မာတိကာသို့ ခုန်သွားရန်

ထေရာပဒါန် ပါဠိတော်-ဒု

ဝီကီရင်းမြစ် မှ

၂၁-ကဏိကာရပုပ္ဖိယဝဂ်

၁-ကဏိကာရပုပ္ဖိယတ္ထေရအပဒါန်

။ ထိုအခါ ငါသည် ပွင့်နေသော မဟာလှေကားပန်းကို မြင်၍ ဆွတ်ခူးပြီးလျှင် ဩဃမှ ကူးမြောက်ပြီးသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားအား တင်လှူပူ ဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အရုဏပါဏိ”ဟု ထင်ရှားသော စကြဝတေးမင်း ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကဏိကာရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ကဏိကာရပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၂-မိနေလပုပ္ဖိယတ္ထေရအပဒါန်

။ ရွှေအဆင်းနှင့် တူသော အဆင်း, အရာမကသော ရောင်ခြည်ရှိတော်မူသော ကြီးမား သော လုံ့လဝီရိယရှိတော်မူသည် ဖြစ်၍ မေတ္တာသတိနှင့် ယှဉ်တော်မူသော သိခီမြတ်စွာဘုရား သည် စကြøထက်သို့ တက်တော်မူ၏။

။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ မြတ်သော ဉာဏ်တော်ကို ရည်စူးရှိခိုး၍ မိနေလပန်းတို့ကို ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

။ နှစ်ဆယ့်ကိုးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုမေဃဃန"မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မိနေလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် မိနေလပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၃-ကိကင်္ဏိပုပ္ဖိယတ္ထေရအပဒါန်

၁၀။ တရားအလုံးစုံကို သိတော်မူသည် ဖြစ်၍ လူတို့၏ ရှေ့သွားဖြစ်တော်မူသော ရွှေတု ရိုဏ်တိုင်နှင့် တူတော်မူသော မြတ်စွာဘုရားသည် ရေအိုင်သို့ သက်ဆင်း၍ ရေသပ္ပါယ် တော်မူ၏။

၁၁။ ထိုအခါ ငါသည် ဆည်းလည်းပန်းကို ယူ၍ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော ဝိပဿီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၃။ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဘီမရထ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကိင်္ကဏိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ကိကင်္ဏိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၄-တရဏိယတ္ထေရအပဒါန်

၁၅။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသည်ဖြစ်၍ လူတို့ထက် မြတ် တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် တပည့်သာဝကအပေါင်း ခြံရံလျက် ဂင်္ဂါမြစ် ကမ်းနားသို့ ချဉ်းကပ်တော်မူ၏။

၁၆။ ထိုဂင်္ဂါမြစ်သည် ကမ်းနှင့် အညီအမျှ ကျီးသောက်နိုင်လောက်သော ရေရှိသည်ဖြစ်၍ ကူးခပ်ခြင်းငှါ ခဲယဉ်း၏။ ထိုအခါ (ငါသည် ) ရဟန်းသံဃာကိုလည်းကောင်း၊ အခြေနှစ် ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကိုလည်းကောင်း ကူးမြောက်စေ ခဲ့၏။ (ကူးတို့ပို့ခဲ့၏)။

၁၇။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ကူးတို့ပို့မှု ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကူးတို့ပို့ရခြင်း၏ အကျိုးပေတည်း။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်သုံးရာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သဗ္ဗောဘဝ"မည်သော စကြဝတေးမင်းတို့သည် ငါးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

--

၁၉။ ငါသည် အဆုံးစွန်ဖြစ်သော ဤဘဝ၌လည်း ဗြာဟ္မဏမျိုး၌ ဖြစ်၏၊ အဖော်သုံး ယောက်တို့နှင့် အတူ မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြု၏။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တရဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် တရဏိယတ္ထေရအပဒါန် ပြီး၏။

၅-နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရအပဒါန်

၂၁။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ အရံစောင့် ဖြစ်ခဲ့၏၊ (ထိုအခါ) ကြောင်ပန်းပွင့်ကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြောင်ပန်းပွင့်ကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၃။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာပတာပ"အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နိဂ္ဂုဏ္ဍိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၆-ဥဒကဒါယကတ္ထေရအပဒါန်

၂၅။ ငါသည် ဆွမ်းဘုဉ်းပေးဆဲ ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ကြည် လင်သန့်ရှင်း နောက်ကျုခြင်း မရှိသော ရေကို အိုးဖြင့် ယူပြီးလျှင် သိဒ္ဓတ္ထမြတ်စွာဘုရားအား ပေးလှူခဲ့၏။

၂၆။ (ထို့ကြောင့်) ငါသည် ယခုဘဝ၌ အညစ်အကြေး မရှိသူ, အညစ်အကြေး ကင်းသူ, ယုံမှားမှု ကုန်ပြီးသူ ဖြစ်၏၊ ဘဝ၌ ကျင်လည်ရသည်ရှိသော် ငါ့အား ကောင်းကျိုးသည် ဖြစ်၏။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ရေကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရေလှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိမလ"မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဥဒကဒါယကတ္ထေရအပဒါန် ပြီး၏။

၇-သလလမာလိယတ္ထေရအပဒါန်

၃၀။ ငါသည် ‘မဟာလှေကားပန်းကဲ့သို့’ ထွန်းတောက်ပတော်မူသော လူတို့ကို ဆုံးမ တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တောင် ကြား၌ ထိုင်နေတော် မူစဉ်ဖူးမြင်ရ၏။

၃၁။ ထိုအခါ ငါသည် လေးကို (ညှို့နှင့်) တစ်ပေါင်းတည်းပြုကာ မြားကို ဖွဲ့၍ ပွင့်ညှာနှင့်တကွ ပန်းကို (ပစ်ခတ်) ဖြတ်ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၃။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့်ဗိုလ်ပါအင်အားရှိသော “ဇုတိန္ဓရ"စကြာမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သလလမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် သလလမာလိယတ္ထေရအပဒါန် ပြီး၏။

--

၈-ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန်

၃၅။ ဝိပဿီမြတ်စွာဘုရား၏ စက်လက္ခဏာတန်ဆာတို့ဖြင့် တင့်တယ်သော နင်းကြွသွား တော်မူပြီးသော ခြေရာကို မြင်သဖြင့် ခြေတော်ရာအစဉ်သို့ လိုက်သည်ရှိသော် -

၃၆။ ပွင့်နေသော လိပ်ဆူးရွှေပင်ကို မြင်၍ ငါသည် အမြစ်နှင့်တကွ လှူဒါန်းပူဇော်ခဲ့၏၊ ရွှင်လန်းသော ငါသည် ရွှင်ပျသော စိတ်ဖြင့် ခြေတော်ရာမြတ်ကို ရှိခိုးခဲ့၏။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို လှူဒါန်းပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၈။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝီတမလ"မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကောရဏ္ဍပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၉-အာဓာရဒါယကတ္ထေရအပဒါန်

၄၀။ ငါသည် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား သပိတ်ခြေကို ပေးလှူခဲ့၏၊ (ထို့ကြောင့်) ရတနာကို အကြွင်းမဲ့ ဆောင်သော ဤမြေပြင်အလုံးကို ဆောင်နိုင်ပေ၏။

၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အလုံးစုံသော ဘဝ တို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

၄၂။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တဝရဏ"အမည်ရှိသော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာဓာရဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် အာဓာရဒါယကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ပါပနိဝါရိယတ္ထေရအပဒါန်

၄၄။ နတ်ထက်နတ် ဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားအား ငါသည် အထူးကြည်လင်သော စိတ်ဖြင့် ထီးတစ်လက်ကို ပေးလှူခဲ့၏။

၄၅။ ငါသည် ကုသိုလ်၏ ပြည့်စုံခြင်းကြောင့် မကောင်းမှုကို ပိတ်ဆို့အပ်ပေ၏၊ (ငါ့အား) ကောင်းကင်၌ ထီးတို့သည် အလိုအလျောက် ဆောင်းမိုးကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကောင်းမှုကံ၏ အကျိုးပေတည်း။

၄၆။ ငါ၏ (ဘဝသည်) အဆုံးဘဝ ဖြစ်၏၊ ငါသည် အလုံးစုံသော ဘဝတို့ကို ပယ်နုတ်အပ်ပြီးပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ထီးကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထီးလှူရခြင်း၏ အကျိုးပေတည်း။

၄၈။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်နှစ်ကမ္ဘာထက်၌ “မဟာနိဒါန”ဟူသော အမည်ဖြင့် စကြဝတေးမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါပနိဝါရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပါပနိဝါရိယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်တစ်ခုမြောက် ကဏိကာရပုပ္ဖိယဝဂ် ပြီး၏။

--

၂၂-ဟတ္ထိဝဂ်

၁-ဟတ္ထိဒါယကတ္ထေရအပဒါန်

။ ငါသည် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ထွန်သန်သဖွယ် အစွယ်ရှိသော အလုံးအရပ်နှင့် ပြည့်စုံသော စီးတော်ဆင်မြတ်ကို ပေးလှူခဲ့၏၊

။ လောကအားလုံး၏ အစီးအပွါးကို ရှာတော်မူလေ့ရှိသော မြတ်စွာဘုရားအား ငါသည် မြတ်သော ဆင်အလှူကို ပေးလှူခဲ့၏၊ (ထိုအလှူကြောင့်) အတုမရှိ ငြိမ်သက်သော နိဗ္ဗာန်ဟု ဆိုအပ်သော မြတ်သော အကျိုးကို ခံစားရ၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ စီးတော်ဆင်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆင်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

။ ခုနစ်ဆယ့်ရှစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တပါသာဒိက” မည်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဟတ္ထိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဟတ္ထိဒါယကတ္ထေရအပဒါန် ပြီး၏။

၂-ပါနဓိဒါယကတ္ထေရအပဒါန်

။ ငါသည် ကြာမြင့်စွာ (ကျင့်အပ်သော) အကျင့်ရှိသော တရားကို ပွါးစေအပ်ပြီးသော စိတ်ရှိသော တောနေရသေ့အား ဖိနပ်ကို ပေးလှူ၏။

။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော လောကထက် အကြီးအမှူး ဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် ထိုကုသိုလ်ကံကြောင့် နတ်၌ဖြစ်သော ယာဉ်ကို ခံစားရပါ၏။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကောင်းမှုကံ၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဖိနပ်လှူဒါန်းမှုကို ပြုရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖိနပ်လှူရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုယာန” အမည်ရှိသော စကြဝတေးမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

--

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါနဓိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ပါနဓိဒါယကတ္ထေရအပဒါန် ပြီး၏။

၃-သစ္စသညကတ္ထေရအပဒါန်

၁၁။ ထိုအခါ၌ ရဟန်းအပေါင်းခြံရံအပ်သော ဝေဿဘူမြတ်စွာဘုရားသည် လူအပေါင်းကို ငြိမ်းအေးစေတော်မူလျက် အရိယသစ္စာတရားတို့ကို ဟောပြတော်မူ၏။

၁၂။ (ထိုအခါ) ငါသည် အလွန်သနားဖွယ်အဖြစ်သို့ ရောက်ခဲ့၏၊ ထိုငါသည် (တရားပွဲ၌) ထိုင်နေလျက် မြတ်စွာဘုရား၏ တရားတော်ကို နာယူ၏။

၁၃။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ နတ်ပြည်သို့ ရောက်ခဲ့ ရ၏၊ ရှေးအခါ၌ ငါသည် ထိုနတ်ပြည်တို့၌ ကမ္ဘာသုံးဆယ်တို့ပတ်လုံး နေခဲ့ဖူး၏။

၁၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အကြင်သစ္စာတရားဟူသော အမှတ်ကို ရခဲ့ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အရိယသစ္စာဟူသော အမှတ်သညာကို မှတ်ရခြင်း၏ အကျိုးပေတည်း။

၁၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခြောက်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဧကဖုသိတ"အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သစ္စသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် သစ္စသညကတ္ထေရအပဒါန် ပြီး၏။

--

၄-ဧကသညကတ္ထေရအပဒါန်

၁၇။ ငါသည် သစ်ပင်ဖျား၌ ကပ်ငြိနေသော မြတ်စွာဘုရား၏ ပံ့သကူသင်္ကန်းကို မြင် သဖြင့် လက်အုပ်ချီ၍ ပံ့သကူသင်္ကန်းကို ရှိခိုးခဲ့၏။

၁၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သင်္ကန်းတော်ဟူသော အမှတ်ကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၉။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အမိတာဘ”ဟူသော အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဧကသညကတ္ထေရအပဒါန် ပြီး၏။

၅-ရံသိသညကတ္ထေရအပဒါန်

၂၁။ အရာမကသော ရောင်ခြည်, ဝါဝင်းသော ရောင်ခြည်ရှိသော တက်သစ်စ နေလုလင် သဖွယ် ဖြစ်၍ မြတ်သော ကျားမင်းသဖွယ်လည်း ဖြစ်သော သုဇာတမြတ်စွာဘုရားကို တောင် ကြား၌ နေတော်မူစဉ် ဖူးမြင်ရ၏။

၂၂။ မြတ်စွာဘုရား၏ ထိုတန်ခိုးအရောင်သည် တောင်ကြား၌ ထွန်းလင်းတောက်ပ၏၊ (ထိုအခါ) ငါသည် ရောင်ခြည်တော်၌ စိတ်ကို ကြည်ညိုစေ၍ တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏။

၂၃။ ထိုစိတ်ကြည်လင်မှုကြောင့်လည်းကောင်း၊ မြတ်စွာဘုရား၏ ဂုဏ်တော်ကို အောက် မေ့ခြင်းကြောင့်လည်းကောင်း ကြွင်းသော ကမ္ဘာတို့၌ ငါသည် ကုသိုလ်ကို ပြုကျင့်ခဲ့၏။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးသောင်းထက်၌ ဘုရားဟူသော အမှတ်ကို ရခဲ့သော အခါမှ စ၍့အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို အမှတ်ရ ခြင်း၏ အကျိုးပေတည်း။

၂၅။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဇာတ"အမည် ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ရံသိသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ရံသိသညကတ္ထေရအပဒါန် ပြီး၏။

--

၆-သန္ဓိတတ္ထေရအပဒါန်

၂၇။ စည်ပင်ပြန့်ပွါးသည်ဖြစ်၍ စိမ်းညိုသော အရောင်ရှိသော ညောင်ဗုဒ္ဓဟေဗောဓိပင်၌ ထင်သော သတိရှိသော ငါသည် ဘုရားလျှင် အာရုံရှိသော တစ်ခုသော သညာကို ရခဲ့၏၊

၂၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဟူသော သညာကို ရခဲ့၏၊ ထို သညာ၏အစွမ်းကြောင့် ငါသည် အာသဝေါတရား ကုန်ခန်းခြင်းသို့ ရောက်ရပေ၏။

၂၉။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်သုံးကမ္ဘာထက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဓနိဋ္ဌ"မည်သော စကြာမင်း ဖြစ်ခဲ့၏။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သန္ဓိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် သန္ဓိတတ္ထေရအပဒါန် ပြီး၏။

၇-တာလဝဏ္ဋဒါယကတ္ထေရအပဒါန်

၃၁။ ငါသည် နေမင်း၏ အဆွေဖြစ်တော်မူသော တိဿမြတ်စွာဘုရားအား နွေနေပူ ငြိမ်းစေခြင်းငှါလည်းကောင်း၊ ပူအိုက်မှုကို အေးမြစေခြင်းငှါလည်းကောင်း ထန်းရွက်ယပ်ဝန်းကို ပေးလှူခဲ့၏။

၃၂။ ငါသည် ရာဂမီးကိုလည်းကောင်း၊ ဒေါသမီးကိုလည်းကောင်း ငြိမ်းစေခဲ့၏။ ထို့ ထက် လွန်သော မောဟမီးကိုလည်း ငြိမ်းစေနိုင်၏။ ဤသို့ ဖြစ်ရခြင်းသည် ထန်းရွက်ယပ်ဝန်း ကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ထန်းရွက်ယပ်ဝန်း လှူဒါန်းမှုကို ပြုခဲ့ရ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထန်းရွက်ယပ်ဝန်းလှူရခြင်း၏ အကျိုးပေတည်း။

၃၅။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်သုံးကမ္ဘာထက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့် စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာနာမ်"အမည်ရှိသော စကြာမင်း ဖြစ်ခဲ့၏။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တာလဝဏ္ဋဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် တာလဝဏ္ဋဒါယကတ္ထေရအပဒါန် ပြီး၏။

--

၈-အက္ကန္တသညကတ္ထေရအပဒါန်

၃၇။ ငါသည် ပုဆိုးနွမ်းကို ယူ၍ ဥပဇ္ဈာယ်ဆရာ၏ ရှေ့၌ ကျမ်းဂန်၌ အပြစ်ကင်းခြင်းသို့ ရောက်ခြင်းငှါ ဗေဒင်ကိုလည်း သင်ယူ၏။

၃၈။ (ထိုအခါ) ငါသည် လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်သော (ဘုန်းကံ အားဖြင့်) မြတ်တော်မူသော (ဂုဏ်အားဖြင့်) မြတ်တော်မူသော (အမျိုးအားဖြင့်) မြတ်တော် မူသော အရိယာအပေါင်းတို့တွင် အမြတ်ဆုံးဖြစ်တော်မူသော ကိလေသာတည်းဟူသော မြူ ကင်းသော သစ္စာလေးပါးကို သိတော်မူသော တိဿမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၉။ လူတို့ထက် မြတ်တော်မူသော ကောင်းစွာ ကျော်စောတော်မူသော ကြီးမားသော လုံ့လရှိတော်မူသော လူတို့၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားကို နင်းတော်မူခြင်း ငှါ ပုဆိုးနွမ်းကို ဖြန့်ခင်းအပ်၏။

၄၀။ အညစ်အကြေးကင်းစင်သော လမင်းနှင့် တူသော လောက၌ ထွန်းလင်းတောက်ပ တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အထူးကြည်လင်လှသော စိတ်ဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးခဲ့၏။

၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပုဆိုးနွမ်းလှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးနွမ်းလှူဒါန်းရ ခြင်း၏ အကျိုးပေတည်း။

၄၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော သုနန္ဒအမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အက္ကန္တသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် အက္ကန္တသညကတ္ထေရအပဒါန် ပြီး၏။

--

၉-သပ္ပိဒါယကတ္ထေရအပဒါန်

၄၄။ မြတ်သော ပြာသာဒ်ထက်၌ မိန်းမအပေါင်း ခြံရံလျက် နေသော ငါသည် မကျန်းမာ တော်မူသော ကိလေသာကို ငြိမ်းအေးစေတော်မူသော မြတ်စွာဘုရားကို မြင်သဖြင့် အိမ်သို့ ပင့်ဆောင်ခဲ့၏။

၄၅။ အိမ်သို့ ကြွတော်မူသော ကြီးမားသော လုံ့လရှိတော်မူသော လူတို့ထက် မြတ်၍ နတ်ထက် နတ်ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် ထောပတ်ဆီကို ပေးလှူခဲ့၏။

၄၆။ ပူပန်ခြင်း ငြိမ်းပြီးသော အထူးသဖြင့် ကြည်လင်သော မျက်နှာဣန္ဒြေရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် မြတ်စွာဘုရားခြေတော်တို့ကို ရှိခိုးပြီးလျှင် ရှေ့တော်၌ပင် ချီးကျူးစကား လျှောက်ထားခဲ့၏။

၄၇။ အထူးသဖြင့် ကြည်လင်သော စိတ်ရှိသော ငါ့ကို မြင်တော်မူ၍ ‘ဟင်္သာမင်းသည် ကောင်းကင်၌ တက်သကဲ့သို့’ နိဗ္ဗာန်ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ဉာဏ်တော်ရှင် မြတ်စွာဘုရားသည် ကောင်းကင်သို့ တန်ခိုးဖြင့် ကြွတော်မူ၏။

၄၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ထောပတ်အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ဆီ လှူရခြင်း၏ အကျိုးပေတည်း။

၄၉။ ငါသည် ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဇုတိဒေဝ"အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သပ္ပိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သပ္ပိဒါယကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ပါပနိဝါရိယတ္ထေရအပဒါန်

၅၁။ ငါသည် ကျူပင်တို့ဖြင့် ပိတ်ဖုံးအပ်သော လေနေပူကို တားမြစ်တတ်သော ပိယဒဿီ မြတ်စွာဘုရား၏ စကြøတော်ကို သုတ်သင်ရှင်းလင်းခဲ့၏။

၅၂။ ငါသည် စင်္ကြံသုတ်သင်ရှင်းလင်းမှုဟူသော ကုသိုလ်၏ ပြည့်စုံခြင်းကြောင့် မကောင်း မှုကို ရှောင်ကြင်ခြင်းငှါလည်းကောင်း၊ ကိလေသာတို့ကို ပယ်ခြင်းငှါလည်းကောင်း ဘုရား သာသနာတော်၌ (ကမ္မဋ္ဌာန်း) အားထုတ်ခဲ့၏။

၅၃။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အဂ္ဂိဒေဝ”ဟု ထင်ရှားသော စကြဝတေး မင်း ဖြစ်ခဲ့၏။

၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါပနိဝါရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပါပနိဝါရိယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်နှစ်ခုမြောက် ဟတ္ထိဝဂ် ပြီး၏။

--

၂၃-အာလမ္ဗဏဒါယကဝဂ်

၁-အာလမ္ဗဏဒါယကတ္ထေရအပဒါန်

။ လောကထက် အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အခြေနှစ်ချောင်း ရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ ထိုကဲ့သို့ ရှုချင်ဖွယ်ဖြစ်သော အတ္ထဒဿီမြတ်စွာဘုရားအား ငါသည် တံကဲပျဉ်ကို ပေးလှူခဲ့၏။

။ သမုဒ္ဒရာ တစ်ဖက်ကမ်းတိုင်အောင် ပြန့်ကျယ်သော မြေအပြင်ကို အစိုးရ၏။ မြေ အပြင်၌လည်းကောင်း၊ သတ္တဝါတို့၌လည်းကောင်း အစိုးရသည်၏ အဖြစ်ကို ပြုကျင့်ရ၏။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို လိုက်နာကျင့်သုံးပြီးပြီ။

။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်နှစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ဧကပဿီအမည်ရှိကုန်သော ထိုစကြဝတေးမင်းတို့သည် သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာလမ္ဗဏဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော အာလမ္ဗဏဒါယကတ္ထေရအပဒါန် ပြီး၏။

၂-အဇိနဒါယကတ္ထေရအပဒါန်

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဂိုဏ်းဆရာဖြစ်သော ငါသည် ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရ၏။

။ (ထိုအခါ) လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား ငါသည် သားရေပိုင်းကို ပေးလှူခဲ့၏၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် ထိုကုသိုလ်ကံကြောင့်-

။ စည်းစိမ်ချမ်းသာကို ခံစားပြီး၍ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပါပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်ရပါ၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် သစ်နက်ရေကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်နက် ရေကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၁၀။ ဤဘဒ္ဒကမ္ဘာမှ ငါးကမ္ဘာမြောက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဒါယက"စကြဝတေးမင်း ဖြစ်ခဲ့၏။

--

၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဇိနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် အဇိနဒါယကတ္ထေရအပဒါန် ပြီး၏။

၃-ဒွေရတနိယတ္ထေရအပဒါန်

၁၂။ ငါသည် ရှေးအခါက ငှက်စသည်တို့၏ တွန်မြူးရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့ဖူး၏၊ ထိုအခါ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၃။ ငါသည် မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကျေးဇူးကို ရှာမှီးတော်မူပြီးသော ဝိပဿီမြတ်စွာဘုရားအား အသားတစ်ကို ပေးလှူခဲ့၏၊ (ထိုကံကြောင့်) ငါသည် နတ်နှင့် တကွသော လောက၌ အစိုးရသူ၏ အဖြစ်ကို ပြုရ၏။

၁၄။ ဤအသားတစ်ကို ပေးလှူခြင်းကြောင့် ငါ့အား (သက်ရှိ, သက်မဲ့ဖြစ်သော) ရတနာ သည် ဖြစ်ပေါ်လာ၏၊ လောက၌ မျက်မှောက်ချမ်းသာသို့ ရောက်ခြင်းငှါ (သက်ရှိ, သက်မဲ့) ရတနာခုနစ်ပါးတို့သည် ငါ့အား ဖြစ်ပေါ်လာကုန်၏။

၁၅။ ငါသည် အသားတစ်ကို ပေးလှူခြင်း၏ အစွမ်းကြောင့် ထိုရတနာအလုံးစုံတို့ကို ရရှိ ခံစားရ၏၊ ငါ့အား နူးညံ့သော ခန္ဓာကိုယ်လည်း ရှိ၏၊ ပညာ၏ သိမ်မွေ့သော အကျိုးတို့ကို ခံစားရ၏။

၁၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် အသားတစ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသားတစ် ကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၁၇။ ဤဘဒ္ဒကမ္ဘာမှ လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာရောဟိတ” အမည်ရှိသော ထိုစကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဒွေရတနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဒွေရတနိယတ္ထေရအပဒါန် ပြီး၏။

ဆယ်ခုမြောက် ဘာဏဝါရ ပြီး၏။

--

၄-အာရက္ခဒါယကတ္ထေရအပဒါန်

၁၉။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ (ကျောင်းတော်၌) ငါသည် ပွတ်တိုင်ကို ပြုလုပ်စေခဲ့၏၊ မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကျေးဇူးကို ရှာမှီးတော်မူသော မြတ်စွာဘုရားအား ငါသည် အစောင့်အရှောက်ကိုလည်း ပေးလှူခဲ့၏။

၂၀။ ထိုကံအထူးကြောင့် ငါသည် ကြောက်မက်ဖွယ် ဘေးကို မတွေ့မြင်ခဲ့ရပေ၊ တစ်စုံ တစ်ခုသော ဘဝ၌ ဖြစ်သော ငါ့အား ထိတ်လန့်ခြင်းသည် မရှိပေ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ရှေးဖြစ်သော ကိုးဆယ့်လေးကမ္ဘာထက်၌ ပွတ်တိုင်ကို ပေးလှူခဲ့ရ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပွတ် တိုင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ကမ္ဘာ၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အပေဿန"အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာရက္ခဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် အာရက္ခဒါယကတ္ထေရအပဒါန် ပြီး၏။

၅-အဗျာဓိကတ္ထေရအပဒါန်

၂၄။ ငါသည် ဝိပဿီမြတ်စွာဘုရားအား မီးတင်းကုပ်ကို ပေးလှူခဲ့၏။ အနာနှိပ်စက်သော ရဟန်းတို့အား ကျောင်းကိုလည်းကောင်း၊ ရေနွေးခံခွက်ကိုလည်းကောင်း ပေးလှူခဲ့၏။

၂၅။ ထိုကုသိုလ်ကံကြောင့် ငါ့အား ကောင်းစွာ ဖန်ဆင်းအပ်သော ဤခန္ဓာကိုယ်သည် ဖြစ်ပေါ်လာ၏၊ ငါသည် ဖျားနာခြင်းကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် (ပြုခဲ့သော) ကုသိုလ်ကံ၏ အကျိုးပေတည်း။

၂၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မီးတင်းကုပ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မီးတင်းကုပ် (လှူရခြင်း)၏ အကျိုးပေတည်း။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အပရာဇိတ"မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

--

၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဗျာဓိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် အဗျာဓိကတ္ထေရအပဒါန် ပြီး၏။

၆-အင်္ကောလပုပ္ဖိယတ္ထေရအပဒါန်

၂၉။ ငါ၏ အမည်သည် နာရဒဖြစ်၏၊ ကဿပဟူ၍လည်း ငါ့ကို အသိအမှတ်ပြုကြကုန်၏၊ ရဟန်းတို့ထက် အမြတ်ဆုံးဖြစ်တော်မူသော နတ်ဗြဟ္မာတို့သည် အရိုအသေပြုအပ်သော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၀။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူထိုက်သော မြတ်သော လက္ခဏာတော် ငယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသော် စက်ကတုံးပန်း၁ကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ စက်ကတုံးပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်လေးကမ္ဘာထက်၌ ဆင်ယင်အပ်သော ပန်းတန်ဆာရှိသော ယာဉ်နှင့်တကွ စစ်သည်ဗိုလ်ပါအင်အားရှိသော “ရောမသ"မည်သော မင်းဖြစ်ခဲ့၏။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အင်္ကောလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် အင်္ကောလပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၁။ မှန်ကူပန်းလည်း ဟူ၏၊ အချို့မူတွင် ဝကုလဟု ရှိ၏၊ ခရေပန်းဟူလို။

--

၇-သောဝဏ္ဏဝဋံသကိယတ္ထေရအပဒါန်

၃၄။ ငါသည် ဥယျာဉ်မြေသို့ ထွက်သွားလတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ထိုအခါ ကောင်းစွာ ဖန်ဆင်းမွမ်းမံအပ်သော ရွှေဖြင့် ပြီးသော ဦးဆောက်ပန်းကို ယူပြီးလျှင် -

၃၅။ ဆင်ကျောက်ကုန်းထက်၌ ရောက်လျက်ရှိသော ငါသည် ထိုဆင်မှ လျင်မြန်စွာ သက် ဆင်း၍ လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၇။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာပတာပ"မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သောဝဏ္ဏဝဋံသကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် သောဝဏ္ဏဝဋံသကိယတ္ထေရအပဒါန် ပြီး၏။

၈-မိဉ္ဇဝဋံသကိယတ္ထေရအပဒါန်

၃၉။ တရားဟောပုဂ္ဂိလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော သိခီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ငါသည် ဦးဆောက်ပန်းတို့ဖြင့် ရောပြွမ်းလျက် (သရက်ဖြူ) မဟာဗောဓိပင်အား ပူဇော်ခြင်းကို ပြုခဲ့၏။

၄၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ခုမြောက်ကမ္ဘာထက်၌ ပန်းပူဇော်ခြင်းကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၁။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မေဃဗ္ဘ"အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မိဉ္ဇဝဋံသကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် မိဉ္ဇဝဋံသကိယတ္ထေရအပဒါန် ပြီး၏။

--

၉-သုကတာဝေဠိယတ္ထေရအပဒါန်

၄၃။ ထိုအခါ၌ ငါသည် အမည်အားဖြင့် အသိတဟု ထင်ရှားသော ပန်းသည် ဖြစ်ခဲ့၏၊ ငါသည် နားသွယ်ပန်းကို ယူပြီးလျှင် ဘုရင်မင်းမြတ်အား ဆက်သခြင်းငှါ သွား၏။

၄၄။ (ထိုအခါ) မင်းထံသို့ မရောက်မီ သိခီမြတ်စွာဘုရားကို ဖူးမြင်ရ၏၊ (ဖူးမြင်ရသည် ရှိသော်) ရွှင်လန်းသော ငါသည် ရွှင်လန်းသော စိတ်ဖြင့် သိခီမြတ်စွာဘုရားအား တင်လှူ ပူဇော်ခဲ့၏။

၄၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ နားသွယ်ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၆။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ အလွန်များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝေဘာရ"အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုကတာဝေဠိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သုကတာဝေဠိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-ဧကဝန္ဒနိယတ္တေရအပဒါန်

၄၈။ ငါသည် (အမျိုးအားဖြင့်) မြတ်သော (ဂုဏ်အားဖြင့်) မြတ်သော လုံ့လရှိတော် မူသော အောင်အပ်ပြီးသော ရန်ရှိတော်မူသော ဝေဿဘူမြတ်စွာဘုရားကို ကြည်ညိုဝမ်းမြောက် သော စိတ်ရှိသည်ဖြစ်၍ ရှိခိုး၏။

၄၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ (ရှိခိုးမှု) ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဘုရား အား) ရှိခိုးရခြင်း၏ အကျိုးပေတည်း။

၅၀။ (ဤဘဒ္ဒကမ္ဘာမှ) နှစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိကတာနန္ဒ"အမည်ရှိသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့ဖူး၏။

၅၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဝန္ဒနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဧကဝန္ဒနိယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်သုံးခုမြောက် အာလမ္ဗဏဒါယကဝဂ် ပြီး၏။

--

၂၄-ဥဒကာသနဝဂ်

၁-ဥဒကာသနဒါယကတ္ထေရအပဒါန်

။ ငါသည် မြတ်သောအကျိုးကို ရခြင်းငှါ အရံတံခါးမှ ထွက်၍ ပျဉ်ချပ်ကို ခင်းခဲ့၏၊ သောက်ရေကိုလည်း တည်ထားခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နေရာပျဉ်ခင်းခြင်း၊ သောက်ရေတည်ထားခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အဘိသာမ"အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒကာသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဥဒကာသနဒါယကတ္ထေရအပဒါန် ပြီး၏။

၂-ဘာဇနပါလကတ္ထေရအပဒါန်

။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့၌ အိုးထိန်းသည် ဖြစ်ခဲ့၏၊ ထိုအခါ၌ ရဟန်းသံဃာ၏ သပိတ်ကို စောင့်ရှောက်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သပိတ်ကို စောင့်ရှောက်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သပိတ်ကို စောင့် ရှောက်ခဲ့ရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အနန္တဇာလိ"အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဘာဇနပါလကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဘာဇနပါလကတ္ထေရအပဒါန် ပြီး၏။

--

၃-သာလပုပ္ဖိယတ္ထေရအပဒါန်

။ ငါသည် အရုဏဝတီမြို့၌ မုန့်သည် ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် မာရ်ငါးပါးကို အောင်တော်မူပြီးသော သိခီမြတ်စွာဘုရားကို ငါ၏ အိမ်တံခါး (အနီး) ၌ ကြွသွားတော်မူစဉ် ဖူးမြင်ခဲ့ရ၏။

၁၀။ ငါသည် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူပြီးလျှင် ကောင်းစွာ ကြွသွား တော်မူသော မြတ်စွာဘုရားအား ကြည်ညိုသော စိတ်ဖြင့် အင်ကြင်းပန်းကို ပေးလှူ၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် အင်ကြင်းပန်းကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အင်ကြင်း ပန်းကို ပေးလှူခဲ့ရခြင်း၏ အကျိုးပေတည်း။

၁၂။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အမိတဉ္ဇလ"မည်သော စကြာမင်း ဖြစ်ခဲ့၏။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သာလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် သာလပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၄-ကိလဉ္ဇဒါယကတ္ထေရအပဒါန်

၁၄။ ထိုအခါ ငါသည် မွေ့လျော်ဖွယ်ကောင်းသော တိဝရာပြည်၌ ကျူထရံသည် ဖြစ်ခဲ့၏၊ ထိုအခါ လောက၌ ထွန်းလင်းတောက်ပတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား၌ ကြည်ညိုသော လူအပေါင်းသည်-

၁၅။ မြတ်စွာဘုရားအား ပူဇော်ခြင်းငှါ ဖျာကို ရှာဖွေလျက် ရှိ၏၊ ငါသည် မြတ်စွာဘုရားအား ပူဇော်မှုကို ပြုကုန်သော သူတို့အား ဖျာကို ပေးလှူခဲ့၏။

၁၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အကြင်ဖျာလှူခြင်းကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖျာကို လှူရခြင်း၏ အကျိုးပေတည်း။

၁၇။ ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “ဇလဒ္ဓရ"မည်သော စကြာမင်း ဖြစ်ခဲ့၏။

--

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကိလဉ္ဇဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ကိလဉ္ဇဒါယကတ္ထေရအပဒါန် ပြီး၏။

၅-ဝေဒိကာရကတ္ထေရအပဒါန်

၁၉။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ မြတ်သော သခွတ်ပင်ဗောဓိ၌ ကြည်ညိုဝမ်း မြောက်သော စိတ်ရှိသည်ဖြစ်၍ ပွတ်တိုင်ကို ပြုစေခဲ့၏။

၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ပွတ်တိုင်ကို ပြုစေခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပွတ်တိုင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၁။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သူရိယဿမ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝေဒိကာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဝေဒိကာရကတ္ထေရအပဒါန် ပြီး၏။

--

၆-ဝဏ္ဏကာရတ္ထေရအပဒါန်

၂၃။ ထိုအခါ ငါသည် အရုဏဝတီမြို့၌ ပန်းဆိုးသမား ဖြစ်ခဲ့ဖူး၏၊ ငါသည် စေတီ၌ (ရှိသော) ပုဆိုးဘဏ္ဍာအဝတ်တို့ကို အရောင်အမျိုးမျိုးကို ဆိုးခဲ့၏။

၂၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အကြင်ဆေးရောင်ကို ဆိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆေးရောင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝဏ္ဏသမ"အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝဏ္ဏကာရမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဝဏ္ဏကာရတ္ထေရအပဒါန် ပြီး၏။

၇-ပိယာလပုပ္ဖိယတ္ထေရအပဒါန်

၂၇။ ရှေးအခါက ငါသည် ငှက်စသည်တို့၏ တွန်မြူးရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ပွင့်နေသော လွန်ပင်ကို မြင်၍ ဆွတ်ခူးပြီးလျှင် ငါသည် မြတ်စွာဘုရား ကြွတော်မူရာ ခရီး၌ ပစ်ချပူဇော်ခဲ့၏။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်း ပူဇော်ခြင်း၏ အကျိုးပေတည်း။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိယာလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ပိယာလပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၈-အမ္ဗယာဂဒါယကတ္ထေရအပဒါန်

၃၀။ မိမိအတတ်ပညာ၌ ကျွမ်းကျင်သော ငါသည် တောသို့ သွားခဲ့၏၊ (ထိုအခါ) ငါသည် မြတ်စွာဘုရား ကြွသွားတော်မူစဉ် ဖူးမြင်ရ၍ သရက်သီးအလှူကို လှူခဲ့၏။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သရက်သီးအလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီး ကို လှူရခြင်း၏ အကျိုးပေတည်း။

၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမ္ဗယာဂဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် အမ္ဗယာဂဒါယကတ္ထေရအပဒါန် ပြီး၏။

၉-ဇဂတိကာရကတ္ထေရအပဒါန်

၃၃။ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူ သည်ရှိသော် မြတ်စွာဘုရား၏ စေတီတော်မြတ်၌ အကျည် (ပန်းတင်ခုံ) မြှင့်ခြင်းကို ပြုလုပ်ပြင် ဆင်ခဲ့၏။

၃၄။ တစ်ထောင့်ရှစ်ရာကမ္ဘာထက်၌ ကောင်းမှုကံကို ပြုလုပ်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အကျည် (ပန်းတင်ခုံ) ပြုပြင်ရ ခြင်း၏ အကျိုးပေတည်း။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဇဂတိကာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဇဂတိကာရကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ဝါသိဒါယကတ္ထေရအပဒါန်

၃၆။ ရှေးအခါက ငါသည် တိဝရာပြည်မြတ်၌ ပန်းပဲသမား ဖြစ်ခဲ့၏၊ ငါသည် ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားအား ပဲခွပ်တစ်ခုကို ပေးလှူခဲ့၏။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပဲခွပ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပဲခွပ်လှူရခြင်း၏ အကျိုးပေတည်း။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝါသိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဝါသိဒါယကတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်လေးခုမြောက် ဥဒကာသနဝဂ် ပြီး၏။

--

၂၅-တုဝရဒါယကဝဂ်

၁-တုဝရဒါယကတ္ထေရအပဒါန်

။ ငါသည် ရှေးအခါက ငှက်စသည်တို့၏ တွန်မြူးရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ (ထိုအခါ) ငါသည် ကတုံကနက်စေ့၁ကို ယူ၍ လှော်ပြီးလျှင် သံဃာအား ပေးလှူခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကတုံကနက်စေ့ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကတုံကနက်စေ့ကို လှူရခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တုဝရဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော တုဝရဒါယကတ္ထေရအပဒါန် ပြီး၏။

၁။ အင်္ဂတိုင်းရှိ တုဝရမြစ်အနီး၌ ပေါက်ရောက်သော အစေ့ ဖြစ်သည်၊ ကတုံကနက်စေ့လည်း ဟူလို။ အဋ္ဌကထာ၌ ‘မုဂ္ဂကလာယ သဒိသ’ဟု ဖွင့်သဖြင့် ပဲနောက်, ကုလားပဲတို့နှင့် တူသော ပဲစေ့တစ်မျိုးဟု ယူဆရ၏။

၂-နာဂကေသရိယတ္ထေရအပဒါန်

။ ငါသည် လေးကို ညှို့နှင့် တစ်ပေါင်းတည်း ပြုလုပ်၍ တောသို့ ဝင်ခဲ့၏၊ (ထိုအခါ) အောက်သို့ အရွက်ကြွေကျ၍ ကောင်းစွာ ပေါက်သော ကံ့ကော်ဝတ်ဆံကို မြင်၍ -

။ လက်နှစ်ဖက်တို့ဖြင့် ယူပြီးလျှင် ဦးခေါင်းထက်၌ လက်အုပ်ချီလျက် လောက၏ အဆွေဖြစ်တော်မူသော တိဿမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းတင်ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။

။ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ကေသရ"အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင် တိုင် ဖြစ်ခဲ့ဖူးကုန်၏။

--

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နာဂကေသရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် နာဂကေသရိယတ္ထေရအပဒါန် ပြီး၏။

၃-နဠိနကေသရိယတ္ထေရအပဒါန်

။ ငါသည် ဇာတဿရရေအိုင်၏ အလယ်၌ ရေကြက် ဖြစ်၍ နေ၏၊ (ထိုအခါ) ငါသည် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ကောင်းကင်၌ ကြွသွားတော်မူစဉ် ဖူးမြင်ရ၏။

၁၀။ (ဖူးမြင်ရသော်) နှုတ်သီးဖြင့် ကြာပန်းကို ယူပြီးလျှင် အထူးကြည်လင်သော စိတ်ဖြင့် လောက၏ အဆွေဖြစ်တော်မူသော တိဿမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းတင်ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၂။ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ကေသရ"မည်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ ဖူးကုန်၏။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နဠိနကေသရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် နဠိနကေသရိယတ္ထေရအပဒါန် ပြီး၏။

--

၄-ဝိရဝပုပ္ဖိယတ္ထေရအပဒါန်

၁၄။ မြတ်စွာဘုရားသည် ရဟန္တာတစ်ထောင်တို့နှင့် တကွ ကြွသွားတော်မူ၏၊ (ထိုအခါ) ငါသည် ဝိရဝမည်သော ပန်းကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝိရဝပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဝိရဝပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၅-ကုဋိဓူပကတ္ထေရအပဒါန်

၁၇။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ ဂန္ဓကုဋိတိုက်စောင့် ဖြစ်ခဲ့၏၊ ငါသည် ကြည်ညို သည်ဖြစ်၍ အခါအားလျော်စွာ မိမိလက်တို့ဖြင့် နံ့သာအခိုးလွှတ်၍ ပူဇော်ခဲ့၏။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ နံ့သာအခိုးထုံမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာအခိုးကို ပေးလှူခဲ့ရခြင်း၏ အကျိုးပေတည်း။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုဋိဓူပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ကုဋိဓူပကတ္ထေရအပဒါန် ပြီး၏။

--

၆-ပတ္တဒါယကတ္ထေရအပဒါန်

၂၀။ ကိုယ်နှုတ်နှလုံးကို လွန်စွာ ဆုံးမတော်မူသဖြင့် ဖြောင့်မတ်သည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် သပိတ်အလှူကို ပေးလှူခဲ့၏။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သပိတ်လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် သပိတ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ပတ္တဒါယကတ္ထေရအပဒါန် ပြီး၏။

၇-ဓာတုပူဇကတ္ထေရအပဒါန်

၂၃။ လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော မြတ်စွာဘုရား၏ ဓါတ်တော်တစ်ဆူကို ငါသည် ရခဲ့၏။

၂၄။ ငါသည် နေမင်း၏ အဆွေဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား၏ ထိုဓာတ်တော်ကို ယူပြီးလျှင် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကဲ့သို့ ငါးနှစ်တို့ပတ်လုံး လုပ်ကျွေးခဲ့၏။

၂၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဓာတ်တော်ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဓာတ်တော်ကို လုပ်ကျွေးပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓာတုပူဇကထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဓာတုပူဇကတ္ထေရအပဒါန် ပြီး၏။

--

၈-သတ္တလိပုပ္ဖပူဇကတ္ထေရအပဒါန်

၂၇။ ထိုအခါ ငါသည် မိုးစွေပန်း ခုနစ်ပွင့်တို့ကို ဦးခေါင်း၌ တင်ပြီးလျှင် လူတို့ထက် မြတ်တော်မူသော ဝေဿဘူမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၂၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မိုးစွေပန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သတ္တလိပုပ္ဖပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် သတ္တလိပုပ္ဖပူဇကတ္ထေရအပဒါန် ပြီး၏။

၉-ဗိမ္ဗိဇာလိယတ္ထေရအပဒါန်

၃၀။ မိမိအလိုလို ဖြစ်၍ အမြတ်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သော ပဒုမုတ္တရမြတ်စွာဘုရားသည် သစ္စာလေးပါးကို ဖော်ပြတော်မူ၏၊ အမြိုက်နိဗ္ဗာန်ကိုလည်း ထွန်းပြတော်မူ၏။

၃၁။ ထိုအခါ၌ ငါသည် လိပ်ဆူးရွှေပွင့်တို့ကို အမျိုးမျိုးပြု၍ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ရှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ကိဉ္ဇကေသရ"မည်သော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗိမ္ဗိဇာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဗိမ္ဗိဇာလိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-ဥဒ္ဒါလကဒါယကတ္ထေရအပဒါန်

၃၄။ ရန်သူတို့သည် မအောင်အပ်သော ကကုဓမည်သော ပစ္စေကဗုဒ္ဓါ၁ ဘုရားသည် တောမှ ထွက်၍ မြစ်ကြီးသို့ (မဟာနဒီမြစ်သို့) အစဉ်ရောက်တော်မူ၏။

၃၅။ ထိုအခါ ငါသည် ငုရွှေပန်းကို ယူပြီးလျှင် ဖြောင့်မတ်စွာ စောင့်စည်းတော်မူသော မြတ်စွာဘုရားအား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ပေးလှူခဲ့၏။

၃၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငုရွှေပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒ္ဒါလကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဥဒ္ဒါလကဒါယကတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်ငါးခုမြောက် တုဝရဒါယကဝဂ် ပြီး၏။

၁။ “ကကုသန္ဓဿ ဘဂဝတော”ဟု အဋ္ဌကထာ ဆို၏၊ သုံးဆယ့်တစ်ကမ္ဘာထက်၌ဟူသော စကားနှင့် ဆန့်ကျင်လှသည်။ “သယမ္ဘူ အပရာဇိတော”ဟူသော ပုဒ်ကို ဘုရားဟုသာ ပေးသင့်သည်၊ ကကုဓဘုရားဟူ၍ မရှိသဖြင့် ဤ၌ ပစ္စေကဗုဒ္ဓါဟုသာ ထားသည်။

--

၂၆-ထောမကဝဂ်

၁-ထောမကတ္ထေရအပဒါန်

။ ငါသည် နတ်ပြည်၌ တည်ရှိစဉ် ဝိပဿီမြတ်စွာဘုရား၏ တရားတော်ကို နာယူခဲ့၍ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်ရကား ဤဆိုလတ္တံ့သော စကားကို မြွက်ဆိုခဲ့၏-

။ ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရား သည် သေခြင်းကင်းသော နိဗ္ဗာန်ကို ဟောတော်မူလျက် လူများအပေါင်းကို ကယ်တင်တော်မူပါပေ၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ချီးကျူးစကားကို ပြောဆိုခဲ့ရသော အခါမှ စ၍့အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဘုရားကို) ချီးကျူးရခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ထောမကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ထောမကတ္ထေရအပဒါန် ပြီး၏။

၂-ဧကာသနဒါယကတ္ထေရအပဒါန်

။ ငါသည် ပဒုမုတ္တရမြတ်စွာဘုရား၏ သာသနာတော်၌ လွန်ကဲသော ကုသိုလ်ကောင်းမှု ကို ပြုလိုသည်ဖြစ်၍ နတ်၏ အသွင်ကို စွန့်၍ မယားနှင့်တကွ ဤလူ့ပြည်သို့ လာခဲ့၏။

။ (ထိုအခါ) ဒေဝလအမည်ဖြင့် ထင်ရှားသော ပဒုမုတ္တရမြတ်စွာဘုရား၏ တပည့်သာဝက သည် ရှိ၏၊ ထိုမထေရ်အား ငါသည် အလွန်ကြည်လင်သော စိတ်ဖြင့် ဆွမ်းကို လှူဒါန်းခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကာသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဧကာသနဒါယကတ္ထေရအပဒါန် ပြီး၏။

--

၃-စိတကပူဇကတ္ထေရအပဒါန်

။ မိမိအလိုလို ဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော အာနန္ဒာမည်သော ပစ္စေကဗုဒ္ဓါသည် လူသူမရှိသော ငှက်တို့၏ တွန်မြည်ရာဖြစ်သော တောအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။

၁၀။ ထိုအခါ ငါသည် နတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ ထိုအရပ်၌ ထင်းပုံကို ပြုလုပ်ပြီး လျှင် အလောင်းတော်ကို မီးသင်္ဂြိုဟ်ခဲ့၏၊ ငါသည် ပူဇော်မှုကိုလည်း ပြုခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် စိတကပူဇကတ္ထေရအပဒါန် ပြီး၏။

၄-တိစမ္ပကပုပ္ဖိယတ္ထေရအပဒါန်

၁၃။ ဟိမဝန္တာတောင်၏ အနီး၌ ဝိကတမည်သော တောင်သည် ရှိ၏၊ ထိုတောင်၏ အလယ်၌ ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော ရဟန်းသည် သီတင်းသုံးတော်မူ၏။

၁၄။ ငါသည် ထိုရဟန်း၏ ငြိမ်သက်ခြင်းကို ဖူးမြင်ရ၍ အလွန်ကြည်လင်သောစိတ်ဖြင့် စကားဝါပန်းသုံးပွင့်ကို ယူ၍ ကြဲမြှောက် (ပူဇော်) ခဲ့၏။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ စကားဝါပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိစမ္ပကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် တိစမ္ပကပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၅-သတ္တပါဋလိယတ္ထေရအပဒါန်

၁၇။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပတော်မူသော, တောင်ကြား၌ သီတင်းသုံးတော် မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ထိုအခါ ငါသည် မြတ်စွာဘုရားအား သခွတ်ပန်း ခုနစ်ပွင့်တို့ကို တင်လှူခဲ့၏။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သတ္တပါဋလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် သတ္တပါဋလိယတ္ထေရအပဒါန် ပြီး၏။

၆-ဥပါဟနဒါယကတ္ထေရအပဒါန်

၂၀။ ငါသည် စန္ဒနမည်သော ပစ္စေကဗုဒ္ဓါ၏ သားဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ဖိနပ်တစ်ရံကို ပေးလှူခဲ့၏၊ (ထိုဖိနပ်ပေးလှူရသောကြောင့်) အရှင်ဘုရားသည် အကျွန်ုပ်အား သာဝကဗောဓိ ဉာဏ်ကို ပြည့်စုံပါစေသတည်း (ဟု ဆုတောင်းခဲ့၏)။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဖိနပ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖိနပ် (လှူရခြင်း)၏ အကျိုးပေတည်း။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥပါဟနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဥပါဟနဒါယကတ္ထေရအပဒါန် ပြီး၏။

--

၇-မဉ္ဇရိပူဇကတ္ထေရအပဒါန်

၂၃။ ငါသည် ပန်းခိုင်ကို ပြုလုပ်၍ လမ်းခရီး၌ သွား၏၊ (ထိုအခါ) ရဟန်းအပေါင်း ခြံရံအပ်သော ရဟန်းတို့ထက် မြတ်တော်မူသော (ဖုဿ) မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၄။ ငါသည် (ဖူးမြင်ရသော်) လွန်ကဲသော ပီတိဖြင့် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်၍ လက်နှစ်ဖက်တို့ဖြင့် (ပန်းခိုင်ကို) ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၂၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၆။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော အမည်အားဖြင့် “ဇောတိယ”ဟု ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဉ္ဇရိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် မဉ္ဇရိပူဇကတ္ထေရအပဒါန် ပြီး၏။

၈-ပဏ္ဏဒါယကတ္ထေရအပဒါန်

၂၈။ ငါသည် ဟိမဝန္တာတောင်၌ လျှော်တေသင်္ကန်းကို ဆောင်သော ဆားမပါသော သစ်ရွက်ကို စားသော မြတ်သော အကျင့် (ငါးပါးသီလ) တို့၌လည်း ကောင်းစွာ ကျင့်သုံးသော ရသေ့ဖြစ်ခဲ့၏။

၂၉။ နံနက်စာ စားချိန်သို့ ရောက်လတ်သော် သိဒ္ဓတ္ထမြတ်စွာဘုရားသည် ငါ၏ အထံသို့ ကြွလာတော်မူ၏၊ ငါသည် မြတ်စွာဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ထို သစ်ရွက် (စားဖွယ်) ကို ပေးလှူခဲ့၏။

၃၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်ရွက်ကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ရွက်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

--

၃၁။ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သဒတ္ထိယ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဏ္ဏဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ပဏ္ဏဒါယကတ္ထေရအပဒါန် ပြီး၏။

၉-ကုဋိဒါယကတ္ထေရအပဒါန်

၃၃။ တော၌ လှည့်လည်လေ့ရှိတော်မူသော မြတ်စွာဘုရားသည် သစ်ပင်ရင်း၌ နေတော် မူ၏၊ ထိုအခါ ငါသည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ မြတ်စွာဘုရားအား လှူဒါန်း ခဲ့၏။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်ရွက်မိုးကျောင်းကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ရွက်မိုး ကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။

၃၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ရှစ်ကမ္ဘာထက်၌ မြေအားလုံးကို အစိုးရသော စကြဝတေး မင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏ဟု ဆိုအပ်ကုန်၏။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုဋိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ကုဋိဒါယကတ္ထေရအပဒါန် ပြီး၏။

--

၁၀-အဂ္ဂပုပ္ဖိယတ္ထေရအပဒါန်

၃၇။ ငါသည် ‘မီးကဲ့သို့’ အရောင်ဖြင့် တောက်ပတော်မူသည်ဖြစ်၍ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော သိခီမြတ်စွာဘုရားကို တောင်ကြား၌ သီတင်းသုံးတော်မူစဉ် ဖူးမြင်ရ၏။

၃၈။ ငါသည် အဂ္ဂဇမည်သော ပန်းကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၀။ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘‘အမိတောဂတ’ ‘မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဂ္ဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် အဂ္ဂပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်ခြောက်ခုမြောက် ထောမကဝဂ် ပြီး၏။

--

၂၇-ပဒုမုက္ခိပဝဂ်

၁-အာကာသုက္ခိပိယတ္ထေရအပဒါန်

။ ငါသည် ဈေးအကြားခရီးလမ်း၌ ကြွသွားတော်မူသော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို (ဖူးမြင်ရ၏)၊ ထိုအခါ ကြာပန်းနှစ်ပွင့်တို့ကို ယူပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏။

။ ငါသည် ပန်းပွင့်တစ်ပွင့်ကို ဘုရားမြတ်၏ ခြေတော်တို့၌ ချထား (ပူဇော်) ခဲ့၏၊ ပန်းပွင့် တစ်ပွင့်ကို ယူ၍ ကောင်းကင်၌ ကြဲမြှောက် (ပူဇော်) ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခြောက်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘‘အန္တလိက္ခကရ’ ‘မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာကာသုက္ခိပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော အာကာသုက္ခိပိယတ္ထေရအပဒါန် ပြီး၏။

၂-တေလမက္ခိယတ္ထေရအပဒါန်

။ လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် ငါသည် ထိုအခါ၌ (မဟာလှေကား) ဗောဓိပင်၏ ဝရန်တာ (ပွတ်တိုင်) ၌ ဆီကို လိမ်း ကျံခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆီကို လိမ်းကျံခဲ့သောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီလိမ်းကျံရခြင်း၏ အကျိုး ပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘‘သုစ္ဆဝိ’ ‘မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တေလမက္ခိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် တေလမက္ခိယတ္ထေရအပဒါန် ပြီး၏။

--

၃-အဍ္ဎစန္ဒိယတ္ထေရအပဒါန်

၁၀။ ငါသည် တိဿမြတ်စွာဘုရား၏ မြေ၌ ပေါက်သော သစ်ပင်တကာတို့ထက် မြတ် သော (ပိတောက်) ဗောဓိပင်အား (ပန်းတို့ကို ) လခြမ်းသဏ္ဌာန် (ပြုလုပ်၍) ပေးလှူခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်ကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၁၂။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဒေဝလ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဍ္ဎစန္ဒိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် အဍ္ဎစန္ဒိယတ္ထေရအပဒါန် ပြီး၏။

၄-ပဒီပဒါယကတ္ထေရအပဒါန်

၁၄။ ထိုအခါ ငါသည် နတ်သားဖြစ်၍ မြေသို့ သက်ဆင်းပြီးလျှင် ကြည်လင်သော စိတ် ရှိသည်ဖြစ်ရကား မိမိလက်တို့ဖြင့် ဆီမီးငါးတိုင်တို့ကို ပေးလှူခဲ့၏။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆီမီးတိုင်ကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၁၆။ ငါးဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တစက္ခု"မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဒီပဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ပဒီပဒါယကတ္ထေရအပဒါန် ပြီး၏။

--

၅-ဗိဠာလိဒါယကတ္ထေရအပဒါန်

၁၈။ ဟိမဝန္တာတောင်၏ အနီး၌ ရောမသမည်သော တောင်သည် ရှိ၏၊ ထိုရောမသ တောင်ခြေ၌ ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော ကိလေသာငြိမ်းပြီးသော မြတ်စွာဘုရားသည် သီတင်းသုံးတော်မူ၏။

၁၉။ ငါသည် ပိန်းဥတို့ကို ယူပြီးလျှင် ကိလေသာငြိမ်းပြီးသော မြတ်စွာဘုရားအား လှူဒါန်းခဲ့၏၊ ရန်သူတို့သည် မအောင်အပ်သော မိမိအလိုလို ဖြစ်တော်မူသော မြတ်စွာဘုရား သည် အနုမောဒနာပြုတော်မူ၏။

၂၀။ သင်သည် ငါ့အား အထူးကြည်လင်သောစိတ်ဖြင့် ပိန်းဥတို့ကို ပေးလှူအပ်၏၊ (ထိုကောင်းမှုကြောင့်) ဘုံဘဝ၌ ဖြစ်သည်ရှိသော် သင့်အား အကျိုးဖြစ်ထွန်းစေသတည်း (ဟု မိန့်တော်မူ၏)။

၂၁။ ငါသည် ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပိန်းဥကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပိန်းဥလှူရခြင်း၏ အကျိုးပေတည်း။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗိဠာလိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဗိဠာလိဒါယကတ္ထေရအပဒါန် ပြီး၏။

၆-မစ္ဆဒါယကတ္ထေရအပဒါန်

၂၃။ ငါသည် စန္ဒဘာဂါမြစ်ကမ်းအနီး၌ ဝန်လိုငှက် ဖြစ်ခဲ့ဖူး၏၊ ထိုအခါ ကြီးမားသော ငါးကို ယူ၍ သိဒ္ဓတ္ထမြတ်စွာဘုရားအား ပေးလှူခဲ့၏။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ငါးလှူရခြင်း၏ အကျိုး ပေတည်း။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မစ္ဆဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် မစ္ဆဒါယကတ္ထေရအပဒါန် ပြီး၏။

--

၇-ဇဝဟံသကတ္ထေရအပဒါန်

၂၆။ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်းအနီး၌ တောမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ကြွသွားတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ကောင်းကင်၌ ကြွသွားတော်မူစဉ် ဖူးမြင်ရ၏။

၂၇။ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားကို ဖူးမြော်လျက် မိမိစိတ်ကို ကြည်လင်စေ၍ ငါသည် မြတ်စွာဘုရားကို ရှိခိုးခဲ့၏။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ရှိခိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ရှိခိုးရခြင်း၏ အကျိုးပေတည်း။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဇဝဟံသကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဇဝဟံသကတ္ထေရအပဒါန် ပြီး၏။

၈-သဠလပုပ္ဖိယတ္ထေရအပဒါန်

၃၀။ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်းအနီး၌ ကိန္နရာ ဖြစ်ခဲ့ဖူး၏၊ ထိုအခါ ရောင်ခြည်တော်ကွန်ရက်တို့ဖြင့် ရောပြွမ်းသော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၁။ (ဖူးမြင်ရလျှင်) လွန်ကဲသောပီတိဖြင့် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ထင်းရှူးပန်းကို ယူပြီးလျှင် ငါသည် ဝိပဿီမြတ်စွာဘုရားအား ကြဲမြှောက်ပူဇော်ခဲ့၏။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ထင်ရှူးပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည်မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင်အသျှင်သဠလပုပ္ဖိယမထေရ်သည်ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက်သဠလပုပ္ဖိယတ္ထေရအပဒါန်ပြီး၏။

--

၉- ဥပါဂတာသယတ္ထေရအပဒါန်

၃၄။ ဟိမဝန္တာတောင်၏ အလယ်၌ ကောင်းစွာ ဖန်ဆင်းအပ်သော အိုင်သည် ရှိ၏၊ ငါသည် ထိုအိုင်၌ (သူတစ်ပါးတို့ကို ) ညှဉ်းဆဲလေ့ရှိသော ကြောက်မက်ဖွယ်ကောင်းသော ရက္ခိုသ်ဘီလူး ဖြစ်ခဲ့၏။

၃၅။ အစဉ်စောင့်ရှောက်တော်မူ၍ ကရုဏာရှိတော်မူသော လူတို့၏ ရှေ့သွား ထိုဝိပဿီ မြတ်စွာဘုရားသည် ငါ့ကို သံသရာမှ ကယ်တင်တော်မူလိုသည် ဖြစ်၍ ငါ၏ အထံသို့ ကြွလာ တော်မူ၏။

၃၆။ (ငါ၏ အထံသို့) ကြွလာတော်မူသော ကြီးမားသော လုံ့လရှိတော်မူသည်ဖြစ်၍ နတ် ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို (ဖူးမြင်ရသဖြင့်) ငါသည် နေရာမှ ထွက်၍ မြတ်စွာဘုရားအား ရှိခိုးခဲ့၏။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ယောက်ျားမြတ်ဖြစ်သော မြတ်စွာဘုရားကို ရှိခိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် မြတ်စွာဘုရားအား ရှိခိုးရခြင်း၏ အကျိုးပေတည်း။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥပါဂတာသယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဥပါဂတာသယတ္ထေရအပဒါန် ပြီး၏။

--

၁၀-တရဏိယတ္ထေရအပဒါန်

၃၉။ မြတ်သောအလှူကို ခံတော်မူထိုက်သည် ဖြစ်၍ ရွှေအဆင်းနှင့် တူသော အဆင်းရှိ တော်မူသော သစ္စာလေးပါးတရားတို့ကို ထိုးထွင်း၍ သိတော်မူသော ဝိပဿီမြတ်စွာဘုရား သည် ရဟန်းအပေါင်း ခြံရံလျက် မြစ်ကမ်းအနီး၌ ရပ်တည်တော်မူ၏။

၄၀။ ထိုမြစ်မ၌ (တစ်ဖက်ကမ်းသို့) ပို့ဆောင်သောလှေ မရှိ၊ (ထိုအခါ ငါသည် ) မြစ်မှ ထွက်၍ မြတ်စွာဘုရားကို ပို့ဆောင်ခဲ့၏။

၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ပို့ဆောင်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကူးတို့ပို့ ဆောင်ရခြင်း၏ အကျိုးပေတည်း။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တရဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် တရဏိယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်ခုနစ်ခုမြောက် ပဒုမုက္ခိပဝဂ် ပြီး၏။

--

၂၈-သုဝဏ္ဏဗိဗ္ဗောဟနဝဂ်

၁-သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရအပဒါန်

။ ငါသည် မြတ်သော အကျိုးကို ရခြင်းငှါ ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် တစ်ခုသော နေရာကိုလည်းကောင်း၊ ခေါင်းအုံးကိုလည်းကောင်း ပေးလှူခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် (နေရာနှင့်တကွ) ခေါင်းအုံးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်း သည် ခေါင်းအုံးကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အသမ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုဝဏ္ဏဗိဗ္ဗောဟနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရအပဒါန် ပြီး၏။

၂-တိလမုဋ္ဌိဒါယကတ္ထေရအပဒါန်

။ လောကထက် မြတ်သည် ဖြစ်၍ လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား သည် ငါ၏ စိတ်အကြံကို သိတော်မူ၍ အဘိညာဉ်စိတ်တန်ခိုးကြောင့် ပြီးသော ကိုယ်တော်ဖြင့် (ငါ၏ အထံသို့) ကြွလာတော်မူ၏။

။ ငါသည် ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ကြွလာတော်မူစဉ် ရှိခိုးပြီး လျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နှမ်းဆုပ်ကို ပေးလှူခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ နှမ်းဆုပ်အလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နှမ်းဆုပ် (လှူရခြင်း)၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “တန္တိသ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိလမုဋ္ဌိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် တိလမုဋ္ဌိဒါယကတ္ထေရအပဒါန် ပြီး၏။

--

၃-စင်္ကောဋကိယတ္ထေရအပဒါန်

၁၀။ (သိဒ္ဓတ္ထမြတ်စွာဘုရားသည်) မဟာသမုဒ္ဒရာကို မှီ၍ (တည်သော) တောင်ကြား၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ငါသည် (မြတ်စွာဘုရားထံသို့) ချဉ်းကပ်ရန် ပန်းကလပ် (ပန်း၊ ကတ်) ကို ပြုပြီးလျှင် ပေးလှူခဲ့၏။

၁၁။ ငါသည် သတ္တဝါအားလုံးကို သနားစောင့်ရှောက်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား အား ပန်းကလပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ တစ်ကမ္ဘာပတ်လုံး မွေ့လျော်ခဲ့ရ၏။

၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကလပ်ကို ပေးလှူသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းကလပ်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စင်္ကောဋကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် စင်္ကောဋကိယတ္ထေရအပဒါန် ပြီး၏။

၄-အဗ္ဘဉ္ဇနဒါယကတ္ထေရအပဒါန်

၁၄-၁၅။ ရာဂကင်းတော်မူသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော၊ ကောင်းကင် သဖွယ် ငြိတွယ်ခြင်းကင်းသော စိတ်ရှိတော်မူသော၊ သံသရာချဲ့ ‘ပပဉ္စ’ တရား ရှိတော်မမူသော၊ ဈာန်ဝင်စားလေ့ရှိတော်မူသော၊ မောဟအားလုံးကို လွန်မြောက်တော်မူပြီးသော၊ အလုံးစုံသော လောက၏ အစီးအပွါးကို ရှာမှီးလေ့ရှိတော်မူသော၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရ တော်မူသော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ကောဏ္ဍညမြတ်စွာဘုရားအား ငါသည် ခြေနယ်ဆီကို ပေးလှူခဲ့၏။

၁၆။ ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာတို့ပတ်လုံး ခြေနယ်ဆီကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေနယ်ဆီ ကို လှူရခြင်း၏ အကျိုးပေတည်း။

၁၇။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “စိရပ္ပ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဗ္ဘဉ္ဇနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် အဗ္ဘဉ္ဇနဒါယကတ္ထေရအပဒါန် ပြီး၏။

--

၅-ဧကဉ္ဇလိကတ္ထေရအပဒါန်

၁၉။ ရေသဖန်းပင်အနီး၌ အမြဲခင်းအပ်သော သစ်ရွက်အခင်း၌ သီတင်းသုံးတော်မူသော ကိလေသာမီး ငြိမ်းပြီးတော်မူသော မြတ်စွာဘုရားအား နေရာအရပ်ကို ပေးလှူခဲ့၏။

၂၀။ အခြေနှစ်ချောင်းရှိသူ နတ်လူသတ္တဝါတို့ကို အစိုးရတော်မူသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားအား လက်အုပ်ချီမြှောက်၍ ပန်းအခင်းကို ခင်းလှူခဲ့၏။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းအခင်းကို ခင်းလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းအခင်းကို ခင်းလှူရ ခြင်း၏ အကျိုးပေတည်း။

၂၂။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဧကအဉ္ဇလိက” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဉ္ဇလိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဧကဉ္ဇလိကတ္ထေရအပဒါန် ပြီး၏။

၆-ပေါတ္ထကဒါယကတ္ထေရအပဒါန်

၂၄။ မြတ်သော ကျေးဇူးကို ဆည်းပူးရှာမှီးတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း အာရုံပြု၍ အမြတ်ဆုံး အလှူခံပုဂ္ဂိုလ် အား ငါသည် လျှော်တေအဝတ်ကို ပေးလှူခဲ့၏။

၂၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လျှော်တေအဝတ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပေါတ္ထကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ပေါတ္ထကဒါယကတ္ထေရအပဒါန် ပြီး၏။

--

၇-စိတကပူဇကတ္ထေရအပဒါန်

၂၇။ ငါသည် စန္ဒဘာဂါမြစ်ကမ်းနားမှ အောက် (ဂင်္ဂါ) သို့ သွား၏၊ ထိုအခါ ငါသည် သဲပုံ စေတီကို တည်၍ (ထိုစေတီအား) မာလောပန်း ခုနစ်ပွင့်တို့ကို တင်လှူခဲ့၏။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သဲပုံစေတီကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သဲပုံစေတီကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၉။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံကုန်သော “ပဋိဇဂ္ဂ"အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် စိတကပူဇကတ္ထေရအပဒါန် ပြီး၏။

၈-အာလုဝဒါယကတ္ထေရအပဒါန်

၃၁။ ဟိမဝန္တာတောင်၌ သုဒဿနမည်သော မြစ်ကြီး ရှိ၏၊ ထိုမြစ်ကြီး၌ တင့်တယ်သော အရောင်ရှိသော ကြည်ညိုဖွယ်ကောင်းသော ရဟန္တာကို ဖူးမြင်ရ၏။

၃၂။ လွန်စွာ ငြိမ်သက်ခြင်း (သမာဓိ) နှင့် ယှဉ်သော ရဟန္တာကို ဖူးမြင်ရသဖြင့် မဖြစ်စဖူး ထူးကဲကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာအား မိမိလက်တို့ဖြင့် မျောက်ဥ (ပိန်းဥ) ကို ပေးလှူခဲ့၏။

၃၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မျောက်ဥကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မျောက်ဥကို လှူရ ခြင်း၏ အကျိုးပေတည်း။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာလုဝဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် အာလုဝဒါယကတ္ထေရအပဒါန် ပြီး၏။

--

၉-ဧကပုဏ္ဍရီကတ္ထေရအပဒါန်

၃၅။ ထိုအခါ၌ ကောင်းသော အကျင့်ရှိတော်မူသော အမည်အားဖြင့် “ရောမသ”ဟု ထင်ရှားသော ပစ္စေကဗုဒ္ဓါသည် ပွင့်တော်မူ၏၊ ငါသည် (ထိုမြတ်စွာဘုရားအား) အထူး ကြည်ညိုသောစိတ်ဖြင့် သရက်ဖြူသီးကို လှူဒါန်းခဲ့၏။

၃၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သရက်ဖြူသီးကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်ဖြူသီးကို လှူရခြင်း၏ အကျိုးပေတည်း။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကပုဏ္ဍရီကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဧကပုဏ္ဍရီကတ္ထေရအပဒါန် ပြီး၏။

၁၀-တရဏီယတ္ထေရအပဒါန်

၃၈။ မညီညွတ်သော ခရီးလမ်းမ၌ လူအပေါင်း၏ ကူးသွားရန်အကျိုးငှါ ကြည်ညိုသည် ဖြစ်၍ ငါသည် မိမိလက်တို့ဖြင့် တံတားကို ပြုလုပ်ခဲ့၏။

၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တံတားကို ပြုလုပ်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံတားကို လှူရခြင်း၏ အကျိုးပေတည်း။

၄၀။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘‘သမောဂဓ’ ‘စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တရဏီယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် တရဏီယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်ရှစ်ခုမြောက် သုဝဏ္ဏဗိဗ္ဗောဟနဝဂ် ပြီး၏။

--

၂၉-ပဏ္ဏဒါယကဝဂ်

၁-ပဏ္ဏဒါယကတ္ထေရအပဒါန်

၁-၂။ ငါသည် သစ်ရွက်အစာကိုသာ စားလျက် သစ်ရွက်မိုးကျောင်း၌ နေ၏၊ (ထိုအခါ) ကျောင်းတွင်းသို့ ဝင်နေသော ထင်ရှားရှိသော ငါ့ထံသို့ လောက၌ ထွန်းလင်းတောက်ပတော် မူသော အလုံးစုံသော လောက၏ ဆေးသမားဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ကြွလာတော်မူ၏၊ သစ်ရွက်အခင်း၌ ထိုင်နေတော်မူသော မြတ်စွာဘုရားအား ငါသည် သစ်ရွက် (ဟင်းရွက်ပြုတ်) ကို ပေးလှူခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်ရွက်ကို ပေးလှူခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ရွက်ကို လှူရခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဏ္ဏဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ပဏ္ဏဒါယကတ္ထေရအပဒါန် ပြီး၏။

၂-ဖလဒါယကတ္ထေရအပဒါန်

။ ‘မြင်းမိုရ်တောင်ကဲ့သို့’ ငြိမ်သက်ခြင်း ရှိတော်မူသည်ဖြစ်၍ မြေနှင့် တူသော သည်းခံ ခြင်းရှိတော်မူသော (သိဒ္ဓတ္ထ) မြတ်စွာဘုရားသည် နိရောဓသမာပတ် (သမာဓိ) မှထ၍ ဆွမ်းအလို့ ငှါ ငါ၏ အထံသို့ ရပ်တော်မူ၏။

။ (ထိုအခါ) ငါသည် သဖန်းခါးသီးကိုလည်းကောင်း၊ ဆီးဖြူ (သျှိသျှား) သီးကိုလည်း ကောင်း၊ သရက်, သပြေ, သစ်ဆိမ့်သီးကိုလည်းကောင်း၊ ဆီးသီးကိုလည်းကောင်း၊ ချေးသီးကိုလည်းကောင်း၊ ဥသျှစ်သီးကိုလည်းကောင်၊ ဖက်သက်တရော်သီးတို့ကိုလည်းကောင်း၊ ထိုဆိုခဲ့ ပြီးသော အသီးအလုံးစုံကိုလည်းကောင်း -

။ အလုံးစုံသော လောကကို သနားစောင့်ရှောက်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား အလွန်ကြည်ညိုသော စိတ်ဖြင့် ပေးလှူခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်သီးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

--

။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘‘ဧကဇ္ဈ’ ‘မည်သော စကြဝတေမင်း ဖြစ်ခဲ့ဖူး၏။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဖလဒါယကတ္ထေရအပဒါန် ပြီး၏။

၃-ပစ္စုဂ္ဂမနိယတ္ထေရအပဒါန်

၁၁။ ‘တော၌ ကျက်စားသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ နိသဘအာဇာနည်ကဲ့သို့လည်း ကောင်း၊ တင့်တယ်သော ဖောက်ကြံ့ပင် (ထောက်ကြံ့ပင်) ကဲ့သို့လည်းကောင်း’ ကြွလာတော်မူ သော၊ လူတို့ထက် မြတ်တော်မူသော-

၁၂။ လောက၏ ဆီမီးတန်ဆောင်သဖွယ် ဖြစ်တော်မူသော၊ လူအပေါင်း၏ သမားတော် သဖွယ် ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ငါသည် အထူးကြည်ညိုသော စိတ်ဖြင့် ခရီး ဦးကြိုဆိုခဲ့၏။

၁၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခရီးဦး ကြိုဆိုရခြင်း၏ အကျိုးပေတည်း။

၁၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သပရိဝါရ”ဟု အမည်ထင်ရှားသော စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပစ္စုဂ္ဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ပစ္စုဂ္ဂမနိယတ္ထေရအပဒါန် ပြီး၏။

--

၄-ဧကပုပ္ဖိယတ္ထေရအပဒါန်

၁၆။ ငါသည် (မြို့၏) တောင်တံခါး၌ မြေဘုတ်ဘီလူး ဖြစ်ခဲ့၏၊ ထိုအခါ ‘နေမင်းကဲ့သို့’ ဝါဝင်းသော ရောင်ခြည်တော်ရှိတော်မူသော ကိလေသာအညစ်အကြေး ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၇။ လူတို့ထက် မြတ်တော်မူသော အလုံးစုံသော လောက၏ အစီးအပွါးကို ရှာမှီးတော် မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော ဝိပဿီမြတ်စွာဘုရားအား ငါသည် ပန်းတစ်ပွင့်ကို ပေးလှူခဲ့၏။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား (ပန်း) ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဧကပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၅-မဃဝပုပ္ဖိယတ္ထေရအပဒါန်

၂၀။ ရန်သူတို့သည် မအောင်အပ်သော အလိုလိုဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် နမ္မဒါမြစ်ကမ်းအနီး၌ နိရောဓသမာပတ်ကို ဝင်စားတော်မူ၏၊ အထူးသဖြင့် ကြည်လင်တော်မူ၏၊ နောက်ကျုခြင်း ရှိတော်မမူ။

၂၁။ ထိုအခါ ငါသည် ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားကို ဖူးမြင်ရသည် ရှိသော် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဖက်ထုပ်ပန်း (မဃဝပန်း) ဖြင့် ထို မြတ်စွာဘုရားကို ပူဇော်ခဲ့၏။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား (ပန်း) ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဃဝပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် မဃဝပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၆-ဥပဋ္ဌာကဒါယကတ္ထေရအပဒါန်

၂၄။ လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော, အခြေနှစ်ချောင်းရှိသူ နတ် လူတို့ကို အစိုးရတော်မူသော, ရဟန္တာမြတ်ဖြစ်တော်မူသော, လောက၏ အကြီးအမှူးဖြစ် တော်မူသော မြတ်စွာဘုရားကို ငါသည် လမ်းခရီး၌ ကြွသွားတော်မူစဉ် (ဖူးမြင်ရ၏)။

၂၅။ ကျက်ပြီးသော အာဟာရ၌ ရောင့်ရဲတော်မူသော, အလုံးစုံသော လောက၏ အစီး အပွါးကို ရှာမှီးတော်မူသော ထိုသိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် အလုပ်အကျွေးကို ပေးလှူ ခဲ့၏။

