ဓမ္မစကြာတရားတော်ကြီး
ဓမ္မစကြာတရားတော်ကြီး
▬▬ஜ۩۞۩ஜ▬▬▬
မဟာစည်ဆရာတော်
မာတိကာ
▬▬▬
ပဌမပိုင်း
တရားပလ္လင်ခံ
သုတ်၏ နိဒါန်း
ဟောရာ ခုနှစ်ကာလ
နိဒါန်း သုံးမျိုး
ဘုရားအလောင်းတော်နှင့် လူ့စည်းစိမ်
ယုတ်ညံ့သော ရှာမှီးခြင်း
မြင့်မြတ်သော ရှာမှီးခြင်း
ဘုရားအလောင်း တောထွက်တော်မူခြင်း
အာဠာရရသေ့ကြီးထံ သွားရောက်ခြင်း
အာဠာရရသေ့ကြီးထံ နည်းခံခြင်း
အားရကျေနပ်ဖွယ် ကောင်းတဲ့စကား
ကိုယ် မစားဝံ့တဲ့ဆေး သူတပါးအားမကျွေးသင့်
သဘာဝကျတဲ့ ဆင်ခြင်ပုံ
ချီးမြှောက်သင့်ရာ ချီးမြှောက်တာ ဆရာ့တာဝန်
ဥဒကရသေ့ကြီးထံ သွားရောက်ခြင်း
ဥရုဝေလတော၌ ဒုက္ကရစရိယကျင့်ပုံ
ဥပမာ သုံးခု
စိတ်ကို စိတ်ဖြင့် နှိပ်တဲ့ ဒုက္ကရစရိယာ
ရှုရှိုက်လေကို ထိန်းချုပ်၍ အပ္ပါဏကဈာန်ဝင်ခြင်း
အစာမစားတဲ့ ဒုက္ကရစရိယာအကျင့်
မာရ်နတ်က ဖြားယောင်းပြောဆိုခြင်း
မှန်ကန်သော ဆင်ခြင်ဉာဏ် ဖြစ်ပေါ်လာသည်
သူငယ်ဘဝက ဈာန်ရခဲ့ပုံ
အစာအာဟာရကို ပြန်လည် သုံးဆောင်ခြင်း
ပဉ္စဝဂ္ဂီတို့ ထွက်ခွါသွားကြခြင်း
ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း
ဒုက္ကရစရိယာသည် အတ္တကိလမထ၌ ဝင်ကြောင်း
တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း
(၇) ရက် အသေစော၍ မဂ်ဖိုလ်မှ ဆုံးရှုံးရရှာသည်
တညဉ့်မျှအသေစော၍ ဆုံးရှုံးရရှာသည်
တရားဦးဟောရန် ကြွချီတော်မူခြင်း
ဥပကတက္ကတွန်းနှင့် တွေ့ခြင်း
အမှားကို စွဲယူထားယင် အမှန်ကို မယုံ
ပဉ္စဝဂ္ဂီတို့ နေရာသို့ ရောက်တော်မူခြင်း
တရားနာရန် ဖိတ်မန်တိုက်တွန်းတော်မူခြင်း
ဓမ္မစကြာသုတ် ဒေသနာတော်
(အဖို့အစွန်း ၂ - ပါး ရဟန်းများ မမှီဝဲသင့်)
ဒုတိယပိုင်း
တရားအနုသန္ဓေ
အဖို့အစွန်း ၂ - ပါး ရဟန်းများ မမှီဝဲအပ်
အဖို့အစွန်း ၂ - ပါး
ကာမဂုဏ်ခံစားတာ ယုတ်ညံ့တယ်
ကာမဂုဏ်ခံစားတာ ရွာနေလူတို့၏ အကျင့်
ဒိဋ္ဌဓမ္မ နိဗ္ဗာန်ဝါဒ
ကာမဂုဏ်ခံစားတာ လူအများစုအကျင့်
အရိယာသူမြတ်တို့၏ အကျင့်မဟုတ်
အကျိုးစီးပွါးအစစ်နဲ့လဲ မဆိုင်
လူများတော့ မှီဝဲသင့်ပါသလား
သုခလ္လိကာနုယောဂ ၄ - မျိုး
ကိုယ်ပင်ပန်းအောင် ပြုတဲ့အကျင့်
ကိုယ်ပင်ပန်းအောင် ပြုကျင့်ပုံ
နိဂဏ္ဌကျမ်းအဆို
ဆင်းရဲရုံမျှပဲ
အကျိုးမဲ့နဲ့သာ ဆိုင်တယ်
အတ္တကိလမထ အရ ယူပုံမှားခြင်း
သုခ ဒုက္ခ မရှုကောင်းဘူးလို့တောင် အယူလွဲသေးတယ်
ဆရာတယောက်၏ အယူအဆ
ခန္တီသံဝရ မှတ်ဖွယ် (အောက်ခြေ မှတ်ချက်)
မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်း အကျင့်နှင့် အကျိုး
ကာမသုခလ္လိကာနုယောဂအနက် ရှင်းလင်းချက် (အောက်ခြေ မှတ်ချက်)
အစွန်း ၂ - ဖက်မှ လွတ်အောင် ကျင့်ပုံ
အစာမှား အစာကြေဆေး စားတာနဲ့ တူတယ်
ပညာမျက်စိနှင့် အသိဉာဏ် ဖြစ်စေပုံ
ပညာမျက်စိနှင့် အသိဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်လာပုံ
နောက်နောက်ကာလ၌ အသိထူးပုံ
အဋ္ဌကထာဖွင့်ပြပုံ
သရုပ်ခွဲပုံ ကျက်မှတ်ပြီး ရှုယင် စချင်ရာက စပြီး ရှုနိုင်တယ်
ကိလေသာကို ငြိမ်းစေတယ်
အကျင့်မှားကို အကျင့်မှန်ထင်ယင် သီလဗ္ဗတပရာမာသဒိဋ္ဌိဖြစ်တယ်
တဒင်္ဂအားဖြင့် ငြိမ်းစေပုံ
ထူးသောဉာဏ်ဖြင့် သိပုံ
ထိုးထွင်း၍ သိပုံ
နိဗ္ဗာန်မျက်မှောက်ပြုပုံ
အလယ်လမ်း အကျင့်၏ သရုပ်
အရိယမဂ္ဂင်ရှစ်ပါး
တတိယပိုင်း
တရားအနုသန္ဓေ
ပဝါရဏာ အကြောင်း
မဂ္ဂင်ရှစ်ပါး အကျယ်
သမ္မာဝါစာမဂ္ဂင်
သမ္မာကမ္မန္တမဂ္ဂင်
သမ္မာအာဇီဝမဂ္ဂင်
သမ္မာဝါယာမ မဂ္ဂင်
သမ္မာသတိမဂ္ဂင်
မဂ္ဂင်ရှစ်ပါး အကျယ်ဟော, မဟော ဝေဘန်ချက်
ဝိပဿနာသတိ ဖြစ်စေချင်ယင်
ဝိပဿနာ ခဏိက သမာဓိ ရှင်းပြချက်
ဖြစ်ဆဲရုပ်နာမ်ကို ရှုမှ ဉာဏ်ပညာအစစ်ဖြစ်သည်
သတိပဋ္ဌာန်မပါလျှင် ပညာမဖြစ်
သမ္မာသမာဓိမဂ္ဂင်
ဈာန်မရပဲ ဝိပဿနာ မရှုကောင်းဘူး - တဲ့
သမ္မာဒိဋ္ဌိမဂ္ဂင်
သမ္မာဒိဋ္ဌိ (၆) မျိုး
ကမ္မဿကတာ သမ္မာဒိဋ္ဌိ
ပွါးစေရမည့် မဂ္ဂင်သုံးဆင့်
ဈာန်ရသူ ဝိပဿနာရှုပုံ
ပကိဏ္ဏကသင်္ခါရရှုပုံ
ဝိပဿနာမဂ္ဂင် စ၍ဖြစ်ပုံ
ဝိပဿနာ သမာဓိ မဂ္ဂင်များဖြစ်ပုံ
ဝိပဿနာ ပညာ မဂ္ဂင်များဖြစ်ပုံ
သမ္မာသင်္ကပ္ပမဂ္ဂင်
စတုတ္ထပိုင်း
တရားအနုသန္ဓေ
ဒုက္ခသစ္စာ
ပါဠိစိစစ်ချက်
ဒုက္ခသစ္စာသရုပ်ပြ မူမှန်ပါဠိ
အရိယသစ္စာ လေးပါး
ဒုက္ခသစ္စာ ဆောင်ပုဒ်များ
(၁) ဇာတိဒုက္ခ - ဘဝအသစ်ဖြစ်ခြင်းဆင်းရဲ
ဒုက္ခ (၇) မျိုး
(၁) ဒုက္ခဒုက္ခ
(၂) ဝိပရိဏမဒုက္ခ
(၃) သင်္ခါရဒုက္ခ
(၄) ပဋိစ္ဆန္နဒုက္ခ
(၅) အပ္ပဋိစ္ဆန္နဒုက္ခ
(၆) ပရိယာယဒုက္ခ
(၇) နိပ္ပရိယာယဒုက္ခ
အမိဝမ်းတွင်း၌ ဆင်းရဲပုံ
ဖွားမြင်တဲ့အခါ ဆင်းရဲပုံ
တဘဝလုံး ဆင်းရဲပုံ
(၂) ဇရာဒုက္ခ - အိုခြင်းဆင်းရဲ
(၃) မရဏဒုက္ခ - သေခြင်းဆင်းရဲ
(၄) သောကဒုက္ခ - စိုးရိမ်ပူဆွေးခြင်း ဆင်းရဲ
(၅) ပရိဒေဝဒုက္ခ - ငိုကြွေးခြင်း ဆင်းရဲ
(၆) ဒုက္ခဆိုတဲ့ ကိုယ်ဆင်းရဲ
(၇) ဒေါမနဿဆိုတဲ့ စိတ်ဆင်းရဲ
(၈) ဥပါယာသဒုက္ခ - ပြင်းစွာပူပန်ခြင်းဆင်းရဲ
(၉) မုန်းစရာတွေနဲ့ ယှဉ်တွဲရတဲ့ ဆင်းရဲ
(၁၀) ချစ်စရာတွေနဲ့ ကွဲကွာရတဲ့ဆင်းရဲ
(၁၁) ဣစ္ဆိတာလာဘ - လိုတာမရတဲ့ဆင်းရဲ
(၁၂) ဥပါဒါနက္ခန္ဓာငါးပါးဆင်းရဲ
မြင်ဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
ဝိပဿနာရှုနည်း မူသေစည်း
ကြားဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
နံဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
စားသိဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
ထိသိဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
ကြံသိဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
ဥပါဒါနက္ခန္ဓာတွေ ရှိနေလို့ ဆင်းရဲရသည်
ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာ
ပဉ္စမပိုင်း
တရားအနုသန္ဓေ
သမုဒယသစ္စာ
ဒုက္ခသမုဒယော အဆုံးအဖြတ် (မှတ်ချက်)
ပေါနောဘဝိကာ အဆုံးအဖြတ် (မှန်ချက်)
စမ္ပေယျ နဂါးမင်းဝတ္ထု
ဥပရိ မိဘုရားဝတ္ထု
တဖန် ဘဝသစ် ဖြစ်ပေါ်ပုံ
ဝိညာဏံ ဗီဇံ အဆုံးအဖြတ် (မှတ်ချက်)
ဗြဟ္မာဖြစ်လို့ တဝင်းဝင်း ဝတ်စာကျင်းမှာ တမြုံ့မြုံ့
သမဏနတ်သားဝတ္ထု
မယားချစ်လို့ မြွေ, ခွေး, နွားဖြစ်
ဓမ္မကထိက ဆရာတော်ကြီးတပါး
ငွေလေးဆယ်အတွက် ကျွဲဖြစ်သလား
ငညိုရဲ့ဆန်တစလယ်
သရဲဖြစ်ရ နွားဖြစ်ရတာ ကြောက်စရာ
နွား ခွေးဖြစ်ပြီးမှ လူပြန်ဖြစ်
တောက်တဲ့တောင် ဖြစ်ရသေးသတဲ့
ကာမတဏှာ
ဘဝတဏှာ
ဝိဘဝတဏှာ
ဆဋ္ဌမပိုင်း
တရားအနုသန္ဓေ
နိရောဓသစ္စာ
မဂ္ဂသစ္စာ
သမ္မာဒိဋ္ဌိမဂ္ဂင်အဖွင့်
စတုသစ္စကမ္မဋ္ဌာန်း
လိုအပ်သော သုတမယဉာဏ်
ပုဗ္ဗဘာဂမဂ်ခေါ် ဝိပဿနာမဂ္ဂင်ကို ပွါးစေပုံ
နာမ်ရုပ်ကွဲပုံ ဘုရားဟော ဥပမာ
မဟာသဠာယတနိကသုတ်မှ မြင်မှုဆိုင်ရာ အတိုချုပ်မြန်မာပြန်
ဝိပဿနာရှုခိုက်၌ ဝိရတိကိစ္စပြီးပုံ
ဝိပဿနာဉာဏ်ဖြင့် သစ္စာလေးပါးကိုသိပုံ
အရိယမဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို တပြိုင်နက်သိမြင်ပုံ
ဝိပဿနာလဲ နိရောဓဂါမိနီ ပဋိပဒါထဲ ပါဝင်တယ်
သတ္တမပိုင်း
တရားအနုသန္ဓေ
ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
ဒုက္ခသစ္စာ၌ ကတဉာဏ်
သမုဒယသစ္စာ၌ သစ္စဉာဏ်
သမုဒယသစ္စာ၌ ကိစ္စဉာဏ်
အနုသယ ကိလေသာရှိကြောင်း ထင်ရှားသည်
သမုဒယသစ္စာ၌ ကတဉာဏ်
နိရောဓသစ္စာ၌ သစ္စဉာဏ်
နိရောဓသစ္စာ၌ ကိစ္စဉာဏ်
နိရောဓသစ္စာ၌ ကတဉာဏ်
မဂ္ဂသစ္စာ၌ သိစ္စဉာဏ်
မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
မဂ္ဂသစ္စာ၌ ကတဉာဏ်
အရိယာမဂ်ခဏ၌ သစ္စာလေးပါးကို တပြိုင်နက်သိပုံ
အဋ္ဌမပိုင်း
တရားအနုသန္ဓေ
ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ
ဘုရားအဖြစ် ဝန်ခံတော်မူပုံ
နိဂုံးချုပ် စကားတော်
စဉ်းစားဘွယ်ရှိတယ်
တရားနာသူတို့ တရားထူးရနိုင်ပုံ
သံဂါယနာမှတ်တမ်း
တရားနာယင်း အရှင်ကောဏ္ဍည တရားထူးရပုံ
မဂ်ဉာဏ်၌ မြူအညစ်အကြေး ကင်းပုံ
ဝိပဿနာဖြင့် အစွမ်းကုန်ပယ်ပြီးမှ မဂ်ဉာဏ်ကပယ်သည်
ဝိပဿနာဉာဏ်ကပဲ မဂ်ဉာဏ်ဖြစ်လာတယ်
မဂ်ဉာဏ်၏ အာရုံ နိဗ္ဗာန်မှာ ရုပ်နာမ်အားလုံးချုပ်ကြောင်း
ဟောတဲ့တရားကို သဘောကျရုံနဲ့ မဂ်ဉာဏ်ဖြစ်တာ မဟုတ်ပါလား
နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ
တေန လယေန ပဋိသံ - အဋ္ဌကထာ၌ မရှိ
မြေငလျင်လှုပ်ခြင်းနှင့် အရောင်အလင်းဖြစ်ပေါ်လာပုံ
မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ
အရှင်အညာသိကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ
မိရိုးဖလာဘာသာကို စွန့်ရန်မလွယ်
ဒိဋ္ဌဓမ္မစသော ဂုဏ်တို့နှင့်ပြည့်စုံပုံ
စိတ္တသူကြွယ်နှင့် နာဋပုတ္တ
အင်မတန် ကြည်ညိုစရာ ကောင်းတယ်
ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ
တရားဦးနာရ၍ တရားထူးရသူများ
အားထုတ်ပြီးမှ တရားထူးရကြပုံ
သာသနာ အဦးအစက အချိုးတကျ အားထုတ်ပုံနှင့် စောင့်ရှောက်ပုံ
နာရုံနဲ့မဖြစ် အားထုတ်မှဖြစ်သည်
အရှင်ဝပ္ပ စသည်တို့ အားထုတ်ပုံ
ဘုရားရှင်နှင့်တကွ ရဟန္တာမြတ် ၆ - ပါး
မဟာနိဂုံးချုပ် တရားသိမ်း ပတ္ထနာ
ဓမ္မစကြာသုတ် ပါဠိတော်
....
ဓမ္မစကြာတရားတော်ကြီး
▬▬ஜ۩۞۩ஜ▬▬▬
ပဌမပိုင်း
(၁၃၂၄ - ခုနှစ် တော်သလင်းလကွယ်နေ့ ဖွင့်ပြ ဟောကြားသည်။)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
တရားပလ္လင်ခံ
▬▬▬▬▬
ဒီကနေ့ ၁၃၂၄ - ခုနှစ် တော်သလင်း လကွယ်နေ့ဖြစ်တယ်၊ ဒီအနေ့ကစပြီး မြတ်စွာဘုရား အစအဦးဆုံး ဟောတော်မူခဲ့တဲ့ ဓမ္မစကြာ တရားတော်ကြီးကို ဟောရမယ်။
ဒီတရားတော်ကတော့ ဒီဘုရားသာသနာတော်မှာ ပဌမအစဆုံး ဟောတော်မူတဲ့ တရားတော် ဖြစ်တဲ့အတွက် ရှေအကျဆုံး အရိုးဆုံး တရားတော်ပါပဲ၊ ဗုဒ္ဓသာသနာဝင် ဖြစ်တဲ့ ဗမာပြည်ထောင်စု လူတွေထဲကဆိုယင် ဒီဓမ္မစကြာသုတ် တရားကို မကြားဘူးတဲ့သူ မရှိသလောက်ပဲ ရှားပါလိမ့်မည်၊ ဒီသုတ်ကို နှုတ်တက်ရအောင် ကျက်ပြီး ဆောင်ထားတဲ့ ပုဂ္ဂိုလ်တွေလဲ များစွာရှိကြတယ်၊ ဓမ္မစကြာဝတ်အသင်း ဆိုတဲ့ အမည်နဲ့ အသင်းဖွဲ့ပြီး ရွတ်ဖတ်သရဇ္ဈာယ် နေကြတာလဲမြို့တိုင်း အရပ်တိုင်းလိုလို ရှိတတ်ကြတယ်၊
မြတ်စွာဘုရား ရှေးဦးဟောထားတဲ့ တရားဆိုပြီး ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေက အလွန်အလေးအမြတ်ပြုတဲ့ တရားတော်လဲ ဖြစ်ပါတယ်၊ ဒီသုတ်ပါဠိကို နိဿယ နည်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မြန်မာပြန်ပြီး ဖွင့်ပြထားတဲ့ စာအုပ် စာတမ်းတွေလဲ တော်တော်များများ ရှိပါတယ်။
ဒါပေမဲ့ မဂ်ရောက် ဖိုလ်ရောက် ဘာဝနာအလုပ်ကို တကယ်အားထုတ်လိုတဲ့ သူတွေအတွက် ဒီသုတ်ထဲမှာ ဘယ်လိုနည်းယူပြီး ဘယ်လို အားထုတ်ရမယ်လို့ တိတိကျကျ ပြဆိုထားတဲ့ တရားစာအုပ် ဆိုတာကတော့ မရှိသလောက်ပဲ ဖြစ်နေပါတယ်။
ဘုန်းကြီးကိုယ်တိုင်ကတော့ ဒီသုတ်ကို လက်တွေ့ ဘာဝနာအလုပ် အားထုတ်ပုံ နှင့်တကွ အကြိမ်ပေါင်းများစွာ ဟောဘူးပါပြီ၊ ဒီ(ရန်ကုန်) သာသနာ့ရိပ်သာကို ကမ္မဋ္ဌာန်းဌာနအဖြစ်စ၍ ဖွင့်စဉ်ကလဲ ဒီဓမ္မစကြာသုတ်ကို ဟောပြီးဖွင့်လှစ်ခဲ့တယ်၊ နောက်လဲ ဒီရိပ်သာမှာ ဒီဓမ္မစကြာသုတ် တရားတော်ကို ထပ်ပြီး ဟောခဲ့ဘူးတယ်၊ အခြားမြို့ရွာ အရပ်ဒေသတွေမှာ ကမ္မဋ္ဌာန်းဌာန ဖွင့်တိုင်းလဲ ဒီဓမ္မစကြာသုတ် တရားတော်ကိုပဲ ဟောပြီး ဖွင့်လှစ်ခဲ့တယ်၊ အကြိမ်ပေါင်း တော်တော်များပါပြီ၊
ဒါပေမဲ့ အဲဒီ အကျယ်ဟောထားတဲ့ တရားတွေကိုတော့ စာအုပ်အဖြစ်ဖြင့် မရိုက်ရ မဖြန့်ချိရသေးဘူး၊ အသံလွှင့်ရုံကနေပြီး ဟောထားတဲ့ အကျဉ်းချုပ် ဓမ္မစကြာ တရားတော်လောက်သာ စာအုပ်အဖြစ် ပုံနှိပ်ပြီး ဖြန့်ချိရသေးတယ်။ ဒါကြောင့် လုပ်ငန်းစဉ်ပါတဲ့ ဓမ္မစကြာတရားကို ရှာနေတဲ့ ဆရာတော်တပါးအား အဲဒီ အကျဉ်းချုပ် စာအုပ်ကိုသာ ညွှန်ကြားခဲ့ရတယ်။
အဲဒီ ဆရာတော်က သူဟာ ဓမ္မစကြာတရား စာအုပ်ပေါင်းများစွာကို ကြည့်ဘူးပါပြီ၊ ဒါပေမဲ့ ဘာဝနာအလုပ်နဲ့ စပ်ဟပ်ပြီးပြတဲ့စာအုပ်ကို မတွေ့ရသေးဘူးတဲ့၊ ကျမ်းဂန် အနေနဲ့ ရေးသားထားကြတာကိုသာ တွေ့ရလို့ သူက အားမရပဲ ရှိနေ ပါတယ်တဲ့။ ဒါကြောင့် ဘုန်းကြီးက အဲဒီ အကျဉ်းချုပ် အသံလွှင့် တရားစာအုပ်ကိုပဲ ကြည့်စမ်းပါဦး လို့ပြောပြီး ညွှန်ကြားလိုက်ရတယ်၊ အဲဒီ ဆရာတော်ဟာ ဘုန်းကြီး ဟောထားတဲ့ အဲဒီ အသံလွှင့် အကျဉ်းချုပ်တရားကို ကြည့်ရတော့မှ ဓမ္မစကြာသုတ်နဲ့ ဘာဝနာအလုပ်ကို ဆက်စပ်ပြီး သဘောကျသွားပါသတဲ့။
ဒီ ဓမ္မစကြာသုတ်တရားတော်ဟာ သုတ္တန် ဝိနည်း အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံ ရှိရာတွင် သုတ္တန်ပိဋကတ်က ဖြစ်တယ်၊ ဒီဃနိကာယ် မဇ္ဈိမနိကာယ် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ် ခုဒ္ဒကနိကာယ်ဆိုတဲ့ နိကာယ်ငါးရပ်ထဲမှာ သံယုတ္တနိကာယ်ထဲက ဖြစ်တယ်၊ အဲဒီနိကာယ်မှာလဲ သဂါထာဝဂ္ဂသံယုတ်၊ နိဒါနဝဂ္ဂသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်၊ မဟာဝဂ္ဂသံယုတ်လို့ ငါးမျိုးရှိရာမှာ မဟာဝဂ္ဂသံယုတ် ထဲက ဖြစ်တယ်၊ အဲဒီ မဟာဝဂ္ဂသံယုတ်မှာလဲ မဂ္ဂသံယုတ် ဗောဇ္ဈင်္ဂသံယုတ် သတိပဋ္ဌာန သံယုတ် စသည်ဖြင့် ၁၂ - ပါး ရှိရာမှာ နောက်ဆုံးဖြစ်တဲ့ သစ္စသံယုတ်ထဲက ဖြစ်တယ်၊ အဲဒီ သစ္စသံယုတ်မှာ ဒုတိယဝဂ် ပဌမသုတ်အဖြစ်ဖြင့် သံဂါယနာ တင်ထားတယ်။ ဆဋ္ဌသံဂါယနာမူ စာအုပ်အနေ အားဖြင့်တော့ သံယုတ် ပါဠိတော် တတိယအုပ် စာမျက်နှာ ၃၆၈ - ၃၇၁ တို့မှာ ရှိတယ်။ အဲဒီမှာ နိဒါန်းကို ဒီလို ပြထားပါတယ်။
သုတ်၏ နိဒါန်း
▬▬▬▬▬
ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ - တဲ့။
အဲဒါဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးတဲ့နောက် သုံးလကျော် ၄ - လထဲ ရောက်တဲ့အခါ စပြီး ပဌမ သံဂါယနာတင်စဉ်ကာလက အရှင်အာနန္ဒာ ဖြေကြားပုံ ကိုပြတဲ့ နိဒါန်းစကားပါပဲ။ အဲဒီအခါတုန်းက အရှင်မဟာကဿပ မထေရ်မြတ်က -
ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ ခေါ အာဝုသော အာနန္ဒ ကတ္တ ကေန ကေသံ ကထံ ဘာသိတံ - ငါ့အရှင် အာနန္ဒာ ဓမ္မစက္ကပ္ပဝတ္တနခေါ်သော ဓမ္မစကြာသုတ် တရားတော်ကို အဘယ်အရပ်၌ အဘယ်ပုဂ္ဂိုလ်တို့အား အဘယ်သို့ ဟောအပ်ပါသနည်း - လို့ ဒီလို မေးတဲ့အခါမှာ အရှင်အာနန္ဒာမထေရ်က -
(ဘန္တေ - အရှင်မဟာကဿပဘုရား၊)
မေ - အကျွန်ုပ် အာနန္ဒာသည်၊
ဧဝံ - ဤသို့၊
သုတံ - ကြားဘူးပါသည်။
ဧကံသမယံ - အခါတပါး၌၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
ဗာရာဏသိယံ - ဗာရာဏသီမြို့နယ်၌၊
ဣသိပတနေ - ပစ္စေကဗုဒ္ဓါတို့နှင့် ဘုရားရှင်တို့၏ သက်ဆင်းရာဖြစ်၍ ဣသိပတန မည်သော၊
မိဂဒါယေ - သားကောင်တို့အား ဘေးမဲ့ပေးထားရာ မိဂဒါဝုန်တော၌၊
ဝိဟရတိ - သီတင်းသုံးနေတော်မူ၏။
တတြ - ထိုသို့ နေတော်မူသောအခါ၌၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
ပဉ္စဝဂ္ဂီယေ ဘိက္ခူ - ငါးပါးအစုဖြစ်၍ ပဉ္စဝဂ္ဂီမည်သော ရဟန်းတို့ကို၊
အာမန္တေသိ - (ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ - အစရှိသော စကားကို) မြွက်ဆိုဟောကြားတော်မူပါသည် -
စသည်ဖြင့် ဖြေတော်မူပါတယ်။
ဟောရာ ခုနှစ်ကာလ
▬▬▬▬▬▬▬
အဲဒီ နိဒါန်းထဲမှာ ဓမ္မစကြာသုတ်ဟောရာ ကာလကို အခါတပါးမှာ - လို့ သာမညသာ ပြထားတယ်၊ အခြားသုတ်များမှာလဲ ဟောရာကာလကို (ဧကံ သမယံ) အခါတပါးမှာ လို့ချည်း သာမညသာ ပြထားတယ်၊ သုတ်တိုင်း သုတ်တိုင်းမှာ မည်သည့် ခုနှစ်က မည်သည့်လ မည်သည့်ရက်မှာ ဟောတယ်လို့ တိတိကျကျ ဖော်ပြထားယင် သိပ်ကောင်းမှာပဲ၊
ဒါပေမဲ့ အဲဒီလို တိတိကျကျ ဖော်ပြထားယင် နှုတ်တက်အာဂုမ်ဆောင်ရာမှာ မှတ်သားဘို့ အလွန်ခက်လိမ့်မယ်၊ ဒါကြောင့် တိတိကျကျ မပြပဲ အခါတပါးမှာလို့ချည်း ပြထားတယ်။ ဒါကြောင့် ဘယ်သုတ်ကို ဘယ်ခုနှစ် ဘယ်လ ဘယ်ရက်မှာ ဟောတယ်လို့ တိတိကျကျသိဘို့ ပြောဘို့ကတော့ မလွယ်ဘူး၊
ဒါပေမဲ့ ဒီဓမ္မစကြာသုတ်တရားတော်ကတော့ အစအဦးဟောတဲ့ တရားတော် ဖြစ်တာကလဲ တကြောင်း၊ အခြားသုတ္တန်များနှင့် ဝိနည်းပိဋကတ် စသည်မှာ ပြဆိုထားတဲ့ စကားများရှိတာကလဲ တကြောင်းကြောင့် ဟောတဲ့ အချိန် ကာလကို တိတိကျကျသိရပါတယ်။ မဟာသက္ကရာဇ် ၁၀၃ - ခုနှစ် ကဆုန်လပြည့်နေ့ ညမှာ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်၊ အဲဒီကနောက် ဝါဆိုလပြည့်နေ့ ညနေချမ်း ညဉ့်ဦးယာမ်အချိန်မှာ ဒီဓမ္မစကြာသုတ် တရားကို ဟောကြားတော် မူခဲ့တယ်၊
ယခု ၁၃၂၄ - ခုနှစ်မှ ပြန်ပြီး ရေတွက်ကြည့်ယင် ဘုရား ပရိနိဗ္ဗာန်ဝင်စံပြီးနောက် နှစ်ပေါင်း ၂၅၀၆ - နှစ်ရှိခဲ့ပြီ၊ ပရိနိဗ္ဗာန်မစံမီ ၄၅ - နှစ် ပေါင်းထည့်လိုက်လျှင် ၂၅၅၁ - ရတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၅၁ - နှစ်က ဝါဆိုလပြည့်နေ့ ညနေချမ်း ညဉ့်ဦးယာမ်အချိန်မှာ ဟောတော်မူတယ်လို့ တိတိကျကျ မှတ်ယူရပါတယ်၊
ဒါကလဲ အရှေ့တိုင်းက ယူဆချက်အရပဲ၊ အနောက်တိုင်း ပညာရှိတွေရဲ့ ယူဆချက်အရ ဆိုယင်တော့ အနှစ် ၆၀ လျှော့ပြီး ယူရမယ်၊ ဒါကြောင့် သူတို့၏ ယူဆချက်အရ ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၉၁ - နှစ် က ဟောတယ်လို့ ဆိုရမှာပေါ့။
ဒါပေမဲ့ အရှေ့တိုင်းမှာ ဟောတဲ့ တရားဆိုတော့ အရှေ့တိုင်း အယူအဆအတိုင်းပင် လွန်ခဲ့တဲ့ ၂၅၅၁ - နှစ်က ဟောတယ်လို့ ပြောရမှာပဲ။ နောက်ပြီးတော့ မိဂဒါယ - သားတို့အား ဘေးမဲ့ပေးထားရာ မိဂဒါဝုန်တော ဆိုတာကလဲ ဟိုတုန်းကတော့ သားသမင်တွေ ရှိနေတဲ့ တကယ့်တောအရပ်ပဲ ဖြစ်ပါလိမ့်မယ်၊ ယခုတော့ အဲဒီ အရပ်ဟာ တောသစ်ပင်တွေလဲ မရှိတော့ပါဘူး၊ ကွင်းပြင်ကြီးဖြစ်နေပါပြီ၊ ဘေး ပတ်ဝန်းကျင်က ယာခင်းတွေနဲ့ လူနေအရပ်ဖြစ်နေပါပြီ၊
ရှေးတုန်းကတော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေဟာ ဂန္ဓမာဒနတောင်မှ တန်းခိုးဖြင့် ကောင်းကင်က ကြွလာပြီးတော့ အဲဒီ လူသူကင်းဆိတ်ရာ တောအရပ်မှာ ဆင်းသက်ကြတယ်၊ ရှေးရှေးက ဗုဒ္ဓမြတ်စွာဘုရားများလဲ တရားဦးဟောဘို့ ကြွလာတဲ့အခါ ကောင်းကင်မှာပဲ ဆင်းသက်တော်မူကြတယ်၊ ဒါကြောင့် ဣသိပတန လို့ ခေါ်ပါတယ်တဲ့။
ဒီသုတ်မှာရှိတဲ့ နိဒါန်းအလိုအားဖြင့် မြတ်စွာဘုရားဟာ ဗာရာဏသီမြို့နယ် မိဂဒါဝုန်တောအရပ်မှာ သီတင်းသုံး နေတော်မူစဉ် ပဉ္စဝဂ္ဂီ ရဟန်းတော်တို့အား ဒီ ဓမ္မစကြာသုတ်တရားကို ဟောတော်မူတယ်လို့ ဒါလောက်ပဲ ထင်ရှားသိရတယ်။ သို့ပေမဲ့ ဒါလောက်နဲ့တော့ မပြည့်စုံသေးဘူး၊ ဒါကြောင့် အခြားသုတ်များမှာ ပြဆိုထားတဲ့ အကြောင်းအရာများကိုပါ ထုတ်ဖော်ပြီး ဒီသုတ်၏ နိဒါန်းကို ချဲ့ပြောဘို့ လိုပါတယ်၊ ဒါကြောင့် အတော်အသင့်လောက် ချဲ့ပြီးပြောရဦးမယ်။
နိဒါန်းသုံးမျိုး
▬▬▬▬
နိဒါန်းဆိုတာ သုတ်တရားတော်ကို ဟောခြင်း၏ အခြေခံအကြောင်းအရာပါပဲ၊ အဲဒီ နိဒါန်းက ဒူရေနိဒါန်း, အဝိဒူရေနိဒါန်း, သန္တိကေနိဒါန်း - လို့ သုံးမျိုးရှိတယ်။ သုတ်တရားကို ဟောခြင်းနှင့် ဝေးကွာသော အကြောင်းအရာကို ဒူရေနိဒါန်းလို့ ခေါ်တယ်။
အဲဒါက ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှာ နိယတဗျာဒိတ်ကို ခံယူတော်မူခဲ့သည်မှ စပြီးတော့ တုသိတာနတ်ပြည်ရောက်ပြီး သေတကေတု မည်သော နတ်မင်းအဖြစ် တိုင်အောင် ဘုရားအလောင်းတော်၏ ပါရမီတော်များ ဖြည့်ကျင့်ခဲ့ပုံ အကြောင်းအရာ တွေပါပဲ၊ အဲဒီ ဒူရေနိဒါန်းကိုတော့ ဒိထက်ပိုပြီး ပြောဘို့ မလိုပါဘူး၊ ပြောဘို့ အချိန်လဲမရှိဘူး။
အဝိဒူရေနိဒါန်း ဆိုတာကတော့ သုတ်တရားကို ဟောခြင်း၏ မနီးမဝေးသော အကြောင်းအရာများပါပဲ၊ အဲဒါကတော့ တုသိတာ နတ်ပြည်မှ ဗောဓိမဏ္ဍိုင်အထိ အကြောင်းအရာများပင် ဖြစ်တယ်၊ အဲဒီ အကြောင်းအရာများကိုတော့ ပြောသင့်သမျှ ပြောရမယ်။
သန္တိကေ နိဒါန်း ဆိုတာကတော့ ဒီဓမ္မစကြာတရားကို ဟောခါနီး အကြောင်းအရာ များပါပဲ၊ အဲဒါကတော့ ယခုတင်က ပြောခဲ့တဲ့ ဧဝံ မေသုတံ - အစရှိတဲ့ နိဒါန်း စကားအတိုင်းပါပဲ။ အဲဒီ နိဒါန်းသုံးမျိုးထဲတွင် ယခု အဝိဒူရေနိဒါန်းထဲက ပြောသင့်သမျှကို ထုတ်ဖော်ပြီး ပြောရမယ်။
အဲဒီအကြောင်းအရာတွေက ဘယ်မှာ ရှိသလဲ ဆိုတော့ အင်္ဂုတ္တရ တိကနိပါတ် သုခုမာလသုတ်၊ မူလပဏ္ဏာသပါဠိ ပါသရာသိခေါ် အရိယပရိယေသနသုတ်၊ မဟာသစ္စကသုတ်၊ မဇ္ဈိမပဏ္ဏာသပါဠိ ဗောဓိရာဇကုမာရသုတ်၊ သင်္ဂါရဝသုတ်၊ သုတ္တနိပါတ် ပဗ္ဗဇ္ဇာသုတ်၊ ပဓာနသုတ် အစရှိတဲ့ သုတ်ပေါင်းများစွာတို့မှာ ရှိပါတယ်၊ အဲဒီသုတ်တွေမှ တချို့ကို ယူပြီး ဟောရမှာပဲ။
ဘုရားအလောင်းတော်နှင့် လူ့စည်းစိမ်
▬▬▬▬▬▬▬▬▬▬▬▬▬
ဘုရားအလောင်းတော်ဟာ တုသိတာနတ်ပြည်မှ စုတေခဲ့ပြီးတော့ ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်းမြတ်၏ မိဖုရားကြီးဖြစ်တဲ့ မဟာမာယာဒေဝီ၏ ဝမ်းတိုက်မှာ ပဋိသန္ဓေ တည်နေတော်မူခဲ့တယ်၊ မဟာသက္ကရာဇ် (၆၈) ခုနှစ် ကဆုန်လပြည့် သောကြာနေ့မှာ လုမ္ဗိနီမည်သော အင်ကြင်းဥယျာဉ်တော်၌ ဖွားမြင်တော်မူခဲ့တယ်၊ သိဒ္ဓတ္ထ - လို့ အမည်ပေးထားတယ်၊
အဲဒီ သိဒ္ဓတ္ထမင်းသားဟာ (၁၆) နှစ်အရွယ် ရောက်သောအခါ ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသောဓရာဒေဝီနှင့် လက်ထပ်ပြီးလျှင် မင်းသမီးပေါင်း လေးသောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစားနေတော်မူခဲ့တယ်။
အဲဒီလို ကာမဂုဏ်အာရုံများဖြင့် ပျော်မွေ့နေစဉ် တနေ့သောအခါ ဥယျာဉ်တော်သို့ အခြွေအရံများနှင့်တကွ ပျော်ပွဲစား ထွက်တော်မူတယ်၊ အဲဒီအခါ လမ်းခုလတ်မှာ သူအိုကို တွေ့မြင်ရတာနဲ့ သံဝေဂဖြစ်ပြီး အဲဒီအရပ်မှပဲ ပြန်လှည့်လာခဲ့တယ်။ နောက်တကြိမ် ထွက်တဲ့အခါလဲ သူနာကို တွေ့မြင်ရတယ်၊ နောက်တကြိမ်မှာ သူသေကို တွေ့မြင်ရတယ်။ အဲဒီလို တွေ့မြင်ရတဲ့အခါများမှာလဲ သံဝေဂဖြစ်ပြီး အဲဒီအရပ်မှပဲ ပြန်လှည့်လာခဲ့တယ်။ သံဝေဂဖြစ်ပုံများကို အရိယပရိယေသနသုတ်မှာ ပြထားပုံကတော့ -
ယုတ်ညံ့သော ရှာမှီးခြင်း
▬▬▬▬▬▬▬▬▬
မိမိကိုယ်တိုင်က အိုတတ်သော သဘော ရှိနေပါလျက် အိုတတ်သော သဘော ရှိတာတွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူး၊ အိုတတ်တဲ့ဟာတွေက ဘာတွေလဲ ဆိုယင် သား မယား ကျေးကျွန် ဆိတ်သိုး ကြက်ဝက် ဆင်မြင်း ကျွဲနွား ရွှေငွေအစရှိတဲ့ သက်ရှိ သက်မဲ့ ကာမဂုဏ်တွေပါပဲ၊ မိမိကိုယ်တိုင်က အိုတတ် ပါလျက် အဲဒီအိုတတ်တဲ့ ကာမဂုဏ်တွေကို အမြတ်တနိုးလုပ်ပြီး ရှာကြံသိမ်းပိုက် နေတာ မတော်ဘူးလို့လဲ ဆင်ခြင်မိပါသတဲ့။
ထို့အတူပင် မိမိကိုယ်တိုင်က နာတတ်ပါလျက် သေတတ်ပါလျက် နာတတ် သေတတ်တဲ့ ကာမဂုဏ်တွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူးလို့လဲ ဆင်ခြင် မိပါသတဲ့။ အဲဒီလို မရှာသင့်တာတွေကို ရှာကြံနေတာဟာ (အနရိယပရိယေသနာ) ယုတ်ညံ့တဲ့ ရှာကြံခြင်းမည်ပါသတဲ့။
မြင့်မြတ်သော ရှာမှီးခြင်း
▬▬▬▬▬▬▬▬
မိမိ ကိုယ်တိုင်က အိုတတ်, နာတတ်, သေတတ်သော သဘောရှိတဲ့ အတွက် မအို, မနာ, မသေ မပျက်တတ်တဲ့ တရားကို ရှာကြံတာကတော့ (အရိယပရိယေသနာ) မြင့်မြတ်သော ရှာကြံခြင်း မည်ပါတယ်တဲ့။
ဘုရားအလောင်းတော်ဟာ မူလက ယုတ်ညံ့သော ရှာကြံခြင်းမျိုးဖြင့် ရှာကြံနေခဲ့တဲ့ အကြောင်းကို အဲဒီသုတ်မှာ -
ဘိက္ခဝေ - ရဟန်းတို့၊
အဟမ္ပိ - ငါသည်လည်း၊
ပုဗ္ဗေဝ သမ္ဗောဓာ - သစ္စာလေးပါးကို မသိရသေးမီ ရှေးအဖို့ကပင်၊
အနဘိသမ္ဗုဒ္ဓေါ - သစ္စာလေးပါးကို မသိသေးသော၊
ဝါ - ဘုရားမဖြစ်သေးသော၊
ဗောဓိသတ္တောဝ သမာနော - ဘုရားအလောင်းသာလျှင် ဖြစ်စဉ်က၊
အတ္တနာ ဇာတိဓမ္မော သမာနော - မိမိကိုယ်တိုင်က ဘဝအသစ် ဖြစ်ခြင်းသဘော ရှိပါလျက်၊
ဇာတိဓမ္မံ ယေဝ ပရိယေသာမိ - ဖြစ်ခြင်းသဘော ရှိတာကိုသာ ရှာမှီးသိမ်းပိုက် နေခဲ့၏၊
အတ္တနာ ဇရာဓမ္မော သမာနော - မိမိကိုယ်တိုင်က အိုခြင်း သဘောရှိပါလျက်၊
ဇရာဓမ္မံယေဝ ပရိယေသာမိ - အိုခြင်းသဘော ရှိတာကိုသာ ရှာမှီး သိမ်းပိုက်နေခဲ့၏ -
စသည်ဖြင့် ပြဆိုထားပါတယ်။
အဲဒါဟာ ယသောဓရာဒေဝီ အမှူးရှိသော မင်းသမီး အခြွေအရံတွေနဲ့ ပျော်မွေ့နေပုံကို ရှုတ်ချပြီး ဖော်ပြတာပါပဲ၊ အဲဒီလို ပြပြီးတဲ့နောက် ဖြစ်ခြင်း, အိုခြင်း, နာခြင်း, သေခြင်းစသည် ကင်းတဲ့ နိဗ္ဗာန် အငြိမ်းဓာတ်တရားကို ရှာမှီးတော့မယ်လို့ အကြံ ဖြစ်ပုံကိုလဲ ဒီလို ဖော်ပြထားပါတယ်။
အတ္တနာ ဇာတိဓမ္မော သမာနော - မိမိကိုယ်တိုင်က ဖြစ်ခြင်းသဘော ရှိသောကြောင့်၊
ဇာတိဓမ္မေ အာဒီနဝံ ဝိဒိတွာ - ဖြစ်ခြင်းသဘော၌ အပြစ်ကို မြင်ပြီး၍၊
အဇာတံ အနုတ္တရံ ယောဂက္ခေမံ နိဗ္ဗာနံ - ဖြစ်ခြင်း မရှိတဲ့ ယောဂ ကုန်ရာ အမြတ်ဆုံး အငြိမ်းဓာတ်နိဗ္ဗာန်ကို၊
ပရိယေသယျံ - ရှာမှီးရပါမူ၊
ယံ နူန - ကောင်းမှာပဲ၊
အတ္တနာ ဇရာဓမ္မော သမာနော - မိမိ ကိုယ်တိုင်က အိုခြင်းသဘော ရှိသောကြောင့်၊
ဇရာဓမ္မေ အာဒိနဝံ ဝိဒိတွာ - အိုခြင်းသဘော၌ အပြစ်ကိုမြင်ပြီး၍၊
အဇရံ အနုတ္တရံ ယောဂက္ခေမံ နိဗ္ဗာနံ - အိုခြင်း မရှိတဲ့ ယောဂကုန်ရာ အမြတ်ဆုံး အငြိမ်းဓာတ် နိဗ္ဗာန်ကို၊
ပရိယေသေယျံ - ရှာမှီးရပါမူ၊
ယံ နူန - ကောင်းမှာပဲ။
ဒီပုံ ဒီနည်းဖြင့် အိုခြင်း နာခြင်း သေခြင်းကင်းရာ အငြိမ်းဓာတ် နိဗ္ဗာန်ကို ရှာဘို့ရာ ကြံစည်တော်မူခဲ့ပါတယ်၊ အဲဒါဟာ အလွန်ကောင်းမြတ်တဲ့ အကြံအစည်ပဲ၊ ကောင်းမြတ်ပုံ ပေါ်လွင်ထင်ရှားအောင် နဲနဲထပ်ပြီး စဉ်းစားကြဦးစို့။
ကိုယ်က အိုမင်း မစွမ်း ဖြစ်နေပြီ ဆိုပါတော့၊ အဲဒီလို လူဟာ အိုမင်းမစွမ်းဖြစ်နေတဲ့ မိန်းမ ယောက်ျား လူအိုကြီး တယောက်ကို အတူနေဘို့ ခေါ်လာယင် သင့်ပါ့မလား၊ ယခု မအိုသေးပေမဲ့ မကြာမီပင် အိုမည့်သူ တယောက်ကို အဖော်ရှာလာယင် သင့်ပါ့မလား၊ မသင့်ဘူး။
အဲဒါထက် မကျန်းမမာ အတိဒုက္ခ ရောက်နေတဲ့သူဟာ မကျန်းမမာ ဒုက္ခဝေဒနာ အပြင်းအထန် အနှိပ်စက်ခံနေရတဲ့သူကို အဖော် ရှာလာယင်သာပြီး မသင့်တော် တာဘဲ၊ ယခု ကျမ်းမာနေပေမဲ့ မကြာမီအတွင်း ရောဂါနှိပ်စက်လို့ အတိဒုက္ခ ရောက်မည့်သူကို ရှာလာယင် အဲဒီလဲ မသင့်တော်ဘူး၊
တချို့မှာဆိုယင် တသက်ပတ်လုံး အတူတူပျော်ပျော်ကြီး နေရလိမ့်မယ်ထင်ပြီး အိမ်ထောင်ပြုကြတယ်၊ ဒါပေမဲ့ ကံမကောင်း အကြောင်းက မညီညွတ်တော့ တယောက်ယောက်က မကြာခင်ပဲ လူမမာကြီး ဖြစ်သွားလို့ အဲဒီလူမမာကို ပြုစုပြီး ဒုက္ခရောက်နေရရှာတယ်။ တချို့မှာတော့လဲ အိမ်ထောင်ဖက်ဖြစ်သူက မကြာခင်ပဲ သေဆုံးသွားလို့ ဝမ်းနည်းပက်လက်နဲ့ အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်ရရှာတယ်။
အဲဒီလို မဟုတ်တောင်မှ နောက်ဆုံးတချိန်ကျတော့ နှစ်ဦးလုံးပင် သူအို သူနာ သူသေဘဝ ရောက်ပြီး ဒုက္ခရောက်ကြရတာချည်းပဲ။ ဒါကြောင့် အိုတတ် နာတတ် သေတတ်တဲ့ ကာမဂုဏ်တွေကို ရှာမှီးနေတာကတော့ မသင့်တာ မကောင်းတာ ချည်းပါပဲ၊ မအို မနာ မသေတဲ့ တရားကို ရှာတာကမှ ကောင်းတယ်၊ အဲဒီလို ရှာတာဟာ အကောင်းဆုံးပဲ။
ယခု ဒီသာသနာ့ရိပ်သာမှာ တရားအားထုတ်နေကြတဲ့ ရဟန်း ရှင် လူ ယောဂီတွေဟာ အဲဒီ အကောင်းဆုံး ရှာခြင်းဖြင့် ရှာမှီးနေကြရတာပဲ၊ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။
ဘုရားအလောင်း တောထွက်တော်မူခြင်း
▬▬▬▬▬▬▬▬
ဘုရားအလောင်းတော်ဟာ စတုတ္ထအကြိမ် ဥယျာဉ်တော်သို့ ထွက်တဲ့အခါမှာ ရဟန်းကို တွေ့မြင်ရတယ်၊ အဲဒီ ရဟန်းထံမှ ရဟန်းပြုပြီး ကုသိုလ်တရားရှာနေတဲ့ အကြောင်းကို ကြားရတဲ့အခါမှာ လူ့ဘောင်မှထွက်၍ ရဟန်းပြုပြီးတော့ အိုခြင်းနာခြင်း သေခြင်းကင်းတဲ့ တရားကို ရှာဘို့ ကောင်းမြတ်တဲ့ အကြံအစည် ဖြစ်ပေါ်လာတယ်၊ မအို မနာ မသေတဲ့ တရားကို မိမိကိုယ်တိုင် ရအောင်ရှာပြီးတော့ သတ္တဝါအများ အားလဲ အဲဒီ မအို မနာ မသေတဲ့ တရားကိုရအောင် ဟောကြား ညွှန်ပြဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပေါ်လာတဲ့ အကြံအစည်ပါပဲ၊ အလွန်မြင့်မြတ်တဲ့ အကြံအစည်ပါပဲ။
အဲဒီနေ့ အဲဒီအချိန်လောက်မှာပဲ ဘုရားအလောင်းတော်၏ ကြင်ရာတော်ဖြစ်တဲ့ ယသောဓရာဒေဝီက သားတော်ကို ဖွားမြင်တယ်၊ အဲဒီ အကြောင်းကို ကြားရတော့ “လ ကို ဖုံးကွယ်တဲ့ ရာဟုသဖွယ် ဖြစ်ပေါ်လာတယ်၊ အနှောင်အဖွဲ့ဖြစ်ပေါ်လာတယ်” လို့ ဘုရားအလောင်းတော်က ညည်းညူ ပြောဆိုမိတယ်။
အဲဒီ စကားကို အကြောင်းပြုပြီးတော့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ဘုရားအလောင်းတော်အား တောမထွက်နိုင်အောင် ရာဟုကဲ့သို့ပင် ဖမ်းယူထားတဲ့ သားတော်ကလေး ဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီသားတော်ကလေးအား ရာဟုလာလို့ အမည်ပေးလိုက်ပါသတဲ့။
ဒါပေမဲ့ ဘုရားအလောင်းတော်က လောကထဲ မပျော်မမွေ့ ငြီးငွေ့တာနဲ့ အဲဒီညဉ့်မှာ တီးမှုတ် က - ခုန်ပြီး ဖျော်ဖြေနေကြတဲ့ ကချေသည်မတွေကိုတောင် မရှုစားတော့ပဲ ညဉ့်ဦး စောစောကပင် စက်တော်ခေါ်၍ အိပ်ပျော်သွားတယ်၊ အဲဒီအခါမှာ တီးမှုတ် က - ခုန်ပြီး ဖျော်ဖြေနေကြတဲ့ ကချေသည်မတွေကလဲ အဲဒီနေရာမှာပဲ အိပ်လိုက် ကြတယ်၊
ဘုရားအလောင်းတော်က အိပ်ယာမှ နိုးလာလို့ ကြည့်ရှုလိုက်တဲ့အခါမှာ အတုံးအရုံးနဲ့ အိပ်ပျော်နေကြတဲ့ ကချေသည်မတွေကို မြင်ရတော့ သူသေကောင်တွေလို ထင်မြင်တဲ့ အသုဘသညာ ဖြစ်ပေါ်လာပြီးတော့ သန်ကောင်ယာမ် အချိန်မှာ ကဏ္ဍက ဆိုတဲ့ မင်္ဂလာမြင်းတော်ကို စီးပြီး နောက်တော်ပါ ဆန္နအမတ်နှင့်တကွ တောထွက်တော် မူခဲ့တယ်။
အနော်မာမြစ် ရောက်တဲ့အခါ အဲဒီမြစ်၏ သဲသောင်ပြင်ပေါ်မှာ ဆံမုတ်ဆိတ်တော် များကို ပယ်ပြီးတော့ ဃဋီကာရ ဗြဟ္မာက ကပ်လှူတဲ့ သင်္ကန်းများကို ဝတ်ရုံပြီး ရဟန်းပြုတော်မူခဲ့တယ်၊
အဲဒီတုန်းက ဘုရားအလောင်းတော်ဟာ အရွယ်အားဖြင့် ၂၉ - နှစ်သာ ရှိသေးတယ်၊ ပျော်မွေ့ဘွယ် အကောင်းဆုံး အရွယ်ပေါ့၊ ဒါပေမဲ့ အဲဒီလို အရွယ်ရှိသော မိဖုရား အခြွေအရံတွေကို ငဲ့ကွက်ခြင်းမရှိပဲ စွန့်လွှတ်ပြီးတော့ တောထွက်ရဟန်းပြု တော်မူတာဟာ အလွန်ပဲ အံ့ဩစရာ ကောင်းပါပေတယ်။
အာဠာရရသေ့ကြီးထံ သွားရောက်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬
ဒါပေမဲ့ အဲဒီအခါတုန်းက ဘုရားအလောင်းတော်မှာ တရားအကျင့် နည်းလမ်းအတော့ မရှိသေးဘူး။ ဒါကြောင့် အဲဒီအခါတုန်းက ထင်ရှားကျော်ကြား နေတဲ့ အာဠာရဆိုတဲ့ ရသေ့ကြီးထံ နည်းခံဘို့သွားတယ်၊ အဲဒီရသေ့ကြီးက သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ လောကီဈာန်သမာပတ် ရှစ်ပါးရှိရာမှာ အာကိဉ္စညာယတန ဈာန်အထိ သမာပတ် (၇) ပါးကို ကိုယ်တိုင်ရရှိပြီးတော့ တပည့်များအား လက်တွေ့ ညွှန်ကြားပြသနေတဲ့ ပုဂ္ဂိုလ်ထူးကြီး ဖြစ်တယ်၊
ဘုရားမပွင့်မီကဆိုယင် ဈာန်သမာပတ်တွေကို ကိုယ်တိုင်ရပြီး ဒီလို လက်တွေ့ သင်ကြား ညွှန်ပြပေးနေတဲ့ ပုဂ္ဂိုလ်ဆိုတာ တကယ့်ကို အားကိုးလောက်တဲ့ ဆရာကြီး ပေပဲ။ ဒါကြောင့် အဲဒီ အခါတုန်းက ဘုရားတဆူကဲ့သို့ပင် ထင်ရှားကျော်ကြားနေတဲ့ ဆရာကြီးဖြစ်တယ်။
အဲဒီ ဆရာကြီးက ဘယ်အရပ်မှာ နေသလဲ၊ တပည့် ပရိတ်သတ်တွေ ဘယ်လောက် ရှိသလဲလို့ ဆိုတော့ ထေရဝါဒ ပိဋကတ်စာပေထဲမှာ အဲဒီနေရာဌာနနဲ့ ပရိတ်သတ် အကြောင်းကို ပြဆိုထားတာ မရှိဘူး။ မြောက်ပိုင်း ဗုဒ္ဓစာပေလို့ ဆိုရတဲ့ လလိတဝိတ္ထရ (ဗုဒ္ဓဝင်) ကျမ်းမှာတော့ အဲဒီ အာဠာရ ရသေ့ကြီးဟာ ဝေသာလီပြည်နယ်ထဲမှာ နေတယ်၊ သူ့ထံမှာ နည်းခံယူပြီး ကျင့်နေကြတဲ့ တပည့် ပရိတ်သတ်တွေက ၃၀ဝ - ရှိတယ်လို့ ဆိုပါတယ်၊
အဲဒါဟာ ထေရဝါဒ စာပေထဲက မဟုတ်ပေမဲ့ မှတ်သင့်မှတ်ထိုက်တဲ့ စကားပါပဲ၊ ဘာကြောင့်လဲဆိုယင် “သူ့နေရာကို မသိဘူး” လို့ ပြောရတာထက် နေရာကို ဖော်ပြနိုင်တာက ပိုပြီးကောင်းတယ်၊ တပည့် ပရိတ်သတ်ကို မပြနိုင်တာ ထက်လဲ ပြနိုင်တာက ပိုပြီးကောင်းတယ်၊ ဒါကြောင့်ပါပဲ။
အာဠာရရသေ့ကြီးထံ၌ နည်းခံခြင်း
အဠာရရသေ့ကြီးထံ သွားရောက်ပြီး နည်းခံပုံကို ဒီလို ပြထားပါတယ်။
သော အဟံ - ဘုရားအလောင်းတော်ဖြစ်သော ထို ငါသည်၊
ပဗ္ဗဇိတော သမာနော - တောထွက်၍ ရဟန်ပြုပြီးနောက်၊
ကိံ ကုသလာနုဧသီ - ကုသိုလ်ကား အဘယ်နည်းဟု ရှာကြံလျက်၊
အနုတ္တရံ သန္တိဝရပဒံ - သူ့ထက်မြတ် မရှိသော အငြိမ်းဓာတ် မြတ်နိဗ္ဗာန်ကို၊
ပရိယေသမာနော - ရှာမှီးနေစဉ်၊
ယေန အာဠာရော ကာလာမော တေနုပသင်္ကမိံ - ကာလာမအနွယ် အာဠာရ ရသေ့ကြီး ရှိရာသို့ ချဉ်းကပ်ခဲ့ပြီ။
ဥပသင်္ကမိတွာ - ချဉ်းကပ်ပြီး၍၊
အာဝုသော ကာလာမ - ငါ့ရှင် ကာလာမ၊
(အနွယ်ကိုပင် အမည်ပြု၍ ပြောဆိုသည်။ ရိုသေထိုက်သောသူအား အမည်ရင်းဖြင့် မပြောပဲ ဤသို့ အနွယ် စသည်ဖြင့် ခေါ်ဝေါ် ပြောဆိုခြင်းသည် ပညာရှိတို့၏ သုံးစွဲရိုး အလေ့ပင် ဖြစ်သည်)
အာဝုသော ကာလာမ - ငါ့ရှင် ကာလာမ၊
ဣမသ္မိံ ဓမ္မဝိနယေ - ငါ့ရှင် ဟောကြားညွှန်ပြနေသော ဤတရားဝိနည်း၌၊
ဝါ - ငါ့ရှင်၏ အဆုံးအမ သာသနာ၌၊
ဗြဟ္မစရိယံ စရိတုံ - အကျင့်မြတ်ကိုကျင့်ရန်၊
အဟံ ဣစ္ဆာမီတိ - ငါ အလိုရှိပါသည်ဟူ၍၊
ဧတံ - ဤတောင်းပန်စကားကို၊
အာဠာရံ ကာလာမံ - ကာလာမ အနွယ် အာဠာရအား၊
(မြန်မာစကား ချောစေရန် ကံကို သမ္ပဒါန် အနက်ပြန်သည်)
အဝေါစံ - ပြောဆိုခဲ့ပြီ - တဲ့။
အတိုချုပ်အားဖြင့် အာဠာရရသေ့ကြီးထံ သွားရောက်ပြီးတော့ “ငါ့ရှင် ကာလာမ၊ သင်ဟောကြား ညွှန်ပြနေတဲ့ အကျင့်မြတ်ကို ကျင့်လိုပါတယ်” လို့ ဆိုလိုတာပါပဲ။ အဲဒီတော့ အာဠာရရသေ့ကြီးက -
အာယသ္မာ - ဂေါတမနွယ်ဝင် အရှင်ရဟန်းသည်၊
ဝိဟရတု - ဤဌာန ဤသာသနာ၌ နေလှည့်ပါ ကျင့်လှည့်ပါ ၊
အယံဓမ္မော - ကျွန်ုပ်ဟောပြနေသော ဤအကျင့်လုပ်ငန်း တရားသည်၊
တာဒီသော - ထိုသို့ သဘောရှိပါ၏၊
ဝါ - ယခု ပြောပြမည့် အခြင်းအရာအဘော ရှိပါ၏၊
ယတ္ထ - ယင်း အကျင့်လုပ်ငန်းတရား၌၊
ဝိညူ ပုရိသော - ပညာရှိသောပုဂ္ဂိုလ်သည်၊
န စိရဿေဝ - မကြာမီပင်လျှင်၊
သကံ အာစရိယကံ - မိမိ ဆရာ တွေ့သိထားသော တရားထူးကို၊
သယံ အဘိညာ သစ္ဆိကတွာ - ကိုယ်ပိုင်ဉာဏ်ဖြင့် မျက်မှောက်ပြုလျက်၊
ဥပသမ္ပဇ္ဇ ဝိဟရေယျ - ရောက်၍ရ၍ နေနိုင်ပါသည် -
လို့ အားပေးစကားပြောပြီး အားထုတ်ပုံကို ပြောကြားပါတယ်။
အားရကျေနပ်ဖွယ် ကောင်းတဲ့စကား
အဲဒီ အာဠာရ ရသေ့ကြီး ပြောကြားပုံထဲမှာ “သူဟောတဲ့အတိုင်း ကျင့်တဲ့သူဟာ ဆရာသိတဲ့ တရားထူးကို မကြာခင်ပဲ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိပြီး နေနိုင်ပါတယ်” ဆိုတဲ့ စကားဟာ အင်မတန် အားကိုးစရာ ယုံကြည်စရာကောင်းတဲ့ စကားပဲ၊
လက်တွေ့တရားဆိုယင် ဒီလို ကိုယ်တိုင် တွေ့နိုင်မှပဲ အားရကျေနပ်ဖွယ် ကောင်းတယ်၊ နောက်ပြီးတော့ မကြာခင်ပဲ ကိုယ်တိုင် တွေ့သိနိုင်တယ် ဆိုတာလဲ အားရစရာပဲ၊ အကြာခင် မြန်မြန်တွေ့မှပဲ အားတက်ဖွယ် ဖြစ်ပါတယ်။ ဒါကြောင့် အာဠာရရသေ့ကြီး၏ အဲဒီလို စကားကို ကြားရတဲ့အတွက် ဘုရားအလောင်းတော်က သဘောကျပြီး ဒီလို ဆင်ခြင်မိပါတယ်။
ကိုယ်မစားဝံ့တဲ့ဆေး သူတပါးအား မကျွေးသင့်
အာဠာရဟာ ဒီတရားကို ယုံကြည်တဲ့ သဒ္ဓါတရားမျှဖြင့် ပြောတာ မဟုတ်ဘူး၊ စင်စစ်မှာတော့ သူကိုယ်တိုင် တွေ့မြင်သိရှိပြီး ပြောဟောနေတာပဲ - လို့ ဆင်ခြင်မိပါတယ်။ ဟုတ်တယ် အာဠာရ ပြောတဲ့ စကားထဲမှာ “ကျမ်းဂန်က ဘယ်လို ဆိုတယ်”လို့ ဒီလို ကျမ်းဂန်ကို အားကိုးပြီး ပြောတာလဲ မဟုတ်ဘူး၊ “ဒီလို သိရသတဲ့” စသည်ဖြင့် တဆင့်ကြားအနေနဲ့ ပြောတာလဲ မဟုတ်ဘူး၊ “ဆရာသိတဲ့ တရားထူးကို ကိုယ်တိုင်ပင် သိပါတယ်”လို့ ဒီလို ကိုယ်တွေ့အနေနဲ့ ပြောတဲ့ စကားသာ ဖြစ်တယ်။
ဘာဝနာလုပ်ငန်းကို ညွှန်ပြတဲ့ ဆရာဆိုယင် ဒီလို ရဲရဲတင်းတင်း ပြောနိုင်ဘို့ လိုပါတယ်၊ ကိုယ်တိုင်က အားမထုတ်ဘူးပဲ ကိုယ်တိုင်က ဘာမျှ မတွေ့မသိဘူးပဲ ကျမ်းဂန်တွေ့မျှနဲ့ ဆရာလုပ်နေကြတာတွေ၊ ဘာဝနာ လုပ်ငန်းတရား ဟောကြား နေကြတာတွေ၊ ဘာဝနာအလုပ် ကျမ်းစာအုပ်ရေးထုတ် နေကြတာတွေကတော့ သိပ်နေရာမကျဘူး၊ ကိုယ်တိုင် မစားဘူး၊ မသုံးဘူးတဲ့ဆေး၊ ကိုယ်တိုင်မစားဝံ့တဲ့ ဆေးကို သူတပါးအား တိုက်ကျွေးနေတာနဲ့ ခပ်တူတူ ဖြစ်နေတယ်၊ အဲဒီလို ဟောပြောချက်မျိုး, ကျမ်းစာအုပ်မျိုးကတော့ ယုံကြည်အားကိုးစရာ အားတက်စရာ သိပ်မကောင်းဘူး။
သဘာဝကျတဲ့ ဆင်ခြင်ပုံ
ယခု အာဠာရရသေ့ကြီး ပြောဟောညွှန်ကြားတာကတော့ ကိုယ်တွေ့အနေနဲ့ ရဲရဲတင်းတင်း ဟောကြားညွှန်ပြတာ ဖြစ်တဲ့အတွက် ဘုရားအလောင်းတော်က တထစ်ချ ယုံကြည်အားတက်သွားတယ်၊ အာဠာရမှာသာ ယုံကြည်တဲ့ သဒ္ဓါ ရှိတာ မဟုတ်၊ ငါ့မှာလဲ ရှိတာပဲ၊ အာဠာရမှာသာ ဝီရိယ, သတိ, သမာဓိ, ပညာ ရှိတာမဟုတ်၊ ငါ့မှာလဲ ရှိတာပဲ - လို့ ဒီလိုဆင်ခြင်ပြီး အာဠာရရသေ့ကြီးရထားတဲ့ တရားကို ကိုယ်တိုင် တွေ့ရအောင် အားထုတ်ပါတယ်၊
အားထုတ်တော့ မကြာခင်ပဲ အဲဒီ အာကိဉ္စညာယတန ဈာန်သမာပတ်တရားကို ရသွားပါတယ်။ အဲဒီအခါ ဘုရားအလောင်းတော်က အာဠာရရသေ့ကြီးထံ သွားပြီးတော့ “ဆရာကြီးကိုယ်ပိုင် ဉာဏ်ဖြင့် မျက်မှောက်တွေ့ပြီး ရောက်နေတယ် ဆိုတဲ့ အာကိဉ္စညာယတနဈာန် တရားဟာ ကျွန်ုပ် ယခုတွေ့ထားတဲ့ ဒီတရားအတိုင်းပဲ ဟုတ်ပါရဲ့လား” လို့ မေးမြန်းကြည့်ပါတယ်။
ချီးမြှောက်သင့်ရာ ချီးမြှောက်တာ ဆရာ့တာဝန်
အဲဒီတော့ အာဠာရ ရသေ့ကြီးက “ဟုတ်ပါတယ်၊ ကျွန်ုပ် ကိုယ်ပိုင်ဉာဏ်ဖြင့်တွေ့ပြီး ရောက်နေတယ်ဆိုတဲ့ တရားဟာ ငါ့ရှင် ဂေါတမ တွေ့လာတဲ့ တရားအတိုင်းပါပဲ၊ ကျွန်ုပ် လဲ ဒါလောက် တွေ့တာပါပဲ” လို့ ဖြေကြား ပြောဆိုပြီးတော့ ဒီလိုလဲ ချီးကျူးစကားကို ပြောကြားပါတယ်၊ အရှင် ဂေါတမဟာ အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ၊
ဒီ အာကိဉ္စညာယတနဈာန်ဆိုတာ လွယ်လွယ်နဲ့ရတဲ့ တရားမဟုတ်ဘူး၊ ငါ့ရှင် ဂေါတမဟာ မကြာမီအတွင်းမှာပဲ ဒီတရားကို ရလာတယ်၊ သိပ်ထူးတာပဲ၊ ဒီလို ထူးခြားတဲ့ သီတင်းတော်ကို ရတဲ့အတွက် ကျွန်ုပ် တို့ဟာ အင်မတန် အရ တော်ကြတာပဲ၊ အင်မတန် ကံကောင်းကြတာပဲ၊ ကျွန်ုပ် မျက်မှောက်တွေ့ပြီး သိပါတယ် ဆိုတဲ့ တရားကို အရှင်ဂေါတမသိလာတယ်၊ အရှင်ဂေါတမ သိလာတဲ့ တရားလောက်ကိုပဲ ကျွန်ုပ်လဲ သိပါတယ်၊
ဒါကြောင့် အရှင်ဂေါတမဟာ ကျွန်ုပ်နဲ့ ဂုဏ်အရည်အချင်းတန်းတူ ဖြစ်နေပါပြီ၊ အရှင်ဂေါတမဟာ ဒီဌာနမှာပဲ နေပါ၊ ဒီဂိုဏ်းဂဏမှာ တပည့် ပရိတ်သတ်တွေများ ပါတယ်၊ အရှင်ဂေါတမနှင့် ကျွန်ုပ် တို့ တန်းတူဆရာကြီးများ အဖြစ်နဲ့ ညွှန်ကြား စောင့်ရှောက်သွားကြပါစို့ လို့ ပြောပြီးတော့ တပည့်တဝက်ကို ဘုရား အလောင်းတော်အား ညွှန်ကြား ပြသဘို့ ခွဲပေးလိုက်ပါတယ်။ အဲဒါဟာ ရှေ့နားက ပြောခဲ့တဲ့ တပည့် ၃၀ဝ - ထဲက တပည့် ငါးဆယ်ကို ခွဲပေးတာဖြစ်ပါလိမ့်မယ်။ အဲဒီလို ချီးမြှောက်တာဟာ ဆရာက တပည့်ကို သူနဲ့ တန်းတူထားပြီး ချီးမြှောက်လိုက် တာပါပဲ။
ဒါပေမဲ့ ဘုရားအလောင်းတော်ဟာ အဲဒီဌာနမှာ အချိန်ကာလ အနည်းငယ်မျှသာ နေပါတယ်၊ အဲဒီလိုနေယင်း စဉ်းစားဆင်ခြင်မိပါတယ်၊ “ဒီအာကိဉ္စညာယတန ဈာန်ဟာ ငြီးငွေ့တဲ့ဉာဏ်ဖြစ်ဖို့ရာ တပ်မက်မှုကင်းဘို့ရာ ချုပ်ဖို့ရာလဲ မဖြစ်ဘူး၊ ကိလေသာငြိမ်းဘို့ ဉာဏ်ထူးဖြစ်ဖို့ ထိုးထွင်းသိဘို့ ဆင်းရဲအားလုံး ငြိမ်းဘို့ရာလဲ မဖြစ်ဘူး၊ အာကိဉ္စညာယတနဘုံသို့ ရောက်ဖို့ရာလောက်သာဖြစ်တယ်၊
အဲဒီဘုံမှာရောက်ပြီး ကမ္ဘာပေါင်းခြောက်သောင်းမျှ အသက်ရှည်ဘို့ရာလောက်ပဲ၊ အဲဒီဘဝကစုတေတဲ့အခါ ကာမဘဝတွေမှာ ဖြစ်မြဲဖြစ်ပြီး ဆင်းရဲဒုက္ခတွေနဲ့ တွေ့မြဲ တွေ့နေရဦးမှာပဲ၊ ငါအလိုရှိတဲ့ သေခြင်းကင်းရာ တရားမဟုတ်သေးဘူး”လို့ စဉ်းစား ဆင်ခြင်ပြီးတော့ အဲဒီ အာကိဉ္စညာယတနဈာန် တရားကို အလေးမပြုပဲ စွန့်လိုက်တယ်၊ အဲဒီ အာဠာရကမ္မဋ္ဌာန်းဌာနကလဲ ထွက်ခွါသွားခဲ့တယ်။
ဥဒကရသေ့ကြီးထံ သွားရောက်ခြင်း
အဲဒီက ထွက်ခွါပြီးတော့ အနုတ္တရ (သူ့ထက် အလွန် အမြတ်မရှိတဲ့) သန္တိဝရပဒ (အငြိမ်းဓာတ် အမြတ်နိဗ္ဗာန်) ဆိုတဲ့ သေခြင်းကင်းရာတရားကို ကိုယ်ပိုင် ဉာဏ်ဖြင့်ပင် ရှာကြံနေခဲ့ပြန်တယ်၊ အဲဒီလို ရှာကြံနေယင်း ရာမပုတ္တ (ရာမ၏သား - ရာမဆရာကြီး ၏တပည့်) ခေါ်တဲ့ ဥဒကရသေ့ကြီး၏ ဂုဏ်သတင်းကို ကြားရတာနဲ့ အဲဒီ ဥဒကရသေ့ထံ သွားရောက်ပြီးတော့ ရာမဆရာကြီး၏ တရားကျင့်နည်းကို မေးမြန်းခံယူ ပြန်ပါတယ်။
အဲဒီမှာလဲ ဘုရားအလောင်းတော်က နည်းခံပုံ, ဥဒကရသေ့ကြီးက ပြောပြပုံ, ဘုရားအလောင်းတော်က သဘောကျပြီး ဆင်ခြင် စဉ်းစားပုံ, အားထုတ်၍ မကြာခင်ပဲ ဆရာကြီး ပြောတဲ့တရားကိုရပြီး ဥဒက ရသေ့ကြီးထံ မိမိရလာတဲ့ တရားကို ပြောကြားပုံ စသည်တွေဟာ စကားလုံးချင်း ထပ်တူလိုလိုပါပဲ။
ထူးတာကတော့ ဥဒကရသေ့ကြီးဆိုတာက ရာမပုတ္တ - လို့ ဆိုထားတဲ့အတိုင်း ရာမဆရာကြီး၏သား, သို့မဟုတ် တပည့်ဖြစ်တယ်၊ ရာမဆရာကြီးက နေဝသညာ နာသညာယတနဈာန်အထိ သမာပတ် ရှစ်ပါးလုံးကို ရတယ်၊ သို့ပေမဲ့ ဘုရားအလောင်း ရောက်သွားတဲ့အခါမှာ ရာမဆရာကြီးက မရှိတော့ဘူး၊ ဒါကြောင့် “ရာမဟာ အဘယ်မျှအထိ မျက်မှောက် တွေ့ပြီး သိနေတယ်လို့ ပြောကြားခဲ့ဘူး ပါသလဲ”လို့ ဘုရားအလောင်းက ဥဒကကို မေးတယ်၊ အဲဒီ မေးပုံထဲမှာ “(ပဝေဒေသိ) ပြောကြားခဲ့ဘူးပါသလဲ”လို့ အတိတ်ကာလက အဖြစ်အပျက် အကြောင်းအရာ အနေနဲ့ မေးတာကိုလဲ တွေ့ရတယ်။
နောက်ပြီးတော့ “ရာမမှာသာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ရှိခဲ့သည်မဟုတ်၊ ငါ့မှာလဲရှိတယ်”လို့ ဆင်ခြင်ပုံကိုလဲ တွေ့ရတယ်။ နောက်ပြီးတော့ “ရာမ သိခဲ့တဲ့ တရားကို သင်သိတယ်၊ သင်သိတဲ့တရားကို ရာမ သိခဲ့တယ်၊ ဒါကြောင့် ရာမနှင့် သင်ဟာ တန်းတူ ဖြစ်နေတယ်၊ အသင်ဂေါတမဟာ ဒီဂိုဏ်းကို ဆရာကြီးအဖြစ်နှင့် သွန်သင်ဆောင်ရွက်ပါ”လို့ ဥဒကရသေ့က ဆရာအဖြစ်နဲ့ အပ်နှင်းတာကိုလဲ တွေ့ရတယ်။ နောက်ပြီးတော့ “ဥဒကဟာ ရာမ၏တပည့်အဖြစ်ဖြင့် ငါနှင့်အတူ ကျင့်ဘက် သီတင်းသုံးတော် ဖြစ်ပါလျက် ငါ့ကို ဆရာအဖြစ်ဖြင့် ဆရာ့အရာ၌ တင်ထားတယ်”လို့ ဘုရားအလောင်း ဆင်ခြင်ပုံကိုလဲ တွေ့ရတယ်။
ဒါကြောင့် ဘုရားအလောင်းတော်ဟာ ရာမဆရာကြီးနဲ့တော့ မတွေ့ရဘူး၊ သူ့တပည့် ဥဒကရသေ့နဲ့ တွေ့ရတယ်၊ ဥဒကရသေ့က ရာမဆရာကြီး၏ တရားအားထုတ် နည်းကို ဘုရားလောင်းအားပြောပြတယ်၊ အဲဒီ ပြောပြတဲ့အတိုင်း အားထုတ်တဲ့ အတွက် ဘုရားအလောင်းတော်ဟာ ရာမဆရာကြီး ကိုယ်တိုင်တွေ့ ရသိထားတဲ့ နေဝသညာနာသညာယတနဈာန် အထိ အကြာခင်ပဲ ကိုယ်တိုင်တွေ့ ရသိတော် မူတယ်၊ ရာမဆရာကြီးလိုပင် နေဝသညာနာသညာယတနဈာန်ကို ရတဲ့အတွက် ဥဒကရသေ့က ဘုရားအလောင်းတော်ကို ဂိုဏ်းဆရာကြီး အဖြစ် တင်မြှောက်တယ် - ဆိုတာတွေကို အထူး မှတ်သားဘို့ပါဘဲ။
နောက်ပြီးတော့ အဲဒီ ဥဒကရသေ့ကြီး၏ တည်ရာဌာနက ဘယ်မှာလဲ၊ တပည့် ပရိသတ်က ဘယ်လောက် ရှိသလဲ ဆိုယင် ထေရဝါဒစာပေထဲမှာတော့ အဲဒါတွေကို ပြဆိုထားချက်မရှိဘူး၊ မြောက်ပိုင်း ဗုဒ္ဓစာပေလို့ဆိုတဲ့ လလိတဝိတ္ထရခေါ် ဗုဒ္ဓဝင် ကျမ်းထဲမှာတော့ ဥဒကရသေ့ကြီး၏ တည်ရာကမ္မဋ္ဌာန်းဌာနက ရာဇဂြိုဟ်ပြည်နယ် ထဲမှာ ဖြစ်ကြောင်း၊ တပည့် ပရိသတ်တွေက ၇၀ဝ - ရှိကြောင်း ပြဆိုထားပါတယ်။ အဲဒါလဲ မှတ်ထားဘို့ သင့်တာပါပဲ။
နောက်ပြီးတော့ ဘုရားအလောင်းတော်နှင့် တွေ့စဉ် အခါတုန်းက ဥဒကရသေ့ဟာ နေဝသညာ နာသညာယတန ဈာန်အထိ မရသေးဘူး၊ အဲဒါကြောင့် ဆရာကြီးရာမ ရတဲ့တရားအနေနဲ့သာ ပြောကြားခဲ့တယ်၊ နောက်ပြီးတော့ နေဝသညာနာသညာ - ယတနဈာန်အထိ ရတဲ့အတွက် မိမိထက်သာလို့ ဘုရားအလောင်းတော်ကို ဆရာကြီးအဖြစ် တင်မြှောက်တယ်၊
“နောက်အခါကာလကျမှ ဥဒကရသေ့လဲ ဘုရားအလောင်းတော်ကို အားကျပြီး အားထုတ်လို့ နေဝသညာနာသညာယတနဈာန်ကို ရသွားတယ်” (အဲဒါက ဋီကာမှာ ပြဆိုချက်ပါပဲ)။ အဲဒီအချက်တွေကိုလဲ အထူးမှတ်သားဘို့ပါဘဲ။
ဘုရားအလောင်းတော်ဟာ အဲဒီကမ္မဋ္ဌာန်းဌာနမှာ အချိန်ကာလ အနည်းငယ်မျှ ဆရာကြီး အဖြစ်နဲ့ ညွှန်ကြား ပြသနေခဲ့ပါတယ်။ အဲဒီလိုနေယင်း ဘုရား အလောင်းတော်က စဉ်းစားဆင်ခြင်မိပြန်တယ်၊ ဆင်ခြင်ပုံကတော့ “ဒီ နေဝသညာ - နာသညာယတနဈာန်ဟာလဲ ငြီးငေါ့တဲ့ ဉာဏ်ဖြစ်ဖို့ရာ တပ်မက်မှုကင်းဘို့ရာ ချုပ်ဖို့ရာလဲ မဖြစ်ဘူး၊ ကိလေသာငြိမ်းဘို့ ဉာဏ်ထူးဖြစ်ဖို့ ထိုးထွင်းသိဘို့ ဆင်းရဲ အားလုံး ငြိမ်းဘို့ရာလဲမဖြစ်ဘူး၊ နေဝသညာယတနဘုံသို့ ရောက်ဖို့ရာလောက်သာ ဖြစ်တယ်၊ အဲဒီဘုံမှာ ရောက်ပြီး ကမ္ဘပေါင်းရှစ်သောင်း လေးထောင် အသက်ရှည် ဘို့ရာလောက်ပဲ၊ အဲဒီဘဝက စုတေတဲ့အခါ ကာမဘဝတွေမှာ ဖြစ်မြဲ ဖြစ်ပြီးတော့ ဆင်းရဲဒုက္ခတွေနဲ့ တွေ့မြဲတွေ့နေရဦးမှာပဲ။ ငါအလိုရှိတဲ့ သေခြင်း ကင်းရာ တရား မဟုတ်သေးဘူး”လို့ စဉ်းစားဆင်ခြင်ပြီးတော့ အဲဒီ နေဝသညာနာသညာယတန ဈာန်တရားကိုလဲ အလေးမပြုတော့ပဲ စွန့်လိုက်တယ်၊ အဲဒီ ဥဒက၏ ကမ္မဋ္ဌာန်းဌာနကလဲ ထွက်ခွါသွားခဲ့တယ်။
ဥရုဝေလတော၌ ဒုက္ကရစရိယာကျင့်ပုံ
အဲဒီက ထွက်ခွါခဲ့ပြီးတော့ အနုတ္တရ သန္တိဝရပဒ ဆိုတဲ့ သေခြင်းကင်းရာတရားကို ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ရှာကြံနေယင်း မဂဓတိုင်းထဲမှာ လှည့်လည်နေခဲ့တယ်၊ အဲဒီလို လှည့်လည်နေယင်း သေနာနိဂုံးရွာကြီးအနီး ဥရုဝေလတောသို့ ရောက်သွားတယ်၊ အဲဒီတောအရပ်မှာ နေရဉ္ဇရာမြစ်ကလဲ ကြည်လင်တဲ့ရေတွေ စီးသွားနေတာ တွေ့ရပါ သတဲ့၊ နေရဉ္ဇရာမြစ် ဆိုတာ ယခုနေအခါတွေ့ရတာကတော့ တပို့တွဲလ ဆီမှာ ဆိုယင် ရေစီးနေတာကို မတွေ့ရတော့ဘူး၊ သဲသောင်ပြင်ကြီးကိုသာ တွေ့ရတော့တယ်၊
မိုးတွင်းနဲ့ ဆောင်းလယ်လောက်မှာသာ ရေရှိမည့်လက္ခဏာပါပဲ။ ဒါပေမဲ့ ဟိုနှစ်ပေါင်း နှစ်ထောင်ကျော် ကာလကတော့ ၁၂ - ရာသီပတ်လုံး ရေစီးနေတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် အဲဒီမြစ်မှာ ကြည်လင်တဲ့ ရေစီး သွားနေတာကိုလဲ တွေ့ရတယ်၊ အနီးအပါးမှာ သေနာနိဂုံးဆိုတဲ့ ဆွမ်းခံဘို့ ရွာကြီးကိုလဲ တွေ့ရတယ်၊ အဲဒီလို မြေကောင်း တောကောင်း ရေကောင်းနဲ့ ဆွမ်းခံရွာကို တွေ့ရတဲ့အတွက် “ဒီအရပ်ဟာ တရားအားထုတ်လိုတဲ့သူမှာ တရား အားထုတ်ရန် သင့်လျော်တဲ့ အရပ်ပဲ”လို့ ဆင်ခြင်ပြီး အဲဒီ ဥရုဝေလတောအုပ်မှာပဲ နေခဲ့ပါတယ်။
အဲဒီတုန်းက ဘုရားအလောင်းတော်မှာ တရားအားထုတ်ဖို့ရာ တိကျမှန်ကန်တဲ့ နည်းကမရှိသေးဘူး၊ ကိုယ်အပင်ပန်းခံပြီး အားထုတ်တဲ့အကျင့်ကတော့ အဲဒီတုန်းက အိန္ဒယနယ်ပယ် တဝိုက်မှာ ခေတ်စားပြီး ပေါ်လွင်ထင်ရှား နေခဲ့ပါတယ်။ ဒါကြောင့် အဲဒီကျင့်ပုံကျင့်နည်းတွေကို မှီပြီး ဘုရားအလောင်းတော်မှာ ဥပမာ သုံးခု ပေါ်လာပါသတဲ့။
ဥပမာသုံးခု
ပဌမဥပမာက - သဖန်းသားဟာ အပင်မှ ခုတ်ဖြတ်ပြီးကာစ အစိုလဲဖြစ်နေမယ်၊ ရေလဲစိမ်ထားမယ်ဆိုယင် အဲဒီလို သစ်သားအစိုကို အချင်းချင်း ဖြစ်စေ၊ အခြားသစ်သားနဲ့ ဖြစ်စေပွတ်ပေမယ်လို့ မီးမပွင့်ဘူး၊ မီးမဖြစ်နိုင်ဘူး၊ အဲဒါလိုပဲ သားမယားစသော ကာမဂုဏ်အာရုံဝတ္ထုတွေကလဲ ရှိနေမယ်၊ နှစ်သက်သာယာတဲ့ ကိလေသာ ကာမတွေကလဲ ဖြစ်နေမယ်ဆိုယင် ကိုယ်ပင်ပန်းအောင် ဘယ်လို အားထုတ်ပေမယ်လို့ လောကုတ္တရာ ဉာဏ်အမြင် တရားထူးကို မရနိုင်ဘူး - တဲ့၊ ဒါက ပဌမဥပမာပဲ။
ဒုတိယ ဥပမာကတော့ - သဖန်းသားဟာ ရေစိုစွတ်ခြင်းတော့မရှိဘူး၊ ဒါပေမဲ့ အပင်မှ ခုတ်ဖြတ်ပြီးကာစ စိမ်းစိုနေသေးယင် အဲဒီသစ်သားစိုကို မီးပွတ်လို့ မီးမပွင့်ဘူး၊ မီးမဖြစ်နိုင်ဘူး၊ အဲဒါလိုပဲ သားမယားစသော ကာမဂုဏ်အာရုံဝတ္ထုတွေက အနီး အပါးမှာ သိမ်းပိုက်ထားတာ မရှိပေမယ်လို့ စိတ်ကူးဖြင့် နှစ်သက်သာယာနေတဲ့ ကိလေသာကာမတွေက ဖြစ်နေမယ်ဆိုယင် ကိုယ်ပင်ပန်းအောင် ဘယ်လိုပဲ အားထုတ်ပေမယ်လို့ လောကုတ္တရာဉာဏ်အမြင် တရားထူးကို မရနိုင်ဘူး - တဲ့၊ ဒါက ဒုတိယဥပမာပဲ။
ဒီ ဥပမာကတော့ ဗြာဟ္မဏဓမ္မိကတို့၏ ရသေ့ပြုခြင်းကို ရည်ရွယ်ကြောင်း အဋ္ဌကထာမှာ ပြဆိုထားပါတယ်။ အဲဒီ ဗြာဟ္မဏဓမ္မိကဆိုတဲ့ ပုဏ္ဏားတွေဟာ ငယ်စဉ်မှစပြီး အသက် ၄၈ - နှစ်အထိ ဗြဟ္မစရိယ အကျင့်ကို ကျင့်ကြတယ်၊ အဲဒီနောက်မှာ အမျိုးအနွယ် မပြတ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အကျင့်မှာထွက်ပြီး အိမ်ထောင်ပြုကြပါသတဲ့၊ ဒီလိုဆိုတော့ သူတို့မှာ ဗြဟ္မစရိယကို ကျင့်နေစဉ်ကလဲ ကာမရာဂတွေ ဖြစ်နေမှာပဲ။
တတိယဥပမာကတော့ သဖန်းသားဟာ သွေ့ခြောက်လဲနေမယ်၊ ရေနဲ့လဲ မတွေ့ထိရဘူးဆိုယင် အဲဒီ သစ်သားခြောက်ကို မီးပွတ်ယင် အလွယ်တကူနဲ့ မီးပွင့်လာမယ်၊ အဲဒါလိုပဲ ကာမအာရုံ ဝတ္ထုတွေကိုလဲ စွန့်ပယ်ထားပြီး ဖြစ်မယ်၊ စိတ်ကူးဖြင့် နှစ်သက်သာယာတဲ့ ကိလေသာကာမတွေကိုလဲ အာလယပြတ် ကောင်းကောင်းပယ်ထားပြီးဖြစ်မယ်ဆိုယင် ကိုယ်အပင်ပန်းခံပြီး အားထုတ်ယင်လဲ လောကုတ္တရာဉာဏ်အမြင် တရားထူးကို ရနိုင်တယ်၊ ကိုယ်အပင်ပန်းမခံပဲ ချမ်းသာ လွယ်ကူတဲ့ အကျင့်ဖြင့်လဲ လောကုတ္တရာဉာဏ်အမြင် တရားထူးကို ရနိုင်တယ် တဲ့၊ ဒါက တတိယဥပမာပဲ။
စိတ်ကို စိတ်ဖြင့် နှိပ်တဲ့ ဒုက္ကရစရိယာ
ဒီဥပမာ သုံးခု ပေါ်လာပြီးတဲ့နောက် တတိယ ဥပမာထဲမှာ ၂ - နည်း ရှိတဲ့အနက်က ပဌမနည်းဖြင့် ပြင်းပြင်းထန်ထန် အားထုတ်လိုတဲ့အတွက် ဒီလို အကြံဖြစ်လာပါတယ် တဲ့။
အဟံ - ငါသည်၊
ဒန္တေဘိ - အောက်သွားတို့ဖြင့်၊
ဒန္တံ - အထက်သွားကို၊
အာဓာယ - ပင့်ဆောင်ထား၍၊
ဝါ - အံသွားကြိတ်၍၊
ဇိဝှါယ - လျှာဖြင့်၊
တာလုံ အာဟစ္စ - လျှာ၏အထက် အာစောက်အရပ်ကို ထိစပ်၍၊
စေတသာ - စိတ်ဖြင့်၊
စိတ္တံ - အလိုလို ဖြစ်နေသော စိတ်ကို၊
အဘိနိဂ္ဂဏှေယျံ အဘိနိပ္ပီဠေယျံ အဘိသန္တာပေယျံ - နှိပ်ရ ကြိတ်ရ ပူလောင်စေ ရပါမူ၊
ယံ နူန - ကောင်းလိမ့်မည် ထင်သည် - လို့ အကြံအစည် ဖြစ်ပါသတဲ့။
ဒီနေရာမှာ ပြထားတဲ့ ပါဠိအသွားနဲ့ ဝိတက္ကသဏ္ဌာနသုတ်မှာ ပြထားတဲ့ ပါဠိ အသွားဟာ ထပ်တူပဲ ဖြစ်နေပါတယ်၊ ဒါပေမဲ့ ဝိတက္ကသဏ္ဌာနသုတ်မှာ ပြထားတဲ့ စိတ် စိတ်ချင်း နှိပ်ပုံကတော့ ဘုရားဖြစ်တော်မူပြီးမှ ဟောတော်မူတဲ့ ကျင့်နည်း ဖြစ်တဲ့အတွက် သူ့အလိုလို ဖြစ်ပေါ်လာတဲ့ ကိလေသာစိတ်ကို သတိပဋ္ဌာန် ပါဠိတော် စသည်မှာ ပြထားတဲ့နည်းအရ ဘာဝနာစိတ်ဖြင့် ရှုသိပြီး ပယ်ဘို့ရာပါပဲ။
ယခု ဒီမှာ ပြထားတဲ့ စိတ်ကို နှိပ်ပုံကတော့ မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့်ကို မသိရသေးမီက ကျင့်ခဲ့တဲ့ နည်းဖြစ်တဲ့အတွက် အဲဒီ သတိပဋ္ဌာန် နည်းလမ်းမှန်တော့ မဟုတ်ပေဘူး။ ဒါပေမဲ့ အဋ္ဌာကထာမှာ ဖွင့်ပြထားပုံကတော့ အကုသိုလ်စိတ်ကို ကုသိုလ်စိတ်ဖြင့် နှိပ်သည် - လို့ ဆိုပါတယ်၊
အဲဒီအတိုင်းဟုတ်ယင် သတိပဋ္ဌာနသုတ် စသည်မှာ ဟောထားတဲ့ နည်းမှန်ပဲ ဖြစ်ပေလိမ့်မယ်၊ အဲဒီတုန်းက နည်းမှန်ဖြင့် စိတ်ကို နှိပ်တာ ဟုတ်ယင် အဲဒီနည်းမှန်ဖြင့်ပင် ဘုရားအဖြစ်သို့ ရောက်ဖွယ် ရှိပါတယ်၊ ဒါပေမဲ့ အဲဒီနည်းဖြင့် ဘုရားအဖြစ်သို့ မရောက်ခဲ့တဲ့ပြင် ပင်ပန်းရုံမျှ အကျိုးသက်ရောက်သည့် အနေဖြင့် ပြဆိုထားပါတယ်၊ အဲဒီက နောက်လဲ နည်းမှားတွေ ကျင့်နေပုံတွေကို ဒီနေရာမှာ ဆက်ပြီး ပြထားပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင် အမည်ခံတဲ့ အချို့ ဂိုဏ်းဂဏတွေမှာ ကျင့်နေတဲ့ စိတ်ကို ဖျောက်ဖျက်ပစ်တဲ့ နည်းမျိုး ဖြစ်ဖွယ်ရှိတယ်လို့ တွေးထင်ရပါတယ်၊ ဘုန်းကြီးတို့ ဂျပန်ကို သာသနာပြုသွားတုန်းက ကျောင်းတိုက်ကြီးတခုမှာ ကမ္မဋ္ဌာန်း ထိုင်နေကြတာကို တွေ့ခဲ့ရပါတယ်၊ သူတို့နည်းက ဖြစ်ပေါ်သမျှ စိတ်ကို ဖျောက်ပစ်ရတယ်လို့ ဆိုပါတယ်၊ အဲဒီလို ဖျောက်ပစ်လို့ ဘာစိတ်မျှ မပေါ်လာတဲ့အခါ သုည (ဘာမျှမရှိတဲ့သဘော) ဆိုတဲ့ တရားလမ်းဆုံး ရောက်တယ်လို့ ဆိုပါတယ်၊
သူတို့အားထုတ်ပုံ အစီအစဉ်ကတော့ - တရား အားထုတ်မည့် မဟာယာန ရဟန်းငယ်တွေက အစဉ်အတိုင်း တင်ပလ္လင်ခွေပြီး ထိုင်နေကြတယ်၊ ၆ - ပါးလောက် ရှိပါတယ်၊ ဆရာရဟန်းတပါးက ထိုင်နေတဲ့ ရဟန်းများအား ရိုက်မည့် ဒုတ်ကို လိုက်ပြတယ်၊
တော်တော်ကြာတော့ ကမ္မဋ္ဌာန်းဆရာ ရဟန်းက ထိုင်နေတဲ့ သူတွေရဲ့ကျောကို ဒုတ်နဲ့ တချက်စီလိုက်ပြီး ရိုက်တယ်၊ အဲဒီလို အရိုက်ခံရခိုက်မှာ စိတ်တွေ အကုန်ပျောက်ပြီး သုည ဆိုက်သွားတာလဲ ရှိတတ်တယ်၊ ဒါကြောင့် လိုက်ပြီး ရိုက်ရတယ်လို့ ဆိုပါတယ်၊ ထူးဆန်းတဲ့တရားပဲ၊ အဲဒါဟာ ဖြစ်ပေါ်လာသမျှ စိတ်တွေကို ဖိနှိပ်ပြီး ဖျောက်ဖျက်ပစ်တဲ့ တရား အားထုတ်နည်းပဲ၊
ဘုရားအလောင်းတော် ဟိုတုန်းက စိတ် စိတ်ချင်း လိုက်ပြီး ဖိနှိပ်တဲ့ အားထုတ်ပုံဟာအဲဒီ အားထုတ်ပုံနဲ့ တူကောင်း တူလိမ့်မယ်လို့ ယူဆရပါတယ်၊ ဘုရားအလောင်းတော်ဟာ အဲဒီတုန်းက အံသွားကြိတ်ပြီးတော့ စိတ် စိတ်ချင်း အတင်းလိုက်ပြီး ဖိနှိပ်နေရတာဟာ အလွန်ပင်ပန်းပါသတဲ့၊ ပင်ပန်းလို့ ချိုင်းကြားက ချွေးတွေတောင် ယိုထွက်လာကပါသတဲ့၊ ဒါပေမဲ့ အဲဒီလို ပင်ပန်းအောင် အားထုတ်တဲ့အတွက် ဉာဏ်ထူး တရားထူးကိုတော့ မရခဲ့သေးပါဘူးတဲ့။
ရှူရှိုက်လေကို ထိန်းချုပ်၍ အပ္ပါဏက ဈာန်ဝင်ခြင်း
စိတ် စိတ်ချင်းနှိပ်တဲ့ နည်းဖြင့် ဉာဏ်ထူး တရားထူးကို မရသေးတဲ့အတွက် ဘုရားအလောင်းတော်က “ရှူရှိုက်လေကို ထိန်းချုပ်ပြီး ရှူရှိုက်လေကင်းတဲ့ အပ္ပါဏကဈာန်ကို ဝင်ရယင် ကောင်းမှာပဲ”လို့ ကြံစည်မိတယ်၊ အဲဒီလို ကြံစည် ပြီးတော့ ပါးစပ်ကရော နှာခေါင်းကရော အသက်ရှူလေ မထွက်နိုင်အောင် အောင့်ချုပ်ထားပါသတဲ့၊
အဲဒီအခါ နားပေါက်မှ အတင်းတိုးပြီး ထွက်တဲ့လေတွေရဲ့ အသံဟာ ပန်းပဲဖိုက လေသံလိုပဲ မြည်နေပါသတဲ့၊ ဒါကြောင့် ကိုယ်လဲအလွန် ပူပန် ပင်ပန်းပါသတဲ့၊ ဒါပေမဲ့ ဘုရားအလောင်းတော်က အလျှော့မပေးဘူး၊ ပါးစပ် ပေါက်နှင့် နှာခေါင်းပေါက်မှရော အဲဒီ နားပေါက်မှရော မထွက်နိုင်အောင် လေတွေ ကိုပိတ်ပြီး ထိန်းချုပ်ထား လိုက်ပြန်ပါသတဲ့၊ အဲဒီအခါ အလွန်ပြင်းထန်တဲ့ လေတွေက ဦးခေါင်းထိပ်ကို တက်ပြီး တိုးဆောင့်ကြတယ်၊
ဒါကြောင့် အားကြီးတဲ့လူက လက်ရိုက်ဖြင့် ခေါင်းကို ရိုက်သလိုပဲ နာကျင်ပါသတဲ့။ နောက်ပြီးတော့ အားကြီးတဲ့လူက ခေါင်းကို သားရေကြိုးနဲ့ အတင်းရစ်ပတ်သလိုလဲ နာကျင်ပါသတဲ့။ နောက်ပြီး ဝမ်းဗိုက်ထဲမှာလဲ လေတွေက အတင်းတိုးကြတာဟာ သားလှီးဓားနဲ့ လှီးသလိုပဲ အလွန်နာကျင်ပါသတဲ့။ နောက်ပြီးတော့ တကိုယ်လုံးမှာ လေတွေက တိုးဝှေ့ တွန်းကန်နေတဲ့အတွက် မီးကျီးတွင်း မီးကျီးပုံနဲ့ အကင်ခံရသလိုပဲ တကိုယ်လုံးမှာ အလွန်ပြင်းစွာ ပူလောင်နေပါသတဲ့၊
အဲဒီလို ပူလောင်ပင်ပန်းတဲ့ အတွက် ဘုရားအလောင်းတော်ဟာ လဲကျပြီး မလှုပ်မယှက်နိုင်အောင် ဖြစ်နေတယ်၊ အဲဒီလို ဖြစ်နေပုံကို မြင်ရလို့ အချို့ နတ်တွေက “ရဟန်းဂေါတမ သေသွားပြီ” လို့ ပြောကြသတဲ့။ အချို့နတ်တွေက “မသေသေးဘူး၊ သေလုနီး ဖြစ်နေပြီ” လို့ ပြောကြသတဲ့။
အချို့ နတ်တွေကတော့ “သေတာလဲ မဟုတ်ဘူး၊ သေလုနီး ဖြစ်နေတာလဲ မဟုတ်ဘူး၊ ဒီလို မလှုပ်မယှက် ဖြစ်နေတာဟာ ရဟန္တာပုဂ္ဂိုလ်မြတ်ရဲ့ (ဝိဟာရ) နေခြင်းပဲ” လို့ ပြောကြသတဲ့။ ဒါပေမဲ့ အဲဒီလို အပင်ပန်းခံပြီး အားထုတ်တဲ့အတွက် ဉာဏ်ထူး တရားထူးကိုတော့ မရခဲ့သေးဘူး။
အစာမစားတဲ့ ဒုက္ကရစရိယာအကျင့်
ဒါကြောင့် ဘုရားအလောင်းတော်က “အစာအာဟာရကို လုံးဝဖြတ်ပြီး ကျင့်ယင် ကောင်းမှာပဲ”လို့ ကြံစည်မိတယ်၊ အဲဒီ စိတ်အကြံကို သိတဲ့နတ်တွေက “အရှင်ဂေါတမ အစာအာဟာရကိုတော့ လုံးဝမဖြတ်လိုက်ပါနဲ့၊ ဖြတ်လိုက်ယင် ကျွန်ုပ် တို့က အရှင်၏ကိုယ်မှာ မွေးညှင်းပေါက်များမှ နတ်ဩဇာကို ထည့်သွင်းပေးကြ ရပါလိမ့်မယ်၊ အဲဒီ နတ်ဩဇာဖြင့် အရှင်ဂေါတမဟာ မျှတနေရပါလိမ့်မယ်”လို့ ပြောကြသတဲ့။
အဲဒီတော့ ဘုရားအလောင်းတော်က ဒီလို ဆင်ခြင်မိတယ်၊ “ငါက လုံးဝ မစားဘူးလို့လဲ ဝန်ခံနေမယ်၊ နတ်တွေက မွှေးညှင်းပေါက်မှ ထည့်ပေးတဲ့ နတ်ဩဇာနဲ့လဲ မျှတနေမယ်ဆိုယင် လုံးဝ မစားဘူးတဲ့ ငါ့ဝန်ခံချက်ဟာ လိမ်ရာ ရောက်လိမ့်မယ်”လို့ ဆင်ခြင်ပြီးတော့ “နတ်ဩဇာထည့်ပေးတာကို အလိုမရှိဘူး”လို့ အဲဒီ နတ်တွေကို မြစ်ပယ်လိုက်ပါတယ်။
အဲဒီလို မြစ်ပယ်လိုက်ပြီးတော့ ဘုရားအလောင်းတော်ဟာ အစာအာဟာရကို လျှော့ပြီး သုံးဆောင်တော်မူပါတယ်၊ ဘယ်လောက်အထိ လျှော့သလဲဆိုယင် ပဲပြုတ်ရည် တလက်ဆွန်းမျှအထိလျှော့ပြီး သုံးဆောင်တော်မူပါတယ်၊ လက်နှစ်ဖက် စပ်ပြီး ခံယူတာကို တလက်ခုပ်ခေါ်တယ်၊ လက်ဝါးတဖက်တည်း ခံယူတာကိုတော့ တလက်ဆွန်းခေါ်တယ်၊ လေးငါးခြောက်ဇွန်း စာလောက်ရှိမှာပေါ့။ တရက် တရက်မှာ အဲဒီ တလက်ဆွန်းစာ ပဲပြုတ်ရည်လောက်နဲ့ မျှတပြီး နေပါသတဲ့။
အဲဒီလို ပဲပြုတ်ရည် တလက်ဆွန်းစာလောက်နဲ့ မျှတနေတော့ ဘုရား အလောင်းတော်၏ ရူပကာယ ကိုယ်တော်ဟာ အသား အသွေးတွေ လျော့ပါးပြီး ပိန်ချုံးကျသွားတယ်၊ အရေအကြော အရိုးမျှသာ ကျန်တော့တယ်၊ ကျောဆစ်ရိုး တွေဟာ နိမ့်လိုက် မြင့်လိုက်နဲ့ အဖုအဆစ် အထစ်အထစ်တွေ ပေါ်နေတယ်၊ နံရိုးတွေလဲ ကျိုးတိုးကျဲတဲနဲ့ မညီမညွတ် ဖြစ်ပြီး ထင်ပေါ်နေတယ်၊ ဒုက္ကရစရိယာ ရုပ်ပုံတော် ပန်းချီကားကို မြင်ဘူးကြမှာပေါ့၊ အဲဒီ ပုံအတိုင်းပါပဲ၊
မျက်လုံးများကလဲ ချိုင့်ပြီး ဝင်နေတယ်၊ ရေတွင်းထဲက ရေကို တွေ့မြင်သလိုပါပဲတဲ့၊ ဦးခေါင်းအရေကလဲ ဗူးသီးနုနု ခူးပြီး နေလှန်းထားလို့ တွန့်ကျုံနေသလိုပါပဲတဲ့။ ကိုယ်မှာ ပိန်နေပုံကတော့ ဝမ်းဗိုက်ကို လက်နဲ့ စမ်းသပ်ကြည့်ယင် ကျောရိုးကို တွေ့ရပါသတဲ့၊ ကျောကို စမ်းသပ်ယင်လဲ ဝမ်းရေကို တွေ့ရပါသတဲ့၊ အဲဒီလို အလွန် ပိန်ချုံး ကျသွားတာဟာ အစာအာဟာရ နဲပါးခြင်းကြောင့်ပါပဲ။ ကျင်ကြီး ကျင်ငယ် စွန့်ရန် အားထုတ်တဲ့ အခါမှာလဲ အလွန်ပင်ပန်းပြီး မှောက်လျက် လဲကျရပါသတဲ့။
အဲဒီလို အလွန့်အလွန် ပိန်ချုံးကျနေတဲ့အတွက် တချို့လူတွေက “အရှင်ဂေါတမဟာ အသားအရောင် မည်းနက်တယ်” လို့ ပြောကြသတဲ့၊ တချို့ကတော့ “အသား အရောင်ညိုတယ်”လို့ ပြောကြသတဲ့၊ တချို့ကတော့ “ငါးခူအဆင်းလို ညိုပြာရောင် ရှိတယ်”လို့ ပြောကြသတဲ့။ အဲဒါဟာ အစာအာဟာရနဲပါးတဲ့အတွက် ပကတိက ဝါဝင်းပြီး အလွန်သန့်ရှင်းတဲ့ အရေအဆင်းပါ ပျက်သွားတာပါပဲ။
မာရ်နတ်က ဖြားယောင်းပြောဆိုခြင်း
အဲဒီလို အစာအာဟာရနဲပါးပြီး ကိုယ်ပင်ပန်းအောင် အလွန်အကျွံ အားထုတ်နေတဲ့ အခါမှာ မာရ်နတ်ကလာပြီး ဖြားယောင်းပြောဆိုပုံနှင့် ဘုရားအလောင်းတော်က ပြန်ကြားပုံကလေးများကိုလဲ ဒီနေရာမှာ ထည့်သွင်းပြီး ပြောရဦးမယ်။ သနား ကရုဏာဖြစ်တဲ့အနေနဲ့ မာရ်နတ်က ဒီလို ပြောကြားတယ်။
ကိသော တွမသိ ဒုဗ္ဗဏ္ဏော၊
သန္တိကေ မရဏံ တဝ။
သဟဿဘာဂေါ မရဏဿ၊
ဧကံသော တဝ ဇီဝိတံ။
ဇီဝ ဘော ဇီဝိတံ သေယျာ၊
ဇီဝံ ပုညာနိ ကာဟသိ - တဲ့
မာရိသ - အရှင် ဂေါတမ၊
တွံ - သင်သည်၊
ကိသော - အလွန်ပိန်လျက်၊
ဒုဗ္ဗဏ္ဏော - ရုပ်အဆင်း ပျက်ပြားလျက် အမြင်ဆိုးဝါးနေသည်၊
အသိ - ဖြစ်ချေ၏၊
တဝ - သင်၏၊
မရဏံ - သေခြင်းသည်၊
သန္တိကေ - နီးကပ်နေချေပြီ၊
သဟဿဘာဂေါမရဏဿ - သေဘို့ရာက အပုံတထောင်ရှိနေချေပြီ၊
တဝ - သင်၏၊
ဇီဝိတံ - အသက်ရှင်ရေးသည်၊
ဧကံသော - တပုံသာ ရှိတော့သည်။
(အသက်ရှင်ရန် အပုံတထောင်မှ တပုံသာ ရှိတော့တယ်လို့ ဆိုလိုပါတယ်)။
ဘော - အိုအရှင်ဂေါတမ၊
ဇီဝ - အသက်ရှင်အောင် ကြိုးစားပါ၊
ဇီဝိတံသေယျာ - အသက်ရှင်တာက သေတာထက် ကောင်းမြတ်ပါသည်၊
ဇီဝံ - အသက်ရှင်နေယင်၊
ပုညာနိ - ကုသိုလ်ကောင်းမှုတို့ကို၊
ကာဟသိ - ပြုရပါလိမ့်မည် - တဲ့။
မာရ်နတ် ရည်ရွယ်ပြီးပြောတဲ့ ကုသိုလ်ကောင်းမှု ဆိုတာက မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း ဒါန သီလစသော ကောင်းမှုမျိုးလဲ မဟုတ်ဘူး၊ ဝိပဿနာကုသိုလ် အရိယမဂ်ကုသိုလ်လဲ မဟုတ်ဘူး၊ ဘယ်လိုကောင်းမှုတွေလဲ ဆိုတော့ -
စရတော စ တေ ဗြဟ္မစရိယံ၊
အဂ္ဂိဟုတ္တဉ္စ ဇုဟတော။
ပဟူတံ စီယတေ ပုညံ၊
ကိံ ပဓာနေန ကာဟသိ။
ဗြဟ္မစရိယံ - မေထုန်မှ ကြဉ်ရှောင်သည့် အကျင့်မြတ်ကို၊
စရတော စ - ကျင့်သည်ဖြစ်၍၎င်း၊
အဂ္ဂိဟုတ္တဉ္စ ဇုဟတော - ပူဇော်ထိုက်သော မီးကို ပူဇောသည်ဖြစ်၍၎င်း၊
တေ - သင်အား၊
ပဟူတံ ပုညံ - များစွာသော ကောင်းမှုကို၊
စီယတေ - ဆည်းပူးအပ်ပြီး ဖြစ်ပါလိမ့်မည်၊
ပဓာနေန - ပင်ပန်းအောင် ပြင်းစွာအားထုတ်ခြင်းဖြင့်၊
ကိံ ကာဟသိ - ဘယ်အကျိုးကို ပြီးစေနိုင်ပါအံ့နည်း - တဲ့။
မာရ်နတ် ရည်ရွယ်တဲ့ ကုသိုယ်ကောင်းမှုက မေထုန်မှကြဉ်ရှောင်တာနဲ့ မီးပူဇော်တာ လောက်သာ ဖြစ်တယ်၊ အဲဒီ ကုသိုလ်ကောင်းမှုဖြင့် ဘဝကောင်း ဘဝမြတ်တွေကို ရပြီး ချမ်းသာတယ်လို့ အဲဒီခေတ်တုန်းက ယုံကြည် ယူဆကြတယ်။ ဘုရား အလောင်းတော်က အဲဒီလို ဘဝချမ်းသာကို အလိုမရှိဘူး၊ ဒါကြောင့် ဒီလို ပြန်ကြားလိုက်ပါတယ်။
အဏုမတ္တောပိ ပုညေန၊
အတ္ထော မယှံ န ဝိဇ္ဇတိ။
ယေသဉ္စ အတ္ထော ပုညေန၊
တေ မာရော ဝတ္တုမရဟတိ။
မယှံ - ငါအား၊
ပုညေန - သင်မာရ်နတ်ပြောသောကောင်းမှုဖြင့်၊
အတ္ထော - အလိုသည်၊
အဏုမတ္တောပိ - အဏုမြူမျှသော်လည်း၊
န ဝိဇ္ဇတိ - မရှိပေ။
ယေသဉ္စ - အကြင်သူတို့မှာမူ၊
ပုညေန အတ္ထော - သင် မာရ်နတ်ပြောသော ကောင်းမှုဖြင့် အလိုရှိ၏။
တေ - အလိုရှိသော ထိုသူတို့ကို၊
မာရော - မာရ်နတ်သည်၊
ဝတ္ထုံ အရဟတိ - ပြောဆိုရန် ထိုက်ပေ၏ - တဲ့။
အဲဒီလို ပြန်ကြားတဲ့ စကားထဲမှာ “ကောင်းမှုဖြင့် အလိုမရှိဘူး”ဆိုတဲ့ ဘုရားအလောင်းတော်၏ စကားကို အမှီပြုပြီးတော့ တချို့က အလွဲအမှားကို ယူဆ ပြောဆိုတတ်ကြတယ်၊ “သံသရာက ထွက်မြောက်ချင်ယင် ဘုရားအလောင်းတော် လိုပဲ ကုသိုလ်ကောင်းမှုကိုလဲ အလိုမရှိသင့်ဘူး၊ မပြုသင့်ဘူး၊ ပယ်သင့်တယ်”လို့ ဒီလို အလွဲအမှားကို ယူဆ ပြောဆိုတတ်ကြတယ်။
အဲဒီအကြောင်းနဲ့စပ်ပြီး ဘုန်းကြီးထံမှာ လူတယောက်က လာမေးတဲ့အတွက် ဘုန်းကြီးက ဒီလို ဖြေလိုက်ရတယ်၊ “နိဗ္ဗာန်ရောက်စေတတ်တဲ့ ဒါန သီလ ဘာဝနာ ကုသိုလ်, ဝိပဿနာကုသိုလ်, မဂ်ကုသိုလ်ဆိုတာတွေကို မာရ်နတ်ကလဲသိမှာ မဟုတ်ဘူး၊ ဘုရားအလောင်းတော်ကလဲ အဲဒီ အခါတုန်းက နိဗ္ဗာန် ရောက်စေတတ်တဲ့ အဲဒီ ကုသိုလ်မြတ်တွေကို တိတိကျကျ သိမှာ မဟုတ်သေးပါဘူး၊
အဲဒီလို တိတိကျကျ မသိသေးလို့ပဲ အစာငတ်ခံခြင်း အစရှိတဲ့ ဒုက္ကရစရိယာတွေကို အကောင်း အမြတ်ထင်ပြီး ကျင့်နေတာပဲ။ ဒါကြောင့် အဲဒီတုန်းက ကောင်းမှုဖြင့် အလိုမရှိဘူးလို့ ဘုရားအလောင်းတော်က ဆိုတာဟာ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကောင်းမှု တွေကို ဆိုတာမဟုတ်ပါဘူး၊ ဘဝချမ်းသာ ရစေနိုင်တယ်လို့ ယုံကြည် ယူဆအပ်တဲ့ ကုသိုလ်ကောင်းမှုမျိုးကိုသာ ဆိုလိုတာပါ”လို့ ဖြေရှင်း ပြောကြားလိုက်ရတယ်။ အဲဒီ အဖြေဟာ မာရ်နတ်က ပြောတဲ့ ကောင်းမှုနဲ့ ဆက်စပ်ကြည့်ယင် အလွန် ရှင်းနေပါတယ်။ ဒါကြောင့် အဋ္ဌကထာမှာလဲ
ပုညေနာတိ - ကောင်းမှုဖြင့် အလိုမရှိ ဟူသော စကားကို၊
ဝဋ္ဋဂါမိံ မာရေန ဝုတ္တံ ပုညံ သန္ဓာယ - မာရ်နတ်ကပြောတဲ့ ဝဋ်ဘဝသို့ ရောက်စေတတ်တဲ့ ကောင်းမှုကိုရည်၍၊
ဘဏတိ - ဘုရားအလောင်းက ဆိုတာပါ” တဲ့။
ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကို ပယ်တာ မဟုတ်ဘူးလို့ တထစ်ချ မှတ်ထားကြရမယ်။
နောက်ပြီးတော့ ဘုရားအလောင်းတော်ဟာ အဲဒီတုန်းက အစာငတ်ခံတဲ့ ဒုက္ကရစရိယာအကျင့်ကို ဉာဏ်ထူး တရားထူး ရစေနိုင်တဲ့ အကျင့်ကောင်းလို့လဲ ယုံကြည် ယူဆနေဆဲ ဖြစ်ပါတယ်၊ ဒါကြောင့် -
နဒီနမပိ သောတာနိ၊
အယံ ဝါတော ဝိသောသယေ။
ကိဉ္စမေ ပဟိတတ္တဿ၊
လောဟိတံ နုပသုဿယေ။
လောဟိတေ သုဿမာနမှိ၊
ပိတ္တံ သေမှဉ္စ သုဿတိ။
မံသေသု ခီယမာနေသု၊
ဘိယျော စိတ္တံ ပသီဒတိ။
ဘိယျော သတိ စ ပညာ စ၊
သမာဓိ မမ တိဋ္ဌိတိ။
လို့လဲ ပြောဆိုပါတယ်။
အယံ ဝါတော - တိုက်ခတ်နေသော ဤလေသည်၊
နဒီနမပိ သောတာနိ - မြစ်တို့၏ ရေတွေကိုသော်လည်း၊
ဝိသောသယေ - ခြောက်သွေ့စေနိုင်သေး၏။
ပဟိတတ္တဿမေ - ပြင်းစွာအားထုတ်သည့် စိတ်ရှိသော ငါ၏၊
လောဟိတံ - သွေးကို၊
ကိဉ္စ န ဥပသုဿယေ - အဘယ်ကြောင့် မခြောက်သွေ့စေနိုင်ပဲ ရှိအံ့နည်း။
လောဟိတေ သုဿမာနမှိ - သွေးခြောက်ခန်းသွားလျှင်၊
ပိတ္တံ သေမှဉ္စ သုဿတိ - သည်းခြေနှင့် သလိပ်လည်း ခြောက်သွားမည်။
(မံသဉ္စ - အသားလဲ ခြောက်ခန်းသွားမည်)။
မံသေသု ခီယမာနေသု - အသားများ ကုန်ခန်းသွားလျှင်၊
စိတ္တံ - စိတ်သည်၊
ဘိယျော ပသီဒတိ - သာ၍ ကြည်ပေမည်။
မမ - ငါအား၊
သတိ စ ပညာ စ သမာဓိ - သတိပညာနှင့် သမာဓိသည်လည်း၊
ဘိယျော တိဋ္ဌတိ - သာ၍ ခိုင်မြဲတည်တံ့ပေမည် - တဲ့။
အဲဒါဟာ အစာမစားပဲ နေခြင်းဖြင့် အသွေးအသားတွေ သည်းခြေ သလိပ်တွေ ခြောက်ခန်း သွားမယ်၊ အဲဒီလို ခြောက်ခန်းသွားတဲ့အခါ စိတ်ကြည်လင်ပြီး သတိ သမာဓိ ပညာတွေ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပြီး ဘုရားအလောင်းတော်က မာရ်နတ်ကို ပြန်ကြားလိုက်တဲ့စကားပဲ၊ မာရ်နတ်ကလဲ အစာမစားပဲနေခြင်းဖြင့် တရားထူး ရသွားလိမ့်မယ်ထင်ပြီးတော့ တရားထူးရသွားမှာ စိုးရိမ်လို့ လာပြီး ဖြားယောင်း ပြောဆိုတာပဲ၊
နောက်ပြီးတော့ ပဉ္စဝဂ္ဂီဆိုတဲ့ ရဟန်းငါးပါးကလဲ အစာမစားပဲ ကျင့်ခြင်းဖြင့် ဉာဏ်ထူး တရားထူးကိုရပြီး ဘုရားဖြစ်လိမ့်မယ်လို့ ယုံကြည်ပြီးတော့ သူတို့က တရားဦးနာယူဘို့ ရည်ရွယ်ပြီး ဘုရားအလောင်းထံမှာ ဝတ်ကြီး ဝတ်ငယ်ပြုယင်း ငံ့လင့်နေကြတယ်။ ဒါကြောင့် ဒုက္ကရစရိယာ အကျင့်ကိုပင် အဲဒီတုန်းက ဘုရားဖြစ်ကြောင်း အကျင့်ကောင်းလို့ ယုံကြည် ယူဆနေကြကြောင်း ထင်ရှားနေပါတယ်။
မှန်ကန်သော ဆင်ခြင်ဉာဏ် ဖြစ်ပေါ်လာသည်
ဒါပေမဲ့ ဒုက္ကရစရိယာအကျင့်ကို ကျင့်လို့ ခြောက်နှစ်ကြာတဲ့အခါကျတော့ ဘုရားအလောင်းတော်မှာ ဒီလို စဉ်းစား ဆင်ခြင်ဉာဏ် ဖြစ်ပေါ်လာတယ်။ ရှေး အတိတ်ကာလက သမဏ ဗြာဟ္မာဏဆိုတဲ့ ရဟန်းသူမြတ်တွေ ကိုယ့်ဟာကိုယ် ပင်ပန်းအောင်လုပ်ပြီး အလွန်အခံခက်တဲ့ ဆင်းရဲဒုက္ခဝေဒနာတွေကို ခံစားခဲ့ကြတယ် ဆိုတာလဲ ငါယခု ခံစားရသလောက် ရှိမှာပဲ၊ နောင် အနာဂတ်ကာလမှာ ရဟန်းသူမြတ်တွေ ကိုယ့်ဟာကိုယ် ပင်ပန်းအောင်လုပ်ပြီး အလွန်အခံခက်တဲ့ ဆင်းရဲဒုက္ခ ဝေဒနာတွေကို ခံစားကြလိမ့်မယ်ဆိုတာလဲ ငါယခုခံစားရသလောက် ရှိမှာပဲ၊
ယခုပစ္စုပ္ပန်ခေတ်၌ သမဏဗြာဟ္မဏဆိုတဲ့ ရဟန်းသူမြတ်တွေ ကိုယ့်ဟာ ကိုယ် ပင်ပန်းအောင်လုပ်ပြီး အလွန်အခံခက်တဲ့ ဆင်းရဲဒုက္ခ ဝေဒနာတွေကို ခံစားနေ ကြတယ် ဆိုတာလဲ ငါယခု ခံစားရသလောက် ရှိမှာပဲ၊ ဒါထက်တော့ မပိုလွန်နိုင်ဘူး။ သို့သော်လဲ ငါဟာ အလွန်အခံခက်တဲ့ ဒုက္ကရကာရိကာခေါ် ဒီဒုက္ကရစရိယာအကျင့်ဖြင့် ပကတိလူတို့ ရနိုင်တဲ့ ကုသိုလ်တရားထက် သာလွန် မြင့်မြတ်သော ကိလေသာတို့ကို ပယ်စွမ်းနိုင်သော အရိယဉာဏ်အမြင်ထူးကို မရပါတကား၊ (သိယာ နု ခေါ အညော မဂ္ဂေါ ဗောဓာယ) ကိုယ်ပင်ပန်းအောင်ကျင့်တဲ့ ဒီဒုက္ကရစရိယာမှ တပါးသော အကျင့်လမ်းသည်သာလျှင် အမှန်ကိုသိရန် ဖြစ်လေ သလော၊ အမှန်ကိုသိရန် အခြား တပါးသော အကျင့်လမ်း ရှိလေသလော - လို့ ဘုရားအလောင်းတော်မှာ အကြံဉာဏ်ဖြစ်ပေါ်လာတယ်။
အဲဒီလို အကြံဉာဏ် ဖြစ်ပေါ်လာပြီးတော့ သူငယ်ဘဝတုန်းက ခမည်းတော် သုဒ္ဓေါဒနမင်းကြီး လယ်ထွန်မင်္ဂလာ ပြုနေစဉ်အခါမှာ သပြေပင်အောက်၌ ပဌမဈာန်ကို ရပြီး ဝင်စားနေခဲ့ဘူးတာကို ပြန်လည် အမှတ်ရလာတယ်၊ (သိယာ နု ခေါဧသေ မဂ္ဂေါ ဗောဓာယ) အဲဒီ ပဌမဈာန်အကျင့်လမ်းဟာ အမှန်ကို သိရန် ဖြစ်လေသလားလို့ ဆင်ခြင်မိတယ်။
သူငယ်ဘဝက ဈာန်ရခဲ့ပုံ
ဘုရားအလောင်းတော်က ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူခဲ့ပါတယ်၊ နယုန်လ ဝါဆိုလလောက်မှာ သုဒ္ဓေါဒနမင်းကြီးက လယ်ထွန်မင်္ဂလာပွဲ ကျင်းပဟန်တူပါတယ်။ အဲဒီ လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေတုန်းက သပြေပင်ရိပ်မှာ ဘုရားအလောင်းတော် သူငယ်ကလေးကို ကောင်းမြတ်တဲ့ အခင်းအကျင်းများဖြင့် သိပ်ထားတယ်၊ ဘေးပတ်ဝန်းကျင်မှ ကန့်လန့်ကာများလဲ လုံခြုံစွာ ကာရံထားတယ်၊ အထိန်းတော် များကလဲ ရိုရိုသေသေ စောင့်ရှောက်နေကြတယ်။
ဒါပေမဲ့ လယ်ထွန်မင်္ဂလာပွဲက ဘုရင်ကိုယ်တိုင် ကျင်းပတဲ့ ပွဲဆိုတော့ အင်မတန် ခမ်းနားကြီးကျယ်ပြီး အလွန် တင့်တယ်ပေလိမ့်မယ်၊ ကြည့်ရှုခွင့်ရှိတဲ့လူတိုင်းက ကြည့်ရှုလိုကြပေလိမ့်မယ်။ ဒါကြောင့် အထိန်းတော်များကလဲ မင်းသားကလေး အိပ်ပျော်နေတယ်လို့ ထင်ပြီး ခဏလောက်အနေနဲ့ လယ်ထွန်မင်္ဂလာပွဲကို သွားပြီး ကြည့်ရှုကြတယ်။
အဲဒီအချိန်မှာ ဘုရားအလောင်းတော် မင်းသားသူငယ်ကလေးက ဟိုဟိုဒီဒီ ကြည့်ပြီး အထိန်းတော်တွေ မရှိကြောင်း သိတာနဲ့ လှဲအိပ်နေရာက ထပြီး တင်ပလ္လင်ခွေ ထိုင်တယ်၊ ဘဝများစွာက ပါရမီအထုံပါလာတဲ့အတွက် နှာခေါင်းမှ ဝင်လေ ထွက်လေကို ရှုနေတယ်၊ တခဏအလေးအတွင်းမှာပဲ (အာရုံကြံမှု - ဝိတက်၊ အာရုံ သုံးသပ်ဆင်ခြင်မှု - ဝိစာရ၊ နှစ်သိမ့် ဝမ်းမြောက်မှု - ပီတိ၊ စိတ်ရွှင်လန်းချမ်းသာမှု - သုခ၊ စူးစိုက်တည်ကြည်မှု - သမာဓိ - ဆိုတဲ့) အင်္ဂါငါးပါးရှိတဲ့ ပဌမဈာန်ကို ရောက်ပြီးနေတယ်။
အထိန်းတော်များဟာ ခဏလောက် ရည်ရွယ်ပြီးသွားပေမဲ့ ဟိုရောက်တော့ ကြည့်ရှု စရာတွေ စားသောက်စရာတွေနဲ့ဆိုတော့ အချိန်က ကုန်မှန်းမသိ ကုန်သွားလို့ အတော်ကြာသွားတယ်၊ သစ်ပင်တွေက အရိပ်တွေတောင် တခြားဘက် ရောက်ကုန်ပြီတဲ့၊ ဒါပေမဲ့ ဘုရားအလောင်းတော်ရှိရာ သစ်ပင်ရိပ်ကတော့ မရွှေ့ မပြောင်းပဲ တည်မြဲပဲ ရှိနေသတဲ့၊ ဘုရားအလောင်းတော်ကလေးလဲ လှုပ်ရှားခြင်းမရှိပဲ ငြိမ်သက်စွာ ထိုင်နေတယ်၊
အဲဒါကို တွေ့မြင်ကြရတော့ အထိန်းတော်များက သုဒ္ဓေါဒနမင်းကြီးအား ပြောကြားကြတယ်၊ သုဒ္ဓေါဒနမင်းကြီးကလဲ နေရိပ် မပြောင်းရွှေ့ပဲ တည်မြဲ တည်နေတာနဲ့ သားတော်သူငယ်အလေး ငြိမ်သက်စွာ ထိုင်နေတာကို မြင်ရတော့ အလွန်အံ့ဩပြီး သားတော်ကလေးကို ရှိခိုးပါသတဲ့။
အဲဒီ လယ်ထွန်မင်္ဂလာပြုစဉ် သူငယ်ဘဝကရခဲ့တဲ့ အာနာပါနဈာန်ကို ခုတင်က ပြောခဲ့တဲ့အတိုင်း ပြန်ပြီးသတိရလာတယ်၊ အဲဒီလို သတိရပြီးတော့ “အဲဒီ - အာနာပါနဈာန် အကျင့်လမ်းဟာ အမှန်ကိုသိရန် ဖြစ်လေသလား”လို့လဲ ဆင်ခြင်မိတယ်၊ အဲဒီလို ဆင်ခြင်ပြီးတော့ (ဧသေဝ မဂ္ဂေါ ဗောဓာယ)
ဧသေဝ - ဤအာနာပါနဈာန် အကျင့်သည်သာလျှင်၊
ဗောဓာယ - သစ္စာလေးတန် တရားမှန်ကို သိရန်အလို့ငှါ၊
မဂ္ဂေါ - လမ်းမှန်ပေတည်း -
လို့ ဆုံးဖြတ်ချက်ချလိုက်တယ်၊
အဲဒီတုန်းက ခံစားခဲ့ရတဲ့ ဈာန်ချမ်းသာက အလွန်အေးချမ်းတာ ကောင်းတာကိုး၊ ဒါကြောင့် “ (ကိံ နု ခေါ အဟံ တဿ သုခဿဘာယာမိ) ငါဟာ အဲဒီ အာနာပါနဈာန် ချမ်းသာကိုရအောင် အားထုတ်ရမှာ ကြောက်သလား”လို့ သူ့ဟာသူ မေးကြည့်တယ်၊ (န ခေါ အဟံ တဿ သုခဿ ဘာယာမိ) ငါဟာ အဲဒီ အာနာပါနဈာန်ချမ်းသာကို ရအောင် အားထုတ်ရမှာ မကြောက်ပါဘူး” လို့လဲ စဉ်းစားမိတယ်။
အစာအာဟာရကို ပြန်လည် သုံးဆောင်ခြင်း
အဲဒီလို စဉ်းစားပြီးတော့ “အလွန်ပိန်ချုံး ချိနဲ့ပြီး အားမရှိတဲ့ ဒီကိုယ်မျိုးနဲ့တော့ အဲဒီ အာနာပါနဈာန်ကို ရအောင် အားထုတ်ရန် မစွမ်းနိုင်ဘူး၊ စားသုံးနေကျ ဆွမ်း ဘောဇဉ် အာဟာရကြမ်းကို သုံးဆောင်မှ ကောင်းမှာပဲ၊ အဲဒီလို သုံးဆောင်ပြီး အားအင်ပြည့်တဲ့ အခါကျမှ အဲဒီ အာနာပါနဈာန်ကို ရအောင်အားထုတ်နိုင်မယ်” လို့လဲ ဆင်ခြင် မိတယ်။ အဲဒီလို ဆင်ခြင်ပြီးတော့ ရှေးက သုံးဆောင်နေကျ ဆွမ်း ဘောဇဉ် အာဟာရကို သုံးဆောင်ပါသတဲ့၊ အစာဖြတ်ထားရာက ပြန်ပြီးစားယင် နူးနူးညံ့ညံ့ အစာက စပြီး နဲနဲချင်း စားရတယ်၊ ဒါမှ အစာအိမ်က လက်ခံနိုင် ကြေစေနိုင်တယ်။ ဒါကြောင့် အဲဒီလို နဲနဲချင်းက စပြီးသုံးဆောင်တာ ဖြစ်မှာပါပဲ။
ပဉ္စဝဂ္ဂီတို့ ထွက်ခွါသွားကြခြင်း
အဲဒီလို အစာအာဟာရကြမ်းကို ပြန်ပြီးသုံးဆောင်တော့ ပဉ္စဝဂ္ဂီရဟန်းတွေက အထင်အမြင် လွဲသွားကြတယ်။ ပဉ္စဝဂ္ဂီတွေဆိုတာ တခြားက မဟုတ်ဘူး၊ ဘုရားအလောင်းတော်အား ဝတ်ကြီး ဝတ်ငယ် ပြုစုနေကြတဲ့ သူတွေပဲ၊ သူတို့က ဘုရားအလောင်းတော် ဖွားမြင်ပြီးစအချိန်တုန်းက ဘုရားအလောင်းတော်ကလေးကို ဘုရားဖြစ်လိမ့်မယ်လို့ ဗေဒင်ဟောခဲ့ကြတဲ့ မင်းဆရာပုရောဟိတ် ပုဏ္ဏားတော်တွေပဲ။
အဲဒီတုန်းက ဗေဒင်ဟော နိမိတ်ဖတ်ကြတဲ့ ပုဏ္ဏားတော်တွေဟာ ရှစ်ယောက်ရှိတယ်၊ အဲဒီရှစ်ယောက်ထဲမှ ၃ - ယောက်က လက် ၂ - ချောင်းထောင်ပြီး “စကြာဝတေးမင်း ယင်လဲဖြစ်မယ်၊ ဘုရားယင်လဲ ဖြစ်မယ်”လို့ ၂ - သွယ် ၂ - ခွ ဟောကြတယ်၊ ကျန်တဲ့ ငါးယောက်ကတော့ “လက်ညှိုးတချောင်းတည်း ထောင်ပြီး ဧကန် ဘုရား ဖြစ်လိမ့်မယ်” လို့ ကိန်းသေ ဟောကြတယ်၊
အဲဒီ ကိန်းသေဟောကြတဲ့ ပုဏ္ဏားတော် ငါးယောက်က အိမ်ထောင်သံယောဇဉ် မရှိခင် တောထွက်ပြီး ရဟန်း ပြုလာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ မူလပဏ္ဏာသ အဋ္ဌကထာ (ဒု - ၉၂)မှာ ပြဆိုထားပါတယ်။ ဗုဒ္ဓဝံသအဋ္ဌကထာ စသည်မှာတော့ ပုဏ္ဏားတော် (၇)ယောက်က ၂ - သွယ် ၂ - ခွ ဟောကြတယ်၊ အရှင်ကောဏ္ဍည အလောင်း အငယ်ဆုံး ပုဏ္ဏားတော်က လက်ညှိုး တချောင်းသာထောင်ပြီး ဘုရားဖြစ်လိမ့်မယ်လို့ ကိန်းသေဟောတယ်။ အဲဒီ အရှင်ကောဏ္ဍည - က အခြားပုဏ္ဏားတော် ၄ - ယောက်တို့၏ သား ၄ - ယောက်နှင့် ရဟန်းပြုလာကြတဲ့ ပုဂ္ဂိုလ် ငါးဦး ဖြစ်တယ်လို့ ပြဆိုထားပါတယ်။
အဲဒီလို စောစောက ရဟန်းပြုနှင့်ကြပြီးတော့ ဘုရားအလောင်းတော် တောထွက် ရဟန်းပြုတာကို ငံ့လင့်နေကြတယ်၊ ဘုရားအလောင်းတော် ဥရုဝေလ တောအုပ်မှာ ဒုက္ကရစရိယာအကျင့်ကို ကျင့်နေကြောင်း ကြားသိကြရတဲ့အခါမှာ လာရောက်ကြ ပြီးတော့ ဘုရားအလောင်းတော်အား ဝတ်ကြီး ဝတ်ငယ်ပြုစု နေကြတယ်၊ “တရားထူးသိမြင်တဲ့အခါ ငါတို့အား ရှေးဦးစွာ ပြောပြလိမ့်မယ်၊ ငါတို့ တရားဦးကို နာယူကြမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြှော်လင့်နေကြတယ်၊
အဲဒီလို မြှော်လင့်နေကြတဲ့အထဲမှာ ဘုရားအလောင်းတော်က ကာယဗလပြည့်ဝပြီး အာနာပါနဈာန်ရအောင် ကျင့်နိုင်ဘို့ အစာအာဟာရကြမ်းများကို သုံးဆောင်တော် မူတယ်။ အဲဒီတော့ ဝတ်ပြုယင်း မြှော်လင့်နေကြတဲ့ ပဉ္စဝဂ္ဂီ ရဟန်းတွေက အထင်လွဲပြီး စိတ်ပျက်သွားကြတယ်၊ ပဲပြုတ်ရည် တလက်ဆွန်းလောက်အထိ အစာအာဟာရကို လျှော့ဖြတ်ပြီး ကျင့်တာတောင် ဉာဏ်ထူးတရားထူးကို မရခဲ့ဘူး၊ ယခု အစာကြမ်းတွေကို စားမြဲ စားသုံးနေယင်တော့ဉာဏ်ထူးကို ရနိုင်မှာ မဟုတ်ပါဘူး၊ တို့ဆရာဟာ အပြင်းအထန် အားထုတ်တဲ့ ပဓာနအလုပ်ကထွက်ပြီ၊ ပစ္စည်းပေါများအောင် ဘုန်းကြီးအောင် လုပ်နေပြီလို့ အထင်လွဲပြီးတော့ အဲဒီ ပဉ္စဝဂ္ဂီ ရဟန်းတွေက ဘုရားအလောင်းတော်ကို စွန့်ပြီး ထွက်ခွါသွားကြတယ်၊ ဗာရာဏသီ မြို့နယ် မိဂဒါဝုန်တောအရပ်မှာ သွားပြီးနေကြတယ်။
ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း
အဲဒီလို ပဉ္စဝဂ္ဂီတွေ ထွက်သွားကြတာဟာ ဘုရားအလောင်းတော်မှာ ကာယဝိဝေက တရားအားထုတ်ရန် အခွင့်သာခြင်း၏ အကြောင်းဖြစ်ပါတယ်။ ဒါကြောင့် -
ဗောဓိသတ္တော - ဘုရားအလောင်းတော်သည်၊
တေသု ဂတေသု - ထိုပဉ္စဝဂ္ဂီတို့ ထွက်ခွါသွားကြလတ်သော်၊
အဒ္ဓမာသံ - လခွဲ ၁၅ - ရက်ပတ်လုံး၊
(သူတို့က တန်ခူးလကွယ်နေ့လောက်မှာ ထွက်သွားကြဟန်တူပါတယ်)
ကာယဝိဝေကံ လဘိတွာ - အနီးအပါး၌ လူသူမရှိပဲ ဆိပ်ငြိမ်ခြင်း ဟူသော ကာယဝိဝေကကိုရ၍၊
ဗောဓိမဏ္ဍေ အပရာဇိတပလ္လင်္ကေ - ဗောဓိမဏ္ဍိုင် အပရာဇိတပလ္လင်ထက်၌၊
နိသီဒိတွာ - ထိုင်နေတော်မူ၍၊
သဗ္ဗညုတညာဏံ - အလုံးစုံကို သိနိုင်သော ဉာဏ်တော်ကို၊
ဝါ - ဘုရားဖြစ်ကြောင်း ဉာဏ်တော်ကို၊
ပဋိဝိဇ္ဈိ - သိတော်မူ ရတော်မူလေပြီ -
လို့ မူလပဏ္ဏသ အဋ္ဌာကထာ (ဒု - ၁၉၂)မှာ ပြဆိုထားပါတယ်။
ဘုရားအလောင်းတော်ဟာ အသက် ၂၉ - နှစ်အရွယ်မှာ တောထွက်လာခဲ့တယ် အဲဒီနောက် ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတာက ၆ - နှစ်ဆိုတော့ အဲဒီအခါမှာ အသက်တော်က ၃၅ - နှစ်သာ ရှိသေးတယ်၊ အရွယ်ကလဲ ပျိုတုန်း၊ ပကတိ ကျန်းမာရေးကလဲ အလွန်ကောင်းနေတဲ့အတွက် ၁၅ - ရက်လောက်အတွင်းမှာ ဆွမ်းဘောဇဉ်များကို သုံးဆောင်ပြီး မူလကလိုပင် အသားအရေတွေ ပြန်ပြီး ပြည့်ဝလာတယ်၊ လက္ခဏာတော် ကြီးငယ်တွေလဲ ထင်ရှား ပေါ်လာတယ်၊
အဲဒီလို ဆွမ်းဘောဇဉ် အာဟာရကို သုံးဆောင်လို့ အားရှိလာတဲ့အခါမှာ ဘုရား အလောင်းတော်ဟာ အာနာပါနခေါ်တဲ့ ရှူရှိုက်လေကို ရှုပြီးတော့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးရှိတဲ့ ပဌမဈာန်ကိုလဲ ဝင်စားပြီး ဈာန်ချမ်းသာဖြင့် နေခဲ့တယ်၊ ပီတိ သုခ ဧကဂ္ဂတာဆိုတဲ့ အင်္ဂါသုံးပါးရှိတဲ့ ဒုတိယဈာန်ကိုလဲ ဝင်စားပြီး ဈာန်ချမ်းသာဖြင့် နေခဲ့တယ်၊ ထို့အတူ သုခ ဧကဂ္ဂတာဆိုတဲ့ အင်္ဂါ ၂ - ပါးရှိတဲ့ တတိယဈာန်၊ ဥပေက္ခာ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါ ၂ - ပါးပင်ရှိတဲ့ စတုတ္ထဈာန်တို့ကိုလဲ ဝင်စားပြီး ဈာန်ချမ်းသာဖြင့် နေခဲ့တယ်။
အဲဒီလို ဈာန်လေးပါးကို ဝင်စားလျက် ဈာန်ချမ်းသာဖြင့် နေခဲ့ပြီးနောက် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ယခု ၁၃၂၄ - ခုနှစ်က ပြန်ပြီးရေတွက်ယင် ၂၅၅၁ - နှစ်က ကဆုန်လပြည့်နေ့ နံနက်စောစောမှာ သေနာနိဂုံးရွာကြီးအနီး ပညောင်ပင်ကြီး အောက်မှာ ဆွမ်းခံသွားရန် အချိန်ကို ငံ့လင့်ယင်း ထိုင်နေတော်မူခဲ့တယ်၊
အဲဒီ အချိန်မှာ သေနာနိဂုံးရွာကြီးထဲက သေဋ္ဌေးသမီး သုဇာတာက အဲဒီညောင်ပင်က အရှင်ကြီးကို ပူဇော်ပသမယ်လို့ အမျိုးသမီးတယောက်ကို အဲဒီ ညောင်ပင်အောက် အရပ် သုတ်သင်ရှင်းလင်းရန် စေခိုင်းလိုက်တယ်၊ အဲဒီ အမျိုးသမီးက ဘုရားအလောင်းတော် ထိုင်နေတာကို တွေ့ရတော့ အဲဒီညောင်ပင်က အရှင်ကြီးဟာ အပူဇော်ခံဘို့ ကိုယ်ထင်ရှားပြပြီး ထိုင်နေတယ်လို့ ထင်တယ်၊ ဒါကြောင့် သုဇာတာသေဋ္ဌေးသမီးထံ အမြန်ပြန်ပြီး ပြောကြားတယ်။
သုဇာတာကလဲ နံနက်စောစောကပင် ပူဇော်ရန် ကြိုချက်ထားတဲ့ နို့ဆွမ်းကို တသိန်းတန် ရွှေခွက်၌ ထည့်ပြီး ရွှေခွက်ဖြင့်ပင် ဖုံးအုပ်ပြီးတော့ ယူလာပြီး တသိန်းတန် ရွှေခွက်ပါ ဘုရားအလောင်းတော်လက်ထဲ ဆက်ကပ်လှူဒါန်း လိုက်တယ်၊ “အကျွန်ုပ် ၏ နှလုံးအလိုပြည့်ဝ ပြီးမြောက်သလို အသင်အားလဲ ပြည့်ဝ ပြီးမြောက်ပါစေ”လို့ ဆုမွန်ကောင်းလဲတောင်းပြီး ပြန်သွားတယ်။ သူ့အလို ပြည့်တယ် ဆိုတာကတော့ “အမျိုးဇာတ်တူတဲ့သူနဲ့ အိမ်ထောင်ကျပြီး သားဦးရတနာ ဖွားမြင်ရပါစေ၊ အဲဒီဆုပြည့်စုံလျှင် ပူဇော်ပါ့မယ်”လို့ အဲဒီ ညောင်ပင်မှာ အပျိုစဉ် ဘဝက ဆုတောင်းခဲ့တယ်၊
အဲဒီ ဆုတောင်းပြည့်တဲ့အတွက် အဲဒီ ညောင်ပင်ကနတ် အရှင်ကြီးကို ရည်ရွယ်ပြီး ပူဇော်တာပါပဲ။ ဒါပေမဲ့ နောက်ကာလကျတော့ “ဘုရားအလောင်းတော်ဟာ အဲဒီ နို့ဆွမ်းကို ဘုဉ်းပေးပြီး ဘုရားဖြစ်တော်မူတယ်” ဆိုတာ သိရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ အာရုံပြုပြီး အမြတ်ဆုံး ဒါနကုသိုလ် ဖြစ်ပွါးပါသတဲ့။
ဘုရားအလောင်းတော်ဟာ နေရဉ္စရာမြစ်သို့သွားပြီး ရေချိုးတော်မူတယ်၊ ရေချိုးပြီးတော့ သုဇာတာ လှူလိုက်တဲ့ နို့ဆွမ်းကို ၄၉ - လုပ် ဘုဉ်းပေးတော်မူတယ်၊ ဘုဉ်းပေးပြီးတော့ “ယနေ့ပင် ငါ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်မည်ဖြစ်လျှင် ရွှေခွက်ဟာ ရေစီးကြောင်းအထက် ဆန်တက်သွားပါစေ”လို့ အဓိဋ္ဌာန်ပြုပြီး ရွှေခွက်ကို မျှောလိုက် ပါတယ်၊
ရွှေခွက်ဟာ ဒလဟောစီးနေတဲ့ ရေစီးကြောင်းကို အတော်ကြာအောင် ဆန်တက် သွားပြီးတော့ ကာလနဂါးမင်း၏ နေရာသို့ နစ်မြုပ်ဝင်ပြီး ရှေးဘုရား ၃ - ဆူ တို့၏ ရွှေခွက်များအောက်၌ ဝင်ပြီး ဆင့်လျက် တည်နေပါသတဲ့။
ဘုရားအလောင်းတော်ဟာ အဲဒီနေ့က တနေ့လုံး အဲဒီ တောအရပ်မှာပဲ နေ့သန့်စင်ပြီးတော့ ညနေခင်းအချိန်မှာ ဗောဓိညောင်ပင်ကြီး ရှိရာအရပ်သို့ ကြွတော်မူတယ်၊ အဲဒီလို ကြွတော်မူရာမှာ သောတ္ထိယဆိုတဲ့ မြက်ရိတ်သမားက မြက်ရှစ်ဆုပ်ကို ကပ်လှူလိုက်တယ်၊ မြေပေါ်မှာ ခင်းထိုင်ဘို့ပါပဲ၊ အိန္ဒိယမှာ ရသေ့ ရဟန်းတွေဟာ မြက်ကိုခင်းပြီး ထိုင်လေ့ အိပ်လေ့ရှိကြပါတယ်၊ ဒါကြောင့် ခင်းထိုင်ဘို့ လှူလိုက်တာပါပဲ။
ဒီကနောက်တော့ အကျဉ်းချုပ်ပြရမှာပဲ၊ အကျယ်ကတော့ သလ္လေခသုတ် တရားတော် စာအုပ် - စသည်မှာ ပြခဲ့ပါပြီ။ ဗောဓိညောင်ပင်ကြီးအောက် ရောက်တဲ့အခါ အရှေ့အရပ်မျက်နှာမှာ မြက်ရှစ်ဆုပ်ကို ဖြန့်ပြီးခင်းလိုက်တယ်၊ အဲဒီလိုခင်းပြီးတော့ “ဗုဒ္ဓဘုရားအဖြစ် ဗောဓိဉာဏ်သို့ မရောက်သေးမချင်း ဒီတင်ပလ္လင်ခွေအထိုင်ကို မဖျက်တော့ဘူး”လို့ အဓိဋ္ဌာန်ပြုပြီး အဲဒီ မြက်အခင်းပေါ်မှာ အရှေ့အရပ်သို့ မျက်နှာမူလျက် တင်ပလ္လင်ခွေပြီး ထိုင်တော်မူပါတယ်။
အဲဒီအခါ မာရ်နတ်က အဓိဋ္ဌာန်ပျက်ပြီး ဘုရားအဖြစ်သို့ မရောက်နိုင်အောင် ရည်ရွယ်ချက်ဖြင့် နေရာပလ္လင်ကို လာပြီးလုတယ်၊ ဘုရားအလောင်းတော်က ဒါနအစ ရှိသော ပါရမီတော်များ၏ အစွမ်းဖြင့် နေမဝင်မီပင် မာရ်နတ်ကို အောင်မြင်တော် မူပါတယ်။
အဲဒီလို အောင်မြင်တော်မူပြီးတဲ့နောက် ဈာန်ဘာဝနာ၏ အစွမ်းဖြင့် ညဉ့်ဦးယာမ်မှာ ပုဗ္ဗေနိဝါသဉာဏ်ကို ရတော်မူတယ်။ သန်ကောင်ယာမ်မှာ ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူတယ်။ မိုးသောက်ယာမ်မှာ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တော် မူပြီးနောက် ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ရှုမြင်တဲ့ ဝိပဿနာဉာဏ်ကို ပွါးစေသဖြင့် အရိယမဂ်ဉာဏ်လေးပါးကို အစဉ်အတိုင်း ရောက်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။
ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် အဲဒီ ဗောဓိပလ္လင်ဌာနနှင့်တကွ (၇)ပါးသော ဌာနတို့၌ (၇)ရက်စီ သီတင်းသုံးလျက် အရဟတ္တဖိုလ်ချမ်းသာကို ခံစားခြင်း, တရားတော်ကို ဆင်ခြင်တော်မူခြင်းတို့ဖြင့် (၄၉) ရက်ကို ကုန်လွန်စေခဲ့ပါတယ်။ အဲဒီ သတ္တာဟ (၇) ခုထဲမှာ ပဉ္စမ သတ္တာဟမှာ အဇပါလနိဂြောဓဆိုတဲ့ ဆိတ်ကျောင်း ညောင်ပင်အောက်၌ (၇) ရက်ပတ်လုံး တထိုင်တည်းဖြင့် သီတင်းသုံး စံနေတော်မူပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက ဒုက္ကရကာရိကာခေါ်တဲ့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့ အတ္တကိလမထအကျင့်မှ လွတ်မြောက်တော်မူခဲ့တာကို ဆင်ခြင်တော်မူယင်း ဒီလို စိတ်အကြံ ဖြစ်တော်မူပါတယ်၊ ဖြစ်ပုံကတော့ -
ဒုက္ကရစရိယာသည် အတ္တကိလမထ၌ ဝင်ကြောင်း
တာယ ဒုက္ကရကာရိကာယ - ကိုယ်ပင်ပန်းအောင်ကျင့်တဲ့ ထိုဒုက္ကရစရိယာအကျင့်မှ၊
မုတ္တော - လွတ်မြောက်သည်၊
အမှိ ဝတ - ဖြစ်ပေစွတကား။
အနတ္ထသံဟိတာယ - အကျိုးစီးပွါးနှင့် မစပ်သော၊
တာယဒုက္ကရကာရိယာက - ထို ဒုက္ကရစရိယာ အကျင့်မှ၊
မုတ္တော - လွတ်မြောက်သည်ဖြစ်၍၊
သာဓု အမှိ ဝတ - ကောင်းပါပေစွတကား။
မုတ္တော - လွတ်မြောက်သည်ဖြစ်၍၊
ဗောဓိံ သမဇ္ဈဂံ - ဗောဓိဉာဏ်ကို ရသည်မှာ၊
သာဓု အမှိ ဝတ - ကောင်းပါပေစွ တကား -
လို့ ဒီလိုစိတ်အကြံ ဖြစ်တော်မူပါတယ်။
အဲဒီတုန်းက မာရ်နတ်ဟာ မြတ်စွာဘုရား၏ ကိုယ် နှုတ် စိတ်အမူအရာတွေကို အမြဲတန်း စောင့်ကြည့်နေတယ်၊ အပြစ်တွေ့ယင် စွပ်စွဲဘို့ပါပဲ။ ဒါကြောင့် မြတ်စွာဘုရား၏ အဲဒီစိတ် အကြံကို သိရတော့ ချေပလိုတဲ့ သဘောနဲ့ မာရ်နတ်က “ကိုယ်ပင်ပန်းအောင်ကျင့်တဲ့ တပေါကမ္မမှ ဖဲခွါ၍ သတ္တဝါတို့သည် မစင်ကြယ်ကုန်၊ အရှင်ဂေါတမသည် မစင်ကြယ်သေးပဲ စင်ကြယ်ပြီဟု ထင်မှတ်၏၊ စင်ကြယ်တဲ့ အကျင့်လမ်းမှ ချွတ်ယွင်းလွဲမှားခဲ့ပြီ” လို့ ဆိုလာတယ်။
ဒီတော့ မြတ်စွာဘုရားက ဒီလို ပြန်လည်ချေပလိုက်တယ်။
အနတ္ထသံဟိတံ ဉတွာ၊
ယံကိဉ္စိ အမရံ တပံ။
သဗ္ဗံ နတ္ထာဝဟံ ဟောတိ၊
ဖိယာရိတ္တံဝ ဓမ္မနိ။
ယံ ကိဉ္စိ - အလုံးစုံသော၊
အမရံ တပံ - မသေရန်ရည်၍ ပြုအပ်သော အတ္တကိလမထာနုယောဂ အကျင့်သည်၊
အတ္ထိ - ရှိ၏၊
သဗ္ဗံ - ယင်းအကျင့်အားလုံးသည်၊
ဓမ္မနိ - ကုန်းမြေခေါင်ခေါင် သဲသောင်ပြင်ပေါ်၌၊
ဖိယာရိတ္တံဝ - လှော်တက်, ပဲ့တက်, ထိုးဝါးသည် အကျိုးမများသကဲ့သို့၊
န အတ္ထာဝဟံဟောတိ - အကျိုးစီးပွါးကို မဆောင်နိုင်၊
ဣတိ - ဤသို့၊
အနတ္ထသံဟိတံ ဉတွာ - အကျိုးစီးပွါးနှင့် မစပ်ကြောင်းကို သိသောကြောင့်၊
(ဝိဿဇ္ဇေသိံ - အတ္တကိလမထာ အကျင့်ဟူသမျှကို ငါစွန့်ခဲ့ပေသည်)
စသည်ဖြင့် ပြန်လည်ချေပလိုက်ပါတယ်။
အဲဒီ ချေပချက်ထဲမှာ “အမရံ တပံ”ပုဒ်ကို အဋ္ဌကထာ၌ -
“အမရတပံ - မသေရေးအကျင့်၊
အမရဘာဝတ္ထာယ ကတံ - မသေခြင်းအကျိုးငှါ ရည်၍ပြုအပ်သော၊
လူခတပံ - အစာအဝတ်စသည် ခြိုးခြံသော အကျင့်၊
အတ္တကိလမထာ နုယောဂေါ - မိမိကိုယ်ကို ပင်ပန်းအောင် အားထုတ်ခြင်း”
ဟု ဖွင့်ပြထားပါတယ်။ ဒါကြောင့် ဒုက္ကရကာရိကာ ခေါ်တဲ့ ဒုက္ကရစရိယာအကျင့်ကိုလဲ အတ္တကိလမထာနုယောဂ အကျင့်ထဲမှာ အတွင်းဝင်ကြောင်း မှတ်ထားကြရမယ်။ ဒါမှ ဓမ္မစကြာ တရားကျတော့ ကောင်းကောင်း သဘောပေါက်မယ်။ ဒါကြောင့် မာရသံယုတ်မှ မြတ်စွာဘုရား၏ စိတ်အကြံဖြစ်တော်မူပုံကို ဒီနေရာမှာ ထည့်သွင်းပြီး ပြလိုက်ရပါတယ်။
တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း
(၇) ဌာနမှာ (၇) ရက်စီ ၄၉ - ရက် စံတော်မူပြီးတဲ့အခါ ရက် (၅၀) မြောက် (ဝါဆိုလဆန်း ၆ - ရက်) နေ့မှာ ခုတင်က ပြောခဲ့တဲ့ အဇပါလ ညောင်ပင်အောက်သို့ ပြန်ကြွလာတယ်။ အဲဒီမှာ ထိုင်နေတော်မူယင်း ဘယ်သူအား ရှေးဦးစွာ တရား ဟောရပါမည်လဲ၊ ဘယ်သူဟာ ဒီတရားကို လျှင်မြန်စွာ သိနိုင်ပါလိမ့်မည်လဲ”လို့ မြတ်စွာဘုရားက တရားဟောဘို့ ဆင်ခြင်တော်မူတယ်။
အဲဒီလို ဆင်ခြင် လိုက်တဲ့အခါမှာ “ကာလာမအနွယ် အာဠာရ ရသေ့ဟာ ပညာရှိပဲ၊ တတ်သိတယ် ဉာဏ်ထက်တယ် ပညာမျက်စိမှာ ကိလေသာ မြူမှုန်နဲပါးနေတာ ကြာပြီ၊ အဲဒီ အာဠာရအား ရှေးဦးစွာ ဟောရယင် ကောင်းမှာပဲ၊ သူဟာ ဒီတရားကို လျင်မြန်စွာ သိပေလိမ့်မယ်”လို့ ပကတိစိတ်ကူးထဲမှာ ပေါ်လာပါသတဲ့။
အဲဒီလို ဆင်ခြင်ပုံထဲမှာ မြန်မြန်သိမည့်ပုဂ္ဂိုလ်အား ရှေးဦးစွာ ဟောဘို့ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်၊ အဲဒီ ရည်ရွယ်ချက်ဟာ အလွန်ပဲ အရေးကြီးပါတယ်။ ယခုခေတ်မှာ စာသင်တိုက် အသစ်ဖွင့်တယ်ဆိုယင် ဉာဏ်ကောင်းတဲ့ စာသင်သား များကိုရဘို့ အရေးကြီးတယ်၊ အဲဒီဉာဏ်ကောင်းတဲ့ စာသင်သားတွေက စာမေးပွဲတွေကို များများအောင်မှ အဲဒီစာသင်တိုက် နာမည်ကောင်းပြီး ကြီးပွါး လွယ်မယ်။
ထို့အတူပင် ကမဋ္ဌာန်းဌာန အသစ်ဖွင့်တဲ့အခါလဲ သဒ္ဓါ ဆန္ဒ ဝီရိယ သတိ ပညာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ လိုပါတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေကစပြီး အားထုတ်မှ ဉာဏ်ထူး တရားထူးကို မြန်မြန်တွေ့မယ်၊ အဲဒီလို တွေ့ကြပါမှ အခြားသူတွေကလဲ လိုက်ပြီး အားထုတ်ကြမယ်။
အကယ်၍ စပြီးအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သဒ္ဓါ ဆန္ဒ ဝီရိယ သတိ ပညာ ညံ့နေမယ်၊ သို့မဟုတ် အိုမင်းပြီး မစွမ်းမသန် ဖြစ်နေမယ် ဆိုယင် အဲဒီလို ပုဂ္ဂိုလ်တွေဟာ သမာဓိဉာဏ်အထူးတွေကို ရောက်ဖို့ တွေ့ဘို့ မလွယ်ဘူး၊ အဲဒီလို အားထုတ်စ ပုဂ္ဂိုလ်တွေက ထူးထူးခြားခြား မတွေ့ယင်၊ ဉာဏ်ထူးများကို မြန်မြန်မတွေ့ယင် အခြားလူတွေက နောက်ကလိုက်ပြီး အားထုတ်ဖို့ရာ စိတ်မပါပဲ မထက်သန်ပဲ ရှိနေလိမ့်မယ်၊
ဒါကြောင့် ကမ္မဋ္ဌာန်းဌာနအသစ်မှာ ဉာဏ်ထူး တရားထူးပေါက်ရောက်လွယ်မည့် ပုဂ္ဂိုလ်ကို ရွေးချယ်ဘို့ လိုပါတယ်၊ ဘုန်းကြီး သတိပဋ္ဌာန် ဝိပဿနာကမ္မဋ္ဌာန်းကို စပြီးပြတုန်းကတော့ ကံအားလျော်စွာ အထူးမရွေးချယ်ရတော့ပဲ ထူးခြားတဲ့ ပုဂ္ဂိုလ် ၃ - ယောက်ပေါ်လာခဲ့တယ်၊ ဘုန်းကြီးရဲ့ ညီအစ်ကို ဆွေမျိုးထဲကပါပဲ၊ သူတို့က အားထုတ်လို့ ၃ - ရက်အတွင်းမှာ ဥဒယဗ္ဗယဉာဏ်ရောက်ပြီးတော့ အရောင်အလင်း ပီတိ ပဿဒ္ဓိစသည်ကို တွေ့ပြီး အလွန်ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြတယ်၊
သူတို့ အားထုတ်ပုံကိုတော့ ဝိပဿနာ အခြေခံတရားတော် စသည်မှာ ဖော်ပြထားပြီး ရှိနေပါတယ်။ အဲဒီလို ပဌမစပြီး အားထုတ်တဲ့သူတွေက လျင်လျင်မြန်မြန် ဉာဏ်ထူး များကို တွေ့ခဲ့တဲ့အတွက် မဟာစည်သတိပဋ္ဌာန် ဝိပဿနာလုပ်ငန်းဟာ ယခုလို ကမ္ဘာအနှံ့ ပြန့်ပွါးသွားတာပဲ။
ဒီလို လျင်လျင်မြန်မြန် သိမြင်ဘို့ရာ လိုတဲ့အတွက် မြတ်စွာဘုရားက လျင်မြန်စွာ သိမြင်နိုင်မည့် အာဠာရကို တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း ဖြစ်ပါတယ်၊ အဲဒီလို ဆင်ခြင်တာကလဲ ပကတိစိတ်နဲ့ ဆင်ခြင်တာပဲ၊ ဉာဏ်ထူးနဲ့ ဆင်ခြင်တာ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီအချိန်မှာ အာဠာရ ရှိ မရှိကိုတော့ ဉာဏ်ဖြင့် မဆင်ခြင် ရသေးဘူး။
အဲဒီအခါ မြတ်စွာဘုရား၏ စိတ်အကြံကိုသိတဲ့ နတ်တယောက်က “အာဠာရ ကွယ်လွန်သွားတာ ခုနှစ်ရက် ရှိပါပြီဘုရား”လို့ လျှောက်တယ်။ ဒီတော့ မြတ်စွာဘုရားကလဲ ဉာဏ်ဖြင့် ဆင်ခြင်ကြည့်တော်မူတယ်၊ ဆင်ခြင်ကြည့်လိုက်တဲ့ အခါမှာ အာဠာရဟာ လွန်ခဲ့သော ခုနှစ်ရက်က ကွယ်လွန်သွားပြီးတော့ သူရထားတဲ့ ဈာန်ကုသိုလ်၏အစွမ်းဖြင့် အာကိဉ္စညာယတန ဆိုတဲ့ အရူပဘုံ ရောက်နေကြောင်း သိမြင်တော်မူရတယ်။ အဲဒီတော့ မြတ်စွာဘုရားက -
မဟာဇာနိယော ခေါ အာဠာရော ကာလာမော -
လို့ စိတ်ဖြင့် ညည်းညူတော်မူမိပါသတဲ့။
(၇) ရက် အသေစော၍ မဂ်ဖိုလ်မှ ဆုံးရှုံးရရှာသည်
ကာလာမော - ကာလာမ အနွယ်ရှိသော၊
အာဠာရော - အာဠာရသည်၊
မဟာဇာနိယော - အများကြီး ဆုံးရှုံးသွားရှာပြီ -
လို့ ညည်းညူတော်မူပါတယ်။ ဘာကြောင့်လဲဆိုယင် အကယ်၍ အာဠာရဟာ မြတ်စွာဘုရားကို နာရမယ်ဆိုယင် တခဏချင်း တရားကို သိမြင်ပြီးတော့ အရဟတ္တ မဂ်ဖိုလ်ကိုရပြီး ရဟန္တာအထိ ဖြစ်နိုင်တယ်။ အဲဒီလို ထူးခြားတဲ့ အရည်အချင်းရှိနေပါ လျက် (၇) ရက်လောက် အသေစောသွားတဲ့အတွက် ဘာတရားထူးကိုမှ ရမသွားဘူး၊ သူရောက်နေတဲ့ အာကိဉ္စညာယတနဘုံ ဆိုတာကလဲ ရုပ်မရှိဘူး၊ စိတ်စေတသိက် နာမ်တရားသာရှိတယ်၊ ရုပ်မရှိတော့ ကြားနာနိုင်တဲ့ နားလဲမရှိဘူး၊ ဒါကြောင့် သူ့ထံ သွားပြီး တရားဟောလို့လဲ မဖြစ်ဘူး၊
အဲဒီဘုံမှာ အသက်တမ်းကလဲ ကမ္ဘာပေါင်း ခြောက်သောင်းရှိတယ်၊ အဲဒီအသက်တမ်း ကုန်လို့ စုတေလာတဲ့အခါ လူ့ဘဝကို သူပြန်ရောက်လာမယ်၊ အဲဒီအခါမှာလဲ ဗုဒ္ဓတရားတော်ကို ကြားနာရမှာ မဟုတ်ဘူး၊ ဒါကြောင့် သူဟာ ပုထုဇဉ်အဖြစ်နဲ့ပဲ သံသရာထဲမှာ ကံအားလျော်စွာ ကျင်လည်နေမယ်၊ အပါယ်လေးပါး ရောက်ပြီးတော့လဲ ဆင်းရဲဒုက္ခတွေကို အကြိမ်များစွာ ခံစားရဦးမယ်၊ ဒါကြောင့် မြတ်စွာဘုရားက အာဠာရဟာ (၇) ရက် အသေစောသွားတဲ့အတွက် အများကြီးဆုံးရှုံးသွားရှာပြီ - လို့ စိတ်ဖြင့် ညည်းညူတော် မူတာပါပဲ။
ယခုနေအခါမှာလဲ ဘုန်းကြီးတို့ဟောကြားတဲ့ သတိပဋ္ဌာန်လုပ်ငန်းတရားကို မကြား မနာရပဲဖြစ်စေ၊ ကြားနာရသော်လဲ အားမထုတ်ရပဲဖြစ်စေ သေသွားကြတဲ့ လူတွေထဲမှာ ဒီလို တရားထူးတွေကို ရသင့် ရထိုက်ပါလျက် ဘာမှမရပဲ ဆုံးရှုံး သွားကြတာတွေရှိမှာပဲ။ ဒါကြောင့် ယခု ဒီတရားကို ကြားနာရတဲ့ သူတော်ကောင်း တွေကတော့ အဲဒီလို မဆုံးရှုံးရအောင် အထူးသတိပြုဘို့ပါပဲ။
တညဉ့်အသေစော၍ ဆုံးရှုံးရရှာသည်
အဲဒီနောက် ရာမပုတ္တ - ရာမဆရာကြီး၏သား (တပည့်) ဥဒကရသေ့အား တရားဦးဟောဘို့ မြတ်စွာဘုရားက ဆင်ခြင်တော်မူပြန်တယ်။ အဲဒီအခါ နတ်တယောက်က “ဥဒကရသေ့ဟာ ညဉ့်ဦးယာမ်က ကွယ်လွန်သွားတဲ့ အကြောင်း” လျှောက်တယ်။ မြတ်စွာဘုရားက ဉာဏ်ဖြင့် ဆင်ခြင်တော်မူတဲ့အခါ “ဥဒက ရသေ့ဟာ ညဉ့်ဦးယာမ်က ကွယ်လွန်ပြီး သူရထားတဲ့ နေဝသညာနာယတနဈာန် ကုသိုလ်၏ အစွမ်းဖြင့် နေဝသညာနာသညာယတနဘုံသို့ ရောက်နေကြောင်း” မြင်တော်မူတယ်၊
