မာတိကာသို့ ခုန်သွားရန်

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက်

ဝီကီရင်းမြစ် မှ
ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက်
by သီတဂူဆရာတော်
5929ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက်သီတဂူဆရာတော်

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၂ )

( မှတ်ချက် )

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁ ) ပါ

မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြပေးနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန်။

( ယခင်လမှ အဆက် )

မြတ်စွာဘုရားကို မဟာသက္ကရာဇ် ၆၈-မှာ မွေးတော်မူခဲ့တယ်။ မြတ်စွာဘုရား မွေးတော်မူတာဟာ ခရစ်တော်ထက် ၆၂၃-နှစ် စောတယ်။ မဟာသက္ကရာဇ် ၆၈-ဆိုတာက ဘိုးတော် အဉ္စနဖြိုပြီး ၁-နှစ်မှ စမှတ်လာတဲ့နှစ်၊ ဘိုးတော်အဉ္စန ဆိုတာ မဟာမာယာရဲ့ ဖခင်၊ သိဒ္ဓတ္ထမင်းသားရဲ့ ဘိုးတော် ဖြစ်တယ်။ အစ္စလာမ်ဘာသာ မိုဟာမက်ကတော့ သက္ကရာဇ် ၁၁၇၀-မှာမွေးတယ်။ ဗုဒ္ဓဟာ ပထမဦးဆုံး ဘာသာရေး သာသနာရေး စတင်တည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ထားပါ။ ဂုဏ်ယူပါ။

မဟာသက္ကရာဇ်၊ ၆၈-ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့၊ လမ်းပါကိုး-လို့ ဆိုထားတာ မှတ်ထားပါ။

ကလေးအများ သင်တန်းတက်ဖူးလို့ သိနေကြတယ်။ လူကြီးတွေ ကောင်းကောင်းသိထားဖို့ အရေးကြီးပါတယ်။ မြတ်စွာဘုရား အဲဒီလိုမွေးလာတာ နိဗ္ဗာန်တည်းဟူသော အောင်မြို့ကို သွားဖို့ မွေးလာတာ။ မွေးလာတာနဲ့ တပြိုင်နက် သီဟနာဒ-ခြင်္သေ့ဟောက်သလို ရဲရဲတောက် စကားသုံးခွန်း ပြောပါတယ်-
အဂ္ဂေါဟမသ္မိ လောကဿ-ငါသည် ဒီလောကမှာ အမြတ်ဆုံးပဲ။
အယမန္တိမာ ဇာတိ-ငါ ဒီပဋိသန္ဓေဟာ နောက်ဆုံးပဲ။
နတ္ထိ ဒါနိ ပုနဗ္ဘဝေါ-နောက်တဖန် မွေးဖွားခြင်း မရှိတော့ဘူး။

သိဒ္ဓတ္ထမင်းသား မွေးဖွားလာပုံကို ဒီလိုတခမ်းတနား ပြထားတယ်။ မဟာယာနဂိုဏ်းသားများအဆိုကို နောက်တပတ် ဟောပြပါမယ်။ ထေရဝါဒနှင့်မတူ။ မဟာယာနက တမျိုး ပြထားတယ်။ ငါသည် အမြတ်ဆုံးလို့ ထင်ရှားကြေညာထားတဲ့ ဂေါတမမှာ ဒီကမ္ဘာမှာ သူ-ရှိခိုးစရာလူ ရှိသေးသလား၊ မရှိတော့ဘူး နော်။ အဲဒါကို ပီပီသသ အမှတ်တရပြုထား။

မဟာယာနကျတော့ တခုလေးပြောပြရမယ်ဆိုရင် ဘုန်းကြီး ဂျပန်ပြည်ကို အကြိမ်ကြိမ်ရောက်ဖူးတယ်။ အားလုံး မဟာယာနချည်းပဲ။ ထေရဝါဒအနေနဲ့ ကျွန်းမြောက်ပိုင်းမှာ မြန်မာဘုန်းကြီးကျောင်း တကျောင်းပဲ ရှိတယ်။ သူတို့ဆီရောက်တုန်း သူတို့ရဲ့ နေထိုင်ကိုးကွယ်ပုံ ဓလေ့ထုံးစံတွေ သိချင်လို့ သူတို့နဲ့အတူ တနေ့နေကြည့်တယ်။ သူတို့က မနက်ခင်း အိပ်ရာကထပြီးရင် မျက်နှာသစ်၊ ကိုယ်လက်သန့်ရှင်းပြီး မြတ်စွာဘုရားရှေ့သွားပြီး ဘုရားရှိခိုးတယ်။ အဲဒါပဲ။ အဲဒီဘုရားခန်းကို ကြည့်လိုက်တော့ ဘုရားကိုယ်တော်မြတ်က အလယ်မှာ။ ဘုရားကိုယ်တော်မြတ် ဘေးပတ်လည်ကတော့ ဘုရားကိုယ်တော်ငယ်တွေ၊ ဘုရားလောင်းတွေ အများကြီးတွေ့ရတယ်၊ ဝန်းရံထားတယ်။ ဒီလိုဘုရားလောင်းတွေကို မွေးပေးတဲ့ အမေကိုလဲ ရှိခိုးရသေးတယ်။ ဘုန်းကြီးတို့ုမြန်မာပြည်မှာ မယ်တော်ကြီး၊ မယ်တော်ကြီးနဲ့ ကိုးကွယ်ဆည်းကပ်သူ တွေ့ရဖူးတယ်။ ဘယ်ကမယ်တော်ရယ်လို့တော့ မသိဘူး။ ဂျပန်ကတော့ အဲဒီဘုရားလောင်းတွေ မွေးပေးတဲ့ မယ်တော်ပဲ၊ ဘယ်သူရဲ့ မယ်တော်လဲ ရှင်မောဂ္ဂလာန်လား၊ ရှင်သာရိပုတ္တရာလား၊ ဒါတော့ မသိဘူး။ နောက်ပြီး အဲဒီဂျပန်ဘုရား ဘေးနားမှာ နတ်မင်းကြီး ၄-ပါးလဲ ရှိသေးတယ်။ မြန်မာတွေသိတဲ့ ဓတရဋ္ဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ကုဝေရ ဆိုတဲ့ နတ်မင်းကြီးတွေတဲ့။ အဲဒီနတ်တွေလဲ ဘုန်းကြီးတွေက ရှိခိုးကြရသေးတာ တွေ့ခဲ့တယ်။

ဘုန်းကြီးတို့မြန်မာပြည် ဘုရားတွေမှာ နတ်တွေ၊ ဘီလူးတွေ၊ နဂါးတွေလဲ ရှိတယ်။ ဒါပေမယ့် ဘုန်းကြီးတွေကတော့ ရှိမခိုးကြပါဘူး။ ဒါက သေချာတယ်။ ဘုရားနားက နတ်ဟာ ဘုရားကို စောင့်ရှောက်ဖို့ပဲ ဖြစ်မယ်။ ကိုးကွယ်ရှိခိုးဖို့တော့ မဟုတ်ဘူး။ ဂျပန်ဘုရားခန်းမှာတော့ ဘုရားလဲ ရှိခိုး၊ ဘုရားလောင်းတွေလဲ ရှိခိုး၊ မယ်တော်ကြီးဆိုတာကိုလဲ ရှိခိုး၊ နတ်ကြီးလေးပါးလဲ ရှိခိုးနေတာနဲ့ အချိန်တွေ အများကြီးကုန်သွားတယ်။

ဓမ္မဆိုတဲ့ဥစ္စာက သီလက ကိုယ်နှင့်နှုတ်ပေါ်မှာ ကျင့်ရမယ်။ သမာဓိက စိတ်ပေါ်မှာ ကျင့်ရမယ်။ ပညာက စိတ်ထဲ ရုပ်ထဲမှာ ကျင့်ရမယ်။ ရှိခိုးတာကို တခမ်းတနားကြီးလုပ်ပြီးနေခြင်းဖြင့် ဘာသာရေး လုပ်ငန်းတခုအနေနဲ့ ပြီးသွားမယ်ဆိုရင် အဲဒါ မဟာယာနပဲ။ အဲဒါကို rites, rituals, ceremonies လို့ ခေါ်တဲ့ အပိုအလုပ်တွေပဲ။ ပူဇော်ခြင်း။ ရှိခိုးခြင်း အခမ်းအနားများပေါ့။ အဲဒါတွေကို အစီအစဉ်များစွာနဲ့ လျှို့ဝှက်တဲ့နည်းစနစ်တွေပါ ထည့်သွင်းပြီးတော့ တခမ်းတနားလုပ်ကြတာဟာ မဟာယာနပဲ။

ကျုပ်တို့ဘုရားလောင်းတော် မွေးခါစ မင်းသားကလေးက ချက်ချင်း ကြွေးကြော်လိုက်တာက-ငါသည် လောကမှာ အမြတ်ဆုံး၊ ဒီပဋိသန္ဓေသည် နောက်ဆုံး၊ နောက်ထပ်တဖန် ပဋိသန္ဓေနေခြင်း ငါ့မှာ မရှိတော့ဘူး။ ရဲရဲတောက်စကားသုံးခွန်း မိန့်ကြားခဲ့တယ်။ သူ ရှိခိုးစရာ သတ္တဝါ မရှိဘူးဆိုတာ ဟောခဲ့တယ်။

မြန်မာပြည်က ထေရဝါဒဗုဒ္ဓဘာသာနဲ့ သိပ်ကွဲပြားခြားနားတာပေါ့။ ဒီမှာက ပရိယတ် ပဋိပတ် ပဋိဝေဓ ဆိုပြီး ရှင်းရှင်းလင်းလင်း သန့်သန့်ရှင်းရှင်း ရှိပြီး အလေးအနက် အယူရှိကြတာ။ မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၁၀၃-ခုမှာ ဘုရားဖြစ်တော်မူတယ်။ ဒါ အထင်အရှား ပြသနိုင်တယ်။ သက်တော် ၃၅-နှစ်(BC 588) မှာ ဗုဒ္ဓဖြစ်တော်မူတယ်။ ခရစ် ၅၈၈-ခုနှစ်မှာပေါ့။ တရားအပေါင်း ကိုယ်တော်တိုင် အပင်ပန်းခံပြီး ကျင့်တော်မူတယ်။ သယမ္ဘူဉာဏ် ရတော်မူတယ်။ ဒီနေရာမှာ မှတ်သားထားဖို့က သယံ-ဆိုတဲ့ စကားလုံးပဲ။ ဘယ်သူကမှ ပြတာ၊ သင်ပေးတာ မဟုတ်ဘူး။ သယံ-ကိုယ်တော်တိုင် ကျင့်သုံးပြီး ရတော်မူတဲ့ ဓမ္မတွေ။ သမ္မာသမ္ဗုဒ္ဓေါ-ကောင်းစွာ ဟောကြားထားတဲ့ တရားဓမ္မတွေ။

ဒါနဲ့ မြတ်စွာဘုရား ပွင့်တော်မူခါနီးတော့ သစ်ပင်၊ ပန်းပင်တွေ ရာသီမဟုတ်ဘဲ ပွင့်၊ လူတွေ ပျော်ရွှင်ကြ၊ နတ်၊ ဗြဟ္မာတွေ မြူးတူးရွှင်ပြကြ၊ အင်မတန်ထူးခြားတဲ့ အချိန် ကြုံရတယ်။ အကြောင်းက သတ္တဝါတွေကို မျက်စိပေးမယ့် လူ ပေါ်လာတော့မယ်တဲ့။ စက္ခု-ဆိုတာ မံသစက္ခုကို ဆိုလိုတာ မဟုတ်။ ဉာဏစက္ခုကို ဆိုလိုတာ။ လူတွေဟာ ကန်းနေကြတယ်။ ဉာဏစက္ခု လိုတယ်။ ယခု ဉာဏစက္ခုပေးမယ့် ပုဂ္ဂိုလ် ပေါ်လာပြီဆိုပြီးတော့ လောကကြီးတခုလုံး မြူးပျော်ကြတာ။ အဲဒီဉာဏစက္ခုဟာ အခုအခါမှာ ပိုပြီးတောင် လိုလာတယ်။ အကြောင်းကတော့ ဘုရားဟောဓမ္မကို ဓမ္မအတိုင်း မကျင့်သုံးဘဲ လွဲမှားတဲ့အယူတွေ တဖြည်းဖြည်း စိမ့်ဝင်လာတာ တွေ့နေရတယ်။ လူတွေဟာ သစ်ပင်ကို ကိုးကွယ်ရတာနဲ့။ ကျောက်တုံး ကျောက်ခဲ ဘုရားစင်ရှေ့ထားပြီး ကိုးကွယ်ရတာနဲ့ ပွဲအမျိုးမျိုးပေးပြီး ဆုတောင်းရတာနဲ့ အတော် ရောယှက်ရှုပ်ထွေးလာကြတယ်။ မြတ်စွာဘုရားက စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ လို့ အထင်အရှားဟောခဲ့တာ သတိမထားဘူး။

ကမ္ဘာမှာ အချို့ဘာသာတွေဟာ မည်မည်ရရ ဘာမှမရှိဘဲနဲ့ တို့ဘုရားက ဒီလိုယူရမယ်တဲ့ဆိုပြီး ဘာမှစဉ်းစားခွင့်မပေးဘဲ မျက်စိမှိတ်ယူရတဲ့ အယူဝါဒတွေ တော်တော်များများ ရှိတယ်။ ဘုန်းကြီးက တခြားဘာသာတွေကို ဘာမှပြောဖို့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ထေရဝါဒအမည်ခံပြီး အလွန်ကွဲပြားခြားနားတဲ့ မဟာယာနဆိုတဲ့ ဗုဒ္ဓအယူဝါဒကို စိတ်ဝင်စား လိုက်နာနေကြတဲ့ သာသနာဝင်အကြောင်းကို ဟောပြဖို့ ရည်ရွယ်ထားတာပါ။

မြတ်ဗုဒ္ဓဟာ အသက် ၃၅-နှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် မိဂဒါဝုန်ခရီးသွားတော်မူတဲ့အခါ ဂယာသီသ တောလမ်းမှာ ကိုယ်တုံးလုံး ဆရာကြီးဥပကနဲ့ တွေ့တော်မူတယ်။ မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ် ရုပ်နဲ့ ထူးခြားတဲ့ ဣန္ဒြေတော်တို့ကို တွေ့မြင်ရတဲ့အခါ-သင့်ဆရာ ဘယ်သူလဲ-လို့ မေးတော့ မြတ်ဗုဒ္ဓက ( သယံ အဘိညာယက ဗုဒ္ဓိသေယျ )ငါ့မှာ ဘယ်သူကမှ လမ်းညွှန်တာ မရှိ၊ ဆရာမရှိ။ မိမိအလိုလို တရားတော်တွေ သိတာ-လို့ ပြောတော့ ဥပကကြီးက ခေါင်းညိတ်လက်ခံပြီး ဟုပေယျ၊ ဟုပေယျ-ဟုတ်ပေလိမ့်မယ်-လို့ ဆိုပြီး သူ့ခရီး သူဆက်သွားတယ်။

ဒီလိုသမ္မသမ္ဗုဒ္ဓ အရှင်မြတ်ကို ထေရဝါဒဗုဒ္ဓဘာသာတိုင်း ဘယ်သူမှ သံသယမရှိ၊ ဒါကို မဟာယာနဂိုဏ်းအချို့က ဘုရားကို တန်ခိုးရှင်တဦးက ပူးဝင်ပြီး ဓာတ်စီးပြီးပြောတာလို့ တွေးခေါ်ကြသေးတယ်။ မြတ်စွာဘုရားဟာ တရာအပေါင်းကို မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတော်မူတာ။ သီလ သမာဓိ ပညာကို အဓိကဟောတော်မူတာ။ စိတ်ကူးကြံဆပြီး ပြောတာ ဟောတာ တီထွင်တာ မဟုတ်ဘူး။ ဒါကြောင့် ဘုန်းကြီးက ထေရဝါဒဗုဒ္ဓဘာသာသည် ဘုရား၏ဘာသာ (စကား) ဖြစ်သည်။ ကိုးကွယ်စရာအဖြစ် ကြံဖန်စီစဉ်ထားသော အယူဝါဒ (Religion) မဟုတ်လို့ ရဲရဲကြီး ပြောနေတာ။ realistic teaching တိကျမှန်ကန်နက်နဲသော အယူအကျင့်များသာ ဖြစ်တယ်။

တဖန် မဟာယာနက နိဗ္ဗာန်ကို သူတို့စိတ်ကူးနဲ့ အဓိပ္ပါယ်ဖွင့်ထားတာ ရှိသေးတယ်။ နိဗ္ဗာန်ရောက်တယ်ဆိုတာ အရဟတ္တဖိုလ်စိတ်နဲ့ အထူးဖြစ်ပေါ်လာတဲ့ ရုပ် နာမ် တမျိုးနဲ့ နိဗ္ဗာန်ဘုံကို ရောက်သွားတာတဲ့။ အဲဒီဘုံမှာ အစဉ်အမြဲ ဘယ်တော့မှမပျက်စီးတော့ဘဲ နိဗ္ဗာန်အရသာကို အမြဲခံစားနေတာတဲ့။ လူ့ပြည်က တင်ပလ္လင်ခွေ ထိုင်ရင်း သေသွားရင်လဲ နိဗ္ဗာန်မှာ အဲဒီလို ထိုင်ပြီး အမြဲတမ်းစံစားနေရတယ်တဲ့။ အဲဒီ နိဗ္ဗာန်ဘုံကြီးမှာ အိုခြင်း၊ နာခြင်း၊ သေခြင်း ဘယ်တော့မှ မရှိတော့ဘူးတဲ့။ အဲဒါ မဟာယာနတို့ ယူဆထားတဲ့ နိဗ္ဗာန်ပဲ။ ဒီနေ့ ဘုန်းကြီးတို့ သာသနာမှာလဲ အဲဒီအယူကို ကြိုက်နှစ်သက်သူတွေ တဖြည်းဖြည်း စိမ့်ဝင်လာတယ်ဆိုတာ ကြားသိရတယ်။ ထေရဝါဒအယူက အို နာ သေတယ်။ ထေရဝါဒက နိဗ္ဗာန်ရောက်တယ်ဆိုတာ မီးစာလဲ ကျွမ်း၊ ဆီလဲခန်းပြီး ငြိမ်းချမ်းသွားတဲ့ သဘော။ မီးတောက်ငြိမ်းသွားပြီ၊ ငြိမ်းပြီး ဘယ်ရောက်သွားသလဲ။ စိစစ်နေစရာမလို၊ ထေရနဲ့ မဟာယာန ကွဲပြားခြားနားပုံတွေ များစွာရှိတယ်။

နောက်အပတ်တွေမှာ သာသနာဝင်တွင် ဘယ်လိုဂိုဏ်းကွဲတွေ ပေါ်လာပြီး ဝါဒသစ်တွေ သွတ်သွင်းပြီး ဗုဒ္ဓတရားတွေ လွဲမှားစွာ ခံယူနေကြပုံများကို ဆက်ဟောမယ်။ အခုတော့ ဆုတောင်းအမျှဝေပြီး ရပ်နားကြဦးစို့။

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိင်းယှဉ်ဝေဖန်ချက် ( ၃ )

သာသနာတော်အကြောင်းကို ပြန်ပြီးဆက်ရရင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဖို့ နီးလာလို့ ကြေညာလိုက်တဲ့အခါ ရဟန်းတော်အပေါင်း များစွာ စိုးရိမ်ပူဆွေးပြီး ငိုကြွေးကြတယ်။ မြတ်စွာဘုရားက သင်တို့ မငိုကြွေးကြနဲ့။ ၄၅-ဝါပတ်လုံး ငါဘုရား ဟောကြားထားခဲ့တဲ့ ဓမ္မ ဝိနယ အဘိဓမ္မာတွေ ကျန်ရစ်ခဲ့တယ်။ အဲဒီတရားတွေက ငါဘုရားသဖွယ် ရှေ့ဆောင်လမ်းညွှန်အဖြစ် ရှိနေလိမ့်မယ်။

ငါဘုရားသည် ဓမ္မကိုလဲ အပြည့်အစုံ ဟောခဲ့ပြီးပြီ။ အဘိဓမ္မာကိုလဲ ဟောခဲ့ပြီးပြီ။ ဝိနည်းသိက္ခာပုဒ်များလဲ အစုံအလင် ပညတ်ထားပြီးပြီ။ ငါဘုရားမရှိတဲ့အခါ ထို ဓမ္မ ဝိနယ အဘိဓမ္မာ-၃-ပုံသော ပိဋကတ်တွေဟာ သင်တို့အတွက် ဆရာအဖြစ်နဲ့ ရပ်တည်နေရစ်လိမ့်မယ်လို့ မိန့်ကြားတော်မူတယ်။ ဒီပိဋကတ်သုံးပုံဟာ နှစ်ပေါင်းမြားမြောင် ကြာမြင့်အောင် သင်တို့အတွက် နည်းလမ်းညွှန်ပြပေးနေလိမ့်မယ်။

ငါဟောကြားခဲ့တဲ့ ပိဋကတ်တော်တွေကို
(၁) အယူအဆသစ်တွေ မသွင်းဘဲ
(၂) အယူအဆဟောင်းတွေကိုလဲ မပစ်ပယ်ဘဲ
(၃) ရှိပြီးတရားတော်များကိုလဲ ပြင်ဆင်ခြင်းမလုပ်ဘဲ မူလရှိပြီးအတိုင်း လိုက်နာထိန်းသိမ်း စောင့်ရှောက်ကြမယ်ဆိုရင် တရားတော်များဟာ အမြဲသန့်ရှင်း စင်ကြယ်စွာ ရှိနေကြလိမ့်မယ်။ ဒီအတိုင်းပဲ ယခု တောင်ပိုင်း ထေရဝါဒ ဗုဒ္ဓသာသနာတော်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ စင်ကြယ်မှန်ကန်အောင် စုပေါင်းရွတ်ဆို ညှိနှိုင်းသဘောတူကြတဲ့ သင်္ဂါယနာခြောက်တန်လဲ အားလုံးသဘောတူ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ထေရဝါဒဓမ္မတွေဟာ အတိအကျမှန်ကန်ပြီး မူလဟောတော်မူတဲ့အတိုင်းဆိုတာ ယုံကြည်စိတ်ချ အားကိုးနိုင်တယ်။ မဟာယာနဗုဒ္ဓဘာသာကတော့ ဒီလိုမဟုတ်ဘူး။

မဟာယာနမှာ ဂိုဏ်းကွဲတွေ အများကြီးရှိတဲ့ အထဲက အားကောင်းတဲ့ သဗ္ဗတ္ထဂိုဏ်းခေါ်တဲ့ ဂိုဏ်းတဂိုဏ်းရှိတယ်။ အဲဒီအခါက မဟာယာနက အိန္ဒိယပြည် အနောက်မြောက်နယ်တဝိုက် ကက်ရှမီးယားနယ်၊ ယခု ပါကစ္စတန်ခေါ်တဲ့ မြောက်ပိုင်း ကန္တာရနယ်၊ အဲဒီအနောက် ဆက်သွားရင် တာဂျစ္စတန်၊ ဗလူချစ္စတန်၊ အာဖဂန်နစ္စတန်ဆိုတဲ့ နယ်တွေမှာ မဟာယာနခေတ်စားနေတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ် ၆၀၀-နှင့် ၇၀၀ ကြားလောက်ပေါ့။ အဲဒီအချိန်မှာ အာဏာစက် အလွန်ထက်တဲ့ ဥသျှန်မင်းဆိုတာရှိတယ်။ သူတို့က သကလူမျိုးတွေ။ သက္က-မဟုတ်ဘူး။ သကခေါ်တဲ့ လူမျိုးတွေ။ သက္က ဆိုတာကတော့ ဘုရားအမျိုး၊ သကျသာကီဝင်မျိုးတွေ။ အဲဒီ သကမင်းတို့ စတင်တည်ထောင်ခဲ့တဲ့ နှစ်ကို သက္ကရာဇ်လို့ခေါ်ကြောင်း ရှေးစာဟောင်းများမှာ တွေ့ဖူးတယ်။

အဲဒီ အားကောင်းတဲ့ သကမင်း၊ ကုရှန်မင်းလဲ ခေါ်တယ်။ သူကအားကောင်းတဲ့ သဗ္ဗတ္ထဂိုဏ်းကို ဦးစီးပြီး ပိဋကတ်သုံးပုံကို သူတို့ဘာသာ အကုန်သင်္ဂါယနာတင်တယ်။ ရုပ်နာမ်များဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် မပျက်မစီး အမြဲတည်ရှိတယ်လို့ အယူရှိတယ်။ ခေတ်လူများ အများသိတဲ့ ဥပမာပြရမယ်ဆိုရင် ရုပ်ရှင်ရုံမှာပြတဲ့စက်နဲ့ ပြရမှာပဲ။ ရုပ်ရှင်ပြစက်မှာ တဖက်မှာ ရုပ်ရှင်ကားဘီးခွေ တခွေ၊ နောက်တဖက်မှာ နောက်ဘီးခွေ တခွေ ရှိတယ်။ ရုပ်ရှင်ပြတဲ့အခါမှာ စက်ကလည်ပြီး ဆွဲလိုက်တော့ ဘယ်ဘက်ကအခွေဟာ ဖလင်ပေလိပ်ပါလာပြီး ပြစက်ရဲ့ မှန်ဘီလူးရှေ့မှာ ဖြတ်သန်းသွားတယ်။ အဲဒီမှာ အရုပ်ပေါ်တာပဲ။ ပြပြီးသားဖလင်က ညာဘက်က ဘီးခွေထဲဝင်ပြီး အခွေလိုက် စီပြီးသားအဖြစ်နဲ့ ဝင်သွားတယ်။

