြီးတော့ ရှုဖို့မလိုပါ။ လိင်တူသည်ဖြစ်စေ လိင်မတူသည်ဖြစ်စေ သက်ရှိသတ္တဝါတွေရဲ့ အလောင်းကောင်, တကယ်သေနေတဲ့ သက်မဲ့သတ္တဝါတွေရဲ့ အလောင်း ကောင် အားလုံးကိုပင် အာရုံယူကာ အသုဘဘာဝနာကို ရှုပွားနိုင်ပါတယ်။ ဘုရားရှင်သည် သုတ္တနိပါတ်ပါဠိတော် ဝိဇယသုတ္တန်မှာ၁၈၉ သိရိမာရဲ့ သေနေတဲ့ အလောင်းကောင်ကို အာရုံယူကာ ရဟန်းယောက်ျားပရိသတ် ရဟန်းမိန်းမပရိသတ် အမျိုးသားဥပါသကာပရိသတ် အမျိုးသမီးဥပါသိကာ ပရိသတ်ဆိုတဲ့ ပရိသတ် (၄)မျိုးတို့အား အာဒီနဝါနုပဿနာအနေဖြင့် အသုဘဘာဝနာ ရှုကွက်ကို ရှုပွားရန် -- ဒီလို ညွှန်ကြားထားတော်မူခဲ့ပါတယ်။
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒံ ဝိရာဇယေ။၁၈၉
သေနေတဲ့ သိရိမာဆိုတဲ့ အလောင်းကောင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာကို ဉာဏ်နဲ့ မြင်အောင် ရှုပါ။ အလားတူပဲ မိမိ သေနေတဲ့ အလောင်းကောင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာကိုလည်း ဉာဏ်နဲ့ ကပ်ဆောင်ကာ မြင်အောင် ရှုပါ။ အလားတူပဲ မိမိရဲ့ အဇ္ဈတ္တ အလောင်းကောင်နည်းတူ အခြား ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေရဲ့ သေနေတဲ့ အလောင်းကောင်ကို ဉာဏ်နဲ့ ကပ်ဆောင်ကာ မြင်အောင်ကြည့်ပြီးတော့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာကို ဆက်လက်ကာ မြင်အောင်ရှုပါ၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် လှည့်လည်ကာ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ ဒီလို ရှုတဲ့အခါမှာ လိင်တူသည်ဖြစ်စေ လိင်မတူသည်ဖြစ်စေ ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေရဲ့ သေနေတဲ့ အလောင်းကောင်ကို တစ်ယောက်ပြီး တစ်ယောက် ပြောင်းရွှေ့ကာ အသုဘဘာဝနာကို ပုံစံတူ ရှုပါ။ ဒီလိုရှုနိုင်ခဲ့မည် ဆိုလျှင်တော့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံးမှာ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂတရားတွေဟာ ကင်းရှင်းသွားပါလိမ့်မည် -- ဒီလို ဘုရားရှင်က ညွှန်ကြားထားတော်မူခဲ့ပါတယ်။၁၈၉
သို့သော် ဒီလို အာဒီနဝါနုပဿနာအနေဖြင့် ရှုနိုင်ရုံမျှဖြင့်တော့ လိုလား တပ်မက်နေခြင်း ဆန္ဒရာဂဆိုတဲ့ ကိလေသာတောချုံပုတ်ကြီး ကင်းရှင်းသွား ပေမယ့်လို့ တောချုံပုတ်ကြီးရဲ့ အနုသယဓာတ်လို့ ကိန်းဝပ်နေတဲ့ အမြစ် တွေကတော့ ကျန်ရှိနေပါသေးတယ်။ ဒီအနုသယဓာတ်တွေကို လေးဆင့် သော အရိယမဂ်ဉာဏ်ဆိုတဲ့ မွေးညှပ်တွေဖြင့် ပယ်နုတ်နိုင်မှသာလျှင် ဒီ ကိလေသာတောချုံပုတ်ကြီးဟာ အမြစ်ပါမကျန် ကုန်စင်သွားမှာ ဖြစ်တယ်။ ဒီလိုအနုသယဓာတ်အမြစ်တွေကို ပယ်နုတ်နိုင်ရေး အရိယမဂ်သို့ ဆိုက်ရောက် နိုင်ရေးအတွက် ဆက်လက်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို အဆင့် ဆင့် ကြိုးပမ်းကြရမှာဖြစ်တယ်။
ဘယ်လို ကြိုးပမ်းကြမလဲ? ---
ချွင်းချက်တော့ မထားပါနဲ့
ရာဂကိလေသာတောချုံပုတ်ကြီးကို အမြစ်ပြတ် ဖြေရှင်းပစ်ချင်တယ် ဆိုလျှင်တော့ ချွင်းချက်မထားဖို့တော့ လိုအပ်ပါတယ်။ ခုပြောခဲ့တဲ့ အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိသန္တာန် နှစ်မျိုးစလုံးမှာ သေနေတဲ့ အလောင်းကောင်အဖြစ် ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်ကြည့်ရှုကာ အသုဘဘာဝနာပွားများခြင်း ဆိုတဲ့ ရှုကွက်ကတော့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတဲ့ ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓဆိုတဲ့ သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်း တရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်တဲ့ ယောဂီ သူတော်စင်များ ရှုရမည့် ရှုှုကွက်ဖြစ်ပါတယ်။
တစ်ချိန်က ဝိပဿနာပိုင်းသို့ ရောက်ရှိနေတဲ့ ယောဂီတစ်ဦးကို ဒီ အသုဘဘာဝနာရှုကွက်ကို သင်ပေးခဲ့ဖူးပါတယ်။ ထိုယောဂီက အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာ ရင်းနှီးတဲ့မိတ်ဆွေ တော်တော်ခပ်များများကို သေနေတဲ့ အလောင်းကောင်အဖြစ်သို့ ရောက်ရှိနေတာကို ဉာဏ်ဖြင့် ကပ်ဆောင်ကြည့် ကာ ဒီအလောင်းကောင်တွေရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို တွင်တွင်ကြီး ရှုနိုင်တဲ့ ယောဂီတစ်ဦး ဖြစ်ပါတယ်။ သို့သော် ထိုယောဂီက သူ့ရဲ့အမျိုးသားကိုတော့ ချွင်းချက်ထားထားပါတယ်။ သူ့အမျိုးသားဟာ သေနေတဲ့ အလောင်းကောင် ဖြစ်နေတာကို မကြည့်ရက်နိုင်တာကလည်း အကြောင်းတစ်ခု, သူ့မှာ ကလေးငယ်နှစ်ယောက် ရှိနေလေတော့ သူ့ အမျိုးသားသာ သေသွားခဲ့လျှင် ဒီကလေးနှစ်ယောက်နဲ့ ဘဝခရီးကို ဘယ်လို ဆက်လက်ကာ ချီတက်ရမလဲလို့ တွေးပူနေတာကလည်း အကြောင်းတစ်ခု- ဒီလို အကြောင်းနှစ်ခုကြောင့် သူ့အမျိုးသား သေနေတဲ့ အလောင်းကောင်ကို ဉာဏ်ဖြင့် ကပ်ဆောင်ကြည့်ကာ အသုဘဘာဝနာ ရှုဖို့ရန် မရှုရက် မရှုရဲ ဖြစ်နေခဲ့ပါတယ်။ သို့သော် တစ်နေ့မှာတော့ သူ့အမျိုးသားနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတယ်၊ ရန်ဖြစ်ပြီးတဲ့နောက် တရားထိုင်တဲ့အခါကျတော့မှ ဖြစ်ချင် ရာဖြစ်ပါစေတော့လို့ သဘောပိုက်ကာ သူ့အမျိုးသား သေနေတဲ့ အလောင်း ကောင်ကို ဉာဏ်ဖြင့် ကပ်ဆောင်ကြည့်ကာ ဒီအလောင်းကောင်ရဲ့ ရွံရှာ စက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘဘာဝနာကို စီးဖြန်းခဲ့ပါတယ်။ အဲဒီအခါကျတော့မှပဲ သူ့အမျိုးသားကို အာရုံယူကာ အသုဘဘာဝနာကို အောင်အောင်မြင်မြင် ရှုပွားလို့ ရရှိခဲ့ပါတယ်။
ဒီလို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာ အသုဘဘာဝနာကို ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုပွားနိုင်တဲ့ ယောဂီသူတော်ကောင်းဟာ ကာလ (၃)ပါး, သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုထားပြီး ဖြစ်တဲ့အတွက်.. မိမိ ရှုနေတဲ့ အဇ္ဈတ္တ ဗဟိဒ္ဓ အလောင်းကောင်တွေဟာလည်း မကြာမီအချိန် ကာလအတွင်းမှာပဲ ရုပ်ကလာပ်အမှုန်တွေ ဖြစ်သွားတာကို ဉာဏ်ဖြင့် တွေ့မြင် နေတတ်ပါတယ်။ အဲဒီအခါမှာ ဒီအလောင်းကောင်တွေမှာ တည်ရှိနေကြတဲ့ ဥတုဇရုပ်ကလာပ်တွေကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်းမှာ တည်ရှိနေကြတဲ့ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာဆိုတဲ့ (၈)မျိုး (၈)မျိုးသော ရုပ်ပရမတ်တရားတွေကို အာရုံယူကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ဆက်လက်ပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ဒီလို ဝိပဿနာရှုတဲ့အပိုင်းရောက်လျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုနေပါ။
သုံးဆယ့်နှစ်ကောဋ္ဌာသတို့ရဲ့ အသုဘအခြင်းအရာ
ဘုရားရှင်ဟာ အင်္ဂုတ္တိုရ် ဒသကနိပါတ် ဂိရိမာနန္ဒသုတ္တန်ဝယ်၁၉၀ (၃၂) ကောဋ္ဌာသတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘသညာ ကို ပွားများရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ယင်းညွှန်ကြားချက်အရ ဝိပဿနာဘာဝနာကို အဝါးဝစွာ လေ့လာနေတဲ့ သူတော်ကောင်းဟာ တစ်ခါ တစ်ရံ (၃၂)ကောဋ္ဌာသတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘ အသုဘလို့ အဇ္ဈတ္တ ဗဟိဒ္ဓဆိုတဲ့ သန္တာန်နှစ်မျိုးစလုံးမှာ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုပွားပါ။ ဒီလို ရှုပွားလိုက်တဲ့အခါမှာလည်း ဝိပဿနာ ဘာဝနာကို အဝါးဝစွာ လေ့လာထားပြီးဖြစ်နေတဲ့အတွက် မကြာမီ အချိန် ကာလအတွင်းမှာပဲ (၃၂)ကောဋ္ဌာသအစုအပုံတွေကို ရုပ်ကလာပ်တို့ရဲ့ အစု အပုံအဖြစ်နဲ့ တွေ့မြင်နေတတ်ပါတယ်။ ဒီလို ရုပ်ကလာပ်တွေကိုသာ တွေ့မြင် နေပြီဆိုလျှင်တော့ ဒွါရ (၆)ပါးနှင့် ယင်း(၃၂)ကောဋ္ဌာသ သို့မဟုတ် (၄၂) ကောဋ္ဌာသတို့မှာ တည်ရှိနေကြတဲ့ ရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းရုပ်ပရမတ်တရားတွေကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးတို့မှာ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဝိပဿနာ ရှုနေပါ။ ဒီလို ဝိပဿနာရှုတဲ့အပိုင်းရောက်လျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုနေပါ။
ပိုးလောက်တွေနဲ့ ပြည့်နေတဲ့ ခန္ဓာအိမ်
ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာမှာ၁၉၁ ပိုးလောက်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ ခန္ဓာအိမ်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူကာ အသုဘဘာဝနာကို ရှုပွားရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ဒီခန္ဓာအိမ်ကြီးဟာ ပိုးလောက် အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာအိမ်ကြီးသာ ဖြစ်ပါတယ်။ ဒီပိုးလောက် တွေဟာ ဒီခန္ဓာအိမ်ကြီးထဲမှာပဲ ကျင်ကြီးစွန့်ကြတယ်၊ ကျင်ငယ်စွန့်ကြတယ်၊ အိမ်ထောင်ပြုကြတယ်၊ သားမွေးကြတယ်၊ ဖျားလျှင်နာလျှင် ဆေးကုကြတယ်၊ သေလျှင်လည်း ဒီခန္ဓာအိမ်ကြီးထဲမှာပဲ အသုဘချကြတယ်၊ အလောင်းကောင် တွေကို စွန့်ပစ်ကြတယ်။ ဒါကြောင့် ဒီခန္ဓာအိမ်ကြီးဟာ ဒီပိုးလောက်တွေရဲ့ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာအိမ်လည်း ဟုတ်တယ်၊ အိမ်ထောင်ပြုရာ သားမွေးရာအိမ်လည်း ဟုတ်တယ်၊ ဆေးကုဖို့ရာ လူနာရုံလည်း ဟုတ်တယ်၊ အသုဘချဖို့ရာ သုသာန်သင်္ချိုင်းလည်း ဟုတ်တယ်။
ယောဂီပုဂ္ဂိုလ်တစ်ဦးဟာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးစလုံးမှာပဲ ဒီလို ပိုးလောက်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလို ရွံရှာစက်ဆုပ်ဖွယ် အခြင်း အရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ အသုဘ အသုဘလို့ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုနေပါ၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ထပ်ကာ ထပ်ကာ ရှုပါ။ ဒီလို ရှုနေတဲ့အခါမှာလည်း .. ဝိပဿနာဘာဝနာကို အဝါးဝစွာ လေ့လာထားပြီးဖြစ်တဲ့အတွက် မကြာမီအချိန်ကာလအတွင်းမှာပဲ ပိုးလောက်တွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာအိမ်ကို မတွေ့တော့ဘဲ ရုပ်ကလာပ် တွေရဲ့ အစုအပုံတွေကိုသာ ဉာဏ်နဲ့ တွေ့မြင်နေပါလိမ့်မည်။ အဲဒီအခါမှာ ရုပ်ကလာပ်တွေမှာ တည်ရှိနေကြတဲ့ ရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ ယင်းရုပ်ပရမတ်တရားတွေကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကို ဆက်လက်ကာ ရှုပွားပါ။ ဒီလို ဝိပဿနာရှုတဲ့အပိုင်းရောက်လျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုနေပါ။
ရုပ်ပရမတ်တရားတို့ရဲ့ အသုဘအခြင်းအရာ
သံယုတ်ပါဠိတော် ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာနှင့် အာသီဝိသော ပမသုတ္တန်အဋ္ဌကထာတို့မှာ၁၉၂ ရုပ်ပရမတ်တရားတွေရဲ့ အသုဘဘာဝနာ ရှုကွက်ကိုလည်း ဖွင့်ဆိုထားတော်မူခဲ့ပါတယ်။
ရုပ်ပရမတ်တရားတွေမှာလည်း ..
၁။ ဒုဂ္ဂန္ဓ =မကောင်းတဲ့ ပုပ်သိုးတဲ့ အနံ့ ရှိခြင်း,
၂။ အသုစိ =မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် အရောင်အဆင်း ရှိခြင်း,
၃။ ဗျာဓိ =ဖျားနာတဲ့သဘော ရှိခြင်း,
၄။ ဇရာ = အိုမှု ရှိခြင်း = ရင့်ကျက်မှုဌီကာလ ရှိခြင်း,
၅။ မရဏ =သေကျေပျက်စီးမှု ရှိခြင်း = ပျက်မှုဘင်ကာလ ရှိခြင်း ---
ဒီလို ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောတွေ ရှိကြပါတယ်။ ဒီလို ရုပ်ပရမတ်တရားတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ အသုဘ အသုဘလို့ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဒီလို အသုဘဘာဝနာ ရှုနိုင်တဲ့အပိုင်းကို ရောက်ရှိနေလျှင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် လှည့်လည်ကာ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးတော့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဆက်လက်ကာ ဝိပဿနာ ရှုနေပါ။ ဒီနေရာမှာတော့ ဒီသင်္ခါရတရား တွေကို အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ အသုဘလို့ ..လေးမျိုးသော အခြင်း အရာတို့ဖြင့် ဝိပဿနာ ရှုပွားရမည့်အပိုင်း ဖြစ်ပါတယ်။
နာမ်ပရမတ်တရားတို့ရဲ့ အသုဘအခြင်းအရာ
စက္ခုဒွါရဝီထိစတဲ့ ဒွါရ (၆)မျိုးစလုံးတို့မှာ --- ရူပါရုံစတဲ့ ဆိုင်ရာအာရုံ တွေကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်မှု အယောနိသောမနသိကာရကို အကြောင်းခံကာ အကုသိုလ်ဇောနာမ်တရားစုတို့လည်း ထင်ရှားဖြစ်ပေါ်လာ တတ်ကြပါတယ်။ ထိုအကုသိုလ်နာမ်တရားစုတို့ကား အပါယ်သံသရာဝဋ် ဆင်းရဲဒုက္ခအစရှိတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်း ရင်းတရားတွေ ဖြစ်ခြင်းကြောင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အသုဘတရား တွေသာ ဧကန်စင်စစ် ဖြစ်ကြပါတယ်။ ဒါကြောင့် ယင်းအကုသိုလ်နာမ်တရား စုတို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူကာ အသုဘ အသုဘလို့ ရှုပါ။ ရူပါရုံစတဲ့ ဆိုင်ရာအာရုံတွေကို နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု ယောနိသော မနသိကာရကို အကြောင်းခံကာ ဖြစ်ပေါ်လာကြတဲ့ စက္ခုဒွါရဝီထိစတဲ့ ကုသိုလ်ဇောဝီထိနာမ်တရားစုတို့လည်း ရှိကြပါတယ်။ အကယ်၍ ဒီကုသိုလ် နာမ်တရားစုတို့ကို အာရုံပြုပြီးတော့ ဒီကုသိုလ်နာမ်တရားစုတို့ကို အကြောင်း ပြုကာ အကုသိုလ်တရားတွေ ထပ်ဆင့်ဖြစ်ပွားလာခဲ့မည်ဆိုလျှင် ယင်းကုသိုလ် နာမ်တရားစုတွေဟာလည်း သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားရှိတဲ့တရားတွေသာ ဖြစ်ခြင်းကြောင့် ရွံရှာစက်ဆုပ်ဖွယ် အသုဘ တရားတွေသာ ဖြစ်ကြပါတယ်။ ဒီကုသိုလ်နာမ်တရားစုတို့ကိုလည်း အသုဘ အသုဘလို့ ရှုပါ။
ဒီနေရာမှာ နည်းနည်းတော့ ထပ်ရှင်းဖို့ လိုလိမ့်မည်။
ဒီလို ပဋ္ဌာန်းဒေသနာတော်မှာ၁၉၃ ဘုရားရှင် ဟောကြားထားတော်မူ ခဲ့တဲ့အတိုင်း ယောဂီပုဂ္ဂိုလ်တစ်ဦးဟာလည်း မိမိပြုစုပျိုးထောင်ထားခဲ့ပြီးတဲ့ ဒါန သီလ သမထ ဝိပဿနာ စတဲ့ ကုသိုလ်တရားတွေကို တစ်နည်း ပြောရ လျှင်တော့ မိမိမှာ တည်ရှိခဲ့တဲ့ တည်ရှိနေဆဲဖြစ်တဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာတရားတွေကို အာရုံပြုပြီးတော့ အကြောင်းပြုပြီးတော့ ဒီကုသိုလ်တရား အမျိုးမျိုးတွေအပေါ်မှာ သာယာမှု တွယ်တာတပ်မက်မှု ရာဂတရားတွေ လည်း ဖြစ်နေတတ်တယ်၊ မကျေနပ်မှု စိတ်ခက်ထန်ကြမ်းတမ်းမှု ဒေါသတရား တွေလည်း ဖြစ်နေတတ်တယ်၊ ငါပဲ သူပဲ စတဲ့ အသိမှားမှု မောဟတရားတွေ လည်း ထင်ရှားဖြစ်နေတတ်တယ်၊ ဒီကုသိုလ်တရားတွေအပေါ်မှာ ဂုဏ်ယူ ဝင့်ကြွားနေတဲ့ မာန်မာနတရားတွေလည်း ထင်ရှား ဖြစ်နေတတ်တယ်၊ ဒီကုသိုလ်တရားတွေကို ငါ ပြုစုပျိုးထောင်ထားတာပဲ စတဲ့ ခံယူချက်မှားမှု ဒိဋ္ဌိတရားတွေလည်း ဖြစ်ပေါ်နေတတ်တယ်၊ ဒီကုသိုလ်တရားတွေကြောင့် နောင်အနာဂတ်မှာ လူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဖြစ်ရေး စတဲ့ တောင့်တမှု ပတ္ထနာအမျိုးမျိုးတွေလည်း ဖြစ်ပေါ်နေတတ်တယ်။ ဒီပတ္ထနာ ဆိုတာကတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဦးဆောင်နေတဲ့ ကိလေသဝဋ်တရား စုတွေပဲ ဖြစ်ပါတယ်။ လူတော်လူကောင်း နတ်ကောင်း နတ်မြတ်လို့ အသိ မှားနေတဲ့သဘောက အဝိဇ္ဇာ၊ ယင်းလူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဘဝကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ၊ ယင်းဘဝကို စိတ်ကပ် ရောက်စွဲနေတဲ့သဘောက ဥပါဒါန်တို့ ဖြစ်ကြပါတယ်။
အလားတူပဲ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် အဋ္ဌကထာတို့မှာလည်း၁၉၄ .. အချို့အချို့သော ယောဂီပုဂ္ဂိုလ်တွေဟာ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော အလွန်အဆင့်အတန်း မြင့်မားနေတဲ့ ဝိပဿနာဉာဏ်တွေအပေါ်မှာသော် လည်းပဲ နှစ်သက်သာယာမှု တွယ်တာမက်မောမှု နိကန္တိလို့ ခေါ်ဆိုတဲ့ တဏှာ လောဘတရားတွေ ထင်ရှားဖြစ်ပေါ်လာနိုင်ကြောင်းကို ဟောကြားထားတော် မူခဲ့ပါတယ်၊ ဖွင့်ဆိုထားတော်မူခဲ့ပါတယ်။ ဒီလို သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သာယာနေတဲ့ တွယ်တာမက်မောနေတဲ့ ယောဂီပုဂ္ဂိုလ်အဖို့ သူ ထူထောင်ထားတဲ့ ကံတွေထဲမှာ ဒီသင်္ခါရုပေက္ခာဉာဏ်လို့ခေါ်ဆိုတဲ့ ဝိပဿနာ ကံဟာ အားအကောင်းဆုံး ဗလဝကုသိုလ်ကံတစ်ခု ဖြစ်နေပါတယ်။ ဒီလို နှစ်သက်သာယာမှု တွယ်တာမက်မောမှု တဏှာလောဘရဲ့ အားပေးထောက် ပံ့မှုကို ရရှိနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေ အကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကုသိုလ်ကံတစ်မျိုး ဖြစ်လာပါတယ်၊ ပဋိသန္ဓေအကျိုးကို ပေးလည်းပေးပါတယ်။ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေတည်နေရခြင်း အိုခြင်း နာခြင်း သေခြင်းစတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့ ကုသိုလ်ကံမျိုး ဖြစ်သွားပါတယ်။
ဒါကြောင့် ကုသိုလ်ကံတစ်ခုခုကို အမှီပြုပြီးတော့ အကုသိုလ်အမျိုးမျိုး တွေ ထင်ရှားဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လည်း ယင်းကုသိုလ်တရားတွေဟာ ရွံရှာ စက်ဆုပ်ဖွယ်ကောင်းတဲ့ အသုဘတရားတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီကုသိုလ်တရားစုမျိုးကိုလည်း အသုဘ အသုဘလို့ ရှုနိုင်ပါတယ်။
ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခ
နောက်တစ်ခုကတော့ အကုသိုလ်နာမ်တရားပဲဖြစ်ဖြစ်, ကုသိုလ် နာမ်တရားပဲဖြစ်ဖြစ်, ဝိပါက်ကိရိယာဆိုတဲ့ အဗျာကတနာမ်တရားပဲဖြစ်ဖြစ် ဘယ်နာမ်တရားမဆို နာမ်တရားတိုင်း နာမ်တရားတိုင်းဟာ ..
၁။ ဖြစ်ခြင်း ဥပါဒ်ဆိုတဲ့ ဇာတိဒုက္ခ
၂။ တည်ခြင်း ဌီဆိုတဲ့ ဇရာဒုက္ခ
၃။ ပျက်ခြင်း ဘင်ဆိုတဲ့ မရဏဒုက္ခ ..
ဒီဒုက္ခ (၃)မျိုး ထင်ရှားရှိနေကြတဲ့ တရားတွေချည်းသာ ဖြစ်ကြပါတယ်၊ ဒီဒုက္ခ (၃)မျိုးဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ တရားတွေချည်းသာ ဖြစ်ကြပါတယ်။ ဒီလို ဒုက္ခ (၃)မျိုး ထင်ရှားရှိနေကြတဲ့ တရားတိုင်း တရားတိုင်း ဟာလည်း ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အသုဘတရားတွေချည်းသာ ဖြစ်ကြ ပါတယ်။ ဒါကြောင့် နာမ်တရားတိုင်းကိုလည်း အသုဘ အသုဘလို့ ရှုပါ။
နိဂုံးချုပ်အနေနဲ့ ပြောရလျှင်တော့ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်တရား တွေကို နာမ်တရားတွေကို အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ အသုဘလို့ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုနေပါ။ ဒီလို ဝိပဿနာ ရှုနေခြင်းဟာ လည်း ရာဂဦးဆောင်နေတဲ့ ကိလေသာတောချုံပုတ်တွေကို ရှင်းလင်းနေတဲ့ လုပ်ငန်းခွင်တစ်မျိုးသာ ဖြစ်ပါတယ်။ အစွဲပြုတ် တဲကုပ် ရွှေနန်းတော် ဆိုတဲ့ နိဗ္ဗာန်နန်းသို့ ရောက်အောင် ပို့ဆောင်နေတဲ့ လုပ်ငန်းခွင်တွေသာ ဖြစ်ပါတယ်။
အတိတ် အနာဂတ် ရှုမှု ပြဿနာ
ဘုရားရှင်သည် မဇ္ဈိမပဏ္ဏာသပါဠိတော် ဝေခနသသုတ္တန်မှာ၁၉၅ ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။
ကစ္စာန ... အကြင် သမဏဗြာဟ္မဏတွေဟာ အတိတ်ရုပ်နာမ် အစဉ်ကို သိတတ်တဲ့ ဉာဏ်အမြင်လည်း မရှိဘဲ, အနာဂတ်ရုပ်နာမ်အစဉ်ကို သိတတ်တဲ့ ဉာဏ်အမြင်လည်း မရှိဘဲ .. ငါ့မှာ ပဋိသန္ဓေတည်နေရခြင်း ဇာတိတရား ကုန်ဆုံးသွားပြီ၊ ငါဟာ ကျင့်သင့်ကျင့်ထိုက်တဲ့ အရိယမဂ်ဆိုတဲ့ ကျင့်စဉ်ကို ကျင့်သုံးလို့ ပြီးစီးသွားပြီ၊ ငါဟာ ပြုသင့်ပြုထိုက်တဲ့ မဂ်ကိစ္စကို ပြုလုပ်ပြီးပြီ၊ ဒီအရိယမဂ် ရရှိရေးအတွက် နောက်ထပ်ပြုလုပ်ဖွယ်ကိစ္စ လုပ်ငန်းရပ်ဟာ ငါ့မှာ မရှိတော့ပြီလို့ သိနေပါတယ် လို့ .. ဒီလို ဝန်ခံစကား ပြောကြားနေကြတယ်။ ဒီလို ပြောဆိုနေကြတဲ့ သမဏဗြာဟ္မဏတွေကို တရားနှင့် လျော်ညီတဲ့ နှိပ်ကွပ်ခြင်းဖြင့်သာ နှိပ်ကွပ်ထိုက်ပါတယ် ဒီလို ဘုရားရှင် ဟောကြားထားတော်မူခဲ့ပါတယ်။၁၉၅
တရားနှင့် လျော်ညီတဲ့ နှိပ်ကွပ်မှု တစ်မျိုး
အတိတ်ရုပ်နာမ်အစဉ်ကို ဉာဏ်ဖြင့် ထိုးထွင်းမသိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ အတိတ်ရုပ်နာမ်အစဉ်ကို အမှီပြုကာ အစွဲပြုကာ ဖြစ်ပေါ်လာခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အကြောင်းသမုဒယသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်တဲ့ ဉာဏ်အမြင်ကို ရရှိရေးမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာဌာနတစ်ခုသာ ဖြစ်နေပါတယ်၊ အလားတူပဲ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာ တရားကြောင့် ဒီဘဝမှာ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်မှုကို ထိုးထွင်းသိမြင်တတ်တဲ့ ဉာဏ်အမြင်ကို ရရှိဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ် နိုင်တဲ့ အရာဌာနတစ်ခုသာ ဖြစ်နေပါတယ်။
အလားတူပဲ အနာဂတ်ရုပ်နာမ်အစဉ်ကို ထိုးထွင်း သိမြင်တတ်တဲ့ ဉာဏ်အမြင် မရှိသူတို့အဖို့ ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်ထားလိုက်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းသမုဒယသစ္စာတရားတွေကြောင့် နောင်အနာဂတ်မှာ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံကို ထိုးထွင်းသိမြင်တတ်တဲ့ ဉာဏ်အမြင်ကို ရရှိဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ် နိုင်တဲ့ မမျှော်မှန်းအပ်တဲ့ အရာဌာနတစ်ခုသာ ဖြစ်နေပါတယ်။ ဒီလို ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်ဆိုတဲ့ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် မသိမမြင်ခဲ့လျှင် သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ မကျော် လွှား မလွန်မြောက်နိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က မဟာနိဒါန သုတ္တန်မှာ၁၉၆ ဟောကြားထားတော်မူလျက် ရှိနေပါတယ်။ အဋ္ဌကထာကြီးများ ကလည်း ဒီလို ဆုံးဖြတ်ချက်ချထားတော်မူကြပါတယ်။
သီလတည်းဟူသော မြေပေါ်မှာ ကောင်းစွာ ရပ်တည်ပြီးတော့ သမာဓိ တည်းဟူသော မြတ်သော ကျောက်ဖျာထက်မှာ မြမြထက်အောင် ကောင်းစွာ သွေးထားတဲ့ ဉာဏ်တည်းဟူသော သန်လျက်ဖြင့် .. မိုးကြိုးစက်ဝန်းကဲ့သို့ သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ မကျွတ်နိုင် မလွတ်နိုင်အောင် သတ္တဝါတွေကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်နေတဲ့, သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝကို အဆက် မပြတ် လည်ပတ်စေတတ်တဲ့ စွမ်းအားရှိတဲ့, ကြောင်း-ကျိုး-ဆက်နွှယ်မှု (=ပဋိစ္စသမုပ္ပါဒ်) သဘောတရားလို့ ခေါ်ဆိုတဲ့ သံသရာ ဘဝစက်ကြီးကို မဖောက်ခွဲ မဖျက်ဆီးနိုင်ဘဲ, ထိုးထွင်းမသိမမြင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ အိပ်မက် ထဲမှာတောင်မှ တစ်ယောက်မျှ မရှိခဲ့စဖူးသေးပါဘူး။၁၉၇
ဒီလို ဆုံးဖြတ်ထားတော်မူကြပါတယ်။
ဒါကြောင့် အတိတ်ရုပ်နာမ်အစဉ်ကို ဉာဏ်ဖြင့် မသိမမြင်တဲ့, အနာဂတ် ရုပ်နာမ်အစဉ်ကို ဉာဏ်ဖြင့် မသိမမြင်တဲ့ ယောဂီပုဂ္ဂိုလ်တွေဟာ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေကို, တစ်နည်းဆိုရလျှင် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် တို့ဖြင့် ထိုးထွင်း မသိမမြင်နိုင်ကြတဲ့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ဖို့ဆိုတာ, သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာဌာနတစ်ခုသာ ဖြစ်နေပါတယ်။ ဝေခနသသုတ္တန်နည်းအရ ပြောရလျှင်တော့ ဘယ်လိုမှ ရဟန္တာ မဖြစ်နိုင်တဲ့ သူတွေသာ ဖြစ်ကြပါတယ်။
အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်
ဒီနေရာမှာ အနုဗောဓဉာဏ်ဆိုတာကတော့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် -- နှစ်ပါးကို ဆိုလို်ပါတယ်။ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ်စတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်အသီးအသီးကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းတတ် ပိုင်းခြားယူတတ်တဲ့ ဉာဏ်ကို ဒီအပိုင်း မှာ နာမရူပပရိစ္ဆေဒဉာဏ်လို့ ဆိုလိုပါတယ်။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ် ဖြစ်ပုံ စတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ရဲ့ တစ်ခုနဲ့တစ်ခု ကြောင်း-ကျိုး-ဆက်နွှယ်မှုသဘောတရားကို သိမ်းဆည်းတတ် ပိုင်းခြားယူ တတ်တဲ့ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ဆိုလိုပါတယ်။ ဒီဉာဏ် နှစ်ပါးကို အနု အနု ဗုဇ္ဈနေန အနုဗောဓော၁၉၈ (= တစ်ကြိမ်တစ်ခါ ထိုးထွင်းသိရုံမျှဖြင့် လိုရင်းကိစ္စ မပြီး၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ထိုးထွင်းသိမြင်ပါမှ လိုရင်းကိစ္စ ပြီးနိုင်တဲ့အတွက်) အနုဗောဓဉာဏ်လို့ ခေါ်ဆိုပါတယ်။ ပဋိသန္ဓေ ဝိညာဏ်ကဲ့သို့သော ဝီထိမုတ်စိတ်များကလွဲလျှင် ဒီပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် နာမ်တရားတွေဟာလည်း ဝီထိစိတ်အစဉ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြပါ တယ်။ ဖြစ်တဲ့အခါမှာလည်း ယှဉ်ဖက်စိတ်စေတသိက်တွေနှင့် စိတ္တက္ခဏ တိုင်းမှာ အတူယှဉ်တွဲကာ ဖြစ်ရိုးဓမ္မတာ ရှိကြပါတယ်။ ဒီလို ဝီထိစိတ်အစဉ် အတိုင်း ယှဉ်ဖက်စိတ်စေတသိက်တွေနှင့် စိတ္တက္ခဏတိုင်းမှာ အတူယှဉ်တွဲ ကာ ဖြစ်ပေါ်နေကြတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ရဲ့ အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာတွေကိုလည်းကောင်း, ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တွေနှင့် ဆက်စပ်နေကြတဲ့ ရုပ်တရားတို့ရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်း အရာ အနတ္တအခြင်းအရာတွေကိုလည်းကောင်း ထိုးထွင်းသိမြင်နေကြတဲ့ သမ္မသနဉာဏ်မှစပြီးတော့ အရိယမဂ်ဉာဏ်သို့တိုင်အောင်သော ဝိပဿနာ ဉာဏ်အားလုံးကိုတော့ သိသင့်သိထိုက်တဲ့ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်ဖြစ်ကြတဲ့ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်း အရာတွေကို အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်သည်အထိ ထိုးထွင်းသိမြင် တတ်တဲ့ ဉာဏ်တွေ ဖြစ်ခြင်းကြောင့် ပဋိဝေဓဉာဏ်လို့ ခေါ်ဆိုပါတယ်။၁၉၉ ဒီလို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တွေကို ထိုးထွင်း မသိမမြင်တဲ့ ပုဂ္ဂိုလ်တွေဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ဘယ်လိုမှ မကျော်လွှား မလွန်မြောက်နိုင်ဘူးဆိုတဲ့ အကြောင်းအရာကို ဘုရားရှင်က မဟာနိဒါနသုတ္တန်မှာ၁၉၆ ဟောကြားထားတော်မူလျက်ပဲ ရှိနေပါတယ်။
အဘိညာဏ်နှင့် ဝိပဿနာဉာဏ်
အတိတ် အနာဂတ်ကို ရှုမှုနှင့် ပတ်သက်လို့ အချို့အချို့သော ဆရာမြတ် တို့က ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ကို ရရှိပါမှသာလျှင် အတိတ်ရုပ်နာမ် ခန္ဓာတွေကို ရှုလို့ ရနိုင်တယ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ အနာဂတံသဉာဏ်ကို ရရှိပါမှသာလျှင် အနာဂတ်ရုပ်နာမ်ခန္ဓာတွေကို ရှုလို့ ရနိုင်တယ်၊ ဒီလို သူတို့က အယူ ရှိကြပြန်တယ်။ အတိတ် အနာဂတ်ကို ရှုရာ၌ အဘိညာဏ်ဉာဏ်ဖြင့် ရှုနည်း, ဝိပဿနာဉာဏ်ဖြင့် ရှုနည်းလို့ ရှုနည်း နှစ်နည်း ရှိနေပါတယ်။ ဝိပဿနာဉာဏ်နဲ့ ရှုနည်းကို ဘုရားရှင်က ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် ခဇ္ဇနီယသုတ္တန်မှာ ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။
ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ၊ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။၂၀၀
ဒီပါဠိတော်ရဲ့ဆိုလိုရင်းကတော့ ဒီလိုပါ။
အချို့အချို့သော သမဏဗြာဟ္မဏတွေဟာ ရှေးကနေခဲ့ဖူးတဲ့ ရုပ်နာမ် ခန္ဓာအစဉ်တွေကို ဉာဏ်ဖြင့်အစဉ်လျှောက်ကာ အောက်မေ့လိုက်ကြတဲ့အခါ (= ရှုလိုက်ကြတဲ့အခါ) .. အတိတ်ဘဝ အတိတ်အဓွန့်ကာလက ငါ့ရဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တွေဟာ ဒီလို ဖြစ်ခဲ့ဖူးပါတယ် .. ဒီလို ဉာဏ်ဖြင့်အစဉ်လျှောက်ကာ အောက်မေ့လိုက်မည်ဆိုလျှင်လည်း အောက်မေ့ လို့ ရကြပါတယ်။၂၀၀
ဒီလို ဘုရားရှင် ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီလို ဟောကြားတော် မူချက်နှင့် ပတ်သက်လို့ အဋ္ဌကထာက၂၀၁ .. ဒီနေရာမှာ အဘိညာဏ်နဲ့ အတိတ်ခန္ဓာတွေကို (+ အနာဂတ်ခန္ဓာတွေကို) ရှုပုံနည်းစနစ်ကို ရည်ညွှန်း တော်မူပြီးတော့ ဘုရားရှင်က ဟောကြားထားတော်မူခဲ့တာ မဟုတ်ပါဘူး၊ ဝိပဿနာဉာဏ်နဲ့ အတိတ်ခန္ဓာတွေကို (+ အနာဂတ်ခန္ဓာတွေကို) ရှုပုံ နည်းစနစ်ကို ရည်ညွှန်းတော်မူပြီးတော့ ဘုရားရှင်က ဟောကြားထားတော် မူခဲ့ခြင်းသာ ဖြစ်ပါတယ် --- ဒီလို ဖွင့်ဆိုထားပါတယ်။
ပုဗ္ဗေနိဝါသန္တိ န ဣဒံ အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ၊ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။၂၀၁
အကြောင်းပြချက်ကတော့ ဒီလိုပါ ...။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်နဲ့ အတိတ်ကနေခဲ့ဖူးတဲ့ ခန္ဓာအစဉ်တွေကို လှမ်းရှုလိုက်တဲ့ အခါမှာ ဒီအဘိညာဏ်က ..
၁။ လောကုတ္တရာတရားများ ပါဝင်တဲ့ ခန္ဓာငါးပါးကိုလည်း သိနိုင်တယ်။
၂။ လောကုတ္တရာတရားများ မပါဝင်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးကိုလည်း သိနိုင်တယ်။
၃။ ခန္ဓာနှင့် ဆက်စပ်နေတဲ့ အမျိုးအနွယ် ရုပ်အဆင်း အစာအာဟာရ သုခ ဒုက္ခ အဝဝတွေကိုလည်း သိနိုင်တယ်။
၄။ အမည် နာမစတဲ့ ပညတ်အမျိုးမျိုးတွေကိုလည်း သိနိုင်တယ်။
သို့သော် ဝိပဿနာဉာဏ်ကတော့ ဥပါဒါနက္ခန္ဓာငါးပါးလောက်ပဲ သိနိုင်ပါတယ်။
ဘုရားရှင်ကလည်း ဒီခဇ္ဇနီယသုတ္တန်မှာ၂၀၀ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ထိုးထွင်းသိခြင်းလောက်ကိုသာ ဟောကြားထားတော်မူခဲ့ပါတယ်။ ဒါကြောင့် ဒီဟောကြားတော်မူချက်ဟာ အဘိညာဏ်နဲ့ အတိတ်ခန္ဓာတွေကို ထိုးထွင်း သိခြင်းကို ရည်ရွယ်တော်မမူဘဲ ဝိပဿနာဉာဏ်နဲ့ ထိုးထွင်းသိခြင်းကိုသာ ရည်ရွယ်ကာ ဟောကြားထားတော်မူတယ်လို့ သိရှိနိုင်ပါတယ်။၂၀၁
မဟာတိဿမထေရ်မြတ်ကြီး
ဒီနေရာမှာ သက်ရှိသတ္တဝါတို့ရဲ့ အရိုးစုကောဋ္ဌာသကို အာရုံယူကာ အသုဘဘာဝနာသညာကို ဝိပဿနာရဲ့ အခြေခံပါဒကစျာန်ပြုလျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စနစ်တကျ စီးဖြန်းတော်မူနိုင်တဲ့အတွက် ရာဂဦးဆောင်တဲ့ ကိလေသာတောချုံပုတ်ကို အမြစ်ပါမကျန် ရှင်းလင်း သုတ်သင်တော်မူနိုင်တဲ့အတွက်ကြောင့် အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွား တော်မူတဲ့ မဟာတိဿမထေရ်မြတ်ကြီးရဲ့အကြောင်းကို၂၀၂ ပြောကြ ရအောင်..။
မဟာတိဿမထေရ်မြတ်ကြီးဟာ အနုရာဓမြို့ရဲ့ မလှမ်းမကမ်းမှာ တည်ရှိနေတဲ့ စေတိယပဗ္ဗတခေါ်တဲ့ စေတိယတောင်ကျောင်းတိုက်မှာ နေထိုင်တော်မူခဲ့ပါတယ်။ မထေရ်မြတ်ကြီးဟာ မိမိရဲ့ အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေတဲ့ အရိုးစုကောဋ္ဌာသကို အာရုံယူကာ ပထမစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် အသုဘသညာကို ပွားများအားထုတ်တော်မူခဲ့တဲ့ မထေရ်မြတ်ကြီးတစ်ပါး ဖြစ်ပါတယ်။ ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့ရဲ့ အရိုးစု ကောဋ္ဌာသကိုလည်း အာရုံယူကာ ဥပစာရသမာဓိသို့ ဆိုက်သည့်တိုင်အောင် အသုဘသညာကို အဝါးဝစွာ လေ့လာထားပြီးသူလည်း ဖြစ်ပါတယ်။ ထိုပထမစျာန်သမာဓိကို ဝိပဿနာရဲ့ အခြေခံပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ကာ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတွေကို သိမ်းဆည်း ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူနေတဲ့ မထေရ်မြတ်ကြီး တစ်ပါးလည်း ဖြစ်ပါတယ်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရား နှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဉာဏ်စဉ်အတိုင်း အဆင့်ဆင့် ဝိပဿနာရှုပွား သုံးသပ် တော်မူနိုင်တဲ့အတွက် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဆိုက်ရောက်တော် မူနေတဲ့ မထေရ်မြတ်ကြီးတစ်ပါးလည်း ဖြစ်ပါတယ်။ သို့သော် ဝိပဿနာ ဉာဏ်တွေက မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်လောက်အောင် မရင့်ကျက် ကြသေးတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်သို့ကား မဆိုက်ရောက်သေးပါ၊ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုနေရဆဲပဲ ရှိနေပါသေးတယ်။
တစ်နေ့မှာတော့ မိမိသီတင်းသုံးရာ စေတိယတောင်ကျောင်းတိုက်မှ အနုရာဓမြို့သို့ ဆွမ်းခံကြွလာတော်မူခဲ့ပါတယ်။ ဆွမ်းခံကြွလာတဲ့အခါမှာ လည်း မိမိနှလုံးသွင်းနေကျဖြစ်တဲ့ အရိုးစုကောဋ္ဌာသကို အာရုံယူကာ အသုဘ သညာကို ပွားများလျက် ကြွလာတော်မူခဲ့ပါတယ်။ ထိုနေ့ နံနက်စောစောမှာ အမျိုးသမီးတစ်ဦးဟာလည်း အိမ်ရှင်ယောက်ျားနဲ့ အချင်းများကာ မိမိကိုယ်ကို နတ်သမီးကဲ့သို့ အလှဆုံးပြင်ဆင်ကာ အိမ်မှ ဆင်းလာခဲ့တယ်။ အနုရာဓမြို့မှ မိဘအိမ်ရှိရာဘက်သို့ လမ်းလျှောက်လာခဲ့ရာ လမ်းခုလတ်တစ်နေရာမှာ မဟာတိဿမထေရ်မြတ်ကြီးနှင့် ရင်ဆိုင် တွေ့ဆုံမိခဲ့တယ်။ အဲဒီအခါမှာ ဒီအမျိုးသမီးက မထေရ်မြတ်ကြီးအပေါ်မှာ ဖောက်ပြန်တဲ့စိတ်ထား ရှိနေတဲ့ အတွက် မိမိကို မထေရ်မြတ်ကြီးက သတိပြုလာနိုင်လောက်အောင် အသံ ထွက်ကာ ရယ်မောလိုက်ပါတယ်။ ထိုအချိန်အခါမှာ မထေရ်မြတ်ကြီးကလည်း အရိုးစုကို အာရုံယူကာ အသုဘသညာကို ပွားများနေဆဲပဲ ဖြစ်ခဲ့ပါတယ်။ အသံကြားလိုက်တဲ့အခါ ဘာသံပါလိမ့်လို့ ဆင်ခြင်ကာ လှမ်းကြည့်ရှုလိုက်မိ တဲ့အခါ ပြုံးရယ်နေတဲ့ အမျိုးသမီးရဲ့ သွားတွေကို မြင်တွေ့ခဲ့ပါတယ်။ အသုဘ သညာကို ပွားလက်စရှိနေတဲ့အတွက် သွားကို အာရုံယူကာ လှမ်းရှုလိုက်သည် နှင့် တစ်ပြိုင်နက်တည်း ထိုအမျိုးသမီးရဲ့ တစ်ကိုယ်လုံးမှာ တည်ရှိနေတဲ့ အရိုးစု အစုအပုံကိုပဲ မြင်တွေ့နေပါတော့တယ်။ အဲဒီအခါမှာ ထိုအမျိုးသမီးရဲ့ သွားတွေနှင့်တကွ အရိုးစုတစ်ခုလုံးကိုပဲ အာရုံယူကာ အသုဘသညာကိုပင် ဆက်လက်ကာ ပွားများတော်မူလိုက်ပါတယ်။ ထိုအမျိုးသမီးရဲ့အရိုးစုအာရုံ အပေါ်မှာ အသုဘသညာကို ရရှိတော်မူပြီးနောက် မိမိရဲ့အရိုးစုကို တစ်ဖန် ပြန်အာရုံယူကာ အသုဘသညာကို ပထမစျာန်သို့ ဆိုက်သည့်တိုင်အောင် ဆက်လက်ကာ ပွားများအားထုတ်တော်မူခဲ့ပါတယ်။
ထိုပထမစျာန်သမာဓိကို အခြေခံလျက် ရုပ်-နာမ်-ကြောင်း-ကျိုး (=သင်္ခါရ) တရားတွေကို သိမ်းဆည်းကာ ဝိပဿနာဉာဏ်စဉ်အတိုင်း ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းတော်မူလေရာ ထိုအချိန်အခါမှာ ဝိပဿနာဉာဏ်တွေကလည်း ရင့်ကျက်လာကြပြီဖြစ်တဲ့အတွက် လေးဆင့် သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့သို့ တစ်ဆင့်ပြီး တစ်ဆင့် အစဉ်အတိုင်း ဆိုက်ရောက်တော်မူခဲ့ပါတယ်။ အနုရာဓမြို့သို့ မဆိုက် ရောက်မီ လမ်းမကြီးပေါ်မှာပဲ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ရာဂဦးဆောင်နေတဲ့ ကိလေသာတောချုံပုတ်တွေကို အမြစ်ပါ မကျန် ရှင်းလင်းတော်မူနိုင်တဲ့အတွက် ကိလေသာတို့မှ ကွင်းလုံးကျွတ် ထွက်မြောက်တော်မူခဲ့ပါတယ်။
ထိုအချိန်မှာပဲ အိမ်ရှင်ယောက်ျားကလည်း အနုရာဓမြို့မှ ထွက်လာကာ အိမ်ရှင်မနောက်သို့ လိုက်လာခဲ့ပါတယ်။ လမ်းခုလတ်တစ်နေရာမှာပဲ မဟာ တိဿမထေရ်မြတ်ကြီးနှင့် တွေ့ဆုံတဲ့အခါ အမျိုးသမီးတစ်ယောက် ဒီလမ်း ပေါ်ကနေ လျှောက်သွားတာကို တွေ့မြင်လိုက်ပါသလားလို့ မထေရ်မြတ် ကြီးကို သူက မေးမြန်းလျှောက်ထားလိုက်ပါတယ်။ အဲဒီအခါမှာ မထေရ်မြတ် ကြီးက --- ဒကာ ... အမျိုးသမီးလား အမျိုးသားလားတော့ ငါမသိပါ၊ သို့သော် အရိုးစုကြီးတစ်ခု ဒီလမ်းပေါ်မှာ လျှောက်သွားနေတာကိုတော့ ငါ တွေ့မြင်လိုက်ပါတယ်လို့ ဒီလို ပြန်ပြီးတော့ အမိန့်ရှိတော်မူလိုက်ပါတယ်၊၊၂၀၂
အသုဘသညာကို အောင်အောင်မြင်မြင် ပွားများအားထုတ်တော်မူ နိုင်တဲ့အတွက်, ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုလည်း စနစ်တကျ စီးဖြန်းတော် မူနိုင်တဲ့အတွက် ရာဂကို အောင်အောင်မြင်မြင် တိုက်ဖျက်သွားနိုင်ခဲ့တဲ့ ထုံးဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။
---
ဒေါသကို တိုက်ဖျက်ရေးနည်းလမ်း
ဘုရားရှင်သည် မေဃိယသုတ္တန်မှာ၂၀၃ ..
မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ ..
ဗျာပါဒဒေါသကို ပယ်ရှားနိုင်ရေးအတွက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ဗျာပါဒဒေါသကို အောင်အောင် မြင်မြင် တိုက်ဖျက်လိုသူတိုင်း လိုက်နာရမည့် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
---
သာမာဝတီနှင့် မိဖုရား (၅၀၀)
သာမာဝတီမိဖုရားအမှူးရှိတဲ့ မိဖုရား (၅၀၀)တို့ဟာ မေတ္တာစျာန်တွေကို အောင်အောင်မြင်မြင် ပွားများအားထုတ်ကြပြီးနောက် ထိုမေတ္တာစျာန် သမာဓိကို အခြေခံကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ဆက်လက်ကာ စီးဖြန်းနိုင်ကြတဲ့အတွက် သာမာဝတီမိဖုရားနှင့်တကွ အချို့ အချို့သော မိဖုရားတို့ကတော့ သောတာပန်အရိယာသူတော်ကောင်းတွေ ဖြစ်သွားကြတယ်၊ အချို့မိဖုရားတွေကတော့ သကဒါဂါမ်အရိယာသူတော် ကောင်းတွေ ဖြစ်သွားကြတယ်၊ အချို့မိဖုရားတွေကတော့ အနာဂါမ်အရိယာ သူတော်ကောင်းတွေ ဖြစ်သွားကြတယ်။ အနာဂါမ်အရိယာသူတော်ကောင်း အဆင့်သို့ ရောက်ရှိသွားကြတဲ့ သူတော်ကောင်းတွေကတော့ ဒေါသဦးဆောင် နေတဲ့ ကိလေသာတွေကို အနုသယဓာတ်ဆိုတဲ့ အမြစ်တွေပါမကျန်အောင် အောင်အောင်မြင်မြင် ပယ်ရှားဖျက်ဆီးသွားနိုင်တဲ့သူတွေ ဖြစ်သွားကြပါတယ်။ သို့သော် သောတာပန်အရိယာသူတော်ကောင်း သကဒါဂါမ်အရိယာသူတော် ကောင်းတွေလည်း ဒေါသအနုသယဓာတ်အမြစ်တွေကို အကြွင်းမဲ့ မပယ်နုတ် နိုင်သေးပေမဲ့လို့ ဒီဒေါသဦးဆောင်နေတဲ့ ကိလေသာတွေကို အလွန် ပါးသွားအောင် နည်းသွားအောင် ဖျက်ဆီးနိုင် နှိပ်ကွပ်နိုင်တဲ့သူတွေ ဖြစ်သွား ကြပါတယ်။
တစ်နေ့မှာတော့ ..မိမိတို့ရဲ့ သမထ ဝိပဿနာဘာဝနာတွေရဲ့ စွမ်းအားကြောင့် ရရှိထားတဲ့ မိမိတို့ရဲ့ အရည်အချင်းကောင်းတွေကို အသုံးချ ဖို့ရန်အတွက် အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ မာဂဏ္ဍီမိဖုရားရဲ့ လှည့်ကွက်ကြောင့် သာမာဝတီမိဖုရားအမှူးရှိတဲ့ မိဖုရား (၅၀၀)တို့အပေါ်မှာ ဥတေနမင်းက အမျက်ဒေါသရှတဲ့အတွက် မြားဖြင့် ပစ်ခွင်းရန် အစီအစဉ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ သာမာဝတီမိဖုရားအမှူးရှိတဲ့ မိဖုရား (၅၀၀)တို့ဟာ မေတ္တာစျာန်တွေကို အောင်အောင်မြင်မြင် ဝင်စားနေ နိုင်ခဲ့ကြပါတယ်။ ဒီမေတ္တာစျာန်ကုသိုလ်တွေဟာ မိမိတို့သန္တာန်မှာ ဥတေနမင်း အပေါ်၌ ဖြစ်ပေါ်နိုင်ခွင့်ရှိနေတဲ့ ဒေါသတရားကို မဖြစ်ပေါ်လာအောင် အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ခဲ့ပါတယ်။ ဥတေနမင်းဘက်က မိမိတို့ အပေါ်၌ ဖြစ်ပေါ်နေတဲ့ ဒေါသတရားကိုလည်း အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ခဲ့ပါတယ်။
မိဖုရားတွေ ဝင်စားနေတဲ့ မေတ္တာစျာန်တို့ရဲ့ စွမ်းအားကြောင့် --- ဥတေနမင်းက မိဖုရားတွေကို မြားဖြင့် ပစ်ခွင်းရန် ကြိုးစားလိုက်တဲ့အခါ လေးညှို့မှ မြားကို ပစ်လွှတ်လို့မရ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်အခါမှာ ဥတေနမင်းရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ဒေါသတရားတွေဟာ ပိန်းကြာဖက် ပေါ်မှ ရေလျှောကျသွားသလို လျှောကျပျောက်ပျက်သွားခဲ့ပါတယ်။ သာမာ ဝတီမိဖုရားနှင့် မိဖုရား (၅၀၀)တို့ထံမှာ မိမိရဲ့အပြစ်ကိုလည်း ဝန်ချတောင်း ပန်ခဲ့တယ်။၂၀၄
---
ဥတ္တရာ နန္ဒမာတာ
ဥတ္တရာနန္ဒမာတာ အမည်ရတဲ့ အမျိုးကောင်းသမီးဟာလည်း ဘုရားရှင် လက်ထက်တော်အချိန်အခါကာလက မေတ္တာစျာန်ကို လျင်လျင်မြန်မြန် ဝင်စားနိုင်တဲ့ ဥပါသိကာမအမျိုးသမီးအပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ မေတ္တာစျာန်ကို အခြေခံကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် စီးဖြန်းနိုင် ခဲ့တဲ့အတွက် သောတာပန်အရိယာသူတော်ကောင်းအဆင့်သို့ ရောက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘုရားအမှူးရှိတဲ့ သံဃာတော် များကို (၁၅)ရက်တို့ကာလပတ်လုံး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးလိုတဲ့အတွက် မိမိရဲ့အိမ်ရှင်ယောက်ျားကို မိမိကိုယ်စား ပြုစုလုပ်ကျွေးရန် သိရိမာကို ငှားရမ်း ခဲ့ပါတယ်။ အိမ်ရှင်ယောက်ျားကလည်း ဒီအစီအစဉ်ကို သဘောတူညီခဲ့ပါ တယ်။ သိရိမာကလည်း ဒီအိမ်ရှင်ယောက်ျားကို ပြုစုလုပ်ကျွေးရင်းဖြင့် -- ပမာဒစု လွှမ်းမိုးမှုကြောင့် သူ့ဟာကိုပင် ကိုယ့်ဟာထင်နေသူ တစ်ဦး ဖြစ်ခဲ့ပါ တယ်။ တစ်နေ့မှာတော့ မီးဖိုချောင်မှာ ဆွမ်းဝေယျာဝစ္စအတွက် အလုပ်များ နေတဲ့ ဥတ္တရာက .. မိမိအိမ်ရှင်ယောက်ျားနဲ့ သိရိမာတို့ လေသာပြူတင်း ပေါက်မှာ အတူတွဲကာ ရပ်နေကြတာကို ကြည့်ပြီးတော့ .. ပြုံးလိုက်မိခဲ့ တယ်။ ဥတ္တရာရဲ့ ဒီလိုပြုံးပြတဲ့အမူအရာကို သိရိမာကလည်း မခံနိုင်တဲ့ အတွက် ဒေါသတကြီးဖြင့်ဆင်းလာကာ ပွက်ပွက်ဆူနေတဲ့ ထောပတ်အိုးထဲမှ ထောပတ်တွေကို ယောက်ချိုဇွန်းကြီးဖြင့် ခပ်ယူကာ ဥတ္တရာရဲ့ ခေါင်းပေါ်ကို လောင်းချလိုက်ပါတယ်။ ဥတ္တရာကလည်း သိရိမာ ဒေါသတကြီးဖြင့် ဆင်းလာ တာကို မြင်ကတည်းက မေတ္တာစျာန်ကို လျင်လျင်မြန်မြန် ဝင်စားနေလိုက်ပါ တယ်။ ဒီမေတ္တာစျာန်ကုသိုလ်တို့ရဲ့ စွမ်းအားကြောင့် သိရိမာလောင်းချလိုက် တဲ့ ထောပတ်ပူတွေဟာ အေးမြတဲ့ စန္ဒကူးနံ့သာရေကဲ့သို့ဖြစ်ကာ ဥတ္တရာရဲ့ ကိုယ်ပေါ်မှ လျှောကျသွားခဲ့ပါတယ်။
မိမိရဲ့ သန္တာန်မှာ သိရိမာအပေါ်၌ ဖြစ်ပေါ်နိုင်ခွင့်ရှိနေတဲ့ ဒေါသတရား, သိရိမာဘက်က မိမိအပေါ်၌ ဖြစ်ပေါ်နေတဲ့ ဒေါသတရား -- ဒီနှစ်မျိုးလုံးသော ဒေါသတရားတွေကို မိမိဝင်စားနေတဲ့ မေတ္တာစျာန်တွေက အောင်အောင် မြင်မြင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။၂၀၅
---
မေတ္တာသုတ်လာ ရဟန်းတော်များ
သမထကမ္မဋ္ဌာန်း (၄၀)တို့ကို ခွဲတမ်းချကြည့်လိုက်တဲ့အခါမှာ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း, ပါရိဟာရိယကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်း နှစ်မျိုး ရှိနေပါတယ်။ သဗ္ဗတ္ထကကမ္မဋ္ဌာန်းဆိုတာကတော့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ် တိုင်း အခါခပ်သိမ်း အလိုရှိအပ်တဲ့ ကမ္မဋ္ဌာန်းလို့ ဆိုလိုပါတယ်။ ယောဂီပုဂ္ဂိုလ် တွေကို စောင့်ရှောက်ပေးတတ်တဲ့ ကမ္မဋ္ဌာန်းများဖြစ်လို့ စတုရာရက္ခကမ္မဋ္ဌာန်း (= အစောင့်လေးပါးကမ္မဋ္ဌာန်း)လို့လည်း ခေါ်ဆိုပါတယ်၊ မေတ္တာကမ္မဋ္ဌာန်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း မရဏာနုဿတိကမ္မဋ္ဌာန်း အသုဘကမ္မဋ္ဌာန်းတို့ ဖြစ်ကြ ပါတယ်။
ပါရိဟာရိယကမ္မဋ္ဌာန်းဆိုတာကတော့ ဝိပဿနာရဲ့ အခြေပါဒကအဖြစ် ထူထောင်ထားတဲ့, ဝိပဿနာပွားများတိုင်း ပွားများတိုင်း ရှေးဦးစွာ အမြဲတမ်း သမာဓိထူထောင်နေတဲ့, သွားလေရာ လာလေရာမှာ အမြဲဆောင်နေတဲ့ လက်သုံးကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်း (၄၀)ထဲက မိမိနှစ်ခြိုက်ရာ ကမ္မဋ္ဌာန်းတစ်ခုကို ပါရိဟာရိယကမ္မဋ္ဌာန်းအဖြစ် အားထုတ်နိုင်ပါတယ်။၂၀၆
မေတ္တသုတ္တန်မှာ လာရှိတဲ့ ရဟန်းတော် (၅၀၀)တို့ဟာ ဘုရားရှင် ထံတော်မှောက်မှ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းများကို သင်ယူတော် မူကြပြီးနောက် သင့်တင့်လျောက်ပတ်တဲ့ တောကျောင်းတောင်ကျောင်းများကို ရှာဖွေရင်းဖြင့် ဟိမဝန္တာတောအရပ်သို့ ဆိုက်ရောက်လာခဲ့ကြပါတယ်။ ထို ရဟန်းတော်တွေဟာ စတုရာရက္ခကမ္မဋ္ဌာန်းများကို တစ်ခါတစ်ရံမှသာ ပွားများ ပြီးတော့ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတွေကို ပါရိဟာရိယကမ္မဋ္ဌာန်း အဖြစ် ပွားများ အားထုတ်နေတဲ့ ရဟန်းတော်တွေ ဖြစ်ကြပါတယ်။၂၀၇ ထိုကသိုဏ်းစျာန်သမာပတ် (၈)ပါးတို့ကို အခြေခံကာ ဥဒယဗ္ဗယဉာဏ် တိုင်အောင်သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုလည်း ဆက်လက်ကာ စီးဖြန်းနေတော်မူတဲ့ ရဟန်းတော်တွေ ဖြစ်ကြပါတယ်။ ဟိမဝန္တာအရပ်ရှိ တောအုပ်တစ်ခုအတွင်းမှာ သီတင်းသုံးတော်မူကြလျက် သမထဘာဝနာ ဝိပဿနာဘာဝနာတွေကို ကြိုးစားအားထုတ်နေကြရာဝယ် ညအခါမှာ နတ်တွေက ကြောက်ရွံ့ဖွယ်ရုပ်အဆင်းတွေနှင့် ကြောက်ရွံ့ထိတ်လန့်ဖွယ် အသံအမျိုးမျိုးတွေကို ပြုလုပ်ကာ ခြိမ်းခြောက်ကြတဲ့အတွက် ရဟန်းတော် တွေရဲ့ သန္တာန်မှာ ကြောက်ရွံ့ထိတ်လန့်မှု ဆုတ်နစ်တဲ့ ဒေါသတရားတွေ ထင်ရှားဖြစ်ပေါ်လာခဲ့ကြပါတယ်။
သီလရှိတဲ့ ရဟန်းတော်တွေက သစ်ပင်အောက်တွေမှာ သီတင်းသုံး တော်မူကြလျက် ရဟန်းတရားတွေ ပွားများအားထုတ်နေကြတဲ့အခါ ရဟန်း တော်တွေရဲ့ သီလတန်ခိုးကြောင့် အချို့အချို့သော နတ်တွေဟာ သစ်ပင်တွေ ရဲ့ အထက်မှာ တည်ရှိနေကြတဲ့ မိမိတို့ရဲ့ ဘုံဗိမာန်တွေထဲမှာ မနေနိုင် ဖြစ်လာ ကြတယ်။ မိမိတို့ရဲ့ သားငယ် သမီးငယ်တို့ကို လက်ဆွဲကာ တောထဲမှာပဲ လှည့်လည်နေထိုင်ကြရတယ်။ ဝါဆိုဝါကပ်တဲ့အချိန်အခါအထိ ရဟန်းတော် တွေက ပြန်မကြွကြဘဲ ဒီတောထဲမှာပဲ ဝါဆိုဝါကပ်ကာ ရဟန်းတရားတွေကို ဆက်လက် ပွားများအားထုတ်ကြတော့မည်ဆိုတာကို နတ်တွေက သိရှိကြတဲ့ အတွက် ရဟန်းတော်တွေကို ဒီတောထဲမှာ မနေနိုင်အောင် နတ်တွေက ခြောက်လှန့်ကြခြင်း ဖြစ်ပါတယ်။
ရဟန်းတော်တွေကလည်း ဘုရားရှင်ထံသို့ ပြန်ကြွတော်မူကာ ဘုရားရှင် အား အကျိုးအကြောင်းကို တင်ပြလျှောက်ထားတော်မူကြပါတယ်။ ထိုအခါ မှာ ဘုရားရှင်က ထိုရဟန်းတော်တို့အား မေတ္တသုတ္တန်ဒေသနာတော်ကို သင်ကြားပေးတော်မူပါတယ်။ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ဒီမေတ္တ သုတ္တန်ဒေသနာတော်ကို ပရိတ်အရံအတားအဖြစ်ဖြင့်လည်း ရွတ်ဖတ်စေ တော်မူလိုတယ်၊ မေတ္တာကမ္မဋ္ဌာန်းကို အစောင့်ကမ္မဋ္ဌာန်း (= စတုရာရက္ခ ကမ္မဋ္ဌာန်း)အဖြစ်နဲ့သာ မပွားများတော့ဘဲ ဝိပဿနာရဲ့ အခြေပါဒကစျာန် ဖြစ်အောင် သွားလေရာ လာလေရာမှာ အမြဲတမ်း ဆောင်ထားရမည့် အမြဲတမ်း ပွားများနေရမည့် ပါရိဟာရိယကမ္မဋ္ဌာန်းအဖြစ်နဲ့လည်း ပွားများ အားထုတ်စေတော်မူလိုတယ်။ ဒီလို မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာ လည်း မေတ္တသုတ္တန်မှာ ညွှန်ကြားထားတော်မူတဲ့ မေတ္တာဘာဝနာပွားများပုံ နည်းစနစ်တို့ဖြင့် ပွားများအားထုတ်စေတော်မူလိုတဲ့ ရည်ရွယ်ချက်လည်း ရှိတော်မူပါတယ်။ ဒီလို ပွားများလို့ရရှိတဲ့ မေတ္တာစျာန်တွေကို ဝိပဿနာရဲ့ အခြေခံစျာန်အဖြစ် သမာဓိထူထောင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေ ကိုလည်း ဆက်လက်ကာ ကြိုးစားအားထုတ်စေတော်မူလိုတယ်။ ဒီလို ဦးတည် ချက်တွေဖြင့် ဒီမေတ္တသုတ္တန်ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူလိုက်ခြင်း ဖြစ်ပါတယ်။
ထိုရဟန်းတော်တွေလည်း ဘုရားရှင် ညွှန်ကြားတော်မူတဲ့အတိုင်း မေတ္တသုတ္တန်ကို သင်ယူတော်မူပြီးနောက် ထိုတောအုပ်ကိုပဲ တစ်ဖန်ပြန်လည် ကြွသွားတော်မူကြကာ မေတ္တသုတ္တန်ကို ရွတ်ဖတ်ခြင်း, မေတ္တသုတ္တန်မှာ လာရှိတဲ့အတိုင်း မေတ္တာစျာန်တွေကို ပွားများခြင်း, မေတ္တာစျာန်တွေကို ဝိပဿနာရဲ့ အခြေခံစျာန်အဖြစ် ပွားများကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း တွေကို ဆက်လက်ကာ စီးဖြန်းတော်မူကြခြင်းဆိုတဲ့ ဘာဝနာလုပ်ငန်းခွင်တွေ ကို အဆင့်ဆင့် ကြိုးပမ်းတော်မူကြလေရာ ထိုဝါတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြပါတယ်။ ကြောက်ရွံ့ခြင်းဆိုတဲ့ ဆုတ်နစ်တဲ့ ဒေါသတရားတွေနှင့်တကွ ကိလေသာအားလုံးတို့မှ အပြီးတိုင် လွတ်မြောက် သွားတော်မူခဲ့ကြပါတယ်။ နတ်တွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်ခဲ့ကြတဲ့ ဒေါသ တရားတွေကိုလည်း ထိုရဟန်းတော်တို့ ပွားများနေတဲ့ မေတ္တာစျာန်တွေက အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ခဲ့တဲ့အတွက် နတ်တွေရဲ့ စိတ်နေ စိတ်ထားတွေ ပြောင်းလဲကာ ရဟန်းတော်တို့ရဲ့ ဝေယျာဝစ္စသမားများအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပါတယ်။ ရဟန်းတော်တို့ အသုံးပြုရန်အတွက် သောက်ရေ သုံးရေ တည်ထားခြင်း, ပရိဝုဏ်ကို တံမြက်စည်းလှဲပေးခြင်းစတဲ့ ဝေယျာဝစ္စ ကုသိုလ်များကို ပြုလုပ်ပေးကြပါတယ်။၂၀၈
သမ္ပတ္တိနှင့် ဝိပတ္တိ ---- မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာဝယ် မေတ္တာစျာန်တွေရဲ့ စွမ်းအားကြောင့် ဗျာပါဒဒေါသရဲ့ ငြိမ်းအေးသွားခြင်းဟာ မေတ္တာဘာဝနာစွမ်းအားရဲ့ ပြည့်ဝစုံညီလာခြင်း သမ္ပတ္တိပဲ ဖြစ်ပါတယ်။ သို့သော် မေတ္တာဘာဝနာရဲ့ အရှုခံအာရုံဖြစ်တဲ့ သတ္တဝါတစ်ဦးအပေါ်၌ သို့မဟုတ် သတ္တဝါအများစုအပေါ်၌ ချစ်မြတ်နိုးခြင်း သိနေဟတရားက မေတ္တာအယောင်ဆောင်ကာ လှည့်ဖြားတတ်တဲ့သဘောတော့ ရှိပါတယ်။ ဒီလို သိနေဟတရားက ထင်ရှားဖြစ်ပေါ်လာပြီဆိုလျှင်တော့ မေတ္တာဘာဝနာရဲ့ ပျက်စီးခြင်း ဝိပတ္တိတရားပဲ ဖြစ်ပါတယ်။
---
ဝိဟိံသကို တိုက်ဖျက်ရေးနည်းလမ်း
ဒီနေရာမှာ ဗျာပါဒဒေါသတရားဟာ နောက်လိုက်ဗိုလ်ပါ အပေါင်း အဖော်တွေ များပြားလှတဲ့ တရားတစ်ခု ဖြစ်ပါတယ်။ ဒေါသနောက်သို့ အနီးကပ်လိုက်ပါနေတတ်တဲ့ တရားတစ်မျိုးကတော့ သတ္တဝါတစ်ဦးကို သို့မဟုတ် သတ္တဝါအများစုကို ညှဉ်းပန်းနှိပ်စက်လိုတဲ့ ဝိဟိံသတရားပဲ ဖြစ်ပါတယ်။ ကာယကံဖြင့် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှု, ဝစီကံ ဖြင့် တစ်ဘက်သားနာကြည်းသွားအောင် ရက်ရက်စက်စက် ပက်ပက်စက်စက် ပြောဆိုကာ ညှဉ်းပန်းနှိပ်စက်မှု စသည်ဖြင့် ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုး ရှိကြပါတယ်။ တရားအားထုတ်နေသူ ယောဂီအချင်းချင်း တစ်ယောက်က တစ်ယောက်ကို နာကြည်းလောက်အောင် ရက်ရက်စက်စက် ပက်ပက် စက်စက် ပြောချလိုက်ပြီဆိုလျှင်တော့ အပြောခံရတဲ့သူဟာ တရားအားထုတ် လို့ မရနိုင်လောက်အောင် စိတ်အနှောင့်အယှက်အမျိုးမျိုးတွေနှင့် ရင်ဆိုင် နေရတတ်ပါတယ်၊ ရရှိထားပြီးတဲ့ သမာဓိတွေလည်း လျှောကျသွားတတ်ပါ တယ်၊ သူတစ်ပါးတွေ ရသင့်ရထိုက်တဲ့ တရားတွေကို မရရှိအောင် တားမြစ် နှောင့်ယှက်နေတဲ့ ဓမ္မန္တရာယ်တစ်မျိုး ဖြစ်ပါတယ်။ ဒီလို ဝိဟိံသတရားဆိုးမျိုး တွေကို ပယ်ရှားနိုင်ရေးအတွက် ကရုဏာဘာဝနာကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း ရန် ဘုရားရှင်က ညွှန်ကြားထားတော်မူခဲ့ပါတယ်။
မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စျာန်ရသည့်တိုင်အောင် အောင်အောင် မြင်မြင် ပွားများအားထုတ်ထားပြီးတဲ့ သူတော်ကောင်းဟာ ကရုဏာဘာဝနာ ကမ္မဋ္ဌာန်းကိုလည်း စျာန်ရသည့်တိုင်အောင် ပွားများအားထုတ်မည်ဆိုလျှင် လွယ်ကူနေမည်သာ ဖြစ်ပါတယ်။ ကရုဏာစျာန်သမာဓိတွေကို အဝါးဝစွာ အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့ပြီဆိုလျှင်တော့ ဒီဝိဟိံသတရားဆိုးကို ဝိက္ခမ္ဘနပဟာန်ဖြင့် ခပ်ကြာကြာ ပယ်ခွာကာ နှိပ်ကွပ်ထားနိုင်ပါလိမ့်မည်။ သို့သော် ဒီဝိဟိံသတရားဆိုးရဲ့ အနုသယအငုပ်ဓာတ်ဆိုတဲ့ အမြစ်တွေကိုပါ အကြွင်းအကျန်မရှိ ကုန်စင်အောင် ဖျက်ဆီးပစ်ချင်တယ်ဆိုလျှင်တော့ မိမိ ရရှိထားပြီးတဲ့ ဒီကရုဏာစျာန်သမာဓိတွေကို အထူးသဖြင့် ကရုဏာတတိယ စျာန်သမာဓိကို ဝိပဿနာရဲ့ အခြေခံပါဒကစျာန်အဖြစ် သမာဓိကို ထူထောင် ကာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ် ဓမ္မသင်္ခါရတရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းကာ ယင်း သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း ပွားများအားထုတ်ခဲ့မည်ဆိုလျှင် ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တွေရဲ့အဆုံးမှာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဟာ အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ အဆင့်ဆင့် ဖြစ်ပေါ် လာကြပါလိမ့်မည်။ ယင်းအရိယမဂ်ဉာဏ်တွေထဲမှာ ပါဝင်နေတဲ့ အနာဂါမိ မဂ်ဉာဏ်ဟာ ယင်းဝိဟိံသတရားဆိုးကို အနုသယအငုပ်ဓာတ်ဆိုတဲ့ အမြစ်ပါ မကျန်ရအောင် ပယ်နုတ်ပစ်နိုင်တဲ့ ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်ရောက်သွားခဲ့လျှင်တော့ ကိလေသာ အားလုံးတို့မှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။
သမ္ပတ္တိနှင့် ဝိပတ္တိ ---- ဒီကရုဏာဘာဝနာကို တတိယစျာန်သမာဓိ ဆိုက်သည်အထိ အောင်အောင်မြင်မြင် ပွားများအားထုတ်နိုင်ခဲ့မည်ဆိုလျှင် ဒီကရုဏာစျာန်တရားတွေက ဝိဟိံသတရားဆိုးကို ပယ်ရှားနိုင်တဲ့ စွမ်းအား ရှိကြတဲ့အတွက် ဝိဟိံသတရားဆိုးရဲ့ ငြိမ်းအေးသွားခြင်းဟာ ဒီကရုဏာစျာန် တွေရဲ့ စွမ်းအင်နှင့် ပြည့်ဝစုံညီလာခြင်း သမ္ပတ္တိပဲ ဖြစ်ပါတယ်။ သို့သော် ကရုဏာစျာန်ရဲ့ အရှုခံအာရုံဖြစ်တဲ့ သတ္တဝါတစ်ဦးအာရုံအပေါ်မှာ သို့မဟုတ် သတ္တဝါအများစုအာရုံအပေါ်မှာ ဆင်းရဲဒုက္ခရောက်ရှိနေမှုနှင့် ဆက်စပ်နေတဲ့ စိုးရိမ်ကြောင့်ကြမှု သောကတရားက ကရုဏာအယောင်ဆောင်ကာ လှည့်စား တတ်တဲ့ သဘောတော့ ရှိပါတယ်။ ဒီလို ကရုဏာအယောင်ဆောင်နေတဲ့ သောကတရား ထင်ရှားဖြစ်ပေါ်လာပြီဆိုလျှင်တော့ ကရုဏာဘာဝနာရဲ့ ပျက်စီးခြင်း ဝိပတ္တိပဲ ဖြစ်ပါတယ်။
---
ဣဿာ-မစ္ဆရိယကို တိုက်ဖျက်ရေးနည်းလမ်း
ဒေါသတရားဆိုးရဲ့ နောက်ထပ် နောက်လိုက်တပည့်ကြီး နှစ်ဦးကတော့ ဣဿာနှင့် မစ္ဆရိယတရားဆိုးတို့ ဖြစ်ကြပါတယ်။ ရုပ်အဆင်း ပစ္စည်းဥစ္စာ နေရာအဆောက်အဦး တရားဓမ္မစတဲ့ ဂုဏ်ကျေးဇူး အရပ်ရပ်တွေဟာ တစ်ဘက်ပုဂ္ဂိုလ်မှာ မိမိထက် သာလွန်နေခဲ့လျှင် ထိုပုဂ္ဂိုလ်နှင့် ထိုဂုဏ်သိက္ခာ တွေကို ကြည့်လို့မရ ရှုလို့မရ မြင်လို့မရ ကြားလို့မရ ဖြစ်ကာ မကြည့်ချင် မရှုချင် မမြင်ချင် မကြားချင် ဖြစ်နေတဲ့ ကိုယ့်ထက်သာမနာလိုတဲ့ စိတ်ထားမျိုး ကို ဣဿာတရားလို့ ခေါ်ပါတယ်။ တရားအားထုတ်နေသူအချင်းချင်း တစ်ဘက်ပုဂ္ဂိုလ်က ကိုယ့်ထက်သာသွားပြီဆိုလျှင် မကြည့်ချင် မမြင်ချင် မကြားချင်တဲ့ မကျေနပ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ယောဂီအချင်းချင်းမှာ မရှိသင့်တဲ့ ယုတ်ညံ့တဲ့ စိတ်နေစိတ်ထားမျိုးတွေ ဖြစ်ပါတယ်။
အလားတူပဲ မိမိမှာ တည်ရှိနေတဲ့ ဂုဏ်သိရ် စည်းစိမ်အရပ်ရပ်တွေကို သူတစ်ပါးတို့နှင့် ဆက်ဆံနေတာကို ဆက်ဆံရမှာကို အလိုမရှိတဲ့သဘော ဝန်တိုနေတဲ့သဘောကတော့ မစ္ဆရိယတရားဆိုး ဖြစ်ပါတယ်။ မိမိသိနေတဲ့ တရားမျိုးကို, မိမိရှုလို့ရနေတဲ့ တရားမျိုးကို သူတစ်ပါးတွေလည်း အလားတူ သိသွားမှာကို ရှုလို့ရသွားမှာကို အလိုမရှိတဲ့စိတ်ထား သဝန်တိုနေတဲ့ စိတ်ထား မျိုး ဖြစ်ပါတယ်။ ဒီစိတ်ထားမျိုးဟာလည်း ယောဂီအချင်းချင်း တစ်ဦးအပေါ် မှာ တစ်ဦးက မထားရှိသင့်တဲ့ ယုတ်မာတဲ့ စိတ်နေစိတ်ထား တစ်မျိုးသာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျမ်းဂန်များမှာ၂၀၉ မစ္ဆရိယ (၅)မျိုး ဖော်ပြထားပါတယ်။
---
မစ္ဆရိယ (၅) မျိုး
၁။ အာဝါသမစ္ဆရိယ ---- ကျောင်းကန်တိုက်တာ နေရာထိုင်ခင်းတွေမှာ ဝန်တိုနေတဲ့သဘောကတော့ အာဝါသမစ္ဆရိယပဲ ဖြစ်ပါတယ်။ အာဝါသ ဆိုတာကတော့ .. ကျောင်းတိုက်တစ်ခုလုံးကိုလည်း အာဝါသလို့ပဲ ခေါ်ဆိုပါ တယ်။ ကျောင်းတိုက်ကြီးတစ်ခုအတွင်းမှာ တည်ရှိနေကြတဲ့ ကျောင်းပရိဝုဏ် အသီးအသီး, ကျောင်းဆောင်အသီးအသီး, ကျောင်းဆောင် တစ်ခုအတွင်းမှာ တည်ရှိတဲ့ အခန်းအသီးအသီး, ညအခါ တရားအားထုတ်တဲ့ ညဉ့်သန့်စင်ရာ နေရာ, နေ့အခါ တရားအားထုတ်တဲ့ နေ့သန့်စင်ရာ နေရာတွေကိုလည်း အာဝါသလို့ပဲ ခေါ်ဆိုပါတယ်။ အားလုံးကတော့ သံဃိကကျောင်း အိပ်ရာ နေရာတွေပဲ ဖြစ်ကြပါတယ်။ အဲဒီအာဝါသတွေမှာ နေထိုင်နေကြတဲ့ ပုဂ္ဂိုလ် တွေဟာ ချမ်းချမ်းသာသာ နေကြရတယ်၊ ပစ္စည်းလေးပါးကို ရလွယ်တဲ့ သဘော ရှိတယ်။ ရဟန်းတော်တစ်ပါးဟာ ကျင့်ဝတ်ပဋိပတ်နှင့် ပြည့်စုံနေတဲ့ သီလကိုချစ်မြတ်နိုးတဲ့ ရဟန်းတစ်ပါးပါးရဲ့ အဲဒီကျောင်းကို လာရောက်နေထိုင် ခြင်းကို အလိုမရှိ ဖြစ်နေတယ်၊ အကယ်၍ ရောက်လာပြန်ပါကလည်း ဒီကိုယ်တော် ခပ်မြန်မြန် ပြန်ပါစေဆိုတဲ့ စိတ်ထားမျိုး ရှိနေတယ်။ အလားတူပဲ ဆရာလေးတစ်ပါးဟာလည်း ကျင့်ဝတ်ပဋိပတ်နှင့် ပြည့်စုံနေတဲ့ သီလကို ချစ်မြတ်နိုးတဲ့ ဆရာလေးတစ်ပါးပါးရဲ့ အဲဒီကျောင်းကို လာရောက် နေထိုင်ခြင်းကို အလိုမရှိ ဖြစ်နေတယ်၊ အကယ်၍ ရောက်လာပြန်ပါကလည်း ဒီဆရာလေး ခပ်မြန်မြန် ပြန်ပါစေဆိုတဲ့ စိတ်ထားမျိုး ရှိနေတယ်။ ဥပကကြီး အား ဒေါ်ဆာဝါက သင်ပြပေးလိုက်တဲ့ ပညာပေးစနစ်တွေကို အတုယူကာ မိမိကလည်း အသင့်ရောက်ရှိလာသူအား ပညာပေးစနစ် အမျိုးမျိုးတွေကို သင်ပြပေးနေပြန်တယ်။ မိမိဟာ .. ဘုရားရှင် ပေးသနားတော်မူခဲ့တဲ့ အရိပ် အာဝါသအောက်မှာ မှီခိုနေထိုင်နေရသူ တစ်ဦးသာ ဖြစ်တယ်ဆိုတာကို မေ့နေတယ်။ ဒီလိုမစ္ဆရိယမျိုးကတော့ ကျောင်းအိပ်ရာနေရာမှာ သူတစ်ပါး တွေနဲ့ ဆက်ဆံတာကို အလိုမရှိတဲ့ အာဝါသမစ္ဆရိယပဲ ဖြစ်ပါတယ်။ သို့သော် ခိုက်ရန်ငြင်းခုံမှု ပြုတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေကို ထိုကျောင်းတိုက်မှာ မနေထိုင် စေလိုတဲ့ စိတ်ထားမျိုးကတော့ အာဝါသမစ္ဆရိယ မဟုတ်ပါဘူး။