အဲဒီဘုံကလဲ ရုပ်မရှိတဲ့ဘုံပဲ၊ အသက်တမ်းက ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် ရှိတယ်၊ ဘုံ ၃၁ - ဆိုတဲ့ လောကထဲမှာ အဲဒီဘုံဟာ အမြင့်မြတ်ဆုံးပဲ၊ ဒါကြောင့် ဘဝဂ္ဂ - ဘဝဂ်, အမြင့်မြတ်ဆုံးဘုံလို့လဲ ခေါ်တယ်၊ အဲဒီမှာလဲ တရားကို မနာနိုင် မကြားနိုင်ဘူး၊ အဲဒီက စုတေပြီး လူ့ဘုံ ရောက်လာတဲ့အခါလဲ ဗုဒ္ဓတရားတော်ကို နာရဘို့ အခွင့်မရှိဘူး၊
မြတ်စွာဘုရား၏ တရားကို နာရယင်တော့ တခဏကလေး အတွင်းမှာပဲ အရဟတ္တမဂ်ဖိုလ်အထိ တရားထူးကို သိမြင်နိုင်တယ်၊ ဒါပေမဲ့ တညဉ့်မျှ (၁၂ - နာရီ လောက်) အသေစော သွားလို့ ရသင့်ရထိုက်တဲ့ တရားထူးမှ ဆုံးရှုံးသွားရရှာတယ်။ ဒါကြောင့် မြတ်စွာဘုရားက -
ရာမပုတ္တော - ရာမဆရာကြီး၏ သား (တပည့်) ဖြစ်သော၊
ဥဒကော - ဥဒကရသေ့သည်၊
မဟာဇာနိယော - အများကြီး ဆုံးရှုံးသွားရှာပြီ -
လို့ စိတ်ဖြင့် ညည်းညူတော်မူပြန်ပါတယ်။
အဲဒီနောက် ဘယ်သူကို တရားဦးဟောရမလဲလို့ ဆင်ခြင်တော်မူပြန်တဲ့အခါ ပဉ္စဝဂ္ဂီရဟန်း ငါးပါးအား တရားဦးဟောဘို့ ပေါ်လာတယ်၊ သူတို့၏ နေရပ်ကို ဉာဏ်ဖြင့် ဆင်ခြင်ကြည့်တော်မူတဲ့အခါ ဗာရာဏသီမြို့နယ်ထဲက မိဂဒါဝုန်ဆိုတဲ့ တောအရပ်မှာ နေကြတာကို မြင်တော်မူတယ်။
တရားဦးဟောရန် ကြွချီတော်မူခြင်း
အဲဒီလို မြင်တော်မူတဲ့အခါ ဗာရာဏသီမြို့သို့ ခရီးကြွချီတော်မူပါတယ်။ ဘယ်လို ကြွတော်မူသလဲဆိုတော့ - အခြားသော ဘုရားရှင်များဟာ တန်ခိုးဖြင့် ကြွချီတော်မူကြ တာလဲ ရှိပါတယ်၊ ဘုန်းကြီးတို့၏ ကိုးကွယ်ရာ ဂေါတမဗုဒ္ဓဘုရားရှင် ကတော့ လမ်းခုလတ်မှာ ဥပက တက္ကတွန်းနဲ့တွေ့ပြီး မိန့်မြွက်စရာ အကြောင်း ရှိတဲ့အတွက် ခြေလျင်ပဲ ကြွချီတော်မူပါတယ်။
ဘယ်နေ့ ဘယ်ရက် ကြွသလဲဆိုတော့ - ဝါဆိုလပြည့်နေ့မှာ ကြွတယ်လို့ ဗုဒ္ဓဝံသ အဋ္ဌကထာနှင့် ဇာတကအဋ္ဌကထာများမှာ ဆိုပါတယ်။ ဒီလိုဆိုတော့ ဗောဓိမဏ္ဍိုင်မှ ဗာရာဏသီမိဂဒါဝုန်အထိ (၁၈) ယုဇနာ၊ ယခုခေတ်မိုင်အားဖြင့် (၁၄၂) မိုင် ဝေးကွာတဲ့အတွက် ပကတိရိုးရိုး ခြေလျင် သွားမယ်ဆိုယင်တော့ တရက်ထည်းနဲ့ မရောက်နိုင်ပေဘူး၊ တန်ခိုးနဲ့သွားမှပဲ ရောက်နိုင်မယ်။ ဒါကြောင့် ဝါဆိုလဆန်း ၆ - ရက်နေ့မှစပြီး ကြွတော်မူတယ်လို့ ယူယင်လဲ သင့်စရာရှိပါတယ်။
ဥပကတက္ကတွန်းနှင့် တွေ့ခြင်း
အဲဒီလို ကြွချီတော်မူတဲ့အခါ ဂယာသို့မရောက်မီ လမ်းခုလတ်မှာ ဥပက တက္ကတွန်း ကြီးနဲ့ ရင်ဆိုင်တွေ့ရတယ်၊ ဗောဓိမဏ္ဍိုင်နဲ့ ဂယာဟာ ၃ - ဂါဝုတ် ဝေးတယ်လို့ အဋ္ဌကထာက ပြဆိုထားပါတယ်၊ ယခုခေတ်မိုင်နဲ့ဆိုယင်တော့ ၆ - မိုင် ရှိပါတယ်၊ အဲဒီမှာ ဂယာမြို့မှ (တောင်အရပ်) ဗောဓိမဏ္ဍိုင်အထိ ကားလမ်း တလျှောက်မှာ မိုင်တိုင်တွေနဲ့ အတိအကျရှိပါတယ်။ တက္ကတွန်းဆိုတာ အဝတ်မဝတ်ပဲ ကျင့်နေတဲ့ ရသေ့တမျိုးပါပဲ၊ နာဋပုတ္တ ဆိုတဲ့ ဆရာကြီး၏ ဂိုဏ်းဝင်တပည့်တွေပါပဲ၊
အဲဒီ ဥပကတက္ကတွန်းကြီးက မြတ်စွာဘုရားကို မြင်တွေ့ရတော့ “ငါ့ရှင် သင်၏ မျက်စိမျက်နှာစသော ဣန္ဒြေများက တယ်ကြည်လင်ပါကလား၊ အရေအဆင်းကလဲ သန့်ရှင်းဖြူစင်ပါပေတယ်၊ ဘယ်ဆရာကို ရည်ညွှမ်းပြီး ရဟန်းပြုခဲ့ပါသလဲ၊ သင့် ဆရာက ဘယ်သူပါလဲ၊ ဘယ်ဆရာ၏ တရားကို သင်နှစ်သက်သဘောကျပါသလဲ” လို့ မေးပါတယ်၊ မြင်မြင်ချင်း ကြည်ညိုပြီး မေးတာနဲ့ တူပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက -
သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊
သဗ္ဗေသု ဓမ္မေသု အနုပလိတ္တော။
သဗ္ဗဉ္ဇဟော တဏှာက္ခယေ ဝိမုတ္တော၊
သယံ အဘိညာယ ကမုဒ္ဒိသေယျံ။
အဟံ - ငါသည်၊
သဗ္ဗာဘိဘူ - မျက်စိ အဆင်း စသော တရားအလုံးစုံကို အကုန်လွှမ်းမိုးနိုင်နင်းသူ ဖြစ်သည်။
(ဒီစကားဖြင့် “မြင်မှု ကြားမှု စသော တရားအလုံးစုံကို အကုန်နိုင်နင်းနေကြောင်း” ဝန်ခံ ဖော်ပြတော်မူတာပါပဲ၊ “သတ္တဝါ အများဟာ အဲဒီ မြင်မှု ကြားမှု စသည်ကို မနိုင်တဲ့အတွက် အဲဒီ မြင်မှု ကြားမှု စသည်နောက် လိုက်နေကြရလို့ ဒုက္ခရောက်နေ ကြရတယ်၊ မျက်စိ မျက်နှာ စသော ဣန္ဒြေတွေ မကြည်လင်ပဲလဲ ဖြစ်နေကြရတယ်၊ မြတ်စွာဘုရားမှာတော့ အဲဒါတွေကို အကုန်လုံး နိုင်နင်းနေလို့ ချမ်းသာပြီးတော့ ဣန္ဒြေတွေလဲ ကြည်လင်နေတယ်” ဆိုတာကိုလဲ သိစေပါတယ်။)
သဗ္ဗဝိဒူ - တရားအလုံးစုံကို အကုန်သိသည်၊
အသ္မိ - ဖြစ်ပါသည်၊
သဗ္ဗေသု ဓမ္မေသု အနုပလိတ္တော - အလုံးစုံသော တရားတို့၌ မငြိကပ် မတွယ်တာသူ ဖြစ်သည်။
သဗ္ဗဉ္ဇဟော - အလုံးစုံကို စွန့်လွှတ်နိုင်သူ ဖြစ်သည်၊
တဏှာက္ခယေ - တဏှာကုန်ရာ နိဗ္ဗာန်၌၊
ဝိမုတ္တော - လွတ်မြောက်သူလဲ ဖြစ်သည်၊
သယံ အဘိညာယ - ကိုယ်ပိုင်ဉာဏ်ဖြင့် သိပြီးဖြစ်၍၊
ကိံ - အဘယ်သူကို၊
ဥဒ္ဒိသေယျံ - ငါ့ဆရာဟု ညွှန်ပြနိုင်ပါအံ့နည်း။
(သူတပါးထံမှာ နည်းမခံပဲ ကိုယ့်ဟာကိုယ် ကျင့်ပြီး သိနေတဲ့အတွက် ညွှန်ပြစရာ ဆရာမရှိဘူး - လို့ ဆိုလိုပါတယ်)။
အဲဒီလို မိန့်မြွက်တော်မူပြီးတော့ သာပြီးထင်ရှားအောင် ဒီလိုလဲ ထပ်ပြီး မိန့်တော်မူပြန်ပါတယ်။
န မေ အာစရိယော အတ္ထိ၊
သဒိသော မေ န ဝိဇ္ဇတိ။
သဒေဝကသ္မိံ လောကသ္မိံ၊
နတ္ထိ မေ ပဋိပုဂ္ဂလော။
မေ - ငါ့အား၊
အာစရိယော နတ္ထိ - လောကုတ္တရာ တရားထူးသိရန် ညွှန်ပြသော ဆရာမရှိပါ။
(ဒီစကားဖြင့် လောကီဈာန်ရအောင် ညွှန်ပြတဲ့ အာဠာရ ဥဒကတို့ ရှိခဲ့ပေမဲ့ လောကုတ္တရာတရားထူးကို ရအောင်ကျင့်ရာမှာတော့ ဆရာ မရှိဘူး - လို့ ဆိုလိုပါတယ်)
မေ - ငါနှင့်၊
သဒိသော - ဂုဏ်ရည်တူသောသူသည်၊
န ဝိဇ္ဇတိ - မရှိပါ။
(ဒီ စကားဖြင့် ဂုဏ်ရည် တူသူပင် မရှိ၊ သာလွန်သော ဆရာကား အဘယ်မှာ ရှိအံ့နည်း - ဟု သိစေပါတယ်)
သဒေဝကသ္မိံ - နတ်နှင့်တကွသော လောကထဲ၌၊
ဝါ - နတ်လူဗြဟ္မာတွေထဲ၌၊
မေ - ငါနှင့်၊
ပဋိပုဂ္ဂလော - ရင်ဘောင်တန်း ဖက်ပြိုင်နိုင်သူသည်၊
နတ္ထိ - မရှိပေ။
ဒီတော့ အရဟတ်ဆိုတဲ့ ရဟန္တာတော့ ဖြစ်ပါပြီလားလို့ ဥပက တက္ကတွန်းက မေးပြန်တယ်၊ ဒါကြောင့် ဒီလိုလဲ မိန့်တော်မူရပြန်ပါတယ်။
အဟံ ဟိ အရဟာ လောကေ၊
အဟံ သတ္ထာ အနုတ္တရော။
ဧကောမှိ သမ္မာသမ္ဗုဒ္ဓေါ၊
သီတီဘူတောသ္မိ နိဗ္ဗုတော။
လောကေ - တလောကလုံး၌၊
အဟံဟိ - ငါသည်သာလျှင်၊
အရဟာ - တပါးတည်းသော ရဟန္တာဖြစ်ပေသည်။
(ဒီစကားဖြင့် ထိုအခါက အရဟတ် - ရဟန္တာလို့ ဝန်ခံနေကြ, အသိအမှတ် ပြုနေ ကြတာတွေဟာ အစစ်အမှန်တွေ မဟုတ်ဘူး၊ ငါတပါးတည်းသာလျှင် အရဟတ် - ရဟန္တာ အစစ်အမှန် ဖြစ်တယ်လို့ သိစေပါတယ်။)
အဟံ - ငါသည်၊
အနုတ္တရော - အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်သော၊
သတ္ထာ - မကောင်းမြစ်ကာ ကောင်းရာညွှန်တတ်သည့် ဆရာမြတ် အစစ်ပေတည်း၊
အဟံ - ငါသည်၊
ဧကော - တပါးတည်းသော၊
သမ္မာသမ္ဗုဒ္ဓေါ - ကိုယ်တိုင်ပင် မှန်စွာသိသော ဘုရားသည်၊
အမှိ - ဖြစ်ပေ၏၊
နိဗ္ဗုတော - ကိလေသာမီး ငြိမ်းပြီးသည်ဖြစ်၍၊
သီတီဘူတော - အေးချမ်းနေသောသူသည်၊
အသ္မိ - ဖြစ်ပေသည် -
လို့လဲ မိန့်တော်မူပြန်ပါတယ်။
ဒါဖြင့် ယခု ဘယ်ကိစ္စအတွက် ဘယ်အရပ် ကြွမယ်လို့ပါလဲလို့ ဥပကတက္ကတွန်းက မေးပြန်တော့ မြတ်စွာဘုရားက -
ဓမ္မစက္ကံ ပဝတ္တေတုံ၊
ဂစ္ဆာမိ ကာသိနံ ပုရံ၊
အန္ဓီဘူတသ္မိံ လောကသ္မိံ၊
အာဟဉ္ဆံ အမတဒုန္ဒုဘိံ။
ဓမ္မစက္ကံ ပဝတ္တေတုံ - တရားစက်ကို လည်စေရန်အတွက်၊
ကာသိနံ - ကာသိတိုင်းသူတို့၏၊
ပုရံ - ဗာရာဏသီမြို့သို့၊
ဂစ္ဆာမိ - သွားနေပါသည်၊
အန္ဓဘူတသ္မိံ - ပညာမျက်စိမရှိ၍ အကန်းသဖွယ်ဖြစ်နေသော၊
လောကသ္မိံ - လောကခေါ်သော လူ နတ်ဗြဟ္မာ သတ္တဝါများထဲ၌၊
အမတဒုန္ဒုဘိံ - သေခြင်းကင်းကြောင်း အလွန်ကောင်း၍ ငြိမ့်ညောင်းသာစွ အမတသမိုက် အမြိုက်တရားစည်ကြီးကို၊
အာဟဉ္ဆံ - တီးခေါက်သည့်အလား ဟောကြားလိုက်ပေအံ့သတည်း -
လို့ မိန့်ကြားတော်မူလိုက်ပါတယ်။
ဒီတော့ ဥပက တက္ကတွန်းက (ယထာ ခေါ တွံ အာဝုသော ပဋိဇာနာသိ) ငါ့ရှင် သင်ဝန်ခံတဲ့ အတိုင်းဆိုယင် (အရဟသိ အနန္တဇိနော) အဆုံးမရှိ အောင်တော်မူတဲ့ အနန္တဇိနကော ဖြစ်ထိုက်ပါရဲ့လား၊ အနန္တဇိနဆိုတဲ့ ဘွဲ့ကို ခံထိုက်ပါရဲ့လား - လို့ မေးပြန်တယ်။
ဒီလိုမေးတာက ဘာကြောင့်လဲဆိုယင်၊ သူတို့ရဲ့ နိဂဏ္ဌဂိုဏ်းမှာ အကုသိုလ် ကိလေသာ အားလုံးကို ပယ်ဖျက် အောင်နိုင်တဲ့သူကို အနန္တဇိန ဖြစ်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် သူတို့၏ ဂိုဏ်းဆရာကြီးဖြစ်တဲ့ နာဋပုတ္တကို ဇိန - လို့လဲ ခေါ်တယ်၊ အိန္ဒယ အသံထွက်နဲ့ဆိုရင် (ဂျိန) လို့ ခေါ်တယ်၊ အဲဒီ ဇိန (ဂျိန) ဆရာကြီးက ဟောတဲ့တရားနဲ့ သူ့တပည့်များကို (ဇေန) ဂျိုက်နလို့ ခေါ်တယ်၊ ဗမာအသံထွက်နဲ့တော့ ဂျိန်းဘာသာ, ဂျိန်းဘာသာဝင်များလို့ ခေါ်တယ်၊ အိန္ဒိယမှာ နာဋပုတ္တ၏တပည့် ဂျိန်းဘာသာဝင်တွေ ယခုလဲ တော်တော်များများ ရှိနေတာပဲ။
အဲဒီလို ဥပကတက္ကတွန်းက (ဇိန - ဇေန) ဂျိန်းဘာသာဝင်ဖြစ်ပြီး ဇိန - ဆိုတဲ့ အမည်ကို အလွန်အလေးပြုတဲ့အတွက် ဒီလို မေးပြန်တာပါပဲ။ အဲဒီတော့ မြတ်စွာဘုရားက -
မာဒိသာ ဝေ ဇိနာ ဟောန္တိ၊
ယေ ပတ္တာ အာသဝက္ခယံ။
ဇိတာ မေ ပါပကာ ဓမ္မာ၊
တသ္မာဟမုပက ဇိနော။
ဥပက - ဥပကတက္ကတွန်း၊
ယေ - ငါကဲ့သို့သော အကြင်သူတို့သည်၊
အာသဝက္ခယံ - အာသဝေါကိလေသာ ကုန်ခြင်းသို့၊
ပတ္တာ - ရောက်ကုန်၏၊
တေ မာဒိသာ - ငါကဲ့သို့သော ထိုသူတို့သည်၊
ဝေ - စင်စစ်၊
ဇိနာ ဟောန္တိ - ဇိနမည်ကြပေ၏။
(ဒီစကားဖြင့် ငါလို ကိလေသာ တကယ်ကုန်တဲ့ ပုဂ္ဂိုလ်သာလျှင် ဇိနမည်တယ်၊ သင်တို့ ဂိုဏ်းထဲက ကိလေသာကို နိုင်ပြီလို့ အထင်ရောက်ပြီး ဇိနလို့ အမည် ခံနေပေမဲ့ ကိလေသာ တကယ် မကုန်သေးတဲ့ အတွက် ဇိနဆိုတဲ့ အမည်ကို မခံထိုက်ဘူးလို့ သိစေပါတယ်။)
မေ - ငါသည်၊
ပါပကာ ဓမ္မာ - ယုတ်မာသော အကုသိုလ်ကိလေသာတရားတို့ကို၊
ဇိတာ - အောင်နိုင်အက်ကုန်ပြီ၊
တသ္မာ - ထိုသို့ အကုသိုလ် ကိလေသာဟူသမျှတို့ကို အောင်နိုင်ပြီး ဖြစ်သောကြောင့်၊
အဟံ - ငါသည်၊
ဇိနော - ဇိနမည်ပါသည် -
လို့ မိန့်ကြားတော်မူလိုက်ပါတယ်။
အမှားကို စွဲယူထားယင် အမှန်ကို မယုံ
အဲဒီအခါ ဥပက တက္ကတွန်းကြီးက -
(ဟုပေယျပါဝုသော)
အာဝုသော - ငါ့ရှင်။
ဟုပေယျပိ - သင်ဝန်ခံသည့်အတိုင်း ဟုတ်သော်လည်း ဟုတ်ရာ၏၊
ဟုတ်မယ်ဆိုယင် ဟုတ်လောက်ပါရဲ့လို့ ပြောပြီးတော့ ခေါင်းလဲငြိမ့်ပြီး သွားမြဲ ခြေလျင်လမ်းမှ ဘေးဖဲ့ကာ မြတ်စွာဘုရားအား လမ်းပေးပြီး သူရည်ရွယ်ထားတဲ့ အရပ်ဆီကို သွားပါရော - တဲ့။ အဲဒါကို အထူးသတိပြုစရာ ကောင်းတယ်၊ ဥပကဟာ ဘုရားအစစ်နဲ့ တွေ့နေပါလျက် ဘုရားမှန်း သူမသိဘူး၊ မြတ်စွာဘုရားက ဘုရား အစစ်ဖြစ်ကြောင်း အထင်အရှားဝန်ခံပြီး ပြောနေပါလျက် ဘုရားအစစ်ပဲလို့ ကောင်းကောင်း သူမယုံသေးဘူး၊
အဲဒါ ဘာကြောင့်လဲဆိုယင် သူက တက္ကတွန်းဂိုဏ်း၏ မိစ္ဆာအယူဝါဒ စွဲနေလို့ပါပဲ။ ယခုနေအခါလဲ နည်းမှားကို စွဲယူထားယင် နည်းမှန်ကို ကြားရပေမဲ့ မယုံကြည်နိုင်ပဲ ဖြစ်နေတတ်တယ်၊ နည်းမှန်အတိုင်း ပြောဟောကျင့်ကြံနေတဲ့ သူတွေကိုလဲ အထင်သေးပြီး မရိုမသေ ပြုတတ် ပြောတတ်ကြတယ်။ အဲဒီလို မမှားရအောင် အထူးသတိပြုဘို့ပါပဲ။
ဥပကဟာ မြတ်စွာဘုရားကို တထစ်ချ မယုံကြည်ပေမဲ့ အတော်အတန်ယုံကြည်တဲ့ သဒ္ဓါတရားကိုတော့ ရသွားတယ်။ ဒါကြောင့် သူဟာ နောက်ကာလ၌ မုဆိုးသမီး စာပါ (ဆာဝါ)နဲ့ အိမ်ထောင်ကျပြီးတော့ သားတယောက်ရတဲ့အခါ ငြီးငွေ့ပြီး ဘုရားထံ လိုက်လာတယ်၊ အဲဒီအခါ ဘုရားထံ ရဟန်းပြုပြီး ကျင့်လို့ အနာဂါမ် ဖြစ်တယ်၊ အဲဒီနောက် ကွယ်လွန်တဲ့အခါ သုဒ္ဓါဝါသ အဝိဟာဘုံရောက်ပြီး မကြာခင် ရဟန္တာ ဖြစ်သွားတယ်၊ အဲဒီလို ဖြစ်ပေါ်မည့်အကျိုးကို မြှော်မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက ဥပကနဲ့ တွေ့ရအောင် ခြေလျင် ကြွလာတော်မူပြီးတော့ သူမေးသမျှကိုလဲ ဖြေကြားတော်မူခြင်း ဖြစ်ပါတယ်။
ပဉ္စဝဂ္ဂီတို့ နေရာသို့ ရောက်တော်မူခြင်း
အဲဒီလို ဖြေကြားတော်မူပြီးတဲ့နောက်မှာ မြတ်စွာဘုရားလဲ ခရီးကြွမြဲ ကြွတော်မူ ပါတယ်။ အဲဒီလို ကြွလာတာကို ပဉ္စဝဂ္ဂီတို့က ခတ်လှမ်းလှမ်းမှ မြင်ကြရတယ်၊ အဲဒီအခါ သူတို့က ကတိကဝတ်ပြုကြတယ်၊ ပြုပုံကတော့ “ငါ့ရှင်တို့ ဟိုမှာ ရဟန်းဂေါတမ လာနေတယ်၊ သူဟာ အစာအာဟာရဖြတ်တဲ့ ပဓာနအကျင့်မှ ထွက်ပြီး လာဘ်လာဘများအောင် အားထုတ်နေတယ်၊ ဒါကြောင့် သူ့ကို ရှိမခိုးဘူး၊ ခရီးဦးမကြိုဆိုရဘူး၊ သူ့သပိတ်သင်္ကန်းကို လှမ်းမယူရဘူး၊ ဒါပေမဲ့ သူကအမျိုး မြတ်တဲ့အတွက် နေရာတော့ အသင့် ထားပေးရမယ်၊ သူ ထိုင်ချင်ယင်လဲ ထိုင်လိမ့်မယ်”လို့ ကတိကဝတ်ကို ပြုကြတယ်။
ဒါပေမဲ့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုးတော်ကြောင့် အနီးအပါး ရောက်လာတဲ့ အခါကျတော့ ပဉ္စဝဂ္ဂီတွေဟာ သူတို့၏ ကတိကဝတ်မှာ မတည်နိုင်ကြဘူး၊ တပါးက ခရီးဦးကြိုဆိုပြီး သပိတ်ကို လှမ်းယူတယ်၊ တပါးက သင်္ကန်းကို လှမ်းယူတယ်၊ တပါးက နေရာခင်းပေးတယ်၊ တပါးက ခြေဆေးရေကပ်တယ်၊ တပါးက ခြေဆေးခုံ ပြင်ပေးတယ်။ ဒါပေမဲ့ သူတို့က တန်းတူအနေဖြင့် ခေါ်ဝေါ်ပြောဆို နေကျအတိုင်း မြတ်စွာဘုရားကို ဂေါတမဆိုတဲ့ အမည်ရင်းဖြင့်လဲ ပြောဆိုနေကြတယ်၊ အာဝုသော - ငါ့ရှင်ဆိုတဲ့ မရိုမသေ ပြောဆိုခြင်းဖြင့်လဲ ပြောဆိုနေကြသေးတယ်။ အဲဒီအခါ မြတ်စွာဘုရားက သူတို့ခင်းပေးတဲ့ နေရာမှာ ထိုင်ပြီးတော့ ဒီလို မိန့်မြွက်တော် မူပါတယ်။
တရားနာရန် ဖိတ်မန် တိုက်တွန်းတော်မူခြင်း
(ပဉ္စဝဂ္ဂီ) ရဟန်းတို့၊ ရှေးကဘုရားတို့နှင့် အလားတူဖြစ်သော ငါ့ကို (ဂေါတမဆိုတဲ့) အမည်ဖြင့် လည်းမခေါ်ကြနဲ့၊ အာဝုသော ငါ့ရှင်လို့လဲ မပြောကြနဲ့၊ ရဟန်းတို့ ငါဟာ (အရဟံ) ပူဇော်အထူးကို ခံထိုက်တဲ့ ဘုရားဖြစ်လာပြီ၊ (တထာဂတော) ရှေးဘုရားတို့နှင့် အလားတူဖြစ်လာပြီ (သမ္မာသမ္ဗုဒ္ဓေါ) ကိုယ်တိုင် မှန်စွာသိတဲ့ဘုရား ဖြစ်လာပြီ၊
ရဟန်းတို့ နားထောင်ကြ၊ (အမတမဓိဂတံ) သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်တရားကို ငါသိပြီ၊ ငါနည်းပေးညွှန်ပြမယ်၊ တရားကို ငါဟောမယ်၊ ငါညွှန်ပြတဲ့အတိုင်း သင်တို့ ကျင့်ကြလျှင် အမျိုးကောင်းသားတို့ ရဟန်းပြုစဉ်က (သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ - စသည်ဖြင့်) ရည်ရွယ်ရင်း အကျိုးဖြစ်သော အကျင့်မြတ်၏ အဆုံးလဲ ဖြစ်သော အမြတ်ဆုံး အရဟတ္တဖိုလ် (နိဗ္ဗာန်)ကို မျက်မှောက်ဘဝ၌ မကြာမီပင် ကိုယ်ပိုင်ဉာဏ်ထူးဖြင့် မျက်မှောက်ပြုလျက် ရောက်၍ ရ၍ နေကြရပါလိမ့်မယ် - လို့ ရဲရဲတင်းတင်းကြီး ဝန်ခံပြီး မိန့်တော်မူပါတယ်။
အဲဒီလို မိန့်တော်မူတဲ့အခါ ပဉ္စဝဂ္ဂီ ရဟန်းများက ဘုရားစကားကို မယုံကြည်ကြ သေးဘူး၊ ဒါကြောင့် သူတို့က ဒီလိုချေပပြီး ပြောဆိုကြတယ်။ ငါ့ရှင်ဂေါတမ၊ ဟိုတုန်းက အစာအာဟာရကြမ်းများကို ဖြတ်ပြီး အပင်ပန်းခံကျင့်တဲ့ ထိုဒုက္ကရ စရိယာ အကျင့်ဖြင့်တောင်မှ ပကတိ လူတို့ ရနိုင်တဲ့ သာမန် ကုသိုလ်တရားထက် သာလွန်မြင့်မြတ်တဲ့ (ဥတ္တရိမနုဿဓမ္မဆိုတဲ့) ကိလေသာကို ပယ်နိုင်တဲ့ အရိယာ ဉာဏ်အမြင်ထူးကို သင်မရခဲ့ဘူး မဟုတ်ပါလား၊ အဲဒီ ဒုက္ကရစရိယာ အကျင့်မှ ထွက်ပြီး ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်နေတဲ့ သင်ဟာ ယခုနေ အခါ အဲဒီ တရားထူး တရားမြတ်ကို ဘယ်မှာရနိုင်ပါမည်လဲ - လို့ ပြန်လည် ချေပ ပြောဆိုကြပါတယ်။
အဲဒါလဲ စဉ်းစားစရာ သိပ်ကောင်းတာပဲ၊ ဒီ ပဉ္စဝဂ္ဂီရဟန်းတွေဟာ ဘုရားအလောင်း မွေးဖွားပြီးခါစကတည်းက ဘုရားဖြစ်လိမ့်မယ်လို့ သူတို့ယုံကြည်ချက်နဲ့ နိမိတ်ဖတ် ဟောကြားလာခဲ့ကြတယ်၊ အစာကြမ်းတွေကိုဖြတ်ပြီး ကျင့်နေတဲ့ ဒုက္ကရစရိယာ အကျင့်မှ ထွက်ပြီး အစာအာဟာရကြမ်းတွေကို ပြန်သုံးဆောင်တာနဲ့ ဘုရား မဖြစ်နိုင်တော့ဘူးလို့ သူတို့အယူအဆ လွဲလာခဲ့ကြတယ်၊ သူတို့ မူလက နိမိတ်ဖတ် ဟောပြောချက်ကို မယုံကြည်တော့ပဲ ဖြစ်သွားတယ်လို့ ဆိုရမှာပေါ့၊
ယခု မြတ်စွာဘုရားက အမြိုက်တရား သိလာပြီ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားအစစ် ဖြစ်လာပြီလို့ အတိအလင်း ဝန်ခံပြောကြားတာတောင်မှ သူတို့က မယုံကြည်ပဲ ဖြစ်နေတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုယင် သူတို့က ဒုက္ကရစရိယာအကျင့်ကို အကျင့်ကောင်း အနေနဲ့ ယုံကြည်စွဲလမ်းထားကြလို့ပါပဲ။ အဲဒါလိုပဲ ယခုအခါ၌လဲ အလွဲအမှားကို ယုံကြည် စွဲလမ်းထားမိယင် အစစ်အမှန်ကို ဘယ်လိုပြောပြော မယုံကြည်နိုင်ပဲ ဖြစ်နေတတ်တယ်။ အစစ်အမှန် ပြောတဲ့သူကိုလဲ အထင်သေးပြီး ပြစ်မှား ပြောဆိုမိတတ်ကြတယ်၊ အဲဒါကို သတိပြုဘို့ အရေးကြီးပါတယ်။
အဲဒီလို ပဉ္စဝဂ္ဂီတွေက ချေပ ခုခံပြီး ပြောကြတဲ့အခါ မြတ်စွာဘုရားက မဟာ ကရုဏာတော်ဖြင့် သနားတော်မူပြီးတော့ ဒီလို မိန့်တော်မူပါတယ်။ (ပဉ္စဝဂ္ဂီ) ရဟန်းတို့၊ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ငါဘုရားဟာ ပစ္စည်း လာဘ်လာဘ ပေါများအောင် အားထုတ်နေတာလဲ မဟုတ်ဘူး၊ ကိလေသာကို ငြိမ်းစေနိုင်တဲ့ ပဓာန အစစ်အမှန်အကျင့်မှ ထွက်တာလဲ မဟုတ်ဘူး၊ ပစ္စည်းများရေးအတွက် ပြန်လည် ကျင့်တာလဲ မဟုတ်ဘူးလို့ မိန့်တော်မူပြီးတော့ ပဌမက ပြောခဲ့တဲ့အတိုင်း (အရဟံ တထာဂတာ သမ္မာသမ္ဗုဒ္ဓ ဖြစ်လာပြီ၊ နားထောင်ကြ - စသည်ဖြင့်) ဒုတိယ တကြိမ်လဲ ထပ်ပြီး မိန့်တော်မူပါတယ်။
ဒုတိယ တကြိမ်လဲ ပဉ္စဝဂ္ဂီတွေက ပြန်လည်ချေပ ပြောဆိုကြတာပဲ။ မြတ်စွာဘုရားက ပဉ္စဝဂ္ဂီတွေဟာ မသိကြရှာလို့ မပြောသင့်တာတွေ ပြောဆိုနေကြတာပဲ - လို့ သိတော်မူသဖြင့် သနားတော်မူပြီး တတိယ တကြိမ်လဲ နည်းတူပင် မိန့်တော် မူပါတယ်၊ အဲဒါကိုလဲ ပဉ္စဝဂ္ဂီတွေက ပြန်လည်ချေပပြီး ငြင်းဆန်နေကြတာပဲ။
အဲဒီတော့ မြတ်စွာဘုရားက “(ပဉ္စဝဂ္ဂီ) ရဟန်းတို့ သင်တို့ စဉ်းစားကြလော့၊ ငါနှင့် သင်တို့ဟာ ယခုမှ တွေ့ကြရတာ မဟုတ်ဘူး၊ ဒုက္ကရစရိယာ အကျင့်ကို ကျင့်နေတုန်းက သင်တို့ဟာ ၆ - နှစ်ပတ်လုံး ဝတ်ကြီးဝတ်ငယ် ပြုစုပြီး ငါနှင့်အတူ နေလာခဲ့ကြတာပဲ၊ အဲဒီ ရှေးအခါ ကာလတုန်းက သင်တို့အား ငါက ယခုပြောတဲ့ စကားမျိုး ပြောဘူးတာများ ရှိခဲ့ပါသလား” လို့ မေးတော်မူလိုက်ပါတယ်။
အဲဒီတော့မှ ပဉ္စဝဂ္ဂီတွေက စဉ်းစားဆင်ခြင်မိကြတယ်၊ ဟိုတုန်းက ဒီလိုစကားမျိုးကို တခါမှ မပြောဘူးခဲ့ဘူး၊ ဟိုတုန်းက တရားထူးကိုမတွေ့ရ, မသိရသေးလို့ မပြောခဲ့တာပဲ၊ ယခုပြောတာကတော့ တကယ်တွေ့သိလာလို့ ပြောတာဖြစ်မှာပဲလို့ စဉ်းစား ဆင်ခြင်ပြီး သက်ဝင်ယုံကြည်လာကြတယ်၊ ဒါကြောင့်” ဟိုရှေးတုန်းက ဒီလို မပြောခဲ့ဘူးပါ ဘုရား”လို့ ရိုသေစွာ ပြန်ကြား လျှောက်ထားကြတယ်။
အဲဒီအခါ မြတ်စွာဘုရားက “ရဟန်းတို့ ငါဟာ -
(အရဟံ)
ပူဇော်အထူး ခံထိုက်တဲ့ ဘုရားဖြစ်လာပြီ၊
(တထာဂတော)
ရှေးဘုရားတို့နှင့် အလားတူ ဖြစ်လာပြီ၊
(သမ္မာသမ္ဗုဒ္ဓေါ)
ကိုယ်ပိုင်ဉာဏ်ဖြင့် ကျင့်ကြံအားထုတ်၍ အမှန်အတိုင်း သိလာပြီ၊
ရဟန်းတို့ နားထောင်ကြ၊
(အမတမဓိဂတံ) သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်တရားကို ငါသိလာပြီ၊
(အဟမနုသာသာမိ)
ငါ နည်းပေးညွှန်ပြမယ်၊
(အဟံ ဓမ္မံ ဒေသေမိ)
တရားကို ငါ ဟောမယ်၊
(ယထာနုသိဋ္ဌံ ပဋိပဇ္ဇမာနာ)
ငါ ညွှန်ပြတဲ့အတိုင်း သင်တို့ ကျင့်ကြလျှင် အမျိုးကောင်းတို့ ရဟန်းပြုစဉ်က
(သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထယ စသည်ဖြင့်)
ရည်ရွယ်ရင်း အကျိုးဖြစ်သော အကျင့်မြတ်၏ အဆုံးလဲဖြစ်သော အမြတ်ဆုံး အရဟတ္တဖိုလ် (နိဗ္ဗာန်)ကို မျက်မှောက်ဘဝ၌ မကြာမီပင် ကိုယ်ပိုင် ဉာဏ်ထူးဖြင့် မျက်မှောက်ပြုလျက် ရောက်၍ ရ၍ နေကြရပါလိမ့်မယ်”
လို့ ထပ်မံပြီး ဝန်ခံ မိန့်ကြားတော်မူပါတယ်။
အဲဒီအခါ ပဉ္စဝဂ္ဂီ ရဟန်းတွေဟာ မြတ်စွာဘုရားဟောမည့် တရားကို နာကြား လိုတဲ့စိတ် ထက်သန်စွာနဲ့ ရိုသေစွာ နားထောင်နေကြပါတယ်၊ သိနားလည်ဘို့ရာ စိတ်စောနေကြပါတယ်။
ယခု ဒီထိအောင် ပြောလာတဲ့ စကားတွေကတော့ အဝိဒူရေ နိဒါန်းထဲက သင့်လျော်ရုံ အချို့ကို ထုတ်ဆောင်ပြီး ပြောလာတဲ့ စကားတွေပါပဲ။ (မူလ ဟောစဉ်က စကား အချို့ကို စာမူပြုသောအခါ နှုတ်ပယ်၍ ချုံး၍ ပြလိုက်သည်။)
အဲဒီလို ပဉ္စဝဂ္ဂီတို့က ရိုသေစွာ နားထောင်နေကြတဲ့အခါမှာ (ဧဝံမေ သုတံ - စသည်ဖြင့်) သုတ်၏ နိဒါန်းအစ၌ ထုတ်ပြခဲ့တဲ့ အနီးကပ် သန္တိကေနိဒါန်း စကားအတိုင်း မြတ်စွာဘုရားက ဒီ ဓမ္မစကြာသုတ် တရားတော်ကို စတင်ပြီး ဟောကြားတော်မူပါတယ်။
အချိန်ကတော့ ယခုရောက်ဆဲ ၁၃၂၄ - ခုနှစ်မှ ပြန် ရေတွက်ယင် လွန်ခဲ့တဲ့ ၂၅၅၁ - နှစ်က ဝါဆို လပြည့်နေ့ ညနေချမ်း နေဝင်ခါနီးအချိန် ဖြစ်ပါတယ်၊ အနောက် လောကဓာတ်မှာ နေမင်းကြီးက ဝင်လုခါနီး နီနီရဲရဲ အလုံးကြီးအနေနဲ့ ရှိနေတယ်၊ လမင်းကြီးက အရှေ့လောကဓာတ်မှ ဝါဝါဝင်းဝင်းကြီး ပေါ်ထွက်လာခါစ ဖြစ်နေတယ်၊ အဲဒီလို နေရော, လရော ၂ - ခုလုံး ထင်ရှားနေချိန်မှာ ဒီ ဓမ္မစကြာတရားကို စပြီး ဟောတော်မူတယ်လို့ မဟာဝဂ္ဂသံယုတ် အဋ္ဌာကထာ (၃၂၇) မှာ ပြဆိုထားပါတယ်။
တရားနာ ပရိသတ်ကတော့ လူသားထဲကဆိုယင် ပဉ္စဝဂ္ဂီ ရဟန်း ငါးပါးသာ ရှိတယ်၊ ဗြဟ္မာတွေကတော့ ၁၈ - ကုဋေ ရှိတယ်၊ နတ်တွေကတော့ ဒီတရားကိုနာပြီး တရားထူး ရသွားကြတာ မရေမတွက်နိုင်အောင် များတယ်လို့ မိလိန္ဒပဥှာမှာ ပြဆိုထားတဲ့အတွက် မရေမတွက်နိုင်အောင် များတယ်လို့ ဆိုရမှာပဲ။
အဲဒီလို တရားဦးကို နာထိုက်တဲ့ နတ်ဗြဟ္မာတွေနှင့်တကွ ပဉ္စဝဂ္ဂီရဟန်းတော် ငါးပါးတို့က ရိုသေစွာ နားစွင့်နေကြတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားက “ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” စသည်ဖြင့် ဓမ္မစကြာသုတ် တရားတော်ကို စတင် ဟောကြားတော်မူပါတယ်။
ဓမ္မစကြာသုတ် ဒေသနာတော်
အဖို့အစွန်း ၂ - ပါး ရဟန်းများ မမှီဝဲသင့်
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ဘိက္ခဝေ - ရဟန်းတို့၊
(ပဉ္စဝဂ္ဂီရဟန်းတွေကို မြတ်စွာဘုရားက သတိပေးတဲ့အနေနဲ့ ခေါ်တော်မူပါတယ်၊ အဲဒီတုန်းက ပဉ္စဝဂ္ဂီတွေဟာ ဗုဒ္ဓသာသနာတော်အတွင်းက ရဟန်းတော့ မဟုတ်သေးပါဘူး၊ ဘုရားအလောင်းတော် တောမထွက်မီကတည်းက သူတို့ဟာ သူတို့ ရဟန်းပြုနေနှင့်ကြတဲ့ သာသနာပရဟန်းများသာ ဖြစ်ပါတယ်၊ ဒါပေမဲ့ သူတို့က ဘုရားအလောင်းတော် ဘုရားအဖြစ် ရောက်တဲ့အခါ ဘုရားတပည့် အဖြစ်နဲ့ကျင့်ဘို့ ရဟန်းပြုလာကြတာ ဖြစ်တဲ့အတွက် ဗုဒ္ဓသာသနာတော်နဲ့ ဆန့်ကျင်တဲ့ ပရိဗိုဇ် ရဟန်းမျိုးတော့ မဟုတ်ဘူး၊ မြတ်စွာဘုရားကိုရည်ပြီး သင်္ကန်းဝတ်လာတဲ့ အရှင် မဟာကဿပလို ဗုဒ္ဓသာသနာတော်နှင့် သက်ဆိုင်တဲ့ ရဟန်းများသာ ဖြစ်ကြပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက သာသနာတော်တွင်း ရဟန်းများလိုပင် ဘိက္ခု - ဆိုတဲ့ ဝေါဟာရနဲ့ ဘိက္ခဝေ - ရဟန်းတို့ - လို့ မိန့်တော်မူလိုက်ပါတယ်။)
ဘိက္ခဝေ - ရဟန်းတို့၊
ပဗ္ဗဇိတေန - ရှင် ရဟန်း ဖြစ်သော ပုဂ္ဂိုလ်သည်၊
ဣမေ ဒွေ အန္တာ - ယခုပြောပြမည့် ၂ - ပါးသော ဤ အဖို့အစွန်းတို့ကို၊
န သေဝိတဗ္ဗာ - မမှီဝဲအပ်ကုန်၊ မမှီဝဲသင့်ဘူး -
လို့ စ - တင်ပြီး ဟောတော်မူပါတယ်။
ဒီနေရာမှာ အန္တ - သဒ္ဒါက ကောဋ္ဌာသ, ဘာဂ ဆိုတဲ့ အဖို့ ဟူသောအနက် ဟောကြောင်း အဋ္ဌကထာများမှာ ဖွင့်ပြထားပါတယ်၊ ဒါပေမဲ့ နောက်မှာ ဟောလတံ့ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့် ဆိုတာနဲ့ ထောက်ဆကြည့်ယင် အစွန်း ၂ - ဖက်ဆိုတဲ့ အနက်လဲ သင့်ပါတယ်၊ အဖို့ဆိုပေမဲ့ ရိုးရိုးအဖို့မဟုတ်ဘူး ဟိုဖက်အစွန်း ဒီဖက်အစွန်းဆိုတဲ့ အဖို့ကို ဆိုတယ်လို့ယူယင် သာပြီးပေါ်လွင်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးက အဖို့အစွန်းလို့ အနက်ပြန်ပါတယ်။
သီဟိုဠ်မူ ယိုးဒယားမူ အဋ္ဌကထာများမှာတော့ လာမကကောဋ္ဌာသာလို့ ရှိတယ်။ ယုတ်သောအဖို့လို့ အနက်ရတယ်။ အဲဒါဟာ ရှေးကပြန်ကြတဲ့ အယုတ်တရားဆိုတာနဲ့ ခပ်ညီညီ ဖြစ်နေပါတယ်။ ဒါကြောင့် ရှင်ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ယခုပင် သရုပ်ဖော်ပြီးပြမည့် အဖို့အစွန်း အယုတ်တရားတို့ကို မမှီဝဲအပ်ဘူး မမှီဝဲသင့်ဘူး မမှီဝဲကောင်းဘူး - လို့ အတိုချုပ် ရှေးဦးစွာ မှတ်ထားကြရမယ်။
ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇနိကော အနရိယော အနတ္ထသံဟိတော၊ ယော စာယံ အတ္တကိလမထာ- နုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
ကတမေ ဒွေ - အဘယ် အဖို့အစွန်း ၂ - ပါးတို့နည်းဟူမူ၊
ကာမေသု - လိုချင်နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်ဝတ္ထုတို့၌၊
ကာမေသုခလ္လိကာနုယောဂေါ - နှစ်သက်သာယာလျက် ချမ်းသာသည့် ကာမသုခကို အားထုတ်ခြင်း ဖြစ်စေခြင်း ခံစားခြင်းဟူသော၊
ယော စ အယံ အန္တော - အကြင်အဖို့ အစွန်းသည်လည်း၊
ဟီနော - ယုတ်ညံ့၏၊
ဂမ္မော - ရွာသူ ရွာသား မြို့သူမြို့သားတို့၏ အလေ့အလာ အကျင့်ဥစ္စာဖြစ်၏၊
ပေါထုဇ္ဇနိကော - ပုထုဇဉ်လူများစုတို့၏ အလေ့အလာ အကျင့်ဥစ္စာဖြစ်၏၊
အနရိယော - အရိယာသူမြတ်တို့၏ အကျင့်မဟုတ်ပေ၊
ဝါ - မစင်ကြယ် မကောင်းမြတ်ပေ၊
အနတ္ထသံဟိတော - မိမိတို့ လိုလားအပ်သည့် အကျိုးစီးပွါးအစစ်နှင့် မစပ်ဆိုင်ပေ၊
သော စ - ထိုကာမသုခလ္လိကာနုယောဂ အကျင့်သည်လည်း မမှီဝဲသင့်သော အဖို့ အစွန်း တပါးပေတည်း။
လိုချင်နှစ်သက်ဖွယ်ဖြစ်တဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့ဆိုတဲ့ အာရုံ ကောင်းတွေကို ကာဂုဏ်အာရုံ ဝတ္ထုတွေလို့ခေါ်တယ်၊ အဲဒီဝတ္ထုအာရုံ ကာမဂုဏ် တွေကို နှစ်သက်သာယာပြီး ကိုယ်ထဲ စိတ်ထဲမှာ ချမ်းသာတာ ကောင်းတာကို ကာမသုခ - ကာမချမ်းသာခေါ်တယ်။ အဲဒီ ကာမချမ်းသာဖြစ်အောင် ပြုလုပ် အားထုတ် နေတာ, ပြုလုပ်အားထုတ်ပြီး အဲဒီ ကာမချမ်းသာ ခံစားနေတာကို ကာမသုခလ္လိကာနုယောဂခေါ်တယ်၊
အတိုချုပ်အားဖြင့် ပြောရယင် ကာမဂုဏ် အာရုံတွေကို သာယာတပ်မက်နှစ်သက်ပြီး ခံစားနေတာကို ခေါ်တာပါပဲ။ အဲဒီလို ကာမချမ်းသာတွေ သာယာတပ်မက် နှစ်သက် ခံစားနေတာဟာ ယုတ်ညံ့ပါတယ် - တဲ့၊ ယုတ်ညံ့ပုံကိုတော့ နောက်သီတင်းကျမှ ပြောရမယ်၊ ဒီအနေ့တော့ အကျဉ်းချုပ် ခေါင်းစဉ်လောက်ပဲ ပြောနိုင်မယ်၊ နိဒါန်းကိုပြောနေရတာနဲ့ အချိန်က အတော် ကုန်သွားပြီ။
နောက်ပြီးတော့ အဲဒီကာမချမ်းသာ ခံစားတာဟာ ရွာသူ ရွာသား မြို့သူ မြို့သားတို့၏ အလေ့အကျင့် ဖြစ်ပါတယ် - တဲ့၊ ပုထုဇဉ်ခေါ်တဲ့ လူများစုတို့ရဲ့ အလေ့အကျင့်လဲ ဖြစ်ပါတယ် - တဲ့၊ အရိယာ သူမြတ်တို့ရဲ့ အကျင့်ကောင်းလဲမဟုတ်၊ စင်ကြယ်လဲ မစင်ကြယ်ပါဘူး - တဲ့၊ မိမိတို့ အလိုရှိအပ်တဲ့ အကျိုးစီးပွါးနဲ့လဲ မစပ်ဆိုင်ပါဘူး - တဲ့၊
ဒါကြောင့် အဲဒီကာမချမ်းသာကို သာယာတပ်မက် နှစ်သက်ပြီး သုံးဆောင်ခြင်းဆိုတဲ့ အဖို့အစွန်းကိုလဲ ရှင်ရဟန်းများ မမှီဝဲ မသုံးဆောင်သင့်ဘူး၊ ရှောက်ကြဉ်ရမယ် - တဲ့။ အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် ဘုန်းကြီးက ဒီလို ဆောင်ပုဒ်ကလေး စီထားပါတယ်၊
“ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါ ရှောင်ရမည်”တဲ့။
ကဲ ယခု အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။
ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါရှောင်ရမည်။
အတ္တကိလမထာနုယောဂေါ - မိမိကိုယ်ကို ပင်ပန်းအောင် အားထုတ်ပြုလုပ်ခြင်း ဟူသော၊
ယော စ အယံ အန္တော - အကြင်အဖို့အစွန်းသည်လည်း၊
ဒုက္ခော - ဆင်းရဲရုံမျှသာဖြစ်၍ ဆင်းရဲသာတည်း၊
(ဆင်းရဲရုံမျှပါပဲ၊ ဘာမှအကျိုး မရှိပါဘူး - တဲ့၊ အဲဒါကိုလဲ နောက်သီတင်းကျမှ အကျယ်ပြောရမယ်)
အနရိယော - အရိယာသူမြတ်တို့၏ အကျင့်မဟုတ်၊
ဝါ - စင်ကြယ် ကောင်းမြတ်တဲ့ အကျင့်မဟုတ်ပေ၊
အနတ္ထသံဟိတော - မိမိတို့ လိုလားအပ်သည့် အကျိုးစီးပွါးနှင့် မစပ်ဆိုင်ပေ၊
သော စ - ထို အတ္တကိလမထာနုယောဂ အကျင့်သည်လည်း မမှီဝဲသင့်သော အဖို့အစွန်း တပါးပေတည်း။
အဝတ်အစားမှစပြီး သုံးဆောင်သင့်တာတွေကိုလဲ မသုံးဆောင်တော့ပဲ မိမိကိုယ်ကို ပင်ပန်းအောင် အားထုတ်တဲ့ အကျင့်ကတော့ ပင်ပန်းဆင်းရဲရုံမျှပဲ၊ ဘာမှ အကျိုး မရှိဘူး၊ အရိယာသူတော်ကောင်းတို့၏ အကျင့်ကောင်းလဲ မဟုတ်ဘူး၊ စင်ကြယ်မြင့်မြတ်တဲ့ အကျင့်လဲမဟုတ်ဘူး၊ မိမိတို့ အလိုရှိအပ်တဲ့ အကျိုးစီးပွါးနဲ့လဲ မစပ်ဆိုင်ဘူး၊
ဒါကြောင့် အဲဒီ ကိုယ်ပင်ပန်းအောင် ပြုလုပ်တဲ့အကျင့်ဆိုတဲ့ အဖို့အစွန်းကိုလဲ ရှင်ရဟန်းများ မမှီဝဲ မသုံးဆောင်သင့်ဘူး၊ ရှောင်ကြဉ်ရမယ်တဲ့။ အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် ဆောင်ပုဒ်ကလေး စီထားပါတယ်၊ “မသုံးဆောင်ပဲ၊ ကိုယ်ညှင်းဆဲ၊ ဒါလဲရှောင်ရမည်”တဲ့ အဲဒါကို ဆိုကြရမယ်။
မသုံးဆောင်ပဲ၊ ကိုယ်ညှင်းဆဲ၊ ဒါလဲရှောင်ရမည်။
သုံးဆောင်သင့်တဲ့ အဝတ်တို့ အစာတို့ နေရာတို့ ဒီလို သုံးဆောင်သင့်တာ တွေတောင် မသုံးဆောင်ပဲ မိမိကိုယ်ကို ပင်ပန်းအောင် ညှင်းဆဲတဲ့အကျင့်ကိုလဲ ရှောင်ကြဉ်ရမယ်လို့ ဆိုလိုပါတယ်၊ နောက်သီတင်းကျမှ အကျယ်ပြောရမယ်။ အဲဒီအစွန်း ၂ - ပါးကို ကြဉ်ပြီး ကျင့်ရတာက မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းမှန်ပဲ။ ဒါကြောင့် -
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗေဓာယ နိဗ္ဗာနာယ သံဝတ္တတိ -
လို့ ဆက်ပြီး ဟောတော်မူပါတယ်။
ဘိက္ခဝေ - ရဟန်းတို့၊
ဧတေ ခေါ ဥဘော အန္ေ - ယခု ပြောပြခဲ့တဲ့ အဖို့အစွန်း ၂ - ပါးတို့ကို၊
အနုပဂမ္မ - မကပ်ရောက်မူ၍၊
တထာဂတေန - သင်တို့ဆရာ ငါဘုရားသည်၊
မဇ္ဈိမာ ပဋိပဒါ - အလယ်လမ်းဖြစ်သော အကျင့်ကို၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍ သိအပ်ခဲ့ပေပြီ၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍ သိလာခဲ့သော၊
မဇ္ဈိမာ ပဋိပဒါ - အလယ်လမ်းဖြစ်သော အကျင့်သည်၊
စက္ခုကရဏီ - ပညာမျက်စိကိုလဲ ပြုတတ် ဖြစ်စေတတ်ပေ၏၊
ဉာဏကရဏီ - အသိဉာဏ်ကိုလဲ ပြုတတ် ဖြစ်စေတတ်ပေ၏၊
ဥပသမာယ သံဝတ္တတိ - ကိလေသာငြိမ်းရန် အလို့ငှါလဲ ဖြစ်ပေ၏၊
အဘိညာယ - ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါလဲ ဖြစ်ပေ၏၊
သမ္ဗောဓာယ - ထိုးထွင်း၍ သိရန်အလို့ငှါလဲ ဖြစ်ပေ၏၊
နိဗ္ဗာနာယ သံဝတ္တတိ - ဆင်းရဲခပ်သိမ်း ငြိမ်းရန် အလို့ငှါလဲ ဖြစ်ပေ၏။
အဲဒီ အနက်အဓိပ္ပါယ်တွေကိုလဲ တိုတိုနဲ့ ဆောင်မှတ်ထားရအောင် ဆောင်ပုဒ် ၂ - ခု စီထားတယ်၊ “အစွန်း ၂ - သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန် ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်၊ ဉာဏ်မြင်ပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်” တဲ့။ အဲဒီ ဆောင်ပုဒ်များကို ဆိုကြရမယ်။
အစွန်း ၂ - သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန် ဖြစ်ပေသည်။
ဒီဆောင်ပုဒ်ကတော့ အနက်အဓိပ္ပါယ် ပေါ်လွင်နေပါပြီ။ နောက်တပုဒ်ကို ဆိုကြရမယ်။
လမ်းမှန်ကိုလျှောက်၊ ဉာဏ်မြင်ပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်။
မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်တန် အကျင့်လမ်းမှန်ကို ကျင့်ယင် စက္ခုကရဏီ ဉာဏကရဏီ စသည်ဖြင့် ဟောထားတဲ့အတိုင်း ပညာမျက်စိလဲ ပွင့်လာမယ်၊ အသိဉာဏ်လဲ ဖြစ်လာမယ်၊ ကိလေသာတွေလဲ ငြိမ်းမယ် စသည်ဖြင့် အကျိုးထူး တွေကို လက်ငင်း ရတော့တာပဲ၊ ပညာမျက်စိပွင့်ပုံ အသိဉာဏ်ဖြစ်ပုံ ကိလေသာ ငြိမ်းပုံ စသည်တွေကိုတော့ နောက်သီတင်းကျမှ ပြောရမယ်။ အဲဒါတွေကလဲ ဖြေးဖြေးချင်း ကျယ်ကျယ်ပြန့်ပြန့် ပြောမှ နားလယ်လွယ်ကြမှာ၊ ဒီကနေ့တော့ တရားဟောဘို့ အချိန်ကုန်သွားပါပြီ၊ ဒါကြောင့် ဒီတွင်ပဲ ရပ်ပြီး တရားသိမ်းရမယ်။
အခြေခံနိဒါန်းများနှင့်တကွ ဤဓမ္မစကြာတရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သား ကြရသော ဓမ္မသဝနကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာပရိတ်သတ်အပေါင်း သူတော်ကောင်းတို့သည် အစွန်း ၂ - သွယ်ဆိုတဲ့ လမ်းမှားကို ထိုက်သည်အားလျော်စွာ ပယ်ရှားနိုင်ကြ၍ မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင် ရှစ်ပါး မြတ်တရားကို ပွါးများ အားထုတ်နိုင်ကြသဖြင့် ပညာမျက်စိ အသိဉာဏ်များ ဖြစ်ပေါ် လာကြပြီးလျှင် ဆင်းရဲခပ်သိမ်း ငြိမ်းရားဖြစ်သော နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု၊ သာဓု၊ သာဓု။
ဓမ္မစကြာတရားတော်ကြီး ပဌမပိုင်း ပြီးပြီ။
…………
ဓမ္မစကြာတရားတော်ကြီး
ဒုတိယပိုင်း
(၁၃၂၄ - ခုနှစ် သီတင်းကျွတ်လဆန်း (၈) ရက်နေ့ဖွင့်ပြဟောကြားသည်။)
တရားအနုသန္ဓေ
လွန်ခဲ့တဲ့ တော်သလင်း လကွယ်နေ့ကစပြီး ဓမ္မစကြာတရားတော်ကို ဟောခဲ့တယ်၊ ဒါပေမဲ့ နိဒါန်းဟောနေရတာနဲ့ အချိန်ကုန်သွားလို့ ဓမ္မစကြာသုတ် တရားသား ကိုတော့အစပိုင်းကလေး ခေါင်းစဉ်ရုံလောက်ပဲ ဟောခဲ့ရသေးတယ်။ ယခု အဲဒီ အစပိုင်းကပဲစပြီး အကျယ်ဟောရမယ်။
အဖို့အစွန်း ၂ - ပါး ရဟန်းများ မမှီဝဲအပ်
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ဘိက္ခဝေ - ရဟန်းတို့၊
ပဗ္ဗဇိတေန - ရှင်ရဟန်းဖြစ်သောပုဂ္ဂိုလ်သည်၊
ဣမေ ဒွေ အန္တာ - ယခုပြောပြမည့် ၂ - ပါးသော ဤအဖို့အစွန်းတို့ကို၊
န သေဝိတဗ္ဗာ - မမှီဝဲအပ် မမှီဝဲသင့်ဘူး တဲ့။
ဘာကြောင့် မမှီဝဲသင့်သလဲဆိုယင်၊
ပဗ္ဗဇိတ - ရှင်ရဟန်းဆိုတာ၊
“ပဗ္ဗာဇာယံ အတ္တနော မလံ ပဗ္ဗဇိတောတိ ဝုစ္စတိ။
အတ္တနော - မိမိ၏၊
မလံ - ရာဂ ဒေါသအစရှိသော အညစ်အကြေးကို၊
ပဗ္ဗာဇာယံ - နှင်ထုတ်တတ်သော ပုဂ္ဂိုလ်ကို၊
ပဗ္ဗဇိတောတိ - ရှင်ရဟန်းဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏”
ဆိုတဲ့ ဒေသနာတော်နှင့်အညီ ရာဂဒေါသ အစရှိသော ကိလေသာအညစ်အကြေး တွေကို မပယ်ထုတ်နိုင်သည့်ပြင် အဲဒီအညစ်အကြေးတွေကို ထပ်ပြီးတော့တောင် ဖြစ်ပွါးစေတတ်သေးတယ်၊ ဒါကြောင့် အဲဒီအဖို့ အစွန်း ၂ - ပါးကို မမှီဝဲသင့်တာပါပဲ။
အဲဒီမှာ အန္တ - ဆိုတာကို အဋ္ဌကထာ၌ ကောဋ္ဌာသ - အဖို့လို့ဖွင့်ပြထားတယ်။ အဖို့ဆိုတာ အရာဝတ္ထု တမျိုးမျိုးကို ခေါ်တာပါပဲ၊ ဒါကြောင့် အဖို့ ၂ - ပါးဆိုတာ ဒီနေရာမှာ အကျင့်တရား ၂ - မျိုးလို့ပဲ ဆိုလိုပါတယ်။ အဲဒီအဖို့တွေကလဲ ရိုးရိုး အဖို့တွေ မဟုတ်ဘူး၊ တမျိုးနဲ့တမျိုးပြောင်းပြန် ဆန့်ကျင်နေတဲ့ အဖို့တွေ ဖြစ်တယ်၊ နောက်ပြီးတော့ အဲဒီအဖို့ တပါးပါးဘက်သို့ မလိုက်ပဲ အလယ်အလတ်ဖြစ်တဲ့ အကျင့်ကို မဇ္ဈိမပဋိပဒါ - အလယ်လမ်း အကျင့်လို့ နောက်နားကျတော့ ဟောလိမယ်၊
အဲဒီ အလယ်လမ်းအကျင့်နှင့် ထောက်ဆကြည့်လျှင် ဒီအဖို့ ၂ - ပါးဟာ ဒီဘက်အစွန်းနှင့် ဟိုဘက်အစွန်းကျတဲ့ အကျင့်လမ်းတွေ ဖြစ်နေတယ်၊ ဒါကြောင့် ဘုန်းကြီးအမြင်နဲ့ဆိုယင်တော့ အစွန်း ၂ - ပါး လို့ ဆိုတာကသာပြီး ပေါ်လွင်ထင်ရှား တယ်လို့ ထင်မြင်ပါတယ်၊ အန္တ - သဒ္ဒါကလဲ အစွန်းဆိုတဲ့ အနက်ကိုလဲ ဟောပါတယ်၊ ဒါပေမဲ့ အဋ္ဌကထာအဖွင့်လဲ မပျောက်ရအောင် အဖို့အစွန်း ၂ - ပါး လို့ ပြန်လိုက်ပါတယ်။
အဖို့အစွန်း ၂ - ပါး
ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊ ယော စာယံ အတ္တကိလမထာ-နုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
ကတမေ ဒွေ - အဘယ် အဖို့အစွန်း ၂ - ပါးတို့နည်းဟူမူ၊
(ဒီအမေးစကားကတော့ နိုင်ငံခြား စာမူတွေမှာ မရှိဘူး။ မြန်မာအက္ခရာနဲ့ ပိဋကစာမူတွေမှာသာ ရှိတယ်)
ကာမေသု - လိုချင်နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်ဝတ္ထုတို့၌၊
ကာမသုခလ္လိကာနုယောဂေါ - နှစ်သက်သာယာလျက် ချမ်းသာသည့်ကာမသုခကို အားထုတ်ခြင်း ဖြစ်စေခြင်း ခံစားခြင်းဟူသော၊
ယော စ အယံ အန္တော - အကြင်အဖို့ အစွန်းသည်လည်း၊
ဟီနော - ယုတ်ညံ့၏၊
ဂမ္မော - ရွာသူရွာသားမြို့သူမြို့သားတို့၏ အလေ့အလာအကျင့်ဥစ္စာဖြစ်၏။
ပေါထုဇ္ဇနိကော - ပုထုဇဉ်လူများစုတို့၏ အလေ့အလာ အကျင့်ဥစ္စာဖြစ်၏။
အနရိယော - အရိယာသူမြတ်တို့၏ အကျင့်မဟုတ်ပေ၊
ဝါ - မစင်ကြယ်မကောင်းမြတ်ပေ၊
အနတ္ထသံဟိတော - မိမိတို့လိုလားအပ်သည့် အကျိုးစီးပွါးအစစ်နှင့် မစပ်ဆိုင်ပေ။
သော စ - ထို ကာမသုခလ္လိကာနုယောဂ အကျင့်သည်လည်း မမှီဝဲသင့်သော အဖို့အစွန်းတပါးပေတည်း။
ကာမသုခလ္လိကာနုယောဂ အကျင့်ဆိုတာ ဗမာလို အတိုချုပ်ပြောရယင် လိုချင် နှစ်သက်စရာ ကာမဂုဏ်တွေကို နှစ်သက်သာယာပြီး ခံစားခြင်းပါပဲ၊ အဲဒီ ကာမဂုဏ် အာရုံတွေမှာ နှစ်သက်သာယာတဲ့ တဏှာနဲ့ယှဉ်ပြီး ချမ်းသာလုံး ကောင်းလုံးကလေး ဖြစ်အောင် အားထုတ်တာ ခံစားတာပါပဲ။ လိုချင်နှစ်သက်စရာ ကာမဂုဏ် အာရုံတွေက ငါးမျိုးရှိတယ်၊ လိုချင်နှစ်သက်ဖွယ်ကောင်းတဲ့ အဆင်း အာရုံတွေ, အသံအာရုံတွေ, အနံ့အာရုံတွေ, အရသာအာရုံတွေ, အတွေ့အထိ အာရုံတွေ ဒီငါးမျိုးပါပဲ။ လောက အသုံးအဆောင်အနေနဲ့ ပြောမယ်ဆိုယင်တော့ ယခုလူတွေ သုံးစွဲနေတဲ့ သက်ရှိသက်မဲ့ ဝတ္ထုပစ္စည်းတွေ အကုန်လုံးပါပဲ။
လှပတင့်တယ်တယ်ထင်ရတဲ့ အဆင်းအာရုံ ဝတ္ထုတွေကို နှစ်သက်သာယာပြီး ကြည့်ရှု ခံစားနေတာဟာ ကာမသုခလ္လိကာနုယောဂ အကျင့်ပဲ၊ ဒီနေရာမှာ အဆင်းအာရုံ ဆိုပေမဲ့ မျက်စိနဲ့မြင်ရတဲ့ အဆင်းရူပါရုံသက်သက် မဟုတ်ဘူး၊ အဲဒီ အဆင်း၏တည်ရာ မိန်းမ, ယောက်ျားစသည်ဖြင့် ခေါ်ရတဲ့ အာရုံဝတ္ထုတွေပါ အကုန်လုံးကို အဆင်းအာရုံ ကာမဂုဏ်လို့ ဆိုတယ်၊ အသံအာရုံ အနံ့အာရုံ အတွေ့အထိ အာရုံတွေမှာလဲ ဒီနည်းအတိုင်းပဲ၊
အသံ၏တည်ရာ အနံ့၏တည်ရာ အတွေ့အထိ၏တည်ရာ မိန်းမ, ယောက်ျားတူရိယာ အစရှိသော အာရုံဝတ္ထုတွေ အကုန်လုံးကို အသိအာရုံ အနံ့အာရုံ အတွေ့အထိ အာရုံကာမဂုဏ်တွေလို့ ဆိုတယ်၊ အရသာကျတော့ အရသာ၏တည်ရာ ထမင်း, ဟင်း, မုံ့, သစ်သီး စသည်တွေရော, ချက်ပြုတ်ပြုပြင်ပေးတဲ့ မိန်းမ, ယောက်ျား ပုဂ္ဂိုလ်တွေရော အဲဒါတွေကို အရသာအာရုံ ကာမဂုဏ်တွေ - လို့ ဆိုတယ်။ သာယာတဲ့ အသံကလေးတွေကို နားထောင်လို့, မွှေးတဲ့အနံ့ကလေးတွေကို နမ်းရှုလို့ သာယာ ခံစားနေတာဟာ ကာမသုခလ္လိကာနုယောဂ အကျင့်ပဲ၊ နူးညံ့တဲ့အိပ်ရာနေရာ မိန်းမ, ယောက်ျားတို့နဲ့ တွေ့ထိပြီး သာယာခံစားနေတာဟာ ကာမသုခလ္လိကာနုယောဂ အကျင့်ပဲ။
ကာမဂုဏ်ခံစားတာ ယုတ်ညံ့တယ်
အဲဒီ ကာမချမ်းသာတွေကို သာယာနှစ်သက်ပြီး ခံစားနေတာဟာ (ဟီနော) ယုတ်ညံ့ပါတယ်တဲ့၊ ဘာကြောင့်လဲဆိုယင် အဲဒီ ကာမဂုဏ်တွေကို သုံးဆောင်တဲ့ အခါမှာ ယုတ်ညံ့တဲ့ကိလေသာတွေဖြစ်တယ်၊ တပ်မက်တွယ်တာ သာယာတဲ့ ကာမရာဂ ကာမတဏှာတွေ ဖြစ်တယ်၊ ငါသာ ဒီလိုအကောင်းတွေ ခံစား ရတယ်ဆိုတဲ့အနေနဲ့ မာနလဲ ဖြစ်တယ်၊ မိမိပိုင်တဲ့ သက်ရှိသက်မဲ့ ကာမဂုဏ်တွေကို သူတပါးနဲ့ မနီးစပ်စေလိုတဲ့ ဝန်တိုမှု - မစ္ဆရိယ လဲဖြစ်တယ်၊ ကိုယ်လိုသူတပါးအား မပြည့်မစုံစေချင်တဲ့ မနာလိုမှု ဣဿာ လဲဖြစ်တယ်၊ ဆန့်ကျင်ဘက် ရန်သူထင်ရတဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားတဲ့ ဒေါသလဲဖြစ်တတ်တယ်၊ အရှက်အကြောက်ကင်းမဲ့တဲ့ အဟိရိက အနောတ္တပ္ပ ဆိုတာတွေလဲဖြစ်တယ်၊ ချမ်းသာတယ် ကောင်းတယ် စသည်ဖြင့် အသိမှားတဲ့ မောဟလဲ ဖြစ်တယ်။
ပုထုဇဉ်မှာဆိုယင် အသက်ရှင်နေတဲ့ အတ္တကောင်အနေ ကံ - ကံ၏ အကျိုးမရှိတဲ့အနေ စသည်ဖြင့် အမြင်မှား အယူမှားတဲ့ ဒိဋ္ဌိ လဲ ဖြစ်တတ်တယ်၊ အဲဒီလို ယုတ်ညံ့တဲ့ ကိလေသာတွေကို ဖြစ်ပွါးစေတတ်တဲ့အတွက် ကာမသုခလ္လိကာနုယောဂ အကျင့်ဟာ ယုတ်ညံ့ပါတယ်။
နောက်ပြီးတော့ အဲဒီ ကာမချမ်းသာကို ယုတ်ညံ့တဲ့ တိရစ္ဆာန် ပြိတ္တာ သတ္တဝါတွေကလဲ သုံးဆောင် ခံစားနေကြတာပဲ၊ အလွန်ယုတ်ညံ့တဲ့ မစင်တွင်းထဲက ပိုးလောက်တွေလဲ ထိုက်သည်အားလျော်စွာ သုံးဆောင် ခံစားနေကြတာပဲ၊ အဲဒီလို ယုတ်ညံ့တဲ့ သတ္တဝါတွေနဲ့ စပ်ဆိုင်သောကြောင့်လဲ ယုတ်ညံ့ပါတယ်၊ အဲဒီလို ယုတ်ညံ့သောကြောင့် အဲဒီ ကာမသုခလ္လိကာနုယောဂ အကျင့်ကို ရှင်ရဟန်းများ မမှီဝဲသင့်ပါဘူးတဲ့၊
စဉ်းစားကြည့်ပါ၊ လူတွေက ကိုယ့်အာရုံနဲ့ကိုယ်ကောင်းလိုက်တာ ကောင်းလိုက်တာလို့ အထင်ကြီးနေကြသလိုပင် ခွေး, ဝက်, ကြက်, ပိုးလောက် သတ္တဝါတွေကလဲ သူတို့ အာရုံနဲ့သူတို့ ကောင်းလိုက်တာ ကောင်းလိုက်တာလို့ အထင်ကြီးနေကြမှာပဲ၊ အဲဒီတော့ ခွေး, ဝက်, ကြက်, ပိုးလောက်တွေရဲ့ ခံစားမှုနှင့် လူတွေရဲ့ ခံစားမှုဟာ တူမနေပေဘူးလား၊ အဲဒီလို ယုတ်ညံ့တဲ့သတ္တဝါတွေ၏ ခံစားမှုနှင့် တန်းတူ ဖြစ်နေသောကြောင့်လဲ ယုတ်ညံ့တယ်၊ အဲဒီလို ယုတ်ညံ့သော ကြောင့် ကာမချမ်းသာ ခံစားမှုကို ရှင်ရဟန်းများမမှီဝဲသင့်ပါဘူး တဲ့။
ကာမဂုဏ် ခံစားတာ ရွာနေလူတို့၏ အကျင့်
နောက်ပြီးတော့ ကာမချမ်းသာ ခံစားမှုဟာ လူ့လောကမှ ထွက်ခွါပြီးနေတဲ့ ရှင်ရဟန်းတို့၏ အလုပ်မဟုတ်ဘူး၊ အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေကြတဲ့ လူဝတ်ကြောင်တို့၏ အလုပ်သာဖြစ်တယ်၊ ဒါကြောင့် ဂမ္မော - ရွာသူရွာသား မြို့သူ မြို့သားတို့၏ အလေ့အလာ အကျင့်ဥစ္စာ ဖြစ်ပါတယ်တဲ့။
ဟုတ်တယ် ရှင်ရဟန်း မဟုတ်ကြတဲ့ လူတွေမှာ ဒီကာမချမ်းသာဟာ အကောင်းအမြတ်ဆုံးသဖွယ် ဖြစ်နေတာပဲ၊ ကာမဂုဏ်အာရုံတွေကို များများခံစား နိုင်လေလေ ကောင်းမြတ်လေလေလို့ အများက ထင်မြင်နေကြတာပဲ၊ ရှေးခေတ် တုန်းက အာဏာပိုင်မင်းတွေ, ပစ္စည်း ဥစ္စာပေါများ ကြွယ်ဝတဲ့သေဋ္ဌေး တွေဆိုယင် ကာမဂုဏ်အာရုံ ဝတ္တုတွေကို ရနိုင်သမျှရအောင် ရှာကြံပြီး သုံးဆောင် ခံစားနေကြတာပဲ၊ အနိုင်အထက် လွှမ်းမိုး သိမ်းပိုက်ပြီးတော့လဲ သုံးဆောင် ခံစားနေကြတယ်၊
ယခု ခေတ်မှာလဲ တချို့ အရပ်ဒေသ တွေမှာ အဲဒီ အတိုင်းပါပဲ၊ ပစ္စည်းမဲ့ လူတွေကလဲ သူတို့ တတ်စွမ်းနိုင်သလောက် ရှာကြံပြီး သုံးဆောင် ခံစားနေကြတာပဲ၊ လူလား မြောက်လို့ အရွယ်ရောက်လာယင် အိမ်ထောင်ပြုပြီး ကာမချမ်းသာ ခံစားဘို့ရာ အကြံပြုနေ ကြတာပဲ၊ ဗုဒ္စတရားတော်ကို မတွေ့ မသိကြရတဲ့ အိမ်နေလူတွေ အနေအား ဖြင့်တော့ အဲဒီကာမချမ်းသာဟာ အကောင်းဆုံးလို့ အထင်ကြီးစရာလဲ ဖြစ်ပေတယ်။
ဒိဋ္ဌဓမ္မ နိဗ္ဗာန်ဝါဒ
ဒါကြောင့် ဘုရားမပွင့်မီ ရှေးရှေးကပင် ဒိဋ္ဌဓမ္မနိဗ္ဗာန ဝါဒီ ပုဂ္ဂိုလ်တွေက “ကာမချမ်းသာ ခံစားရတာဟာ အကောင်းဆုံးပဲ၊ အဲဒီ ကာမချမ်းသာထက် ကောင်းတာရယ်လို့ မရှိတော့ဘူး၊ သေပြီးယင် ဘာမျှ မရှိတော့ဘူး၊ နောက်ဘဝကျမှ ခံစားရမည့် ချမ်းသာဆိုတာ မရှိဘူး၊ နောက်ဘဝချမ်းသာရေးအတွက် ယခုဘဝက ကြောင့်ကြ စိုက်နေယင် ချမ်းသာ ခံစားရမည့် အချိန်တွေ လစ်ဟင်းသွားတာပဲ၊
အဲဒီလိုမလစ်ဟင်းစေပဲ လောကပြစ်မရှိယင် ဘယ်နည်းနဲ့မဆို ရှာကြံပြီး ကာမ အာရုံတွေကို အပြည့်အဝခံစားရမယ်၊ အဲဒါဟာ ဒိဋ္ဌဓမ္မ နိဗ္ဗာန် ချမ်းသာပဲ” စသည်ဖြင့် ဒီလိုတောင် ဟောပြောနေကြ ပါသေးသတဲ့။ အဲဒီ ဒိဋ္ဌဓမ္မ နိဗ္ဗာနဝါဒဆိုတဲ့ အယူကတော့ ဒီဃနိကာယ် သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်မှာ မြတ်စွာဘုရား ဟောထားတဲ့ ၆၂ - ပါးသော မိစ္ဆာဝါဒ တပါးပါပဲ။
ယခုပြောခဲ့တဲ့အတိုင်း ကာမချမ်းသာ ခံစားမှုဟာ လူ့လောက မြို့ထဲ ရွာထဲမှာ နေကြတဲ့ လူဝတ်ကြောင်တို့နှင့်သာ ဆိုင်တဲ့အလေ့အကျင့် ဖြစ်သောကြောင့်လဲ ရှင်ရဟန်းများဟာ မမှီဝဲသင့်ပါဘူး - တဲ့။ ဟုတ်တယ် ရှင်ရဟန်းဆိုတာ ကာမဂုဏ် အာရုံတွေကို အကုန်လုံးစွန့်ပြီး ရှင်ရဟန်းပြုလာကြတာ မဟုတ်ပေဘူးလား။
အဲဒီလို စွန့်ထားပြီး ကာမဂုဏ်တွေကို ပြန်ပြီး သုံးဆောင် ခံစားနေယင်တော်ပါ့မလား၊ မြို့ထဲရွာထဲက လူတွေနဲ့အတူတူ ဖြစ်မနေပေဘူးလား၊ လူတွေကတော့ ရှင်ရဟန်း တွေကို “ပွဲလမ်းသဘင်, ဝိသဘာဂအာရုံ အစရှိတဲ့ ကာမဂုဏ်တွေကို ကြဉ်ရှောင်ပြီး ကျင့်နေကြပါပေတယ်”လို့ ယုံကြည်ပြီး အမြတ်တနိုး ရှိခိုးပူဇော်နေကြတယ်၊
သူတို့ ကိုယ်တိုင်တောင် မစားမသုံးပဲ, သူတို့ အလွန်ချစ်မြတ်နိုးတဲ့ သားမယား တွေတောင် မပေးပဲ မကျွေးပဲ ဆွမ်း သင်္ကန်း စသည်ကို ရှင်ရဟန်းများအား ပေးလှူကြတယ်။ အဲဒီလို ပေးလှူတဲ့ ပစ္စည်းတွေကို သုံးစွဲနေပြီးတော့ လူဝတ်ကြောင် များလိုပဲ ကာမအာရုံတွေကို မှီဝဲသုံးဆောင်နေယင် သင့်တော်ပါ့မလား၊ မသင့်တော်ဘူးဆိုတာ ထင်ထင်ရှားရှားကြီး အဖြေထွက်လာပါတယ်။
နောက်ပြီးတော့ ရှင်ရဟန်းပြုတယ်ဆိုတာ “သံသာရဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ” လို့ ဆိုတဲ့အတိုင်း သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုရတာပဲ၊ အဲဒီလို ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ ရှင်ရဟန်းပြုလာတဲ့ သူတွေဟာ ကာမချမ်းသာကို လူဝတ်ကြောင်တွေလိုပဲ သာယာခံစားနေကြယင် မိမိတို့ရည်ရွယ်ချက်အတိုင်း သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါ့မလား၊
“မလွတ်မြောက်နိုင်ဘူး၊ မျက်မှောက် မပြုနိုင်ဘူး”ဆိုတာ အလွန်ထင်ရှားနေပါတယ်။ ဒါကြောင့်လဲ ရှင်ရဟန်း များဟာ ကာမသုခလ္လိကာနုယောဂ အကျင့်ကို မမှီဝဲ မသုံးဆောင်သင့်တာပါပဲ။ အဲဒါကို ဘုန်းကြီးက ဆောင်ပုဒ်စီထားတယ်၊ အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။
ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါရှောင်ရမည်။
ကာမဂုဏ်ခံစားတာ လူများစုအကျင့်
နောက်ပြီးတော့ အဲဒီ ကာမသုခလ္လိကာနုယောဂ အကျင့်ဟာ (ပေါထုဇ္ဇနိကော) ပုထုဇဉ်လူများစုတို့၏ အလေ့အကျင့်သာ ဖြစ်ပါတယ် - တဲ့၊
ပုထု - က များသည် - တဲ့၊
ဇန - က လူတို့၏
ဣက - က အလေ့အကျင့်
= ပေါထုဇ္ဇနိက - အများသောလူ - လူများစုတို့၏ အလေ့အကျင့် - တဲ့။
လောကမှာလူရယ်လို့ ဖြစ်လာပေမဲ့ တရားသဘော သိတဲ့လူ, အကျင့်မြတ်ကို ကျင့်နိုင်တဲ့လူ ဆိုတာက အနဲသားပဲ၊ စားဝတ်နေရေး ကာမဂုဏ် ခံစားရေး လောက်သာ သိတဲ့ လူညံ့တွေကသာ များတယ်၊ အဲဒီလို လူညံ့တွေ လူများစုတွေရဲ့ အလေ့အကျင့်ဖြစ်တဲ့အတွက်လဲ အဲဒီ ကာမဂုဏ် ခံစားမှုကို ရှင်ရဟန်းများ မမှီဝဲ သင့်ပါဘူး - တဲ့။
အရိယာ သူမြတ်တို့၏ အကျင့်မဟုတ်
နောက်ပြီးတော့ အဲဒီ ကာမသုခလ္လိကာနုယောဂ အကျင့်ဟာ (အနရိယော) အရိယာသူမြတ်တို့၏ အကျင့်လဲ မဟုတ်ပါဘူး - တဲ့။ ဒီလိုဆိုယင် အရိယာဖြစ်ကြတဲ့ ဝိသာခါ အနာထပိဏ်တို့ သိကြားမင်းတို့ဟာ ဘာကြောင့် ကာမချမ်းသာကို ခံစားနေကြပါသလဲ - လို့ မေးစရာရှိတယ်၊ ဖြေစရာကတော့ ကာမချမ်းသာ ခံစားမှုဟာ အရိယာတို့အား ဂုဏ်ထူးကို ဖြစ်စေနိုင်တဲ့ အကျင့်တော့ မဟုတ်ဘူး၊
ဒါပေမဲ့ သောတာပန်များမှာ ကာမရာဂ မကင်းသေးတဲ့အတွက် အဲဒီ ကာမရာဂ၏ ပူလောင် နှိပ်စက်မှုကြောင့် သုခသညာဖြင့် ကောင်းတယ်, ချမ်းသာတယ် ထင်ပြီး ကာမချမ်းသာကို ချဉ်းကပ်ခံစားနေကြခြင်း ဖြစ်ပါတယ် - တဲ့၊ ဥပမာ - အလွန် အသန့်အပြန့်ကြိုက်တဲ့သူ ဖြစ်ပေမဲ့ မုန်ယစ်နေတဲ့ ဆင်ကြီးကို ကြောက်တဲ့အတွက် မစင်တွေရှိရာအရပ်သို့ ချဉ်းကပ် ရှောင်တိမ်းရသလိုပါပဲ - တဲ့၊ (အံ၊ ဋ္ဌ ၊ ပ ၊ ၃၅၃)။
တနည်းအားဖြင့် ကာမချမ်းသာ ခံစားတဲ့ အကျင့်ဟာ (အနရိယော) မသန့်ရှင်း မစင်ကြယ်တဲ့ အကျင့် ဖြစ်ပါတယ် - တဲ့။ အဲဒီလို အရိယာ သူမြတ်တို့၏ အကျင့်လဲ မဟုတ်၊ သန့်ရှင်းစင်ကြယ်တဲ့ အကျင့်လဲ မဟုတ်သောကြောင့် ကာမသုခလ္လိကာနုယောဂ အကျင့်ကို အရှင်ရဟန်းများ မမှီဝဲ မသုံးဆောင်သင့်ပါဘူး၊ ရှောင်ကြဉ်သင့်ပါတယ်တဲ့။ ဒါကြောင့် “ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါ ရှောင်ရမည်” လို့ ဆောင်ပုဒ်ကလဲ ဆိုထားပါတယ်။
အကျိုးစီးပွါးအစစ်နဲ့လဲ မဆိုင်
နောက်ပြီးတော့ ကာမသုခလ္လိကာနုယောဂ အကျင့်ဟာ (အနတ္ထသံဟိတော) မိမိတို့ အလိုရှိအပ်တဲ့ အကျိုးစီးပွါးနှင့် မစပ်ဆိုင်ဘူးတဲ့။ ဒီနေရာမှာ လောကဘက်ကနေ ကြည့်မယ်ဆိုယင်တော့ ကာမအာရုံတွေကို ရှာကြံနေတာလဲ အကျိုးစီးပွါးနှင့် စပ်ဆိုင်တယ် - လို့ ထင်စရာရှိပါတယ်၊ စားစရာလဲရှိရမယ်၊ ဝတ်စရာလဲ ရှိရမယ်၊ နေထိုင်စရာလဲ ရှိရမယ်၊ အတူနေဖော်နေဖက် အပေါင်းအဖော်လဲ ရှိရမယ်၊ အခြွေအရံ မိတ်သင်္ဂဟလဲ ရှိရမယ်၊ သုံးစွဲစရာ ပစ္စည်းဥစ္စာတွေလဲ ပြည့်စုံရမယ်၊
အဲဒီ ကာမဂုဏ်ဝတ္ထုတွေ ပြည့်စုံမှ အလိုရှိတိုင်း သုံးဆောင်ခံစားပြီး ချမ်းသာမယ်၊ ဒါကြောင့် ကာမအာရုံတွေကို ရှာကြံပြီး သုံးဆောင်တာဟာလဲ မိမိတို့ အလိုရှိအပ်တဲ့ အကျိုးစီးပွါးနှင့် စပ်ဆိုင်တာပဲလို့ ထင်စရာ ရှိပါတယ်။
ဒါပေမဲ့ အဲဒါတွေက သတ္တဝါတွေ တကယ်လိုလားအပ်တဲ့ အကျိုးစီးပွါးအစစ်တွေ မဟုတ်သေးဘူး၊ တကယ်အလိုရှိအပ်တဲ့ အကျိုးစီးပွါးတွေက ဘာတွေလဲဆိုယင်၊ သတ္တဝါတွေက မအိုချင်ကြဘူး၊ မနာချင်ကြဘူး၊ မသေချင်ကြဘူး၊ ဆင်းရဲခပ်သိမ်း ငြိမ်းချင်ကြတယ်၊
အဲဒီ အိုခြင်း နာခြင်း သေခြင်း ကင်းတာ ဆင်းရဲခပ်သိမ်း ငြိမ်းတာဟာ သတ္တဝါတွေ တကယ်အလိုရှိအပ်တဲ့ အကျိုးစီးပွါးပဲ၊ အဲဒီ ဆင်းရဲ ခပ်သိမ်း ငြိမ်းခြင်းဆိုတဲ့ အကျိုးစီးပွါးကို သီလ သမာဓိ ပညာ အကျင့်ဖြင့်သာ ရနိုင်တယ်၊ ဒါကြောင့် သီလ သမာဓိ ပညာ ဆိုတာတွေလဲ တကယ်အလိုရှိအပ်တဲ့ အကျိုးစီးပွားတွေပဲ။
အဲဒီတော့ ကာမဂုဏ်အာရုံတွေကို ခံစားနေရုံနဲ့ အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့တရား, ဆင်းရဲခပ်သိမ်း ကင်းငြိမ်းတဲ့ တရားကို ရနိုင်ပါ့မလား၊ မရနိုင်ကြောင်း ထင်ရှားပါတယ်၊ ကာမဂုဏ်အာရုံတွေ ခံစားနေရုံနဲ့ သီလဖြစ်ပါ့မလား၊ မဖြစ်နိုင်ကြောင်း ထင်ရှားပါတယ်၊ မသုံးဆောင်သင့်တဲ့ ကာမဂုဏ်တွေကို ခံစားယင် သီလပျက်ဖို့ရာသာ ရှိတယ်၊
လူများမှာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို ကျူးလွန်ပြီး ခံစားယင် သီလပျက်တယ်၊ ရှင်ရဟန်းများမှာ မမြတ်သော မေထုန်အမှုကို ပြုပြီး ခံစားမိယင် သီလပျက်တယ်၊ လူဖြစ်စေ, ရှင်ရဟန်းဖြစ်စေ သတ်ခြင်း ခိုးခြင်း လိမ်ခြင်း စသည်ဖြင့် စီးပွါးရှာပြီး ကာမဂုဏ်ကို ခံစားယင် သီလပျက်တယ်။ ကာမအာရုံတွေကို လက်တွေ့ မခံစားရ စေကာမူ စိတ်ကူးမျှဖြင့် ကြံနေယင်ကို သမာဓိ ပညာတွေကတော့ ပျက်တော့တာပဲ၊
အဲဒီ သီလ သမာဓိပညာတွေ မပြည့်စုံယင် ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကို ရနိုင်ပါ့မလား၊ မရနိုင်ကြောင်း ထင်ရှားပါတယ်။
သီလပျက်ယင် အပါယ်လေးပါး ကျရောက်ပြီး ဆင်းရဲ ဒုက္ခတွေကို အကြီးအကျယ် ခံစားသွားရမယ်၊ သီလပြည့်စုံပေမဲ့ သမာဓိပညာက မပြည့်စုံယင်တော့ သုဂတိဘဝ တွေမှာ တဘဝပြီး တဘဝ အဖန်ဖန် ဖြစ်ဖြစ်ပြီး အဖန်ဖန် အိုရမယ်၊ နာရမယ်၊ သေရမယ်၊ ဆင်းရဲအမျိုးမျိုးတွေကို တွေ့ကြုံခံစားနေရမယ်၊ မိမိတို့အလိုရှိတဲ့ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ကိုတော့ မရောက်နိုင်ဘူး၊
ရှင်ရဟန်းပြုလာတယ် ဆိုတာကလဲ အဲဒီ နိဗ္ဗာန်ကို ရောက်ဖို့ရာ ပြုလာတာပဲ၊ သို့ပေမဲ့ ကာမဂုဏ် အာရုံတွေကို သာယာခံစားနေတာနဲ့ သီလ သမာဓိ ပညာ မပြည့်စုံသောကြောင့် မိမိတို့အလိုရှိတဲ့ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ကို မရောက်ရဘူးဆိုယင် အကျိုးစီးပွါးမှ ဆုံးရှုံးသွားတာပဲ။ ဒါကြောင့် ကာမဂုဏ် အာရုံတွေကို သာယာပြီး ခံစားနေတဲ့ အကျင့်ဟာ မိမိတို့ အလိုရှိအပ်တဲ့ သီလ သမာဓိ ပညာဆိုတဲ့ အကျိုးစီးပွါးအစစ်တွေနဲ့ မစပ်ဆိုင်ဘူးလို့ ဆိုပါတယ်။
ယခု ရှင်းလင်းပြောခဲ့တဲ့အတိုင်း ကာမချမ်းသာ ခံစားမှုဟာ ယုတ်ညံ့တဲ့အကျင့်လဲ ဖြစ်တယ်၊ ရွာသူရွာသား မြို့သူမြို့သားတို့၏ အလေ့အကျင့်လဲဖြစ်တယ်၊ အသိဉာဏ်ထူးမရှိတဲ့ လူများစု၏ အလေ့အကျင့်လဲ ဖြစ်တယ်၊ အရိယာသူမြတ်တို့၏ အကျင့်လဲ မဟုတ်ဘူး၊ တနည်းအားဖြင့် မသန့်ရှင်း မစင်ကြယ်တဲ့အကျင့်လဲ ဖြစ်တယ်၊
မိမိတို့အလိုရှိတဲ့ သီလ သမာဓိ ပညာဆိုတဲ့ အကျိုးစီးပွါးအစစ်၊ အိုခြင်း နာခြင်း သေခြင်းကင်းရာ ဆင်းရဲခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွါး အစစ်တို့နှင့်လဲ မစပ်မဆိုင်ဘူး၊ အဲဒီ အကျိုးစီးပွါး အစစ်တွေပျက်ကြောင်း ဆုံးရှုံးကြောင်းသာ ဖြစ်တယ်၊ ဒါကြောင့် ကာမသုခလ္လိကာနုယောဂ အကျင့်ကို ရှင်ရဟန်းများ မမှီဝဲ မသုံးဆောင်သင့်ဘူး ရှောင်ကြဉ်ရမယ်တဲ့။ ကဲ ဆောင်ပုဒ်ကို ထပ်ဆိုကြရဦးမယ်။
ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါရှောင်ရမည်၊
လူများတော့ မှီဝဲသင့်ပါသလား
အဲဒီမှာ “ပဗ္ဗဇိတေန - ရှင်ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် မမှီဝဲသင့်ဘူး”လို့သာ ဆိုထားတဲ့အတွက် “လူတွေတော့ အလိုရှိတိုင်း အကန့်အသတ်မရှိ မှီဝဲသင့်ပါ သလား”လို့ မေးစရာရှိတယ်။ သူတော်ကောင်းတရား ကျင့်သုံးလိုမှု မရှိတဲ့လူ ဆိုယင်တော့ သူ့အလိုအတိုင်း မှီဝဲနိုင်တယ်လို့ ဆိုရမှာပဲ၊ ဘာကြောင့်လဲဆိုယင် အဲဒီလိုလူကို မမှီဝဲရဘူးလို့ ညွှန်ကြားပေမဲ့ လိုက်နာမှာ မဟုတ်ပါဘူး၊ (ဂမ္မော) ရွာသူရွာသား မြို့သူမြို့သားတို့၏ အလေ့အကျင့်လို့ ဆိုထားတဲ့အတိုင်း သာမန် လူများစုတို့၏ အလေ့အကျင့်ဖြစ်နေတဲ့အတွက် အဲဒီလို သာမန်လူများစု အတွက် ရှောင်ကြဉ်ရန် မပြောသင့်ပေဘူး၊ ဒါကြောင့် ဒီမှာ ပဗ္ဗဇိတေန - လို့ ရှင်ရဟန်း ဖြစ်သောပုဂ္ဂိုလ်ကိုသာ ပြဆိုထားခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူတော်ကောင်းတရားကို ကျင့်သုံးလိုတဲ့ လူမျိုးဆိုယင်တော့ သူတော်ကောင်း တရား ကျင့်တဲ့အခါမှာ ကာမဂုဏ်ကို ရှောင်ကြဉ်သင့်သမျှ ရှောင်ကြည်ရပါတယ်၊ ငါးပါးသီလ ကျင့်သုံးနေတဲ့သူ ဆိုယင်ကို ကာမေသု မိစ္ဆာစာရမှ ရှောင်ကြဉ်ရပါတယ်၊ သတ်မှု ခိုးမှု လိမ်မှုစသော မတရား စီးပွါးရှာမှုဖြင့် ရှာပြီး ကာမချမ်းသာ ခံစားမှုမှလဲ ရှောင်ကြဉ်ရတယ်။ အဲဒီ သတ်မှုစသည်ဖြင့် စီးပွါးရှာပြီး ကာမချမ်းသာ ခံစားတာကိုလဲ ရှောင်ကြဉ်သင့်တဲ့ သုခလ္လိကာနုယောဂ အကျင့်ဖြစ်ကြောင်း ဒီဃနိကာယ်ပါထိကဝဂ် ပါသာဒိကသုတ် (နှာ၁၀၈) မှာ -
“ဣဓ စုန္ဒ ဧကစ္စော ဗာလောပါဏေ ဝဓိတွာ ဝဓိတွာ အတ္တာနံ သုခေတိ ပီဏေတိ၊ အယံ ပဌမော သုခလ္လိကာ နုယောဂေါ”
သုခလ္လိကာနုယောဂ ၄ - မျိုး
စုန္ဒ - ချစ်သားစုန္ဒ၊
ဣဓ - ဤလောက၌၊
ဧကစ္စောဗာလော - အချို့သော လူမိုက်သည်၊
ပါဏေ - ကြက်, ဝက်, ကျွဲ, နွား, သား, ငါး, တိရစ္ဆာန် သတ္တဝါတို့ကို၊
ဝဓိတွာ ဝဓိတွာ - သတ်၍ သတ်၍၊
အတ္တာနံ - မိမိကိုယ်ကို၊
သုခေတိ ပီဏေတိ - ချမ်းသာစေ ပြည့်ဖြိုးစေ၏။
အယံ - ဤအကျင့်သည်၊
ပဌမော - ပဌမဖြစ်သော၊
သုခလ္လိကာနုယောဂေါ - ကာမသုခကို ခံစားသော အကျင့်ပေတည်း။
ခိုးဝှက် လုယက် တိုက်ခိုက်ပြီး ခံစားတာက ဒုတိယ အကျင့်၊ လိမ်လည်လှည့်ဖြားပြီး ခံစားတာက တတိယ အကျင့်၊ အဲဒီ သတ်ခြင်း ခိုးခြင်း လိမ်ခြင်းတို့မှ အခြားနည်းဖြင့် ပစ္စည်းရှာ၍ ခံစားတာက စတုတ္ထ အကျင့်လို့ အဲဒီမှာ ပြထားပါတယ်၊ အဲဒီ သုခလ္လိကာနုယောဂ အကျင့် ၄ - မျိုးမှ ဗုဒ္ဓမြတ်စွာ၏ တပည့်ရဟန်းများ ကင်းရှင်းကြကြောင်းလဲ အဲဒီမှာ ပြထားပါတယ်။ အဲဒါလဲ ကာမသုခလ္လိကာနုယောဂမှ ရဟန်းများ ရှောင်ကြဉ်သင့်ကြောင်း ပြတဲ့ စကားပါပဲ၊ အဲဒါကိုလဲ အထူးသတိပြုပြီး မှတ်ထားကြရမယ်။
အဋ္ဌင်္ဂဥပုသ် ရှစ်ပါးသီလ, ဆယ်ပါးသီလ ဆောက်တည်ကျင့်သုံးနေတဲ့ လူများဆိုယင် အဗြဟ္မစရိယ, ဝိကာလဘောဇန, နစ္စ ဂီတ စသော သိက္ခာပုဒ်များနှင့် စပ်ဆိုင်တဲ့ ကာမဂုဏ်များကိုလဲ ရှောင်ကြဉ်ရတယ်။ သမထ ဝိပဿနာတရား အားထုတ်နေတဲ့ လူပုဂ္ဂိုလ်များဆိုယင်တော့ မိမိတို့ အားထုတ်နေခိုက်မှာ ကာမဂုဏ်ဟူသမျှမှ ရဟန်းများလိုပဲ ရှောင်ကြဉ်ရတယ်၊ မရှောင်ကြဉ်ယင် သမာဓိ ပညာတွေ ထက်ထက် သန်သန် မဖြစ်နိုင်ဘူး။
ဒါကြောင့် လူဝတ်ကြောင်ပေမဲ့ သမထ ဝိပဿနာ တရားကို အားထုတ်နေဆဲ အချိန်အခါကာလမှာ ကာမသုခလ္လိကာနုယောဂကို မမှီဝဲ မသုံးဆောင်သင့်ဘူး ရှောင်ကြဉ်ရမယ် ဆိုတာကိုလဲ မှတ်ထားကြရမယ်။ ကာမသုခလ္လိကာနုယောဂ အကြောင်းကိုတော့ ဒီနေရာမှာ ဒါလောက်ဆိုယင် တော်လောက်ပါပြီ၊ ရှင်းလင်း ပြောစရာ အချို့ကိုတော့ နောက်ကျမှပဲ ပြောပါတော့မယ်။
ကိုယ်ပင်ပန်းအောင် ပြုတဲ့အကျင့်
အတ္တကိလမထာနုယောဂေါ - မိမိကိုယ်ကို ပင်ပန်းအောင် အားထုတ် ပြုလုပ်ခြင်း ဟူသော၊
ယော စ အယံ အန္တော - အကြင် အဖို့အစွန်းသည်လည်း၊
ဒုက္ခော - ဆင်းရဲရုံမျှသာဖြစ်၍ ဆင်းရဲသာတည်း၊
အနရိယော - အရိယာသူမြတ်တို့၏ အကျင့်မဟုတ်၊
ဝါ - စင်ကြယ်ကောင်းမြတ်တဲ့ အကျင့်မဟုတ်ပေ၊
အနတ္ထသံဟိတော - (မိမိတို့လိုလားအပ်သည့်) အကျိုးစီးပွါးနှင့်မစပ်မဆိုင်ပေ၊
ဝါ - အကျိုးမဲ့နှင့်သာ စပ်ဆိုင်ပေ၏။
သော စ - ထို အတ္တကိလမထာနုယောဂ အကျင့်သည်လည်း မမှီဝဲသင့်သော အဖို့အစွန်း တပါးပေတည်း။
အတ္တကိလမထာနုယောဂ အကျင့်ဆိုတာ မိမိကိုယ်ကို ပင်ပန်းအောင်ပြုလုပ်တဲ့ အကျင့်ပဲ၊ ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ - မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့် ကျွေးမွေးပြုစုထားယင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွါးတယ်၊ အဝတ် အစာ အစရှိသော ကာမဂုဏ်တွေကို မပေးပဲ ပင်ပန်း ဆင်းရဲအောင်ကျင့်မှ တပ်မက်လိုချင်တဲ့ ကိလေသာတွေ ကင်းငြိမ်းမယ်၊ အဲဒီ ကိလေသာတွေ ငြိမ်းမှ အိုခြင်း နာခြင်း သေခြင်း အစရှိသော ဆင်းရဲခပ်သိမ်း ငြိမ်းမယ် စသည်ဖြင့် ဒီလိုလဲ တွေးခေါ်ယူဆပြီးတော့ ကိုယ်ပင်ပန်းအောင်လုပ်တဲ့ အကျင့်ကို ကျင့်ကြတာပဲ။ ကျင့်ကြပုံကတော့ -
ကိုယ်ပင်ပန်းအောင် ပြုကျင့်ပုံ
ပူတဲ့အခါ မပူရအောင်၊ အေးတဲ့အခါလဲ မအေးရအောင်၊ ခြင် မှက် စသည် မကိုက်ရအောင်၊ ကိုယ်အင်္ဂါ လုံခြုံအောင် အဝတ်သင်္ကန်းကို ရှင်ရဟန်းကောင်း တွေလဲ ဝတ်ရုံကြရတာပဲ၊ သို့ပေမဲ့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့သူကတော့ အဲဒီလို အဝတ်ကို မဝတ်ပဲ မသုံးပဲ ကိုယ်တုံးလုံး အပင်ပန်းခံတယ်၊ အေးတဲ့အခါ ရေအေးထဲမှာ ငုပ်ပြီး စိမ်နေတယ်၊ ပူတဲ့အခါ နေပူထဲမှာနေတယ်၊ အရပ် လေးမျက်နှာက မီးပုံကြီးလေးခုနှင့် အပူငါးမျိုးကို ခံစားတယ်၊ အဲဒါကို ပဉ္စာတပ = အပူငါးမျိုး အကျင့်ခေါ်တယ်၊
အိပ်ရာနေရာကောင်းနဲ့ မနေပဲ မြေပြင်ပေါ်မှာပဲ နေတယ်၊ တချို့က ဆူးတွေပေါ်မှာတောင် အခင်းတမျိုးမျိုး ခင်းပြီး လျောင်း အိပ်နေတယ်၊ ရက်ပေါင်း များစွာ ဆောင့်ကြောင့်ထိုင်ပြီး အဆင်းရဲခံနေတာလဲ ရှိတယ်၊ မတ်တတ်ရပ်ပြီး အဆင်းရဲခံနေတာလဲ ရှိတယ်၊ သစ်ကိုင်းမှာ ခြေ ၂- ဖက်ဖြင့် ချိတ်ပြီး ဇောက်ထိုး ဆွဲနေတာလဲ ရှိတယ်၊ ဂျွမ်းစိုက်နေတာလဲ ရှိတယ်။
ဆာလောင်မွတ်သိပ်ခြင်း ငြိမ်းအောင် သင့်တော်တဲ့ အစာတို့ ရေတို့ဆိုတာကို ရှင် ရဟန်းကောင်းတွေလဲ သုံးဆောင်ကြရတာပဲ၊ သို့ပေမဲ့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့ သူကတော့ အစာတို့ ရေတို့ကိုလုံးဝဖြတ်ပြီး နေတာလဲ ရှိတယ်၊ ၁ - ရက်ခြား၊ ၂ - ရက်ခြား၊ ၃ - ရက်ခြား အစာဖြတ်ပြီး နေတာလဲရှိတယ်၊ ၄ - ရက်၊ ၅ - ရက်၊ ၆ - ရက်၊ ၇ - ရက်ခြား အစာဖြတ်ပြီးနေတာလဲ ရှိတယ်၊ ၁၅ - ရက်တိုင်အောင် အစာဖြတ်ပြီးနေတာလဲ ရှိတယ်၊ ထမင်းတလုပ်အထိ လျှော့စားတာလဲ ရှိတယ်၊ ဟင်းရွက်စိမ်းတို့ မြက်တို့ကို စားနေတာလဲ ရှိတယ်၊ နွားချေးကို စားနေတာလဲ ရှိတယ်၊
(၉၁ - ကပ္ပါထက်က ဘုရားအလောင်းတော် ကိုယ်တိုင်ပင် ဒီလို အကျင့်တွေကို ကျင့်ခဲ့ကြောင်း၊ သေခါနီးကျတော့ ငရဲဂတိနိမိတ် ထင်တဲ့အခါကျမှ မှားမှန်းသိပြီး အဲဒီ အကျင့်ကို စွန့်လိုက်သဖြင့် နတ်ပြည်သို့ ရောက်ကြောင်းများကို ဧကနိပါတ် လောမဟံသဇာတ် (အမှတ် ၉၄) အဋ္ဌကထာမှာ ပြထားတယ်၊ နောက်ပြီးတော့ မူလပဏ္ဏာသ မဟာသီဟနာဒသုတ်(နှာ ၁၁၀ - စသည်)မှာလဲ ပြဆိုထားတယ်၊ ပဌမပိုင်းတုန်းက ပြောခဲ့တဲ့ ဒုက္ကရစရိယာ အကျင့်ထဲမှာလဲ ပဲပြုတ်ရည် တလက်ဆွန်းမျှကိုသာ သုံးဆောင်နေကြောင်း ပြခဲ့ပြီ)။
ဒီလို ကိုယ်ပင်ပန်းအောင်ပြုတဲ့ အကျင့်မျိုးတွေကို အတ္တကိလမထာနုယောဂ အကျင့်ခေါ်တယ်၊ ဒီ ကိုယ်ပင်ပန်းအောင် ပြုတဲ့ အကျင့်မျိုးတွေကို ဘုရားမပွင့်မီ ကတည်းက နိဂဏ္ဌ နာဋပုတ္တဂိုဏ်းဝင် ပုဂ္ဂိုလ်တွေက ကျင့်ကြတယ်၊ ယခုခေတ် ဂျိန်းဘာသာဝင်တွေ ဆိုတာဟာ အဲဒီနိဂဏ္ဌ နာဋပုတ္တဂိုဏ်းဝင် တွေပဲ။
ဒီ အတ္တကိလမထအကျင့်ကို ဟိုခေတ်တုန်းက အကျင့်ကောင်း အနေနဲ့ အများက ယုံကြည် ယူဆကြတယ်၊ ဒါကြောင့် ဘုရားအလောင်းတော်ဟာ အဲဒီ ဒုက္ကရစရိယာ အကျင့်ကို ကျင့်နေရာမှ အစာအာဟာရ ကြမ်းများကို ပြန်သုံးဆောင်တဲ့အခါ အလွန်ရင်းနှီးတဲ့ ပဉ္စဝဂ္ဂီတွေကတောင် ဘုရားအလောင်းတော်ကို “ပဓာနဝိဗ္ဘန္တ - ပဓာန အကျင့်မှန်မှထွက်တယ်၊ တရားထူးကို မရနိုင်တော့ဘူး”လို့ အထင်လွဲပြီး စွန့်ပစ်သွားကြသေးတာပဲ။
နိဂဏ္ဌကျမ်းအဆို
ကိုယ်ပင်ပန်းအောင် ကျင့်ကြတဲ့ နိဂဏ္ဌဝါဒီတို့၏ကျမ်းများမှာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးအတွက်ကျင့်ရန် သံဝရနှင့် နိဇ္ဇရာ - လို့ ၂ - မျိုးရှိတယ်လို့ဆိုတယ်၊ အဲဒီ ၂ - မျိုးထဲက သံဝရ ဆိုတာ ပိတ်ဆို့စောင့်စည်းမှုပါပဲ၊ ဘာတွေကို ပိတ်ဆို့ စောင့်စည်းရမလဲဆိုတော့ (ကမ္မပုဂ္ဂလ - လို့ သူတို့ကခေါ်တဲ့) ကံ ဖြစ်နိုင်တဲ့ရုပ်တွေကို မိမိတို့ကိုယ်ထဲ မဝင်နိုင်အောင် ပိတ်ဆို့ စောင့်စည်းရမယ်တဲ့၊
သူတို့ဆိုလိုတာကတော့ မျက်စိထဲအဆင်းရုပ်ဝင်လာယင် မြင်သိသွားယင် အဲဒီမြင်ရတဲ့ အဆင်းနဲ့ အတ္တပေါင်းစပ်မိပြီး ကံအသစ်ဖြစ်ပွါးတယ်၊ ထို့အတူ နား, နှာခေါင်း, လျှာ, ကိုယ်အကြည်တွေထဲမှာလဲ အသံ, အနံ့, အရသာ, အတွေ့ဆိုတဲ့ ရုပ်တွေ ဝင်လာယင် အဲဒီရုပ်တွေနဲ့ အတ္တပေါင်းစပ်မိပြီး ကံအသစ်ဖြစ်ပွါးတယ်၊ အဲဒီ ကံအသစ်တွေက ဘဝအသစ်တွေကို ဖြစ်စေတတ်တယ်၊ ဒါကြောင့် ကံအသစ်တွေ မဖြစ်ရအောင် အဆင်း, အသံ အစရှိသောရုပ်တွေ ကိုယ်ထဲ မဝင်အောင် ပိတ်ဆို့ စောင့်စည်းရမယ်လို့ ဆိုလိုတာပါပဲ။
နိဇ္ဇရာ - ဆိုတာကတော့ ကိုယ်အပင်ပန်းခံပြီး ရှေးကံဟောင်းတွေကို ကုန်စေတာကို ဆိုလိုပါတယ်၊ သူတို့ အလိုက ယခု ဆင်းရဲခံယင် ရှေးဟောင်း အကုသိုလ်ကံတွေ အကျိုးပေးပြီးဖြစ်သွားလို့ ကံဟောင်းတွေ ကုန်သွားတယ်လို့ ယုံကြည်ယူဆ ကြပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီနိဂဏ္ဌဂိုဏ်းဝင် အဆင်းရဲခံနေကြတဲ့ တက္ကတွန်းတွေကို မေးတော်မူတယ်၊ သင်တို့က ရှေးဘဝများမှ အကုသိုလ်ကံ ကုန်အောင် ဆင်းရဲခံနေကြတယ်လို့ ဆိုကြတယ်၊
သင်တို့ဟာ ရှေးဘဝများက အကုသိုလ်ကံတွေ ပြုခဲ့တယ်ဆိုတာ သိပါရဲ့လားလို့ မေးတော့၊ မသိပါလို့ ဖြေကြတယ်၊ ဒါဖြင့် ရှေးဘဝများက အကုသိုလ်ကံတွေကို ဘယ်လောက်ပြုခဲ့တယ် လို့ကော သိပါရဲ့လား၊ ယနေ့ ဆင်းရဲခံလိုက်တဲ့အတွက် အကုသိုလ် ကံဟောင်းတွေ ဘယ်လောက်ကုန်သွားပြီ၊ ဘယ်လောက်သာ ကျန်တော့တယ် - လို့ကော သိပါရဲ့လား - လို့လဲ မေးတော်မူတယ်၊ မသိပါလို့ချည်း နိဂဏ္ဌတွေက ဖြေကြတယ်။
အဲဒီတော့ “အကုသိုလ် ရှိ - မရှိ ဆိုတာကိုလဲ မသိပါပဲနဲ့၊ ဘယ်လောက်ကုန်သွားပြီ စသည်ဖြင့်လဲ မသိပါပဲနဲ့ ကိုယ်ပင်ပန်းအောင် အရမ်းကျင့်နေတာ မသင့်ကြောင်း” နိဂဏ္ဌတို့အား စူးစမ်းဆင်ခြင်ဉာဏ် ပါရမီမျိုးစေ့ဖြစ်စေရန် မြတ်စွာဘုရားက မိန့်တော်မူပါတယ်။ နောက်ပြီးတော့ အကုသိုလ်ကံဟောင်းတွေ ကုန်အောင် ရည်ရွယ်ပြီး အဆင်းရဲခံနေကြတဲ့ သူတွေဟာ ရှေးရှေးဘဝတွေက အကုသိုလ်ကံ တွေကို များစွာပြုခဲ့တဲ့ သူတွေပဲလို့ ယူဆဘွယ်ရှိကြောင်းကိုလဲ မိန့်ကြားတော် မူပါတယ်။
ဘုရားအလောင်းတော် ဒုက္ကရစရိယာအကျင့်ကို ကျင့်တာကတော့ အကုသိုလ် ကံဟောင်းတွေ ကုန်စေရန်အတွက် ကျင့်တာမဟုတ်ပါဘူး၊ အဲဒီ အကျင့်ဖြင့် ဉာဏ်ထူး တရားထူးကို ရလိမ့်မယ်ထင်ပြီး ကျင့်ခဲ့တာပဲ၊ ဒါပေမဲ့ ၆ - နှစ်ကြာတော့ ရှေးက ပြောခဲ့ပြီးအတိုင်း “ဒီအကျင့်ဟာ တရားထူးသိဘို့ လမ်းမဟုတ်ဘူး၊ (သိယာ နု ခေါ အညော မဂ္ဂေါဗောဓာယ) တရားထူးသိဘို့ လမ်းက အခြားအကျင့်လမ်း ဖြစ်လေသလော” စသည်ဖြင့် ဆင်ခြင်ဆုံးဖြတ်ပြီး အဲဒီ ဒုက္ကရစရိယာ အကျင့် လမ်းကို စွန့်ပယ်လိုက်တယ်။
ဆင်းရဲရုံမျှပဲ
ဒါကြောင့် အတ္တကိလမထအကျင့်ဟာ (ဒုက္ခော) ကိုယ်ပင်ပန်းဆင်းရဲရုံမျှပဲ၊ ဆင်းရဲ သက်သက်မျှပဲလို့ ဟောတော်မူပါတယ်။ ဒါပေမဲ့ အဲဒီအတ္တကိလမထ အကျင့်ကို နာဋပုတ္တအစရှိတဲ့ ရသေ့ရဟန်းများက အကျင့်မြတ်အနေဖြင့် ယုံကြည်ယူဆ ထားကြတဲ့အတွက် အဲဒီ ပုဂ္ဂိုလ်တွေ၏ စိတ်ကို မထိခိုက်စေရန် (ဟီနော - ယုတ်ညံ့တယ်) လို့လဲ မဟောခဲ့ဘူး၊ ရွာသူရွာသား မြို့သူမြို့သားတွေ အများအားဖြင့် ကျင့်နိုင်တာ မမဟုတ်လို့ (ဂမ္မော)လို့လဲ မဟောခဲ့ဘူး၊ လူများစုတို့၏ အကျင့်မဟုတ်လို့ (ပေါထုဇ္ဇနိကော) လို့လဲ မဟောခဲ့ဘူး ဆိုတဲ့ အကြောင်းကို ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (ဒု - ၂၁၅) မှာ ပြဆိုထားပါတယ်။
နောက်ပြီးတော့ ဒီအတ္တကိလမထ အကျင့်ဟာ (အနရိယော) အရိယာသူမြတ်တို့၏ အကျင့်လဲမဟုတ်ဘူး၊ စင်ကြယ် ကောင်းမြတ်တဲ့အကျင့်လဲ မဟုတ်ဘူးတဲ့။ ဒါကတော့ ဗုဒ္ဓသာသနာဝင်တွေ၏ အမြင်အားဖြင့် ထင်ရှားနေပါပြီ။
အကျိုးမဲ့နဲ့သာ ဆိုင်တယ်
▬▬▬▬▬▬▬▬▬
နောက်ပြီးတော့ ဒီအတ္တကိလမထ အကျင့်ဟာ (အနတ္ထသံဟိတော) (မိမိတို့ အလိုရှိအပ်သည့်) အကျိုးစီးပွါးနှင့်လဲ မစပ်မဆိုင်ပါဘူးတဲ့။ ဒီအကျင့်ကတော့ သီလ, သမာဓိ, ပညာအစရှိတဲ့ လောကုတ္တရာ အကျိုးစီးပွါးများနှင့် မစပ်မဆိုင်ရုံမျှမက လောကီအကျိုးစီးပွါးနဲ့တောင် မစပ်မဆိုင်ဘူး၊ သူ့အကျိုးက ကိုယ်ပင်ပန်းဆင်းရဲရုံမျှ သက်သက်ပဲ၊ သိပ်ပြီးအဆင်းရဲခံယင် ရောဂါတမျိုးမျိုး စွဲကပ်ပြီး သေတောင် သေသွားနိုင်သေးတယ်၊ ဘာမျှအကျိုးမရှိတဲ့ အကျင့်ပဲ။
ဒါပေမဲ့ ဘုရားမပွင့်မီက စပြီး ဟိုခေတ်တုန်းကတော့ ဝဋ်ဆင်းရဲမှ လွတ်မြောက် စေနိုင်တဲ့ တကယ့်အကျင့်ကောင်း အကျင့်မြတ်အနေဖြင့် ဇမု္ဗဒီပခေါ်တဲ့ အဲဒီ အိန္ဒိယနယ်တဝိုက်မှာ ယုံကြည်နေ ကြပါတယ်၊ ပဉ္စဝဂ္ဂီတွေကလဲ ယုံကြည် နေကြပါတယ်၊
ဒါကြောင့် မြတ်စွာဘုရားက ကိုယ်ပင်ပန်းအောင် လုပ်တဲ့အကျင့်ဟာ (ဒုက္ခော) ဆင်းရဲရုံမျှပဲ၊ (အနရိယော) အရိယာသူမြတ်တို့၏ အကျင့်မဟုတ်ဘူး၊ စင်ကြယ် ကောင်းမြတ်တဲ့ အကျင့်လဲ မဟုတ်ဘူး၊ (အနတ္ထသံဟိတော) အကျိုးစီးပွါးနှင့်လဲ မစပ်မဆိုင်ဘူး၊ ဒါကြောင့် ဒီအတ္တကိလမထာနုယောဂ အကျင့်ကိုလဲ ရှင်ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ မမှီဝဲ သင့်ဘူးလို့ အတိအလင်း ထုတ်ဖော်ပြီး ဟောကြားတော်မူတာပါပဲ။
ဒီလို အတိအလင်း ထုတ်ဖော်ပြီး ဟောဘို့ကလဲ အရေးတကြီး လိုနေပါတယ်၊ ဘာကြောင့်လဲဆိုယင် အဲဒီခေတ်တုန်းက လူများဟာ “ကိုယ်ပင်ပန်းအောင် ပြုလုပ်ပြီးကျင့်မှ တရားထူးကို ရနိုင်တယ်”လို့ ယုံကြည် စွဲလမ်းနေကြတယ်၊ ပဉ္စဝဂ္ဂီတွေကလဲ အဲဒီအတိုင်းပဲ ယုံကြည်စွဲလမ်းနေကြတယ်၊ အဲဒီအစွဲအလမ်းကို မပယ်နိုင်ယင် မြတ်စွာဘုရားဟောမည့် မဂ္ဂင်ရှစ်ပါးတရားကို သက်ဝင်ယုံကြည် နိုင်ကြမှာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ်ပင်ပန်းအောင် ပြုလုပ်တဲ့အကျင့်ဟာ ဆင်းရဲရုံမျှပဲ၊ ဘာမျှအကျိုးမရှိဘူး၊ အကျိုးမဲ့ကိုသာ ဖြစ်စေတတ်တယ်ဆိုတာ အတိအလင်း ထုတ်ဖော်ပြီး ဟောတော်မူရတာပါပဲ။
အဲဒီ ကိုယ်ပင်ပန်းအောင် ပြုလုပ်တဲ့အကျင့်ဟာ အကျဉ်းချုပ်အားဖြင့်ဆိုယင် သုံးဆောင်သင့်တဲ့ အဝတ် အစာ စသည်ကိုတောင် မသုံးဆောင်တော့ပဲ အဆင်းရဲခံတဲ့ အကျင့်ပါပဲ၊ အဲဒါကို ဘုန်းကြီးကအတိုချုပ် ဆောင်ပုဒ်စီထားတယ်၊ “မသုံးဆောင်ပဲ၊ ကိုယ်ညှင်းဆဲ၊ ဒါလဲ ရှောင်ရမည်”တဲ့။ ပဌမဆောင်ပုဒ်က “ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါရှောင် ရမည်လို့” ဆိုခဲ့တယ်။ အဲဒါနဲ့ စပ်ကြည့်လိုက်ယင် “မသုံးဆောင်ပဲ”ဆိုတာက “သုံးဆောင်သင့်တာကိုတောင် မသုံးဆောင်ပဲ”လို့ ဆိုလိုကြောင်း ထင်ရှားပါတယ်။ အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။
မသုံးဆောင်ပဲ၊ ကိုယ်ညှဉ်းဆဲ၊ ဒါလဲ ရှောင်ရမည်။
ကာမချမ်းသာကို သာယာခံစားမှုဆိုတဲ့ ပဌမအဖို့က မိမိ၏စိတ်နှင့်ကိုယ်ကို အလိုလိုက် အလျော့ပေးထားတဲ့အတွက် လျော့လွန်းသော အဖို့အစွန်းဖြစ်တယ်၊ သမထ ဝိပဿနာကို အားမထုတ်ပဲ စိတ်ကိုမထိန်းသိမ်းပဲ လွှတ်ထားယင် ဒီ ကာမသုခလ္လိက အကျင့်ထဲ ရောက်နေတတ်တယ်၊ တချို့က ဘာဝနာအလုပ်ကို အားထုတ်ဖို့ မလိုဘူး၊ စိတ်ကို သူ့သဘောအတိုင်းထားပြီး အငြိမ်းစား ပေးထားရုံနဲ့ ကိစ္စပြီးတယ်လို့ ဟောပြောနေကြသတဲ့၊
စိတ်ဆိုတာ သမထ ဝိပဿနာဖြင့် မပြတ်ရှုမှတ်ပြီး စောင့်ရှောက်နေယင်း ထဲကတောင် ကာမအာရုံစသည်များသို့ ရောက်ရောက် သွားတတ်သေးတာပဲ၊ သမထ ဝိပဿနာကို အားမထုတ်ပဲ စိတ်ကို အငြိမ်းစားပေးထားယင်တော့ ကာမအာရုံတွေ ကြံစည်ပြီး ကာမသုခလ္လိက အကျင့်ထဲကိုသာ ရောက်နေမှာ သေချာပါတယ်။ ဒါကြောင့် ဘုန်းကြီးက ဒီ ကာမသုခလ္လိကအကျင့် သရုပ်ပေါ်အောင် “စိတ်အလိုကျ၊ လွှတ်ထားက၊ ကာမသုခါနုယောဂါ”လို့လဲ ဆောင်ပုဒ်တခု စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
စိတ်အလိုကျ၊ လွှတ်ထားက၊ ကာမသုခါနုယောဂါ။
သုံးဆောင်သင့်တာကိုတောင် မသုံးဆောင်တော့ပဲ ကိုယ်ပင်ပန်းအောင်ပြုလုပ်တဲ့ ဒုတိယအဖို့ အကျင့်ကတော့ ချမ်းသာမှု သက်သာမှု မရှိတော့တဲ့အတွက် တင်းလွန်းသော အဖို့အစွန်းဖြစ်တယ်၊ ဒီတင်းလွန်းသော အကျင့်အဖို့ကိုလဲ ရှောင်ပယ်ရမယ် - တဲ့။ .
အတ္တကိလမထ ယူပုံမှားခြင်း
▬▬▬▬▬▬▬▬▬▬▬
ဒီနေရာမှာ တချို့က အတ္တကိလမထ အကျင့်ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဘုရားအလိုတော်နဲ့ ဆန့်ကျင်ပြီး ယူဆ ပြောဟောနေကြတယ်၊ သူတို့ပြောပုံက အပင်ပန်းခံပြီး တရားအားထုတ်တာကိုလဲ အတ္တကိလမထ ဖြစ်တယ်လို့ ဒီလိုလဲ ပြောကြတယ်။ အဲဒါကတော့ မြတ်စွာဘုရား၏ အလိုတော်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပဲ၊
မြတ်စွာဘုရားက ကိုယ်နှင့်အသက်ကိုတောင် မငဲ့ကွက်ပဲ သမာဓိ ပညာဘာဝနာ အလုပ်ကို ပြင်းပြင်းထန်ထန် အားထုတ်ဖို့ တိုက်တွန်းထားပါတယ်၊ “အရေမျှ အကြောမျှ အရိုးမျှ ကျန်ချင်လဲ ကျန်ပေစေ၊ အသားအသွေးတွေ ခြောက်သွားချင်လဲ ခြောက်သွားပေစေ၊ အလိုရှိအပ်တဲ့ မဂ်ဖိုလ် တရားထူးကို မရမချင်း မရပ်မနားပဲ အားထုတ်သွားမယ်”လို့ ဒီလို အဓိဋ္ဌာန်ပြုပြီး ထက်ထက်သန်သန် အားထုတ်ဖို့ တိုက်တွန်းတော်မူခဲ့ပါတယ်။
ဒါကြောင့် သမာဓိ ပညာကို ဖြစ်စေနိုင်တဲ့ ဘာဝနာအလုပ် အားထုတ်တာကိုတော့ အတ္တကိလမထာနုယောဂလို့ မဆိုရဘူး။ သမာဓိပညာ ဖြစ်စေနိုင်တဲ့ အကျင့်ကို ထားလိုက်ပါဦးတော့ သီလကို ကျင့်ရာမှာတောင် ကိုယ်ပင်ပန်းပေမဲ့ အတ္တကိလမထာနုယောဂလို့ မဆိုရဘူး။
စဉ်းစားကြည့်ပါ၊ ရှစ်ပါးသီလ ဆောက်တည်ကျင့်သုံးနေတဲ့ တချို့လူငယ်တွေမှာ ထမင်းဆာနေပါလျက် ညနေပိုင်း ညပိုင်းမှာ မစားပဲ ကြဉ်ရှောင်နေရတာ မဆင်းရဲ ပေဘူးလား၊ ဆင်းရဲကြောင်း ထင်ရှားပါတယ်၊ ဒါပေမဲ့ သီလပြည့်စုံစေတဲ့အကျင့် ဖြစ်တဲ့အတွက် အတ္တကိလမထ အကျင့်လို့တော့ မဆိုရဘူး။
တချို့ လူတွေမှာ ပါဏာတိပါတ စသည်မှ ကြဉ်ရှောင်ပြီး အနစ်နာခံနေရတာဟာ ဆင်းရဲတာပဲ၊ ဒါပေမဲ့ သီလ ပြည့်စုံစေတဲ့ အကျင့်ဖြစ်တဲ့အတွက် အတ္တကိလမထ အကျင့်လို့ မဆိုရဘူး၊ အဲဒီလို အဆင်းရဲခံပြီး ကျင့်တာကို မြတ်စွာဘုရားက “ပစ္စုပ္ပန်မှာ ဆင်းရဲပေမဲ့ နောင်အခါကောင်းကျိုးကို ရစေနိုင်တဲ့အကျင့်ဖြစ်တယ်”လို့ ချီးမွမ်းပြီး မူလပဏ္ဏာသ မဟာဓမ္မသမာဒါနသုတ် (နှာ ၃၈၈ - ၉)မှာ ဟောထား ပါတယ်။ ဟောပုံ အတိုချုပ်ကတော့ -
ဣဓ ဘိက္ခဝေ ဧကစ္စော - ရဟန်းတို့ ဤလောက၌ အချို့ပုဂ္ဂိုလ်သည်၊
သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေနကိုယ်ဆင်းရဲ ပင်ပန်းခြင်း စိတ်ဆင်းရဲ ပင်ပန်းခြင်းနှင့် တကွသော်လည်း၊
ပါဏာတိပါတာ ပဋိဝိရတော ဟောတိ - သတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်၏၊
ပါဏာတိပါတာ ဝေရမဏိပစ္စယာစ - သတ်မှုမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း၊
ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ - ကိုယ်ဆင်းရဲစိတ်ဆင်းရဲကို ခံစားရ၏၊ (ပေယျာလ)
သဟာပိ ဒုက္ခေန သဟာပိဒေါမနဿေန - ကိုယ်စိတ်ဆင်းရဲခြင်းနှင့် တကွသော်လည်း၊
သမ္မာဒိဋ္ဌိ - အယူမှန်ကိုသာ ယူသည်၊
ဟောတိ - ဖြစ်၏၊
သမ္မာဒိဋ္ဌိပစ္စယာ စ - အယူမှန်ကို ယူခြင်းကြောင့်လည်း၊
ဒုက္ခံဒေါမနဿံ - ကိုယ်စိတ်ဆင်းရဲကို၊
ပဋိသံဝေဒေတိ - ခံစားရ၏ - ၊
သော - မျက်မှောက်ဘဝ၌ အဆင်းရဲခံ၍ တရားကျင့်သော ထိုပုဂ္ဂိုလ်သည်၊
ကာယဿ ဘေဒါ ပရံ မရဏာ - သေသည်မှ နောက်၌၊
သုဂတိံ သဂ္ဂံ လောကံ - သုဂတိနတ်လောကသို့၊
ဥပပဇ္ဇတိ - ကပ်ရောက် ဖြစ်ရ၏၊
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံဓမ္မသမာဒါနံ - ဤ သုစရိုက် ၁၀ - ပါး ဆောက်တည် ကျင့်သုံးခြင်းကို၊
ပစ္စုပ္ပန္န ဒုက္ခံ - မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ဆင်းရဲ၍၊
အာယတိံ သုခဝိပါကံ - နောင်ဘဝ၌ ကောင်းကျိုးပေးတတ်သော အကျင့်ဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏ - တဲ့။
ဒါကြောင့် သီလ သမာဓိ ပညာကို ဖြစ်စေတတ်တဲ့အကျင့်ဆိုရင် (အနတ္ထသံဟိတ မဟုတ်၊ အတ္ထသံဟိတ - အကျိုးစီးပွါးနှင့် စပ်ဆိုင်တဲ့အကျင့်ဖြစ်၍) မမှီဝဲအပ်သည့် အတ္တကိလမထ အကျင့်မဟုတ်၊ မှီဝဲအပ်သည့် မဇ္ဈိမပဋိပဒါအကျင့်ချည်းပဲ လို့ ကိန်းသေမှတ်ထားကြရမယ်။ သီလ သမာဓိ ပညာ ဘာမျှမဖြစ်ပဲ ကိုယ်ပင်ပန်းရုံမျှ အကျင့်ကိုသာ အတ္တကိလမထာနုယောဂလို့ ခေါ်တယ်၊ အဲဒါကိုလဲ သရုပ်ပေါ်အောင် ဆောင်ပုဒ်တခု စီထားတယ်၊
“ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာနုယောဂါ”တဲ့။
အဲဒါကို ဆိုကြရမယ်။
ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာနုယောဂါ။ .
“သုခ, ဒုက္ခမရှုကောင်းဘူးလို့တောင် အယူလွဲသေးတယ်”
တချို့က ဝိပဿနာ ရှုရာမှာတောင်မှ “သုခကို ရှုယင်ကာမသုခအကျင့် ဖြစ်တယ်၊ ဒုက္ခကို ရှုယင် အတ္တကိလမထအကျင့် ဖြစ်တယ်၊ ဒါကြောင့် သုခနှင့် ဒုက္ခကို မရှုရဘူး၊ ဥပေက္ခာကိုသာ ရှုရမယ်”လို့ ကြံကြံဖန်ဖန် ပြောကြသေးတယ်။ အဲဒါကတော့ ဒုဂ္ဂဟိတဂ္ဂါဟ ဆိုတဲ့ မကောင်းသောယူဆခြင်းဖြင့် အလွဲအမှားကို ယူဆ ပြောဆိုချက်ပါပဲ၊ ဘာမျှလုံလောက်တဲ့ ကျမ်းဂန်စကား မရှိပါဘူး။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် ပါဠိတော် ဝေဒနာနုပဿနာပိုင်းမှာ “သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ၊ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ” စသည်ဖြင့် သုခ ဒုက္ခ ဥပေက္ခာဝေဒနာ သုံးပါးလုံးကို ရှုဘို့ အထင်အရှား ဟောထားပါတယ်။
နောက်ပြီးတော့ “ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ တမ္ပိ အနိစ္စန္တိယထာဘူတံ ပဇာနာတိ” စသည်ဖြင့် သုတ်ပေါင်း များစွာမှာ ဝေဒနာသုံးပါးလုံးကို ရှုအပ် သိအပ်ကြောင်း အထင်အရှား ဟောထား ပါတယ်။ ဒါကြောင့် ဥပါဒါနက္ခန္ဓာငါးပါး၌ အတွင်းဝင်တဲ့ တရားဟူသမျှ ရှုအပ်တာ ရှုကောင်းတာချည်းပဲလို့ ကိန်းသေ မှတ်ထားကြရမယ်။ .
ဆရာတယောက်၏ အယူအဆ
▬▬▬▬▬▬▬▬▬▬▬
လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာ တယောက်ကတော့ “ဣရိယာပုထ် တခုခုမှာ ညောင်းပူ နာကျင် အခံခက်လာယင် ချက်ခြင်း ပြုပြင်လိုက်ရမယ်၊ မပြုပြင်ပဲ ရှုနေယင် အတ္တကိလမထာနုယောဂ ဖြစ်တယ်”လို့ ဆိုသတဲ့။ အဲဒါလဲ သာတ္ထက သမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။
သမထ ဝိပဿနာ တရားအားထုတ်ရာမှာ ခန္တီသံဝရ ဆိုတာ အရေးတကြီး လိုပါတယ်၊
((မှတ်ချက် ၁ -
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ ဘိက္ခု - ဤသာသနာတော်က ရဟန်းသည်၊
ပဋိသင်္ခါ ယောနိသော - သင့်သော အကြောင်းဖြင့် ဆင်ခြင်၍၊
ခမော ဟောတိ သီတဿ - အအေးကို သည်းခံ၏။
ဥဏှဿ - အပူကို သည်းခံ၏။
ဗိဿယ ပိပါသာယ - အစာဆာခြင်း ရေဆာခြင်းကို သည်းခံ၏။
ခုံသ မကသ ဝါတာတပသရီသပသမ္မဿာနံ - မှက် ခြင် လေ နေပူ မြွေ ကင်းတို ကိုက်ခြင်း ထိခြင်း အ တို့ကို သည်းခံ၏၊
ဒုရုတ္တာနံ ဒုရာဂတာနံ ဝစနပထာနံ - အပြစ်တင်စွပ်စွဲ ဆဲဆိုစကားတို့ကို သည်းခံ၏။
ဥပ္ပန္နာနံ သာရီရိကာန် ဝေဒနာနံ ဒုနံ - ဖြစ်ပေါ် လာသည့် ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတို့ကို၊
တိဗ္ဗာနံ ခရာနံ ကျကာန - ကြမ်းတမ်း ထက်မြက် အခံခက်လှသည့် ဒုက္ခဝေဒနာတိုကို၊
အသာတာနံ အမနာပါန ပါဏဟရာနံ - သာယာဘွယ် နှစ်လိုဘွယ်မဟုတ် - ရွံမုန်း ကြောက်ရွံ ဘွယ် ဖြစ်ကုန်သော အသက်ကို ဆောင်တတ်-သေစေတတ်ကုန်သော ဒုက္ခ ဝေဒနာတို့ကို၊
အဓိဝါသကာတိကာ ဟောတိ - သည်းခံတတ်သော သဘောရှိ၏။
ဘိက္ခဝေ- ရဟန်းတို့၊
ဟိ- အကျိုးကား၊
အနမိဝါသယတော - ယင်း အအေး အပူ အစာဆာ ရေဆာမှု မှက်ခြင် စသည်တို့၏ အတွေ့ စကားဆိုး ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတို့ကို သည်းမခံလျှင်၊
အဿ - ထို ရဟန်းအား၊
ယံ ဥပ္ပဇ္ဇေယျ အာသဝါ ဝိသာတပရိဠာဟာ - အကြင် အာသဝတိုနှင့် ပင်ပန်း ဆင်းရဲခြင်း ပူလောင်ခြင်းတို့ ဖြစ်နိုင်ကုန်၏၊
အဓိဝါသယတော အဿ - သည်းခံသော ထို ရဟန်းအား၊
ဧဝံ - ဤ ဆိုခဲ့သည့်အတိုင်း သည်းခံခြင်းကြောင့်၊
တောသဝါ ဝိဃာတပရိဟာ န ဟောန္တိ - ထို ဖြစ်နိုင်သည့် အာသဝ တို့နှင့် ပင်ပန်း ဆင်းရဲခြင်း ပူလောင်ခြင်းတို့သည် မဖြစ်ကြပဲ ကင်းငြိမ်းလေကုန်၏။
ဘိက္ခဝေ - ရဟန်းတို့၊
ဣမေ အာသဝါ - သည်းမခံလျှင် ဖြစ်နိုင်သော ဤ အာသဝေါတို့ကို၊
ဝါသနာ ပဟာတာ - သည်းခံမှု ဖြင့် ပယ်အပ် ပယ်ထိုက်သည့် အာသဝေါတို့ဟူ၍၊
ဝုစ္စန္တိ- ခေါ်ဆိုအပ်ကုန်၏။
(မ ၁-၁၃)
အထက်ပါ သဗ္ဗာသဝသုတ်ပါဠိတော်၌ သေလောက်အောင် ပြင်းထန်သည့် ဒုက္ခဝေဒနာကိုတောင် သည်းခံရန် မြတ်ဘုရားက ညွှန်ကြားထားတေ် မူပေသည်။ ယင်း ညွှန်ကြားချက်ကို လေးလေးနက်နက် သတိပြုအပ် ၏။ ထို့ပြင် ယင်းပါဠိတော်၏ အဖွင့် အဋ္ဌကထာ၌ “မသ နာဂထေရ်သည် အန္တရဋ္ဌကခေါ် နတ်တော် ပြာသို တပို့တွဲ လပြည့်၏ ဝန်းကျင်ရှစ်ရက်အတွင်း နှင်းကျ သောကာလ၌ လောကန္တရိက်ငရဲ၏ အအေးကို ဆင်ခြင် ၍ ကမ္မဋ္ဌာန်းကို မစွန့်ပဲသာလျှင် နေမြဲဖြစ်သော ဟင်းလင်းပြင် အရပ်၌ အချိန်ကုန်စေသည်” ဤသို့ စသည်ဖြင့် ခန္တိသံဝရကို အလေးပြု၍ ကျင့်သုံးပုံကို များစွာသော ဝတ္ထုတို့ဖြင့် ပြထားပေသည်။
သို့ဖြစ်၍ အနည်းငယ်မျှ ညောင်းရုံ ပူရုံ နာကျင်ရုံမျှဖြင့် မူလနေမြဲ ဣရိယာပုထ်ကို မပြင်သင့်၊ သည်းခံ၍ နေမြဲ ဣရိယာပုထ်ဖြင့်သာ ရှူနေအပ်၏၊ စွမ်းနိုင်ပါမူ အသက်ကိုတောင် မငဲ့ပဲ ရှုမြဲ ရှုနေအပ်၏၊ ယင်းသို့ သည်းခံ၍ ရှုနေခြင်းဖြင့် ခန္တီ သံဝရနှင့် ဝိပဿနာ သမာဓိ ဉာဏ်များ ဖြစ်ပွားနိုင်ပါသည်။ သည်းမခံနိုင် လောက်အောင် ဖြစ်သောအခါ၌မူ သမာဓိ သတိ ဉာဏ်များ မပျက်အောင် အထူး ဂရုစိုက်၍ ပြုပြင်အပ်ပေသည်။)) .
“အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဉာဏ် ဖြစ်နိုင်တယ်၊ သည်းမခံပဲ ခဏ ခဏ ပြုပြင်ပြောင်းလဲနေယင် သမာဓိဉာဏ် မဖြစ်နိုင်ဘူး” ဆိုတာ ထိထိရောက်ရောက် အားထုတ်ဘူးတဲ့ သူတိုင်းသိပြီး ဖြစ်နေပါတယ်။ ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာ ဖြစ်လာယင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်၊ အဲဒီလိုသည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်၊ အတ္တကိလမထတော့ မဖြစ်ပါဘူး၊
ဘာကြောင့်လဲဆိုယင် အဲဒီလိုသည်းခံပြီး ရှုနေတာဟာ တမင် ဆင်းရဲအောင် လုပ်တာလဲမဟုတ်ဘူး၊ ဆင်းရဲပင်ပန်းရုံမျှလဲ မမဟုတ်ဘူး၊ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိ သမာဓိ ပညာတွေ ဖြစ်ပွါးနေလို့ပါပဲ။
မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ်ဆိုယင် ထိုင်ခြင်း ဣရိယာပုထ်ကို မပြင်ပဲ တထိုင်အတွင်းမှာ အရဟတ္တဖိုလ် ရောက်အောင် မနစ်မဆုတ် အားထုတ် တာကို ပိုပြီး နှစ်သက်တော်မူပါတယ်၊ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ “ငါ၏စိတ်သည် မစွဲလမ်းမှု၍ အာသဝေါတရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေခြင်းကို မဖျက်တော့ဘူး”လို့ အဓိဋ္ဌာန်ပြုပြီးထိုင်လျက် အားထုတ်နေယင် အဲဒီလို၏ အားထုတ်သော ရဟန်းဖြင့် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတော ကျောင်းတိုက်ဟာ တင့်တယ်နိုင်တယ်လို့ မိန့်တော်မူပါတယ်၊
အဲဒီလိုရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံပြီး ရှုနေယင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ် နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလဲ ရောက်တယ်၊ ဘုရားစကားတော်ကို ပယ်ဖျက် ရာလဲ ရောက်တယ်၊ မပြုပြင်ပဲ သည်းခံပြီး ရှုနေမှ သမာဓိပညာ ကောင်းကောင်း ဖြစ်မည့် ယောဂီတို့အား သမာဓိ ပညာ တရားထူးမှ ဆုံးရှုံးနစ်နာ စေရာလဲ ရောက်တယ်။
ဒါကြောင့် ခုတင်က ရွတ်ဆိုခဲ့ကြတဲ့ “ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာ နုယောဂါ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သီလ သမာဓိ ပညာတို့နှင့်မစပ်မဆိုင်ပဲ ဆင်းရဲပင်ပန်းရုံမျှ အားထုတ်ယင် အတ္တကိလမထ အကျင့်ဖြစ်တယ်၊ အဲဒီလို မဟုတ်ပဲ သီလ သမာဓိ ပညာ ဖြစ်ရေးအတွက် အားထုတ်ယင် ဘယ်လိုပင် ဆင်းရဲ ပင်ပန်းစေကာမူ အတ္တကိလမထ အကျင့် မဟုတ်ဘူး၊ ဘုရားအလိုတော်ကျ မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါးအကျင့်သာ ဖြစ်တယ်လို့ ကိန်းသေ မှတ်ထား ကြရမယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ ယခုတင်က ပြောခဲ့တဲ့အတိုင်း လျော့လွန်းတဲ့ ကာမသုခလ္လိက အကျင့်နဲ့ တင်းလွန်းတဲ့ အတ္တကိလမထ အကျင့်ဆိုတဲ့ တဖက်စွန်းကျတဲ့ ဒီအဖို့ ၂ - ပါးတို့ကို စွန့်ပယ်ပြီးတော့ မဇ္ဈိမပဋိပဒါ ခေါ်တဲ့ အလယ်လမ်း အကျင့်ဖြင့် ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်၊ အဲဒီအကြောင်းကို ဒီလိုဆက်ပြီး မိန့်တော်မူပါတယ်။ .
မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းအကျင့်နှင့်အကျိုး
▬▬▬▬▬▬▬▬▬▬▬
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဧတေ ခေါ ဥဘော အန္တေ - ယခုပြောခဲ့တဲ့ ဤအဖို့ အစွန်း ၂ - ပါးတို့ကို၊
အနုပဂမ္မ - မကပ်ရောက်မူ၍၊
တထာဂတေန - သင်တို့ဆရာ ငါဘုရားသည်၊
မဇ္ဈိမာ ပဋိပဒါ - အလယ်လမ်းဖြစ်သော အကျင့်ကို၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍ သိအပ်ခဲ့ပေပြီ၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍သိလာခဲ့သော၊
မဇ္ဈိမာပဋိပဒါ - အလယ်လမ်းဖြစ်သော အကျင့်သည်၊
စက္ခုကရဏီ - ပညာမျက်စိကိုလဲ ပြုတတ်ဖြစ်စေတတ်ပေ၏၊
ဉာဏကရဏီ - အသိဉာဏ်ကိုလဲ ပြုတတ်ဖြစ်စေတတ်ပေ၏၊
ဥပသမာယ သံဝတ္တတိ - ကိလေသာငြိမ်းရန် အလို့ငှါလဲ ဖြစ်ပေ၏၊
အဘိညာယ သံဝတ္တတိ - ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါလဲဖြစ်ပေ၏၊
သမ္ဗောဓာယ သံဝတ္တတိ - ထိုးထွင်း၍ သိရန်အလို့ငှါလဲဖြစ်ပေ၏၊
နိဗ္ဗာနာယ သံဝတ္တတိ - နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါလဲ ဖြစ်ပေ၏၊
ဝါ - ဆင်းရဲခပ်သိမ်း ငြိမ်းရန်အလို့ငှါလဲ ဖြစ်ပေ၏ - တဲ့။
ဒီစကားတော်ဖြင့် “ကာမချမ်းသာ ခံစားမှုဆိုတဲ့ လျော့လွန်းသော အဖို့အစွန်းနဲ့ သုံးဆောင် သင့်တာကိုတောင် မသုံးဆောင်ပဲ ကိုယ်ကို ညှဉ်းဆဲမှုဆိုတဲ့ တင်းလွန်းသောအဖို့အစွန်း ဒီတဖက် အစွန်းကျတဲ့ အကျင့် ၂ - ပါးကို စွန့်ပယ်ပြီး ကျင့်ရတဲ့ အလယ်လမ်းအကျင့်ကို တွေ့လာပြီ၊ အဲဒီအလယ်လမ်း အကျင့်ဖြင့် ပညာမျက်စိ ပွင့်ခြင်း ကိလေသာငြိမ်းခြင်း စသည်ကိုလဲ ကိုယ်တိုင်တွေ့လာပြီ”လို့ ပဉ္စဝဂ္ဂီတို့အား သိစေပါတယ်၊ ဘယ်လိုလဲ ဆိုတော့ကာ -
ဘုရားအလောင်းတော်ဟာ ၁၆ - နှစ် အရွယ်မှ ၂၉ - နှစ် အရွယ်တိုင်အောင် ၁၃ - နှစ်ပတ်လုံး ကာမချမ်းသာ ခံစားမှုဆိုတဲ့ လျော့လွန်းသော လမ်းကို လိုက်လာခဲ့တယ်၊ ၂၉ - နှစ်အရွယ်မှာ တောထွက်ပြီး ရဟန်းပြုခြင်းဖြင့် အဲဒီ လျော့လွန်းသော ကာမသုခလ္လိက အကျင့်လမ်းမှ ခွါခဲ့တယ်၊ အဲဒီလမ်းကို ပယ်စွန့်ခဲ့တယ်၊
အဲဒီကနောက် ဒုက္ကရစရိယာအကျင့်ကို ၆ - နှစ် ပတ်လုံး ကျင့်ခြင်းဖြင့် ကိုယ်ကို ညှဉ်းဆဲတဲ့ အတ္တကိလမထ အကျင့်လမ်းကို လိုက်ခဲ့ပြန်တယ်၊ ၆ - နှစ် ကြာတဲ့အခါ အဲဒီ အတ္တကိလမထ အကျင့်ဖြင့် ဉာဏ်ထူး တရားထူး တစုံတခုကိုမျှ မတွေ့ရတဲ့ အတွက် လမ်းမှားမှန်းသိပြီး အဲဒီအကျင့်လမ်းမှလဲ ခွါခဲ့ပြန်တယ်၊ အဲဒီ အကျင့်ကို စွန့်ပယ်ခဲ့ပြန်တယ်၊
အဲဒီကနောက် အာနာပါနဈာန်ကို ရအောင် အားထုတ်ဖို့ ကာယဗလ ပြည့်ဝရေးအတွက် အစာအာဟာရကြမ်းများကို ပြန်ပြီး မှီဝဲတယ်၊ အဲဒါကတော့ မဇ္ဈိမပဋိပဒါထဲမှာ အပါအဝင်ဖြစ်တဲ့ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်နိုင်ဘို့ ရည်ရွယ်ပြီး စားသုံးတာဖြစ်တဲ့အတွက် ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပြီး စားသုံးတာ ဖြစ်တယ်၊ ဒါကြောင့် ကာမသုခလ္လိကာနုယောဂ လို့မဆိုရဘူး၊ မသုံးဆောင်ပဲ ကိုယ်ကိုညဉ်းဆဲတာ မဟုတ်တဲ့အတွက် အတ္တကိလမထာနုယောဂလဲ မဟုတ်ဘူး၊ အဲဒီ အဖို့အစွန်း ၂ - ပါးမှ အလွတ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါလမ်း ဖြစ်တယ်၊
အဲဒီလို သုံးဆောင်သင့်တဲ့ အစာအာဟာရကို သုံးဆောင်ပြီးတော့ ကာယဗလ ပြည့်စုံလာတဲ့အခါ အာနာပါနဆိုတဲ့ ရှုရှိုက်လေကို ရှုပြီး ဈာန်လေးပါးကို ရတော်မူတယ်၊ အဲဒီ ဈာန်သမာဓိကတော့ ပုဗ္ဗဘာဂမဂ်လို့ခေါ်တဲ့ ဝိပဿနာ၏ အခြေခံဖြစ်တဲ့အတွက် မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါးထဲမှာ ပါဝင်တဲ့ သမာဓိမဂ္ဂင်ကို အခြေခံပြုပြီးတော့ ဝိပဿနာ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွါးစေတယ်၊ အဲဒီလို ပွါးစေခြင်းဖြင့် အရိယမဂ်လေးပါးဆိုတဲ့ အရိယမဂ္ဂင်ရှစ်ပါး တရားမြတ်တွေကို ကိုယ်တိုင်တွေ့ ရတော်မူလာခဲ့တယ်၊
အဲဒီလို ရတော်မူလာတာဟာ အစာအာဟာရကြမ်းတွေကို ဖြတ်ပြီး ကျင့်တဲ့ ဒုက္ကရစရိယာ အကျင့်ဖြင့် ရလာတာလဲ မဟုတ်ဘူး၊ ကာမချမ်းသာကို သာယာခံစားတဲ့ ကာမသုခလ္လိကအကျင့်ဖြင့် ရလာတာလဲ မဟုတ်ဘူး၊ အဲဒီ ကာမသုခလ္လိကအကျင့်နှင့် ဒုက္ကရစရိယာဆိုတဲ့ အတ္တကိလမထ အကျင့်တို့ကို စွန့်ပယ်ပြီး အလယ်လမ်းအကျင့်ဖြင့် ရလာတာ ဖြစ်တယ်။ ဒါကြောင့် -
ဘိက္ခဝေ - ရဟန်းတို့၊
ဧတေ ခေါ ဥဘော အန္တေ - ယခုပြောခဲ့တဲ့ ဤအဖို့အစွန်း ၂ - ပါးတို့ကို၊
အနုပဂမ္မ - မကပ်ရောက်မူ၍၊
တထာဂတေန - သင်တို့ဆရာ ငါဘုရားသည်၊
မဇ္ဈိမာပဋိပဒါ - အလယ်လမ်းဖြစ်သော အကျင့်ကို၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍ သိအပ်ခဲ့ပေပြီ -
လို့ ဟောတော်မူပါတယ်။
လျော့လွန်းတဲ့ ကာမသုခအကျင့်နှင့် တင်းလွန်းတဲ့ အတ္တကိလမထအကျင့်ဆိုတဲ့ ဒီတဖက်စွန်းရောက်နေတဲ့ အကျင့်မှား လမ်းမှား ၂ - ခုကို ပယ်စွန့်ပြီးတော့ မလျော့လွန်း မတင်းလွန်းတဲ့ အလယ်လမ်း အကျင့်ကို ငါဘုရားသိလာပြီ - လို့ ဆိုလိုပါတယ်။ အဲဒါကို ဘုန်းကြီးက အတိုချုပ် ဆောင်ပုဒ် စီထားတယ်၊ “အစွန်း ၂ - သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန် ဖြစ်ပေသည်” - တဲ့။ အဲဒါကို ဆိုကြရမယ်။ အစွန်း ၂ - သွယ်၊ လမ်းမှားပယ်၊ အလယ် လမ်းမှန်ဖြစ်ပေသည်။ .
အစွန်းနှစ်ဖက်မှ လွတ်အောင်ကျင့်ပုံ
▬▬▬▬▬▬▬▬▬▬▬
အဲဒါက ဘယ်လိုလဲဆိုတော့ - အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုတဲ့ ကာမအာရုံ ငါးပါးထဲမှ သီလသိက္ခာနှင့် မဆန့်ကျင်တဲ့အာရုံများ, တရားကျင့်ရန် အထောက် အပံ့ဖြစ်တဲ့ ပစ္စည်းများကို သုံးဆောင်နိုင်တယ်၊ အဲဒီလို သုံးဆောင် သင့်တာကို သုံးဆောင်တဲ့အတွက် ကိုယ်မပင်ပန်းပဲ ချမ်းသာစွာတရား ကျင့်သုံးနိုင်တယ်၊
ဒါကြောင့် အတ္တကိလမထ အဖို့အစွန်းမှ လွတ်တယ်။ သုံးဆောင်သင့်တဲ့ ပစ္စည်း လေးပါးကို သုံးဆောင်တဲ့အခါ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင်ရတယ်၊ သို့မဟုတ် သမထဝိပဿနာတို့ဖြင့် ရှုဆင်ခြင်၍ သုံးဆောင်တဲ့အတွက် ကာမ ချမ်းသာကို နှစ်သက်သာယာပြီး ခံစားတဲ့ ကာမသုခလ္လိကအဖို့ အစွန်းမှလဲလွတ်တယ်၊ ဒါကြောင့် အဖို့အစွန်း ၂ - ပါးကို မကပ်မူ၍ အလယ်လမ်းအကျင့်ကို ငါသိလာပြီလို့ မိန့်တော်မူတာပါပဲ။ .
အစာမှား အစာကြေဆေး စားတာနဲ့ တူတယ်
▬▬▬▬▬▬▬
ပစ္စဝေက္ခဏာဖြင့် ဆင်ခြင်တာ, သမထ ဝိပဿနာဖြင့် ရှုသိတာဟာ မဂ္ဂင်ရှစ်ပါးထဲက သတိ သမာဓိ ပညာတွေပဲ၊ အဲဒါဟာ ဘာနှင့်တူသလဲဆိုယင်၊ အစာမှား အစာကြေဆေးကို စားတာနဲ့ တူတယ်၊ အဖျားရောဂါ ပျောက်ခါစ နာလန်ထ ပုဂ္ဂိုလ်များမှာ မသင့်တော်တဲ့ အစာတွေကိုရှောင်ရတယ်၊ မရှောင်နိုင်လို့ စားချင်ယင် အဲဒီအစာကို စားပြီးတဲ့အခါ အစာမှား အစာကြေဆေးကို စားရတယ်၊ အဲဒီလိုဆိုတော့ အဖျားရောဂါလဲ မတက်ဘူး၊ ကိုယ်စားချင်တာစားရလို့ အားအင်လဲ ပြည့်ဝတယ်၊
အဲဒါလိုပါပဲ၊ ပစ္စဝေက္ခဏာဆင်ခြင်တာ, ရှုမှတ်တာဟာ သုံးစွဲတဲ့ ပစ္စည်းအာရုံ တို့နှင့်စပ်ပြီး ကိလေသာ မဖြစ်ရအောင် ကာကွယ်တားမြစ်လိုက်တာပဲ၊ အထူးအားဖြင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်းရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောမှန်ကို သိနေတဲ့ ယောဂီမှာ အဲဒီ မြင်ရတဲ့ အာရုံစသည်နှင့်စပ်ပြီး လောဘလဲ မဖြစ်နိုင်ဘူး၊ ဒေါသ စသည်လဲ မဖြစ်နိုင်ဘူး။
ပစ္စည်းလေးပါးသုံးစွဲတဲ့အခါလဲ မြင်တာ နံတာ စားသိတာ တွေ့ထိတာကို ရှုမှတ်ပြီး သိနေယင် အဲဒီ ပစ္စည်းနှင့်စပ်ပြီး ကိလေသာမဖြစ်နိုင်ဘူး၊ အဲဒီတော့ အလိုရှိတာလဲ သုံးဆောင်ရလို့ မပင်ပန်း မဆင်းရဲဘူး၊ ရှုသိပြီး သုံးဆောင်လို့ နှစ်သက်သာယာမှု မဖြစ်တဲ့အတွက် ကာမသုခလ္လိကလဲ မဖြစ်ဘူး၊ အစွန်း ၂ - ဖက်မှ လွတ်တယ်၊
ဒါကြောင့် ရှုသိပြီး သုံးဆောင်တာဟာ အလယ်လမ်းအကျင့်ဖြစ်တယ်၊ မသင့်တာကို စားပြီး အစာမှား အစာကြေဆေးကို စားတာနဲ့ တူတယ်၊ ဒါကြောင့် ဒွါရ ၆ - ပါးက ပေါ်လာသမျှ အာရုံတွေကို ရှုမှတ်ပြီး အမှန်အတိုင်းသိတဲ့ ဒီ မဇ္ဈိမပဋိပဒါအကျင့် လမ်းဖြင့် ပညာမျက်စိပွင့်ခြင်းမှစ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းအထိ အကျိုး အာနိသင်များကို ရနိုင်တယ်၊ အဲဒီလို ရနိုင်ကြောင်းကို ဒီလိုဆက်ပြီး မိန့်တော် မူပါတယ်။
တထာဂတေန - သင်တို့ ဆရာ ငါဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍ သိလာခဲ့သော၊
မဇ္ဈိမာပဋိပဒါ - အလယ်လမ်းဖြစ်သော အကျင့်သည်၊
စက္ခုကရဏီ - ပညာမျက်စိကိုလဲ ပြုတတ် ဖြစ်စေတတ်ပေ၏၊
ဉာဏကရဏီ - အသိဉာဏ်ကိုလဲ ပြုတတ်ဖြစ်စေတတ်ပေ၏ - တဲ့။ .