သူတို့ရဲ့ သဗ္ဗတ္ထဝါဒအရ ကံကြောင့်ဖြစ်တဲ့ ရုပ်နာမ်များဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် မပျက်မစီး အမြဲတည်ရှိနေတယ်-တဲ့။ အဲဒါ သဿတဝါဒ=မဖြစ်ရသေးတဲ့ ရုပ်နာမ်တရားတွေဟာ တနေရာမှာစုပြီး စောင့်နေတယ်တဲ့။ ကိလေသာနဲ့ ကံကြောင့်ဖြစ်သော ရုပ်နာမ်သည် အနိစ္စ၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကြောင့်ဖြစ်သော ရုပ်နာမ်သည် နိဗ္ဗာန်တွင် အမြဲခံစားလျက်ရှိနေသည်ဆိုတဲ့ ဝါဒကလဲ ပါသေးတယ်။ အဲဒါက ဧကစ္စသဿတဝါဒ-တချို့ မြဲတယ်လို့ဆိုတယ်။ နိဗ္ဗာန်မှာ ရုပ်ထူး နာမ်ထူးနဲ့ အစဉ်အမြဲ ခံစားနေရတယ်ဆိုတဲ့ အယူကို ကြိုက်နှစ်သက်သူများကို လွန်ခဲ့တဲ့ အနှစ် ၂၀-လောက်က ဆူးလေဘုရား တရားပွဲတခုမှာ နာဖူးတယ်။ သို့သော် သာသနာတော် သန့်ရှင်းရေးမူကြောင့် ဒီအယူဟာ တိမ်ကောပျောက်ပျက်သွားတာတွေ့ရတယ်။

ဘုန်းကြီးတို့ ထေရဝါဒမှာ ရုပ်နာမ်ဟာ တနေရာမှာ စုနေတယ်ဆိုတာ လုံးဝမရှိဘူး။ အကြောင်းတရား အကျိုးတရား တိုက်ဆိုင်တဲ့အခါ ပေါ်လာတဲ့ ရုပ်နာမ်ပဲရှိတယ်။ ခဏတိုင်း ခဏတိုင်း ဖြစ်ပေါ်ပြီး ခဏတိုင်း ခဏတိုင်း ပျက်နေတဲ့ အနိစ္စသင်္ခါရဝါဒပဲရှိတယ်။

မဟာယာနက ဘုရားတရားတော်တွေကို လူတို့ကြိုက်သလို ပြင်တော့ ရုပ်တုတော်ကို သူတို့လိုသလို နှာခေါင်းကို ဘယ်မှာထား၊ နားကို ဘယ်မှာတပ် ဆိုပြီး မရိုမသေ၊ မဖွယ်မရာ ပြုပြင်တာနဲ့ တူနေတယ်။ သန္တိလက္ခဏာ ရှိပါတယ်ဆိုထားတဲ့ နိဗ္ဗာန်မှာလဲ ရုပ်တရား နာမ်တရားတွေ သွားထားပြန်တယ်။ အဲဒါ မဟာယာနက အယူအဆတွေ သူတို့လုပ်ချင်သလို လုပ်ထားတာ။ ဒါ နမူနာတခုပဲ ရှိသေးတယ်။

မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံတော်မူဖို့ အဆင်သင့်ဖြစ်နေတဲ့အခါ သံဃာတော်အားလုံးကို ကရုဏာရှေ့ထားပြီး ဟောကြားတာရှိသေးတယ်။ သံဃာ ခုနစ်သိန်းကျော်ရှိတဲ့ ရဟန်းပရိသတ် အစုံအညီရှိနေတဲ့အချိန်မှာ မြတ်စွာဘုရားက အခွင့်အရေးအနေနဲ့ အရှင်အာနန္ဒာတို့၊ အရှင်အနုရုဒ္ဓါတို့ ရှေ့မှောက်မှာ-ငါ၏ချစ်သား ရဟန်းများတို့၊ ငါဘုရား ပရိနိဗ္ဗာန်စံတော့ သင်တို့ဆရာ မရှိတော့ဘူးဆိုပြီး စိတ်ပျက်ပူဆွေးခြင်း မဖြစ်ကြနဲ့။ ငါဘုရား ၄၅-ဝါပတ်လုံး ဟောထားခဲ့တဲ့ ဓမ္မတွေ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာတွေ) ဟာ ဆရာအဖြစ်နဲ့ သာသနာ ရှည်ကြာစွာ တည်နေရစ်လိမ့်မယ်။ အခု ပရိနိဗ္ဗာန်စံရန် နာရီပိုင်းပဲလိုတော့တယ်။ ငါရှိတုန်းမှာ သင်တို့သိလိုတဲ့ ပြဿနာတွေ၊ သံသယတွေရှိရင် မေးလိုရာ မေးကြ-လို့ မြွက်ကြားတော်မူတယ်။

ခုနစ်သိန်းသော သံဃာတွေမှာ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ များတယ်။ အဲဒီထဲမှာ သောတာပန်ဟာ အငယ်ဆုံးအဆင့်ပဲ။ မြတ်စွာဘုရားက ဒီလိုအခွင့်အရေး ဖွင့်ပေးသော်လည်း ဘယ်သံဃာကမှ မမေး။ အားလုံးငြိမ်သက်နေကြတယ်။ ဒါနဲ့ အရှင်အာနန္ဒာက-အားလုံး ကျေနပ်လက်ခံကြပါတယ်၊ မေးရန် မရှိပါဘုရား-လို့ လျှောက်တယ်။

အဲဒီနောက် မြတ်စွာဘုရားက ထပ်မံမေးတော်မူပြန်တယ်။ သင်တို့ မမေးရဲလို့ရှိရင် အနီးအနားမှာ ရှိတဲ့ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ စတဲ့ သံဃာတော်ကြီးများကတဆင့် မေးနိုင်တယ်။ ငါ နောက်ဆုံးအခွင့်အရေး ပေးချင်တာက အကယ်၍ (အကယ်၍သာ) သံဃာများအားလုံးက အလိုရှိမယ်ဆိုရင် ငါ၏ ပညတ်ချက်များထဲက ခုဒ္ဒါနုခုဒ္ဒက (ငယ်သော ဝိနည်းများ၊ ပို၍ငယ်သော ဝိနည်းများ) ကိုလဲ ပြင်ဖို့ရာ ဖြည့်စွက်ဖို့ရာ ပယ်နုတ်ဖို့ရာ ခွင့်ပြုတော်မူမယ်။ အဲဒါ သင်တို့ အရေးထားပြီး မှတ်သားထားကြပါ။ အဲဒီလိုပြင်တဲ့အခါမှာ သင့်တော်သလား၊ မှန်ကန်ပြီလား ဆိုတာတွေကို အားလုံးသဘောတူပြီးသည့်တိုင်အောင် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတွေအားလုံးနှင့် ညှိကြည့်ပြီး အားလုံး မဟာပဒေသလေးပါးနဲ့ အစစကိုက်ညီဖို့လိုတယ်။ အဲဒီ မဟာပဒေသ လေးပါးဆိုတဲ့ ပေတံနဲ့ တိုင်းပြီး အကုန်ညီညွတ်ဖို့ လိုတယ်။ အဲဒီ မဟာပဒေသလေးပါးကို နောက်တရားမှ ဆက်လက်ရှင်းပြပါမယ်။

ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၄ )

ငါဘုရားပရိနိဗ္ဗာန်စံပြီးသည့်နောက် တယောက်သောပုဂ္ဂိုလ်က အယူအဆသစ် တင်သွင်းလာတော့မယ်ဆိုရင် အဲဒီဝါဒကို ပိဋကတ်သုံးပုံထဲမှာ ထည့်ကြည့်လိုက်ပါ။ ညှိကြည့်လိုက်ပါ။ သုတ္တန်တွေထဲ ထည့်ကြည့်၊ ကိုက်ညီတယ်၊ ဝင်သွားတယ်ဆိုရင် ဒါ လက်ခံနိုင်တယ်။ သုတ္တန်မှာ မဝင်ရင် ဝိနည်းမှာထည့်ကြည့်ပါ၊ ဝိနည်းထဲ ဝင်သွားသလား၊ ဒါဆိုရင် ကောင်းတယ်၊ မဝင်ဘူးဆိုရင် အဘိဓမ္မာထဲမှာ ထည့်ကြည့်ပါ။ အဲဒါ အံဝင်ခွင်ကျ ဝင်သွားရင်ကောင်းတယ်၊ သုတ္တန် ဝိနည်း အဘိဓမ္မာ ဘယ်မှာမှမဝင်ဘူးဆိုရင် အဋ္ဌကထာမှာထည့်ကြည့်၊ အဋ္ဌကထာထဲဝင်သွားတယ်၊ ညီညွတ်တယ်ဆိုရင် ကောင်းတယ်၊ အဋ္ဌကထာထဲမှာ မဝင်ဘူးဆိုရင် ဋီကာထဲမှာ ထည့်ကြည့်ပါ။ ဝင်သွားရင်ကောင်းတယ်၊ ဘယ်မှာမှ ထည့်လို့မရရင် အာစရိယဝါဒနှင့် ညှိကြည့်ပါ၊ အာစရိယဝါဒဆိုတာ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိတို့လို ပုဂ္ဂိုလ်များကို ပြောတာ။ အာစရိယဝါဒထဲ ဝင်သွားတယ်ဆိုရင်လဲ တော်ပါသေးတယ်။ အဲဒီလေးမျိုးနှင့် ညှိလို့မရတဲ့ အယူအဆဝါဒမျိုးဆိုရင် ပစ်ပယ်လိုက်။ အဲဒါ မဟာပဒေသလေးပါးပဲ။

ပါဠိတော်ရယ်၊ အဋ္ဌကထာရယ်၊ ဋီကာရယ်၊ အာစရိယဝါဒရယ် အားလုံးလေးပါးပေါ့။ အဲဒီ အားကိုးအားထားပြုရမဲ့ အာစရိယဆိုတာက မဟာပဒေသလေးပါးကို လိုက်နာကျင့်ဆောင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။

လက်မခံတဲ့ဆရာမျိုးနဲ့ဆိုရင် မဖြစ်ပြန်ဘူး။ ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုတယ်။ ဒါကြောင့် ပေါ်ပေါက်လာတဲ့ ဝါဒကွဲများကို မဟာပဒေသနှင့်သွင်းညှိပြီး ကိုက်ညီဖို့ အရေးကြီးတယ်ဆိုတာ။ ဒါဟာ သာသနာကို ကြည့်ညိုတဲ့ပုဂို္ဂလ်တွေ အကျေအလည်သိထားဖို့ လိုအပ်တယ်။ နောက်ပြီး တန်ခိုးကိစ္စနဲ့ပတ်သက်ပြီး ပြောစရာတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကေဝဋသုတ် ဟောတဲ့အခါကျမှ ဟောပြမယ်။ အခုတော့ ဝါဒဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး ဒါလောက်ပဲ မှတ်ထားဦး။

( မြတ်ဗုဒ္ဓရုပ်ကလာပ် မီးရှို့၍ မလောင်)

မြတ်စွာဘုရားပျံလွန်ပြီး ရုပ်ကလာပ်တော်ကို ကုသိနာရုံအရှေ့ဘက် နံ့သာထင်းပုံပေါ်မှာ တင်ပြီး မီးပူဇော်ကြဖို့ ဆောင်ရွက်ကြတယ်။ အဲဒီအခါမှာ မလ္လာမင်းများက မီးရှို့ဖို့ ပြင်ဆင်ကြတာ။ မီးက ရှို့လို့မလောင်ဘူး။ အရှင်အနုရုဒ္ဓါက ကြည့်နေတယ်။ ထင်းပုံကြီးက မီးမစွဲနိုင်ဘူး။ နောက်တော့ နတ်တွေက အရှင်အနုရုဒ္ဓါကို လာလျှောက်ကြတယ်။ အခုအခါမှာ အင်မတန်အရေးကြီးပုဂ္ဂိုလ် မရောက်လာသေးလို့ မီးမလောင်တာပါ။ လာမည့် သာသနာတော်တရပ်လုံး ပခုံးပေါ်လွဲပြောင်းတဲ့ ပုဂ္ဂိုလ်ကြီး ရောက်အောင်စောင့်ပါဦး၊ အလောင်းတော်ကို ဖူးမြော်ခွင့်ပေးပါဦး။ မီးသင်္ဂြိုဟ် မစောပါနဲ့။ သာသနာတော်ကို ဆက်လက်ထမ်းဆောင်မည့်ပုဂ္ဂိုလ်က လာနေတုန်းရှိပါသေးတယ်။ ရောက်အောင်စောင့်ပါဦး။ သာသနာတော်ကြီးတရပ်လုံးကို အရှင်အာနန္ဒာလဲ မထမ်းဆောင်နိုင်ဘူး။ အရှင်အနုရုဒ္ဓါ၊ အရှင်ဥပါလိတို့လဲ မထမ်းဆောင်နိုင်ဘူး။ ထမ်းဆောင်ဖို့ ပခုံးလွှဲပြောင်းပေးထားတဲ့ ပုဂ္ဂိုလ်က အရှင်မဟာကဿပသာ ဖြစ်ပါတယ်။

( အရှင်မဟာကဿပ တာဝန် )

အရှင်မဟာကဿပရဲ့ ဂုဏ်စွမ်းရည်ကို သိမြင်ပြီး ဘဒ္ဒိယတိုင်းပြည်က အရှင်မဟာကဿပအလောင်း လူဝတ်နဲ့ ရာဇဂြိုဟ်ပြည်ကို ကြွလာတဲ့အချိန်မှာ မြတ်စွာဘုရားက ခြောက်မိုင်လောက်သွားကြိုပြီး စောင့်နေခဲ့ဖူးပါတယ်။ အရှင်မဟာကဿပ ရဟန်းမဖြစ်မီ လူ့ဘဝကစပြီး ကြိုဆိုတာဟာ-ဒီပုဂ္ဂိုလ်ဟာ ငါဘုရားမရှိတဲ့နောက် သာသနာကို ထိန်းသိမ်းမယ့်ပုဂ္ဂိုလ် ဖြစ်လာမယ်ဆိုတာ ကြိုတင်မြင်တော်မူလို့-ဖြစ်ပါတယ်။ ဆရာသမားတွေက ချီးမြောက်တဲ့နေရာမှာ ဒီလိုကြိုတင်မြော်မြင်ပြီး မြင်ကြတာဟာ အလွန်အံ့ကြချီးကျူးစရာ ကောင်းတယ်။ ဒီအရည်အချင်းကို ဧကဒဿီလို့ ခေါ်ရမှာပေါ့။ အနာဂတ်ရှည် ဝေးစွာသောကာလကို မျှော်ပြီး မြင်တတ်တဲ့ပုဂ္ဂိုလ်မြတ်တွေပဲ။ ဒီလိုပုဂ္ဂိုလ်မျိုးကို လောကစက္ခု (လောကမျက်လုံး) လို့လဲခေါ်ရတယ်။ ရှင်မဟာကဿပက ဆွေမျိုးတွေလဲ အလွန်ပေါတယ်။ သူဌေးမျိုးဖြစ်တဲ့ ရှင်မဟာကဿပကို ဆွေမျိုးတွေက အလွန်နူးညံ့ပြီး ချောမွတ်နေတဲ့ ကာသိတိုင်းဖြစ်အဝတ်ကို နှစ်ထပ်သင်္ကန်းကြီး ချုပ်ပြီး လှူလိုက်ကြတာကို အရှင်မဟာကဿပက ပခုံးပေါ်တင်လာတယ်။ ဘုရားရှင်အနီးရောက်လို့ ရှိခိုးဦးချတဲ့အခါ ဘုရားရှင်က အဲဒီသင်္ကန်းကို ကိုင်ကြည့်ပြီးတော့ ချောမွေ့လိုက်တာ၊ နူးညံ့လိုက်တာ ဆိုပြီး ချီးမွမ်းစကား ပြောတယ်။ ဒီတော့ ကဿပအရှင်က မြတ်စွာဘုရား နှစ်သက်တယ်ဆိုပြီး သူ့ပခုံးပေါ်က သင်္ကန်းကြီးကို ကပ်လှူလိုက်တယ်။ ဘုရားကိုယ်တော်က ရှင်မဟာကဿပ တိစီဝရိတ်ဓုတင် ဆောင်တော်မူတာ သိတယ်။ အမြဲ တောမှာနေတယ်။ ဓုတင် ၁၃-ပါးကို အမြဲဆောင်တော်မူတယ်။ ဓုတင်ပုဂ္ဂိုလ်ဖြစ်တော့ တနေ့လုံးမှာ တထပ်တည်း တထိုင်တည်းသာ ဘုဉ်းပေးတော်မူတယ်။ ဒီလိုပုဂ္ဂိုလ်မြတ်မျိုး သာသနာတော်မှာ ခေါင်းဆောင်ဖြစ်စေတော်မူဖို့ အထူးရွေးချယ်တော်မူတာ။ တိစီဝရိတ်ဆောင် သံဃာတော်က သူ့သင်္ကန်းကြီး ဘုရားလှူလိုက်တော့ သူ့မှာ သင်္ကန်းနှစ်ထည်သာ ကျန်တော့တယ်။ မြတ်စွာဘုရားက သူကိုယ်တိုင် ဆောင်ထားတဲ့ နှစ်ထပ်သင်္ကန်း ကြမ်းကြမ်းထူထူကြီးကို အရှင်မဟာကဿပ ပခုံးပေါ် တင်ပေးလိုက်တယ်။ နောင်လာမည့် သာသနာတော်ကို ပခုံးလွှဲပေးလိုက်တာ ဖြစ်တယ်။

( လောက်အပြည့်နဲ့ အဝတ် လျှော်ဖွပ်ယူသော မြတ်ဗုဒ္ဓ)

ဘုရားရှင်ရဲ့ ပံ့သကူသင်္ကန်းကလဲ အလွန်မွန်မြတ်တဲ့ သင်္ကန်း။ ဘုရားကိုယ်တော်တိုင် သုဿာန်သွားပြီး ပုဏ္ဏာဆိုတဲ့ ကျွန်မတယောက် အလောင်းက ခွါယူလာခဲ့တာ။ ပုဏ္ဏာကျွန်မအလောင်းကို ပိတ်တွေနဲ့တင်းကျပ်အောင်စည်းပြီး သင်္ချိုင်းမှာ သွားတွေ့တော့ မြတ်စွာဘုရားက ပုပ်ပွနေတဲ့ အလောင်းကောင်ပေါ်ကအဝတ်ကို ခွါယူတယ်။ အသားတွေပါ ကပ်ပါလာပြီး တရှဲရှဲမြည်အောင် ခွါယူလိုက်တော့ လောက်တွေ တဖွားဖွားတက်နေတာကို ဝါးခြမ်းပြားနဲ့ ခြစ်ထုတ်ရတာ။ တပြည်လောက်ရတယ်။ အဲဒီအသားပုပ်တွေ ကပ်နေတဲ့အဝတ်ကို အလောင်းကောင်က ခဲခဲယဉ်းယဉ်း ခွါယူပြီး အစိရဝတီမြစ်ထဲမှာ ရေလျှော်တော်မူတယ်။ ဒီအခါမှာ မဟာပထဝီမြေကြီး ပြင်းစွာလှုပ်သွားတယ်။ အဲဒီအဝတ်စကို သင်္ကန်းချုပ်၊ အညိုရောင်ဆိုးပြီးတော့ ဘုရားသုံးဆောင်တော်မူတာ။ အဲဒီလိုပံ့သကူ သင်္ကန်းဟာ မြတ်လွန်းလို့ ဥက္ကဋ္ဌပံ့သကူလို့ ခေါ်တယ်။ ဒီထက်ညံ့တဲ့ ပံ့သကူမျိုးကိုတော့ ဩမက ပံ့သကူလို့ခေါ်တယ်။

အခုခေတ်မှာလဲ ပံ့သကူပစ်တာ ရှိကြပါတယ်။ ခုခေတ်မှာတော့ ဆိုင်ပေါ်က အကောင်းဆုံးသင်္ကန်း ဝယ်ယူပြီး စင်စင်ကြယ်ကြယ် လုံလုံခြုံခြုံထုပ်ပြီး ဖုန်မတင်အောင် ဖုံးဖိပြီး ထားတတ်ကြတယ်။ ပြီးတော့မှ ဆရာတော်များ ကြွလာမည့်လမ်းမှာ ချထားပြီး ဘယ်ဆရာတော် ကောက်ယူသွားသလဲဆိုတာ ကွယ်ရာက ချောင်းကြည့်လေ့ရှိတယ်။ ပံ့သကူဆိုတာ မြေမှုန်အထပ်ထပ် ပေကပ်နေပြီး မြေပေါ်ပစ်ထားတာ။ အခုတော့ မြေမလိမ်း၊ ရွှံ့မတင်၊ ဖုန်မဝင်အောင် အပေါ်ကအဝတ်အထည်တွေဖုံးပြီး ထားလေ့ရှိကြတယ်။ ဘုန်းကြီး သပိတ်အိုင်မှာနေတုန်းက ကိုယ်တိုင်ကောက်ယူပြီး သုံးဖူးတာ။ ကိုယ်တွေ့ပြောပြနေတာ။ အဲဒီပုဏ္ဏာအလောင်းက ခွါယူထားတဲ့သင်္ကန်းကို ဘုရားရှင်က ရှင်မဟာကဿပ ပခုံးပေါ် တင်ပေးလိုက်တယ်။ ဒီသာသနာတခုလုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကို ငါ့အပ်လိုက်တာပဲဆိုတာ အရှင်ကလဲ နားလည်တော်မူတယ်။ ဘုရားမရှိတဲ့နောက် သာသနာတော်ကို ငါစောင့်ရှောက်ရမယ်။ ငါ့ပခုံးပေါ် သာသနာတခုလုံး ရောက်သွားပြီ။ အဲဒါ ဘုရားရှင်ကိုယ်တော်တိုင် သာသနာ့တာဝန်ကို လွှဲအပ်ခဲ့ပုံ ထေရဝါဒပုံစံပဲ။ မဟာယာနခေါင်းဆောင်ရွေးပုံက တမျိုး။ ဒါနောက်ပိုင်း ပြောပြမယ်။

( ကိုယ်တုံးလုံး တက္ကတွန်းက နတ်ပန်းပွင့် ထီးဆောင်းလာပုံ )

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးပြီ။ ခုနစ်ရက်မြောက် လွန်ပြီးပြီ။ ပခုံးပြောင်းတာဝန် ပေးအပ်ခြင်းခံရတဲ့ ရှင်မဟာကဿပက အဝေးရောက်နေသေးတယ်။ ရှင်မဟာကဿပနှင့် တပည့်သံဃာတော်များက ကုသိနာရုံကိုလာဆဲ။ လမ်းမှာရှိသေးတယ်။ လမ်းခုလတ်မှာ အာဇီဝက တက္ကတွန်းကြီးတယောက်နဲ့ တွေ့တယ်။ အာဇီဝက တက္ကတွန်းက နိဂဏ္ဍနာဋပုတ္တရဲ့ ဂိုဏ်းအဖွဲ့ထဲကလူ။ သူတို့ဂိုဏ်းက အဝတ်မဝတ်ဘူး။ ဝတ်လစ်စလစ် ကျင့်တဲ့ဂိုဏ်း။ တုံးလုံကြီးနေတယ်။ ကဆုန်လ ပူတဲ့ရာသီဆိုတော့ အဝတ်မပါတဲ့ တက္ကတွန်းကြီးက ကြီးမားလှပတဲ့ ပန်းကြီးကို အလယ်က အရိုးတပ်ပြီး ထီးအဖြစ် ဆောင်းလာတယ်။ အဲဒီထဲက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့ နတ်များက ပန်းမိုးရွာချတာ။ ဒူးအထိမြုပ်အောင် ဖုံးလွှမ်းနေတာ။ ဒါကို ကောက်ယူပြီး ထီးလုပ်လာတာ။ ဒီထီးဟာ သာမညမဟုတ်။ နတ်ပန်းကို အရိုးတပ်လာတာဆိုတာ ရှင်မဟာကဿပက သိတယ်။ ကိုယ်တုံးလုံးကောင်ကြီးက နတ်ပန်းကို ထီးလုပ်ဆောင်းလာတာ။ ဘယ်လိုကြည်ညိုဖွယ်ကောင်းမလဲဆိုတာ ပရိသတ်များ မျှော်မှန်းကြည့်လိုက်ပေတော့။

မန္ဒာရဝနတ်ပန်းဆိုတာ ဘုရားပွင့်တော်မူတဲ့နေ့နဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့မှာ နတ်များ ပူဇော်ကြဲချကြတာ။ ဒီပန်းကိုမြင်တော့ ရှင်မဟာကဿပက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီထင်တယ်ဆိုတာ တွေးတောစိတ်လေးနေတယ်။ တက္ကတွန်းအနားရောက်တော့ သင်-ဘယ်ကလာတာလဲ-လို့မေးတယ်။ ကျွန်ုပ် ကုသိနာရုံက လာခဲ့ပါတယ်-လို့ ပြောတယ်။ ဒါနဲ့ တို့များရဲ့ ဆရာဖြစ်တဲ့ ဂေါတမဗုဒ္ဓဘုရားနဲ့ တွေ့မြင်ခဲ့ရဲ့လား။ ဘာသတင်းများ ကြားခဲ့လဲ-လို့ မေးတော့ တက္ကတွန်းက ကြားတာပေါ့-အခု ကွယ်လွန်တာတောင် ခုနစ်ရက်ရှိသွားပြီ-လို့ ပြောတယ်။

( ငိုကြွေးမဆုံးသော ရဟန်းတော်များ )