၂။ ကုလမစ္ဆရိယ ---- ဆွေမျိုးဉာတိတွေကိုပဲဖြစ်စေ, မိမိရဲ့အလုပ်အကျွေး တပည့် ဒကာ ဒကာမတွေကိုပဲဖြစ်စေ သူတစ်ပါးတွေနဲ့ ဆက်ဆံတာကို အလိုမရှိတဲ့ သဘောကတော့ ကုလမစ္ဆရိယ ဖြစ်ပါတယ်။ မိမိကို ပစ္စည်း လေးပါးဖြင့် ပြုစုလုပ်ကျွေးနေတဲ့ ဒကာ ဒကာမ အမျိုးအနွယ်တွေဟာလည်း ကုလ မည်ပါတယ်၊ မိမိရဲ့ ဆွေမျိုးသားချင်းတွေဟာလည်း ကုလပဲ ဖြစ်ပါ တယ်။ ဒီလိုကုလအမျိုးမျိုးတွေအပေါ်မှာ အခြားပုဂ္ဂိုလ်တစ်ယောက်ရဲ့ ချဉ်းကပ်မှု, ရင်းရင်းနှီးနှီး ဆက်ဆံနေမှုကို အလိုမရှိတဲ့ သဘောကတော့ ကုလမစ္ဆရိယပဲ ဖြစ်ပါတယ်။ သို့သော် ယုတ်မာတဲ့စိတ်ထား ယုတ်မာတဲ့ ကိုယ်ကျင့်တရားရှိနေတဲ့, ကိုယ်ကျင့်သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ အဲဒီဆွေမျိုးတွေနှင့် ဒကာ ဒကာမတွေကို ချဉ်းကပ်မှု, ရင်းရင်းနှီးနှီး ဆက်ဆံ နေမှုကို အလိုမရှိတဲ့ သဘောကတော့ ကုလမစ္ဆရိယ မဟုတ်ပါ။ ဒီလို ယုတ်မာ တဲ့စိတ်ထား ယုတ်မာတဲ့ကိုယ်ကျင့်တရားရှိနေတဲ့, ကိုယ်ကျင့်သီလ ပျက်စီး နေတဲ့ ပုဂ္ဂိုလ်ဟာ ထိုအမျိုး ဒကာ ဒကာမတွေရဲ့ သန္တာန်မှာ ထင်ရှားရှိနေတဲ့ ရတနာသုံးပါးတို့အပေါ်မှာ ကြည်ညိုနေတဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ပျက်စီးသွား အောင် ကျင့်တတ်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဒီလို ပုဂ္ဂိုလ်မျိုးရဲ့ မိမိရဲ့ အလုပ်အကျွေး ဒကာ ဒကာမတွေ, ဆွေမျိုးတွေနှင့် ဆက်ဆံနေမှုကို အလိုမရှိ တဲ့ သဘောကတော့ ကုလမစ္ဆရိယ မဟုတ်ပါ။ ဆိုလိုတာကတော့ မိမိရဲ့ အလုပ်အကျွေး ဒကာ ဒကာမတွေ, ဆွေမျိုးတွေရဲ့ ရတနာသုံးပါးတို့အပေါ်မှာ ကြည်ညိုနေတဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို တည်တံ့အောင် တိုးပွားအောင် စောင့် ရှောက်ခြင်းငှာ စွမ်းနိုင်တဲ့ ရဟန်းတော်တစ်ပါးပါးရဲ့ သို့မဟုတ် ဆရာလေး တစ်ပါးပါးရဲ့ ဒီအလုပ်အကျွေး ဒကာ ဒကာမတွေ, ဆွေမျိုးတွေထံသို့ ချဉ်းကပ်ခြင်း ရင်းရင်းနှီးနှီး ဆက်ဆံနေခြင်းကို အလိုမရှိတဲ့သဘောကသာ ကုလမစ္ဆရိယ ဖြစ်ပါတယ်။
၃။ လာဘမစ္ဆရိယ ---- ပစ္စည်းလာဘ်လာဘရခြင်းနှင့် ဆက်စပ်ကာ ဖြစ်ပေါ်လာတဲ့ ဝန်တိုမှုသဘောကတော့ လာဘမစ္ဆရိယ ဖြစ်ပါတယ်။ ဒီနေရာမှာ လာဘဆိုတာကတော့ ပစ္စည်းလေးပါး ရခြင်းကို ဆိုလိုပါတယ်။ ဒီလို လာဘ်လာဘရခြင်းကို မိမိမှတစ်ပါး သီလမရှိတဲ့သူကို ထားလိုက်ဦး၊ သီလရှိနေတဲ့ သူတော်ကောင်းတစ်ဦးကပင် လာဘ်လာဘကို ရခဲ့မည်ဆိုလျှင် မရပါစေသတည်းလို့ ကြံစည်နေတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ထားမျိုးကတော့ လာဘ မစ္ဆရိယ ဖြစ်ပါတယ်။ မိမိလာဘ်လာဘ ရသလို သူတစ်ပါးတွေ မရစေလိုတဲ့ စိတ်ထားမျိုးတွေ ဖြစ်ပါတယ်။
သို့သော် ပုဂ္ဂိုလ်တစ်ဦးကတော့ ဒကာ ဒကာမတွေက သဒ္ဓါပြဓာန်းကာ လှူဒါန်းထားတဲ့ သဒ္ဓါဒေယျ လှူဖွယ်ဝတ္ထုပစ္စည်းစုတွေကို ဖောက်ဖောက် ပြန်ပြန် သုံးစွဲတတ်တယ်၊ အလွဲသုံးစားပြုတတ်တယ်၊ မသုံးစွဲရက်ဘဲ ပုပ်သည့် တိုင်အောင် ခြတက်သည့်တိုင်အောင် ဆွေးမြည့်သည့်တိုင်အောင် သိုမှီး သိမ်းဆည်းထားတတ်တယ်၊ မပေးအပ်တဲ့လူတွေကို ပေးကမ်းတတ်တယ်၊ ဝိနည်းတော်နှင့် မလျော်ညီတဲ့နေရာတွေမှာ သုံးစွဲတတ်တယ်၊ မရိုမသေ မလေးမစား ပစ်စလက်ခတ် မကောင်းသဖြင့် သုံးစွဲပစ်တတ်တယ်၊ ဒီလို ဝိနည်းတော်နှင့် မညီမညွတ် မရိုမသေ သုံးစွဲခြင်း စသည်ဖြင့် ပစ္စည်းလာဘ် လာဘတွေကို ပျက်စီးအောင် ဖျက်ဆီးတတ်တယ်။ ပုပ်ဆွေးနေတဲ့ ပစ္စည်းပဲ ဖြစ်ချင်ဖြစ်ပါစေ သူတစ်ပါးတွေကို မပေးရက် ဖြစ်နေတယ်၊ မပုပ်ဆွေးတဲ့ ပစ္စည်းကိုတော့ ပြောနေဖွယ်တောင် မလိုတော့ပါ။ ဒီလို သူတစ်ပါးတို့အား လည်း မပေးရက် မိမိကိုယ်တိုင်လည်း မသုံးရက်တဲ့ ပုဂ္ဂိုလ်မျိုးကို မြင်တဲ့အခါ ဒီပစ္စည်းကို ဒီပုဂ္ဂိုလ်ဟာ အကယ်၍ မရခဲ့ဘူးဆိုလျှင်, ဒီပုဂ္ဂိုလ်မှ တစ်ပါး အခြား သီလရှိတဲ့ သူတော်ကောင်းတစ်ဦးသာ အကယ်၍ ရရှိခဲ့မည်ဆိုလျှင် ဒီပစ္စည်းဟာ သာသနာတော်အတွက် အသုံးဝင်တဲ့ အသုံးကျတဲ့ အသုံးချလို့ ရတဲ့ ပစ္စည်းတစ်ခု ဖြစ်နိုင်တယ်လို့ ဒီလို ကြံစည်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ထားမျိုးကတော့ လာဘမစ္ဆရိယ မဟုတ်ပါ။
၄။ ဝဏ္ဏမစ္ဆရိယ ---- ကိုယ်အဆင်းနှင့် ဂုဏ်သတင်းတွေအပေါ်မှာ ဝန်တို မှုသဘောကတော့ ဝဏ္ဏမစ္ဆရိယ ဖြစ်ပါတယ်။ ကိုယ်အဆင်းကို သရီရဝဏ္ဏလို့ ခေါ်ဆိုပါတယ်၊ ဂုဏ်သတင်း ဂုဏ်ကျေးဇူးတွေကိုတော့ ဂုဏဝဏ္ဏလို့ ခေါ်ဆို ပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးကို တင့်တယ်သွားအောင် တန်ဆာဆင်ပေးနေတဲ့ သဘောတရား နှစ်မျိုး ဖြစ်ပါတယ်။
အဲဒီနှစ်မျိုးထဲက ကိုယ်အဆင်းမှာ ဝန်တိုခြင်း မစ္ဆရိယရှိတဲ့ ပုဂ္ဂိုလ်ဟာ.. အခြားပုဂ္ဂိုလ်တစ်ဦးဦးဟာ ဖူးမြင်ရသူတို့အား ကြည်ညိုခြင်းကို ဖြစ်စေတတ် တယ်၊ ကြည်ညိုဖွယ်လည်း ရှိတယ်၊ ရုပ်အဆင်းနှင့်လည်း ပြည့်စုံတယ်၊ ဥပဓိ သမ္ပတ္တိဂုဏ်နှင့်လည်း ပြည့်စုံတယ် ..လို့ ဒီလို ပြောဆိုသံကို ကြားလိုက်ရတဲ့ အခါ ဒီလိုဂုဏ်ကို, ဒီလိုဂုဏ်အကြောင်းကို ပြောဆိုခြင်း ပြောကြားခြင်းငှာ အလိုမရှိ ဖြစ်နေတတ်တယ်၊ နားထောင်ခြင်းငှာလည်း အလိုမရှိ ဖြစ်နေတတ် ပါတယ်။
နောက်တစ်ခု ပြောကြရအောင် ..သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူး ဂုဏ်သ တင်းတွေမှာ ဝန်တိုခြင်း မစ္ဆရိယရှိနေတဲ့သူဟာ သူတစ်ပါးရဲ့ သီလဂုဏ် ဓုတင်ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဆိုတဲ့ ပဋိပတ်ဂုဏ်ကျေးဇူးနှင့် မျိုးရိုးအကျင့် ကောင်းမွန်ခြင်းဆိုတဲ့ ဂုဏ်ကျေးဇူးကို ပြောဆိုလိုတဲ့ ဆန္ဒဓာတ်များ မရှိ ဖြစ်နေ တတ်တယ်၊ နားထောင်လိုတဲ့ စိတ်ထားလည်း မရှိ ဖြစ်နေတတ်ပါတယ်။
၅။ ဓမ္မမစ္ဆရိယ ---- ပရိယတ္တိဓမ္မအပေါ်မှာ ဝန်တိုနေတဲ့သဘောကတော့ ဓမ္မမစ္ဆရိယ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ပရိယတ္တိဓမ္မကိုလည်း ဓမ္မလို့ ခေါ်ဆိုပါတယ်၊ ပဋိဝေဓဓမ္မကိုလည်း ဓမ္မလို့ပဲ ခေါ်ဆိုပါတယ်၊ ပဋိပတ္တိဓမ္မ ကတော့ ဝဏ္ဏမစ္ဆရိယပိုင်းမှာ ပါဝင်နေပါတယ်။
သို့သော် အရိယာသာဝကတွေဟာ မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားတဲ့ မဂ် ဖိုလ် နိဗ္ဗာန် ဆိုတဲ့ ပဋိဝေဓဓမ္မကို ဝန်မတိုကြပါ။ မိမိတို့ကိုယ်တိုင် ထွင်းဖောက် သိမြင်ထား ပြီးတဲ့ ဒီပဋိဝေဓဓမ္မကို .. နတ်နှင့်တကွသော တစ်လောကလုံးမှာ ရှိနေတဲ့ သတ္တဝါအပေါင်းရဲ့ ထိုးထွင်း၍ သိမြင်ခြင်းကို လိုလားတောင့်တတော်မူလျက် သာ ရှိနေကြပါတယ်။ သို့သော် မိမိတို့ ရရှိထားပြီးတဲ့ ဒီပဋိဝေဓတရားကို ဒီပုဂ္ဂိုလ်ကတော့ သောတာပန် ဖြစ်တယ်၊ ဒီပုဂ္ဂိုလ်ကတော့ သကဒါဂါမ် ဖြစ်တယ်၊ ဒီပုဂ္ဂိုလ်ကတော့ အနာဂါမ် ဖြစ်တယ်၊ ဒီပုဂ္ဂိုလ်ကတော့ ရဟန္တာ ဖြစ်တယ် စသည်ဖြင့် သူတစ်ပါးတွေ မသိကြပါစေနဲ့ဆိုတဲ့ ဒီလို စိတ်ထားမျိုး ကတော့ ရှိနေတော်မူကြပါတယ်။ မိမိအရိယာဖြစ်ကြောင်းကို သူတစ်ပါးတွေ မသိရှိစေလိုတဲ့ စိတ်ထားပဲ ဖြစ်ပါတယ်။ တန္တိဓမ္မ ခေါ်တဲ့ ပရိယတ္တိတရားတော် နှင့် ပတ်သက်လို့သာလျှင် ဓမ္မမစ္ဆရိယခေါ်တဲ့ တရား၌ ဝန်တိုမှုသဘောဟာ ဖြစ်တတ်ပါတယ်။ ပရိယတ္တိတရားတော်ကို မိမိ သိရှိသလို သူတစ်ပါးတို့ သိရှိတာကို မလိုလားတဲ့သဘော ဖြစ်ပါတယ်။၂၀၉
ဒီလို ယုတ်ညံ့တဲ့ စိတ်နေစိတ်ထားတွေကို ပယ်ရှားစေတော်မူလိုတာ လည်း အကြောင်းတစ်ရပ်၊ သူတစ်ပါးတို့ရဲ့ ဂုဏ်သိရ် စည်းစိမ်တွေအပေါ်မှာ မွေ့လျော်ပျော်ပိုက်မှု (= ရတိ)တရား, မိမိတရားရသလို သူတစ်ပါးတို့လည်း တရားရနေတာကို မွေ့လျော်ပျော်ပိုက်မှု (= ရတိ)တရား, မိမိဂုဏ်သိရ် စည်းစိမ် ကို သူတစ်ပါးတို့နှင့် ဆက်ဆံနေတာကို တွေ့မြင်ရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ မွေ့လျော်ပျော်ပိုက်မှု (= ရတိ)တရား -- ဒီလို သူတော်ကောင်းတို့မှာ ရှိသင့် ရှိထိုက်တဲ့ မွေ့လျော်ပျော်ပိုက်မှု (= ရတိ)တရား အမျိုးမျိုးတွေကို ဖြစ်ပေါ်လာ စေတော်မူလိုတာလည်း အကြောင်းတစ်ရပ် ---- ဒီလို အကြောင်းအရပ်ရပ် တွေကြောင့် မုဒိတာဘာဝနာဆိုတဲ့ ဗြဟ္မစိုရ်တရားကိုလည်း ပွားများ အားထုတ်ဖို့ရန် ဘုရားရှင်က ညွှန်ကြားထားတော်မူခဲ့ ပါတယ်။
ခုပြောခဲ့ပြီးတဲ့ မေတ္တာစျာန် ကရုဏာစျာန်တွေကို တတိယစျာန်သို့ ဆိုက်သည်အထိ အသီးအသီး ရှုပွားထားပြီးတဲ့ ယောဂီအဖို့ မုဒိတာစျာန် တွေကို တတိယစျာန်သို့ ဆိုက်သည်အထိ ဆက်လက်ကာ ပွားများအားထုတ် မည်ဆိုလျှင်လည်း လွယ်ကူချောမောစွာဖြင့် အောင်အောင်မြင်မြင် ရှုပွားလို့ ရရှိနေမည်သာ ဖြစ်ပါတယ်။ ဒီမုဒိတာဗြဟ္မစိုရ်တရားကို တတိယစျာန်သို့ ဆိုက်သည်အထိ အဝါးဝစွာ နိုင်နိုင်နင်းနင်း အောင်အောင်မြင်မြင် ရှုပွား ထားနိုင်ခဲ့မည်ဆိုလျှင် ဒီဣဿာ-မစ္ဆရိယတရားဆိုးတွေကို အခြေခံကာ ဖြစ်ပေါ်နေတဲ့ သူတစ်ပါးတို့ရဲ့ ဂုဏ်သိရ် စည်းစိမ်တွေအပေါ်မှာ မမွေ့လျော် မပျော်ပိုက်မှု (= အရတိ)တရား, မိမိရဲ့ ဂုဏ်သိရ် စည်းစိမ်တွေအပေါ်မှာ သူတစ်ပါးတို့က ဆက်ဆံနေတာကို မမွေ့လျော် မပျော်ပိုက်မှု (= အရတိ) တရား -- ဒီလို အရတိတရားဆိုးတွေကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်ခွာနှိပ်ကွပ် ထားနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ဒီဣဿာ-မစ္ဆရိယ တရားဆိုးတွေကို အနုသယအငုပ်ဓာတ်ဆိုတဲ့ အမြစ်တွေပါ မကျန်ရအောင် အကုန်အစင် ပယ်နုတ်ပစ်ချင်တယ်ဆိုလျှင် ဒီမုဒိတာစျာန်တွေကို ဝိပဿနာရဲ့ အခြေခံ ပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ကာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းကာ ယင်းသင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အစဉ်အတိုင်း ပွားများ အားထုတ်ခဲ့မည်ဆိုလျှင် ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တွေရဲ့ အဆုံးမှာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဟာ အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်တရား တော်မြတ်ကြီးကို အာရုံယူကာ အဆင့်ဆင့် ဖြစ်ပေါ်လာကြပါလိမ့်မည်။ ယင်း အရိယမဂ်ဉာဏ်တွေထဲမှာ ပါဝင်နေတဲ့ သောတာပတ္တိမဂ်ဉာဏ် သကဒါဂါမိ မဂ်ဉာဏ် အနာဂါမိမဂ်ဉာဏ်တွေက ယင်းဣဿာ-မစ္ဆရိယ တရားဆိုးတွေကို အနုသယအငုပ်ဓာတ်ဆိုတဲ့ အမြစ်ပါ မကျန်ရအောင် တစ်ဆင့်ပြီးတစ်ဆင့် ထပ်ကာထပ်ကာ ပယ်သတ်လိုက်ကြတဲ့အတွက် ယင်းတရားဆိုးတွေဟာ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားကြပါတယ်။ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ် အထိ ဆိုက်ရောက်သွားခဲ့လျှင်တော့ ကိလေသာအားလုံးတို့မှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။
သမ္ပတ္တိနှင့် ဝိပတ္တိ ---- ခုပြောခဲ့တဲ့ မမွေ့လျော် မပျော်ပိုက်မှု (= အရတိ) တရားအမျိုးမျိုးတွေရဲ့ ငြိမ်းအေးသွားခြင်းဟာ ဒီမုဒိတာစျာန်တွေရဲ့ စွမ်းအင် နှင့် ပြည့်ဝစုံညီလာခြင်း သမ္ပတ္တိပဲ ဖြစ်ပါတယ်။ သို့သော် မုဒိတာစျာန်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဂုဏ်သိရ် စည်းစိမ်အရပ်ရပ်တွေနဲ့ ပြည့်ဝစုံညီနေတဲ့ သတ္တဝါတစ်ဦး သို့မဟုတ် သတ္တဝါအများစုကို အာရုံယူကာ မုဒိတာဘာဝနာကို စီးဖြန်းနေရာက တစ်ခါတစ်ရံ ယင်းသတ္တဝါတို့ ပိုင်ဆိုင်နေတဲ့ ဂုဏ်သိရ် စည်းစိမ်အရပ်ရပ်တွေအပေါ်သို့ စိတ်ရောက်ကာ ယင်းဂုဏ်သိရ် စည်းစိမ် တွေကို ကြည့်ပြီးတော့ ရွှင်လန်းဝမ်းမြောက် ကြည်နူးနေခြင်းဆိုတဲ့ ကာမဂုဏ် စံအိမ်ကို မှီတွယ်ကာ ဖြစ်ပေါ်လာတဲ့ ဂေဟဿိတပေမခေါ်တဲ့ ပဟာသ တရားဟာ ထင်ရှားဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို ပဟာသတရား ထင်ရှား ဖြစ်ပေါ်လာခြင်းဟာ မုဒိတာဘာဝနာရဲ့ ပျက်စီးခြင်း ဝိပတ္တိပဲ ဖြစ်ပါတယ်။
---
မုန်းခြင်း+ချစ်ခြင်းနှင့် မောဟကို တိုက်ဖျက်ရေးနည်းလမ်း
ရုပ်နာမ်ပရမတ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင် အောင် ထိုးထွင်းမသိတဲ့အတွက် ဒီလိုမသိမှု မောဟကို အကြောင်းခံကာ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါလို့ အသိမှားမှုတွေ ထင်ရှားဖြစ်ပေါ် လာကြပြန်တယ်။ ဒီအသိမှားမှုကို အကြောင်းခံကာ တစ်ဦးအပေါ်တစ်ဦး မုန်းခြင်း+ချစ်ခြင်းဆိုတဲ့ ကိလေသာတွေလည်း တိုးပွားလာကြပြန်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ကာမဂုဏ်စံအိမ်ကို မှီတွယ်ကာ ဖြစ်ပေါ် နေတဲ့, သတ္တဝါအသီးအသီးရဲ့ သန္တာန်မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို ထိုးထွင်းမသိမမြင်တတ်တဲ့ အညာဏအမည်ရတဲ့ မောဟနဲ့ ယှဉ်တွဲနေတဲ့ သတ္တဝါတွေအပေါ်မှာ ဂရုမစိုက်မှုဆိုတဲ့ ဥပေက္ခာတစ်မျိုးလည်း ထင်ရှား ဖြစ်ပေါ်လာပြန်တယ်။ ယင်းဥပေက္ခာကို အညာဏုပေက္ခာလို့ ခေါ်ဆိုပါတယ်။ ဒီအညာဏုပေက္ခာလို့ခေါ်ဆိုတဲ့ ဥပေက္ခာကတော့ မောဟဦးဆောင်တဲ့ စိတ် စေတသိက်တွေနဲ့ ယှဉ်တွဲနေတဲ့ ဥပေက္ခာတစ်မျိုးသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမောဟကို ပယ်ရှားနိုင်ခဲ့လျှင် ဒီဥပေက္ခာကိုလည်း ပယ်ရှားပြီးပင် ဖြစ်ပါ တယ်။ ဒါကြောင့် ဒီမောဟကို ပယ်ရှားရေးက ပို၍ အရေးကြီးလှပါတယ်။ ဒီမောဟကိုပဲ ပဋိစ္စသမုပ္ပါဒ်စတဲ့ ထိုထိုဒေသနာတော်တွေမှာ အဝိဇ္ဇာဆိုတဲ့ အမည်တစ်မျိုးနဲ့လည်း ဟောကြားထားတော်မူခဲ့ပါတယ်။ ရှေ့ပိုင်းမှာ၂၁၀ ရှင်းပြခဲ့တဲ့အတိုင်း အဝိဇ္ဇာဆိုတာကတော့ သစ္စာလေးပါးကို ထိုးထွင်း မသိ တတ်တဲ့ မောဟတရားသာ ဖြစ်ပါတယ်။ ဒီ အဝိဇ္ဇာ (= မောဟ)တရားဟာ ဒုက္ခသစ္စာအမည်ရတဲ့ ရုပ်နာမ်ပရမတ်တရားတွေကိုလည်း မသိဘူး၊ သမုဒယ သစ္စာအမည်ရတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း တရားတွေကိုလည်း မသိဘူး၊ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှား ရှိနေခြင်းကြောင့် အကျိုး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်နေပုံကိုလည်း မသိဘူး၊ တစ်နည်းပြောရလျှင်တော့ ကံ-ကံရဲ့အကျိုးတရားကိုလည်း မသိဘူး၊ သတ္တဝါအသီးအသီးမှာ မိမိတို့ ပြုစုပျိုးထောင်ထားခဲ့တဲ့ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိမှုကိုလည်း မသိဘူး -- ဒီလို မသိတဲ့အတွက် သတ္တဝါတွေအပေါ်မှာ အလေးဂရုမပြု ဂရုမစိုက်ဘဲ လျစ်လျူရှုနေလိုက်တယ်။ ဒီလို လျစ်လျူရှုမှုကိုပဲ အညာဏုပေက္ခာလို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒီလို မသိမှု မောဟကိုပဲ အကြောင်းခံကာ အထက်ကပြောခဲ့တဲ့ မုန်းခြင်း+ချစ်ခြင်းတရားတွေလည်း ထင်ရှားဖြစ်ပေါ်လာကြတာ ဖြစ်ပါတယ်။ ဒီလို မုန်းခြင်း+ချစ်ခြင်းတရား တွေနှင့် အညာဏုပေက္ခာလို့ခေါ်ဆိုတဲ့ မောဟကို ပယ်ရှားနိုင်ရေးအတွက် ဘုရားရှင်ဟာ သမထပိုင်းကျင့်စဉ် ဝိပဿနာပိုင်းကျင့်စဉ်ဆိုတဲ့ ကျင့်စဉ် အရပ်ရပ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန် ညွှန်ကြားထားတော် မူခဲ့ပါတယ်။ သမထပိုင်းကျင့်စဉ်အရပ်ရပ်တွေထဲမှာ ဥပေက္ခာဗြဟ္မဝိဟာရလို့ ခေါ်ဆိုတဲ့ ဗြဟ္မစိုရ်တရားကျင့်စဉ်ဟာ ယင်း မုန်းခြင်း+ချစ်ခြင်းနှင့် အညာဏုပေက္ခာကို ဖြိုဖျက်ရေးအတွက် ဦးတည်ထားတဲ့ ဗြဟ္မစိုရ်တရားတစ်ခုပဲ ဖြစ်ပါတယ်။
ဒီဥပေက္ခာဗြဟ္မဝိဟာရတရားကို ပွားများအားထုတ်လိုတဲ့ ယောဂီ သူတော်ကောင်းဟာ ဥပေက္ခာထားနိုင်လောက်တဲ့ မချစ်မမုန်း အလယ် အလတ် လိင်တူသတ္တဝါတစ်ဦးကိုပဲဖြစ်စေ အများစုကိုပဲဖြစ်စေ အာရုံယူကာ
၁။ မေတ္တာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်အထိ
၂။ ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်အထိ
၃။ မုဒိတာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်အထိ ..
ဒီလို ပွားများပြီးတာနဲ့ တစ်ပြိုင်နက်တည်း ယင်းသတ္တဝါကိုပင် သို့မဟုတ် သတ္တဝါအများစုကိုပင် ဆက်လက်အာရုံယူကာ ..ဤသူတော်ကောင်းသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏၊ သို့မဟုတ် ဤသတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏ .. ဒီလို ထပ်ကာထပ်ကာ ရှုပွားသုံးသပ်လိုက်လျှင် စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သွားပါလိမ့်မည်၊ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်လို့ ခေါ်ဆိုပါတယ်။ အရပ်ဆယ်မျက်နှာမှာ တည်ရှိနေကြတဲ့ သတ္တဝါအားလုံးတို့ကို အာရုံယူကာ ခုပြောခဲ့တဲ့အတိုင်း မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရဘာဝနာတရားတွေကို အစဉ်အတိုင်း ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှုပွားနိုင်ခဲ့မည်ဆိုလျှင် ဒီဥပေက္ခာ ဗြဟ္မဝိဟာရစတုတ္ထစျာန်ဟာ စွမ်းအင်ပြည့်ဝစုံညီလာတဲ့ စျာန်တရားတစ်ခု ဖြစ်လာပါလိမ့်မည်။ သို့သော် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက သမုဒယသစ္စာ ကြောင့် ဒုက္ခသစ္စာဖြစ်ပုံဆိုတဲ့ ကံကြောင့် ကံရဲ့အကျိုးတရားဖြစ်ပုံကို ထိုးထွင်း သိမြင်တတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်အမည်ရတဲ့ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိမှုကို ထိုးထွင်းသိမြင်တတ်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်ကို ရရှိပြီးမှ ဒီဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်မည်ဆိုလျှင်တော့ ဒီဘာဝနာကို ပို၍ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားမည် ဖြစ်ပါတယ်။
ခုပြောခဲ့တဲ့ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်တရားကလည်း မုန်းခြင်း+ ချစ်ခြင်းနှင့် မောဟထုဦးဆောင်နေတဲ့ ကိလေသာထုအစိုင်အခဲတွေကို ဝိက္ခမ္ဘနပဟာန်ဖြင့် ခပ်ကြာကြာ ပယ်ခွာကာ နှိပ်ကွပ်ထားနိုင်ပါလိမ့်မည်။ သို့သော် ဒီမုန်းခြင်း+ချစ်ခြင်းနှင့် မောဟတရားဆိုးတို့ရဲ့ အနုသယအငုပ်ဓာတ် ဆိုတဲ့ အမြစ်တွေကိုပါ အကြွင်းအကျန်မရှိ ကုန်စင်အောင် ဖျက်ဆီးပစ်ချင် တယ်ဆိုလျှင်တော့ မိမိရရှိထားပြီးတဲ့ ဒီဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန် သမာဓိကို ဝိပဿနာရဲ့ အခြေခံပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ကာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် (၂)ပါး အတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းကာ ယင်းသင်္ခါရ တရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကို အစဉ်အတိုင်း ပွားများအားထုတ်ခဲ့မည်ဆိုလျှင် ရင့်ကျက်လာတဲ့ ဝိပဿနာ ဉာဏ်တွေရဲ့အဆုံးမှာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဟာ အသင်္ခတ အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ အဆင့်ဆင့် ဖြစ်ပေါ်လာ ကြပါလိမ့်မည်။ ယင်းလေးဆင့်သော အရိယမဂ်ဉာဏ်တွေက မောဟထု ဦးဆောင်နေတဲ့ မုန်းခြင်း+ချစ်ခြင်းနှင့်တကွသော ကိလေသာထုအစိုင်အခဲ တွေကို အနုသယအငုပ်ဓာတ်ဆိုတဲ့ အမြစ်ပါ မကျန်ရအောင် တစ်ဆင့်ပြီး တစ်ဆင့် ဆင့်ကာဆင့်ကာ ပယ်ရှားလိုက်ကြတဲ့အခါ ယင်းမောဟထုဦးဆောင် နေတဲ့ မုန်းခြင်း+ချစ်ခြင်းနှင့်တကွသော ကိလေသာထုအစိုင်အခဲတွေမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပါလိမ့်မည်။
သမ္ပတ္တိနှင့် ဝိပတ္တိ ---- ဒီဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်ကုသိုလ်ဟာ မုန်းခြင်း+ချစ်ခြင်းဆိုတဲ့ ပဋိဃ+အနုနယကို ဝိက္ခမ္ဘနအားဖြင့် ပယ်ရှားနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါကြောင့် မုန်းခြင်း+ချစ်ခြင်းရဲ့ ငြိမ်းအေးသွားခြင်းဟာ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်ရဲ့ စွမ်းအင်ပြည့်စုံနေတဲ့ သမ္ပတ္တိဂုဏ် တစ်မျိုးပဲ ဖြစ်ပါတယ်။ သို့သော် ရှင်းပြခဲ့တဲ့ အညာဏုပေက္ခာအမည်ရတဲ့ မောဟနဲ့ ယှဉ်တွဲနေတဲ့ ဥပေက္ခာ ဖြစ်ပေါ်လာခဲ့မည်ဆိုလျှင်တော့ ဒီဥပေက္ခာ ဗြဟ္မဝိဟာရတရားရဲ့ ပျက်စီးခြင်း ဝိပတ္တိပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပဋိဃ (= မုန်းခြင်း)ဆိုတာကတော့ ဒေါသတစ်မျိုးပဲ ဖြစ်ပါတယ်၊ အနုနယ (= ချစ်ခြင်း) ဆိုတာကတော့ လောဘ (= တဏှာ = ပေမ) တရားတစ်မျိုးပဲ ဖြစ်ပါတယ်။
---
အကုသလဝိတက်အမျိုးမျိုးကို တိုက်ဖျက်ရေးနည်းလမ်း
ဘုရားရှင်ဟာ မေဃိယသုတ္တန်မှာ၂၁၁ ..
အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကုပစ္ဆေဒါယ = အကုသလဝိတက် အမျိုးမျိုးကို ပယ်ရှားနိုင်ရေးအတွက် အာနာပါနဿတိဘာဝနာကို ပွားများ အားထုတ်ရန် ညွှန်ကြားထားတော်မူခဲ့ပါတယ်။ တရားဘာဝနာကို အားထုတ် တဲ့အခါမှာ ကမ္မဋ္ဌာန်းအာရုံမှ အပြင်အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့် ထွက်သွားမှု တွေက များပြားနေတဲ့အတွက် အကုသလဝိတက်အမျိုးမျိုးတို့ရဲ့ အနှောင့် အယှက် အမျိုးမျိုးကို ခံနေရတဲ့အခါ အာနာပါနဿတိဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန် အကောင်းဆုံးသော အချိန်အခါတစ်ခုပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ညွှန်ကြားချက် ဒေသနာတော်အပေါ်မှာ ယုံကြည်ချက် သဒ္ဓါတရား အပြည့် အဝထားကာ အာနာပါနဿတိကမ္မဋ္ဌာန်းကို ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူခဲ့တဲ့အတိုင်း အစီအစဉ်တကျ အပြင်းအထန် ကြိုးစား အားထုတ်လိုက်ပါက အကုသလဝိတက်အမျိုးမျိုးကို ဖျက်ဆီးပယ်ခွာနိုင်ရုံ သာမက အာနာပါနအာရုံပေါ်မှာ နက်ရှိုင်းတဲ့သမာဓိကို ကောင်းစွာ ရရှိနိုင် ပါတယ်။ ဒီလို နက်ရှိုင်းစွာ ဆက်တိုက် အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ သမာဓိနဲ့ ယှဉ်နေတဲ့ စိတ်ဓာတ်ရဲ့စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက်ကာ ထူထောင်နိုင်ခဲ့လျှင် စတုတ္ထစျာန်သမာဓိအထိ ဆိုက်ရောက်နိုင်ပါတယ်။ ဒီစတုတ္ထစျာန်သမာဓိနဲ့ ယှဉ်နေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ် အရောင်အလင်းတွေက ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာတဲ့ အခါ ယင်းဉာဏ်အရောင်အလင်းရဲ့ အကူအညီကို ရယူကာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် (၂)ပါး အတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရား တွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းကာ ယင်းသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အစဉ် အတိုင်း ပွားများအားထုတ်ခဲ့မည်ဆိုလျှင် ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ် တွေရဲ့အဆုံးမှာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဟာ အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ အဆင့်ဆင့် ဖြစ်ပေါ်လာကြပါ လိမ့်မည်။ ယင်းလေးဆင့်သော အရိယမဂ်ဉာဏ်တွေက အကုသလဝိတက် အမျိုးမျိုးကို အနုသယအငုပ်ဓာတ်ဆိုတဲ့ အမြစ်ပါ မကျန်ရအောင် တစ်ဆင့်ပြီး တစ်ဆင့် ဆင့်ကာဆင့်ကာ ပယ်ရှားလိုက်ကြတဲ့အခါ ယင်းအကုသလဝိတက် အမျိုးမျိုးနှင့်တကွသော ကိလေသာထုအစိုင်အခဲတွေမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပါလိမ့်မည်။
ဒီလို လွတ်မြောက်တဲ့အဆင့်အထိ အားထုတ်စေလိုတော်မူတဲ့အတွက် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းကို ဟောကြားထားတော်မူတဲ့အခါမှာ ဝင်သက်လေမှာ (၁၆)မျိုးသော အခြင်းအရာ, ထွက်သက်လေမှာ (၁၆)မျိုး သော အခြင်းအရာ -- နှစ်ရပ်ပေါင်းလိုက်ပါက (၃၂)မျိုးသော အခြင်းအရာ တို့ကို စတုက္က (၄)မျိုးတို့ဖြင့် ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိပါတယ်။
---
အာနာပါနစတုက္က (၄) မျိုး
ပထမစတုက္က (= ကာယာနုပဿနာ)
၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊
ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။
၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊
ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။
၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊
ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။၂၁၂
ဒီနေရာမှာ ..
၁။ ဝင်လေ-ထွက်လေရဲ့ရှည်မှုကို ဒီဃ
၂။ ဝင်လေ-ထွက်လေရဲ့တိုမှုကို ရဿ
၃။ ဝင်လေ-ထွက်လေရဲ့ အစ-အလယ်-အဆုံး အကုန်လုံးကို သဗ္ဗကာယ
၄။ ဝင်လေ-ထွက်လေကို ငြိမ်အောင် သိမ်မွေ့အောင် ငြိမ်းအောင် ကျင့်ခြင်း ကို ပဿမ္ဘယလို့ ခေါ်ဆိုပါတယ်။
ယောဂီပုဂ္ဂိုလ်တစ်ဦးဟာ အာနာပါနကမ္မဋ္ဌာန်းကို စတင်စီးဖြန်းရာမှာ ဝင်လေ-ထွက်လေက ရှည်နေလျှင်လည်း ရှည်နေတဲ့အတိုင်းသိနေအောင်, တိုနေလျှင်လည်း တိုနေတဲ့အတိုင်းသိနေအောင် ဝင်လေ-ထွက်လေအာရုံ ပေါ်မှာ သတိမြဲနေအောင် လေ့ကျင့်ရပါတယ်။ ဝင်လေ-ထွက်လေအာရုံ ပေါ်မှာ သတိက တော်တော်လေး ခိုင်မြဲလာတဲ့အခါ ဝင်လေ-ထွက်လေက ရှည်နေလျှင်လည်း ရှည်တဲ့အတိုင်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်, တိုနေလျှင်လည်း တိုတဲ့အတိုင်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် တစ်ဆင့်တက်ကာ လေ့ကျင့် ရပါတယ်။ ဒီလို လေ့ကျင့်တဲ့အပိုင်းမှာ ဝင်လေ-ထွက်လေကို ရှည်အောင် တိုအောင် သက်သက်ပြုပြင်မှု မလုပ်ပါနှင့်၊ သဘာဝအတိုင်းသာ ရှည်လျှင် ရှည်တဲ့အတိုင်း တိုလျှင် တိုတဲ့အတိုင်း သိနေအောင်သာ ကြိုးစားပါ။
ဝင်လေ-ထွက်လေအာရုံပေါ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီး အချိန်ကြာကြာ တည်ငြိမ်လာပြီဆိုလျှင်တော့ သမာဓိရဲ့ စွမ်းအားကြောင့် ဝင်လေ-ထွက်လေဟာ သိမ်မွေ့နူးညံ့လာပါလိမ့်မည်၊ ငြိမ်သက်လာပါလိမ့် မည်။ ဒီလိုငြိမ်သက်နေတဲ့ ဝင်လေ-ထွက်လေကို ရှည်လျှင်လည်း ရှည်တဲ့ အတိုင်း တိုလျှင်လည်း တိုတဲ့အတိုင်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်သာ ဆက်လက်ကြိုးစားပါ၊ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ။ သိမ်မွေ့နေတဲ့ လေကို ထင်ရှားအောင် မပြုပြင် ပါနှင့်။ သိမ်မွေ့နေတဲ့ လေကို အစ-အဆုံး တောက်လျှောက် သိနေအောင် သာ ကြိုးစားလျက် ဝင်လေ-ထွက်လေအာရုံပေါ်မှာ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ထူထောင်နေပါ။ သမာဓိက တစ်နာရီ နှစ်နာရီစသည်ဖြင့် ထိုင်တိုင်း ထိုင်တိုင်း ဝင်လေ-ထွက်လေအာရုံပေါ်မှာ ငြိမ်ဝပ်စွာကပ်ပြီး တည်လာပြီ ဆိုလျှင်တော့ အထက်ကပြောခဲ့တဲ့အတိုင်း ဝင်လေ-ထွက်လေဟာ အာနာပါန နိမိတ်အသွင်သို့ ပြောင်းလဲသွားတတ်ပါတယ်။ ယင်း အာနာပါနနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်နိုင်ခဲ့လျှင် ယင်းအာနာပါန နိမိတ်ဟာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အသွင်သို့ ရောက်ရှိသွားပါလိမ့်မည်။ ယင်းအာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်နိုင်ခဲ့လျှင် အထက်ကပြောခဲ့တဲ့အတိုင်း စတုတ္ထစျာန်သမာဓိအထိ ဆိုက်ရောက်သွားပါလိမ့်မည်။ စတုတ္ထစျာန်သမာဓိ သို့ ဆိုက်ရောက်သွားတဲ့အခါမှာ အထူးသဖြင့် အာနာပါနစတုတ္ထစျာန် သမာပတ်ကို ဝင်စားနေတဲ့အခါမှာ ဝင်သက်လေ ထွက်သက်လေဟာ ချုပ်ငြိမ်း တဲ့အဆင့်အထိ ရောက်ရှိသွားမည်ဖြစ်ကြောင်းကို အနုပုဗ္ဗနိရောဓသုတ္တန်၂၁၃ စသည်တို့မှာ ဘုရားရှင် ဟောကြားထားတော်မူခဲ့ပါတယ်။
သို့သော် ဝင်သက်လေ ထွက်သက်လေ ချုပ်ငြိမ်းသွားပေမဲ့ စတုတ္ထ စျာန်သမာဓိကို အခြေခံကာ ထင်ရှားဖြစ်ပေါ်နေတဲ့ ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကတော့ ထင်ရှားတည်ရှိလျက်ပဲ ရှိနေ ပါတယ်။၂၁၄
အာနာပါနပဋိဘာဂနိမိတ်ဆိုတာ
ဒီနေရာမှာ ထပ်ရှင်းပြဖို့ကတော့ လိုလိမ့်မည်ထင်ပါတယ်။
ပကတိသော ဝင်သက်လေ ထွက်သက်လေဆိုတာ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်နေတဲ့ စိတ်တိုင်း စိတ်တိုင်းကြောင့် ထင်ရှားဖြစ်ပေါ်နေတဲ့ စိတ္တဇရုပ်ကလာပ်တွေရဲ့ အပေါင်းအစုသာ ဖြစ်ပါတယ်။၂၁၅ အာနာပါနဘာဝ နာ သမာဓိက အလွန်စွမ်းအင်ထက်မြက်လာတဲ့အခါ ယင်းစိတ္တဇရုပ်ကလာပ် တွေမှာ ပါဝင်နေတဲ့ ဝဏ္ဏဓာတ် ရူပါရုံတို့ရဲ့ အပေါင်းအစုကို နိမိတ်အသွင်ဖြင့် တွေ့မြင်တတ်ပါတယ်။ သို့သော် ဒီစိတ္တဇရုပ်ကလာပ်တွေနှင့် စိတ္တဇရုပ် ကလာပ်တွေရဲ့ အရောင်အဆင်းတွေဟာ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်မှာသာ ထင်ရှားဖြစ်ပေါ်နိုင်ကြတဲ့ တရားမျိုးတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ စိတ္တဇရုပ် ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ ပါဝင်နေတဲ့ ဥတုခေါ်တဲ့ တေဇောဓာတ် တိုင်း တေဇောဓာတ်တိုင်းကလည်း သမာဓိစွမ်းအင်က ကြီးလျှင်ကြီးသလို ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်တဲ့စွမ်းအား ရှိကြပါတယ်။ ဒီဥတုဇ ရုပ်ကလာပ်တွေမှာ ပါဝင်နေတဲ့ ဝဏ္ဏဓာတ် ရူပါရုံတို့ရဲ့ အပေါင်းအစုတွေ ဟာလည်း သမာဓိနှင့်ယှဉ်တွဲနေတဲ့ ဉာဏ်က အာနုဘော် ကြီးလျှင်ကြီးသလို ပိုမိုကာ တောက်ပတတ်တဲ့သဘော ရှိကြပါတယ်။ ဒီဥတုဇရုပ်ကလာပ်တွေနှင့် ဥတုဇရုပ်ကလာပ်တို့ရဲ့အရောင်အဆင်းတွေဟာ အဇ္ဈတ္တမှာသာမက ဗဟိဒ္ဓ အထိ ပျံ့နှံ့ကာ တည်ရှိနေတတ်ပါတယ်။ ယောဂီ အများစုတို့ တွေ့မြင်နေကျ ဖြစ်တဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း ပတ်ဝန်းကျင်တစ်လျှောက်မှာ တည်ရှိနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ဆိုတာကတော့ ခုပြောခဲ့တဲ့ ဥတုဇရုပ် ကလာပ်တွေထဲမှာ ပါဝင်တည်ရှိနေကြတဲ့ ကြည်လင်တောက်ပနေတဲ့ ဝဏ္ဏ ဓာတ် ရူပါရုံတို့ရဲ့ အပေါင်းအစုတွေသာ ဖြစ်ကြပါတယ်။ သို့သော် ဒီအာနာပါနနိမိတ် အမျိုးမျိုးနှင့် အာနာပါနပဋိဘာဂနိမိတ်တို့ဟာလည်း ဥပစာရ သမာဓိ အပ္ပနာသမာဓိခေါ်တဲ့ စိတ်ဓာတ်တွေကို အကြောင်းခံကာ ဖြစ်ပေါ် လာကြတဲ့အတွက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့က၂၁၆ ဘာဝနာ သညာကို အကြောင်းခံကာ ဖြစ်ပေါ်လာကြောင်းကို ဖွင့်ဆိုရှင်းလင်းထား တော်မူကြပါတယ်။ ဒီအာနာပါနပဋိဘာဂနိမိတ်တို့ဟာလည်း စတုတ္ထစျာန် သမာဓိကဲ့သို့သော စျာန်သမာဓိကို အခြေခံကာ ဖြစ်ပေါ်လာတဲ့ နိမိတ်ဖြစ်ခဲ့ လျှင် အလွန်ကြည်လင်တောက်ပတတ်တဲ့သဘော ရှိပါတယ်။ ထိုအချိန်အခါ မှာ ယောဂီပုဂ္ဂိုလ်ရဲ့ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာမှာလည်း ပညာ ရောင် (= ဉာဏ်ရောင်)လို့ ခေါ်ဆိုတဲ့ အရောင်အလင်းတွေဟာလည်း ထင်ရှား တည်ရှိနေတတ်ကြပါတယ်။၂၁၇
ဒါကြောင့် ဘုရားရှင်က ဒီစတုတ္ထစျာန်ကို ဂုဏ်တင်ကာ ချီးမွမ်းတော် မူတဲ့အပိုင်းမှာ ပရိယောဒါတေ = ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော် .. စသည်ဖြင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပတဲ့ အရောင်အလင်းရှိကြောင်းကို ဂုဏ်တင်ကာ ချီးမွမ်းထားတော် မူခဲ့ပါတယ်။၂၁၈
မေးမြန်းနေတဲ့ မေးခွန်းတစ်ရပ်
ခုရှင်းပြခဲ့တဲ့အတိုင်း .. နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား ပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့ အာနာပါနပဋိဘာဂနိမိတ်နှင့်တကွ အာနာပါန နိမိတ် အမျိုးမျိုးတို့ဟာ သမုတိသစ္စာနည်းအရ ပြောရလျှင် ပကတိသော ဝင်သက်လေ ထွက်သက်လေဆိုတဲ့ အဿာသ-ပဿာသလည်း မဟုတ်၊ ပရမတ္ထသစ္စာနည်းအရ ပြောရလျှင် ဝင်သက်လေ ထွက်သက်လေ ဆိုတဲ့ ဝါယောဓာတ်လွန်ကဲနေတဲ့ စိတ္တဇရုပ်ကလာပ်အများစုတို့ရဲ့ ဝဏ္ဏဓာတ် ရူပါရုံ တို့ရဲ့ အပေါင်းအစုလည်း မဟုတ်၊ စိတ္တဇတေဇောဓာတ် (= ဥတု)ကြောင့် ထင်ရှားဖြစ်ပွားလာကြတဲ့ ဥတုဇရုပ်ကလာပ်တွေရဲ့ ဝဏ္ဏဓာတ် ရူပါရုံတို့ရဲ့ အပေါင်းအစုသာ ဖြစ်ခဲ့တယ်ဆိုလျှင် ဒီလို အာနာပါနပဋိဘာဂနိမိတ်နှင့် တကွသော အာနာပါနနိမိတ်အမျိုးမျိုးတွေကို အာရုံယူကာ ရှုပွားနေတဲ့ ဘာဝနာလုပ်ငန်းခွင်ကို အာနာပါနကမ္မဋ္ဌာန်းကို ပွားများနေပါတယ်လို့ ပြောဆို နိုင်ပါ့မလား? ဒါကတော့ မေးမြန်းတတ်တဲ့ မေးခွန်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဖြေကိုတော့ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာက ဒီလို ရှင်းလင်းဖြေဆိုထားပါတယ်။
ပကတိသော ဝင်သက်လေ ထွက်သက်လေဆိုတဲ့ အဿာသ-ပဿာသ ကို အမှီပြုကာ ဖြစ်ပေါ်လာတဲ့ အာနာပါနပဋိဘာဂနိမိတ်နှင့်တကွသော အာနာပါနနိမိတ်အမျိုးမျိုးကိုလည်း အဿာသ-ပဿာသလို့ပဲ ခေါ်ဆိုနိုင် ပါတယ်။ ဒါကြောင့် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံ ယူကာ သမာဓိကို စနစ်တကျ ထူထောင်လိုက်တဲ့အခါ ရင့်ကျက်လာတဲ့ သမာဓိရဲ့စွမ်းအားကြောင့် ပကတိသော ဝင်သက်လေ ထွက်သက်လေက နိမိတ်အသွင်သို့ ပြောင်းလဲသွားတဲ့အခါ ဘာဝနာစိတ်က ယင်းနိမိတ်အပေါ်မှာ ကပ်ပြီးတည်နေတတ်ပါတယ်။ အလွန်သိမ်မွေ့နေတဲ့ ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံမပြုတော့ဘဲ ဖြစ်ပေါ်လာတဲ့ နိမိတ်ကို အာရုံ ယူကာ သမာဓိကို ဆက်လက်ကာ ထူထောင်လိုက်လျှင် ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်အသွင်သို့ ဆိုက်ရောက်သွားပါလိမ့်မည်။ ယင်းအာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက်ကာ ထူထောင်နိုင်ခဲ့လျှင် စတုတ္ထစျာန်သမာဓိအထိ ဆိုက်ရောက်သွားနိုင်ပါတယ်။ စတုတ္ထစျာန်သမာဓိအခိုက်မှာ ပကတိ ဝင်လေ ထွက်လေက ချုပ်ငြိမ်းသွားပေ မယ့်လို့ အာနာပါနပဋိဘာဂနိမိတ်ကတော့ ထင်ရှားတည်ရှိလျက်ပဲ ရှိနေပါ တယ်။ ဒီပဋိဘာဂနိမိတ်ကိုလည်း ပကတိ ဝင်လေ ထွက်လေကို အမှီပြုကာ ဖြစ်ပေါ်လာတဲ့ နိမိတ်ဖြစ်ခြင်းကြောင့် အဿာသ-ပဿာသလို့ပဲ ခေါ်ဆိုနိုင်ပါ တယ်။အာနာပါနကမ္မဋ္ဌာန်းကို ပွားများနေတယ်လို့ပဲ ခေါ်ဆိုနိုင်ပါတယ်။၂၁၉
---
ဓာတ်ကမ္မဋ္ဌာန်း
ဒီလို အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ရှုပွားထားနိုင်တဲ့ ယောဂီရဟန်းတော်တစ်ပါးကို ရှေ့သို့ဆက်လက်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရမည့် အစီအစဉ်ကို ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ၂၂၀ ဒီလို ညွှန်ကြားထားတော် မူခဲ့ပါတယ်။
၁။ အဇ္ဈတ္တမှာလည်း ကာယ၌ ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုနေရန်,
၂။ ဗဟိဒ္ဓမှာလည်း ကာယ၌ ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုနေရန်,
၃။ အဇ္ဈတ္တ ဗဟိဒ္ဓ - နှစ်မျိုးစလုံးမှာလည်း ကာယ၌ ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုနေရန် ..
ဘုရားရှင်က ဆက်လက်ကာ ညွှန်ကြားထားတော်မူခဲ့ပါတယ်။ ပဋိသမ္ဘိဒါ မဂ္ဂပါဠိတော်ကလည်း၂၂၁ ဒီနေရာမှာ ကာယဆိုတာ ..
၁။ ရူပကာယ (= ရုပ်တရားအပေါင်းအစု)
၂။ နာမကာယ (= နာမ်တရားအပေါင်းအစု) ..ကို
ဆိုလိုကြောင်းကို ရှင်းလင်းတင်ပြထားတော်မူပါတယ်။ ဒါကြောင့် ယောဂီရဟန်းတော်ဟာ မိမိရရှိထားတဲ့ အာနာပါနစတုတ္ထစျာန်သမာဓိကို ဝိပဿနာရဲ့ အခြေပါဒကစျာန်အဖြစ် ထူထောင်ကာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးစလုံးမှာပဲ ရုပ်နာမ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားကာ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ရုပ်တရားတွေကို သိမ်းဆည်းပုံစနစ်ကတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်းကိုပဲ စတင်ကာ ရှုပွားရတော့မှာ ဖြစ်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ရှုပွားနိုင်လို့ ရုပ်ပရမတ် တရားတွေကို သိမ်းဆည်းပြီးတဲ့အခါ နာမ်တရားတွေကိုလည်း ဆက်လက်ကာ သိမ်းဆည်းပုံနည်းစနစ်ကို ညွှန်ပြတော်မူလိုတဲ့အတွက် အာနာပါန ဒုတိယ စတုက္ကနှင့် တတိယစတုက္ကတို့ကို ဆက်လက်ကာ ဟောကြားတော်မူပါတယ်။
ဒုတိယစတုက္က (= ဝေဒနာနုပဿနာ)
၁။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
၂။ သုခပဋိသံဝေဒီ ။ ပ ။
၃။ စိတ္တသင်္ခါရပဋိသံဝေဒီ ။ ပ ။
၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ ။ ပ ။၂၂၂
၁။ ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့လို့ ကျင့်ပါ၊
ပီတိကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့လို့ ကျင့်ပါ၊
၂။ သုခကို ထင်ထင်ရှားရှားသိလျက်။ ပ ။
၃။ စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိလျက်။ ပ ။
၄။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်။ ပ ။၂၂၂
ဒီနေရာမှာ ပီတိကို ထင်ထင်ရှားရှားသိကာ အသက်ရှူမှုနဲ့ ပတ်သက်လို့ သမထပိုင်း ဝိပဿနာပိုင်း နှစ်ပိုင်းခွဲပြီးတော့ ပြောကြရအောင်။ သမထပိုင်း ကတော့ ဒီလိုပါ။
ပီတိပဋိသံဝေဒီ (သမထပိုင်း)
အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုကာ ပီတိနှင့်ယှဉ်တဲ့ ပထမစျာန်, ဒုတိယစျာန်တွေကို တစ်ခုပြီး တစ်ခု ဝင်စားတယ်။ ဒီလို ဝင်စားတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စျာန်သမာပတ်ကို ဝင်စားနေဆဲခဏမှာ စျာန်ကိုရရှိနေတဲ့အတွက် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထင်ထင်ရှားရှား သိနေပါတယ်။ ဒီလို သိနေတဲ့အတွက်ကြောင့် အာရုံကို အကြောင်းပြုကာ ဒီပုဂ္ဂိုလ်ဟာ စျာန်ပီတိကို ထင်ထင်ရှားရှား သိနေပါတယ်။ ဒီလို စျာန်ပီတိကို ထင်ထင်ရှားရှား သိပြီး တော့ အသက်ရှူနေခဲ့မည်ဆိုလျှင် အာရုံကို အကြောင်းပြုကာ ပီတိကို ထင်ထင်ရှားရှား သိနေတယ်လို့ ခေါ်ဆိုပါတယ်။ ဒီလို ပီတိကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူနေပါလို့ ဆိုလိုပါတယ်။
ပီတိပဋိသံဝေဒီ (ဝိပဿနာပိုင်း)
ရုပ်ပရမတ် နာမ်ပရမတ်တရားတွေကို ပရမတ်သို့ဆိုက်အောင် သဘာဝ မှန်အတိုင်း ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ အသမ္မောဟ မည်ပါတယ်။ ယောဂီပုဂ္ဂိုလ်ဟာ ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စားပြီးတော့ စျာန်မှ ထကာ ဒီစျာန်နှင့်ယှဉ်နေတဲ့ ပီတိကိုရော ပီတိကို ဦးတည်ပြီးတော့ စျာန်နာမ် တရားအားလုံးကိုရော သိမ်းဆည်းပြီးတော့ ယင်းစျာန်နာမ်တရားတွေရဲ့ ပြိုပြိုပျက်ပျက် ကုန်ကုန်ပျောက်ပျောက်သွားတတ်တဲ့သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်တယ်။ ဒီယောဂီပုဂ္ဂိုလ်ဟာ ဝိပဿနာဉာဏ်အခိုက်မှာ ဒီပီတိရဲ့ ပီတိနှင့် ယှဉ်တွဲနေတဲ့ စျာန်နာမ်တရားတွေရဲ့ သဘာဝလက္ခဏာ သာမညလက္ခဏာတွေကို ထိုးထွင်းသိမြင်နေတဲ့အတွက်ကြောင့် မတွေမဝေ သိခြင်းဆိုတဲ့ အသမ္မောဟသဘောအားဖြင့် ပီတိကို ထင်ထင်ရှားရှား သိနေ တယ် မည်ပါတယ်။ ဒီလို ပီတိကို ထင်ထင်ရှားရှားသိပြီးတော့ အသက်ရှူနေ ပါလို့ ဆိုလိုပါတယ်။၂၂၃
သုခပဋိသံဝေဒီ (သမထပိုင်း+ဝိပဿနာပိုင်း)
သမထပိုင်းမှာ အာနာပါနပထမစျာန် ဒုတိယစျာန် တတိယစျာန်တွေကို အစဉ်အတိုင်း ဝင်စားပြီးတော့ အသက်ရှူနေခဲ့မည်ဆိုလျှင်, ဝိပဿနာပိုင်း မှာလည်း ဒီစျာန်တွေနှင့် ယှဉ်နေတဲ့ သုခကိုရော, သုခကို ဦးတည်ကာ စျာန်နာမ်တရားစုတွေကိုရော သိမ်းဆည်းပြီးတော့ ယင်းစျာန်နာမ်တရား တွေရဲ့ အပျက်ကို အာရုံယူကာ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့မည်ဆိုလျှင် သုခကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူနေသည် မည်ပါတယ်။ ဒီလို သုခကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူနေပါလို့ ဆိုလိုပါတယ်။၂၂၄
စိတ္တသင်္ခါရပဋိသံဝေဒီ (သမထပိုင်း+ဝိပဿနာပိုင်း)
သမထပိုင်းမှာ အာနာပါနစျာန် (၄)ပါးစလုံးကို အစဉ်အတိုင်း ဝင်စား ပြီးတော့ အသက်ရှူနေခဲ့မည်ဆိုလျှင်, ဝိပဿနာပိုင်းမှာလည်း စိတ္တသင်္ခါရ အမည်ရတဲ့ ဝေဒနာ သညာ တရားနှစ်ပါးကိုရော သညာနှင့်ယှဉ်နေတဲ့ ဝေဒနာကို ဦးတည်ပြီးတော့ စျာန်နာမ်တရားအားလုံးကို သိမ်းဆည်းကာ ယင်းစျာန်နာမ်တရားတွေရဲ့ အပျက်ကို အာရုံယူပြီးတော့ လက္ခဏာတင်ကာ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့မည်ဆိုလျှင် စိတ္တသင်္ခါရတရားကို ထင်ထင် ရှားရှားသိပြီးတော့ အသက်ရှူနေသည် မည်ပါတယ်။ ဒီလို အသက်ရှူနိုင် အောင် ကျင့်ပါလို့ ဆိုလိုပါတယ်။၂၂၄
ပဿမ္ဘယံ စိတ္တသင်္ခါရံ (သမထပိုင်း+ဝိပဿနာပိုင်း)
သမထပိုင်းမှာ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်း ဝင်စား ပြီးတော့ အသက်ရှူနေခဲ့မည်ဆိုလျှင် ရုန့်ရင်းရုန့်ရင်းတဲ့ စိတ္တသင်္ခါရတရား တွေကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်ပါတယ်။ ဝိပဿနာပိုင်းမှာလည်း ဒီစျာန် (၄)ပါးတို့ကို အသီးအသီး ဝင်စားပြီးတော့ ယင်းစျာန်အသီးအသီးမှ ထတဲ့အခါ ဝေဒနာကို ဦးတည်ပြီးတော့ စျာန်နာမ် တရားတွေကို သိမ်းဆည်းကာ ယင်းစျာန်နာမ်တရားတွေရဲ့ အပျက်ကို အာရုံ ယူပြီးတော့ လက္ခဏာတင်ကာ ဝိပဿနာရှုနေခဲ့မည်ဆိုလျှင် ရုန့်ရင်းရုန့်ရင်းတဲ့ စိတ္တသင်္ခါရတရားတွေကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်ပါတယ်။ ဒီလို အသက်ရှူနိုင်အောင် ကျင့်ပါလို့ ဆိုလိုပါတယ်။၂၂၄
ပီတိပဋိသံဝေဒီ-ပုဒ်မှာ ပီတိကို ဦးတည်ပြီးတော့ ဝေဒနာကို ဟောကြား ထားတော်မူပါတယ်။ သုခပဋိသံဝေဒီ-ပုဒ်မှာတော့ သုခဝေဒနာကို ဟော ကြားထားတော်မူပါတယ်။ စိတ္တသင်္ခါရ နှစ်ပုဒ်တို့မှာတော့ သညာ ဝေဒနာ တရားနှစ်ပါးဟာ စိတ္တသင်္ခါရမည်တဲ့အတွက် သညာနှင့်ယှဉ်တဲ့ ဝေဒနာကို ဦးတည်ပြီးတော့ ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ဒီဒုတိယစတုက္က ကို ဝေဒနာနုပဿနာနည်းဖြင့် ဘုရားရှင် ဟောကြားထားတော်မူတယ်လို့ သိရှိပါ။၂၂၄
---
တတိယစတုက္က (= စိတ္တာနုပဿနာ)
၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
၂။ အဘိပ္ပမောဒယံ စိတ္တံ ။ ပ ။
၃။ သမာဒဟံ စိတ္တံ ။ ပ ။
၄။ ဝိမောစယံ စိတ္တံ ။ ပ ။ ၂၂၅
၁။ စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့လို့ ကျင့်ပါ၊၊
စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့လို့ ကျင့်ပါ၊၊
၂။ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ ပ ။
၃။ စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားလျက်။ ပ ။
၄။ စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ ပ ။
စိတ္တပဋိသံဝေဒီ (သမထပိုင်း+ဝိပဿနာပိုင်း)
သမထပိုင်းမှာ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်း ဝင်စား ပြီးတော့ အသက်ရှူနေတယ်။ ဝိပဿနာပိုင်းမှာလည်း ယင်းစျာန်အသီးသီးကို ဝင်စားပြီးတော့ စျာန်မှ ထတိုင်း ထတိုင်း ယင်းစျာန်စိတ်ကိုရော, စျာန်စိတ်ကို ဦးတည်ပြီးတော့ စျာန်နာမ်တရားအားလုံးကိုရော သိမ်းဆည်းကာ ယင်းစျာန် နာမ်တရားတွေရဲ့အပျက်ကို မြင်အောင်ကြည့်ပြီးတော့ လက္ခဏာတင်ကာ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့တယ်။ ဒီလို အသက်ရှူနေခဲ့မည်ဆိုလျှင် စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်ပါတယ်။ ဒီလို အသက်ရှူနိုင်အောင် ကျင့်ပါ။
အဘိပ္ပမောဒယံ စိတ္တံ (သမထပိုင်း+ဝိပဿနာပိုင်း)
သမထပိုင်းမှာ ပီတိနှင့်ယှဉ်နေတဲ့ အာနာပါနပထမစျာန်ကို ဝင်စား ပြီးတော့ အသက်ရှူနေတယ်။ ပီတိနှင့်ယှဉ်နေတဲ့ အာနာပါနဒုတိယစျာန်ကို ဝင်စားပြီးတော့ အသက်ရှူနေတယ်။ ဒီစျာန်တွေကို ဝင်စားနေဆဲခဏမှာ စျာန်စိတ်နှင့်ယှဉ်တဲ့ ပီတိကြောင့် စျာန်စိတ်ဟာ လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိနေပါတယ်။ ဒီလို စျာန်ပီတိဖြင့် စျာန်စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေကာ အသက်ရှူနေပါ။ အသက်ရှူနိုင်အောင် ကျင့်ပါ။
ဝိပဿနာပိုင်းမှာတော့ ပီတိနှင့်ယှဉ်နေတဲ့ အာနာပါနပထမစျာန်ကို ဝင်စားတယ်။ ဒီပထမစျာန်မှ ထပြီးတော့ စျာန်ပီတိကိုရော, စျာန်ပီတိကို ဦးတည်ပြီးတော့ စျာန်နာမ်တရားအားလုံးကိုရော သိမ်းဆည်းကာ ယင်းစျာန် နာမ်တရားတွေရဲ့အပျက်ကို မြင်အောင်ကြည့်ပြီးတော့ လက္ခဏာယာဉ် တင်ကာ ဝိပဿနာရှုနေတယ်။ ပီတိနှင့်ယှဉ်နေတဲ့ အာနာပါနဒုတိယစျာန်ကို ဝင်စားတယ်။ ဒီဒုတိယစျာန်မှ ထပြီးတော့ စျာန်ပီတိကိုရော, စျာန်ပီတိကို ဦးတည်ပြီးတော့ စျာန်နာမ်တရားအားလုံးကိုရော သိမ်းဆည်းကာ ယင်းစျာန် နာမ်တရားတွေရဲ့အပျက်ကို မြင်အောင်ကြည့်ပြီးတော့ လက္ခဏာယာဉ် တင်ကာ ဝိပဿနာ ရှုနေတယ်။ ဒီလိုဝိပဿနာရှုနေတဲ့အခိုက်မှာ စျာန်ပီတိ ကိုရော, စျာန်ပီတိနှင့် ယှဉ်တဲ့ စျာန်နာမ်တရားတွေကိုရော အာရုံပြုနေရတဲ့ အတွက် ရှုနေတဲ့ ဝိပဿနာစိတ်ဟာလည်း လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက်ပဲ ရှိနေပါတယ်။ ဒီလို သမထပိုင်း+ဝိပဿနာပိုင်း နှစ်ပိုင်း လုံးမှာပဲ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေကာ အသက်ရှူနိုင် အောင် ကျင့်ပါ၊ အသက်ရှူနေပါ။၂၂၆
အလွန် ချစ်ခင်မြတ်နိုးအပ်တဲ့ ပြုံးရွှင်နေတဲ့ မိတ်ဆွေတစ်ဦးကို တွေ့မြင် ရတဲ့အခါ တွေ့မြင်နေရသူ မိမိရဲ့ သန္တာန်မှာလည်း အပြုံးပန်းများ ပွင့်လန်း လာသလိုပဲ မှတ်ပါ။
သမာဒဟံ စိတ္တံ (သမထပိုင်း+ဝိပဿနာပိုင်း)
စိတ်ကို အာရုံပေါ်မှာ ကောင်းကောင်းထားကာ အသက်ရှူပုံမှာလည်း သမထပိုင်း ဝိပဿနာပိုင်းလို့ နှစ်ပိုင်းပဲ ရှိနေပါတယ်။
သမထပိုင်းမှာ အာနာပါနပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့ မည်ဆိုလျှင်, ဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့မည်ဆိုလျှင်, တတိယစျာန်ကိုဝင်စားလျက် အသက်ရှူနေခဲ့မည်ဆိုလျှင်, စတုတ္ထစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့မည်ဆိုလျှင် -- ဒီစျာန်တွေရဲ့ အာရုံဖြစ်တဲ့ အလွန်ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်မှာ စျာန်စိတ်ကို အညီအညွတ် ကောင်းစွာ ထားပြီးတော့ အသက်ရှူနေသည်ပဲ မည်ပါတယ်။ ဒီလို အသက်ရှူနိုင်အောင် ကျင့်ပါ၊ အသက်ရှူနေပါ။
ဒီနေရာမှာ ရှင်းလင်းပြဖို့ လိုအပ်နေပါတယ်။ အာနာပါနစတုတ္ထစျာန် သမာပတ်အခိုက်မှာ အသက်ကတော့ မရှူပါ။ ဒီလို အသက်မရှူပါဘဲလျက် ဘာကြောင့် အာနာပါနစတုတ္ထစျာန်ကို ဝင်စားပြီးတော့ အာနာပါနပဋိဘာဂ နိမိတ်အာရုံပေါ်မှာ စျာန်စိတ်ကို ကောင်းစွာထားကာ အသက်ရှူရန် ညွှန်ကြား နေရပါသလဲလို့ မေးစရာရှိတယ်။ အဖြေကတော့ ဒီလိုပါ။ --- အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ၊၂၂ရဆိုတဲ့ မဟာဋီကာအဖွင့်နှင့်အညီ အဿာသ ပဿာသကို အမှီပြုပြီး တော့ ဖြစ်ပေါ်လာတဲ့ အာနာပါနပဋိဘာဂနိမိတ်ဟာလည်း အာနာပါန အမည် ရသည်သာ ဖြစ်တဲ့အတွက် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေခြင်းဟာ လည်း အာနာပါနကိုပဲ အာရုံပြုနေသည် မည်ပါတယ်။ ဒါကြောင့် ဒီလို ဖွင့်ဆို သွားခြင်းပဲ ဖြစ်ပါတယ်။
ဝိပဿနာပိုင်းကို ဆက်ပြောကြရအောင် ..။
အာနာပါနပထမစျာန်ကို ဝင်စားပြီးတော့ စျာန်မှ ထတဲ့အခါ စျာန်စိတ် ကိုရော, စျာန်စိတ်ကို ဦးတည်ပြီးတော့ စျာန်နာမ်တရားအားလုံးကိုရော သိမ်းဆည်းကာ ယင်းစျာန်နာမ်တရားတွေရဲ့ အပျက်ကို မြင်အောင်ကြည့်ပြီး တော့ ဝိပဿနာရှုနေတယ်။ အလားတူပဲ ဒုတိယစျာန် တတိယစျာန် စတုတ္ထ စျာန်တွေကိုလည်း အသီးအသီး ဝင်စားပြီးတော့ ပုံစံတူပဲ ဝိပဿနာရှုနေ တယ်။ ဒီလိုဝိပဿနာရှုနေတဲ့အခါမှာ စျာန်စိတ်တွေရဲ့, စျာန်စိတ်တွေနှင့် ယှဉ်နေတဲ့ စျာန်နာမ်တရားတွေရဲ့ ကိုယ်ပိုင် သဘာဝလက္ခဏာကိုလည်း ဝိပဿနာဉာဏ်က သိနေပါတယ်။ ဒီစျာန်နာမ်တရားတွေရဲ့ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဆိုတဲ့ သာမညလက္ခဏာ ကိုလည်း ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေပါတယ်။ စျာန် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ ဒီလို ထိုးထွင်းသိမြင်နေတဲ့အတွက် ယင်း စျာနဓမ္မအမည်ရတဲ့ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခ အခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာအပေါ်မှာ ဝိပဿနာဘာဝနာ စိတ်ဟာ ကောင်းစွာ တည်နေပါတယ်။ ဒီလို ကောင်းစွာ တည်နေတဲ့ ဝိပဿနာ ဉာဏ်နှင့်ယှဉ်နေတဲ့ သမာဓိကို ခဏိကစိတ္တေကဂ္ဂတာ (= ခဏိကသမာဓိ)လို့ ခေါ်ဆိုပါတယ်။ ယင်းခဏိကစိတ္တေကဂ္ဂတာ (= ခဏိကသမာဓိ)ရဲ့ စွမ်းအား ဖြင့် စျာန်စိတ်ကို ဦးတည်ပြီးတော့ သိမ်းဆည်းထားအပ်တဲ့ စျာနဓမ္မသင်္ခါရ တရားစုတွေရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဆိုတဲ့ တစ်မျိုးမျိုးသော အခြင်းအရာအပေါ်မှာ ဝိပဿနာ စိတ်ကို အညီအညွတ် ကောင်းစွာထားပြီးတော့ အသက်ရှူနေပါ။ အသက်ရှူ နိုင်အောင် ကျင့်ပါ။၂၂၈
ဝိပဿနာပိုင်းမှာ ဆိုလိုတဲ့ ခဏိကသမာဓိ
ဒီနေရာမှာ သတိပြုသင့်တဲ့ အချက်တစ်ခုတော့ ရှိပါတယ်။ အာနာပါန စျာန် အသီးအသီးကို ဝင်စားပြီးတော့ စျာန်မှ ထကာ စျာန်စိတ်ကို ဦးတည်ပြီး တော့ စျာနဓမ္မ အမည်ရတဲ့ စျာန်သင်္ခါရတရားတွေကို ဝိပဿနာရှုနေခိုက်မှာ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ စတဲ့ အခြင်းအရာ တစ်မျိုးမျိုးအပေါ် မှာ ငြိမ်ဝပ်စွာကပ်ပြီးတော့ တည်နေတဲ့ သမာဓိကိုသာ ခဏိကစိတ္တေကဂ္ဂတာ (= ခဏိကသမာဓိ)လို့ ခေါ်ဆိုပါတယ်။ ဒီအချက်ကိုတော့ သတိပြု မှတ်သား ထားပါ။ ဝိပဿနာပိုင်းမှာ ဆိုလိုတဲ့ ခဏိကသမာဓိဟာ ဘယ်လောက်အဆင့် အတန်း မြင့်မားနေတယ်ဆိုတာကို မှတ်သားထားစေလိုပါတယ်။
ဝိမောစယံ စိတ္တံ (သမထပိုင်း+ဝိပဿနာပိုင်း)
စိတ်ကို ဆန့်ကျင်ဘက်တရားတွေမှ လွတ်မြောက်စေပြီးတော့ အသက်ရှူ နေပါ။ ဒီနေရာမှာလည်း သမထပိုင်း ဝိပဿနာပိုင်းလို့ နှစ်ပိုင်းပဲ ရှိပါတယ်။ သမထပိုင်းမှာ ပထမစျာန်ဖြင့် နီဝရဏတရားတို့မှ စိတ်ကို လွတ်မြောက် စေလျက်, ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့မှ, တတိယစျာန်ဖြင့် ပီတိမှ, စတုတ္ထစျာန်ဖြင့် သုခ ဒုက္ခတို့မှ စိတ်ကို လွတ်မြောက်စေလျက် ဒီစျာန်တွေကို ဝင်စားပြီးတော့ အသက်ရှူနေပါ။
ဝိပဿနာပိုင်းမှာတော့ ဒီစျာန်တွေကို ဝင်စားပြီးတော့ စျာန်မှထကာ စျာန်စိတ်ကို ဦးတည်ပြီးတော့ စျာန်နာမ်တရားအားလုံးကို သိမ်းဆည်းကာ ယင်းစျာန်နာမ်တရားတွေရဲ့ ကုန်တတ် ပျက်တတ်တဲ့သဘောကို မြင်အောင် ကြည့်ပြီးတော့ ဝိပဿနာရှုနေပါ။ ဒီလို ဝိပဿနာရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ အနိစ္စာနုပဿနာဉာဏ်ဖြင့် နိစ္စသညာမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေတယ်။ အလားတူပဲ ဒုက္ခာနုပဿနာဉာဏ်ဖြင့် သုခသညာမှ, အနတ္တာနုပဿနာဉာဏ်ဖြင့် အတ္တသညာမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေတယ်။ ဒီလို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုနေတဲ့ အတွက် သင်္ခါရတရားတွေအပေါ်မှာ ငြီးငွေ့တဲ့ အခြင်းအရာအားဖြင့် ဖြစ်နေ တဲ့ နိဗ္ဗိဒါနုပဿနာဉာဏ်ဖြင့် သင်္ခါရတရားတွေအပေါ်မှာ နှစ်သက်ရွှင်လန်း ဝမ်းမြောက်စွာဖြင့် တွယ်တာမက်မောတတ်တဲ့ နန္ဒီရာဂမှ စိတ်ကို လွတ်မြောက် စေလျက် အသက်ရှူနေတယ်။ သင်္ခါရတရားတွေရဲ့ ပျက်ခြင်း (= ဘင်)ကို အာရုံယူကာ အဖန်ဖန် အထပ်ထပ် လက္ခဏာယာဉ် သုံးတန် တင်ကာ ဝိပဿနာရှုနေတဲ့အတွက် သင်္ခါရတရားတို့အပေါ်မှာ တပ်မက်ခြင်းကင်းတဲ့ အခြင်းအရာအားဖြင့် ဖြစ်နေတဲ့ ဝိရာဂါနုပဿနာဉာဏ်ဟာ ဖြစ်ပေါ်လာ ပါတယ်။ အဲဒီ ဝိရာဂါနုပဿနာဉာဏ်ဖြင့် ရာဂမှ စိတ်ကို လွတ်မြောက်စေ လျက် အသက်ရှူနေတယ်။ သင်္ခါရတရားတွေရဲ့ ခဏအားဖြင့် ချုပ်ခြင်း (=ဘင်)ကို ရှုနေတဲ့ နိရောဓာနုပဿနာဉာဏ်ဖြင့် ဖြစ်ခြင်း (= သမုဒယ)မှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေတယ်။ သင်္ခါရတရားတွေရဲ့ ပျက်ခြင်း (= ဘင်)ကို လက္ခဏာယာဉ်တင်ကာ အဖန်ဖန် အထပ်ထပ် ရှုနေတဲ့ အတွက် ကိလေသာတွေကို တဒင်္ဂအားဖြင့် စွန့်ပယ်တဲ့အခြင်းအရာအားဖြင့် ဖြစ်နေတဲ့, နိဗ္ဗာန်ကို ညွတ်ကိုင်းရှိုင်းတဲ့အနေအားဖြင့် ပြေးဝင်တတ်တဲ့ ပဋိနိဿဂ္ဂါနုပဿနာဉာဏ်ဖြင့် သင်္ခါရတရားတွေကို နိစ္စ စသည်ဖြင့် စွဲယူခြင်း အာဒါနမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေတယ်။
ဒီလို အသက်ရှူနိုင်ခဲ့မည်ဆိုလျှင် ဆန့်ကျင်ဘက်တရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေသည်ပဲ မည်ပါတယ်။ ဒီလို အသက်ရှူ နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။၂၂၉
ဒီတတိယစတုက္ကကို စိတ္တာနုပဿနာရဲ့ အစွမ်းဖြင့် ဘုရားရှင် ဟောကြား ထားတော်မူတယ်လို့ သိရှိပါလေ။၂၂၉
---
စတုတ္ထစတုက္က (= ဓမ္မာနုပဿနာ)
၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊
အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
၂။ ဝိရာဂါနုပဿီ ။ ပ ။
၃။ နိရောဓာနုပဿီ ။ ပ ။
၄။ ပဋိနိဿဂ္ဂါနုပဿီ ။ ပ ။၂၃၀
၁။ သင်္ခါရတရားတွေကို အနိစ္စလို့ အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ ဝင်သက်လေကို ဖြစ်ပေါ်လာအောင် ကျင့်တယ်။ သင်္ခါရတရားတွေကို အနိစ္စလို့ အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ ထွက်သက်လေကို ဖြစ်ပေါ် လာအောင် ကျင့်တယ်။
၂။ သင်္ခါရတရားတွေရဲ့ ပျက်ခြင်းဘင်နှင့် ရာဂရဲ့ကင်းပြတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ (ဝိရာဂါနုပဿနာ)။ ပ ။
၃။ သင်္ခါရတရားတွေရဲ့ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂရဲ့ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ (နိရောဓာနုပဿနာ)။ ပ။
၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်တဲ့ ဝိပဿနာဉာဏ်, သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ စွန့်လွှတ်တတ်တဲ့ အရိယမဂ်ဉာဏ်နှင့် ပြည့်စုံအောင် သင်္ခါရတရားတို့ရဲ့ ပျက်ခြင်းဘင်နှင့် သင်္ခါရတရားတို့ရဲ့ ချုပ်ရာ သင်္ခါရတရားတို့ကို စွန့်လွှတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ ဝင်သက်လေကို ဖြစ်ပေါ်လာအောင် ။ ပ ။ ထွက်သက်လေကို ဖြစ်ပေါ်လာအောင် ကျင့်တယ်။၂၃၀
ဒီစတုတ္ထ စတုက္ကကိုတော့ သုဒ္ဓဝိပဿနာရဲ့ အစွမ်းဖြင့် ဘုရားရှင် ဟော ကြားထားတော်မူပေတယ်။ ရှေးစတုက္က သုံးမျိုးတို့ကိုတော့ သမထ ဝိပဿနာ နှစ်ထွေရောနှောကာ ဘုရားရှင် ဟောကြားထားတော်မူပါတယ်။
ပထမစတုက္ကကိုတော့ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ခါစ အာဒိကမ္မိကပုဂ္ဂိုလ်အတွက် သမထကမ္မဋ္ဌာန်းအနေဖြင့် ဘုရားရှင် ဟောကြားထား တော်မူပါတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်ပဲ ဖြစ်ပါတယ်။ ဒုတိယစတုက္က, တတိယစတုက္က, စတုတ္ထစတုက္ကဆိုတဲ့ စတုက္က သုံးခုတို့ကိုတော့ ပထမစတုက္က မှာ ရအပ်ပြီးတဲ့ စျာန်ရှိတဲ့ ယောဂီပုဂ္ဂိုလ်အတွက် ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်အနေဖြင့် ဘုရားရှင် ဟောကြားထားတော်မူပါတယ်။၂၃၁
ခုတင်ပြလိုက်တဲ့ အဋ္ဌကထာအဖွင့်တွေနှင့်အညီ ပြောရမည်ဆိုလျှင် ယောဂီပုဂ္ဂိုလ်ဟာ ပထမစတုက္ကမှာ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့ အတိုင်း စျာန်ကိုရရှိအောင် ပထမ အားထုတ်ပါ။ စျာန်ရပြီးတဲ့အခါကျမှ ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္ကတွေကို အဆင့်ဆင့် ကူးတက် ကာ အားထုတ်ရမှာ ဖြစ်ပါတယ်။
အနိစ္စာနုပဿီ = အနိစ္စလို့ ရှုပြီးတော့ အသက်ရှူနေပါ
အနိစ္စန္တိ ပဉ္စက္ခန္ဓာ
ဒီနေရာမှာ အနိစ္စလို့ ရှုရမည့် ဝိပဿနာဉာဏ်တွေရဲ့ အရှုခံအာရုံ တွေကတော့ ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားတွေနှင့်တကွသော ခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရားတွေပဲ ဖြစ်ကြပါတယ်၊၂၃၂ စျာန်နာမ်တရားတွေလည်း ပါဝင်ကြပါတယ်။ စျာန်နာမ် တရားနှင့်တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရားတွေကို ပကိဏ္ဏကသင်္ခါရ (= ရောပြွမ်းနေတဲ့သင်္ခါရ) တရားတွေလို့လည်း ခေါ်ဆိုပါတယ်။ ဒီတရားတွေကို အနိစ္စလို့ ဝိပဿနာရှုပြီးတော့ အသက်ရှူနေရန် ဘုရားရှင်က ညွှန်ကြားထားတော်မူပါတယ်။ သို့သော် လက္ခဏာရေးသုံးတန်ရှိတဲ့အနက် အစဆုံးဖြစ်တဲ့ အနိစ္စလက္ခဏာကို ထင်ရှားဖော်ပြကာ ဟောကြားသွားတော် မူတဲ့ အာဒိဒီပကနည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒုက္ခလက္ခဏာ အနတ္တ လက္ခဏာတွေကိုလည်း တင်ကာ ဝိပဿနာရှုပွားရမည်သာ ဖြစ်ပါတယ်။ ဒီလို အကြောင်းတရားတွေနှင့်တကွသော ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာ-
၁။ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို သိမ်းဆည်းတတ်တဲ့ ဉာဏ်ဖြင့် ပိုင်းခြား ယူတတ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်,
၂။ အကြောင်းတရားတွေကို သိမ်းဆည်းတတ်တဲ့ ဉာဏ်ဖြင့် ပိုင်းခြားယူ တတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ..