ပညာမျက်စိနှင့် အသိဉာဏ် ဖြစ်စေပုံ
▬▬▬▬▬▬▬▬▬▬▬
အလယ်လမ်းအကျင့်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးဟာ သူ့ကိုကျင့်ယင် ဖြစ်ပွါးစေယင် အဲဒီကျင့်တဲ့ ပုဂ္ဂိုလ်သန္တာန်မှာ ပညာမျက်စိကို ဖြစ်စေတတ်ပါတယ်၊ အသိဉာဏ်ကိုလဲ ဖြစ်စေတတ်ပါတယ်တဲ့။ ဒီနေရာမှာ အသိဉာဏ်ဆိုတာဟာ (တဿေဝဝေဝစနံ - လို့ ဖွင့်ပြကြတဲ့အတွက်) ပညာမျက်စိဆိုတာနဲ့ အရတူပါဘဲ၊ မျက်စိဖြင့်မြင်ရသလို ရှင်းလင်းပြတ်သားစွာ သိရတဲ့အတွက် အသိဉာဏ်ကိုပင် မျက်စိလို့ တင်စားပြီး ဟောထားတာပါပဲ။
ဒီပညာမျက်စိ အသိဉာဏ်ကို ကာမချမ်းသာ ခံစားမှုဖြင့် မဖြစ်စေနိုင်ဘူး၊ ကိုယ်ပင်ပန်းအောင် ပြုမှုဖြင့်လဲ မဖြစ်စေနိုင်ဘူး၊ မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဒီအလယ်လမ်း အကျင့်ဖြင့်သာ ဖြစ်စေနိုင်တယ်၊ ဒါကြောင့် အဲဒီ ပညာမျက်စိ လို့ခေါ်တဲ့ အသိဉာဏ် ဖြစ်ပုံဟာ အရေးကြီးပါတယ်။
ဗုဒ္ဓသာသနာတော်မှာ ဝိပဿနာ ဘာဝနာတရားကို အားထုတ်ကြတယ်ဆိုတာ ဒီမဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေ ရတာပဲ၊ မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေတယ် ဆိုယင် ရုပ်တရား နာမ်တရားတွေကို မျက်စိနဲ့ မြင်ရသလိုပင် ရှင်းလင်းပြတ်သားစွာ သိရမြင်ရမယ်၊ အဲဒီ ရုပ်နာမ်တွေ၏ အသစ်အသစ် ဖြစ်ပေါ်လာပုံ ပျက်ပျက်သွားပုံကိုလဲ တကယ်ဖြစ်ပျက် တဲ့အတိုင်း ရှင်းလင်းပြတ်သားစွာ သိရ မြင်ရမယ်၊
အနိစ္စ - မမြဲဘူး၊ ဒုက္ခ ဆင်းရဲတွေပဲ၊ အနတ္တ - အတ္တကောင် မဟုတ်တဲ့ အစိုးမရတဲ့ သဘောတရားတွေပဲ ဆိုတာကိုလဲ စာပြော ဆရာပြောမျှမဟုတ်ပဲ ကိုယ်ပိုင် ဉာဏ်ဖြင့်ပင် ရှင်းလင်းပြတ်သားစွာ သိရမြင်ရမယ်၊ နောက်ဆုံးကျတော့ ရုပ်နာမ် သင်္ခါရ ဆင်းရဲဟူသမျှ အကုန်ချုပ်ငြိမ်းတဲ့ နိဗ္ဗာန် သဘောကိုလဲ ကိုယ်တွေ့ဖြင့်ပင် ရှင်းလင်းပြတ်သားစွာ သိရ မြင်ရမယ်။ အဲဒီလို သိရဲ့လား မြင်ရဲ့လားဆိုတာ စဉ်းစား ဆင်ခြင်ကြည့်ဘို့ အရေးကြီးပါတယ်။ .
ပညာမျက်စိနှင့် အသိဉာဏ် အဆင့်ဆင့် ဖြစ်ပေါ်လာပုံ
▬▬▬▬▬▬▬▬▬
ဖြစ်ခိုက် ဖြစ်ခိုက် ရုပ်နာမ်ကို မပြတ်ရှုမှတ်ပြီး သိရတဲ့ သတိပဋ္ဌာန်ရှုနည်းဖြင့် ဝိပဿနာမဂ္ဂင်တရားကို မပြတ်ပွါးနေကြတဲ့ ယောဂီများမှာတော့ ဒီပညာမျက်စိဖြစ်ပုံ, ကိုယ်တိုင်တွေ့ အသိဉာဏ်ဖြစ်လာပုံဟာ အလွန်ထင်ရှားပါတယ်၊ ပဌမစပြီး ရှုခါစ ယောဂီမှာ ဖောင်းတယ်၊ ပိန်တယ် ထိုင်တယ် ထိတယ်၊ မြင်တယ် ကြားတယ် စသည်ဖြင့် ရှုမှတ်နေပေမယ်လို့ သမာဓိကောင်းကောင်း မဖြစ်သေးခင်မှာတော့ ဘာမှ ထူးထူးခြားခြား မသိသေးဘူး။
ရှုမှတ်လို့ သုံးလေးငါးရက် စသည် ကြာတဲ့အခါကျတော့ စိတ်တည်ကြည်မှု သမာဓိကကောင်းလာတယ်၊ တခြားတပါး အာရုံများဆီကို စိတ်ကမသွားသလောက်ပဲ ရှိနေတယ်၊ ရှုသိရမည့် ဖြစ်ခိုက် ဖြစ်ခိုက်ရုပ်နာမ်ပေါ်မှာသာ ကပ်လျက် ကပ်လျက် တည်တည်နေတယ်၊ အဲဒီအခါ မှတ်သိရတဲ့ ရုပ်ကတခြား၊ မှတ်သိတဲ့ စိတ်နာမ်က တခြား ကွဲပြားပြီး ထင်တယ်။
ရှုမှတ်ခါစကဆိုယင် ဆရာများညွှန်ကြားသည့်အတိုင်း ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်နေပေမယ်လို့ ဖောင်းရုပ်နဲ့မှတ်သိတာ၊ ပိန်ရုပ်နဲ့ မှတ်သိတာကို ခွဲခြားပြီး မသိသေးဘူး၊ ဖောင်းတာနဲ့ မှတ်သိတာ၊ ပိန်တာနဲ့ မှတ်သိတာကို တယောက်ထဲအနေနဲ့သာ ထင်နေတယ်၊ သမာဓိအားကောင်းလာတဲ့အခါကျတော့ မှတ်သိရတဲ့ရုပ်နဲ့ မှတ်သိတဲ့ စိတ်နာမ်ဟာ သူ့အလိုလိုပင်ကွဲလာတယ်၊ မှတ်တိုင်း မှတ်တိုင်း သိရတဲ့ ရုပ်ကတခြား သိတဲ့နာမ်ကတခြား ကွဲပြားပြီးထင်ပေါ်နေတယ်၊ ရောလို့တောင် မဖြစ်ဘူး၊
အဲဒီအခါ ဒီကိုယ်ထဲမှာ ဒီရုပ်နဲ့ ဒီနာမ် ဒီ ၂ - မျိုးရှိတာပဲ၊ အသက်ရှင်နေတဲ့ အကောင်ရယ်လို့ မရှိဘူး၊ ရုပ်နဲ့ နာမ် ၂ - ပါး အပေါင်းမျှသာ ရှိတယ်လို့သဘောပေါက် သိမြင်တဲ့ဉာဏ်ဖြစ်လာတယ်၊ အဲဒီလိုသိတာကလဲ တွေးဆပြီး သိတာမျိုးမဟုတ်ဘူး၊ လက်ဝါးပေါ်မှာ တင်ပြီးကြည့်လို့မြင်ရတာလိုပင် ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား သိမြင်ရတာပဲ၊ အဲဒီလို သိမြင်ရတာကို ပညာမျက်စိ ဖြစ်ပေါ်လာတယ်လို့ ဆိုရတယ်၊ အသိဉာဏ်ဖြစ်ပေါ် လာတယ် ဆိုတာလဲ အဲဒါကို ပြောတာပဲ။
အဲဒီကနောက် သမာဓိဉာဏ် တဆင့်တိုးတက်ပြီး အားကောင်းလာတဲ့အခါမှာ မျက်စိရှိလို့ မြင်တယ်၊ မြင်စရာ အဆင်းရှိလို့ မြင်တယ်၊ နားရှိလို့ ကြားတယ်၊ ကြားစရာ အသံရှိလို့ကြားတယ်၊ ကွေးချင်တဲ့စိတ်ရှိလို့ကွေးတယ်၊ ဆန့်ချင်တဲ့ စိတ်ရှိလို့ဆန့်တယ်၊ လှုပ်ချင်တဲ့စိတ်ရှိလို့ လှုပ်တယ်၊ အမှန်အတိုင်းမသိတဲ့ အဝိဇ္ဇာရှိလို့ နှစ်သက် လိုချင်တယ်၊ နှစ်သက် လိုချင်လို့ စွဲလမ်းတယ်၊ စွဲလမ်းလို့ ပြုလုပ်တယ်၊ ပြုလုပ်လို့ ကောင်းကျိုး မကောင်းကျိုး ဖြစ်ပေါ်ရတယ် စသည်ဖြင့်လဲ သဘောပေါက် သိမြင်လာတယ်။
အဲဒီကနောက် သမာဓိဉာဏ် တဆင့် တိုးတက်အားကောင်းလာတဲ့အခါမှာ မှတ်သိ ရတဲ့ အာရုံရော မှတ်သိမှုရော အသစ်အသစ် ဖြစ်ဖြစ်ပြီး ပျောက်ပျောက်သွားတာကို မျက်စိနဲ့ မြင်ရသလိုပင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိရတယ်၊ အဲဒီတော့ အနိစ္စ - မမြဲဘူးဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း ကိုယ်တိုင်တွေ့သိရတယ်၊ ဒုက္ခ ဆင်းရဲတွေ မကောင်းတာတွေချည်းပဲ၊ အနတ္တ - မတ္တကောင်မဟုတ်တဲ့ အစိုးမရတဲ့ သဘောတရားမျှပဲ - ဆိုတာတွေကိုလဲ ရှင်းရှင်းလင်းလင်း ကိုယ်တိုင် တွေ့ သိရတယ်။
အဲဒီ အနိစ္စ ဒုက္ခ အနတ္တ အသိဉာဏ်တွေ ရင့်သန်ပြည့်စုံတဲ့အခါမှာ ရုပ်နာမ်သင်္ခါရ ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းတဲ့ နိဗ္ဗာန်ကိုလဲ အရိယမဂ်ဉာဏ်ဖြင့် ဆိုက်ရောက်ပြီး တွေ့ရ သိမြင်ရတယ်။ အဲဒီလို သိမြင်တာတွေဟာ ထူးခြားတဲ့ ပညာမျက်စိတွေပဲ၊ ထူးခြားတဲ့ အသိဉာဏ်တွေပဲ။
ဒါကြောင့် သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ဖြစ်ဆဲ ဖြစ်ဆဲ ရုပ်နာမ်ကို မပြတ်ရှုမှတ်ပြီး သိသိနေတဲ့ ယောဂီတွေမှာ “စက္ခုကရဏီ ဉာာဏကရဏီ” ဆိုတဲ့ ဒီ ဒေသနာတော်အရ ရှုမှတ်ပြီး ပွါးစေရတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်လမ်းက ပညာမျက်စိကို ပွင့်စေတယ်၊ အသိဉာဏ်ကို ဖြစ်စေတယ်ဆိုတာ ကိုယ်တိုင်တွေ့အားဖြင့် ထင်ရှားနေပါတယ်။
အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များက ပြထားတဲ့အတိုင်း ကျက်မှတ်ပြီး ဆင်ခြင်နေရုံ မျှဖြင့် ဒီလိုထူးခြားတဲ့ အသိအမြင် ဖြစ်ပါမည်လား၊ မူလက ကျက်မှတ်ထားပြီးထက် ထူးခြားတဲ့ အသိအမြင် ဖြစ်ပါမည်လား၊ မစဉ်းစား မဆင်ခြင်ပဲ ပစ်ထားယင် ကျက်မှတ်ပြီးသားတွေတောင် မေ့ပျောက်မသွားပေဘူးလား၊ အဲဒါ ဘာကြောင့်လဲ ဆိုယင် ကိုယ်တိုင်တွေ့ပြီးသိတဲ့ ပညာသိမဟုတ်ပဲ ကျက်မှတ်ထားတဲ့ သညာသိမျှ ဖြစ်လို့ပဲဆိုတာ ထင်ရှားပါတယ်။ .
နောက်နောက်ကာလ၌ အသိထူးပုံ
▬▬▬▬▬▬▬▬▬▬▬
ကိုယ်တိုင်တွေ့ သိအောင် အားထုတ်ယင်တော့ ရှေးရှေးကာလထက် နောက်နောက် ကာလမှာ ထူးခြားတဲ့ အသိဉာဏ် ဖြစ်စမြဲပါပဲ။ ဒါကြောင့် တချိန်က အရှင် အာနန္ဒာဟာ ဘိက္ခုနီ ကျောင်းတိုက်သို့ သွားတယ်၊ အဲဒီအခါ ဘိက္ခုနီတို့က (ဣဓဘန္တေ အာနန္ဒ သမ္ဗဟုလာ ဘိက္ခုနိယော) အရှင်အာနန္ဒာဘုရား ဤ ကျောင်းတိုက်မှာ များစွာသော ဘိက္ခုနီ (ရဟန်းမ) တို့ဟာ (စတူသု သတိပဋ္ဌာနေသု သုပ္ပတိဋ္ဌိတစိတ္တာ ဝိဟရန္တိယော) လေးပါးသော သတိပဋ္ဌာန်တို့၌ ကောင်းစွာ တည်သောစိတ် ရှိကုန်လျက် နေကြသည်ဖြစ်၍ (ဥဠာရံ ပုဗ္ဗေနာပရံ ဝိသေသံ) ရှေးကာလမှ နောက်ကာလ၌ မြင့်မြတ်ထူးခြားသော အသိဉာဏ်ကို (သဉ္စာနန္တိ) သိကြ တွေ့ကြပါသည် ဘုရား - လို့ အရှင်အာနန္ဒာအား လျှောက်ကြတယ်၊ အရှင်အာနန္ဒာက “ဒီလို သိစမြဲ တွေ့စမြဲပါပဲ”လို့ ပြောဟောခဲ့ပြီးနောက် အဲဒီ အကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားတယ်။ အဲဒီအခါ မြတ်စွာဘုရားက -
ဧဝ မေတံ အာနန္ဒ၊ ဧဝ မေတံ အာနန္ဒ၊ ယောဟိ ကောစိ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ စတူသု သတိပဋ္ဌာနေသု သုပ္ပတိဋ္ဌိတ စိတ္တော ဝိဟရတိ၊ တဿေတံ ပါဋိကင်္ခံ ဥဠာရံ ပုဗ္ဗေနာပရံ သိသေသံ သဉ္စာနိဿတီတိ -
လို့ မိန့်တော်မူပါတယ်။
အာနန္ဒ - အာနန္ဒာ၊
ဧဝမေတံ - ထို သိပုံ တွေ့ပုံဟာ ဤအတိုင်းပင် မှန်ပေ၏၊
အာနန္ဒ - အာနန္ဒာ၊
ဧဝမေတံ - ထို သိပုံ တွေ့ပုံဟာ ဤအတိုင်းပင် မှန်ပေ၏၊
အာနန္ဒ - အာနန္ဒာ၊
ယော ဟိ ကောစိ - အမှတ်မရှိ တပါးပါးသော၊
ဘိက္ခု ဝါ - အမျိုးသား ရဟန်းဖြစ်စေ၊
ဘိက္ခုနီ ဝါ - အမျိုးသ္မီးရဟန်းဖြစ်စေ၊
စတူသု သတိပဋ္ဌာနေသု - လေးပါးသော သတိပဋ္ဌာန်တို့၌၊
သုပ္ပတိဋ္ဌိတစိတ္တော - ကောင်းစွာတည်သော စိတ်ရှိသည်ဖြစ်၍၊
ဝိဟရတိ - နေငြားအံ့၊
တဿ - ထိုအမျိုးသား အမျိုးသ္မီး ရဟန်းအား၊
ပုဗ္ဗေန - ရှေးကာလမှ၊ ဝါ - ရှေးကာလအထူးထက်၊
အပရံ - နောက်ကာလ၌ဖြစ်သော၊
ဥဠာရံ ဝိသေသံ - ကြီးကျယ်မြင့်မြတ်သောအထူးကို၊
သဉ္စာနိဿတီတိ - သိလိမ့်မည် တွေ့လိမ့်မည်ဟူသော၊
ဧတံ - ဤအကျိုးကို၊
ပါဋိကင်္ခံ - မုချရမည်ဟု ယုံကြည်ရပေ၏ - တဲ့။
အဲဒီမှာ ထူးခြားစွာ သိပုံကို အဋ္ဌကထာက ဒီလို ဖွင့်ပြထားပါတယ်။ .
အဋ္ဌကထာ ဖွင့်ပြပုံ
ဥဠာရံ ပုဗ္ဗေနာပရံ ဝိသေသန္တိ - ဝိသေသံ ဟူသည်ကား၊
ပုဗ္ဗဝိသေသတော - ရှေးကာလ အထူးထက်၊
အပရံ - နောက်ကာလ၌ဖြစ်သော၊
ဥဠာရဝိသေသံ - ကြီးကျယ်မြင့်မြတ်သော အထူးကို (ဟု ဆိုလို၏)၊
တတ္ထ - ထိုအထူးတို့တွင်၊
မဟာဘူတပရိဂ္ဂဟော - မဟာဘုတ်ရုပ်တို့ကို သိမ်းဆည်းခြင်း = ပိုင်းခြား၍ ရှုသိနိုင်ခြင်းသည်၊
ပုဗ္ဗဝိသေသော - ရှေးကာလ အထူးတည်း၊
ဥပါဒါရူပ ပရိဂ္ဂဟော - ဥပါဒါရုပ်တို့ကို သိမ်းဆည်းခြင်း = ပိုင်းခြား၍ ရှုသိခြင်းသည်၊
အပရဝိသေသောနာမ - နောက်ကာလ၌ အထူးမည်၏၊
တထာ - ထို့အတူပင်၊
သကလရူပ ပရိဂ္ဂဟော - ရုပ်အားလုံးကို သိမ်းဆည်းခြင်း = ပိုင်းခြား၍ ရှုသိခြင်းသည်၊
ပုဗ္ဗဝိသေသော - ရှေးကာလ အထူးပေတည်း၊
အရူပ ပရိဂ္ဂဟော - နာမ်ကို သိမ်းဆည်းခြင်း = ပိုင်းခြား၍ ရှုသိခြင်းသည်၊
အပရဝိသေသော နာမ - နောက်ကာလအထူးမည်၏၊
ရူပါရူပပရိဂ္ဂဟော - ရုပ်နာမ် ၂ - ပါးကို သိမ်းဆည်းခြင်း = ပိုင်းခြား၍ ရှုသိခြင်းသည်၊
ပုဗ္ဗဝိသေသော - ရှေးကာလအထူးပေတည်း၊
ပစ္စယပရိဂ္ဂဟော - အကြောင်းကို သိမ်းဆည်းခြင်း = ပိုင်းခြား၍ ရှုသိခြင်းသည်၊
အပရဝိသေသော နာမ - နောက်ကာလအထူးမည်၏၊
သပ္ပစ္စယနာမရူပဒဿနံ - အကြောင်းနှင့်တကွအကျိုး နာမ်ရုပ်ကို မြင်ခြင်းသည်၊
ပုဗ္ဗဝိသေသော - ရှေးကာလ အထူးပေတည်း၊
တိလက္ခဏာရောပနံ - လက္ခဏာသုံးပါးကို တင်ခြင်းသည်၊
အပရဝိသေသော နာမ - နောက်ကာလအထူးမည်၏၊
ဧဝံ - ဤနည်းဖြင့်၊
ပုဗ္ဗေန - ရှေးကာလအထူးထက်၊
အပရံ - နောက်ကာလ၌ ဖြစ်သော၊
ဥဠာရဝိသေသံ - ကြီးကျယ်မြင့်မြတ်သော အထူးကို၊
ဇာနာတိ - သိ၏၊
ဣတိ အတ္ထော - ဤကား အနက်ပေတည်း - တဲ့။
အဲဒါဟာ ရှေးကာလထက် နောက်ကာလ၌ မြင့်မြတ်သောအထူးကို သိပုံပါပဲ။ သတိပဋ္ဌာန် ဒေသနာတော်အရ ကာယာနုပဿနာကို ဖြစ်ပွားစေလျှင် “ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ” စသည်ဖြင့် ဟောထားသည့်အတိုင်း သွားဆဲရုပ် ရပ်ဆဲရုပ် ထိုင်ဆဲရုပ် လဲလျောင်းဆဲရုပ် ကွေးဆဲ ဆန့်ဆဲရုပ် လှုပ်ရှားပြုပြင်ဆဲရုပ်တွေကို စပြီးရှုရတယ်၊
အဲဒါဟာ တွန်းကန် တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဘူတရုပ်ကို စပြီးရှုတာပဲ၊ အဲဒီ ဘူတရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သိပြီးမှ မျက်စိအဆင်း, နားအသံစသော ဥပါဒါရုပ်တို့ကို မြင်တယ် ကြားတယ် စသည်ဖြင့် ရှုပြီး သိနိုင်တယ်၊ အဲဒီလို ရုပ်တွေကို ရှုသိပြီးမှ နာမ်ကိုရှုသိနိုင်တယ်၊ အဲဒီလို အစဉ်ဖြင့် ရှုသိခြင်း အထူးဖြစ်ပုံတွေကို ပြတာပါပဲ။
သရုပ်ခွဲပုံ ကျက်မှတ်ပြီးရှုယင် စချင်ရာက စပြီးရှုနိုင်တယ်
အဘိဓမ္မာဆိုင်ရာကျမ်းဂန်တွေမှာ ပြထားတဲ့အတိုင်း သရုပ်ခွဲပုံကို ကျက်မှတ်ပြီး ရှုမယ်ဆိုယင်တော့ ဘူတရုပ်က စပြီး မရှုပဲနာမ်ကစပြီး ရှုယင်လဲ ဖြစ်နိုင်တာပဲ၊ ရုပ်နာမ်ကို မရှုတော့ပဲ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် အကြောင်းအကျိုးကစပြီး ရှုယင်လဲ ဖြစ်နိုင်တာပဲ၊ အဖြစ်အပျက်ကစပြီး ရှုယင်လဲ ဖြစ်နိုင်တာပဲ၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးက စပြီး တင်၍လဲ ရှုနိုင်တာပဲ။
ဒါကြောင့် တချို့က “နာမရူပ ပရိစ္ဆေဒဉာဏ်မှ စပြီး ရှုတာကနှေးတယ်၊ ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ်မှစပြီး ရှုတာက မြန်တယ်၊ နှေးတဲ့ရှုနည်းကို မကြိုက်ဘူး၊ မြန်တဲ့ ရှုနည်းကို ကြိုက်တယ်”လို့တောင် ပြောတတ်ကြသေးတာပဲ။ ဒါပေမဲ့ အဲဒီလို ရုပ်နာမ်တွေ၏ သရုပ်သဘောတွေကို ကျက်မှတ်ထားဘူးသည့်အတိုင်း အလိုရှိရာမှ စပြီး ရှုတာကတော့ ထူးခြားတဲ့ ဝိပဿနာဉာဏ် အစစ် မဖြစ်ပါဘူး၊ “ရှေးရှေး ကာလထက် နောက်နောက်ကာလ၌ ထူးခြားတဲ့ အသိဉာဏ် ဖြစ်ပေါ်လာတာကို တွေ့ရတယ်” ဆိုတဲ့ ဒေသနာတော် နှင့်အညီ ဖြစ်ပုံကိုလဲမတွေ့ရပါဘူး၊
စာသင်သားများမှာ ကျက်မှတ်ထားပြီးစာကို အဖန်ဖန် ရွတ်ပြန်နေယင် အဲဒီစာ ကြေကြေညက်ညက် ဖြစ်သလိုပင် မိမိတို့ ကျက်မှတ်ထားဘူးတဲ့အတိုင်း ရုပ်နာမ်သရုပ် သဘောတွေ ကြေရုံမျှ ရှိတာပါဘဲ၊ မဖြစ်ဘူးတဲ့ အသိထူးဉာဏ်ထူး ဖြစ်လာတာ ကိုတော့ မတွေ့ကြရပါဘူး။ ဒါကြောင့် ထင်ရှားတဲ့ ကမ္မဋ္ဌာန်း ဌာနကြီးတခုမှာ သုတမယဉာဏ်ဖြင့် ကျက်မှတ်ပြီးတော့ ဝိပဿနာ ဉာဏ်စဉ်တွေ အစဉ်အတိုင်း တက်တက်ပြီး ပွါးများကြသတဲ့၊
ဒါပေမဲ့ သင်္ခါရုပေက္ခာဉာဏ်ကို ပွါးပြီးတဲ့အခါကျတော့ အနုလောမ ဂေါတြဘူ မဂ် ဖိုလ်ဉာဏ်တွေကို အဲဒီနည်းဖြင့် တက်ပြီး ပွါးလို့ မဖြစ်တာနဲ့ အစမှ တပတ်ပြန်ပြီး ပွါးများကြရတယ်လို့ တဆင့်စကား ကြားရဘူးတယ်၊ အဲဒါဟာ ဝိပဿနာ ဉာဏ်ထူး တရားထူးတွေကို ကိုယ်တက်ချင်တိုင်း တက်လို့ မဖြစ်ဘူးဆိုရာမှာ သာဓကပါပဲ။
သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ရှုသိပြီးတော့ မဇ္ဈိမပဋိပဒါ ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး တကယ် ဖြစ်ပွားလာယင်တော့ “စက္ခုကရဏီ ဉာဏကရဏီ”လို့ ဟောထားတဲ့ ဒီဓမ္မစကြာဒေသနာတော်နှင့်အညီ ရှေးရှေးကာလထက် နောက်နောက်ကာလမှာ ထူးခြားတဲ့အသိ ဉာဏ်တွေ ဖြစ်ပေါ်လာမှာ ဧကန်မလွဲပါပဲ။
ကိလေသာကို ငြိမ်းစေတယ်
နောက်ပြီးတော့ ဒီအလယ်လမ်းအကျင့်ဟာ ဥပသမာယ သံဝတ္တတိ - ကိလေသာ ငြိမ်းရန် အလို့ငှါလဲ ဖြစ်ပါတယ် - တဲ့။ မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွါးစေတဲ့ သူ၏သန္တာန်မှာ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အဲဒီမဂ္ဂင်တရားတွေက ကိလေသာကိုလဲ ငြိမ်းစေတတ်ပါ တယ်တဲ့၊ ဝိပဿနာမဂ္ဂင်တွေက တဒင်္ဂအားဖြင့် ငြိမ်းစေတယ်၊ အရိယမဂ္ဂင်တွေက အပြီးအပြတ် ငြိမ်းစေတယ်။
ကာမချမ်းသာခံစားတဲ့ အကျင့်လမ်းကတော့ ကိလေသာကို မငြိမ်းစေနိုင်တဲ့အပြင် တိုးပွါးစေတတ်တယ်၊ တကြိမ်လောက် ခံစားမိယင် အကြိမ်ကြိမ် အထပ်ထပ် ခံစားချင်တဲ့ ကိလေသာတွေ ပွါးလာတယ်၊ ကာမအာရုံတခုလောက် ရပြီးယင် ၂ - ခု ၃ - ခု စသည်ကို ရချင်တယ်၊ ၂ - ခု ၃ - ခု စသည်ရပြန်ယင်လဲ တဆယ်နှစ်ဆယ် စသည်ကို ရချင်ပြန်တယ်။ ဒီနည်းဖြင့် တိုးတိုးပြီး ရချင်နေတာပဲ၊ တော်လောက်ပြီလို့ အဆုံးသတ်တယ်မရှိဘူး၊
ယခုခေတ်မှာ ကြီးပွါး တိုးတက်နေတဲ့ နိုင်ငံတွေက ချမ်းသာကြွယ်ဝတဲ့လူတွေကို ကြည့်ပါ၊ သူတို့မှာ အစစအရာရာ အင်မတန်ပေါများ ပြည့်စုံပါတယ်၊ ဒါပေမဲ့ တော်လောက်ပြီလို့တော့ အဆုံးသတ်ခြင်း မရှိဘူး၊ ဒါကြောင့် “ကာမသုခအကျင့် လမ်းက ကိလေသာကို မငြိမ်းစေနိုင်ဘူး၊ ပွါးသာပွါးစေတယ်” ဆိုတာ ထင်ရှား နေပါတယ်။
ကိုယ်ပင်ပန်းအောင်ပြုတဲ့ အတ္တကိလမထ လမ်းကလဲကိလေသာကို မငြိမ်းစေနိုင်ဘူး၊ အဲဒီ အကျင့်ကိုကြိုက်တဲ့ သူတွေ၏ အမြင်နဲ့ဆိုယင်တော့ အလွန်အအေးခံခြင်း အလွန်အပူခံခြင်း အစာငတ်ခံခြင်း စသည်ကြောင့် အလွန်ပင်ပန်း ဆင်းရဲနေတဲ့အခါ ကာမဂုဏ်ခံစားလိုတဲ့ ကိလေသာ ငြိမ်းနေတယ်လို့ ယူဆကောင်း ယူဆကြပါ လိမ့်မယ်၊ ဒါပေမဲ့ အဲဒါက အကျင့်၏ အစွမ်းကြောင့် ငြိမ်းတာမဟုတ်ပါဘူး၊ ကိုယ်ပင်ပန်းလို့ ကိုယ်အားနဲလို့ မဖြစ်နိုင်တာပဲ၊
အဲဒီလို ငြိမ်းတာမျိုးကတော့ မကျန်းမာလို့ ကာယဗလ အားနဲနေတဲ့အခါ, ဒုက္ခဝေဒနာ ပြင်းထန်နေတဲ့ အခါ များမှာလဲ ငြိမ်းနေတာပါပဲ၊ ဒါပေမဲ့ နေထိုင်ကောင်းပြီး ကာယဗလ အားပြည့်လာတဲ့ အခါကျတော့ ကာမဂုဏ်ခံစားလိုတဲ့ ကိလေသာတွေ ဖြစ်မြဲ ဖြစ်လာပြန်တာပဲ၊ အဲဒါလိုပင် ကိုယ်ပင်ပန်းအောင် လုပ်တဲ့အကျင့်မှ ရပ်နားနေတဲ့အခါ, အဲဒီမှ ထွက်လာတဲ့အခါ ကိုယ်က အားရှိလာတော့ ငြိမ်းနေတယ်ဆိုတဲ့ အဲဒီကိလေသာတွေ ဖြစ်မြဲပင် ပြန်ဖြစ်မှာပဲ။
နောက်ပြီးတော့ အတ္တကိလမထ အကျင့်ကို ကျင့်နေဆဲမှာလဲ ကာမကိလေသာ အကြမ်းမဟုတ်တဲ့ အခြားကိလေသာတွေကတော့ ဖြစ်နေမှာပဲ၊ ဆင်းရဲငြိမ်းပြီး ချမ်းသာစွာ နေချင်တဲ့ ကိလေသာလဲ ဖြစ်မှာပဲ၊ ငါ ကျင့်နေတယ်လို့ စွဲလမ်းတဲ့ အတ္တဒိဋ္ဌိ ကိလေသာလဲ ဖြစ်နေမှာပဲ၊ ငါလိုအခြားသူတွေ မကျင့်နိုင်ဘူး စသည်ဖြင့် အထင်ကြီးတဲ့ မာနလဲ ဖြစ်မှာပဲ၊ အတ္တကိလမထ အကျင့်ကို ဆင်းရဲမှ လွတ်မြောက်ကြောင်းအနေဖြင့် ယုံကြည် စွဲလမ်းတဲ့ သီလဗ္ဗတပရာမာသဒိဋ္ဌိလဲ ဖြစ်မှာပဲ။
“အကျင့်မှားကို အကျင့်မှန်ထင်ယင် သီလဗ္ဗတပရာမာသဒိဋ္ဌိဖြစ်တယ်”
လမ်းမှန်မဟုတ်တဲ့ အကျင့်မှားကို အကျင့်မှန်အနေဖြင့် ယုံကြည် ယူစွဲတာကို သီလဗ္ဗတပရာမာသ ခေါ်တယ်၊ သီလသမာဓိပညာကို ဖြစ်စေနိုင်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မှ အလွတ်ဖြစ်တဲ့ အခြားတပါးသော အကျင့်ဟူသမျှကို ဗုဒ္ဓတရားတော်အရ သီလဗ္ဗတပရာမာသဒိဋ္ဌိလို့ ဆိုပါတယ်၊ အဲဒါကို တိုတိုနဲ့ဆောင် မှတ်ထားရအောင် ဘုန်းကြီးက ဆောင်ပုဒ်စီထားတယ်၊ “သစ္စာ မမြင်၊ မဂ္ဂင် မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်”တဲ့၊ အဲဒါကို လိုက်ဆိုကြရမယ်။
သစ္စာ မမြင်၊ မဂ္ဂင် မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။
ဒွါရ ၆ - ပါးက ထင်ရှား ဖြစ်ပေါ်နေတာတွေဟာ ဥပါဒါနက္ခန္ဓာခေါ်တဲ့ ရုပ်နာမ်တရား, ဒုက္ခသစ္စာ တရားတွေချည်းပဲ၊ အဲဒါတွေကို သိအောင် ရှုယင် မဂ္ဂင်တရားတွေဖြစ်ပြီး သစ္စာလေးပါးလုံးကို သိတယ်၊ အဲဒီလို သစ္စာကို သိအောင် ရှုတာ မဟုတ်ပါပဲ, မဂ္ဂင်ကို ပွါးစေတာ မဟုတ်ပါပဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှု ဟူသမျှဟာ သီလဗ္ဗတပရာမာသ ဒိဋ္ဌိချည်းပဲ၊ ယခုခေတ်မှာ “ရုပ်နာမ်သဘောတရား တွေကို ကြားနာကျက်မှတ်ပြီး သိရုံနဲ့ ကိစ္စပြီးတယ်၊ ဘာဝနာအလုပ်ကို အားထုတ်ဖို့ မလိုဘူး၊ သီလကိုတောင် ဆောက်တည်ဘို့ ကျင့်ဘို့ မလိုဘူး”လို့ ဟောပြော နေကြတာတွေ ရှိတယ်၊ အဲဒီဝါဒအတိုင်း ယုံကြည်စွဲလမ်းနေယင် သီလဗ္ဗတပရာမာသ အယူမှ လွတ်, မလွတ် စဉ်းစားကြည့်ကြရမယ်၊
ဘုန်းကြီး အမြင်အားဖြင့်တော့ အဲဒီ ဟောပြောချက်ထဲမှာ သီလ သမာဓိ ဝိပဿနာ ပညာဆိုတာ မပါတဲ့အတွက် သီလဗ္ဗတပရာမာသ အယူထဲမှာ ပါဝင်နေတယ်လို့ပဲ ထင်မြင်ပါတယ်။ သောတာပန်မှာဆိုယင် ဝိပဿနာရှုနည်း အကျင့်လမ်းမှန်ကို သိပြီး ဖြစ်တဲ့အတွက် အဲဒီ သီလဗ္ဗတပရာမာသ အယူမှားမဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် နောက်နောက် ဘဝတွေမှာလဲ အယူလွဲမှားခြင်း မဖြစ်တော့ဘူး၊ အင်မတန် ကောင်းတာပဲ၊ အဲဒါဟာ မဂ္ဂင်အကျင့်၏ အစွမ်းကြောင့် ကိလေသာ ငြိမ်းတာပါပဲ။
တဒင်္ဂအားဖြင့် ငြိမ်းစေပုံ
ခုတင်ကပြောခဲ့တဲ့အတိုင်း “ဝိပဿနာမဂ္ဂင်က ကိလေသာကို တဒင်္ဂအားဖြင့် ငြိမ်းစေတယ်”ဆိုတာ ဘယ်လိုလဲ ဆိုယင်၊ ရှုမိလို့ အနိစ္စ ဒုက္ခ အနတ္တ သဘောမျှပဲလို့ သိရတဲ့ အာရုံမှာ မြဲတဲ့အနေ ချမ်းသာတဲ့အနေ, အတ္တကောင်အနေဖြင့် စွဲလမ်းပြီး ဖြစ်မည့်ကိလေသာတွေဟာ မဖြစ်နိုင်တော့ဘူး၊ အဲဒါဟာ မရှုမိလို့ အမှန်အတိုင်း မသိယင် အဲဒီ အာရုံတွေမှာ ဖြစ်ခွင့်ရှိတဲ့ ကိလေသာတွေကို တဒင်္ဂပဟာန်အားဖြင့် ပယ်တာပါပဲ၊
တဒင်္ဂပဟာန်ဆိုတာ (တေန တေန ဝိပဿနာယ အဝယဝဘူတေန ဉာဏင်္ဂေန) အပေါင်းဝိပဿနာ၏ အစိတ်ဖြစ်သော ထိုထိုဉာဏ်တစိတ်ဖြင့် (တဿ တဿ ပဟာကဗ္ဗဓမ္မဿ) ထိုထိုပယ်သင့်သော ကိလေသာ တရားကို (ပဋိပက္ခဝသေနေဝပဟာနံ) အလင်းက အမှောင်ကို ပယ်သလို ဆန့်ကျင်ဖက် အလိုအားဖြင့် ပယ်ခြင်းကို ဆိုတာပါပဲ၊ (ဝိသုဒ္ဓိမဂ် ဒု - ၃၃၅) အဲဒါဟာ မရှုမိယင် ဖြစ်ခွင့်ရှိတဲ့ အာရမ္မဏာနုသယကိလေသာကို ရှုမှုဝိပဿနာဉာဏ်တစိတ်ဖြင့် ပယ်ပုံ ကင်းစေပုံကို ပြတာပါပဲ၊ အဲဒီ ဝိသုဒ္ဓိမဂ် ပြဆိုပုံကို ပညာရှိတို့ အလေးအနက် ဆင်ခြင်သင့်ပါတယ်၊
သုတမယဉာဏ်ဖြင့် မှတ်သားထားတဲ့အတိုင်း ဆင်ခြင်းရုံမျှဖြင့် ဝိပဿနာ ဖြစ်သည်ဟု ဆိုယင် အဲဒီ ဝိပဿနာက ဘယ်အာရုံ၌ ဖြစ်ခွင့်ရှိတဲ့ အာရမ္မဏာနုသယကို ပယ်တာ ပါလဲ၊ စဉ်းစားသင့်ပါတယ်၊ ရှုအပ်တဲ့ အာရုံက တိတိကျကျမရှိယင် ဒီပြဿနာကို ဖြေရန်ခက်ပါလိမ့်မယ်။
သတိပဋ္ဌာန် နည်းအရ ဖြစ်ပေါ်ဆဲ ရုပ်နာမ်ကို ရှုနေတဲ့ ယောဂီမှာတော့ ရှုမိတဲ့အာရုံလဲ တိတိကျကျ ရှိတယ်၊ မရှုမိတဲ့ အာရုံတွေလဲ ရှိတာပဲ၊ ဒါကြောင့် “ရှုမိတဲ့အာရုံ၌ ဖြစ်ခွင့်ရှိတဲ့ အာရမ္မဏာနုသယ ကိလေသာကိုပယ်တယ်၊ မရှုမိတဲ့ အာရုံတွေမှာ ဖြစ်ခွင့်ရှိတဲ့ ကိလေသာတွေကိုတော့ မပယ်နိုင်ဘူး”လို့ အလွယ် တကူနဲ့ပင် ဖြေရှင်းနိုင်ပါတယ်။
အဲဒီလို ရှုမိတဲ့အာရုံမှာ ဖြစ်ခွင့်ရှိတဲ့ အာရမ္မဏာနုသယ ကိလေသာကို ဝိပဿနာ မဂ္ဂင်တွေက တဒင်္ဂအားဖြင့် ပယ်ပြီးတဲ့နောက် ထိုပုဂ္ဂိုလ်၏သန္တာန်မှာ ဖြစ်ထိုက်တဲ့ သန္တာနာနုသယ ကိလေသာတွေကို အရိယမဂ္ဂင်တွေကပယ်တယ်။ ဒါကြောင့် သောတာပန်မှာ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသတို့နှင့်တကွ အပါယ်သို့ ကျရောက်စေနိုင်တဲ့ ကိလေသာ ဟူသမျှအကုန် ကင်းငြိမ်းသွားတယ်၊
သကဒါဂါမ်မှာ ကြမ်းတမ်းတဲ့ ကာမရာဂ ဗျာပါဒတွေ အကုန်ငြိမ်းတယ်၊ အနာဂါမ်မှာ သိမ်မွေ့တဲ့ ကာမရာဂ ဗျာပါဒတွေ အကုန်ငြိမ်းတယ်၊ ရဟန္တာမှာ ရူပရာဂ အစရှိသော ကိလေသာ ဟူသမျှ အကုန်ငြိမ်းတယ်။ အဲဒီလို ဝိပဿနာမဂ္ဂင်, အရိယမဂ္ဂင်တွေက ကိလေသာတွေကို (တဒင်္ဂ) တစိတ်တပိုင်းအားဖြင့် ဖြစ်စေ၊ (သမုစ္ဆေဒ) အမြစ်ပြတ် အားဖြင့် ဖြစ်စေ ကင်းငြိမ်းစေနိုင်တာကို ရည်ပြီးတော့မြတ်စွာဘုရားက (ဥပသမာယ သံဝတ္တတိ) ကိလေသာ ငြိမ်းရန် အလို့ငှါလဲ ဖြစ်တယ်လို့ ဟောတော်မူတာပါပဲ။
ထူးသောဉာဏ်ဖြင့် သိပုံ
နောက်ပြီးတော့ အဘိညာယ သံဝတ္တတိ - ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါလဲ ဖြစ်ပေ၏ - တဲ့။ ဒီပုဒ်ကလဲ စက္ခုကရဏီ ဉာဏကရဏီဆိုတဲ့ ပုဒ်များနှင့် အရအားဖြင့်တော့ အတူတူပါပဲ၊ ဒါပေမဲ့ အကျိုးအာနိသင်အနေနဲ့ ထူးတဲ့အတွက် ထပ်ပြီး ဟောတော်မူပြန်တာပါဘဲ၊ သစ္စာလေးပါး အမှန်တရားတွေကို ထူးသောဝိပဿနာဉာဏ်, အရိယမဂ်ဉာဏ်တို့ဖြင့် သိဘို့လဲဖြစ်ပါတယ်တဲ့၊
ရှေးရှေး ခဏကာလများက ဖြစ်ပွါးစေခဲ့တဲ့ ဝိပဿနာမဂ္ဂင်တရား၏ အထောက်အပံ့ဖြင့် နောက်နောက်၌ ဖြစ်ပွါးလာတဲ့ ဝိပဿနာဉာဏ်က သစ္စာလေးပါး အမှန်တရား တွေကို သိသိသွားတယ်၊ အဲဒီလို သိတာကလဲ တိုက်ရိုက်အားဖြင့်ဆိုယင် ရှုမိတဲ့ ဥပါဒါနက္ခန္ဓာခေါ် ဒုက္ခသစ္စာကိုသာ သိတာပါပဲ။
အဲဒီ ဒုက္ခသစ္စာ ရုပ်နာမ်တရားကို အနိစ္စလို့လဲ သိတယ်၊ ဒုက္ခလို့လဲသိတယ်၊ အနတ္တလို့လဲ သိတယ်၊ အဲဒီလို သိတိုင်း သိတိုင်း အဲဒီသိရတဲ့ ရုပ်နာမ်တရားတွေမှာ သာယာနှစ်သက်မည့် တဏှာ သမုဒယဟာ ဖြစ်ခွင့် မရှိတော့ပဲ ကင်းငြိမ်း ကင်းငြိမ်း သွားတယ်၊ အဲဒါကို ပဟာနာဘိသမယ ခေါ်တယ်၊ ပယ်သောအားဖြင့် သမုဒယ တဏှာကို သိတာတဲ့၊ တဲ့တဲ့ ပြောရယင် ပယ်တာ ကင်းငြိမ်းစေတာကိုပင် သိတယ်လို့ဆိုတာပါပဲ၊ အာရုံပြုပြီးသိတာတော့ မဟုတ်ဘူး။
ရုပ်နာမ်တရားတွေကို သိတိုင်းတိုင်း အလွဲအမှား သိမည့်အဝိဇ္ဇာ ကင်းတယ်၊ အဝိဇ္ဇာကင်းငြိမ်းတော့ သင်္ခါရ ဝိညာဏ် အစရှိသော ဆင်းရဲတွေလဲ ကင်းငြိမ်း သွားတယ်၊ အဲဒီလို တဒင်္ဂအားဖြင့် ဆင်းရဲငြိမ်းတာက တဒင်္ဂနိရောဓသစ္စာပဲ၊ အဲဒီ တဒင်္ဂနိရောဓကိုလဲ ရှုတိုင်း ရှုတိုင်း ပြီးမြောက်စေသောအားဖြင့် ဆိုက်ရောက် ဆိုက်ရောက်သွားတယ်၊ အဲဒါ တဒင်္ဂနိရောဓကို ဝိပဿနာဖြင့် မျက်မှောက်ပြုတာပဲ၊ အာရုံပြုတာတော့မဟုတ်ဘူး၊ ပြီးမြောက်စေရုံမျှပါပဲ။
ရှုသိတိုင်း ရှုသိတိုင်း သမ္မာဒိဋ္ဌိအမှူးရှိသော ဝိပဿနာမဂ္ဂင်များ ဖြစ်ဖြစ်သွားတယ်၊ အဲဒါကို ဘာဝနာဘိသမယ ခေါ်တယ်၊ မိမိသန္တာန်၌ ဖြစ်ပွါးစေသောအားဖြင့် ဝိပဿနာမဂ္ဂသစ္စာကို သိတာတဲ့၊ ရှုခိုက်မှာတော့ အာရုံပြုပြီးသိတာ မဟုတ်ဘူး၊ ဒါပေမဲ့မိမိသန္တာန်ဖြစ်တဲ့ တရားဆိုတော့ ဆင်ခြင်ကြည့်ယင် အထင်အရှားသိနိုင်တော့ တာပါပဲ။
ယခုပြောခဲ့တဲ့အတိုင်း ဒုက္ခသစ္စာဖြစ်တဲ့ ရုပ်နာမ်ကို ရှုသိလိုက်ရုံနဲ့ ကျန်သစ္စာ သုံးပါးကိုလဲ သိသင့်သည့်အတိုင်း သိသောကြောင့် ထူးသော ဝိပဿနာ ဉာဏ်ဖြင့် သစ္စာလေးပါးကို သိတယ်လို့ပဲ ဆိုရတယ်၊ အဲဒီလို ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါလဲ ဖြစ်ပါတယ်တဲ့။
နောက်ပြီးတော့ ထူးသော အရိယမဂ်ဉာဏ်ဖြင့်လဲ သိရန်အလို့ငှါ ဖြစ်ပါတယ်တဲ့၊ ဝိပဿနာမဂ္ဂင်တွေက ရင့်သန် ပြည့်စုံတဲ့အခါမှာ နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုပြီး အရိယမဂ္ဂင်များဖြစ်ပေါ်တယ်၊ အဲဒီအခါ အရိယမဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို သိသင့်သည့်အတိုင်း သိသွားတယ်၊ သိပုံအကျယ်ကိုတော့ နောက်ပိုင်းကျမှ ပြောရမယ်။ ဒါကြောင့် အဘိညာယ - ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါလဲ ဖြစ်ပေသည် - လို့ မိန့်တော်မူပါတယ်။
ထိုးထွင်း၍ သိပုံ
နောက်ပြီးတော့ သမ္ဗောဓာယ - ထိုးထွင်း၍ သိရန်အလို့ငှါလဲ ဖြစ်ပေ၏ - တဲ့။ အဘိညာနဲ့ သမ္ဗောဓကို သရုပ်တရားကိုယ်အားဖြင့် ခွဲခြားပြီး ဖွင့်ပြချက်မရှိပါဘူး၊ ဒါကြောင့် ဝေါဟာရမျှသာ ကွဲတယ်လို့ ဆိုရမှာပဲ။ ကွဲပုံကတော့ အဘိညာ ဆိုတာ ရှေးကမဖြစ်ဘူးသေးတဲ့ ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်ပဲ၊ သမ္ဗောဓ ဆိုတာ ကတော့ ထိုးထွင်းသိတယ်လို့ ပြန်လေ့ရှိကြတဲ့အတိုင်း ရှေးက မသိနိုင်မမြင်နိုင် တာတွေကို ဖောက်ထွင်းပြီး သိမြင်တယ်လို့ ဆိုတာပါပဲ၊
ဥပမာအားဖြင့် ကန့်လန့်ကာကြီး ကွယ်နေလို့ တဖက်က အရာဝတ္ထုတွေကို မမြင်နိုင်ဘူးဆိုပါတော့၊ အဲဒီလို မမြင်နိုင်ရာမှာ ကန့်လန့်ကာကြီးကို ဖောက်ခွဲ လိုက်ယင် တဖက်က ဟာတွေကို မြင်ရတယ်၊ တနည်းအားဖြင့် နံရံကွယ်နေလို့ မမြင်နိုင်တာတွေကို ပြူတင်းပေါက် ဖွင့်ပြီး ကြည့်လိုက်တော့ နံရံကို ဖောက်ပြီး မြင်ရတယ်၊ အဲဒါလိုပါပဲ၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း အဝိဇ္ဇာက အလွဲကို သိနှင့် သိနှင့်ပြီး အမှန်ကို ဖုံးကွယ်နေတယ်၊
ဒါကြောင့် သစ္စာလေးပါးကို မသိနိုင်ပဲ ရှိနေကြတယ်၊ အဲဒီလို ရှိနေရာမှာ ရှုမှတ်ပြီး မဂ္ဂင်ရှစ်ပါးကို ပွါးလိုက်တော့ ရှေးက မသိနိုင်ခဲ့တဲ့ အမှန်တရားတွေကို ဝိပဿနာ ဉာဏ်ဖြင့်လဲ သိရတယ်၊ အရိယမဂ်ဉာဏ်ဖြင့်လဲ သိရတယ်၊ အဲဒါဟာ အဝိဇ္ဇာ အကွယ် အကာကို ဖောက်ထွင်းပြီး သိတာနဲ့တူပါတယ်၊ ဒါကြောင့် ထိုးထွင်းသိတယ်လို့ ဆိုရပါတယ်။ အဲဒီလို မသိနိုင်အောင် ဖုံးကွယ်နေတဲ့ သစ္စာလေးပါးကို ထိုးထွင်းပြီး သိရန် အလို့ငှါလဲ ဖြစ်ပါတယ် တဲ့။
အဲဒီအဘိညာခေါ်တဲ့ ထူးသောအသိမျိုး၊ သမ္ဗောဓခေါ်တဲ့ နက်နက်နဲနဲ ထိုးထွင်းသိတဲ့ အသိမျိုးကိုတော့ ကာမသုခအကျင့် အတ္တကိလမထ အကျင့်တွေက မဖြစ်စေ နိုင်ကြောင်း အလွန်ပင် ထင်ရှားနေပါပြီ။
နိဗ္ဗာန်မျက်မှောက်ပြုပုံ
နောက်ပြီးတော့ အလယ်လမ်းအကျင့်ဆိုတဲ့ ဒီမဂ္ဗင် ရှစ်ပါးဟာ -
နိဗ္ဗာနာယ သံဝတ္တတိ - နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါလဲ ဖြစ်ပေ၏၊
ဝါ - ဆင်းရဲခပ်သိမ်း ငြိမ်းရန်အလို့ငှါလဲ ဖြစ်ပေ၏ - တဲ့။
အရဟတ္တမဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို ထိုးထွင်း၍သိလျှင် အရဟတ္တဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကိစ္စလဲ ပြီးတော့တာပါပဲ၊ ဒါပေမဲ့ နိဗ္ဗာန်ဆိုတာ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ကျင့်တဲ့ပုဂ္ဂိုလ်တွေအတွက် အမြင့်အမြတ်ဆုံး နောက်ဆုံးပန်းတိုင် တရားဖြစ်တဲ့အတွက် ထပ်ပြီးတော့ အသီးအခြား ဖော်ပြတော် မူပါတယ်။
ဆိုလိုတာကတော့ ဒီမဂ္ဂင်ရှစ်ပါးတရားကို ကျင့်သုံးပွါးများယင် ထူးသော အရိယ မဂ်ဉာဏ်များဖြင့် သစ္စာလေးပါးကို ထိုးထွင်း သိမြင်ပြီးလျှင် နောက်ဆုံး၌ အရဟတ္တဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် သိမြင်ပြီး ဆိုက်ရောက်ရမယ်၊ အဲဒီလို ဆိုက်ရောက်င်္ပြီးလျှင် နောက်ဆုံးဖြစ်တဲ့ ပရိနိဗ္ဗာန် စုတိမှနောက်၌ ဘဝသစ် ရုပ်နာမ် ခန္ဓာအသစ်တွေ မဖြစ်လာတော့ပဲ ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းသွားမယ်၊ ဒီ မဂ္ဂင်ရှစ်ပါးအကျင့်က အဲဒီလို နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဆင်းရဲခပ်သိမ်း အကုန် ငြိမ်းဘို့ရာလဲ ဖြစ်တယ်လို့ ဆိုလိုပါတယ်။
ဒါကြောင့် အဲဒီ အလယ်လမ်းအကျင့်ဖြင့် ရနိုင်မည့်အကျိုးအာနိသင်များကို ဒီလို ဆောင်ပုဒ် စီထားပါတယ်၊ “လမ်းမှန်ကို လျှောက်၊ ဉာဏ်မြင် ပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်”တဲ့။ အဲဒီဆောင်ပုဒ်ထဲမှာ “ဉာဏ်မြင်ပေါက်” ဆိုတဲ့ စကားဖြင့် “စက္ခုကရဏီ ဉာဏကရဏီ”အရ ပညာမျက်စိနဲ့ အသိဉာဏ်ဖြစ်ပုံကို တိုက်ရိုက် ပြပါတယ်၊
အဲဒီဉာဏ်အမြင် ဖြစ်ပေါ်ယင် ကိလေသာငြိမ်းတာ, အထူးသိတာ, ထိုးထွင်း သိတာတွေလဲ ပါဝင်သွားပါတယ်၊ ဒါကြောင့် တိုတိုနဲ့လဲ ပြီးစေရန် အဲဒီ ကိလေသာ ငြိမ်းတာ, အထူးသိတာ, ထိုးထွင်း သိတာတွေကို “ဉာဏ်မြင်ပေါက်” ဆိုတာထဲ ထည့်သွင်းပြီး စီထားပါတယ်၊ အဲဒီ ဆောင်ပုဒ်ကလဲ ရှေးဆောင်ပုဒ်များနဲ့ ဆက်စပ်ကြည့်မှ ပေါ်လွင်မယ်၊ ဒါကြောင့် ရှေး ဆောင်ပုဒ်များပါ ပေါင်းပြီး ဆိုကြရမယ်။
ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါ ရှောင်ရမည်။
မသုံးဆောင်ပဲ၊ ကိုယ်ညှဉ်းဆဲ၊ ဒါလဲ ရှောင်ရမည်။
အစွန်း ၂ - သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန်ဖြစ်ပေသည်။
လမ်းမှန်ကို လျှောက်၊ ဉာဏ်မြင်ပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်။
မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်း အကျင့်ဖြင့် ရနိုင်တဲ့ အကျိုးအာနိသင်တွေကတော့ စုံသွားပြီ၊ အဲဒါတွေဟာ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် လိုလားတဲ့ပုဂ္ဂိုလ်များ၏ တကယ် အလိုရှိအပ်တဲ့ အကျိုးတွေ အပြည့်အစုံပါပဲ၊ ဒါထက်တော့ပိုပြီး အလိုရှိအပ်တဲ့ အကျိုးရယ်လို့ မရှိတော့ပါဘူး၊ ယခု သိဘို့ရာ လိုတာကတော့ အဲဒီအလယ်လမ်း အကျင့်ဆိုတာ ဘယ်လို တရားတွေပဲလို့ သိဘို့ရာလောက် လိုပါတော့တယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒါကို ဖော်ပြဘို့ရာ ရှေးဦးစွာ ဒီလို မေးခွန်း ထုတ်ပြတော် မူပါတယ်။
အလယ်လမ်းအကျင့်၏ သရုပ်
ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
တထာဂတေန အဘိသမ္ဗုဒ္ဓါ - သင်တို့ဆရာ ငါဘုရား သိလာပြီဟု ဆိုသော၊
စက္ခုကရဏီ ဉာဏကရဏီ - ပညာမျက်စိနှင့် အသိဉာဏ်ကို ပြုတတ် ဖြစ်စေတတ် သည်ဟု ဆိုသော၊
ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ - ကိလေသာငြိမ်းရန် အထူးသိရန် ထိုးထွင်း၍သိရန် ဆင်းရဲခပ်သိမ်း ငြိမ်းရန်အလို့ငှါ ဖြစ်သည်ဟု ဆိုသော၊
သာ မဇ္ဈိမာ ပဋိပဒါ - ထိုအလယ်လမ်းအကျင့်သည်၊
ကတမာ စ - အဘယ်ပါနည်း - တဲ့။
အဲဒါ ဖြေရှင်းပြမယ်လို့ ထုတ်ပြတဲ့ မေးခွန်းပဲ။ ယခုခေတ်အသုံးနဲ့ ဆိုယင်တော့ “အဲဒီ အလယ်လမ်းအကျင့်က ဘယ်ဟာလဲ”လို့ ဒါလောက်နဲ့ ပြည့်စုံပါတယ်။ ဒါပေမဲ့ ဘုရားလက်ထက်က သုံးစွဲတဲ့ ဝေါဟာရတွေကတော့ သူ့ဆိုင်ရာ ဂုဏ်ပုဒ်တွေပါ အပြည့်အစုံဖော်ပြပြီး မေးရတယ်၊ ယခုခေတ်လူတွေအမြင်နဲ့ ဆိုယင်တော့ စကားလုံးတွေ ပိုပြီး စကားရှည်နေတယ်လို့ ထင်ကြမှာပဲ၊ ဒါပေမဲ့ အဲဒီလို ပြည့်ပြည့် စုံစုံပြပြီး မေးတာက တိကျပြည့်စုံတယ်လို့ ဆိုရမှာပဲ။ အဲဒီမေးခွန်းရဲ့ အဖြေကတော့ -
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အဋ္ဌင်္ဂိကော - အင်္ဂါရှစ်ပါးရှိသော၊
အယမေဝ အရိယော မဂ္ဂေါ - ဤအရိယမဂ်ပင်တည်း၊
မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်း အကျင့်ဆိုတာ ဟောဒီ အရိယမဂ်ပါပဲ - ဒိပြင် လမ်းလဲ မရှိဘူးလို့ မြတ်စွာဘုရားက မျက်မှောက်မှာရှိနေတဲ့ အရာဝတ္ထုကို လက်ညှိုး ထိုးပြလိုက်သလို, လက်နဲ့ကိုင်ပြီး ပြလိုက်သလိုပင် ဖြေကြားတော်မူပါတယ်၊ အဲဒါ အထူးသတိပြုစရာကောင်းတယ်၊ မြတ်စွာဘုရားမှာ ဒီ အရိယမဂ်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးက အလွန်ထင်ရှားနေတဲ့အတွက် ဒီလို ပြဆိုတော်မူခြင်းဖြစ်ပါတယ်။
ယခု လူတွေမှာလဲ မိမိအနီးအပါး၌ ထင်ရှားရှိနေတဲ့အရာကို သူတပါးက ဘယ်ဟာ လဲလို့ မေးယင် ဟောဒါပါပဲလို့ဖြေကြတယ်၊ အနီးအပါး၌ ထင်ရှားရှိနေတဲ့လူကို မေးယင် ဟောဒီ လူပါပဲလို့ ဖြေကြတယ်၊ အဲဒါလိုပဲ မြတ်စွာဘုရားမှာ ဒီ အရိယမဂ်က အလွန်ထင်ရှား နေတဲ့အတွက် ဟောဒီမဂ်ပဲလို့ ဖြေတော်မူပါတယ်။ ဘုန်းကြီးတို့၏ တပည့် ယောဂီတွေမှာလဲ ထင်ရှားနေတဲ့ ဝိပဿနာမဂါကို သူတပါးက မေးယင် ဟောဒီလို မှတ်သိနေတာပါပဲလို့ ဖြေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အရိယမဂ်မှာ ပါဝင်တဲ့ တရားကိုယ်တွေက ဘာတွေလဲလို့ မထင်ရှားသေးဘူး၊ ဒါကြောင့် အဲဒီ တရားကိုယ်တွေကို ဒီလို ဖော်ပြတော်မူပြန်ပါတယ်။
အရိယမဂ္ဂင် ရှစ်ပါး
သေယျထိဒံ - ယင်း အရိယမဂ်က ဘယ်ဟာလဲ ဆိုလျှင်၊
၁။ သမ္မာဒိဋ္ဌိ - မှန်စွာမြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပေါ - မှန်စွာ ကြံခြင်း၊
၃။ သမ္မာဝါစာ - မှန်စွာ ပြောခြင်း၊
၄။ သမ္မာကမ္မန္တော - မှန်စွာ ပြုခြင်း၊
၅။ သမ္မာအာဇီဝေါ - မှန်စွာ အသက်မွေးခြင်း၊
၆။ သမ္မာဝါယာမော - မှန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ - မှန်စွာ အမှန်ရခြင်း၊
၈။ သမ္မာသမာဓိ - မှန်စွာ စူးစိုက်တည်ကြည်ခြင်း - တဲ့။
အဲဒါဟာ မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်းထဲမှာ ပါဝင်တဲ့ မဂ္ဂင်ရှစ်ပါးတရားပါပဲ။ ဒါလောက်ဆိုယင် မဇ္ဈိမပဋိပဒါ အကျင့်က ဘယ်ဟာလဲဆိုတဲ့ မေးခွန်း၏ အဖြေဟာ ပြည့်စုံလောက်ပါပြီ။ သို့ပေမဲ့ မြတ်စွာဘုရား၏ စကားတော်များမှာ ဖြေပြီးတဲ့နောက် နိဂုံးချုပ်စကား ဆိုတာကလဲ ရှိရသေးတယ်၊ ဒါကြောင့် ဒီလို နိဂုံးချုပ်တော်မူပါတယ်။
အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
တထာဂတေန အဘိသမ္ဗုဒ္ဓါ - သင်တို့ ဆရာ ငါဘုရားသိလာပြီဟု ဆိုသော၊
စက္ခုကရဏီ ဉာဏကရဏီ - ပညာမျက်စိနှင့် အသိဉာဏ်ကို ပြုတတ် ဖြစ်စေတတ် သည်ဟု ဆိုသော၊
ဥပသမာယ အဘိညာယ သမ္ဗောဓာယနိဗ္ဗာနာယ သံဝတ္တတိ - ကိလေသာငြိမ်းရန် အထူးသိရန် ထိုးထွင်း၍သိရန် ဆင်းရဲခပ်သိမ်းငြိမ်းရန် အလို့ငှါ ဖြစ်သည်ဟု ဆိုသော၊
သာ မဇ္ဈိမာ ပဋိပဒါ - ထို အလယ်လမ်းအကျင့်သည်၊
အယံ ခေါ - ဤ ဖော်ပြခဲ့သော အရိယမဂ္ဂင် ရှစ်ပါးပင်တည်း - တဲ့။
မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါးကို သရုပ်ထုတ်ပြတာကတော့ ပြည့်စုံသွားပါပြီ၊ ဒီမဂ္ဂင်ရှစ်ပါး၏ အနက်အဓိပ္ပါယ် အကျယ်နှင့် ဖြစ်ပွါးစေပုံများကို ဖွင့်ပြဟောပြောဘို့ပဲ လိုတော့တယ်၊ ဒီကနေ့တော့ ဟောဘို့အချိန်မရှိပါဘူး၊ နောက်သီတင်းကျမှ အဲဒီ အကျယ်ကို ဟောရမယ်၊ ဒီကနေ့တော့ ဒီတွင်ပဲ ရပ်ပြီး တရားသိမ်းကြစို့။
ဤဓမ္မစကြာ တရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်း အာနုဘော်ကြောင့် ယခုတရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည်။ပ။ လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ။
သာဓု.....၊သာဓု.....၊သာဓု.....။
ဓမ္မစကြာတရားတော်ကြီး ဒုတိယပိုင်း ပြီးပြီ။
ဓမ္မစကြာတရားတော်ကြီး
တတိယပိုင်း
(၁၃၂၄ - ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ဖွင့်ပြဟောကြားသည်။)
တရားအနုသန္ဓေ
ဒီကနေ့ ၁၃၂၄ - ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ဖြစ်တယ်၊ ရဟန်းတော်များမှာ ဝါဆိုလပြည့်ကျော် ၁ - ရက်နေ့ကစပြီး ဝါဆို ဝါကပ်နေကြရာတွင် ယနေ့ဟာ ဝါတွင်းသုံးလပြည့်တဲ့ နောက်ဆုံးနေ့ ဝါကျွတ်တဲ့နေ့ ဖြစ်တယ်၊ ဒီ သုံးလအတွင်းမှာ မြတ်စွာဘုရား ခွင့်ပြုထားတဲ့ အကြောင်းထူး မရှိပါပဲနဲ့ဆိုယင် တခြားအရပ်သို့ ညဉ့်အိပ်ညဉ့်နေ မသွားရဘူး၊
အဲဒီအကြောင်းထူး ရှိယင်တော့ ခုနစ်ရက်အတွင်း သွားနိုင်တယ်၊ ယနေ့ညအဆုံး အရုဏ်တက်အချိန်မှာ အဲဒီ ဝါတွင်းသုံးလ ကုန်ဆုံး သွားတယ်၊ အဲဒီ အရုဏ် တက်သည်မှ စပြီး ဝါပဖြစ်သွားတယ်၊ ရဟန်းတော်များ ညဉ့်အိပ် ညဉ့်နေ သွားလိုရာ သွားနိုင်တယ်၊ ဒါကြောင့် ဒီကနေ့ဟာ သီတင်းဝါလကျွတ်တဲ့နေ့ ဖြစ်တယ်။
ပဝါရဏာ အကြောင်း
နက်ဖြန်ဆိုယင် ရဟန်းတော်များဟာ သွားလိုရာ သွားနိုင်ပြီ၊ ဒါကြောင့် အကြောင်းအားလျော်စွာ သွားလိုတဲ့ ပုဂ္ဂိုလ်များက သွားကြမှာ ဖြစ်တဲ့အတွက် ဒီကနေ့မှာ အချင်းချင်းဖိတ်မန်ပန်ကြားတဲ့ ပဝါရဏာကို ပြုကြရတယ်။ ပဝါရဏာ ဆိုတာ မိမိ၏ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ မယုံသင်္ကာ ရှိလျှင်ဖြစ်စေ ပြောဆိုဘို့ ဖိတ်မန်ပန်ကြားတာပါပဲ၊
ဘာကြောင့် ဒီလို ဖိတ်မန်ပန်ကြားရသလဲ ဆိုယင်၊ ကိုယ့်အပြစ်ကို သူများကသာသိပြီး ကိုယ့်ဟာ ကိုယ်တော့ မသိတာလဲ ရှိနေတတ်တယ်၊ အဲဒီလို အပြစ်များ ရှိနေပါက အခြားရဟန်းများက ပြောပြဘို့၊ အဲဒီလိုပြောပြလို့ အပြစ်ကိုသိရယင် အပြစ် ကင်းအောင် ဒေသနာ ပြောကြားခြင်း စသည်ဖြင့် ကုစားဘို့ပါပဲ၊ ဒီလို ကုစားပြီးတော့ သီလစင်ကြယ်ဘို့ သီလ ဝိသုဒ္ဓိ ပြည့်စုံဘို့၊ အဲဒီလို သီလဝိသုဒ္ဓိ ပြည့်စုံပြီးတော့ တရားအားထုတ်ပြီး စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ စသည် ပြည့်စုံသွားဘို့ပါပဲ။
အဲဒါဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး, ဈာန်မဂ်ဖိုလ် တရားထူး ရရေးများအတွက် အင်မတန်ကောင်းတဲ့ အစီအစဉ်ပါပဲ၊ အဲဒီလို အလွန်ကောင်းတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် ဒီ သီတင်းကျွတ် လပြည့်နေ့မှာ သံဃာငါးပါးရှိလျှင် သံဃာအား ဖိတ်မန်ပန်ကြားဘို့, ငါးပါးမရှိယင်တော့ အချင်းချင်း ဖိတ်မန်ပန်ကြားဘို့ မြတ်စွာဘုရားက သိက္ခာပုဒ်အဖြစ်နဲ့ ပညတ်ထားတော်မူခဲ့ပါတယ်၊
သဒ္ဓါတရား ကောင်းတဲ့ ရဟန်းတော်များအတွက် အလွန်အလေးပြုထိုက်တဲ့ သိက္ခာပုဒ်ပါပဲ၊ အလေးပြုပြီးတော့ စိတ်စေတနာ ထက်သန်စွာနဲ့ ဖိတ်မန်ပန်ကြား သင့်တယ်၊ ပန်ကြားထားတဲ့အတိုင်း သူတပါးက ပြောဆိုလာယင်လဲ ဝမ်းမြောက် ဝမ်းသာနဲ့ မိမိ၏ အပြစ်ကို ကုစားပြုပြင်ဘို့ပါပဲ။
ဥပမာအားဖြင့် ပွဲနေပွဲထိုင် လူထု အစည်းအဝေးပွဲသို့ သွားမည့်လူမှာ မျက်နှာ၌ အမဲကွက်ရှိနေတယ် ဆိုပါတော့၊ ရင်းနှီးတဲ့သူက အဲဒီ အမဲကွက် ရှိနေကြောင်း ပြောယင် ဝမ်းမြောက်စွာနဲ့ လက်ခံပြီး အဲဒီ အမဲကွက်ကို သုတ်သင်ရမယ်၊ ပြောတဲ့သူကိုလဲ ကျေးဇူးတင်ရမယ်၊
ဘာကြောင့်လဲဆိုတော့ ပြောမည့်သူ မရှိ၍ အမဲကွက်ကြီးနှင့် လူစုပရိသတ်ထဲသို့ သွားမိယင် သူတပါးတို့ ရယ်ဘွယ်ဖြစ်ပြီး အရှက်ရလိမ့်မယ်၊ ဒါကြောင့် အပြစ်ကိုပြောပြသူအား ကျေးဇူးတင်ရမယ်။ အဲဒါလိုပဲ ကိုယ်တိုင် မသိတဲ့အပြစ်ကို ပြောပြသူအား ဝမ်းမြောက်စွာနှင့်လက်ခံပြီး ကျေးဇူးတင်ဘို့ပဲ၊ မိမိ၏ အပြစ်ကိုလဲ သန့်ရှင်း စင်ကြယ်အောင် ကုစားဘို့ပဲ၊
အဲဒါဟာ ဗုဒ္ဓသာသနာ စင်ကြယ်ရေးအတွက် အလွန်သင့်မြတ်တဲ့ ကျင့်ဝတ်ပဲ၊ ဝတ်ကြေ ဝတ်ကုန်မျှ သဘောမထားပဲ စင်ကြယ်ထက်သန်တဲ့ စေတနာနှင့် ဖိတ်မန် ပန်ကြားယင် အဲဒီ ဖိတ်မန်ပန်ကြားဆဲမှာလဲ ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်။ အချင်းချင်း သူတပါးအားပြောစရာရှိယင်လဲ မိမိကပြောရန်၊ သူတပါးက မိမိ၏ အပြစ်ကို ပြောယင်လဲ ဝမ်းမြောက်စွာနှင့် လက်ခံပြီး စင်ကြယ်အောင်ပြုပြင် ကုစား သွားရန် အဲဒီလို သဘောထားပြီး ကျင့်ရန်အတွက် မြတ်စွာဘုရားက ပညတ်တော် မူခဲ့တဲ့ ကျင့်ဝတ်ပါပဲ။
အဲဒီ ပညတ်တော်မူချက်အရ ယနေ့ ဘုန်းကြီးတို့ သံဃာအား ဖိတ်မန်ပန်ကြားတဲ့ ပဝါရဏာပြုကြရာမှာ သံဃာ ၅၀ - က တပါးချင်း ပန်ကြား ပြောဆိုပြီး ပဝါရဏာ ပြုနေတဲ့အတွက် တနာရီနီးပါး ကြာသွားတယ်၊ တနာရီခွဲကျော်မှပြီးတယ်၊ အဲဒီက ပြီးတာနဲ့ ဒီက ၂ - နာရီမှာ တရားဟောတရားနာဘို့ ဖိတ်ခေါ်တဲ့ ကြေးမောင်း ခေါက်သံကိုလဲ ကြားရတော့တာပဲ၊ ဒါကြောင့် မနားရတော့ပဲ အချိန်ကျတာနဲ့ ယခု တရားဟောဘို့ ရောက်လာရတယ်။
မဂ္ဂင်ရှစ်ပါးအကျယ်
ယနေ့ ဟောဘို့ တရားကတော့ လဆန်း (၈) ရက်နေ့က ဟောခဲ့တဲ့ ဓမ္မစကြာတရား အဆက်ပါပဲ၊ အဲဒီနေ့က မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါးကို ခေါင်းစဉ်လောက်ပဲ ဖော်ပြခဲ့ရသေးတယ်၊ ယနေ့တော့ အဲဒီ မဂ္ဂင်ရှစ်ပါးကို အကျယ် ဖွင့်ပြပြီး ဟောရမယ်။ အဲဒီခေါင်းစဉ်ပါဠိအနက်ကို လိုက်ဆိုကြရမယ်။
သမ္မာဒိဋ္ဌိ - မှန်စွာမြင်ခြင်း၊
သမ္မာသင်္ကပ္ပေါ - မှန်စွာ ကြံခြင်း၊
သမ္မာဝါစာ - မှန်စွာပြောခြင်း၊
သမ္မာကမ္မန္တော - မှန်စွာပြုခြင်း၊
သမ္မာအာဇီဝေါ - မှန်စွာ အသက်မွေးခြင်း၊
သမ္မာဝါယာမော - မှန်စွာ အားထုတ်ခြင်း၊
သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊
သမ္မာသမာဓိ - မှန်စွာ စူးစိုက် တည်ကြည်ခြင်း။
အဲဒီ မဂ္ဂင်ရှစ်ပါးကို ဘုန်းကြီးက မြန်မာရှစ်လုံးဘွဲ့ဆောင်ပုဒ် စီထားတယ် -
“မှန်စွာ မြင်သိ ကြံမိ မှန်ကန်၊
မှန်စွာ ပြော, ပြု ရှာမူ လမ်းမှန်၊
မှန်စွာ ကြောင့်ကြ မှတ်ရ မှန်ကန်၊
စူးစိုက်ကပ် ရှစ်ရပ် မဂ်လမ်းမှန်” တဲ့။
အဲဒါကိုလဲ ဆိုကြရမယ်။
မှန်စွာ မြင်သိ ကြံမိမှန်ကန်၊
မှန်စွာ ပြော,ပြု ရှာမှုလမ်းမှန်၊
မှန်စွာ ကြောင့်ကြ မှတ်ရ မှန်ကန်၊
စူးစိုက်ကပ် ရှစ်ရပ် မဂ်လမ်းမှန်။
အဲဒီ မဂ္ဂင်ရှစ်ပါးဟာ အကျဉ်းချုပ်အားဖြင့်ဆိုယင် သီလသမာဓိ ပညာဆိုတဲ့ ဒီသုံးပါးပါပဲ၊ မဂ္ဂင်ရှစ်ပါးထဲက သမ္မဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ မဂ္ဂင်သုံးပါးဟာ သီလမဂ္ဂင်တွေပဲ၊ အဲဒီ မဂ္ဂင်သုံးပါးနှင့် ပြည့်စုံအောင် အားထုတ်ယင် သီလပြည့်စုံတာပဲ။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်သုံးပါးဟာ သမာဓိမဂ္ဂင်တွေပဲ၊
အဲဒီ မဂ္ဂင်သုံးပါး ပြည့်စုံအောင် အားထုတ်ယင် သမာဓိ ပြည့်စုံတာပဲ။ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပဆိုတဲ့ ဒီမဂ္ဂင် ၂ - ပါးဟာ ပညာမဂ္ဂင်တွေပဲ၊ အဲဒီပညာ မဂ္ဂင်တွေ ဖြစ်ပွါးအောင် အားထုတ်ယင် ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာဆိုတဲ့ ဒီ လောကီ လောကုတ္တရာ ပညာတွေ ပြည့်စုံတော့တာပဲ။ ဒါကြောင့် အဲဒီ သီလ သမာဓိ ပညာ မဂ္ဂင်တွေကို ကျင့်စဉ်အရအားဖြင့် အသီးအသီးဖွင့်ပြပြီး ဟောသွားမယ်။
သမ္မာဝါစာမဂ္ဂင်
▬▬▬▬▬▬
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာဝါစာ - မှန်စွာပြောခြင်းသည်၊
(မိစ္ဆာ - ဆိုယင် မှားတာပဲ၊ အဲဒီ မိစ္ဆာ၏ ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် သမ္မာ - ကို မှန်စွာလို့ ပြန်သည်)
ကတမာ စ - အဘယ်ပါနည်း။
မုသာဝါဒါ - လိမ်လည် ပြောဆိုခြင်းမှ၊
ဝေရမဏီ ရှောင်ကြဉ်ခြင်းသည်၎င်း၊
ပိသုဏာယ ဝါစာယ - ဂုံးတိုက်စကားမှ၊
ဝေရမဏီ - ရှောင်ကြဉ်ခြင်းသည်၎င်း၊
ဖရုသာယဝါစာယ - ကြမ်းတမ်းသော ဆဲဆိုစကားမှ၊
ဝေရမဏီ - ရှောင်ကြဉ်ခြင်းသည်၎င်း၊
သမ္ဖပ္ပလာပါ - အနှစ်မဲ့သော အပြိန်အဖျင်းစကားမှ၊
ဝေရမဏီ - ရှောင်ကြဉ်ခြင်းသည်၎င်း၊
အတ္ထိ - ရှိ၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အယံ - မုသာဝါဒ စသည်မှ ဤရှောင်ကြဉ်ခြင်းကို၊
သမ္မာဝါစာ - မှန်စွာပြောခြင်းဟူ၍၊
ဝုစ္စတိ ခေါ်ဆိုအပ်၏ - တဲ့။
အဲဒါဟာ သမ္မာဝါစာကို အကျယ်ဖွင့်ပြတဲ့ ဘုရားစကားတော်ပါပဲ။ အဲဒီမှာ ဝေရမဏီ ဆိုတဲ့ ရှောင်ကြဉ်ခြင်းကိုပဲ သမ္မာဝါစာလို့ ပြထားတယ်၊ ဒါကြောင့် လိမ်ပြောဘို့ ဂုံးတိုက်ဘို့ ဆဲရေကြိမ်းမောင်းဘို့ အနှစ်မဲ့စကားပြောဘို့ အကြောင်း တိုက်ဆိုင်တဲ့ အခါများ၌ အဲဒီလို စကားမျိုးကို မပြောပဲရှောင်ကြဉ်မှုကိုပင် သမ္မာဝါစာ ခေါ်တယ်လို့ မှတ်ထားကြရမယ်၊ တရားကိုယ်အားဖြင့်တော့ သမ္မာဝါစာဝိရတီ စေတသိက်ပါပဲ။
ဒါပေမဲ့ အဲဒီ မုသာဝါဒ စသည်မှ ရှောင်ကြဉ်ယင် မှန်တဲ့စကား, ညီညွတ်ရေးစကား, ချိုသာတဲ့စကား, အကျိုးရှိတဲ့စကား ဆိုတဲ့ ဒီသမ္မာဝါစာတွေကိုလဲ ပြောတော့တာပါပဲ။ ဒီနေရာမှာ လိုရင်းကတော့ မုသာဝါဒ စသည်မှ ရှောင်ကြဉ်ယင် သီလ ကုသိုလ် ဖြစ်တယ်၊ ငါးပါး ရှစ်ပါး ဆယ်ပါးသီလဆောက်တည် ကျင့်သုံး နေတဲ့သူမှာ မူသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ -လို့ ဆောက်တည်ခြင်းဖြင့် ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပ ဆိုတဲ့ ဝစီဒုစရိုက်သုံးပါးမှလဲ ရှောင်ကြဉ်ရတယ်။
နောက်ပြီးတော့မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း တွေ့ထိတိုင်း ကြံသိတိုင်း ပေါ်လာသမျှရုပ်နာမ် အာရုံတွေကို ရှုပြီး အနိစ္စ ဒုက္ခ အနတ္တ သဘောမျှပဲလို့ အမှန်အတိုင်း သိနေယင် အဲဒီလို အမှန်အတိုင်း သိရတဲ့အာရုံနဲ့ စပ်ပြီးတော့ မိစ္ဆာဝါစာကို ပြောဆိုနိုင်မည့် ကိလေသာတွေတောင် ဖြစ်နိုင်ခွင့်မရှိတော့ဘူး၊ အဲဒါဟာ ဝိပဿနာဖြင့် အနုသယကိလေသာမှ စပြီး မိစ္ဆာဝါစာကို တဒင်္ဂပဟာန် အားဖြင့် ပယ်တာပါပဲ။
အဲဒီ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါကျတော့ အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတယ်၊ အဲဒီအခါမှာ အရိယမဂ် သမ္မာဝါစာဝိရတီဖြင့် မိစ္ဆာဝါစာကို အကြွင်းမဲ့ပယ် သွားတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု - ၃၂၅)မှာ -
“သောတာပတ္တိမဂ်က မုသာဝါဒကို ပယ်သည်၊ အနာဂါမိမဂ်က ပိသုဏဝါစာနှင့် ဖရုသဝါစာတို့ကို ပယ်သည်၊ သို့ပေမဲ့ ဒီနေရာမှာ စေတနာကို ဝါစာလို့ဆိုသည်၊ (စေတနာမပါပဲ အပြောအဆို ကြမ်းတာကတော့ ရှိနိုင်သေးသည်)၊ အရဟတ္တမဂ်က သမ္ဖပ္ပလာပကို ပယ်သည်”လို့ ပြဆိုထားပါတယ်။
(အပါယဂမနီယ ပိသု, ဖရု, သမ္ဖ တို့ကိုမူ ပဌမမဂ်က ပယ်ခဲ့သည်ဟု ယူရသည်) ဒါကြောင့် ဒီသမ္မာဝါစာမဂ္ဂင်ကို အရိယမဂ် လေးပါးအထိ ပြည့်စုံအောင် အားထုတ် ဖို့ပါပဲ။ ယခု မိစ္ဆာဝါစာ လေးပါးနှင့် သမ္မာဝါစာ လေးပါးကို တိုတိုနှင့် ဆောင်မှတ် ထားရအောင် ဆောင်ပုဒ်ကို လိုက်ဆိုကြရမယ်။
(က) မုသာ, ပိသု၊ ဖရု, သမ္ဖာ၊ ဤလေးဖြာ၊ မိစ္ဆာဝါစာတည်း။
(ခ) မိစ္ဆာဝါစာ၊ ရှောင်ကြဉ်တာ၊ သမ္မာဝါစာတည်း။
သမ္မာကမ္မန္တမဂ္ဂင်
▬▬▬▬▬▬
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာကမ္မန္တော - မှန်စွာပြုခြင်းသည်၊
ကတမော စ - အဘယ်ပါနည်း၊
ပါဏာတိပါတာ သတ္တဝါကို သတ်ခြင်းမှ၊
ဝေရမဏီ - ရှောင်ကြဉ်ခြင်းသည်၎င်း၊
အဒိန္နာဒါနာ - လုယက်ခိုးယူခြင်းမှ၊
ဝေရမဏီ - ရှောင်ကြဉ်ခြင်းသည်၎င်း၊
ကာမေသု မိစ္ဆာစာရာ - မပိုင်မဆိုင်သော ကာမဂုဏ်တို့၌ မှားယွင်းကျူးလွန်ခြင်းမှ၊
ဝေရမဏီ - ရှောင်ကြဉ်ခြင်းသည်၎င်း၊
အတ္ထိ - ရှိ၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အယံ ပါဏာတိပါတ စသည်မှ ဤရှောင်ကြဉ်ခြင်းကို၊
သမ္မာကမ္မန္တော - မှန်စွာ ပြုခြင်းဟူ၍၊
ဝုစ္စတိ - ခေါ် ဆိုအပ်၏ - တဲ့။
အဲဒါဟာ သမ္မာကမ္မန္တမဂ္ဂင်ကို အကျယ်ဖွင့်ပြတဲ့ ဘုရားစကားတော်ပါပဲ။ ဒီမှာလဲ ဝေရမဏီ - ရှောင်ကြဉ်ခြင်းကိုပဲ သမ္မာကမ္မန္တ - လို့ ပြဆိုထားတယ်၊ ဒါကြောင့် သတ်ရန် ခိုးရန် မတော်မတရား ကျူးလွန်ရန် အကြောင်း တိုက်ဆိုင်သော အခါများ၌ အဲဒီလို အမှုမျိုးကို မပြုပဲ ရှောင်ကြဉ်တာကိုပင် သမ္မာကမ္မန္တ - လို့ မှတ်ကြရမယ်။ ပုံစံ ထုတ်ပြရလျှင် မိမိကို ကိုက်နေတဲ့ခြင်ကို မသတ်ပဲ ချောက်ပြီး လွှတ်လိုက်ယင် အဲဒါသတ်မှုမှ ရှောင်ကြဉ်တဲ့ သမ္မာကမ္မန္တပဲ၊ ဒီနည်းဖြင့် ခိုးမှု မတရား ကျူးလွန်မှုတို့မှ ရှောင်ကြဉ်ပုံကိုလဲ သိနားလည်လောက်ပါပြီ။
ဒါပေမဲ့ ကာမဂုဏ်တို့၌ မှားယွင်းကျူးလွန်တယ်ဆိုတာကတော့ သိနားလည်ဘို့ နဲနဲခက်တယ်၊ အဲဒါကို နဲနဲချဲ့ ပြောရဦးမယ်၊ ယောက်ျားများက မကျူးလွန်အပ်သော မိန်းမတွေကို ၂၀ - ခွဲခြား ပြထားတယ်၊
အကျဉ်းချုပ်အားဖြင့်တော့ မိဘ အအုပ် အထိန်းရှိသူ၊ အစ်ကို မောင် အအုပ်အထိန်း ရှိသူ၊ အစ်မ ညီမ အအုပ်အထိန်းရှိသူ၊ ဆွေမျိုးအုပ်ထိန်းသူ၊ အနွယ်အုပ်ထိန်းသူ၊ တရားကျင့်ဖော် အုပ်ထိန်းသူ၊ ကြောင်းလမ်း ထားသူ၊ လင်ရှိမိန်းမ - ဒီလို မိန်းမတို့၌ ကျူးလွန်လျှင် ယောက်ျားမှာ ကာမေသုမိစ္ဆာစာရကံထိုက်တယ်၊
လင်ရှိမိန်းမ, ကြောင်းလမ်းထားပြီး မိန်းမများမှာ အခြားယောက်ျားနှင့် ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရ ကံထိုက်တယ်၊ အဲဒီလို မကောင်းမှုမှ ရှောင်ကြဉ်လျှင် သမ္မာကမ္မန္တ ဖြစ်တယ်။ ယခု မိစ္ဆာကမ္မန္တသုံးပါးနှင့် သမ္မာကမ္မန္တ သုံးပါးကို တိုတိုနဲ့ မှတ်ရအောင် လိုက်ဆိုကြရမယ်။
(က) သက်သတ်, ခိုးမှု၊ ကာမေသု၊ အမှု မိစ္ဆာကံ။
(ခ) သတ်, ခိုး, ကာမေ၊ ရှောင်ကြဉ်နေ၊ မှတ်လေ သမ္မာကံ။
ဒီသမ္မာကမ္မန္တမဂ္ဂင်ကို သီလဆောက်တည် ကျင့်သုံးသောအားဖြင့်လဲ ပွါးစေရမယ်၊ ဝိပဿနာကို ပွါးစေသောအားဖြင့်လဲ ပွါးစေရမယ်၊ အရိယမဂ်လေးပါးအထိ ပွါးစေသောအားဖြင့် ဒီ သမ္မာကမ္မန္တမဂ္ဂင်ကို ပြည့်စုံစေရမယ်။
သမ္မာအာဇီဝမဂ္ဂင်
▬▬▬▬▬▬
စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းအတွက် ပြုလုပ်တဲ့ ကာယဒုစရိုက် သုံးပါးနဲ့ ဝစီဒုစရိုက်လေးပါးကို မိစ္ဆာအာဇီဝ ခေါ်တယ်၊ အဲဒီ မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်တာကို သမ္မာအာဇိဝ ခေါ်တယ်။ အဲဒါကို မြတ်စွာဘုရားက ဒီလို ဝေဘန်ဖွင့်ပြတော် မူပါတယ်။
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာအာဇီဝေါ - မှန်စွာ အသက်မွေးခြင်းသည်၊
ကတမော စ - အဘယ်ပါနည်း၊
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤသာသနာတော်၌၊
အရိယသာဝကော - အရိယာတပည့်သည်၊
ဝါ- ဘုရား၏ တပည့်သည်၊
မိစ္ဆာ အာဇီဝံ - မှားသော (မတရား စီးပွါးရှာ၍) အသက်မွေးမှုကို၊
ပဟာယ - ရှောင်ပယ်၍၊
သမ္မာအာဇီဝေန - မှန်ကန်သော (တရားသဖြင့် စီးပွါးရှာ၍) အသက်မွေးခြင်းဖြင့်၊
ဇီဝိတံ - အသက်မွေးခြင်းကို၊
ကပ္ပေတိ - ပြု၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အယံ - ဤတရားသဖြင့် အသက်မွေးခြင်းကို၊
သမ္မာအာဇီဝေါ - မှန်စွာ အသက်မွေးခြင်းဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏ - တဲ့။
မိစ္ဆာအာဇီဝကို ပယ်ပြီး သမ္မာအာဇီဝဖြင့် အသက်မွေးတယ် ဆိုရာမှာ မိစ္ဆာအာဇီဝ ဆိုတာ မတရားတဲ့ နည်းဖြင့် စီးပွါးရှာပြီး မိမိကိုယ်ကို မွေးမြူ ပြုစုတာပါဘဲ၊ အဲဒါက ဘာတွေလဲဆိုယင် သတ်ခြင်း ခိုးခြင်း အစရှိသော ဒုစရိုက်မှုဖြင့် စီးပွါးရှာတာဟာ မိစ္ဆာအာဇီဝပဲ၊
အသက်မွေးဝမ်းကျောင်းနဲ့ မဆိုင်တဲ့ ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက်လေးပါး တွေကိုတော့ မိစ္ဆာကမ္မန္တ, မိစ္ဆာဝါစာလို့သာ ခေါ်ရတယ်၊ မိစ္ဆာအာဇီဝလို့တော့ မခေါ်ရဘူး၊ အသက်မွေးဝမ်းကျောင်း စီးပွါးရေးအတွက် ပြုလုပ် ပြောဆိုတဲ့ ကာယကံ ဝစီကံကိုသာ မိစ္ဆာအာဇီဝလို့ ခေါ်ရတယ်၊
ပုံစံထုတ်ပြရယင် ဒေါသ အလျောက် ခြင် မှက် ကြမ်းပိုး မြွေ ကင်း စသည်ကို သတ်တာ၊ ရန်သူကို သတ်တာ ဒီလို အမှုက မိစ္ဆာကမ္မန္တ ကာယဒုစရိုက်သာမည်တယ်၊ မိစ္ဆာအာဇီဝတော့ မမည်ဘူး၊ စီးပွါးရေးအတွက်ရောင်းဘို့ဖြစ်စေ၊ မိမိတို့ ကိုယ်တိုင် ချက်စားဘို့ဖြစ်စေ ကြက် ဝက် ဆိတ် ငါး စသည်ကို သတ်တာကတော့ မိစ္ဆာအာဇီဝပဲ၊ သူတပါး ဥစ္စာကို လုယက် ခိုးယူတာကတော့ စီးပွါးရေးအတွက် များမှာပါပဲ၊
ဒါကြောင့် အဲဒီ လုယက် ခိုးယူမှုကတော့ မိစ္ဆာအာဇီဝပဲ များပါလိမ့်မယ်၊ ရန်ငြိုးထားပြီး မုန်းလို့ သူ့ဥစ္စာကို ခိုးတာ, ဝါသနာပါလို့ ခိုးတာ ဒီလိုဟာလောက်ပဲ မိစ္ဆာကမ္မန္တထဲ ဝင်ဘွယ် ရှိပါတယ်။ ကာမေသုမိစ္ဆာစာရကတော့ အသက်မွေးဝမ်းကျောင်းနဲ့ မဆိုင်တာပဲ များမယ်။ ဒါပေမဲ့ အခကြေးငွေကိုယူပြီး အမျိုးသမီးများကို ဖျက်ဆီးယင်၊ သို့မဟုတ် အမျိုးသမီးများကို ဖျက်ဆီးပြီး စီးပွါးရှာယင် အဲဒါတွေကတော့ မိစ္ဆာအာဇီဝပဲ။
မုသာဝါဒကတော့ စီးပွါးရေးအတွက် မဟုတ်ပဲ လိမ်ပြောယင် မိစ္ဆာဝါစာပဲ၊ အရောင်းအဝယ်ကိစ္စ စသည်မှာ ဖြစ်စေ, တရားရုံးတော် စသည်မှာဖြစ်စေ စီးပွါးရေး အတွက် လိမ်ပြောတာကတော့ မိစ္ဆာအာဇီဝပဲ။ ထို့အတူပင် စီးပွါးရေးအတွက် မဟုတ်ပဲ ပြောဆိုတဲ့ ပိသုဏဝါစာက မိစ္ဆာဝါစာပဲ၊ စီးပွါးရေးအတွက် ပြောဆိုတဲ့ ပိသုဏဝါစာကတော့ မိစ္ဆာအာဇီဝပဲ။
ယခုကာလမှာ တဖက်သား ပုဂ္ဂိုလ်အား အကြည်ညို ပျက်စေရန် ဝါဒဖြန့်တယ်ဆိုတာ အများအားဖြင့် စီးပွါးရေးနဲ့ စပ်ဆိုင်နေတဲ့အတွက် မိစ္ဆာအာဇီဝထဲ ဝင်တာကပဲ များပါလိမ့်မယ်။ ဖရုသဝါစာ ကတော့ စီးပွါးရေးအတွက် ပြောရတာ အလွန်နဲပါ လိမ့်မယ်။ သမ္ဖပ္ပလာပကတော့ ခေတ်ပေါ် ဝတ္ထုရေးတာ ပြဇာတ်ရေးတာ ထိုးဇာတ်ဖြင့် ကပြတာ ရုပ်ရှင်ပြတာ စသည်ဖြင့် မိစ္ဆာအာဇီဝ အလုပ်တွေ တော်တော်များဖွယ် ရှိပါတယ်။
အဲဒီ မိစ္ဆာအာဇီဝ အလုပ်တွေဟာ (သတ်မှု ခိုးမှု လိမ်မှု စသည်မှ ရှောင်ကြဉ်ရမယ် ဆိုတဲ့) သူတော်ကောင်းတို့၏ ကိုယ်ကျင့်တရားနှင့် ကင်းကွာပြီး ပြုလုပ်တဲ့ အမှုတွေချည်းပဲ။ အဲဒီ အနက် အဓိပ္ပါယ်ကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် “တရားမဲ့စွာ၊ ပစ္စည်းရှာ၊ မိစ္စာအာဇီဝ”လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(က) တရားမဲ့စွာ၊ ပစ္စည်းရှာ၊ မိစ္ဆာ အာဇီဝ။
ငါးပါးသီလ စောင့်တဲ့သူမှာ သိက္ခာပုဒ် ငါးပါးကို ဆောက်တည်ခြင်းဖြင့် ယခု ပြောခဲ့တဲ့ မိစ္ဆာအာဇီဝ ခုနစ်ပါးလုံးကို ရှောင်ကြဉ်ရတယ်၊ အာဇီဝဋ္ဌမကသီလ ဆောက်တည်တဲ့ သူမှာတော့ မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်ဘို့ရာ သီးသန့် ဆောက်တည် ထားတဲ့အတွက် အလွန်ထင်ရှားနေပါတယ်၊ အဲဒီ မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်ပြီး သူတော်ကောင်းတို့၏ ကိုယ်ကျင့်တရားနှင့် မကင်းမကွာပဲ တရားသဖြင့် ပစ္စည်းရှာတာက သမ္မာအာဇီဝပဲ။ ဒါကြောင့် “တရားမကွာ၊ ပစ္စည်းရှာ၊ သမ္မာအာဇီဝ”လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(ခ) တရားမကွာ၊ ပစ္စည်းရှာ၊ သမ္မာအာဇီဝ။
ဒါပေမဲ့ သမ္မာအာဇီဝမဂ္ဂင် ဆိုတာလဲ သမ္မာဝါစာ သမ္မာကမ္မန္တတို့လိုပင် ဝိရတီ စေတသိက်ပဲ၊ ဒါကြောင့် မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်တာကိုသာ သမ္မာအာဇီဝမဂ္ဂင်လို့ မှတ်ကြရမယ်။ အဲဒီ သမ္မာအာဇီဝမဂ္ဂင်ကို သီလဆောက်တည် ကျင့်သုံးပြီးတော့လဲ ပွါးစေရတယ်၊ ဝိပဿနာရှုပြီးတော့လဲ အရိယမဂ်ဝိရတီ ပြည့်စုံသည်အထိ ပွါးစေရတယ်။ (ဒီနေရာမှာ သမ္မာအာဇီဝ အကြောင်းကို ဒါထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် သိလိုလျှင် သလ္လေခသုတ် တရားတော် ဒုတိယအုပ် နှာ ၆၅ - စသည်မှာ ကြည့်ပါ) ယခုပြောခဲ့တဲ့ သမ္မာဝါစာ - ကမ္မန္တ - အာဇီဝ ဆိုတဲ့ သုံးပါးဟာ သီလမဂ္ဂင်တွေပါပဲ။ ယခု သမာဓိမဂ္ဂင်တွေကို ပြောရမယ်။
သမ္မာဝါယာမမဂ္ဂင်
▬▬▬▬▬▬▬
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာဝါယာမော - မှန်စွာ အားထုတ်ခြင်းသည်၊
ကတမော စ - အဘယ်ပါနည်း၊
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤသာသနာတော်၌၊
ဘိခု - ရဟန်းသည်၊
အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ - မိမိမှာ မဖြစ်ဘူးသေးသော အယုတ် အညံ့ အကုသိုလ်တရားတို့၏၊
ဝါ - တရားတို့ကို၊
အနုပ္ပါဒါယ - မဖြစ်ရန် မဖြစ်စေရန်အတွက်၊
ဆန္ဒံ ဇနေတိ - အားထုတ်လိုခြင်းကို ဖြစ်စေ၏၊
ဝါယမတိ - အားထုတ်၏၊
ဝီရိယံ အာရဘတိ - လုံ့လပြု၏၊
စိတ္တံပဂ္ဂဏှာတိ - စိတ်ကိုအားပေး၏၊
ပဒဟတိ - ကြိုးစား၏၊
ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ - မိမိမှာဖြစ်ဘူးသော အယုတ်အညံ့ အကုသိုလ် တရားတို့ကို၊
ပဟာနာယ - ပယ်ရန် မဖြစ်စေရန်အတွက်၊
ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံပဂ္ဂဏှာတိ ပဒဟတိ - အားထုတ် လိုခြင်းကို ဖြစ်စေ၏၊ အားထုတ်၏ လုံ့လပြု၏ စိတ်ကိုအားပေး၏ ကြိုးစား၏၊
အနုပ္ပန္နာနံကုသလာနံ ဓမ္မာနံ - မိမိမှာ မဖြစ်ဘူးသေးသော ကုသိုလ်တရားတို့၏၊
ဝါ - တရားတို့ကို၊
ဥပ္ပါဒါယ - ဖြစ်ရန် ဖြစ်စေရန်အတွက်၊
ဆန္ဒံ ဇနေတိ။ပ။ ပဒဟတိ - အားထုတ်လိုခြင်းကို ဖြစ်စေ၏။ပ။ ကြိုးစား၏၊
ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ - မိမိမှာ ဖြစ်ဘူးသော ကုသိုလ်တရားတို့၏၊
ဌိတိယာ - တည်တံ့ရန်၊
အသမ္မောသာယ - မမေ့ပျောက်ရန်၊
ဘိယျောဘာဝါယ - တိုး၍ ဖြစ်ရန်၊
ဝေပုလ္လာယ - ပြန့်ပွါးရန်၊
ဘာဝနာယ ပါရိပူရိယာ - ပွါးစေမှု ဘာဝနာပြည့်စေရန်အတွက်၊
ဆန္ဒံ ဇနေတိ။ပ။ ပဒဟတိ - အားထုတ်လိုခြင်းကို ဖြစ်စေ၏ အားထုတ်၏ လုံ့လပြု၏ စိတ်ကိုအားပေး၏ ကြိုးစား၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အယံ - ဤအားထုတ်ခြင်းကို၊
သမ္မာဝါယာမော - မှန်စွာ အားထုတ်ခြင်းဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏တဲ့။
(ဟောတဲ့ အခါမှာတော့ တပိုင်းချင်း ဖြတ်၍ဖြတ်၍ ဟောရသည်)။
အဲဒါဟာသမ္မာဝါယာမမဂ္ဂင်ကို အကျယ်ဖွင့်ပြတဲ့ မြတ်စွာဘုရား စကားတော်ပါပဲ။ ဆိုလိုတာကတော့ -
(၁) မိမိမှာ မဖြစ်ဘူးသေးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်ရမယ်၊ သူတပါးတွေ သတ်နေတာ ခိုးနေတာ လိမ်နေတာ စသည်ကို မြင်တွေ့ရ ကြားသိ ရယင် မိမိမှာ အဲဒီ အကုသိုလ်မျိုး မဖြစ်အောင် အားထုတ်ရမယ်၊ ဥပမာအားဖြင့် သူများတွေမှာ တုပ်ကွေးဖျား စသော ရောဂါဖြစ်နေတာကို မြင်တွေ့ရ ကြားသိရယင် မိမိမှာ အဲဒီ ရောဂါ မဖြစ်အောင် ကြိုးစားရ သတိပြုရသလိုပါပဲ။
(၂) မိမိမှာ ဖြစ်ဘူးတဲ့အကုသိုလ်တွေကို ပယ်နိုင်အောင်အားထုတ်ရမယ်၊ ဒီနေရာမှာ ဖြစ်ဘူးတဲ့ အကုသိုလ်ဆိုတာက ၂ - မျိုး ရှိတယ်၊ တကယ် ဖြစ်ပေါ်ဘူးတဲ့ သတ်ခြင်း ခိုးခြင်း လိမ်ခြင်း အစရှိတဲ့ ဝီတိက္ကမ အကုသိုလ်နှင့် ကာမဝိတက် အစရှိသော ပရိယုဋ္ဌာန် အကုသိုလ်ကတမျိုး၊ တကယ် မဖြစ်ပေါ်လာသော်လဲ အကြောင်း ညီညွတ်ယင် ဘယ်အချိန်မဆို ဖြစ်နိုင်ခွင့်ရှိတဲ့အတွက် ဖြစ်နေတယ် ရှိနေတယ်လို့ ဆိုရတဲ့ အနုသယ အကုသိုလ်က တမျိုး ဒီ ၂ - မျိုးပါပဲ။ အဲဒီ ၂ - မျိုးထဲက ဝီတိက္ကမ အကုသိုလ်ကိုတော့ သီလဖြင့် ပယ်ရတယ်၊ သီလကို ရိုရိုသေသေ ထိန်းသိမ်း စောင့်ရှောက်နေယင် အဲဒီ ကိုယ်နှုတ်ဖြင့် ကျူးလွန်တဲ့ ဝီတိက္ကမအကုသိုလ်ကို ပယ်ပြီးသားဖြစ်နေပါတယ်၊ ကာမဝိတက်စသော စိတ်ကူး ပရိယုဋ္ဌာန်အကုသိုလ် ကိုတော့ သမထ ဝိပဿနာကို မပြတ် ပွါးနေခြင်းဖြင့် ပယ်ရတယ်။ အနုသယ အကုသိုလ်ကိုတော့ ဝိပဿနာရှုပြီးတော့ တဒင်္ဂအားဖြင့် ပယ်ရတယ်၊ အရိယ မဂ်ဉာဏ် ဖြစ်ပေါ်တဲ့အခါကျတော့ အဲဒီ အနုသယကို အမြစ်ပြတ် ပယ်နိုင်တယ်၊ ဒါကြောင့် အဲဒီလို အမြစ်ပြတ် ပယ်နိုင်အောင် ရည်ရွယ်ပြီး ဝိပဿနာ ရှုခြင်းဖြင့်လဲ ပယ်ရတယ်။ ဒါကတော့ နက်နဲပါတယ်၊ တကယ် ထိထိရောက်ရောက် ရှုမှတ် အားထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တွေမှ ကောင်းကောင်း သဘောပေါက်နားလည်နိုင်မယ်။
(၃) မဖြစ်သေးတဲ့ ကုသိုလ်တွေကိုဖြစ်အောင် အားထုတ်ရမယ်တဲ့၊ ဒါနကုသိုလ် ဖြစ်ဖြစ်၊ သီလကုသိုလ်ဖြစ်ဖြစ်၊ သမထဘာဝနာကုသိုလ် ဖြစ်ဖြစ်၊ ဝိပဿနာ ဘာဝနာကုသိုလ် ဖြစ်ဖြစ် ဘယ်ကုသိုလ်မဆို စွမ်းနိုင်ယင် အဲဒီမဖြစ်ဘူးသေးတဲ့ ကုသိုလ်ကို မိမိမှာ ဖြစ်အောင်အားထုတ်ဖို့ပါပဲ။ တချို့က “ဒါနအစရှိသော ကုသိုလ်တွေပြုယင် သံသရာရှည်တယ်၊ ကုသိုလ်ဟာ အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရပဲ၊ ဒါကြောင့် သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ကုသိုလ် သင်္ခါရက ဘဝသစ်ဝိညာဏ်အကျိုးကို ဖြစ်စေတယ်၊ ဒါကြောင့် ကုသိုလ်ကိုလဲ ပယ်ရမယ်” စသည်ဖြင့် ဘုရားအလိုတော်နှင့် ဆန့်ကျင်တဲ့ အလွဲအမှားတွေကို ဟောပြောနေကြတယ်။
အမှန်ကတော့ ကုသိုလ်ကိုပယ်ယင် အကုသိုလ်တွေချည်း ဖြစ်နေတော့မှာပဲ၊ အဲဒါကမှ သံသရာ ရှည်ရုံမျှမကပဲ အပါယ်လေးပါးမှာချည်း ဖြစ်သွားဘို့ အကြောင်းပဲ။ သံသရာ ရှည်တာက အဝိဇ္ဇာ တဏှာ အစရှိတဲ့ ကိလေသာတွေကြောင့်ပဲ၊ ကုသိုလ်က အဲဒီ ကိလေသာတွေကို ပယ်နိုင်တယ်၊ အဲဒီလို ပယ်နိုင်အောင် ကုသိုလ်တရားတွေကို ဖြစ်ပွါးစေရတာပဲ၊
သာမန် ကုသိုလ်ကလဲ သုဂတိဘဝသို့ ရောက်စေပြီးတော့ အဲဒီ သုဂတိဘဝမှာ သူတော်ကောင်းတရား ကြားနာခြင်း တရားကျင့်ခြင်းဖြင့် အရိယာအဖြစ်သို့ ရောက်စေလျက် အပါယ်ဆင်းရဲ သံသရာ ဆင်းရဲများမှ လွတ်မြောက်စေနိုင်ပါတယ်၊
အဲဒါဟာ ဖားနတ်သားဝတ္ထုဖြင့် ထင်ရှား ပါတယ်၊ အဲဒီနတ်သားဟာ ဖားဘဝတုန်းက မြတ်စွာဘုရားဟောတဲ့ တရားကို အနက်အဓိပ္ပါယ် နားမလည်ပဲ ကြည်ညိုရုံမျှဖြင့် နာခဲ့တဲ့ ကုသိုလ်ကြောင့် နတ်ဘဝ ရောက်ရတယ်။ အဲဒီ နတ်ဘဝမှာ ဘုရားထံ၌ တရားကို နာရပြန်တော့ သောတာပန်ဖြစ်သွားပါသတဲ့။
ဒါကြောင့် မဖြစ်ဘူးသေးတဲ့ ကုသိုလ်ဟူသမျှကို ဖြစ်အောင် အားထုတ်ရတယ်၊ အထူးအားဖြင့် အရိယမဂ်ကုသိုလ် ဖြစ်အောင် ဝိပဿနာကုသိုလ်ကို ဖြစ်ပွါးစေရတယ်၊ အဲဒီလို ဖြစ်ပွါးအောင် အားထုတ်တိုင်း အားထုတ်တိုင်း သမ္မာဝါယာမမဂ္ဂင် ဖြစ်ပွါးတယ်။
(၄) မိမိမှာ ဖြစ်ဘူးတဲ့ ကုသိုလ်ကို တည်တံ့ခိုင်မြဲအောင်, ပွါးများပြည့်စုံအောင် အားထုတ်ရမယ်၊ အဲဒါကတော့ ထင်ရှားနေပါပြီ။ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ရှုမှတ်နေတဲ့ ဝိပဿနာ ယောဂီတွေဟာ မဖြစ်ဘူးသေးတဲ့ အကုသိုလ် ဖြစ်ခွင့်မရအောင်, မဖြစ်ရအောင် အားထုတ်နေသည်လဲ မည်တယ်၊ ဖြစ်ဘူးတဲ့ အကုသိုလ်ကို ပယ်နိုင်အောင် အားထုတ်နေသည်လဲ မည်တယ်၊
မဖြစ်သေးတဲ့ အထက်အထက် ဝိပဿနာကုသိုလ်တွေနဲ့ အရိယမဂ် ကုသိုလ် ဖြစ်အောင် အားထုတ်နေသည်လဲ မည်တယ်၊ ဖြစ်ပြီးတဲ့ ဝိပဿနာကုသိုလ် တည်တံ့ ခိုင်မြဲအောင်, ပွါးများပြည့်စုံအောင် အားထုတ်နေသည်လဲ မည်တယ်၊ ဒါကြောင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း သမ္မပ္ပဓာန်လေးပါးဆိုတဲ့ သမ္ပာဝါယာမမဂ္ဂင်ကို ပွါးနေသည် မည်တယ်။ အဲဒီ သမ္မပ္ပဓာန် ကိစ္စလေးပါးကို မှတ်မိအောင် လိုက်ဆိုကြရမယ်။
(၁) မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်ခြင်း၊
(၂) ဖြစ်ဘူးတဲ့ အကုသိုလ်ကို ပယ်နိုင်အောင် အားထုတ်ခြင်း၊
(၃) မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင် အားထုတ်ခြင်း၊
(၄) ဖြစ်ပြီး ကုသိုလ်ကို တည်တံ့ပွါးများ ပြည့်စုံသွားအောင် အားထုတ်ခြင်း၊
ဤလေးပါးကို သမ္မပ္ပဓာန်ကိစ္စ လေးပါးခေါ်သည်။
သမ္မပ္ပဓာန်လေးပါးဆိုတဲ့ ဒီ သမ္မာဝါယာမမဂ္ဂင်ဟာ ဒါန သီလ ဘာဝနာ ကုသိုလ် အမှုကို ပြုလုပ်အားထုတ်တိုင်း ထိုက်သည် အားလျော်စွာ ပါဝင်နေတယ်၊ အထူး အားဖြင့် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရည်သန်ပြီးပြုတဲ့ ကုသိုလ်အမှုတွေမှာ ပါဝင်နေတယ်၊ ဝိပဿနာကုသိုလ်ထဲ၌ ပါဝင်နေတာကိုတော့ အထူးပြောစရာ မလိုပါဘူး။ ဒါကြောင့် “ကုသိုလ်ဆိုင်ရာ၊ အားထုတ်တာ၊ သမ္မာဝါယာမ”လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ကုသိုလ်ဆိုင်ရာ၊ အားထုတ်တာ၊ သမ္မာဝါယာမ။
သမ္မာသတိမဂ္ဂင်
▬▬▬▬▬▬
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာသတိ - မှန်စွာ အမှတ်ရခြင်းသည်၊
ကတမာ စ - အဘယ်ပါနည်း၊
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ ဘိက္ခု - ဤသာသနာတော်က ရဟန်းသည်၊
ကာယေ - မမြဲ ဆင်းရဲ အစိုးလဲမရ မလှပ မတင့်တယ်သော ရုပ်အပေါင်းကိုယ်၌၊
ကာယာနုပဿီ - မမြဲ ဆင်းရဲ အစိုးလဲမရ မလှပမတင့်တယ်သော ရုပ်အပေါင်းမျှဟု ရှုမြင်လျက်၊
(ဝိဟရတိ - နေ၏၊)
အာတာပီ - ထိုသို့ ရှုမြင်နိုင်ရန် ပြင်းထန်သော လုံ့လရှိသည်ဖြစ်၍၊
သမ္ပဇာနော သတိမာ - အမှတ်ရလျက် မှန်စွာ သိသည်ဖြစ်၍၊
လောကေ - ရုပ်အပေါင်း ဟူသော လောက၌၊
ဝါ - ခန္ဓာငါးပါးဟူသော လောက၌၊ အဘိဇ္ဈာနှင့် ဒေါမနဿကို၊
ဝါ - လောဘနှင့်ဒေါသကို၊
ဝိနေယျ - အမှန်အတိုင်း ရှုမြင်သောအားဖြင့် ပယ်ဖျောက်၍၊
ဝိဟရတိ - နေ၏။
ဝေဒနာသု - ခံစားမှုဝေဒနာတို့၌၊
ဝေဒနာနုပဿီ - မမြဲဆင်းရဲ အစိုးလဲမရ ခံစားမှုမျှဟု ရှုမြင်လျက်၊
(ဝိဟရတိ - နေ၏) ။ပ။
စိတ္တေ - ကြံသိမှုစိတ်၌၊
စိတ္တာနုပဿီ - မမြဲ ဆင်းရဲ အစိုးလဲမရ ကြံသိမှုသဘောမျှဟု ရှုမြင်လျက်၊
(ဝိဟရတိ - နေ၏။) ။ပ။
ဓမ္မေသု - မြင်ကာမျှ ကြားကာမျှအစရှိသော သဘောတရားတို့၌၊
ဓမ္မာနုပဿီ - မမြဲ ဆင်းရဲ အစိုးလဲမရ သဘောတရားမျှဟု ရှုမြင်လျက်၊
(ဝိဟရတိ - နေ၏)
အာတာပီ - ထိုသို့ရှုမြင်နိုင်ရန် ပြင်းထန်သော လုံ့လရှိသည်ဖြစ်၍၊
သမ္ပာဇာနော သတိမာ - အမှတ်ရလျက် မှန်စွာသိသည်ဖြစ်၍၊
လောကေ - (ဝေဒနာဟူသောလောက၊ စိတ်ဟူသောလောက၊ သဘောတရား ဟူသော) လောက၌၊
ဝါ - ခန္ဓာငါးပါးဟူသော လောက၌၊
အဘိဇ္ဈာ ဒေါမနဿံ - အမှန်အတိုင်း မသိလျှင်ဖြစ်နိုင်သော အဘိဇ္ဈာနှင့် ဒေါမနဿကို၊
ဝါ - လောဘနှင့်ဒေါသကို၊
ဝိနေယျ - အမှန်အတိုင်း ရှုမြင်သောအားဖြင့် ပယ်ဖျောက်၍၊
ဝိဟရတိ - နေ၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အယံ - မှန်စွာသိနိုင်အောင် အမှတ်ရသော ဤသဘောကို၊
သမ္မာသတိ - မှန်စွာ အမှတ်ရခြင်းဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏ တဲ့။
(ဟောတဲ့ အခါမှာတော့ တပိုင်းချင်း ဖြတ်၍ ဖြတ်၍ဟောရသည်)
မဂ္ဂင်ရှစ်ပါး အကျယ် ဟော, မဟော ဝေဘန်ချက်
▬▬▬▬▬▬▬▬▬▬
အဲဒါဟာ သမ္မာသတိမဂ္ဂင်ကို အကျယ်ဖွင့်ပြတဲ့ မြတ်စွာဘုရား စကားတော်ပါပဲ။ ယခုလက်ရှိ ဓမ္မစကြာသုတ် တရားတော်ထဲမှာ မဂ္ဂင်ရှစ်ပါးကို ခေါင်းစဉ်မျှသာ တွေ့ရတယ်၊
ဒီဓမ္မစကြာတရားကို ပဌမစပြီး မြတ်စွာဘုရား ဟောတော်မူစဉ်တုန်းက တရားထူးကို သိမြင်ကြမည့် အရှင်ကောဏ္ဍညနှင့်တကွ ဗြဟ္မာတွေ နတ်တွေဟာ သမ္မာသတိ - ဆိုတဲ့ ဒီစကားလုံးကလေး ကြားရုံမျှဖြင့်ပင် “ကာယ ဝေဒနာ စိတ္တ ဓမ္မကို မှန်စွာ အမှတ် ရပြီးသိတဲ့ သတိပဋ္ဌာန်လေးပါးကို ဆိုတယ်”လို့ သိနားလည် သွားကြပါသလား၊ “ကိုယ်အမူအရာတွေ ခံစားမှုတွေ စိတ်ကူးကြံသိမှုတွေ သဘော တရားတွေကို ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီး အမှတ်ရတာကို သမ္မာသတိခေါ်တယ်၊
အဲဒီ ကိုယ်အမူအရာစသည်တွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရပြီး အဲဒီ သမ္မာသတိကို ပွါးစေရမယ်”လို့ကော သိနားလည်သွားကြပါသလား၊ အဲဒါ စဉ်းစားစရာပဲ။ အဲဒီလို မသိယင် နားမလည်ယင်တော့ အဲဒီ သမ္မာသတိကိုပွါးစေရန် မစွမ်းနိုင်ကြပေဘူး၊ အဲဒီ သမ္မာသတိမဖြစ်ယင် အရိယမဂ်ဖိုလ် တရားထူးကို မရနိုင်ကြပေဘူး။
ဒါကြောင့် အဲဒီတုန်းက အရှင်ကောဏ္ဍညနှင့် ဗြဟ္မာတွေနတ်တွေဟာ တရားဦးကို နာပြီး ကျွတ်တမ်းဝင်ကြမည့် ပါရမီထူးရှိသူများ ဖြစ်သောကြောင့် သမ္မာသတိဆိုတဲ့ စကားလုံးကို ကြားရရုံနဲ့ “ဖြစ်တိုင်းဖြစ်တိုင်းသော ကိုယ်အမူအရာ စသည်ကို ရှုမှတ်လျက်သမ္မာသတိမဂ္ဂင်ကို ပွါးစေရမယ်”ဆိုတာ သိနားလည်ကြပြီး အဲဒီအတိုင်း ဖြစ်ပွါးစေကြတဲ့အတွက် တရားထူးကို ရသွားကြတယ်လို့ ဒီလိုယင်လဲ မှတ်ယူရမယ်။ သို့မဟုတ် အဲဒီတုန်းက မဂ္ဂင်ရှစ်ပါးကိုလဲ အများနားလည် လောက်အောင် ဖွင့်ပြဟောကြားခဲ့တယ်၊ သတိပဋ္ဌာန်လေးပါး ပွါးများပုံကိုလဲ အများနားလည် လောက်အောင် ဖွင့်ပြဟောကြားခဲ့တယ်၊
ဒါပေမဲ့ အဲဒီအကျယ်ဖွင့်ပြချက်တွေက အခြားသုတ်တွေမှာ အသီးအခြားရှိနေတဲ့ အတွက် ပဌမသံဂါယနာ တင်တဲ့အခါမှာ ဒီဓမ္မစက္ကပ္ပဝတ္တနသုတ် မဂ္ဂင်ရှစ်ပါးကို ဒီနေရာမှာရော၊ နောက်မဂ္ဂသစ္စာ အရာမှာရော ခေါင်းစဉ်အမည်မျှသာ အကျဉ်းချုံးပြီး သံဂါယနာတင်ခဲ့တယ်လို့ ဒီလိုယင်လဲ မှတ်ယူရမယ်။
ဒီလိုအကျဉ်းချုံးပြီး သံဂါယနာတင်တဲ့ အခြားသုတ် ရှိပါရဲ့လားလို့ မေးယင်, ရှိပါတယ်လို့ ဖြေနိုင်ပါတယ်၊ ဘယ်သုတ်လဲ ဆိုယင် မူလပဏ္ဏာသမှာ သတိပဋ္ဌာနသုတ် ဆိုတာပါပဲ၊ အဲဒီသုတ်ဟာ မဟာသတိပဋ္ဌာနသုတ်ကို အကျဉ်း ချုံးပြီး ပဌမပိုင်း မျှကိုသာ မူလက သံဂါယနာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ယခု ဆဋ္ဌသံဂါယနာကျတော့ နောက်ပိုင်းမှာ ဖြည့်စွက်ပြီး သံဂါယနာတင်ထားပါတယ်။
သို့သော်လဲ အဲဒီ နောက်ပိုင်းအဖွင့်ကတော့ အဲဒီမူလပဏ္ဏာသအဋ္ဌကထာမှာ မရှိပါဘူး။ ဒိပြင်လဲ အခြားနိကာယ်က သုတ်ရှည်တွေကို ခုဒ္ဒကနိကာယ်ထဲမှာ ချုံးပြီး သံဂါယနာ တင်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာလဲ အကျယ် ဖွင့်ပြချက်တွေကို ပဌမသံဂါယနာတင်စဉ်က ခြွင်းချန်ပြီး အတိုချုံး သံဂါယနာ တင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီလို ဆိုယင်တော့ မဂ္ဂင်ရှစ်ပါး ခေါင်းစဉ် အမည်မျှကလေးဖြင့် အကျယ်အနက် တွေကို ဘယ်လို သိနိုင်ကြပါလိမ့်မလဲလို့ စဉ်းစားစရာ မလိုတော့ဘူး။
ယခုနေ အခါမှာဆိုယင် ယခုဘုန်းကြီးရွတ်ဆို ဟောပြတဲ့ သတိပဋ္ဌာန်လေးပါး အကြောင်း ကိုလဲ သိကြပါလျက်၊ အဲဒီ အကျဉ်းချုပ် ဥဒ္ဒေသစကား၏ အကျယ်ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ်ကြီးကိုလဲ တွေ့နေကြပါလျက်၊ အဲဒီသုတ်၏ အဋ္ဌကထာအဖွင့် တွေကိုလဲ တွေ့နေကြပါလျက် “သမ္မာသတိမဂ္ဂင်ကို ဘယ်လိုပွါးစေရမယ်”လို့ တိတိကျကျ နားလည်တဲ့ ပုဂ္ဂိုလ်က အနည်းသားပဲ၊ ဒါကြောင့် ဟိုတုန်းကလဲ အများနည်းလည်အောင် မြတ်စွာဘုရားက အကျယ်ဖွင့်ပြ ဟောကြားခဲ့တယ်လို့ပဲ ဘုန်းကြီးက သဘောကျပါတယ်။
ဒီနေရာမှာ “သမ္မာသတိမဂ္ဂင် ဆိုတာ သတိပဋ္ဌာန်လေးပါးပဲ” လို့ ခိုင်ခိုင်မြဲမြဲ မှတ်ထားကြရမယ်၊ သမ္မာသတိမဂ္ဂင်ကို သတိပဋ္ဌာန်လေးပါးလို့ ဆိုတော့ အဲဒီ သမ္မာသတိမဂ္ဂင်ကို ဘယ်လိုပွါးစေရမလဲဆိုယင် ခုတင်က ရွတ်ဆိုပြခဲ့တဲ့ အဖွင့်ပါဠိ ဖြင့်လဲ အတော်အတန် ထင်ရှားနေပါပြီ၊ အဲဒီ ပါဠိဟာလဲ မဟာသတိပဋ္ဌာနသုတ်က ဥဒ္ဒေသ အကျဉ်းစကားနှင့် ထပ်တူပါပဲ၊
ဒါကြောင့် အဲဒီအကျဉ်းစကားလောက်နဲ့ ကောင်းကောင်း နားမလည်သေးယင် အကျယ်ပြထားတဲ့ မဟာသတိပဋ္ဌာန သုတ်ကြီးကို လေးလေးနက်နက် လေ့လာ ကြည့်ရှုရုံပဲ၊ အဲဒီလို လေ့လာကြည့်ရှုယင် ကာယာနုပဿနာ အလိုအားဖြင့် ဝင်လေထွက်လေဆိုတဲ့ အာနာပါနကိုယင်လဲ ရှုရမယ်၊ သို့မဟုတ် ဆံပင် မွေးညှင်း အစရှိသော ၃၂ - ကောဋ္ဌာသကိုယင်လဲ ရှုရမယ်၊
အဲဒီ ၂ - ပါးကိုတော့ သမထအပ္ဂနာဈာန် ရစေနိုင်သောကမ္မဋ္ဌာန်းလို့ အဋ္ဌကထာက ဆိုပါတယ်။ ကျန်တဲ့ သတိပဋ္ဌာန် ၁၉ - ပိုင်းကိုတော့ ဥပစာရကမ္မဋ္ဌာန်း လို့ ဆိုပါတယ်၊ ဥပစာရကမ္မဋ္ဌာန်းဆိုတော့ ဥပစာရသမာဓိလောက်သာ ရစေနိုင်တဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းလို့ ဆိုလိုတာပါပဲ။
ဝိပဿနာသတိ ဖြစ်စေချင်ယင်
▬▬▬▬▬▬▬▬▬▬▬
ဒါကြောင့် ဝိပဿနာ သမ္မာသတိမဂ္ဂင်ကို ဖြစ်စေချင်ယင်တော့ အဲဒီ ကျန်တဲ့ ၁၉ - ပိုင်း ထဲက အလိုရှိရာကို ရှုရုံပါပဲ၊ ဣရိယာပထပိုင်းအရ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ စသည်နှင့်အညီ) သွားဆဲမှာ သွားရုပ်ကို ရှုရမယ်၊ ရပ်ဆဲ ထိုင်ဆဲ လဲလျောင်းဆဲမှာ ရပ်ရုပ် ထိုင်ရုပ် လျောင်းရုပ်များကို ရှုရမယ်၊ (ယထာ ယထာ ဝါ ပန - စသည်နှင့် အညီ) ထိုင်ဆဲ စသည်မှာ အခြား ကိုယ်အမူအရာ အသေးစိတ်များရှိယင် အဲဒါတွေကိုလဲ ရှုရမယ်။ အဲဒီမှာ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ စသည်ဖြင့် ပစ္စုပ္ပန်ကို ရှုရန် ပြထားတာကို အထူးသတိပြုကြရမယ်၊
အဘိဓမ္မာကျမ်းဂန်ထဲက ပြထားတဲ့ရုပ် တွေကို ကျက်မှတ်ပြီး ကြံတွေးရှုရုံမျှဖြင့် ကာယာနုပဿနာ သတိပဋ္ဌာန် မဖြစ်ဘူး ဆိုတာလဲ သေသေချာချာ မှတ်ထား ကြရမယ်။ နောက်ပြီးတော့ သမ္ပဇညပိုင်း အရအားဖြင့် သွားခြင်း ပြန်ခြင်း တဲ့တဲ့ ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း စသော ကိုယ်အမူအရာများကိုလဲ ရှုရမယ်။
ဝိပဿနာ ခဏိကသမာဓိ ရှင်းပြချက်
▬▬▬▬▬▬▬▬▬▬
ဓာတုမနသိကာရပိုင်း အရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလဲ ရှုရမယ်။ အဲဒီလို ရှုလို့ နီဝရဏ ကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ဝိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာကိုလဲ အထူးသတိပြုကြရမယ်။ အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာ မဟုတ်တဲ့အတွက် ဥပစာရသမာဓိအစစ် မဟုတ်ကြောင်း၊ ဥပစာရသမာဓိ အစစ်နှင့် နီဝရဏ ကင်းပုံချင်း, စိတ်တည်ကြည် ပုံချင်း တူညီတဲ့အတွက် သဒိသူပစာအားဖြင့် ဥပစာရ သမာဓိခေါ်တဲ့အကြောင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ (ပ - ၄၃၆) မှာ ပြဆိုထားတယ်။ အဲဒါကို ဝိပဿနာ အနေနဲ့ဆိုယင် ဝိပဿနာခဏိကသမာဓိလို့ ခေါ်ရမှာပဲ၊ ဒါကြောင့် ဘုန်းကြီးက ဝိပဿနာခဏိကသမာဓိလို့လဲ ဖော်ပြနေပါတယ်။
အဲဒါကို တချို့က သဘောမပေါက်တဲ့အတွက် ခဏိကသမာဓိဖြင့် ဝိပဿနာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ဖြစ်နိုင်ပါလျှင် စာသင်သားတွေမှာ ဝိပဿနာဉာဏ်တွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အပြစ်ပြပြီး ပြောဆိုနေတယ်၊ စာသင်သားတွေ၏ သမာဓိဟာ နီဝရဏကင်းလောက်အောင် အားရှိယင်, မဟာသတိပဋ္ဌာနသုတ် ဒေသနာနှင့်အညီ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်နေတာလဲ ဟုတ်ယင် ဝိပဿနာဉာဏ် ဖြစ်နိုင်ပါတယ်လို့ပဲ ဘုန်းကြီးတို့က လက်ခံနိုင်ပါတယ်၊
ဒါပေမဲ့ ကျက်မှတ်လေ့လာထားတဲ့ သရုပ်သဘောတွေကို ရွတ်ဆိုဆင်ခြင်နေတဲ့ သမာဓိမျှဖြင့် နီဝရဏလဲ မကင်းကြောင်း, ဖြစ်ဆဲရုပ်နာမ်ကို ရှုနေတာလဲ မဟုတ်ကြောင်း ထင်ရှားနေပါတယ်၊ ဒါကြောင့် အဲဒီလို အပြစ်ပြပြီး ပြောနေတဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာ လုပ်ငန်းအစစ်ကို နားမလည်လို့ ပြောနေတာပါပဲ။
ဝိသုဒ္ဓိမဂ် (ပ၊ ၂၈၁) မှာ ဝိပဿနာခဏိကသမာဓိကို ခဏိကစိတ္တေကဂ္ဂတာ - လို့ ပြဆိုထားပါတယ်၊ ယင်း၏ အဖွင့်ဋီကာ၌ ခဏမတ္တဌိတိကော သမာဓိ စသည်ဖြင့် ပြထားပါတယ်၊
အဲဒီ အဋ္ဌကထာ ဋီကာများကိုလဲ အမှီပြုပြီးတော့ ဘုန်းကြီးက သဒိသူပစာ ဥပစာရ သမာဓိကို ဝိပဿနာခဏိကသမာဓိလို့ မုချအမည်ဖြင့် ပြဆိုထားခြင်းဖြစ်ပါတယ်၊ အဲဒီအချက်တွေကို သဘောပေါက်ယင် တော့ ရှင်းနေမှာပါပဲ။
ယခု ပြောခဲ့တဲ့အတိုင်း ဣရိယာပထပိုင်း, သမ္ပဇညပိုင်း, ဓာတုမနသိကာရပိုင်းတို့ အလိုအားဖြင့် ဖြစ်ဆဲ ရုပ်အပေါင်းကို ရှုနေယင် ဝိပဿနာခဏိကသမာဓိလို့ ခေါ်ထိုက်တဲ့ ဥပစာရ သမာဓိလဲ ဖြစ်ပါတယ်၊ အဲဒီ သမာဓိနှင့် တပေါင်းတည်း ဝိပဿနာ သမ္မာဒိဋ္ဌိခေါ်တဲ့ ဝိပဿနာဉာဏ်လဲ ဖြစ်ပါတယ်၊ အဲဒါတွေဟာ ကာယာနုပဿနာ သတိပဋ္ဌာန်ဆိုတဲ့ သမ္မာသတိမဂ္ဂင်နဲ့ သမ္မာသမာဓိမဂ္ဂင်, သမ္မာဒိဋ္ဌိမဂ္ဂင်တွေပဲ။
အဲဒီ စကားထဲမှာ “ဓာတုမနသိကာရပိုင်း အလိုအားဖြင့် ရှု၍ ဥပစာရသမာဓိ ဖြစ်တယ်” ဆိုတာကတော့ ဝိသုဒ္ဓိမဂ်မှာ စတုဓာတုဝဝတ္ထာန်ဆိုတဲ့ အမည်နဲ့ ပြထားတဲ့ ကမ္မဋ္ဌာန်း ဖြစ်တဲ့အတွက် ဘာမျှ သံသယဖြစ်ဖွယ် မရှိပါဘူး၊
နောက်ပြီးတော့ ဣရိယာပထပိုင်း သမ္ပဇညပိုင်းတို့ အလိုအားဖြင့် ရှု၍ ဥပစာရသမာဓိ ဖြစ်တယ် ဆိုတာကိုလဲ သတိပဋ္ဌာနသုတ် အဖွင့်အဋ္ဌကထာမှာ အဲဒါတွေကို ဥပစာရကမ္မဋ္ဌာန်း ဖြစ်ကြောင်း အထင်အရှား ပြဆိုထားတဲ့အတွက် ဘာမျှ သံသယ ဖြစ်ဖွယ် မရှိပါဘူး။
နောက်ပြီးတော့ ဝေဒနာနုပဿနာပိုင်း စသည်တို့ အလိုအားဖြင့် ဖြစ်ဆဲ ဝေဒနာများ, စိတ်နှင့် သဘောတရားများကို ရှုလျက်လဲ ဥပစာရသမာဓိနှင့် ဝိပဿနာဉာဏ်များ ဖြစ်နိုင်ပါတယ်၊
ဒါကြောင့် ဝိသုဒ္ဓိမဂ် ဒိဋ္ဌိဝိသုဒ္ဓိအခန်း အစနား၌ ဝိပဿနာ သက်သက်က စပြီး ရှုတဲ့ ပုဂ္ဂိုလ်မှာ ဓာတ်လေးပါးရှုပုံကို ပြပြီးတော့ ဓာတ် ၁၈ - ပါးရှုပုံ၊ အာယတန ၁၂ - ပါးရှုပုံ၊ ခန္ဓာ ၅ - ပါး ရှုပုံ၊ ရုပ်နာမ် ၂ - ပါး ရှုပုံများကိုလဲ ပြထားပါတယ်၊ အဲဒါဟာ မဟာသတိပဋ္ဌာနသုတ် စသော ဘုရားဟော ဒေသနာတော်များနှင့်အညီ ပြဆိုထား ခြင်းပင် ဖြစ်ပါတယ်။
ယခုပြဆိုခဲ့တဲ့ စကားများဖြင့် ဘုရားဟောသုတ္တန် ဒေသနာတော်များနှင့်အညီ သမ္မာသတိမဂ္ဂင် ဖြစ်အောင် ပွါးစေပုံကို နားလည်လောက်ပါပြီ၊
အဲဒီလို နားလည် ယင်တော့ ဖြစ်ဆဲ ကာယ ဝေဒနာ စိတ်သဘောတရားများကို မရှုပဲ ကျမ်းဂန်များက ပြဆိုထားတာ ကျက်မှတ်ပြီး စဉ်းစားဆင်ခြင်လျက် ရှုနေခြင်းဖြင့် သမ္မာသတိ မဂ္ဂင်အစစ် ဖြစ် မဖြစ်ကိုလဲ ဆုံးဖြတ်နိုင်မှာပါပဲ၊
သမ္မာသတိမဂ္ဂင် အစစ် မဖြစ်ယင် ဝိပဿနာ သမ္မာဒိဋ္ဌိမဂ္ဂင် အစစ်လဲ မဖြစ်ဘူး ဆိုတာ ထင်ရှားနေပါတယ်၊
အဲဒါ သာပြီး ခိုင်မြဲအောင် မဟာသတိပဋ္ဌာနသုတ်အဖွင့် အဋ္ဌကထာ စကား တပိုဒ်ကိုလဲ ထုတ်ပြပါဦးမယ်။
ဖြစ်ဆဲရုပ်နာမ်ကို ရှုမှ ဉာဏ်ပညာအစစ်ဖြစ်သည်
ယသ္မာ ပန ကာယဝေဒနာ စိတ္တ - ဓမ္မေသု ကဥ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ၊ တသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗာ။
(သုတ်မဟာဝါအဋ္ဌကထာ ၃၃၉။)
ကာယဝေဒနာ စိတ္တ - ဓမ္မေသု - (တကယ် ဖြစ်ပေါ်နေဆဲ) ကာယ, ဝေဒနာ, စိတ်, သဘောတရားတို့တွင်၊
ကဥ္စိဓမ္မံ - တစုံတခုသော တရားကိုမျှ၊
အနာမသိတွာ - မသုံးသပ် မရှုမမှတ်မူ၍၊
ဘာဝနာ နာမ - ဝိပဿနာပညာ အရိယမဂ် ပညာကို ပွါးစေခြင်း မည်သည်၊
ယသ္မာ - အကြင့်ကြောင့်၊
နတ္ထိ - မရှိပေ၊
တသ္မာ - ထို့ကြောင့်၊
တေပိ - (တရားနာယင်း အရိယမဂ်ဖိုလ် တရားထူးကို ရသွားကြသည်ဟု ဆိုသော) ထိုသန္တတိ အမတ်ကြီးနှင့် ပဋာစာရာ ထေရီမတို့သည်လည်း၊
ဣမိနာဧဝမဂ္ဂေန - ဤ သတိပဋ္ဌာန် လေးပါးဟူသော အကျင့်လမ်းဖြင့်သာလျှင်၊
သောကပရိဒေဝေ သမတိက္ကန္တာတိ - စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း တို့ကို ကျော်လွန် သွားကြသည်ဟူ၍၊
ဝေဒိတဗ္ဗာ - သိအပ် သိထိုက်ကုန်၏ - တဲ့။
သတိပဋ္ဌာန်မပါလျှင် ပညာမဖြစ်
ဒီအဋ္ဌကထာအဆိုကတော့ အလွန်ပဲ ပြတ်သားရှင်းလင်းပါတယ်၊ တရားနာနေယင်း အရိယမဂ်ဖိုလ် တရားထူးကို ရသွားကြတယ်ဆိုတာလဲ ဒီသတိပဋ္ဌာန် လမ်းဖြင့် သာလျှင် ဖြစ်ဆဲကိုယ်ရုပ်ဖြစ်စေ၊ ဝေဒနာဖြစ်စေ၊ စိတ်ဖြစ်စေ၊ သဘောတရားဖြစ်စေ တပါးပါးကို ရှုသိပြီး တရားထူးကို ရသွားကြတာပါ၊ နာကြားရုံမျှနဲ့ မဟုတ်ပါဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ သတိပဋ္ဌာန်၏အာရုံ ရှုကွက်ဖြစ်တဲ့ ကာယ ဝေဒနာ စိတ် သဘောတရားဆိုတဲ့ ဒီ လေးခုထဲက တခုခုကိုမျှ မရှုပဲ ဝိပဿနာပညာလဲ ဖြစ်ရိုးမရှိ၊ အရိယမဂ်ပညာလဲ ဖြစ်ရိုးမရှိ၊ ဒါ့ကြောင့်ပါပဲ - တဲ့။
ဒါကြောင့် ကိုယ်ထဲမှာ တကယ်ဖြစ်ပေါ်နေဆဲ ရုပ်နာမ်ကို မရှုပါပဲ ကျက်မှတ်လေ့လာ ပြီးတော့ သရုပ်ခွဲ ဆင်ခြင်ရုံမျှဖြင့် ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိ မဂ္ဂင်အစစ်မဖြစ်ဘူးဆိုတာ အလွန်ရှင်းလင်းနေပါတယ်။
ဒီနေရာမှာ သမ္မာသတိ - မှန်စွာ အမှတ်ရခြင်းလို့ဆိုပေမဲ့ အမှတ်ရရုံနဲ့တော့ ကိစ္စမပြီးဘူး၊ အမှတ်ရပြီး အမှန်အတိုင်း သိမှ ကိစ္စပြီးတယ်၊ ဒါကြောင့် ခုတင်က ရွတ်ပြခဲ့တဲ့ သတိပဋ္ဌာန် ဥဒ္ဒေသ စကားထဲမှာ (သမ္ပဇာနော သတိမာ)လို့ ဆိုထားတယ်၊ အကျယ် ဖွင့်ပြရာကျတော့၊ ပဇာနာတိ - အပြားအားဖြင့် သိသည် - လို့ပြတယ်၊ သမုဒယဓမ္မာနုပဿီ - စသည်ဖြင့် အဖြစ်အပျက်, ဖြစ်ကြောင်း ပျက်ကြောင်းကို ရှုမြင်သည် - လို့လဲ ပြထားတယ်။
ဒါကြောင့် ဘုန်းကြီးက ဆောင်ပုဒ် တွေကို ဒီလို စီထားတယ်၊ “သတိမဂ္ဂင်၊ ဖြစ်စေချင်၊ ရှုမြင်သိရမည်။ ကိုယ်အမူအရာ၊ ဖြစ်တိုင်းမှာ မှန်စွာ သိရမည်။ စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။ ကောင်း,ဆိုး,လတ်ပါ၊ ဝေဒနာ၊ ပေါ်တာသိရမည်။ သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြား သိရမည်”တဲ့။ အဲဒါတွေကို ဆိုကြရမယ်။
သတိမဂ္ဂင်၊ ဖြစ်စေချင်၊ ရှုမြင်သိရမည်။
(၁) ကိုယ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
(၂) စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
(၃) ကောင်း,ဆိုး,လတ်ပါ၊ ဝေဒနာ၊ ပေါ်တာသိရမည်။
(၄) သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြားသိရမည်။
(အဲဒီမှာ ကောင်း, ဆိုး, လတ်ပါ - ဆိုတာက အကောင်းအဆိုး အလတ်စားဆိုတဲ့ ဝေဒနာသုံးပါးကို ထင်ရှားပေါ်ရာ ပေါ်ရာ ရှုရ သိရမယ်လို့ ဆိုလိုပါတယ်)။
သမ္မာသတိမဂ္ဂင်က အရေးကြီး - လို့ အများနားလည်လောက်အောင် ချဲ့ပြော နေရတာနဲ့ တော်တော် အချိန်ကုန်သွားတယ်။ ယခု သမ္မာသမာဓိမဂ္ဂင်ကို ပြောရမယ်။ အဲဒီသမ္မာသမာဓိမဂ္ဂင်အတွက် မြတ်စွာဘုရား ဖွင့်ပြထားတာတွေကို အကုန်ရွတ်ဆို ပြောနေယင် ကျယ်လဲ ကျယ်သွားမယ်၊ သုတနည်းတဲ့သူတွေ နားမလည်ပဲလဲ ဖြစ်သွားမယ်၊ ဒါကြောင့် ဘုရား စကားတော်တွေကို လိုရင်းလောက် ထုတ်ဖော် ပြောရမှာပဲ။
သမ္မာသမာဓိမဂ္ဂင်
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာသမာဓိ - မှန်စွာ စူးစိုက်တည်ကြည်ခြင်းသည်၊
ကတမာ စ - အဘယ်ပါနည်း။
ဣခ ဘိက္ခု - ဤသာသနာတော်က ရဟန်းသည်၊
ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ - လိုချင်မှုတို့မှ ကင်းဆိတ်သည့်ပြင် အခြား အကုသိုလ်တရားတို့မှလဲ ကင်းဆိတ်၍သာလျှင်၊
သဝိတက္ကံ သဝိစာရံ - ကြံမှု ဆင်ခြင်မှုနှင့်တကွ ဖြစ်သော၊
ဝိဝေကဇံ ပီတိသုခံ - (နီ၀ရဏ) အကုသိုလ်စိတ်ကူး ကင်းဆိတ်လို့ ဖြစ်သည့် ပီတိ သုခလဲရှိသော၊
ပဌမံ ဈာနံ - ပဌမဈာန်သို့။
ဥပသမ္ပဇ္ဇ ဝိဟရတိ - ရောက်၍နေ၏၊
စသည်ဖြင့် ဈာန်လေးပါးသမာဓိကို သမ္မာသမာဓိမဂ္ဂင် - လို့ ခေါ်ဆိုအပ်ကြောင်း ဖွင့်ပြတော်မူပါတယ်။
ဈာန်ဆိုတာ တခြားတပါး အာရုံဆီကို စိတ်မသွားတော့ပဲ သူ့အရုံမှာသာ စူးစိုက် သက်ဝင်ပြီး တည်ငြိမ်နေတဲ့ သဘောပါပဲ၊ အဲဒီဈာန်က သုတ္တန်နည်းအရ လေးမျိုး ရှိတယ်၊
(၁) အာရုံပေါ်အောင် ကြံတဲ့ - ဝိတက်၊
ပေါ်လာတဲ့ အာရုံကို အဖန်ဖန် သုံးသပ်ဆင်ခြင်တဲ့ - ဝိစာရ၊
နှစ်သိမ့် ဝမ်းမြောက်တဲ့ - ပီတိ၊
စိတ်ရွှင်လန်းချမ်းသာတဲ့ - သုခ၊
စူးစိုက်တည်ငြိမ်တဲ့ ဧကဂ္ဂတာခေါ် သမာဓိ -
ဆိုတဲ့ ဒီ ဈာန်အင်္ဂါ ငါးပါးအပေါင်းကို ပဌမဈာန်ခေါ်တယ်။
(၂) ဝိတက် ဝိစာရကင်းပြီး ပီတိ, သုခ, ဧကဂ္ဂတာဆိုတဲ့ ဒီ ဈာန်အင်္ဂါသုံးပါး အပေါင်းကို ဒုတိယဈာန်ခေါ်တယ်။
(၃) ပီတိမပါပဲ သုခ, ဧကဂ္ဂတာဆိုတဲ့ ဒီ ဈာန်အင်္ဂါ ၂ - ပါးအပေါင်းကို တတိယဈာန် ခေါ်တယ်။
(၄) သုခမပါပဲ ဥပေက္ခာနဲ့ ဧကဂ္ဂတာဆိုတဲ့ ဒီ ဈာန်အင်္ဂါ ၂ - ပါးအပေါင်းကို စတုတ္ထဈာန် ခေါ်တယ်။
ဒီဈာန်လေးပါးက ရူပါဝစရ အရူပါဝစရခေါ်တဲ့ လောကီဈာန်လဲ ရှိတယ်၊ အရိယ မဂ်စိတ်နဲ့ယှဉ်တဲ့ လောကုတ္တရာဈာန်လဲရှိတယ်။ အဲဒီ လောကီ လောကုတ္တရာ ၂ - မျိုး ထဲမှာ လောကုတ္တရာ ဈာန်သမာဓိကတော့ အရိယသမ္မာသမာဓိမဂ္ဂင် အစစ်ပဲ၊ လောကီဈာန်သမာဓိကတော့ ဝိပဿနာ၏ အခြေခံဖြစ်ယင် သမ္မာသမာဓိမဂ္ဂင် စာရင်းဝင်တယ်။
ဈာန်မရပဲ ဝိပဿနာ မရှုကောင်းဘူးတဲ့
ဒီဖွင့်ပြပုံကို အကြောင်းပြုပြီးတော့ တချို့က “ဈာန်သမာဓိကိုရမှ စိတ္တဝိသုဒ္ဓိ ပြည့်စုံပြီးတော့ ဝိပဿနာရှုကောင်းတယ်၊ ဈာန်သမာဓိကို မရယင် စိတ္တဝိသုဒ္ဓိ မပြည့်စုံတဲ့အတွက် ဝိပဿနာရှုလို့မဖြစ်နိုင်ဘူး”လို့ ဒီလိုပြောဆိုနေကြတာလဲ အနည်းငယ်ရှိတယ်။ ဒါကတော့ တဖက်သတ်ကျလွန်းတဲ့ အယူအစွဲပါပဲ။
ဈာန်၏ အနီးကပ်ဖြစ်တဲ့ ဥပစာရသမာဓိလောက် ရယင် နီဝရဏ ကိလေသာတွေ ကင်းနေတဲ့အတွက် အဲဒီဥပစာရ သမာဓိဖြင့်လဲ စိတ္တဝိသုဒ္ဓိပြည့်စုံပြီး ဝိပဿနာ ရှုကောင်းကြောင်း၊ ထိုသို့ရှုခြင်းဖြင့် အရဟတ္တဖိုလ်အထိ ရောက်နိုင် ရနိုင်ကြောင်း၊ ရောက်ဘူး ရဘူးသူတွေလဲ များစွာ ရှိကြောင်း ဝိသုဒ္ဓိမဂ်ကျမ်း စသည်မှာ အထင်အရှား ပြဆိုထားချက်တွေ ရှိနေပါတယ်။
ဘုရားဟော သုတ္တန်ပါဠိတော်များမှာလဲ “ဥပစာရသမာဓိ လောက်သာရနိုင်တဲ့ ဣရိယာပထပိုင်း ရှုနည်း စသည်ဖြင့်ပင် အရဟတ္တမဂ်ဖိုလ်အထိ ရောက်နိုင်ကြောင်း (မဟာသတိပဋ္ဌာနသုတ် စသည်မှာ) အထင်အရှား ဟောတော်မူခဲ့ပါတယ်၊
အင်္ဂုတ္တရပါဠိ (ဒု၊ ၂၇၅) အနုဿတိဌာနသုတ်၌ ဘုရားဂုဏ် စသည်ကို ရှုဆင်ခြင်၍ဖြစ်သော သမာဓိ အခြေခံဖြင့်ပင် (ဧဝမိဓေကစ္စေ သတ္တာ ဝိသုဇ္ဈန္တိ) ဟု ရဟန္တာအထိ ဖြစ်နိုင်ကြောင်းဟောတော်မူပါတယ်၊
သမ္ပဇညပိုင်းအဖွင့် အဋ္ဌကထာ တို့၌လဲ ဘုရားဂုဏ် သံဃာ့ဂုဏ်လျှင် အာရုံရှိတဲ့ ပီတိကို ဖြစ်စေပြီးလျှင် ယင်း ပီတိကိုပင် ကုန်သွားသည် ပျက်သွားသည်ဟု သုံးသပ်လျက် အရဟတ္တဖိုလ်သို့ ရောက်နိုင်ကြောင်း အတိအကျ ပြဆိုထားပါတယ်။
နောက်ပြီးတော့ မြတ်စွာဘုရားဟောတဲ့ တရားကိုနာနေယင်း သိန်း သန်း ကုဋေ များစွာ မဂ်ဖိုလ်တရားကို ရကြတယ် ဆိုရာမှာ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေချည်း မဖြစ်နိုင်ပါဘူး၊ အများအားဖြင့် ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ဖွယ်ရှိပါတယ်၊
အဲဒီလို ပုဂ္ဂိုလ်တွေမှာ စိတ္တဝိသုဒ္ဓိပြည့်စုံပုံကို (ကလ္လစိတ္တေ မုဒုစိတ္တေ ဝိနီဝရဏစိတ္တေ ဥဒဂ္ဂစိတ္တေ ပသန္နစိတ္တေ) ခံ့ကျန်း နူးညံ့ နီဝရဏကင်းလျက် တက်ကြွကြည်လင်တဲ့ စိတ်ရှိကြကြောင်းဖြင့်ပြပြီးတော့ အဲဒီအခါ မြတ်စွာဘုရားက သာမုက္ကံသိက - ကိုယ်တိုင် ထုတ်ပြသင့်တဲ့ စတုသစ္စကထာကို ဟောတော်မူသဖြင့် ယင်းပုဂ္ဂိုလ်တို့ တရားထူး ရသွားကြကြောင်းကို အထင်အရှား ပြဆိုထားပါတယ်။
ဒါကြောင့် သမ္မာသမာဓိကို ဈာန်လေးပါးဖြင့် ဝေဘန်ပြတော်မူတာကို ဥက္ကဋ္ဌနည်းဖြင့် ပြတော်မူခြင်း ဖြစ်တယ်လို့ ယူပြီးတော့ ဩမကနည်းအားဖြင့် အခြားပါဠိအဋ္ဌကထာ တို့၌ပြတဲ့ ဥပစာရသမာဓိကိုလဲ စိတ္တဝိသုဒ္ဓိကို ပြီးစေတဲ့ သမ္မာသမာဓိမဂ္ဂင်ပင် ဖြစ်တယ်လို့သာ ယူသင့်ပါတယ်၊
အဲဒီ ဥပစာရဈာန်ဟာလဲ နီဝရဏတွေကို ကင်းစေခြင်းအားဖြင့် ပဌမဈာန်နှင့် တူပါတယ်၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါးငါးပါးရှိခြင်း အားဖြင့်လဲ တူပါတယ်၊ ဒါကြောင့် ဥပစာရသမာဓိ အစစ်, အတု ၂ - ပါးလုံးကိုပင် ပဌမဈာန်ထဲ၌ ဩမကနည်းအားဖြင့် မြတ်စွာဘုရားက ထည့်သွင်း၍ ဟောတော်မူခဲ့တယ်လို့ ယူရပါတယ်။
ဈာန်ဆိုတာ အာရုံကို စူးစူးစိုက်စိုက် ကပ်၍ရှုတဲ့သဘောပဲ၊ ထွက်သက်ဝင်သက် အစရှိတဲ့ သမထနိမိတ်အာရုံကို စူးစိုက်ပြီး ရှုတာက သမထဈာန်ပဲ၊ ရုပ်နာမ်တို့၏ သဘောလက္ခဏာ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ကို ရှုပြီးသိတာက ဝိပဿနာ ဈာန်ပဲ၊
အဲဒါကို တိုတိုနဲ့မှတ်ရအောင် ဆောင်ပုဒ်များ စီထားတယ်၊ “စူးစိုက်သမှု၊ ကပ်၍ရှု၊ ဈာန်ဟု ခေါ်ဝေါ်သည်။ သမထဈာန်၊ ဝိပသ်ဈာန်၊ နှစ်တန်ကွဲပြားသည်။ တည်ငြိမ်ရုံမျှ၊ ရှုနေက၊ သမထဈာန်ခေါ်သည်။ လက္ခဏာသုံးရပ်၊ ရှုသိမှတ်၊ ဝိပသ်ဈာန်ခေါ်သည်။ ခဏိက, ဥပစာ၊ အပ္ပနာ၊ သုံးဖြာသမာဓိ ကွဲပြားသည်”တဲ့။ အဲဒါတွေကို ဆိုကြရမယ်။
(၁) စူးစိုက်သမှု၊ ကပ်၍ရှု၊ ဈာန်ဟုခေါ်ဝေါ်သည်။
(၂) သမထဈာန်၊ ဝိပသ်ဈာန်၊ နှစ်တန်ကွဲပြားသည်။
(၃) တည်ငြိမ်ရုံမျှ၊ ရှုနေက၊ သမထဈာန်ခေါ်သည်။
(၄) လက္ခဏာသုံးရပ်၊ ရှုသိမှတ်၊ ဝိပသ်ဈာန်ခေါ်သည်။
(၅) ခဏိက ဥပစာ၊ အပ္ပနာ၊ သုံးဖြာသမာဓိ ကွဲပြားသည်။
နောက်ဆုံးဆောင်ပုဒ်အရ သမာဓိသုံးပါးထဲက ခဏိကသမာဓိ ဆိုတာ သမထ ကမ္မဋ္ဌာန်းအာရုံကို ရှုခါစ၌ ဥပစာရသမာဓိ မဖြစ်သေးမီက အတော်အတန် စိတ်တည်ငြိမ်တဲ့ သမာဓိနဲ့ ဝိပဿနာသမာဓိကို ဆိုတာပါပဲ။ အဲဒီ ၂ - ပါးထဲမှာလဲ ဝိပဿနာသမာဓိကတော့ နီဝရဏ ကိလေသာတွေကို ကင်းငြိမ်းစေခြင်းဖြင့် ဥပစာရသမာဓိနှင့် လက္ခဏာတူတဲ့အတွက် အဲဒါကို ဥပစာရသမာဓိလို့လဲ ခေါ်ပါတယ်၊ အဲဒီ အကြောင်းကို ခုတင်က (နှာ ၁၆၆ - မှာ) ပြောခဲ့ပြီးပါပြီ။
အဲဒီ ဝိပဿနာခဏိကသမာဓိဟာ အထူးအားကောင်းတဲ့အခါ အပ္ပနာသမာဓိလိုပင် စိတ်ကို ကောင်းကောင်းကြီး တည်ငြိမ်အောင် ထားနိုင်ကြောင်း သတိပဋ္ဌာန် ယောဂီတွေမှာ ကိုယ်တွေ့အားဖြင့်ပင် ထင်ရှားနေပါတယ်။
ဒါကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ (ပဌမတွဲ နှာ ၃၄၂)၌ “ခဏိကစိတ္တေကဂ္ဂတာ ဟူသည်မှာ ဖြစ်ခိုက် ဖြစ်ခိုက် ခဏမျှ တည်သော (ဝိပဿနာ) သမာဓိပဲ၊ မှန်ပေ၏၊ ယင်းဝိပဿနာ ခဏိကသမာဓိသည် ရှုသိအပ်သော ရုပ်နာမ်အာရုံ၌ အပြတ်အခြား မရှိပဲ တမျိုးတည်းသော တည်ကြည်ပုံ အခြင်းအရာအားဖြင့် တစပ်တည်း ဖြစ်နေလျှင် ဆန့်ကျင်ဖက် ကိလေသာက မလွှမ်းမိုးနိုင်သည်ဖြစ်၍ အပ္ပနာဈာန် ရောက်နေသကဲ့သို့ စိတ်ကို မလှုပ်ရှားအောင် ထားနိုင်ပေ၏”လို့ ပြဆိုထားပါတယ်။
ဒါကြောင့် မဂ်ရောက် ဖိုလ်ရောက် ဝိပဿနာဘာဝနာအလုပ်ကို အားထုတ်လိုတဲ့ ပုဂ္ဂိုလ်ဟာ စွမ်းနိုင်ပါမူ ဈာန်လေးပါးထဲက တပါးဖြစ်စေ၊ ၂ - ပါး ၃ - ပါး ၄ - ပါးလုံးဖြစ်စေရအောင် အားထုတ်ရမယ်၊ ရပြီးတော့ နိုင်နင်းအောင်လဲ လေ့လာရမယ်။ ဈာန်ရအောင် အားမထုတ်နိုင်ယင် ဈာန်၏အနီး ဥပစာရသမာဓိ ရအောင် အားထုတ်ရမယ်။
မဟာဘုတ်လေးပါး အစရှိတဲ့ ရုပ်နာမ်ကစပြီး ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဆိုယင်တော့ ဥပစာရသမာဓိလိုပင် နီဝရဏတွေကို ငြိမ်းစေနိုင်တဲ့ ဝိပဿနာ ခဏိကသမာဓိ ပြည့်စုံစေရမယ်၊ အဲဒီခဏိကသမာဓိကောင်းကောင်း ပြည့်စုံတဲ့ အခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရုပ်နာမ် ၂-ပါးကို ခွဲခြားပြီးသိတဲ့ နာမရူပပရိစ္ဆေဒ ဉာဏ်မှစပြီး ဝိပဿနာ ဉာဏ်တွေ အစဉ်အတိုင်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် အဲဒီ ဝိပဿနာခဏိက သမာဓိနှင့် ဥပစာရသမာဓိတို့ကိုလဲ သမ္မာသမာဓိမဂ္ဂင်လို့ မှတ်ကြရမယ်။