ဒီသတင်းလဲကြားရော အရှင်မဟာကဿပ နောက်တော်ကပါလာကြတဲ့ ရဟန်းငါးရာထဲက ပုထုဇဉ်ရဟန်းတွေရယ်၊ သောတာပန်ရဟန်းတွေရယ်၊ သကဒါဂါမ်ရဟန်းတွေရယ်၊ သုံးမျိုးသောပုဂ္ဂိုလ်တွေက ဖြေမဆည်နိုင်ဘဲ အပြင်းအထန် ငိုကြွေးကုန်ကြတယ်။ အနာဂါမ် ရဟန္တာတွေကတော့ သောကကင်းနေပြီး တရားသဘောနဲ့ပဲ ဆင်ခြင်တယ်။ မငိုတော့ဘူး။ ဒီအချက်ကို ပရိသတ်များ သတိပြုပါ။ ရဟန္တာပုဂ္ဂိုလ်များ ရာဂနဲ့ဒေါသ ငြိမ်းနေပြီ။ သောကဆိုတာ ရာဂနဲ့ဒေါသရဲ့ အကျိုးဖြစ်တယ်။

ရဟန်းတော်တွေဟာ အပြင်းအထန် ငိုကြွေးကြပြီး ပရိနိဗ္ဗာန်စံတာ စောလှချည်လား။ လောကမှာ မျက်လုံးကွယ်သွားပြီ။ လောကသားတွေ အကန်းဖြစ်ကုန်ပြီ။ ရဟန်းတော်များဟာ တပါးတည်း မရပ်တည်နိုင်ဘဲ နှစ်ပါးတွဲနေရတယ်။ နှစ်ပါးတွဲလို့လဲ ထောက်တည်ရာမရနိုင်လို့ ငါးပါးတွဲပြီး ငိုကြတာ။ အကုန် ယိုင်လဲကုန်ကြတယ်။

ထေရဝါဒဗုဒ္ဓဘာသာ နှင့် မဟာယာနဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၁ )

ယခင်လများက ဘုန်းကြီးတို့ပြောကြားခဲ့တဲ့ ဒုတိယသင်္ဂါယနာမှာ ဒေဝဒတ်၏ တပည့်အဆက်အနွယ်များဖြစ်လာကြတဲ့ ဝဇ္ဇီပုတ္တကရဟန်းများ၊ အဲဒီ ဝဇ္ဇီပုတ္တရဟန်းတွေ သင်္ဂါယနာတင်ပွဲကြီးအပြီးမှာ သူတို့ဟာ ဝေသာလီကနေ နှင်ထုတ်ခံရတယ်။ ဘာကြောင့်လဲဆိုတော့ ၂၂၇-ပါးသော သိက္ခာပုဒ်တွေထဲကနေ အဓမ္မဝတ္ထု ၁၀-မျိုး၊ သိက္ခာပုဒ်အနုစားလေး ၁၀-မျိုးကို ပယ်ဖျက်ဖို့ ကြိုးစားကြတဲ့အတွက် အဲဒီဝါဒကို မစွန့်တဲ့အတွက်ကြောင့် ဝေသာလီပြည်ကနေနှင်ထုတ်ခံရတယ်။

အဲဒီတုန်းက ဘုရားဝိနည်းတော်ကို ပြင်ချင်တဲ့ပုဂ္ဂိုလ်တွေက များတော့ သူတို့နောက်ကို လိုက်သွားတဲ့ သံဃာတွေဟာ တသောင်းကျော်ရှိတယ်။ အဲဒီ တသောင်းကျော်သော ကိုယ်တော်တွေ ဘယ်ရောက်သွားသလဲဆိုတော့ ကောသမ္ဗီ ရောက်သွားတယ်။ ကောသမ္ဗီရောက်တဲ့အခါကျမှ ဝေသာလီပြည်မှာ အရှင်ယသ မထေရ်ကြီးနဲ့ ရဟန်းတော် ၇၀၀-တို့က ဒုတိယသင်္ဂါယနာတင်ရာမှာ ပြောခဲ့တဲ့အတိုင်း ဘုရားရှင်မဟောတာကိုလဲ ထပ်မထည့်ဘူး။ ဟောတာကိုလဲ နုတ်မပစ်ဘူး။ ပြင်ဆင်ချက်လဲ မလုပ်ဘူး။ မူရင်းအတိုင်းပဲ ထိမ်းသိမ်းအတည်ပြုကြတယ်။

ကောသမ္ဗီရောက်သွားတဲ့ ဝဇ္ဇီပုတ္တက အမည်ခံကြတဲ့ ရဟန်းတသောင်းကတော့ အဲဒီ ဒုတိယသင်္ဂါယနာနှင့်အတူ သင်္ဂါယနာကို ပြိုင်ပြီးတော့ တင်ကြတယ်။ နှင်ထုတ်ခံရတဲ့ ကိုယ်တော်တွေက ဒုတိယသင်္ဂါယနာကို အပြိုင်တင်တော့ ဝဇ္ဇီပုတ္တကရဟန်းတို့ရဲ့ သင်္ဂါယနာအပြိုင်တင်ရာမှာ တက်ရောက်တဲ့ သံဃာက တသောင်း။ သူတို့ဂိုဏ်းကို သူတို့က ကြီးကျယ်လွန်းတယ်ဆိုပြီးတော့ မဟာသံဃိက။ နောက်တော့ မဟာယာနလို့ ဖြစ်လာတယ်။ ပိဋကတ်သုံးပုံကို အကုန်လုံး ပြင်ဆင်ပစ်ကြတာ။ ကောသမ္ဗီမှာ အချို့သိက္ခာပုဒ်တွေကို နုတ်ပစ်တယ်။ အချို့သိက္ခာပုဒ်တွေကို အသစ်ရေးထည့်တယ်။ ပိဋကတ်မှာလဲ အဲဒီအတိုင်းပဲ။ အချို့သုတ္တန်ကို အသစ်ရေးထည့်တယ်။ အဘိဓမ္မာလဲ ဒီအတိုင်းပဲ ပြင်ပစ်တယ်။ အထူးသဖြင့် သုတ္တန်ပိဋကတ် အကုန်လုံးကို ပြင်ဆင်ပြီးတော့မှ မဇ္ဈိမနိကာယ်၊ အင်္ဂုတ္တရနိကာယ် စသည်ဖြင့် အဲဒီလို နာမည်မပေးဘဲနဲ့ မွန်စုသီရိနိကာယ်လို့ နာမည်ပြောင်းပစ်လိုက်တယ်။

ဒီကနေ့ မဟာယာနမှာ မင်စုဆရီ-ဆိုတဲ့ နတ်သားကြီးတယောက် ရှိတယ်။ အဲဒီနတ်သားကို သူတို့ရှိခိုးကြတယ်။ နီပေါမှာလဲ အဲဒီအရုပ်ဟာ အများကြီးရှိတယ်။ ဘုရားဟောနိကာယကို မင်စုဆရီနိကာယ။ အဲဒါ နတ်ပြည်က ပြန်လာတာ။ နတ်ပြည်ကနေ ပြန်သယ်လာတယ်လို့ သူတို့ တကယ်ယူဆကြတယ်။ သင်္ကန်းပရိက္ခရာအားလုံး ပြင်ပစ်လိုက်တယ်။ တိဘက်ဘုန်းကြီးတွေရုံတဲ့ သင်္ကန်းအားလုံး မြင်ဖူးသားပဲ။ ဂျပန်ဘုန်းကြီးတွေ၊ ကိုးရီးယားဘုန်းကြီးတွေရဲ့အဝတ်အထည်အားလုံးလဲ မြင်ဖူးကြတာပဲ။ အဲဒါ ကောသမ္ဗီကနေ ဝဇ္ဇီပုတ္တကကိုယ်တော်တွေ စပြင်တာ။

(၁) ပိဋကတ်သုံးပုံကို ပြင်ဆင်နုတ်၊ ဖြည့်စွက် အကုန်လုပ်တယ်။
(၂) ဝတ်ဆင်တဲ့သင်္ကန်း အကုန်လုံး ပြင်ဆင်ပစ်ကြတယ်။

ဝဇ္ဇီပုတ္တကရဟန်းတွေ သူတို့က သူတို့၈ိုဏ်းကို မဟာသံဃိကဂိုဏ်းလို့ ခေါ်တယ်။ အဲဒီ မဟာသံဃိက ဂိုဏ်းကနေ မဟာယာနဖြစ်ပါတယ်။ မဟာသံဃိက-ကနေ ကွဲသွားကြတာ ကောဟာလိကဆိုတဲ့ ဂိုဏ်းတဂိုဏ်း၊ ပဏ္ဏတ္တိဝါဒဆိုတဲ့ ဂိုဏ်းတဂိုဏ်း၊ ဗဟုသုတိကာဆိုတဲ့ ဂိုဏ်းတဂိုဏ်း၊ စသည်ဖြင့် ဂိုဏ်း ၅-ဂိုဏ်း ထပ်ကွဲတယ်။ ထေရဝါဒဂိုဏ်းကလဲ ထပ်ကွဲတာ။ အဲဒီကထက် ပိုများတယ်။

ထေရဝါဒ ဒုတိယ သင်္ဂါယနာတင်ပွဲမှာ အရှင်အာနန္ဒာရဲ့ တပည့် ရဟန္တာပုဂ္ဂိုလ်ကြီး ၆-ပါး၊ အရှင်အနုရုဒ္ဓါရဲ့ တပည့် ရဟန္တာပုဂ္ဂိုလ်ကြီး ၂-ပါး၊ အဲဒီအထဲမှာ သက်တော် ၁၂၀-ရှည်တော်မူကြတဲ့ ရဟန္တာပုဂ္ဂိုလ်ကြီး ၇-ပါးနဲ့ သက်တော် ၁၄၀-ရှည်တော်မူတဲ့ ရဟန္တာပုဂ္ဂိုလ်ကြီး ၁-ပါး၊ ပေါင်း ၈-ပါး ဦးဆောင်ပြီး တင်ကြပါတယ်။ အကြီးဆုံးရဟန်းက သဗ္ဗဂါမိမထေရ်၊ သက်တော် ၁၄၀-ရှိနေပြီ။ ပထမနဲ့ ဒုတိယ သင်္ဂါယနာကြားမှာ နှစ်ပေါင်း ၁၀၀-ရှိတယ်။ ဒါကြောင့် ဒီမထေရ်ကြီးတွေ ဒုတိယသင်္ဂါယနာမှာ လာမီကြတာ။ အဲဒီမထေရ်ကြီး ၈-ပါး ဦးဆောင်ပြီး တင်ထားတဲ့ သင်္ဂါယနာကို ထေရဝါဒ သင်္ဂါယနာလို့ ခေါ်တယ်။ သင်္ဂီတိသင်္ဂါယနာ မဟုတ်ဘူး။

ဒီထေရဝါဒ သင်္ဂါယနာပွဲကြီးပြီးတော့ နောက်ပိုင်း နှစ်တွေ၊ နှစ်တွေပြောင်းတော့လဲပဲ အသောကမင်း မတိုင်မီ၊ အသောကမင်းက နှစ် ၂၃၆-မှာတတိယသင်္ဂါယနာတင်တယ်။ အဲဒီနှစ်မတိုင်မီ နှစ် ၁၀၀-ကျော်ကျော်ကြားထဲမှာ ထေရဝါဒကလဲ ဘာတွေဖြစ်လာသလဲဆိုတော့-

(၁) မဟိသာဓကဂိုဏ်း
(၂) ဝဇ္ဇီပုတ္တကဂိုဏ်း
(၃) သဗ္ဗတ္ထိဝါဒဂိုဏ်း
(၄) ဓမ္မသုပ္ပတိဂိုဏ်း
(၅) ဓမ္မုတြိယဂိုဏ်း
(၆) ဘဒြာဟာနိဂိုဏ်း
(၇) စန္ဒာဂါဋိကဂိုဏ်း
(၈) သမိစယဂိုဏ်း
(၉) ကဿပိကဂိုဏ်း
(၁၀) သင်္ဃဋိကဂိုဏ်း
(၁၁) သုတ္တဝါဒဂိုဏ်း
ဆိုပြီးတော့ ပင်မထေရဝါဒဂိုဏ်းက ထပ်ပွားတာက ၁၁-ဂိုဏ်း၊ ပင်မ မဟာသံဃိကဂိုဏ်းက ထပ်ပွားတာက ၅-ဂိုဏ်း၊ ပေါင်းလိုက်တော့ ၁၆-ဂိုဏ်းဖြစ်သွားတယ်။ အဲဒါဟာ ပထမသင်္ဂါယနာနဲ့ ဒုတိယသင်္ဂါယနာကြား အတွင်းမှာ ကွဲကြတဲ့ဂိုဏ်းတွေပဲ။ အဲဒီဂိုဏ်းတွေ ကွဲကြတဲ့ အဓိပ္ပါယ်ကို ကထာဝတ္ထု အဋ္ဌကထာမှာ အကျယ်တဝင့်ပါတယ်။

အဲဒီထဲမှာ ပိုပြီးတော့ ထူးခြားတာက ပရိသတ်ရေ၊ မြောက်ပိုင်းကို ရွှေ့သွားတဲ့ဂိုဏ်းပေါ့။ ဘာဂိုဏ်းလဲဆိုတော့ သဗ္ဗတ္ထိဝါဒဂိုဏ်း။ သူက တော်တော်စွမ်းတယ်။ အဲဒီဂိုဏ်းက အိန္ဒိယပြည်ရဲ့ မြောက်ပိုင်း တောင်ခြေတဝိုက် ဥတ္တရာပရာဒေ့(ချ်)၊ ပန်ချပ်၊ အဲဒီကနေ အနောက်ကိုသွား ကတ်ရှမီးယား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တူရကီ၊ မြောက်ဘက်နား နည်းနည်းရွှေ့လိုက်ရင် ရုရှားပြည် တောင်ဘက်ခြမ်း စသည်ဖြင့် အဲဒီနယ်တခွင်၊ ဟိမဝန္တာတောင်ခြေတခွင်မှာ ဒီဂိုဏ်းက အားအကောင်းဆုံး။ အဲဒီအချိန် အဲဒီအရပ်မှာ ကုရှန်မင်း အုပ်ချုပ်နေတယ်။ အဲဒီကုရှန်မင်းများရဲ့ လက်ထက်မှာ သုမိတ္တဆိုတဲ့ မထေရ်ကြီးက အကြီးအကဲပြုပြီးတော့ သဗ္ဗတ္ထိဝါဒဂိုဏ်းက သင်္ဂါယနာ တခါထပ်တင်ကြပြန်တယ်။

အဲဒီသင်္ဂါယနာကျတော့ ပိုဆိုးသွားတယ်။ ပရိသတ်ရေ၊ လက်ရှိပိဋကတ်သုံးပုံကို အကုန်လုံးလောက်နီးနီး ရုတ်သိမ်းပြီးတော့ အသစ်ချည်းရေးသွားတယ်။ အဘိဓမ္မာ ၇-ကျမ်း ဆိုလို့ရှိရင် အကုန်လုံး ပြင်ပစ်တယ်။ သူတို့ပြင်ရေးတဲ့ ကျမ်းကြီးတွေကို ဘာခေါ်သလဲဆိုလို့ရှိရင် ဝိဘာဂါ-လို့ခေါ်တယ်။ နာမည်ပါ ပြောင်းသွားတယ်။ ပိဋကတ်လို့ မခေါ်တော့ဘူး။ ဝိဘာရှာ-လို့ သူတို့အသံနဲ့ ဒီလိုခေါ်တယ်။ အဲဒီတော့ သုတ္တန်အတွက်ဆိုပြီး ဂါထာတသိန်း၊ အဘိဓမ္မာအတွက် ဂါထာတသိန်း၊ သုတ် ဝိနည်း၊ အဘိဓမ္မာကို အကုန်လုံး အသစ်ပြန်ရေးတာ ဂါထာတသိန်း၊ အဲဒီလိုရေးပြီး ဝိဘာရှာ ဆိုပြီးတော့ ကျမ်းကြီးတွေကို နာမည်ပြောင်းပြီး ပေးလိုက်ကြတယ်။ နောက်ကျတော့ သူတို့ရဲ့ တပည့်တွေက ဒီဝိဘာရှာ-ဆိုတဲ့ ကျမ်းကြီးတွေကို တမြတ်တနိုး လေ့ကျင့်သင်ကြားပေးတော့ ဘာဖြစ်လာပြန်သလဲဆိုရင် ဝိဘာရှာဂိုဏ်း-ဆိုပြီး ဂိုဏ်းတဂိုဏ်း ထပ်ပေါ်လာပြန်တယ်။ အဲဒါ သဗ္ဗတ္ထိဝါဒက ထပ်ပြီးတော့ ခွဲထွက်သွားတာ။ အဲဒါကို ဝိဘာရှိက-ဂိုဏ်းလို့ ဒီလိုခေါ်တယ်။ အဲဒီ ဝိဘာရှိကဂိုဏ်းမှာ နာမ်တရား၊ ရုပ်တရား ၂-ပိုင်းကို အနိစ္စလို့ ဘယ်တော့မှ မဟောဘူး။ နိစ္စပဲ ဟောသွားတယ်။

ဝေပတ္တိကဂိုဏ်းကလဲ သဗ္ဗတ္ထိဝါဒဂိုဏ်းက ဆရာတွေ ရေးသားခဲ့တဲ့ ဝိဘာရှာကျမ်းကြီးတွေကို သူတို့ကလဲ ပြန်ပြင်ပြီးတော့ ရေးကြပြန်ရောတဲ့။ ဝေပတ္တိကဂိုဏ်းက ပြန်ရေးတာကျတော့ ဝိဘာရှာကျမ်းလို့ မခေါ်ဘဲနဲ့ အာဂမငါးရပ်လို့ ခေါ်ကြပြန်တယ်။ ဒီအာဂမ ၅-ရပ် စာအုပ်တွေ ထောင်နဲ့ချီပြီးတော့ တဂိုဏ်းတမျိုး၊ တဂိုဏ်းတမျိုး စာအုပ်တွေ ပွားပွားပြီး ထွက်လာတယ်။ ဘုန်းကြီးတို့ ကိုးရီးယားပြည်ကို ရောက်ဖူးတယ်။ ကိုးရီးယားပြည်မှာ ပိဋကတ်ဆိုပြီး စာအုပ်ပေါင်း သုံးသောင်းနဲ့ ခြောက်ထောင်ရှိတဲ့ ပိဋကတ်တိုက်ကြီးကို ဘုန်းကြီးတို့ သွားကြည့်ဖူးတယ်။

အဲဒါတွေ ဘယ်ပေါ်မှာ ရေးထားသလဲဆိုရင် သစ်သားပြားကြီးတွေပေါ်မှာ ရေးထားတယ်။ အလွန်ကြီးတဲ့ ပိဋကတ်တိုက်ကြီးပဲ။ အဲဒီမှာ ဘုရားဟော ပိဋကတ် ဘယ်လောက်ရှိသလဲဆိုရင် သုံးသောင်းနဲ့ ခြောက်ထောင်ရှိတယ်။ ဘုန်းကြီးတို့ဆီမှာ ပေတင်ထားတဲ့ပိဋကတ်သုံးပုံဆိုတဲ့စာအုပ်က ၄၀-ပဲရှိတယ်။ ဘယ့်နှယ်ကြောင့် သုံးသောင်းခြောက်ထောင် ဖြစ်သွားသလဲဆိုတာ ပရိသတ်ရိပ်မိကြရောပေါ့။

ဒါကြောင့် ဘာပဲရေးရေး၊ ဘယ်လောက်ပဲ ရှိရှိ အနှစ်ချုပ်လိုက်ရင် ဘာရသလဲ။ နာမ်-ရုပ်သည် နိစ္စဆိုတော့ ပရိသတ်ရေ ဒါသဿတဒိဋ္ဌိကြီးဖြစ်သွားရော။ ဒါကြောင့် အားလုံးသော သူတော်ကောင်းတွေ သူတော်ကောင်းတရားဖြစ်တဲ့ သဒ္ဓမ္မကို အမြတ်တနိုးထားပြီး အသဒ္ဓမ္မ မသူတော်တရားကို သဒ္ဓမ္မဖြစ်တဲ့ သူတော်ကောင်းတရားထဲ ဝင်မလာအောင် ကာကွယ်စောင့်ရှောက်နိုင်ကြပါစေလို့ ဟောကြားအပ်ပါသတည်း။

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၂ )

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ထေရဝါဒဗုဒ္ဓဘာသာဝင် ပီပီသသဖြစ်လာရေးမှာ မြတ်ဗုဒ္ဓဟောကြားတဲ့ ဒီသုတ္တန်မှာဖြင့် ဘုန်းကြီးတို့ သေသေချာချာ အထောက်အကူဖြစ်တယ်လို့ ယုံကြည့်ပြီးတော့ အဲဒါကိုထပ်ပြောမယ်။ အဲဒါက အင်္ဂုတ္တိုရ်မှာရှိတဲ့ စဏ္ဍာလသုတ္တန်၊ ဒီလိုမှတ်ရမယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် နှစ် ၂၃၆-မှာ တတိယသင်္ဂါယနာတင်။ ကိုးဌာနသာသနာပြုလွှတ်၊ အဲဒီအထိ သာသနာ့သမိုင်း၊ သာသနာတော်မှာနဲ့ မဟာယာနဂိုဏ်းကွဲပြီးတော့ အယူအဆတွေ အမျိုးမျိုးဖြစ်လာတဲ့ သမိုင်းကြောင်းကြီးကို ၁၄-ပွဲအထိ ဘုန်းကြီးတို့ပြောပြထားပြီးပြီ။ ကျန်တဲ့အပိုင်းတွေ ဘုန်းကြီးတို့ပြောဦးမှာ။ စတုတ္ထသင်္ဂါယနာတင်ပွဲ ဘုန်းကြီးတို့မရောက်သေးဘူး။ ဒီတော့ ဒီစဏ္ဍာသုတ္တန်မှာ အချက်အလက်ပေါင်း မြတ်ဗုဒ္ဓ ငါးခုဟောရမှာ ထေရဝါဒဗုဒ္ဓဘာသာ ပီသရေးအတွက် အဓိကကျတဲ့ အချက်သုံးခု ရှိပါတယ်။ အဲဒီအချက်သုံးခုနဲ့တကွ ငါးခုကိုခြုံမိအောင် ပြောပြပါမယ်။

နာမည်က စဏ္ဍာလ၊ သင်္ဂါယနာခြောက်တန်လုံးတင်ထားတဲ့ ပိဋကတ်မှာရှိတဲ့ အမည်ကိုက ဒီအတိုင်းပဲ။ ဒါဘုန်းကြီးတို့ပေးတဲ့ နာမည်လည်းမဟုတ်ပါဘူး။ စဏ္ဍ-ဆိုတာ ကြမ်းတမ်းတယ်ယုတ်မာတယ်အလ-ဆိုတာက လုပ်နိုင်စွမ်းရှိတယ်။ လုပ်ရဲတယ်။ ကြမ်းတမ်းသော ရုန့်ရင်းသောအလုပ်တွေကို လုပ်ရဲသောပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရတယ်။ ကြမ်းတမ်းရုန့်ရင်းသော အလုပ်တွေကို လုပ်ဖို့ရန်စွမ်းသော ပုဂ္ဂိုလ်ဟာ စဏ္ဍာလ။ အဲဒီအဓိပ္ပါယ်အတိုင်းသာ မှတ်ရင် သုသာန်ထဲနေနေ၊ မနေနေ၊ ရဲတိုက်ကြီးထဲ နေနေ၊ မနေနေ၊ နေချင်တဲ့နေရာ နေ၊ ကြမ်းတမ်းရုန့်ရင်းတဲ့ အလုပ်ကိုလုပ်ရဲရင် စဏ္ဍာလ ဖြစ်သွားမှာပဲ။

သုတ်တော်အရ စကားလုံးတော်အရ စဏ္ဍာလအဖြစ်က လွတ်အောင် ကိုယ် နှုတ် စိတ် ၃-ပါးမှာ ကြမ်းတမ်းရုန့်ရင်းသော အပြော အလုပ် အကြံတို့ကို မဖြစ်အောင်ရှောင်ပြီးတော့ ယဉ်ကျေးသိမ်မွေ့ နူးညံ့ဖြူစင်ကောင်းမြတ်တဲ့ အကျင့်တွေ ကျင့်သုံးနေရင် အဲဒီပုဂ္ဂိုလ်ဟာ စဏ္ဍာလမဟုတ်တော့ဘူး။ အေး-ရွှေချထားတဲ့ မှန်တွေ စိန်တွေ တပြောင်ပြောင်စီထားတဲ့ ပြာသာဒ်ကြီးမှာနေလဲပဲ ရုန့်ရင်းခဲ့ရင် စဏ္ဍာလဖြစ်သွားမှာပဲ။ ဓမ္မသဘာဝ အားဖြင့် စဏ္ဍာလဖြစ်-မဖြစ် ဒီလိုသိထားကြရမယ်။

မြတ်စွာဘုရားက ဒီစဏ္ဍာလသုတ်ကို သာဝတ္ထိမြို့ ဇေတဝန်ကျောင်း သံဃာတော်တွေ စည်းဝေးရာ မန္တလာရာမဆိုတဲ့ ဓမ္မာရုံကြီးထဲမှာ ဟောတော်မူပါတယ်။ ညဉ့်ဦးယံမှာဟောတဲ့ တရားပွဲဆိုတော့ သံဃာတော်တွေချည်း မဟုတ်ဘဲ သာဝတ္ထိမြို့တံခါးကလဲ မပိတ်သေးတော့ သာဝတ္ထိမြို့သူ မြို့သားတွေပါ ညဉ့်ဦးယံပွဲကို အားခဲလို့လာကြတယ်။ တရားက လူတွေကိုဦးတည်ပြီးဟောတာ။ မြတ်စွာဘုရားက တရားဟောရင်းခေါ်တဲ့ အခါကျတော့ လူတွေကို မခေါ်ဘဲနဲ့ ရဟန်းတော်တွေကိုခေါ်ပြီးတော့ ဟောသွားတယ်။ ဘုရားရှေ့အနီးအနားမှာ ထိုင်တာက ရဟန်းတွေဖြစ်လို့ ဘိက္ခဝေ=ရဟန်းတို့၊ ဆိုတဲ့စကားတွေ ဒီသုတ်ထဲမှာ ခပ်များများပါတယ်။