ဒီဉာဏ်နှစ်ပါးကို ရရှိထားပြီးဖြစ်ဖို့ လိုပါတယ်။ ဒီလို ရရှိနိုင်ရေးအတွက် ယောဂီပုဂ္ဂိုလ်ဟာ မိမိရရှိထားပြီးဖြစ်တဲ့ အာနာပါနစတုတ္ထစျာန်ကို ဝိပဿနာ ရဲ့ အခြေပါဒကစျာန်အဖြစ် သမာဓိထူထောင်ကာ ..
၁။ ရုပ်ကမ္မဋ္ဌာန်းပိုင်း,
၂။ နာမ်ကမ္မဋ္ဌာန်းပိုင်း,
၃။ ပဋိစ္စသမုပ္ပါဒ်ပိုင်း,
၄။ လက္ခဏာဒိစတုက္ကပိုင်း ..
တို့ကို ကျေကျေပွန်ပွန် သိမ်းဆည်းထားပြီး ရှုထားပြီးဖြစ်ဖို့ လိုပါတယ်။ ဒီလို သိမ်းဆည်းထားပြီး ရှုထားပြီးဖြစ်ပါမှ အကြောင်းတရားတွေနှင့် တကွ သော ဒီခန္ဓာငါးပါးတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဝိပဿနာရှုတဲ့အပိုင်းမှာလည်း ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းနှင့်တကွ ဥပက္ကိလေသအညစ်အကြေးတို့မှ ကျော်လွှား လွန်မြောက်သွားတဲ့ ဥဒယဗ္ဗယဉာဏ်အရင့်ပိုင်းသို့တိုင်အောင် အလွန် အားကောင်းတဲ့ ဗလဝဝိပဿနာသို့ဆိုက်အောင် ဝိပဿနာရှုထားပြီးဖြစ်ဖို့ လိုပါတယ်။ အကြောင်းကတော့ ဝိရာဂါနုပဿီ, နိရောဓာနုပဿီ, ပဋိနိဿဂ္ဂါနုပဿီ ဆိုတဲ့ရှုကွက်တွေဟာ ဘင်္ဂဉာဏ်စတဲ့ အထက်ပိုင်း ဝိပဿနာဉာဏ် တွေကိုသာ ရည်ညွှန်းထားတော်မူတဲ့ ဝိပဿနာရှုကွက်တွေ ဖြစ်နေတဲ့အတွက် ကြောင့်ပဲ ဖြစ်ပါတယ်။
ဝိရာဂါနုပဿီ = ဝိရာဂသဘောကို ရှုပြီးတော့ အသက်ရှူနေပါ
ဒီနေရာမှာ ဝိရာဂက ခယဝိရာဂ အစ္စန္တဝိရာဂ ဆိုပြီး နှစ်မျိုးရှိနေပါတယ်။ခယဝိရာဂဆိုတာကတော့ သင်္ခါရတရားတွေရဲ့ ခဏအားဖြင့် ပျက်ခြင်းဘင်ကို ဆိုလိုပါတယ်။ အစ္စန္တဝိရာဂဆိုတာကတော့ တကယ်စင်စစ် ရာဂရဲ့ ကင်းပြတ် ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကို ဆိုလိုပါတယ်။ ဝိရာဂါနုပဿနာ ဆိုတာကတော့ သင်္ခါရတရားတွေရဲ့ ပျက်ခြင်းဘင်ကို အဖန်ဖန် အထပ်ထပ် ရှုမြင်နေတဲ့ ဝိပဿနာဉာဏ်နှင့် ရာဂရဲ့ ကင်းပြတ်ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရှုမြင်တတ်တဲ့ အရိယမဂ်ဉာဏ်ကို ဆိုလိုပါတယ်။၂၃၃
ဒါကြောင့် ဒီနေရာမှာ အရိယမဂ်သို့ မဆိုက်ရောက်သေးတဲ့ ယောဂီ သူတော်ကောင်းတစ်ဦးဟာ ဘင်္ဂဉာဏ်စတဲ့ အထက်ပိုင်း ဝိပဿနာဉာဏ် တွေကို ဆိုက်ရောက်လာတဲ့အခါမှာ သင်္ခါရတရားတွေရဲ့ အပျက်သက်သက် ကို အာရုံယူကာ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားပြီးတော့ အသက်ရှူနေပါ။ ဒီဝိပဿနာ ဉာဏ်တွေက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေတိုင်း ရှုနေတိုင်း ရာဂကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် ပယ်စွန့်လျက်ပဲ ရှိနေပါတယ်၊ ရာဂဟာ တဒင်္ဂ အားဖြင့် ကင်းပြတ်နေပါတယ်။ ဒီလို ရာဂကင်းပြတ်နေတဲ့အတွက်ကြောင့် ဒီဝိပဿနာဉာဏ်တွေကို ဝိရာဂါနုပဿနာဉာဏ် (= ရာဂကင်းခြင်းငှာ အဖန် ဖန် အထပ်ထပ် ရှုနေတဲ့ ဉာဏ်)လို့ ခေါ်ဆိုပါတယ်။ ဒီလို ဝိရာဂါနုပဿနာ ဉာဏ်အမြင်နှင့် ပြည့်စုံလျက် အသက်ရှူနေသူတစ်ဦးဖြစ်အောင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ရန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်နေတဲ့ ယောဂီရဟန်းတော်တစ်ပါးကို ဘုရားရှင်က ညွှန်ကြားထား တော်မူနေပါတယ်။
သို့သော် ဒီလောက်နဲ့ ရပ်တန့်ပြီးတော့ မနေစေလိုပါဘူး၊ ရာဂကို သမုစ္ဆေဒပဟာန်ဖြင့် အပြီးတိုင် ပယ်ရှားနိုင်တဲ့, ကင်းပြတ်စေနိုင်တဲ့ အရိယ မဂ်ဉာဏ်သို့ ဆိုက်ရောက်သည်အထိ ရှုပွားသုံးသပ်စေတော်မူလိုပါတယ်။ ဒါကြောင့် အရိယမဂ်ဉာဏ်ကိုလည်း ဝိရာဂါနုပဿနာ (= ရာဂကို အပြီးတိုင် ကင်းပြတ်စေတဲ့ ရာဂကင်းရာ နိဗ္ဗာန်သို့ ရှုနေတဲ့ ဉာဏ်)လို့ပဲ ခေါ်ဆိုပါတယ်။ ဒီလို အရိယမဂ်ဉာဏ်ဆိုတဲ့ ဝိရာဂါနုပဿနာဉာဏ်သို့ ဆိုက်ရောက်ကာ နိဗ္ဗာန်ကို အာရုံယူလျက် အသက်ရှူနေသူတစ်ဦးဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်ကိုလည်း ဘုရားရှင်က ညွှန်ကြားနေတော်မူပါတယ်။
နိရောဓာနုပဿီ = နိရောဓသဘောကို ရှုပြီးတော့ အသက်ရှူနေပါ
ဝိရာဂနှင့် အလားတူပဲ နိရောဓဟာလည်း ခယနိရောဓ အစ္စန္တနိရောဓ လို့ နှစ်မျိုးပဲ ရှိနေပါတယ်။ သင်္ခါရတရားတွေရဲ့ ခဏအားဖြင့် ချုပ်ခြင်းဘင်ကို ခယနိရောဓလို့ ခေါ်ဆိုပါတယ်။ တကယ်စင်စစ် ရာဂရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကို အစ္စန္တနိရောဓလို့ ခေါ်ဆိုပါတယ်။ သင်္ခါရတရား တွေရဲ့ ချုပ်ခြင်းဘင်ကို အဖန်ဖန် အထပ်ထပ် ရှုမြင်နေတဲ့ ဝိပဿနာဉာဏ်ကို တဒင်္ဂအားဖြင့် ရာဂကို ချုပ်ငြိမ်းစေတတ်တဲ့အတွက် နိရောဓာနုပဿနာ ဉာဏ်လို့ ခေါ်ဆိုပါတယ်။ သမုစ္ဆေဒပဟာန်ဖြင့် ရာဂကို အကြွင်းမဲ့ ချုပ်ငြိမ်း စေတတ်တဲ့ အရိယမဂ်ဉာဏ်ကိုလည်း တကယ်စင်စစ် ရာဂရဲ့ ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကို ရှုမြင်နေတဲ့ဉာဏ်ဖြစ်တဲ့အတွက် နိရောဓာနုပဿနာဉာဏ် လို့ပဲ ခေါ်ဆိုပါတယ်။ ဒီလို နိရောဓာနုပဿနာဉာဏ်အမြင်နှစ်မျိုးဖြင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကာ အသက်ရှူနေရန် ဘုရားရှင်က ညွှန်ကြားနေတော်မူပါတယ်။၂၃၃
ဝိပဿနာဉာဏ်အခိုက်မှာတော့ ယောဂီပုဂ္ဂိုလ်ဟာ သင်္ခါရတရားတွေရဲ့ ချုပ်ခြင်းဘင်ကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေရမှာ ဖြစ်ပါ တယ်။ ဒီလို စီးဖြန်းနေတဲ့ ဝိပဿနာဉာဏ်တွေက စီးဖြန်းတိုင်း စီးဖြန်းတိုင်း ရာဂကို တဒင်္ဂအားဖြင့် ချုပ်စေလျက် ချုပ်စေလျက်သာ ရှိနေကြပါတယ်။ ဒါကြောင့် ဒီဝိပဿနာဉာဏ်တွေကို နိရောဓာနုပဿနာဉာဏ်လို့ပဲ ခေါ်ဆိုပါ တယ်။ ရာဂကို တဒင်္ဂအားဖြင့် ချုပ်စေလျက် သင်္ခါရတရားတွေရဲ့ ချုပ်ခြင်းဘင် ကို အဖန်ဖန် အထပ်ထပ် ရှုနေတဲ့ ဉာဏ်လို့ ဆိုလိုပါတယ်။ ဒီ နိရောဓာ နုပဿနာဉာဏ်ကို ရင့်ကျက်အောင် ကြိုးစားအားထုတ်နိုင်ခဲ့လျှင် ဒီရင့်ကျက် နေတဲ့ နိရောဓာနုပဿနာဉာဏ်လို့ ခေါ်ဆိုတဲ့ ဝိပဿနာဉာဏ်တွေရဲ့ အဆုံးမှာ အရိယမဂ်ဉာဏ်လို့ ခေါ်ဆိုတဲ့ နိရောဓာနုပဿနာဉာဏ်ဟာလည်း နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်မျိုးသော နိရောဓာ နုပဿနာဉာဏ်တွေနှင့် ပြည့်စုံသည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကာ အသက်ရှူနေရန် ဘုရားရှင်က ညွှန်ကြားတော်မူနေပါတယ်။
ပဋိနိဿဂ္ဂါနုပဿီ = ပဋိနိဿဂ္ဂသဘောကို ရှုပြီးတော့ အသက်ရှူနေပါ
ဒီနေရာမှာလည်း ပရိစ္စာဂပဋိနိဿဂ္ဂ ပက္ခန္ဒနပဋိနိဿဂ္ဂဆိုပြီး ပဋိနိဿဂ္ဂ နှစ်မျိုး ရှိနေပါတယ်။ ဝိပဿနာပိုင်းမှာလည်း ပရိစ္စာဂပဋိနိဿဂ္ဂ ပက္ခန္ဒနပဋိနိဿဂ္ဂဆိုပြီး နှစ်မျိုးပဲ ရှိနေပါတယ်။ အရိယမဂ်ဉာဏ်အပိုင်းမှာလည်း ပရိစ္စာဂပဋိနိဿဂ္ဂ ပက္ခန္ဒနပဋိနိဿဂ္ဂဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။ ဆိုလိုတာက တော့ ဝိပဿနာဉာဏ်ကိုလည်း ပရိစ္စာဂပဋိနိဿဂ္ဂါနုပဿနာဉာဏ် ပက္ခန္ဒနပဋိနိဿဂ္ဂါနုပဿနာဉာဏ်လို့ ခေါ်ဆိုပါတယ်။ အရိယမဂ်ဉာဏ်ကိုလည်း ပရိစ္စာဂပဋိနိဿဂ္ဂါနုပဿနာဉာဏ် ပက္ခန္ဒနပဋိနိဿဂ္ဂါနုပဿနာဉာဏ်လို့ပဲ ခေါ်ဆိုပါတယ်။ ရှေးဦးစွာ ဝိပဿနာပိုင်းကို စတင်ရှင်းကြရအောင် ..။
ယောဂီတစ်ဦးဟာ ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိနေ ကြတဲ့ အကြောင်းတရားတွေနှင့်တကွသော ခန္ဓာငါးပါး ရုပ်နာမ်တရားဆိုတဲ့ သင်္ခါရတရားတွေကို အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဆိုတဲ့ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကို တွင်တွင်ကြီး စီးဖြန်းနေတယ်။ ဒီလို စီးဖြန်းနေတဲ့အခါမှာ အနိစ္စာနုပဿနာ ဉာဏ်က နိစ္စသညာကို, ဒုက္ခာနုပဿနာဉာဏ်က သုခသညာကို, အနတ္တာ နုပဿနာဉာဏ်က အတ္တသညာကို တဒင်္ဂအားဖြင့် ပယ်စွန့်လိုက်ပါတယ်။ ဒီလို ပယ်စွန့်ခြင်းကိုလည်း ပရိစ္စာဂပဋိနိဿဂ္ဂလို့ ခေါ်ဆိုပါတယ်။ ဒီလို ပယ်စွန့်နိုင် တဲ့အတွက် နိစ္စသညာ သုခသညာ အတ္တသညာတို့ကို အခြေခံကာ အကြောင်း ပြုကာ ဖြစ်ပေါ်လာနိုင်တဲ့, ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေ လည်း ဖြစ်ပေါ်ခွင့် မရှိကြတော့တဲ့အတွက် ယင်းကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေကို တဒင်္ဂအားဖြင့် ပယ်စွန့်ပြီးပဲ ဖြစ်သွားပါ တယ်။ အလားတူပဲ ဒီနိစ္စသညာ သုခသညာ အတ္တသညာတို့ကို အကြောင်းပြု ကာ ဖြစ်ပေါ်လာမည့် ကိလေသာအမျိုးမျိုးတွေကိုလည်း တဒင်္ဂအားဖြင့် ပယ်စွန့်ပြီးပဲ ဖြစ်သွားပါတယ်။ ဒီလို ပယ်စွန့်ခြင်းကိုလည်း ပရိစ္စာဂပဋိနိဿဂ္ဂ လို့ပဲ ခေါ်ဆိုပါတယ်။
ဒီလို ကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေကို ပယ်စွန့်ပြီး ဖြစ်နေတဲ့အတွက် ဒီကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိ သင်္ခါရတရားတွေကို အကြောင်းခံကာ ဖြစ်ပေါ်လာမည့် အကျိုးဝိပါက် ခန္ဓာ ငါးပါးတို့ဟာလည်း ဖြစ်ပေါ်နိုင်ခွင့် မရှိကြတော့တဲ့အတွက် ယင်းအကျိုး ဝိပါက်ခန္ဓာတွေကိုလည်း ပယ်စွန့်ပြီးပဲ ဖြစ်သွားပါတယ်။ ဒီလို အကျိုးဝိပါက် ခန္ဓာတွေကို ပယ်စွန့်ခြင်းကိုလည်း ပရိစ္စာဂပဋိနိဿဂ္ဂလို့ပဲ ခေါ်ဆိုပါတယ်။
ဒါကြောင့် အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာ နုပဿနာဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်တွေကိုလည်း --- ပယ်စွန့်သင့် ပယ်စွန့် ထိုက်တဲ့ အဘိသင်္ခါရတရား, ဝိပါက်ခန္ဓာငါးပါးနှင့်တကွ ကိလေသာတွေကို တဒင်္ဂအားဖြင့် ပယ်စွန့်ကာ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာတွေကို ရှေးရှေးဝိပဿနာဉာဏ်နောက်သို့ အစဉ်လိုက်ကာ အဖန်ဖန် အထပ်ထပ် ရှုနေတဲ့အတွက် ပရိစ္စာဂပဋိနိဿဂ္ဂါ နုပဿနာဉာဏ်လို့ ခေါ်ဆိုပါတယ်။
အကယ်၍ ဝိပဿနာမရှုခဲ့လို့ ဝိပဿနာဉာဏ်တွေက တကယ်ထင်ရှား မဖြစ်ခဲ့ဘူးဆိုလျှင် ဒီလို နိစ္စသညာ သုခသညာ အတ္တသညာတို့ကို ပယ်စွန့်နိုင် ခြင်းဆိုတဲ့ သဘောတရားဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နိစ္စသညာ သုခသညာ အတ္တသညာတွေဟာ တန်းလန်း ထင်ရှားတည်ရှိနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို နိစ္စသညာ သုခသညာ အတ္တသညာရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြုစုပျိုး ထောင်နေတဲ့ ကာယကံမှု ဝစီကံမှု မနောကံမှုတွေဟာ ကုသိုလ်အဘိသင်္ခါရ တရား သို့မဟုတ် အကုသိုလ်အဘိသင်္ခါရတရားအဖြစ်နဲ့ တည်ရှိနေကြမည် သာ ဖြစ်ပါတယ်။ အလားတူပဲ ဒီသညာ သုံးမျိုးကို အကြောင်းခံကာ ကိလေသာအမျိုးမျိုးတွေဟာလည်း တိုးပွားနေကြမှာသာ ဖြစ်ပါတယ်။
ဒီလို ကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေ ထင်ရှားတည်ရှိနေခဲ့မည်ဆိုလျှင်, ကိလေသာအမျိုးမျိုးတွေကလည်း ထင်ရှား တည်ရှိနေခဲ့မည်ဆိုလျှင် ဒီအဘိသင်္ခါရတရားတွေကြောင့် ထင်ရှားဖြစ်ပေါ် လာမည့် ဘဝသစ်ဆိုတဲ့ အကျိုးဝိပါက်ခန္ဓာငါးပါးတို့ဟာလည်း ထင်ရှားတည်ရှိ နေကြမည်သာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် သံသရာစက်ရဟတ်ကြီးဟာ အဆက်မပြတ် လည်ပတ်နေမှာသာ ဖြစ်ပါတယ်။
သို့သော် ယောဂီပုဂ္ဂိုလ်က ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တွင်တွင်ကြီး စီးဖြန်းနေတဲ့အတွက် သူ့ရဲ့ ဝိပဿနာဉာဏ်တွေဟာ အထက်ကရှင်းပြခဲ့တဲ့ အတိုင်း ပရိစ္စာဂပဋိနိဿဂ္ဂါနုပဿနာဉာဏ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါတွင်မကသေးဘူး၊ ဒီအနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာ ဉာဏ်, အနတ္တာနုပဿနာဉာဏ်တွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်တွေဟာ ဒီသင်္ခါရတရား တွေရဲ့ အနိစ္စပြစ်ချက်ကြီး ဒုက္ခပြစ်ချက်ကြီး အနတ္တပြစ်ချက်ကြီးတွေကို ကောင်းကောင်းကြီး သိမြင်နေတဲ့အတွက် ဒီသင်္ခါရတရားတွေမှ လွတ်မြောက် ရာဖြစ်တဲ့ နိဗ္ဗာန်အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းလျက် နိဗ္ဗာန်ဘက်သို့ ပြေးသွား နေသလို ပြေးဝင်နေသလို အရောက်ပြေးနေသလို ဖြစ်ကာ ရှုသင့်ရှုထိုက်တဲ့ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်း အရာတွေကို အာရုံယူကာ ရှေးရှေးဝိပဿနာဉာဏ်နောက်သို့ အစဉ်လိုက် ပြီးတော့ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေတဲ့ ဉာဏ်တွေဖြစ်လို့ ပက္ခန္ဒနပဋိနိဿဂ္ဂါနုပဿနာဉာဏ်လို့လည်း ခေါ်ဆိုပါတယ်။
အရိယမဂ်ဉာဏ်အပိုင်းကို ပြောကြရအောင် ..။ အရိယမဂ်ဉာဏ်ကို လည်း ပရိစ္စာဂပဋိနိဿဂ္ဂါနုပဿနာဉာဏ် ပက္ခန္ဒနပဋိနိဿဂ္ဂါနုပဿနာဉာဏ် လို့ပဲ ခေါ်ဆိုပါတယ်။ အရိယမဂ်ဉာဏ်ဟာ ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်သတ်ကာ ပယ်စွန့်လိုက်ပါတယ်၊ နိစ္စသညာ သုခသညာ အတ္တသညာတွေကိုလည်း အလားတူပဲ ပယ်စွန့်လိုက်ပါတယ်။ ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင် ပေးနိုင်မည့် ဆိုင်ရာဆိုင်ရာ ကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိ သင်္ခါရတရားတွေကိုလည်း အမြစ်ပါမကျန်ရအောင် ပယ်စွန့်လိုက်ပါတယ်။ ဒီလို ပယ်စွန့်လိုက်တဲ့အတွက် ဒီကုသိုလ်အဘိသင်္ခါရတရား အကုသိုလ်အဘိ သင်္ခါရတရားတွေကို အကြောင်းခံကာ ဖြစ်ပေါ်လာမည့် ဘဝသစ်ဆိုတဲ့ ဆိုင်ရာဆိုင်ရာ အကျိုးဝိပါက်ခန္ဓာငါးပါးတွေကိုလည်း ပယ်စွန့်ပြီးပဲ ဖြစ်သွား ပါတယ်။ ဒီလို ပယ်စွန့်နိုင်ခြင်းဟာလည်း ဒီအရိယမဂ်ဉာဏ်ဟာ ဂေါတြဘု ဉာဏ်ရဲ့ အာရုံဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီးကို ဂေါတြဘုဉာဏ်နောက်သို့ အစဉ်လိုက်ကာ ရှုမြင်တတ်တဲ့ဉာဏ်ဖြစ်ခြင်းကြောင့် ငြိမ်းအေးလှတဲ့ ဒီနိဗ္ဗာန် တရားတော်မြတ်ကြီးရဲ့ အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရတဲ့အတွက်ကြောင့်သာ ပယ်စွန့်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အရိယမဂ်ဉာဏ်ကိုလည်း ပရိစ္စာဂပဋိနိဿဂ္ဂါ နုပဿနာဉာဏ်လို့ ခေါ်ဆိုပါတယ်။
တစ်ဖန် ဒီအရိယမဂ်ဉာဏ်ဟာ အာရမ္မဏပဋိဝေဓသဘောအားဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်း သိမြင်ကာ အာရုံမျက်မှောက်ပြုကာ နိဗ္ဗာန်အာရုံထဲသို့ ပြေးဝင်နေသလို ဖြစ်နေပါတယ်။ ဒါကြောင့် ပက္ခန္ဒနလည်း မည်ပါတယ်။ ဒီအရိယမဂ်ဉာဏ် ဟာ ပယ်စွန့်သင့် ပယ်စွန့်ထိုက်တဲ့ ကိလေသာတွေ အဘိသင်္ခါရတရားတွေ ဝိပါက်ခန္ဓာငါးပါးတွေကို သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်စွန့်လိုက်တဲ့ အတွက်ကြောင့် ပဋိနိဿဂ္ဂလည်း မည်ပါတယ်၊ ဂေါတြဘုဉာဏ်က သိမြင် ထားတဲ့ နိဗ္ဗာန်အာရုံကို ဂေါတြဘုဉာဏ်နောက်သို့ အစဉ်လိုက်ကာ ရှုမြင်နေတဲ့ ဉာဏ်ဖြစ်ခြင်းကြောင့် အနုပဿနာဉာဏ်လည်း မည်ပါတယ်။ ဒီအဓိပ္ပာယ် သုံးမျိုးကို ပေါင်းစပ်ကာ အရိယမဂ်ဉာဏ်ကို ပက္ခန္ဒနပဋိနိဿဂ္ဂါနုပဿနာ ဉာဏ်လို့လည်း ခေါ်ဆိုပါတယ်။၂၃၄
ဒီလို ပရိစ္စာဂပဋိနိဿဂ္ဂါနုပဿနာဉာဏ် ပက္ခန္ဒနပဋိနိဿဂ္ဂါနုပဿနာ ဉာဏ်တွေကို ပြည့်စုံစေလျက် ဖြစ်စေလျက် အသက်ရှူနေပါလို့ ဆိုလိုပါတယ်။
အားလုံးပေါင်းလိုက်တော့ ဝင်သက်လေမှာ အသက်ရှူပုံနည်းစနစ် (၁၆)မျိုး, ထွက်သက်လေမှာ အသက်ရှူပုံနည်းစနစ် (၁၆)မျိုး -- နှစ်ရပ်ပေါင်း လိုက်တော့ အသက်ရှူပုံနည်းစနစ် (၃၂)မျိုး ဖြစ်ပါတယ်၊ ဘုရားရှင် နှစ်ခြိုက် တော်မူတဲ့ အသက်ရှူပုံနည်းစနစ်များပဲ ဖြစ်ပါတယ်၊ ဘုရားရှင် ညွှန်ကြားထား တော်မူတဲ့အတိုင်း အသက်ရှူပြီးတော့ သာသနာတော်မှာ နေထိုင်တတ်မည် ဆိုလျှင် အိမ်ရာတည်ထောင်တဲ့လူ့ဘောင်ကို စွန့်ခွာကာ အိမ်ရာမတည် ထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာကြတဲ့ အမျိုး ကောင်းသား အမျိုးကောင်းသမီးတို့ မျှော်မှန်းထားတဲ့ အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းတော်မူနိုင်ကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းရဲ့ အကျိုးဂုဏ်အင် အာနိသင်ကို ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။
အာနာပါနကမ္မဋ္ဌာန်းရဲ့ အကျိုးဂုဏ်အင်အာနိသင်
ချစ်သား ရဟန်းတို့ ... (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့် စုံစုံ ပွားများထားအပ်ပြီးတဲ့, ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ပြီးတဲ့ အာနာပါနဿတိဟာ (၄)ပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို ပြီးစီးပြည့်စုံ စေနိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်တဲ့, ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ပြီးကုန်တဲ့ သတိပဋ္ဌာန်တရား (၄)ပါးတို့ဟာ ဗောဇ္ဈင် မြတ်တရား (၇)ပါးတို့ကို ပြီးစီးပြည့်စုံစေနိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ ပွားများ ထားအပ်ပြီးကုန်တဲ့, ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ပြီးကုန်တဲ့ ဗောဇ္ဈင် မြတ်တရား (၇)ပါးတို့ဟာ အရိယမဂ်ဉာဏ် (၄)ပါးဆိုတဲ့ ဝိဇ္ဇာ, အရိယဖိုလ် ဉာဏ် (၄)ပါးဆိုတဲ့ ဝိမုတ္တိ ----- ဒီ ဝိဇ္ဇာ ဝိမုတ္တိ တရားနှစ်ပါးကို ပြီးစီးပြည့်စုံ စေနိုင်ပါတယ်။၂၃၅
တရားနာယူနေတဲ့ သူတော်ကောင်းတွေဟာလည်း မဟာကရုဏာတော် ရှင် ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း အသက်ရှူတတ်တဲ့ လူသားတစ်ဦး ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ပါစေသောဝ် ...။
မာနနှင့် ဒိဋ္ဌိကို တိုက်ဖျက်ရေးနည်းလမ်း
ဘုရားရှင်ဟာ မေဃိယသုတ္တန်မှာပဲ မာနနှင့် ဒိဋ္ဌိကို ပယ်ခွာနိုင်ရေး အတွက် ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။
ချစ်သား မေဃိယ ... ငါ ငါလို့ ထောင်လွှားတက်ကြွနေတဲ့ မာန်မာန တရားကို ပယ်ရှားနိုင်ရေးအတွက် အကြောင်းတရားနှင့်တကွသော ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့ရဲ့ အနိစ္စအခြင်းအရာကို အာရုံယူကာ .. အနိစ္စ သညာကို သင်ချစ်သား .. ပွားများအားထုတ်ပါ။ အနိစ္စသညာ အားကောင်း နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ (ယင်းသင်္ခါရတရားတွေထဲမှာ အတ္တကောင်မရှိမှု ဆိုတဲ့) အနတ္တသညာဟာ ကောင်းစွာတည်လာပါတယ်။ အနတ္တသညာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ငါ ငါလို့ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရားကို ကောင်းစွာ ပယ်ခွာနိုင်ပါတယ်။ ဒီလို ပယ်ခွာနိုင်ခဲ့လျှင် မျက်မှောက်ဘဝမှာပဲ ကိလေသာအပူမီးတို့ရဲ့ ငြိမ်းအေးခြင်းဆိုတဲ့ နိဗ္ဗာနဓာတ်ဟာ တည်ရှိလာ ပါတယ်။၂၃၆
လက္ခဏာရေးသုံးတန်
အထက်က အကြိမ်ကြိမ် ရှင်းပြထားခဲ့ပြီးတဲ့အတိုင်း ကာလ (၃)ပါး, သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေဟာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွား ရမည့် ဝိပဿနာဉာဏ်တွေရဲ့ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။ ဒီသင်္ခါရ တရားတွေကို အနိစ္စလို့ ရှုနေရုံသက်သက်မျှဖြင့်လည်း အရိယမဂ်သို့ မဆိုက် ရောက်နိုင်၊ ဒုက္ခလို့ ရှုနေရုံသက်သက်မျှဖြင့်လည်း အရိယမဂ်သို့ မဆိုက် ရောက်နိုင်၊ အနတ္တလို့ ရှုနေရုံသက်သက်မျှဖြင့်လည်း အရိယမဂ်သို့ မဆိုက် ရောက်နိုင်။ ဒါကြောင့် ရံခါ အနိစ္စလို့, ရံခါ ဒုက္ခလို့, ရံခါ အနတ္တလို့ ဒီလို လှည့်လည်ပြီးတော့ ဝိပဿနာရှုပွားရပါတယ်။၂၃၇
ဒီလို သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာကို ထပ်ကာထပ်ကာ ရှုပွားသုံးသပ်လိုက်တဲ့အခါ အနုပဿနာဉာဏ် သုံးမျိုးစလုံးဟာ တဖြည်းဖြည်း စွမ်းအင်တွေ အားကောင်းလာပါလိမ့်မည်၊ စွမ်းအင်တွေ ပြည့်ဝစုံညီလာပါလိမ့်မည်။
၁။ စွမ်းအင်ပြည့်ဝစုံညီနေကြတဲ့ ဒုက္ခာနုပဿနာဉာဏ် အနတ္တာ နုပဿနာဉာဏ်နှစ်မျိုးတို့ရဲ့ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံနေရတဲ့ အနိစ္စာနုပဿနာ ဉာဏ်ဟာလည်း ပိုမို၍ စွမ်းအင်တွေ ပြည့်ဝစုံညီလာပါတယ်၊ ထက်မြက်စူးရှ လာပါတယ်၊ ရဲရင့်လာပါတယ်။ ဒီလို စွမ်းအင်ပြည့်ဝစုံညီလာတဲ့ စွမ်းအင် ကြီးမားလာတဲ့ ထက်မြက် စူးရှလာတဲ့ ရဲရင့်လာတဲ့ အနိစ္စာနုပဿနာဉာဏ်က သင်္ခါရတရားတွေအပေါ်မှာ ငါ ငါလို့ တက်ကြွထောင်လွှားနေတဲ့ မာနစွဲကို ပယ်ခွာနိုင်ပါတယ်။ ဖြစ်ပြီးတာနဲ့ ပျက်နေတဲ့ သင်္ခါရတရားအစုအပုံ သက်သက်ကိုသာ တွေ့မြင်နေရတဲ့အတွက် ငါ ဆိုတဲ့ သဘောတရားကို ရှာဖွေမတွေ့ရှိတော့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
၂။ အလားတူပဲ စွမ်းအင်ပြည့်ဝစုံညီနေကြတဲ့ အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်မျိုးတို့ရဲ့ အားကြီးသောမှီရာ ဥပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံနေရတဲ့ ဒုက္ခာနုပဿနာဉာဏ်ဟာလည်း ပိုမို၍ စွမ်းအင်တွေ ပြည့်ဝစုံညီလာပါတယ်၊ ထက်မြက်စူးရှလာပါတယ်၊ ရဲရင့်လာပါတယ်။ ဒီလို စွမ်းအင်ပြည့်ဝစုံညီလာတဲ့ စွမ်းအင်ကြီးမားလာတဲ့ ထက်မြက်စူးရှလာတဲ့ ရဲရင့်လာတဲ့ ဒုက္ခာနုပဿနာ ဉာဏ်က သင်္ခါရတရားတွေအပေါ်မှာ ငါ့ဟာ ငါ့ဟာလို့ စွဲနေတဲ့ တဏှာစွဲ (= နိကန္တိ)ကို ကုန်ခန်းစေနိုင်ပါတယ်။ ငါ နှင့် ငါ့ဟာ နှစ်မျိုးစလုံးကို ဒီသင်္ခါရ တရားတွေထဲမှာ ရှာဖွေလို့ မတွေ့ရှိတော့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
၃။ အလားတူပဲ စွမ်းအင်ပြည့်ဝစုံညီနေကြတဲ့ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် နှစ်မျိုးတို့ရဲ့ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိ ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံနေရတဲ့ အနတ္တာ နုပဿနာဉာဏ်ဟာလည်း ပိုမို၍ စွမ်းအင်တွေ ပြည့်ဝစုံညီလာပါတယ်၊ ထက်မြက်စူးရှလာပါတယ်၊ ရဲရင့်လာပါတယ်။ ဒီလို စွမ်းအင်ပြည့်ဝ စုံညီလာတဲ့ စွမ်းအင်ကြီးမားလာတဲ့ ထက်မြက်စူးရှလာတဲ့ ရဲရင့်လာတဲ့ အနတ္တာနုပဿနာ ဉာဏ်က သင်္ခါရတရားတွေအပေါ်မှာ အတ္တကောင်လို့ စွဲနေတဲ့ -- ဒိဋ္ဌိစွဲ အယူမှားကို ပယ်ခွာနိုင်ပါတယ်။၂၃၈ ဒီသင်္ခါရတရားတွေထဲမှာ အတ္တကို ရှာဖွေလို့ မတွေ့ရှိတော့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ကြွင်းကျန်နေကြသေးတဲ့ သမထကမ္မဋ္ဌာန်းအမျိုးမျိုးတွေဟာလည်း ကိလေသာတောချုံပုတ်ကို ရှင်းလင်းတိုက်ဖျက်ရေးအတွက် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်ကြတဲ့ သမ္မာသမာဓိအမည် ရတဲ့ တရားတွေချည်း ဖြစ်ကြပါတယ်။ အာကာသကသိုဏ်းမှတစ်ပါး ကျန် ကသိုဏ်း (၉)ပါးတို့ကို စနစ်တကျ ပွားများအားထုတ်ခဲ့မည်ဆိုလျှင် သမာပတ် (၈)ပါးစီအထိ ပေါက်ရောက်နိုင်ကြသည်ချည်းသာ ဖြစ်ပါတယ်။ ဒီသမာပတ် (၈)ပါးတို့ဟာလည်း ဝိပဿနာရဲ့ အခြေပါဒကစျာန်အဖြစ် ပွားများခဲ့မည် ဆိုလျှင် သမ္မာသမာဓိအမည်ရတဲ့ အားကောင်းတဲ့ မဂ္ဂင်တရားတွေချည်း ဖြစ်ကြပါတယ်။ ကြွင်းကျန်နေတဲ့ သမထကမ္မဋ္ဌာန်းတွေကို ခွဲတမ်းချလိုက်လျှင် ဥပစာရသမာဓိသို့ ဆိုက်ရောက်နိုင်တဲ့ ဥပစာရကမ္မဋ္ဌာန်း, အပ္ပနာစျာန်သမာဓိ သို့ ဆိုက်ရောက်နိုင်တဲ့ အပ္ပနာကမ္မဋ္ဌာန်းလို့ ကမ္မဋ္ဌာန်းနှစ်မျိုးပဲ ရှိပါတယ်။ ဥပစာရသမာဓိကိုပဲဖြစ်စေ အပ္ပနာစျာန်သမာဓိတစ်ခုခုကိုပဲဖြစ်စေ ဝိပဿနာ ရဲ့ အခြေပါဒကစျာန်သမာဓိအဖြစ် ထူထောင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အစီအစဉ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့မည် ဆိုလျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ကြသည်ချည်းသာ ဖြစ်ပါတယ်၊ ကိလေသာတောချုံပုတ်ကို ရှင်းလင်းသုတ်သင်နိုင်သည်သာ ဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ အကြိမ်ကြိမ် တိုက်တွန်းတော်မူချက်
ယခုတိုင်အောင် တင်ပြဆွေးနွေးခဲ့တဲ့ ကျင့်စဉ်အရပ်ရပ်တွေကတော့ ကိလေသာ အာသဝေါတရားတွေကို ကုန်ခန်းစေတတ်တဲ့ စွမ်းအင်ရှိတဲ့ ဘုရားရှင် ညွှန်ကြားထားတော်မူခဲ့တဲ့ ကျင့်စဉ်အရပ်ရပ်တွေပဲ ဖြစ်ကြပါတယ်။ မိမိရဲ့ တပည့်သာဝကတွေအပေါ်မှာ မဟာကရုဏာတော်အပြည့်အဝရှိနေတဲ့ ဘုရားရှင်ဘက်ကလည်း ကိလေသာ အာသဝေါတရားတွေကို ကုန်ခန်းစေ တတ်တဲ့ စွမ်းအားရှိတဲ့ ဒီလို ကျင့်စဉ်အရပ်ရပ်တွေကို တပည့်သာဝကတွေ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်စေတော်မူလိုတဲ့ အတွက် မဟာပရိနိဗ္ဗာနသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ မဟာပရိနိဗ္ဗာန် စံတော်မူခါနီးအချိန်ကာလသို့ ဆိုက်ရောက်သည့်တိုင်အောင် အကြိမ်များစွာ ထပ်ကာထပ်ကာ ဒီလို ဆိုဆုံးမတော်မူခဲ့ပါတယ်။၂၃၉
ချစ်သား ရဟန်းတို့ ... ဤကား သီလဖြစ်တယ်၊ ဤကား သမာဓိ ဖြစ်တယ်၊ ဤကား ပညာဖြစ်တယ်။ သီလဖြင့် ထုံမွှမ်းထားအပ်တဲ့ သမာဓိဟာ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုး ရှိတယ်၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အာနိသင်လည်း ရှိတယ်။ သမာဓိဖြင့် ထုံမွှမ်းထားအပ်တဲ့ ပညာဟာလည်း ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုး ရှိတယ်၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အာနိသင်လည်း ရှိတယ်။ ပညာဖြင့် ထုံမွှမ်းထားအပ်တဲ့ စိတ်ဓာတ်ဟာ ကာမာသဝ ဘဝါသဝ (ဒိဋ္ဌာသဝ) အဝိဇ္ဇာသဝဆိုတဲ့ အာသဝေါတရားတွေမှ ကောင်းစွာသာလျှင် လွတ်မြောက်သွားပါတယ်။၂၃၉
ဇဟေယျ သဗ္ဗသံယောဂံ၊ ကရေယျ သရဏတ္တနော။
စရေယျာဒိတ္တသီသောဝ၊ ပတ္ထယံ အစ္စုတံ ပဒံ။၂၄၀
= မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို လိုလားတောင့်တလျက် ရှိတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ သံယောဇဉ်အနှောင်အဖွဲ့ အားလုံးကို စွန့်ပယ်လိုက်ပါ။ မိမိရဲ့ ကိုးကွယ်အားထားရာကို မိမိကိုယ်တိုင် လိုက်နာပြုကျင့်ပါ။ ဦးထိပ်ထက်မှာ မီးစွဲလောင်ခံနေရတဲ့ ယောက်ျားပမာ သမထဝိပဿနာ ဘာဝနာတွေကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပါ။၂၄၀
__________
သမဂ္ဂါနံ တပေါ သုခေါ
သမဂ္ဂါနံ တပေါ သုခေါ
ညီညွတ်မှုကို တွန်းအားပေးနေတဲ့ စွမ်းအင်များ
ဥပမာဆိုကြစို့ ..၊ တောကျောင်း တောင်ကျောင်းတစ်ခုအတွင်းမှာ စုပေါင်းကာ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် နေကြရာဝယ် ရဟန်းတော်အချင်းချင်း တစ်ပါးက တစ်ပါးအပေါ်မှာ, ဆရာလေးအချင်းချင်းလည်း တစ်ပါးကတစ်ပါးအပေါ်မှာ, ယောဂီသူတော်စင် အချင်းချင်းလည်း တစ်ဦးကတစ်ဦးအပေါ်မှာ မျက်မှောက်မှာပဲဖြစ်စေ မျက်ကွယ်မှာပဲဖြစ်စေ ကာယကံမေတ္တာတရားတွေ ရှေ့ရှုတည်နေရမည်၊ ဝစီကံမေတ္တာတရားတွေလည်း ရှေ့ရှုတည်နေရမည်၊ မနောကံမေတ္တာတရား တွေလည်း ရှေ့ရှုတည်နေရမည်၊ တစ်ဦးအပေါ်တစ်ဦး ရင်ဝယ်သားပမာ ကြင်နာသနားမှုတွေ ထင်ရှား တည်ရှိနေရမည်၊ တစ်ဦးကိုတစ်ဦး ရင်တော် သွေး ရာဟုလာပမာ ကြင်နာသနားတဲ့စိတ်ထားဖြင့် ကူညီစောင့်ရှောက်လိုတဲ့ စိတ်ထား ရှိရမည်၊ စောင့်လည်းစောင့်ရှောက်ရမည်၊ တစ်ဦးရဲ့အောင်မြင်မှု တွေကို တစ်ဦးက ကြည်နူးဝမ်းမြောက်နိုင်ရမည်၊ တစ်ဦးရဲ့ သန္တာန်မှာ ဖြစ်ပေါ် နေတဲ့ ကံ-ကံရဲ့အကျိုးတရားတွေကို တစ်ဦးက တတ်သိနားလည်နေတဲ့ စိတ်ထား ရှိရမည်၊ ချစ်ခြင်း မုန်းခြင်းဘက်သို့ မိမိရဲ့ စိတ်ဓာတ်တွေ ကျရောက် မသွားရအောင် အညီအမျှ စိတ်ကိုထားနိုင်တဲ့ စွမ်းအား ရှိရမည်။ ဒီစွမ်းအား တွေကတော့ မေတ္တာဘာဝနာ ကရုဏာဘာဝနာ မုဒိတာဘာဝနာ ဥပေက္ခာ ဘာဝနာလို့ ခေါ်ဆိုတဲ့ ဗြဟ္မာကဲ့သို့ မွန်မြတ်သော နေထိုင်ခြင်းလို့ ဘုရားရှင်က ချီးမွမ်းမြှောက်စားထားတော်မူခဲ့တဲ့ ဗြဟ္မဝိဟာရစျာန်တွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများအားထုတ်နေကြတဲ့ သူတော်ကောင်းတို့ရဲ့ သန္တာန် မှာ ဒီဗြဟ္မဝိဟာရစျာန်တရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအားကြီးတွေပဲ ဖြစ်ကြပါတယ်။ ဒါတွင်မကသေးပါဘူး၊ အကယ်၍ ထိုယောဂီသူတော်ကောင်း တွေက ဒီဗြဟ္မဝိဟာရစျာန်တွေကို အခြေခံကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း တွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ စီးဖြန်းနိုင်ကြမည်ဆိုလျှင်လည်း စီးဖြန်းနေကြမည်ဆိုလျှင်လည်း ဒီလို ညီညွတ်မှုစွမ်းအင်ကြီးတွေဟာ ပို၍ ပို၍ တည်တံ့ခိုင်မြဲလာနိုင်ပါတယ်။ ဒီလို ဗြဟ္မစိုရ်တရားတွေကို အခြေခံနေတဲ့ သမထ ဝိပဿနာဘာဝနာတို့ရဲ့ စွမ်းအားကြောင့် ..
၁။ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးတဲ့ မေတ္တာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်နေ တတ်မည်ဆိုလျှင်,
၂။ တစ်ဦးကိုတစ်ဦး ကြင်နာသနားတဲ့ ကရုဏာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်နေတတ်မည်ဆိုလျှင်,
၃။ တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ဝမ်းမြောက်နေတဲ့ မုဒိတာ ဗြဟ္မစိုရ် မျက်လုံးဖြင့် ကြည့်နေတတ်မည်ဆိုလျှင်,
၄။ တစ်ဦးရဲ့ ကံ-ကံရဲ့အကျိုးတရားကို တစ်ဦးက တတ်သိနားလည်နေတဲ့ ဥပေက္ခာဗြဟ္မစိုရ်မျက်လုံးဖြင့် ကြည့်နေတတ်မည်ဆိုလျှင် ..
ညီညွတ်မှုစွမ်းအင်ကြီးတွေဟာ, ညီညွတ်မှုစွမ်းအင်ကို အမှီပြုကာ ဖြစ်ပေါ်လာမည့် ကုသိုလ်တရားတွေဟာ ဒီရေအလားပမာ တစ်နေ့တခြား တိုးပွားနေမည်သာ ဖြစ်ပါတယ်။ ဒီလို ညီညွတ်မှုစွမ်းအားကြောင့် ဗြဟ္မစိုရ် ကုသိုလ်တရားတွေဟာ တစ်နေ့တခြား တိုးတက်စည်ကား ကြီးပွားနေမည် ဆိုလျှင် ခုလို ဗြဟ္မစိုရ်တရားတွေ လွှမ်းမိုးနေတဲ့ ကျောင်းတိုက်တစ်ခုဟာ သို့မဟုတ် ဌာနတစ်ခုဟာ သူတော်ကောင်းတို့အဖို့ မွေ့လျော်ဖွယ်ကောင်းတဲ့ အေးချမ်းသာယာနေတဲ့ ကျောင်းတိုက်တစ်ခု သို့မဟုတ် ဌာနကြီးတစ်ခု, ကိလေသာအမျိုးမျိုးတွေကို အောင်အောင်မြင်မြင် တိုက်ဖျက်ရေးအတွက် သူတော်ကောင်းတွေကို ဆီးကြိုနေတဲ့ ကျောင်းတိုက်တစ်ခု သို့မဟုတ် ဌာနကြီး တစ်ခု အမြဲတမ်း ဖြစ်နေဖွယ်ရာ ရှိပါတယ်၊ မညီညွတ်မှုကို အကြောင်းခံကာ ဖြစ်ပေါ်လာမည့် အကုသိုလ်တရားတွေလည်း တစ်နေ့တခြား ဆုတ်ယုတ်ပျက် စီးသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကံ-ကံရဲ့အကျိုးတရားကို တတ်သိနားလည်နေတဲ့ ဥပေက္ခာ ဗြဟ္မဝိဟာရအကြောင်းကို နည်းနည်း ထပ်ပြောဦးမည်။ သူတော်ကောင်း တစ်ဦးဟာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံအရှိန်အဝါတွေက အလွန်အားကောင်းနေတဲ့အတွက် အရှင်သီဝလိမထေရ်မြတ်ကဲ့သို့ လာဘ် လာဘပေါများတဲ့ ဘုန်းကံကြီးမားတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်နိုင် ပါတယ်။ အကယ်၍ အတိတ်က မှားယွင်းခဲ့မိတဲ့ ဣဿာ မစ္ဆရိယ တရားဆိုး တွေကို အခြေခံကာ ပြုစုပျိုးထောင်မိခဲ့တဲ့ အကုသိုလ်ကံ အရှိန်အဝါ တစ်ခုခုက လူ့ဘဝကို ဖြစ်စေတတ်တဲ့ မိမိထူထောင်ခဲ့တဲ့ ကုသိုလ်ရဲ့ အကျိုးတရားတွေကို ကပ်ရောက်ကာ ညှဉ်းပန်းနှိပ်စက်နေတဲ့အတွက် အရှင်လောသကတိဿ မထေရ်မြတ်ကဲ့သို့ လာဘ်လာဘနည်းပါးတဲ့ ဘုန်းကံနည်းပါးတဲ့ သူတော် ကောင်းတစ်ဦးလည်း ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဒီလို ယောဂီတစ်ဦးအပေါ် မှာ အကျိုးပေးနေတဲ့ ကံ-ကံရဲ့အကျိုးတရားကို ယောဂီအချင်းချင်းဟာ တစ်ဦး နှင့်တစ်ဦး တတ်သိနားလည်မှု ရှိဖို့ လိုပါတယ်။ ဒီလို ကံ-ကံရဲ့အကျိုးတရားကို နှလုံးသွင်းကာ ဥပေက္ခာဗြဟ္မစိုရ်တရားကို ပွားများအားထုတ်ကြရမှာ ဖြစ်ပါ တယ်။
မညီညွတ်မှုကို တွန်းအားပေးနေတဲ့ တရားဆိုးများ
သို့သော် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်မျက်လုံးတွေ ကို အသုံးမချဘဲ ဘေးဖယ်ထားကာ တစ်နည်းပြောရလျှင်တော့ တစ်ဦးကို တစ်ဦး ဗြဟ္မစိုရ်မျက်မှန်တွေကို တပ်ဆင်ကာ မကြည့်ရှုဘဲ ဗြဟ္မစိုရ်မျက်မှန် တွေကို ဘေးဖယ်ချထားပြီးတော့ လောဘမျက်မှန် ဒေါသမျက်မှန် မောဟ မျက်မှန် မာန်မာနမျက်မှန် ဣဿာမျက်မှန် မစ္ဆရိယမျက်မှန် စတဲ့ အကုသိုလ် မျက်မှန် အမျိုးမျိုးတွေကို တစ်ခုပြီးတစ်ခု ပြောင်းလဲတပ်ဆင်ကာ တစ်ဦးကို တစ်ဦး ကြည့်နေကြမည်ဆိုလျှင်တော့ ညီညွတ်မှုတွေ ပျက်ပြားကာ မညီညွတ် ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကုသိုလ်တရားဆိုးတွေသာ တိုးတက်စည် ကား ကြီးပွားလာမှာ ဖြစ်ပါတယ်။ ဒီလို အကုသိုလ်တရားဆိုးတွေ တိုးပွားနေတဲ့ ဌာနကြီးတစ်ခုဟာ သူတော်ကောင်းတွေအဖို့ ဘယ်လိုမှ မွေ့လျော်ဖွယ်ကောင်း တဲ့ အေးချမ်းသာယာနေတဲ့ ကျောင်းတိုက်ကြီးတစ်ခု သို့မဟုတ် ဌာနကြီးတစ်ခု ဖြစ်မလာနိုင်ပါဘူး၊ မညီညွတ်မှုကို အကြောင်းပြုကာ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စတဲ့ အကုသိုလ်တရားဆိုးတွေသာ တစ်နေ့တခြား ဒီရေအလား တိုးတက်စည်ကား ကြီးပွားနေတဲ့အတွက် ကိလေသာအမျိုးမျိုး တွေကို အောင်အောင်မြင်မြင် တိုက်ဖျက်ရေးအတွက် သမထ ဝိပဿနာ ဘာဝနာတွေကို ကျကျနန အပတ်တကုတ် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ဖို့ဆိုတဲ့ အခွင့်အလမ်းတွေဟာလည်း ပျောက်ပျက်သွားနိုင်ပါတယ်၊ သူတော်ကောင်းတွေရဲ့ မျက်လုံးမှာ ကြည့်လို့မကောင်း မြင်လို့မကောင်းတဲ့ မြင်ကွင်းကျယ်တစ်ခုသာ ဖြစ်နေဖွယ်ရာ ရှိပါတယ်။ သူတော်ကောင်းတွေရဲ့ သန္တာန်မှာ ဒီလို ကျောင်းတိုက်မျိုး သို့မဟုတ် ဒီလိုဌာနမျိုးတွေမှာ လာရောက် နေထိုင်လိုတဲ့ စိတ်ထားတွေလည်း ပျောက်ပျက်ကုန်ခန်းသွားနိုင်ပါတယ်၊ သူတော်ကောင်းတွေကို ဆီးမကြိုတတ်တဲ့ နေရာဒေသတစ်ခု အဖြစ်သို့ ရောက်ရှိသွားနိုင်ပါတယ်။
ကောသမ္ဗီပြည်က ရဟန်းတော်များ
ဒီနေရာမှာ ကောသမ္ဗီပြည်က ရဟန်းတော်များအကြောင်းကို အတိုချုပ် ပြီး ပြောကြရအောင် ..။ မပြောပလောက်တဲ့ အကြောင်းအရာ တစ်ခုကို အကြောင်းပြုကာ ဖြစ်ပေါ်လာတဲ့ ရဟန်းတော်တွေ မညီမညွတ် ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။
တစ်ချိန်မှာ ကောသမ္ဗီပြည် ကျောင်းတိုက်တစ်ခုအတွင်းမှာ ဝိနည်းကို နှုတ်ငုံဆောင်တော်မူတဲ့ ဝိနယဓရရဟန်းတော်နှင့် သုတ္တန်ကို နှုတ်ငုံဆောင် တော်မူတဲ့ သုတ္တန္တိကရဟန်းတော် နှစ်ပါးတို့ဟာ ကျောင်းတိုက်တစ်ခု အတွင်း မှာ အတူသီတင်းသုံးတော်မူခဲ့ကြပါတယ်။
ရှေးခေတ်အခါတုန်းကတော့ သန့်သက်ရေဆေးတဲ့ ဝစ္စကုဋီတွေရဲ့ အတွင်းမှာ အသုံးပြုဖို့ရန်အတွက် ယခုခေတ်မှာလို ရေဘုံဘိုင်ခေါင်းများ အသင့်တပ်ဆင်ထားတာ မရှိခဲ့ကြပါဘူး၊ အာစမနကုမ္ဘိလို့ ခေါ်ဆိုတဲ့ အိုးကြီး တစ်လုံးအတွင်းမှာ သန့်သက်ရေများကို တည်ထားကာ သန့်သက်ရေ ခပ်ယူ ဆေးတဲ့ အာစမနသရာဝကခေါ်တဲ့ ခွက်ငယ်တစ်ခုဖြင့် သန့်သက်ရေကို ခပ်ယူကာ အသုံးပြုကြရပါတယ်။ ထိုခွက်ငယ်ရဲ့ အတွင်းမှာတော့ သန့်သက်ရေ အကြွင်းအကျန်ကို မထားခဲ့ရန် ဘုရားရှင်က သိက္ခာပုဒ်တော်ကို ပညတ် ထားတော်မူပြီး ဖြစ်ပါတယ်။၂၄၁
တစ်နေ့မှာ သုတ္တန္တိကရဟန်းတော်က ဝစ္စကုဋီအတွင်းသို့ ဝင်ရောက်ကာ သန့်သက်ရေကို အသုံးပြုပြီး အာစမနသရာဝကခေါ်တဲ့ ခွက်ငယ်အတွင်းမှာ ရေကြွင်းရေကျန်များကို ထားခဲ့မိတယ်။ သုတ္တန္တိကရဟန်းတော်က ဝစ္စကုဋီ အတွင်းမှ ထွက်ခွာလာတော်မူပြီးနောက် ဝိနယဓရရဟန်းတော်က ဝစ္စကုဋီ အတွင်းသို့ ဝင်ရောက်သွားတော်မူတဲ့အခါ ယင်း အာစမနသရာဝကခေါ်တဲ့ ခွက်ငယ်အတွင်း၌ ရေကြွင်းရေကျန်များကို တွေ့ရှိတဲ့အခါ ဝစ္စကုဋီအတွင်းမှ ခပ်မြန်မြန် ပြန်ထွက်လာကာ သုတ္တန္တိကရဟန်းတော်ကို --အရှင်ဘုရား ... အာစမနသရာဝက ခွက်ငယ်ထဲမှာ ရေကြွင်းရေကျန်များကို ထားခဲ့ပါသ လား? ဒီလို မေးမြန်းလျှောက်ထားကြည့်ပါတယ်။ သုတ္တန္တိကရဟန်းတော်က လည်း ထားခဲ့မိပါကြောင်းကို ဝန်ခံလျှောက်ထားလိုက်ပါတယ်။ သင်ဟာ ဒီလိုထားခဲ့တာဟာ အာပတ်သင့်တယ်ဆိုတာကို မသိဘူးလားလို့ ဝိနယဓရ ရဟန်းတော်က မေးလိုက်ပါတယ်။ တပည့်တော် မသိပါ၊ ဒီနေရာမှာ အာပတ် သင့်သွားပါသလား? အာပတ်သင့်တယ်ဆိုလျှင်တော့ တပည့်တော် ဒေသနာ ကြားပါ့မည် ဒီလို သုတ္တန္တိကရဟန်းတော်က ပြန်လည်လျှောက်ထားလိုက် ပါတယ်။ ငါ့ရှင် ... သင်ဟာ အာပတ်ကို လွန်ကျူးလိုတဲ့စိတ်ထား မရှိဘဲ သတိမေ့လျော့လို့ ပြုခဲ့မိတယ်ဆိုလျှင်တော့ အာပတ်မသင့်ပါလို့ ဒီလို ဝိနယ ဓရရဟန်းတော်က ပြန်ပြီးတော့ အမိန့်ရှိလိုက်ပါတယ်။ ဒီလို ဝိနယဓရရဟန်း တော်က ပြောလိုက်တဲ့အတွက် တကယ်သင့်ရောက်ခဲ့တဲ့ အာပတ်ကို အာပတ် မသင့်ပါဟု သုတ္တန္တိကရဟန်းတော်က အယူအဆ ရှိသွားပြန်တယ်။၂၄၂
သို့သော် တကယ်တော့ အာပတ်သင့်နေပါတယ်။
သန့်သက်ရေကို ခပ်ယူသုံးစွဲတဲ့ အာစမနသရာဝကခေါ်တဲ့ ခွက်ငယ် ထဲမှာ ရေကြွင်းရေကျန်ကို မထားခဲ့ရ၂၄၃လို့ န အာစမနသရာဝကေ စသည် ဖြင့် နအက္ခရာဖြင့် တားမြစ်ကာ ဝစ္စကုဋိကျင့်ဝတ်အခန်း၌ သိက္ခာပုဒ်တော် ကို ဘုရားရှင်က ပညတ်ထားတော်မူခဲ့ပါတယ်။
ဒီလို နအက္ခရာဖြင့် တားမြစ်ထားတော်မူတဲ့ (= နအက္ခရာဖြင့် ယှဉ်တွဲကာ ပညတ်ထားတော်မူခဲ့တဲ့) သိက္ခာပုဒ်များကို နကာရပဋိသံယုတ္တ သိက္ခာပုဒ်တွေလို့ ခေါ်ဆိုပါတယ်။ ....ရေကြွင်းရေကျန်ကို မထားခဲ့ရ စသည်ဖြင့် တားမြစ်ထားတော်မူတဲ့ သိက္ခာပုဒ်မျိုး ဖြစ်ပါတယ်။ ဒီလို နအက္ခရာဖြင့် တားမြစ်ထားတော်မူတဲ့ အထူးသဖြင့် ဝတ္တခန္ဓကမှာ လာရှိတဲ့ သိက္ခာပုဒ်တွေကို (ဘုရားရှင်ပညတ်ထားတော်မူတာကို) သိလို့ လွန်ကျူးမိ သည်ဖြစ်စေ မသိလို့ လွန်ကျူးမိသည်ဖြစ်စေ အာပတ်သင့်ပါတယ်၊ မကျန်းမာ တဲ့ ဂိလာနရဟန်းတော်လည်း လွန်ကျူးမိပါက အာပတ်သင့်ပါတယ်။၂၄၄
သို့သော် ဝိနယဓရရဟန်းတော်ကလည်း ပထမပိုင်းမှာတော့ သတိ မေ့လျော့ကာ အမှတ်တမဲ့ ပြောလိုက်မိပုံရတယ်။ နောက်ပိုင်း သူက ဝိနည်း တော်ကို ပြန်လည်စဉ်းစားဆင်ခြင်တော်မူလိုက်တဲ့အခါ ဒီလို အာစမနသရာဝကခေါ်တဲ့ ခွက်ငယ်ထဲမှာ ရေကြွင်းရေကျန်ကို ထားခဲ့ခြင်းဟာ အာပတ် သင့်တယ်လို့ ပြန်လည်အမှတ်ရတဲ့အတွက် သူ့တပည့်တွေကို ဒီသုတ္တန္တိက ရဟန်းတော်ဟာ မိမိအာပတ်သင့်တာကိုတောင် အာပတ်သင့်မှန်း မသိဘူးလို့ ပြောလိုက်ပြန်တယ်။ အဲဒီအခါမှာ သုတ္တန္တိကရဟန်းတော်တို့ဘက်ကလည်း ဝိနယဓရရဟန်းတော်ကို တကယ် အာပတ်သင့်ပါလျက် အာပတ်မသင့်ပါလို့ မုသားပြောတယ်ဆိုပြီးတော့ မုသာဝါဒသိက္ခာပုဒ်ဖြင့် စွပ်စွဲကြပြန်တယ်။ သူ့ဆရာကိုယ့်ဆရာ သူ့တပည့်ကိုယ့်တပည့်တွေဟာ တစ်ဘက်နှင့် တစ်ဘက် ပြင်းပြင်းထန်ထန် အချီအချတွေ ဖြစ်လာကြတယ်၊ တစ်ဘက်နှင့် တစ်ဘက် ငြင်းခုံပွဲတွေလည်း ပိုမိုပြီးတော့ ပြင်းထန်လာကြတယ်၊ တစ်ဘက်နှင့် တစ်ဘက် နှုတ်တည်းဟူသော လှံတို့ဖြင့် မခံနိုင်အောင် ထိုးဆွနေကြပြန်တယ်။ ဒကာ ဒကာမတွေလည်း နှစ်ဖို့နှစ်စု နှစ်ခြမ်း ကွဲကုန်ကြတယ်။ ပုထုဇန်နတ်လောက မှာလည်း အယူအဆ ကွဲပြားမှုတွေ ဖြစ်ကုန်ကြတယ်။ အမှိုက်ကစ ပြာသာဒ် မီးလောင်ဆိုတဲ့ စကားအတိုင်း အသေးအဖွဲ ကိစ္စတစ်ခုကနေပြီးတော့ တဖြည်းဖြည်း ကြီးထွားလာတဲ့ ငြင်းခုံပွဲတစ်ခု ဖြစ်သွားခဲ့တယ်။
ထိုအချိန်အခါမှာ ဘုရားရှင်လည်း ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်သို့ ကြွရောက်တော်မူကာ ခေတ္တသီတင်းသုံးတော်မူလျက် ရှိနေပါတယ်။ ဘုရားရှင်ကလည်း နှစ်ဘက်စလုံးသော ရဟန်းတော်တွေကို ညီညွတ်မှု ရရှိစေရန်အတွက် သုံးကြိမ်တိုင်တိုင် ခေါ်ယူကာ ဆိုဆုံးမတော် မူခဲ့ပါတယ်။ ၂၄၅
သို့သော် ထိုရဟန်းတော်တွေဟာ ဘုရားရှင်ရဲ့ အဆုံးအမတော်ကို သော်လည်း နာယူလိုတဲ့ စိတ်ထားမရှိ ဖြစ်နေကြပါတယ်၊ ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယစတဲ့ ကိလေသာသပ်ကြီးတွေ အလျှိုခံနေကြရတဲ့ အတွက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘုရားရှင်လည်း ပါလိလေယျက တောအုပ်သို့ ကြွရောက်တော်မူကာ တစ်ပါးထီးတည်း ဝါဆိုဝါကပ်တော် မူမည်လို့ ဆုံးဖြတ်ချက်ချတော်မူကာ ကောသမ္ဗီမြို့တွင်းသို့ ဆွမ်းခံကြွဝင်တော် မူခဲ့ပါတယ်။ ဆွမ်းခံကြွဝင်တော်မူတဲ့အခါမှာ မီးဖိုချောင်မှာ အလုပ်များနေတဲ့ အိမ်ရှင်မတွေသော်လည်း မြင်ပါစေသတည်းလို့ အဓိဋ္ဌာန်ပြုတော်မူကာ ဆွမ်းခံကြွဝင်တော်မူခဲ့ပါတယ်။ ကောသမ္ဗီမြို့သူမြို့သား အများစုကလည်း ဘုရားရှင်ကို ဖူးမြင်လိုက်ရတဲ့အတွက် ဒီနှစ်ဝါတွင်းမှာတော့ တို့တစ်တွေဟာ ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူခွင့်ရကြတော့မည်၊ ဘုရားရှင်ရဲ့ ရှေ့တော်မှောက်မှာ တရားဘာဝနာတွေကို တကယ်လက်တွေ့ ကျင့်သုံးခွင့်ကို ရကြတော့မည် ဒီလို နှလုံးပိုက်ကာ အလွန်ဝမ်းသာနေခဲ့ကြပါတယ်။ သို့သော် ဘုရားရှင်ဟာ ရဟန်းတော်တွေကို ဆိုဆုံးမလို့ မရတဲ့အတွက် ကောသမ္ဗီပြည်မှ ထွက်ခွာကြွသွားတော်မူပြီ..ဆိုတဲ့ ဒီသတင်းကို ကြားလိုက်ကြရတဲ့အခါ အလွန် ဝမ်းနည်းသွားခဲ့ကြပါတယ်။ မြို့သူမြို့သား အများစုဟာလည်း အစည်းအဝေး တစ်ခုကို ခေါ်ယူကျင်းပကာ ဆွေးနွေးတိုင်ပင်ကြတယ်။ နောက်ဆုံးတော့ ဘုရားရှင်ရဲ့ အဆုံးမတော်ကိုတောင်မှ မနာယူကြတဲ့ ဒီရဟန်းတော်တွေကို တို့တစ်တွေ ဆွမ်းလောင်းလှူမှု မပြုကြစို့ ဒီလို ဆုံးဖြတ်ချက်ချကြတယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း အားလုံးက သဘောတူညီ သွားကြတယ်။ သဘောတူညီချက်နှင့်အညီ အားလုံးလိုလိုပဲ လိုက်နာပြုကျင့် ကြတယ်။ ဒီအခါမှာ ဝမ်းရေးကို ထိခိုက်လာတဲ့အတွက် ရဟန်းတော်တွေရဲ့ သန္တာန်မှာ အလျှိုခံထားရတဲ့ ကိလေသာသပ်ကြီးတွေဟာ တစ်ခုပြီးတစ်ခု ကျွတ်ထွက်ကုန်ကြပါတယ်။၂၄၆
ညီညွတ်နေသူတို့ရဲ့ ညီညွတ်နေတဲ့ကျင့်စဉ်
ဘုရားရှင်လည်း ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးတော်မူပြီးတဲ့အခါ ကျောင်းအိပ် ရာနေရာတို့ကို သိုမှီးသိမ်းဆည်းတော်မူပြီးနောက် ပါလိလေယျကတောအုပ် ဘက်သို့ တာစူကာ ခရီးဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ ထိုအချိန်အခါမှာ အရှင်ဘဂုမထေရ်မြတ်ဟာ ဥပါလိသူကြွယ် အပိုင်စားရထားတဲ့ ဗာလက လောဏကာရအမည်ရတဲ့ ရွာကို ဆွမ်းခံရွာအဖြစ် အမှီပြုကာ တောအုပ် တစ်ခုအတွင်းမှာ တစ်ပါးထီးတည်း သီတင်းသုံးတော်မူလျက် ရှိနေပါတယ်။ ဘုရားရှင်လည်း ဂိုဏ်းအပေါင်းဖော်တွေနဲ့ နေရခြင်း၌ အပြစ်ကို ရှုမြင်တော် မူတဲ့အတွက် တစ်ပါးထီးတည်း မွေ့လျော်နေခြင်းရဲ့ ချမ်းသာသုခကို ကြည့်ရှု တော်မူလိုတဲ့ ဦးတည်ချက်ဖြင့် အရှင်ဘဂုထံသို့ ကြွရောက်တော်မူခဲ့ပါတယ်။ သင့်လျော်တဲ့ တရားစကားများဖြင့်လည်း အရှင်ဘဂုမထေရ်အား အဆုံးအမ ဩဝါဒများကို ပေးသနားတော်မူခဲ့ပါတယ်။၂၄၇
ထိုမှတစ်ဆင့် .. အရှင်အနုရုဒ္ဓါ အရှင်နန္ဒိယ အရှင်ကိမိလ မထေရ် မြတ်ကြီးသုံးပါးတို့ သီတင်းသုံးနေထိုင်တော်မူရာဖြစ်တဲ့ စေတိတိုင်း ပါစိနဝံသ ဒါယအမည်ရတဲ့ တောအုပ်ကြီးဘက်သို့ တာစူကာ .. ညီညွတ်နေသူတို့ရဲ့ အညီအညွတ်ကျင့်နေတဲ့ ကျင့်ဝတ်ပဋိပတ်ကို မြင်တွေ့တော်မူလိုတဲ့အတွက် ဆက်လက်ကာ ခရီးဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။
မထေရ်မြတ်ကြီးတို့ သီတင်းသုံးရာနေရာသို့ ရောက်ရှိတော်မူပြီးတဲ့အခါ သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ထိုင်တော်မူပြီးနောက် ပြောသင့်ပြောထိုက် တဲ့ နှုတ်ခွန်းဆက်စကားများကို ပြောဆိုတော်မူကြပါတယ်။ထို့နောင် ဘုရားရှင် က အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို စတင်ကာ မေးမြန်းတော်မူလိုက်ပါတယ်။
ချစ်သား အနုရုဒ္ဓါတို့ ... သင်ချစ်သားတို့တစ်တွေဟာ ညီညီ ညွတ်ညွတ် နေထိုင်နေကြပါရဲ့လား? ဝမ်းမြောက်ဝမ်းသာနဲ့ကော နေထိုင် နေကြပါရဲ့လား? တစ်ပါးနှင့်တစ်ပါး ငြင်းခုံမှုမရှိဘဲနဲ့ကော နေထိုင်နေကြ ပါရဲ့လား? နွားနို့နှင့်ရေရောသကဲ့သို့ အညီအညွတ်ကော နေထိုင်နေကြပါ ရဲ့လား? အချင်းချင်း တစ်ပါးက တစ်ပါးကို ချစ်မြတ်နိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်ရှုကာ နေထိုင်နေကြပါရဲ့လား?
ဒီလို ဘုရားရှင်က မေးမြန်းတော်မူလိုက်ပါတယ်။
ဒီလို မေးမြန်းတော်မူလိုက်တဲ့အခါမှာ အရှင်အနုရုဒ္ဓါမထေရ်မြတ်က မြတ်စွာဘုရား ... တကယ်စင်စစ် လျှောက်ထားရမည်ဆိုလျှင် တပည့် တော်တို့တစ်တွေဟာ ညီညီညွတ်ညွတ်နဲ့ နေထိုင်နေကြပါတယ်၊ ဝမ်းမြောက် ဝမ်းသာနဲ့ နေထိုင်နေကြပါတယ်၊ တစ်ပါးနှင့်တစ်ပါး ငြင်းခုံမှုမရှိဘဲ နေထိုင်နေ ကြပါတယ်၊ နွားနို့နှင့်ရေရောသကဲ့သို့ အညီအညွတ် နေထိုင်နေကြပါတယ်၊ အချင်းချင်း တစ်ပါးကတစ်ပါးကို ချစ်မြတ်နိုးတဲ့မျက်လုံးတွေနဲ့ ကြည့်ရှုကာ နေထိုင်နေကြပါတယ်..မြတ်စွာဘုရား .. ဒီလို တင်ပြလျှောက်ထား လိုက်ပါတယ်။
အဲဒီအခါမှာ မြတ်စွာဘုရားကလည်း ချစ်သား အနုရုဒ္ဓါတို့ ... သင်ချစ်သားတို့တစ်တွေဟာ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ညီညီညွတ်ညွတ် နေထိုင်နေကြပါသလဲ? ဝမ်းမြောက်ဝမ်းသာနဲ့ နေထိုင် နေကြပါသလဲ? တစ်ပါးနှင့်တစ်ပါး ငြင်းခုံမှုမရှိဘဲ နေထိုင်နေကြပါသလဲ? နွားနို့နှင့်ရေရောသကဲ့သို့ အညီအညွတ် နေထိုင်နေကြပါသလဲ? အချင်းချင်း တစ်ပါးကတစ်ပါးကို ချစ်မြတ်နိုးတဲ့မျက်လုံးတွေနဲ့ ကြည့်ရှုကာ နေထိုင်နေကြ ပါသလဲ? ဒီလို ဘုရားရှင်က ထပ်မံကာ မေးမြန်းတော်မူလိုက်ပါတယ်။
ဒီလို မေးမြန်းတော်မူလိုက်တဲ့အခါမှာ အရှင်အနုရုဒ္ဓါမထေရ်မြတ်က သူတို့ နေထိုင်ပုံနည်းစနစ်ကို မြတ်စွာဘုရားအား ဒီလို တင်ပြလျှောက်ထား လိုက်ပါတယ်။
မြတ်စွာဘုရား ...တပည့်တော်အနုရုဒ္ဓါရဲ့သန္တာန်မှာ ..ဒီလို မွန်မြတ် တဲ့ သီတင်းသုံးဖော်တွေနဲ့ အတူနေထိုင်ရခြင်းဟာ ငါ့အား အရတော်လေစွ.. ငါဟာ အမှန်တကယ်အားဖြင့် ဒီလို မွန်မြတ်တဲ့ သီတင်းသုံးဖော်တွေနဲ့ အတူနေထိုင်ရတဲ့ ရဟန်းဘဝမျိုးကို ကောင်းစွာ ရအပ်ပါပေစွ .. ဒီလိုသာ စိတ်အကြံအစည် ဖြစ်နေပါတယ် .. မြတ်စွာဘုရား ..။
မြတ်စွာဘုရား ... တပည့်တော်အနုရုဒ္ဓါရဲ့သန္တာန်မှာ.. ဒီသီတင်း သုံးဖော် အရှင်မြတ်တို့ရဲ့အပေါ်၌ မျက်မှောက်မှာရော မျက်ကွယ်မှာရော ကာယကံမေတ္တာဟာ ရှေ့ရှုတည်နေပါတယ် .. မျက်မှောက်မှာရော မျက် ကွယ်မှာရော ဝစီကံမေတ္တာဟာလည်း ရှေ့ရှုတည်နေပါတယ် ..မျက်မှောက် မှာရော မျက်ကွယ်မှာရော မနောကံမေတ္တာဟာလည်း ရှေ့ရှုတည်နေ ပါတယ်.. ဒီလို မေတ္တာနဲ့ယှဉ်တဲ့ စိတ်အကြံအစည်သာ ဖြစ်ပေါ်နေပါ တယ်..မြတ်စွာဘုရား ..။
မြတ်စွာဘုရား ... တပည့်တော်အနုရုဒ္ဓါရဲ့သန္တာန်မှာ.. ငါဟာ မိမိရဲ့ စိတ်အလိုဆန္ဒကို ဘေးဖယ်ထားလိုက်ပြီးတော့ ဒီသီတင်းသုံးဖော် အရှင်မြတ်တို့ရဲ့ စိတ်အလိုဆန္ဒအတိုင်းသာ အစဉ်လိုက်နာပြုကျင့်ကာ နေထိုင် ရလျှင် ကောင်းလေစွ ..ဆိုတဲ့ ဒီလို စိတ်အကြံအစည်မျိုးသာ ထင်ရှား ဖြစ်ပေါ်နေပါတယ် ..မြတ်စွာဘုရား ..။
မြတ်စွာဘုရား ... တပည့်တော်အနုရုဒ္ဓါဟာ မိမိရဲ့ စိတ်အလိုဆန္ဒကို ဘေးဖယ်ထားလိုက်ပြီးတော့ ဒီသီတင်းသုံးဖော် အရှင်မြတ်တို့ရဲ့ စိတ်အလို ဆန္ဒအတိုင်းသာ အစဉ်လိုက်နာပြုကျင့်ကာ နေထိုင်ပါတယ် ..မြတ်စွာ ဘုရား ..။
မြတ်စွာဘုရား ... တပည့်တော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ တစ်ပါးစီ တစ်ပါးစီ ကွဲပြားနေကြပေမယ့်လို့ စိတ်ဓာတ်ကတော့ တစ်ခုတည်းသာ ဖြစ်နေပါတယ် ..မြတ်စွာဘုရား ..။
ဒီလို တင်ပြလျှောက်ထားတော်မူလိုက်ပါတယ်။
အရှင်နန္ဒိယမထေရ်မြတ်နှင့် အရှင်ကိမိလမထေရ်မြတ်တို့ကလည်း ပုံစံတူပဲ ဘုရားရှင်အား တင်ပြလျှောက်ထားတော်မူကြပါတယ်။
ဒီလို လျှောက်ထားပြီးတဲ့အခါ ..
မြတ်စွာဘုရား ... ဒီလို နေထိုင်ပုံနည်းစနစ်ဖြင့် တပည့်တော်တို့ တစ်တွေဟာ ညီညီညွတ်ညွတ်နဲ့ နေထိုင်နေကြပါတယ်၊ ဝမ်းမြောက်ဝမ်းသာနဲ့ နေထိုင်နေကြပါတယ်၊ တစ်ပါးနှင့်တစ်ပါး ငြင်းခုံမှုမရှိဘဲ နေထိုင်နေကြပါတယ်၊ နွားနို့နှင့်ရေရောသကဲ့သို့ အညီအညွတ် နေထိုင်နေကြပါတယ်၊ အချင်းချင်း တစ်ပါးကတစ်ပါးကို ချစ်မြတ်နိုးတဲ့မျက်လုံးတွေနဲ့ ကြည့်ရှုကာ နေထိုင်နေကြ ပါတယ် ..မြတ်စွာဘုရား .. ဒီလို တင်ပြလျှောက်ထားလိုက်ကြပါတယ်။
သာဓု သာဓု အနုရုဒ္ဓါ!