သမာဓိမဂ္ဂင် အကြောင်းကတော့ တော်တော်ပြည့်စုံသွားပါပြီ၊ ယခု ပညာမဂ္ဂင်ကို ဖွင့်ပြဟောကြားမယ်။
သမ္မာဒိဋ္ဌိမဂ္ဂင်
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာဒိဋ္ဌိ - မှန်စွာ မြင်ခြင်းသည်၊
ကတမာ စ - အဘယ်ပါနည်း။
ဘိက္ခဝေ - ရဟန်းတို့၊
ဒုက္ခေ - ဒုက္ခသစ္စာ၌၊
ဝါ - ဆင်းရဲတရား၌၊
ယံ ခေါ ဉာဏံ - အကြင်အသိဉာဏ်သည်၎င်း၊
ဒုက္ခသမုဒယေ - သမုဒယသစ္စာ၌၊
ဝါ - ဆင်းရဲဖြစ်ပွါးကြောင်းတရား၌၊
ယံ ခေါ ဉာဏံ - အကြင်အသိ ဉာဏ်သည်၎င်း၊
ဒုက္ခနိရောဓေ - နိရောဓသစ္စာ၌၊
ဝါ - ဆင်းရဲချုပ်ရာ ဆင်းရဲချုပ်ခြင်းသဘော၌၊
ယံ ခေါ ဉာဏံ - အကြင်အသိဉာဏ်သည်၎င်း၊
ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ - မဂ္ဂသစ္စာ၌၊
ဝါ - ဆင်းရဲချုပ်ရာချုပ်ခြင်း သဘောသို့ ဆိုက်ရောက် သိမြင်သော အကျင့်လမ်း၌၊
ယံ ခေါ ဉာဏံ - အကြင် အသိဉာဏ်သည်၎င်း၊
အတ္ထိ - ရှိ၏၊
အယံ - ဤအသိဉာဏ်ကို၊
သမ္မာဒိဋ္ဌိ - မှန်စွာ မြင်ခြင်းဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏ - တဲ့။
အဲဒါဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ကို အကျယ်ဖွင့်ပြတဲ့ မြတ်စွာဘုရား စကားတော်ပါပဲ။ အတိုချုပ်အားဖြင့် ပြောရယင် သစ္စာလေးပါးကို အမှန်အတိုင်းသိတာဟာ သမ္မာဒိဋ္ဌိ မဂ္ဂင်ပါပဲ။ ဒီ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ဘယ်လို ပွါးစေရမလဲဆိုယင်၊ ခုတင်က ပြောခဲ့တဲ့ သမ္မာသတိနှင့် သမ္မာသမာဓိမဂ္ဂင် ပွါးစေပုံထဲမှာ ပြခဲ့တဲ့အတိုင်း ပွါးစေရတယ်၊ ဒါပေမဲ့ ပိုပြီး ရှင်းရှင်းလင်းလင်း သိနားလည်အောင် အသေးစိတ်ထပ်ပြီး ပြောဦးမယ်။ ဒီသမ္မာဒိဋ္ဌိကို အသေးစိတ်အားဖြင့် -
(၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊
(၂) ဈာန သမ္မာဒိဋ္ဌိ၊
(၃) ဝိပဿနာ သမ္မာဒိဋ္ဌိ၊
(၄) မဂ္ဂ သမ္မာဒိဋ္ဌိ၊
(၅) ဖလ သမ္မာဒိဋ္ဌိ -
လို့ (၅) မျိုး ခွဲပြထားတာလဲရှိတယ် (အံ - ဋ္ဌ၊ ပ - ၃၆၉ - နှင့် အံ - ဋ္ဌ၊ ဒု - ၆၃)၊ အဲဒီ ငါးမျိုးထဲက ဈာနသမ္မာဒိဋ္ဌိကို ချန်၍ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိနှင့်တကွ (၅)မျိုး ပြထားတာလဲရှိတယ် (ဥပရိပဏ္ဏာသ - ဋ္ဌ၊ ၉၅)။ အဲဒီ သမ္မာဒိဋ္ဌိ (၆)မျိုးကို တပေါင်းတည်း ပြထားတာလဲရှိတယ် (အံ - ဋ္ဌ၊ တ - ၄၅)။
အဲဒီ သမ္မာဒိဋ္ဌိ (၆) မျိုး ခေါင်းစဉ်ကို လိုက်ဆိုကြရမယ်။
(၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊
(၂) ဈာန သမ္မာဒိဋ္ဌိ၊
(၃) ဝိပဿနာ သမ္မာဒိဋ္ဌိ၊
(၄) မဂ္ဂ သမ္မာဒိဋ္ဌိ၊
(၅) ဖလ သမ္မာဒိဋ္ဌိ၊
(၆) ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ။
အဲဒီ ၆ - မျိုးထဲက ဖလသမ္မာဒိဋ္ဌိ ဆိုတာ ဖိုလ်လေးပါးနှင့် ယှဉ်တဲ့ဉာဏ်ပဲ၊ အဲဒါက အရိယမဂ်လေးပါး၏ အကျိုးပဲ၊ အရိယမဂ် လေးပါးကိုရယင် အဲဒီ ဖိုလ်ဉာဏ်လေးပါး ကိုလဲ ရတော့တာပဲ၊ အဲဒီ ဖိုလ်ဉာဏ်အတွက် အထူးအားထုတ်ဖွယ် မရှိပါဘူး။ နောက်ပြီးတော့ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဆိုတာကလဲ မဂ်ဖိုလ်ရပြီးယင် ပြန်လှည့်ပြီး ဆင်ခြင်လျက် အလိုလို ဖြစ်တော့တာပဲ၊ အဲဒီဉာဏ်အတွက်လဲ အထူးအားထုတ်ဖွယ် မရှိပါဘူး။ ရှေးသမ္မာဒိဋ္ဌိ လေးပါးကိုသာ အားထုတ်ဖို့ လိုပါတယ်၊ ဒါကြောင့် အဲဒီလေးပါးကိုသာ သိနားလည်လောက်အောင် ဖွင့်ပြဟောကြားရမယ်။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ
အဲဒီ ၄ - မျိုးထဲက ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ ကံနှင့် ကံ၏အကျိုး ရှိတယ်လို့ယုံကြည်ပြီး သိမြင်သဘောကျတဲ့ အယူအဆပါပဲ၊ ပြုလုပ်တဲ့ အမှုကို (ကမ္မ) ကံလို့ ခေါ်တယ်၊ အဲဒီ အမှုကံက ကောင်းကျိုး ဆိုးကျိုးကို ရစေတတ်တယ်၊ ပုံစံထုတ်ပြရယင် မသင့်မတော်တဲ့ အမှုကိုပြုမိတဲ့ သူတွေမှာ မကောင်းကျိုး ဆိုးကျိုးတွေကို ခံစားကြရတတ်တယ်၊ ရာဇဝတ်ပြစ်မှုကို ကျူးလွန်မိတဲ့သူတွေမှာ ရာဇဝတ်ပြစ်ဒဏ် မကောင်းကျိုးကို ခံကြရတယ်၊ မသင့်တော်တာကို ပြုယင် အောက်ထစ်ဆုံး အကဲ့ရဲ့ ခံကြရတတ်တယ်၊ သူတပါးကို ဆဲဆိုယင် အဲဒီ လူ၏ အဆဲအဆိုကို ခံရတတ်တယ်၊ မလိုမုန်းထားတဲ့ အနေနဲ့ မျက်စောင်းထိုး ကြည့်မိယင် အဲဒီလူ၏ မျက်စောင်းထိုးကြည့်တာကို ခံရတတ်တယ်။
ပြုံးရွှင်တဲ့ မျက်နှာနဲ့ ကြည့်ယင်တော့ အဲဒီလူကလဲ ပြုံးရွှင်တဲ့ မျက်နှာနဲ့ပဲ ကြည့်ပါလိမ့်မယ်၊ ချိုသာစွာ နှုတ်ဆက်မိယင် အဲဒီလူကလဲ ချိုသာစွာပင် ပြန်၍နှုတ်ဆက်ပါလိမ့်မယ်၊ ငယ်ရွယ်စဉ်က လိမ္မာစွာနေခဲ့ပြီး ပညာကို ကောင်းကောင်း သင်လာခဲ့ယင် အရွယ်ကြီးတဲ့အခါ ကြီးပွါးချမ်းသာတတ်တယ်၊ စီးပွါးဖြစ်မည့် အလုပ်ကိုလုပ်ယင် စီးပွါးဥစ္စာ ပေါများပြည့်စုံတတ်တယ်၊ စီးပွါးပျက်ကြောင်း လောင်းကစားမှု စသည်ကို လုပ်ယင် စီးပွါးဥစ္စာ ပျက်စီးတတ်တယ်။
အဲဒါတွေဟာ ယခုမျက်မှောက်မှာပင် တွေ့မြင်ရတဲ့ ကောင်းမှု မကောင်းမှုများ၏ ကောင်းကျိုး ဆိုးကျိုးတွေပဲ။
သံသရာဘဝတွေမှာလဲ ထို့အတူပင် ကောင်းမှု မကောင်းမှုကံက ကောင်းကျိုး ဆိုးကျိုးကို ပေးတတ်တယ်၊ ရှေးရှေး ဘဝတွေက မကောင်းမှုကံ ပြုလာခဲ့တဲ့ သူတွေဟာ ယခုဘဝမှာ မကောင်းကျိုးတွေကို ခံကြရတယ်၊ အသက်တိုခြင်း အနာများခြင်း ရုပ်အဆင်းမလှခြင်း ပစ္စည်းဥစ္စာရှားပါးခြင်း အခြွေအရံနဲပါးခြင်း စသော မကောင်းကျိုးတွေကို ခံစားနေကြရတယ်။
ယခုဘဝမှာ သတ်ခြင်း ညှဉ်းဆဲခြင်း လုယက် ခိုးယူခြင်း လိမ်ခြင်း အစရှိသော မကောင်းမှုကံပြုတဲ့ သူတွေဟာ နောက်နောက်ဘဝတွေမှာ ယုတ်ညံ့တဲ့ ဘုံဘဝတွေ ရောက်ပြီး အလားတူပင် မကောင်းကျိုးတွေကို ခံစားသွားရှာကြရမယ်။
ရှေးရှေးဘဝတွေက ကောင်းမှုကံ ပြုလာခဲ့တဲ့ သူတွေဟာ ယခုဘဝမှာ ကောင်းကျိုး တွေကို ရနေကြတယ်၊ အသက်ရှည်ခြင်း အနာကင်းခြင်း ရုပ်အဆင်းလှပခြင်း ပစ္စည်းဥစ္စာ ပေါများခြင်း အခြွေအရံများခြင်း စသော ကောင်းကျိုးတွေကိုရပြီး ချမ်းသာနေကြတယ်၊
ယခုဘဝ၌ သတ်မှု ညှဉ်းဆဲမှု ခိုးမှု လိမ်မှု စသည်မှ ရှောင်ကြဉ်ခြင်း ပေးလှူခြင်း စောင့်ရှောက်ကူညီခြင်း စသော ကောင်းမှုကံပြုတဲ့ သူတွေဟာ နောက်နောက် ဘဝတွေမှာ မြင့်မြတ်တဲ့ ဘုံဘဝတွေ ရောက်ပြီးတော့ အလားတူပင် ကောင်းကျိုး တွေကို ရပြီး ချမ်းသာသွားကြမယ်။
အဲဒီကောင်းမှုကံ မကောင်းမှုကံတို့၏ ကောင်းကျိုး ဆိုးကျိုးဟာ တကယ်ကို ရှိနေတာပဲ၊ အဲဒီလိုရှိနေတဲ့အတိုင်း ယုံကြည်ပြီး အမှန်အတိုင်း သိမြင်ယူဆတာဟာ ကမ္မဿကတာ သမ္မာဒိဋ္ဌိပဲ။
ကမ္မ - ကံသာလျှင် +
သက - ကိုယ်ပိုင်ဥစ္စာရှိသည်၏ +
တာ - အဖြစ်ကို +
သမ္မာ - မှန်စွာ +
ဒိဋ္ဌိ - သိမြင်ခြင်း - ယူခြင်း
= ကမ္မဿကတာ သမ္မာဒိဋ္ဌိ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို မှန်စွာ သိမြင်ယူဆခြင်းတဲ့။
ဒါပေမဲ့ ဒီအသိအမြင်ကတော့ ဝိပဿနာဉာဏ်လို ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်တာတော့ မဟုတ်ဘူး၊ သဒါ္ဓမူလိကာ - ယုံကြည်တဲ့ သဒ္ဓါလျှင် အရင်းခံ ရှိတယ်လို့ ဆိုတဲ့အတိုင်း ဆရာမိဘတို့၏စကား ကျမ်းဂန်စကားများနှင့် အသင့်ယုတ္တိ များကို နှိုင်းချိန်ပြီးတော့ ယုံကြည်ပြီးမှန်စွာ သိမြင်သဘောကျ ယူဆခြင်းပါပဲ၊ အဲဒါဟာ သုစရိုက် (၁၀)ပါးထဲ ပါဝင်နေတဲ့အတွက် သုစရိုက် သမ္မာဒိဋ္ဌိလို့လဲ ခေါ်ရတယ်။
ကံနှင့်ကံ၏အကျိုး ရှိနေပါလျက် မရှိဘူးလို့ မှားယွင်းစွာ ထင်မြင်ယူဆတာကိုတော့ မိစ္ဆာဒိဋ္ဌိ ခေါ်တယ်၊ အဲဒါဟာဒုစရိုက် (၁၀)ပါးထဲ ပါဝင်နေတဲ့အတွက် ဒုစရိုက်မိစ္ဆာဒိဋ္ဌိ လို့လဲ ခေါ်ရတယ်။ ဒီ ဒုစရိုက်မိစ္ဆာဒိဋ္ဌိ အကြောင်းကို အကျယ်သိချင်ယင်တော့ သလ္လေခသုတ် တရားတော်စာအုပ် ဒုတိယတွဲမှာ ကြည့်ပါ။
ယခုဒီမှာတော့ ဆောင်ပုဒ်လောက်ပဲ ဆိုကြရမယ်။
(၁ - က) ကံနှင့်ကံ၏ အကျိုး မရှိဟု အယူ မှားတာက ဒုစရိုက်မိစ္ဆာဒိဋ္ဌိ။
(၁ - ခ) ကံနှင့်ကံ၏အကျိုးရှိသည်ဟု အယူ မှန်တာက သုစရိုက်သမ္မာဒိဋ္ဌိ။
သုစရိုက်သမ္မာဒိဋ္ဌိလို့လဲခေါ်ရတဲ့ ဒီ ကမ္မဿကတာ သမ္မာဒိဋ္ဌိ - က ကုသိုလ်အားလုံး တို့၏ အခြေခံအရင်းအမြစ် ဖြစ်တယ်၊ ဒီ သမ္မာဒိဋ္ဌိရှိပါမှ အကုသိုလ်ကိုလဲ ရှောင်ကြဉ်တယ်၊ ဒါန သီလ စသော သာမန်ကုသိုလ်တွေကိုလဲ ပြုနိုင်တယ်၊ သမထဝိပဿနာဆိုတဲ့ ဘာဝနာ ကုသိုလ်တွေကိုလဲ ပွါးစေနိုင်တယ်။ ဒါကြောင့် ဒီသမ္မာဒိဋ္ဌိနဲ့ သီလကို သမာဓိ ပညာကုသိုလ်တို့၏ အစပိုင်းအဖြစ်ဖြင့် ဒီလို ဟောထားပါတယ်။
ဘိက္ခု - ရဟန်း၊
တသ္မာ - တပါးတည်း ကမ္မဋ္ဌာန်းတရား အားထုတ်လိုပါသည် အကျဉ်းအားဖြင့် ဟောကြားတော်မူပါဟု သင်က တောင်းပန်သော ထိုအကြောင်းကြောင့်၊
တွံ - သင်သည်၊
ကုသလေသု ဓမ္မေသု - ကုသိုလ်တရားတို့၌၊
ဝါ - ကုသိုလ်တရားတို့တွင်၊
အာဒိမေဝ - အစပိုင်းကို သာလျှင်၊
ဝိသောဓေဟိ - သုတ်သင်စင်ကြယ်ပါစေဦးလော့။
ကုသလာနံ ဓမ္မာနံသမာဓိ - ပညာကုသိုလ်တရားတို့၏၊
အာဒိ - အစပိုင်းသည်၊
ကော စ - အဘယ်ပါနည်း၊
သုဝိသုဒ္ဓံ - ကောင်းစွာ စင်ကြယ်သော၊
သီလဉ္စ - သီလသည်၎င်း၊
ဥဇုကာ - ဖြောင့်မတ်သော၊
ဒိဋ္ဌိ စ - အယူအမြင်သည်၎င်း၊
အာဒိ - သမာဓိ ပညာ ကုသိုလ်တရားတို့၏ အစပိုင်းပေတည်း။
(ယတော ခေါ တေ ဘိက္ခု သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိ စ ဥဇုကာ၊ တတော တွံ ဘိက္ခု)
ရဟန်း သင်၏ သီလ ကောင်းစွာ စင်ကြယ်၍ အယူဖြောင့်မတ်သောအခါ၌ သင်သည်
(သီလံ နိဿာယ သီလေ ပတိဋ္ဌာယ)
သီလကိုမှီ၍ သီလ၌ တည်၍
(စတ္တာရော သတိပဋ္ဌာနေ)
သတိပဋ္ဌာန်လေးပါးတို့ကို
(တိဝိဓေန ဘာဝေယျာသိ)
အဇ္ဈတ္တ၌ ရှုခြင်း, ဗဟိဒ္ဓ၌ရှုခြင်း, အဇ္ဈတ္တ ဗဟိဒ္ဓ၌ ရှုခြင်း ဟူသော သုံးပါးအပြားဖြင့် ပွါးလေလော့။
(မဟာဝဂ္ဂသံယုတ်ပါဠိ နှာ - ၁၂၄)
ဒီဘုရားစကားတော်ဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိနှင့် သီလမဂ္ဂင်တွေဟာ ဘာဝနာ ကုသိုလ်ကို မပွါးများမီကပင် ပြည့်စုံစေရမည့် အခြေခံအစပိုင်းဖြစ်ကြောင်း အလွန်ပင်ထင်ရှား နေပါတယ်။ နောက်ပြီးတော့ ဝိပဿနာဘာဝနာ အတွက်ဆိုယင် စိတ္တဝိသုဒ္ဓိဆိုင်ရာ ဈာန်သမာဓိနှင့် ဥပစာရသမာဓိတွေဟာလဲ အခြေခံအစပိုင်း ဖြစ်ကြောင်း ထင်ရှားပါတယ်။ နောက်ပြီးတော့ အရိယမဂ္ဂင်ကို ဖြစ်စေလိုလျှင် ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ဝိပဿနာမဂ္ဂင်ကို ပွါးစေရမယ် ဆိုတာလဲ ထင်ရှားပါတယ်။ ဒါကြောင့် ဘုန်းကြီးက ပွါးစေရမည့် မဂ္ဂင်တွေကို -
(၁) မူလအခြေခံမဂ္ဂင်
(၂) ပုဗ္ဗဘာဂ ဝိပဿနာမဂ္ဂင်၊
(၃) အရိယမဂ္ဂင် - လို့ ဒီလို သုံးဆင့် ခွဲခြားထားပါတယ်၊
အဲဒါကို “မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။ ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်”လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
ပွါးစေရမည့် မဂ္ဂင်သုံးဆင့်
ဗုဒ္ဓသာသနာဝင်ဖြစ်တဲ့ သူတော်ကောင်းတွေဟာ ကုသိုလ်ကောင်းမှုကို ပြုတိုင်း ပြုတိုင်း နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ ရပါလို၏, လျင်မြန်စွာ မျက်မှောက်ပြုရပါစေ - လို့ ဆုတောင်းလေ့ ရှိကြပါတယ်၊ ဆုတောင်းရုံနဲ့တော့ ယခုချက်ခြင်းရမှာ မဟုတ်ဘူး၊ အဲဒီ ကောင်းမှုက ပို့ဆောင်ပေးတဲ့ သုဂတိဘဝ တခုခုကျမှ ရနိုင်မယ်၊ အဲဒါလဲ မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်ပါမှရမှာ၊ ဒီတော့ အဲဒီ နောက်ကာလ ထိအောင် ဆိုင်းငံ့ မနေပဲ ယခုဘဝတွင်ပဲ နိဗ္ဗာန်ကိုရအောင် အားထုတ်သင့်ပါတယ်။
ဘယ်လိုအားထုတ်ရမလဲ ဆိုယင်၊ အရိယမဂ်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးကို ဖြစ်အောင် အားထုတ်ရမယ်၊ ဒါပေမဲ့ အရိယမဂ္ဂင်ကို စပြီးဖြစ်အောင် အားထုတ်လို့တော့ မဖြစ်ဘူး၊ ပုဗ္ဗဘာဂမဂ် (ရှေ့သွားမဂ်)ဆိုတဲ့ ဝိပဿနာမဂ္ဂင်တွေဖြစ်အောင် စပြီး အားထုတ် ရတယ်၊ အဲဒီလို အားထုတ်ရာမှာလဲ အခြေခံက ပြည့်စုံဘို့ လိုသေးတယ်၊ ဒါကြောင့် မူလအခြေခံဖြစ်တဲ့ မဂ္ဂင်တွေပြည့်စုံအောင် ရှေးဦးစွာ အားထုတ်ရတယ်၊ မူလအခြေခံ မဂ္ဂင်ဆိုတာ ဘာတွေလဲဆိုယင်၊ ခုတင်က ပြောခဲ့တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ မဂ္ဂင်ရယ်၊ သီလမဂ္ဂင်သုံးပါးရယ်၊ သမာဓိမဂ္ဂင်ရယ် ဒီသုံးမျိုးပါပဲ။
ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာတော့ ကမ္မဿကတာသမ္မာဒိဋ္ဌိ - က ပြည့်စုံပြီးသား ဖြစ်နေပါပြီ၊ သီလမဂ္ဂင်တွေကတော့ လူဝတ်ကြောင်တွေမှာဆိုယင် စောစောက မပြည့်စုံတောင် တရားအားထုတ်ခါနီး သီလဆောက်တည်လိုက်ယင် ပြည့်စုံတာပါပဲ၊ ရဟန်းများမှာတော့ စောစော ကတည်းက သံသယရှိယင် ပရိဝါသ် မာနတ် ဆောက်တည်ပြီးတော့လဲ စင်ကြယ်စေရတယ်၊ မအပ်တဲ့ပစ္စည်းများရှိယင် အဲဒီ ပစ္စည်းတွေကိုလဲ စွန့်ပြီးဒေသနာပြောကြားခြင်းဖြင့် စင်ကြယ်စေရတယ်။ အဲဒီက နောက် စွမ်းနိုင်ယင် ဈာန်တပါးဖြစ်စေ၊ ၂ - ပါး ၃ - ပါးဖြစ်စေ၊ လေးပါးလုံးဖြစ်စေ ရအောင်အားထုတ်ရတယ်။
အဲဒါလောက် မစွမ်းနိုင်ယင်လဲ ဈာန်၏အနီး ဥပစာရသမာဓိကို ရအောင် အားထုတ်ရတယ်၊ သမထသမာဓိကို သီးသန့် အားမထုတ်နိုင်ယင်တော့ (နီဝရဏကင်းသည်တိုင်အောင် ဥပစာရသမာဓိနှင့်တူညီတဲ့) ဝိပဿနာခဏိက သမာဓိ ဖြစ်အောင် ဘူတရုပ်လေးပါး စသည်ကို စူးစူးစိုက်စိုက် ရှုရတယ်။
အဲဒါကတော့ သမာဓိကို သီးခြားထူထောင်ရတာ မဟုတ်ပါဘူး၊ ရုပ်နာမ်တို့၏ သဘောမှန်ကိုသိအောင် စူးစူးစိုက်စိုက်ရှုနေယင် ဝိပဿနာသမာဓိက သူ့အလိုလို ဖြစ်လာတာပါပဲ။ ဒါပေမဲ့ များစွာသော အာရုံတွေကို လိုက်ပြီးရှုနေယင်၊ သို့မဟုတ် မထင်ရှားတဲ့ အာရုံတွေကို လိုက်ပြီးရှုနေယင် သမာဓိအဖြစ် နှေးတတ်တယ်၊ ထင်ရှားတဲ့ ရှုစရာ နဲနဲလောက်သာ ထားပြီး ရှုနေမှ သမာဓိ ဖြစ်လွယ်တတ်တယ်။
ဒါကြောင့် ဝမ်းဗိုက်မှာ ထင်ရှားတဲ့ တောင့်တင်း တွန်းကန်လှုပ်ရှားမှု ဝါယောဓာတ်ကို စပြီးရှုဘို့ ဘုန်းကြီးတို့က ညွှန်ပြနေပါတယ်၊ ရှုပုံကတော့ ဝမ်းဗိုက်က ဖောင်းတက် လာတဲ့အခါ ဖောင်းတယ်လို့ ရှုမှတ်ရတယ်၊ ပိန်ကျသွားတဲ့အခါ ပိန်တယ်လို့ ရှုမှတ်ရတယ်၊ အဲဒီဖောင်းတာ ပိန်တာကလေး ၂ - ခုတည်းက စပြီး ရှုမှတ်ဖို့ ညွှန်ပြနေပါတယ်၊
ဒါပေမဲ့ အဲဒီ ၂ - ခုထဲတော့လဲ မဟုတ်သေးဘူး၊ ဖောင်းတယ် ပိန်တယ်လို့ ရှုနေယင်း စိတ်ကူးဖြစ်လာယင် အဲဒီ စိတ်ကူးကိုလဲ ရှုမှတ်ရတယ်၊ ပြီးယင် ဖောင်းတာ ပိန်တာကိုပဲ ပြန်ပြီး ရှုမှတ်နေရတယ်၊ ကိုယ်ထဲက အခံခက်တဲ့ ဒုက္ခဝေဒနာ တခုခု ထင်ရှားပေါ်လာယင် အဲဒါကိုလဲ ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်လို့ ဒုက္ခဝေဒနာ ပျောက်သွားယင် ဖြစ်စေ၊ မပျောက်သော်လဲ အတော်အတန် ကြာအောင် ရှုမှတ်ပြီးလျှင် ဖြစ်စေ ဖောင်းတာ ပိန်တာကိုပဲ ပြန်ပြီး စူးစူးစိုက်စိုက် ရှုမှတ်နေရတယ်။
လက်ခြေ ကွေးမှု ဆန့်မှု လှုပ်ရှားပြုပြင်မှု ဖြစ်ပေါ်လာယင် အဲဒီ ကိုယ်အမူအရာကိုလဲ ရှုမှတ်ရတယ်၊ ပြီးယင် ဖောင်းတာ ပိန်တာကိုပဲ ပြန်ပြီး ရှုမှတ်နေရတယ်၊ မြင်မှု ကြားမှု အထူးစသည် ထင်ရှား ပေါ်လာယင် အဲဒါကိုလဲ မြင်တယ် မြင်တယ်၊ ကြားတယ် ကြားတယ် စသည်ဖြင့် ရှုမှတ်ရတယ်၊ အဲဒီလို ၂ - ချက် ၃ - ချက် လေးငါးချက်လောက် ရှုမှတ်ပြီးယင် ဖောင်းတာ ပိန်တာကိုပဲ ပြန်ပြီး စူးစူးစိုက်စိုက် ရှုမှတ်နေရတယ်။
ဒီပုံ ဒီနည်းဖြင့် စူးစူးစိုက်စိုက် ရှုမှတ်နေယင် စိတ်တည်ကြည်မှုသမာဓိ ထူးထူးခြားခြား ဖြစ်လာတာကို တွေ့ရလိမ့်မယ်။ အဲဒီအခါမှာ ရှုတိုင်းရှုတိုင်း ရှုသိရတဲ့ရုပ်က တခြား+ရှုသိတဲ့နာမ်က တခြား ကွဲပြားလျက် ထင်ပေါ်နေလိမ့်မယ်၊ အဲဒါဟာ စိတ်တည်ငြိမ်မှုသမာဓိကို မှီပြီး ရုပ်နဲ့နာမ်ကို ခွဲခြားသိတဲ့ ဝိပဿနာဉာဏ်ထူး စပြီးဖြစ်လာတာပါပဲ၊
ဒီလိုထူးခြားတဲ့ အသိဉာဏ်ဖြစ်ပုံကို ရည်ပြီးတော့ စက္ခုကရဏီ ဉာဏကရဏီ စသည်ဖြင့်လဲ ဟောတော်မူတယ်၊ ပုဗ္ဗေနာပရံ သိသေသံ သဉ္စာနန္တိ - ရှေးကာလထက် နောက်ကာလ၌ အထူးကို သိကြတယ်လို့လဲ ဘိက္ခုနီ စသည်တို့က ပြောကြတာပဲ။
ဈာန်ရသူ ဝိပဿနာရှုပုံ
ရှေ့နားက ပြောခဲ့တဲ့အတိုင်း ဈာန်ရအောင် အားထုတ်နိုင်ယင်တော့ အဲဒီ ဈာန်သမာဓိနှင့် ယှဉ်တဲ့ဉာဏ်ဟာ ဈာနသမ္မာဒိဋ္ဌိပဲ၊ သို့ပေမဲ့ အဲဒီ ဈာနသမ္မာဒိဋ္ဌိကတော့ ဝိပဿနာအရာမှာ မထင်ရှားပါဘူး၊ ဈာန်သမာဓိသာလျှင် စိတ္တဝိသုဒ္ဓိ အဖြစ်ဖြင့်ရော, ပါဒကဈာန် အဖြစ်ဖြင့်ရော ထင်ရှားပါတယ်၊ ကျေးဇူးလဲ များပါတယ်။
ကျေးဇူးများပုံကတော့ မိမိရထားတဲ့ ဈာန်ကို အခြေခံအဖြစ်ဖြင့် ဝင်စားပြီး အဲဒီဈာန်က ထတဲ့အခါ အဲဒီ ဈာန်ဖြစ်ခိုက်က ပါဝင်တဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဖဿ စေတနာ မနသိကာရ စိတ်အစရှိသော နာမ်တရားတို့က စပြီး ရှုရတယ်၊ အဲဒီလို ရှုလိုက်ယင် ချက်ခြင်းပဲ ထင်ရှားသိရတယ်၊ ဈာန်၏ မှီရာရုပ်ကို ရှုလိုက်ယင်လဲ ထင်ရှားပေါ်တယ်၊ သူ့အခိုက်အတန့်နှင့်သူ ဖြစ်ပေါ်လာပြီး ချက်ခြင်းပင် ပျက်ပျက်သွားတာကိုလဲ ထင်ရှားသိရတယ်၊ ပျက်ပျက်သွားလို့ မမြဲဘူး၊ ဆင်းရဲတွေပဲ၊ အနတ္တသဘောတရားမျှပဲ စသည်ဖြင့်လဲ လွယ်ကူစွာ သိရတယ်။
ဒါကြောင့်ဈာန်ဝင်စားလိုက်, ဈာန်ဖြစ်ခိုက်က နာမ်တရားရုပ်တရားတွေကို ရှုလိုက်နဲ့ အဖန်ဖန်ရှုပွါးနေယင်းပဲ ဝိပဿနာမဂ္ဂင်တွေ ရင့်သန်ပြည့်စုံပြိး မကြာမီပင် အရိယမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်တယ်။ အဲဒီလို ဖြစ်နိုင်ပုံကို အင်္ဂုတ္တရပါဠိ နဝကနိပါတ်ဈာနသုတ် စသည်မှာ ဒီလို ဟောထားပါတယ်။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ ဘိက္ခု - ဤ သာသနာတော်က ရဟန်းသည်။ပ။
ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ - ပဌမဈာန်ကို ဝင်စား၍ နေ၏၊
သော - ထို ရဟန်းသည်၊
ယဒေဝ တတ္ထဟောတိ ရူပဂတံ။ပ။ ဝိညာဏဂတံ၊ တေ ဓမ္မေ - ထိုဈာန်ဝင်စား ခိုက်၌ရှိသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို၊
အနိစ္စတော ဒုက္ခတော။ပ။ အနတ္တတော - အနိစ္စ ဒုက္ခ အနတ္တဟု၊
သမနုပဿတိ - ဈာန်မှ ထသောအခါ ရှုမြင်၏။ပ။
သော - ထိုသို့ရှုမြင်သော ရဟန်းသည်၊
တတ္ထဌိတော - ထို ဈာန်ဖြစ်ခိုက် ရုပ်နာမ်တို့ကို ရှုမြင်သော ဝိပဿနာ၌ တည်လျက်၊
အာသဝါနံ ခယံ ပါပုဏာတိ - အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏ - တဲ့။
ဒါက ဈာန်ရပုဂ္ဂိုလ်မှာ ဈာန်ဝင်စားပြီးတော့ မိမိသန္တာန်မှာ တကယ်ဖြစ်ပျက်သွားတဲ့ ဈာန် စိတ် စေတသိက် နာမ်နှင့် ရုပ်တရားတို့ကို ဝိပဿနာရှုပြီးအရိယမဂ်သို့ ရောက်သွားပုံပါပဲ။
အဲဒီမှာ ဝိပဿနာရှုပုံကို လေးလေးနက်နက် သတိပြုပြီး ဆင်ခြင်ကြည့်ပါ၊ သုတမယဉာဏ်ဖြင့် ကျက်မှတ်ပြီး ဆင်ခြင်တာလား၊ တကယ် ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို ရှုတာလား၊ ကျက်မှတ်ပြီး ဆင်ခြင်တာ မဟုတ်ဘူး၊ ဈာန်ရပုဂ္ဂိုလ်၏ သန္တာန်မှာ တကယ် ဖြစ်ပျက်တဲ့ ရုပ် နာမ် အစစ်ကို သူ ဖြစ်ပျက် သွားတဲ့အတိုင်း ရှုမြင်တာပဲ။
အဲဒီ ဈာန်ရပုဂ္ဂိုလ်ဟာ ဈာန်ဝင်စားပြီးတော့ ဈာန်မှ ထတဲ့အခါ ရှေ့အခြားမဲ့၌ တကယ် ဖြစ်ပျက်သွားသော ဈာန်စိတ် စသည်ကို ရှုရသလိုပင် ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေလဲ မိမိမှာ တကယ်ဖြစ်ပျက်သွားတဲ့ ရှေ့အခြားမဲ့ ကာမစိတ်စသည်ကို သူဖြစ်ပျက်သွားတဲ့အတိုင်း ရှုရမယ်ဆိုတာ မထင်ရှားဘူးလား၊ ထင်ရှားပါတယ်။
အဲဒီတော့ ဈာန်မရတဲ့ သူတွေလဲ ဝိပဿနာရှုယင် ကျက်မှတ် ပြီးတော့ ဆင်ခြင်ရှုရုံမျှဖြင့် ဝိပဿနာဉာဏ်အစစ် မဖြစ်ဘူး၊ မိမိတို့သန္တာန်မှာ တကယ် ဖြစ်ပျက်သွားတဲ့ ရှေ့အခြားမဲ့က ထိသိမှု ကြံသိမှု ကြားမှု မြင်မှု နံမှု စားသိမှု စသည်တို့ကို သူဖြစ်ပျက်သွားတဲ့အတိုင်း ရှုမြင်နိုင်ပါမှ ဝိပဿနာဉာဏ်အစစ် ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မြဲမြဲ မှတ်ထားကြရမယ်။
ပကိဏ္ဏကသင်္ခါရ ရှုပုံ
ဈာန်ဝင်စားပြီးရှုပုံ နောက်တနည်းကတော့ မိမိရထားတဲ့ ဈာန်ကို ဝင်စားပြီးတော့ အဲဒီဈာန်မှ ထတဲ့အခါ အဲဒီ ဈာန်စိတ်စေတသိက် ရုပ်တို့တွင် ထင်ရှားရာကို ရှုပြီးတော့ ထိသိမှု ကြံသိမှု ကြားမှု မြင်မှု အစရှိသော ပေါ်ရာ ပေါ်ရာ ရုပ်နာမ်တွေကို လိုက်ရှုနေရတယ်၊ အဲဒီလို ထင်ရှား ပေါ်ရာရာတွေကို လိုက်ရှုတာက ပကိဏ္ဏက သင်္ခါရတွေကို ရှုတာ ခေါ်တယ်၊ အဲဒီရှုပုံကတော့ ဈာန်မရတဲ့ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်တို့၏ ရှုပုံနှင့် အတူတူပါပဲ။
ထူးတာကတော့ ဈာန်ကို အခြေခံပြုပြီး ရှုတာရယ်၊ ဈာန်သမာဓိ အခြေခံ ကောင်းတဲ့အတွက် ပေါ်ရာရာ ရုပ်နာမ်တွေကို လွယ်ကူထင်ရှားစွာ သိနိုင်တာရယ်၊ ဒီ အခြင်းအရာ ၂ - ပါးလောက်ပဲ ထူးခြား ပါတယ်။ အဲဒီလို ပေါ်ရာရာတွေ လိုက်ရှုနေလို့ ကိုယ်စိတ် ပင်ပန်းလာတဲ့အခါ ဈာန်ကို ပြန်ပြီး ဝင်စားရတယ်၊ အပင်ပန်း ပြေငြိမ်းသွားတဲ့ အခါကျတော့ ပေါ်ရာရာ ရုပ်နာမ်ကို လိုက်ပြီး ရှုရပြန်တယ်။
ဒီပုံ - ဒီနည်းဖြင့် ဈာန်အခြေခံပြီး ပေါ်ရာရာ ရှုနေယင်း ဝိပဿနာဉာဏ် ရင့်သန် လာတဲ့ အခါကျတော့ အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုသွားတယ်။ အဲဒီလို ရှုပုံကို မူလပဏ္ဏာသ အဋ္ဌကထာဒွေဓာ ဝိတက္ကသုတ် အဖွင့်(နှာ - ၃၈၇)မှာ ဒီလို ပြဆိုထားပါတယ်။
ဧတ္တာဝတာ - ဤမျှသော စကားရပ်ဖြင့်၊
ဗောဓိသတ္တဿ - ဘုရားအလောင်းတော်၏၊
သမာပတ္တိံ နိဿယ - ဈာန်သမာပတ်ကို မှီ၍၊
ဝိပဿနာပဋ္ဌပနကာလော - ဝိပဿနာ ဖြစ်စေသော ကာလကို၊
ကထိတော - ဟောတော်မူအပ်၏။
ဟိ - မှန်ပေ၏၊
ယဿ - အကြင် ပုဂ္ဂိုလ်အား၊
သမာဓိပိ တရုဏောဝိပဿနာပိ - သမာဓိရော ဝိပဿနာရော နုသေး၏၊
တဿ - ထိုပုဂ္ဂိုလ်အား၊
ဝိပဿနံ ပဋ္ဌပေတွာ အတိစိရံ နိသိန္နဿ - ဝိပဿနာကို ဖြစ်စေလျက် အလွန် ကြာမြင့်စွာ ထိုင်နေလတ်သော်၊
ကာယောကိလမတိ - ကိုယ်ပင်ပန်း၏၊
အန္တော အဂ္ဂိ ဝိယဥဋ္ဌဟတိ - ကိုယ်တွင်း၌ မီးထတောက်သလို ပူလောင်တတ်၏၊
ကစ္ဆေဟိသေဒါမုစ္စန္တိ - လက်ကတီးကြားတို့မှ ချွေးများထွက်တတ်ကုန်၏၊
မတ္ထကတော ဥသုမဝဋ္ဋီ ဝိယ ဥဋ္ဌဟတိ - ဦးထိပ်မှ အခိုးအငွေ့ ထောင်းထောင်း ထသကဲ့သို့ ဖြစ်တတ်၏၊
စိတ္တံဟညတိ ဝိဟညတိ ဝိပ္ဖန္ဒတိ - စိတ်သည် အလွန်ပင်ပန်းတုန်လှုပ်၏၊
သော - ထိုယောဂီသည်၊
ပုန သမာပတ္တိံ သမာပဇ္ဇိတွာ - တဖန် သမာပတ်ကို ဝင်စားပြီးလျှင်၊
တံ - ကိုယ်စိတ်၏ ထိုပင်ပန်းခြင်းကို၊
ပရိဒမေတွာ - သိမ်မွေ့စေ၍၊
မုဒုံကတွာ - နူးညံ့စေ၍၊
သမဿသေတွာ - သက်သာရာ ရစေ၍၊
ပုနဝိပဿနံ ပဋ္ဌပေတိ - တဖန် ဝိပဿနာကို ဖြစ်စေပြန်၏၊
ပုနအတိစိရံ နိသိန္နဿ - တဖန် အလွန်ကြာမြင့်စွာ ထိုင်နေလတ်သော်၊
တဿ - ထို ယောဂီအား၊
တထေဝ ဟောတိ - ထို့အတူပင် ပင်ပန်းပြန်၏၊
သော - ထို ယောဂီသည်၊
ပုနသမာပတ္တိံ သမာပဇ္ဇိတွာ - တဖန် သမာပတ်ကို ဝင်စားပြန်၍၊
တထေဝ ကရောတိ - ထို့အတူပင် ပြုပြန်၏၊
ဟိ - ထိုသို့ ပြုသင့်သည် မှန်ပေ၏၊
သမာပတ္တိ - သမာပတ်သည်၊
ဝါ - ဈာန်ဝင်စားခြင်းသည်၊
ဝိပဿနာယ - ဝိပဿနာအား၊
ဗဟူပကာရာ ကျေးဇူးများလှပါပေ၏ - တဲ့။
အဲဒါဟာ ဈာန်ကို အခြေခံအဖြစ် ဝင်စားပြီးတော့ အဲဒီဈာန်မှ စပြီး ပေါ်ရာရာ ပကိဏ္ဏကသင်္ခါရ (ပြိုးပြွမ်းရုပ်နာမ်) တရားတွေကိုလိုက်ပြီး ရှုပုံပါပဲ။ ဈာန်မရှိတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ထိသိမှု ကြံသိမှု ကြားမှု မြင်မှု အစရှိတဲ့ ပေါ်ရာရာ ပကိဏ္ဏကသင်္ခါရတွေကိုသာ မပြတ်လိုက်ပြီး ရှုနေရတယ်၊ အဲဒီလို ပေါ်ရာရာတွေကို မပြတ်လိုက်ပြီး ရှုနေလို့ ပင်ပန်းလာတဲ့အခါ ဈာန်မရှိတဲ့အတွက် ဈာန်ကိုတော့ မဝင်စားနိုင်ဘူး၊ မူလအစက လေ့ကျင့်ထားတဲ့ ဝမ်းဗိုက်၏ ဖောင်းမှု ပိန်မှု အစရှိတဲ့ ရှုမှတ်နေကျ အာရုံနဲနဲကို ပြန်ရှုနေရတယ်၊ အဲဒီလို ရှုနေကျ အာုံနဲနဲကို ပြန်ရှုနေတော့ ကိုယ်စိတ် ပင်ပန်းတာ ပြေငြိမ်းသွားတယ်၊ အဲဒီအခါ ပေါ်ရာရာ ပကိဏ္ဏကသင်္ခါရတွေကို မပြတ်လိုက်ပြီး ရှုနေရတယ်၊ အဲဒီလို ရှုခြင်းဖြင့် ဝိပဿနာ သမာဓိ ဉာဏ်ရင့်သန် ပြည့်စုံလာတဲ့အခါကျတော့ ကိုယ်စိတ် ပင်ပန်းခြင်းမရှိပဲ နေ့ရော ညဉ့်ပါ ပေါ်ရာရာကို မပြတ်လိုက်ပြီး ရှုမှတ်နိုင်ပါတယ်။
အဲဒီ အခါမှာ အာရုံတွေကလဲ သူ့အလိုလိုဉာဏ်ထဲမျာ ပေါ်ပေါ်ပေးနေသလို ဖြစ်နေတယ်၊ ရှုသိတဲ့ သတိနှင့် ဉာဏ်ကလဲ ကြောင့်ကြ မစိုက်ရပဲ သူ့အလိုလိုပင် အမှတ်ရရပြီး အမှန်အတိုင်း သိသိသွားနေတယ်၊ အနိစ္စ ဒုက္ခ အနတ္တသဘောတွေဟာ သူ့အလိုလိုပင် ထင်ပေါ်နေတယ်၊ အဲဒီလို သိသိနေယင်းထဲက အထူးသွက်လက် ထက်သန်တဲ့ အသိတွေ ဖြစ်လာပြီးတော့ သိစရာ အာရုံရော သိသိနေတာတွေရော ပြတ်စဲချုပ်ငြိမ်းတဲ့ သဘောထဲသို့ ဆိုက်ရောက် ပြေးဝင်သွားတယ်၊ အဲဒါဟာ အရိယမဂ္ဂင်ဖြင့် နိဗ္ဗာန်သို့ ဆိုက်ရောက်ပြေးဝင်သွားတာပဲ၊ ဒါကြောင့် -
မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ် -
လို့ ဆောင်ပုဒ်က ဆိုထားတာပါပဲ။
ဝိပဿနာမဂ္ဂင် စ၍ဖြစ်ပုံ
အဲဒီ မဂ္ဂင်သုံးဆင့်ထဲမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် သီလမဂ္ဂင်ဆိုတဲ့ မူလမဂ္ဂင် ၂ - မျိုး ကတော့ ဘာဝနာအလုပ် အားမထုတ်ခင် ကတည်းက ပြည့်စုံခဲ့ရကြောင်း ရှေ့နားက ပြောခဲ့ပြီ၊ သမထသမာဓိ အခြေခံပြီး ဝိပဿနာရှုတဲ့ သမထယာနိက ယောဂီမှာဆိုယင် ဥပစာရသမာဓိဖြစ်စေ၊ အပ္ပနာဈာန်သမာဓိဖြစ်စေ အဲဒီ သမာဓိ ၂ - ပါးဆိုတဲ့ မူလမဂ္ဂင်ကိုလဲ ဝိပဿနာ မရှုခင်ကတည်းက ပြည့်စုံအောင် အားထုတ် ခဲ့ရတယ်၊ ဝိပဿနာသက်သက်က စပြီးအားထုတ်တဲ့ သုဒ္ဓိဝိပဿနာယာနိက ယောဂီမှာတော့ အဲဒီ အခြေခံသမာဓိမဂ္ဂင်က ဝိပဿနာရှုသင့်တဲ့ ဘူတရုပ်လေးပါး စသည်ကို ရှုနေယင်းပင် ရှုရာရာ အာရုံမှာ ကပ်လျက်ကပ်လျက် တည်သောအားဖြင့် ပြည့်စုံ လာတယ်၊ အဲဒီအခါမှာ အာရုံတပါးသို့ ပျံ့လွင့်ပြေးသွားခြင်း မရှိတော့ဘူး၊ ဒါကြောင့် ဝိပဿနာရှုသိတဲ့ စိတ်ချည်း စင်ကြယ်လျက် စိတ္တဝိသုဒ္ဓိ ဖြစ်တယ်။ အဲဒီ အချိန်ကစပြီး ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဝိပဿနာမဂ္ဂင်တရားတွေ ဖြစ်ပွါးလာတယ်။
ဝိပဿနာ သမာဓိ မဂ္ဂင်များဖြစ်ပုံ
ဖြစ်ပွါးပုံကတော့ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် ကြံတယ် သိတယ် ပူတယ် နာတယ် မြင်တယ် ကြားတယ် စသည်ဖြင့် မှတ်တိုင်း မှတ်တိုင်း, အဲဒီလို ရှုမှတ်မိအောင် ကြောင့်ကြစိုက်ပေးတာက သမ္မာဝါယာမမဂ္ဂင်ပဲ၊
အမှတ်ရတာက သမ္မာသတိမဂ္ဂင်ပဲ၊ (ကိုယ်အမူအရာကို မှတ်မိတာက ကာယာနုပဿနာ သတိပဋ္ဌာန်ပဲ၊ ဝေဒနာ စိတ်သဘော တရားတွေကို မှတ်မိတာတွေက ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တွေပဲ)
ရှုမှတ်မိရာ အာရုံ၍သာ ကပ်လျက် ကပ်လျက် တည်တည်နေတာက သမ္မာသမာဓိမဂ္ဂင်ပဲ၊ (ဝိပဿနာခဏိကသမာဓိမဂ္ဂင်ပေါ့)
ဒီ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဆိုတာတွေက သမာဓိမဂ္ဂင် သုံးပါးတဲ့။
ဝိပဿနာ ပညာ မဂ္ဂင်များ ဖြစ်ပုံ
ရှုမှတ်မိတဲ့ အာရုံကို အမှန်အတိုင်း သိသိသွားတာက သမ္မာဒိဋ္ဌိမဂ္ဂင်ပဲ၊ စိတ္တဝိသုဒ္ဓိဖြစ်ပြီးခါစမှာ မှတ်သိရတဲ့ အာရုံရုပ်နဲ့မှတ်သိတဲ့ စိတ်နာမ်ကို အမှန်အတိုင်း ပိုင်းခြားသိတယ်၊ အဲဒီလို အသိရှင်းတဲ့အခါမှာ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်။ အဲဒီကနောက်မှာ ရှုမှတ်နေယင်း အကြောင်းနှင့်အကျိုးကို ပိုင်းခြားပြီးသိတယ်၊ ကွေးချင်တဲ့စိတ်ရှိလို့ ကွေးတယ်၊ ဆန့်ချင်တဲ့ စိတ်ရှိလို့ဆန့်တယ်၊ လှုပ်ချင်တဲ့စိတ်ရှိလို့ လှုပ်တယ်၊ မျက်စိရှိလို့ မြင်တယ်၊ မြင်စရာရှိလို့ မြင်တယ်၊ နားရှိလို့ ကြားတယ်၊ အသံရှိလို့ ကြားတယ်၊ ကံကောင်းလို့ ချမ်းသာရတယ် စသည်ဖြင့် အကြောင်းနှင့်အကျိုးမျှသာ ရှိကြောင်း အမှန်အတိုင်း သိသိနေတယ်။
အဲဒီကနောက် ရှုမှတ်တိုင်း ရှုမတ်တိုင်း အစဖြစ်ပေါ်လာတာကိုလဲ တွေ့ရတယ်၊ အဆုံးပျောက်ကွယ် သွားတာကိုလဲ တွေ့ရတယ်၊ ဒါကြောင့် ရှုသိရတဲ့အာရုံရော ရှုသိတဲ့စိတ်ရော မမြဲဘူးလို့လဲ အမှန်အတိုင်းသိတယ်၊ ခဏမစဲ ဖြစ်ပျက်နေလို့ ကြောက်စရာကောင်းတဲ့ ဆင်းရဲပဲ၊ နှစ်သက်ဖွယ်မရှိတဲ့ ဆင်းရဲပဲ၊ ကိုယ့်အလိုအတိုင်း မဖြစ်တဲ့ အနတ္တပဲ၊ အစိုးမရတဲ့ သဘောတရားပဲလို့လဲ အမှန်အတိုင်း သိရတယ်၊ အဲဒီလို အမှန်အတိုင်း သိမြင် သိမြင် သွားတာတွေဟာ သမ္မာဒိဋ္ဌိ မဂ္ဂင်တွေပဲ။
အဲဒီလို သိပုံကို ရည်ပြီးတော့ မြတ်စွာဘုရားက (ဒုက္ခေဉာဏံ) ဒုက္ခသစ္စာ - ဆင်းရဲ အစစ်အမှန်၌ ဖြစ်တဲ့ အသိဉာဏ်ကို သမ္မာဒိဋ္ဌိမဂ္ဂင်လို့ ဟောပြတော်မူခဲ့တာပဲ။ အဲဒီလို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဒုက္ခသစ္စာကို အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏတို့ဖြင့် အမှန်အတိုင်း သိမြင်နေယင် ကျန်တဲ့သစ္စာသုံးပါးကိုလဲ သိမြင်ခြင်းကိစ္စ ပြီးတော့တာပဲ။
အဲဒီကိစ္စပြီးပုံကိုတော့ နောက်ပိုင်း မဂ္ဂသစ္စာ အခန်းကျမှ ပြောရမယ်။ အဲဒီလို အမှန်အတိုင်း သိမြင်နိုင်အောင် ရုပ်နာမ်သဘော, အဖြစ်အပျက်, အနိစ္စ, ဒုက္ခ အနတ္တ အခြင်းအရာအားဖြင့် စိတ်ညွတ်ပေးတာက သမ္မာသင်္ကပ္ပမဂ္ဂင်ပဲ။ ဒီ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ဆိုတဲ့ မဂ္ဂင် ၂ - ပါးက ပညာမဂ္ဂင်တွေပဲ။
ခုတင်က ပြောခဲ့တဲ့ သမာဓိမဂ္ဂင် ၃ - ပါးနဲ့ ဒီ ပညာမဂ္ဂင် ၂ - ပါးကို ပေါင်းလိုက်ယင် မဂ္ဂင် ၅ - ပါးဖြစ်တယ်၊ ဒီ ၅ - ပါးကို ကာရကမဂ္ဂင်များလို့ ခေါ်တယ်၊ ရှုတိုင်း ရှုတိုင်း ရှုသိခြင်း ကိစ္စပြီးအောင် ဒီမဂ္ဂင် ငါးပါးက တပေါင်းတည်း ပြုလုပ်နေကြတယ်၊ ဒါကြောင့် သူတို့ကို ကာရကမဂ္ဂင်လို့ အဋ္ဌကထာက အမည်ပေးထားတယ်၊ အလုပ်သမားမဂ္ဂင်တွေပေါ့။
နောက်ပြီးတော့ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မအာဇီဝဆိုတဲ့ သီလမဂ္ဂင်တွေကတော့ ဝိပဿနာမရှုမီ ရှေးအဖို့ကပင် ပြည့်စုံနေခဲ့တယ်၊ ရှုနေတဲ့အခါလဲ ဒီသီလက ပျက်တာမဟုတ်ဘူး၊ ပိုပြီး စင်ကြယ်လာတာပဲ၊ ဒါကြောင့် အဲဒီ သီလမဂ္ဂင်တွေပါ ဆိုယင် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဝိပဿနာမဂ္ဂင်ရှစ်ပါးဆိုတဲ့ ပုဗ္ဗဘာဂမဂ္ဂင်တရား တွေကို ပွါးများနေသည်မည်တယ်။
သမ္မာသင်္ကပ္ပမဂ္ဂင်
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာသင်္ကပ္ပေါ - မှန်စွာ ကြံခြင်းသည်၊
ကတမော စ - အဘယ်ပါနည်း။
နေက္ခမ္မသင်္ကပ္ပေါ - ကာမဂုဏ်မှ ထွက်မြောက်ရေး ကြံခြင်းသည်၎င်း၊
အဗျာပါဒသင်္ကပ္ပေါ - မသတ်ရေး, မသေစေလိုရေး, ချမ်းသာစေလိုရေး ကြံခြင်း သည်၎င်း၊
အဝိဟိံ သာသင်္ကပ္ပေါ - မညှဉ်းဆဲလိုရေး, သနားစောင့်ရှောက်ရေး ကြံခြင်းသည်၎င်း၊
အတ္ထိ - ရှိ၏၊
အယံ - ဤအကြံ သုံးပါးကို၊
သမ္မာသင်္ကပ္ပေါ - မှန်စွာ ကြံခြင်းဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏ - တဲ့။
အဲဒါဟာ သမ္မာသင်္ကပ္ပမဂ္ဂင်ကို အကျယ်ဖွင့်ပြတဲ့ မြတ်စွာဘုရား စကားတော်ပါပဲ။ ကုသိုလ်ကောင်းမှုပြုရန် ရှင်ရဟန်းပြုရန် တရားနာရန် တရားကျင့်ရန် စသည်ဖြင့် ကုသိုလ်ရေးနှင့်စပ်ပြီး ကြံတာဟူသမျှဟာ နေက္ခမ္မသင်္ကပ္ပထဲ ပါဝင်တယ်၊ (အကျယ်ကို သိလိုလျှင် သလ္လေခသုတ် တရားတော်စာအုပ် ဒုတိယတွဲမှာ ကြည့်ပါ)။
ပဗ္ဗဇ္ဇာ ပဌမံ ဈာနံ၊
နိဗ္ဗာနဉ္စ ဝိပဿနာ။
သဗ္ဗေပိ ကုသလာ ဓမ္မာ၊
နေက္ခမ္မန္တိ ပဝုစ္စရေ -
ဆိုတဲ့ ဂါထာအရအားဖြင့် ဝိပဿနာ ရှုတိုင်း ရှုတိုင်း နေက္ခမ္မသင်္ကပ္ပဆိုတဲ့ သမ္မာသင်္ကပ္ပမဂ္ဂင် ပါဝင်နေကြောင်း ထင်ရှားပါတယ်။ သူတပါးအား မသေမပျက် စေရန် ချမ်းသာစေရန်ကြံတာက အဗျာပါဒသင်္ကပ္ပပဲ၊ အထူးအားဖြင့် မေတ္တာဘာဝနာ ပွါးများနေတဲ့အခါ ဒီအဗျာပါဒ သင်္ကပ္ပ ဖြစ်ပွါးနေပါတယ်။ သနားငဲ့ညှာပြီး ကြံတာက အဝိဟိံသာသင်္ကပ္ပပဲ၊ ကရုဏာဘာဝနာ ပွါးများနေတဲ့အခါ အထူးအားဖြင့် ဒီအဝိဟိံသာသင်္ကပ္ပ ဖြစ်ပွါးနေပါတယ်။
ဝိပဿနာရှုဆဲမှာလဲ ရှုမိတဲ့အာရုံနှင့်စပ်ပြီး သေစေလိုတဲ့အကြံ, ညှဉ်းဆဲလိုတဲ့ အကြံများ ဖြစ်ခွင့်မရှိသောကြောင့် ရှုသိတိုင်း ရှုသိတိုင်း ဒီသမ္မာသင်္ကပ္ပ ၂ - ပါးလဲ ပါဝင်ပြီးစီးတယ်လို့ပဲ ယူသင့်ပါတယ်။ ဒါပေမဲ့ ဝိပဿနာရှုချက်ထဲ ပါဝင်တဲ့ သင်္ကပ္ပ - အကြံဆိုတာကတော့ တမင်တွေးကြံ နေတာမျိုးတော့ မဟုတ်ပါဘူး၊ ရုပ်နာမ်သဘော အဖြစ်အပျက်သဘော အနိစ္စ, ဒုက္ခ, အနတ္တ သဘောများကို အမှန်အတိုင်း သိအောင် ရှေ့ဆောင်သကဲ့သို့ စိတ် ဦးညွတ်ပေးတဲ့ သဘောမျှပါပဲ၊ အဲဒါကိုပင် သမ္မာသင်္ကပ္ပ - မှန်စွာ ကြံခြင်းလို့ ခေါ်ဆိုရပါတယ်။
ယခု ပြောလာခဲ့တာဟာ မူလမဂ္ဂင် အကြောင်းလဲပြည့်စုံပြီ၊ ပုဗ္ဗဘာဂမဂ္ဂင်ခေါ်တဲ့ ဝိပဿနာမဂ္ဂင် ရှစ်ပါးအကြောင်းလဲ ပြည့်စုံပြီ။ အဲဒီ ဝိပဿနာမဂ္ဂင်တွေ ပွါးများလို့ ရင့်သန်ပြည့်စုံတဲ့အခါမှာ အရိယမဂ္ဂင်အဖြစ် ပြောင်းလဲပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုသွားတာပဲ၊ ဒါကြောင့် ဝိပဿနာကို ပုဗ္ဗဘာဂမဂ် ရှေ့ပိုင်းမဂ်လို့ ခေါ်ရတယ်၊ အရိယမဂ်ကိုတော့ နောက်ဆုံးပိုင်းမဂ်လို့ ခေါ်ရမှာပေါ့။
ဒီဝိပဿနာမဂ်နှင့် အရိယမဂ်ဟာ ရှေ့ပိုင်းအဖြစ်နှင့် နောက်ဆုံးပိုင်း အဖြစ်မျှသာ ကွဲပြားတယ်၊ ဖြစ်သွားပုံကတော့ တစပ်တည်းတဆက်တည်း ဖြစ်သွားတာပဲ၊ ဒါကြောင့် နောက်ဆုံး ပိုင်းဖြစ်တဲ့ အရိယမဂ်ကို ရလိုလျှင် ရှေ့ပိုင်းဖြစ်တဲ့ ဝိပဿနာမဂ်ကို ပွါးစေရတာပဲ။ အဲဒီလိုပွါးစေယင် နောက်ဆုံးကျတော့ အရိယမဂ်က သူ့အလိုလိုပင် ဖြစ်သွား တော့တာပါပဲ၊ ဥပမာအားဖြင့် ရေမြောင်းကို ခုန်ကျော်လိုလျှင် အရှိန်ဖြင့်ပြေးလာပြီး ခုန်လိုက်ရတယ်၊ ခုန်ပြီးတဲ့ နောက်မှာတော့ ဘာမျှ ကြောင့်ကြစိုက်ဖို့ မလိုတော့ဘူး၊ သူ့အလိုလိုပင် ဟိုဘက်ကမ်းပေါ်သို့ ကျသွားတော့တာပဲ။
အဲဒါလိုပါပဲ ဝိပဿနာ မဂ်ကို ပွါးစေရတာက အရှိန်ယူပြီး ခုန်လိုက်တာနဲ့ တူတယ်၊ ခုန်ပြီးတဲ့နောက်မှာ ကြောင့်ကြ မစိုက်ရပဲ ဟိုဘက်ကမ်းပေါ်သို့ သူ့အလိုလို ကျသွားတာက ဝိပဿနာအဟုန်ကြောင့် အရိယမဂ် ဖြစ်ပေါ်တာနဲ့ တူတယ်။ ဒါကြောင့် -
မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ် -
လို့ ဒီ ဆောင်ပုဒ် ၂ - ခုကို စီထားတာပဲ၊ အလွန် သဘာဝကျတဲ့ ဆောင်ပုဒ်များပါပဲ။ ယခု အဲဒီဆောင်ပုဒ်များကို ထပ်ဆိုပြီး ဒီကနေ့ တရားသိမ်းရမယ်။
မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
ဤ ဓမ္မစကြာတရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာပရိသတ် အပေါင်း သူတော်ကောင်းတို့သည် မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါးမြတ်တရားကို ပွါးများ အားထုတ်နိုင်ကြသဖြင့် ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို မိမိတို့အလိုရှိအပ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု.....။ သာဓု.....။ သာဓု.....။
ဓမ္မစကြာတရားတော်ကြီး တတိယပိုင်း ပြီးပြီ။
ဓမ္မစကြာတရားတော်ကြီး
စတုတ္ထပိုင်း
(၁၃၂၄ - ခုနှစ် သီတင်းကျွတ်လဆုတ် (၈) ရက်နေ့ ဖွင့်ပြ ဟောကြားသည်။)
တရားအနုသန္ဓေ
လွန်ခဲ့တဲ့ ၃ - သီတင်းက ဓမ္မစကြာသုတ်ထဲမှ အဖို့အစွန်း ၂ - ပါးကို မမှီဝဲအပ် ကြောင်းရယ်၊ အဲဒီ အဖို့အစွန်း ၂ - ပါး၏ သရုပ်ရယ်၊ အဲဒီ အဖို့အစွန်း ၂ - ပါးကို စွန့်ပယ်ပြီးတော့ မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါ ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်လမ်းကို တွေ့လာ သိလာခဲ့တဲ့ အကြောင်းရယ်၊ အဲဒီ အလယ်လမ်းအကျင့်ဖြင့် ပညာမျက်စိ အသိဉာဏ်တွေ ဖြစ်ပေါ်ပြီးတော့ ကိလေသာလဲ ငြိမ်းတဲ့ပြင် သစ္စာလေးပါးကို ဉာဏ်ထူးဖြင့် ထိုးထွင်းသိပြီး နိဗ္ဗာန်ကိုလဲ မျက်မှောက်ပြုနိုင်တဲ့ အကြောင်းရယ်၊ အဲဒီ မဂ္ဂင်ရှစ်ပါး အကျယ်နှင့် ပွါးစေပုံများရယ် - အဲဒါတွေကို ဖွင့်ပြ ဟောကြားခဲ့ပါပြီ။ ဒီကနေ့တော့ မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်လမ်းဖြင့် မြတ်စွာဘုရား သိလာတဲ့ သစ္စာလေးပါး အကြောင်းကို ဟောရမယ်၊ ဒါပေမဲ့ ဒီကနေ့တော့ ဒုက္ခသစ္စာလောက်သာ ဟောနိုင်စရာ ရှိပါတယ်။
ဒုက္ခသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
ဒီပါဠိက ယခုလက်ရှိ ဓမ္မစကြာသုတ်ထဲက ဒုက္ခသစ္စာကို သရုပ်ထုတ်ပြတဲ့ ပါဠိပါပဲ။ ဒီပါဠိထဲမှာ “ဗျာဓိပိ ဒုက္ခော” ဆိုတဲ့အပိုဒ်က အခြားသုတ်များ၌ ဒုက္ခသစ္စာပြတဲ့ ပါဠိနှင့်မတူပဲ ပိုနေတယ်၊ နောက်ပြီးတော့ အခြားသုတ်များမှာ “မရဏမ္ပိ ဒုက္ခံ” အပိုဒ်၏ အခြားမဲ့၌ “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိ ဒုက္ခ”ဆိုတဲ့ စာတပိုဒ်လဲ ရှိတယ်၊ အဲဒီ စာပိုဒ်ဟာ ယခုလက်ရှိ ဓမ္မာစကြာသုတ် ပါဠိထဲမှာတော့ မရှိဘူး၊ အဲဒီလို ကွဲပြားထူးခြားချက် ရှိနေပါတယ်။
ပါဠိစိစစ်ချက်
အဲဒီ ပါဠိမူကွဲခြင်းနှင့်စပ်ပြီး သာရတ္ထဒီပနီဆိုတဲ့ ဝိနည်းဋီကာကျမ်းကြီးမှာ စိစစ်ပြပုံ ကတော့ “ဗျာဓိပိ ဒုက္ခောဟူသော ဤပုဒ်သည် အဘိဓမ္မာပိဋက ဝိဘင်္ဂကျမ်း ဒုက္ခသစ္စာအကျယ်ပြရာပါဠိ၌ မလာမရှိချေ၊ ထို့ကြောင့်ပင် ဝိသုဒ္ဓိမဂ်၌လည်း ဒုက္ခသစ္စာကို အကျယ်ပြရာ၌ ယင်းပုဒ်ကို ထုတ်ပြခြင်းမရှိခဲ့ပေ၊ ဓမ္မစက္ကပ္ပဝတ္တနသုတ် ပါဠိ၌သာလျှင် ရှိနေပေသည်၊ ထို့ကြောင့် ယင်းသုတ်၌သာလျှင် ဤပုဒ်ကို ဆိုခြင်းနှင့်အခြားသုတ်တို့၌ မဆိုခြင်း အကြောင်းကို စူးစမ်းဆင်ခြင်အပ်၏”လို့ ပြဆိုပြီးလျှင်၊ မရဏမ္ပိ ဒုက္ခံ - ပုဒ်ကို ဖွင့်ပြီးသောအရာ၌လည်း “ဤအရာ၌လည်း ‘သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိ ဒုက္ခာ’ ဟူသော ပုဒ်သည် ဝိဘင်္ဂ ပါဠိဒုက္ခသစ္စာ အကျယ် ပြရာ၌ လာရှိ၏၊ ဤဓမ္မစကြာသုတ်၌မူ ထိုပုဒ်မရှိချေ၊ ထိုသို့ မရှိရာ၌လည်း အကြောင်းကို ရှာအပ်၏” လို့ စိစစ်ထားပါတယ်။
အဲဒီ ဋီကာဆရာကလဲ ဒီလို ပါဠိမူကွဲနေတာကို ကြိုက်ဟန်မတူပါဘူး၊ ဒါကြောင့် အခြားသုတ်များမှာလဲ မရှိ, အဋ္ဌကထာများမှာလဲ မဖွင့်တဲ့ အဲဒီ ဗျာဓိပိ ဒုက္ခောဆိုတဲ့ ပုဒ်ကို အဲဒီ ဋီကာဆရာကြီးက မဖွင့်ပြခဲ့ဘူး။ အဲဒီ ဋီကာဆရာကြီးက “စူးစမ်း ဆင်ခြင်သင့်တယ်, အကြောင်းကို ရှာသင့်တယ်”လို့ မှာခဲ့တဲ့အတွက် ဘုန်းကြီးက စူးစမ်းရှာဖွေကြည့်တဲ့ အခါမှာ မူကွဲခြင်း၏ အကြောင်းကို ဒီလို တွေ့ရပါတယ်။
မြတ်စွာဘုရားက ဒုက္ခသစ္စာကို သရုပ်ထုတ်ပြီး ဟောတဲ့အခါတိုင်း အခါတိုင်း တမျိုးတည်း တမူတည်း ဟောခဲ့တာ ဖြစ်မှာပဲ၊ သို့သော်လဲ ဝိနည်းဆောင် အရှင်မြတ် တွေက သုတ္တန်အရာ အဘိဓမ္မာအရာတို့၌ အလေ့အလာ နည်းပါးသောကြောင့် ဝိနည်းပိဋက မဟာဝဂ္ဂပါဠိ ဓမ္မစကြာတရားတော်၌ သုတ္တန်အဘိဓမ္မာ တို့နှင့် မတူပဲ “ဗျာဓိပိ ဒုက္ခော”ဆိုတဲ့ ပုဒ်ကို အပိုထည့်၍ “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိ ဒုက္ခာ” ဆိုတဲ့ ပုဒ်ကိုလဲ ခြွင်းချန်၍ ဆောင်လာကြ သောကြောင့် သုတ္တန်ပါဠိ အဘိဓမ္မာပါဠိတို့နှင့် မတူပဲ မူကွဲနေသည် - လို့ သဘော ကျပါတယ်။
အဲဒီလို သဘောကျခြင်း၏ အကြောင်းအထောက်အထား ကတော့ ဒုက္ခသစ္စ နိဒ္ဒေသပါဠိကို ဖွင့်ပြကြသည့် သုတ်အဋ္ဌကထာ, အဘိဓမ္မာအဋ္ဌကထာတို့၌ “ဗျာဓိပိဒုက္ခော”ဆိုတဲ့ ပုဒ်ကို မဖွင့်ပြခဲ့ကြခြင်း၊ “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိ ဒုက္ခာ” ဆိုတဲ့ ပုဒ်ကိုတော့ ယင်းအဋ္ဌကထာတို့၌ ဖွင့်ပြခဲ့ ကြခြင်းနှင့် ထိုအဋ္ဌကထာများမှာရော ယင်းတို့၏ အဖွင့်ဋီကာများမှာရော ထိုသို့သော ပါဠိမူကွဲကို မပြခဲ့ခြင်းများပင် ဖြစ်ပါတယ်။
သာရတ္ထဒီပနီ ဋီကာဆရာတော်သည် ခရစ်သက္ကရာဇ် ၁၁၅၃ - နှင့် ၁၁၈၆ - နှစ် များအတွင်းက နန်းစံခဲ့သော ပရက္ကမဗာဟုမင်း၏ လက်ထက်က ရှိခဲ့သော ဆရာတော်ဖြစ်တယ်၊ ယခု ၁၃၂၄ - ခုနှစ်မှ ပြန်ရေတွက်ယင် လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ရာကျော် ရှစ်ရာအတွင်းက ဖြစ်တယ်။ အဋ္ဌကထာကျမ်းပြုဆရာတော် အရှင်ဗုဒ္ဓဃောသမထေရ်မှ အရှင်ဓမ္မပါလ မထေရ် တိုင်အောင် အဋ္ဌကထာဋီကာ ကျမ်းပြုဆရာတော်တို့မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ဝ - နှင့် ၁၃၀ဝ - အတွင်းက ဖြစ်တယ်၊ သံယုတ်မဟာဝဂ္ဂပါဠိ သစ္စသံယုတ်မှာရှိတဲ့ ဒီဓမ္မစက္ကပ္ပဝတ္တနသုတ်ကို ဖွင့်ပြကြတဲ့ အဲဒီ ရှေးအဋ္ဌကထာဆရာ ဋီကာဆရာတို့က ဒီ ပါဠိမူကွဲအကြောင်း မဖော်ပြခဲ့ကြပေ၊ ထိုသို့ မဖော်ပြခဲ့ခြင်းမှာလည်း ထိုစဉ်ကာလတုန်းက ဓမ္မစကြာ သုတ်၌ ဒုက္ခသစ္စာပြ ပါဠိဟာ အခြားသုတ်, အဘိဓမ္မာတို့၌ရှိတဲ့ ဒုက္ခသစ္စာပြပါဠိနှင့် ကွဲပြားခြင်း မရှိသောကြောင့်ပင် ဖြစ်တယ်၊ အဲဒီကနောက် နှစ်ပေါင်း ၅၀ဝ - ခန့် ကွာခြားတဲ့ သာရတ္ထဒီပနီဋီကာဆရာများ လက်ထက်ကျမှ ဒီနေရာမှာပါဠိမူ ကွဲနေသဖြင့် သာရတ္ထဒီပနီ ဋီကာဆရာတော်က ဒီပါဠိမူကွဲနှင့်စပ်၍ စူးစမ်းရှာဖွေရန် ညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့ ဘုန်းကြီးက သဘောကျပါတယ်။
အကယ်၍ မြတ်စွာဘုရား ပဌမဟောစဉ်ကပင် အခြားဒုက္ခသစ္စာပြ စကားများနှင့် မတူပဲ ဟောခဲ့တယ်လို့ ဆိုယင် ဘုရားဖြစ်ပြီးခါစ ပဌမဟောစဉ်က တမျိုးဟောတယ်၊ နောက်ကာလကျမှ တမျိုးပြင်ပြီး ဟောတယ်လို့ ယူရလိမ့်မယ်၊ (ဒီလို ယူဘို့ကတော့ မသင့်ပါဘူး၊) သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားဟာ တမူတည်း တညီတည်းသာ ဟောတော်မူခဲ့တယ်၊ နောက်ကာလကျမှ အဆက်ဆက် ဆောင်သူတို့၏ သတိပညာ မပြည့်စုံတဲ့အတွက် မူကွဲဖြစ်လာတယ်လို့ ဒီလိုသာ ယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုယင် ယခုခေတ်၌ ပါဠိ အဋ္ဌကထာ ဋီကာ စာမူတွေဟာ တနိုင်ငံနှင့် တနိုင်ငံ မတူပဲ ကွဲနေတာတွေ များစွာ ရှိပါတယ်၊ အဲဒါတွေဟာ မူလရင်းက ကွဲခဲ့တာတော့ မဟုတ်ဘူး၊ နောက်ကာလကျမှ ကွဲလာတာတွေပဲ ဆိုတာ ထင်ရှားပါတယ်၊ အဲဒါလိုပင် ဖြစ်သင့်သောကြောင့်ပါပဲ။
အဲဒီလို အကြောင်းကြောင်းတွေကို စူးစမ်းဆင်ခြင်မိတဲ့အတွက် ဘုန်းကြီး၏ ယုံကြည်ချက်အားဖြင့်တော့ အခြားဒုက္ခသစ္စ နိဒ္ဒေသများမှာရှိတဲ့ ပါဠိမူက မှန်တယ်၊ ယခုလက်ရှိဓမ္မစကြာသုတ် ဒုက္ခသစ္စာသရုပ်ပြ ပါဠိမှာ “ဗျာဓိပိ ဒုက္ခော”ဆိုတဲ့ပုဒ် ပိုနေတယ်၊ “သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာပိ ဒုက္ခာ”ဆိုတဲ့ပုဒ် လိုနေတယ်လို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆိုယင် “ဗျာဓိ - နာခြင်း”ဆိုတာ “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ” ပုဒ်ကြီးထဲမှဒုက္ခ - ဆိုတဲ့ ပုဒ်ထဲမှာ အတွင်းဝင်နေပါတယ်၊ သောက စသည်တို့ကတော့ ဗျာဓိပုဒ်ထဲမှာ အတွင်းမဝင်ဘူး၊ ဒါကြောင့် “ဗျာဓိပိ ဒုက္ခော”ဆိုတဲ့ပုဒ် မပါပဲ “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိ ဒုက္ခာ”ဆိုတဲ့ပုဒ် ပါရှိတဲ့ ဒုက္ခသစ္စာ သရုပ်ပြ ပါဠိမူသာလျှင် ပြည့်စုံသင့်မြတ်၍ ဘုရားဟောခဲ့ရင်း ပါဠိမူမှန်ဖြစ်တယ်လို့ ဘုန်းကြီးက ယုံကြည် ယူဆထားပါတယ်၊ ဒီလို စိစစ်ပြရတာကလဲ အဲဒီ ယုံကြည်ချက်အတိုင်း ဟောမှာ ဖြစ်တဲ့အတွက်ပါပဲ။ ယခု အဲဒီ ဒုက္ခသစ္စာသရုပ်ပြ မူမှန်လို့ ယုံကြည်ထားတဲ့ ပါဠိကို အပြည့်အစုံ ရွတ်ပြမယ်။
ဒုက္ခသစ္စာသရုပ်ပြ မူမှန်ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ ခေါ ပန - ဤ ဆိုလတံ့သောတရားသည်ကား၊
ဒုက္ခံ အရိယသစ္စံ - ဒုက္ခ အရိယသစ္စာပေတည်း၊
ဝါ - အရိယာတို့ သိအပ်သော ဆင်းရဲ အစစ်အမှန်ပေတည်း၊
ဇာတိပိ - ဘဝအသစ် ဖြစ်ခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲပေတည်း၊
ဇရာပိ - အိုခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲပေတည်း၊
မရဏမ္ပိ - သေခြင်းသည်လည်း၊
ဒုက္ခံ - ဆင်းရဲပေတည်း၊
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိ - စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည်လည်း၊
ဒုက္ခာ - ဆင်းရဲတို့ပေတည်း၊
အပ္ပိယေဟိ - မချစ်အပ်သောပုဂ္ဂိုလ်, သင်္ခါရ အာရုံတို့နှင့်၊
ဝါ - မုန်းစရာပုဂ္ဂိုလ်, အာရုံတို့နှင့်၊
သမ္ပယောဂေါ - တွေ့ဆုံ ယှဉ်တွဲရခြင်းသည်၊
ဒုက္ခော - ဆင်းရဲပေတည်း၊
ပိယေဟိ - ချစ်အပ်သောပုဂ္ဂိုလ်, သင်္ခါရအာရုံတို့နှင့်၊
ဝါ - ချစ်စရာပုဂ္ဂိုလ်, အာရုံတို့နှင့်၊
ဝိပ္ပယောဂေါ - ကွဲကွာရခြင်းသည်၊
ဒုက္ခော - ဆင်းရဲပေတည်း၊
ယမ္ပိယေနပိ - အကြင် လိုချင်တောင့်တမှုဖြင့်လည်း၊
ဣစ္ဆံ - လိုချင်တောင့်တနေပါလျက်၊
န လဘတိ - မရ၊
တမ္ပိ - ထိုလိုချင် တောင့်တမှု တဏှာသည်လည်း၊
ဒုက္ခံ - ဆင်းရဲပေတည်း၊
(သုတ်မဟာဝါ အဋ္ဌကထာ - ၃၈၈။)
တနည်းကား -
ဣစ္ဆံ - လိုချင်နေပါလျက်၊
ယမ္ပိ န လဘတိ - အကြင်မရ၊
တမ္ပိ - လိုချင်နေပါလျက် ထိုမရခြင်းသည်လည်း၊
ဒုက္ခံ - ဆင်းရဲပေတည်း၊
(ဝိဘင်္ဂမူလဋီကာ - ၆၈။)
သံခိတ္တေန - အကျဉ်းအားဖြင့်ဆိုလျှင်၊
ပဉ္စ - ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ - ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်၊
ဝါ - ငါ, ငါ့ဥစ္စာ, နိစ္စ, သုခ, အတ္တ - ဟု စွဲလမ်းနိုင်သော ရုပ်နာမ် ခန္ဓာတို့သည်၊
ဒုက္ခာ - ဆင်းရဲတို့ပေတည်း - တဲ့။
အရိယသစ္စာ လေးပါး
လောကမှာ ဘာသာတရားတွေဆိုတာ အမျိုးမျိုးအထွေထွေ ရှိကြတယ်၊ သူ့ဘာသာနဲ့သူ အနှစ်အသား အစစ်အမှန် အနေနဲ့ ဟောထားတာတွေ အမျိုးမျိုးပဲ ရှိနေကြတယ်။ အဲဒီလို ဟောထားကြတဲ့ အခြားအယူအဆတွေကတော့ ဟောတဲ့ သူတွေလဲ ကိုယ်တိုင်တွေ့ကြတာမဟုတ်ဘူး၊ နာခံတဲ့သူတွေလဲ ကိုယ်တိုင်တွေ့ကြ တာမဟုတ်ဘူး၊ စိတ်ကူးဉာဏ်ဖြင့် တွေးခေါ် ကြံဆပြီး ဟောကြ လိုက်နာယုံကြည်ကြ တာတွေချည်းပဲ၊ ဗုဒ္ဓသာသနာတော်မှ အပြင်ပဖြစ်တဲ့ အဲဒီ အယူဝါဒတွေဟာ ဗြဟ္မဇာလသုတ်မှာ မြတ်စွာဘုရား ဟောထားတဲ့ မိစ္ဆာဒိဋ္ဌိ ၆၂ - ပါးထဲမှာ အပါအဝင် ချည်းပါပဲ။
ဗုဒ္ဓမြတ်စွာဘုရားကတော့ အဲဒီလို တွေးခေါ်ကြံဆပြီး ဟောတာမဟုတ်ဘူး၊ ကိုယ်ပိုင် ဉာဏ်ဖြင့် တွေ့မြင်ပြီးမှ အဲဒီ တွေ့မြင်ပြီး အမှန်တရားတွေကိုသာ ဟောကြား တော်မူပါတယ်၊ ဒါကြောင့် မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်လမ်းမှန်ဖြင့် ကျင့်သုံး၍ ကိုယ်တော်တိုင် ထူးသော ဉာဏ်ဖြင့် ထိုးထွင်းပြီး သိလာခဲ့တဲ့ အရိယသစ္စာဆိုတဲ့ အမှန်တရားလေးပါးကို သရုပ်ထုတ်ပြီး ဟောတော်မူပါတယ်။ အဲဒါတွေက ဘာတွေလဲ ဆိုယင် -
(၁) ဒုက္ခသစ္စာ - ဆင်းရဲအစစ်အမှန်တရား၊
(၂) သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်း အစစ်အမှန် တရား၊
(၃) နိရောဓသစ္စာ - ဆင်းရဲငြိမ်းရာ ချမ်းသာအစစ် အမှန်တရား၊
(၄) မဂ္ဂသစ္စာ - ဆင်းရဲငြိမ်းရာ ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန် တရား - တဲ့။
ဒီအမှန်သစ္စာတရားလေးပါးကို သိဘို့ဟာ အရေးအကြီးဆုံးပဲ၊ ဘာကြောင့်လဲဆိုယင် ဆင်းရဲအစစ်ကိုသိမှ အဲဒီဆင်းရဲကို ရှောင်နိုင်မယ်၊ ဒါပေမဲ့ အဲဒီ ဆင်းရဲဖြစ်ကြောင်း ကိုလဲသိမှ အဲဒီ အကြောင်းကို ပယ်ရှားပြီး ရှောင်နိုင်မယ်၊ ဆင်းရဲငြိမ်းရာ အစစ်အမှန်ကိုလဲ သိဦးမှ အဲဒီ တကယ်ငြိမ်းရာသို့ ရောက်အောင်သွားနိုင်မယ်၊ ဒါပေမဲ့ အဲဒီ ရောက်အောင် သွားဘို့ အကျင့်နည်းလမ်းကိုလဲသိဦးမှ အဲဒီ ငြိမ်းရာသို့ ရောက်အောင်သွားနိုင်မယ်၊ ဒါကြောင့် ဒီအမှန်တရား သစ္စာလေးပါးက သိဘို့ရာ လိုရင်းပဲ။
မြတ်စွာဘုရားက အဲဒီ လိုရင်းဖြစ်တဲ့ သိစရာ သစ္စာလေးပါးကို သိတော်မူလာတဲ့ အတွက် အဲဒီ သစ္စာလေးပါးကို သရုပ်အားဖြင့် အစဉ်အတိုင်း ထုတ်ဖော်ပြီး ဟောတော်မူပါတယ်။ အဲဒီမှာ ပဌမ ထုတ်ပြတာက ဒုက္ခသစ္စာပဲ၊ အဲဒါတွေက ဘာတွေလဲဆိုယင် -
(၁) ဘဝအသစ်ဖြစ်ခြင်း၊ (၂) အိုခြင်း၊ (၃) သေခြင်း၊ (၄) စိုးရိမ်ခြင်း၊ (၅) ငိုကြွေးခြင်း၊ (၆) ကိုယ်ဆင်းရဲခြင်း၊ (၇) စိတ်ဆင်းရဲခြင်း၊ (၈) ပြင်းစွာ ပူပန်ခြင်း၊ (၉) မုန်းစရာတွေနဲ့ တွေ့ဆုံခြင်း၊ (၁၀) ချစ်စရာတွေနဲ့ ကွဲခြင်း၊ (၁၁) လိုတာကို မရခြင်း၊ (၁၂) အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ပင် ဖြစ်ပါတယ်။
အဲဒါတွေကို ဇာတိပိ ဒုက္ခာ - စသည်ဖြင့် ဖော်ပြထားတဲ့ စကားတော်ကို ခုတင်က ရွတ်ဆိုပြခဲ့ပါပြီ။
ဒုက္ခသစ္စာ ဆောင်ပုဒ်များ
(၁) ဖြစ်, အို, သေရေး၊ စိုးရိမ်ဆွေး၊ ငိုကြွေး, ကိုယ်နာကျင်။
(၂) နှလုံးမသာ၊ စိတ်ပြင်းစွာ၊ ပူတာ ဆင်းရဲပင်။
(၃) မုန်းတာနှင့် တွဲ၊ ချစ်တာကွဲ၊ ဆင်းရဲအမှန်ပင်။
(၄) မရတာ လို၊ ဒုက္ခဆို၊ တိုတိုပြောရလျှင်။
(၅) စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ သစ္စာ ဒုက္ခပင်။
(၁) ဇာတိဒုက္ခ ဘဝအသစ် ဖြစ်ခြင်းဆင်းရဲ
ဇာတိ - ဘဝအသစ်ဖြစ်ခြင်းဆိုတာ ဘဝဟောင်းက နောက်ဆုံး ရုပ်နာမ်ခန္ဓာတွေ ချုပ်ပျက်ပြီး သေသည်၏ အခြားမဲ့၌ ကံအားလျော်စွာ ဘဝသစ်မှာ ရုပ်နာမ်ခန္ဓာအသစ် ရှေးဦးစွာဖြစ်တာပါပဲ၊ အဲဒီလို ဖြစ်တာဟာ ရှေးဘဝနှင့် အဆက်မပြတ် ဆက်စပ်ဖြစ်တဲ့အတွက် ပဋိသန္ဓေ တည်တယ်လို့လဲ ခေါ်ရတယ်၊ အမှန်ကတော့ ရုပ်နာမ် အသစ်စပြီး ဖြစ်ခြင်းသဘောပါပဲ။
အဲဒီလိုဖြစ်ရာမှာ အမိဝမ်းထဲ၌ဖြစ်ယင် ဂဗ္ဘသေယျက ပဋိသန္ဓေလို့ ခေါ်တယ်၊ အဲဒီမှာလဲ ဥထဲမှာ ဖြစ်ယင် အဏ္ဍဇ ပဋိသန္ဓေ ခေါ်တယ်၊ မွေးဖွားသည်တိုင်အောင် သားအိမ်တွင်းမှာ သာတည်နေရတဲ့ ပဋိသန္ဓေကိုတော့ ဇလာဗုဇ ခေါ်တယ်။ ဒီဂဗ္ဘသေယျက ပဋိသန္ဓေကတော့ မိဘနှစ်ပါးတို့၏ (သုက္ကသောဏိတ - ခေါ်တဲ့) သုက်နှင့်သွေးကို မှီပြီး တည်တယ်လို့ ဗုဒ္ဓစာပေတွေက ဆိုပါတယ်၊ အနောက်တိုင်း ဆရာဝန် တွေကတော့ အဘ၏ သုက်ပိုးနှင့် အမိ၏ သွေးဥတို့ ပေါင်းစပ်ပြီး ဖြစ်လာတယ်လို့ ဆိုကြတယ်၊ အဲဒီ အဆိုနှစ်ရပ်ကို ညှိပြီးယူမယ်ဆိုယင် အဘ၏သုက်နှင့် အမိ၏သွေးတို့ ပေါင်းစပ်တည်နေတဲ့ ၂ - မျိုးစပ် ရုပ်အပေါင်းထဲ၌ အပါယ်ဘုံမှာ ဆိုယင် အကုသိုလ် ကံကြောင့်၊ လူ့လောကမှာဆိုယင် ကုသိုလ်ကံကြောင့် အကျိုးရုပ်နာမ်အသစ် ဖြစ်ပေါ်လာခြင်းကို ဘဝအသစ်ဖြစ်ခြင်းလို့ မှတ်ရမယ်။
သံသေဒဇ ပဋိသန္ဓေ ဆိုတာကတော့ ရေညှိစသည်မှာ မှီတွယ်ပြီး ရုပ်နာမ် အသစ်ဖြစ်တယ်၊ အဲဒါကတော့ ပိုးလောက်အချို့ စသည်တို့၏ ဘဝသစ်ဖြစ်ပုံပါပဲ။ လူတွေက ပကတိမျက်စိဖြင့် မမြင်နိုင်တဲ့ နတ်တို့ တစ္ဆေတို့ ပြိတ္တာတို့ ငရဲသတ္တဝါတို့ကတော့ အသိစိတ် နာမ်နှင့်တကွ ရုပ်ကိုယ်အပြည့်အစုံ တပြိုက်နက် အထင်အရှားဖြစ်တယ်၊ အဲဒီလို ဖြစ်တာကိုတော့ ဩပပါတိက - ဥပပါတ်ပဋိသန္ဓေလို့ ခေါ်တယ်။
အဲဒီ ပဋိသန္ဓေလေးမျိုးမှာ ပဌမစပြီးဖြစ်တဲ့ ဥပါဒ်ကို ဇာတိ - ဘဝအသစ်ဖြစ်ခြင်းလို့ မုချအားဖြင့် ခေါ်တယ်။ အဲဒီ ဥပါဒ်အားဖြင့် ရှေးဦးစွာ စဖြစ်ခြင်းသဘောမှာတော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ အဲဒီလိုစပြီး ဖြစ်ပေါ်လိုက်တဲ့ အတွက် အဲဒီတဘဝလုံးနှင့်ဆိုင်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေကို ခံစားရတယ်၊ ဒါကြောင့် အဲဒီ အစဆုံး ဖြစ်ခြင်းကိုပဲ ဒုက္ခ - ဆင်းရဲလို့ ဆိုရပါတယ်၊ ဥပမာအားဖြင့် မပြေလယ်မဲ့ကိစ္စအတွက် အာမခံလက်မှတ် ထိုးမိယင် လက်မှတ် ထိုးစဉ်မှာတော့ ဒုက္ခမတွေ့ရသေးပေမဲ့ နောင်တချိန်မှာ ဒုက္ခရောက်ရမည့် အမှုဖြစ်တဲ့ အတွက် အဲဒီလို လက်မှတ်ထိုးရမှာကို ကြောက်စရာကောင်းတယ်လို့ ဒုက္ခအနေနဲ့ အသိအမှတ် ပြုကြရသလိုပါပဲ။ အဲဒီအနက် သဘောကို ရှင်းလင်းစွာ သိနားလည် အောင် ဒုက္ခ (၇) မျိုးကို ခွဲခြားပြီး ပြောရဦးမယ်။
ဒုက္ခ (၇) မျိုး
(၁) ဒုက္ခဒုက္ခ၊
(၂) ဝိပရိဏာမဒုက္ခ၊
(၃) သင်္ခါရဒုက္ခတဲ့၊ ဒီသုံးမျိုးက တစုံပဲ။
(၄) ပဋိစ္ဆန္နဒုက္ခ၊
(၅) အပဋိစ္ဆန္နဒုက္ခ၊ ဒီ - ၂ မျိုးက တစုံပဲ။
(၆) ပရိယာယဒုက္ခ၊
(၇) နိပ္ပရိယာယဒုက္ခ၊ ဒီ ၂မျိုးက တစုံပဲ။
အားလုံးပေါင်း (၇) မျိုးရှိတယ်။ အဲဒီ (၇) မျိုးထဲက ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲက တမျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း စိတ်ညစ်ခြင်း နှလုံးမသာခြင်း ဝမ်းနည်းခြင်းစသည်ဖြင့် အခံခက်တဲ့ စိတ်ဆင်းရဲကတမျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်တယ်၊ သူ့သဘောကလဲ အခံခက်တဲ့ ဆင်းရဲပဲ၊ သူ့အမည်ကလဲ ဒုက္ခဆင်းရဲပဲ၊ ဒါကြောင့် ဒုက္ခဒုက္ခလို့ ခေါ်တယ်၊ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲ - တကယ့်ကို ဆင်းရဲတဲ့ ဆင်းရဲလို့ ဆိုလိုတာပါပဲ။ အဲဒီ ဒုက္ခဒုက္ခခေါ်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်း လူတိုင်းက ကြောက်ကြတယ်၊ သတ္တဝါတိုင်း သတ္တဝါတိုင်းက ကြောက်ကြတယ်၊ ဒုက္ခ - ဆင်းရဲပဲ ဆိုတာ အလွန်ထင်ရှားပါတယ်။ ကဲ အဲဒီ ဆင်းရဲအကြောင်းကို လိုက်ဆိုကြရမယ်။
(၁) ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခဟု ခေါ်သည်။
အတွေ့ကောင်းတွေနဲ့ တွေ့ထိပြီး ကိုယ်ထဲမှာ ချမ်းသာနေတဲ့ (ကာယိကသုခ) ကိုယ်ချမ်းသာက တမျိုး၊ ဝမ်းသာစရာတွေကို အာရုံပြုပြီး စိတ်ထဲမှာ ရွှင်လန်း ဝမ်းသာနေတဲ့ (စေတသိကသုခ) စိတ်ချမ်းသာက တမျိုး - ဒီ ချမ်းသာ ၂ - မျိုး ကိုတော့ လူတိုင်းလူတိုင်းက ကြိုက်ကြတယ်၊ သတ္တဝါတိုင်းက ကြိုက်ကြတယ်၊ ဒီချမ်းသာ ၂ - မျိုးကို ရအောင်လို့ နေ့ညဉ့်မအား ရှာနေကြတယ်၊ အသက်ကိုတောင် စွန့်ပြီးရှာနေကြတယ်၊ အလိုရှိတိုင်းရပြီး ဒီချမ်းသာတွေကို ခံစားနေကြရတဲ့ အခါလဲ အလွန်ပင် ဝမ်းမြောက်နေကြတယ်။
ဒါပေမဲ့ အဲဒီလို ပျော်ရွှင်ဝမ်းမြောက်နေရာက ချမ်းသာကြောင်း အာရုံဝတ္ထုတွေ ပျက်စီးဆုံးပါးသွားယင် မနေတတ်မထိုင်တတ် ဖြစ်ပြီး အလွန်ပင် ဆင်းရဲဒုက္ခ ရောက်တတ်ကြပါတယ်၊ စုဆောင်းထားတဲ့ ရွှေငွေစသော အသုံးအဆောင်ပစ္စည်းတွေ အကြောင်း တမျိုးမျိုးကြောင့် မမျော်လင့်ပဲရုတ်တရက် ပျက်စီးဆုံးရှုံးသွားယင်၊ အလွန်ချစ်မြတ်နိုးတဲ့ အိမ်သူ အိမ်သား သားချစ် သမီးချစ်ကလေးများ သေဆုံး ကွဲကွာသွားယင် မနေသာ မထိုင်သာဖြစ်ပြီး အလွန် ဆင်းရဲတတ်တယ်၊ ရူးနောက်ခြင်းစသော စိတ်ရောဂါလဲ ရတတ်တယ်၊ ရုတ်တရက်လဲ သေသွား တတ်တယ်၊ ဒါကြောင့် အဲဒီကိုယ်ချမ်းသာ စိတ်ချမ်းသာကို ဝိပရိဏာမဒုက္ခလို့ ခေါ်တယ်၊
အဲဒီ ချမ်းသာတွေ ရှိနေတုံးမှာ ကောင်းပေမယ်လို့ သူတို့ ဖောက်ပြန် ပျက်စီး သွားတဲ့အခါ မရှိတဲ့အခါကျတော့ ယူကြုံးမရဖြစ်ပြီး ဆင်းရဲစေတတ်တဲ့ ဒုက္ခလို့ ဆိုလိုပါတယ်။ အဲဒီ ဆင်းရဲ အကြောင်းကို လိုက်ဆိုကြရမယ်။
(၂) ကိုယ်ထဲ စိတ်ထဲ၌ ကောင်းစား ချမ်းသာတဲ့ သုခကို ဝိပရိဏာမဒုက္ခခေါ်သည်။
မြင်နေကျ ကြားနေကျ တွေ့ကြုံနေကျ မကောင်းမဆိုး ရိုးရိုးအာရုံဝတ္ထုတွေနဲ့ တွေ့ဆုံခံစားနေရတဲ့ အခါမှာ မကောင်းတာ ဆင်းရဲတာလဲ မဟုတ်ဘူး၊ ကောင်းတာ ချမ်းသာတာလဲမဟုတ်ဘူး၊ မကောင်း မဆိုး ရိုးရိုးအနေပဲ ရှိနေတယ်၊ အဲဒီလို မကောင်းမဆိုး ရိုးရိုး အလယ် အလတ်သဘောကို ဥပေက္ခာဝေဒနာခေါ်တယ်၊
အဲဒီ ဥပက္ခာကိုတော့ သူ့သဘောအရအားဖြင့် ဆင်းရဲတယ်လို့လဲ မဆိုနိုင်ဘူး၊ ချမ်းသာတယ်လို့လဲ မဆိုနိုင်ဘူး၊ ဒါပေမဲ့ အဲဒီ ဥပေက္ခာက မြဲတည်နေတာတော့လဲ မဟုတ်ဘူး၊ မမြဲတဲ့အတွက် အဲဒီ အလယ်အလတ် အခြေအနေအတိုင်း ဖြစ်နေစေ ချင်ယင် သူ့ဆိုင်ရာအကြောင်းတွေဖြင့် မပြတ် ပြုပြင်ပေးနေရတယ်၊ ပြုပြင်ပေး နေရတော့ တာဝန်လေးတာ ဆင်းရဲတာပေါ့၊
ဒါကြောင့် မကောင်းမဆိုး အလယ် အလတ် ခံစားမှု ဥပေက္ခာဝေဒနာကို သင်္ခါရဒုက္ခလို့ ခေါ်တယ်၊ နောက်ပြီးတော့ ဝေဒနာမှ အခြားတပါးသော လောကီ ရုပ်နာမ် တရားတွေကိုလဲ အမြဲမပြတ် ပြုပြင်ပေးနေရသောကြောင့် သင်္ခါရဒုက္ခလို့ပဲ ခေါ်ရတယ်၊ တည်မြဲတည်အောင် အမြဲမပြတ် ပြုပြင်ပေးနေရသဖြင့် တာဝန်လေး၍ ပင်ပန်းစေတဲ့ ဆင်းရဲလို့ ဆိုလိုပါတယ်။ အဲဒီ သင်္ခါရဒုက္ခ အကြောင်းကို လိုက်ဆိုကြရမယ်။
(၃) မကောင်းမဆိုး အလယ်အလတ်ခံစားမှု ဥပေက္ခာ ဝေဒနာနှင့်လောကီ ရုပ်နာမ်တရား အပေါင်းကို သင်္ခါရဒုက္ခခေါ်သည်။
သုခဝေဒနာကိုလဲ တည်မြဲတည်အောင် အမြဲမပြတ်ကြောင့်ကြစိုက်ပြီး ပြုပြင်ပေး နေကြရတာပဲ၊ ဒါကြောင့် သုခဝေဒနာလဲ ဒီ သင်္ခါရဒုက္ခထဲ ပါဝင်သင့်ပါတယ်၊ ဒါပေမဲ့ ဝိပရိဏာမဒုက္ခလို့ သီးခြားအမည်ပေးထားပြီး ဖြစ်တဲ့အတွက် အဲဒီ သုခဝေဒနာကို အဋ္ဌကထာဆရာများက ဒီသင်္ခါရဒုက္ခထဲမှာ ထည့်ပြီး မပြကြတာပါပဲ၊ သူ့အတွက် ပြုပြင်ပေးနေရလို့ တာဝန်လေးနေတာ အလွန်ထင်ရှား နေသောကြောင့် သင်္ခါရ ဒုက္ခထဲ ထည့်သွင်းပြီးလဲ ယူသင့်ပါတယ်။
ယခုပြောတဲ့ ဒုက္ခသုံးမျိုးကို သိမှတ်ထားရန် အရေးကြီးပါတယ်၊ ဒီဒုက္ခသုံးမျိုးကို ကောင်းကောင်း သဘောပေါက်ထားယင် ဒုက္ခသစ္စာအကြောင်းကို အလွယ်တကူနဲ့ သိနားလည်နိုင်ပါတယ်။
(၄) နားကိုက်ခြင်း, သွားနာခြင်း, ခေါင်းကိုက်ခြင်း, လေအောင့်ခြင်း, လိုချင်တပ်စွဲမှု နှိပ်စက်၍ ပူလောင်ခြင်း စိတ်ဆိုး စိတ်ပျက်၍ ပူလောင်ခြင်း, စိတ်ညစ်ခြင်း, စိတ်ပူခြင်း, အစရှိတဲ့ ကိုယ်ထဲ စိတ်ထဲက အခံရခက်နေသော ဆင်းရဲဟာ ခံစားနေရတဲ့သူမှာသာ ထင်ရှားတယ်၊ အခြား ပုဂ္ဂိုလ်တွေမှာ မထင်ရှားဘူး၊ မေးကြည့်လို့ အဲဒီ ခံစားနေရတဲ့သူက ပြောပြမှသာလျှင် သိရတယ်၊ အဲဒီလို ဆင်းရဲဟာ ဖုံးကွယ်ထားသလိုပင် မြုပ်ကွယ်နေတဲ့အတွက် ပဋိစ္ဆန္နဒုက္ခ ခေါ်တယ်၊ မထင်ရှားတဲ့ ဆင်းရဲဖြစ်တဲ့အတွက် အပါကဋဒုက္ခလို့လဲ ခေါ်တယ်။
(၅) ဓားခုတ်ခံရခြင်း, လှံထိုးခံရခြင်း, သေနတ်မှန်ခြင်း စသည်ကြောင့် ဖြစ်တဲ့ အနာဆင်းရဲကတော့ ကွယ်ဝှက်ခြင်းမရှိပဲ ထင်ရှားပေါ်နေတဲ့အတွက် အပ္ပဋိစ္ဆန္နဒုက္ခ ခေါ်တယ်၊ ပါကဋဒုက္ခလို့လဲ ခေါ်တယ်။
(၆) ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ဖြစ်စေနိုင်တဲ့ ရုပ်နာမ်သဘောတရား ဟူသမျှ တွေဟာ သူ့ပင်ကိုယ်က မဆင်းရဲသော်လဲ ဆင်းရဲ၏အကြောင်း ဝတ္ထုဖြစ်သော ကြောင့် ပရိယာယဒုက္ခခေါ်တယ်၊ ဖြစ်ပေါ်လာမည့် အကျိုးအာနိသင် ဆင်းရဲနှင့် ဆက်သွယ်ကြည့်လျှင် ကြောက်ဖွယ်ကောင်းတဲ့ဆင်းရဲလို့ ဆိုလိုပါတယ်။ ဥပမာ အားဖြင့် ရှေ့နားက ပြောခဲ့တဲ့အတိုင်း နောင်အခါကျလျှင် မိမိက စိုက်ပြီး လျော်ပေးဆပ်ရ အပြစ်ခံရမဲ့ အမှုကိစ္စကို အာမခံ လက်မှတ် ထိုးမိတာလိုပင် ကြောက်စရာကောင်းတဲ့ ဆင်းရဲပါပဲ။
(၇) ဒုက္ခ ဒုက္ခ ဆိုတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ နိပ္ပရိယာယ ဒုက္ခခေါ်တယ်၊ နည်းပရိယာယ် သွယ်ဝိုက်ခြင်း မရှိပဲ မုချဆင်းရဲလို့ ဆိုလိုပါတယ်။
အဲဒီ ဆင်းရဲဒုက္ခ (၇) မျိုးထဲက ပရိယာယဒုက္ခ ဖြစ်သောကြောင့် ဘဝအသစ် ဖြစ်ခြင်းဆိုတဲ့ ဇာတိကို ဒုက္ခ - ဆင်းရဲလို့ ဟောတော်မူပါတယ်၊ ဘယ်လိုလဲဆိုလျှင် အကုသိုလ်ကံကြောင့် ငရဲ၌ ဖြစ်ပြီး နှစ်ပေါင်း သိန်းသန်းများစွာ ငရဲမီး အလောင်ခံရခြင်း ငရဲထိန်းတို့၏ အမျိုးမျိုး အနှိပ်အစက်ကို ခံရခြင်းအစရှိတဲ့ ငရဲဆင်းရဲဟူသမျှဟာ ငရဲ၌ ဖြစ်မှု ဇာတိကြောင့်ပဲ။
အကုသိုလ်ကံကြောင့် ပြိတ္တာဘုံ၌ဖြစ်ပြီး ငတ်မွတ်ဆာလောင်ခြင်း, မီးလောင်ခံရခြင်း အစရှိသော နှစ်ပေါင်း သိန်း သန်းများစွာ ခံရသော ပြိတ္တာ ဆင်းရဲဟာလဲ အဲဒီဘဝ၌ ဖြစ်မိတဲ့ ဇာတိကြောင့်ပဲ။ ကျွဲ, နွား, ဆင်, မြင်း, ခွေး, ဝက်, ကြက်, ငှက်, ဆိတ်, သိုး, ပိုးမျိုးများစွာ တိရစ္ဆာန် သတ္တဝါတွေ ဆင်းရဲနေကြရတာလဲ အဲဒီ တိရစ္ဆာန်ဘဝ၌ ဖြစ်မိတဲ့ ဇာတိကြောင့်ပဲ။
လူ့လောကမှာ စားဝတ်နေရေး မပြည့်စုံလို့ လူ့ဘဝ တခုလုံးဆင်းရဲနေကြရတာလဲ လူ့ဘဝ၌ ဖြစ်ရတဲ့ ဇာတိကြောင့်ပဲ။ ချမ်းသာကြွယ်ဝ ပါတယ်ဆိုတဲ့ လူတွေမှာလဲ မကျန်းမမာရောဂါ ဝေဒနာကြောင့် ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, အလိုမပြည့်ဝလို့ စိတ်ဆင်းရဲခြင်း, လူနိုင်တွေ ရန်သူတွေကို ကြောက်ရခြင်း, အိုရခြင်း အစရှိသော ဆင်းရဲ ဟူသမျှတွေဟာလဲ လူ့ဘဝ၌ဖြစ်ခြင်း ဇာတိကြောင့်ပဲ။ အဲဒီလို တဘဝလုံးနှင့်ဆိုင်တဲ့ ဆင်းရဲဟူသမျှ၏ အကြောင်းရင်း ဝတ္ထုဖြစ်သောကြောင့် ထိုထိုဘဝ၌ ဖြစ်ခြင်း ဇာတိကို ဒုက္ခ - ဆင်းရဲလို့ ဆိုရတယ်။
အမိဝမ်းတွင်း၌ ဆင်းရပုံ
အမိဝမ်းတွင်းမှာ ပဋိသန္ဓေ နေရတယ် ဆိုယင် မိခင်၏ အစာသစ်အိမ် ကျင်ကြီး ကျင်ငယ်အိမ်တို့၏အကြား စက်ဆုပ်ဖွယ်ကောင်းတဲ့ သားအိမ်ထဲမှာ မိဘတို့၏ သုက်သွေးဆိုတဲ့ အညစ်အကြေးကိုပင် အထည်ကိုယ်အဖြစ်နဲ့ မှီကပ်ပြီး ဖြစ်ရတယ်၊ ရွံစရာပါပဲ၊ ယခု အနေမှာ အဲဒီ သုက်သွေး အညစ်အကြေးထဲမှာ ဝင်နေရမယ်ဆိုယင် ရွံစရာ ကြောက်စရာ မကောင်းပေဘူးလား၊ အဲဒီလို အမိဝမ်းတွင်း ရောက်နေတဲ့ အခါမှာ လူ့ ဝမ်းထဲရောက်နေသလား၊ နွားဝမ်းထဲရောက်နေသလား၊ ခွေးဝမ်းထဲ ရောက်နေသလား စသည်ဖြင့်လဲ မသိနိုင်ဘူး။
လွန်ခဲ့တဲ့အနှစ် ၂၀ - ကျော် ၃၀ - လောက်ဆီက ဓမ္မကထိက ဆရာတော်တပါးက ဓမ္မအေးယာဉ် မြအေးယာဉ်ဆိုတဲ့ တရားဂါထာတပုဒ်ကို ရေးစီပြီး ဟောတယ်၊ အဲဒီ တရားဂါထာထဲမှာ နန်းတွင်းသူတို့၏ မြအေးယာဉ် ပုခက်မှအစ ဆင်းရဲသား လူတန်းစားအမျိုးမျိုးတို့၏ ပုခက်အမျိုးမျိုးကို သရုပ်ဖော်ပြီးတော့ (အရွယ်အသက် ကလဲကြီးပြီမို့ ဘယ်ပုခက်နှင့်နီးကြမည်လဲဆိုတဲ့) အပိုဒ်တခုကိုလဲ ဆိုထားပါတယ်၊
သူ့ဟာတော်တော် သဘာဝကျတယ်၊ အရွယ်ကြီးပြီး နောက်ဆုံးတနေ့မှာ သေကြ ရမှာချည်းပဲ၊ သေပြီးယင်လဲ တဏှာမကင်းသေးတဲ့သူတွေမှာ ဘဝအသစ် ဖြစ်ရလိမ့်မယ်၊ လူ့လောကတွင်ပဲ ဖြစ်မယ်ဆိုယင် ပုခက် တမျိုးမျိုးတော့ စီးရတော့မှာပဲ၊ ကုသိုလ်ကံ ပြည့်စုံတဲ့သူ ဆိုယင်တော့ မြအေးယာဉ်ဆိုတဲ့ အကောင်းဆုံးပုခက်ကို စီးရလိမ့်မယ်၊ ကုသိုလ်ကံ ညံ့တဲ့သူဆိုယင်တော့ ဆင်းရဲသူ တို့၏အညံ့ဆုံး ပုခက်ကို စီးရလိမ့်မယ်၊ ဒါကြောင့် ပုခက်ကောင်း စီးရအောင် ကုသိုလ်ကောင်းမှုကို ကြိုးစားပြီး အားထုတ်ဖို့ တိုက်တွန်းတဲ့တရားပါပဲ။
ယခုလဲ ဘုန်းကြီးက ဒီနေရာမှာ ဘယ်ဝမ်းဗိုက်ထဲ ဝင်ကြမည်လဲဆိုတာ စဉ်းစား ကြည့်ကြဘို့၊ အဲဒီလို စဉ်းစားကြည့်ပြီး သတိ သံဝေဂရကြဘို့၊ သတိသံဝေဂ ရပြီး ဘယ် ပဋိသန္ဓေကိုမျှ မကပ်ရအောင် အားထုတ်ကြဘို့၊ အဲဒီလောက် မစွမ်းနိုင်တောင် ယုတ်ညံ့တဲ့ပဋိသန္ဓေများသို့ မကပ်ရောက်ရအောင် အားထုတ်ကြဘို့ပါပဲ။ ယခု ပြောခဲ့တာဟာ အမိဝမ်းထဲ ရောက်ကတည်းက ဘဝအသစ်ဖြစ်ခြင်း - ဇာတိကြောင့် စက်ဆုပ်ဖွယ် ကြောက်ဖွယ် ဆင်းရဲနှင့် တွေ့ရပုံပါပဲ။
နောက်ပြီးတော့ အမိဝမ်းထဲ၌ ကိုးလဆယ်လတည်နေရတဲ့ အခါမှာလဲ ဆင်းရဲဒုက္ခတွေ ခံစားနေရတယ်၊ မိခင်ဖြစ်သူက ရုတ်တရက် ထခြင်းထိုင်ခြင်း လှုပ်ရှားခြင်းများကို ပြုတဲ့အခါ အရက်မူးပြီး မွှေ့ရမ်းနေတဲ့ လူမိုက်၏လက်ထဲက သိုးငယ်ကလေးလိုပင် ဆင်းရဲရပါသတဲ့၊ အလမ္ပါယ်ဆရာ၏ လက်ထဲက မြွေကလေးလိုလဲ ဆင်းရဲရပါသတဲ့၊ ယခုကာလ အားကစားလေ့ကျင့်တဲ့ အမျိုးသ္မီး၏ ဝမ်းဗိုက်ထဲက သူငယ်ဆိုယင် သားပြီး ဆင်းရဲဘွယ် ရှိပါတယ်။ နောက်ပြီးတော့ မိခင်က အအေးအပူအစပ်များကို စားသောက်မိတဲ့အခါ သူငယ်မှာ အလွန် အေးပူစပ်ပြီး ဆင်းရဲရပါတယ်တဲ့။
ဖွားမြင်တဲ့အခါ ဆင်းရပုံ
နောက်ပြီးတော့ ဖွားမြင်တဲ့အခါမှာ မိခင် ဖြစ်သူဟာ သေလုနီးပါးဆင်းရဲတယ်လို့ ဆိုကြပါတယ်၊ အဲဒီ မိခင်လိုပင် ဖွားမြင်တဲ့ သူငယ်ဟာလဲ သေလုနီးပါး ဆင်းရဲရမှာပါပဲ။ နောက်ပြီးတော့ မွေးပြီးခါစ သူငယ်၏ အလွန် နုနယ်သောကိုယ်ကို ကြမ်းသော လက်တို့အဝတ်တို့ဖြင့် ကိုင်တွယ်သုတ်သင်တဲ့အခါမှာလဲ အနာက အသားနုကိုထိပါးသကဲ့သို့ပင် နာကျင်ဆင်းရဲရတယ်လို့ဆိုပါတယ်။ ယခုပြောခဲ့တဲ့ ဆင်းရဲတွေကတော့ ပဋိသန္ဓေ တည်ပြီးသည့်နောက် မွေးပြီးခါစတိုင်အောင် တွေ့ကြုံ ခံစားရတဲ့ ဆင်းရဲတွေပါပဲ။
တဘဝလုံး ဆင်းရပုံ
အဲဒီကနောက် မလှုပ်နိုင် မရွှေ့နိုင် မထိုင်နိုင် မထနိုင်သေးတဲ့ သူငယ်ဘဝမှာ ကိုယ့်ဟာကိုယ် မပြုပြင်နိုင်လို့ ညောင်းခြင်း ပူခြင်း အေးခြင်း ယားခြင်း နာကျင်ခြင်း စသော အခံခက်တဲ့ဆင်းရဲတွေကို ခံစားနေရတာတွေလဲ များစွာပင် ရှိပါလိမ့်မယ်။ အဲဒီကနောက် ကြီးလာတဲ့အခါ စားဝတ်နေရေးအတွက် ရှာဖွေရခြင်း သူတပါးက နှိပ်စက်ခြင်း ရောဂါကပ်ရောက် နှိပ်စက်ခြင်း စသည်ကြောင့်ဖြစ်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေလဲ မရေတွက်မပြောပြနိုင်အောင် များစွာပင် ရှိပါတယ်။
အဲဒီ ဆင်းရဲတွေ ဟူသမျှဟာ ဘဝအသစ် ဖြစ်မိခြင်းကြောင့် တွေ့ကြုံခံစားရတဲ့ ဆင်းရဲတွေပဲ၊ အဲဒီ တဘဝလုံးနှင့် ဆိုင်တဲ့ ဆင်းရဲဟူသမျှ၏ တည်ရာ မူလအကြောင်းရင်း ဖြစ်သောကြောင့် ဘဝအသစ်ဖြစ်ခြင်း ဇာတိကို ဒုက္ခ - ဆင်းရဲလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်တဲ့။ အဲဒါ သေသေချာချာ စဉ်းစားကြည့်ယင် တကယ်ဟုတ်တာပဲ၊ ဒုက္ခရောက်ရမည့် အာမခံ စာချုပ်ကို လက်မှတ်ထိုးမိတာ ကြောက်စရာကောင်းသလို တကယ့်ကို ကြောက်စရာ ကောင်းတာပဲ၊ ကြောက်စရာ ကောင်းလို့ပဲ ဒုက္ခ - ဆင်းရဲလို့ ဆိုပါတယ်။
ဒီနေရာမှာ အတိုချုပ်မှတ်စရာကတော့ ဘဝတိုင်း ဘဝတိုင်း တွေ့ကြုံခံစားနေရတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဟူသမျှဟာ ဘဝအသစ်အသစ် စပြီးဖြစ်မိလို့ပဲ၊ ဘဝအသစ် ဖြစ်ခြင်းကင်းယင်တော့ အဲဒီ ဆင်းရဲတွေ အကုန်ကင်းမယ်၊ ဒါကြောင့် ဘဝအသစ်စ၍ ဖြစ်ခြင်းသဘောမျှကိုပင် မြတ်စွာဘုရားက ဒုက္ခဆင်းရဲလို့ ဟောတော်မူတာပါပဲ။ အဲဒီ အနက်သဘောကို တိုတိုနဲ့ မှတ်ထားကြရအောင် ဆောင်ပုဒ်များကို လိုက်ဆိုကြရမယ်။
(၁) ဘဝတိုင်းဘဝ၊ တွေ့ကြုံရ၊ ဒုက္ခ ဆင်းရဲဟာ။
(၂) ဇာတိကင်းက၊ ယင်းဒုက္ခ၊ လုံးဝ မရှိရာ။
(၃) ထို့ကြောင့် အစ၊ ဖြစ်ခြင်းမျှ ၊ ဒုက္ခ ဟောမိန့်ပါ။
(၂) ဇရာဒုက္ခ - အိုခြင်း ဆင်းရဲ
ဇရာ - အိုခြင်းဆိုတာ ဆံဖြူခြင်း သွားကျိုးခြင်း အရေတွန့်ခြင်း ခါးကိုင်းခြင်း နားထိုင်းခြင်း မျက်စိမှုန်ခြင်း စသည်ဖြင့် ထင်ရှားတွေ့နေရတဲ့ တဘဝအတွင်းရှိ ရုပ်နာမ်ခန္ဓာတို့၏ ရင့်ယော်ခြင်းသဘောပါပဲ၊ ဒါပေမဲ့ စိတ်နာမ် ရင့်ယော်ပုံကိုတော့ ထင်ရှားမတွေ့ရဘူး၊ အလွန်ကြီးရင့်တဲ့အခါမှာ သတိမေ့တတ်ခြင်း သူငယ်ပြန်ခြင်း စသည်လောက်သာ အနီးအပါး ရှိသူတို့က သိရတယ်၊ ရုပ်ရင့်ယော်တာကတော့ အလွန်ပင်ထင်ရှားပါတယ်၊
ဒါပေမဲ့ အရွယ်တော်တော်ကြီးလာတဲ့ အခါကျမှ ထင်ရှားတယ်၊ ပျိုပျိုရွယ်ရွယ် တုန်းကတော့ အိုရင့်တယ်ဆိုတာ သိပ်မထင်ရှားခဲ့ဘူး၊ ဆယ်နှစ်အတွင်းကရုပ်နဲ့ ဆယ်နှစ်ကျော်ရုပ်ဟာ မတူဘူး ပြောင်းလဲလာတယ်၊ နှစ်ဆယ်ကျော် သုံးဆယ် ကျော်က ရုပ်တွေဟာလဲ ရှေးရှေးကနှင့် မတူပဲ ပြောင်းလဲ ပြောင်းလဲလာတယ်၊ အဲဒီလို ရှေးရှေးကနှင့် မတူပဲပြောင်းလဲလာတာဟာလဲ အိုရင့်တဲ့သဘောချည်းပါပဲ။ ဒါပေမဲ့ ဒီနေရာမှာတော့ ဆံဖြူခြင်း စသည်ဖြင့် ထင်ရှားတဲ့ အိုခြင်းကိုသာ ဇရာလို့ ဆိုလိုပါတယ်။
အဲဒီ အိုခြင်းဟာလဲ ရုပ်နာမ်တို့၏ ဌီခဏအဆင့်ဆင့်မျှသာ ဖြစ်သောကြောင့် သူ့သက်သက်နဲ့တော့ အခံခက်ခြင်း ဆင်းရဲခြင်း မရှိပါဘူး၊ ဒါပေမဲ့ အိုခြင်းကြောင့် ကိုယ်အင်္ဂါကြီးငယ်တွေ အားလျော့သွားတယ်၊ မျက်စိမှုန်တယ် နားထိုင်းတယ် နှာခေါင်းနှင့် လျှာတို့ဟာလဲ အားနည်းသွားတယ်၊ တကိုယ်လုံးလဲ အားလျော့ သွားတယ်၊ ရုပ်ရေအဆင်းလဲ ပျက်စီးသွားတယ်၊ ပျိုရွယ်တဲ့ အခြေအနေလဲ ပျက်သွားတယ်၊ သတိဉာဏ်တွေလဲ ထိုင်းသွားတယ်၊ လူငယ်သူငယ်တွေက သက်ကျားအိုကြီး အဖိုးကြီး အဖွားကြီး စသည်ဖြင့် မရိုမသေပြောဆိုခြင်းကိုလဲ ခံရတယ်၊ လူရာမဝင်တဲ့ အခြေအနေသို့လဲ ရောက်ရတယ်၊ အဲဒီလို အစစ အရာရာ ချွတ်ယွင်းတာတွေ အကြောင်းပြုပြီးတော့ ကိုယ်စိတ်ဆင်းရဲတွေကို ခံစားရတယ်။
အဲဒီ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏ တည်ရာအကြောင်း ဖြစ်သောကြောင့် ဇရာဆိုတဲ့ အိုခြင်းသဘောကို ဒုက္ခ - ကြောက်စရာ ဆင်းရဲလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ ဒီဇရာ - အိုခြင်းဆိုတာကိုတော့ လူတွေက ကြောက်ကြ ပါတယ်။ မအိုရအောင်လို့ အမြဲတမ်း ရှာကြံပြုစုနေကြတာပဲ၊ ဒါပေမဲ့ နောက်ဆုံး ကျတော့ ဆံဖြူခြင်း သွားကျိုးခြင်း စသည်ဖြင့် မရှုမလှ အိုခြင်း သဘောသို့ ရောက်ကြရတာချည်းပဲ။ ဒါကြောင့် ဒီအိုခြင်းကို ကြောက်စရာကောင်းလို့ ဒုက္ခ - ဆင်းရဲမည်ကြောင်းကို ချဲ့ပြောဘို့ မလိုပါဘူး၊ ဒါလောက်နဲ့ပဲ ထင်ရှားနေပါပြီ။
(၃) မရဏဒုက္ခ - သေခြင်း ဆင်းရဲ
မရဏ - သေခြင်းဆိုတာ တခုသောဘဝ၌ တခုသောကံကြောင့် ပဋိသန္ဓေမှစ၍ မပြတ်ဖြစ်နေသော အသက်ခေါ် ဇီဝိတရုပ်နာမ်၏ ပြတ်စဲသွားတဲ့ သဘောပါပဲ၊ အဲဒါကို ရည်ပြီးတော့ (သဗ္ဗေ ဘာယန္တိ မစ္စုနော) “သတ္တဝါအားလုံးသေခြင်းမှ ကြောက်ကြသည်”ဟု ဟောထားပါတယ်။ ဇာတိလျှင်အကြောင်းရှိသော သေခြင်း, သေအောင်လုပ်၍ သေခြင်း, သူ့အလိုလို သေခြင်း, အသက်တမ်း ကုန်၍သေခြင်း, ကောင်းမှုကံကုန်၍ သေခြင်းဆိုတာတွေလဲ ဒီ ဇီဝိတ ရုပ် နာမ် ပြတ်စဲခြင်း၏ အမည်များချည်းပါပဲ။
ဒီ သေခြင်း ဆိုတာလဲ ဇီဝိတရုပ်နာမ်၏ ပျက်ခြင်း တစ်သဘောမျှသာ ဖြစ်၍ အခံခက်တဲ့ ဆင်းရဲတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သေယင် လက်ရှိ ခန္ဓာကိုယ်နှင့်တကွ ချစ်ခင်သူတွေ အခြွေအရံတွေ ဆွေမျိုးသားချင်းတွေ အသုံးအဆောင်ပစ္စည်းတွေ ဒါတွေကို အကုန်စွန့်လွှတ်သွားရမယ်၊ ယခု မျက်မြင် လောကကို စွန့်သွားရမယ် ဆိုတာကို ကြံတွေးပြီးတော့ သေရမှာကို သတ္တဝါတိုင်းပင် အလွန်ကြောက်ကြပါတယ်၊ သေပြီးယင် ဘယ်လိုဘဝ ရောက်ရမည်လဲ ဆိုတာကို ကြံတွေးပြီးတော့လဲ ကြောက်ကြပါတယ်၊
အဲဒီလိုကြောက်ကြလို့ ကြောက်စရာ ကောင်းတဲ့အတွက် (ဒုက္ခံဘယဋ္ေန - ကြောက်ဖွယ်သဘောကြောင့် ဒုက္ခ မည်တယ် ဆိုတဲ့ စကားနှင့်အညီ) မရဏ ဆိုတဲ့ သေခြင်းကို ဒုက္ခ - ဆင်းရဲလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။
အဋ္ဌကထာမှာ ပြထားပုံကတော့ မကောင်းမှု အကုသိုလ် ကံ ရှိသူမှာ သေခါနီး၌ သူပြုထားတဲ့ အကုသိုလ်ကံ, ယင်းကံကို ပြုစဉ်က အာရုံနိမိတ်, ဖြစ်ရမည့် အပါယ် ဘုံက အာရုံနိမိတ်များကို မြင်ရတဲ့အတွက် စိတ်ဆင်းရဲဖြစ်ရတယ်၊ ကောင်းမှုရှိသူမှာလဲ ချစ်တဲ့ပုဂ္ဂိုလ် ဝတ္ထု ပစ္စည်းတို့နှင့် ခွဲခွါရတော့မည်ကို စဉ်းစား၍ စိတ်ဆင်းရဲ ဖြစ်ရတယ်၊
သတ္တဝါ အားလုံးမှာပင် သေခါနီး၌ ရောဂါ ဝေဒနာ အပြင်းအထန် နှိပ်စက်သောကြောင့် သည်းမခံနိုင်လောက်အောင် ပြင်းထန်သော ကိုယ်ဆင်းရဲ ဖြစ်လာတယ်၊ အဲဒီ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေဟာ သေခြင်းကိုစွဲမှီပြီး ဖြစ်ပေါ်လာကြတာပဲ၊ ဒီလို ကြောက်စရာကောင်းတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏ အကြောင်း ဖြစ်သောကြောင့် မရဏ ဆိုတဲ့ သေခြင်းကို ဒုက္ခ - ဆင်းရဲလို့ ဟောတော်မူပါတယ် - တဲ့။
(၄) သောကဒုက္ခ - စိုးရိမ် ပူဆွေးခြင်း ဆင်းရဲ
သောက - ဆိုတာ ဆွေမျိုးတို့၏ သေကြေ ပျက်စီးခြင်း (ဉာတိဗျသန) စသည်ကို အကြောင်းပြု၍ စိုးရိမ်ပူဆွေးခြင်းပါပဲ၊
(၁) သူခိုး ဓားပြ သူပုန်ဘေး ရောဂါဘေး မီးဘေး ရေဘေး လေဘေး စသည်တို့ကြောင့် ဆွေမျိုး ဉာတိတို့၏ သေကြေပျက်စီးခြင်းကို ဉာတိဗျသန ခေါ်တယ်၊
(၂) မင်းဘေး ခိုးသူဘေး မီးဘေးစသည်တို့ကြောင့် စီးပွါးဥစ္စာတို့၏ ပျက်စီး ဆုံးရှုံးခြင်းကို ဘောဂဗျသနခေါ်တယ်၊
(၃) အသက်ရှည်ခြင်း ကျန်းမာခြင်းကို ပျက်စေတတ်တဲ့ ရောဂါဆိုးစွဲကပ် နှိပ်စက်ခြင်းကို ရောဂဗျသနခေါ်တယ်၊
(၄) သီလပျက်စီးခြင်းကို သီလဗျသနခေါ်တယ်၊
(၅) အယူမှန် ရှိနေရာမှ အယူမှားသို့ လိုက်သွားမိခြင်းကို ဒိဋ္ဌိဗျသန ခေါ်တယ်။
အထူးအားဖြင့်တော့ လင်မယား သားသမီး ညီအစ်ကို အစ်မညီမ စသည်တို့သေကြေ ပျက်စီးသွားခြင်း စီးပွါးဥစ္စာများ အကြီးအကျယ် ပျက်စီးသွားခြင်းတို့ကို အကြောင်း ပြုပြီး စိုးရိမ်ပူဆွေးမှု ဖြစ်တတ်တယ်။
အဲဒီ စိုးရိမ်ပူဆွေးခြင်းကတော့ တရားကိုယ်အားဖြင့် စိတ်ဆင်းရဲ ဒေါမနဿ ဝေဒနာပင် ဖြစ်သောကြောင့် ဒုက္ခဒုက္ခခေါ်တဲ့ ဆင်းရဲအစစ်ပါပဲ၊ နောက်ပြီးတော့ စိုးရိမ် ပူဆွေးခြင်းကြောင့် နှလုံးကိုလဲ ပူလောင်ပြီး ရောဂါဆိုးလဲ စွဲကပ်တတ်တယ်၊ မကြာမီပင် အိုမင်းခြင်းသို့လဲ ရောက်သွားတတ်တယ်၊ သေခြင်းသို့လဲ ရောက်သွား တတ်တယ်၊ ဒီလို အခြား ကိုယ်ဆင်းရဲတွေ၏ အကြောင်းဖြစ်တဲ့ အတွက်လဲ ကြောက်စရာကောင်းတယ်၊ ဒါကြောင့် ဒီ သောကဆိုတဲ့ စိုးရိမ်ပူဆွေးမှုကို ဒုက္ခ - ဆင်းရဲလို့ မြတ်စွာဘုရားက ဟောတော်မူတာပါပဲ။
ဒီသောကကိုတော့ လူတိုင်း လူတိုင်းက ကြောက်ကြပါတယ်၊ ဒါကြောင့် သောက ကင်းဝေး နေနိုင်ရေးဆိုတဲ့ စာအုပ်စာတန်းတွေတောင် ရေးသားထုတ်ဝေကြသေး တာပဲ။ ဒါပေမဲ့ သောကကင်းဝေးနေနိုင်ရေး အစစ်ကတော့ သတိပဋ္ဌာန် တရားတော် သာလျှင် အစစ်အမှန်ဖြစ်ပါတယ်၊ သတိပဋ္ဌာန်တရားကို အပြည့်အစုံကျင့်ယင် သန္တတိအမတ်ကြီး, ပဋာစာရာထေရီမတို့လို စိုးရိမ်သောက ဟူသမျှမှ လုံးဝ လွတ်မြောက် ကင်းရှင်းသွားတော့တာပါပဲ။
ယခုနေအခါလဲ လင်သေလို့ စီးပွါးဥစ္စာ ပျက်စီးလို့ စသည်ကြောင့် စိတ်သောက ရောက်နေကြတဲ့သူတွေဟာ ဘုန်းကြီးတို့၏ သာသနာ့ရိပ်သာတွေမှာ လာရောက်ပြီး သတိပဋ္ဌာန်တရားကို အားထုတ်ကြတယ်၊ တနေ့ထက် တနေ့ သောကတွေ လျော့လျော့ပြီး နောက်ဆုံးကျတော့ သောကတွေ လုံးဝကင်းသွားကြပါတယ်။
(၅) ပရိဒေဝဒုက္ခ - ငိုကြွေးခြင်း ဆင်းရဲ
ပရိဒေဝဆိုတာ ဆွေမျိုးပျက်စီးခြင်းစသည်ကို အကြောင်းပြုပြီး ငိုကြွေး မြည်တမ်းတဲ့ အသံရုပ်ပါပဲ၊ သေလေသောသူ, ပျက်စီးလေသော ဥစ္စာတို့၏ ဂုဏ်ကို ဖော်ပြပြီးတော့လဲ ယောင်ယမ်းပြောဆိုတယ်၊ ဖျက်ဆီးတဲ့ဘေးရန်တို့၏ အပြစ်ကို ဖော်ပြပြီးတော့လဲ ယောင်ယမ်းပြောဆိုတယ်၊ တရားကိုယ်အားဖြင့် ယောင်ယမ်း ပြောဆိုတဲ့ အသံရုပ်နာမ်မျှသာ ဖြစ်သောကြောင့် ဆင်းရဲသဘောတော့ မဟုတ်ဘူး၊
ဒါပေမဲ့ အဲဒီလို ငိုကြွေးမြည်တမ်း ယောင်ယမ်း ပြောဆိုနေတဲ့အတွက် ကိုယ်ပင်ပန်းတဲ့ ဆင်းရဲကို ခံစားရတယ်၊ ဒါကြောင့် ဒီ ပရိဒေဝဆိုတဲ့ ငိုကြွေးခြင်းကိုလဲ မြတ်စွာဘုရားက ဒုက္ခ - ဆင်းရဲလို့ ဟောတော်မူပါတယ်။ လောက အနေအားဖြင့်လဲ ငိုနေရတာ မကောင်းဘူးလို့ပဲ သိမြင်နေကြပါတယ်၊ အဲဒီ မကောင်းတာကို ပါဠိဘာသာဖြင့် ဒုက္ခလို့ ခေါ်တာပဲ။
(၆) ဒုက္ခဆိုတဲ့ ကိုယ်ဆင်းရဲ
ကိုယ်ထဲ၌ ညောင်းခြင်း ပူခြင်း နာကျင်ကိုက်ခဲခြင်း မောပန်းခြင်း ယားယံခြင်း အစရှိသော မခံသာတဲ့ အခံရခက်တဲ့ ဆင်းရဲဟူသမျှကို ဒုက္ခလို့ခေါ်တယ်။
ဒီ ကိုယ်ဆင်းရဲ ဒုက္ခကတော့ ဒုက္ခဒုက္ခ ခေါ်တဲ့ ဆင်းရဲအစစ်ပဲ၊ လူတိုင်း လူတိုင်း သတ္တဝါတိုင်းက အဲဒါကို ဆင်းရဲလို့ သိနေကြပါတယ်၊ အဲဒီကိုယ်ဆင်းရဲကို အလွန် ကြောက်ကြပါတယ်၊
ခွေး ဝက် ကြက် ငှက် တိရစ္ဆာန်တွေတောင် ရိုက်နှက်မည့်ဟန်, ပစ်ခတ်မည့်ဟန်ကို မြင်ရယင် ကိုယ်ဆင်းရဲဖြစ်မှာ ကြောက်လို့ တိမ်းရှောင် ပြေးကြတော့တာပဲ၊ ဒါကြောင့် ကိုယ်ဆင်းရဲကို ဒုက္ခမည်တဲ့အကြောင်း ချဲ့ပြောနေ စရာတောင် မလိုပါဘူး၊
အထူးသိဘို့ကတော့ ဗျာဓိ - နာခြင်းဆိုတာလဲ အဲဒီ ကိုယ်ဆင်းရဲထဲမှာပါဝင်တယ်။ နောက်ပြီးတော့ ကိုယ်ဆင်းရဲဖြစ်ယင် အများအားဖြင့် စိတ်ဆင်းရဲလဲ ဖြစ်တော့တာပဲ၊
အဲဒီလို စိတ်ဆင်းရဲဖြစ်ပွါးခြင်း၏ အကြောင်းဖြစ်သော ကြောင့်လဲ ဒုက္ခ - မကောင်းတဲ့တရား - ကြောက်ဖွယ် ဆင်းရဲတရားလို့ ဆိုရပြန်တယ်။
သတိပဋ္ဌာန်နည်းအရ အဲဒီ ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာကို ရှုမှတ်နေယင်တော့ ကိုယ်ဆင်းရဲမျှသာ ဖြစ်တယ်၊ နောက်ထပ်စိတ်ဆင်းရဲကတော့ မဖြစ်ဘူး၊
အဲဒီလို ကိုယ်ဆင်းရဲသာဖြစ်ပြီး စိတ်ဆင်းရဲ မဖြစ်အောင် ရှုမှတ်နေတာကို မြတ်စွာဘုရားက ချီးကျူးတော်မူပါတယ်။
ကိုယ်ဆင်းရဲကို မရှုမဆင်ခြင်နိုင်လို့ စိတ်ဆင်းရဲ ထပ်ပြီး ဖြစ်တာကိုတော့ -
“ပဌမက စူးဝင်နေတဲ့ ဆူးကို အခြားဆူးဖြင့် ထိုးဆွပြီး ထွင်ရာမှာ အဲဒီ ထိုးဆွတဲ့ ဆူးကလဲကျိုးပြီး အသားထဲမှာ ကျန်နေတဲ့အတွက် ပဌမဆူးကြောင့်လဲ နာ, ဒုတိယ ဆူးကြောင့်လဲ နာလျက် အနာ ၂ - မျိုးကို ခံစားရတာနဲ့ တူတယ်”
လို့ မြတ်စွာဘုရားက ကဲ့ရဲ့ ရှုတ်ချတော်မူပါတယ်။ အဲဒါ အထူးသတိပြုစရာ အချက် တခုပါပဲ။
(၇) ဒေါမနဿဆိုတဲ့ စိတ်ဆင်းရဲ
စိတ်နှလုံးမသာခြင်း စိတ်ပူခြင်း စိတ်ညစ်ခြင်း ဝမ်းနည်းခြင်း ကြောက်ခြင်း အစရှိတဲ့ စိတ်ဆင်းရဲဟူသမျှကို ဒေါမနဿ ခေါ်တယ်။ ဒီ စိတ်ဆင်းရဲ ဒေါမနဿလဲ ဒုက္ခဒုက္ခခေါ်တဲ့ ဆင်းရဲ အစစ်ပါပဲ၊ လူတိုင်း လူတိုင်း သတ္တဝါတိုင်းက ဒီဒေါမနဿကို ဆင်းရဲလို့ပဲ သိနေကြပါတယ်၊ အလွန်လဲကြောက်ကြပါတယ်၊ ဒါကြောင့် ဒီဒေါမနဿကိုလဲ ဒုက္ခမည်တဲ့အကြောင်း ချဲ့ပြောနေစရာ မလိုပါဘူး၊
ဒီ ဒေါမနဿ - ကစိတ်ကိုလဲ ပင်ပန်းစေတတ်တယ်၊ ကိုယ်ကိုလဲ နှိပ်စက်တတ်တယ်၊ စိတ်နှလုံး မသာမှု အားကြီးယင် မအိပ်နိုင် မစားနိုင်ဖြစ်ပြီး ရောဂါဆိုး တမျိုးမျိုးကိုလဲ စွဲကပ်စေ တတ်တယ်၊ သေလဲ သေစေတတ်တယ်၊ အလွန်ကြောက်စရာ ကောင်းတဲ့ ဆင်းရဲပါပဲ။
ဒီ စိတ်ဆင်းရဲကတော့ အနာဂါမ် ရဟန္တာများမှာ မရှိဘူး၊ အကြောင်း ပေါ်လာတဲ့အခါ နိုင်နင်းအောင် ရှုမှတ်နိုင်ယင် သတိပဋ္ဌာန်နည်းအရ ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်များမှာလဲ ကင်းပျောက်တတ်ပါတယ်၊ လုံးဝ မပျောက်တောင်မှ သက်သာ ခွင့်တော့ အများကြီး ရနိုင်ပါတယ်။
(၈) ဥပါယာသဒုက္ခ - ပြင်းစွာ ပူပန်ခြင်း ဆင်းရဲ
ဥပါယာသ ဆိုတာ ဉာတိဗျသန စသည်တို့နှင့် တွေ့ကြုံရသောသူမှာ အလွန်အမင်း စိတ်ဆင်းရဲခြင်းကြောင့် ဖြစ်သော ဒေါသပါပဲ၊ ဒီ ဥပါယာသ - က ဖြစ်မှ ဖြစ်ရလေခြင်းလို့ အဖန်ဖန်ပူပန်ပြီး စိတ်ကိုလဲ ပူလောင်စေတယ်၊ ကိုယ်ကိုလဲ ပင်ပန်းစေတယ်၊ အဲဒီလို ပူလောင်ပင်ပန်းစေပြီးတော့ အလွန်အမင်း ကိုယ်စိတ် ဆင်းရဲခြင်းကိုလဲ ဖြစ်စေတတ်တယ်၊ ဒါကြောင့် ဒီဥပါယာသဆိုတဲ့ စိတ်၏ ပြင်းစွာပူပန်ခြင်းကို ဒုက္ခ - ဆင်းရဲလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ ဒီပြင်းစွာပူပန်ခြင်းကိုလဲ အများက ကြောက်စရာဆင်းရဲအနေနဲ့ပဲ အသိအမှတ် ပြုထားကြပါတယ်၊ ဒီဥပါယာသ ဖြစ်မှာကို အလွန်ပင်ကြောက်ကြပါတယ်။
ဒီနေရာမှာ သောက, ပရိဒေဝ, ဥပါယာသ တို့၏ ထူးခြားကွဲပြားပုံကို အဋ္ဌကထာမှာ ဒီလို ပြထားပါတယ်၊ ဆိုးရေတို့ ဆီတို့ကို ကြိုချက်တဲ့အခါ အားနည်းသော မီးဖြင့် အိုးထဲမှာသာ ပွက်ပြီး ကျက်နေတာနဲ့ သောကဖြစ်ပုံ တူတယ်၊ ပရိဒေဝ ဖြစ်ပုံကတော့ မီးပြင်းလို့ အိုးအပြင်ဝေကျ သွားတာနဲ့ တူတယ်၊ ဥပါယာသ ဖြစ်ပုံကတော့ ဝေမကျနိုင်တဲ့ အကြွင်းအကျန်ဟာ ကုန်ခမ်းသွားသည်တိုင်အောင် အိုးထဲမှာသာ ကျက်နေတာနဲ့ တူတယ် - လို့ ဆိုပါတယ်။
(၉) မုန်းစရာတွေနဲ့ ယှဉ်တွဲရတဲ့ ဆင်းရဲ
အပ္ပိယသမ္ပယောဂ - မချစ်အပ်သည့် မုန်းစရာတို့နှင့် ယှဉ်တွဲခြင်းဆိုတာ မချစ်ခင် အပ်တဲ့ မုန်းစရာပုဂ္ဂိုလ်များ, သင်္ခါရ အာရုံများနှင့်တွေ့ဆုံ နေရခြင်းပါပဲ၊ မုန်းစရာ ပုဂ္ဂိုလ်တွေ အနိဋ္ဌာရုံတွေနဲ့ တွေ့ဆုံခြင်းဟာ အခံခက်တဲ့ ဒုက္ခ ဝေဒနာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မတွေ့ချင်တဲ့ လူတွေ, သတ္တဝါတွေ, အနိဋ္ဌာရုံတွေနဲ့ တွေ့ရယင် ချက်ခြင်းပဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်တော့တာပဲ၊ အဲဒီလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခြင်း၏ အကြောင်းဝတ္ထု ဖြစ်သောကြောင့် မုန်းစရာ ပုဂ္ဂိုလ်တွေ, အနိဋ္ဌာရုံတွေနဲ့ တွေ့ဆုံခြင်းကို ဒုက္ခ - ကြောက်စရာကောင်းတဲ့ ဆင်းရဲ - လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။ ဒီ မုန်းစရာတွေနဲ့ တွေ့ဆုံခြင်းကိုလဲ လောကလူအများက မကောင်းတဲ့ ဆင်းရဲအနေနဲ့ပဲ အသိအမှတ် ပြုထားကြပါတယ်၊
မုန်းတဲ့သူတွေနဲ့ ဘဝတိုင်း ဘဝတိုင်း မတွေ့ပါရစေနဲ့၊ အနိဋ္ဌာရုံတွေနဲ့ မတွေ့ပါရစေနဲ့ - လို့တောင် အချို့က ဆုတောင်းကြသေးတယ်၊ ဒါပေမဲ့ အကောင်းအဆိုး နှစ်မျိုးလုံးရှိနေတဲ့ လောကထဲမှာ အခါအခွင့်အားလျော်စွာ နှစ်မျိုးလုံးနဲ့ တွေ့နေကြ ရမှာပဲ၊ ဆုတောင်းတိုင်း အကုန်ပြည့်စုံမှာတော့ မဟုတ်ဘူး၊ အနဲနဲ့အများလောက်သာ ကွဲပြားမယ်။
အရေးကြီးတာကတော့ အနိဋ္ဌာရုံတွေနဲ့ တွေ့တဲ့အခါသင့်လျော်စွာ နှလုံးသွင်း ဆင်ခြင်ဘို့ လိုပါတယ်၊ အကောင်းဆုံးကတော့ သတိပဋ္ဌာန်နည်းအရ မြင်ရုံမျှ ကြားရုံမျှ စသည်၌သာ ရပ်တည်နိုင်အောင် မပြတ်ရှုမှတ်နေဘို့ပါပဲ၊ ကိုယ်ထဲက အနိဋ္ဌာရုံအတွေ့တွေနဲ့ တွေ့ထိရတဲ့အခါမှာ စိတ်ဆင်းရဲမှုသို့ မရောက်ရအောင် ထိတယ်, သိတယ်, နာတယ် စသည်ဖြင့် မပြတ်မှတ်နိုင်ဘို့ အရေးကြီးပါတယ်။
(၁၀) ချစ်စရာတွေနဲ့ ကွဲကွာရတဲ့ဆင်းရဲ
ပိယဝိပ္ပယောဂ - ချစ်စရာတို့နှင့် ကွဲကွာခြင်းဆိုတာ ချစ်အပ်တဲ့ပုဂ္ဂိုလ်များ, လိုလား အပ်တဲ့ သင်္ခါရအာရုံများနဲ့ ကွဲကွာရခြင်းပါပဲ။ အဲဒီကွဲကွာရခြင်းဟာ ဒုက္ခဝေဒနာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ချစ်ခင်တဲ့ လင်မယား သားသမီး စသည်တွေနဲ့ ရှင်ကွဲဖြစ်စေ၊ သေကွဲဖြစ်စေ ကွဲရယင်၊ ဣဋ္ဌာရုံဖြစ်တဲ့ အသုံးအဆောင် ပစ္စည်းဥစ္စာတွေနဲ့ ကွဲရယင် ချက်ခြင်းပဲ စိတ်ဆင်းရဲ ဖြစ်တော့တာပဲ၊ သောက, ပရိဒေဝ, ဥပါယာသ ဆိုတာတွေလဲ ဖြစ်တတ်တာပဲ၊
နှလုံးမသာတဲ့ ဒေါမနဿ - ကတော့ အပြင်းအထန်ဖြစ်တော့တာပဲ၊ အဲဒီလို စိတ်ဆင်းရဲ အမျိုးမျိုးဖြစ်ခြင်း၏ အကြောင်း ဝတ္ထု ဖြစ်သောကြောင့် ချစ်အပ်တဲ့ ပုဂ္ဂိုလ်များ, အလိုရှိအပ်တဲ့ ဣဋ္ဌာရုံများနဲ့ ကွဲကွာခြင်းကို ဒုက္ခကြောက်စရာကောင်းတဲ့ ဆင်းရဲ - လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။
လောကအနေအားဖြင့်လဲ ဒီချစ်တာတွေနဲ့ ကွဲကွာခြင်းကို မကောင်းတဲ့ ဆင်းရဲ အနေနဲ့ပဲ အသိအမှတ် ပြုထားကြပါတယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ဘဝတိုင်းဘဝတိုင်း အတူတကွ ဖြစ်ရပါစေလို့တောင် တချို့ကဆုတောင်းကြတယ်၊ ကောင်းမှုကံပြည့်စုံ ယင်တော့ အဲဒီ ဆုတောင်းအတိုင်း ပြည့်စုံတာလဲရှိတယ်၊
မေဏ္ဍကသေဋ္ဌေးကြီးနှင့် သေဋ္ဌေးကတော်ကြီး၊ သူတို့၏သားနှင့်ချွေးမ၊ သူတို့၏ကျွန် ဆိုတဲ့ ဒီငါးယောက်ဟာ တခုသောဘဝက ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူပြီး ယခုပြောတဲ့ ဆုတောင်းမျိုး တောင်းခဲ့တယ်၊ တောင်းတဲ့အတိုင်းပင် ဗုဒ္ဓလက်ထက်တော်က သူတို့ငါးဦး တစုတည်း ဖြစ်နေကြတယ်။ ဒါပေမဲ့ သံယောဇဉ်အားပေးတဲ့ ဒီဆုတောင်း ကတော့ သံသရာဝဋ်က လွတ်မြောက်လိုတဲ့ ပုဂ္ဂိုလ်နဲ့ တယ်မလျော်လှဘူး။
(၁၁) ဣစ္ဆိတာလာဘ - လိုတာမရတဲ့ ဆင်းရဲ
လိုချင်ပါလျက် မရခြင်း၊ ဝါ - မရနိုင်တာကို လိုချင်ခြင်း ဆိုတာ မဂ္ဂင်ရှစ်ပါးတရားကို မကျင့်သုံး မပွါးများပါပဲလျက် ဖြစ်ခြင်း အိုခြင်း နာခြင်း သေခြင်းကင်းလိုသော တောင့်တမှု၊ သောကစသည် ကင်းလိုသော တောင့်တမှုဟာ တောင့်တသည့်အတိုင်း မရသဖြင့် စိတ်၏ပင်ပန်းဆင်းရဲခြင်းကို ဖြစ်စေတတ်တယ်၊
ဒါကြောင့် အဲဒီလို တောင့်တခြင်းကို ဒုက္ခ - ကြောက်စရာ ဆင်းရဲလို့ မြတ်စွာဘုရားက ဟောတော်မူ ပါတယ်။ ဒီနေရာမှာ ဖြစ်ခြင်းစသည်ကင်းတဲ့ နိဗ္ဗာန်ကို တောင့်တမှုသာ မဟုတ်ဘူး၊ တောင့်တရုံမျှဖြင့် မရနိုင်တဲ့ လောကီအကျိုးစီးပွါးတွေကို တောင့်တမှုဟာလဲ ဒီ ဣစ္ဆိတာလာဘဒုက္ခထဲ အတွင်းဝင်တယ်လို့ပဲ ယူရမယ်။
(၁၂) ဥပါဒါနက္ခန္ဓာငါးပါး ဆင်းရဲ
ဇာတိဒုက္ခ - မှ ဣစ္ဆိတာလာဘဒုက္ခအထိ ဆင်းရဲ ၁၁ - ပါးဟာ ဥပါဒါနက္ခန္ဓာငါးပါး ရှိနေလို့ ဥပါဒါနက္ခန္ဓာ ငါးပါးကို မှီပြီးဖြစ်ရတာတွေပဲ၊ ဒါကြောင့် အကျဉ်းအားဖြင့် ဆိုယင် ဒုက္ခသစ္စာဟာ ဥပါဒါနက္ခန္ဓာ ငါးပါးပင် ဖြစ်ပါတယ်။
ဥပါဒါနက္ခန္ဓာဆိုတာ စွဲလမ်းတတ်တဲ့ ဥပါဒါန်တို့၏အာရုံဖြစ်တဲ့ ရုပ်နာမ် အဖို့ အစု တရားတွေပါပဲ၊ ဥပါဒါန်တို့၏ အာရုံဆိုတော့ ဥပါဒါန်တွေကစွဲလမ်းနိုင်တဲ့ ရုပ်နာမ် တရားတွေပါပဲ၊ အဲဒါတွေက -
(၁) ရုပ်ဥပါဒါနက္ခန္ဓာ၊
(၂) ဝေဒနာဥပါဒါနက္ခန္ဓာ၊
(三) သညာဥပါဒါနက္ခန္ဓာ၊
(၄) သင်္ခါရဥပါဒါနက္ခန္ဓာ
(၅) ဝိညာဏ်ဥပါဒါနက္ခန္ဓာ - ဆိုတဲ့ ဒီခန္ဓာငါးပါးပါပဲ။
သတ္တဝါတွေဟာ ဒီ ဥပါဒါနက္ခန္ဓာငါးပါးကိုပဲ အထည်ကိုယ်လုပ်ပြီး နေကြရတယ်၊ ရုပ်အပေါင်းအစုဖြစ်တဲ့ ရုပ်ကိုယ်ကြီးကိုလဲ ငါပဲ ငါ့ကိုယ်ပဲ မြဲတယ် စသည်ဖြင့် စွဲလမ်းနေကြတယ်၊ ဒါကြောင့်ရုပ်အပေါင်းအစု ရုပ်ကိုယ်ကြီးကို ဥပါဒါနက္ခန္ဓာလို့ ခေါ်ရတယ်။
အသိ စိတ်စေတသိက် နာမ်တရားတွေကိုလဲ ငါပဲ ငါ့စိတ်ပဲ ငါက ကြံတာပဲ ဒီစိတ်ဟာ အမြဲတည်နေတယ် စသည်ဖြင့် စွဲလမ်းနေကြတယ်၊ ဒါကြောင့် စိတ်စေတသိက် နာမ်တရားတွေကိုလဲ ဥပါဒါနက္ခန္ဓာလို့ခေါ်ရတယ်။ ဒါက ရုပ်နာမ် ခန္ဓာတွေကို အပေါင်းလိုက်အားဖြင့် စွဲလမ်းပုံပဲ။
မြင်ဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
▬▬▬▬▬▬▬▬▬▬
အသေးစိတ်အားဖြင့် ခွဲခြားပြောရယင် မြင်တိုင်းမြင်တိုင်းလဲ ဒီ ဥပါဒါနက္ခန္ဓာငါးပါး ထင်ရှားနေတယ်၊ ထို့အတူ ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်းလဲ ဒီ ဥပါဒါနက္ခန္ဓာငါးပါး ထင်ရှားနေတယ်။
ဘယ်လိုလဲဆိုယင် မြင်တဲ့အခါမှာ ကြည်လင်တဲ့မျက်စိလဲ ထင်ရှားတယ်၊ မြင်ရတဲ့အဆင်းလဲ ထင်ရှားတယ်၊ မြင်သိတာလဲ ထင်ရှားတယ်၊ အဲဒီ မြင်သိမှုထဲမှာ မြင်လို့ကောင်းတာ မကောင်းတာလဲ ပါဝင်တယ်၊ မြင်ရတဲ့အာရုံကို မှတ်သားတာလဲ ပါဝင်တယ်၊ မြင်သိမှု ကိစ္စပြီးအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာလဲ ပါဝင်တယ်၊ မြင်သိရုံမျှ သဘောလဲ ပါဝင်တယ်။
ဝိပဿနာမရှုနိုင်တဲ့သူတွေမှာ၊ ရှုသော်လဲ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောကို မသိသေးတဲ့သူတွေမှာ အဲဒီ မြင်ခိုက်၌ ထင်ရှားတဲ့ မျက်စိအဆင်း စသည်တို့ကို ငါ ငါ့ဥစ္စာစသည်အနေဖြင့် စွဲလမ်းတယ်၊
စွဲလမ်းပုံကတော့ - မျက်စိ ကြည်လင်တာ ငါပဲ, ငါ့မျက်စိပဲ, အမြဲတည်ရှိနေတယ် စသည်ဖြင့် မျက်စိရုပ်ကို စွဲလမ်းတယ်၊ ကိုယ့်လက်စသည်ကို မြင်တဲ့အခါ ငါ့ကိုယ်ကို ငါမြင်တယ်, ငါ့လက်ပဲ အမြဲတည်ရှိနေတယ်စသည်ဖြင့် စွဲလမ်းတယ်၊ သူတပါးကို မြင်တဲ့အခါလဲ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ် သတ္တဝါအနေ, အမြဲတည်ရှိနေတဲ့အနေ စသည်ဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် မျက်စိရုပ်နှင့် အဆင်းရုပ်ကို ရုပ်ဥပါဒါနက္ခန္ဓာ ခေါ်တယ်။
မြင်လို့ ကောင်းတာ မကောင်းတာ ဆိုရာမှာ မကောင်းတကောင်း အလယ်အလတ် ဥပေက္ခာဝေဒနာလဲ ရှိတယ်၊ ဒါပေမဲ့ စကားလုံးမရှည်ရအောင်လို့ ကောင်းတာနဲ့ မကောင်းတာ ဒီ ၂ - မျိုးကိုသာ ဖော်ပြထားပါတယ်၊ မကောင်းတကောင်း ခံစားမှုကိုတော့ ကုသိုလ်၏အကျိုးနဲ့ ဆိုင်တာကို ကောင်းတာထဲ ထည့်ယူရမယ်၊ အကုသိုလ်၏ အကျိုးနဲ့ ဆိုင်တာကို မကောင်းတာထဲ ထည့်ယူရမယ်၊
အဲဒီ မြင်လို့ကောင်းတာမကောင်းတာကို ငါလို့လဲ စွဲလမ်းတယ်၊ ငါ၏ ခံစားမှုလို့လဲ စွဲလမ်းတယ်၊ အမြဲတည်ရှိနေတယ်လို့လဲ စွဲလမ်းတယ်၊ ငါကောင်းတယ်, ငါဆင်းရဲတယ်လို့လဲ စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် မြင်လို့ကောင်း မကောင်း ခံစားမှုဝေဒနာကို ဝေဒနာဥပါဒါနက္ခန္ဓာ ခေါ်တယ်။
မြင်ရတဲ့အဆင်း မှတ်သားတာကိုလဲ ငါမှတ်မိတယ်, ငါကမမေ့ဘူး စသည်ဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် မြင်ရတာ မှတ်သားတဲ့သညာကို သညာဥပါဒါနက္ခန္ဓာခေါ်တယ်။
မြင်အောင်လို့ ကြောင့်ကြစိုက်မှုဆိုတာ စေတနာပဲ၊ ကျမ်းဂန် ဝေါဟာရကတော့ စေ့ဆော်တယ် နှိုးဆော်တယ် တိုက်တွန်းတယ်လို့ ဆိုပါတယ်၊ ကြောင့်ကြပြုတဲ့ အနေနဲ့ပဲ ထင်ရှားပါတယ်။ နှလုံးသွင်းမှုဆိုတာကတော့ မနသိကာရပဲ။ ဒိပြင်ဖဿ စသည်လဲ ရှိပါသေးတယ်၊ ဒါပေမဲ့ အထူးထင်ရှားတဲ့စေတနာနဲ့ မနသိကာရကိုသာ ထုတ်ပြီး ပြောရပါတယ်။
အဲဒီ ကြောင့်ကြစိုက်မှု နှလုံးသွင်းမှုတွေကိုလဲ ငါပဲ, အမြဲ တည်ရှိနေတယ် စသည်ဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် မြင်အောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာကို သင်္ခါရဥပါဒါနက္ခန္ဓာ ခေါ်တယ်။ သင်္ခါရဆိုတာ ပြုပြင်ပေးတဲ့ သဘောပဲ၊ မြင်ရာမှာတော့ မြင်မှုကိစ္စပြီးအောင် ပြုလုပ်ပေးတဲ့ သဘောပေါ့။
မြင်သိရုံမျှသဘောဆိုတာ စိတ် ဝိညာဏ်ပဲ၊ အဲဒီ စိတ်ဝိညာဏ်ကိုလဲ ငါမြင်တယ်, ငါသိတယ်, မြင်တတ်တဲ့ငါက အမြဲရှိနေတယ် စသည်ဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် မြင်သိတဲ့စိတ် ဝိညာဏ်ကို ဝိညာဏ်ဥပါဒါနက္ခန္ဓာ ခေါ်တယ်။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးကို မှတ်မိအောင် လိုက်ဆိုကြရမယ်။
(၁) မြင်ဆဲခဏ၌ မျက်စိနဲ့အဆင်းက ရုပ်ဥပါဒါနက္ခန္ဓာ။
(၂) မြင်လို့ ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ။
(၃) မြင်ရတာကို မှတ်သားတာက သညာဥပါဒါနက္ခန္ဓာ။
(၄) မြင်အောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရဥပါဒါနက္ခန္ဓာ။
(၅) မြင်သိရုံမျှ သဘောက ဝိညာဏ်ဥပါဒါနက္ခန္ဓာ။
မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ချက်ခြင်းလိုက်လိုက်ပြီး ရှုမှတ်ရတာဟာ ယခုဆိုခဲ့တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တွေကို အမှန်အတိုင်း သိပြီး မြင်ရုံမျှတွင် တည်အောင်, ငါ ငါ့ဥစ္စာ မြဲတယ် ချမ်းသာတယ် ကောင်းတယ် စသည်ဖြင့် မစွဲလမ်းရအောင် ရှုမှတ်နေရတာပဲ၊ အဲဒီ ရည်ရွယ်ချက်ကိုလဲ နားလည်ရအောင် ဆောင်ပုဒ်တွေ စီထားတာ ရှိတယ်။ အဲဒါတွေကို လိုက်ဆိုကြရမယ်။
ဝိပဿနာရှုနည်း မူသေစည်း
▬▬▬▬▬▬▬▬▬▬
(၁) ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း။
(၂) စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာ ရှု၍ ဖြစ်သတည်း။
(၃) ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ခါ ရှုအပ်ပါသနည်း။
(၄) မစွဲဘို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာ ရှုအပ်ပါသတည်း။
(၅) ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှု ဝင်ရောက်သည်။ မြဲတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ်ထင်တတ်သည်။
(၆) ဖြစ်တိုင်း မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှု ကင်းပျောက်သည်။ မမြဲဆင်းရဲ၊ သဘောပဲ၊ ဉာဏ်ထဲ ရှင်းတော့သည်။
အဲဒီ ဆောင်ပုဒ်တွေထဲမှာ အမှတ် (၅) ဆောင်ပုဒ်၌ “ဖြစ်ခိုက် မရှု” ဆိုတာ မြင်မှုဖြစ်ခိုက် ကြားမှု ဖြစ်ခိုက်စသည်မှာ မရှုလို့ရှိယင် - လို့ ဆိုတာပါပဲ။ အမှတ် (၆) ဆောင်ပုဒ်၌ “ဖြစ်တိုင်း မှတ်ရှု”ဆိုတာ မြင်မှု ဖြစ်တိုင်း ကြားမှု ဖြစ်တိုင်း စသည်မှာ မှတ်ရှုပြီး သိလို့ရှိယင် - လို့ ဆိုလိုတာပါပဲ။
ကြားဆဲ၌ ဥပါဒါနက္ခန္ဓာ ငါးပါး
▬▬▬▬▬▬▬▬▬▬▬