ရဟန်းတို့ ဒီအချက်အလက်ငါးမျိုးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ဥပါသကာ စဏ္ဍာလ-လို့ ခေါ်ရမယ်။ ဥပါသကာ မလ္လ-လို့ခေါ်ရမယ်။ ဥပါသကာ ကိလိဋ္ဌ-လို့ခေါ်ရမယ်။ ဥပါသကာဆိုတဲ့ စာလုံးကို ရှေးဦးစွာ ရှင်းဖို့လိုတယ်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူကို ဥပါသကာ-လို့ ခေါ်တယ်။ အမျိုးသမီးကျတော့ ဥပါသိကာ-လို့ခေါ်တယ်။ ရတနာသုံးပါးကို ဆည်းကပ်သူ-လို့ အဓိပ္ပါယ်ရတယ်။ ဒီကနေ့ သီလခံယူကြတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့် သရဏဂုံသုံးပါးကို အကုန်လုံး ဆောက်တည်ကြတယ်။

ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ အဲဒီလို ကိုးကွယ်သိမှတ် ဆည်းကပ်ပါ၏လို့ မိမိရဲ့ရင်ထဲ နှလုံးထဲမှာ ရတနာသုံးပါးကို ကြည်ညိုတတ်တဲ့ သဒ္ဓါတရား ဝင်လာပြီဆိုရင် နှုတ်ကပဲဆိုဆို၊ သို့မဟုတ်-စိတ်ထဲကပဲ ဆောက်တည် ဆောက်တည် တနည်းနည်း တခြားစကားလုံးနဲ့ သွယ်ဝိုက်လို့ပဲပြောပြော ဥပမာ-တခြားစကားလုံးနဲ့ သွယ်ဝိုက်ပြောမယ်ဆိုလို့ရှိရင် -ငါသည် ဒီကနေ့ကစ ဦးခေါင်းရွက်ပြီးတော့ ရှိခိုးစရာ ရှိတယ်။ ဗုဒ္ဓ, ဓမ္မ, သံဃကိုသာလျှင် ရှိခိုးတော့မယ်။ တခြား ငါ ရှိမခိုးတော့ဘူး။-လို့ စိတ်ကဆုံးဖြတ်ရင်လဲပဲ ဒါ သရဏဂုံ ဆောက်တည်တာပဲ။ အဲဒါ ပဏိပါတသရဏဂုံလို့ ခေါ်တယ်။

ငါသည် ရှိခိုးရမယ့်ပုဂ္ဂိုလ်ကို လောကမှာကြည့်လိုက်ရင် နတ်ရော ဗြဟ္မာရော လူရော ရှင်ရော ရဟန်းရော ဘုရားရော မျိုးစုံအောင်ရှိတယ်။ ဗုဒ္ဓ, ဓမ္မ, သံဃ ရတနာ သုံးပါးမှတပါး အခြားကို ငါရှိမခိုးတော့ဘူး။ ရတနာ သုံးပါးကိုသာလျှင် ငါဦးခေါင်းညွှတ်၍ ရှိခိုးမယ်လို့ ဆုံးဖြတ်ချက်ချရင် အဲဒါ သရဏဂုံတည်တာပဲ။ အဲဒီ သရဏဂုံမျိုးကို ပဏိပါတသရဏဂုံလို့ ခေါ်တယ်။ ယမန်နေ့က ဘုန်းကြီးတို့ ပြောခဲ့တာကတော့ အတ္တသန္နိယျာတန-ငါ့အသက်နှင့် ငါ့ခန္ဓာကို ရတနာသုံးပါးကို အပ်နှင်းပါ၏၊ လှူဒါန်းပါ၏-လို့ ဆုံးဖြတ်ရင် ဒါလဲ သရဏဂုံတည်တာပဲ။

သရဏံ ဂစ္ဆာမိ ဆိုဆို-မဆိုဆို အဲဒီသရဏဂုံ ဆောက်တည်တဲ့နည်းတွေ အများကြီးရှိတယ်။ ဒီတော့ ဒီကနေ့ ဒုတိယနည်း ဘုန်းကြီးတို့ပြောတာက ပဏိပါတ။ ငါသည် ဒူးရော တံတောင်ရော နဖူးရော မြေမှာထိပြီးတော့ ဦးကိုညွှတ်ဖို့လိုလာခဲ့ရင် ဗုဒ္ဓရှင်တော်နဲ့ ဓမ္မ၊ သံဃာကိုသာ ငါညွှတ်တော့မယ်။ ဗုဒ္ဓ, ဓမ္မ, သံဃာမှ တပါး အခြားပုဂ္ဂိုလ်တွေအပေါ်မှာ ဦးမညွှတ်ဘူး။ ငါ့အသက်နဲ့ ငါ့ခန္ဓာ ခြွေရင်လဲ ခြွေလိုက်ပါစေတော့။ ရတနာသုံးပါး မဟုတ်သော အခြားအရာဝတ္ထုတွေအပေါ်မှာ သက်ရှိကိုပဲဖြစ်ဖြစ်၊ သက်မဲ့ကိုပဲ ဖြစ်ဖြစ် ငါ ရှိမခိုးတော့ဘူး။ ဆန့်ကျင်ဘက်လဲ အဲဒီလို ဖော်ပြတယ်။ တဖက်ကလဲ ရတနာသုံးပါးသည်သာလျှင် ငါ၏ရှိခိုးရာ၊ ဒါဆိုရင် ရတနာသုံးပါးမှတပါး တခြားရှိခိုးဖို့ မလိုဘူး။ သို့သော် ခြွင်းချက်က ဘာလဲဆိုတော့ ကြောက်သောအားဖြင့် ရှိခိုးရတယ်ဆိုလို့ရှိရင် သရဏဂုံမပျက်ဘူးလို့ ခြွင်းချက်ပေးထားတယ်။

ရတနာသုံးပါးမှတပါး တခြားရှိမခိုးပါဘူးလို့ ဆောက်တည်တယ်။ သို့သော် လည်ပင်းမှာ ဓားတင်ပြီးတော့ ဟေ့-မင်းရှိခိုးရင် ရှိခိုး၊ ရှိမခိုးရင် သတ်ပစ်လိုက်မယ်-ဆိုပုံကတမျိုး။ ဘုရား တရား သံဃာကို ကိုးကွယ်တာ စွန့်ရင်စွန့်၊ မစွန့်ရင် သတ်လိုက်မယ်-ဒီလိုဆိုတာက တမျိုး။ မင်း ငါ့ရှိခိုး၊ ရှိမခိုးရင် မင်းကိုသတ်မယ်-ဆိုတော့ အသတ်ခံရမှာကြောက်တဲ့အတွက်ကြောင့် သတ်မယ့်သူကို ရှိခိုးတာ။ အဲဒါ သရဏဂုံ မပျက်ဘူးတဲ့။ ဘုရား တရား သံဃာ ရတနာသုံးပါးလဲ ရှိခိုးတာပဲ။ ရှိခိုးကြည်ညိုပြီးတော့ ရတနာသုံးပါးနဲ့ မဆိုင်တဲ့ အရုပ်တွေမျိုးစုံလိုလိုပဲ ရတနာသုံးပါးနဲ့ တန်းတူသဘောထားပြီးတော့ ရှိခိုးလိုက်တာပဲဆိုရင် အဲဒီသရဏဂုံဟာ ညစ်နွမ်းသွားပြီတဲ့။ ရတနာသုံးပါးထက် တခြားရှိခိုးစရာကို ယုံယုံကြည်ကြည်နဲ့ ပိုပြီးတော့ ရှိခိုးလိုက်တယ်ဆိုရင် သရဏဂုံပျက်သွားရော။ အဲဒါ ထေရဝါဒဗုဒ္ဓသာသနာမှာ အလွန်အရေးကြီးတယ်။

နောက်တခု မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းကျတော့ လူမပြောနဲ့၊ မဟာယာနဘုန်းကြီးတွေတောင် သာသနာတော်ကို စောင့်ရှောက်သော နတ်မင်းကြီး ၄-ပါးဆိုတာကို ဘုန်းကြီးက ဘုရားရှိခိုးပြီးရင် နတ်မင်းကြီး ၄-ပါးကို ရှိခိုးကြသေးတယ်။ အချို့ မြန်မာတွေထဲမှာလဲ သူရဿတီ-ကို ရှိခိုးကြတယ်။ အကြောင်းက ပိဋကတ်သုံးပုံကို သူထိန်းသိမ်းထားလို့ဆိုပြီး ရှိခိုးနေကြတယ်။ တိပိဋကဓရကို ရှိခိုးဖို့ အမှတ်မရကြဘူး။ အဲဒီလို တန်ဖိုးမရှိတာတွေကို တကယ်တန်ဖိုးရှိတဲ့ ရတနာ ၃-ပါးအပေါ်မှာ၊ စင်မြင့်မြင့်လေးပေါ်မှာတင်ထားပြီး ရှိခိုးရင် အဲဒါ သရဏဂုံပျက်တယ်။ ဒါ ထေရဝါဒကနေ မဟာယာန ဖြစ်သွားတာပဲ။

အဲဒါကြောင့် မိမိတို့ နေ့စဉ်အိမ်မှာ ရှိခိုးနေတာကို ဒီကနေ့ပြန်လည်သုံးသပ်ပါ။ မိမိရဲ့စိတ်နေသဘောထားနဲ့ ခံယူချက်ကိုလဲ ပြန်လည်၍ သုံးသပ်ပါ။ သုံးသပ်ဖို့ လိုနေပြီ။ ဒီတော့ ပဏိပါတသရဏဂုံက ငါသည် ဒီကနေ့ကစ၍ ရှိခိုးစရာရှိရင် ဘုရားနဲ့တရား သံဃာ ဤ ၃-ပါးသာ ဦးညွတ်၍ ရှိခိုးမယ်။ တခြားရှိမခိုးဘူး။ ဒီလိုဆိုရင် သရဏဂုံတည်တယ်။ အဲဒီလိုဆုံးဖြတ်ပါ။ သို့သော် ကြောက်လို့ ရှိခိုးရတာမျိုးကျတော့ သရဏဂုံ မပျက်ပါဘူးတဲ့။ ရတနာ ၃-ပါးအပေါ်လဲ ကြည်ညိုမြဲပဲ။ ဟိုကဓားနဲ့ ရွယ်ထားလို့ ရှိခိုးရရင်လဲပဲ ရှိသာခိုးလိုက်ပါတဲ့။ အသက်သေမှာ ဘာလုပ်မှာ စသည်ဖြင့်ပေါ့။ တခုခုနဲ့ ခြိမ်းခြောက်လို့ ကြောက်သဖြင့် ရှိခိုးရတာကတော့ သရဏဂုံ မနွမ်းပါဘူးတဲ့။

ကြောက်တာမဟုတ်ဘဲနဲ့ ရတနာ ၃-ပါးထက် ပိုပြီး ကြည်ညိုလို့ ရှိခိုးရင်တော့ အဲဒါမဟာယာနဖြစ်သွားပြီ။ အဲဒါဆိုရင် ဒီပုဂ္ဂိုလ်ဟာ စဏ္ဍာလ-ပဲ။ ဘယ့်နှယ် ဟိုသွားရှိခိုးတာနဲ့ပဲ၊ ဘုရား တရား သံဃာ ရှိမခိုးတာနဲ့ဘဲ စဏ္ဍာလ ဖြစ်ရောလားဆိုရင် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့နှလုံးသားထဲမှာ သဒ္ဓါဆိုတာ မရှိတော့ဘူး။ သဒ္ဓါမရှိရင် ဒီပုဂ္ဂိုလ် မလုပ်ရဲတဲ့ဒုစရိုက် မရှိတော့ဘူး။ သဒ္ဓါခေါင်းပါးတဲ့ပုဂ္ဂိုလ်က ဒုစရိုက်မှန်သမျှ အကုန်လုပ်ရဲတယ်။ အဲဒါကြောင့် သူသည် စဏ္ဍာလ-ဖြစ်မှန်းမသိ ဖြစ်သွားတယ်။ ကြမ်းတမ်းတဲ့ အလုပ်တွေကို ပြုခြင်းငှါ စွမ်းဆောင်နိုင်ကြတယ်။ ဒါကြောင့် ထိုပုဂ္ဂိုလ်ကို စဏ္ဍာလ ခေါ်တယ်ရယ်လို့ ကောင်းစွာမသွေ မှတ်ထိုက်ပါပေကုန်သတည်း။

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၃ )

သဒ္ဓါဆိုတာကို အဘိဓမ္မာကျမ်းများမှာ စကြာမင်းကြီးရဲ့ ပတ္တမြားကဲ့သို့ သတ္တိရှိတယ်လို့ဆိုတယ်။ လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းမှာ ရတနာ ၇-ပါးရှိရာမှာ ပတ္တမြားရတနာဟာ တခုပါဝင်တယ်။ ပတ္တမြားရတနာရဲ့ စွမ်းရည်က ဘာဖြစ်သလဲဆိုရင် နွေခေါင်ခေါင် လမ်းဘေး မြောင်းထဲကရေအိုးခပ် အဲဒီ ပတ္တမြားကို ဒီရေအိုးထဲထည့်လိုက်။ ထည့်လိုက်ရင်
နံပါတ်(၁) ရေအိုးထဲမှာရှိတဲ့ အနည်အမှုန်၊ ရွှံ့နှစ်အားလုံး အောက်မှာ ထိုင်သွားတယ်။
နံပါတ်(၂) ရေမျက်နှာပြင် အပေါ်ယံမှာ ဖုံးနေတဲ့ မြူတွေ၊ အနည်တွေ၊ ဖုန်တွေ အကုန်လုံး ဘေးဖယ်ပြီး ကြည်နေတယ်။
ပြီးတော့ နံပါတ်(၃) ပူနေတဲ့ရေဟာ အေးသွားတယ်။

အနည်ထိုင်တာရယ်၊ မြူမှုန်တွေ ရှင်းသွားတာရယ်။ ပူနွေးနေတဲ့သဘောက အေးတဲ့သဘော ပြောင်းသွားတာရယ်။ အဲဒါတွေအားလုံး ပြုလုပ်နိုင်တာ စကြာမင်းကြီးရဲ့ ပတ္တမြားပဲ။

အဲဒါမျိုးပဲတဲ့။ ဗုဒ္ဓအကြောင်း ကြားလို့၊ သိလို့။ ဓမ္မအကြောင်း ကြားလို့၊ သိလို့။ သံဃာအကြောင်း ကြားလို့၊ သိလို့ သဒ္ဓါဖြစ်ပြီဆိုရင် ဒကာ ဒကာမတွေ နှလုံးသားထဲမှာ ဝေဒနာဝင်လာရင် ခုတင်က ရေနောက်အိုးထဲမှာ ပတ္တမြားထည့်လိုက်သလို
(၁) ကိလေသာတွေအားလုံး ထိုင်ပြီး ငြိမ်သွားတယ်။
(၂) စိတ်အပေါ်မှာ ဖုံးနေတဲ့ နီဝရဏတွေ ဖယ်ပြီးတော့ စိတ်ကြည်လာတယ်။
(၃) ပူနေတဲ့ စိတ်တွေဟာ အေးသွားတယ်။

ရေလိုပဲ၊ အဲဒါကြောင့် ကိလေသာတွေကို အနည်ထိုင်စေတယ်။ နီဝရဏတွေကို ခွါပစ်စေတယ်။ ပူလောင်တဲ့ စိတ်ကို အေးချမ်းစေတယ်။ အဲဒီလို ကြည်ညိုတဲ့သဒ္ဓါရှိရင် အားလုံးသော သူတော်ကောင်းတွေ မျက်မှောက်ဘဝမှာ ဒီအကျိုး ၃-မျိုး ရရှိတယ်။

ဗုဒ္ဓအပေါ် ဓမ္မအပေါ် သံဃာတော်များအပေါ်မှာ သဒ္ဓါတရား ပျက်သွားပြီဆိုလို့ရှိရင် ကိုယ့်မှာ အဲဒီအကျိုး ၃-မျိုး ဆုံးရှုံးသွားတယ်။ ဒီ ၃-မျိုးမရှိတော့ဘူးဆိုရင် ဘဝမှာ ဘယ်နေလို့ကောင်းတော့မလဲ။ ဒါကြောင့် ရတနာ ၃-ပါးအပေါ်မှာ သဒ္ဓါတရား ရောက်ကြစမ်းပါ။ ရောက်ရင် အကျိုး ၃-မျိုး လက်ငင်းရပါတယ်။ ခုတော့ ဘုရားအပေါ်မှာ သဒ္ဓါတရားက မရောက်နိုင်ကြဘူး။ ဥပမာ-ဘုရားတော်နောက်က လိုက်နေပြီးတော့ အလုပ်အကျွေးပြုတဲ့ ရဟန်း ၇-ပါးထဲက တပါးသောရဟန်း သုနက္ခတ္တ-တဲ့။ အဲဒီရဟန်းက ပုထုဇဉ်ပဲ ရှိသေးတယ်။ သူက ဘုရားနောက်က လိုက်သွားရင်းနဲ့ လမ်းမှာ ဂျိန်း-ဘုန်းကြီးတွေ သွားတွေ့တယ်။ ဂျိန်း-ဘုန်းကြီးဆိုတာ အဝတ်မရှိဘူး။ ကိုယ်တုံးလုံးကြီးနဲ့။ မြေကြီးမှာ အိပ်တယ်။ မြေကြီးမှာ စားတယ်။ အဲဒီ ဂျိန်း-ဘုန်းကြီးတွေလဲ တွေ့လိုက်ရော သူကစဉ်းစားတယ်။ ဟာ-လောဘများ ကုန်နေလိုက်ကြတာ။ အဆောက်အဦး လက်မခံဘူး။ စားစရာခွက်တွေ ဘာတွေလဲ လက်မခံဘူး။ အဝတ်အထည်လဲ လက်မခံဘူး။ လောဘကုန်နေလို့ ဖြစ်မယ်-တဲ့။ ဒီကိုယ်တုံးလုံး ဆရာကြီးတွေက ပစ္စည်း ၄-ပါးကို အကုန်ပယ်ပစ်တော်မူတယ်။ လက်မခံဘူး-ပေါ့။

မြတ်စွာဘုရားကတော့ ဒီပစ္စည်း ၄-ပါးက မှီခိုရာ ပစ္စည်း ၄-ပါးလို့ ဟောပြတယ်။ ဂေါတမဗုဒ္ဓကတော့ သူသီတင်းသုံးဖို့အတွက် အနာထပိဏ်ဆောက်တဲ့ကျောင်း ၅၄-ကုဋေတောင် ကုန်တယ်။ ဒီလောက် ကြီးကျယ်တာကြီးတွေတောင် လက်ခံတယ်။ ဟောဒီ ဂျိန်းကိုယ်တော်ကြီးတွေကတော့ သစ်ပင်ရိပ် မြက်ခြောက်ခင်းပြီး အိပ်တာပဲ။ ဒီကိုယ်တော်တွေကမှ လောဘကုန်တာ။ သိဒ္ဓတ္ထဂေါတမက လှူသမျှလက်ခံ၊ လောဘမကုန်သေးဘူး-ဆိုပြီးတော့ ကိုယ်တုံးလုံး ဂျိန်းဆရာတွေ တွေ့လာတဲ့ရဟန်း ၁-ပါးက ဘုရားအပေါ်မှာ သဒ္ဓါတရား ပျက်တယ်။

အဲဒီလို ဘုရား တရား သံဃာအပေါ်မှာ အတွေးခေါင်သွားတယ်။ ကိုယ်တုံးလုံးနဲ့ နေတဲ့သူကို ကိလေသာကုန်တယ်။ ပစ္စည်း ၄-ပါးနဲ့ သပ်သပ်ရပ်ရပ်နေသူကို ကိလေသာမကုန်ဘူးလို့ ထင်ရင် အဲဒါ စဏ္ဍာလဥပါသကာ ဖြစ်တယ်။ ရတနာ ၃-ပါးကို ဆည်းကပ်တော့ ဆည်းကပ်တယ်။ ဒါပေမဲ့ စဏ္ဍာလ ဖြစ်သွားတယ်။ စိတ်ကြမ်းသွားပြီလေ။ သဒ္ဓါတရား မရှိရင် ဒါကြမ်းသွားတယ်။ နောက်တမျိုးက စက်ဆုပ်ဖွယ်ကောင်းတဲ့ ဗုဒ္ဓဘာသာမျိုး ဖြစ်သွားတယ်။ နောက်တမျိုးက ညစ်ညူးတဲ့ အညစ်အကြေးတွေ စုပုံနေတဲ့ ဗုဒ္ဓဘာသာမျိုး ဖြစ်သွားတယ်။

နောက်တခါ ချစ်သားတို့ ကိုယ်ကျင့်တရား ပျက်ပြားလာတဲ့ ပုဂ္ဂိုလ်မျိုးဟာလဲပဲ ဥပါသကာစဏ္ဍာလ ဖြစ်နိုင်တယ်။ ကိုယ်ကျင့်သီလ ပျက်လာပြီဆိုရင် အခြေခံစောင့်ထိန်းရမယ့် ၅-ပါးသီလ ပျက်စီးရင် ဒါဟာ စဏ္ဍာလဥပါသကာပဲ။ အဲဒီနေရာမှာလဲ ပျက်စီးပုံက နှစ်မျိုးရှိတယ်။ သီလနဲ့ သီလရဲ့စွမ်းရည်သတ္တိကို ယုံတယ်။ လက်ခံတယ်။ ကျင့်သုံးတယ်။ ဒါပေမဲ့ မထိန်းသိမ်းနိုင်လို့ သတိအားနည်းလို့ ပျက်တာတမျိုး။
နောက်တမျိုးက ပါဏာတိပါတာ-သတ္တဝါတွေအသက်ကို သတ်ဖြတ်တယ်။ ဖျက်ဆီးတယ်။ အဲဒါ အကုသိုလ်ဖြစ်သလား။ ဘာမှ အကုသိုလ်မဖြစ်ဘူး။ အကုသိုလ်ဆိုတာ မရှိဘူး။ အဲဒီလို ခံယူချက်မျိုးတွေကို ခံယူပြီးတော့မှ သီလပျက်တယ်။ အဲဒါ ပိုဆိုးတယ်။

နောက်တခါ စဏ္ဍာလဥပါသကာဆိုတဲ့ ပုဂ္ဂိုလ်မျိုးဟာ ကောတုဟလဆိုတဲ့ မင်္ဂလာကို လက်ခံ၏-တဲ့။ မြတ်ဗုဒ္ဓက မင်္ဂတရား ၃၈-ပါး ဟောထားတာ ဘုန်းကြီးတို့ ရှင်းလင်းစရာမလိုဘူး။ မင်္ဂလာရဲ့ အဓိပ္ပါယ်က မကောင်းတဲ့ စရိုက်ဆိုးတွေကို ဖယ်ရှားပစ်ခြင်း-တဲ့။ ဒါကြောင့် အချက်ကောင်းတွေ ပြုစုပျိုးထောင်နေကြသမျှ တိုင်းပြည်နဲ့လူမျိုးမင်္ဂလာရှိတယ်။ မကောင်းတဲအကျင့်တွေ ဖယ်ရှားနေသမျှ ကာလပတ်လုံး တိုင်းပြည်နဲ့လူမျိုးမှာ အစဉ်အမြဲ မင်္ဂလာရှိနေမှာပဲ။ သဗ္ဗပါပဿ ဝိနာသနံ၊ သဗ္ဗလောက ဟိတတ္ထာယ-လို့ ရွတ်ဖတ်နေကြတယ်။ ဒါပေမဲ့ ရွတ်ဖတ်နေရုံနဲ့မပြီးဘူး။ တကယ်ကျင့်ဖို့လဲ အရေးကြီးတယ်။ မင်္ဂလာရဲ့အဓိပ္ပါယ်ကို လူသားတွေ တကယ်နားလည်ပြီး ကျင့်သုံးကြမယ်ဆိုရင် ရှေးဦးစွာမင်္ဂလာရဲ့ အဓိပ္ပါယ်ကို နားလည်အောင် လုပ်ရမယ်။ နားလည်ပြီးမှ မကောင်းမှုကို ပယ်ရှား။ ကောင်းမှုကို ပွားများကြရမယ်။ ဘယ်လိုကျင့်သုံးကြမလဲ ဆိုတော့ မကောင်းမှုကို ကျင့်သုံးနေတဲ့ သတ္တဝါကို ဝေးဝေးရှောင်တာလဲပါတယ်။

၃၈-ဖြာမင်္ဂလာကို အကုန်လုံးအစီအစဉ်အတိုင်း နားလည်ကြပါ၏၊ သို့သော် အဲဒီ မင်္ဂလာတွေ ရှိနေပါလျက်နဲ့ မနက်ခင်း အိပ်ရာကထ-ဟို ရွှေပြည်စိုးငှက်ကလေး တွန်သံကြားရင် မင်္ဂလာရှိလိုက်လေ။ ဒါ-သုတမင်္ဂလာ။ ဪ-ရှေ့ဝန်းထဲက လပြည့်ဝန်းကြီး ထွက်လာတာ ကြည့်ရတာ မင်္ဂလာရှိလိုက်လေ။ ဟာ-လငပုပ် မဲသွားပြီဟေ့။ ဒါ မင်္ဂလာမရှိဘူး။ အဲဒါတွေ ဘာခေါ်သလဲ ဒိဋ္ဌမင်္ဂလာသုတမင်္ဂလာမျိုးတွေပဲ။ ဟာ-ငါ မင်္ဂလာဆောင်သွားမလို့လုပ်တုန်း ပုပ်စော်နံလိုက်တာ။ မင်္ဂလာမရှိဘူး။ ဟာ-စံပယ်ပန်းရနံ့ ရသဟေ့၊ မွှေးတယ်။ မင်္ဂလာရှိတယ်။ ဒီလိုဟာတွေဟာ ဒိဋ္ဌမင်္ဂလာသုတမင်္ဂလာမုတမင်္ဂလာပဲ။ လူတွေက ဒါတွေကို အတိတ်နိမိတ်တွေ ကောက်ပြီးတော့ လုပ်နေကြတာ လောကမှာ အများကြီးပဲ။ အထူးသဖြင့် ဘုန်းကြီးတို့ အာရှကလူတွေ ပိုများတယ်။ ဗုဒ္ဓဘာသာထဲက လူတွေ ပိုများတယ်။