ချစ်သား အနုရုဒ္ဓါတို့ ...ကောင်းလေစွ ကောင်းလေစွဟု ဘုရားရှင် က ကြည်နူးဝမ်းမြောက်စွာဖြင့် သာဓုခေါ်ဆိုတော်မူပါတယ်။၂၄၈
ဒီလို ဘုရားရှင်ကိုယ်တော်တိုင်က ကြည်နူးဝမ်းမြောက်စွာဖြင့် သာဓု ခေါ်ဆိုထားတော်မူတဲ့ သူတော်ကောင်းတို့ရဲ့ နေထိုင်ပုံနည်းစနစ်ကိုတော့
---အေးမြတဲ့ အရိပ်အာဝါသရှိတဲ့ ရတနာသုံးပါးဆိုတဲ့ သစ်ပင်ကြီးရဲ့ အေးမြတဲ့ အရိပ်အာဝါသအောက်မှာ
--- ချမ်းသာသုခအဝဝကို ပေးနိုင်တဲ့ စွမ်းအင်တွေ ပြည့်ဝစုံလင်နေတဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဆိုတဲ့ မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားတွေကို လာရောက်ကာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နေကြတဲ့ သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းဟာ အတု ယူကာ လိုက်နာပြုကျင့်သင့်လှပါတယ်။
နောက်ထပ် ဆက်လက်ကာ ဘုရားရှင်က မေးမြန်းတော်မူပြန်တယ်။
ချစ်သား အနုရုဒ္ဓါတို့ ... သင်ချစ်သားတို့တစ်တွေဟာ သမထ ဝိပဿနာဆိုတဲ့ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားပြီးတော့ နေထိုင်ကြပါရဲ့လား? ဒီလို သမထ ဝိပဿနာ ဘာဝနာတွေကို မမေ့မလျော့ ကြိုးစားအားထုတ်တဲ့အခါမှာလည်း ကိလေသာ တွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ စွမ်းအားရှိတဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယတွေကို မြှင့်တင်ကာ ကြိုးစားအားထုတ်ပြီး နေထိုင်ကြပါရဲ့လား? ဒီလို ကြိုးစားအားထုတ်နေတဲ့အခါမှာလည်း နိဗ္ဗာန်သို့ စေလွှတ်ထားတဲ့ စိတ်ဓာတ်ဖြင့် သမထ ဝိပဿနာဘာဝနာတွေကို ပွားများအားထုတ်ပြီးတော့ နေထိုင်ကြပါရဲ့လား? ဒီလို ဆက်လက်ကာ မေးမြန်းတော်မူလိုက်ပါတယ်။
မြတ်စွာဘုရား ... တပည့်တော်တို့တစ်တွေဟာ တကယ်တမ်း အားဖြင့် သမထ ဝိပဿနာဆိုတဲ့ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားပြီးတော့ နေထိုင်ကြပါတယ်။ ဒီလို သမထ ဝိပဿနာဘာဝနာတွေကို မမေ့မလျော့ ကြိုးစားအားထုတ်တဲ့အခါမှာလည်း ကိလေသာတွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ စွမ်းအားရှိတဲ့ သမ္မပ္ပဓာန်လုံ့လဝီရိယတွေကို မြှင့်တင်ကာ ကြိုးစားအားထုတ်ပြီး နေထိုင်ကြ ပါတယ်။ ဒီလို ကြိုးစားအားထုတ်နေတဲ့အခါမှာလည်း နိဗ္ဗာန်သို့ စေလွှတ်ထား တဲ့စိတ်ဓာတ်ဖြင့် သမထ ဝိပဿနာဘာဝနာတွေကို ပွားများ အားထုတ်ပြီး တော့ နေထိုင်ကြပါတယ် ..မြတ်စွာဘုရား .. ဒီလို ဆက်လက်ကာ တင်ပြ လျှောက်ထားတော်မူကြပါတယ်။
ချစ်သား အနုရုဒ္ဓါတို့ ...သင်ချစ်သားတို့တစ်တွေဟာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သမထ ဝိပဿနာဆိုတဲ့ ကုသိုလ်တရား တို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားပြီးတော့ နေထိုင်ကြ ပါသလဲ? ဒီလို သမထ ဝိပဿနာဘာဝနာတွေကို မမေ့မလျော့ ကြိုးစား အားထုတ်တဲ့အခါမှာလည်း ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကိလေသာတွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ စွမ်းအားရှိတဲ့ သမ္မပ္ပဓာန်လုံ့လဝီရိယတွေကို မြှင့်တင်ကာ ကြိုးစားအားထုတ်ပြီး နေထိုင် ကြပါသလဲ? ဒီလို ကြိုးစားအားထုတ်နေတဲ့အခါမှာလည်း ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် နိဗ္ဗာန်သို့ စေလွှတ်ထားတဲ့စိတ်ဓာတ်ဖြင့် သမထ ဝိပဿနာဘာဝနာတွေကို ပွားများအားထုတ်ပြီးတော့ နေထိုင်ကြပါသလဲ? ဒီလို ဆက်လက်ကာ မေးမြန်းတော်မူလိုက်ပါတယ်။
မြတ်စွာဘုရား ... ဒီနေရာမှာ တပည့်တော်တို့ရဲ့ နေထိုင်ပုံနည်းစနစ် ကို ရှေ့ဦးစွာ တင်ပြလျှောက်ထားပါမည်၊
၁။ တပည့်တော်တို့တစ်တွေဟာ ဆွမ်းခံ ရွာသို့ ဆွမ်းခံရန်အတွက် အတူမကြွဘဲ တစ်ပါးစီသာ ခွဲ၍ ကြွကြပါတယ်၊
၂။ ဆွမ်းခံရွာမှ ကျောင်းသို့ အဦးဆုံး ပြန်ရောက်လာတဲ့ အရှင်မြတ်ဟာ ဆွမ်းစားဖို့ ရန် နေရာတွေကို ခင်းရပါတယ်၊
၃။ သောက်ရေသုံးရေတို့ကို တည်ထားရပါတယ်၊
၄။ အခြားသီတင်းသုံးဖော်တို့အား မိမိပေးလှူလိုတဲ့ ဆွမ်းကို ထည့်ဖို့ရန်အတွက် ဆွမ်းကြွင်းထည့်ခွက်ကို ပြင်ဆင်ချထားရပါတယ်။
၅။ ဆွမ်းခံရွာမှ ကျောင်းသို့ နောက်ဆုံး ပြန်ရောက်လာတဲ့ အရှင်မြတ်က ဒီဆွမ်းကြွင်းထည့်ခွက်ကို ဖွင့်ကြည့်ကာ အလိုရှိက ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်၊ အလိုမရှိက စိမ်းလန်းစိုပြည်တဲ့ မြက်သစ်ပင်ငယ် မရှိရာအရပ်မှာသော်လည်း စွန့်ပစ်တယ်၊ ပိုးမရှိတဲ့ ရေထဲမှာသော်လည်း မွှေနှောက်ကာ စွန့်ပစ်လိုက်တယ်၊
၆။ ဆွမ်းစားဖို့ ရန် ခင်းကျင်းထားတဲ့နေရာများကို ပြန်လည်ရုပ်သိမ်းထားရတယ်၊
၇။ သောက်ရေ သုံးရေ ခွက်တွေကို ပြန်လည်သိုမှီး သိမ်းဆည်းထားရတယ်၊
၈။ ဆွမ်းကြွင်းထည့် ခွက်ကို ဆေးကြောပြီးတော့ သိမ်းဆည်းထားရတယ်၊
၉။ ဆွမ်းစားဇရပ်ကို တံမြက် လှည်းရတယ်။
၁၀။ သောက်ရေသုံးဆောင်ရေ ဝစ္စကုဋီရေများ ကုန်ခန်းနေတာကို တွေ့လျှင် တွေ့တဲ့ အရှင်သူမြတ်က ရေကို တည်ထားရပါတယ်။
၁၁။ အကယ်၍ အရာဝတ္ထုတစ်ခုကို တစ်ပါးတည်း မချီမနိုင်ခဲ့လျှင် အခြားသီတင်းသုံးဖော် တစ်ပါးပါးကို လက်ယပ်ခေါ်ယူကာ အတူချီမကြပါတယ်၊ ဒီလို အရာဝတ္ထု တစ်ခုကို မချီမနိုင်ခြင်းတည်းဟူသော အကြောင်းကြောင့် တစ်ပါးနှင့်တစ်ပါး စကားပြောဆိုမှု လုံးဝမပြုပါ၊
၁၂။ တပည့်တော်တို့တစ်တွေဟာ ငါးရက်တစ်ကြိမ် တွေ့ဆုံကြကာ ညဉ့်လုံးပေါက် တရားများကို ဆွေးနွေးကြပါတယ်၊
၁၃။ ကြွင်းကျန် နေတဲ့ အချိန်ကာလတွေမှာတော့ တပည့်တော်တို့ တစ်တွေဟာ သမထ ဝိပဿနာဆိုတဲ့ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားပြီးတော့ နေထိုင်ကြပါတယ်။
၁၄။ ဒီလို သမထ ဝိပဿနာဘာဝနာ တွေကို မမေ့မလျော့ ကြိုးစားအားထုတ်တဲ့အခါမှာလည်း ကိလေသာတွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ စွမ်းအားရှိတဲ့ သမ္မပ္ပဓာန်လုံ့လဝီရိယ တွေကို မြှင့်တင်ကာ ကြိုးစားအားထုတ်ပြီး နေထိုင်ကြပါတယ်။
၁၅။ ဒီလို ကြိုးစား အားထုတ်နေတဲ့အခါမှာလည်း နိဗ္ဗာန်သို့ စေလွှတ်ထားတဲ့စိတ်ဓာတ်ဖြင့် သမထ ဝိပဿနာဘာဝနာတွေကို ပွားများအားထုတ်ပြီးတော့ နေထိုင်ကြပါ တယ် ..မြတ်စွာဘုရား .. ဒီလို တင်ပြလျှောက်ထားတော်မူကြပါတယ်။၂၄၉
အတုယူဖွယ် ဂုဏ်ယူဖွယ် ကြည်ညိုမြတ်နိုးဖွယ်ကောင်းလှတဲ့ သူတော် ကောင်းတို့ရဲ့ နေထိုင်ပုံနည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။
---
ဥပက္ကိလေသတရား (၁၁) ပါး
အရှင်အနုရုဒ္ဓါနှင့်တကွသော မထေရ်မြတ်သုံးပါးတို့က သူတို့ရဲ့ နေထိုင် ပုံ ကြိုးစားအားထုတ်ပုံတွေကို ခုလို လျှောက်ထားတော်မူလိုက်ကြတဲ့အခါ ဘုရားရှင်ကလည်း ဒုတိယအကြိမ် ထပ်မံကာ သာဓုခေါ်တော်မူလိုက်ပါတယ်။ ကိလေသာအညစ်အကြေးတွေကို စင်ကြယ်စေကြောင်းဖြစ်တဲ့ အထက် အထက်သော စျာန်တရားတွေနဲ့တကွ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို မျက်မှောက် ပြုနိုင်ကြပါရဲ့လား စသည်ဖြင့် ဆက်လက်ကာ မေးမြန်းတော်မူ လိုက်တဲ့အခါ အရှင်အနုရုဒ္ဓါမထေရ်မြတ်က ဒိဗ္ဗစက္ခုအဘိညာဏ်ကို ပွားများ အားထုတ်တော်မူနေတဲ့အခါ သူ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို တင်ပြ လျှောက်ထားတော်မူခဲ့ပါတယ်။
မြတ်စွာဘုရား ... ဒီနေရာမှာ တပည့်တော်တို့ဟာ ဒိဗ္ဗစက္ခု အဘိညာဏ်အလို့ငှာ ပွားများအားထုတ်လိုက်တဲ့အခါ ဒိဗ္ဗစက္ခုအဘိညာဏ် အလို့ငှာ ပွားများထားတဲ့ အရောင်အလင်းကိုလည်း သိရှိကြပါတယ်၊ ဒီ အရောင်အလင်းရဲ့ စွမ်းအားကြောင့် ရူပါရုံအမျိုးမျိုးကိုလည်း မြင်တွေ့နေကြ ရပါတယ်။ ထိုအရောင်အလင်းဟာလည်း မကြာမီ အချိန်ကာလအတွင်းမှာပဲ ကွယ်ပျောက်သွားခဲ့ပါတယ်၊ ရူပါရုံအမျိုးမျိုးကို တွေ့မြင်ရခြင်းဟာလည်း ကွယ်ပျောက်သွားခဲ့ပါတယ်။ ဒီလို ကွယ်ပျောက်သွားခြင်းရဲ့ အကြောင်းတရား ကိုလည်း တပည့်တော်တို့ဟာ ထိုးထွင်းမသိနိုင် ဖြစ်နေကြပါတယ် ..မြတ်စွာ ဘုရား .. ဒီလို တင်ပြလျှောက်ထားတော်မူလိုက်ကြပါတယ်။
ထိုအခါမှာ မြတ်စွာဘုရားက မိမိအလောင်းတော်ဘဝက ဥရုဝေလ တောအုပ်အတွင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများအားထုတ်တော် မူခဲ့စဉ်က ဖြစ်ပေါ်ခဲ့တဲ့ ဥပက္ကိလေသ အမည်ရတဲ့ သမထဘာဝနာရဲ့ ညစ်နွမ်း ကြောင်းတရား (၁၁)မျိုးကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူခဲ့ပါတယ်။၂၅၀
ဒီ (၁၁)မျိုးကတော့ ဒိဗ္ဗစက္ခုအဘိညာဏ် ရရှိရေးအတွက် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်နိုင်တဲ့ အခက်အခဲမျိုးတွေ ဖြစ်ကြပါတယ်၊ သမထစျာန်တွေကို အားထုတ်နေတဲ့ ယောဂီသူတော်ကောင်းတွေရဲ့သန္တာန်မှာလည်း အထိုက် အလျောက်တော့ ဖြစ်ပေါ်နိုင်တဲ့သဘော ရှိကြပါတယ်။ ဒိဗ္ဗစက္ခုအဘိညာဏ် ကို ရရှိအောင် ပွားများအားထုတ်လိုတဲ့ သူတော်ကောင်းဟာ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာတို့မှာ၂၅၁ ဖော်ပြထားတဲ့အတိုင်း ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို အဝါးဝစွာ လေ့လာထားပြီးသူ ရရှိထားပြီးသူ ဖြစ်ရမည်။ အထူး သဖြင့် ပထဝီကသိုဏ်းမှသည် ဩဒါတကသိုဏ်းသို့တိုင်အောင် ကသိုဏ်း (၈)ပါးတို့၌ ကသိုဏ်းတစ်ပါးတစ်ပါးလျှင် သမာပတ် (၈)ပါးစီ ရအောင် ကြိုးစားအားထုတ်ပြီးတဲ့ ယောဂီပုဂ္ဂိုလ်ဟာ (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် စိတ်ကို နိုင်နင်းအောင် ထပ်မံပြီးတော့ ဆုံးမပေးရပါတယ်၊ လေ့ကျင့်ပေးရ ပါတယ်။ အရှင်အနုရုဒ္ဓါမထေရ်မြတ်တို့ဟာ ဒီလိုကျင့်စဉ်တွေကို ကျွမ်းကျင် လိမ္မာတော်မူပြီးကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ သို့သော် ဘုရားရှင် ဖြေကြားတော်မူမည့် အချက်အလက်များကို ပိုမိုပြီး သဘောပေါက် နိုင်ရေးအတွက် ဒိဗ္ဗစက္ခုအဘိညာဏ်ရရှိရန် ပရိကံပြုပုံ အစီအစဉ်ကို အတိုချုပ်ကာ ရှေးဦးစွာ ပြောကြရအောင် ..။
အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်
ပြောပြခဲ့ပြီးတဲ့အတိုင်း ကသိုဏ်း (၈)ပါး သမာပတ် (၈)ပါးတို့ကို (၁၄) မျိုးသောအခြင်းအရာဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးတဲ့ ယောဂီသူတော် ကောင်းဟာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိခဲ့လျှင် တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်း ဒီကသိုဏ်းသုံးမျိုးထဲက နှစ်ခြိုက်ရာ ကသိုဏ်းတစ်ခုကို ဦးစားပေးကာ စတုတ္ထစျာန်သို့ ဆိုက်သည်အထိ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ရပါတယ်။ ဒီကသိုဏ်းသုံးမျိုးထဲမှာလည်း အာလောကကသိုဏ်းကတော့ အကောင်းဆုံး ကသိုဏ်း ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။၂၅၂
ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိတဲ့အခါမှာ ယောဂီပုဂ္ဂိုလ်က အာလောက ကသိုဏ်းကို စတုက္ကနည်းအားဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင် အောင် ပွားများထားရပါတယ်။ ဒီလိုပွားများပြီးတဲ့အခါ ဒီအာလောက ကသိုဏ်းဝန်းကို မိမိအလိုရှိရာအရပ်သို့တိုင်အောင် ပိုင်းခြားကာ ဖြန့်ကြက် ထားရပါတယ်။ ဒီလို ဖြန့်ကြက်ပြီးတဲ့အခါမှာ ဖြန့်ကြက်ထားတဲ့ အလင်းရောင် ကို အာရုံယူကာ စတုတ္ထစျာန်သမာဓိရဲ့ ဥပစာရသမာဓိနယ်မြေသို့ ရောက် အောင် သမာဓိကို ထပ်ပြီးတော့ ထူထောင်ပါ။ ဒီလို ထူထောင်ပြီးတဲ့အခါ မိမိပိုင်းခြားထားတဲ့ နယ်မြေအတွင်းကို အာရုံယူကာ ..
ဤနယ်မြေအတွင်း၌ အရောင်အလင်းသည် တည်စေသတည်းဟု အဓိဋ္ဌာန်လိုက်လျှင် အဓိဋ္ဌာန်သည့်အတိုင်း အရောင်အလင်းက တည်ရှိ နေတတ်ပါတယ်။ ထိုအခါမှာ ဖြန့်ကြက်ထားတဲ့ အရောင်အလင်းအတွင်းမှာ တည်ရှိနေတဲ့ ရူပါရုံအမျိုးမျိုးကို ကြည့်လိုလျှင် ကြည့်လို့ရပါတယ်၊ မြင်တွေ့ ခဲ့သော် စတုတ္ထစျာန်အဘိညာဏ်ဇော တစ်ကြိမ် ကျတတ်ပါတယ်။ ထို စတုတ္ထ စျာန်အဘိညာဏ်ဇော တစ်ကြိမ် ကျပြီးနောက် ပစ္စဝေက္ခဏာဇောတို့ဖြင့် ဖြန့်ကြက်ထားတဲ့ အရောင်အလင်းအတွင်းမှာ တည်ရှိနေတဲ့ ရူပါရုံအမျိုးမျိုးကို ဆက်လက်ကာ ကြည့်ရှုခဲ့သော် တစ်နေ့လုံးသော်လည်း ကြည့်ရှုလို့ ရတတ် ပါတယ်။၂၅၃
ဝဍ္ဎိတဋ္ဌာနဿ အန္တောယေဝ ရူပဂတံ ပဿိတဗ္ဗံ။၂၅၄
ဒီလို ကြည့်ရှုတဲ့အပိုင်းမှာ ယင်းအရောင်အလင်းကို ဖြန့်ကြက်ထားရာ နယ်မြေအတွင်း၌သာ တည်ရှိတဲ့ ရူပါရုံအမျိုးမျိုးကို ကြည့်ရှုရပါတယ်။ ထိုအရောင်အလင်းကို ဖြန့်ကြက်ထားရာ နယ်မြေရဲ့အပြင်ဘက်မှာ တည်ရှိတဲ့ ရူပါရုံအမျိုးမျိုးကို လှမ်းမကြည့်ရပါ။ ကြည့်ခဲ့သော် အရောင်အလင်းဟာ ပျောက်ကွယ်သွားတတ်ပါတယ်၊ ဒိဗ္ဗစက္ခုအဘိညာဏ် ဖြစ်ပေါ်လာရေး အတွက် မိမိပရိကံပြုထားတဲ့နယ်မြေကို ကျော်လွှားလွန်မြောက်သွားသည် မည်ပါတယ်။ အကယ်၍ အရောင်အလင်း ကွယ်ပျောက်သွားခဲ့သော် အာလောကကသိုဏ်းကိုပဲ အာရုံယူကာ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိကို တစ်ဖန် ပြန်လည်ကာ ထူထောင်ရပါတယ်။ ယင်းစတုတ္ထစျာန် သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အရောင်အလင်းတွေက အားကောင်းလာတဲ့ အခါ ယင်းအရောင်အလင်းကို အလိုရှိရာအရပ်သို့တိုင်အောင် တစ်ဖန် ပြန်လည်ဖြန့်ကြက်ကာ စတုတ္ထစျာန်သမာဓိရဲ့ ဥပစာရသမာဓိနယ်မြေသို့ ရောက်အောင် သမာဓိကို တစ်ဖန် ပြန်ထူထောင်ပြီးတော့ အရောင်အလင်းကို ဖြန့်ကြက်ထားရာ နယ်မြေအတွင်း၌ တည်တံ့နေအောင် ပြန်လည်အဓိဋ္ဌာန် ပြုထားပါ။ ဖြန့်ကြက်ထားရာ နယ်မြေအတွင်းမှာ တည်ရှိတဲ့ ရူပါရုံအမျိုးမျိုးကို ရှေးကကဲ့သို့ပင် ပြန်ကြည့်နိုင်ပါတယ်။
ဒီစနစ်အတိုင်း အရောင်အလင်းကို လောကဓာတ်ပေါင်း တိုက် တစ်သောင်းအထိ ဖြန့်ကြက်လိုကာ ဖြန့်ကြက်နိုင်ပါတယ်။ အရှင်အနုရုဒ္ဓါ မထေရ်မြတ်ဟာ နောက်ပိုင်းကာလမှာ အောင်မြင်မှုကို ရရှိသောအခါ ဒီလို အရောင်အလင်းကို လောကဓာတ်ပေါင်း တိုက်တစ်သောင်းအထိ ပြန့်သွား အောင် ဖြန့်ကြက်ထားနိုင်ပါတယ်၊ တည်တံ့အောင်လည်း အဓိဋ္ဌာန် ပြုထားနိုင် ခဲ့ပါတယ်။ ယင်းအရောင်အလင်းအတွင်းရှိ ရူပါရုံအမျိုးမျိုးကို အာရုံပြုကာ အဘိညာဏ်ဇော ကျသည်အထိ ဆက်လက် အားထုတ်နိုင်ခဲ့ပါတယ်။ အဘိညာဏ်ဇော တစ်ကြိမ် ကျပြီးနောက် ပစ္စဝေက္ခဏာဇောတို့ဖြင့် ဆက်လက်ကာ ရူပါရုံအမျိုးမျိုးတွေကို ရှုတော်မူနိုင်ခဲ့ပါတယ်၊ ပဋိသန္ဓေ တည်နေဆဲသတ္တဝါ စုတေဆဲသတ္တဝါတို့ကိုလည်း မြင်တော်မူခဲ့တယ်။ မိမိတို့ ပြုစုပျိုးထောင်ထားတဲ့ ကံအားလျော်စွာ ထိုထိုဘုံဘဝသို့ ကပ်ရောက်သွားကြတာကိုလည်း မြင်တော်မူ ခဲ့ပါတယ်။၂၅၅
နောက်တစ်ခု ထပ်ပြောကြရအောင် ..။
ဘုရားရှင်ဟာ အင်္ဂုတ္တိုရ် သတ္တကနိပါတ် ပစလာယမာနသုတ္တန်မှာ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ရဲ့ သန္တာန်မှာ အရဟတ္တဖိုလ်သို့ မဆိုက် ရောက်မီ အချိန်ကာလအတွင်းဝယ် ခုနစ်ရက်တိုင်တိုင် မအိပ်မနေ တရား ဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူတဲ့အတွက် ဖြစ်ပေါ် နေတဲ့ အိပ်ချင်ငိုက်မျဉ်းမှု (= ဘာဝနာအာရုံပေါ်၌ စိတ်စေတသိက်တွေ လေးလံထိုင်းမှိုင်းနေမှု (= ထိနမိဒ္ဓ)ကို ပယ်ဖျောက်ရေးအတွက် ..သပ္ပဘာသံ စိတ္တံ (= အရောင်အလင်းနဲ့ တကွဖြစ်သော စိတ်ကို) ပွားများအားထုတ်ရန် ညွှန်ကြားထားတော်မူပါတယ်။ ဒိဗ္ဗစက္ခုအဘိညာဏ် ရရှိရန်အလို့ငှာ (တေဇောကသိုဏ်း သို့မဟုတ် ဩဒါတကသိုဏ်း သို့မဟုတ်) အာလောက ကသိုဏ်းကို အာရုံယူကာ ပွားများထားတဲ့ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သော စျာန်သမာဓိနှင့် ယှဉ်နေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရောင် အလင်းကို ရည်ညွှန်းတော်မူကာ .. သပ္ပဘာသံ စိတ္တံ (= အရောင်အလင်းနဲ့ တကွဖြစ်သော စိတ်ကို) ပွားများအားထုတ်ပါလို့ ဘုရားရှင်က ညွှန်ကြားတော် မူခြင်းဖြစ်ပါတယ်။ ထိုအရောင်အလင်းကိုလည်း တစ်နေ့လုံး တစ်ညလုံး တည်ရှိနေအောင် အဓိဋ္ဌာန်ပြုထားရန်ကိုလည်း ဆက်လက် ညွှန်ကြားထား တော်မူပါတယ်။ ဒီလိုအရောင်အလင်းက တစ်နေ့လုံး တစ်ညလုံး တည်ရှိနေ မည်ဆိုလျှင် ထိနမိဒ္ဓတရားဟာ ကင်းပျောက်သွားနိုင်ကြောင်း ဆက်လက် မိန့်ကြားထားတော်မူပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမ ဩဝါဒအတိုင်း လိုက် နာပြုကျင့်တော်မူနိုင်တဲ့အတွက် ထိနမိဒ္ဓများ ကင်းစင်သွားကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းတော်မူလေရာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ပါတယ်။၂၅၆
စိတ်ဓာတ်ရဲ့စွမ်းအားကြီးများကို စနစ်တကျ နည်းမှန်လမ်းမှန် အသုံးချ သွားတော်မူနိုင်ကြတဲ့အတွက် အရဟတ္တဖိုလ်ဆိုတဲ့ အမြတ်ဆုံးပန်းတိုင်သို့ ဆိုက်ရောက်သွားတော်မူခဲ့တဲ့ ရှေးထုံးဟောင်းကြီးတစ်ခု ဖြစ်ပါတယ်။
သို့သော် ဒီနေရာမှာ အရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ အရဟတ္တဖိုလ်သို့ မဆိုက်ရောက်မီ အချိန်ကာလအတွင်းဝယ် ရံခါ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ပွားများအားထုတ်ရာ၌ မိမိသန္တာန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲကို အထက်က ပြောပြခဲ့တဲ့အတိုင်း ဘုရားရှင်အား တင်ပြလျှောက်ထားတော်မူခြင်း ဖြစ်ပါ တယ်။ ထိုအခါမှာ ဘုရားရှင်က အထက်က ပြောခဲ့တဲ့အတိုင်း ဥပက္ကိလေသ တရား (၁၁)ပါးကို စတင်ကာ ဟောကြားပေးတော်မူပါတယ်။
ဒီဥပက္ကိလေသ (၁၁)မျိုးကို အကျဉ်းချုပ်ပြီးတော့ ပြောကြရအောင် ..။
၁။ ဝိစိကိစ္ဆာ = ယုံမှားသံသယဖြစ်ခြင်း
နံပါတ် (၁) ဥပက္ကိလေသတရားကတော့ ဝိစိကိစ္ဆာ ဖြစ်ပါတယ်။
ဘုရားအလောင်းတော်ဟာ ဥရုဝေလတောဝယ် အလောင်းတော်ဘဝ ဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိရန်အလို့ငှာ အထက်က ရှင်းပြခဲ့တဲ့အတိုင်း အရောင်အလင်းကို အလိုရှိသလောက် ပိုင်းခြားကာ ဖြန့်ကြက်ပြီးနောက် စတုတ္ထစျာန်သမာဓိရဲ့ ဥပစာရသမာဓိနယ်မြေသို့ ရောက်အောင် သမာဓိကို ထူထောင်တော်မူကာ အရောင်အလင်းအတွင်းမှာ တည်ရှိနေတဲ့ ရူပါရုံ အမျိုးမျိုးတွေကို ကြည့်ရှုတော်မူခဲ့ပါတယ်။ ဒီလို ကြည့်ရှုတော်မူလိုက်တဲ့ အခါမှာ ဒီရူပါရုံတွေက မိမိ ရှေးကမမြင်ထားခဲ့ဖူးတဲ့ ရူပါရုံတွေ ဖြစ်နေကြတဲ့ အတွက် - ဒါတွေက ဘာတွေလဲဆိုတဲ့ ယုံမှားသံသယ ဝိစိကိစ္ဆာတရားတွေ ဖြစ်ပေါ်လာခဲ့တယ်၊ အာရုံရဲ့သဘောမှန်ကို မဆုံးဖြတ်နိုင်ခဲ့တဲ့သဘော ဖြစ်ပါ တယ်။ အရိယမဂ်တရားဖြင့် မပယ်ရှားရသေးတဲ့အတွက် ဒီဝိစိကိစ္ဆာတရားက ထင်ရှားဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဝိစိကိစ္ဆာ အကုသိုလ်တရား ထင်ရှား ဖြစ်လာခဲ့တဲ့အတွက် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ထူထောင်ထားတော် မူခဲ့တဲ့ ပရိကံပြုထားတဲ့ သမာဓိတွေလည်း လျှောကျသွားခဲ့ပါတယ်။ ဒီလို သမာဓိတွေ လျှောကျသွားတဲ့အတွက် ဒီစျာန်သမာဓိတွေနဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ အရောင်အလင်းတွေလည်း ကွယ်ပျောက်သွား ခဲ့ပါတယ်။ အရောင်အလင်းတွေ ကွယ်ပျောက်သွားတဲ့အတွက် ရူပါရုံအမျိုးမျိုး တွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့တယ်။၂၅၇
ဒီနေရာမှာ သမထဘာဝနာကို ပွားနေတဲ့ ယောဂီတွေအတွက် သတိ ပေးလိုတဲ့ အချက်တစ်ခု ရှိတယ်။ အာနာပါနကမ္မဋ္ဌာန်းကိုပဲ စံထားပြီးတော့ ပြောကြရအောင် ..။ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေတဲ့ အခါမှာ အရောင်အလင်းတွေက ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခါမှာ ဝေဖန်ဆန်းစစ်မှုတွေ ယုံမှားသံသယဖြစ်မှုတွေ ကင်းစင်နေဖို့တော့ လိုအပ်ပါ တယ်။ ဥပမာ --- အာနာပါနကို ပွားနေတဲ့ပုဂ္ဂိုလ်က ဒီလို အရောင်အလင်းကို တွေ့တဲ့အခါ ဒီအရောင်အလင်းက မိမိရှုပွားနေတဲ့ ပကတိသော ဝင်လေ-ထွက်လေနှင့် တစ်သားတည်း တစ်ခုတည်းဖြစ်ကာ ရောနှောမနေဘူးဆိုလျှင် ဒီအရောင်အလင်းဟာ အာနာပါနနိမိတ် မဟုတ်ပါ၊ အာနာပါနနိမိတ်အစစ် ကတော့ နှာခေါင်းအတွင်းမှ ထွက်လာတဲ့ လေနဲ့ တစ်သားတည်း တစ်ခုတည်း အတူတူဖြစ်ကာ ရောယှက်နေတတ်ပါတယ်။ နှာခေါင်းအတွင်းမှ ထွက်လာတဲ့ လေကိုယ်တိုင်က အရောင်နှင့်တကွ ရောယှက်ကာ ထွက်နေတတ်ပါတယ်။ ဒီလို ရောယှက်မှု မရှိတဲ့ အရောင်အလင်း တစ်ခုခုကို အာနာပါနနိမိတ်လို့ ယူဆကာ ယင်းအရောင်အလင်းကို အာရုံယူကာ သမာဓိကို ဆက်လက်ထူ ထောင်လိုက်လျှင် မကြာမီ အချိန်ကာလအတွင်းမှာပဲ သမာဓိလည်း လျှောကျ ကာ အရောင်အလင်းလည်း ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီလို အရောင် အလင်းမျိုးဟာ မိမိရှုပွားရမည့် အရှုခံအာရုံ မဟုတ်ဘူးဆိုတာကို ယောဂီ ပုဂ္ဂိုလ်ဘက်က သဘောပေါက်ထားပြီးဖြစ်ဖို့ လိုပါတယ်။ ဒီလို သဘော မပေါက်ဘဲ နိမိတ်နှင့် အရောင်အလင်းကို မခွဲခြားတတ်ဘဲ နိမိတ်မဟုတ်တဲ့ အရောင်အလင်းကိုပဲ နိမိတ်များ ဖြစ်လေရော့သလားလို့ ဒီလို ယုံမှား သံသယဖြစ်နေခဲ့မည်ဆိုလျှင် သမာဓိလျှောကျကာ အရောင်အလင်းတွေ လည်း ပျောက်ကွယ်သွားတတ်ပါတယ်။ အကယ်၍ တကယ်စစ်မှန်နေတဲ့ အာနာပါနနိမိတ်က ထင်ရှားဖြစ်ပေါ်နေခဲ့လျှင်လည်း ဒီနိမိတ်ကို အာနာပါန နိမိတ် ဟုတ်လေသလား မဟုတ်လေသလား..လို့ ယုံမှားသံသယ ဖြစ်နေ ခဲ့မည်ဆိုလျှင်လည်း ဒီလို ယုံမှားသံသယကြောင့် နိမိတ်ပါ ပျောက်ကွယ် သွားတတ်ပါတယ်။ အလင်းရောင်လည်း ပျောက်ကွယ်သွားတတ်ပါတယ်။
၂။ အမနသိကာရ = နှလုံးမသွင်းခြင်း
ဘုရားအလောင်းတော်ဟာ ယခုလို အလင်းရောင်အတွင်းမှာ တွေ့မြင် နေရတဲ့ ရူပါရုံအမျိုးမျိုးတွေကို နှလုံးသွင်းခဲ့မိတဲ့အတွက် ဒီလို ဝိစိကိစ္ဆာတရား ဟာ ထင်ရှားဖြစ်ခဲ့တယ်လို့ အယူအဆ ရှိခဲ့တယ်။ ဒီလို အယူအဆရှိတဲ့ အတွက် အလင်းရောင်အတွင်းမှာ တွေ့နေတဲ့ ရူပါရုံ အမျိုးမျိုးတွေကို ငါမကြည့်တော့ဘူး = ငါနှလုံးမသွင်းတော့ဘူးလို့ သူက ဆုံးဖြတ်ချက်ချ လိုက်တယ်၊ ကြည့်လည်း မကြည့်တော့ဘူး၊ နှလုံးလည်း နှလုံးမသွင်းတော့ ဘူး။ ဒီလို ရှုသင့်ရှုထိုက်တဲ့ အာရုံကို မရှုတဲ့အတွက် (= နှလုံးမသွင်းတဲ့ အတွက်)ကြောင့် သမာဓိက လျှောကျသွားပြန်တယ်။ သမာဓိက လျှောကျ သွားတဲ့အတွက် အရောင်အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ပါတယ်၊ ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့တယ်။၂၅၈
အလားတူပဲ ယောဂီတစ်ဦးဟာ အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ်နေတဲ့အခါမှာ အာနာပါနနိမိတ်မဟုတ်တဲ့ အရောင်အလင်းတွေကို နှလုံးမသွင်းရဆိုတဲ့ ညွှန်ကြားချက်ကို နားလည်မှုလွဲကာ အာနာပါနနိမိတ် ဟာ ဝင်လေ-ထွက်လေနှင့် အတူ ရောယှက်ကာ နှာခေါင်းအတွင်းမှ ထွက်လာ နေသော်လည်း ယင်းအာနာပါနနိမိတ်ကို မရှုတော့ဘဲ ပကတိ ဝင်လေ-ထွက်လေကိုပဲ လိုက်ရှာနေတတ်တယ်။ ဒီလို လိုက်ရှာနေတဲ့အခါမှာ ဝင်လေ-ထွက်လေကို ရှာလို့မတွေ့တဲ့အတွက် ရှုစရာအာရုံမရှိဖြစ်ကာ သမာဓိ လျှောကျသွားပြန်တယ်။ သမာဓိလျှောကျသွားတဲ့အခါ အရောင်အလင်း တွေရော အာနာပါနနိမိတ်ရော ပျောက်ပျက်သွားတတ်ပြန်တယ်။ အချို့ ယောဂီတွေကတော့ သိမ်မွေ့နေတဲ့ ဝင်လေ-ထွက်လေကို ပြန်တော့ တွေ့တယ်။ ဒါပေမဲ့ ဒီဝင်လေ-ထွက်လေဟာ နိမိတ်နှင့် ရောနေသော်လည်း နိမိတ်ကို မရှုဘဲ နိမိတ်ကို နှလုံးမသွင်းဘဲ ဝင်လေ-ထွက်လေကိုသာ နှလုံး သွင်းနေပြန်တယ်။ ရှုသင့်ရှုထိုက်တဲ့ နိမိတ်ကို မရှုတဲ့အတွက် နှလုံးမသွင်းတဲ့ အတွက် သမာဓိကလည်း လျှောကျသွားတတ်ပြန်တယ်။ သမာဓိလျှောကျ သွားခဲ့လျှင် အရောင်အလင်းတွေရော အာနာပါနနိမိတ်ရော ပျောက်ပျက် သွားတတ်ပြန်တယ်။ အာနာပါနနိမိတ်ပေါ်လာခဲ့သော် အာနာပါနနိမိတ်နှင့် ဝင်လေ-ထွက်လေကလည်း တစ်သားတည်း တစ်ခုတည်း ဖြစ်နေခဲ့သော် တစ်နည်းပြောရလျှင်တော့ ဝင်လေ-ထွက်လေသည်ပင် နိမိတ်, နိမိတ်သည်ပင် ဝင်လေ-ထွက်လေ ဖြစ်နေခဲ့သော် ဝင်လေ-ထွက်လေကို နှလုံးမသွင်းတော့ဘဲ နိမိတ်ကိုသာ နှလုံးသွင်း ရှုပွားခဲ့သော် ဘာဝနာသမာဓိဟာ တိုးတက်ကြီးပွား လာတဲ့အတွက် အားကောင်းလာတဲ့အတွက် အာနာပါနနိမိတ်ဟာလည်း ကြည်လင်တောက်ပလာလိမ့်မည်၊ အရောင်အလင်းတွေလည်း ပိုမိုပြီးတော့ တောက်ပလာလိမ့်မည်။ သို့သော် အာနာပါနကို ပွားများအားထုတ်နေတဲ့ အခါမှာ နှလုံးသွင်းသင့်တဲ့ အာရုံကို နှလုံးမသွင်းတဲ့အတွက် သမာဓိက လျှောကျသွားခြင်း ဖြစ်ပါတယ်။
၃။ ထိနမိဒ္ဓ = စိတ်စေတသိက်တွေရဲ့ လေးလံထိုင်းမှိုင်းခြင်း
ဘုရားအလောင်းတော်ဟာ တစ်ဖန် မိမိမူလပွားများအားထုတ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံကို ပြန်လည်ကာ ရှုပွားသုံးသပ်တော်မူပါတယ်။ ဒီလို ရှုပွား သုံးသပ်တော်မူလိုက်တဲ့အခါမှာ အလင်းရောင်တွေလည်း ပြန်ပေါ်လာတယ်၊ အလင်းရောင်အတွင်းမှာ တည်ရှိနေတဲ့ ရူပါရုံအမျိုးမျိုးတွေကိုလည်း ပြန်လည်တွေ့မြင်တော်မူပါတယ်။ သို့သော် ဒီရူပါရုံတွေကို နှလုံးမသွင်းဘဲ ဆိတ်ဆိတ်သာ ထိုင်နေတော်မူလိုက်တဲ့အတွက် စိတ်စေတသိက်တွေရဲ့ လေးလံထိုင်းမှိုင်းခြင်း ထိနမိဒ္ဓတရားတွေက ဝင်ရောက်ကာ နှိပ်စက်လာပြန် တယ်။ ဘာဝနာအာရုံပေါ်မှာ ထက်ထက်သန်သန် ကြိုးစားအားထုတ်လိုတဲ့ စိတ်စေတသိက်တွေ မဖြစ်ဘဲ ဘာဝနာအာရုံမှ တွန့်ဆုတ်လာတဲ့ စိတ် စေတသိက်တွေသာ ဖြစ်ပေါ်နေခဲ့ပါတယ်။ ထိုအခါမှာ သမာဓိက လျှောကျ သွားတော်မူတဲ့အတွက် အရောင်အလင်းတွေလည်း ပျောက်ကွယ်သွားခဲ့တယ်၊ ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့တယ်။၂၅၉
အလားတူပဲ အာနာပါနကို ပွားများအားထုတ်နေတဲ့ ယောဂီဟာလည်း အာနာပါနနိမိတ် ဖြစ်ပေါ်လာတဲ့အခါမှာ အာနာပါနနိမိတ်ကိုလည်း မရှုဘဲ နေလိုက်တယ်၊ ပကတိ ဝင်လေ-ထွက်လေကိုလည်း ရှာမတွေ့တဲ့အတွက် မရှုဘဲ ဆိတ်ဆိတ်ပဲ ထိုင်နေလိုက်တယ်။ အလွန်သိမ်မွေ့တဲ့လေကို တွေ့ပြန် တော့လည်း ထက်ထက်သန်သန် ရှုလိုတဲ့စိတ်ထား မရှိ ဖြစ်နေပြန်တယ်၊ နိမိတ် ပေါ်ကိုလည်း စူးစူးစိုက်စိုက် မရှုချင် ဖြစ်နေပြန်တယ်၊ ထိနမိဒ္ဓတို့ နှိပ်စက် နေတဲ့သဘောသာ ဖြစ်ပါတယ်။ ဒီအခါမှာလည်း သမာဓိတွေ လျှောကျကာ အာနာပါနနိမိတ်လည်း ပျောက်ပျက်သွားတတ်ပါတယ်။
၄။ ဆမ္ဘိတတ္တ = ထိတ်လန့်ခြင်း = ကိုယ်ခက်တရော်ရှိခြင်း
ဘုရားအလောင်းတော်ဟာ မိမိသန္တာန်မှာ ထင်ရှားဖြစ်ပေါ်ခဲ့တဲ့ အထက်ပါ ဥပက္ကိလေသတရားတွေကို ဖယ်ရှားတော်မူကာ မိမိရဲ့ မူလ ကမ္မဋ္ဌာန်းအာရုံကို ပြန်ပြီးတော့ အာရုံယူကာ အပြင်းအထန် ကြိုးစား အားထုတ်တော်မူပြန်တယ်။ ဒီလို ကြိုးစားအားထုတ်တော်မူလိုက်တဲ့အခါမှာ အရောင်အလင်းတွေလည်း ပြန်ပေါ်လာကြပြန်တယ်၊ ထိုအခါမှာ ဘုရား အလောင်းတော်ဟာ ဒီအရောင်အလင်းတွေကို ဟိမဝန္တာဘက်သို့ တာစူကာ ဖြန့်ကြက်တော်မူလိုက်ပါတယ်။ ထိုအခါမှာ ထိုအလင်းရောင်အတွင်းမှာ တည်ရှိနေကြတဲ့ ဒါနဝရက္ခိုသ်ဘီလူးနှင့် အလွန်ကြီးမားတဲ့ မြွေကြီးများကို မြင်တွေ့တော်မူလိုက်တဲ့အခါ ဆမ္ဘိတတ္တံခေါ်တဲ့ ထိတ်လန့်ခြင်း ကိုယ်ခက် တရော်ရှိခြင်းတစ်ခု ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ ဥပမာ --- ယောက်ျား တစ်ယောက်ဟာ အဓွန့်ရှည်တဲ့ တောလမ်းခရီးကို သွားနေတဲ့အခါမှာ လမ်းရဲ့ ဘေးနှစ်ဘက်တို့မှ ငုံးကလေးများက ဖြုန်းကနဲ ထပျံလိုက်ကြတဲ့အခါ ထို ယောက်ျားရဲ့ သန္တာန်မှာ ထိတ်လန့်ခြင်း ကိုယ်ခက်တရော်ရှိခြင်း တစ်မျိုး ဖြစ်ပေါ်လာတတ်သလိုပဲ --- အလားတူပဲ ဘုရားအလောင်းတော်ရဲ့ သန္တာန်မှာ လည်း ကြောက်မက်ဖွယ်ကောင်းတဲ့ အာရုံတွေကို တွေ့လိုက်ရတဲ့အတွက် ထိတ်လန့်ခြင်း ကိုယ်ခက်တရော်ရှိခြင်းတစ်မျိုး ထင်ရှားဖြစ်ပေါ်တော်မူခဲ့ပါ တယ်။ ဒီထိတ်လန့်မှု ကိုယ်ခက်တရော်ရှိမှုကြောင့် သမာဓိတွေလည်းလျှောကျ သွားခဲ့ပါတယ်။ ဒီလို သမာဓိတွေ လျှောကျသွားတဲ့အတွက် အရောင်အလင်း တွေလည်း ကွယ်ပျောက်သွားခဲ့ပါတယ်။ အရောင်အလင်းတွေ ကွယ်ပျောက် သွားတဲ့အတွက် ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ပါတယ်။၂၆၀
အလားတူပဲ ယောဂီတစ်ဦးဟာလည်း အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ်နေတဲ့အခါ ပကတိ ဝင်လေ-ထွက်လေအာရုံမှာ ဘာဝနာသမာဓိက အလွန် နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာခဲ့တဲ့အတွက် အလွန် ကြည်လင် တောက်ပနေတဲ့ အာနာပါနနိမိတ်အာရုံဟာ နှာသီးဝမှာ ဖြုန်းကနဲ ထင်ရှား ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအခါမှာ မတွေ့စဖူးတဲ့ အာရုံထူးကို ဖြုန်းကနဲ မြင်တွေ့လိုက်ရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မှုတစ်မျိုး ရုတ်ခြည်း ဖြစ်ပေါ် လာတတ်ပါတယ်။ ဒီလို ထိတ်လန့်တုန်လှုပ်မှု ရုတ်ခြည်း ဖြစ်ပေါ်လာတဲ့ အတွက် သမာဓိက လျှောကျသွားတတ်ပါတယ်၊ နိမိတ်လည်း ကွယ်ပျောက် သွားတတ်ပါတယ်။
၅။ ဥပ္ပိလ = ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ကြည်ရွှင်နှစ်သက်မှု ပီတိ ဖြစ်ပေါ်လာခြင်း
ဘုရားအလောင်းတော်ဟာ ခုပြောခဲ့တဲ့ ဥပက္ကိလေသအမျိုးမျိုးတွေကို ဖယ်ရှားပြီးတော့ မိမိရဲ့မူလကမ္မဋ္ဌာန်းအာရုံကို ပြန်ပြီးအာရုံယူကာ အပြင်း အထန် ကြိုးစားအားထုတ်တော်မူပြန်တယ်။ ဒီလို ကြိုးစားအားထုတ်တော် မူလိုက်တဲ့အခါမှာ အလင်းရောင်တွေလည်း ပြန်ပေါ်လာကြပြန်တယ်။ ထိုအလင်းရောင်တွေကိုလည်း အလားတူ ဟိမဝန္တာဘက်သို့ တာစူကာ ဖြန့်ကြက်ထားတော်မူလိုက်ပါတယ်။ အဲဒီအခါမှာ ဘုရားအလောင်းတော်က ဒီလို စဉ်းစားဆင်ခြင်တော်မူတယ် --- ငါအခုမြင်တွေ့နေတဲ့ ထိတ်လန့်ဖွယ် အာရုံတွေဟာ ပကတိသော မျက်စိဖြင့် ကြည့်ခဲ့မည်ဆိုလျှင် မရှိတဲ့အာရုံတွေ ဖြစ်ကြတယ်။ ဒါကြောင့် ငါက ဒီအာရုံတွေကို မတွေ့မြင်ခဲ့ဘူးဆိုလျှင် ထိတ်လန့်ဖွယ်သဘော ကိုယ်ခက်တရော်ရှိခြင်းသဘောဟာလည်း ဘယ်လိုမှ မရှိနိုင်ဘူး ဒီလို စဉ်းစားဆင်ခြင်တော်မူကာ ဒီထိတ်လန့်ခြင်း ကိုယ်ခက် တရော်ရှိခြင်းကို ကျော်လွှားလွန်မြောက်သွားရန်အတွက် ဝီရိယကို မြှင့်တင် ကာ မိမိရဲ့ မူလကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူ ပါတယ်။ အလင်းရောင်ကိုလည်း ဆက်လက်ကာ ဖြန့်ကြက်တော်မူလိုက်ပါ တယ်။ ထိုအခါမှာ ဖြန့်ကြက်ထားတဲ့ အလင်းရောင်အတွင်းဝယ် ထိတ်လန့် ဖွယ် အာရုံတွေကိုလည်း မတွေ့မမြင်ရတော့ပါ။ ထိတ်လန့်ဖွယ် အာရုံတွေရှိတဲ့ အရပ်ဒေသကို ကျော်လွှားကာ ထိတ်လန့်ဖွယ် အာရုံတွေမရှိတဲ့ အရပ်ဒေသ များသို့တိုင်အောင် အလင်းရောင်တွေကို တစ်ဆင့်တက်ကာ ဖြန့်ကြက်ထား တဲ့အတွက် ဒီအလင်းရောင်အတွင်းမှာ ထိတ်လန့်ဖွယ် အာရုံတွေကို မတွေ့ရှိ ခြင်း ဖြစ်ပါတယ်။
သို့သော် ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တော်မူတဲ့ လုံ့လ ဝီရိယစွမ်းအားကြောင့် ဥပ္ပိလလို့ ခေါ်ဆိုတဲ့ ပေါ်ပေါ်လွင်လွင် ထင်ထင် ရှားရှား ကြည်ရွှင်နှစ်သက်မှု ပီတိတစ်မျိုး ထင်ရှားဖြစ်ပေါ်တော်မူခဲ့ပြန်တယ်။ ဥပမာ --- ယောက်ျားတစ်ယောက်ဟာ ရွှေအိုးတစ်လုံးကို တူးဖော်ယူတဲ့ အခါမှာ ရွှေအိုးငါးလုံးကို ပြိုင်တူတွေ့လိုက်တဲ့အတွက် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ကြည်ရွှင်နှစ်သက်မှု ပီတိ ထင်ရှားဖြစ်ပေါ်လာသလိုပဲ အလားတူပဲ ဘုရားအလောင်းတော်ရဲ့ သန္တာန်မှာလည်း ဥပ္ပိလလို့ ခေါ်ဆိုတဲ့ ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ကြည်ရွှင်နှစ်သက်မှု ပီတိတစ်မျိုး ထင်ရှား ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ ဒီလို ရုန့်ရင်းကြမ်းတမ်းတဲ့ ပီတိကြောင့် သမာဓိ တွေလည်း လျှောကျသွားခဲ့တယ်။ သမာဓိက လျှောကျသွားတဲ့အတွက် အရောင်အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ပါတယ်၊ ရူပါရုံအမျိုးမျိုး တွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ရပြန်တယ်။၂၆၁
အလားတူပဲ အာနာပါနကို ပွားများအားထုတ်တဲ့အခါ အာနာပါန အာရုံပေါ်မှာ အလွန်ခိုင်မြဲနေတဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတဲ့ သမာဓိရဲ့ စွမ်းအားကြောင့် အလွန်ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် ဖြစ်ပေါ်လာတဲ့အခါ ရွှေအိုးတစ်လုံးကို တူးဖော်ရာ၌ ရွှေအိုးငါးလုံးကို ပြိုင်တူတွေ့မြင်လိုက်ရတဲ့ယောက်ျားပမာ မတွေ့စဖူး အတွေ့ထူးကို တွေ့ရှိနေ ရတဲ့အတွက် အဟုန်ပြင်းတဲ့ ပီတိတွေဟာ တလှိုက်လှိုက် ဖြစ်ပေါ်နေတတ် ကြပါတယ်။ ဒီလို ရုန့်ရင်းကြမ်းတမ်းတဲ့ ပီတိရဲ့ စွမ်းအားကြောင့် သမာဓိလည်း လျှောကျပြီးတော့ အာနာပါနနိမိတ်လည်း ကွယ်ပျောက်သွားတတ်ပါတယ်။
၆။ ဒုဋ္ဌုလ္လံ = ကိုယ်ရဲ့ပူပန်မှု = ကိုယ်ရဲ့ရုန့်ရင်းမှု = ကိုယ်ရဲ့ပျင်းရိမှု = ကိုယ်ရဲ့လျော့ရဲရဲဖြစ်နေမှု ဖြစ်ပေါ်လာခြင်း
ဘုရားအလောင်းတော်ဟာ အစ္စာရဒ္ဓဝီရိယခေါ်တဲ့ ဒီလို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယစွမ်းအားကြောင့် ပေါ်လွင်ထင်ရှားတဲ့ ပီတိတွေ ဖြစ်ပေါ်လာတဲ့အတွက် သမာဓိတွေ လျှောကျကာ အရောင်အလင်း တွေ ပျောက်ကွယ်သွားတာကို သိရှိတော်မူတဲ့အတွက် လုံ့လဝီရိယကို လျှော့ချကာ မိမိရဲ့မူလကမ္မဋ္ဌာန်းအာရုံကို ပြန်ပြီးအာရုံယူကာ ဆက်လက်ကာ ရှုပွားတော်မူပြန်တယ်။ စေတသိကဝီရိယက လျော့ပါးသွားတဲ့အတွက်ကြောင့် ကာယိကဝီရိယကလည်း လျှောကျသွားခဲ့ပြန်တယ်။ ခန္ဓာကိုယ်က တောင့် တင်းခိုင်မာမှု သိပ်မရှိတော့တဲ့အတွက် ဒုဋ္ဌုလ္လလို့ ခေါ်ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ ပူပန်မှု ရုန့်ရင်းမှု ပျင်းရိမှု လျော့ရဲရဲဖြစ်နေမှုသဘောတရားတွေလည်း ထင်ရှား ဖြစ်ပေါ်လာခဲ့ပြန်တယ်။ ဒီလို ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် သမာဓိတွေ လည်း လျှောကျသွားခဲ့တယ်။ သမာဓိက လျှောကျသွားတဲ့အတွက် အရောင် အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ပါတယ်၊ ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ရပြန်တယ်။၂၆၂
အလားတူပဲ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်တဲ့အခါဝယ် အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားအားထုတ်လိုက်တဲ့အခါ ဝီရိယကို မြှင့်တင်ကာ အလွန် စူးစူးစိုက်စိုက် ရှုလိုက်မိတဲ့အတွက် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ထွက် သွားကာ သမာဓိက လျှောကျသွားတတ်သဖြင့် ဝီရိယကို လျှော့ချလိုက် ပြန်တယ်။ စေတသိကဝီရိယက လျော့သွားတဲ့အတွက်ကြောင့် ကာယိက ဝီရိယကလည်း လျော့သွားတတ်ပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်ကလည်း တောင့်တင်းခိုင်မာမှု မရှိ ဖြစ်နေတတ်ပါတယ်။ ဒီလို စေတသိကဝီရိယ ကာယိကဝီရိယ နှစ်မျိုးလုံးက လျှောကျသွားပြီဆိုလျှင်လည်း အာနာပါန ပဋိဘာဂနိမိတ်အာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ချီပင့်ထားပေးခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို ဆောင်ရွက်ပေးနေတဲ့ ဝီရိယက အားပျော့နေတဲ့အတွက်ကြောင့် ဘာဝနာစိတ်ဟာလည်း မိမိရဲ့ ဘာဝနာ အာရုံမှ လျှောကျသွားတတ်ပါတယ်။ ဒါကြောင့် ဝီရိယ လွန်ကဲလွန်းလျှင်လည်း မကောင်း, ဝီရိယ လျော့နည်းလွန်းလျှင်လည်း မကောင်းဆိုတဲ့ ဒီသဘော တရားကို သဘောပေါက်နားလည်ပါ။
၇။ အစ္စာရဒ္ဓဝီရိယ = အပြင်းအထန် ကြိုးစားအားထုတ်ခြင်း
ဘုရားအလောင်းတော်ဟာ လုံ့လဝီရိယကို လျှော့ချမိတဲ့အတွက် ဒုဋ္ဌုလ္လ လို့ ခေါ်ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ ပူပန်မှု ရုန့်ရင်းမှု ပျင်းရိမှု လျော့ရဲရဲဖြစ်နေမှု သဘောတရားတွေ ထင်ရှားဖြစ်ပေါ်လာတာကို သဘောပေါက်တော်မူတဲ့ အတွက် တစ်ဖန် လုံ့လဝီရိယကို မြှင့်တင်ကာ အပြင်းအထန် ကြိုးစား အားထုတ်တော်မူပြန်တယ်။ လုံ့လဝီရိယက အလွန့်အလွန် လွန်ကဲနေတဲ့ အတွက်ကြောင့် ကမ္မဋ္ဌာန်းအာရုံမှ စိတ်ပျံ့လွင့်မှုဆိုတဲ့ ဥဒ္ဓစ္စတရား ထင်ရှား ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် သမာဓိကလည်း လျှောကျသွားပြန်တယ်။ ဥပမာ --- ယောက်ျားတစ်ယောက်ဟာ ငုံးသားငယ်ကလေး တစ်ကောင်ကို လက်နှစ်ဘက်တို့ဖြင့် မြဲမြဲမြံမြံ အတင်းအကျပ် ဆုပ်ကိုင်ဖမ်းယူလိုက်တဲ့အခါ သေးကွေးနုနယ်လွန်းလှသေးတဲ့ ငုံးသားငယ်ကလေးဟာ ယောက်ျားရဲ့ လက် တွင်းမှာပဲ သေကျေပျက်စီးသွားရသလို အလားတူပဲ အလောင်းတော်ဟာ မိမိရဲ့ ကမ္မဋ္ဌာန်းအာရုံဆိုတဲ့ ငုံးသားငယ်ကလေးကို စေတသိကဝီရိယ ကာယိကဝီရိယဆိုတဲ့ လက်နှစ်ဘက်တို့ဖြင့် အတင်းအကျပ် လွန်လွန်ကဲကဲ ဆုပ်ကိုင်လိုက်တဲ့အခါ ကမ္မဋ္ဌာန်းအာရုံမှ စိတ်ပျံ့လွင့်ပျက်ပြားကာ သမာဓိ လည်း လျှောကျပျက်စီးခဲ့ပါတယ်။ သမာဓိလျှောကျသွားတဲ့အတွက် အရောင် အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ပါတယ်၊ ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ရပြန်တယ်။၂၆၃
အလားတူပဲ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာဝယ် အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေ အောင် ကြိုးစားအားထုတ်နေတဲ့အခါ စေတသိကဝီရိယ ကာယိကဝီရိယ ဆိုတဲ့ ဝီရိယ နှစ်မျိုးတို့ လျှောကျနေတဲ့အတွက် သမာဓိ ပျက်ပြားသွားမှုကို နားလည်သဘောပေါက်နေတဲ့ ယောဂီက ဝီရိယလျော့ပါးနေခြင်းရဲ့ အပြစ်ကို မြင်တဲ့အတွက် စေတသိကဝီရိယ ကာယိကဝီရိယခေါ်တဲ့ ဝီရိယ နှစ်မျိုးတို့ကို အပြင်းအထန် မြှင့်တင်ကာ လွန်လွန်ကဲကဲ မရပ်မနား ကြိုးစားအားထုတ်ပြန် တယ်။ ဝီရိယလွန်သော် ဥဒ္ဓစ္စဆိုတဲ့အတိုင်း စိတ်ပျံ့လွင့်မှုတွေက များလာတဲ့ အတွက် သမာဓိက လျှောကျသွားပြန်တယ်။ ဒီလိုနေရာမျိုးမှာ ဝီရိယနှင့် သမာဓိ နှစ်မျိုးကို ညီမျှအောင် ကျင့်တတ်ဖို့ အထူးလိုအပ်နေပါတယ်။ အလားတူပဲ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့ အာနာပါနကျင့်စဉ်အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားနှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေ တဲ့ ပညာတရားတို့ဟာလည်း ညီမျှမှုရှိနေဖို့ အထူးလိုအပ်နေပါတယ်။
ဝီရိယက လွန်ကဲနေလို့ သမာဓိက လျော့နည်းနေပြန်လျှင်လည်း စျာန်သမာဓိသို့ မဆိုက်ရောက်နိုင်ဘူး၊ ဝီရိယက လျော့နည်းနေလို့ သမာဓိက လွန်ကဲနေပြန်လျှင်လည်း စျာန်သမာဓိသို့ မဆိုက်ရောက်နိုင်ဘူး။ အလားတူပဲ သဒ္ဓါက လွန်ကဲနေလို့ ပညာက နုံ့နေပြန်လျှင်လည်း (= အာနာပါနပဋိဘာဂ နိမိတ်အာရုံကို ရှင်းရှင်းလင်းလင်း ထိုးထွင်းမသိပြန်လျှင်လည်း) စျာန်သမာဓိ သို့ မဆိုက်ရောက်နိုင်ဘူး၊ သဒ္ဓါက နုံ့နေလို့ ပညာက လွန်ကဲနေပြန်လျှင်လည်း (= အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်နေ သော်လည်း မိမိကိုယ်ကို မိမိ စျာန်သမာဓိကို ရရှိလိမ့်မည်လို့ မယုံကြည်ပြန် လျှင်လည်း သို့မဟုတ် ခုခေတ်မှာ စျာန်ကို မရနိုင်တော့ဘူးဟု အစွဲကြီးနေတဲ့ အတွက် ယုံကြည်ချက် အားပျော့နေပြန်လျှင်လည်း) စျာန်သမာဓိသို့ မဆိုက် ရောက်နိုင်ဘူး။ ဒါကြောင့် ဝီရိယနှင့် သမာဓိ, သဒ္ဓါနှင့် ပညာတို့ ညီမျှသွား အောင် သတိနှင့် ထိန်းချုပ်ကာ ကျင့်တတ်ဖို့ အထူးလိုအပ်နေတဲ့ အချိန်အခါ မျိုး ဖြစ်ပါတယ်။
၈။ အတိလီနဝီရိယ = အလွန် လျော့လွန်းသောဝီရိယ ရှိခြင်း
ဘုရားအလောင်းတော်ဟာ ဝီရိယကို မြှင့်တင်ကာ အလွန်အပြင်းအထန် ကြိုးစားအားထုတ်တော်မူလိုက်တဲ့အတွက် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့် ထွက်သွားကာ သမာဓိ လျှောကျသွားတာကို သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် ဝီရိယကို လျှော့ချလိုက်တယ်။ သို့သော် ဝီရိယကို လွန်လွန်ကဲကဲ လျှော့ချမိ လိုက်တဲ့အတွက်ကြောင့် ကမ္မဋ္ဌာန်းအာရုံပေါ်မှာ ဘာဝနာစိတ်ကို အချိန် ကြာမြင့်စွာ တည်တံ့နေအောင် လျော့လွန်းနေတဲ့ ဝီရိယက အားပေးထောက် ပံ့ထားနိုင်တဲ့ စွမ်းအားမရှိတဲ့အတွက်ကြောင့် သမာဓိက လျှောကျသွားပြန် တယ်။ ဥပမာ --- ယောက်ျားတစ်ယောက်ဟာ ငုံးသားငယ်ကလေး တစ်ကောင် ကို ဖမ်းယူတဲ့အခါမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လျှင် ငုံးသားငယ် ကလေး သေကျေပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက် တင်းတင်းကျပ်ကျပ် မဆုပ်ကိုင်ဘဲ ခပ်လျော့လျော့ ခပ်ပေါ့ပေါ့သာ ဆုပ်ကိုင်လိုက်မိတဲ့အတွက် ငုံးသားငယ်ကလေးဟာ ယောက်ျားရဲ့လက်မှ လွတ်ထွက်ကာ ပျံသန်းသွားခဲ့ ပြန်တယ်။ အလားတူပဲ အလောင်းတော်ဟာလည်းပဲ ဝီရိယကို မြှင့်တင်ကာ ကမ္မဋ္ဌာန်းအာရုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိတဲ့အတွက် ဘာဝနာ အာရုံမှ စိတ်ပျံ့လွင့်ထွက်သွားကာ သမာဓိ လျှောကျသွားတာကို သတိပြုမိတဲ့ အခါ ဝီရိယကို လျှော့ချကာ ကမ္မဋ္ဌာန်းအာရုံကို တင်းတင်းကျပ်ကျပ် မဆုပ် ကိုင်တော့ဘဲ ခပ်လျော့လျော့ ခပ်ပေါ့ပေါ့သာ ဆုပ်ကိုင်ထားမိတဲ့အတွက် ရှုနေမိတဲ့အတွက်ကြောင့် ဘာဝနာအာရုံပေါ်၌ စိတ်ကို ကြာမြင့်စွာ တည်တံ့ နေအောင် လျော့လွန်းနေတဲ့ ဝီရိယက ချီပင့်မထားနိုင်တဲ့အတွက်ကြောင့် သမာဓိက လျှောကျသွားပြန်တယ်။ သမာဓိ လျှောကျသွားတဲ့အတွက် အရောင်အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ပါတယ်၊ ရူပါရုံအမျိုးမျိုးတွေ ကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ရပြန်တယ်။၂၆၄
အလားတူပဲ ယောဂီတစ်ဦးဟာလည်း အလွန်ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်ရှုနေတဲ့အခါမှာ ဝီရိယကို မြှင့်တင်ကာ လွန်လွန်ကဲကဲ စူးစူးစိုက်စိုက် ရှုလိုက်မိတဲ့အတွက် အာနာပါနပဋိဘာဂနိမိတ် အာရုံမှ စိတ်ပျံ့လွင့်ကာ သမာဓိ လျှောကျသွားတာကို သတိပြုမိတဲ့အခါ ဝီရိယကို လျှော့ချလိုက်ပြန်တယ်။ သို့သော် ဝီရိယကို လျှော့ချလိုက်တဲ့အခါ လိုအပ်တာထက် ပိုပြီးတော့ လျှော့ချမိရက်သားဖြစ်သွားပြန်တယ်။ ဝီရိယကို လွန်လွန်ကဲကဲ လျှော့ချလိုက်တဲ့အတွက် အာနာပါနပဋိဘာဂနိမိတ်အာရုံ ပေါ်မှာ ဘာဝနာစိတ်ကို အချိန်ကြာမြင့်စွာ တည်တံ့နေအောင် လျော့လွန်းတဲ့ ဝီရိယက ချီပင့်ထားနိုင်တဲ့ စွမ်းအား မရှိတဲ့အတွက်ကြောင့် သမာဓိက လျှောကျသွားပြန်တယ်။ ပျင်းရိခြင်း (= ကောသဇ္ဇ)ဘက်သို့ စိတ်ဓာတ်တွေက ယိုင်လဲသွားတတ်ကြပြန်တယ်။ ဒါကြောင့် ဝီရိယလွန်ကဲလွန်းလျှင်လည်း စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စဖြစ်တတ်တယ်၊ ဝီရိယလျော့လွန်းပြန်လျှင်လည်း ပျင်းရိမှု ကောသဇ္ဇ ဖြစ်တတ်တယ်။ ဒီအဆိုအမိန့်ကို ယောဂီဘက်က သဘောပေါက် နားလည်ဖို့ လိုအပ်ပါတယ်။
၉။ အဘိဇပ္ပ = အလွန်လိုလားတောင့်တမှု ဖြစ်ပေါ်လာခြင်း
ဘုရားအလောင်းတော်ဟာ ဝီရိယလွန်ကဲလွန်းခြင်းရဲ့အပြစ် ဝီရိယ လျော့နည်းလွန်းခြင်းရဲ့အပြစ် ဒီအပြစ်တွေကို ဆင်ခြင်တော်မူကာ မလျော့ မတင်း စောင်းကြိုးညှင်းသကဲ့သို့ ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကျင့်တော် မူလိုက်ပါတယ်။ ကမ္မဋ္ဌာန်းအာရုံပေါ်မှာ ဝီရိယနှင့် သမာဓိတို့ဟာ အညီအမျှ အလုပ်လုပ်နေကြတဲ့အခါ သမာဓိက ပိုမိုအားကောင်းလာတဲ့အတွက် အလင်း ရောင်တွေလည်း ပိုမိုပြီး အားကောင်းလာပါတယ်။ အဲဒီအခါမှာ နတ်ပြည် နတ်လောကဘက်သို့ တာစူကာ အလင်းရောင်ကို ဖြန့်ကြက်လျက် ကြည့်ရှု တော်မူလိုက်တဲ့အခါ အလွန် ရုပ်အဆင်း ချောမော လှပတင့်တယ်နေကြတဲ့ နတ်ပရိသတ်အပေါင်းနှင့် အဆင့်အတန်း မြင့်မားလှတဲ့ နတ်စည်းစိမ် အရပ်ရပ်တို့ကို တွေ့မြင်တော်မူလိုက်ပါတယ်။ အဲဒီအခါမှာ အဘိဇပ္ပခေါ်တဲ့ နတ်ဘဝ နတ်စည်းစိမ်ကို လိုလားတောင့်တမှု တဏှာတရားဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့ပြန်တယ်။ ဒီအကုသိုလ်တရားက မိမိပွားများနေတဲ့ ကုသိုလ် တရားနှင့် ထိပ်တိုက်ဆန့်ကျင်ဘက် တစ်ခု ဖြစ်နေတဲ့အတွက် မိမိပွားများနေတဲ့ ကုသိုလ်သမာဓိဟာလည်း တဖြည်းဖြည်း လျှောကျသွားပြန်တယ်။ သမာဓိ လျှောကျသွားတဲ့အတွက် အရောင်အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ ပါတယ်၊ ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ရပြန်တယ်။၂၆၅
အလားတူပဲ ယောဂီတစ်ဦးဟာ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်မှာ ဝီရိယနှင့် သမာဓိတို့ကို ညီမျှအောင် ထားကာ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ဆက်လက် ရှုပွားနေတဲ့အခါ သမာဓိဟာလည်း တဖြည်းဖြည်း အားကောင်းလာတတ်ပါတယ်၊ နက်ရှိုင်းလာတတ်ပါတယ်၊ တည်တံ့လာတတ် ပါတယ်။ မိမိခန္ဓာကိုယ်ရဲ့ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာမှာလည်း အလင်းရောင်တွေက ပိုမိုပြီး တောက်ပနေတတ်ပါတယ်။ ထိုဉာဏ်အလင်း ရောင်အောက်မှာ တည်ရှိနေတဲ့ အာရုံအမျိုးမျိုးတွေကို တစ်ခါတစ်ရံမှာ လှမ်းကြည့်လိုက်မိတဲ့အခါ နှစ်သက်မြတ်နိုးဖွယ်ရာ အာရုံတွေနဲ့ တွေ့ဆုံ ကောင်း တွေ့ဆုံတတ်ပါတယ်။ အကယ်၍ တွေ့ဆုံခဲ့လို့ ဒီအာရုံတွေအပေါ် မှာ တွယ်တာမက်မောမှု တစ်ခုခုဖြစ်ခဲ့လျှင်လည်း သမာဓိက လျှောကျပျက်စီး သွားတတ်ပါတယ်။
အချို့ယောဂီတွေကတော့ ဒီလို ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို အချိန်ကြာမြင့်စွာ တည်တည်တံ့တံ့ ရှုပွားနိုင်တဲ့အခါ နှစ်သက်ကြည်နူးမှု ပီတိတရားတွေက ဆက်တိုက် ဖြစ်ပေါ်နေတဲ့အတွက် ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ သာယာ နှစ်သက်နေတတ်ပါတယ်၊ သိမ်မွေ့တဲ့ ပေမတရား တစ်မျိုး ဖြစ်ပါတယ်။ အဲဒီအခါမှာလည်း သမာဓိက လျှောကျသွားတတ်ပါတယ်။
၁၀။ နာနတ္တသညာ = အမျိုးမျိုးသော သညာ ဖြစ်ပေါ်လာခြင်း
ဘုရားအလောင်းတော်ဟာ နတ်ပြည်နတ်လောကဆိုတဲ့ ဇာတ်တူအာရုံ တစ်ခုတည်းကိုသာ ရှုပွားသုံးသပ်တော်မူမိတဲ့အတွက် အဘိဇပ္ပခေါ်တဲ့ လိုလားတောင့်တမှု တဏှာတရားဟာ ထင်ရှားဖြစ်ပေါ်ခဲ့တယ်လို့ သဘော ပေါက်တော်မူခဲ့ပြန်တယ်။ ဒါကြောင့် ဒီအဘိဇပ္ပခေါ်တဲ့ လိုလားတောင့်တမှု တွေ မဖြစ်ပေါ်ရေးအတွက် အာရုံအမျိုးမျိုးတွေကို ပြောင်းရွှေ့ကာ ရှုပွားသင့် တယ်လို့ ယူဆတော်မူခဲ့တဲ့အတွက် သမာဓိကို တစ်ဖန်ပြန်လည် ထူထောင် တော်မူကာ သမာဓိနှင့် ယှဉ်တဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရောင် အလင်းတွေကို တစ်ခါတစ်ရံ နတ်ပြည်နတ်လောကဘက်သို့ ဖြန့်ကြက်ကာ အာရုံအမျိုးမျိုးတွေကို ကြည့်ရှုတော်မူပြန်တယ်၊ တစ်ခါတစ်ရံ လူ့ပြည် လူ့လောကဘက်သို့ ဖြန့်ကြက်ကာ အာရုံအမျိုးမျိုးတွေကို ကြည့်ရှုတော်မူ ပြန်တယ်။ ဒီလို ကြိမ်ဖန်များစွာ ကြည့်ရှုတော်မူလိုက်တဲ့အခါ အာရုံအမျိုးမျိုး တွေအပေါ်မှာ မှတ်သားနေတဲ့ သညာအမျိုးမျိုးတွေလည်း ထင်ရှားဖြစ်ပေါ် လာပြန်တယ်။ ဒီလို သညာအမျိုးမျိုးတွေ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် တဖြည်းဖြည်း သမာဓိဟာလည်း လျှောကျသွားပြန်တယ်။ သမာဓိ လျှောကျ သွားတဲ့အတွက် အရောင်အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ပါတယ်၊ ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ရပြန်တယ်။၂၆၆
အလားတူပဲ ယောဂီတစ်ဦးဟာလည်း ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်မှာ ဘာဝနာစိတ်တွေက အလွန်ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့အခါ သမာဓိကလည်း အလွန်အားကောင်းလာတဲ့အခါ ခိုင်ခံ့လာတဲ့အခါ အချို့ယောဂီတွေရဲ့ သန္တာန်မှာ ဘာဝနာသညာတွေက ပြောင်းသွားတတ်ကြပြန်တယ်။ အချို့ယောဂီတွေက အဝါရောင်နိမိတ်ကို ကြည့်ချင်ကြပြန်တယ်၊ အချို့ယောဂီတွေက အနီရောင်နိမိတ်ကို ကြည့်ချင် ကြပြန်တယ်၊ အချို့ယောဂီတွေက ပုလဲလုံး ရွဲလုံးကဲ့သို့သော နိမိတ်ကို ကြည့်ချင်ကြပြန်တယ်၊ ဒီလိုစသည်ဖြင့် ဘာဝနာသညာတွေက အမျိုးမျိုး ပြောင်းလဲသွားတတ်ကြပြန်တယ်။ ဒီလို ဘာဝနာသညာတွေ ပြောင်းလဲသွားတဲ့ အခါ ဘာဝနာသညာတွေ ပြောင်းတဲ့အတိုင်း နိမိတ်ပုံသဏ္ဌာန် အရောင် အဆင်းတွေလည်း ပြောင်းပြောင်းသွားတတ်ပါတယ်။
ဒါကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက၂၁၆ ဘာဝနာသညာတွေ ကွဲပြားနေတဲ့ အတွက်ကြောင့် နိမိတ်အမျိုးမျိုးတွေ ထင်လာကြောင်းကို ဖွင့်ဆိုထားပါတယ်။ ဒီလို ဘာဝနာသညာတွေ ကွဲပြားနေတဲ့အတွက်ကြောင့် နိမိတ်တွေလည်း အမျိုးမျိုး ကွဲပြားကာ ဖြစ်ပေါ်နေလျှင် နိမိတ်အမျိုးမျိုးတို့ကို လိုက်အာရုံ ပြုနေတဲ့ ဘာဝနာသညာတွေရဲ့ ကွဲပြားမှုကြောင့် ဘာဝနာသမာဓိဟာလည်း တဖြည်းဖြည်း လျှောကျသွားတတ်ပါတယ်။ ဘာဝနာသမာဓိနှင့် ယှဉ်တွဲနေတဲ့ ဘာဝနာသညာတွေက ကွဲပြားနေတဲ့အတွက်ကြောင့် ဘာဝနာသမာဓိဟာ လည်း ကွဲပြားနေတဲ့ ပြောင်းလဲနေတဲ့ နိမိတ်အမျိုးမျိုးပေါ်သို့ ပြောင်းရွှေ့ကာ အာရုံယူနေရတဲ့အတွက် တဖြည်းဖြည်း သမာဓိဟာလည်း လျှောကျသွားခြင်း ဖြစ်ပါတယ်။ သမာဓိလျှောကျသွားပါက နိမိတ်တွေလည်း ကွယ်ပျောက် သွားတတ်ပါတယ်။
ဘာဝနာသညာ ကွဲပြားမှုကို အခြေတည်ကာ နိမိတ်အမျိုးမျိုးတို့ရဲ့ ပြောင်းလဲမှုမှာ သမာဓိအရှိန်အဝါ အလွန်အားကောင်းနေတဲ့ အချိန်ကြာမြင့် စွာ တရားအားထုတ်နေတဲ့ ယောဂီသူတော်ကောင်းတို့ရဲ့ သန္တာန်မှာသာ ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။
၁၁။ အတိနိဇ္ဈာယိတတ္တ = အလွန် စူးစူးစိုက်စိုက် ကြည့်ရှုခြင်း
ဘုရားအလောင်းတော်ဟာ အမျိုးမျိုးသော ရူပါရုံတို့ကို လိုက်လံကြည့်ရှု တော်မူမိတဲ့အတွက် မိမိရဲ့ သန္တာန်မှာ ရူပါရုံအမျိုးမျိုးတွေကို လိုက်လံ မှတ်သားနေတဲ့ သညာအမျိုးမျိုးတွေလည်း ထင်ရှား ဖြစ်ပေါ်လာခဲ့တယ်။ ဒါကြောင့် နှစ်သက်ဖွယ်ရာ ဣဋ္ဌာရုံပဲဖြစ်ဖြစ် မနှစ်သက်ဖွယ်ရာ အနိဋ္ဌာရုံပဲ ဖြစ်ဖြစ် ဇာတ်တူအာရုံတစ်ခုကိုသာ ငါကြည့်ရှုတော့မည်လို့ နှလုံးပိုက်ကာ မိမိရဲ့ မူလကမ္မဋ္ဌာန်းကို အာရုံယူလျက် ဘာဝနာသမာဓိကို ပြန်လည်ကာ ထူထောင်တော်မူလိုက်ပါတယ်။ အရောင်အလင်းတွေ ထင်ရှားဖြစ်ပေါ်လာတဲ့ အခါ အရောင်အလင်းအတွင်းမှာ တည်ရှိနေတဲ့ ဇာတ်တူရူပါရုံတစ်မျိုး တည်းကိုသာ စူးစူးစိုက်စိုက် ကြည့်ရှုကာ နေတော်မူလိုက်ပါတယ်။ ဒီလို ဇာတ်တူရူပါရုံတစ်မျိုးတည်းကိုသာ အချိန်ကြာမြင့်စွာ စူးစူးစိုက်စိုက် ကြည့်ရှု နေတော်မူတဲ့အတွက် သမာဓိဟာလည်း လျှောကျသွားပြန်တယ်။ သမာဓိ လျှောကျသွားတဲ့အတွက် အရောင်အလင်းတွေလည်း ကွယ်ပျောက်သွားခဲ့ပါ တယ်၊ ရူပါရုံအမျိုးမျိုးတွေကိုလည်း မမြင်တွေ့နိုင် ဖြစ်ခဲ့ရပြန်တယ်။၂၆၇
သို့သော် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေတဲ့ ယောဂီ သူတော်ကောင်းကတော့ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုကိုသာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီလို ကြည့်ရှုတဲ့အပိုင်းမှာ သတိပြုရမည့်အချက် တစ်ခုကတော့ အာနာပါနပဋိဘာဂနိမိတ်ကို စုံစမ်းစစ်ဆေးရေး မပြုလုပ် ဖို့ကိုတော့ သတိပြုပါ။ ဆိုလိုတာကတော့ အာနာပါနပဋိဘာဂနိမိတ်က ကြီးနေခဲ့လျှင်လည်း နိမိတ်အားလုံးကို တောက်လျှောက်လိုက်ကြည့်ကာ စူးစမ်း ဆင်ခြင်မှု မပြုပါနှင့်။ အကယ်၍ အာနာပါနပဋိဘာဂနိမိတ်က ရှည်လျားနေ ခဲ့လျှင်လည်း အရှည်အတိုင်းအတာ တည်ရှိနေသလောက် တောက်လျှောက် လိုက်ကာ စူးစမ်းဆင်ခြင်မှု ကြည့်ရှုမှု မပြုပါနှင့်။ ပကတိသော ဝင်လေ-ထွက်လေ ထိမှုထင်ရှားရာဖြစ်တဲ့ နှာသီးဖျားနှင့် အထက်နှုတ်ခမ်း ဝန်းကျင် နေရာမှာ တည်ရှိနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုသာ စူးစူးစိုက်စိုက် ရှုပွားကာ သမာဓိကို ထူထောင်ပါ။ ဒီလို ရှုနေတဲ့အခါမှာ အာနာပါနပဋိဘာဂ နိမိတ်ရဲ့ ကြီးမားကျယ်ပြန့်မှု သို့မဟုတ် သေးငယ်မှု, ရှည်လျားမှု သို့မဟုတ် တိုမှုတို့ကိုကား ယောဂီပုဂ္ဂိုလ်က သိရှိနေမည်သာ ဖြစ်ပါတယ်။ သို့သော် အာနာပါနပဋိဘာဂနိမိတ်ရဲ့ ကြီးမားကျယ်ပြန့်သလောက် ရှည်လျား သလောက် လိုက်မရှုဘဲ နှာသီးဖျား အထက်နှုတ်ခမ်း ဝန်းကျင်မှာ တည်ရှိတဲ့ အာနာပါနပဋိဘာဂနိမိတ် အစိတ်အပိုင်းကိုသာ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်နေပါ။ ဒီလို သမာဓိထူထောင်နေတဲ့အပိုင်းမှာ ယင်း အာနာပါနပဋိဘာဂနိမိတ်ကို အလွန့်အလွန်ကြီး စူးစူးစိုက်စိုက်တော့ မရှုပါနှင့်၊ အလွန်အကဲ စူးစူးစိုက်စိုက် ကြာမြင့်စွာ ကြည့်နေလိုက်လျှင်လည်း စိတ်ပင်ပန်း နွမ်းနယ်မှု စသည်တို့ ဖြစ်ပေါ်လာကာ သမာဓိဟာ လျှောကျသွားတတ် ပါတယ်၊ နိမိတ်လည်း ကွယ်ပျောက်သွားတတ်ပါတယ်။
အားလုံးပေါင်းလိုက်တော့ ဥပက္ကိလေသတရား (၁၁)ပါးတို့ ဖြစ်ကြ ပါတယ်။ အာနာပါနကမ္မဋ္ဌာန်းကို စံနမူနာထားကာ တင်ပြထားသော်လည်း ကသိုဏ်းပဋိဘာဂနိမိတ် အစရှိတဲ့ သမထအာရုံနိမိတ်တွေကို အာရုံယူကာ သမာဓိထူထောင်ရာမှာလည်း နည်းမှီကာ သဘောပေါက်ပါ။
ဒေသနာတော်နိဂုံး
ဘုရားအလောင်းတော်ဟာ ဒီဥပက္ကိလေသတရား (၁၁)ပါးတို့ကို ဘာဝနာစိတ်ဓာတ်ကို ညစ်နွမ်းစေတတ်တဲ့ ဥပက္ကိလေသတရားတွေလို့ သိရှိ တော်မူတဲ့အတွက် ယင်းတို့ကို ပယ်ရှားကာ မိမိရဲ့ မူလကမ္မဋ္ဌာန်းကို အာရုံ ယူကာ ဘာဝနာသမာဓိကို ဆက်လက်ကာ ထူထောင်တော်မူပါတယ်။ ဒီလို ထူထောင်တဲ့အပိုင်းမှာ ဘာဝနာသမာဓိက အားပျော့နေခဲ့လျှင်လည်း အလင်း ရောင်ရဲ့ ကျယ်ပြန့်မှု အဝန်းအဝိုင်း အတိုင်းအတာ ပမာဏမှာ သေးငယ်နေ တာကိုလည်း သတိပြုမိတော်မူခဲ့ပါတယ်။ ဘာဝနာသမာဓိက အလွန်အရှိန် အဝါ အားကောင်းလို့ အတိုင်းအတာ ပမာဏ မရှိလောက်အောင် စွမ်းအား ကောင်းနေလျှင်လည်း အရောင်အလင်းမှာ အတိုင်းအတာ ပမာဏ မရှိ လောက်အောင် ကျယ်ပြန့်သွားတာကို သတိပြုမိတော်မူခဲ့ပါတယ်။ အရောင် အလင်းကိုသက်သက် နှလုံးသွင်းနေခဲ့လျှင်လည်း အရောင်အလင်းသက် သက်ကိုသာ သိရှိနေတာကိုလည်း သတိပြုမိတော်မူခဲ့ပါတယ်။ အရောင် အလင်းအတွင်းမှာ တည်ရှိနေကြတဲ့ ရူပါရုံအမျိုးမျိုးကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းနေခဲ့လျှင်လည်း ရူပါရုံအမျိုးမျိုးသက်သက်ကိုသာ သိရှိနေတာကို လည်း သတိပြုမိတော်မူခဲ့ပါတယ်။ အလောင်းတော်ဟာ ဒီလို အရောင် အလင်းတွေကို ဖြစ်စေနိုင်တဲ့ ဒီလိုသမာဓိမျိုးကို တစ်နေ့လုံးသော်လည်း ပွားများပြီး နေထိုင်တော်မူနိုင်ခဲ့တယ်၊ တစ်ညလုံးသော်လည်း ပွားများပြီး နေထိုင်တော်မူနိုင်ခဲ့တယ်၊ တစ်နေ့လုံးတစ်ညလုံးသော်လည်း ပွားများပြီး နေထိုင်တော်မူနိုင်ခဲ့ပါတယ်။၂၆၈
သုံးမျိုးသော သမာဓိကို ပွားများတော်မူပုံ
ဘုရားအလောင်းတော်ဟာ ဥရုဝေလတော၌ (၆)နှစ်တာမျှ ဒုက္ကရ စရိယာကျင့်စဉ်ကို ကျင့်တော်မူပြီးနောက် ယင်းဒုက္ကရစရိယာကျင့်စဉ်ကို စွန့်လွှတ်တော်မူကာ မဇ္ဈိမပဋိပဒါလမ်းသို့ ပြောင်းရွှေ့ကာ ကျင့်တော်မူခဲ့ ပါတယ်။ မိမိခန္ဓာကိုယ် မျှတရေးအတွက် တောင့်တင်းခိုင်မာရေးအတွက် ခွန်အားကို ဖြည့်တင်းတော်မူရန် သေနာနိဂုံးသို့ ဆွမ်းခံကြွတော်မူကာ ပကတိသော အာဟာရများကို မှီဝဲတော်မူခဲ့ပါတယ်။ ခွန်အားများ အထိုက် အလျောက် ပြည့်တင်းလာတော်မူတဲ့အခါ မဇ္ဈိမပဋိပဒါလမ်းဖြင့် ဘာဝနာ လုပ်ငန်းခွင်ကို စတင်ကာ ပြုစုပျိုးထောင်တော်မူခဲ့ပါတယ်။ ထိုကဲ့သို့ ပွားများ အားထုတ်ရာ၌ ရှေး၌နေခဲ့ဖူးတဲ့ ဖြစ်ခဲ့ဖူးတဲ့ ရုပ်နာမ်ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် လည်း ပါဝင်ခဲ့ပါတယ်။ နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ အာရုံအမျိုးမျိုးကို သိမြင်တတ်တဲ့, ပဋိသန္ဓေတည်နေဆဲ သတ္တဝါ စုတေဆဲ သတ္တဝါ ကံအား လျော်စွာ ထိုထိုဘုံဘဝသို့ ကပ်ရောက်သွားတဲ့သတ္တဝါ စတဲ့ အာရုံအမျိုးမျိုး တွေကို သိမြင်တတ်တဲ့ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်လည်း ပါဝင်ခဲ့ ပါတယ်။ ယခုတင်ပြနေဆဲဖြစ်တဲ့ ဥပက္ကိလေသသုတ္တန်မှာ ဘုရားအလောင်း တော်ဟာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ပွားများကာ တစ်နေ့လုံးသော်လည်း ပွားများပြီး နေထိုင်နိုင်ခဲ့တယ်၊ တစ်ညလုံးသော်လည်း ပွားများပြီး နေထိုင်နိုင်ခဲ့ တယ်၊ တစ်နေ့လုံးတစ်ညလုံးသော်လည်း ပွားများပြီး နေထိုင်နိုင်ခဲ့တယ် စသည်ဖြင့် အရှင်အနုရုဒ္ဓါဦးဆောင်တဲ့ မထေရ်မြတ်တို့ကို ဟောပြတော် မူနေတဲ့အချက်ကို ထောက်ရှုပါက ဥရုဝေလတောမှာ ကျင့်နေတဲ့ ကျင့်စဉ် ဖြစ်နေတယ်လို့ သိနိုင်ပါတယ်။ အကြောင်းကတော့ ဘုရားအလောင်းတော် ဟာ ဗောဓိမဏ္ဍိုင်မှာ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်ကို မဇ္ဈိမယာမ် တစ်ယာမ်တည်းသာ ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာ နောက်ထပ် သတိပြုရမည့်အချက်တစ်ခုလည်း ရှိနေပြန် တယ်။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် ဉာဏ်တော်မြတ်ဖြင့် ထိုးထွင်း သိမြင်လိုက်တဲ့ ရှေး၌နေခဲ့ဖူးတဲ့ ဖြစ်ခဲ့ဖူးတဲ့ ရုပ်နာမ်ခန္ဓာအစဉ်တွေဟာ အလောင်းတော်ရဲ့ နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ထိုးထွင်းသိမြင်ရမည့် ကာလ သုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိကြတဲ့ ရုပ်နာမ်ပရမတ်တရားတို့ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ အလားတူပဲ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်ဖြင့် ထိုးထွင်းသိမြင်လိုက်တဲ့ ကံအားလျော်စွာ ထိုထိုဘုံဘဝသို့ ကပ်ရောက်ကာ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ သဘောတရားဟာလည်း ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ထိုးထွင်းသိမြင်ရမည့် ကြောင်း-ကျိုး-ဆက်နွှယ်မှု (=ပဋိစ္စသမုပ္ပါဒ်)သဘောတရားတို့ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ပြောလိုတဲ့ အချက်တစ်ခုကတော့ ဘုရားအလောင်းတော်ဟာ ဗောဓိမဏ္ဍိုင်သို့ မကြွရောက်မီ ဥရုဝေလတောမှာ သီတင်းသုံးနေတော်မူစဉ် ကတည်းက ရုပ်နာမ်ပရမတ်တရားတွေကို သိတန်သလောက် သိတော်မူခဲ့ပြီး ဖြစ်တယ်၊ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေကို လည်း သိတန်သလောက် သိတော်မူခဲ့ပြီးဖြစ်တယ်၊ ထို ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတွေရဲ့ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာတွေကိုလည်း သိတန်သလောက် သိတော်မူခဲ့ပြီးဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။
ဘုရားရှင်ဟာ အလောင်းတော်ဘဝက ဥရုဝေလတောအတွင်းမှာ မိမိကျင့်ခဲ့တဲ့ ကျင့်စဉ်တွေအကြောင်းအရာကို ထိုထိုသုတ္တန်တွေမှာ အလျဉ်း သင့်သလို ဟောကြားပြသထားတော်မူခဲ့ပါတယ်။ ထိုသုတ္တန်တွေထဲမှာ မူလပဏ္ဏာသပါဠိတော်မှာ လာရှိတဲ့ ဒွေဓာဝိတက္ကသုတ္တန် စာပိုဒ် (၂၁၀)ဝယ်၂၆၉ စျာန်သမာပတ်တွေကို အမှီပြုကာ ဝိပဿနာဘာဝနာကို ပွားများအားထုတ်ပုံ အပိုင်းကိုလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ဟောကြားထားတော်မူခဲ့ပါတယ်။ ယင်းသုတ္တန်အဋ္ဌကထာကလည်း၂၇၀ ထပ်မံကာ ရှင်းလင်း ဖော်ပြထားပါတယ်။ ဆိုလိုရင်းကို အတိုချုပ်ပြီး ပြောကြရအောင် .. ။
ဘုရားအလောင်းတော်ဟာ အကုသလဝိတက်အမျိုးမျိုးတွေကို ပယ်ရှား နှိမ်နင်းနိုင်ရေးအတွက် စျာန်သမာပတ်တွေကို အခြေခံကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူခဲ့ပါတယ်။ ဘုရားအလောင်းတော်ရဲ့ ဝိပဿနာဉာဏ်တော်မြတ်ရဲ့ အရှုခံအာရုံတရားတွေကတော့ စကြဝဠာ ကုဋေ တစ်သိန်းအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားတွေနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေပဲ ဖြစ်ကြပါတယ်။၂၇၁
ဒီနေရာမှာ အဋ္ဌကထာက မျက်မှောက်ခေတ် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ယောဂီသူတော်ကောင်းများအတွက် အတုယူဖွယ် လိုက်နာပြုကျင့်ဖွယ် ညွှန်ကြားချက်တစ်ခုကိုပါ ကြားညှပ်ကာ အောက်ပါ အတိုင်း ထည့်သွင်း ဖော်ပြထားတော်မူခဲ့ပါတယ် ..။
ယောဂီတစ်ဦးရဲ့ သန္တာန်မှာ သမာဓိကလည်း နုနယ်နေသေးတယ်၊ ဝိပဿနာဉာဏ်ကလည်း နုနယ်နေသေးတယ်၊ ဒီလိုယောဂီပုဂ္ဂိုလ်ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အချိန် အလွန်ကြာမြင့်စွာ ထိုင်လျက် စီးဖြန်း နေခဲ့မည်ဆိုလျှင် ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်လာတတ်တယ်၊ ခန္ဓာကိုယ် အတွင်းမှာ မီးတောက်လောင်နေသလို အပူရှိန်တွေက ထကြွနေတတ်ပြန် တယ်၊ လက်ကတီးကြားတို့မှ ချွေးတွေ ထွက်လာတတ်ကြတယ်၊ ဦးထိပ်ထက်မှ အခိုးငွေ့တွေ တရှိန်ရှိန် ထွက်လာတတ်တယ်၊ စိတ်ဓာတ်ကလည်း ပင်ပန်းလာ တတ်တယ်၊ ညစ်နွမ်းလာတတ်တယ်၊ တုန်လှုပ်လာတတ်တယ်။ ဒီလိုအခါမျိုး မှာ ယောဂီပုဂ္ဂိုလ်ဟာ စျာန်သမာပတ်ကို တစ်ဖန် ဝင်စားပြီးတော့ ဒီလို ပင်ပန်း နွမ်းနယ်နေတဲ့ စိတ်ဓာတ်ကို ပြေပျောက် နူးညံ့သွားအောင် ဆိုဆုံးမပေးရပါ တယ်။ ဆိုလိုတာကတော့ စိတ်ဓာတ်တွေ ငြိမ်သက်အေးချမ်းလာသည်အထိ စျာန်သမာပတ်ကို ဝင်စားနေရမည်လို့ ဆိုလိုပါတယ်။ ဒီလို စျာန်သမာပတ်တွေ ကို ဝင်စားလိုက်တဲ့အတွက် စိတ်အေးချမ်းသက်သာရာကို ရရှိလာတဲ့အခါ တစ်ဖန် ဆက်လက်ကာ ဝိပဿနာဘာဝနာကို စီးဖြန်းရပါတယ်။ အလားတူပဲ အလွန် အချိန်ကြာမြင့်စွာ ထိုင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေ ပြန်လျှင်လည်း ပင်ပန်းနွမ်းနယ်မှု စသည်တို့ ထင်ရှားဖြစ်ပေါ်လာတတ်ပြန် တယ်။ အဲဒီအခါမှာလည်း အလားတူပဲ စျာန်သမာပတ်ကို တစ်ဖန် ပြန်ဝင်စား ကာ စိတ်ဓာတ် အေးချမ်းသာယာမှု ရရှိသွားအောင် ထပ်မံပြီး ကြိုးစားရပြန် တယ်။ ဒီစနစ်ကိုတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ပင်ပန်း နွမ်းနယ်မှု ဖြစ်ပေါ်လာတိုင်း လိုက်နာပြုကျင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စျာန်သမာပတ်တွေဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ အလွန် ကျေးဇူးများလှတဲ့တရားတွေ ဖြစ်ကြပါတယ်။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်းဟာ စစ်မြေပြင် စစ်တလင်းမှာ စစ်တိုက်နေရတာနဲ့ တူပါတယ်။ စျာန်သမာပတ်ကို ဝင်စားနေခြင်းဟာ စစ်မြေပြင် စစ်တလင်းရဲ့ နောက်ဆွယ် မှာ တည်ရှိတဲ့ စစ်သည်တော်များ အပန်းဖြေရာဖြစ်တဲ့ သစ်သားခံတပ် အတွင်းသို့ ဝင်ရောက်ကာ အနားယူနေတာနဲ့ တူပါတယ်။
ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ။ သမာဓိရှိနေတဲ့ ရဟန်းတော်ဟာ ဟုတ်တိုင်းမှန်စွာ သိပါတယ်၂၇၂
ဒီလို ဘုရားရှင် ဟောကြား ထားတော်မူတဲ့အတိုင်း ဝိပဿနာဉာဏ်ဖြင့် သင်္ခါရတရားတွေရဲ့ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတွေကို ဟုတ်တိုင်းမှန်စွာ သိမြင်ရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မစမီ ရှေးဦးစွာ စျာန် သမာပတ်ကို တစ်ဖန် ပြန်လည်ကာ ဝင်စားရပါတယ်။ စျာန်သမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အရောင်အလင်းတွေက အားကောင်းလာတဲ့အခါ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းရပါတယ်။ ဒါကြောင့် စစ်မြေပြင်မှာ စစ်သည်တော်များ အသုံးပြုတဲ့ သစ်သားခံတပ်ဟာ စစ်သည်တော်များအတွက် အလွန်ကျေးဇူးများသလို စျာန်သမာပတ်တွေဟာလည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ အလွန်ကျေးဇူးများလှတဲ့ တရားတွေ ဖြစ်ကြပါတယ်။ သို့သော် စျာန် သမာပတ်ကို အမှီပြုကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရတာ မှန်သော်လည်း စွမ်းအင်ပြည့်ပြည့်ဝဝဖြင့် ဖြစ်ပေါ်လာတဲ့ အလွန် အားကောင်း နေတဲ့ ဝိပဿနာဉာဏ်တွေကလည်း စျာန်သမာပတ်တွေကို ခိုင်ခံ့အောင် တစ်ဖန်ပြန်လည်ကာ စောင့်ရှောက်ပေးတတ်ပါတယ်၊ စွမ်းအင်ပြည့်ဝလာ အောင် ပြုလုပ်ပေးတတ်ပါတယ်။၂၇၃
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာဝယ် စျာန်နာမ်တရားများကိုပါ ထည့်သွင်းကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရပါတယ်။
ဒီလိုရှုနေတဲ့အခါမှာ ..