ကြားတဲ့အခါ ကြည်လင်တဲ့နားလဲ ထင်ရှားတယ်၊ ကြားရတဲ့အသံလဲ ထင်ရှားတယ်၊ ကြားသိတာလဲ ထင်ရှားတယ်၊ အဲဒီ ကြားသိမှုထဲမှာ ကြားလို့ကောင်းတာ မကောင်းတာလဲ ပါဝင်တယ်၊ ကြားရတဲ့အသံကို မှတ်သားတာလဲ ပါဝင်တယ်၊ ကြားသိမှု ကိစ္စပြီးအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာလဲ ပါဝင်တယ်၊ ကြားသိရုံမျှ သဘောလဲ ပါဝင်တယ်။
ကြားခိုက်၌ မရှုနိုင်လို့ အမှန်အတိုင်း မသိသေးတဲ့ ပုဂ္ဂိုလ်တွေမှာ အဲဒီ ကြားခိုက်၌ ထင်ရှားတဲ့ တရားတွေကို ငါ ငါ့ဥစ္စာ စသည်အနေဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် နားနှင့် အသံရုပ်ကို ရုပ်ဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားလို့ ကောင်းတာ မကောင်းတာကို ဝေဒနာဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားရတဲ့အသံ မှတ်သားတာကို သညာဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာကို သင်္ခါရဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားသိရုံမျှ သဘောကို ဝိညာဏ်ဥပါဒါနက္ခန္ဓာ ခေါ်တယ်။ အဲဒါကို လိုက်ဆိုကြရမယ်။
(၁) ကြားဆဲခဏ၌ နားနဲ့ အသံက ရုပ်ဥပါဒါနက္ခန္ဓာ။
(၂) ကြားလို့ ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ။
(၃) ကြားရတာကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ။
(၄) ကြားအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရဥပါဒါနက္ခန္ဓာ။
(၅) ကြားသိရုံမျှ သဘောက ဝိညာဏ်ဥပါဒါနက္ခန္ဓာ။
ကြားတိုင်း ကြားတိုင်း ကြားတယ် ကြားတယ်လို့ ချက်ခြင်း လိုက်ပြီး ရှုမှတ်ရတာဟာ အဲဒီ ရုပ်နာမ်ခန္ဓာတွေကို အမှန်အတိုင်းသိပြီး ကြားရုံမျှတွင် တည်အောင်, ငါ ငါ့ဥစ္စာမြဲတယ် ချမ်းသာတယ် ကောင်းတယ် စသည်ဖြင့် မစွဲလမ်းရအောင် ရှုမှတ်နေရတာပဲ။
နံဆဲ၌ ဥပါဒါနက္ခန္ဓာ ငါးပါး
▬▬▬▬▬▬▬▬▬▬
အနံ့ကို နံသိတဲ့အခါ ကြည်လင်တဲ့ နှာခေါင်းရုပ်လဲ ထင်ရှားတယ်၊ အနံ့လဲ ထင်ရှားတယ်၊ နံသိတာလဲ ထင်ရှားတယ်၊ နံသိတာလဲ ထင်ရှားတယ်၊ အဲဒီ နံသိမှုထဲမှာ နံလို့ ကောင်းတာ မကောင်းတာလဲ ပါဝင်တယ်၊ အနံ့ကို မှတ်သားတာလဲ ပါဝင်တယ်၊ နံသိမှု ကိစ္စပြီးအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာလဲ ပါဝင်တယ်၊ နံသိရုံမျှ သဘောလဲ ပါဝင်တယ်။
နံခိုက်၌ မရှုနိုင်လို့ အမှန်အတိုင်း မသိလျှင် အဲဒီ နံခိုက်၌ ထင်ရှားတဲ့ တရားတွေကို ငါ ငါ့ဥစ္စာ စသည်အနေဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် အဲဒီ နှာခေါင်း, အနံ့, နံသိမှုတွေကို ဥပါဒါနက္ခန္ဓာ လို့ခေါ်တယ်။ အဲဒါတွေကို လိုက်ဆို ကြရမယ်။
(၁) နံဆဲခဏ၌ နှာခေါင်းနဲ့ အနံ့က ရုပ်ဥပါဒါနက္ခန္ဓာ။
(၂) နံလို့ ကောင်းတာ မကောင်းတာက ဝေဒနာဥပါဒါနက္ခန္ဓာ။
(၃) နံရတာကို မှတ်သားတာက သညာဥပါဒါနက္ခန္ဓာ။
(၄) နံသိအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရဥပါဒါနက္ခန္ဓာ။
(၅) နံသိရုံမျှ သဘောက ဝိညာဏ်ဥပါဒါနက္ခန္ဓာ။
နံတိုင်း နံတိုင်း နံတယ် နံတယ်လို့ ချက်ခြင်းလိုက်ပြီး ရှုမှတ်ရတာဟာ အဲဒီ ရုပ်နာမ်ခန္ဓာ တွေကို အမှန်အတိုင်းသိပြီး နံရုံမျှတွင် တည်အောင်, ငါ ငါ့ဥစ္စာ မြဲတယ် ချမ်းသာတယ် ကောင်းတယ် စသည်ဖြင့် မစွဲလမ်းရအောင် ရှုမှတ်နေရတာပဲ။
စားသိဆဲ၌ ဥပါဒါနက္ခန္ဓာငါးပါး
▬▬▬▬▬▬▬▬▬▬▬
အစာအာဟာရကို စားလျက် အရသာကို သိတဲ့အခါ ကြည်လင်တဲ့လျှာလဲ ထင်ရှားတယ်၊ အရသာလဲ ထင်ရှားတယ်၊ အရသာသိတာလဲ ထင်ရှားတယ်၊ အဲဒီ အရသာသိမှုထဲမှာ စားသိလို့ ကောင်းတာ မကောင်းတာလဲ ပါဝင်တယ်၊ အရသာကို မှတ်သားတာလဲ ပါဝင်တယ်၊ အရသာသိမှုကိစ္စပြီးအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာလဲ ပါဝင်တယ်၊ အရသာသိရုံမျှ သဘောလဲ ပါဝင်တယ်။
စားသိခိုက်၌ မရှုနိုင်လို့ အမှန်အတိုင်း မသိလျှင် အဲဒီ စားသိခိုက်၌ ထင်ရှားတဲ့ တရားတေါကို ငါ ငါ့ဥစ္စာ စသည် အနေဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်း နိုင်တဲ့အတွက် အဲဒီ လျှာ, အရသာ, စားသိမှုတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ အဲဒါတွေကို လိုက်ဆိုကြရမယ်။
(၁) စားသိဆဲခဏ၌ လျှာနဲ့ အရသာက ရုပ်ဥပါဒါနက္ခန္ဓာ။
(၂) စားလို့ကောင်းတာ မကောင်းတာက ဝေဒနာဥပါဒါနက္ခန္ဓာ။
(၃) စားသိရတာကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ။
(၄) အရသာသိအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရဥပါဒါနက္ခန္ဓာ။
(၅) အရသာသိရုံမျှ သဘောက ဝိညာဏ် ဥပါဒါနက္ခန္ဓာ။
အစာအာဟာရကို စားသောက်ရာမှာ ထမင်းလုပ်ပြင်တာယူတာ ပါးစပ်ထဲထည့်တာ ဝါးတာ - ဒီလို ကိုယ်အမူအရာတွေ ရှုမှတ်တာကတော့ ထိသိမှုနဲ့ဆိုင်တယ်၊ ဝါးနေတုန်းလျှာပေါ်မှာ အရသာ သိသိသွားတာကတော့ ဒီ စားသိမှုနဲ့ ဆိုင်တယ်။ ဒါကြောင့် အဲဒီလို အရသာ သိတိုင်း သိတိုင်း ချက်ခြင်းလိုက်ပြီး ရှုမှတ်ရတာဟာ အဲဒီ အရသာသိခိုက်၌ ထင်ရှားတဲ့ ရုပ်နာမ် ခန္ဓာတွေကို အမှန်အတိုင်းသိပြီး အရသာသိရုံမျှတွင် တည်အောင်, ငါ ငါ့ဥစ္စာ မြဲတယ် ချမ်းသာတယ် ကောင်းတယ် စသည်ဖြင့် မစွဲလမ်းရအောင် ရှုမှတ်နေရတာပဲ။
ထိသိဆဲ၌ ဥပါဒါနက္ခန္ဓာ ငါးပါး
▬▬▬▬▬▬▬▬▬▬▬
ထိသိမှုကတော့ အင်မတန် ကျယ်ပြန့်ပါတယ်၊ တကိုယ်လုံး၌ အသွေး အသား ကောင်းတဲ့ နေရာတိုင်းမှာ အတွေ့ရုပ် ထင်ပေါ်နိုင်တဲ့ ကိုယ်အကြည်ရုပ်ဆိုတာ ရှိနေတယ်၊ အတွင်းက အသားအသွေး အကြော အရိုးစသည်ထဲမှာရော, အပြင်က အရေထဲမှာရော အပ်ဖျား တနေရာစာလောက်တောင် အလပ်မရှိဘူး၊ နေရာတိုင်းမှာ ပြန့်နှံ့ပြီး တည်ရှိနေတယ်၊ အဲဒီနေရာတိုင်းမှာ ထိသိမှု ဖြစ်နိုင်တယ်။
အဲဒီ ထိသိမှု ဖြစ်တဲ့အခါမှာ အတွေ့ရုပ်ကို ဖမ်းယူနိုင်တဲ့ ကိုယ်အကြည်ရုပ်လဲ ထင်ရှားတယ်၊ ထိသိရာ ဌာနအနေနဲ့ ထင်ရှားတာပါပဲ၊ ပုံသဏ္ဍာန် စသည်နဲ့ ထင်ရှားတာကတော့ မဟုတ်ပါဘူး၊ နားရုပ် နှာခေါင်းရုပ် လျှာရုပ်တို့ ထင်ရှားတယ်ဆိုတာလဲ ဒီနည်းဖြင့် ထင်ရှားတာပါပဲ။ ကြားသိရာ နံသိရာ အရသာသိရာဌာနအနေနဲ့ ထင်ရှားတာပါပဲ။ ဖောဋ္ဌဗ္ဗခေါ်တဲ့ ထိသိစရာ အတွေ့ရုပ်လဲ ထင်ရှားတယ်၊ အဲဒီ ထိသိစရာ အတွေ့ကလဲ ပထဝီအတွေ့ တေဇောအတွေ့ ဝါယောအတွေ့အားဖြင့် သုံးမျိုး ရှိတယ်၊
ခက်မာကြမ်းတမ်း နူးညံ့ချောညက်တဲ့ အနေဖြင့် တွေ့ရတာက ပထဝီအတွေ့ပဲ၊ ပူနွေးအေးတဲ့အနေနဲ့ တွေ့ရတာက တေဇောအတွေ့ပဲ၊ တောင့်တင်း တွန်းကန် လှုပ်ရှားတဲ့အနေနဲ့ တွေ့ရတာက ဝါယောအတွေ့ပဲ၊ အဲဒီ အတွေ့က မိမိကိုယ်ထဲက ရုပ်အချင်းချင်း တိုက်ခိုက်တွေ့ရတာလဲ ရှိတယ်၊ အပြင်က အဝတ် အိပ်ရာနေရာ မြေ ရေ လေ မီး နေပူ စသည်တို့နှင့် တိုက်ခိုက် တွေ့ရတာလဲ ရှိတယ်။
နောက်ပြီးတော့ အဲဒီ အတွေ့ကို ထိသိမှုလဲ ထင်ရှားတယ်၊ အဲဒီ ထိသိမှုထဲမှာ ထိသိလို့ ကောင်းတာ မကောင်းတာလဲပါဝင်တယ်၊ ထိသိရတာကို မှတ်သားတာလဲ ပါဝင်တယ်၊ ထိသိမှု ကိစ္စပြီးအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာလဲ ပါဝင်တယ်၊ ထိသိရုံမျှ သဘောလဲ ပါဝင်တယ်။ ဒီ ထိသိရာမှာ အကောင်းအဆိုး ခံစားမှု ဝေဒနာက အထူးပဲထင်ရှားပါတယ်။ ကိုယ်ဆင်းရဲ ဆိုတာဟာ အတွေ့ဆိုးတွေနဲ့ ထိခိုက်ပြီး ဖြစ်ပေါ်တဲ့ ဒုက္ခဝေဒနာတွေပဲ။
ထိသိခိုက်မှာ မရှုနိုင်လို့ အမှန်အတိုင်း မသိလျှင် အဲဒီ ထိသိခိုက်၌ ထင်ရှားတဲ့ တရားတွေကို ငါ ငါ့ဥစ္စာ စသည် အနေဖြင့် စွဲလမ်းနိုင်တဲ့အတွက် အဲဒီ ထိသိရာ ဌာန ကိုယ်အကြည်ရုပ်, ထိသိရတဲ့အတွေ့, ထိသိမှုတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ အဲဒါတွေကို လိုက်ဆိုကြရမယ်။
(၁) ထိသိဆဲခဏ၌ကိုယ်အကြည်ရုပ်နှင့် ထိသိရတဲ့အတွေ့က ရုပ်ဥပါဒါနက္ခန္ဓာ။
(၂) တွေ့ထိလို့ ကောင်းတာ မကောင်းတာက ဝေဒနာဥပါဒါနက္ခန္ဓာ။
(၃) တွေ့ထိရတာကို မှတ်သားတာက သညာဥပါဒါနက္ခန္ဓာ။
(၄) ထိသိမှုဖြစ်အောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရဥပါဒါနက္ခန္ဓာ။
(၅) ထိသိရုံမျှ သဘောက ဝိညာဏ်ဥပါဒါနက္ခန္ဓာ။
သွားတယ် ရပ်တယ် ထိုင်တယ် အိပ်တယ် ကွေးတယ် ဆန့်တယ် လှုပ်တယ် ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ကိုယ်အမူအရာတွေကို ရှုမှတ်နေတာဟာ ဒီ ထိသိမှုနဲ့ ဆိုင်တဲ့ ဥပါဒါနက္ခန္ဓာတွေကို သိအောင် ရှုမှတ်နေတာပဲ၊ သွားတယ် စသည်ဖြင့် အဲဒီ ကိုယ်အမူအရာတွေကို ရှုမှတ်တဲ့အခါမှာ အထူးထင်ရှားတဲ့ တောင့်တင်း တွန်းကန်လှုပ်ရှားတဲ့ ဝါယောဓာတ်ကို အာရုံမသိတတ်တဲ့ ရုပ်သဘော အနေဖြင့် အမှန်အတိုင်း သိရတယ်၊
ရှုသိတဲ့သဘောကိုတော့ အာရုံသိတတ်တဲ့ နာမ် သဘောအနေဖြင့် အမှန်အတိုင်း သိရတယ်၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုသိရတဲ့ ရုပ်နဲ့ ရှုသိတဲ့ နာမ်ဆိုတဲ့ ဒီ ရုပ်နာမ်နှစ်ပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိပြီးတဲ့နောက် သွားချင်တဲ့စိတ်ရှိလို့ သွားရုပ်ဖြစ်တယ်စသည်ဖြင့် အကြောင်းနဲ့ အကျိုးကိုလဲ ပိုင်းခြားသိတယ်၊
အဲဒီလိုသိပြီးတဲ့နောက် သိရတဲ့ရုပ်နာမ်ရော သိတဲ့စိတ်ရော အသစ် အသစ် ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို ရှုခိုက်ရှုခိုက်မှာပင် ထင်ရှားတွေ့ရတဲ့အတွက် မမြဲတာတွေပဲ၊ ဆင်းရဲတွေ မကောင်းတာတွေပဲ၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ သဘောတရား တွေ အနတ္တတွေပဲလို့ ရှင်းလင်းစွာ သိသိသွားတယ်၊ အဲဒီလို သိတဲ့အတွက် သွားမှု ရပ်မှု ထိုင်မှု စသည်နှင့်စပ်ပြီး ငါ ငါ့ဥစ္စာ စသည်ဖြင့်မစွဲလမ်းနိုင်တော့ဘူး၊ အဲဒါဟာ -
လောကေ - ရုပ်ကိုယ်ဟူသော လောက၌၊
ဝါ - ခန္ဓာငါးပါးဟူသော လောက၌၊
ကိဥ္စိ - တစုံတခုကိုမျှ၊
န စ ဥပါဒိယတိ - မစွဲလမ်းတော့ပေ -
ဆိုတဲ့ မဟာသတိပဋ္ဌာန်သုတ် ဒေသနာတော်နှင့် အညီ အစွဲအလမ်းကင်းပုံပါပဲ၊ အဲဒီလို အစွဲအလမ်း ကင်းအောင်လို့ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန်၏ အာရုံတွေကို ရှုမှတ်ရတာပဲ။
ညောင်းခြင်း ပူခြင်း နာကျင်ကိုက်ခဲခြင်း ယားယံခြင်းအစရှိသော ဒုက္ခဝေဒနာတွေဟာ ဒီထိသိရာမှာ ထင်ရှားတာပဲ၊ အဲဒီ ဒုက္ခဝေဒနာတွေကို မရှုလို့ အမှန်အတိုင်း မသိလျှင် ငါညောင်းတယ် ငါပူတယ် ငါနာတယ် ငါဆင်းရဲတယ် စသည်ဖြင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်တယ်၊ အဲဒီလို ဖြစ်မည့် အစွဲအလမ်း ဥပါဒါန်တွေ မဖြစ်ရအောင်လို့ ဒုက္ခဝေဒနာတွေကို အမှန်အတိုင်း သိအောင် ရှုမှတ်နေရတာပဲ၊
အဲဒီလို ဒုက္ခဝေဒနာတွေကို စူးစိုက်ပြီး မပြတ်ရှုနေယင် အဲဒီ ညောင်းတာ ပူတာ နာတာ ကလေးတွေဟာ ကိုယ်ထဲမှာ တခုပြီး တခု အသစ်အသစ် ကျရောက်ကျရောက် လာနေသလို ထင်ရှားတတ်တယ်၊ အဲဒီတော့ အခံခက်တဲ့ ဒုက္ခဝေဒနာတွေဟာ သူ့အခိုက်အတန့်နှင့်သူ ဖြစ်ပျက်နေလို့ မမြဲတဲ့ သဘောတရားမျှပဲဆိုတာ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင်သိရတယ်၊ ဒါကြောင့် ငါ ငါ့ဥစ္စာအနေ, မြဲတဲ့အနေ စသည်ဖြင့် မစွဲလမ်းတော့ဘူး၊ အစွဲအလမ်း ကင်းသွားတယ်၊ အဲဒီလို အစွဲလမ်းကင်းအောင် ရှုရတာပဲ။
ကြံသိဆဲ၌ ဥပါဒါနက္ခန္ဓာ ငါးပါး
▬▬▬▬▬▬▬▬▬▬▬
ဒီကြံသိမှုဆိုတာကလဲ အလွန်ကျယ်ပြန့်ပါတယ်၊ အလွန်လဲအဖြစ်များပါတယ်၊ နိုးနေတဲ့အခါဆိုယင် အမြဲမပြတ်လို ဖြစ်နေတာပဲ၊ အနီးအပါးမှာ နှစ်သက်သာယာ စရာ ဘာမှမရှိပေမဲ့ စိတ်ကူးထဲမှာတော့ တကယ်ရှိနေသလိုပဲ စိတ်ကူးတွေ ဖြစ်နေတတ်တယ်၊ (ကာမစ္ဆန္ဒ ဗျာပါဒ ထိနမိဒ္ဓ ဥဒ္ဓစ္စ ကုက္ကုစ္စ ဝိစိကိစ္ဆာဆိုတဲ့) နီဝရဏတွေဟာ ဒီ စိတ်ကူးကြံသိမှုတွေပဲ၊ (ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာ ဝိတက်ဆိုတဲ့) ကြံစည်မှုတွေဟာလဲ ဒီ စိတ်ကူးကြံစည်မှုတွေပဲ၊ ဒီ စိတ်ကူး ကြံစည်မှုကို မရှုနိုင် မသိနိုင်လျှင် အသက်ရှင်နေတဲ့ အတ္တကောင်အနေနဲ့ ထင်မှတ်စွဲလမ်းနေတာပဲ၊ ဒါကြောင့် ဒီ စိတ်ကူးကြံသိမှုကို ရှုသိဘို့ရာ အလွန်ပင် အရေးကြီးပါတယ်။
ကြံသိမှု ဆိုတာလဲ ခွဲခြမ်းစိတ်ဖြာကြည့်ယင် ဥပါဒါနက္ခန္ဓာ ငါးပါးအပေါင်းပါပဲ၊ ဘယ်လိုလဲဆိုယင် - ကြံသိရာမှာ ရွှင်လန်းဝမ်းသာလျက် ကြံနေတာလဲရှိတယ်၊ စိတ်ညစ်ညှိုးနွမ်းလျက် ကြံနေတာလဲရှိတယ်၊ မရွှင်မညှိုး အလယ်အလတ် ဖြစ်လျက်ကြံနေတာလဲ ရှိတယ်၊ အဲဒီလို ဖြစ်ရာမှာ ရွှင်လန်းဝမ်းသာတာက သောမနဿခေါ်တဲ့ သုခဝေဒနာပဲ၊ စိတ်ညစ်တာက ဒေါမနဿခေါ်တဲ့ ဒုက္ခဝေဒနာပဲ၊ မရွှင်မညှိုး အလယ်အလတ်ဖြစ်နေတာက ဥပေက္ခာဝေဒနာပဲ၊ အဲဒီ ဝေဒနာသုံးပါးကို ဖြစ်ခိုက်မှာ မရှုနိုင်ယင် ငါချမ်းသာနေတယ် ကောင်းနေတယ်၊ ငါ ဆင်းရဲနေတယ် မကောင်းဘူး၊ ငါ့မှာ ကောင်းနေတာလဲ မဟုတ်ဘူး မကောင်းတာလဲမဟုတ်ဘူး စသည်ဖြင့် စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် အဲဒီ ခံစားမှုဝေဒနာသုံးပါးကို ဝေဒနာဥပါဒါနက္ခန္ဓာ ခေါ်တယ်။
နောက်ပြီးတော့ စိတ်ကူးရောက်ရာရာ အာရုံကို မှတ်သားတဲ့ သညာလဲ ထင်ရှားတယ်၊ အထူးအားဖြင့် ပြောဆိုစရာတွေကို စဉ်းစားနေတဲ့အခါ စာရင်း အင်းတွက်ချက် ရှင်းလင်းနေတဲ့အခါ စသည်မှာ ဒီမှတ်သားမှုက ပိုပြီးထင်ရှားတယ်၊ အဲဒီ မှတ်သားမှုကိုလဲ ငါမှတ်မိတယ် မှတ်ဉာဏ်ကောင်းတယ် စသည်ဖြင့် စွဲလမ်းတယ်၊ ဒါကြောင့် အဲဒီမှတ်သားမှုကို သညာဥပါဒါနက္ခန္ဓာ ခေါ်တယ်။
နောက်ပြီးတော့ အဲဒီ စိတ်ကူး ကြံသိခိုက်မှာ အာရုံကို ထင်ရှားတွေ့မှု - ဖဿလဲ ထင်ရှားတယ်၊ အာရုံဆီကို ဦးတမ်းပြီးညွတ်တဲ့ ဝိတက်လဲ ထင်ရှားတယ်၊ နှလုံးသွင်းမှု မနသိကာရလဲထင်ရှားတယ်၊ ဒီလိုဖြစ်စေ, ဟိုလိုဖြစ်စေ စသည်ဖြင့် စေ့ဆော် တိုက်တွန်းမှု - စေတနာလဲ ထင်ရှားတယ်၊ အဲဒီ စေတနာ တိုက်တွန်းပုံကတော့ တကယ်လုပ်လို့ မဖြစ်နိုင်တဲ့ညဉ့်အခါ စသည်မှာ အရေးကြီးတဲ့ကိစ္စကို စိတ်ကူးမိယင် အလွန်ထင်ရှားတတ်တယ်၊ သွားလိုက် ပြောလိုက် စသည်ဖြင့် စိတ်ထဲမှာ တိုက်တွန်းနေပုံဟာ အလွန်ပင်ထင်ရှားတတ်ပါတယ်၊ အကုသိုလ်စိတ်ဖြင့် ကြံနေတဲ့အခါမှာ လောဘ ဒေါသ စသည်တို့လဲ ထင်ရှားတယ်၊ ကုသိုလ်စိတ်ဖြင့် ကြံနေတဲ့အခါမှာ အလောဘ အဒေါသ အမောဟ သဒ္ဓါ သတိ စသည်တို့လဲ ထင်ရှားတယ်၊ ယခု ပြောခဲ့တဲ့ ဖဿ စေတနာ မနသိကာရ အစရှိသော သဘောတရားတွေက စိတ်ကူးကြံစည်မှု အဆင့်ဆင့် ဖြစ်အောင်လဲ လှုံ့ဆော်ပေးနေတယ်၊ ပြောဆိုအောင်လဲ လှုံ့ဆော်ပေးနေတယ် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း ကွေးခြင်း ဆန့်ခြင်း စသော ကိုယ်အမူအရာတွေ ပြုလုပ်အောင်လဲ လှုံ့ဆော်ပေးနေတယ်၊ အဲဒီ စိတ်အမူအရာ နှုတ်အမူအရာ ကိုယ်အမူအရာတွေ ဖြစ်အောင် လှုံ့ဆော်တာဟာ ပြုပြင်မှု - သင်္ခါရတွေပဲ၊ အဲဒီပြုပြင်မှုသင်္ခါရတွေက ပုဂ္ဂိုလ် သတ္တဝါနဲ့တူတယ်၊ ဒါကြောင့် အဲဒီ ပြုပြင်မှု - သင်္ခါရတွေကို ငါလို့ ထင်မှတ် စွဲလမ်းနေကြတာပဲ၊ ငါကြံတယ် ငါပြောတယ် ငါသွားတယ် ငါလုပ်တယ် စသည်ဖြင့် စွဲလမ်းတာတွေဟာ ဒီ သင်္ခါရတွေကို စွဲလမ်းတာပဲ၊ အဲဒီလို စွဲလမ်းတာကို ကာရကအတ္တစွဲ ခေါ်တယ်၊ ဒါကြောင့် ဖဿ စေတနာ မနသိကာရ အစရှိသော ဒီ သင်္ခါရတွေကို သင်္ခါရဥပါဒါနက္ခန္ဓာ ခေါ်တယ်။ နောက်ပြီးတော့ အဲဒီ ကြံစည်နေခိုက်မှာ ကြံသိရုံမျှ စိတ်ဝိညာဏ်ကလဲ ထင်ရှားတယ်၊ ဗမာလူမျိုးတွေ အနေအားဖြင့် အဲဒီ ကြံသိနေတဲ့ စိတ်စေတသိက် နာမ်တရားတွေကို စိတ်လို့ပဲ ထင်ရှား သိနေကြပါတယ်၊ အဲဒီ ကြံသိရုံမျှ စိတ်ကိုလဲ အတ္တကောင် ငါကောင် အနေအားဖြင့် စွဲလမ်းတာ အလွန်များပါတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် အဲဒီ စိတ်ဝိညာဏ်ကို ဝိညာဏ်ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။
နောက်ပြီးတော့ အဲဒီ စိတ်ကူးကြံစည်ခိုက်မှာ ကြံသိမှု၏တည်ရာ ရုပ်လဲ ထင်ရှားတယ်၊ ဒါကြောင့် အကြားအမြင်နဲတဲ့ လူတွေက ရုပ်ကိုယ်ကပဲ ကြံသိ နေတယ်လို့တောင် ထင်မှတ်စွဲလမ်းနေကြသေးတာပဲ၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် အဲဒီ ကြံသိမှု၏ တည်မှီရာရုပ်ကို ရုပ်ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။
ကြံသိမှု၏ အာရုံကတော့ ရုပ်လဲရှိတယ်၊ နာမ်လဲ ရှိတယ်၊ ပညတ်လဲရှိတယ်။ အဲဒါတွေကိုလဲ စွဲလမ်းတာပဲ၊ ဒါကြောင့် ရုပ်အာရုံကိုတော့ ရုပ်ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ နာမ်အာရုံကိုတော့ နာမ်ဥပါဒါနက္ခန္ဓာ လေးပါးထဲ ထည့်သွင်း ယူရတယ်။ ပညတ်ကိုတော့ အဲဒီ ပညတ်၏တည်မှီရာ ရုပ်နာမ်ရှိယင် အဲဒီ ရုပ်နာမ်နှင့်ဆိုင်တဲ့ ဥပါဒါနက္ခန္ဓာထဲ ထည့်ယူရုံပါပဲ၊ ဘယ်လိုလဲဆိုယင် (ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ) ဆိုတဲ့ စကားရပ်မှာ အလိုရှိတာကို မရခြင်းသည်ပင်လျှင် ဒုက္ခ - ဆင်းရဲပဲ၊ ဒါပေမဲ့ မရခြင်းဆိုတာက ရုပ်နာမ်တရားကိုယ် မရှိဘူး၊ ပညတ်မျှဖြစ်နေတယ်၊ ဒါကြောင့် အဲဒီ စကားရပ်၏ အဖွင့်အဋ္ဌကထာမှာ မရနိုင်တာလိုချင်တဲ့ တဏှာကို ဒုက္ခလို့ ဖွင့်တဲ့အကြောင်းမူလဋီကာမှာ ပြဆိုထားတယ်၊ အဲဒါလိုပဲ မှတ်ယူရမယ်။
ကြံသိခိုက်၌ ထင်ရှားတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးကို ဖော်ပြတာ ပြည့်စုံသွားပြီ၊ အကျဉ်းချုပ် မှတ်ထားရအောင် လိုက်ဆိုကြရမယ်။
(၁) ကြံသိဆဲခဏ၌ ကြံသိမှု၏ တည်ရာရုပ်က ရုပ်ဥပါဒါနက္ခန္ဓာ။
(၂) ကြံလို့ ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ။
(၃) ကြံမိတဲ့ အာရုံကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ။
(၄) ကြံသိမှု ပြောမှုပြမှုပြီးအောင် ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရ ဥပါဒါနက္ခန္ဓာ။
(၅) ကြံသိရုံမျှ သဘောက ဝိညာဏ် ဥပါဒါနက္ခန္ဓာ။
ကြံသိမှုဆိုတဲ့ ဒီစိတ်ကူး စဉ်းစားကြံစည်မှုကို ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း ရှုရှုပြီး အမှန်အတိုင်း သိဘို့ရာ အလွန်အရေးကြီးပါတယ်၊ မရှုနိုင်လို့ အမှန်အတိုင်း မသိယင်တော့ အဲဒီ ကြံသိမှုကို ငါ ငါ့ဥစ္စာ မြဲတယ် ချမ်းသာတယ် ကောင်းတယ် စသည်ဖြင့် စွဲလမ်းတဲ့ ဥပါဒါန် ဖြစ်လိမ့်မယ်၊ ယခုလူအများစုမှာ ဒီစွဲလမ်းမှုတွေ မပြတ်လိုလိုပင် ဖြစ်နေကြတာပဲ၊ စွဲလမ်းမှု ဥပါဒါန် ဖြစ်တော့ (ဥပါဒါနပစ္စယာ ဘဝေါ) ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့်အညီ ဘဝအသစ် ဖြစ်ကြောင်း ကံတွေ ဖြစ်ဖြစ်ပြီး ဘဝအသစ်တွေ ဖြစ်ဖြစ်သွားမယ်၊ ဖြစ်ရာရာ ဘဝတိုင်းမှာ အိုရ နာရ သေရမယ်၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဆိုတဲ့ ဆင်းရဲတွေကိုလဲ တွေ့ကြုံခံစား သွားကြရမယ်။
ကြံသိမှုဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တ အနေဖြင့် အမှန်အတိုင်း သိသိသွားယင်တော့ အဲဒီ ကြံသိမှုနှင့်စပ်ပြီး စွဲလမ်းမှု ဥပါဒါန် မဖြစ်ဘူး၊ ဥပါဒါန် မဖြစ်တော့ကမ္မဘဝ မဖြစ်ဘူး၊ ကမ္မဘဝ မဖြစ်တော့ ဘဝသစ် မဖြစ်ရဘူး၊ ဘဝသစ် မဖြစ်တော့ အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း အစရှိသော ဆင်းရဲတွေ အကုန်ကင်းငြိမ်းသွားတယ်၊ အဲဒီလို ဆင်းရဲတွေ ကင်းငြိမ်းသွားတာဟာ ရှုသိရတဲ့ ကြံသိမှု တခု တခုနှင့်စပ်ပြီး တဒင်္ဂအားဖြင့် ကင်းငြိမ်းပုံပါပဲ။ အဲဒီလို ရှုသိတိုင်း ရှုသိတိုင်း တဒင်္ဂအားဖြင့်ငြိမ်းပြီးတော့ အရိယမဂ် ဖြစ်ပေါ်လာတဲ့အခါမှာ အမြစ်ပြတ် အကြွင်းမဲ့ ငြိမ်းသွားမယ်။ ဒါကြောင့် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ရှုမှတ်နေယင်း စိတ်ကူး ကြံစည်မှု ဖြစ်ပေါ်လာယင် အဲဒီ စိတ်ကူး ကြံစည်မှုကို စိတ်ကူးတယ် စဉ်းစားတယ် ကြံစည်တယ် စသည်ဖြင့် ရှုမှတ်ရတာပဲ။
ယခုပြောလာခဲ့တာဟာ မြင်ခိုက် ကြားခိုက် နံခိုက် စားသိခိုက် ထိသိခိုက် ကြံသိခိုက်ဆိုတဲ့ ခဏ ၆ - ပါးမှာ ထင်ရှားတာတွေဟာ ဥပါဒါနက္ခန္ဓာငါးပါးမျှသာ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားအောင် အသေးစိတ်အားဖြင့် သရုပ်ခွဲပြခဲ့တာပဲ။ မရှုမမှတ်နိုင်တဲ့ ပကတိလူတွေမှာ မြင်တဲ့အခါ မြင်သိတဲ့ ကိုယ့်ဘက်ကလဲ အကောင်ကြီးအနေနဲ့ ထင်ရှားနေတယ်၊ အမြင်ခံ အပြင်ဘက်ကလဲ မိန်းမ ယောက်ျား အကောင်အထည် ဝတ္ထုကြီးတွေအနေနဲ့ ထင်ရှားနေတယ်၊ ကြားခိုက် စသည်မှာလဲ ဒီနည်းအတိုင်းပဲ။ အမှန်ကတော့ အဲဒီလိုအကောင် အထည်ဒြပ် တွေဆိုတာ ရှိတာ မဟုတ်ဘူး၊ ဥပါဒါနက္ခန္ဓာ ငါးပါးမျှ ရှိတာပဲ၊ အဲဒီ မြင်ခိုက် ကြားခိုက် စသော ခဏ ၆ - ပါးမှ အလွတ်လဲ မရှိဘူး၊ ဒီ ခဏ ၆ - ပါးမှာသာ ထင်ရှားပေါ်နေကြတယ်၊ ထင်ရှား ပေါ်လာသမျှတွေဟာလဲ ဥပါဒါနက္ခန္ဓာ ငါးပါးမျှပဲ။
ဥပါဒါနက္ခန္ဓာတွေ ရှိနေလို့ ဆင်းရဲရသည်
▬▬▬▬▬▬▬▬▬▬▬
ဘဝအသစ်ဖြစ်ရလို့ ဆင်းရဲခြင်း အိုခြင်း သေခြင်း စိုးရိမ် ပူဆွေးခြင်း အစရှိသော ကြောက်စရာ ဆင်းရဲတွေဟာ ဒီဥပါဒါနက္ခန္ဓာတွေ ရှိနေလို့ ဖြစ်တဲ့ ဆင်းရဲတွေပဲ၊ ဒီ ဥပါဒါနက္ခန္ဓာတွေ ရှိနေသမျှ ကာလပတ်လုံး ဖြစ်ခြင်း အိုခြင်း သေခြင်း အစရှိတဲ့ ကြောက်စရာ ဆင်းရဲတွေဟာ ရှိနေမှာပဲ၊ ဒါကြောင့် ဒီ ဥပါဒါနက္ခန္ဓာတွေဟာလဲ ကြောက်စရာကောင်းတဲ့ ဆင်းရဲတွေပဲ။ အတိုချုပ်ပြောရယင် ရုပ်ရှိနေလို့ ရုပ်ကိုမှီပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ဖြစ်ရတယ်၊ သိတတ်တဲ့ နာမ်ရှိနေလို့ နာမ်ကို မှီပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ဖြစ်ရတယ်၊ ဒါကြောင့် ဥပါဒါနက္ခန္ဓာခေါ်တဲ့ ရုပ်နာမ်တရားတွေဟာ ကြောက်စရာကောင်းတဲ့ ဆင်းရဲတွေချည်းပဲ။
တနည်းအားဖြင့် ကိုယ်ထဲ စိတ်ထဲမှာ မခံသာတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဆိုတဲ့ ဒုက္ခဝေဒနာတွေဟာ ဒုက္ခဒုက္ခဆိုတဲ့ ဆင်းရဲအစစ် ဖြစ်တဲ့အတွက် ကြောက်စရာ တွေပဲ၊ အများကလဲ ကြောက်ကြပါတယ်၊ ဒါကြောင့် ဒုက္ခဝေဒနာဆိုတဲ့ ဥပါဒါနက္ခန္ဓာဟာ ဆင်းရဲအစစ်အမှန် ဒုက္ခသစ္စာပဲ။
ကိုယ်ထဲ စိတ်ထဲမှာ ကောင်းတဲ့ ကိုယ်ချမ်းသာ စိတ်ချမ်းသာဆိုတဲ့ သုခဝေဒနာ တွေကတော့ သူတို့ ဖြစ်နေတုန်း ရှိနေတုန်းမျာ ကိုယ်ရော စိတ်ပါ ချမ်းသာပြီး ကောင်းနေပေမဲ့ သူတို့မရှိတဲ့ အခါကျတော့ မနေသာ မထိုင်သာဖြစ်ပြီး ဆင်းရဲစေ တတ်တဲ့ ဝိပရဏာမဒုက္ခဆိုတဲ့ ဖောက်ပြန်ပြောင်းလဲ ဆင်းရဲဖြစ်တဲ့အတွက် ကြောက်စရာပါပဲ၊ ဒါကြောင့် သုခဝေဒနာဆိုတဲ့ ဥပါဒါနက္ခန္ဓာဟာလဲ အရိယာတို့၏ အမြင်အားဖြင့် လှပတဲ့ အဆင်းကိုပြပြီး ရူးသွပ်စေတတ်တဲ့ ဘီလူးမ ကဲ့သို့ပင် ကြောက်စရာကောင်းတဲ့ ဆင်းရဲအစစ်အမှန် ဒုက္ခသစ္စာပါပဲ။ တနည်းအားဖြင့် အဲဒီ ချမ်းသာသုခဟာ မမြဲတဲ့အတွက် တည်မြဲ တည်နေအောင် ရှိမြဲ ရှိနေအောင် အမြဲမပြတ် ကြောင့်ကြစိုက်ပြီး ပြုပြင်ပေးနေရတယ်၊ အဲဒီလို မပြတ်ပြုပြင်ပေးနေရ သောကြောင့်လဲ ကြောက်စရာကောင်းတဲ့ ဆင်းရဲအစစ်အမှန် ဒုက္ခသစ္စာပါပဲ။
ကျန်တဲ့ ဥပေက္ခာဝေဒနာနဲ့ သညာ သင်္ခါရ ဝိညာဏ် ရုပ်ဆိုတဲ့ ဥပါဒါနက္ခန္ဓာတွေဟာ ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲတဲ့အတွက်လဲ အရိယာတို့၏ အမြင်ဖြင့် ကြောက်စရာ ကောင်းတယ်၊ ဘယ်အချိန်မဆို သေနိုင်တဲ့အတွက် ပြိုလုဆဲဆဲ ဖြစ်နေတဲ့ တိုက်အိမ်ကြီးထဲ ဝင်နေရမှာ ကြောက်စရာကောင်းသလိုပင် အဲဒီ မမြဲတဲ့ ဥပါဒါနက္ခန္ဓာတွေကို အထည်ကိုယ် လုပ်နေရတာလဲ ကြောက်စရာကောင်းတယ်၊ နောက်ပြီးတော့ မမြဲတဲ့အတွက် တည်မြဲ တည်နေအောင် ကြောင့်ကြစိုက်ပြီး မပြတ်ပြုပြင်ပေးနေရတယ်၊ အဲဒီလို ပြုပြင်ပေးနေရတဲ့ သင်္ခါရဒုက္ခဖြစ်တဲ့အတွက်လဲ ကြောက်စရာကောင်းတယ်၊ ဒါကြောင့် အရိယာတို့၏ အမြင်ဖြင့် သုခ ဒုက္ခဝေဒနာ တို့မှ တပါးသော ဥပါဒါနက္ခန္ဓာတွေဟာလဲ ကြောက်စရာကောင်းတဲ့ ဆင်းရဲ အစစ်အမှန် ဒုက္ခသစ္စာချည်းပါပဲ။
အဲဒီလို ဥပါဒါနက္ခန္ဓာငါးပါးလုံး အရိယာတို့၏အမြင်ဖြင့် ကြောက်စရာကောင်းတဲ့ ဆင်းရဲ အစစ်အမှန်ချည်း ဖြစ်သောကြောင့် မြတ်စွာဘုရားက -
သံခိတ္တေန - အကျဉ်းအားဖြင့်ဆိုလျှင်၊
ပဉ္စ - ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ - ငါ ငါ့ဥစ္စာအနေ, နိစ္စ သုခ အတ္တအနေဖြင့် စွဲလမ်းနိုင်သော ရုပ်နာမ် သဘောတရားတို့သည်၊
ဒုက္ခာ - ကြောက်ဖွယ် ဆင်းရဲတို့သာတည်း
လို့ ဒုက္ခသစ္စာသရုပ်ကို နိဂုံးချုပ်ပြီး ဟောကြားတော်မူပါတယ်။
ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာ
▬▬▬▬▬▬▬▬▬
ယခု ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာကို ခွဲခြားပြီး ပြောဦးမယ်။ ဥပါဒါန်ဆိုတာ စွဲလမ်းမှုပဲ၊ အဲဒီ စွဲလမ်းမှုက ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်လို့ ၄ - ပါး ရှိတယ်။
လိုချင်နှစ်သက်သာယာပြီး စွဲလမ်းတာကို ကာမုပါဒါန် ခေါ်တယ်၊ တဏှာစွဲပါပဲ။
အတ္တကောင်ငါကောင်အနေဖြင့် စွဲလမ်းတာကို အတ္တဝါဒုပါဒါန် ခေါ်တယ်၊ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ဆိုတာနဲ့အရ အတူတူပါပဲ။
သစ္စာလေးပါးကို သိအောင်ကျင့်တာလဲ မဟုတ်၊ မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွါးစေတာလဲ မဟုတ်ပါပဲ တစုံတခုသော အလေ့အကျင့်မျှဖြင့် သံသရာဆင်းရဲမှ လွတ်တယ်၊ မအို မနာ မသေ အမြဲတမ်း ချမ်းသာသွားတယ်လို့ ယုံကြည်စွဲလမ်းတာကို သီလဗ္ဗတုပါဒါန် ခေါ်တယ်၊ အကျင့်လမ်းမှားကို အကျင့်လမ်းမှန်လို့ ယုံကြည်စွဲလမ်းတဲ့ မိစ္ဆာဒိဋ္ဌိ တမျိုးပါပဲ။
ကံနှင့်ကံ၏အကျိုး မရှိ၊ တမလွန်ဘဝ မရှိ၊ ဘုရားရဟန္တာ မရှိလို့ ယူဆစွဲလမ်းတာကို ဒိဋ္ဌုပါဒါန် ခေါ်တယ်၊ အတ္တဒိဋ္ဌိ သီလဗ္ဗတပရာမာသဒိဋ္ဌိတို့မှ တပါးသော မိစ္ဆာဒိဋ္ဌိဟူသမျှကိုလဲ ဒိဋ္ဌုပါဒါန် ခေါ်တယ်။
အဲဒီ ဥပါဒါန်လေးပါးထဲမှာ ကာမုပါဒါန်က နှစ်သက်သာယာတဲ့ တဏှာပဲ၊ ကျန်တဲ့ ဥပါဒါန်သုံးပါးက အထင်လွဲမှားတဲ့ အယူမှား ဒိဋ္ဌိချည်းပဲ။ ဒါကြောင့် “ထင်လွဲသာယာ၊ စွဲလမ်းတာ၊ ၂ - ဖြာ ဥပါဒါန်” လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
(၁) ထင်လွဲ သာယာ၊ စွဲလမ်းတာ၊ ၂ - ဖြာ ဥပါဒါန်။
အထင်လွဲမှားပြီး စွဲလမ်းတဲ့ ဒိဋ္ဌိစွဲကတမျိုး၊ သာယာနှစ်သက် တပ်မက်ပြီး စွဲလမ်းတဲ့ တဏှာစွဲက တမျိုး၊ ဒီလို ၂ - မျိုး ရှိတယ်လို့ ဆိုလိုပါတယ်။ အဲဒီ ဥပါဒါန် ၂ - မျိုးဖြင့် စွဲလမ်းနိုင်တဲ့ ရုပ်အဖို့အစု နာမ်အဖို့အစုတွေကို ဥပါဒါနက္ခန္ဓာခေါ်တာပဲ၊ အဲဒါကိုလဲ”ငါ , ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကိုလဲ ဆိုကြရမယ်။
(၂) ငါ , ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်။
ငါလို့ စွဲလမ်းတာက အတ္တဒိဋ္ဌိစွဲပဲ၊ အတ္တဒိဋ္ဌိစွဲ ဖြစ်ယင်ကျန်တဲ့ ဒိဋ္ဌိအစွဲ ၂ - ပါးလဲ ဖြစ်နိုင်တော့တာပါပဲ။ သာယာတပ်မက်ပြီး စွဲလမ်းယင် ကိုယ့်ဥစ္စာ မဟုတ်သေးပေမဲ့ ကိုယ်ပိုင်ဥစ္စာလိုပင် သိမ်းပိုက်ပြီး စွဲလမ်းတယ်၊ ဒါကြောင့် ပါဠိတော်များမှာ အဲဒီ တဏှာ ဖြစ်ပုံကို “ဧတံ မမ၊ ဤဟာက ငါ့ဥစ္စာ”လို့ သာယာသိမ်းပိုက်ပြီး ဖြစ်ပုံကို ပြထားပါတယ်၊ ဒီဆောင်ပုဒ်မှာလဲ အဲဒီ ပါဠိနည်းအရ ငါ့ဥစ္စာအနေဖြင့် သာယာသိမ်းပိုက်ပြီး စွဲလမ်းပုံကို ပြထားပါတယ်၊
အဲဒီလို အတ္တကောင် ငါကောင်အနေနဲ့ အမြင်မှား အယူမှားပြီးတော့ ဖြစ်စေ၊ ငါ့ဥစ္စာအနေနဲ့ သာယာသိမ်းပိုက်ပြီးတော့ ဖြစ်စေ စွဲလမ်းနိုင်ကောင်းတဲ့ ရုပ်နာမ်အဖို့အစု တရား တွေကို ဥပါဒါနက္ခန္ဓာ ခေါ်တယ် - လို့ ဆိုလိုပါတယ်။ အဲဒီလို တဏှာနဲ့ ဒိဋ္ဌိနဲ့ မစွဲလမ်းနိုင်ကောင်းတဲ့ နာမ်တရား အဖို့အစုတွေကိုတော့ ရိုးရိုး ခန္ဓာလို့သာ ဆိုရတယ်၊ ဥပါဒါနက္ခန္ဓာလို့တော့ မဆိုရဘူး၊
အဲဒီ ရိုးရိုးခန္ဓာတွေက ဘယ်လိုဟာတွေလဲ ဆိုယင် မဂ်လေးပါးဖိုလ်လေးပါးထဲမှာ ပါဝင်တဲ့ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ တရားတွေပါပဲ၊ အဲဒီ လောကုတ္တရာ ဝေဒနာ သညာသင်္ခါရဝိညာဏ်တို့ကိုတော့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ - လို့သာ ဆိုရတယ်။
ယခု ဒီမှာဥပါဒါန်ဖြင့် စွဲလမ်းနိုင်ကောင်းတဲ့ ဥပါဒါနက္ခန္ဓာဆိုတာတွေက ဘာတွေလဲ ဆိုယင် ရှေ့နားက အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်တဲ့ လောကီရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ရုပ်နာမ်အဖို့အစု တရားတွေပါပဲ၊ အဲဒါကို “ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်”လို့ သရုပ်ပြ ဆောင်ပုဒ် တခုလဲ စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
(၃) ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်။
အဲဒီ ငါးပါးကတော့ ရှေ့နားက အကြိမ်ကြိမ် အထပ်ထပ်ပြောခဲ့ရွတ်ဆိုခဲ့လို့ ရှင်းနေလောက်ပါပြီ။ အဲဒီ လောကီ ရုပ်နာမ် ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတာက ဈာန်မရတဲ့ ပုဂ္ဂိုလ်မှာဆိုယင် မြင်တိုင်းကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ဒွါရ ၆ - ပါး၌ ထင်ရှားပေါ်နေတဲ့ ရုပ်တရားတွေနဲ့ ကာမာဝစရ စိတ် စေတသိက်တွေပါပဲ၊
ဈာန်ရတဲ့ ပုဂ္ဂိုလ်မှာတော့ မနောဒွါရမှာ ထင်ပေါ်တဲ့ ဈာန်ဆိုတဲ့ ရူပါဝစရ အရှုပါဝစရ တရားတွေလဲ ပါဝင်တယ်။ အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးတရားတွေဟာ ဝိပဿနာ ရှုအပ်တဲ့ ဒုက္ခသစ္စာ တရားတွေချည်းပဲ။ နောက်ပိုင်းကျတော့ မြတ်စွာဘုရားက ပရိညေယျဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် ပိုင်းခြား သိအပ်သော တရား ဖြစ်ကြောင်း ဟောကြားတော်မူပါတယ်။
တတိယပိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်အဖွင့် (နှာ ၁၇၆) မှာတုန်းက ဒုက္ခေ ဉာဏံ - ဒုက္ခသစ္စာ၌ အသိဉာဏ်ကို သမ္မာဒိဋ္ဌိမဂ္ဂင် ခေါ်ဆိုအပ် ကြောင်းထုတ်ပြခဲ့တယ်၊ အဲဒါဟာ ဒီဥပါဒါနက္ခန္ဓာ ငါးပါးဆိုတဲ့ ဒုက္ခသစ္စာကို ရှုမှတ်ပြီး သိတဲ့ဉာဏ်ကို ပြောတာပါပဲ။
ဒါကြောင့် မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ဒွါရ ၆ - ပါးက ထင်ရှားပေါ်လာသမျှ (မျက်စိနဲ့အဆင်း နားနဲ့အသံ အစရှိသော) ရုပ်ဥပါဒါနက္ခန္ဓာတွေ၊ (မြင်သိမှု, ကြားသိမှု အစရှိသော) နာမ်ဥပါဒါနက္ခန္ဓာတွေကို ရှုမှတ်ပြီးတော့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောများကို အမှန်အတိုင်း သိသောအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဒုက္ခသစ္စာ - ဆင်းရဲ အစစ်အမှန်တရားတွေပဲလို့ ကိုယ်ပိုင်ဉာဏ်ဖြင့် သိရမယ် ဆိုတာကိုလဲ မြဲမြံစွာ မှတ်ထားကြရမယ်။
ယခု ဒီသာသနာ့ရိပ်သာမှာ သတိပဋ္ဌာန်နည်းအရ ပေါ်လာ သမျှကို ရှုမှတ်ပြီးတော့ ယခု ပြောခဲ့တဲ့အတိုင်း မှန်ကန်စွာ သိနေကြတဲ့ ပုဂ္ဂိုလ်တွေမှာတော့ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်၊ (သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ - လို့) မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း ငါတို့ သိရပါပေတယ်လို့ ဆင်ခြင်ပြီး ဝမ်းမြောက်ကြဘို့ပါပဲ။ ဝမ်းမြောက်ပြီးတော့ အသိဉာဏ် ပြည့်စုံသည်ထက် ပြည့်စုံအောင် တိုးတက်ပြီး အားထုတ်သွားကြဘို့ပါပဲ၊ ယခု ဒုက္ခသစ္စာ သရုပ် ၁၂ - ပါး ဆောင်ပုဒ်ကို ဆိုကြရမယ်။
(၁) ဖြစ် အို သေရေး၊ စိုးရိမ်ဆွေး၊ ငိုကြွေး ကိုယ်နာကျင်။
(၂) နှလုံးမသာ၊ စိတ်ပြင်းစွာ၊ ပူတာ ဆင်းရဲပင်။
ဆိုလိုတာကတော့ -
(၁) ဘဝအသစ်ဖြစ်ခြင်းလဲ ဒုက္ခ - ဆင်းရဲပဲ၊
(၂) အိုခြင်းလဲ ဒုက္ခ - ဆင်းရဲပဲ၊
(၃) သေခြင်းလဲ ဒုက္ခ - ဆင်းရဲပဲ၊
(၄) စိုးရိမ် ပူဆွေးခြင်းလဲ ဒုက္ခ - ဆင်းရဲပဲ၊
(၅) ငိုကြွေးခြင်းလဲ ဒုက္ခ - ဆင်းရဲပဲ၊
(၆) ကိုယ်ထဲက နာကျင် အခံခက်တဲ့ ကိုယ်ဆင်းရဲလဲ ဒုက္ခ - ဆင်းရဲပဲ၊
(၇) နှလုံးမသာမှုဆိုတဲ့ စိတ်ဆင်းရဲလဲ ဒုက္ခ - ဆင်းရဲပဲ၊
(၈) စိတ်ထဲမှာ မခံချိမခံသာ ပြင်းစွာ ပူပန်ခြင်းဆိုတာလဲ ဒုက္ခ - ဆင်းရဲပဲလို့ ဆိုလိုပါတယ်။
နောက် တပုဒ်ကို ဆိုကြရမယ်။
(၃) မုန်းတာနဲ့ တွဲ၊ ချစ်တာ ကွဲ၊ ဆင်းရဲ အမှန်ပင်။
(၉) မုန်းတဲ့သူတွေ, မုန်းစရာကောင်းတဲ့ သင်္ခါရ အနိဋ္ဌာရုံတွေနဲ့ တွေ့ဆုံရ ပူးတွဲနေရတာလဲ ဒုက္ခ - ဆင်းရဲအမှန်ပဲ၊
(၁၀) ချစ်တဲ့သူတွေ, ချစ်ခင်နှစ်သက်အပ်တဲ့ သင်္ခါရ ဣဋ္ဌာရုံတွေနဲ့ရှင်ကွဲ သေကွဲ ကွဲကွာရခြင်းလဲ ဒုက္ခ - ဆင်းရဲအမှန်ပဲ - လို့ ဆိုလိုပါတယ်။
နောက် နှစ်ပုဒ်ကို ဆိုကြရမယ်။
(၄) မရတာ လို၊ ဒုက္ခ ဆို၊ တိုတို ပြောရလျှင်။
(၅) စွဲလမ်းနိုင်ရာ၊ ငါးခန္ခာ၊ သစ္စာ ဒုက္ခပင်။
(၁၁) မဂ္ဂင်ရှစ်ပါး တရားကိုတော့ မကျင့်သုံး မပွါးများပဲ, မအို မနာ မသေပဲ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပြီး နေရဘို့ လိုလားတောင့်တနေယင် အဲဒီတောင့်တချက် အတိုင်းမရနိုင်ဘူး၊ အဲဒီ မရနိုင်တာကို တောင့်တမှုဟာ အလိုမပြည့်သဖြင့် ဆင်းရဲရုံမျှပဲ၊ ဒါကြောင့် ဒုက္ခဆင်းရဲပဲ၊ လောက ဘက်ကမရနိုင်တာတွေ တောင့်တ တာလဲ ဒုက္ခ - ဆင်းရဲပဲ၊ ဒီ မရနိုင်တာကို လိုချင်တောင့်တမှုအထိ ဆင်းရဲ အကျယ် ၁၁ - ပါးကို အတိုချုံး ပြောရမယ်ဆိုလျှင်
(၁၂) ငါ ငါ့ဥစ္စာ အနေဖြင့်စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ၏ သရုပ်ဖော်ပြတာ ပြည့်စုံလောက်ပါပြီ၊ အချိန်လဲ တော်တော်ကြာသွားပါပြီ၊ ဒီကနေ့ ဒီတွင်ပဲ ရပ်ပြီး တရားသိမ်းကြစို့။
ဤဓမ္မစကြာတရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်း အာနုဘော်ကြောင့် ယခု တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပိုင်းခြား၍ သိသင့် သိထိုက်သော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားတို့ကို ရှုမှတ်လျက် သိသောအားဖြင့် မဇ္ဈိမပဋိပဒါခေါ် မဂ္ဂင်ရှစ်ပါး မြတ်တရားတို့ကို ပွါးများစေကြ၍ ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု.....၊ သာဓု.....၊ သာဓု.....။
ဓမ္မစကြာတရားတော်ကြီး စတုတ္ထပိုင်းပြီးပြီ။
……………….
ဓမ္မာစကြာတရားတော်ကြီး
ပဉ္စမပိုင်း
(၁၃၂၄ - ခုနှစ် သီတင်းကျွတ် လကွယ်နေ့ ဖွင့်ပြ ဟောကြားသည်။)
တရားအနုသန္ဓေ
သီတင်းကျွတ်လဆုတ် (၈) ရက်နေ့ စတုတ္ထပိုင်း ဟောစဉ်က သစ္စာလေးပါးထဲမှ ဒုက္ခသစ္စာ၏ သရုပ်ကို ဖွင့်ပြ ဟောကြားခဲ့ပြီ၊ ဒီကနေ့တော့ သမုဒယသစ္စာ၏ သရုပ်ကို ဖွင့်ပြဟောကြားရမယ်။ ယခု သစ္စာလေးပါး ခေါင်းစဉ်ကို စပြီး ဆိုကြရမယ်။
(၁) ဒုက္ခသစ္စာ - ဆင်းရဲ အစစ်အမှန်တရား၊
(၂) သမုဒယသစ္စာ - ဆင်းရဲ ဖြစ်ကြောင်း အစစ်အမှန်တရား၊
(၃) နိရောဓသစ္စာ - ဆင်းရဲငြိမ်းရာ အစစ်အမှန်တရား၊
(၄) မဂ္ဂသစ္စာ - ဆင်းရဲငြိမ်းရာ ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန် တရား၊
စတုတ္ထပိုင်းတုန်းက ပြောခဲ့တဲ့အတိုင်း မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး သိလာခဲ့တဲ့ ဒုက္ခသစ္စာ၏ သရုပ်ကို ဖော်ပြတော်မူပြီးတော့ သမုဒယသစ္စာ၏ သရုပ်ကိုလဲ ဒီလို ဖော်ပြတော် မူပါတယ်။
သမုဒယသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ ခေါ ပန - ဤဆိုလတံ့သော တရားသည်ကား၊
ဒုက္ခသမုဒယော - ဆင်းရဲ ဖြစ်ပွါးကြောင်းဖြစ်သော၊
အရိယသစ္စံ - အရိယသစ္စာပေတည်း၊
ဝါ - အရိယာတို့ သိအပ်သော အမှန်တရားပေတည်း၊
ယာ အယံ - တဏှာအကြင်ဆာလောင်မှုတဏှာသည်၊
ပေါနောဘဝိကာ - တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏၊
နန္ဒီရာဂသဟဂတာ - နှစ်သက်တပ်စွဲခြင်းနှင့်တကွ ဖြစ်၏၊
ဝါ - နှစ်သက်တပ်စွဲသော သဘောဖြစ်၏၊
တတြာတတြာဘိနန္ဒိနီ - ထိုထိုရောက်ရာဘဝ ရရာအာရုံ၌ နှစ်သက်ပျော်မွေ့လေ့ ရှိ၏၊
သေယျထိဒံ - ထိုတဏှာကား အဘယ်နည်းဟူမူ၊
ကာမတဏှာ - လိုချင်စရာ ကာမဂုဏ်၌ ဖြစ်သော ဆာလောင်မှုတဏှာက တပါး၊
ဘဝတဏှာ - အမြဲရှိနေသည်ဟု ထင်လျက် ဆာလောင်မှုတဏှာက တပါး၊
ဝိဘဝတဏှာ - သေပြီးလျှင် မရှိတော့ဟု ထင်လျက် ဆာလောင်မှုတဏှာက တပါး၊
ဣဒံ - ဤတဏှာသုံးပါးသည် ဆင်းရဲဖြစ်ကြောင်း သမုဒယသစ္စာပေတည်း။
ဆင်းရဲ ဖြစ်ကြောင်း ဒုက္ခသမုဒယ အရိယသစ္စာဆိုတာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ဘဝအသစ်ဖြစ်ခြင်းအစ, ဥပါဒါနက္ခန္ဓာ အဆုံးရှိတဲ့ ဆင်းရဲအစစ်တွေကို ဖြစ်စေတတ် ပွါးစေတတ်တဲ့ တရားပဲ၊ ဆင်းရဲကင်းချင်ယင် အဲဒီ ဆင်းရဲအစစ်ဖြစ်ကြောင်း တရား သိဘို့ရာက အရေးကြီးပါတယ်၊ ရောဂါပျောက်စေချင်ယင် ရောဂါဖြစ်ကြောင်းကိုသိပြီး ပယ်ဖျက်ရတာ လိုပါပဲ။
အဲဒီလို သိဘို့ အရေးကြီးတဲ့ ဆင်းရဲပွါးကြောင်း သမုဒယသစ္စာကိုလဲ မြတ်စွာဘုရားက သိပြီးတော့ ပယ်ရှင်းပြီးပြီလို့ ဆိုလိုပါတယ်။ အဲဒီ သမုဒယသစ္စာက ဘာလဲဆိုယင် တဏှာပါပဲ၊ တဏှာဆိုတာ ဆာတဲ့သဘောပဲ၊ ထမင်းဆာတာ ရေဆာတာလို သူက အာရုံတွေ ဆာတဲ့သဘောပါပဲ။
အဲဒီ အာရုံဆာတဲ့ တဏှာက ပေါနောဘဝိကာ - တဖန် ဘဝသစ်ကိုလဲ ဖြစ်စေ တတ်တယ်တဲ့။ အဲဒီတဏှာ မကင်းသေးသမျှ ကာလပတ်လုံး ဘဝအသစ်အသစ်တွေ ထပ်ကာထပ်ကာ ဖြစ်ဖြစ်နေရမယ်၊ အဲဒီလို ဘဝအသစ်ဖြစ်စေပုံကိုတော့ နောက်မှ ပြောရမယ်။
နောက်ပြီးတော့ ဒီ တဏှာက နန္ဒီရာဂသဟဂတာ - နှစ်သက် နှစ်သက်ပြီး တပ်စွဲ နေတတ်တယ်တဲ့၊ ကောင်းတယ် ထင်ရတဲ့ အာရုံဝတ္ထုတွေကို သူကနှစ်သက်တယ်၊ နှစ်သက်ပြီးတော့ ဆီတို့ ဆိုးရေတို့ဟာ ထိရောထိရာမှာ စွဲစွဲကျန်နေသလို အဲဒီနှစ်သက်တဲ့ အာရုံမှာ စွဲငြိနေတယ်၊ နောက်ပြီးတော့ ဒီတဏှာက ရောက်ရာ ရောက်ရာ ဘဝမှာ ပျော်မွေ့နေတာပဲ၊ ပျင်းတယ်လို့ မရှိဘူး၊ ကောင်းတယ်ထင်ရတဲ့ အရုံတွေမှာလဲ ရရာ ရရာမှာ နှစ်သက်ပျော်မွေ့နေတာပဲ။
လူ့လောကတွင်ပဲ ဆင်ခြင်ကြည့်ယင် အောက်တန်းစား လူတွေရဲ့ အခြေအနေဟာ အထက်တန်းကျတဲ့ လူတွေအနေနဲ့ နှစ်သက်စရာ ပျော်စရာမကောင်းဘူး၊ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ အဲဒီအခြေအနေ ရောက်သွားယင်တော့ အဲဒီရောက်ရာ ဘဝမှာ ပျော်နေတာပါပဲ။
လူတွေအနေနဲ့ တိရစ္ဆာန်ဘဝတွေကို ကြည့်ယင် ပျော်စရာဘာမှမရှိဘူး၊ ရွံ့စရာ ကြောက်စရာ အနေနဲ့သာ ထင်ရတယ်၊ မြွေရဲ့ ကိုယ်ထဲမှာ ပိုးကောင်ရဲ့ ကိုယ်ထဲမှာ ဝင်နေရမယ်ဆိုယင် သိပ်ရွံစရာ ကြောက်စရာ ကောင်းတာပဲ၊ ဒါပေမဲ့ ကံအားလျော်စွာ အဲဒီဘဝမျိုးရောက်သွားယင်တော့ သူ့ကိုယ်နဲ့သူ သာယာစရာဖြစ်ပြီး ပျော်မွေ့သွား တာပါပဲ၊
ဒါဟာ တဏှာဆိုတဲ့တရားက ရောက်ရာဘဝ ရရာအာရုံမှာ နှစ်သက်ပျော်မွေ့တတ်တဲ့ သဘောရှိနေလို့ပါပဲ။ ဒါကြောင့် မြတ်စွာဘုရားက ဒီတဏှာကို တတြတတြာဘိနန္ဒိနီ - ထိုထိုရောက်ရာဘဝ ရရာအာရုံ၌ နှစ်သက်ပျော်မွေ့လေ့ရှိတယ်လို့ ပြဆိုတော်မူ တာပါပဲ။ အဲဒါကို စမ္ပေယျနဂါးမင်းဝတ္ထု ဥပရိမိဖုရားဝတ္ထုတို့ဖြင့် ထင်ရှား သိနိုင်ပါတယ်။
စမ္ပေယျနဂါးမင်း ဝတ္ထု
ဘုရားအလောင်းတော်ဟာ တခုသောဘဝတုန်းက စမ္ပာမြစ်အနီးအရပ်၌ ဆင်းရဲသား တယောက် ဖြစ်ခဲ့တယ်၊ အဲဒီတုန်းက စမ္ပေယျနဂါးမင်းစည်းစိမ်ကို လိုချင်တောင့်တ ပြီးတော့ ဘုရားအလောင်း ဆင်းရဲသားက ဒါနသီလကုသိုလ်တွေကို ပြုခဲ့တယ်၊ ဒါကြောင့် အဲဒီဘဝက သေတဲ့အခါ ဘုရားအလောင်း ဆင်းရဲသားဟာ စမ္ပေယျနဂါးမင်း၏ ပလ္လင်ပေါ်မှာ ကိုယ်အင်္ဂါအပြည့်အစုံနဲ့ ဥပပါတ်နဂါးကြီး ဖြစ်သွားတယ်၊
နဂါးဆိုတာ မြွေပါပဲ၊ လူစင်စစ်က မြွေကြီး ဖြစ်ရတယ်ဆိုတော့ ကြောက်စရာ ရွံစရာကြီးပေါ့။ ဒါကြောင့် နဂါးဖြစ်ခါစမှာ ဘုရားအလောင်းက သူ့ကိုယ်သူ ကြည့်ပြီး ရွံရှာစက်ဆုပ်တယ်၊ ငါပြုခဲ့တဲ့ သီလကုသိုလ်ကံတွေဟာ နတ်ပြည် ၆ - ထပ်ရှိတဲ့ အနက်က ဘယ်ဘုံမှာမဆို ဖြစ်စေနိုင်တာပဲ၊ ဒါပေမဲ့ ငါက နဂါးမင်းစည်းစိမ်ကို တောင့်တမိလို့ ဒီ မြွေတိရစ္ဆာန်ဘဝမှာ ဖြစ်ရတယ်၊ ဒီ မြွေတိရစ္ဆာန်အဖြစ်နဲ့ အသက်ရှင် နေရတာထက် သေရတာက ကောင်းသေးတယ်လို့ သေဘို့ရာတောင် ကြံစည်မိ ပါသေးသတဲ့။
အဲဒီ အတောအတွင်းမှာ သုမနာဆိုတဲ့ နဂါးမကလေးက အခြားနဂါးမတွေကို ဖျော်ဖြေဘို့ အချက်ပေး နှိုးဆော်လိုက်တယ်၊ နဂါးမတွေက အကုန်လုံး လှပ တင့်တယ်တဲ့ နတ်သ္မီးအသွင် ဖန်ဆင်းပြီးတော့ တူရိယာအမျိုးမျိုး တီးမှုတ်ပြီး သီဆို ကခုန်လျက် ဖျောဖြေကြတယ်၊ အဲဒီလို နတ်သ္မီးအသွင်နဲ့ တီးမှုတ် သီဆို ကခုန် နေကြတာကို မြင်ရတော့ ဘုရားအလောင်း စမ္ပေယျနဂါးမင်း၏ စိတ်ထဲမှာ အဲဒီ နဂါးဘုံဌာနကို သိကြားမင်း၏ ဘုံဗိမာန်လိုထင်ပြီး ပျော်မွေ့သွားပါသတဲ့။ ဒါကြောင့် သူကလဲ နတ်အသွင်ဖြင့် ပြောင်းပြီး ပျော်မွေ့သွားပါရောတဲ့။
ဒါပေမဲ့ ဘုရားအလောင်းတော် ဆိုတော့ သတိတရားရလွယ်ပါတယ်၊ ဒါကြောင့် နောက်တချိန်မှာတော့ နဂါးဘဝမှ လွတ်မြောက်ပြီး လူ့ဘဝရောက်ရအောင်, လူ့ဘဝရောက်ပြီး ဒါန သီလ စသော ပါရမီကုသိုလ်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့် နိုင်အောင် ရည်ရွယ်ပြီးတော့ လူ့လောက တောအရပ်ဒေသမှာ ဥပုသ်သီလကို စောင့်သုံးပါသေးတယ်။
ဒီစမ္ပေယျနဂါးမင်းဝတ္ထုမှာ ပြောလိုရင်းကတော့ လူ့အမြင်နဲ့ကြည့်ယင် မြွေနဂါး ကိုယ်ကြီးဟာ ကြောက်စရာလဲ ကောင်းတယ်၊ ရွံစရာလဲကောင်းတယ်၊ နဂါးဖြစ်ခါစ မှာတော့ ဘုရားအလောင်းလဲ အဲဒီ နဂါးဘဝကို ရွံရှာစက်ဆုပ်တယ်၊ ဒါပေမဲ့ ဖျော်ဖြေတဲ့ နဂါးမကလေးတွေကို မြင်ရတော့ အဲဒီဖြစ်ရာဘဝမှာ နတ်ဘဝလိုပင် ပျော်မွေ့သွားတယ် ဆိုတာကို ပြောလိုရင်းပါပဲ။
အဲဒီလို ရောက်ရာဘဝမှာ ပျော်မွေ့သွားတာဟာလဲ တခြားကြောင့် မဟုတ်ဘူး၊ “ထိုထိုဘဝ ထိုထိုအာရုံမှာ ပျော်မွေ့တတ်တယ်” ဆိုတဲ့ တဏှာကြောင့်ပါပဲ။ နောက်ပြီးတော့ ဘုရား အလောင်းဟာ ဆင်းရဲသားဘဝတုန်းက စမ္ပေယျ နဂါးမင်း စည်းစိမ်ကို နှစ်သက် လိုချင်ခဲ့တယ်၊ အဲဒီ နှစ်သက်လိုချင်တဲ့ တဏှာကြောင့် စမ္ပေယျနဂါးမင်းဘဝ ဖြစ်ရတယ်၊ အဲဒါဟာ “ပေါနောဘဝိကာ - တဖန် ဘဝသစ်ကို ဖြစ်စေတတ်တယ်” ဆိုတဲ့ စကားတော်နှင့်အညီ ဘဝသစ်ဖြစ်ရတာပါပဲ။
ဥပရိမိဖုရား ဝတ္ထု
ဥပရိမိဖုရား ဆိုတာကတော့ ကာသိတိုင်း ပါဋလိမြို့မှာ စိုးစံနေတဲ့ အဿကဆိုတဲ့ ဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီးဖြစ်တယ်၊ သူ့ရုပ်ရေအဆင်းက အင်မတန် လှပတယ်လို့ ဆိုပါတယ်၊ ရှေးက ဘုရင်များဟာ သူ့တိုင်းပြည်တွင်းမှာ အလှဆုံး အမျိုးသ္မီးကို ရွေးကောက်ပြီး မိဘုရားမြှောက်တတ်ကြပါတယ်၊
ဒါကြောင့် ရှင်ဘုရင်၏ မိဖုရားဆိုယင် အချောအလှချည်းပဲများပါတယ်၊ ဒီဥပရိမိဖုရား ကတော့ အထူးသဖြင့် ချောမောလှပတယ်လို့ ဆိုပါတယ်၊ အဿက ဘုရင်မင်းမြတ်က အလွန်လှပတဲ့ အဲဒီ ဥပရိမိဖုရားကို အင်မတန် ချစ်မြတ်နိုးနေပါသတဲ့။
အဲဒီလို ဘုရင်မင်းမြတ်က အလွန်ချစ်မြတ်နိုးနေတဲ့ ဥပရိမိဖုရားဟာ အလွန် လှပတင့်တယ်ပြီး အရွယ်ကောင်းနေတုန်းမှာပင် နတ်ရွာစံသွားရှာသတဲ့။ နတ်ရွာ စံတယ်ဆိုတာ မင်းတို့ မိဖုရားတို့သေယင် ပြောဆိုရတဲ့ ဗမာ့ယဉ်ကျေးမှု စကားလုံး မျှပါပဲ၊ ရဟန်းတော်များသေတော့ ပျံတော်မူတယ်လို့ ပြောရတယ်၊
ယဉ်ကျေးမှု ဝေါဟာရမျှပါပဲ၊ သေသွားတဲ့ သူကတော့ သူ့ကံအားလျော်စွာ ဘဝသစ်မှာ ဖြစ်ရတာပါပဲ၊ ဒီဥပရိမိဖုရားဆိုရင် ဗမာ့ယဉ်ကျေးမှုအရ နတ်ရွာစံတယ်လို့ ဆိုရပေမဲ့ တကယ်စံတာကတော့ နတ်ရွာမဟုတ်ပါဘူး၊ နွားချေးပိုးရွာ စံသွားရရှာပါသတဲ့။
အဲဒီလို အလွန်ချစ်မြတ်နိုးတဲ့ မိဖုရား နတ်ရွာစံသွားတော့ အဿကဘုရင်မင်းကြီးမှာ သောက ပရိဒေဝမီးတွေ အလွန်အမင်း တောက်လောင်နေပါတယ်၊ ဥပရိမိဖုရားရဲ့ အလောင်းကို မှန်ခေါင်းထဲမှာ ဆီစိမ်ပြီး သူ့ခုတင်အောက်မှာပဲ ထားစေတယ်၊ ထမင်းတောင် မစားနိုင်ပဲ လွမ်းဆွတ်ပူဆွေး ငိုကြွေးတမ်းတပြီး အဲဒီကုတင်ပေါ်မှာပဲ လျောင်းစက်အိပ်နေပါသတဲ့။
မိဘဆွေမျိုးတွေ ပညာရှိအမတ်တွေက သင်္ခါရသဘော အနိစ္စသဘောကို ဘယ်လိုပင် ပြောဟောကြသော်လဲ သတိတရား မရနိုင်ပဲ ရှိနေပါသတဲ့။ ခေါင်းထဲက မိဖုရား အလောင်းဟာ ဆီစိမ်ထားတယ်ဆိုတော့ ယခု ကာလမှာ ဆေးရည်စိမ်ထားတဲ့ အလောင်းများလိုပင် ပုံမပျက်ပဲ တည်ရှိနေပါ လိမ့်မယ်၊ အဲဒီတော့ သူ့မိဖုရားက ခေါင်းထဲမှာ လျောင်းအိပ်နေသလိုပင် ထင်ရပေလိမ့်မယ်၊ ဒါကြောင့် အဲဒီအလောင်းကို ကြည့်လိုက် ငိုကြွေးမြည်တမ်း လိုက်နဲ့ သောက ပရိဒေဝမီးတွေ လောင်နေတာ ခုနစ်ရက်တောင် ရှိသွားပါသတဲ့။
အဲဒီအခါတုန်းက ဘုရားအလောင်းတော်ဟာ ဟိမဝန္တာတောအရပ်မှာ ဈာန် အဘိညာဉ်ရတဲ့ ရသေ့ကြီးဖြစ်နေတယ်၊ အဲဒီ ဘုရားအလောင်း ရသေ့ကြီးက လောကကို အဘိညာဉ်ဖြင့် ကြည့်လိုက်တဲ့အခါ ဒီအဿကမင်း အတိဒုက္ခ ရောက်နေတာကိုလဲ မြင်ရတယ်၊
မိမိမှတပါး မည်သူမျှ ဒီမင်းကို မကယ်နိုင်ဘူး ဆိုတာလဲ သိရတယ်။ ဒါကြောင့် ဘုရားအလောင်းတော် ရသေ့ကြီးဟာ အဘိညာဉ် တန်ခိုးအစွမ်းဖြင့် အဿကမင်း၏ ဥယျာဉ်သို့ ကြွလာတယ်။
အဲဒီအခါ ပါဋလိမြို့ထဲက ပုဏ္ဏားလူငယ်တယောက် ရသေ့ကြီးထံ ရောက်လာတယ်၊ ရသေ့ကြီးက အဲဒီလူငယ်အား အဿကမင်းကြီး အကြောင်းကို မေးတယ်၊ အဲဒီ လူငယ်က အဿကမင်း သောကပရိဒေဝမီး အကြီးအကျယ်တောက်လောင် နေပုံကို ပြောပြပြီးတော့ အဿကမင်းအား ဟောပြောကယ်တင်ရန် တောင်းပန်စကား ပြောတယ်။
အဲဒီတော့ ရသေ့ကြီးက အဿကမင်းကို ငါတို့က မသိဘူး၊ သူက ငါတို့ထံ လာပြီး မေးယင်တော့ သူ့မိဖုရားကြီး ဖြစ်ရာဘဝကို ပြောပြနိုင်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီလူငယ်က အဿကမင်းထံ သွားပြီးတော့ “အရှင်မင်းကြီး ဥယျာဉ်တော်မှာ အကြားအမြင်ပေါက်တဲ့ ဒိဗ္ဗစက္ခု ရှင်ရသေ့ကြီးတပါး ရောက်နေတယ်၊ ဥပရိမိဖုရားကြီး ဖြစ်ရာဘဝကိုလဲ သိပါသတဲ့၊ ပြလဲ ပြနိုင်ပါသတဲ့၊ အဲဒီ ရှင်ရသေ့ကြီးထံ သွားဘို့ကောင်းပါတယ်”လို့ ပြောကြားတယ်။
ဥပရိမိဖုရားကြီးကို ပြနိုင်တယ်ဆိုတာ ကြားရတော့ အဿကမင်းကြီးမှာ အားရ ဝမ်းသာဖြစ်ပြီး ဥယျာဉ်တော်သို့ ရထားဖြင့် ထွက်လာခဲ့တယ်၊ ရသေ့ကြီးထံ ရောက်တဲ့ အခါ ရိုသေစွာ ရှိခိုးပြီးတော့ “အရှင်ရသေ့ကြီး၊ ဥပရိမိဖုရားကြီး ဖြစ်ရာ ဘဝကို သိတယ်ဆိုတာ ဟုတ်ပါသလား”လို့ မေးတယ်။ ဟုတ်ကြောင်း ရသေ့ကြီးက ပြန်ပြောတယ်။ ဘယ်မှာ ဖြစ်ပါသလဲလို့ မေးပြန်တယ်။ ဒီတော့ ရှင်ရသေ့ကြီးက -
မင်းကြီး၊ သင်၏ မိဖုရားကြီး ဥပရိဟာ ရုပ်အဆင်းကိုသာ နှစ်သက်သာယာပြီး မာန်ယစ်နေခဲ့တယ်၊ ရုပ်အဆင်း လှပဘို့သာ တသသနှင့် ပြုပြင်နေခဲ့တယ်၊ ဒါနသီလ ကုသိုလ်ကောင်းမှု ပြုဘို့ရာတော့ မေ့လျော့နေခဲ့တယ်၊ အဲဒီလို မေ့လျော့ပြီး မာန်ယစ်နေခဲ့တဲ့အတွက် ဥပရိဟာ သေသွားတဲ့အခါ ယုတ်ညံ့တဲ့ဘဝ ရောက်သွား ရရှာတယ်၊ ဒီ ဥယျာဉ်ထဲမှာပင် နွားချေးပိုးမ ဖြစ်နေရရှာတယ် - လို့ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး ပြောလိုက်ပါတယ်။
ပစ္စည်းဥစ္စာ ဖြစ်စေ၊ ဆွေမျိုးဖြစ်စေ၊ ပညာဖြစ်စေ၊ ရာထူးဖြစ်စေ၊ ရုပ်အဆင်း ဖြစ်စေ သူများထက် ထူးချွန်ယင် အဲဒါကို အကြောင်းပြုပြီး မာန်မာနကြီးတတ်တယ်၊ မာန်မာနကြီးပြီး ကုသိုလ်ကောင်းမှုပြုဘို့ မေ့နေတတ်တယ်၊ သူတပါးကို ရိုသေ ကိုင်းရှိုင်းရမှန်း မသိပဲ ဖြစ်နေတတ်တယ်။
အဲဒီလို မာနကြီးတဲ့သူဟာ ယုတ်ညံ့တဲ့ ဘဝကို ရောက်တတ်ကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာ မြတ်စွာဘုရားက ဟောထား ပါတယ်။ အဲဒါကို “မာနကြီးက၊ မျိုးညံ့ရ၊ နှိမ်ချမျိုးမြတ်သည်”လို့ ဘုန်းကြီးက ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
မာနကြီးက၊ မျိုးညံ့ရ၊ နှိမ်ချမျိုးမြတ်သည်။
ဆိုလိုတာကတော့ မာနကြီးပြီး ရိုသေထိုက်တဲ့သူကို မရိုမသေပြုလျှင် အမျိုးညံ့မှာ ဖြစ်ရတတ်တယ်၊ မာန်မာနနှိမ်ချပြီး ရိုသေထိုက်တဲ့သူကို ရိုသေလျှင် အမျိုးမြတ်မှာ ဖြစ်တတ်တယ်လို့ ဆိုလိုပါတယ်။ ယခု ပြောနေတဲ့ ဥပရိမိဖုရားကြီးမှာ ရုပ်အဆင်း ကလဲ အလွန်လှပပြီး အဆင့်အတန်းကလဲ အဂ္ဂမဟေသီ မိဖုရားကြီးဆိုတော့ မာန်ယစ်ပြီး ရိုသေထိုက်တဲ့သူတွေကို မရိုမသေပြုတဲ့ အကုသိုလ်ကြောင့် ယုတ်ညံ့တဲ့ နွားချေးပိုးဘဝ ဖြစ်ရရှာတယ်လို့ ယူဘွယ်ရာ ရှိပါတယ်။
အဲဒီလို နွားချေးပိုးမ ဖြစ်ရတဲ့ အကြောင်းကို ကြားရတော့ အဿကမင်းကြီးက (နာဟံ သဒ္ဒဟာမိ) ကျွန်ုပ် မယုံပါလို့ ငြင်းပယ်ပါတယ်။
ဒါဖြင့် ပိုးမကိုလဲ ပြမယ်၊ စကားလဲ ပြောစေမယ်လို့ ရသေ့ကြီးက ဆိုတယ်။
ကောင်းပါပြီ ပြပါ၊ စကားလဲ ပြောပါစေလို့ မင်းကြီးက ဆိုတယ်။
အဲဒီအခါ ရသေ့ကြီးက ပိုးဖိုနဲ့ ပိုးမနှစ်ဦးလုံး အဿကမင်းကြီး ရှေ့သို့ ထွက်လာ ကြစေရန် အဘိညာဉ်ဖြင့် အဓိဋ္ဌာန် ပြုလိုက်တယ်။ ပိုးဖိုနဲ့ ပိုးမ နွားချေးပုံထဲမှ ထွက်ပြီး မင်းကြီးရှေ့ ရောက်တဲ့အခါ ရသေ့ကြီးက -
မဟာရာဇ - မင်းကြီး၊
အယံ - နောက်မှ လိုက်လာသော ဤပိုးမသည်၊
တေ - သင်၏၊
ဥပရိဒေဝီ - ဥပရိမည်သော မိဖုရားကြီးပေတည်း၊
တံ ဇဟိတွာ - သင်မင်းကြီးကို စွန့်၍၊
ဂေါမယပါဏကဿ - နွားချေးပိုးဖို၏၊
ပစ္ဆတော - နောက်မှ နောက်မှ၊
ကစ္ဆတိ - လိုက်ပါသွားနေ၏၊
နံ - ထို ဥပရိမိဖုရားကြီးမှ ဖြစ်လာသော ပိုးမကို၊
ပဿ - သေသေချာချာကြည့်ရပါလော -
လို့ ပြောပြပါတယ်။
အဲဒီတော့လဲ မင်းကြီးက “အရှင်ဘုရား … အင်မတန် လိမ္မာရေးခြားရှိနေတဲ့ ဥပရိမိဖုရားစင်စစ်က ဒီနွားချေးပိုးမ ဖြစ်တယ်ဆိုတာ ကျွန်ုပ် မယုံကြည်နိုင်ပါဘူး”လို့ ငြင်းဆိုနေပြန်တယ်။
ဟုတ်တယ်၊ ကံ ကံ၏အကျိုးပေးပုံကို ကောင်းကောင်း မယုံကြည်တဲ့သူ, ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး ဆက်စပ် ဖြစ်ပုံကို သဘောမပေါက်တဲ့သူ ဒီလိုပုဂ္ဂိုလ်တွေ အဖို့မှာဆိုယင် လူစင်စစ်က ဒီလို ပိုးကောင်ဖြစ်သွားတယ်ဆိုတာ ယုံကြည်ဘို့ ခက်ပေလိမ့်မယ်၊
ဗုဒ္ဓတရားတော်တွေ အင်မတန် ထင်ရှားနေတဲ့ ယခု ခေတ်ထဲမှာတောင် “လူသေယင် လူထက် ယုတ်ညံ့တဲ့ဘဝ မဖြစ်နိုင်တော့ဘူး”လို့ ယုံကြည်ယူဆတဲ့သူတွေ ရှိနေကြ သေးတာပဲ၊ ဘုရားတရားတော်ကို မကြားမနာရတဲ့ အဲဒီ သာသနာပ အခါကာလမှာ ဆိုတော့ မယုံကြည်နိုင်ဘူး ဆိုတာကို အပြစ်တင်ဘွယ် မရှိပါဘူး။
ဒါပေမဲ့ ဗုဒ္ဓမြတ်စွာဘုရား ဟောထားတဲ့ တရားတော်အရဆိုယင်တော့ အရိယာအဖြစ် မရောက်သေးတဲ့သူဟာ လူ့ဘဝမှလဲ အပါယ်လေးဘုံကို ရောက်နိုင်တာပဲ၊ နတ်ဘဝ နတ်မင်းကြီး ဘဝမှလဲ အပါယ်လေးဘုံကို ရောက်နိုင်တာပဲ၊ အကုသိုလ်ကံနှင့် သေခါနီးနှလုံးသွင်းမူ အားလျော်စွာ ယုတ်ညံ့တဲ့ အပါယ်သတ္တဝါမျိုးထဲမှာ ဖြစ်သွားနိုင်တာပဲ၊ ကုသိုလ်နှင့် သေခါနီး နှလုံးသွင်းကောင်းယင်တော့ ဘယ်လို ယုတ်ညံ့တဲ့ဘဝကပေမဲ့ မြင့်မြတ်တဲ့ လူ့ဘဝ နတ်ဘဝတွေကို ရောက်လာ နိုင်တာပဲ၊
ဒီနေရာမှာ အရှင်တိဿဆိုတဲ့ ရဟန်းတော်ဟာ သေခါနီး၌ သင်္ကန်းကို စွဲလမ်းပြီး သေသွားလို့ အဲဒီ သင်္ကန်းမှာပဲ သန်းဖြစ်ရတယ်၊ ဖားတကောင်ဟာ မြတ်စွာဘုရား၏ တရားတော်ကို နာနေယင်း သေသွားတဲ့အခါ တာဝတိံသာ နတ်ပြည်မှာ နတ်သား ဖြစ်ရတယ် ဆိုတာတွေဟာ သက်သေသာဓကတွေပါပဲ။
ဒါပေမဲ့ အဲဒီ အဿက မင်းကြီးကတော့ ဒီလိုတရားတွေကို ကြားနာရဘူးတာ မဟုတ်တဲ့အတွက် သူ့မိဖုရားက နွားချေးပိုးမ ဖြစ်သွားတယ် ဆိုတာကို မယုံနိုင်ပဲရှိနေလို့ မယုံနိုင်ဘူးလို့ ငြင်းနေတာပါပဲ။
ဒီတော့ ရှင်ရသေ့ကြီးက ပိုးမကို စကားပြောစေမယ်လို့ ဆိုပါတယ်။ ပြောပါစေလို့ မင်းကြီက ပြန်ကြားပါတယ်။
အဲဒီအခါ ရှင်ရသေ့ကြီးက မိမိ ပြောတဲ့စကားကို ပိုးမ နားလည်စေရန်, ပိုးမက ပြန်ပြောတဲ့ စကားကိုလဲ မင်းကြီးနှင့်တကွ ပရိသတ်များပါ ကြားရပြီး နားလည်စေရန် အဘိညာဉ်တန်ခိုးဖြင့် အဓိဋ္ဌာန်ပြုပြီးတော့ -
ဟဲ့ ပိုးမ နင်ဟာ ရှေးဘဝတုန်းက ဘယ်သူ ဖြစ်ခဲ့သလဲလို့မေးလိုက်တယ်။
အဿကမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီး ဥပရိ ဖြစ်ခဲ့ပါတယ် ဘုရားလို့ ပိုးမက ပြန်ပြောတယ်။ ဘယ့်နှယ်လဲ ပိုးမ၊ နင်ဟာ ယခု အဿကမင်းကြီးကိုပဲ ချစ်သလား၊ သို့မဟုတ် နွားချေးပိုးဖိုကိုပဲ ချစ်သလားလို့ ရှင်ရသေ့က မေးတယ်။ ဒီတော့ နွားချေးပိုးမက -
ဟို အဿကမင်းဆိုတာကတော့ ရှေးဘဝတုန်းက တပည့်တော်မ၏ ခင်ပွန်းလင် ဖြစ်ခဲ့ပါတယ်၊ အဲဒီ အခါတုန်းက ဒီဥယျာဉ်တော်ထဲမှာ အဿကမင်းနှင့် တူနှစ်ကိုယ်ယှဉ်တွဲပြီး တပည့်တော်မဟာ အဆင်း အသံ အနံ့ အရသာ အတွေ့ဆိုတဲ့ ကာမဂုဏ်ငါးပါး အာရုံများကို ခံစားကာ လှည့်လည်ခဲ့ဘူးလှပါပြီ။
သို့ပေမဲ့ ယခုအခါမှာတော့ ဘဝသစ် ရောက်နေတဲ့အတွက် အဲဒီ အဿကမင်းဟာ တပည့်တော်မနှင့် ဘာမျှမစပ် မဆိုင်တော့ပါဘူး - လို့ ပြန်ပြောပါသတဲ့။ ဒီနေရာမှာ ပိုးမက ပြန်ပြောပုံကို အဋ္ဌကထာမှာ ပြထားပုံကတော့ -
အဟံ - တပည့်တော်မသည်၊
ဣဒါနိ - ယခုအခါ၌၊
အဿကရာဇာနံ မာရေတွာ - အဿကမင်းကို သတ်၍၊
တဿဂလလောဟိတေန - ထိုမင်း၏ လည်ချောင်းသွေးဖြင့်၊
မယှံ သာမိကဿ - တပည့်တော်မ၏ ယခုဘဝ ချစ်လင်ဖြစ်သော၊
ဂေါမယပါဏကဿ - နွားချေးပိုးဖို၏၊
ပါဒေ - ခြေတို့ကို၊
မက္ခေယျံ - လိမ်းသုတ် ပေးချင်ပါသေးတယ် အရှင်ဘုရား -
လို့တောင် စိမ်းစိမ်းကားကား ရင့်ရင့်သီးသီး ဖွင့်ထုတ် ပြောလိုက်ပါသေးသတဲ့။
ဒါကတော့ ရင့်သီးလွန်းအားကြီးတယ်လို့ ထင်စရာပဲ၊ ဒါပေမဲ့ သူ့မောင်တော်လင် ပိုးဖိုရှေ့ ပြောရတာဆိုတော့ အဲဒီ ပိုးဖို သဘောကျအောင်လို့ ပြောရတာလဲ ဖြစ်နိုင်ပါတယ်။
နောက်ပြီးတော့ သတ္တဝါတွေဟာ ဘဝမခြားပဲနဲ့ ယခုတဘဝထဲမှာ တောင် အဆင်မပြေလို့ ကွဲကွာပြီး အိမ်ထောင်အသစ် ဖြစ်နေကြတယ်ဆိုယင် အယင်က အဟောင်းဖြစ်တဲ့ လင့်အပေါ် မယားအပေါ် ငဲ့ကွက်ခြင်းမရှိပဲ အသစ် အပေါ်မှာသာ အလေးပြုကြတယ်ဆိုတာ သက်သေသာဓကတွေ အထင်အရှား ရှိနေတာပဲ။ဒါကြောင့် အဲဒီ အဋ္ဌကထာစကားလဲ အသင့်ယုတ္တိရှိပါတယ်။ ဇာတ်ပါဠိမှာ ပြထားတဲ့ ပိုးမ ပြောပုံကတော့ -
အယ မဿက ရာဇေန၊
ဒေသော ဝိစရိတော မယာ။
အနုကာမာယ ကာမေန၊
ပိယေန ပတိနာ သဟ။
ဘန္တေ - အရှင်ရသေ့ကြီးဘုရား၊
အယံ ဒေသော - ဤ ဥယျာဉ်တော်အရပ်ဒေသကို၊
အနုကာမာယ - အဿကမင်းကို ချစ်မြတ်နိုးသော၊
မယာ - တပည့်တော်မသည်၊
ကာမေန - တပည့်တော်မကို ချစ်မြတ်နိုးသော၊
ပိယေန ပတိနာ - ထိုစဉ် အခါက ချစ်လင်ဖြစ်သော၊
အဿကရာဇေန သဟ - အဿကမင်းနှင့် အတူတကွ၊
ဝိစရတော - အကြိမ်များစွာ လှည့်လည်ကာဖြင့် မကွာမကွဲ တူနှစ်ကိုယ်ယှဉ်တွဲလျက် ပျော်ပွဲခံခဲ့ဘူးလှပါပြီ။
နဝေန သုခဒုက္ခေန၊
ပေါရာဏံ အပိဓီယတိ။
တသ္မာ အဿကရညာဝ၊
ကီဋော ပိယတရော မမ။
နဝေန - အသစ် ဖြစ်သော၊
သုခဒုက္ခေန - ချမ်းသာနှင့် ဆင်းရဲက၊
ပေါရာဏံ - ဘဝဟောင်းကို၊
ဝါ - ချမ်းသာ ဆင်းရဲအဟောင်းကို၊
အပိဓီယတိ - ပိတ်အပ် - ဖုံးကွယ်အပ်ပါသည် ဘုရား။
တသ္မာ - ထိုသို့ ချမ်းသာဆင်းရဲအသစ်က ချမ်းသာ ဆင်းရဲ အဟောင်းကို ဖုံးကွယ် သွားသောကြောင့်၊
ကီဋောဧဝ - လက်ရှိလင်ဖြစ်သော ပိုးဖိုကိုသာလျှင်၊
အဿကရညာ - အဿကမင်းထက်၊
မမ - တပည့်တော်မသည်၊
ပိယတရော - သာ၍ ချစ်အပ်ပါတော့သည်ဘုရား -
လို့ ပိုးမကပြန်ပြီး ဖြေကြားလိုက်ပါသတဲ့။
ဒီနေရာမှာလဲ (ပိယတရော)သာ၍ ချစ်အပ်ပါသည်လို့ ဆိုရာ၌ (သတဂုဏေန သဟဿဂုဏေန) အဆတရာ အဆတထောင်သာပြီး ချစ်တယ် ဆိုလိုတဲ့ အကြောင်းဖြင့် အချစ်ဒီဂရီသာနေပုံကို အတိုင်းအဆနှင့်တကွ အဋ္ဌကထာက ဖွင့်ပြထားပါသေးတယ်။
အဲဒီလို နွားချေးပိုးမက စိမ်းစိမ်းကားကား ရက်ရက်စက်စက် ရင့်ရင့်သီးသီး ပြောလိုက်တာကို ကြားရတော့ အဿကမင်းကြီးမှာ စိတ်နှလုံးမသာဖြစ်သွားတယ်၊ ငါကတော့ သူ့ကို ချစ်မြတ်နိုးလွန်းလို့ သူ့အလောင်းကိုတောင် မစွန့်ရက်ပဲ ရှိနေတယ်၊ သူကတော့ ငါ့အပေါ်မှာ တယ် စိမ်းကားပါကလားလို့ ဆင်ခြင်ပြီးတော့ ဥပရိမိဖုရားကြီးအပေါ်မှာ စိတ်အပျက်ကြီး ပျက်သွားတယ်၊
ဒါကြောင့် အဲဒီနေရာမှာ ထိုင်နေယင်းပဲ “ဟေ့ ဟိုကောင်မအလောင်းကို ထုတ်ပစ် လိုက်ကြတော့”လို့ အမိန့် ပေးပြီးတော့ ရေမိုချိုးကာ ကိုယ်ကို သန့်ရှင်းစေပြီး နန်းတော်သို့ ပြန်သွားတယ်၊ အခြားအမျိုးသ္မီးတယောက်ကို မိဖုရားကြီး မြှောက်ပြီး တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်သွားပါသတဲ့။ ဘုရားအလောင်း ရသေ့ကြီးလဲ မင်းကို ဆုံးမပြီးနောက် ဟိမဝန္တာသို့ ပြန်ကြွသွားပါသတဲ့။
ဒီဝဝတ္တုထဲမှာ ပြောလိုရင်းကတော့ ဥပရိမိဖုရားဟာ လူ့ဘဝတုန်းက ဆိုယင် အဲဒီ လူ့ဘဝ မိဖုရား အဖြစ်ကိုပဲ နှစ်သက်သာယာနေခဲ့တယ်၊ နွားချေးပိုးမ ကိုယ်ထဲမှာ ဝင်ဖြစ်ဖို့ ဆိုတာကတော့ စိတ်ကူးလို့တောင်ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ့ကံ အားလျော်စွာ နွားချေးပိုးဘဝ ရောက်သွားတဲ့ အခါကျတော့ အဲဒီ ဘဝနဲ့ အဲဒီ ပိုးမ ကိုယ်ကို နှစ်သက် သာယာနေတယ်၊
နွားချေးပိုးဖိုရဲ့ ကိုယ်ကိုလဲ အဿက မင်းကြီးရဲ့ ကိုယ်ထက် အဆပေါင်း ရာထောင်မကတောင် ပိုပြီး အထင်ကြီးနေတယ်၊ ချစ်မြတ်နိုးနေတယ် ဆိုတာကို ပြောလိုရင်းပါပဲ၊ အဲဒီလို အလွန်ယုတ်ညံ့တဲ့ နွားချေးပိုးဘဝမှာတောင် အပျော်ကြီး ပျော်နေတာဟာ ရောက်ရာ ရရာကို နှစ်သက် တပ်စွဲတဲ့ တဏှာကြောင့်ပါပဲ၊ ဒါကြောင့် မြတ်စွာဘုရားက ဒီတဏှာကို “တတြတတြာ ဘိနန္ဒိနီ - ထိုထို ရောက်ရာ ဘဝ ရရာ အာရုံ၌ နှစ်သက် ပျော်မွေ့လေ့ ရှိသည်” လို့ ဟောတော်မူတာပါပဲ။
ခွေးဖြစ်သွားယင် ခွေးဘဝမှာ ပျော်တယ်၊ ဝတ်ဖြစ်ယင် ဝက်ဘဝမှာ ပျော်တယ်၊ ကြက်ဖြစ်ယင် ကြက်ဘဝမှာ ပျော်တယ်၊ ပိုးမွှားဖြစ်ယင် အဲဒီ ဖြစ်ရာဘဝမှာ ပျော်တယ်၊ လူ့ တဘဝထဲမှာတောင် တချို့မှာ အထက်တန်းကျတဲ့ လူချမ်းသာရဲ့ သားသမီး ဖြစ်နေရာက အကြောင်းအားလျော်စွာ အောက်တန်းစား ဆင်းရဲသား အခြေအနေမျိုး ရောက်နေတာ ရှိတယ်၊
အဲဒီလို လူကလဲ သူရောက်နေရာ ဘဝ အခြေအနေနဲ့ ပျော်နေတာပဲ၊ တချို့များ မိဘတွေက ပြန်ခေါ်လို့တောင် မရဘူး၊ သူ့ဘဝနဲ့သူ ပျော်နေတော့တာပဲ။ အဲဒီလို ဖြစ်နေတာတွေဟာ ရောက်ရာဘဝ ရရာ အာရုံနဲ့ ပျော်မွေ့တယ် ဆိုတဲ့ ဒီ တဏှာကြောင့်ပါပဲ။ ယခု အစက မပြောခဲ့သေးပဲ ချန်ထားခဲ့တဲ့ (ပေါနောဘဝိကာ) တဖန် ဘဝသစ်ကို ဖြစ်စေတတ်တယ်ဆိုတဲ့ အကြောင်းကို အကျယ်ပြောရမယ်။
တဖန် ဘဝသစ် ဖြစ်ပေါ်ပုံ
ဒီတဏှာက နှစ်သက် တပ်စွဲခြင်း သဘောရှိတဲ့အတွက် ရောက်ရာ ဘဝမှာ ကိုယ့်ဘဝနှင့်ကိုယ် နှစ်သက် သာယာပြီး ပျော်မွေ့နေတယ်၊ ရရာ အာရုံနဲ့လဲ နှစ်သက်သာယာပြီး ပျော်မွေ့နေတယ်၊ ဒီလို နှစ်သက်သာယာပြီး ပျော်မွေ့နေတဲ့ အတွက် မိမိဘဝ မိမိကိုယ်ကို ရှိမြဲ ရှိနေစေချင်တယ်၊
တည်မြဲ တည်နေ စေချင်တယ်၊ ကောင်းတယ်ထင်တဲ့ အာရုံများကိုလဲ ရှိမြဲရှိနေ စေချင်တယ်၊ တည်မြဲ တည်နေ စေချင်တယ်၊ အဲဒီလို ရှိမြဲရှိနေအောင် တည်မြဲ တည်နေအောင် ကြောင့်ကြစိုက်ထုတ် ပြုလုပ်ရတယ်၊ အဲဒီလို ပြုလုပ်တဲ့အတွက် ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ အကုသိုလ်ကံ ကုသိုလ်ကံများ ထိုက်သည်အားလျော်စွာ ဖြစ်တယ်။
ဒါကြောင့် သေခါနီးမှာ တပါးပါးသောကံ ဖြစ်စေ၊ ထိုကံပြုစဉ်က အခြေအနေအာရုံ ကမ္မနိမိတ် ဖြစ်စေ၊ ထိုကံကြောင့် ဖြစ်ရမည့် ဘဝက အခြေအနေ ဂတိနိမိတ် ဖြစ်စေ ထင်ပေါ်လာတယ်၊ အဲဒီ ထင်ပေါ်လာတဲ့ ကံ ကမ္မနိမိတ်အာရုံကို တဏှာ ရှိနေတဲ့အတွက် စိတ်ထဲက စွဲနေတယ်၊ ဖျောက်ပစ်လို့ကို မရနိုင်ဘူး၊
ညနေချမ်းမှာ တောင်ရိပ်ကြီးများက မြေပြင်ပေါ်၌ ပြန့်ပြီး ဖုံးလွှမ်းလာသလိုပဲ အဲဒီ ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံဟာ စိတ်ထဲမှာ လွှမ်းမိုးပြီး ထင်ပေါ်နေတယ်၊ အဲဒီလို ထင်ပေါ်နေတဲ့ အာရုံကို (အဘိသင်္ခါရဝိဉာဏ်ခေါ်တဲ့) မရဏသန္နဇောစိတ်က ဆုပ်ကိုင်ထားသလိုပင် စွဲလျက် အာရုံပြုလျက် ရှိနေတယ်၊
အဲဒီအခါမှာ နောက်ဆုံးဖြစ်တဲ့ စုတိရုပ် နာမ်ခန္ဓာချုပ်သည်နှင့် တပြိုင်နက် ယင်းကံ ကမ္မနိမိတ် ဂတိနိမိတ်ကိုပင်လျှင် စွဲမှီအာရုံပြုလျက် ဌာနသစ် ဘဝသစ်မှာ တည်မှီရာ ရုပ်နှင့်တကွ ပဋိသန္ဓေစိတ် ဖြစ်ပေါ်တယ်၊ စိတ်ဖြစ်ယင် သူ့ယှဉ်ဘက် စေတသိက် နာမ်တွေလဲ ပါတော့တာပေါ့၊
အဲဒီ ပဋိသန္ဓေ စိတ်နောက်မှာလဲ ကံစွမ်းရှိသလောက် ဘဝင်စိတ်တွေ တဘဝလုံး အဆက်မပြတ် ဖြစ်သွားတယ်၊ အဲဒီလို ဘဝအသစ်ဖြစ်သွားတာဟာ ဘာကြောင့်လဲ ဆိုယင် ကံနှင့်တဏှာ ဆိုတဲ့အကြောင်း ၂ - ပါးကြောင့် ဖြစ်တာပဲ၊ ဒါပေမဲ့ တဏှာ မရှိယင် ကံသက်သက်က ဘဝသစ်ကို မဖြစ်စေနိုင်ဘူး၊
ဒါကြောင့် ဘဝသစ်ဖြစ်ရာမှာ တဏှာက အရင်းခံအကြောင်းပဲ။ အဲဒီလို အရင်းခံ အကြောင်းအဖြစ်ဖြင့် ဘဝသစ်ကိုဖြစ်စေတတ်သောကြောင့် ပေါနောဘဝိကာ - တဖန် ဘဝသစ်ကို ဖြစ်စေတတ်သည်လို့ ဟောတော်မူတာပါပဲ။
ဒါဟာ တရားဦးစပြီး ဟောကတည်းက တမလွန်ဘဝရှိကြောင်း မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ စကားတော်ပါပဲ၊ ဒီလို အထင်အရှား ရှိနေပါလျက်နဲ့ “ပစ္စုပ္ပန် တဘဝတည်းကိုသာ ဘုရားဟောကြောင်း၊ နောက်ဘဝကို မဟောကြောင်း” ပြောဆိုတဲ့ ပုဂ္ဂိုလ်တစုက ရှိနေသေးတယ်၊ အဲဒါကတော့ ဘုရားတရားတော်ကို ဥစ္ဆေဒဝါဒနဲ့ ပူးပေါင်းဘို့ ရည်ရွယ်ပြီး ပြောတာလေလား မပြောတတ်ပါဘူး၊ တော်တော် အရမ်းကျတဲ့ဝါဒပါပဲ။ အမှန်စင်စစ်ကတော့ မဂ္ဂင်ရှစ်ပါးကို မပွါးများလို့ ဖြစ်စေ၊ ပွါးများသော်လဲ မပြည့်စုံသေးလို့ ဖြစ်စေ၊ တဏှာမကင်းသေးယင် ဒီတဏှာကြောင့် ဘဝအသစ်အသစ် ဖြစ်ဖြစ်နေမှာပဲ။
မဂ္ဂင်ရှစ်ပါး ပွါးများမှု ပြည့်စုံလို့ အရဟတ္တမဂ်ဖိုလ်ရောက်ပြီး ဒီတဏှာ ကင်းသွားယင်တော့ ဘဝအသစ် မဖြစ်ရတော့ဘူး၊ နောင်ဘဝ မရှိတော့ဘူး၊ ဒါကြောင့် ဘုရားရဟန္တာ ဖြစ်ပြီးတဲ့အခါ ဆင်ခြင်ပုံထဲမှာ “(အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိပုနဗ္ဘဝေါ) ဤဘဝဟာ နောက်ဆုံးဘဝပဲ၊ ယခုအခါ တဖန်ဖြစ်ရန်ဘဝ မရှိတော့ပြီ”လို့ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပုံ ရှိပါတယ်၊ ဒီဓမ္မစကြာ တရားတော်မှာလဲ နောက်ဆုံးပိုင်းကျတော့ ဒီဆင်ခြင်ပုံ ပါရှိပါတယ်၊ အဲဒီ ဆင်ခြင်ပုံဖြင့်လဲ တဏှာ မကင်းသေးယင် တဖန် ဘဝအသစ် အထပ်ထပ် ဖြစ်နေမယ်ဆိုတာ ထင်ရှားပါတယ်။
ယခု ဒီတဏှာကြောင့် တဖန် ဘဝအသစ် အထပ်ထပ် ဖြစ်နေရပုံကို သာဓက ဝတ္ထုများဖြင့် ပြရမယ်၊ သာဓကဝတ္ထုတွေကတော့ ရာထောင်မက များစွာရှိပါတယ်၊ အဲဒီများစွာထဲက ပါဠိအဋ္ဌကထာမှ ဝတ္ထု ၃ - ခုနဲ့ ပစ္စုပ္ပန်ဝတ္ထု လေးငါး ခြောက်ခုလောက် ထုတ်ပြရမှာပဲ။
ဗြဟ္မာဖြစ်လို့ တဝင်းဝင်း ဝက်စာကျင်းမှာ တမြုံ့မြုံ့
တချိန်က မြတ်စွာဘုရားဟာ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူတယ်၊ အဲဒီအခါ ဝက်မကလေး တကောင်ကို မြင်တော်မူပြီး ပြုံးတော်မူပါသတဲ့၊ ပြုံးတဲ့အခါ သွားတော်များမှ ဖြူသော ရောင်ခြည်တော်များ ထွက်လာတာကို မြင်ရလို့ ပြုံးတော် မူပါသလဲ”လို့ မေးလျှောက်တယ်။ မြတ်စွာဘုရားက အာနန္ဒာ၊ ဟိုမှာကြည့်စမ်း၊ ဝက်မကလေးကို မြင်ရဲ့လား။
(မြင်ပါတယ်ဘုရား)
အဲဒီ ဝက်မကလေးဟာ ကကုသန် မြတ်စွာဘုရား၏ သာသနာတော် တည်ထွန်းစဉ်က လူ့ဘဝ အမျိုးသ္မီးအဖြစ်မှ သေပြီး ဆွမ်းစားကျောင်းတခု အနီးမှာ ကြက်မ ဖြစ်ခဲ့တယ်၊ အဲဒီ ကြက်မဟာ သိန်းငှက်က ဖမ်းသုတ်ပြီး စားလို့ သေရရှာတယ်၊ ဒါပေမဲ့ စောစောပိုင်းက ယောဂီရဟန်းတပါး၏ ကမ္မဋ္ဌာန်းတရား ရွတ်ဆိုနေတဲ့ တရားသံကို ကြားပြီး ကုသိုလ်ဖြစ်ပွါးခဲ့လို့ အဲဒီ ကုသိုလ်၏အစွမ်းကြောင့် လူ့လောကမှာ မင်း၏အိမ်၌ ဥဗ္ဗရီမည်သော မင်းသ္မီးဖြစ်ခဲ့တယ်၊
အဲဒီ မင်းသ္မီးဟာ နောက်ကာလမှာ ပရိဗိုဇ်မကျောင်း၌ ပရိဗိုဇ်ပြုနေယင်း အိမ်သာထဲက ပိုးလောက် တွေကို ကြည့်ပြီး ပုဠဝကသညာ (ဩဒါတသညာ)ကို ဖြစ်စေလျက် ပဌမဈာန်ကို ရခဲ့တယ်၊ အဲဒီ ပရိဗိုဇ်ဘဝမှ သေတဲ့အခါ ပဌမဈာန် ဗြဟ္မာ့ဘုံမှာ ဗြဟ္မာ ဖြစ်ခဲ့တယ်၊
ဗြဟ္မာဘဝမှ စုတေတဲ့အခါ လူ့လောက၌ သေဋ္ဌေးသ္မီးဖြစ်ခဲ့တယ်၊ အဲဒီ သေဋ္ဌေးသ္မီးဘဝက သေတဲ့အခါ ဒီဝက်မကလေး ဖြစ်နေရရှာတယ်။ အဲဒီ အကြောင်းအရာတွေကို မြင်လို့ ငါပြုံးတယ်လို့ မိန့်တော်မူပါတယ်။
အဲဒီ အကြောင်းအရာကို ကြားရတော့ အရှင်အာနန္ဒာနှင့်တကွ ရဟန်းတော်များမှာ ကြီးစွာသော သံဝေဂကို ရကြပါသတဲ့။ အဲဒီအခါ မြတ်စွာဘုရားက ဆွမ်းခံကြွနေရင်း လမ်းမှာပဲ ရပ်တော်မူလျက် တရားဂါထာ ၆ - ပုဒ်ကို ဟောတော်မူပါတယ်၊ ယခု အဲဒီ ၆ - ပုဒ်ထဲက ပဌမတပုဒ်ကို ထုတ်ပြမယ်။
ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊
ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနုဟတေ၊
နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပ္ပုနံ။
မူလေ - အမြစ်အရင်းသည်၊
အနုပဒ္ဒဝေ ဒဠေ - ဘေးရန်မရှိပဲ ခိုင်မြဲနေလတ်သော်၊
ဆိန္နောပိ - အထက်ပိုင်းဘက် အကိုင်းအခက်ကို ခုတ်ဖြတ်ထားငြားသော်လည်း၊
ရုက္ခော - သစ်ပင်သည်၊
ပုနရေဝ ရူဟတိ ယထာပိ - တဖန်ပြန်၍သာလျှင် အညွှန့်အတက် ပေါ်ထွက်စည်ပင် ပြန်သကဲ့သို့၊
ဧဝမ္ပိ - ဤအတူပင်လျှင်၊
တဏှာနုသယေ အနုဟတေ - သန္တာန်၌ဖြစ်ထိုက်သော အနုသယ တဏှာကို အရိယမဂ်ဖြင့် မပယ်အပ်သေးသည် ရှိသော်၊
ဣဒံ ဒုက္ခံ - ဘဝအသစ် ဖြစ်ခြင်း စသော ဤ ဆင်းရဲသည်၊
ပုနပ္ပုနံ - အဖန်ဖန် အထပ်ထပ်၊
နိဗ္ဗတ္တတိ ဖြစ်လေတော့၏ - တဲ့။
အဲဒီဂါထာဖြင့် ဖော်ပြလိုရင်းကတော့ - ဥဗ္ဗရီမင်းသ္မီးဘဝတုန်းက ပရိဗိုဇ်ရသေ့ပြုပြီး တရားနှလုံးသွင်းလို့ ပဌမဈာန်ကို ရခဲ့တယ်၊ ဒါပေမဲ့ အဲဒီဈာန်က စိတ်ကူးအဖြစ်နဲ့ ဖြစ်ပေါ်တဲ့ ကာမရာဂပရိယုဋ္ဌာန် တဏှာကိုသာ ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်နိုင်တယ်၊ အခိုက်အတန့် အတော်အတန် ကြာအောင် ဝေးကွာစေတာပါပဲ၊
ဒါကြောင့် အဲဒီ ပဌမဈာန်ရတဲ့ ဘဝတုန်းကနဲ့ ဗြဟ္မာဘဝတုန်းက ကာမရာဂတဏှာ မဖြစ်ပေါ်ပဲ ကင်းနေခဲ့တယ်၊ ဒါပေမဲ့ အရိယမဂ်ဖြင့် အမြစ်ပြတ်ပယ်တာ မဟုတ်သောကြောင့် လူ့ဘဝ သေဋ္ဌေးသ္မီး ဖြစ်တဲ့အခါကျတော့ အဲဒီ ကာမတဏှာဟာ ဖြစ်မြဲ ပြန်ဖြစ်တာပဲ၊ ဘဝတဏှာကတော့ ဈာန်ရနေတုန်းကလဲ ဖြစ်နေခဲ့တာပါပဲ။
အဲဒီလို အနုသယ တဏှာ အမြစ်မပြတ်တဲ့အတွက် ဗြဟ္မာ ဖြစ်ပြီးတဲ့နောက် လူ့ဘဝမှာတဆင့် ဝက်ဘဝလဲ ရောက်ရပြန်တယ်၊ တဏှာ မကင်းသေးသမျှ ကာလ ပတ်လုံး ဒီပုံ ဒီနည်းဖြင့် ကံ အားလျော်စွာ ဘဝအမျိုးမျိုးတွေ အဖန်ဖန် ဖြစ်သွားရမယ်လို့ ဆိုပါတယ်။
အဲဒီမှာ ဗြဟ္မာ ဖြစ်ပြီးတဲ့နောက် ဝက် ဖြစ်ရပြန်တာကို အကြောင်းပြုပြီးတော့ ရှေးဆရာတော်ကြီးများက “ဗြဟ္မာဖြစ်လို့ တဝင်းဝင်း ဝက်စာကျင်းမှာ တမြုံ့မြုံ့”လို့ ဆိုတော်မူခဲ့ကြပါတယ်။ ဒါပေမဲ့ ဗြဟ္မာဘဝမှ စုတေပြီးလျှင်ပြီးခြင်း ဝက်တော့ မဖြစ်နိုင်ဘူး၊ အခြားတိရစ္ဆာန် ပြိတ္တာ ငရဲသား ဆိုတာတွေလဲ မဖြစ်နိုင်ပါဘူး၊
ဈာန်ရတဲ့ဘဝက ဈာန်၏အနီးဖြစ်တဲ့ ဥပစာရဘာဝနာကုသိုလ်၏ အစွမ်းကြောင့် လူ့လောက နတ်လောက၌သာ ဖြစ်နိုင်ပါတယ်၊ ယခုပြောနေတဲ့ ဝက်မကလေးဟာလဲ လူ့လောက သေဋ္ဌေးသ္မီး ဘဝမှတဆင့် ဝက်ဘဝကို ရောက်ရတာပဲ၊ အဲဒါဟာလဲ သေဋ္ဌေးသ္မီး ဘဝတုန်းက မာန်ယစ်ပြီး ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို မရိုမသေ ပြစ်မှား ခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ဖွယ်ရှိပါတယ်။
အဲဒီ ဝက်မကလေးဟာ အဲဒီဘဝမှ သေတဲ့အခါ သုဝဏ္ဏဘူမိ ဆိုတဲ့ အရပ်မှာ မင်းမျိုး၌ဖြစ်တယ်၊ သုဝဏ္ဏဘူမိဆိုတာ သထုံပြည်ပဲလို့ အများက ယူကြပါတယ်၊ အချို့ ပညာရှိများကတော့ သာသနာတော် နှစ် ၁၅၀ဝ နီးပါးက ဒေဝပါလမင်း ရေးထိုး ထားခဲ့သော ကြေးပုရပိုက်စာကို အထောက်အထား ပြုပြီးတော့ သုမာတြာ (စုမာတြာ) ကျွန်းကို သုဝဏ္ဏဘူမိခေါ်တယ်လို့ ဆိုကြတယ်။
အဲဒီ သုဝဏ္ဏဘူမိ မင်းသ္မီးဘဝမှ သေတဲ့အခါ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌ အမျိုးသ္မီးဖြစ်တယ်၊ အဲဒီဘဝမှ သေတဲ့အခါ ဝနဝါသီတိုင်း၌ အမျိုးသ္မီးဖြစ်တယ်၊ ဝနဝါသီတိုင်း ဆိုတာ ဘုံဘေမြို့နယ်၏ အရှေ့တောင်အရပ်မှာ ရှိတယ်၊ အဲဒီဘဝမှ သေတဲ့အခါ သုပ္ပါရက သင်္ဘောဆိပ်အရပ်၌ မြင်းကုန်သည်သ္မီး ဖြစ်တယ်၊ သုပ္ပါရက သင်္ဘောဆိပ်ဆိုတာ ဘုံဘေမြို့ မြောက်ဘက် ပင်လယ်ကမ်းခြေမှာ ရှိတယ်၊
အဲဒီဘဝမှ သေတော့ ကာဝီရသင်္ဘောဆိပ်အရပ်၌ လှေသူကြီးသ္မီး ဖြစ်တယ်၊ ကာဝီရသင်္ဘောဆိပ် ဆိုတာ အိန္ဒိယကျွန်းဆွယ် အရှေ့တောင်ဘက်အစွန်းမှာ ရှိတယ်၊ ရှေးတုန်းက ဒမိဠခေါ်တဲ့ တမယ်လူမျိုးတို့၏ နိုင်ငံပင်လယ်ကမ်းခြေပေါ့။ အဲဒီဘဝမှ သေတော့ ယခု သီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ အစိုးရပိုင်း အမျိုးထဲ၌ ဖြစ်တယ်၊ အဲဒီဘဝမှ သေတော့ အနုရာဓမြို့တောင်ဘက် ဘောက္ကန္တ ဆိုတဲ့ရွာမှာ သုမနဆိုတဲ့ သူကြွယ်၏သ္မီးဖြစ်တယ်၊ အမည်ကတော့ ဘခင်အမည်လိုပင် သုမနာလို့ ခေါ်တယ်၊
နောက်အခါမှာ သူ့ဘခင်က အဲဒီရွာကို စွန့်ခဲ့ပြီးတော့ ဒီဃဝါပီနယ် မဟာမုနိ ဆိုတဲ့ရွာမှာ နေတယ်၊ အဲဒီရွာမှာနေစဉ် ဒုဋ္ဌဂါမဏိမင်း၏ အမတ်ဖြစ်တဲ့ လကုဏ္ဍက အတိမ္ဗရ ဆိုသူက ကိစ္စတခုဖြင့် အဲဒီရွာ ရောက်လာတဲ့အခါ မယ်သုမနာကို မြင်ရ၍ မေတ္တာသက်ဝင်သဖြင့် အကြီးအကျယ် ထိမ်းမြားမင်္ဂလာကို ပြုပြီး သူ့နေရပ်ဖြစ်တဲ့ မဟာပုဏ္ဏရွာသို့ ခေါ်ဆောင်သွားတယ်။
အဲဒီရွာ၌ နေစဉ် တောင်စွန်း ကျောင်းတိုက်ကြီး၌ သီတင်းသုံးသော မဟာအနုရုဒ္ဓ မထေရ်က ဆွမ်းခံကြွလာတော့ မယ်သုမနာ၏ အိမ်တံခါးဝ၌ ဆွမ်းရပ်နေစဉ် မယ်သုမနာကို တွေ့မြင်ရ၍ နောက်ပါ ရဟန်းများနှင့် ဒီလိုပြောဆိုပါသတဲ့။
အာဝုသော - ငါ့ရှင်တို့၊
သူကရပေါတိကာ - ဘုရားလက်ထက်တော်က ဝက်မကလေးသည်၊
လကုဏ္ဍက အတိမ္ဗရမဟာမတ္တဿ - လကုဏ္ဍက အတိမ္ဗရခေါ် အမတ်ကြီး၏၊
ဘရိယဘာဝံ - အမတ်ကတော်အဖြစ်သို့၊
ပတ္တာနာမ - ရောက်နေတုံသေး၏၊
အဟော အစ္ဆရိယံ - ဪ အံ့ဩစရာ ကောင်းပါပေစွတကား - တဲ့။
အဲဒီစကားကိုကြားရတော့ အမတ်ကတော် မယ်သုမနာမှာ ရှေးဘဝ ဟောင်းတွေကို ပြန်လည် အောက်မေ့နိုင်တဲ့ ဇာတိဿရဉာဏ် ဖြစ်ပေါ်လာသတဲ့၊ အဲဒီဉာဏ်ဖြင့် သူဖြစ်ခဲ့ဘူးတဲ့ ဘဝဟောင်းတွေကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်တဲ့အခါ သံသရာကို ထိတ်လန့်ကြောက်ရွံ့တဲ့ သံဝေဂဉာဏ်လဲ ဖြစ်လာပြန်သတဲ့။
ဒါကြောင့် သူ့ခင်ပွန်း အမတ်ကြီးထံမှ ခွင့်တောင်းပြီး ဘိက္ခုနီ ကျောင်းတိုက်မှာ ရဟန်းပြုခဲ့တယ်၊ ရှင်ရဟန်းပြုပြီးတော့ တိဿမဟာဝိဟာရ ကျောင်းတိုက်မှာ သတိပဋ္ဌာန်သုတ် တရားကို ကြားနာပြီး ထိုနည်းအရ ရှုမှတ်သဖြင့် သောတာပတ္တိ မဂ်ဖိုလ် ရောက်သွားပါသတဲ့။
အဲဒီကနောက် ဒုဋ္ဌဂါမဏိမင်းကြီး နန်းတက်ပြီးတဲ့အခါ သူ့ဇာတိအရပ်ဖြစ်တဲ့ ဘောက္ကန္တရွာသို့ သွားရောက်ပြီးနေစဉ် ကလ္လမဟာဝိဟာရ ကျောင်းတိုက်၌ အာသီဝိသောပမသုတ်ကို ကြားနာရ၍ အရဟတ္တဖိုလ်ရောက်ပြီး အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာမဖြစ်သွားပါသတဲ့။ အဲဒီ သုမနာ ထေရီမ၏ဘဝ ဖြစ်စဉ်ကို ဘုန်းကြီးက ဒီလို ဆောင်ပုဒ် စီထားတယ်။
လူ, ကြက်မကြီး၊ မင်းသ္မီးတဖြာ၊ ဗြဟ္မာ, သေဋ္ဌေး ဝက်ကလေးဖြစ်ရ၊ သုဝဏ္ဏ, ဗာရာ၊ ဝနဝါနှင့်၊ သုပ္ပါရက၊ ကာဝီရမှ၊ သီဟဠနုရာ၊ ဘောက္ကန်ရွာဟု၊ ဖြစ်ရာပေါင်းစု၊ ဆဲ့သုံးခုသည်၊ မယ်သုမနာ ဖြစ်စဉ်တည်း။
အဲဒီ မယ်သုမနာရဲ့ ဖြစ်စဉ် တဆဲ့သုံးဘဝကို သေသေချာချာ စဉ်းစားကြည့်ယင် အင်မတန် သံဝေဂ ဖြစ်စရာကောင်းတယ်၊ ကကုသန် ဘုရားလက်ထက်တော်တုံးက လူ့ဘဝမှ သေတဲ့အခါ သားသ္မီး အခြွေအရံတွေရော လက်ရှိပစ္စည်းတွေရော မိမိကိုယ်ပါ စွန့်ပစ်ခဲ့ပြီး သေသွားရရှာတယ်၊ သားသ္မီး စသည်တွေက ငိုကြွေးပြီး ကျန်နေရစ်ကြရှာမှာပေါ့၊ သူ့မှာလဲ သေပြီးတော့ ကြက်မ ဖြစ်ရရှာတယ်၊ လူစင်စစ်က ကြက် ဖြစ်သွားတာဟာ ကြောက်စရာပါပဲ၊
အဲဒီ ကြက်မဘဝမှာလဲ သားသ္မီး ကြက်အခြွေအရံတွေ ရှိမှာပဲ၊ သိန်းငှက်က ထိုးသုတ်ဖမ်းယူပြီး ထိုးဆိတ်စားလို့ ခေါင်းပြတ်ပြီး မချိမဆန့်နဲ့ သေရရှာတယ်။ အဲဒီကနောက် ကမ္မဋ္ဌာန်းတရားသံ ကြားနာရတဲ့ ကုသိုလ်ကြောင့် မင်းသ္မီး ဖြစ်ရတယ် ဆိုတာကတော့ ဝမ်းသာစရာပါပဲ၊
အဲဒီ ကြက်မဟာ ကမ္မဋ္ဌာန်းတရားအကြောင်းကို ဘာမှနားလည်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကြည်ညိုတဲ့ စိတ်နဲ့နာလို့ ကုသိုလ်ဖြစ်ပြီး အဲဒီ ကုသိုလ်ကြောင့် လူ့ဘဝ ပြန်ရောက်ပြီး မင်းသ္မီးတောင် ဖြစ်ရတယ် ဆိုတော့ တရားနာရတာဟာ အင်မတန် အားကိုးစရာ ကောင်းတာပဲ။ အဲဒီ မင်းသ္မီးဘဝက ဈာန်ရလို့ နောက်ဘဝ၌ ဗြဟ္မာဖြစ်ရတာလဲ ဝမ်းသာစရာပဲ။ ဗြဟ္မာဘဝမှာ စုတေတော့ လူ့လောက၌ သေဋ္ဌေးမျိုးမှာ ဖြစ်ရတယ်၊ အဲဒါလဲ ဝမ်းသာစရာပါပဲ၊
ဒါပေမဲ့ အဲဒီဘဝမှ သေတဲ့အခါ သားသ္မီးစသည် အခြွေအရံတွေရော ပစ္စည်းဥစ္စာတွေရော မခွဲချင်ပဲနဲ့ သေပြီး ခွဲခဲ့ရတာဟာ ဝမ်းနည်းစရာပဲ၊ သေပြီးတော့ ဝက်မကလေး ဖြစ်ရတယ် ဆိုတာကသာပြီး ဝမ်းနည်းစရာ ကောင်းသေးတယ်၊ ဗြဟ္မာက လူဖြစ်၊ လူက ဝက်ဖြစ်ရတယ် ဆိုတော့ ကြောက်စရာလဲ အလွန် ကောင်းတာပဲ၊ သံဝေဂ ယူစရာပါပဲ၊
အခြားလူတွေလဲ အရိယမဂ်ကို မရသေးယင် အဲဒီလို ယုတ်ညံ့တဲ့ ဘဝတွေကို ရောက်သွားနိုင်တယ်၊ ဒါကြောင့် သတိသံဝေဂဖြစ်ပြီး တရားကို လေးလေးနက်နက် နှလုံးသွင်းနိုင်အောင် မြတ်စွာဘုရားက ဒီ ဝက်မကလေး ဖြစ်စဉ်ကို မိန့်တော်မူခဲ့တာပဲ။
အဲဒီ ဝက်မကလေးဘဝတုန်းက ဘယ်လို သေရတယ်ဆိုတာတော့ ပြဆိုမထားဘူး၊ ဒါပေမဲ့ ယခုကာလလိုပဲ ဝက်ရှင်ကသတ်လို့ သေရတာဖြစ်မှာပါပဲ၊ အဲဒီ အခါတုန်းက ဝက်မမှာ သားသ္မီးစသည့် အခြွေအရံ အပေါင်းအဖော်တွေက ရှိမှာပဲ၊ အဲဒါတွေနဲ့ သေကွဲ ကွဲလာခဲ့ရတဲ့အခါ သက်ဆိုင်ရာတွေအားလုံး စိတ်ဆင်းရဲတွေများစွာ ဖြစ်ကြရမှာပဲ။
အဲဒီကနောက် သုဏ္ဏဘူမိ အရပ်မှ အနုရာဓမြို့အထိ ၆ - ဌာနမှာ လူ့ဘဝချဉ်း ဖြစ်သွားရတယ် ဆိုတော့ တော်သေးရဲ့လို့ ဆိုရမှာပဲ၊ ဒါပေမဲ့ အဲဒီ ၆ - ဘဝမှ သေရတဲ့ အခါတိုင်း သူ့ကိုယ်တိုင်ရော သက်ဆိုင်တဲ့ သူတွေရော ဝမ်းနည်းကြရ စိုးရိမ်ပူဆွေး ကြရ ငိုကြွေးကြရမှာချည်းပဲ။ နောက်ဆုံးမှာ သုမနာထေရီ ဖြစ်ပြီး ရဟန္တာမ ဖြစ်သွားတာကတော့ ဝမ်းသာစရာ အကောင်းဆုံးပဲ။
အဲဒီ ဖြစ်စဉ်ထဲမှာ ဘဝဟောင်းမှ သေသေပြီး ဘဝအသစ်အသစ် ထပ်ကာ ထပ်ကာ ဖြစ်ရတာဟာ ဘာကြောင့်လဲဆိုယင် ဆင်းရဲဖြစ်ပွါးကြောင်း သမုဒယသစ္စာဆိုတဲ့ တဏှာကြောင့်ပဲ၊ အခြားသူတွေလဲ တဏှာ မကင်းသေးယင် ဒီလိုပဲ သေသေပြီး ဘဝအသစ်အသစ် ဖြစ်ဖြစ်သွားရလိမ့်မယ်၊ ဒါကြောင့် ဒီသမုဒယသစ္စာဆိုတဲ့ တဏှာ ကင်းငြိမ်းအောင် မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်သုံးပွါးများဘို့ရာ အလွန်ပင် အရေးကြီး ပါတယ်။
သုမနာထေရီမမှာတော့ သတိပဋ္ဌာန သုတ်တရားကို နာကြားပြီးတော့ အဲဒီသတိပဋ္ဌာန် နည်းအတိုင်း ရှုမှတ်ပွါးများပြီး သောတာပန်ဖြစ်တယ်၊ အဲဒီကနောက် အာသီဝိသောပမ သုတ်ကို နာကြားပြီး တဖန်နှလုံးသွင်းသဖြင့် အရဟတ္တဖိုလ် ရောက်ပြီး ရဟန္တာမဖြစ်သွားတယ်၊ သမုဒယဆိုတဲ့ တဏှာကင်းသွားတယ်၊ ဒါကြောင့် တဖန် ဘဝသစ်ဖြစ်ဖို့ မရှိတော့ဘူး၊ ပရိနိဗ္ဗာန်ပြုပြီး အေးငြိမ်းသွားဘို့ပဲ ရှိတော့တယ်။
ဒါကြောင့် အဲဒီ သုမနာထေရီဟာ အာယုသင်္ခါရ ကုန်တဲ့အခါ ပရိနိဗ္ဗာန် ပြုတော့မည့်အကြောင်း သီတင်းသုံးဘော်များအား ပြောကြားတယ်၊ အဲဒီအခါ အမျိုးသား ရဟန်းတော်များနှင့် အမျိုးသ္မီး ရဟန်းမများက သူ့အကြောင်းအရာကို မေးကြတဲ့အတွက် -
ဘုရား တပည့်တော်မဟာ ကကုသန်ဘုရား လက်ထက် တော်က လူအမျိုးသ္မီးဖြစ်ခဲ့ပါတယ်၊ အဲဒီဘဝက သေတော့ ကြက်မဖြစ်ခဲ့ပါတယ်၊ အဲဒီကြက်မဘဝမှာ သိန်းငှက်က ထိုးသုတ်ပြီး စားလို့ ခေါင်းပြတ်ပြီး သေခဲ့ရတယ်၊ သေပြီးတော့ လူ့ဘဝမှာ မင်းသ္မီးဖြစ်ခဲ့ရတယ် -
စသည်ဖြင့် ဘောက္ကန္တရွာ၌ အဆုံးစွန် ဘဝတိုင်အောင် သူ့အကြောင်းအရာတွေကို ဘိက္ခုနီသံဃာအား ဖြစ်စဉ်အတိုင်း ပြောကြားပြီးတော့ -
“ဧဝံ - ယခုပြောကြားခဲ့သည့်အတိုင်း၊
သမဝိသမေ - ညီမျှ မညီမျှကုန်သော၊
ဝါ - အကောင်းအဆိုး အမျိုးမျိုးကုန်သော၊
တေရသ အတ္တဘာဝေ - တဆဲ့သုံးခုသော ဘဝ အတ္တဘောတို့ကို၊
ပတွာ - ရောက်ခဲ့ပြီး၍၊
ဣဒါနိ - ယခု နောက်ဆုံး ဘဝ၌၊
ဥက္ကဏ္ဌိတွာ - သံသရာ၌ ငြီးငွေ့သောကြောင့်၊
ပဗ္ဗဇိတွာ - ရဟန်းပြု၍၊
အရဟတ္တံ - ရဟန္တာအဖြစ် အရဟတ္တဖိုလ်သို့၊
ပတ္တာ - ရောက်ခဲ့ပါပြီ။
သဗ္ဗေပိ - အားလုံးသော အရှင်ကောင်း အရှင်မတို့သည်လည်း၊
အပ္ပမာဒေန - မမေ့မလျော့ အမှတ်ရသည့် သတိတရားဖြင့်၊
သမ္ပာဒေထ - သီလ သမာဓိ ပညာကိုပြီးစီး ပြည့်စုံအောင် အားထုတ် ကြပါကုန်လော့”
လို့ ပြောကြားလျက် ပရိသတ်လေးပါးကို သံဝေဂဖြစ်စေပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံ သွားပါသတဲ့။ ယခုပြောခဲ့တဲ့ ဝက်မကလေး ဝတ္ထုကတော့ ဓမ္မပဒ အဋ္ဌကထာ (ဒု နှာ ၃၃၂ - ၅) မှာ အပြည့်အစုံ ပြဆိုထားလျက် ရှိပါတယ်။
သမဏနတ်သားဝတ္ထု
သမုဒယသစ္စာဆိုတဲ့ တဏှာကို ပယ်နိုင်အောင် ဘာဝနာအလုပ်ကို အားထုတ် နေပေမဲ့ သူ့ကို အမြစ်ပြတ်နိုင်တဲ့ အရိယမဂ်ဉာဏ်ကို မရောက်သေးယင် သူက တဖန် ဘဝသစ်ကို ဖြစ်စေတာပဲ။ အဲဒီ အကြောင်းအရာကို သမဏနတ်သား ဝတ္ထုဖြင့် သိနိုင်ပါတယ်။
ဘုရားလက်ထက်တော် ကာလတုန်းက အမျိုးသား တယောက်ဟာ ဗုဒ္ဓသာသနာတော်မှာ သဒ္ဓါတရားထက်သန်စွာနဲ့ ရဟန်းပြုတယ်၊ ငါးဝါ ပြည့်သည် တိုင်အောင် ဆရာဥပဇ္ဈာယ်တို့ထံမှာ ဝတ်ကြီး ဝတ်ငယ်ကို ဖြည့်ကျင့်ဆောင်ရွက် လျက် ဒွေမာတိကာဆိုတဲ့ ရဟန်းကျင့်ဝတ် သိက္ခာပုဒ်ခေါင်းစဉ်ကို ကျေြွပန်အောင် သင်ယူတယ်၊
ကံကြီး ကံငယ်ပြုပုံကိုလဲ နားလည်အောင် လေ့လာသင်ယူတယ်၊ အဲဒီလို သင်ယူပြီးတော့ သူသဘောကျတဲ့ ကမ္မဋ္ဌာန်းကိုယူပြီး တောကျောင်းတခုမှာ သွားရောက်နေထိုင်တယ်၊ ကမ္မဋ္ဌာန်း တရားကို မပြတ်နှလုံးသွင်းအားထုတ်နေတယ်။
သူအားထုတ်ပုံက အလွန်ပြင်းထန်ပါတယ်၊ မြတ်စွာဘုရားက လဲလျောင်းအိပ်ဖို့ ခွင်းပြုထားတဲ့ သန်ကောင်ယာမ် အချိန်မှာတောင် သူက လဲလျောင်းမအိပ်ဘူး၊ နေ့ရောညဉ့်ပါ မပြတ်အားထုတ်နေပါသတဲ့။ အဲဒီလို အားထုတ်နေယင်း အစာ အာဟာရ အားနည်းတဲ့အတွက် သတ္ထကဝါတာလို့ခေါ်တဲ့ လေသင်ဓုန်းက ဖြစ်ပေါ်လာပြီး သွေးကြောကိုဖြတ်လိုက်တယ်၊
ဒါကြောင့် အဲဒီရဟန်းတော်ဟာ စင်္ကြံသွားလျက် တရားအားထုတ်နေရင်း ပျံတော်မူသွားပါသတဲ့။ အဲဒါဟာ ရဟန်းတို့၏ တာဝန်ဖြစ်တဲ့ လုပ်ငန်းခွင်ထဲ၌ ပျံတော်မူသည် မည်ပါသတဲ့။
ယော ဟိ ကောစိ ဘိက္ခု - တစုံတယောက်သော ရဟန်းသည်၊
စင်္ကမေ စင်္ကမမာနော - စင်္ကြံလမ်းပေါ်၌ စင်္ကြံသွား နေစဉ်သော်၎င်း၊
အာလမ္ဗနတ္ထမ္ဘံနိဿယ ဌိတော - နောက်မှီတိုင်ကို မှီလျက် ရပ်နေစဉ်သော်၎င်း၊
စင်္ကမကောဋိယံ - စင်္ကြံအစွန်း စင်္ကြံဦး၌၊
စီဝရံသီသေ ဌပေတွာ - သင်္ကန်းကြီးကို ခေါင်းပေါ်၌တင်ထား၍၊
နိသိန္နေဝါ - ထိုင်နေစဉ်သော်၎င်း၊
နိပန္နောဝါ - လျောင်းနေစဉ်သော်၎င်း၊
ကာလံ ကရောတိ - သေခြင်း ပျံတော်မူခြင်းကို ပြုငြားအံ့၊
သော - ထိုသို့ ပျံတော်မူသော ရဟန်းအားလုံးသည်၊
ဓုရသ္မိံ ယေဝကာလံ ကရောတိ နာမ - လုပ်ငန်းခွင်ထဲ၌သာလျှင် ပျံတော်မူသည် မည်၏ -
လို့ အဋ္ဌကထာက ပြဆိုထားပါတယ်။ နောက်ပြီးတော့ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေး အတွက်သာ ဦးစားပေးပြီး တရားဟောနေစဉ် ပျံတော်မူသွားယင်လဲ လုပ်ငန်းခွင် ထဲ၌သာ ပျံတော်မူသည်မည်တယ်လို့ အဲဒီ အဋ္ဌကထာမှာ ပြဆိုထားပါသေးတယ်။
ယခုတရားအားထုတ်နေတဲ့ ရဟန်းတော်ကတော့ စင်္ကြံသွားနေယင်း ပျံတော်မူတယ် လို့ ဆိုပါတယ်၊ သတိပဋ္ဌာန် ဒေသနာတော်အရ သွားခြင်း ဣရိယာပုထ်ဆိုင်ရာ ရုပ်နာမ်တွေကို ဝိပဿနာရှုနေယင် ပျံတော်မူသွားတယ်လို့ ဆိုရမှာပဲ၊
အဲဒီလို အပြင်းအထန် ဝိပဿနာရှုနေပေမဲ့ (ဥပနိဿယမန္ဒတာယ) အရိယမဂ်ဉာဏ် ရောက်ဖို့ရာ အထောက်အပံ့ ပါရမီကုသိုလ်က အားနည်းနေသောကြောင့် အရဟတ္တမဂ်သို့ မရောက်သေးပဲ ပျံတော်မူသွားတယ်၊ အရဟတ္တမဂ်သို့ မရောက် သေးယင် တဏှာက လုံးဝ မကင်းသေးဘူး၊
ဒီ ရဟန်းမှာတော့ သောတာပတ္တိ မဂ်တောင် မရောက်သေးကြောင်း နောက်ပိုင်း ကျတော့ ထင်ရှားပါလိမ့်မယ်။ ဒါကြောင့် (ပေါနောဘဝိကာ) တဖန် ဘဝအသစ်ကို ဖြစ်စေတတ်တဲ့ တဏှာကြောင့် ဘဝသစ်ဖြစ်ရတယ်၊
ဘယ်မှာဖြစ်ရသလဲဆိုတော့ ဘာဝနာကုသိုလ်ကံ၏ အစွမ်းကြောင့် တာဝတိံသာ နတ်ပြည်မှာ သူ့အတွက် အသင့်ဖြစ်ပေါ်နေနှင့်တဲ့ နတ်ဘုံဗိမာန်ကြီး၏ တံခါးပေါက် အဝ၌ ဝင်ရောက်နေတဲ့ အသွင်ဖြင့် အိပ်ရာမှ နိုးလာသလိုပင် နတ်ကိုယ်ကာယ အပြည့်အစုံ နတ်ဝတ် အဆင်တန်ဆာ အပြည့်အစုံနှင့်တကွ ဘွားကနဲ ဥပပါတ် ဘဝအသစ် ဖြစ်ပေါ်ရတယ်။
အဲဒီအခါ ဗိမာန်အတွင်းက ဗိမာန်ရှင်နတ်သားကို မြှော်နေကြတဲ့ တထောင်ခန့်ရှိတဲ့ နတ်သမီးတွေက “ဟော ဗိမာန်ရှင်နတ်သား ရောက်လာပြီ၊ ဖျော်ဖြေကြစို့”လို့ ဆိုပြီး ဝမ်းမြောက်ဝမ်းသာနှင့် တူရိယာတွေကို ကိုင်လျက် ဝိုင်းရံကြိုဆိုကြတယ်။ သို့ပေမဲ့ နတ်သားကတော့ သေလာမှန်း မသိသေးဘူး၊ သူ့ကိုယ်သူ ရဟန်းလို့ ထင်မှတ် နေတုန်းပဲ၊
ဒါကြောင့် နတ်သ္မီးတွေကို မြင်တဲ့အခါ အမျိုးသမီးအလေးတွေ ကျောင်းသို့ ကြည့်ရှုလှည့်လည်ရန် လာကြတယ် ထင်မှတ်ပြီး ပေါ်ရုံအဝတ်ဖြင့် လက်ဝဲပခုံးကို လုံအောင်ရုံလျက် မျက်လွှာချကာ ဣန္ဒြေကြီးနဲ့ နေသတဲ့။
အဲဒီလို အခြေအနေကို မြင်ရတော့ ရဟန်းဘဝမှ ဖြစ်လာတဲ့ နတ်သားပဲလို့ နတ်သ္မီးတွေက ရိပ်မိပြီးတော့ “အရှင်နတ်သား၊ ဒါက နတ်ပြည်ပဲ၊ ရဟန်းတရား ကျင့်ဘို့အခါ မဟုတ်တော့ဘူး၊ နတ်စည်းစိမ်ကို ခံစားဘို့ အချိန်အခါ ဖြစ်ပါတယ်”လို့ ပြောကြတယ်။ ဒါပေမဲ့ နတ်သားက ဣန္ဒြေမပျက် တည်မြဲ တည်နေတယ်။
ဒီတော့ နတ်သ္မီးတွေက “ဒီနတ်သားဟာ နတ်ဘဝ ရောက်နေမှန်း မသိသေးဘူး၊ သိအောင် ဖျော်ဖြေလိုက်ကြစို့”လို့ ဆိုပြီး တူရိယာတွေကို တီးမှုတ်ပြီး သီဆိုကြတယ်။ အဲဒီအခါကျမှ “တောကျောင်းသို့လာပြီး ကလေးမကလေးတွေ ကမြင်းနေကြတယ်” ထင်ပြီး ဣန္ဒြေကို အထူးထိန်းသိမ်းလျက် တည်နေတယ်။
ဒီတော့ နတ်သ္မီးတွေက သူ့ရှေ့မှာ ကိုယ်လုံးပေါ် ကြည့်မှန်ကြီးကို ထောင်ပြကြတယ်၊ အဲဒီတော့မှ သူ့အရိပ်ကိုမြင်ပြီး ရဟန်းဘဝမှသေခဲ့ပြီး နတ်ပြည်ရောက်နေကြောင်း သိရတယ်၊ အဲဒီလို သိရတဲ့အခါ သမဏနတ်သားမှာ အကြီးအကျယ် နှလုံးမသာ ဖြစ်ရတယ်၊
“ငါ ရဟန်းတရား ကျင့်ခဲ့တာဟာ ဒီနတ်ပြည်ရောက်ဖို့ ကျင့်ခဲ့တာ မဟုတ်ဘူး၊ အမြတ်ဆုံး အကျိုးစီးပွါးဖြစ်တဲ့ အရဟတ္တဖိုလ်ရဘို့ ကျင့်ခဲ့တာပဲ၊ ဒါပေမဲ့ ချန်ပီယံ ရွှေပြားတံဆိပ်ကို ရလိမ့်မယ်လို့ မြှော်မှန်းပြီး လက်ဝှေ့ပွဲကြီး ဝင်ထိုးသတ်ရာမှာ မုံလာတစည်းလောက် ဆုရသလိုပဲ ဖြစ်နေတယ်” စသည်ဖြင့် ဆင်ခြင်ပြီး နှလုံးမသာ ဖြစ်ရတယ်။
အဲဒီလို နှလုံးမသာဖြစ်ပြီးတော့” ဒီနတ်စည်းစိမ် ဆိုတာက ရလွယ်ပါတယ်၊ ဘုရား ပွင့်တော်မူဆဲ ကာလကရခဲတယ်၊ ဘုရား၏ တရားကို နာကြားပြီး အရိယမဂ်ဖိုလ် တရားကို ရဘို့က အရေးကြီးတယ်၊ နတ်စည်းစိမ်တွေနဲ့ မေ့နေယင် ဘုရားနဲ့ မတွေ့လိုက်ရပဲလဲ ဖြစ်သွားနိုင်တယ်”လို့ စဉ်းစားပြီးတော့ သူ့ဗိမာန်ထဲတောင် မဝင်တော့ပဲ (အသမ္ဘိန္နေန သီလေန) ရဟန်းဘဝက စောင့်စည်းမှု သီလမပျက်သေးမီ မြတ်စွာဘုရားထံသို့ အရေးတကြီး လာရောက်ပါတယ်၊
နတ်သားပျောက်သွားမှာ စိုးရိမ်လို့လေလား မသိပါဘူး၊ သူ့အခြွေအရံ နတ်သ္မီးတွေ ကလဲ အတူလိုက်ပါကြသတဲ့၊ မြတ်စွာဘုရားထံ ရောက်တဲ့ ခါကျတော့ အဲဒီ နတ်သားက ဒီလို မေးလျှောက်ပါတယ်။
အစ္ဆရဂဏသင်္ဃုဋ္ဌံ၊
ပိသာစဂဏသေဝိတံ၊
ဝနန္တံ မောဟနံ နာမ၊
ကထံ ယာတြာ ဘဝိဿတိ။
ဘန္တေ - မြတ်စွာဘုရား၊
အစ္ဆရာ ဂဏသင်္ဃုဋ္ဌံ - နတ်သ္မီးအပေါင်းတို့၏ သိန်းသောင်းများစွာ သီဆို ကြွေးကြော်ရာ ဖြစ်သော၊
ပိသာစဂဏသေဝိတံ - တစ္ဆေ မြေဘုတ်တို့ မှီဝဲကျက်စားရာဖြစ်သော၊
မောဟနံ နာမ - နတ်အပေါင်းတို့အား တရားရှောင်လွှဲ မိုက်မဲစေတတ်သောကြောင့် မောဟန မည်သော၊
တံ ဝနံ - နန္ဒဝန် မည်သော ထိုဥယျာဉ်ကို၊
ကထံ - အဘယ်သို့သောနည်းဖြင့်၊
ယာတြာ - ကျော်လွန်ရှောင်ရှား ထွက်သွားနိုင်ခြင်းသည်၊
ဘဝိဿတိ - ဖြစ်ပါမည်နည်း အရှင်ဘုရား - တဲ့။
နတ်သားက နတ်သ္မီးတွေကို ပိသာစ - တစ္ဆေမြေဘုတ်တွေလို နှိမ်ချပြောတယ်၊ နန္ဒဝန် ဥယျာဉ်ကိုလဲ အမိုက်တောလို့ နှိမ်ချပြီး ပြောတယ်၊ ဝိပဿနာတရားကို အပြင်းအထန် အားထုတ်လာခဲ့တဲ့အတွက် ကာမဂုဏ်တွေကို ရွံမုန်းစက်ဆုပ်ဆဲ ဖြစ်နေလို့ အဲဒီလို နှိမ်ချပြီ ပြောဆိုတာပါပဲ။
အဘယ်သို့သော နည်းဖြင့် ထွက်သွားနိုင်ပါမည်လဲ - ဆိုတဲ့ အမေးကတော့ (အရဟတ္တဿ မေ ပဒဋ္ဌာနဘူတံ ဝိပဿနံ အာစိက္ခထ) အရဟတ္တဖိုလ်၏ နီးသော အကြောင်းဖြစ်တဲ့ ဝိပဿနာကို တပည့်တော်အား ဟောတော်မူပါ”လို့ ဆိုလိုပါတယ် - တဲ့၊ အဲဒီလို အဋ္ဌကထာက ဖွင့်ပြထားပါတယ်။
အဲဒီတော့ မြတ်စွာဘုရားက နတ်သား၏ အခြေအနေအလုံးစုံကို ကြည့်ရှုတော် မူပြီးတော့ မဂ္ဂင်ရှစ်ပါး ဝိပဿနာတရားကို ဂါထာ ၃ - ပုဒ်ဖြင့် ဟောကြားတော် မူပါတယ်။
(၁) ဥဇုကော နာမ သော မဂ္ဂေါ၊
အဘယာ နာမ သာ ဒိသာ။
ရထော အကူဇနော နာမ၊
ဓမ္မစက္ကေဟိ သံယုတော။
ဒေဝပုတ္တ - ထွက်ပြေးလိုရေးနှင့် မေးမြန်းလျှောက်ထားသည့် အိုနတ်သား၊
ဥဇုကော နာမ - အလျင်အမြန် ထွက်ပြေးရန် လမ်းဖြောင့်မည်သည်မှာ၊
သော မဂ္ဂေါ - ရဟန်းဘဝတုန်းက သင်သွားခဲ့သော မဂ္ဂင်ရှစ်ဖြာ ဝိပဿနာလမ်း ပေတည်း။
တရားနာတဲ့ ပုဂ္ဂိုလ်တွေ နားလည် လွယ်အောင်လို့ ဘုန်းကြီးက အနက် ဖော်ပေးပါတယ်၊ သူ့ပါဠိ၏သဒ္ဒါနက် သက်သက် ဆိုယင်တော့ (အဖြောင့် မည်သည်မှာ ထိုလမ်းပင်တည်း - လို့) ဒါလောက်ပါပဲ၊
ဒါလောက်နဲ့တော့ ယခု တရားနာပရိတ်သတ်တွေ နားလည်ဘို့ မလွယ်ပါဘူး။ ဒါပေမဲ့ ဒီ နတ်သားကတော့ တရားအားထုတ်ရာ ကမ္မဋ္ဌာန်းကျောင်းမှ ထလာပြီး မေးသလို ဖြစ်နေတဲ့အတွက် သူ့အဖို့မှာ ပေါ်လွင်ထင်ရှားနေပါတယ်။
မြတ်စွာဘုရားက သီလစသည် မပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်အား ကမ္မဋ္ဌာန်းပေးမယ် ဆိုယင် -
(သီလံ တာဝ သောဓေဟိ) သီလကို ရှေးဦးစွာ စင်ကြယ်စေလော့၊
(သမာဓိံ ဘာဝေဟိ) သမာဓိကို ပွါးစေဦးလော့၊
(ကမ္မဿကတာပညံ ဥဇုံ ကရောဟိ) ကမ္မဿကတာသမ္မာဒိဋ္ဌိကို ဖြောင့်မတ်အောင် ပြုလေဦးလော့
လို့ အခြေခံအကျင့်ကို ရှေးဦးစွာ ညွှန်ကြားတော်မူပါတယ်၊
အားထုတ်နေတဲ့ ပုဂ္ဂိုလ်ကိုတော့ အရဟတ္တမဂ်၏ ပဒဋ္ဌာန်ဖြစ်တဲ့ ဝိပဿနာကိုသာ ညွှန်ကြားတော်မူပါတယ်၊ ဒီနတ်သားကတော့ (ကာရကော အဘိန္နသီလော) အားထုတ်နေသူ မပျက်တဲ့ သီလရှိသူ ဖြစ်တယ်၊ အရိယမဂ်တခုသာ လိုတော့တယ်၊ ပုဗ္ဗဘာဂဝိပဿနာမဂ်ကတော့ အလေ့အကျင့်ရပြီး ဖြစ်နေတယ်၊ ဒါကြောင့် ဝိပဿနာကို ညွှန်ကြားတော်မူလို၍ ဒီတရားဂါထာများကို ဟောတော်မူပါတယ်တဲ့။
အဲဒီလို အဋ္ဌကထာက ဖွင့်ပြထားပါတယ်၊ အဲဒီ အဖွင့်ထဲမှာ ရဟန်းဘဝမှ နတ်ဘဝသို့ ရောက်နေပါလျက် သီလ မပျက်ဘူးဆိုတာကို အထူးသတိပြုရမယ်၊ အဲဒါဟာ ပါဏာတိပါတ အဒိန္နာဒါန အဗြဟ္မာစရိယ စသည်တို့ကို မကျူးလွန်သေးတဲ့အတွက် သီလမပျက်သေးဘူးလို့ ဆိုတာပါပဲ။
ဒါကြောင့် တမင် ဆောက်တည်မထားပေမဲ့ မပြုသင့် မပြောသင့်တာကို မပြုယင်, မပြောယင် သီလမပျက်ဘူး ဆိုတာကိုလဲ အထူးသတိပြု၍ မှတ်ထားကြရမယ်။ နောက်တခု ကတော့ ဒီဂါထာများဖြင့် ဝိပဿနာကို ပြတယ်ဆိုတာကိုလဲ မှတ်ထားကြရမယ်။
ဒါကြောင့် ဘုန်းကြီးက အနက်ဖော်ပြီး ပြန်ခဲ့တဲ့အတိုင်း နန္ဒဝန်ဥယျာဉ်နှင့်တကွ နတ်လောက နတ်သမီးတွေထံမှ လွတ်မြောက်အောင် အလျင်အမြန် ထွက်ပြေးဘို့ အဖြောင့်ဆုံး အကောင်းဆုံးလမ်းကတော့ ရဟန်းဘဝတုန်းက သင်ရှုမှတ် ပွါးများ လာခဲ့တဲ့ ဝိပဿနာမဂ္ဂင်လမ်းပဲလို့ ဆိုလိုပါတယ်။ နောက်ပြီးတော့ ဘယ်အရပ် ရောက်မှ ဘေးကင်းမှာလဲလို့ ဆိုယင် -
အဘယ နာမ - ဘေးကင်းရာအရပ် မည်သည်မှာ၊
သာဒိသာ - ရဟန်းဘဝတုန်းက သင်မြှော်မှန်းခဲ့သည့် ထိုနိဗ္ဗာန်အရပ်ပင်တည်းတဲ့။
အဲဒီ နိဗ္ဗာန်ကို ရောက်အောင် သွားရမယ်လို့ ဆိုလိုပါတယ်။ နောက်ပြီးတော့ ဘယ်လို ရထားဖြင့်သွားရမှာလဲဆိုတော့ -
ရထော အကူဇနော နာမ - သူတပါး မကြားရ မသိရအောင် တိတ်တဆိတ် ထွက်ပြေးရန် အသံမမြည်သော ရထားမည်သည်မှာ၊
ဓမ္မစက္ကေဟိ သံယုတော - ကိုယ်လုံ့လ စိတ်လုံ့လ ဟူသော တရားဘီး နှစ်ခုတို့နှင့် တပ်ဆင်ထားသော ဝိပဿနာမဂ္ဂင် ရထားပေတည်း - တဲ့။
ကိုယ်အမူအရာ စိတ်အမူအရာ ဟူသမျှကို ရှုမှတ်မိအောင် ကြောင့်ကြစိုက်ပေးတဲ့ ဝီရိယကို စေတသိကဝီရိယ - စိတ်လုံ့လခေါ်တယ်၊ သွားယင်း ရပ်ယင်း ထိုင်ယင်း ရှုနေတဲ့အခါ ကိုယ်အမူအရာ ဣရိယာပုထ် ဖြစ်မြဲ ဖြစ်နေအောင်, တည်မြဲ တည်နေအောင် ကြောင့်ကြစိုက်ပေးတဲ့ ဝီရိယကို ကာယိကဝီရိယ - ကိုယ်လုံ့လလို့ ခေါ်တယ်၊
လျောင်းအိပ်နေယင်း ရှုနေတဲ့ အခါမှာတော့ ကိုယ်လုံ့လ မရှိဘူး၊ စိတ်လုံ့လ တခုတည်းသာ ရှိတယ်၊ ဒီမှာ ကိုယ်လုံ့လ စိတ်လုံ့လ ဆိုတဲ့ ဝီရိယ တရားဘီး နှစ်ခု တပ်ဆင်ထားတယ်ဆိုတာ စင်္ကြံသွား နေယင်း, ရပ်နေယင်း, ထိုင်နေယင်း ရှုမှတ်တဲ့ ဝိပဿနာမဂ္ဂင်ကို ဆိုတာပဲ၊
ဒါကြောင့် အဲဒီ ကိုယ်လုံ့လ, စိတ်လုံ့လ, စိတ်လုံ့လဆိုတဲ့ ဝီရိယဘီးကြီး နှစ်ခုလုံး အပြည့်အစုံ တပ်ဆင်ထားတဲ့ ဝိပဿနာမဂ္ဂင် ရထားကောင်းကြီးကို စီးနင်းသွား ရအောင် ရံခါ စင်္ကြံသွားရင်း ဆိုတော့ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ ဆိုတဲ့) သတိပဋ္ဌာန် ဒေသနာတော်အရ သွားတယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မပြတ်ရှုမှတ်ပြီး အားထုတ်နေဘို့ပါပဲ။
အဲဒီလို အားထုတ်နေယင် သမာဓိအားရှိလာတဲ့အခါ ကျတော့ တောင့်တင်း လှုပ်ရှားတဲ့ ရုပ်နဲ့ မှတ်သိတဲ့နာမ်ဆိုတဲ့ ဒီရုပ်နာမ် ၂ - ပါးကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ပိုင်းခြားပြီး သိတယ်၊ အဲဒီကနောက် သမာဓိဉာဏ် တဆင့်တက်ပြီး အားကောင်း လာတဲ့အခါမှာ “သွားချင်တဲ့စိတ်ကြောင့် သွားရုပ်ဖြစ်တယ်၊ သိစရာရှိလို့ သိမှုဖြစ်တယ်” စသည်ဖြင့် အကြောင်းနဲ့ အကျိုးကိုလဲ ပိုင်းခြားပြီးသိတယ်။ အဲဒီက နောက်သွားချင်တဲ့စိတ်ရော, သွားတဲ့ရုပ်ရော, ရှုသိတဲ့ နာမ်ရော သူ့အခိုက် အတန့်နဲ့သူ ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို လက်နဲ့ ကိုင်ကြည့်ရသလိုပင် ရှင်းလင်း ပြတ်သားစွာ သိရတယ်၊
အဲဒီတော့ ဖြစ်ပြီး ပျောက်ပျက်သွားလို့ မမြဲဘူးဆိုတာလဲ ရှင်းလင်းစွာသိရတယ်၊ ခဏမစဲ ဖြစ်ပျက်နေလို့ ကြောက်စရာ ကောင်းတဲ့ ဆင်းရဲပဲ ဆိုတာလဲ ရှင်းလင်းစွာ သိရတယ်၊ ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူ့သဘောအတိုင်း ဖြစ်ပျက်နေလို့ အစိုးမရတဲ့ အနတ္တသဘောတရားပဲ ဆိုတာလဲ ရှင်းလင်းစွာ သိရတယ်။ နောက်ပြီးတော့ ရံခါ ရပ်လျက်, ရံခါ ထိုင်လျက် ရှုမှတ်နေရမယ်။
အဲဒီမှာ အသံမမြည်တဲ့ ရထားဆိုတာကတော့ ရှေးခေတ်က ရှိခဲ့တဲ့ မြင်းရထားတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတဲ့ စကားပါပဲ၊ တချို့ ရထားက ပကတိအားဖြင့် အသံမမြည်ပေမဲ့ လူအစီးများပြီး ဝန်လေးတော့ မြည်တတ်တယ်၊ ယခု မဂ္ဂင်ရထားကတော့ စီးသူတွေ ဘယ်လောက်ပင် များစေကာမူ အသံမြည်ခြင်း မရှိဘူး၊ တခါတရံမှာ မြတ်စွာဘုရား ၏ အရိယမဂ္ဂင်ရထားကို စီးပြီး နိဗ္ဗာန်ကို သွားရောက်ကြသူတွေဟာ ရှစ်သောင်း လေးထောင် စသည်များသော်လဲ ဘာသံမှ မမြည်ဘူး၊
ဒါကြောင့် အကူဇနော - အသံမမြည်သောရထား - လို့ ချီးမွမ်းထားပါတယ်၊ အဲဒီ စကားဖြင့် နတ်သ္မီးတွေ မသိအောင် တိတ်တဆိတ် ထွက်ပြေးချင်ယင်လဲ ဖြစ်နိုင်ကြောင်း သိစေပါတယ်။ နောက်ပြီးတော့ -
(၂) ဟိရီ တဿ အပါလမ္ဗော၊