၂၆။ တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် အလှူခံပြီး၍ ပြန်လည် ဆောက်နှင်းတော်မူခဲ့ပြီးနောက် ထိုနေရာမှ ထ၍ အရှေ့အရပ်သို့ ဖဲကြွတော်မူ၏။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အလုပ်အကျွေးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် အလုပ် အကျွေးကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဗလသေန"အမည်ရှိသော စကြဝတေမင်း ဖြစ်ခဲ့ဖူး၏။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥပဋ္ဌာကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဥပဋ္ဌာကဒါယကတ္ထေရအပဒါန် ပြီး၏။

၇-အပဒါနိယတ္ထေရအပဒါန်

၃၀။ ငါသည် မြတ်သော သီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီးလေ့ရှိတော်မူကြကုန်သော မြတ်စွာဘုရားတို့၏ အကြောင်းအရာကို မြွက်ဆိုခဲ့၏။ ကြည်ညိုသည်ဖြစ်၍ ဦးခေါင်းဖြင့်လည်းကောင်း၊ မိမိလက်တို့ဖြင့်လည်းကောင်း ခြေတို့ကို ရှိခိုးခဲ့၏။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ မြတ်စွာဘုရားတို့၏ အကြောင်းအရာကို မြွက်ဆိုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် မြတ်စွာဘုရားတို့၏ အကြောင်းအရာကို မြွက်ဆိုရခြင်း၏ အကျိုးပေတည်း။

၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အပဒါနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် အပဒါနိယတ္ထေရအပဒါန် ပြီး၏။

--

၈-သတ္တာဟပဗ္ဗဇိတတ္ထေရအပဒါန်

၃၃။ (လူအပေါင်းသည်) ဝိပဿီမြတ်စွာဘုရား၏ တပည့်အပေါင်း (သံဃာတော်) ကို ရိုသေ မြတ်နိုးအပ်၏၊ (ထိုအခါ) ငါသည် (စည်းစိမ်) ပျက်စီးခြင်သို့ အစဉ်ရောက်ခဲ့၏၊ ရှေ့အခါ၌လည်း (ငါ့အား) ဆွေမျိုးတို့၏ ပျက်စီးခြင်းသည် ဖြစ်ခဲ့၏။

၃၄။ ငါသည် ပျက်စီးခြင်းမှ ငြိမ်းအေးခြင်းငှါ ရဟန်းအဖြစ်သို့ ကပ်ရောက်၍ (ရဟန်းပြု ၍) ထိုဘုရားရှင်သာသနာတော်၌ မြတ်စွာဘုရားအဆုံးအမတော်ကို အလိုရှိသူ၏ အဖြစ်ဖြင့် ခုနစ်ရက်ပတ်လုံး အလွန်မွေ့လျော်ခဲ့၏။

၃၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ရဟန်းပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရဟန်းပြုခဲ့ရခြင်း၏ အကျိုးပေတည်း။

၃၆။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန် သော “သုနိက္ခမ”ဟု ထင်ရှားကုန်သော စကြဝတေမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူး ကုန်၏။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သတ္တာဟပဗ္ဗဇိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် သတ္တာဟပဗ္ဗဇိတတ္ထေရအပဒါန် ပြီး၏။

--

၉-ဗုဒ္ဓုပဋ္ဌာယိကတ္ထေရအပဒါန်

၃၈။ ငါ၏ အမည်သည် ဝေဋမ္ဘိနိ မည်၏၊ ထိုအခါ၌ ငါ၏ ဖခင်သည် ငါ၏ လက်ကို ဆွဲ၍ ငြိမ်သက်သော (သမာဓိရှိတော်မူသော) မြတ်စွာဘုရားအထံတော်သို့ ခေါ်ဆောင်ခဲ့၏။

၃၉။ ‘လောက၌ အမြတ်ဆုံး အကြီးအမှူးဖြစ်တော်မူကုန်သော ဤမြတ်စွာဘုရားတို့သည် ငါ့ကို ညွှန်ပြကုန်လတ္တံ့’ (ဟု နှလုံးသွင်း၍) ငါသည် ကြည်ညိုသည် ဖြစ်ရကား မိမိလက်တို့ဖြင့် ရိုသေစွာ ထိုမြတ်စွာဘုရားတို့ကို လုပ်ကျွေးခဲ့၏။

၄၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားတို့ကို လုပ်ကျွေးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားတို့ကို လုပ်ကျွေးရခြင်း၏ အကျိုးပေတည်း။

၄၁။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်သုံးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သမဏုပဋ္ဌာက"မည်ကုန်သော စကြာမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗုဒ္ဓုပဋ္ဌာယိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဗုဒ္ဓုပဋ္ဌာယိကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ပုဗ္ဗဂင်္မိယတ္ထေရအပဒါန်

၄၃။ မြတ်သော အကျိုးကို ရခြင်းငှါ ရှစ်သောင်းလေးထောင်ကုန်သော အမျိုးသားဖြစ် ကုန်သော ငါတို့သည် ကြောင့်ကြမရှိကုန်ဘဲ ရဟန်းပြုကြကုန်၏၊ ငါသည် ထိုအမျိုးသား တို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်ခဲ့၏။

၄၄။ ရာဂနှင့် တကွ ဘဝနှင့်လည်း တကွဖြစ်ကုန်သော ထိုအမျိုးသားတို့သည် ကြည်ညို ကုန်လျက် အထူးသဖြင့် ကြည်လင်ခြင်း ရှိကုန်, နောက်ကျုခြင်း ကင်းကုန်သည်ဖြစ်၍ မိမိ လက်တို့ဖြင့် ရိုသေစွာ လုပ်ကျွေးကြကုန်၏။

၄၅။ ထွေးအန်ပြီးသော ကိလေသာအပြစ်ရှိကုန်သော, ပြုအပ်ပြီးသော မဂ်ကိစ္စရှိကုန်သော, အာသဝေါ မရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရန်သူတို့သည် မအောင်အပ် ကုန်သော မြတ်စွာဘုရားတို့သည်လည်းကောင်း မေတ္တာစိတ်ဖြင့် ဖြန့်၍ နေကြကုန်၏။

၄၆။ ငါတို့သည် သတိရှေ့သွား ရှိကုန်လျက် သစ္စာလေးပါးကို သိတော်မူကုန်သော ထိုရဟန္တာနှင့် မြတ်စွာဘုရားတို့အား လုပ်ကျွေးခဲ့ခြင်းကြောင့် သေခြင်းသို့ ရောက်ကုန်လတ် သော် နတ်ပြည်သို့ ရောက်ကုန်၏။

၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သီလကို စောင့်ရှောက်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် စောင့်စည်းရခြင်း၏ အကျိုးပေတည်း။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုဗ္ဗင်္ဂမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပုဗ္ဗဂင်္မိယတ္ထေရအပဒါန် ပြီး၏။

နှစ်ဆယ့်ကိုးခုမြောက် ပဏ္ဏဒါယကဝဂ် ပြီး၏။

--

၃၀-စိတကပူဇကဝဂ်

၁-စိတကပူဇကတ္ထေရအပဒါန်

။ ထိုအခါ ငါသည် အမည်အားဖြင့် “အဇိတ”ဟု ထင်ရှားသော ပုဏ္ဏား ဖြစ်ခဲ့၏၊ အလှူ ဝတ္ထုကို ပူဇော်လိုသည်ဖြစ်၍ ပန်းအမျိုးမျိုးကို ဆောင်ယူခဲ့၏။

။ ငါသည် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရား၏ တောက်ပသော အလောင်းတော်ထင်းပုံကို တွေ့မြင်သဖြင့် ထိုပန်းကိုလည်း ဆောင်ယူ၍ အလောင်းတော်ထင်းပုံ ၌ ကြဲဖြန့်ပူဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သုပဇ္ဇလိတ"မည်သော ထိုစကြဝတေမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော စိတကပူဇကတ္ထေရအပဒါန် ပြီး၏။

၂-ပုပ္ဖဓာရကတ္ထေရအပဒါန်

။ ငါသည် လျှော်တေသင်္ကန်းကို ဆောင်သော သစ်နက်ရေကို ဝတ်ရုံလေ့ရှိသော ရသေ့ ဖြစ်ခဲ့၏၊ (ငါ့အား) အဘိညာဉ်ငါးပါးတို့ ဖြစ်ပေါ်ကုန်၏၊ (ထို့ကြောင့် ငါသည် ) လဝန်းကို သုံးသပ်နိုင်၏။

။ ငါ၏ အထံသို့ ကြွလာတော်မူသော လောက၌ ထွန်းလင်းတောက်ပတော်မူသော ဝိပဿီ မြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါသည် ပင်လယ်ကသစ်ပန်းတို့ကို မြတ်စွာဘုရားအား (ထီး သဖွယ်) ဆောင်းမိုး (ကပ်လှူ) ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းထီးကို ဆောင်းမိုးရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တဓာရဏ"မည်သော စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

--

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုပ္ဖဓာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ပုပ္ဖဓာရကတ္ထေရအပဒါန် ပြီး၏။

၃-ဆတ္တဒါယကတ္ထေရအပဒါန်

၁၁။ ထိုအခါ၌ ငါ၏ သားသည် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်လျက် ရဟန်းပြု၏၊ ထိုငါ၏ သားသည်ကား သစ္စာလေးပါးကို သိသော ရဟန္တာအဖြစ်သို့ ရောက်လျက် လောက သည် ပူဇော်အပ်သည်ဖြစ်၍ ပရိနိဗ္ဗာန်စံတော်မူလေ၏။

၁၂။ ငါသည် မိမိသားကို စူးစမ်းရှာဖွေလိုသောကြောင့် နောက်မှ (သားထံသို့) လိုက်သွား ခဲ့၏၊ ရဟန္တာမြတ်ဖြစ်တော်မူသော ပရိနိဗ္ဗာန်စံတော်မူသော (ငါ့သား၏) မီးသင်္ဂြိုဟ်ရာ ထင်းပုံသို့ ငါသည် ရောက်ခဲ့၏။

၁၃။ ထိုအခါ ထိုအရပ်၌ လက်အုပ်မြှောက်ချီလျက် အလောင်းတော်ထင်းပုံကို ရှိခိုးပြီလျှင် ထီးဖြူကိုလည်း ယူ၍ တင်လှူပူဇော်ခဲ့၏။

၁၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ထီးဖြူကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထီးလှူရခြင်း၏ အကျိုး ပေတည်း။

၁၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “မဟာရဟ”ဟု တူသော အမည်ရှိကုန်သော စကြဝတေမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဆတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဆတ္တဒါယကတ္ထေရအပဒါန် ပြီး၏။

--

၄-သဒ္ဒသညကတ္ထေရအပဒါန်

၁၇။ နေတက်သည်ရှိသော် လောက၌ မြတ်သော သီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီး လေ့ရှိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားပွင့်တော်မူခြင်းသည် ဖြစ်၏ဟု မိုးသောက်ထအခါ၌ ပြန့်ပြောသော အသံသည် ဖြစ်ပေါ်လေ၏။

၁၈။ ထိုအချိန်၌ ငါသည် ဘုရားဟူသော အသံကို ကြားရ၏၊ သေခြင်းအနီးသို့ ရောက်သည်ဖြစ်၍ ထိုမြတ်စွာဘုရားကိုကား မဖူးမြင်ရပေ၊ ဘုရားဟူသော အမှတ်ကိုကား အောက်မေ့နိုင်ခဲ့၏။

၁၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရားဟူသော အမှတ်ကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဒ္ဒသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် သဒ္ဒသညကတ္ထေရအပဒါန် ပြီး၏။

၅-ဂေါသီသနိက္ခေပကတ္ထေရအပဒါန်

၂၁။ ကျောင်းအရံတံခါးမှ ထွက်၍ ငါသည် နွားဦးခေါင်းရိုးကို ခင်းခဲ့၏၊ မိမိကုသိုလ်ကံကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကောင်းမှု၏ အကျိုးပေတည်း။

၂၂။ လေကဲ့သို့ လျင်သော အဟုန်ရှိသော အာဇာနည်သိန္ဓောမြင်းတို့သည်လည်းကောင်း၊ လျင်မြန်သော ယာဉ်ရထားတို့သည်လည်းကောင်း (ငါ့အား ဖြစ်ကုန်၏)၊ ဤအလုံးစုံကို ခံစား ရ၏။ ဤသို့ ဖြစ်ရခြင်းသည်ကား နွားဦးခေါင်းရိုး ခင်းရခြင်း၏ အကျိုးပေတည်း။

၂၃။ မြင့်မြတ်စွာ ပြုအပ်သော ကောင်းမှုသည် အံ့ဩဖွယ် ရှိပါပေစွ၊ လယ်မြေကောင်း သဖွယ်ဖြစ်သော သံဃာ၌ ငါသည် ကောင်းစွာ ပြုလုပ်အပ်သော ကုသိုလ်ကံသည် အံ့ဩဖွယ် ရှိပါပေစွ၊ (သာသနာပ၌ ပြုအပ်သော) တစ်ပါးသော ကုသိုလ်ကံသည် သံဃာ၌ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံ၏ (တစ်ဆယ့်ခြောက်စိတ် စိတ်၍) တစ်စိတ်ကိုမျှ မမီနိုင်။

--

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် နွားဦးခေါင်းခွံရိုးအခင်းကို ခင်းခဲ့ ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နွားဦးခေါင်းရိုးကို ခင်းရခြင်း၏ အကျိုးပေတည်း။

၂၅။ ခုနစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော တန်ခိုးကြီးမား သော သုပ္ပတိဋ္ဌိတမည်သော စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂေါသီသနိက္ခေပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဂေါသီသနိက္ခေပကတ္ထေရအပဒါန် ပြီး၏။

၆-ပါဒပူဇကတ္ထေရအပဒါန်

၂၇။ ထိုအခါ ငါသည် ဟိမဝန္တာတောင်၌ ကိန္နရာ ဖြစ်ခဲ့၏၊ ‘နေမင်းကဲ့သို့’ ဝါဝင်းသော အရောင်အဆင်းရှိသည်ဖြစ်၍ ကင်းသော မြူရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၈။ ထိုအခါ ငါသည် ငါ့ထံသို့ ကြွလာတော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရား၏ ခြေတော်၌ စန္ဒကူးကိုလည်းကောင်း၊ တောင်ဇလပ်ပန်းကိုလည်း ကောင်း ကြဲဖြန့်ပူဇော်ခဲ့၏။

၂၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ခြေတော်ကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေတော်ကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါဒပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ပါဒပူဇကတ္ထေရအပဒါန် ပြီး၏။

--

၇-ဒေသကိတ္တကတ္ထေရအပဒါန်

၃၁။ ထိုအခါ ငါသည် “ဥပသာလက"အမည်ရှိသော ပုဏ္ဏား ဖြစ်ခဲ့၏၊ ငှက်တို့၏ တွန်မြူးရာဖြစ်သော တောသို့ ဝင်တော်မူသော လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားကို (ဖူးမြင်ရ၏)။

၃၂။ လောက၏ ပူဇော်ဖွယ်ကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ခြေတော် တို့၌ ရှိခိုးခဲ့၏၊ မြတ်စွာဘုရားသည် ကြည်ညိုသော စိတ်ရှိသော ငါ့ကို သိတော်မူပြီး၍ (ကြွသွား) ကွယ်ပျောက်တော်မူ၏။

၃၃။ ငါသည် တောမှ ထွက်၍ မြတ်စွာဘုရားကို အောက်မေ့ခဲ့၏၊ ထိုအရပ်ကို ချီးကျူး ခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ အရပ်ကို ချီးကျူးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးကျူးရခြင်း၏ အကျိုးပေတည်း။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဒေသကိတ္တကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဒေသကိတ္တကတ္ထေရအပဒါန် ပြီး၏။

၈-သရဏဂမနိယတ္ထေရအပဒါန်

၃၆။ ထိုအခါ ငါသည် ဟိမဝန္တာတောင်၌ မုဆိုး ဖြစ်ခဲ့ဖူး၏၊ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၇။ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ပြီးလျှင် အမှုကြီးငယ် (ဝေယျာဝစ္စ) ကို ပြုစုခဲ့၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော် မူသော မြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ခြင်းသို့လည်း ရောက်ခဲ့၏။

၃၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် (မြတ်စွာဘုရားကို) ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူး ပေ။ ဤသို့ ဖြစ်ရခြင်းသည့်သရဏဂုံ ဆောက်တည်ရခြင်း၏ အကျိုးပေတည်း။

၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် သရဏဂမနိယတ္ထေရအပဒါန် ပြီး၏။

--

၉-အမ္ဗပိဏ္ဍိယတ္ထေရအပဒါန်

၄၀။ ငါသည် အမည်အားဖြင့် “ရောမသ"အမည် ရှိ၏၊ “ဒါနဝ”ဟူ၍ ကျော်စောခဲ့၏၊ ထိုအခါ ငါသည် မြတ်သော သီလစသော ကျေးဇူးကို ရှာမှီးတော်မူသော ဝိပဿီမြတ်စွာဘုရား အား သရက်သီးခိုင်တို့ကို ပေးလှူခဲ့၏။

၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သရက်သီးခိုင်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီးခိုင် လှူရခြင်း၏ အကျိုးပေတည်း။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမ္ဗပိဏ္ဍိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် အမ္ဗပိဏ္ဍိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-အနုသံသာဝကတ္ထေရအပဒါန်

၄၃။ ဆွမ်းခံလှည့်လည်တော်မူလာသော ဝိပဿီမြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား တစ်ယောက်ချို (တစ်ဇွန်း) မျှသော ဆွမ်းကို ပေးလှူခဲ့၏။

၄၄။ ထိုအခါ၌ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ရှိခိုးခဲ့၏၊ မြင့်မြတ် သော အကျိုးကို ရခြင်းငှါ မြတ်စွာဘုရားကို ချီးကျူးခဲ့၏။

၄၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် မြတ်စွာဘုရားကို ချီးကျူးခဲ့ရ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ (ဤသို့ ဖြစ်ရခြင်းသည်) မြတ်စွာဘုရားကို ချီးကျူးရခြင်း၏ အကျိုးပေတည်း။

၄၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အနုသံသာဝကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် အနုသံသာဝကတ္ထေရအပဒါန် ပြီး၏။

သုံးဆယ်မြောက် စိတကပူဇကဝဂ် ပြီး၏။

ကဏိကာရဝဂ္ဂဒသက ပြီး၏။

သုံးခုမြောက် မထေရ်တစ်ရာ ပြီး၏။

--

၃၁-ပဒုမကေသရဝဂ်

၁-ပဒုမကေသရိယတ္ထေရအပဒါန်

။ ငါသည် ရှေးအခါက ပစ္စေကဗုဒ္ဓါအပေါင်းတို့၏ အနီး၌ မာတဂင်္ဆင်မျိုး ဖြစ်ခဲ့ဖူး၏၊ ပစ္စေကဗုဒ္ဓါတို့အား ကြည်ညိုသဖြင့် ပဒုမ္မာကြာဝတ်ဆံကို ကြဲဖြန့်ပူဇော်ခဲ့၏။

။ ငါသည် ခါတွက်ပြီးသော ရာဂရှိကုန်သည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြကုန် သော ထိုပစ္စေကဗုဒ္ဓါဘုရားမြတ်တို့၌ စိတ်ကို ကြည်ညိုစေခဲ့၍ တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြာဝတ်ဆံကို ကြဲဖြန့်ပူဇော်ခဲ့ရသော အခါ မှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဒုမကေသရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ပဒုမကေသရိယတ္ထေရအပဒါန် ပြီး၏။

၂-သဗ္ဗဂန္ဓိယတ္ထေရအပဒါန်

။ ငါသည် ဝိပဿီမြတ်စွာဘုရားအား ပန်းနံ့သာကို ပေးလှူခဲ့၏၊ ဖြောင့်မတ်စွာ ဖြစ်၍ ဖြစ်တော်မူသော မြတ်စွာဘုရားအား မြတ်သော ပိုးချည်အဝတ်ကို ပေးလှူခဲ့ဖူး၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ (နံ့သာပန်းနှင့် တကွ) ပိုးချည်အဝတ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် (ပိုးချည်အဝတ်နှင့်တကွ) ပန်းနံ့သာလှူရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုစေဠ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဗ္ဗဂန္ဓိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် သဗ္ဗဂန္ဓိယတ္ထေရအပဒါန် ပြီး၏။

--

၃-ပရမန္နဒါယကတ္ထေရအပဒါန်

။ ‘မဟာလှေကားပန်းကဲ့သို့လည်းကောင်း၊ တက်သစ်သော နေလုလင်ကဲ့သို့လည်း ကောင်း’ တောက်ပတော်မူသော လောက၏ အကြီးအမှူး ဖြစ်တော်မူ၍ လူတို့ထက် မြတ် တော်မူသော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၀။ ငါသည် လက်အုပ်ကို မြှောက်ချီ၍ မိမိအိမ်သို့ ပင့်ဆောင်ခဲ့၏၊ မြတ်စွာဘုရားကို ပင့်ဆောင်ပြီးလျှင် မွန်မြတ်သော ဆွမ်းကို ပေးလှူခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မွန်မြတ်သော ဆွမ်းကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မွန်မြတ် သော ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပရမန္နဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ပရမန္နဒါယကတ္ထေရအပဒါန် ပြီး၏။

၄-ဓမ္မသညကတ္ထေရအပဒါန်

၁၃။ ဝိပဿီမြတ်စွာဘုရား၏ သခွတ်ပင် မဟာဗောဓိပူဇော်ပွဲသည် ဖြစ်၏၊ ထိုအခါ (လူအပေါင်းအား) လောက၏ အကြီးအမှူး ဖြစ်တော်မူ၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည်'သစ်ပင်၌ တည်တော်မူသကဲ့သို့’ ထင်၏။

၁၄။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံအပ်သည်ဖြစ်၍ ရဲရင့်သော စကားကို မိန့်မြွက်တော်မူလျက် သစ္စာလေးပါးတရားတော်ကို ဟောကြားပြသတော်မူ၏။

၁၅။ အကျဉ်းအားဖြင့်လည်း ညွှန်ပြတော်မူလျက် အကျယ်အားဖြင့်လည်း ဟောကြားတော် မူ၏၊ ကိလေသာအဖုံးကို ဖွင့်လှစ်တော်မူပြီးသော မြတ်စွာဘုရားသည် လူအပေါင်းကို (ကိလေသာမှ) ငြိမ်းအေးစေတော်မူ၏။

--

၁၆။ ငါသည် လောက၏ အကြီးအမှူး ဖြစ်တော်မူသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော် မူသော ထိုဝိပဿီမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသောကြောင့် ဝိပဿီမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် မြောက်အရပ်သို့ မျက်နှာမူလျက် ဖဲသွား၏။

၁၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တရားတော်ကို ကြားနာခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တရားနာရခြင်း၏ အကျိုးပေတည်း။

၁၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်သုံးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော အမည်အားဖြင့် “သုတဝါ”ဟု ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓမ္မသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဓမ္မသညကတ္ထေရအပဒါန် ပြီး၏။

၅-ဖလဒါယကတ္ထေရအပဒါန်

၂၀။ ထိုအခါ ဘာဂီရထီမြစ်ကမ်းအနီး၌ သခင်္မ်းကျောင်းသည် ရှိ၏၊ ငါသည် သစ်သီးကို လက်စွဲလျက် ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ ထိုသခင်္မ်းကျောင်းသို့ သွား၏။

၂၁။ ငါသည် ‘နေမင်းကဲ့သို့’ ဝါဝင်းသော အရောင်ရှိသော ဝိပဿီမြတ်စွာဘုရားကို ထို သင်္ခမ်းကျောင်း၌ ဖူးမြင်ရ၏၊ ငါ့အား ရှိသော သစ်သီးအားလုံးကို မြတ်စွာဘုရားအား ပေးလှူ ခဲ့၏။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်သီးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို ပေးလှူရ ခြင်း၏ အကျိုးပေတည်း။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၆-သမ္ပသာဒကတ္ထေရအပဒါန်

၂၄။ ကြီးမားသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အရှင်ဘုရားသည် ဆင်းရဲခပ်သိမ်းတို့မှ ကင်းလွတ်တော်မူပါပေ၏၊ အကျွန်ုပ်သည် ပျက်စီးခြင်းသို့ ရောက်လျက် ရှိပါ၏၊ အရှင်ဘုရားသည် ထိုအကျွန်ုပ်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့။

၂၅။ လောက၌ အတုမရှိသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ထိုသူအား ဟောကြားတော် မူ၏၊ သံဃာတော်သည် မဟာသမုဒ္ဒရာနှင့် တူပေ၏၊ မနှိုင်းရှည့်အပ်သော ဂုဏ်ရှိပေ၏၊ အမြတ်ဆုံး ဖြစ်ပေ၏။

၂၆။ သင်သည် ကိလေသာမြူ ကင်းသော, လယ်မြေကောင်းသဖွယ် ဖြစ်သော, အဆုံး မရှိသော အကျိုးကို ပေးနိုင်သော ထိုသံဃာ၌ စိတ်ကို ကြည်ညိုစေ၍ ကောင်းသော မျိုးစေ့ကို စိုက်ပျိုး ကြဲချလေလော့။

၂၇။ လောက၏ အကြီးအမှူးဖြစ်တော်မူသော, လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ငါ့အားသာလျှင် ဆုံးမတော်မူ၍ ဟင်းလင်း အပြင်ဖြစ်သော ကောင်းကင်သို့ တက်ကြွတော်မူ၏။

၂၈။ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် ကြွသွားတော်မူ၍ မကြာမီ ငါသည် သေခြင်းသို့ ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်ခဲ့၏။

၂၉။ ထိုအခါ၌ ငါသည် ကိလေသာမြူကင်းသော, လယ်မြေကောင်းသဖွယ် ဖြစ်သော, အဆုံးမရှိသော အကျိုးကို ပေးတတ်သော သံဃာတော်၌ စိတ်ကို ကြည်ညိုစေသောကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊

၃၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ (သံဃာ၌) ကြည်ညိုမှုကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (သံဃာ၌) ကြည်ညိုခြင်း၏ အကျိုးပေတည်း။

၃၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သမ္ပသာဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် သမ္ပသာဒကတ္ထေရအပဒါန် ပြီး၏။

--

၇-အာရာမဒါယကတ္ထေရအပဒါန်

၃၂။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ (အကျိုးငှါ) အရံကို စိုက်ပျိုးခဲ့၏၊ ထူထပ်သော အရိပ်ရှိကုန်သော သစ်ပင်တို့၌ ငှက်တို့ နားနေကုန်စဉ်-

၃၃။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ လောက၏ အကြီးအမှူးဖြစ်တော်မူသော လူတို့ထက် မြတ်တော် မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို အရံသို့ ပင့်ဆောင်ခဲ့၏။

၃၄။ ထိုအခါ ရွှင်လန်းသော ငါသည် ရွှင်လန်းသော စိတ်ဖြင့် အသီးနှင့် အပွင့်ကို ပေးလှူ ခဲ့၏၊ ထို့နောက် ကြည်ညိုခြင်း ရှိသည်ဖြစ်၍ သာလျှင် ထိုတောကို မြတ်စွာဘုရားသို့ ညွတ်စေ၏။ (လှူဒါန်းခဲ့၏)။

၃၅။ အလွန်ကြည်ညိုသော စိတ်ဖြင့် (မြတ်စွာဘုရားအား) တောကို ပေးလှူခဲ့၏၊ ဘဝကြီး ငယ်၌ ဖြစ်သည်ရှိသော် ငါ့အား အကျိုးတရားသည် ဖြစ်ထွန်း၏။

၃၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အရံကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အရံလှူရခြင်း၏ အကျိုးပေတည်း။

၃၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော ‘‘မုဒုသီတလ” မည်ကုန်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာရာမဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် အာရာမဒါယကတ္ထေရအပဒါန် ပြီး၏။

--

၈-အနုလေပဒါယကတ္ထေရအပဒါန်

၃၉။ ငါသည် အတ္ထဒဿီမြတ်စွာဘုရား၏ တပည့်သာဝကကို ဖူးမြင်ရ၏၊ သိမ်အကျိုးငှါ အမှုသစ်ကို ပြုနေသော (ရဟန်း) ထံသို့ ငါသည် ချဉ်းကပ်ခဲ့၏။

၄၀။ အမှုသစ် ပြီးသည်ရှိသော် ငါသည် ကုသိုလ်ကောင်းမှု စိုက်ပျိုးရာ လယ်မြေကောင်း သဖွယ် ဖြစ်သော အမြတ်ဆုံး သံဃာတော်၌ ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အင်္ဂတေလိမ်းကျံခြင်းကို ပေးလှူခဲ့၏။

၄၁။ (ဤဘဒ္ဒကမ္ဘာမှ) တစ်ထောင့်ရှစ်ရာကမ္ဘာထက်၌ (အင်္ဂတေလိမ်းကျံခြင်း) အမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အင်္ဂတေလိမ်းကျံ ရခြင်း၏ အကျိုးပေတည်း။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အနုလေပဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် အနုလေပဒါယကတ္ထေရအပဒါန် ပြီး၏။

၉-ဗုဒ္ဓသညကတ္ထေရအပဒါန်

၄၃။ များစွာသော အရောင်, ဝါဝင်းသော အရောင်ရှိသည် ဖြစ်၍ တက်သစ်စ နေလုလင် သဖွယ်ဖြစ်သော ငြိမ်သက်စွာ တောအတွင်းသို့ ကြွသွားတော်မူသော လောက၏ အကြီးအမှူး ဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော-

၄၄။ သိဒ္ဓတ္ထမြတ်စွာဘုရားကို ငါသည် အိပ်မက်ဖြင့် ဖူးမြင်ရ၏၊ ငါသည် ထိုမြတ်စွာဘုရား ၌ စိတ်ကို ကြည်ညိုစေ၍ သုဂတိဘုံသို့ ရောက်ရ၏။

၄၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရားဟူသော အမှတ်သညာကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားဟူသော အမှတ်သညာ၏ အကျိုးပေတည်း။

၄၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗုဒ္ဓသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဗုဒ္ဓသညကတ္ထေရအပဒါန် ပြီး၏။

--

၁၀-ပဗ္ဘာရဒါယကတ္ထေရအပဒါန်

၄၇။ ငါသည် ပိယဒဿီမြတ်စွာဘုရား၏ လိုဏ်ဂူကို သုတ်သင်ခဲ့၏၊ မြတ်စွာဘုရား၏ သုံးဆောင်တော်မူခြင်းငှါ ရေအိုးကိုလည်း တည်ထားခဲ့၏။

၄၈။ သစ္စာလေးပါးတရားကို သိတော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ငါ့အား ထို စကားကို မိန့်ကြားတော်မူ၏၊ မြားကျတစ်ထောင်ရှိသည်ဖြစ်၍ ဘုံဆင့်တစ်ရာရှိသော တံခွန် (အလံ) များစွာရှိသော ရွှေဖြင့်ပြီးသော-

၄၉။ ထိုပြာသာဒ်သည် (သင့်အား) ဖြစ်ပေါ်လတ္တံ့၊ များစွာသော ရတနာသည်လည်း ဖြစ်ပေါ်လတ္တံ့၊ ငါသည် လိုဏ်ဂူအလှူကို ပေးလှူသောကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။

၅၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်နှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုသုဒ္ဓ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၅၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဗ္ဘာရဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပဗ္ဘာရဒါယကတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်တစ်ခုမြောက် ပဒုမကေသရဝဂ် ပြီး၏။

--

၃၂-အာရက္ခဒါယကဝဂ်

၁-အာရက္ခဒါယကတ္ထေရအပဒါန်

။ ငါသည် ဓမ္မဒဿီမြတ်စွာဘုရား၏ (အရံ၌) စည်းစောင်းရန်းကို ပြုလုပ်ခဲ့၏၊ ငါသည် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အစောင့်အရှောက်ကိုလည်း ပေးလှူခဲ့၏။

။ (ဤဘဒ္ဒကမ္ဘာမှ) ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ကောင်းမှုကို ပြုခဲ့၏၊ ထိုကောင်းမှု အထူးကြောင့် ငါသည် အရဟတ္တဖိုလ်သို့ ရောက်ရပေ၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာရက္ခဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော အာရက္ခဒါယကတ္ထေရအပဒါန် ပြီး၏။

၂-ဘောဇနဒါယကတ္ထေရအပဒါန်

။ ‘ကောင်းစွာ ပေါက်ရောက်သော အင်ကြင်းပင်ပျိုကဲ့သို့လည်းကောင်း၊ မြင့်တက်သော ဒန့်သလွန်ပင်ကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ သက်တန့်ကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားသည့်အခါခပ်သိမ်း တင့်တယ်တော်မူပါပေ၏။

။ ငါသည် နတ်ထက်နတ် ဖြစ်တော်မူသော, သီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီးတော်မူ သော ထိုဝေဿဘူမြတ်စွာဘုရားအား အထူးကြည်လင်သော စိတ်ဖြင့် ဘောဇဉ်ကို ပေးလှူခဲ့၏။

။ ရန်သူတို့သည် မအောင်အပ်သော အလိုလို ဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ၏ ထိုကောင်းမှုကို အနုမောဒနာပြုတော်မူ၏၊ ဖြစ်တိုင်းဖြစ်တိုင်းသော သံသရာဘဝ၌ သင့်အား အကျိုးဖြစ်ထွန်းစေသတည်း (ဟု အနုမောဒနာပြုတော်မူ၏)။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ (ဘောဇဉ်ကို) ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘောဇဉ်ကို လှူရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အမိတ္တက” မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဘောဇနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဘောဇနဒါယကတ္ထေရအပဒါန် ပြီး၏။

--

၃-ဂတသညကတ္ထေရအပဒါန်

၁၀။ ငါသည် မရေးခြစ်အပ်သော, လေတို့၏ သွားရာလမ်းကြောင်း ဖြစ်သော, ခြေရာ မရှိသော ကောင်းကင်ဖြင့် နတ်ပြည်သို့ ကြွသွားတော်မူစဉ် သိဒ္ဓတ္ထမြတ်စွာဘုရားကို ဖူးမြင် လိုက်ရ၏။

၁၁။ ထိုအခါ လေ၏ အဟုန်ကြောင့် လှုပ်ရှားသော မြတ်စွာဘုရား၏ သင်္ကန်းတော်ကို မြင်ရခြင်းကြောင့်လည်းကောင်း၊ ကြွသွားတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရခြင်းကြောင့်လည်းကောင်း ငါ့အား နှစ်သက်မှုသည် ဖြစ်ပေါ်ခဲ့၏။

၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရားဟူသော အမှတ်သညာကို ရခဲ့ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဘုရားဟူသော အမှတ်သညာ ရခြင်း၏ အကျိုးပေတည်း။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂတသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဂတသညကတ္ထေရအပဒါန် ပြီး၏။

၄-သတ္တပဒုမိယတ္ထေရအပဒါန်

၁၄။ နေသာဒမည်သော ပုဏ္ဏားဖြစ်သော ငါသည် မြစ်ကမ်းအနီး၌ ပဒုမ္မာကြာပန်းတို့ဖြင့် သခင်္မ်းကျောင်းကို သုတ်သင်၍ (တန်ဆာဆင်၍) နေ၏။

၁၅။ ထိုအခါ လောကရှေ့သွား ဖြစ်တော်မူ၍ ရွှေအဆင်းရှိတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ကောင်းကင် (လမ်းခရီး) ဖြင့် ကြွသွားတော်မူစဉ် ဖူးမြင်ရ၍ ငါ့အား ရွှင်လန်း ဝမ်းမြောက်ခြင်းသည် ဖြစ်ခဲ့၏။

၁၆။ လောက၏ အကြီးအမှူးဖြစ်တော်မူ၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ သင်္ခမ်းကျောင်းသို့ ပင့်ဆောင်ပြီးလျှင် မြတ်သော ကြာပန်းတို့ဖြင့် ကြဲဖြန့်ပူ ဇော်ခဲ့၏။

၁၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ကြာပန်းကို ကြဲဖြန့်ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ကြာပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

--

၁၈။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာ (ခုနစ်ခုမြောက်ကမ္ဘာ) ထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “ပါဒပဝရ"မည်ကုန်သော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သတ္တပဒုမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် သတ္တပဒုမိယတ္ထေရအပဒါန် ပြီး၏။

၅-ပုပ္ဖါသနဒါယကတ္ထေရအပဒါန်

၂၀။ ‘ဝါဝင်းသော အရောင်ရှိသော နေမင်းကဲ့သို့’ ရွှေအဆင်းနှင့် တူသော အဆင်းရှိ တော်မူသော ရန်သူတို့သည် မအောင်အပ်သော သိဒ္ဓတ္ထမြတ်စွာဘုရားကို မနီးမဝေးအရပ်ဖြင့် ကြွသွားတော်မူစဉ် (ဖူးမြင်ရ၏)။

၂၁။ ထိုမြတ်စွာဘုရားအား ခရီးဦးကြိုဆို၍ သင်္ခမ်းကျောင်းသို့ ကြွစေတော်မူပြီးလျှင် အလွန်ကြည်လင်သော စိတ်ဖြင့် ငါသည် ပန်းမွေ့ရာကို ပေးလှူခဲ့၏။

၂၂။ ထိုအခါ၌ ငါသည် ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေ၍ ထိုကောင်းမှုကို (နိဗ္ဗာန်သို့) ရှေးရှုညွတ်စေခဲ့၏။

၂၃။ မိမိအလိုလို ဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရား၌ ပြုအပ်သော ကောင်းမှုကံသည် ငါ့အား ရှိပေ၏၊ ထိုကောင်းမှုကံအားလုံးကြောင့် သာသနာ တော်၌ ကိလေသာအညစ်အကြေး ကင်းစင်သူ ဖြစ်ရပါလို၏ (ဟု ညွတ်စေခဲ့၏)။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းမွေ့ရာကို ပေးလှူခဲ့၏၊ ထိုအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ပန်းမွေ့ရာလှူရ ခြင်း၏ အကျိုးပေတည်း။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုပ္ဖါသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ပုပ္ဖါသနဒါယကတ္ထေရအပဒါန် ပြီး၏။

--

၆-အာသနသန္ထဝိကတ္ထေရအပဒါန်

၂၆။ လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရား၏ ဥတ္တမမည်သော စေတီတော်သည် ရှိ၏၊ ငါသည် ထိုအခါ လူတို့၏ သွားလာလှုပ်ရှားခြင်း ကင်းသော လူသံ တိတ်ဆိတ်သော တော၌ လမ်းမှားသည်ဖြစ်၍ လှည့်လည်၏။

၂၇။ ငါသည် တောမှ ထွက်သည်ရှိသော် မြတ်စွာဘုရား၏ နေရာကို တွေ့မြင်အပ်ပေ၏၊ (ထိုအခါ)့လက်ဝဲတစ်ဖက် ပခုံးထက်၌ (ကိုယ်ဝတ်ကို တင်၍) လက်အုပ်ချီပြီးလျှင် သိခီမြတ်စွာဘုရားကို ချီးကျူးခဲ့၏။

၂၈။ ငါသည် လောက၏ ရှေ့သွား အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားကို နေ့ အဖို့ပတ်လုံး ချီးကျူးပြီးလျှင် ရွှင်လန်းသည် ဖြစ်၍ ရွှင်လန်းသော စိတ်ဖြင့် ဤစကားကို မြွက်ဆိုခဲ့၏ -

၂၉။ ယောက်ျားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ လုံ့လကြီးတော် မူသော, လောက၏ အကြီးအမှူးဖြစ်တော်မူသော, လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် တရားအလုံးစုံကို သိတော်မူပါပေ၏။

၃၀။ ငါသည် သိခီမြတ်စွာဘုရားကို (အာရုံ) အမှတ်ပြုသဖြင့် ချီးကျူးပြီးလျှင် နေရာ တော်ကို ရှိခိုး၍ မြောက်အရပ်သို့ ရှေးရှုသွား၏။

၃၁။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဟောပြောတတ်သောသူတို့ထက် မြတ် တော်မူသော မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးကျူးရခြင်း၏ အကျိုးပေတည်း။

၃၂။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “အတုလ"မည်သော ထိုစကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာသနသန္ထဝိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် အာသနသန္ထဝိကတ္ထေရအပဒါန် ပြီး၏။

--

၇-သဒ္ဒသညကတ္ထေရအပဒါန်

၃၄။ ကြည်ညိုဖွယ်ကောင်းသော ကြီးမားသော လုံ့လရှိတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား သည် တပည့်အပေါင်း ခြံရံလျက် အမြိုက်နိဗ္ဗာန်တရားကို ဟောကြားတော်မူ၏၊ ကျောင်းတော် ၌ သီတင်းသုံးနေတော်မူပြီးလျှင် -

၃၅။ ချိုမြိန်သာယာသော ထိုတရားစကားဖြင့် လူအပေါင်းကို ချီးမြှောက်တော်မူ၏၊ ပြန့် ပြောသော အသံတော်သည်လည်း ဖြစ်၏၊ နတ်လူအပေါင်း၌ တောင့်တခြင်းသည်လည်း ဖြစ် လေ၏။

၃၆။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ တရားသံကို နာကြားပြီးလျှင် အသံတော်၌ စိတ်ကို ကြည်လင်စေ၍ မြတ်စွာဘုရားကို ရှိခိုးခဲ့၏။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရားဟူသော အမှတ်သညာကို ရခဲ့ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဘုရားဟူသော အမှတ်သညာ ရခြင်း၏ အကျိုးပေတည်း။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဒ္ဒသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် သဒ္ဒသညကတ္ထေရအပဒါန် ပြီး၏။

--

၈-တိရံသိယတ္ထေရအပဒါန်

၃၉။ ‘အမျိုးမြတ်သော ခြင်္သေ့မင်းကဲ့သို့လည်းကောင်း၊ တောင်၌ ထွန်းလင်းတောက်ပသော မီးပုံကြီးကဲ့သို့လည်းကောင်း’ အရပ်အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် တောင်ကြား ၌ သီတင်းသုံးနေတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို (ဖူးမြင်ရ၏)။

၄၀။ နေ၏ အလင်းရောင်ကိုလည်းကောင်း၊ လရောင်ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ အရောင်တော်ကိုလည်းကောင်း တွေ့မြင်ရသည်ရှိသော် ငါ့အား နှစ်သက်ခြင်းသည် ဖြစ်ပေါ် လေ၏။

၄၁။ ငါသည် အရောင်အလင်း သုံးမျိုးတို့ကို တွေ့မြင်ပြီးနောက် ပခုံးတစ်ဖက်၌ သစ်နက် ရေကို တင်၍ သာဝကတို့ထက် မြတ်တော်မူသည်ဖြစ်၍ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားကို ချီးကျူးခဲ့၏။

၄၂။ လောက၌ လောက၏ အမိုက်မှောင်ကို ပယ်ဖျောက်တတ်ကုန်သော အလင်းရောင်ကို ပြုတတ်ကုန်သော အရာတို့သည် လလည်းကောင်း၊ နေလည်းကောင်း၊ လူတို့၏ ရှေ့သွား ဖြစ်တော်မူသော မြတ်စွာဘုရားလည်းကောင်း (ဤ) သုံးမျိုးတို့ပင်တည်း။

၄၃။ (ဤသို့) ငါသည် ဥပမာကို ညွှန်ပြ၍ မြတ်စွာဘုရားကို ချီးကျူးခဲ့၏၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးခဲ့သောကြောင့် ငါသည် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။

၄၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ချီးကျူးရခြင်း၏ အကျိုးပေတည်း။

၄၅။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဉာဏဓရ"စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၄၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိရံသိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် တိရံသိယတ္ထေရအပဒါန် ပြီး၏။

--

၉-ကန္ဒလိပုပ္ဖိယတ္ထေရအပဒါန်

၄၇။ ထိုအခါ ငါသည် သိန္ဓုမြစ်ကမ်း၌ လယ်သမား ဖြစ်ခဲ့ဖူး၏၊ သူတစ်ပါးအလုပ်ကို လုပ်ရ၍ သူတစ်ပါးထမင်းကို စားရ၏။

၄၈။ ငါသည် သိန္ဓုမြစ်ကို လှည့်လည်သည် ရှိသော် သမာဓိဖြင့် သီတင်းသုံးတော်မူသော ပဒုမ္မာကြာပွင့်နှင့် တူတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၄၉။ ထိုအခါ ငါသည် ကန္ဒလိပန်း (သစ္စာပန်း) ခုနစ်ပွင့်တို့ကို အညှာ၌ ဖြတ်ပြီးလျှင် နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားအား ဦးထိပ်၌ (ထားလျက်) တင်လှူပူဇော် ခဲ့၏။

၅၀-၅၁။ ငါသည် ‘သုံးဌာနတို့မှ အမုန်ယိုသော ချဉ်းကပ်နိုင်ခဲသော မာတင်္ဂမျိုးဖြစ်သော ဆင်ကဲ့သို့’ မြစ်ကမ်း၌ (နေတော်မူသော) တည်ကြည်သော သမာဓိ, ရင့်ကျက်သော ပညာရှိ တော်မူသော ဣန္ဒြေတို့ကို ပွားစေတော်မူပြီးသော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူ သော ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးခဲ့၏။

၅၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍့အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၅၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကန္ဒလိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ကန္ဒလိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-ကုမုဒမာလိယတ္ထေရအပဒါန်

၅၄-၅၅။ ‘အမျိုးမြတ်သော ခြင်္သေ့မင်းကဲ့သို့’ (အမျိုးအားဖြင့်) မြင့်မြတ်, (ဂုဏ်အားဖြင့်) မြင့်မြတ်တော်မူသော၊ ခိုင်ခံ့သော သမာဓိရှိတော်မူသော၊ မြတ်သော သီလစသော ဂုဏ်ကျေး ဇူးကို ရှာမှီးတော်မူသော၊ မာရ်ငါးပါးကို အောင်တော်မူပြီးသော၊ ကြီးမားသော လုံ့လရှိတော် မူသော၊ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူသော၊ လမ်းခရီး၌ ကြွသွားတော် မူသော ဝိပဿီမည်သော ဘုရားမြတ်ကို (ဖူးမြင်ရ၍) ငါသည် ကုမုဒြာကြာပန်းကို ယူပြီးလျှင် ကြဲဖြန့်ပူဇော်ခဲ့၏။

၅၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် (ဘုရားအား) ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၅၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကုမုဒမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ကုမုဒမာလိယတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်နှစ်ခုမြောက် အာရက္ခဒါယကဝဂ် ပြီး၏။

--

၃၃-ဥမာပုပ္ဖိယဝဂ်

၁-ဥမာပုပ္ဖိယတ္ထေရအပဒါန်

။ ငါသည် တည်ကြည်စွာ သမာပတ်ဝင်စားလျက် သမာဓိဖြင့် နေတော်မူသော, ရန်သူ တို့သည် မအောင်အပ်သော, လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ဖူးမြင် ရ၏။

၂-၃။ အောင်မဲညို (နှမ်းကြတ်) ပန်းကို ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏၊ ပန်းသီတံတစ်ခုတည်း ရှိကုန်သည်ဖြစ်၍ အထက်၌ အညှာရှိကုန်သော, အောက်သို့ မျက်နှာပြု နေကုန်သော ပန်းအားလုံးတို့သည် လွန်စွာ ဆန်းကြယ်ကုန်လျက် ‘ကောင်းကင်၌ ပန်းအခင်း ကဲ့သို့’ တည်ရှိကုန်၏၊ ငါသည် ထိုစိတ်၏ ကြည်လင်ခြင်းကြောင့် တုသိတာဘုံသို့ ရောက်ရ၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တဆဒန” မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥမာပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဥမာပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၂-ပုလိနပူဇကတ္ထေရအပဒါန်

။ ‘တင့်တယ်သော ဖောက်ကြံ့ပင် (ထောက်ကြံ့ပင်) ကဲ့သို့လည်းကောင်း၊ နိသဘ အာဇာနည်ကဲ့သို့လည်းကောင်း၊ တောက်ပသော သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း’ ထွန်း လင်းတောက်ပတော်မူသော မြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏။

။ (ဖူးမြင်ရ၍) ငါသည် လက်အုပ်ကို မြှောက်ချီပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးခဲ့၏၊ (ထို့ပြင်) မိမိကံဖြင့် နှစ်သက်ရောင့်ရဲတော်မူသော မြတ်စွာဘုရားကို ချီကျူးခဲ့၏။

။ ကောင်းစွာ စင်ကြယ်သော သဲကို ခါးပိုက်ဖြင့် ယူ၍ ဝိပဿီမြတ်စွာဘုရား၏ ကြွသွား တော်မူရာ လမ်းခရီး၌ ကြဲဖြန့်ပူဇော်ခဲ့၏။

၁၀။ ထိုသဲမှ ထက်ဝက်သော သဲကို (ယူ၍) တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ နေ့သန့်ရာ အရပ်၌ အလွန်ကြည်လင်သော စိတ်ဖြင့် သွန်းလောင်းခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သဲကို သွန်းလောင်းခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သဲ (လှူရ ခြင်း)၏ အကျိုးပေတည်း။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုလိနပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ပုလိနပူဇကတ္ထေရအပဒါန် ပြီး၏။

--

၃-ဟာသဇနကတ္ထေရအပဒါန်

၁၃။ ငါသည် သစ်ပင်ဖျား၌ ဆွဲထားသော မြတ်စွာဘုရား၏ ပံ့သကူသင်္ကန်းကို မြင်၍ လက်အုပ်ချီပြီးလျှင် (ဘုရား၏ ဂုဏ်ကို) လွန်စွာ မြွက်ဆိုချီးကျူးခဲ့၏။

၁၄။ အဝေးမှ မြင်သဖြင့် ငါ့အား ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ခဲ့၏၊ လက်အုပ်ချီပြီးလျှင် စိတ်ကို လွန်စွာ ကြည်လင်စေခဲ့၏။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဟူသော အမှတ်ကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားဟူသော အမှတ်သညာ ရခြင်း၏ အကျိုးပေတည်း။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဟာသဇနကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဟာသဇနကတ္ထေရအပဒါန် ပြီး၏။

--

၄-ယညသာမိကတ္ထေရအပဒါန်

၁၇။ ငါသည် မွေးဖွား၍ ခုနစ်နှစ်ရှိလျက် ဗေဒင်တို့၌ ကမ်းတစ်ဖက်ရောက် တတ်မြောက် သူ ဖြစ်ခဲ့၏၊ အမျိုးအနွယ်၏ ကျင့်ဝတ်ကို ဆောင်ခဲ့၏၊ ငါသည် (ပူဇော်ရန်) ယဇ်ကို အား ထုတ်အပ်၏။

၁၈။ ထိုအခါ ငါသည် ရှစ်သောင်းလေးထောင်ကုန်သော သားကောင်တို့ကို သတ်ဖြတ်အပ်ကုန်၏၊ ထိုသားကောင်တို့ကို ကြိုးတို့ဖြင့် ဆောင်ယူကုန်ပြီးလျှင် ယဇ်ပူဇော်ခြင်းအကျိုးငှါ (တိုင်၌) ချည်ထားအပ်ကုန်၏။

၁၉။ ‘ပန်းထိမ်ဖိုဝ၌ ဦးပြီးသော ရွှေကဲ့သို့လည်းကောင်း၊ ရှားမီးကဲ့သို့လည်းကောင်း၊ တက်လာသော နေမင်းကဲ့သို့လည်းကောင်း၊ လပြည့်နေ့၌ လကဲ့သို့လည်းကောင်း’ -

၂၀။ လောကီ, လောကုတ္တရာ အကျိုးအားလုံးကို ပြီးစေတော်မူသော လူသုံးပါးတို့သည် ပူဇော်အပ်သည်ဖြစ်၍ အကျိုးစီးပွားကို ဆောင်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် (ငါ၏ အထံသို့) ကြွလာတော်မူ၍ ဤစကားကို မိန့်တော်မူ၏။ -

၂၁။ သတို့သား သတ္တဝါအားလုံးတို့အား မညှဉ်းဆဲမှုကို ငါဘုရား နှစ်သက်တော်မူ၏၊ ခိုးခြင်း, လွန်ကျူး၍ ကျင့်ခြင်း, သေရည်သေရက်သောက်ခြင်းတို့မှ ကြဉ်ရှောင်ခြင်းကိုလည်း ငါဘုရား နှစ်သက်တော်မူ၏။

၂၂။ မြတ်သော (တူမျှသော) အကျင့်၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ အကြားအမြင် များခြင်းကိုလည်းကောင်း၊ သူ့ကျေးဇူးကို သိလေ့ရှိခြင်းကိုလည်းကောင်း ငါဘုရား နှစ်သက် တော်မူ၏။

ဤတရားတို့ကို မျက်မှောက်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း ချီးမွမ်းအပ်ကုန်၏။

၂၃။ (သတို့သား) သင်သည် ဤတရားတို့ကို ပွါးစေ၍ သတ္တဝါခပ်သိမ်းတို့၏ အစီး အပွါး၌ မွေ့လျော်သည် ဖြစ်၍ မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေပြီးလျှင် မြတ်သော မဂ်ကို ပွါးများလေလော့။ (ဤစကားကို မိန့်တော်မူ၏)။

၂၄။ ဤစကားကို မိန့်တော်မူပြီးလျှင် လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ် တော်မူသော မြတ်စွာဘုရားသည် ငါ့အား ဤသို့ ဆုံးမတော်မူပြီးလျှင် ကောင်းကင်သို့ တက် ကြွတော်မူ၏။

၂၅။ ရှေးဦးစွာ စိတ်ကို သုတ်သင်၍ နောက်မှ စိတ်ကို ကြည်လင်စေခဲ့၏၊ ထိုစိတ်၏ ကြည်လင်ခြင်းကြောင့် ငါသည် တုသိတာဘုံသို့ ရောက်ရပေ၏။

၂၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ စိတ်ကို ကြည်လင်စေခဲ့သောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားဟူသော အမှတ် သညာရခြင်း၏ အကျိုးပေတည်း။

၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ယညသာမိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ယညသာမိကတ္ထေရအပဒါန် ပြီး၏။

--

၅-နိမိတ္တသညကတ္ထေရအပဒါန်

၂၈။ ငါသည် စန္ဒဘာဂါမြစ်ကမ်းရှိ သခင်္မ်းကျောင်း၌ နေ၏၊ ငါသည် တော၌ ကျင်လည် ကျက်စားသော ရွှေသမင်ကို တွေ့မြင်၏။

၂၉။ သမင်အပေါ်၌ စိတ်ကို ကြည်လင်စေပြီးလျှင် မြတ်စွာဘုရားကို အောက်မေ့ခဲ့၏၊ ထိုစိတ်၏ ကြည်လင်ခြင်းဖြင့် အခြားတစ်ပါးသော မြတ်စွာဘုရားတို့ကို အောက်မေ့ခဲ့၏။

၃၀။ ပွင့်တော်မူပြီးသော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ပွင့်တော်မူဆဲ မြတ်စွာ့ဘုရားတို့သည်လည်းကောင်း၊ ပွင့်တော်မူလတ္တံ့သော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ထိုသုံးပါးသော မြတ်စွာဘုရားတို့သည် သားမင်းကဲ့သို့ ဤအတူ တင့်တယ်တော်မူကြပေကုန်၏ (ဟု အောက်မေ့ခဲ့၏)။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရားဟူသော အမှတ်သညာကို ရခဲ့ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားဟူသော အမှတ်သညာရခြင်း၏ အကျိုးပေတည်း။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အရညသတ္ထ"မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နိမိတ္တသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် နိမိတ္တသညကတ္ထေရအပဒါန် ပြီး၏။

--

၆-အန္နသံသာဝကတ္ထေရအပဒါန်

၃၄။ ရွှေတုရိုဏ်တိုင်နှင့် တူတော်မူသည်ဖြစ်၍ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ ရှိတော်မူသော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို အိမ်ဈေး၌ ကြွသွားတော်မူစဉ် (ဖူးမြင်ရ၏)။

၃၅။ အကျိုးခပ်သိမ်းကို ပြီးစေတတ်သော, တဏှာကင်းတော်မူသော, ရန်သူတို့သည် မအောင်အပ်သော သိဒ္ဓတ္ထမြတ်စွာဘုရားကို ပင့်ဖိတ်၍ ထိုမြတ်စွာဘုရားကို ဆွမ်းကျွေး၏။

၃၆။ ထိုအခါ လောက၌ သနားခြင်းရှိတော်မူသော မြတ်စွာဘုရားသည် ငါ့ကို ဟောကြား တော်မူ၏၊ ငါသည် မြတ်စွာဘုရား၌ စိတ်ကြည်လင်စေသောကြောင့် တစ်ကမ္ဘာပတ်လုံး နတ် ပြည်၌ မွေ့လျော်ရ၏။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆွမ်းအလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အန္နသံသာဝကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် အန္နသံသာဝကတ္ထေရအပဒါန် ပြီး၏။

--

၇-နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရအပဒါန်

၃၉။ နတ်သည် နတ်ပြည်မှ အသက်ကုန်ခြင်းကြောင့် စုတေသောအခါ ဝမ်းမြောက်ကုန် သော နတ်တို့၏ သုံးပါးသော အသံတို့သည် ထွက်ပေါ်လာကုန်၏။

၄၀။ အချင်း သင်သည် နတ်ပြည်မှ လူတို့၏ အပေါင်းအဖော်ဖြစ်သော သုဂတိဘဝသို့ သွားပါချေ၊ လူဖြစ်သည်ရှိသော် သူတော်ကောင်းတရား၌ အမြတ်ဆုံး သဒ္ဓါတရားကို ရပါစေ လော့။

၄၁။ အခြေအမြစ်ဖြစ်သော တည်တံ့သော ထိုသဒ္ဓါတရားသည် သင်၏ (သန္တာန်၌) သက်ဝင်သည် ဖြစ်ရာ၏၊ ကောင်းစွာ ဟောကြားအပ်သောသူတော်ကောင်းတရား၌ အသက် ထက်ဆုံး မပျက်စီးသည် ဖြစ်ရာ၏။

၄၂။ ကိုယ်ဖြင့် ကုသိုလ်ကို ပြု၍ နှုတ်ဖြင့် ကုသိုလ်ကို များစွာ ပြု၍ စိတ်ဖြင့် ကြောင့်ကြ မရှိသော ဥပဓိကင်းသော ကုသိုလ်ကို ပြု၍ -

၄၃။ ထို့နောက်မှ ဥပဓိရှိသော ထိုကောင်းမှုကို အလှူဖြင့် များစွာ ပြုပြီးလျှင် တစ်ပါး သော သတ္တဝါတို့ကိုလည်း သူတော်ကောင်းတရားဖြစ်သော အကျင့်မြတ်၌ သွတ်သွင်းလေ လော့။

၄၄-၄၅။ အကြင်အခါ၌ ပညာရှိနတ်တို့သည် စုတေခါနီး နတ်သားကို ဤသို့သော အစဉ်သနားခြင်းဖြင့် ဝမ်းမြောက်စကား ပြောကြားကြကုန်၏၊ အမောင်နတ်သား (နတ်ပြည် သို့) အဖန်ဖန် လာခဲ့ပါလော့။ နတ်အပေါင်း စည်းဝေးမိသည်ရှိသော် ထိုအခါ၌ ငါ့အား ထိတ်လန့်ခြင်းသံဝေဂသည် ဖြစ်၏၊ ငါသည် ဤနတ်ပြည်မှ စုတေလျှင် အဘယ်မည်သော အမျိုးသို့ ရောက်ရပါမည်နည်း။

၄၆။ ပွါးစေအပ်ပြီးသော ဣန္ဒြေရှိသော ထိုရဟန်းသည် ငါ၏ သံဝေဂဖြစ်ခြင်းကို သိသဖြင့် ငါ့အား ထုတ်ဆောင် ကယ်တင်လိုသည်ဖြစ်၍ ငါ့ထံသို့ ကြွလာတော်မူ၏။

၄၇။ ထိုအခါ အမည်အားဖြင့် “သုမန”ဟု ထင်ရှားသော ပဒုမုတ္တရမြတ်စွာဘုရား၏ တပည့်သာဝကသည် အကျိုးအကြောင်းတို့ကို ဆုံးမတော်မူပြီးလျှင် ငါ့ကို သံဝေဂ ရစေတော် မူ၏။

တစ်ဆယ့်နှစ်ခုမြောက် ဘာဏဝါရ ပြီး၏။

၄၈။ ငါသည် ထိုရဟန်း၏ (တရား) စကားကို ကြားနာရ၍ မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေခဲ့၏၊ ထိုပညာရှိရဟန်းကို ရှိခိုးပြီးနောက် ငါသည် ထိုအရပ်၌ပင် ကွယ်လွန်ခဲ့၏။

၄၉။ ထိုငါသည် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သည် ဖြစ်၍ ထိုအရပ်၌သာလျှင် ဖြစ်ခဲ့၏၊ အမိဝမ်း၌ ပဋိသန္ဓေနေသော ငါ့ကို အမိသည် တစ်ဖန် ပဋိသန္ဓေ လွယ်ရ၏။

၅၀။ ငါသည် ထိုကိုယ်မှ စုတေပြီးနောက် တာဝတိံသာနတ်ပြည်၌ ဖြစ်ရ၏၊ ထိုအခါ ငါသည် ဤအတွင်း၌ စိတ်ဆင်းရဲမှုကို မတွေ့မြင်ရပေ။

၅၁။ တာဝတိံသာနတ်ပြည်မှ စုတေခဲ့၍ အမိဝမ်းသို့ ကောင်းစွာ ရောက်ရ၏၊ ငါသည် ဝမ်းမှ ထွက်သည်ရှိသော် အကုသိုလ်, ကုသိုလ်ကို သိ၏။

၅၂။ ငါသည် မွေးဖွား၍ ခုနစ်နှစ်ရှိလတ်သော် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သာကီဝင်မင်းသား ဂေါတမမြတ်စွာဘုရား၏ အရံသို့ ဝင်ခဲ့၏။

--

၅၃။ မြတ်စွာဘုရားတရားတော် ကျယ်ပြန့်သည်ရှိသော် (ဘုရားတရားတော် ပြန့်ပွါးလာ သောအခါ) သာသနာတော်ကို လူများစွာ သိလာသည်ရှိသော် ထိုသာသနာတော်၌ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကုန်သော ရဟန်းတို့ကို တွေ့မြင်ရ၏။

၅၄။ ထိုအခါ မြို့တော်သည် သာဝတ္ထိ မည်၏၊ ထိုသာဝတ္ထိမြို့တော်၌ ကောသလမင်းသည် ရှိ၏၊ (ထိုမင်းသည်) ဆင်ကသော ရထားဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

၅၅။ ငါသည် ထိုကောသလမင်း၏ ဆင်တော်ကို မြင်သဖြင့် ရှေးကောင်းမှုကံကို အောက် မေ့၏၊ ငါသည် လက်အုပ်ကို ချီ၍ အစည်းအဝေးသို့ သွားခဲ့၏။

၅၆။ ငါသည် မွေးဖွား၍ ခုနစ်နှစ်သာ ရှိသေးလျက် ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊ အာနန္ဒာ မည်သော တပည့်သည် မြတ်စွာဘုရားကို လုပ်ကျွေး၏။

၅၇။ ပညာရှိတော်မူသော, လုံ့လရှိတော်မူသော, သတိလည်းရှိတော်မူသော, များသော အကြားအမြင်ရှိတော်မူသော, တန်ခိုးအာနုဘော် ကြီးတော်မူသော အသျှင်အာနန္ဒာသည် မင်း၏ စိတ်ကို ကြည်လင်စေလျက် (တရားကို) ဆောင်နှင်း၏။

၅၈။ ငါသည် ထိုအသျှင်အာနန္ဒာ၏ တရားကို ကြားနာရ၍ ရှေးကောင်းမှုကံကို အောက် မေ့၏၊ ထိုအရပ်၌ပင် တည်လျက် အရဟတ္တဖိုလ်သို့ ရောက်၏။

၅၉။ လက်ဝဲပခုံးတစ်ဖက်၌ သင်္ကန်းကို တင်လျက် ဦးထိပ်၌ လက်အုပ်ကို မြှောက်ချီပြီး လျှင့်မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ ဤစကားကို မြွက်ဆိုလျှောက်ထား၏ -

၆၀။ ငါသည် ကြောင်ပန်းပွင့်ပန်းကို ယူ၍ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရ တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရား၏ မြတ်သော နေရာ ၌ တင်ထား (ပူဇော်) ခဲ့၏။

၆၁။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော, လောက၏ အကြီးအမှူး ဖြစ်တော်မူသော, လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုကောင်းမှုကံကြောင့် အောင်ခြင်း, ရှုံးခြင်း (အနိုင်, အရှုံး) ကို ပယ်စွန့်၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန် သို့ ရောက်ရပေ၏။

၆၂။ ကမ္ဘာတို့၏ နှစ်သောင်းငါးထောင်ထက်၌ အဗ္ဗုဒအသက်တမ်း, နိရဗ္ဗုဒအသက်တမ်း တို့ ကာလပတ်လုံး လူတို့ကို အစိုးရကုန်သော စကြဝတေးမင်းတို့သည် ရှစ်ဆယ့်ရှစ်ကြိမ် တိုင်တိုင် ဖြစ်ဖူးကုန်၏။

၆၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နိဂ္ဂုဏ္ဍိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၈-သုမနာဝေဠိယတ္ထေရအပဒါန်

၆၄။ လောက၏ အကြီးအမှူးဖြစ်တော်မူ၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဝေဿဘူ မြတ်စွာဘုရားအား ထိုလူအားလုံးတို့သည် ပေါင်းဆုံစည်းဝေးကြကုန်၍ ကြီးမားသော ပူဇော် ခြင်းကို ပြုကြကုန်၏။

၆၅။ ထိုအခါ ငါသည် အင်္ဂတေစိုင်ကို (ပန်းတင်ရန်) ပြုလုပ်၍ မြတ်လေးပန်းဖြင့် ဦးဆောက်ပန်း ပြုပြီးလျှင် မြတ်စွာဘုရားနေရာတော်၏ ရှေ့၌ တင်လှူ (ပူဇော်) ခဲ့၏။

၆၆။ လူခပ်သိမ်းတို့သည် ပေါင်းဆုံစည်းဝေးကြကုန်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဤပန်းကို အဘယ်သူသည် ပူဇော်အပ်ပါသနည်းဟု မြတ်သောပန်းကို ရှုကြည့်ကြကုန်၏။

၆၇။ ငါသည် ထိုစိတ်၏ ကြည်လင်ခြင်းကြောင့် နိမ္မာနရတိဘုံ၌ ဖြစ်ရ၏၊ မိမိ၏ ရှေးက ကောင်းစွာ ပြုခဲ့သော မိမိကုသိုလ်ကံ၏ အကျိုးကို ခံစားရ၏။

၆၈။ ထိုမှတစ်ပါး ငါသည် ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ နတ်လူခပ်သိမ်းတို့သည် ချစ်ခင်အပ်သူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၆၉။ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ သို့မဟုတ် စိတ်ဖြင့်လည်းကောင်း စောင့်စည်းကုန်သော ရသေ့ရဟန်းတို့အား ငါသည် ဆဲရေးမှုကို ပြုဖူး၏ဟူ၍ မသိခဲ့ပေ။

၇၀။ ငါသည် ထိုကောင်းသော အကျင့်ကြောင့်လည်းကောင်း၊ စိတ်၏ တောင့်တမှုတို့ ကြောင့်လည်းကောင်း ခပ်သိမ်းကုန်သော သူတို့၏ ပူဇော်အပ်သူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရ ခြင်းသည် မဆဲရေးခြင်း၏ အကျိုးပေတည်း။

၇၁။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သဟဿာရ"မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၇၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုမနာဝေဠိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် သုမနာဝေဠိယတ္ထေရအပဒါန် ပြီး၏။

--

၉-ပုပ္ဖစ္ဆ တ္တိယတ္ထေရအပဒါန်

၇၃။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လောက၏ အကြီးအမှူးဖြစ် တော်မူသော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော၊ သစ္စာလေးပါးတရားတို့ကို ထင်ရှားပြသတော် မူသော၊ သတ္တဝါတို့ကို ငြိမ်းအေးစေတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား-

၇၄။ နှလုံးမွေ့လျော်ဖွယ်ရှိသော ပွင့်ချပ်တစ်ရာ ပဒုမ္မာကြာပန်းကို ဆောင်ယူပြီးလျှင် ပန်းဖြင့် ထီးပြု၍ တင်လှူပူဇော်ခဲ့၏။

၇၅။ လောကသုံးပါးကို သိတော်မူသည် ဖြစ်၍ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူ ထိုက်သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ရဟန်းသံဃာ၌ ရပ်တည်လျက် ဤဆိုမည့် ဂါထာကို မိန့်တော်မူ၏-

၇၆-၇၇။ အကြင်သူသည် စိတ်ကို ကြည်လင်စေ၍ ငါဘုရားအား ပန်းထီးကို ဆောင်းမိုး၏၊ ထိုသူသည် ထိုစိတ်၏ ကြည်လင်မှုကြောင့် ဒုဂ္ဂတိဘုံသို့ မရောက်လတ္တံ့ဟု ဤစကားကို မိန့်တော်မူပြီးလျှင် လောက၏ ရှေ့သွား သိဒ္ဓတ္ထမြတ်စွာဘုရားသည် ရဟန်းပရိသတ်ကို ပြန် လွှတ်၍ ဟင်းလင်းအပြင် ဖြစ်သော ကောင်းကင်သို့ တက်ကြွတော်မူ၏။

၇၈။ လူတို့၏ နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ထတော်မူသည်ရှိသော် ထီးဖြူ သည်လည်း ထ၏၊ ဘုရားမြတ်၏ ရှေ့၌ မြတ်သော ထီးဖြူသည် သွား၏။

၇၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ထီးကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းထီးလှူရခြင်း၏ အကျိုးပေတည်း။

၈၀။ ခုနစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိကုန်သော “ဇလသိခ"မည်သော စကြဝတေးမင်းတို့သည် ရှစ်ကြိမ် တိုင်တိုင် ဖြစ်ဖူးကုန်၏။

၈၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုပ္ဖစ္ဆ တ္တိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ပုပ္ဖစ္ဆ တ္တိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-သပရိဝါရဆတ္တဒါယကတ္ထေရအပဒါန်

၈၂။ လောကသုံးပါးကို သိတော်မူသည် ဖြစ်၍ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံ တော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တရားတည်းဟူသော မိုးရေဖြင့် ‘ကောင်းကင် ၌ မိုးရွာသကဲ့သို့’ ရွာသွန်းတော်မူ၏။

၈၃။ ငါသည် အမြိုက်နိဗ္ဗာန်ကို ဟောပြတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ခဲ့၏၊ မိမိ စိတ်ကို ကြည်လင်စေ၍ မိမိအိမ်သို့ ပြန်သွားခဲ့၏။

၈၄။ ငါသည် တန်ဆာဆင်ထားသော ထီးကို ယူပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏၊ ရွှင်လန်းသော ငါသည် ရွှင်ပျသော စိတ်ဖြင့် ကောင်းကင်၌ မြှောက်တင် (ပူဇော်)၏။

၈၅။ (ထိုထီးသည်) ‘ကောင်းစွာ မောင်းနှင်သော ယာဉ်ကဲ့သို့လည်းကောင်း၊ ယဉ်ကျေး သော တပည့်မြတ်ကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိပ်ထက်၌ ကောင်းစွာ တည်နေလေ၏။

၈၆။ အစဉ်စောင့်ရှောက်ခြင်း ရှိတော်မူသည်ဖြစ်၍ သနားခြင်းရှိတော်မူသော လောကထက် မြတ်သည်ဖြစ်၍ ရှေ့ဆောင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရဟန်းသံဃာ၌ ထိုင်နေ တော်မူ၍ ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏။

၈၇။ အကြင်သူသည် နှလုံးမွေ့လျော်ဖွယ်ရှိသော တန်ဆာဆင်အပ်သော ဤထီးကို ပေး လှူခဲ့၏၊ ထိုသူသည် ထိုစိတ်၏ ကြည်လင်ခြင်းကြောင့် ဒုဂ္ဂတိဘုံသို့ မရောက်ရလတ္တံ့။

၈၈။ နတ်တို့၌ နတ်မင်းအဖြစ်ကိုလည်း ခုနစ်ကြိမ် ပြုရလတ္တံ့၊ စကြဝတေးမင်းလည်း သုံးဆယ့် နှစ်ကြိမ်ဖြစ်လတ္တံ့။

၈၉။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်၍ အနွယ်အားဖြင့် ဂေါတမအမည် ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၉၀။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ အမွေခံလျက် တရားဖြင့် ဖန်ဆင်းအပ် သော သားတော်ရဟန္တာ ဖြစ်၍ အာသဝေါတရား ခပ်သိမ်းတို့ကို ပိုင်းခြားသိပြီးနောက် ပရိနိဗ္ဗာန်ပြုလတ္တံ့ (ဟု မိန့်တော်မူ၏)။

၉၁။ ငါသည် မြတ်စွာဘုရား၏ ကောင်းစွာ မြွက်ဆိုအပ်သော စကားသံကို သိသဖြင့် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ရွှင်ပျခြင်းကို လွန်စွာ ဖြစ်စေခဲ့၏။

၉၂။ ငါသည် လူ့ဘဝကို စွန့်၍ နတ်ဘဝသို့ ရောက်ခဲ့၏၊ ငါ၏ မြတ်သောဗိမာန်သည် အထက်သို့ စွင့်စွင့်တက်၏၊ နှလုံးမွေ့လျော်ဖွယ်လည်း ရှိ၏။

၉၃။ ဗိမာန်မှ ထွက်သော ငါတို့အား ထီးဖြူသည် ဆောင်းမိုး၏၊ ထိုအခါ ငါသည် (ရှေးက ထီးလှူခဲ့သော) အမှတ်သညာကို ရခဲ့၏။ ဤသို့ ဖြစ်ရခြင်းသည် (ပန်းထီးလှူ ခဲ့သော) ရှေးကောင်းမှုကံ၏ အကျိုးပေတည်း။

၉၄။ ငါသည် နတ်ပြည်မှ စုတေခဲ့၍ လူအဖြစ်သို့လည်း ရောက်ခဲ့၏၊ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ရာထက်၌ စကြဝတေးမင်းတို့သည် သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

--

၉၅။ ထိုကိုယ်မှ စုတေ၍ တာဝတိံသာနတ်ပြည်သို့ ရောက်လာခဲ့၏၊ အစဉ်အားဖြင့် ကောင်းစွာ ကျင်လည်ပြီးနောက် လူ့ပြည်သို့ တစ်ဖန် ရောက်လာပြန်၏။

၉၆။ အမိဝမ်းသို့ သက်ဝင်သော ငါ့ကို (လူတို့သည် ) ထီးဖြူကို ဆောင်းမိုးကုန်၏၊ ငါသည် မွေးဖွား၍ ခုနစ်နှစ်သား ရှိလတ်သော် ရဟန်းဘောင်၌ ရဟန်းပြု၏။

၉၇။ ဗေဒင်ပါရဂူဖြစ်သော အမည်အားဖြင့် “သုနန္ဒ”ဟု ထင်ရှားသော ထိုပုဏ္ဏားသည် ဖန်ထီးကို ယူပြီးလျှင် လက်ယာရံ အဂ္ဂသာဝကဖြစ်သော အသျှင်သာရိပုတ္တရာအား ပေးလှူ၏။

၉၈။ ကြီးမားသော လုံ့လဝီရိယရှိတော်မူသော မြတ်သောစကားကို ဆိုတော်မူတတ်သော အသျှင်သာရိပုတ္တရာသည် အနုမောဒနာပြုတော်မူ၏၊ ငါသည် ထိုအသျှင်သာရိပုတ္တရာ၏ အနုမောဒနာတရားကို ကြားနာရသဖြင့် ရှေးကောင်းမှုကံကို အောက်မေ့ခဲ့၏။

၉၉။ ငါသည် လက်အုပ်ချီလျက် မိမိစိတ်ကို ကြည်လင်စေခဲ့၏၊ ရှေးကောင်းမှုကံကို အောက်မေ့၍ အရဟတ္တဖိုလ်သို့ ရောက်၏။

၁၀၀။ ထိုနေရာမှ ထ၍ ဦးခေါင်း၌ လက်အုပ်ချီလျက် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် ဤဆိုမည့် စကားကို မြွက်ဆိုလျှောက်ထား၏ -

၁၀၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ လောက၌ အမြတ်ဆုံးဖြစ်တော်မူသော လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် (ပွင့်တော်မူ၏)။

၁၀၂။ တပည့်တော်သည် ထိုမြတ်စွာဘုရားအား ကောင်းစွာ တန်ဆာဆင်အပ်သော ဆန်းကြယ်သော ထီးကို ပေးလှူခဲ့၏၊ ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် လက်နှစ်ဖက်တို့ဖြင့် ခံယူတော်မူခဲ့ပါ၏။

၁၀၃။ မြတ်စွာဘုရားသည် အံ့ဖွယ်ရှိပါပေစွ၊ တရားတော်သည် အံ့ဖွယ်ရှိပါပေစွ၊ ငါတို့အား မြတ်စွာဘုရား၏ ပြည့်စုံခြင်းတို့သည် အံ့ဖွယ်ရှိပါပေစွ၊ တပည့်တော်သည် ထီးတစ်လက်ကို လှူသဖြင့် ဒုဂ္ဂတိဘုံသို့ (ကမ္ဘာတစ်သိန်းပတ်လုံး) မရောက်ခဲ့ရပါ။

၁၀၄။ တပည့်တော်သည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ပါပြီ၊ ခပ်သိမ်း သော ဘဝတို့ကို ပယ်နုတ်အပ်ပါပြီ၊ အာသဝေါခပ်သိမ်းတို့ကို ပိုင်းခြားသိပြီး၍ အာသဝေါ ကင်းကွာ ရဟန္တာဖြစ်လျက် နေရပါ၏။

၁၀၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သပရိဝါရဆတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် သပရိဝါရဆတ္တဒါယကတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်သုံးခုမြောက် ဥမာပုပ္ဖိယဝဂ် ပြီး၏။

--

၃၄-ဂန္ဓောဒကဝဂ်

၁-ဂန္ဓဓူပိယတ္ထေရအပဒါန်

။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား မုလေးပန်းတို့ဖြင့် ဖုံးလွှမ်းလျက် မြတ်စွာဘုရားအား လျောက်ပတ်သော ထိုနံ့သာအခိုးအထုံကို ပေးလှူခဲ့၏။

။ အဖိုးထိုက်တန်သော ရွှေစင်နှင့် တူတော်မူသော, သတ္တဝါအပေါင်းကို မြတ်သောနိဗ္ဗာန် သို့ ပို့ဆောင်တော်မူတတ်သော, ‘သက်တန့်ကဲ့သို့’ ထွန်းလင်းတောက်ပတော်မူသော, ‘မီးစာကဲ့သို့’ ရဲရဲတောက်ပတော်မူသော, -

။ ‘ကျားမင်း, နွားလားဥသဘကဲ့သို့’ မြတ်တော်မူသော, ‘ခြင်္သေ့မင်းကဲ့သို့’ အမျိုး ကောင်းတော်မူသော, ရဟန်းအပေါင်းခြံရံလျက် နေတော်မူသော, ရဟန်းတို့ထက် မြတ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

။ ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် စိတ်ကို ကြည်လင်စေပြီးလျှင် လက်အုပ် ချီလျက် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ မြောက်အရပ်သို့ ရှေးရှုသွားခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ နံ့သာကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂန္ဓဓူပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဂန္ဓဓူပိယတ္ထေရအပဒါန် ပြီး၏။

--

၂-ဥဒကပူဇကတ္ထေရအပဒါန်

။ ‘ထောပတ်မီးစာကဲ့သို့’ ထွန်းတောက်ပတော်မူသော, ‘မီးစာကဲ့သို့’ ရဲရဲတောက်ပ တော်မူသော,့ကောင်းကင်၌ ကြွသွားတော်မူသော, ရွှေအဆင်းနှင့် တူသော အဆင်းရှိတော် မူသော မြတ်စွာဘုရားကို (ဖူးမြင်ရ၏)။

။ ငါသည် လက်ဖြင့် ရေကို ယူပြီးလျှင် ကောင်းကင်၌ ကြဲမြှောက် (ပူဇော်) ခဲ့၏၊ ကြီးမား သော လုံ့လရှိတော်မူသော, သနားခြင်းရှိတော်မူသော, သီလစသော ဂုဏ်ကျေးဇူးကို ရှာမှီး တော်မူသော မြတ်စွာဘုရားသည် အလှူခံတော်မူ၏။

။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တည်တော်မူလျက် ငါ၏ စိတ်အကြံကို သိတော်မူ၍ ဤဆိုမည့် ဂါထာကို မိန့်တော်မူ၏ -

၁၀။ (ဤသူသည်) ဤရေအလှူကြောင့်လည်းကောင်း၊ နှစ်သက်မှု ‘ပီတိ’ ဖြစ်ခြင်း ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းပတ်လုံးလည်း ဒုဂ္ဂတိဘုံသို့ မလားရလတ္တံ့။

၁၁။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော, လောက၏ အကြီးအမှူး ဖြစ်တော်မူသော, လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ထို ကောင်းမှုကံကြောင့် အနိုင်အရှုံး (အောင်ခြင်း, ရှုံးခြင်း) ကို ပယ်စွန့်၍ ရွေ့ရှားခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါလို၏။

၁၂။ ခြောက်ဆယ့်ငါးကမ္ဘာထက်၌ သမုဒ္ဒရာလေးစင်း အဆုံးရှိကုန်သော လူတို့ကို အစိုးရ ကုန်သော “သဟဿရာဇ"အမည်ဖြင့် စကြဝတေးမင်းတို့သည် သုံးကြိမ်တိုင်တိုင် ဖြစ်ဖူး ကုန်၏။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဥဒကပူဇကတ္ထေရအပဒါန် ပြီး၏။

--

၃-ပုန္နာဂပုပ္ဖိယတ္ထေရအပဒါန်

၁၄။ ငါသည် ငှက်တို့ တွန်မြူးရာ ဖြစ်သော တောသို့ သက်ဝင်လျက် မုဆိုးဖြစ်၍ နေ၏၊ ပွင့်သော ပုန်းညက်ပင်ကို မြင်သဖြင့် ဘုရားမြတ်ကို အောက်မေ့ခဲ့၏။

၁၅။ ထိုကောင်းသော အနံ့ရှိသော ပုန်းညက်ပန်းကို ဆွတ်ခူး၍ တင့်တယ်စွာ သီကုံးလျက် သဲပုံစေတီ ပြုပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “တမောနုဒ"စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုန္နာဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ပုန္နာဂပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၄-ဧကဒုဿဒါယကတ္ထေရအပဒါန်

၁၉။ ငါသည် ဟံသာဝတီမြို့၌ မြက်ထမ်းသမား ဖြစ်ခဲ့၏၊ မြက်ထမ်းသဖြင့် အသက် မွေးရ၏၊ ထိုမြက်ထမ်းခြင်းအမှုဖြင့်ပင် သားမယားတို့ကို လုပ်ကျွေးရ၏။

၂၀။ တရားအလုံးစုံတို့ကို ဆုံးခန်းတိုင်ရောက် သိမြင်တော်မူသော, လူတို့၏ ရှေ့သွား ဖြစ်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ကိလေသာအမိုက်တိုက်ကို ဖျက်ဆီး၍ ပွင့်တော်မူ၏။

၂၁။ ထိုအခါ ငါသည် မိမိနေအိမ်၌ နေ၍ ဤသို့ ကြံစည်ခဲ့၏၊ လောက၌ မြတ်စွာဘုရားသည် ကောင်းစွာ ပွင့်တော်မူ၏၊ ငါ့အား လှူဖွယ်ဝတ္ထုသည်လည်း မရှိချေ။

၂၂။ ငါ့အား ဤပုဆိုး တစ်ထည်သာ ရှိ၏၊ ငါ့အား ပေးမည့်သူ တစ်စုံတစ်ယောက်မျှ မရှိ ချေ၊ ငရဲ၏ အတွေ့သည် ဆင်းရဲလှပေ၏၊ မြတ်သော အလှူမျိုးစေ့ကို စိုက်ပျိုးတော့အံ့။

၂၃။ ငါသည် ဤသို့ ကြံစည်၍ မိမိစိတ်ကို ကြည်လင်စေခဲ့၏၊ (ထို့နောက်) တစ်ထည်တည်းသော ပုဆိုးကို ယူ၍ ငါသည် ဘုရားမြတ်အား လှူဒါန်းခဲ့၏။

--

၂၄။ တစ်ထည်သော ပုဆိုးကို ပေးလှူပြီး၍ ကြွေးကြော်သံကို ဖြစ်စေခဲ့၏၊ ရဲရင့်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် အကယ်၍ ဘုရားစင်စစ် ဖြစ်တော်မူပါ လျှင် အကျွန်ုပ်ကို ကယ်တင်တော်မူပါဘုရား။

၂၅။ လောကသုံးပါးကို သိတော်မူသော, ပေးလှူဖွယ် ပစ္စည်းတို့ကို အလှူခံတော်မူ ထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ အလှူကို ချီးကျူးတော်မူလျက် ငါ့အား အနုမောဒနာပြုတော်မူ၏။

၂၆။ ဤပုဆိုးတစ်ထည်ကို လှူရခြင်းကြောင့်လည်းကောင်း၊ စေတနာ, ဆုတောင်းခြင်း တို့ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းကာလပတ်လုံး ပျက်စီး၍ ကျရာ အပါယ်သို့ မရောက်ရလတ္တံ့။

၂၇။ သုံးဆယ့်ခြောက်ကြိမ် သိကြားမင်းဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ စကြဝတေးမင်းလည်း သုံးဆယ့်သုံးကြိမ် ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ် သည်ကား ဂဏန်းသင်္ချာအားဖြင့် မရေတွက်နိုင်။

၂၈။ သင်သည် နတ်ပြည်၌ဖြစ်စေ, လူ့ပြည်၌ဖြစ်စေ ဘဝ၌ ကျင်လည်ရသည်ရှိသော် အဆင်းလှသောသူ၊ ဂုဏ်နှင့် ပြည့်စုံသောသူ၊ မကိုင်းမညွတ်သော ကိုယ်ရှိသောသူသည် ဖြစ်လတ္တံ့။ သူတစ်ပါးတို့ မလှုပ်ချောက်ချားနိုင်သော, မနှိုင်းရှဉ့်နိုင်သော ပုဆိုးသည် အလိုရှိ တိုင်း (သင့်အား) ဖြစ်လတ္တံ့။

၂၉။ ဤစကားကို မိန့်တော်မူပြီးလျှင် မြဲမြံသော သမာဓိရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ‘ကောင်းကင်၌ ဟင်္သာမင်းကဲ့သို့’ ကောင်းကင်သို့ တက်ကြွတော်မူ၏။

၃၀။ ကပ်ရောက်ရတိုင်းသော နတ်အဖြစ်, လူအဖြစ်ဟူသမျှတို့၌ ငါ့အား စည်းစိမ်၌ ယုတ် လျော့ခြင်း မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ထည်သော ပုဆိုးကို လှူရခြင်း၏ အကျိုးပေတည်း။

၃၁။ ငါ၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း၌ ပုဆိုးတစ်ထည်သည် ဖြစ်ပေါ်၏၊ ငါသည် အောက်ကပုဆိုးပေါ်၌ ရပ်တည်၏၊ ငါ၏ အထက်၌ အမိုးသည် ဖြစ်ပေါ်၏။

၃၂။ ငါသည် ယခု အလိုရှိခဲ့လျှင် တောနှင့် တကွ, တောင်နှင့်တကွသော စကြဝဠာကို အစပြု၍ ပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်ရာ၏။

၃၃။ ထိုပုဆိုးတစ်ထည်ကို လှူရခြင်းကြောင့်သာလျှင် ဘဝကြီး, ငယ်၌ ကျင်လည်ရသည် ရှိသော် ရွှေအဆင်းနှင့် တူသော အဆင်းရှိသည်ဖြစ်၍ ဘဝကြီးငယ်၌ ကျင်လည်ရ၏။

၃၄။ တစ်ထည်သော ပုဆိုး၏ အကျိုးသည် တစ်စုံတစ်ခုသော ဘဝ၌ ကုန်ခြင်းသို့ မရောက်၊ ငါ၏ ဤဘဝသည် အဆုံးစွန်သော ဘဝပေတည်း၊ ဤအဆုံးစွန်သော ဘဝ၌လည်း ငါ့အား အကျိုးပေး၏။

၃၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပုဆိုးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးတစ်ထည်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

၃၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်၏၊ ဘဝအားလုံးကို ပယ် နုတ်အပ်ကုန်၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝကင်းကွာ့ရဟန္တာဖြစ်လျက် နေရ၏။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဒုဿဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဧကဒုဿဒါယကတ္ထေရအပဒါန် ပြီး၏။

--

၅-ဖုသိတကမ္ပိယတ္ထေရအပဒါန်

၃၈။ ထိုအခါ လောက၏ အကြီးအမှူးဖြစ်တော်မူသော, လူတို့ထက် မြတ်တော်မူသော ဝိပဿီမည်သော၁ မြတ်စွာဘုရားသည် ရဟန္တာတို့နှင့်တကွ သံဃာ့အရံ၌ နေတော်မူ၏။

၃၉။ လူတို့၌ ရှေ့သွားဖြစ်တော်မူသော ထိုဝိပဿီမြတ်စွာဘုရားသည်၂ အရံတံခါးမှ ထွက် တော်မူ၍ တပည့်ရဟန္တာ တစ်သိန်းတို့နှင့်တကွ ရပ်တည်တော်မူ၏။

၄၀။ ငါသည် သစ်နက်ရေကို ဝတ်လျက် လျှော်တေသင်္ကန်းကိုလည်း ဆောင်၏၊ (ထိုအခါ) ငါ သည် ပန်းနံ့သာရေကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏။

၄၁။ ငါသည် မိမိစိတ်ကို ကြည်လင်စေပြီးလျှင် နှစ်သက်သည် ဖြစ်၍ လက်အုပ်ချီလျက် ပန်းနံ့သာရေကို ယူကာ မြတ်စွာဘုရားကို သွန်းဖျန်းခဲ့၏။

၄၂။ ထိုကောင်းမှုကြောင့် ပဒုမုတ္တရမည်သော၃ မြတ်စွာဘုရားသည် ငါ၏ ကောင်းမှုကို ချီးကျူးတော်မူ၍ အကြင်အလိုရှိရာ အရပ်သို့ ကြွတော်မူ၏။

၄၃။ နံ့သာရေပေါက်တို့သည် ငါးထောင်ရှိကုန်၏၊ ငါသည် ယင်းနံ့သာရေပေါက်တို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ခဲ့၏၊ နှစ်ထောင့်ငါးရာသော နံ့သာရေပေါက်တို့နှင့် အမျှ နတ်မင်း အဖြစ်ကို ပြုခဲ့ရ၏။

၄၄။ ငါသည် နှစ်ထောင့်ငါးရာသော နံ့သာရေပေါက်တို့နှင့် အမျှ စကြဝတေမင်း ဖြစ်ခဲ့၏၊ ကြွင်းသော ကံကြောင့် အရဟတ္တဖိုလ်သို့ ရောက်၏။

၄၅။ ငါသည် နတ်မင်း, လူမင်းဖြစ်ခဲ့ရသော အခါ၌ ငါ၏ အမည်သည် ဖုသိတမည် သည်သာလျှင် ဖြစ်ခဲ့၏။

၄၆။ နတ်ဖြစ်သော်လည်းကောင်း၊ ထိုမှတစ်ပါး လူဖြစ်သော်လည်းကောင်း ငါ၏ ထက်ဝန်းကျင်မှ တစ်လံမျှလောက်သော အရပ်၌ နံ့သာမိုးပေါက်သည်သာလျှင် ရွာသွန်း၏။

၄၇။ ငါသည် ဘဝတို့ကို ခွါပစ်အပ်ကုန်၏၊ ငါသည် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေအပ်ကုန်၏၊ ငါ့အား အာသဝအားလုံး ကုန်ခဲ့ပြီ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာ ရေပေါက် (လှူရခြင်း)၏ အကျိုးပေတည်း။

၄၈။ ငါ၏ ကိုယ်သည် ‘စန္ဒကူးအနံ့ကဲ့သို့’ လှိုင်၏၊ ငါ၏ ကိုယ်မှ အနံ့သည် တစ်ကော သခွဲတိုင်တိုင် လှိုင်၏။

၄၉။ ကောင်းမှုကံနှင့် ပြည့်စုံကုန်သော နတ်တို့၏ အနံ့ကို နမ်းရှူရခြင်းကြောင့် ဖုသိတ နတ်သားသည် နတ်ရနံ့ကို ကြိုင်လှိုင်စေလျက် ဤအရပ်သို့ ရောက်လာ၏ဟု (အခြား နတ်တို့က) သိကုန်၏။

၅၀။ သစ်ခက်, သစ်ရွက်, ထင်းတို့သည်လည်းကောင်း၊ မြက်တို့သည်လည်းကောင်း အခါ ခပ်သိမ်း ငါ၏ စိတ်အကြံကို သိသောကြောင့် ထိုသစ်ခက်စသည်တို့၏ အနံ့သည် တစ်ခဏ ချင်း ပြည့်စုံလာ၏။

၅၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ စန္ဒကူးကို ပူဇော်ခဲ့၏၊ ထိုအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာရေပေါက် (လှူဒါန်း ရခြင်း)၏ အကျိုးပေတည်း။

--

၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဖုသိတကမ္ပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဖုသိတကမ္ပိယတ္ထေရအပဒါန် ပြီး၏။

၁-၂။ ဂါထာ ၃၈, ၃၉-တို့တွင် ဝိပဿီဘုရားဟု ပြပြီး ဂါထာ ၄၂-တွင် ပဒုမုတ္တရဟု ဆို၏၊ သို့သော် ဂါထာ ၅၁-၌ ကမ္ဘာတစ်သိန်းထက်ဟု ဆိုသဖြင့် ပဒုမုတ္တရဘုရားက မှန်စရာအကြောင်းရှိ၏။ ဝိပဿီဘုရား သည် ၉၁-ကမ္ဘာထက်၌ ပွင့်သည်။

၃။ ဂါထာ ၃၈, ၃၉-တို့တွင် ဝိပဿီဘုရားဟု ပြပြီး ဂါထာ ၄၂-တွင် ပဒုမုတ္တရဟု ဆို၏၊ သို့သော် ဂါထာ-၅၁-၌ ကမ္ဘာတစ်သိန်းထက်ဟု ဆိုသဖြင့် ပဒုမုတ္တရဘုရားက မှန်စရာအကြောင်းရှိ၏။ ဝိပဿီဘုရားသည် ၉၁-ကမ္ဘာထက်၌ ပွင့်သည်။

၆-ပဘကင်္ရတ္ထေရအပဒါန်

၅၃။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား၏ စေတီသည် သားရဲတိရစ္ဆာန်တို့ဖြင့် ရောပြွမ်းသော တော၌ ရှိ၏။

၅၄။ တစ်စုံတစ်ယောက်သောသူသည် စေတီတော်ကို ရှိခိုးခြင်းငှါ မသွားဝံ့ချေ၊ စေတီ သည် မြက်, ထင်း, နွယ်တို့ဖြင့် မြှေးယှက်အပ်သည် ဖြစ်၍ ပျက်စီးလျက် ရှိ၏။

၅၅။ ထိုအခါ ငါသည် အမိအဖတို့ ကွယ်လွန်သဖြင့် တော၌ အမှုပြုလုပ်သောသူ ဖြစ်၏၊ တော၌ မြက်, နွယ်တို့ဖြင့် မြှေးယှက်လျက် ပျက်စီးသော စေတီတော်ကို တွေ့မြင်ရ၏။

၅၆။ ငါသည် မြတ်စွာဘုရားစေတီတော်ကို ဖူးမြင်ရ၍ ဘုရားမြတ်၏ ဤစေတီသည် တော၌ ပျက်စီးလျက် နေ၏ဟု ရိုသေလေးစားသော စိတ်ကို ဖြစ်စေခဲ့၏။

၅၇။ ဂုဏ်ရှိ, ဂုဏ်မဲ့ကို သိသော ငါ့အား ဘုရားစေတီတော်ကို မသုတ်သင်မူ၍ အခြား အမှုကိစ္စကို အားထုတ်ခြင်းသည် မသင့်တော် မလျောက်ပတ်ချေ။

၅၈။ ငါသည် စေတီတော်၌ မြက်, ထင်းကိုလည်းကောင်း၊ နွယ်ကိုလည်းကောင်း သုတ် သင်၍ ရှစ်ကြိမ်တိုင်တိုင် ရှိခိုးပြီးလျှင် နောက်ဆုတ်လျက် သွားခဲ့၏။

၅၉။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ၌ ဖြစ်သော ကိုယ်ကို စွန့်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။

၆၀။ ထိုနတ်ပြည်၌ ငါ၏ ကောင်းစွာ ပြုအပ်သော ဗိမာန်သည် ရွှေဖြင့် ပြီး၏။ ပြိုးပြိုး ပြက်ပြက်ထွက်သော အရောင်ရှိ၏၊ ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။

--

၆၁။ အကြိမ်ပေါင်း သုံးရာတိုင်တိုင်လည်း နတ်မင်းအဖြစ်ကို ပြုခဲ့၏၊ ငါသည် စကြဝတေး မင်း နှစ်ဆယ့်ငါးကြိမ်လည်း ဖြစ်ခဲ့၏။

၆၂။ ငါသည် ဘဝကြီး, ငယ်၌ ကျင်လည်သည်ရှိသော် ဥစ္စာစည်းစိမ်များစွာကို ရ၏၊ ငါ့အား စည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်းသည် မရှိ။ ဤသို့ ဖြစ်ရခြင်းသည် (စေတီကို) သုတ် သင်ရခြင်း၏ အကျိုးပေတည်း။

၆၃။ ထမ်းစင်ဖြင့် ဖြစ်စေ၊ ဆင်ကျောက်ကုန်းဖြင့် ဖြစ်စေ အလိုရှိရာအရပ်သို့ သွားတိုင်း, သွားတိုင်းသော ငါ့အား တောသည် ကိုးကွယ်ရာ အဖြစ်ဖြင့် ပြီးစီး၏။

၆၄။ ငါသည် သစ်ငုတ်ကိုလည်းကောင်း၊ ဆူးကိုလည်းကောင်း မျက်စိဖြင့် မတွေ့မြင်ရ ချေ။ ကောင်းမှုကံနှင့် ယှဉ်သည်ဖြစ်၍ အလိုလိုသာလျှင် ဖဲသွားကုန်၏။

၆၅။ နူနာလည်းကောင်း၊ အိုင်းအနာလည်းကောင်း၊ ပွေးညှင်းနာလည်းကောင်း၊ ဝက်ရူး နာလည်းကောင်း၊ ခြေဖဝါးကွဲနာလည်းကောင်း၊ ဝဲနာလည်းကောင်း၊ ယားနာလည်းကောင်း (ဤအနာတို့သည် ) ငါ့အား မရှိကုန်။ ဤသို့ ဖြစ်ရခြင်းသည် စေတီတော်ကို သုတ်သင်ရခြင်း၏ အကျိုးပေတည်း။

၆၆။ ဘုရားစေတီတော်ကို သုတ်သင်ခြင်းကြောင့် (ဆိုအပ်ခဲ့ပြီးသည်မှ) တစ်ပါးသော အံ့ဩဖွယ်သည် ငါ့အား ဖြစ်ပေါ်ခဲ့၏၊ ငါ၏ ကိုယ်၌ အဖုငယ် ပေါက်ရောက်သည်ကိုမျှ မသိရ ပေ။

၆၇။ ဘုရားစေတီတော်၌ သုတ်သင်ခြင်းကြောင့် အခြားတစ်ပါးသော အံ့ဩဖွယ်သည် ငါ့အား ဖြစ်ပေါ်ခဲ့၏။ နတ်ဘဝလည်းကောင်း၊ ထိုမှတစ်ပါး လူ့ဘဝလည်းကောင်း ဤဘဝ နှစ်ပါး၌ ကျင်လည်ရ၏။

၆၈။ ဘုရားစေတီတော်၌ သုတ်သင်ခြင်းကြောင့် ငါ့အား အခြားတစ်ပါးသော အံ့ဩဖွယ် သည်လည်း ဖြစ်ပေါ်ခဲ့၏၊ ငါသည် ခပ်သိမ်းသော ဘဝတို့၌ ရွှေအဆင်းနှင့် တူသော အဆင်းရှိ သောသူ၊ အရောင်ရှိသောသူ ဖြစ်ရပေ၏။

၆၉။ ဘုရားစေတီတော်၌ သုတ်သင်ခြင်းကြောင့် ငါ့အား အခြားတစ်ပါးသော အံ့ဩဖွယ် သည်လည်း ဖြစ်ပေါ်ခဲ့၏၊ မနှစ်သက်ဖွယ်ဟူသမျှသည် ကင်းရှင်း၏၊ နှစ်သက်ဖွယ်ဟူသမျှသည် ကပ်၍ တည်၏။

၇၀။ ဘုရားစေတီတော်၌ သုတ်သင်ခြင်းကြောင့် ငါ့အား အခြားတစ်ပါးသော အံ့ဩဖွယ် သည်လည်း ဖြစ်ပေါ်သေး၏၊ ငါ၏ စိတ်သည် အထူးစင်ကြယ်၏၊ တစ်ခုတည်းသော အာရုံရှိ သည်ဖြစ်၍ ကောင်းစွာ တည်ကြည်၏။

၇၁။ ဘုရားစေတီတော်၌ သုတ်သင်ခြင်းကြောင့် ငါ့အား အခြားတစ်ပါးသော အံ့ဩဖွယ် သည်လည်း ဖြစ်ပေါ်သေး၏၊ တစ်ထိုင်တည်းဖြင့် နေ၍ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၇၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (ဘုရားစေတီတော်၌) သုတ်သင်မှုကို ပြုခဲ့ရ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဘုရားစေတီအား) သုတ်သင်ရခြင်း၏ အကျိုးပေတည်း။

၇၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဘင်္ကရမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ပဘကင်္ရတ္ထေရအပဒါန် ပြီး၏။

--

၇-တိဏကုဋိဒါယကတ္ထေရအပဒါန်

၇၄။ ငါသည် ဗန္ဓုမတီမြို့၌ သူတစ်ပါးအမှု၌ ယှဉ်သည်, သူတစ်ပါးထမင်းကို မှီသည် ဖြစ်၍ သူတစ်ပါး၏ အမှုလုပ်အစေအပါး ဖြစ်ခဲ့၏။

၇၅။ ထိုအခါ၌ ငါသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် ထိုင်ပြီးလျှင် လောက၌ ဘုရား ပွင့်တော်မူ၏၊ ငါ့အား ကုသိုလ်ကောင်းမှုလည်း မရှိချေ။

၇၆။ ငါ့အား ဘဝဂတိကို သုတ်သင်ရှင်းလင်းရန် အချိန်တန်ပြီ၊ ငါသည် နဝမခဏကို ပြီး စေအပ်၏၊ ကောင်းမှုမရှိသော သတ္တဝါတို့အား ငရဲနှင့် တွေ့ရခြင်းသည် ဆင်းရဲလှပေ၏ဟု ဤသို့ ကြံစည်ခဲ့၏။

၇၇။ ငါသည် ဤသို့ ကြံစည်ပြီးလျှင် အလုပ်ရှင်ထံသို့ ချဉ်းကပ်၏၊ တစ်ရက်မျှ အမှုကို (တစ်ရက်ခွင့်) တောင်းပန်ပြီး၍ ငါသည် တောသို့ ဝင်ခဲ့၏။

၇၈။ ထိုအခါ၌ ငါသည် မြက်ထင်းကိုလည်းကောင်း၊ နွယ်ကိုလည်းကောင်း ဆောင်၍ တိုင်သုံးလုံးတို့ကို စိုက်ထားပြီးလျှင် မြက်မိုးကျောင်းကို ဆောက်လုပ်ခဲ့၏။

၇၉။ ငါသည် သံဃာတော်၏ အကျိုးငှါ ထိုကျောင်းငယ်ကိုအပ်နှင်းလှူဒါန်းပြီးလျှင် ထို နေ့၌ပင်လျှင် ပြန်လာ၍ အလုပ်ရှင်ထံသို့ ချဉ်းကပ်ခဲ့၏။

၈၀။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏၊ ထိုတာဝတိံသာနတ်ပြည်၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို (လူ့ဘဝက လှူခဲ့သော) ကျောင်းငယ်ဖြင့် ကောင်းစွာ ဖန်ဆင်းအပ်၏။

၈၁။ မြားကျတစ်ထောင်ရှိ၏၊ ဘုံဆင့်တစ်ရာရို၏၊ များသော တံခွန် (အလံ) ရှိ၏၊ ရွှေဖြင့် ပြီး၏။ တစ်သိန်းသော နန်းဦးပြာသာဒ်ဆောင်တို့သည် ငါ၏ ဗိမာန်၌ ထင်ရှားဖြစ်ပေါ်ကုန်၏။

၈၂။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ ငါ၏ စိတ်အကြံကို သိ၍ ပြာသာဒ်သည် တည်လာ၏။

၈၃။ ကြောက်ခြင်းသည်လည်းကောင်း၊ ကိုယ်ခက်တရော်ရှိခြင်းသည်လည်းကောင်း၊ ကြက် သီးမွေးညင်းထခြင်းသည်လည်းကောင်း (ငါ့အား) မရှိချေ။ (ငါသည် ) မိမိ၏ ထိတ်လန့်ခြင်းကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။

၈၄။ ခြင်္သေ့, ကျားတို့သည်လည်းကောင်း၊ သစ်တို့သည်လည်းကောင်း၊ ဝံ, ဝံပုလွေ, အောင်းတို့သည်လည်းကောင်း ဤအလုံးစုံသော သားရဲတို့သည် ငါ့ကို ရှောင်ကွင်းကုန်၏။ ဤသို့ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။

၈၅၊ မြွေ, ကင်း, သန်းတို့သည်လည်းကောင်း၊ ဘုတ်, ပြိတ္တာတို့သည်လည်းကောင်း၊ နဂါး, ကုမ္ဘဏ်, ရက္ခိုသ်တို့သည်လည်းကောင်း၊ ထိုသတ္တဝါတို့သည်လည်း ငါ့ကို ရှောင်ကွင်း ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။

၈၆။ ငါသည် ငါ၏ မကောင်းသော အိပ်မက်မြင်မက်ခြင်းကို အမှတ်မရချေ၊ ငါ့အား သတိ သည် ထင်လာ၏။ ဤသို့ ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။

--

၈၇။ ငါသည် ထိုမြက်မိုးကျောင်းကို လှူရခြင်းကြောင့်သာလျှင် စည်းစိမ်ချမ်းသာတို့ကို ခံစားရပြီးနောက် ဂေါတမမြတ်စွာဘုရား၏ တရားတော်ကို မျက်မှောက်ပြုရ၏။

၈၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြက်မိုးကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။

၈၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိဏကုဋိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် တိဏကုဋိဒါယကတ္ထေရအပဒါန် ပြီး၏။

၈-ဥတ္တရေယျဒါယကတ္ထေရအပဒါန်

၉၀။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဗေဒင်ကို သရဇ္ဈာယ်သော, ဗေဒင်ကို ဆောင်သော, ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားဖြစ်ခဲ့၏။

၉၁။ ထိုအခါ ဇာတ်နှင့် ပြည့်စုံသော, ကောင်းစွာ သင်အပ်ပြီးသော အတတ်ရှိသော ငါသည် တပည့်အပေါင်းခြံရံလျက် ရေသွန်းအံ့သောငှါ မြို့မှ ထွက်ခဲ့၏။

၉၂။ တရားအားလုံးတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော, မာရ်ငါးပါးကို အောင်မြင်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန္တာတစ်ထောင်တို့နှင့်တကွ မြို့သို့ ဝင်တော်မူ၏။

၉၃။ ‘အလွန်တင့်တယ်သော အဆင်းရှိသော, မတုန်မလှုပ် ငြိမ်သက်အောင် ဆုံးမပြီးသော ဆင်ကို မြင်၍ စိတ်ကို ကြည်လင်စေသကဲ့သို့’ ငါသည် ရဟန္တာတို့ဖြင့် ခြံရံအပ်သော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် စိတ်ကို ကြည်လင်စေခဲ့၏။

၉၄။ ငါသည် ဦးခေါင်း၌ လက်အုပ်ချီလျက် ကောင်းသော အကျင့်ရှိတော်မူသော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ အပေါ်ရုံအဝတ်ကို ပေးလှူခဲ့၏။

၉၅။ ငါသည် လက်နှစ်ဖက်တို့ဖြင့် ယူ၍ အဝတ်ကို ပစ်မြှောက်လှူဒါန်းခဲ့၏၊ ထိုအခါ အဝတ်သည် ဘုရားပရိသတ်ရှိသလောက် ဖုံးလွှမ်းလေ၏။

၉၆။ ထိုအခါ (ပစ်မြှောက်လိုက်သော အဝတ်သည်) များစွာသော ရဟန်းအပေါင်းကို ခေါ်ဆောင်လျက် ဆွမ်းခံလှည့်လည်တော်မူသော မြတ်စွာဘုရား၏ (အပေါ်၌) အမိုးပြုကာ ငါ့အား ရွှင်လန်းစေလျက် တည်နေလေ၏။

၉၇။ အလိုလို ပွင့်တော်မူ၍ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် လမ်း ၌သာ ရပ်တော်မူလျက် အိမ်မှ ထွက်သော ငါ့အား အနုမောဒနာ ပြုတော်မူ၏။

--

၉၈။ အကြင်သူသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ငါဘုရားအား အဝတ်ကို ပေးလှူခဲ့၏၊ ထိုသူကို ငါဘုရား ဗျာဒိတ်စကား မြွက်ကြားတော်မူအံ့၊ မြွက်ကြား မည့် ငါဘုရား၏ စကားကို နာကြကုန်လော့-

၉၉။ ထိုသူသည် ကမ္ဘာသုံးသောင်းတို့ကာလပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်ငါးဆယ် နတ်တို့ကို အစိုးရသူဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရလတ္တံ့။

၁၀၀။ နတ်ပြည်၌ နေသော, ဘုန်းကံနှင့် ပြည့်စုံသောသူအား ထက်ဝန်းကျင်မှ ယူဇနာ တစ်ရာတိုင် အဝတ်အမိုးသည် ဖြစ်လတ္တံ့။

၁၀၁။ စကြာမင်းလည်း သုံးဆယ့်ခြောက်ကြိမ် ဖြစ်လတ္တံ့၊ ပြန့်ပြောများပြားသော ပဒေသရာဇ်မင်း အဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၁၀၂။ ဘဝကြီး, ငယ်၌ ကျင်လည်ရသော ဘုန်းကံနှင့် ပြည့်စုံသူအား အလုံးစုံ စိတ်ဖြင့် တောင့်တအပ်သော အရာဝတ္ထုသည် တောင့်တဆဲခဏ၌ ဖြစ်ပေါ်လတ္တံ့။

၁၀၃။ ဤသူသည် ပိုးပုဆိုး, ကမ္ဗလာ (သားမွေး) ပုဆိုးတို့ကိုလည်းကောင်း၊ ခေါမတိုင်းဖြစ်ပုဆိုး, ဝါချည်ပုဆိုးတို့ကိုလည်းကောင်း၊ အဖိုးများစွာ ထိုက်တန်ကုန်သော ပုဆိုးတို့ကိုလည်းကောင်း ဝတ်ဆင်ရလတ္တံ့။

၁၀၄။ ဤသူသည် စိတ်ဖြင့် တောင့်တအပ်သော အရာဝတ္ထုအားလုံးကို ရလတ္တံ့၊ ပုဆိုး တစ်ထည် လှူဒါန်းရခြင်း၏ အကျိုးကို အခါခပ်သိမ်း ခံစားရလတ္တံ့။

၁၀၅။ ထိုသူသည် နောက်၌ ရဟန်းပြုပြီးလျှင် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သည် ဖြစ်၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ အရဟတ္တဖိုလ်တရားကို မျက်မှောက်ပြုရလတ္တံ့ (ဟု မြွက်ကြားတော်မူ၏)။

၁၀၆။ ငါ၏ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံသည် အံ့ဩဖွယ်ရှိပါပေစွ၊ ငါသည် ခပ်သိမ်းသော တရားတို့ကို သိတော်မူသော မြတ်စွာဘုရားအား ပုဆိုးတစ်ထည်ကို ပေးလှူခဲ့ သောကြောင့် အမြိုက်နိဗ္ဗာန်သို့ ရောက်ရပေ၏။

၁၀၇။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်အနီး၌လည်းကောင်း၊ ဆိတ်ငြိမ်ရာ အိမ်၌လည်း ကောင်း နေသော ငါ့အား ပတ်ဝန်းကျင် တစ်လံမျှသော အရပ်၌ ပုဆိုးအမိုးသည် ဆောင်းမိုး၏။

၁၀၈။ ငါသည် သင်္ကန်းကိုလည်းကောင်း၊ ကြွင်းသော ပစ္စည်းကိုလည်းကောင်း မတောင်း မခံဘဲ ဝတ်ရုံသုံးဆောင်ရ၏။ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း ရ၏။ ဤသို့ ဖြစ်ရခြင်းသည် အပေါ်ရုံပုဆိုးအဝတ် လှူရခြင်း၏ အကျိုးပေတည်း။

၁၀၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကောင်းမှုကို ပြုခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးအဝတ် လှူရခြင်း၏ အကျိုးပေတည်း။

၁၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥတ္တရေယျဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဥတ္တရေယျဒါယကတ္ထေရအပဒါန် ပြီး၏။

--

၉-ဓမ္မသဝနိယတ္ထေရအပဒါန်

၁၁၁။ ခပ်သိမ်းသော တရားတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရ မည်သော မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို ဖော်ပြတော်မူလျက် လူများအပေါင်းကို ကယ်တင်တော်မူ၏။

၁၁၂။ ထိုအခါ၌ ငါသည် ထက်မြက်သော အကျင့်ရှိသော ဆံကျစ်ရသေ့ဖြစ်လျက် ရှိ၏၊ ထိုအခါ လျှော်တေသင်္ကန်းတို့ကို ခါလျက် ကောင်းကင်၌ သွားနေ၏။

၁၁၃။ ငါသည် ဘုရားမြတ်၏ အထက်၌ သွားခြင်းငှါ မဝံ့ပေ၊ ငှက်တို့သည် ကျောက် တောင်သို့ ရောက်လျှင် သွားခြင်းကို မရသကဲ့သို့ ထို့အတူ ငါသည် သွားခြင်းကို မရပေ။

၁၁၄။ ဣရိယာပုထ်၏ ဤသို့ ပျက်စီးခြင်းသည် ငါ့အား ရှေး၌ မဖြစဖူးပေ၊ ရေ၌ ပေါ်၍ သွားသကဲ့သို့ ထို့အတူ ကောင်းကင်၌ ပေါ်၍ သွား၏။

၁၁၅။ မြတ်သော လူပုဂ္ဂိုလ်သည် ငါတို့၏ အောက်၌ (မုချ) ရှိသည် ဖြစ်လတ္တံ့၊ ယခု ငါသည် ထိုပုဂ္ဂိုလ်မြတ်ကို ရှာမှီးတော့အံ့၊ ငါသည် အကျိုးထူးကို ရသော်လည်း ရတန်ရာ၏။

၁၁၆။ ကောင်းကင်မှ သက်ဆင်းသည်ရှိသော် မမြဲသော တရားကို ဟောကြားလျက်ရှိသော မြတ်စွာဘုရား၏ အသံတော်ကို ကြားနာရ၏၊ ထိုအခါ၌ ငါသည် ထိုတရားတော်ကို သင်ယူခဲ့၏။

၁၁၇။ ငါသည် မမြဲသောအမှတ် ‘အနိစ္စသညာ’ ကို သင်ယူပြီးလျှင် ငါ၏ သင်္ခမ်းကျောင်းသို့ သွားခဲ့၏၊ ငါသည် အသက်ထက်ဆုံး နေပြီး၍ ထိုသင်္ခမ်းကျောင်း၌ ကွယ်လွန်ခဲ့၏။

၁၁၈။ စုတိစိတ် ဖြစ်ခါနီးသောအခါ ထိုတရားနာခြင်းကို အမှတ်ရပေ၏၊ ကောင်းစွာ ပြုအပ်ခဲ့သော ထိုကံကြောင့် ငါသည် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။

၁၁၉။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့၏၊ ငါးဆယ့်တစ်ကြိမ် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏။

၁၂၀။ ငါသည် လည်း စကြဝတေးမင်း ခုနစ်ဆယ့်တစ်ကြိမ် ဖြစ်ခဲ့ဖူး၏၊ ပြန့်ပြောများပြား သော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၁၂၁။ ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော ရဟန်းသည် အဖအိမ်၌ နေ၍ ဂါထာဖြင့် ဖော်ပြလျက် အမြဲမရှိသော အဖြစ်ကို ဟောတော်မူ၏။

၁၂၂။ ငါသည် ဘဝကြီး, ငယ်၌ ကျင်လည်ရစဉ် ထိုမမြဲသော အမှတ်ကိုသာလျှင် အောက် မေ့၏၊ အဆုံးဘဝ၌ကား စုတေခြင်း မရှိသော အရိယာတို့သည် ရောက်အပ်သော နိဗ္ဗာန်ဟူသော အထွတ်အထိပ်ကို ထိုးထွင်း၍ မသိ။

၁၂၃။ သင်္ခါရတရားတို့သည် စင်စစ် အမြဲမရှိကုန်၊ ဖြစ်ခြင်း, ပျက်ခြင်း သဘောရှိကုန်၏၊ ဖြစ်ပြီး၍့ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ချမ်းသာ၏။

၁၂၄။ ဂါထာကို ကြားနာရသည်နှင့် တစ်ပြိုင်နက် ရှေးပြုခဲ့သော ကံကို အမှတ်ရခဲ့၏၊ တစ်ထိုင်တည်းဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၁၂၅။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိလျက် အရဟတ္တဖိုလ်သို့ ရောက်၏၊ စက္ခု ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် (ငါ့) ဂုဏ်ကို သိတော်မူ၍ ရဟန်းပြုပေး တော်မူ၏။

--

၁၂၆။ ငါသည် သူငယ် ဖြစ်ပါလျက် ပြုဖွယ်ကိစ္စကို ပြီးဆုံးစေခဲ့၏၊ ယနေ့ ငါ့အား မြတ်စွာဘုရား သာသနာတော်၌ ပြုဖွယ်ကိစ္စသည် အဘယ်မှာ ရှိတော့အံ့နည်း။

၁၂၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကောင်းမှု ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သူတော်ကောင်းတရား ကို ကြားနာရခြင်း၏ အကျိုးပေတည်း။

၁၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓမ္မသဝနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဓမ္မသဝနိယတ္ထေရအပဒါန် ပြီး၏။

၁၀-ဥက္ခိတ္တပဒုမိယတ္ထေရအပဒါန်

၁၂၉။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ပန်းသည် ဖြစ်ခဲ့၏၊ ပဒုမ္မာကြာအိုင်သို့ သက် ဆင်းပြီးလျှင် ငါသည် ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာကို ဆွတ်ခူး၏။

၁၃၀-၁၃၁။ ခပ်သိမ်းသော တရားတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ယောက်ျားမြတ် ဖြစ်တော်မူသော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငြိမ်သက်သော စိတ်ရှိကုန် သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ကိလေသာမှ စင်ကြယ်ကုန်သော အဘိညာဉ်ခြောက်ပါး ရှိကုန်သော ရဟန္တာတစ်သိန်းတို့နှင့်တကွ ငါ၏ ကြီးပွါးမှုကို ရှာမှီးတော်မူလိုသည် ဖြစ်၍ ကြွလာတော်မူ၏။

၁၃၂။ ထိုအခါ ငါသည် နတ်ထက်နတ် ဖြစ်တော်မူသော အလိုလိုဖြစ်တော်မူသော မြတ်စွာဘုရားကို မြင်သဖြင့် ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာပန်းကို အညှာ၌ ဖြတ်၍ ကောင်းကင်၌ ပစ်မြှောက်ပူဇော်ခဲ့၏။

၁၃၃။ ရဲရင့်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်သော ဘုရားစင်စစ် အကယ်၍ ဖြစ်ခဲ့ပါမူ ပဒုမ္မာကြာတို့သည် အလိုလိုသွား ကုန်၍ အရှင်ဘုရား၏ ဦးထိပ်၌ ဆောင်းမိုးပါစေကုန်သတည်း။

၁၃၄။ လုံ့လကြီးမားတော်မူ၍ လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရား သည် အဓိဋ္ဌာန် (ဆောက်တည်) တော်မူ၏၊ မြတ်စွာဘုရား၏ အာနုဘော်တော်ကြောင့် ထို ကြာပန်းတို့သည် ဦးထိပ်၌ ဆောင်းမိုးလျက် ရှိ၏။

၁၃၅။ ငါသည် ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုတို့ကြောင့်လည်းကောင်း လူ၌ ဖြစ်သော ကိုယ်ခန္ဓာကို စွန့်၍ တာဝတိံသာဘုံ သို့ ရောက်၏။

--

၁၃၆။ ထိုတာဝတိံသာနတ်ပြည်၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို “သတပတ္တ”ဟု ဆိုအပ်၏၊ ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။

၁၃၇။ ငါသည် သိကြားမင်း အကြိမ်တစ်ထောင် ဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ၏၊ စကြဝတေးမင်းလည်း ခုနစ်ဆယ့်ငါးကြိမ်တိုင်တိုင် ဖြစ်၏။

၁၃၈။ ပြန့်ပြောများပြားသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေ တွက်နိုင်၊ ရှေးက့ကိုယ်တိုင် ကောင်းစွာ ပြုအပ်သော မိမိကုသိုလ်ကံ၏ အကျိုးကို ခံစား ရ၏။

၁၃၉။ ထိုပဒုမ္မာကြာ တစ်ပွင့်ကြောင့်သာလျှင် စည်းစိမ်တို့ကို ခံစားပြီးနောက် ငါသည် ဂေါတမမြတ်စွာဘုရား၏ အရဟတ္တဖိုလ်တရားကို မျက်မှောက်ပြုရ၏။

၁၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်၏၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝေါ မရှိဘဲ နေရ၏။

၁၄၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပဒုမ္မာကြာတစ်ပွင့်လှူရခြင်း၏ အကျိုးပေတည်း။

၁၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥက္ခိတ္တပဒုမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဥက္ခိတ္တပဒုမိယတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်လေးခုမြောက် ဂန္ဓောဒကဝဂ် ပြီး၏။

--

၃၅-ဧကပဒုမိယဝဂ်

၁-ဧကပဒုမိယတ္ထေရအပဒါန်

။ တရားခပ်သိမ်းတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဘဝကြီး, ငယ်တို့ကို ထင်စွာပြလျက် များစွာသော လူအပေါင်းကို (သံသရာမှ) ကယ်တင်တော်မူ၏။

။ ထိုအခါ ငါသည် ငှက်အပေါင်းတို့ထက် မြတ်သော ဟင်္သာမင်း ဖြစ်၏၊ ဇာတဿရ အိုင်သို့ ကောင်းစွာ သက်ဆင်းလျက် ဟင်္သာငှက်တို့ ကစားနည်းမျိုးကို ကစားလျက် ရှိ၏။

။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုခဏ၌ ဇာတဿရအိုင်၏ အထက်သို့ ကြွလာတော်မူ၏။

။ ငါသည် လောက၌ ရှေ့သွားဖြစ်၍ နတ်ထက်နတ် ဖြစ်တော်မူသော (ပဒုမုတ္တရ) မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် စိတ်နှလုံးမွေ့လျော်ဖွယ်ရှိသော ပွင့်ချပ်တစ်ရာ ပဒုမ္မာကြာပန်းကို အညှာ၌ ဖြတ်၍ -

။ ခံတွင်းနှုတ်သီးဖြင့် ကိုက်ချီပြီးလျှင် မြတ်စွာဘုရား၌ ကြည်ညိုသည်ဖြစ်၍ ကောင်း ကင်၌ မြှောက်ချီလျက် မြတ်စွာဘုရားကို ပူဇော်ခဲ့၏။

။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တည်လျက် ငါ့အား ပန်းအနုမောဒနာ ပြုတော်မူ၏။

။ ဤပဒုမ္မာကြာပန်းတစ်ပွင့်ကို လှူရခြင်းကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှု တို့ကြောင့်လည်းကောင်း သင်သည် ကမ္ဘာတစ်သိန်းပတ်လုံး ပျက်စီးကျရာ အပါယ်သို့ မလား ရလတ္တံ့။

။ ဤစကားကို မိန့်တော်မူပြီးနောက် ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ငါ၏ ကောင်းမှုကံကို ချီးကျူး၍ အလိုရှိရာ အရပ်သို့ ကြွသွားတော်မူ၏။

။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား (ကြာပန်း) ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကပဒုမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဧကပဒုမိယတ္ထေရအပဒါန် ပြီး၏။

--

၂-တီဏုပ္ပလမာလိယတ္ထေရအပဒါန်

၁၁။ ထိုအခါ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်း၌ မျောက်ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်း တော်မူသော မြတ်စွာဘုရားကို တောင်ကြား၌ သီတင်းသုံး ထိုင်နေတော်မူစဉ် ဖူးမြင်ခဲ့ရ၏။

၁၂။ အရပ်အားလုံးတို့ကို ထွန်းလင်းတောက်ပစေနိုင်သည်ဖြစ်၍ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းသဖွယ် လက္ခဏာတော်ကြီးငယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့၏။

၁၃။ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည် ပီတိဖြင့် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ကြာပန်းသုံးပွင့်ကို ဦးထိပ်၌ တင်လှူပူဇော်ခဲ့၏။

၁၄။ ဝိပဿီမြတ်စွာဘုရားအား ပန်းတို့ကို လှူဒါန်းပူဇော်ပြီးနောက် ရိုသေခြင်းနှင့် တကွ ဖြစ်၍ မြောက်အရပ်သို့ ရှေးရှုဖဲသွား၏၊

၁၅။ အလွန်ကြည်လင်သော စိတ်ဖြင့် နောက်သို့ ပြန်ဆုတ်လျက် သွားသည်ရှိသော် တောင်ကြား၌ ကျ၍ အသက်ကုန်ခြင်းသို့ ရောက်ခဲ့၏။

၁၆။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုကြောင့်လည်းကောင်း ရှေးဘဝ၁ကို စွန့်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။

၁၇။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏၊ အကြိမ်ငါးရာ တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြာပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တီဏုပ္ပလမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် တီဏုပ္ပလမာလိယတ္ထေရအပဒါန် ပြီး၏။

၁။ ပါဠိ၌ မာနုသံ ဒေဟံဟု ရှိသော်လည်း ဤအပဒါန်နှင့် တူသော ဥမာဝဂ် တတိယအပဒါန်တွင် ပုရိမံ ဇာတိံဟု ရှိသဖြင့်လည်းကောင်း၊ မျောက်ဘဝဖြစ်သဖြင့်လည်းကောင်း ပုရိမံ ဇာတိံကို ယူ၍ ရှေးဘဝဟု ပြန်သည်။

--

၃-ဓဇဒါယကတ္ထေရအပဒါန်

၂၀။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော တိဿမြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ (ထိုမြတ်စွာဘုရား၌) ဥပဓိသုံးပါးတို့ ကုန်ခန်းခြင်းတို့ကို သိမြင်၍ ငါသည် တံခွန်ကို တင်လှူပူဇော်ခဲ့၏။

၂၁။ ကောင်းစွာ ပြုလုပ်အပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုတို့ကြောင့်လည်းကောင်း ငါသည် လူ၌ ဖြစ်သောကိုယ်ကို စွန့်၍ တာဝတိံသာ နတ်ပြည်သို့ ရောက်၏။

၂၂။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏၊ အကြိမ်ငါးရာ တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၂၃။ ပြန့်ပြောများပြားသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေ တွက်နိုင်၊ ရှေးက မိမိကိုယ်တိုင် ကောင်းစွာ ပြုအပ်သော မိမိ ကောင်းမှုကံအကျိုးကို ခံစား ရ၏။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်လှူရခြင်း၏ အကျိုးပေတည်း။

၂၅။ ငါသည် ယနေ့ အလိုရှိပါမူ ဟိမဝန္တာတောနှင့်တကွ စကြဝဠာတောင်နှင့်တကွသော အရပ်ကို ခေါမတိုင်းဖြစ် ပုဆိုးဖြင့် ဖုံးလွှမ်းနိုင်၏။ ဤသို့ ဖြစ်ရခြင်းသည် ထိုအခါ၌ ငါပြုအပ်သော ကောင်းမှုကံ၏ အကျိုးပေတည်း။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓဇဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဓဇဒါယကတ္ထေရအပဒါန် ပြီး၏။

--

၄-တိကိကင်္ဏိပူဇကတ္ထေရအပဒါန်

၂၇။ ဟိမဝန္တာတောင်၏ အနီး၌ ဘူတဂဏမည်သော တောင်သည် ရှိ၏၊ ထိုတောင်ဝယ် သစ်ပင်ဖျား၌ ဆွဲထားကပ်ငြိသော ပံ့သကူသင်္ကန်းကို တွေ့မြင်ရ၏။

၂၈။ ထိုအခါ၌ ငါသည် ဆည်းလည်းပန်း သုံးပွင့်တို့ကို ဆွတ်ခူးပြီးလျှင် ရွှင်လန်းသည် ဖြစ်၍ ရွှင်ပျသော စိတ်ဖြင့် ပံ့သကူသင်္ကန်းကို ပူဇော်ခဲ့၏။

၂၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းသုံးပွင့်တို့ကို လှူရ ခြင်း၏ အကျိုးပေတည်း။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိကိင်္ကဏိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် တိကိကင်္ဏိပူဇကတ္ထေရအပဒါန် ပြီး၏။

၅-နဠာဂါရိကတ္ထေရအပဒါန်

၃၁။ ဟိမဝန္တာတောင်၏ အနီး၌ ဟာရိတမည်သော တောင်သည် ရှိ၏၊ ထိုအခါ နာရဒမည်သော မြတ်စွာဘုရားသည် (ထိုတောင်ဝယ်) သစ်ပင်ရင်း၌ ထိုင်နေတော်မူ၏။

၃၂။ ငါသည် ကျူဖြင့် ပြီးသော ကျောင်းကို ဆောက်လုပ်ပြီးလျှင် မြက်ဖြင့် မိုးခဲ့၏၊ ငါသည် စင်္ကြံကို သုတ်သင်၍ မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။

၃၃။ ငါသည် တစ်ဆယ့်လေးကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ ခုနစ်ဆယ့်လေး ကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။

၃၄။ ငါသည် ခုနစ်ဆယ့်လေးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြော သော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၃၅။ မြင့်သော ငါ၏ ဗိမာန်သည် ‘သက်တင်ရေးကဲ့သို့’ စွင့်စွင့် တက်၏၊ (ငါ၏) ဗိမာန် သည် တိုင်ပေါင်းတစ်ထောင် ရှိသည်ဖြစ်၍ အတုမရှိ ပြိုးပြိုးပြက်ပြက် ထွက်သော အရောင် ရှိ၏။

--

၃၆။ ငါသည် စည်းစိမ်နှစ်မျိုးကို ခံစားပြီးနောက် ဖြူစင်သော ကုသိုလ်အကြောင်း ရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်း ပြုခဲ့၏။

၃၇။ ငါသည် ကမ္မဋ္ဌာန်းအားထုတ်မှု၌ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ ငြိမ်းအေးလျက် ကိလေသာဥပဓိ မရှိသူ ဖြစ်၏၊ ‘ဆင်ပြောင်သည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့ သို့’ အာသဝေါ ကင်းလျက် နေရ၏။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နဠာဂါရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် နဠာဂါရိကတ္ထေရအပဒါန် ပြီး၏။

၆-စမ္ပကပုပ္ဖိယတ္ထေရအပဒါန်

၃၉။ ဟိမဝန္တာတောင်၏ အနီး၌ ဇာပလမည်သော တောင်သည် ရှိ၏၊ ထိုတောင်ကြား၌ သုဒဿနမည်သော ပစ္စေကဗုဒ္ဓါသည် သီတင်းသုံးတော်မူ၏။

၄၀။ ငါသည် ပန်းကို ယူ၍ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာသို့ သွားစဉ် ကိလေသာမြူ ကင်းတော်မူသော အာသဝေါ ကင်းတော်မူသော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၏။

၄၁။ ထိုအခါ ငါသည် စံကားပန်း ခုနစ်ပွင့်တို့ကို ဦးခေါင်း၌ ထား၍ အလိုလို ဖြစ်တော် မူ၍ မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကျေးဇူးကို ရှာမှီးတော်မူသော ပစ္စေကဗုဒ္ဓါအား တင်လှူ ပူဇော်ခဲ့၏။

၄၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပန်းပူ ဇော်ရခြင်း၏ အကျိုးပေတည်း။

၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စမ္ပကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် စမ္ပကပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၇-ပဒုမပူဇကတ္ထေရအပဒါန်

၄၄။ ဟိမဝန္တာတောင်၏ အနီး၌ ရောမသမည်သော တောင်သည် ရှိ၏၊ ထိုအခါ၌ သမ္ဘဝမည်သော ပစ္စေကဗုဒ္ဓါသည်လည်း လွင်တီးခေါင် (ဟင်းလင်းအပြင်) ၌ သီတင်းသုံးတော် မူ၏။

၄၅။ ငါသည် ဗိမာန်မှ ထွက်၍ ပဒုမ္မာကြာကို (ပစ္စေကဗုဒ္ဓါအား) ဆောင်းမိုး၏၊ တစ်ရက် ပတ်လုံး ဆောင်းမိုး၍ တစ်ဖန် ဗိမာန်သို့ ချဉ်းကပ်၏။

၄၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပန်းပူ ဇော်ရခြင်း၏ အကျိုးပေတည်း။

၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဒုမပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ပဒုမပူဇကတ္ထေရအပဒါန် ပြီး၏။

တစ်ဆယ့်သုံးခုမြောက် ဘာဏဝါရ ပြီး၏။

--

၈-တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန်

၄၈။ ဟိမဝန္တာတောင်၏ အနီး၌ လမ္ဗကမည်သော တောင်သည် ရှိ၏၊ ဥပတိဿမည်သော ပစ္စေကဗုဒ္ဓါသည် (ထိုတောင်ဝယ်) လွင်တီးခေါင် (လွင်ပြင်) ၌ စကြøကြွတော်မူ၏။

၄၉။ ထိုအခါ ငါသည် ငှက်တို့ တွန်မြည်ရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ နတ် ထက်နတ်ဖြစ်၍ ရန်သူတို့သည် မအောင်အပ်သော ထိုပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၍ -

၅၀။ ငါသည် အထူးကြည်လင်သော စိတ်ဖြင့် မြတ်သော သီလစသော ကျေးဇူးကို ရှာမှီး တော်မူလေ့ရှိသော ထိုပစ္စေကဗုဒ္ဓါဘုရားအား ထိုင်နေတော်မူရန် အလို့ငှါ မြက်ဆုပ်ကို ပေးလှူ ခဲ့၏။

၅၁။ နတ်ထက်နတ် ဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါဘုရားအား ပေးလှူရခြင်းကြောင့် စိတ် ကို လွန်စွာ ကြည်လင်စေခဲ့၏၊ ပစ္စေကဗုဒ္ဓါဘုရားကို ရိုသေစွာ ရှိခိုး၍ မြောက်အရပ်သို့ ရှေးရှု ဖဲသွားခဲ့၏။

၅၂။ ဖဲသွား၍ မကြာမီပင် ခြင်္သေ့သည် ငါ့ကို ပုတ်ခတ်လေ၏၊ ငါသည် ခြင်္သေ့ ပုတ်ခတ်အပ်သည်ဖြစ်၍ ထိုအရပ်၌ပင် ကွယ်လွန်၏။

၅၃။ အာသဝေါ ကင်းတော်မူသော ပစ္စေကဗုဒ္ဓါဘုရားမြတ်၌ သေခါနီးအခါတွင် ငါ ပြုအပ် သော ကံသည် ‘လေးမှ ကောင်းစွာ လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါသည် နတ်ပြည်သို့ ရောက်ရ၏။

၅၄။ နတ်ပြည်၌ ကုသိုလ်ကောင်းမှုက ဖန်ဆင်းထားသော ပြာသာဒ်သည် တင့်တယ်လှပေ၏၊ မြားကျတစ်ထောင် ရှိ၏၊ ဘုံဆင့်တစ်ရာ ရှိ၏၊ များပြားသော တံခွန်ရှိ၏၊ ရွှေဖြင့် ပြီး၏။

၅၅။ ‘တက်သစ်သော နေမင်းကဲ့သို့’ ထိုပြာသာဒ်၏ အရောင်သည် ပြေးထွက်လျက် ရှိ၏၊ ငါသည် နတ်သမီးတို့နှင့် ရောပြွမ်းလျက် အလိုရှိအပ်သော ကာမတို့ကို အလိုရှိတိုင်း ရရှိသည် ဖြစ်၍မွေ့လျော်ရပေ၏။

၅၆။ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည် ဖြစ်၍ လူ့ဘဝသို့ လာပြီးလျှင် အာသဝတရား ကုန်ခန်းခြင်းသို့ ရောက်ရပေ၏။

၅၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် ထိုင်စရာ မြက်အခင်းကို လှူခဲ့၏၊ ထိုအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်ဆုပ် လှူရခြင်း၏ အကျိုးပေတည်း။

၅၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိဏမုဋ္ဌိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန် ပြီး၏။

--

၉-တိန္ဒုကဖလဒါယကတ္ထေရအပဒါန်

၅၉။ ငါသည် ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပလျက် ကိလေသာမြူ ကင်းတော်မူ သော ဩဃမှ့လွန်မြောက်သည်ဖြစ်၍ အာသဝေါ ကင်းတော်မူသော မြတ်စွာဘုရားကို တောင်ကြား၌ ထိုင်နေတော်မူစဉ် ဖူးမြင်ရ၏။

၆၀။ ငါသည် အသီးရှိသော တည်ပင်ကို မြင်သဖြင့် အခိုင်နှင့် တကွ ချိုးပြီးလျှင် ကြည် လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။

၆၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တည်သီးကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တည်သီးလှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိန္ဒုကဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် တိန္ဒုကဖလဒါယကတ္ထေရအပဒါန် ပြီး၏။

၁၀-ဧကဉ္ဇလိယတ္ထေရအပဒါန်

၆၃။ ရောမသအမည်ရှိတော်မူသော ပစ္စေကဗုဒ္ဓါသည် မြစ်ကမ်း၌ နေတော်မူ၏၊ ထိုအခါ ငါသည် ကိလေသာမြူ ကင်းတော်မူသော ‘နေမင်းကဲ့သို့’ ဝါဝင်းသော ရောင်ခြည်ရှိတော်မူ သော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၏။

၆၄။ ‘ဖိုဝ၌ လှော်ပြီး, ဦးပြီးသော ရွှေကဲ့သို့’ ဖြစ်၍ ရှားမီးနှင့် တူတော်မူသော ‘သောက် ရှူးကြယ်ကဲ့သို့’ တင့်တယ်တောက်ပတော်မူသော ပစ္စေကဗုဒ္ဓါကို ငါသည် လက်အုပ်တစ်ကြိမ် ချီခြင်းကို ပြုခဲ့၏။

၆၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် လက်အုပ်ချီမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လက်အုပ်ချီ ခြင်း၏ အကျိုးပေတည်း။

၆၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဉ္ဇလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဧကဉ္ဇလိယတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်ငါးခုမြောက် ဧကပဒုမိယဝဂ် ပြီး၏။

--

၃၆-သဒ္ဒသညကဝဂ်

၁-သဒ္ဒသညကတ္ထေရအပဒါန်

။ ရှေးအခါ ငါသည် ငှက်တို့ တွန်မြည်ရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ထိုတော၌ နတ်အပေါင်း ခြံရံအပ်သော -

။ သစ္စာလေးပါးကို ဖော်ပြတော်မူလျက် လူအပေါင်းကို (သံသရာမှ) ကယ်တင်တော်မူ သော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ကရဝိက်ငှက်၏ အသံနှင့်တူသော သာယာချိုမြိန်သော တရားစကားကိုလည်း ကြားနာရ၏။

။ ဗြဟ္မာမင်း၏ အသံနှင့် တူသော အသံရှိတော်မူသော လောက၏ အဆွေဖြစ်တော် မူသော သိခီ မြတ်စွာဘုရား၏ အသံတော်၌ စိတ်ကို ကြည်လင်စေ၍ ယခုဘဝ၌ ငါသည် အာသဝေါတရား ကုန်ခြင်းသို့ရောက်ပေ၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တရားနာမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဘုရားကို) ကြည်ညိုရ ခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဒ္ဒသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော သဒ္ဒသညကတ္ထေရအပဒါန် ပြီး၏။

--

၂-ယဝကလာပိယတ္ထေရအပဒါန်

။ ထိုအခါ၌ (ငါသည် ) အရုဏဝတီမြို့၌ မုယောခင်းစောင့် ဖြစ်ခဲ့၏၊ လမ်းခရီး၌ မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် မုယောစည်းကို ခင်းထား၏။

။ သနားခြင်း ‘ကရုဏာ’ ရှိသည် ဖြစ်၍ အစဉ်စောင့်ရှောက်တော်မူသော လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော သိခီမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ မုယောအခင်း၌ ထိုင်နေတော်မူ၏။

။ အညစ်အကြေး ကင်းစင်တော်မူသော မြတ်သောဈာန်ကို ဝင်စားလေ့ရှိတော်မူသော မြတ်စွာဘုရားကို (မုယောစည်းအခင်း၌) ထိုင်နေတော်မူသည်ကို ဖူးမြင်ရ၍ နှစ်သက်ဝမ်း မြောက်ခြင်း ဖြစ်စေပြီးနောက် ငါသည် ထိုအရပ်၌ပင် ကွယ်လွန်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မုယောစည်းကို ခင်း၍ လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မုယော စည်းခင်း လှူရခြင်း၏ အကျိုးပေတည်း။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ယဝကလာပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ယဝကလာပိယတ္ထေရအပဒါန် ပြီး၏။

၃-ကိံသုကပူဇကတ္ထေရအပဒါန်

၁၁။ ပွင့်နေသော ပေါက်ပန်းပင်ကို မြင်သဖြင့် သိဒ္ဓတ္ထမြတ်စွာဘုရားကို အောက်မေ့လျက် လက်အုပ်ချီပြီးလျှင် ကောင်းကင်၌ ပူဇော်ခဲ့၏။

၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပေါက်ပွင့်ကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကိံသုကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ကိံသုကပူဇကတ္ထေရအပဒါန် ပြီး၏။

--

၄-သကောသကကောရဏ္ဍဒါယကတ္ထေရအပဒါန်

၁၄။ ငါသည် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရား၏ နင်းကြွတော်မူ သော ခြေတော်ရာကို တွေ့မြင်သဖြင့် သစ်နက်ရေကို လက်ဝဲတစ်ဖက် ပခုံးထက်၌ တင်ပြီးလျှင် ခြေတော်ရာမြတ်ကို ရှိခိုးခဲ့၏။

၁၅။ မြေ၌ ပေါက်သော ပွင့်နေသော လိပ်ဆူးရွှေပင်ကို မြင်သဖြင့် အခိုင်နှင့်တကွ ယူ၍ ခြေတော်ရာကို ပူဇော်ခဲ့၏။

၁၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေတော်ရာကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သကောသကကောရဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် သကောသကကောရဏ္ဍဒါယကတ္ထေရအပဒါန် ပြီး၏။

၅-ဒဏ္ဍဒါယကတ္ထေရအပဒါန်

၁၈။ ထိုအခါ ငါသည် ငှက်တို့ တွန်မြည်ရာ ဖြစ်သော တောသို့ ဝင်၍ ဝါးကို ဖြတ်ပြီး လျှင် တောင်ဝှေးပြုလုပ်လျက် သံဃာအား လှူဒါန်းခဲ့၏။

၁၉။ ထိုစိတ်၏ ကြည်လင်ခြင်းဖြင့် ကောင်းသော အကျင့်ရှိသော သံဃာတော်၌ ရှိခိုး၍ တောင်ဝှေးကိုလည်း လှူဒါန်းပြီးလျှင် မြောက်အရပ်သို့ ရှေးရှုဖဲသွားခဲ့၏။

၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ တောင်ဝှေးကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တောင်ဝှေးလှူရ ခြင်း၏ အကျိုးပေတည်း။

၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဒဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဒဏ္ဍဒါယကတ္ထေရအပဒါန် ပြီး၏။

--

၆-အမ္ဗယာဂုဒါယကတ္ထေရအပဒါန်

၂၂။ အလိုလိုဖြစ်တော်မူ၍ ရန်သူတို့သည် မအောင်အပ်သော သတရံသီမည်တော်မူသော ပစ္စေကဗုဒ္ဓါသည် သမာပတ်မှ ထ၍ ဆွမ်းအလို့ငှါ ငါ၏ (အိမ်သို့) ကြွတော်မူ၏။

၂၃။ ငါသည် အထူးသဖြင့် ကြည်လင်သော စိတ်ရှိတော်မူသော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၍ ထိုပစ္စေကဗုဒ္ဓါအား အထူးကြည်လင်သော စိတ်ဖြင့် သရက်သီးယာဂုကို လှူဒါန်းခဲ့၏။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ယာဂုလှူဒါန်းမှု ပြုလုပ်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီးယာဂုကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အမ္ဗယာဂုဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် အမ္ဗယာဂုဒါယကတ္ထေရအပဒါန် ပြီး၏။

၇-သုပုဋကပူဇကတ္ထေရအပဒါန်

၂၆။ လောက၏ ရှေ့သွားဖြစ်တော်မူသော ထိုဝိပဿီမြတ်စွာဘုရားသည် နေ့သန့်ရာမှ ထွက်တော်မူလျက် ဆွမ်းခံလှည့်လည်တော်မူသည်ရှိသော် ငါ၏ အထံသို့ ကြွတော်မူလာ၏။

၂၇။ ထိုအခါ ငါသည် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားအား ဆားထုပ်ကို ပေးလှူခဲ့သဖြင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ဆားထုပ်ကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆားထုပ် လှူရခြင်း၏ အကျိုးပေတည်း။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုပုဋကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် သုပုဋကပူဇကတ္ထေရအပဒါန် ပြီး၏။

--

၈-မဉ္စဒါယကတ္ထေရအပဒါန်

၃၀။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား ငါသည် ကြည်ညိုသည်ဖြစ်၍ မိမိလက်ဖြင့် ညောင်စောင်းတစ်ခုကို လှူဒါန်းခဲ့၏။

၃၁။ ငါသည် ထိုညောင်စောင်းအလှူကြောင့် ဆင်ယာဉ်ကိုလည်းကောင်း၊ မြင်းယာဉ်ကိုလည်းကောင်း၊ နတ်၌ ဖြစ်သော ယာဉ်ကိုလည်းကောင်း ရခဲ့၏။ အာသဝေါ ကုန်ခြင်းသို့လည်း ရောက်ပေ၏။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ညောင်စောင်းကို လှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ညောင်စောင်းလှူရ ခြင်း၏ အကျိုးပေတည်း။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဉ္စဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် မဉ္စဒါယကတ္ထေရအပဒါန် ပြီး၏။

၉-သရဏဂမနိယတ္ထေရအပဒါန်

၃၄။ ထိုအခါ၌ ရဟန်းတော်သည်လည်းကောင်း၊ တက္ကတွန်း (အာဇီဝက) သည်လည်းကောင်း၊ ငါသည် လည်းကောင်း လှေကို စီးကုန်၏။ လှေပျက်သည်ရှိသော် ရဟန်းသည် ငါ့အား သရဏဂုံကို ပေး၏။

၃၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ (ရဟန်းသည်) ငါ့အား သရဏဂုံကို ပေးခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရဏဂုံ ဆောက်တည်ရခြင်း၏ အကျိုးပေတည်း။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သရဏဂမနိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-ပိဏ္ဍပါတိကတ္ထေရအပဒါန်

၃၇။ တိဿအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ တော၌ သီတင်းသုံး တော်မူ၏၊ ထိုအခါ ငါသည် တုသိတာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ ဆွမ်းကို လှူဒါန်းခဲ့၏။

၃၈။ များသော အခြံအရံရှိတော်မူသော တိဿမည်သော မြတ်စွာဘုရားကို ရှိခိုးခဲ့၍ မိမိ စိတ်ကို ကြည်လင်စေပြီးလျှင် ငါသည် တုသိတာနတ်ပြည်သို့ သွားခဲ့၏။

၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ဆွမ်းအလှူကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိဏ္ဍပါတိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ပိဏ္ဍပါတိကတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်ခြောက်ခုမြောက် သဒ္ဒသညကဝဂ် ပြီး၏။

--

၃၇-မန္ဒာရဝပုပ္ဖိယဝဂ်

၁-မန္ဒာရဝပုပ္ဖိယတ္ထေရအပဒါန်

၁-၂။ ငါသည် မဂင်္လမည်သော လုလင်ဖြစ်စဉ် တာဝတိံသာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ မန္ဒာရဝနတ်ပန်း (ထင်ရှားပန်း) ကို ယူပြီးလျှင် သမာပတ်ဖြင့် နေတော်မူသော ဝိပဿီ မြတ်စွာဘုရား၏ ဦးထိပ်၌ ဆောင်းမိုးခဲ့၏၊ ခုနစ်ရက်ပတ်လုံး ဆောင်းမိုးပြီး၍ နတ်ပြည်သို့ တစ်ဖန် ပြန်လာခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မန္ဒာရဝပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော မန္ဒာရဝပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၂-ကက္ကာရုပုပ္ဖိယတ္ထေရအပဒါန်

။ ငါသည် ယာမာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ အသရေ တည်နေရာဖြစ်သော ဂေါတမမည်သော ကက္ကာရုနတ်ပန်းကို ယူပြီးလျှင် မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို လှူဒါန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကက္ကာရုပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ကက္ကာရုပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၃-ဘိသမုဠာလဒါယကတ္ထေရအပဒါန်

။ တရားအားလုံးတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော ဖုဿမြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူသည် ဖြစ်၍ ငါ၏ အထံသို့ ကြွလာတော်မူ၏။

။ ငါသည် ကြီးမားသော သနာခြင်း ‘မဟာကရုဏာ’ ရှိတော်မူသော ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေပြီးလျှင် ကြာစွယ်ကြာရင်းကို ယူ၍ ဘုရားမြတ်အား လှူဒါန်း၏။

၁၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကြာစွယ်ကြာရင်းကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ် ကြာရင်းကို လှူရခြင်း၏ အကျိုးပေတည်း။

၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဘိသမုဠာလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဘိသမုဠာလဒါယကတ္ထေရအပဒါန် ပြီး၏။

၄-ကေသရပုပ္ဖိယတ္ထေရအပဒါန်

၁၂။ ထိုအခါ ငါသည် ဟိမဝန္တာတောင်၌ ဝိဇ္ဇာဓိုရ် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းတော်မူ၍ များမြတ်သည့် အခြံအရံရှိတော်မူသော မြတ်စွာဘုရားကို စင်္ကြံကြွတော်မူစဉ် ဖူးမြင်ရ၏။

၁၃။ ထိုအခါ ငါသည် ဆပ်သွားပန်း သုံးပွင့်တို့ကို ဦးခေါင်း၌ တင်ပြီးလျှင် ဝေဿဘူ မြတ်စွာဘုရားကို ချဉ်းကပ်၍ ပူဇော်ခဲ့၏။

၁၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကေသရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ကေသရပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၅-အင်္ကောလပုပ္ဖိယတ္ထေရအပဒါန်

၁၆။ ထိုအခါ၌ ပဒုမမည်သော မြတ်စွာဘုရားသည် စိတ္တကုဋ်တောင်၌ နေတော်မူ၏၊ ငါသည် အလိုလို ဖြစ်တော်မူ၍ ရန်သူတို့သည် မအောင်အပ်သော ထိုမြတ်စွာဘုရားကို ဖူးမြင် ရသည်ရှိသော်-

၁၇။ ပွင့်နေသော အင်္ကောလ (မှန်ကူ) ပင်ကို မြင်သဖြင့် ထိုအခါ ငါသည် (ပန်းကို) ဆွတ်ခူးပြီးလျှင် သစ္စာလေးပါးတရားကို သိမြင်တော်မူသော ပဒုမမြတ်စွာဘုရားထံ ချဉ်းကပ်၍ လှူဒါန်းပူဇော်ခဲ့၏။

၁၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အင်္ကောလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် အင်္ကောလပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၆-ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန်

၂၀။ ရွှေတုရိုဏ်တိုင်နှင့် တူတော်မူသည်ဖြစ်၍ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာရှိတော်မူသော ရွှေအဆင်းနှင့် တူသော အဆင်းရှိသော လူတို့၏ ရှေ့သွား မြတ်စွာဘုရားကို အိမ်ဈေး၌ ကြွသွားတော်မူစဉ် -

၂၁။ မြတ်သော ပြာသာဒ်၌ ထိုင်နေ၍ ငါ ဖူးမြင်ရ၏၊ ဖူးမြင်ရသော ငါသည် ထိမ်ပန်းကို ယူ၍ ဝိပဿီမြတ်စွာဘုရားကို ပူဇော်ခဲ့၏။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကဒမ္ဗပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၇-ဥဒ္ဒါလကပုပ္ဖိယတ္ထေရအပဒါန်

၂၄။ ထိုအခါ၌ အနောမမည်သော ပစ္စေကဗုဒ္ဓါသည် ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးတော်မူ၏၊ ငါသည် ငုရွှေပန်းကို ယူ၍ မြတ်စွာဘုရားကို ပူဇော်ခဲ့၏။

၂၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပန်းပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒ္ဒါလကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဥဒ္ဒါလကပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

၈-ဧကစမ္ပကပုပ္ဖိယတ္ထေရအပဒါန်

၂၇။ ကိလေသာမှ ငြိမ်းအေးတော်မူပြီးသော ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် တောင်ကြား၌ နေတော်မူ၏၊ ထိုအခါ ငါသည် စံကားပန်းတစ်ပွင့်ကို ယူ၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံသို့ ချဉ်း ကပ်ခဲ့၏။

၂၈။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ရန်သူတို့ မအောင်အပ်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို လက်နှစ်ဖက်တို့ဖြင့် (စံကားပန်း) ယူ၍ ပူဇော်ခဲ့၏။

၂၉။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ငါးကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကစမ္ပကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ဧကစမ္ပကပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၉-တိမိရပုပ္ဖိယတ္ထေရအပဒါန်

၃၁။ ငါသည် စန္ဒဘာဂါမြစ်ကမ်း၌ ရေစုန်သို့ သွားလျက် ရှိ၏၊ (ထိုအခါ) ပင်လုံးကျွတ် ပွင့်သော အင်ကြင်းပင်မင်းသဖွယ်ဖြစ်သော, ကိလေသာမြူ ကင်းတော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ဖူးမြင်ရ၏။

၃၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ကျည်းပန်းကို ယူ၍ ဦးထိပ်၌ ကြဲမြှောက်ပူဇော်ခဲ့၏။

၃၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကျည်းပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိမိရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် တိမိရပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-သဠလပုပ္ဖိယတ္ထေရအပဒါန်

၃၅။ ထိုအခါ စန္ဒဘာဂါမြစ်ကမ်း၌ (ငါသည် ) ကိန္နရာ ဖြစ်ခဲ့၏၊ ငါသည် လူတို့ထက် မြတ်၍ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ထိုမြစ်ကမ်း၌ စင်္ကြံကြွတော်မူစဉ် ဖူးမြင်ရ၏။

၃၆။ ငါသည် ထင်ရှူးပန်းကို ဆွတ်ခူး၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ မြတ်စွာဘုရား သည် နတ်ရနံ့လှိုင်သော ထင်းရှူးပန်းကို နမ်းရှူတော်မူ၏။

၃၇။ လူအပေါင်းကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော, ကြီးမားသော လုံ့လရှိတော်မူ သော ဝိပဿီမြတ်စွာဘုရားသည် အလှူခံတော်မူပြီး၍ ထိုအခါ၌ ငါသည် ကြည့်ရှုဖူးမြော်စဉ် (ပန်းကို) နမ်းရှူတော်မူ၏။

၃၈။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် လက်အုပ်ချီလျက် တောင်သို့ တစ်ဖန် တက်ခဲ့၏။

၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဠလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် သဠလပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်ခုနစ်ခုမြောက် မန္ဒာရဝပုပ္ဖိယဝဂ် ပြီး၏။

--

၃၈-ဗောဓိဝန္ဒနဝဂ်

၁-ဗောဓိဝန္ဒကတ္ထေရအပဒါန်

။ ငါသည် မြေ၌ ပေါက်သော စိမ်းစိုသော သခွတ်ဗောဓိပင်ကို မြင်သဖြင့် လက်ဝဲတစ် ဖက် ပခုံးထက်၌ ကိုယ်ရုံကို တင်၍ လက်အုပ်ချီပြီးလျှင် သခွတ်ဗောဓိပင်ကို ရှိခိုးခဲ့၏။

။ ငါသည် လက်အုပ်ချီလျက် စိတ်ကို အလေးပြုပြီးလျှင် အတွင်း, အပ၌ စင်ကြယ်တော် မူသော ကိလေသာမှ ကောင်းစွာ လွတ်မြောက်သည်ဖြစ်၍ အာသဝ ကင်းတော်မူသော -