၁။ စျာန်သမာပတ်ကို ဝင်စားလိုက်၊ စျာန်မှထကာ စျာနသမာပတ္တိဝီထိအတွင်းရှိ နာမ်တရားစုတွေကို ဝိပဿနာရှုလိုက် ...
၂။ စျာန်သမာပတ်ကို ဝင်စားလိုက်၊ စျာန်မှထကာ စျာနသမာပတ္တိဝီထိအတွင်းရှိ နာမ်တရားစုတွေကို ဝိပဿနာရှုလိုက်
ဒီလို ကြိမ်ဖန်များစွာ ဝိပဿနာ ရှုနေရပါတယ်။ ပထမစျာန်မှသည် နေဝသညာနာသညာယတနစျာန်သို့ တိုင်အောင်သော စျာန်သမာပတ်တိုင်း စျာန်သမာပတ်တိုင်း၌ ပုံစံတူ ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုနေရပါတယ်။ ဒီလို ရှုနေတဲ့အတွက် ကြောင့် ဝိပဿနာဉာဏ်တွေလည်း ထက်မြက်စူးရှကာ စွမ်းအင်တွေ ပြည့်ဝ လာကြတယ်၊ စျာန်သမာပတ်တွေလည်း ခိုင်ခံ့ကာ စွမ်းအင်တွေ ပြည့်ဝလာ ကြတယ်။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုကျင့်နေတဲ့ ဘာဝနာတို့ရဲ့ စွမ်းအားတွေပဲ ဖြစ်ကြပါတယ်။
ကြည်းကုန်းထက်သို့ ရောက်တဲ့အခါမှာ လှေတစ်စင်းကို အခြား တစ်နေရာသို့ သယ်ဆောင်သွားလိုပါက
၁။ လှေကိုလည်း လှည်းပေါ်မှာ တင်ရ တယ်၊
၂။ လှေထဲမှာပါလာတဲ့ ဘဏ္ဍာတွေကိုလည်း လှည်းပေါ်မှာပဲ တင်ရတယ်။
ဒီလိုတင်ပြီးမှ လှည်းနဲ့တင်ဆောင်ကာ လိုရာအရပ်ကို ယူသွားလို့ရပါတယ်။ သို့သော် ရေလမ်းခရီးကို သွားတဲ့အခါကျတော့
၁။ လှည်းကိုရော လှည်းပေါ်မှာ ပါတဲ့ ဘဏ္ဍာတွေကိုရော လှေပေါ်သို့ ပြောင်းရွှေ့တင်ကာ အလိုရှိရာ ရေလမ်း ခရီးကို ဖြတ်သန်းသွားလာရပါတယ်။
အလားတူပဲ စျာန်သမာပတ်ကို အမှီ ပြုကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရတာ မှန်သော်လည်း စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် ဖြစ်ပေါ်လာတဲ့ အလွန် အားကောင်းနေတဲ့ ဝိပဿနာဉာဏ် တွေကလည်း စျာန်သမာပတ်တွေကို ခိုင်ခံ့အောင် တစ်ဖန်ပြန်လည်ကာ စောင့်ရှောက်ပေးတတ်ပါတယ်၊ စျာန်သမာပတ်တွေကို စွမ်းအင်ပြည့်ဝလာ အောင် ပြုလုပ်ပေးတတ်ပါတယ်။ စျာန်သမာပတ်ဟာ ကြည်းကုန်းထက်သို့ ရောက်ရှိတဲ့အခါမှာ သယ်ဆောင်တဲ့ လှည်းနဲ့ အလားတူတယ်။ ဝိပဿနာဟာ ရေထဲသို့ ရောက်ရှိတဲ့အခါမှာ သယ်ဆောင်ပေးတဲ့ လှေနဲ့ အလားတူတယ်။
ဒီဥပမာအတိုင်းပဲ ဘုရားအလောင်းတော်ဟာ ဥရုဝေလတောမှာ သီတင်းသုံးတော်မူနေတဲ့အခါမှာ စျာန်သမာပတ်ကို အမှီပြုပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူပါတယ်။ သို့သော် အလွန် အချိန် ကြာမြင့်စွာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူတိုင်း စီးဖြန်းတော် မူတိုင်း ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာတဲ့အခါ စျာန်သမာပတ်ကို ပြန်လည် ဝင်စားတော်မူကာ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်တော်မူခဲ့ပါတယ်။၂၇၄
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ သုဇာတာအမျိုးသမီး လှူဒါန်းပူဇော်တဲ့ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးနောက် နေရဉ္ဇရာ မြစ်အတွင်းဝယ် ရေသန့်စင်တော်မူကာ ဥရုဝေလတောရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အင်ကြင်းတောသို့ နေ့သန့်စင်တော်မူရန် ကြွရောက်တော် မူခဲ့ပါတယ်။ ဒီအင်ကြင်းတောဝယ် ဘုရားအလောင်းတော်ဟာ ပုဗ္ဗေနိဝါသာ နုဿတိအဘိညာဏ် ဒိဗ္ဗစက္ခုအဘိညာဏ်တော်တို့ကိုလည်း ပွားများ အားထုတ်တော်မူပါတယ်၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းတော် မူပါတယ်။
ထိုနေ့ ညနေချမ်းအချိန်အခါမှာတော့ ဘုရားအလောင်းတော်ဟာ ဗောဓိ မဏ္ဍိုင်သို့ ကြွရောက်တော်မူခဲ့ပါတယ်။ ဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေ ထက်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူပြီးနောက်
၁။ ပထမ ညဉ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် ဉာဏ်တော်မြတ်ကို ပွားများအားထုတ် တော်မူခဲ့ပါတယ်၊
၂။ မဇ္ဈိမ သန်းခေါင်ယာမ် အချိန်အခါမှာ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်ကို ပွားများအားထုတ်တော်မူခဲ့ပါတယ်၊
၃။ ပစ္ဆိမ မိုးသောက် ယာမ်မှာတော့ စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်နာမ် ပရမတ်ဓာတ်သားတွေကို ပရမာဏုမြူခန့်တောင် မကျန်ရအောင် အကြွင်း အကျန်မရှိ အကုန်အစင် ဉာဏ်ဖြင့် ပိုင်းခြားယူတော်မူကာ လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူခဲ့ပါတယ်။ စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေကြကုန်သော သတ္တဝါ အသီး အသီးတို့ရဲ့ သန္တာန်မှာ တည်ရှိနေကြတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စ သမုပ္ပါဒ်)သဘောတရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူတော်မူကာ ယင်းသတ္တဝါ အသီးအသီးတို့ရဲ့သန္တာန်မှာ တည်ရှိနေကြတဲ့ အဝိဇ္ဇာ သင်္ခါရ စတဲ့ ပဋိစ္စ သမုပ္ပါဒ်အင်္ဂါ (၁၂)ရပ် အသီးအသီးကိုလည်း လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်တော်မူကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူ ခဲ့ပါတယ်။၂၇၅, ၂၇၆, ၂၇၇
ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ္တန်အဖွင့်တွင်၂၇၈ ဘုရားအလောင်းတော်ဟာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ သမ္မသနဉာဏ်ပိုင်းမှာ၂၇၉ ဖော်ပြထားတဲ့ ရူပသတ္တကဝိပဿနာရှုနည်း အရူပသတ္တကဝိပဿနာရှုနည်း ဆိုတဲ့ ဝိပဿနာရှုနည်းများကိုလည်း ထိုည မိုးသောက်ယာမ်မှာပဲ ဆက်လက် ကာ ရှုပွားသုံးသပ်တော်မူကြောင်းကို ဖွင့်ဆိုထားပါတယ်။
ယခုတင်ပြနေတဲ့ ဥပက္ကိလေသသုတ္တန် နိဂုံးမှာတော့ ဘုရားရှင်က အရှင်အနုရုဒ္ဓါမထေရ်မြတ်တို့အား ထိုညဉ့် နောက်ဆုံး ပစ္ဆိမယာမ်တွင် ဝိပဿနာဉာဏ်များကို အဆင့်ဆင့် ပွားများတော်မူပြီးနောက် မဂ်လေးဆင့် ဖိုလ်လေးဆင့်သို့ ဆိုက်ရောက်ခါနီးအချိန်ကာလတွင် အလောင်းတော်အနေ ဖြင့် သုံးမျိုးသော သမာဓိတို့ကို ပွားများခဲ့ပုံ ဝိပဿနာရှုပွားခဲ့ပုံများကို ဆက်လက်ကာ ဟောကြားထားတော်မူခဲ့ပါတယ် ..။
အလောင်းတော်ဟာ
၁။ သဝိတက္က သဝိစာရသမာဓိကိုလည်း ပွားများ တော်မူခဲ့ပါတယ်၊
၂။ အဝိတက္က ဝိစာရမတ္တသမာဓိကိုလည်း ပွားများတော်မူခဲ့ ပါတယ်၊
၃။ အဝိတက္က အဝိစာရသမာဓိကိုလည်း ပွားများတော်မူခဲ့ပါတယ်၊၊၂၈၀
ပဉ္စကနည်း+စတုက္ကနည်း နှစ်မျိုးလုံးမှာပဲ ပထမစျာန်သမာဓိကို ဝိတက် ဝိစာရ နှစ်မျိုးလုံး ယှဉ်နေတဲ့အတွက်ကြောင့် သဝိတက္က သဝိစာရသမာဓိလို့ ခေါ်ဆိုပါတယ်။ ပဉ္စကနည်းအားဖြင့် ဒုတိယစျာန်သမာဓိကို ဝိတက်ကား မယှဉ် ဝိစာရမျှသာ ယှဉ်နေတဲ့အတွက်ကြောင့် အဝိတက္က ဝိစာရမတ္တ သမာဓိလို့ ခေါ်ဆိုပါတယ်။ ပဉ္စကနည်းအားဖြင့် တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိ ပဉ္စမစျာန်သမာဓိတို့ကို, စတုက္ကနည်းအားဖြင့် ဒုတိယစျာန် သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို ဝိတက် ဝိစာရ နှစ်မျိုးလုံး မယှဉ်တဲ့အတွက်ကြောင့် အဝိတက္က အဝိစာရသမာဓိလို့ ခေါ်ဆို ပါတယ်။ ဒီစျာန်တွေကို လောကိယစျာန် လောကုတ္တရာစျာန် နှစ်မျိုးလုံးကိုပဲ ရည်ညွှန်းထားတော်မူတယ်လို့ ဋီကာဆရာတော်က ဖွင့်ဆိုထားတော် မူပါတယ်။၂၈၁
တစ်ဖန် ဘုရားရှင်က ဒီစျာန်သမာဓိသုံးမျိုးကိုပဲ စျာန်သမာဓိလေးမျိုး ခွဲကာ အောက်ပါအတိုင်း ထပ်မံ ဟောကြားတော်မူခဲ့ပြန်ပါတယ်။
အလောင်းတော်ဟာ
၁။ ပီတိနှင့်ယှဉ်နေတဲ့ သပ္ပီတိကသမာဓိ (ပဉ္စက နည်းအားဖြင့် ပထမစျာန် ဒုတိယစျာန် တတိယစျာန်, စတုက္ကနည်းအားဖြင့် ပထမစျာန် ဒုတိယစျာန်သမာဓိ)ကိုလည်း ပွားများတော်မူခဲ့ပါတယ်၊
၂။ ပီတိ မယှဉ်တဲ့ နိပ္ပီတိကသမာဓိ (ပဉ္စကနည်းအားဖြင့် စတုတ္ထစျာန် ပဉ္စမစျာန်, စတုက္ကနည်းအားဖြင့် တတိယစျာန် စတုတ္ထစျာန်သမာဓိ)ကိုလည်း ပွားများ တော်မူခဲ့ပါတယ်၊
၃။ သုခဝေဒနာနှင့် အတူတကွ ဖြစ်နေတဲ့ သာတသဟဂတ သမာဓိ (ပဉ္စကနည်းအားဖြင့် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်, စတုက္ကနည်းအားဖြင့် ပထမစျာန် ဒုတိယစျာန် တတိယစျာန် သမာဓိ)ကိုလည်း ပွားများတော်မူခဲ့ပါတယ်၊
၄။ ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်နေတဲ့ ဥပေက္ခာသဟဂတသမာဓိ (ပဉ္စကနည်းအားဖြင့် ပဉ္စမစျာန်, စတုက္ကနည်းအားဖြင့် စတုတ္ထစျာန်သမာဓိ)ကိုလည်း ပွားများတော်မူခဲ့ပါတယ်။
ဘုရားရှင်ရဲ့ လောကုတ္တရာစျာန်များ
ဘုရားအလောင်းတော်ဟာ နည်းအမျိုးမျိုးတို့ဖြင့် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူပြီးနောက် နောက်ဆုံးအရိယမဂ်သို့ ဆိုက်ရောက် တော်မူခါနီး အချိန်ကာလတွင် ပဉ္စကနည်းအားဖြင့် ပထမစျာန်သမာဓိကို ပြန်လည်ကာ ဝင်စားတော်မူခဲ့ပါတယ်။ ယင်းပထမစျာန်မှ ထတော်မူကာ ယင်းပထမစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိနေကြကုန်သော နာမ်တရားစု တို့ကို လက္ခဏာရေးသုံးတန်သို့ တင်တော်မူကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကို ဆက်လက်ကာ စီးဖြန်းတော်မူခဲ့ပါတယ်။ ထိုပထမစျာန် နာမ်တရားတွေကို ဝိပဿနာရှုနေတဲ့ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်တော်မူခဲ့ပါတယ်။
ထို့နောင် ပစ္စဝေက္ခဏာဇော ငါးတန်တို့ရဲ့ အဆုံးမှာ ပဉ္စကနည်းအားဖြင့် ဒုတိယစျာန်သမာဓိကို ပြန်လည်ဝင်စားတော်မူပါတယ်။ ဒုတိယစျာန်မှ ထတော်မူကာ ယင်းဒုတိယစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိနေကြကုန် သော နာမ်တရားစုတို့ကို လက္ခဏာရေးသုံးတန်သို့ တင်တော်မူကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းတော်မူခဲ့ပါတယ်။ ထိုဒုတိယစျာန် နာမ်တရားတွေကို ဝိပဿနာရှုနေတဲ့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်တော်မူခဲ့ပါတယ်။
ထို့နောင် ပစ္စဝေက္ခဏာဇော ငါးတန်တို့ရဲ့ အဆုံးမှာ ပဉ္စကနည်းအားဖြင့် တတိယစျာန်သမာဓိကို ပြန်လည်ဝင်စားတော်မူပါတယ်။ တတိယစျာန်မှ ထတော်မူကာ ယင်းတတိယစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိနေကြ ကုန်သော နာမ်တရားစုတို့ကို လက္ခဏာရေးသုံးတန်သို့ တင်တော်မူကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းတော်မူခဲ့ပါတယ်။ ထိုတတိယစျာန်နာမ်တရားတွေကို ဝိပဿနာရှုနေတဲ့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်တော်မူခဲ့ပါတယ်။
ထို့နောင် ပစ္စဝေက္ခဏာဇော ငါးတန်တို့ရဲ့ အဆုံးမှာ ပဉ္စကနည်းအားဖြင့် စတုတ္ထစျာန်သမာဓိကို ပြန်လည်ဝင်စားတော်မူပါတယ်။ စတုတ္ထစျာန်မှ ထတော်မူကာ ယင်းစတုတ္ထစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိနေကြ ကုန်သော နာမ်တရားစုတို့ကို လက္ခဏာရေးသုံးတန်သို့ တင်တော်မူကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းတော်မူခဲ့ပါတယ်။ ထိုစတုတ္ထစျာန်နာမ်တရားတွေကို ဝိပဿနာရှုနေတဲ့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံ ယူကာ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ ယင်း အရဟတ္တမဂ်ဉာဏ်ကား သဗ္ဗညုတဉာဏ်ဆိုတဲ့ ထီးတော်ကြီးကို ဆောင်းမိုး ကာ ဖြစ်ပေါ်တော်မူခဲ့ပါတယ်၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူ ခဲ့ပါတယ်။ ထို့နောင် ပစ္စဝေက္ခဏာဇော လေးတန်တို့ စောခဲ့ကြပါတယ်။၂၈၂
ဤသို့လျှင် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်ရှိသွားတော်မူပုံကို ရည်ညွှန်းတော်မူကာ ဘုရားရှင်က အရှင်အနုရုဒ္ဓါမထေရ်မြတ်တို့အား ဥပက္ကိ လေသသုတ္တန်နိဂုံးတွင် ဒီလို ဟောကြားထားတော်မူခဲ့ပါတယ်။
ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ မိမိရရှိထားပြီးတဲ့ ဂုဏ်ကျေးဇူးတွေကို ဆင်ခြင်သိမြင်တတ်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်တွေဟာလည်း ထင်ရှား ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ ငါဘုရားရှင်ရဲ့ ကိလေသာတို့မှ လွတ်မြောက် သွားတဲ့ အရဟတ္တဖိုလ်ဝိမုတ္တိဟာလည်း ပျက်စီးမှု မရှိတော့ပါ။ ဒီဘဝဟာ နောက်ဆုံးဘဝ ဖြစ်တယ်။ ယခုအခါ၌ နောက်ထပ်တစ်ဖန် ဘဝသစ်မှာ ဖြစ်ပေါ်ရခြင်းဟာ အလျှင်းမရှိတော့ပြီလို့၂၈၃ မိန့်ကြားတော်မူလိုက်ပါတယ်။
ပစ္စဝေက္ခဏာဉာဏ်များ
သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူပြီးတဲ့အခါ ..
၁။ သောတာပတ္တိမဂ်ကို ဆင်ခြင်ခြင်း
၂။ သောတာပတ္တိဖိုလ်ကို ဆင်ခြင်ခြင်း
၃။ နိဗ္ဗာန်ကို ဆင်ခြင်ခြင်း
၄။ ပယ်ပြီးတဲ့ ကိလေသာကို ဆင်ခြင်ခြင်း
၅။ မပယ်ရသေးတဲ့ ကိလေသာကို ဆင်ခြင်ခြင်း ..
ဒီလို ပစ္စဝေက္ခဏာဉာဏ်အမြင်ငါးမျိုး (ပစ္စဝေက္ခဏာဇောဝီထိငါးမျိုး) ဖြစ်ပေါ်တော်မူခဲ့ပါတယ်။
အလားတူပဲ သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူပြီးနောက် ပစ္စဝေက္ခဏာဉာဏ်အမြင် ငါးမျိုး, အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော် မူပြီးနောက် ပစ္စဝေက္ခဏာဉာဏ်အမြင် ငါးမျိုး အသီးအသီး ဖြစ်ပေါ်တော်မူ ခဲ့ပါတယ်။ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူပြီးတဲ့ အခါမှာတော့-
၁။ အရဟတ္တမဂ်ကို ဆင်ခြင်ခြင်း
၂။ အရဟတ္တဖိုလ်ကို ဆင်ခြင်ခြင်း
၃။ နိဗ္ဗာန်ကို ဆင်ခြင်ခြင်း
၄။ ပယ်ပြီးတဲ့ ကိလေသာကို ဆင်ခြင်ခြင်း ..
ဒီလို ပစ္စဝေက္ခဏာဉာဏ်အမြင် လေးမျိုး ဖြစ်ပေါ်တော်မူခဲ့ပါတယ်။
ပျက်စီးခြင်း မရှိတဲ့ အရဟတ္တဖိုလ်ဝိမုတ္တိ
လေးဆင့်သော အရိယမဂ်ဉာဏ်တို့ဖြင့် အကြွင်းအကျန်မရှိ ကုန်စင် အောင် ဖျက်ဆီးထားပြီးတဲ့ ပယ်ရှားထားပြီးတဲ့ ကိလေသာတွေဟာ နောက် ထပ်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိတော့တဲ့ အတွက်ကြောင့်လည်း ဘုရားရှင်ရဲ့ အရဟတ္တဖိုလ်ဝိမုတ္တိဟာ ပျက်စီးမှု မရှိနိုင်ပါ၊ နောက်အကြောင်း တစ်ခုကတော့ လုံးဝပျက်စီးမှု မရှိတဲ့ နိစ္စထာဝရ အမြဲတည်ရှိနေတဲ့ အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ ဖြစ်ပေါ်တော် မူလာရတဲ့အတွက်ကြောင့်လည်း ဘုရားရှင်ရဲ့ အရဟတ္တဖိုလ်ဝိမုတ္တိဟာ ပျက်စီးမှု မရှိနိုင်ပါ။၂၈၄ (အရဟတ္တဖိုလ်စိတ်စေတသိက်တွေဟာ မြဲနေတယ်လို့ မဆိုလိုပါ။)
ပါလိလေယျကတောအုပ်သို့
ဘုရားရှင်ဟာ အရှင်အနုရုဒ္ဓါမထေရ်မြတ်တို့အား ဤကဲ့သို့သော တရား စကားတော်များဖြင့် ဆိုဆုံးမတော်မူပြီးတဲ့အခါ တစ်ပါးထီးတည်း ကိန်းအောင်း မွေ့လျော်တော်မူရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် ပါလိလေယျကတောအုပ်သို့ ဝါဆို ဝါကပ်တော်မူရန် ကြွရောက်တော်မူခဲ့ပါတယ်။ ပါလိလေယျကတောအုပ်တွင် ဝါတွင်းသုံးလကာလပတ်လုံး ပါလိလေယျကဆင်ရဲ့ ပြုစုလုပ်ကျွေးမှုကို ခံယူ တော်မူကာ တစ်ပါးထီးတည်း ကိန်းအောင်းမွေ့လျော်လျက် သီတင်းသုံး နေထိုင်တော်မူခဲ့ပါတယ်၊ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားရှင်ထံသို့ ချဉ်းကပ်ခွင့်ကို မရရှိခဲ့ပါ။ ဝါလကျွတ်တော်မူသောအခါ ဘုရားရှင်ဟာ ဇေတဝန်ကျောင်းတိုက်တော်သို့ ပြန်လည်ကာ ကြွရောက်တော်မူခဲ့ပါတယ်။ ထိုအချိန်အခါကျမှ ကောသမ္ဗီပြည်က ရဟန်းတော်တွေလည်း ဇေတဝန် ကျောင်းတိုက်တော်သို့ ကြွရောက်တော်မူလာကာ ဘုရားရှင်ရဲ့ ထံတော် မှောက်မှာ မိမိတို့ရဲ့ မှားယွင်းမိတဲ့အပြစ်များကို ဝန်ချတောင်းပန် ကန်တော့ တော်မူကြပါတယ်။
ထို့နောင် တစ်ချိန်မှာတော့ ဘုရားရှင်ဟာ ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့ အနီးရှိ သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠာဝန အမည်ရတဲ့ တောအုပ်ကြီး အတွင်း ဘေသကဠာဝနကျောင်းတိုက်သို့ ကြွရောက်တော်မူကာ သုသုမာရဂိရိမြို့ကို ဆွမ်းခံရွာအဖြစ် အမှီပြုပြီးတော့ သီတင်းသုံးတော်မူခဲ့ပါတယ်။
ထိုအချိန်အခါမှာ အရှင်အနုရုဒ္ဓါမထေရ်မြတ်တို့ဟာလည်း မိမိတို့မူလ သီတင်းသုံးတော်မူရာဖြစ်တဲ့ စေတိတိုင်း ပါစိနဝံသဒါယအမည်ရတဲ့ တောအုပ် အတွင်းမှာပဲ သီတင်းသုံးတော်မူလျက်ပဲ ရှိနေကြပါတယ်။
မဟာပုရိသဝိတက္က
အရှင်အနုရုဒ္ဓါကိုယ်တော်မြတ်ဟာ တစ်ဆယ့်ငါးရက် (= လဝက်)ပတ်လုံး မအိပ်မနေ စင်္ကြံသွားကာ သမထ ဝိပဿနာဘာဝနာတရားတို့ကို အပြင်း အထန် ကြိုးစားအားထုတ်တော်မူခဲ့ပါတယ်။ မထေရ်မြတ်ဟာ ကမ္မဋ္ဌာန်း အလုပ် အားထုတ်မှု ဒဏ်ချက် ပြင်းထန်စွာ နှိပ်စက်ခံရတဲ့အတွက် ပင်ပန်း နွမ်းနယ်နေတဲ့ ခန္ဓာကိုယ်လည်း ရှိနေခဲ့ပါတယ်။ ဝါးရုံတစ်ခုရဲ့ အောက်ဝယ် မြက်သစ်ရွက်တို့ကို စုရုံးလျက် အခင်းပြုကာ အပေါ်မှ အခင်းတစ်ခု ထပ်ခင်း ပြီးတော့ ထိုအခင်းထက်၌ ခေတ္တ အပန်းဖြေ ထိုင်နေတော်မူခဲ့ပါတယ်။ ထိုအခါ အရှင်အနုရုဒ္ဓါမထေရ်မြတ်ရဲ့ စိတ်အစဉ်မှာ မဟာပုရိသဝိတက္က အမည်ရတဲ့ ယောက်ျားမြတ်တို့၏ အကြံများ ထင်ရှားစွာ ဖြစ်ပေါ်တော်မူခဲ့ ပါတယ်။ အရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ မဟာပုရိသဝိတက်ကြီး ခုနစ်မျိုးတို့ကို ကြံစည်စဉ်းစားဆင်ခြင်ပြီးနောက် ရှေ့သို့ တစ်ဆင့်တက်ကာ ရှစ်ခုမြောက် ဖြစ်တဲ့ မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်း လျက် ရှိနေခဲ့ပါတယ်။
ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ ပညာတိုင်အောင်သော ခုနစ်မျိုး သော မဟာပုရိသဝိတက်တို့ကို စဉ်းစားဆင်ခြင်ပြီးတဲ့အခါ ရှေ့သို့ဆက်ကာ တရားတစ်မျိုးကို စဉ်းစားဆင်ခြင်ရန် ဝန်လေးနေခြင်းဟာ ပင်ပန်းနေခြင်းဟာ ဓမ္မတာတစ်ခုပဲ ဖြစ်ပါတယ်။ သာဝကတို့အဖို့ ပညာတိုင်အောင်လောက်သာ ဆင်ခြင်နိုင်တဲ့ စွမ်းအားရှိပါတယ်။
ထိုအခါ ဘုရားရှင်က ထိုသို့ ပင်ပန်းနေကြောင်းကို သိရှိတော်မူတဲ့ အတွက် တန်ခိုးအဘိညာဏ်ဖြင့် တစ်ခဏချင်းမှာပဲ ကြွလာတော်မူကာ ရှစ်ခု မြောက် မဟာပုရိသဝိတက်ကိုပါ ဖြည့်စွက်တော်မူလျက် မဟာပုရိသဝိတက် ကြီး (၈)မျိုးကို ဟောကြားပြသပေးတော်မူပါတယ်။
ထို့နောင် ဒီမဟာပုရိသဝိတက်ကြီး (၈)မျိုးကို ကြံစည်စိတ်ကူးနေလျှင် လောကီ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကို အလွယ် တကူ ရယူဝင်စားနိုင်ကြောင်းကိုလည်းကောင်း, ဒီမဟာပုရိသဝိတက်ကြီး (၈)မျိုးကို ကြံစည်ကာ လောကီစျာန်လေးပါးတို့ကို အလွယ်တကူ ရယူဝင်စား နေလျှင် ..
၁။ ရရသမျှသော ပံသုကူသင်္ကန်းဖြင့် ရောင့်ရဲလွယ်ခြင်း စီဝရသန္တောသ၊
၂။ ဆွမ်းခံဝတ်ဖြင့် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲလွယ်ခြင်း ပိဏ္ဍပါတ သန္တောသ၊
၃။ ရရသမျှသော သစ်ပင်ရင်းတည်းဟူသော ကျောင်းဖြင့် ရောင့်ရဲလွယ်ခြင်း သေနာသနသန္တောသ၊
၄။ ရရသမျှသော မြက်သစ်ရွက်အခင်းဖြင့် ရောင့်ရဲလွယ်ခြင်း သယနာသန သန္တောသ၊
၅။ ရရသမျှသော နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး ဖန်ခါးသီးစတဲ့ ဆေးဖြင့် ရောင့်ရဲလွယ်ခြင်း ဘေသဇ္ဇသန္တောသ ---
ဒီသန္တောသတရား ငါးပါးတို့နှင့် ပြည့်စုံလာနိုင်ကြောင်းကိုလည်းကောင်း၊ ဒီမဟာပုရိသဝိတက်ကြီး (၈)မျိုးကို ကြံစည်စိတ်ကူးနေလျှင်, ရူပါဝစရစျာန် လေးပါးတို့ကို မငြိုမငြင် မပင်မပန်း လွယ်လွယ်ကူကူ ရယူဝင်စားနိုင်လျှင်, ဒီသန္တောသတရားငါးမျိုးနှင့် ပြည့်စုံညီညွတ်နေလျှင် သမထဝိပဿနာ ဘာဝနာတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်း ဘာဝနာရာမတာဆိုတဲ့ အရိယာနွယ်ဝင်တို့ရဲ့ ကျင့်စဉ်ဖြစ်တဲ့ အရိယဝံသပဋိပဒါကိုလည်းကောင်း၊ ကိလေသာအပူခပ်သိမ်းတို့မှ အငြိမ်းကြီး ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်တရားတော် မြတ်ကြီးကိုလည်းကောင်း အလွယ်တကူ ရယူနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဟောကြားပေးတော်မူခဲ့ပါတယ်။ ထို့နောင် ဘုရားရှင်ဟာ အရှင်အနုရုဒ္ဓါအား ပါစိနဝံသဒါယ အမည်ရတဲ့ ဒီအရှေ့ဝါးတောအရပ်မှာပဲ လာမည့်ဝါမှာလည်း ဝါဆိုဝါကပ်ပြီးတော့ ရဟန်းတရားများကို ပွားများအားထုတ်ရန် မိန့်မှာတော် မူပြီးနောက် ဘေသကဠာဝနကျောင်းတိုက်သို့ ပြန်ကြွတော်မူခဲ့ပါတယ်။ ဘုရားရှင်ဟာ ဘေသကဠာဝနကျောင်းတိုက်သို့ ပြန်လည်ဆိုက်ရောက်တော် မူလာတဲ့အခါ ရဟန်းသံဃာတော်တို့အား မဟာပုရိသဝိတက္က အမည်ရတဲ့ ယောက်ျားမြတ်တို့ရဲ့ အကြံ (၈)မျိုးကို အကျဉ်း အကျယ် နှစ်သွယ် ပိုင်းခြားကာ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့ပါတယ်။၂၈၅ ဒီနေရာမှာတော့ ယင်းအကြံ (၈)မျိုးတို့ရဲ့ ဆိုလိုရင်းအချက်ကို အကျဉ်းချုပ်ကာ ပြောကြ ရအောင် ..။
၁။ အပ္ပိစ္ဆဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။
၂။ သန္တုဋ္ဌဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။
၃။ ပဝိဝိတ္တဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။
၄။ အာရဒ္ဓဝီရိယဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။
၅။ ဥပဋ္ဌိတဿတိဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။
၆။ သမာဟိတဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသမာဟိတဿ။
၇။ ပညဝတော အယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿ။
၈။ နိပ္ပပဉ္စာရာမဿာယံ ဘိက္ခဝေ ဓမ္မော နိပ္ပပဉ္စရတိနော၊ နာယံ ဓမ္မော ပပဉ္စာရာမဿ ပပဉ္စရတိနော။၂၈၆
၁။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ အလို နည်းပါးတဲ့ (= လိုချင်မှု ဣစ္ဆာ တဏှာ မရှိတဲ့) အပ္ပိစ္ဆပုဂ္ဂိုလ်ရဲ့ သန္တာန် မှာသာ ပြည့်စုံနိုင်ပါတယ်။ ဒီလောကုတ္တရာတရား ကိုးပါးဟာ အလို ရမ္မက်ကြီးမားလှတဲ့ မဟိစ္ဆပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။
၂။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ ရရသမျှသာ ဖြစ်တဲ့, မျှတရုံမျှသာဖြစ်တဲ့, ကြည်ညိုဖွယ်ရုံမျှသာဖြစ်တဲ့ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သာ ပြည့်စုံနိုင်ပါတယ်။ ဒီလောကုတ္တရာတရား ကိုးပါးဟာ မရောင့်ရဲ နိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။
၃။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ ဝိဝေက သုံးဖြာ၌၂၈၇ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာ ပြည့်စုံနိုင်ပါတယ်။ ပုဂ္ဂိုလ်သတ္တဝါအပေါင်းအဖော် ကိလေသာအပေါင်း အဖော်တွေနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။
၄။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ အကုသိုလ် တရားတို့ကို ပယ်နိုင်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် သမထ ဝိပဿနာဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့, စွမ်းအင်ကြီးမားတဲ့ ထက်သန်မြဲမြံတဲ့ ဇွဲလုံ့လဝီရိယနှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာ ပြည့်စုံနိုင်ပါတယ်၊ ပျင်းရိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။
၅။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ -- ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို သိမ်းဆည်းတတ်တဲ့ ထင်လင်းတဲ့ သတိ, ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အကြောင်းတရားတွေကို သိမ်းဆည်းတတ်တဲ့ ထင်လင်းတဲ့ သတိ, အကြောင်းတရားနှင့် တကွ သော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တွေကို သိမ်းဆည်းတတ်တဲ့ ထင်လင်းတဲ့ သတိ --- ဒီလို ထင်လင်းတဲ့ သတိရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာ ပြည့်စုံနိုင်ပါတယ်၊ သတိ လွတ်ကင်းနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။၂၈၈
၆။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ ဥပစာရ သမာဓိ သို့မဟုတ် အပ္ပနာသမာဓိ ဆိုတဲ့ တစ်မျိုးမျိုးသော သမာဓိ ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာ ပြည့်စုံနိုင်ပါတယ်၊ ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိ မရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။
၇။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ ဝိပဿနာပညာ အရိယမဂ်ပညာ ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာ ပြည့်စုံနိုင်ပါတယ်၊ ဝိပဿနာပညာမဲ့နေတဲ့ အရိယမဂ်ပညာမဲ့နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။
၈။ ချစ်သား ရဟန်းတို့ ...ဒီလောကုတ္တရာတရား ကိုးပါးဟာ သံသရာကို ရှည်လျားကျယ်ပြန့်သွားအောင် ချဲ့ထွင်နေတဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားတွေမှ ကင်းလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာ ပြည့်စုံ နိုင်ပါတယ်။ ပပဉ္စတရားတွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မပြည့်စုံနိုင်ပါ။
မဟာပုရိသဝိတက္က အမည်ရတဲ့ ဒီအင်္ဂါရပ် (၈)ချက်တို့ကတော့ လောကုတ္တရာတရား ကိုးပါးကို လိုလားတောင့်တလျက်ရှိတဲ့ သူတော်ကောင်း တိုင်း သူတော်ကောင်းတိုင်း လိုက်နာပြုကျင့်ရမည့် အင်္ဂါရပ်တို့သာ ဖြစ်ကြ ပါတယ်။
အရှင်အနုရုဒ္ဓါမထေရ်မြတ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခြင်း
အရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမ ထားတော်မူခဲ့တဲ့အတိုင်း ပါစိနဝံသဒါယတောအုပ်မှာပဲ ဆက်လက်ကာ ဝါဆို ဝါကပ်တော်မူကာ သမထ ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစား အားထုတ်တော်မူခဲ့ပါတယ်။ မိမိရဲ့ မူလကမ္မဋ္ဌာန်းဆရာကတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဖြစ်တော်မူပါတယ်။ ရဟန်းဖြစ်စ ပထမဝါတွင် အရှင်သာရိပုတ္တရာမထေရ်မြတ်ထံမှ ကမ္မဋ္ဌာန်းယူကာ သမထ ဝိပဿနာ ဘာဝနာတွေကို ကြိုးစားအားထုတ်တော်မူခဲ့ပါတယ်။ သို့သော် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ကား မဆိုက်ရောက်နိုင် ဖြစ်နေခဲ့ပါတယ်။ တစ်ချိန်မှာတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ ချဉ်းကပ်တော်မူကာ ဒီလို လျှောက်ထား တော်မူခဲ့ဖူးပါတယ်။ ---
၁။ အရှင်ဘုရား သာရိပုတ္တရာ ...တပည့်တော်ဟာ အထူးသဖြင့် စင်ကြယ်တဲ့, လူတို့ရဲ့ မျက်စိအမြင်ကိုလွန်တဲ့ နတ်မျက်စိနှင့်တူတဲ့ ဒိဗ္ဗစက္ခုအဘိညာဏ်မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်စွမ်းရှိပါတယ်။
၂။ တပည့်တော်ဟာ တွန့်ဆုတ်မှုမရှိဘဲ သမထ ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ လုံ့လဝီရိယတွေနဲ့လည်း ပြည့်စုံနေပါတယ်။ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရတဲ့ အကြောင်း တရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတွေကို သိမ်းဆည်းတတ် တဲ့ ထင်လင်းတဲ့ သတိဟာလည်း ထင်ရှားရှိနေပါတယ်။ ကိုယ်စိတ်တွေ ဟာလည်း ပူပန်ခြင်းမရှိ ငြိမ်းအေးနေပါတယ်။ သမာဓိနှင့် ယှဉ်နေတဲ့ စိတ်ဓာတ်ဟာလည်း အာရုံတစ်ခုတည်းပေါ်မှာ ကောင်းစွာ တည်ကြည် လျက်ပဲ ရှိနေပါတယ်။
၃။ ဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံနေပါလျက် တပည့်တော်ရဲ့ စိတ်ဟာ ဥပါဒါနက္ခန္ဓာငါးပါး သင်္ခါရတရားတွေကို တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာ လို့ စွဲလမ်းမှု မရှိတော့ဘဲ အာသဝေါတရားတွေမှ ကွင်းလုံးကျွတ် မလွတ် မြောက်နိုင်သေး ဖြစ်နေပါတယ်ဘုရား ..
ဒီလို သူက တင်ပြလျှောက်ထားတော်မူပါတယ်။ အဲဒီအခါမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ဒီလို ပြန်လည်ကာ မိန့်ကြားတော်မူလိုက် ပါတယ်။ ---
၁။ ငါ့ရှင် အနုရုဒ္ဓါ ...ငါဟာ အထူးသဖြင့် စင်ကြယ်တဲ့ လူတို့ရဲ့ မျက်စိ အမြင်ကို ကျော်လွန်နေတဲ့ နတ်မျက်စိနှင့်တူတဲ့ ဒိဗ္ဗစက္ခုအဘိညာဏ် မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်စွမ်း ရှိပါတယ်လို့ ဒီလို အကြံအစည် ဖြစ်နေခြင်းဟာ သင့်သန္တာန်မှာ မာနဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။
၂။ ငါ့ရှင် အနုရုဒ္ဓါ ...ငါဟာ တွန့်ဆုတ်မှုမရှိဘဲ သမထဝိပဿနာ ဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ တွေနဲ့လည်း ပြည့်စုံနေပါတယ်။ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတွေကို သိမ်းဆည်း တတ်တဲ့ ထင်လင်းတဲ့ သတိဟာလည်း ထင်ရှားရှိနေပါတယ်။ ကိုယ်စိတ် တွေဟာလည်း ပူပန်ခြင်းမရှိ ငြိမ်းအေးနေပါတယ်။ သမာဓိနှင့် ယှဉ်နေ တဲ့ စိတ်ဓာတ်ဟာလည်း အာရုံတစ်ခုတည်းပေါ်မှာ ကောင်းစွာ တည်ကြည် လျက်ပဲ ရှိနေပါတယ်လို့ ဒီလို အကြံအစည် ဖြစ်နေခြင်းဟာ သင့်သန္တာန် မှာ စိတ်ပျံ့လွင့်ခြင်း (= ဥဒ္ဓစ္စ)တရားတွေ ထင်ရှား ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။
၃။ ငါ့ရှင် အနုရုဒ္ဓါ ...ဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံနေပါလျက် တပည့်တော်ရဲ့ စိတ်ဟာ ဥပါဒါနက္ခန္ဓာငါးပါး သင်္ခါရတရားတွေကို တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာလို့ စွဲလမ်းမှု မရှိတော့ဘဲ အာသဝေါတရား တွေမှ ကွင်းလုံးကျွတ် မလွတ်မြောက်နိုင် ဖြစ်နေပါတယ်လို့ ဒီလို အကြံအစည် ဖြစ်နေတာကတော့ သင့်သန္တာန်မှာ တွေးတောပူပန်မှု ကုက္ကုစ္စ ဖြစ်နေတာပဲ ဖြစ်ပါတယ်။
ငါ့ရှင် အနုရုဒ္ဓါ ... တပည့်တော် တိုက်တွန်းတောင်းပန်စကား ပြောကြားလိုပါတယ်။ အရှင်အနုရုဒ္ဓါဟာ မိမိသန္တာန်မှာ ဖြစ်ပွားနေတဲ့ ဒီ မာန, ဥဒ္ဓစ္စ, ကုက္ကုစ္စ တရားသုံးမျိုးတို့ကို ပယ်စွန့်ကာ ဒီတရားသုံးမျိုးတို့ကို နှလုံးမသွင်းဘဲ အမြိုက်နိဗ္ဗာနဓာတ်သို့ (= မသေရာအမြိုက် နိဗ္ဗာန်သို့) ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ သမထအာရုံ ဝိပဿနာအာရုံပေါ်သို့သာ မိမိရဲ့စိတ်ကို ပို့ဆောင်ထားစေချင်ပါတယ်ဘုရား ..
ဒီလို ကမ္မဋ္ဌာန်းတရားကို အရှင်သာရိပုတ္တရာမထေရ်မြတ်က ညွှန်ကြား ပေးတော်မူလိုက်ပါတယ်။၂၈၉
ဒီညွှန်ကြားချက်ကတော့ အရှင်အနုရုဒ္ဓါအဖို့ မေ့ပျောက်လို့ မရနိုင်တဲ့, နိဗ္ဗာန်သို့ သွားရာဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ လမ်းမကြီးပေါ်သို့ လျှောက်သွားတဲ့ အခါမှာ ခရီးရိက္ခာအဖြစ် သယ်ဆောင်သွားရမည့် ဓမ္မလက်ဆောင်မွန်တွေပဲ ဖြစ်ပါတယ်။
ဒီလို ဘုရားရှင်ရဲ့ အဆုံးအမတော်နှင့် အရှင်သာရိပုတ္တရာမထေရ်မြတ် ကြီးရဲ့ အဆုံးအမတော်တွေကို ဦးထိပ်ရွက် ပန်ဆင်တော်မူပြီးတော့ အဲဒီ ဝါတွင်းမှာ ထိုပါစိနဝံသဒါယတောကျောင်းမှာပဲ ဆက်လက် သီတင်းသုံး တော်မူကာ သမထ ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစား အားထုတ်တော်မူပါတယ်။
ဒီလို ကြိုးပမ်းတော်မူလိုက်ရာ တစ်နေ့သော အချိန်အခါမှာတော့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ပါတယ်။ အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့လည်း အလားတူပဲ သမထ ဝိပဿနာဘာဝနာတွေကို အပြင်း အထန် ကြိုးစားအားထုတ်တော်မူကြလေရာ နောက်ပိုင်းကာလ တစ်ချိန်တွင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တာ်မူခဲ့ကြပါတယ်။
သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။၂၉၀
သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ လောက၌ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်း ဟာလည်း လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ စျာန်ချမ်းသာ ဝိပဿနာ ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခအမျိုးမျိုး တွေကို ရရှိခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကဲ့သို့သော သူတော်ကောင်းတရားတွေကို ဟောကြားပြသ ဆိုဆုံးမတော်မူခြင်းဟာလည်း လိုက်နာပြုကျင့်သူတို့အဖို့ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ စျာန်ချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခအမျိုးမျိုးတွေကို ရရှိခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
သံဃာတော်တို့ရဲ့ ညီညွတ်ခြင်းဟာလည်း အလားတူပဲ ချမ်းသာသုခ အမျိုးမျိုးတွေကို ရရှိခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
ညီညွတ်နေသောသူတို့ရဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို အညီ အညွတ် ကျင့်နေခြင်းဟာလည်း အလားတူပဲ ချမ်းသာသုခအမျိုးမျိုးတွေကို ရရှိခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။၂၉၀
အရှင်အနုရုဒ္ဓါ အရှင်နန္ဒိယ အရှင်ကိမိလ မထေရ်မြတ်ကြီးသုံးပါးတို့ ဟာလည်း တစ်ပါးကတစ်ပါးအပေါ်၌ မျက်မှောက်မှာရော မျက်ကွယ်မှာရော ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာတွေကို ရှေ့ရှုတည်စေကာ ညီညီညွတ်ညွတ်နဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို အညီအညွတ် အောင် အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်ကြတဲ့အတွက် မျက်မှောက်ဘဝမှာပဲ စျာန်ချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်း သာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခအဝဝတွေကို တဝကြီး ကောင်းစွာ ခံစားတော်မူခဲ့ကြရပါတယ်။ ကိလေသာတောချုံပုတ်တွေကို အနုသယအငုတ် ဓာတ်ဆိုတဲ့ အမြစ်တွေပါ မကျန်ရအောင် ရှင်းလင်းဖျက်ဆီးနိုင်ခဲ့တဲ့အတွက် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ကံတွေလည်း ကုန်ခန်း သွားကြပြီ ဖြစ်ပါတယ်။ ဒီလို ကံတွေ ကုန်ခန်းသွားတဲ့အတွက် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ ဘဝသစ်ဆိုတာ မရှိကြတော့တဲ့အတွက် သံသရာဝဋ်ဒုက္ခ အဝဝမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်သွားတော်မူခဲ့ကြပါတယ်။
ဤသူတော်ကောင်းတို့ရဲ့ထုံးကို အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူနိုင်ကြပါစေသောဝ် ..။
__________
သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့်
ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယအစရှိတဲ့ ဒီကိလေသာ တရားဆိုးတွေကို ဘေးအန္တရာယ်အမျိုးမျိုးကို ပေးတတ်တဲ့ တောချုံပုတ်ကြီး တစ်ခုအသွင်ဖြင့် တင်စားတော်မူကာ ဘုရားရှင်က ဟောကြားထားတော် မူခဲ့ပါတယ်။ ဒီကိလေသာတောချုံပုတ်ကြီးတွေကိုတော့ အမြစ်တွေပါ မကျန် ရအောင် သင်ချစ်သားတို့ ရှင်းလင်းပစ်ကြပါ။ သို့သော် ဒီတောအုပ်အတွင်းမှာ ထီးထီးမားမား ရပ်တည်နေတဲ့, မိမိကို အေးမြတဲ့ အရိပ်အာဝါသပေးခြင်းငှာ စွမ်းနိုင်တဲ့ သစ်ပင်ကြီးတွေ ရှိကြပါတယ်။ ဒီသစ်ပင်ကြီးတွေကိုတော့ သင်ချစ်သားတို့ မခုတ်လှဲပါနှင့်ဆိုပြီးတော့ ဘုရားရှင်က ဆိုဆုံးမတော် မူပါတယ်။
သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေ, သာသနာ့နွယ်ဝင် သီလရှင်တွေ, သာသနာတော်ကို ယုံကြည်စွာ မှီခို ဆည်းကပ်နေကြတဲ့ အမျိုးသားဥပါသကာ အမျိုးသမီးဥပါသိကာမတွေကို ခိုလှုံစရာ အေးမြတဲ့အရိပ်အာဝါသ ပေးနေတဲ့ သာသနာ့သစ်ပင်ကြီးတွေ ဆိုတာကတော့ ဘုရားရတနာ တရားရတနာ သံဃာရတနာဆိုတဲ့ ရတနာ သုံးပါးတို့ပဲ ဖြစ်ပါတယ်။ ဘုရားရတနာရဲ့အရိပ်ကို ခိုလှုံကြရမည်၊ တရား ရတနာရဲ့အရိပ်ကို ခိုလှုံကြရမည်၊ သံဃာရတနာရဲ့အရိပ်ကို ခိုလှုံကြရမည်။
ဒီလို အေးမြတဲ့ အရိပ်အာဝါသရှိတဲ့ ရတနာသုံးပါးတို့ရဲ့ သစ်ပင်ရိပ်ကို ခိုလှုံကာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်ပါမှ မိမိတို့လိုလားတောင့်တနေတဲ့ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ စျာန်ချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခအဝဝတွေကို ရရှိကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသစ်ပင်ကြီးတွေကို မခုတ်လှဲဖို့ ဘုရားရှင်က ဆိုဆုံးမ တော်မူနေခြင်းဖြစ်ပါတယ်။
ဘုရားအဆူပေါင်း ရှစ်သောင်းလေးထောင်
သက်တော်ထင်ရှား သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဟာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ဟိုဘက်က ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပြီးဖြစ်တဲ့အတွက် ယနေ့ မျက်မှောက်ခေတ် သာသနာတော်မှာ ဘုရားတည်းဟူသော သစ်ပင်ကြီး ရဲ့ အရိပ်အာဝါသတွေကို ခိုလှုံခွင့် မရနိုင်တော့ဘူးလို့ ဒီလိုတော့ မယူဆပါနှင့်။ ပရိနိဗ္ဗာန်စံလွန်တော်မူမည့် ညဉ့်ဝယ် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ် အတွင်းမှာ ရှိနေတဲ့ ပရိနိဗ္ဗာန်စံလွန်တော်မူရာ ကုဋင် ညောင်စောင်းထက်၌ လျောင်းစက်နေတော်မူစဉ်အခါမှာ ဘုရားရှင်က အရှင်အာနန္ဒာမထေရ်မြတ်ကို ဒီလို မိန့်ကြားသွားတော်မူခဲ့ပါတယ်။
ချစ်သား အာနန္ဒာ ... ငါဘုရား ဟောကြားထားတော်မူခဲ့တဲ့ တရားတော်တွေဟာ ဟောကြားတဲ့ ဆရာဖြစ်တော်မူတဲ့ ဘုရားရှင်မှ ကင်းကွာ တော်မူခဲ့လေပြီ၊ ငါတို့ရဲ့ဆရာဖြစ်တော်မူတဲ့ ဘုရားရှင်ဟာ မရှိတော့ပြီလို့ ဒီလိုတော့ မယူဆပါနှင့်၊ ငါဘုရားရှင်ဟာ ဝိနည်းဒေသနာတော်ကိုလည်း ပညတ်တော်မူခဲ့ပြီး ဖြစ်ပါတယ်၊ သုတ် အဘိဓမ္မာတရားတွေကိုလည်း ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ဝိနည်း သုတ် အဘိဓမ္မာ တရားတွေဟာ ငါဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သင်ချစ်သားတို့ တစ်တွေကို ဆိုဆုံးမနေတဲ့ ဆရာဘုရားတွေ ဖြစ်နေကြပါလိမ့်မည်..၂၉၁
ဒီလို ဘုရားရှင်က မိန့်ကြားသွားတော်မူခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူသွားပြီးဖြစ်သော်လည်း ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူခဲ့တဲ့ ဝိနည်း သုတ် အဘိဓမ္မာဆိုတဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ဟာ ရှစ်သောင်းလေးထောင်သော ဘုရားရှင်များ အဖြစ် ရပ်တည်တော်မူကာ တပည့်သာဝကတွေကို ဆိုဆုံးမနေတော်မူမှာ ဖြစ်ပါတယ်။၂၉၂
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ..ဆိုတဲ့ ဒီရှစ်သောင်း လေးထောင်သော ဘုရားရှင်တို့ဟာ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ တပည့်သာဝကတွေ မှီခိုဆည်းကပ်ခိုလှုံရမည့် ရှစ်သောင်းလေးထောင်သော သာသနာ့သစ်ပင်ကြီးတွေ ဖြစ်ပါတယ်။ ဒီသစ်ပင်ကြီးတွေကိုတော့ မခုတ်လှဲမိဖို့ အထူးလိုအပ်ပါတယ်။ ပုံစံအနည်းငယ် ထုတ်ပြောကြစို့ ..။
ယောဂီသူတော်ကောင်းတစ်ဦးက တရားအားထုတ်နေတဲ့ အချိန် အခါမှာ သီလတွေ ဖြူစင်နေဖို့ မလိုပါလို့ သန္တတိအမတ်ကြီးလို ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးကာ သီလကျင့်စဉ်ကို ပယ်ရှားလိုက်လျှင် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့၌ အကျုံးဝင်နေတဲ့, သီလကျင့်စဉ်အမျိုးမျိုးကို ဖော်ပြနေတဲ့ ဝိနည်းဒေသနာတော်ကဲ့သို့သော သီလဓမ္မက္ခန္ဓာ ဘုရားရှင် ဆိုတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲနေခြင်းပဲ ဖြစ်ပါတယ်။
ဘုရားရှင်ဟာ မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မာနုပဿနာပိုင်းတွင် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေရဲ့ ဆိုလိုရင်းအနက်သဘောတရားတွေကို ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီလို ဟောကြားတော်မူတဲ့အပိုင်းမှာ .. ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန် သမာဓိတွေကို သမ္မာသမာဓိလို့ ခေါ်ဆိုကြောင်းကို ဟောကြားထားတော် မူခဲ့ပါတယ်။၂၉၃ ဒီလို ဟောကြားချက်ကတော့ မဇ္ဈေဒီပကနည်းအားဖြင့် ကာမာဝစရဥပစာရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဆိုတဲ့ သမာဓိသုံးမျိုးထဲက အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ထင်ရှား ဖော်ပြကာ ဟောကြားတော်မူလိုက်ခြင်း ဖြစ်ပါတယ်။ အလယ်ဖြစ်တဲ့ ရူပါဝစရ သမာဓိကို ကောက်ယူရလျှင် အစဖြစ်တဲ့ ကာမာဝစရဥပစာရသမာဓိ, အဆုံး ဖြစ်တဲ့ အရူပါဝစရသမာဓိတို့ကိုလည်း သိမ်းကျုံးယူငင်ကာ ကောက်ယူရတဲ့ နည်းစနစ်ကို မဇ္ဈေဒီပကနည်းလို့ ခေါ်ဆိုလိုပါတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက၂၉၄ ..