ဥပမာ-ဘုန်းကြီးက ကရင်ပြည်နယ်မှာ တရားသွားဟောတယ်။ မြတ်စွာဘုရားရဲ့ သာသနာတော်ထဲက ပစ္စည်း ၄-ပါးအကြောင်း ဟောတယ်။ ပစ္စည်း ၄-ပါးထဲကမှ ဆေးပစ္စည်းအကြောင်းကို ခွဲပြောတယ်။ အဲဒီဆေးပစ္စည်းထဲက စတုမဓူအကြောင်းကို ပြောတယ်။ စတုမဓူထဲမှာ ထောပတ်တွေ မများစေနဲ့၊ အန္တရာယ်ရှိတယ်။ ဆီတွေမများစေနဲ့၊ မများရင် ကောင်းတယ်။ ပျားရည်ကတော့ ဆေးတကာ့ဆေးထဲ အကောင်းဆုံးဆေးဖြစ်လို့ သူ့ကိုအများဆုံးထား။ ဒုတိယအများဆုံးက တင်လဲ။ တတိယနေရာမှာကတော့ နှမ်းဆီ။ စတုတ္ထအနည်းဆုံးထားရမှာက ထောပတ်။ ထောပတ်က Cholesterol အားပေးတယ်။ နှလုံးသွေးကြောပိတ်စေတယ်။ အဲဒါကြောင့် စတုမဓူစား အားရှိတယ်ဆိုပေမယ့် ထောပတ်နဲ့ ပျားရည်ကို ဆတူစပ်ထားတဲ့ စတုမဓူမျိုးဟာ သွေးကြောတွေပိတ်၊ ဦးနှောက်သွေးကြောတွေပိတ်၊ အဆီတွေပိတ်ပြီး ဒုက္ခများတတ်တယ်။ ဘာညာ ပြောတယ်။ ဘုရားဆေးပေမယ့် စနစ်တကျ ဖော်စပ်ဖို့ အဲဒါကို အချို့က ဘယ်လိုစပ်ရင် ကောင်းမလဲ။ ပျားရည်က ၄-ဆ၊ တင်လဲက ၂-ဆ၊ နှမ်းဆီက ၁-ဆ၊ ထောပတ်က အနည်းဆုံး ၁-ဆစပ်။ အဲဒီလို စပ်ဖို့ပြောတာကို သီတဂူဘုန်းကြီး ထီထိုးဖို့ အတိတ်ပေးသွားတယ်-လို့ပြောကြတယ်။

အဲဒါမျိုးကို ကောတုဟလမင်္ဂလာ၊ မိမိရဲ့ ကံတို့ ဉာဏ်တို့ ဝီရိယတို့ကို အားမကိုးတော့ဘူး။ ဒီလိုအရိပ်နိမိတ်တွေ လိုက်ပြီးတော့ အားကိုးလာတယ်။ အဲဒီလို ဗုဒ္ဓဘာသာတွေဟာ စဏ္ဍာလဗုဒ္ဓဘာသာလို့ ခေါ်တယ်။ အညစ်အကြေးတွေ စုပုံလာတဲ့ ဗုဒ္ဓဘာသာလို့ ခေါ်တယ်။ အဲဒါကို မြတ်စွာဘုရားက ရဟန်းတို့-၃၈-ဖြာမင်္ဂလာ ရှိပါလျက်ကနဲ့ အဲဒီမင်္ဂလာကို မယုံကြည်နိုင်ကြတော့ဘဲ မကျင့်သုံးနိုင်ကြတော့ဘဲ ကြားတာ မြင်တာတွေနောက် လိုက်ပြီး နိမိတ်ကောက်လုပ်တတ်တဲ့ ကောတုဟလ မင်္ဂလာမျိုးကို ယုံကြည်လက်ခံ ကျင့်သုံးလာကြပြီဆိုရင် အဲဒီလို ဗုဒ္ဓဘာသာမျိုးဟာ စဏ္ဍာလဥပါသကာ ညစ်ညူးတဲ့ ဥပါသကာ။ စက်ဆုပ်ဖွယ်ကောင်းတဲ့ ဗုဒ္ဓဘာသာမျိုး ဖြစ်တယ်လို့ ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၄ )

ဒီကနေ့ ဘုန်းကြီး ဘာကို အလေးအနက် ထားပြီး ပြောမလဲဆိုလို့ရှိရင် သရဏဂုံ ပီပီသသရှိဖို့အကြောင်းကို အလေးအနက်ထားပြီး ပြောသွားပါမယ်။ စဏ္ဍာလသုတ္တန်မှာ ဗုဒ္ဓဘာသာ ပီသရေးအတွက် အခြေခံစည်းမျဉ်း ၅-မျိုးကို မြတ်စွာဘုရား ချပေးထားတယ်။

ရဟန်းတို့-အကြောင်းအချက် ၅-မျိုးနဲ့ ပြည့်စုံတဲ့ ဥပါသကာမျိုးကို ဥပါသကာ စဏ္ဍာလ၊ ဥပါသကာ မလ္လ၊ ဥပါသကာ ကိလိဋ္ဌ ခေါ်တယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။ ဗုဒ္ဓဘာသာ ပီသရေး အခြေခံစည်းမျဉ်း ၅-မျိုးအနက် တမျိုးမျိုး ပျက်ယွင်းခဲ့ရင် အဲဒီ ပုဂ္ဂိုလ်ကိုလဲ ဗုဒ္ဓဘာသာလို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ အညံ့စားဖြစ်သွားကြောင်းကို ဒီစဏ္ဍာလသုတ္တန်မှာ ပြောခဲ့ပြီးပြိ။ ယခု ဥပါသကာနဲ့ ပတ်သက်ပြီး ပြောပါမယ်။

ဥပါသကာ-ဆိုတာက ရတနာ ၃-ပါးကို ဆည်းကပ်ကိုးကွယ်သူ-လို့ ခေါ်တယ်။ အဲဒီလို ကိုးကွယ်ဆည်းကပ်နေရင်းက အရည်အချင်းတွေ ပျက်သွားရင် ဒီဥပါသကာဟာ စဏ္ဍာလဆိုတဲ့ အဆင့်ကို ရောက်သွားတယ်။ မြတ်စွာဘုရားက ချစ်သားတို့-အကြင်ဥပါသကာ တစုံတယောက်ဟာ သဒ္ဓါတရား ပျက်စီးသွားရင်၊ သို့မဟုတ် ညှိုးနွမ်းသွားရင် ဒါစဏ္ဍာလ ဗုဒ္ဓဘာသာပဲဆိုတော့ ဒီသဒ္ဓါတရားက ဘယ်မှာရောက်မလဲဆိုတာ စိစစ်ဖို့ လိုအပ်တယ်။

(၁) သဒ္ဓါတရား ပျက်ခြင်းရယ်။

(၂) သီလပျက်ခြင်းရယ်။

(၃) ကောတူဟလ မင်္ဂလာ ယုံကြည်ခြင်းရယ်။

(၄) ကံတရားကို မယုံတော့ဘူးဆိုတာရယ်။

(၅) သာသနာတော်ရဲ့ အပြင်ဘက်မှာ အရိုအသေပြုဖို့ ရှိခိုးဖို့ လှူဖို့ ဦးစားပေးပြီးတော့ သာသနာတွင်းကို နောက်ချန်တာရယ်။

အဲဒီအချက် ၅-မျိုးဟာ ဗုဒ္ဓဘာသာပျက်စီးခြင်း အကြောင်းပဲ။

ဒီတော့ နံပါတ်(၁)ဟာ သဒ္ဓါတရားပဲ။ ထိုသဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုက ဘယ်အပေါ် ဖြစ်ရမလဲဆိုတော့ ရတနာ ၃-ပါးအပေါ်မှာ ဖြစ်ရမယ်။ ယုံကြည်ရမယ်။ ရတနာ ၃-ပါးကို ဘယ်လိုအရည်အချင်းတွေနဲ့ ယုံရမလဲဆိုရင် လိုရင်းက သိမှတ်တယ်၊ ကိုးကွယ်တယ်၊ အားကိုးတယ်၊ ဆည်းကပ်တယ် ဒါပဲ။ ဒါက ပေါင်းပြောလိုက်တာ။ တလုံးချင်းပြောရင်တော့ သရဏဆိုတဲ့ စာလုံးဟာ ရတနာ ၃-ပါးပဲ။ ဂမနနှင့်တွဲတော့မှ ရတနာ ၃-ပါးကို ကိုးကွယ်ခြင်းလို့ အဓိပ္ပါယ်ထွက်တယ်။ ဘာဖြစ်လို့ ရတနာ ၃-ပါးကို သရဏလို့ခေါ်ရသလဲဆိုရင် သရဏဂုံ ဆည်းကပ်ခြင်း၊ ကိုးကွယ်ခြင်းသည် သတ္တဝါတို့ရဲ့ ဘေးအန္တရာယ်ဟူသမျှကို ပယ်ဖျောက်နိုင်တယ်။ ထိတ်လန့်ခြင်း မှန်သမျှကိုလဲပဲ ပယ်ဖျောက်နိုင်တယ်။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲများကိုလဲ ပျယ်ဖျောက်နိုင်တယ်။ မကောင်းသောဘဝ၌ ဖြစ်ရတာမျိုးကိုလဲ ပယ်ဖျောက်နိုင်တယ်။ သတ္တဝါတို့ရဲ့ ကိလေသာအညစ်အကြေးမှန်သမျှကိုလဲပဲ ပယ်ဖျောက်နိုင်တယ်။

သို့မဟုတ်-ဘဝ၏ညစ်နွမ်းမှု မှန်သမျှကိုလဲပဲ ပယ်ဖျောက်နိုင်တယ်။ အဲသလို ရတနာ ၃-ပါးရဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်။ အဲဒီတော့ ကိုးကွယ်ပြီး ဆည်းကပ်တယ်ဆိုရင် ဒါတွေကို ယုံကြည်ပြီးတော့ ဆည်းကပ်တာပဲ ဖြစ်ရမယ်။ စိတ်ကနေပြီး အဲဒီအစွမ်းသတ္တိတွေကို မယုံတော့ဘူးဆိုရင် ဒါ စဏ္ဍာလအဆင့်ကို ရောက်သွားမှာပဲ။

နောက်တနည်းက-အပါယ် ၄-ပါးဘေးကို ပယ်ဖျောက်နိုင်သောကြောင့် ရတနာ ၃-ပါးသည် သရဏ

ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဘေးတွေကို ပယ်ဖျောက်ပေးနိုင်သောကြောင့် ရတနာ ၃-ပါးသည် သရဏ

ရာဂ၊ ဒေါသ ဆိုတဲ့ အတွင်းရန် ကိလေသာတို့ရဲ့ ဘေးဒုက္ခတွေကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ-လို့ ခေါ်ဆိုတယ်။

နောက် သတ္တဝါတခု၊ သတ္တဝါတို့ရဲ့ ထိတ်လန့်မှု၊ ပူလောင်မှုမှန်သမျှတွေကို ပယ်ဖျောက်နိုင်တဲ့အတွက်ကြောင့် ရတနာ ၃-ပါးကို သရဏ-လို့ ခေါ်တယ်။

ဒါကြောင့် ရတနာ ၃-ပါး ဆည်းကပ်လိုက်ရင် ရင်ထဲမှာ အေးချမ်းသွားတာ၊ ဉာတိဗျသန၊ ဘောဂဗျသန တို့ကြောင့် အပူကြီးပူနေတဲ့ ပုဂ္ဂိုလ်တွေ အအေးကြီး အေးခဲ့ဖူးတာ။ အဲဒီထုံးတွေကိုတော့ ဘုန်းကြီးတို့ အကျယ်တဝင့် တခုစီ ထုတ်ပြစရာ မလိုလောက်အောင် မျက်မှောက်မှာလဲ ရှိတာပဲ။ အတိတ်မှာလဲ ရှိခဲ့တာပဲ။ အနာဂတ်မှာလဲ နှစ်နှစ်ကာကာ ကြည်ညိုပြီးတော့ ကိုးကွယ်နေသမျှ ဒီအကျိုးတွေ အားလုံး သက်ရောက်နေကြမယ်။ ယုံကြည်မှုလျှော့လာရင်တော့ ဒီအကျိုးတွေ မလာတော့ဘူး။ အဲဒါကြောင့် ဒီမှာ အသဒ္ဓေါ ဟောတိ-ဆိုတဲ့ မြတ်စွာဘုရား မိန့်ကြားတဲ့ ဗုဒ္ဓဘာသာ ပျက်စီးခြင်းအကြောင်းမှာ ဒါ အရေးကြီးတဲ့ အချက်ပဲ။ ရတနာ ၃-ပါးရဲ့ စွမ်းရည်ကို ဒီလို ယုံကြည်ပြီးတော့ ကိုးကွယ်မှသာလျှင် ပီပီသသ ဗုဒ္ဓဘာသာဖြစ်တယ် အဲဒါ သဒ္ဓါတရားလျှော့ရင် ဘေးဒုက္ခ ပယ်ဖျောက်နိုင်မယ် မထင်ဘူး။

တချို့ ပြောချင်ပြောကြမှာ။ ဘယ်ဘေးမဆို ဒီဒုက္ခဘေးတွေကို ဘုရားကိုးကွယ်၊ တရားကိုးကွယ်၊ သံဃာကိုးကွယ်လို့ မပျောက်မှ မပျောက်တာဘဲ။ အဲဒီလို မပျောက်တော့ ၃၇-မင်းများ ပြောင်းရကောင်းမလားပေါ့။ အဲဒီလိုစိတ်ဓာတ်တွေနဲ့ ရတနာ ၃-ပါးအပေါ်မှာ သဒ္ဓါတရားလျော့ပြီး ဟိုဘက်ကို ပြောင်းသွားရင် ဒါဟာ စဏ္ဍာလ ဥပါသကာ-လို့ ခေါ်တယ်။

အဲဒီလို ပြောင်းပြီးဆည်းကပ် ကိုးကွယ်ရင် အဲဒီပုဂ္ဂိုလ်ဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါးမှာ ဖြစ်နိုင်တယ်။ ရပ်ပြစ်ရှစ်ပါးမှာလဲ ဖြစ်နိုင်တယ်။ ဒါမျိုးတွေကို တကယ့်သဒ္ဓါစစ်နဲ့ ရတနာ ၃-ပါး ကိုးကွယ်တဲ့ စိတ်ဓာတ်က ဖယ်ရှားပေးနိုင်တယ်။ မကောင်းတဲ့ ဘဝဆိုး၊ အဖြစ်ဆိုးမှ လွတ်ကင်းစေနိုင်တယ်။ အဲဒီ သတ္တိသည် ရတနာ ၃-ပါးမှာ အပြည့်အဝရှိတယ်။ အဲသလို ယုံကြည်ပြီး ကိုးကွယ်နေရင် ဒါ ပီပြင်တဲ့ ရတနာ့ဥပါသကာ မျိုးပဲ။

တခါ ရတနာ ၃-ပါးကို ကြည်ညိုတဲ့စိတ် ပြင်းထန်လာရင် ခုနက ဒုစရိုက်တွေ တဖြည်းဖြည်း ဆင်းသွားတာပဲ။ ဥပမာ-အင်္ဂုလိမာလလို လူဆိုးကြီးတွေ အပြစ်ဘေးအားလုံးက သန့်စင်သွားတယ်။ ပဋာစာရီ-လို အရူးမကြီးတပိုင်း ဖြစ်နေတာလဲပဲ သန့်စင်သွားတာပဲ။ သီရိမာ-တို့လို ပြည့်တန်ဆာမတွေလဲပဲ သန့်စင်သွားတာပဲ။ ဘယ်လိုသန့်စင်မှုကို ရသလဲဆိုရင် ဒီကနေ့ကစပြီး မြတ်စွာဘုရား၏ သရဏဂုံကို ကိုးကွယ်ပါ၏ဆိုတဲ့ သရဏဂုံနဲ့ စခဲ့တယ်။ ပြီးတော့ မဂ် ဖိုလ်တွေ တက်သွားတာပဲ။ သရဏဂုံဆိုတာ အောက်ဆုံးလှေကားထစ်ပဲ။ အောက်ဆုံးလှေကားထစ်ကို မကျော်ဘဲနဲ့ အပေါ်ဆုံးလှေကားထစ်ကို ဘယ်လိုမှ မရောက်နိုင်ဘူး။ ဒီတော့ သရဏဂုံတည်းဟူသော အောက်ဆုံးလှေကားထစ်ပျက်ခဲ့ရင် ဟိုအပေါ်ဆုံးတွေ၊ အလယ်တွေ တက်လို့မရဘူး။ အဲဒါကြောင့် ဒီကနေ့ အောက်ဆုံးလှေကားထစ်ကလေး ခိုင်မာစေချင်တဲ့ သဘောနဲ့ ဘုန်းကြီးပြောပြတာပါ။

အဲဒီလို ရတနာ ၃-ပါးရဲ့ စွမ်းရည်ကို ယုံကြည်ပြီးတော့ လက်ခံတာကို ရတနတ္တယသဒ္ဓါလို့ ခေါ်တယ်။ ဗုဒ္ဓဘာသာ သူတော်စင်တွေ အဲဒီ ရတနတ္တယသဒ္ဓါ ခိုင်ခိုင်မြဲမြဲ၊ ခိုင်မြဲရုံမက သန့်သန့်ရှင်းရှင်း ရှိနေသေးသမျှ ကာလပတ်လုံး ဒီဥပါသကာမျိုးကို ရတနာ့ဥပါသကာလို့ ကောင်းစွာမသွေမှတ်သားထိုက်ပါပေတော့သတည်း။

ထေရဝါဒဗုဒ္ဓဘာသာ နှင့် မဟာယာနဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၅ )

ဒီကနေ့ ဘုန်းကြီးဟောကြားမဲ့ ဓမ္မအစီအစဉ်မှာ ဗုဒ္ဓသာသနာမှာ ကြည်ညိုလို့ မှီခိုနေကြတဲ့ ဒကာ ဒကာမတွေ ထေရဝါဒဗုဒ္ဓဘာသာ ပီပီသသ ဖြစ်ကြရေးအတွက် အင်္ဂုတ္တရနိကာယ် ပါဠိတော်မှာ လာရှိတဲ့ ဥပါသကာသုတ္တန်၊ သို့မဟုတ် စဏ္ဍာလသုတ္တန်ဆိုတဲ့ ထိုသုတ်ကို အခြေခံပြီးတော့ ထေရဝါဒဗုဒ္ဓသာသနာအကြောင်းကို ဒီကနေ့ ပြောသွားမှာပါ။

ဥပါသကာ-လို့ဆိုလိုက်ရင် အချို့အရပ်များကျတော့ ဘာသိလဲဆိုတော့ ပိတ်ဖြူကလေးတွေ တောင်းကလေးတွေနဲ့ ခေါင်းမှာ ခမောက်ကလေးတွေ ခပ်ကုပ်ကုပ် ဆောင်းပြီး အရပ်ထဲကို အလှူခံတဲ့လူတွေကို ဒါဥပါသကာ လှည့်လည်တယ်လို့ ဒီလိုခေါ်တာလဲ တချို့အရပ်မှာရှိတယ်။ အဲဒါ ဥပါသကာ အရပ်ထဲ ဆွမ်းဆန် လှည့်ပြီးတော့ အလှူခံကြ။ ဟိုဟိုဒီဒီ လှည့်ပြီးတော့ အလှူခံကြ။ ဒီမှာ ဥပါသကာလို့ ဆိုတာကျတော့ ဘုန်းကြီးတို့ ဘုရား တရား သံဃာကို မကြည်ညိုဖူးသေးတဲ့ ပုဂ္ဂိုလ်တယောက်ယောက်အား မြတ်စွာဘုရားကိုယ်တော်မြတ်က တရားတပုဒ်ကို ဟောထုတ်တယ်။ ဟောထုတ်လို့ အဲဒီတရား ဆုံးပြီလို့ဆိုလို့ရှိရင် ထိုဗုဒ္ဓဘာသာမဟုတ်သေးတဲ့ ထိုသူတယောက်ယောက်က ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းပြီးတော့ ဝင်လာတဲ့အခါ ဘာသာပြောင်းတဲ့အခါမှာ သူကိုယ်တိုင် လျှောက်သွားတဲ့စကား၊ ဗုဒ္ဓဘာသာ မဟုတ်ကြတဲ့သူတွေက ဗုဒ္ဓဘာသာအဖြစ်ကို ပြောင်းလဲပြီဆိုတဲ့အကြောင်းကို လျှောက်သွားတဲ့ အကြောင်းကိုပြောတာ။

အဲဒီသုတ္တန်တွေရဲ့ အဆုံး၊ အဆုံးမှာ အတော်များများပါတယ်။ ဂရုတစိုက် မှတ်သားလိုက်တဲ့ပုဂ္ဂိုလ်တွေဆိုလိုရှိရင် မှတ်မိကောင်း မှတ်မိမှာပါ-စကားက

တပည့်တော်သည် ဤနေ့မှစ၍ အသက်ရှင်သမျှကာလပတ်လုံး ဘုရား တရား သံဃာကို ယုံကြည်ဆည်းကပ် သိမှတ်ကိုးကွယ်ပါ၏၊ ဒါက တပိုင်း။

ယုံကြည် သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏-လို့ လျှောက်ထားလဲပြီးရော အဲဒီရတနာသုံးပါးကို ကြည်ညိုပြီး ဆည်းကပ်သွားသူရဲ့ စကားက ဥပါသကာ မံ ဘန္တေ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ-ဒါ ပါလာတယ်။

ဘန္တေ ဘဂဝါ=ဘုန်းတော်ကြီးသော မြတ်စွာဘုရားရှင်သည်။ မံ=တပည့်တော်ကို။ အဇ္ဇတဂ္ဂေ ပါဏုပေတံ=ဒီကနေ့မှစ၍ အသက်ရှင်သမျှ ကာလပတ်လုံး။ ရတနတ္တယံ=ရတနာတို့၏ ၃-ပါးသောအပေါင်းကို။ သရဏံ ဂတံ=ကိုးကွယ်ခြင်းသို့ ရောက်၍နေသော။ ဥပသကန္တိ=ဥပါသကာဟူ၍။ ဒီကနေ့မှစ၍ တပည့်တော်ကို ရတနသုံးပါးကို ကိုးကွယ်ခြင်းသို့ ရောက်နေသော ဥပါသကာဟူ၍။ ဓာရေတု=မှတ်သားပါ။ အသိအမှတ်ပြုသွားပါ။ ဗုဒ္ဓဘာသာထဲကို ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ ဘုရားရှင်ရဲ့ တရားတော်ကို နာကြားလို့ အဆုံး အဆုံးမှာ သရဏဂုံသီလ ခံယူတဲ့အခါ ဒီအတိုင်း လျှောက်လျှောက်သွားတယ်။ အဲဒါကို အဋ္ဌကထာများမှာ မှတ်ချက်ပေးတော့ ဥပါသကာဖြစ်ကြောင်းကို သူကြေညာတာ။ သူဗုဒ္ဓဘာသာဖြစ်တဲ့အကြောင်းကို ကြေညာတာ။

အဲဒီတော့ ဥပါသကာဆိုတဲ့စကားဟာ တကယ်တော့ အဲဓီသုတ္တန်တွေရဲ့ အဆုံးမှာ သူတို့ခံယူချက် ကြေညာချက်ကို ထောက်ထောက်ပြီးတော့ ကြည့်လိုက်လို့ရှိရင်၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကစပြီးတော့ ဟေ့-မင်း ဥပါသကာလုပ်-လို့ ပြောလိုက်ရတာ မဟုတ်ဘဲနဲ့ ကိုယ့်ခံယူချက်နဲ့ ကိုယ့်ဟာကိုယ် လျှောက်ရင်း လျှောက်ရင်းနဲ့ ဒီစကားလုံးဟာ သာသနာမှာ တွင်ကျယ်သွားတာ။ ဗုဒ္ဓဘာသာခံယူတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြေညာချက်မို့လို့ ဒါ သာသနာမှာ ဥပါသကာဆိုပြီးတော့ တွင်ကျယ်သွားတာ။

အဇ္ဇတဂ္ဂေ ပါဏုပေတံ-ဒီစကားက အာမခံ သိပ်ကောင်းတယ်။ ဒီနေ့ကစပြီးတော့ အသက်နှင့် ခန္ဓာ မြဲနေသမျှ ရဲရဲတင်းတင်း အပြောင်းအလဲ မလုပ်ဘူး။ အသက်နှင့်ခန္ဓာမြဲနေသမျှ ဘုရား တရား သံဃာ ဆည်းကပ်ပါ၏၊ အဲဒါကြောင့် ရတနာ ၃-ပါးကို ဆည်းကပ်သူတပည့်တော်၊ တပည့်တော်မကို မြတ်စွာဘုရားက ဥပါသကာလို့ အသိအမှတ်ပြုသွားပါဘုရား-လို့ ဗုဒ္ဓဘာသာအဖြစ် ခံယူသူကိုယ်တိုင်က ကိုယ့်ဟာကိုယ် ကြေညာတဲ့စကားပဲ။ အဲဒီစကားကို အခြေပြုပြီးတော့မှ မြတ်စွာဘုရားက ဥပါသကာတို့ ကျင့်အပ်သော ကျင့်ဝတ်လို့ဆိုတဲ့ သုတ္တန်တွေကို ဆက်ဟောသွားတာ။