။ လောကသည် ပူဇော်အပ်တော်မူသော, မဟာသမုဒ္ဒရာနှင့် တူသော ကရုဏာဉာဏ် ရှိတော်မူသော ဝိပဿီမြတ်စွာဘုရားကို မျက်မှောက်၌ ရှိခိုးရသကဲ့သို့ ထို့အတူ ငါသည် သခွတ်ဗောဓိပင်ကို ရှိခိုးခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဗောဓိပင်ကို ရှိခိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဗောဓိပင်ကို) ရှိခိုးရ ခြင်း၏ အကျိုးပေတည်း။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗောဓိဝန္ဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဗောဓိဝန္ဒကတ္ထေရအပဒါန် ပြီး၏။

--

၂-ပါဋလိပုပ္ဖိယတ္ထေရအပဒါန်

။ အလိုလို ဖြစ်တော်မူသည် ဖြစ်၍ အမြတ်ဆုံး ဖြစ်တော်မူသော, မာရ်ငါးပါးကို အောင် တော်မူသော ဝိပဿီမြတ်စွာဘုရားသည် မိမိ တပည့်သာဝကတို့ဖြင့် ခြံရံလျက် ဗန္ဓုမတီပြည် သို့ ကြွဝင်တော်မူ၏။

။ ငါသည် သခွတ်ပန်း သုံးပွင့်တို့ကို ခါးပိုက်၌ ထားအပ်ကုန်၏၊ ငါသည် ဦးခေါင်းကို ရေဆေးလိုသည် ဖြစ်၍ သာလျှင် မြစ်ဆိပ်သို့ သွား၏။

။ ဗန္ဓုမတီပြည်မှ ထွက်သည်ရှိသော် ‘သက်တန့်ကဲ့သို့’ ထွန်းတောက်ပတော်မူသော ‘မီး စာကဲ့သို့’ ရဲရဲဝင်းဝင်း ထွန်းလင်းတော်မူသော -

။ မြတ်သော ကျားမင်းဥသဘသဖွယ်လည်းဖြစ်သော, အမျိုးမြတ်သည့် ခြင်္သေ့မင်း သဖွယ်လည်း ဖြစ်သော, သမဏပုဂ္ဂိုလ်တို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရဟန်း အပေါင်း ခြံရံလျက် ကြွသွားတော်မူစဉ် ဖူးမြင်ရ၏။

၁၀။ ငါသည် ကိလေသာတို့ကို ငြိမ်းအေးစေတော်မူသော, ကိလေသာအညစ်အကြေးတို့ကို ဆေးလျှော်တော်မူပြီးသော ထိုမြတ်စွာဘုရား၌ ကြည်ညိုသည် ဖြစ်၍ ပန်းသုံးပွင့်တို့ကို ယူပြီး လျှင့်ဘုရားမြတ်ကို လှူဒါန်းပူဇော်ခဲ့၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပါဋလိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ပါဋလိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၃-တီဏုပ္ပလမာလိယတ္ထေရအပဒါန်

၁၃။ ထိုအခါ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်း၌ မျောက် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းတော် မူသော မြတ်စွာဘုရားကို တောင်ကြား၌ သီတင်းသုံး ထိုင်နေတော်မူစဉ် ဖူးမြင်ရ၏။

၁၄။ အရပ်အားလုံးတို့ကို ထွန်းလင်းတောက်ပစေနိုင်သည် ဖြစ်၍ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းသဖွယ် လက္ခဏာတော်ကြီးငယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် ငါသည် နှစ်သက်သော စိတ်သည် ဖြစ်၏။

၁၅။ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည် ပီတိဖြင့် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ကြာပန်းသုံးပွင့်တို့ကို ဦးထိပ်၌ တင်လှူပူဇော်ခဲ့၏။

၁၆။ ငါသည် ဖုဿမြတ်စွာဘုရားအား ပန်းတို့ကို ပူဇော်ပြီးလျှင် ရိုသေခြင်းနှင့် တကွဖြစ် ၍ မြောက်အရပ်သို့ ရှေးရှု ဖဲသွားခဲ့၏။

၁၇။ အလွန်ကြည်လင်သော စိတ်ဖြင့် နောက်သို့ ဆုတ်လျက် သွားသည်ရှိသော် တောင် ကြား၌ ကျ၍ အသက်ကုန်ခြင်းသို့ ရောက်ခဲ့၏။

၁၈။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ၏ တောင့်တမှုကြောင့်လည်းကောင်း ရှေးဘဝကို စွန့်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။

၁၉။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့၏၊ အကြိမ်ငါးရာ တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကြာပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တီဏုပ္ပလမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် တီဏုပ္ပလမာလိယတ္ထေရအပဒါန် ပြီး၏။

--

၄-ပဋ္ဋိပုပ္ဖိယတ္ထေရအပဒါန်

၂၂။ မြတ်သောသီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီးတော်မူပြီးသော ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသော အခါ၌ အလုံးစုံကုန်သော လူတို့သည် အညီအညွတ် စည်း ဝေးကြ၍့အလောင်းတော်ကို ထုတ်ဆောင်ကုန်၏။

၂၃။ အလောင်းတော်ကို ထုတ်ဆောင်စဉ် စည်တို့ကို တီးခတ်ကုန်သည်ရှိသော် ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကြံပိုင်ပန်းကို ပူဇော်ခဲ့၏။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလောင်းတော်အား ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေဘိသကဲ့သို့’ အာသဝ မရှိဘဲ နေရပေ၏။

၂၆။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စစ်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဋ္ဋိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ပဋ္ဋိပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၅-သတ္တပဏ္ဏိယတ္ထေရအပဒါန်

၂၈။ လူတို့၏ ရှေ့သွားဖြစ်သော သုမနမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ စရည်းပန်းကို ပေးလှူခဲ့၏။

၂၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ စရည်းပန်းကို လှူခဲ့သောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (မြတ်စွာဘုရားအား) စရည်း ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝ မရှိဘဲ နေရ၏။

၃၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သတ္တပဏ္ဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် သတ္တပဏ္ဏိယတ္ထေရအပဒါန် ပြီး၏။

--

၆-ဂန္ဓမုဋ္ဌိယတ္ထေရအပဒါန်

၃၃။ (အလောင်းတော်ကို မီးသင်္ဂြိုဟ်ရန်) ထင်းပုံကို ပြုလုပ်နေစဉ် နံ့သာအမျိုးမျိုးကို ဆောင်ယူအပ်သည်ရှိသော် ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နံ့သာဆုပ် ကို ပူဇော်ခဲ့၏။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ထင်းပုံကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထင်းပုံကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၃၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂန္ဓမုဋ္ဌိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဂန္ဓမုဋ္ဌိယတ္ထေရအပဒါန် ပြီး၏။

၇-စိတကပူဇကတ္ထေရအပဒါန်

၃၈။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလတ်သော် အလောင်း တော်ကို နံ့သာထင်းပုံသို့ တင်သော အခါ၌ ငါသည် အင်ကြင်းပန်းကို ပူဇော်ခဲ့၏။

၃၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလောင်းတော်ထင်းပုံကို ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၄၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် စိတကပူဇကတ္ထေရအပဒါန် ပြီး၏။

--

၈-သုမနတာလဝဏ္ဋိယတ္ထေရအပဒါန်

၄၃။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား မုလေးပန်းတို့ဖြင့် ဖုံးလွှမ်းသော ထန်းရွက် ယပ်ကို ပေးလှူခဲ့၏၊ (ထို့ကြောင့်) ငါသည် မြတ်သော လူတို့အားသာ ထိုက်သော ထန်း ရွက်ယပ်ကို ဆောင်ရပေ၏။

၄၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် ထန်းရွက်ယပ်ကို ပေလှူခဲ့၏၊ ထိုအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထန်း ရွက်ယပ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၄၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၄၆။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုမနတာလဝဏ္ဋိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် သုမနတာလဝဏ္ဋိယတ္ထေရအပဒါန် ပြီး၏။

--

၉-သုမနဒါမိယတ္ထေရအပဒါန်

၄၈။ ငါသည် ကိလေသာတို့ကို ဆေးလျှော်တော်မူပြီးသည် ဖြစ်၍ ကိလေသာတို့ကို ပူပန် စေတတ်သော အကျင့်ရှိတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား မုလေးပန်းဆိုင်းကို ပြုလုပ်၍ ရှေ့တော်၌ ရပ်တည်လျက် ဆောင်းမိုး၏။

၄၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းဆိုင်းကို ဆောင်းမိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မုလေးပန်းဆိုင်းကို ဆောင်းမိုးရခြင်း၏ အကျိုးပေတည်း။

၅၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရပေ၏။

၅၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သုမနဒါမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သုမနဒါမိယတ္ထေရအပဒါန် ပြီး၏။

--

၁၀-ကာသုမာရိဖလဒါယကတ္ထေရအပဒါန်

၅၃။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပတော်မူသော, လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော, ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို တောင်ကြား ၌ ထိုင်နေတော်မူစဉ် ဖူးမြင်ရ၏။

၅၄။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ကို ဦးခေါင်း၌ တင်မြှောက်ပြီးလျှင် သရက်ဖြူသီးကို ဘုရားမြတ်အား ပေးလှူခဲ့၏။

၅၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် သရက်ဖြူသီးကို ပေလှူခဲ့ရသော အခါမှ စ၍့အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်ဖြူ သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၅၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၅၇။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၅၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကာသုမာရိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ကာသုမာရိဖလဒါယကတ္ထေရအပဒါန် ပြီး၏။

သုံးဆယ့်ရှစ်ခုမြောက် ဗောဓိဝန္ဒနဝဂ် ပြီး၏။

--

၃၉-အဝဋဖလဝဂ်

၁-အဝဋဖလဒါယကတ္ထေရအပဒါန်

။ အလိုလို ဖြစ်တော်မူသော, ရန်သူတို့သည် မအောင်အပ်သော, သစ္စာလေးပါးကို သိတော်မူသော, သတရံသီမည်သော ပစ္စေကဗုဒ္ဓါသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူသည်ဖြစ် ၍ (ဆိတ်ငြိမ်ရာအာရုံကို) ကျက်စားခြင်းငှါ ထွက်တော်မူ၏။

။ ငါသည် မြတ်စွာဘုရားကို မြင်၍ သစ်သီးကို လက်က ကိုင်လျက် (ပစ္စေကဗုဒ္ဓါထံ) ချဉ်းကပ်ခဲ့၏၊ ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အဝဋ (ထန်းသီး) အသီးကို ပေး လှူခဲ့၏။

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အဝဋ (ထန်းသီး) အသီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကိုဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရပေ၏။

။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဝဋဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော အဝဋဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၂-လဗုဇဒါယကတ္ထေရအပဒါန်

။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့၌ အရံ (ခြံ) စောင့် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းစင် တော်မူသော မြတ်စွာဘုရားကို ကောင်းကင်၌ ကြွသွားတော်မူစဉ် ဖူးမြင်ရ၏။

။ ငါသည် တောင်ပိန္နဲသီးကို ယူ၍ ဘုရားမြတ်အား လှူဒါန်းခဲ့၏၊ များသော အခြံအရံရှိ တော်မူသော မြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တည်လျက် အလှူခံတော်မူ၏။

။ ငါ၏ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မျက်မှောက်ချမ်းသာကို ဆောင်တတ်သော အသီးကို အထူးကြည်လင်သော စိတ်ဖြင့် ဘုရားအား ပေးလှူရခြင်းကြောင့်-

၁၀။ ထိုအခါ၌ နှစ်သက်မှု ‘ပီတိ’ ကို ရရှိခဲ့၏၊ ကြီးကျယ်ပြန့်ပြောသော ချမ်းသာမြတ်ကိုလည်း ရရှိခဲ့၏၊ ထိုထိုဘဝ၌ ဖြစ်သော ငါ့အား ရတနာသည် ဖြစ်ပေါ်သည်သာလျှင်တည်း။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၁၃။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်လဗုဇဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် လဗုဇဒါယကတ္ထေရအပဒါန် ပြီး၏။

--

၃-ဥဒုမ္ဗရဖလဒါယကတ္ထေရအပဒါန်

၁၅။ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝိနတာမြစ်ကမ်း၌ နေတော် မူ၏၊ (ထိုအခါ) ငါသည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ လွန်စွာ တည်ကြည်တော်မူ သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၆။ ငါသည် ကိလေသာအညစ်အကြေးကို ဆေးလျှော်တော်မူပြီးသော ထိုမြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ရေသဖန်းသီးကို ယူပြီးလျှင် ဘုရားမြတ်အား လှူဒါန်း ခဲ့၏။

၁၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၁၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရပေ၏။

၁၉။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒုမ္ဗရဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် ဥဒုမ္ဗရဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၄-ပိလက္ခဖလဒါယကတ္ထေရအပဒါန်

၂၁။ များသော အခြံအရံရှိတော်မူသော အတ္ထဒဿီမြတ်စွာဘုရားကို တောအတွင်း၌ ဖူးမြင် ရသဖြင့် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ညောင်ကြတ်သီးကို ပေးလှူခဲ့၏။

၂၂၊ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ညောင်ကြတ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ညောင် ကြတ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၂၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၂၄။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိလက္ခဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ပိလက္ခဖလဒါယကတ္ထေရအပဒါန် ပြီး၏။

၅-ဖာရုသဖလဒါယကတ္ထေရအပဒါန်

၂၆။ ငါသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသည်ဖြစ်၍ ပေးလှူဖွယ် ပစ္စည်း ဝတ္ထုတို့ကို ခံတော်မူထိုက်သော ခရီးလမ်းမ၌ ကြွသွားတော်မူသော မြတ်စွာဘုရားအား ဖက် သက်သီးကို ပေလှူခဲ့၏။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ဖက်သက်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရ၏။

၂၉။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဖာရုသဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဖာရုသဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၆-ဝလ္လိဖလဒါယကတ္ထေရအပဒါန်

၃၁။ ထိုအခါ လူခပ်သိမ်းတို့သည် အညီအညွတ် စည်းဝေးကုန်၍ တောသို့ သွားကြကုန်၏၊ ထိုအခါ သစ်သီးကို ရှာကြကုန်သော ထိုသူတို့သည် သစ်သီးကို ရကြကုန်၏။

၃၂။ ငါသည် ထိုတောအရပ်၌ အလိုလို ဖြစ်တော်မူသော, ရန်သူတို့သည် မအောင်အပ် သော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နွယ်သီးကို ပေးလှူခဲ့၏။

၃၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ နွယ်သီးကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၃၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝ မရှိဘဲ နေရ၏။

၃၅။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဝလ္လိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဝလ္လိဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၇-ကဒလိဖလဒါယကတ္ထေရအပဒါန်

၃၇။ ငါသည် ထွန်းလင်းတောက်ပသော မဟာလှေကားပန်းသဖွယ်, လပြည့်ဝန်းသဖွယ် ဖြစ်၍ အလျှံတောက်သော ဆီမီးတိုင်သဖွယ်လည်းဖြစ်သော လူတို့၏ ရှေ့သွား မြတ်စွာဘုရား ကို ဖူးမြင်ရ၏။

၃၈။ ငါသည် ငှက်ပျောသီးကို ယူ၍ မြတ်စွာဘုရားအား လှူဒါန်းခဲ့၏၊ ကြည်လင် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ရှိခိုးပြီးလျှင် ဖဲသွားခဲ့၏။

၃၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငှက်ပျောသီးကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ငှက်ပျောသီးကို လှူရခြင်း၏ အကျိုးပေတည်း။

၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရ၏။

၄၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကဒလိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ကဒလိဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၈-ပနသဖလဒါယကတ္ထေရအပဒါန်

၄၃။ ထိုအခါ၌ အဇ္ဇုနအမည်ရှိသော ပစ္စေကဗုဒ္ဓါသည် ဟိမဝန္တာတောင်၌ နေတော်မူ၏၊ ထိုပစ္စေကဗုဒ္ဓါသည် အကျင့် ‘စရဏ’ နှင့်လည်း ပြည့်စုံတော်မူ၏၊ သမာဓိ၌လည်း လိမ္မာတော် မူ၏။

၄၄။ ငါသည် အသက်ရှင်စေတတ်သော, အိုးမျှလောက်ရှိသော ပိန္နဲသီးကို ယူ၍ စရည်းပင် ၌ တင်ထားပြီးလျှင် ပစ္စေကဗုဒ္ဓါအား ပေးလှူခဲ့၏။

၄၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပိန္နဲသီးကို လှူခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား သစ်သီး လှူရခြင်း၏ အကျိုးပေတည်း။

၄၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၄၇။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပနသဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ပနသဖလဒါယကတ္ထေရအပဒါန် ပြီး၏။

--

၉-သောဏကောဋိဝီသတ္ထေရအပဒါန်

၄၉။ ငါသည် ဝိပဿီမြတ်စွာဘုရားသာသနာတော်တွင် အရပ်လေးမျက်နှာ၌ နေသော သံဃာတော်အား (ရည်မှန်း၍) ဗန္ဓုမတီမင်းနေပြည်တော်၌ လိုဏ်ဂူတစ်ခုကို ပြုလုပ်ခဲ့၏။

၅၀။ လိုဏ်ဂူမြေ (အခင်း) ကို ပုဆိုး (အဝတ်) တို့ဖြင့် ခင်း၍ စွန့်လွှတ်လှူဒါန်းခဲ့၏၊ ထိုအခါ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဆုတောင်းမှုကို ပြုခဲ့၏။

၅၁။ အကျွန်ုပ်သည် မြတ်စွာဘုရားကို နှစ်သိမ့်အားရစေနိုင်ရပါလို၏၊ ရဟန်းအဖြစ်ကိုလည်း ရလိုပါ၏၊ အတုမရှိ ငြိမ်သက် မြင့်မြတ်သော နိဗ္ဗာန်သို့လည်း ရောက်ရပါလို၏ (ဟု ဆုတောင်းခဲ့၏)။

၅၂။ ထိုဖြူစင်သော ကုသိုလ်အကြောင်းရင်းကြောင့်သာလျှင် ကမ္ဘာကိုးဆယ်ပတ်လုံး ကျင် လည်ခဲ့ရ၏၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော ငါသည် နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ် သော်လည်းကောင်း တင့်တယ်၏။

၅၃။ ထိုမှ ကြွင်းကျန်သောကံကြောင့် ဤနောက်ဆုံးဘဝ၌ စမ္ပာပြည်ဝယ် အမြတ်ဆုံး သူဌေးကြီး၏ တစ်ယောက်တည်းသော သား ဖြစ်လာပေ၏။

၅၄။ အဖသူဌေးအား ငါ မွေးဖွားကြောင်းကို ကြားသဖြင့် သတို့သားအား ကုဋေနှစ်ဆယ် အောက် မယုတ်လျော့သော ဥစ္စာကို ငါ ပေးအံ့ဟု ဤသို့သော စိတ်အလိုဆန္ဒသည် ဖြစ်ပေါ်ခဲ့၏။

၅၅။ ငါ၏ နှစ်ဖက်သော ခြေဖဝါးအပြင်၌ ပေါက်ကုန်သော အမွေးတို့သည် လက်လေး သစ် ရှိကုန်၏၊ သိမ်မွေ့ကုန်၏၊ နူးညံ့သော အတွေ့ရှိကုန်၏၊ လဲဝါဂွမ်းစုနှင့် တူကုန်၏၊ တင့် တယ်လှပကုန်၏။

၅၆။ လွန်ပြီးသော ကမ္ဘာကိုးဆယ်တို့လည်းကောင်း၊ ထို့ထက် အလွန်ဖြစ်သော ဤကမ္ဘာ တစ်ခုလည်းကောင်း (ဤကိုးဆယ့်တစ်ကမ္ဘာအတွင်း၌) ငါသည် အခင်းမရှိသော မြေပေါ်၌ ခြေချဖူးသည်ကို မသိစဖူးပေ။

၅၇။ ငါသည် မြတ်စွာဘုရားကို နှစ်သိမ့်အားရစေခဲ့ပြီ၊ ငါသည် ရဟန်းဘောင်သို့ ဝင်ရောက်ရပြီ၊ ငါသည့်အရဟတ္တဖိုလ်ကိုလည်း ရပြီ၊ ငါသည် ကိလေသာငြိမ်းလျက် အေးမြ သူ ဖြစ်ပေ၏။

၅၈။ မြတ်စွာဘုရားသည် အားထုတ်အပ်သော ဝီရိယရှိသောသူတို့ထက် အမြတ်ဆုံးဟူ၍ ညွှန်ပြတော်မူ၏၊ ငါသည် အဘိညာဉ်ခြောက်ပါးကို ရသော, တန်ခိုးကြီးမားသော, အာသဝေါ ကုန်ပြီးသော ရဟန္တာဖြစ်၏။

၅၉။ ဤဘဒ္ဒကမ္ဘာမှ ကိုဆယ့်တစ်ကမ္ဘာထက်၌ လိုဏ်ဂူအလှူကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လိုဏ်ဂူကို လှူခဲ့ရခြင်း၏ အကျိုးပေတည်း။

၆၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိ ဘဲ နေရပေ၏။

၆၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စစ်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

--

၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၆၃။ ကောဋိဝီသအမျိုး၌ ဖြစ်သော သောဏမထေရ်သည် အနောတတ္တအိုင်ကြီး၌ ပြဿနာ ကို မေးလျှောက်အပ်သည် ဖြစ်၍ ရဟန်းအပေါင်း၏ ရှေ့မှောက်၌ ပြဿနာကို ဖြေတော်မူ၏။

ဤသို့လျှင် အသျှင်သောဏကောဋိဝီသမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သောဏကောဋိဝီသတ္ထေရအပဒါန် ပြီး၏။

၁၀-ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန်

၆၄-၆၅။ ရဟန်းအပေါင်းများစွာ ခြံရံအပ်သော မြတ်စွာဘုရားသည် ရတနာအမျိုးမျိုး တို့ဖြင့် တောက်ပသော ပန်းရနံ့အမျိုးမျိုးတို့ဖြင့် သင်းကြိုင်သော တောအတွင်းဝယ် အနော တတ်အိုင်အနီးရှိ မွေ့လျော်ဖွယ်ကောင်းသော ထိုကျောက်ဖျာအပြင်၌ ထိုင်နေတော်မူလျက် မိမိ (ကိုယ်တော်မြတ်)၏ ရှေးကံတို့ကို ဟောကြားတော်မူ၏။

၆၆။ ရဟန်းတို့ သင်တို့သည် ငါ၏ တရားစကားကို နာယူကြကုန်လော့၊ ငါပြုခဲ့သော ရှေးကံဟောင်း၏ (အကျိုးဆက်သည်) ဘုရားအဖြစ်၌လည်း အကျိုးပေးလျက် ရှိ၏။ (၁)

၆၇။ ငါသည် ရှေးအခါက တစ်ပါးသော ဘဝတို့၌ မုနာဠိမည်သော သေသောက်ကြူး သမားဖြစ်စဉ် မပြစ်မှားထိုက်သော သုရဘိအရှင်ပစ္စေကဗုဒ္ဓါကို စွပ်စွဲမိခဲ့၏။

၆၈။ ထိုစွပ်စွဲခဲ့သော ကံ၏ အကျိုးကြောင့် ငါသည် ငရဲ၌ ကြာမြင့်စွာ ကျင်လည်ခဲ့ရ၏၊ ထောင်ပေါင်းများစွာသော နှစ်တို့ပတ်လုံး ဆင်းရဲဝေဒနာကို ခံစားခဲ့ရပေ၏။

၆၉။ ငါသည် ထိုကံအကြွင်းဖြင့် ဤနောက်ဆုံးဘဝ၌လည်း သုန္ဒရီပရိဗိုဇ်မဟူသော အကြောင်းကြောင့် စွပ်စွဲခြင်းကို ခံရပေ၏။ (၂)

၇၀။ သဗ္ဗာဘိဘူအမည်တော်ရှိသော မြတ်စွာဘုရားအား နန္ဒမည်သော တပည့်သည် ရှိ၏၊ ငါသည် ထိုနန္ဒမည်သော ရဟန်းကို စွပ်စွဲမိခြင်းကြောင့် ငရဲ၌ ကြာမြင့်စွာ ကျင်လည်ခဲ့ရ၏။

၇၁။ အနှစ်တစ်သောင်းတို့ပတ်လုံး ငရဲ၌ ကြာမြင့်စွာ ကျင်လည်ခဲ့ရ၏၊ ငါသည် လူ့ဘဝကို ရသည်ရှိသော့်စွပ်စွဲမှုကို များစွာ ခံခဲ့ရပြန်၏။

၇၂။ ထိုကံအကြွင်းကြောင့် စိဉ္စမာဏဝိကာပရိဗိုဇ်မသည် လူအပေါင်း၏ရှေ့၌ မဟုတ်မမှန် စကားဖြင့် ငါ့ကို စွပ်စွဲလေ၏။ (၃)

၇၃။ ငါသည် အကြားအမြင် များသည်ဖြစ်၍ ရိုသေအပ် ပူဇော်အပ်သော ဗြာဟ္မဏလုလင် ဖြစ်ခဲ့၏၊ မဟာဝုန်တော၌ လုလင်ငါးရာတို့အား ဗေဒင်တို့ကို ပို့ချလျက် ရှိ၏။

--

၇၄။ တန်ခိုးကြီးမားသော ကြောက်မက်ဖွယ်ဖြစ်သော အဘိညာဉ်ရ ရသေ့သည် ထိုတောသို့ ရောက်လာ၏၊ ငါသည် ရောက်လာသော ထိုရသေ့ကို မြင်၍ မပြစ်မှားထိုက်ဘဲလျက် စွပ်စွဲခဲ့၏။

၇၅။ ထိုအခါ ငါသည် တပည့် (လုလင်) တို့ကို ဤရသေ့ကား ကာမဂုဏ်ချမ်းသာကို ခံစား လေ့ရှိသူတည်းဟု ပြောဆိုခဲ့၏။ ငါပြောကြားသည်ကိုလည်း တပည့်လုလင်တို့သည် ဝမ်းသာ အားရကြကုန်၏။

၇၆။ ထို့နောက် လုလင်အားလုံးတို့သည် အိမ်တိုင်းအိမ်တိုင်း၌ ဆွမ်းခံသော ရသေ့ကို ဤရသေ့သည် ကာမဂုဏ်ချမ်းသာကို ခံစားလေ့ရှိသူတည်းဟု လူများအပေါင်းအား ပြောဆိုကြ ကုန်၏။

၇၇။ ထိုကံ၏ အကျိုးကြောင့် အားလုံးသော ဤရဟန်းငါးရာတို့သည် သုန္ဒရီပရိဗိုဇ်မဟူ သော အကြောင်းကြောင့် စွပ်စွဲခြင်းကို ခံကြရကုန်၏၊ (၄)

၇၈။ ငါသည် ရှေးအခါက ဥစ္စာဟူသော အကြောင်းကြောင့် အမိဝမ်းကွဲသော ညီကို သတ်ခဲ့ဖူး၏၊ (သတ်ပြီး၍) တောင်ချောက်ကြား၌ ပစ်ချခဲ့၏၊ ကျောက်တုံးဖြင့်လည်း ဖိကြိတ် ခဲ့၏။

၇၉။ ထိုကံ၏ အကျိုးကြောင့် ဒေဝဒတ်သည် ကျောက်ကို ပစ်ချ၏၊ (ထိုအခါ) ငါ၏ ခြေ၌ ကျောက်စရစ်လွှာသည် ခြေမတော်ကို ကြိတ်ချေ၏။ (၅)

၈၀။ ရှေးအခါက ငါသည် ကလေးသူငယ်ဖြစ်၍ လမ်းခရီးမ၌ ကစားစဉ် လမ်း၌ ပစ္စေက ဗုဒ္ဓါကို မြင်၍ ကျောက်ခဲဖြင့် ပစ်ခတ်ခဲ့၏။

၈၁။ ထိုကံ၏ အကျိုးကြောင့် ဤနောက်ဆုံးဘဝ၌ ဒေဝဒတ်သည် ငါ့ကို သတ်ရန် လေးသမားတို့ကို စေလွှတ်ခဲ့၏။ (၆)

၈၂။ ရှေးအခါက (ငါသည် ) ဆင်ဦးစီး ဖြစ်ခဲ့၏၊ ငါသည် ဆွမ်းခံကြွလာတော်မူသော ထို ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဆင်ဖြင့် တိုက်ဝှေ့ခဲ့၏။

၈၃။ ထိုကံ၏ အကျိုးကြောင့် ရာဇဂြိုဟ်ပြည်မြတ်၌ နာဠာဂိရိဆင်သည် တုန်လှုပ်လျက် (ယဉ်ကျေးပြီး ဖြစ်ပါလျက်) ကြမ်းကြုတ်စွာ (ငါ့ထံသို့) ချဉ်းကပ်လေ၏။ (၇)

၈၄။ ငါသည် ပတ္ထိဝမင်း ဖြစ်ခဲ့၏၊ (ထိုအခါ) လှံဖြင့် ယောက်ျားကို သတ်ခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငရဲ၌ ပြင်းထန်စွာ ကျက်ခဲ့ရ၏။

၈၅၊ ထိုကံ၏ အကြွင်းကြောင့် ယခုအခါ၌ ကျောက်လွှာသည် ငါ၏ ခြေ၌ အရေအားလုံးကို ဖြတ် တောက်လေ၏၊ အကြောင်းကံသည် မပျောက်မပျက်သည်သာလျှင်တည်း။ (၈)

၈၆။ ငါသည် တံငါရွာ၌ တံငါသည်၏ သားသူငယ် ဖြစ်ခဲ့၏၊ ငါးများစွာ သတ်နေသည် တို့ကို မြင်၍ ဝမ်းမြောက်မှုကို ဖြစ်စေခဲ့၏။

၈၇။ ထိုကံ၏ အကျိုးကြောင့် ငါ့အား ခေါင်းခဲသော ဝေဒနာသည် ဖြစ်၏၊ ဝိဋဋူဘမင်း သတ်သော အခါ၌ သာကီဝင်မင်းအားလုံးတို့သည်လည်း အသတ်ခံရကုန်၏။ (၉)

၈၈။ ငါသည် ဖုဿမြတ်စွာဘုရား၏ သာသနာတော်၌ (ဘုရား၏) တပည့်သာဝကတို့ကို မုယော (ဂျုံ) ကို ခဲကြ, စားကြကုန်လော့၊ သလေးတို့ကို မစားကြကုန်လင့်ဟု ဆဲရေးမိခဲ့၏။

၈၉။ ထိုကံ၏ အကျိုးကြောင့် ဝေရဉ္ဇာပုဏ္ဏား ပင့်ဖိတ်အပ်သည်ဖြစ်၍ ဝေရဉ္ဇာပြည်၌ နေသော အခါဝယ် ဝါတွင်းသုံးလပတ်လုံး မုယောဆန်ကို စားခဲ့ရ၏။ (၁၀)

၉၀။ လက်ပန်းလုံးခြင်း ဖြစ်လတ်သော် (လက်ဝှေ့သတ်သော အခါ) လက်ပန်းသည်သားကို ညှဉ်းဆဲခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါ့အား ကျော၌ ဆင်းရဲဝေဒနာသည် ဖြစ်ခဲ့၏။ (၁၁)

--

၉၁။ ငါသည် ဆေးသမား ဖြစ်ခဲ့၏၊ (ထိုအခါ) သူဌေးသားကို ဝမ်းလျှောစေခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါ့အား ဝမ်းလျှောခြင်းသည် ဖြစ်၏။ (၁၂)

၉၂။ ငါသည် ဇောတိပါလလုလင် ဖြစ်သော အခါ ကဿပမြတ်စွာဘုရားကို ဦးပြည်း ရဟန်းအား သဗ္ဗညုတဉာဏ်ကို အဘယ်မှာ ရအံ့နည်း၊ သဗ္ဗညုတဉာဏ်သည် လွန်စွာ ရခဲ၏ဟု ပြောဆိုမိ၏။

၉၃။ ထိုကံ၏ အကျိုးကြောင့် ဥရုဝေလတော၌ ခြောက်နှစ်တို့ပတ်လုံး (ဒုက္ကရစရိယာ အကျင့်ကို) ခဲယဉ်းစွာ ကျင့်ပြီးနောက်မှသာလျှင် သဗ္ဗညုတဉာဏ်သို့ ရောက်ခဲ့ရ၏။

၉၄။ ငါသည် ထိုပြုနိုင်ခဲသော အကျင့်လမ်းစဉ်ဖြင့် မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ မရောက်ခဲ့ပေ၊ ရှေးအကုသိုလ်ကံသည် တားမြစ်အပ်သည်ဖြစ်၍ မှားယွင်းသော အကျင့်ဖြင့် (သဗ္ဗညုတဉာဏ်ကို) ရှာဖွေခဲ့ရ၏။

၉၅။ ငါ့အား ကောင်းမှုကံ, မကောင်းမှုကံ ကုန်ဆုံးပေ၏၊ ပူပန်ခြင်း အလုံးစုံမှ ကင်းရှင်းပေ၏၊ စိုးရိမ်ခြင်း မရှိ၊ ပင်ပန်းခြင်း မရှိတော့ပေ၊ အာသဝေါ မရှိဘဲ ငြိမ်းအေးခဲ့ပေပြီ။

၉၆။ ဤသို့လျှင် ခပ်သိမ်းသော အဘိညာဉ်အားအစွမ်းသို့ ရောက်တော်မူသော မြတ်စွာဘုရားသည် အနောတတ်အိုင်၌ ရဟန်းအပေါင်း၏ ရှေ့ဝယ် ဟောကြားတော်မူ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် မိမိ၏ ရှေးက ကျင့်ကြံခဲ့သဖြင့် ကမ္မပိလောတိက (ကံဟောင်း) မည်သော ဗုဒ္ဓအပဒါန်တရားဒေသနာတော်ကို ဟောကြားတော်မူ၏။ ။

ဆယ်ခုမြောက် ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန် ပြီး၏။

သုံးဆယ့်ကိုးခုမြောက် အဝဋဖလဝဂ် ပြီး၏။

တစ်ဆယ့်လေးခုမြောက် ဘာဏဝါရ ပြီး၏။

--

၄၀-ပိလိန္ဒ္ဒဝစ္ဆဝဂ်

၁-ပိလိန္ဒဝစ္ဆတ္ထေရအပဒါန်

ပထမ

။ ငါသည် ဟံသာဝတီမြို့၌ တံခါးမှူး ဖြစ်ခဲ့၏၊ (ထိုအခါ) ရန်သူမျိုးငါးပါး မလှုပ်ရှား စေနိုင်သော မနှိုင်းရှည့်နိုင်သော စည်းစိမ်ဥစ္စာကို ငါ၏ အိမ်၌ စုဆောင်းထား၏။

။ ဆိတ်ကွယ်ရာအရပ်သို့ ချဉ်းကပ်လျက် ထိုင်ပြီးလျှင် စိတ်ကို ရွှင်လန်းစေပြီးလျှင် ငါသည် ထိုအခါ၌ မြတ်သော ပြာသာဒ်ထက်၌ ထိုင်၍ ဤသို့ ကြံစည်စဉ်းစား၏။

(စိန္တနာကာရ) ကြံစည်စဉ်းစားပုံ

။ ငါသည် စည်းစိမ်ဥစ္စာများစွာတို့ကို ရအပ်ကုန်၏၊ ငါ၏ အိမ်တွင်းသည် စည်ပင်ကြီး ပွါးလျက်ရှိ၏၊ မြေကို အစိုးရသော အာနန္ဒာမင်းမြတ်သည်လည်း (အလိုရှိမူ ယူဟု ငါ့အား) ဖိတ်မန်ထား၏။

။ ဤမြတ်စွာဘုရားသည်လည်း ပွင့်တော်မူလျက် ရှိ၏၊ မြတ်စွာဘုရားမည်သည် အကြောင်းအားလျော်စွာ တစ်ရံတစ်ခါသာ ပွင့်တော်မူ၏၊ ငါ့အား စည်းစိမ်ဥစ္စာတို့သည်လည်း ရှိကုန်၏၊ ငါသည် မြတ်စွာဘုရားအား အလှူကို ပေးလှူရတော့အံ့။

။ ပဒုမမင်းသားသည် မြတ်စွာဘုရားအား ဆင်ပြောင်တို့ကိုလည်းကောင်း၊ ပလ္လင်တို့ကိုလည်းကောင်း၊ များပြားသော တံကဲပျဉ်ကိုလည်းကောင်း (ဤသို့) မြတ်သော အလှူကို ပေးလှူ၏။

။ ငါသည် လည်း အလွန်မြတ်သော ဂိုဏ်းသံဃာအား အလှူကို ပေးလှူအံ့၊ သူတစ်ပါး တို့သည် မလှူဖူးသော အလှူကို ပေးလှူခြင်းကြောင့် အလှူဦးလှူသောသူ ဖြစ်အံ့ (ဟု ဤ သို့ ကြံစည်စဉ်းစားလေ၏)။

။ ကြံစည်စဉ်းစားပြီးနောက် ချမ်းသာသော အကျိုးကို ဖြစ်စေနိုင်သော အလှူဒါနအမျိုး မျိုးတွင် ငါ့အကြံကို ပြည့်ဝစေနိုင်သော ပရိက္ခရာအလှူကို ငါ တွေ့မြင်၏။

။ ငါသည် အလွန်မြတ်သော ဂိုဏ်းသံဃာအား ပရိက္ခရာတို့ကို လှူဒါန်းအံ့၊ သူတစ်ပါး တို့သည် မလှူဖူးသော အလှူကို လှူခြင်းကြောင့် အလှူဦးလှူသောသူ ဖြစ်တော့အံ့။

(ဒါနဝတ္ထုသမ္ပာဒန) လှူဖွယ်ဝတ္ထုကို စီစဉ်ခြင်း

။ ထိုအခါ နှီးသမားတို့ထံ ချဉ်းကပ်၍ ထီးကို ပြုလုပ်စေ၏၊ ထီးတစ်သိန်းတို့ကို တပေါင်းတည်း စုပေါင်းထားစေ၏။

၁၀။ ပုဆိုးတစ်သိန်းတို့ကို တပေါင်းတည်း စုပေါင်းထားစေ၏၊ သပိတ်တစ်သိန်းတို့ကို တစ်ပေါင်းတည်း စုပေါင်းထားစေ၏။

၁၁။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ပဲခွပ်၊ ဓားငယ်၊အပ်၊ လက်သည်းလှီးဓားတို့ကို ပြုလုပ်စေ၍ ထီးအောက်၌ ထားစေ၏။

၁၂။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ထန်းရွက်ယပ်၊ ဥဒေါင်း မြီးယပ်၊ စာမရီသားမြီးယပ်၊ ရေစစ်၊ ဆီကျည်တို့ကိုလည်း ပြုလုပ်စေ၏။

--

၁၃။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သောအပ်ကျည်၊ အံသကိုဋ်၊ ခါးပန်းကြိုးနှင့် ကောင်းစွာ ပြုလုပ်ထားသော သပိတ်ခြေတို့ကိုလည်း ပြုလုပ်စေပြန်၏။

၁၄။ ငါသည် အသုံးအဆောင်ခွက်နှင့် ကြေးခွက်တို့ကိုလည်း ဆေးပစ္စည်းတို့ဖြင့် ပြည့်စေ ၍ ထီးအောက်၌ ထားစေ၏။

၁၅။ အကျော်၊ ပန်းရင်း၊ နွယ်ချို၊ ပိတ်ချင်း၊ ငရုတ်သီး၊ သဖန်ခါးသီး၊ ချင်းတို့ကိုလည်း ခွက်၌ အလုံးစုံ ပြည့်စေ၏။

၁၆။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ဖိနပ်၊ ခြေနင်း၊ ရေသုတ် အဝတ်နှင့် ကောင်းစွာ ပြုလုပ်အပ်သော တောင်ဝှေးတို့ကိုလည်း ပြုလုပ်စေ၏။

၁၇။ ဆေးမျက်စဉ်း, မျက်စဉ်းကျည်, မျက်စဉ်းတံ, ဓမကရိုဏ်, သံကောက်တို့ကိုလည်း ကောင်း၊ အရောင်ငါးမျိုးတို့ဖြင့် ချုပ်အပ်ကုန်သော သံကောက်အိမ်တို့ကိုလည်းကောင်း၊ -

၁၈။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော အာယောဂပတ်၊ အခိုးတံ (ဆေးတံ)၊ ဆီမီးတိုင်၊ ဗူးကြုတ် (အစ်) တို့ကိုလည်းကောင်း ပြုလုပ်စေ၏။

၁၉။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော မွေးညှပ်၊ သင်တုန်း၊ နဖာကလော်၊ ဆေးအိတ်တို့ကိုလည်း ပြုလုပ်စေ၏။

၂၀။ ငါသည် ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော ညောင်စောင်း၊ အင်းပျဉ်၊ (မသာရက၊ ဗုန္ဒိကာဗဒ္ဓ၊ အာဟစ္စပါဒက၊ ကုဠီရပါဒကအားဖြင့်) ပလ္လင်လေးမျိုးတို့ ကိုလည်း ပြုလုပ်စေပြီး၍ ထီးအောက်၌ ထားစေ၏။

၂၁။ ထိုဘုရားအမှူးရှိသော သံဃာအား လျောက်ပတ်ကုန်သော သားမွေးအစာသွတ်သော ဘုံလျှို၊ လဲအစာသွတ်သော ဘုံလျှို၊ အင်းပျဉ်၌ ခင်းအပ်သော ဘုံလျှိုနှင့် ကောင်းစွာ ပြုလုပ်အပ်သော ခေါင်းအုံးတို့ကိုလည်း ပြုလုပ်စေ၏။

၂၂။ သင်တုန်းဓားသွေးကျောက်၊ သစ်မည်စည်မှုန့်၊ ဆီမီးမယ်ဖြူ (မီးဖို) နှင့် စင်ကြယ် ကုန်သော “သိပါဋိ” မည်သော ပျဉ်ချပ်အခင်းနှင့်တကွအပ်သော ညောင်စောင်း၊ -

၂၃။ ကျောင်း, ခြေသုတ်ဖုံ, အိပ်ရာနေရာနှင့် တန်းဝါးတို့ကိုလည်းကောင်း၊ ဒန်ပူ, အထပ် ထပ်သော ဖိနပ်, ခေါင်းလိမ်းနံ့သာတို့ကိုလည်းကောင်း၊ -

၂၄။ ပွတ်ခုံ, ပွတ်ကျည်, ခြေထောက်မပါသော ပျဉ်ချပ် (အင်းပျဉ်), သပိတ်ဖုံး, ဆွမ်း စားခွက်, ရေခပ်မှုတ်, ရေချိုးကသယ်မှုန့် (ဆပ်ပြာ), ဆိုးရေ ဆိုးစရာ စကျင်းကိုလည်း ကောင်း၊ -

၂၅။ တံမြက်စည်း, ရေခွက်, မိုးရေခံသင်္ကန်း, နိသီဒိုင်, အမာလွှမ်းသင်္ကန်းနှင့် သင်းပိုင် ကိုလည်းကောင်း၊ -

၂၆။ ကိုယ်ဝတ်, ဒုကုဋ်, နှာနှတ်တံ, သွားပွတ်တံ, လျှာခြစ်တံ, အိပ်မွေ့သီး, ဆားနှင့် များစွာသော ပျား, နို့ဓမ်းအဖျော်ကိုလည်းကောင်း၊ -

၂၇။ အခိုးတိုင် (အမွှေးတိုင်), ဖယောင်းတိုင်, ပုဆိုးကြမ်း, မျက်နှာသုတ်ပုဝါနှင့်အပ်ချည် ကိုလည်းကောင်း (ပြုစေခဲ့၏)။ အကြင်လှူဖွယ်ဝတ္ထုသည် ရှိ၏၊ အကြင်လှူဖွယ်ဝတ္ထုသည်လည်း မြတ်စွာဘုရားအားအပ်၏။

၂၈။ ဤလှူဖွယ်ဝတ္ထု အလုံးစုံကို ယူဆောင်၍ အာနန္ဒာမင်းထံသို့ ချဉ်းကပ်၏၊ ချမ်းသာ ကို ဖြစ်စေတတ်သော မြေကို အစိုးရသော အာနန္ဒာမင်းသို့ ချဉ်းကပ်၍ ဦးခေါင်းဖြင့် ရှိခိုးပြီး လျှင် ဤစကားကို တင်လျှောက်၏။ -

--

(ဒါနောကာသယာစနာ) လှူဒါန်းခွင့် တောင်းခြင်း

၂၉။ အရှင်မင်းမြတ် အကျွန်ုပ်တို့သည် အတူတကွ မွေးဖွား၍ အတူတကွ ကြီးပွါးလျက် ရှိကြပါကုန်၏၊ နှစ်ယောက်သော အကျွန်ုပ်တို့အား တူမျှသော စိတ်ရှိပါ၏၊ (အေးအတူ ပူအမျှ) ချမ်းသာ, ဆင်းရဲ၌ ဆက်ဆံလျက် ရှိကြကုန်၏၊ နှစ်ယောက်သော အကျွန်ုပ်တို့သည်လည်း တစ်ယောက်သည် (တစ်ယောက်အလိုသို့) လိုက်ကြပါကုန်၏။

၃၀။ ရန်သူကို ဆုံးမတော်မူတတ်သော အရှင်မင်းမြတ် အရှင်မင်းမြတ်နှင့် စပ်သော စိတ် ဆင်းရဲမှုကို အကယ်၍ စွမ်းနိုင်ပါမူ ပယ်ဖျောက်တော်မူပါလော့ (ဟု တံခါးမှူးက တင်လျှောက်၏)။

၃၁။ (အဆွေတံခါးမှူး) သင်၏ ဆင်းရဲသည် ငါ၏ ဆင်းရဲပင်တည်း၊ ငါတို့နှစ်ယောက်တို့ အား တူညီသော စိတ်ရှိ၏၊ သင်သည် ငါ၏ ဆင်းရဲနှင့် အကယ်၍ စပ်ငြားအံ့၊ ဆင်းရဲ ကုန်ဆုံးပြီဟု သိလေလော့ (ဟု အာနန္ဒာမင်းက ဆို၏)။

၃၂။ အရှင်မင်းမြတ် အကျွန်ုပ်၏ ဆင်းရဲကို စင်စစ် ပယ်ဖျောက်နိုင်ခဲ၏ဟု သိတော်မူပါ၊ အရှင်မင်းမြတ်သည် စွမ်းဆောင်နိုင်ခဲ့ပါမူ ကြုံးဝါးတော်မူပါ၊ အရှင်မင်းမြတ်အား စွန့်နိုင်ခဲသော တစ်ခုသော ဆုလာဘ်သည် ရှိပါလတ္တံ့ (ဟု တံခါးမှူးက လျှောက်ဆို၏)။

၃၃။ (အဆွေတံခါးမှူး) ငါ၏ နိုင်ငံ၌ သက်ရှိသက်မဲ့ ဥစ္စာပစ္စည်းသည်လည်းကောင်း၊ တိုင်းနိုင်ငံသည်လည်းကောင်း ရှိ၏။ ထိုဥစ္စာပစ္စည်း, တိုင်းနိုင်ငံတို့ဖြင့် သင်အလိုရှိပါမူ တုန် လှုပ်ခြင်း မရှိဘဲ ငါ ပေးအံ့ (ဟု မင်းကြီးက ဆို၏)။

၃၄။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ကြုံးဝါးတော်မူခဲ့ပါပေ၏၊ များစွာ ကြုံးဝါးအပ် သော ထိုစကားသည် မှားယွင်းလေမည်လော၊ ယနေ့ အရှင်မင်းမြတ်ကို တရားအားလုံး၌ တည်သည်ကို သိရပါအံ့ (ဟု တံခါးမှူးက လျှောက်ဆို၏)။

၃၅။ (အဆွေတံခါးမှူး) ငါသည် ပေးမည် ဖြစ်ပါလျက် သင်သည် အလွန်ပြင်းစွာ နှိပ်စက် ဘိ၏၊ ငါ့အား နှိပ်စက်သဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ သင် တောင့်တအပ်သော ဆုကို ငါ့အား ပြောဆိုလော့ (ဟု မင်းကြီးက ဆို၏)။

၃၆။ အရှင်မင်းမြတ် အကျွန်ုပ်သည် အတုမရှိ မြတ်သော မြတ်စွာဘုရားကို အလိုရှိပါ၏၊ မြတ်စွာဘုရားကို ဆွမ်းလုပ်ကျွေးပါအံ့၊ အကျွန်ုပ်၏ အသက်သည် အပြစ်မဖြစ်ပါစေလင့် (ဟု တံခါးမှူးက လျှောက်ထား၏)။

၃၇။ (အဆွေတံခါးမှူး) ငါသည် သင့်အား ဘုရားမှ တစ်ပါးသော ဆုကို ပေး၏၊ ဘုရား ကို မတောင်းအပ်ချေ၊ ‘ဇောတိရသပတ္တမြားကဲ့သို့’ ဘုရားကို တစ်စုံတစ်ယောက်သောသူအား မပေးထိုက်ချေ (ဟု မင်းကြီးက ဆို၏)။

၃၈။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ကြုံးဝါးတော်မူခဲ့ဖူးသည် မဟုတ်ပါလော၊ သက်ရှိပစ္စည်းနှင့် မိမိအသက်ကို ပေးတော်မူနိုင်သော အရှင်မင်းမြတ်သည် မြတ်စွာဘုရားကို ပေးသင့်သည်ပင် မဟုတ်ပါလော (ဟု တံခါးမှူးက လျှောက်ထား၏)။

၃၉။ (အဆွေတံခါးမှူး) မြတ်စွာဘုရားကို ချန်လှပ်၍ ထားအပ်၏၊ မြတ်စွာဘုရားကို တစ်စုံတစ်ယောက်သောသူအား မပေးအပ်, မပေးနိုင်ပါ၊ ငါသည် ဘုရားကို (ပေးမည်ဟု) ဝန်မခံပါ၊ မနှိုင်းရှည့်အပ်သော ဥစ္စာကို တောင်းဆိုလော့ (ဟု မင်းကြီးက ဆို၏)။

--

၄၀။ အရှင်မင်းမြတ် အကျွန်ုပ်တို့သည် တရားရုံးသို့ သွားကြကုန်အံ့၊ တရားသူကြီးတို့ကို မေးကြကုန်အံ့၊ တရားဥပဒေ တည်ရှိတိုင်း ဆုံးဖြတ်ကုန်လတ္တံ့၊ ထိုတရားဥပဒေ တည်ရှိသော အခြင်းအရာအားဖြင့် ထိုအကြောင်းအရာကို မေးမြန်းကြပါကုန်အံ့။

၄၁။ ငါသည် မင်း၏ လက်တို့ကို ဆွဲ၍ တရားရုံးသို့ သွားခဲ့၏၊ တရားသူကြီးတို့၏ ရှေ့၌ ဤစကားကို ပြောဆိုခဲ့၏-

၄၂။ တရားသူကြီးမင်းတို့သည် အကျွန်ုပ်၏ စကားကို နားထောင်ကြပါကုန်လော့၊ မင်း သည် အကျွန်ုပ်အား ဆုကို ပေးခဲ့ပါ၏၊ (အဘယ်သို့သော ဆုကို ပေးခဲ့ပါသနည်း)၊ တစ်စုံ တစ်ခုကို ချန်မထားမူ၍ အသက်ကိုသော်လည်း ဖိတ်မန်ခဲ့ပါ၏၊ (ဤဆုကို ပေးခဲ့ပါ၏)။

၄၃။ ထိုအကျွန်ုပ်အား ဆုကို ပေးသည်ရှိသော် အကျွန်ုပ်သည် မြတ်စွာဘုရားကို တောင်း ဆိုပါ၏၊ မြတ်စွာဘုရားကို အကျွန်ုပ်အား ပေးအပ်ပါ၏၊ (ပေးရာရောက်ပါ၏)၊ ဤသို့ အကျွန်ုပ်၏ ယုံမှားမှုကို ဆုံးဖြတ်ကြပါကုန်လော့ (ဟု တံခါးမှူးက ပြောဆို၏)။

၄၄။ (အဆွေတံခါးမှူး) သင်၏ စကားကိုလည်းကောင်း၊ ရေမြေကို စောင့်သော မင်း၏ စကားကိုလည်းကောင်း ကြားနာကုန်အံ့။ ဤအရာ၌ နှစ်ယောက်လုံးတို့၏ စကားကို ကြားနာရ သော် ယုံမှားမှုကို ငါတို့ ဆုံးဖြတ်ပါမည် (ဟု ပြောဆို၏)။

၄၅။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ဤတံခါးမှူးအား အကြွင်းမဲ့ယူစေနိုင်သော အလုံးစုံသော အရာဝတ္ထုကို ပေးတော်မူအပ်ပါသလော၊ တစ်စုံတစ်ရာကို ခြွင်းချန် မထားဘဲ အသက်ကိုသော်လည်း ဖိတ်ခဲ့ပါသလောဟု မေးကြကုန်၏။

၄၆။ (တရားသူကြီးတို့) ငြိုငြင်ပင်ပန်းခြင်းသို့ ရောက်သည်ဖြစ်၍ အသက်သေလုမတတ် လွန်ကဲလှ စွာသော ဤဆင်းရဲမှုကို သိရခြင်းကြောင့် အကြွင်းမဲ့ယူစေနိုင်သော ဆုကို ပေးခဲ့မိပါ၏ (ဟု မင်းကြီးက ထွက်ဆို၏)။

၄၇။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ရှုံးချေပြီ၊ ထိုတံခါးမှူးအား မြတ်စွာဘုရားကို ပေးထိုက်ပေ၏၊ နှစ်ယောက်သော သင်တို့၏ ယုံမှားမှုကို အကျွန်ုပ်တို့ ဆုံးဖြတ်ပြီးပါပြီ၊ တရားဥပဒေ တည်ရှိသည့်အတိုင်း တည်ကြပါကုန် (ဟု ဆုံးဖြတ်ကြကုန်၏)။

၄၈။ မင်းသည် ထိုတရားရုံး၌ပင် ရပ်တည်၍ တရားသူကြီးတို့ ငါ့အားလည်း ပေးကြ ကုန်လော့၊ ငါသည် မြတ်စွာဘုရားကို တစ်ဖန် ရလိုပါ၏ဟု တရားသူကြီးတို့အား ဤစကား ကို ပြောဆို၏။

၄၉။ (အဆွေတံခါးမှူး) သင်၏ စိတ်အကြံကို ပြည့်စေ၍ မြတ်စွာဘုရားကို ဆွမ်းကျွေးပြီး လျှင် အခြံအရံများသော အာနန္ဒာမင်းအား မြတ်စွာဘုရားကို တစ်ဖန် ပေးလော့ (ဟု ဆုံးဖြတ် ကြကုန်၏)။

(နိမန္တနကထာ) ပင့်ဖိတ်လျှောက်ထားခြင်း

၅၀။ ငါသည် တရားသူကြီးတို့ကိုလည်းကောင်း၊ အာနန္ဒာမင်းမြတ်ကိုလည်းကောင်း ရှိခိုး ပြီးလျှင် နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏။

၅၁။ ဩဃမှ ကူးမြောက်သည်ဖြစ်၍ အာသဝကင်းတော်မူသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဦးခေါင်းဖြင့် ရှိခိုးပြီးလျှင် ဤစကားကို လျှောက်ထား၏။ -

၅၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား (အရှင်ဘုရားသည်) ရဟန္တာတစ်သိန်းတို့ နှင့်တကွ (တပည့်တော်၏ လျှောက်ထားချက်ကို) လက်ခံတော်မူပါ၊ တပည့်တော်၏ စိတ်ကို ရွှင်ပြစေလျက် တပည့်တော်၏ အိမ်သို့ ကြွတော်မူပါဟု လျှောက်ထား၏။

--

၅၃။ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ လက်ခံတော်မူ၏။

၅၄။ ငါသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိမြင်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် ရွှင်ပျတက်ကြွသော စိတ်ရှိသည်ဖြစ်၍ အိမ်သို့ ချဉ်းကပ်၏။

(ဒါနပဋိယာဒန) လှူဖွယ်ဝတ္ထုစီရင်ခြင်း

၅၅။ ငါသည် အဆွေခင်ပွန်းတို့ကို ဖိတ်ခေါ်စုပေါင်း၍ ဤစကားကို ပြောဆို၏၊ ငါသည် ‘ဇောတိရသပတ္တမြားကဲ့သို့’ လွန်စွာ ရခဲလှသော မြတ်စွာဘုရားကို ရခဲ့ပေ၏။

၅၆-၅၇။ မြတ်စွာဘုရားသည် မနှိုင်းရှည့်အပ်သည်ဖြစ်၍ နှိုင်းခိုင်းဖွယ် ဥပမာမရှိသော အတုမရှိသည်ဖြစ်၍ အတုမဲ့ဖြစ်တော်မူသော မြဲမြံခိုင်ခံ့သည်ဖြစ်၍ ပြိုင်ဘက်မရှိသော ထို့ပြင် အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော နှစ်ယောက်မြောက် ရှိတော်မမူသော လူတို့ထက် မြတ်တော်မူသော ပုဂ္ဂိုလ်ဖြစ်ပါပေ၏၊ ငါတို့သည် ထိုမြတ်စွာဘုရားကို အဘယ် ဝတ္ထုဖြင့် ပူဇော်ရပါကုန်အံ့နည်း၊ ငါသည် မြတ်စွာဘုရားအား လျောက်ပတ်သော (အလွန် အကဲ ပြုအပ်သော) ကောင်းမှုကိုလည်း ပြုနိုင်ခဲ့ပေ၏။

၅၈။ ပန်းအမျိုးမျိုးတို့ကို စုဆောင်း၍ ပန်းမဏ္ဍပ်ကို ပြုကုန်အံ့၊ ဤမဏ္ဍပ်သည် ဘုရား အား လျောက်ပတ်၍ လူအားလုံးတို့၏ ပူဇော်မှုသည် ဖြစ်လတ္တံ့။

၅၉။ ငါသည် ဥပ္ပလကြာ၊ ပဒုမ္မာကြာ၊ မုလေးပန်း၊ စံကားပန်း၊ ကံ့ကော်ပန်းတို့ကို (စုပေါင်း၍) ပန်းမဏ္ဍပ်ကို ပြုစေခဲ့၏။

၆၀။ နေရာတစ်သိန်းတို့ကို ထီးရိပ်၌ ခင်းထား၏၊ ငါ၏ အညံ့ဆုံးနေရာသည် တစ်ရာ ကျော် အဖိုးထိုက်တန်၏။

၆၁။ ငါသည် ထီးရိပ်၌ နေရာတစ်သိန်းတို့ကို ခင်းထားလျက် ဆွမ်းအဖျော်ကို စီရင်ပြီး နောက် ဆွမ်းစားချိန်ကို ကြားလျှောက်၏။

၆၂။ ဆွမ်းစားချိန်ကို လျှောက်သောအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန္တာတစ်သိန်း တို့နှင့်တကွ ငါ၏ အိမ်သို့ ကြွတော်မူ၏။

၆၃။ မြတ်စွာဘုရားသည် အထက်၌ ဆောင်းမိုးအပ်သော ထီးရှိသော ပန်းပွင့်တို့ဖြင့် ကောင်းစွာ ချယ်လှယ်အပ်သော ပန်းမဏ္ဍပ်၌ ရဟန္တာတစ်သိန်းတို့နှင့်တကွ နေတော်မူ၏။

၆၄။ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအပ်လည်းအပ်၍ အပြစ်လည်း မရှိသော ထီးတစ်သိန်းတို့ကိုလည်းကောင်း၊ နေရာတစ်သိန်းတို့ကိုလည်းကောင်း အလှူခံတော် မူပါ။

၆၅။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူ ထိုက်သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငါ့ကို ချီမြှောက်ကယ်တင်တော်မူလိုသည်ဖြစ်၍ အလှူခံတော်မူ၏။

(ဒါနကထာ) လှူဒါန်းခြင်းနှင့် သက်ဆိုင်သော စကား

၆၆။ ငါသည် ရဟန်း တစ်ပါးတစ်ပါးအား သပိတ် တစ်လုံးစီ ပေးလှူ၏၊ (ထိုရဟန်းတို့သည်) မြေသပိတ်ကို စွန့်ကြကုန်၏၊ သံသပိတ်ကို ဆောင်ကုန်၏။

၆၇။ မြတ်စွာဘုရားသည် ခုနစ်ရက်သော နေ့ညဉ့်ပတ်လုံး ပန်းမဏ္ဍပ်၌ နေတော်မူ၏၊ များစွာသော သတ္တဝါတို့ကို သစ္စာလေးပါးတရားကို သိစေလျက် ဓမ္မစကြာတရားကို ဟော တော်မူ၏။

၆၈။ ပန်းမဏ္ဍပ်အောက်၌ ဓမ္မစကြာတရားကို ဟောတော်မူသည်ရှိသော် သတ္တဝါပေါင်းရှစ် သောင်းလေးထောင်တို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်လေ၏။

၆၉။ ခုနစ်ရက်မြောက် ရောက်သောအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ထီးရိပ်၌ နေ တော်မူလျက် ဤဂါထာတို့ကို ဟောတော်မူ၏ -

--

((ဗျာကရဏ) ဟောကြားတော်မူခြင်း

၇၀။ အကြင်လုလင်သည် မယုတ်လျော့သောအလှူမြတ်ကို ငါဘုရားအား ပေးလှူ၏၊ ထိုလုလင်ကို ငါဘုရား ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ ငါ ပြောကြားမည့်စကားကို နာကြကုန် လော့၊ -

၇၁။ အင်္ဂါလေးပါးရှိသော ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ်တို့သည်လည်း ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရ ခြင်း၏ အကျိုးပေတည်း။

၇၂။ ဆင်ယာဉ်၊ မြင်းယာဉ်၊ ထမ်းစင်၊ သံလျှင်းတို့သည်လည်း ဤသူ့ကို အမြဲ ခြံရံကုန် လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရခြင်း၏ အကျိုးပေတည်း။

၇၃။ အဆင်တန်ဆာ အားလုံးတို့ဖြင့် တန်ဆာဆင်အပ်သော ယာဉ်ရထား ခြောက်သောင်း တို့လည်း ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထု ကို လှူရခြင်း၏ အကျိုးပေတည်း။

၇၄။ တူရိယာ ခြောက်သောင်းတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်ကုန် သော စည်ကြီးတို့သည်လည်းကောင်း ဤသူ့ကို အမြဲ ဖျော်ဖြေတီးမှုတ်ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရခြင်း၏ အကျိုးပေတည်း။

၇၅။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော, ဆန်းကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်ကုန်သော, ပုလဲသွယ်, ပတ္တမြားနားတောင်းကို ပန်ဆင်ကုန်သော, -

၇၆။ ကော့တက်သော မျက်တောင်ရှိကုန်သော, ပြုံးရွှင်စွာ ပြောဆိုတတ်ကုန်သော, ကောင်းသော အမှတ်သညာရှိကုန်သော, သေးသွယ်သော ခါးရှိကုန်သော နှစ်သောင်းခြောက် ထောင်ကုန်သော သတို့သမီးတို့သည် ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူဝတ္ထုကို လှူရခြင်း၏ အကျိုးပေတည်း။

၇၇။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင်တိုင် တိုင် နတ်တို့ကို အစိုးရသော သိကြားမင်းအဖြစ် ပြုရလတ္တံ့။

၇၈။ စကြဝတေးမင်းလည်း အကြိမ်တစ်ထောင်တိုင်တိုင် ဖြစ်ရလတ္တံ့၊ ပြန့်ပြောများပြား သော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၇၉။ ဘုန်းကံနှင့် ပြည့်စုံသောသူအား နတ်ပြည်၌ နေသည်ရှိသော် နတ်ပြည်လျှင် အဆုံး ရှိသော ရတနာထီးကို ဆောင်းရလတ္တံ့။

၈၀။ အကြင်အခါ၌ ဤသူသည် အဝတ်ပန်းကြောင့် ဖြစ်သော အရိပ်အမိုးကို အလိုရှိအံ့၊ ထိုအခါ ဤသူ၏ စိတ်အလိုကို သိ၍ (အရိပ်ပန်းမိုးသည်) အမြဲ ဆောင်းမိုးထားလတ္တံ့။

၈၁။ နတ်ပြည်မှ စုတေပြီးလျှင် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ဘုန်းကံနှင့် ယှဉ်သော (ပြည့်စုံသော) ဗြာဟ္မဏမျိုး ဖြစ်လတ္တံ့။

၈၂။ (ဤကမ္ဘာမှ နောက်) ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကအမျိုး၌ ဖြစ်သော အနွယ် အားဖြင့် ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

--

၈၃။ သာကီဝင်မင်းတို့၏ ရှေ့သွားဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရားသည် ဤတရား အလုံးစုံကို သိမြင်တော်မူ၍ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူလျက် ဤသူ့ကို ဧတဒဂ် အရာ၌ ထားတော်မူလတ္တံ့။

၈၄။ နတ်, အသုရာ, ဂန္ဓဗ္ဗနတ်တို့သည် ကောင်းစွာ (ပူဇော်မှုကို) ပြုအပ်သော ပိလိန္ဒဝစ္ဆ အမည်ဖြင့် ထင်ရှားသော ဘုရားတပည့်သား ဖြစ်လတ္တံ့။

၈၅။ ထို့အတူသာလျှင် ထိုပိလိန္ဒဝစ္ဆသည် အလုံးစုံသော ရဟန်းယောက်ျား, ရဟန်းမိန်းမ၊ လူ ဒါယကာ, ဒါယိကာမတို့ ချစ်ခင်မြတ်နိုးအပ်သည်ဖြစ်၍ အာသဝေါ ကင်းလျက် နေရလတ္တံ့။

(ဒါနာနိသံသကထာ) ဒါန၏ အကျိုးဆက်ကို ဖော်ပြခြင်း

၈၆။ ကမ္ဘာတစ်သိန်းထက်၌ ပြုခဲ့သော ကုသိုလ်ကံသည် ဤအဆုံးဘဝ၌ ငါ့အား အကျိုး တရားကို ဖော်ပြ၏၊ ‘(ညှို့မှ) ကောင်းစွာ လွှတ်သော မြားအဟုန်ကဲ့သို့’ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေ၏။

၈၇။ အတုမရှိသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ် သောဘုရားအမှူးရှိသော သံဃာ၌ ငါ၏ ကောင်းစွာ ပြုအပ်သော ကံသည် အံ့ဖွယ်ရှိပါပေစွ၊ အကြင်ဘုရားအမှူးရှိသော သံဃာ၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။

၈၈။ အကြင်လုလင်သည် မယုတ်လျော့သော အလှူမြတ်ကို ပေးလှူခဲ့၏၊ (ထို့ကြောင့်) ထိုသူသည် အလှူပထမခေါင်းဆောင် ဖြစ်ခဲ့၏။ ဤသို့ ဖြစ်ရခြင်းသည် ထိုအလှူ၏ အကျိုး ပေတည်း။

(၁-ဆတ္တာနိသံသ) ထီးလှူဒါန်းခြင်း၏ အကျိုး

၈၉။ ငါသည် မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်းကောင်း ထီးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးရှစ်ပါးတို့ကို ခံစားရပေ၏။

၉၀။ ငါသည် အအေးအပူကို မသိရပေ၊ (ငါ့အား) မြူအညစ်အကြေးသည် မလိမ်းကျံ မကပ်ငြိပေ၊ ငါသည် ဘေးရန်ဆင်းရဲ မရှိဘဲ အခါခပ်သိမ်း အပူဇော်ခံရသူ ဖြစ်ပေ၏။

၉၁-၉၂။ ငါသည် သိမ်မွေ့နူးညံ့သော အရေအဆင်းရှိသူ ဖြစ်၏၊ (ငါ၏) စိတ်သည် သန့်ရှင်းပေ၏၊ သံသရာဘဝ၌ ကျင်လည်ရသော ငါ့အား အလုံးစုံတန်ဆာနှင့် ယှဉ်စပ်ကုန် သော ထီးတစ်သိန်းတို့သည် ထိုကံ၏ အစွမ်းကြောင့် ဤဘဝကို ကြဉ်ထား၍ ငါ၏ ဦးထိပ်၌ ဆောင်မိုးလျက် ရှိကုန်၏။

၉၃။ အဘယ့်ကြောင့် ဤဘဝ၌ ငါ့အား ထီးဆောင်းခြင်းတို့သည် မရှိကုန်သနည်း၊ ငါ ပြုခဲ့သော ကံအလုံးစုံသည် အရဟတ္တဖိုလ်ထီးကို ရခြင်းငှါ ဖြစ်ပေ၏။

(၂-ဒုဿာနိသံသ) အဝတ်ပုဆိုးလှူဒါန်းခြင်း၏ အကျိုး

၉၄။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ပုဆိုးအဝတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးရှစ်ပါးတို့ကို ခံစားရပေ၏။

၉၅။ ငါသည် ရွှေအဆင်းနှင့် တူသော အဆင်းရှိပေ၏၊ မြူအညစ်အကြေး ကင်းပေ၏၊ ပြိုးပြိုးပြက်ပြက့်အရောင်ထွက်ပေ၏၊ တန်ခိုးကြီးမားပေ၏၊ ငါ၏ ကိုယ်သည် ပြေပြစ်ပေ၏၊ သံသရာ၌ ကျင်လည်ရသော ငါ့အား -

--

၉၆။ အဖြူ, အဝါ, အနီ အဝတ်ပုဆိုး တစ်သိန်းတို့သည် ငါ၏ ဦးထိပ်၌ ဆောင်မိုးလျက် ရှိကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးအဝတ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၉၇။ ငါသည် ဘဝအားလုံး၌ ထိုပုဆိုးတို့၏ အကျိုးကြောင့် ပိုးပုဆိုး, သကလတ် (ကမ္ဗလာ) ပုဆိုးတို့ကိုလည်းကောင်း၊ ခေါမချည်ပုဆိုး, ဝါချည်ပုဆိုးတို့ကိုလည်းကောင်း ရပေ၏။

(၃-ပတ္တာနိသံသ) သပိတ်လှူခြင်း၏ အကျိုး

၉၈။ ငါသည် မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်းကောင်း သပိတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆယ်ပါးတို့ကို ခံစားရပေ၏။

၉၉။ ငါသည် ရွှေခွက်တို့ကိုလည်းကောင်း၊ ပတ္တမြားခွက်တို့ကိုလည်းကောင်း၊ ငွေခွက်တို့ ကိုလည်းကောင်း၊ ပတ္တမြားပြောက် (ကျောက်နီ) ခွက်တို့ကိုလည်းကောင်း အခါခပ်သိမ်း သုံး ဆောင်ရပေ၏။

၁၀၀။ ငါသည် ဘေးရန်ဆင်းရဲ မရှိဘဲ အခါခပ်သိမ်း (လူနတ်တို့) ပူဇော်ခံရသူ ဖြစ်ပေ၏၊ ထမင်း, အဖျော်, အဝတ်, အိပ်ရာနေရာတို့ကို များစွာ ရခြင်းရှိသူ ဖြစ်ပေ၏။

၁၀၁။ ငါ၏ စည်းစိမ်တို့သည် မပျောက်ပျက်ကုန်၊ ငါသည် တည်တံ့သော စိတ်ရှိသူ ဖြစ်ပေ၏၊ အခါခပ်သိမ်း တရားကို လိုလားသူဖြစ်၍ အဆုံးဘဝ၌ ကိလေသာနည်းပါးသူ, အာသဝေါမရှိသူ ဖြစ်ပေ၏။

၁၀၂။ နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ဤဂုဏ်ကျေးဇူးတို့သည် ‘သစ်ပင်၏ အရိပ်ကဲ့သို့’ (ငါ့ကို) အစဉ်လိုက်ကုန်၏။ ဘဝအားလုံး၌ ငါ့ကို မစွန့်ကုန်။

(၄-ဝါသိအာနိသံသ) ပဲခွပ်လှူဒါန်းခြင်း၏ အကျိုး

၁၀၃။ ငါသည် ကောင်းစွာ ပြုလုပ်အပ်ကုန်သော, ဆန်းကြယ်သော အခွေးအဖွဲ့တပ်အပ် ကုန်သော, များစွာသော ပဲခွပ်တို့ကို ဘုရားမြတ်အားလည်းကောင်း၊ ထိုမှတစ်ပါးသော သံဃာအားလည်းကောင်း ပေးလှူခဲ့ရသောကြောင့် -

၁၀၄။ ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးရှစ်ပါးတို့ကို ခံစားရပေ၏၊ ငါသည် ရဲရင့်၏၊ ရွံရှာခြင်း ကင်း၏၊ ဝေသာရဇ္ဇဉာဏ်တို့၌ အပြီးအဆုံးသို့ ရောက်၏။

၁၀၅။ တည်ကြည်၏၊ လုံ့လရှိ၏၊ အခါခပ်သိမ်း ချီးမြှောက်အပ်သော စိတ်ရှိ၏၊ ထိုပဲခွပ် အလှူ၏ အကျိုးဆက်ကြောင့် ကိလေသာကို ဖြတ်တတ်သော သိမ်မွေ့သော ဉာဏ်ကိုလည်း ကောင်း၊ အတုမရှိသော စင်ကြယ်ခြင်းကိုလည်းကောင်း ငါ့အား ဘဝအားလုံး၌ ရရှိပေ၏။

(၅-သတ္ထကာနိသံသ) ဓားငယ်လှူဒါန်းခြင်း၏ အကျိုး

၁၀၆။ ငါသည် မကြမ်းတမ်း မရုန့်ရင်းကုန်သော ကောင်းစွာ ဆေးအပ်ကုန်သော ဓားငယ် များစွာတို့ကို ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဘုရားအားလည်းကောင်း၊ ထိုမှ တစ်ပါး သံဃာအားလည်းကောင်း ပေးလှူခဲ့ရသောကြောင့် -

၁၀၇။ ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏၊ မိတ်ဆွေခင်ပွန်းကောင်းကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း၊ မေတ္တာတည်းဟူသော လက်နက်ကိုလည်းကောင်း-

--

၁၀၈။ တဏှာတည်းဟူသော ငြောင့်ကို ဖြတ်တတ်သောကြောင့် အတုမရှိသော ပညာ လက်နက်ကိုလည်းကောင်း၊ ဝရဇိန်နှင့် တူသော ဉာဏ်ကိုလည်းကောင်း ထိုဓားငယ်ကို လှူဒါန်းရခြင်း၏ အကျိုးဆက်ကြောင့် ရရှိပေ၏။

(၆-သူစိအာနိသံသ)အပ်လှူဒါန်းခြင်း၏ အကျိုး

၁၀၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်းအပ်တို့ကို ပေးလှူခဲ့သောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၁၀။ ငါသည် ဘဝကြီး, ငယ်၌ ကျင်လည်ရသည်ရှိသော် အခါခပ်သိမ်း တွေးတောမှု မရှိသူ၊ ယုံမှားခြင်းကို ဖြတ်နိုင်သူ၊ အလွန်အဆင်းလှသူ၊ စည်းစိမ်ရှိသူ၊ ထက်မြက်သော ပညာရှိသူ ဖြစ်ပေ၏။

၁၁၁။ ငါသည် နက်နဲသိမ်မွေ့သော အကြောင်းအရာကို ဉာဏ်ဖြင့် မြင်ပေ၏၊ ဝရဇိန် အဖျားနှင့် တူသော မောဟအမိုက်ကို ပယ်သတ်တတ်သော ဉာဏ်သည် ငါ့အား ဖြစ်ပေ၏။

(၇-နခစ္ဆေဒနာနိသံသ) လက်သည်းလှီးဓားလှူဒါန်းခြင်း၏ အကျိုး

၁၁၂။ ငါသည် မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်းကောင်း လက်သည်းလှီးဓားတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၁၃။ ငါသည် ကျွန်မိန်းမ, ကျွန်ယောက်ျားတို့ကိုလည်းကောင်း၊ နွား, မြင်းတို့ကိုလည်း ကောင်း၊ အလုပ်သမားတို့ကိုလည်းကောင်း၊ ကချေသည် များစွာတို့ကိုလည်းကောင်း၊ ဆတ္တာ သည်တို့ကိုလည်းကောင်း၊ ထမင်းချက်သမား, စားဖိုသည်တို့ကိုလည်းကောင်း ဘဝအားလုံ၌ ပင် ရရှိပေ၏။

(၈-ဝိဓူပနတာလဝဏ္ဋာနိသံသ) ယပ်လှူဒါန်းခြင်း၏ အကျိုး

၁၁၄။ ငါသည် မြတ်စွာဘုရားအား တင့်တယ်လှပသော ထန်းရွက်ယပ်တို့ကိုလည်း ပေး လှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ရှစ်ပါးတို့ကို ခံစား ရပေ၏။

၁၁၅။ ငါသည် အအေး, အပူကို မသိရပေ၊ ငါ့အား ပူအိုက်ခြင်းသည် မရှိပေ၊ ငါသည် (ကိုယ်၏) ပူပန်ခြင်းကို မသိရပေ၊ ငါ့အား စိတ်ပူပန်ခြင်းသည် မရှိပေ။

၁၁၆။ ငါ၏ ထိုယပ်အလှူ၏ အကျိုးဆက်ကြောင့် ရာဂမီး, ဒေါသမီး, မောဟမီး, မာနမီး, ဒိဋ္ဌိမီးဟူသော မီးအားလုံးသည် ငါ့အား ငြိမ်းပေ၏။

(၉-မောရဟတ္ထ စာမရ) ဥဒေါင်းမြီးယပ်, သားမြီးယပ်လှူဒါန်းခြင်း၏ အကျိုး

၁၁၇။ အမြတ်ဆုံး ဂိုဏ်းသံဃာအား ဥဒေါင်းမြီးယပ်, သားမြီးယပ်တို့ကို ပေးလှူခဲ့ရ သောကြောင့် ငါသည် ကိလေသာငြိမ်းလျက် ကိလေသာမရှိဘဲ နေရ၏။

(၁၀-ပရိဿာဝန ဓမ္မကရဏ) ရေစစ်, ဓမကရိုဏ်လှူဒါန်းခြင်း၏ အကျိုး

၁၁၈။ မြတ်စွာဘုရားအား ရေစစ်တို့ကိုလည်းကောင်း၊ မြတ်သော ဓမကရိုဏ်တို့ကိုလည်းကောင်း ပေးလှုခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၁၉။ ငါသည် ခပ်သိမ်းသော နတ်တို့ထက် ပိုလွန်၍ နတ်၌ဖြစ်သော အသက်ကို ရ၏၊ ငါသည် ခိုးသူ, ရန်သူတို့ အခါခပ်သိမ်း မနှိပ်စက်နိုင်သူ ဖြစ်ပေ၏။

--

၁၂၀။ လက်နက်ဖြင့်လည်းကောင်း၊ အဆိပ်ဖြင့်လည်းကောင်း ငါ့အား ညှဉ်းဆဲခြင်း ကိုလည်း မပြုနိုင်ချေ၊ ထိုရေစစ်တို့ကို လှူရခြင်း၏ အကျိုးကြောင့် (ငါ့အား သက်တမ်း) အတွင်း၌ သေဆုံးခြင်း မရှိပေ။