စိတ္တဝိသုဒ္ဓိဆိုတာ ကာမာဝစရဥပစာရသမာဓိနှင့်တကွ သမာပတ်ရှစ်ပါး စလုံးကိုပင် ခေါ်ဆိုပါတယ်လို့ ရှင်းလင်းတင်ပြထားတော်မူပါတယ်။ သမ္မာ သမာဓိနှင့် စိတ္တဝိသုဒ္ဓိတို့ဟာ အမည်ချင်း ကွဲပြားသော်လည်း အဓိပ္ပာယ် ချင်းကား တူညီလျက်ပဲ ရှိကြပါတယ်။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အဖြစ် လက်ခံနိုင်ခဲ့ပါလျှင် မဂ္ဂင်ရှစ်ပါးတို့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သမ္မာသမာဓိ ကိုလည်း နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အဖြစ် လက်ခံဖို့ကား အထူး လိုအပ် ပါတယ်။ သို့သော် အချို့သော ယောဂီသူတော်ကောင်းများက ဝိပဿနာ ဘာဝနာကို ပွားများရာ၌ ဘာသမာဓိမှလည်း မလိုဘူး၊ ဘာသမထမှလည်း ပွားနေဖို့ မလိုဘူး ဒီလို ပြောဆိုကာ သမ္မာသမာဓိကို ဘေးဖယ်လိုက်ကြပြန် တယ်။ အချို့သော ယောဂီသူတော်ကောင်းများကတော့ ဝိပဿနာဆိုတာ ခဏိကသမာဓိနှင့်သာ သွားရတယ်၊ သမထတွေကို ပွားများနေဖို့မလို၊ သမာဓိ အမျိုးမျိုးတွေကို ထူထောင်နေဖို့မလိုဟု ပြောဆိုကာ သမ္မာသမာဓိကို ဘေးဖယ်လိုက်ကြပြန်တယ်။ ဒီလို သမ္မာသမာဓိကို ပယ်ရှားလိုက်ခြင်းဟာ သမာဓိကျင့်စဉ်နှင့် ဆက်စပ်ကာ ဟောကြားထားတော်မူခဲ့တဲ့ သမာဓိဓမ္မက္ခန္ဓာ ဘုရားရှင်ဆိုတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲနေခြင်းပဲ ဖြစ်ပါတယ်။
ဝိပဿနာပိုင်း၌ ဆိုလိုတဲ့ ခဏိကသမာဓိ
ဒီနေရာမှာ ဝိပဿနာပိုင်းမှာ ဆိုလိုတဲ့ ခဏိကသမာဓိအကြောင်းကို ဆက်လက်ပြီးတော့ ဆွေးနွေးကြရအောင် ..။
ရှေ့ပိုင်းက၂၉၅ ရှင်းပြခဲ့တဲ့အတိုင်း ဘုရားရှင်ဟာ အာနာပါနကျင့်စဉ်ကို သမထပိုင်း ဝိပဿနာပိုင်းလို့ နှစ်ပိုင်းခွဲကာ စတုက္က (၄)မျိုးတို့ဖြင့် ခွဲခြား စိတ်ဖြာကာ ဟောကြားထားတော်မူခဲ့ပါတယ်။
သမာဒဟံ စိတ္တံ အပိုင်းမှာ ရှင်းပြခဲ့တဲ့အတိုင်း စျာန်လေးမျိုးကို အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ဝင်စားကာ စျာန်မှ ထတိုင်းထတိုင်း ယင်းစျာန် သမာပတ်အတွင်း၌ တည်ရှိနေကြတဲ့ နာမ်တရားစုတို့ကို လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်နေခဲ့လျှင် ယင်း နာမ်သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဆိုတဲ့ အခြင်းအရာ တစ်မျိုးမျိုးအာရုံပေါ်မှာ ဝိပဿနာဘာဝနာစိတ်ဟာ လှုပ်ရှားလို့ မရနိုင်လောက်အောင် မြဲမြဲမြံမြံ ခိုင်ခိုင်ခံ့ခံ့ တည်နေတတ်ပါတယ်။ ဒီလို တည်ကြည်နေတဲ့ ဝိပဿနာသမာဓိကို ဝိပဿနာပိုင်းမှာ ခဏိကစိတ္တေကဂ္ဂတာသမာဓိ = ခဏိကသမာဓိလို့ ခေါ်ဆို ပါတယ်။၂၉၆
တစ်ဖန် ဘုရားရှင်ဟာ ယင်းအာနာပါနစတုတ္ထစတုက္ကဝယ် .. အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ စသည်ဖြင့် ကာလသုံးပါး သန္တာန် နှစ်ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ခန္ဓာ ငါးပါး ရုပ်နာမ်တရားတွေကို အနိစ္စလို့ (ဒုက္ခလို့ အနတ္တလို့) အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုကာ အသက်ရှူနေရန် ညွှန်ကြားထားတော်မူခဲ့ ပါတယ်။၂၉၇
ဒီလို ဝိပဿနာရှုနေတဲ့အခါမှာလည်း ဒီသင်္ခါရတရားတွေရဲ့ အနိစ္စ အခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ ဆိုတဲ့ အခြင်းအရာ တစ်မျိုးမျိုးအာရုံပေါ်မှာ ဝိပဿနာဘာဝနာစိတ်ဟာ လှုပ်ရှားလို့ မရနိုင်လောက်အောင် မြဲမြဲမြံမြံ ခိုင်ခိုင်ခံ့ခံ့ တည်နေတတ်ပါတယ်။ ဒီလို တည်ကြည်နေတဲ့ ဝိပဿနာသမာဓိကိုလည်း ဝိပဿနာပိုင်းမှာ ခဏိကစိတ္တေကဂ္ဂတာသမာဓိ = ခဏိကသမာဓိလို့ပဲ ခေါ်ဆိုပါတယ်။
ဒီလိုဝိပဿနာခဏိကသမာဓိမျိုးဟာ ဘယ်လောက်အဆင့်အတန်း မြင့်နေတယ်ဆိုတာကိုတော့ သတိပြုပါ။ ဥပစာရသမာဓိကိုပဲဖြစ်စေ အပ္ပနာ စျာန်သမာဓိတစ်ခုခုကိုပဲဖြစ်စေ ဝိပဿနာရဲ့ အခြေခံပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ကာ ယင်းသမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်းရောင် အကူအညီဖြင့် ကာလသုံးပါး သန္တာန် နှစ်ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ် ပရမတ် သင်္ခါရတရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းသင်္ခါရတရား တွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်တဲ့ သူတော်ကောင်းတွေရဲ့ သန္တာန်မှာသာ ဖြစ်ပေါ်လာနိုင်တဲ့ ခဏိကသမာဓိမျိုး ဖြစ်ပါတယ်။
ရုပ်ပရမတ် နာမ်ပရမတ်တွေကိုလည်း မသိ၊ အတိတ်အကြောင်းတရား တွေ ထင်ရှားဖြစ်ခြင်းကြောင့် ပစ္စုပ္ပန်အကျိုးတရားတွေ ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန် အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အနာဂတ်အကျိုးတရားတွေ ထင်ရှားဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘော တရားတွေကိုလည်း မသိ - ဒီလို မသိမှုတွေ တစ်ပုံကြီး ထမ်းထားတဲ့ ယောဂီ တစ်ဦးဟာ ကမ္မဋ္ဌာန်းကျောင်းအတွင်းသို့ ဝင်ရောက်ကာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒီယောဂီရဲ့ သန္တာန်မှာ ချက်ချင်း ခုပြောခဲ့တဲ့ ဝိပဿနာ ခဏိကသမာဓိမျိုး ဘယ်လိုမှ ဖြစ်ပေါ်မလာနိုင်ဘူးဆိုတာကိုတော့ သဘော ပေါက်ပါ။
သမ္မာဒိဋ္ဌိ သစ်ပင်ကြီး
ဘုရားရှင်ဟာ မဂ္ဂင်ရှစ်ပါးထဲမှာ ထိပ်ဆုံးမှာ တည်ရှိနေတဲ့ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ကြီးကို မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်မှာ ဒီလို ဟောကြားထား တော်မူခဲ့ပါတယ်။
ချစ်သားရဟန်းတို့ ... သမ္မာဒိဋ္ဌိဆိုတာ ဘာလဲ? .. ချစ်သား ရဟန်းတို့ ...ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်, ဒုက္ခဖြစ်ကြောင်း သမုဒယ သစ္စာကို သိနေတဲ့ဉာဏ်, ဒုက္ခချုပ်ရာ နိရောဓသစ္စာကို သိနေတဲ့ဉာဏ်, ဒုက္ခ ချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာကို သိနေတဲ့ ဉာဏ် -- ဒီဉာဏ် (၄)မျိုးကို သမ္မာဒိဋ္ဌိလို့ ခေါ်ဆိုပါတယ်။၂၉၈
ဒီလို ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။ ဘုရားရှင် ဟောကြားထားတော်မူခဲ့တဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ တရားဒေသနာတော်အားလုံးဟာလည်း ဒီ သစ္စာလေးပါးကိုပဲ ဦးတိုက်လျက် ရှိနေကြပါတယ်။ အကယ်၍ ယောဂီသူတော်ကောင်းတစ်ဦးက အဘိဓမ္မာမှာ လာရှိနေတဲ့ ဒုက္ခသစ္စာအမည်ရတဲ့ ရုပ်နာမ်ပရမတ်တရားတွေဟာ ဘုရားရှင်ရဲ့ အရာသာ ဖြစ်တယ်၊ သာဝကတွေဟာ ဘယ်လိုမှ ထိုးထွင်းမသိနိုင်ဘူးလို့ ပယ်ရှားခဲ့လျှင် ထိုယောဂီသူတော်ကောင်းတစ်ဦးဟာ ဒုက္ခသစ္စာကို ထိုးထွင်း သိတဲ့ဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိ သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲနေခြင်းပဲ ဖြစ်ပါ တယ်။
နောက်တစ်ခု ပြောရအောင် .. ဝိပဿနာဆိုတာ ပစ္စုပ္ပန်ကိုသာ ရှုရတယ်၊ အတိတ် အနာဂတ်ကို ရှုဖို့မလိုဘူး၊ အတိတ်သည် ဖြစ်ပြီးပြီ မရှိတော့ဘူး, မရှိတာကို ဘယ်လိုလုပ် ရှုမလဲ၊ အနာဂတ်ဟာလည်း မဖြစ်ပေါ် လာသေးဘူး, မဖြစ်ပေါ်လာသေးတဲ့ တရားတွေကို ဘယ်လို့လုပ် ရှုမလဲ ဒီလို ပြောဆိုပြန်ကာ အတိတ်ရုပ်နာမ်ခန္ဓာ အနာဂတ်ရုပ်နာမ်ခန္ဓာတွေကို ရှုမှုကို ပယ်ရှားလိုက်ပြန်တယ်။ ဒီလို ပယ်ရှားလိုက်တဲ့အတွက် ထိုယောဂီ သူတော်ကောင်းဟာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အတိတ်ခန္ဓာငါးပါး တို့ကို မှီတွယ်ကာ ဖြစ်ပေါ်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် ဒီဘဝမှာ အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံ, ဒီဘဝမှာ ပြုစု ပျိုးထောင်နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေကြောင့် နောင်အနာဂတ်မှာ အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စ သမုပ္ပါဒ်)ရှုကွက်ကို ဘယ်လိုမှ မိမိရဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်ပြီးတော့ မသိနိုင်တော့ဘူး၊ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိ သစ်ပင်ကြီးတစ်ပင်ကို ထပ်မံကာ ခုတ်လှဲ လိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒါတွင်လားဆိုတော့ မကသေးပါဘူး။ ဒီယောဂီသူတော်ကောင်းဟာ ဒီလို အတိတ် အနာဂတ်ရှုကွက်ကို ပယ်ရှားထားတဲ့အတွက်, နောင် အနာဂတ် ကာလ တစ်ချိန်ချိန်ဝယ် ဖြစ်ပေါ်လာမည့် အရဟတ္တမဂ်ဉာဏ်ရဲ့ စွမ်းအား ကြောင့်၄၃, ၄၄ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတဲ့အတွက် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတွေဟာလည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဆိုတဲ့ နိရောဓသစ္စာကိုလည်း ဘယ်လိုမှ မိမိရဲ့သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် ပြီးတော့ မသိနိုင်တော့ဘူး။ ဥဒယဗ္ဗယဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်ဖြင့် ဒီလို နိရောဓသစ္စာမျိုးကို ထိုးထွင်းမသိတဲ့ ယောဂီသူတော်ကောင်းရဲ့ သန္တာန် မှာ မှန်ကန်တိကျနေတဲ့ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တွေဟာ ဘယ်လိုမှ ဖြစ်ပေါ်မလာနိုင်တော့ပါဘူး၊ အလားတူပဲ ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ် တွေရဲ့ အဆုံးမှာ ဖြစ်ပေါ်လာမည့် အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဟာလည်း ဖြစ်ပေါ်ခွင့် မရှိ ဖြစ်နေပါလိမ့်မည်။ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ဖြစ်ပေါ် ခွင့် မရှိကြတဲ့အတွက် အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ ဒီသဘောတရားဟာလည်း မမျှော်မှန်းအပ်တဲ့ အရာဌာနတစ်မျိုးသာ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလို အတိတ် အနာဂတ် ရှုကွက်ကို ပယ်ရှားလိုက်ခြင်းဟာ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိ သစ်ပင်ကြီးကိုသာမက နိရောဓသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိ သစ်ပင်ကြီးတစ်ပင်ကိုပါ နောက်ထပ် ထပ်မံကာ ခုတ်လှဲလိုက်ခြင်းပဲ ဖြစ်ပါတယ်။
အလားတူပဲ ယောဂီသူတော်ကောင်းတစ်ဦးဟာ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလကျင့်စဉ်ကိုလည်း လက်မခံ၊ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ သမာဓိကျင့်စဉ်ကိုလည်း လက်မခံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ပညာကျင့်စဉ်ကိုလည်း လက်မခံ၊ ဒီလို ကျင့်စဉ်တွေကို လက်မခံနိုင်ခဲ့ဘူးဆိုလျှင် .. ထိုယောဂီသူတော်ကောင်းတစ်ဦးဟာ ဒုက္ခနိရောဓဂါမိနိပဋိပဒါ အရိယသစ္စံလို့ ဘုရားရှင်က ဂုဏ်တင်ကာ ချီးကျူး ဟောကြားထားတော်မူခဲ့တဲ့ ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ပယ်ရှားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မဂ္ဂသစ္စာ ကို ထိုးထွင်းသိနေတဲ့ဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိ သစ်ပင်ကြီးတစ်ပင်ကို ထပ်မံကာ ခုတ်လှဲနေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို သမ္မာဒိဋ္ဌိ သစ်ပင်ကြီးတွေကို ခုတ်လှဲနေခြင်းဟာ မိမိကို အေးမြတဲ့ အရိပ်အာဝါသကို ပေးခြင်းငှာ စွမ်းအင်အပြည့်အဝ ရှိနေကြတဲ့ အရိပ်တွေကို ဖျက်ဆီးပြီး ဖြစ်နေတဲ့အတွက် ဒီသမ္မာဒိဋ္ဌိ သစ်ပင်ကြီးတွေရဲ့အောက်မှာ မှီခိုကာ ပွားများအားထုတ်ပါမှ ရရှိနိုင်မည့် သီလချမ်းသာ စျာန်သမာဓိချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ဒီလို ချမ်းသာသုခအဝဝတွေကို ဒီသမ္မာဒိဋ္ဌိ သစ်ပင်ကြီးတွေရဲ့ အောက်မှာ သုံးဆောင်ခံစားခွင့် ရရှိဖို့ဆိုတဲ့ အခွင့်အလမ်းဟာလည်း ဒီလိုခုတ်လှဲနေတဲ့ ပုဂ္ဂိုလ်အတွက် လုံးဝဆုံးရှုံးပျက်စီးသွားပြီ ဖြစ်ပါတယ်။
သံဃာရတနာ သစ်ပင်ကြီး
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ ဒီရှစ်သောင်းလေးထောင် သော ဓမ္မက္ခန္ဓာဘုရားရှင်တို့ကို ဉာဏ်ဖြင့် ဖူးမြော်ခွင့်ကို ရရှိနိုင်ရန်အတွက် ယခုအခါမှာတော့ သံဃာရတနာတွင် အကျုံးဝင်နေကြတဲ့ သံဃာ့ထေရ်ကြီး ဝါကြီးများ ဖြစ်တော်မူကြတဲ့ အဆက်ဆက်သော ဆရာသမားတွေက သင်ကြားပို့ချပေးလျက် ရှိနေကြပါတယ်။ ထိုဆရာသမားတွေရဲ့ သင်ကြား ပို့ချပေးနေတဲ့ ဓမ္မက္ခန္ဓာတွေကို ဦးထိပ်ရွက် ပန်ဆင်ကာ ဉာဏ်ဖြင့် ခံယူတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဉာဏ်ဖြင့် ခံယူတတ်တယ်ဆိုတာကတော့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကိုပဲ ဆိုလိုပါတယ်။
တစ်ချိန်မှာ ဝက္ကလိရဟန်းတော်ကို ဘုရားရှင်က ဒီလို မိန့်ကြားထားတော် မူခဲ့ပါတယ်။
အလံ ဝက္ကလိ ကိံ တေ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန? ယော ခေါ ဝက္ကလိ၊ ဓမ္မံ ပဿတိ သော မံ ပဿတိ၊ ယော မံ ပဿတိ သော ဓမ္မံ ပဿတိ။ ဓမ္မဥှိ ဝက္ကလိ ပဿန္တော မံ ပဿတိ၊ မံ ပဿန္တော ဓမ္မံ ပဿတိ။
ချစ်သားဝက္ကလိ ...ဒီလို ပုပ်သိုးနေတဲ့ ခန္ဓာအိမ်ကြီးကို သင့်ရဲ့ ပသာဒ စက္ခုလို့ ခေါ်ဆိုတဲ့ ပကတိသော မျက်စိနဲ့ ဖူးမြင်နေခြင်းဟာ ဘာအကျိုး ရှိမှာလဲ? ချစ်သားဝက္ကလိ ... ပုဂ္ဂိုလ်တစ်ယောက်ဟာ သစ္စာလေးရပ် တရားမြတ်ဆိုတဲ့ ဓမ္မကို ဉာဏ်ပညာမျက်စိနဲ့ တွေ့မြင်သိရှိနေတယ်၊ ဒီပုဂ္ဂိုလ် ဟာ ငါဘုရားရှင်ကို ဉာဏ်ပညာမျက်စိဖြင့် ဖူးမြင်တွေ့ရှိနေသူပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဟာ ငါဘုရားရှင်ကို ဉာဏ်ပညာမျက်စိနဲ့ ဖူးမြင်တွေ့ရှိ နေတယ်၊ ဒီပုဂ္ဂိုလ်ဟာ သစ္စာလေးရပ် တရားမြတ်ဆိုတဲ့ ဓမ္မကို ဉာဏ်ပညာ မျက်စိနဲ့ တွေ့မြင်သိရှိနေတဲ့ ပုဂ္ဂိုလ်သာ ဖြစ်တယ်။ ချစ်သားဝက္ကလိ ... သစ္စာလေးရပ် တရားမြတ်ဆိုတဲ့ ဓမ္မကို ဉာဏ်ပညာမျက်စိဖြင့် ထိုးထွင်းသိမြင် ခဲ့မည်ဆိုလျှင် ငါဘုရားရှင်ကိုလည်း ဉာဏ်ပညာမျက်စိဖြင့် ဖူးမြင်တွေ့ရှိ နေပါတယ်၊ ငါဘုရားရှင်ကိုလည်း ဉာဏ်ဖြင့် ဖူးမြင်တွေ့ရှိခဲ့မည်ဆိုလျှင် သစ္စာလေးရပ် တရားမြတ်ဆိုတဲ့ ဓမ္မကိုလည်း ဉာဏ်ဖြင့် ထိုးထွင်းသိမြင် နေပါတယ်။၂၉၉
ဓမ္မကာယခန္ဓာအိမ်ကြီး
ဘုရားရှင်ဟာ အဂ္ဂညသုတ္တန်မှာ မိမိခန္ဓာအိမ်ဟာ ဓမ္မကာယ ဖြစ်ကြာင်းကို ဟောကြားထားတော်မူခဲ့ပါတယ်။၃၀၀ ဒီနေရာမှာ နားလည် အောင်တော့ ထပ်ပြီး ရှင်းပြဖို့ လိုအပ်ပါလိမ့်မည်။ ဘုရားအလောင်းတော်ဟာ သိဒ္ဓတ္ထမင်းသားဘဝမှာလည်း ရုပ်နာမ်ခန္ဓာအစဉ်တွေ ရှိခဲ့ကြပါတယ်။ ဥရုဝေလတောအတွင်းမှာ ဒုက္ကရစရိယာ အဝင်အပါဖြစ်တဲ့ တရားဘာဝနာ အမျိုးမျိုးတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ အချိန်အခါမှာ လည်း ရုပ်နာမ်ခန္ဓာအစဉ်တွေဟာ အဆက်မပြတ် ဆက်လက်ကာ တည်ရှိနေ ခဲ့ကြပါတယ်။ သဗ္ဗညုတဉာဏ်သို့ မဆိုက်ရောက်မီအတွင်း ရှေ့နှင့်နောက် ဆက်စပ်ကာ အထပ်ထပ် ဖြစ်ပေါ်နေခဲ့တဲ့ ရုပ်နာမ်ခန္ဓာအစဉ်တွေကို ဓမ္မကာယဟု မခေါ်ဆိုသေးပါ။ လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့နှင့်တကွ သဗ္ဗညုတဉာဏ်တော်မြတ်စတဲ့ ဘုရားရှင်တို့သာ ရယူပိုင်သထိုက်တဲ့ ဉာဏ်တော်မြတ်အသီးအသီးတွေကို ရရှိတဲ့အချိန်အခါ ကျမှသာလျှင် ဖြစ်ပေါ်နေခဲ့တဲ့ ရုပ်နာမ်ခန္ဓာအစဉ်တွေကို ဓမ္မကာယလို့ ခေါ်ဆိုပါတယ်။ ယင်းဉာဏ်တော်မြတ်အပေါင်းတို့တွင် လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ကား အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး ကို အာရုံမျက်မှောက် ထွင်းဖောက်သိမြင်ကာ, အသမ္မောဟပဋိဝေဓသဘော အားဖြင့် သစ္စာလေးရပ် တရားမြတ်တို့ကို မသိမမြင်အောင် ဖုံးလွှမ်းကာကွယ် ထားတဲ့ မောဟအမိုက်မှောင်ကို ပယ်ရှားလျက် သစ္စာလေးပါးကို ထိုးထွင်း သိမြင်တော်မူတဲ့ ဉာဏ်တော်မြတ်တွေ ဖြစ်ကြပါတယ်။
ဘုရားရှင်ဟာ မိမိကဲ့သို့ အလားတူပင် တပည့်သာဝကတွေကိုလည်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်အောင် ညွှန်ကြားပြသ ဆိုဆုံးမပေးတော်မူခဲ့ပါတယ်။ ဒီလိုညွှန်ကြားပြသတော်မူတဲ့အခါမှာ သဗ္ဗညုတ ဉာဏ်တော်မြတ်နှင့်တကွသော တရားတော်ကို ဟောဆိုကြောင်းဖြစ်တဲ့ ဒေသနာဉာဏ်တော် စတဲ့ ဉာဏ်တော်အမျိုးမျိုးတို့ဟာ ဘုရားရှင်ရဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ကာ ဖြစ်ပေါ်နေတဲ့ ဉာဏ်တော်မြတ်တွေ ဖြစ်ကြပါတယ်။ အာသယာနုသယဉာဏ်တော်မြတ်ဖြင့် ဝေနေယျ သာဝကတို့ရဲ့ အလိုအဇ္ဈာသယဓာတ်ခံကို ဆင်ခြင်တော်မူကာ, ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်တော်မြတ် ဖြင့် ယင်းသာဝကတို့ရဲ့ ဣန္ဒြေအနုံ့အထက် အနုအရင့်ကို ကြည့်ရှုတော်မူပြီး နောက် သဗ္ဗညုတဉာဏ်တော် ဒေသနာဉာဏ်တော်မြတ်တို့ဖြင့် ခွဲခြားစိတ်ဖြာ ကာ နှုတ်တော်မှ တိုက်ရိုက်မြွက်ဟတော်မူလျက် တရားတော်ကို ဟောကြား ပေးတော်မူခဲ့ပါတယ်။
ဒီလို ဟောကြားတော်မူနိုင်ခြင်းဟာ လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ် သဗ္ဗညုတဉာဏ် ဒေသနာဉာဏ် အာသယာနုသယဉာဏ် ဣန္ဒြိယပရောပရိယတ္တိဉာဏ် စတဲ့ ဓမ္မကာယ (= တရား အပေါင်းအစုတို့ စုဝေးတည်နေရာ ခန္ဓာအိမ်ကြီး) ဖြစ်နေတဲ့အတွက်ကြောင့် သာ ဟောကြားတော်မူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ ခန္ဓာအိမ်ကြီးကို ဓမ္မကာယဖြင့် ပြီးစီးနေတဲ့အတွက်ကြောင့် ဓမ္မကာယခန္ဓာ အိမ်ကြီးလို့ ခေါ်ဆိုပါတယ်။၃၀၁
တပည့်သာဝက တစ်ဦးဟာ မိမိကိုယ်တိုင် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို လေးဆင့်သော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်ပြီးတဲ့ အချိန်အခါကျမှ ဘုရားရှင်ရဲ့ လေးဆင့်သော အရိယ မဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်ထားတဲ့ အရိယသစ္စာ လေးရပ် တရားမြတ်ဆိုတဲ့ ဓမ္မကာယကို ဖူးတွေ့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အကယ်၍ သာဝကတစ်ဦးဟာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် အရိယ သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းမသိမြင်သေးဘူးဆိုလျှင် ဘုရားရှင်ရဲ့ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်ထားတဲ့ အရိယသစ္စာ လေးရပ် တရားမြတ်ဆိုတဲ့ ဓမ္မကာယကို ဖူးတွေ့ခွင့် မရရှိနိုင်သေးပါ။ ဒါကြောင့် ဘုရားရှင်က ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ =ချစ်သားဝက္ကလိ ...အကြင်သူဟာ သစ္စာလေးရပ် တရားမြတ်ဆိုတဲ့ ဓမ္မကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေတယ်၊ ဒီလိုပုဂ္ဂိုလ်ဟာ ဓမ္မကာယလို့ ခေါ်ဆိုတဲ့ ငါဘုရားရှင်ကို ဉာဏ်ပညာမျက်စိဖြင့် ဖူးမြင်တွေ့ရှိနေသူပဲ ဖြစ်ပါတယ် ဒီလို မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလို ဓမ္မကာယခေါ်တဲ့ ဓမ္မက္ခန္ဓာဘုရားရှင်တွေကို သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ဖူးမြင်တွေ့ရှိနိုင်ရေးအတွက် ကျောက်ထီး တန္တု အလေးဂရုပြုတော်မူအပ်တဲ့, သံဃာရတနာတွင် အကျုံးဝင်နေကြတဲ့ သက်တော်ရှည် ဆရာတော်ကြီးများက ဘုရားရှင်ရဲ့ကိုယ်စား သွန်သင်ပြသ ဆိုဆုံးမတော်မူလျက် ရှိနေကြပါတယ်။ ဤကဲ့သို့သော သက်တော်ရှည် ဆရာတော်ကြီးများကား အေးမြတဲ့အရိပ်အာဝါသတွေကို ပေးခြင်းငှာ စွမ်းနိုင်တဲ့, ချမ်းသာသုခအဝဝတွေကို လိုလားတောင့်တနေတဲ့ တပည့် သာဝကတွေ မှီဝဲဆည်းကပ်ရမည့် သံဃာရတနာ သစ်ပင်ကြီးတွေပဲ ဖြစ်ကြ ပါတယ်။
တပည့်သူတော်ကောင်းတစ်ဦးဟာ ဒီလို သံဃာရတနာ သစ်ပင်ကြီး တွေရဲ့ အရိပ်ကို မှီခိုလျက် တရားဓမ္မတွေကို သင်ယူနေတဲ့ အပိုင်းမှာ ဆရာသမားတွေက သီလကျင့်စဉ်ပိုင်းတွေကို ညွှန်ကြားပြသ ဆိုဆုံးမ လိုက်လျှင်လည်း မနာယူလို မကျင့်လို ဖြစ်နေပြန်တယ်။ သမာဓိပိုင်းဆိုင်ရာ ကျင့်စဉ်အရပ်ရပ်တွေကို ညွှန်ကြားပြသ ဆိုဆုံးမလိုက်ပြန်လျှင်လည်း .. ယခုခေတ်မှာ စျာန်တွေကို မရနိုင်တော့ပါဘူး၊ သို့မဟုတ် စျာန်လမ်းဟာ သံသရာခရီးကြော ရှည်လွန်းလှတယ်၊ အာဠာရ ဥဒကတို့လို သာသနာတော်မှ အရှုံးကြီး ရှုံးသွားနိုင်တယ် ဤသို့ စသည်ဖြင့် ဆင်ခြေဆင်လက်တွေ ထူကာ ပယ်ရှားလိုက်ပြန်တယ်။ တစ်ဖန် ဆရာသမားတွေက အဘိဓမ္မာမှာလာရှိတဲ့ ရုပ်နာမ်ပရမတ်တရားတွေကို အကျဉ်းအားဖြင့် ဟုတ်တိုင်းမှန်စွာ တတ်သိ နားလည်အောင်, ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရား တွေကို အကျဉ်းအားဖြင့် ဟုတ်တိုင်းမှန်စွာ တတ်သိနားလည်အောင် ရှေးဦးစွာ အဘိဓမ္မတ္ထသင်္ဂဟ (= သင်္ဂြိုဟ်)ကျမ်းကို သင်ကြားပေးတော်မူကြတယ်။ ဒါတွင်မကသေးဘူး၊ ဒုက္ခသစ္စာအမည်ရတဲ့ ခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရား တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်အောင်, ဒုက္ခသစ္စာတရားရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်အောင် ကျင့်ရမည့် ကျင့်စဉ်အရပ်ရပ်တွေကို ထိုထိုပါဠိတော် များနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့မှာ လာရှိတဲ့အတိုင်း သင်ကြားပေးလိုက်ပြန် တော့လည်း .. ရုပ်နာမ်ပရမတ်တရားတွေဟာ သာဝကတွေ မသိနိုင်၊ ဘုရားရှင်သာ သိနိုင်တယ်၊ သာဝကတွေရဲ့ အရာမဟုတ်၊ ဘုရားရှင်ရဲ့ အရာသာ ဖြစ်တယ်၊ အတိတ် အနာဂတ်ကို ဝိပဿနာရှုဖို့မလို ဤသို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ပယ်ရှားလိုက်ပြန်တယ်။
ဒီလို ဆရာသမားတွေရဲ့ အဆုံးအမကို မနာယူဘဲ ပယ်ရှားနေခြင်းဟာ သံဃာရတနာဆိုတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲနေခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ခုတ်လှဲနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဆရာသမားဆိုတဲ့ သစ်ပင်ကြီးတွေရဲ့ အေးမြတဲ့ အရိပ်ကို မှီခိုကာ သမထ ဝိပဿနာဘာဝနာတွေကို နည်းမှန် လမ်းမှန် ပွားများအားထုတ်ပါမှ ရရှိနိုင်တဲ့ စျာန်သမာဓိချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာထူး ချမ်းသာမြတ်ကြီး တွေကို ရရှိနိုင်ဖို့ရန်မှာ မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာဝေးလျက် ရှိနေပါတယ်။
အရှုံးကြီး ရှုံးသွားကြသူများ
ဘုရားရှင်ဟာ ဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေထက်ဝယ် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် အဋ္ဌမမြောက်သတ္တာဟသို့ ရောက်ရှိတဲ့အခါ တရားတော်ကို စတင်ဟောကြားတော်မူရန် ဆင်ခြင်စဉ်းစား တော်မူခဲ့ပါတယ်။ ရှေးဦးစွာ တရားဟောကြားပေးဖို့ရန် သင့်တင့်တဲ့ တပည့် သာဝကကို ဆင်ခြင်ကြည့်ရှုတော်မူလိုက်တဲ့အခါ အလောင်းတော်ဘဝက စျာန်သမထတွေကို သင်ပေးခဲ့ဖူးတဲ့ ကာလာမအနွယ်ဝင် အာဠာရ ရသေ့ကြီး ကို ရှေးဦးစွာ တွေ့ရှိတော်မူပါတယ်၊ ဟောကြားမည့်တရားတွေကို ထိုးထွင်း သိမြင်နိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတွေ ရှိနေတာကိုလည်း သိရှိတော်မူခဲ့ ပါတယ်။ သို့သော် ဆက်လက်ကာ ဆင်ခြင်ကြည့်ရှုတော်မူလိုက်တဲ့အခါ ထိုအာဠာရရသေ့ကြီးဟာ လွန်ခဲ့သော ခုနစ်ရက်က ကွယ်လွန်သွားကာ အာကိဉ္စညာယတနအရူပဘုံသို့ ကပ်ရောက်သွားတာကို သိမြင်တော်မူခဲ့ ပြန်တယ်။ တစ်ဖန် ရာမရဲ့သားဖြစ်တဲ့ ဥဒကရသေ့ကြီးကို ဆက်လက်ကာ ဆင်ခြင်ကြည့်ရှုတော်မူပြန်တယ်။ ဥဒကရသေ့ကြီးမှာလည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတွေ ရှိနေတာကိုလည်း သိမြင်တော်မူခဲ့ ပြန်တယ်။ သို့သော် ဆက်လက်ကာ ဆင်ခြင်ကြည့်ရှုတော်မူလိုက်တဲ့အခါ ဥဒကရသေ့ကြီးဟာလည်း လွန်ခဲ့သော ညကပဲ ကွယ်လွန်သွားကာ နေဝသညာနာသညာယတနအရူပဘုံသို့ ဆိုက်ရောက်သွားတာကို တွေ့မြင် သိရှိတော်မူခဲ့ပြန်တယ်။
အရူပဘုံတွေဆိုတာကတော့ ရုပ်တရားတွေ လုံးဝမရှိကြဘဲ နာမ်တရား သက်သက်သာ တည်ရှိနေကြတဲ့ ဘုံဌာနတွေသာ ဖြစ်ကြပါတယ်။ အကယ်၍ ဘုရားရှင်က ထိုဘုံဌာနများသို့ ကြွရောက်တော်မူကာ တရားတော်ကို ဟောကြားခဲ့မည်ဆိုလျှင်လည်း အာဠာရနှင့် ဥဒကတို့မှာ ဘုရားရှင်ကို ဖူးမြင် တွေ့မြင်နိုင်တဲ့မျက်စိ, ဘုရားရှင်ရဲ့တရားတော်ကို နာယူနိုင်တဲ့ နားသောတ မရှိကြတဲ့အတွက် ဘုရားရှင်ရဲ့တရားတော်ကို နာယူခွင့် ကြားနာခွင့် ရရှိခြင်း ဆိုတဲ့ အခွင့်အလမ်းကြီးမှ ဆုတ်ယုတ်ပျက်စီးသွားခဲ့ပါတယ်။
တပည့်သာဝကတစ်ဦးအဖို့ လောကုတ္တရာ သမ္မာဒိဋ္ဌိဉာဏ်အမြင် ရရှိရေး အတွက် အဓိကလိုအပ်တဲ့ အင်္ဂါရပ် နှစ်ချက် ရှိပါတယ်။
၁။ အင်္ဂါရပ်ကတော့ ပရတော ဃောသ = ဘုရားရှင်ရဲ့ထံတော်မှဖြစ်စေ ဘုရားရှင်ရဲ့ တပည့်သာဝကတစ်ဦးဦးထံတော်မှဖြစ်စေ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကား တော်တွေကို နာကြားခွင့် ရရှိခြင်းဖြစ်ပါတယ်။
၂။ ဒုတိယ အင်္ဂါရပ်ကတော့ ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ပရမတ် သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ခြင်းဆိုတဲ့ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်တဲ့ ယောနိသောမနသိကာရတရားဟာ ယင်းတပည့် သာဝကတစ်ဦးရဲ့ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်မှာ ထင်ရှားတည်ရှိနေခြင်း ဖြစ်ပါတယ်။ ဒီအကြောင်း အင်္ဂါရပ် နှစ်ချက်နှင့် ပြည့်စုံညီညွတ်နေပါမှ ဘုရားရှင်ရဲ့ တပည့်သာဝကတစ်ဦးရဲ့ သန္တာန်မှာ လောကုတ္တရာသမ္မာဒိဋ္ဌိ ဉာဏ်အမြင်ဟာ ထင်ရှားဖြစ်ပေါ်လာနိုင်ပါတယ်။၃၀၂
ဘုရားရှင်က ထိုအရူပဘုံသို့ ကြွရောက်ကာ တရားတော်ကို ဟောကြား ပြသပေးခဲ့မည်ဆိုလျှင်လည်း အရူပဘုံသို့ ဆိုက်ရောက်သွားကြတဲ့ အာဠာရနှင့် ဥဒကတို့ရဲ့ သန္တာန်မှာ နာယူနိုင်တဲ့ နားမရှိကြတဲ့အတွက် ဘုရားရှင်ရဲ့ ထံတော်မှ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတော်တွေကို နာကြားခွင့် ရရှိခြင်းဆိုတဲ့ အင်္ဂါရပ်ကလည်း ချို့တဲ့နေကြပြန်တယ်။ ဒီလို ချို့တဲ့နေကြတဲ့ အတွက် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိနေကြတဲ့ အကြာင်း တရားနှင့်တကွသော ရုပ်နာမ်ပရမတ်သင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ခြင်းဆိုတဲ့ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်တဲ့ ယောနိသောမနသိကာရတရားဟာ လည်း သူတို့ရဲ့ သန္တာန်မှာ ဘယ်လိုမှ ဖြစ်ပေါ်မလာနိုင်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က ဒီပုဂ္ဂိုလ်နှစ်ဦးကို မိမိတို့ ရသင့်ရထိုက်တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်မှ ဆုံးရှုံးသွားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေကြတဲ့အတွက် မဟာဇာနိယ = အရှုံးကြီး ရှုံးကြသူများလို့ မိန့်ကြားတော်မူခဲ့ပါတယ်။၃၀၃
ဒီလိုပုဂ္ဂိုလ်ကြီးတွေရဲ့ ဆုံးရှုံးသွားမှုကို ကြည့်ကာ စျာန်သမာဓိတွေကို ထူထောင်ခြင်းဟာ သံသရာခရီးမှာ ရှည်လျားစွာ မျောပါနေဖို့ရန် အကြောင်း ဖြစ်တယ် စသည်ဖြင့် ခြိမ်းခြောက်ကြပြန်တယ်။ သို့သော် ကြောက်ဖို့မလိုပါ၊ မိမိတို့ဘက်က ရွေးချယ်တတ်ဖို့သာ လိုပါတယ်။
ထင်ရှားတဲ့ ပုံစံတစ်ခုကတော့ သဟမ္ပတိဗြဟ္မာကြီး ဖြစ်ပါတယ်။ သဟမ္ပတိဗြဟ္မာကြီးဟာ ကဿပဘုရားရှင်လက်ထက်တော်အခါက သဟက အမည်ရှိတဲ့ အနာဂါမ်ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ပါတယ်။၃၀၄ အနာဂါမ် အရိယာသူတော်ကောင်းတွေဟာ နီဝရဏငါးပါးကို ပယ်ရှားထားပြီး ဖြစ်ကြတဲ့ အတွက် စျာန်တရားတွေဟာ အနာဂါမ်သူတော်ကောင်းတို့အဖို့ လွယ်ကူ ချောမောလျက်သာ ရှိနေပါတယ်။ ဒါကြောင့် သဟကရဟန်းတော်ဟာ စျာန်သမာပတ်ရှစ်ပါးကိုလည်း ကျွမ်းကျင်လိမ္မာတော်မူတဲ့ ကောင်းစွာ ပွားများထားတဲ့ ရဟန်းတော်တစ်ပါးလည်း ဖြစ်ခဲ့ပါတယ်။ သို့သော် သူက ပထမစျာန်ဗြဟ္မာ့ဘုံကို အနာဂတ်သံသရာခရီးဘဝတစ်ခုအဖြစ် ရွေးချယ် သတ်မှတ်ထားခဲ့ပါတယ်။ မိမိသတ်မှတ်ချက်အတိုင်း ဆန္ဒ ဝီရိယ စိတ္တ ဝီမံသ ဆိုတဲ့ အထက်စား ဣဒ္ဓိပါဒ်လေးပါး ခြံရံကာ ပထမစျာန်ကို အမြတ်စား ပွားများအားထုတ်ထားခဲ့ပါတယ်။ ဒါကြောင့် အနာဂါမ်ရဟန်းဘဝမှ ကွယ်လွန် သွားတဲ့အခါ ပထမစျာန်ဘုံ သုံးဘုံတို့အနက် အမြင့်ဆုံးဖြစ်တဲ့ မဟာဗြဟ္မာ ဘုံမှာ မဟာဗြဟ္မာကြီး တစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒုတိယထင်ရှားတဲ့ သာဓကတစ်ခုကတော့ အလောင်းတော် တောထွက် တော်မူခဲ့စဉ်က အနောမာသောင်ကမ်းမှာ ပရိက္ခရာ ရှစ်ပါးကို လာရောက် လှူဒါန်းပူဇော်တဲ့ ဃဋိကာရဗြဟ္မာကြီး ဖြစ်ပါတယ်။ ဃဋိကာရဗြဟ္မာကြီးဟာ လည်း ကဿပဘုရားရှင်လက်ထက်တော်က ကဿပဘုရားရှင်ရဲ့ အလုပ် အကျွေး အနာဂါမ်ဥပါသကာကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ အိုးလုပ်ငန်းဖြင့် ကဿပဘုရားရှင်နှင့် မျက်မမြင် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာလည်း စျာန်သမာပတ်ရှစ်ပါးကို ကျွမ်းကျင်လိမ္မာခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ သို့သော် သူက အကနိဋ္ဌဘုံကို အနာဂတ် သံသရာခရီးဘဝတစ်ခုအဖြစ် ရွေးချယ်ကာ အထက်စား ဣဒ္ဓိပါဒ်လေးပါး ခြံရံလျက် စတုတ္ထစျာန်ကို အမြတ်စား ပွားများထားခဲ့ပါတယ်။ အိုးထိန်းသည် ဘဝမှ ကွယ်လွန်သွားတဲ့အခါ အကနိဋ္ဌဗြဟ္မာ့ပြည်သို့ ရောက်ရှိခဲ့ပါတယ်။၃၀၅
သို့သော် အာဠာရနှင့် ဥဒကတို့ဟာ သူတို့ရရှိထားတဲ့ စျာန်တွေထဲက အမြင့်ဆုံးဖြစ်တဲ့စျာန်ကသာ ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်လို့ သူတို့က ယူဆထားကြတယ်။ အာဠာရရသေ့ကြီးဟာ အာကိဉ္စညာယတန စျာန်သို့ တိုင်အောင်သော သမာပတ် (၇)ပါးတို့ကို ရရှိထားခဲ့ပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ အာကိဉ္စညာယတနစျာန်ကသာလျှင် အာကိဉ္စညာယတန ဘုံမှာ ပဋိသန္ဓေအကျိုးကို ပေးလိမ့်မည်လို့ ယူဆထားခဲ့တယ်။ အလားတူပဲ ဥဒကရသေ့ကြီးဟာလည်း သမာပတ် (၈)ပါးစလုံးကို ရရှိထားခဲ့ပြီးသူ ဖြစ်ပါ တယ်၊ အမြင့်ဆုံးဖြစ်တဲ့ နေဝသညာနာသညာယတနစျာန်ကသာလျှင် နေဝသညာနာသညာယတနဘုံမှာ ပဋိသန္ဓေအကျိုးကို ဖြစ်စေလိမ့်မည်လို့ သူက ယုံကြည်ထားခဲ့တယ်။
အကယ်၍ အာဠာရနှင့် ဥဒကတို့ဟာလည်း သဟမ္ပတိဗြဟ္မာနှင့် ဃဋိကာရဗြဟ္မာတို့ကဲ့သို့ ရွေးချယ်တတ်တဲ့ အသိဉာဏ်ရှိလို့ ရူပါဝစရဗြဟ္မာ့ဘုံ တစ်ဘုံဘုံကို ရွေးချယ်ခဲ့မည်ဆိုလျှင် ဘုရားရှင်ရဲ့ထံတော်မှ တရားတော်တွေကို နာကြားခွင့် ရရှိနိုင်ပါတယ်၊ နာကြားထားရတဲ့အတိုင်း ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းခွင့် ရရှိနိုင်ကြပါတယ်၊ မိမိတို့ ရသင့်ရထိုက်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကိုလည်း ရရှိနိုင်ကြပါတယ်၊ အရှုံးကြီး ရှုံးကြသူ များလည်း မဖြစ်နိုင်ကြတော့ပါ။ သို့သော် သဟမ္ပတိဗြဟ္မာ ဃဋိကာရဗြဟ္မာ တို့ကဲ့သို့ ရွေးချယ်တတ်တဲ့ အသိဉာဏ်မရှိကြတဲ့အတွက်ကြောင့်သာလျှင် ယခုလို အရှုံးကြီး ရှုံးသွားကြရခြင်း ဖြစ်ပါတယ်။ သို့သော် ဒီလို ရွေးချယ်တတ် တဲ့ အသိဉာဏ်ဟာ သာသနာတော်အတွင်းမှာ တည်ရှိနေကြတဲ့ ဘုရားရှင် တို့ရဲ့ တပည့်သာဝကတွေရဲ့ သန္တာန်မှာသာ ဖြစ်ပေါ်နိုင်တဲ့ အသိဉာဏ်မျိုးတွေ ဖြစ်ကြပါတယ်။
သံသရာခရီးကို ခပ်တိုတိုပဲ အလိုရှိခဲ့တယ်ဆိုလျှင် ခပ်တိုတိုနဲ့ပဲ သံသရာ ခရီးကို အဆုံးသတ်သွားနိုင်တဲ့ သက်သေသာဓကတစ်ခုကတော့ နာမည် ကျော် ဥပကရဟန်းတော်ကြီးပဲ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ဓမ္မစကြာဒေသနာ တော်ကို ဟောကြားတော်မူရန်အတွက် ဣသိပတန အမည်ရတဲ့ မိဂဒါဝုန် တောသို့ ကြွရောက်တော်မူတဲ့အခါ ဗောဓိမဏ္ဍိုင်နှင့် ဂယာအကြား လမ်းခု လတ်တစ်နေရာမှာ တက္ကတွန်းဘဝမှာပဲ ရှိနေသေးတဲ့ ဥပကကြီးနှင့် တွေ့ဆုံ ခဲ့ဖူးပါတယ်။ သို့သော် ဥပကကြီးရဲ့ ဣန္ဒြေတွေက မရင့်ကျက်ကြသေးတဲ့ အတွက် ဘုရားရှင်က ဥပကကြီးအား သစ္စာလေးပါးနှင့် စပ်တဲ့ တရားစကား တော်များကို ဟောကြားပေးတော် မမူခဲ့ပါ။ ဥပကကြီး မေးတဲ့မေးခွန်းလောက် ကိုသာ အဖြေပေးတော်မူခဲ့ပါတယ်။ ဥပကကြီးလည်း ဝင်္ကဟာရဇနပုဒ်သို့ သွားရောက်ကာ သီတင်းသုံးနေထိုင်ရင်းဖြင့် ဒေါ်ဆာဝါနှင့် အကြောင်းပါ ခဲ့ကာ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ တစ်နေ့မှာတော့ ဒေါ်ဆာဝါရဲ့ အဆင့်အတန်းမြင့်မားလွန်းလှတဲ့ ပညာပေးစနစ်တွေက အလွန်ကောင်းမွန် တဲ့အတွက်ကြောင့် ဥပကကြီးဟာ အိမ်ထောင်သည်ဘဝကို သတိသံဝေဂ ကြီးစွာရခဲ့တဲ့အတွက် အိမ်မှ ထွက်ခွာကာ ဘုရားရှင်ရှိတော်မူရာ ဇေတဝန် ကျောင်းတိုက်တော်သို့ သွားရောက်ကာ ဘုရားရှင်ရဲ့ထံတော်မှောက်မှာ ခွင့်ပန်ကာ ရှင်ရဟန်းပြုခဲ့ပါတယ်။ ရှင်ရဟန်းပြုပြီးနောက် ဘုရားရှင်ရဲ့ထံ တော်မှ ကမ္မဋ္ဌာန်းတရားများကို သင်ယူကာ အပြင်းအထန် ကြိုးစားအားထုတ် တော်မူလေရာ မကြာမီ အချိန်ကာလအတွင်းမှာပဲ အနာဂါမိမဂ်ဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ပါတယ်။ မကြာမီမှာပဲ ရဟန်းဘဝမှ ကွယ်လွန်တော်မူ ကာ အဝိဟာဗြဟ္မာ့ဘုံသို့ ရောက်ရှိသွားခဲ့ပါတယ်။ အဝိဟာဗြဟ္မာ့ဘုံမှာ ဗြဟ္မာ ဖြစ်လျှင်ဖြစ်ချင်း ဆက်လက်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော် မူလေရာ အရဟတ္တဖိုလ်သို့ လျင်မြန်စွာ ဆိုက်ရောက်တော်မူခဲ့ပါတယ်။ ရဟန္တာဖြစ်တော်မူပြီးနောက် ချက်ချင်းပဲ ပရိနိဗ္ဗာန်စံသွားတော်မူခဲ့ပါတယ်။၃၀၆
ဒါ့ကြောင့် ဗြဟ္မာ့ပြည်သို့ ရောက်တိုင်း သံသရာခရီးကြော မရှည်တာ ကိုတော့ သို့မဟုတ် သံသရာခရီးကြောမှာ မျောပါမနေဘူးဆိုတာကိုတော့ သဘောပေါက်ပါ။ မိမိတို့ရဲ့ လိုလားတောင့်တမှုအပေါ်မှာ မူတည်နေပါတယ်။ မိမိတို့က သံသရာခရီးကို ရှည်လိုလျှင် သံသရာခရီးက ရှည်နေမှာ ဖြစ်ပါတယ်။မိမိတို့က သံသရာခရီးကို တိုလိုလျှင်လည်း သံသရာခရီးဟာ တိုနေမည်သာ ဖြစ်ပါတယ်။ မိမိတို့ ထူထောင်ထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့အပေါ်၌ အခြေတည်ကာ သင်္ခါရ ကံတွေက အကျိုးပေးနေသောကြောင့် ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဒီဘဝမှာပဲ သံသရာခရီးကို အဆုံးသတ်ချင်တယ် ဆိုလျှင်လည်း အဆုံးသတ်နိုင်တဲ့ သက်သေသာဓကထုံးတွေလည်း များစွာ ရှိကြပါတယ်။ ဘုရားရှင်လက်ထက်တော်အခါက ဝိဇ္ဇာသုံးပါးကို ရရှိတော် မူကြတဲ့ တေဝိဇ္ဇာပတ္တ ရဟန္တာအရှင်မြတ်များ, အဘိညာဏ်ခြောက်ပါးကို ရရှိတော်မူကြတဲ့ ဆဠာဘိညာပတ္တ ရဟန္တာအရှင်မြတ်များ, ပဋိသမ္ဘိဒါ ဉာဏ်တော်မြတ်လေးပါးတို့ကို ရရှိတော်မူကြတဲ့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ အရှင်မြတ်များ -- ဒီလို ဂုဏ်ထူးဝိသေသအမျိုးမျိုးတွေနှင့် ပြည့်စုံတော်မူကြတဲ့ ရဟန္တာအရှင်မြတ်ကြီးတို့ဟာ စျာန်သမာပတ်ရှစ်ပါးတွေမှာ တစ်ဖက်ကမ်း ခပ်အောင် ကျွမ်းကျင်လိမ်မာတော်မူကြတဲ့ သူတော်ကောင်းကြီးတွေချည်း ဖြစ်ကြပါတယ်။ သို့သော် ထိုရဟန္တာအရှင်မြတ်ကြီးတို့ဟာ သံသရာခရီးကြော မှာ မျောပါတော်မမူကြဘဲ ထိုဘဝမှာပဲ သံသရာခရီးကို အဆုံးသတ်ကာ ပရိနိဗ္ဗာန်စံဝင်တော်မူသွားခဲ့ကြပါတယ်။
ဒါကြောင့် စျာန်တွေကို အားထုတ်ခဲ့လျှင် သံသရာခရီးကြော ရှည်တယ် လို့ ခြိမ်းခြောက်ကာ .. သမာဓိဓမ္မက္ခန္ဓာဘုရားရှင်ဆိုတဲ့ သစ်ပင်ကြီးတွေကို မခုတ်လှဲကြပါနဲ့လို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။
ကြာပန်းနဲ့ ပမာတူတဲ့ ဘုရားရှင်
ဒီနေရာမှာ အေးမြတဲ့ အရိပ်အာဝါသရှိတဲ့ သာသနာ့သစ်ပင်ကြီးတွေကို ခုတ်လှဲလိုတဲ့ သူတော်ကောင်းတွေကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့တဲ့ ပုပ္ဖသုတ္တန်နှင့်၃၀၇ မိတ်ဆက်ပေး လိုပါတယ်။ ထိုသုတ္တန်ရဲ့ ဆိုလိုရင်းကို အတိုချုပ်ကာ ပြောကြရအောင် ..။
ဘုရားရှင်ဟာ သာဝတ္ထိပြည်မွန်ဝယ် သီတင်းသုံးစံနေတော်မူခိုက် ဒီသုတ္တန်ကို ဟောကြားပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
ချစ်သား ရဟန်းတို့ ... ငါဘုရားရှင်ဟာ လောကကြီးနှင့် (သတ္တလောကကြီးနှင့်) ဘယ်တော့မှ မငြင်းခုံပါ။ လောကကြီးကသာလျှင် (သစ္စကပရိဗိုဇ်ကဲ့သို့သော သတ္တလောကကြီးကသာလျှင်) ငါဘုရားရှင်နှင့် လာရောက်ကာ ငြင်းခုံနေပါတယ်။ ချစ်သား ရဟန်းတို့ ... ဓမ္မကိုသာ ပြောဆိုလေ့ရှိတဲ့ ဓမ္မဝါဒီပုဂ္ဂိုလ်ဟာ ဘယ်သူနဲ့မှ ငြင်းခုံမှု မပြုပါဘူး။
ချစ်သား ရဟန်းတို့ ... လောကမှာ ပညာရှိသူတော်ကောင်းတို့က မရှိဘူးလို့ ပြောဆိုနေတဲ့ အကြောင်းအရာမျိုးကို ငါဘုရားရှင်ကလည်း မရှိဘူးလို့ပဲ ပြောဆိုတော်မူပါတယ်။ ချစ်သား ရဟန်းတို့ ... လောကမှာ ပညာရှိသူတော်ကောင်းတို့က ရှိပါတယ်လို့ ပြောဆိုနေတဲ့ အကြောင်းအရာ မျိုးကို ငါဘုရားရှင်ကလည်း ရှိပါတယ်လို့ပဲ ပြောဆိုတော်မူပါတယ်။
ချစ်သား ရဟန်းတို့ ... လောကမှာ ပညာရှိသူတော်ကောင်းတို့က မရှိဘူးလို့ ပြောဆိုနေတဲ့ ဘယ်လိုအကြောင်းအရာမျိုးကို ငါဘုရားရှင်ကလည်း မရှိဘူးလို့ပဲ ပြောဆိုတော်မူပါသလဲ? လောကမှာ ပညာရှိသူတော်ကောင်း တို့က နိစ္စ = မြဲတဲ့, ဓုဝ = ခိုင်ခံ့တဲ့, သဿတ = တည်တံ့တဲ့, အဝိပရိဏာမဓမ္မ (= ဖောက်ပြန်ပျက်စီးမှု)သဘော လုံးဝမရှိတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတာ မရှိပါဘူးလို့ ပြောဆိုနေကြပါတယ်။ ငါဘုရားရှင်ကလည်း ထိုသဘောတရားမျိုးဟာ မရှိဘူးလို့ပဲ ပြောဆိုတော်မူပါတယ်။ ချစ်သား ရဟန်းတို့ ... ဒါကတော့ လောကမှာ ပညာရှိသူတော်ကောင်းတို့က မရှိပါဘူးလို့ ပြောဆိုနေတဲ့ အကြောင်းအရာမျိုးကို ငါဘုရားရှင်ကလည်း ဒီလို အကြောင်းအရာမျိုးမှာ မရှိဘူးလို့ပဲ ပြောဆိုတော်မူပါတယ် ---- ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
ချစ်သား ရဟန်းတို့ ... လောကမှာ ပညာရှိသူတော်ကောင်းတို့က ရှိပါတယ်လို့ ပြောဆိုနေတဲ့ ဘယ်လိုအကြောင်းအရာမျိုးကို ငါဘုရားရှင်က လည်း ရှိပါတယ်လို့ပဲ ပြောဆိုတော်မူပါသလဲ? လောကမှာ ပညာရှိ သူတော် ကောင်းတို့က အနိစ္စ = မမြဲတဲ့, ဒုက္ခ = ဆင်းရဲတဲ့, ဝိပရိဏာမဓမ္မ (= ဖောက်ပြန် ပျက်စီးမှု)သဘောရှိတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်-ဆိုတာ ရှိပါတယ်လို့ ပြောဆိုနေကြပါတယ်။ ငါဘုရားရှင်ကလည်း ထိုသဘောတရား မျိုးဟာ ရှိပါတယ်လို့ပဲ ပြောဆိုတော်မူပါတယ်။ ချစ်သား ရဟန်းတို့ ... ဒါကတော့ လောကမှာ ပညာရှိသူတော်ကောင်းတို့က ရှိပါတယ်လို့ ပြောဆို နေတဲ့ အကြောင်းအရာမျိုးကို ငါဘုရားရှင်ကလည်း ဒီလို အကြောင်းအရာ မျိုးမှာ ရှိပါတယ်လို့ပဲ ပြောဆိုတော်မူပါတယ် --- ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
ချစ်သား ရဟန်းတို့ ... လောကမှာ လောကဓမ္မအမည်ရတဲ့ သင်္ခါရ တရားဟာ ထင်ရှားတည်ရှိနေပါတယ်။ ဒီလောကဓမ္မအမည်ရတဲ့ သင်္ခါရ တရားကို တထာဂတအမည်ရတော်မူတဲ့ သင်တို့ဆရာ ငါဘုရားဟာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော်မူပါတယ်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပါတယ်။ ယင်းလောကဓမ္မ အမည်ရတဲ့ သင်္ခါရတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော် မူပြီးတဲ့အခါ, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီးတဲ့အခါ ဒီလောကဓမ္မအမည်ရတဲ့ သင်္ခါရတရားကို အကျဉ်း အားဖြင့်လည်း ဟောကြားပေးတော်မူပါတယ်၊ အကျယ်အားဖြင့်လည်း ဟောကြားပေးတော်မူပါတယ်၊ သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင် လည်း ဟောကြားပေးတော်မူပါတယ်၊ ဒီတရားတွေ သင်ချစ်သားတို့ရဲ့ အသိဉာဏ်မှာ တည်ရှိလာအောင်လည်း ဟောကြားပေးတော်မူပါတယ်၊ ဥဒါဟရုဏ် ပုံစံထုတ်ကာလည်း ဖွင့်ဆိုပြပေးတော်မူပါတယ်၊ အနက်အဓိပ္ပာယ် ကို ခွဲခြားဝေဖန်ကာလည်း ဟောကြားပေးတော်မူပါတယ်၊ ဥပမာပြကာ ပေါ်လွင်ထင်ရှားအောင်လည်း ပြုလုပ်ပေးတော်မူပါတယ်။
ချစ်သား ရဟန်းတို့ ... တထာဂတအမည်ရတော်မူတဲ့ သင်တို့ဆရာ ငါဘုရားဟာ လောကဓမ္မအမည်ရတဲ့ ယင်းသင်္ခါရတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော်မူပါတယ်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပါတယ်။ ယင်းလောကဓမ္မ အမည်ရတဲ့ သင်္ခါရတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော် မူပြီးတဲ့အခါ, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီးတဲ့အခါ ဒီလောကဓမ္မအမည်ရတဲ့ သင်္ခါရတရားကို အကျဉ်း အားဖြင့်လည်း ဟောကြားပေးတော်မူပါတယ်၊ အကျယ်အားဖြင့်လည်း ဟော ကြားပေးတော်မူပါတယ်၊ သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင်လည်း ဟောကြားပေးတော်မူပါတယ်၊ ဒီတရားတွေ သင်ချစ်သားတို့ရဲ့ အသိဉာဏ်မှာ တည်ရှိလာအောင်လည်း ဟောကြားပေးတော်မူပါတယ်၊ ဥဒါဟရုဏ် ပုံစံထုတ် ကာလည်း ဖွင့်ဆိုပြပေးတော်မူပါတယ်၊ အနက်အဓိပ္ပာယ်ကို ခွဲခြားဝေဖန်ကာ လည်း ဟောကြားပေးတော်မူပါတယ်၊ ဥပမာပြကာ ပေါ်လွင်ထင်ရှားအောင် လည်း ပြုလုပ်ပေးတော်မူပါတယ်။ လောကမှာ လောကဓမ္မအမည်ရတဲ့ ယင်းသင်္ခါရတရားဆိုတာက ဘာလဲ?
ချစ်သား ရဟန်းတို့ ... ရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်)ဟာ လောကမှာ လောကဓမ္မအမည်ရတဲ့ သင်္ခါရသဘောတရားပဲ ဖြစ်ပါတယ်။ လောကမှာ လောကဓမ္မအမည်ရတဲ့ ယင်းရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်) သင်္ခါရသဘောတရားကို တထာဂတအမည်ရတော်မူတဲ့ သင်တို့ ဆရာ ငါဘုရားဟာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော်မူပါတယ်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော် မူပါတယ်။ ယင်းသင်္ခါရသဘောတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်တော်မူပြီးတဲ့အခါ, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီးတဲ့အခါ ယင်းသင်္ခါရသဘောတရားကို အကျဉ်း အားဖြင့်လည်း ဟောကြားပေးတော်မူပါတယ်၊ အကျယ်အားဖြင့်လည်း ဟော ကြားပေးတော်မူပါတယ်၊ သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင်လည်း ဟောကြားပေးတော်မူပါတယ်၊ ဒီတရားတွေ သင်ချစ်သားတို့ရဲ့ အသိဉာဏ်မှာ တည်ရှိလာအောင်လည်း ဟောကြားပေးတော်မူပါတယ်၊ ဥဒါဟရုဏ် ပုံစံထုတ် ကာလည်း ဖွင့်ဆိုပြပေးတော်မူပါတယ်၊ အနက်အဓိပ္ပာယ်ကို ခွဲခြားဝေဖန် ကာလည်း ဟောကြားပေးတော်မူပါတယ်၊ (ရုပ်ဟာ ရေမြှုပ်ဆိုင်နဲ့ ပမာတူ တယ်၊ ဝေဒနာဟာ ရေပွက်နဲ့ ပမာတူတယ်၊ သညာဟာ တံလျှပ်နဲ့ ပမာတူ တယ်၊ သင်္ခါရတွေဟာ ငှက်ပျောတုံးနဲ့ ပမာတူကြတယ်၊ ဝိညာဏ်ဟာ မျက်လှည့်ရုပ်နဲ့ ပမာတူတယ်..စသည်ဖြင့်) ဥပမာပြကာ ပေါ်လွင်ထင်ရှား အောင်လည်း ပြုလုပ်ပေးတော်မူပါတယ်။
ချစ်သား ရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်ဟာ တထာဂတအမည်ရ တော်မူတဲ့ သင်တို့ဆရာ ငါဘုရားက ဒီလို အကျဉ်းအားဖြင့်လည်း ဟောကြား ပေးတော်မူနေပါလျက် အကျယ်အားဖြင့်လည်း ဟောကြားပေးတော်မူနေ ပါလျက် သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင်လည်း ဟောကြားပေးတော် မူနေပါလျက် ဒီတရားတွေ သင်ချစ်သားတို့ရဲ့ အသိဉာဏ်မှာ တည်ရှိလာ အောင်လည်း ဟောကြားပေးတော်မူနေပါလျက် ဥဒါဟရုဏ် ပုံစံထုတ်ကာ လည်း ဖွင့်ဆိုပြပေးတော်မူနေပါလျက် အနက်အဓိပ္ပာယ်ကို ခွဲခြားဝေဖန်ကာ လည်း ဟောကြားပေးတော်မူနေပါလျက် (ရုပ်ဟာ ရေမြှုပ်ဆိုင်နဲ့ ပမာတူတယ်၊ ဝေဒနာဟာ ရေပွက်နဲ့ ပမာတူတယ်၊ သညာဟာ တံလျှပ်နဲ့ ပမာတူတယ်၊ သင်္ခါရတွေဟာ ငှက်ပျောတုံးနဲ့ ပမာတူကြတယ်၊ ဝိညာဏ်ဟာ မျက်လှည့်ရုပ်နဲ့ ပမာတူတယ် .. စသည်ဖြင့်) ဥပမာပြကာ ပေါ်လွင်ထင်ရှားအောင်လည်း ပြုလုပ်ပေးနေတော်မူနေပါလျက် လောကဓမ္မအမည်ရတဲ့ ယင်းသင်္ခါရ သဘောတရားကို ဉာဏ်ပညာမျက်စိဖြင့် မသိ၊ ဉာဏ်ပညာမျက်စိဖြင့် မမြင်။ ချစ်သား ရဟန်းတို့ ... ဒီလို မသိမမြင်တဲ့ ဉာဏ်ပညာမျက်စိ မရှိတဲ့ ပညာ မျက်စိ ကန်းနေတဲ့ မိုက်မဲလှတဲ့ ဒီလို ပုထုဇန်ငမိုက်သားကို ငါဘုရားရှင်ဟာ ဘာလုပ်ပေးနိုင်တော့မှာလဲ?
ချစ်သား ရဟန်းတို့ ... ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောက ဥပမာဖြင့် ပြောပြရမည်ဆိုလျှင် ဥပ္ပလာကြာ မဒုမာကြာ ပုဏ္ဍရိတ်ကြာဆိုတဲ့ ကြာပန်းတွေဟာ ရေထဲမှာပဲ ဖြစ်ပေါ်ခဲ့ရတယ်၊ ရေထဲမှာပဲ ကြီးပွားခဲ့ရတယ်၊ ရေထဲမှ ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်ကာ ပွင့်လန်းလာတဲ့အခါ ရေနှင့် လိမ်းကျံမှုမရှိဘဲ ရေပေါ်မှာ ရပ်တည်နေနိုင်ခဲ့တယ်။ ချစ်သား ရဟန်းတို့ ... ဒီဥပမာအတူပဲ တထာဂတအမည်ရတော်မူတဲ့ သင်တို့ဆရာ ငါဘုရားဟာ လည်း ဒီဩကာသလောကကြီးထဲမှာ မွေးဖွားလာခဲ့ရတယ်၊ ကြီးပွားလာခဲ့ရ တယ်၊ ဒီဩကာသလောကကြီးထဲမှာ မွေးဖွားလာခဲ့ရသော်လည်း ကြီးပွားလာ ခဲ့ရသော်လည်း လောကကြီးကို ကျော်လွှားလွှမ်းမိုးကာ လောကကြီးနှင့် ငြိကပ် လိမ်းကျံမှုမရှိဘဲ သီတင်းသုံးနေထိုင်တော်မူနိုင်ပါတယ်၃၀၈
ဒီသုတ္တန်ကတော့ ပုပ္ဖသုတ္တန်ပဲ ဖြစ်ပါတယ်။ တရားနာပရိသတ်တွေ ကိုတော့ ထပ်မံပြီး တိုက်တွန်းပါရစေ။
မိမိတို့ဟာလည်း ဘုရားရှင်ရဲ့ မျက်ကွယ်အပြုခံထားကြရတဲ့, သင်္ခါရဓမ္မ တွေကို ဉာဏ်ပညာမျက်စိဖြင့် မသိမမြင်ကြတဲ့, ဉာဏ်ပညာမျက်စိ မရှိကြတဲ့, ပညာမျက်စိကန်းနေကြတဲ့, မိုက်မဲလှတဲ့ ပုထုဇန်ငမိုက်သားတွေ စာရင်းထဲမှာ မပါဝင်ကြရအောင်တော့ ကြိုးစားကြပါလို့ ..တိုက်တွန်းလိုက်ပါတယ်။
မဟာဂေါသိင်္ဂအင်ကြင်းတောကြီးကို တင့်တယ်စေသူများ
အလွန်မွှေးကြိုင်တဲ့ အင်ကြင်းပန်းတို့ဖြင့် ဝေဆာပြန့်ပြောလျက်ရှိနေတဲ့ မဟာဂေါသိင်္ဂအင်ကြင်းတောကြီးအတွင်းဝယ် ကိလေသာတောချုံပုတ်တွေကို အမြစ်ပါမကျန်ရအောင် ရှင်းလင်းထားတော်မူပြီးကြတဲ့ မထေရ်မြတ်ကြီးတို့ရဲ့ ဆွေးနွေးပွဲတစ်ခုအကြောင်းအရာကို မဟာဂေါသိင်္ဂသုတ္တန်မှာ၃၀၉ ဖော်ပြထား ပါတယ်။ ဒီသုတ္တန်ကို အကျဉ်းချုပ်ကာ နာကြားကြရအောင် ..။
တစ်ချိန်မှာ ဘုရားရှင်နှင့်တကွ ထင်ရှားကျော်ကြားတော်မူကြတဲ့ အရှင် သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာ အရှင်ရေဝတ အစရှိတဲ့ ရဟန္တာမထေရ်မြတ်ကြီး တော်တော် ခပ်များများဟာ မဟာဂေါသိင်္ဂအင်ကြင်းတောကြီးအတွင်းမှာ သီတင်းသုံးစံနေ တော်မူလျက် ရှိကြပါတယ်။ ထိုအချိန်အခါမှာ အရှင်အာနန္ဒာမထေရ်မြတ်က တော့ သောတာပန်အဆင့်တွင်သာ တည်ရှိနေပါသေးတယ်။ ထိုမထေရ်မြတ် ကြီးတွေဟာ ညနေချမ်းအခါမှာ တရားနာယူရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် အရှင်သာရိပုတြာ မထေရ်မြတ်ကြီးထံသို့ ချဉ်းကပ်တော်မူကြပါတယ်။
ထိုနေ့ ညဉ့်အခါကား .. ဆီးနှင်းအညစ်အကြေး, မြူအညစ်အကြေး, တိမ်အညစ်အကြေး, အသူရိန်ဖမ်းခြင်းအညစ်အကြေး, မီးခိုးအညစ်အကြေး ဆိုတဲ့ အညစ်အကြေးငါးမျိုးတို့မှ ကင်းစင်နေတဲ့ ညအခါလည်း ဖြစ်နေပါ တယ်။ လပြည့်ဝန်းကလည်း ထွန်းလင်းတောက်ပလျက် ရှိနေပါတယ်။ အင်ကြင်းပန်းတွေကလည်း အင်ကြင်းပင်တိုင်းမှာ အလွန်တင့်တယ်စွာ ပွင့်လန်းဝေဆာလျက် ရှိနေကြပါတယ်။ အလွန်မွှေးကြိုင်နေတဲ့ အင်ကြင်းပန်း ရနံ့တို့က နတ်ပန်းကဲ့သို့ ကြိုင်လှိုင်တဲ့ ရနံ့တို့ဖြင့် တစ်တောလုံးကို လွှမ်းခြုံထား လျက် ရှိနေကြပါတယ်။ အောက်ခြေတောချုံပုတ်တွေ ရှင်းနေတဲ့ အလွန်တင့် တယ်တဲ့ တောအုပ်ကြီးတစ်ခုလည်း ဖြစ်နေပါတယ်။
ဒီလို အင်ကြင်းတောကြီးဟာ အဘယ်ကဲ့သို့သော ရဟန်းတော်မျိုးဖြင့် တင့်တယ်နိုင်ပါသလဲ? ..လို့ အရှင်သာရိပုတြာမထေရ်မြတ်ကြီးက အရှင်အာနန္ဒာမထေရ်မြတ်ကြီးကို စတင်ကာ မေးမြန်းတော်မူလိုက်ပါတယ်။ အဲဒီအခါမှာ အရှင်အာနန္ဒာမထေရ်မြတ်က ဒီလို အဖြေပေးတော်မူပါတယ်။
အရှင်ဘုရား သာရိပုတြာ ...ဒီသာသနာတော်မှာ ရဟန်းတော် တစ်ပါးဟာ .. အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်တွေနဲ့ ပြည့်စုံတော်မူနေတဲ့, အနက်သဒ္ဒါနဲ့လည်း ပြည့်စုံတော်မူနေတဲ့, နုတ်ပယ်ပစ် ဖို့ရန် အပိုလည်းမရှိ ဖြည့်စွက်ဖို့ရန် လိုအပ်ချက်လည်းမရှိ အဘက်ဘက်မှ အားလုံးပြည့်စုံနေတဲ့, အဘက်ဘက်မှလည်း အလွန်သန့်ရှင်းစင်ကြယ်နေတဲ့, မွန်မြတ်တဲ့ ကျင့်စဉ်အရပ်ရပ်တွေကို ဖော်ပြနေတဲ့ ဘုရားရှင်ရဲ့ တရားတော် များကို ပရိယတ္တိအသိ (= သင်သိ), ပဋိဝေဓအသိ (= ကျင့်သိ)ဆိုတဲ့ ဒီလို အသိနှစ်မျိုးဖြင့် အကြား+အမြင် (= ဗဟုဿုတ) များပြားနေတယ်။ ဒီလို ရဟန်းတော်မျိုးဟာ အသံနေအသံထား ပီပြင်ကောင်းမွန်စွာဖြင့် ကိလေသာ အာသဝေါတရားတွေကို အနုသယဓာတ်ငုတ်ပါ မကျန်ရအောင် ပယ်နုတ်ပေး နိုင်တဲ့ စွမ်းအားရှိနေတဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို အရဟတ္တဖိုလ်ပေါက်သည်အထိ ဟောကြားပြသ ဆိုဆုံးမပေးနေမည်ဆိုလျှင် ဒီလို ရဟန်းတော်မျိုးဖြင့် ဒီအင်ကြင်းတောကြီးကို တင့်တယ်စေနိုင်ရာ ပါတယ်..လို့ ဒီလို တင်ပြလျှောက်ထားတော်မူလိုက်ပါတယ်။
တစ်ဖန် အရှင်သာရိပုတြာမထေရ်မြတ်ကြီးက အရှင်ရေဝတမထေရ် အား ပုံစံတူပဲ မေးမြန်းတော်မူလိုက်ပြန်တယ်။ အဲဒီအခါမှာလည်း အရှင် ရေဝတမထေရ်မြတ်က ဒီလို ပြန်လည်ကာ လျှောက်ထားတော်မူလိုက် ပါတယ်။
အရှင်ဘုရား သာရိပုတြာ ... ဒီသာသနာတော်မှာ ရဟန်းတော် တစ်ပါးဟာ တစ်ပါးထီးတည်း ကိန်းအောင်းတော်မူလေ့ရှိတယ်၊ တစ်ပါး ထီးတည်း ကိန်းအောင်းနေရတာကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တယ်၊ မိမိရဲ့ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ စိတ်တည်ငြိမ်မှု သမာဓိကို ရရှိအောင် သီလကို အခြေခံကာ သမထဘာဝနာကို အစဉ်တစိုက် ပွားများအားထုတ်လျက် ရှိတယ်၊ ဒီလို ပွားများအားထုတ်လို့ ရရှိထားတဲ့ ဘယ်တော့မှ မလျှောကျတဲ့ စျာန်သမာဓိတွေလည်း ရှိနေတယ်၊ သီလနှင့် စျာန်သမာဓိကို အခြေခံကာ ပွားများအားထုတ်ထားတဲ့ အဆင့်ဆင့်သော ဝိပဿနာဘာဝနာတွေလည်း ထင်ရှားရှိနေတယ်၊ တောကျောင်းတောင်ကျောင်းတွေမှာ သမထဘာဝနာ ဝိပဿနာဘာဝနာတွေကို အစဉ်တစိုက် ကြိုးစားအားထုတ်လျက် တောကျောင်း တောင်ကျောင်းတွေကို တိုးပွားစေသူလည်း ဖြစ်တယ်။ ဒီလို ရဟန်းတော်မျိုး ဖြင့် ဒီအင်ကြင်းတောကြီးကို တင့်တယ်စေနိုင်ရာပါတယ်..လို့ ဒီလို တင်ပြ လျှောက်ထားတော်မူလိုက်ပါတယ်။
တစ်ဖန် အရှင်အနုရုဒ္ဓါမထေရ်မြတ်ကိုလည်း အလားတူပဲ ဆက်လက် ကာ မေးမြန်းကြည့်တော်မူပြန်တယ်။ အဲဒီအခါမှာလည်း အရှင်အနုရုဒ္ဓါ မထေရ်မြတ်က ဒီလို ပြန်လည်ကာ လျှောက်ထားတော်မူလိုက်ပါတယ်။
အရှင်ဘုရား သာရိပုတြာ ... ဒီသာသနာတော်မှာ ရဟန်းတော် တစ်ပါးဟာ အထူးသဖြင့် စင်ကြယ်နေတဲ့ လူတို့ရဲ့ ပကတိမျက်စိအမြင်ကို ကျော်လွှားလွန်မြောက်နေတဲ့ နတ်တို့ရဲ့ မျက်စိနှင့် အလားတူနေတဲ့ ဒိဗ္ဗစက္ခု အဘိညာဏ် ဉာဏ်တော်မြတ်ဖြင့် တစ်ထောင်သော လောကဓာတ်ကို ကြည့်ရှု နေနိုင်တယ်။ ဒီလို ရဟန်းတော်မျိုးဖြင့် ဒီအင်ကြင်းတောကြီးကို တင့်တယ်စေ နိုင်ရာပါတယ်..လို့ ဒီလို တင်ပြလျှောက်ထားတော်မူလိုက်ပါတယ်။
တစ်ဖန် အရှင်မဟာကဿပမထေရ်မြတ်ကြီးကိုလည်း ပုံစံတူပဲ ဆက် လက်ကာ မေးမြန်းကြည့်တော်မူပြန်ပါတယ်။ အဲဒီအခါမှာလည်း အရှင်မဟာကဿပမထေရ်မြတ်ကြီးက ဒီလို ပြန်လည်လျှောက်ထားတော်မူပါတယ်။
အရှင်ဘုရား သာရိပုတြာ ... ဒီသာသနာတော်မှာ ရဟန်းတော် တစ်ပါးဟာ မိမိကိုယ်တိုင်ကလည်း အာရညကင်ဓုတင်ကို ဆောက်တည်ကာ ကျင့်သုံးတယ်၊ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ကာ ကျင့်သုံးတယ်၊ ပံသုကူလဓုတင်ကို ဆောက်တည်ကာ ကျင့်သုံးတယ်၊ တိစီဝရိက်ဓုတင်ကို ဆောက် တည်ကာ ကျင့်သုံးတယ်၊ ဒီဓုတင်တွေရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း သူတစ်ပါး တွေကို ဟောကြားပြသပေးလေ့ရှိတယ်။ မိမိကိုယ်တိုင်ကလည်း အလိုနည်း ပါးခြင်း = အပ္ပိစ္ဆဂုဏ်, ရောင့်ရဲလွယ်ခြင်း = သန္တုဋ္ဌိဂုဏ်, ဝိဝေကသုံးဖြာ၌ မွေ့လျော်ခြင်း = ပဝိဝိတ္တဂုဏ်, ရောရောနှောနှော မနေထိုင်ခြင်း = အသံသဂ္ဂဂုဏ်, အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = အာရဒ္ဓဝီရိယဂုဏ်, သီလနှင့် ပြည့်စုံခြင်း = သီလသမ္ပန္နဂုဏ်, သမာဓိနှင့် ပြည့်စုံခြင်း = သမာဓိသမ္ပန္နဂုဏ်, ပညာနှင့် ပြည့်စုံခြင်း = ပညာသမ္ပန္နဂုဏ်, ကိလေသာတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် ပြည့်စုံခြင်း = ဝိမုတ္တိသမ္ပန္နဂုဏ်, ဝိမုတ္တိဉာဏ်အမြင်နှင့် ပြည့်စုံခြင်း = ဝိမုတ္တိဉာဏဒဿနသမ္ပန္နဂုဏ် ---- ဒီလို ဂုဏ်ကျေးဇူး အမျိုးမျိုး တွေနဲ့ ပြည့်စုံတယ်။ ဒီလို ဂုဏ်ကျေးဇူးအမျိုးမျိုးတွေနှင့် ဆက်စပ်နေတဲ့ ချီးမွမ်းဖွယ် တရားစကားတွေကိုလည်း သူတစ်ပါးတို့အား ဟောကြားပြသ ဆိုဆုံးမပေးတတ်တယ်။ ဒီလိုရဟန်းတော်မျိုးဖြင့် ဒီအင်ကြင်းတောကြီးကို တင့်တယ်စေနိုင်ရာပါတယ်..လို့ ဒီလို တင်ပြလျှောက်ထားတော်မူပါတယ်။
တစ်ဖန် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးအားလည်း ပုံစံတူပဲ ဆက်လက်ကာ မေးမြန်းလျှောက်ထားကြည့်တော်မူပြန်တယ်။ အဲဒီအခါမှာ လည်း အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကြီးက ဒီလို ပြန်လည် လျှောက်ထားတော်မူလိုက်ပါတယ်။
အရှင်ဘုရား သာရိပုတြာ ... ဒီသာသနာတော်မှာ ရဟန်းတော် နှစ်ပါးတို့ဟာ အဘိဓမ္မာ တရားစကားတော်တွေကို ဆွေးနွေးပြောဆို နေကြတယ်။ ဒီရဟန်းတော် နှစ်ပါးတို့ဟာ တစ်ပါးက တစ်ပါးကို အဘိဓမ္မာ ဒေသနာတော်မှာ လာရှိနေတဲ့ ခက်ရာခက်ဆစ် ဖြစ်နေကြတဲ့ ပြဿနာ အရပ်ရပ်တွေကို မေးမြန်းကြတယ်၊ တစ်ပါးက တစ်ပါးကို ပြန်လည်ကာ အဖြေ ပေးနေကြတယ်၊ အဘိဓမ္မာဒေသနာတော်နှင့် ပတ်သက်လို့ မမေးမြန်းတတ်တဲ့ အကြောင်းအရာဆိုတာလည်း မရှိ၊ မဖြေဆိုနိုင်တဲ့ အကြောင်းအရာဆိုတာ လည်း မရှိ၊ နှစ်ပါးစလုံးတို့ဟာ အဘိဓမ္မာဒေသနာတော်အားလုံးတို့မှာ ကျွမ်းကျင်လိမ္မာတော်မူနေကြပါတယ်။ ဒီလို ရဟန်းတော်မျိုးတို့ဖြင့် ဒီ အင်ကြင်းတောကြီးကို တင့်တယ်စေနိုင်ရာပါတယ်..လို့ ဒီလို တင်ပြ လျှောက်ထားတော်မူပါတယ်။
တစ်ဖန် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးက အရှင်သာရိပုတြာ မထေရ်မြတ်ကြီးကို ပုံစံတူပဲ ဆက်လက်ကာ မေးမြန်းကြည့်တော်မူပါတယ်။ အဲဒီအခါမှာ အရှင်သာရိပုတြာမထေရ်မြတ်ကြီးက ဒီလို ပြန်လည် မိန့်ကြား တော်မူလိုက်ပါတယ်။
အရှင်ဘုရား မောဂ္ဂလ္လာန် ... ဒီသာသနာတော်မှာ ရဟန်းတော် တစ်ပါးဟာ စိတ်ကို မိမိအလိုဆန္ဒအတိုင်းသာ ဖြစ်စေတယ်၊ ဒီရဟန်းတော်ဟာ စိတ်ရဲ့နောက်သို့ လိုက်ကာ ဖြစ်လေ့မရှိဘူး။ ဒီရဟန်းတော်ဟာ နံနက်အခါမှာ ဖြစ်စေ နေ့လယ်အခါမှာဖြစ်စေ ညချမ်းအခါမှာဖြစ်စေ လောကီစျာန် သမာပတ်ပဲဖြစ်ဖြစ် လောကုတ္တရာသမာပတ်ပဲဖြစ်ဖြစ် နိရောဓသမာပတ်ပဲ ဖြစ်ဖြစ် မိမိ အလိုရှိရာ သမာပတ်ကို အလိုရှိသလို အလိုရှိတဲ့ အချိန်ကာလ အတိုင်း ဝင်စားပြီးတော့ နေနိုင်တယ်။ ဒီလို ရဟန်းတော်မျိုးဖြင့် ဒီအင်ကြင်း တောကြီးကို တင့်တယ်စေနိုင်ရာပါတယ်..လို့ ပြန်လည် လျှောက်ထားတော် မူလိုက်ပါတယ်။
ဒီလို အသီးအသီး အမေးအဖြေတွေကို ပြုလုပ်တော်မူကြပြီးနောက် အားလုံးတပေါင်းတည်းအတူတကွ ဘုရားရှင်ထံတော်မှောက်သို့ ကြွရောက် တော်မူကြပြီးလျှင် မိမိတို့ အမေးအဖြေပြုလုပ်ထားတဲ့ ဆွေးနွေးချက်များကို ဘုရားရှင်အား တင်ပြလျှောက်ထားတော်မူကြပါတယ်။ ထိုအခါမှာ ဘုရားရှင် က အဖြေအားလုံးကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုတော်မူ လိုက်ပါတယ်။ ဒီလို သာဓုအနုမောဒနာ ခေါ်ဆိုတော်မူပြီးနောက် အရှင်သာရိပုတြာမထေရ်မြတ်ကြီးရဲ့ မေးခွန်းကို ဖြေဆိုတော်မူတဲ့ အနေအားဖြင့် မိမိရဲ့အဖြေကိုလည်း ဘုရားရှင်က အောက်ပါအတိုင်း ဆက်လက်ကာ ဟောကြားတော်မူပြန်ပါတယ်။
ချစ်သား သာရိပုတြာ ...ဒီသာသနာတော်မှာ ရဟန်းတော် တစ်ပါးဟာ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖယ်ခွာကာ ကျောင်းသို့ ပြန်လည် ရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားပြီးတော့ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေကာ ကမ္မဋ္ဌာန်းအာရုံပေါ်သို့ သတိကို ရှေ့ရှုတည်အောင်ထားပြီးတော့ ငါ့ရဲ့စိတ်ဟာ ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ စွဲလမ်းမှုမရှိတော့ဘဲ အာသဝေါ တရားတို့မှ မလွတ်မြောက်သေးသမျှကာလပတ်လုံး ဒီထက်ဝယ်ဖွဲ့ခွေထိုင်နေ တဲ့ ဣရိယာပုထ်ကို ငါ ဘယ်တော့မှ မဖျက်တော့အံ့ ဒီလို စွဲမြဲတဲ့ ဇွဲလုံ့လဝီရိယ ဖြင့် ဆောက်တည်ကာ တရားဘာဝနာကို ပွားများလျက် ထိုင်နေတယ်။ ဒီလို ရဟန်းတော်မျိုးဖြင့် ဒီအင်ကြင်းတောကြီးကို တင့်တယ်စေနိုင်ရာပါတယ်လို့ ဒီလို မိန့်ကြားတော်မူလိုက်ပါတယ်။၃၁၀
ဒီခုနစ်မျိုးကုန်သော အရိယာသူတော်ကောင်းကြီးတို့ကတော့ ဘုရားရှင် ကိုယ်တော်တိုင် စိုက်ပျိုးတည်ထောင်ထားတော်မူတဲ့ သာသနာ့အင်ကြင်း ဥယျာဉ်ကြီးကို တင့်တယ်စေတော်မူကြတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြ ပါတယ်၊ ပကတိသော အင်ကြင်းပန်းတွေဟာ နတ်ပန်းတမျှ မွှေးကြိုင်နေတဲ့ မိမိတို့ရဲ့ အင်ကြင်းပန်းရနံ့တို့ဖြင့် ပကတိသော အင်ကြင်းတောဥယျာဉ်ကြီးကို တင့်တယ်သွားအောင် တန်ဆာဆင်ထားသလို အလားတူပဲ ခုနစ်မျိုးကုန် သော ဒီသူတော်ကောင်းကြီးတွေဟာလည်း မိမိတို့ရဲ့ သီလပန်းရနံ့ သမာဓိ ပန်းရနံ့ ပညာပန်းရနံ့ဆိုတဲ့ နတ်ပန်းတမျှ မွှေးကြိုင်ထုံလှိုင်နေတဲ့ အင်ကြင်းပန်း ရနံ့တို့ဖြင့် ဘုရားရှင် စိုက်ပျိုးတည်ထောင်ထားတော်မူတဲ့ သာသနာ့အင်ကြင်း တောဥယျာဉ်ကြီးကို တင့်တယ်သွားအောင် တန်ဆာဆင်ပေးနေကြတဲ့ သူတော်ကောင်းကြီးတွေပဲ ဖြစ်ကြပါတယ်။
ဤသူတော်ကောင်းကြီး ခုနစ်မျိုးတို့က သင်္ဂါယနာများကို အထပ်ထပ် တင်တော်မူကြကာ အဓမ္မကို အဓမ္မလို့, ဓမ္မကို ဓမ္မလို့ ထင်ရှားပြတော်မူကာ သာသနာ့အင်ကြင်းတောဥယျာဉ်ကြီးကို အစဉ်အဆက်မပြတ် မပျက်စီး ရအောင် ထိန်းသိမ်းစောင့်ရှောက်ထားတော်မူခဲ့ကြတဲ့အတွက် ယနေ့ တိုင်အောင် ဒီသာသနာ့အင်ကြင်းတောဥယျာဉ်ကြီးဟာ တည်ရှိနေခြင်း ဖြစ်ပါတယ်။ ယနေ့မျက်မှောက်ခေတ် သာသနာ့အင်ကြင်းတောဥယျာဉ်ကြီး အတွင်း၌ မှီတင်းကာ အရိပ်အာဝါသကို ခိုလှုံလျက် သီတင်းသုံးစံနေတော် မူကြကုန်သော အရိယာအနွယ်ဝင် သံဃာတော်အရှင်မြတ်တို့ဟာလည်း ယင်းခုနစ်မျိုးကုန်သော သူတော်ကောင်းကြီးတို့ရဲ့ထုံးကို အတုလိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြလျက် အနာဂတ်သာသနာဝင် ရှင်ငယ် ရဟန်းငယ်တို့အား လက်ဆင့်ကမ်းကာ သီတင်းသုံးနေထိုင်ကြမည်ဆိုလျှင် ဘုရားရှင် စိုက်ပျိုးတည်ထောင်ထားတော်မူခဲ့တဲ့ သာသနာ့အင်ကြင်းတော ဥယျာဉ်ကြီးဟာ ထာဝရစိမ်းလန်းစိုပြည်ကာ စည်ပင်ပြန့်ပွားလျက် တိုးတက် လျက် ရှိနေမည်သာ ဖြစ်ပါတယ်၊ နတ်ပန်းကဲ့သို့ မွှေးကြိုင်နေတဲ့ အင်ကြင်းပန်း ရနံ့တို့ဖြင့် အမြဲတမ်း ကြိုင်လှိုင်နေမည်သာ ဖြစ်ပါတယ်။
ထိုပုဂ္ဂိုလ်ခုနစ်မျိုးတို့တွင် ပိဋကတ်တော်များကို နှုတ်ငုံဆောင်နိုင်ရုံသာ မက ပိဋကတ်တော်မှာ လာရှိတဲ့အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာ ကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြတဲ့ အတွက် သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်တော်မူကြတဲ့ အကြား+အမြင် (= ဗဟုဿုတ) များပြားတဲ့ သူတော်ကောင်းကြီးတွေလည်း ပါဝင်ကြပါတယ်။ တောကျောင်းတောင်ကျောင်းတို့၌ အစဉ်တစိုက် မွေ့လျော် ပျော်ပိုက်ကာ မလျှောကျသော စျာန်ရှိအောင် သမထ ဝိပဿနာဘာဝနာ တို့ကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူနေကြတဲ့ သူတော်ကောင်းကြီး တွေလည်း ပါဝင်ကြပါတယ်။ အဘိညာဏ် ခြောက်ပါးတို့၌ တစ်ဖက်ကမ်း ခပ်အောင် ကျွမ်းကျင်လိမ္မာတော်မူကြတဲ့ သူတော်ကောင်းကြီးတွေလည်း ပါဝင်ကြပါတယ်။ ဓုတင်အမျိုးမျိုးကို ဆောင်တော်မူကာ အလိုနည်းပါးခြင်း, ရောင့်ရဲလွယ်ခြင်း, ဝိဝေက သုံးဖြာ၌ မွေ့လျော်ပျော်ပိုက်ခြင်း, ရောရော နှောနှော မနေထိုင်ခြင်း, သမထ ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်ခြင်း, သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံခြင်း, ကိလေသာတို့မှ လွတ်မြောက်မှု ဝိမုတ္တိဂုဏ်ကျေးဇူးနှင့် ပြည့်စုံခြင်း စတဲ့ ဂုဏ်ကျေးဇူးအမျိုးမျိုးတွေနဲ့ ပြည့်စုံတော်မူနေကြတဲ့ သူတော်ကောင်း ကြီးတွေလည်း ပါဝင်ကြပါတယ်။ ရုပ်နာမ်ပရမတ်တရားတွေကို အရဟတ္တဖိုလ် ပေါက် ထွင်းဖောက်သိမြင်ထားတော်မူပြီးဖြစ်တဲ့အတွက် အဘိဓမ္မာဒေသနာ တော်မှာ ကျွမ်းကျင်လိမ္မာတော်မူကြတဲ့ ဓမ္မကထိကအကျော်အမော် သူတော် ကောင်းကြီးတွေလည်း ပါဝင်ကြပါတယ်။ စျာန်သမာပတ် ဖလသမာပတ် နိရောဓသမာပတ်ဆိုတဲ့ သမာပတ်အမျိုးမျိုးတွေကို အလိုရှိသလို အလိုရှိတဲ့ အချိန်ကာလအတိုင်း ကျွမ်းကျွမ်းကျင်ကျင် ဝင်စားတော်မူနိုင်ကြတဲ့ သူတော် ကောင်းကြီးတွေလည်း ပါဝင်ကြပါတယ်။ အရဟတ္တဖိုလ် မရမချင်း ငါ ဒီနေရာ မှ ဘယ်တော့မှ မထဆိုတဲ့ ဇွဲလုံ့လဝီရိယ ကြီးမားစွာဖြင့် သမထ ဝိပဿနာ ဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူနေကြတဲ့ သူတော် ကောင်းကြီးတွေလည်း ပါဝင်ကြပါတယ်။
တရားနာပရိသတ်တွေ ... သာသနာ့အင်ကြင်းတောဥယျာဉ်ကြီးရဲ့ အတွင်းမှာ အရိပ်အာဝါသကို ခိုလှုံကာ သီတင်းသုံးနေထိုင်တော်မူကြတဲ့ ဒီလို သူတော်ကောင်းကြီးတွေကို အာရုံယူကာ စိတ်ဖြင့် မှန်းဆပြီးတော့ ဖူးမြော် ကြည့်စမ်းပါ။ ဘယ်လောက်ကြည်ညိုဖွယ်ကောင်းတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်နေကြတယ်ဆိုတာကို မှန်းမျှော်ပြီးတော့ ရှုကြည့်ကြစမ်းပါ။ အလွန် အားရဖွယ် ကျေနပ်ဖွယ် ကြည်နူးဖွယ် မြတ်နိုးဖွယ်ကောင်းလွန်းလှတဲ့ သူတော် ကောင်းကြီးတွေပဲ ဖြစ်ကြပါတယ်။ ယနေ့မျက်မှောက်ခေတ် သာသနာ့ အင်ကြင်းတောဥယျာဉ်ကြီးရဲ့အတွင်းမှာလည်း အရိပ်အာဝါသကို ခိုလှုံကာ မှီတင်းသီတင်းသုံးနေတော်မူကြတဲ့ ဤကဲ့သို့သော သူတော်ကောင်းကြီး တွေဟာ ထင်ရှားတည်ရှိနေကြပါသေးတယ်ဆိုလျှင် အလွန် အားရဖွယ် ကျေနပ်ဖွယ် ကြည်နူးဖွယ် မြတ်နိုးဖွယ် ဂုဏ်ယူဖွယ်ကောင်းလှတဲ့ သာသနာ့ အင်ကြင်းတောဥယျာဉ်ကြီး တစ်ခုပဲ ဖြစ်နေပါလိမ့်မည်။ ထို သူတော် ကောင်းကြီးများက ဒီသာသနာ့အင်ကြင်းတောဥယျာဉ်ကြီးကို အဆက်မပြတ် ဆက်လက်ကာ စောင့်ထိန်းသွားကြမည်ဆိုလျှင် ဒီသာသနာ့အင်ကြင်းတော ဥယျာဉ်ကြီးဟာ အစဉ်မပြတ် စည်ပင်ပြန့်ပွားလျက် အရှည်ခိုင်ခံ့ တည်တံ့ နေမည်သာ ဖြစ်ပါတယ်။
မျက်မှောက်ခေတ်မှာ အချို့ပုဂ္ဂိုလ်တွေက သမထစျာန်တွေကို ဂျစ်ကန်ကန် လုပ်နေပေမဲ့လို့ ဘုရားရှင်ကတော့ စျာန်သမာပတ် အဝင်အပါဖြစ်တဲ့ သမာပတ်အမျိုးမျိုးတွေကို ဝင်စားပြီး နေထိုင်တဲ့ ရဟန်းတော်ကို ချီးကျူး ဂုဏ်ပြုကာ သာဓုအနုမောဒနာ ခေါ်ဆိုသွားတော်မူခဲ့ပါတယ်။ အလားတူပဲ မျက်မှောက်ခေတ်မှာ အချို့ပုဂ္ဂိုလ်တွေက အဘိဓမ္မာကို ဂျစ်ကန်ကန် လုပ်နေ ပေမယ့်လို့ ဘုရားရှင်ကတော့ ရုပ်နာမ်ပရမတ်တရားတွေကို အရဟတ္တဖိုလ်သို့ ဆိုက်သည့်တိုင်အောင် ဟောကြားပြသခြင်းငှာ စွမ်းနိုင်တဲ့, အဘိဓမ္မာဒေသနာ တော်၌ အဖုအထစ် မရှိ ကျွမ်းကျင်လိမ္မာတော်မူကြတဲ့ ဓမ္မကထိကအကျော် အမော် ရဟန်းတော်များကို ချီးကျူးဂုဏ်ပြုကာ သာဓုအနုမောဒနာ ခေါ်ဆို သွားတော်မူခဲ့ပါတယ်။ ဒီသုတ္တန်ဟာ အဘိဓမ္မာဒေသနာတော်ဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါကတည်းက လူ့ပြည်မှာ ထင်ရှား တည်ရှိ တော်မူခဲ့တဲ့ ဘုရားဟောဒေသနာတော်အစစ် ဖြစ်ပါတယ်ဆိုတဲ့ ခိုင်လုံတဲ့ သုတ္တန် အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။
သာသနာတော်ကို အရှည် ခိုင်ခံ့ တည်တံ့စေသူများ
ခုပြောခဲ့တဲ့ ခုနစ်မျိုးကုန်သော သူတော်ကောင်းကြီးတွေဟာ သင်္ဂါယနာ များကို အထပ်ထပ် တင်တော်မူကြကာ အဓမ္မကို အဓမ္မလို့, ဓမ္မကို ဓမ္မလို့ ထင်ရှားပြတော်မူကာ သာသနာ့အင်ကြင်းတောဥယျာဉ်ကြီးကို အစဉ် အဆက်မပြတ် မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ထားတော်မူခဲ့ ကြတဲ့အတွက် ယနေ့တိုင်အောင် ဒီသာသနာ့အင်ကြင်းတောဥယျာဉ်ကြီးဟာ တိုးတက်စည်ကား ကြီးပွားနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒီလို ဟောကြားထားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
ချစ်သား ရဟန်းတို့ ...အကြင်ရဟန်းတွေဟာ (က) အဓမ္မကို အဓမ္မလို့ (ခ) ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေကြတယ်၊ ချစ်သား ရဟန်းတို့ ... ဒီလို ရဟန်းတွေဟာ လူအများရဲ့ အစီးအပွား ဖြစ်ခြင်းငှာ လူအများရဲ့ချမ်းသာခြင်း ငှာ လူအများရဲ့ အကျိုးဖြစ်ခြင်းငှာ နတ်လူတို့ရဲ့ အစီးအပွား ဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်နေတဲ့သူတွေ ဖြစ်ကြပါတယ်။ ချစ်သား ရဟန်းတို့ ... အဲဒီရဟန်းတွေဟာ များပြားလှတဲ့ ကုသိုလ်တရားတွေကိုလည်း ဖြစ်ပွားစေတဲ့ သူတွေ ဖြစ်ကြပါတယ်၊ အဲဒီရဟန်းတွေဟာ ဒီသဒ္ဓမ္မသုံးဖြာသာသနာတော် ကိုလည်း အရှည်ခိုင်ခံ့ တည်တံ့စေတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။၃၁၁
လောကကြီးဟာ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ မဆိတ်သုဉ်းနိုင်ပါ
ဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံလွန်တော်မူမည့် ညဉ့်အခါဝယ် သုဘဒ္ဒပရိဗိုဇ် အား ဒီလို မိန့်ကြားထားတော်မူခဲ့ပါတယ်။
သုဘဒ္ဒ ...ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မှီတင်းနေထိုင်ကြတဲ့ ဒီရဟန်းတော်တွေဟာ ကောင်းမွန်စွာ နေထိုင်ကြမည်ဆိုလျှင် ဒီလောက ကြီးဟာ ရဟန္တာပုဂ္ဂိုလ်တွေဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်ဘူး ၃၁၂ ဒီလို ဘုရားရှင်က မိန့်ကြားထားတော်မူခဲ့ပါတယ်။ ဒီလိုမိန့်ကြားတော်မူချက်နဲ့ ပတ်သက်လို့ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် နေထိုင်ခြင်းကို ကောင်းမွန်စွာ နေထိုင်ကြတယ်လို့ ခေါ်ဆိုပါသလဲ? ဒီအချက်နဲ့ပတ်သက်လို့ အဋ္ဌကထာ ဋီကာတို့က၃၁၃ ဒီလို အဖြေပေးထားပါတယ်။
၁။ သောတာပန်အရိယာသူတော်ကောင်းတစ်ဦးဟာ အခြားသူတစ်ဦး ကိုလည်း သောတာပန်အရိယာသူတော်ကောင်းဖြစ်အောင်၊
၂။ သကဒါဂါမ် အရိယာသူတော်ကောင်းတစ်ဦးဟာ အခြားသူတစ်ဦးကိုလည်း သကဒါဂါမ် အရိယာသူတော်ကောင်းဖြစ်အောင်၊
၃။ အနာဂါမ်အရိယာသူတော်ကောင်း တစ်ဦးဟာ အခြားသူတစ်ဦးကိုလည်း အနာဂါမ်အရိယာသူတော်ကောင်း ဖြစ်အောင်၊
၄။ ရဟန္တာအရိယာသူတော်ကောင်းတစ်ဦးဟာ အခြားသူတစ်ဦး ကိုလည်း ရဟန္တာအရိယာသူတော်ကောင်းဖြစ်အောင် မဂ္ဂင်ရှစ်ပါးကျင့်စဉ် တရားလို့ဆိုတဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ် လက်တွေ့ လိုက်နာပြုကျင့်စေလျက် လက်ဆင့်ကမ်းကာ နေထိုင်သွားကြမည် ဆိုလျှင် ဒီရဟန်းတော်တွေဟာ ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ကောင်းမွန်စွာ သီတင်းသုံးနေထိုင်နေကြတဲ့ ရဟန်းတော်တွေပဲ ဖြစ်ကြ ပါတယ်။
၅။ အလားတူပဲ သောတာပတ္တိမဂ်ဉာဏ်၌ တည်ရှိခဲ့ဖူးတဲ့ အရိယာသူတော် ကောင်းတစ်ဦးဟာ အခြားသူတစ်ဦးကိုလည်း သောတာပတ္တိမဂ်ဉာဏ်၌ တည်ရှိလာအောင်၊
၆။ သကဒါဂါမိမဂ်ဉာဏ်၌ တည်ရှိခဲ့ဖူးတဲ့ အရိယာသူတော် ကောင်းတစ်ဦးဟာ အခြားသူတစ်ဦးကိုလည်း သကဒါဂါမိမဂ်ဉာဏ်၌ တည်ရှိ လာအောင်၊
၇။ အနာဂါမိမဂ်ဉာဏ်၌ တည်ရှိခဲ့ဖူးတဲ့ အရိယာသူတော်ကောင်း တစ်ဦးဟာ အခြားသူတစ်ဦးကိုလည်း အနာဂါမိမဂ်ဉာဏ်၌ တည်ရှိလာ အောင်၊
၈။ အရဟတ္တမဂ်ဉာဏ်၌ တည်ရှိခဲ့ဖူးတဲ့ အရိယာသူတော်ကောင်း တစ်ဦးဟာ အခြားသူတစ်ဦးကိုလည်း အရဟတ္တမဂ်ဉာဏ်၌ တည်ရှိလာ အောင် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားလို့ဆိုတဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ လိုက်နာပြုကျင့်စေလျက် လက်ဆင့် ကမ်းကာ နေထိုင်သွားကြမည်ဆိုလျှင် ဒီရဟန်းတော်တွေဟာလည်း ဘုရားရှင် ရဲ့ သာသနာတော်အတွင်းမှာ ကောင်းမွန်စွာ သီတင်းသုံးနေထိုင်နေကြတဲ့ ရဟန်းတော်တွေပဲ ဖြစ်ကြပါတယ်။
၉။ အလားတူပဲ သောတာပတ္တိမဂ်ဉာဏ်ကို ရရှိရေးအတွက် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ အာရဒ္ဓ ဝိပဿကပုဂ္ဂိုလ်ဟာ အခြားသူတစ်ဦးကိုလည်း သောတာပတ္တိမဂ်ဉာဏ်ကို ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစား အားထုတ်နေတဲ့ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဖြစ်အောင်၊
၁၀။ သကဒါဂါမိမဂ်ဉာဏ်ကို ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစား အားထုတ်နေတဲ့ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဟာ အခြားသူတစ်ဦးကိုလည်း သကဒါဂါမိမဂ်ဉာဏ်ကို ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဖြစ်အောင်၊
၁၁။ အနာဂါမိမဂ်ဉာဏ်ကို ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်း အထန် ကြိုးစားအားထုတ်နေတဲ့ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဟာ အခြားသူတစ်ဦး ကိုလည်း အနာဂါမိမဂ်ဉာဏ်ကိုရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဖြစ် အောင်၊
၁၂။ အရဟတ္တမဂ်ဉာဏ်ကို ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဟာ အခြားသူတစ်ဦးကိုလည်း အရဟတ္တမဂ်ဉာဏ်ကို ရရှိရေးအတွက် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ အာရဒ္ဓ ဝိပဿကပုဂ္ဂိုလ်ဖြစ်အောင် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားလို့ဆိုတဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ လိုက်နာပြုကျင့်စေ လျက် လက်ဆင့်ကမ်းကာ နေထိုင်သွားကြမည်ဆိုလျှင် ဒီရဟန်းတော်တွေဟာ လည်း ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ကောင်းမွန်စွာ သီတင်းသုံး နေထိုင်နေကြတဲ့ ရဟန်းတော်တွေပဲ ဖြစ်ကြပါတယ်။
ရဟန်းတော်တွေဟာ ဒီလို နေထိုင်သွားကြမည်ဆိုလျှင် ဒီလောက ကြီးဟာ ရဟန္တာပုဂ္ဂိုလ်တွေဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်ဘူးလို့ ဆိုလိုပါတယ်။
ဒီမဟာဂေါသိင်္ဂသုတ္တန်မှာ လာရှိတော်မူကြတဲ့ ခုနစ်မျိုးကုန်သော အရိယာသူတော်ကောင်းကြီးတွေဟာလည်း ဘုရားရှင်ကိုယ်တော်တိုင် စိုက်ပျိုး တည်ထောင်သွားတော်မူတဲ့ သာသနာ့အင်ကြင်းတောဥယျာဉ်ကြီးအတွင်းမှာ မိမိတို့ ရရှိထားပြီးဖြစ်ကြတဲ့ ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ် အရိယ ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်တွေကို အခြားသူတွေလည်း ရရှိလာ အောင် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားလို့ခေါ်ဆိုတဲ့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ လိုက်နာပြုကျင့်စေလျက် လက်ဆင့် ကမ်းကာ သာသနာတော်မှာ ကောင်းမွန်စွာ နေထိုင်သွားတော်မူကြတဲ့ စံထား ရမည့် သူတော်ကောင်းကြီးတွေပဲ ဖြစ်ကြပါတယ်၊ လောကမှာ ရဟန္တာပုဂ္ဂိုလ် တွေဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းမသွားရအောင် ကြိုးပမ်းဆောင်ရွက်သွား တော်မူကြတဲ့ သူတော်ကောင်းကြီးတွေပဲ ဖြစ်ကြပါတယ်။ ဒီသူတော်ကောင်း ကြီးတွေရဲ့ အဆင့်ဆင့် ကြိုးပမ်းမှုကြောင့် ယနေ့သို့တိုင်အောင် သာသနာ တော်ကြီး ထင်ရှားတည်ရှိနေခြင်းပဲဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ ဦးတည်ချက်
ချစ်သား ရဟန်းတို့ ... သင်ချစ်သားတို့အား သံသရာဝဲဩဃ ရေအလျဉ်မှ ထွက်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ကူးခပ် ရန်အလို့ငှာသာလျှင် ဖောင်ဥပမာရှိတဲ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားဆိုတဲ့ ဓမ္မကို ငါဘုရား ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်၊ စွဲလမ်းဆုပ်ကိုင်ထားဖို့ရန် အတွက် ရည်ရွယ်တော်မူကာ ဟောကြားထားတော်မူခြင်း မဟုတ်ပါ။ ချစ်သား ရဟန်းတို့ ... သင်ချစ်သားတို့အား ငါဘုရား ဟောကြားထားတော်မူတဲ့ ဖောင်ဥပမာရှိတဲ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားဆိုတဲ့ ဓမ္မကို သိရှိကြတဲ့သူတွေဟာ (မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားမှာ အကျုံးဝင်နေတဲ့) သမထ ဝိပဿနာဘာဝနာတို့ အပေါ်မှာ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂဓမ္မတွေကိုသော်လည်း နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ရောက်ရှိတဲ့အခါ စွန့်ပယ်ထားခဲ့ရမည်လို့သာ ငါဘုရား ဟောကြားတော်မူပါတယ်၊ ကာမဂုဏ်ကို အာရုံပြုကာ ဖြစ်ပေါ်လာတဲ့ ဆန္ဒ ရာဂအဓမ္မတွေကို စွန့်ပယ်ထားခဲ့ရဖို့ ဆိုတာကတော့ ပြောပြနေဖွယ်တောင် မလိုတော့ပါဘူး။၃၁၄
__________
ကိလေသာဘေးဆိုးကြီးများ
ဝနတော ဇာယတေ ဘယံ = တောချုံပုတ်ကြောင့် ဘေးဒုက္ခ အမျိုးမျိုး ဖြစ်တတ်ပါတယ်
တောအုပ်ကြီးတစ်ခုအတွင်းမှာ တည်ရှိနေကြတဲ့ ပကတိသော တောချုံ ပုတ်တွေရဲ့အတွင်းမှာ ခြင်္သေ့ သစ်ကျား စတဲ့ သားရဲကောင်တွေက ပုန်းအောင်း ကာ ချောင်းမြောင်းကာ သမင်ဒရယ် စတဲ့ သားကောင်ငယ်များကို အရဖမ်းယူ ကာ စားသောက်ကြတယ်။ ဒါကြောင့် တောအုပ်ကြီးအတွင်းမှာ တည်ရှိနေ ကြတဲ့ ဒီချုံပုတ်တွေကြောင့် သားသမင်တွေမှာ ဘေးဒုက္ခအမျိုးမျိုးတွေ ရောက်ရှိခဲ့ကြရတယ်။ အလားတူပဲ ကိလေသာတောချုံပုတ်တွေကို အမှီပြုပြီး ဖြစ်ပေါ်လာကြတဲ့ အကုသိုလ်ကံတွေဟာလည်း သတ္တဝါတွေကို အရဖမ်းယူ ကာ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးထဲသို့ ရောက်အောင် ပို့ဆောင်ပေးကြပြန်တယ်။ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝတို့ရဲ့ စားဖတ် ဝါးဖတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်ပေးကြပြန်တယ်။
တစ်ဖန် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဆိုတဲ့ ကိလေသာတောချုံပုတ်တွေကို အမှီပြုကာ ပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်ကံတွေကလည်း သုဂတိသံသရာ ခရီးမှာ မျောပါနေအောင်, အို-နာ-သေရေး ဒုက္ခဘေးဆိုးကြီး အရပ်ရပ်တို့နှင့် အမြဲတမ်း ရင်ဆိုင်နေရအောင် ဖန်တီးပေးကြပြန်တယ်။ ဒီလို ပြုစုပျိုးထောင် ထားတဲ့ ကုသိုလ်ကံတွေထဲက ကာမာဝစရကုသိုလ်ကံတွေက လူ့ဘုံ နတ်ဘုံ ကဲ့သို့သော ကာမသုဂတိဘုံတွေမှာ ချမ်းသာသုခအဝဝဆိုတဲ့ ကောင်းကျိုး တွေကို ပေးနေတယ်ဆိုသော်လည်း သတ္တဝါတွေ အတိတ်က ထူထောင်ထား ခဲ့တဲ့ အကုသိုလ်ကံတွေဟာလည်း အခွင့်သင့်လျှင်သင့်သလို ဆင်းရဲဒုက္ခအဝဝ ဆိုတဲ့ မကောင်းကျိုးတွေကို ရောစွက်ကာ ဖြည့်တင်းပေးတတ်ပြန်တယ်။ နောက်တစ်ခုကတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ကို အခြေခံကာ ပြုစုပျိုးထောင် ထားတဲ့ စျာန်ကုသိုလ်ကံတွေကလည်း ဗြဟ္မာ့ချမ်းသာဆိုတဲ့ ချမ်းသာသုခ အဝဝကို ပေးနေငြားသော်လည်း ဗြဟ္မာ့ချမ်းသာဟာလည်း ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်းဆိုတဲ့ ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခတို့ တန်းလန်း တည်ရှိနေကြတဲ့ ချမ်းသာသုခမျိုးသာ ဖြစ်ပါတယ်။ အကယ်၍ စျာန်ကုသိုလ် ကံအရှိန်အဝါတွေက ကုန်ခန်းသွားလို့ ဗြဟ္မာ့ပြည်မှ လျှောကျကာ လူ့ပြည် နတ်ပြည်သို့ လာရောက်ကာ ပဋိသန္ဓေ တည်နေရသော်လည်း လူ့ဘဝ နတ်ဘဝတွေမှာ တွေ့ကြုံရမည့် ကောင်းကျိုး မကောင်းကျိုးတွေကို ဆက်လက် ကာ ခံစားကြရမှာသာ ဖြစ်ကြပါတယ်။ လူ့ဘဝ နတ်ဘဝဆိုတာလည်း အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာတောချုံပုတ်တွေကို အမှီပြုကာ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ရောရောနှောနှောဖြင့် ပြုစုပျိုးထောင်နေတဲ့ ဘုံဌာန တွေသာ ဖြစ်ကြပါတယ်။
သို့သော် ဘုရားသာသနာတော်နှင့် တွေ့ကြုံခွင့် မရလို့ဘဲဖြစ်စေ, တွေ့ကြုံခွင့်ရသော်လည်း စိတ်မဝင်စားလို့ဘဲဖြစ်စေ မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတွေကို စနစ်တကျ အားသွန်ခွန်စိုက် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်မှု မရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ကိလေသာတောချုံပုတ်ထဲမှာပဲ နေထိုင်နေကြရသေးတဲ့အတွက် ကိလေသာသားရဲကောင်တွေရဲ့ ကိုက်ခဲမှု ဒဏ်ချက်ကြောင့် အကုသိုလ်ကံတွေကို ထူထောင်နေမှုက ပိုမိုကာ များပြား လျက် ရှိနေပါတယ်။ ဒီအကုသိုလ်တရားတွေထဲမှာလည်း အများဆုံးဖြစ်နေတဲ့ အကုသိုလ်တစ်ခုကတော့ လောဘတရားပဲ ဖြစ်ပါတယ်။
ဒီလောဘဟာ ကုသိုလ်ကိုဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့နေတဲ့ လောဘမဟုတ်ဘဲ သူ့ချည်းသက်သက် ဖြစ်နေခဲ့မည်ဆိုလျှင် သေးငယ်တဲ့ လောဘပဲ ဖြစ်လင့်ကစား အပါယ်သို့ ပစ်ချနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဥပမာ ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်တုံးကလေးပင် ဖြစ်လင့်ကစား ရေထဲ သို့ ပစ်ချလိုက်ပါက နစ်မြုပ်သွားတတ်တဲ့သဘော ရှိသည်သာ ဖြစ်ပါတယ်။ ဒါကြောင့် သေခါနီးဆဲဆဲမှာ ဇနီးခင်ပွန်းချင်း စွဲလမ်းမှု, သမီးသားနှင့် စီးပွား ဥစ္စာ တစ်စုံတစ်ရာကို စွဲလမ်းမှုကြောင့် လောဘဇောက မရဏာသန္နဇောရဲ့ နေရာကို ယူသွားတဲ့အခါ အပါယ်လေးဘုံသို့ ရောက်နိုင်ကြောင်းကို အာဒိတ္တပရိယာယသုတ္တန်မှာ၃၁၅ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ ပါတယ်။ ဒီအာဒိတ္တပရိယာယသုတ္တန်ရဲ့ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို အကျဉ်းချုပ်ပြီးတော့ ပြောပါမည်၊ နာကြားကြည့်ကြရအောင် ..။
အာဒိတ္တပရိယာယသုတ် ကောက်နုတ်ချက်
ချစ်သား ရဟန်းတို့ ... သင်ချစ်သားတို့ကို အာဒိတ္တပရိယာယ အမည်ရတဲ့ တရားဒေသနာတော်ကို ငါဘုရား ဟောကြားပြတော်မူမည်၊ သင်ချစ်သားတို့တစ်တွေ ရိုသေစွာ နာယူကြပါ။ ချစ်သား ရဟန်းတို့ ... အာဒိတ္တပရိယာယ အမည်ရတဲ့ တရားဒေသနာတော်ဆိုတာ ဘာလဲ?