ဒီကနေ့ ဘုန်းကြီးတို့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ မြတ်စွာဘုရား တရား သံဃာ ရတနာသုံးပါး ကိုးကွယ်ပါ၏၊ ဆည်းကပ်ပါ၏၊ သရဏံ ဂစ္ဆာမိ-လို့ ဆိုနေကြတယ်။ ဥပါသကာ မံ ဘန္တေ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ။ ဒါကိုတော့ ဆိုဖူးကြမယ်မထင်ဘူး။ ဒီပါဠိက တပည့်တော် တပည့်တော်မတို့ အသက်နှင့်ခန္ဓာ မြဲသမျှကာလပတ်လုံး ဥပါသကာဟူ၍ ဥပါသိကာဟူ၍ အသိအမှတ်ပြုတော်မူပါဘုရားဆိုတဲ့ လျှောက်ထားချက်ကို လျှောက်ထားတာ ဖြစ်တယ်။ ဘုန်းကြီးတို့တော့ ဒီကနေ့ မြန်မာနိုင်ငံ ထေရဝါဒအစဉ်အလာမှာ မကြားဖူးသေးဘူး။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလတုန်းကတော့ ဒီလိုချည်း လျှောက်လျှောက်သွားကြတာ။ ဒါထက်ပိုပြီးတော့ လေးလေးနက်နက် လျှောက်ထာလဲရှိသေးတယ်။ ဥပမာ-ကဿပ သတို့သား၊ ဘုရားဆိုတဲ့သတင်း ကြားတာနဲ့ ဘတ္တိယမြို့ကနေ ထွက်တယ်။ အဲဒီအချိန် ဘုရားက ရာဇဂြိုဟ်မှာရှိနေတယ်။ အဲဒီတော့ ဘယ်လိုကြွေးကြော်ပြီးတော့ ထွက်လာသလဲဆိုရင်-သူသည် တယောက်ယောက်သောသူ၏ တပည့်ခံရမယ်ဆိုရင် မြတ်ဗုဒ္ဓ၏ တပည့်ပဲ ခံတော့မယ်။ တခြားပုဂ္ဂိုလ်၏ တပည့်မလုပ်တော့ဘူး။ ဒါ သရဏဂုံတည်သွားတာ။

ပြီးတော့ ကဿပသတို့သား၊ ငယ်စဉ်က ခေါ်တော့ ပိပ္ပလိလုလင်တဲ့၊ နောင်သောအခါ ပထမသင်္ဂါယနာတင်ပွဲကြီးမှာ သံဃာ့ဦးသျှောင်ဖြစ်လာတဲ့ ရှင်မဟာကဿပ၊ သူထွက်လာတာ ဘုရားကိုယ်တော်မြတ်က သိနေတယ်။ ဪ-ထွက်လာပြီ၊ သာသနာ့ဦးသျှောင်၊ သံဃာ့ခေါင်းဆောင်ဖြစ်တဲ့ ပုဂ္ဂိုလ် ထွက်လာပြီဆိုပြီး ဘုရားရှင်က ဝေဠုဝန်ကထွက်ပြီးတော့ ၃-ယူဇနာကနေ ကြိုနေတာ။ ဘုရားရှင်ကိုယ်တော်မြတ်ကို တွေ့တာနဲ့တပြိုင်နက် လက်အုပ်ချီ ရှိခိုး၊ ခြေဦးပေါ်မှာ နဖူးတင်ပြီးတော့ ဘန္တေ ဘဂဝါ-ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ အဟံ ခေါ ပိပ္ပလိ-တပည့်တော် ပိပ္ပလိ လုလင်ပါဘုရား။ ဗုဒ္ဓဿ အန္တေဝါသိကော-ဘုရားရှင်ကိုယ်တော်မြတ်၏ တပည့်ပါဘုရား။ အဲဒီလို တန်းလျှောက်တယ်။ ဦးခေါင်းညွတ်ကျိုးပြီး ဘုရားရှင်ကိုယ်တော်မြတ်ကို ရွှေနားတော်ကြားအောင် သူလျှောက်ထားတယ်။

တပည့်တော် ပိပ္ပလိလုလင်၊ ဗုဒ္ဓအန္တေဝါသိက တပည့်ပါဘုရားလို့ ကြေညာလိုက်တယ်။ ဒါ သရဏဂုံဆောက်တည်တာပဲ။ သရဏဂုံ မြဲသွားပြီတဲ့။ ဗုဒ္ဓဘာသာဖြစ်သွားပြီ။ ဥပါသကာဖြစ်သွားပြီ။ အဲဒီတော့ ဗုဒ္ဓရှင်တော်၏ တပည့်ပါဘုရားလို့ ကြေညာပြီးရင် သာသနာပြင်ဘက်က ဆရာကြီးတွေထဲမှာ သူသွားပြီးတော့ တပည့်မခံတော့ဘူး။ သူ့ရဲ့စိတ်ဓာတ်က ခိုင်ခိုင်မြဲမြဲ ဒီလိုဆုံးဖြတ်ချက်ချထားတယ်။ အဲဒါ ဥပါသကာရဲ့ စိတ်နေသဘောထားဟာ ဒီအတိုင်းပဲ ရှိရမယ်။ ရတနာ ၃-ပါးရဲ့ တပည့်ပါပဲလို့ ခံယူပြီးလို့ရှိရင် တခြားဘာသာတို့ထံ တပည့်ခံစရာ မလိုတော့ဘူး။ တခြားဘာသာသို့ထံ တပည့်ခံစရာ ရှိသေးတယ်ဆိုရင် ဒီဘက်က သရဏဂုံ ညစ်သွားမယ်။ ပျက်သွားမယ်။

ထေရဝါဒမှာ တခြားဘာသာကို တပည့်ခံစရာ မလိုဘူး။ ရှိခိုးစရာလဲ မလိုဘူး။ မဟာယာနကျတော့ ဘုန်းကြီးတွေကိုယ်တိုင်ကပင်လျှင် နတ်မင်းကြီးများကိုလဲ ရှိခိုးရတယ်။ ဘုရားရဲ့ ကျေးဇူးရှင် ဘုရားရဲ့ မယ်တော်ကိုလဲ ရှိခိုးရသေးတယ်။ ပိဋကတ်သုံးပုံစောင့်တဲ့ သူရဿတီကိုလဲ ဘုန်းကြီးက ရှိခိုးရသေးတယ်။ ဘုန်းကြီးတို့ ထေရဝါဒကတော့ ပီပီသသပဲ။ မြတ်စွာဘုရားမှတပါး အခြားကို ရှိခိုးစရာ မလိုတော့ဘူး။ အဲဒါ ရှင်မဟာကဿပတို့ ဆောက်တည်သွားတဲ့ သရဏဂုံဟာ ဒီအတိုင်းပဲ။ နောက်ပြောရရင် အာဠာဝကဆိုတဲ့ ဘီလူးကြီးများ ဗုဒ္ဓဘာသာအဖြစ် ပြောင်းပြီးတဲ့နောက်ပိုင်းမှာ သာသနာတော်ကို ကြည်ညိုပြီးတဲ့နောက်ပိုင်းမှာ အာဠာဝကကလဲ ဘာကြေညာသလဲဆိုတော့ လောကမှာ သူသည် နဖူးနဲ့ ဒူးနဲ့ တံတောင်နဲ့ ရှိခိုးရမယ်ဆိုလို့ရှိရင် ဗုဒ္ဓရှင်တော်ကိုသာ ရှိခိုးတော့မယ်။ အခြား ဘယ်သူ့ကိုမှ ရှိမခိုးတော့ဘူး။ အာဠာဝကဘီလူးတောင် အဲဒီလိုစိတ်မျိုးရှိတယ်။ ခုတော့ ဘုန်းကြီးတို့ ပရိသတ်က ဘုရားရှိခိုးပြီးရင် ဟိုဘက်မှာ ဘီလူးရော နတ်ရော ၃၇-မင်းရော အကုန် ကုန်းပြီးတော့ ရှိခိုးနေကြတာ တွေ့ရတယ်။

အဲဒီလိုဆိုတော့ ဘုရားလဲပဲ ရှိခိုးတယ်။ ဟိုဘက်လဲပဲ ရှိခိုးတယ်။ ဘုရားနဲ့ သာသနာပ သတ္တဝါတွေကို တန်းတူထားရင် ဘုရားတန်ဖိုးက ကျသွားမယ်။ အဲဒါကို မသိကြတော့ ကိုယ့်သရဏဂုံကို ကိုယ်နှိမ့်ချသလို ဖြစ်သွားတယ်။ ဒါကြောင့် အာဠာဝကရဲ့ စိတ်ထားမျိုး မွေးဖို့လိုတယ်လို့ တိုက်တွန်းချင်တယ်။ အာဠာဝကတို့လို စိတ်ထဲက ဆုံးဖြတ်ချက်နဲ့ ပြတ်ပြတ်သားသား မြတ်စွာဘုရားအပေါ်မှာ ကြည်ညိုပြီးတော့နေတဲ့ ဆည်းကပ်ပြီး အသိအမှတ်ပြုလို့နေတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေကို ဥပါသကာ ဥပါသိကာလို့ ခေါ်ပါတယ်။

ဗြဟ္မာယုဆိုတဲ့ ပုဏ္ဏား၊ ဝေဒကျမ်း တဖက်ကမ်းတတ်ပြီးတော့ တပည့်တွေ ရာပေါင်းများစွာကို ဝေဒအတတ်ကျမ်းတွေ သင်ပေးနေတဲ့ဆရာကြီး၊ ဒိသာပါမောက္ခဆရာကြီး၊ စိတ်ကောင်းရှိတယ်။ နှလုံးကောင်းရှိတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အဝေးကကြားပြီး ကြည်ညိုတယ်။ ကြည်ညိုတော့ တပည့် ဥတ္တရလုလင်ကို လွှတ်ပြီး စုံစမ်းခိုင်းတယ်။ သွားစုံစမ်းလိုက်၊ တွေ့သလောက် တပည့်က ပြန်ပြောလိုက်နဲ့ စုံစမ်းစစ်ဆေးနေတာ သုံးနှစ်ကြာသွားတယ်။ ဘုရားကိုချဉ်းကပ်ဖို့ စုံစမ်းနေတာ ဗြဟ္မာယုပုဏ္ဏား သုံးနှစ်ကြာသွားတယ်။

ဘုန်းကြီးတို့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ တစုံတခု အဲဒီလိုမျိုးပေါ့။ ပျောက်စေဆရာလိုလို၊ အကြားအမြင်ပေါက်သလိုလို၊ ရေမန်းကောင်းသလိုလို၊ သတင်းကြားရင်လေ ဘယ်သုံးနှစ်ပြောမနေနဲ့ သုံးနာရီမဆိုင်းဘူး၊ ချက်ချင်းထပြေးတာ။ ဟိုကျတော့မှ ဘာဖြစ်လာသလဲဆိုတော့ အလိမ်ခံပြီး ပြန်လာခဲ့ကြရတာပဲ။ သူတို့က ဘာသာရေးမှာ စိစိစစ်စစ် စုံစမ်းတယ်။ ကျေနပ်ပြီဆိုတော့မှ ဘုရားဆီလာတာ။ ဘုရားထံမှောက်ရောက်တော့လဲ မြတ်စွာဘုရားကို ခြေဆုံး ခေါင်းဆုံးကြည့်ပြီးတော့ မဟာပုရိသလက္ခဏာ ၃၂-ပါးကို တခုချင်း စစ်ဆေးတယ်။ မဟာပုရိသ ပီသတယ်၊ ယောကျ်ားမြတ် ဖြစ်တယ်ဆိုတော့မှ မေးခွန်းတွေ မေးလျှောက်တယ်။ သူမေးတိုင်းဖြေနိုင်တော့မှ စိတ်ချပြီဆိုပြီးတော့ သရဏဂုံ ခံယူဆောက်တည်တယ်။ ဘယ်လို သရဏဂုံ ဆောက်တည်သွားသလဲဆိုတော့ ဘုရားရဲ့ ခြေတော်နှစ်စုံကို ရှေ့ကိုချပေးတော်မူပါလို့ လျှောက်ထားတယ်။ ဘုရားက ခြေစုံချပေးလိုက်တော့ အဲဒီခြေဖမိုးပေါ်မှာ သူ့နဖူးကို တင်ထားပြီး ခြေမျက်စိနှစ်ဖက်ကို တင်းတင်းလေး ဆုပ်နယ်ပြီးတော့ မြတ်စွာဘုရားကို သူလျှောက်တယ်။

အရှင်ဘုရား၊ တပည့်တော် ဗြဟ္မာယုပုဏ္ဏားပါဘုရား။ အဲဒီလို လျှောက်ထားတယ်။ သူက ဂိုဏ်းဆရာကြီးတယောက်ဖြစ်ပြီး လူပေါင်းများစွာရဲ့ ဆရာတယောက်ဖြစ်နေပါလျက်နဲ့ ဘုရားရဲ့ခြေတော်ကို ဆုပ်နယ်ပြီးတော့ ခြေဖမိုးတော်ကို နမ်းရှုပ်ပြီးတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကို ရှိခိုးတယ်တဲ့။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-တော့ မပါဘူး။ ဒါလဲ သရဏဂုံ တည်သွားတာပဲ။ အဲဒီလို အာဠာဝကဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ ဗြဟ္မာယုဆိုတဲ့ ပုဏ္ဏားကြီးတွေ သရဏဂုံ ဘယ်လိုဆောက်တည်တယ်ဆိုတဲ့ သဘောကို ဘုန်းကြီးတို့ ပရိသတ် သုတအနေနဲ့ သိသင့်သိထိုက်လို့ ကောင်းစွာမသွေ ဟောကြားတော်မူလိုက်ပါပေသတည်း။

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၆ )

ဒီကနေ့ ဘုန်းကြီးဟောမယ့် ဓမ္မအစီအစဉ်မှာလဲ ထေရဝါဒဗုဒ္ဓသာသနာတော်အကြောင်းပဲ ဖြစ်ပါတယ်။ ထေရဝါဒနဲ့ပတ်သက်လို့ ကိုးကွယ်မှုအားဖြင့် စနစ်တကျ သရဏဂုံသီလ ပီပီသသဖြစ်ရေးကို ဦးစားပေးပြီးတော့ အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ပါဠိတော်မှာ လာရှိတဲ့ ဥပါသကာသုတ်၊ စဏ္ဍာလသုတ်များကို ဥပမာများနဲ့ သရဏဂုံ သန့်ရှင်းရေးအကြောင်းကို ဟောလာခဲ့ပါတယ်။

ထေရဝါဒဆိုတဲ့ စကားလုံးကို ပရိသတ်တွေစွဲသွားအောင် မေ့မှာစိုးလို့ မကြားဘူးသေးတဲ့သူတွေလဲ ကြားဘူးသွားအောင် ဆိုပြီးတော့ ထပ်ပြီးဘုန်းကြီး မိတ်ဆက်ပြောချင်ပါသေးတယ်။ ထေရ-ဆိုတာက သီလ သမာဓိ ပညာ ခိုင်ခိုင်ခံ့ခံ့ ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ ထိရကနေပြီးတော့ ထေရ ဖြစ်သွားတာ။ သီလ သမာဓိ ပညာ ဂုဏ်တို့ဖြင့် ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်ကြီးများကို ထိရဂုဏ် ရှိတော်မူသောလို့ ဒီလိုသုံးတယ်။ အဲဒီထိရဂုဏ်နဲ့ ပြည့်စူုံတေ်မူကြတဲ့ အရှင်မြတ်ကြီးများကို ထေရ။

မြတ်စွာဘုရားကိုယ်တော်မြတ်က သုသာန်ထဲကို ကြွပြီး ပုဏ္ဏာဆိုတဲ့ ကျွန်မတယောက်ရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်တွေကို ကိုယ်တိုင်သွားကောက် ခွါယူတယ်။ ခွါယူပြီး လျှော်ဖွပ် လျှော်ဖွပ်ပြီး ဆိုးထားတဲ့ အမြတ်ဆုံး ပံ့သကူသင်္ကန်းကြီးကို အရှင်မဟာကဿပမထေရ်ကြီးရဲ့ ပခုံးပေါ်မှာ ကိုယ်တိုင်တင်ပေးခဲ့ဖူးတာ။ အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလာန်တို့ရဲ့ ပခုံးပေါ်ကို တင်ပေးခဲ့တာ မဟုတ်ဘူး။ အရှင်အာနန္ဒာရဲ့ ပခုံးပေါ်လဲ အဲဒီ ၂-ထပ်သင်္ကန်းကြီးကို တင်မပေးခဲ့ဖူးဘူး။

အရှင်မဟာကဿပမထေရ်ကြီးကလဲ သူ့ရဲ့ဆွေမျိုးတွေက အလွန်ကြွယ်ဝတဲ့ သူဌေးမျိုးတွေဖြစ်တယ်။ ဒါကြောင့် သူဌေးမျိုးတွေက လှူဒါန်းထားတဲ့ အလွန်ပါးလွှာ ချောမွတ်နေတဲ့ ၂-ထပ်သင်္ကန်းကို မြတ်စွာဘုရားအား လှူခဲ့တယ်။ ဒီတော့ ဘုရားကိုယ်တော်မြတ်က မြေကြီးတုန်သွားအောင် ကောက်ယူခဲ့တဲ့ ပံ့သကူသင်္ကန်းကို မြတ်စွာဘုရား အသက်ထင်ရှားရှိစဉ်ကတည်းကိုက သံဃာတော်အားလုံးရဲ့ ရှေ့မှောက်မှာ အရှင်မဟာကဿပရဲ့ ပခုံးပေါ်ကို အဲဒီလို တင်ပေးခဲ့တာ။

ကိုယ်တော်တိုင် ကောက်ယူတဲ့ ဒီပံ့သကူ ၂-ထပ်သင်္ကန်း အရှင်မဟာကဿပရဲ့ ပခုံးပေါ်ရောက်ပြီဆိုတာနဲ့ သံဃာတော်အရှင်မြတ်တွေအားလုံးက ဒီသာသနာတော်ကြီးတခုလုံးရဲ့ ပခုံးပြောင်းတာဝန်ကို အရှင်မဟာကဿပ ယူရမယ်လို့ တညီတညွတ်တည်း သဘောတူကြတာ။ ဘုရားရှင်က ပခုံးပြောင်းတာဝန်ကို ဒီလိုပေးသွားတာ။ အရှင်မဟာကဿပကလဲ ဒီအတိုင်းပဲ ခံယူတယ်။ အဲဒါကြောင့် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူပြီးတဲ့နောက်လဲ ဘုရားစကားတွေက မကွယ်ဘူး။ ကျန်ရစ်တယ်။

မြတ်စွာဘုရားကလဲပဲ ပရိနိဗ္ဗာန်ပြုလုလု အချိန်ကလေးမှာတောင် မှာသွားသေးတယ်၊ ရဟန်းတို့-ငါဘုရားစကားတွေ ရှိသေးသမျှကာလပတ်လုံး သင်တို့မှာ ဆရာ မကွယ်သေးဘူးလို့ ဒီလိုမှတ်ကြ-အဲဒီလိုမှာသွားတယ်။ အဲဒီဩဝါဒကို အားလုံးလက်ခံကြေနပ်ကြရင် ဘုရားတည်းဟူသော ဆရာတဆူ အစဉ်ရှိနေဖို့အတွက် ဘုရားစကားတော်တွေကို မူရင်းအတိုင်းဖြစ်နေအောင် ထိန်းကြရမယ်။ အဲဒီလို အရှင်မဟာကဿပကလဲ အသေအချာခံယူထားတယ်။

ချစ်သား အာနန္ဒာ-ငါဘုရား ဓမ္မဝိနယကို ဟောထား ပညတ်ထားပြီးပြီ။ ငါဘုရား မရှိတဲ့နောက် အဲဒီ ဓမ္မဝိနယဟာ သင်တို့ဆရာပဲပေါ့။ ဒါက အရှင်အာနန္ဒာက ပြောတာ။ အဲဒီစကားရပ်ကို အရှင်မဟာကဿပက မှတ်းပြီးတော့မှ ဪ-ဘုရားအစဉ်ရှိနေဖို့ ဘုရားစကားတော်တွေကို တို့ထိန်းထားရမယ်လို့ဆိုပြီးတော့ ဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် ၃-လအကြာမှာ ရာဇဂြိုဟ် ဝေဘာရတောင်ခြေ၊ စရည်းပင်ပေါက်ရာ လိုဏ်ဂူဝမှာ အဇာတသတ်ဘုရင် ဆောက်လုပ်ပေးတဲ့ မဏ္ဍပ်ကျောင်းကြီးထဲမှာ လက်ရွေးစင် ပဋိကမ္ဘိဒါပတ္တရဟန္တာကြီး အပါး ၅၀၀-တို့ကို စုဝေးပြီးတော့ ပထမသင်္ဂါယနာတင်ခဲ့ကြတာပါ။

အဲဒီမှာ အရှင်ဥပါလိက ဝိနည်း၊ အရှင်အာနန္ဒာက သုတ္တန်နဲ့ အရှင်သာရိပုတ္တရာရဲ့ တပည့်ကြီးတွေက အဘိဓမ္မာကို တင်သွင်းကြတယ်။ သံဃာ့အစည်းအဝေးကြီးမှာ ဘုရားဟောဒေသနာအားလုံးကို အကုန်နာကြပြီးတော့မှ ဒါ ဘုရားဟောအတိုင်းပဲလို့ သဘောတူခဲ့ကြတာပါ။ တစုံတယောက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်နုတ်ဖို့ စိတ်ကူးရှိကြသေးသလား၊ မရှိပါဘူး။ လျှောက်ထားပုံကိုက စဉ်းစားကြည့်တယ်။ အရှင်အာနန္ဒာရဲ့ လျှောက်ပုံကလေးက ဧဝံ မေ သုတံ-တပည့်တော် ဒီတရား ဒီသုတ် ဒီဒေသနာတော်ကို ဘုရားရှင်ရဲ့ မျက်မှောက်မှာ ဒီလိုနာကြား မှတ်သားခဲ့တာပါ-လို့ ဒီလိုလျှောက်တာ။

ဘုန်းကြီးတို့ ထေရဝါဒမှာ ဒီစကားလုံးက စပြီးတော့ သိပ်အဖိုးတန်သွားတယ်။ မဟာယာန ပိဋကတ်ကိုကြည့်ရင် ဧဝံ မေ သုတံ-မရှိဘူး။ ဘာပြုလို့ မရှိသလဲ။ ဘုရားကိုမီလိုက်တဲ့ မဟာယာနဘုန်းကြီး တပါးမှ မရှိလို့ဖြစ်ပါတယ်။ အခုလဲ။ဘုရားကိုယ်တော်မြတ်ထံမှ တိုက်ရိုက်နာကြားထားတဲ့ ပိဋကတ်တော်ဟာ မဟာယာနထဲမှာ လုံးလုံးမရှိတော့ပါဘူး။ အခု ရှိတာက မဟာယာနဘုန်းကြီးတွေ အသစ်ရေးတာတွေချည်း ဖြစ်သွားပြီ။ ဒါကြောင့် သူတို့မှာ ဧဝံ မေ သုတံ မရှိဘူး။ ဘုန်းကြီးတို့ ထေရဝါဒကတော့ ဧဝံ မေ သုတံ-တလုံးနဲ့ကို တရားတော်ရဲ့ တန်ဘိုး အလွန်ခိုင်မာသွားတယ်။

အဲဒီလို ခိုင်မာတဲ့အတွက် သတ္တဝါတို့ရဲ့ အကျိုးစီးပွားရှိမယ့် လုပ်ငန်းကို ညွှန်ကြားတော်မူတဲ့ တရားဓမ္မဖြင့်၊ အကျိုးမဲ့ကို တားမြစ်တော်မူတဲ့ အနေအားဖြင့် ဘဂဝါ-ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်၊ သတ္တဝါတို့ရဲ့ ဘေးမှန်သမျှကို ပယ်ဖျောက်တတ်တဲ့အတွက်ကြောင့် သရဏ မည်တော်မူပါပေ၏

သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ဖယ်ရှားတယ်ဆိုတာက

(၁) မကောင်းတာတွေကို တားပြီးတော့

(၂) ကောင်းတာတွကို ညွှန်ကြားတဲ့အတွက်ကြောင့် အဲဒါကို သရဏ-လို့ ခေါ်တယ်။

ဒီအဓိပ္ပါယ်နဲ့ သရဏံ ဂစ္ဆာမိ-ဪ သဗ္ဗညုဗုဒ္ဓ ဂေါတမဟာ ဆရာနဲ့ သိပ်တူတာပဲ။ မကောင်းတာကို တား-ကောင်းတာကိုလဲ ညွှန်ကြား၊ ဒုစရိုက် ၁၀-ပါး၊ သူစရိုက် ၁၀-ပါးက အစပေါ့ကွယ်။ အဲဒါကြောင့် သရဏံ ဂစ္ဆာမိ-ကိုးကွယ်ပါ၏၊ အဲဒီလို ရတနတ္တယ ဂုဏ်ရည်ကို ကြည်ညိုရတာဖြစ်တယ်။ အဲဒီလို ဘုရား တရား သံဃာတို့ရဲ့ အပေါ်မှာ သဒ္ဓါတရားကို ရရှိခြင်း၊ အဲဒီလို သဒ္ဓါတရားကို အခြေခံ၍ထားသော သမ္မာဒိဋ္ဌိဖြင့် ဖြောင့်မတ်တဲ့ အယူရှိလာပြီရယ်လို့ ကောင်းစွာမသွေ မှတ်သားထိုက်ပါပေသတည်း။