(၁၁-တေလဓာရာနိသံသ) ဆီကျည်လှူဒါန်းခြင်း၏ အကျိုး

၁၂၁။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဆီကျည်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၂၂။ ငါသည် အလွန်အဆင်းလှသူ၊ အလွန်ကောင်းသူ၊ အလွန်တက်ကြွသော စိတ်ရှိသူ၊ ပျံ့လွင့်သောစိတ် မရှိသူ၊ အတွင်းအပြင် အလုံးစုံ အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက်အပ် သူ ဖြစ်ပေ၏။

(၁၂-သူစိဃရာနိသံသ)အပ်ကျည်လှူဒါန်းခြင်း၏ အကျိုး

၁၂၃။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်းအပ်ကျည်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၂၄။ ငါသည် ထိုအပ်ကျည်ကို လှူရခြင်း၏ အကျိုးဆက်ကြောင့် စိတ်ချမ်းသာခြင်းကိုလည်းကောင်း၊ ကိုယ်ချမ်းသာခြင်းကိုလည်းကောင်း၊ ဣရိယာပုထ်ကြောင့် ဖြစ်သော ချမ်းသာ ခြင်းကိုလည်းကောင်း ဤအကျိုးတို့ကို ရပေ၏။

(၁၃-အံသဗဒ္ဓါနိသံသ) အံသကိုက်လှူဒါန်းခြင်း၏ အကျိုး

၁၂၅။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အံသကိုက်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၂၆။ ငါသည် ထိုအံသကိုက်အလှူ၏ အကျိုးဆက်ကြောင့် သူတော်ကောင်းတရား၌ ထောက်ရာ တည်ရာကို ရပေ၏၊ ဒုတိယဘဝကို အောက်မေ့နိုင်၏၊ ဘဝအားလုံး၌ ကောင်း မွန်သော အရေအဆင်းရှိသူ ဖြစ်ပေ၏။

(၁၄-ကာယဗန္ဓနာနိသံသ) ခါးပန်း၊ ကိးလှူဒါန်းခြင်း၏ အကျိုး

၁၂၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံး ဂိုဏ်းသံဃာအားလည်းကောင်း၊ ခါးပန်းကြိုးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ခြောက်ပါးတို့ကို ခံစားပေ၏။

၁၂၈။ ငါသည် ပထမဈာန်စသော သမာဓိတို့၌ မတုန်လှုပ်ပေ၊ ပထမဈာန်စသော သမာဓိ တို့၌ အလေ့အကျင့်ရှိပြီးသူ ဖြစ်ပေ၏၊ မပြိုမကွဲသော ပရိသတ်ရှိသူ၊ အခါခပ်သိမ်း နာယူ ထိုက်သော စကားရှိသူ ဖြစ်ပေ၏။

၁၂၉။ ငါသည် ထင်သော သတိရှိသူ ဖြစ်ပေ၏၊ ငါ့အား ထိတ်လန့်ခြင်း မရှိပေ။ နတ် ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ဤအကျိုးတို့သည် ငါ့အား အစဉ်တစိုက် လိုက် ကုန်၏။

--

(၁၅-အာဓာရကာနိသံသ) သပိတ်ခြေလှူဒါန်းခြင်း၏ အကျိုး

၁၃၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း သပိတ်ခြေတို့ကို ပေးလှူခဲ့ရသောကြောင့် အကြောင်းငါးပါးတို့ဖြင့် အမွေခံရသူ ဖြစ်၏၊ တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်း မရှိသူ ဖြစ်ပေ၏။

၁၃၁။ ငါ နာကြားအပ်သော ခပ်သိမ်းသော တရားတို့သည် သတိနှင့် ဉာဏ်ကို ပွင့်လင်း စေလျက် ငါ၏ နှုတ်၌ ဆောင်ထားပြီး ဖြစ်သည့်အတိုင်း မပျောက်ပျက်ကုန်၊ ကောင်းစွာ ဆုံးဖြတ်ပြီး ဖြစ်ကုန်၏။

(၁၆-ဘာဇနာနိသံသ) အိုးလှူဒါန်းခြင်း၏ အကျိုး

၁၃၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း၊ အိုးခွက်အသုံးအဆောင်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက် သုံးပါးတို့ကို ခံစားရပေ၏။

၁၃၃။ ငါသည် ရွှေအိုးတို့ကိုလည်းကောင်း၊ ပတ္တမြားအိုးတို့ကိုလည်းကောင်း၊ ဖန်အိုးတို့ ကိုလည်းကောင်း၊ ပတ္တမြားပြောက် (ကျောက်နီ) ဖြင့်ပြီးသော အိုးတို့ကိုလည်းကောင်း ရရှိပေ၏။

၁၃၄။ မယားတို့ကိုလည်းကောင်း၊ ကျွန်ယောက်ျား, ကျွန်မိန်းမတို့ကိုလည်းကောင်း၊ ဆင်, မြင်း, ရထား, ခြေသည်သူရဲတို့ကိုလည်းကောင်း၊ လင်၏ အလိုကို လိုက်တတ်သော မိန်းမတို့ကိုလည်းကောင်း၊ အသုံးအဆောင်ပစ္စည်းတို့ကိုလည်းကောင်း အခါခပ်သိမ်း ရရှိပေ၏။

၁၃၅။ အမျိုးမျိုးသော အတတ်ပညာ, ဗေဒင်, မန္တန်ပုဒ်တို့ကိုလည်းကောင်း၊ အထူးထူး အပြားပြား များစွာသော ကျမ်းဂန်တို့ကိုလည်းကောင်း၊ အတတ်အလုံးစုံကိုလည်းကောင်း သင်ယူနိုင်၏။ အခါခပ်သိမ်း အသုံးအဆောင်တို့ကိုိ ရရှိပေ၏။

(၁၇-ထာလကာနိသံသ) ခွက်လှူဒါန်းခြင်း၏ အကျိုး

၁၃၆။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခွက်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၃၇။ ငါသည် ရွှေခွက်တို့ကိုလည်းကောင်း၊ ပတ္တမြားခွက်တို့ကိုလည်းကောင်း၊ ထို့ပြင် ဖန်ခွက်တို့ကိုလည်းကောင်း၊ ပတ္တမြားပြောက် (ကျောက်နီ) ဖြင့် ပြီးသော ခွက်တို့ကိုလည်း ကောင်း ရရှိပေ၏။

၁၃၈။ ငါသည် ညောင်ဗုဒ္ဓဟေရွက်နှင့် တူသော ခွက်တို့ကိုလည်းကောင်း၊ အသီးဖြင့် ပြုလုပ်အပ်သော ခွက်တို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ကြာရွက်နှင့် တူသော ခွက်တို့ကိုလည်းကောင်း၊ ပျားရည်သောက်စရာ ခရုသင်းတို့ကိုလည်းကောင်း ရရှိပေ၏။

၁၃၉။ ငါသည် ထိုဆွမ်းစားခွက်အလှူ၏ အကျိုးဆက်ကြောင့် ဝတ်ကြီး ဝတ်ငယ်၌ ဖြည့် ကျင့်ခြင်းကိုလည်းကောင်း၊ အလေ့အကျင့် အမူအရာစသည်တို့၌ ဖြည့်ကျင့်ခြင်းကိုလည်းကောင်း ဤအကျိုးတို့ကို ရရှိပေ၏။

--

(၁၈-ဘေသဇ္ဇာနိသံသ) ဆေးလှူဒါန်းခြင်း၏ အကျိုး

၁၄၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဆေးကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ဆယ်ပါးတို့ကို ခံစားရပေ၏။

၁၄၁။ ငါသည် ထိုဆေးအလှူ၏ အကျိုးဆက်ကြောင့် အသက်ရှည်၏၊ ခွန်အား ကြီးမား၏၊ ပညာရှိ၏၊ အဆင်းလှ၏၊ အခြံအရံများ၏၊ ချမ်းသာကြီး၏၊ ဘေးရန်မရှိ၊ ဆင်းရဲမရှိ၊ အခါခပ်သိမ်း (သူတစ်ပါးတို့) ပူဇော်အပ်၏၊ ငါ့အား ချစ်သောသူတို့နှင့် ကွေကွင်းခြင်း မရှိပေ။

(၁၉-ဥပါဟနာနိသံသ) ဖိနပ်လှူဒါန်းခြင်း၏ အကျိုး

၁၄၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဖိနပ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၄၃။ ဆင်ယာဉ် မြင်းယာဉ် ထမ်းစင် သံလျှင်း ခြောက်သန်းတို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏။

၁၄၄။ ပတ္တမြားစီကုန်သော (ကမ္ဗလာဖြင့်) ကြေးနီဖြင့် ချုပ်လုပ်သော ရွှေခြေနင်း ငွေခြေနင်း တို့သည် ဘဝသံသရာ၌ ကျင်လည်သော ငါ့အား ခြေလှမ်းတိုင်း ဖြစ်ကုန်၏။

၁၄၅။ မကောင်းသော အကျင့်တို့ကို သုတ်သင်တတ်သော အရိယာမဂ်သို့ သတိတို့သည် ပြေးသွားကုန်၏၊ ငါသည် ထိုဖိနပ်အလှူ၏ အကျိုးဆက်ကြောင့် ဤအကျိုးတို့ကို ရရှိပေ၏။

(၂၀-ပါဒုကာနိသံသ) ခြေနင်းလှူဒါန်းခြင်း၏ အကျိုး

၁၄၆။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခြေနင်းတို့ကို ပေးလှူခဲ့ရသောကြောင့် တန်ခိုးခြေနင်းကို တက်စီး၍ အလိုရှိတိုင်း နေရပေ၏။

(၂၁-ဥဒကပုဉ ္ဆနာနိသံသ) ရေသုတ်ပုဆိုးလှူဒါန်းခြင်း၏ အကျိုး

၁၄၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ရေသုတ်ပုဆိုး (အဝတ်) တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက် ငါးပါးတို့ကို ခံစားရပေ၏။

၁၄၈။ ငါသည် ထိုရေသုတ်ပုဆိုးကို လှူရခြင်း၏ အကျိုးဆက်ကြောင့် ရွှေအဆင်းနှင့် တူသော အဆင်းရှိ၏၊ မြူအညစ်အကြေး ကင်း၏၊ ပြိုးပြိုးပြက် အရောင်ထွက်၏၊ တန်ခိုး ကြီးမား၏၊ ငါ၏ ကိုယ်သည် ပြေပြစ်၏၊ မြူအညစ်အကြေးသည် မလိမ်းကျံ မကပ်ငြိပေ။ ငါသည် ဤအကျိုးတို့ကို ရရှိပေ၏။

--

(၂၂-ကတ္တရဒဏ္ဍာနိသံသ) တောင်ဝှေးလှူဒါန်းခြင်း၏ အကျိုး

၁၄၉။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း တောင်ဝှေးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ခြောက်ပါးတို့ကို ခံစားရပေ၏။

၁၅၀။ ငါ့အား သားသမီး များပြားကုန်၏၊ ငါ့အား ထိတ်လန့်ခြင်း မရှိ၊ အခါခပ်သိမ်း အလုံးစုံ အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက်အပ်သည်ဖြစ်၍ သူတစ်ပါးတို့ အနှိပ်စက် မခံရသူ ဖြစ်၏၊ ချွတ်ယွင်းသည်ကိုလည်း မသိရပေ၊ ငါ၏ စိတ်သည် တုန်လှုပ်ခြင်း မရှိပေ။

(၂၃-ဩသဓဉ္ဇနာနိသံသ) မျက်စဉ်းဆေးလှူဒါန်းခြင်း၏ အကျိုး

၁၅၁။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း မျက်စဉ်းဆေးကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် ရှစ်ပါးတို့ကို ခံစားရပေ၏။

၁၅၂။ ငါသည် ကျယ်သော မျက်စိရှိသူ ဖြစ်ပေ၏၊ (မျက်စိ၌) ဖြူသင့်ရာ ဖြူ၍ ဝါသင့်ရာ ဝါ နီသင့်ရာနီကုန်၏၊ ရောဂါခပ်သိမ်းမှ ကင်းစင်သည်ဖြစ်၍ အလွန်ကြည်လင်သော မျက်စိရှိသူ ဖြစ်ပေ၏။

၁၅၃။ ငါသည် နတ်မျက်စိနှင့် တူသော မျက်စိကိုလည်းကောင်း၊ အတုမရှိသော ပညာ မျက်စိကိုလည်းကောင်း ရ၏။ ထိုမျက်စဉ်းအလှူ၏ အကျိုးဆက်ကြောင့် ဤဂုဏ်ကျေးဇူးတို့ကို ရရှိပေ၏။

(၂၄-ကုဉ္စိကာနိသံသ) သံကောက်လှူဒါန်းခြင်း၏ အကျိုး

၁၅၄။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း သံကောက် (သော့) တို့ကို ပေးလှူခဲ့ရသောကြောင့် နိဗ္ဗာန်တံခါးကို ပွင့်စေနိုင်သော ဉာဏ်တည်းဟူသော သံကောက် (သော့) ကို ရရှိပေ၏။

(၂၅-ကုဉ္စိကာဃရာနိသံသ) သံကောက်အိမ်လှူဒါန်းခြင်း၏ အကျိုး

၁၅၅။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း သံကောက်အိမ် (သော့ခလောက်) တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက် နှစ်ပါးတို့ကို ရ၏၊ ငါသည် ဘဝသံသရာ၌ ကျင်လည်သည်ရှိသော် အမျက်နည်းပါးသူ, ပင်ပန်းခြင်း မရှိသူ ဖြစ်ရ၏။

(၂၆-အာယောဂါနိသံသ) အာယောဂပတ်လှူဒါန်းခြင်း၏ အကျိုး

၁၅၆။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အာယောဂပတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၅၇။ ငါသည် ပထမဈာန်စသော သမာဓိတို့၌ မတုန်လှုပ်ပေ၊ သမာဓိတို့၌ အလေ့ အကျင့်ရှိသူ ဖြစ်ပေ၏၊ မပြိုကွဲသော ပရိသတ်ရှိသူ ဖြစ်ပေ၏၊ အခါခပ်သိမ်း နာယူထိုက်သော စကားရှိသူ ဖြစ်ပေ၏၊ သံသရာဘဝ၌ ကျင်လည်ရသော ငါ့အား စည်းစိမ်၏ ပြည့်စုံခြင်းသည် ဖြစ်ရ၏။

--

(၂၇-ဓူမနေတ္တာနိသံသ) အခိုးတံလှူဒါန်းခြင်း၏ အကျိုး

၁၅၈။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အခိုးတံ (ဆေးတံ) တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ် ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၅၉။ ငါသည် ထိုအခိုးတံအလှူ၏ အကျိုးဆက်ကြောင့် ငါ၏ သတိသည် ဖြောင့်မတ်၏၊ အကြောတို့သည် ကောင်းစွာ ဆက်စပ်လျက် ရှိကုန်၏၊ နတ်မျက်စိနှင့် တူသော မျက်စိကို ရ၏။

(၂၈-ဒီပဓာရာနိသံသ) ဆီမီးတိုင်လှူဒါန်းခြင်း၏ အကျိုး

၁၆၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဆီမီးတိုင်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်သုံးပါးတို့ကို ခံစားရပေ၏။

၁၆၁။ ငါသည် အမျိုးမြတ်သူ၊ ကိုယ်အင်္ဂါနှင့် ပြည့်စုံသူ၊ သိနားလည်သူဟု သမုတ်အပ် သော ပညာရှိသူ ဖြစ်၏။ ထိုဆီမီးတိုင်အလှူ၏ အကျိုးဆက်ကြောင့် ဤအကျိုးတို့ကို ရ၏။

(၂၉-တုမ္ဗကကရဏ္ဍ) ဗူးနှင့် ကြုတ်လှူဒါန်းခြင်း၏ အကျိုး

၁၆၂။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း ဗူးနှင့် ကြုတ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ဆယ်ပါးတို့ကို ခံစားရ၏။

၁၆၃။ ကောင်းစွာ လုံခြုံ၏၊ ချမ်းသာနှင့် ပြည့်စုံ၏၊ များသော အခြံအရံ ရှိ၏၊ ထို့ပြင် ဂတိဝိပတ္တိမှ ကင်း၏၊ နူးညံ့သိမ်မွေ့၏၊ ဆင်းရဲအားလုံးမှ ကင်း၏။

၁၆၄-၁၆၅။ ကြီးကျယ်ပြန့်ပြောသော ဂုဏ်တို့ကို ရရှိ၏၊ ငါ၏ ခြေတို့သည် ညီညွတ် ကုန်၏၊ ထိတ်လန့်ခြင်း ကင်း၏၊ (ရွှေ, ငွေ, မြ, ဖန်) အဆင်းလေးမျိုးရှိသော ဗူးနှင့် ကြုတ်တို့ကို ရ၏၊ ဆင်ရတနာ, မြင်းရတနာတို့ကိုလည်း ရ၏၊ ငါ၏ ထိုရတနာတို့သည် မပျောက်ပျက်ကုန်။ ဤသို့ ဖြစ်ရခြင်းသည် ဗူးလှူရခြင်း၏ အကျိုးပေတည်း။

(၃၀-မလဟရဏာနိသံသ) လက်သုတ်ပုဝါလှူဒါန်းခြင်း၏ အကျိုး

၁၆၆။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအားလည်းကောင်း လက်သုတ်ပုဝါတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ငါးပါးတို့ကို ခံစားရ၏။

၁၆၇။ ငါသည် လက္ခဏာအားလုံးနှင့် ပြည့်စုံ၏၊ အသက်, ပညာဉာဏ်, သမာဓိတို့နှင့် ပြည့်စုံ၏၊ ငါ၏ ကိုယ်သည် အခါခပ်သိမ်း ပင်ပန်းခြင်းအားလုံးမှ လွတ်ကင်း၏။

(၃၁-ပိပ္ဖလာနိသံသ) သင်တုန်းလှူဒါန်းခြင်း၏ အကျိုး

၁၆၈။ ငါသည် ကောင်းစွာ သွေးအပ်ကုန်သော အသွားပါသည့် သင်တုန်းတို့ကို သံဃာ အား ပေးလှူခဲ့ရသောကြောင့် သန့်ရှင်းစင်ကြယ်သော ကိလေသာကို ဖြတ်တောက်တတ်သော အတုမဲ့ဉာဏ်ကို ရ၏။

--

(၃၂-သဏ္ဍာသာနိသံသ) မွေးညှပ်လှူဒါန်းခြင်း၏ အကျိုး

၁၆၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း မွေးညှပ်တို့ကို ပေးလှူခဲ့ရသောကြောင့် ကိလေသာကို ချိုးဖျက်တတ်သော သန့်ရှင်း စင်ကြယ်သော အတုမဲ့ ဉာဏ်ကို ရ၏။

(၃၃-နတ္ထုကာနိသံသ) နှာနှတ်တံလှူဒါန်းခြင်း၏ အကျိုး

၁၇၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း နှာနှတ်တံတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ရှစ်ပါးတို့ကို ခံစားရပေ၏။

၁၇၁။ သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပဟု ဆိုအပ်ကုန်သော ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ သုတ, စာဂ, ခန္တီနှင့် ရှစ်ခုမြောက် ပညာဂုဏ်ကိုလည်းကောင်း (ဤအကျိုးတို့ကို ခံစားရပေ၏)။

(၃၄-ပီဌကာနိသံသ) အင်းပျဉ်လှူဒါန်းခြင်း၏ အကျိုး

၁၇၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အင်းပျဉ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၇၃။ ငါသည် မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏၊ ငါသည် ဥစ္စာ များစွာရှိသူ ဖြစ်၏၊ ငါ့ကို ခပ်သိမ်းသူတို့ ပူဇော်ကုန်၏၊ ငါ၏ ကျော်စောသတင်းသည် ပျံ့နှံ့လျက် ရှိ၏။

၁၇၄။ ကမ္ဘာတစ်သိန်းတို့ပတ်လုံး လေးထောင့်ရှိသော ပလ္လင်တို့သည် ငါ့ကို အမြဲခြံရံလျက် ရှိကုန်၏၊ ငါသည် ခွဲခြမ်းဝေဖန်မှု၌ မွေ့လျော်သူ ဖြစ်ပေ၏။

(၃၅-ဘိသိအာနိသံသ) ဘုံလျှိုလှူဒါန်းခြင်း၏ အကျိုး

၁၇၅။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ဘုံလျှိုတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ခြောက်ပါးတို့ကို ခံစားရပေ၏။

၁၇၆။ ပြေပြစ်ညီညွတ်သော ကိုယ်ရှိ၏၊ ပူဇော်ခံရ၏၊ နူးညံ့၏၊ ရှုချင်စဖွယ် တင့်တယ် လှပ၏၊ အခြံအရံနှင့် တကွသော ဉာဏ်ကို ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုံလျှိုလှူရခြင်း၏ အကျိုးပေတည်း။

၁၇၇။ လဲသွတ်သော ဘုံလျှိုတို့ကိုလည်းကောင်း၊ ခြင်္သေ့ရုပ်, ကျားရုပ်တို့ဖြင့် အထူးပြုအပ်သော အခင်းတို့ကိုလည်းကောင်း၊ ကချေသည် တစ်ကျိပ်ခြောက်ယောက်တို့ ကနိုင်လောက် သော အခင်းတို့ကိုလည်းကောင်း၊ အကွက်တို့ဖြင့် ဆန်းကြယ်စွာ ပြုလုပ်အပ်သော အခင်းတို့ ကိုလည်းကောင်း၊ ကောင်းမွန်သော အဝတ်များစွာတို့ကိုလည်းကောင်း၊ ကမ္ဗလာ (သကလတ်) အမျိုးမျိုးတို့ကိုလည်းကောင်း ငါသည် ရ၏။

၁၇၈။ နူးညံ့သော အပေါ်ရုံတို့ကိုလည်းကောင်း၊ နူးညံ့သော သစ်နက်ရေတို့ကိုလည်း ကောင်း၊ အမျိုးမျိုးသော နေရာအခင်းတို့ကိုလည်းကောင်း ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုံ လျှိုလှူရခြင်း၏ အကျိုးပေတည်း။

--

၁၇၉။ အကြင်အခါမှ (စ၍) မိမိကိုယ်ကို အောက်မေ့နိုင်၏၊ အကြင်အခါမှ (စ၍) သိကြား လိမ္မာခြင်းသို့ ရောက်၏၊ ထိုအခါမှ စ၍ အချည်းနှီးဖြစ်သူ မဟုတ်ဘဲ ဈာန်တည်းဟူသော ညောင်စောင်းရှိသူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုံလျှိုလှူရခြင်း၏ အကျိုးပေတည်း။

(၃၆-ဗိဗ္ဗောဟနာနိသံသ) ခေါင်းအုံးလှူဒါန်းခြင်း၏ အကျိုး

၁၈၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း၊ ခေါင်းအုံးတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ခြောက်ပါးတို့ကို ခံစားရပေ၏။

၁၈၁။ ငါသည် သားမွေးအဆာသွတ်သော ခေါင်းအုံး၌လည်းကောင်း၊ ပဒုမ္မာဝတ်ဆံအဆာ သွတ်သော ခေါင်းအုံး၌လည်းကောင်း၊ ထိုမှတစ်ပါး စန္ဒကူးအဆာသွတ်သော ခေါင်းအုံး၌လည်း ကောင်း ငါ၏ ဦးခေါင်းသည် အခါခပ်သိမ်း အုံးရပေ၏။

၁၈၂။ အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ်၌လည်းကောင်း၊ ရဟန်းပြုခြင်းအကျင့်ဖြစ်သော ဖိုလ်လေးပါး၌လည်းကောင်း ထိုမဂ်ဖိုလ်တို့၌ အသိဉာဏ်ကို ဖြစ်စေ၍ နေရ၏။

၁၈၃။ ပေးကမ်းခြင်း၌လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်း၌လည်းကောင်း၊ ကိုယ်, နှုတ်, နှလုံးကို စောင့်စည်းခြင်း၌လည်းကောင်း၊ အပ္ပမညာတရားတို့၌လည်းကောင်း၊ ရူပဈာန်တို့၌လည်းကောင်း ငါသည် ထိုတရားတို့၌ အသိဉာဏ်ကို ဖြစ်စေ၍ အခါခပ်သိမ်း နေရ၏။

၁၈၄။ ဝတ်အကျင့်၌လည်းကောင်း၊ သီလစသော ဂုဏ်၌လည်းကောင်း၊ အကျင့်အလေ့, အကျင့် အမူအရာတို့၌လည်းကောင်း ငါသည် ထိုတရားတို့၌ အသိဉာဏ်ကို ဖြစ်စေ၍ အခါခပ်သိမ်း နေရ၏။

၁၈၅။ စကြံသွားခြင်း၌လည်းကောင်း၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌လည်းကောင်း၊ ဝီရိယ၌လည်းကောင်း၊ ဗောဓိပက္ခိယတရား၌လည်းကောင်း ထိုတရားတို့၌ အသိဉာဏ်ကို ဖြစ်စေ၍ အလိုရှိတိုင်း နေရ၏။

၁၈၆။ ငါသည် သီလ၊ သမာဓိ၊ ပညာ၊ အမြတ်ဆုံး ဝိမုတ္တိ (အရဟတ္တဖိုလ်) တို့နှင့် အသိဉာဏ်ကို ဖြစ်စေ၍ ချမ်းသာစွာ နေရ၏။

(၃၇-ဖလပီဌာနိသံသ) ပျဉ်ချပ်လှူဒါန်းခြင်း၏ အကျိုး

၁၈၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ပျဉ်ချပ် အင်းပျဉ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်နှစ်ပါးတို့ကို ခံစားရပေ၏။

၁၈၈။ ရွှေပလ္လင်, ပတ္တမြားပလ္လင်, များစွာသော ဆင်စွယ်, စန္ဒကူးနှစ်ပလ္လင် ဤပလ္လင်မြတ် တို့ကို ရ၏။

ဤသို့ ဖြစ်ရခြင်းသည် ပျဉ်ချပ် အင်းပျဉ်လှူရခြင်း၏ အကျိုးပေတည်း။

--

(၃၈-ပါဒပီဌာနိသံသ) ခြေဆေးအင်းပျဉ်လှူဒါန်းခြင်း၏ အကျိုး

၁၈၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခြေဆေးအင်ပျဉ်တို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက် နှစ်ပါးတို့ကို ခံစားရ၏၊ များစွာသော ယာဉ်တို့ကို ရ၏။ ဤသို့ ဖြစ်ရခြင်း သည် ခြေဆေးအင်းပျဉ် လှူရခြင်း၏ အကျိုးပေတည်း။

၁၉၀။ ကျွန်မိန်းမ, ကျွန်ယောက်ျားတို့သည်လည်းကောင်း၊ မယားတို့သည်လည်းကောင်း၊ ထို့ပြင် (ငါ့ကို) မှီ၍ အသက်မွေးကုန်သော အကြင်အခြားသူတို့သည်လည်းကောင်း ငါ့ကို ကောင်းစွာ လုပ်ကျွေးကြကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ခြေဆေးအင်းပျဉ်လှူရခြင်း၏ အကျိုးပေတည်း။

(၃၉-တေလဗ္ဘဉ္ဇနာနိသံသ) ခြေနယ်ဆီလှူဒါန်းခြင်း၏ အကျိုး

၁၉၁။ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအား ခြေနယ်ဆီတို့ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၉၂။ အနာရောဂါကင်းခြင်း၊ အဆင်းလှခြင်း၊ လျင်စွာ တရားကို စူးစမ်းနိုင်ခြင်း၊ ထမင်း, အဖျော်ကို ရလွယ်ခြင်း၊ ငါးခုမြောက်ဖြစ်သော ငါ၏ အသက်ရှည်ခြင်း (ဤအကျိုး တို့ကို ရရှိပေ၏)။

(၄၀-သပ္ပိတေလာနိသံသ) ထောပတ်ဆီလှူဒါန်းခြင်း၏ အကျိုး

၁၉၃။ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအား ထောပတ်ဆီကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၉၄။ ငါသည် အားကောင်းသူ၊ အဆင်းလှသူ၊ အခါခပ်သိမ်း ရွှင်လန်းသော အမွေးရှိသူ၊ အနာရောဂါကင်းသူ၊ သန့်ရှင်းသူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ဆီလှူရခြင်း၏ အကျိုးပေတည်း။

(၄၁-မုခသောဓနကာနိသံသ) သွားတိုက်ဆေးလှူဒါန်းခြင်း၏ အကျိုး

၁၉၅။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ခံတွင်းအထုံ (ခံတွင်းဆေးစရာ သွားတိုက်ဆေး) ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ငါးပါးတို့ကို ခံစားရပေ၏။

၁၉၆။ စင်ကြယ်သန့်ရှင်းသော လည်ချောင်းရှိ၏၊ သာယာသော အသံရှိ၏၊ ချောင်းဆိုးနာ, ပန်းနာမှ ကင်း၏၊ အခါခပ်သိမ်း ငါ၏ ခံတွင်းမှ ကြာညိုရနံ့ ကြိုင်လှိုင်၏။

(၄၂-ဒဓိအာနိသံသ) နို့ဓမ်းလှူဒါန်းခြင်း၏ အကျိုး

၁၉၇။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း (အဆင်း အနံ့ အရသာနှင့်) ပြည့်စုံသော နို့ဓမ်းကို ပေးလှူခဲ့ရသောကြောင့် ကာယဂတာသတိကိုလည်းကောင်း၊ မြတ်သော အာဟာရကိုလည်းကောင်း သုံးဆောင်ရပေ၏။

(၄၃-မဓုအာနိသံသ) ပျားရည်လှူဒါန်းခြင်း၏ အကျိုး

၁၉၈။ မြတ်စွာဘုရားအားလည်းကောင်း၊ ဂိုဏ်းသံဃာအားလည်းကောင်း အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော ပျားရည်ကို ပေးလှူခဲ့ရသောကြောင့် ငါသည် မနှိုင်းရှည့်နိုင်သော အတုမဲ့ဖြစ်သော ဝိမုတ္တိ ရသ (အရဟတ္တဖိုလ်အရည်) ကို သောက်ရပေ၏။

--

(၄၄-ရသာနိသံသ) အရသာလှူဒါန်းခြင်း၏ အကျိုး

၁၉၉။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း သဘာဝအား လျော်စွာ ဖြစ်သော အရသာကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော ဖိုလ်လေးပါးတို့ကို ခံစားရပေ၏။

(၄၅-အန္နပါနာနိသံသ) ထမင်းအဖျော်လှူဒါန်းခြင်း၏ အကျိုး

၂၀၀။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း ထမင်း အဖျော်ကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုးဆက်ဆယ်ပါးတို့ကို ခံစားရပေ၏။

၂၀၁။ အသက်ရှည်သူ၊ ခွန်အားကြီးသူ၊ တည်ကြည်သူ၊ အဆင်းလှသူ၊ အခြံအရံများသူ၊ ချမ်းသာကြီးသူ၊ ထမင်း, အဖျော်ကို ရသူ၊ ရဲရင့်သူ၊ အခါခပ်သိမ်း ပညာရှိသူ ဖြစ်ရခြင်းဟု ဆိုအပ်သော ဤအကျိုးတို့ကို ဘဝသံသရာ၌ ကျင်လည်ရသော ငါသည် ရရှိ၏။

(၄၆-ဓူပါနိသံသ) အမွှေးတိုင်လှူဒါန်းခြင်း၏ အကျိုး

၂၀၂။ မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအားလည်း ကောင်း အခိုးအထုံကို ပေးလှူခဲ့ရသောကြောင့် ငါ၏ ကံအား လျောက်ပတ်ကုန်သော အကျိုး ဆက်ဆယ်ပါးတို့ကို ခံစားရပေ၏။

၂၀၃-၂၀၄။ ဘဝကြီးငယ်၌ ကျင်လည်ရသည် ရှိသော် ကိုယ်အနံ့မွှေးသူ၊ အခြံအရံများသူ၊ လျင်သော ပညာရှိသူ၊ ကျော်စောခြင်းရှိသူ၊ ထက်သော ပညာရှိသူ၊ မြေကြီးအထုနှင့် တူသော ပညာရှိသူ၊ ရွှင်သော ပညာ, နက်နဲသော ပညာရှိသူ၊ ပြန့်ပြောသော ပညာရှိသူ၊ လျင်မြန် သော ပညာရှိသူ ဖြစ်၍ ထိုအခိုးအထုံ လှူရခြင်း၏ အစွမ်းကြောင့်သာလျှင် ယခုအခါ အေးမြ သော နိဗ္ဗာန်ချမ်းသာသို့ ရောက်ရပေ၏။

(၄၇-သာဓာရဏာနိသံသ) အလှူအားလုံးနှင့် ဆက်ဆံသော အကျိုး

၂၀၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် နှောင်ကြိုးကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

၂၀၆။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၂၀၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိလိန္ဒဝစ္ဆမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ပိလိန္ဒဝစ္ဆတ္ထေရအပဒါန် ပြီး၏။

--

၂-သေလတ္ထေရအပဒါန်

၂၀၈။ ငါသည် ဟံသာဝတီမြို့၌ လမ်းပိုင်ရှင် ဖြစ်ခဲ့၏၊ (ထိုအခါ) ငါ၏ ဆွေမျိုးတို့ကို ခေါ်ဆောင်၍့ဤစကားကို ပြောဆို၏ -

၂၀၉။ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော, အတုမဲ့ ဖြစ်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် လူခပ်သိမ်းတို့ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပုဂ္ဂိုလ် ဖြစ်တာ်မူပေ၏။

၂၁၀။ မင်းတို့သည်လည်းကောင်း၊ နိဂုံးသူတို့သည်လည်းကောင်း၊ ဥစ္စာများပြားကုန်သော ဗြာဟ္မဏမျိုးတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိကုန် သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၁။ ဆင်စီးသူရဲတို့သည်လည်းကောင်း၊ မြင်းစီးသူရဲတို့သည်လည်းကောင်း၊ ရထားစီး သူရဲတို့သည်လည်းကောင်း၊ ခြေသည်သူရဲတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည် ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၂။ ထင်ရှားကျော်စောသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ မင်းသားတို့သည်လည်း ကောင်း၊ ကုန်သည်တို့သည်လည်းကောင်း၊ ဗြာဟ္မဏမျိုးတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၃။ စားဖိုသည်တို့သည်လည်းကောင်း၊ ဆေတ္တာသည်တို့သည်လည်းကောင်း၊ ရေချိုး ပေးသမားတို့သည်လည်းကောင်း၊ ပန်းသည်တို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၄။ ခဝါသည်တို့သည်လည်းကောင်း၊ ရက်ကန်းသည်တို့သည်လည်းကောင်း၊ သားရေ နယ်သမားတို့သည်လည်းကောင်း၊ ရေချိုးပေးခံရသူတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင်ဝမ်းမြာက်သော စိတ်ရှိကုန်သည်ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြ ကုန်၏။

၂၁၅။ မြားသမားတို့သည်လည်းကောင်း၊ ပွတ်သမားတို့သည်လည်းကောင်း၊ ဖိနပ်ချုပ် သမားတို့သည်လည်းကောင်း၊ တစည်းသမားတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင် ဝမ်းမြောက်သော စိတ်ရှိကုန်သည် ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၆။ ပန်းပဲသမားတို့သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်တို့သည်လည်းကောင်း၊ ထို မှတစ်ပါး သလွဲသမား (သံဖြူသမား) ကြေးသွန်းသမားတို့သည်လည်းကောင်း ထိုသူတို့သည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိကုန်သည် ဖြစ်၍ အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြ ကုန်၏။

၂၁၇။ သူခစားတို့သည်လည်းကောင်း၊ အစေအပါးခံသူတို့သည်လည်းကောင်း၊ များစွာ ကုန်သော ကျွန်အလုပ်သမားတို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၁၈။ ရေထမ်းသမားတို့သည်လည်းကောင်း၊ ထင်းခွေသမားတို့သည်လည်းကောင်း၊ လယ်သမားတို့သည်လည်းကောင်း၊ မြက်ရိတ်သမားတို့သည်လည်းကောင်း ထိုသူတို့သည် မိမိ တို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

--

၂၁၉။ ပန်းသည်တို့သည်လည်းကောင်း၊ ပန်းကုံးသမားတို့သည်လည်းကောင်း၊ ဟင်းရွက် သည်တို့သည်လည်းကောင်း၊ သစ်သီးကုန်သည်တို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၂၀။ ပြည့်တန်ဆာတို့သည်လည်းကောင်း၊ အိုးရွက်သော (ရေခပ်) ကျွန်မိန်းမတို့သည်လည်းကောင်း၊ မုန့်သည်တို့သည်လည်းကောင်း၊ ငါးသည်တို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့၏ အစွမ်းအားဖြင့် အသင်းဖွဲ့ကာ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။

၂၂၁။ အချင်းတို့ လာကြကုန်၊ အားလုံးသော ငါတို့သည် အညီအညွတ် စည်းဝေးကြ၍့တစုတပေါင်းတည်း အသင်းဖွဲ့ကြကုန်အံ့၊ ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုး ရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံး ရဟန်းသံဃာ၌ ကုသိုလ်ကောင်းမှုကို ပြုကြကုန်အံ့။

၂၂၂။ ထိုသူတို့သည် ငါ၏ စကားကို ကြားရကုန်၍ ထိုခဏ၌ အသင်းဖွဲ့ကြကုန်၏၊ ကောင်းစွာ ဆောက်လုပ်အပ်သော ဆွမ်းစားကျောင်း (စည်းဝေးရာ ဇရပ်) ကို ရဟန်းသံဃာ အကျိုးငှါ ပြုလုပ်ကြကုန်၏။

၂၂၃။ ငါသည် ထိုဆွမ်းစားကျောင်းဇရပ်ကို ပြီးစီးစေပြီး၍ တက်ကြွနှစ်သက်သော စိတ်ရှိ သည်ဖြစ်၍ ထိုလူအားလုံး ခြံရံလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏။

၂၂၄။ လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော, လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် ဤစကားကို လျှောက် ထား၏။

၂၂၅။ လုံ့လကြီးမားတော်မူသော မြတ်စွာဘုရား ဤယောက်ျားသုံးရာတို့သည် တစ်ပေါင်းတည်း အသင်းဖွဲ့ကုန်လျက် ကောင်းစွာ ဆောက်လုပ်အပ်သော ဆွမ်းစားကျောင်းဇရပ်ကို အရှင်ဘုရားအားအပ်နှင်းလှူဒါန်းပါကုန်၏။

၂၂၆။ မြတ်စွာဘုရားသည် ရဟန်းသံဃာ၏ ရှေ့မှောက်၌ အလှူခံတော်မူပြီး၍ လူသုံးရာ တို့အား ရှေ့တော်မှောက်၌ ဤဂါထာတို့ကို ဟောတော်မူ၏။

၂၂၇။ လူသုံးရာတို့သည်လည်းကောင်း၊ အကြီးအမှူး (ခေါင်းဆောင်) သည်လည်းကောင်း တစ်ပေါင်းတည်း ဖြစ်ကြကုန်၏။ အားလုံးသောသူတို့သည် (တစ်ပေါင်းတည်း ဖြစ်၍) (ကောင်းမှုကို) ပြုကြခြင်းကြောင့် စည်းစိမ်တို့ကို ခံစားကြရကုန်လတ္တံ့။

၂၂၈။ နောက်ဆုံးဘဝသို့ ရောက်သည်ရှိသော် အေးမြသော, အိုခြင်းသေခြင်း မရှိသည် ဖြစ်၍ ငြိမ်သက်သော အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ကြရကုန်လတ္တံ့။

၂၂၉။ အလုံးစုံသော တရားတို့ကို သိတော်မူသော, ရဟန်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူ၏။ မြတ်စွာဘုရား၏ စကားတော်ကို ကြားနာ ရ၍ (ငါသည် ) ဝမ်းမြောက်ခြင်းကို ခံစားရပေ၏။

၂၃၀။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ အကြိမ်ငါးရာ တိုင်တိုင် နတ်တို့ကို အစိုးရသည် ဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ၏။

၂၃၁။ ငါသည် အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ နတ်မင်း အဖြစ်ကို ပြုစဉ် များစွာသော နတ်တို့သည် ငါ့ကို ရှိခိုးကြကုန်၏။

၂၃၂။ ဤလူ့ပြည်၌ မင်းအဖြစ်ကို (ပြုသည်ရှိသော်) ပရိသတ်တို့သည် အဆွေအမျိုးတို့ ဖြစ်ကုန်၏၊ အဆုံးဘဝသို့ ရောက်သည်ရှိသော် ဝါသေဋ္ဌမည်သော ဗြာဟ္မဏမျိုး ရှိလေ၏။

--

၂၃၃။ ငါသည် ထိုဝါသေဋ္ဌဗြာဟ္မဏ၏ သားဖြစ်ခဲ့၍ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသူ ဖြစ်၏၊ ငါ၏ အမည်သည် သေလမည်၏၊ အင်္ဂၤါခြောက်ပါးရှိသော ဗေဒင်၌ တစ်ဖက်ကမ်း ရောက် တတ်မြောက်၏။

၂၃၄-၂၃၅။ ငါသည် မိမိ တပည့်အပေါင်း ခြံရံလျက် လမ်းလျှောက်ရန် လှည့်လည် သော် ရသေ့ပရိက္ခရာတို့ဖြင့် ပြည့်သော ပူဇော်ဖွယ်ကို စီရင်နေသော ကေဏိယမည်သော ရသေ့ကို မြင်၍ အချင်း ကေဏိယ သင့်အား သမီးပေးခြင်းသည်လည်း ဖြစ်လတ္တံ့လော၊ သမီးယူခြင်းသည်လည်း ဖြစ်လတ္တံ့လော၊ ဗိမ္ဗိသာရမင်းကိုမူလည်း သင်သည် ဖိတ်မန်အပ် သလောဟု ဤစကားကို ပြောဆို၏။

၂၃၆။ သေလ ငါသည် ယဇ်ပူဇော်လိုသည် ဖြစ်၍ နတ်ဟု သမုတ်အပ်ကုန်သော ဗြာဟ္မဏ တို့ကို မဖိတ်ပါ၊ ဗိမ္ဗိသာရမင်းကိုလည်း မဖိတ်ပါ၊ ငါ့အား ယဇ်ပူဇော်မှုသည် မရှိချေ။

၂၃၇။ ငါ့အား သမီးပေးခြင်းသည် မရှိပါ၊ ငါ့အား သမီးယူခြင်းသည် မရှိပါ၊ သာကီဝင် မင်းတို့၏ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နတ်နှင့် တကွသော လောက၌ မြတ်တော်မူ သော -

၂၃၈။ အလုံးစုံသော လောက၏ အစီးအပွါးအလို့ငှါ ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွါး ချမ်းသာကို ဆောင်တော်မူတတ်သော ထိုမြတ်စွာဘုရားကို ငါသည် ယနေ့ ပင့်ဖိတ်အပ်ပေ၏၊ ဤအလှူစီရင်ခြင်းသည် ထိုမြတ်စွာဘုရား၏ အကျိုးငှါ စီရင်ခြင်းပင် ဖြစ်ပေ၏။

၂၃၉။ တည်သီးအဆင်းနှင့် တူသော အဆင်းရှိတော်မူသော, မနှိုင်းရှည့်အပ်သည်ဖြစ်၍ နှိုင်းရှည့်စရာ ဥပမာမရှိသော, အဆင်းအားဖြင့် တူသောသူ မရှိသော မြတ်စွာဘုရားကို နက်ဖန် (ဆွမ်းစားခြင်း) အလို့ငှါ ပင့်ဖိတ်အပ်ပေ၏။

၂၄၀။ ဖိုဝ၌ လှော်ပြီး ဦးပြီးသော ရွှေနှင့် တူတော်မူသော, ရှားမီးကျီးအစုနှင့် တူတော်မူ သော, လျှပ်စစ်လျှင် ဥပမာရှိသော လုံ့လကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၁။ တောင်ထိပ်၌ ရှိသော မီးလျှံနှင့် တူတော်မူသော, လပြည့်နေ့ လဝန်းနှင့် တူတော် မူသော, ကျူမီးအဆင်းနှင့် တူတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၂။ ကြောက်ရွံ့ခြင်း ကင်းတော်မူသော, ဘေးကို လွန်မြောက်တော်မူသော, ဘဝအဆုံး ကို ပြုတော်မူတတ်သော, ရဟန်းမြတ် ဖြစ်တော်မူသော, ခြင်္သေ့မင်းသဖွယ် ဖြစ်သော, လုံ့လ ကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၃။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတရားတို့ဖြင့် လိမ္မာတော်မူသော ထိုမြတ်စွာဘုရား ကို အခြားသူတို့ မနှိပ်စက်နိုင်သော, ဆင်မင်းသဖွယ်ဖြစ်သော, လုံ့လကြီးမားတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၄။ သူတော်ကောင်းတရားအကျင့်၌ လိမ္မာတော်မူသော, ဘုရားတည်းဟူသောဆင်မင်း ဖြစ်တော်မူသော, တူသောသူ မရှိသည်ဖြစ်၍ ဥသဘသဖွယ်ဖြစ်သော လုံ့လကြီးမားတော်မူ သော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၅။ အဆုံးမရှိသော ဂုဏ်ကျေးဇူးရှိတော်မူသော, မနှိုင်းရှည့်အပ်သော အခြံအရံရှိတော်မူ သော, အလုံးစုံ ဆန်းကြယ်သော လက္ခဏာရှိတော်မူသော, သိကြားမင်းသဖွယ်ဖြစ်သော, လုံ့လကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၆။ ဈာန်သမာပတ်၌ အလေ့အကျင့်ရှိတော်မူသော, ဂိုဏ်းဆရာဖြစ်တော်မူသော, ကြီး မားသော လုံ့လရှိတော်မူသော, ကြီးမားသော တန်ခိုးလည်းရှိတော်မူသော, ချဉ်းကပ်ရန် ခဲယဉ်းတော်မူသော, ဗြဟ္မာမင်းသဖွယ်ဖြစ်သော, ကြီးမြတ်သော လုံ့လရှိတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

--

၂၄၇။ ရောက်အပ် ရအပ်သော တရားရှိတော်မူသော, အားဆယ်ပါးနှင့် ပြည့်စုံတော်မူ သော, အားတကာတို့ထက် လွန်သော အားအဆုံးသို့ ရောက်တော်မူသော, မြေကြီးသဖွယ် ဖြစ်သော, ကြီးမားသော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၈။ သီလတည်းဟူသော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းသော, တရားအထူးကို သိတတ်သော ဉာဏ်ဖြင့် ချောက်ချားတော်မူသော, သမုဒ္ဒရာသဖွယ်ဖြစ်သော, လုံ့လကြီးမားတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၄၉။ ချဉ်းကပ်ရန် ခဲယဉ်းတော်မူသော, မဖျက်ဆီးနိုင်သော, တုန်လှုပ်ခြင်းမရှိသော, ကျော်ကြားတော်မူသော, ပညာဂုဏ် ကြီးကျယ်တော်မူသော, မြင်းမိုရ်တောင်သဖွယ် ဖြစ်သော, ကြီးမားသော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၅၀။ အဆုံးမရှိသော ဉာဏ်ရှိတော်မူသော, အတုမရှိသည့် ရှေးဘုရားတို့နှင့်သာ တူ တော်မူသော, တူသောသူ မရှိသည်ဖြစ်၍ အမြတ်ဆုံးအဖြစ်သို့ ရောက်တော်မူသော, ကောင်း ကင်သဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

တစ်ဆယ့်ငါးခုမြောက် ဘာဏဝါရ ပြီး၏။

၂၅၁။ ဘေးကို ကြောက်လန့်ကုန်သော သူတို့၏ တည်ရာ ကိုးကွယ်ဆည်းကပ်ကုန်သော သူတို့၏ ပုန်းအောင်းရာ ဖြစ်တော်မူသော, သက်သာရာကို ရစေတော်မူသည်ဖြစ်၍ ကြီးမား သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၅၂။ ပညာရှိတို့၏ တည်နေရာ ချမ်းသာကို ရှာမှီးကုန်သော သူတို့၏ ကောင်းမှုမျိုးစေ့ ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော, တရားရတနာတို့၏ တည်ရာ ဖြစ်၍ ကြီးမားသော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၅၃။ သက်သာရာကို ရစေတတ်သော, နှစ်သက်ခြင်းကို ပြုတတ်သော, ရဟန်းပြုခြင်း အကျိုးကို ပေးတတ်သော, မိုးကောင်းကင်သဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၅၄။ လောက၏ မျက်စိဖြစ်၍ တန်ခိုးကြီးမားတော်မူသော, ခပ်သိမ်းသော အမိုက်ကို ပယ်ဖျောက်တတ်သော နေမင်းသဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရား ကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၅၅။ အရဟတ္တဖိုလ်အာရုံတို့၌ သဘာဝကို ရှုလေ့ရှိသော ရဟန်းမြတ်ဖြစ်တော်မူသော, လမင်းသဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၅၆။ သစ္စာလေးပါးတရားကို သိတော်မူသည် ဖြစ်၍ လောက၌ ကောင်းစွာ ထင်ရှား တော်မူသော, လက္ခဏာတို့ဖြင့် တန်ဆာဆင်တော်မူအပ်သော, မနှိုင်းရှည့်အပ်သည်ဖြစ်၍ လုံ့လကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၅၇။ အကြင်မြတ်စွာဘုရား၏ ဉာဏ်တော်သည် မနှိုင်းရှည့်နိုင်ပေ၊ အကြင်မြတ်စွာဘုရား၏ သီလတော်သည် နှိုင်းရှည့်စရာ ဥပမာ မရှိပေ၊ အကြင်မြတ်စွာဘုရား၏ အရဟတ္တ ဖိုလ်သည် အတူ မရှိပေ၊ ငါသည် ထိုမြတ်စွာဘုရားကို ပင့်ဖိတ်အပ်ပေ၏။

၂၅၈။ အကြင်မြတ်စွာဘုရား၏ တည်ကြည်မှု ‘သမာဓိ’ သည် အတူမရှိပေ၊ အကြင်မြတ်စွာဘုရား၏ အားအစွမ်းတော်သည် ကြံစည်အပ်သော အရာမဟုတ်ပေ၊ အကြင်မြတ်စွာဘုရား၏ လုံ့လသည် ကြီးမြတ်တော်မူ၏၊ ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

--

၂၅၉။ အကြင်မြတ်စွာဘုရားသည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း အလုံးစုံသော ကိလေသာအဆိပ်တို့ကို ကောင်းစွာ ပယ်နုတ်အပ် ကုန်ပြီ။ ဆေးကောင်းသဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။

၂၆၀။ ကိလေသာတည်းဟူသော အနာကိုလည်းကောင်း၊ များစွာသော ဆင်းရဲတို့ကိုလည်း ကောင်း၊ အလုံးစုံသော အမိုက်ကိုလည်းကောင်း ပယ်ဖျောက်တော်မူတတ်သော ဆေးသမား သဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏ (ဟု ပြောကြား၏)။

၂၆၁။ အရှင်ရသေ့ သင်သည် ဘုရားဟူ၍ အကြင်စကားကို ပြောဆိုပေ၏၊ ဤဘုရားဟု ပြောဆိုရခြင်းကိုလည်း အလွန်ရခဲပါပေ၏။ ‘ဘုရား ဘုရား’ဟူသော အသံကို ကြားရခြင်း ကြောင့် ငါ့အား နှစ်သက်ခြင်း ‘ပီတိ’ သည် ဖြစ်လျက် ရှိပါ၏။

၂၆၂။ ငါ၏ ပီတိသည် ကိုယ်တွင်း၌ မဆန့်ဘဲ အပြင်သို့ ထွက်၏၊ ထိုငါသည် နှစ်သက် သော စိတ်ရှိသည်ဖြစ်၍ ဤစကားကို ပြောဆို၏။

၂၆၃။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက်မြတ်တော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း၊ ထိုအရပ်သို့ သွား၍ ရဟန်းပြုခြင်းအကျိုးကို ပေးတတ်သော မြတ်စွာဘုရားကို ရှိခိုးပါအံ့။

၂၆၄။ (ကေဏိယရသေ့သည်) လက်ယာလက်မောင်းကို မြှောက်ပြီးလျှင် နှစ်သက်ခြင်းဖြစ် ၍့လက်အုပ်ချီလျက် သောကငြောင့်ကို ပယ်ဖျောက်တော်မူတတ်သော တရားမင်းဘုရားကို ငါ့အား ပြောကြားလေ၏။

၂၆၅။ တက်လာသော မိုးတိမ်တိုက်သဖွယ်ဖြစ်သော စိမ်းညိုသော မျက်စဉ်းတောင်သဖွယ် ဖြစ်သော တရေးရေးထင်သော သမုဒ္ဒရာသဖွယ်ဖြစ်သော ထိုတောအုပ်ကို မြင်၏လော။

၂၆၆။ ဤတောအုပ်၌ မယဉ်ကျေးသူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော ရဟန်းမြတ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် ဆုံးမထိုက်သောသူတို့ကို ဆုံးမတော်မူလျက် ဗောဓိပက္ခိယတရားတို့ကို သိစေတော်မူလျက် နေတော်မူ၏ (ဟု ပြောကြား၏)။

၂၆၇။ ရေငတ်သောသူသည် ရေကို ရှာသကဲ့သို့လည်းကောင်း၊ ထမင်းဆာသောသူသည် အစာကို ရှာမှီးသကဲ့သို့လည်းကောင်း၊ နွားငယ်ကို ချစ်ခင်သော နွားမသည် နွားငယ် ကို ရှာသကဲ့သို့လည်းကောင်း ဤအတူ ငါသည် မြတ်စွာဘုရားကို ရှာဖွေ၏။

၂၆၈။ မြတ်စွာဘုရားထံ သွားမည့် မိမိတပည့်တို့ကို အကျင့်ဥပစာ၌ လိမ္မာသော ငါသည် တရားနှင့် လျော်သော စောင့်စည်းခြင်းအကျင့်ကို သင်ယူစေ၏။

၂၆၉။ လုလင်တို့ မြတ်စွာဘုရားတို့သည် ချဉ်းကပ်ဝံ့ခဲကုန်၏။ ‘ခြင်္သေ့မင်းကဲသို့’ တစ်ပါးတည်း ကျင့်တော်မူလေ့ရှိကုန်၏၊ သင်တို့သည် ရှေ့ခြေရာ၌ နောက်ခြေရာကို ချနင်း ကုန်လျက် လာကြကုန်လော့။

၂၇၀။ လျင်မြန်သော အဆိပ်ရှိသော ကြမ်းတမ်းသော မြွေဟောက်ကဲ့သို့လည်းကောင်း၊ သားများသနင်း ခြင်္သေ့မင်းကဲ့သို့လည်းကောင်း၊ လှည်းသန်သဖွယ် အစွယ်ရှိသော အမုန်ယစ် သော ဆင်ကဲ့သို့လည်းကောင်း ဤအတူ မြတ်စွာဘုရားတို့သည် ချဉ်းကပ်ဝံ့ခဲကုန်၏။

၂၇၁။ လုလင်တို့ သင်တို့သည် ချောင်းညံ့ ချေဆတ်သံတို့ကို ချုပ်တည်း၍ ရှေ့ခြေရာ၌ နောက်ခြေရာကို ချနင်းကုန်လျက် ဘုရားအထံတော်သို့ ချဉ်းကပ်ကြကုန်လော့။

--

၂၇၂။ ဘုရားရှင်တို့သည် တစ်ပါးတည်း ကိန်းအောင်းခြင်း၌ အလေးပြုတော်မူကုန်၏၊ တိတ်ဆိတ်သော အသံရှိကုန်၏၊ ချဉ်းကပ်ဝံ့ခဲကုန်၏၊ ခဲယဉ်းစွာ ချဉ်းကပ်ရကုန်၏၊ နတ်နှင့် တကွသော လောက၌ အလေးအမြတ် ပြုအပ်ကုန်၏။

၂၇၃။ ငါ ပုစ္ဆာမေးလျှောက်သော အခါ၌ ဖြစ်စေ၊ ဝမ်းမြောက်ဝမ်းသာ ပြောဆိုသော အခါ၌ဖြစ်စေ တိတ်ဆိတ်သော အသံရှိကြကုန်လော့။ ငြိမ်သက်စွာ တည်နေကြကုန်လော့။

၂၇၄။ ထိုမြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အကြင်ကိလေသာကုန်ကြောင်း တရားကို ဟောတော်မူ၏၊ ထိုတရားသဘောကိုသာလျှင် နာကြကုန်လော့၊ သူတော်ကောင်း တရားကို နာရခြင်းသည် ချမ်းသာကြောင်းပေတည်း။

၂၇၅။ ငါသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုခဲ့၏၊ ထိုစကားကို ပြီးဆုံးစေ၍ လက္ခဏာတို့ကို စုံစမ်းဆင်ခြင်၏။

၂၇၆။ ငါသည် နှစ်ပါးသော လက္ခဏာတို့ကို ယုံမှားလျက် ရှိ၏၊ သုံးဆယ်သော လက္ခဏာတို့ကိုသာ တွေ့မြင်ရ၏၊ မြတ်စွာဘုရားသည် အအိမ်၌ တည်သော အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားမြတ်၏ နိမိတ်ကို တန်ခိုးဖြင့် ပြတော်မူ၏။

၂၇၇။ မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်းကောင်း၊ နှာခေါင်းနှစ်ဖက်တို့ကိုလည်းကောင်း သုံးသပ်တော်မူပေ၏။ အလုံးစုံသော နဖူးပြင်ကိုလည်း ဖုံးလွှမ်းတော်မူပေ၏။

၂၇၈။ ငါသည် ထိုမြတ်စွာဘုရား၏ လက္ခဏာတော်ငယ်နှင့် တကွသော လက္ခဏာတော် ကြီးတို့ကို အပြည့်အစုံ မြင်ရသည်ရှိသော် ဘုရားအစစ်ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၍ တပည့် တို့နှင့်အတူ ရဟန်းပြု၏။

၂၇၉။ တပည့်သုံးရာတို့နှင့် အတူ ရဟန်းဘောင်၌ ရဟန်းပြု၏၊ လခွဲမပြည့်မီ အလုံးစုံ သော ငါတို့သည် ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်ကုန်၏။

၂၈၀။ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော ဘုရားအမှူး ရှိသော သံဃာ၌ တစ်ပေါင်းတည်း ကောင်းမှုကံကို ပြုခဲ့ခြင်းကြောင့် တစ်ပေါင်းတည်း သံသရာ၌ ကျင်လည်၍ တစ်ပေါင်းတည်း ဝဋ်မှ ကျွတ်လွတ်ကုန်၏။

၂၈၁။ ငါသည် အခြင်ရနယ်တို့ကို ပေးလှူ၍ အသင်းဖွဲ့၍ ပြုအပ်သော ကောင်းမှု၌ လေ့လာဆည်းပူးခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် ငါသည် အကြောင်း ရှစ်ပါးတို့ကို ရရှိပေ၏။

၂၈၂။ ငါသည် အရပ်မျက်နှာတို့၌ ပူဇော်ခံရပေ၏၊ ငါ၏ စည်းစိမ်တို့သည် မနှိုင်းရှည့်နိုင် ကုန်၊ ခပ်သိမ်းသော သူတို့၏ တည်ရာ ဖြစ်၏၊ ငါ့အား ထိတ်လန့်ခြင်းသည် မရှိချေ။

၂၈၃။ ငါ့အား အနာရောဂါတို့သည် မရှိကုန်၊ ငါသည် ရှည်သော အသက်ကိုလည်း စောင့်ရှောက်လျက် ရှိ၏၊ ငါသည် သိမ်မွေ့သော အရေအဆင်းရှိသူ ဖြစ်၏၊ တောင့်တအပ်သော (တည်တံ့သော) နေရာ၌သာလျှင် နေရ၏။

၂၈၄။ ငါသည် အခြင်ရနယ်ရှစ်ခုတို့ကို ပေးလှူ၍ အသင်းဖွဲ့လျက် ပြုအပ်သော ကောင်း မှု၌ လေ့လာဆည်းပူးခဲ့၏၊ ဤပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သည် ငါ၏ အခြားတစ်ပါးသော ရှစ်ခုမြောက် အကျိုးပေတည်း။

--

၂၈၅။ အလုံးစုံ ပြီးဆုံးစေအပ်သော ရဟန်းကိစ္စ ပြီးဆုံးခြင်း ရှိပါ၏၊ ပြုအပ်ပြီးသော မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက် ရှိပါ၏၊ အာသဝမရှိသော ရဟန္တာ ဖြစ်ပါ၏၊ မြတ်စွာဘုရား အရှင်ဘုရား၏ သားတော်သည် အဋ္ဌဂေါပါနသီ မည်ပါ၏။

၂၈၆။ ငါသည် တိုင်ငါးလုံးတို့ကို ပေးလှူ၍ အသင်းဖွဲ့၍ ပြုအပ်သော ကုသိုလ်ကောင်းမှု၌ လေ့လာဆည်းပူးခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် ငါသည် အကြောင်း ငါးပါးတို့ကို ရရှိပေ၏။

၂၈၇။ ငါသည် မေတ္တာကြောင့် မတုန်လှုပ်သူ ဖြစ်၏၊ ငါသည် မယုတ်လျော့သော ကိုယ် အင်္ဂါရှိသူ ဖြစ်၏၊ ငါ၏ မဖျက်ဆီးမှုကြောင့် ငါသည် ယုံကြည်ထိုက်သော စကားရှိသူ ဖြစ်ပေ၏။

၂၈၈။ ငါ၏ စိတ်သည် တုန်လှုပ်ခြင်း မရှိချေ၊ ငါသည် တစ်စုံတစ်ယောက်၏ ငြောင့်တံ သင်းမှ ကင်းသူ ဖြစ်၏၊ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် သာသနာတော်၌ ကိလေသာ အညစ်အကြေးကင်းသူ ဖြစ်ပေ၏။

၂၈၉။ ကြီးမားသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ရိုသေတုပ်ဝပ်ခြင်းရှိသော ပြုအပ်ပြီးသော မဂ်ကိစ္စရှိသော အာသဝမရှိသော အရှင်ဘုရား၏ တပည့်ရဟန်းသည် အရှင် ဘုရားကို ရှိခိုးပါ၏။

၂၉၀။ ငါသည် ကောင်းစွာ လုပ်အပ်သော ပလ္လင်ကို ပြုလုပ်၍ ဆွမ်းစားကျောင်း၌ ခင်းထားခဲ့၏၊ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် အကြောင်းငါးပါးတို့ကို ရရှိပေ၏။

၂၉၁။ ငါသည် မြင့်မြတ်သော အမျိုး၌ ဖြစ်၍ စည်းစိမ်းဥစ္စာ များပြားစွာ ရှိသူ ဖြစ်ရ၏၊ အလုံးစုံပြည့်စုံခြင်း ရှိ၏၊ ငါ့အား ဝန်တိုမှု မရှိပေ။

၂၉၂။ ငါသည် သွားခြင်းကို တောင့်တအပ်သည်ရှိသော် (သွားရန် စိတ်ကူးလျှင်) ပလ္လင် သည် ရှေးရှုတည်လာ၏၊ ပလ္လင်မြတ်နှင့်တကွ ငါ၏ တောင့်တရာအရပ်သို့ သွားရ၏။

၂၉၃။ ငါသည် ထိုပလ္လင်အလှူကြောင့် အမိုက်မှောင်အားလုံးကို ပယ်ဖျောက်၏၊ မြတ်စွာဘုရား အလုံးစုံသော အဘိညာဉ်အားအစွမ်းသို့ ရောက်သော မထေရ်သည် အရှင်ဘုရားကို ရှိခိုးပါ၏။

၂၉၄။ ငါသည် သူတစ်ပါးကိစ္စ, မိမိကိစ္စဖြစ်သော ကိစ္စအားလုံးတို့ကို ပြီးစေခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် ဘေးမဲ့ဖြစ်သော နိဗ္ဗာန်ပြည်သို့ ဝင်ရ၏။

၂၉၅။ ဆောက်လုပ်ပြီးသော ဆွမ်းစားကျောင်းဇရပ်၌ ငါသည် အသုံးအဆောင်ကို လှူဒါန်း ခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် မြင့်မြတ်သော ရဟန္တာအဖြစ်သို့ ရောက်ရပေ၏။

၂၉၆။ လောက၌ ဆုံးမတတ်သော အကြင်သူအားလုံးတို့သည် ဆင်မြင်းတို့ကို ဆုံးမကြ ကုန်၏၊ ထိုသူတို့သည် အမျိုးမျိုးသော ညှဉ်းဆဲမှုတို့ကို ပြု၍ ကြမ်းတမ်းစွာ ဆုံးမကြ ကုန်၏။

၂၉၇။ လုံ့လကြီးမားတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် ယောက်ျားမိန်းမ တို့ကို ဤသို့ ဆုံးမတော်မမူပါ၊ လက်နက်မကိုင် ဒဏ်မထားဘဲ မြင့်မြတ်သော ဆုံးမခြင်း တို့ဖြင့် ဆုံးမတော်မူပေ၏။

၂၉၈။ တရားဟောခြင်း၌ ကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည် ဒါန၏ ဂုဏ် ကျေးဇူးတို့ကို ဟောကြားတော်မူစဉ် ပြဿနာတစ်ခုကို ဖြေတော်မူလျက်သာလျှင် မြတ်စွာဘုရားသည် သုံးရာသော ရဟန်းတို့ကို သစ္စာလေးပါးကို သိစေတော်မူ၏။

၂၉၉။ ရထားထိန်းနှင့် တူသော မြတ်စွာဘုရားက ဆုံးမအပ်သော ငါတို့သည် အာသဝ မရှိဘဲ ကိလေသာမှ ကောင်းစွာ လွတ်ကုန်၏၊ အလုံးစုံသော အဘိညာဉ်အားသို့ ရောက်လျက် ဥပဓိကုန်ရာ နိဗ္ဗာန်၌ ငြိမ်းအေးကြရကုန်၏။

--

၃၀၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလှူကို ပေးလှူခဲ့ရသောအခါမှ စ၍ ဘေးအားလုံးကို လွန်မြောက်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းစားကျောင်းဇရပ် လှူရ ခြင်း၏ အကျိုးပေတည်း။

၃၀၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

၃၀၂။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၃၀၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။

မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သေလမထေရ်သည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားအထံတော်၌ ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် သေလတ္ထေရအပဒါန် ပြီး၏။

--

၃-သဗ္ဗကိတ္တိကတ္ထေရအပဒါန်

၃၀၄။ တင့်တယ်သော် မဟာလှေကားပန်းသဖွယ်, ထွန်းလင်းသော ဆီမီးတိုင်သဖွယ်, ကောင်းကင်၌ တင့်တယ်တောက်ပသော သောက်ရှူးကြယ်သဖွယ်, လျှပ်စစ်လျှပ်ပန်းသဖွယ် ဖြစ်တော်မူသော၊ -

၃၀၅။ သားများသနင်း ခြင်္သေ့မင်းသဖွယ်ဖြစ်၍ ကြောက်ခြင်း, လန့်ခြင်းရှိတော်မမူသော ဉာဏ်တော်တည်းဟူသော အလင်းကို ပြတော်မူလျက် တိတ္ထိအပေါင်းတို့ကို နှိမ်နင်းတော်မူ သော၊ -

၃၀၆။ ဤလောကကို သံသရာမှ ထုတ်ဆယ်ကယ်တင်လျက် ယုံမှားသံသယအားလုံးကို ဖြတ်တောက်တော်မူသော ‘ခြင်္သေ့မင်းကဲ့သို့’ ကြုံးဝါးကြွသွား (တော်မူသော) မြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏။

၃၀၇။ ငါသည် (ပညာ) ကြီးကျယ်သော, (စိတ်) ဖြောင့်မတ်သော, လုံ့လရှိသော, ဆံကျစ် သစ်နက် ရေကို ဆောင်သော ရသေ့ဖြစ်ခဲ့၏၊ (ထိုအခါ) လျှော်တေသင်္ကန်းကို ယူ၍ (မြတ်စွာဘုရား၏) ခြေရင်း၌ ဖြန့်ခင်းခဲ့၏။

၃၀၈။ ငါသည် အကျော်နက်နံ့သာကို ယူ၍ မြတ်စွာဘုရားကို လိမ်းကျံခဲ့၏၊ မြတ်စွာဘုရားကို လိမ်းကျံပြီးလျှင် မြတ်စွာဘုရားကို ချီးကျူး၏။

၃၀၉။ မြတ်စွာဘုရား အရှင်ဘုရားသည် ဝဲဩဃကို လွန်မြောက်တော်မူသည် ဖြစ်၍ ဤ လောကကို ကယ်တင်နိုင်ပါပေ၏၊ ဉာဏ်တော်အရောင်ဖြင့် ထွန်းတောက်ပတော်မူပါပေ၏၊ (အရှင်ဘုရား၏) ဉာဏ်တော်မြတ်သည် အပိတ်အပင် အတားအဆီး မရှိပါ။

၃၁၀။ အရှင်ဘုရားသည် ဓမ္မစက်ကို လည်စေတော်မူပါပေ၏၊ အခြားသော တိတ္ထိတို့ကို နှိမ်နင်းတော်မူနိုင်ပါပေ၏၊ နွားမင်းဥသဘနှင့် တူတော်မူပါပေ၏၊ အောင်အပ်ပြီးသော စစ်မြေရှိ တော်မူပါပေ၏၊ မြေကြီးကို တုန်လှုပ်စေနိုင်တော်မူပါပေ၏။

၃၁၁။ မဟာသမုဒ္ဒရာ၌ လှိုင်းတို့သည် ကမ်းအဆုံး၌ ပျောက်ပျက်ကုန်သကဲ့သို့ ထို့အတူ အယူဝါဒအားလုံးတို့သည် အရှင်ဘုရား၏ ဉာဏ်တော်၌ ပျောက်ပျက်ပါကုန်၏။

၃၁၂။ အပေါက်ကျဉ်းသော ပိုက်ကွန် (ကွန်စိပ်) ဖြင့် ရေအိုင်ကို ဖုံးလွှမ်းအပ်သည်ရှိသော် ထိုခဏ၌ ပိုက်ကွန်တွင်းသို့ ရောက်ကုန်သော သတ္တဝါတို့သည် ဆင်းရဲဖြင့် အနှိပ်အစက် ခံရ ကုန်၏။

၃၁၃။ အရှင်ဘုရား ထို့အတူသာလျှင် လောက၌ များစွာသောတိတ္ထိအယူကျော့ကွင်း၌ မှီကုန်သော (သစ္စာလေးပါးကို တွေ့သိခြင်းမှ ကင်းကုန်သော ) တိတ္ထိတို့သည် အရှင်ဘုရား၏ ဉာဏ်တော်မြတ် အတွင်း၌ လူးလှိမ့်လျက် ရှိပါကုန်၏။

၃၁၄။ မြတ်စွာဘုရား အရှင်ဘုရားသည် ဩဃလေးဖြာ၌ မျောပါးကုန်သော သတ္တဝါတို့၏ ထောက်တည်ရာ ဖြစ်တော်မူပါပေ၏၊ အရှင်ဘုရားသည်သာလျှင် အဆွေမရှိသော သတ္တဝါတို့၏ အားကိုးရာ ဖြစ်တော်မူပါပေ၏၊ ဘေးဖြင့် နှိပ်စက်ခံရသော သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ် တော်မူပါပေ၏၊ လွတ်မြောက်ရေးကို အလိုရှိကုန်သော သတ္တဝါတို့၏ လဲလျောင်းရာ ဖြစ်တော် မူပါပေ၏။

၃၁၅။ အတုမရှိသော လုံ့လရှိတော်မူပါပေ၏၊ အတုမရှိသောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏၊ မေတ္တာကရုဏာအပေါင်း ရှိတော်မူပါပေ၏၊ တူသောသူ မရှိသောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏၊ အလွန်အေး ချမ်းသည်ဖြစ်၍ ငြိမ်သက်တော်မူပါပေ၏၊ ဝသီဘော်ငါးပါးနှင့် ပြည့်စုံတော်မူပါပေ၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏၊ အောင်ထိုက်သော ရန်အပေါင်းကို အောင်မြင်တော်မူ ပါပေ၏။

--

၃၁၆။ မြဲမြံတည်ကြည်သော သမာဓိ ရှိတော်မူပါပေ၏၊ တွေဝေမှု ကင်းတော်မူပါပေ၏၊ တဏှာကင်းတော်မူပါပေ၏၊ သို့လော သို့လော တွေးတောခြင်း ကင်းတော်မူပါပေ၏၊ ရောင့်ရဲ တင်းတိမ်တော်မူပါပေ၏၊ အမျက်ဒေါသကို ထွေးအန်ပြီးသူ ဖြစ်တော်မူပါပေ၏၊ အညစ်အကြေး ကင်းတော်မူပါပေ၏၊ စောင့်စည်းတော်မူပါပေ၏၊ စင်ကြယ်သန့်ရှင်းတော်မူပါပေ၏။

၃၁၇။ ကပ်ငြိတွယ်တာခြင်းကို ကျော်လွန်တော်မူပါပေ၏၊ မာန်ယစ်ခြင်းကို ပယ်ဖျောက် တော်မူပါပေ၏၊ ဝိဇ္ဇာသုံးပါးကို ရသည် ဖြစ်၍ ဘဝသုံးပါး အဆုံးသို့ ရောက်တော်မူပါပေ၏၊ (သံသရာ) အပိုင်းအခြားကို ကျော်လွန်တော်မူပါပေ၏၊ တရား၌ အလေးဂရုပြုတော်မူပါပေ၏၊ အရှင်ဘုရား၏ ရောက်အပ်ရအပ်သော အကျိုးသည် မဖြစ်ဖူးမြဲ ဖြစ်တော်မူပါပေ၏။

၃၁၈။ အရှင်ဘုရားသည် ‘လှေကဲ့သို့’ ထုတ်ဆောင်ကယ်တင်တော်မူပါပေ၏၊ ‘ရွှေအိုးကဲ့ သို့’ သက်သာရာကို ပြုတော်မူတတ်ပါပေ၏၊ ‘ခြင်္သေ့ကဲ့သို့’ ကြောက်ရွံ့ခြင်း ကင်းတော်မူပါပေ၏၊ ‘ဆဒ္ဒန်ဆင်မင်းကဲ့သို့’ ယဉ်ကျေးတော်မူပါပေ၏။

၃၁၉။ ထိုအခါ၌ ငါသည် အခြံအရံ များပြားတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို ဆယ်ဂါထာတို့ဖြင့် ချီးကျူးပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ ဆိတ်ဆိတ် ရပ်တည်၏။

၃၂၀။ လောကသုံးပါးကို သိတော်မူသော, ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်း (သံဃာ) အလယ်၌ ရပ်တည်တော်မူလျက် ဤ ဂါထာတို့ကို မိန့်တော်မူ၏ -

၃၂၁။ အကြင်ပုဂ္ဂိုလ်သည် ငါ၏ သီလတော်ကိုလည်းကောင်း၊ ဉာဏ်တော်ကိုလည်း ကောင်း၊ သူတော်ကောင်းတရားကိုလည်းကောင်း ချီးကျူး၏။ ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ ငါ မြွက်ကြားမည့် ဗျာဒိတ်စကားကို နားထောင်ကြကုန်လော့။

၃၂၂။ (ထိုပုဂ္ဂိုလ်သည်) ကမ္ဘာခြောက်သောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အခြားနတ်တို့ကို လွှမ်းမိုး၍ အစိုးရခြင်းကို ပြုလတ္တံ့။

၃၂၃။ ထိုပုဂ္ဂိုလ်သည် နောက်၌ ရဟန်းပြု၍ ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သဖြင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလတ္တံ့။

၃၂၄။ ရဟန်းပြုပြီးသော် ကိုယ်ဖြင့် မကောင်းမှုကို ရှောင်ကြဉ်၍ အာသဝတရား အားလုံး တို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့ (ဟု မိန့်တော်မူ၏)။

၃၂၅။ မိုးသည် ထစ်ချုန်းလျက် ဤမြေကြီးကို နှစ်သက်စေသကဲ့သို့ ထို့အတူသာလျှင် လုံ့လကြီး မားတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် အကျွန်ုပ်ကို တရားဖြင့် နှစ်သက်စေတော်မူပါပေ၏။

၃၂၆။ မြတ်စွာဘုရား၏ သီလတော်ကိုလည်းကောင်း၊ ဉာဏ်တော်ကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း ချီးကျူးခဲ့ခြင်းကြောင့် စုတေခြင်း မရှိသော အလွန် အေးမြငြိမ်း ချမ်းသော နိဗ္ဗာန်သို့ ရောက်ရ၏။

၃၂၇။ စက္ခုငါးမျိုးရှိတော်မူသော ထိုမြတ်စွာဘုရားသည် ကြာမြင့်စွာ တည်တံ့ပါမူ ကောင်း လေစွ၊ ထိုသို့ တည်တံ့ပါလျှင် (လူအပေါင်းသည်) မသိအပ်သော တရားကိုလည်း သိနိုင် ကုန်ရာ၏၊ အမြိုက်နိဗ္ဗာန်သို့လည်း ရောက်ကုန်ရာ၏။

--

၃၂၈။ ငါ၏ ဤဘဝသည်ကား နောက်ဆုံးဘဝပေတည်း၊ ငါသည် ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အလုံးစုံသော အာသဝတို့ကို ပိုင်းခြား၍ သိခြင်းကြောင့် အာသဝမရှိဘဲ နေရ၏။

၃၂၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ချီးကျူးရခြင်း၏ အကျိုးပေတည်း။

၃၃၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝေါတရားအားလုံး ကုန်ပြီ၊ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းသည် ယခု မရှိတော့ချေ။

၃၃၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၃၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဗ္ဗကိတ္တိကမထရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် သဗ္ဗကိတ္တိကတ္ထေရအပဒါန် ပြီး၏။

--

၄-မဓုဒါယကတ္ထေရအပဒါန်

၃၃၃။ သိန္ဓုမြစ်ကမ်း၌ ကောင်းစွာ ဆောက်လုပ်ထားသော ငါ၏ သခင်္မ်းကျောင်းသည် ရှိ၏၊ ထိုသခင်္မ်းကျောင်း၌ လက္ခဏာကျမ်းနှင့် တကွသော ဣတိဟာသကျမ်းကို ငါသည် တပည့်တို့ကို ပို့ချလျက့်ရှိ၏။

၃၃၄။ ထိုရသေ့တို့သည် တရားကို အလိုရှိကုန်၏၊ ဆုံးမအပ်ကုန်၏၊ ကောင်းမွန်သော အဆုံးအမကို နာယူလိုကုန်၏၊ ခြောက်ပါးသော အင်္ဂါရှိသော ဗေဒင်ကျမ်း၌ ကမ်းတစ်ဖက်သို့ ရောက်ကုန်၏၊ ထိုသူတို့သည် သိန္ဓုမြစ်ကမ်းနား၌ နေကြကုန်၏။

၃၃၅။ ကောင်းမကောင်းကို ပြသော နိမိတ်ကျမ်း၌လည်းကောင်း၊ လက္ခဏာကျမ်းတို့၌လည်းကောင်း လိမ္မာကုန်သော ထိုရသေ့တို့သည် ထိုအခါ မြတ်သော အကျိုးကို ရှာမှီးလျက် တော၌ နေကြကုန်၏။