ရူပါရုံအပေါ်မှာ သာယာတပ်မက်မှုအပြစ်
၁။ ရဟန်းတို့ ... လောလောပူတဲ့ ရဲရဲညိတဲ့ တပြောင်ပြောင် တောက်ပလျက်ရှိတဲ့ မီးတောက်မီးလျှံနှင့် အတူတကွဖြစ်နေတဲ့ သံချောင်းကြီး တစ်ချောင်းနဲ့ ပက်လက်အိပ်နေတဲ့ သင်ချစ်သားတို့ရဲ့ မျက်လုံးကို ထိုးဖောက် လိုက်ခြင်းဟာ မြတ်သေးတယ်၊ စက္ခုဝိညာဏ်နဲ့ တွေ့မြင်နေတဲ့ ရူပါရုံအမျိုးမျိုး တွေအပေါ်မှာ .. ယောက်ျားပဲ မိန်းမပဲ အဖိုးကြီးပဲ အဖွားကြီးပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် ယောက်ျား မိန်းမစတဲ့ ပုံသဏ္ဌာန်နိမိတ်ကို စွဲယူ လိုက်ခြင်းဟာလည်း မမြတ်ပါဘူး၊ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါ အစိတ် အပိုင်းတစ်ခုခုကို, ပြုံးဟန် ရယ်ဟန်စတဲ့ ကိုယ်အမူအရာတစ်ခုခုကို စွဲယူလိုက် ခြင်းဟာလည်း မမြတ်ပါဘူး။
ချစ်သား ရဟန်းတို့ ...အကြောင်းကတော့ ..ဒီလို စွဲယူလိုက်မည် ဆိုလျှင် နောင်တစ်ဖန်ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်ဟာ တည်ရှိသွားပြီ ဖြစ်ပါတယ်။ ဘယ်လို တည်ရှိ သွားသလဲ? ---- ရူပါရုံပိုင်ရှင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင် ဖြစ်နေမည်။ ရူပါရုံပိုင်ရှင်ရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါ အစိတ် အပိုင်းတစ်ခုခု, ပြုံးဟန် ရယ်ဟန်စတဲ့ ကိုယ်အမူအရာတစ်ခုခုအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော် လည်း ဖြစ်ချင် ဖြစ်နေမည်။ ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေခြင်းဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်တွေ ထင်ရှား ဖြစ်ပွားနေခြင်း ထင်ရှားတည်ရှိနေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေ ထင်ရှားဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အကယ်၍ သေသွားခဲ့မည်ဆိုလျှင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမည်ဆိုတဲ့ ဒီသဘောတရားဟာ ထင်ရှားတည်ရှိနေပါတယ်။ ချစ်သား ရဟန်းတို့ ... ဒီလို အပါယ်ဝဋ်ဆင်းရဲဒုက္ခကို ခံစားရမည်ဆိုတဲ့ အပြစ်တွေကို တွေ့မြင်တော် မူနေတဲ့အတွက်ကြောင့် ဒီလို ဟောကြားတော်မူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ကဲ..တရားနာပရိသတ်တွေ...မိသားစုတွေနဲ့ အမြဲယှဉ်တွဲကာ နေထိုင်နေကြတဲ့ မိမိတို့ရဲ့ဘဝကို ပြန်လည်ကာ စဉ်းစားကြည့်ကြပါ။ မိမိတို့ရဲ့ မိသားစုအချင်းချင်းအပေါ်မှာ မိမိတို့ရဲ့စည်းစိမ်ဥစ္စာနှစ်တွေအပေါ်မှာ နေ့စဉ် နေ့စဉ် နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေ ဟာ ဘယ်လောက်များများ ဖြစ်နေမည်ဆိုတာ ခန့်မှန်းကြည့်ကြပါ။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို အပတ်တကုတ် တကယ်တမ်း ပြင်းပြင်းထန်ထန် အား ထုတ်ပြီး မနေကြဘူးဆိုလျှင် ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေက နေရာတော်တော်များများ ယူနေကြမှာ ဖြစ်ပါ တယ်။ ဒီကြားထဲမှာ အကြောင်းမလှလို့ နှလုံးသွင်းတွေက ထပ်ပြီး မှားနေကြ ပြန်လျှင်လည်း ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စတဲ့ ကိလေသာ တရားဆိုးတွေက ထပ်မံကာ နေရာလုယူနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို ကိလေသာတရားဆိုးတွေ ထင်ရှားဖြစ်နေခြင်းဟာ အပါယ်သွားဖို့ရန်အတွက် ရိက္ခာတွေကို စုဆောင်းရှာဖွေနေတာနဲ့ တူပါတယ်။ ဒါကြောင့် နေ့စဉ်နေ့စဉ် မိမိတို့ရဲ့သန္တာန်မှာ ကုသိုလ် အကုသိုလ် နှစ်မျိုးထဲက ဘယ်တရားက ပိုပြီး အဖြစ်များနေတယ်ဆိုတာကိုတော့ မိမိရဲ့အကျိုးကို လိုလားတောင့်တခဲ့လျှင် အမြဲတမ်း ဆင်ခြင်ကြည့်သင့်ပါတယ်။ ဒါကြောင့် ဘုရားရှင်က ဂဒ္ဒုလဗဒ္ဓ သုတ္တန်မှာ၃၁၆ ဒီလို မကြာခဏ မပြတ်မလပ် ဆင်ခြင်ဖို့ရန် ညွှန်ကြားထားတော် မူပါတယ်။
ချစ်သား ရဟန်းတို့ ...ဒါကြောင့် ဒီသာသနာတော်မြတ်အတွင်းမှာသင်ချစ်သားတို့တစ်တွေဟာ မိမိတို့ရဲ့စိတ်ကိုဒီငါတို့ရဲ့ စိတ်ဟာ နေညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံးရာဂကြောင့် ညစ်နွမ်း နေရတယ်၊ ဒေါသကြောင့် ညစ်နွမ်းနေရတယ်၊ မောဟကြောင့် ညစ်နွမ်း နေရတယ်လို့ ဒီလိုမကြာခဏ အမြဲမပြတ်ဆင်ခြင်ပေးကြပါ။ ချစ်သား ရဟန်းတို့ ...အကြောင်းကို ပြောပြရလျှင်တော့ .. စိတ်ဓာတ်တွေ ညစ်နွမ်းခြင်းကြောင့်သတ္တဝါတွေဟာသံသရာဝဋ်ဆင်းရဲဒုက္ခ အပါယ် ဝဋ်ဆင်းရဲဒုက္ခအဝဝတို့ဖြင့် ညစ်နွမ်းနေကြရတယ်၊ အရဟတ္တမဂ်ရေစင် ကြောင့် စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းသွားကြတဲ့အတွက် သတ္တဝါတွေလည်း စင်ကြယ်သန့်ရှင်းသွားကြပါတယ်။၃၁၆
သဒ္ဒါရုံအပေါ်မှာ သာယာတပ်မက်မှုအပြစ်
ရူပါရုံအကြောင်းကို ဟောကြားတော်မူပြီးနောက် သဒ္ဒါရုံစသည်တို့ကို လည်း ဆက်လက်ကာ ဟောကြားထားတော်မူပါတယ်။ နာကြားကြည့်ကြ ရအောင် ..။
ချစ်သား ရဟန်းတို့ ...ရဲရဲညိတဲ့ တပြောင်ပြောင် တောက်ပနေတဲ့ မီးတောက်မီးလျှံနှင့် အတူတကွဖြစ်နေတဲ့ သံချွန်တစ်ခုနဲ့ စောင်းလျက် အိပ်နေတဲ့ သင်ချစ်သားတို့ရဲ့ နားနှစ်ဘက်ကို ထုတ်ချင်းပေါက်အောင် ထိုးဖောက်လိုက်ခြင်းဟာ မြတ်သေးတယ်၊ သောတဝိညာဏ်နဲ့ ကြားလိုက်ရတဲ့ အသံအမျိုးမျိုးတွေအပေါ်မှာ ..အသံရှင်ဟာ ယောက်ျားပဲ မိန်းမပဲ အဖိုးကြီး ပဲ အဖွားကြီးပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် ယောက်ျား မိန်းမစတဲ့ ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး၊ အသံရှင်ရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို, ပြောဟန် ဆိုဟန်စတဲ့ ကိုယ်အမူအရာတစ်ခုခုကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး။
ချစ်သား ရဟန်းတို့ ...အကြောင်းကတော့ ..ဒီလို စွဲယူလိုက်မည် ဆိုလျှင် နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်ဟာ တည်ရှိသွားပြီ ဖြစ်ပါတယ်။ ဘယ်လို တည်ရှိသွား သလဲ? ---- အသံရှင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေ မည်။ အသံရှင်ရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခု, ပြောဟန် ဆိုဟန်စတဲ့ ကိုယ်အမူအရာ တစ်ခုခုအပေါ်မှာ နှစ်သက်သာယာမှု ဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ် နေမည်။ ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေခြင်းဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်တွေ ထင်ရှားဖြစ်ပွားနေခြင်း ထင်ရှား တည်ရှိနေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေ ထင်ရှားဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အကယ်၍ သေသွားခဲ့မည်ဆိုလျှင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမည်ဆိုတဲ့ ဒီသဘောတရားဟာ ထင်ရှားတည်ရှိနေပါတယ်။ ချစ်သား ရဟန်းတို့ ... ဒီလို အပါယ်ဝဋ်ဆင်းရဲဒုက္ခကို ခံစားရမည်ဆိုတဲ့ အပြစ်တွေကို တွေ့မြင်တော် မူနေတဲ့အတွက်ကြောင့် ဒီလို ဟောကြားတော်မူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဂန္ဓာရုံအပေါ်မှာ သာယာတပ်မက်မှုအပြစ်
ဂန္ဓာရုံအကြောင်းကို ဆက်လက်ပြီး နာကြားကြည့်ကြရအောင် ..။ဒီလို နာကြားတဲ့အခါမှာ သားငယ် သမီးငယ် မြေးငယ် စသူတို့ကို ပွေ့ဖက် နမ်းရှုပ်နေခိုက်ကို အာရုံယူထားပါ။
ချစ်သား ရဟန်းတို့ ...ရဲရဲညိတဲ့ တပြောင်ပြောင် တောက်ပနေတဲ့ မီးတောက်မီးလျှံနှင့် အတူတကွဖြစ်နေတဲ့ အလွန်ထက်လှတဲ့ လက်သည်းလှီး ဓားငယ်နဲ့ နှာခေါင်းထဲကို ဓားငယ်ကိုသွင်းကာ ကြေမွသွားအောင် ထိုးဖြတ် နေခြင်းက မြတ်ပါသေးတယ်၊ ဃာနဝိညာဏ်နဲ့ သိလိုက်ရတဲ့ နမ်းရှူလိုက်ရတဲ့ အနံ့ဂန္ဓာရုံတွေအပေါ်မှာ .. အနံ့ပိုင်ရှင်ဟာ ယောက်ျားပဲ မိန်းမပဲ အဖိုးကြီးပဲ အဖွားကြီးပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် ယောက်ျား မိန်းမစတဲ့ ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး၊ အနံ့ပိုင်ရှင်ရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို, ပြုံးဟန် ရယ်ဟန် စတဲ့ ကိုယ်အမူအရာတစ်ခုခုကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး။
ချစ်သား ရဟန်းတို့ ...အကြောင်းကတော့ ..ဒီလို စွဲယူလိုက်မည် ဆိုလျှင် နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်ဟာ တည်ရှိသွားပြီ ဖြစ်ပါတယ်။ ဘယ်လို တည်ရှိသွား သလဲ? ---- အနံ့ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမည်။ အနံ့ပိုင်ရှင်ရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု, ပြုံးဟန် ရယ်ဟန်စတဲ့ ကိုယ်အမူအရာတစ်ခုခုအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေ မည်။ ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေ ဖြစ်နေခြင်းဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်တွေ ထင်ရှားဖြစ်ပွားနေခြင်း ထင်ရှားတည်ရှိ နေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေ ထင်ရှားဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အကယ်၍ သေသွားခဲ့မည်ဆိုလျှင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမည်ဆိုတဲ့ ဒီသဘောတရားဟာ ထင်ရှားတည်ရှိနေပါတယ်။ ချစ်သား ရဟန်းတို့ ... ဒီလို အပါယ်ဝဋ်ဆင်းရဲဒုက္ခကို ခံစားရမည်ဆိုတဲ့ အပြစ်တွေကို တွေ့မြင်တော် မူနေတဲ့အတွက်ကြောင့် ဒီလို ဟောကြားတော်မူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ရသာရုံအပေါ်မှာ သာယာတပ်မက်မှုအပြစ်
ရသာရုံအကြောင်းကို ဆက်ပြီး ပြောကြရအောင် ..။
ဒီရသာရုံကို သုံးဆောင်မှုနဲ့ ပတ်သက်လို့ (က) အာမိသရသ သို့မဟုတ် ပရိဘောဂရသ (ခ) သမ္ဘောဂရသဆိုပြီးတော့ ရသနှစ်မျိုး ခွဲခြားပြထားတော် မူပါတယ်။ အာမိသရသဆိုတာကတော့ မိမိတို့ သုံးဆောင်နေတဲ့ စားဖွယ် သောက်ဖွယ် အသွယ်သွယ်တွေမှာ တည်ရှိနေတဲ့ ရသာရုံ (= အရသာ)ကို ဆိုလိုပါတယ်။ ပရိဘောဂရသလို့လည်း အမည်တစ်မျိုးနဲ့ ခေါ်ဆိုပါတယ်၊၊၃၁၇
ဒီအာမိသရသကိုတော့ ဘုရားရှင်က ဒီသုတ္တန်မှာ တိုက်ရိုက်ဟောကြား ထားတော်မူပါတယ်။ အလားတူပဲ ဒီအာမိသရသကို အာရုံပြုကာ ဖြစ်ပေါ် နေတဲ့ နှစ်သက်သာယာ တပ်မက်မှု (= ရသတဏှာ)ကိုလည်း တိုက်ရိုက် ရည်ညွှန်းတော်မူကာ ဟောကြားထားတော်မူခဲ့ပါတယ်။
သမ္ဘောဂရသဆိုတာကတော့ နှစ်သက်မြတ်နိုးဖွယ်ရာ ဣဋ္ဌာရုံနှင့်ဖြစ်စေ မနှစ်သက် မမြတ်နိုးဖွယ်ရာ အနိဋ္ဌာရုံနှင့်ဖြစ်စေ ပေါင်းဖော်ယှဉ်တွဲမိတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ သုံးဆောင်ခံစားမှု ရသကို ဆိုလိုပါတယ်၊ နှစ်သက် မြတ်နိုးဖွယ်ရာ ဣဋ္ဌာရုံတွေနှင့် တွေ့ကြုံတဲ့အခါ ထိုဣဋ္ဌာရုံပိုင်ရှင်တို့နှင့် အတူ ယှဉ်တွဲနေထိုင်ရခြင်း စကားပြောဆိုနေရခြင်း ရယ်မောနေရခြင်း အတူစား သောက်နေရခြင်း အတူသွားလာနေရခြင်း စသည်တို့အပေါ်မှာ နှစ်သက် သာယာနေတဲ့ ရသ (= အရသာ)တစ်မျိုး ဖြစ်ပါတယ်။ အလားတူပဲ မနှစ်သက် မမြတ်နိုးဖွယ်ရာ အနိဋ္ဌာရုံတွေနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲနေရတဲ့ အခါမှာ လည်း မနှစ်ခြိုက်တဲ့ ရသ (= အရသာ)တစ်မျိုး ဖြစ်နေတတ်ပါတယ်။ ထို ရသ (= အရသာ)မျိုးတွေကို သမ္ဘောဂရသလို့ ခေါ်ဆိုပါတယ်။ ဒီသုတ္တန်မှာ တော့ ဘုရားရှင်က ဣဋ္ဌာရုံနှင့် တွေ့ကြုံတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ သမ္ဘောဂ ရသကို အာရုံပြုကာ ဖြစ်ပေါ်နေတဲ့ နှစ်သက်သာယာတပ်မက်မှုကို သွယ်ဝိုက် သောနည်းအားဖြင့် ရည်ညွှန်းတော်မူကာ ဟောကြားထားတော်မူပါတယ်။
ဒါကြောင့် ဒီအပိုင်းမှာ နှစ်မျိုးခွဲပြောမှ ဘုရားရှင် ဆိုလိုတော်မူတဲ့ သဘောအဓိပ္ပာယ်ကို နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။ ရှေးဦးစွာ အာမိသရသအကြောင်းကို ပြောကြရအောင် ..။
ချစ်သား ရဟန်းတို့ ...ရဲရဲညိတဲ့ တပြောင်ပြောင် တောက်ပနေတဲ့ မီးတောက်မီးလျှံနှင့် အတူတကွဖြစ်နေတဲ့ အလွန်ထက်လှတဲ့ သင်ဓုန်း ဓားငယ်နဲ့ သင်ချစ်သားတို့ရဲ့လျှာကို လှီးဖြတ်လိုက်ခြင်းက မြတ်ပါသေးတယ်၊ ဇိဝှါဝိညာဏ်နဲ့ သိလိုက်ရတဲ့ လျက်လိုက်ရတဲ့ ရသာရုံအမျိုးမျိုးတွေအပေါ်မှာ- ကြက်ပဲ ဝက်ပဲ ငါးပဲ ပုစွန်ပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်းဟာလည်း မမြတ်ပါဘူး၊ အသည်းအမြစ်ပဲ ငါးပိပဲ ငါးဆုပ်ပဲ စသည်ဖြင့် အစိတ်အပိုင်း တစ်ခုခုကို စိတ်က စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး။
ချစ်သား ရဟန်းတို့ ...အကြောင်းကတော့ ..ဒီလို စွဲယူလိုက်မည် ဆိုလျှင် နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်ဟာ တည်ရှိသွားပြီ ဖြစ်ပါတယ်။ ဘယ်လို တည်ရှိသွား သလဲ? ---- ရသာရုံရဲ့ တည်ရာဖြစ်တဲ့ ကြက် ဝက် ငါး ပုစွန်စတဲ့ တစ်ကောင် လုံးရဲ့ အရသာအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေ တဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမည်။ ရသာရုံရဲ့ တည်ရာဖြစ်တဲ့ အသည်းအမြစ် ငါးပိ ငါးဆုပ်စတဲ့ အစိတ်အပိုင်းတစ်ခုခုရဲ့ အရသာအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်သော်လည်း ဖြစ်ချင်ဖြစ်နေမည်။ ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေ တဲ့ စိတ်အစဉ်တွေ ဖြစ်နေခြင်းဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေ အကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်တွေ ထင်ရှားဖြစ်ပွား နေခြင်း ထင်ရှားတည်ရှိနေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေ ထင်ရှားဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အကယ်၍ သေသွားခဲ့မည်ဆိုလျှင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမည်ဆိုတဲ့ ဒီသဘောတရားဟာ ထင်ရှားတည်ရှိနေပါတယ်။ ချစ်သား ရဟန်းတို့ ... ဒီလို အပါယ်ဝဋ်ဆင်းရဲဒုက္ခကို ခံစားရမည်ဆိုတဲ့ အပြစ်တွေကို တွေ့မြင်တော် မူနေတဲ့အတွက်ကြောင့် ဒီလို ဟောကြားတော်မူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
သမ္ဘောဂရသအကြောင်း ဆက်ကြရအောင် ..။ဒီသမ္ဘောဂရသကတော့ ဇိဝှါဝိညာဏ်ရဲ့တည်ရာအာရုံတော့ မဟုတ်ပါဘူး၊ မနောဝိညာဏ်ရဲ့တည်ရာ အာရုံပဲ ဖြစ်ပါတယ်။
ဒါကြောင့် မနောဝိညာဏ်နဲ့ သိအပ်တဲ့ ဣဋ္ဌာရုံဖြစ်တဲ့ သမ္ဘောဂရသ အာရုံအမျိုးမျိုးကို သုံးဆောင်ခံစားနေတဲ့အခါ မိမိနဲ့ အတူယှဉ်တွဲကာ ပျော်ရွှင် နေတဲ့ သမ္ဘောဂရသရဲ့ တည်ရာအာရုံကို ယောက်ျားပဲ မိန်းမပဲ အဖိုးကြီးပဲ အဖွားကြီးပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် ယောက်ျား မိန်းမစတဲ့ ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး၊ ဒီသမ္ဘောဂရသရဲ့ တည်ရာအာရုံရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကို, ပြုံးဟန် ရယ်ဟန်စတဲ့ ကိုယ်အမူအရာတစ်ခုခုကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး။
ချစ်သား ရဟန်းတို့ ...အကြောင်းကတော့ ..ဒီလို စွဲယူလိုက်မည် ဆိုလျှင် နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်ဟာ တည်ရှိသွားပြီ ဖြစ်ပါတယ်။ ဘယ်လို တည်ရှိ သွားသလဲ? --- သမ္ဘောဂရသပိုင်ရှင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမည်။ သမ္ဘောဂရသပိုင်ရှင်ရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု, ပြုံးဟန် ရယ်ဟန်စတဲ့ ကိုယ်အမူအရာတစ်ခုခုအပေါ် မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော် လည်း ဖြစ်ချင်ဖြစ်နေမည်။ ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေခြင်းဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်တွေ ထင်ရှား ဖြစ်ပွားနေခြင်း ထင်ရှားတည်ရှိနေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေ ထင်ရှားဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အကယ်၍ သေသွားခဲ့မည်ဆိုလျှင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမည်ဆိုတဲ့ ဒီသဘောတရားဟာ ထင်ရှားတည်ရှိနေပါတယ်။ ချစ်သား ရဟန်းတို့ ... ဒီလို အပါယ်ဝဋ်ဆင်းရဲဒုက္ခကို ခံစားရမည်ဆိုတဲ့ အပြစ်တွေကို တွေ့မြင်တော် မူနေတဲ့အတွက်ကြောင့် ဒီလို ဟောကြားတော်မူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
မိကျောင်းဘေးဆိုးကြီး
ဘုရားရှင်ဟာ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် ဦမိဘယသုတ္တန်မှာ၃၁၈ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်တဲ့ ယောနိသောမနသိကာရတရား ထင်ရှားမရှိကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတော်များ တွေ့ကြုံနိုင်တဲ့ ဘေးဆိုးကြီး လေးမျိုး ကို ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီလေးမျိုးထဲမှာ ဝမ်းဗိုက်ပြည့်ရေး အတွက် အစာအာဟာရ ရှာဖွေနေရတဲ့အခါ ဆင်းရဲဒုက္ခအဝဝတွေနှင့် ရင်ဆိုင်နေရတဲ့ ဘေးဆိုးကြီးကို ကုမ္ဘီလဘယ (= မိကျောင်းဘေးဆိုးကြီး)လို့ ဟောကြားဆုံးမထားတော်မူခဲ့ပါတယ်။ တရားနာပရိသတ်တွေကို ဒီမိကျောင်း ဘေးဆိုးကြီးမှ လွတ်မြောက်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ဘုရားရှင် ဆိုဆုံးမ ထားတော်မူတဲ့ ဒီမိကျောင်းဘေးဆိုးကြီးအကြောင်းအရာကို အတိုချုပ်ကာ မိတ်ဆက်ပေးလိုပါတယ်။
ချစ်သား ရဟန်းတို့ ...မိကျောင်းဘေးဆိုးကြီးဆိုတာ ဘာလဲ? ချစ်သား ရဟန်းတို့ ...ဒီလောကမှာ အမျိုးကောင်းသား တစ်ယောက်ဟာ ဒီလို စဉ်းစားတယ် -- ငါဟာ ပဋိသန္ဓေတည်နေရခြင်းဒုက္ခ အိုရခြင်းဒုက္ခ သေကျေပျက်စီးရခြင်းဒုက္ခ စိုးရိမ်ပူဆွေးရခြင်းဒုက္ခ ငိုကြွေးမြည်တမ်းရခြင်းဒုက္ခ ကိုယ်ဆင်းရဲရခြင်းဒုက္ခ စိတ်ဆင်းရဲရခြင်းဒုက္ခ ပြင်းစွာပူပန်ရခြင်းဒုက္ခဆိုတဲ့ ဒုက္ခတွင်းကြီးထဲသို့ ဆင်းသက်ကာ တည်နေရတယ်၊ ဒုက္ခတွင်းကြီးထဲသို့ သက်ဝင်ပြီး တည်နေရတယ်၊ ဒုက္ခအမျိုးမျိုးတို့ရဲ့ အညှဉ်းပန်း အနှိပ်စက်ကို ခံနေရတယ်၊ ချမ်းသာသုခအဝဝမှ ကင်းနေတဲ့ ဆင်းရဲဒုက္ခသက်သက်သာ တည်ရှိနေတဲ့ ဒီဒုက္ခတုံး ဒုက္ခအစုအပုံကြီးရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ် ကောင်း ပြုလုပ်နိုင်ပါလိမ့်မည် ဒီလို နှလုံးပိုက်ကာ မှန်ကန်တဲ့ ဦးတည်ချက် ဖြင့် သဒ္ဓါတရားအပြည့်အဝနဲ့ အိမ်ရာတည်ထောင်တဲ့လူ့ဘောင်ကို စွန့်ခွာကာ အိမ်ရာမထောင်တဲ့ရဟန်းဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာတယ်။
တရားနာပရိသတ်တွေ ... သာသနာတော်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာတဲ့ ဦးတည်ချက်ကတော့ သိပ်ကောင်းပါတယ်။ သို့သော် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွင်းမှာ တည်ရှိနေကြတဲ့ မိကျောင်းဘေးဆိုးကြီး တွေက ထကြွသောင်းကျန်းလာတဲ့အခါ ဘာတွေ ဆက်လက်ကာ ဖြစ်ပေါ် လာကြသလဲ? ဖြစ်ပေါ်လာပုံကို ဘုရားရှင်က ဒီလို ဆက်လက်ကာ ဟောကြား ထားတော်မူခဲ့ပါတယ်။
ဒီလို ဝင်ရောက်ကာ ရှင်ရဟန်းပြုလာသူကို သီတင်းသုံးဖော် ရဟန်း တော်တွေက သင်ဟာ ဒါကို ခဲရမည်၊ ဒါကိုတော့ မခဲရဘူး၊ ဒါကို စားရမည်၊ ဒါကိုတော့ မစားရဘူး၊ ဒါကို လျက်ရမည်၊ ဒါကိုတော့ မလျက်ရဘူး၊ ဒါကို သောက်ရမည်၊ ဒါကိုတော့ မသောက်ရဘူး၊ သင်ဟာ ရဟန်းတော်တွေနှင့် အပ်စပ်တဲ့ သစ်သီးစတဲ့ ခဲဖွယ်ကိုသာ ခဲရမည်၊ မအပ်စပ်တဲ့ ခဲဖွယ်ကိုတော့ မခဲရဘူး၊ ရဟန်းတော်တွေနှင့် အပ်စပ်တဲ့ ဆွမ်းစတဲ့ စားဖွယ်ကိုသာ စားရမည်၊ မအပ်စပ်တဲ့ စားဖွယ်ကိုတော့ မစားရဘူး၊ ရဟန်းတော်တွေနှင့် အပ်စပ်တဲ့ လျက်ဖွယ်ကိုသာ လျက်ရမည်၊ မအပ်စပ်တဲ့ လျက်ဖွယ်ကိုတော့ မလျက်ရဘူး၊ ရဟန်းတော်တွေနှင့် အပ်စပ်တဲ့ သောက်သုံးဖွယ် အဖျော်ယမကာကိုသာ သောက်သုံးရမည်၊ မအပ်စပ်တဲ့ သောက်သုံးဖွယ် အဖျော်ယမကာကိုတော့ မသောက်သုံးရဘူး၊ သင်ဟာ နံနက်အခါမှာသာ ခဲဖွယ်ကို ခဲရမည်၊ မွန်းလွဲ အခါမှာတော့ မခဲရဘူး၊ နံနက်အခါမှာသာ စားဖွယ်ကို စားရမည်၊ မွန်းလွဲအခါ မှာတော့ မစားရဘူး၊ နံနက်အခါမှာသာ လျက်ဖွယ်ကို လျက်ရမည်၊ မွန်းလွဲ အခါမှာတော့ မလျက်ရဘူး၊ နံနက်အခါမှာသာ သောက်သုံးဖွယ် အဖျော် ယမကာကို သောက်ရမည်၊ မွန်းလွဲအခါမှာတော့ ဆာလောင်မွတ်သိပ်ခြင်း အကြောင်း မရှိလျှင် အပ်စပ်တဲ့ အဖျော်ယမကာကိုသော်လည်း မသောက် ရဘူး..လို့ ဒီလို သွန်သင်ဆုံးမတော်မူကြတယ်။
အဲဒီအခါမှာ သာသနာ့ဘောင်သို့ ရောက်သစ်စဖြစ်နေတဲ့ ဒီရဟန်းတော် ဟာ စဉ်းစားခန်းဝင်ပြန်တယ် -- ငါတို့ဟာ ရှေးလူဘဝမှာ နေခဲ့စဉ်တုန်းက အလိုရှိတဲ့ ခဲဖွယ် စားဖွယ် လျက်ဖွယ် သောက်သုံးဖွယ်တွေကိုသာ အလိုရှိတိုင်း ခဲခဲ့ကြတယ်၊ စားခဲ့ကြတယ်၊ လျက်ခဲ့ကြတယ်၊ သောက်ခဲ့ကြတယ်၊ အလိုမရှိ တာကိုတော့ ခဲလည်းမခဲခဲ့ကြဘူး၊ စားလည်းမစားခဲ့ကြဘူး၊ လျက်လည်း မလျက်ခဲ့ကြဘူး၊ သောက်လည်းမသောက်ခဲ့ကြဘူး၊ ရဟန်းတော်တွေနှင့် အပ်တာပဲဖြစ်ဖြစ် မအပ်တာပဲဖြစ်ဖြစ် ခဲချင်တာကို ခဲခဲ့ကြတယ်၊ စားချင်တာကို စားခဲ့ကြတယ်၊ လျက်ချင်တာကို လျက်ခဲ့ကြတယ်၊ သောက်ချင်တာကို သောက်ခဲ့ကြတယ်။ သဒ္ဓါတရား ပြည့်ဝစုံညီနေတဲ့ အလှူရှင်ဒါယကာတို့က နေ့မှာပဲဖြစ်ဖြစ် ညမှာပဲဖြစ်ဖြစ် မွန်မြတ်တဲ့ ခဲဖွယ်ဘောဇဉ် တွေ, မွန်မြတ်တဲ့ စားဖွယ် သောက်ဖွယ်တွေကို လာရောက်ပြီး လှူဒါန်းကြပြန် တော့လည်း နေ့လယ်ပိုင်း ညပိုင်းတို့မှာ မစားရလို့ ပြောဆိုကာ တားမြစ်ကြပြန် တယ်။ ဒီလို တားမြစ်နေကြခြင်းဟာ တို့ရဲ့ပါးစပ်တွေကို မစားရအောင် ပိတ်ဆို့ ထားတာနဲ့ တူနေပါတယ် ဒီလို ရဟန်းတော်အသစ်က စဉ်းစားခန်းအမျိုးမျိုး တွေ ဝင်ခဲ့ပြန်တယ်။
ဒီလို စဉ်းစားခန်း ဝင်နေခြင်းဟာ ဘုရားရှင် ပညတ်ထားတော်မူတဲ့ ဝိနည်းဒေသနာတော်ဆိုင်ရာ သီလကျင့်စဉ်တွေကို မနာယူလိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလို မနာယူလိုတဲ့အတွက် သူက ဘာတွေကို ဆက်လက် လုပ်ပြန်သလဲ?
သာသနာဘောင်သို့ ဝင်ရောက်လာတဲ့ ဒီရဟန်းတော်အသစ်ဟာ ဝိနည်း ဒေသနာတော်နှင့်အညီ တရားဒေသနာတော်နှင့်အလျော် ဆိုဆုံးမတော်မူ နေကြတဲ့ ဆရာသမားတွေနှင့် သီတင်းသုံးဖော် ရဟန်းတော်တွေအပေါ်မှာ အမျက်ဒေါသတွေ ခြောင်းခြောင်းထွက်လာတဲ့အတွက် မကျေနပ်ချက်တွေ တစ်ပုံကြီးကို ရင်ဝယ်ပိုက်ထွေးကာ စိတ်မချမ်းသာမှုတစ်ပုံကြီးဖြင့် သိက္ခာချ ကာ လူထွက်သွားပြန်တယ်။
ဒီလို ရဟန်းတော်မျိုးကို ဘုရားရှင်က နိဂုံးချုပ်အနေဖြင့် ဒီလို မိန့်ဆိုသွား တော်မူပါတယ်။
ချစ်သား ရဟန်းတို့... ဒီလို ရဟန်းတော်မျိုးကို မိကျောင်းဘေးဆိုးကြီး ကို ကြောက်တဲ့အတွက် သိက္ခာချပြီး လူထွက်တဲ့ ရဟန်းတော်မျိုးလို့ ခေါ်ဆို ပါတယ်။ ချစ်သား ရဟန်းတို့ ... မိကျောင်းဘေးဆိုးကြီးဆိုတာကတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုတဲ့ ဝမ်းဗိုက်အတွက် ဝမ်းစာ ရှာမှီးခြင်းကိုပဲ ခေါ်ဆို ပါတယ်။ ဒါကတော့ မိကျောင်းဘေးဆိုးကြီးပဲ ဖြစ်ပါတယ်။
သို့သော် ယနေ့မျက်မှောက်ခေတ်မှာတော့ ဒီလို မိကျောင်းဘေးဆိုးကြီး အနှိပ်စက်ခံနေကြရတဲ့ သူတချို့ကတော့ သိက္ခာချပြီး လူတော့ မထွက်ကြပါ ဘူး။ လူပင် မထွက်ကြသော်လည်း ဆွမ်းခံလို့ ရရသမျှဖြင့် ရောင့်ရဲနိုင် တင်းတိမ်နိုင်တဲ့ စွမ်းအား မရှိကြလေတော့ အပ်စပ်တဲ့နည်းနဲ့ရော မအပ်စပ်တဲ့ နည်းနဲ့ရော နည်းအမျိုးမျိုးတွေ ရောပြွမ်းကာ စီမံချင်သလို စီမံပြီးတော့ စားချင်သလို စားနေကြပြန်တယ်။ ဒီလိုပုဂ္ဂိုလ်တွေဟာလည်း အရှင်လတ်လတ် မိကျောင်းအကိုက်ခံနေကြရတဲ့ပုဂ္ဂိုလ်တွေသာ ဖြစ်ကြပါတယ်။ ဘာကြောင့် ဒီလို အကိုက်ခံနေကြရသလဲဆိုတော့ ရသာရုံကို မက်မောနေတဲ့ ရသတဏှာ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က ဒီရသတဏှာကို ဝါတမိဂဇာတ် မှာ အယုတ်မာဆုံးသော တဏှာတစ်မျိုးအဖြစ် သတ်မှတ်ကာ ဟောကြားထား တော်မူခဲ့ပါတယ်။
ယုတ်မာလှတဲ့ ရသတဏှာ
ဘုရားရှင် လက်ထက်တော်အခါက အထက်မှာ ဖော်ပြထားတဲ့ ရဟန်း တော်ကဲ့သို့ မှန်ကန်တဲ့ ဦးတည်ချက်ဖြင့် သဒ္ဓါတရား ပြည့်ပြည့်ဝဝနဲ့ သာသနာ့ ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာတဲ့ သူဌေးသား ရဟန်းတော် တစ်ပါးကို ပြည့်တန်ဆာမတစ်ဦးက အစာအာဟာရဖြင့် ဖြားယောင်းကာ လူ့ဘဝသို့ ပြန်ရောက်အောင် ဆွဲဆောင်ခဲ့ဖူးပါတယ်။ သို့သော် ဒီပြည့်တန် ဆာမဟာ တစ်ခုသော အတိတ်ဘဝမှာ သဉ္ဇယ အမည်ရှိတဲ့ ဥယျာဉ်မှူး ဖြစ်ခဲ့စဉ်က ဒီရဟန်းတော်ကလည်း ထိုအချိန်အခါမှာ လေအလျဉ် လို လျင်မြန်စွာ ပြေးသွားနိုင်တဲ့ ဝါတမိဂဆိုတဲ့ သမင်ပျံ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ အခါတုန်းကလည်း ဒီဥယျာဉ်မှူးက ဒီသမင်ကို ပျားလူးမြက်ဖြင့် ဖြားယောင်း ကာ အရဖမ်းယူခဲ့ဖူးပါတယ်။ ဒီဇာတ်ဝတ္ထုကို အကြောင်းပြုကာ ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့ပါတယ်။၃၁၉
န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိဝ သန္ထဝေဟိ ဝါ၊
ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္ဇယော။၃၂၀
အိုအချင်းတို့...ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်တဲ့ ရသာရုံအမျိုးမျိုးတို့ အပေါ်မှာ လိုလားတပ်မက်ခြင်း ဆန္ဒရာဂနှင့် ယှဉ်တွဲကာ သုံးဆောင်ခြင်းဆိုတဲ့ ပရိဘောဂရသထက် အထူးသဖြင့် ယုတ်မာတဲ့ ဆန္ဒရာဂမျိုးဟာ လောကမှာ မရှိဘူးလို့ ကြားဖူးပါတယ်။ ကျောင်းအိပ်ရာနေရာတို့အပေါ်မှာ လိုလား တပ်မက်နေတဲ့ ဆန္ဒရာဂ, မိတ်ဆွေအပါင်းအသင်းတို့အပေါ်မှာ လိုလား တပ်မက်နေတဲ့ ဆန္ဒရာဂ -- ဒီ ဆန္ဒရာဂ အမျိုးမျိုးတွေထက်လည်း ဇိဝှါ ဝိညာဏ်ဖြင့် သိအပ်ကုန်တဲ့ ရသာရုံအမျိုးမျိုးတို့အပါ်မှာ လိုလားတပ်မက် နေတဲ့ ဒီဆန္ဒရာဂ, တွယ်တာ မက်မောနေတဲ့ ဒီရသတဏှာဟာ အဆ အရာ အထောင် အသိန်းမက သာလွန်၍ ယုတ်မာလှပါတယ်။
အိုအချင်းတို့...သဉ္ဇယဥယျာဉ်စောင့်ဟာ တောမြိုင်ကြီးကို အမှီပြုကာ နေထိုင်နေတဲ့ အဟုန်ပြင်းတဲ့ လေကဲ့သို့ လျင်မြန်စွာ ပြေးသွားနိုင်တဲ့ ဝါတမိဂ သမင်ပျံကို ပျားလူးမြက်ဆိုတဲ့ ရသာရုံဖြင့် ဖြားယောင်းကာ ရသတဏှာ ကျော့ကွင်းထဲမှာ ဖမ်းမိနေတဲ့ ဒီသမင်ပျံကို မိမိအလိုသို့ လိုက်ပါအောင် ဆွဲဆောင်ကာ ဖမ်းယူနိုင်ခဲ့ဖူးပါတယ်။
ဒီလို ဘုရားရှင်က ရဟန်းတော်တွေကို ဆိုဆုံးမတော်မူပါတယ်။ ဘာကြောင့် ရသတဏှာက သာလွန်ယုတ်မာတဲ့ တဏှာ ဖြစ်ရသလဲ? ရသာရုံ ဆိုတာက အမြဲတမ်း သုံးဆောင်နေရတဲ့အတွက် သုံးဆောင်တိုင်း သုံးဆောင် တိုင်းမှာလည်း နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်တဲ့ ယောနိသောမနသိကာရ မရှိသူအဖို့ ဒီရသတဏှာက အမြဲတမ်းလိုလို ဖြစ်နေပါတယ်။ ဒါကလည်း အကြောင်းတစ်ခု။ နောက်အကြောင်းတစ်ခုကတော့ အသက်ရှင်နေရမှုဆိုတဲ့ ဇီဝိတိန္ဒြေကို အရှည်ခိုင်ခံ့တည်တံ့အောင် စောင့်ရှောက်တဲ့နေရာမှာ အစာ အာဟာရနဲ့ ကင်းပြီးတော့ ဘယ်လိုမှ ထိန်းသိမ်းစောင့်ရှောက်လို့ မရနိုင်ဘူး။ ဒီဇီဝိတိန္ဒြေရဲ့ အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အာဟာရကို အမြဲမပြတ် မှီဝဲနေရပြန်တယ်။ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်တဲ့ ယောနိသောမနသိကာရ မရှိသူအဖို့ အာဟာရကို မှီဝဲတိုင်း မှီဝဲတိုင်းလည်း ရသတဏှာဦးဆောင် နေတဲ့ ကိလေသာတွေက နေရာအပြည့် ယူနေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာပတ်လုံး တစ်သက်တာပတ်လုံးမှာ အကြိမ် အများဆုံး ဖြစ်နေတဲ့ တဏှာတစ်မျိုး ဖြစ်နေတဲ့အတွက် ဒီရသတဏှာကို အယုတ်မာဆုံး တဏှာ တစ်ခုအဖြစ် သတ်မှတ်ထားတော်မူခြင်း ဖြစ်ပါတယ်။၃၂၁
ပေါရိသာဒကို မောင်းမမိဿံတွေနှင့်တကွသော နန်းစည်းစိမ်ကိုသော် လည်း စွန့်လွှတ်နိုင်အောင် တွန်းပို့ပေးလိုက်တဲ့ တဏှာဟာ ဒီရသတဏှာပဲ ဖြစ်ပါတယ်။၃၂၂
ဒါကြောင့် တရားနာပရိသတ်တွေဟာလည်း ပျားလူးမြက်ဆိုတဲ့ ရသာရုံ အပေါ်မှာ တွယ်တာမက်မောနေတဲ့ တဏှာကျော့ကွင်းမှ လွတ်ကင်းအောင် ရုန်းကန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဘာကြောင့် ဒီလို တိုက်တွန်းနေရ သလဲ? ဒီရသတဏှာကျော့ကွင်းထဲမှာ မိနေတုန်း ဖြုန်းကနဲ သေသွားခဲ့မည် ဆိုလျှင် ငရဲနှင့်တိရစ္ဆာန်ဆိုတဲ့ အပါယ်သံသရာခရီးက ဆီးကြိုနေမည်လို့ ဘုရားရှင်က ဟောကြားထားတော်မူတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဖောဋ္ဌဗ္ဗာရုံအပေါ်မှာ သာယာတပ်မက်မှုအပြစ်
ဖောဋ္ဌဗ္ဗာရုံအကြောင်းကို ဆက်လက်ကာ နာကြားကြရအောင် ..။
ချစ်သား ရဟန်းတို့ ...ရဲရဲညိတဲ့ တပြောင်ပြောင် တောက်ပနေတဲ့ မီးတောက်မီးလျှံနှင့် အတူတကွဖြစ်နေတဲ့ အလွန်ထက်လှတဲ့ လှံနဲ့ သင် ချစ်သားတို့ရဲ့ ခန္ဓာကိုယ်ကို ထိုးဆွလိုက်ခြင်းက ထိုးဆွနေခြင်းက မြတ်ပါ သေးတယ်၊ ကာယဝိညာဏ်နဲ့ သိလိုက်ရတဲ့ တွေ့ထိလိုက်ရတဲ့ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံအမျိုးမျိုးတွေအပေါ်မှာ တွေ့ထိနေတဲ့ အချိန်အခါဝယ် .. အတွေ့ အထိဖောဋ္ဌဗ္ဗာရုံပိုင်ရှင်ဟာ ယောက်ျားပဲ မိန်းမပဲ အဖိုးကြီးပဲ အဖွားကြီးပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် ယောက်ျား မိန်းမစတဲ့ ပုံသဏ္ဌာန်နိမိတ်ကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး၊ ဖောဋ္ဌဗ္ဗာရုံပိုင်ရှင်ရဲ့ လက်ခြေ မျက်နှာ စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို, ပြုံးဟန် ရယ်ဟန်စတဲ့ ကိုယ်အမူ အရာတစ်ခုခုကို စွဲယူလိုက်ခြင်းဟာလည်း မမြတ်ပါဘူး။
ချစ်သား ရဟန်းတို့ ...အကြောင်းကတော့ ..ဒီလို စွဲယူလိုက်မည် ဆိုလျှင် နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်ဟာ တည်ရှိသွားပြီ ဖြစ်ပါတယ်။ ဘယ်လို တည်ရှိသွား သလဲ? --- ဖောဋ္ဌဗ္ဗာရုံပိုင်ရှင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမည်။ ဖောဋ္ဌဗ္ဗာရုံပိုင်ရှင်ရဲ့ လက်ခြေ မျက်နှာစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု, ပြုံးဟန် ရယ်ဟန်စတဲ့ ကိုယ်အမူအရာ တစ်ခုခု အပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေသော်လည်း ဖြစ်ချင်ဖြစ်နေမည်။ ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေခြင်းဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်တွေ ထင်ရှားဖြစ်ပွားနေခြင်း ထင်ရှားတည်ရှိနေခြင်းပဲ ဖြစ်ပါတယ်။
ဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ် တွေ ထင်ရှားဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အကယ်၍ သေသွားခဲ့မည်ဆိုလျှင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမည်ဆိုတဲ့ ဒီသဘောတရားဟာ ထင်ရှားတည်ရှိနေပါတယ်။ ချစ်သား ရဟန်းတို့ ... ဒီလို အပါယ်ဝဋ်ဆင်းရဲဒုက္ခကို ခံစားရမည်ဆိုတဲ့ အပြစ်တွေကို တွေ့မြင်တော် မူနေတဲ့အတွက်ကြောင့် ဒီလို ဟောကြားတော်မူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဓမ္မာရုံအပေါ်မှာ သာယာတပ်မက်မှုအပြစ်
ဓမ္မာရုံအကြောင်းကို ဆက်လက်ပြောကြရအောင် ..။
ချစ်သား ရဟန်းတို့ ...အိပ်ပျော်နေခြင်းက မြတ်ပါသေးတယ်။ ချစ်သား ရဟန်းတို့ ...အမှန်အားဖြင့်တော့ အိပ်ပျော်နေခြင်းကို အသက် ရှင်နေသူတို့ရဲ့ အမြုံဓာတ်တစ်မျိုးလို့ ငါဘုရား ဟောတော်မူပါတယ်၊ အသက် ရှင်နေသူတို့ရဲ့ အသီးဆိုတဲ့ အကျိုးတရားကို မဖြစ်စေတတ်တဲ့ သဘောတရား တစ်မျိုး အချိန်အခါတစ်မျိုးလို့ ငါဘုရား ဟောတော်မူပါတယ်။ အသက်ရှင်နေ သူတို့ရဲ့ တွေဝေခြင်းတစ်မျိုးလို့ ငါဘုရား ဟောတော်မူပါတယ်။
ဒီလိုအိပ်ပျော်နေတဲ့ အချိန်အခါမျိုးမှာ သံဃာကို သင်းခွဲမည်ဆိုတဲ့ စိတ်အကြံအစည်မျိုးတွေလည်း မဖြစ်ပေါ်နိုင်ဘူး၊ တကယ်တမ်း သံဃာ သင်းခွဲခြင်းဆိုတဲ့ သံဃဘေဒကကံကိုလည်း ဘယ်တော့မှ မလွန်ကျူးနိုင်ဘူး။ သို့သော် အိပ်မပျော်ဘဲ နိုးနေတဲ့ပုဂ္ဂိုလ်တွေဟာ စိတ်ထားယုတ်ညံ့သူတွေ ဖြစ်နေခဲ့မည်ဆိုလျှင် သံဃာသင်းခွဲရန် ကြံစည်မှု, ကြံစည်တဲ့အတိုင်း သံဃာ သင်းခွဲမှုဆိုတဲ့ ဒီသဘောတရားတွေဟာ ထင်ရှားဖြစ်ပေါ်လာနိုင်ကြပါတယ်။ ဒါကြောင့် အိပ်မပျော်ဘဲ နိုးနေတဲ့သူတွေရဲ့သန္တာန်မှာ ဒီလို ကြီးလေးတဲ့ ကုစားလို့မရနိုင်တဲ့ ဂရုကံကြီးတွေ ထင်ရှားဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ ဒီအပြစ်ကို မြင်တော်မူတဲ့အတွက် အိပ်ပျော်နေခြင်းက မြတ်ပါသေးတယ်လို့ ငါဘုရား ဟောတော်မူခြင်း ဖြစ်ပါတယ်။၃၂၃
ဆိုလိုတဲ့သဘောကို နည်းနည်းရှင်းပြမည် ..။ အိပ်မက် မမက်ဘဲ ဘဝင်စိတ်တွေရဲ့ အဆက်မပြတ် ဆက်တိုက်ဖြစ်ပေါ်နေခြင်းကိုပဲ အိပ်ပျော် နေခြင်းလို့ ဆိုလိုပါတယ်။ ဒီဘဝင်စိတ်တွေဟာ အတိတ်ဘဝက ပြုစု ပျိုးထောင်ခဲ့တဲ့, လက်ရှိဘဝ ဝိပါက်ခန္ဓာငါးပါးကို ဖြစ်ပေါ်စေတဲ့ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်နေတဲ့ အကျိုးဝိပါက်နာမ်တရားစုတွေ ဖြစ်ကြပါ တယ်။ ဒီဘဝင်နာမ်တရားစုတွေဟာ ဘဝတစ်လျှောက်မှာ စိတ်အစဉ် မပြတ် စဲရေးအတွက်, ဘဝတစ်လျှောက် သေသည့်တိုင်အောင် စိတ်အစဉ် အဆက် မပြတ် တည်တံ့နေရေးအတွက် ဘဝရဲ့ တည်တံ့ရေးအကြောင်းတရားအဖြစ် ရပ်တည်ကာ ဝီထိစိတ်အစဉ်တွေရဲ့ အကြားအကြားမှာ ဖြစ်ပေါ်နေတဲ့ စိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီဘဝင်စိတ်တွေဟာ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက အာရုံယူထားတဲ့ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဆိုတဲ့ အာရုံ သုံးမျိုးထဲက တစ်မျိုးမျိုးကိုသာ သိနေတဲ့ စိတ်တွေ ဖြစ်ကြပါတယ်။ ပစ္စုပ္ပန် အာရုံဆိုလို့ ဘယ်အာရုံကိုမျှ မသိကြပါဘူး၊ အနာဂတ်အာရုံဆိုလည်း ဘယ်အာရုံကိုမှ မသိကြပါဘူး။ ဒါကြောင့် ဘဝင်စိတ်တွေ ဆက်တိုက်ဖြစ်နေတဲ့ အချိန်မှာ ကုသလဝိတက် အကုသလဝိတက်ဆိုတဲ့ ကြံစည်စိတ်ကူးမှု ဝိတက် အမျိုးမျိုးတွေလည်း ဘယ်လိုမှ မဖြစ်နိုင်ကြပါဘူး။ ဒီလို မဖြစ်နိုင်တဲ့အတွက် အမိကိုသတ်ဖို့ အဖကိုသတ်ဖို့ ရဟန္တာပုဂ္ဂိုလ်ကိုသတ်ဖို့ သံဃာကို သင်းခွဲဖို့ ဆိုတဲ့ ဒီလို ကြံစည်စိတ်ကူးမှုတွေလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒီလို အနန္တရိယကံကြီးတွေကို လွန်ကျူးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သို့သော် အိပ်မပျော်ဘဲ နိုးနေတဲ့သူတွေရဲ့သန္တာန်မှာတော့ ဒီလို အနန္တရိယကံကြီးတွေကို လွန်ကျူးဖို့ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။
ဒီနေရာမှာ အကြီးလေးဆုံးသော ကံကြီးတွေကို ဖြစ်စေနိုင်ပုံကို စံထား ကာ ဟောကြားတော်မူနေခြင်းသာ ဖြစ်ပါတယ်။ မည်သည့်အကုသလ ဝိတက်ကိုမဆို အကုသလဝိတက်အမျိုးမျိုးတွေကို ကြံစည်နေခြင်းဟာလည်း နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်တွေ ထင်ရှားဖြစ်ပွားနေခြင်း ထင်ရှားတည်ရှိနေခြင်းပဲ ဖြစ်ပါ တယ်။ ဒီလို အကုသလဝိတက်အမျိုးမျိုးတွေ ထင်ရှားဖြစ်နေတုန်း ဖြုန်းကနဲ သေသွားခဲ့မည်ဆိုလျှင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရမည်ဆိုတဲ့ ဒီသဘောတရားကို တွေ့မြင်တော်မူနေတဲ့အတွက်ကြောင့် အကုသလဝိတက်အမျိုးမျိုးတွေကို ကြံစည်နေမည့်အစား အိပ်ပျော်နေခြင်းက မြတ်ပါသေးတယ်လို့ ဒီလို ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။
ညောင်ညိုပင်စခန်း လမ်းဆုံဘူတာရုံ
အကယ်၍ မရဏာသန္နဇောက အကုသိုလ်ဇော ဖြစ်ခဲ့လျှင် အပါယ် လေးဘုံ တစ်ဘုံဘုံမှာ ပဋိသန္ဓေတည်နေရမှာ ဖြစ်ပါတယ်။ အကယ်၍ မရဏာသန္နဇောက ကုသိုလ်ဇောဖြစ်ခဲ့လျှင်တော့ ကံအားလျော်စွာ သုဂတိဘုံ တစ်ဘုံဘုံမှာ ပဋိသန္ဓေတည်နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မရဏာသန္နဇော ဟာ ဒုဂ္ဂတိနှင့် သုဂတိ သံသရာခရီးနှစ်ခုကို လမ်းခွဲပေးနေတဲ့ လမ်းဆုံဘူတာရုံ တစ်ခု ဖြစ်ပါတယ်။ လမ်းခွဲပေးနေတဲ့ ညောင်ညိုပင်စခန်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ဒီနေရာမှာ မရဏာသန္နဇောက အကျိုးပေးတယ်လို့ မဆိုလိုပါဘူး။ မရဏာသန္နဇောက အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းကံ တစ်မျိုးသာ ဖြစ်ပါတယ်။ မရဏာသန္နဇောမတိုင်မီ ပြုစုပျိုးထောင်ထားတဲ့ အကုသိုလ်ကံတွေထဲက တစ်မျိုးမျိုးသော အကုသိုလ်ကံက ရင့်ကျက်လာလို့ အကျိုးပေးတော့မည်ဆိုလျှင်.. ထိုအကုသိုလ်ကံရဲ့ စွမ်းအားကြောင့် မရဏာ သန္နဇောအခါမှာ သို့မဟုတ် မရဏာသန္နဇော မစောမီ အချိန်အခါက စပြီးတော့ မကောင်းတဲ့ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဆိုတဲ့ အာရုံသုံးမျိုးထဲက တစ်မျိုးမျိုးဟာ ထင်နေတတ်ပါတယ်။ ဒီလိုထင်နေတဲ့ မကောင်းတဲ့အာရုံကို အာရုံယူကာ မရဏာသန္နအကုသိုလ်ဇောတွေက စောနေခြင်း ဖြစ်ပါတယ်။ ဒီလိုမရဏာသန္နအကုသိုလ်ဇောရဲ့ အထောက်အပံ့ကိုရနေတဲ့ အကျိုးပေး တော့မည့် ရင့်ကျက်နေတဲ့ အတိတ်အကုသိုလ်ကံကလည်း အပါယ်လေးဘုံ တစ်ဘုံဘုံမှာ လွယ်ကူချောမောစွာနဲ့ ပဋိသန္ဓေအကျိုးကို ပေးလိုက်ပါတယ်။
အလားတူပဲ မရဏာသန္နဇောမတိုင်မီ ပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်ကံ တွေထဲက တစ်မျိုးမျိုးသော ကံက ရင့်ကျက်လာလို့ အကျိုးပေးတော့မည် ဆိုလျှင်လည်း ထိုကုသိုလ်ကံရဲ့စွမ်းအားကြောင့် မရဏာသန္နဇောအခါမှာ သို့မဟုတ် မရဏာသန္နဇောမစောမီ အချိန်အခါက စပြီးတော့ ကောင်းတဲ့ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဆိုတဲ့ အာရုံသုံးမျိုးထဲက တစ်မျိုးမျိုးဟာ ထင်နေ တတ်ပါတယ်။ ဒီလို ထင်နေတဲ့ ကောင်းတဲ့ အာရုံကို အာရုံယူကာ မရဏာသန္န ကုသိုလ်ဇောတွေက စောလာကြတယ်။ ဒီလို မရဏာသန္နကုသိုလ်ဇောရဲ့ အထောက်အပံ့ကို ရနေတဲ့ အကျိုးပေးတော့မည့် ရင့်ကျက်နေတဲ့ အတိတ် ကုသိုလ်ကံကလည်း သုဂတိဘုံ တစ်ဘုံဘုံမှာ လွယ်ကူချောမောစွာနဲ့ ပဋိသန္ဓေ အကျိုးကို ပေးလိုက်ပါတယ်။
ဒီအာဒိတ္တပရိယာယသုတ္တန်မှာတော့ ဘုရားရှင်က မရဏာသန္နဇော မစောမီ အာရုံခြောက်ပါး တစ်ပါးပါးကို အာရုံယူကာ အကြိမ်များစွာ ဖြစ်နေတဲ့, အကျိုးပေးရန် ရင့်ကျက်နေတဲ့, ကမ္မဝိညာဏ်အရာမှာ တည်ရှိနေတဲ့ အကုသိုလ်ကံကြောင့် အပါယ်လေးဘုံ တစ်ဘုံဘုံမှာ ပဋိသန္ဓေတည်နေကာ ခံစားရမည့် ဆင်းရဲဒုက္ခကို ရည်ညွှန်းတော်မူကာ ရဟန်းတော်တို့အား ဆိုဆုံးမ နေတော်မူခြင်း ဖြစ်ပါတယ်။
ဒီလို အပါယ်ဝဋ်ဆင်းရဲဒုက္ခ သံသရာဝဋ်ဆင်းရဲဒုက္ခအစရှိတဲ့ ဝဋ်ဆင်းရဲ ဒုက္ခအဝဝတို့မှ လွတ်မြောက်ရေးအတွက် ကိလေသာတောချုံပုတ်တွေနှင့် အဆွယ်အပွားတွေကို အမြစ်ပါမကျန်ရအောင် ရှင်းလင်းသုတ်သင်ပစ်ဖို့ရန် ဘုရားရှင်က ရဟန်းတော်တွေကို တိုက်တွန်းတော်မူနေပါတယ်။ ဒီကိလေသာ တောချုံပုတ်တွေနှင့် အဆွယ်အပွားတွေကို ရှင်းလင်းသုတ်သင်ပုံနည်းစနစ် များကို ရှေ့ပိုင်းက ပြောတန်သလောက် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ယခု ထပ်မံပြီး တော့ ဒီအာဒိတ္တပရိယာယသုတ္တန်မှာ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့ ကိလေသာတောချုံပုတ်တွေနှင့် အဆွယ်အပွားတွေကို ရှင်းလင်းသုတ်သင်ပုံ နည်းစနစ်ကို ဆက်လက်ကာ နာကြားကြည့်ကြရအောင် ..။
__________
ကိလေသာအပူမီးတွေကို ငြိမ်းအေးစေတဲ့လမ်းစဉ်
ဒီအပိုင်းကတော့ .. ဟောနေဆဲဖြစ်တဲ့ ဂါထာဒေသနာတော်ရဲ့ နောက်ထက်ဝက်ကို ရှင်းလင်းတင်ပြမည့်အပိုင်း ဖြစ်ပါတယ်။ ဒီဂါထာ ဒေသနာတော်ရဲ့ နောက်ထက်ဝက်အဓိပ္ပာယ်ကတော့ ဒီလိုပါ။
ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။၄
ချစ်သား ရဟန်းတို့ ...သင်ချစ်သားတို့တစ်တွေဟာ ကိလေသာ တောချုံပုတ်ကိုရော, ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားဖြစ်တဲ့ ကိလေသာချုံနွယ်ပိတ်ပေါင်း သစ်ပင်ငယ်အပေါင်းကိုရော လေးပါးသော အရိယမဂ်ဉာဏ်တွေနဲ့ ဖြတ်တောက်ပစ်ကြပါ။ ဒီလို ဖြတ်တောက်နိုင်ကြမည် ဆိုလျှင်တော့ သင်ချစ်သားတို့ရဲ့ သန္တာန်မှာ ကိလေသာအပူမီးတွေဟာ ငြိမ်းအေးသွားကြပါလိမ့်မည်။
အာဒိတ္တပရိယာယသုတ္တန်ကျင့်စဉ်
ဒီအာဒိတ္တပရိယာယသုတ္တန်မှာ ထိုကဲ့သို့သော အပါယ်ဝဋ်ဆင်းရဲဒုက္ခ စတဲ့ သံသရာဝဋ်ဒုက္ခအဝဝတို့မှ လွတ်မြောက်နိုင်ရေးအတွက် ကိလေသာ အပူမီးတွေ ငြိမ်းအေးအောင် ကျင့်ရမည့်ကျင့်စဉ်ကို ဘုရားရှင်က ..
၁။ ဝတ္ထု = ဒွါရ (၆)ပါး,
၂။ အာရုံ (၆)ပါး,
၃။ ဝိညာဏ် (၆)ပါး,
၄။ ဖဿ (၆)ပါး,
၅။ ဝေဒနာ (၆)ပါး ..