သကျဿ ပရိဝါရဏံ။
ဓမ္မာဟံ သာရထိံ ဗြူမိ၊
သမ္မာဒိဋ္ဌိပုရေဇဝံ။
ဟိရီ - ရှက်ခြင်း ကြောက်ခြင်းသည်၊
တဿ - ထို မဂ္ဂင်ရထား၏၊
အပါလမ္ဗော - နောက်မှီခုံ ပေတည်း။
ရထားမှာ နောက်မှီမရှိယင် နောက်ကို လန်ကျသွားနိုင်တယ်၊ နောက်မှီရှိယင်တော့ မကျနိုင်ဘူး။ ဒီမဂ္ဂင်ရထားမှာတော့ ဟိရီဩတ္တပ္ပဆိုတဲ့ အလွန်ကောင်းတဲ့ နောက်မှီက ရှိနေတယ်၊ ဘယ်လိုလဲဆိုတော့ ဝိပဿနာရှုနေတဲ့ ယောဂီမှာ မရှုမိတဲ့ အာရုံနဲ့စပ်ပြီး အကုသိုလ်စိတ်ကူးတွေ ဖြစ်လာမှာကို ရွံရှာ စက်ဆုပ်ရတယ်၊ ရေချိုးပြီးလို့ သန့်ရှင်းနေတဲ့အခါ အညစ်အကြေးလူးပေမှာ ရွံရှာစက်ဆုပ်သလိုပင် ရွံရှာစက်ဆုပ် ရတယ်၊
အဲဒီလို အကုသိုလ်စိတ်ကူးဖြစ်လာမှာ ရွံရှာစက်ဆုပ်တာ, မဖြစ်စေချင် တာက (ဟိရီ) ရှက်တဲ့ သဘောပဲ။ ထို့ပြင် အကုသိုလ်စိတ်ကူးဖြစ်ရာက မကောင်းမှု ဒုစရိုက် ဖြစ်ပြီး မကောင်းကျိုးတွေပေးမှာ, သံသရာမှ မလွတ်နိုင်ပဲ နေမှာကိုလဲ ကြောက်ရတယ်၊ အဲဒါက (ဩတ္တပ္ပ) အကုသိုလ်နဲ့ အကုသိုလ်အကျိုးကို ကြောက်တာပဲ။ အဲဒီလို ရှက်ကြောက်တဲ့အတွက် ဖြစ်တိုင်း ဖြစ်တိုင်းသော ရုပ်နာမ်တွေကို မရှုမိပဲ လွတ်မသွားရအောင် ရိုရိုသေသေ ရှုမှတ်နေတယ်၊ အဲဒီလို ရှုမှတ်နေတဲ့အတွက် ဝိပဿနာ မဂ္ဂင်တွေဟာ ခဏတိုင်း မပြတ်ဖြစ်နေတယ်၊
အဲဒါဟာ နောက်မှီခုံကြောင့် လန်မကျပဲ တည်မြဲ တည်နေတဲ့သဘောပါပဲ။ ဒါကြောင့် ဟိရီနှင့် ဩတ္တပ္ပကို ဝိပဿနာမဂ္ဂင်ရထား၏ နောက်မှီခုံပဲလို့ ဟောတော်မူပါတယ်။ နောက်ပြီးတော့ -
သတိ - အမှတ်ရမှုသည်၊
အဿ - ထိုမဂ္ဂင်ရထား၏၊
ပရိဝါရဏံ - အကာအရံပေတည်း - တဲ့။
ရထားမှာ အကာအရံ လုံခြုံယင် ခဲ ဒုတ်စသည် ဘေးရန်မှ လုံခြုံသလိုပင် ဖြစ်တိုင်းသော ရုပ်နာမ်တွေကို မမေ့ပဲ အမှတ်ရနေယင် အကုသိုလ် ဘေးရန်တွေ မဝင်နိုင်ဘူး၊ လုံခြုံတယ်၊ ဒါကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန် အစရှိတဲ့ သတိပဋ္ဌာန်လေးပါးကို မဂ္ဂင်ရထား၏ အကာအရံလို့ ဟောတော်မူပါတယ်။ နောက်ပြီးတော့ -
သမ္မာဒိဋ္ဌိပုရေဇဝံ - ဝိပဿနာသမ္မာဒိဋ္ဌိ ရှေ့သွားရှိသော၊
ဓမ္မံ - အရိယမဂ်သမ္မာဒိဋ္ဌိကို၊
သာရထိံ - ရထားမောင်းသူဟူ၍၊
အဟံ ဗြူမိ - ငါ မိန့်ဆိုသည် - တဲ့။
ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဈာနသမ္မာဒိဋ္ဌိ, ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိ, ပစ္စဝေက္ခဏ သမ္မာဒိဋ္ဌိ - လို့ ၆ - ပါးရှိရာမှာ ဖလသမ္မာဒိဋ္ဌိ ဆိုတာက မဂ်၏ အကျိုးတရားပဲ၊ ပစ္စဝေက္ခဏသမ္မာဒိဋ္ဌိ ဆိုတာကလဲ မဂ်ဖိုလ်ရပြီးတဲ့နောက်မှ ဖြစ်ပေါ်တဲ့ ဆင်ခြင်ဉာဏ်ပဲ၊ ဒါကြောင့် အဲဒီ ဖလသမ္မာဒိဋ္ဌိနဲ့ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ တို့ကိုတော့ သီးသန့်ပွါးစေရတာ မဟုတ်ပါဘူး။
ကမ္မဿကထာသမ္မာဒိဋ္ဌိ ဆိုတာက ဘာဝနာ အလုပ်အားမထုတ်မီ ကတည်းက ပြည့်စုံရတဲ့ သမ္မာဒိဋ္ဌိပဲ၊ ဈာနသမ္မာဒိဋ္ဌိ ဆိုတာကလဲ ဝိပဿနာ၏ အခြေခံ စိတ္တဝိသုဒ္ဓိနှင့်ဆိုင်တဲ့ သမ္မာဒိဋ္ဌိပဲ၊ ဒါကြောင့် အရိယမဂ်သမ္မာဒိဋ္ဌိ ဖြစ်ပေါ်အောင် အနီးကပ်အနေဖြင့် ပွါးစေရတဲ့ ပညာက ဝိပဿနာသမ္မာဒိဋ္ဌိပဲ၊ အဲဒီ ဝိပဿနာပညာ ပြည့်စုံတဲ့အခါ အရိယမဂ်ပညာဆိုတဲ့ မဂ္ဂသမ္မာဒိဋ္ဌိက သူ့အလိုလိုပင် ဖြစ်ပေါ်လာတော့တာပဲ၊
ဥပမာအားဖြင့် ရဲဘော် ရဲသားတွေက လမ်းရှင်းပြီးတဲ့အခါ ဘုရင်မင်းမြတ်က ထွက်တော်မူလာသလိုပါပဲ။ ဒါကြောင့် အရိယသမ္မာဒိဋ္ဌိက နောက်လိုက်, ဝိပဿနာ သမ္မာဒိဋ္ဌိက ရှေ့သွားလို့ ဆိုပါတယ်၊ ဝိပဿနာ ရှုခိုက်မှာ ဝိပဿနာဉာဏ်က ရှေ့ဆောင်ပြီး အခြားမဂ္ဂင် တွေကို ဖြစ်စေတယ်၊ အရိယမဂ်ခဏမှာ မဂ်ဉာဏ်ကရှေ့ဆောင်ပြီး အခြား မဂ္ဂင်တွေကို ဖြစ်စေတယ်၊ ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ အရိယမဂ် သမ္မာဒိဋ္ဌိကို ရထားမောင်းသူလို့ ဟောတော်မူပါတယ်။ နောက်ဆုံးဂါထာကတော့ -
(၃) ယဿ ဧတာဒိသံ ယာနံ၊
ဣတ္ထိယာ ပုရိသဿ ဝါ။
သဝေ ဧတေန ယာနေန၊
နိဗ္ဗာနဿေဝ သန္တိကေ - တဲ့။
ယဿာ ဣတ္ထိယ ဝါ - အကြင် အမျိုးသ္မီးအား၎င်း၊
ယဿပုရိသဿ ဝါ - အကြင်အမျိုးသာအား၎င်း၊
ဧတာဒိသံယာနံ - ဤသို့သော မဂ္ဂင်ရှစ်ပါး ယာဉ်ရထားသည်၊
အတ္ထိ - ရှိငြားအံ့၊
သ - ထိုအမျိုးသ္မီး ထိုအမျိုးသားသည်၊
ဧတေန ယာနေနဤမဂ္ဂင်ရှစ်ပါး ယာဉ်ရထားဖြင့်၊
ဝေ - စင်စစ်၊
နိဗ္ဗာနဿေဝ သန္တိကေ - နိဗ္ဗာန်၏အထံသို့ ရောက်လေတော့သည်သာတည်း။
ဒီနောက်ဆုံး ဂါထာဖြင့် မဂ္ဂင်ရှစ်ပါး ယာဉ်ရထားရှိတဲ့သူဟာ ကျား, မ မရွေး နိဗ္ဗာန်သို့ ဧကန်ရောက်တယ်လို့ ဆိုပါတယ်။ ဒီတော့ နိဗ္ဗာန် ရောက်ချင်ကြယင် ဝိပဿနာ မဂ္ဂင်အရင်းခံပြုပြီး အရိယမဂ္ဂင်ကို ပွါးစေရမယ်ဆိုတာ အလွန်ပင် ထင်ရှား နေပါတယ်။
လောကမှာ ယာဉ်ရထား တမျိုးမျိုးရှိလျှင် အဲဒီ ယာဉ်ရထားဖြင့် အလိုရှိရာအရပ်သို့ ရောက်အောင် သွားနိုင်တယ်၊ ယာဉ်ရထားမရှိပဲ ယာဉ်ရထားအကြောင်း သိနေရုံနဲ့တော့ အလိုရှိရာအရပ်သို့ မသွားရောက်နိုင်ဘူး၊ ဒါလိုပဲ ရုပ်နာမ် တရား တွေကို သရုပ်ခွဲရုံမျှ, မဂ္ဂင်တရားတွေကို သရုပ်ခွဲရုံမျှနဲ့တော့ နိဗ္ဗာန် မရောက်နိုင်ဘူး၊
တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ရှုသိလျက် ဝိပဿနာမဂ္ဂင် ဆိုတဲ့ ယာဉ်ရထားကို ဖြစ်ပွါးစေပြီး အပိုင်ရရှိထားပါမှ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကို စီးပြီး နိဗ္ဗာန်ကို ရောက်မယ်ဆိုတာ ကိန်းသေ မှတ်ထားကြရမယ်။
အဲဒီ ဂါထာ ၃ - ပုဒ်ကို ဗမာလို တိုတိုနဲ့ မှတ်ရအောင် ဆောင်ပုဒ်တွေ စီထားတယ်၊ အဲဒါတွေကို လိုက်ဆိုကြရမယ်။
(၁) လမ်းဖြောင့် မည်တွင်၊ ထိုမဂ်ပင်၊ ရပ်ခွင်ဘေးမဲ့ နိဗ္ဗာန်ပါ။
(၂) လုံ့လနှစ်လီ၊ ဘီးတပ်သည်၊ မမြည်ရထား ထိုမဂ်ပါ။
(၃) ရှက်ကြောက်နှစ်တန်၊ နောက်မှီခံ၊ ကာရံအမှတ်သတိပါ။
(၄) ဝိပသ်ရှေ့သွား၊ မဂ်ဉာဏ်ကား၊ ရထားမောင်းသူဆိုရပါ။
(၅) ဤလိုရထား၊ ရှိသူများ၊ ယောက်ျား မိန်းမလူတိုင်းမှာ။
(၆) မဂ္ဂင်ယာဉ်ကြီး၊ ငြိမ့်ငြိမ့်စီး၊ အပြီးနိဗ္ဗာန် ဆိုက်ရောက်ပါ။
အဲဒီ ဂါထာ ၃ - ပုဒ်တရားကို ဟောပြီးတော့ သစ္စာလေးပါးကိုလဲ ပြတော်မူပါသေး တယ်တဲ့။ အဲဒီ သစ္စာလေးပါး သိပုံကိုတော့ မဂ္ဂသစ္စာပိုင်းကျမှ ထပ်ပြီးပြောရမယ်။ သမဏနတ်သားဟာ အဲဒီတရားကို နာယင်း ရှေးဘဝက သူ့နှလုံးသွင်းခဲ့တဲ့ တရားကို ပြန်ပြီး နှလုံးသွင်းတယ်၊
ရဟန်းဘဝတုန်းက အပြင်းအထန် ကြာမြင့်စွာ နှလုံးသွင်း အားထုတ်လို့ တရားထူးကို မရနိုင်ခဲ့ပေမဲ့ နတ်ဘဝကျတော့ နတ်ရုပ်တွေက သန့်ရှင်းစင်ကြယ်တဲ့အတွက် တခဏ ချင်းပဲ ဝိပဿနာဉာဏ်တွေအစဉ်အတိုင်း တက်ပြီးတော့ သောတာပတ္တိ မဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သောတာပန် ဖြစ်သွားပါသတဲ့။ (သံ - ဋ္ဌ၊ ပ - ၈၀ - ၈၃)
ဒီသမဏနတ်သားဝတ္ထုမှာ သိစေလိုရင်းကတော့ ဝိပဿနာအလုပ်ကို အပြင်းအထန် အားထုတ်နေသော်လဲ တဏှာ ကင်းစေနိုင်တဲ့ အရိယမဂ်ဉာဏ်ကို မရသေးတဲ့ အတွက် သေသည်၏ အခြားမဲ့မှာ သမုဒယသစ္စာဆိုတဲ့ တဏှာက နတ်ဘဝကို ဖြစ်စေတယ်ဆိုတာ သိစေလိုရင်းပါပဲ။ ဒိပြင် ဒီဝတ္ထုထဲမှာ မဂ္ဂင်ရှစ်ပါး ပွါးစေပုံနှင့် နတ်ဘဝကျတော့ အလွယ်တကူနဲ့ တရားထူး ရသွားပုံဟာလဲ အထူးသတိ ပြုဘို့ရာပါပဲ။
နောက်တချက်ကတော့ ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ တပ်မက်ခင်တွယ်နေယင် အဲဒီ ပုဂ္ဂိုလ်ပစ္စည်းများ အနီးအပါး၌ ဒီတဏှာက ဘဝသစ်ကို ဖြစ်စေတတ်တယ် ဆိုတာလဲ သိမှတ်ထားရမယ်။ အဲဒီ နှစ်မျိုးထဲမှာ ပစ္စည်းကို တပ်မက်ခင်တွယ် နေတဲ့အတွက် အဲဒီပစ္စည်းအနီး၌ ဘဝသစ်ဖြစ်ပုံကတော့ သင်္ကန်းကို တပ်မက်ပြီး သေသွားတဲ့ အရှင်တိဿ ရဟန်းဟာ အဲဒီသင်္ကန်းမှာပဲ သန်းဖြစ်ရတဲ့အကြောင်း အများသိကြပြီး ဖြစ်နေပါတယ်။ ယခု မယားချစ်လို့ မြွေ, ခွေး, နွားဖြစ် ဝတ္ထု ပြောရမယ်။
မယားချစ်လို့ မြွေ, ခွေး, နွားဖြစ်
(သီဟိုဠ်ကျွန်းက တောရွာ တခုမှာ) လူတယောက်ဟာ အစ်ကို၏ မယား (မရီး)နှင့် ဖောက်ပြန် ကျူးလွန်နေတယ်၊ ထိုမိန်းမကလဲ သူ့ခင်ပွန်းထက် အဲဒီ မတ်ဖြစ်သူ ကိုသာပြီး ချစ်မြတ်နိုးတဲ့အတွက် သူ့အစ်ကိုကို လုပ်ကြံသတ်ဖြတ်ဖို့ အဲဒီ မတ်ဖြစ်သူအား တိုက်တွန်းတယ်၊ “ဟဲ့ အကောင်မ နင် ဒီလို မပြောနဲ့”လို့ မတ်က ကြိမ်းမောင်းတယ်၊
ဒါပေမဲ့ မရီးဖြစ်သူက သုံးကြိမ်တိုင်တိုင် ထပ်ပြောတော့ “ဘယ်လို လုပ်ပြီး အခွင့်ရမလဲ”လို့ ပြောတယ်၊ ဒီတော့ မရီးက “ဟို ခံတက်ပင်ကြီးရေဆိပ်က ပဲခွက်လက်နက်နဲ့ စောင့်နေပါ၊ အဲဒီကို ငါလွှတ်လိုက်မယ်လို့” ပြောတော့ မတ်ဖြစ်သူက အဲဒီ သွားပြီး သစ်ပင်ကြားမှာ ပုန်းကွယ်လျက် စောင့်နေတယ်။
ခင်ပွန်းဖြစ်သူ တောက အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့အခါ အဲဒီဇနီးဖြစ်သူက ချစ်မြတ်နိုးတဲ့အနေနဲ့ ခေါင်းက ဆံပင်များကို ယုယုယယနဲ့ ဖီးပေးနေယင်း “ခေါင်းက ညစ်ပေလွန်းအားကြီးပါတယ်၊ ဟို ခံတက်ပင်ကြီး ရေဆိပ်သွားပြီး ခေါင်းလျှော်လိုက် ပါအုံး”လို့ ပြောပြီးတော့ လွှတ်လိုက်တယ်။
ခင်ပွန်းဖြစ်သူက “ငါ့ဇနီးဟာ ငါ့အား အင်မတန် ယုယုယယနှင့် ပြုစုပေတယ်”လို့ အောက်မေ့လျက် အဲဒီရေဆိပ်သွားပြီး ခေါင်းငုံ့လျက် ခေါင်းလျှော်ဘို့ ပြင်ဆင်နေတယ်၊ အဲဒီအချိန်မှာ သူ့ညီဖြစ်သူက သစ်ပင်ကြားမှ ထွက်လာပြီး ပဲခွက်နှင့် ခုတ်သတ်လို့ သေဆုံးသွားရှာတယ်။
အဲဒီတော့ သူ့ဇနီးကို တပ်မက်တွယ်တာတဲ့ တဏှာကြောင့် အဲဒီအိမ်မှပဲ (ဓမ္မနီ)ခေါ် ထန်းမြွေ ဖြစ်တယ်၊ (သီဟိုဠ်ဆရာတို့ကတော့ လင်းမြွေလို့ ဆိုကြတယ်) အဲဒီမြွေက သူ့ဇနီးအား တပ်မက်တွယ်တာ နေတဲ့အတွက် အိမ်အမိုးမှ အဲဒီမိန်းမ အပေါ် သူ့ကိုယ်ကို ပစ်ပစ်ချနေသတဲ့။ အဲဒီမိန်းမက သူ့ခင်ပွန်းဟောင်း ဖြစ်မှာပဲလို့ ကြံတွေးပြီးတော့ အဲဒီမြွေကို သတ်စေပြန်တယ်။
မြွေဘဝက သေတော့လဲ အချစ်က မပြယ်သေးတဲ့အတွက် အဲဒီအိမ်မှာပဲ ခွေးဖြစ် ရရှာတယ်၊ အဲဒီခွေးက ချစ်တဲ့စိတ်ဇောနဲ့ အဲဒီမိန်းမနောက်ကို တကောက်ကောက်နဲ့ လိုက်နေတယ်၊ မခွါရက်ဘူး၊ တောထဲသွားလဲ လိုက်လာတာပဲ။ ဒီတော့ လူတွေက “ဟေ့ ခွေးမုဆိုး ထွက်ပြီ၊ ဘယ်အရပ် သွားမလဲမသိဘူး”လို့ ပြောင်လှောင် ပြောဆိုကြသတဲ့။ ဒါကြောင့် အဲဒီမိန်းမက အဲဒီ ခွေးကိုလဲ အသတ်ခိုင်းတယ်။
ခွေးဘဝမှ သေတော့လဲအချစ်က မပြယ်သေးတဲ့အတွက် အဲဒီအိမ်မှာပဲ နွားဖြစ်ရပြန်တယ်၊ အဲဒီနွားကလေးကလဲ အဲဒီ မိန်းမနောက်ကို တကောက် ကောက်နဲ့ လိုက်နေတယ်၊ အဲဒီလို လိုက်နေတာကို မြင်ရတော့ လူတွေက “ဟေ့ နွားကျောင်းသား ထွက်ပြီ၊ နွားတွေ ဘယ်စားကျက်မှာ ကျက်စားကြမလဲမသိ”လို့ ပြောင်လှောင် ပြောဆိုကြပြန်သတဲ့။
ဒါကြောင့် အဲဒီမိန်းမက အဲဒီနွားကို အသတ်ခိုင်းပြန်တယ်။ ဒါပေမဲ့ အဲဒီ ခင်ပွန်းဟောင်းကတော့ သူ့ဇနီးဟောင်းအပေါ် ချစ်စိတ်က မပြယ်သေးဘူး၊ ဒါကြောင့် အဲဒီ နွားဘဝမှ သေရတဲ့အခါ အဲဒီ ဇနီးဟောင်းရဲ့ ဝမ်းထဲမှာပဲ ပဋိသန္ဓေနေပြီး လူဖြစ်လာတယ်။
အဲဒီအခါမှာတော့ ရှေးက လေးဘဝတိုင်တိုင် အဲဒီမိန်းမ၏ စေခိုင်းချက်ဖြင့် သေခဲ့ရတာတွေကို ပြန်လည်အောက်မေ့နိုင်တဲ့ ဇာတိဿရဉာဏ်ကို ရနေတဲ့အတွက် “ဒီလို ရန်သူမိန်းမ၏ ဝမ်းထဲမှာ ဖြစ်မှ ဖြစ်ရလေခြင်း”လို့ ဆင်ခြင်ပြီး အလွန်ပင် စိတ်မချမ်းမသာ ဖြစ်နေတယ်၊ ဒါကြောင့် အဲဒီ ရန်သူ မိခင်၏ လက်နဲ့တောင် အထိမခံဘူး၊ သားသား ဆိုတဲ့ အနေနဲ့ အဲဒီမိခင်က လက်ဖြင့်ထိလျှင် ကိုင်လျှင် ကလေးက အပြင်းအထန် ငိုတော့တာပဲတဲ့။
ဒါကြောင့် အဲဒီသူငယ်ကို အဘိုးက ပြုစုစောင့်ရှောက်ခဲ့ရတယ်၊ စကားပြောနိုင်တဲ့ အရွယ်ရောက်တော့ သူ့အဘိုးက “ငါ့မြေး မင့်အေမထိတာ ဘာကြောင့် ငိုတာလဲ”လို့ မေးတယ်။ ဒီမိန်းမကြီဟာ ကျွန်တော့အမေ မဟုတ်ဘူး၊ လေးဘဝတိုင်တိုင် ကျွန်တော့ကို သတ်နေတဲ့ ရန်သူပဲ”လို့ ပြောပြီးတော့ အကြောင်းအလုံးစုံကို အကုန်ပြန်ပြောတယ်။
အဲဒီတော့ အဘိုးက အဲဒီ သူငယ်ကို ပွေ့ဖက်လျက် ငိုယိုပြီးတော့ “လာပါကွယ် ငါ့မြေး၊ ငါတို့မှာ ဒီအရပ်၌ နေခြင်းဖြင့် အကျိုးမရှိပါဘူး”လို့ ပြောပြီး အဲဒီသူငယ်ကို ခေါ်ဆောင်လျက် ထွက်သွားတယ်၊ ကျောင်းတိုက်တခုသို့ သွားပြီး ရှင်ရဟန်း ပြုကြတယ်၊ မြေးအဘိုး ၂ - ဦးလုံး အဲဒီကျောင်းတိုက်မှာ နေလျက် တရား အားထုတ်ပြီး အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်ကာ ရဟန္တာ ဖြစ်သွားကြပါ သတဲ့။
ဒီဝတ္ထုမှာ ပြောလိုရင်းကတော့ ခင်မင်တွယ်တာမှု တဏှာကြောင့် ခင်မင်တွယ်တာရာမှာ အခါခါ ဖြစ်ရတယ် ဆိုတာပါပဲ၊ အဲဒါဟာ “ပေါနောဘဝိကာ - တဏှာက တဖန် ဘဝသစ်ကို ဖြစ်စေတတ်တယ်” ဆိုတာကို ထင်ရှားပြတဲ့ ဝတ္ထုတခုပါပဲ။
ဒါပေမဲ့ အဲဒီ မြွေဖြစ်, ခွေးဖြစ်, နွားဖြစ်ပြီး သေခြင်းဆိုးနဲ့ချည်း သေလာရတဲ့ လူဖြစ်တဲ့ နောက်ဆုံးဘဝမှာတော့ ရဟန္တာ ဖြစ်သွားတဲ့အတွက် ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ တဏှာကင်းသွားပြီ၊ ဒါကြောင့် အဲဒီက နောက်မှာ ဘဝသစ် မဖြစ်ရတော့ပဲ ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းသွားပြီ၊ အဲဒီလို ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းသွားအောင် သံဝေဂယူပြီး ဝိပဿနာ တရားအလုပ်ကို အားထုတ်စရာလဲ ကောင်းပါတယ်။
ပါဠိ အဋ္ဌကထာ စာပေကျမ်းဂန်လာ ဝတ္ထုတွေ ပြောနေယင်တော့ မဆုံးနိုင်ဘူး၊ ဒါကြောင့် အဲဒါတွေကို ဒါလောက်နဲ့ ရပ်ထားပြီးတော့ ယခု မျက်မှောက်ခေတ် ပစ္စုပ္ပန်ဝတ္ထုများကို ပြောရမယ်။
ဓမ္မကထိက ဆရာတော်ကြီးတပါး
ဘုန်းကြီးဟာ မော်လမြိုင်မြို့ တောင်ဝိုင်းတိုက်ကျောင်းမှာ ၁၂၉၁ - ခုနှစ်မှ ၁၃၀၃ - ခုနှစ်အထိ နေထိုင်ခဲ့ပါတယ်၊ အဲဒီအခါတုန်းက မော်လမြိုင်မြို့ပေါ်မှာ ထင်ရှားတဲ့ ဓမ္မကထိက ဆရာတော်ကြီးတပါး ရှိခဲ့ပါတယ်၊ ရှေ့နေ ဒကာကြီးတဦး ကွယ်လွန် သွားလို့ ရက်လည်ဆွမ်း ကပ်လှူတဲ့အခါ အဲဒီဆရာတော်ကြီးက ရက်လည်ဆွမ်း အနုမောဒနာတရားကို ဒီလို ဟောကြားပါတယ်။
(အဒ္ဓုဝံ မေ ဇီဝိတံ၊ ဓုဝံ မေ မရဏံ)
မေ - ငါ၏၊ ဇီဝိတံ - အသက်ရှင်ခြင်းသည်၊ အဒ္ဓုဝံ - မခိုင်မြဲပါတကား။ မေ - ငါ၏။ မရဏံ - သေခြင်းသည်ကား၊ ဓုဝံ - မချွတ် ဧကန် မြဲမြံ၏။
(အဝဿံ မယာ မရိတဗ္ဗမေဝ၊ မရဏပရိယောသာနံ မေ ဇီဝိတံ)
မယာ - ငါသည်၊ အဝဿံ - မချွတ်ဧကန်၊ မရိတဗ္ဗမေဝ - သေရမည်သာတည်း၊ မေ - ငါ၏၊ ဇီဝိတံ - အသက်ရှင်နေခြင်းသည်၊ မရဏပရိယောသာနံ - သေခြင်းလျှင် အဆုံးရှိချေ၏။
(ဇီဝိတမေဝ အနိယတံ၊ မရဏံ နိယတံ)
ဇီဝိတမေဝ - အသက်ရှင်ခြင်းသည်သာလျှင်၊ အနိယတံ - ကိန်းသေ မမြဲ၊ မရဏံ - သေခြင်းသည်ကား၊ နိယတံ - ကိန်းသေပင်တည်း -
ဆိုတဲ့ ဒီမရဏဿတိ ဆင်ခြင်ပုံစကားကို အရင်းခံပြုပြီး ဟောသွားတယ်၊ အဲဒီတုန်းက ဘုန်းကြီးလဲ အဲဒီအလှူမှာပါလို့ နာကြားလိုက်ရပါတယ်။
အဲဒီကနောက် ခုနစ်ရက်မတိုင်မီ ရက်အနည်းငယ်အတွင်းမှာ အဲဒီဓမ္မကထိက ဆရာကြီး ပျံတော်မူသွားကြောင်း ကြားသိရတယ်၊ အဲဒီတော့ ပျံတော်မူတဲ့အခါ သူဟောတဲ့ မရဏဿတိ တရား အမှတ်ရပြီး ပျံတော်မူသွားမှာပဲလို့ ဘုန်းကြီးက စဉ်းစားမိပါတယ်။ ပျံတော်မူခြင်း၏ အကြောင်းကတော့ လူဆိုးများက ဓားနဲ့ ထိုးသတ်သွားလို့ ဆိုတဲ့ အကြောင်းလဲ ကြားသိရပါတယ်။
အဲဒီအနောက် ၃ - နှစ်လောက်ကြာတဲ့ အခါကျတော့ မြိတ်နယ်က သူငယ်ကလေး တယောက် ပေါ်လာတယ်၊ မော်လမြိုင်မြို့မှာ သူ့ကျောင်းရှိတယ် လိုက်ပို့ပါလို့ ပူဆာတဲ့အတွက် အဲဒီကလေးရဲ့ မိဘများက လိုက်ပို့ကြတယ်၊
အဲဒီ ပျံတော်မူသွားတဲ့ ဆရာတော်ကြီးကျောင်း ရောက်တော့ သူဟာ အယင်ဘဝက အဲဒီ ကျောင်းပိုင် ဆရာတော်ကြီး ဖြစ်ကြောင်း စသည်တွေကို အဲဒီ ကလေးက ပြောတယ်၊ အဲဒီကျောင်းဆိုင်ရာ အကြောင်းအရာတွေကို သူက အကုန်လုံး ပြောနိုင်တယ်၊ ပြောသမျှလဲ အမှန်ချည်းဖြစ်နေတယ်၊ အဲဒီ အနီးအပါးက ဆရာတော် တွေကိုလဲ သူက အကုန်မှတ်မိနေတယ်၊ ဘွဲ့အမည်တွေကိုလဲ ရှေးက ခေါ်နေကျ အတိုင်း သူက ခေါ်နေသတဲ့။
အဲဒီ ဆရာတော်ကြီးနဲ့ ရင်းနှီးတဲ့ ကပ္ပယ ဒကာတဦးကို အမည် ထုတ်ဖော်ပြီး မေးကြတဲ့ အခါကျတော့ ဒီကလေးက “ကြောက်စ ကြောက်စ”လို့ ဆိုသတဲ့။ ဘာကြောင့် ကြောက်သလဲလို့ မေးတော့ အခြားလူတစုနဲ့ အဲဒီလူက သူ့ကို ဓားနဲ့ထိုးသတ်တဲ့အကြောင်း၊ သူက ထွက်ပြေးလို့ မြစ်ကမ်းနားရောက်တော့ လှေကြီးကို တွေ့တာနဲ့ အဲဒီလှေကြီးကို စီးပြီး လိုက်သွားကြောင်း၊ မြိတ်ပင်လယ် ကမ်းခြေ ရွာတခုရောက်တော့ ယခု လက်ရှိ သူ့မိဘ အိမ်မှာ ဝင်နေကြောင်းများကို အဲဒီကလေးက ပြောပါသတဲ့။
အဲဒီမှာ ကျောင်းမှ ထွက်ပြေးပုံ၊ ကမ်းနားရောက်တော့ လှေကြီးတွေ့ပုံ၊ အဲဒီ လှေကြီးစီးပြီး လိုက်သွားပုံ၊ လက်ရှိ သူ့မိဘအိမ်ဝင်နေပုံတွေကတော့ ပျံတော်မူ ခါနီးတုန်းက ထင်ခဲ့တဲ့ ဂတိနိမိတ်တွေပါပဲ။ ဒီဝတ္ထုဟာလဲ တဏှာက ဘဝသစ်ကို ဖြစ်စေတယ် ဆိုတာနဲ့ စပ်ပြီး အထူး မှတ်သားသင့်တဲ့ အကြောင်းအရာတခုပါပဲ။
ငွေလေးဆယ်အတွက် ကျွဲဖြစ်သလား
မုံရွာခရိုင် မြို့တခု၌ ငွေတိုးပေး ချေးငှါးပြီး စီးပွါးရေး လုပ်နေတဲ့ လူကြီးတယောက် ဗြိတိသျှခေတ်တုန်းက ရှိခဲ့တယ်၊ အဲဒီ လူကြီးက လယ်ယာသမားတဦးထံမှ အကြွေးတောင်းတယ်၊ လယ်ယာသမားက အကြွေးပေးဆပ်ပြီးကြောင်း ပြောတယ်၊ ကြွေးရှင်လူကြီးက မဆပ်ရသေးပါဘူး ဆပ်ပါလို့ အထပ်ထပ်ပြောပြီး နောက်ဆုံး ကျတော့ “ကြွေးဆပ်ပြီးဖြစ်ပါလျက် ထပ်တောင်းတာ ဖြစ်လို့ရှိယင် အဲဒီထပ်ပြီး ဆပ်တဲ့ ငွေလေးဆယ်အတွက် မင့်အိမ်မှာ ငါကျွဲဖြစ်ရပါစေလို့” ကျိန်ဆိုပြီး အတင်းတောင်းနေသတဲ့။ ဒီတော့ ဆင်းရဲသား လယ်ယာသမားက သိလျက်သားနဲ့ ငွေလေးဆယ် ထပ်ပြီးပေးဆပ်လိုက်ရတယ်။
အဲဒီ ကြွေးရှင် လူကြီး ဆုံးသွားပြီးတဲ့နောက် အဲဒီ ကြွေး ၂ - ခါဆပ်ရတဲ့ လယ်ယာ သမားအိမ်မှာ ကျွဲကလေးတကောင် မွေးလာတယ်၊ အဲဒီ ကျွဲကလေးကို သူ့ဆရာ ကြွေးရှင်လူကြီးက ဖြစ်လာတယ်လို့ ထင်မြင်ယူဆပြီး အဲဒီ လယ်ယာသမား ဆင်းရဲသားက သူ့ဆရာကို ခေါ်နေကျအတိုင်း အဲဒီ ကျွဲကလေးကို ဆရာ ဆရာ လာပါ - လို့ ခေါ်ကြည့်တယ်၊ အဲဒီလို ခေါ်လိုက်တော့ အဲဒီ ကျွဲကလေးကလာသတဲ့၊
ဒီတော့ အဲဒီ လယ်သမားက “သူ့ကြွေးရှင် လူကြီးဟာ သူ့ကျိန်စာအရ မိမိအိမ်မှာ ကျွဲလာဖြစ်တယ်” ဆိုတာ ယုံကြည်ပြီး ပြောတယ်။ အဲဒီအခါ ကွယ်လွန်သွားတဲ့ ပစ္စည်းရှင်ကြီး၏သ္မီးက သူ့အဖေ ဂုဏ်အသေရေပျက်အောင် ပြောတယ် ဆိုပြီး ရုံးမှာ တရားစွဲသတဲ့။
အဲဒီတော့ တရားသူကြီးက ကျွဲကလေးနှင့်တကွ တရားလို တရားခံ သက်သေ များပါအစုံ ခေါ်ယူပြီး စစ်ဆေးတယ်၊ လယ်ယာသမားက အကြွေးရှင်လူကြီးကို ဆရာလို့ ခေါ်လေ့ရှိတဲ့အတိုင်း ကျွဲကလေးကို ဆရာ လာပါလို့ ခေါ်လိုက်တော့ ကျွဲကလေးက အဲဒီလူဆီကို လာသတဲ့၊ အကြွေးရှင်လူကြီးရဲ့ သ္မီးက သူ့အဖေကို ရှိရှိလို့ခေါ်နေကျအတိုင်း အဲဒီကျွဲကလေးကို ရှိရှိလာပါလို့ ခေါ်လိုက်တဲ့ခါလဲ အဲဒီခေါ်တဲ့ အမျိုးသ္မီးဆီကို လာသတဲ့။ ဒီတော့ တရားသူကြီးက လယ်ယာသမား ပြောတာဟာ ရိုးသားစွာ ပြောတာပဲလို့ အယုံအကြည်ရှိပြီး အမှုကို ရုပ်သိမ်းလိုက် ပါသတဲ့။
ဒီဝတ္ထုလဲ လူ့ဘဝမှာ ကျွဲဖြစ်သွားရတယ်ဆိုတာ ယုံကြည်စရာ အကြောင်းရှိပါတယ်၊ ဒါကြောင့် တဏှာက ဘဝသစ် ဖြစ်စေတယ် ဆိုတာကို ထင်ရှားစေသည့်ပြင် မှားယွင်းစွာ ကျိန်ဆိုမိယင် ကျိန်ဆိုတဲ့အတိုင်း ဒုက္ခရောက်ရတတ်တယ် ဆိုတာကိုလဲ သတိပြုစရာပါပဲ။
ငညိုရဲ့ ဆန်တစလယ်
တောင်တွင်းကြီးမြို့၏ အနောက်မြောက်ဖက် ၁၀ - မိုင်ခန့်ဝေးတဲ့ အရပ်မှာ ချောင်းရိုးရွာ ဆိုတာ ရှိတယ်၊ အိမ်ခြေ ၄၀ဝ - ခန့်ရှိတယ်၊ အဲဒီရွာမှာ ငညိုနဲ့ ဘဆိုင်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကွမ်းထမ်းပြီး ရောင်းတဲ့ အလုပ်ကို လုပ်ကြတယ်၊ တနေ့တော့ ကွမ်းရောင်းရာမှ ပြန်လာတဲ့အခါ ဘဆိုင်မှာ ဆန်ကုန် သွားလို့ ငညိုထံမှ ဆန်တစလယ်ချေးပြီး ချက်စားရတယ်၊ အဲဒီလို စားပြီးနောက် ညဉ့်အခါ လရောင်ဖြင့် ပြန်လာကြရာ လမ်းမှာ ပိုးထိလို့ ဘဆိုင်ဟာ သေသွား ရှာတယ်၊ အဲဒီအခါတုန်းက သူတို့၏ အသက်ဟာ ၂၀ - ကျော်လောက် ရှိဟန် တူပါတယ်၊ ခုနှစ်ကတော့ ၁၂၇၀ - နဲ့ ၁၂၈၀ - အတွင်း ဖြစ်ပါလိမ့်မယ်။
ဘဆိုင်ဟာ သေပြီးတော့ ငညိုအိမ်မှာ ကြက်ဖြစ်ရသတဲ့၊ ဆန်တစလယ် အကြွေးကို စွဲလမ်းပြီး သေသွားဟန် တူပါတယ်၊ အဲဒီကြက်က တိုက်ကြက်ကလေးမို့ ငညိုက အခြားလူများရဲ့ ကြက်များနှင့် ကြက်တိုက်ပွဲ လုပ်တယ်၊ ၃ ပွဲ ၃ - ကြိမ် တိုင်အောင် အနိုင်ရတယ်၊ ၄ - ကြိမ်မြောက် ပွဲကျတော့ အခြားကြက်က အသက်လဲ ကြီးတာနဲ့ ငညိုကြက်က ရှုံးတယ်၊
အဲဒီတော့ ငညိုက ရှုံးရမလား ဆိုပြီး စိတ်ဆိုးတာနဲ့ သူ့ကြက်ကို ခြေနှစ်ချောင်းကိုင်ပြီး မြေကြီးနဲ့ရိုက်လိုက်တယ်၊ မသေမရှင်နဲ့ အိမ်သို့ ယူလာပြီး ရေအိုးစင်နား ပစ်ချထားတယ်၊ အဲဒီအချိန်မှာ ငညိုရဲ့ နွားမကြီးက အဲဒီကြက်ကလေးကို နမ်းသွားသတဲ့။
အဲဒီ ကြက်ကလေးက သေပြီးတော့ အဲဒီ နွားမကြီးဝမ်းထဲမှာ ပဋိသန္ဓေနေရတယ်၊ မွေးလာတဲ့အခါ နွားမကလေး ဖြစ်နေသတဲ့၊ အဲဒီ နွားမကလေး အတော်အတန် ကြီးလာတဲ့အခါ ငညိုရဲ့မိတ်ဆွေများက အဲဒီနွားမကလေးကို တန်ဘိုး ၄ - ကျပ် ထားပြီး ငညိုပါ သတ်စားကြသတဲ့။ အဲဒီလို သတ်ပြီး အမဲသားတွေ လှီးဖျက်နေတုန်း တောင်တွင်းကြီးမှ စာရေးကြီးနဲ့ စာရေးကတော်က အဲဒီနေရာ ရောက်လာကြတယ်၊
စာရေးအတော်က နွားမကလေးအား သနားကရုဏာသက်ပြီးတော့ ငါ့နွားသာဆိုယင် မသတ်ရက်ပါဘူး၊ သူ့အလိုလိုသေသွားတောင် မစားရက်ပါဘူး၊ မြေကြီးထဲ မြှုပ်လိုက်မှာပဲ”လို့ ပြောသတဲ့။
အဲဒီကနောက် စာရေးကြီးကတော်မှာ သားယောက်ျားကလေး ဖွားမြင်လာတယ်၊ ဒီကလေးက အသက် (၇) နှစ် ရှိသည့် တိုင်အောင် စကားမပြောဘူးတဲ့။ ဒီတော့ ဘခင်စာရေးကြီးက “ငါ့သား စကားပြောပါကွာ၊ ဒီကနေ့ လခထုတ်ရမယ်၊ ငါ့သားအတွက် အဝတ်ကောင်းကောင်း ဝယ်ခဲ့မယ်”လို့ ပြောပြီးတော့ ညနေ ပြန်လာတဲ့အခါ “ဟောဒီ အဝတ်လှလှကလေးတွေဟာ ငါ့သားဘို့ပဲ၊ ကဲ စကား ပြောပေတော့”လို့ ပြောတဲ့အခါ အဲဒီကလေးက “ငညို့ ဆန်တစလယ်”လို့ ပြောသတဲ့။
အတိုချုံးပြောရမှာပဲ၊ အဲဒီကနောက် ဘခင်စာရေးကြီးက “ငါ့သာစကားသာ ပြောပါ၊ ဆန်တစလယ်မကဘူး၊ ဆန်တအိတ်တောင် ကြွေးဆပ်ပေးမယ်”လို့ ပြောတော့ အဲဒီကလေးက “ဒီလိုဆိုယင် ဆန်အိတ်ကို လှည်းပေါ်တင်ပါ၊ ယခုပဲ သွားပြီး ကြွေးဆပ်ရအောင်”လို့ ပြောသတဲ့။ ဒါနဲ့ဆန်အိတ်ကို လှည်းပေါ်တင်ပြီးတော့ ဘယ်ကို မှောင်းရမှာလဲလို့ မေးတဲ့အခါ တောင်တွင်းကြီးမြို့မှ မြောက်ဘက်မောင်းဘို့ ကလေးက ပြောတယ်၊
နောက်လဲ ခလေးပြောတဲ့ လမ်းအတိုင်း လှည်းကို မောင်းသွားကြရာ ချောင်းရိုးရွာရောက်တော့ “ဒီရွာပဲ၊ ရွာထဲဝင်ပါ၊ ဒီလမ်းကို မောင်းပါ” စသည်ဖြင့် ကလေးက ညွှန်ပြတယ်၊ နောက်ဆုံး ငညိုအိမ်ရောက်တဲ့အခါ “ဟောရောက်ပြီ၊ ဒီ အိမ်ပဲ”လို့ ကလေးက ပြောတယ်။ ဒါဦးညိုအိမ် ဟုတ်ပါရဲ့လားလို့ လူကြီးတွေက မေးတော့ ဦးညိုက ဟုတ်ပါတယ် ဆိုပြီး အိမ်ပေါ်မှ ဆင်းလာတယ်၊
အနားရောက်တော့ ကလေးက “ဟေ့ ငညို ငါ့မှတ်မိသေးရဲ့လား”လို့ မေးလိုက်တယ်၊ အဲဒါကို ကြားရတော့ “သူ့အဖေလောက်ရှိတဲ့ ငါ့ကို ငညိုလို့ ခေါ်ရမလား”လို့ ဆိုပြီး ဦးညိုက စိတ်ဆိုးလိုက်တာတဲ့။ ဒါနဲ့ စာရေးကြီးက “ဦးညိုရေ စိတ်မဆိုးပါနဲ့ဗျာ၊ ဒီကလေးက ထူးခြားတဲ့ အကြောင်းရှိပါတယ်”လို့ ပြောပြီး တောင်းပန်ရတယ်။
အိမ်ပေါ်ရောက်တဲ့အခါကျတော့ ကလေးက “ဟေ့ ငညိုမင်းက ငါ့ကို မမှတ်မိတော့ ဘူးလားကွာ၊ ဟိုတုန်းက မင်းနဲ့ ငါကွမ်းထမ်းပြီး ရောင်းကြတယ်၊ ငါက မင့်ဆီက ဆန်တစလယ် ချေးဘူးတယ်၊ အဲဒီ အကြွေး မဆပ်ရသေးခင် ပိုးထိလို့ ငါသေခဲ့ရတယ်၊ မင့်အိမ်မှာ ကြက်ဖြစ်ရတယ်၊ တိုက်ပွဲမှာ ၃ - ကြိမ်တိုင်တိုင် ငါက အနိုင်ရအောင် ခုပ်ပေးခဲ့တယ်၊ ၄ - ကြိမ် မြောက်ကျတော့ ဟိုကြက်ကြီးက ငါ့ထက် အားကြီးလို့ ငါရှုံးရတယ်၊ မင်းကငါ့ကို ရှုံးရမလားလို့ စိတ်ဆိုပြီး ရိုက်သတ်တယ်၊ မသေမရှင်နဲ့ ပစ်ချထားရာမှ နွားမကြီးကလာပြီး ငါ့ကို နမ်းတယ်၊ အဲဒီ နွားမကြီး ဝမ်းထဲမှာ ဖြစ်ရပြီး မွေးလာတော့ နွားမကလေး ဖြစ်ရတယ်၊ နွားမတန်း အရွယ်လောက်မှာ မင်းတို့က ငါ့ကို သတ်စားကြတယ်၊
အဲဒီအခါတုန်းက ဟောဒီ စာရေးကြီး အဘေနဲ့ အမေတို့က အနီးအပါးရောက်လာပြီး သနားသက်ညှာတဲ့ စကားကို ပြောတယ်၊ ပြောသမျှတွေကလဲ အကုန်လုံး အမှန်ချည်း ဖြစ်နေတယ်၊ ဒါကြောင့် ဦးညိုမှာ သူပြုမိတာတွေကို စဉ်းစားပြီးတော့ အင်မတန် ဝမ်းနည်းတဲ့အတွက် ငိုကြွေးရှာပါသတဲ့။
ဒီဝတ္ထုဖြင့် သိစေလိုရင်းမှာ တဏှာမကင်း သေးယင် တဖန် ဘဝသစ်အမျိုးမျိုး ဖြစ်ရတယ် ဆိုတာ သိစေလိုရင်းပါပဲ။
သရဲဖြစ်ရ နွားဖြစ်ရတာ ကြောက်စရာ
၁၃၀၁ - ခုနှစ် လောက်က မန္တလေးမြို့ ဘုရားကြီးတိုက်မှာ စာသင်သား ရဟန်းတော်တပါး ရှိခဲ့တယ်၊ သူ့ဘွဲ့တော်က ဦးအာစိဏ္ဏတဲ့၊ ရုပ်ရေထွားကြိုင်း ဖြူစင်တယ်၊ သဒ္ဓါတရားကောင်းတယ်၊ ပိဋကတ်စာပေကို ကြိုးကြိုးစားစား ကျက်မှတ်တယ်။
အဲဒီ ဦးအာစိဏ္ဏက တနေ့သောအခါ သပိတ်ဆေးနေယင်း “အရှင်ဘုရားတို့ သတိပြုကြပါ၊ သူများတွေလှူတဲ့ ဆွမ်းတွေကို စားပြီး ကောင်းကောင်းကျင့်သုံး နေထိုင်ကြပါ၊ တပည့်တော်ကတော့ သုံးဘဝတိုင်တိုင် ကိုယ်တွေ့ဖြစ်ခဲ့လို့ အထူးသတိပြုနေပါတယ်” စသည်ဖြင့် အတူနေရဟန်းများအား ပြောကြားတယ်။
အဲဒီလို ပြောပြီးတဲ့နောက် သူ့ အကြောင်းသိချင်တာနဲ့ ကိုယ်တော်တပါးက မေးကြည့်တယ်။ အဲဒီအခါ သူက ဒီလို ပြောပါတယ်၊ သူဟာ လူ့ဘဝမှာ သေတဲ့အခါ သရဲမကြီး ဖြစ်ခဲ့ရတယ်၊ အဲဒီတုန်းက စားစရာလဲ မပြည့်စုံ နေစရာလဲ ကောင်းကောင်း မရှိတဲ့အတွက် ဟိုသွားရ ဒီသွားရနဲ့ အင်မတန် ဆင်းရဲခဲ့တယ်။ အဲဒီဘဝမှ သေတော့ နွားထီးဖြစ်ရတယ်၊ အဲဒီဘဝမှာ ဝန်အတူ ရုန်းဖော်ဖြစ်တဲ့ အခြားနွားတကောင်နဲ့ စားကျင်းတခုတည်းမှာ အတူတူစားရတယ်။
အဲဒီအတူ စားနေရတဲ့ နွားရဲ့ နှာခေါင်းမှ နှာရည်ပုပ်တွေ မခံနိုင်အောင် ထွက်နေတဲ့အတွက် အဲဒီနွားကို ဝှေ့တယ်၊ အဲဒီလို ဝှေ့တော့ ပိုင်ရှင်လူက ရိုက်တယ်၊ “ကျယ်တယ်၊ အနိုင်ကျင့်တယ်” ထင်လို့ ရိုက်တာ ဖြစ်ပါလိမ့်မယ်၊ ခဏ ခဏ ဝှေ့တယ်၊ ဝှေ့တိုင်း ဝှေ့တိုင်း အရိုက်ခံရတယ်။ အဲဒီနွား ဘဝမှ သေတော့ ယခုဘဝ ရောက်လာရတယ်၊ ဒါကြောင့် သံဝေဂရပြီး ရဟန်းပြုလာတဲ့ အကြောင်း ပြောကြားတယ်၊
(အဲဒီလို ပြောကြားစဉ်က အဲဒီ ပြောတဲ့ ရဟန်းမှာ ၉ - ဝါ ၁၀ - ဝါခန့် ရနေပြီ ဖြစ်ကြောင်း သိရသည်)
ဒီဝတ္ထုဖြင့် သိစေလိုရင်းကလဲ တဏှာရှိနေလို့ ဘဝသစ်ဖြစ်ရတယ် ဆိုတာပါပဲ။ နောက်ပြီးတော့ သရဲတစ္ဆေ ဖြစ်ရတာလဲ ကြောက်စရာကောင်းကြောင်း၊ နွားတွေမှာ စကား မပြောတတ်တဲ့အတွက် သူတို့၏ အခက်အခဲများကို လူတို့အား မပြောတတ်တဲ့အတွက် အခက်အခဲများကို လူတို့အား မသိစေနိုင်သဖြင့် လူတို့၏ အနှိပ်စက်ခံနေရတာလဲ ကြောက်စရာ ကောင်းကြောင်းများလဲ သံဝေဂယူဘွယ် ဖြစ်ပါတယ်။
နွား, ခွေးဖြစ်ပြီးမှ လူပြန်ဖြစ်
၁၃၁၀ - ခုနှစ် လောက်ဆီက မုံရွာမြို့နယ် ကျေးရွာဘုန်းကြီးကျောင်း တခုမှ ဘုန်းကြီးကို သူပုန်ဗိုလ် တယောက်က “သူ့တပည့်ရဲဘော်အား နှိပ်စက်တယ်” ဆိုပြီး သေနတ်ဖြင့် ပစ်သတ်တယ်၊ အဲဒီကိုယ်တော်ဟာ ယခုတဖန် လူ့ဘဝရောက်လာပြီး ရဟန်းဖြစ်နေတယ်၊ ပဌမပြန် စာမေးပွဲမှာတောင် အချို့အဆင့်အတန်းများ အောင်မြင်နေပြီလို့ ကြားသိရတယ်၊
အဲဒီ ရဟန်းက “သေနတ်ဖြင့် အပစ်ခံရပြီး သေတဲ့အခါ နွားဘဝ၌ ဖြစ်ခဲ့ရကြောင်း၊ အဲဒီကနောက် ခွေးဘဝ၌ဖြစ်ခဲ့ရကြောင်း၊ အဲဒီကနောက် လူ့ဘဝပြန်ရောက် လာခဲ့ကြောင်း” ပြောပါသတဲ့၊ နောက်ပြီးတော့ အဲဒီရဟန်းဟာ သေနတ်လက်ကိုင် လူများကို အလွန်ကြောက်တတ်တယ်လို့လဲ ဆိုပါတယ်။
ဒီဝတ္ထုမှာ “ရဟန်းအဖြစ်မှ နွားဖြစ်ရတယ်၊ ခွေးဖြစ်ရတယ်” ဆိုတော့ အင်မတန် ယုတ်ညံ့တယ်လို့ ထင်စရာရှိပါတယ်၊ တဏှာမကင်းသေးယင် ဒါထက် ယုတ်ညံ့တဲ့ ဘဝတွေလဲ ဖြစ်နိုင်သေးတာပဲ၊
ဘုရားလက်ထက်တော်တုန်းက အရှင်တိဿ ဆိုတဲ့ ရဟန်းဟာ သန်းတောင် ဖြစ်ရသေးတာပဲ။ ဒါကြောင့် တဏှာမကင်းသေးတဲ့သူတိုင်း (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာလဲ မကင်းသေးယင်) ဒီလို ဘဝမျိုးတွေမှာ ဖြစ်နိုင်သေးတယ် ဆိုတာကို သိပြီးတော့ တဏှာကင်းအောင် အားထုတ်ဖို့ အရေးကြီးပါတယ်။ အောက်ထစ်ဆုံးအားဖြင့် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကင်းအောင် အားထုတ်ဖို့ လိုပါတယ်။
တောက်တဲ့တောင် ဖြစ်ရသေးသတဲ့
၁၃၂၃ - ခုနှစ်လောက် ဒိုက်ဦးမြို့အနီး ဖအောင်ဝဲဆိုတဲ့ရွာမှာ ထူးဆန်းတဲ့ ကလေး တယောက် ပေါ်လာတယ်။ အဲဒီကလေးက သူဟာ ဒိုက်ဦးမြို့ တောင်ဘက် ၂ - မိုင်လောက်ဝေးတဲ့ ရွာဝိုင်းကြီးက ဘုန်းကြီးဖြစ်ကြောင်း ပြောသတဲ့၊ စာကျက် မှတ်ဉာဏ်လဲ အထူးကောင်းသတဲ့၊ သူနေခဲ့တယ်ဆိုတဲ့ ကျောင်းကို ခေါ်သွားတဲ့အခါ အဲဒီကျောင်းက ပစ္စည်းတွေကို သူက အကုန်လုံး သိနေတယ်၊ ဒါက ဘယ်သူက လှူတဲ့ ပစ္စည်းစသည်ဖြင့် လှူတဲ့ သူတွေကိုလဲ ပြောတယ်၊ ပြောတဲ့ အတိုင်းလဲ မှန်သတဲ့။
သူဟာ အဲဒီ ဘုန်းကြီးဘဝမှ ပျံတော်မူတဲ့အခါ အဲဒီ ကျောင်းမှာပဲ တောက်တဲ့ဘဝ၌ ဖြစ်ခဲ့ရသတဲ့၊ အဲဒီတောက်တဲ့ဟာ ကျောင်းနဲ့ထန်းပင် အကူးမှာ လွတ်ကျပြီး ပေါင်ကျိုး သွားတဲ့ ဒဏ်ရာကြောင့် သေခဲ့ရသတဲ့၊ သေတဲ့အခါ အဲဒီကျောင်းနားမှာ လယ်လုပ်နေတဲ့ ဖအောင်ဝဲရွာ (ဖောင်ဝဲရွာ)က လယ်သ္မား (ယခု သူ့အဘေ)ရဲ့ လှည်းပေါ်မှာ စီးလိုက်သွားပြီး အဲဒီ လယ်သ္မားအိမ်မှာပဲ ဝင်နေတယ်လို့လဲ ပြောပါသတဲ့။ အဲဒီမှာ လှည်းပေါ် စီးလိုက်သွားတယ်ဆိုတာ စသည်ကတော့ ဂတိနိမိတ် ထင်ခဲ့ပုံတွေပါပဲ။
ဒီဝတ္ထုလဲ တဏှာမကင်းသေးယင် ဒီလို ဘဝအသစ်တွေလဲ ဖြစ်နိုင်တယ် ဆိုတာ သံဝေဂယူပြီး အဲဒီ တဏှာကင်းရေးအတွက် မဂ္ဂင်ရှစ်ပါးတရားကို ပွါးစေကြဘို့ပါပဲ။ ယခုလို ပစ္စုပ္ပန်ဝတ္ထုတွေကို ထုတ်ဖော်ပြရတာဟာ ဘာကြောင့်လဲ ဆိုယင်၊ ယခုနေအခါမှာ တချို့က နောင်တမလွန် ဘဝမရှိဘူးလို့ ပြောနေကြတယ်၊ တချို့ကလဲ ရှိ - မရှိ ဇဝေဇဝါ ဖြစ်နေကြတယ်၊ စာပေကျမ်းဂန်တွေ အထင်အရှားရှိနေပေမဲ့ တချို့က ရှေးက ရေးထားတာတွေပဲ ဆိုပြီး လေးလေးနက်နက် မယုံကြည်နိုင်ပဲ ရှိနေကြတယ်၊
ဒါကြောင့် ကံ ကံ၏အကျိုးနဲ့ တမလွန်ဘဝကို ယုံကြည်တဲ့ သဒ္ဓါတရား ဖြစ်ပွါးပြီး ခိုင်မြဲကြစေရန်အတွက် ရည်မြှော်ပြီး ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်၊ ပြစရာအလားတူ ဝတ္ထုတွေကတော့ အများကြီး ရှိပါသေးတယ်၊ ဒါပေမဲ့ ဒါလောက် ဆိုယင် ရည်ရွယ်ချက်အတွက် ပြည့်စုံလောက်ပါပြီ။ ယခုပြောခဲ့တဲ့အတိုင်း တဏှာက ဘဝအသစ်ကို ဖြစ်စေတတ်သောကြောင့် -
ယာ အယံ တဏှာ - အကြင် ဆာလောင်မှု တဏှာသည်၊ ပေါနောဘဝိကာ - တဖန် ဘဝအသစ်ကို ဖြစ်စေတတ်၏၊ နန္ဒီရာဂ သဟဂတာ - နှစ်သက် တပ်စွဲခြင်းနှင့်တကွဖြစ်၏၊ ဝါ - နှစ်သက်တပ်စွဲသော သဘောဖြစ်၏၊ တတြာတတြာ ဘိနန္ဒိနီထိုထိုရောက်ရာဘဝ ရရာအာရုံ၌ နှစ်သက် ပျော်မွေ့လေ့ ရှိ၏ -
လို့ ဟောတော်မူပါတယ်။ နောက်ပြီးတော့ အဲဒီတဏှာ၏သရုပ်ကိုလဲ၊
သေယျထိဒံ - ထိုတဏှာကား အဘယ်နည်းဟူမူ၊ ကာမ တဏှာ - လိုချင်စရာ ကာမဂုဏ်၌ ဆာလောင်မှုတဏှာကတပါး၊ ဘဝတဏှာ - အမြဲရှိနေသည်ဟု ထင်လျက် ဆာလောင်မှု တဏှာက တပါး၊ ဝိဘဝတဏှာ - သေပြီးလျှင် မရှိတော့ဟု ထင်လျက် ဆာလောင်မှု တဏှာက တပါး။ ဣဒံ - ဤတဏှာသုံးပါးသည် ဆင်းရဲဖြစ်ကြောင်း သမုဒယသစ္စာပေတည်း -
လို့ ထုတ်ဖော်ပြီး ဟောတော်မူပါတယ်။
ကာမတဏှာ
အဲဒီသုံးပါးထဲက ကာမတဏှာဆိုတာ နှစ်သက်လိုချင်ဘွယ်ဖြစ်တဲ့ အာရုံဝတ္ထုတွေကို နှစ်သက်လိုချင်တဲ့သဘောပါပဲ၊ မိမိသန္တာန်က အာရုံဖြစ်စေ၊ သူတပါးသန္တာန်က အာရုံဖြစ်စေ နှစ်သက်လိုချင်စရာ အာရုံကို နှစ်သက်လိုချင်ယင် အဲဒါဟာ ကာမတဏှာပဲ။
လှပတင့်တယ်တဲ့ အဆင်းအာရုံကို မြင်ရလို့ နှစ်သက်လိုချင်ယင် ကာမတဏှာပဲ၊ အဆင်းအာရုံလို့ ဆိုပေမဲ့ အဆင်းသက်သက်တွင်တော့ မဟုတ်ဘူး၊ အဆင်း၏ တည်ရာဖြစ်တဲ့ မိန်းမ ယောက်ျားတကိုယ်လုံး, အင်္ကျီ လုံချည် အစရှိတဲ့ ပစ္စည်းဝတ္ထု တခုလုံးကို သိမ်းကျုံးပြီး နှစ်သက်လိုချင်တယ်။
ထို့အတူ နားဝင်ချိုတဲ့ အသံအာရုံဝတ္ထုတွေ၊ နမ်းရှုလို့ ကောင်းတဲ့ အနံ့အာရုံဝတ္ထုတွေ၊ စားလို့ကောင်းတဲ့ အရသာအာရုံဝတ္ထုတွေ၊ စားစရာ သုံးဆောင်စရာကို ပြုပြင်ပေးတဲ့ မိန်းမ ယောက်ျား ပုဂ္ဂိုလ်တွေ၊ အတွေ့အထိကောင်း အာရုံဝတ္ထုတွေ၊ သုံးဆောင်ဘွယ် အမျိုးမျိုးတွေ ဒီလိုဟာတွေကို နှစ်သက်လိုချင်ယင်လဲ ကာမတဏှာပဲ၊ အချုပ်အားဖြင့် ဆိုယင်တော့ နှစ်သက်လိုချင်စရာတွေကို နှစ်သက်လိုချင်တာဟူသမျှဟာ ကာမတဏှာ ချည်းပါပဲ။
လူဖြစ်ဖို့ နတ်ဖြစ်ဖို့ ယောက်ျားဖြစ်ဖို့ မိန်းမဖြစ်ဖို့၊ လူဖြစ်ပြီး ကာမဂုဏ်အာရုံတွေ ခံစားဖို့ နတ်ဖြစ်ပြီး ကာမဂုဏ်အာရုံတွေ ခံစားဖို့၊ ယောက်ျားဖြစ်ပြီး မိန်းမဖြစ်ပြီး ကာမဂုဏ်အာရုံတွေ ခံစားဖို့ လိုလားနှစ်သက်နေတာတွေဟာလဲ ကာမတဏှာ ချည်းပါပဲ။ ဒါကြောင့် “ကာမတဏှာ၊ ကောင်းနိုးရာ၊ သာယာနှစ်သက်မှု”လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(၁) ကာမတဏှာ၊ ကောင်းနိုးရာ၊ သာယာနှစ်သက်မှု။
မြင်ရလို့ဖြစ်စေ၊ ကြားရလို့ဖြစ်စေ၊ နံရ စားရလို့ ဖြစ်စေ၊ တွေ့ထိရလို့ဖြစ်စေ ကောင်းတယ်ထင်ယင် သာယာနှစ်သက်မှုက ဖြစ်တော့တာပဲ။ အဲဒီမှာ ကောင်းတယ် ထင်တာက အဝိဇ္ဇာပဲ၊ အဝိဇ္ဇာဆိုတာ အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ပြီး အလွဲ အမှားကို သိနေတဲ့သဘောပဲ၊ မမြဲတာကို မြဲတယ်လို့ သူကထင်တယ်၊ ခဏမစဲ ဖြစ်ပျက်နေတဲ့ ဆင်းရဲသဘောတွေကို ချမ်းသာလို့ထင်တယ်၊ အတ္တကောင် အသက်ကောင် မဟုတ်တဲ့ ရုပ်နာမ်သဘောတရားမျှကို အတ္တကောင် အသက် ကောင်လို့ ထင်တယ်၊ မတင့်တယ်တဲ့ ကိုယ့်ကိုယ် သူ့ကိုယ်တွေကို တင့်တယ်တယ် လို့ ထင်တယ်၊
အဲဒါတွေဟာ ကောင်းတယ်လို့ ထင်တာတွေချည်းပါပဲ။ အဲဒီလို ကောင်းတယ် ထင်တော့ နှစ်သက်လိုချင်တဲ့ ကာမတဏှာ ဖြစ်တယ်၊ နှစ်သက် လိုချင်တော့ စွဲလမ်းတယ်၊ စွဲလမ်းတော့ ကိုယ့်အလိုအတိုင်း ပြီးစီးပြည့်စုံအောင် အားထုတ်တယ် အဲဒီ အားထုတ်တာဟာ ကံနဲ့ သင်္ခါရတွေပဲ၊ အဲဒီ ကံ သင်္ခါရ တွေကြောင့် ဘဝသစ်ရုပ် နာမ် ခန္ဓာတွေ ဖြစ်ရတယ်။ ဒါကြောင့် နှစ်သက်လိုချင်မှု ဖြစ်တိုင်း ဖြစ်တိုင်း ဘဝသစ်ကို ခံယူနေသည် မည်ပါတယ်။
နောက်ပြီးတော့ အဲဒီတဏှာမှ အရှိန်အဝါရလာတဲ့အတွက် အဘိသင်္ခါရဝိညာဏ် ခေါ်တဲ့ မရဏသန္နေဇောစိတ်ဟာ ထင်ပေါ်လာတဲ့ ကမ္မနိမိတ် ဂတိနိမိတ်အာရုံကို ဆုပ်ကိုင်ထားသလိုပင် စွဲစွဲမြဲမြဲ အာရုံပြုနေတယ်၊ အဲဒီလို သေခါနီးမှာ စွဲစွဲမြဲမြဲ အာရုံပြုနေတဲ့အတွက် စုတိစိတ်၏ အခြားမဲ့၌ အဲဒီအာရုံကို ယူပြီး ပဋိသန္ဓေစိတ် ဖြစ်လျက် ဘဝသစ် ဖြစ်ရတယ်။ ဒါကြောင့် ဒီတဏှာကို “ပေါနောဘဝိကာ - တဖန် ဘဝသစ်ကို ဖြစ်စေတတ်တယ်” လို့ ဟောတော်မူတာပဲ။
ဘဝတဏှာ
ဘဝတဏှာဆိုတာ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာလို့ အဋ္ဌကထာမှာ ဖွင့်ပြထားတယ်၊ အဲဒီပုဒ်ထဲမှာ ဘဝ - ဆိုတာက “ဖြစ်နေတယ် ရှိနေတယ်လို့ အနက်ရတယ်၊ ဒါကြောင့် “အမြဲတမ်း ရှိမြဲ ရှိနေတယ် - မြဲတယ်”လို့ ထင်ပြီး ဖြစ်တဲ့ နှစ်သက်သာယာမှုပါပဲ။
သဿတဒိဋ္ဌိဆိုတာ “အသက်ရှင်နေတဲ့ သတ္တဝါကောင်ဟာ သေခြင်း ပျက်ခြင်း မရှိဘူး၊ ရုပ်ကိုယ်ကြမ်းကြီးက ပျက်စီးသွားပေမဲ့ အဲဒီ သတ္တဝါကောင် အတ္တကောင်ကတော့ မပျက်ဘူး၊ တခြား ခန္ဓာကိုယ် အသစ်ထဲမှာ ဝင်ပြီး တည်ရှိနေတယ်၊ ကမ္ဘာ ပျက်သော်လဲ သူကတော့ မပျက်ဘူး၊ ဘယ်တော့မှ မပျက်ဘူး၊ အမြဲတမ်း တည်ရှိနေတယ်”လို့ ထင်မြင်တဲ့ အယူပါပဲ။
ဗုဒ္ဓသာသနာ အပြင်ဘက်က အယူဝါဒတွေဟာ အများအားဖြင့် ဒီသဿတအယူပဲ ဖြစ်နေပါတယ်။ အဲဒီအယူတွေထဲမှာ တချို့ကတော့ “လူသေသွားယင် ဘုရားသခင်၏အလိုအတိုင်း ကောင်းကင်ဘုံရောက်ပြီး အမြဲတမ်း တည်ရှိနေတယ်၊ သို့မဟုတ် ထာဝရငရဲရောက်ပြီး အမြဲတမ်း ဒုက္ခခံနေရတယ်”လို့ ဒီလို အယူလဲ ရှိတယ်။ တချို့ကတော့ “ကံအားလျော်စွာ ဒီဘဝ ဟိုဘဝမှ တခြားဘဝစသည်ဖြင့် ပြောင်းရွှေ့ပြီး တည်မြဲ တည်ရှိနေတယ်”လို့ ယူကြတယ်။ တချို့ကတော့ ကိန်းသေ သတ်မှတ်ထားတဲ့ ဖြစ်စဉ်အတိုင်း ပြောင်းလဲပြီး တည်မြဲ တည်နေတယ်”လို့ ယူကြတယ်။
အချုပ်အားဖြင့်တော့ “အသက်ကောင် အတ္တကောင်ဟာ မပျက်စီးပဲ အကောင်လိုက် ပြောင်းရွှေ့ပြီး တည်ရှိနေတယ်” လို့ ယူဆတာဟူသမျှဟာ သဿတဒိဋ္ဌိချည်းပါပဲ။ ဥပမာအားဖြင့် သစ်ပင်ပေါ်က ငှက်ဟာ အဲဒီသစ်ပင် လဲကျသွားယင် အခြားသစ်ပင်သို့ ရွှေ့သွားတယ်၊ အဲဒီ ဒုတိယသစ်ပင်က လဲကျသွားပြန်ယင်လဲ အခြားတပင်သို့ ရွှေ့သွားပြန်တယ်၊ ဒါလိုပဲ အသက်ကောင် အတ္တကောင်က တည်မှီရာ ရုပ်ကိုယ်ကြမ်းတခု တခု ပျက်စီးပျက်စီးသွားယင် အခြား ရုပ်ကိုယ်ကြမ်း အသစ်တခု တခုထဲသို့ ပြောင်းရွှေ့ ပြောင်းရွှေ့သွားတယ်၊ သူကတော့ ဘယ်အခါမှ မပျက်ဘူး၊ အမြဲတမ်း တည်ရှိနေတယ်လို့ ထင်မြင်တဲ့ အယူအဆပါပဲ။
အဲဒီ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာကို ဘဝတဏှာ ခေါ်တယ်၊ ဒီ တဏှာက အတ္တကောင် အသက်ကောင် အမြဲတမ်း တည်ရှိနေတယ် ဆိုတာကိုလဲ နှစ်သက်သဘောကျတယ်၊ “ရှေးကတည်းက တည်မြဲ တည်ရှိလာခဲ့တဲ့ ငါကပင် ယခုလဲ ခံစားရတယ်၊ နောင်လဲ ခံစားသွားရမယ်”လို့ ယုံကြည်ယူဆပြီးတော့ မြင်ရ ကြားရ တွေ့ရ သိရတဲ့ အာရုံတွေကိုလဲ နှစ်သက်လိုချင်တယ်၊
နောင်အခါမှ ရမယ်လို့ ထင်ရတာတွေကိုလဲ နှစ်သက်လိုချင်တယ်၊ အမြဲတမ်း တည်ရှိနေမည့် မိမိကိုယ် အတွက် ယခုရော နောင်ကာလပါ ကောင်းစား ချမ်းသာ သွားစေချင်တယ်၊ ဘဝကောင်းတွေမှာ ဖြစ်ချင်တယ်၊ နောက်နောက်ဘဝတွေမှာ လူ့ချမ်းသာ နတ်ချမ်းသာချည်း ဖြစ်သွားချင်တယ်၊ တချို့က ယောက်ျားဘဝချည်း ဖြစ်သွား ချင်တယ်၊ တချို့က မိန်းမဘဝချည်း ဖြစ်သွားချင်တယ်၊ အဲဒါတွေဟာ ဘဝတဏှာ တွေချည်းပါပဲ။
ဒီဘဝတဏှာဖြင့် လက်ရှိအာရုံတွေကို နှစ်သက်လိုချင်တိုင်း, ဖြစ်ဆဲဘဝကို နှစ်သက်သာယာတိုင်း, ဖြစ်ရမည့် ဘဝတွေကို မြှော်လင့်တောင်းတတိုင်း ဘဝအသစ်ဖြစ်ဖို့ရာ အရှိန်အဝါ အထောက်အပံ့တွေ ရရသွားတယ်။ ဒါကြောင့်လဲ ဒီတဏှာကို “ပေါနောဘဝိကာ - တဖန် ဘဝသစ်ကို ဖြစ်စေတတ်တယ်”လို့ ဟောတော်မူတာပါပဲ။
ဒီ တဏှာအတွက် ဆောင်ပုဒ်ကတော့ “ဘဝတဏှာ၊ သဿတာ၊ ထင်ကာ နှစ်သက်မှု” တဲ့၊ အဲဒီမှာ သဿတာ၊ ထင်ကာနှစ်သက်မှု - ဆိုတာ အမြဲတည်ရှိနေတယ်လို့ ထင်ပြီး နှစ်သက်တဲ့သဘောလို့ ဆိုလိုပါတယ်။ အဲဒါကို ဆိုကြရမယ်။
(၂) ဘဝတဏှာ၊ သဿတာ၊ ထင်ကာ နှစ်သက်မှု။
ဝိဘဝတဏှာ
▬▬▬▬▬
ဝိဘဝတဏှာဆိုတဲ့ ပုဒ်ထဲက ဝိဘဝ - ဆိုတာ “အဖြစ် - အရှိကင်းခြင်း၊ ဘဝပြတ်ခြင်း”လို့ အနက်ရတယ်၊ ဒါကြောင့် “မသေခင်သာ ရှိနေတယ်၊ သေတဲ့အခါ မရှိတော့ဘူး”လို့ ထင်မြင်ယူဆပြီး နှစ်သက်လိုချင်တာကို ဝိဘဝတဏှာလို့ ခေါ်တယ်၊
ဥစ္ဆေဒဒီဋ္ဌိနှင့် ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာပါပဲ။
ဥစ္ဆေဒဒိဋ္ဌိဆိုတာ “သတ္တဝါဟာ သေပြီးယင် ဘာမျှ မရှိတော့ဘူး၊ လုံးဝပျောက်ကွယ် ပြတ်စဲသွားတယ်”လို့ ထင်မြင်တဲ့ အယူပါပဲ၊ ဒီအယူကို မြတ်စွာဘုရား လက်ထက် တော် ကာလတုန်းက အဇိတ ဆိုတဲ့ ဂိုဏ်းဆရာကြီးက ဟောပြောနေခဲ့ပါတယ်။ သူဟောပုံကတော့ -
အယံ ပုရိသော - ဤပုဂ္ဂိုလ် သတ္တဝါသည်၊
စာတုမဟာ ဘူတိကော - မဟာဘုတ် ၄ - ပါး အစုအဝေးမျှသာ ဖြစ်သည်၊
ယဒါ ကာလံကရောတိ - အကြင်အခါ၌ သေ၏၊ ထိုအခါမှာ၊
ပထဝီ - သက်ရှိကိုယ်မှ ပထဝီဓာတ်သည်၊
ပထဝီကာယံအနုပေတိ အနုပဂစ္ဆတိ - သက်မဲ့ အပြင်ပ ပထဝီဓာတ်အပေါင်းသို့ သက်ဝင်သွားလေတော့သည်၊
(မသေမီက ကိုယ်ထဲမှာရှိနေတဲ့ ခက်မာကြမ်းတမ်းတဲ့ ပထဝီဓာတ်သဘောတွေဟာ သေတဲ့အခါ အပြင်ပ သက်မဲ့ ပထဝီဓာတ် ဖြစ်သွားတယ်၊ အသက်မဲ့ အလောင်းကောင်ထဲက ပထဝီရုပ် ဖြစ်သွားတယ်၊ အဲဒီကနောက် တဖြေးဖြေးခြင်း မြေကြီးဩဇာပထဝီရုပ် ဖြစ်သွားတယ်၊ အဲဒီ မြေဩဇာမှ တဖန် သစ်ပင် သစ်သီး စသည် ပထဝီဓာတ်လဲ ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။)
အာပေါ - သက်ရှိ အာပေါဓာတ် အရည်ဓာတ်သည်၊
အာပေါကာယံ အနုပေတိ အနုပဂစ္ဆတိ - သက်မဲ့အာပေါဓာတ် ရေဓာတ်အပေါင်းသို့ သက်ဝင်သွားလေတော့သည်။
(သက်ရှိ ကိုယ်ထဲမှ အစိုဓာတ် အရည်ဓာတ်တွေဟာ သေတဲ့အခါကျတော့ သက်မဲ့ အစိုဓာတ် ရေဓာတ်တွေ ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။)
တေဇော - သက်ရှိ အခိုးအငွေ့ တေဇောဓာတ်သည်၊
တေဇောကာယံ အနုပေတိ အနုပဂစ္ဆတိ - သက်မဲ့ အပြင်ပ တေဇောဓာတ် အပေါင်းသို့ သက်ဝင် သွားလေတော့သည်။
ဝါယော - သက်ရှိ ဝါယောဓာတ်သည်၊
ဝါယောကာယံ အနုပေတိ အနုပဂစ္ဆတိ - သက်မဲ့ အပြင်ပ လေဓာတ်အပေါင်းသို့ သက်ဝင်သွားလေတော့သည်။
ဣနြ္ဒိယာနိ - မျက်စိ နား နှာ လျှာ ကိုယ် နှလုံး ဆိုတဲ့ သိတတ်သော ဣန္ဒြေတို့သည်၊
အာကာသံ သင်္ကမန္တိ - အာကာသဓာတ်သို့ ပြောင်းရွှေ့သွားကြလေကုန်၏။
(ဒီ ဥစ္ဆေဒအယူရှိတဲ့ ပုဂ္ဂိုလ်က မြင်တဲ့ စိတ် ကြားတဲ့ စိတ် စသည်ဖြင့် သိတတ်တဲ့ စိတ်ဝိညာဏ် ဆိုတာကို အသီးအခြား ရှိတယ်လို့ မယူဆဘူး၊ မျက်စိ နား စရှိတဲ့ ရုပ်ကပဲ မြင်တယ် ကြားတယ် နံတယ် အရသာသိတယ် ထိသိတယ်လို့ ယူဆတယ်၊ မန ဆိုတဲ့ ဣန္ဒြေက ကြံသိတယ်လို့လဲ ယူဆတယ်၊ ဒါကြောင့် သိမှုပြတ်စဲသွားပုံကို ဣန္ဒြေ ၆ - ပါးနဲ့ပဲ ပြောတယ်၊ အဲဒီ သိတတ်တဲ့ ဣန္ဒြေ ၆ - ပါးဟာလဲ အာကာသ ဓာတ် ဖြစ်သွားတယ်၊ ဟင်းလင်းပြင် ကောင်းကင်ထဲမှာ ပျောက်သွားတယ်လို့ ဆိုလိုပါတယ်) ။ပ။
ဗာလေ စ - သူမိုက်တို့သည်၎င်း၊
ပဏ္ဍိတေ စ - ပညာရှိတို့ သည်၎င်း၊
ကာယဿ ဘေဒါ - ရုပ်ကိုယ်၏ ပျက်ခြင်းကြောင့်၊
ဥစ္ဆန္တိ - လုံးဝပြတ်စဲကုန်၏၊
ဝိနဿန္တိ - ပျောက်ကွယ်သွား ကုန်၏၊
ပရံ မရဏ - သေသည်မှ နောက်၌၊
န ဟောန္တိ - မရှိတော့ကုန်။
(လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ သေပြီးတဲ့ နောက်မှာ ဘာမျှမရှိတော့ပဲ လုံးဝ ပျောက်ကွယ်သွားတာ ချည်းပဲ၊ လူမိုက်လဲ အကုသိုလ်ကံကြောင့် ဘဝသစ်ဖြစ်ပြီး ဆင်းရဲရတယ်လို့ မရှိဘူး၊ ပညာရှိသူတော်ကောင်းလဲ ဘဝ ကောင်းတွေမှာဖြစ်ပြီး ချမ်းသာရတယ်လှို မရှိဘူး၊ သေပြီးယင် လုံးဝပျောက်ကွယ်သွားတာချည်းပဲလို့ ဆိုလိုပါတယ်)။
ပါဠိအနက်ရွတ်ဆိုပြီး ယခုပြောခဲ့တာဟာ ဥစ္ဆေဒအယူရှိတဲ့ အဇိတဆရာကြီး၏ ပြောဟောပုံအချို့ပဲ၊ အဲဒီ ဝါဒကို အဇိတစ်ဇင်းလို့လဲ ခေါ်နိုင်ပါတယ်၊ မကောင်းမှု မရှောင်ချင်တဲ့သူ, ကောင်းမှုမပြုချင်တဲ့သူတွေက အဲဒီ ဝါဒကို ကြိုက်ကြပေလိမ့်မယ်။ အဲဒီ ဝါဒထဲမှာ “သေပြီးယင် မရှိတော့ဘူး”လို့ ဆိုတဲ့အတွက် “မသေခင်မှာတော့ ရှိနေတယ်”လို့ ဝန်ခံရာ ရောက်တယ်၊ အဲဒီ မသေခင်ရှိနေတာက ဘာလဲလို့ မေးယင်၊ အသက်ရှင်နေတဲ့ သတ္တဝါ, အတ္တကောင်ပဲလို့ ဖြေရလိမ့်မယ်၊
ဒါကြောင့် သူ့ဝါဒက “စာတုမဟာဘူတိကော - ဓာတ်လေးပါးအစုမျှပဲ”လို့ ဆိုတဲ့ အတ္တစွဲကတော့ ရှိနေတယ်”လို့ ဆိုရမှာပါပဲ၊ အဲဒီလို အတ္တစွဲရှိနေတဲ့အတွက် အဲဒီ အယူရှိနေတဲ့သူတွေက “မသေခင်မှာ အချိန်အခွင့်ရှိသလောက် ကာမဂုဏ်ကို ခံစားရမယ်၊ နောင်ဘဝအတွက် ရည်ရွယ်ပြီး ကျင့်ကြံသောအားဖြင့် အချိန်အခွင့်တွေ မဆုံးရှုံးစေရဘူး”လို့လဲ ဆိုကြပါတယ်။ အဲဒီလို “သေပြီးယင် ဘာမျှ မရှိတော့ဘူး လုံးလုံးပျောက်ကွယ်သွားတယ်”လို့ ထင်မြင်ယူဆတဲ့ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲပြီးဖြစ်တဲ့ နှစ်သက်လိုချင်မှုကို ဝိဘဝတဏှာခေါ်တယ်၊ အဲဒါကို ဆိုကြရမယ်။
(၃) ဝိဘဝမှာ၊ ဥစ္ဆေဒါ ၊ ထင်ကာ နှစ်သက်မှု။
ဒီ ဝိဘာဝတဏှာက “ဘာမျှမကျင့်ရပဲနဲ့ သေပြီးတဲ့နောက် ဘဝပြတ်စဲသွားတယ်” ဆိုတာကိုလဲ ကြိုက်တယ်၊ ဘာကြောင့်လဲဆိုယင် အဲဒီ အယူရှိတဲ့သူဟာ ကောင်းမှုကိုလဲ မပြုချင်ဘူး၊ မကောင်းမှုကိုလဲ မရှောင်ချင်ဘူး၊ ပြုထားတဲ့ မကောင်းမှု တွေကလဲ များစွာရှိနေတယ်၊ ဒီတော့ သေပြီးတဲ့နောက် ဘဝသစ်ဖြစ်နေဦးမယ် ဆိုယင် သူ့မကောင်းမှု ကံတွေက မကောင်းကျိုးတွေကို ပေးနေလိမ့်မယ်၊ အဲဒါကို သူက အလိုမရှိဘူး၊ သေပြီးတဲ့နောက် ဘာမျှမဖြစ်တော့ပဲ ပြတ်စဲသွားမှ သူ့မှာ သင်ပုန်းချေသလို ဖြစ်ပြီး ဆင်းရဲမှ ကင်းလွတ်သွားမယ်၊ ဒါကြောင့် ဒီဝိဘဝတဏှာက သေပြီး ပြတ်စဲသွားတာကို ကြိုက်နှစ်သက်တာပါပဲ။
နောက်ပြီးတော့ မသေခင်သာ ခံစားရမယ်လို့ ယူဆထားတဲ့အတွက် မသေခင် အတွင်းမှာ ရနိုင်သမျှကို ခံစားဘို့ရာလဲ ပြင်းပြင်းပြပြ နှစ်သက်မက်မောနေတယ်၊ အဲဒီလို နှစ်သက်မက်မောနေတဲ့အတွက် ကောင်းတယ်ထင်တာဟူသမျှကို ရနိုင်သမျှ ရအောင် ရှာကြံပြုလုပ်အားထုတ်တယ်၊ အဲဒီလို ပြုလုပ်တိုင်း ဘဝသစ်ဖြစ်ဖို့ ကံ သင်္ခါရတွေ ဖြစ်သွားတယ်။
နောက်ပြီးတော့ လက်ရှိဘဝနှင့်စပ်၍ သာယာနှစ်သက်မှု ဖြစ်တိုင်း ဖြစ်တိုင်း အဲဒီတဏှာ၏ အရှိန်အဝါတွေက စိတ်သန္တာန်မှာ လိုက်ပါလာ တယ်၊ ဒါကြောင့် အဘိသင်္ခါရဝိညာဏ်ဆိုတဲ့ သေခါနီးဇောစိတ်က ကံ ကမ္မနိမိတ် ဂတိနိမိတ်အာရုံကို စွဲမြဲစွာအာရုံပြုနေတယ်၊ အဲဒီလို စွဲမြဲစွာ အာရုံပြုနေတုန်း အဲဒီဘဝက နောက်ဆုံး စုတိစိတ်ဖြင့် သေသွားတဲ့အခါ အဲဒီ ကံ ကမ္မနိမိတ်ကို အာရုံပြုပြီး ဘဝသစ် ပဋိသန္ဓေစိတ်ဖြစ်ရတယ်၊ အဲဒါဟာ ဥစ္ဆေဒ အယူရှိတဲ့သူက ဘဝသစ်မဖြစ်ချင်ပေမဲ့ ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ တဏှာက ရှိနေတဲ့အတွက် ဖြစ်ရတာပါပဲ။ ဖြစ်ပြန်တော့လဲ အဲဒီအယူရှိသူမှာ မကောင်းမှု ကံတွေက များနေဖွယ်ရှိတဲ့အတွက် အပါယ်ဒုဂ္ဂတိဘဝမှာ ဖြစ်ဖို့က များနေပါတယ်။
ဒါကြောင့် ဒီဝိဘဝတဏှာကိုလဲ ပေါနောဘဝိကာ - တဖန်ဘဝသစ်ကို ဖြစ်စေတတ် တယ်လို့ ဟောတော်မူတာပါပဲ။ ယခု ပြောခဲ့တဲ့အတိုင်း ကာမတဏှာ, ဘဝတဏှာ, ဝိဘဝ တဏှာ ဆိုတဲ့ ဒီတဏှာ သုံးပါးလုံးဟာ ဘဝသစ်ဖြစ်ဖြစ်ပြီး ဆင်းရဲဖြစ်ပွါးကြောင်း ချည်းပဲ။ ဒါကြောင့် “ဆင်းရဲပွါးရန်၊ အကြောင်းမှန်၊ သုံးတန် တဏှာစု”လို့ နိဂုံးချုပ် ဆောင်ပုဒ်လဲ စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
(၄) ဆင်းရဲပွါးရန်၊ အကြောင်းမှန်၊ သုံးတန် တဏှာစု။
ယခုပြောခဲ့တဲ့ တဏှာသုံးပါးဟာ ဘဝသစ်ကို ဖြစ်စေတတ်သောကြောင့် ဇာတိ - အစ, ဥပါဒါနက္ခန္ဓာ - အဆုံးရှိတဲ့ ဆင်းရဲတွေ ဖြစ်ပွါးကြောင်းပဲ၊ ဒါကြောင့် ဒီ တဏှာကို သမုဒယသစ္စာလို့ ဆိုရတယ်။ ဒီတဏှာ ဘယ်မှာဖြစ်ပါသလဲဆိုတော့၊ အဲဒါကို မဟာသတိပဋ္ဌာနသုတ် စသည်မှာ ဖွင့်ပြထားပါတယ်။
လောကေ - လောက၌၊
ယံ ပိယရူပံ သာတရူပံ - အကြင်ချစ်ဖွယ် သာယာဖွယ်သဘောသည်၊
အတ္တိ - ရှိ၏၊
ဧသာတဏှာ - ဤတဏှာသည်၊
ဥပ္ပဇ္ဇမာနာ - ဖြစ်လျှင်၊
ဧတ္ထ ဥပ္ပဇ္ဇတိ - ဤချစ်ဖွယ်သာယာဖွယ်၌ ဖြစ်၏၊
နိဝိသမာနာ - သက်ဝင်လျှင်ကိန်းလျှင်၊
ဧတ္ထ နိဝိသတိ - ဤချစ်ဖွယ် သာယာဖွယ်၌ ကိန်း၏။
ဝိဘင်္ဂမူလဋီကာမှာ “ပရိယုဋ္ဌာန် အနုသယတို့ အလိုအားဖြင့် ဥပ္ပတ္တိ - ဖြစ်ခြင်, နိဝေသ - သက်ဝင်ခြင်း ကိန်းခြင်းတို့ကို ယှဉ်စေရမယ်”လို့ ဖွင့်ပြထားတယ်၊ အဲဒီ အဖွင့်နှင့်အညီ နိဝိသတိ - ကိန်း၏ - လို့ အနက်ပြန်ထားပါတယ်။
အဲဒီမှာ ဖြစ်သည် ဆိုတာက အဲဒီ ချစ်ဖွယ်သာယာဖွယ်ကို အာရုံပြုပြီး တကယ်ဖြစ်တာကို ဆိုတယ်၊ အဲဒါကို ပရိယုဋ္ဌာန်ကိလေသာ လို့ခေါ်တယ်။ ကိန်းသည် - ဆိုတာကတော့ မရှုမိလို့ အနိစ္စ စသည်ဖြင့် မသိရလျှင် အဲဒီ မသိရသော ချစ်ဖွယ် သာယာဖွယ် အာရုံမှာ အကြောင်းညီညွတ်တဲ့အခါ ဖြစ်နိုင်တာကို ဆိုတာပါပဲ၊ အဲဒီလို ဖြစ်နိုင်ခွင့်ရှိတဲ့ ကိလေသာကို အနုသယလို့ခေါ်တယ်၊ အဲဒါက မရှုမိတဲ့အာရုံမှာ ကိန်းတဲ့အတွက် အာရမ္မဏာနုသယလို့လဲ ခေါ်တယ်။ ဝိပဿနာက အဲဒီအာရမ္မဏာ-နုသယကို ပယ်တာပဲ။
အဲဒီတဏှာ ဖြစ်ရာအာရုံဆိုတဲ့ ချစ်ဖွယ် သာယာဖွယ်က ဘာလဲဆိုယင်၊ (စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ စသည်ဖြင့်) မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဒွါရ ၆ - ပါး၊ အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောဆိုတဲ့အာရုံ ၆ - ပါး၊ မြင်သိမှု အစရှိတဲ့ ဝိညာဏ် ၆ - ပါး၊ မြင်တွေ့မှု အစရှိတဲ့ ဖဿ ၆ - ပါး၊ မြင်ပြီးခံစားမှုအစရှိတဲ့ ဝေဒနာ ၆ - ပါး စသည်ဖြင့် အကျယ်ပြဆိုထားပါတယ်၊
မဟာသတိပဋ္ဌာနသုတ် ပါဌ်နိဿယကိုကြည့်ယင် အဲဒါတွေကို အကုန်သိနိုင်ပါတယ်။ အဲဒါတွေဟာ မြင်ခိုင်စသည်မှာ မရှုမိလို့ အနိစ္စစသည်ဖြင့် အမှန်အတိုင်းမသိယင် တဏှာကိန်းရာ ဖြစ်ရာတွေပါပဲ။ ဒါကြောင့် မြင်ခိုက်စသည်၌ မရှုမိလို့ အမှန်အတိုင်းမသိရတဲ့ အဲဒီမျက်စိ အဆင်း မြင်မှုအစရှိသော ချစ်ဖွယ် သာယာဖွယ် သဘောတွေမှာ အနုသယအနေဖြင့် ကိန်းတဲ့တဏှာ, ပရိယုဋ္ဌာန် အနေဖြင့် တကယ်ဖြစ်တဲ့တဏှာ - ဒီတဏှာ ၂ - မျိုးလုံးဟာ ဇာတိ အစရှိသော ဆင်းရဲကို ဖြစ်ပွါးစေတတ်တဲ့ ဒုက္ခသမုဒယ အရိယသစ္စာမည်တယ်ဆိုကာကို မှတ်ထားကြရမယ်။ သမုဒယသစ္စာ အကြောင်းကိုတော့ နားလည် လောက်ပါပြီ၊ အချိန်လဲ အတော်ကြာသွားပြီ။ ဒါကြောင့် ဒီတွင်ပဲ ရပ်ပြီး တရားသိမ်းကြစို့။
ဤဓမ္မစကြာတရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံစေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဒုက္ခသမုဒယသစ္စာခေါ်တဲ့ တဏှာကို တဒင်္ဂပဟာန် သမုစ္ဆေဒပဟာန်ဖြင့် ပယ်နိုင်အောင် မပြတ်ရှုမှတ်ပွါးများ အားထုတ်နိုင်ကြသည်ဖြစ်၍ ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ။
သာဓု...၊ သာဓု...၊ သာဓု။
ဓမ္မစကြာတရားတော်ကြီး ပဉ္စမပိုင်း ပြီးပြီ။
…………….
ဓမ္မစကြာတရားတော်ကြီး
▬▬▬▬▬▬▬▬▬
ဆဋ္ဌမပိုင်း
(၁၃၂၄ - ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ ဖွင့်ပြဟောကြားသည်။)
တရားအနုသန္ဓေ
▬▬▬▬▬▬
ပြီးခဲ့တဲ့ တန်ဆောင်မုန်းလဆန်း (၈) ရက်က ပဲခူးသာသနာ့ရိပ်သာမှာ တရား ဟောနေရတဲ့အတွက် ဒီဖလ်ယဉ် ဓမ္မာရုံကြီး၌ ဟောနေကျ ဓမ္မာစကြာ တရားတော်ကြီးကို မဟောရပဲ လစ်လပ်သွားခဲ့တယ်၊ နောက်လဲ ညောင်ဦး တောင်ကြီး စသည် သွားစရာတွေက ရှိနေသေးတယ်၊
ဒီကနေ့တော့ ၁၃၂၄ - ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တယ်၊ ဒီတန်ဆောင်မုန်း လပြည့်နေ့ဟာ ဘုရား လက်ထက်တော် ကာလတုန်းက ဆိုယင် အိန္ဒိယနိုင်ငံ နယ်ပယ်တဝိုက်မှာ အလွန် အလေးအမြတ်ပြုအပ်တဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်၊ ဒီနေ့ရက်မှာ လလဲပြည့်တယ်၊ (လပြည့်နေ့ဆိုတာ ရှေးတုန်းက လကုန်တဲ့နေ့အဖြစ် အသိအမှတ် ပြုတဲ့နေ့ ဖြစ်တယ်) ဥတုလဲ ပြည့်တယ်၊ (ဒီနေ့ ရက်ဟာ မိုးဥတု နောက်ဆုံးရက်ပေါ့)
အဲဒါက အိန္ဒိယအလယ်ပိုင်းက ဝေါဟာရပေါ့၊ ဗမာပြည်နဲ့လဲ တူပါတယ်၊ ဒါပေမဲ့ အရပ်ဒေသတိုင်း အဲဒီနေ့ရက်မှာ မိုးဥတုကုန်တယ်လို့တော့ မဆိုနိုင်ပေဘူး၊ နောက်ပြီးတော့ ဒီနေ့ရက်ဟာ နှစ်လဲပြည့်တဲ့ရက် ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒီလို ဆိုတော့ အဲဒီခေတ်တုန်းက အိန္ဒိယ အလယ်ပိုင်းမှာ တန်ဆောင်မုန်း လပြည့်ကျော် တရက်နေ့က စပြီးတော့ နှစ်ဆန်း ၁ - ရက်နေ့လို့ ဆိုရမှာပေါ့၊
ဒါကြောင့် ဟိုခေတ်တုန်းက ဒီတန်ဆောင်မုန်းလပြည့်နေ့မှာ တောင်ထိပ်နက္ခတ်ပွဲ ဆိုတဲ့ နတ်ပူဇော်ပွဲများလဲ အိန္ဒိယအလယ်ပိုင်းမှာ ကျင်းပလေ့ရှိခဲ့ပါတယ်၊ ဗမာပြည်မှာတော့ ဒီနေ့ညမှာ မီးပူဇော်ပွဲတွေ ကျင်းပလေ့ရှိပါတယ်၊ အဲဒါကတော့ မြတ်စွာဘုရားအား ရည်စူးပြီး ပူဇော်ကြတာပါပဲ။
ဒီကနေ့ ဟောဘို့ တရားကတော့ ဓမ္မစကြာတရားထဲက နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို ဟောရမယ်။ ယခု သစ္စာလေးပါး ခေါင်းစဉ်ကို ထပ်ပြီး ဆိုကြရမယ်။
(၁) ဒုက္ခသစ္စာ - ဆင်းရဲအစစ်အမှန်တရား။
(၂) သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်း အစစ်အမှန်တရား။
(၃) နိရောဓသစ္စာ - ဆင်းရဲငြိမ်းရာ အစစ်အမှန်တရား။
(၄) မဂ္ဂသစ္စာ - ဆင်းရဲငြိမ်းရာရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန် တရား။
နိရောဓသစ္စာ
▬▬▬▬▬
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿယေဝ တဏှာယ အသေသ ဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ ခေါပန - ဤဆိုလတံ့သော တရားသည်ကား၊
ဒုက္ခနိရောဓော - ဆင်းရဲချုပ်ငြိမ်းရာ ချုပ်ငြိမ်းခြင်း သဘောဖြစ်သော၊
အရိယသစ္စံ - အရိယသစ္စာပေတည်း၊
ဝါ - အရိယာတို့ သိအပ်သော အမှန်တရားပေတည်း။
တဿယေဝ တဏှာယ - ထိုဆာလောင်မှု တဏှာ၏ပင်လျှင်၊
ယော အသေသဝိရာဂနိရောဓော - အကြင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းသည်၊
ယော စာဂေါ - (ထိုတဏှာကိုပင်) အကြင်ပယ်စွန့်ခြင်းသည်၊
ယော ပဋိနိဿဂ္ဂေါ - အကြင် ဝေးစွာစွန့်ခြင်းသည်၊
ယာ မုတ္တိ - အကြင်ဆုပ်ကိုင်မထားပဲ လွှတ်လိုက်ခြင်းသည်၊
ယော အနာလယော - အကြင်တွယ်တာမှု ကင်းခြင်းသည်၊
အတ္ထိ - ရှိ၏။
ဣဒံ - ဤသဘောသည် ဒုက္ခနိရောဓအရိယသစ္စာပေတည်း။
ဒုက္ခနိရောဓအရိယသစ္စာ ဆိုတာ သမုဒယသစ္စာ ဆိုတဲ့ တဏှာ ချုပ်ငြိမ်းတာပါပဲ တဲ့။ တဏှာချုပ်ငြိမ်းတယ်ဆိုတာ ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့၏ အစွမ်းကြောင့် အဲဒီ တဏှာ ဖြစ်ခွင့်မရှိပဲ ချုပ်ငြိမ်းသွားတာကို ဆိုတာပါပဲ။ နေရောင် ပေါ်လာတော့ အမှောင်တွေ ပျောက်ကင်းသွားကြသလို အရဟတ္တမဂ်ဉာဏ် ဖြစ်ပေါ်လာတဲ့အခါ နှစ်သက်လိုချင်မှု တဏှာဟာ ဖြစ်ခွင့်မရှိတော့ပဲ လုံးဝချုပ်ငြိမ်းသွားတယ်၊
အဲဒီလို တဏှာချုပ်ငြိမ်းသွားတော့ ဘဝသစ် ရုပ်နာမ် ခန္ဓာတွေဟာ မဖြစ်ပေါ်နိုင် တော့ပဲ လုံးဝချုပ်ငြိမ်းသွားတယ်၊ ဒါကြောင့် နှစ်သက်သာယာ လိုချင်တဲ့ တဏှာ မဖြစ်ခြင်း - ချုပ်ငြိမ်းခြင်းသဘောကို နိရောဓသစ္စာလို့ခေါ်တယ်။ အဲဒီလို အရဟတ္တ မဂ်ဉာဏ်ဖြင့် တဏှာချုပ်ငြိမ်းတာကတော့ အကြွင်းမဲ့ ချုပ်ငြိမ်းတာပဲ၊ ဥက္ကဋ္ဌ - အမြင့်အမြတ်ဆုံး ချုပ်ငြိမ်းတာပေါ့။
ဒါပေမဲ့ ဩမက - အယုတ်အညံ့အားဖြင့် ချုပ်ငြိမ်းတာလဲ ရှိပါသေးတယ်၊ ဘယ်လိုလဲဆိုယင် အနာဂါမိမဂ်ဖြင့် ကာမတဏှာ အကြွင်းမဲ့ ချုပ်ငြိမ်းတာလဲ ရှိတယ်၊ သကဒါဂါမိမဂ်ဖြင့် ကြမ်းတမ်းတဲ့ ကာမတဏှာ ချုပ်ငြိမ်းတာလဲ ရှိတယ်၊ သောတာပတ္တိမဂ်ဖြင့် အပါယ်ဘဝ ရောက်စေနိုင်တဲ့ ကာမတဏှာ ချုပ်ငြိမ်းတာလဲ ရှိတယ်၊ အဲဒါတွေကတော့ တဏှာတစိတ် တပိုင်းမျှ ချုပ်ငြိမ်းတာတွေပဲ၊
ဒါကြောင့် အဲဒီ ချုပ်ငြိမ်းတာတွေကိုတော့ ဩမက နည်းဖြင့် ယူသင့်တဲ့ နိရောဓ သစ္စာတွေလို့ ဆိုရမှာပေါ့။ နောက်ပြီးတော့ ဝိပဿနာဉာဏ်ဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟု အမှန်အတိုင်း သိရတဲ့ အာရုံမှာ တဏှာဖြစ်ခွင့်မရှိပဲ ချုပ်ငြိမ်းတာလဲ ရှိတယ်၊ အဲဒါကိုတော့ တဒင်္ဂနိရောဓလို့ ခေါ်တယ်၊ ဝိပဿနာဉာဏ်တစိတ်ဖြင့် တဏှာ တစိတ်တပိုင်း ချုပ်ငြိမ်းတယ်လို့ ဆိုလိုတယ်၊ ဝိပဿနာ ရှုတိုင်း ရှုတိုင်း အဲဒီ နိရောဓကို ပြီးစေသောအားဖြင့် မျက်မှောက်ပြုတယ်လို့လဲ ဆိုရတယ်။
ဒါကြောင့် အဲဒီတဏှာဟာ ဘယ်မှာချုပ်သလဲလို့ မေးခွန်းထုတ်ပြီတော့ နိရောဓသစ္စာ အဖွင့် ပါဠိတော်များမှာ ဒီလို ဖြေရှင်း ဖွင့်ပြထားပါတယ်။
လောကေ - လောက၌၊
ယံ ပိယရူပံ သာတရူပံ - အကြင် ချစ်ဖွယ် သာယာဖွယ် သဘောရှိ၏၊
ဧသာ တဏှာ - ဤတဏှာကို၊
ပဟီယမာနာ - ပယ်အပ်သည်ရှိသော်၊
ဧတ္ထ - ဤ ချစ်ဖွယ် သာယာဖွယ် သဘော၌၊
ပဟီယတိ - ပယ်အပ်၏၊
နိရုဇ္ဈမာနာ - ချုပ်သည်ရှိသော်၊
ဧတ္ထ - ဤ ချစ်ဖွယ် သာယာဖွယ်သဘော၌၊
နိရုဇ္ဈတိ - ချုပ်၏၊
စသည်ဖြင့် ဟောထားပါတယ်။
အဲဒီမှာ ချစ်ဖွယ် သာယာဖွယ်သဘော ဆိုတာက သမုဒယသစ္စာပိုင်းတုန်းက ပြခဲ့တဲ့အတိုင်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် - ဆိုတဲ့ ဒွါရ ၆ - ပါး၊ အဆင်း အသံ အစရှိတဲ့ အာရုံ ၆ - ပါး၊ မြင်သိမှု ကြားသိမှု အစရှိတဲ့ ဝိညာဏ် ၆ - ပါး စသည်တွေပါပဲ။ အဲဒါတွေကို အပြည့်အစုံ သိချင်ယင်တော့ မဟာသတိပဋ္ဌာနသုတ် ပါဌ်နိဿယ စသည်မှာ ကြည့်နိုင်ပါတယ်။ နောက်ပြီးတော့ ပယ်တယ်, ချုပ်တယ် ဆိုတာကလဲ ဝေါဟာရသာကွဲပြီး အနက်သဘောကတော့ အတူတူပါပဲ။ ပဌမကထုတ်ပြခဲ့တဲ့ -
“စာဂေါ - စွန့်ခြင်း၊
ပဋိနိဿဂ္ဂေါ - ဝေးစွာ စွန့်ခြင်း၊
မုတ္တိ - လွှတ်လိုက်ခြင်း၊
အနာလယော - အတွယ်အတာ ကင်းခြင်း”
ဆိုတာတွေဟာလဲ နိရောဓ - ချုပ်ခြင်း ဆိုတာနှင့် အနက်သဘောအားဖြင့် အရ အတူတူပါပဲ။ ပယ်ပုံ ချုပ်ငြိမ်းပုံကတော့ -
ဝိပဿနာယောဂီမှာ မြင်ခိုက်၌ မြင်တာကို ရှုပြီး အနိစ္စ ဒုက္ခ အနတ္တသဘောမှန်ကို သိသွားယင် မျက်စိ အဆင်း မြင်သိမှုအစရှိတဲ့ သဘောကို နိစ္စ သုခ အတ္တလို့ ထင်မှားမှုကင်းတယ်၊ အဲဒါ အဝိဇ္ဇာ တဒင်္ဂအားဖြင့် ကင်းတာပါပဲ၊ အဝိဇ္ဇာကင်းတော့ အဲဒီသဘောတွေမှာ နှစ်သက် သာယာမှု မဖြစ်နိုင်တော့ဘူး၊ အဲဒါဟာ တဒင်္ဂအားဖြင့် တဏှာကင်းတာပဲ။ တဏှာကင်းတော့ တဏှာမှ ဆက်ပြီးဖြစ်မည့် ဥပါဒါန် ကံ သင်္ခါရတွေ မဖြစ်နိုင်တော့ဘူး၊ ကံ သင်္ခါရကြောင့် ဖြစ်မည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ဒုက္ခ အကျိုးတရားတွေလဲ မဖြစ်နိုင်တော့ဘူး၊
အဲဒါဟာ တဒင်္ဂအားဖြင့် တဏှာနှင့်တကွ ဆင်းရဲ ချုပ်ငြိမ်းပုံပါပဲ၊ တဒင်္ဂ နရောဓ, တဒင်္ဂနိဗ္ဗာန်လို့လဲ ဆိုရပါတယ်။ ကြားခိုက် နံခိုက် စားခိုက် ထိသိခိုက် ကြံသိခိုက် များမှာလဲ ကြားမှုစသည်ကို ရှုပြီး အနိစ္စ ဒုက္ခ အနတ္တသဘောမှန်ကို သိသိသွားယင် နား, အသံ, ကြားသိမှု၊ နှာခေါင်း, အနံ့, နံသိမှု အစရှိတဲ့ သဘောတွေကို နိစ္စ သုခ အတ္တလို့ ထင်မှားမှုကင်းပြီး တဏှာနှင့်တကွ ဆင်းရဲချုပ်ငြိမ်းပုံ၊ တဒင်္ဂနိရောဓ, တဒင်္ဂနိဗ္ဗာန်လို့ ခေါ်ရပုံများကိုလဲ နည်းတူပင် သိနိုင်ပါပြီ။
အဲဒီလို ဝိပဿနာဖြင့် တဒင်္ဂနိရောဓသို့ ဆိုက်ရောက်ပြီးတော့ ဉာဏ်ရင့်တဲ့အခါမှာ သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရတယ်။ အဲဒီအခါ အပါယ်ဘဝရောက်စေနိုင်တဲ့ ကာမတဏှာကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် ပယ်တယ်၊ အဲဒီ ကာမတဏှာ ကင်းသွားတယ်၊ ဒါကြောင့် အပါယ်ဆင်းရဲတွေ ကာမသုဂတိဘုံမှာ ခုနစ်ဘဝထက် ပိုပြီး ဖြစ်ရမည့် ဆင်းရဲတွေ အကုန်ငြိမ်းသွားတယ်၊
အဲဒါဟာ တဏှာချုပ်လို့ ဆင်းရဲချုပ်ငြိမ်းတဲ့ ဒုက္ခနိရောဓပါပဲ။ သို့ပေမဲ့ သောတာပတ္တိ မဂ်ဖိုလ်က အဲဒီ အပါယ်ရောက်ကြောင်း တဏှာစသည် ငြိမ်းပုံကို အာရုံပြုတယ် လို့တော့ မမှတ်ယူရဘူး၊ ရုပ်နာမ်ဆင်းရဲတွေ အကုန်ငြိမ်းတဲ့ သာမန်အငြိမ်းဓာတ် သဘောကို အာရုံပြုတယ်လို့သာ မှတ်ယူရတယ်။
သကဒါဂါမိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန် မျက်မှောက် ပြုတဲ့အခါ ကြမ်းတမ်းတဲ့ ကာမ တဏှာနှင့်တကွ ကာမသုဂတိ ဘုံမှာ ၂ - ဘဝထက် ပိုလွန်ပြီး ဖြစ်ရမည့် ဆင်းရဲတွေ အကုန်ငြိမ်းသွားတယ်၊ အနာဂါမိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုတဲ့အခါ သိမ်မွေ့တဲ့ ကာမတဏှာနှင့် ရူပ တစ်ဘဝထက်, သို့မဟုတ် အရူပ တစ်ဘဝထက် ပိုလွန်ပြီး ဖြစ်ရမည့် ဆင်းရဲတွေ အကုန်ငြိမ်းသွားတယ်၊ အဲဒါတွေလဲ တဏှာချုပ်လို့ ဆင်းရဲချုပ်ငြိမ်းတဲ့ ဒုက္ခနိရောဓပါပဲ။ အဲဒီမဂ်ဉာဏ်များဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အခါများမှာလဲ ရုပ်နာမ်ဆင်းရဲတွေ အကုန်ငြိမ်းတဲ့ သာမန် အငြိမ်းဓာတ် သဘော ကိုသာ အာရုံပြုတာပါပဲ။
အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မျက်မှောက်ပြုတဲ့အခါ တဏှာဟူသမျှတွေနှင့် ဘဝဆင်းရဲဟူသမျှတွေ အကုန်ငြိမ်းတယ်၊ ဒါလဲ တဏှာချုပ်လို့ ဆင်းရဲချုပ်ငြိမ်းတဲ့ ဒုက္ခနိရောဓပါပဲ၊ ဒါကြောင့် “တဏှာ ချုပ်က၊ နိရောဓ၊ ဒုက္ခ အငြိမ်းမှန်”လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(၁) တဏှာ ချုပ်က၊ နိရောဓ၊ ဒုက္ခ အငြိမ်းမှန်။
တဏှာချုပ်မှ ဆင်းရဲတကယ် အစစ်အမှန် ချုပ်ငြိမ်းတယ်လို့ ဆိုလိုပါတယ်။ တဏှာမချုပ်ပဲ အခြားနည်းဖြင့် ဆင်းရဲငြိမ်းတယ် ချမ်းသာတယ် ဆိုတာတွေကတော့ အမှန်ငြိမ်းတာ မဟုတ်ဘူး၊ တခဏလောက် ငြိမ်းတာပဲ၊ တော်တော်ကြာယင် ဆင်းရဲတွေ ပေါ်မြဲ ပေါ်လာပြန်တာပဲ။
ပုံစံထုတ်ပြရယင် - ကွေးထားလို့ ညောင်းနေယင် ဆန့်လိုက်၊ ညောင်းတဲ့ ဆင်းရဲငြိမ်းသွားတယ်၊ ဒါပေမဲ့ တော်တော်ကြာတော့ ဆန့်နေယင်း ညောင်းလာ ပြန်တာပဲ။ ထို့အတူပင် ထိုင်ရာက ညောင်းလို့ ထလိုက် လမ်းလျှောက်လိုက်ယင် အညောင်းပြေသွားတယ်၊ တော်တော်ကြာတော့ ထပြီး ရပ်နေယင်း လမ်းလျှောက် နေယင်းလဲ ညောင်းလာ ပြန်တာပဲ။
အစာဆာလို့ သင့်လျောတဲ့ အစာကို စားလိုက်ယင် ဆာတဲ့ ဆင်းရဲ ငြိမ်းသွားတယ်၊ ဒါပေမဲ့ ၁၂ - နာရီခန့် နာရီ ၂၀ - ခန့် စသည် ကြာတဲ့အခါ ဆာလာပြန်တာပဲ။ ရောဂါနှိပ်စက်လို့ ဒုက္ခရောက်တဲ့အခါ သင့်တော်တဲ့ ဆေးနဲ့ ကုလိုက်ယင် ရောဂါပျောက်ပြီး ချမ်းသာသွားတယ်၊ ဒါပေမဲ့ နောက် တချိန်ချိမ်မှာ ရောဂါ တမျိုးမျိုးဖြစ်ပြီး ဆင်းရဲရ ပြန်တာပဲ။
စားဝတ် နေရေး အဆင်မပြေလို့ ဒုက္ခရောက်တဲ့သူမှာ သင့်လျော်တဲ့နည်းဖြင့် အလုပ်အကိုင်လုပ်ပြီး စီးပွါးရှာလိုက်ယင် စားဝတ် နေရေး ပြေလည်ပြီး ချမ်းသာ သွားတတ်ပါတယ်၊ တချို့မှာဆိုယင် - အထက်တန်း အရာရှိကြီး ဖြစ်ပြီး, သေဋ္ဌေးဖြစ်ပြီး ချမ်းသာသွားတာလဲ ရှိပါတယ်၊
ဒါပေမဲ့ အကြောင်းမညီညွှတ်ယင် အရာရှိအဖြစ်, သေဋ္ဌေးအဖြစ်မှ လျှောကျပြီး ဒုက္ခရောက်ရတာလဲ ရှိတယ်၊ တသက်ပတ်လုံး အဆင်ပြေနေတောင်မှ သေတဲ့အခါ ကျတော့ ဒုက္ခရောက်ရ ပြန်တာပဲ။ ဒါန သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှုတွေပြုလို့ နောက်ဘဝမှာ ပြည့်စုံကြွယ်ဝတဲ့ လူချမ်းသာဖြစ်ပြီးတော့လဲ ချမ်းသာသွားနိုင်တယ်၊ တန်ခိုးကြီးတဲ့ နတ်ဖြစ်ပြီးတော့လဲ ချမ်းသာသွားနိုင်တယ်၊ ဒါပေမဲ့ အဲဒီ ကုသိုလ်ကံ အဟုန်ကုန်တဲ့အခါကျတော့ ဆင်းရဲတဲ့ဘဝတွေ ရောက်သွားနိုင်သေးတာပဲ။
အသက်ရှည်ပြီး ချမ်းသာအောင် ရည်ရွယ်ပြီးတော့ သမထဘာဝနာ အားထုတ်လို့ ရူပဈာန် အရူပဈာန်တွေကိုရယင် အဲဒီ ဈာန်ကုသိုလ်ကြောင့် ရူပဗြဟ္မာလောက အရူပဗြဟ္မာလောကတွေ ရောက်ပြီး ကမ္ဘာပေါင်းများစွာလဲ ချမ်းသာ နေနိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီဈာန်ကုသိုလ်အဟုန် ကုန်တဲ့အခါကျတော့ ယုတ်ညံ့တဲ့ ဘဝတွေရောက်ပြီး ဆင်းရဲရတတ်သေးတာပဲ၊ သမုဒယသစ္စာ အခန်းတုန်းက ပြခဲ့တဲ့ ဝက်မကလေးလိုပေါ့။
ဒါကြောင့် တဏှာမကုန်သေးယင် ဘယ်လို ဆင်းရဲငြိမ်းတာမှ မသေချာဘူး၊ တဏှာကုန်မှ ဆင်းရဲခပ်သိမ်း အစဉ်ထာဝရ အကုန် ငြိမ်းတယ်။ ဒါကြောင့် “တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော” စသည်ဖြင့် တဏှာ ပျက်ပြယ်ခြင်း ချုပ်ခြင်းကိုပင် ဒုက္ခနိရောဓအရိယ သစ္စာလို့ ဟောတော်မူတာပါပဲ။
အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် အဝိဇ္ဇာအစရှိသော အကြောင်းတရားချုပ်လို့ သင်္ခါရအစရှိသော အကျိုးတရား ချုပ်ငြိမ်းခြင်း သဘောပါပဲ။ ဒါကြောင့် အင်္ဂုတ္တရပါဠိ (ပ - ၁၇၈)မှာ ဒီလို ဟောတော်မူပါတယ်။
(ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ)
ရဟန်းတို့ ဒုက္ခနိရောဓ အရိယသစ္စာသည် အဘယ်နည်း၊
(အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော)
သမုဒယသစ္စာအရာ၌ ပြခဲ့သော အဝိဇ္ဇာ၏ပင်လျှင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ချုပ်ခြင်း ပြီးစီးသည်၊
(သင်္ခါရနိရောဓာ ဝိညာဏနိရောဓော)
သင်္ခါရတို့၏ ချုပ်ခြင်းကြောင့် ဘဝသစ်ဝိပါက် ဝိညာဏ်ချုပ်ခြင်း ပြီးစီးသည်၊
(ဝိညာဏနိရောဓာ နာမရူပနိရောဓော)
ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်ခြင်း ပြီးစီးသည်၊
(နာမရူပနိရောဓာ အဠာယတနနိရောဓော)
နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်ခြင်း ပြီးစီးသည်၊
(သဠာယတနနိရောဓာ ဖဿနိရောဓော)
သဠာယတနချုပ်ခြင်းကြောင့် ဖဿချုပ်ခြင်း ပြီးစီးသည်၊
(ဖဿနိရောဓာဝေဒနာ နိရောဓော)
ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်ခြင်း ပြီးစီးသည်၊
(ဝေဒနာနိရောဓာ တဏှာနိရောဓော)
ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်ခြင်း ပြီးစီးသည်၊
(တဏှာနိရောဓာ ဥပါဒါနနိရောဓော)
တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်ခြင်း ပြီးစီးသည်၊
(ဥပါဒါန နိရောဓာ ဘဝနိရောဓော)
ဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်ခြင်း ပြီးစီးသည်၊
(ဘဝနိရောဓာ ဇာတိနိရောဓော)
ကမ္မဘဝချုပ်ခြင်းကြောင့် ဘဝသစ် ဖြစ်မှုချုပ်ခြင်း ပြီးစီးသည်၊
(ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ)
ဘဝသစ်ဖြစ်မှု ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်းသည်၎င်း၊ စိုးရိမ် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ပြင်းစွာ စိတ်ပူပန်ခြင်းတို့သည်၎င်း ချုပ်ကုန်၏၊
(ဧဝံ) ဤဆိုခဲ့သည့်အတိုင်း၊
(ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ)
သုခနှင့်လဲမစပ်, အတ္တကောင်လဲ မဟုတ်သော ဤဆင်းရဲအစုသက်သက်၏ သာလျှင်၊
(နိရောဓော ဟောတိ)
ချုပ်ခြင်းဖြစ်သည်၊
(ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ)
ရဟန်းတို့ ယခုပြဆိုခဲ့သော ဤဆင်းရဲအစု သက်သက်၏ ချုပ်ခြင်းကို ဒုက္ခနိရောဓ အရိယသစ္စာဟု ခေါ်ဆိုအပ်ပေသည် - တဲ့။
အဲဒီ ပါဠိမှာ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်သည်စသဖြင့် အစဉ်အတိုင်း ပြဆိုတာ ကတော့ အကြောင်းချုပ်ယင် အကျိုးချုပ်တယ်ဆိုတာ သိရအောင်လို့ ပြဆိုခြင်း ဖြစ်တယ်၊ စင်စစ်သိစေလိုတာကတော့ အဝိဇ္ဇာချုပ်သည်နှင့် တပြိုင်နက် သင်္ခါရ အစရှိတဲ့ အကျိုးတရားတွေလဲ တပါတည်း ချုပ်သွားကြတယ် ဆိုတာကို သိစေလိုရင်းပါပဲ။ အဲဒီ ပါဠိထဲမှာ နိရောဓာပုဒ် နိရောဓော - ပုဒ်တို့ကို ချုပ်ခြင်းလို့သာ အနက်ပြန်ရတယ်၊ ချုပ်ရာလို့လဲ မပြန်နိုင်ဘူး၊ ချုပ်ကြောင်းလို့လဲ မပြန်နိုင်ဘူး၊ ချုပ်ရာ, ချုပ်ကြောင်းလို့လဲ ဒီပါဠိမှာ မဆိုလိုဘူး။
ဒါကြောင့် အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်အစရှိသော အကြောင်းတရား, အကျိုးတရားတို့၏ မဖြစ်ပေါ်လာနိုင်တော့ပဲ ချုပ်ငြိမ်းခြင်း ကင်းဆိတ် ပြတ်စဲသွားခြင်းကိုပင် ဒုက္ခနိရောဓ အရိယသစ္စာ - လို့ ခေါ်တဲ့ နိဗ္ဗာန်ပဲဆိုတာ ခိုင်ခိုင်မြဲမြဲ မှတ်ထားကြရမယ်။ ယင်း အကြောင်းအကျိုး ရုပ်နာမ်ဆင်းရဲတို့၏ ချုပ်ခြင်းကိုပင် ချုပ်ရာ ဟူ၍၎င်း, ချုပ်ကြောင်း ဟူ၍၎င်း တင်စားပြီး အဋ္ဌကထာများမှာ ဆိုထားတယ်လို့လဲ မှတ်ထားကြရမယ်။
နိရောဓသစ္စာ အကြောင်းကတော့ ဒါလောက်ဆိုယင် နားလည်လောက်ပါပြီ၊ ဒါထက် ကျယ်ကျယ်ပြန့်ပြန့် သိချင်ယင်တော့ နိဗ္ဗာန်ဆိုင်ရာ တရားတော် စာအုပ်ကို ကြည့်ကြပေတော့။ ယခု မဂ္ဂသစ္စာကို ဖွင့်ပြဟောကြားရမယ်။
မဂ္ဂသစ္စာ
▬▬▬
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓာဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ ခေါ ပန - ဤဆိုလတံ့သော တရားသည်ကား၊
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ - ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်တတ် ရောက်စေတတ်သော အကျင့်ဖြစ်သည့် အရိယသစ္စာပေတည်း။
(အဘယ်နည်းဟူမူ)
အဋ္ဌင်္ဂိကော - အင်္ဂါရှစ်ပါးရှိသော၊
အရိယော - ဖြူစင်မြင့်မြတ်သော၊
အယမေဝ မဂ္ဂေါ - ဤမဂ်ပင်တည်း။
သေယျထိဒံ - ယင်းအရိယမဂ်က ဘယ်ဟာလဲဆိုလျှင်၊
သမ္မာဒိဋ္ဌိ - မှန်စွာမြတ်ခြင်း၊
သမ္မာသင်္ကပ္ပေါ - မှန်စွာကြံခြင်း၊
သမ္မာဝါစာ - မှန်စွာပြောခြင်း၊
သမ္မာကမ္မန္တော - မှန်စွာပြုခြင်း၊
သမ္မာအာဇီဝေါ - မှန်စွာ အသက်မွေးခြင်း၊
သမ္မာဝါယာမော - မှန်စွာ အားထုတ်ခြင်း၊
သမ္မာသတိ မှန်စွာ အမှတ်ရခြင်း၊
သမ္မာသမာဓိ - မှန်စွာ စူးစိုက်တည်ကြည်ခြင်း။
(ဣဒံ - ဤသည်ပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ပေတည်း၊ ဤသည်ပင် အရိယမဂ္ဂသစ္စာပေတည်း။)
ဒီမဂ္ဂသစ္စာကို ရှေ့ပိုင်းကလဲ တော်တော်များမျာ ဖွင့်ပြပြီး ပြောခဲ့ပါပြီ၊ ယခုလဲ ပြောသင့်တာကို ထပ်ပြီးပြောရဦးမယ်။ အဲဒီ မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပဆိုတာက ပညာမဂ္ဂင် ၂ - ပါးပဲ၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတာ ကတော့ သီလမဂ္ဂင်သုံးပါးပဲ၊ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဆိုတာကတော့ သမာဓိ မဂ္ဂင်သုံးပါးပဲ။
အဲဒီ မဂ္ဂင်ရှစ်ပါးကို ဗမာလို တိုတိုနဲ့ ဆောက်မှတ်ထားရအောင် စီထားတဲ့ ဆောင်ပုဒ်ကို တတိယပိုင်းတုန်းက ဆိုခဲ့ကြပြီ၊ ယခုလဲထပ်ပြီး ဆိုလိုက်ကြဦးစို့။
မှန်စွာမြင်သိ ကြံမိမှန်ကန်၊
မှန်စွာပြောပြု ရှာမှုလမ်းမှန်၊
မှန်စွာကြောင့်ကြ မှတ်ရမှန်ကန်၊
စူးစိုက်ကပ် ရှစ်ရပ် မဂ်လမ်းမှန်။
အဲဒီမှာ မှန်စွာမြင်သိ - ဆိုတာ သမ္မာဒိဋ္ဌိ - ပုဒ်၏ မြန်မာပြန်ပဲ၊ ကြံမိမှန်ကန် - ဆိုတာ သမ္မာသင်္ကပ္ပ - ၏ မြန်မာပြန်ပဲ၊ အဲဒီ ၂ - ပါးက ပညာမဂ္ဂင်ပဲ။
မှန်စွာပြောတယ်, မှန်စွာပြုတယ်, လမ်းမှန်အတိုင်း ရှာတယ် - ဆိုတာတွေက သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ - တို့၏ မြန်မာပြန်ပဲ၊ အဲဒါတွေက သီလမဂ္ဂင် သုံးပါးပါပဲ။
မှန်စွာ ကြောင့်ကြပြုတယ် - ဆိုတာ သမ္မာဝါယာမပဲ၊
မှန်ကန်စွာ အမှတ်ရတယ် - ဆိုတာ သမ္မာသတိပဲ၊
မှန်ကန်စွာအာရုံကို စူးစိုက်တယ် ကပ်တယ် - ဆိုတာ သမ္မာသမာဓိပဲ၊
ဒီသုံးပါးက သမာဓိမဂ္ဂင်ပဲ။
ရှစ်ရပ်မဂ်လမ်းမှန် ဆိုတာက အဲဒီ မဂ္ဂင်ရှစ်ပါးဟာ မဂ္ဂသစ္စာခေါ်တဲ့ အကျင့် လမ်းမှန်ပဲလို့ ဆိုလိုပါတယ်။
အဲဒီ မဂ္ဂင်ရှစ်ပါးထဲက သီလမဂ္ဂင်ကိုတော့ ထပ်ပြောဘို့ မလိုပါဘူး။ ပညာမဂ္ဂင် ၂ - ပါးထဲက သမ္မဒိဋ္ဌိမဂ္ဂင်ကိုတော့ ဖွင့်ပြပြီး ပြောစရာတွေတော်တော် လိုနေပါ သေးတယ်၊ ဒါကြောင့် အဲဒီ သမ္မာဒိဋ္ဌိကို ပြောရအောင် ရှေးဦးစွာ ဘုရားဟော အဖွင့်ကို ထပ်ပြီး ရွတ်ဆိုပြမယ်။
သမ္မဒိဋ္ဌိမဂ္ဂင်အဖွင့်
▬▬▬▬▬▬▬
ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခနရောဓေ ဉာဏံ ဒုက္ခနိရောဓ ဂါမိနိယာ ပဋိမဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။
ဘိက္ခဝေ - ရဟန်းတို့၊
သမ္မာဒိဋ္ဌိ - မှန်စွာ မြင်ခြင်းသည်၊
ကတမာ စ - အဘယ်ပါနည်း။
ဘိက္ခဝေ - ရဟန်းတို့၊
ဒုက္ခေ - ဒုက္ခသစ္စာ၌၊
ဝါ - ဆင်းရဲတရား၌၊
ယံ ခေါ ဉာဏံ - အကြင် အသိဉာဏ်သည်၎င်း၊
ဒုက္ခသမုဒယေ - သမုဒယသစ္စာ၌၊
ဝါ - ဆင်းရဲဖြစ်ပွါးကြောင်း တရား၌၊
ယံ ခေါ ဉာဏံ - အကြင် အသိဉာဏ်သည်၎င်း၊
ဒုက္ခနိရောဓေ - နိရောဓသစ္စာ၌၊
ဝါ - ဆင်းရဲချုပ်ရာဆင်းရဲချုပ်ခြင်း သဘော၌၊
ယံ ခေါ ဉာဏံ - အကြင် အသိဉာဏ်သည်၎င်း၊
ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ - မဂ္ဂသစ္စာ၌၊
ဝါဆင်းရဲချုပ်ရာ - ဆင်းရဲချုပ်ခြင်း သဘောသို့ ဆိုက်ရောက် သိမြင်သော အကျင့်လမ်း၌၊
ယံ ခေါ ဉာဏံ - အကြင် အသိဉာဏ်သည်၎င်း၊
အတ္ထိ - ရှိ၏၊
အယံ - ဤအသိဉာဏ်ကို၊
သမ္မာဒိဋ္ဌိ - မှန်ကန်စွာ မြင်ခြင်းဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏ - တဲ့။
အဲဒါဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ကို အကျယ်ဖွင့်ပြတဲ့ မြတ်စွာဘုရားစကားတော်ပါပဲ၊ အတိုချုပ်အားဖြင့် ပြောရယင် သစ္စာလေးပါးကို သိသင့်တဲ့အတိုင်း မှန်စွာသိတာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ပါပဲ။ ဒီနေရာမှာ အဋ္ဌကထာ၌ ဖွင့်ပြထားပုံကတော့ -
စတုသစ္စကမ္မဋ္ဌာန်း
▬▬▬▬▬▬
ဒုက္ခေ ဉာဏန္တိ အာဒိနာ - ဒုက္ခ သစ္စာ၌ အသိဉာဏ် အစရှိသော စကားဖြင့်၊
စတုသစ္စကမ္မဋ္ဌာနံ - သစ္စာလေးပါးကို ရှုသိရသော ကမ္မဋ္ဌာန်းကို၊
ဒဿိတံ - ပြတော်မူ(အပ်)ပေသည်။
တတ္ထ - ထိုသစ္စာလေးပါးတို့တွင်၊
ပုရိမာနိ ဒွေ သစ္စာနိ ဒွေ သစ္စာနိ - ဒုက္ခနှင့် သမုဒယဟူသော ရှေးသစ္စာ ၂ - ပါး တို့သည်၊
ဝဝဋ္ဋံ - ဝဋ် သစ္စာပေတည်း။
ပစ္ဆိမာနိ - နိရောဓနှင့် မဂ္ဂဟူသော နောက်သစ္စာ ၂ - ပါးတို့သည်၊
ဝိဝဋ္ဋံ - ဝဋ်မှ လွတ်သော သစ္စာပေတည်း။
တေသု - ထိုဝဋ်သစ္စာနှင့် ဝိဝဋ္ဋသသစ္စာတို့တွင်၊
ဝဋ္ဋေ - ဝဋ်သစ္စာ၌၊
ဘိက္ခုနော - ယောဂီရဟန်း၏၊
ကမ္မဋ္ဌာနဘိနိဝေသော - ဝိပဿနာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊
အတ္ထိ - ရှိ၏။
ဝိဝဋ္ဋေ - ဝိဝဋ္ဋ သစ္စာ၌၊
အဘိနိဝေသော - ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊
နတ္ထိ - မရှိပေ။
ဒုက္ခနှင့် သမုဒယဆိုတဲ့ ဝဋ်သစ္စာ - လောကီသစ္စာ ၂ - ပါး ၌သာ ဝိပဿနာ ရှုရတယ်၊ နိရောဓနှင့် မဂ္ဂဆိုတဲ့ ဝိဝဋ္ဋသစ္စာ လောကုတ္တရာသစ္စာ ၂ - ပါး၌ ဝိပဿနာ မရှုရဘူး မရှုကောင်းဘူး၊ ရှုလို့လဲ မဖြစ်ဘူး - တဲ့၊ အဲဒါကို ခိုင်ခိုင်မြဲမြဲ မှတ်ထား ကြရမယ်။ လောကုတ္တရာသစ္စာကို ဘာ့ကြောင့် မရှုရသလဲဆိုလျှင်၊ (အဝိသယတ္တာ) ပုထုဇဉ်တို့မှာ အာရုံ မပြုနိုင်တဲ့ တရား ဖြစ်သောကြောင့်ပါပဲ - တဲ့ ဋီကာက ဖွင့်ပြထားပါတယ်။
ဟုတ်တယ် - ပုထုဇဉ်ပုဂ္ဂိုလ်ဟာ မဂ်ဖိုလ်တရားတွေကို လုံးလုံး အာရုံ မပြုနိုင်ဘူး၊ နိဗ္ဗာန်တရားကိုလဲ ဂေါတြဘူဖြစ်ခိုက်မှ ရှေးအဖို့၌ လုံးလုံး အာရုံ မပြုနိုင်ဘူး၊ ဂေါတြဘူ စိတ်ဆိုတာက ဝိပဿနာ ဉာဏ်ရင့်သန်ပြည့်စုံတဲ့အခါကျမှ အနုလောမဉာဏ်၏ အခြားမဲ့မှာ ဖြစ်တယ်၊ အဲဒီ ဂေါတြဘူစိတ်၏ အခြားမဲ့မှာ သောတာပတ္တိမဂ်စိတ် ဖိုလ်စိတ် ဖြစ်တော့တာပဲ။
ဒါကြောင့် နိဗ္ဗာန်အစစ်နှင့် အရိယ မဂ်ဖိုလ်ကို ပုထုဇဉ်တို့ အာရုံမပြုနိုင်ဘူး ဆိုတာ အလွန်ရှင်းလင်း ပြတ်သားပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကိုစပြီး ရှုဘို့ အာရုံပြုဘို့ ဟောပြောညွှန်ပြတဲ့ နည်းလမ်းဆိုလျှင် အမှားစင်စစ်ပဲလို့ သေသေချာချာ မှတ်ထားကြ။
ဒီနေရာမှာ ဥပသမာနုဿတိအနေနဲ့ မရှုကောင်းဘူးလားလို့ မေးစရာ ရှိပါတယ်၊ သမာဓိရအောင် သမထ ကမ္မဋ္ဌာန်း အနေနဲ့ ဆိုယင်တော့ ဝိရာဂ - တပ်မက်မှု ကင်းခြင်း အစရှိသော နိဗ္ဗာန်၏ ဂုဏ်တွေကို ရှုဆင်ခြင် ကောင်းပါတယ်၊ အဲဒါက သမာဓိ ဖြစ်ရုံမျှအတွက် ရှုဆင်ခြင်မှု ဖြစ်ပါတယ်၊ အရိယမဂ်ဖိုလ်ကို ချက်ခြင်း ရအောင် ရှုတာမဟုတ်ပါဘူး၊
အဲဒီလို ရှုတာကလဲ နိဗ္ဗာန်ကို သိမြင်ပြီး ဖြစ်တဲ့ အရိယာ ပုဂ္ဂိုလ်များနှင့် သင့်လျော်ပါတယ်၊ သာမန် ပုဂ္ဂိုလ်တွေနဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်း မဟုတ်ပါဘူး။ ဒါကြောင့် မဂ်ရောက် ဖိုလ်ရောက် ကိစ္စပြီးစေရန် အနေနဲ့ နိဗ္ဗာန်ကို စပြီး ရှုတာ ကတော့ အမှားစင်စစ်ပါပဲ။
(ပဉ္စက္ခန္ဓာ ဒုက္ခံ, တဏှာ သမုဒယောတိ)
ခန္ဓာ ငါးပါးက ဒုက္ခသစ္စာ, တဏှာက သမုဒယသစ္စာဟု
(ဧဝံ သင်္ခေပန စ)
ဤသို့ အကျဉ်းအားဖြင့်သော်၎င်း၊
(ကတမေ ပဉ္စက္ခန္ဓာတိ အာဒိနိာ နယေန)
ခန္ဓာငါးပါးတို့ကာ အဘယ်သည်တို့နည်း၊
ရူပက္ခန္ဓာ ဝေဒနာ သညာ သင်္ခါရ ဝိညာဏက္ခန္ဓာတို့ပေတည်း၊ ရူပက္ခန္ဓာကား အဘယ်နည်း၊ မဟာဘုတ် ၄ - ပါးနှင့် ဥပါဒါရုပ် တို့ပင်တည်း။ ဤသို့ အစရှိသော နည်းဖြင့် -
(ဝိတ္ထာရေနာစ) အကျယ်အားဖြင့်သော်၎င်း၊
(အာစရိယဿ သန္တိကေ) ဆရာ၏ထံ၌
(ပုရိမာနိ ဒွေ သစ္စာနိ) ရှေးသစ္စာ ၂ - ပါးတို့ကို
(ဥဂ္ဂဏှိတွာ) သင်ယူပြီး၍
(ငါစာယ ပုနပ္ပုနံ ပရိဝတ္တေန္တော) နှုတ်ဖြင့် အဖန်ဖန်ပြန်လျက်
(ယောဂါဝစရော) ယောဂီသည်
(ကမ္မံ ကရောတိ) ရှုမှုကို ပြု၏၊
(ဣတရေသု ပန ဒွီသု သစ္စေသု)
နိရောဓနှင့် မဂ္ဂဟူသော ကျန်သစ္စာ ၂ - ပါးတို့၌မူကား၊
(နိရောဓသစ္စွံ ဣဋ္ဌံ ကန္တံ မနာပံ၊ မဂ္ဂသစ္စံ ဣဋ္ဌံ ကန္တံ မနာပန္တိ)
နိရောဓသစ္စာသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော တရားပေတည်း၊ မဂ္ဂသစ္စာသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော တရားပေတည်း ဟူ၍
(ဧဝံ သဝနေန ကမ္မံ ကရောတိ)
ဤသို့ ကြားနာခြင်းဖြင့် ပြုအပ်သည့် အမှုကိုပြု၏။
(ယင်းလောကုတ္တရာသစ္စာ ၂ - ပါးကိုတော့ နာကြား၍ စိတ်ညွှတ်ရုံမျှဖြင့်ပင် ကိစ္စပြီးသည်ဟု ဆိုလို၏။)
(သော ဧဝံ ကရောန္တော)
ထိုယောဂီသည် ယခုပြဆိုခဲ့သည့်အတိုင်း ပြုသည်ဖြစ်၍
(စတ္တာရိ သစ္စာနိ ဧကပဋိဝေဓေနေဝ ပဋိဝိဇ္ဈတိ)
သစ္စာလေးပါးတို့ကို တကြိမ်တည်း ထိုးတွင်းသိခြင်းဖြင့်သာလျှင် ထိုးထွင်းသိ၏။
(ဧကာဘိသမယေန အဘိသမေတိ)
တကြိမ်တည်း တွေ့သိခြင်းဖြင့်သာလျှင်တွေ့သိ၏။
သိပုံကတော့ ဒုက္ခကို ပိုင်းခြားသိခြင်း ပဋိဝေဓဖြင့်၊ သမုဒယကို ပယ်ခြင်း ပဋိဝေဓဖြင့်၊ နိရောဓကို မျက်မှောက်ပြုခြင်း ပဋိဝေဓဖြင့်၊ မဂ္ဂကို ဖြစ်ပွါးစေခြင်း ပဋိဝေဓဖြင့် ထိုးထွင်းသိ၏၊ ဒုက္ခကို ပိုင်းခြားသိခြင်း အဘိသမယဖြင့်၊ သမုဒယကို ပယ်ခြင်း အဘိသမယဖြင့်၊ နိရောဓကို မျက်မှောက် ပြုခြင်း အဘိသမယဖြင့်၊ မဂ္ဂကို ဖြစ်ပွါးစေခြင်း အဘိသမယဖြင့် တွေ့သိ၏။
(ဧဝမဿ ဒွီသု သစ္စေသု)
ယခု ပြဆိုခဲ့သည့် အတိုင်း ထိုယောဂီမှာ အရိယမဂသို့ မရောက်သေးမီ ရှေးအဖို့၌ ဒုက္ခနှင့် သမုဒယဟူသော သစ္စာ ၂ - ပါးတို့၌
(ဥဂ္ဂဟ ပရိပုစ္ဆာ သဝန ဓာရဏ သမ္မသနပဋိဝေဓော ဟောတိ)
သင်ယူ၍ သိခြင်း မေး၍သိခြင်း နာကြား၍သိခြင်း နှုတ်တက်ဆောင်၍ သိခြင်း သုံးသပ်၍ သိခြင်းဖြစ်သည်။
(နှုတ်တက်ဆောင်၍ သိခြင်းတိုင်အောင် သိခြင်းလေးပါးသည် ပရိယတ် အသိမျှ ဖြစ်သည်၊ သုံးသပ်၍ သိခြင်းသည်ကား ဝိပဿနာရှု၍ ဘာဝနာဖြင့် သိခြင်းဖြစ်သည်)
(ဒွီသု ပန သဝနပဋိဝေဓော ယေဝ)
နိရောဓနှင့် မဂ္ဂဟူသော သစ္စာ ၂ - ပါးတို့၌ မူကား နာကြား၍ သိခြင်းမျှသာလျှင် ဖြစ်သည်။
(အပရဘာဂေ)
ဝိပဿနာမှ နောက်အဖို့ အရိယမဂ်ခဏ၌၊
(တီသုကိစ္စတော ပဋိဝေဓော ဟောတိ၊ နိရောဓေ အာရမ္မဏပဋိဝေဓော)
ဒုက္ခ, သမုဒယ, မဂ္ဂဟူသော သစ္စာ ၃ - ပါးတို့၌ ပိုင်းခြားသိမှု ပြီးခြင်း, ပယ်မှု ပြီးခြင်း, ဖြစ်ပွါးစေမှု ပြီးခြင်း ဟူသော ကိစ္စပြီးခြင်းအားဖြင့် သိခြင်း ဖြစ်၏၊ နိရောဓသစ္စာ၌ အာရုံပြု သိခြင်း ဖြစ်၏။
(သုတ်မဟာဝါ အဋ္ဌကထာ နှာ ၃၉၁)
ဒီအဋ္ဌကထာမှာ ပြဆိုထားတဲ့အတိုင်း “နိရောဓ၌ အသိဉာဏ်, မဂ္ဂ၌ အသိဉာဏ်” ဆိုတဲ့ ဒီ ဉာဏ် ၂ - ပါးကတော့ ရှေးအဖို့မှာဆိုယင် နာကြားပြီးသိတဲ့ သုတမယ ဉာဏ်သာ ဖြစ်တယ်၊ အဲဒီ လောကုတ္တရာ သစ္စာ ၂ - ပါးကို ကောင်းမြတ်ကြောင်း သိပြီး စိတ်ညွှတ်ရုံမျှသာ လိုတယ်၊ အဲဒီ သစ္စာ ၂ - ပါးကို တမင် ရှုဆင်ခြင် နေဘို့တော့ မလိုဘူးဆိုတာ ထင်ရှားပါတယ်။ “ဒုက္ခ၌ အသိဉာဏ်, သမုဒယ၌ အသိဉာဏ်” ဆိုတဲ့ ဒီ ဉာဏ် ၂ - ပါးကတော့ နာကြားပြီးတော့ သုတမယ ဉာဏ်ဖြစ်ဖို့လဲ လိုတယ်၊ ရှုသိပြီး ဘာဝနာမယဉာဏ် ဖြစ်ဖို့လဲ လိုတယ်ဆိုတာ ထင်ရှားသိရပါတယ်။ .
လိုအပ်သော သုတမယဉာဏ်
▬▬▬▬▬▬▬▬▬▬
သုတမယဉာဏ်က ဘယ်လောက်လိုသလဲဆိုယင် ယခုပြဆိုခဲ့တဲ့ အဋ္ဌကထာမှာ “ခန္ဓာငါးပါးက ဒုက္ခသစ္စာ၊ တဏှာက သမုဒယသစ္စာ”လို့ ဒါလောက် နာကြားဘူးယင် အကျဉ်းချုပ်အားဖြင့် ပြည့်စုံတဲ့အကြောင်း ပြဆိုထားတဲ့ အတိုင်းပေါ့။ အဲဒီ အဆိုထဲမှာ ခန္ဓာငါးပါးဆိုတာ “သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ”လို့ ဒီသုတ်မှာ ဟောထားတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပါပဲ၊
အဲဒါတွေဟာ မြင်ဆဲကြားဆဲစသည်၌ ထင်ရှား ပေါ်နေတဲ့ သဘောတရားတွေ ဖြစ်ကြောင်း (နှာ ၂၂၉ - စသည်၌) အကျယ်ဖွင့်ပြ ဟောကြားခဲ့ပါပြီ။ သမုဒယ သစ္စာကိုလဲ သမုဒယသစ္စာပိုင်းက အကျယ်ဖွင့်ပြ ဟောကြားခဲ့ပါပြီ။ အဲဒီ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာကို နာကြားပြီး သိထားယင် ပဋိစ္စသမုပ္ပါဒ်ကိုလဲ အကျဉ်းချုပ်အားဖြင့် နာကြားပြီးသိတဲ့ သုတမယဉာဏ် ပြည့်စုံပါတယ်၊
ဘာကြောင့်လဲဆိုတော့ ဝိသုဒ္ဓိမဂ်မဟာဋီကာ (ဒု - နှာ ၂၃၀)မှာ
(ယေဓမ္မာ ဟေတုပ္ပ ဘဝါ)
အကြင်တရားတို့သည် အကြောင်းလျှင် အမွန်အဝရှိကြ၏။
(တောသံ ဟေတုံ တထာဂတော အာဟ)
အကြောင်းလျှင် အမွန်အစ ရှိကြသော ထိုတရားတို့၏ အကြောင်းကို မြတ်စွာဘုရားက ဟောတော်မူပါသည်”
လို့ အရှင်အဿဇိမထေရ်စောတဲ့ တရားကို “အကျယ် ဟောထားတဲ့ ပဋိစ္စသမုပ္ပါဒ်၏ အကျဉ်းချုပ် ဖြစ်ကြောင်း” အထင်အရှား ပြဆိုထားပါတယ်၊ နောက်ပြီးတော့ အရှင်အဿဇိ ဟောတဲ့ အဲဒီဂါထာမှာ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” ဟူသော စကားရပ်ဖြင့် ခန္ဓာငါးပါးဆိုတဲ့ ဒုက္ခသစ္စာကို ဟောကြောင်း၊ “တေသံ ဟေတုံ တထာဂတော အာဟ” ဟူသော စကားရပ်ဖြင့် သမုဒယသစ္စာကို ဟောကြောင်း ဝိနည်းမဟာဝဂ္ဂအဋ္ဌကထာ (နှာ - ၂၅၆)၌ ဖွင့်ပြထားပါတယ်။
ဒါကြောင့် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို အကျဉ်းချုပ်အားဖြင့် နာကြားပြီးသိလျှင် ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းချုပ်အားဖြင့်သိတဲ့ သုတမယဉာဏ် ပြည့်စုံကြောင်း အလွန်ထင်ရှားပါတယ်။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို စက်ဝိုင်းဇယားပုံကြီးနှင့်တကွ အကျယ်မသိယင် တရား အားမထုတ်ကောင်းကြောင်း ဟောနေကြတဲ့ စကားဟာ ဒီအဋ္ဌကထာ ဋီကာတွေနဲ့ ဆန့်ကျင်တဲ့ ပဋိပတ်သာသနာဖျက် စကားလို့ မှတ်ထားကြရမယ်။
ဘုရားဟော ပါဠိတော်အလိုအားဖြင့် အကျဉ်းချုပ် သုတကတော့ မူလပဏ္ဏသပါဠိ စူဠတဏှာသင်္ခယသုတ်မှာ ဒီလိုရှိပါတယ်။
ဒေဝါနမိန္ဒ - သိကြားမင်း၊
ဣဓ - ဤ သာသနာတော်၌၊
ဘိက္ခုနော - ရဟန်းသည်၊
သုတံ - ကြားဘူးသည်၊
ဟောတိ - ဖြစ်၏။
(ကိံ - အဘယ်နည်း)
သဗ္ဗေ ဓမ္မာ - အလုံးစုံသော တရားတို့သည်၊
အဘိနိဝေသာယ - မြဲသည် ချမ်းသာသည် အတ္တပဲဟု စွဲလမ်းရန်အလို့ငှါ၊
နာလံ - မထိုက်တန် - မသင့်လျော်ကုန်၊
ဣတိ - ဤသို့ ကြားဘူးသည် ဖြစ်၏တဲ့။
ဒီစကားဖြင့် သုတမယဉာဏ် ပြည့်စုံပုံကို ပြပါတယ်။ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆ - ပါးက ထင်ရှားပေါ်နေတဲ့ အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာ မြဲတယ် ချမ်းသာတယ် အတ္တကောင်ပဲလို့ စွဲလမ်းရန် မထိုက်တန်ဘူး၊ မမြဲတဲ့ ဆင်းရဲတဲ့ အတ္တမဟုတ်တဲ့ သဘောတရားချည်းပဲလို့ ကြားဘူးယင် အရဟတ္တဖိုလ်ပေါက် တရားအားထုတ်ရန်အတွက် သုတမယဉာဏ် အကျဉ်းအားဖြင့် ပြည့်စုံပြီလို့ ဆိုလိုပါတယ်။
ဒါကြောင့် အဲဒီစကားရဲ့ အခြားမဲ့မှာ (သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ) ထိုမျှ ကြားဘူးသော ရဟန်းသည် အလုံးစုံသောတရားကို ရှေးရှုပြု၍ သိ၏ - စသည်ဖြင့် နာမရှုပ ပရိစ္ဆေဒဉာဏ် ဖြစ်အောင် ရှုပုံ စသည်ကို ဟောသွားပါသတဲ့။ အဲဒါကို ဘုန်းကြီးက ဆောင်ပုဒ်တွေ စီထားတယ်၊ လိုက်ဆိုကြရမယ်။
(၁) လုံးစုံဓမ္မ၊ အနိစ္စ၊ ဒုက္ခ အနတ္တာ။
(၂) ဤ၍ဤမျှ ၊ ကြားဘူးက၊ သုတလုံလောက်ပါ။
(၃) ဉာဏ်ဖြင့် ရှေးရှု၊ ရုပ်နာမ်စု၊ မှတ်ပြုသိလေရာ။
(၄) မမြဲ ဆင်းရဲ၊ သဘောပဲ၊ သိမြဲ ပိုင်းခြားကာ။
အဲဒီ ဆောင်ပုဒ် ၄ - ခုထဲက ပဌမ ဒုတိယ ၂ - ပုဒ်ဖြင့် သုတမယဉာဏ် အကျဉ်းချုပ်ပြည့်စုံပုံကို ပြပါတယ်၊ တတိယပုဒ်ဖြင့် အဘိဇာနာတိ ပါဠိအရ မြင်ဆဲ ကြားဆဲ စသည်၌ ဖြစ်ဆဲ ရုပ်နာမ်တရားကို ဉာဏ်ဖြင့် ရှေးရှုပြုပြီး ရှုသိပုံကိုပြပါတယ်၊
အဲဒီလို ရှေးရှုပြုပြီး ရှုခြင်းဖြင့် တကယ်ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တရားတွေကို ပိုင်းခြားသိပြီး နာမရူပပရိစ္ဆေဒဉာဏ်လဲဖြစ်တယ်၊ မျက်စိနဲ့ အဆင်းရှိလို့ မြင်တယ် စသည်ဖြင့် အကြောင်းကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်လဲ ဖြစ်တယ်၊ ဒီဉာဏ် ၂ - ပါးကို အဘိညာပညာလို့ခေါ်တယ်၊ ပရိညာသုံးပါးထဲက ဉာတပရိညာပါပဲ။
စတုတ္ထဆောင်ပုဒ်ဖြင့် -
(သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ)
အလုံးစုံသောတရားကို ရှေးရှုပြုသိပြီး၍ အလုံးစုံသောတရားကို မမြဲ ဆင်းရဲ အနတ္တဟု ပိုင်းခြား၍ သိ၏ -
ဆိုတဲ့ အခြားမဲ့ ပါဠိတော်စကား၏အနက်ကို ဖော်ပြပါတယ်၊ အဲဒါက တီရဏပရိညာ ပဟာနပရိညာတို့နှင့် ဆိုင်ပါတယ်။
လိုရင်းကတော့ တရားအလုံးစုံဟာ အနိစ္စ ဒုက္ခ အနတ္တချည်းပဲလို့ ကြားဘူးရုံမျှဖြင့် အရဟတ္တဖိုလ်ပေါက် တရားအားထုတ်ရန် သုတမယဉာဏ် အကျဉ်းချုပ်ပြည့်စုံတယ် ဆိုတာပါပဲ။ ဒါကြောင့် “ပဋိစ္စသမုပ္ပါဒ်ကို အကျယ်မသိလျှင် တရားအားမထုတ် ကောင်းဘူး”လို့ ပြောဆိုတဲ့စကားဟာ ဒီစူဠတဏှာ သင်္ခယသုတ် ပါဠိတော်နဲ့လဲ ဆန့်ကျင်တယ်၊ တရားအားထုတ်လိုတဲ့ သူတွေအား တားမြစ်ဖျက်ဆီးတဲ့အတွက် ပဋိပတ္တိ - သာသနာဖျက်စကားလဲ ဖြစ်တယ်လို့ မှတ်ထားကြရမယ်။
သူတို့ပြောတဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ်ကို စက်ဝိုင်းဇယားပုံကြီးနှင့်တကွ အကျယ်သိမှ တရားအားထုတ်ရမယ် ဆိုယင် အချိန်အခွင့် မရလို့ဖြစ်စေ၊ ကျက်မှတ်ဉာဏ်လေး လို့ဖြစ်စေ အဲဒီပဋိစ္စသမုပ္ပါဒ် အကျယ်ကို မကျက်မှတ်နိုင်တာနဲ့ တချို့ပုဂ္ဂိုလ်တွေမှာ မဂ်ဖိုလ်ကို ရနိုင်လောက်သည့် ဥပနိဿယ ရှိနေပါလျက် အားမထုတ်ရတဲ့အတွက် မဂ်ဖိုလ်တရားမှ ဆုံးရှုံးလက်လွတ်သွားဘွယ်ရှိပါတယ်။
သာဓကထုတ်ပြရယင် မြတ်စွာဘုရားလက်ထက်တော်က အရှင်စူဠပန္တက ဆိုကာဟာ အက္ခရာ ၄၄ - လုံး မျှရှိတဲ့ ဂါထာတပုဒ်ကို ၄ - ပတ်လုံး ကျက်တာတောင် မရဘူးတဲ့ ပဋိစ္စသမုပ္ပါဒ် အကျယ်ကို ကျက်မှတ်နိုင်ဘို့ကတော့ အလွန်ဝေးတာပါပဲ၊ ဒါပေမဲ့ အဲဒီမထေရ်ဟာ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းကို နှလုံးသွင်း အားထုတ်သဖြင့် တစ်နံနက်ခင်း ကာလတွင်ပဲ ဈာန်အဘိညာဉ်များနှင့်တကွ ရဟန္တာဖြစ်တော်မူပါတယ်။
ဒါကြောင့် တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ, အားထုတ်လိုတဲ့ ပုဂ္ဂိုလ်တွေအား စိတ်ဆန္ဒ ပျက်အောင်ပြောတဲ့ စကားမျိုးကို ပညာရှိ သူတော်ကောင်းများ အထူး သတိပြု၍ ရှောင်ကြဉ်ရန် ဘုန်းကြီးက ဒီ ဓမ္မစကြာတရားတော်ကြီးကနေပြီး သတိပေးလိုက် ပါတယ်။
ဆရာမရှိပဲ ကိုယ်တဦးတည်း အားထုတ်မယ်ဆိုယင်တော့ ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားတဲ့ အတိုင်း ခန္ဓာ အာယတန ဓာတ် သစ္စာ ဣန္ဒြေ ပဋိစ္စသမုပါဒ်တွေကို အကျယ်အားဖြင့် ကြားနာလေ့လာ မှတ်သားထားဘို့ လိုပါတယ်၊ ဗဟုသုတနှင့် ပြည့်စုံတဲ့ ကလျာဏမိတ္တ ကမ္မဋ္ဌာန်းဆရာထံ၌ အားထုတ်မည့်ပုဂ္ဂိုလ်မှာ ဆိုယင်တော့ ယခုထုတ်ပြခဲ့တဲ့ ပါဠိအဋ္ဌကထာများနှင့်အညီ “တရားအားလုံးဟာ အနိစ္စ ဒုက္ခ အနတ္တချည်းပဲ”လို့ ဒါလောက်ကြားဘူးယင်လဲ သုတမယဉာဏ် ပြည့်စုံပြီလို့ မှတ်ရမယ်၊
“ပုထုဇဉ်တို့၏ သန္တာန်မှာ ခန္ဓာငါးပါးက ဒုက္ခသစ္စာ၊ တဏှာက သမုဒယသစ္စာ”ဆိုတဲ့ ဒီအကြောင်းနှင့်အကျိုး လောကီသစ္စာ ၂ - ပါးမျှသာ ရှိတယ်လို့” ဒါလောက် ကြားဘူးယင်လဲ သုတမယဉာဏ် ပြည့်စုံပြီလို့ မှတ်ရမယ်။ မြန်မာပြည်၌ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာ ဒီလောက် သုတကတော့ စောစောကတည်းက ပြည့်စုံနေတာပဲများပါလိမ့်မယ်၊
အကယ်၍ စောစောက မပြည့်စုံသေးယင်လဲ တရားအားထုတ်ခါနီးမှာ ကမ္မဋ္ဌာန်း ဆရာ၏ ဟောပြောချက်ကို နာရခြင်းဖြင့် ပြည့်စုံနိုင်ပါတယ်၊ အားထုတ်နေဆဲမှာ တရားနာရခြင်းဖြင့်လဲ ပြည့်စုံနိုင်ပါတယ်၊ ဒါကြောင့် သုတမယဉာဏ်နှင့်စပ်ပြီး သံသယ ဖြစ်စရာကတော့ မရှိပါဘူး၊ သုတပြည့်စုံတဲ့ ကလျာဏ မိတ္တဆရာ၏ ညွှန်ကြားချက်အတိုင်း အားထုတ်ဖို့ပဲ လိုပါတယ်။
ဘယ်လို အားထုတ်ရမလဲဆိုတော့ - အခြေခံနှင့်တကွ အားထုတ်ပုံကို တတိယပိုင်းမှာ (နှာ - ၁၃၈ မှစ၍) ပြောခဲ့ပါပြီ။ ယခု ဆက်စပ်မိအောင် နဲနဲတော့ ထပ်ပြောပါဦးမယ်။ ပွါးစေရမည့် မဂ္ဂင်က သုံးဆင့်ရှိတယ်၊ အဲဒီ သုံးဆင့်အတွက် ဆောင်ပုဒ်ကို ဆိုကြရမယ်။
မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
မူလမဂ္ဂင်ဆိုတာ ကမ္မဿကတာ သမ္မာဒိဋ္ဌိရယ်၊ သီလမဂ္ဂင်ရယ် ဥပစာရသမာဓိ, သို့မဟုတ် အပ္ပနာဈာန်သမာဓိရယ် ဒါတွေပါပဲ၊ ရှေ့ပိုင်းများက အကျယ်ပြောခဲ့ပါပြီ။ အဲဒီ မူလမဂ္ဂင်တွေထဲမှာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတာက ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာ ငယ်ရွယ်စဉ်ကတည်းက ပြည့်စုံလာကြတာပဲများပါတယ်၊
သီလမဂ္ဂင် ဆိုတာကတော့ လူဝတ်ကြောင်များမှာ စောစောက မပြည့်စုံတောင် တရားအားထုတ် ခါနီး သီလဆောက်တည်လိုက်ယင် ပြည့်စုံသွားတာပါပဲ၊ ရဟန်း များမှာလဲ သံသယရှိလျှင် ဒေသနာ ပြောကြားခြင်း စသည်ဖြင့် ကုစားလိုက်ယင် ပြည့်စုံတာပါပဲ၊ သမာဓိ ပြည့်စုံအောင်ကတော့ အာနာပါနအစရှိတဲ့ သမထကမ္မဋ္ဌာန်း တခုခုကိုယူပြီး ဈာန်ရသည် တိုင်အောင်ဖြစ်စေ၊ ဥပစာရသမဓိရသည်တိုင်အောင် ဖြစ်စေ အားထုတ်ရတယ်၊
အဲဒီလို အားထုတ်ဖို့ အချိန်အခွင့်မရှိယင်တော့ ဓာတ်လေးပါးကို ရှုရတဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းက စပြီးတော့ အားထုတ်ယင်လဲ ဥပစာရသမာဓိနှင့် တူညီတဲ့ ဝိပဿနာခဏိကသမာဓိကု ရနိုင်ပါတယ်၊ အဲဒီ သမာဓိကို ရယင် နီဝရဏကင်းပြီး စိတ္တဝိသုဒ္ဓိဖြစ်တော့တာပဲ။ ယခုပြောခဲ့တာဟာ မူလမဂ္ဂင်ကို ပွါးစေပုံအကျဉ်းချုပ်ပါပဲ။ .
ပုဗ္ဗဘာဂမဂ်ခေါ် ဝိပဿနာမဂ္ဂင်ကို ပွါးစေပုံ
▬▬▬▬▬▬▬▬▬▬
အဲဒီလို မူလမဂ္ဂင်များကို ပွါးစေပြီးတဲ့အခါ မြင်ဆဲ ကြားဆဲ နံဆဲ စားသိဆဲ ထိသိဆဲ ကြံသိဆဲ ခဏတို့၌ ထင်ရှား ဖြစ်ပေါ်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးခေါ်တဲ့ ဒုက္ခသစ္စာတရားတို့ကို အမှန်အတိုင်းသိအောင် ရှုမှတ်အားထုတ်ရတယ်၊ အားထုတ် ဆိုတာလဲ မပြတ်ရှုမှတ်နေတာကို ပြောတာပါပဲ။ ဒီနေရာမှာ ဥပါဒါနက္ခန္ဓာငါးပါး အကြောင်းရယ်၊ အဲဒါတွေကို မရှုနိုင်လို့ အမှန်အတိုင်းမသိယင် နိစ္စ သုခ အတ္တလို့ ထင်မှတ်ပြီး စွဲလမ်းပုံရယ်၊ ရှုနိုင်လို့ အမှန်အတိုင်း သိယင်တော့ အစွဲအလမ်း ကင်းပုံရယ် - အဲဒါတွေကို တတိယပိုင်း (နှာ ၁၈၃ စသည်)မှာရော စတုတ္ထပိုင်း (နှာ ၂၂၉ - စသည်)မှာရော အကျယ်ပြောခဲ့ပါပြီ။
အဲဒီလို သမာဓိပြည့်စုံနေတဲ့အခါမှာ ရှုတိုင်း ရှုတိုင်း ရုပ်နာမ် အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို အမှန်အတိုင်း သိသိသွားတယ်၊ သိပုံကတော့ - ဖောင်းတယ် ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်၊ ကွေးတယ်၊ ဆန့်တယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ လှုပ်တယ်၊ ငြိမ်တယ် - စသည်ဖြင့် ရှုမှတ်ခိုက်မှာ မှတ်သိရတဲ့ရုပ်ကတခြား+မှတ်သိတဲ့ စိတ်နာမ်ကတခြား ကွဲပြားပြီးထင်တယ်၊ အဲဒါဟာ ဝိပဿနာဉာဏ်ရဲ့ အခြေခံအစဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်ပဲ။ အဲဒီ ဉာဏ်ဖြစ်ပုံကို မြတ်စွာဘုရားက ဒီဃနိကာယ်သာမညဖလသုတ် (နှာ - ७၂) မဇ္ဈိမပဏ္ဏာသ မဟာသကုလုဒါယိသုတ် (နှာ ၂၀၉)တို့၌ ပတ္တမြား ဥပမာဖြင့် ပြထားပါတယ်၊ ပြပုံကတော့ - .