၃၃၆။ ထိုအခါ သုမေဓာမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ငါတို့ကို အစဉ် သနားတော်မူသည်ဖြစ်၍ မြတ်စွာဘုရားသည် ကြွလာတော်မူ၏။

၃၃၇။ ငါသည် လုံ့လကြီးမားတော်မူသော ကြွလာတော်မူသော သုမေဓာမြတ်စွာဘုရားကို (ဖူးမြင်ရသဖြင့်) မြက်အခင်းပြု၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။

၃၃၈။ ငါသည် တောမှ ပျားရည်ကို ယူ၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ မြတ်စွာဘုရားသည် ဘုဉ်းပေးတော်မူပြီး၍ ဤစကားကို မိန့်တော်မူ၏-

၃၃၉။ အကြင်ပုဂ္ဂိုလ်သည် ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့် ငါ့အား ပျားရည်ကို ပေးလှူ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ ဟောကြားမည့် ငါ၏ စကားကို နားထောင်ကြကုန်လော့-

၃၄၀။ ဤပျားရည်အလှူကြောင့်လည်းကောင်း၊ မြက်အခင်းအလှူကြောင့်လည်းကောင်း ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့။

၃၄၁။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကအမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၃၄၂။ ထိုမြတ်စွာဘုရား၏ တရားဖြင့် ဖန်ဆင်းအပ်သော တရားတို့၌ အမွေခံသားဖြစ်၍ အာသဝေါအားလုံးတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုရလတ္တံ့ (ဟု မိန့်တော် မူ၏)။

၃၄၃။ နတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ အမိဝမ်းသို့ ငါရောက်သည်ရှိသော် မြေကို ပျား ရည်ဖြင့် ဖုံးလွှမ်းစေလျက် ပျားရည်မိုးသည် ရွာသွန်းခဲ့၏။

၃၄၄။ လွန်မြောက်နိုင်ခဲသော အမိဝမ်းမှ ငါသည် ထွက် (မွေးဖွား) ခါမျှ ဖြစ်လတ်သော် ထိုဘဝ၌လည်း ပျားရည်မိုးသည် ငါ့အား အခါခပ်သိမ်း ရွာသွန်းလေ၏။

၃၄၅။ ငါသည် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊ ထမင်းအဖျော်ကို ရလွယ်သူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် ပျားရည်လှူရခြင်း၏ အကျိုးပေတည်း။

--

၃၄၆။ ငါသည် လူ့ပြည်, နတ်ပြည်၌ ဖြစ်ရသည်ရှိသော် အလုံးစုံ ကာမဂုဏ်တို့နှင့် ပြည့်စုံ၏၊ ထိုပျားရည်အလှူကြောင့်ပင် အာသဝကုန်ခြင်းသို့ ရောက်ရပေ၏။

၃၄၇။ မိုးရွာ၍ မြက်လက်လေးသစ် ရှိသောအခါ ကောင်းမွန်စွာ ပွင့်သော သစ်ပင် အပေါင်းသည် ဖုံးလွှမ်းအပ်သော မဏ္ဍပ်သဖွယ် သစ်ပင်ရင်းတည်းဟူသော ဆိတ်ငြိမ်ရာ ကျောင်း၌ အာသဝမရှိဘဲ ချမ်းသာစွာ အမြဲ နေရ၏။

၃၄၈။ ငါသည် အယုတ်, အလတ်, အမြတ်ဖြစ်သော ဘဝအားလုံးတို့ကို လွန်မြောက်ခဲ့၏၊ ငါ့အား ယခုအခါ၌ အာသဝေါတရားတို့ ကုန်ခန်းပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

၃၄၉။ ကမ္ဘာသုံးသောင်းထက်၌ အကြင်အလှူကို ပေးလှူခဲ့၏၊ ထိုအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပျားရည်လှူရခြင်း၏ အကျိုး ပေတည်း။

၃၅၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝေါတရားအားလုံးကုန်ပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

၃၅၁။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၃၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်တို့ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဓုဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြာက် မဓုဒါယကတ္ထေရအပဒါန် ပြီး၏။

--

၅-ပဒုမကူဋာဂါရိယထ္ထေရအပဒါန်

၃၅၃။ ပိယဒဿီအမည်ရှိသော မြတ်စွာဘုရားသည် အလိုလိုဖြစ်တော်မူပေ၏၊ လောက၏ ရှေ့သွား ဖြစ်တော်မူပေ၏၊ တိတ်ဆိတ်မှုကို အလိုရှိတော်မူပေ၏၊ သစ္စာလေးပါးကို သိတော်မူပေ၏၊ သမာဓိ၌ ကျွမ်းကျင်တော်မူပေ၏၊ ရဟန်းမြတ် ဖြစ်တော်မူပေ၏။

၃၅၄။ ယောက်ျားမြတ် ဖြစ်တော်မူသော ပီယဒဿီမြတ်စွာဘုရားသည် တောအုပ်သို့ ဝင် ရောက်၍ ပံ့သကူသင်္ကန်းကို ဖြန့်ခင်းတော်မူပြီးလျှင် ထိုင်နေတော်မူ၏။

၃၅၅။ ငါသည် ရှေးအခါက ငှက်တို့ တွန်မြူးရာ တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ချေ, သမင်ကို ရှာမှီးလျက် လှည့်လည်၏။

၃၅၆။ ‘ထိုတောအုပ်၌ ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ကဲ့သို့လည်းကောင်း၊ တက် သစ်စ နေမင်းကဲ့သို့လည်းကောင်း’ ဩဃမှ ကူးမြောက်တော်မူပြီးသော အာသဝ မရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၅၇။ ထိုအခါ ငါသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်ထက်နတ် ဖြစ်တော်မူ သော ပိယဒဿီမြတ်စွာဘုရားကို ဖူးမြင်ရ၍ ဇာတဿရအိုင်သို့ သက်ဆင်းပြီးလျှင် ပဒုမ္မာ ကြာကို ဆောင်ယူခဲ့၏။

၃၅၈။ ငါသည် ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာကို ဆောင်ယူ၍ မွေ့လျော်ဖွယ်ကောင်း သော အထွတ်တပ်သော ကျောင်းကို ဆောက်လုပ်ပြီးလျှင် ပဒုမ္မာကြာဖြင့် မိုး၏။

၃၅၉။ အစဉ်သနားတော်မူသော, မဟာကရုဏာရှိတော်မူသော, သစ္စာလေးပါးကို သိတော်မူသော, မာရ်ငါးပါးကို အောင်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ခုနစ်ရက် သော နေ့, ညဉ့်တို့ပတ်လုံး အထွတ်တပ်သော ကျောင်း၌ နေတော်မူ၏။

၃၆၀။ ငါသည် ဟောင်းသော ကြာကို စွန့်၍ ကြာအသစ်ဖြင့် မိုးခဲ့၏၊ ထိုအခါ ငါသည် လက်အုပ်မြှောက်ချီ၍ ရပ်တည်လျက် နေ၏။

၃၆၁။ လောက၏ ရှေ့သွားဖြစ်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ဈာန်သမာပတ် မှ ထတော်မူ၍ အရပ်မျက်နှာတို့ကို ကြည့်ရှုလျက် ထိုင်နေတော်မူ၏။

၃၆၂။ ထိုအခါ ပိယဒဿီမြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော သုဒဿနမည်သော တန်ခိုးကြီးသော ရဟန်းသည် မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ -

၃၆၃။ ရဟန်းရှစ်သောင်း ခြံရံလျက် တောတွင်း၌ ချမ်းသာစွာ နေလေ့ရှိသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏။

၃၆၄။ ထိုအခါ တောအုပ်၌ စိုးအုပ်နေသမျှသော နတ်အားလုံးတို့သည်လည်း မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ စည်းဝေးလာရောက်ကြကုန်၏။

၃၆၅။ နတ်တို့သည်လည်းကောင်း၊ ရက္ခိုသ်နှင့်တကွသော ကုမ္ဘဏ်တို့သည်လည်း ကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အညီအညွတ် စည်းဝေးရောက်လာကြသည် ရှိသော် မြတ်စွာဘုရားသည့်ဂါထာတို့ကို မိန့်တော်မူ၏။

--

၃၆၆။ အကြင်ပုဂ္ဂိုလ်သည် ငါဘုရားကို ခုနစ်ရက်ပတ်လုံး ပူဇော်၏၊ ငါ၏ နေရာကျောင်း ကိုလည်း ဆောက်လုပ်ခဲ့၏၊ ငါဘုရားသည် ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ မိန့် ကြားတော်မူမည့် ငါ၏ စကားကို နာကြကုန်လော့။

၃၆၇။ အလွန်မြင်နိုင်ခဲသော, အလွန်သိမ်မွေ့သော, နက်နဲသော, ကောင်းစွာ ပြအပ်သော တရားတော်ကို ဉာဏ်တော်ဖြင့် ဟောကြားပေအံ့၊ ဟောကြားမည့် တရားတော်ကို နာကြ ကုန်လော့။

၃၆၈။ တစ်ဆယ့်လေးကမ္ဘာပတ်လုံး နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ ထိုသူအား ကြီးစွာ သော အထွတ်တပ်သော ဗိမာန်ကို ပဒုမ္မာကြာတို့ဖြင့် ဖုံးလွှမ်းထားပေ၏။

၃၆၉။ ကောင်းကင်၌ ဆောင်းမိုးလတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကံ၏ အကျိုးပေတည်း။ ကမ္ဘာနှစ်ထောင့်လေးရာတို့ပတ်လုံး (ဘဝ) ရောပြွမ်းလျက် ကျင်လည်ရလတ္တံ့။

၃၇၀။ ထိုဘဝ၌ ပန်းဗိမာန်သည် ကောင်းကင်၌ ဆောင်းမိုးထားလတ္တံ့၊ ပဒုမ္မာကြာရွက်၌ ရေသည် မလိမ်းကျံသကဲ့သို့-

၃၇၁။ ထို့အတူသာလျင် ဤပုဂ္ဂိုလ်၏ ဉာဏ်၌ ကိလေသာတို့သည် မလိမ်းကျံကုန်၊ ဤသူ သည် နီဝရဏငါးပါးတို့ကို စိတ်ဖြင့် ပယ်ခွါ၍ -

၃၇၂။ တောထွက်ခြင်း၌ စိတ်ကို ဖြစ်စေလျက် လူ့ဘောင်မှ ရဟန်းပြုလတ္တံ့၊ ထိုအခါ၌ ပန်းဗိမာန်ကို ဆောင်းမိုးလျက် တောထွက်လတ္တံ့။

၃၇၃။ သတိရှိသည်ဖြစ်၍ ရင့်ကျက်သော ပညာရှိသော ပုဂ္ဂိုလ်သည် သစ်ပင်ရင်း၌ နေစဉ် ထိုသစ်ပင်ရင်း၌ ပန်းဗိမာန်သည် (ထိုသူ၏) ဦးထိပ်၌ ဆောင်းမိုးထားလတ္တံ့။

၃၇၄။ သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း, ကျောင်းအိပ်ရာနေရာကို ရဟန်းသံဃာအား ပေးလှူခဲ့ခြင်းကြောင့် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့ (ဟု မိန့်တော်မူ၏)။

၃၇၅။ ငါသည် ရဟန်းအဖြစ်ကို ကျင့်လိုသဖြင့် အထွတ်တပ်သော အိမ်နှင့်တကွ တော ထွက်ခဲ့၏၊ သစ်ပင်ရင်း၌ နေသော ငါ့ကိုလည်း အထွတ်တပ်သော အိမ်သည် ဆောင်မိုးလျက် ရှိခဲ့၏။

၃၇၆။ သင်္ကန်း၌လည်းကောင်း၊ ဆွမ်း၌လည်းကောင်း (ရဖို့ရန်) ငါ့အား စေ့ဆော် အားထုတ်ရခြင်း မရှိ။ ဘုန်းကံနှင့် ယှဉ်သည်ဖြစ်၍ ပြုလုပ်ပြီးစီးသော ပစ္စည်းကို ရ၏။

၃၇၇။ ဂဏန်းအားဖြင့် မရေမတွက်နိုင်ကုန်သော ကမ္ဘာကုဋေများစွာတို့သည် ငါ့အား အချည်းနှီးလွန်ကုန်၏၊ ထိုကမ္ဘာကုဋေများစွာတို့သည် မြတ်စွာဘုရားမှ လွတ်ကုန်၏။

၃၇၈။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ပိယဒဿီမြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရားကို ချဉ်းကပ်ခဲ့၍ ဤဘဝသို့ ရောက်ရပေ၏။

၃၇၉။ ဤဘဝ၌ စက္ခုငါးမျိုးရှိတော်မူသော “အနောမ"မည်တော်မူသော ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ငါသည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရဟန်းဘောင်သို့ ဝင်ရောက် ခဲ့၏။

၃၈၀။ ဆင်းရဲ၏ အဆုံးကို ပြုတော်မူတတ်သော သစ္စာလေးပါးတရားကို သိတော်မူသော မြတ်စွာဘုရားသည် ငါ့အား မဂ်တရားကို ဟောတော်မူ၏၊ ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရ၏။

၃၈၁။ သာကီဝင်မင်းသားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားကို အားရနှစ်သိမ့်စေ၍ အာသဝတရားအားလုံးကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ နေရ၏။

--

၃၈၂။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၈၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို့ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝေါတရားအားလုံး ကုန်ပြီ၊ ယခု (ငါ့အား) တစ်ဖန် ဘဝသစ်သည် မရှိတော့ပြီ။

၃၈၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၃၈၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပဒုမကူဋာဂါရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ပဒုမကူဋာဂါရိယတ္ထေရအပဒါန် ပြီး၏။

၆-ဗာကုလတ္ထေရအပဒါန်

၃၈၆။ ဟိမဝန္တာ၏ အနီး၌ သောဘိတမည်သော တောင်သည် ရှိ၏၊ ငါသည် ထိုတောင်၌ တပည့်အပေါင်းတို့နှင့်အတူ ကောင်းစွာ ပြုလုပ်အပ်သော သခင်္မ်းကျောင်းကို ဖန်ဆင်းအပ်၏။

၃၈၇။ ထိုသင်္ခမ်းကျောင်း၌ မဏ္ဍပ်တို့သည်လည်း များပြားကုန်၏၊ ရေဥနှဲပင်တို့သည် ပွင့်ကုန်၏၊ ထိုသင်္ခမ်းကျောင်း၌ သီးပင်တို့သည်လည်း များပြားကုန်၏၊ လယ်ခေါင်ရန်းပင်တို့သည် ပွင့်ကုန်၏။

၃၈၈။ ထိုသင်္ခမ်းကျောင်း၌ ကြောင်ပန်းပင်တို့သည် များပြားကုန်၏။ ဆီးပင်တို့သည်လည်းကောင်း၊ သျှိသျှားပင်တို့သည်လည်းကောင်း၊ ဖက်သက်ပင်တို့သည်လည်းကောင်း၊ ဗူးပင် တို့သည်လည်းကောင်း၊ သရက်ဖြူပင်တို့သည်လည်းကောင်း ပွင့်ကုန်၏။

၃၈၉။ ထိုသင်္ခမ်းကျောင်း၌ အပွင့်ဖြူရှိသော မရိုးပင်တို့သည်လည်းကောင်း၊ ဥသျှစ်ပင်တို့သည်လည်းကောင်း၊ ငှက်ပျောပင်, ရှောက်ချိုပင်တို့သည်လည်းကောင်း များပြားကုန်၏။ ထိုသင်္ခမ်းကျောင်း၌ ဆီးစောင်းပင်တို့သည်လည်းကောင်း၊ ဖောက်ကြံ့ပင်တို့သည်လည်းကောင်း၊ ဥပါသကာပင်တို့သည်လည်းကောင်း များပြားကုန်၏။

၃၉၀။ ကြို့ပင်တို့သည်လည်းကောင်း၊ ထင်းရှူးပင်တို့သည်လည်းကောင်း၊ တမာပင်တို့သည်လည်းကောင်း၊ ပညောင်ပင်တို့သည်လည်းကောင်း၊ ညောင်ကြတ်ပင်တို့သည်လည်းကောင်း (များပြားကုန်၏)။ ငါ၏ သင်္ခမ်းကျောင်းသည် ဤသို့ သဘောရှိ၏၊ ငါသည် တပည့်တို့နှင့် အတူ ထိုသင်္ခမ်းကျောင်း၌ နေခဲ့၏။

--

၃၉၁။ အလိုလိုဖြစ်တော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော အနောမဒဿီ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူရာ အရပ်ကို ရှာမှီးသည် ဖြစ်၍ ငါ၏ သင်္ခမ်းကျောင်းသို့ ကြွလာတော်မူ၏။

၃၉၂။ လုံ့လကြီးမားတော်မူသော အခြံအရံများပြားတော်မူသော အနောမဒဿီမြတ်စွာဘုရားသည် ငါ၏ သင်္ခမ်းကျောင်းသို့ ကြွလာတော်မူသည်ရှိသော် မြတ်စွာဘုရားအား တစ်ခဏ ချင်းဖြင့် လေနာထတော်မူ၏။

၃၉၃။ ငါသည် တော၌ လှည့်လည်သည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ စက္ခုငါးပါး ရှိတော်မူသော အခြံအရံ များပြားတော်မူသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ -

၃၉၄။ ထိုအခါ၌ ငါသည် (မြတ်စွာဘုရား၏) အမူအရာကို မြင်ခြင်းကြောင့်လည်း ယုံမှား မရှိဘဲသာလျှင် ငါတို့၏ မြတ်စွာဘုရားအား အနာရောဂါ ဖြစ်တော်မူ၏ဟု မှတ်ယူခဲ့၏။

၃၉၅။ ငါသည် ဆေးကုလိုသည် ဖြစ်၍ သင်္ခမ်းကျောင်းရှိ ငါ့တပည့်တို့ထံ လျင်မြန်စွာ ပြန်လာခဲ့၏၊ ထိုအခါ ငါသည် တပည့်တို့ကို မိန့်ဆိုခဲ့၏။

၃၉၆။ ရိုသေခြင်းရှိသော တပည့်အားလုံးတို့သည် ငါ၏ စကားကို ရှေးရှုဝန်ခံကုန်၍ မြတ်စွာဘုရား၌့ရိုသေသည်၏ အဖြစ်ဖြင့် ငါ၏ အထံသို့ တစ်ပေါင်းတစ်စည်း စည်းဝေး ရောက်လာကြကုန်၏။

၃၉၇။ ငါသည် တောင်ထိပ်သို့ လျင်မြန်စွာ တက်၍ ခပ်သိမ်းသော ဆေးကို ပြုလုပ်ဖော် စပ်၏၊ ငါသည် ရေနှင့် ဖျော်၍ ဘုရားမြတ်အား ပေးလှူခဲ့၏။

၃၉၈။ လုံ့လကြီးတော်မူသော တရားခပ်သိမ်းကို သိတော်မူသော မြတ်စွာဘုရားသည် သုံးဆောင်တော်မူသည်ရှိသော် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏ လေနာရောဂါသည် လျင်မြန်စွာ ကင်းငြိမ်းလေ၏။

၃၉၉။ အနောမဒဿီမြတ်စွာဘုရားသည် ပူပန်ခြင်း ငြိမ်းတော်မူသည်ကို သိမြင်၍ မိမိ နေရာ၌ ထိုင် နေတော်မူလျက် ဤဂါထာတို့ကို ဟောတော်မူ၏။

၄၀၀။ အကြင်ပုဂ္ဂိုလ်သည် ငါဘုရားအား ဆေးကို ပေးလှူ၏၊ ငါ၏ လေနာရောဂါကိုလည်း ကင်းငြိမ်းစေ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာကြကုန်လော့။

၄၀၁။ ဤသူသည် ကမ္ဘာတစ်သိန်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ ထိုနတ်ပြည် ၌ တူရိယာတို့ကို တီးမှုတ်လျက် အခါခပ်သိမ်း မွေ့လျော်ရလတ္တံ့။

၄၀၂။ ကုသိုလ်ကံ အကြောင်းရင်းသည် တိုက်တွန်းအပ်သည့် အဖြစ်ကြောင့် လူ့ပြည်သို့ လာ၍ အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။

၄၀၃။ ငါးဆယ့်ငါးကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည်ဖြစ်၍ အောင်အပ်ပြီးသော ရန်သူရှိသော ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရသူ ‘အနောမ’ မည်သော မင်းသည် -

၄၀၄။ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော များမြတ်သည့် ဗိုလ်ပါအင်အားရှိေသော စကြဝတေးမင်း ဖြစ်လျက် တာဝတိံသာနတ်တို့ကိုလည်း ချောက်ချားစေ၍ အစိုးရမှုကို ပြုလတ္တံ့။

၄၀၅။ နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း အနာရောဂါကင်းသူ ဖြစ်လတ္တံ့။ ဥစ္စာပစ္စည်း ယူခြင်းကို ကြဉ်၍ လောက၌ အနာရောဂါကို လွန်မြောက်စေလတ္တံ့။

--

၄၀၆။ ဤဘဒ္ဒကမ္ဘာမှ (နောက်၌) မနှိုင်းရှည့်အပ်သော ကမ္ဘာတစ်သင်္ချေနှင့် တစ်သိန်း ထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၄၀၇။ ထိုမြတ်စွာဘုရား၏ တရားဖြင့် ဖန်ဆင်းအပ်သော တရားအမွေခံသားတော် ဖြစ်၍ ခပ်သိမ်းသော အာသဝတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့။

၄၀၈။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေ၍ တဏှာရေလျဉ်ကို ကူးမြောက်လတ္တံ့၊ ဗာကုလ အမည်ဖြင့် ထင်ရှားသော ဘုရားတပည့်သား ဖြစ်လတ္တံ့။

၄၀၉။ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားသည် ဤအလုံးစုံကို သိတော်မူ၍ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူလျက် ဧတဒဂ်အရာ၌ ထားတော်မူလတ္တံ့ (ဟု မိန့်တော်မူ၏)။

၄၁၀။ အလိုလိုဖြစ်တော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော အနောမဒဿီ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာအရပ်ကို ကြည့်တော်မူလျက် ငါ၏ သင်္ခမ်းကျောင်းသို့ ကြွလာ တော်မူ၏။

၄၁၁။ ကြွလာတော်မူသော လုံ့လကြီးမားတော်မူသော သဗ္ဗညုမြတ်စွာဘုရားကို ကြည်ညို သည်ဖြစ်၍ မိမိလက်တို့ဖြင့် ဆေးအလုံးစုံဖြင့် နှစ်သက်စေခဲ့၏။

၄၁၂။ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ ဘုရားတည်းဟူသော လယ်ယာမြေကောင်း၌ ထိုငါ၏ ကောင်းစွာ ပြုအပ်သော ကံသည် မျိုးစေ့၏ ပြည့်စုံခြင်းပေတည်း၊ ထိုအခါ၌ ငါ၏ ကောင်းစွာ ပြုအပ်သော ကံကို ငါသည် ကုန်စေခြင်းငှါ မစွမ်းနိုင်ပေ။

၄၁၃။ ထိုငါသည် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ဤဖူးမြင်ရခြင်းသည် ငါ့အား အရတော် ပေစွ၊ ငါ့အား ကောင်းစွာ ရပေစွ၊ ထိုကံကြွင်းကြောင့် ငါသည် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန် သို့ ရောက်ရပေ၏။

၄၁၄။ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားသည် ထို အလုံးစုံကို ထူးသောဉာဏ်ဖြင့် သိ၍ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူလျက် ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။

၄၁၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာအသချေင်္ထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆေးလှူရခြင်း၏ အကျိုးပေတည်း။

၄၁၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝအလုံးစုံတို့ ကုန်ပြီ၊ ယခုတစ်ဖန် (ငါ့အား) ဘဝသစ်သည် မရှိ တော့ပြီ။

၄၁၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၄၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗာကုလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဗာကုလတ္ထေရအပဒါန် ပြီး၏။

--

၇-ဂိရိမာနန္ဒတ္ထေရအပဒါန်

၄၁၉။ ငါ၏ မယားသည် ကွယ်လွန်ခဲ့၏၊ ငါ၏ သားသည် သင်္ချိုင်းသို့ ရောက်ခဲ့၏၊ အမိ, အဖ, ညီအစ်ကိုတို့သည်လည်း သေကြကုန်၍ ထင်းပုံတစ်ခုတည်း၌ မီးသင်္ဂြိုဟ် ခံကြရကုန်၏။

၄၂၀။ ငါသည် ထိုစိုးရိမ်မှုဖြင့် ပူလောင်သည်ဖြစ်၍ ကြုံလှီလျက် ဖျော့တော့သော အဆင်းရှိသူ ဖြစ်ခဲ့၏၊ ထိုစိုးရိမ်မှု နှိပ်စက်အပ်သည်ဖြစ်၍ ငါ့အား စိတ်ပျံ့လွင့်ခြင်းသည်လည်း ဖြစ်ခဲ့၏။

၄၂၁။ ငါသည် စိုးရိမ်မှုတည်းဟူသော ငြောင့်သည် နှိပ်စက်အပ်သဖြင့် တောအတွင်းသို့ ချဉ်းကပ်ခဲ့၏၊ ငါသည် အလိုလို ကြွေကျသော သစ်သီးကို စား၍ သစ်ပင်ရင်း၌ နေ၏။

၄၂၂။ ဆင်းရဲအဆုံးကို ပြုတော်မူတတ်သော မာရ်ငါးပါးကို အောင်တော်မူသော သုမေဓာ မည်သော ထိုမြတ်စွာဘုရားသည် ငါ့ကို ထုတ်ဆောင်ကယ်တင်တော်မူလိုသည်ဖြစ်၍ ငါ၏ အထံ သို့ ကြွလာတော်မူ၏။

၄၂၃။ ငါသည် သုမေဓာမြတ်စွာဘုရား၏ ခြေတော်သံကို ကြားရသောကြောင့် ဦးခေါင်းကို ထောင်၍ မြတ်စွာဘုရားကို မော်၍ ကြည့်၏။

၄၂၄။ မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် ငါ့အား နှစ်သက်ခြင်းသည် ဖြစ်ပေါ်ခဲ့၏၊ ထိုအခါ လောက၏ ရှေ့သွားဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါ့အား တည်ကြည်သော စိတ်သည် ဖြစ်ပေါ်ခဲ့၏။

၄၂၅။ ငါသည် သတိရ၍ သစ်ရွက်ဆုပ်ကို ပေးလှူ၏၊ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် အစဉ်သနားသည်ဖြစ်၍ ထိုသစ်ရွက်အခင်း၌ ထိုင်တော်မူ၏။

၄၂၆။ လောက၏ ရှေ့သွားဖြစ်တော်မူသော သစ္စာလေးပါးကို သိတော်မူသော သုမေဓာ မြတ်စွာဘုရားသည် ထိုသစ်ရွက်အခင်း၌ ထိုင်နေတော်မူ၍ သောကတည်းဟူသော ငြောင့်ကို ပယ်ဖျောက်တတ်သော တရားကို ငါ့အား ဟောတော်မူ၏။

၄၂၇။ (ထိုမိဘ, သား, သမီးဖြစ်သောသူတို့သည် ) မခေါ်ဘဲ ထိုရှေးဘဝမှ လာကုန်၏၊ ခွင့်မပြုဘဲ့ဤဘဝမှ သွားကုန်၏။ အကြင်အခြင်းအရာအားဖြင့် (ရှေးဘဝမှ) လာကုန်၏၊ ထို အခြင်းအရာအားဖြင့် (ဤဘဝမှ) သွားကြကုန်၏။ ထိုလာလိုတိုင်း လာ၍ သွားလိုတိုင်း သွား ရာ၌ ငိုကြွေးခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။

၄၂၈။ ထိုခရီးသွား သတ္တဝါတို့သည် မိုးရွာသည်ရှိသော် မိုးမစိုစိမ့်သောငှါ ဥစ္စာဘဏ္ဍာ နှင့်တကွ မိုးလွတ်ရာ အရပ်သို့ ချဉ်းကပ်ကုန်၏။

၄၂၉။ ထိုသတ္တဝါတို့သည် မိုးစဲသည်ရှိသော် အလိုရှိရာအရပ်သို့ သွားကုန်သကဲ့သို့လည်း ထို့အတူ သင်၏ မိဘတို့သည် လာလိုသည့်အခါ လာ၍ ပြန်လိုသည့်အခါ ပြန်သွားကြကုန်၏၊ ထိုပြန်သွားရာ၌ ငိုကြွေးခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။

၄၃၀။ အလှူခံ ဧည့်သည်တို့သည် လှုပ်လှုပ်ရွရွ သွားကုန်သကဲ့သို့ ထို့အတူ သင်၏ မိဘတို့သည် သွားကုန်၏၊ ထိုသို့ သွားရာ၌ ငိုကြွေးခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။

--

၄၃၁။ မြွေသည် မိမိအရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ထိုအတူ သင်၏ မိဘတို့သည် မိမိခန္ဓာကိုယ်ကို ဤဘဝ၌ စွန့်ပစ်ကုန်၏။

၄၃၂။ ငါသည် မြတ်စွာဘုရား၏ တရားစကားကို သိရ၍ သောကတည်းဟူသော ငြောင့် ကို ရှောင်ကွင်းနိုင်ခဲ့၏၊ ငါသည် နှစ်သက်ခြင်းကို ဖြစ်စေ၍ ဘုရားမြတ်ကို ရှိခိုးခဲ့၏။

၄၃၃။ ငါသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နတ်ရနံ့ ကြိုင်လှိုင်သော တောင်သဇင်ပန်း ကို လောက၏ ရှေ့သွားဖြစ်တော်မူသော သုမေဓာမြတ်စွာဘုရားအား ပူဇော်ခဲ့၏။

၄၃၄။ ငါသည် မြတ်စွာဘုရားကို ပူဇော်၍ ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် မြင့်မြတ်သော ဂုဏ်တို့ကို အောက်မေ့လျက် မြတ်စွာဘုရားကို ချီးကျူးခဲ့၏။

၄၃၅။ ကြီးမားသော လုံ့လရှိတော်မူသော သဗ္ဗညုမြတ်စွာဘုရား အရှင်ဘုရားသည် (သံသရာရေလျဉ်မှ) ကူးမြောက်ပြီးသောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏။ မြတ်စွာဘုရား အရှင် ဘုရားသည် ဉာဏ်တော်ဖြင့် အလုံးစုံသော သတ္တဝါတို့ကို (သံသရာရေလျဉ်မှ) ထုတ်ဆောင် ကယ်တင်တော်မူပါပေ၏။

၄၃၆။ မြတ်စွာဘုရား အရှင်ဘုရားသည် ယုံမှားခြင်းကိုလည်းကောင်း၊ နှလုံးနှစ်ခွ ဖြစ်ခြင်းကိုလည်းကောင်း ကောင်းစွာ ဖြတ်တောက်တော်မူပါပေ၏။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ဉာဏ်တော်ဖြင့် အကျွန်ုပ်အား မဂ်ဉာဏ်သို့ ရောက်စေတော်မူ ပါပေ၏။

၄၃၇။ ထိုအခါ ဝသီဘော်သို့ ရောက်သည်ဖြစ်၍ အဘိညာဉ်ခြောက်ပါးရှိကုန်သော တန်ခိုးကြီးမားသည် ဖြစ်၍ ကောင်းကင်၌ လှည့်လည်ကုန်သော ပညာရှိရဟန္တာတို့သည် ခြံရံလျက် ရှိပါကုန်၏။

၄၃၈။ ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ဖြစ်ကုန်သော ဖိုလ်၌ တည်ကုန်သော သာဝကတို့သည် ရှိပါ ကုန်၏၊ ‘နေထွက်သော အခါ၌ ပဒုမ္မာကြာပန်းတို့သည် ပွင့်ကုန်သကဲ့သို့’ အရှင်ဘုရား၏ အထံတော်၌ ထိုသာဝကတို့သည် ပွင့်ပါကုန်၏။

၄၃၉။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား မချောက်ချားနိုင်သည်ဖြစ်၍ အတုမရှိ သော အလွန်ကူးမြောက်နိုင်ခဲသော မဟာသမုဒ္ဒရာကဲ့သို့ ဤအတူ အရှင်ဘုရားသည် ဉာဏ် တော်နှင့် ပြည့်စုံသည်ဖြစ်၍ မနှိုင်းရှည့်နိုင်သောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏။

၄၄၀။ ငါသည် လောက၌ မာရ်ငါးပါးကို အောင်တော်မူသော များသော အခြံအရံရှိတော်မူ သော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရပ်ရှစ်မျက်နှာတို့ကို ရှိခိုးကာ နောက်ဆုတ်လျက် သွားခဲ့၏။

၄၄၁။ နတ်ပြည်မှ စုတေ၍ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ပညာဉာဏ်, သတိနှင့် ပြည့်စုံလျက် အမိဝမ်းသို့ သက်ဝင်ရပေ၏။

၄၄၂။ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊ ငါသည် ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ၏၊ ရင့်ကျက်သော ပညာဉာဏ်ရှိ၏၊ ဈာန်ဝင်စားလေ့ရှိ၏၊ တစ်ယောက်တည်း ကိန်းအောင်းလျက့်ကျက်စားလေ့ရှိ၏။

၄၄၃။ ငါသည် ကမ္မဋ္ဌာန်းအားထုတ်၍ မြတ်စွာဘုရားကို နှစ်သိမ့်စေပြီးလျှင် ‘တိမ်တိုက်မှ လွတ်သော လကဲ့သို့’ အခါခပ်သိမ်း လှည့်လည်ရပေ၏။

၄၄၄။ ငါသည် ဆိတ်ငြိမ်မှု၌ အားထုတ်လျက် ကိလေသာမီး ငြိမ်းသည် ဖြစ်၍ ဥပဓိ မရှိသူ ဖြစ်ပေ၏၊ ငါသည် အာသဝေါတရား အလုံးစုံတို့ကို ပိုင်းခြားသိ၍ အာသဝ မရှိဘဲ နေရ၏။

၄၄၅။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

--

၄၄၆။ ငါသည် ကိလေသာတို့ကို ရှို့ မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝအားလုံးကုန်သည်ဖြစ်၍ ယခု ငါ့အား ဘဝသစ်သည် နောက် တစ်ဖန် မရှိတော့ပြီ။

၄၄၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၄၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုိလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဂိရိမာနန္ဒမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဂိရိမာနန္ဒတ္ထေရအပဒါန် ပြီး၏။

၈-သဠလမဏ္ဍပိယတ္ထေရအပဒါန်

၄၄၉။ မကောင်းမှုကို အပပြုပြီးသော မဂ်ကိစ္စကို ကျင့်သုံးပြီးသော ကကုသန်မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလတ်သော် ငါသည် ထင်းရှူးပင်ကို ယူ၍ မဏ္ဍပ်ကို ပြုလုပ် စေခဲ့၏။

၄၅၀။ ငါသည် တာဝတိံသာသို့ ရောက်သည်ဖြစ်၍ မြတ်သော ဗိမာန်ကို ရပေ၏၊ အခြားနတ်တို့ကို လွန်၍ တင့်တယ်ပေ၏။ ဤသို့ဖြစ်ရခြင်းသည် ထင်းရှူးပန်းလှူရသော ကောင်းမှုကံ၏ အကျိုး ပေတည်း။

၄၅၁။ ငါသည် နေ့၌ ဖြစ်စေ၊ သို့မဟုတ် ညဉ့်၌ ဖြစ်စေ စင်္ကြံသွားသော်လည်းကောင်း၊ ရပ်သော်လည်းကောင်း ထင်းရှူးပန်းတို့ဖြင့် ဖုံးလွှမ်းခြင်းကို ခံယူရပေ၏။ ဤသို့ ဖြစ်ရခြင်း သည် ထင်းရှူးပန်း လှူရသော ကောင်းမှုကံ၏ အကျိုးပေတည်း။

၄၅၂။ ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ကကုသန်မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၅၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝေါမရှိဘဲ နေရ၏။

၄၅၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

--

၄၅၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဠလမဏ္ဍပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် သဠလမဏ္ဍပိယတ္ထေရအပဒါန် ပြီး၏။

၉-သဗ္ဗဒါယကတ္ထေရအပဒါန်

၄၅၆။ ငါသည် မဟာသမုဒ္ဒရာသို့ သက်ဝင်၍ ဘုံဗိမာန်ကို ကောင်းစွာ ဖန်ဆင်းထား၏၊ ရေကန်ကိုလည်း ကောင်းစွာ ဖန်ဆင်းထား၏၊ (ထိုရေကန်၌) စက္ကဝါက်ငှက်တို့ တွန်ကျူးလျက် ရှိကုန်၏။

၄၅၇။ မန္ဒာလကနတ်ပန်းတို့ဖြင့်လည်းကောင်း၊ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်လည်း ကောင်း ဖုံးလွှမ်းလျက် ရှိကုန်၏။ ထိုရေကန်၌ မြစ်သည်လည်း စီးဆင်းလျက် ရှိ၏၊ စိတ်ကိုလည်း ပျော်မွေ့စေနိုင်သော ကောင်းသော ဆိပ်ကမ်းလည်း ရှိ၏။

၄၅၈။ ငါး, လိပ်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိ၏၊ အမျိုးမျိုးသော ငှက်တို့ဖြင့် ရောပြွမ်းလျက် ရှိ၏၊ ဥဒေါင်း, ကြိုးကြာတို့ တွန်မြည်လျက် ရှိကုန်၏၊ အသံသာယာသော ဥဩအစရှိသည် တို့ တွန်မြည်လျက် ရှိကုန်၏။

၄၅၉။ ဤရေကန်၌ ခိုတို့သည်လည်းကောင်း၊ ဝမ်းဘဲ, ဟင်္သာတို့သည်လည်းကောင်း၊ စက္ကဝါက်ငှက်တို့သည်လည်းကောင်း၊ တင်ကျီးတို့သည်လည်းကောင်း၊ ဘုံမတီးငှက်တို့သည်လည်းကောင်း၊ သာလိကာတို့သည်လည်းကောင်း ပုတ်သင်ပျံတို့သည်လည်းကောင်း၊ ဇီဝဇိုးငှက် တို့သည်လည်းကောင်း၊ -

၄၆၀။ ဟင်္သာတို့သည်လည်းကောင်း၊ ကြိုးကြာတို့သည်လည်းကောင်း၊ ကုတ်သလုပ်ငှက် (ဇီးကွက်) တို့သည်လည်းကောင်း၊ များပြားလှသော ငှက်ကျားတို့သည်လည်းကောင်း တွန်မြည်လျက် ရှိကုန်၏။ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ ပတ္တမြား, ပုလဲဖြင့် ပြီးသော သဲလည်း ရှိပေ၏။

၄၆၁။ အလုံးစုံသော ရွှေဖြင့် ပြီးကုန်သော သစ်ပင်တို့သည် အမျိုးမျိုးသော ရနံ့တို့ဖြင့် ကြိုင်လှိုင်ကုန်လျက် ဗိမာန်ကို နေ့ရော, ညဉ့်ပါ အခါခပ်သိမ်း ထွန်းတောက်ပစေလျက် ရှိကုန်၏။

၄၆၂။ ခြောက်သောင်းသော တူရိယာတို့သည် ညချမ်းအချိန်, နံနက်အချိန်၌ မြည်လျက် ရှိကုန်၏၊ မိန်းမခြောက်သောင်းတို့သည် အခါခပ်သိမ်း ငါ့ကို ခြံရံလျက် ရှိကုန်၏။

၄၆၃။ ငါသည် ဗိမာန်မှ ထွက်၍ လောက၏ ရှေ့သွားဖြစ်သော, အခြံအရံ များတော် မူသော ထိုသုမေဓာမြတ်စွာဘုရားကို ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ရှိခိုး၏။

၄၆၄။ မြတ်စွာဘုရားကို ရှိခိုးပြီး၍ ထိုမြတ်စွာဘုရားကို သံဃာနှင့်တကွ ပင့်ဖိတ်ခဲ့၏၊ လုံ့လကြီးမားတော်မူသော လောက၏ ရှေ့သွား ထိုသုမေဓာမြတ်စွာဘုရားသည် (ပင့်ဖိတ် ခြင်းကို) လက်ခံတော်မူ၏။

--

၄၆၅။ မြတ်စွာဘုရားသည် ငါ့အား တရားစကားကို ဟောကြားတော်မူ၍ လွှတ်တော်မူ၏၊ ငါသည် မြတ်စွာဘုရားကို ရှိခိုး၍ ငါ၏ ဗိမာန်သို့ ပြန်လာခဲ့၏။

၄၆၆။ ထိုအခါ ငါ၏ ပရိသတ်ကို ပြောဆိုခဲ့၏၊ သင်တို့အားလုံး စည်းဝေးကြကုန်လော့၊ နံနက်အခါ၌ မြတ်စွာဘုရားသည် ဗိမာန်သို့ ကြွလာတော်မူလတ္တံ့ (ဟု ပြောဆိုခဲ့၏)။

၄၆၇။ ငါတို့သည် အရတော်လေစွ၊ ငါတို့သည် လူအဖြစ်ကို ကောင်းစွာ ရအပ်၏၊ အရှင့် ထံ၌ နေရပါကုန်သော ငါတို့သည်လည်း လူ နတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား အား ပူဇော်ခြင်းကို ပြုအပ်ပါကုန်အံ့ (ဟု ပြောကြကုန်၏)။

၄၆၈။ ငါသည် ထမင်း အဖျော်ကို တည်ခင်းထားပြီး နောက်၌ (ကြွရန်) အချိန်ကို (မြတ်စွာဘုရားအား) လျှောက်ထားခဲ့၏၊ မြတ်စွာဘုရားသည် ရဟန္တာတစ်သိန်းတို့နှင့် တကွ ကြွတော်မူ၏။

၄၆၉။ ငါသည် အင်္ဂါငါးပါးရှိသော တူရိယာတို့ဖြင့် ခရီးဦးကြိုဆိုမှုကို ပြု၏၊ မြတ်စွာဘုရားသည် အလုံးစုံ ရွှေဖြင့်ပြီးသော အင်းပျဉ်၌ ထိုင်တော်မူ၏။

၄၇၀။ ထိုအခါ အလုံးစုံ ရွှေဖြင့်ပြီးသော အမိုးသည် အထက်၌ ဖြစ်ပေါ်လေ၏၊ ရဟန်း သံဃာ၏ အကြား၌ ယပ်လေတို့သည် အလိုလို ခတ်ကုန်၏။

၄၇၁။ ငါသည် များစွာသော ဆွမ်းအဖျော်ဖြင့် ရဟန်းသံဃာကို ရောင့်ရဲစေ၏၊ (ထို့နောက်) ရဟန်း သံဃာအား အသီးအသီး ပုဆိုးအစုံတို့ကို ပေးလှူခဲ့၏။

၄၇၂။ လောက၏ ပူဇော်ခြင်းကို ခံတော်မူထိုက်သော အကြင်မြတ်စွာဘုရားကို သုမေဓာ မည်၏ဟူ၍ ပြောဆိုကုန်၏၊ ထိုသုမေဓာမြတ်စွာဘုရားသည် ရဟန်းသံဃာ၌ ထိုင်တော်မူ၍ ဤ ဂါထာတို့ကို ဟောတော်မူ၏။

၄၇၃။ အကြင်သူသည် ငါဘုရားအားလည်းကောင်း၊ ဤရဟန်းအားလုံးတို့ကိုလည်း ကောင်း ဆွမ်းအဖျော်ဖြင့် ရောင့်ရဲစေ၏။ ထိုသူကို ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ ငါမိန့် ကြားမည့် စကားကို နာယူကြကုန်လော့။

၄၇၄။ ဤသူသည် တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ စကြဝတေးမင်းလည်း အကြိမ်တစ်ထောင်တိုင်တိုင် ဖြစ်လတ္တံ့။

၄၇၅။ ကပ်ရောက်ရတိုင်းသော လူအဖြစ် နတ်အဖြစ်၌ အလုံးစုံ ရွှေဖြင့်ပြီးသော အမိုး သည် အခါခပ်သိမ်း ဆောင်းမိုးပေလတ္တံ့။

၄၇၆။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၄၇၇။ တိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍ အာသဝတရားအားလုံးကို ပိုင်းခြား၍ သိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန် ပြုလတ္တံ့။

၄၇၈။ ရဟန်းသံဃာ၌ ထိုင်၍ ခြင်္သေ့မင်း၏ အသံနှင့် တူသော အသံကို မြွက်ဆိုလတ္တံ့၊ မီးဩင်္ဂုိဟ်ရာ ထင်းပုံ၌ ထီးတို့ကို ဆောင်းမိုးကုန်၏၊ ထီးအောက်၌ လောင်ကျွမ်းလေ၏။

၄၇၉။ ငါသည် အရဟတ္တဖိုလ်သို့ အစဉ်ရောက်အပ်ပြီ၊ ငါသည် ကိလေသာတို့ကို ရှို့မြှိုက် လောင် ကျွမ်းစေအပ်ကုန်ပြီ။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း ငါ့အား ပူလောင်ခြင်း မရှိချေ။

၄၈၀။ ကမ္ဘာသုံးသောင်းထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူ၏ အကျိုးပေတည်း။

--

၄၈၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အလုံးစုံသော ဘဝ တို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။

၄၈၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

၄၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သဗ္ဗဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သဗ္ဗဒါယကတ္ထေရအပဒါန် ပြီး၏။

၁၀-အဇိတထ္ထေရအပဒါန်

၄၈၄။ တရားအလုံးစုံတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော လောက၏ ရှေ့ သွား ပဒုမုတ္တရမြတ်စွာဘုရားသည် ဟိမဝန္တာသို့ သက်ဝင်၍ ထိုင်နေတော်မူ၏။

၄၈၅။ ငါသည် မြတ်စွာဘုရားကို မဖူးမြင်ဖူးချေ၊ အသံကိုမျှလည်း မကြားဖူးချေ၊ ငါသည် ငါ၏ အစာကို ရှာမှီးစဉ် တော၌ လှည့်လည်လျက် ရှိ၏။

၄၈၆။ ထိုတော၌ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ဖူးမြင်ရသည်ရှိသော် ငါသည် နှစ်သက်ခြင်းသို့ ရောက်၏၊ ဤ ပုဂ္ဂိုလ်သည် အဘယ်မည်သော ပုဂ္ဂိုလ်ဖြစ်သနည်းဟု (စဉ်းစား၍) -

၄၈၇။ လက္ခဏာတို့ကို ကြည့်ရှုလျက် ငါ၏ အတတ်ပညာကို အောက်မေ့၏၊ ကြီးသော ပညာရှိတို့၏ ကောင်းစွာ ဆိုအပ်သော ထိုစကားကို ကြားရဖူး၏။

၄၈၈။ ထိုပညာရှိကြီးတို့၏ စကားအရ ဤပုဂ္ဂိုလ်သည် ဘုရားစင်စစ် ဖြစ်လတ္တံ့၊ ငါသည် ပူဇော်မှုကို ပြုရပါမူ ကောင်းလေစွ၊ (ဤပုဂ္ဂိုလ်သည်) ငါ၏ ဘဝဂတိကို သုတ်သင် ရှင်းလင်း ပေလတ္တံ့။

၄၈၉။ ငါသည် သင်္ခမ်းကျောင်းသို့ လျင်မြန်စွာ လာ၍ သစ်မည်စည်ဆီကို ယူခဲ့၏၊ ဆီအိုး (ဖျဉ်းအိုး) ကို ယူ၍ မြတ်စွာဘုရားထံ ချဉ်းကပ်၏။

၄၉၀။ ငါသည် သစ်သားသုံးခွတို့ကို ယူ၍ လွင်တီးခေါင်၌ စိုက်ထား၏၊ ငါသည် ဆီမီး ထွန်းညှိပြီးလျှင် ရှစ်ကြိမ်တိုင်တိုင် ရှိခိုးခဲ့၏။

၄၉၁။ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ခုနစ်နေ့, ခုနစ်ညဉ့်ပတ်လုံး ထိုင်နေတော်မူ၏၊ ထို့နောင် ခုနစ်ရက်မြောက်သော ညဉ့်အဆုံး၌ မြတ်စွာဘုရားသည် ထတော် မူ၏။

--

၄၉၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အလုံးစုံသော (ခုနစ်နေ့, ခုနစ်ညဉ့်) တို့ပတ်လုံး ကြည်ညိုလျက် မိမိလက်တို့ဖြင့် မြတ်စွာဘုရားအား ဆီမီးကို ပေးလှူ ခဲ့၏။

၄၉၃။ ဂန္ဓမာဒနတောင်၌ နံ့သာဖြင့် ပြီးသော တောအားလုံးတို့သည် မြတ်စွာဘုရား၏ အာနုဘော်ကြောင့် မြတ်စွာဘုရားအထံသို့ ရောက်လာကြကုန်၏။

၄၉၄။ ထိုအခါ၌ မြတ်စွာဘုရား၏ အာနုဘော်ကြောင့် အလုံးစုံပွင့်သော သစ်ပင်အားလုံး တို့သည် ပန်းရနံ့ကို ဆောင်ကုန်လျက် စုဝေးရောက်လာကြကုန်၏။

၄၉၅။ ဟိမဝန္တာ၌ ရှိသမျှသော ထိုနဂါး, ဂဠုန် နှစ်မျိုးတို့သည် တရားတော်ကို နာလိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ အထံတော်သို့ လာရောက်ကြကုန်၏။

၄၉၆။ မြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်သော ‘ဒေဝလ’ မည်သော ရဟန်းသည် ရဟန္တာ တစ်သိန်းတို့နှင့် တကွ မြတ်စွာဘုရား၏ အထံတော်သို့ ကြွလာတော်မူပေ၏။

၄၉၇။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဆိုမည့် ဂါထာတို့ကို မိန့်ဆိုတော်မူ၏။

၄၉၈။ အကြင်သူသည် ငါဘုရားအား ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့် ဆီမီးကို ပူဇော်ခဲ့၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် စကားကို နာယူကြကုန်လော့။

၄၉၉။ ဤသူသည် ကမ္ဘာခြောက်သောင်းတို့ ကာလပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။

တစ်ဆယ့်ခြောက်ခုမြောက် ဘာဏဝါရ ပြီး၏။

၅၀၀။ သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသူဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့၊ မြေအပြင်၌ အကြိမ်ခုနစ်ရာတိုင်တိုင် ပြန့်ပြောသော မင်းအဖြစ်ကို ပြုရလတ္တံ့။

၅၀၁။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်ပေ၊ ဤဆီမီး အလှူကြောင့် နတ်မျက်စိ “ဒိဗ္ဗစက္ခု"သည် (ဤပုဂ္ဂိုလ်အား) ဖြစ်လတ္တံ့။

၅၀၂။ ဤသူသည် အခါခပ်သိမ်း ထက်ဝန်းကျင်မှ ရှစ်ကောသတိုင်တိုင် မြင်ရလတ္တံ့၊ နတ်ပြည်မှ စုတေ၍့ (လူ့ပြည်၌) ဖြစ်သော သတ္တဝါအား-

၅၀၃။ နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း (နေ့ရော ညဉ့်ပါ) ဆီမီးကို (အလိုလို) ဆောင်လတ္တံ့။ ဘုန်းကံနှင့် ပြည့်စုံသော သတ္တဝါသည် မွေးဖွားသည်ရှိသော်-

၅၀၄။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်၌ မြို့ကျယ်ပြန့်သလောက် ထွန်း လင်းလတ္တံ့။

၅၀၅။ ဤဆီမီးအလှူ၏ အရပ်ရှစ်မျက်နှာ၌ ထွန်းလင်းခြင်းအကျိုးကြောင့် ဤသူကို အခြားသတ္တဝါတို့သည် မအောင်နိုင်ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၅၀၆။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၅၀၇။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံ သားတော် ဖြစ်၍ အာသဝခပ်သိမ်းကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုရလတ္တံ့။

၅၀၈။ ဤသူသည် သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော ဂေါတမ မြတ်စွာဘုရားကို အားရနှစ်သက်စေ၍ အမည်အားဖြင့် “အဇိတ”ဟု ထင်ရှားသော ဘုရား တပည့် “သာဝက” ဖြစ်လတ္တံ့။

--

၅၀၉။ ငါသည် ကမ္ဘာခြောက်သောင်းတို့ ကာလပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏၊ ထို နတ်ပြည်၌လည်း ငါ့အား ဆီမီးတိုင်တစ်ရာသည် အမြဲထွန်းလင်းလျက် ရှိ၏။

၅၁၀။ ငါ၏ အရောင်တို့သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ထွက် ပေါ်ကုန်၏။ ငါသည် ဘုရားမြတ်ကို အောက်မေ့လျက် လွန်စွာ ရွှင်လန်းခြင်းကို ဖြစ်စေ၏။

၅၁၁။ ငါသည် တုသိတာနတ်ပြည်မှ စုတေ၍ အမိဝမ်းသို့ သက်ရောက်ခဲ့၏၊ မွေးဖွား သည်ရှိသော် ငါ့အား ပြန့်ပြောသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏။

၅၁၂။ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု၏၊ ဗာဝရီရသေ့ထံ ချဉ်းကပ်ပြီး လျှင် တပည့်အဖြစ်သို့ ရောက်ခဲ့၏။

၅၁၃။ ငါသည် ဟိမဝန္တာ၌ နေစဉ် မြတ်စွာဘုရား (အကြောင်း) ကို ကြားသိရ၏၊ မြင့်မြတ်သော အကျိုးကို ရှာမှီးလိုသည် ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏။

၅၁၄။ ယဉ်ကျေးတော်မူပြီးသော မြတ်စွာဘုရားသည် ဆုံးမတော်မူလေ့ရှိ၏၊ ဩဃမှ ကူးမြောက်တော်မူ၏၊ ဥပဓိလေးပါးမှ ကင်းတော်မူ၏၊ မြတ်စွာဘုရားသည် ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ဟောကြားတော်မူ၏။

၅၁၅။ ထိုငါ၏ လာခြင်းကိစ္စသည် ပြီးစီးခဲ့၏၊ ငါသည် မြတ်စွာဘုရားကို အားရနှစ် သက်စေခဲ့၏၊ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက် နာကျင့်သုံးပြီးပါပြီ။

၅၁၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဆီမီးကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၅၁၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ပါကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်ပစ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝမရှိဘဲ နေရ၏။

၅၁၈။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော် တို့ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၅၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အဇိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် အဇိတတ္ထေရအပဒါန် ပြီး၏။

လေးဆယ်ခုမြောက် ပိလိန္ဒဝစ္ဆဝဂ် ပြီး၏။

ပဒုမဝဂ္ဂဒသက ပြီး၏။

လေးခုမြောက် တစ်ရာ (လေးရာ) ပြီး၏။

--

၄၁-မေတ္တေယျဝဂ်

၁-တိဿမေတ္တေယျတ္ထေရအပဒါန်

။ သောဘိတမည်သော ရသေ့သည် တောင်ဝှမ်းအထွတ်ကို အမှီပြုကာ အလိုလို ကြွေကျ သော အသီးကို စား၍ တောင်ကြား၌ နေ၏။

။ ထိုအခါ ငါသည် မြင့်မြတ်သော အကျိုးကို ရှာမှီးလိုသည် ဖြစ်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ခြင်း အကျိုးငှါ ထင်းကို ဆောင်ယူ၍ မီးကို တောက်စေခဲ့၏။ (မီးကို လုပ်ကျွေးပူဇော်ခဲ့၏)။

။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက် သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငါ့အား ထုတ်ဆောင်ကယ်တင်တော်မူလိုသည် ဖြစ်၍ ငါ၏ အထံသို့ ကြွလာတော်မူ၏။

။ ဘုန်းကံကြီးသောသူ အဘယ်ကို သင်ပြုသနည်း၊ ငါ့အား မီးပူဇော်ရန် ထင်းကို ပေးလော့၊ ငါသည် မီးကို လုပ်ကျွေးအံ့၊ ထိုလုပ်ကျွေးမှုကြောင့် ငါ့အား စင်ကြယ်မှုသည် ဖြစ်ပါလတ္တံ့ (ဟု မြတ်စွာဘုရားက မိန့်တော်မူ၏)။

။ သင်သည် အလွန်ကောင်းမွန်သူ ဖြစ်၏။ သင်သည် လူတို့ကိုလည်းကောင်း၊ နတ်တို့ ကိုလည်းကောင်း သိ၏။ သင်သည်လည်း မီးကို လုပ်ကျွေးလော့၊ သင်သည် မီးပူဇော်ရန် ထင်းကို ယူပေလော့ (ဟု ရသေ့က ဆို၏)။

။ ထိုအခါ၌ မြတ်စွာဘုရားသည် ထင်းကို ယူ၍ မီးကို တောက်စေ၏၊ ထိုမီးမွှေးရာ၌ မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် (မီးသည်) ထင်းကို မတောက်လောင်ချေ။

။ သင်၏ မီးသည် မတောက်ပါ၊ သင့်အား ပူဇော်မှုသည် မရှိပါ၊ သင်၏ ထိုမီးလုပ် ကျွေးမှု အလျဉ်သည် အကျိုးမရှိပါ၊ ငါ၏ မီးကို လုပ်ကျွေးဦးလော့ (ဟု မြတ်စွာဘုရားက မိန့်တော်မူ၏)။

။ ကြီးမားသော လုံ့လရှိသောပုဂ္ဂိုလ် ငါ၏ မီးကို လုပ်ကျွေးဦးလော့ဟု သင်သည် ပြောဆိုအပ်၏၊ သင်၏ ထိုမီးသည် အဘယ်သို့ သဘောရှိပါသနည်း၊ ထိုမီးကို အကျွန်ုပ်အားလည်း ပြောဆိုပါလော့၊ အကျွန်ုပ်တို့ နှစ်ယောက်တို့သည် ပူဇော်လုပ်ကျွေးကြပါကုန်အံ့။

။ အကြောင်းတရား ချုပ်ငြိမ်းခြင်းအကျိုးငှါလည်းကောင်း၊ ကိလေသာ ငြိမ်းအေးခြင်းငှါလည်းကောင်း ငြူစူမှု “ဣဿာ", ဝန်တိုမှု “မစ္ဆရိယကို ပယ်စွန့်သည်ရှိသော် ထိုတရားသုံးပါး တို့သည် ငါ၏ ပူဇော်ခြင်းတို့ပင် ဖြစ်ပါလတ္တံ့။

၁၀။ လုံ့လကြီးမားသော ပုဂ္ဂိုလ် သင်သည် အဘယ်အမည်ရှိပါသနည်း၊ အချင်း သင်သည် အဘယ်အနွယ် ဖြစ်ပါသနည်း၊ သင်၏ အကျင့်ပဋိပတ်ကို အကျွန်ုပ်သည် လွန်စွာ နှစ်သက်ပါ၏။

၁၁။ ငါသည် မင်းမျိုး၌ ဖြစ်သူတည်း၊ အဘိညာဉ်တို့၏ အထွတ်အထိပ်သို့ ရောက်သူတည်း၊ အာသဝေါတရားအားလုံး ကုန်ပြီးသူတည်း၊ ယခုဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်း (ငါ့အား) မရှိတော့ပြီ။

၁၂။ အလင်းရောင်ကို ပြုလျက် အမိုက်ကို ဖျောက်တတ်သော မြတ်စွာဘုရား အရှင် ဘုရားသည် တရားအလုံးစုံကို သိသော ဘုရားစင်စစ် အကယ်၍ ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် အရှင်ဘုရားကို ရှိခိုးပါအံ့၊ ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားသည် ဒုက္ခ၏ အဆုံးကို့ပြုတော်မူတတ်ပါပေ၏။ (ဤသို့ ဆို၍) -

--

၁၃။ ငါသည် သစ်နက်ရေကို ဖြန့်ခင်း၍ နေရာကို လှူခဲ့၏၊ တရားခပ်သိမ်းကို သိတော်မူသော မြတ်စွာဘုရား (ထိုနေရာ၌) ထိုင်တော်မူပါ၊ အကျွန်ုပ်သည် အရှင်ဘုရားကို ဆည်းကပ်၍ လုပ်ကျွေးပါအံ့။

၁၄။ မြတ်စွာဘုရားသည် ကောင်းစွာ ဖြန့်ခင်းအပ်သော ထိုသစ်နက်ရေ၌ ထိုင်တော်မူ၏၊ ငါသည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ တောင်ပေါ်သို့ သွား၏။

၁၅။ ငါသည် ပရိက္ခရာဝန်ကို ပြည့်စေ၍ တည်သီးကို ဆောင်ယူခဲ့၏၊ သစ်သီးကို ပျား ရည်နှင့် ရောစပ်၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။

၁၆။ ထိုအခါ မြတ်စွာဘုရားသည် ငါ ကြည့်ရှုဖူးမြော်နေစဉ် ဘုဉ်းပေးတော်မူ၏၊ ငါသည် မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လျက် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေခဲ့၏။

၁၇။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူ ထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ သင်္ခမ်းကျောင်း၌ ထိုင်နေတော်မူလျက် ဤဆို မည့် ဂါထာတို့ကို ဟောတော်မူ၏။

၁၈။ အကြင်သူသည် ငါဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် (ကိုယ်တိုင်) သစ်သီးဖြင့် (သစ်သီးကို) ရောင့်ရဲစေ၏၊ ထိုသူကို ငါဘုရား ဗျာဒိတ်စကား မိန့်ကြားတော် မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့။

၁၉။ ထိုသူသည် နှစ်ဆယ့်ငါးကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုလတ္တံ့၊ အကြိမ် တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။

၂၀။ ရှေးကောင်းမှုကံနှင့် ပြည့်စုံသော ထိုသူ၏ စိတ်အကြံကို သိ၍ မြတ်သောသူတို့ အား ထိုက်တန်သော စားဖွယ်သောက်ဖွယ်သည်လည်းကောင်း၊ အဝတ်သည်လည်းကောင်း၊ အိပ်ရာနေရာသည်လည်းကောင်း၊ -

၂၁။ ကုသိုလ်ကောင်းမှုနှင့် ယှဉ်သည်ဖြစ်၍ ထိုခဏ၌ ဖြစ်ကုန်လတ္တံ့၊ ဤသူသည် အခါခပ်သိမ်း ဝမ်းမြောက်လျက် အနာမရှိသူ ဖြစ်လတ္တံ့။

၂၂။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ် အလုံးစုံတို့၌ ချမ်းသာသည်ဖြစ်၍ လူ့အဖြစ်သို့ ရောက်လတ္တံ့။

၂၃။ ထိုသူသည် ဗေဒင်ကို သရဇ္ဈာယ်တတ်သူ, ဗေဒင်သုံးပုံကို ဆောင်သူ, ဗေဒင်သုံးပုံ တို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်သူ ဖြစ်ပြီးလျှင် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရဟန္တာဖြစ်လတ္တံ့။

၂၄။ အကြင်အခါမှစ၍ မိမိကိုယ်ကို အမှတ်ရ၏၊ အကြင်အခါမှစ၍ တတ်သိနားလည်သူ အဖြစ်သို့ ရောက်၏၊ (ထိုအခါမှစ၍) ငါ၏ စည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။

၂၅။ ငါသည် တရားမြတ် (တရားထူး) ကို ရခဲ့ပြီ၊ ရာဂ, ဒေါသတို့ကို ပယ်နုတ်ခဲ့ပြီ၊ အာသဝေါတရား အားလုံးကုန်ပြီ၊ ယခု ငါ့အား ဘဝသစ် တစ်ဖန်ဖြစ်ခြင်း မရှိတော့ပြီ။

၂၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝမရှိဘဲ နေရ၏။

၂၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။

--

၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိဿမေတ္တေယျမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော တိဿမေတ္တေယျတ္ထေရအပဒါန် ပြီး၏။

၂-ပုဏ္ဏကတ္ထေရအပဒါန်

၂၉။ အလိုလိုဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရား (ပစ္စေက ဗုဒ္ဓါ) သည် မကျန်းမာတော်မူသည်ဖြစ်၍ တောင်ဝှမ်းကို အမှီပြု၍ တောင်ကြား၌ နေတော် မူ၏။

၃၀။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ) ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် ထိုခဏ၌ သည်းစွာသော အသံ (ပဲ့တင်သံ) သည် ဖြစ်ပေါ်လေ၏၊ ထိုခဏ၌ အလင်း ရောင်သည် ဖြစ်ပေါ်လေ၏။

၃၁။ တောအုပ်၌ ရှိသမျှကုန်သော အလုံးစုံသော ဝံပုလွေ (သစ်ကျုတ်), ကျားသစ် (အောင်း) တို့သည်လည်းကောင်း၊ သားရဲတို့သည်လည်းကောင်း၊ ခြင်္သေ့တို့သည်လည်းကောင်း ထိုခဏ၌ တွန်မြည်ကြကုန်၏။

၃၂။ ငါသည် ထိုသို့ ဖြစ်ပေါ်ခြင်းကို တွေ့မြင်ရ၍ တောင်ဝှမ်းသို့ သွားခဲ့၏၊ ထိုအရပ်၌ ပရိနိဗ္ဗာန် စံတော်မူနေသော ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ) ကို ဖူးမြင်ရ၏။

၃၃။ ‘ကောင်းစွာ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ တက်လာသော နေမင်းကဲ့သို့လည်းကောင်း၊ အလျှံကင်းသော မီးကျီးကဲ့သို့လည်းကောင်း’ ပရိနိဗ္ဗာန်စံတော်မူ သော မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ) ကို -

၃၄။ ငါသည် ထိုအရပ်၌ ထင်းနှင့် မြက်ကို ပြည့်စေ၍ မီးသင်္ဂြိုဟ်ရာ ထင်းပုံကို ပြုခဲ့၏၊ မီးသင်္ဂြိုဟ်ရာ ထင်းပုံကို ကောင်းစွာ ပြု၍ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့၏။

၃၅။ အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီးလျှင် ငါသည် နံ့သာရေကို ဖျန်းခဲ့၏၊ ထိုအခါ နတ်သည် ကောင်းကင်၌ တည်လျက် အမည်ကို ယူ၏။

၃၆။ ရသေ့ သင်သည် အလိုလိုပွင့်တော်မူသော မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ)၏ (မီး သင်္ဂြိုဟ်မှု) ကိစ္စကို ပြုကျင့်အပ်ပေပြီ၊ ရသေ့ သင်သည် အမည်အားဖြင့် “ပုဏ္ဏက”ဟူသော အမည်သည် အခါခပ်သိမ်း ဖြစ်လတ္တံ့။

၃၇။ ငါသည် ထိုကိုယ်ခန္ဓာ (ဘဝ) မှ စုတေ၍ နတ်ပြည်သို့ ရောက်ခဲ့၏၊ ထိုနတ်ပြည်၌ နတ်၌ ဖြစ်သော နံ့သာသည် ကောင်းကင်မှ ရွာသွန်းလျက် ရှိ၏။

--

၃၈။ ထိုအခါ ထိုနတ်ပြည်၌လည်း ငါ့အား “ပုဏ္ဏက”ဟူသော အမည်သည် ဖြစ်၏။ ငါသည် နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း အကြံအစည်ကို ပြည့်ဝစေနိုင် ခဲ့၏။

၃၉။ ဤဘဝသည် ငါ့အား နောက်ဆုံး ဖြစ်၏၊ အဆုံးစွန်သောဘဝ ဖြစ်ပေ၏၊ ဤ အဆုံးဘဝ၌လည်း “ပုဏ္ဏက”ဟူသော အမည်သည် ထင်ရှား၏။

၄၀။ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရားကို အားရနှစ်သက်စေ၍ အလုံးစုံသော အာသဝတရားတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ နေရ၏။

၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလောင်းတော်ကို မီးသင်္ဂြိုဟ်ခြင်း ကိစ္စ၏ အကျိုးပေတည်း။

၄၂။ ငါသည် ကိလေသာတို့ကို။ပ။ အာသဝ မရှိဘဲ နေရ၏။

၄၃။ ငါ၏ လာခြင်းကား။ပ။ ပြုကျင့်အပ်ပြီ။

၄၄။ ပဋိသမ္ဘိဒါလေးပါး။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုဏ္ဏကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ပုဏ္ဏကတ္ထေရအပဒါန် ပြီး၏။

၃-မေတ္တဂုတ္ထေရအပဒါန်

၄၅။ ဟိမဝန္တာ၏ အနီး၌ အသောကမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ဝိသုကြုံ နတ်သား ဖန်ဆင်းအပ်သော ငါ၏ သခင်္မ်းကျောင်းသည် ရှိ၏။

၄၆။ မဟာကရုဏာရှိတော်မူသော ရဟန်းမြတ် ဖြစ်တော်မူသော သုမေဓာအမည်ရှိတော်မူ သော မြတ်စွာဘုရားသည် နံနက်အခါ (သင်္ကန်းကို) ပြင်ဝတ်၍ ဆွမ်းအလို့ငှါ ငါ၏ အထံသို့ ကြွလာတော်မူ၏။

၄၇။ (ငါ၏အထံသို့) ကြွလာတော်မူသော လုံ့လကြီးမားတော်မူသော လောက၏ ရှေ့သွား သုမေဓာမြတ်စွာဘုရားကို ဖူးမြင်ရ၍ ဘုရားသပိတ်တော်ကို ယူပြီးလျှင် ထောပတ်ဆီကို ပြည့်စေခဲ့၏။

၄၈။ ငါသည် လောက၏ ရှေ့သွား သုမေဓာဘုရားမြတ်အား ပေးလှူ၍ လက်အုပ်ချီပြီး လျှင် လွန်စွာ ရွှင်လန်းခြင်းကို ဖြစ်စေခဲ့၏။

၄၉။ ထောပတ်အလှူကြောင့်လည်းကောင်း၊ စေတနာ တောင့်တမှုတို့ကြောင့်လည်းကောင်း နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း ပြန့်ပြောသော ချမ်းသာကို ရပေ၏။

၅၀။ ငါသည် အပါယ်လေးပါးကို ကြဉ်၍ ဘဝကြီးငယ်၌ ကျင်လည်ရပေ၏၊ ထိုမြတ်စွာဘုရား၌ စိတ်ကို တောင့်တခဲ့ခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်ကို ရပေ၏။

--

၅၁။ ပုဏ္ဏား ငါဘုရားကို ဖူးမြင်ရခြင်းသည် အရတော်ပေစွ၊ သင့်အား ကောင်းစွာ အရတော်ပေစွ၊ ငါဘုရားအား ဖူးမြင်ခြင်းကို အကြောင်းပြု၍ (သင့်အား) အရဟတ္တဖိုလ်သည် ဖြစ်ပေါ်လတံ ္တ့။

၅၂။ သင်သည် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်လော့၊ မကြောက်လင့်၊ ငါဘုရားအား ထောပတ်ကို လှူသောကြောင့် အခြံအရံ, အကျော်အစော များစွာကို ရရှိ၍ ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်လတံ ္တ့။

၅၃။ ဤထောပတ်အလှူကြောင့်လည်းကောင်း၊ စေတနာ တောင့်တမှုတို့ကြောင့်လည်း ကောင်း နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း ပြန့်ပြောသော ချမ်းသာကို ရပေ၏။

၅၄။ ဤထောပတ်အလှူကြောင့်လည်းကောင်း၊ မေတ္တာစိတ်ရှိသည်၏ အဖြစ်ကြောင့်လည်း ကောင်း ကမ္ဘာတစ်ထောင့်ရှစ်ရာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့။

၅၅။ သုံးဆယ့်ရှစ်ကြိမ်တိုင်တိုင်လည်း နတ်မင်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ် မင်းအဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်ချေ။

၅၆။ အောင်အပ်ပြီးသော ရန်သူရှိသော သမုဒ္ဒရာလေးစင်းအဆုံးရှိသော ဇမ္ဗူဒိပ်ကျွန်းလုံး ကို အစိုးရသော စကြဝတေးမင်းလည်း ငါးဆယ့်တစ်ကြိမ်တိုင်တိုင် ဖြစ်လတ္တံ့။

၅၇။ မချောက်ချားအပ်သော မဟာသမုဒ္ဒရာကဲ့သို့လည်းကောင်း၊ ထုတ်ဆောင်နိုင်ခဲသော မြေကြီးကဲ့သို့လည်းကောင်း ထို့အတူ သင့်အား မနှိုင်းရှည့် မရေတွက်နိုင်သော စည်းစိမ်ဥစ္စာ တို့သည် ဖြစ်ကုန်လတ္တံ့။

၅၈။ ငါသည် ရွှေ, ငွေ ကုဋေခြောက်ဆယ်ကို စွန့်၍ ရဟန်းပြုခဲ့၏၊ ကုသိုလ်ဟူသည် အဘယ်နည်းဟု ရှာမှီးလျက် ဗာဝရီရသေ့ထံ ချဉ်းကပ်ခဲ့၏။

၅၉။ ထိုရသေ့ထံ၌ ဗေဒင်တို့ကိုလည်းကောင်း၊ ဆဠင်္ဂမည်သော လက္ခဏာကျမ်းကိုလည်း ကောင်း သင်ယူလျက် ရှိ၏။ မြတ်စွာဘုရား အရှင်ဘုရားသည် အမိုက်မှောင်ကို ပယ်ဖျောက်လျက် ပွင့်တော်မူပါပေ၏။

၆၀။ မြတ်စွာဘုရား အရှင်ဘုရားအား ဖူးမြော်လိုသည်ဖြစ်၍ အကျွန်ုပ် လာရောက်ပါ၏၊ အရှင်ဘုရား၏ တရားတော်ကို ကြားနာရ၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါ၏။

၆၁။ ကမ္ဘာသုံးသောင်းထက်၌ ငါသည် မြတ်စွာဘုရားအား ထောပတ်ကို ပေးလှူခဲ့၏၊ ဤအတွင်း၌ ငါသည် ထောပတ်ကို တောင်းဖူး၏ဟူ၍ မသိရချေ။

၆၂။ ငါ၏ အကြံကို သိ၍ အလိုရှိတိုင်း ဖြစ်ပေါ်လေ၏၊ စိတ်ကို သိ၍ ဖြစ်ပေါ်လာသော ထောပတ်ကို အားလုံးသောသူတို့ကို ငါသည် ရောင့်ရဲစေ၏။

၆၃။ မြတ်စွာဘုရားတို့သည် အံ့ဩဖွယ်ရှိပါပေကုန်စွ၊ တရားတော်တို့သည် အံ့ဩဖွယ်ရှိပါ ပေကုန်စွ၊ ငါတို့အား ဆရာနှင့် ပြည့်စုံခြင်းသည် အံ့ဩဖွယ်ရှိပါပေကုန်စွ၊ အနည်းငယ်မျှသော ထောပတ်ကို ပေးလှူ၍ မရေတွက်နိုင်သော ထောပတ်ကို ရပေ၏။

၆၄။ မြင်းမိုရ်တောင်နံပါးမှ (စ၍) မဟာသမုဒ္ဒရာ၌ ရှိသမျှသော ရေသည် ငါ၏ ထောပတ် ကို ထောက်ဆသည်ရှိသော် အစိတ်အဖို့မျှ မရှိလတ္တံ့။ (တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ် မျှ မရှိဟု ဆိုလိုသည်)။

၆၅။ ငါ့အား ဖြစ်ပေါ်လာသော အဝတ်တို့ကို အစုအပုံပြုသော် စကြဝဠာ၏ ရှိသမျှသော ထိုနေရာသည် ဆန့်လိမ့်မည် မဟုတ်ပေ။

၆၆။ မြင်းမိုရ်တောင်မင်းသည်လည်းကောင်း၊ မြတ်သော ဟိမဝန္တာတောင်သည်လည်း ကောင်း ငါလိမ်းကျံသော နံ့သာ၏ အစိတ်အပိုင်းမျှ မရှိလတ္တံ့။

--

၆၇။ ငါသည် အဝတ်ကိုလည်းကောင်း၊ နံ့သာကိုလည်းကောင်း၊ ထောပတ်ကိုလည်း ကောင်း၊ မျက်မှောက်၌ မြင်အပ်သော အခြားပစ္စည်းကိုလည်းကောင်း၊ ပြုပြင်မှု ကင်းသော နိဗ္ဗာန်ကိုလည်းကောင်း ရရှိခဲ့၏။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်လှူရခြင်း၏ အကျိုးပေတည်း။

၆၈။ ငါသည် သတိပဋ္ဌာန်ဟူသော အိပ်ရာရှိ၏၊ သမာဓိဈာန်ဟူသော ကျက်စားရာရှိ၏၊ ယခု ဗောဇ္ဈင်ဟူသော အစာဘောဇဉ်ရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်လှူရခြင်း၏ အကျိုးပေတည်း။

၆၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၇၀။ ငါ၏ လာခြင်းကား။ပ။ ပြုကျင့်အပ်ပြီ။

၇၁။ ပဋိသမ္ဘိဒါလေးပါး။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မေတ္တဂုမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက်မေတ္တဂုတ္ထေရအပဒါန် ပြီး၏။

၄-ဓောတကတ္ထေရအပဒါန်

၇၂။ ထိုအခါ ဟိမဝန္တာမှ စ၍ ဖြစ်သော ဘာဂီရထီမည်သော ဂင်္ဂါမြစ်သည် ဟံသာဝတီ မြို့၏ တံခါးမှ စီးဆင်းလျက် ရှိ၏။

၇၃။ သောဘိတမည်သော ကျောင်းတိုက်ကို ဂင်္ဂါမြစ်ကမ်း၌ ကောင်းစွာ ပြုလုပ်ဖန်ဆင်းအပ်၏၊ ထိုကျောင်းတိုက်၌ လောက၏ ရှေ့သွား ပဒုမုတ္တရမြတ်စွာဘုရားသည် သီတင်းသုံး တော်မူ၏။

၇၄။ ‘သိကြားမင်းသည် တာဝတိံသာနတ်တို့ဖြင့် ခြံရံလျက် နေသကဲ့သို့’ ထိုကျောင်း တိုက်၌ မြတ်စွာဘုရားသည် လူတို့ဖြင့် ခြံရံလျက် ‘ကြောက်ရွံ့မှု ကင်းသော ခြင်္သေ့မင်းကဲ့သို့’ နေတော်မူ၏။

၇၅။ မြတ်စွာဘုရား တပည့်တော်သည် ဗြာဟ္မဏမျိုးဖြစ်၍ ဟံသာဝတီမြို့၌ နေပါ၏၊ အမည်အားဖြင့် ဆဠင်္ဂဟူသော အမည်ရှိသူ ဖြစ်ပါ၏။

၇၆။ ထိုအခါ တပည့်ပေါင်း တစ်ထောင့်ရှစ်ရာတို့သည် ငါ့ကို ခြံရံလျက် ရှိကုန်၏၊ ထိုတပည့်တို့နှင့်တကွ ဂင်္ဂၤါမြစ်ကမ်းသို့ ချဉ်းကပ်ခဲ့၏။

၇၇။ ထိုမြစ်ကမ်း၌ ပလွှားဝါကြွားခြင်းကင်းကုန်သော ဆေးလျှော်အပ်ပြီးသော မကောင်းမှု ရှိကုန်သော ဘာဂီရထီမြစ်ကို ကူးကုန်သော ရဟန်းတို့ကို ဖူးမြင်ရ၏၊ ဖူးမြင်ခြင်းကြောင့် ငါသည် ထိုအခါ ဤသို့ကြံစည်ခဲ့၏။