ဒီရုပ်နာမ်တရားစုတွေကို သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားစုတွေကို လက္ခဏာရေးသုံးတန် တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားကြရန် ဆက်လက်ကာ ညွှန်ကြား ထားတော်မူပါတယ်။
ဒီရှုကွက်ကို အကျဉ်းချုပ်ကာ နည်းနည်း ပြောကြရအောင် ..။
ရူပါရုံနဲ့ဆက်စပ်နေတဲ့ ဝိပဿနာရှုကွက်ကို ရှုပုံနည်းစနစ်ကို ဘုရားရှင် က ဒီလို ညွှန်ကြားထားတော်မူခဲ့ပါတယ်။၃၂၄
ရူပါရုံနဲ့ ဆက်စပ်နေတဲ့ ဝိပဿနာရှုကွက်
၁။ စက္ခု အနိစ္စံ,
၂။ ရူပါ အနိစ္စာ,
၃။ စက္ခုဝိညာဏံ အနိစ္စံ,
၄။ စက္ခုသမ္ဖေဿာ အနိစ္စော,
၅။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။
ရူပါရုံကို တွေ့မြင်ခိုက်မှာ .. စက္ခုဝတ္ထု, ရူပါရုံ, စက္ခုဝိညာဏ်, စက္ခု သမ္ဖဿ, စက္ခုသမ္ဖဿကို အကြောင်းခံကာ ဖြစ်ပေါ်လာတဲ့ သုခ ဒုက္ခ ဥပေက္ခာဝေဒနာ - ဒီတရားတွေကို အနိစ္စလို့ (ဒုက္ခလို့ အနတ္တလို့) ဝိပဿနာ ရှုရန် ဘုရားရှင်က ညွှန်ကြားထားတော်မူပါတယ်။ ဒီညွှန်ကြားထားတော် မူချက်နဲ့ ပတ်သက်လို့ ရှုကွက်ကို သဘောပေါက်နားလည်နိုင်ရန် ရှင်းလင်း တင်ပြချက်ကတော့ လိုအပ်နေပါတယ်။ ဒါကြောင့် တစ်ခုပြီးတစ်ခု ရှင်းကြ ရအောင် ..။
၁။ စက္ခု အနိစ္စံ = စက္ခုကို အနိစ္စလို့ နှလုံးသွင်းပါ
ရူပါရုံကို သိမြင်နေတဲ့ စက္ခုဝိညာဏ်နာမ်တရားစုတို့ရဲ့ မှီ၍ ဖြစ်နေတဲ့ မှီရာဝတ္ထုရုပ်ကို စက္ခုဝတ္ထုရုပ်လို့ ခေါ်ဆိုပါတယ်၊ စက္ခုဒွါရလို့လည်း ခေါ်ဆို ပါတယ်။ အဘိဓမ္မာနည်းအရ စက္ခုဝတ္ထုရုပ်ဆိုတာ စက္ခုအကြည်ဓာတ်ကိုသာ ဆိုလိုပါတယ်။ သို့သော် သုတ္တန်နည်းအရကတော့ စက္ခုအကြည်ဓာတ်နှင့် အတူတကွ မျက်လုံးအိမ်အတွင်းမှာ ပြိုင်တူဖြစ်နေကြတဲ့ ဘူတရုပ် ဥပါဒါရုပ် တွေကို စက္ခုဝတ္ထုရုပ်လို့ ခေါ်ဆိုပါတယ်။ သုတ္တန်ဒေသနာတော်ဟာ ရုပ်ဃန ခေါ်တဲ့ ရုပ်တုံးရုပ်ခဲတွေကို ဉာဏ်နဲ့ဖြိုခွဲကာ ရုပ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်တရားတွေကို ဉာဏ်နဲ့ပိုင်းခြားယူကာ ဝိပဿနာရှုရမည့် လုပ်ငန်းခွင်ကို ညွှန်ကြားနေတော်မူတဲ့ ဒေသနာတော်တွေ ဖြစ်ခြင်းကြောင့် စက္ခုအကြည်ဓာတ်နှင့် အတူတကွ မျက်လုံးအိမ်အတွင်းမှာ ပြိုင်တူ ဖြစ်နေ ကြတဲ့ ဘူတရုပ် ဥပါဒါရုပ်တွေကို စက္ခုဝတ္ထုရုပ်လို့ ခေါ်ဆိုကြောင်း အဋ္ဌကထာ က ရှင်းလင်းတင်ပြထားပါတယ်။ စက္ခုအကြည်ဓာတ်စတဲ့ ရုပ်တရားတိုင်း ရုပ်တရားတိုင်းဟာလည်း တစ်လုံးချင်း တစ်ခုချင်း ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘဲ ရုပ်ကလာပ်အနေနဲ့သာ ဖြစ်နိုင်ရိုးဓမ္မတာ ရှိပါတယ်။ ယင်းရုပ်ကလာပ်တွေကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာကာ သိမ်းဆည်းရှုပွားနိုင်ပါမှ ရုပ်ပရမတ်သို့ ဉာဏ် အမြင် ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ဒီရုပ်ပရမတ်တရားတွေကသာ ဝိပဿနာ ဉာဏ်ရဲ့အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။
ဘုရားရှင်ဟာ သာမညဖလသုတ္တန်နှင့် မဟာသကုလုဒါယီသုတ္တန် တွေမှာ၃၂၅ ဣဒဉ္စ မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓံ =ငါရဲ့ ဤဝိညာဏ် ဟာ ဒီကရဇကာယရုပ်မှာ မှီဖြစ်နေတယ်၊ ဒီကရဇကာယရုပ်နဲ့ ဆက်စပ် ဖြစ်နေတယ် ဒီလို ဟောကြားထားတော်မူခဲ့တဲ့အတွက် နာမ်တရားတို့ရဲ့ မှီဖြစ်ရာ ဝတ္ထုရုပ်အရ စက္ခုအကြည်ဓာတ်စတဲ့ ဝတ္ထုရုပ်သက်သက်ကိုသာ မကောက်ယူဘဲ ထိုစက္ခုအကြည်ဓာတ်စတဲ့ ဝတ္ထုရုပ်နှင့် အတူတကွ ဖြစ်နေ ကြတဲ့ မျက်စိ နား နှာ စတဲ့ ထိုထိုဌာနတွေမှာ ထင်ရှားတည်ရှိနေကြတဲ့ ကရဇကာယလို့ ခေါ်ဆိုတဲ့ ဘူတရုပ်ဆိုတဲ့ ဓာတ်ကြီးလေးပါး, ယင်းဓာတ်ကြီး လေးပါးကို မှီတွယ်ဖြစ်ပေါ်နေကြတဲ့ ကလာပ်တူဥပါဒါရုပ်တွေကိုပါ ကောက် ယူရပါတယ်။ အကြောင်းကတော့ ဒီနေရာမှာ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏လို့ - ဒီလို နာမ်ရုပ်ကို ပိုင်းခြား မှတ်သားတတ်တဲ့ နာမရူပဝဝတ္ထာနဉာဏ်ကို အလိုရှိအပ်တဲ့ အရာဌာနဖြစ်နေ တဲ့အတွက်ကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားတွေကို သိမ်းဆည်းပုံကို ညွှန်ပြတော်မူခြင်းငှာ ဘုရားရှင်ကရော အဋ္ဌကထာများကပါ ဝတ္ထုရုပ်အရ ဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ကောက်ယူပါလို့ ဟောကြား တော်မူခြင်း ဖွင့်ဆိုတော်မူခြင်း ဖြစ်ပါတယ်။၃၂၆
မျက်လုံးအိမ်အတွင်းမှာ စက္ခုအကြည်ဓာတ်နှင့် အတူတကွ ဖြစ်နေတဲ့ ရုပ်တွေကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက၃၂၇ စက္ခုဒသကကလာပ် ကာယ ဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌ ကလာပ် အာဟာရဇအဋ္ဌကလာပ်လို့ ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြောင်းကို ဖွင့်ဆိုထားပါတယ်။
တေဇောကောဋ္ဌာသလေးမျိုးထဲမှာ ဇီဝိတနဝကကလာပ်ရုပ်တွေလည်း ပါဝင်နေကြပါတယ်။ ဒီဇီဝိတနဝကကလာပ်ရုပ်ဟာလည်း ဒွါရခြောက်မျိုး စလုံးမှာ သို့မဟုတ် တစ်ကိုယ်လုံးမှာ ပျံ့နှံ့တည်ရှိနေတဲ့ ရုပ်ကလာပ်တစ်မျိုး ဖြစ်ပါတယ်။ မျက်လုံးအိမ်အတွင်းမှာလည်း တည်ရှိနေပါတယ်။၃၂၈
ဒီဇီဝိတနဝကကလာပ်ရုပ်ကိုပါ ထပ်ပြီးပေါင်းထည့်လိုက်မည်ဆိုလျှင် မျက်လုံးအိမ်အတွင်းမှာ ရုပ်ကလာပ်အမျိုးအစား (၇)မျိုး, ရုပ်အမျိုးအစား (၆၃)မျိုးတို့ တည်ရှိနေကြပါတယ်။ ဒီနေရာမှာ အမျိုးအစားကိုသာ ပြောဆို နေခြင်း ဖြစ်ပါတယ်၊ တစ်မျိုးမျိုးမှာ အရေအတွက်ကတော့ များစွာ ရှိနိုင်ပါ တယ်။ ဥပမာ --- မျက်လုံးအိမ်အတွင်းမှာ စက္ခုဒသကကလာပ်ပေါင်းလည်း များစွာ ကာယဒသကကလာပ်ပေါင်းလည်းများစွာ ဘာဝဒသကကလာပ် ပေါင်းလည်းများစွာ တည်ရှိနိုင်ကြပါတယ်။ အလားတူပဲ စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်တွေလည်း များစွာပဲ ရှိနေကြ ပါတယ်။
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာ ယင်း (၅၄)မျိုး သို့မဟုတ် (၆၃)မျိုးသော ရုပ်ပရမတ်တရား တွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းရုပ်ပရမတ်တရားတွေကို လက္ခဏာ ရေးသုံးတန် တင်ကာ တွင်တွင်ကြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ရမှာ ဖြစ်ပါတယ်။ ယင်းရုပ်ပရမတ်တရားတွေကိုပင် ရည်ညွှန်းတော်မူကာ ဒီအာဒိတ္တပရိယာယသုတ္တန်မှာ .. စက္ခု အနိစ္စံ (= စက္ခုကို အနိစ္စ)လို့ နှလုံး သွင်းနေပါလို့ ညွှန်ကြားနေတော်မူခြင်း ဖြစ်ပါတယ်။ ကျန်ဒွါရငါးပါးတို့မှာ လည်း နည်းတူပင် သဘောပေါက်ပါ။ ဒီနေရာမှာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ တည်နေတဲ့ ကမ္မဇရုပ်ကလာပ်တွေက သုံးမျိုး ရှိနေကြပါတယ်၊ ကာယဒသက ကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ ဖြစ်ကြပါတယ်။ စိတ္တဇ ဥတုဇ အာဟာရဇရုပ်ကလာပ်တွေကလည်း တစ်ကိုယ်လုံးမှာ အမြဲတမ်း ပျံ့နှံ့ကာ ဖြစ်ပေါ်နေကြပါတယ်။
ဒီရုပ်တရားတွေကို သိရှိရေးအတွက် ဘယ်လို ရှုမလဲ?
ရှေ့ ပဓာနိယင်္ဂတရားငါးပါးကို ရှင်းပြတဲ့အပိုင်းမှာ ပဓာနိယင်္ဂတရား ငါးပါးထဲမှာ ပါဝင်တဲ့ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်းဆိုတဲ့ အင်္ဂါရပ်ကို ပြောပြခဲ့တဲ့အတိုင်းပဲ၃၂၉ ဓာတ်ကြီးလေးပါးကို စတင်ကာ သိမ်းဆည်း ရှုပွားပါ။ သမာဓိ ဒီဂရီ စံချိန်မီလာတဲ့အခါ ရုပ်ကလာပ်တွေကို တွေ့ရှိနိုင်ပါတယ်။ ဒီရုပ် ကလာပ်တွေကို ဉာဏ်ပညာနှင့် ခွဲခြားစိတ်ဖြာကာ ရှုပွားနိုင်ခဲ့မည်ဆိုလျှင် တော့ ရုပ်ပရမတ်တရားတွေကို သိမ်းဆည်းလို့ ရနိုင်ပါတယ်။ အဲဒီအခါမှာ ဒီရုပ်ပရမတ်တရားတွေကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပါ။
၂။ ရူပါ အနိစ္စာ = ရူပါရုံကို အနိစ္စလို့ နှလုံးသွင်းပါ
ဒီရူပါရုံဟာလည်း ရုပ်ကလာပ်အနေနဲ့သာ ဖြစ်နိုင်ရိုးဓမ္မတာ ရှိပါတယ်။ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာလည်း ရူပါရုံက အမြဲတမ်း ပါဝင်လျက် ရှိပါတယ်။ ရုပ်ကလာပ်တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ရူပါရုံဟာ ဝိပဿနာ ဉာဏ် (= ဝိပဿနာစိတ်)ကဲ့သို့သော မနောဝိညာဏ်ရဲ့ အာရုံဖြစ်နိုင်သော် လည်း စက္ခုဝိညာဏ်ရဲ့ အာရုံမဖြစ်နိုင်။ ရုပ်ကလာပ်အများစုတို့ရဲ့ အပေါင်း အစုဖြစ်တဲ့ ရူပါရုံအများစုကသာလျှင် စက္ခုဝိညာဏ်ရဲ့အာရုံ ဖြစ်နိုင်တယ်။ ဒါကြောင့် ဘုရားရှင်က ရူပံ အနိစ္စံလို့ ဧကဝုစ်ဝိဘတ်နဲ့ ဟောတော်မမူဘဲ ရူပါ အနိစ္စာလို့ ဗဟုဝုစ်ဝိဘတ်နဲ့ ဟောကြားထားတော်မူတယ်လို့ ဒီလိုလည်း အဆို ရှိပါတယ်။ သို့သော် စက္ခုဝိညာဏ်စိတ်ကတော့ စက္ခုဒသကကလာပ် တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ တစ်ခုသော စက္ခုအကြည်ဓာတ်ကို မှီတွယ်ပြီး ဖြစ်နိုင်တဲ့ စွမ်းအားရှိတဲ့အတွက်ကြောင့် စက္ခု အနိစ္စံလို့ ဧကဝုစ်ဝိဘတ်နဲ့ ဟောတော်မူခြင်းဖြစ်တယ်လို့လည်း ဖွင့်ဆိုထားပါတယ်။၃၃၀
ဒါကြောင့် မိမိအာရုံယူထားတဲ့ ရုပ်ကလာပ်အများစုတို့ရဲ့ ရူပါရုံကို အာရုံယူကာ အနိစ္စလို့ နှလုံးသွင်း ရှုပွားရမှာ ဖြစ်ပါတယ်။ သို့သော် ရူပါရုံဟာ လည်း ရုပ်ကလာပ်အနေနဲ့သာ ဖြစ်နိုင်ရိုးဓမ္မတာရှိတဲ့အတွက် မိမိ အာရုံယူ ထားတဲ့ ရူပါရုံပါဝင်တည်ရှိနေတဲ့ ရုပ်ကလာပ်တွေကို ဉာဏ်နဲ့ခွဲခြားစိတ်ဖြာကာ ရူပါရုံနဲ့တကွသော ဘူတရုပ် ဥပါဒါရုပ်ဆိုတဲ့ ရုပ်ပရမတ်တရားတွေကို သိမ်းဆည်းပြီးတော့ ရူပါရုံကို ဦးတည်ကာ ယင်းရုပ်ပရမတ်တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားပါ။
၃။ စက္ခုဝိညာဏံ အနိစ္စံ = စက္ခုဝိညာဏ်ကို အနိစ္စလို့ နှလုံးသွင်းပါ
ဒီနေရာမှာလည်း စိတ်တို့မည်သည် စေတသိက်တို့နှင့် အတူယှဉ်တွဲ၍ သာ ဖြစ်ရိုးဓမ္မတာရှိပါတယ်။ အလားတူပဲ ဖဿ ဝေဒနာစတဲ့ စေတသိက်တွေ ဟာလည်း ယှဉ်ဖက်စိတ်စေတသိက်တွေနှင့်သာ အတူယှဉ်တွဲကာ အမြဲတမ်း ဖြစ်ရိုးဓမ္မတာ ရှိကြပါတယ်၊ တစ်လုံးချင်း ဖြစ်နိုင်တဲ့ စွမ်းအား မရှိကြပါ။ သို့သော်လည်း နာမ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူတဲ့အခါ သိမ်းဆည်းတဲ့ အခါမှာ အသိစိတ်ဝိညာဏ်က ထင်ရှားနေတတ်ပြန်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို အသိစိတ်ဝိညာဏ်က စပြီး စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲကာ ဖြစ်နေကြတဲ့, ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်ဆိုတဲ့ ဖဿလျှင် ငါးခုမြောက်ရှိနေတဲ့ ဖဿပဉ္စမကတရား ငါးပါး ဦးဆောင်နေတဲ့ နာမ်တရားစု တွေကို သိမ်းဆည်းကာ အနိစ္စလို့ နှလုံးသွင်း ရှုပွားရန် ဘုရားရှင်က ညွှန်ကြားပေးတော်မူပါတယ်။၃၃၁ စိတ္တာနုပဿနာသတိပဋ္ဌာန်ပဲ ဖြစ်ပါတယ်။
နောက်တစ်ခု ပြောကြရအောင် ..။ တချို့ယောဂီပုဂ္ဂိုလ်တွေကျတော့ နာမ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူတဲ့အခါ သိမ်းဆည်းတဲ့အခါမှာ သူတို့ရဲ့ အသိဉာဏ်မှာ ဖဿတရားက ထင်ရှားနေတတ်ပြန်တယ်။ ဒီလို ဖဿတရား ထင်ရှားနေတဲ့ ယောဂီကိုတော့ ဖဿကို ဦးတည်ကာ ဖဿနှင့် စိတ္တက္ခဏ တစ်ခုအတွင်းမှာ အတူယှဉ်တွဲ ဖြစ်နေကြတဲ့, ဖဿပဉ္စမကတရားငါးပါး ဦးဆောင်နေတဲ့ စိတ်စေတသိက် နာမ်တရားစုတွေကို ဉာဏ်နဲ့ ပိုင်းခြားယူကာ သိမ်းဆည်းကာ အနိစ္စလို့ နှလုံးသွင်း ရှုပွားရန် ညွှန်ကြားပေးတော်မူပါ တယ်၊၊၃၃၀ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပဲ ဖြစ်ပါတယ်။
နောက်တစ်ခု ပြောကြရအောင် ..။ တချို့ယောဂီပုဂ္ဂိုလ်တွေကျတော့ နာမ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူတဲ့အခါ သိမ်းဆည်းတဲ့အခါမှာ သူတို့ရဲ့ အသိဉာဏ်မှာ ဝေဒနာတရားက ထင်ရှားနေတတ်ပြန်တယ်။ ဒီလို ဝေဒနာ တရား ထင်ရှားနေတဲ့ ယောဂီကိုတော့ ဝေဒနာကို ဦးတည်ကာ ဝေဒနာနှင့် စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲ ဖြစ်နေကြတဲ့, ဖဿပဉ္စမကတရား ငါးပါးဦးဆောင်နေတဲ့ စိတ်စေတသိက် နာမ်တရားစုတွေကို ဉာဏ်နဲ့ ပိုင်းခြား ယူကာ သိမ်းဆည်းကာ အနိစ္စလို့ နှလုံးသွင်း ရှုပွားရန် ညွှန်ကြားပေးတော် မူပါတယ်။၃၃၀ ဝေဒနာနုပဿနာသတိပဋ္ဌာန်ပဲ ဖြစ်ပါတယ်။
သို့သော် ပဉ္စဝေါကာရဘုံမှာ စက္ခုဝိညာဏ်စတဲ့ ပဉ္စဒွါရဝီထိနာမ်တရား စုတွေဟာလည်း ရူပါရုံစတဲ့ ဆိုင်ရာဆိုင်ရာ အာရုံတွေကို အာရုံယူကာ ဖြစ်ပေါ်လာကြပါတယ်။ ဒါကြောင့် ဒီနာမ်တရားတွေကို သိမ်းဆည်း ရှုပွား လိုတဲ့ယောဂီပုဂ္ဂိုလ်ဟာ မှီရာဝတ္ထုရုပ်နဲ့ အာရုံတွေကို ရှေးဦးစွာ ပူးတွဲကာ သိမ်းဆည်းထားရပါတယ်။၃၃၂
နောက်တစ်ခု ပြောရဦးမည် ..။ ဒီနာမ်တရားတွေမှာ ဝီထိစိတ်နှင့် ဝီထိမှအလွတ်ဖြစ်တဲ့ ဝီထိမုတ်စိတ်ဆိုပြီး နှစ်မျိုး ရှိနေပါတယ်။ ဝီထိမုတ်စိတ် ဆိုတာကတော့ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တွေကို ဆိုလိုပါတယ်။ ဝီထိစိတ်ဆိုတာကတော့ စက္ခုဒွါရဝီထိစတဲ့ ဝီထိခြောက်မျိုးမှာ ရှိနေကြတဲ့ စိတ်တွေ ဖြစ်ကြပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ စက္ခုဝိညာဏ်ဟာ စက္ခုဒွါရဝီထိအတွင်းမှာ တည်ရှိနေတဲ့ စိတ္တက္ခဏတစ်ခု ဖြစ်ပါတယ်။ သို့သော် ဒီစက္ခုဝိညာဏ်ဟာ မိမိတစ်ခုတည်း သီးသန့် မဖြစ်နိုင်ပါဘူး၊ စက္ခုဒွါရဝီထိ စိတ်အစဉ်အနေနဲ့သာ ဖြစ်ရိုးဓမ္မတာ ရှိပါတယ်။ အကယ်၍ စက္ခုဝိညာဏ်ရဲ့ အာရုံဖြစ်တဲ့ ရူပါရုံဟာ အလွန်ထင်ရှားနေတဲ့ အတိမဟန္တာရုံဖြစ်ခဲ့မည်ဆိုလျှင် ယင်းစက္ခုဒွါရဝီထိမှာ ပါဝင်နေတဲ့ စိတ္တက္ခဏတွေဟာ .. ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇောခုနစ်ကြိမ် တဒါရုံနှစ်ကြိမ် = ဆင်ခြင် မြင်သိ လက်ခံ စုံစမ်း ဆုံးဖြတ် ဇောခုနစ်ကြိမ် တဒါရုံနှစ်ကြိမ် - ပေါင်း စိတ္တက္ခဏ (၁၄)ကြိမ်တို့ ဖြစ်ကြပါတယ်။ တစ်ဖန် ဘဝင်များခြားကာ ဒီရူပါရုံကိုပဲ ဆက်လက်ကာ အာရုံယူနေကြတဲ့ .. မနောဒွါရာဝဇ္ဇန်း ဇောခုနစ် ကြိမ် တဒါရုံနှစ်ကြိမ်ဆိုတဲ့ မနောဒွါရဝီထိတွေလည်း ဆက်လက်ကာ ဖြစ်ပေါ် နိုင်ကြပါတယ်။ စိတ္တက္ခဏတိုင်းမှာ အတူယှဉ်တွဲ ဖြစ်နေကြတဲ့ ဖဿပဉ္စမက တရားငါးပါးဦးဆောင်နေတဲ့ စိတ်စေတသိက်နာမ်တရားစုတွေကို သိမ်းဆည်း ရှုပွားရမှာ ဖြစ်ပါတယ်။ ဒီနာမ်တရားတွေထဲမှာ စက္ခုဝိညာဏ် နာမ်တရားစုက စက္ခုအကြည်ဓာတ် (= စက္ခုဝတ္ထုရုပ်)ကို မှီဖြစ်ပါတယ်။ ကျန်နေတဲ့ နာမ်တရား စုတွေက ဟဒယဝတ္ထုရုပ်ကို မှီဖြစ်ပါတယ်။
နောက်တစ်ခု ပြောရဦးမည် ..။ အဋ္ဌသာလိနီအဋ္ဌကထာမှာ၃၃၃ ရူပါရုံစတဲ့ အာရုံငါးမျိုးဟာ ဒွါရ နှစ်ခု နှစ်ခုမှာ ပြိုင်တူထင်ကြောင်းကို ဖွင့်ဆို ထားပါတယ်။
၁။ ရူပါရုံဟာ စက္ခုဒွါရ မနောဒွါရ,
၂။ သဒ္ဒါရုံဟာ သောတဒွါရ မနောဒွါရ,
၃။ ဂန္ဓာရုံဟာ ဃာနဒွါရ မနောဒွါရ,
၄။ ရသာရုံဟာ ဇိဝှါဒွါရ မနောဒွါရ,
၅။ ဖောဋ္ဌဗ္ဗာရုံဟာ ကာယဒွါရ မနောဒွါရ ..
ဒီလို ဒွါရ နှစ်ခု နှစ်ခုမှာ ပြိုင်တူထင်ကြောင်းကို ဖွင့်ဆိုထားပါတယ်။ သို့သော် ဓမ္မာရုံတရားစုတွေကတော့ မနောဒွါရတစ်ခုတည်းမှာပဲ ထင်ကြ ပါတယ်။
ဒါကြောင့် ရူပါရုံကို အာရုံယူနေကြတဲ့ စက္ခုဝိညာဏ်နှင့်တကွသော စက္ခုဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစုတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူလို သိမ်းဆည်းလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာ ..
၁။ စက္ခုဒွါရ မနောဒွါရဆိုတဲ့ ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းထားပါ။
၂။ မိမိ ရှုပွားလိုတဲ့ ရူပါရုံအများစုကို လှမ်းအာရုံယူပါ။
၃။ ထိုရူပါရုံတွေက ဒွါရနှစ်ခုမှာ ရှေ့ရှုရိုက်ခတ်လာတဲ့အခါ ထင်လာတဲ့အခါ
ရူပါရုံကို အာရုံယူနေကြတဲ့ စက္ခုဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိ နာမ်တရားစုတွေ ဖြစ်ပေါ်လာကြပါလိမ့်မည်။
ယင်းနာမ်တရားစုတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဒီလို သိမ်းဆည်းနိုင်တဲ့အခါ စက္ခုဝိညာဏ်ကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားပါ။
၄။ စက္ခုသမ္ဖေဿာ အနိစ္စော = စက္ခုသမ္ဖဿကို အနိစ္စလို့ နှလုံးသွင်းပါ
အလားတူပဲ နာမ်တရားတွေကို သိမ်းဆည်းတဲ့အခါမှာ ဖဿထင်ရှားတဲ့ ပုဂ္ဂိုလ်ကလည်း ဖဿကို ဦးတည်ကာ ယင်းစက္ခုဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစုတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းကာ စက္ခုသမ္ဖဿကို ဦးတည်ပြီးတော့ ယင်းနာမ်တရားစုတွေကိုပဲ အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၅။ တမ္ပိ (= ဝေဒနမ္ပိ) အနိစ္စံ = ဝေဒနာကို အနိစ္စလို့ နှလုံးသွင်းပါ
ဒီနေရာမှာ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာဆိုတာကတော့ စက္ခုဒွါရဝီထိ အတွင်းမှာ တည်ရှိနေကြတဲ့ သုခ (+ သောမနဿ), ဒုက္ခ (+ ဒေါမနဿ), ဥပေက္ခာဆိုတဲ့ ဝေဒနာတွေကို ဆိုလိုပါတယ်။၃၃၄ ရူပါရုံကို ဆက်လက် အာရုံ ယူနေကြတဲ့ မနောဒွါရဝီထိအတွင်းမှာ တည်ရှိနေကြတဲ့ ဝေဒနာတွေလည်း ပါဝင်ကြပါတယ်။ အပေါ်က ရှင်းပြခဲ့တဲ့အတိုင်းပဲ ဝေဒနာဟာ ဝေဒနာ တစ်ခုတည်း ဖြစ်နိုင်တဲ့ စွမ်းအား မရှိပါဘူး၊ ယှဉ်ဖက်စိတ်စေတသိက်တွေနဲ့ သာ အတူယှဉ်တွဲကာ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် နာမ်တရားတွေကို သိမ်းဆည်းတဲ့အခါမှာ အသိဉာဏ်မှာ ဝေဒနာထင်ရှားတဲ့ ယောဂီပုဂ္ဂိုလ်ဟာလည်း ဝေဒနာကို ဦးတည်ကာ ရူပါရုံကို အာရုံယူနေကြတဲ့ စက္ခုဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစု တွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ သိမ်းဆည်းကာ ဝေဒနာကို ဦးတည်ပြီးတော့ ယင်းနာမ်တရားစုတွေကိုပဲ အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။ ဒီလို ရှုပွား စေလိုတဲ့အတွက် စူဠရာဟုလောဝါဒသုတ္တန်မှာ၃၃၅ ဘုရားရှင်က ..
စက္ခုသမ္ဖဿကို အကြောင်းခံကာ ဖြစ်ပေါ်လာကြတဲ့ ရူပါရုံကို အာရုံ ယူနေကြတဲ့ စက္ခုဒွါရဝီထိ မနောဒွါရဝီထိတွေမှာ တည်ရှိနေကြတဲ့ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ နာမ်တရားစုတွေကို အနိစ္စစသည်ဖြင့် ဝိပဿနာရှုပွားရန် ညွှန်ကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ကြွင်းကျန်နေသေးတဲ့ ဒွါရတွေမှာလည်း နည်းတူပဲ သဘောပေါက်ပါ။
သဒ္ဒါရုံနဲ့ ဆက်စပ်နေတဲ့ ဝိပဿနာရှုကွက်
၁။ သောတံ အနိစ္စံ = သောတကို အနိစ္စလို့ နှလုံးသွင်းပါ
သောတဒွါရမှာ သောတဒသကကလာပ် ကာယဒသကကလာပ် ဘာဝ ဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌ ကလာပ်လို့ ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြပါတယ်။ ဇီဝိတနဝကကလာပ်ကိုပါ ထပ်ပေါင်းလိုက်လျှင် ရုပ်ကလာပ်အမျိုးအစား (၇)မျိုး, ရုပ်အမျိုးအစား (၆၃)မျိုးတို့ ရှိကြပါတယ်။ ယင်းရုပ်ပရမတ်တရား တွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သောတအကြည်ဓာတ်ကို ဦးတည်ကာ ယင်းရုပ်ပရမတ်တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၂။ သဒ္ဒါ အနိစ္စာ = သဒ္ဒါရုံကို အနိစ္စလို့ နှလုံးသွင်းပါ
ဒီအသံ သဒ္ဒါရုံဟာလည်း အသံတစ်ခုတည်း ဖြစ်နိုင်ရိုးဓမ္မတာ မရှိပါဘူး၊ ရုပ်ကလာပ်အနေနဲ့သာ ဖြစ်ရိုးဓမ္မတာ ရှိပါတယ်။ မိမိအာရုံယူထားတဲ့ အသံနဲ့ အတူဖြစ်နေကြတဲ့ ကလာပ်တူ ရုပ်ပရမတ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူပါ သိမ်းဆည်းပါ။ အသံကို ဦးတည်ကာ ယင်းရုပ်ပရမတ်တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၃။ သောတဝိညာဏံ အနိစ္စံ = သောတဝိညာဏ်ကို အနိစ္စလို့ နှလုံးသွင်းပါ
အသံ သဒ္ဒါရုံကို အာရုံယူနေကြတဲ့ သောတဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစုတွေကို အသိစိတ်ဝိညာဏ်ကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သောတဝိညာဏ်ကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၄။ သောတသမ္ဖေဿာ အနိစ္စော = သောတသမ္ဖဿကို အနိစ္စလို့ နှလုံးသွင်းပါ
အသံ သဒ္ဒါရုံကို အာရုံယူနေကြတဲ့ သောတဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစုတွေကို ဖဿကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြား ယူပါ သိမ်းဆည်းပါ။ သောတသမ္ဖဿကို ဦးတည်ကာ ယင်းနာမ်တရားစု တွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၅။ တမ္ပိ (= ဝေဒနမ္ပိ) အနိစ္စံ = ဝေဒနာကို အနိစ္စလို့ နှလုံးသွင်းပါ
အသံ သဒ္ဒါရုံကို အာရုံယူနေကြတဲ့ သောတဒွါရဝီထိနာမ်တရားစု မနော ဒွါရဝီထိနာမ်တရားစုတွေကို ဝေဒနာကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဝေဒနာကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
ဂန္ဓာရုံနဲ့ ဆက်စပ်နေတဲ့ ဝိပဿနာရှုကွက်
၁။ ဃာနံ အနိစ္စံ = ဃာနကို အနိစ္စလို့ နှလုံးသွင်းပါ
ဃာနဒွါရမှာ ဃာနဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသက ကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်လို့ ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြပါတယ်။ ဇီဝိတနဝက ကလာပ်ကိုပါ ထပ်ပေါင်းလိုက်လျှင် ရုပ်ကလာပ်အမျိုးအစား (၇)မျိုး, ရုပ်အမျိုး အစား (၆၃)မျိုးတို့ ရှိကြပါတယ်။ ယင်းရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဃာနအကြည်ဓာတ်ကို ဦးတည်ကာ ယင်းရုပ် ပရမတ်တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၂။ ဂန္ဓာ အနိစ္စာ = ဂန္ဓာရုံကို အနိစ္စလို့ နှလုံးသွင်းပါ
ဒီအနံ့ ဂန္ဓာရုံဟာလည်း အနံ့တစ်ခုတည်း ဖြစ်နိုင်ရိုးဓမ္မတာ မရှိပါဘူး၊ ရုပ်ကလာပ်အနေနဲ့သာ ဖြစ်ရိုးဓမ္မတာ ရှိပါတယ်။ မိမိအာရုံယူထားတဲ့ အနံ့ ဂန္ဓာရုံနဲ့ အတူဖြစ်နေကြတဲ့ ကလာပ်တူ ရုပ်ပရမတ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူပါ သိမ်းဆည်းပါ။ အနံ့ ဂန္ဓာရုံကို ဦးတည်ကာ ယင်းရုပ်ပရမတ် တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၃။ ဃာနဝိညာဏံ အနိစ္စံ = ဃာနဝိညာဏ်ကို အနိစ္စလို့ နှလုံးသွင်းပါ
အနံ့ ဂန္ဓာရုံကို အာရုံယူနေကြတဲ့ ဃာနဒွါရဝီထိနာမ်တရားစု မနောဒွါရ ဝီထိနာမ်တရားစုတွေကို အသိစိတ်ဝိညာဏ်ကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဃာနဝိညာဏ်ကို ဦးတည်ကာ ယင်းနာမ်တရားစု တွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၄။ ဃာနသမ္ဖေဿာ အနိစ္စော = ဃာနသမ္ဖဿကို အနိစ္စလို့နှလုံးသွင်းပါ
အနံ့ ဂန္ဓာရုံကို အာရုံယူနေကြတဲ့ ဃာနဒွါရဝီထိနာမ်တရားစု မနောဒွါရ ဝီထိနာမ်တရားစုတွေကို ဖဿကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဃာနသမ္ဖဿကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၅။ တမ္ပိ (= ဝေဒနမ္ပိ) အနိစ္စံ = ဝေဒနာကို အနိစ္စလို့ နှလုံးသွင်းပါ
အနံ့ ဂန္ဓာရုံကို အာရုံယူနေကြတဲ့ ဃာနဒွါရဝီထိနာမ်တရားစု မနောဒွါရ ဝီထိနာမ်တရားစုတွေကို ဝေဒနာကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဝေဒနာကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
ရသာရုံနဲ့ ဆက်စပ်နေတဲ့ ဝိပဿနာရှုကွက်
၁။ ဇိဝှါ အနိစ္စာ = ဇိဝှါကို အနိစ္စလို့ နှလုံးသွင်းပါ
ဇိဝှါဒွါရမှာ ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသက ကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်လို့ ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြပါတယ်။ ဇီဝိတနဝက ကလာပ်ကိုပါ ထပ်ပေါင်းလိုက်လျှင် ရုပ်ကလာပ်အမျိုးအစား (၇)မျိုး, ရုပ်အမျိုး အစား (၆၃)မျိုးတို့ ရှိကြပါတယ်။ ယင်းရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဇိဝှါအကြည်ဓာတ်ကို ဦးတည်ကာ ယင်းရုပ် ပရမတ်တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၂။ ရသာ အနိစ္စာ = ရသာရုံကို အနိစ္စလို့ နှလုံးသွင်းပါ
ဒီအရသာ (= ရသာရုံ)ဟာလည်း အရသာတစ်ခုတည်း ဖြစ်နိုင်ရိုးဓမ္မတာ မရှိပါဘူး၊ ရုပ်ကလာပ်အနေနဲ့သာ ဖြစ်ရိုးဓမ္မတာ ရှိပါတယ်။ မိမိအာရုံ ယူထားတဲ့ အရသာ (= ရသာရုံ)နဲ့ အတူဖြစ်နေကြတဲ့ ကလာပ်တူ ရုပ်ပရမတ် တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူပါ သိမ်းဆည်းပါ။ အရသာ (= ရသာရုံ)ကို ဦးတည်ကာ ယင်းရုပ်ပရမတ်တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၃။ ဇိဝှါဝိညာဏံ အနိစ္စံ = ဇိဝှါဝိညာဏ်ကို အနိစ္စလို့ နှလုံးသွင်းပါ
အရသာ (= ရသာရုံ)ကို အာရုံယူနေကြတဲ့ ဇိဝှါဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစုတွေကို အသိစိတ်ဝိညာဏ်ကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဇိဝှါဝိညာဏ်ကို ဦးတည်ကာ ယင်းနာမ် တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၄။ ဇိဝှါသမ္ဖေဿာ အနိစ္စော = ဇိဝှါသမ္ဖဿကို အနိစ္စလို့ နှလုံးသွင်းပါ
အရသာ (= ရသာရုံ)ကို အာရုံယူနေကြတဲ့ ဇိဝှါဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစုတွေကို ဖဿကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြား ယူပါ သိမ်းဆည်းပါ။ ဇိဝှါသမ္ဖဿကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၅။ တမ္ပိ (= ဝေဒနမ္ပိ) အနိစ္စံ = ဝေဒနာကို အနိစ္စလို့ နှလုံးသွင်းပါ
အရသာ (= ရသာရုံ)ကို အာရုံယူနေကြတဲ့ ဇိဝှါဒွါရဝီထိနာမ်တရားစု မနောဒွါရဝီထိနာမ်တရားစုတွေကို ဝေဒနာကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြား ယူပါ သိမ်းဆည်းပါ။ ဝေဒနာကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
ဖောဋ္ဌဗ္ဗာရုံနဲ့ ဆက်စပ်နေတဲ့ ဝိပဿနာရှုကွက်
၁။ ကာယော အနိစ္စော = ကာယကို အနိစ္စလို့ နှလုံးသွင်းပါ
ကာယဒွါရမှာ ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌ ကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်လို့ ရုပ်ကလာပ် (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးတို့ ရှိကြပါတယ်။ ဇီဝိတနဝကကလာပ်ကိုပါ ထပ်ပေါင်းလိုက်လျှင် ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၃)မျိုးတို့ ရှိကြပါတယ်။ ယင်းရုပ်ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြား ယူပါ သိမ်းဆည်းပါ။ ကာယအကြည်ဓာတ်ကို ဦးတည်ကာ ယင်းရုပ်ပရမတ် တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၂။ ဖောဋ္ဌဗ္ဗာ အနိစ္စာ = ဖောဋ္ဌဗ္ဗာရုံကို အနိစ္စလို့ နှလုံးသွင်းပါ
ဖောဋ္ဌဗ္ဗာရုံ ---- ရုပ်ကလာပ်အသီးအသီးမှာ တည်ရှိနေကြတဲ့ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဆိုတဲ့ ဓာတ်သုံးမျိုးကို တွေ့ထိလို့ရစကောင်းတဲ့ ရုပ်တရားတွေ ဖြစ်နေကြတဲ့အတွက်, ကာယဝိညာဏ်ဖြင့် သိမြင်နိုင်တဲ့ ရုပ်တရားတွေလည်း ဖြစ်နေကြတဲ့အတွက် အတွေ့ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်ဆို ပါတယ်။ ဒီဖောဋ္ဌဗ္ဗာရုံဟာလည်း ဖောဋ္ဌဗ္ဗာရုံတစ်ခုတည်း ဖြစ်နိုင်ရိုးဓမ္မတာ မရှိပါဘူး၊ ရုပ်ကလာပ်အနေနဲ့သာ ဖြစ်ရိုးဓမ္မတာ ရှိပါတယ်။ မိမိအာရုံယူထား တဲ့ ဖောဋ္ဌဗ္ဗာရုံနဲ့ အတူဖြစ်နေကြတဲ့ ကလာပ်တူ ရုပ်ပရမတ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဖောဋ္ဌဗ္ဗာရုံကို ဦးတည်ကာ ယင်း ရုပ်ပရမတ်တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၃။ ကာယဝိညာဏံ အနိစ္စံ = ကာယဝိညာဏ်ကို အနိစ္စလို့ နှလုံးသွင်းပါ
ဖောဋ္ဌဗ္ဗာရုံကို အာရုံယူနေကြတဲ့ ကာယဒွါရဝီထိနာမ်တရားစု မနော ဒွါရဝီထိနာမ်တရားစုတွေကို အသိစိတ်ဝိညာဏ်ကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ကာယဝိညာဏ်ကိုဦးတည်ကာ ယင်းနာမ်တရား စုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၄။ ကာယသမ္ဖေဿာ အနိစ္စော = ကာယသမ္ဖဿကို အနိစ္စလို့ နှလုံးသွင်းပါ
ဖောဋ္ဌဗ္ဗာရုံကို အာရုံယူနေကြတဲ့ ကာယဒွါရဝီထိနာမ်တရားစု မနောဒွါရ ဝီထိနာမ်တရားစုတွေကို ဖဿကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ကာယသမ္ဖဿကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၅။ တမ္ပိ (= ဝေဒနမ္ပိ) အနိစ္စံ = ဝေဒနာကို အနိစ္စလို့ နှလုံးသွင်းပါ
ဖောဋ္ဌဗ္ဗာရုံကို အာရုံယူနေကြတဲ့ ကာယဒွါရဝီထိနာမ်တရားစု မနောဒွါရ ဝီထိနာမ်တရားစုတွေကို ဝေဒနာကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဝေဒနာကို ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
ဓမ္မာရုံနဲ့ ဆက်စပ်နေတဲ့ ဝိပဿနာရှုကွက်
၁။ မနော အနိစ္စော = မနောဒွါရကို အနိစ္စလို့ နှလုံးသွင်းပါ
ဒီနေရာမှာ မနောဒွါရဆိုတာကတော့ ဘဝင်နာမ်တရားစုကို မနောဒွါရ လို့ ဆိုလိုပါတယ်။ ဒီဘဝင်နာမ်တရားစုတွေကိုလည်း ဘဝင်ဝိညာဏ်ကို ဦးတည်၍ဖြစ်စေ ဘဝင်မနောသမ္ဖဿကို ဦးတည်၍ဖြစ်စေ ဘဝင်ဝေဒနာကို ဦးတည်၍ဖြစ်စေ သိမ်းဆည်းပြီးတော့ ဒီဘဝင်နာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
နောက်တစ်မျိုးကတော့ ဒီနေရာမှာ မနောဓာတ် မနောဝိညာဏဓာတ် တို့ရဲ့မှီရာ ဟဒယဝတ္ထုရုပ်ကိုလည်း ဝိပဿနာရှုရမှာ ဖြစ်ပါတယ်။ မနောဓာတ် ဆိုတာကတော့ သုတ္တန်နည်းအရ ဘဝင်နာမ်တရားစုကိုပဲ ဆိုလိုပါတယ်။ အဘိဓမ္မာနည်းအရကတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် သမ္ပဋိစ္ဆိုင်းစိတ်နှစ်မျိုး (ကုသလဝိပါက် + အကုသလဝိပါက်)တို့ကို ဆိုလိုပါတယ်။ မနောဝိညာဏ ဓာတ်ဆိုတာကတော့ မနောဓာတ်နှင့် ပဉ္စဝိညာဏ်တို့မှအပ ကျန်နေတဲ့ ဝိညာဏ်အားလုံးကို ဆိုလိုပါတယ်။ မနောဓာတ် မနောဝိညာဏဓာတ်တို့ရဲ့ မှီရာ ဟဒယဝတ္ထုရုပ်ကိုလည်း ဥပစာရအားဖြင့် တင်စားကာ မနောဒွါရလို့ပဲ ခေါ်ဆိုပါတယ်။၃၃၆ ယင်းမနောဒွါရမှာ ဟဒယဒသကကလာပ် ကာယဒသက ကလာပ် ဘာဝဒသကကလာပ် စိတ္တဇအဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် အာဟာရဇအဋ္ဌကလာပ်လို့ ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြပါတယ်။ ဇီဝိတနဝကကလာပ်ကိုပါ ထပ်ပေါင်းလိုက်လျှင် ရုပ်ကလာပ် အမျိုးအစား (၇)မျိုး, ရုပ်အမျိုးအစား (၆၃)မျိုးတို့ ရှိကြပါတယ်။ ယင်းရုပ် ပရမတ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ဟဒယဝတ္ထုရုပ် ကို ဦးတည်ကာ ယင်းရုပ်ပရမတ်တရားတွေကိုလည်း အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၂။ ဓမ္မာ အနိစ္စာ = ဓမ္မာရုံကို အနိစ္စလို့ နှလုံးသွင်းပါ
ဓမ္မာရုံဆိုတာ ဒီနေရာမှာ ရုပ်တရားပိုင်းကို ရွေးထုတ်ကာ ပြောရမည် ဆိုလျှင် အထက်ကပြောထားခဲ့တဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ ရုပ်ငါးမျိုးကလွဲလျှင် ကျန်နေတဲ့ ရုပ်တရားအားလုံးကိုပဲ ဓမ္မာရုံလို့ ဆိုလို ပါတယ်။ ယင်းရုပ်တရားတွေထဲမှာ စက္ခုအကြည်ဓာတ် သောတအကြည် ဓာတ် ဃာနအကြည်ဓာတ် ဇိဝှါအကြည်ဓာတ် ကာယအကြည်ဓာတ်ဆိုတဲ့ အကြည်ရုပ်ငါးခု, အာပေါဓာတ်, ဣတ္ထိဘာဝရုပ် သို့မဟုတ် ပုရိသဘာဝရုပ်, ဇီဝိတရုပ်, ဟဒယဝတ္ထုရုပ်, ဩဇာရုပ်ဆိုတဲ့ ရုပ်အစစ်က (၁၀)မျိုး၊ အာကာသ ဓာတ်, ကာယဝိညတ်, ဝစီဝိညတ်, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာဆိုတဲ့ ရုပ်အတုက (၁၀)မျိုး -- အားလုံးပေါင်း ရုပ်အမျိုးအစား (၂၀)တို့ ပါဝင်ကြပါတယ်။
ဒီနေရာမှာ အရှုခံအာရုံဖြစ်တဲ့ ဓမ္မာရုံစာရင်းဝင်ဖြစ်တဲ့ ရုပ်အစစ်တွေ ကိုလည်း ကလာပ်တူရုပ်တရားတွေနှင့် အတူတကွ ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းကာ ယင်းရုပ်တရားတွေကိုလည်း အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။ ရုပ်အတုတွေကတော့ ပရမတ်အစစ် မဟုတ်ကြတဲ့အတွက် ဝိပဿနာ မရှု ကောင်းတဲ့စာရင်းထဲမှာ ပါဝင်နေကြပါတယ်။
၃။ မနောဝိညာဏံ အနိစ္စံ = မနောဝိညာဏ်ကို အနိစ္စလို့ နှလုံးသွင်းပါ
စိတ်စေတသိက် နာမ်တရားစုတွေဟာလည်း ဓမ္မာရုံစာရင်းထဲမှာပဲ ပါဝင် ကြပါတယ်။ သို့သော် အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်များအဖို့ နာမ်တရား တစ်ခုခုကို အာရုံယူကာ ဖြစ်ပေါ်နေတဲ့ နာမ်တရားစုတွေကို သိမ်းဆည်းရှုပွား ဖို့ရန်မှာ အလွန်ခက်ခဲတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ နှင့် အဋ္ဌသာလိနီအဋ္ဌကထာတို့က၃၃၇ ရုပ်တရားတွေကို အာရုံယူကာ ဖြစ်ပေါ် လာကြတဲ့ နာမ်ခန္ဓာလေးပါးတို့ကို စတင်သိမ်းဆည်းရန် ညွှန်ကြားထားတော် မူကြပါတယ်။
ဒီနေရာမှာ ရုပ်တရားတွေကို အာရုံယူကာ ဖြစ်ပေါ်လာကြတဲ့ နာမ်တရားတွေကို သိမ်းဆည်းရှုပွားရမှာ ဖြစ်လေတော့ ဓမ္မာရုံစာရင်းဝင် ရုပ်တရားပိုင်းမှာ ရုပ်အစစ်က (၁၀)မျိုး, ရုပ်အတုက (၁၀)မျိုး ရှိနေတဲ့အတွက် ဒီရုပ်တရားအားလုံးကို အာရုံယူကာ ဖြစ်ပေါ်လာကြတဲ့ နာမ်တရားတွေကို သိမ်းဆည်းဖို့ရန်မှာ အားထုတ်စယောဂီများအတွက် အခက်အခဲများစွာ ရှိပါတယ်။ ဒါကြောင့် ရုပ်တရားတစ်ခုစီကို အာရုံယူကာ ဖြစ်ပေါ်လာကြတဲ့ နာမ်တရားတွေကို သိမ်းဆည်းခြင်းက ပို၍ လွယ်ကူတဲ့သဘော ရှိပါတယ်။ ဒါကြောင့် ရုပ်တရား တစ်ခု တစ်ခုကို အာရုံယူကာ ဖြစ်ပေါ်လာကြတဲ့ နာမ်တရားတွေကို သိမ်းဆည်းပုံစနစ်ကိုသာ ပြောကြရအောင် ..။ ဒီဓမ္မာရုံ စာရင်းဝင် ရုပ်တရားတွေကို အာရုံယူကာ ဖြစ်ပေါ်လာကြတဲ့ နာမ်တရားတွေ ဆိုတာကလည်း မနောဒွါရဝီထိနာမ်တရားစုတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် စက္ခုအကြည်ဓာတ်ကို ပုံစံထုတ်ကာ သိမ်းဆည်းပုံစနစ်ကို ပြောပြ ပါမည်။
၁။ ဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)ကို သိမ်းဆည်းပါ။
၂။ စက္ခုဒသကကလာပ်အတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်တရားတွေကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပြီးတော့ စက္ခုအကြည်ဓာတ်ကို ရွေးထုတ်ကာ လှမ်းအာရုံယူပါ။
၃။ ဒီစက္ခုအကြည်ဓာတ်က မနောဒွါရမှာ ရှေ့ရှုကျရောက်လာတဲ့အခါ ထင်လာတဲ့အခါ .. စက္ခုအကြည်ဓာတ်လို့ နှလုံးသွင်းပါ။
အဲဒီအခါမှာ စက္ခုအကြည်ဓာတ်လို့ သိနေတဲ့ မနောဒွါရဝီထိနာမ်တရား စုတွေ ဖြစ်ပေါ်လာကြပါလိမ့်မည်။
ယင်းနာမ်တရားစုတွေကို အသိစိတ်ဝိညာဏ်ကိုဖြစ်စေ ဖဿကိုဖြစ်စေ ဝေဒနာကိုဖြစ်စေ ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးတဲ့အခါ အသိစိတ် မနောဝိညာဏ်ကို ဦးတည်ကာ ယင်းနာမ် တရားတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားပါ။
ယင်းစက္ခုအကြည်ဓာတ်ကိုပဲ ရုပ်တရားလို့ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ အသုဘလို့ သိနေတဲ့ စိတ်စေတသိက်တွေကိုလည်း ပုံစံတူ သိမ်းဆည်း ရှုပွား နိုင်ပါတယ်။ ကျန်နေတဲ့ ရုပ်အစစ်တွေကိုလည်း ပုံစံတူ ရှုနိုင်ပါတယ်။ ရုပ်အတု (၁၀)မျိုးကတော့ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ အသုဘလို့ ဝိပဿနာ မရှု ကောင်းတဲ့ရုပ်တွေ ဖြစ်နေတဲ့အတွက် အာကာသဓာတ်လို့ သိနေတဲ့ စိတ် စေတသိက်, ဒီအာကာသဓာတ်ကိုပဲ ရုပ်တရားလို့ သိနေတဲ့ စိတ်စေတသိက်- ဒီလို သိနေတဲ့ စိတ်စေတသိက် နာမ်တရားစုတွေကိုသာ သိမ်းဆည်း ရှုပွားပါ။
အကယ်၍ မိမိက သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့လို့ စျာန်သမာဓိတွေကို ရရှိထားပြီးသူ ဖြစ်ခဲ့လျှင်လည်း မိမိရထားပြီးတဲ့ စျာန်ကို ပြန်ဝင်စားပြီးတော့ စျာန်မှထကာ စျာနသမာပတ္တိဝီထိအတွင်းမှာ တည်ရှိနေကြတဲ့ နာမ်တရား စုတွေကို စျာန်အင်္ဂါတွေကို ဦးတည်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်း ပါ။ သိမ်းဆည်းပြီးတဲ့အခါ အသိစိတ် မနောဝိညာဏ်ကို ဦးတည်ကာ ယင်း နာမ်တရားစုတွေကိုလည်း အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
နောက်ပိုင်းကာလမှာ မိမိက အရူပသတ္တကဝိပဿနာရှုနည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ရှုပွားနိုင်တဲ့အခါမှာဖြစ်စေ, ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိတဲ့ အခါမှာဖြစ်စေ ဝိပဿနာဉာဏ်ဦးဆောင်နေတဲ့ ပထမဝိပဿနာဇောဝီထိ နာမ်တရားစုတွေကို ဝိပဿနာဉာဏ်ဦးဆောင်နေတဲ့ ဒုတိယဝိပဿနာဇော ဝီထိ နာမ်တရားတွေဖြင့် တစ်ဖန်ပြန်လည်ကာ ဝိပဿနာရှုပွားနိုင်ပါတယ်။ နာမ်တရားကို အာရုံယူကာ ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို တစ်ဖန်ပြန်၍ ဝိပဿနာရှုပွားပုံနည်းစနစ်ပဲ ဖြစ်ပါတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကတော့၃၃၈ (၁၀)ဆင့်သို့တိုင်အောင်ပင် ဒီလို ဝိပဿနာရှုကွက်ကိုရှုနိုင်ကြောင်း တင်ပြ ထားပါတယ်။ ဒီလိုရှုတဲ့အခါမှာ ဝိပဿနာအသိစိတ် မနောဝိညာဏ်ကို ဦးတည်၍ဖြစ်စေ ဝိပဿနာဉာဏ်ကို ဦးတည်၍ဖြစ်စေ ယင်းဝိပဿနာဇော ဝီထိ နာမ်တရားစုတွေကို တစ်ဖန်ပြန်လည်ကာ ဝိပဿနာရှုပွားနိုင်ပါတယ်။
၄။ မနောသမ္ဖေဿာ အနိစ္စော = မနောသမ္ဖဿကို အနိစ္စလို့နှလုံးသွင်းပါ
အထက်က ရှင်းပြခဲ့တဲ့ နာမ်တရားစုအမျိုးမျိုးတွေကို သိမ်းဆည်းတဲ့ အခါမှာ ဖဿ (= မနောသမ္ဖဿ)ကို ဦးတည်ကာ သိမ်းဆည်းပြီးတော့ ယင်းမနောသမ္ဖဿကိုပင် ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
၅။ တမ္ပိ (= ဝေဒနမ္ပိ) အနိစ္စံ = ဝေဒနာကို အနိစ္စလို့ နှလုံးသွင်းပါ
အထက်က ရှင်းပြခဲ့တဲ့ နာမ်တရားစုအမျိုးမျိုးတွေကို သိမ်းဆည်းတဲ့ အခါမှာ ဝေဒနာကို ဦးတည်ကာ သိမ်းဆည်းပြီးတော့ ယင်းဝေဒနာကိုပင် ဦးတည်ကာ ယင်းနာမ်တရားစုတွေကို အနိစ္စလို့ နှလုံးသွင်း ရှုပွားနေပါ။
ဒီလို ရှုပွားတဲ့အခါမှာ အာရုံ (၆)ပါးလုံးမှာပဲ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတွေဟာ ထိုက်သလို ဖြစ်ပွားနေကြပါတယ်။ ဖြစ်တဲ့အတိုင်းပဲ သိမ်းဆည်းရှုပွားပါ။
နောက်တစ်ခု ထပ်ပြောရဦးမည် ..။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံတွေကို ရုပ်တရားလို့ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ အသုဘလို့ သိနေတဲ့ ရှုနေတဲ့ မနောဒွါရဝီထိနာမ်တရားစုတွေကိုလည်း သိမ်းဆည်းကာ ပုံစံတူပဲ ဝိပဿနာ ရှုနိုင်ပါတယ်။
ဒီသုတ္တန်မှာတော့ .. ဘုရားရှင်က အာဒိဒီပကနည်းအားဖြင့် အနိစ္စ လက္ခဏာကိုသာ ထုတ်ဆောင်ကာ ညွှန်ကြားသွားတော်မူပါတယ်။ သို့သော် လည်း ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတွေကိုလည်း ပုံစံတူပဲ ရှုပွားရမှာ ဖြစ်ပါတယ်။၂၃၇
---
ဒေသနာတော်နိဂုံး
ယခုပြောခဲ့တဲ့အတိုင်း ..
၁။ ဝတ္ထု = ဒွါရ (၆)ပါး,
၂။ အာရုံ (၆)ပါး,
၃။ ဝိညာဏ် (၆)ပါး,
၄။ ဖဿ (၆)ပါး,
၅။ ဝေဒနာ (၆)ပါး ..
တို့ကို ဦးတည်ကာ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန် တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ စီးဖြန်းခဲ့သော် ဝတ္ထု = ဒွါရ (၆)ပါးတို့၌လည်း ငြီးငွေ့လာမည်၊ အာရုံ (၆)ပါးတို့၌လည်း ငြီးငွေ့လာမည်၊ ဝိညာဏ် (၆)ပါးတို့၌လည်း ငြီးငွေ့ လာမည်၊ ဖဿ (၆)ပါးတို့၌လည်း ငြီးငွေ့လာမည်၊ ဝေဒနာ (၆)ပါးတို့၌လည်း ငြီးငွေ့လာမည်။ ဒီလို ငြီးငွေ့နေတဲ့ နိဗ္ဗိဒါနုပဿနာဉာဏ်ကို ရင့်ကျက်သထက် ရင့်ကျက်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းခဲ့ သော် အဆင့်ဆင့်သော ဝိပဿနာဉာဏ်တွေဟာလည်း ရင့်ကျက်လာပါလိမ့် မည်။ ဒီလို ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တွေရဲ့ အဆုံးမှာ လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တွေဟာ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်လာပါလိမ့်မည်။ အဲဒီလေးဆင့်သော အရိယမဂ်ဉာဏ် တွေက ဆိုင်ရာဆိုင်ရာ ကိလေသာတောချုံပုတ်တွေကို အနုသယဓာတ်ငုတ် ဆိုတဲ့ အမြစ်တွေပါ မကျန်ရအောင် အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်သတ်လိုက်တဲ့အတွက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တဲ့အခါ ကိလေသာ အားလုံးတို့မှ လွတ်မြောက်သွားပါလိမ့်မည်။ ဒီလို လွတ်မြောက်သွားတဲ့အခါမှာ ငါ ကိလေသာတွေမှ လွတ်မြောက်ရပေပြီဆိုတဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင် တွေဟာလည်း ထင်ရှားဖြစ်ပေါ်လာပါတယ်။ ငါ့မှာ ပဋိသန္ဓေတည်နေရမှု ကုန်ပြီ၊ ငါဟာ အရိယမဂ်ဆိုတဲ့ မွန်မြတ်တဲ့ ကျင့်စဉ်ကို ကျင့်သုံးလို့ ပြီးပြီ၊ ပြုသင့်ပြုထိုက်တဲ့ အရိယမဂ်ကိစ္စကို ငါ ပြုလုပ်လို့ ပြီးသွားပြီ၊ နောက်ထပ် တစ်ဖန် အရိယမဂ်ဉာဏ်တွေကို ရရှိရေးအတွက် ပြုလုပ်ဖွယ်လုပ်ငန်းကိစ္စ မရှိတော့ပြီလို့ ကွဲကွဲပြားပြား သိသွားပါတယ်။ ဒီလို ဘုရားရှင်က ဒေသနာ တော်ကို နိဂုံးချုပ်ထားတော်မူပါတယ်။၃၃၉
---
နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်
ယခုတင်ပြခဲ့တဲ့ အာဒိတ္တပရိယာယသုတ္တန်မှာ လာရှိတဲ့ ဝိပဿနာ ရှုကွက်တွေကို ကြေကြေလည်လည် ရှုပွားလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာ ..
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတဲ့ ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓဆိုတဲ့ သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်နာမ်ပရမတ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းဆိုတဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊
၂။ အတိတ်အကြောင်းတရား ငါးပါး (= သမုဒယသစ္စာတရားတွေ)ကြောင့် ပစ္စုပ္ပန်အကျိုး ခန္ဓာငါးပါး (= ဒုက္ခသစ္စာတရား)တွေ ထင်ရှားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရား ငါးပါး (= သမုဒယသစ္စာတရားတွေကြောင့် အနာဂတ်အကျိုး ခန္ဓာငါးပါး (= ဒုက္ခသစ္စာတရား)တွေ ထင်ရှားဖြစ်ပုံ ဆိုတဲ့ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်) သဘောတရားတွေ ကို ဉာဏ်နဲ့ ပိုင်းခြားယူတတ် သိမ်းဆည်းတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ..
ဒီဉာဏ်နှစ်ပါးကို ရရှိထားပြီးသူ ဖြစ်ရပါမည်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဒီ ကာလ (၃)ပါး, သန္တာန် (၂)ပါးအတွင်းမှာ တည်ရှိနေကြတဲ့ ရုပ်နာမ်ပရမတ်တရားတွေကို ရုပ်နာမ်နှစ်ပါးနည်းနဲ့ဖြစ်စေ ခန္ဓာငါးပါးနည်းနဲ့ ဖြစ်စေ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်တို့ဖြင့် အထိုက်အလျောက် ဝိပဿနာ ရှုထားပြီးဖြစ်ဖို့လည်း လိုပါတယ်။ အလားတူပဲ ကြောင်း-ကျိုး-ဆက်နွှယ်မှု (= ပဋိစ္စသမုပ္ပါဒ်)အင်္ဂါရပ်တွေကိုလည်း သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်တို့ဖြင့် အထိုက်အလျောက် ဝိပဿနာရှုထားပြီးဖြစ်ဖို့ လိုပါတယ်။ အထူးသဖြင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဥဒယဗ္ဗယဉာဏ်ပိုင်းတို့မှာ၃၄၀ လာရှိတဲ့အတိုင်း ဥဒယဗ္ဗယဉာဏ်အကျယ်ရှုပွားနည်းဖြင့် ..
၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံကိုလည်း ရှုထားပြီးဖြစ်ဖို့ လိုပါတယ်။ (သမုဒယဓမ္မာနုပဿီ)
၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းပုံကိုလည်း ရှုထားပြီး ဖြစ်ဖို့ လိုပါတယ်။ (ဝယဓမ္မာနုပဿီ)
၃။ (က) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံ, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်း ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းပုံတွေကိုလည်း ရှုထားပြီးဖြစ်ဖို့ လိုပါတယ်။
(ခ) အကြောင်း အကျိုး နှစ်ရပ်လုံးတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စ သဘော ဒုက္ခသဘော အနတ္တသဘောတွေကိုလည်း ရှုထားပြီး ဖြစ်ဖို့ လိုပါတယ်။ (က+ခ = သမုဒယဝယဓမ္မာနုပဿီ)
ဒီလို ရှုပွားထားပြီးဖြစ်ပါမှ ခုပြောခဲ့တဲ့ အာဒိတ္တပရိယာယသုတ္တန် ဒေသနာတော်မှာ လာရှိတဲ့ ရှုကွက်တွေကို ကြေကြေလည်လည် ဝိပဿနာ ရှုပွားနိုင်မှာ ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာအောင်လည်း ဆက်လက်ကာ ဝိပဿနာရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရှုနိုင်ပါမှလည်း အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
---
အရှင်ရာဟုလာမထေရ်မြတ်
ဒီနေရာမှာ ထင်ရှားတဲ့ သာဓက တစ်ခုကတော့ အရှင်ရာဟုလာမထေရ် မြတ်ရဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ အရှင်ရာဟုလာမထေရ်မြတ်အား စူဠရာဟုလောဝါဒသုတ္တန်ကို၃၄၁ ဟောကြား ပေးတော်မူကာ အရဟတ္တဖိုလ်ပေါက် ချေချွတ်တော်မူခဲ့ပါတယ်။ စူဠရာဟုလောဝါဒသုတ္တန်မှာ လာရှိတဲ့ ဝိပဿနာရှုကွက်ဟာ ခုပြောခဲ့တဲ့ အာဒိတ္တ ပရိယာယသုတ္တန်မှာ လာရှိတဲ့ ဝိပဿနာရှုကွက်နှင့် ပုံစံတူပဲ ဖြစ်ပါတယ်။ ဒီရှုကွက်ကို အရဟတ္တဖိုလ်သို့ ပေါက်သည်အထိ ဝိပဿနာ ရှုပွားသွားတော် မူနိုင်တဲ့ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ ရှေ့ပိုင်းအကြောင်းအရာတွေကို နည်းနည်းတင်ပြလိုပါတယ်။
အရှင်ရာဟုလာမထေရ်မြတ်ရဲ့ အလောင်းအလျာဟာ လွန်ခဲ့တဲ့ ကမ္ဘာ တစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့တဲ့ ပဒုမုတ္တရဘုရားရှင်လက်ထက်တော် အချိန်အခါကတည်းက စတင်ကာ ဘုရားရှင်ရဲ့ ရင်တော်သွေး ရာဟုလာဖြစ်ဖို့ ရန် ဆုထူးပန်ထွာတော်မူကာ ပါရမီမျိုးစေ့တွေကို ပြုစုပျိုးထောင်ခဲ့တဲ့ သူတော် ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဖုဿဘုရားရှင်ရဲ့ သာသနာတော်အတွင်း ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းတွေမှာလည်း ပါရမီမျိုးစေ့တွေကို ပြုစုပျိုးထောင်ခဲ့တဲ့သူ တစ်ဦးပင် ဖြစ်ပါတယ်။ အရှင်ရာဟုလာမထေရ်မြတ် ဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူတဲ့အခါ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် လေးပါးတို့ကိုပါ ပူးတွဲရရှိတော်မူတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါ တယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ၃၄၂ ဖော်ပြထားတဲ့အတိုင်း ပဋိသမ္ဘိဒါဉာဏ် တော်မြတ်လေးပါးတို့ကို ရရှိတော်မူတဲ့ သူတော်ကောင်းတွေဟာ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ဖူးခြင်းဆိုတဲ့ ပုဗ္ဗယောဂအင်္ဂါရပ်နှင့်လည်း ပြည့်စုံရပါတယ်။ ဆိုလိုတာကတော့ အရှင်ရာဟုလာမထေရ်မြတ်ဟာ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ကတည်းက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးပါတယ်။ ယခုနောက်ဆုံးဘဝမှာလည်း ခုနစ်နှစ်သား အရွယ်မှာ သာသနာတော်သို့ ဝင်ရောက်ကာ ရှင်ပြုခဲ့ပါတယ်။ ထိုအချိန် အခါကစပြီးတော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဆိုတဲ့ သိက္ခာ သုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သိက္ခာ သုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တကြတဲ့ ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူမည့် သူတော်ကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။
တစ်ဆယ့်ရှစ်နှစ်သားအရွယ်တော်သို့ ရောက်ရှိတဲ့အခါမှာ ဘုရားရှင် ထံတော်မှ မဟာရာဟုလောဝါဒသုတ္တန်ကို၃၄၃ နာကြားခွင့် ရရှိခဲ့ပါတယ်။ ထိုသုတ္တန်မှာ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့အတိုင်း အရှင်ရာဟုလာဟာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို .. နေတံ မမ = ငါ့ဟာ မဟုတ်၊ နေသောဟမသ္မိ = ငါမဟုတ်၊ န မေသော အတ္တာ = ငါရဲ့အတ္တမဟုတ်လို့ ဒီလိုရှုနိုင်ခဲ့ပါတယ်။ ဒီရှုကွက်ကတော့ ဆန္နောဝါဒသုတ္တန်အဋ္ဌကထာအဖွင့်အရ၃၄၄ အနိစ္စလို့ ဒုက္ခလို့ အနတ္တလို့ ရှုနေတဲ့ ဝိပဿနာရှုကွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီဝိပဿနာရှုကွက်ကို ရှုတော်မူနိုင်တဲ့ အရှင်ရာဟုလာဟာ နာမရူပပရိစ္ဆေဒ ဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့ကို ရရှိတော်မူထားပြီး ဖြစ်တယ် ဆိုတာကိုတော့ သဘောပေါက်ပါ။
တစ်ဖန် နောက်တစ်ခု ပြောဦးမည် ..။ မဟာရာဟုလောဝါဒသုတ္တန် မှာပဲ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွားနည်း ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်းရှုပွားနည်းတို့ကိုလည်း ကျွမ်းကျင်စွာ ရှုပွားတော်မူနိုင်တဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းကိုလည်း စတုက္ကလေးမျိုးတို့ဖြင့်၃၄၅ တန်ဆာဆင်ကာ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့အတိုင်း သမထပိုင်း ဝိပဿနာပိုင်းတွေကို ကျွမ်းကျွမ်း ကျင်ကျင် ရှုပွားထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အရဟတ္တဖိုလ်ဝိမုတ္တိကို ရင့်ကျက်စေကြောင်းဖြစ်တဲ့ ဝိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့နှင့် ပြည့်စုံ အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဝိမုတ္တိပရိပါစနိယတရား (၁၅) ပါး
၁။ သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၂။ သဒ္ဓါတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၃။ သဒ္ဓါတရားကို ဖြစ်ပေါ်စေနိုင်တဲ့ ကြည်ညိုဖွယ်ရာ သုတ္တန်ဒေသနာ တော်တို့ကို ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် သဒ္ဓိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၄။ ပျင်းရိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၅။ သမထ ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ အာရဒ္ဓဝီရိယတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၆။ သမ္မပ္ပဓာန်တရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော်တို့ကို ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် ဝီရိယိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၇။ သတိလက်လွတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၈။ ထင်လင်းတဲ့ သတိရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၉။ သတိပဋ္ဌာန်တရားကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော်တို့ကို ဆင်ခြင်ခြင်း ..
ဒီတရား သုံးမျိုးတို့ဖြင့် သတိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၁၀။ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၁၁။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၁၂။ စျာန်ဝိမောက္ခတရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော် တွေကို ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် သမာဓိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၁၃။ ဝိပဿနာဉာဏ်ပညာ စတဲ့ ပညာကင်းမဲ့နေတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ် ခြင်း
၁၄။ ဝိပဿနာဉာဏ်ပညာ စတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၁၅။ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်တို့နှင့် ဆက်စပ်နေတဲ့ နက်နဲတဲ့ သုတ္တန်ဒေသနာတော်တွေကို ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် ပညိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း ----
ဒီတရား (၁၅)မျိုးတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို စင်ကြယ်အောင် ကျင့်ခြင်း ဟာ အရဟတ္တဖိုလ်ဝိမုတ္တိကို ရင့်ကျက်စေတတ်တဲ့ အကြောင်းတရားတွေ ဖြစ်ကြပါတယ်။၃၄၆
---
တစ်နည်း ဝိမုတ္တိပရိပါစနိယတရား (၁၅) ပါး
၁-၅။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ (= ဝိပဿနာပညာ)ဆိုတဲ့ ဣန္ဒြေ ငါးပါးတို့ ရင့်ကျက်ခြင်း
၆။ ကိလေသာထု အစိုင်အခဲတွေကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်တဲ့, ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့အပေါ်၌ အနိစ္စလို့ ရှုနေတဲ့ အနိစ္စသညာ၊
၇။ အနိစ္စဖြစ်တဲ့ ယင်းတရားတို့၌ ဒုက္ခလို့ ရှုနေတဲ့ ဒုက္ခသညာ၊
၈။ ဒုက္ခဖြစ်တဲ့ ယင်းတရားတို့၌ အနတ္တလို့ ရှုနေတဲ့ အနတ္တသညာ၊
၉။ အကုသလဝိတက်တွေကို ပယ်ရှားနိုင်ရေးအတွက် စျာန်သမာပတ် တွေကို ဝင်စားနေခြင်း၊ အကုသလဝိတက်တွေ ကင်းစင်ရေးအတွက် သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကို အာရုံယူကာ လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုနေခြင်းဆိုတဲ့ ပဟာနသညာ၊
၁၀။ ရာဂကင်းရာ နိဗ္ဗာန်တရားတော်မြတ်ကို ဆင်ခြင်ခြင်း, ရာဂကင်းရာ နိဗ္ဗာန်ဘက်သို့ ညွတ်ကိုင်းရှိုင်းလျက် သင်္ခါရတရားတွေရဲ့ အပျက်သက် သက်ကို အာရုံယူကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုနေခြင်းဆိုတဲ့ ဝိရာဂသညာ၊
၁၁။ မိတ်ကောင်း ဆွေကောင်း သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊
၁၂။ သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
၁၃။ အလွန် ခေါင်းခေါင်းပါးပါး ကျင့်ခြင်း၊
၁၄။ သမထ ဝိပဿနာဘာဝနာတွေကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ် ခြင်း၊
၁၅။ ကိလေသာထု အစိုင်အခဲတွေကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်တဲ့ သမ္မသန ဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ် အားလုံးတို့နှင့် ပြည့်စုံခြင်း ---
အားလုံးပေါင်းလိုက်တော့ ဝိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့ပဲ ဖြစ်ကြ ပါတယ်။၃၄၇
စူဠရာဟုလောဝါဒသုတ္တန်ကို နာယူတော့မည့်အချိန်အခါမှာ အရှင် ရာဟုလာမထေရ်မြတ်ရဲ့ သန္တာန်မှာ ဒီဝိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့ဟာ ပြည့်စုံနေရုံတွင်သာမက အရဟတ္တဖိုလ်ရနိုင်လောက်အောင်ပင် ရင့်ကျက် နေပြီ ဖြစ်ပါတယ်။ ဒီလိုရင့်ကျက်နေပြီဆိုတာကိုလည်း သိရှိတော်မူတဲ့အတွက် ဘုရားရှင်က ထိုနေ့မှာ အရှင်ရာဟုလာမထေရ်မြတ်ကို အန္ဓဝန်တောအုပ် အတွင်းသို့ ခေါ်ဆောင်သွားတော်မူကာ စူဠရာဟုလောဝါဒသုတ္တန်ကို ဟော ကြားပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ အရှင်ရာဟုလာ မထေရ်မြတ်ဟာ ရဟန်းဖြစ်တော်မူပြီးနောက် သက်တော် (၂၁)နှစ်အရွယ်သို့ ရောက်ရှိတော်မူနေပြီ ဖြစ်ပါတယ်။
အဲဒီအချိန်အခါမှာ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ သန္တာန်မှာ ဝိမုတ္တိ ပရိပါစနိယတရားတွေကလည်း ရင့်ကျက်နေကြပြီဖြစ်ရကား စူဠရာဟုလော ဝါဒသုတ္တန်ကို နာယူနေစဉ်အချိန်အခါမှာ အရှင်ရာဟုလာမထေရ်မြတ်ဟာ ဒေသနာတော်နောက်သို့ အစဉ်လိုက်ကာ ..
၁။ ဝတ္ထု = ဒွါရ (၆)ပါး,
၂။ အာရုံ (၆)ပါး,
၃။ ဝိညာဏ် (၆)ပါး,
၄။ ဖဿ (၆)ပါး,
၅။ ဝေဒနာ (၆)ပါး ..
ဒီတရားစုတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် စီးဖြန်းတော်မူနိုင်တဲ့အတွက်ကြောင့် ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့အချိန်အခါမှာ ဝိပဿနာဉာဏ်တွေကလည်း ရင့်ကျက်လာကြပြီဖြစ်တဲ့အတွက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော် မူခဲ့ပါတယ်။
ကိလေသာတောချုံပုတ်နှင့် တောချုံပုတ်ရဲ့ အဆွယ်အပွားတွေကို အနုသယဓာတ်ငုတ်အမြစ်ပါ မကျန်ရအောင် အကြွင်းအကျန်မရှိ ကုန်စင် အောင် ခုတ်ဖြတ်ရှင်းလင်းနိုင်တဲ့အတွက် ကိလေသာအပူမီးတို့မှ အငြိမ်းကြီး ငြိမ်းအေးသွားတော်မူခဲ့ပါတယ်။
ဒီကိလေသာတောချုံပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွား ကိလေသာတွေကို အရဟတ္တမဂ်ဉာဏ်တိုင်အောင်သော အရိယမဂ်ဉာဏ် တွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ခုတ်ဖြတ်ရှင်းလင်းနိုင်တဲ့အတွက် ကိလေသာအပူမီးတွေဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတဲ့အခါ အငြိမ်းကြီး ငြိမ်းအေးသွားကြပါတယ်။
ဒါကြောင့် တရားဦးအစက နိဒါန်းပျိုးထားခဲ့တဲ့, ဘုရားရှင် ဟောကြား တော်မူတဲ့ ဂါထာဒေသနာတော်ကို ရှင်းလင်းတင်ပြထားတဲ့ သဘောအဓိပ္ပာယ် တွေနဲ့ ညီညွတ်သွားအောင် ပြန်လည်ကာ အနုသန္ဓေ ဆက်ကြရအောင်..။
ဝနံ ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတေ ဘယံ။
ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။၄
ဘိက္ခဝေါ = ရဟန်းတော်များ အို ချစ်သားတို့ .. ။ ဝနံ = ကိလေသာ တောချုံပုတ်ကို။ ဆိန္ဒထ = ရှင်းလင်းကြ ဖြတ်တောက်ကြပါကုန်လော့။ ရုက္ခံ = အေးမြတဲ့ အရိပ်အာဝါသရှိတဲ့ သာသနာ့သစ်ပင်ကြီးတွေကို။ မာ ဆိန္ဒထ = မခုတ်လှဲကြပါကုန်လင့်။ ဝနတော = ကိလေသာတောချုံပုတ်ကြောင့်။ ဘယံ = အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခဘေး စတဲ့ ဘေးဒုက္ခအမျိုးမျိုးသည်။ ဇာယတေ = ဖြစ်ပေါ်၍ လာတတ်ပေ၏။ ဝနဉ္စ = ကိလေသာတောချုံပုတ် ကိုလည်းကောင်း။ ဝနထဉ္စ = ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားဖြစ်တဲ့ ကိလေသာချုံနွယ်ပိတ်ပေါင်း သစ်ပင်ငယ်အပေါင်းကိုလည်းကောင်း။ ဆေတွာ = လေးပါးသော အရိယမဂ်ဉာဏ်ဖြင့် ဖြတ်တောက်နိုင်ကြကုန်သည်ဖြစ်၍။ နိဗ္ဗနာ = ကိလေသာအပူမီးတို့ ငြိမ်းအေးကြကုန်သည်။ ဟောထ = ဖြစ်ကြ ပါကုန်လော့။
ဒီဂါထာဒေသနာတော်ကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ဆက်လက်ကာ နောက်ထပ် ဂါထာဒေသနာတော် တစ်ခုကို ဟောကြားပြသ တော်မူပါတယ်။
ယာဝ ဟိ ဝနထော န ဆိဇ္ဇတိ၊ အဏုမတ္တောပိ နရဿ နာရိသု။
ပဋိဗဒ္ဓမနောဝ တာဝ သော၊ ဝစ္ဆော ခီရပကောဝ မာတရိ။၃၄၈
ယာဝ = အကြင်မျှလောက်သော ကာလပတ်လုံး။ နရဿ = အမျိုးသား ရဲ့။ နာရိသု = အမျိုးသမီးတို့အပေါ်၌။ အဏုမတ္တောပိ = အဏုမြူပမာ သေးငယ်လှသည်လည်းဖြစ်သော။ သော ဝနထော = ထို ကိလေသာတောချုံ ပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွား ကိလေသာကို။ န ဆိဇ္ဇတိ = လေးပါးသော အရိယမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ မပယ်သတ် မဖြတ်တောက် နိုင်သေး။ တာဝ = ထိုကဲ့သို့ မပယ်သတ် မဖြတ်တောက်နိုင်သေးသမျှ ကာလ ပတ်လုံး။ ခီရပကော = နို့မကွာသေးတဲ့။ ဝစ္ဆော = နွားသားငယ်သည်။ မာတရိ = မိခင်နွားမကြီးအပေါ်၌။ ပဋိဗဒ္ဓမနော = တွယ်တာမက်မောမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ထားအပ်သော စိတ်ထားရှိသည်။ ဟောတိ ဣဝ = ဖြစ်သကဲ့သို့။ ဧဝံ = အလားတူပင်။ သော နရော = ထိုအမျိုးသားသည်။ နာရိသု = အမျိုး သမီးတို့အပေါ်၌။ ပဋိဗဒ္ဓမနောဝ = တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ ထားအပ်သော စိတ်ထားရှိနေသည်သာလျှင်။ ဟောတိ = ဖြစ်ပေ၏။၃၄၈
အမျိုးသားတစ်ဦးဟာ အမျိုးသမီးတို့အပေါ်မှာ အဏုမြူပမာ အလွန့် အလွန် သေးငယ်နေတဲ့ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ ငြိကပ်နေတဲ့စိတ်ထား ရှိနေမည်ဆိုလျှင် ဒီလို ငြိကပ်မက်မောမှုကို ကိလေသာ တောချုံပုတ်လို့ပဲ ခေါ်ဆိုပါတယ်။ ဒီကိလေသာတောချုံပုတ်နှင့် ကိလေသာ တောချုံပုတ်ရဲ့ အဆွယ်အပွား ကိလေသာတွေကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်သတ် မဖျက်ဆီးနိုင်သေးသမျှကာလပတ်လုံး ဒီငြိကပ် တွယ်တာမက်မောမှုဆိုတဲ့ ကိလေသာတွေဟာ ဆက်လက်ကာ ဖြစ်ပေါ် နေကြမှာ ဖြစ်တယ်။ နို့မကွာသေးတဲ့ နွားသားငယ်ကလေးတစ်ကောင်ဟာ မိခင်နွားမကြီးအပေါ်မှာ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ စိတ်ထားရှိနေသလို ဒီအမျိုးသားဟာလည်း အမျိုးသမီးတို့အပေါ်မှာ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ စိတ်ထားရှိနေမည်သာ ဖြစ်ပါတယ်။ ဒီလိုစိတ်ထားရှိနေသမျှကာလပတ်လုံး ဒီအမျိုးသားအတွက် ကိလေသာအပူမီးတွေဟာ မငြိမ်းနိုင်သေးပါ။ ကိလေသာအပူမီးတွေ မငြိမ်း သေးသမျှကာလပတ်လုံး ဒီအမျိုးသားဟာ သံသရာခရီးကို ဆက်လက်ကာ ချီတက်နေရဦးမည်သာ ဖြစ်ပါတယ်၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်မြောက် နိုင်သေးပါ။၃၄၉
သို့သော် ဒီကိလေသာအပူမီးတွေ ငြိမ်းသွားအောင် အရိယမဂ်ရေစင် အရိယဖိုလ်ရေစင်တို့ဖြင့် ငြှိမ်းသတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကိလေသာ အပူမီးတွေကို ငြိမ်းအေးစေနိုင်တဲ့ အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တွေကို ရရှိရေးအတွက် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဆိုတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ကျင့်စေတော်မူလိုတဲ့အတွက် ဘုရားရှင် က ဒွေဓာဝိတက္ကသုတ္တန်မှာ ဒီလို တိုက်တွန်းထားတော်မူခဲ့ပါတယ်။
ဣတိ ခေါ ဘိက္ခဝေ ဝိဝဋော မယာ ခေမော မဂ္ဂေါ သောဝတ္ထိကော ပီတိဂမနီယော၊ ပိဟိတော ကုမ္မဂ္ဂေါ၊ ဦဟတော ဩကစရော၊ နာသိတာ ဩကစာရိကာ။ ယံ ဘိက္ခဝေ သတ္ထာရာ ကရဏီယံ သာဝကာနံ ဟိတေသိနာ အနုကမ္ပကေန အနုကမ္ပံ ဥပါဒါယ၊ ကတံ ဝေါ တံ မယာ။ ဧတာနိ ဘိက္ခဝေ ရုက္ခမူလာနိ၊ ဧတာနိ သုညာဂါရာနိ၊ စျာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ။ အယံ ဝေါ အမှာကံ အနုသာသနီ။ ၃၅၀
ချစ်သားရဟန်းတို့ ... ဤသို့လျှင် ငါဘုရားရှင်ဟာ နိဗ္ဗာန်ဆိုတဲ့ အကောင်းဆုံးသော ချမ်းသာသုခကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့, နှစ်သက် မြတ်နိုးခြင်း ပီတိတရားကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့, ကိလေသာ ဘေးရန်တွေ ကင်းရှင်းနေတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုတဲ့ မဂ္ဂင် (ဟိုက်ဝေး) လမ်းမကြီးကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါတယ်။ ကုမ္မဂ္ဂ-ခေါ်ဆိုတဲ့ မှားယွင်းနေတဲ့ မိစ္ဆာမဂ်လမ်းမကြီးကိုလည်း ပိတ်ဆို့ပေးထားပြီး ဖြစ်ပါတယ်။ (တည်သမင်ဖိုနဲ့ တူနေတဲ့) ထိုထိုဘုံဘဝ ထိုထိုအာရုံတို့အပေါ်မှာ နှစ်သက် တွယ်တာနေတဲ့ နန္ဒီရာဂ, (တည်သမင်မနဲ့ တူနေတဲ့) အသိမှားမှု အဝိဇ္ဇာတို့ကို အကြွင်းမဲ့ ပယ်သတ် ဖျက်ဆီးကြောင်းဖြစ်တဲ့ ကျင့်စဉ်အရပ်ရပ်တွေကိုလည်း ချမှတ်ပေးထားပြီး ဖြစ်ပါတယ်။
ချစ်သားရဟန်းတို့ ... တပည့်သာဝကတွေရဲ့ အကျိုးစီးပွားကို အစဉ် ထာဝရရှာမှီးလျက် လိုလားတောင့်တလျက် အစဉ်သနားစောင့်ရှောက်တတ်တဲ့ စိတ်ထားရှိနေတဲ့ သင်တို့ဆရာ ငါ ဘုရားဟာ သင်ချစ်သားတို့အပေါ်မှာ အစဉ်သနားစောင့်ရှောက်လိုတဲ့ မဟာကရုဏာတော်ကို အကြောင်းပြုကာ ပြုသင့်ပြုထိုက်တဲ့ တာဝန်ဝတ္တရားတွေကို သင်ချစ်သားတို့အတွက် ငါဘုရား ပြုလုပ်လို့ ပြီးပါပြီ။
ချစ်သားရဟန်းတို့ ...ဤသည်တို့ကတော့ သစ်ပင်ရင်းကျောင်းတွေ ဖြစ်ကြတယ်၊ ဤသည်တို့ကတော့ ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်း တွေ ဖြစ်ကြတယ်၊ ချစ်သားရဟန်းတို့ ... ဒီလို သစ်ပင်ရင်းကျောင်းတွေမှာ နေထိုင်ပြီးတော့ ဒီလို ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်းတွေမှာ နေထိုင်ပြီးတော့ လောကီစျာန် လောကုတ္တရာစျာန်တွေကို ဝင်စားကာ သင်ချစ်သားတို့ရဲ့ သန္တာန်မှာ တည်ရှိနေကြတဲ့ ကိလေသာတောချုံပုတ်တွေကို လောင်ကျွမ်းသွားအောင် ရှို့မြှိုက်ကြစမ်းပါ၊ သမထ ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေထိုင်ကြပါကုန်လင့်၊ နောင်သောအခါ သေခါနီးကာလကျမှ မကောင်းတဲ့ အာရုံနိမိတ်တွေ ထင်လာ တဲ့အတွက် ငါတော့ မှားခဲ့လေပြီပေါ့ ..လို့ စိတ်နှလုံး မသာမယာ မဖြစ်ကြ ပါကုန်လင့် ..။ ဒီအဆုံးအမကတော့ သင်ချစ်သားတို့အတွက် ငါဘုရားရှင် တို့က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမနေတဲ့ အဆုံးအမ (= အနုသာသနီ) တရားစကားတော်ပဲ ဖြစ်ပါတယ်။၃၅၀
ရွှင်လန်းချမ်းမြေ့ကြပါစေ ...
ဖားအောက်တောရဆရာတော်