နာမ်ရုပ်ကွဲပုံ ဘုရားဟော ဥပမာ
▬▬▬▬▬▬▬▬▬▬▬
ဝေဠုရိယခေါ် ကြောင်မျက်ရွဲ ပတ္တမြားထဲမှာ ကြိုးအညို အဝါ အနီ အဖြူ အဝါနု တခုခု သီထားပြီး အဲဒီ ကျောက်ပတ္တမြားကို လက်ဝါးပေါ် တင်ကြည့်ယင် မျက်စိကောင်းတဲ့ သူဟာ ကျောက်ကတခြား ကြိုးကတခြား ကွဲပြားစွာမြင်ရသည့်ပြင်၊ ကျောက်ထဲမှာ ကြိုးကလေး သီထားတာ ဝင်နေရတာကိုလဲ ရှင်းလင်းစွာ သိရတယ်၊ အဲဒါကိုလဲ ရှုသိရတဲ့ ရုပ်ကိုယ်က တခြား ရှုသိတဲ့ စိတ်ဝိညာဏ်ကတခြား ကွဲပြားစွာ သိရတယ်၊ ရှုသိစရာ ရုပ်ကိုယ်ဆီသို့ ရှုသိတဲ့ စိတ်ဝိညာဏ်က ပြေးပြေးကပ်သွားတာ ကိုလဲ သိရတယ်၊
အဲဒီ ဥပမာမှာ ရုပ်ကိုယ်က ကျောက်နဲ့တူတယ်၊ ရှုသိတဲ့စိတ်က ကြိုးနှင့်တူတယ်၊ ကြိုးက ကျောက်ထဲ ဝင်နေတာလိုပင် ရှုသိတဲ့ စိတ်ဝိညာဏ်က ရှုသိစရာ ရုပ်ကိုယ်ဆီသို့ ပြေးပြေးကပ်သွားတယ်၊ အဲဒီလို ရုပ်နာမ် ၂ - ပါးကို ပိုင်းခြား သိကြောင်း ပြထားတယ်။ အဲဒီပြပုံကို အထူးသတိပြုကြရမယ်။ အဲဒီ ပြပုံထဲမှာ ရုပ်က မည်ရွေ့မည်မျှ, စိတ်စေတသိက် နာမ်က မည်ရွေ့မည်မျှလို့ သိကြောင်းမပါဘူး၊ ရုပ်ကိုယ်နှင့် ရှုသိတဲ့ စိတ်ဝိညာဏ်မျှ သိကြောင်းသာပါတယ်၊ အဲဒါကို အထူး သတိပြုသင့်ပါတယ်။ နောက်ပြီးတော့ ဝိသုဒ္ဓိမဂ် (ဒု၊နှာ ၂၂၅) မှာ နာမ်တရား ထင်ပေါ်ပုံကို ဒီလိုပြထားပါတယ်။
အဿ - ထိုယောဂီအား၊
ရူပံ - ရှုသိရသော ရုပ်သည်၊
ယထာ ယထာ - အကြင် အကြင် အခြင်းအရာအားဖြင့်၊
သုဝိက္ခာလိတံ - ရှုသိမှုဖြင့် ကောင်းစွာသုတ်သင်ပြီးသည် ဖြစ်၍၊
နိဇ္ဇဋံ သုပရိသုဒ္ဓံ - အရှုပ်အထွေးမရှိ ကောင်းစွာစင်ကြယ်သည်၊
ဟောတိ - ဖြစ်၏၊
တထာ ကထာ - ထိုထိုအခြင်းအရာဖြင့် ရုပ်ကိုသိမှု သန့်ရှင်းစင်ကြယ်သလောက်၊
တဒါရမ္မဏ - ထိုရုပ်လျှင် အာရုံရှိကုန်သော၊
အရူပဓမ္မာ - ရုပ်မဟုတ်သည့် နာမ်တရားတို့သည်၊
သယမေဝ ပါကဋာ ဟောန္တိ - သူ့အလိုလိုပင် ထင်ရှား ပေါ်ကုန်၏ - တဲ့။
ဒီဝိသုဒ္ဓိမဂ်မှာလဲ နာမ်တရားများ အရေအတွက်နှင့်တကွ ထင်ပေါ်သည်ကို မဆိုလိုကြောင်း၊ ရုပ်ကိုအာရုံပြုတဲ့ အနေအားဖြင့်သာ ထင်ပေါ်ပုံကို ဆိုလိုကြောင်း ထင်ရှားတယ်။ နောက်ပြီတော့ အဲဒီ ဝိသုဒ္ဓိမဂ် (ဒု၊နှာ ၂၃၁) မှာပဲ -
“နာမံ နိဿယ ရူပံ ပဝတ္တတိ၊ ရူပံ နဿာယ နာမံ ပဝတ္တတိ - နာမ်ကိုမှီ၍ ရုပ်ဖြစ်သည်၊ ရုပ်ကိုမှီ၍ နာမ်ဖြစ်သည်၊
နာမဿ ခါဒိတုကာမတာယ ပိဝိတုကာမတာထ ဗျာဟရိတုကာမတာယ ဣရိယာပထံ ကပ္ပေတုကာမတာယ သတိ - နာမ်၏ စားလိုခြင်း သောက်လိုခြင်း ပြောလိုခြင်း ဣရိယာပုထ်ပြုလိုခြင်း ရှိလတ်သော်၊
ရူပံ ခါဒတိ ပိဝတိ ဗျာဟရတိ ဣရိယာပထံ ကပ္ပေတိ - ရုပ် ကစားသည် သောက်သည် ပြောသည် ဣရိယပုထ်ကို ပြုသည်”
လို့ ပြထားပါတယ်။
အဲဒီလို ပြရာမှာလဲ အရေအတွက်နှင့်တကွ သိပုံကို ပြသည်မဟုတ်၊ တကယ်ဖြစ်ပုံကိုသာ ပြပေသည်။ ဒါကြောင့် သရုပ်သင်္ချာဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒဉာဏ် အစစ် မဖြစ်၊ တကယ်ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကို ရှုမှတ်နေစဉ် သိစရာရုပ်နှင့် အသိစိတ် နာမ်တခြားစီ ခွဲခြား၍ သိမှသာ နာမရူပပရိစ္ဆေဒဉာဏ် အစစ်ဖြစ်ကြောင်း မှတ်ထားကြရမယ်။
ယခု ပြောခဲ့တဲ့အတိုင်း ကိုယ်အမူအရာရုပ်ကို ရှုခိုက်၌ သိစရာရုပ်နှင့် သိတဲ့နာမ် ဒီ ၂ - ပါးကို ခွဲခြားပြီး သိတာလဲ အမှန်အတိုင်း သိမြင်တဲ့ သမ္မာဒိဋ္ဌိပဲ၊ မရှုခင်ကရော ရှုခါစကရော ကိုယ်ရုပ်နဲ့ အသိစိတ်နာမ်ကို (စာတွေ့အသိအားဖြင့် ကွဲနေပေမဲ့) ကိုယ်တိုင်တွေ့ ဉာဏ်သိအားဖြင့်တော့ မခွဲခြားနိုင်ခဲ့သေးဘူး၊
ဒီဉာဏ် ရောက်တဲ့အခါကျတော့ သိစရာရုပ်နဲ့ သိတဲ့နာမ်ဟာ သူ့အလိုလိုပင် ကွဲနေတယ်၊ ကြံတယ် နာတယ် စသည်ဖြင့် ရှုသိရတဲ့အခါမှာလဲ ကြံသိတာနဲ့ တည်ရာ ကိုယ်ရုပ်၊ နာတာနဲ့ နာရာဌာန ကိုယ်ရုပ် စသည်ဟာ သူ့အလိုလိုပင် ကွဲနေတယ်။
အဲဒီလို ရုပ်နဲ့နာမ်ကို တခြားစီ ခွဲပြီး သိတာဟာ အမှန်အတိုင်းသိတဲ့ သမ္မာဒိဋ္ဌိပဲ။ အဲဒီအခါ ကိုယ်ရုပ်နဲ့ အသိစိတ်နာမ် ဒီ ၂ - ခုပဲရှိတယ်၊ ဒီမှတပါး အသက်ရှင်နေတဲ့ အကောင်ရယ်လို့ မရှိတော့ဘူးလို့ ဒီလိုလဲ သိတယ်၊ အဲဒါလဲ အမှန်အတိုင်းသိတဲ့ သမ္မာဒိဋ္ဌိပဲ။
အဲဒီကနောက် သမာဓိဉာဏ် တဆင့်တက်လာတဲ့အခါ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ရှုမှတ်နေယင်း ကိုယ်ရုပ်နဲ့ ထိစရာရှိလို့ ထိသိရတယ်၊ မျက်စိနဲ့ မြင်စရာရှိလို့ မြင်ရတယ်၊ နားနဲ့ အသံရှိလို့ ကြားရတယ်၊ ကွေးချင်တဲ့ စိတ်ရှိလို့ ကွေးရတယ်၊ မရှုမိလို့မသိဘူး၊ မသိလို့သာယာ နှစ်သက်တယ်၊ သာယာနှစ်သက်လို့ စွဲလမ်းတယ်၊ စွဲလမ်းလို့ ပြုတယ် ပြောတယ်၊ ပြုလို့ ပြောလို့ ကောင်းကျိုး ဆိုးကျိုးဖြစ်ရတယ်၊ ကံကောင်းလို့ ကောင်းကျိုးကို ရတယ်၊ ကံ မကောင်းလို့ မကောင်းကျိုးကို ရတယ် စသည်ဖြင့်အကြောင်းနှင့် အကျိုးကို ဆက်စပ်ပြီး ပါရမီ ဉာဏ်အားလျော်စွာ သိတယ်၊ အဲဒါဟာ အမှန်အတိုင်းသိတဲ့ သမ္မဒိဋ္ဌိပဲ။
အဲဒီကနောက် သမာဓိဉာဏ် တဆင့်တက်လာတဲ့အခါ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် မြင်တယ် ကြားတယ် ကြံတယ် ညောင်းတယ် ပူတယ် နာတယ် စသည်ဖြင့် ရှုမှတ်နေယင်း မှတ်ရတဲ့ အာရုံ၏အစကိုလဲ ထင်ရှား သိရတယ်၊ ပျောက်ကွယ်သွားတဲ့ အဆုံးကိုလဲ ထင်ရှားသိရတယ်၊ အဲဒီလို သိရတော့ ဖြစ်ပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲဘူးလို့လဲ ကိုယ်တွေ့အားဖြင့် ရှင်းလင်းစွာ သိရတယ်၊ ခဏမစဲ ဖြစ်ပျက်နေလို့ ကြောက်စရာ ဆင်းရဲပဲလို့လဲ သိရတယ်၊ ကိုယ့် အလိုအတိုင်း မဖြစ်ပဲ အစိုးမရလို့ အနတ္တပဲလို့လဲ သိရတယ်၊ အဲဒီလို သိတာတွေဟာလဲ အမှန်အတိုင်း သိတဲ့ သမ္မာဒိဋ္ဌိချည်းပဲ။
အဲဒီထက် သမာဓိဉာဏ် ရင့်သန်အား ကောင်းလာတဲ့အခါကျတော့ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ကွေးတယ် ဆန့်တယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် ရှုမှတ်နေရပေမဲ့ ကိုယ်ရယ် ဝမ်းဗိုက်ရယ် လက်ခြေရယ် စသည်ဖြင့် ဒီလိုပုံသဏ္ဌာန်အထည်ဒြဗ်တွေ မထင်ပေါ်တော့ပဲ တရိပ်ရိပ်နဲ့ အလွန်လျင်မြန်စွာ ပျောက်ပျောက် သွားတာကိုသာ တွေ့ရတယ်၊
အဲဒီအခါမှာတော့ ရှုသိရတဲ့ အာရုံရော ရှုသိနေတဲ့ စိတ်ရော လျင်မြန်စွာ ပျောက်ပျောက် သွားတာကိုသာ တွေ့နေရတဲ့ အတွက် မမြဲဘူး ကြောက်စရာ ဆင်းရဲမျှပဲ အတ္တကောင် မဟုတ်တဲ့ သဘော တရားမျှပဲဆိုတာ အလွန်ရှင်းလင်းစွာ သိသိနေတယ်၊
ပေါ်ပေါ်လာတဲ့ အရုံကလဲ ချက်ခြင်းပင် ပျောက်ပျောက်သွားလို့ အတ္တကောင်အနေဖြင့် စွဲလမ်းစရာမရှိဘူး၊ ရှုသိ ရှုသိနေတဲ့ စိတ်ကလဲ ချက်ခြင်းပင် ပျောက်ပျောက်သွားလို့ အတ္တကောင် ငါကောင်အနေဖြင့် စွဲလမ်းစရာမရှိဘူး၊ ဒါကြောင့် အဲဒီအခါမှာ ရှုတိုင်း ရှုတိုင်း ဖြစ်ပေါ်နေတဲ့ အသိကတော့ အနိစ္စ ဒုက္ခ အနတ္တလို့ အမှန်အတိုင်း သိနေပုံဟာ အလွန်ပဲ ထင်ရှားပါတယ်၊ အဲဒီလို အသိတွေဟာ သမ္မာဒိဋ္ဌိဆိုတဲ့ မှန်စွာ သိမြင်မူတွေပဲ။
ရုပ်နှင့် နာမ်ကို ခွဲခြားသိတာမှ စ၍ ယခုပြောတဲ့ အသိတိုင်အောင် မှန်စွာသိတဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်တိုင်း ဖြစ်တိုင်း အမှန်အတိုင်းသိအောင် စိတ်ဦးညွှတ်ပေးတဲ့ သမ္မာသင်္ကပ္ပလဲပါတယ်၊ အမှန်အတိုင်း စူးစိုက်တည်ကြည်တဲ့ သမ္မာသမာဓိလဲပါတယ်၊ အမှန်အတိုင်း အမှတ်ရတဲ့ သမ္မာသတိလဲပါတယ်၊
ကိုယ်အမူအရာကို အမှတ်ရတဲ့ ကာယာနုပဿနာ, ဝေဒနာတမျိုးမျိုးကို အမှတ်ရတဲ့ ဝေဒနာနုပဿနာ, စိတ်အကြံ တမျိုးမျိုးကို အမှတ်ရတဲ့ စိတ္တနုပဿနာ, သဘော တရား တမျိုးမျိုးကို အမှတ်ရတဲ့ ဓမ္မာနုပဿနာဆိုတဲ့ သတိပဋ္ဌာန် လေးပါးထဲက တပါးပါး သော သတိပဋ္ဌာန်ပေါ့၊ အဲဒီလို အမှန်အတိုင်း အမှတ်ရအောင် ကြောင့်ကြစိုက်ပေးတဲ့ သမ္မာဝါယာမမဂ္ဂင်လဲပါတယ်။
ဒီသမ္မာဝါယာမ - က ဖြစ်တိုင်း ဖြစ်တိုင်းသော ရုပ်နာမ်တွေကို ရှုမှတ်မိအောင် ကြောင့်ကြစိုက်ပေးလို့ အမှန်အတိုင်း အမှတ်ရတဲ့ သမ္မာသတိဖြစ်တယ်၊ ဒီသတိဖြင့် အမှန်အတိုင်း ရှုမှတ်မိလို့ ရှုမိတဲ့အာရုံမှာ ကပ်ခနဲ ကပ်ခနဲ တည်တည်နေတဲ့ ဝိပဿနာသမ္မာသမာဓိ ဖြစ်တယ်၊
ဒီသမာဓိဖြင့် မှန်စွာစူးစိုက်တည်နေလို့ အဲဒီရုပ်နာမ်အာရုံသို့ စိတ်ဦးညွှတ်ပေးတဲ့ သမ္မာသင်္ကပ္ပ ဖြစ်တယ်၊ အဲဒီ သင်္ကပ္ပ - က မှန်စွာသိရအောင် စိတ်ဦးညွှတ်ပေးလို့ ရုပ်နာမ်သဘော, အနိစ္စ ဒုက္ခ အနတ္တသဘောတို့ကို မှန်စွာ သိသိသွားတဲ့ သမ္မာဒိဋ္ဌိ ဖြစ်တယ်။
အဲဒီတော့ ရှုသိတိုင်း ရှုသိတိုင်း သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ သမာဓိမဂ္ဂင် သုံးပါးနှင့် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင် နှစ်ပါး ၂ - ရပ်ပေါင်း မဂ္ဂင်ငါးပါးဟာ ပါဝင်နေတယ်၊ ဒီမဂ္ဂင်ငါးပါးက တပေါင်းတည်း အညီအညွတ် ရှုသိမှုကို ပြုလုပ်နေတယ်၊ ဒါကြောင့် ဒီမဂ္ဂင်ငါးပါးကို ကာရကမဂ္ဂင်လို့ အဋ္ဌာကထာက အမည်ပေးထားပါတယ်၊ အလုပ်သ္မားမဂ္ဂင်တွေလို့ ဆိုရမှာပေါ့။
ဒါတွင်လဲ မကသေးပါဘူး၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင် တွေလဲ ပါဝင်ပါသေးတယ်။ ပါဝင်ပုံကတော့ သီလမပျက်သောအားဖြင့် ပါဝင်ခြင်း, ဝိရတိကိစ္စပြီးသောအားဖြင့် ပါဝင်ခြင်းလို့ ၂ - မျိုးရှိပါတယ်။ သီလမပျက်သော အားဖြင့် ပါဝင်ပုံကတော့ ဝိပဿနာယောဂီဟာ ဝိပဿနာမရှုမီကပင် သီလကို ဆောက်တည်ခဲ့တယ်၊ စင်ကြယ်စေခဲ့တယ်၊ ရှုမှတ်နေတဲ့အခါလဲ အဲဒီသီလဟာ မပျက်ဘူး၊ စင်ကြယ်မြဲပင် စင်ကြယ်နေတယ်၊ သာပြီးတော့ စင်ကြယ်တယ်လို့တောင် ဆိုနိုင်ပါတယ်။
ဒါကြောင့် အဲဒီ သီလမဂ္ဂင်သုံးပါးနှင့်တကွဆိုလျှင် ရှုသိတိုင်း ရှုသိတိုင်း မဂ္ဂင်ရှစ်ပါး ဖြစ်ပွါးနေတယ်၊ အဲဒီလို ပါဝင်နေပုံကို ဥပရိပဏ္ဏသပါဠိ မဟာသဠာယတနိကသုတ်မှာ ဒီလိုပြထားပါတယ်။ .
မဟာသဠာယတနိကသုတ်မှာ မြင်မှုဆိုင်ရာ အတိုချုပ် မြန်မာပြန်
ရဟန်းတို့ (မြင်ဆဲ၌ ရှု၍) မျက်စိကို ဟုတ်တိုင်းမှန်စွာ သိမြင်လျှင်၊ အဆင်းတို့ကို, မြင်သိမှုကို, မြင်တွေ့မှုကို, မြင်ခံစားမှုကို ဟုတ်တိုင်းမှန်စွာ သိမြင်လျှင် ယင်း မျက်စိစသည်တို့၌ မတပ်မက်တော့ပေ၊ မျက်စိစသည်တို့၌ မတပ်မက်ပဲ မယှဉ်တွဲပဲ မှန်စွာသိလျက် အပြစ်မြင်လျက် နေသောသူအား -
(အာယတိံ ပဉ္စုပါဒါနက္ခန္ဓာ အပစယံ ဂစ္ဆန္တိ)
နောက်အခါ၌ ဖြစ်မည့် ဥပါဒါနက္ခန္ဓာတို့သည် ပျက်စီးသွားကြလေကုန်တော့၏၊
(မရှုမိတဲ့ အာရုံနှင့်စပ်၍ ဖြစ်မည့်ဘဝသစ်ခန္ဓာတို့ ဖြစ်ခွင့် မရှိပဲ ချုပ်ငြိမ်းသွား ကြသည်ဟု ဆိုလို၏)
ပေါနောဘဝိကာ - စသည်ဖြင့် ပြဆိုအပ်သော တဏှာသည်လည်း ချုပ်ကင်းသွား၏၊
(ထိုအာရုံ၌ ဖြစ်ထိုက်သည့် တဏှာကင်းသည်ကို ဆိုလို၏)။
(ယာ တထာဘူတဿ ဒိဋ္ဌိ သာဿ ဟောတိ သမ္မာဒိဋ္ဌိ)
ထိုသို့ သိမြင်သူ၏ အသိအမြင်သည် သမ္မာဒိဋ္ဌိပင်၊
(ယောတထာဘူတဿ သင်္ကပ္ပေါ သွာဿ ဟောတိ သမ္မာသင်္ကပ္ပေါ)
ထိုသို့ သိမြင်သူ၏ သင်္ကပ္ပသည် သမ္မာသင်္ကပ္ပပင်၊
ထိုသို့ သိမြင်သူ၏ အားထုတ်မှုသည် သမ္မာဝါယာမပင်၊
ထိုသို့ သိမြင်သူ၏ အမှတ်ရမှုသည် သမ္မာသတိပင်၊
ထိုသို့ သိမြင်မှု၏ သမာဓိသည် သမ္မာသမာဓိပင်။
(ပုဗ္ဗေဝ ခေါ သနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောသိ)
ထိုယောဂီပုဂ္ဂိုလ်၏ကိုယ်အမှု နှုတ်အမှုနှင့် အသက်မွေးမှုသည် တရားအားမထုတ်မီ ရှေးအဖို့ကပင် ကောင်းစွာစင်ကြယ် ခဲ့သည်၊
(ဧဝမဿ - ယံ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါဘာဝနာပါရိပူရိံ ရစ္ဆတိ)
ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီမှာ အင်္ဂါရှစ်ပါး ရှိသော ဤ အရိယမဂ်သည် ပွါးစေမှု ပြည့်စုံခြင်းသို့ ရောက်လေတော့သည်။
အဲဒါဟာ မြင်ဆဲခဏ၌ သိသင့်သော တရားငါးပါးကို မှန်စွာသိတဲ့ ယောဂီမှာ မဂ္ဂင်ရှစ်ပါး ပါဝင်ပြည့်စုံပုံကို ပြသော ဘုရားစကားတော်ပါပဲ၊ လိုရင်းလောက် ချုံပြီး မြန်မာပြန်ပြလိုက်ပါတယ်။ အကျယ် သိချင်ယင်တော့ ဥပရိပဏ္ဏာသပါဠိ မဟာသဠာယတနိကသုတ်ကို ကြည့်ရုံပါပဲ။
အဲဒီမှာ မဂ္ဂင်ရှစ်ပါး ပြည့်စုံပုံကို အဋ္ဌာကထာ - က အရိယမဂ်ခဏဖြင့် ပြပါတယ်၊ အဲဒါက ဥက္ကဋ္ဌနည်းဖြင့် ပြတယ်လို့ ဆိုရမှာပါပဲ။ ဩမကနည်းအားဖြင့်တော့ ဝိပဿနာခဏ၌ ပြည့်စုံပုံကို ယူလျှင် အဲဒီ စာပိုဒ်၏ မူလအခြေခံ စာပိုဒ်မှာ (စက္ခုဉ္စ ခေါ ဘိက္ခဝေ ဇာနံ ပဿံ ယထာဘူတံ) စသည်ဖြင့် ပြထားသောစကားနှင့် တသားတည်း ညီညွတ်သွားပါတယ်။ ညီညွတ်ပုံကတော့ - မျက်စိ အဆင်း မြင်သိမှု မြင်တွေ့မှု မြင်ခံစားမှုတို့ကို မှန်စွာ သိတာဟာ ဝိပဿနာဖြင့် သိတာပဲ၊ အရိယမဂ်ကတော့ မျက်စိစသည်ကို အာရုံပြုပြီး မသိဘူး၊ သိခြင်းကိစ္စပြီးရုံမျှသာရှိတယ်၊
အဲဒီတော့ အစပိုင်းက ပြခဲ့တဲ့ မျက်စိစသည်ကို အမှန်အတိုင်း သိတဲ့ ဝိပဿနာခဏမှာပင် သမ္မာဒိဋ္ဌိအစရှိသော မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ပါဝင်နေပုံကို ပြတယ်လို့ယူယင် ရှေ့နောက် ညီညွတ်ပြီးတော့ တကယ်အလုပ်လုပ်ရတဲ့ ဝိပဿနာမဂ္ဂင် ပွါးစေပုံကို ပြခြင်း ကိစ္စလဲ ပြီးသွားပါတယ်။
ဒါကြောင့် ဘုန်းကြီး ကတော့ အဲဒီ ဘုရားစကားတော်ဖြင့် ပြလိုရင်းက ဝိပဿနာ မဂ္ဂင်ပင် ဖြစ်တယ်၊ အဲဒီဝိပဿနာမဂ္ဂင် ပြည့်စုံတဲ့အခါ ဖြစ်ပေါ်လာတဲ့ အရိယမဂ္ဂင် ကိုတော့ ဝိပဿနာ၏ ပန်းတိုင်အနေဖြင့်သာ ပြတယ်လို့ သဘောကျပါတယ်။
ယခု ထုတ်ပြခဲ့တာဟာ မြင်ဆဲခဏမှာ ထင်ရှားတဲ့ တရားငါးပါးကို ရှုသိပြီး မဂ္ဂင်ရှစ်ပါး ပွါးစေပုံပဲ၊ ထို့အတူပင် ကြားဆဲခဏ နံဆဲခဏ စားသိဆဲခဏ ထိသိဆဲခဏ ကြံသိဆဲ ခဏများမှာလဲ ဟောထားတဲ့ စကားတော်တွေ ရှိပါသေးတယ်၊ အဲဒါတွေကိုတော့ နည်းမှီးပြီး သိနိုင်ပါပြီ။ ယခု ပြောခဲ့တာကတော့ ဝိပဿနာရှုခိုက်မှာ သီလ မပျက်သောအားဖြင့် သီလမဂ္ဂင် သုံးပါးပါဝင်ပုံပဲ။ .
ဝိပဿနာရှုခိုက်၌ ဝိရတိကိစ္စပြီးပုံ
ဝိရတိကိစ္စ ပြီးသောအားဖြင့် ပါဝင်ပုံကတော့ - မြင်ဆဲခဏ စသည်မှာ ရှုမှတ်လျက် အမှန်အတိုင်း သိရသော ရုပ်နာမ် အာရုံနှင့်စပ်၍ မုသာဝါဒ အစရှိသော မိစ္ဆာဝါစာလဲ ဖြစ်ခွင့်မရှိတော့ဘူး၊ စဉ်းစားကြည့်ပါ၊ “ချုပ်ပျက်သွားပြီး မမြဲဘူး မရှိတော့ဘူး”လို့ သိရတဲ့အာရုံကို လိုချင်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ လိမ်ပြောဘို့ လိုပါဦးမလား၊ မလိုပါဘူး၊ ထို့အတူပင် အဲဒီအာရုံအတွက် ဂုံးချောဘို့လဲ မလိုဘူး၊ ဆဲဆိုဘို့လဲ မလိုဘူး၊ အပြိန်အဖျင်း ပြောဘို့လဲ မလိုဘူး၊ ဒါကြောင့် မိစ္ဆာဝါစာ ဖြစ်ခွင့် မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ထို့အတူပင် သတ်မှု ခိုးမှု မတရားလွန်ကျူးမှုဆိုတဲ့ မိစ္ဆာကမ္မန္တလဲ ဖြစ်ခွင့် မရှိဘူး၊ မတရား ပစ္စည်းရှာမှု ဆိုတဲ့ မိစ္ဆာအာဇီဝလဲ ဖြစ်ခွင့်မရှိဘူး၊ ဒါကြောင့် ရှုမှတ်၍ မှန်စွာ သိတိုင်း သိတိုင်း အဲဒီသိရသော အာရုံနှင့်စပ်၍ မိစ္ဆာဝါစာမှာ ကြဉ်ရှောင်မှု သမ္မာဝါစာကိစ္စလဲ ပြီးတယ်၊ မိစ္ဆာကမ္မန္တမှ ကြဉ်ရှောင်မှု သမ္မာကမ္မန္တကိစ္စလဲ ပြီးတယ်၊ မိစ္ဆာအာဇီဝမှ ကြဉ်ရှောက်မှု သမ္မာအာဇီဝကိစ္စလဲပြီးတယ်၊
အဲဒီလို ကြဉ်ရှောင်မှု ဝိရတိကိစ္စ ပြီးတဲ့အတွက် ရှုမှတ်၍ အမှန်အတိုင်းသိတဲ့ သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်တိုင်း ဖြစ်တိုင်း သမ္မာဝါစာ, ကမ္မန္တ, အာဇီဝ ဆိုတဲ့ သီလမဂ္ဂင် သုံးပါးလဲ ဝိရတိကိစ္စ ပြီးသောအားဖြင့် ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါကြောင့် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် ကြံတယ် ညောင်းတယ် ပူတယ် နာတယ် ကြားတယ် မြင်တယ် စသည်ဖြင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း သမ္မာဒိဋ္ဌိနှင့်တကွ မဂ္ဂင်ရှစ်ပါး တရားကို ပွါးစေသည်မည်တယ်၊ သစ္စာလေးပါးထဲမှာ ဒုက္ခသစ္စာဟာ ပိုင်းခြားသိအပ်တဲ့ ပရိညေယျတရားပဲ၊ ဒုက္ခသစ္စာ ဆိုတာလဲ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊
ဥပါဒါနက္ခန္ဓာ ဆိုတာ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆ - ပါးက ထင်ရှားဖြစ်နေတဲ့ တရားတွေပဲ၊ ဒါကြောင့် ပရိညေယျဖြစ်တဲ့ မြင်မှု ကြားမှုအစရှိသော ဒုက္ခသစ္စာတရားကို ရှုမှတ်ပြီးသိရတယ်၊ အဲဒီလို သိတိုင်း သိတိုင်း မဂ္ဂင်ရှစ်ပါး တရားတွေပွါးတယ်၊ မဂ္ဂင်ရှစ်ပါးဆို ပွါးစေရမည့် ဘာဝေတဗ္ဗတရားပဲ၊ ပွါးစေအပ်တဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ပွါးအောင် မြင်မှု ကြားမှု အစရှိသော ဒုက္ခသစ္စာ တရားတွေကို ရှုမှတ်ရတယ်။
အဲဒီတော့ မြင်မှု ကြားမှုစသော ဒုက္ခသစ္စာတရားတွေကိုရှုလျှင် မဂ္ဂင်ရှစ်ပါး ဖြစ်ပွါးတယ်၊ မဂ္ဂင်ရှစ်ပါး ဖြစ်ပွါးစေလိုလျှင် အဲဒီ ဒုက္ခသစ္စာတရားတွေကို ရှုမှတ်ရတယ်၊ ပုဗ္ဗဘာဂမဂ် ဆိုတဲ့ ဝိပဿနာရှုခိုက်မှာ မြင်မှု ကြားမှု အစရှိသော ဒုက္ခသစ္စာက ရှုသိအပ်တဲ့ ပရိညေယျ အာရုံတရားပဲ၊ ရှုသိမှုမဂ္ဂသစ္စာက ဖြစ်ပွါး စေအပ်တဲ့ ဘာဝေတဗ္ဗ အာရမ္မဏိက တရားပဲ၊ အဲဒါကို သေသေချာချာ မှတ်ထားကြ။ သာပြီးမှတ်မိအောင် လိုက်ဆိုကြရမယ်။
ဒုက္ခသစ္စာကို ရှုမှ မဂ္ဂင်ရှစ်ပါး ဖြစ်ပွါးသည်။
ဝိပဿနာ မဂ္ဂင် ပြည့်စုံမှ အရိယမဂ်ဖြင့် နိဗ္ဗာန်ကိုမြင်သည်။
“ဒုက္ခသစ္စာက အာရုံ၊ ရှုသိတဲ့မဂ္ဂင်က အရမ္မဏိက” ဆိုတာကို ယခုလို အထပ်ထပ် ပြောနေတာ ဘာကြောင့်လဲဆိုယင် “ရုပ်နာမ်သင်္ခါရ ဒုက္ခတရားတွေကို ရှုနေယင် ဒုက္ခတွေချည်း တွေ့နေမှာပဲ၊ နိဗ္ဗာန်ကို ရှုမှ ချမ်းသာကိုရမယ်” စသည်ဖြင့် ဘုရား အလိုတော်နှင့် ဆန့်ကျင်ပြီး ပြောဟောနေတဲ့ သာသနာဖျက်တရားတွေက ရှိနေလို့ နည်းမှန်လမ်းမှန်ကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်အောင် အထပ်ထပ် ပြောနေရတာ ပါပဲ။
ဝိပဿနာဉာဏ်ဖြင့် သစ္စာလေးပါးကိုသိပုံ
ဒွါရ ၆ - ပါးက ပေါ်လာသမျှတရားတွေကို ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တသဘောမျှပဲလို့ သိသိနေတာက ဒုက္ခသစ္စာကို ပိုင်းခြားပြီး သိတာပဲ၊ ဒါကြောင့် ရှုသိတိုင်း ရှုသိတိုင်း ပရိညာပဋိဝေဓ - ပိုင်းခြား သိခြင်းဟူသော ထိုးထွင်း သိခြင်းကိစ္စလဲ ပြီးတယ်၊ ဒါကတော့ အလွန်ထင်ရှားနေပါပြီ။
အဲဒီလို ရှုပြီးသိတိုင်းသိတိုင်း အနိစ္စ ဒုက္ခ အနတ္တသဘောမျှပဲလို့ သိရတဲ့ ရုပ်နာမ် အာရုံတွေနှင့်စပ်ပြီး သာယာ နှစ်သက်မှု လိုချင်တောင့်တမှု တဏှာ ဖြစ်နိုင်ခွင့် မရှိတော့ဘူး၊ အဲဒါဟာ တဏှာဆိုတဲ့ သမုဒယသစ္စာကို တဒင်္ဂပဟာန်ဖြင့် ပယ်တာ ကင်းစေတာပဲ၊ ဒါကြောင့် ရှုသိတိုင်း ရှုသိတိုင်း ပဟာနပဋိဝေဓ - ပယ်ခြင်းဟူသော ထိုးထွင်းသိခြင်း ကိစ္စလဲပြီးတယ်။ ဒါကတော့ အာရုံပြုပြီး သိတာမဟုတ်ဘူး၊ ပယ်တာ ကင်းစေတာကိုပင် သိတယ်လို့ ဆိုတာပါပဲ။
အဲဒီလို တဏှာ ကင်းတော့ အဲဒီတဏှာမှ ဆက်ဖြစ်မည့် “ဥပါဒါန်, ကံ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်” အစရှိသော “ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်” ဆိုတဲ့ ဝဋ်ဆင်းရဲတွေလဲ ဖြစ်နိုင်ခွင့်မရှိတော့ဘူး၊ တဒင်္ဂအားဖြင့် ငြိမ်းတယ်၊ အဲဒါဟာ ဝိပဿနာဖြင့် ဆိုက်ရောက်နိုင် ပြီးစေနိုင်တဲ့ တဒင်္ဂနိဗ္ဗာန်ခေါ် နိရောဓပဲ၊
အဲဒီ တဒင်္ဂနိရောဓကို ပြီးစေသောအားဖြင့် ဝိပဿနာဉာဏ်က ဆိုက်ရောက်တယ်၊ အရိယမဂ်က မျက်မှောက်ပြုတာမျိုးပေါ့၊ ဒါပေမဲ့ အာရုံပြုတာတော့ မဟုတ်ဘူး၊ ရှုသိတိုင်း ရှုသိတိုင်း တဒင်္ဂအားဖြင့် ငြိမ်းမှုကို ပြီးစေရုံမျှပဲ။ အဲဒါကို “ဝိပဿနာဖြင့် သစ္ဆိ ကိရိယာပဋိဝေဓကို ပြီးစေတယ်, ဆိုက်ရောက်သော အားဖြင့် သိတယ်” လို့ပဲ ဆိုရတယ်။
ရှုတိုင်း ရှုတိုင်း ဝိပဿနာသမ္မာဒိဋ္ဌိ အမှူးရှိသော မဂ္ဂင်ရှစ်ပါးက မိမိသန္တာန်မှာ ဖြစ်ပွါး ဖြစ်ပွါးသွားတယ်၊ အဲဒီလို ဖြစ်ပွါးသွားတာကိုပင် ဘာဝနာပဋိဝေဓလို့ ခေါ်တယ်၊ အဲဒီ ရှုခိုက်မှာ ရှုသိတာကို အာရုံပြု သိတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ့်သန္တာန်ဖြစ်တဲ့ တရားမို့ ပြန်လှည့်ပြီး ဆင်ခြင်ကြည့်ယင်တော့ သိနိုင်ပါတယ်။
ယခုပြောခဲ့တဲ့အတိုင်း ရှုသိခိုက် ရှုသိခိုက်၌ ဒုက္ခသစ္စာကို ပိုင်းခြားသိတယ်၊ အဲဒါ ပရိညာပဋိဝေဓ အစစ်ပဲ။ သမုဒယသစ္စာကို တဒင်္ဂပဟာန်ဖြင့် ပယ်တယ်၊ အဲဒါ ပဟာနပဋိဝေဓပဲ၊ ပယ်သောအားဖြင့် သိခြင်းကိစ္စ ပြီးတာပဲ။ တဒင်္ဂ နိရောဓကို ပြီးစေသောအားဖြင့် ဆိုက်ရောက်တယ်၊ အဲဒါ သစ္ဆိကိရိယာပဋိဝေဓပဲ။
ဝိပဿနာ မဂ်ကို ဖြစ်ပွါးစေတယ်၊ အဲဒါ ဘာဝနာ ပဋိဝေဓပဲ၊ ဖြစ်ပွါးစေသောအားဖြင့် သိတာပဲ။ အဲဒါဟာ ဒုက္ခကို အာရုံပြု၍ သိခြင်းအားဖြင့်၎င်း၊ သမုဒယ နိရောဓ မဂ္ဂတို့၌ ပယ်ခြင်း, ဆိုက်ရောက်ခြင်း, ဖြစ်ပွါးစေခြင်းအားဖြင့်၎င်း သိမှုကိစ္စ ပြီးတယ်၊ အဲဒီလို ကိစ္စပြီးသောအားဖြင့် ရှုတိုင်း ရှုတိုင်း သစ္စာလေးပါးကို သိသိသွားပါတယ်။
အဲဒီလို ဝိပဿနာက သိသင့်သည့်အတိုင်း သစ္စာလေးပါးကို သိသောအားဖြင့် ရင့်ကျက်ထက်သန်လျက် ပြည့်စုံသောအခါ အရိယမဂ် ဖြစ်ပေါ်လာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်။ အဲဒီ မဂ်ခဏမှာ အရိယမဂ် သမ္မာဒိဋ္ဌိအမှူးရှိသော အရိယမဂ္ဂင် ရှစ်ပါးလုံး အပြည့်အစုံ ဖြစ်ပေါ်တယ်။
အဲဒီ အရိယမဂ္ဂင်တွေကတော့ တကြိမ်တည်းသာဖြစ်တယ်၊ တကြိမ်တည်း ဖြစ်ရုံမျှဖြင့် ပယ်သင့်တဲ့ သမုဒယသစ္စာ တဏှာအစရှိသော ကိလေသာတွေကို ပယ်ခြင်းကိစ္စလဲ ပြီးသွားတယ်၊ ဒုက္ခကို ပိုင်းခြား သိခြင်းကိစ္စလဲ ပြီးသွားတယ်၊ မဂ္ဂသစ္စာကို ဖြစ်စေခြင်းကိစ္စ (အထက်မဂ်များ အလိုအားဖြင့် ပွါးစေခြင်းကိစ္စ) လဲ ပြီးသွားတယ်။ ဒါကြောင့် အရိယမဂ်သမ္မာဒိဋ္ဌိက သစ္စာလေးပါးကို တပြိုင်နက် သိမြင်တယ်လို့ ပြဆိုထားပါတယ်။
အရိယမဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို တပြိုင်နက် သိမြင်ပုံ
သိပုံကတော့ -
နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန် အငြိမ်းဓာတ်ကို မျက်မှောက်အာရုံပြုပြီးသိတယ်။ အဲဒီ အငြိမ်းဓာတ် အကောင်းဆုံးကို သိရတဲ့အတွက် ဖြစ်လိုက် ပျက်လိုက်နဲ့ မငြိမ်းတဲ့ လောကီရုပ်နာမ် သင်္ခါရတွေကို ဆင်းရဲပဲလို့ သိနိုင်ပါပြီ၊ ဒါကြောင့် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းကိစ္စလဲ ပြီးတယ်။ ဆင်းရဲဒုက္ခမှန်း သိနိုင်တဲ့အတွက် အဲဒီ ဆင်းရဲဒုက္ခ၌ နှစ်သက်သာယာမှု တဏှာ မဖြစ်နိုင်တော့ဘူး၊
အဲဒီတဏှာ မဖြစ်နိုင်ပုံကိုတော့ လေးဆင့်ခွဲပြီး မှတ်ရမယ်၊ ပဌမ မဂ်၏ အစွမ်းကြောင့် အပါယ်ကျစေနိုင်တဲ့ တဏှာ, ကာမသုဂတိ၌ ခုနှစ်ဘဝထက် ပိုလွန်ပြီး ဖြစ်စေနိုင်တဲ့တဏှာ ဆိုတာတွေ မဖြစ်နိုင်တော့ဘူး၊ ဒုတိယမဂ်၏ အစွမ်းကြောင့် ကြမ်းတမ်းသော ကာမတဏှာ, ကာမသုဂတိ၌ ၂ - ဘဝထက် ပိုလွန်ပြီး ဖြစ်စေနိုင်တဲ့ တဏှာ ဆိုတာတွေ မဖြစ်နိုင်တော့ဘူး၊ တတိယမဂ်၏ အစွမ်းကြောင့် သိမ်မွေ့သော ကာယတဏှာလဲ မဖြစ်နိုင်တော့ဘူး၊ စတုတ္ထ အရဟတ္တမဂ်၏ အစွမ်းကြောင့် ရူပရာဂ အရူပရာဂဆိုတဲ့ ဘဝတဏှာလဲ မဖြစ်နိုင်တော့ဘူး၊
အဲဒီမှာ အထူးသတိပြုစရာ ကတော့ အနာဂါမ်၏ သန္တာန်မှဖြစ်နိုင်တဲ့ ဒီဘဝတဏှာဟာ ဒိဋ္ဌိနှင့် မယှဉ်တဲ့ တဏှာပဲ၊ ဒါကြောင့် သဿတဒိဋ္ဌိနှင့် မယှဉ်တဲ့ ဘဝတဏှာလဲ ရှိသေးတယ်ဆိုတာ အထူးမှတ်ထားကြရမယ်။ အဲဒီလို တဏှာ မဖြစ်နိုင်တာဟာ ပယ်သောအားဖြင့် သိခြင်းကိစ္စ ပြီးတာပဲ။ အရိယမဂ္ဂင်ရှစ်ပါးကတော့ မိမိသန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ အတွက် ဖြစ်ပွါးစေသော အားဖြင့် သိခြင်းကိစ္စ ပြီးတာပဲ။
ဒါကြောင့် “(တီသု ကိစ္စတော) ဒုက္ခ, သမုဒယ, မဂ္ဂ - ဟူသော သစ္စာသုံးပါးတို့၌ ပိုင်းခြားသိမှု - ပရိညာကိစ္စပြီးခြင်း, ပယ်မှု - ပဟာနကိစ္စပြီးခြင်း, ဖြစ်ပွါးစေမှု - ဘာဝနာကိစ္စပြီးခြင်း - ဟူသော ကိစ္စပြီးခြင်းအားဖြင့် သိခြင်းဖြစ်သည်”လို့ အဋ္ဌကထာက ဖွင့်ပြထားတာပါပဲ။
ယခုပြောခဲ့တဲ့အတိုင်း အရိယမဂ်ဉာဏ်က နိရောဓသစ္စာကို မျက်မှောက်ပြု၍ သိရုံမျှဖြင့် ကျန်တဲ့ သစ္စာ ၃ - ပါး၌ သိခြင်းကိစ္စပြီးတယ်၊ ဝိပဿနာဉာဏ်ကလဲ ဒုက္ခသစ္စာကို ရှုသိရုံမျှဖြင့် ကျန်တဲ့ သစ္စာ ၃ - ပါး၌ သိခြင်းကိစ္စ ပြီးတယ်၊ အဲဒါကို ရည်ပြီးတော့ “လေးသစ္စာမှ၊ တပါးမျှ၊ မဂ်က သိမြင်လျှင်။ ပဋိဝေဓ၊ လေးကိစ္စ၊ ပြီးကြ အားလုံးပင်”လို့ ဆောင်ပုဒ် ၂ - ခု စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
(၁) လေးသစ္စာမှ၊ တပါးမျှ၊ မဂ်က သိမြင်လျှင်။
(၂) ပဋိဝေဓ၊ လေးကိစ္စ၊ ပြီးကြ အားလုံးပင်။
ယခုပြောခဲ့တဲ့အတိုင်း မြင်မှုကြားမှု အစရှိသော ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတို့ကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုသိ၍ ပွါးစေရသော ဝိပဿနာမဂ္ဂင်များ အင်အားပြည့်သောအခါ အရိယမဂ္ဂင်ရှစ်ပါး ဖြစ်ပေါ်လာပြီး “ရှုသိရတဲ့ ရုပ်နာမ်သင်္ခါရ ဆင်းရဲတွေရော, ရှုသိတဲ့ နာမ် သင်္ခါရ ဆင်းရဲတွေရော အကုန်လုံးချုပ်ငြိမ်း”တဲ့ နိဗ္ဗာန်ဓာတ်သဘောထဲ ပြေးဝင်သွားတယ်။ အဲဒါကို ရည်ပြီးတော့ “ငြိမ်းရာကိုပင်၊ ဆိုက်ရောက်မြင်၊ မဂ္ဂင်အကျင့်မှန်”လို့ ဆောက်ပုဒ်စီထားတယ်၊ ဒါပေမဲ့ သူ့ရှေ့က နိရောဓဆောင်ပုဒ်နဲ့ ဆက်စပ်ကြည့်မှ ပေါ်လွင်တယ်၊ ဒါကြောင့် အဲဒီ နိရောဓဆောင်ပုဒ်ရော ဆိုကြရမယ်။
(၁) တဏှာချုပ်က၊ နိရောဓ၊ ဒုက္ခ အငြိမ်းမှန်။
(၂) ငြိမ်းရာကိုပင်၊ ဆိုက်ရောက်မြင်၊ မဂ္ဂင် အကျင့်မှန်။
တဏှာငြိမ်းယင် ရုပ်နာမ်ဆင်းရဲဟူသမျှ အကုန်ငြိမ်းတယ်၊ ဒါကြောင့် အရိယမဂ်ဖြစ်တဲ့အခါမှာ ရုပ် နာမ် သင်္ခါရ ဆင်းရဲဟူသမျှ အကုန်ငြိမ်းတဲ့သဘော ကိုသာ အာရုံပြုတယ်၊ အရိယမဂ်ဟာပယ်တဲ့ တဏှာငြိမ်းတာ ကလေးသက်သက် ကိုသာ အာရုံပြုတာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုယင် တဏှာငြိမ်းတယ်ဆိုတာက ဒေသနာနည်းဖြင့် ပြတာပဲ၊ အဲဒီ ဒေသနာနည်းအရ “တဏှာငြိမ်းယင် သင်္ခါရ ဆင်းရဲတွေ အကုန်ငြိမ်းတယ်”လို့ ယူရတယ်၊
အဲဒီ သင်္ခါရဆင်းရဲတွေ အကုန်ငြိမ်းတာ ကမှ နိရောဓသစ္စာ နိဗ္ဗာန်အစစ်ပဲ။ ဒါကြောင့် နိဗ္ဗာန်ကို “သဗ္ဗသင်္ခါရသမထော - သင်္ခါရအားလုံး ငြိမ်းရာ”လို့ ဟောထားပါတယ်။ ဒါကြောင့် အရိယမဂ်ဖြစ်တဲ့အခါ ရုပ်နာမ်သင်္ခါ အားလုံး ဆိတ်သုဉ်းကင်းငြိမ်းတဲ့ သဘောထဲကို ရောက်သွားတဲ့အနေ ဖြင့်သာ ထင်ရှားသိရတယ်။
ဝိပဿနာလဲ နိရောဓဂါမိနီပဋိပဒါထဲ ပါဝင်တယ်
အဲဒီလို သင်္ခါရဒုက္ခအားလုံး ငြိမ်းရာသို့ ဆိုက်ရောက်သွားသောကြောင့် အရိယမဂ်ကို (ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ) ဒုက္ခချုပ်ငြိမ်းရာ - ချုပ်ငြိမ်းခြင်း သဘောသို့ ဆိုက်ရောက်တတ်သော အကျင့်လမ်း အရိယသစ္စာလို့ အပြည့်အစုံ အမည်ပေးထားတာပဲ။ ဒါပေမဲ့ ဝိပဿနာမဂ်မပါပဲ သူ့သက်သက်နဲ့တော့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ မသွားရောက်နိုင်ဘူး၊ ဝိပဿနာမဂ်ကို ပါရမီဉာဏ် အရင့်အနုအားလျော်စွာ အကြိမ်များစွာ ဖြစ်ပွါးစေပြီးမှ၊ သို့မဟုတ် နာရီပေါင်းများစွာ, ရက်ပေါင်းများစွာ, လပေါင်းများစွာ ဖြစ်ပွါးစေပြီးမှ ဝိပဿနာမဂ်၏ အဟုန်ဖြင့် ဝိပဿနာမဂ်မှပင် ထွက်ပေါ်လာသကဲ့သို့ အရိယမဂ်က ဖြစ်ပေါ်လာရတယ်၊ ဒါကြောင့် ဝိပဿနာမဂ်ကို အရိယမဂ်၏ ရှေ့ပိုင်း ပုဗ္ဗဘာဂမဂ်လို့ ခေါ်ရတယ်၊ အရိယမဂ်ကိုတော့ နောက်ဆုံးပိုင်း ပန်းတိုင်မဂ်လို့ ခေါ်သင့်တာပေါ့။
အဲဒီလို ရှေ့ပိုင်းမဂ်အဖြစ်နှင့် နောက်ဆုံးပိုင်းမဂ် အဖြစ်မျှသာ ကွဲပြားတယ်၊ ဖြစ်ပွါးစေရတာကတော့ တဆက်တည်း တစပ်တည်း ဖြစ်ပွါးစေရတာပဲ၊ ဒါကြောင့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ ဆိုတဲ့ အကျင့်လမ်းမှန်ထဲမှာ ဝိပဿနာမဂ်ကိုလဲ အခြေခံအဖြစ်ဖြင့် ထည့်သွင်း ယူအပ်ကြောင်းကို သမ္မောဟဝိနောဒနီ အဋ္ဌကထာ (နှာ - ၁၁၄) မှာ ဒီလို ပြဆိုထားပါတယ်။
ဧသ - ဤဆိုခဲ့သော မဂ္ဂင်ရှစ်ပါးသည်၊
လောကုတ္တရော - လောကုတ္တရာဖြစ်သော၊
အဋ္ဌင်္ဂိကော - အင်္ဂါရှစ်ပါးရှိသော၊
အရိယော မဂ္ဂေါ - အရိယမဂ်ပေတည်း၊
ယော - ယင်းအရိယမဂ်သည်၊
သဟ လောကိယေန မဂ္ဂေန - လောကီ ဝိပဿနာမဂ်နှင့်တကွ၊
ဒုက္ခနိရောဓဂါမိနီပဋိပဒါတိ သင်္ခံ - ဒုက္ခနိရောဓဂါမိနီ ပဋိပဒါဟူသော ရေတွက်ခြင်းသို့၊
ဂတော - ရောက်သည် - တဲ့။
သစ္စာလေးပါးထဲက မဂ္ဂသစ္စာဆိုတာ လောကုတ္တရာမဂ်ပင် ဖြစ်ငြားသော်လဲ ပုဗ္ဗဘာဂမဂ်လို့ ခေါ်တဲ့ ဝိပဿနာမဂ်နှင့် ကင်းပြီး သူ့သက်သက် မဖြစ်နိုင်ဘူး၊ အရိယမဂ်ကို စပြီးပွါးစေလို့ မဖြစ်ဘူး၊ ဝိပဿနာမဂ်ကိုစပြီး ပွါးစေလို့ ဝိပဿနာ ဉာဏ်ရင့်သန် ပြည့်စုံတဲ့အခါကျမှ အရိယမဂ်က ဖြစ်ပေါ်တယ်။
ဒါကြောင့် ရှေးအဖို့က အခြေခံအဖြစ်နဲ့ ပွါးစေရတဲ့ ဝိပဿနာမဂ်နှင့်တကွ အရိယမဂ်ကို “ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ - ဒုက္ခချုပ်ရာသို့ ရောက်တတ်တဲ့ (ကျင့်သူကို ရောက်စေတတ်တဲ့) အကျင့်လမ်းမှန်”လို့ ခေါ်ရတယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် ဘုန်းကြီးက “မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြန်။ ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင်နိဗ္ဗာန်ဓာတ်”လို့ ဆောင်ပုဒ် ၂ - ခုစီထားတာပဲ။ အဲဒါကို ထပ်ပြီး ဆိုကြရမယ်။
(၁) မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
(၂) ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
မဂ္ဂသစ္စာအကြောင်း နားလည်လောက်ပါပြီ။ ဒီအနေ့ဒီတွင်ပဲ ရပ်ပြီး တရားသိမ်းကြစို့။
ဤဓမ္မစကြာတရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာပရိသတ် အပေါင်း သူတော်ကောင်းတို့သည် ပုဗ္ဗဘာဂမဂ်ခေါ်သော ဝိပဿနာမဂ်နှင့်တကွ အရိယမဂ် ဟူသော မဂ္ဂသစ္စာတရားကို ပြည့်စုံအောင် ပွါးများအားထုတ်နိုင်ကြသဖြင့် ဆင်းရဲ ခပ်သိမ်းငြိမ်းရာ နိရောဓသစ္စာမည်သော နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု...၊ သာဓု...၊ သာဓု...။
ဓမ္မစကြာတရားတော်ကြီး ဆဋ္ဌမပိုင်း ပြီးပြီ။
ဓမ္မစကြာတရားတော်ကြီး
သတ္တမပိုင်း
(၁၃၂၄ - ခုနှစ် တပေါင်းလပြည့်နေ့ ဖွင့်ပြ ဟောကြားသည်။)
တရား အနုသန္ဓေ
တန်ဆောင်မုန်း လပြည့်နေ့က ဟောပြီးတဲ့နောက် တခြားဌာနများသို့သွားပြီး ဟောနေရတာနဲ့ ဖလ်ယဉ်ဓမ္မာရုံမှာ ဓမ္မစကြာတရား အဆက်ပြတ်သွားခဲ့တယ်၊ ဒီကနေ့ ၁၃၂၄ - ခုနှစ် တပေါင်းလပြည့်နေ့မှာတော့ အဲဒီဓမ္မစကြာတရားတော်ကြီးကို ဆက်ပြီးဟောမယ်။ ဆဋ္ဌမပိုင်းတုန်းက မဂ္ဂသစ္စာအထိ သရုပ်ပြတရား ပြီးသွားခဲ့ပြီ၊ ဒီကနေ့တော့ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်များကို ဟောဘို့ အလှည့် ကျနေတယ်၊ ဒါကြောင့် အဲဒီ အလှည့်ကျရာကစပြီး ဟောရမယ်။
ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကေ ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ - ဤသည်ကား၊
ဒုက္ခံ အရိယသစ္စန္တိ - ဒုက္ခအရိယသစ္စာဟူ၍၊
ဝါ - အရိယာတို့ သိအပ်သော ဆင်းရဲအစစ်အမှန်တရားဟူ၍၊
မေ - ငါအား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသောပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသော ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ်ပညာဟူသော အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ။
ဒါဟာ ဒုက္ခသစ္စာနှင့်စပ်ပြီး သစ္စဉာဏ်ဖြစ်ပုံကို ပြတာပါပဲ။ ဒုက္ခသစ္စာတရာ သရုပ်ကတော့ ဇာတိပိ ဒုက္ခာစသည်ဖြင့် ရှေ့ပိုင်းက အကျယ်ဖွင့်ပြ ဟောကြားခဲ့ပါပြီ။ ဒါပေမဲ့ သာပြီးအသိရှင်းသွားအောင် နဲနဲတော့ ထပ်ပြောရဦးမယ်။ ဣဒံ - ဤသည် ကားလို့ ဆိုတာဟာ ရှေးက ပြခဲ့တဲ့ ဇာတိ - အစ ဥပါဒါနက္ခန္ဓာ - အဆုံးရှိတဲ့ သဘောတရားတွေကို ဆိုတာပါပဲ၊
အဲဒီမှာ လိုရင်းကတော့ ဥပါဒါနက္ခန္ဓာငါးပါးဟာ လိုရင်းပါပဲ၊ အဲဒီ ဥပါဒါနက္ခန္ဓာ တွေကိုလဲ ရှေ့ပိုင်းက အကျယ်ဖွင့်ပြခဲ့ပါပြီ။ ဒါပေမဲ့ တချို့က ဥပါဒါနက္ခန္ဓာငါးပါးကို ကျမ်းဂန်ဝေါဟာရအနေနဲ့သာ နားလည်နေကြတယ်။ ကိုယ်တွင်းတရားအနေနဲ့ နားလည်တဲ့ ပုဂ္ဂိုလ်က နဲတယ်။ လိုရင်းကတော့ ကိုယ်တွင်း တရား အနေနဲ့ သိဘို့ပဲ၊ ဒါကြောင့် ကိုယ်တွင်းတရား အနေနဲ့ သဘောပေါက် နားလည်အောင် ဒီနေရာမှာ ထပ်ပြောဦးမယ်။
ယခုမြင်တိုင်း ကြားတိုင်း နံတိုင်း စားသတိုင်း တွေ့တိတိုင်း ကြံသိတိုင်း ထင်ရှား တွေ့နေရတာ ဥပါဒါနက္ခန္ဓာ ငါးပါးတွေပဲ၊ အဲဒါတွေကို အရိယာတို့ အမြင်အားဖြင့် ကြောက်စရာကောင်းတဲ့ ဆင်းရဲဒုက္ခအနေနဲ့ မြင်ကြတယ်၊ ပကတိပုဂ္ဂိုလ်တို့ အမြင်အားဖြင့်တော့ အဲဒါတွေကို ဒုက္ခ - ဆင်းရဲလို့ မထင်ကြဘူး၊ ချမ်းသာတွေ အကောင်းတွေလို့သာ ထင်နေကြတယ်၊
လှပတင့်တယ်တာတွေကို မြင်ရတာ ကောင်းတယ်လို့ ထင်ကြတယ်၊ ကိုယ်ကြည့် ချင်တာ ကြည့်ရ မြင်ရတာ ကောင်းတယ်လို့ ထင်ကြတယ်၊ သာယာတဲ့အသံ ချိုသာတဲ့အသံကို ကြားရတာ ကောင်းတယ်လို့ ထင်ကြတယ်၊ ကိုယ်နားထောင် ချင်တာကို နားထောင်ရ ကြားရတာ ကောင်းတယ်လို့ ထင်ကြတယ်၊ ထို့အတူ အနံ့ကောင်းကို နမ်းရှူရတာ, အရသာကောင်းကို စားရတာ အတွေ့ကောင်းနဲ့ တွေ့ထိရတာကောင်းတယ်လို့ ထင်တယ်၊ ကာမဘုံသားတွေက အဲဒီအတွေ့ကောင်းကို အကောင်းဆုံးလို့ ထင်နေကြတယ်၊ ဝမ်းမြောက်စရာတွေ ကြံစည်နေရတာ အလို ရှိတိုင်း စိတ်ကူး နေရတာ အဲဒါတွေလဲ ကောင်းတယ်လို့ ထင်တယ်၊
စိတ်အကြံပါ အကုန်လုံး ပျောက်သွားမယ် ဆိုယင် မကြိုက်ကြဘူး၊ အများကြီး ဆုံးရှူံး နစ်နာသွားမယ်လို့ ထင်တတ်ကြတယ်။ အမှန်စင်စစ်အားဖြင့်တော့ အဲဒီ မြင်ရတာ ကြားရတာစသည် တွေဟာ ဥပါဒါနက္ခန္ဓာတွေချည်းပဲ၊ ဆင်းရဲအစစ် ဒုက္ခသစ္စာတရား တွေချည်းပဲ၊ အဲဒါတွေကို ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲဘူး စသည်ဖြင့် သိပြီး ကြောက်ဖွယ် ဆင်းရဲအနေဖြင့် အမှန်အတိုင်း သိမြင်နိုင်အောင်လို့ ဝိပဿနာ ရှုနေကြရတာပဲ။
မြတ်စွာဘုရားမှာတော့ ဝိပဿနာမဂ္ဂင်ကို အပြည့်အစုံ ပွါးစေပြီးတော့ အရဟတ္တမဂ်ဉာဏ်ဖြင့် အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို သိမြင်တော်မူခဲ့တယ်၊ အဲဒီလို အကောင်း အမြတ်ဆုံး နိဗ္ဗာန်ချမ်းသာကို သိမြင်တော်မူတဲ့အတွက် ခဏမစဲ ဖြစ်ပျက်နေတဲ့ အဲဒီ ဥပါဒါနက္ခန္ဓာတရားတွေကို ကြောက်စရာကောင်းတဲ့ ဆင်းရဲအစစ် အနေဖြင့်သာ သိမြင်တော်မူတယ်။
အဲဒီလို သိမြင်တာကလဲ သူတပါးထံမှ ကြားဘူးလို့လဲ မဟုတ်ဘူး၊ အာဠာရ ရသေ့ ဥဒကရသေ့တို့ထံမှ ရခဲ့တဲ့နည်းဖြင့် သိတာလဲ မဟုတ်ဘူး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် မဂ္ဂင်ရှစ်ပါးကို ပွါးစေပြီး သိတော်မူခဲ့တာသာ ဖြစ်တယ်။ ဒါကြောင့် -
(ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ)
ရှေးက မကြားဘူးသေးသော တရားတို့၌ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ
စသည်ဖြင့် ထုတ်ဖော်ပြီး မိန့်တော်မူပါတယ်။
အဲဒီလို မိန့်တော်မူတဲ့ စကားရပ်ဖြင့် (သမ္မာသမ္ဗုဒ္ဓေါ) သူတပါးအထံ နည်းမခံပဲ ကိုယ်ပိုင်ဉာဏ်အဟုန် အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူတဲ့ ဘုရားဖြစ်တော်မူကြောင်းလဲ ဝန်ခံတော်မူခြင်း ဖြစ်ပါတယ်။ ဒီလိုဝန်ခံတော်မူဘို့ကလဲ အရေးကြီးပါတယ်၊
ဘာကြောင့်လဲ ဆိုတော့ - အဲဒီ ခေတ်အခါတုန်းက နိဂဏ္ဌတွေ ကျင့်လေ့ရှိတဲ့ အစာမစားပဲနေခြင်း အစရှိတဲ့ ကိုယ်ပင်ပန်းအောင် ကျင့်ခြင်းကိုပင် အကျင့်ကောင်း အကျင့်မြတ် ထင်နေကြတယ်၊ ပဉ္စဝဂ္ဂီတွေကလဲ စောစောပိုင်းက အဲဒီလို ထင်နေကြတယ်၊
ဒါကြောင့် “ယခု ကျင့်လာတာ, သိလာတာဟာ သူများထံက ကြားဘူးတဲ့ အဲဒီလို အကျင့်မျိုး မဟုတ်ဘူး၊ ကြားဘူးတဲ့အတိုင်း မှန်းဆဆင်ခြင်ပြီး သိတာ မဟုတ်ဘူး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ကျင့်လာတာ, သိလာတာသာဖြစ်တယ်”လို့ ဝန်ခံလိုက်မှ သမ္မာသမ္ဗုဒ္ဓ - ဘုရားအစစ် ဖြစ်ကြောင်း အဲဒီတုန်းက တရားနာ ပရိသတ်တွေအား အထူးသဖြင့် ထင်ရှားသိစေနိုင်ပါတယ်။ ဒါကြောင့် အဲဒီအတိုင်း ထုတ်ဖော်ပြီး မိန့်တော်မူတာပါပဲ။
အဲဒီလို မကြားဘူးပဲ အသိဉာဏ်ဖြစ်တယ်ဆိုတာကတော့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်များ ပစ္စေကဗုဒ္ဓါများနှင့်သာ ဆိုင်ပါတယ်၊ ဘုရားတပည့် သာဝကတွေမှာတော့ ဘုရား ဟောတဲ့ တရားကို ကြားနာရပြီးမှ အဲဒီ ကြားနာရတဲ့ တရားတော်အရ နှလုံးသွင်း အားထုတ်ပြီးမှသာ ဒီလို အသိဉာဏ်မျိုး ဖြစ်ပေါ်ပါတယ်၊
ဒါကြောင့် ယခုနေအခါလဲ အဲဒီလို အသိဉာဏ်မျိုးကို ရချင်ယင် မြတ်စွာဘုရား ဟောကြားတော်မူတဲ့ မဟာသတိပဋ္ဌာနသုတ် အစရှိသော ဒေသနာတော်များနှင့် အညီကျင့်ရတယ်၊ အဲဒီလို ကျင့်ယင် မြင်မှု ကြားမှု စသည်နှင့် ဆိုင်သော ဥပါဒါနက္ခန္ဓာတရားတွေကို ဆင်းရဲ အစစ်အမှန်တရားတွေပဲလို့ သိမြင်ပါတယ်။ အဲဒီလို သိမြင်အောင် နှလုံးသွင်း အားထုတ်ဖို့ရာလဲ ရည်ရွယ်ပြီး မိန့်တော်မူခြင်း ဖြစ်ပါတယ်။
အဲဒီ ထုတ်ဖော်ပြီး မိန့်တော်မူချက်ထဲမှာ ထူးခြားတဲ့ အသိဉာဏ်ဖြစ်ပုံကို -
(စက္ခုံ ဥဒပါဒိ) မျက်စိဖြစ်ပေါ်ခဲ့ပြီ၊
(ဉာဏံ ဥဒပါဒိ) ဉာဏ်ဖြစ်ပေါ်ခဲ့ပြီ
(ပညာ ဥဒပါဒိ) ပညာဖြစ်ပေါ်ခဲ့ပြီ၊
(ဝိဇ္ဇာ ဥဒပါဒိ) ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
(အာလောကော ဥဒပါဒိ) အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ -
လို့ အမည်ငါးခုနဲ့ ပြတော်မူတယ်၊ အဲဒါဟာ အသိဉာဏ် တပါးတည်းကိုပင် အမည် ငါးခုနဲ့ ပြတော်မူတာပါပဲ။ ဒါကြောင့် သံယုတ်အဋ္ဌကထာ (ဒု - နှာ ၂၀) စသည်မှာ -
“စက္ခုန္တိအာဒီနိ - စက္ခုံအစရှိသော အမည်တို့သည်၊
ဉာဏ ဝေဝစနာနေသ - ဉာဏ်၏ အနက်တူ အမည်ကွဲတို့သာတည်း။
ဟိ - မှန်၏၊
ဉာဏမေဝ - ဉာဏ်သည်ပင်လျှင်၊
ဧတ္ထ - ဤစက္ခု - စသည်တို့တွင်၊
ဒဿနဋ္ဌေန - မြင်တတ်သော အနက်သဘောကြောင့်၊
စက္ခု - မျက်စိမည်၏၊
ဉာတဋ္ဌေန - သိတတ်သော အနက်ကြောင့်၊
ဉာဏံ - ဉာဏ်မည်၏၊
ပဇာနနဋ္ဌေန - အပြားအားဖြင့် သိတတ်သော အနက်သဘောကြောင့်၊
ပညာ - ပညာမည်၏၊
ပဋိဝေဓနဋ္ဌေန - ထိုးထွင်းသိတတ်သော အနက်ကြောင့်၊
ဝိဇ္ဇာ - ဝိဇ္ဇာမည်၏၊
ဩဘာသနဋ္ဌေန - လင်းစေတတ်သော အနက်သဘောကြောင့်၊
အောလောကော - အလင်းရောင်မည်၏”
လို့ ဖွင့်ပြထားပါတယ်။
အဲဒီအမည်တွေကို ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ဖွင့်ပြပုံကတော့ - ”စက္ခုံ - မျက်စိဟူသည်မှာ၊ ဓမ္မော - ပါဠိဝေါဟာရပေတည်း။ ဒဿနဋ္ဌော - မြင်ခြင်း အနက်သဘောသည်၊ အတ္ထော - သိစေလိုအပ်သော အနက်သဘောပေတည်း” စသည်ဖြင့် သိစေလိုရင်း အနက်ကို ရည်ရွယ်ပြီး တရားနာပရိသတ်အမျိုးမျိုး နားလည်အောင် စက္ခု - စသည်ဖြင့် ပါဠိအမည်များကို ဟောကြောင်း ဖွင့်ပြထားပါတယ်။
အဲဒီအဖွင့်မှာလဲ ဆိုလိုတာကတော့ မျက်စိဖြင့် မြင်သလိုပင် ရှင်းလင်းစွာ သိတတ်သောကြောင့် ဉာဏ်ကို မျက်စိလို့ ဆိုပါတယ်တဲ့။ ဥပမာအားဖြင့်ပြရယင် - နှစ်ပေါင်းများစွာ မျက်စိကွယ်နေတဲ့သူဟာ မျက်စင်းဆေး ကောင်းခပ်ရလို့ ဖြစ်စေ၊ ဆရာဝန်က ခွဲစိတ်ကုသပေးလို့ ဖြစ်စေ မျက်စိ ကောင်းလာ တယ်ဆိုပါတော့၊ အဲဒီ မျက်စိ ကွယ်နေတဲ့သူဟာ ဆေးမကုသရသေးမီက ဆိုယင် ဘာကိုမျှ မမြင်ဘူး၊ ဆေးကုသပြီးတဲ့ အခါကျတော့အလျင်က မမြင်ရတာတွေကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။
အဲဒါလိုပဲ ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ် မဖြစ်ပေါ်မီက ဥပါဒါနက္ခန္ဓာ ငါးပါး ဆင်းရဲတရားတွေကို ချမ်းသာတွေ အကောင်း တွေလို့သာ ထင်နေခဲ့တယ်။ မြင်ခိုက် ကြားခိုက် စသည်၌ မပြတ် ရှုမှတ်နေတဲ့ ယောဂီမှာ ဝိပဿနာဉာဏ် ထက်သန်စွာ ဖြစ်လာတဲ့အခါ အဲဒီ ဥပါဒါနက္ခန္ဓာဆိုတဲ့ မြင်မှု ကြားမှု စသည်တွေကို “ခဏမစဲ ဖြစ်ပျက်နေလို့ ကြောက်စရာကောင်းတဲ့ ဆင်းရဲတွေပဲ”လို့ ရှင်းလင်းစွာ သဘောပေါက် သိမြင်လာတယ်၊
အဲဒါဟာ မျက်စိ မမြင်ရာမှ မြင်လာတာနဲ့ တူပါတယ်၊ အရိယမဂ်ဉာဏ်ရောက်ပြီး ဆင်းရဲမှန် သိမြင်ပုံကိုတော့ အထူးပြောပြစရာတောင် မလိုပါဘူး၊ ဒါကြောင့် ရှင်းလင်းစွာသိတဲ့ ဉာဏ်ကိုပဲ မျက်စိဖြင့် မြင်တာနဲ့ တူလို့ စက္ခု - မျက်စိ - လို့ ဟောတော်မူပါတယ်တဲ့။
ဉာဏံ ဥဒပါဒိ - ဉာဏ်ဖြစ်ပေါ်ခဲ့ပြီ - လို့ ဆိုရာမှာ ပဋိသမ္ဘိဒါမဂ်ပါဠိက (ဉာဏံ ဓမ္မော) ဉာဏ - ဉာဏ်ဆိုတာက ဝေါဟာရစကားပဲ၊ (ဉာတဋ္ဌော အတ္ထော) သိသော သဘောက သိစေလိုရင်း အနက်ပဲ - လို့ ဖွင့်ပြထားပါတယ်၊ အဲဒီမှာလဲ ဉာဏ်ဖြစ်တယ်ဆိုတာ အသိဖြစ်တယ်၊ သိလာတယ်လို့ ဆိုလိုတာပါပဲ၊ ဒါကတော့ ထင်ရှားပါတယ်။
ပညာ ဥဒပါဒိ - ပညာဖြစ်ပေါ်ခဲ့ပြီ ဆိုရာမှာ ပဋိသမ္ဘိဒါမဂ်ပါဠိက (ပညာ ဓမ္မော၊ ပဇာနနဋ္ဌော အတ္ထော) ပညာ ဆိုတာက ဝေါဟာရစကားပဲ၊ အပြားအားဖြင့် သိသောသဘော ဆိုတာက သိစေလိုရင်းအနက်ပဲ - လို့ ဖွင့်ပြထားတယ်။ အဲဒီမှာတော့ ပါဠိလို ပညာဆိုတာကို မြန်မာလိုလဲ ပညာလို့ပဲ ပြောဆိုနေကြတယ်၊ ဒါကတော့ မြန်မာစကားလို ဖြစ်နေပါပြီ။
သူ့အနက်ကတော့ ပဇာနန - အပြားအားဖြင့် သိတတ်တယ်တဲ့၊ အပြားအားဖြင့် သိ - ဆိုတာ သိစရာတွေကို ကွဲကွဲပြားပြား ခွဲစိတ်ပြီး သိတာကို ဆိုတာပါပဲ၊ ဝိပဿနာအရာမှာတော့ ဖောင်းတယ် ပိန်တယ် - စသည်ဖြင့် ရှုမှတ်တဲ့အခါ တောင့်တင်း လှုပ်ရှားတဲ့သဘောက တခြား + ရှုသိတဲ့ စိတ်ကတခြား စသည်ဖြင့် ရုပ်နဲ့နာမ်ကို ခွဲခြားပြီးသိတယ်၊ ပကတိလူတွေမှာ အဲဒီလို ကိုယ်တိုင်တွေ့အားဖြင့် ခွဲခြားပြီး မသိကြဘူး။
နောက်ပြီးတော့ အကြောင်းနဲ့ အကျိုးကိုလဲ ခွဲခြားသိတယ်၊ အသစ်အသစ် ဖြစ်ပေါ်လာတာ, ပျောက်ပျက်သွားတာ ကိုလဲ ကွဲပြားစွာ သိတယ်၊ ဖြစ်ပေါ်လာပြီ ပျက်သွားလို့ မမြဲဘူး၊ ကြောက်စရာ ကောင်းတဲ့ ဆင်းရဲပဲ၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေလို့ အစိုးမရတဲ့ အတ္တကောင် မဟုတ်တဲ့ သဘောတရားမျှပဲ - လို့လဲ ကွဲပြားစွာ သိတယ်၊
အဲဒါဟာ ရိုးတိုးရိပ်တိပ် ဝိုးတိုး ဝါးတား သိတာမဟုတ်ဘူး၊ လက်ပေါ်မှာတင်ပြီး ကြည့်ရသလိုပင် သေသေချာချာ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိသိသွားတာပဲ၊ အဲဒီလို သိတာကို အပြားအားဖြင့် သိတယ်လို့ ဆိုရတယ်။ ဒါကြောင့် ပညာဖြစ်ပေါ်ခဲ့ပြီ - ဆိုတာဟာ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိလာခဲ့ပြီလို့ဆိုလိုတာပါပဲ။
ဝိဇ္ဇာ ဥဒပါဒိ - ဝိဇ္ဇာ ဖြစ်ပေါ်ခဲ့ပြီဆိုရာမှာ ပဋိသမ္ဘိဒါမဂ်ပါဠိက (ဝိဇ္ဇာ ဓမ္မော၊ ပဋိဝေဓဋ္ဌော အတ္ထော) ဝိဇ္ဇာဆိုတာက ဝေါဟာရစကားပဲ။ ထိုးထွင်းသိသော သဘောက သိစေလိုရင်းအနက်ပဲ - လို့ ဖွင့်ပြထားတယ်။
အဲဒီမှာလဲ ဝိဇ္ဇာဆိုတဲ့ စကားဟာ မြန်မာစကားလို ဖြစ်နေပါပြီ၊ ဒါပေမဲ့ တချို့က ဝိဇ္ဇာဓရ - ဝိဇ္ဇာဓိုရ်ဆိုတဲ့ စကားနဲ့ အတူတူလုပ်ပြီး ပြောဆိုနေကြတယ်၊ ဝိဇ္ဇာဓိုရ်ဆိုတာက မန္တာန်ကိုဆောင်သူ - မန္တာန်တတ်သိသူလို့ အနက်ရှိတယ်၊
အဲဒီ ဝိဇ္ဇာဓိုရ်က မန္တာန်ရွတ်ဆိုပြီး ကောင်းကင်ခရီးဖြင့် ပျံသွားကြောင်းစသည်ကို ကျမ်းဂန်များ၌ တွေ့ရပါတယ်။ ဒီမှာ ဝိဇ္ဇာကတော့ ပုဂ္ဂိုလ်မဟုတ်ပါဘူး၊ အသိဉာဏ်ပါပဲ၊ ဒါကြောင့် ထိုးထွင်းသိသောသဘောလို့ ဖွင့်ပြပါတယ်၊ ထိုးထွင်းသိ - ဆိုတာလဲ အသိခက်တယ်။
၁၃၀ဝ - ခုနှစ်လောက်က ဘုန်းကြီး၏ ဇာတိရွာက ဆရာတော်ကြီးတပါးနဲ့ ဆွေးနွေး ဘူးတယ်၊ ဘုန်းကြီးက မြင်သိမှု ကြားသိမှုစသည် ဖြစ်တိုင်း ဖြစ်တိုင်းလိုက်ပြီး မပြတ်ရှုနေယင် ရုပ်နာမ် ၂ - ပါးကို အမှန်အတိုင်းသိတဲ့ ပညာ ဖြစ်ကြောင်း လျှောက်ထားတယ်၊
အဲဒီတော့ ဆရာတော်ကြီးက အဲဒီလို ရှုပြီးသိတာကို - ပညာလို့ သဘောမကျဘူး၊ ဒါကြောင့် အဲဒီ ဆရာတော်ကြီးက “ပညာဆိုတာ ထိုးထွင်း သိရတယ်၊ ထိုးထွင်းသိမှ ပညာခေါ်တယ်”လို့ ပြောတယ်။ ဘယ်လို ထိုးထွင်းသိရမှာပါလဲဘုရား - လို့ ဘုန်းကြီးက မေးလျှောက်တယ်။ ဆရာတော်ကြီးက အတော်ကြာအောင် စဉ်းစားပြီးတော့ “ထိုးထွင်း သိတယ်ဆိုတာ ထိုးထွင်းသိတာပါပဲ” လို့ ဖြေကြားတယ်။
ထိုးထွင်းသိတယ်ဆိုတဲ့ စကားဟာ “ပဋိဝေဓဆိုတဲ့ ပါဠိမှ ပြန်ဆိုထားတဲ့ မြန်မာဘာသာပဲ၊ ပဋိ - ရှေးရှု - တည့်တည့်မတ်မတ်+ဝေဓ - ဖောက်ထွင်းသည်” ဆိုတဲ့ သဒ္ဒါနက်မှဖြစ်လာတဲ့စကားပါပဲ။
ဒုတိယပိုင်း (နှာ ၁၃၄) တုန်းက “သမ္ဗောဓာယ - ထိုးထွင်း၍ သိရန်အလို့ငှါ” ဆိုတဲ့ပုဒ်၏ အဖွင့်မှာပြောခဲ့တဲ့ အတိုင်းပါပဲ၊ ကန့်လန့်ကာ နံရံကွယ်နေလို့ မမြင်နိုင်တာတွေကို အဲဒီ ကန့်လန့်ကာကို ဖောက်လိုက်ယင် နံရံက ပြူတင်းပေါက်ကို ဖွင့်လိုက်ယင် ဖောက်ထွင်းပြီး မြင်ရသလို မောဟ အကာအကွယ်ကို ဖောက်ထွင်းပြီး သိသွားတာကို ဆိုတာပါပဲ၊
မူလက မြင်မှု ကြားမှု စသည်တွေကို အနိစ္စ ဒုက္ခ အနတ္တ အနေဖြင့် မသိမမြင်နိုင်ဘူး၊ နိစ္စ သုခ အတ္တအနေဖြင့်သာ ထင်မြင်နေခဲ့တယ်၊ အဝိဇ္ဇာ မောဟက ဖုံးကွယ်နေလို့ပါပဲ၊ ဝိပဿနာဉာဏ်ထက်သန်တဲ့ အခါကျတော့ အဲဒီမောဟအကာအကွယ် ပွင့်သွား သလိုပင် ထင်ရှားသိရတယ်၊ အဲဒီလို သိတာကို ထိုးထွင်းသိတယ်လို့ ဆိုပါတယ်၊ မြတ်စွာဘုရားမှာ အဲဒီလို ထိုးထွင်းသိတဲ့ ဉာဏ်ထူးလဲ ဖြစ်လာပါပြီတဲ့။
အာလောကော ဥဒပါဒိ - အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီလို့ ဆိုရာမှာ ပဋိသမ္ဘိဒါမဂ်ပါဠိက (အာလောကော ဓမ္မော၊ ဩဘာသဋ္ဌောအတ္ထော) အာလောက - အလင်းရောင် ဆိုတာက ဝေါဟာရစကားပဲ၊ လင်းစေတဲ့သဘောက သိစေလိုရင်းအနက်ပဲလို့ ဖွင့်ပြထားတယ်၊
ဒါကြောင့် အလင်းရောင်ဆိုပေမဲ့ မျက်စိဖြင့် အလင်းရောင်ကို ပြောတာမဟုတ်ဘူး၊ ပေါ်ပေါ်လွင်လွင် ထင်ထင်လင်းလင်း သိစေတတ်တဲ့ ဉာဏ်ကိုပဲ ဆိုလိုပါတယ်၊ မူလက အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို အမိုက်မှောင် ဖုံးကွယ် နေသလိုပင် မသိရ မမြင်ရပဲ ရှိနေရာမှာ ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်များ ဖြစ်ပေါ်လာတဲ့အခါ အဲဒါတွေကို ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှားကြီး သိမြင်ရတယ်၊ အဲဒီလို အထင်အရှား သိမြင်တာကိုပင် အာလောက - အလင်းရောင် ဖြစ်ပေါ်လာခဲ့ပြီ - လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ ပုဒ်ကို “အသိဉာဏ်ပညာ ဟူသော အလင်းရောင်”လို့ ဖော်ပြီး အနက်ပြန်ခဲ့ပါတယ်။
ထူးခြားတဲ့ အသိဉာဏ်တခုတည်းကို - စက္ခု, ဉာဏ, ပညာ, ဝိဇ္ဇာ, အာလောကဆိုတဲ့ အမည်ငါးခုဖြင့် ဘာကြောင့် ပြောဆိုရပါသလဲ ဆိုတော့၊ အဲဒီအခါတုန်းက တရားနာနေကြတဲ့ ပုဂ္ဂိုလ်အမျိုးမျိုးအား ထင်ရှားသိစေရန်အတွက် ပြောဆိုရခြင်း ဖြစ်ပါတယ်၊ အဲဒါကို ဝေနေယျဇ္ဈာသယ - ဝေနေယျတို့အလို အကြိုက်လိုက်ပြီး ဟောတယ်လို့လဲ ဆိုရပါတယ်။
ယခုဘုန်းကြီးတို့ ဟောတဲ့အခါလဲ တချို့စကားလုံးကို အမည် ၂ - ခု ၃ - ခုနဲ့ ထပ်ဆင့်ပြီး ပြောရတဲ့အခါရှိပါတယ်၊ အဲဒါဟာ ပဌမတလုံးကို နားမလည်ယင် ဒုတိယ စကားလုံးဖြင့် နားလည်စေရန် ထပ်ပြီးပြောရတယ်၊ အဲဒါလိုပါပဲ။
ယခုပြောခဲ့တဲ့ ပါဠိ အနက်အဓိပ္ပါယ်တွေဟာ ဒုက္ခသစ္စာကိုသိတဲ့ သစ္စဉာဏ်ကိုပြတဲ့ စကားတွေချည်းပါပဲ။ အဲဒီ သစ္စဉာဏ်အကြောင်းကတော့ နားလည်လောက်ပါပြီ၊ ယခုဒုက္ခသစ္စာနှင့် စပ်ပြီး ပြုသင့်တဲ့ ကိစ္စသိပုံ ကိစ္စဉာဏ်ကို ဟောရမယ်။
ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
▬▬▬▬▬▬▬▬
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပန ဣဒံ ဒုက္ခံ အရိယသစ္စံ - ထိုသို့သဘောရှိသော ဤ ဒုက္ခ အရိယသစ္စာကို၊
ပရိညေယျန္တိ - ပိုင်းခြား၍ သိအပ်သော တရားဟူ၍၊
မေ - ငါအား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသောတရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသောပညာဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာဥဒပါဒိ - ထိုးထွင်း၍သိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ်ပညာ ဟူသော အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
အဲဒါဟာ ဒုက္ခသစ္စာနှင့်စပ်ပြီး ပြုသင့်တဲ့ကိစ္စ သိသော ကိစ္စဉာဏ် ဖြစ်ပုံကို ပြဆိုတဲ့ စကားပါပဲ။ အဲဒီ စကားရပ်ထဲမှာ (တံ - ထိုသို့ သဘောရှိသော) ဆိုတာက ခုတင်က ပြဆိုခဲ့တဲ့အတိုင်း ဆင်းရဲအစစ်အမှန်လို့ သိအပ်သော သဘောရှိတယ်, ဇာတိ - အစဥပါဒါနက္ခန္ဓာ - အဆုံးရှိသော သဘောရှိတယ်လို့ ဆိုလိုပါတယ်၊ အဲဒီ ဒုက္ခသစ္စာတရားကို ပိုင်းခြား၍ သိအပ်တဲ့ တရားပဲလို့ ထူးခြားတဲ့အသိဉာဏ်လဲ ဖြစ်ပေါ်ခဲ့ပါပြီ - တဲ့။
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိအပ်တဲ့ ပရိညေယျတရား ဆိုတာကို အထူးသတိပြုကြရမယ်၊ အရိယမဂ်ဖိုလ် နိဗ္ဗာန်ကို ရချင်ရောက်ချင်လို့ရှိယင် ဇာတိအစ ဥပါဒါနက္ခန္ဓာ အဆုံးရှိတဲ့ ဒုက္ခသစ္စာတရားတွေကို ပိုင်းခြားပြီး သိရမယ်၊ ပိုင်းခြားပြီး သိအောင် အားထုတ်ရမယ် ဆိုတာကို စွဲမြဲစွာ မှတ်ထားကြရမယ်။
အဲဒီ ဇာတိ အစရှိသော ဒုက္ခသစ္စာတရားတွေထဲမှာ လိုရင်းကတော့ ဥပါဒါနက္ခန္ဓာ ငါးပါးပါပဲ၊ ဥပါဒါနက္ခန္ဓငါးပါးကို အမှန်အတိုင်းသိယင် ဒုက္ခသစ္စာတရား အလုံးစုံကို သိခြင်း ကိစ္စပြီးတော့တာပါပဲ။ ဒါကြောင့် မဟာဝဂ္ဂသစ္စ သံယုတ်ပါဠိ (နှာ၃၇၃)၌ -
ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ပဉ္စုပါဒါနက္ခန္ဓာတိဿ ဝစနိယံ။
ဘိက္ခဝေ - ရဟန်းတို့၊
ဒုက္ခံ အရိယသစ္စံ - ဒုက္ခ အရိယသစ္စာသည်၊
ကတမဉ္စ - အဘယ်ပါနည်းဟူမူ၊
ပဉ္စပါဒါနက္ခန္ဓာတိငါးပါးသော ဥပါဒါနက္ခန္ဓာတို့ ဟူ၍၊
ဝစနီယံ အဿ - ဖြေဆိုရာ၏ -
လို့ ဟောထားပါတယ်။
အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးအကြောင်းကို စတုတ္ထပိုင်း (နှာ - ၂၂၉ - စသည်)မှာ အကျယ် ဖွင့်ပြခဲ့ပါပြီ။ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆ - ပါးက ထင်ရှား ဖြစ်ပေါ် နေတဲ့တရားတွေပါပဲ၊ အဲဒီတရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ရှုပြီး ကိုယ်တိုင်တွေ့ အားဖြင့်သိလို့ လိုပါတယ်၊
အဲဒီလို ရှုရှုပြီး ပထဝီဓာတ်၏ ခက်မာကြမ်းတမ်းခြင်း နူးညံ့ ချောညက်ခြင်း သဘောကို ပိုင်းခြားသိရမယ်၊ အာပေါဓာတ်၏ ယိုစီးခြင်း ဖွဲ့စည်းခြင်း အရည်သဘော အစိုသဘောကို ပိုင်းခြားသိရမယ်၊ တေဇောဓာတ်၏ ပူခြင်း အေးခြင်း နွေးခြင်း သဘောကို ပိုင်းခြားသိရမယ်၊ ဝါယောဓာတ်၏ တောင့်တင်း တွန်းကန်ခြင်း လှုပ်ရှားခြင်း သဘောကို ပိုင်းခြား သိရမယ်၊
သိနိုင်ပုံကတော့ ကိုယ်ထဲမှာ သတိဉာဏ်ဖြင့် စူးစိုက်ပြီး တနေရာရာက အတွေ့အထိကို ရှုနေယင် ဒီဓာတ်လေးပါးထဲက တပါးပါးကို သူ့ပင်ကိုယ်ရင်း သဘောလက္ခဏာဖြင့် ပိုင်းခြားပြီး သိနိုင်ပါတယ်၊ ရှေးကလဲ အကျယ်ပြောခဲ့ပြီး ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ အကျယ် မပြောတော့ပါဘူး။
အဲဒီ ဓာတ်ကြီးလေးပါးကို သိပြီးတဲ့နောက် မြင်တယ် ကြားတယ် စသည်ဖြင့် ရှုတဲ့အခါ မြင်မှု၏တည်ရာ ကြားမှု၏ တည်ရာ အစရှိသော တည်မှီရာ ရုပ်တွေကိုလဲ သိတယ်၊ အဆင်း အသံ စသော အာရုံရုပ်တွေကိုလဲ သိတယ်၊ မြင်သိမှု စသော စိတ်စေတသိက် နာမ်တရားတွေကိုလဲ သိတယ်။
အဲဒီလို သိပြီးတဲ့ နောက်မှာ “ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် သိတယ် ညောင်းတယ် ပူတယ် နာတယ် ကြားတယ် မြင်တယ်” စသည်ဖြင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုသိရတဲ့ အာရုံရော ရှုသိတဲ့ စိတ်ရော အသစ်အသစ် ဖြစ်ဖြစ်ပြီး ချက်ခြင်းပင် ပျက်ပျက်သွားတာကို ကိုယ်တိုင်တွေ့အားဖြင့် သိရတယ်၊ ဒါကြောင့် ရှုမှတ်နေယင်း
(ဟုတွာ အဘာဝတော အနိစ္စာ)
ဖြစ်ပေါ်လာပြီး ပျက်သွားသောကြောင့် မမြဲဘူးလို့လဲ ပိုင်းခြား သိရတယ်၊
(ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန ဒုက္ခာ)
ဖြစ်မှု ပျက်မှုက မပြတ်နှိပ်စက်နေသောကြောင့် ကြောက်ဖွယ်ဆင်းရဲ လို့လဲ ပိုင်းခြားသိရတယ်၊
(အဝသဝတ္တနဋ္ဌေန အနတ္တာ)
ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူ့သဘောအတိုင်း ဖြစ်ပျက်နေသောကြောင့် အတ္တမဟုတ် အစိုးမရတဲ့ သဘောတရားမျှလို့လဲ ပိုင်းခြားသိရတယ်။
အဲဒီလို ဖြစ်ဆဲရုပ်နာမ်ကို ရှုပြီး အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာတို့ဖြင့် ကိုယ်တိုင်တွေ့ သိတာဟာ ပရိညေယျ ဖြစ်တဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိတာပါပဲ၊ အဲဒီလို ပိုင်းခြားသိရမယ် ဆိုတာကို စွဲမြဲစွာ မှတ်ထားကြရမယ်။
တကယ်ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာဆိုတဲ့ ဒုက္ခသစ္စာကို အနိစ္စအစရှိသော အခြင်းအရာဖြင့် ပိုင်းခြားသိအပ်တယ်လို့ သိတဲ့ဉာဏ်ဟာ မြတ်စွာဘုရားမှာ ဘယ်သူ့ထံကမှ မကြားဘူးပဲနဲ့ ဖြစ်ပေါ်လာတယ်၊ ဒါကြောင့် အနနုဿုတေသု ဓမ္မေသုစက္ခုံ ဥဒပါဒိ - စသည်ဖြင့် ထုတ်ဖော်ပြီး မိန့်တော်မူပါတယ်။
အရှင် ကောဏ္ဍည အစရှိသော ဘုရားတပည့်တော် သာဝက တွေမှာတော့ ဘုရားထံမှ ဖြစ်စေ၊ ဘုရားတပည့်များထံမှဖြစ်စေ ကြားနာပြီးတော့မှ ဖြစ်တယ်။ တချို့မှာဆိုယင် ဒီဓမ္မစကြာသုတ် တရားတော်မှာ (ပရိညေယျ - ပိုင်းခြားသိအပ်သော တရားလို့) အထင်အရှား ဟောထားပါလျက် တကယ်ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာ တရားတွေကိုရှုပြီး ပိုင်းခြားသိရမယ်ဆိုတာ သဘောမပေါက်ပဲ ရှိနေကြတယ်၊ ရုပ်တရား နာမ်တရား အနိစ္စ ဒုက္ခ အနတ္တဆိုတာ ကြားဘူးရုံလောက်နဲ့ ကိစ္စပြီးတယ်လို့ အထင်မှားနေကြတယ်၊ ဝမ်းနည်းစရာ သနားစရာပုဂ္ဂိုလ်တွေပါပဲ။
“ဒုက္ခသစ္စာမည်တဲ့ ဥပါဒါနက္ခန္ဓာတွေကိုရှုပြီး ပိုင်းခြားသိအပ်တယ်”လို့ သိတဲ့ ဉာဏ်ကို ကိစ္စဉာဏ်ခေါ်တယ်၊ ဒုက္ခသစ္စာ၌ ပြုသင့်ပြုထိုက်တဲ့ ကိစ္စကိုသိတဲ့ ဉာဏ်ပေါ့၊ ဒီဉာဏ်ကတော့ အရိယမဂ် မရောက်သေးမီကတည်းက ဖြစ်တဲ့ဉာဏ်ပဲ၊ မြင်တာ ကိုလဲ ရှုပြီး အနိစ္စ ဒုက္ခ အနတ္တဟု ပိုင်းခြားသိရမယ်၊ ကြားတာ နံတာ စားသိတာ ထိသိတာ ကြံသိတာကိုလဲ ရှုပြီး အနိစ္စ ဒုက္ခ အနတ္တဟု ပိုင်းခြား သိရမယ်ဆိုတာ ဝိပဿနာ မရှုမီကတည်းက ကြားနာပြီး သိထားရမယ်၊
ရှုနေယင်းလဲ သဘော ပေါက်ပြီး သိထားရမယ်၊ အဲဒီလို သိထားမှ ရှုသင့်တဲ့ ဥပါဒါနက္ခန္ဓာ တရားတွေကို အပြည့်အစုံ ရှုပြီး ဝိပဿနာဉာဏ် ပြည့်ပြည့်စုံစုံ ဖြစ်နိုင်တယ်၊ ဘုန်းကြီးတို့၏ တပည့်ဖြစ်တဲ့ သတိပဋ္ဌာန် ယောဂီတွေမှာတော့ ရှုမှတ်ပုံ ရှုမှတ်နည်း ကမ္မဋ္ဌာန်းကို ယူတဲ့ အချိန်ကတည်းက မြင်ခိုက် ကြားခိုက် စသည်မှာ ထင်ရှားဖြစ်ပေါ်တဲ့ သဘောတရားတွေကို ရှုမှတ်ရမယ် ဆိုတာ ကြားနာပြီးတော့ ဒီကိစ္စဉာဏ် ဖြစ်ခဲ့ကြပါတယ်၊
ရှုမှတ်နေယင်းလဲ ပဌမက ‘ရှုရမယ်’လို့ မသိခဲ့သေးပေမဲ့ “ဒါလဲ ရှုရမှာပဲ, ဒါလဲ ရှုရမှာပဲ”လို့ ရှုသင့်တဲ့ တရားတွေကို သဘောပေါက်ပြီး သိသိလာကြပါတယ်၊ အဲဒီလို သိတာဟာ (ပရိညေယျ - ပိုင်းခြား သိအပ်သည် ဆိုတဲ့) ဒီ ကိစ္စသိတဲ့ ဉာဏ်ပါပဲ။ ဒီကိစ္စဉာဏ်က အရေးကြီးလို့ ထပ်ကာ ထပ်ကာ ပြောနေတာနဲ့ တော်တော် ကြာသွားပြီ၊ ဒါလောက်ဆိုတော့ ဒီကိစ္စဉာဏ်ကို သဘောပေါက်လောက်ပြီ။ ယခု ကတဉာဏ်ကို ဟောရမယ်။
ဒုက္ခသစ္စာ၌ ကတဉာဏ်
▬▬▬▬▬▬▬▬▬
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပန ဣဒံ ဒုက္ခံ အရိယသစ္စံ - ထိုသို့ သဘောရှိသော ဤဒုက္ခ အရိယသစ္စာကို၊
ပရိညာတန္တိ - ပိုင်းခြားသိအပ်ပေပြီ - ပိုင်းခြားသိမှု ကိစ္စပြီးပေပြီ ဟူ၍၊
မေ - ငါ့အား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာဥဒပါဒိ - အပြားအားဖြင့်သိသော ပညာဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကောဥဒပါဒိ - အသိဉာဏ် ပညာဟူသော အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
မြင်မှု ကြားမှု အစရှိသော ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတွေကို ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တလို့ သိသိနေတာက ဝိပဿနာဉာဏ်ပဲ၊ အဲဒီ ဝိပဿနာဉာဏ်ဖြင့် သိရုံမျှနဲ့တော့ ပိုင်းခြား သိခြင်းဆိုတဲ့ ပရိညာကိစ္စ မပြီးဆုံးသေးဘူး၊ မရှုမိတဲ့ အာရုံတွေမှာ နိစ္စ သုခ အတ္တလို့ ထင်နိုင်သေးတာပဲ။
အဲဒီ ရှုသိမှု ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်အငြိမ်းဓာတ်ကို တွေ့မြင်သွား တယ်၊ အဲဒီလို အရိယမဂ်ဉာဏ် ဖြစ်ပေါ်ပြီး နိဗ္ဗာန် အငြိမ်းဓာတ်ကို တွေ့မြင်သွားမှ အနိစ္စ ဒုက္ခ အနတ္တ အသိက ပြည့်စုံ ခိုင်မြဲသွားတယ်၊ အဲဒါဟာ ဒုက္ခသစ္စာကို ပိုင်းခြားသိမှု ပြီးစီးသွားတာပါပဲ။ ဒါတောင်မှ သောတာပတ္တိ မဂ်ဉာဏ်လောက်နဲ့တော့ အပြည့်အဝ မပြီးဆုံးသေးဘူး၊ အရဟတ္တမဂ်ဉာဏ်ဖြင့် တွေ့မြင်ပြီးမှ ဒုက္ခကို ပိုင်းခြား သိမှု အကြွင်းမဲ့ အကုန်လုံး ပြီးဆုံးသွားတယ်။
မြတ်စွာဘုရားမှာ အရဟတ္တမဂ်ဖိုလ်သို့ ရောက်တော်မူပြီး ဘုရားဖြစ်တော်မူတဲ့ အချိန်ကတည်းက ဒုက္ခသစ္စာကို ပိုင်းခြားသိမှု အကြွင်းမဲ့ အကုန်လုံး ပြီးဆုံးခဲ့တယ်၊ ဒါကြောင့် (ပရိညာတန္တိ) ပိုင်းခြားသိအပ်ပြီ - ပိုင်းခြားသိမှုကိစ္စ လုံးဝပြီးစီး ပြည့်စုံပြီလို့သိတဲ့ ပညာမျက်စိစသည် ဖြစ်ပေါ်ခဲ့တဲ့ အကြောင်း ဝန်ခံပြီး မိန့်တော်မူပါတယ်။
ယခု တရားအားထုတ်နေကြတဲ့ ယောဂီတွေလဲ အဲဒီဒုက္ခသစ္စာကို ပိုင်းခြား သိရအောင်, နောက်ဆုံးမှာ အရဟတ္တမဂ်ဖိုလ်ရောက်ပြီးတော့ အဲဒီ ပိုင်းခြားသိမှု လုံးဝပြီးစီး သွားအောင် အားထုတ်နေကြရတာပဲ၊ နောက်ဆုံးတချိန်ကျတော့ အရဟတ္တမဂ်ဖိုလ် ရောက်ပြီးတော့ ပစ္စဝေက္ခဏဉာဏ်ဖြင့် “ပိုင်းခြားသိမှု ပြီးစီးသွားပေပြီ”လို့ ဆင်ခြင်ပြီး သိကြရမှာပဲ။
ယခု ပြောခဲ့တာဟာ ဒုက္ခသစ္စာနှင့်စပ်ပြီး သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ဆိုတဲ့ ဉာဏ်သုံးပါးလုံး ပြီးသွားပြီ။ အတိုချုပ်အားဖြင့် မြင်ခိုက် စသည်၌ မပြတ်ဖြစ်ပျက် နေသော သဘောတရား ဟူသမျှကို ဒုက္ခသစ္စာ - ဆင်းရဲအစစ်အမှန်ပဲလို့ သိတာက သစ္စဉာဏ်၊ အဲဒီ ဒုက္ခသစ္စာတရားတွေကို ရှုမှတ်ပြီး ပိုင်းခြား သိရမယ်လို့ သိတာက ကိစ္စဉာဏ်၊ ပိုင်းခြားသိမှုကိစ္စ ပြီးပြီလို့ ဆင်ခြင်ပြီးသိတာက ကတဉာဏ် - တဲ့။ အဲဒါကို လိုက်ဆိုကြရမယ်။
(၁) မပြတ် ဖြစ်ပျက်နေတဲ့ ရုပ် နာမ် ဟူသမျှကို ဒုက္ခသစ္စာဟု သိတာက သစ္စဉာဏ်။
(၂) ဒုက္ခသစ္စာ တရားတွေကို ပိုင်းခြား သိရမယ်လို့ သိတာက ကိစ္စဉာဏ်။
(၃) ဒုက္ခသစ္စာကို ပိုင်းခြားသိမှု ကိစ္စ ပြီးသွားပြီလို့ သိတာက ကတဉာဏ်။
အဲဒီဉာဏ်သုံးပါးထဲက သစ္စဉာဏ် ဆိုတာကတော့ ဝိပဿနာ ရှုနေဆဲမှာလဲ ဖြစ်ပျက်သွားတဲ့ တရားတွေကို ဆင်းရဲပဲလို့ သိပြီးတော့ ဖြစ်တယ်၊ အဲဒါက အရိယမဂ်ရဲ့ ရှေးအဖို့မှာ ဖြစ်တဲ့ဉာဏ်ပေါ့။
အရိယမဂခဏမှာလဲ နိဗ္ဗာန်အငြိမ်း ဓာတ်ကို သိမြင်ပြီးတော့ ဖြစ်ပျက်သမျှ သဘောတရားတွေကို ဆင်းရဲချည်းပဲလို့ သိခြင်းကိစ္စပြီးသောအားဖြင့် ဖြစ်တယ်၊ အရိယမဂ်မှ နောက်ကာလများ၌လဲ ဆင်ခြင်ပြီး သိလျက်ဖြစ်တယ်။ ဒါကြောင့် “ရှေး, နောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာ သစ္စဉာဏ်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(၁) ရှေး, နောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာ သစ္စဉာဏ်။
သစ္စဉာဏ်က မဂ်သို့မရောက်မီ ရှေးကာလမှာလဲ ဖြစ်တယ်၊ မဂ်ခဏမှ နောက်ကာလမှာလဲ ဖြစ်တယ်၊ မဂ်ခဏမှာလဲ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ မဂ်ခဏမှာ သိတယ်ဆိုတာကတော့ နိရောဓသစ္စာကိုသာ အာရုံပြုပြီး သိတယ်၊ ကျန်တဲ့ သစ္စာ သုံးပါးကို ပရိညာ, ပဟာန, ဘာဝနာဆိုတဲ့ ပဋိဝေဓခေါ် သိခြင်းကိစ္စ ပြီးသောအားဖြင့် သိတယ်လို့ ဆိုရတာပါပဲ။
ဒုက္ခသစ္စာနှင့်စပ်ပြီး ပြောရယင် နိရောဓသစ္စာ အငြိမ်းဓာတ်ကို သိမြင်ရတာနဲ့ အဲဒီလို မငြိမ်းတဲ့ ရုပ်နာမ်တွေဟာ ဆင်းရဲတွေပဲလို့ သိခြင်းကိစ္စ ပြီးသွားတယ်၊ ဒါကြောင့် အရိယမဂ်ဖိုလ်ရပြီးဖြစ်တဲ့ အရိယာပုဂ္ဂိုလ် များဟာ (အထူးသဖြင့် ရဟန္တာများဟာ) ဆင်ခြင်ကြည့်လျှင် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေဟာ ဆင်းရဲချည်းပဲလို့ သိကြပါတယ်၊
ဒါကြောင့် မဂ်ခဏမှာ ဒုက္ခကို ပိုင်းခြားသိခြင်းဆိုတဲ့ ပဋိဝေဓ (ထိုးထွင်းသိမှု) ကိစ္စပြီးတယ်လို့ ဆိုရတယ်၊ ဝိပဿနာ ရှုဆဲမှာတော့ အဲဒီ ဒုက္ခသစ္စာ တရားတွေကို ရှုမှတ်ပြီး တကယ် သိသိသွားတာပါပဲ။ အဲဒါကိုလဲ “ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရသည်၊ ဤသို့ သိတာကို ပရိညာပဋိဝေဓ ခေါ်သည်”လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကိုလဲ ဆိုကြရမယ်။
(၁) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရသည်၊ ဤသို့ သိတာကို ပရိညာပဋိဝေဓ ခေါ်သည်။
ဒုက္ခသစ္စာကို ပိုင်ခြားသိရမယ် စသည်ဖြင့်သိတဲ့ ကိစ္စဉာဏ်ကတော့ အရိယမဂ် ခဏရဲ့ ရှေးအဖို့ ကာလကတည်းက ဖြစ်နှင့်ရတယ်၊ အဲဒီလို ပြုသင့်တဲ့ ကိစ္စကို စောစောကတည်းက သိထားပါမှ အဲဒီကိစ္စကို ပြုကျင့်သောအားဖြင့် အရိယမဂ်ကို ဖြစ်စေနိုင်တယ်။
ဒုက္ခသစ္စာနှင့်စပ်ပြီး ပြောရမယ်ဆိုယင် မြင်ခိုက် စသည်၌ ထင်ရှားဖြစ်ပေါ်နေသော ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း မပြတ်ရှုပြီး အနိစ္စစသည်ဖြင့် ပိုင်းခြားသိရမယ်၊ ပိုင်းခြားသိနိုင်အောင် မပြတ် ရှုမှတ်ရမယ် ဆိုတာကို စောစောကတည်းက သိထားပါမှ အဲဒီသိထားတဲ့ အတိုင်း ရှုမှတ်လျက် ပိုင်းခြားသိတဲ့ ဝိပဿနာဉာဏ် ရင့်သန် ပြည့်စုံတဲ့အခါမှာ အရိယ မဂ်ဖြစ်ပေါ်တာပဲ၊
သမုဒယနိရောဓ, မဂ္ဂသစ္စာတို့နှင့်စပ်ပြီး ပြုသင့်တဲ့ကိစ္စတွေကိုလဲ စောစောကတည်းက သိထားမှ အဲဒီကိစ္စတွေ ပြီးအောင် အားထုတ်ခြင်းဖြင့် အရိယမဂ်ကို ဖြစ်ပွါးစေ နိုင်တယ်။ ဒါကြောင့် အဲဒီ ကိစ္စဉာဏ်အတွက် ဆောင်ပုဒ်ကို “သိသင့် ပယ်သင့်၊ ဆိုက်, ပွါးသင့်၊ သိနှင့် ကိစ္စဉာဏ်”လို့ စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(၂) သိသင့် ပယ်သင့်၊ ဆိုက်, ပွါးသင့်၊ သိနှင့် ကိစ္စဉာဏ်။
ဒုက္ခသစ္စာကိုပိုင်းခြားသိသင့်တယ်လို့သိတဲ့ ကစ္စဉာဏ်၊ သမုဒယကို ပယ်သင့်တယ် လို့ သိတဲ့ ကိစ္စဉာဏ်၊ နိရောဓကို ဆိုက်ရောက်သင့် - မျက်မှောက်ပြုသင့် တယ်လို့သိတဲ့ ကိစ္စဉာဏ်၊ မဂ္ဂင်ကို ဖြစ်ပွါးစေသင့်တယ်လို့သိတဲ့ ကိစ္စဉာဏ် - ဒီကိစ္စဉာဏ် လေးပါးကတော့ မဂ်ခဏမရောက်မီ ရှေးကာလကတည်းက ဖြစ်နှင့် ရမယ်လို့ ဆိုလိုပါတယ်၊ ဆောက်ပုဒ်ထဲမှာ သိနှင့်ဆိုတာက အဲဒီ ကိစ္စလေးပါးကို စောစောကတည်းက သိနှင့်ရမယ်လို့ ဆိုလိုတာပါပဲ၊ ကိစ္စလေးပါး သိနှင့်တယ် ဆိုတာနဲ့ ကိစ္စဉာဏ် လေးပါးဖြစ်နှင့်တယ်ဆိုတာ သဘောအားဖြင့် အတူတူပါပဲ။
နောက်ပြီးတော့ ကိစ္စလေးပါး ပြီးစီးသွားပြီလို့ သိတဲ့ ကတဉာဏ်ကတော့ အရဟတ္တမဂ်ဖိုလ် ရောက်ပြီးတဲ့နောက် ပစ္စဝေက္ခဏာဖြင့် ဆင်ခြင်တဲ့အခါကျမှ (ဝုသိတံ ဗြဟ္မာစရိယံ)၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ။ (ကတံ ကရဏီယံ) ပြုသင့်တဲ့ ကိစ္စကို ပြုပြီးပြီ”လို့ ဆင်ခြင်ပြီးဖြစ်တဲ့ ဉာဏ်ပဲ။ ဒါကြောင့် အဲဒီ ကတဉာဏ်အတွက် ဆောက်ပုဒ်ကို “ကိစ္စပြီးလျှင်၊ ပြီးကြောင်းမြင်၊ ခေါ်တွင် ကတဉာဏ်”လို့ စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(၃) ကိစ္စပြီးလျှင်၊ ပြီးကြောင်းမြင်၊ ခေါ်တွင် ကတဉာဏ်။
အရဟတ္တမဂ်ဖြင့် နိရောဓကို မျက်မှောက်ပြုလျက် ဒုက္ခကို ပိုင်းခြားသိခြင်း, သမုဒယကို ပယ်ခြင်း, မဂ္ဂကို ပွါးစေခြင်း ဆိုတဲ့ ကိစ္စသုံးပါးကိုလဲ ပြီးစေပါတယ်၊ အဲဒီလို ကိစ္စလေးပါးကို ပြုပြီးကြောင်းသိတဲ့ ကတဉာဏ်ကတော့ အရဟတ္တမဂ်ဖြင့် ကိစ္စလေးပါးလုံး ပြီးတဲ့အခါကျမှ ဖြစ်တယ်၊ ဒါကြောင့် ကိစ္စပြီးလျှင် ပြီးကြောင်းမြင်လို့ ဆိုထားတာပါပဲ။
ယခု ဆိုခဲ့ကြတဲ့ -
(၁) သစ္စဉာဏ်ဆောင်ပုဒ်၊
(၂) ကိစ္စဉာဏ်ဆောင်ပုဒ်၊
(၃) ကတဉာဏ် ဆောင်ပုဒ်
များကို ကထာဝတ္ထုအဖွင့် မူလဋီကာ (နှာ ၁၁၂)မှာ ပြဆိုထားတဲ့ စကားနှင့်အညီ ရေးစီထားခြင်း ဖြစ်ပါတယ်။ ဒုက္ခသစ္စာနှင့်စပ်တဲ့ ဉာဏ်သုံးပါး အကြောင်းကတော့ နားလည်လောက်ပါပြီ။ ယခု သမုဒယသစ္စာနှင့် စပ်တဲ့ ဉာဏ်သုံးပါးကို ပြောရမယ်။
သမုဒယသစ္စာ၌ သစ္စဉာဏ်
▬▬▬▬▬▬▬▬▬▬
ဣဒံ ဒုက္ခသမုဒယော အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ - ဤသည်ကား၊
ဒုက္ခသမုဒယော အရိယသစ္စန္တိ - ဒုက္ခသမုဒယ သစ္စာဟူ၍၊
ဝါ - အရိယာတို့ သိအပ်သော ဆင်းရဲဖြစ်ကြောင်း အစစ်အမှန်တရားဟူ၍၊
မေ - ငါ့အား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိဖြစ် ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသောပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိအသိဉာဏ်ပညာဟူသော အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ။
ဒီပါဠိအနက်ထဲမှာ (ဣဒံ - ဤသည်ကား) ဆိုတဲ့စကားဖြင့် ရှေးကထုတ်ပြခဲ့တဲ့ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဆိုတဲ့ တဏှာသုံးပါးကို ဆိုတာပါပဲ။ ဒုက္ခဖြစ်ပွါးစေပုံကတော့ - ကာမတဏှာက ကာမဂုဏ် အာရုံတွေ လိုချင်နှစ်သက် နေလို့ရအောင် ရှာရလုပ်ကိုင်ရတယ်၊ တချို့ ပုဂ္ဂိုလ်တွေမှာ အဲဒီလို ရချင်တာတွေကို ရအောင် ရှာနေယင်းနဲ့ သေသွားသည်အထိ ဒုက္ခရောက်သွားတာလဲ ရှိတယ်၊
တဏှာကလိုချင်နေမှဖြင့် မရှာပဲ အောင့်ချုပ်တည်းနေရတာလဲ ဆင်းရဲတာပဲ၊ ရခဲတာ တွေကို ရှာကြံရလို့လဲ ဆင်းရဲတာပဲ၊ ရပြီး ဥစ္စာတွေကို စောင့်ရှောက်ရလို့လဲ ဆင်းရဲတာပဲ။ ဆေးလိပ်တို့ ကွမ်းတို့ ကြိုက်တတ်တဲ့ သူမှာ ဆေးလိပ် ကွမ်း အသင့် မရှိတဲ့အခါ ဆင်းရဲရတယ်၊ အရက်တို့ ဘိန်းတို့ စွဲနေတဲ့သူတွေကမှ ပိုပြီး ဆင်းရဲမှာပဲ။
လူဟာ အမေကမွေးလိုက်တုန်းက တယောက်တည်းပဲ၊ ငယ်ရွယ်စဉ်မှာတော့ တယောက်တည်း လွတ်လွတ်လပ်လပ် နေသာထိုင်သာ ချမ်းသာနေတာပဲ၊ အရွယ်ရောက်လာတဲ့ အခါကျတော့ အဖော်လိုချင်လာတယ်၊ ကာမတဏှာ ကြောင့်ပါပဲ၊ အဲဒီလို အဖော်လိုချင်တဲ့ တဏှာကြောင့် အဖော်ရှာရတယ်၊ မရနိုင်တာကို လိုချင်ယင် အလွန်ဆင်းရဲမှာပါပဲ၊
ရလာပြန်တော့ စိတ်ဆန္ဒချင်း မတူယင် ဒုက္ခရောက် ကြရတယ်၊ အဆင်ပြေလို့ ညီညွတ်နေပေမဲ့ တယောက် ယောက်က အကြီးအကျယ် မကျန်းမမာ ဖြစ်နေတာလဲ ရှိတတ်တယ်၊ အဲဒီလိုဆိုယင် လူမမာကြီးကို ပြုစုနေရတဲ့အတွက် အကြီးအကျယ် ဆင်းရဲရတော့တာပဲ၊ အဲဒါထက် နောက်ဆုံးတချိန်မှာ တယောက်ယောက်က သေသွားယင် ကျန်တဲ့သူမှာ ငိုကြွေးမြည်တမ်းပြီး အလွန်ပင် ဆင်းရဲရတယ်၊
အဲဒီလို ဆင်းရဲရတာတွေဟာ တဏှာကြောင့် ဖြစ်ကြောင်း ထင်ရှားပါတယ်၊ ဒါပေမဲ့ သတ္တဝါအများစုကတော့ ဒီတဏှာကို ချမ်းသာကြောင်းလို့ ထင်နေကြတယ်၊ ဒီတဏှာနဲ့ အာရုံအမျိုးမျိုးတွေကို သာယာပြီး ခံစားနေရတာဟာ အကောင်းဆုံးပဲလို့ ထင်နေကြတယ်၊ သာယာ စရာမရှိလို့ နှစ်သက်သာယာတဲ့ တဏှာ မဖြစ်ရယင် ခြောက်ကပ်ကပ်ကြီး ဖြစ်ပြီး ပျင်းစရာလို့ ထင်နေကြတယ်၊
ကျောင်းတို့ ဘုရားတို့ သွားရတာ ပျင်းစရာလို့ ထင်နေကြတယ်၊ တရားနာရတာကိုလဲ ပျင်းစရာလို့ ထင်နေကြတယ်၊ ဝိပဿနာ တရားရိုးရိုးကိုနာယင် သာပြီးပျင်းတတ်ကြ သေးတယ်၊ ပွဲလမ်းသဘင်တို့ ရုပ်ရှင်ပွဲတို့ ကျတော့ အင်မတန် ပျော်ကြ ကြိုက်ကြ တာပဲ၊
ဒါကြောင့် နှစ်သက်စရာ အာရုံတွေ ရနိုင်သမျှ ရှာကြံပြီး နှစ်သက်သာယာမှု တဏှာကို ပြုစုမွေးမြူနေကြတာပဲ၊ အဲဒါတွေဟာ တဏှာကို ချမ်းသာကြောင်းလို့ ထင်နေကြလို့ပါပဲ။ အဲဒီလို ထင်နေကြတာလဲ တခြားအကြောင်းကြောင့် မဟုတ်ဘူး၊ အဝိဇ္ဇာကြောင့်ပဲ၊ အဝိဇ္ဇာက နှစ်သက်ဖွယ် သာယာဖွယ် ချမ်းသာအနေနဲ့ ထင်မြင်ပြီး ညွှန်ပြပေးနေလို့ ပါပဲ။
အမှန်ကတော့ အဲဒီလို ကောင်းတယ် ထင်ရတာတွေဟာ ခဏမစဲ ပျက်နေလို့ ကြောက်စရာချည်းပါပဲ၊ ဘယ်လောက် များများ ခံစားရပေမဲ့ အားရပြည့်စုံတယ်လို့ မရှိဘူး၊ ရက် - လ - နှစ် ကြာမြင့်စွာ ခံစားပြီတော့လဲ ဘာမှ အနှစ်သာရ မကျန်ရစ်ဘူး၊
ဒါကြောင့် အဲဒီလို သာယာခံစားမှု မပြတ်ဖြစ်နေရအောင် အမြဲတမ်း ကြောင့်ကြစိုက်နေရတယ်၊ နောက်ဆုံးမှာ သာယာဘွယ် ကင်းပြတ်သွားတဲ့အခါ အလွန်ပင်ပန်းဆင်းရဲရတယ်၊ ဒါကြောင့် ဆင်းရဲကြောင်းမျှပါပဲ။ ဒါကမျက်မှောက် ဘဝတွင် ဆင်းရဲကြောင်း ဖြစ်ပုံ အမြွက်မျှပါပဲ။
ဘဝအသစ်အသစ်ကို အဖန်ဖန် ဖြစ်စေတာကမှ ဆင်းရဲဖြစ်ပွါးကြောင်း အစစ်အမှန်ပဲ၊ အဆင်း အသံ အစရှိသော ကာမဂုဏ် အာရုံကောင်းတွေကို နှစ်သက်လိုချင်တဲ့ တဏှာကြောင့် စွဲလမ်းတယ်၊ စွဲလမ်းလို့ ကိုယ့်အလိုပြည့်အောင် အားထုတ်တယ်၊ အဲဒါဟာ သင်္ခါရ, ကမ္မဘဝပဲ၊ အဲဒီလို လိုချင်တောင့်တပြီး ပြုတဲ့ကံတွေကလဲ ရှိနေလို့, တဏှာမှ အရှိန်အထုံရခဲ့တဲ့ အဘိသင်္ခါရဝိညာဏ်ခေါ်တဲ့ သေခါနီး ဇောစိတ်ကလဲ ထင်ပေါ်လာတဲ့ အာရုံကို စွဲမြဲစွာ အာရုံပြုနေလို့ စုတိစိတ်၏ အခြားမဲ့၌ ဘဝသစ်ပဋိသန္ဓေဝိညာဏ် ဖြစ်ရတယ်၊
အဲဒီ ဘဝသစ်ဝိညာဏ်စပြီး ဖြစ်မိယင် အဲဒီ တဘဝလုံးနဲ့ဆိုင်တဲ့ ဆင်းရဲတွေကို တွေ့ကြုံခံစား သွားရတော့တာပဲ၊ အဲဒီလို ဘဝသစ်ဝိညာဏ်မှစပြီး ဆင်းရဲတွေ ဖြစ်ပွါးရတာဟာ နှစ်သက် တပ်မက်နေတဲ့ တဏှာ ရှိနေလို့ပါပဲ၊ တဏှာကင်းတဲ့ ရဟန္တာအရှင်မြတ်များမှာတော့ အဲဒီလို ဘဝသစ် ဆင်းရဲတွေ မဖြစ်ရတော့ဘူး။ ဒါကြောင့် ကာမတဏှာဟာ ဇာတိဒုက္ခ အစရှိသော ဆင်းရဲ ဖြစ်ပွါးကြောင်း အစစ်အမှန် သမုဒယသစ္စာပဲ။
ရူပဘဝ အရူပဘဝကို အလိုရှိတဲ့သူတွေက ရူပါဝစရဈာန် အရူပါဝစရဈာန်ကိုရအောင် အားထုတ်တယ်၊ အဲဒီ ဈာန်ကုသိုလ်ကြောင့် ရူပဗြဟ္မာဘဝ အရူပဗြဟ္မာဘဝမှာ ဖြစ်ရတယ်၊ အဲဒီ ဗြဟ္မာဘဝမှာတော့ နာကျင်အခံခက်တဲ့ ကိုယ်ဆင်းရဲလဲ မရှိဘူး၊ နှလုံးမသာတဲ့ စိတ်ဆင်းရဲလဲ မရှိဘူး၊ အသက်ကလဲ ကမ္ဘာနဲ့ချီပြီး ရှည်တယ်၊ လောကအမြင်နဲ့ဆိုယင် ချမ်းသာနေတယ်လို့လဲ ဆိုစရာ ရှိပါတယ်၊
ဒါပေမဲ့ သူတို့၏ အသက်တမ်း ကုန်တဲ့အခါကျတော့ သေရတာပဲ၊ ဒါကြောင့် မရဏဒုက္ခဆိုတဲ့ သေခြင်း ဆင်းရဲလဲရှိတယ်၊ မသေပဲနေချင်တဲ့ အလိုမပြည့်ဝတဲ့ ဆင်းရဲလဲရှိတယ်၊ သေပြီးတဲ့နောက် ကာမဘုံမှာ ဖြစ်ပြီး တွေ့ကြုံရမည့် ဆင်းရဲတွေ ကလဲ မကင်း သေးဘူး၊ ဒါကြောင့် ဗြဟ္မာဘဝမှာ ဖြစ်စေတဲ့ တဏှာဟာလဲ ဆင်းရဲဖြစ်ပွါးကြောင်း အစစ်အမှန်သမုဒယသစ္စာပဲ။
သေပြီးယင် ဘာမျှမရှိတော့ဘူးလို့ ထင်မြင်ပြီး နှစ်သက်သာယာတဲ့ တဏှာကြောင့် အကုသိုလ်အမှုကိုလဲ မရှောက်ပဲ ရနိုင်သမျှ ရှာကြံပြီး ခံစားတဲ့အတွက် အကုသိုလ်ကံ များစွာဖြစ်တယ်၊ အဲဒီအကုသိုလ်ကံကြောင့် အပါယ်လေးပါး ဘဝတွေ များစွာ ဖြစ်ရတယ်၊ အပါယ်ဆင်းရဲတွေကိုများစွာ တွေ့ကြုံခံစားရတယ်။ ဒါကြောင့် ဒီ ဝိဘဝတဏှာ ကတော့ ဆင်းရဲဖြစ်ပွါးကြောင်း အစစ်အမှန် သမုဒယသစ္စာ ဖြစ်ကြောင်း အလွန်ထင်ရှားနေပါတယ်။
အဲဒီလို တဏှာသုံးပါးလုံးပင် ဆင်းရဲဖြစ်ပွါးကြောင်း အစစ်အမှန် ဖြစ်သောကြောင့် မြတ်စွာဘုရားက အဲဒီတဏှာ သုံးပါးကို ဆင်းရဲအစစ်အမှန် ဖြစ်ကြောင်း သိတော်မူခဲ့ပုံကို “ဤသည်ကား ဒုက္ခသမုဒယအရိယသစ္စာ ပေတည်းလို့ သိမြင်တဲ့ ပညာမျက်စိ ငါ့မှာဖြစ်ပေါ်ခဲ့ပြီ” စသည်ဖြင့် ဝန်ခံမိန့်ကြားတော်မူပါတယ်။
အဲဒီလို ဆင်းရဲဖြစ်ပွါးကြောင်း အစစ်အမှန်ပဲလို့ သိတာက သစ္စဉာဏ်ပဲ။ အဲဒီ သမုဒယသစ္စာကို သိတဲ့ သစ္စဉာဏ်က အရိယမဂ်၏ ရှေးကာလမှာလဲ ဖြစ်တယ်၊ နောက်ကာလမှာလဲ ဖြစ်တယ်၊ အရိယမဂ်ခဏမှာလဲ ပဟာနပဋိဝေဓခေါ်တဲ့ပယ်ခြင်း ကင်းစေခြင်းဆိုတဲ့ သိခြင်းဖြင့် သိမှုကိစ္စပြီးလျက်ဖြစ်တယ်။ ဒါကြောင့် “ရှေးနောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာ သစ္စဉာဏ်”လို့ ဆောင်ပုဒ်က ဆိုထားတယ်။
သမုဒယသစ္စာ၌ ကိစ္စဉာဏ်
▬▬▬▬▬▬▬▬▬
တံ ခေါ ပနိဒံ ဒုက္ခသမုဒယော အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပန ဣဒံ ဒုက္ခသမုဒယော အရိယသစ္စံ - ထိုသို့သော ဤဒုက္ခ သမုဒယ အရိယသစ္စာကို၊
ပဟာတဗ္ဗန္တိ - ပယ်အပ်သည့် တရားဟူ၍၊
မေ - ငါ့အား၊
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသောတရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသောပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသော ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ် ပညာဟူသော အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
ဆင်းရဲ ကင်းငြိမ်းချင်ယင် ဆင်းရဲဖြစ်ပွါးကြောင်း တရားကို ပယ်ရလိမ့်မယ်၊ ဥပမာအားဖြင့် ရောဂါဝေဒနာ ပျောက်ချင်ယင် ရောဂါဖြစ်ကြောင်း သမုဋ္ဌာန်ကို ဆေးဝါးဖြင့် ပယ်ရှားရတယ်၊ ဗမာဆရာတွေ အလိုအားဖြင့် သွေးတို့ လေတို့ သည်းခြေ သလိပ်တို့ အပူအအေးတို့ ဒီလိုဟာတွေပေါ့၊ အနောက်တိုင်း ဆရာဝန်တွေ အလိုအားဖြင့်တော့ ရောဂါပိုး အမျိုးမျိုး စသည်တွေပေါ့၊
အဲဒီ ရောဂါဖြစ်ကြောင်း တွေကို ဆေးအမျိုးမျိုးဖြင့် ပယ်ရှင်း ကုသလိုက်မှ ရောဂါဝေဒနာ ကောင်းကောင်း ပျောက်ကင်းသွားတယ်၊ အဲဒါလိုပဲ ဘဝအသစ်ဖြစ်ခြင်း အစရှိသော သံသရာဆင်းရဲတွေကို ကင်းငြိမ်းစေချင်ယင် အဲဒီ ဆင်းရဲဖြစ်ကြောင်းကို ပယ်ဘို့လိုတယ်၊ ဆင်းရဲဖြစ်ကြောင်းက သမုဒယသစ္စာဆိုတဲ့ တဏှာပဲ၊ အဲဒီ တဏှာကို ပယ်ရမယ်၊ ဒါကြောင့် သူ့ကို ပဟာတဗ္ဗ - ပယ်သင့် ပယ်ထိုက်တဲ့ တရားလို့ ဆိုပါတယ်။
ဘယ်လိုပယ်ရမလဲ၊ အဲဒါက အရေးကြီးတယ်၊ အထူးသတိပြုကြရမယ်၊ “တဏှာတွေ မလာကြနဲ့ မဖြစ်ကြနဲ့၊ တဏှာကင်းတဲ့ စိတ်ချည်းထားမယ်၊ တဏှာကင်းတဲ့ စိတ်ချည်းဖြစ်စေမယ်”လို့ ဆိုပြီး စိတ်သက်သက်ထားလို့ ရပါမလား၊ ရတယ်လို့ ယုံကြည်ထင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ထားကြည့်စမ်းပါ၊ ဘယ်လောက်ကြာအောင် ထားနိုင်မလဲလို့ စမ်းကြည့်ပါ၊
သားမယားရှိတဲ့သူဆိုယင် သားမယားချစ်တဲ့စိတ် သာယာတဲ့စိတ် မဖြစ်ပေဘူးလား၊ အသဒ္ဓမ္မဆိုတဲ့ မေထုန်အမှုကို ပြုလိုတဲ့ တဏှာ မဖြစ်ပေဘူးလား၊ ဆေးလိပ် သောက်ချင်တဲ့ တဏှာ ကွမ်းစားချင်တဲ့ တဏှာ ဟင်းကောင်း မုံ့ကောင်းစားချင်တဲ့ တဏှာမဖြစ်ပေဘူးလား၊ စီပွါးဥစ္စာတွေကို ရချင်တဲ့ တဏှာ မဖြစ်ပေဘူးလား။
“အဲဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပဲ ကိစ္စမရှိပါဘူး”လို့တော့ မငြင်းပယ်သင့်ပါဘူး၊ မစွမ်းနိုင်ယင်သာ ငုံ့ခံနေရတာပဲ၊ စွမ်းနိုင်ယင်တော့ ပဟာတဗ္ဗ တရားဆိုတာ ပယ်ရမှာချည်းပဲ၊ အဲဒါကို လေးလေးနက်နက် သတိပြုကြရမယ်။
အမှန်စင်စစ်ကတော့ ပယ်ရမည့် တဏှာက ၃ - မျိုးရှိတယ်၊
(၁) ကာယကံမြောက် ဝစီကံမြောက် ကျူးလွန်တဲ့ တဏှာကတမျိုး၊
(၂) စိတ်ကူးသက်သက်ဖြင့် သာယာနှစ်သက် တပ်မက်လိုချင်နေတဲ့ တဏှာက တမျိုး၊
(၃) တကယ် မဖြစ်သေးပေမဲ့ ဖြစ်နိုင်ခွင့်ရှိတဲ့ တဏှာက တမျိုး
ဒီ ၃ - မျိုးပါပဲ။ အဲဒီ ၃ - မျိုးထဲက ကာယကံမြောက် ဝစီကံမြောက် ကျူးလွန်တဲ့ တဏှာကို ဝီတိက္ကမ ကိလေသာ ခေါ်တယ်၊ အဲဒီ ဝီတိက္ကမကိလေသာကို သီလဖြင့် ပယ်ရတယ်၊ သီလကို ရိုရိုသေသေ စောင့်ထိန်းနေတဲ့ ပုဂ္ဂိုလ်ဟာ သူတပါးဥစ္စာကို လိုချင်ပေမဲ့ မခိုးဘူး၊ မပိုင်မဆိုင်ရာမှာ မေထုန်ကာမကို မကျူးလွန်ဘူး၊ (အဗြဟ္မာစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းနေတဲ့ သူဆိုယင် မေထုန်အမှုကို မပြုဘူး၊) လိမ်မပြောဘူး၊ သေရည်အရက် ဘိန်းစသော မူးယစ်စေတတ်တဲ့ ပစ္စည်းကို မသုံးဘူး၊ အဲဒီလို သီလကို ရိုရိုသေသေ စောင့်နေယင် ကာယကံမြောက် ဝစီကံမြောက် ဝီတိက္ကမတဏှာ ကင်းငြိမ်းနေတာပဲ၊ အဲဒါဟာ သီလဖြင့် ပယ်ပုံပါပဲ။
စိတ်ကူးသက်သက်ဖြင့် သာယာနှစ်သက် တပ်မက်လိုချင်နေတဲ့ တဏှာကိုတော့ ပရိယုဋ္ဌာန် ကိလေသာ ခေါ်တယ်၊ အဲဒီ ပရိယုဋ္ဌာန်ကိလေသာကိုတော့ သမာဓိဖြင့် ပယ်ရတယ်၊ အာနာပါနအစရှိသော သမထကမ္မဋ္ဌာန်းတခုခုကို မပြတ်နှလုံးသွင်း နေယင် အဲဒီလို နှလုံးသွင်းခိုက်မှာ ကာမဂုဏ်အာရုံတွေကို နှစ်သက် လိုချင်မှု ကြံစည်မှု မဖြစ်ပဲ ကင်းငြိမ်းနေတယ်၊
အဲဒီလို ဘာဝနာ တခုခုကိုမျှ အားမထုတ်ပဲ အလွတ်နေယင်တော့ စိတ်ဟာ သူအလိုရှိရာ အာရုံတွေ ကြံစည်ပြီး အများအားဖြင့် ကာမတဏှာတွေ ဖြစ်နေတာပဲ၊ ကာမတဏှာ မဖြစ်အောင် စိတ်သက်သက် ထားနိုင်တယ်လို့ ထင်နေယင် အဲဒါဟာ ကိုယ့်စိတ် ကိုယ်မသိလို့ပဲ။ အမှန်ကတော့ ဘာဝနာတခုခုကို မပြတ်အားထုတ်နေတာ ထဲကတောင် သမာဓိအားမကောင်း သေးယင် ကာမဝိတက်စသည်တွေ ဖြစ်ဖြစ်နေ သေးတာပဲ။
သမထကမ္မဋ္ဌာန်းကို နှလုံးသွင်းအားထုတ်လို့ ဈာန်သမာဓိကို ရယင်တော့ အဲဒီ ဈာန်မပျက်မီအတွင်းမှာ ကြမ်းတမ်းတဲ့ကာမတဏှာ အကြံတွေမဖြစ်ပဲ ကင်းငြိမ်း နေတယ်၊ အဲဒါဟာ သမာဓိက ကာမတဏှာကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်ထားလို့ ကင်းငြိမ်းနေတာပါပဲ။ ဘဝတဏှာနဲ့ ဝိဘဝတဏှာတွေကတော့ အချို့ဈာန်ရ ပုဂ္ဂိုလ်တွေမှာတောင် မကင်းပဲလဲ ရှိနိုင်တယ်၊ တချို့ ဗြဟ္မာတွေမှာလဲ မကင်းပဲ ရှိနေတတ်တယ်၊
ဒါကြောင့် ဘဝတဏှာနဲ့ ဝိဘဝတဏှာများကိုတော့ သမထသမာဓိဖြင့် မပယ်နိုင်ဘူး၊ သမာဓိမရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေမှာ ကိုယ့်ဘဝနဲ့ ကိုယ့်ကိုယ်နဲ့ သာယာနေတဲ့ တဏှာ မကင်းတာကိုတော့ ပြောစရာ မလိုတော့ပါဘူး၊ ဒါပေမဲ့ အဲဒီလို သာယာနေတာကို သုတနဲတဲ့ သူတွေက တဏှာမှန်း ကိလေသာမှန်း မသိပဲ ရှိနေတတ်တယ်၊ တချို့က အဲဒီလို “စိတ်ကို ကိလေသာ ကင်းနေတယ်၊ အဲဒီလို ကိလေသာ ကင်းနေတာ နိဗ္ဗာန်ပဲ”လို့တောင် အလွန်အကျွံ မှားယွင်းစွာ ဟောနေတာ ရှိသေးတယ်၊ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်ဘက်တရားပါပဲ။
တကယ်မဖြစ်သေးပေမဲ့ အကြောင်းညီညွတ်တဲ့အခါ ဖြစ်နိုင်တဲ့ တဏှာကို အနုသယကိလေသာ ခေါ်တယ်၊ အဲဒီ အနုသယကိလေသာက အာရုံ၌ ဖြစ်နိုင်ခွင့် ရှိတဲ့ အာရမ္မဏနုသယက တမျိုး၊ သန္တာန်မှာ ဖြစ်နိုင်ခွင့် ရှိတဲ့ သန္တာနာနုသယ ကိလေသာက တမျိုး ဒီလို ၂ - မျိုးရှိတယ်၊ မြင်ခိုက် ကြားခိုက် စသည်၌ ထင်ရှားပါလျက် မရှုမိ၍ အနိစ္စ စသည် အနေဖြင့် မသိရတဲ့ သဘောတရားများ၌ ပြန်လည်စဉ်းစားပြီး ဖြစ်နိုင်ခွင့်ရှိတဲ့ ကိလေသာကို အာရမ္မဏနုသယ ခေါ်တယ်၊
အဲဒီ အာရမ္မဏနုသယ ကိလေသာကို ဝိပဿနာ ပညာဖြင့် ပယ်ရတယ်၊ ဝိပဿနာ ပညာဖြင့် ပယ်တာက ရှုမိတဲ့ အာရုံမှာ ဖြစ်မည့် ကိလေသာကိုသာ ပယ်နိုင်တယ်၊ မရှုမိတဲ့ အာရုံတွေမှာတော့ မပယ်နိုင်ဘူး။ အရိယမဂ်ဖြင့် မပယ်ရသေးလို့ ဖြစ်နိုင်ခွင့်ရှိတဲ့ ကိလေသာကို သန္တာနာနုသယ ကိလေသာခေါ်တယ်၊ အဲဒါက အရိယမဂ်ဖြင့် မပယ်ရသေးတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ ဖြစ်နိုင်တဲ့ ကိလေသာပဲ။ အဲဒီ သန္တာနာနုသယကိလေသာကိုတော့ အရိယမဂ်ပညာဖြင့်သာ ပယ်နိုင်တယ်၊ ဒါကြောင့် အဲဒီသန္တာနာနုသယ ကိလေသာကို အရိယမဂ်ဖြင့် ပယ်နိုင်အောင် ဝိပဿနာဘာဝနာကို ပွါးစေကြရတာပဲ။
အနုသယကိလေသာ ရှိကြောင်း ထင်ရှားသည်
▬▬▬▬▬▬▬▬▬
အနုသယကိလေသာရှိကြောင်း သုတ္တန် အဘိဓမ္မာပါဠိတော်တို့၌ အထင်အရှား ဟောထားပါလျက် တချို့က “အနုသယကိလေသာရယ်လို့ မရှိဘူး၊ စိတ်ကစွဲလမ်းလို့ ကိလေသာတွေ ဖြစ်တာ”လို့ ဟောပြော နေကြသတဲ့၊ အဲဒါကတော့ ဘုရားစကားကို မရိုမသေ ပြောတာပါပဲ၊ စဉ်းစားကြည့်ပါ၊ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေမှာ အဖို အမ ကာမကိစ္စနဲ့စပ်ပြီး နှစ်သက်သာယာတဲ့ ကာမတဏှာ ထင်ရှား မဖြစ်သေးဘူး၊
အဲဒါ အကြောင်း မညီညွတ်သေးလို့ မဖြစ်သေးတာပဲ၊ လုံးဝ ကင်းငြိမ်းနေတာတော့ မဟုတ်ဘူး၊ အဲဒီသူငယ်တွေရဲ့ သန္တာန်မှာ အကြောင်း ညီညွတ်တဲ့အခါ ဖြစ်နိုင်ခွင့် ရှိနေတာပဲ၊ ဒါကြောင့် အရွယ်ရောက်လာတဲ့ အခါကျတော့ မိန်းမ ယောက်ျား အာရုံကို မြင်လျှင် မြင်ခြင်း, ကြားလျှင် ကြားခြင်း ရုတ်တရက် ကာမကိလေသာ ဖြစ်လာတာတွေများစွာပင် ရှိနေတာပဲ၊
အဲဒါဟာ စောစောက မြင်ဘူး ကြားဘူးလို့ စွဲလမ်းထားလို့ ဖြစ်တာမဟုတ်ဘူး၊ ချက်ခြင်း ဖြစ်လာတာပဲ၊ အဲဒီလို ဖြစ်တာဟာ အဲဒီကလေးသူငယ်များ သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိတဲ့ အနုသယကိလေသာ ရှိနေလို့ပါပဲ။ နောက်ပြီးတော့ တချို့ပုဂ္ဂိုလ်မှာ ရတနာသုံးပါးကို ယုံမှားမရှိ ကြည်ညိုနေတယ်၊ ဒါပေမဲ့ ဘာသာခြား တရားဟောဆရာတွေရဲ့ ဟောပြောချက်ကို ကြားရတဲ့အခါ ရတနာသုံးပါးနဲ့စပ်ပြီး ယုံးမှားမှု ဝိစိကိစ္ဆာ ဖြစ်တယ်၊ တချို့မှာ မိစ္ဆာဒိဋ္ဌိတောင် ဖြစ်သွားသေးတယ်၊
အဲဒီ ဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိဟာ စိတ်စွဲလို့ ဖြစ်တာ မဟုတ်ဘူး၊ စောစောကတည်းက အဲဒီပုဂ္ဂိုလ်များ သန္တာန်မှာ အရိယမဂ်ဖြင့် မပယ်ရသေးတဲ့အတွက် ဖြစ်နိုင်ခွင့်ရှိနေလို့ ဖြစ်တာပဲ။ မြတ်စွာဘုရား လက်ထက်တော်က အရိယာပုဂ္ဂိုလ်တွေမှာ အဲဒီ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို သောတာပတ္တိမဂ်ဖြင့် ပယ်ပြီး ဖြစ်နေတဲ့အတွက် ဘယ်ဆရာက ဟောလို့မှ ယုံမှားမဖြစ်ဘူး၊ ဒိဋ္ဌိလဲ မဖြစ်ဘူး၊ သိကြားတို့ မာရ်နတ်တို့က ဟောတာတောင် ယုံမှား မဖြစ်ဘူး၊ ဒိဋ္ဌိလဲ မဖြစ်ဘူး၊ အဲဒါဟာ အရိယမဂ်ဖြင့် သန္တာနာနုသယကို ပယ်ပြီး ဖြစ်နေလို့ပါပဲ။
ဒါကြောင့် ယခု ဓမ္မစကြာတရားတော်ကြီးကို နာကြားကြရတဲ့ သူတော်ကောင်း တွေဟာ “မိမိတို့ သန္တာန်မှာ အကြောင်းညီညွတ်တဲ့အခါ ဖြစ်နိုင်တဲ့တဏှာ မကင်းသေးဘူး ရှိနေတယ်ဆိုတာကို သဘောပေါက်ပြီးတော့ “ဆင်းရဲဖြစ်ပွါးကြောင်း အစစ်အမှန် ဖြစ်တဲ့ အဲဒီ သမုဒယသစ္စာတဏှာကို အရိယမဂ်ဖြင့် ပယ်အပ်တဲ့ ပဟာတဗ္ဗတရားပဲ၊ ဝိပဿနာ ဘာဝနာကို ပွါးစေပြီးတော့ အရိယမဂ်ဖြင့် ပယ်ရမယ်” ဆိုတာကို ကိန်းသေမှတ်ထားကြရမယ်၊
အဲဒီလို “ပယ်အပ်တဲ့ တရားပဲ” လို့ သိတာဟာ သမုဒယသစ္စာအတွက် ပြုသင့်တဲ့ ကိစ္စကိုသိတဲ့ ကိစ္စဉာဏ်ပဲ၊ ဒီ ကိစ္စဉာဏ်က အရိယမဂ် ခဏရဲ့ ရှေးအဖို့ ကတည်းက ဖြစ်နှင့်ရ ပြည့်စုံနှင့် ရတယ်။ ဒါကြောင့် “သိသင့်, ပယ်သင့်၊ ဆိုက်, ပွါးသင့်၊ သိနှင့် ကိစ္စဉာဏ်”လို့ ဆောင်ပုဒ်က ဆိုထားတာပဲ။
မြတ်စွာဘုရားမှာတော့ ဒီ ကိစ္စဉာဏ်ဟာ ဘယ်သူ့ထံကမှ မကြားရဘူးပဲနဲ့ ဖြစ်ပေါ်ခဲ့တယ်၊ ဒါကြောင့် “ထိုသို့သော ဤဒုက္ခသမုဒယ အရိယသစ္စာကို ပယ်အပ်သည့်တရား ဟူ၍ ရှေးက မကြားဘူးသေးသော တရားတို့၌ ငါ့အား ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ” စသည်ဖြင့် ဝန်ခံ မိန့်ကြားတော်မူပါတယ်။ အဲဒီလို မိန့်တော်မူပြီးတော့ အဲဒီ ပယ်ခြင်းကိစ္စ ပြီးစီးကြောင်းကိုလဲ ဒီလို ဆက်ပြီး မိန့်ကြားတော်မူပါတယ်။
သမုဒယသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိတံ ဒုက္ခသမုဒယော အရိယသစ္စံ ပဟီနန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပန ဣဒံ ဒုက္ခသမုဒယော အရိယသစ္စံ - ထိုသို့သော ဤ ဒုက္ခသမုဒယ အရိယသစ္စာကို၊
ပဟီနန္တိ - ပယ်အပ်ပြီ - ပယ်ခြင်းကိစ္စ ပြီးပြီ ဟူ၍၊
မေ - ငါ့အား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့်သိသော ပညာဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသော ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ်ပညာဟူသော အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ။
ဒါကတော့ ပယ်သင့်တဲ့ သမုဒယသစ္စာဆိုတဲ့ တဏှာကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်းကိစ္စပြီးစီးသွားတဲ့အခါ အဲဒီကိစ္စ ပြီးစီးကြောင်းကို ပြန်လည်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဉာဏ် ဖြစ်ပုံကို ဝန်ခံမိန့်ကြားတော်မူတာပါပဲ၊ ပြုသင့်တဲ့ ကိစ္စကို ပြုပြီးကြောင်း သိတာဖြစ်တဲ့အတွက် ဒီဉာဏ်ကို ကတဉာဏ် လို့ ခေါ်တယ်။ ဆောင်ပုဒ်မှာလဲ -
“ကိစ္စပြီးလျှင်၊ ပြီးကြောင်းမြင်၊ ခေါ်တွင်ကတဉာဏ်”လို့ ဆိုထားတယ်။
ဒီသမုဒယသစ္စာနှင့်စပ်ပြီး အထူးသိမှတ်ထားစရာကတော့ အရိယမဂ်လေးပါးက နိဗ္ဗာန်ကိုသာ မျက်မှောက်တွေ့ပြီး သိတယ်၊ အဲဒီလို သိလိုက်တာနဲ့ ပဌမအကြိမ်မှာ အပါယ်လားကြောင်း တဏှာကင်းသွားတယ်၊ ဒုတိယအကြိမ်မှာ ကြမ်းတမ်းသော ကာမတဏှာ ကင်းသွားတယ်၊ တတိယအကြိမ်မှာ သိမ်မွေ့သော ကာမတဏှာ ကင်းသွားတယ်၊ စတုတ္ထအကြိမ်မှာ ကျန်တဲ့တဏှာအားလုံး ကင်းသွားတယ်၊
အဲဒီလို တဏှာကင်းအောင် ပယ်တာကိုပဲ အရိယမဂ်လေးပါးက သမုဒယသစ္စာကို သိတယ်လို့ ဆိုပါတယ်၊ အဲဒါကို ပဟာနပဋိဝေဓ - တဲ့၊ ပယ်ခြင်းဆိုတဲ့ သိခြင်းလို့ ဆိုလိုပါတယ်၊ အဲဒီလို ပယ်တာ ကင်းစေတာကိုပင် အရိယမဂ်ဖြင့် သိသင့်တဲ့အတိုင်း သိတာလို့လဲ မှတ်ထားကြရမယ်၊ ဒါကြောင့် “သမုဒယသစ္စာကို ပယ်ရသည်၊ ဤသို့ ပယ်တာကိုပင် ပဟာနပဋိဝေဓခေါ်သည်”လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
(၂) သမုဒယသစ္စာကို ပယ်ရသည်၊ ဤသို့ ပယ်တာကိုပင် ပဟာနပဋိဝေဓခေါ်သည်။
ဒီကတဉာဏ်ကလဲ အရေးကြီးပါတယ်၊ တရားအားထုတ်ကြတယ် ဆိုတာ ဒီတဏှာနှင့်တကွ ကိလေသာတွေကို ပယ်နိုင်အောင် အားထုတ်ကြရတာပဲ၊ တရားထူးရတယ် သိတယ် ကိစ္စပြီးတယ်ဆိုတာ ဒီတဏှာနှင့်တကွ ကိလေသာတွေ ကင်းမှ စိတ်ချရတယ်၊ ဒါကြောင့် မိမိမှာ တဏှာနှင့်တကွ ကိလေသာတွေ ကင်းရဲ့လားဆိုတာ စိစစ်ကြည့်ဘို့ အရေးကြီးပါတယ်၊
အောက်ထစ်ဆုံး သောတာပန် ဖြစ်တယ်ဆိုယင် အပါယ်ကျစေနိုင်တဲ့ အကုသိုလ်ကံကို ပြုနိုင်လောက်အောင် တပ်မက်လိုချင်မှု ကင်းရမယ်၊ ငါးပါးသီလ သိက္ခာပုဒ်များကို ကျူးလွန်နိုင် လောက်အောင် တပ်မက်လိုချင်မှု ကင်းရမယ်၊ အသက်ရှင်နေတဲ့ အတ္တကောင် ငါကောင်အနေဖြင့် စွဲလမ်းတဲ့ ဒိဠိနဲ့ယှဉ်တွဲဖြစ်တဲ့ သာယာနှစ်သက်မှု ကင်းရမယ်၊ အဲဒီလို တဏှာကင်းမှ စိတ်ချရတယ်၊ မကင်းသေးယင်တော့ ဘာတရားမှ မရသေးဘူးလို့သာ မှတ်ရမယ်။
ယခု ပြောခဲ့တာဟာ သမုဒယသစ္စာနှင့်စပ်ပြီး သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဆိုတဲ့ ဉာဏ်သုံးပါးလုံး ပြီးသွားပါပြီ။ ဒါကြောင့် နိရောဓသစ္စာနှင့် စပ်ဆိုင်တဲ့ ဉာဏ်သုံးပါးကို ပြောရမယ်။
နိရောဓသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခနိရောဓော အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ - ဤသည်ကား၊
ဒုက္ခနိရောဓော အရိယသစ္စန္တိ - ဒုက္ခနိရောဓ အရိယသစ္စာဟူ၍၊
မေ - ငါအား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသောပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍သိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကောဥဒပါဒိ - အသိဉာဏ်ပညာ ဟူသော အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ။
ဒီပါဠိအနက်ထဲမှာ (ဤသည်ကား) ဆိုတာက သမုဒယသစ္စာမည်သော တဏှာ၏ အကြွင်းမဲ့ချုပ်ခြင်းလို့ ရှေးက ပြခဲ့တဲ့သဘောကို ဆိုတာပါပဲ၊ တဏှာချုပ်ငြိမ်းသဖြင့် ရုပ်နာမ် သင်္ခါရ ဆင်းရဲအားလုံး ချုပ်ငြိမ်းတဲ့ အငြိမ်းဓာတ်သဘောကို နိရောဓ သစ္စာပဲလို့သိတဲ့ သစ္စဉာဏ် ဖြစ်ပေါ်ခဲ့ပြီတဲ့။
အဲဒီ သစ္စဉာဏ်က “ရှေးနောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာ သစ္စဉာဏ်”လို့ ဆိုထားတဲ့အတိုင်း အရိယမဂ်၏ ရှေးကာလမှာလဲဖြစ်တယ်၊ နောက်ကာလမှာလဲဖြစ်တယ်၊ အရိယမဂ်ခဏမှာလဲ မျက်မှောက်အာရုံပြုပြီးဖြစ်တယ်။ အရိယမဂ်သို့ မရောက်မီက ဘယ်လိုသိသလဲ ဆိုတော့၊ သာဝကများမှာ သူတပါးထံမှ ကြားနာပြီး သုတမယဉာဏ်ဖြင့်သာ သိရတယ်၊
မြတ်စွာဘုရားမှာတော့ သောတာပတ္တိမဂ်သို့ မရောက်မီ ရှေးကာလကလဲ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် သက်ဝင်ပြီး သိခဲ့ပါတယ်၊ ဒါကြောင့် (ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု) ရှေးက မကြားဘူးသေးသော တရားတို့၌ ငါ့အား ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီစသည်ဖြင့် ဝန်ခံပြီး မိန့်ကြားတော်မူပါတယ်။ ဒီသစ္စဉာဏ်က အရိယမဂ် ဖြစ်ခိုက်မှာ ဆိုယင် နိဗ္ဗာန်ကို မျက်မှောက်တွေ့ပြီး သိတဲ့ အရိယမဂ်ဉာဏ်ပါပဲ။
နိရောဓသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပန ဣဒံ ဒုက္ခနိရောဓော အရိယသစ္စံ - ထိုသို့သော ဤဒုက္ခနိရောဓ အရိယသစ္စာကို၊
သစ္ဆိကာတဗ္ဗန္တိ - မျက်မှောက်ပြုအပ်သည့် တရားဟူ၍၊
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသောတရားတို့၌၊
မေ - ငါအား၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသောပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ် ပညာဟူသော အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
ဒါက “တဏှာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာဟာ အရိယမဂ်ဖြင့် မျက်မှောက်တွေ့ပြီး သိသင့်တဲ့ တရားပဲ”လို့ သိတဲ့ဉာဏ်ပဲ၊ အဲဒီဉာဏ်ဟာ နိရောဓသစ္စာနှင့်စပ်ပြီး ပြုသင့်ပြုထိုက်တဲ့ ကိစ္စကို သိသောဉာဏ် ဖြစ်တဲ့အတွက် သူ့ကို ကိစ္စဉာဏ် လို့ ခေါ်တယ်၊ မျက်မှောက်တွေ့ပြီး သိပုံကတော့ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ ထိုခဏ၌ ဖြစ်ပျက်တဲ့ သဘောတရား တမျိုးမျိုးကို လျင်မြန်စွာ သိယင်း သိယင်းနဲ့ ရှုသိရတဲ့ သင်္ခါရအာရုံတွေရော ရှုသိမှုရော သင်္ခါရဒုက္ခအားလုံး ချုပ်ငြိမ်းတဲ့ သဘောထဲသို့ ကျရောက်သွားတယ်၊
အဲဒီလို ချုပ်ငြိမ်းတဲ့ သဘောထဲ ကျရောက်ပြီး မျက်မှောက်တွေ့ သိသွားယင် တဏှာလဲ ချုပ်ငြိမ်းတော့တာပဲ၊ ဒါကြောင့် တဏှာချုပ်ခြင်းကို နိရောဓသစ္စာလို့ ဆိုပါတယ်၊ အဲဒီ နိရောဓသစ္စာကိုတော့ အရိယမဂ်ဉာဏ်က မျက်မှောက်အာရုံပြုပြီး သိတယ်၊ အဲဒီလို သိတာကို သစ္ဆိကိရိယာပဋိဝေဓ ခေါ်တယ်၊
မျက်မှောက်ပြုခြင်း ဟူသော ထိုးထွင်းသိခြင်းတဲ့၊ ဒီမျက်မှောက် ပြုသိတယ် ဆိုတာကတော့ မသွယ်မဝိုက်ပဲ တည့်တည့်ခေါ်ဆိုတဲ့ မုချ ဝေါဟာရပါပဲ။ ဆောင်ပုဒ်ကို လိုက်ဆိုကြရမယ်။
(၃) နိရောဓသစ္စာကို မျက်မှောက်ပြုရသည်၊ ဤသို့ မျက်မှောက် ပြုတာကို သစ္ဆိကိရိယာပဋိဝေဓ ခေါ်သည်။
ယခု မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း မပြတ်လိုက်ပြီး ရှုမှတ်နေကြရတာဟာ အဲဒီ နိရောဓသစ္စာကို မျက်မှောက်ပြုပြီးသိတဲ့ သစ္ဆိကိရိယာပဋိဝေဓ ကိစ္စပြီးအောင် လို့ပါပဲ။ မြတ်စွာဘုရားမှာ ဗောဓိပင်ရင်း အပရာဇိတပလ္လင်ထက်၌ အရဟတ္တ မဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မျောက်ပြုပြီး အဲဒီသစ္ဆိကိရိယာပဋိဝေဓ ကိစ္စကို ပြီးစေခဲ့တယ်၊ ဒါကြောင့် အဲဒီကိစ္စ ပြီးပုံကို ဆင်ခြင်တဲ့ ကတဉာဏ် ဖြစ်ပုံကို ဒီလိုမိန့်တော်မူပါတယ်။
နိရောဓသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပန ဣဒံ ဒုက္ခနိရောဓော အရိယသစ္စံ - ထိုသို့သော ဤဒုက္ခနိရောဓ အရိယသစ္စာကို၊
သစ္ဆိကတန္တိ - မျက်မှောက်ပြုအပ်ပြီ - မျက်မှောက် ပြုသိခြင်းကိစ္စပြီးပြီဟူ၍၊
မေ - ငါအား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့်သိသော ပညာဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသောဝိဇ္ဇာဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ်ပညာ ဟူသော အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
ဒါကတော့ “ကိစ္စပြီးလျှင်၊ ပြီးကြောင်းမြင်၊ ခေါ်တွင်ကတဉာဏ်”လို့ ဆိုထားတဲ့ ဆောင်ပုဒ်အတိုင်း နိရောဓသစ္စာကို အရဟတ္တမဂ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြု သိပြီးပြီလို့ ပြန်လည်ဆင်ခြင်တဲ့ ကတဉာဏ် ဖြစ်ပုံကို မိန့်ကြားတော်မူတာပါပဲ၊ ဒါကတော့ ရှင်းနေပါပြီ။ ယခု မဂ္ဂသစ္စာ၌ဉာဏ်သုံးပါးကို ပြောရမယ်။
မဂ္ဂသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ - ဤသည်ကား၊
ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ - ဆင်းရဲ ချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သည့် အကျင့် ဖြစ်သော၊ ဝါ - ဆင်းရဲ ချုပ်ငြိမ်းရာသို့ ဆိုက်ရောက်ကြောင်းအကျင့်ဖြစ်သော၊
အရိယသစ္စန္တိ - အရိယသစ္စာဟူ၍၊ ဝါအရိယာတို့ သိအပ်သော အမှန်တရားဟူ၍၊
မေ - ငါအား၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသော ပညာဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍သိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ် ပညာဟူသော လင်းရောင်ဖြစ်ပေါ်ခဲ့ပြီ။
ဒီသစ္စာရဲ့အမည်က ရှည်တယ်၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ - တဲ့၊ အဋ္ဌကထာများမှာတော့ မဂ္ဂသစ္စာ လို့ အတိုချုံးပြီး ပြဆိုထားတယ်၊ ဒီတရားတော် မှာလဲ အဲဒီ အတိုကောက်အမည်နဲ့ပဲ ပြောရမယ်။
အရိယမဂ္ဂင် ရှစ်ပါးကို “ဆင်းရဲငြိမ်းရာ နိဗ္ဗာန်အငြိမ်းဓာတ်သို့ ဆိုက်ရောက်တဲ့ အကျင့်လမ်းမှန် အရိယမဂ္ဂ သစ္စာပဲ”လို့ သိတာကို သစ္စဉာဏ်ခေါ်တယ်၊ ဒီ သစ္စဉာဏ်က အရိယမဂ်၏ ရှေးကာလမှာရော, နောက်ကာလမှာရော, အရိယမဂ် ခဏမှာရော ဖြစ်တယ်၊ ဒါကြောင့် “ရှေးနောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာ သစ္စဉာဏ်”လို့ ဆောင်ပုဒ်က ဆိုထားတယ်။ အဲဒါကို ထပ်ပြီးဆိုကြရမယ်။
(၁) ရှေး, နောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာ သစ္စဉာဏ်။
ဘုရားတပည့် သာဝကများမှာ အရိယမဂ်သို့ မရောက်မီက ဒီမဂ္ဂသစ္စာကို သုတမယဉာဏ်ဖြင့်သာ သိရတယ်၊ ပုထုဇဉ်ပုဂ္ဂိုလ်ဟာ အရိယမဂ္ဂသစ္စာကို ကိုယ်တိုင်တွေ့မသိရသေးဘူး၊ ဒါကြောင့် -
(မဂ္ဂသစ္စံ - မဂ္ဂသစ္စာသည်၊ ဣဋ္ဌံ - အလို ရှိအပ်သော တရားပေတည်း၊ ကန္တံ - နှစ်သက်အပ်သော တရားပေတည်း၊ မနာပံ - နှလုံးကိုပွါးစေတတ်သော မြတ်နိုးအပ်သော တရားပေတည်းလို့)
ဒီလို သုတမျှဖြင့် စိတ်ညွတ်အပ်ကြောင်း၊ အဲဒီလို စိတ်ညွတ်ရုံမျှဖြင့် မဂ္ဂသစ္စာ၌ ရှေးအဖို့က ပြုသင့်သော ကိစ္စ ပြီးကြောင်း အဋ္ဌကထာများမှာ ပြဆိုထားပါတယ်၊ ထို့အတူပင် ပုထုဇဉ်တို့မတွေ့မသိနိုင်သော နိရောဓသစ္စာခေါ် နိဗ္ဗာန်၌လဲ
(ဣဋ္ဌံကန္တံ မနာပံ - အလိုရှိအပ် - နှစ်သက်အပ် - မြတ်နိုးအပ်သော တရားပဲ - လို့)
စိတ်ညွတ်ရုံမျှသာလိုကြောင်း၊ ထိုသို့ စိတ်ညွတ်ရုံမျှဖြင့် နိရောဓသစ္စာ၌ ရှေးအဖို့က ပြုသင့်သောကိစ္စပြီးကြောင်း ပြဆိုထားပါတယ်။ ဒါကြောင့် အရိယမဂ္ဂသစ္စာ တရား တွေလို့ ဆင်ခြင်တွေးဆပြီး ရှုနေဘို့ မလိုသကဲ့သို့ပင် နိရောဓသစ္စာ နိဗ္ဗာန်ကိုလဲ ရှေးအဖို့က ဆင်ခြင်တွေးဆပြီး ရှုနေရန် မလိုကြောင်း သိနားလည်ထား ကြရမယ်။
မြတ်စွာဘုရားမှာတော့ နိရောဓသစ္စာကို ကိုယ်ပိုင်ဉာဏ်ဖြင့် ရှေးအဖို့ စောစော ကတည်းက သိခဲ့သလိုပင် ဒီမဂ္ဂသစ္စာကိုလဲ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော် မူခဲ့ပါတယ်၊ ဒါကြောင့် (အနနုဿုတေသု ဓမ္မေသု) ရှေးကမကြားဘူးသေးသော တရားတို့၌ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ စသည်ဖြင့် ဝန်ခံမိန့်ကြားတော်မူပါတယ်။