၇၈။ ညဉ့်, နံနက် (ညဉ့်ရော, နေ့ပါ) ကူးကုန်သော အခြံအရံများကုန်သော ဤမြတ်စွာဘုရား၏ သားတော်တို့သည် ခန္ဓာကိုယ်ကို ပင်ပန်းစေကုန်၏၊ ထိုရဟန်းတို့၏ ကိုယ်သည် ပင်ပန်းလျက်ရှိ၏။

--

၇၉။ နတ်နှင့်တကွသော လူအပေါင်းသည် မြတ်စွာဘုရားကို အမြတ်ဆုံးပုဂ္ဂိုလ်ဟု ဆိုအပ်ပေ၏၊ မြတ်သော အလှူကို ခံထိုက်သော မြတ်စွာဘုရား၌ (ပြုအပ်သော) ဂတိလမ်းကို သုတ် သင်ကြောင်း ကောင်းမှုကံသည် ငါ့အား မရှိချေ။

၈၀။ မြတ်စွာဘုရားအား ဂင်္ဂါမြစ်၌ တံတားကို ဆောက်လုပ် (လှူဒါန်း) ရပါမူ ကောင်းလေ ရာ၏၊ ဤတံတားဆောက်လုပ်ခြင်းအမှုကို ပြုလုပ်စေ၍ ဤဘဝကို ကူးမြောက်ပေအံ့။

၈၁။ ငါသည် ဥစ္စာကြေးငွေ တစ်သိန်းပေး၍ တံတားကို ဆောက်လုပ်စေခဲ့၏၊ ပြုအပ် သော ကောင်းမှုကို ယုံကြည်သည် ဖြစ်၍ ပြန့်ပြောကြီးကျယ်သော အကျိုးသည် ငါ့အား ဖြစ်လတ္တံ့။

၈၂။ ထိုတံတားကို ဆောက်လုပ်စေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏၊ ဦးခေါင်း၌ လက်အုပ်ချီ၍ ဤစကားကို လျှောက်ထားခဲ့၏။

၈၃။ တပည့်တော်သည် အဖိုးအခ တစ်သိန်းပေး၍ အရှင်ဘုရားအကျိုးငှါ တံတားကြီးကို ဆောက်လုပ်စေခဲ့ပါပြီ၊ မြတ်စွာဘုရား အရှင်ဘုရားသည် အလှူခံတော်မူပါ။

၈၄။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်းသံဃာအလယ်၌ ထိုင်နေတော်မူ၍ ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏-

၈၅။ အကြင်သူသည် ငါဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် တံတားကို ဆောက်လုပ်စေခဲ့၏၊ ထိုသူကို ငါဘုရား ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့။

၈၆။ ဤသူသည် ချောက်မှလည်းကောင်း၊ တောင်မှလည်းကောင်း၊ သစ်ပင်မှလည်း ကောင်း ကျသည်ဖြစ်စေ၊ (သို့မဟုတ်) စုတေသည်ဖြစ်စေ ဆောက်တည်ရာ (သုဂတိဘဝ) ကို ရလတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံတားလှူရခြင်း၏ အကျိုးပေတည်း။

၈၇။ ‘စည်ပင်ပြန့်ပွါးသော အမြစ်အစဉ်ရှိသော ပညောင်ပင်ကို (အရပ်လေးမျက်နှာမှ) တိုက်ခတ်လာသော လေသည် မနှိပ်စက်နိုင်သကဲ့သို့’ ရန်သူတို့သည် ဤသူ့ကို မနှိပ်စက်နိုင် ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံတားလှူရခြင်း၏ အကျိုးပေတည်း။

၈၈။ ထိုတံတားလှူသူအား ခိုးသူတို့သည် မနှိပ်စက်နိုင်ကုန်လတ္တံ့၊ မင်းတို့သည် မထီမဲ့ မြင် မအောက်မေ့ကုန်လတ္တံ့၊ ရန်သူခပ်သိမ်းတို့ကို လွန်မြောက်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံတားလှူရခြင်း၏ အကျိုးပေတည်း။

၈၉။ ထိုအခါ လွင်တီးခေါင်အရပ်၌ နေထိုင်လျက် ကောင်းမှုကံနှင့် ယှဉ်သော ထိုသူကို ကြမ်းတမ်းသော နေပူသည်လည်း နှိပ်စက်ခံရသည် မဖြစ်လတ္တံ့။

၉၀။ နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ထိုသူ၏ စိတ်အကြံကို သိ၍ ကောင်းစွာ ဖန်ဆင်းအပ်သော ဆင်ယာဉ်သည် ထိုခဏ၌ ဖြစ်ပေါ်လတ္တံ့။

၉၁။ ‘လေကဲ့သို့’ လျင်မြန်ကုန်သော လျင်မြန်စွာ ဆောင်နိုင်ကုန်သော သိန္ဓောမြင်း တစ်ထောင်တို့သည် ညဉ့်နံနက် ချဉ်းကပ်ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံတားလှူရ ခြင်း၏ အကျိုးပေတည်း။

၉၂။ ဤသူသည် လူ့ပြည်သို့ လာ၍ ချမ်းသာသောသူ ဖြစ်လတ္တံ့၊ လူဖြစ်လျက်သာလျှင် ကောင်း ကင်၌ သွားနိုင်သော ဆင်ယာဉ်သည် ဖြစ်ပေါ်လတ္တံ့။

၉၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

--

၉၄။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သားဖြစ်၍့အာသဝေါတရား အားလုံးတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ ပရိနိဗ္ဗာန် ပြုလတ္တံ့ (ဟု ဟောတော်မူ၏)။

၉၅။ ပဒုမုတ္တရမြတ်စွာဘုရား၌ ကောင်းစွာ ပြုခဲ့သော ငါ၏ ကံသည် အံ့ဩဖွယ်ရှိပါပေစွ၊ ထိုမြတ်စွာဘုရား၌ ကောင်းမှုကို ပြုခဲ့ခြင်းကြောင့် ငါသည် အာသဝတရား ကုန်ခြင်းသို့ ရောက်ရပေ၏။

၉၆။ ငါသည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းသို့ လွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ ကိလေသာ မီး ငြိမ်းပြီးသူ, ဥပဓိမရှိသူ ဖြစ်ပေ၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရပေ၏။

၉၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။

၉၈။ ငါ၏ လာခြင်းကား စင်စစ် ကောင်းမွန်ပေ၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို လိုက်နာကျင့်သုံးအပ်ပြီ။

၉၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓောတကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် ဓောတကတ္ထေရအပဒါန် ပြီး၏။

၅-ဥပသီဝတ္ထေရအပဒါန်

၁၀၀။ ဟိမဝန္တာ၏ အနီး၌ အနောမမည်သော တောင်သည် ရှိ၏၊ (ထိုတောင်၌) ငါသည် သခင်္မ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်ထား၏၊ သစ်ရွက်မိုးကျောင်းကိုလည်း ကောင်းစွာ ပြုလုပ်ဖန်ဆင်းထားပေ၏။

၁၀၁။ ထိုတောင်၌ ကောင်းသော ဆိပ်ကမ်းရှိသည် ဖြစ်၍ စိတ်နှလုံးကို မွေ့လျော်စေ နိုင်သော မြစ်သည်လည်း စီးဆင်းလျက် ရှိ၏၊ ရေများရာဆိပ်ကမ်း၌ ပဒုမ္မာကြာ, ဥပ္ပလကြာ တို့သည် များစွာ ပေါက်ရောက်လျက် ရှိကုန်၏။

၁၀၂။ ငါးဖယ်တို့သည်လည်းကောင်း၊ ငါးတန်တို့သည်လည်းကောင်း၊ ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးမြင်းတို့သည်လည်းကောင်း (များစွာရှိကုန်၏)။ ထိုအခါ၌ မြစ်သည် ငါးလိပ်တို့ဖြင့် ဖုံးလွှမ်းကာ စီးဆင်းလျက် ရှိ၏။

၁၀၃။ ထိုတောင်၌ ကျည်းပင်တို့သည်လည်းကောင်း၊ သော်ကပင်တို့သည်လည်းကောင်း၊ ပန်းပင်ငယ်တို့သည်လည်းကောင်း၊ ပုန်းညက်ပင်တို့သည်လည်းကောင်း၊ တောင်ပုန်းညက်ပင် တို့သည်လည်းကောင်း ပွင့်ကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို ကြိုင်လှိုင်စေကုန်၏။

--

၁၀၄။ ထိုတောင်၌ လက်ထုတ်ပင်တို့သည်လည်းကောင်း၊ ကြက်ရုန်းတောတို့သည်လည်း ကောင်း ပွင့်လျက်ရှိကုန်၏။ ထိုတောင်၌ များစွာသော အင်ကြင်းပင်တို့သည်လည်းကောင်း၊ ထင်းရှူးပင်တို့သည်လည်းကောင်း၊ စံကားပင်တို့သည်လည်းကောင်း ပွင့်လျက် ရှိကုန်၏။

၁၀၅။ ဖောက်ကြံ့ပင်တို့သည်လည်းကောင်း၊ ကင်ပွန်းပင်တို့သည်လည်းကောင်း၊ ရှား စောင်းကြီးပင်တို့သည်လည်းကောင်း ပွင့်လျက် ရှိကုန်၏။ ပိတောက်ပင်တို့သည်လည်း ကောင်း၊ ပျားအနံ့ရှိသော ပန်းတို့သည်လည်းကောင်း ထိုသစ်ပင်တို့သည် ငါ၏ သင်္ခမ်း ကျောင်း၌ ပွင့်လျက် ရှိကုန်၏။

၁၀၆။ ငုစပ်ပင်တို့သည်လည်းကောင်း၊ သခွတ်ပင်တို့သည်လည်းကောင်း၊ စံပယ်ကြီးပင် တို့သည်လည်းကောင်း၊ ဥပါသကာပင်တို့သည်လည်းကောင်း ထက်ဝန်းကျင်မှ ယူဇနာခွဲတိုင် အောင့်လိပ်ဆူးရွှေပန်းဖြင့် ဖုံးလွှမ်းလျက် ရှိကုန်၏။

၁၀၇။ မာတဂ္ဂါရသစ်ပင်တို့သည်လည်းကောင်း၊ မိုးစွေပင်တို့သည်လည်းကောင်း၊ သခွတ် ပင်တို့သည်လည်းကောင်း၊ ရေဥနှဲပင်တို့သည်လည်းကောင်း၊ များစွာသော မှန်ကူ (အင်္ကောလက) ပင်တို့သည်လည်းကောင်း၊ လက်ပံပင်တို့သည်လည်းကောင်း ထိုတောင်၌ ပွင့်လျက် ရှိကုန်၏။ ငါ၏ ထိုသင်္ခမ်းကျောင်း၌ ကျောက်ပန်းတို့သည် များစွာ ပွင့်လျက် ရှိကုန်၏။

၁၀၈။ ထိုသစ်ပင်တို့သည် အပွင့် ပွင့်ကုန်သည်ရှိသော် များစွာသော သစ်ပင်တို့သည် တင့်တယ်လှပကုန်၏၊ ငါ၏ သင်္ခမ်းကျောင်းသည် ထိုပန်းရနံ့ဖြင့် ထက်ဝန်းကျင် ကြိုင်လှိုင်လျက် ရှိ၏။

၁၀၉။ သဖန်းခါးပင်တို့သည်လည်းကောင်း၊ သျှိသျှားပင်တို့သည်လည်းကောင်း၊ သရက်, သပြေ, သစ်ဆိမ့်ပင်တို့သည်လည်းကောင်း၊ ဆီးပင်တို့သည်လည်းကောင်း၊ ချေးပင်တို့သည်လည်းကောင်း၊ ဥသျှစ်ပင်တို့သည်လည်းကောင်း၊ ဖက်သက်တရော်အသီးတို့သည်လည်း ကောင်း (ထိုတောင်၌ များပြားကုန်၏)။

၁၁၀။ တည်ပင်တို့သည်လည်းကောင်း၊ လွန်ပင်တို့သည်လည်းကောင်း၊ သစ်မည်စည်ပင် တို့သည်လည်းကောင်း၊ ထောက်ရှာပင်တို့သည်လည်းကောင်း၊ တောင်ပိန္နဲပင်တို့သည်လည်း ကောင်း၊ အိမ်ပိန္နဲပင်တို့သည်လည်းကောင်း၊ ငှက်ပျောသီး, ဆီးသီးမှည့်တို့သည်လည်းကောင်း ထိုတောင်၌ များပြားကုန်၏။

၁၁၁။ ထိုတောင်၌ ဝှေးပင်တို့သည်လည်းကောင်း၊ ဖရဲသီးတို့သည်လည်းကောင်း များပြားကုန်၏။ ရှောက်ကြီးပင်, သံပရိုပင်တို့သည် ငါ၏ သင်္ခမ်းကျောင်းအနီး၌ သီးလျက် ရှိကုန်၏။

၁၁၂။ ပဲတက်ပင်တို့သည်လည်းကောင်း၊ ရသေ့စားပဲတို့သည်လည်းကောင်း၊ ထိုမှတစ်ပါး သပြက်သီး (မောဒ), သစ်သီးတို့သည်လည်းကောင်း များပြားကုန်၏။ မှည့်၍ လေးသော အသီးဝန်ရှိကုန်သော (ထန်း) အဝဋပင်တို့သည်လည်းကောင်း၊ ညောင်ကြတ်ပင်, သဖန်းပင် တို့သည်လည်းကောင်း-

၁၁၃။ ထိုတောင်၌ ပိတ်ချင်းပင်, ငရုတ်ပင်တို့သည်လည်းကောင်း၊ ပညောင်ပင်တို့သည်လည်းကောင်း၊ သီးပင်တို့သည်လည်းကောင်း၊ ရေသဖန်းပင်တို့သည်လည်းကောင်း၊ စိမ်း လန်းကုန်သော ပဏ္ဍုကဏ္ဏမည်သော သစ်ပင်တို့သည်လည်းကောင်း များပြားကုန်၏။

၁၁၄။ ဤသစ်ပင်တို့သည်လည်းကောင်း၊ အခြားသစ်ပင်များစွာတို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်းအနီး၌ အသီးသီးလျက် ရှိကုန်၏။ အပွင့်ပွင့်သော သစ်ပင်များစွာတို့သည်လည်း ငါ၏ သင်္ခမ်းကျောင်းအနီး၌ ပွင့်လျက် ရှိကုန်၏။

၁၁၅။ မျောက် (ဥ) ပင်တို့သည်လည်းကောင်း၊ သင်းတောက်ပင်တို့သည်လည်းကောင်း၊ ပိန်းပင်တို့သည်လည်းကောင်း၊ သတွေးပင်တို့သည်လည်းကောင်း၊ ပဲတက်ပင်တို့သည်လည်း ကောင်း၊ ထန်းပင်တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်းအနီး၌ ရှိကုန်၏။

--

၁၁၆။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ ကြီးစွာသော ရေအိုင်သည် ရှိ၏၊ ကြည်လင်သော ရေရှိ၏၊ အေးမြသော ရေရှိ၏၊ ကောင်းသော ရေဆိပ်ရှိ၏၊ စိတ်နှလုံးကို မွေ့လျော်စေနိုင်ပေ၏။

၁၁၇။ ထိုရေအိုင်၌ များစွာသော ပဒုမ္မာကြာ, ဥပ္ပလကြာတို့သည် ကြာပုဏ္ဍရိက်တို့နှင့် ရောနှောလျက် ရှိကုန်၏၊ မျောက်လှေကူးတို့ဖြင့် ဖုံးလွှမ်းလျက် အမျိုးမျိုးသော ရနံ့တို့ဖြင့် ကြိုင်လှိုင်လျက် ရှိ၏။

၁၁၈။ (အချို့) ပဒုမ္မာကြာတို့သည် ဖူးငုံလျက် ရှိကုန်၏၊ အခြားတစ်ပါးသော ပဒုမ္မာကြာ တို့သည် ဝတ်ဆံစွင့်စွင့် ပွင့်ကြကုန်၏၊ အခြားတစ်ပါးသော ပဒုမ္မာကြာတို့သည် ပွင့်ချပ်ကြွေကျလျက် တည်နေကုန်၏၊ များစွာသော ကြာတို့သည် ကြာချက် (ကြာခွက်) မျှသာ ရှိကုန်လျက် တည်နေကုန်၏။

၁၁၉။ ကြာစွယ်မှ ချိုမြိန်သော အရည်သည် ယိုစီးလျက် ရှိ၏၊ ကြာရင်း (ရိုး) တို့မှ နို့ရည်, ထောပတ်နှင့်တူသော အရည်သည် ယိုစီးလျက် ရှိ၏၊ ထက်ဝန်းကျင်မှ ထိုအနံ့ဖြင့်, အမျိုးမျိုးသော ရနံ့ဖြင့် ကြိုင်လှိုင်လျက် ရှိကုန်၏။

၁၂၀။ များစွာကုန်သော ကုမုဒြာကြာတို့ကိုလည်းကောင်း၊ သရက်အနံ့ရှိသော ပန်းပင်တို့ ကိုလည်းကောင်း (အသီးအပွင့်ကို) ဆောင်ကုန်လျက် တွေ့မြင်အပ်ကုန်၏။ ရေအိုင်၏ ကမ်းနားတလျှောက်၌ များစွာကုန်သော ဆပ်သွားပွင့်တို့သည် ပွင့်လျက် ရှိကုန်၏။

၁၂၁။ ခေါင်ရန်းပင်တို့သည်လည်း ကောင်းစွာ ပွင့်လျက် ရှိကုန်၏၊ မှော်တို့သည် ကောင်းသော အနံ့ ရှိကုန်၏။ ထိုအိုင်၌ ဖမ်းယူတတ်သော မိကျောင်းတို့သည်လည်းကောင်း၊ ကြမ်းတမ်းသော ငါးတို့သည်လည်းကောင်း ဖြစ်ပေါ်လျက် ရှိကုန်၏။

၁၂၂။ ဖမ်းယူညှို့တတ်ကုန်သော စပါးကြီးတို့သည် ထိုအိုင်၌ များစွာ ရှိကုန်၏။ ငါးဖယ် တို့သည်လည်းကောင်း၊ ငါးတန်တို့သည်လည်းကောင်း၊ ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်းတို့သည်လည်းကောင်း (ထိုအိုင်၌ များစွာ ရှိကုန်၏)။

၁၂၃။ ငါး, လိပ်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိကုန်၏။ ထိုမှတစ်ပါး ပုတ်သင်ပျံတို့သည်လည်း ကောင်း၊ ခိုတို့သည်လည်းကောင်း၊ ဝမ်းဘဲ (ဟင်္သာ) တို့သည်လည်းကောင်း၊ ဘုတ်ငှက်တို့သည်လည်းကောင်း၊ တင်ကျီးငှက်တို့သည်လည်းကောင်း၊

၁၂၄။ ယစ်တို့သည်လည်းကောင်း၊ စက္ကဝါက်ငှက်တို့သည်လည်းကောင်း၊ မျောက်လှောင် တို့သည်လည်းကောင်း၊ ဇီဝဇိုးငှက်တို့သည်လည်းကောင်း၊ များစွာသော ရှဉ့်နက်တို့သည်လည်းကောင်း၊ ဝံလိုငှက်တို့သည်လည်းကောင်း၊ ထိုးသုတ်ဆောင်ယူတတ်ကုန်သော သိန်းစွန် ငှက်တို့သည်လည်းကောင်း များပြားကုန်၏။

၁၂၅။ ဥဗျိုင်းတို့သည်လည်းကောင်း၊ ကျေးသားငှက်တို့သည်လည်းကောင်း၊ ရှူးပျံတို့သည်လည်းကောင်း၊ စမရီတို့သည်လည်းကောင်း များပြားကုန်၏။ ကာရေနိယမည်သော ငှက်တို့သည်လည်းကောင်း၊ တိလကမည်သော ငှက်တို့သည်လည်းကောင်း ထိုအိုင်ကို မှီ၍ အသက်မွေးလျက် ရှိကုန်၏။

၁၂၆။ ခြင်္သေ့တို့သည်လည်းကောင်း၊ ကျားတို့သည်လည်းကောင်း၊ သစ်တို့သည်လည်း ကောင်း၊ ဝံပုလွေ, အောင်းတို့သည်လည်းကောင်း၊ မျောက်တို့သည်လည်းကောင်း၊ ကိန္နရာတို့သည်လည်းကောင်း ငါ၏ ကျောင်းသင်္ခမ်းအနီး၌ ထင်ကုန်၏။

၁၂၇။ ငါသည် ထိုအနံ့တို့ကို နမ်းရှူလျက်လည်းကောင်း၊ သစ်သီးတို့ကို စားလျက်လည်းကောင်း၊ နံ့သာရေကို သောက်လျက်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်း၌ နေ၏။

၁၂၈။ ဧဏီမည်သော သားတို့သည်လည်းကောင်း၊ ဝက်တို့သည်လည်းကောင်း၊ ငယ်သော ရုပ်သွင်သဏ္ဌာန်ရှိကုန်သော ချေ (ဂျီ) တို့သည်လည်းကောင်း၊ မီးပူဇော်သူတို့သည်လည်း ကောင်း၊ဟူးရားသင်သောသူတို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်း၌ နေကြကုန်၏။

--

၁၂၉။ ဟင်္သာတို့သည်လည်းကောင်း၊ ကြိုးကြာတို့သည်လည်းကောင်း၊ ဥဒေါင်းတို့သည်လည်းကောင်း၊ သာလိကာငှက်တို့သည်လည်းကောင်း၊ ဥဩတို့သည်လည်းကောင်း၊ ထိုတောင် ၌ ကြောင်တို့သည်လည်းကောင်း၊ ကုပ်သလုပ် (ဇီးကွက်) ငှက်တို့သည်လည်းကောင်း၊ တောင်သူ ကြီးငှက်တို့သည်လည်းကောင်း များစွာ ရှိကုန်၏။

၁၃၀။ မြေဘုတ်ဘီလူးတို့သည်လည်းကောင်း၊ ဒါနောဘီလူးတို့သည်လည်းကောင်း၊ ကုမ္ဘဏ်တို့သည်လည်းကောင်း၊ ရက္ခိုသ်ဘီလူးတို့သည်လည်းကောင်း များစွာ ရှိကုန်၏။ ဂဠုန်တို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်း အနီး၌ နေကြကုန်၏။

၁၃၁။ တန်ခိုးအာနုဘော်ကြီးကုန်သော ငြိမ်သက်သော စိတ်ရှိသည်ဖြစ်၍ တည်ကြည် ကုန်သော တရားကို့ဆောင်ကုန်သော သစ်နက်ရေအပေါ်ရုံကို ဝတ်ကုန်သော ရသေ့အားလုံး တို့သည် ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်ကုန်၍ သာလျှင် ငါ၏ သင်္ခမ်းကျောင်း၌ နေကြကုန်၏။

၁၃၂။ (ထိုရသေ့တို့သည် ) ထမ်းပိုး တစ်ပြန်ခန့်မျှကိုသာလျှင် ကြည့်ရှုကုန်လျက် ရင့် ကျက်သော ပညာဉာဏ်ရှိကုန်သည်ဖြစ်၍ ငြိမ်သက်သော ဖြစ်ခြင်း ရှိကုန်ပြီးလျှင် လာဘ်ရမှု, မရမှုဖြင့် ရောင့်ရဲကြလျက် ငါ၏ သင်္ခမ်းကျောင်း၌ နေကုန်၏။

၁၃၃။ ထိုအခါ၌ ထိုရသေ့တို့သည် လျှော်တေသင်္ကန်းကို ခါကုန်လျက် သစ်နက်ရေကို ပုတ်ခတ်ကုန်ပြီးလျှင် မိမိတန်ခိုးအစွမ်းတို့ဖြင့် ထောက်ပံ့အပ်ကုန်သည်ဖြစ်၍ ကောင်းကင်၌ သွားလာကြကုန်၏။

၁၃၄။ ထိုရသေ့တို့သည် ရေကို မခပ်ကုန်။ ထင်းကိုလည်းကောင်း၊ မီးပူဇော်ရန် ထင်းကိုလည်းကောင်း မဆောင်ကုန်။ အလိုလိုသာလျှင် ပြည့်စုံကုန်၏။ ဤအကျိုးကား တန်ခိုး ပြာဋိဟာ၏ အကျိုးပင်တည်း။

၁၃၅။ ထိုရသေ့တို့သည် ‘ဆင်ပြောင်ကြီးတို့ကဲ့သို့လည်းကောင်း၊ ကြောက်ရွံ့ခြင်း ကင်း ကုန်သော ခြင်္သေ့တို့ကဲ့သို့လည်းကောင်း’ ကြေးခွက်ကို ယူ၍ တောအလယ်၌ နေကြကုန်၏။

၁၃၆။ အချို့သောရသေ့တို့သည် အနောက်ကျွန်းသို့ (အစာရှာမှီးခြင်းငှါ) သွားကြကုန်၏၊ အချို့သော ရသေ့တို့သည် အရှေ့ကျွန်းသို့ (အစာရှာမှီးခြင်းငှါ) သွားကြကုန်၏၊ အချို့သော ရသေ့တို့ကား မြောက်ကျွန်းသို့ (အစာရှာမှီးခြင်းငှါ) သွားကြကုန်၏၊ ထိုရသေ့တို့သည် မိမိ တန်ခိုးအစွမ်းကို အမှီပြုကုန်၏။

၁၃၇။ ထိုထိုကျွန်းမှ ဆွမ်းကို ဆောင်ယူ၍ တစ်ပေါင်းတည်း ဘုဉ်းပေးသုံးဆောင်ကြကုန်၏၊ အရပ်တစ်ပါးသို့ ဖဲသွားကြကုန်သော ထက်မြက်သော တန်ခိုးရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရသေ့အားလုံးတို့၏ -

၁၃၈။ သစ်နက်ရေအသံကြောင့် ထိုအခါ၌ တောသည် ဆူညံလျက် ရှိ၏၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ထက်မြက်သော အကျင့်ရှိကုန်သော အကျွန်ုပ်၏ ထို တပည့်တို့သည် ဤသို့ သဘောရှိပါကုန်၏။

၁၃၉။ အကျွန်ုပ်သည် ထိုတပည့်တို့ဖြင့် ခြံရံလျက် အကျွန်ုပ်၏ သင်္ခမ်းကျောင်း၌ နေပါ၏၊ မိမိအလုပ်ဖြင့် နှစ်သက်စေအပ်ကုန်သော ဆုံးမအပ်ကုန်သော တပည့်တို့သည် အညီအညွတ် လာကုန်၏။

၁၄၀။ မိမိအလုပ်၌ တွယ်တာနှစ်သက်ကြကုန်သော သီလရှိကုန်သော ရင့်ကျက်သော ပညာရှိကုန်သော အပ္ပမညာတို့၌ လိမ္မာကုန်သော ထိုတပည့်တို့သည် အကျွန်ုပ်ကို အားရ နှစ်သက်စေပါကုန်၏။

၁၄၁။ လောကသုံးပါကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် အခါကို သိတော်မူ၍ ကြွလာတော်မူ၏။

--

၁၄၂။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူသော ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လနှင့် ပြည့်စုံသော ရင့်ကျက်သော ဉာဏ်ရှိတော်မူသော မုနိအစစ်ဖြစ်သော မြတ်စွာဘုရားသည် ကြွလာတော်မူပြီးလျှင် သပိတ်ကို ယူ၍ ဆွမ်းခံအလို့ငှါ ကြွရောက်လာတော်မူ၏။

၁၄၃။ ငါသည် ကြွလာတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားကို မြက်အခင်းကို ခင်း၍ အင်ကြင်းပန်းတို့ဖြင့် ဖြန့်ကြဲပူဇော်ခဲ့၏။

၁၄၄။ ငါသည် မြတ်စွာဘုရားကို ထိုင်စေတော်မူပြီးလျှင် ရွှင်လန်းသော, ထိတ်လန့်သော စိတ်ရှိသည် ဖြစ်၍ တောင်သို့ လျင်မြန်စွာ တက်လျက် အကျော်နံ့သာကို ယူ၏။

၁၄၅။ နတ်ရနံ့လှိုင်သော အိုးစရည်းမျှရှိသော ပိန္နဲသီးကို ယူခဲ့၍ ပခုံး၌ တင်ပြီးလျှင် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ခဲ့၏။

၁၄၆။ ငါသည် မြတ်စွာဘုရားအား ပိန္နဲသီးကို ပေးလှူပြီး၍ အကျော်နံ့သာကိုလည်း လိမ်းကျံခဲ့၏၊ ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ငါသည် ဘုရားမြတ်ကို ရှိခိုးခဲ့၏။

၁၄၇။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူ ထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရသေ့တို့၏ အလယ်၌ ထိုင်နေတော်မူ၍ ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏။

၁၄၈။ အကြင်သူသည် ငါဘုရားအား ပိန္နဲသီးကိုလည်းကောင်း၊ အကျော်နံ့သာကိုလည်း ကောင်း၊ နေရာကိုလည်းကောင်း ပေးလှူ၏။ ထိုသူကို ငါသည် ဗျာဒိတ်စကား မိန့်ကြား ပေအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့။

၁၄၉။ ရွာ၌ ဖြစ်စေ၊ သို့မဟုတ် တော၌ ဖြစ်စေ၊ တောင်ဝှမ်းတို့၌ ဖြစ်စေ၊ လိုဏ်ဂူတို့၌ ဖြစ်စေ ဤသူ၏ စိတ်ကို သိ၍ စားဖွယ်သည် ဖြစ်ပေါ်လတ္တံ့။

၁၅၀။ ဤသူသည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ဖြစ်ရသည်ရှိသော် စားဖွယ် အစာတို့ဖြင့်လည်းကောင်း၊ အဝတ်တို့ဖြင့်လည်းကောင်း ပရိသတ်ကို ရောင့်ရဲနှစ်သိမ့် ရလတ္တံ့။

၁၅၁။ ဤသူသည် ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ သူတစ်ပါး တို့ မလှုပ်ချောက်ချားနိုင်သော စည်းစိမ်ရှိသည်ဖြစ်၍ ကျင်လည်ရလတ္တံ့။

၁၅၂။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ စကြဝတေးမင်းလည်း အကြိမ်တစ်ထောင်တိုင်တိုင် ဖြစ်ရလတ္တံ့။

၁၅၃။ ခုနစ်ဆယ့်တစ်ကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရလတ္တံ့၊ ပြန့်ပြောများ ပြားသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေမတွက်နိုင်။

၁၅၄။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အမည်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၅၅။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သားတော်ဖြစ်လျက် အာသဝတရား အလုံးစုံတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ နေရ လတ္တံ့ (ဟု ဟောတော်မူ၏)။

၁၅၆။ အကြင်ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ထိုငါသည် ကောင်းစွာ ရအပ်သော လာဘ်ကို (လာဘ်ကောင်း လာဘ်မြတ်ကို) ရအပ်ပေ၏၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရအပ် ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပေပြီ။

--

၁၅၇။ ရွာ၌ ဖြစ်စေ၊ သို့မဟုတ် တော၌ ဖြစ်စေ၊ တောင်ဝှမ်းတို့၌ ဖြစ်စေ၊ လိုဏ်ဂူတို့၌ ဖြစ်စေ ငါ၏ စိတ်အကြံကို သိ၍ စားဖွယ်အစာသည် ငါ့အား အခါခပ်သိမ်း ဖြစ်ပေါ်လျက် ရှိ၏။

၁၅၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၅၉။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပြီ။

၁၆၀။ ပဋိသမ္ဘိဒါလေးပါး။ပ။ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥပသီဝမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ဥပသီဝတ္ထေရအပါန် ပြီး၏။

၆-နန္ဒကတ္ထေရအပဒါန်

၁၆၁။ ငါသည် ရှေးအခါက ငှက်တို့ တွန်မြူးရာ တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ချေ (ဂျီ) သမင်ကို ရှာမှီးသည်ရှိသော် ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၏။

၁၆၂။ ထိုအခါ သစ္စာလေးပါးကို သိတော်မူသော အလိုလို ဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော အနုရုဒ္ဓါမည်သော ထိုပစ္စေကဗုဒ္ဓါသည် တိတ်ဆိတ်မှုကို အလိုရှိတော် မူသည်ဖြစ်၍ တောသို့ ဝင်ရောက်တော်မူ၏။

၁၆၃။ ငါသည် တိုင်လေးလုံးတို့ကို ယူ၍ လေးဌာန၌ စိုက်ထူထား၏၊ (စိုက်ထူပြီးသော်) မဏ္ဍပ်ကို ကောင်းစွာ ပြုလုပ်၍ ပဒုမ္မာကြာတို့ဖြင့် ဆောင်းမိုး၏။

၁၆၄။ မဏ္ဍပ်မိုးပြီး၍ မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ) ကို ရှိခိုး၏၊ ထိုအရပ်၌ပင် လေးကို ပစ်ချ၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏။

၁၆၅။ ရဟန်းပြု၍ မကြာမြင့်မီ ငါ့အား အနာသည် ဖြစ်ပေါ်ခဲ့၏၊ ငါသည် ရှေးကံကို အောက်မေ့၍ ထိုအရပ်၌ ကွယ်လွန်ခဲ့၏။

၁၆၆။ ငါသည် ရှေးကံနှင့် ယှဉ်သည် ဖြစ်၍ တုသိတာနတ်ပြည်သို့ ရောက်ရပေ၏၊ ထို တုသိတာနတ်ပြည်၌ ရွှေဗိမာန်သည် (ငါ့အား) အလိုရှိတိုင်း ဖြစ်လေ၏။

၁၆၇။ (ငါ့အား) နတ်မြင်းတစ်ထောင် ကသော နတ်ယာဉ်သည် တည်ရှိ၏၊ ငါသည် ထို ယာဉ်သို့ တက်စီး၍ အလိုရှိသော အရပ်သို့ သွားရပေ၏။

၁၆၈။ ထိုအခါ ငါ သွားသည် ရှိသော် နတ်ဖြစ်သော ငါ၏ ထက်ဝန်းကျင်မှ ယူဇနာ တစ်ရာတိုင်အောင် မဏ္ဍပ်သည် ငါ့အား ဆောင်းမိုးလျက် ရှိ၏။

၁၆၉။ ငါသည် ပန်းအခင်းဖြင့် ဖုံးလွှမ်းအပ်သော အိပ်ရာ၌ အိပ်ရ၏၊ ကောင်းကင်မှလည်း ပဒုမ္မာကြာ (မိုး) တို့သည် အခါခပ်သိမ်း ရွာသွန်းလျက် ရှိကုန်၏။

--

၁၇၀။ တံလျှပ်သည် တလျှပ်လျှပ် တုန်လှုပ်လျက် နေသည် ပူလျက်ရှိသော်လည်း ငါ့ကို နေသည် မပူလောင်ချေ။ ဤသို့ ဖြစ်ရခြင်းသည် မဏ္ဍပ်လှူရခြင်း၏ အကျိုးပေတည်း။

၁၇၁။ ငါသည် ဒုဂ္ဂတိဘဝကို လွန်မြောက်ခဲ့၏၊ ငါသည် အပါယ်တံခါးတို့ကို ပိတ်အပ် ကုန်ပြီ။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း ပူပန်ခြင်းသည် ငါ့အား မရှိချေ။

၁၇၂။ ငါသည် မြေဟူသော အမှတ်သညာကို အဓိဋ္ဌာန်ပြု၍ သမုဒ္ဒရာဆားငန်ရေကို ကူး နိုင်ပေ၏၊ ထိုငါသည် ကုသိုလ်ကံကို ကောင်းစွာ ပြုအပ်၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇၃။ ငါသည် ကောင်းကင်၌ ခရီးလမ်း မဟုတ်သည်ကိုလည်း ခရီးလမ်းသဖွယ် ပြုလုပ်၍ ကောင်းကင်၌ သွားလာနိုင်ပေ၏၊ ကောင်းစွာ ပြုအပ်သော ငါ၏ ကံသည် အံ့ဩဖွယ်ရှိပါပေစွ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇၄။ ငါသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ် (ရှေး ဘဝ) ကို သိနိုင်ပေ၏၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကို သုတ်သင်အပ်ပေပြီ၊ ငါ့အား အာသဝတရားတို့ ကုန်လေပြီ။ ဤသို့ ဖြစ်ရခြင်း သည် ဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇၅။ ငါသည် ရှေး၌ ဖြစ်သော (ဗြာဟ္မဏ) ဇာတ်ကို စွန့်အပ်ပေပြီ၊ ငါသည် မြတ်စွာဘုရား၏ ရင်နှစ်သားတော် ဖြစ်၍ သူတော်ကောင်းတရား၌လည်း အမွေခံသူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇၆။ ငါသည် တရားတည်းဟူသော တံခွန်ရှိသူ, တရားတည်းဟူသော အမွေခံရှိသူဖြစ်၍ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားကို အားရနှစ်သိမ့် စေအပ်ပေပြီ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇၇။ လောက၏ ရှေ့သွား သာကီဝင်မင်းတို့၏ ခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားကိုလည်း ဆည်းကပ်လုပ်ကျွေး၍ နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်းကို မြတ်စွာဘုရားအား မေးလျှောက်ခဲ့၏။

၁၇၈။ မေးလျှောက်အပ်သော မြတ်စွာဘုရားသည် နက်နဲသိမ်မွေ့သော နိဗ္ဗာန်ကို ဟောပြ တော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို နာယူရခြင်းကြောင့် အာသဝေါ ကုန်ခြင်းသို့ ရောက်ရပေ၏။

၁၇၉။ ငါ၏ ကောင်းစွာ ပြုအပ်သော ကံသည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါသည် အာသဝေါ တရားအားလုံး ကုန်ခန်းသူဖြစ်၍ ပဋိသန္ဓေမှ လွတ်မြောက်ခဲ့ပေ၏၊ ယခုတစ်ဖန် ဘဝသစ်သည် ငါ့အား မရှိတော့ပြီ။

၁၈၀။ ငါသည် ကိလေသာတို့ကို။ပ။ အာသဝ မရှိဘဲ နေရ၏။

၁၈၁။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပြီ။

၁၈၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နန္ဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် နန္ဒကတ္ထေရအပဒါန် ပြီး၏။

--

၇-ဟေမကတ္ထေရအပဒါန်

၁၈၃။ ထိုအခါ၌ အနောမမည်သော ရသေ့သည် တောင်ဝှမ်းအထွတ်ကို အမှီပြု၍ သခင်္မ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်ပြီးလျှင် သစ်ရွက်မိုးကျောင်း၌ နေ၏။

၁၈၄။ ထိုရသေ့အား ကျင့်ဖွယ်ကိစ္စသည် ပြီးစီးလေ၏၊ မိမိ၏ တန်ခိုးအစွမ်း၌ အပြီးသို့ ရောက်လေ၏၊ မိမိ၏ ရသေ့ရဟန်းအဖြစ်၌ ရဲရင့်သူ ဖြစ်၏၊ ကိလေသာတို့ကို ပူပန်စေတတ် သော လုံ့လ, ရင့်ကျက်သော ပညာရှိသော ရသေ့ ဖြစ်ပေ၏။

၁၈၅။ ထိုရသေ့သည် မိမိအယူဝါဒ၌ ရဲရင့်သူ ဖြစ်၍ သူတစ်ပါးအယူဝါဒ၌လည်း ကျွမ်း ကျင်ပေ၏၊ မြေအတတ်, ကောင်းကင်အတတ်၌ ကျော်ကြားသူ ဖြစ်၍ ဥပ္ပါတကျမ်း၌လည်း ကျွမ်းကျင်ပေ၏။

၁၈၆။ စိုးရိမ်ခြင်း ကင်းပေ၏၊ မြဲသော လုံ့လရှိပေ၏၊ နည်းပါးသော အာဟာရရှိပေ၏၊ အစာအာဟာရ၌ တပ်မက်မှု မရှိပေ၊ ရရသမျှနှင့် ရောင့်ရဲပေ၏၊ ဈာန်ဝင်စားလေ့ရှိပေ၏၊ ဈာန်၌ မွေ့လျော်သော ရသေ့ဖြစ်ပေ၏။

၁၈၇။ ထိုအခါ၌ မဟာကရုဏာတော်ရှိတော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော ထို ပိယဒဿီမြတ်စွာဘုရားသည် သတ္တဝါတို့ကို ကယ်တင်တော်မူလိုသည် ဖြစ်၍ မဟာကရုဏာဖြင့် ဖြန့်တော်မူ၏။

၁၈၈။ ရဟန်းမြတ်ဖြစ်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ကျွတ်ထိုက်သော သတ္တဝါကို မြင်လတ်သော် စကြဝဠာတစ်ထောင်တိုင်အောင်လည်း ကြွသွားတော်မူ၍ ဆုံးမတော် မူ၏။

၁၈၉။ ထိုမြတ်စွာဘုရားသည် ငါ့ကို ထုတ်ဆောင်ကယ်တင်တော်မူလိုသည် ဖြစ်၍ ငါ၏ သင်္ခမ်းကျောင်းသို့ ကြွလာတော်မူ၏၊ ငါသည် မြတ်စွာဘုရားကို ရှေးက မြင်လည်း မမြင်ဖူး ချေ၊ တစ်စုံတစ်ယောက်သောသူ၏ စကားကိုမျှ ကြားလည်း မကြားဖူးပေ။

၁၉၀။ ငါသည် ဥပ္ပါတကျမ်းတို့ကိုလည်းကောင်း၊ အိပ်မက်ကျမ်းတို့ကိုလည်းကောင်း၊ လက္ခဏာကျမ်းတို့ကိုလည်းကောင်း ကောင်းစွာ ပြသလျက် ရှိ၏။ မြေအတတ်, ကောင်းကင် အတတ်၌ ကျော်ကြားသူဖြစ်၍ နက္ခတ်အတတ်, ဗျာကရုဏ်းအတတ်တို့၌ ကျွမ်းကျင်ပေ၏။

၁၉၁။ ထိုငါသည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာရ၍ ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေခဲ့၏။ ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း အခါခပ်သိမ်း (မြတ်စွာဘုရားကို) အောက်မေ့ခဲ့၏။

၁၉၂။ ငါသည် ဤသို့ အောက်မေ့လတ်သော် မြတ်စွာဘုရားသည်လည်း အောက်မေ့တော် မူ၏၊ မြတ်စွာဘုရားကို အောက်မေ့သော ငါ့အား ထိုခဏ၌ ပီတိသည် ဖြစ်ပေါ်လျက် ရှိ၏။

၁၉၃။ မြတ်စွာဘုရားသည် လျောက်ပတ်သော ကာလကို စွဲ၍လည်း ငါ့ထံသို့ တစ်ဖန် ကြွတော်မူလာ၏၊ ကြွရောက်လာသော်လည်း ဤပုဂ္ဂိုလ်ကား ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားဟု ငါသည် မသိပေ။

၁၉၄။ အစဉ်သနားတော်မူတတ်သော မဟာကရုဏာတော်ရှိတော်မူသော ပိယဒဿီမြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ ငါသည် ဘုရားပင်တည်းဟု မိမိကိုယ်ကို သိစေ တော်မူ၏။

--

၁၉၅။ ငါသည် မြတ်စွာဘုရားဟု သိလတ်သော် ပိယဒဿီမြတ်စွာဘုရား၌ မိမိစိတ်ကို ကြည်လင်စေ၍ ဤစကားကို လျှောက်ထား၏။

၁၉၆။ အခြားတစ်ပါးသောသူတို့သည် အင်းပျဉ်၌လည်းကောင်း၊ ပလ္လင်၌လည်းကောင်း၊ အခြေတပ်သော ညောင်စောင်းတို့၌လည်းကောင်း ထိုင်ပါကုန်၏။ တရားအားလုံးကို သိမြင် တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည်လည်း ရတနာဖြင့် ပြီးသော နေရာ၌ ထိုင်တော် မူပါ။

၁၉၇။ ထိုအခါ ငါသည် ရတနာအလုံးစုံဖြင့် ပြီးသော အင်းပျဉ်ကို ဖန်ဆင်း၍ တန်ခိုးဖြင့် ဖန်ဆင်းအပ်သော ထိုအင်းပျဉ်ကို ပိယဒဿီမြတ်စွာဘုရားအား ပေးလှူခဲ့၏။

၁၉၈။ ထိုအခါ ငါသည် တန်ခိုးဖြင့် ဖန်ဆင်းအပ်သော ရတနာအင်းပျဉ်၌ ထိုင်နေတော်မူ သော မြတ်စွာဘုရားအား အိုးစရည်းခန့်ရှိသော ဇမ္ဗုသပြေသီးကို ပေးလှူခဲ့၏။

၁၉၉။ မြတ်စွာဘုရားသည် ငါ့အား ရွှင်လန်းခြင်းကို ဖြစ်စေ၍ ဘုဉ်းပေးသုံးဆောင် တော်မူ၏၊ ထိုအခါ၌ ငါသည် စိတ်ကို ကြည်လင်စေ၍ မြတ်စွာဘုရားကို ရှိခိုးခဲ့၏။

၂၀၀။ လောက၏ အကြီးအမှူးဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော ပိယဒဿီ မြတ်စွာဘုရားသည် ရတနာဖြင့် ပြီးသော နေရာ၌ နေတော်မူလျက် ဤဂါထာတို့ကို ဟော တော်မူ၏။

၂၀၁။ အကြင်သူသည် ငါဘုရားအား ရတနာဖြင့် ပြီးသော အင်းပျဉ်ကိုလည်းကောင်း၊ အမြိုက်ဆေးသဖွယ်ဖြစ်သော ဇမ္ဗုသပြေသီးကိုလည်းကောင်း ပေးလှူ၏။ ထိုသူ့ကို ငါသည် ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့။

၂၀၂။ ခုနစ်ဆယ့်ခုနစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ စကြဝတေးမင်းလည်း ခုနစ်ဆယ့်ငါးကြိမ်တိုင်တိုင် ဖြစ်လတ္တံ့။

၂၀၃။ သုံးဆယ့်နှစ်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသူဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၂၀၄။ ကောင်းစွာ ပြုလုပ်အပ်သော ရွှေပလ္လင်ကိုလည်းကောင်း၊ ငွေပလ္လင်ကိုလည်း ကောင်း၊ ပတ္တမြားနီပလ္လင်ကိုလည်းကောင်း၊ ရတနာမျိုးစုံပလ္လင်ကိုလည်းကောင်း များစွာ ရလတ္တံ့။

၂၀၅။ ထိုအခါ၌ ဘုန်းကံနှင့် ပြည့်စုံသော ဤသူ့ကို စင်္ကြံသွားဆဲပင် ဖြစ်သော်လည်း များစွာသော ပလ္လင်တို့သည် ခြံရံကုန်လတ္တံ့။

၂၀၆။ အထွတ်တပ်သော ပြာသာဒ်တို့သည်လည်းကောင်း၊ မြတ်သောသူတို့အားသာ ထိုက်တန်သော အိပ်ရာနေရာသည်လည်းကောင်း ဤသူ၏ စိတ်ကို သိ၍ ထိုခဏ၌ ဖြစ်ပေါ် ကုန်လတ္တံ့။

၂၀၇။ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော, ရွှေခါးကြိုးရှိကုန်သော, ရွှေတန်ဆာဖြင့် ဖုံးလွှမ်းအပ်ကုန်သော, လှံချွန်းတောင်းလက်စွဲကုန်သော -

၂၀၈။ ဆင်စီးသူရဲတို့သည် တက်စီးအပ်ကုန်သော ခြောက်သောင်းသော ဆင်တို့သည် ဤ သူ့ကို ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ရတနာအင်းပျဉ်ကို လှူရခြင်း၏ အကျိုး ပေတည်း။

၂၀၉-၂၁၀။ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ၊ အမျိုးအားဖြင့် အာဇာနည် မျိုးဖြစ်ကုန်သော ၊ သိန္ဓောမြင်းမျိုးဖြစ်ကုန်သော ၊ လျင်မြန်စွာ ဆောင်လေ့ရှိကုန် သော၊ သက်တင်ရေးကဲ့သို့သော လေးကို ဆောင်ကုန်သော မြင်းစီးသူရဲတို့ တက်စီးအပ် ကုန်သည့် ထိုသိန္ဓောမြင်းပေါင်း ခြောက်သောင်းတို့သည်လည်း ဤသူ့ကို ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ရတနာအင်းပျဉ်ကို လှူရခြင်း၏ အကျိုးပေတည်း။

--

၂၁၁-၂၁၂။ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ၊ ကျားသစ်ရေ သို့မဟုတ် ကျားရေဖြင့် ကျက်အပ်ကုန်သော ၊ မြဲမြံစွာ ဖွဲ့အပ်ကုန်သော ၊ အလံကို စိုက်ထူထား ကုန်သော ၊ ချပ်မိန်ညိုဝတ်လျက် လေးလက်နက် စွဲကိုင်ကုန်သော ရထားစီးသူရဲတို့သည် တက်စီးအပ်ကုန်သော ရထားပေါင်း ခြောက်သောင်းတို့သည် ဤသူ့ကို အမြဲခြံရံကုန်လတ္တံ့။ ဤသို့ဖြစ်ရခြင်းသည် ရတနာအင်းပျဉ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၁၃။ နို့ညှစ်အပ်ကုန်သော (အမွေးနီကုန်သော ) နွားမပေါင်း ခြောက်သောင်းတို့သည် နွားလားဥသဘ အပါအဝင် ဖြစ်ကုန်သော နွားငယ်တို့ကို ဖြစ်စေကုန်လတ္တံ့။ ဤသို့ ဖြစ်ရ ခြင်းသည် ရတနာ အင်းပျဉ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၁၄-၂၁၅။ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်ကုန်သော ၊ ဆန်းကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်ကုန်သော ၊ ပုလဲသွယ်ပတ္တမြားနားတောင်း ဆင်ယင်ကုန်သော ၊ ကော့တက်သော မျက်တောင်ရှိကုန်သော ၊ ပြုံးရွှင်စွာ ပြောဆိုတတ်ကုန်သော ၊ အမှတ်သညာ ကောင်းလျက် သေးသွယ်သော ခါးရှိကုန်သော ၊ တစ်သောင်းခြောက်ထောင် အရေအတွက် ရှိကုန်သော မိန်းမတို့သည် ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ရတနာ အင်းပျဉ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၁၆။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ စက္ခုငါးမျိုးရှိတော်မူသော ဂေါတမမြတ်စွာဘုရား သည် (မောဟတည်းဟူသော) အမိုက်တိုက်ကို ဖျက်ဆီးတော်မူ၍ လောက၌ ပွင့်တော်မူလတ္တံ့။

၂၁၇။ ထိုဂေါတမမြတ်စွာဘုရားအား ဖူးမြင်ခြင်းကို စွဲ၍ ကြောင့်ကြမရှိဘဲ ရဟန်းပြု လတ္တံ့၊ မြတ်စွာဘုရားကို အားရနှစ်သက်စေ၍ သာသနာတော်၌ မွေ့လျော်ရလတ္တံ့။

၂၁၈။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ကိလေသာတို့ကို ပယ် သတ်လတ္တံ့၊ အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ ပရိနိဗ္ဗာန် ပြုရလတ္တံ့ (ဟု ဟောတော်မူ၏)။

၂၁၉။ ဝန်ဆောင်နွားလားနှင့် တူသော ငါ၏ ဝီရိယသည် ယောဂကုန်ရာ နိဗ္ဗာန်သို့ ပို့ ဆောင်ပေ၏၊ ငါသည် မြတ်သော အကျိုးကို တောင့်တလျက် သာသနာတော်၌ နေရပေ၏။

၂၂၀။ ဤဘဝကား ငါ့အား နောက်ဆုံးပေတည်း၊ အဆုံးစွန်သော ဘဝ ဖြစ်ပေ၏၊ အာသဝေါတရားအားလုံး ကုန်ပြီ၊ (ယခု) ငါ့အား တစ်ဖန် ဘဝသစ်သည် မရှိတော့ပြီ။

၂၂၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၂၂။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပြီ။

၂၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဟေမကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဟေမကတ္ထေရအပဒါန် ပြီး၏။

--

၈-တောဒေယျတ္ထေရအပဒါန်

၂၂၄။ ထိုအခါ ကေတုမတီပြည်မြတ်၌ ရဲရင့်သော လုံ့လနှင့် ပြည့်စုံသော အဇိတဉ္ဇယ မည်သော မင်းသည် တိုင်းပြည်ကို စိုးအုပ်၍ နေ၏။

၂၂၅။ မေ့လျော့သော ထိုမင်း၏ (နိုင်ငံ၌) တောတွင်းသူပုန်တို့သည် ထကြွသောင်းကျန်း ကုန်၏၊ ထိုအခါ၌ ခိုးသားဓားပြတို့သည်လည်း အခွင့်ရကြကုန်လျက် တိုင်းပြည်ကို ဖျက်ဆီး ကြကုန်၏။

၂၂၆။ အစွန်အဖျားကျသော တိုင်းပြည်မြို့ရွာသည် ပျက်စီးလတ်သော် ရန်သူတို့ကို ဆုံးမ တတ်သော မင်းသည် မင်းမှုထမ်းတို့ကိုလည်းကောင်း၊ စစ်တပ်တို့ကိုလည်းကောင်း လျင်မြန် စွာ စုဝေးစေ၏။ ထို (စုဝေးပြီးသော) အခါ၌ ရန်သူကို နှိမ်နင်းလေ၏။

၂၂၇။ ထိုအခါ ဆင်စီးသူရဲတို့သည်လည်းကောင်း၊ မြင်းစီးသူရဲတို့သည်လည်းကောင်း၊ လွှားကာစွဲ၍ ထိုးပစ်တတ်သောသူရဲတို့သည်လည်းကောင်း၊ လေးသမားတို့သည်လည်း ကောင်း၊ ထင်ရှားသော မင်းသားတို့သည်လည်းကောင်း ထိုသူအားလုံးတို့သည် စုဝေးကြ ကုန်၏။

၂၂၈။ ထိုအခါ စားဖိုသည်တို့သည်လည်းကောင်း၊ ဆေတ္တာသည်တို့သည်လည်းကောင်း၊ ရေချိုး ပေးသမားတို့သည်လည်းကောင်း၊ ပန်းသည်တို့သည်လည်းကောင်း၊ အောင်မြင်ပြီး သော စစ်ပွဲရှိသောသူတို့သည်လည်းကောင်း ထိုသူအားလုံးတို့သည် စုဝေးကြကုန်၏။

၂၂၉။ ထိုအခါ ချပ်မိန်ညိုဝတ်ဆင်သော သန်လျက်ကိုင် ယောက်ျားတို့သည်လည်းကောင်း၊ ချပ် မိန်ညိုဝတ်ဆင်ပြီးသော လေးကိုင်ယောက်ျားတို့သည်လည်းကောင်း၊ ကြမ်းကြုတ်ကုန်သော အောင်မြင်ပြီးသော စစ်ပွဲရှိသူတို့သည်လည်းကောင်း ထိုသူအားလုံးတို့သည်လည်း စုဝေးလျက် ရှိကြကုန်၏။

၂၃၀။ ထိုအခါ အရပ်သုံးပါးမှ ယိုကျသော အမုန်ရှိကုန်သော, အသက်ခြောက်ဆယ် အရွယ်တိုင်မှ ခွန်အားဆုတ်ယုတ်ကုန်သော, ရွှေကြိုးတန်ဆာရှိကုန်သော မာတင်္ဂဆင်မျိုး အား လုံးတို့သည် စုဝေးကြကုန်၏။

၂၃၁။ ထိုအခါ အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ အဟုန်ဖြင့် တက်ရောက် ထိုးပစ်ခြင်းကိုလည်းကောင်း သည်းခံနိုင်ကုန်သော, လေ့ကျင့်အပ်ပြီးသော စစ်တိုက်မှုရှိကုန် သော စစ်သည် သူရဲအားလုံးတို့သည် စုဝေးကြကုန်၏။

၂၃၂။ ထိုအခါ ခရုသင်းသံလည်းကောင်း၊ စည်ကြီးသံလည်းကောင်း၊ ထို့ပြင် ဥတုကြောင့် ဖြစ်သော အသံလည်းကောင်း ထိုအသံတို့ဖြင့် ရွှင်လန်းစေတတ်ကုန်သော ထိုစစ်သည် အားလုံးတို့သည် စုဝေးကြကုန်၏။

၂၃၃။ ထိုအခါ တံကျင်သုံးခွရှိသော လှံနှင့် မန္တာန်အတတ်တို့ဖြင့်လည်းကောင်း၊ ချပ် ဝတ်မှိန်းတို့ဖြင့်လည်းကောင်း ထိုးပစ်တတ်သော ရန်သူတို့ကို ကျစေ (တွန်းလှန်) နိုင်သော စစ်သည်အားလုံးတို့သည် စုဝေးကြကုန်၏။

၂၃၄။ ထိုအခါ ထိုအဇိတဉ္ဇယမင်းသည် ဤသူတို့ကို အဘယ်မှာ အရှင်ထားရအံ့နည်းဟု စုံစမ်းထောက်လှမ်း၍ ခြောက်သောင်းသောသူတို့ကို တံကျင်၌ (လျှို၍) ထိတ်လန့်စေ၏။

၂၃၅။ အဇိတဉ္ဇယမင်းသည် ဪ တရားမဲ့လေစွ၊ ငရဲသို့ ကျသည်ရှိသော် ဘယ်အခါ၌ လွတ် တော့အံ့နည်းဟု လူတို့သည် အသံပြုကုန်ကြ၏။ (ဟစ်အော်ကြကုန်၏)။

--

၂၃၆။ ထိုအခါ ငါသည် အိပ်ရာ၌ အိပ်သည်ရှိသော် ငရဲကို မြင်ရ၏၊ နေ့ညဉ့်ပတ်လုံး အိပ်စက်၍ မရ၊ တံကျင်ဖြင့် ငါ့ကို ခြိမ်းချောက်ကုန်၏။

၂၃၇။ မေ့လျော့သော မင်းပြုခြင်းဖြင့်လည်းကောင်း၊ ဆင်ယာဉ်, မြင်းယာဉ်ဖြင့်လည်း ကောင်း၊ စစ်သည်ဗိုလ်ပါဖြင့်လည်းကောင်း အဘယ်အကျိုးရှိအံ့နည်း။ ထိုအားလုံးတို့သည် ငါ့ကို ထုတ်ဆောင်ကယ်တင်ခြင်းငှါ မစွမ်းနိုင်ကုန်၊ အခါခပ်သိမ်း ပူပန်စေကုန်၏။

၂၃၈။ ငါ့အား သားသမီးတို့ဖြင့်လည်းကောင်း၊ မယားတို့ဖြင့်လည်းကောင်း၊ အလုံးစုံ သော တိုင်းပြည်ဖြင့်လည်းကောင်း အဘယ်အကျိုးရှိအံ့နည်း။ ငါသည် ရဟန်းပြုရပါမူ ကောင်းလေစွ၊ သွားရာ “ဂတိ"လမ်းကို သုတ်သင်ရတော့အံ့။

၂၃၉။ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်ကုန်သော, ရွှေကြိုးရှိကုန်သော, ရွှေကကြိုး တန်ဆာဖြင့် ဖုံးလွှမ်းအပ်ကုန်သော, -

၂၄၀။ မှိန်းချွန်းလက်စွဲကုန်သော သူရဲတို့သည် တက်စီးအပ်ကုန်သော မာတင်္ဂဆင် အပေါင်း ခြောက်သောင်းတို့ကို ငါသည် မငဲ့ကွက်ဘဲ စစ်မြေပြင်၌ ပယ်စွန့်၍ မိမိအမှုဖြင့် ပြင်းစွာပူလောင်သည်ဖြစ်၍ ရဟန်းဘောင်သို့ ထွက်ခဲ့၏။

၂၄၁။ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်ကုန်သော, အမျိုးအားဖြင့် အာဇာနည် မျိုး, သိန္ဓောမျိုးဖြစ်ကုန်သော, လျင်မြန်စွာ ဆောင်နိုင်ကုန်သော, -

၂၄၂။ ချပ်မိန်ညိုဝတ်လျက် လေးကို စွဲကိုင်သော မြင်းစီးသူရဲတို့သည် တက်စီးအပ် ကုန်သော ထိုအလုံးစုံသော မြင်းပေါင်းခြောက်သောင်းတို့ကို စွန့်၍ ရဟန်းဘောင်သို့ ထွက် ခဲ့၏။

၂၄၃။ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်ကုန်သော, ကျားသစ်ရေ သို့မဟုတ် ကျားရေဖြင့် ကျက်အပ်ကုန်သော, မြဲမြံစွာ ဖွဲ့လျက် အလံစိုက်ထူထားကုန်သော ထိုအလုံးစုံ သော ရထားပေါင်း ခြောက်သောင်းတို့ကို ပယ်စွန့်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၂၄၄။ အလုံးစုံသော နို့ရေခံ ရွှေခွက်နှင့်တကွ ဖြစ်ကုန်သော နွားမပေါင်း ခြောက် သောင်းတို့ကို စွန့်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၂၄၅။ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်ကုန်သော, ဆန်းကြယ်သော အဝတ် တန်ဆာကို ဝတ်ကုန်သော, ပုလဲသွယ်, ပတ္တမြားနားတောင်းကို ဆင်ယင်ကုန်သော -

၂၄၆။ ကော့တက်သော မျက်တောင်ရှိ၍ ပြုံးရွှင်စွာ ပြောဆိုတတ်ကုန်သော, အမှတ်သညာ ကောင်းလျက် သေးသွယ်သော ခါးရှိကုန်သော ထိုမိန်းမပေါင်း ခြောက်သောင်းတို့ကို စွန့်၍ ငိုကြွေးမြည်တမ်းကုန်စဉ် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၂၄၇။ ခပ်သမ်းသော အခြင်းအရာဖြင့် ပြည့်စုံလုံလောက်ကုန်သော ရွာပေါင်း ခြောက် သောင်းတို့ကိုလည်းကောင်း၊ ထိုတိုင်းပြည်ကိုလည်းကောင်း စွန့်၍ ရဟန်းဘောင်သို့ ဝင် ရောက်ခဲ့၏။

၂၄၈။ ငါသည် မြို့မှ ထွက်၍ ဟိမဝန္တာသို့ ချဉ်းကပ်ခဲ့၏၊ ဘာဂီရထီမြစ်ကမ်း၌ သင်္ခမ်း ကျောင်းကို ပြုလုပ်ဖန်ဆင်းခဲ့၏။

၂၄၉။ ငါသည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်ပြီးလျှင် မီးတင်းကုပ်ကိုလည်း ပြု လုပ်၏၊ ငါသည် အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက် သင်္ခမ်းကျောင်း၌ နေ၏။

၂၅၀။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိပ်ငြိမ်ရာ ကျောင်း၌လည်း ကောင်း၊ ဈာန်ဝင်စားလေ့ရှိသော ငါ့အား ထိတ်လန့်မှု မရှိချေ။ ကြောက်မက်ဖွယ် ဘေးဘျမ်း ကို မမြင်ရချေ။

--

၂၅၁။ ထိုအခါ မဟာကရုဏာရှိတော်မူသော, ရဟန်းမြတ်ဖြစ်တော်မူသော, သုမေဓာမည်သော မြတ်စွာဘုရားသည် ဉာဏ်တော်ရောင်ဖြင့် ထွန်းတောက်ပတော်မူလျက် လောက၌ ပွင့် တော်မူ၏။

၂၅၂။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ တန်ခိုးကြီးသော နတ်သည် ရှိသည် ဖြစ်၏၊ ထိုအခါ ဘုရားပွင့်တော်မူသည်ရှိသော် ထိုနတ်သည် ငါ့ကို ပြောကြားခဲ့၏။

၂၅၃။ စက္ခုငါးမျိုးရှိတော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလျက် ရှိ၏၊ အလုံးစုံသော လူအပေါင်းကို ကယ်တင်တော်မူ၏၊ ထိုမြတ်စွာဘုရား သည် သင့်ကိုလည်း ကယ်တင်တော်မူလတ္တံ့ဟု ပြောကြား၏။

၂၅၄။ နတ်၏ စကားကို ကြားရ၍ ထိုခဏ၌ (ငါ့အား) ထိတ်လန့်ခြင်းသည် ဖြစ်၏၊ ငါသည် ‘ဘုရား ဘုရား’ဟု စဉ်းစားကြံဆလျက် သင်္ခမ်းကျောင်းကို သိုမှီးသိမ်းဆည်းခဲ့၏။

၂၅၅။ ငါသည် မီးပူဇော်ရန် ထင်းကိုလည်း ပယ်စွန့်၍ အခင်းကို သိုမှီးပြီးလျှင် သင်္ခမ်း ကျောင်းကို ရှိခိုးလျက် တောမှ ထွက်ခဲ့၏။

၂၅၆။ ထိုတောမှ စန္ဒကူးကို ယူ၍ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ရှာမှီးလျက် တစ်ရွာမှ တစ်ရွာသို့လည်းကောင်း၊ တစ်မြို့မှ တစ်မြို့သို့လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့၏။

၂၅၇။ ထိုအခါ၌ လောက၏ ရှေ့သွားဖြစ်တော်မူသော သုမေဓာမြတ်စွာဘုရားသည် သစ္စာ လေးပါးတရားကို ပြတော်မူလျက် များစွာသော လူအပေါင်းကို သိစေတော်မူ၏။

၂၅၈။ ငါသည် လက်အုပ်ချီလျက် စန္ဒကူးကို ဦးခေါင်း၌ တင်ထား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ -

၂၅၉။ မုလေးပန်း (မိုးစွေပန်း) သည် ပွင့်သည်ရှိသော် (အပင်၏) အနီး၌သာ ကြိုင်လှိုင်လျက် ရှိပါ၏၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် ဂုဏ်တော် ရနံ့ဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ကြိုင်လှိုင်စေတော်မူပါပေ၏။

၂၆၀။ စံကားပန်းသည်လည်းကောင်း၊ ကံ့ကော်ပန်းသည်လည်းကောင်း၊ စစ်ကြီးပန်း, ဆပ်သွားပန်းသည်လည်းကောင်း၊ အင်ကြင်းပန်းတို့သည်လည်းကောင်း ပွင့်ကုန်လတ်သော် လေအောက်သို့သာ ကြိုင်လှိုင်လျက် ရှိပါပေ၏။

၂၆၁။ အကျွန်ုပ်သည် အရှင်ဘုရား၏ (ဂုဏ်တော်) ရနံ့ကို ကြားရ၍ ဟိမဝန္တာမှ ဤအရပ်သို့ လာခဲ့ပါ၏၊ လုံ့လကြီးမားတော်မူသော လောက၏ အကြီးအမှူးဖြစ်တော်မူသော အခြံအရံ များတော်မူသော မြတ်စွာဘုရား အရှင်ဘုရားကို ပူဇော်ပါ၏။

၂၆၂။ ငါသည် မြတ်သော စန္ဒကူးဖြင့် လောက၏ ရှေ့သွားဖြစ်တော်မူသော သုမေဓာ မြတ်စွာဘုရားကို လိမ်းကျံပူဇော်ခဲ့၏၊ မိမိစိတ်ကို ကြည်ညိုစေ၍ ထိုခဏ၌ ဆိတ်ဆိတ်သာလျှင် ရပ်တည်၏။

၂၆၃။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။

၂၆၄။ အကြင်သူသည် ငါ၏ ဂုဏ်တော်တို့ကို ချီးကျူး၏၊ စန္ဒကူးကိုလည်း ပူဇော်၏၊ ငါသည် ထိုသူ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြ ကုန်လော့။

၂၆၅။ ဤသူသည် နှစ်ဆယ့်ငါးကမ္ဘာတို့ပတ်လုံး နာယူအပ်သော စကားရှိသော ဖြောင့် မတ်တည်ကြည်သော တန်ခိုးကြီးသော ပြိုးပြိုးပြက်ပြက် အရောင်ရှိသော ဗြဟ္မာ ဖြစ်လတ္တံ့။

--

၂၆၆။ ကမ္ဘာနှစ်ထောင့်ခြောက်ရာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ စကြဝတေး မင်းလည်း အကြိမ်တစ်ထောင် ဖြစ်လတ္တံ့။

၂၆၇။ သုံးဆယ့်သုံးကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသူဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရ လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၂၆၈။ ဤသူသည် ထိုနတ်ပြည်မှ စုတေလတ်သော် လူ့ဘဝသို့ ရောက်လတ္တံ့၊ (ထိုအခါ) ကောင်းမှုကံနှင့် ယှဉ်သည်ဖြစ်၍ ဗြဟ္မာမင်း၏ အဆွေဖြစ်သော ဗြာဟ္မဏအမျိုး ဖြစ်လတ္တံ့။

၂၆၉။ ဗေဒင်ကို သရဇ္ဈာယ်တတ်သော ဗေဒင်ကို ဆောင်သော ဗေဒင်သုံးပုံတို့၌ တစ်ဖက် ကမ်းရောက် တတ်မြောက်သော လက္ခဏာသုံးပါး၁နှင့် ပြည့်စုံသော ဗာဝရီမည်သော ဗြာဟ္မဏ သည် ရှိ၏။

၂၇၀။ ဤသူသည် ထိုဗြာဟ္မဏ၏ တပည့်ဖြစ်၍ ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်သူ ဖြစ်လတ္တံ့၊ သာကီဝင်မင်းသားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ -

၂၇၁။ သိမ် မွေ့ သော ပြဿနာတို့ ကို မေး လျှောက်ြ ပီး လျှင် ကောင်း မှုအစုကို ပွါး များ စေ လျ က် အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိကာ အာသဝမရှိဘဲ နေရလတ္တံ့ (ဟု ဟော တော်မူ၏)။

၂၇၂။ ငါ့အား မီးသုံးပါးတို့ ငြိမ်းကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိ၍ အာသဝ မရှိဘဲ နေရ၏။

၂၇၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၇၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၂၇၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တောဒေယျမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် တောဒေယျတ္ထေရအပဒါန် ပြီး၏။

၁။ လက္ခဏာသုံးပါးကား ကောသောဟိတ၊ ပဟူတဇိဝှ၊ ဥဏ္ဏာလောမ။

--

၉-ဇတုကဏ္ဏိတ္ထေရအပဒါန်

၂၇၆။ ငါသည် ဟံသာဝတီမြို့၌ သူဌေးသား ဖြစ်ခဲ့၏၊ ထိုအခါ၌ ငါသည် ကာမဂုဏ်တို့ကို အပြည့်အစုံ ခံစားရပေ၏။

၂၇၇။ ထိုအခါ ငါသည် ပြာသာဒ်သို့ တက်၍ စည်းစိမ်တို့ကို ခံစားသုံးဆောင်၏၊ ထိုပြာသာဒ် ထက်၌ ကခြင်း, သီခြင်းတို့ဖြင့် ခံစားရပေ၏။

၂၇၈။ ငါ့အလို့ငှါ မောင်းကြေးနင်းနှင့် တကွသော တူရိယာတို့ကို တီးမှုတ်ကြကုန်သည် ဖြစ်၍ အလုံးစုံသော မိန်းမတို့သည် ကခုန်ကြကုန်လျက် ငါ၏ စိတ်ကို ဆွဲဆောင်ကြကုန်သည် သာတည်း။

၂၇၉။ စေလာပိကာမည်သောသူတို့သည်လည်းကောင်း၊ လာမဏိကာမည်သောသူတို့သည်လည်းကောင်း၊ ကုဉ္ဇဝါသီမည်သောသူတို့နှင့်တကွ မဇ္ဈိ ကာမည်သောသူတို့သည်လည်း ကောင်း၊ လင်္ဃိကာမည်သောသူတို့သည်လည်းကောင်း၊ သောကဇ္ဈာယီမည်သောသူတို့သည်လည်းကောင်း အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏။

၂၈၀။ များစွာသော မောင်းကြေးနင်းတီးသူတို့သည်လည်းကောင်း၊ အိုးစည်တီးသူတို့သည်လည်း ကောင်း၊ ကချေသည်တို့သည်လည်းကောင်း၊ သီချင်းဆို၍ ကသူတို့သည်လည်း ကောင်း၊ ကချေသည်မတို့သည်လည်းကောင်း၊ ဇာတ်ဆရာတို့သည်လည်းကောင်း အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏။

၂၈၁။ ကောင်းစွာ ဆည်းကပ်တတ်ကုန်သော ဆတ္တာသည်တို့သည်လည်းကောင်း၊ ရေချိုး ပေးသမားတို့သည်လည်းကောင်း၊ စားဖိုသည်တို့သည်လည်းကောင်း၊ ပန်းသည်တို့သည်လည်းကောင်း၊ အညစ်အကြေး ပယ်တတ်သောသူ (ချေးတွန်းသမား) တို့သည်လည်းကောင်း၊ လက်ပန်းသည် (လက်ဝှေ့သမား) တို့သည်လည်းကောင်း ထိုအလုံးစုံသောသူတို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏။

၂၈၂။ အတတ်ပညာသင်ပြီး၍ ဆည်းကပ်မှုကို ပြုကုန်သော သူတို့သည် မြူးထူးပျော်ပါး ကစားကြကုန်သည်ရှိသော် ငါသည် ‘တာဝတိံသာနတ်ပြည်၌ သိကြားမင်းကဲ့သို့’ နေ့နှင့် ညဉ့် ကို မသိတော့ချေ။

၂၈၃။ အလုံးစုံသော ခရီးရှည်သွားသောသူတို့သည်လည်းကောင်း၊ ခရီးတိုသွားသောသူတို့သည်လည်းကောင်း၊ သူတောင်းစားတို့သည်လည်းကောင်း၊ အထီးကျန်သူတို့သည်လည်း ကောင်း များစွာသောသူတို့သည် တောင်ရမ်းကြကုန်သည် ဖြစ်၍ ငါ၏ အိမ်သို့ အမြဲ ချဉ်း ကပ်လာကြကုန်၏။

၂၈၄။ ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်ကုန်သော အမြတ် ဆုံးဖြစ်သော သမဏဗြာဟ္မဏတို့သည် ငါ၏ ကောင်းမှုကို ပွါးကြစေကုန်လျက် ငါ့အိမ်သို့ ကြွလာကုန်၏။

၂၈၅။ အလုံးစုံကုန်သော ပဋဂလူမျိုးတို့သည်လည်းကောင်း၊ လဋုကလူမျိုးတို့သည်လည်း ကောင်း၊ နိဂဏ္ဌလူမျိုးတို့သည်လည်းကောင်း၊ ပုပ္ဖသာဋကလူမျိုးတို့သည်လည်းကောင်း၊ တေဒဏ္ဍိကလူမျိုးတို့သည်လည်းကောင်း၊ ဧကသိခါလူမျိုးတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၈၆။ တက္ကတွန်းတို့သည်လည်းကောင်း၊ လုယက်တတ်သူတို့သည်လည်းကောင်း၊ နွား ကျင့်နွားကြံ ရှိသူတို့သည်လည်းကောင်း၊ နတ်ပြည်ရောက်ရန် ဒေဝဓမ်ရှိသူတို့သည်လည်း ကောင်း၊ မြူအညစ်အကြေးကို ဆောင်တတ်သူတို့သည်လည်းကောင်း ထိုသူတို့သည် ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၈၇။ အရံအတားကို ပြုတတ်ကုန်သော (ပရိတ်ရွတ်) သူတို့သည်လည်းကောင်း၊ ငြိမ် သက်ခြင်းသို့ ရောက်ကုန်သော သူတို့သည်လည်းကောင်း၊ ကောဓပုဂ္ဂနိကမည်သော လူမျိုး များစွာတို့သည်လည်းကောင်း၊ ခြိုးခြံစွာ ကျင့်သောသူတို့သည်လည်းကောင်း၊ တော၌ လှည့်လည်ကျက်စားသော (ရသေ့) တို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြကုန်၏။

--

၂၈၈။ ဩဍ္ဍကလူမျိုးတို့သည်လည်းကောင်း၊ ဒမိဠလူမျိုးတို့သည်လည်းကောင်း၊ သာကုဠ လူမျိုးတို့သည်လည်းကောင်း၊ မလဝါဠကလူမျိုးတို့သည်လည်းကောင်း၊ သဝရလူမျိုးတို့သည်လည်းကောင်း၊ ယောနကလူမျိုးတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၈၉။ အန္ဓကတိုင်းသားတို့သည်လည်းကောင်း၊ ဦးပြည်းအားလုံးတို့သည်လည်းကောင်း၊ ကောဋကလူမျိုးတို့သည်လည်းကောင်း၊ ဟနုဝိန္ဒကလူမျိုးတို့သည်လည်းကောင်း၊ အာရာဝစိန ရဋ္ဌလူမျိုးတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၉၀။ အလသန္တကလူမျိုးတို့သည်လည်းကောင်း၊ ပလ္လဝကလူမျိုးတို့သည်လည်းကောင်း၊ ဓမ္မရလူမျိုးတို့သည်လည်းကောင်း၊ နိဂ္ဂလူမျိုးတို့သည်လည်းကောင်း၊ ဂေဟိကလူမျိုးတို့သည်လည်းကောင်း၊ စေတတိုင်းသားတို့သည်လည်းကောင်း ခပ်သိမ်းသော သူတို့သည် ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၉၁။ မဓုရဇ်တိုင်းသားတို့သည်လည်းကောင်း၊ ကောသလတိုင်းသားတို့သည်လည်း ကောင်း၊ ကလိင်္ဂတိုင်းသားတို့သည်လည်းကောင်း၊ ဟတ္ထိပုရတိုင်းသားတို့သည်လည်းကောင်း၊ ဣသိန္ဒတိုင်းသား, မက္ကလတိုင်းသားတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၉၂။ များစွာသော စေလာဝကလူမျိုးတို့သည်လည်းကောင်း၊ အာရဗ္ဘလူမျိုးတို့သည်လည်းကောင်း၊ ဩဃုဠှလူမျိုးတို့သည်လည်းကောင်း၊ မေဃလလူမျိုးတို့သည်လည်းကောင်း၊ ခုဒ္ဒကလူမျိုးတို့သည်လည်းကောင်း၊ သုဒ္ဒကလူမျိုးတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက် ကြကုန်၏။

၂၉၃။ ရောဟဏလူမျိုးတို့သည်လည်းကောင်း၊ သိန္ဓဝလူမျိုးတို့သည်လည်းကောင်း၊ စိတကလူမျိုးတို့သည်လည်းကောင်း၊ ဧကကဏ္ဏိကလူမျိုးတို့သည်လည်းကောင်း၊ သုရဋ္ဌလူမျိုး တို့သည်လည်းကောင်း၊ အပရန္တတိုင်းသားတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြ ကုန်၏။

၂၉၄။ သုပ္ပါရကတိုင်းသားတို့သည်လည်းကောင်း၊ ကုမာရတိုင်းသားတို့သည်လည်း ကောင်း၊ မလ္လတိုင်းသားတို့သည်လည်းကောင်း၊ သုဝဏ္ဏဘူမိတိုင်းသားတို့သည်လည်းကောင်း၊ ဝဇ္ဇီတိုင်းသား, အင်္ဂတိုင်းသားတို့သည်လည်းကောင်း ထိုအလုံးစုံသောသူတို့သည် ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၉၅။ ကျူထရံသည်တို့သည်လည်းကောင်း၊ ရက်ကန်းသည်တို့သည်လည်းကောင်း၊ သားရေနယ်သမားတို့သည်လည်းကောင်း၊ သစ်ရွေ (သစ်ခုတ်) သမားတို့သည်လည်းကောင်း၊ အလုပ်သမားတို့သည်လည်းကောင်း၊ အိုးထိန်းသည်တို့သည်လည်းကောင်း ငါ့အိမ်သို့ လာ ရောက်ကြကုန်၏။