ထေရဝါဒဗုဒ္ဓဘာသာ နှင့် မဟာယာနဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၇ )

ဒီကနေ့ ဘုန်းကြီး သမ္မာဒိဋ္ဌိအကြောင်းကိုပဲ ဆက်ဟောပါ့မယ်။ ဗုဒ္ဓရှင်တော်ရဲ့ အပေါ်မှာ သဒ္ဓါတရားဖြစ်ပြီး ထိုသဒ္ဓါတရားကို အခြေခံပြီး ပေါ်ပေါက်လာတာကို သမ္မာဒိဋ္ဌိ။ သဒ္ဓါတရား အခြေခံအုတ်မြစ်ရှိတဲ့ သမ္မာဒိဋ္ဌိ။ အဲဒီ သဒ္ဓါက ဘယ်မှာရှိတဲ့ သဒ္ဓါလဲ။ ဗုဒ္ဓရှင်တော်ရဲ့ ကျေးဇူး ၂-ပါး

(၁) မကောင်းတာ တားတယ်။
(၂) ကောင်းရာ ညွှန်ကြားတယ်။

အသေးစိတ်တွေ ကိုယ့်ဟာကို ဆက်လေ့လာပါ။ အဲဒီလို ဆရာသမားအနေနဲ့ ရပ်တည်ပြီးတော့ လောကကြီးကို ဆုံးမတော်မူတဲ့ ဘုရားအပေါ်မှာ သဒ္ဓါရောက်ရင် အဲဒီသဒ္ဓါကို သမ္မာဒိဋ္ဌိလို့ ခေါ်တယ်။ အဲဒီသမ္မာဒိဋ္ဌိသည် သဒ္ဓါတရားကို အခြေခံတယ်။ ရတနတ္တယ သမ္မာဒိဋ္ဌိမှာ သဒ္ဓါဟာ ပဓာနဖြစ်တယ်။

ဝိပဿနာ သမ္မာဒိဋ္ဌိကျတော့ ပညာသည် ပဓာနဖြစ်သွားတယ်။ ဒါ ဘုရားနဲ့ ပတ်သက်လို့ ဒီအချက်တခုကို မှတ်သားထားပါ။ နောက် တရားတော်ပေါ့လေ။ တရားတော်ဆိုတဲ့ စကားလုံးအစား ဓမ္မ-လို့ပဲ သုံးကြပါစို့။ ပရိယတ္တိဆိုလဲ ဓမ္မပဲ။ ပဋိပတ္တိဆိုလဲ ဓမ္မပဲ။ ပဋိဝေဓဆိုလဲ ဓမ္မပါပဲ။ အဲဒီလို ဓမ္မ ၃-ခုရှိတယ်။ ဘယ်ဓမ္မမဆို ဗုဒ္ဓရှင်တော်ဘုရား ၄၅-နှစ်ပတ်လုံး ဟောခဲ့တဲ့ စကားတော်အားလုံးကို ဒီဓမ္မပုဒ်ထဲမှာ အကုန်ထည့်ထားတယ်။ သုတ်ရော ဝိနည်းရော အဘိဓမ္မာရော အကုန်လုံး ဒီအထဲပါတယ်။ ဓမ္မံ သရဏံ ဂစ္ဆာမိ-ဆိုရင် သုတ္တန်တင် မဟုတ်ဘူးနော်။ ဝိနည်း၊ အဘိဓမ္မာတွေပါ အကုန်လုံးပါတယ်။ အဲဒီဓမ္မကရော ဘာလုပ်ပေးသလဲ။ သတ္တဝါအပေါင်းတို့၏ ဘဝကန္တာရကို လွန်မြောက်စေနိုင်သော စွမ်းရည်သတ္တိရှိတယ်။

ကန္တာရဆိုတာ လူတိုင်းသိတယ်။ သဲသောင်ပြင်ပေ့ါနော်။ နွေအခါ ရေမရှိတဲ့ အဲဒီသဲသောင်ပြင်ကို သွားတဲ့အခါ နွေခေါင်ခေါင် နေကလဲပူ အဲဒီနေက ပြန်ထွက်လာတဲ့ အပူလှိုင်းတွေကို အဝေးကကြည့်ရင် ရေလှိုင်းနဲ့ သိပ်တူတာပဲ။ ဒါကြောင့် ၃၁-ဘုံ အစုံအဆန်သွားတာဟာ သဲကန္တာရခရီးကို သွားသလိုပဲတဲ့။ အဲဒီလိုဖြစ်နေတဲ့ ကန္တာရကို ကျော်လွှားဖို့ ဆိုလို့ရှိရင် နဂါးကိုးကွယ်လို့မရဘူး။ သိကြားကိုးကွယ်လို့လဲမရဘူး။ ဓမ္မကို ကိုးကွယ်မှ ဒါတွေကို ကျော်လို့ရတယ်။ ဘဝခရီးကြမ်း ဘဝအခက်အခဲ ဘဝရဲ့ပင်ပန်းမှုတွေကို ဘာနဲ့ကျော်လွှားမလဲဆိုရင် ဒီဓမ္မနဲ့သာ ကျော်လို့ရတယ်။ တရားမရှိတဲ့သူဟာ ဒါတွေကို မကျော်နိုင်ဘူး။ တရားမရှိတဲ့သူတွေ သို့မဟုတ်-အဲဒီတရားကို မချဉ်းကပ်လိုသော ပုဂ္ဂိုလ်တွေပေါ့လေ။

တမျိုးပြောရရင် သာသနာတော်ရဲ့ အပြင်ဘက်က အစွမ်းရှိတယ်လို့ ထင်ရတဲ့ လူတယောက်ယောက်၊ အရုပ်တမျိုးမျိုး၊ နတ်တမျိုးမျိုးနဲ့ ကျော်လွှားကြည့်မယ်လို့ ကြိုးစားကြည့်ပါ။ ကျော်လွှားနိုင်ရင် ခဏပဲဖြစ်မယ်။ ပြီးတော့ ကန္တာရထဲမှာ အဲဒီလူတွေ ပြန်ရောက်သွားလိမ့်မယ်။ ဓမ္မကတော့ ကျော်ပြီးရင် ကန္တာရထဲ ပြန်ရောက်စရာ မရှိဘူး။ အဲဒါကို ယုံကြည်ပြီးတော့ ကြည်ညိုပြီးနေရင် ဓမ္မက လူသားတွေအတွက် သရဏဖြစ်လာတယ်တဲ့။ ဘဝအခက်အခဲကို ကျော်လွှားစေတတ်တဲ့အတွက်ကြောင့် နောက်တခုက သက်သာမှုကို ပေးနိုင်စွန်းရှိတဲ့အတွက်ကြောင့် ဓမ္မကသာ လူသားတွေအတွက် သရဏဖြစ်လာတယ်။

တခါတခါ ဆွေမျိုးတွေ ပျက်လို့၊ စီးပွားတွေပျက်လို့၊ ကျန်းမာရေးတွေ ပျက်လို့ အဲဒီလို ပျက်ကြရင်လဲပဲ ပင်ပန်းကြတယ်။ အဲဒီလို ပင်ပန်းလာကြတဲ့လူသားတွေ ဒီဓမ္မနဲ့ တွေ့လိုက်ရင် အပန်းတွေ ပြေသွားတယ်။ တကယ်ကျင့်ရင် တကယ်သိရင် ဒီလူသားတွေ အပန်းပြေစေတယ်။ လူ့လောကကြီးမှာ အပန်းပြေစေတာ တကယ်ပြေစေနိုင်စွမ်းရှိတာဟာ ဓမ္မဖြစ်တယ်။

ဒါမျိုးဖြစ်ရင် ကမ်းခြေကိုသွားပြီး အပန်းမဖြေနဲ့၊ ဓမ္မနဲ့ အပန်းဖြေရမယ်။ အဲဒါကြောင့်-ဓမ္မ-က

(၁) ဘဝအခက်အခဲကိုလည်း လွန်မြောက်စေတယ်။
(၂) ဘဝရဲ့ ပင်ပန်းမှု မှန်သမျှကိုလည်း သက်သာစေတယ်။ အဲဒါကို ယုံကြည်ရင် ဓမ္မသည် ကိုးကွယ်ရာဖြစ်ပြီ။ ဒါကြောင့် ကိုးကွယ်စရာကို သရဏ-လို့ ခေါ်တယ်။ ပြီးတော့မှ ဂစ္ဆာမိ-လုပ်တာ။ ဘဝအခက်အခဲတွေ ကျော်လွှားစေနိုင်တဲ့ အတွက်ကြောင့်၊ သက်သာရာကိုလဲ ပေးစွမ်းနိုင်တဲ့အတွက်ကြောင့် ဓမ္မော-ဓမ္မသည် သတ္တဝါတို့၏ သရဏမည်တယ်ရယ်လို့ ကောင်းစွာမသွေ မှတ်ထိုက်ပါပေကုန်သတည်း။

ဓမ္မပြီးသွားပြန်တော့ သံဃာပေါ့။ သံဃာတော်ကို အနည်းငယ်မျှ ပေးလှူကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့အား ကြီးကျယ်များမြောင်သော အကျိုးကျေးဇူးတွေကို ဖြစ်စေနိုင်စွမ်းရှိတဲ့အတွက်ကြောင့် သံဃာတော်များလဲပဲ သရဏံ-သရဏမည်တယ်ရယ်လို့ ကောင်းစွာမသွေ မှတ်ထိုက်ပါပေကုန်သတည်း။

ဒါကြောင့် သံဃာတော်များရဲ့ ဂုဏ်ရည်ကို ယုံကြည်ဖို့လိုတယ်။ သံဃာကို နည်းနည်းလေးပေးလှူတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ပြန်ရတဲ့ အကျိုးကျတော့ အလွန်ကြီးကျယ်တယ်။ သံဃာ့ဂုဏ်ကို တိုက်ရိုက်အားဖြင့် ပြောရရင် အရိယာသံဃာဖြစ်တယ်။ အဆင့်မြင့်သံဃာဖြစ်တယ်။ ဥပမာ-အရှင်မဟာကဿပကို လှူလိုက်လို့၊ အရှင်သာရိပုတ္တရာကို လှူလိုက်လို့ နေ့ချင်း ညချင်း သူဌေးဖြစ်သွားတယ်ဆိုတဲ့ ထုံးတွေ အများကြီးရှိတယ်။ အဲဒါ အမြင့်ဆုံး ဥက္ကဋ္ဌနည်းကို ပြောတာ

ဒီကနေ့ မျက်မှောက်သမုတိသံဃာကျတော့ ဘယ်လိုကြည်ညိုရင် အကောင်းဆုံးလဲဆိုတော့ အခု သာသနာတော်ခရီးဟာ နှစ်ပေါင်း ၂၅၀၀-ကျော်ခဲ့ပြီ။ ဒါကြောင့် သာသနာဖြတ်သန်းလာခဲ့တဲ့ ခရီးတလျှောက်လုံးမှာ ဘုရားစကားတော်တွေကို မူရင်းအတိုင်း မပျောက်အောင်၊ မကွယ်အောင် ထိန်းသိမ်းလာခဲ့တာ သံဃာတော်တွေဖြစ်တယ်။ သံဃာတော်တွေထိန်းသိမ်းလို့ သံဃာတော်တွေ မထိန်းရင် တခြားထိန်းတဲ့ပုဂ္ဂိုလ် မရှိဘူး။ အသောကမင်းကြီး အာဏာစက်ထက်တာ မှန်တယ်။ နဂါး၊ ဂဠုန်ကို မှန်းပြီး ကြိမ်စကြာနဲ့ ရိုက်လိုက်ရင်လဲ ရေအောက် ၁၂-မိုင်က နဂါး၊ ဂဠုန် အကုန်ထွက်လာတယ်။ ဘာလိုချင်လဲ မင်းတရား ဒီလိုမေးရင် ပတ္တမြားလိုချင်တယ်ဆိုရင် ဆက်ရတယ်။ ကောင်းကင်ကို ကြိမ်စကြာနဲ့ ရိုက်လိုက်ရင် ကောင်းကင်ရှိ ၁၂-မိုင်အတွင်း ၁-ယူဇနာအတွင်းက နတ်တွေ မနေနိုင်ဘူး။ အနောတတ်အိုင်က ရေတွေ ဘာတွေလာဆက်ရတယ်။ အဲဒီလို အာဏာစက်ရှိတဲ့ မင်းတောင် ဒီအာဏာစက်နဲ့ ဒီပိဋကတ်ကို တည်စေသတည်းလို့ လုပ်လို့မရဘူး။ ဘာနဲ့ ထိန်းလာသလဲဆိုလို့ရှိရင် ဟောဒီဘုရားဟောတဲ့ ပိဋကတ် ၃-ပုံကို သင်ကြားပို့ချပြီး ထိန်းခဲ့တာ။ ဆရာစဉ်ဆက်၊ ဆရာ့နှုတ်ကနေ တပည့်၊ တပည့်က ဆရာပြန်ဖြစ်ပြီး နောက်နောင် တပည့်များကို ဆက်လက်ပို့ချ။ အဲဒီလို နှုတ်ဆင့်ကမ်းပြီး သယ်လာခဲ့လို့ ဒီသာသနာ ဒီအထိရောက်လာတာ။

အဲဒီမှာလဲ တဖက်က မှတ်စရာရှိသေးတယ်။ ဘာလဲဆိုတော့ တဖက်က ပရိယတ္တိဖြစ်တဲ့ ပိဋကတ် ၃-ပုံကို သင်ကြားကြ။ တဖက်က ပဋိပတ္တိကို ကျင့်ကြ။ အင်း-ကိုယ်တော်တို့ သင်ရုံသာ သင်နေတာပါ၊ ကျင့်လဲမကျင့်ကြပါဘူး-လို့ အဲဒီလိုများ ဟန်ချက်မညီတဲ့ အယူအဆမျိုးတွေရှိရင် ဖျောက်ပစ်ကြပါ။ ကဲ ကျင့်ကြံနိုင်မှ ဒီတရား-ဆိုရင်လဲ စာသင်တိုက်တွေ အကုန်ရပ်ပြီး မြန်မာတနိုင်ငံလုံးရှိ သံဃာ ၃-သိန်းကျော် ထိုင်ပြီး တရားကျင့်ကြည့်စမ်းပါ။ နောက် နှစ် ၁၀၀-လောက်ဆိုရင် ဒီသာသနာ ကွယ်သွားမှာ သေချာတယ်။ သင်ကြားပို့ချမှု မရှိရင် မဂ်တရား ဖိုလ်တရားကို မသိနိုင်သဖြင့် မဂ်ဖိုလ်လဲ မဆိုက်နိုင်ဘူး။ နောက်တော့ အကုန်လုံး ပျောက်ကုန်မယ်။

အဲဒီတော့ ပရိယတ္တိတွေကလဲ သာသနာတည်တံ့ရေးမှာ ပဓာန၊ အဲဒါကြောင့် အနည်းငယ်မျှလှူကြတဲ့ ပုဂ္ဂိုလ်တွေလို ကြီးကျယ်ချမ်းသာသော ကောင်းကျိုးများ ပေးနိုင်စွမ်းရှိတဲ့အတွက် သံဃာတော်များလဲ သရဏံ-သရဏမည်ပါပေ၏၊

မကောင်းရာ တားပြီး ကောင်းရာညွှန်ကြားလို့ ဗုဒ္ဓရှင်တော်သည် တို့ရဲ့ ကိုးကွယ်ရာ သရဏ

ဓမ္မသည် ဘဝအခက်အခဲကို ကျော်လွှားစေနိုင်တယ်။ စိတ်ပင်ပန်းတဲ့အခါလဲ သက်သာမှုကို ရစေနိုင်တယ်။ အဲဒါကြောင့် ဒီဓမ္မလဲပဲ သရဏ

သံဃာတော်များကိုလည်း နည်းနည်းလေးလှူ၊ များစွာသော ကောင်းကျိုးတွေ တို့တိုင်းပြည် တို့လူမျိုးကို ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် သံဃာတော်လဲ သရဏ မည်တယ်။ အဲဒါကို ယုံပြီလား။ ယုံပြီဆိုရင် သဒ္ဓါရတယ်။ အဲဒီသဒ္ဓါတရားကို အခြေခံပြီးတော့ ရတနာ ၃-ပါးသည်သာလျှင် ကိုးကွယ်ရာဆိုရင် ဒီပုဂ္ဂိုလ် အယူမှန်သွားပြီ။ ဒါ ရတနတ္တယသမ္မာဒိဋ္ဌိရယ်လို့ ကောင်းစွာမသွေ မှတ်သားထိုက်ပါပေတော့သတည်း။

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် (၂၀)

ဒီကနေ့ ဓမ္မသဘင်ပွဲ အားခဲလာကြတဲ့ တရားချစ်ခင် သူတော်စင်များ၊ ဘုန်းကြီးတို့ ဟောကြားနေတဲ့ ဒေသနာ အစီအစဉ်မှာ ထေရဝါဒ မြတ်ဗုဒ္ဓဒေသနာတော်သမိုင်းကို ကိုးကွယ်သိမှတ် ဆည်းကပ်ပုံများ ဟောကြားခဲ့ပါပြီ။ ယခု ထေရဝါဒ ဗုဒ္ဓဘာသာ ပီပီသသ ဖြစ်-မဖြစ်ဆိုတဲ့ အကြောင်း၊ တခြား မဟာယာန ဗုဒ္ဓဘာသာတို့ရဲ့ ကိုးကွယ်ခြင်းများနဲ့ နှိုင်းယှဉ်ပြီး ဟောကြားနေတဲ့ ဒေသနာအစီအစဉ်များ ရောက်လာပါပြီ။

အဲဒါကို အကျဉ်းချုံးပြီး ဟောပြသွားမှာပါ။ မဟာယာန ဗုဒ္ဓဘာသာမှာကတော့ ဘယ်ကျမ်းကလာတဲ့ နတ်ဖြစ်ဖြစ် ကိုးကွယ် ရှိခိုးဖို့ဆိုတဲ့ အထဲမှာ သူတို့ကို ထည့်ထားတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာကတော့ မြတ်စွာဘုရား သာသနာတော်မှာ နတ်တွေ သိကြားတွေ ဗြဟ္မာတွေ ပါတယ်။ ရှိတယ်။ ဘုရားကိုယ်တော်မြတ်နဲ့ သိကြား ဗြဟ္မာ နတ်ဒေဝါတွေဟာ မပြတ်မပြတ်တွေ့ကြ ဆုံကြ တရားဆွေးနွေးကြ၊ လျှောက်ထားကြ စသည်ဖြင့် မြောက်မြားစွာသော သုတ်တွေရှိတယ်။

ဥပမာ-သံယုတ္တနိကာယ်ကို ကြည့်လိုက်ရင် ဒေဝတာသံယုတ်တခုလုံးဟာ နတ်နဲ့ပတ်သက်တဲ့ တရားတွေချည်းပဲ။ ဒေဝပုတ္တသံယုတ်ဒေဝတာသံယုတ်သက္ကသံယုတ်ဗြဟ္မသံယုတ် အဲဒီလို သိကြား ဒေဝါ နတ်ဗြဟ္မာ နတ်သားတွေ နတ်သမီးတွေနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သာသနာတော်နဲ့ဟာ အကုန်လုံး ဆက်နွယ်မှုတွေ ရှိပါတယ်။ သို့သော် ဒီကနေ့ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်မှာ အမျိုးသား အမျိုးသမီးတွေ ကိုးကွယ်နေကြတာ တွေနဲ့ အဲဒီဘုရားပိဋကတ်တော်မှာ လာကြတဲ့နတ်များနဲ့ ဘယ်လိုများ ပတ်သက်မှုရှိမလဲ၊ ဘယ်လိုများ ဆက်သွယ်မှုရှိမလဲ ဆိုတာလေးတွေ စဉ်းစားကြည့်လိုက်လို့ရှိရင် ဘုန်းကြီးတို့ မဟာအာဋာနာဋိယသုတ်ကနေ စတင်ပြီးတော့ အဲဒါ စဉ်းစားမယ်။

မဟာအာဋာနာဋိယကို ဒီဃနိကာယ် ပါဠိတော်မှာ သင်္ဂါယနာတင်ပြီးတော့ စာရင်းသွင်းထားတယ်။ ဒီဃနိကာယ်ဆိုကတည်းက သုတ်ရှည်ကြီးပဲ။ သုတ္တန်ရဲ့ နာမည်သည်-မဟာအာဋာနာဋိယသုတ်မဟာအာဋာနာဋိယဆိုတာဟာ မူရင်းကတော့ နတ်ပြည်က မြို့တမြို့ရဲ့ နာမည်ပဲ။ အာဋာနာဋိယဆိုတဲ့ နတ်မြို့တခုရှိတယ်။ စတုမဟာရာဇ်နတ်ပြည်မှာပါ။

အဲဒီအာဋာနာဋိယဆိုတဲ့ နတ်မြို့တော်ကြီးမှာ လောကပါလနတ်မင်းကြီး လေးယောက်တို့တွင် အရှိန်အဝါကောင်းတဲ့ နတ်မင်းကြီးတပါးဟာ ဝဿဝဏဝဿဝဏဆိုတဲ့ နတ်မင်းကို မြန်မာလို ဝေဿဝဏ်လို့ ဖတ်ကြတယ်။ အဲဒီဝေဿဝဏ် နတ်မင်းကြီး စီမံသွားတဲ့ သုတ်လို့မှတ်ရမယ်။ အာဋာနာဋိယနတ်မြို့မှာ ဝေဿဝဏ်နတ်မင်း စီမံသောသုတ်ကို အာဋာနာဋိယသုတ်လို့ ခေါ်တယ်။

အဲဒါကြောင့် ဒီသုတ္တန်သည် ဗုဒ္ဓဘာသိတသုတ် မဟုတ်ဘူး။ ဒေဝတာ ဘာသိတသုတ်တဲ့။ နတ်ဟောတဲ့သုတ်။ ဒီလိုမှတ်ပါ။ အဲဒီနတ်ဟောတဲ့သုတ်က ဘာကြောင့် သင်္ဂါယယနာတင်စာရင်းထဲ ရောက်သွားသလဲဆိုတော့ ဘုရားက လက်ခံတဲ့အတွက်ကြောင့် ရောက်သွားတာပါ။ နတ်ဟောတဲ့သုတ်ကို မြတ်စွာဘုရားက လက်ခံပြီး အမည်ပြုပေးလိုက်တယ်။ နတ်တွေက စီစဉ်ပြီး ဘုရားကို လျှောက်တယ်။ ဘုရားက သံဃာတော်တွေကို ပြန်ဟောလိုက်တယ်တဲ့။ ညတုန်းကကွယ် သန်းခေါင်ယံမှာ ဝေဿဝဏ်နတ်မင်းကြီး ရောက်လာပြီး ဒီသုတ္တန်လျှောက်သွားတယ်ဟေ့။ ဆောင်ထားကြ၊ ဆောင်ထားကြ၊ ဘုရားက ဂိဇ္ဈကုဋ်တောင်မှာနေနေတုန်း သံဃာတော်တို့ကို ပြန်ဟောလိုက်တယ်။

အဲဒါကြောင့် နတ်ဟောသုတ်ပင် ဖြစ်လင့်ကစား ဘုရားလက်ခံတော်မူတဲ့အတွက်ကြောင့် ဘုရားဟောသကဲ့သို့ နှစ် ၂၅၀၀-သင်္ဂါယနာခြောက်တန်တင် မထေရ်ကြီးတွေက အမြတ်တနိုး အလေးပြုပြီးတော့ ပိဋကတ်ထဲမှာ ထည့်ထားတာ။ အဲဒါ မဟာအာဋာနာဋိယသုတ် ဆိုပြီး ဖြစ်လာတယ်။ အဲဒါကို ဘုန်းကြီးတို့ ပါဠိ အဋ္ဌကထာ ဋီကာကျမ်းတွေထဲမှာ တိတိကျကျ လက်ခံထားတယ်။

နတ်ဟောတာကို နတ်မဟောသလို အသာလေး တိမ်မြှုပ်ပြီးတော့ ဘုရားဟောရယ်လို့ ပြောင်းလဲပြီး လက်ခံတဲ့စနစ်မျိုး ဘုန်းကြီးတို့ ထေရဝါဒမှာ မရှိဘူး။ ဒါဟာ နတ်ဟောတယ်။ ဒါဟာ ဘုရားဟောတယ်။ ဒါဟာ သာဝကဟောတယ်။ ဒါဟာ သာဝိကာဟောတယ်။ အဲဒီလို တိတိကျကျ ပီပီသသ တန်းတင်တယ်။ မဟာယာနရောက်သွားပြီဆိုရင် အဲဒီလိုမဟုတ်တော့ဘူး။ လားမားဘုန်းတော်ကြီး မျိုးစုံက စာမျိုးစုံကို ရေးပြီးတော့ သူတို့ရေးတယ်လို့ မပြောလိုက်ဘဲနဲ့ နောက်ဆုံး ဘုရားဟောဆိုပြီးတော့ အဲဒီလိုမျိုး လုပ်သွားတာတွေ မဟာယာနမှာ အများကြီးရှိတယ်။