၂၉၆။ ရွဲ (ကျောက်သွေး) သမားတို့သည်လည်းကောင်း၊ ပန်းပဲ, ပန်းတင်းသမားတို့သည်လည်းကောင်း၊ ပန်းထိမ်သမားတို့သည်လည်းကောင်း၊ အထည်သည်တို့သည်လည်းကောင်း၊ သလွဲ (သံဖြူ) သမားတို့သည်လည်းကောင်း ထိုသူအားလုံးတို့သည် ငါ့အိမ်သို့ လာရောက်ကြ ကုန်၏။

၂၉၇။ လေး (မြား) သမားတို့သည်လည်းကောင်း၊ ပန်းပွတ်သမားတို့သည်လည်းကောင်း၊ ရက်ကန်း သမားတို့သည်လည်းကောင်း၊ နံ့သာသည်တို့သည်လည်းကောင်း၊ ခဝါသည်တို့သည်လည်းကောင်း၊အပ်ချုပ်သမားတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၂၉၈။ ဆီသည်တို့သည်လည်းကောင်း၊ ထင်းသည်တို့သည်လည်းကောင်း၊ ရေထမ်းသမား တို့သည်လည်းကောင်း၊ အစေခံတို့သည်လည်းကောင်း၊ ဟင်းချက်သမားတို့သည်လည်း ကောင်း၊ သူပရက္ခ (ဟင်းချက်စောင့်) မည်သောသူတို့သည်လည်းကောင်း ငါ့အိမ်သို့ လာ ရောက်ကြကုန်၏။

--

၂၉၉။ တံခါးမှူးတို့သည်လည်းကောင်း၊ မြင်းစီးသူရဲတို့သည်လည်းကောင်း၊ အကျဉ်းသားတို့သည်လည်းကောင်း၊ ပန်းမှိုက်သွန် (မိလ္လာသမား) တို့သည်လည်းကောင်း၊ ဆင်စီးသူရဲ တို့သည်လည်းကောင်း၊ ဆင်ထိန်းတို့သည်လည်းကောင်း ငါ့အိမ်သို့ လာရောက်ကြကုန်၏။

၃၀၀။ ငါသည် အာနန္ဒာမင်းကြီးအား ငါ၏ ဥစ္စာကို ပေးလှူ၏၊ ငါသည် အဆင်းခုနစ်ပါး ရှိသော ရတနာဖြင့် ယုတ်လျော့သော ဥစ္စာကို ပြည့်စေ၏။

၃၀၁။ အမျိုးမျိုးသော အဆင်းအရောင်ရှိကုန်သော အလုံးစုံသော အကြင် များစွာသော လူတို့ကို ငါသည် ပြောကြားအပ်ကုန်၏၊ ငါသည် ထိုသူတို့၏ စိတ်ကို သိ၍ ရတနာဖြင့် ရောင့်ရဲစေခဲ့၏။

၃၀၂။ သာယာသော စကားတို့ကို ပြောဆိုကုန်သည်ရှိသော် စည်တို့ကို တီးအပ်ကုန်သည် ရှိသော် ခရုသင်းတို့ကို မှုတ်အပ်ကုန်သည်ရှိသော် ငါသည် မိမိအိမ်၌ မွေ့လျော်၏။

၃၀၃-၃၀၄။ ထိုအချိန်၌ စက္ခုငါးမျိုးရှိတော်မူသော ဘုန်းတော်ကြီးတော်မူသော ထို ပဒုမုတ္တရမြတ်စွာဘုရားသည် ကုန်ပြီးသော အာသဝရှိသော တပည့်ရဟန်း တစ်သိန်းတို့နှင့် တကွ လမ်းခရီး၌ ကြွသွားတော်မူ၏၊ (ထိုအခါ) အရပ်မျက်နှာအားလုံးတို့ကို ‘ဆီမီးတိုင် ကဲ့သို့’ ထွန်းလင်းစေလျက် တောက်ပတော်မူ၏။

၃၀၅။ မြတ်စွာဘုရား ကြွသွားတော်မူသည်ရှိသော် စည်အားလုံးတို့သည် မြည်ဟည်းလျက် ရှိကြကုန်၏၊ ‘တက်လာသော နေမင်းကဲ့သို့’ ထိုမြတ်စွာဘုရား၏ အရောင်သည် ထွက် ပေါ်လျက် ရှိပေ၏။

၃၀၆။ ထိုခဏဝယ် တံခါးရွက်ကြားမှလည်း ဝင်သော ရောင်ခြည်တော်ကြောင့် အိမ် အတွင်း၌ ပြန့်ပြောသော အလင်းရောင်သည် ဖြစ်ပေါ်လေ၏။

၃၀၇။ ငါသည် မြတ်စွာဘုရား၏ အရောင်တော်ကို ဖူးမြင်ရ၍ အခြွေအရံတို့ကို ပြောဆို၏၊ ဘုရားမြတ်သည် ဤလမ်းခရီးသို့ ဧကန်မုချ ကြွလာတော်မူ၏။

၃၀၈။ ငါသည် ပြာသာဒ်မှ လျင်မြန်စွာ သက်ဆင်း၍ ဈေးအတွင်းသို့ သွားရောက်ခဲ့၏၊ မြတ်စွာဘုရားကို ရှိခိုး၍ ဤစကားကို လျှောက်ထား၏။

၃၀၉။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် အကျွန်ုပ်အား အစဉ်သနားတော်မူစေ သတည်း၊ ထိုမြတ်စွာဘုရားသည် ရဟန်းတစ်သိန်းတို့နှင့်တကွ လျှောက်ထားချက်ကို လက်ခံ တော်မူ၏။

၃၁၀။ ငါသည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ မိမိအိမ်သို့ ပင့်ဆောင်ခဲ့၏၊ ထိုအိမ်၌ ထမင်း, အဖျော်ဖြင့် မြတ်စွာဘုရားကို ရောင့်ရဲစေခဲ့၏။

၃၁၁။ ငါသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားမြတ်၏ ဆွမ်းစားပြီးသော အခါကို သိ၍ အင်္ဂါတစ်ရာရှိသော တူရိယာဖြင့် ဘုရားမြတ်ကို လုပ်ကျွေးပူဇော်ခဲ့၏။

၃၁၂။ လောကသုံးပါးကို သိတော်မူ၍ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူ ထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် အိမ်တွင်း၌ ထိုင်နေတော်မူလျက် ဤဂါထာတို့ကို ဟောတော်မူ၏။

၃၁၃။ အကြင်သူသည် ငါဘုရားကို တူရိယာတို့ဖြင့် လုပ်ကျွေးပူဇော်၏၊ ထမင်း, အဖျော် ကိုလည်း ငါ့အား ပေးလှူ၏၊ ထိုသူ့ကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့် ကြားမည့် စကားကို နာယူကြကုန်လော့။

၃၁၄။ ဤသူသည် ရွှေငွေအသုံးအဆောင်နှင့်တကွ အစားအစာ ပေါများသူဖြစ်၍ လေးကျွန်းလုံး၌ တစ်မင်းတည်းသော စကြဝတေးမင်းအဖြစ်ကို ပြုရလတ္တံ့။

၃၁၅။ ငါးပါးသီလတို့ကို ဆောက်တည်၍ ကုသိုလ်ကမ္မပထတရားဆယ်ပါး၌ မွေ့လျော်လျက် ပရိသတ်ကို ဆောက်တည်ပြီး ဖြစ်စေလျက် ကျင့်စေလတ္တံ့။

--

၃၁၆။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော စည်တူရိယာ တစ်သိန်းတို့သည် ဤသူ့ကို အမြဲ တီးမှုတ်ဖျော်ဖြေကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် လုပ်ကျွေးပူဇော်ရခြင်း၏ အကျိုး ပေတည်း။

၃၁၇။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ ခြောက်ဆယ့်လေးကြိမ် တိုင်တိုင့်နတ်တို့ကို အစိုးရလျက် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့။

၃၁၈။ ခြောက်ဆယ့်လေးကြိမ်တိုင်တိုင် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၃၁၉။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၃၂၀။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ မယုတ်လျော့သော စည်း စိမ်ရှိသည် ဖြစ်၍ လူ့ဘဝသို့ ရောက်ရလတ္တံ့။

၃၂၁။ ဗေဒင်ကို သရဇ္ဈာယ်တတ်သူဖြစ်၍ ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းရောက် တတ် မြောက်သော ပုဂ္ဂိုလ်ဖြစ်ပြီးလျှင် မြတ်သော အကျိုးကို ရှာမှီးလျက် ဤမြေပြင်၌ လှည့် လည်ရလတ္တံ့။

၃၂၂။ ထိုသူသည် နောင်အခါ၌ ရဟန်းပြုပြီးလျှင် ဖြူစင်သော ကုသိုလ်အကြောင်း ရင်းသည် တိုက်တွန်းအပ်သည် ဖြစ်၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ မွေ့လျော်ရ လတ္တံ့။

၃၂၃။ ဤသူသည် သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားကို အားရနှစ်သက်စေ၍ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပြီးလျှင် ရဟန္တာ ဖြစ်လတ္တံ့။

၃၂၄။ ‘တောအုပ်၌ ကျားမင်းကဲ့သို့လည်းကောင်း၊ သားတို့သနင်း ခြင်္သေ့မင်းကဲ့သို့လည်းကောင်း’ ငါသည် ကြောက်ရွံ့ခြင်း မရှိဘဲ မြတ်စွာဘုရားသာသနာတော်၌ ယခု နေရ၏။

၃၂၅။ နတ်ပြည်တွင်ဖြစ်စေ, လူ့ပြည်တွင်ဖြစ်စေ ဆင်းရဲသော အမျိုး၌လည်းကောင်း၊ အပါယ်ဒုဂ္ဂတိဘုံ၌လည်းကောင်း ငါ၏ ဖြစ်ရခြင်းကို မတွေ့မြင်ရချေ။ ဤသို့ ဖြစ်ရခြင်းသည် ခစားလုပ်ကျွေးရခြင်း၏ အကျိုးပေတည်း။

၃၂၆။ ငါသည် ဆိတ်ငြိမ်ရာနှင့် ယှဉ်သောသူဖြစ်၍ ကိလေသာမီးငြိမ်းလျက် ဥပဓိမရှိသူ ဖြစ်ပေ၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲသို့’ ငါသည် အာသဝ မရှိဘဲ နေရ၏။

၃၂၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝ မရှိဘဲ နေရပေ၏။

၃၂၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဇတုကဏ္ဏိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ဇတုကဏ္ဏိတ္ထေရအပဒါန် ပြီး၏။

--

၁၀-ဥဒေနတ္ထေရအပဒါန်

၃၃၀။ ဟိမဝန္တာ၏ အနီး၌ ပဒုမမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ငါသည် သခင်္မ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်အပ်၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ပြုလုပ်ဖန်ဆင်းအပ်၏။

၃၃၁။ ထိုတောင်၌ စိတ်နှလုံး မွေ့လျော်စေနိုင်သည်ဖြစ်၍ ကောင်းသော ဆိပ်ကမ်းရှိသော မြစ်တို့သည် စီးဆင်းလျက် ရှိကုန်၏၊ ကြည်လင်အေးမြသော ရေရှိသော မြစ်တို့သည် အခါခပ်သိမ်း စီးဆင်းလျက် ရှိကုန်၏။

၃၃၂။ ငါးဖယ်တို့သည်လည်းကောင်း၊ ငါးတန်တို့သည်လည်းကောင်း၊ ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်းတို့သည်လည်းကောင်း ဤငါးတို့သည် မြစ်တို့ကို တင့်တယ် စေကုန်လျက် အခါခပ်သိမ်း မြစ်၌ နေကြကုန်၏။

၃၃၃။ ရေခံတက်ပင်, ပြည့်စင်ပင်တို့သည်လည်းကောင်း၊ ထို့ပြင် ငုစပ်ပင်, သခွတ်ပင်တို့သည်လည်းကောင်း သရက်, သပြေတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၃၄။ မှန်ကူပင်တို့သည်လည်းကောင်း၊ မျက်နှာပန်းပင်တို့သည်လည်းကောင်း၊ မာယာ ကာရိမည်သော သစ်ပင်တို့သည်လည်းကောင်း ပွင့်ကြကုန်သည်ရှိသော် နတ်ရနံ့တို့ဖြင့် ကြိုင် လှိုင်ကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၃၅။ စစ်ကြီးပင်, မိုးစွေပင်တို့သည်လည်းကောင်း၊ ကံ့ကော်ပင်, အင်ကြင်းပင်တို့သည်လည်းကောင်း ပွင့်ကြကုန်သည်ရှိသော် နတ်ရနံ့တို့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်း ကျောင်းကို တင့်တယ်စေကုန်၏။

၃၃၆။ ကြို့ပင်, ထင်းရှူးပင်တို့သည်လည်းကောင်း၊ တမာပင်တို့သည်လည်းကောင်း၊ အဋ္ဌင်္ဂမည်သော သစ်ပင်တို့သည်လည်းကောင်း ပွင့်ကြကုန်သည်ရှိသော် နတ်ရနံ့တို့ကို ကြိုင် လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၃၇။ သဖန်ခါးသီး, သျှိသျှားသီးတို့သည်လည်းကောင်း၊ သရက်သီး, သပြေသီး, သစ်ဆိမ့်သီးတို့သည်လည်းကောင်း၊ ဆီးသီးတို့သည်လည်းကောင်း၊ ချေးသီးတို့သည်လည်း ကောင်း၊ ဥသျှစ်သီးတို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်း၌ များစွာ ရှိကုန်၏။

၃၃၈။ ကန်စွန်းပင် (ဟင်းနုနွယ်ပင်), ကန္ဒလိပင်တို့သည် ထိုငါ၏ သင်္ခမ်းကျောင်း၌ ပွင့်လျက် ရှိကုန်၏၊ နတ်ရနံ့တို့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ် စေကုန်၏။

၃၃၉။ သော်ကပင်တို့သည်လည်းကောင်း၊ တမာပင်တို့သည်လည်းကောင်း ပွင့်ကြကုန် သည်ရှိသော် နတ်ရနံ့တို့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေ ကုန်၏။

၃၄၀။ ထိုသင်္ခမ်းကျောင်း၌ ပုန်းညက်ပင်, တောင်ပုန်းညက်ပင်တို့သည်လည်းကောင်း၊ ကျည်းပင်တို့သည်လည်းကောင်း ပွင့်ကြကုန်သည်ရှိသော် နတ်ရနံ့တို့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

--

၃၄၁။ ဤကျောင်း၌ ကြောင်ပန်းပင်တို့သည်လည်းကောင်း၊ သိရိနိဂ္ဂ္ဂုဏ္ဍိပင်တို့သည်လည်း ကောင်း၊ စံကားပန်းပင်တို့သည်လည်းကောင်း ပွင့်ကုန်သည်ရှိသော် နတ်ရနံ့တို့ကို ကြိုင် လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၄၂။ ထိုသင်္ခမ်းကျောင်း၏ အနီး၌ လေးထောင့်ကန်သည် စက္ကဝါက်ငှက်တို့၏ တွန်မြူးရာ ဖြစ်၍ မျောက်လှေကူးတို့ဖြင့်လည်းကောင်း၊ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်လည်းကောင်း ဖုံး လွှမ်းလျက် ရှိ၏။

၃၄၃။ ထိုကန်သည် ကြည်လင်အေးမြသော ရေရှိ၏၊ ကောင်းမွန်သော ဆိပ်ကမ်းရှိသည် ဖြစ်၍ နှလုံးမွေ့လျော်စေနိုင်ပေ၏၊ ဖန်အဆင်းနှင့်တူသော ကြည်လင်သော ရေတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၄၄။ ထိုရေကန်၌ ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည်လည်းကောင်း၊ ဥပ္ပလကြာတို့သည်လည်းကောင်း ပွင့်လျက် ရှိကုန်၏။ မျောက်လှေကူးတို့ဖြင့် ဖုံးလွှမ်းကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၄၅။ ငါးဖယ်တို့သည်လည်းကောင်း၊ ငါးတန်တို့သည်လည်းကောင်း၊ ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်းတို့သည်လည်းကောင်း ထိုငါးတို့သည် ထိုရေအိုင်၌ ကျက်စား ကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၄၆။ ဖမ်းယူတတ်သော မိကျောင်းတို့သည်လည်းကောင်း၊ ကြမ်းတမ်းသော ငါးတို့သည်လည်းကောင်း၊ လိပ်တို့သည်လည်းကောင်း၊ ဖမ်းယူတတ်ကုန်သော စပါးကြီးမြွေတို့သည်လည်း ကောင်း များစွာ ရှိကုန်၏။ (ထိုသတ္တဝါတို့သည် ) ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေ ကုန်၏။

၃၄၇။ ဤရေကန်၌ ခိုတို့သည်လည်းကောင်း၊ ဝမ်းဘဲ, ဟင်္သာတို့သည်လည်းကောင်း၊ စက္ကဝါက်ငှက်တို့သည်လည်းကောင်း၊ တင်ကျီးငှက်တို့သည်လည်းကောင်း၊ ယစ်တို့သည်လည်း ကောင်း၊ ဆက်ရက် (သာလိကာ) တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ် စေကုန်၏။

၃၄၈။ ထိုရေကန်၌ နယိတပင်တို့သည်လည်းကောင်း၊ သရက်အနံ့ရှိသော ပန်းပင်တို့သည်လည်းကောင်း၊ ဆပ်သွားပင်တို့သည်လည်းကောင်း ပွင့်ကြကုန်သည်ရှိသော် နတ်ရနံ့တို့ ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၄၉။ ခြင်္သေ့, ကျား, ကျားသစ်တို့သည်လည်းကောင်း၊ ဝံ, ဝံပုလွေ, အောင်းတို့သည်လည်းကောင်း တော၌ လှည့်လည်ကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၅၀။ ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်ကုန်သော သစ်နက်ရေအပေါ်ရုံကို ဝတ်သော ရသေ့တို့သည် တော၌ အစဉ်တစိုက် လှည့်လည်ကြကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေ ကုန်၏။

၃၅၁။ ထိုရသေ့တို့သည် သစ်နက်ရေတို့ကို ဆောင်ကုန်လျက် ရင့်ကျက်သော ပညာ ရှိကုန်သည် ဖြစ်၍ ငြိမ်သက်သော ဖြစ်ခြင်း ရှိကုန်၏၊ ထိုရသေ့အားလုံးတို့သည် အာဟာရ နည်းပါးကုန်လျက်ပင် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၅၂။ ထိုအခါ၌ ရသေ့တို့၏ ပရိက္ခရာကို ယူ၍ တောသို့ သက်ဝင်ပြီးလျှင် သစ်မြစ်, သစ်သီးတို့ကို စားကုန်လျက် ထိုအခါ သင်္ခမ်းကျောင်း၌ နေကြကုန်၏။

၃၅၃။ ထိုရသေ့တို့သည် ထင်းကို မခွေကြကုန်၊ သောက်ရေနှင့် ခြေဆေးရေတို့ကို မခပ်ကြကုန်၊ ရသေ့အားလုံးတို့၏ အာနုဘော်ကြောင့် အလိုလိုသာလျှင် ဆောင်အပ်ပြီး ဖြစ်ပေ၏။

၃၅၄။ ဤကျောင်း၌ ရသေ့ရှစ်သောင်းလေးထောင်တို့ စည်းဝေးကြကုန်၏၊ ထိုရသေ့ အားလုံးတို့သည် ဈာန်ရ ရသေ့များ ဖြစ်၍ မြတ်သော အကျိုးကို ရှာမှီးလျက် ရှိကုန်၏။

--

၃၅၅။ ခြိုးခြံသော အကျင့်ရှိကုန်သော မြတ်သော အကျင့်ရှိကုန်သော အပ္ပနာဈာန်အကျင့်၌ တိုက်တွန်းတတ်ကုန်သော ကောင်းကင်၌ သွားလာကုန်သော ရသေ့အားလုံးတို့သည် ထိုအခါ သင်္ခမ်းကျောင်း၌ နေကုန်၏။

၃၅၆။ တည်ကြည်၍ ငြိမ်သက်ခြင်းရှိသော ရသေ့တို့သည် ငါးရက်တစ်ကြိမ် စည်းဝေး ကုန်၏၊ အချင်းချင်း ရှိခိုး၍ အရပ်မျက်နှာသို့ ရှေးရှု ဖဲသွားကုန်၏။

၃၅၇။ မာရ်ငါးပါးကို အောင်တော်မူပြီးသော တရားခပ်သိမ်းတို့၏ ကမ်းတစ်ဖက်ရောက် သိမြင်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ပယ်ဖျောက်လျက် ထိုအခိုက်၌ ပွင့်တော်မူပြီး ဖြစ်ပေ၏။

၃၅၈။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ တန်ခိုးကြီးသောနတ်သည် ရှိ၏၊ ထိုနတ်သည် သစ္စာလေးပါးကို သိမြင်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရား (ပွင့်တော်မူကြောင်း) ကို ငါ့အား ပြောကြားလေ၏။

၃၅၉။ ရဟန်းမြတ်ဖြစ်တော်မူသော ဤပဒုမုတ္တရမြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ အချင်း ရသေ့ လျင်မြန်စွာ သွား၍ မြတ်စွာဘုရားကို ဆည်းကပ်ချေလော့ဟု (ပြောကြား၏)။

၃၆၀။ ထိုအခါ ငါသည် နတ်၏ စကားကို ကြားရ၍ အလွန်ကြည်လင်သော စိတ်ဖြင့် သင်္ခမ်းကျောင်းကို သိုမှီး၍ တောမှ ထွက်ခဲ့၏။

၃၆၁။ ‘ပုဆိုး၌ မီးလောင်သောသူကဲ့သို့’ တစ်ညဉ့်မျှ နေ၍ သင်္ခမ်းကျောင်းမှ ထွက်ပြီး လျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

၃၆၂။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရား သည် သစ္စာလေးပါးတရားကို ပြတော်မူလျက် အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူ၏။

၃၆၃။ ကောင်းစွာ ပွင့်သော ပဒုမ္မာကြာပန်းကို ယူ၍ မြတ်စွာဘုရား၏ အနီးသို့ ချဉ်းကပ် ပြီးလျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိလျက် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၆၄။ ငါသည် သစ္စာလေးပါးတရားကို သိတော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားကို ပူဇော်ပြီးလျှင် သစ်နက်ရေကို လက်ဝဲပခုံးထက်၌ တင်၍ မြတ်စွာဘုရားကို ချီးကျူး ခဲ့၏။

၃၆၅။ မြတ်စွာဘုရားသည် အကြင်ဉာဏ်တော်ကြောင့် ဤလောက၌ အာသဝမရှိဘဲ နေ တော်မူ၏၊ ထိုဉာဏ်တော်ကို ချီးကျူးပေအံ့၊ ချီးကျူးပြောဆိုသော ငါ၏ စကားကို နာယူကြ ကုန်လော့။

၃၆၆။ မြတ်စွာဘုရား အရှင်ဘုရားသည် သံသရာရေလျဉ်ကို ဖြတ်၍ သတ္တဝါအားလုံးကို ကယ်တင်တော်မူပါပေ၏၊ အရှင်ဘုရား၏ တရားတော်ကို ကြားနာရ၍ ထိုသူတို့သည် တဏှာ ရေလျဉ်ကို ကူးမြောက်ကြပါကုန်၏။

၃၆၇။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အရှင် ဘုရားသည် သတ္တဝါတို့၏ ဆရာလည်း ဖြစ်တော်မူပါပေ၏၊ မှန်ကင်းသဖွယ်လည်း ဖြစ်တော်မူ ပါပေ၏၊ တံခွန်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ ယဇ်တိုင်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊လည်းလျောင်းရာလည်း ဖြစ်တော်မူပါပေ၏၊ ဆောက်တည်ရာလည်း ဖြစ်တော်မူပါပေ၏၊ မှီခိုရာကျွန်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏။

၃၆၈။ လောက၌ အကြင်မျှလောက် ဂိုဏ်းဆရာတို့ကို “လှည်းမှူးသဖွယ် ဖြစ်၏”ဟူ၍ ဆိုအပ်ပါကုန်၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် (ဂိုဏ်းဆရာတို့တွင်) အမြတ်ဆုံး ဖြစ် တော်မူပါပေ၏၊ ထိုဂိုဏ်းဆရာတို့သည်ကား အရှင်ဘုရား၏ ဉာဏ်တော်အတွင်း၌ ဝင်ကြရပါ ကုန်၏။

--

၃၆၉။ သဗ္ဗညုမြတ်စွာဘုရား အရှင်ဘုရား၏ ဉာဏ်တော်ဖြင့် များစွာသော လူအပေါင်းကို ကယ်တင်တော်မူပါပေ၏၊ (သတ္တဝါအားလုံးတို့သည် ) အရှင်ဘုရားအား ဖူးမြင်ရခြင်းကို အကြောင်းပြု၍ ဒုက္ခ၏ အဆုံးကို ပြုကြရပါကုန်လတ္တံ့။

၃၇၀။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား လောက၌ ဤနံ့သာမျိုး အားလုံးတို့သည် ကြိုင်လှိုင်လျက် ရှိပါကုန်၏၊ ကောင်းမှုစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ် သော မြတ်စွာဘုရား အရှင်ဘုရား၏ အနံ့နှင့် တူသော ရနံ့သည် မရှိပါ။

၃၇၁။ စက္ခ္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် တိရစ္ဆာန်ဘဝကိုလည်း ကောင်း၊ ငရဲကိုလည်းကောင်း လွတ်စေတော်မူပါလော့။ မြတ်စွာဘုရား အရှင်ဘုရားသည် ငြိမ်သက်သော အကြောင်းတရားတို့ ပြုပြင်ခြင်းကင်းသော နိဗ္ဗာန်ကို ဟောကြားတော်မူပါ (ဟု လျှောက်၏)။

၃၇၂။ ပေးလှူဖွယ်ပစ္စည်းတို့ကို အလှူခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။

၃၇၃။ အကြင်သူသည် ငါဘုရား၏ ဉာဏ်တော်ကို ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ပူဇော်၏၊ ထိုသူ့ကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကား ကို နာယူကြကုန်လော့။

၃၇၄။ ဤသူသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ် တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့ (ဟု ဟောတော်မူ၏)။

၃၇၅။ ငါသည် လာဘ်ကောင်း, လာဘ်မြတ်ကို ရသူ ဖြစ်ပေ၏၊ ကောင်းသော အကျင့် ရှိသော မြတ်စွာဘုရားကို အားရနှစ်သက်စေ၍ အာသဝတရားအားလုံးတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ နေရပေ၏။

၃၇၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၇၇။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၃၇၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥဒေနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် ဥဒေနတ္ထေရအပဒါန် ပြီး၏။

လေးဆယ့်တစ်ခုမြောက် မေတ္တေယျဝဂ် ပြီး၏။

--

၄၂-ဘဒ္ဒါလိဝဂ်

၁-ဘဒ္ဒါလိတ္ထေရအပဒါန်

။ မြင့်မြတ်တော်မူသည်ဖြစ်၍ မဟာကရုဏာရှိတော်မူသော လောကတွင် အမြတ်ဆုံး ဖြစ်၍ ရဟန်းမြတ် ဖြစ်တော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာကို အလိုရှိတော်မူသည်ဖြစ်၍ ဟိမဝန္တာသို့ ကြွတော်မူ၏။

။ ယောက်ျားမြတ်ဖြစ်တော်မူသော လောက၏ ရှေ့သွား သုမေဓာမြတ်စွာဘုရားသည် ဟိမဝန္တာသို့ ဝင်ရောက်တော်မူပြီးလျှင် တင်ပလ္လင်ဖွဲ့ခွေ နေထိုင်တော်မူ၏။

။ ယောက်ျားမြတ်ဖြစ်တော်မူသော လောက၏ ရှေ့သွား သုမေဓာမြတ်စွာဘုရားသည် သမာပတ် ဝင်စားလျက် ခုနစ်နေ့, ခုနစ်ညဉ့်တို့ပတ်လုံး ထိုင်နေတော်မူ၏။

။ ငါသည် ရသေ့ပရိက္ခရာဝန်ကို ယူ၍ တောသို့ ဝင်ရောက်ခဲ့၏၊ ထိုလောက၌ ဩဃကို လွန်မြောက်တော်မူသော အာသဝေါ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

။ ထိုအခါ တံမြက်စည်းကို ယူ၍ သင်္ခမ်းကျောင်းကို တံမြက်လှည်းပြီးလျှင် တိုင် လေးတိုင်ကို စိုက်ထူ၍ မဏ္ဍပ်ကို ဆောက်လုပ်ခဲ့၏။

။ ငါသည် အင်ကြင်းပန်းကို ယူဆောင်၍ မဏ္ဍပ်ကို မိုးခဲ့၏၊ ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုး၏။

။ ကောင်းသောပညာရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော အကြင်မြတ်စွာဘုရားကို သုမေဓာဟူ၍ ဆိုကြကုန်၏၊ (ထိုမြတ်စွာဘုရားသည်) ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေ တော်မူပြီးလျှင် ဤဂါထာတို့ကို ဟောတော်မူ၏။

။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် “ဧကန်မုချ တရားဟောတော်မူ၏”ဟု မြတ်စွာဘုရား၏ စကား (အသံ) တော်ကို သိသဖြင့် နတ်အားလုံးတို့ စုဝေးကြကုန်၏။

။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော သုမေဓာမြတ်စွာဘုရားသည် နတ် အပေါင်း (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။

၁၀။ အကြင်သူသည် အင်ကြင်းပန်းဖြင့် မိုးအပ်သော မဏ္ဍပ်ကို ငါ့အား ခုနစ်ရက်ပတ်လုံး ဆောင်းမိုးပေ၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့ -

၁၁။ (ဤသူသည်) နတ်ြ ဖစ် သော်လည်း ကောင်း၊ လူြ ဖစ် သော်လည်း ကောင်း ရွှေအဆင်း ရှိသူ ဖြစ် လတ္တံ့၊ စည်းစိမ်ဥစ္စာများသူ ဖြစ်၍ ကာမဂုဏ်ကို ခံစားရသူ ဖြစ်လတ္တံ့။

၁၂-၁၃။ အလုံးစုံ တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ခါးကြိုးရှိကုန်သော ၊ ရွှေတန်ဆာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ၊ မှိန်းနှင့် ချွန်းကို လက်စွဲသော ဆင်စီးသူရဲတို့ တက်စီးအပ်ကုန်သော မာတင်္ဂဆင်ပေါင်း ခြောက်သောင်းတို့သည် ညဉ့်ရောနေ့ပါ ခစားခြင်းငှါ ဤသူ့ထံသို့ လာရောက်ကုန်လတ္တံ့၊ ဤသူသည် ထိုဆင်တို့ဖြင့် ခြံရံလျက် မွေ့လျော်ရလတ္တံ့။

၁၄-၁၅။ အလုံးစုံ တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ၊ အမျိုးအားဖြင့် အာဇာနည် မျိုးဖြစ်ကုန်သော ၊ လျင်မြန်စွာ ဝန်ကို ဆောင်တတ်ကုန်သော ၊ သက်တင်ရေးနှင့် တူသော လေးကို ဆောင်ကုန်သော မြင်းစီးသူရဲတို့သည် တက်စီးအပ်ကုန်သော သိန္ဓောမြင်းပေါင်း ခြောက်သောင်းတို့သည် ဤသူကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

--

၁၆-၁၇။ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ၊ ကျားသစ်ရေ, ကျားရေတို့ဖြင့် ကျက်အပ်ကုန်သော ၊ မြဲမြံစွာ ဖွဲ့ချည်အပ်ကုန်သော ၊ စိုက်ထူထားသော အလံ ရှိကုန်သော ၊ လေးကို့လက်စွဲကုန်သော ၊ ချပ်မိန်ညိုဝတ်ဆင်သည့် ရထားစီးသူရဲတို့သည် တက် စီးအပ်ကုန်သော ရထားခြောက်သောင်းတို့သည် ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရ ခြင်းသည် ဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၈။ အကြွင်းမဲ့ ပြည့်စုံကုန်သော ခြောက်သောင်းသော ရွာတို့သည်လည်းကောင်း၊ များ သော ဥစ္စာစပါးရှိကုန်သော, အလုံးစုံ အလွန်ကြွယ်ဝကုန်သော ရွာပေါင်း ခြောက်သောင်းတို့သည်လည်းကောင်း အခါခပ်သိမ်း ထင်ရှားဖြစ်ပေါ်ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဘုရား ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၉။ ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်ဟူသော အင်္ဂါလေးပါးရှိသော စစ်တပ် တို့သည် ဤသူကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၀။ ကမ္ဘာတစ်ထောင့်ရှစ်ရာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ စကြဝတေးမင်းလည်း အကြိမ်တစ်ထောင်တိုင်တိုင် ဖြစ်လတ္တံ့။

၂၁။ အကြိမ်သုံးရာတို့တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ် မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၂၂။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၂၃။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံ သားတော်ဖြစ်၍ အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ နေရ လတ္တံ့ (ဟု ဟောတော်မူ၏)။

၂၄။ ငါသည် ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရ၏၊ ဤအခါမှစ၍ အမြိုက်နိဗ္ဗာန်ကို ရှာမှီးခဲ့၏။

၂၅။ ငါသည် သာသနာကို အကြင့်ကြောင့် သိ၏၊ ထိုသို့သိရခြင်းသည် ငါ့အား အရတော်ပေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေ၏၊ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၆။ ယောက်ျားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရား၏ ဉာဏ်တော်ကို ချီးကျူးခဲ့ခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါ၏။

၂၇။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှ အားလုံးတို့၌ ချမ်းသာသူ ဖြစ်ရပေ၏၊ (ဤအကျိုးသည်) ဉာဏ်တော်ကို ချီးကျူးခြင်းကြောင့် ဖြစ်သော ငါ၏ အကျိုးပေတည်း။

၂၈။ ဤဘဝသည် နောက်ဆုံးပေတည်း၊ ငါ့အား နောက်ဆုံးဘဝသည် ဖြစ်ပေ၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရပေ၏။

--

၂၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရပေ၏။

၃၀။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ပြုကျင့်အပ်ပါပြီ။

၃၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဘဒ္ဒါလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော ဘဒ္ဒါလိတ္ထေရအပဒါန် ပြီး၏။

၂-ဧကဆတ္တိယတ္ထေ္ထရအပဒါန်

၃၂။ စန္ဒဘာဂါမြစ်ကမ်း၌ ငါသည် သခင်္မ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်၏၊ (ထို ကျောင်း၌) အလွန်စင်ကြယ်သော သဲဖြင့် ပြွမ်း၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ပြုလုပ် ဖန်ဆင်းအပ်၏။

၃၃။ မြစ်ငယ်သည် တိမ်သော ကမ်းရှိ၏၊ ကောင်းသော ဆိပ်ကမ်းရှိသည် ဖြစ်၍ စိတ်နှလုံးကို မွေ့လျော်စေနိုင်ပေ၏၊ ငါး, လိပ်တို့နှင့် ပြည့်စုံ၏၊ မိကျောင်းတို့ မှီဝဲနေထိုင်ရာ ဖြစ်ပေ၏။

၃၄။ ဝံ, ကျားသစ်, ဥဒေါင်း, ကရဝိက်, သာလိကာတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် အခါခပ်သိမ်း တွန်မြူးကြကုန်၏။

၃၅။ သာယာစွာ တွန်မြည်လေ့ရှိသော ဥဩတို့သည်လည်းကောင်း၊ ချိုမြိန်သော အသံရှိ ကုန်သော ဟင်္သာတို့သည်လည်းကောင်း ထိုသတ္တဝါတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့် တယ်စေကုန်လျက် ထိုအရပ်၌ အလွန် တွန်မြူးကြကုန်၏။

၃၆။ ခြင်္သေ့, ကျား, ဝက်, ဝက်ဝံ, ဝံပုလွေ, အောင်းတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် တောင်ချောက်၌ မြည်ကြကုန်၏။

၃၇။ ဧဏီမည်သော သားကောင်တို့သည်လည်းကောင်း၊ သမင်ဆီးဆောက်တို့သည်လည်း ကောင်း၊ မြေခွေးတို့သည်လည်းကောင်း၊ ဝက်တို့သည်လည်းကောင်း များပြားသော သတ္တဝါ တို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် တောင်ချောက်၌ မြည်ကြကုန်၏။

၃၈။ ငုစပ်ပင်, စံကားပင်, သခွတ်ပင်, ရေဥနှဲပင်, စစ်ကြီးပင်, သော်ကပင်တို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၃၉။ မှန်ကူပင်, စံပယ်ကြီးပင်, မိုးစွေပင်, လိပ်ဆူးရွှေပင်, မဟာလှေကားပင်တို့သည်လည်း ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက် ပွင့်ကြကုန်၏။

--

၄၀။ ဤအရပ်၌ ကံ့ကော်ပင်, အင်ကြင်းပင်, ထင်းရှူးပင်, ကြာပုဏ္ဍရိက်ပင်တို့သည် ပွင့်ကုန်သည်ရှိသော် နတ်ရနံ့တို့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့် တယ်စေကုန်၏။

၄၁။ ဤအရပ်၌ ဖောက်ကြံ့ (ထောက်ကြံ့) ပင်, ပိတောက်ပင်, ရှားစောင်းပင်တို့သည်လည်း ကောင်း၊ သာလ (အင်ကြင်း) ပင်, ဥပါသကာပင်တို့သည်လည်းကောင်း ပွင့်ကုန်သည်ရှိသော် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၄၂။ သရက်ပင်, သပြေပင်တို့သည်လည်းကောင်း၊ ပြည့်စင်ပင်, တမာပင်တို့သည်လည်း ကောင်း၊ ကြောင်လျှာပင်တို့သည်လည်းကောင်း နတ်ရနံ့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၄၃။ ဤအရပ်၌ သော်ကပင်, သီးပင်တို့သည်လည်းကောင်း၊ တောင်၌ ပေါက်သော ပန်းပင်တို့သည်လည်းကောင်း ပွင့်ကုန်သည်ရှိသော် နတ်ရနံ့ကို ကြိုင်လှိုင်စေကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၄၄။ ထိမ်ပင်, ငှက်ပျောပင်တို့သည်လည်းကောင်း၊ စိုက်ပျိုးအပ်ကုန်သော ရသေ့စားပဲပင် တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက် အမြဲမပြတ် အသီး သီးလျက် ရှိကုန်၏။

၄၅။ သဖန်ခါးပင်, သျှိသျှားပင်တို့သည်လည်းကောင်း၊ သရက်ပင်, သပြေပင်, သစ်ဆိမ့် ပင်တို့သည်လည်းကောင်း၊ ဆီးပင်တို့သည်လည်းကောင်း၊ ချေးပင်တို့သည်လည်းကောင်း၊ ဥသျှစ်ပင်တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်းအနီး၌ အသီးသီးလျက် ရှိကုန်၏။

၄၆။ ထိုသင်္ခမ်းကျောင်း၏ အနီး၌ လေးထောင့်ကန်သည် ကောင်းသော ရေဆိပ်ရှိသည် ဖြစ်၍့စိတ်နှလုံးကို မွေ့လျော်စေနိုင်၏။ မျောက်လှေကူးတို့ဖြင့်လည်းကောင်း၊ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်လည်းကောင်း ဖုံးလွှမ်းလျက် ရှိ၏။

၄၇။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ အချို့သော ပဒုမ္မာကြာတို့သည် ဖူးငုံလျက် ရှိကုန်၏၊ အချို့သော ကြာတို့သည် ဝတ်ဆံစွင့်စွင့် ပွင့်လျက် ရှိကုန်၏၊ အချို့သောကြာတို့သည် အရွက် ကြွေကျ ကြာခွက်မျှ ရှိကုန်လျက် ပွင့်ကြကုန်၏။

၄၈။ ငါးဖယ်တို့သည်လည်းကောင်း၊ ငါးတန်, ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်းတို့သည်လည်းကောင်း ကြည်လင်သော ရေ၌ လှည့်လည်ကုန်လျက် ငါ၏ သင်္ခမ်း ကျောင်းကို တင့်တယ်စေကုန်၏။

၄၉။ နယိတပင်, သရက်နံ့ရှိသော ပန်းပင်တို့သည်လည်းကောင်း၊ ကမ်းနား၌ ပေါက် ရောက်ကုန်သော ဆပ်သွားပင်တို့သည်လည်းကောင်း နတ်ရနံ့ကို ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၅၀။ ပျားရည်သည် ကြာစွယ်မှ ယိုစီးလျက် ရှိ၏၊ ကြာရင်းတို့မှ နို့ထောပတ်နှင့် တူ သော အရည်သည် ယိုစီးလျက် ရှိ၏၊ နတ်ရနံ့တို့ ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၅၁။ ထိုသင်္ခမ်းကျောင်း (အနီး) ၌ တင့်တယ်လှပသော သဲတို့သည် ရောပြွမ်းလျက် ရှိ ကုန်၏၊ ရေကို မှီသော ပန်းပင်ငယ်တို့သည် ပွင့်ကုန်သည်ရှိသော် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက် ဖြစ်ထွန်းကုန်၏။

၅၂။ ရသေ့ပရိက္ခရာဝန်တို့ဖြင့် ပြည့်ကုန်သော သစ်နက်ရေအပေါ်ရုံကို ဝတ်ကုန်သော လျှော်တေသင်္ကန်းကို ဆောင်ကုန်သော ရသေ့အားလုံးတို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

--

၅၃။ ထမ်းပိုးတစ်ပြန်မျှသာ ကြည့်ရှုကုန်သော ရင့်ကျက်သော ပညာရှိကုန်သော ငြိမ် သက်သော ဖြစ်ခြင်းရှိကုန်သော ရသေ့တို့သည် ကာမစည်းစိမ်ကို ငဲ့ကွက်ခြင်း မရှိဘဲ ငါ၏ သင်္ခမ်းကျောင်း၌ နေကြကုန်၏။

၅၄။ ပေါက်ရောက်သော လက်ကတီးမွေး (ချိုင်းမွေး) ရှိကုန်သော ၊ ရှည်သော လက်သည်း, ခြေသည်း, မုတ်ဆိတ်, ကြင်စွယ်မွေးရှိကုန်သော ၊ သွားချေးကပ်သော သွားရှိကုန်သော ၊ ဦးခေါင်း၌ မြူရှိကုန်သော ၊ အညစ်အကြေးကို ဆောင်ကုန်သော ရသေ့အားလုံးတို့သည် ငါ၏ သင်္ခမ်းကျောင်း၌ နေကြကုန်၏။

၅၅။ ထိုရသေ့တို့သည် အဘိညာဉ်၌ အထွတ်အထိပ်သို့ ရောက်ကုန်၏၊ ကောင်းကင်၌ လှည့်လည်သွားလာကုန်၏၊ ထိုရသေ့တို့သည် ကောင်းကင်သို့ ပျံတက်ကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၅၆။ ထိုအခါ၌ (ငါသည် ) ထိုတပည့်တို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ တော၌ နေ၏၊ အခါခပ်သိမ်း ဈာန်ဝင်စားခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ နေ့, ညဉ့်ကို မသိချေ။

၅၇။ ထိုအခါ၌ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော လောက၏ ရှေ့သွား အတ္ထဒဿီမြတ်စွာဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးလျက် ပွင့် တော်မူ၏။

၅၈။ ထိုအခါ၌ တပည့်တစ်ဦးသည် ဗေဒင်သုံးပုံတွင် ဆဠင်္ဂမည်သော လက္ခဏာကျမ်းကို သင်လိုသည် ဖြစ်၍ သာလျှင် ငါ၏ အထံသို့ ရောက်လာ၏။

၅၉။ သစ္စာလေးပါးကို သိတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလျက် ရှိ၏၊ သစ္စာလေးပါးကို ပြတော်မူလျက် အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူပေ၏ (ဟု ငါ့အား ပြောဆို၏)။

၆၀။ ငါသည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်သည် ဖြစ်၍ ထူးခြားသော တရားအပေါင်းကို အလိုရှိသည် ဖြစ်၍ သင်္ခမ်းကျောင်းမှ ထွက်ပြီးလျှင် ဤစကားကို ပြောဆို၏။

၆၁။ လောက၌ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံတော်မူ သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ လာကြကုန်လော့၊ ငါတို့အားလုံးတို့သည် မြတ်စွာဘုရား အထံတော်သို့ သွားကြကုန်အံ့။

၆၂။ ဆုံးမခြင်းကို လိုက်နာကုန်သော သူတော်ကောင်းတရား၌ အထွတ်အထိပ်သို့ ရောက် ကုန်သော မြတ်သော အကျိုးကို ရှာမှီးကုန်သော ထိုတပည့်တို့သည် “ကောင်းပါပြီ”ဟု ဝန်ခံ ကြကုန်၏။

၆၃။ ထိုအခါ ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်ကုန်သော သစ်နက်ရေအပေါ်ရုံကို ဝတ်ကုန်သော ထိုတပည့် (ရသေ့) တို့သည် မြတ်သော အကျိုးကို ရှာမှီးလိုကုန်သည်ဖြစ်၍ တောမှ ထွက်ကြ ကုန်၏။

၆၄။ ထိုအခါ၌ အခြံအရံ များပြားတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် သစ္စာ လေးပါးကို ပြတော်မူလျက် အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူ၏။

၆၅။ ငါသည် ထီးဖြူကို ယူ၍ ဘုရားမြတ်အား ဆောင်းမိုး၏၊ ငါသည် တစ်ရက်မျှ ဆောင်းမိုးပြီးလျှင် ဘုရားမြတ်အား ရှိခိုးခဲ့၏။

၆၆။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏ -

၆၇။ အကြင်သူသည် ငါဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ထီးကို ဆောင်း မိုးပေ၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာကြကုန်လော့။

--

၆၈။ နတ်ပြည်၌လည်းကောင်း၊ ထို့ပြင် လူ့ပြည်၌လည်းကောင်း ဖြစ်သော ဤသူအား ထီးသည် အခါခပ်သိမ်း ဆောင်းမိုးလတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ထီးလှူရခြင်း၏ အကျိုး ပေတည်း။

၆၉။ ဤသူသည် ခုနစ်ဆယ့်ခုနစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့။ အကြိမ် တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။

၇၀။ ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရလတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၇၁။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်၍ စက္ခုငါးမျိုးရှိတော်မူသော ဂေါတမမြတ်စွာဘုရားသည် မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးလျက် ပွင့်တော်မူလတ္တံ့။

၇၂။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍ အာသဝအားလုံးတို့ကို ပိုင်းခြားသိ၍ အာသဝမရှိဘဲ နေရလတ္တံ့ (ဟု ဟော တော်မူ၏)။

၇၃။ ငါသည် အကြင်အခါမှ (စ၍) မြတ်စွာဘုရားအား ထီးကို ဆောင်းမိုးမှုကို ပြုခဲ့၏၊ ဤအတွင်း၌ ထီးဖြူမဆောင်းဖူးသည်ကို မသိရပေ။

၇၄။ ငါ၏ ဤဘဝသည်ကား အဆုံးစွန်သော ဘဝတည်း၊ ငါ့အား နောက်ဆုံးဘဝ ဖြစ်ပေ၏၊ ယခုအခါလည်း ထီးဆောင်းခံရခြင်းသည် အခါခပ်သိမ်း ဖြစ်၏။

၇၅။ အတ္ထဒဿီမြတ်စွာဘုရားအား ကောင်းစွာ ပြုလုပ်ခဲ့သော ငါ၏ကံသည် အံ့ဩဖွယ် ရှိပေစွ၊ အာသဝတရားအားလုံးကုန်ပြီ၊ ယခု ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းသည် မရှိတော့ပြီ။

၇၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝတရား မရှိဘဲ နေရပေ၏။

၇၇။ စင်စစ် ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၇၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဆတ္တိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဧကဆတ္တိယတ္ထေရအပဒါန် ပြီး၏။

--

၃-တိဏသူလကဆာဒနိယတ္ထေရအပဒါန်

၇၉။ ထိုအခါ ငါသည် ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်းကို စဉ်းစားဆင်ခြင်ခဲ့၏၊ တစ်ယောက်တည်း တောထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက်၏။

၈၀။ ငါသည် အစဉ်အတိုင်း လှည့်လည်သည်ရှိသော် ဂင်္ဂါမြစ်ကမ်းသို့ ရောက်၏၊ ထို ဂင်္ဂါမြစ် ကမ်း၌ မြင့်မောက်လျက်ရှိသော မြေကြီးကို တွေ့မြင်ရပေ၏။

၈၁။ ထိုနေရာ၌ သင်္ခမ်းကျောင်းကို ဖန်ဆင်း၍ ငါသည် ထိုသင်္ခမ်းကျောင်း၌ပင် နေ၏၊ ကောင်းစွာ ပြုလုပ်အပ်သော ငါ၏ စင်္ကြံသည် အမျိုးမျိုးသော ငှက်အပေါင်းတို့နှင့် စပ်ယှဉ်လျက် ရှိ၏။

၈၂။ (ငှက်တို့သည် ) ကြောက်ရွံ့ခြင်း မရှိဘဲ ငါ့ထံသို့လည်း ချဉ်းကပ်ကုန်၏၊ စိတ်ကို ဆွဲဆောင်နိုင်သော အသံကိုလည်း တွန်ကျူးကြကုန်၏၊ ငါသည် သင်္ခမ်းကျောင်း၌ ထိုငှက် တို့နှင့် အတူတကွ မွေ့လျော်ပျော်ရွှင်စွာ နေ၏။

၈၃။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ အခြေလေးချောင်းဖြင့် သွားတတ်သော ခြင်္သေ့သည် ရှိ၏၊ ထိုခြင်္သေ့သည် နေရာမှ ထွက်၍ ‘မိုးကြိုးသံကဲ့သို့’ ဟိန်းဟောက်လေ၏။

၈၄။ ခြင်္သေ့ဟိန်းဟောက်သည်ရှိသော် ငါ့အား ရွှင်လန်းခြင်းသည် ဖြစ်ပေါ်လာလေ၏၊ ငါသည် ခြင်္သေ့ကို ရှာဖွေသည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

၈၅။ နတ်ထက်နတ် ဖြစ်တော်မူ၍ လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော တိဿမြတ်စွာဘုရားကို ဖူးမြင်ရ၍ ရွှင်လန်းသော ငါသည် ရွှင်ပျသော စိတ်ဖြင့် ကံ့ကော် ဝတ်ဆံကို ပူဇော်ခဲ့၏။

၈၆။ ‘တက်လာသော နေမင်းကဲ့သို့လည်းကောင်း၊ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်း ကောင်း၊ ထွန်းတောက်တင့်တယ် သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားကို ချီးကျူးခဲ့၏။

၈၇။ သဗ္ဗညုမြတ်စွာဘုရား အရှင်ဘုရားသည် အရှင်ဘုရား၏ ဉာဏ်တော်ဖြင့် နတ်နှင့် တကွသော ဤလောကကို လွတ်မြောက်စေတော်မူပါပေ၏၊ (ထိုသူတို့သည် ) အရှင်ဘုရားအား နှစ်သက်စေကုန်၍ ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကြပါကုန်၏။

၈၈။ သဗ္ဗညုမြတ်စွာဘုရား (ထိုသူတို့သည် ) တရားအားလုံးကို သိမြင်လေ့ရှိသော ဘုရား ရှင်တို့ကို မဖူးမြင်ရခြင်းကြောင့် ရာဂ, ဒေါသတို့ တွေ့ထိနှိပ်စက်အပ်ကုန်သည် ဖြစ်၍ အဝီစိ ငရဲသို့ ကျရောက်ပါကုန်၏။

၈၉။ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား (ထိုသူတို့သည် ) အရှင်ဘုရား အား ဖူးမြင်ရခြင်းကို အကြောင်းပြု၍ ဘဝအားလုံးမှ လွတ်မြောက်ကြပါကုန်၏၊ နိဗ္ဗာန်သို့ ရောက်ရပါကုန်၏။

၉၀။ အကြင်အခါ၌ စက္ခုငါးမျိုးရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော်မူကုန်သော ဘုရားရှင်တို့သည် ပွင့်တော်မူကုန်၏၊ ထိုဘုရားရှင်တို့သည် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေကုန်၍ အလင်းရောင်ကို ပြတော်မူကြပါကုန်၏။

၉၁။ လောက၏အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော တိဿမြတ်စွာဘုရားကို ချီးကျူး (လျှောက်ထား) ပြီးလျှင် နှစ်သက်ရွှင်ပျသော စိတ်ဖြင့် ကြက်ရုန်းပန်းကို ပူဇော်ခဲ့၏။

--

၉၂။ တိဿမြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိ၍ မိမိနေရာ၌ ထိုင်နေလျက် ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏။

၉၃။ အကြင်သူသည် ငါ့အား ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့် ပန်းတို့ကို ဖုံးလွှမ်း ပူဇော်၏၊ ထိုသူ့ကို ငါသည် ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့။

၉၄။ ထိုသူသည် နှစ်ဆယ့်ငါးကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ ခုနစ်ဆယ့်ငါး ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။

၉၅။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။ ထိုကံ၏ အကျိုးဆက်ကြောင့်လည်းကောင်း၊ ပန်းပူဇော်မှုကြောင့်လည်းကောင်း၊

၉၆။ ဤသူသည် ဦးခေါင်းလျှော် ရေချိုးပြီး၍လည်း ပန်းပန်ခြင်းကို အလိုရှိလတ်သော် ကောင်းမှုကံနှင့် ယှဉ်သော ပန်းသည် ရှေ့၌ ထင်ရှားဖြစ်ပေါ်လတ္တံ့။

၉၇။ ကာမဂုဏ်တို့ဖြင့် အကြင်အကြင်ဝတ္ထုကို အလိုရှိအံ့၊ ထိုထိုဝတ္ထုသည် (သူ့အား) ထင်ရှား ဖြစ်ပေါ်လတ္တံ့၊ (ထိုသူသည်) စိတ်အကြံကို ပြည့်စုံစေ၍ အာသဝ မရှိဘဲ ပရိနိဗ္ဗာန် ပြုရလတ္တံ့ (ဟု ဟောတော်မူ၏)။

တစ်ဆယ့်ရှစ်ခုမြောက် ဘာဏဝါရ ပြီး၏။

၉၈။ ငါသည် ဆင်ခြင်မှု “ပညာ", အောက်မေ့မှု “သတိ"နှင့် ပြည့်စုံလျက် တစ်ခုတည်း သော နေရာ၌ ထိုင်၍ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၉၉။ ငါသည် စင်္ကြံသွားသော်လည်းကောင်း၊ လျောင်းသော်လည်းကောင်း၊ ထိုင်သော်လည်း ကောင်း၊ ထို့ပြင် ရပ်သော်လည်းကောင်း ဘုရားမြတ်ကို အခါခပ်သိမ်း အောက်မေ့၍ နေထိုင်၏။

၁၀၀။ သင်္ကန်း၌လည်းကောင်း၊ ဆွမ်း၌လည်းကောင်း၊ ဆေးပစ္စည်း၌လည်းကောင်း၊ ကျောင်း အိပ်ရာနေရာ၌လည်းကောင်း ထိုပစ္စည်းလေးပါး၌ ငါ့အား ယုတ်လျော့ခြင်း မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၀၁။ ယခုအခါ ထိုငါသည် သေခြင်း မရှိ၍ ငြိမ်သက်သော အမြတ်ဆုံး အမြိုက်နိဗ္ဗာန်သို့ ရောက်ပေပြီ၊ အာသဝတရားအားလုံးတို့ကို ပိုင်းခြားသိ၍ အာသဝ မရှိဘဲ နေရပေ၏။

၁၀၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၀၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။

၁၀၄။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၀၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်တိဏသူလကဆာဒနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် တိဏသူလကဆာဒနိယတ္ထေရအပဒါန် ပြီး၏။

--

၄-မဓုမံသဒါယကတ္ထေရအပဒါန်

၁၀၆။ ငါသည် ဗန္ဓုမတီမြို့၌ ဝက်သားသည် (ဝက်သတ်သမား) ဖြစ်ခဲ့၏၊ အဖျဉ်း, အဆုတ်, အသားကို ချက်၍ ကောင်းမြတ်သော အသား၌ သွန်းလောင်း၏။

၁၀၇။ ငါသည် (သံဃာ့) အစည်းအဝေးသို့ သွား၍ သပိတ်တစ်လုံးကို ယူခဲ့၏၊ ငါသည် ထိုသပိတ်ကို ပြည့်စေ၍ ရဟန်းသံဃာအား ပေးလှူခဲ့၏။

၁၀၈။ ထိုအခါ ဤအစည်းအဝေး၌ မထေရ်ကြီးဖြစ်သော ရဟန်းသည် “ဤကောင်းမြတ် သော အသားဖြင့် ပြည့်သော သပိတ်ကို လှူရခြင်းကြောင့် ပြန့်ပြောသော ချမ်းသာကို ရစေ သော”ဟု ငါ့ကို ဆုပေးလေ၏။

၁၀၉။ စည်းစိမ်နှစ်မျိုးတို့ကို သုံးဆောင်ခံစားပြီးလျှင် ဖြူစင်သော အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ အဆုံးစွန်သော ဘဝဖြစ်လတ်သော် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေနိုင်လတ္တံ့။

၁၁၀။ ငါသည် အလှူ၌ စိတ်ကို ကြည်လင်စေ၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏၊ ထိုတာဝတိံသာနတ်ပြည်၌ (အလိုရှိတိုင်း) စား၍လည်းကောင်း၊ သောက်၍လည်းကောင်း ပြန့် ပြောသော ချမ်းသာကို ရရှိပေ၏။

၁၁၁။ မဏ္ဍပ်၌ဖြစ်စေ, သစ်ပင်ရင်း၌ဖြစ်စေ ရှေးကံကို အမှတ်ရပေ၏၊ ထိုခဏ၌ ငါ့ အတွက် ထမင်း, အဖျော်မိုးသည် ရွာသွန်းလေ၏။

၁၁၂။ ဤဘဝသည် ငါ၏ နောက်ဆုံးဘဝတည်း၊ အဆုံးစွန်သောဘဝ ဖြစ်ပေ၏၊ ဤ နောက်ဆုံး ဘဝ၌လည်း ထမင်း, အဖျော်သည် ငါ့အတွက် အခါခပ်သိမ်း ရွာသွန်းလျက် ရှိပေ၏၊

၁၁၃။ ငါသည် ထိုကောင်းမြတ်သော အသားအလှူကြောင့်ပင်လျှင် ဘဝအမျိုးမျိုး၌ ကျင် လည်ပြီး၍ အာသဝတရား အားလုံးတို့ကို ပိုင်းခြားသိ၍ အာသဝမရှိဘဲ နေရပေ၏။

၁၁၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမြတ်သော အသားကို လှူရခြင်း၏ အကျိုးပေတည်း။

၁၁၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၁၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဓုမံသဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် မဓုမံသဒါယကတ္ထေရအပဒါန် ပြီး၏။

--

၅-နာဂပလ္လဝတ္ထေရအပဒါန်

၁၁၈။ ငါသည် ဗန္ဓုမတီမြို့ မင်းဥယျာဉ်၌ နေခဲ့၏၊ ထိုအခါ ငါ၏ သခင်္မ်းကျောင်းအနီး၌ မြတ်စွာဘုရားသည် ထိုင်နေတော်မူ၏။

၁၁၉။ ငါသည် ကံ့ကော်ညွန့်ကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏၊ ကြည် လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးခဲ့၏။

၁၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကံ့ကော်ညွန့်ကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၂၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။

၁၂၂။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နာဂပလ္လဝမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် နာဂပလ္လဝတ္ထေရအပဒါန် ပြီး၏။

၆-ဧကဒီပိယတ္ထေရအပဒါန်

၁၂၄။ လောက၏ ရှေ့သွား သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် နတ်နှင့် တကွသော လူအားလုံးတို့သည် မြတ်စွာဘုရားကို ပူဇော်ကြကုန်၏။

၁၂၅။ လောကရှေ့သွား သိဒ္ဓတ္ထမြတ်စွာဘုရား (အလောင်းတော်) ကို နံ့သာထင်းပုံထက်သို့ တင်အပ်ပြီးသည်ရှိသော် မိမိတို့အားစွမ်းအလျောက် မြတ်စွာဘုရား၏ နံ့သာထင်းပုံကို ပူဇော် ကြကုန်၏။

၁၂၆။ ငါသည် နံ့သာထင်းပုံ၏ အနီး၌ ဆီမီးကို ညှိထွန်းပူဇော်ခဲ့၏၊ နေထွက်သည်တိုင် အောင်ပင် ငါ၏ ဆီမီးသည် တောက်ပလျက် ရှိလေ၏။

၁၂၇။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ တောင့်တမှုတို့ ကြောင့်လည်းကောင်း ငါသည် လူ့ခန္ဓာကိုယ်ကို စွန့်သည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရပေ၏။

၁၂၈။ ထိုတာဝတိံသာနတ်ပြည်၌ ကောင်းစွာ ပြုအပ်သော ဗိမာန်သည် “ဧကဒီပိဗိမာန်”ဟု ထင်ရှား၏၊ ငါ၏ ဗိမာန်၌ ဆီမီးတစ်သိန်းတို့သည် တောက်ပကုန်၏။

--

၁၂၉။ ငါ၏ ကိုယ်သည် အခါခပ်သိမ်း ‘တက်လာသော နေမင်းကဲ့သို့’ ထွန်းတောက်ပ၏။ ကိုယ်၏ အရောင်တို့ဖြင့် ငါ့အား အလင်းရောင်သည် အခါခပ်သိမ်း ဖြစ်၏။

၁၃၀။ နံရံတစ်ဖက်ကိုလည်းကောင်း၊ ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း၊ တောင်ကိုလည်းကောင်း ကျော်လွန်၍ ငါသည် ထက်ဝန်းကျင်မှ ယူဇနာတစ်ရာတိုင်အောင် မျက်စိဖြင့် မြင်ရ၏။

၁၃၁။ ငါသည် ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်တိုင်လည်း နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏၊ သုံးဆယ့်တစ်ကြိမ်တိုင်အောင်လည်း နတ်မင်းအဖြစ်ကို ပြုခဲ့ရပေ၏။

၁၃၂။ ငါသည် နှစ်ဆယ့်ရှစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၁၃၃။ နတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်လေ၏၊ အမိဝမ်း၌ ဖြစ်ရသော်လည်း ငါ၏ မျက်စိသည် မှိတ်ခြင်း မရှိခဲ့ချေ။

၁၃၄။ ငါသည် မွေးဖွား၍ လေးနှစ်မျှ ရှိလတ်သော် ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊ လခွဲသို့ မရောက်မီ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပေ၏။

၁၃၅။ ငါသည် ဒိဗ္ဗစက္ခုဉာဏ်ကို စင်ကြယ်စေခဲ့၏၊ ဘဝအားလုံးကို ပယ်နုတ်အပ်ကုန်ပြီ၊ ကိလေသာအားလုံးတို့ကို ဖြတ်တောက်အပ်ကုန်ပြီ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင် လှူရခြင်း၏ အကျိုးပေတည်း။

၁၃၆။ နံရံတစ်ဖက်ကိုလည်းကောင်း၊ ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း၊ တောင် သက်သက်ကိုလည်းကောင်း ကျော်လွန်၍ မြင်ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင် လှူရခြင်း၏ အကျိုးပေတည်း။

၁၃၇။ ငါ့အား မညီညွတ်သော အရာတို့သည် ညီညွတ်လျက် ရှိကုန်၏၊ အမိုက်တိုက်သည် ငါ့အား မရှိချေ၊ ငါသည် အမိုက်မှောင်ကို မမြင်ချေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၁၃၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆီမီးကို လှူခဲ့ရသောအခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးတစ်တိုင်လှူရခြင်း၏ အကျိုးပေတည်း။

၁၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။

၁၄၀။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကဒီပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဧကဒိပိယတ္ထေရအပဒါန် ပြီး၏။

--

၇-ဥစ္ဆဂင်္ပုပ္ဖိယတ္ထေရအပဒါန်

၁၄၂။ အကြင်အခါ၌ (ငါသည် ) ဗန္ဓုမတီမြို့၌ ပန်းသည် ဖြစ်ခဲ့၏၊ (ထိုအခါ) ခါးပိုက်ကို ပြည့်စေလျက် ဈေးအတွင်းသို့ သွားခဲ့၏။

၁၄၃။ ထိုအခါ၌ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားသည် ရဟန်း အပေါင်း ခြံရံလျက် ကြီးစွာသော အာနုဘော်ဖြင့် ထွက်တော်မူ၏။

၁၄၄။ လောက၏ မီးရှူးတန်ဆောင်ဖြစ်သော လောကကို ကယ်တင်တော်မူသော ဝိပဿီ မြတ်စွာဘုရားကို ဖူးမြင်ရ၍ ခါးပိုက်မှ ပန်းကို ယူပြီးလျှင် ဘုရားမြတ်ကို ပူဇော်ခဲ့၏။

၁၄၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၄၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။

၁၄၇။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥစ္ဆင်္ဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် ဥစ္ဆဂင်္ပုပ္ဖိယတ္ထေရအပဒါန် ပြီး၏။

--

၈-ယာဂုဒါယကတ္ထေရအပဒါန်

၁၄၉။ ထိုအခါ၌ ငါသည် ခရီးလမ်း စားနပ်ရိက္ခာကို ယူ၍ ရွာငယ်သို့သွား၏၊ ရေပြည့်သော မြစ်ငယ်ကို တွေ့မြင်၍ သံဃာ့အရံသို့ ချဉ်းကပ်ခဲ့၏။

၁၅၀။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်ကုန်သည် ဖြစ်၍ ခေါင်းပါးသော သင်္ကန်းရှိကုန်သော တောကျောင်းနေ ဓုတင်ဆောင် ဈာန်ရဖြစ်သော ထိုပညာရှိ ရဟန်းတို့သည် သံဃာ့အရံ၌ နေကုန်၏။

၁၅၁။ ကိလေသာမှ ကောင်းစွာ လွတ်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော ထိုရဟန်းတို့၏ ဆွမ်းခံရာ လမ်းခရီးသည် ပြတ်တောက်လျက် ရှိ၏၊ ထိုရဟန်းတို့သည် မြစ်၏ ပိတ်ဆို့လျက် ရှိခြင်းကြောင့်သာလျှင် ဆွမ်းခံ မသွားကြကုန်။

၁၅၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိလျက် နှစ်သက်ခြင်းရှိသည် ဖြစ်၍ လက်အုပ်ချီပြီးလျှင် ငါ၏ ဆန်ကို ယူ၍ ယာဂုအလှူကို လှူဒါန်း၏။

၁၅၃။ ငါသည် ကြည်ညိုသည်ဖြစ်၍ မိမိလက်ဖြင့် ရဟန်းငါးပါးတို့အား ယာဂုကို ပေးလှူခဲ့ခြင်းကြောင့် မိမိကောင်းမှုကံကို အားရနှစ်သက်လျက် တာဝတိံသာနတ်ပြည်သို့ ရောက်ရပေ၏။

၁၅၄။ တာဝတိံသာနတ်အပေါင်း၌ ငါ့အား ပတ္တမြားဖြင့် ပြီးသော ဗိမာန်သည် ဖြစ်လေ၏၊ ငါသည် နတ်သမီးအပေါင်းတို့နှင့် တကွဖြစ်၍ ဗိမာန်မြတ်၌ ဝမ်းမြောက်ဝမ်းသာ မွေ့လျော်ရပေ၏။

၁၅၅။ သုံးဆယ့်သုံးကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည်ဖြစ်၍ သိကြားနတ်မင်း အဖြစ်ကို ပြုခဲ့ရ၏၊ အကြိမ်သုံးဆယ်တိုင်တိုင် စကြဝတေးမင်းအဖြစ်ကို ပြုခဲ့ရပေ၏။

၁၅၆။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ငါသည် လူ့ပြည်, နတ်ပြည်၌ ကိုယ်တိုင် ခံစားပြီး၍-

၁၅၇။ အဆုံးစွန်သော ဘဝသို့ ရောက်သည်ရှိသော် ရဟန်းဘောင်၌ ရဟန်းပြု၏၊ ဆံချ သည်နှင့် တစ်ပြိုင်နက် ငါသည် အလုံးစုံသော တရားကို ထိုးထွင်း၍ သိ၏။

၁၅၈။ ခန္ဓာကိုယ်ကို ကုန်ခြင်းအားဖြင့်လည်းကောင်း၊ ပျက်ခြင်းအားဖြင့်လည်းကောင်း သုံးသပ်သည်ရှိသော် သိက္ခာပုဒ် မယူမီပင် အရဟတ္တဖိုလ်သို့ ရောက်ရပေ၏။

၁၅၉။ ငါသည် အလှူမြတ်ကို ကောင်းစွာ လှူအပ်ပြီ၊ ကုန်သွယ်မှုကို ကောင်းစွာ ယှဉ်စေအပ်ပြီ၊ ငါသည် ထိုယာဂုအလှူကြောင့်သာလျှင် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။

၁၆၀။ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဖျားနာခြင်း၊ ကိုယ်ပူပန်ခြင်း၊ စိတ်ပူပန်ခြင်း ဖြစ်ဖူးသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ယာဂုလှူရခြင်း၏ အကျိုးပေတည်း။

၁၆၁။ ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အမြတ်ဆုံး ရတနာသုံးပါး၌ သံဃာတော်အား ယာဂုကို ပေးလှူရခြင်းကြောင့် အကျိုးထူးငါးပါးတို့ကို ခံစားရပေ၏၊ ပူဇော်ရခြင်းသည် အံ့ဩဖွယ် ရှိပါပေစွ။

၁၆၂။ ငါ့အား အနာရောဂါကင်းခြင်းသည်လည်းကောင်း၊ အဆင်းလှခြင်းသည်လည်း ကောင်း၊ လျင်မြန်စွာ တရားကို ဆင်ခြင်နိုင်ခြင်းသည်လည်းကောင်း၊ ထမင်း, အဖျော်ကို ရလွယ်ခြင်းသည်လည်းကောင်း၊ ငါးခုမြောက်သော အသက်ရှည်ခြင်းသည်လည်းကောင်း ဖြစ် လေ၏။

--

၁၆၃။ တစ်စုံတစ်ယောက်သောသူသည် နှစ်သက်ခြင်းကို ဖြစ်စေလျက် သံဃာအား ယာဂုကို ပေးလှူငြားအံ့၊ ထိုပညာရှိသည် ဤငါးပါးသော အရာတို့ကို ခံယူရာ၏။

၁၆၄။ ပြုဖွယ်အလုံးစုံကို ပြုအပ်ပြီ၊ ငါသည် ဘဝတို့ကို ပယ်ခွါအပ်ကုန်ပြီ၊ (ငါ့အား) အာသဝေါတရားအားလုံး ကုန်ပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

၁၆၅။ ထိုငါသည် မြတ်စွာဘုရားကိုလည်း ရှိခိုးလျက် တရားတော်အားလည်း ကောင်း သော တရားတော်အဖြစ်ကို ချီးကျူးလျက် တစ်ရွာမှ တစ်ရွာသို့ တစ်မြို့မှ တစ်မြို့သို့ လှည့်, လည်ရတော့အံ့။

၁၆၆။ ကမ္ဘာသုံးသောင်းထက်၌ ယာဂုအလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ယာဂုလှူရခြင်း၏ အကျိုးပေတည်း။

၁၆၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။

၁၆၈။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၆၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ယာဂုဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ယာဂုဒါယကတ္ထေရအပဒါန် ပြီး၏။

၉-ပတ္ထောဒနဒါယကတ္ထေရအပဒါန်

၁၇၀။ ရှေးအခါက တော၌ လှည့်လည်လေ့ရှိသည် ဖြစ်၍ အမြဲမပြတ် တောအမှု ပြုလုပ်သူ ဖြစ်ခဲ့၏၊ ငါသည် တစ်ကွမ်းစား (တစ်စလယ်) ချက်ထမင်းကို ယူပြီးလျှင် အလုပ်ဌာနသို့ သွားခဲ့၏။

၁၇၁။ ထိုတော၌ အလိုလိုဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော ပစ္စေက ဗုဒ္ဓါကို ဆွမ်းအလို့ငှါ တောမှ ထွက်ကြွတော်မူစဉ် ဖူးမြင်ရ၏၊ ဖူးမြင်ရသည်ရှိသော် စိတ်ကို ကြည်လင်စေခဲ့၏။

၁၇၂။ ငါသည် သူတစ်ပါးအလုပ်ကို ပြုလုပ်ရသူ ဖြစ်၍ ငါ့အား ကောင်းမှုသည်လည်း မရှိချေ၊ တစ်ကွမ်းစားချက်ထမင်းသည် (ငါ့အား) ရှိ၏၊ ငါသည် ပစ္စေကဗုဒ္ဓါကို ဆွမ်းကပ်ရ တော့အံ့။

၁၇၃။ ငါသည် တစ်ကွမ်းစားချက်ထမင်းကို ယူ၍ (ပစ္စေကဗုဒ္ဓါ) ဘုရားရှင်အား ပေးလှူ၏၊ ထိုအခါ ပစ္စေကဗုဒ္ဓါသည် ငါ ဖူးမြော်နေစဉ်ပင်လျှင် ဘုဉ်းပေးသုံးဆောင်တော်မူ၏။

၁၇၄။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကုသိုလ်ကံကြောင့်လည်းကောင်း၊ စေတနာတောင့်တ မှုတို့ကြောင့်လည်းကောင်း ငါသည် လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည် သို့ ရောက်ရပေ၏။

၁၇၅။ ငါသည် သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရလျက် သိကြားနတ်မင်း အဖြစ်ကို ပြုခဲ့ရပေ၏၊ သုံးဆယ့်သုံးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့ရပေ၏။

--

၁၇၆။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ချမ်းသာလျက် အခြံအရံများသူ ဖြစ်ရ၏။ ဤသို့ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။

၁၇၇။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည် ရှိသော် မရေတွက်နိုင်သော ပစ္စည်းဥစ္စာ ကို ရခဲ့ပေ၏၊ ငါ့အား စည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်း မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။

၁၇၈။ စည်းစိမ်ဥစ္စာတို့သည် မြစ်ရေအလျဉ်နှင့် တူစွာ ငါ့အား ဖြစ်ထွန်းလျက် ရှိကုန်၏၊ နှိုင်းရှည့်ရေတွက်ခြင်းငှါ မတတ်နိုင်ပေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။

၁၇၉။ ထိုကောင်းမှုကံကြောင့်ပင်လျှင် “ဤခဲဖွယ်ကို ခဲပါ၊ ဤစားဖွယ်ကို စားပါ၊ ဤနေရာ၌ အိပ်ပါ”ဟု သူတစ်ပါးတို့က ဖိတ်ခေါ်ယုယအပ်သည်ဖြစ်၍ ငါသည် ချမ်းသာသူ ဖြစ်ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် တစ်ကွမ်းစားချက်ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။

၁၈၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် (တစ်ကွမ်းစားချက်ဆွမ်း) အလှူ ကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရ ခြင်းသည်ကား တစ်ကွမ်းစားချက် ဆွမ်းကို လှူရခြင်း၏ အကျိုးပေတည်း။

၁၈၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရပေ၏။

၁၈၂။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။

၁၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပတ္ထောဒနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် ပတ္ထောဒနဒါယကတ္ထေရအပဒါန် ပြီး၏။

--

၁၀-မဉ္စဒါယကထ္ထေရအပဒါန်

၁၈၄။ မဟာကရုဏာရှိတော်မူသော လောက၏ ရှေ့သွား သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် နတ်လူတို့သည် ပူဇော်အပ်သော သာသနာတော်သည် ကျယ် ပြန့် ထွန်းကားလျက်ရှိစဉ်-

၁၈၅။ ထိုအခါ ငါသည် ညောင်စောင်းအင်းပျဉ်ပြုလုပ်သော ဒွန်းစဏ္ဍား ဖြစ်ခဲ့ပေ၏၊ ထို အလုပ်ဖြင့် အသက်မွေးရပေ၏၊ ထိုအလုပ်ဖြင့် သားမယားတို့ကို မွေးမြူရပေ၏။

၁၈၆။ ငါသည် ညောင်စောင်းကို ကောင်းစွာ ပြုလုပ်၍ ကိုယ်တိုင် သွားရောက်ပြီးလျှင် ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ရဟန်းသံဃာအား ပေးလှူခဲ့၏။

၁၈၇။ ကောင်းစွာ ပြုလုပ်ခဲ့သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ တောင့်တမှုတို့ ကြောင့်လည်းကောင်း ငါသည် လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်ပြည်သို့ ရောက်ရပေ၏။

၁၈၈။ ငါသည် နတ်ပြည်သို့ ရောက်သည်ရှိသော် တာဝတိံသာနတ်အပေါင်း၌ ဝမ်းမြောက် ရပေ၏၊ အဖိုးများစွာ ထိုက်ကုန်သော အိပ်ရာနေရာတို့သည် အလိုရှိတိုင်း ဖြစ်ကုန်၏။

၁၈၉။ ငါသည် အကြိမ်ငါးဆယ်တိုင်တိုင် နတ်တို့ကို အစိုးရလျက် သိကြားနတ်မင်းအဖြစ် ကို ပြုခဲ့ရပေ၏၊ အကြိမ်ရှစ်ဆယ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့ရပေ၏။

၁၉၀။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ငါသည် ချမ်းသာလျက် အခြံအရံများသူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ညောင်စောင်း လှူရခြင်း၏ အကျိုးပေတည်း။

၁၉၁။ ငါသည် နတ်ပြည်မှ စုတေ၍ လူ့ဘဝသို့ ရောက်ခဲ့၏၊ ထိုအခါ မြတ်သောသူတို့ အားသာ ထိုက်တန်သော အိပ်ရာနေရာတို့သည် အလိုလိုသာလျှင် ငါ့အား ဖြစ်ပေါ်ကုန်၏။

၁၉၂။ ဤဘဝသည်ကား ငါ့အား နောက်ဆုံးဘဝတည်း၊ အဆုံးစွန်သော ဘဝ ဖြစ်ပေ၏၊ ယခု ဘဝ၌လည်း အိပ်သောအခါ အိပ်ရာနေရာသည် ရှေးရှု တည်လာရပေ၏။

၁၉၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ညောင်စောင်းအလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ညောင် စောင်းလှူရခြင်း၏ အကျိုးပေတည်း။

၁၉၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးကို ပယ်နုတ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝမရှိဘဲ နေရပေ၏။

၁၉၅။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

--

၁၉၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဉ္စဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် မဉ္စဒါယကထ္ထေရအပဒါန် ပြီး၏။

လေဆယ့်နှစ်ခုမြောက် ဘဒ္ဒါလိဝဂ် ပြီး၏။

ပထမအုပ် ပြီး၏။

--