ထေရဝါဒမှာကတော့ ဝေဿဝဏ်နတ်မင်းကြီးက ဂိဇ္ဈကုဋ်တောင်မှာ သီးတင်းသုံးသော မြတ်စွာဘုရားထံ သန်းခေါင်ယံမှာလာပြီးလျှောက်တယ်။ မြတ်စွာဘုရား၊ ဒီအာဋာနာဋိယသုတ္တန်ကို ဆောင်ထားပါဘုရား။ သံဃာတော်များကိုလဲ သင်ပေးလိုက်ပါဘုရား။ ဘာဖြစ်လို့လဲဆိုတော့ မြင်းမိုရ်တောင် တပတ်လည်နေကြတဲ့ အထဲ မြင်းမိုရ်တောင်ရဲ့ တောင်အရပ်မှာ ကုမ္ဘဏ္ဍ ဆိုတဲ့နတ်မျိုးတွေ နေပါတယ်ဘုရား။ မြင်းမိုရ်တောင်ရဲ့ မြောက်အရပ်မှာ ယက္ခဆိုတဲ့ ဘီလူးမျိုးတွေ နေကြပါတယ်ဘုရား။ ဒီလိုလျှောက်တယ်။ ဂိဇ္ဈကုဋ်တောင်ကို ဝေဿဝဏ်နတ်မင်းနဲ့အတူ လာတာက ဓတရဋ္ဌနတ်မင်းရယ်၊ ဝိရူဠှကနတ်မင်းရယ်၊ ဝိရူပက္ခနတ်မင်းရယ် အဲဒီနတ်မင်းကြီးလေးပါး လာကြတယ်။ သိကြားမင်းရဲ့ တာဝန်ပေးချက်အရ မြင်းမိုရ်တောင်ကို ပတ်ပြီးတော့ လုံခြုံရေးတာဝန် စောင့်ရှောက်တဲ့အထဲမှာ မြောက်အရပ်က ဘီလူးတပ်ကို အုပ်ချုပ်ဖို့ ဝေဿဝဏ်နတ်မင်း တာဝန်ယူရတယ်။ အရှေ့အရပ်က ဂန္ဓဗ္ဗ နတ်တွေကို အုပ်ချုပ်ဖို့ ဓတရဋ္ဌနတ်မင်းက တာဝန်ယူရတယ်။ တောင်အရပ်က နတ်တွေ၊ ကုမ္ဘဏ်တွေကို အုပ်ချုပ်ဖို့ ဝိရူဠှက နတ်မင်းက တာဝန်ယူရတယ်။ အနောက်ဘက်က နဂါးတွေကို အုပ်ချုပ်ဖို့ ဝိရူပက္ခနတ်မင်းက တာဝန်ယူရတယ်။

အဲဒီနတ်မင်းကြီး ၄-ယောက်တို့ဟာ မြတ်စွာဘုရား မိဂဒါဝုန်မှာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာတရားဟောတုန်းက သောတာပန်တည်ပြီးသား နတ်တွေဖြစ်တယ်။ သောတာပန်နတ်၊ သူတော်ကောင်းနတ်တွေပါ။ ဒါပေမဲ့ သူတို့ရဲ့ လက်အောက်ခံနတ်တွေက ဘီလူးဆိုလို့ရှိရင် ပါဏာတိပါတ မပါရင် အစာမရဘူး။ မဖြစ်ဘူးဆိုပါတော့။ ကုမ္ဘဏ်လဲ ဒီအတိုင်းပဲ၊ အဲဒီတော့ မြတ်စွာဘုရားကိုယ်တော်မြတ်က လူ့အခြေခံကျင့်ဝတ်ကို ဘာကစပြီး ဟောသလဲ၊ ငါးပါးသီလကို စဟောခဲ့တာ။ အဲဒီနတ်တွေက ဘာပြောသလဲ-ဂေါတမဗုဒ္ဓကလဲ တို့ကို အစာဖြတ်ပြီးတော့ အသေခံခိုင်းတာနဲ့ အတူတူပဲလို့ ပြောကြတယ်။ ဒါကြောင့် သူတို့က ဂေါတမဘုရားရှင်ရဲ့ တရားကို ဘယ်တော့မှ မကြိုက်ဘူး။ ဘယ်နတ်တွေလဲ။ ဘီလူးတွေ။ ကုမ္ဘဏ်တွေ ဖြစ်ပါတယ်။ သူတို့က ဒီတရားမကြိုက်ကြဘူး။ ဂန္ဓဗ္ဗနတ်တွေကလဲ အဲဒီ ၅-ပါးသီလကို စဟောရင် စိတ်ဆိုးတယ်တဲ့။ မကျေနပ်ကြဘူး။

အဲဒါကြောင့် ကမ္မဝါ-စာထဲမှာ ဒီပါဠိတော်ထဲကဟာတွေကို ထည့်ပြီး စီမံထားတာ။ အဲဒီတော့ ဝေဿဝဏ်အစရှိတဲ့ နတ်မင်းကြီး လေးယောက်။ ဂိဇ္ဈကုဋ်တောင်ပေါ်မှာ သန်းခေါင်ယံလာတော့ ရာဇဂြိုဟ်မြို့ရဲ့ မြို့တခါးပေါက်တွေမှာ ဝေဿဝဏနတ်မင်းကြီးက မြို့စောင့်လုံခြုံရေးတွေ အထပ်ထပ်ချထားတယ်။ ဘုရားရှင်သီတင်းသုံးတဲ့ ဂိဇ္ဈကုဋ်တောင်စောင်းက ဇရပ်ရဲ့ အရပ်လေးမျက်နှာမှာလဲ လုံခြုံရေးတွေ အထပ်ထပ်ချထားတယ်။ အဲသလို လုံခြုံရေးတွေ အထပ်ထပ်ချပြီးမှ နတ်မင်းကြီးလေးပါး ဘုရားဆီလာကြတယ်။

သူတို့စီမံချက်ကို ကြည့်ပါဦး။ ဒီနတ်မင်းကြီး လေးပါးထဲက ဝေဿဝဏ်နတ်မင်းကြီးက ဘုရားရှင်ကို ပရိတ်ကို လျှောက်ကြားတာ။ ပရိတ်ဆိုတာက အကာအကွယ်ပေးတာ။ ခုနကလို နတ်ကြမ်းတွေ၊ နတ်ဆိုးတွေကို ကာကွယ်ဖို့ ပရိတ်ကို ဝေဿဝဏ်နတ်မင်းက အာဋာနာဋိယမြို့မှာ စီမံခဲ့တာ။ စီမံပြီး နတ်မင်းကြီး ၄-ဦးသား တိုင်ပင်ပြီးတော့ ဘုရားရှင်ဆီ လာပို့တာ။ အဲဒါတွေကို သိနေတဲ့ ယက္ခတွေ၊ ကုမ္ဘဏ်တွေက အနှောင့်အယှက် ပေးမှာစိုးလို့ ရာဇဂြိုဟ်မြို့ရဲ့ အရပ် ၄-မျက်မှာ အစောင့်တွေချတယ်။ ဘုရားကျောင်းတော်ရဲ့ အရပ်လေးမျက်နှာမှာ အစောင့်တွေချတယ်။ လုံခြုံပြီဆိုတော့မှ ဘုရားဆီ ဝင်ကြတာ။ ဝေဿဝဏနတ်လို့ ခေါ်တာက သိကြားမင်းက ဝေဿဝဏ်မြို့ကို အပိုင်စားပေးထားလို့ ဝေဿဝဏ လို့ခေါ်တာ။ တခြား သူ့နာမည်က ကုဝေရလို့လဲခေါ်တယ်။ ကဿပဘုရားရှင်လက်ထက်က ကြံရောင်းတဲ့ ကြံကုန်သည် ဖြစ်တယ်။ ကြံကြိတ်စက်တွေနဲ့ ကြံတွေကို ညှစ်ပြီး အရည်ရောင်းတာ စီးပွားဖြစ်နေတယ်။ သံဃာတော်အရှင်မြတ်တွေကို နေ့စဉ်ကြံရည်ကပ်တယ်။ ကုဝေရက နှစ် ၂၀၀၀၀-နီးနီး ကြံရည်ကပ်ပြီး ကုသိုလ်ကို လုပ်ခဲ့ဖူးတယ်။ အဲဒီကြံရည်ရောင်းတဲ့ဘဝက ကွယ်လွန်ပြီးတော့ စတုမဟာရာဇ်နတ်ပြည် မြင်းမိုရ်တောင် မြောက်ဘက်မှာ ဝေဿဝဏ်မြို့ကို အပိုင်စားရတဲ့ ကုဝေရနတ်မင်းဆိုပြီး လာဖြစ်တယ်။ ကြံလှူတဲ့ကုသိုလ်ပါပဲ။

အဲဒါကြည့်လိုက်ရင် သူဟာ သူတော်ကောင်းဖြစ်တယ်။ ဓမ္မစကြာတရားဦး နာပြီးတော့ သောတာပန်တည်တယ်။ အဲဒီတော့ သိကြားလဲပဲ ဪ-ငါ့လုံခြုံရေးတွေ စီမံတဲ့နေရာမှာ တန်ခိုးလဲကြီး၊ သူတော်ကောင်းစိတ်လဲ ရှိကြတဲ့ သူတွေကို လုံခြုံရေးချမှပဲ။ မြင်းမိုရ်တောင်ထိပ်မှာ သိကြားမင်းရဲ့ တာဝတိံသာရှိတယ်။ တောင်ပတ်ပတ်လည်မှာက စတုမဟာရာဇ်နတ်တွေ ရှိတယ်။ အဲဒါကြောင့် သောတာပန်အရိယာ နတ်မင်းကြီးတွေကို ရွေးပြီးတော့ မြင်းမိုရ်တောင်ရဲ့ အရပ်လေးမျက်နှာမှာ လုံခြုံရေးချထားတာ။

နတ်မင်းကြီးလေးပါးထဲမှာ သောတာပန်ဖြစ်တဲ့ ဝေဿဝဏ်နတ်မင်းကြီးက သံဃာတော်တွေကို ကြည့်ပြီးတော့ သူက သနားတယ်။ မြတ်စွာဘုရား သာသနာတော်ခေတ် စောစောပိုင်းက သံဃာတော်တွေက တောတောင်မှာပဲ နေတယ်။ ကျောင်းကန်ကို လက်မခံသေးတဲ့အချိန် ဖြစ်တယ်။ တောတွေ၊ တောင်တွေမှာ ရုက္ခမူနဲ့ နေတယ်။ အရညကင်ဓုတင်နဲ့ နေတယ်။ လိုဏ်ဂူနဲ့ နေတယ်။ သုသာန်ဇရပ်မှာ နေတယ်။ အဲဒီလို နေတဲ့ သံဃာတော်တွေကို တော်တော်ကြာ သူရဲဖမ်းလို့၊ တော်တော်ကြာ ဘီလူးဖမ်းလို့၊ တော်တော်ကြာ ကုမ္ဘဏ်တွေ ဘာလုပ်လို့၊ အဲဒီလို မကြာမကြာ ခြိမ်းခြောက်၊ ဖမ်းစားတာတွေကို ခံကြရတယ်။ အဲဒီတော့ ဘီလူးအုပ်ချုပ်တာက ဝေဿဝဏ်။ သူ့တပ် သူမနိုင်တော့ သံဃာတော်တွေ ဘီလူးစားတယ်။ ကုမ္ဘဏ်တွေကို အုပ်ချုပ်တာက ဝိရူဠှက၊ ဝိရူဠှကနတ်မင်းကလဲ သူ့တပ်သူမနိုင်တော့ သံဃာတော်တွေကို ကုမ္ဘဏ်က နှောင့်ယှက်တယ်။ အဲဒါကြောင့် ဒီနတ်မင်းလေးပါးက တိုင်ပင်ပြီးတော့ ပရိတ်ကို စီစဉ်တာ။ အဲဒီဘီလူးတွေ ကုမ္ဘဏ်တွေကို ကာကွယ်ဖို့ အာဋာနာဋိယမြို့မှာ ပရိတ်ကို စီစဉ်ပြီးတော့ မြတ်စွာဘုရားထံ သန်းခေါင်ယံလာပြီး လျှောက်သွားတာ။ သံဃာတော်မြတ်တွေရဲ့ လုံခြုံရေးအတွက် တပည့်တော် ပရိတ်စီစဉ်ထားပါတယ်။ ဘုရားလက်ခံတော်မူပါ။

ဘုရားရှင်က အေး အေး၊ ကောင်းတယ်-ဆိုပြီး လက်ခံထားလိုက်တယ်။ မနက်မိုးလင်းတော့မှ သံဃာတော်တွေကို ဂိဇ္ဈကုဋ်တောင်ခြေ စုခိုင်းပြီး ဘုရားက ပြန်ဟောတော်မူတယ်။ အဲဒီသုတ်ကို ဒေဝတာဘာသိတ-သုတ်လို့လဲ ခေါ်တယ်။ နတ်ဟောတဲ့သုတ်။ ဘုရားလက်ခံ အတည်ပြုပြီးတော့ ဘုရားက သံဃာတော်များကို ပြန်ဟောပေးတာ။ ထေရဝါဒမှာ နတ်ကို လက်ခံတဲ့အကြောင်း၊ လက်ခံပုံ လက်ခံနည်းကလေးတွေ ဒါနားလည်ဖို့ပါ။

( သီတဂူ ဆရာတော် )


ထေရဝါဒဗုဒ္ဓဘာသာ နှင့် မဟာယာနဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၂၁ )

ဒီကနေ့ ဓမ္မသဘင်မှာလဲ ဝေဿဝဏ်နတ်မင်းကြီး စီမံသွားတဲ့ အာဋာနာဋိယသုတ္တန်အကြောင်းကိုပဲ ဆက်ဟော ပါမယ်။ ဒီသုတ်ဟာ ပရိတ်ကြီး ၁၁-သုတ်ထဲမှာ အပ္ပသန္နေဟိ နာထဿ၊ သာသာနေ သာဓုသမ္မတေ-လို့ ဒီလိုစလာပါတယ်။ အကြင်အာဋာနာဋိယသုတ်ပရိတ်ကို ကြီးမြတ်သော လုံ့လဝီရိယရှိတော်မူသော ဘုရားရှင် ကိုယ်တော်မြတ်က ဟောကြားတော်မူ၏လို့ ဆိုတယ်။ တကယ်တော့ အဲဒါ ဘုရားဟောတာမဟုတ်ပါဘူး။ ဝေဿဝဏ်နတ်မင်းကြီးက ဘုရားထံလာပြီး လျှောက်သွားတာပါ။ အဲဒီပရိတ်မှာလဲ ဘယ်ကစသလဲဆိုရင် ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော-ဝိပဿီမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ဒီကစတယ်။ ဘုရားရှိခိုးနဲ့စတယ်။ နတ်ရှိခိုးတာမပါဘူး။ အဲဒါ စိစိစစ်စစ် လေ့လာမယ်ဆိုရင် အလွန်မွန်မြတ်တဲ့ စာဟောင်းတွေဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ ရှိထားတာကို ဘုန်းကြီးတို့ပရိသတ်က များသောအားဖြင့် အသုံးမပြုမိကြဘူး။ အဲဒီစာတွေရဲ့ ပြောင်းပြန်ကို သွားပြီးတော့ သုံးနေတဲ့အတွက် ဘုန်းကြီးတို့ ဘာသာရေးက တဖြည်းဖြည်း အောက်တန်းကျသွားတယ်။

ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။
ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။

ဝိပဿီအစရှိတဲ့ ဘုရားများကို ရှိခိုးတာပဲ။ နောက်ဆုံးကျတော့မှ သကျပုတ္တဿ သိရီမတော-ဆိုပြီးတော့ ဂေါတမဘုရားရှင် ကိုယ်တော်မြတ်ကို ရှိခိုးတယ်။ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားခုနစ်ဆူတို့ကို ရှိခိုးပါ၏၊ ရှိခိုးပုံကြီးကိုလဲ ကြည့်လိုက်ပါဦး။

သယနေ အာသနေ ဌာနေ၊ ဂမနေစာပိ သဗ္ဗဒါ။ ဒီလိုရှိခိုးတာ။ တခါတလေလေး ထိုင်ပြီးတော့ အိပ်ရာထချိန် လေးမှာ ရှိခိုးတာမဟုတ်ဘူး။

သယနေစ-အိပ်နေတဲ့အခါမှာလဲပဲ အဲဒီ သတ္တာနံ ဗုဒ္ဓါနံ-ဘုရားခုနစ်ဆူတို့ကို။ နမာမိ-ရှိခိုးပါ၏၊

အာသနေစ-ထိုင်နေတုန်းမှာလဲပဲ အဲဒီဘုရားခုနစ်ဆူတို့ကို။ နမာမိ-ရှိခိုးပါ၏၊

ဂမနေစ-သွားနေတုန်းမှာလဲပဲ ရှိခိုးပါ၏၊

ဌာနေစ-ရပ်နေတုန်းမှာလဲပဲ ဘုရားခုနစ်ဆူကို ရှိခိုးပါ၏၊

အဲဒီတော့ သွားလဲပဲ ရှိခိုးမယ်။ ထိုင်နေလဲ ရှိခိုးမယ်။ ရပ်နေလဲ ရှိခိုးမယ်။ အိပ်နေလဲ ရှိခိုးမယ်။ ဘုရားက တဆူတည်း မဟုတ်ဘူး။ ခုနစ်ဆူ။

အဲဒီ ဘုရားခုနစ်ဆူကို သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ် ၄-ပါးစလုံးမှာ ရှိခိုးမယ်။ ၄-ပါးစလုံးကို စိတ်ထဲမှာ ရှိခိုးတာလား။ နှုတ်က မမြွက်ဘူးလားဆိုတော့ မနသာ- ဝစသာ-အပြည့်အစုံပါတယ်။ မနသာစ-စိတ်ဖြင့်၄င်း။ ဝစသာစ-နှုတ်ဖြင့်၄င်း။ ကာယေနစ-ကိုယ်ဖြင့်၄င်း။ သတ္တာနံ ဗုဒ္ဓါနံ-ဘုရားခုနစ်ဆူတို့ကို။ နမာမိ-ရှိခိုးပါ၏၊ အဲဒီတော့ ဘုရားခုနစ်ဆူလုံးကို ဣရိယာပုထ် ၄-ပါးစလုံးမှာ ကိုယ် နှုတ် စိတ် ၃-ပါးလုံးနဲ့ ရှိခိုးနေပါတယ်တဲ့။

အဲဒီလို သာသနာကို မှီခိုကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တွေကိုလဲပဲ ဒီနတ်မင်းကြီးများက အမြဲတမ်း စောင့်ရှောက် ပါမယ်ဘုရားလို့ ဝေဿဝဏ်နတ်မင်းကြီးက ဘုရားကို လျှောက်သွားတယ်။ ဝေဿဝဏ်ကလဲ သူ့သဘောနဲ့သူ လာလျှောက်တာမဟုတ်ဘူး။ သိကြားမင်းက လျှောက်ခိုင်းတာပါ။ သာသနာကို မှီခိုကြည်ညိုနေကြတဲ့

ပုဂ္ဂိုလ်တွေကို အရပ်လေးမျက်နှာမှာရှိတဲ့ နတ်မင်းကြီး ၄-ယောက်က စောင့်ရှောက်ရမယ်။ သူတို့က မင်းတို့ကို ရှိခိုးရမယ်ဆိုတာ မပါဘူး။ ငှက်ပျောသီး၊ အုန်းသီး-တင်မယ်လဲ မပါဘူး။ ကန်တော့ပွဲ ထိုးမယ်လဲ မပါဘူး။ မင်းတို့တတွေ တို့ကို စောင့်ရမယ်ပဲပါတယ်။ ဘယ်သူ့အမိန့်နဲ့ စောင့်ရမှာလဲ အဆင့်ဆင့်ပြောရင် ဘုရားရှင်ရဲ့ အမိန့်။ ဘုရားကို ဘယ်သူက ဒီလိုလာပြီး လျှောက်သွားသလဲ။ ဝေဿဝဏ်နတ်မင်း။ ဝေဿဝဏ်ကို ဘယ်သူက တာဝန်ပေးသလဲ သိကြားမင်း။ အဲဒီလို သိကြားမင်းတို့ ဝေဿဝဏ်နတ်မင်းတို့၊ ဘုရားရှင်တို့ရဲ့အမိန့်နဲ့ စေလွှတ်တာဖြစ်တော့ တို့ကို စောင့်ရမယ်ဆိုတော့ ကျန်တဲ့ လောကပါလနတ်မင်းကြီးတွေကလဲ မနေရဲဘူး။ စောင့်ရတယ်။

ဗုဒ္ဓဘာသာမှာ နတ်ကိုးကွယ်မှု ရှိသလားဆိုရင် ဘုန်းကြီးတို့ကတော့ ကာကွယ်ပြီးတော့ ပြောနေတာပဲ။ နတ်ကိုးကွယ်ခြင်း မရှိပါဘူးလို့တော့ ပြောနေတယ်။ အာဋာနာဋိယသုတ်က ဘယ်လိုလဲဆိုရင် ဘုန်းကြီးက ဒီလိုပဲ ရှင်းချင်တယ်။ မဟာသမယသုတ် ဘယ်လိုစသလဲဆိုရင် အဲဒါကတော့ နောက်တပိုင်း၊ နောက်တနေရာမှာ တခါပြောပြမယ်။ ခု အာဋာနာဋိယ သုတ်သဘောကတော့ ဒီအတိုင်းပဲ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ ဒါ ပူဇော်ဖို့ မဟုတ်ဘူး။ ရှိခိုးဖို့လဲ မဟုတ်ဘူး။ ဘုရားခုနစ်ဆူတို့ရဲ့ အမိန့်။ ဒါ့အပြင် သိကြားနဲ့ ဝေဿဝဏ်တို့ရဲ့ အမိန့်နဲ့ မင်းတို့တတွေ တို့ကိုစောင့်ရှောက်။ ဒါပဲ လုပ်လိုက်ရုံ ရှိတာပဲ။ ငှက်ပျောသီး၊ အုန်းသီးလဲ သူတို့အတွက် တင်ဖို့ ဘာမှမလိုပါဘူး။ အဲဒါ ဗုဒ္ဓဘာသာနဲ့ နတ်၊ နတ်နဲ့ ဗုဒ္ဓဘာသာ၊ ဒါထက် စိတ်ဝင်စားစရာတွေလဲ အများကြီး ရှိဦးမှာပေါ့။ အာဋာနာဋိယသဘောကတော့ ဒီလောက်ပဲ ရှိတယ်။

အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓု သမ္မတေ။

စိတ်ကောင်းရှိတဲ့ သူတော်ကောင်း အကုန်လုံးက အကောင်းသမုတ်တဲ့ ဒီသာသနာတော်ကို နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗတွေက မကြည်ညိုဘူးတဲ့။ ဝေဿဝဏ်နတ်ရဲ့ လျှောက်ထားချက်ထဲမှာ ဒီလိုကို ပါတယ်။ အဲဒီတော့ မကြည်ညိုတဲ့ကောင်တွေ ကြည်ညိုအောင် လုပ်ဖို့ကတော့ ခက်တယ်။ ဒါကြောင့် အမိန့်နဲ့ စောင့်ရှောက်ခိုင်းမှပဲ ဆိုပြီး ကြမ်းတမ်းတဲ့ အကောင်တွေကို စောင့်ရှောက်ဖို့။ နှိမ်နင်းဖို့ အတွက် ဒီသုတ်ကို စီမံတာဖြစ်တယ်။ ဒါကြောင့်ကို အမိန့်ပေးတဲ့သုတ်လို့ ခေါ်ဆိုရမှာဖြစ်တယ်။

ဒီလိုဆိုရင် ဒီကနေ့ဗုဒ္ဓဘာသာ သူတော်စင်တွေ မိမိတို့ကိုးကွယ်ရာမှာ အဓိကက ဘာလဲဆိုရင် အမှန်သိဖို့က အရေးကြီးတယ်။ အမှန်တရားကို သိပြီဆိုလို့ရှိရင် ဘာသာရေးက မှန်သွားတာပဲ။ ဒါကြောင့် သဒ္ဓါ-ဆိုတဲ့ ယုံကြည်မှုသည် အသိဉာဏ်မှာ အခြေခံတယ်။ ဗုဒ္ဓဘာသာက သဒ္ဓါတရားနဲ့ အသိဉာဏ် တွဲသွားမှ။ ဒီနှစ်ခု ဟန်ချက်ညီမှ ဘာသာရေး အဆင့်အတန်း မြင့်တယ်။ ဒါကို အားလုံးနားလည်သင့်တယ်။

ရဟန်းတို့-အကြင်သူသည် ဗုဒ္ဓကို၄င်း၊ ဓမ္မကို၄င်း၊ သံဃာကို၄င်း ကိုးကွယ်ခြင်းသို့ရောက်၏၊ ထိုဘုရား တရား သံဃာကို ကိုးကွယ်ခြင်းသို့ ရောက်နေသော ပုဂ္ဂိုလ်သည် မွန်မြတ်သော အရိယသစ္စာ ၄-ပါးကို မှန်ကန်သော ပညာဖြင့် မြင်၏၊

ဒုက္ခကိုလည်း မြင်၏၊
ဒုက္ခ၏ အကြောင်းဇစ်မြစ်ကိုလည်း မြင်၏၊
ဒုက္ခကို လွန်မြောက်ပုံကိုလည်း မြင်၏၊
ဒုက္ခ၏ ချုပ်ငြိမ်းကြောင်း အကျင့်ကောင်း နည်းကောင်းကိုလည်းမြင်၏၊

သစ္စာ ၄-ပါးတရားကို မှန်ကန်သော ဉာဏ်ပညာဖြင့် မြင်၏၊ ဤကဲ့သို့ သစ္စာကို မြင်ထားတဲ့ ရတနာ ၃-ရပ်ကို ဆည်းကပ်ကိုးကွယ်ခြင်းသည် ဘေးရန်ကင်း၏၊ ဤကဲ့သို့ ကိုးကွယ်ခြင်းသည် မွန်မြတ်ပါပေ၏၊ ဤကဲ့သို့သော ကိုးကွယ်ခြင်းကိုအကြောင်းပြု၍ သတ္တဝါအပေါင်းတို့သည် ဒုက္ခအပေါင်းမှာ ကောင်းစွာမသွေ လွတ်မြောက်နိုင်ကြ လေကုန်သတည်း။

( သီတဂူ ဆရာတော်)