အရိယမဂ် ဖြစ်ဆဲခဏမှာတော့ နိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကိုသာ မျက်မှောက်တွေ့ပြီး သိတယ်၊ အဲဒီလို အာရုံပြုသိတဲ့ မဂ္ဂင်တရားတွေဟာ မိမိသန္တာန်၌ တကယ်ပင်ဖြစ်ပေါ်သွားတယ်၊ အဲဒီလို ဖြစ်ပေါ်သွားတော့ မိမိသန္တာန်၌ ဖြစ်ပွါးစေခြင်း ဆိုတဲ့ ဘာဝနာကိစ္စပြီးတယ်၊ အဲဒါကို ဘာဝနာပဋိဝေဓခေါ်တာပဲ၊ ဖြစ်ပွါးစေခြင်းဆိုတဲ့ သိခြင်း - တဲ့၊ ဒါကြောင့် ဆောင်ပုဒ်က “မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွါးစေရသည်၊ ဤသို့ ဖြစ်ပွါးစေတာကိုပင် ဘာဝနာပဋိဝေဓ ခေါ်သည်” လို့ ဆိုထားတယ်၊ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။
(၄) မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွါးစေရသည်၊ ဤသို့ဖြစ်ပွါးစေတာကိုပင် ဘာဝနာပဋိဝေဓ ခေါ်သည်။
ဆိုလိုရင်းကတော့ မိမိသန္တာန်မှာ အရိယမဂ်ဖြစ်ယင် အဲဒီ အရိယမဂ်ကို သိသည် မည်တယ်၊ သိခြင်းကိစ္စပြီးတယ်လို့ ဆိုလိုတာပါပဲ။ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့တရားဆိုတော့ ပြန်ဆင်ခြင်ကြည့်ယင်လဲ သေသေချာချာ သိနိုင်တော့တာပါပဲ။ သို့ပေမဲ့ အရိယမဂ်ကိုစပြီး ဖြစ်အောင်လုပ်လို့တော့ မဖြစ်ဘူး၊ ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ဝိပဿနာမဂ်ကစပြီး ဖြစ်ပွါးစေရတယ်၊
ဒါကြောင့် ဝိပဿနာကိုလဲ နိရောဓသို့ ရောက်ကြောင်း အကျင့်လမ်းမှန်ထဲမှာ ထည့်သွင်းပြီး ယူရတယ်၊ အဲဒီလိုယူရ ကြောင်းကို ဆဋ္ဌမပိုင်း (နှာ ၃၇၀)မှာ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဖွင့်ပြချက်နှင့်တကွ ဖော်ပြခဲ့ပါပြီ။
မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗန္တိမေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပန ဣဒံ ဒုက္ခနိရောဓပါမိနီ ပဋိပဒါ အရိယသစ္စံ - ထိုသို့သော ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာကို၊ ဝါ - မဂ္ဂသစ္စာကို၊
ဘာဝေတဗ္ဗန္တိ - ပွါးစေအပ်ပွါးစေထိုက်သော တရားဟူ၍၊
မေ - ငါအား၊
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု - ရှေးက မကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသောပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍သိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ်ပညာ ဟူသော အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
မဂ္ဂသစ္စာဟာ မိမိသန္တာန်၌ ဖြစ်ပွါးစေရမည့် တရားပဲလို့သိတာကို ကိစ္စဉာဏ် ခေါ်တယ်၊ မဂ္ဂသစ္စာနှင့်စပ်ပြီး ပြုသင့်ပြုထိုက်တဲ့ကိစ္စကို သိတဲ့ဉာဏ်ပါပဲ၊ ဒုက္ခသစ္စာကို ပိုင်းခြားသိရတယ်၊ ဒုက္ခသစ္စာကို ဘာလုပ်ရသလဲ (ပိုင်းခြား သိရပါတယ် ဘုရား) မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွါးစေရတယ်၊ မဂ္ဂသစ္စာကို ဘာလုပ်ရသလဲ (မိမိသန္တာန်၌ ဖြစ်ပွါးစေရပါတယ်ဘုရား) အဲဒါ ကိန်းသေ မှတ်ထားကြရမယ်။
မဂ္ဂသစ္စာကို ဘာဝေတဗ္ဗ - ဖြစ်ပွါးစေရတဲ့ တရားလို့ ဒီဓမ္မစကြာသုတ်က စပြီးဟောခဲ့တယ်၊ ဒီတော့ မဂ္ဂသစ္စာကို ဖြစ်ပွါးစေတာ ဘုရားအလိုတော်နှင့်အညီ နိဗ္ဗာန်ရောက်ကြောင်းအကျင့် မဟုတ်ပါလား၊ (ဟုတ်ပါတယ်ဘုရား) မဂ္ဂသစ္စာကို စစချင်းပွါးစေလို့ ဖြစ်ပါ့မလား၊ (မဖြစ်ပါဘုရား) ဘယ်တရားကို စပြီးပွါးစေရမလဲဆိုတော့ ပုဗ္ဗဘာဂမဂ် ခေါ်တဲ့ ဝိပဿနာမဂ်က စပြီးပွါးစေရတယ်၊ အရိယမဂ္ဂသစ္စာကို ဖြစ်ပွါးစေလိုလျှင် ဘယ်ကစပြီး ပွါးစေရသလဲ၊ (ဝိပဿနာမဂ်က စပြီး ပွါးစေရပါတယ်ဘုရား)။
ပုဗ္ဗဘာဂမဂ်ဆိုတဲ့ဝိပဿနာမဂ်ကို ဖြစ်ပွါးစေလိုလျှင်ဘယ်တရားကို ရှုရသလဲ၊ ဒုက္ခသစ္စာကို ရှုရတယ်၊ ဒုက္ခသစ္စာ ဆိုတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုလျှင် ဝိပဿနာမဂ္ဂင်တရားတွေ ဖြစ်ပွါးတယ်၊ ဥပါဒါနက္ခန္ဓာငါးပါး ဆိုတာ စတုတ္ထပိုင်းတုန်းက အကျယ်ပြောခဲ့ပါပြီ၊ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ထင်ရှား ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တရားတွေပါပဲ၊ အဲဒီ တရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်နေယင် ရှုသိစရာရုပနဲ့ ရှုသိတဲ့နာမ် ဒီ ရုပ်နာမ် ၂ - ပါးကို ရှေးဦးစွာ သိတယ်၊ အဲဒီလို သိပြီးတဲ့နောက် အကြောင်းနဲ့ အကျိုးကိုလဲ ပိုင်းခြားသိတယ်၊
အဲဒီကနောက် အသစ် အသစ် ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကိုလဲ သိတယ်၊ ဖြစ်ပြီး ပျက်သွားလို့ မမြဲဘူး၊ ဖြစ်ချည် ပျက်ချည်နဲ့ ဆင်းရဲပဲ၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ အနတ္တပဲလို့လဲ သိတယ်၊ အဲဒီလို ကိုယ်တိုင်တွေ့ပြီး သိတာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ပဲ၊ သမ္မာဒိဋ္ဌိ ဖြစ်ယင် သမ္မာသင်္ကပ္ပ စသော အခြားမဂ္ဂင်တွေလဲ ပါဝင်ကြောင်း ရှေးကပြောခဲ့ပါပြီ။ အဲဒီလို ဝိပဿနာမဂ္ဂင် တွေ ဖြစ်ပွါးအောင် ဘယ်လို ရှုရမလဲလို့ဆိုတော့ ရှုပုံတွေကိုလဲ ရှေ့ပိုင်းများက ပြောခဲ့ပါပြီ။
ကိုယ်အတွေ့ တခုခုကစပြီး ရှုရတယ်၊ အဲဒီလို ရှုရာမှာလွယ်ကူအောင်လို့ ဝမ်းဗိုက်ဖောင်းတာ ပိန်တာကစပြီး ရှုဘို့ ဘုန်းကြီးတို့က ညွှန်ကြားနေပါတယ်၊ ဖောင်းတာ ပိန်တာကိုရှုနေယင်း စိတ်ကူးဖြစ်ပေါ်လာယင် အဲဒီ စိတ်ကူးကိုလဲ ရှုရတယ်၊ ညောင်းတာ ပူတာ နာတာ ယားတာ အစရှိတဲ့ ဒုက္ခ ဝေဒနာတွေ ပေါ်လာယင် အဲဒါတွေကိုလဲ ရှုရတယ်၊ လှုပ်ရှားပြုပြင်တဲ့ ကိုယ်အမူအရာတွေ ပေါ်လာယင် အဲဒါတွေကိုလဲ ရှုရတယ်၊ အထူးမြင်တာ ကြားတာ စသည်တွေ ပေါ်လာယင် အဲဒါတွေကိုလဲ ရှုရတယ်။ အဲဒီလို ရှုနေယင် ရှုတိုင်း ရှုတိုင်း မှန်စွာသိတဲ့ သမ္မာဒိဋ္ဌိနှင့်တကွ ဝိပဿနာမဂ္ဂင်တွေ ဖြစ်ပွါးတယ်၊ ဝိပဿနာမဂ္ဂင်က ရင့်သန် ပြည့်စုံတော့ အရိယမဂ္ဂင်ရှစ်ပါး ဖြစ်ပေါ်တယ်၊ ဒါကြောင့် တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာကို မပြတ်ရှုနေတာဟာ မဂ္ဂင်ရှစ်ပါး (ဘာဝေတဗ္ဗ)တရားကို ပွါးစေတာပါပဲ။ အဲဒါဟာ မဂ္ဂင်ရှစ်ပါးပွါးစေပုံ အကျဉ်းချုပ်ပါပဲ။
အဲဒီ မဂ္ဂင်ရှစ်ပါး ပွါးစေပုံကို ခိုင်ခိုင်မြဲမြဲ မှတ်ထားရအောင် လိုက်ဆိုကြရမယ်။
(၁) ပုဗ္ဗဘာဂမဂ်ခေါ် ဝိပဿနာကို ပွါးစေမှ အရိယမဂ်ကို ရနိုင်သည်။
(၂) ဝိပဿနာမဂ္ဂင်ကို ဖြစ်ပွါးစေလိုလျှင် မြင်မှု ကြားမှုစသော ဒုက္ခသစ္စာကို ရှုရသည်။
(၃) မြင်မှု ကြားမှု စသော ဒုက္ခသစ္စာကို ရှုသိတိုင်း မဂ္ဂင် ရှစ်ပါး ဖြစ်ပွါးသည်။
ဒါကြောင့် “မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။ ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်”လို့ ဆောင်ပုဒ် စီထားတာပဲ၊ အဲဒါကိုလဲ ဆိုကြရဦးမယ်။
(၁) မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
(၂) ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
တချို့က ရုပ်နာမ် အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို စာတွေ့မျှနဲ့ ကိစ္စပြီးတယ်လို့ စောစောက ထင်နေကြတယ်၊ သတိပဋ္ဌာန်နည်းအရ ရှုမှတ်ကြည့်လို့ ထူးခြားတဲ့ အသိအမြင်များကို တွေ့ရတဲ့အခါကျမှ သဘောပေါက်လာကြတယ်၊ “မြင်ခိုက် ကြားခိုက် စသည်မှာ မရှုမမှတ်ပဲနဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိတဲ့ ပရိညာကိစ္စ မပြီးစီးနိုင်ဘူး၊ မဂ္ဂင်ရှစ်ပါး ပွါးစေမှုလဲ မပြီးစေနိုင်ဘူး”လို့ သူတို့ သဘောပေါက် လာတဲ့အကြောင်း ထုတ်ဖော်ပြီး ပြောကြတယ်။
အဲဒါဟာ စာပေဗဟုသုတ ပြည့်ဝပြီး ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် တကယ် အားထုတ်ကြည့်တော့ လမ်းမှန်ကို သိမြင် သဘောပေါက် သွားကြတာပါပဲ။ ဒါကြောင့် “မဂ္ဂင် ရှစ်ပါးဟာ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုသိပြီး ပွါးစေအပ်သည့် ဘာဝေတဗ္ဗ တရားဖြစ်တယ်”လို့ ဒီ ဓမ္မစကြာသုတ်မှာ ဟောထားတဲ့ ဘုရားစကားတော်ကို လေးလေးနက်နက် သိမှတ်ထားကြရမယ်၊
“အဲဒီလို သိတဲ့ဉာဏ်ဟာ မဂ္ဂသစ္စာနဲ့ စပ်ပြီးပြုသင့်ပြုထိုက်တဲ့ ကိစ္စကိုသိတဲ့ ကိစ္စဉာဏ်ပဲ၊ ဒီကိစ္စဉာဏ်ဟာ အရိယမဂ် မရသေးမီကပင် သုတမယဖြင့် ပြည့်စုံ သင့်တယ်၊ အဲဒီလို ပြည့်စုံမှ မြင်ခိုက် ကြားခိုက် စသည်မှာ တကယ် ဖြစ်ပေါ်တဲ့ ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတွေကို ရှုသိပြီး ဝိပဿနာမဂ္ဂင်တွေကို ဖြစ်ပွါး စေနိုင်မယ်၊ အဲဒီလို ဝိပဿနာ မဂ္ဂင်တွေကို ဖြစ်ပွါးစေမှ အရိယမဂ်ဆိုတဲ့ ဘာဝေတဗ္ဗ မဂ္ဂသစ္စာတရားကို ဖြစ်ပွါးစေပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်”ဆိုတာကို အထူးသတိပြုပြီး မြဲမြံစွာ မှတ်သားထားကြရမယ်။
မဂ္ဂသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ - ရဟန်းတို့။
တံ ခေါ ပန ဣဒံ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ - ထိုသို့သော ဒုက္ခနိရောဓဂါမိနီ ပဋိပဒါမည်သော ဤအရိယသစ္စာကို။
ဘာဝိတန္တိ - ပွါးစေအပ်ပြီ ပွါးစေခြင်းကိစ္စ ပြီးပြီဟူ၍၊
မေ - ငါ့အား၊
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု - ရှေးကမကြားဘူးသေးသော တရားတို့၌၊
စက္ခုံ ဥဒပါဒိ - ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏံ ဥဒပါဒိ - အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
ပညာ ဥဒပါဒိ - အပြားအားဖြင့် သိသော ပညာဖြစ်ပေါ်ခဲ့ပြီ၊
ဝိဇ္ဇာ ဥဒပါဒိ - ထိုးထွင်း၍ သိသောဝိဇ္ဇာဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊
အာလောကော ဥဒပါဒိ - အသိဉာဏ်ပညာဟူသော အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
ဒါကတော့ ပွါးစေသင့်တဲ့ မဂ္ဂသစ္စာကို အရဟတ္တမဂ်တိုင်အောင် ပွါးစေပြီးဖြစ်၍ ပွါးစေခြင်းကိစ္စ ပြီးကြောင်းကို ဆင်ခြင်တဲ့ ကတဉာဏ် ဖြစ်ခဲ့ပုံကို ဝန်ခံပြီး မိန့်ကြားတော်မူတာပါပဲ၊ သစ္စာလေးပါးနှင့်စပ်ပြီး သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဆိုတဲ့ ဉာဏ်သုံးပါး လေးလီ အားလုံး ပြည့်စုံသွားပါပြီ။
အဲဒီ ဉာဏ်သုံးပါး လေးလီကို ထပ်ပြီး အကျဉ်းချုပ်အားဖြင့် ရှင်းပြဦးမယ်။ ဆောင်ပုဒ်များကို ဆိုပြီး ရှင်းရမယ်၊ ပဌမဆောင်ပုဒ်ကို ဆိုကြရမယ်။
(၁) ရှေးနောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာ သစ္စဉာဏ်။
“ဒါက ဒုက္ခသစ္စာပဲ၊ ဒါက သမုဒယသစ္စာပဲ၊ ဒါက နိရောဓသစ္စာပဲ၊ ဒါက မဂ္ဂသစ္စာပဲ”လို့ ဒီလို သစ္စာလေးပါးကို သိတာဟာ သစ္စာဉာဏ်ပဲ၊ ဒီသစ္စဉာဏ်က မဂ်သို့မရောက်မီ ရှေးအဖို့ကလဲ ဖြစ်တယ်၊ သာဝကများမှာတော့ နိရောဓသစ္စာ မဂ္ဂသစ္စာတို့၌ ရှေးအဖို့က သုတမယ အလိုအားဖြင့်သာ ဖြစ်တယ်။
နိရောဓသစ္စာကို မဂ်ခဏမှာလဲ မျက်မှောက် အာရုံပြုလျက် သိတယ်၊ ကျန်တဲ့ သစ္စာသုံးပါးကိုတော့ မဂ်ခဏ်မှာ ပိုင်းခြားသိခြင်းကိစ္စ, ပယ်ခြင်း ကိစ္စ, ပွါးစေခြင်းကိစ္စ ပြီးသောအားဖြင့် သိမှုပြီးတယ်၊ အဲဒီလို ပြီးပုံကို (တီသု ကိစ္စတော - လို့) အဋ္ဌကထာ တို့မှာ ပြဆိုထားပါတယ်။
မဂ်ရောက်ပြီးတဲ့နောက်မှာ သိပုံကတော့ အထူးပြောစရာ မလိုပါဘူး၊ ထင်ရှားပါတယ်။ ဒါကြောင့် “ရှေးနောက်ကာလာ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာသစ္စဉာဏ်” လို့ ဆိုတာပါပဲ။ ဒုတိယဆောင်ပုဒ်ကို ဆိုကြရမယ်။
(၂) သိသင့်, ပယ်သင့်, ဆိုက်, ပွါးသင့်၊ သိနှင့် ကိစ္စဉာဏ်။
“ဒုက္ခကို ပိုင်းခြား၍ သိသင့်သည်၊ သမုဒယကို ပယ်သင့်သည်၊ နိရောဓကို မျက်မှောက်ပြုလျက် ဆိုက်ရောက်သင့်သည်၊ မဂ္ဂကို မိမိသန္တာန်၌ ဖြစ်ပွါးစေ သင့်သည်”လို့ သိတာဟာသစ္စာလေးပါးနှင့်စပ်ပြီး ပြုသင့် ပြုထိုက်တဲ့ ကိစ္စကို သိတဲ့ကိစ္စဉာဏ်ပဲ၊
အရိယမဂ်သို့ မရောက်သေးမီ ရှေးအဖို့ ဝိပဿနာရှုနေဆဲ ကာလမှာ ဖြစ်စေ၊ မရှုရသေးမီက ဖြစ်စေ ဖြစ်တဲ့ဉာဏ်ပဲ၊ ဒါကြောင့် သိနှင့် - လို့ ဆိုထားပါတယ်၊ သိနှင့်နဲ့ ဖြစ်နှင့်ဟာ သဘောအားဖြင့် အတူတူပါပဲ၊ ကိစ္စလေးပါးနှင့် စပ်ကြည့်ယင် သိနှင့်ရမယ်လို့ အနက်ရတယ်၊ ကိစ္စဉာဏ်လေးပါးနှင့် စပ်ကြည့်ယင် ဖြစ်နှင့်ရမယ်လို့ အနက်ရပါတယ်။
နောက်ဆုံး တတိယဆောင်ပုဒ်ကို ဆိုကြရမယ်။
(၃) ကိစ္စပြီးလျှင်၊ ပြီးကြောင်းမြင်၊ ခေါ်တွင်ကတဉာဏ်။
လောကီအလုပ်ကိစ္စတွေမှာ ပြုလုပ်ပြီးတဲ့အခါ ပြီးပြီလို့ သိသလိုပဲ ပိုင်းခြား၍ သိခြင်းကိစ္စ, ပယ်ခြင်းကိစ္စ, မျက်မှောက်ပြုခြင်းကိစ္စ ဖြစ်ပွါးစေခြင်းကိစ္စ ဆိုတဲ့ ဒီကိစ္စလေးပါး ပြီးသွားတဲ့အခါ ပြီးသွားကြောင်း ပြန်လှည့်ပြီးဆင်ခြင်တယ်၊ အဲဒါပစ္စဝေက္ခဏာဉာဏ်ပါပဲ၊ အဲဒီ ဉာဏ်ကို ကတဉာဏ်လို့ ခေါ်ပါတယ်၊ ကတ - ပြုအပ် ပြီးသည်ကို + ဉာဏ - သိသည်၊ ကတဉာဏ - ပြုအပ်ပြီးတာကို သိတဲ့ဉာဏ်လို့ ဆိုလိုပါတယ်။
ယခုပြောခဲ့တာဟာ သစ္စာလေးပါးနှင့်စပ်ပြီးဖြစ်တဲ့ -
သစ္စဉာဏ် ၄ - ပါး၊
ကိစ္စဉာဏ် ၄ - ပါး၊
ကတဉာဏ် ၄ - ပါး၊
ပေါင်းဉာဏ် ၁၂ - ပါးပါပဲ။
အဲဒီ ၁၂ - ပါးထဲမှာ သစ္စဉာဏ်ဖြစ်ပုံနဲ့ ပြုသင့်တဲ့ ကိစ္စ ၄ - ပါးကို စွဲမြဲစွာ သိထား ဘို့က အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် အဲဒီ ကိစ္စ ၄ - ပါးနဲ့ သစ္စဉာဏ် ၄ - ပါး ပြီးပုံ ဆောင်ပုဒ် ၄ - ခုကို ထပ်ပြီး ဆိုကြရဦးမယ်။
(၁) ဒုက္ခသစ္စာကို ပိုင်းခြား၍သိရသည်၊ ဤသို့သိတာကို ပရိညာပဋိဝေဓ ခေါ်သည်။
(၂) သမုဒယသစ္စာကိုပယ်ရသည်၊ ဤသို့ပယ်တာကိုပင် ပဟာနပဋိဝေဓ ခေါ်သည်။
(၃) နိရောဓသစ္စာကို မျက်မှောက်ပြုရသည်၊ ဤသို့မျက်မှောက်ပြုတာကို သစ္ဆိကိရိယာပဋိဝေဓ ခေါ်သည်။
(၄) မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွါးစေရသည်၊ ဤသို့ ဖြစ်ပွါးစေတာကိုပင် ဘာဝနာပဋိဝေဓ ခေါ်သည်။
အရိယမဂ်ခဏ၌ သစ္စာလေးပါးကို တပြိုင်နက်သိပုံ
အရိယမဂ် ခဏ၌ နိရောဓသစ္စာကိုသာ မျက်မှောက်အာရုံပြု၍ သိသည်၊ ကျန်တဲ့ သစ္စာသုံးပါးတို့၌ ပရိညာပဋိဝေဓ, ပဟာနပဋိဝေဓ, ဘာဝနာပဋိဝေဓဆိုတဲ့ သိခြင်းကိစ္စသုံးပါးပြီးသော အားဖြင့်သာ သိသည်၊ ဒါကြောင့် (တီသု ကိစ္စတော ပဋိဝေဓော ဟောတိ၊ နိရောဓေ အာရမ္မဏပဋိဝေဓော) သုံးပါးတို့၌ ကိစ္စပြီးသော အားဖြင့် သိသည်၊ နိရောဓ၌ အာရုံပြုသောအားဖြင့် သိသည် - လို့ အဋ္ဌကထာမှာ ပြဆိုထားတာပါပဲ။ အဲဒီလို သိပုံအတွက် ဆောင်ပုဒ် ၂ - ခုကိုလဲ ဆိုကြရမယ်။
(၅) လေးသစ္စာမှ၊ တပါးမျှ၊ မဂ်က သိမြင်လျှင်။
(၆) ပဋိဝေဓ၊ လေးကိစ္စ၊ ပြီးကြ အားလုံးပင်။
အဲဒီ အရိယမဂ်ခဏမှာလိုပင် ဝိပဿနာရှုသိခိုက် ခဏမှာလဲ ဒုက္ခသစ္စာတပါးကို အာရုံပြုလျက် သိတာနဲ့ ကျန်တဲ့ သစ္စာသုံးပါးတို့၌လဲ သိခြင်းကိစ္စ ပြီးသွားတယ်။ ပြီးပုံကတော့ အနိစ္စ ဒုက္ခ အနတ္တလို့ သိရတဲ့အာရုံ၌ နိစ္စ သုခ အတ္တလို့ ထင်မှတ်ပြီး နှစ်သက်သာယာမည့် တဏှာဟာ ဖြစ်ခွင့်မရှိတော့ပဲ ချုပ်ငြိမ်းတယ်၊
အဲဒါဟာ တဒင်္ဂပဟာနပဋိဝေဓပဲ၊ အဲဒီ ရှုသိရတဲ့ အာရုံ၌ နိစ္စ သုခ အတ္တလို့ ထင်မြင်သိမှားမည့် အဝိဇ္ဇာမှစ၍ သင်္ခါရ ဝိညာဏ်စသည်တို့လဲ ဖြစ်ခွင့်မရှိတော့ပဲ ချုပ်ငြိမ်းသွားတယ်၊ အဲဒါဟာ တဒင်္ဂနိရောဓကို ပြီးစေသောအားဖြင့် ဆိုက်ရောက်တာ မျက်မှောက် ပြုတာပဲ၊
အနိစ္စ ဒုက္ခ အနတ္တလို့ သိတဲ့ ဝိပဿနာမဂ္ဂင်ရှစ်ပါးဟာ ရှုတိုင်း ရှုတိုင်း မိမိသန္တာန်မှာ ဖြစ်ပွါးတယ်၊ အဲဒါဟာ ဘာဝနာပဋိဝေဓပဲ။ ဒါကြောင့် ဝိပဿနာ ခဏမှာလဲ ဒုက္ခသစ္စာကို အာရုံပြုလျက် သိရုံမျှဖြင့် ကျန်သစ္စာတို့၌လဲ ပဟာန, သစ္ဆိကိရိယာ, ဘာဝနာဆိုတဲ့ ပဋိဝေဓ ကိစ္စပြီးသောအားဖြင့် သစ္စာလေးပါးကို သိသည်လို့ပဲ ဆိုနိုင်ပါတယ်။
ယနေ့ သစ္စာလေးပါးသိတဲ့ဉာဏ် သုံးပါးလေးလီကို ပြောလာတာ ပြည့်စုံသွားပါပြီ၊ အချိန်လဲ တော်တော်ကြာသွားပြီ၊ ဒီနေရာတွင်ပဲ ရပ်ပြီး တရားသိမ်းစို့။
ဤဓမ္မစကြာတရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ် အပေါင်း သူတော်ကောင်းတို့သည် မြင်မှု ကြားမှု အစရှိသော ဒုက္ခ သစ္စာတရားတို့ကို ပိုင်းခြား၍ သိနိုင်အောင် ရှုမှတ်နိုင်ကြသဖြင့် မိမိတို့ အလိုရှိအပ်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ။
သာဓု.....၊သာဓု.....၊သာဓု.....။
ဓမ္မစကြာတရားတော်ကြီး သတ္တမပိုင်း ပြီးပြီ။
ဓမ္မစကြာတရားတော်ကြီး
▬▬▬▬▬▬▬▬▬
အဋ္ဌမပိုင်း
(၁၃၂၄ - ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့ ဖွင့်ပြဟောကြားသည်။)
တရားအနုသန္ဓေ
▬▬▬▬▬▬
တပေါင်းလပြည့်နေ့က သစ္စာလေးပါးမှာ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ဆိုတဲ့ သုံးပါးလေးလီ ဉာဏ် ၁၂ - ပါး ဖြစ်ပုံကို ဟောခဲ့ပြီ၊ ကြားထဲမှာ မြစ်ကြီးနား ဗန်းမော်မြို့များကို သွားပြီး တရားဟောနေရတာနဲ့ ဒီဖလ်ယဉ်ဓမ္မာရုံမှာ ဓမ္မစကြာ တရားကို မဟောရပဲ အဆက်ပြတ်သွားတယ်။ ဒီကနေ့တော့ သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ် ဝန်မခံတော်မူခဲ့သေးပုံနှင့် ဝန်ခံတော်မူခဲ့ပုံမှ စပြီး အဆုံးတိုင်အောင် ဟောရမယ်။
ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ
▬▬▬▬▬▬▬▬▬▬▬
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ၊ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြဟ္မဏိယာ ပဇာယ သဒေဝမနုဿယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
ဘိက္ခဝေ - ရဟန်းတို့၊
မေ - ငါ့အား၊
ဣမေသု စတူသု အရိယသစ္စေသု - ဤလေးပါးသော အရိယသစ္စာတို့၌၊
ဧဝံ - ဤသို့ ဝန်ခံဟောကြားခဲ့သည့်အတိုင်း၊
တိပရိဝဋ္ဋံ - အပြန်သုံးပါးရှိသော၊
ဒွဒသာကာရံ - အခြင်းအရာ ၁၂ - ပါးရှိသော၊
ယထာဘူတံ ဉာဏဒဿနံ - ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည်၊
ဝါ - အသိအမြင်သည်၊
ယာဝကီဝဉ္စ - အကြင်မျှလောက် ကာလပတ်လုံး၊
န သုဝိသုဒ္ဓံ အဟောသိ - ကောင်းစွာ မစင်ကြယ်ခဲ့သေး။
တာဝ - ထိုမျှလောက် ကာလပတ်လုံး၊
အဟံ - ငါသည်၊
သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ - နတ်တွေလဲရှိ မာရ်နတ်လဲရှိ ဗြဟ္မာတွေလဲ ရှိနေသော လောကထဲ၌၊
သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿယ - သမဏဗြာဟ္မဏဟု ဝန်ခံနေသူ ရသေ့ ရဟန်းနှင့်သူမြတ်တို့လဲ ရှိသည့်ပြင် သမ္မုတိနတ်ဟု ခေါ်သော မင်းတို့နှင့် လူတို့လဲ ရှိနေသောသတ္တဝါအပေါင်းထဲ၌၊
အနုတ္တရံ - သူ့ထက် အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်သော၊
သမ္မာသမ္ဗောဓိံ - မှန်စွာ ကိုယ်တိုင်သိသော ဉာဏ်ကို၊
ဝါ - မှန်စွာ ကိုယ်တိုင်သိသည့် ဘုရားအဖြစ်ကို၊
အဘိသမ္ဗုဒ္ဓေါတိ - သိလာပြီ ရောက်လာပြီ ရလာပြီဟူ၍၊
နေဝ ပစ္စညာသိံ ဘိက္ခဝေ - ဝန်မခံခဲ့သေးပါ ရဟန်းတို့။
သမ္မာသမ္ဗောဓိ - ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားများမှာသာဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်ပါပဲ၊ ဗုဒ္ဓမြတ်စွာ ဘုရားများမှာ ဒီအရဟတ္တမဂ်ဉာဏ်ကို သူတပါးထံမှ နည်းမခံပဲ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ကျင့်သုံးအားထုတ်ပြီး ရတယ်၊ မချွတ်မယွင်း မှန်ကန်စွာလဲ သိတယ်၊ ဒီဉာဏ်ကို ရသည်နှင့် တပြိုင်နက် တရားအလုံးစုံကို အကုန်သိနိုင်တဲ့ သဗ္ဗညုတဉာဏ်ကိုလဲ ရတော်မူတယ်၊
ဒါကြောင့် ဒီအရဟတ္တမဂ်ဉာဏ်ကို သမ္မာ - မှန်ကန်စွာ+သံ - ကိုယ်တော်တိုင်+ဗောဓိ - သိသောဉာဏ်=သမ္မာသမ္ဗောဓိ - မှန်စွာကိုယ်တော်တိုင်သိသော ဉာဏ်လို့ ခေါ်ရတယ်။ ပစ္စေကဗုဒ္ဓါ အရှင်များမှာ ဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်ကိုတော့ သမ္ဗောဓိ - ကိုယ်တိုင် သိတဲ့ဉာဏ် - လို့ ခေါ်တယ်၊ (သမ္မာမှန်စွာသိတယ် ဆိုတဲ့ ဂုဏ်ပုဒ်မပါဘူး) ဘုရားတပည့် သာဝကများမှာ ဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်ကိုတော့ - (သမ္မာ - မှန်စွာ + သံ - ကိုယ်တိုင် ဆိုတဲ့ ဂုဏ်ပုဒ်တွေ မပါပဲ) ဗောဓိ - သိတဲ့ဉာဏ်လို့သာ ခေါ်ရတယ်။
မြတ်စွာဘုရားရှင်များမှာ ဖြစ်ပေါ်လာတဲ့ အရဟတ္တမဂ်ဉာဏ်ဟာ ကိုယ်တော်တိုင်လဲ သိတော်မူတယ်။ မှန်ကန်စွာလဲသိတော်မူတယ်၊ ဒါကြောင့် သမ္မာသမ္ဗောဓိလို့ ခေါ်တယ်၊ ဒီ ဉာဏ်ဖြစ်သည်နှင့် တပြိုင်နက် တရားအလုံးစုံကို အကုန်သိနိုင်တဲ့ သဗ္ဗညုတဉာဏ်ကိုလဲ ရတော်မူတယ်၊ အဲဒီလို တရားအလုံးစုံကို သိတော်မူနိုင်တဲ့ အတွက် တရားအလုံးစုံကို အကုန်သိတော်မူတဲ့ ဗုဒ္ဓဘုရား အဖြစ်သို့လဲ ရောက်တော်မူတယ်၊
ဒါကြောင့် ဒီ သမ္မာသမ္ဗောဓိဉာဏ်ဟာ တရားအလုံးစုံကို အကုန်သိတော်မူတဲ့ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ကြောင်းဖြစ်တဲ့အတွက် ဘုရား ဖြစ်ကြောင်း ဉာဏ်လို့လဲ ဆိုရတယ်၊ ဘုရားအဖြစ်လို့လဲ ဆိုရတယ်။ အဲဒီ ဘုရားအဖြစ် - ဘုရားဖြစ်ကြောင်း သမ္မာသမ္ဗောဓိဉာဏ်ကိုရပြီ သိပြီလို့ စောစောပိုင်းက ဝန်မခံခဲ့သေးကြောင်းကို မိန့်တော်မူပါတယ်၊
ဘယ်အချိန်ထိအောင် ဝန်မခံခဲ့သလဲဆိုတော့ ရှေ့နားပိုင်းက ဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါးနှင့်စပ်ပြီး ဟုတ်တိုင်းမှန်စွာသိတဲ့ သစ္စဉာဏ် ကိစ္စဉာဏ်ဆိုတဲ့ ဉာဏ်အမြင် ကောင်းကောင်း သန့်ရှင်းစင်ကြယ်စွာ မဖြစ်သေးမီကာလကလို့ ဆိုပါတယ်၊
အဲဒါကို အချိန်ကာလ အပိုင်းအခြားနှင့် ပြောရယင် အဲဒီ ဝါဆိုလပြည့်မတိုင်မီ ကဆုန်လပြည့်နေ့ ညဉ့်က နံနက်လင်းခါနီး အရုဏ်တက်ခါနီး အရဟတ္တမဂ်သို့ မရောက်သေးမီအချိန်အထိလို့ ဆိုလိုပါတယ်။
ဒီလို မိန့်တော်မူချက်ဖြင့် ထို့ထက်စောစော ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတုန်းက ဝန်မခံခဲ့သည်မှာ ဆိုဘွယ်ပင် မရှိတော့ဘူးလို့လဲ သိစေပါတယ်။ အဲဒီမှာ အပြန်သုံးပါးဆိုတာက သစ္စာတပါးတပါး၌ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဆိုတဲ့ ဒီသုံးပါးကို ဆိုတာပါပဲ၊ အခြင်းအရာ ၁၂ - ပါး ဆိုတာကတော့ အဲဒီ ဉာဏ်သုံးပါးကို သစ္စာလေးပါးနှင့် မြှောက်ပွါးပြီးရတဲ့ အဲဒီဉာဏ်သုံးပါးရဲ့ သိပုံအခြင်းအရာ ၁၂ - ပါးပါပဲ။
အဲဒီလို သစ္စတပါးတပါး၌ သိပုံအခြင်းအရာ သုံးပါးစီ ရှိတဲ့အတွက် သစ္စာလေးပါးမှာ သိပုံအခြင်းအရာ ၁၂ - ပါးရှိတယ်လို့ ဆိုရတဲ့ ရှေးအဖို့ နောက်အဖို့ ဉာဏ်များနှင့်တကွ အရဟတ္တမဂ်ဉာဏ်ဟာ ဟုတ်တိုင်းမှန်စွာ သိမြင်တဲ့ ယထာဘူတဉာဏ် အမြင်ပါပဲ၊ အဲဒီဉာဏ်အမြင် ကောင်းကောင်း စင်ကြယ်စွာ မဖြစ်သေးသမျှ ကာလပတ်လုံး ဘုရားအဖြစ် သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ သိပြီလို့ ဝန်မခံခဲ့သေးပါဘူးတဲ့။ ဘယ်မှာလဲဆိုတော့ ဒီလောကထဲမှာပါပဲ။
ဒီလောကထဲမှာ တန်းခိုးကြီးတဲ့ အသိဉာဏ်ထက်တဲ့ နတ်တွေလဲ ရှိနေတယ်၊ တရားတော်၏ ဆန့်ကျင်ဘက် မာရ်နတ်ဆိုတာလဲ ရှိနေတယ်၊ အဲဒီ နတ်တွေထက် မာရ်နတ်ထက်ဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ဆိုတဲ့ ဉာဏ်အမြင် ကောင်းကောင်း သန့်ရှင်းစင်ကြယ်စွာ မဖြစ်သေးမီကာလကလို့ ဆိုပါတယ်၊ အဲဒါကို အချိန်ကာလ အပိုင်းအခြားနှင့် ပြောရယင် အဲဒီ ဝါဆိုလပြည့်မတိုင်မီ ကဆုန်လပြည့်နေ့ ညဉ့်က နံနက်လင်းခါနီး အရုဏ်တက်ခါနီး အရဟတ္တမဂ်သို့ မရောက်သေးမီ အချိန်အထိလို့ ဆိုလိုပါတယ်။
ဒီလို မိန့်တော်မူချက်ဖြင့် ထို့ထက်စောစော ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတုန်းက ဝန်မခံခဲ့သည်မှာ ဆိုဘွယ်ပင် မရှိတော့ဘူးလို့လဲ သိစေပါတယ်။ အဲဒီမှာ အပြန်သုံးပါးဆိုတာက သစ္စာတပါးတပါး၌ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဆိုတဲ့ ဒီသုံးပါးကို ဆိုတာပါပဲ၊
အခြင်းအရာ ၁၂ - ပါး ဆိုတာကတော့အဲဒီ ဉာဏ်သုံးပါးကို သစ္စာလေးပါးနှင့် မြှောက်ပွါးပြီးရတဲ့ အဲဒီဉာဏ်သုံးပါးရဲ့ သိပုံအခြင်းအရာ ၁၂ - ပါးပါပဲ။ အဲဒီလို သစ္စာတပါးတပါး၌ သိပုံအခြင်းအရာ သုံးပါးစီ ရှိတဲ့အတွက် သစ္စာလေးပါးမှာ သိပုံအခြင်းအရာ ၁၂ - ပါးရှိတယ်လို့ ဆိုရတဲ့ ရှေးအဖို့ နောက်အဖို့ ဉာဏ်များနှင့်တကွ အရဟတ္တမဂ်ဉာဏ်ဟာ ဟုတ်တိုင်းမှန်စွာ သိမြင်တဲ့ ယထာဘူတဉာဏ် အမြင်ပါပဲ၊ အဲဒီဉာဏ်အမြင် ကောင်းကောင်း စင်ကြယ်စွာ မဖြစ်သေးသမျှ ကာလပတ်လုံး ဘုရားအဖြစ် သမ္မာသမ္ဗောဓိဉာဏ်ကိုရပြီ သိပြီလို့ ဝန်မခံခဲ့သေးပါဘူးတဲ့။ ဘယ်မှာလဲ ဆိုတော့ ဒီလောကထဲမှာပါပဲ။
ဒီလောကထဲမှာ တန်းခိုးကြီးတဲ့ အသိဉာဏ်ထက်တဲ့ နတ်တွေလဲ ရှိနေတယ်၊ တရားတော်၏ ဆန့်ကျင်ဘက် မာရ်နတ်ဆိုတာလဲ ရှိနေတယ်၊ အဲဒီ နတ်တွေထက် မာရ်နတ်ထက်တန်းခိုးလဲကြီး ဉာဏ်ပညာလဲ ထက်မြက်တဲ့ ဗြဟ္မာတွေလဲ ရှိနေတယ်၊ မပြည့်စုံ မစင်ကြယ်သေးပဲနဲ့ ဘုရားအဖြစ်ကို ဝန်ခံယင် အဲဒီ နတ်တွေ မာရ်နတ် နှင့်တကွ ဗြဟ္မာတွေက စောဒက တက်ခြင်း, မေးမြန်းစိစစ်ခြင်း, စုံစမ်းခြင်း ကိုပြုတဲ့အခါ ပြေလည်အောင် မဖြေရှင်းနိုင်ပေဘူး၊
အဲဒီ နတ်တွေ မာရ်နတ်နှင့် ဗြဟ္မာတွေ ဆိုတာက လူတွေနဲ့ မနီးစပ်လို့ ထားလိုက်ပါဦးတော့ ဒီကမ္ဘာမြေပေါ်က လူ့လောကမှာလဲ သမဏအမည်ခံ ဗြာဟ္မဏ အမည်ခံတဲ့ ရသေ့ ရဟန်းတွေ သူမြတ်တွေလဲ ရှိနေတယ်၊ လူတွေက သမ္မုတိနတ်လို့ခေါ်တဲ့ မင်းတွေလဲ ရှိနေတယ်၊
အခြားလူတွေလဲ ရှိနေတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေကလဲ မေးမြန်းစိစစ်ယင် ပြေလည်အောင် မဖြေရှင်းနိုင်ပေဘူး။ အဲဒီခေတ်တုန်းက အတိတ် အနာဂတ် ပစ္စုပ္ပန် အကုန်လုံးကို သိတယ်လို့ ဝန်ခံနေကြတဲ့ ပူရဏကဿပ အစရှီတဲ့ ဂိုဏ်းဆရာကြီးတွေရှိကြတယ်၊ အဲဒီဆရာကြီးတွေကို ရဟန်းပညာရှိတွေ လူပညာရှိတွေ မင်းတွေက မေးမြန်းစိစစ် ကြတဲ့အခါ ပြေလည်အောင် မဖြေရှင်းနိုင် ကြဘူး၊ အဲဒီလိုလဲ ဖြစ်နိုင်တယ်။ တချိန်က ဗုဒ္ဓမြတ်စွာ ဘုရားကိုတောင် ပသေနဒီ ကောသလမင်းကြီးက -
“ဘဝမ္ပိ ဂေါတမော - အရှင်ဂေါတမသည်လည်း၊
အနုတ္တရံ သမ္မာသမ္ဗောဓိံ - အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိ ဉာဏ်ဆိုတဲ့ ဘုရားအဖြစ်ကို၊
အဘိသမ္ဗုဒ္ဓေါတိ - တွေ့ပြီ သိပြီ ရပြီဟူ၍၊
ပဋိဇာနာတိ - ဝန်ခံပါသလား”
လို့ မင်းအရှိန်အဝါနဲ့ အပေါ်စီး အနေဖြင့် လွှမ်းမိုးပြီး မေးမြန်းစိစစ်ဘူးသေးတယ်။ အဲဒီခေတ်တုန်းက ပူရဏကဿပ အစရှိတဲ့ ဂိုဏ်းဆရာကြီးတွေဟာ သာမာန်လူတွေ ရှေ့မှာတော့ ဘုရားအဖြစ်ကို ရဲရဲတင်းတင်း ဝန်ခံဝံ့ပေမဲ့ ပသေနဒီကောသလ မင်းကြီးက မေးတဲ့အခါကြတော့ အဲဒီဂိုဏ်းဆရာကြီးတွေက ဝန်မခံရဲကြဘူးတဲ့၊
ဒါကြောင့် အဲဒီ ဂိုဏ်းဆရာကြီးတွေတောင် ဘုရားအဖြစ် ဝန်မခံရဲပဲနဲ့ အရှင် ဂေါတမဟာ အသက်လဲ ငယ်သေးတယ်၊ ရဟန်းပြုတဲ့ ဝါလဲ နုသေးတယ်၊ ဒါတောင်မှ ဘုရားအဖြစ် ဝန်ခံသေး သလားလို့ ထပ်ဆင့်ပြီးတော့တောင် စိစစ်ပါသေးတယ်။ ဒါပေမဲ့ ဗုဒ္ဓမြတ်စွာဘုရားကတော့ အစစ်အမှန်ဖြစ်နေတဲ့အတွက် ပြေလည်အောင် ဖြေရှင်းနိုင်ပါတယ်၊
အဲဒီလို ဖြေရှင်းနိုင်တဲ့အတွက် အဲဒီအချိန်ကစပြီး ကောသလ မင်းကြီးဟာ မြတ်စွာဘုရားထံ သရဏဂုမ် ဆောက်တည်ပြီး ဥပါသကာ ဖြစ်လာခဲ့ ပါတယ်။ အဲဒီလို စိစစ်မည့်ပုဂ္ဂိုလ်တွေလဲရှိနေတာကို ရည်ရွယ်ပြီးတော့ “နတ်တွေလဲရှိ မာရ်နတ်လဲရှိ ဗြဟ္မာတွေလဲ ရှိနေတဲ့ လောကထဲမှာ ရသေ့ရဟန်းတွေ သူမြတ်တွေရှိသည့်ပြင် မင်းတွေနဲ့ လူတွေလဲရှိနေတဲ့ သတ္တဝါအပေါင်းထဲမှာ ဝန်မခံခဲ့သေးကြောင်း” မိန့်တော်မူပါတယ်။
အဲဒီစကားဖြင့် အစစ်အမှန် မဟုတ်သေးသမျှ ကာလပတ်လုံး ဝန်မခံသင့်တဲ့အတွက် ဝန်မခံခဲ့ကြောင်းကို သိစေပါတယ်။ အဲဒီလို ဝန်မခံခဲ့သေးပုံကို မိန့်တော်မူပြီးတော့ ဝန်ခံသင့်တဲ့အချိန် ရောက်တဲ့အခါကျမှ ဝန်ခံတော်မူကြောင်းကိုလဲ ဒီလို မိန့်တော်မူပါတယ်။
ဘုရားအဖြစ် ဝန်ခံတော်မူပုံ
▬▬▬▬▬▬▬▬▬▬
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
ဘိက္ခဝေ - ရဟန်းတို့၊
ယတော စ ခေါ - အကြင်အခါ၌မူ၊
မေ - ငါ့အား၊
ဣမေသု စတူသု အရိယသစ္စေသု - ဤလေးပါးသော အရိယသစ္စာတို့၌၊
ဧဝံ - ဤသို့ ဝန်ခံ ဟောကြားခဲ့သည့်အတိုင်း၊
တိပရိဝဋ္ဋံ ဒွါဒသာကာရံ - အပြန်သုံးပါးနှင့် အခြင်းအရာ ၁၂ - ပါးရှိသော၊
ယထာဘူတံ ဉာဏဒဿနံ - ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည်၊
ဝါ - ဟုတ်တိုင်းမှန်စွာ အသိအမြင်သည်၊
သုဝိသုဒ္ဓံ အဟောသိ - ကောင်းစွာ စင်ကြယ်ခဲ့လေပြီ၊
ဝါ - ကောင်းကောင်းစင်ကြယ်စွာ ဖြစ်ပေါ်ခဲ့လေပြီ၊
အထ - ထိုသို့ အသိအမြင် စင်ကြယ်သောအခါ၌၊
အဟံ - ငါသည်၊
သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ - နတ်တွေလဲရှိ မာရ်နတ်လဲရှိ ဗြဟ္မာတွေလဲ ရှိနေသော လောကထဲ၌၊
သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿယ - သမဏ ဗြာဟ္မဏဟု ဝန်ခံနေသူ ရသေ့ရဟန်းနှင့် သူမြတ်တို့လဲရှိသည့်ပြင် သမ္မုတိနတ်ဟုခေါ်သော မင်းတို့နှင့် လူတို့လဲရှိနေသော သတ္တဝါအပေါင်းထဲ၌၊
အနုတ္တရံ - သူ့ထက်အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်သော၊
သမ္မာသမ္ဗောဓိံ - မှန်စွာ ကိုယ်တိုင်သိသောဉာဏ်ကို၊
ဝါ - မှန်စွာ ကိုယ်တိုင်သိသည့် ဘုရားအဖြစ်ကို၊
အဘိသမ္ဗုဒ္ဓေါတိ - သိလာပြီ ရလာပြီ ရောက်လာပြီဟူ၍၊
ပစ္စညာသိံ ဘိက္ခဝေ - ရဲဝံ့စွာ အမှန်ဝန်ခံခဲ့ပါသည် ရဟန်းတို့။
ဒီမိန့်ခွန်းတော်ဖြင့် ဖော်ပြ ကြေငြာတော်မူတာကတော့ အရိယသစ္စာ လေးပါး တို့နှင့်စပ်ပြီး သိသင့် သိထိုက်တဲ့ သစ္စဉာဏ်က လေးပါး, ကိစ္စဉာဏ်က လေးပါး, ကတဉာဏ်က လေးပါးအားဖြင့် သိပုံအခြင်းအရာ ၁၂ - ပါး ရှိတဲ့ ယထာဘူတဉာဏ် အမြင်ကောင်းကောင်း စင်ကြယ်စွာ ဖြစ်တဲ့အခါကျမှ အမြတ်ဆုံး ဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်ကို သိလာပြီ ရလာပြီ ဘုရားအဖြစ်သို့ ရောက်လာပြီလို့ ဝန်ခံတော်မူတဲ့အကြောင်း ကြေငြာမိန့်ကြားတော်မူတာပါပဲ၊
အဲဒီလို ဝန်ခံကြေငြာ တော်မူတာကလဲ အရပ်ဒေသ တစိတ်တပိုင်းမျှမှာသာ မဟုတ်ဘူး၊ တန်းခိုးလဲကြီး ဉာဏ်လဲထက်မြက်တဲ့ နတ်တွေလဲရှိ, တရားတော်၏ ဆန့်ကျင်ဘက်ဖြစ်တဲ့ မာရ်နတ်လဲရှိ, အလွန်တန်းခိုးလဲကြီးပြီး ဉာဏ်လဲ အလွန် ထက်မြက်တဲ့ ဗြဟ္မာတွေလဲ ရှိနေတဲ့ လောကဓာတ် တခုလုံးမှာ ရဲဝံ့စွာ ကြေငြာတော်မူပါတယ်၊ ပညာရှိ ရသေ့ ရဟန်းနှင့် သူမြတ်တွေ ရှိသည့်အပြင် တန်းခိုး အာဏာကြီးတဲ့ မင်းတွေလဲရှိ အခြားလူတွေလဲ ရှိနေတဲ့ လူ့လောကတရပ်လုံးမှာလဲ ဝန်ခံကြေငြာတော်မူပါတယ် - တဲ့။
အဲဒီ စကားရပ်ဖြင့် မည်သည့်နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ မယုံသင်္ကာရှိလျှင် မေးမြန်းစိစစ်နိုင်တယ်၊ မည်သည့် ရသေ့ ရဟန်းဖြစ်စေ၊ မည်သည့် သူမြတ်ဖြစ်စေ၊ မည်သည့် မင်းဖြစ်စေ၊ မည်သည့် ပညာရှိ လူဖြစ်စေ မယုံသင်္ကာ ရှိလျှင် မေးမြန်းစိစစ်နိုင်တယ်၊
မေးမြန်းစိစစ်သမျှကို ပြေလည်အောင် ဖြေရှင်းမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရဲဝံ့စွာ ကြေငြာခဲ့ကြောင်း ဖော်ပြပါတယ်။ အလွန်လေးနက်တဲ့ ကြေငြာချက်ပါဘဲ။ အဲဒီလို ကြေငြာဖော်ပြတာကလဲ မစိစစ်မဆင်ခြင်ပဲ ရုတ်တရက် ကြေငြာဖော်ပြတာ မဟုတ်ဘူး၊ ပစ္စဝေက္ခဏာဉာဏ်ဖြင့် စိစစ်ဆင်ခြင်ပြီးမှ ဝန်ခံကြေငြာတော်မူချက် ဖြစ်ကြောင်းကို ဒီလိုလဲ မိန့်တော်မူပြန်ပါတယ်။
နိဂုံးချုပ် စကားတော်
▬▬▬▬▬▬▬▬
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ “အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ” တိ။
မေ - ငါ့အား၊
ဉာဏဉ္စ ပန ဒဿနံ - အသိ အမြင် ဆင်ခြင်ဉာဏ်သည်လည်း၊
ဥဒပါဒိ - ဖြစ်ပေါ်ခဲ့ပြီ၊
(ကိန္တိ - အဘယ်သို့ ဖြစ်သနည်းဟူမူ)
မေ - ငါ၏၊
ဝိမုတ္တိ - ကိလေသာမှ လွတ်ခြင်းသည်၊
အကုပ္ပါ - မပျက်နိုင်တော့ပြီ၊
(ငါ၏ကိလေသာမှ လွတ်မြောက်ခြင်းဟာ အရဟတ္တမဂ် အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်ခြင်းဖြစ်တယ်၊ ရူပဈာန် အရူပဈာန်များဖြင့် လွတ်မြောက်ခြင်းကဲ့သို့၊
ဝိက္ခမ္ဘန - ဝေးကွာရုံမျှ လွတ်မြောက်ခြင်းမဟုတ်၊
သမုစ္ဆေဒ - အကြွင်းမဲ့ အမြစ်ပြတ် လွတ်မြောက်ခြင်း ဖြစ်တဲ့အပြင်၊
ပဋိပ္ပဿဒ္ဓိ - တဖန် ငြိမ်းစေတဲ့ လွတ်မြောက်ခြင်းလဲဖြစ်တယ်၊
ဒါကြောင့် မပျက်နိုင်တော့ဘူးလို့ ဒီလိုလဲ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပြီး သိတော်မူပါတယ် - တဲ့)
အယံ၊ ယခု လက်ရှိ ဤဘဝသည်၊
အန္တိမာ ဇာတိ - နောက်ဆုံးဘဝပေတည်း၊
ဣဒါနိ - ယခု အခါ၌၊
ပုနဗ္ဘဝေါ - တဖန်ဖြစ်မည့် ဘဝသစ်သည်၊
နတ္ထိ - မရှိတော့ပြီ၊
ဣတိ - ဤသို့သော အသိအမြင် ဆင်ခြင်ဉာဏ်လဲ ဖြစ်ပေါ်ခဲ့ပါပြီ ပဉ္စဝဂ္ဂီ ရဟန်းတို့ -
လို့ နိဂုံးချုပ်အနေအားဖြင့် မိန့်ကြားတော်မူခဲ့ပါတယ်။
အဲဒီ နိဂုံးချုပ် စကားထဲမှာ “အကုပ္ပါ မေ ဝိမုတ္တိ - ငါ၏ လွတ်မြောက်ခြင်းဟာ မပျက်နိုင်တော့ဘူး” ဆိုတဲ့ စကားဖြင့် ရူပဈာန် အရူပဈာန်တို့ဖြင့် လွတ်မြောက်တာလို တဖန်ပြန်ပြီး ပျက်မသွားနိုင်တော့ဘူးလို့ ဆိုလိုပါတယ်။
ရူပဈာန် အရူပဈာန် ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာလဲ ကာမစ္ဆန္ဒ ဗျာပါဒ စသော ကိလေသာများမှ လွတ်မြောက်နေပါတယ်၊ အဲဒီ ဈာန်ရနေတဲ့ ပုဂ္ဂိုလ်မှာ အဲဒီ ကာမစ္ဆန္ဒ စသော ကိလေသာတွေ မဖြစ်ပဲငြိမ်းနေပါတယ်၊ ဒါပေမဲ့ အဲဒီ ဈာန်ဆုတ်ယုတ် ပျက်စီး သွားတဲ့အခါ ကာမစ္ဆန္ဒ စသည်ပြန်ပြီး ဖြစ်ပေါ်လာကြပြန်တာပဲ၊
အဲဒီ ဈာန်က ကိလေသာဖြစ်မှု ဝေးကွာစေရုံမျှဖြင့်သာ လွတ်မြောက်တယ်၊ အဲဒါကို ဝိက္ခမ္ဘန ဝိမုတ္တိခေါ်တယ်။ မြတ်စွာဘုရားမှာ ပြည့်စုံတဲ့ ဝိမုတ္တိကတော့ ကိလေသာ ဟူသမျှ တို့မှ အမြစ်ပြတ် လွတ်မြောက်ခြင်းဆိုတဲ့ သမုစ္ဆေဒဝိမုတ္တိနှင့် ကိလေသာတို့၏ အရှိန်အဝါကို တဖန်ငြိမ်းစေလျက် လွတ်မြောက်ခြင်းဆိုတဲ့ ပဋိပ္ပဿဒ္ဓိ ဝိမုတ္တိများ ဖြစ်ပေတယ်၊
သမုစ္ဆေဒ ဝိမုတ္တိဆိုတာ အရဟတ္တမဂ်ဖြင့် ကိလေသာတွေ အမြစ်ပြတ်ကင်းငြိမ်း သောအားဖြင့် လွတ်မြောက်ခြင်းပဲ၊ ပဋိပ္ပဿဒ္ဓိဝိမုတ္တိဆိုတာ အရဟတ္တဖိုလ်ဖြင့် ကိလေသာ အရှိန်အဝါတွေကို တဖန် ငြိမ်းစေလျက် လွတ်မြောက်ခြင်းပါပဲ၊ အဲဒီ လွတ်မြောက်ခြင်းတွေကတော့ ပျက်စီးခြင်း မရှိတော့ဘူး၊ ဒါကြောင့် မြတ်စွာဘုရားက “ငါ၏ လွတ်မြောက်ခြင်းဟာ မပျက်နိုင်တော့ဘူး”လို့ ဆင်ခြင်တော်မူပါတယ်။
နောက်ပြီးတော့ မြတ်စွာဘုရားမှာ အရဟတ္တမဂ်ဖြင့် သမုဒယသစ္စာဆိုတဲ့ တဏှာကို အကြွင်းမဲ့ ပယ်ပြီး ဖြစ်နေပြီ၊ တဏှာမရှိယင် ဘဝသစ်ဆိုတာ မရှိတော့ဘူး၊ တဏှာမကင်းသေးတဲ့ သတ္တဝါတွေမှာတော့ တခု တခုသော ဘဝဟောင်းက သေယင် သေခါနီးမှာ ထင်ပေါ်လာတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အာရုံတခုခုကို စွဲမှီအာရုံပြုပြီး ဘဝသစ်တခုတခု ဖြစ်သွားတာပဲ၊
ဒါကြောင့် တဏှာမင်းသေးတဲ့ သတ္တဝါတွေမှာ ဖြစ်ရမည့်ဘဝအသစ် ရှိနေတာချည်းပဲ။ ဘုရားအလောင်းတော်လဲ ရှေးရှေးဘဝပေါင်းများစွာက တဘဝပြီးတဘဝ ဆက်ကာ ဆက်ကာ ဖြစ်ဖြစ်လာခဲ့ရတယ်၊
ဒါကြောင့် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော် မူပြီးစက “ဘဝသစ် ခန္ဓာအိမ်ကို အကြိမ်ကြိမ် တီထွင်၍ စီရင်ပြုလုပ်တတ်တဲ့ တဏှာယောက်ျား လက်သမားကို ရှာနေသောငါသည် ယင်းတဏှာကို မြင်နိုင်ကြောင်း ဖြစ်သော အရဟတ္တမဂ်ဉာဏ် ဟူသော ပညာမျက်စိကောင်းကို မရသေးသောကြောင့် (အနေကဇာတိ သံသာရံ သန္ဓာဝိဿံ) ဘဝပေါင်းများစွာရှိသော သံသရာကာလပတ်လုံး ပြေးသွား ကျင်လည် ခဲ့ရလေပြီ”လို့ ဆင်ခြင်တော်မူခဲ့ပါတယ်။
“သဗ္ဗညုတ ဉာဏ်တော်နှင့်တကွ အရဟတ္တမဂ်ဉာဏ်တော်ကိုရ၍ တဏှာ လက်သမားကို တွေ့ပြီ၊ ယခုအခါ ငါ၏ခန္ဓာအိမ်ကို သင်တဏှာ မဆောက်လုပ် ရတော့ပြီ” စသည်ဖြင့်လဲ ထိုအခါကပင် ဆင်ခြင်တော်မူခဲ့ပါတယ်၊ အဲဒီ ဆင်ခြင်တော်မူခဲ့ပုံကို ယခု ထုတ်ဖော်ပြီး မိန့်ကြားတော်မူတာပါပဲ။
တဏှာကင်းလို့ နောက်ထပ် ဘဝအသစ် မဖြစ်ရပေမဲ့ တဏှာရှိစဉ်က ဖြစ်ခဲ့တဲ့ လက်ရှိဘဝကတော့ ရှိနေဆဲပဲ၊ အဲဒီ လက်ရှိဘဝဟာ နောက်ဆုံးဘဝ ဖြစ်တယ်၊ ဒါကြောင့်
“အယံ - ယခုလက်ရှိ ဤဘဝသည်၊
အန္တိမာ ဇာတိ - နောက်ဆုံးဘဝ ပေတည်း၊
ဣဒါနိ - ယခုအခါ၌၊
ပုနဗ္ဘဝေါ - တဖန်ဖြစ်မည့် ဘဝသစ်သည်၊
နတ္ထိ - မရှိတော့ပြီ” လို့
ဒီလို ဆင်ခြင်ပြီး အမှန်အတိုင်းသိတဲ့ ပစ္စဝေက္ခဏာဉာဏ်လဲ ဖြစ်ခဲ့ကြောင်းကို ထုတ်ဖော်ပြီး မိန့်တော်မူပါတယ်။ အဲဒီ စကားတော်ဟာ ဓမ္မစကြာသုတ် တရားတော်၏ နောက်ဆုံးစကားပါပဲ။
စဉ်းစားဘွယ်ရှိတယ်
▬▬▬▬▬▬▬
ဒီ ဓမ္မစကြာသုတ်ကို စိစစ်ကြည့်မယ်ဆိုယင် “ဒွေမေဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ”ဆိုတဲ့အစမှစပြီး၊ “အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ”ဆိုတဲ့ နောက်ဆုံးစကားတိုင်အောင် ဘုရားရှင်ကိုယ်တော်တိုင် ကျင့်သုံးခဲ့တဲ့ လမ်းစဉ်နှင့် ကိုယ်တော်တိုင် တွေ့သိလာခဲ့တဲ့ တရားများ, တွေ့သိပုံများကို ဖော်ပြထား ချက်ချည်း ဖြစ်တယ်၊
မည်သို့ မည်ပုံ ကျင့်ရမယ်ဆိုတာကို တိုက်ရိုက် ဖော်ပြချက် မရှိသလောက်ပါပဲ၊ ပဌမအစ၌ “အန္တနှစ်ပါးကို မမှီဝဲအပ်”ဆိုတဲ့ စကား တပိုဒ် လောက်ပဲကျင့်ဘို့ ညွှန်ကြားတဲ့အနေဖြင့် တွေ့ရတယ်။ ဒီတော့ အဲဒီအခါတုန်းက တရားနာပရိသတ် တွေဟာ ဘယ်ပုံ ဘယ်နည်းဖြင့် မဂ်ဖိုလ်တရားထူးကို ရသွားကြပါ သလဲဆိုတာ စဉ်းစားစရာ ရှိနေပါတယ်။ အဲဒါကို ယခု ရှင်းပြရမယ်။
တရားနာသူတို့ တရားထူးရနိုင်ပုံ
▬▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်များမှာ “ဒီလိုကျင့်ရမယ်၊ ဒီလို နှလုံး သွင်းရမယ်” စသည်ဖြင့် ညွှန်ကြား တိုက်တွန်းပုံ တိုက်ရိုက် မပါရှိသော်လဲ “မှီဝဲသင့်တာကို မှီဝဲရန်, ရှောင်သင့်တာကို ရှောင်ရန်ညွှန်ကြား တိုက်တွန်းချက် ပါတယ်”လို့ပဲ ယူရပါတယ်၊ ဒါကြောင့် ရှေးဆရာမြတ်တို့က နေတ္တိနည်းအရ ဒီလို ပြဆိုထားပါတယ် “ဘုရားဟောဟူက အာဏတ္တိပါမြဲ”တဲ့။ ပုံစံ ထုတ်ပြရလျှင် -
အသေဝနာ စ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနီယာနံ၊
ဧတံ မင်္ဂလမုတ္တမံ -
ဆိုတဲ့ မင်္ဂလသုတ် ဂါထာ၌ လူမိုက်တို့ကို မမှီဝဲခြင်း၊ ပညာရှိတို့ကို မှီဝဲခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ - ဟူ၍ မင်္ဂလာသရုပ်မျှကိုသာ ပြတော်မူတယ်၊ မမှီဝဲလင့်၊ မှီဝဲလော့၊ ပူဇော်လော့ - ဟူ၍ တိုက်တွန်းချက်ကား မပါပေ၊ သို့သော်လဲ ထိုသို့ တိုက်တွန်းတော်မူသည်လို့ပဲ ယူရပါတယ်။
အဲဒီနည်းအတိုင်းပင် ဒီဓမ္မစကြာသုတ်မှာလဲ တိုက်ရိုက်အားဖြင့် တိုက်တွန်းချက် မပါသော်လဲ အဖို့အစွန်း ၂ - ပါးတို့ကို မချဉ်းကပ်မူ၍ မဇ္ဈိမပဋိပဒါအကျင့်လမ်းကို ငါဘုရားထိုးထွင်းသိလာပြီ - လို့ ဟောရာမှာ ငါဘုရားလိုပင် သင်တို့လဲ အဖို့အစွန်း ၂ - ပါးကို စွန့်ပယ်ကြရမယ်၊ မဇ္ဈိမပဋိပဒါအကျင့်လမ်းအတိုင်း ကျင့်ကြရမယ် - လို့ ညွှန်ကြားတိုက်တွန်းတော်မူတယ်လို့ ယူရပါတယ်။
“မဇ္ဈိမပဋိပဒါအကျင့်ကပညာမျက်စိကို ဖြစ်စေတတ်သည်”စသည်ဖြင့် ဟောရာ မှာလဲ မဇ္ဈိမပဋိပဒါ အကျင့်လမ်းကို ကျင့်ယင် သင်တို့မျာလဲ ပညာမျက်စိ ဖြစ်ပြီးလျှင် ထူးခြားတဲ့ အသိဉာဏ်များဖြစ်ပေါ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ အကျိုးထူးများကို ရပါလိမ့်မယ် စသည်ဖြင့် ယူရပါတယ်။ မဂ္ဂင်ရှစ်ပါးကို သရုပ် ထုတ်ပြရာမှာလဲ သီလ သမာဓိ ပညာ မဂ္ဂင်များကို ဖြစ်ပွါးစေရမယ်လို့ ညွှန်ကြား တယ်လို့ပဲ ယူရပါတယ်။
နောက်ပြီးတော့ ဒုက္ခသစ္စာ၏ သရုပ်ကို ထုတ်ပြတော်မူတဲ့အခါ အဲဒီဒုက္ခသစ္စာ တရားတွေကို သိအောင် အားထုတ်ရန် ညွှန်ကြားတော်မူတယ်လို့ ယူရတယ်၊ သမုဒယသစ္စာ၏ သရုပ်ကို ဟောရာမှာလဲ အဲဒီတရားကို ပယ်ရန် ညွှန်ကြားတယ်လို့ ယူရပါတယ်၊ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ကို ဟောရာမှာလဲ မဂ္ဂသစ္စာကို မိမိသန္တာန်မှာ ဖြစ်ပွါးစေပြီးတော့ နိရောဓသစ္စာကို မျက်မှောက်ကိုယ်တွေ့သိအောင် အားထုန်ရန် ညွှန်ကြားတယ်လို့ ယူရပါတယ်။
အဲဒီကနောက် သစ္စဉာဏ်လေးပါးကို ဟောရာမှာ အဲဒီ သစ္စာလေးပါးကိုသိတဲ့ သစ္စဉာဏ် ၄ - ပါးဖြစ်အောင် အားထုတ်ရန် ညွှန်ကြားတယ်လို့ ယူရပါတယ်။ ကိစ္စဉာဏ်လေးပါးကို ဟောရာမှာလဲ ဒုက္ခသစ္စာကို အနိစ္စစသော အခြင်းအရာဖြင့် ပိုင်းခြားသိအောင် ရှုရန် ညွှန်ကြားတယ်လို့ယူရပါတယ်၊ ဒါကတော့ အလွန် ထင်ရှားပါတယ်၊
“ပရိညေယျ - ပိုင်းခြားသိရမည့် တရား”လို့ ဟောလိုက်တော့ “အဲဒီ ဒုက္ခသစ္စာတရားကို ပိုင်းခြားသိအောင် အားထုတ်ရမယ်” ဆိုတာ အလွန် ထင်ရှားနေပါတယ်၊ အဲဒီ ဒုက္ခသစ္စာဆိုတာကလဲ ဇာတိ - အစ ဥပါဒါနက္ခန္ဓာ - အဆုံးရှိတဲ့သဘောတရား တွေဖြစ်ကြောင်း ရှေ့ပိုင်းက ထုတ်ပြခဲ့ပြီးဖြစ်တဲ့အတွက် မိမိတို့သန္တာန်မှာ မြင်မှု ကြားမှုစသည် အနေဖြင့် ထင်ရှားဖြစ်ပေါ်နေတဲ့ တရားများ ဖြစ်ကြောင်းလဲ သိနိုင်ပါတယ်၊
ဒါကြောင့် မြင်မှု ကြားမှု စသည် ဖြစ်ပေါ်တိုင်း အနိစ္စစသော အခြင်းအရာဖြင့် ပိုင်းခြားသိအောင် ရှုရမယ်ဆိုတာလဲ နားလည်နိုင် ပါတယ်။ မဂ္ဂသစ္စာကို ဖြစ်ပွါးစေအပ်သည့်တရားလို့ ဟောရာမှာလဲ မြင်မှု ကြားမှု စသော ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတွေကို ရှုသိပြီး ဖြစ်ပွါးစေရမယ်ဆိုတာ နားလည်နိုင်ပါတယ်။
သမုဒယသစ္စာကို ပယ်အပ်သည့်တရားလို့ ဟောရာမှာလဲ အမှန်သိဖြစ်အောင် ဒုက္ခသစ္စာတရားတွေကို ရှုခြင်းဖြင့် ယင်းတရားတို့၌ နှစ်သက် သာယာမှုကို ပယ်ရမယ်ဆိုတာ နားလည်နိုင်ပါတယ်။ နိရောဓသစ္စာကို မျက်မှောက် ပြုအပ်သည့် တရားလို့ ဟောရာမှာလဲ ဒုက္ခသစ္စာတရားတွေကို အမှန်အတိုင်း သိအောင်ရှု၍ ဝိပဿနာမဂ္ဂင်တွေကို ပွါးစေပြီးလျှင် နောက်ဆုံး၌ နိရောဓသစ္စာကို မျက်မှောက် တွေ့ရမယ်ဆိုတာကို နားလည်နိုင်ပါတယ်။
မြတ်စွာဘုရားက ကိုယ်တော်တိုင် မဇ္ဈိမပဋိပဒါခေါ်တဲ့ မဂ္ဂင်ရှစ်ပါးကို ပွါးစေပြီး ဒီလိုဒီလို သိလာတယ်ဆိုတာကို ဟောလိုက်တော့ တရားနာပရိသတ်တွေကလဲ မြတ်စွာဘုရားလိုပင် မဂ္ဂင်ရှစ်ပါး တရားတွေကို ငါတို့ပွါးစေလျှင် ငါတို့လဲ မြတ်စွာဘုရားလိုပင် သိသင့်သမျှကို သိရလိမ့်မယ်လို့ နားလည်နိုင်ကြပါတယ်။
ဥပမာအားဖြင့် လူတယောက်က ဆေးကောင်းကို မှီဝဲရလို့ ရောဂါပျောက်ကြောင်း ပြောလျှင်အလားတူ ရောဂါရှိနေသူတွေက ငါတို့လဲ အဲဒီဆေးကိုမှီဝဲလျှင် ရောဂါ ပျောက်မယ်ဆိုတာ နားလည်ကြသလိုပေါ့။
အဲဒီတုန်းက တရားနာ ပရိသတ်တွေဟာ တရားဦးနာပြီးတော့ တရားထူးရသင့် ရထိုက်တဲ့ ပုဂ္ဂိုလ်ထူးတွေ ဖြစ်တဲ့အတွက် ယခုဘုန်းကြီးပြောတဲ့အတိုင်း နားလည် နိုင်ကြပါတယ်၊ နားလည်တဲ့အတိုင်းလဲ ဖြစ်ခိုက်ရုပ်နာမ် ဒုက္ခသစ္စာတရား တွေကို ရှုပြီးတော့ ဝိပဿနာဉာဏ် အစဉ်အတိုင်းတက်ပြီး ထိုက်သည်အားလျော်စွာ အရိယ မဂ်လေးပါးဖြင့် နိရောဓသစ္စာ နိဗ္ဗာန်တရားထူးကို မျက်မှောက် ပြုသွားကြတယ်လို့ မှတ်ယူနိုင်ပါတယ်။
ယခု ဘုန်းကြီးဟောတဲ့ တရားကို သဘောပေါက် နားလည်ကြတဲ့ သူတော်ကောင်း တွေလဲ ဖြစ်ဆဲ ရုပ်နာမ်ဆိုတဲ့ ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတွေကို ပိုင်းခြား သိနိုင်အောင် ရှုမှတ်ပွါးများသောအားဖြင့် အရိယသစ္စာလေးပါးကို သိသင့်သည့် အတိုင်း သိလျက် အရိယမဂ်ဖိုလ် တရားထူးများကို ရသွားကြမှာ ယုံမှားမရှိ သေချာပါတယ်။
ယခု ဘုန်းကြီး ရှင်းပြခဲ့တဲ့အတိုင်း သဘောပေါက်နားလည်ကြတဲ့အတွက် ဓမ္မစကြာ တရားဦးကို နာနေကြတဲ့ ပရိသတ်ထဲမှ အရှင်ကောဏ္ဍညဟာ သူ့သန္တာန်၌ ထင်ရှား ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့ ကြားမှု သိမှု ကြည်ညိုမှု ဝမ်းမြောက်မှု တွေ့ထိမှု မြင်မှု စသည်ကို ရှုလျက် ဝိပဿနာ မဂ္ဂင်များကို ဖြစ်ပွါးစေပြီး သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်တော်မူခဲ့ပါတယ်၊ အဲဒီလို ရောက်ပုံကိုတော့ တော်တော်ကြာမှ ထပ်ပြော ပါဦးမယ်။
၁၈ - ကုဋေသော ဗြဟ္မာတွေလဲ နည်းတူပင် ရှုပွါးပြီး အရိယမဂ်ဖိုလ် တရားထူးများကို ရသွားကြတယ်၊ “အပရိမာဏစ ဒေဝတာယော အဘိသမိံ သု”လို့ ပြဆိုထားတဲ့ မိလိန္ဒပဥှာပါဠိနှင့်အညီ အတိုင်းမသိ များစွာသော ကာမာဝစရနတ်တွေလဲ နည်းတူပင် ရှုပွါးပြီး အရိယမဂ်ဖိုလ် တရားထူးများကို ရသွားကြတယ်။
အဲဒီလို တရားထူး ရသင့်ရထိုက်တဲ့ ပုဂ္ဂိုလ်တွေ တရားထူးများကို ရသွားကြပြီ ဖြစ်တာကလဲတကြောင်း, ဟောသင့်တဲ့ တရားက ပြည့်စုံသွားတာကလဲတကြောင်း - ဒီအကြောင်း နှစ်ပါးကြောင့် မြတ်စွာဘုရားက ဓမ္မစက္ကပ္ပဝတ္တန သုတ္တန်တရားတော်ကို ခုတင်က ဘုန်းကြီးရွတ်ပြခဲ့တဲ့ နိဂုံးချုပ်စကားဖြင့် အဆုံးသတ်တော်မူလိုက်ပါတယ်။
ဒါကြောင့် အဲဒီလို နိဂုံးကမ္ပတ် အဆုံးသတ်တော်မူကြောင်းနှင့် ပဉ္စဝဂ္ဂီ ရဟန်းတော် တို့က နှစ်သက်အားရ သဘောကျတော်မူကြောင်းများကို ပဌမသံဂါယနာတင် မထေရ်မြတ်များက ဒီလို မှတ်တမ်းတင်တော်မူခဲ့ကြပါတယ်။
သံဂါယနာ မှတ်တမ်း
▬▬▬▬▬▬▬
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
ဣဒံ - ဤ ပြဆိုခဲ့သော “ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” - မှ စ၍ “နတ္ထိ ဒါနိ ပုနဗ္ဘဝေါ” တိုင်အောင် ဓမ္မစက္ကပ္ပဝတ္တန သုတ္တန်တရားတော်ကို၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
အဝေါစ - တရားဦးအနေအားဖြင့် ဟောကြားတော်မူခဲ့ပါသတည်း။
ပဉ္စဝဂ္ဂိယာ ဘိက္ခူ - ပဉ္စဝဂ္ဂီ ရဟန်းတော်တို့သည်၊
အတ္တမနာ - ဝမ်းမြောက်သောစိတ် ရှိကြကုန်လျက်၊
ဘဂဝတော ဘာသိတံ - မြတ်စွာဘုရား ဟောကြားသည့် စကားတော်ကို၊
အဘိနန္ဒုံ - နှစ်သိမ့်အားရ သဘောကျသမှု သာဓုခေါ်ကာ လက်ခံတော်မူကြပါ သတည်း။
ဣတိ - ဤတွင် တရပ် အပြီးသတ်ပါသတည်း။
အဲဒီကနောက် အရှင်ကောဏ္ဍညမထေရ် တရားထူးရပုံကိုလဲ သံဂါယနာတင် မထေရ်မြတ်တို့က ဒီလိုမှတ်တမ်းတင်ပြီး ဖော်ပြတော်မူခဲ့ကြပြန်ပါတယ်။
ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညာမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ “ယံ ကိဥ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ” န္တိ။
စ ပန - မှတ်သားဘွယ်အထူးကား၊
ဣမသ္မိံ ဝေယျာကရဏသ္မိံ - ဤဓမ္မစကြာသုတ်တရားတော်ကို၊
ဘညမာနေ - ဟောနေစဉ်၊
ဝါ - ဟောပြီးခါစ၌၊
အာယသ္မတော ကောဏ္ဍညဿ - အရှင် ကောဏ္ဍညမထေရ်အား၊
ဝိရဇံ - မြူကင်းသော၊
ဝီတမလံ - အညစ်အကြေးကင်းသော၊
ဓမ္မစက္ခုံ - သောတာပတ္တိမဂ်ဉာဏ်ဟူသော တရားမျက်စိသည်၊
ဥဒပါဒိ - ဖြစ်ပေါ်လေပြီ၊
(ကိန္တိ - အဘယ်သို့ ဖြစ်သနည်းဟူမူ)
သမုဒယဓမ္မံ - ဖြစ်ခြင်းသဘောရှိသော၊
ယံ ကိဉ္စိ - အမှတ်မရှိ တစုံတခုသော တရားသည်၊
အတ္ထိ - ရှိ၏၊
တံ သဗ္ဗံ - ထိုအလုံးစုံသည်၊
နိရောဓဓမ္မံ - ချုပ်ခြင်းသဘောရှိ၏၊
ဣတိ - ဤသို့ ဖြစ်ပေါ်လေပြီ။
ဒီမှတ်တမ်းစကားမှ ဆိုလိုရင်း အတိုချုပ်ကတော့ အရှင်ကောဏ္ဍည သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီး သောတာပန် ဖြစ်သွားတယ် ဆိုတာပါပဲ၊ ဘယ်အချိန်အခါ ရောက်ပါသလဲဆိုတော့ ဘညမာနေ - ဘဏိယမာနေ - ဟောနေစဉ် ဟောနေတုန်းမှာ - တဲ့၊ ဒီဓမ္မစကြာတရားကို မြတ်စွာဘုရား ဟောနေစဉ် ဟောနေတုန်းမှာပဲ သောတာပန်ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်၊
ဒါက သူ့ပါဠိရင်း အတိုင်း သဒ္ဒါနက်အားဖြင့် တိတိကျကျ ပြန်တဲ့အနက်ပါပဲ၊ သာရတ္ထဒီပနီဋီကာမှာ ဒီအတိုင်းပဲ ဖွင့်ပြထားပါတယ်။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ မှာတော့ ဒီပုဒ်ကို ပစ္စုပ္ပန်၏အနီး အတိတ်ကာလဟော ဖြစ်ကြောင်းပြဆိုပြီးတော့ (ဘဏိတေ - ဟောအပ်ပြီးလတ်သော်) ဆိုတဲ့ အနက်ကို ပြဆိုထားပါတယ်၊ ဒါကြောင့် ဘုန်းကြီးကလဲ (ဝါ - ဟောပြီးခါစ၌ - လို့) တနည်း အနက်ပြန်လိုက်ပါတယ်။
တရားနာယင်း အရှင်ကောဏ္ဍည တရားထူးရပုံ
▬▬▬▬▬▬▬▬▬▬▬
အရှင်ကောဏ္ဍညဟာ မြတ်စွာဘုရားဟောတော်မူတဲ့တရားထဲက မဇ္ဈိမပဋိပဒါဆိုတဲ့ မဂ္ဂင်ရှစ်ပါးကို သရုပ်ထုတ်ဖော် ပြစဉ်ကလဲ အဲဒီ မဂ္ဂင်ရှစ်ပါးကို ပွါးစေပြီး သောတာပတ္တိမဂ်ဖိုလ်တရားထူးကို ရနိုင်ပါတယ်။ သစ္စာလေးပါး သရုပ်ကို ကြားနာရတဲ့အခါလဲ အဲဒီ သစ္စာလေးပါးကို သိသင့်တဲ့ အတိုင်းသိအောင် ရှုပြီး မဂ်ဖိုလ်တရားထူးကို ရနိုင်ပါတယ်၊
အထူးအားဖြင့် ဆိုယင်တော့ ဒုက္ခကို ပိုင်းခြားသိအပ်သည့်တရား, မဂ္ဂကို ပွါးစေအပ်သည့်တရား” ဆိုတာကို ကြားနာရတဲ့ အခါမှာ ဒုက္ခသစ္စာ ဆိုတဲ့ ဥပါဒါနက္ခန္ဓာတွေကို ရှုသိပြီး ဝိပဿနာမဂ္ဂင်တွေကို ပွါးစေသောအားဖြင့် သောတာပတ္တိမဂ်ဖိုလ် ရောက်ရန် အလွန်နီးစပ်ပါတယ်။
ဒုက္ခကို ရှုသိပြီး ပွါးစေပုံကတော့ တရားသံကို ကြားတိုင်း ကြားတိုင်း ကြားမှုကို ရှုသိပြီးတော့လဲ တကယ်ဖြစ်ပျက်တဲ့သဘော, အနိစ္စ ဒုက္ခ အနတ္တသဘောများကို သိလျက် မဂ္ဂင်ရှစ်ပါးကို ပွါးစေနိုင်ပါတယ်၊ ဟောတဲ့ တရား၏ အနက်ကို သိမြင် သဘောကျတာကို ရှုသိပြီးတော့လဲ ပွါးစေနိုင်ပါတယ်၊
ကြည်ညိုဘွယ် အသံတော်နှင့် ကြည်ညိုဘွယ် တရားတော်ကို ကြားရသဖြင့် ဖြစ်ပေါ်တဲ့ ကြည်ညိုတာကို ရှုသိပြီးတော့လဲ ပွါးစေနိုင်ပါတယ်၊ ကြည်ညိုပြီး ဝမ်းမြောက်မှုတွေလဲ များစွာ ဖြစ်ပါလိမ့်မယ်၊ အဲဒီလိုဖြစ်နေတဲ့အခါ ဝမ်းမြောက်မှု ပီတိကို ရှုသိပြီးတော့လဲ ပွါးစေနိုင်ပါတယ်၊ အဲဒီ ပီတိရှုသိပြီး ပွါးစေပုံကတော့ အလွန်ပဲ နီးစပ်ပါတယ်၊ ဒါကြောင့် ပါဠိတော်များမှာ တရားနာပရိသတ်တို့ သန္တာန်၌ -
(ကလ္လစိတ္တ - ခံ့ကျန်းတဲ့စိတ်ဖြစ်နေတဲ့အခါ၊
မုဒုစိတ္တ - နူးညံ့တဲ့စိတ် ဖြစ်နေတဲ့အခါ၊
ဝိနီဝရဏစိတ္တ - နီဝရဏကင်းတဲ့စိတ် ဖြစ်နေတဲ့အခါ၊
ဥဒဂ္ဂစိတ္တ ဝမ်းမြောက်တက်ကြွတဲ့စိတ် ဖြစ်နေတဲ့အခါ၊
ပသန္နစိတ္တ - ယုံကြည်တဲ့စိတ် ကြည်ညိုတဲ့စိတ် ဖြစ်နေတဲ့အခါ)
မြတ်စွာဘုရားက သစ္စာလေးပါးကို ဟောပြသဖြင့် တရားထူးရသွားကြကြောင်း ပြဆိုထားပါတယ်။ နောက်ပြီးတော့ မိမိကိုယ်တွင်းက တွေ့ထိမှု, အဆိုးအကောင်း ခံစားမှု, မြတ်စွာဘုရားကို ဖူးမြင်မှု စသည်တွေကိုလဲ ရှုသိပြီးတော့ မဂ္ဂင်ရှစ်ပါးကို ပွါးစေနိုင်ပါတယ်။
ယခုပြောခဲ့တဲ့ ကြားမှုအစရှိသော ဖြစ်ဆဲရုပ်နာမ်တွေဟာ အမည်ပညတ်မျှ မဟုတ်ဘူး။ တကယ်ဖြစ် တကယ်ရှိနေတဲ့ ပရမတ်တရားအစစ်တွေပဲ၊ ဥပါဒါနက္ခန္ဓာငါးပါးဆိုတာ အဲဒီပရမတ်တရားတွေပဲ၊ ပိုင်းခြားသိအပ်တဲ့ ပရိညေယျ - ဒုက္ခသစ္စာ ဆိုတာလဲ ဒီပရမတ်တရားတွေပဲ။
ဒါကြောင့် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရမည်လို့ဆိုတဲ့ ဒေသနာတော်နှင့်အညီ ရှုတိုင်းရှုတိုင်း အဲဒီ ဒုက္ခတရားတွေကို အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာတို့ဖြင့် ပိုင်းခြားသိတယ်။ အဲဒီလို သိတိုင်း သိတိုင်း နိစ္စ သုခ အတ္တအနေဖြင့် ထင်မှားပြီး နှစ်သက်မည့်တဏှာဟာ ဖြစ်ခွင့် မရှိပဲ ကင်းကင်း သွားတယ်၊
အဲဒါဟာ သမုဒယကို ပယ်အပ်သည်လို့ ဆိုတဲ့အတိုင်း တဒင်္ဂပဟာန်ဖြင့် ပယ်ပယ်သွားတာပဲ၊ အဲဒီလို သိရတဲ့ အာရုံမှာ မသိမှု သိမှားမှု အဝိဇ္ဇာမှ စ၍ ကိလေသာကံ ဝါပါက် ဖြစ်ခွင့်မရှိပဲ ချုပ်ငြိမ်း ချုပ်ငြိမ်း သွားတယ်၊ အဲဒါဟာ တဒင်္ဂနိရောဓပဲ၊ ရှုသိတိုင်း ရှုသိတိုင်း အဲဒီ တဒင်္ဂနိရောဓကို ပြီးစေလျက် ဆိုက်ရောက်တယ်၊
ရှုသိတိုင်း ရှုသိတိုင်းဝိပဿနာမဂ္ဂင်တရားတွေ ပွါးနေပုံကိုတော့ အထူး ပြောစရာမလိုပါဘူး။ အဲဒီလို ကြားမှု စသည်ကို ရှုသိပြီး သစ္စာလေးပါးကို သိသင့်သည့် အတိုင်း သိသော ဝိပဿနာကို ပွါးစေလျက် အရှင်ကောဏ္ဍညဟာ ဓမ္မစကြာ တရားတော်ကို ကြားနာနေစဉ်မှာပင် သောတာပတ္တိ မဂ်ဖိုလ်သို့ ရောက်ပြီး သောတာပန် ဖြစ်သွားတယ်၊ သို့မဟုတ်၊ တရားပြီးဆုံး သွားခါစ၌ သောတာပတ္တိ မဂ်ဖိုလ်သို့ရောက်ပြီး သောတာပန်ဖြစ်သွားတယ် - လို့ မှတ်ယူနိုင်ပါတယ်။
မဂ်ဉာဏ်၌ မြူအညစ်အကြေး ကင်းပုံ
အဲဒီလို ဖြစ်ရာမှာ သောတာပတ္တိမဂ်ဉာဏ်ကို (ဝိရဇံ) မြူကင်းတယ်၊ (ဝီတမလံ) အညစ်အကြေးကင်းတယ်လို့ ချီးမွမ်း ဂုဏ်ပြုထားပါတယ်၊ ဒီနေရာမှာ ဘယ်လို မြူကင်းတာလဲ၊ ဘယ်လို အညစ်အကြေး ကင်းတာလဲလို့ စဉ်းစားစရာရှိတယ်၊
သာရတ္ထဒီပနီဋီကာမှာ ဖွင့်ပြထားတာကတော့ အပါယ်လားကြောင်းဖြစ်တဲ့ ရာဂ စသော မြူကင်းတယ်၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဆိုတဲ့ အညစ်အကြေး လုံးဝကင်းတယ်လို့ ပြဆိုထားပါတယ်။ အဲဒါဟာ သောတာပတ္တိမဂ်က ပယ်အပ်တဲ့ ကိလေသာကို မြူအညစ်အကြေး အဖြစ်ဖြင့် ပြဆိုတာပါပဲ၊
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာမှာ ပြဆိုထားတာ ကတော့ မြူဆိုတာလဲ ရာဂစသည်ပဲ၊ အညစ်အကြေးဆိုတာလဲ ရာဂစသည်ပဲ ဆိုတဲ့ အနေနဲ့ ဖွင့်ပြပြီးတော့ ရာဂစသည်ဟာ လွှမ်းမိုးတတ်သောကြောင့် မြူမည်တယ်၊ ဖျက်ဆီးတတ်သောကြောင့် အညစ်အကြေး မည်တယ်လို့လဲ ဖွင့်ပြထားပါတယ်။
ဒီနေရာမှာ စဉ်းစားစရာ ရှိလာပြန်တယ်၊ ဒီမြူအညစ်အကြေးတွေက ဓမ္မစက္ခုခေါ်တဲ့ မဂ်ဉာဏ်နဲ့မယှဉ်တာကို ကင်းတယ်လို့ ဆိုလိုတာလား၊ အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မသိမမြင်နိုင်အောင် မနှောင့်ယှက်နိုင်တာကို ဆိုလိုတာလားလို့ စဉ်းစားစရာရှိလာ ပြန်တယ်။
မဂ်ဉာဏ်ဆိုတာ ကိလေသာတို့နှင့် ယှဉ်စပ်ခြင်း လုံးဝမရှိသောကြောင့် မယှဉ်တာ ကိုတော့ မဆိုလိုကြောင်း ထင်ရှားပါတယ်။ အဲဒီတော့ နိဗ္ဗာန်ကို မသိ မမြင်နိုင်အောင် မနှောင့်ယှက်နိုင်တာကိုပင် “ကိလေသာ မြူကင်းတယ်, ကိလေသာ အညစ်အကြေး ကင်းတယ်”လို့ ယူဘို့ရှိပါတယ်။
မနှောင့်ယှက်နိုင်ပုံကတော့ သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည့် ဒိဋ္ဌိ ဝိစိကိစ္ဆာတို့နှင့် အပါယ်လားကြောင်း ရာဂ စသည်တို့ အားရှိနေသေးသမျှ ကာလပတ်လုံး ဝိပဿနာ ရှုနေသော်လဲ သောတာပတ္တိဉာဏ်ဖြင့် နိဗ္ဗာန်ကို မမြင်နိုင်သေးဘူး၊ မျက်စိမှာ တိမ်သလာက ဖုံးကွယ်နှောင့်ယှက်နေလို့ အဆင်းကို မမြင်နိုင်သလိုပေါ့။
ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အဲဒီ ဒိဋ္ဌိ ဝိစိကစ္ဆာနှင့် အပါယ်လားကြောင်း ရာဂစသည်တွေဟာ အားနည်းသွားတယ်၊ ဒါကြောင့် နိဗ္ဗာန်ကို မမြင်နိုင်အောင် မနှောင့်ယှက်နိုင်တော့ဘူး၊ မျက်စိမှာ တိမ်သလာပါးသွားတဲ့အခါ မမြင်နိုင်အောင် မဖုံးကွယ် မနှောင့်ယှက်နိုင်သလိုပေါ့၊ အဲဒီလိုအခါမှာ သောတာပတ္တိမဂ်ဉာဏ်က နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်ပြီး ဖြစ်ပေါ်လာတယ်၊
အဲဒီလို နိဗ္ဗာန်ကို မြင်ပြီး ဖြစ်ပေါ်နိုင်လောက်အောင် အစွမ်းသတ္တိရှိတာကိုပင် (ဝိရဇ) မြူကင်းတယ်၊ (ဝီတမလ) အညစ်အကြေးကင်းတယ်လို့ ဆိုလိုတယ်လို့ ယူသင့်ပါတယ်။
ဝိပဿနာဖြင့် အစွမ်းကုန်ပယ်ပြီးမှ မဂ်ဉာဏ်က ပယ်သည်
ဒီလို ယူခြင်းဖြင့် ဓမ္မစက္ခုံ - တရားမျက်စိ ဆိုတာနှင့်လဲ သင့်လျော်ညီညွတ်ပါတယ်၊ (တဿ တံ ဥပ္ပန္နဘာဝံ ဝိနာသယမာနံ ယသ္မာ တံ တံ လောကိယလောကုတ္တရဉာဏံ ဥပ္ပဇ္ဇတိ)လို့ဆိုတဲ့ ဝိသုဒ္ဓိမဂ် (ဒု - ၃၃၀) (ပဌမံ လောကိယ ဉာဏေန ယထာဗလံ ပဟီနမေဝ လောကုတ္တရဉာဏံ ပဇဟတိ) ရှေးဦးစွာ လောကီဝိပဿနာဉာဏ်က အစွမ်းအား ရှိသမျှ ပယ်ထားပြီးသာဖြစ်တဲ့ ကိလေသာကို လောကုတ္တရာမဂ်ဉာဏ်က အမြစ်ပြတ်ပယ်သည် - လို့ ဆိုတဲ့ ဝိသုဒ္ဓိမဂ်မဟာဋီကာ တို့နှင့်လဲ ညီပါတယ်။
ဝိပဿနာဉာဏ်ကပဲ မဂ်ဉာဏ် ဖြစ်လာတယ်
ဒီနေရာမှာ အထူးသတိပြုစရာကတော့ လောကုတ္တရာမဂ်ဉာဏ် ဆိုတာလဲ တခြားက လာပြီး ဖြစ်ပေါ်တာ မဟုတ်ဘူး၊ ရှေးရှေးစိတ်မှ ဆက်ခံပြီး နောက်နောက်စိတ်များ ဖြစ်လာသလို ဝိပဿနာဉာဏ်မှ ဆက်ခံပြီး ဖြစ်ပေါ်လာတာပဲ၊ ဧကတ္တနည်း အရအားဖြင့်ဆိုယင် ဝိပဿနာဉာဏ်ကပဲ မဂ်ဉာဏ်ဖြစ်လာတယ်လို့လဲ ဆိုနိုင်ပါတယ်၊ အဲဒါကို အထူးသတိပြုရမယ်။
ဒါကြောင့် ဝိပဿနာဉာဏ်၏ အစွမ်းကြောင့် အင်အားနည်းနေတဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ အစရှိသော ကိလေသာမြူ အညစ်အကြေး တွေဟာ နိဗ္ဗာန်ကို မမြင်အောင် မဖုံးကွယ် မနှောင့်ယှက်နိုင်တာကိုပင် မြူ အညစ်အကြေး ကင်းတယ်လို့ ဆိုလိုကြောင်း မှတ်ယူဘို့ပါပဲ။
မဇ္ဈိမပဏ္ဏာသ ဗြဟ္မာယုသုတ် (၃၄၆)မှာ အောက်မဂ်သုံးပါးကို ဓမ္မစက္ခု - တရား မျက်စိလို့ ဆိုတယ်၊ ဥပရိပဏ္ဏာသစူဠရာဟုလောဝါဒသုတ် (၃၂၇)မှာ အရိယ မဂ်ဖိုလ်ဉာဏ် လေးပါးကို ဓမ္မစက္ခု - တရားမျက်စိလို့ ဆိုပါတယ် တဲ့။
အဲဒီ အထက်မဂ်ဉာဏ်များကို “မြူအညစ်အကြေး ကင်းတယ်”လို့ ဆိုရာတွေမှာလဲ ဝိပဿနာဉာဏ်၏ အစွမ်းကြောင့် ကာမရာဂဗျာပါဒ စသည်တို့ အင်အားနည်း၍ နိဗ္ဗာန်ကို မမြင်အောင် မနှောင့်ယှက်နိုင်တာကိုပင် (ဝိရဇ ဝီတမလ) ဆိုတယ်လို့ ယူသင့်ပါတယ်၊
ယခုလို နက်နက်နဲနဲ စိစစ် ပြောဆိုနေရတာကလဲ တခြားကြောင့် မဟုတ်ပါဘူး၊ အရိယမဂ်ဉာဏ်ဆိုတာ တခြားမှ လာပြီးဖြစ်တာ မဟုတ်ဘူး၊ ဝိပဿနာဉာဏ်မှပင် ပကတူပနိဿယအစွမ်းဖြင့် ဖြစ်ပေါ်လာတယ်ဆိုတာ နားလည်စေချင်လို့ပါပဲ။
အဲဒီ ဓမ္မစက္ခု - တရားမျက်စိခေါ်တဲ့ သောတာပတ္တိမဂ်ဉာဏ်က ဘယ်လိုဖြစ်သလဲလို့ ဆိုတော့ - ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ - ဖြစ်ခြင်းသဘောရှိတဲ့ တရားဟူသမျှဟာ ချုပ်ခြင်းသဘော ရှိတာချည်းပဲလို့ သိမြင်လျက် ဖြစ်ပါတယ်တဲ့၊ အဲဒီလို သိမြင်တာက နှစ်မျိုးရှိတယ်၊ ဥဒယဗ္ဗယဉာဏ်စသည် ဖြစ်ခိုက်မှာ ရှုတိုင်း ရှုတိုင်း ဖြစ်ဖြစ်ပြီး ချက်ခြင်းပင် ပျက်ပျက်သွားတာကိုချည်း တွေ့နေရတဲ့အတွက် ဖြစ်ပေါ်လာသမျှဟာ ချုပ်ပျက်သွားတာချည်းပဲလို့ ဝိပဿနာဉာဏ်ဖြင့် သိမြင်တာကတမျိုးပဲ၊ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ မပြတ်ဖြစ်နေတဲ့ (ပဝတ္တခေါ်) ရုပ်နာမ်အယဉ်၏ ခဏမစဲ ပျက်ပျက်သွားတာကို သိသိနေယင်း ရုပ်နာမ်သင်္ခါရလုံးဝချုပ်ငြိမ်းတဲ့ သဘောထဲကို သက်ဝင်သွားသလို သိမြင်သွားတယ်၊
အဲဒီလို သိမြင်သွားတာဟာ နိဗ္ဗာန်အငြိမ်းဓာတ်သဘောကို မျက်မှောက်တွေ့ပြီး သိမြင်သွားတာပဲ၊ အဲဒီ အခါမှာ ဖြစ်ဖြစ်သမျှတွေဟာ အကုန်လုံး ချုပ်ငြိမ်း ကင်းဆိတ်သွားတဲ့အနေဖြင့်ပဲ သိမြင်ရတယ်၊ ဒါက အရိယမဂ်ဉာဏ်ဖြင့် သိမြင်ပုံ တမျိုးပဲ။ ဓမ္မစက္ခု - တရားမျက်စိခေါ်တဲ့ သောတာပတ္တိမဂ်ဉာဏ်ဖြစ်ပုံဟာ ယခု ပြောခဲ့တဲ့ သိမြင်ပုံနှစ်မျိုးထဲမှာ ဒုတိယ သိမြင်ပုံအတိုင်း သိမြင်ပြီး ဖြစ်သွားတာပါပဲ။
ဒါကြောင့် သောတာပတ္တိမဂ်သို့ ရောက်တဲ့အခါမှာ ရုပ်နာမ်သင်္ခါရတွေ အကုန်လုံး ချုပ်ငြိမ်းကင်းဆိတ်တဲ့ သဘောထဲသို့ ရောက်သွားတဲ့အနေဖြင့် ထင်ရှားပါတယ်။ အဲဒီလို သောတာပတ္တိမဂ်ဉာဏ်ဖြင့် သိမြင်သွားယင် ဖြစ်ပေါ်သမျှဟာ ချုပ်ပျက်တာ ချည်းပဲလို့ သိတဲ့ ဉာဏ်အမြင်လဲ ခိုင်မြဲသွားတာပဲ။ အထက်မဂ်ဉာဏ်များဖြင့် သိပုံလဲ နည်းတူပါပဲ။
ဒါကြောင့် စူဠရာဟုလောဝါဒသုတ်မှာ မဂ်ဉာဏ်လေးပါးလုံး ဖြစ်ပုံကို (ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ “ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ” န္တိ)လို့ ထပ်တူပဲ ပြဆိုထားပါတယ်။
မဂ်ဉာဏ်၏အာရုံ နိဗ္ဗာန်မှာ ရုပ်နာမ်အားလုံးချုပ်ကြောင်း
ဒီနေရာမှာ ပုဂ္ဂိုလ်တဦးက စူဠနိဒ္ဒေသ အဋ္ဌကထာ၌ “သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ - ခုနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁ - ခုဆိုတဲ့ ဒီ အကုသိုလ်စိတ် ၅ - ခု ချုပ်တဲ့အကြောင်း” ပြဆိုထားတာကို အကိုးအကား သာဓကပြုပြီးတော့ “သောတာပတ္တိမဂ်ဖိုလ်ခဏ၌ ရုပ်နာမ်သင်္ခါရ အားလုံး ချုပ်ငြိမ်းနေတာကို တွေ့ရတယ်”ဆိုတာကို ပစ်ပယ်ပြီး ပြောဟော ရေးသားထားတယ်၊
သူ့အယူအဆက “သောတာပတ္တိမဂ်ဖြင့် အကုသိုလ်စိတ် ၅ - ခု၏ ချုပ်ခြင်းကိုသာလျှင် သောတာပတ္တိမဂ်ဖိုလ်က အာရုံပြု သိမြင်ရမယ်”လို့ ယူဆထားဟန်တူပါရဲ့၊ အဲဒါကတော့ အလွန်လွဲမှားနေတဲ့ အယူအဆပါပဲ။ ဘာကြောင့်လဲဆိုယင် - နိဗ္ဗာန်ဆိုတာ အကုသိုလ် တစိတ်တပိုင်းမျှ ချုပ်ခြင်းကိုလဲ ဆိုတာမဟုတ်ဘူး၊ ရုပ်တရား နာမ်တရား တစိတ်တပိုင်းမျှ ချုပ်ခြင်းကိုလဲ ဆိုတာမဟုတ်ဘူး၊
အမှန်မှာတော့ ကိလေသာ ကံဝိပါက်ဆိုတဲ့ ဝဋ်သုံးပါးလုံး ရုပ်နာမ်သင်္ခါရအားလုံး ချုပ်ငြိမ်းကင်းဆိတ်တဲ့ သဘောကိုသာ နိဗ္ဗာန်လို့ ဆိုတာပဲ။ အဲဒီတော့ အရိယမဂ်ဖိုလ်က ဘာကို အာရုံပြုသလဲလို့ မေးယင်၊ နိဗ္ဗာန်ကို အာရုံပြုတယ်လို့ ဖြေရမှာပဲ။
နိဗ္ဗာန်ဆိုတာကလဲ ယခုပြောခဲ့တဲ့အတိုင်း ရုပ်နာမ်သင်္ခါရအားလုံး ချုပ်ငြိမ်း ကင်းဆိတ်တဲ့ သဘောပဲ၊ ဒီတော့ “သောတာပတ္တိမဂ်ဖိုလ်ဖြစ်ခိုက်မှာ သိစရာရော သိတာရော ချုပ်ငြိမ်းကင်းဆိတ် နေတာကိုသာ တွေ့နေရတယ်” ဆိုတာဟာ သဘာဝကျတဲ့ အစစ်အမှန် တွေ့သိပုံပဲ။
သေသေချာချာ သတိပြုပြီး ကြည့်ရှုဆင်ခြင်ယင် အဲဒီစူဠနိဒ္ဒေသပါဠိ အဋ္ဌကထာ၏အဖွင့်ခံ ပါရာယဏဝဂ် အဇိတသုတ်မှာပဲ “ဧတ္ထေတံ ဥပရုဇ္ဈတိ - ဤနိဗ္ဗာန် အငြိမ်းဓာတ်၌ ထိုနာမ်ရုပ် အားလုံးချုပ်တယ်”လို့ ဆိုထားတာကို ထင်ရှား တွေ့နိုင်ပါတယ်။
နောက်ပြီးတော့ “သောတာပတ္တိမဂ်၏ အာရုံနိဗ္ဗာန်နှင့် အထက် မဂ်များ၏ အာရုံနိဗ္ဗာန်ဟာ အတူတူပဲလား၊ ကွဲပြားပါသလား”လို့ မေးယင်လဲ “အတူတူပါပဲ၊ မကွဲပြားပါဘူး”လို့ ဖြေရမှာပဲ။ အကယ်၍ သောတာပတ္တိမဂ်က အကုသိုလ်စိတ် ၅ - ခု ချုပ်တာကိုသာ အာရုံပြုတယ်၊ အခြားမဂ်များကလဲ သူတို့ပယ်တဲ့ စိတ်များချုပ်တာကို အာရုံပြုတယ် ဆိုယင် မဂ်လေးပါး၏ အာရုံနိဗ္ဗာန် တွေဟာ ၄ - ပါးကွဲနေမှာပေါ့၊
အဲဒီလို မကွဲပြားပါဘူး၊ တပါးတည်းသော နိဗ္ဗာန်ကိုသာ အာရုံပြုကြောင်း အလွန့်အလွန် ထင်ရှားနေပါတယ်။ ဒါကြောင့် “သောတာပတ္တိ မဂ်ဖိုလ်က အကုသိုလ်စိတ် ၅ - ခု ချုပ်ခြင်းကိုသာ အာရုံပြုသိမြင်ရမယ်”လို့ ယူဆချက်ကို အလွန်လွဲမှားတယ်လို့ ဆိုခဲ့တာပါပဲ။
စိစစ်ချက်တွေ များနေတာနဲ့ မူလအကြောင်းရင်း အဆက်ပြတ်သွားတယ်၊ ဒါကြောင့် မူလအကြောင်းရင်း ပါဠိ အနက်ကို ပြန်ပြီး ဖော်လိုက်ကြဦးစို့။
ဣမသ္မိံ ဝေယျာကရဏသ္မိံ - ဤ ဓမ္မစကြာသုတ် တရားတော်ကို၊
ဘညမာနေ - ဟောနေစဉ်၊
ဝါ - ဟောပြီးခါစ၌၊
အာယသ္မတော ကောဏ္ဍညဿ - အရှင် ကောဏ္ဍညမထေရ်အား၊
ဝိရဇံ - မြူကင်းသော၊
ဝီတမလံ - အညစ်အကြေးကင်းသော၊
ဓမ္မစက္ခုံ - သောတာပတ္တိမဂ်ဉာဏ်ဟူသော တရားမျက်စိသည်၊
ဥဒပါဒိ - ဖြစ်ပေါ်လေပြီ၊
(ကိန္တိ - အဘယ်သို့ ဖြစ်သနည်းဟူမူ)
သမုဒယဓမ္မံ - ဖြစ်ခြင်းသဘောရှိသော၊
ယံ ကိဉ္စိ - အမှတ်မရှိ တစုံတခုသော တရားသည်၊
အတ္ထိ - ရှိ၏၊
တံ သဗ္ဗံ - ထိုအလုံးစုံသည်၊
နိရောဓဓမ္မန္တိ - ချုပ်ခြင်းသဘောရှိသည်ဟု ဖြစ်ပေါ်လေပြီ။
ဟောတဲ့တရားကို သဘောကျရုံနဲ့ မဂ်ဉာဏ်ဖြစ်တာ မဟုတ်ပါလား
ဒီနေရာမှာ စောဒကတက်စရာ ရှိပါတယ်၊ ဘယ်လိုလဲ ဆိုတော့ - ယခု ရွတ်ပြတဲ့ ပါဠိအနက်ထဲမှာ အရှင်ကောဏ္ဍည ဝိပဿနာရှုကြောင်းမပါဘူး မဟုတ်ပါလား၊ ဓမ္မစကြာသုတ်ကို မြတ်စွာဘုရားဟောနေတုန်း (သို့မဟုတ်) ဟောပြီးခါစမှာ ဓမ္မစက္ခု ခေါ်တဲ့ သောတာပတ္တိမဂ်ဉာဏ်ဖြစ်ကြောင်းသာ ပါတယ်မဟုတ်ပါလား၊
အဲဒီတော့ မြတ်စွာဘုရား ဟောတော်မူတဲ့ ဓမ္မစကြာတရားတော်ကို သဘောကျပြီး သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်တာမဟုတ်ပေဘူးလား၊ အဲဒီလိုဆိုတော့ အရှင် ကောဏ္ဍည ဝိပဿနာရှုပုံတွေကို ပြတာဟာ ပိုမနေပေဘူးလားလို့ စောဒကတက်စရာ ရှိပါတယ်၊ မပိုပါဘူး၊
ဘာကြောင့်လဲဆိုယင် - ဒီ ဓမ္မစကြာသုတ် ထဲမှာပဲ မဂ္ဂင်ရှစ်ပါးကို ပွါးစေအပ်တယ် လို့လဲ ဟောထားတယ်၊ ဒုက္ခေ ဉာဏံ - စသော သမ္မာဒိဋ္ဌိအဖွင့် ပါဠိအဋ္ဌကထာတို့၌ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့ကိုရှုပြီး သိရမယ်လို့လဲ ပြဆိုတားတယ်၊
ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ဝိပဿနာမဂ္ဂင်တွေက ပြည့်စုံမှ အရိယမဂ်ဉာဏ်ဖြစ်ပေါ်တယ်လို့ ပြဆိုထားချက်တွေလဲ ရှိတယ်၊ ကာယ ဝေဒနာ စိတ္တ, ဓမ္မဆိုတဲ့ တရားလေးပါးထဲက တပါးပါးကိုမျှ မရှုယင် ဝိပဿနာ ပညာ, မဂ်ပညာ မဖြစ်နိုင်ဘူးလို့ အတိအလင်း ပြဆိုထားတာလဲ ရှိတယ် (တတိယပိုင်း နှာ ၁၆၈ - မှာ သာဓကကို ထုတ်ပြခဲ့ပါပြီ)၊
သတိပဋ္ဌာန်လေးပါးကို ဖြစ်ပွါးစေမှ သမ္မာသတိမဂ္ဂင်ဖြစ်ကြောင်းလဲ ပါဠိအထင်အရှား ရှိတယ် (နှာ ၁၆၀၌ ပြခဲ့ပြီ)၊ အဲဒီလို အကြောင်းများစွာတို့ အရအားဖြင့် ဝိပဿနာမဂ္ဂင်ကို မပွါးစေပဲ အရိယမဂ္ဂင် ဖြစ်ရိုးမရှိသောကြောင့် တရားနာယင်း ဝိပဿနာမဂ္ဂင်ပွါးစေပုံကို သိနားလည်ကြစေရန် တကယ် လိုနေတဲ့အတွက် ထုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ထုတ်ဖော်ပြတဲ့ နည်းများထဲက တနည်းနည်းဖြင့် ဝိပဿနာရှုလျက် တခဏအတွင်းမှာပင် သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်တော်မူတယ်လို့ မှတ်ကြရမယ်။
အရှင်ကောဏ္ဍည သောတာပတ္တိမဂ်ဉာဏ်ရပုံကို ပြပြီးတဲ့နောက် ဓမ္မစကြာသုတ် တရားတော်အား ကောင်းချီးပေးပုံ စသည်များကို သံဂါယနာတင် မထေရ်မြတ်တို့က ဒီလိုပြထားကြပါတယ်။
နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ
ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒမနုဿဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ မနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ “န္တိ။
စ ပန - အထူးမှတ်ဖွယ်ကား၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဓမ္မစက္ကေ - တရားစက်ဘီးကို၊
ပဝတ္တိတေ - လည်စေအပ်ပြီးလတ်သော်၊
(တရားစက်ဘီးဆိုတာ တရားကို ထိုးထွင်းသိတော်မူတဲ့ ပဋိဝေဓဉာဏ်နှင့် ဟောသင့်တဲ့ အခြင်းအရာ စသည်ကို သိတော်မူတဲ့ ဒေသနာဉာဏ် - ဒီဉာဏ် ၂ - ပါး ဖြစ်ကြောင်း အဋ္ဌကထာက ဖွင့်ပြထားပါတယ်၊ ဓမ္မစကြာသုတ် တရားကို ဟောတော်မူခြင်းဖြင့် ထိုတရားစက်ဘီးကို လည်စေသည် မည်ပါသတဲ့။ တနည်း အနက်ပြန်ရလျှင်)
ဓမ္မစက္ကေ - ဓမ္မစကြာတရားတော်ကို၊
ပဝတ္တိတေ - ဟောအပ်ပြီးလတ်သော်၊
ဘုမ္မာ ဒေဝါ - မြေပြင်၌ တည်သော နတ်တို့သည်၊
သဒ္ဒံ - ကောင်းချီး ပေးသံကို၊
အနုဿဝေသုံ - တပြိုင်နက် ကြွေးကြော်ကြလေကုန်ပြီ၊
(ကိန္တိ - အဘယ်သို့နည်းဟူမူ)
လောကသ္မိံ - လောက၌၊
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိဝါ - သမဏ အမည်ခံသူဖြစ်စေ ဗြာဟ္မဏ အမည်ခံသူဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ အခြားတစုံတယောက် ဖြစ်စေ မပြန်နစ်စေနိုင် မတားမြစ်နိုင်သော၊
အနုတ္တရံ - သူ့ထက်အလွန်အမြတ် မရှိသော၊
ဧတံ ဓမ္မစက္ကံ - ဤတရားစက်ကို၊
ဝါ - ဤ ဓမ္မစကြာတရားတော်ကို၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဗာရာဏသိယံ - ဗာရာဏသီ မြို့နယ်ဖြစ်သော၊
ဣသိပတနေ မိဂဒါယေ - ဣသိပတနမည်သော မိဂဒါဝုန်တော၌၊
ပဝတ္တိတံ - လည်စေအပ် ဟောတော်မူအပ်လေပြီ၊
ဣတိ - ဤသို့ ကြွေးကြော်ကြလေကုန်ပြီ။
ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿဝေသုံ။ပ။ စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံသုတွာ တာဝတိံသာ ဒေဝါ။ပ။ ယာမာ ဒေဝါ။ပ။ တုသိတာဒေဝါ။ပ။ နိမ္မာနရတီ ဒေဝါ။ပ။ ပရနိမ္မိတဝသဝတ္တီ ဒေဝါ။ပ။ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ။ပ။ ကေနစိ ဝါ လောကသ္မိ” န္တိ။
ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ - မြေတည်နတ်တို့၏ကောင်းချီးပေး ကြွေးကြော်သံကို ကြားကုန်၍၊
စာတုမဟာရာဇိကာဒေဝါ - စတုမဟာရာဇ် နတ်တို့သည်၊
သဒ္ဒံ - ကောင်းချီးပေးသံကို၊
အနုဿာဝေသုံ - တပြိုင်နက် ကြွေးကြော်ကြလေကုန်ပြီ။ပ။
စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ - စတုမဟာရာဇ်နတ်တို့၏ ကောင်းချီး ပေးကြွေးကြော်သံကို ကြားကုန်၍၊
တာဝတိံ သာ ဒေဝါ - တာဝတိံ သာနတ်တို့သည်။ပ။
ယာမာဒေဝါ - ယာမာ နတ်တို့သည်။ပ။
တုသိတာ ဒေဝါ - တုသိတာနတ်တို့သည်။ပ။
နိမ္မာနရတီဒေဝါ - နိမ္မာနရတီနတ်တို့သည်။ပ။
ပရနိမ္မိတဝသဝတ္တီ ဒေဝါ - ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။
ဗြဟ္မကာယိကာ ဒေဝါ - ဗြဟ္မာ နတ်တို့သည်၊
သဒ္ဒံ - ကောင်းချီးပေးသံကို၊
အနုဿာဝေသုံ - တပြိုင်နက် ကြွေးကြော် ကြလေကုန်ပြီ။
(ကိန္တိ - အဘယ်သို့နည်းဟူမူ)
လောကသ္မိံ - လောက၌၊
အပ္ပဋိဝတ္တိယံ။ပ။ ကေနစိ ဝါ - သမဏ အမည်ခံသူဖြစ်စေ။ပ။ အခြားတစုံတယောက် ဖြစ်စေ မပြန်နစ်စေနိုင် မတားမြစ်နိုင်သော၊
အနုတ္တရံ - သူ့ထက်အလွန်အမြတ်မရှိသော၊
ဧတံ ဓမ္မစက္ကံ - ဤတရားစက်ကို၊
ဝါ - ဤဓမ္မစကြာတရားတော်ကို၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဗာရာဏသိယံ ဣသိပတနေမိဂဒါယေ - ဗာရာဏသီမြို့နယ် ဣသိပတနမည်သော မိဂဒါဝုန်တော၌၊
ပဝတ္တိတံ - လည်စေအပ် - ဟောတော်မူအပ်လေပြီ၊
ဣတိ - ဤသို့ ကြွေးကြော်ကြလေကုန်ပြီ။
ဣတိဟ တေန ခဏေန တေန မုဟုတ္တေန ယာဝဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂ စ္ဆိ။
ဣတိ - ဤသို့လျှင်၊
ဣဟ - ဤလောက၌၊
တေန ခဏေန - ထိုခဏဖြင့်၊
တေန မုဟုတ္တေန - ထိုမုဟုတ်ဖြင့်၊
သဒ္ဒေါ - ကောင်းချီးနုမော် ကြွေးကြော်သံသည်၊
ယာဝ ဗြဟ္မလောကာ - ဗြဟ္မာ့ပြည်တိုင်အောင်၊
အဗ္ဘုဂ္ဂစ္ဆိ - ပြန်နှံ့တက်လေပြီ။
တေန လယေန ပဋိသံ - အဋ္ဌကထာ၌ မရှိ
[အဘိဓာန်ကျမ်းမှာ လက်ဖျစ် ဆယ်တွက် ကာလကို ခဏ ၁ - ခုဟု ဆို၏၊
၁၀ - ခဏကို လယ ၁ - ခု၊
၁၀ - လယကို ခဏလယ ၁ - ခု၊
ထို ခဏလယ ၁၀ - ကို ၁ - မုဟုတ် ဟူ၍လည်းဆို၏၊
ထိုအဆိုအရအားဖြင့် တစ်မုဟုတ် ကာလသည် ခဏပေါင်း တထောင်မျှရှိနေရာတွင် အဘယ်သို့ ယူသင့်ပါသနည်းဟူမူ - ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၌
“တေန ခဏေနာတိ ဝိစနံ - ထိုခဏဖြင့် - ဟူသော စကားကို၊
ဝိသေသေတွာ - အထူးပြု၍၊
တေန မုဟုတ္တေနာတိ - ထိုမုဟုတ်ဖြင့် ဟူ၍၊
ဝုတ္တံ - ဆိုအပ်ပေသည်၊
မုဟုတ္တသင်္ခါ တေန - မုဟုတ်ဟု ဆိုအပ်သော၊
ခဏေန - ခဏဖြင့်၊
ဣတိ ဝုတ္တံ ဟောတိ - ဤသို့ ဆိုလို၏၊
န ပရမတ္ထခဏေန - အစစ်အမှန် ခဏဖြင့် မဟုတ်ပေ၊
ဣတိ - ဤသို့ ဆိုလိုပေ၏”
ဟု ဖွင့်ပြထားသည်။ ထိုခဏဖြင့် ဟူရာ၌ လက်ဖျစ်ဆယ်တွက် ခဏကို မဆိုလို၊ မုဟုတ်ခဏကိုသာ ဆိုလိုပါသတဲ့၊ ဤပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ အလိုအားဖြင့် တေန လယေနဟူသော ပါဌ် မရှိသော သီဟိုဠ်မူ ယိုးဒယားမူ ကမ္ဗောဒီးယားမူတို့က သာ၍ သင့်ပေသည်၊ ထို သာ၍သင့်သောမူကို ဤ၌ပြဆိုလိုက်ပါသည်။
မြေငလျင်လှုပ်ခြင်းနှင့် အရောင်အလင်း ဖြစ်ပေါ်လာပုံ
အယဉ္စ ဒသသဟဿိ လောကဓာတု သင်္ကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ၊ အပ္ပမာဏော စ ဥဋ္ဌာရော ဩဘာသော လောကေပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။
အယဉ္စ ဒသသဟဿိ လောကဓာတု - ဤတသောင်းသော လောကဓာတ် သည်လည်း၊
သင်္ကမ္ပိ - တက်၍ တက်၍ လှုပ်၏၊
(သဒ္ဓံ ဥဂ္ဂစ္ဆန္တီ - အထက်သို့တက်လျက်၊
သုဋ္ဌုကမ္ပိ - ကောင်းစွာလှုပ်၏ - ဤ ပဋိသံ - ဋ္ဌနှင့်အညီပင်)
သမ္ပကမ္ပိ - တက်၍တက်၍ လှုပ်၏၊
(ဥဒ္ဓံ ဥဂ္ဂစ္ဆန္တီ အဓော ဩက္ကမန္တီ သုဋ္ဌု ပကမ္ပိ ယင်း ဋ္ဌ ပင်)
သမ္ပဝေဓိ - အရပ်လေးမျက်နှာသို့ ခါရမ်းလျက်=လှုပ်၏၊
(စတုဒ္ဒိသာ ဂစ္ဆန္တီ - အရပ် လေးမျက်နှာသို့ သွားလျက်၊
သုဋ္ဌု ပဝေဓိ - ကောင်းစွာ တုန်လှုပ်၏၊ - ယင်းဋ္ဌပင်)။
အပ္ပမာဏော ဥဠာရော - အတိုင်းမသိ ပြန့်ပြောသော၊
ဩဘာသော စ - ဒေသနာဉာဏ်တော်ကြောင့် ဖြစ်သော အရောင်အလင်း သည်လည်း၊
အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝံ - နတ် ဗြဟ္မာတို့၏ အရောင်အလင်း အာနုဘော်ကို ကျော်လွန်၍၊
လောကေ - လောက၌၊
ပါတုရဟောသိ - ထင်ရှားဖြစ်ပေါ်လေပြီ၊
ဣတိ - ဤတွင် စကားတရပ် ပြီးသည်။
မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ
အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ “အညာသိ ဝတဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော”တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ “အညာသိ ကောဏ္ဍညော” တွေဝ နာမံ အဟောသီတိ။
အထ ခေါ - ဓမ္မစကြာတရားတော်ကို ဟောပြီးခါစ, အရှင်ကောဏ္ဍညအား သောတာပတ္တိ မဂ်ဉာဏ်ဟူသော တရားမျက်စိဖြစ်ပေါ်ပြီးခါစ ထိုအခါကာလ၌၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
အညာသိ ဝတ ဘော ကောဏ္ဍညော အညာသိဝတ ဘော ကောဏ္ဍညောတိ - အချင်းတို့ ကောဏ္ဍည သိသွားပေပြီတကား, အချင်းတို့ ကောဏ္ဍည သိသွားပေပြီ တကားဟူ၍၊
ဣမံ ဥဒါနံ - ဝမ်းမြောက်ရွှင်လန်း ဤဥဒါန်းကို၊
ဥဒါနေသိ - ဝမ်းမြောက်သဖြင့် ကျူးရင့်မြွက်ဆိုတော်မူလေသည်။
ဣတိ ဟိ - ဤသို့ ဥဒါန်းစကား မြွက်ကြားကျူးရင့်သောကြောင့်ပင်လျှင်၊
အာယသ္မတော ကောဏ္ဍညဿ - အရှင်ကောဏ္ဍညအား၊
အညာသိ ကောဏ္ဍညော တွေဝ - အညာသိကောဏ္ဍည ဟူ၍သာလျှင်၊
ဣဒံ နာမံ - ဤအမည်သည်၊
အဟောသိ - ဖြစ်ခဲ့လေသည်၊
ဣတိ - ဤတွင် ဓမ္မစက္ကပ္ပဝတ္တနသုတ် အပြီးသတ်ပါသတည်း။
ယခု နိဂုံးချုပ်အနေနဲ့ ရွတ်ပြတဲ့ ပါဠိအနက်ကတော့ မဟာဝဂ္ဂ သံယုတ် ပါဠိတော်ရင်းမှာရှိတဲ့ ဓမ္မစကြာသုတ် အဆုံးသတ် စကားပါပဲ။ မြတ်စွာဘုရားက ဒီဓမ္မစကြာတရားဟောပြီးတဲ့အခါ ဆင်ခြင်ကြည့်လိုက်တော့ အရှင်ကောဏ္ဍည သောတာပတ္တိမဂ်ဖိုလ် တရားထူး သိသွားတာကို မြင်တော်မူတယ်၊
အဲဒီအခါ ဝမ်းမြောက်တော်မူတဲ့အတွက် “ကောဏ္ဍည သိသွားပြီဟေ့၊ ကောဏ္ဍည သိသွားပြီဟေ့”လို့ ဝမ်းမြောက်စကား မြွက်တော်မူလိုက်ပါသတဲ့၊ အဲဒီလို မြွက်ကြား တာကိုပဲ အစွဲပြုပြီး အရှင်ကောဏ္ဍညကို အများက အညာသိ-ကောဏ္ဍညလို့ ခေါ်ကြပါတယ် - တဲ့။ အဲဒီသံယုတ်ပါဠိတော် အရဆိုယင်တော့ ဓမ္မစာကြာ တရားတော်က ဒီတွင်ပဲပြီးဆုံးပါပြီ။
ဒါပေမဲ့ ဝိနည်းပါဠိတော် အရအားဖြင့် ဘိက္ခု သံဃာဖြစ်ထွန်းလာပုံကို ဆက်လက်ပြီး ပြောစရာ ရှိနေပါသေးတယ်၊ အဲဒီ ဝိနည်းပါဠိတော် စသည်မှာ ပြဆိုထားတဲ့ တရားစကားများကိုလဲ ဆက်ပြီး ပြောရဦးမယ်။
အရှင်အညာသိ ကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မောပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော ကိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ “လဘေယျာဟံ ဘန္ေတဘဂဝတော သ န္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ” န္တိ။
အထ ခေါ - မြတ်စွာဘုရား ဥဒါန်းကျူးပြီးသော ထိုအခါ၌၊
အာယသ္မာ အညာသိ ကောဏ္ဍညော - အရှင်အညာသိ ကောဏ္ဍညသည်၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
ဧတံ အဝေါစ ဤသို့သော စကားကို လျှောက်ထားလေသည် - တဲ့၊
ဘယ်လိုလျှောက်သလဲဆိုတော့,
ဘန္ေတ - မြတ်စွာဘုရား၊
အဟံ - တပည့်တော်သည်၊
ဘဂဝတော သ န္တိကေ - မြတ်စွာဘုရား၏ ထံတော်၌၊
ပဗ္ဗဇ္ဇံ - ရှင်အဖြစ်ကို၊
လဘေယျံ - ရလိုပါသည်၊
ဥပသမ္ပဒံ - ရဟန်းပဉ္စင်းအဖြစ်ကို၊
လဘေယျန္တိ - ရလိုပါသည် ဟူသော၊
ဧတံ - ဤတောင်းပန်စကားကို၊
အဝေါစ - လျှောက်ထားလေသည် - တဲ့။
မိရိုးဖလာ ဘာသာကို စွန့်ရန်မလွယ်
အရှင်ကောဏ္ဍညမှာ မိရိုးဖလာ ဘာသာတော့ရှိမှာပဲ၊ အဲဒီဘာသာကို စွန့်ပြီးတော့ ဗုဒ္ဓမြတ်စွာ ဘုရားထံမှာ ရဟန်းပြုလိုတယ်ဆိုတာ သာမန်ယုံကြည်မှုနဲ့တော့ မဖြစ်နိုင်ဘူး၊ ယခုခေတ်ကာလမှာ အခြားဘာသာဝင် ပုဂ္ဂိုလ်က ဗုဒ္ဓသာသနာ တော်မှာ ဝင်ပြီး ရဟန်းပြုဘို့ဆိုတာ မလွယ်ကူဘူး၊
တချို့လူဆိုယင် သင်္ကန်းဝတ် ဖို့တောင် မဟုတ်သေးဘူး၊ တရား အားထုတ်ရန်အတွက် သရဏဂုံ သီလ ဆောက်တည်ရမယ် ဆိုတာတောင် မလွယ်ကူပဲ ရှိနေသေးတာပဲ၊ အရှင် ကောဏ္ဍညမှ တပါးသော ပဉ္စဝဂ္ဂီ ရဟန်းလေးပါးဟာလဲ ဗုဒ္ဓမြတ်စွာဘုရားထံ ရဟန်းပြုဘို့ ဆုံးဖြတ်နိုင်ကြဟန် မတူသေးဘူး။
အရှင်ကောဏ္ဍညကတော့ ဘာ့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားထံမှာ ရဟန်းပြုဘို့ လျှောက်ထားတောင်းပန်ပါသလဲလို့ ဆိုတော့ အဲဒီလို လျှောက်ထားတောင်းပန် နိုင်ခြင်း၏ အကြောင်းတွေကို ဒိဋ္ဌဓမ္မော - အစရှိတဲ့ ဝိသေသန ဂုဏ်ပုဒ်တွေဖြင့် ပြထားပါတယ်။
ဒိဋ္ဌဓမ္မ စသော ဂုဏ်တို့နှင့် ပြည့်စုံပုံ
ဒိဋ္ဌဓမ္မော - သိမြင် အပ်ပြီးသော တရားရှိသောကြောင့်လဲ တောင်းပန်ပါတယ် - တဲ့။ သစ္စာလေးပါးထဲက နိရောဓသစ္စာ ဆိုတဲ့ နိဗ္ဗာန်တရားကိုလဲ မျက်မှောက်တွေ့လျက် သိမြင်ပြီးဖြစ်နေတယ်၊ အဲဒီ နိဗ္ဗာန် အငြိမ်းဓာတ်ကို သိမြင်ရတော့ ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ် သင်္ခါရတွေကိုလဲ ကြောက်စရာ ဆင်းရဲအနေနဲ့ မြင်တယ်၊
အဲဒီ ရုပ်နာမ် ဆင်းရဲတွေကိုပင် နှစ်သက်သာယာနေတဲ့ တဏှာကိုလဲ ဆင်းရဲ ဖြစ်ပွါးကြောင်း အစစ်အနေနဲ့ မြင်တယ်၊ သမ္မာဒိဋ္ဌိ - အမြင်မှန် အစရှိသော မဂ္ဂသစ္စာတရားကိုလဲ အငြိမ်းဓာတ်သို့ ဆိုက်ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန် အနေနဲ့ မြင်တယ်၊
အဲဒီလို သစ္စာလေးပါး တရားမှန်တွေကို ကိုယ်တိုင် တွေ့မြင်တော့ ဒီတရားတွေကို မြတ်စွာဘုရားဟာ အပြည့်အစုံ တွေ့မြင်ပြီး ဖြစ်တယ်ဆိုတာ ခိုင်ခိုင်မြဲမြဲကြီး ယုံကြည် သက်ဝင်တယ်၊ အဲဒီလို သက်ဝင် ယုံကြည်တာကို အဝေစ္စပ္ပသာဒ - ဉာဏ်ဖြင့် တရားကို သိပြီးတော့ ယုံကြည်တဲ့ သဒ္ဓါတရား ခေါ်တယ်၊
ဥပမာအားဖြင့် ဆေးကောင်းကို မှီဝဲရလို့ ရောဂါ ပျောက်တဲ့လူက ဆေးပေးတဲ့ ဆရာကြီးကို ဆရာကောင်းပဲလို့ သိပြီး ယုံကြည်တာ လိုပါပဲ၊ ဒါကြောင့် ဒိဋ္ဌဓမ္မော - သစ္စာ လေးပါးတရားကို ဘုရားဟောတဲ့အတိုင်း တွေ့မြင်ပြီး ဖြစ်သောကြောင့်လဲ ရဟန်းအဖြစ် လျှောက်တောင်းပါတယ် - တဲ့။
ဒိဋ္ဌ - တွေ့မြင်တယ် ဆိုတာကလဲ ဉာဏ်ဖြင့် တွေ့မြင်တာမဟုတ်ပဲ မျက်စိ စသည်ဖြင့် တွေ့မြင်တာလဲ ရှိတဲ့အတွက် ပတ္တဓမ္မော - ရောက်အပ်ပြီးသော တရားရှိသောကြောင့် လို့လဲ ထပ်ပြီးဖော်ပြထားပါတယ်၊ အဲဒီ ရောက်ဆိုတာကလဲ ဉာဏ်ဖြင့် ရောက်တာ မဟုတ်ပဲ အခြား ရောက်ခြင်းလဲ ရှိတဲ့အတွက် ဝိဒိတဓမ္မော - ထင်ရှား သိအပ်ပြီးသော တရားရှိသောကြောင့်လို့လဲ ထပ်ပြီးဖော်ပြ ပြန်ပါတယ်၊
အဲဒီ ထင်ရှားသိတာကလဲ တစိတ်တပိုင်းမျှ သိတာလဲ ရှိတဲ့အတွက် အကြွင်းမဲ့ ထင်ရှားသိတယ်လို့ သိစေရန် ပရိယောဂါဠှဓမ္မော - ထက်ဝန်းကျင်သက်ဝင်၍ သိအပ်ပြီးသော တရားရှိတယ်လို့လဲ ထပ်ပြီး ဖော်ပြပါသတဲ့၊ အဲဒါတွေဟာ ဟိုခေတ်က ပါဠိဘာသာစကားအရ စကားပရိယာယ် ကြွယ်ကြွယ်ဝဝနဲ့ ဖော်ပြတာ တွေပါပဲ။
အဲဒီလို အရိယသစ္စာ လေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့မြင်ဘို့ သိဘို့ရာ အလွန် အရေးကြီးပါတယ်၊ တရားမှန်ကို ကိုယ်တိုင် မသိရသေးယင် ဗုဒ္ဓဘာသာကို ယုံကြည်နေတယ်ဆိုပေမဲ့ ယုံမှားမှုက မကင်းသေးပဲ ရှိနေတတ်ပါတယ်၊
ယုံမှားဖြစ်လောက်တဲ့ အကြောင်းနဲ့ တွေ့တဲ့အခါ ဘုရား တရား သံဃာနဲ့ စပ်ပြီးတော့လဲ ယုံမှားဖြစ်တတ်တယ်၊ မိမိကျင့်နေတဲ့ သီလ သမာဓိ ပညာ အကျင့် သိက္ခာနဲ့ စပ်ပြီးတော့လဲ ယုံမှားဖြစ်တတ်တယ်။ တွေ့သင့်သမျှကို ကိုယ်တိုင် တွေ့ပြီး သိရယင်တော့ ယုံမှားမှုဟာ ကင်းတန်သမျှ ကင်းပါတယ်၊
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း မပြတ်ရှုမှတ်နေတဲ့ ယောဂီဟာ သမာဓိဉာဏ် အားရှိလာတဲ့ အခါကျတော့ မှတ်သိရတဲ့ရုပ်နဲ့ မှတ်သိတဲ့ စိတ်နာမ်ကို ခွဲခြားပြီးသိတယ်၊ အဲဒီကနောက် မျက်စိနဲ့ အဆင်းရှိလို့ မြင်သိမှုဖြစ်တယ် စသည်ဖြင့်လဲ ကိုယ်တိုင် တွေ့ပြီး သိရတယ်၊ သွားချင်လို့ သွားမှု ဖြစ်တယ် စသည်ဖြင့်လဲ သိရတယ်၊ ရှုမှတ်ပြီး မသိလို့ ကောင်းတယ်ထင်တယ်၊
ကောင်းတယ်ထင်လို့ သာယာနှစ်သက်တယ်၊ နှစ်သက်လို့ စွဲလမ်းတယ်၊ စွဲလမ်းလို့ မိမိအလိုပြည့်အောင် အားထုတ်ပြုလုပ်တယ် စသည်ဖြင့်လဲ ကိုယ်တိုင်တွေ့ပြီး သိရတယ်၊ ကံမကောင်းလို့ မကောင်းတာတွေကို တွေ့ရ ခံစားရတယ်၊ ကံကောင်းလို့ ကောင်းတာကို ခံစားရတယ် စသည်ဖြင့်လဲ သိရတယ်။ အဲဒီလောက် ကိုယ်တိုင်တွေ့ပြီး သဘောကျယင် အတ္တကောင် ရှိလေသလား၊ ဖန်ဆင်းသူ ရှိလေသလား စသည်ဖြင့် ယုံမှားမဖြစ်ပဲ ကင်းကွာ နိုင်ပါတယ်။
အဲဒီကနောက် ရှုမှတ်ရတဲ့ ရုပ်နာမ်တွေဟာ ရှုဆဲ ရှုဆဲမှာပင် ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို တွေ့ရတော့ မမြဲတာတွေချည်းပဲ၊ ကြောက်စရာဆင်းရဲတွေ ချည်းပဲ၊ အစိုးမရတဲ့, အတ္တကောင်မဟုတ်တဲ့ သဘောတရားမျှချည်းဘဲလို့ ရှုနေယင်းပင် သိမြင်သဘောကျလာတယ်။ အဲဒီလို ထူးထူးခြားခြား သိလာတဲ့အခါ “ဒီတရားကို ဟောခဲ့တဲ့ ဘုရားဟာ ကိုယ်တော်တိုင် တွေ့သိပြီး ဟောခဲ့တာပဲ၊ ဘုရားစစ် ဘုရားမှန်ပဲ၊ ဟောထားတဲ့ တရားဟာလဲ တရားစစ် တရားမှန်ပဲ၊
ဒီတရားကျင့်နေတဲ့ သံဃာဟာလဲ ကောင်းစွာကျင့်နေတဲ့ သံဃာမှန်ပဲ”လို့ ယုံကြည်မှု အားကောင်းလာတယ်။ အဲဒီကနောက် ရုပ်နာမ်သင်္ခါရ လုံးဝချုပ်ငြိမ်း ဆိတ်သုဉ်းတဲ့သဘောထဲသို့ ဆိုက်ရောက်သက်ဝင်သွားတယ်၊ အဲဒီအခါကျတော့ နိရောဓသစ္စာ နိဗ္ဗာန် အငြိမ်းဓာတ်ကို ကိုယ်တိုင်မျက်မှောက် တွေ့သိရတော့တာပဲ၊
အဲဒီအခါ ဒုက္ခကို ပိုင်းခြားသိခြင်း၊ သမုဒယကို ပယ်ခြင်း၊ မဂ္ဂကို မိမိသန္တာန်၌ ဖြစ်ပွါးစေခြင်းဆိုတဲ့ ကိစ္စပြီးသောအားဖြင့် ဒုက္ခ, သမုဒယ, မဂ္ဂဆိုတဲ့ ကျန်သစ္စာ သုံးပါးကိုလဲ သိရတယ်၊ အဲဒီလို သစ္စာလေးပါးကို သိသင့်တဲ့အတိုင်း သိရတဲ့အတွက် ဘုရား တရား သံဃာနှင့်စပ်သော ယုံကြည်မှုသဒ္ဓါဟာ မပျက်နိုင်လောက်အောင် ခိုင်မြဲသွားတယ်၊
သီလ သမာဓိ ပညာအကျင့် သိက္ခာနှင့်စပ်သော ယုံကြည်မှုဟာလဲ မပျက်နိုင် လောက်အောင် ခိုင်မြဲသွားတယ်၊ အဲဒီလို ကိုယ်တိုင်တွေ့သိပြီး ယုံကြည်မှု ခိုင်မြဲနေတဲ့ အတွက် ယုံမှားမှု ဝိစိကိစ္ဆာကို ကောင်းကောင်း လွန်မြောက်သွားတယ်။ အရှင် ကောဏ္ဍညလဲ သစ္စာလေးပါးကို ကိုယ်တိုင်တွေ့သိပြီး ယုံမှားကို လွန်မြောက်သွား ပါပြီတဲ့၊ ဒါကြောင့် တိဏ္ဏဝိစိကိစ္ဆော - ယုံမှားကို ကျော်လွန်ခဲ့ပြီးသောကြောင့်လဲ ဗုဒ္ဓမြတ်စွာဘုရားထံမှာ တပည့် ရဟန်းအဖြစ်ကို လျှောက်တောင်းပါတယ်တဲ့။
ယုံမှားမှု ဝိစိကိစ္ဆာကင်းယင် “ကထံ ကထံ - ဘယ်လိုပါလိမ့်မလဲ ဘယ်လိုပါလိမ့်မလဲ - ဘုရားအစစ် ဟုတ်လေသလား၊ မဟုတ်လေသလား” စသည်ဖြင့် တွေးတောမှုလဲ ကင်းတော့တာပါပဲ၊ ဒါကြောင့် ဝိဂတကထံကထော - သို့လော သို့လော တွေးတောမှု ကင်းသောကြောင့်လဲ လျှောက်ထားတောင်းပန်ပါတယ် တဲ့၊ ဒီ ၂ - ပုဒ်ကလဲ အနက်တူ စကား ပရိယာယ်ပါပဲ။
နောက်ပြီးတော့ -
သတ္ထု သာသနေ - ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်၌၊
ဝေသာရဇ္ဇပ္ပတ္တော - ဧကန် ဟုတ်မှန်တယ်ဆိုတဲ့ အသိဉာဏ်ဖြင့် ရဲရင့်ခြင်းသို့ ရောက်သောကြောင့်လဲ တောင်းပန်ပါတယ်တဲ့။
နောက်ပြီးတော့ -
အပရပ္ပစ္စယော - သူတပါးကို ပုံ၍ ယုံရတာမဟုတ်ပဲ ကိုယ်တိုင်ပင် သိနေသော ကြောင့်လဲ ဗုဒ္ဓမြတ်စွာဘုရားထံ၌ ရဟန်းအဖြစ်ကို တောင်းပန်ပါတယ်တဲ့။
လောကမှာ ဘာသာတရား ကိုးကွယ်နေကြတာဟာ ကိုယ်တိုင်မသိပဲ သူတပါးကို ယုံကြည်အားကိုးပြီး ကိုးကွယ်နေကြတာပဲ များပါတယ်၊ တချို့က သစ်ပင် တော တောင်က နတ်ကို ကိုးကွယ်နေကြတယ်၊ မိဘ ဘိုးဘွား ဆရာသ္မား အဆက်ဆက်က သူပြော လူပြောနဲ့ ကိုးကွယ်လာကြတယ်၊ ဘယ်သူမှ အဲဒီနတ်နဲ့ တွေ့ရတာလဲ မဟုတ်ဘူး၊
တချို့က သိကြား, ဗြဟ္မာ, ကောင်းကင်ဘုံက ဘုရားဆိုတာတွေကို ကိုးကွယ်ကြတယ်၊ ဘယ်သူမှ ကိုယ်တိုင်တွေ့ကြရတာ မဟုတ်ဘူး၊ မိဘဆရာတွေ ပြောတာကို ယုံကြည်ပြီး ကိုးကွယ်ကြရတာပဲ၊ ဗုဒ္ဓသာသနာဝင်တွေထဲမှာလဲ သိသင့် သိထိုက်တဲ့ တရားကို မသိရသေးယင်တော့ မိဘဆရာများကို အားကိုးပြီး ယုံကြည် ကိုးကွယ်နေကြရတာပါပဲ၊
သမထ ဝိပဿနာ ဘာဝနာအလုပ်ကို အားထုတ်လို့ အတော်အတန် ကိုယ်တွေ့ ရှိလာယင်တော့ ကိုယတွေ့အားဖြင့်လဲ ယုံကြည်အားကိုး ရပါတယ်၊ ဈာန်မဂ်ဖိုလ် တရားတွေကို ရနေယင်တော့ အဲဒီ ဈာန်မဂ်ဖိုလ်အရာမှာ သူတပါးအားကိုးပြီး ယုံရတာ မဟုတ်တော့ဘူး၊ ကိုယ်တိုင်သိ ဖြစ်နေပါတယ်။
စိတ္တသူကြွယ်နှင့် နာဋပုတ္တ
မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက စိတ္တဆိုတဲ့ အနာဂါမ် သူကြွယ်ကြီး တယောက် ရှိတယ်၊ တနေ့သောအခါမှာ အဲဒီ စိတ္တသူကြွယ်က နာဋပုတ္တဆိုတဲ့ နိဂဏ္ဌဂိုဏ်းဆရာကြီးထံ ရောက်သွားတယ်၊ နာဋပုတ္တ ဂိုဏ်းဆရာကြီးဆိုတာ ဂျိန်းဘာသာဝင်တွေ အထွတ်အမြတ် ဘုရားအဖြစ်နဲ့ ကိုးကွယ်နေကြတဲ့ မဟာဝီရ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ၊ သူက ဗုဒ္ဓမြတ်စွာဘုရားမပွင့်ခင်ကတည်းက ထင်ရှားနေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။
အဲဒီ နာဋပုတ္တဆရာကြီးက “ဘယ့်နှယ်လဲ စိတ္တသူကြွယ် … သင်တို့၏ဆရာ ဂေါတမ - က ဝိတက် ဝိစာရကင်းတဲ့ ဈာန် သမာဓိရှိတယ်လို့ဆိုတယ်၊ ယုံရဲ့လား”လို့ မေးတယ်။ ဒီတော့ စိတ္တသူကြွယ်က “ဝိတက် ဝိစာရကင်းတဲ့ဈာန် သမာဓိ ရှိတယ်ဆိုတဲ့ ဒီအရာမှာ ဗုဒ္ဓမြတ်စွာဘုရားကို ယုံကြည်လို့ အသိအမှတ် ပြုရတာ မဟုတ်ပါဘူး”လို့ ပြန်ကြားလိုက်တယ်။
ဒီတော့ နာဋပုတ္တဆရာကြီးက “စိတ္တသူကြွယ်ဟာ ဗုဒ္ဓမြတ်စွာဘုရားကို မယုံကြည်ဘူး လို့ ပြောတယ်” ထင်သွားတယ်၊ ဒါကြောင့် သူက “ဟေ့ တပည့်တို့ ကြည့်ကြစမ်း၊ ဒီ စိတ္တသူကြွယ်ဟာ အလွန်ရိုးသားဖြောင့်မတ်တယ်၊ သူမယုံတာကို မယုံဘူးလို့ပဲ ပြောတယ်၊
ယုံစရာလဲမကောင်းဘူး၊ လေကိုပိုက်နဲ့ ထောင်ဖမ်းယင် မဖြစ်နိုင်တာလို ဂင်္ဂါမြစ်ရေကို လက်သီးလက်ဝါးနဲ့တားယင် မဖြစ်နိုင်တာလို ဝိတက် ဝိစာရတို့ကို ချုပ်ကင်းအောင် မလုပ်နိုင်ပါဘူး”လို့ သူ့တပည့် ပရိသတ်တွေကို ပြောကြားလိုက်တယ်။
ဒီတော့ စိတ္တသူကြွယ်က “အရှင် နာဋပုတ္တဆရာကြီး, သိတာနဲ့ ယုံတာ ဘယ်ဟာက သာပြီး မြင့်မြတ်ပါသလဲ”လို့ မေးလိုက်တယ်၊ သိတာက ယုံတာထက် သာပြီး မြင့်မြတ်တယ်လို့ ဆရာကြီးက ဖြေတယ်။ ဒီတော့ စိတ္တသူကြွယ်က “အရှင် ဆရာကြီး, ကျွန်ုပ်ဟာ ဘယ်အချိန်မဆို အလိုရှိတဲ့အခါမှာ ဝိတက် ဝိစာရရှိတဲ့ ပဌမဈာန်ကိုလဲ ဝင်စားနိုင်ပါတယ်၊ ဝိတက် ဝိစာရကင်းတဲ့ ဒုတိယဈာန်ကိုလဲ ဝင်စားနိုင်ပါတယ်၊ ပီတိကင်းတဲ့ တတိယဈာန်ကိုလဲ ဝင်စားနိုင်ပါတယ်၊ သုခကင်းတဲ့ စတုတ္ထဈာန်ကိုလဲ ဝင်စားနိုင်ပါတယ်၊
ဒီလို ဝိတက် ဝိစာရကင်းတဲ့ဈာန်သမာဓိကို ကိုယ်တိုင်တွေ့ သိ မြင်နေပါလျက် ဝိတက် ဝိစာရကင်းတဲ့ ဈာန်သမာဓိ ရှိတယ် - ဆိုတဲ့ ဒီအရာမှာ တခြားရဟန်းသူမြတ်ကို အားကိုးပြီး ယုံကြည်ဘို့ လိုပါဦးမလား”လို့ ပြန်လည် ချေပလိုက်ပါတယ်။
ဒီဝတ္ထုထဲမှာ ဝိတက် ဝိစာရကင်းတဲ့ ဈာန်သမာဓိကို ကိုယ်တိုင်တွေ့သိနေတဲ့ စိတ္တသူကြွယ်မှာ သူတပါးကိုပုံ၍ ယုံကြည်စရာမလိုဘူး၊ ကိုယ်တိုင်ပဲ သိနေပါတယ် ဆိုတာလိုပဲ သစ္စာလေးပါးတရားကို ကိုယ်တိုင်တွေ့အားဖြင့် သိနေတဲ့ အရှင် ကောဏ္ဍညဟာ မြတ်စွာဘုရား၏ မဂ္ဂင်ရှစ်ပါး, သီလ သမာဓိ ပညာဆိုတဲ့ အဆုံးအမ သာသနာတွေနှင့်စပ်ပြီးတော့ သူတပါးကို အားကိုးပြီး ယုံကြည်ရတာ မဟုတ်တော့ဘူး၊
ဒါကြောင့် အပရပ္ပစ္စယော - အားကိုးယုံကြည်စရာ သူတပါးရှိ, သူတပါးကို ပုံ၍ယုံကြည် ရတာမဟုတ်ပဲ ကိုယ်တိုင်ပင် သိနေပြီဖြစ်သောကြောင့်လဲ ဗုဒ္ဓမြတ်စွာဘုရားထံ၌ တပည့်ရဟန်း အဖြစ်ကို လျှောက်တောင်းပါတယ်တဲ့၊ အလွန် ကြည်ညိုစရာ ကောင်းတာပဲ၊ အဲဒီ ပါဠိ၏ အနက်ကို အပြည့်အစုံ ရွတ်ပြဦးမယ်။
အင်မတန် ကြည်ညိုစရာကောင်းတယ်
အထ ခေါ - မြတ်စွာဘုရား ဥဒါန်းကျူးပြီးသော ထိုအခါ၌၊
အာယသ္မာ အညာသိကောဏ္ဍညော - အရှင်အညာသိ ကောဏ္ဍညသည်၊
ဒိဋ္ဌဓမ္မော - သိမြင်အပ်ပြီးသော တရားရှိသည်ဖြစ်၍၊
ဝါ - သစ္စာလေးပါးတရားကို သိမြင်ပြီးသည်ဖြစ်၍၊
ပတ္တဓမ္မော - ရောက်အပ် ရအပ်ပြီးသောတရား ရှိသည်ဖြစ်၍၊
ဝါ - သစ္စာလေးပါးတရားကို ရောက်ပြီး ရပြီးသည်ဖြစ်၍၊
ဝိဒိတဓမ္မော - ထင်ရှားသိအပ်ပြီးသော တရားရှိသည်ဖြစ်၍၊
ဝါ - သစ္စာလေးပါးတရားကို ထင်ရှားသိပြီးသည်ဖြစ်၍၊
ပရိယောဂါဠှ ဓမ္မော - ထက်ဝန်းကျင် အပြည့်အစုံသက်ဝင်၍ သိအပ်ပြီးသော တရား ရှိသည်ဖြစ်၍၊
ဝါ - သစ္စာလေးပါးတရားကို အပြည့်အစုံ သက်ဝင် သိမြင်ပြီးသည်ဖြစ်၍၊
တိဏ္ဏဝိစိကိစ္ဆော - ကျော်လွန်ပြီးသော ယုံမှားရှိသည်ဖြစ်၍၊
ဝါ - ယုံမှားကို ကျော်လွန်ပြီးသည် ဖြစ်၍၊
ဝိဂတကထံကထော - သို့လော သို့လော တွေးတောမှုကင်းပြီးသည်ဖြစ်၍၊
သတ္ထု သာသနေ - မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်၌၊
ဝေသာရဇ္ဇပ္ပတ္တော - ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍၊
(ဘာ့ကြောင့် ဘာသာပြောင်းရသလဲ စသည်ဖြင့် သူတပါးက မေးမြန်းမှာစသည်ကို ကြောက်ရွံ့ခြင်း မရှိပဲ ရဲရဲရင့်ရင့် ဖြစ်နေသောကြောင့် - လို့ ဆိုလိုပါတယ်)
အပရပ္ပစ္စယော - သူတပါးကို အားကိုး၍ ယုံရသည်မဟုတ်ပဲ ကိုယ်တိုင်ပင် သိနေပြီဖြစ်၍၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊
လဘေယျံ ဥပသမ္ပဒန္တိ - မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရလိုပါသည် အရှင်ဘုရား - ဟူသော၊
ဧတံ - ဤလျှောက်တောင်းသော စကားကို၊
အဝေါစ - လျှောက်ထားလေသည် - တဲ့။
အဲဒီမှာ သံဂါယနာတင်မထေရ်မြတ်တို့က အရှင်ကောဏ္ဍည၏ ရဟန်းအဖြစ် လျှောက်ရာမှာ အကြောင်းလဲဖြစ်တဲ့ ဂုဏ်တွေကို ဒိဋ္ဌဓမ္မော ပတ္တဓမ္မော စသည်ဖြင့် ဖော်ပြထားတာ အင်မတန်ကြည်ညိုစရာ ကောင်းတယ်၊ တရားသဘော သိလေလော ကြည်ညိုစရာကောင်းလေလေပဲ။ အဲဒီလို အရှင်ကောဏ္ဍည - က လျှောက်ထား တောင်းပန်တဲ့အခါ မြတ်စွာဘုရားက ဒီလို မိန့်ခေါ်တော်မူ၍ ရဟန်းပြုပေး တော်မူပါတယ်။
ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ
▬▬▬▬▬▬▬▬
“ဧဟိ ဘိက္ခူ “တိ ဘဂဝါ အဝေါစ “သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ”တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။
ဘိက္ခု - ရဟန်း၊
ဧဟိ - ငါ၏ သာသနာသို့ လာခဲ့လော့၊
ဣတိ - ဤသို့ ရှေးဦးစွာ မိန့်ခေါ်တော်မူပြီးလျှင်၊
ဓမ္မော - တရားကို၊
သွာက္ခာတော - ကောင်းစွာ ဟောထားအပ်ပြီ၊
သမ္မာ ဒုက္ခဿ အန္တကိရိယာယ - ဆင်းရဲ၏မှန်စွာ ကုန်ဆုံးခြင်းကို ပြုရန်အလို့ငှါ၊
ဗြဟ္မစရိယံ - မြတ်သော သီလ သမာဓိ ပညာအကျင့်ကို၊
စရ - ကျင့်လှည့်ပါလော့၊
ဣတိ - ဤသို့၊
ဘဂဝါ အဝေါစ - မြတ်စွာဘုရားက မိန့်တော်မူလေသည်။
သာ ဧဝ - ထိုသို့ဧဟိ ဘိက္ခု - ဟု မိန့်ခေါ်တော်မူခြင်းသည်သာလျှင်၊
တဿအာယသ္မတော - ထိုအရှင်အညာသိကောဏ္ဍည၏၊
ဥပသမ္ပဒါ - ရဟန်းအဖြစ်သည်၊
ဝါ - ရဟန်းဖြစ်ကြောင်း ရဟန်းပြုပေးခြင်းသည်၊
အဟောသိ - ဖြစ်လေပြီ၊
ဣတိ - ဤတွင်တရပ် အပြီးသတ်သတည်း။
အရှင်အညာသိကောဏ္ဍညဟာ မူလကလဲ ရသေ့ရဟန်းပါပဲ၊ ဒါပေမဲ့ မြတ်စွာဘုရား၏ တပည့် သာသနာဝင် ရဟန်းတော့ မဟုတ်သေးဘူး၊ ဒါကြောင့် သာသနာဝင် ရဟန်းအဖြစ်ကို လျှောက်တောင်းတာပါပဲ။
အဲဒီတော့ မြတ်စွာဘုရားက ဧဟိဘိက္ခု - လို့ ခေါ်တော်မူပြီး ရဟန်းပြုပေး တော်မူတယ်၊ သာသနာဝင်ရဟန်းအဖြစ် အသိအမှတ် ပြုတော်မူတာပါပဲ၊ အဲဒီလို ဧဟိဘိက္ခု - ခေါ်တော်မူပြီး သာသနာဝင် ရဟန်းအဖြစ်ကို အသိအမှန် ပြုတော်မူ လိုက်တာနဲ့ အရှင်အညာသိကောဏ္ဍညဟာ ဘုရားတပည့် သာသနာဝင် ရဟန်း အဖြစ်သို့ ရောက်တော်မူပါတယ်။ .
တရားဦးနာရ၍ တရားထူးရသူများ
▬▬▬▬▬▬▬▬▬▬▬▬
အဲဒီ ဓမ္မစကြာတရားဦးကို ဟောတော်မူစဉ်တုန်းက လူသားထဲမှ တရားဦးနာရတာ ပဉ္စဝဂ္ဂီငါးပါးသာရှိတယ်၊ တရားထူးရတာကတော့ အဲဒီငါးပါးထဲက အရှင် အညာသိကောဏ္ဍည တပါးတည်းပဲ။ ဗြဟ္မာတွေကတော့ ၁၈ - ကုဋေ တရားထူးကို ရသွားကြတယ်၊ ကာမာဝစရ နတ်တွေကတော့ အရေအတွက် အပိုင်းအခြားမရှိ များစွာပင် တရားထူး ရသွားကြပါသတဲ့၊ ဒါကြောင့် မိလိန္ဒပဥှာပါဠိမှာ ဒီလို ပြဆိုထားပါတယ်။
အဋ္ဌာရသ ဗြဟ္မကောဋိယော - ၁၈ - ကုဋေသော ဗြဟ္မာတို့သည်၎င်း၊
အပရိမာဏာ စ ဒေဝတာယော - အတိုင်းမသိ များစွာသော နတ်တို့သည်၎င်း၊
အဘိသမိံ သု - တရားထူးကို တွေ့သိကြလေကုန်ပြီ။
(မိလိန္ဒ နှာ - ၃၃၁)
အဲဒီတုန်းက အရှင်အညာသိကောဏ္ဍည တပါးတည်းသာ ဘုရားတပည့် ရဟန်းအဖြစ်သို့ ဝင်ရောက်ခဲ့တယ်၊ ပဉ္စဝဂ္ဂီ ငါးပါးထဲမှ ကျန်တဲ့အရှင်ဝပ္ပ အရှင်ဘဒ္ဒိယ အရှင်မဟာနာမ် အရှင်အဿဇိဆိုတဲ့ လေးပါးကတော့ ဘုရားတပည့်သာသနာဝင် ရဟန်းအဖြစ်ကို မလျှောက်တောင်းကြသေးဘူး၊
ဘာကြောင့်လဲဆိုတော့ သူတို့မှာ အရှင်အညာသိကောဏ္ဍညလို ဒိဋ္ဌဓမ္မအစရှိတဲ့ ကိုယ်တိုင်တွေ့အသိဉာဏ် မပြည့်စုံသေးလို့ ဗုဒ္ဓသာသနာတော်နှင့်စပ်ပြီး ရဲရင့်ခြင်း တထစ်ချ ယုံကြည်ခြင်းဆိုတဲ့ ဂုဏ်များ လိုနေသေးလို့ပါပဲ၊ သို့သော် ဓမ္မစကြာ တရားတော်ကို ကြားနာရလို့ သုတမယအနေအားဖြင့် ယုံကြည်မှုသဒ္ဓါကတော့ ဖြစ်နေပါပြီ၊
ဒါကြောင့် အဲဒီ လေးပါးဟာလဲ အဲဒီ တရားနာပြီးတဲ့အချိန်ကစပြီး ဗုဒ္ဓမြတ်စွာဘုရား၏ ဆုံးမ ညွှန်ကြားချက်အတိုင်း ကျင့်သုံးအားထုတ် နေကြပါတယ်၊ အဲဒီလို အားထုတ်ပုံနှင့် တရားသိမြင်ပုံ စသည်ကို ဝိနည်းမဟာဝဂ္ဂ ပါဠိစသည်မှာ ဒီလို ပြဆိုထားပါတယ်။ .
အားထုတ်ပြီးမှ တရားထူးရကြပုံ
▬▬▬▬▬▬▬▬▬▬▬▬
အထခေါ - အရှင်အညာသိကောဏ္ဍညကို ဧဟိဘိက္ခု ရဟန်းပြုပေးပြီးသော ထိုအခါ၌၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
တဒဝသေသေ ဘိက္ခူ - ထိုအရှင်အညာသိကောဏ္ဍညမှ ကြွင်းသောလေးပါးသော ရဟန်းတို့ကို၊
ဓမ္မိယာ ကထာယ - တရားစကားဖြင့်၊
ဩဝဒိ အနုသာသိ - ဆုံးမညွှန်ကြားတော်မူလေသည်။
အထ ခေါ - ထိုသို့ ဆုံးမညွှန်ကြားသောအခါ၌၊
ဘဂဝတာ - မြတ်စွာဘုရားက၊
ဩဝဒိယမာနာနံ အနုသာသိယမာနာနံ - ဆုံးမညွှန်ကြားအပ်ကုန်သည်ဖြစ်၍၊
ဝါ - ဆုံးမညွှန်ကြားအပ်ကုန်သောကြောင့် ကျင့်သုံးအားထုတ်ကြသော၊
အာယသ္မတော စ ဝပ္ပဿ - အရှင်ဝပ္ပအား၎င်း၊
အာယသ္မတော စ ဘဒ္ဒိယဿ - အရှင်ဘဒ္ဒိယအား၎င်း၊
ဝိရဇံ - မြူကင်းသော၊
ဝီတမလံ - အညစ်အကြေးကင်းသော၊
ဓမ္မစက္ခုံ - သောတာပတ္တိဉာဏ်ဟူသော တရားမျက်စိသည်၊
“ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ - ဖြစ်ခြင်းသဘောရှိသမျှ ထိုတရားအားလုံးသည် ချုပ်ခြင်းသဘော ရှိသည်ချည်းသာ”ဟု သိမြင်လျက်၊
ဥဒပါဒိ - ဖြစ်ပေါ်ခဲ့လေပြီ။
အဲဒီလို တရားမျက်စိပွင့်ပြီး သောတာပန်ဖြစ်ကြပြီးတဲ့အခါ အဲဒီ အရှင်ဝပ္ပနှင့် အရှင် ဘဒ္ဒိယတို့က မြတ်စွာဘုရားထံ ရဟန်းအဖြစ် တောင်းပန်ကြတယ်၊ မြတ်စွာဘုရားက ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူတယ်ဆိုတဲ့ အကြောင်းများကိုလဲ ပြပြီးတော့ ဝိနည်းမဟာဝဂ္ဂပါဠိတော်မှာ ဒီလိုလဲ ဆက်ပြီး ပြတော်မူပါတယ်။ .
သာသနာအဦးအစက အချိုးတကျ အားထုတ်ပုံနှင့် စောင့်ရှောက်ပုံ
အထ ခေါ - အရှင်ဝပ္ပနှင့် အရှင်ဘဒ္ဒိယတို့ကို ဧဟိဘိက္ခုရဟန်းပြုပေးပြီးသော ထိုအခါ၌၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
တဒဝသေသေ ဘိက္ခူ - ထိုမှကြွင်းသော အရှင်မဟာနာမ်နှင့် အရှင်အဿဇိ ရဟန်းတို့ကို၊
နီဟာရဘတ္တော - ကိုယ်တော်တိုင် ဆွမ်းခံမကြွတော့ပဲ ဆောင်လာသည့် ဆွမ်းကို သုံးဆောင်လျက်၊
ဓမ္မိယာ ကထာယ - တရားစကားဖြင့်၊
ဩဝဒိအနုသာသိ - ဆုံးမညွှန်ကြားတော်မူလေသည်၊
တယော ဘိက္ခူ ပိဏ္ဍာယစရိတွာ - သုံးပါးသော ရဟန်းတို့သည် ဆွမ်းခံသွားကုန်၍၊
ယံ အာဟရန္တိ - အကြင်ဆွမ်းကို ဆောင်ယူလာကုန်၏၊
တေန - ထိုဆွမ်းဖြင့်၊
ဆဗ္ဗဂ္ဂေါ - ဘုရားရှင်နှင့်တကွ ၆ - ပါးအစုသည်၊
ယာပေတိ - မှီဝဲလျက် မျှတနေ၏၊
အထ ခေါ - ထိုအခါ၌၊
ဘဂဝတာဓမ္ပိယာ ကထာယ ဩဝဒိယမာနာနံ အနုသာသိယမာနာနံ - မြတ်စွာဘုရားက တရားစကားဖြင့် ဆုံးမညွှန်ကြားအပ်ကုန်သည်ဖြစ်၍၊
ဝါ - ဆုံးမညွှန်ကြားအပ်ကုန်သောကြောင့် ကျင့်သုံး အားထုတ်ကြသော၊
အာယသ္မတော စ မဟာနာမဿ - အရှင်မဟာနာမ်အား၎င်း၊
အာယသ္မတော စ အဿဇိဿ - အရှင်အဿဇိအား၎င်း၊
ဝိရဇံ - မြူကင်းသော၊
ဝီတမလံ - အညစ်အကြေးကင်းသော၊
ဓမ္မစက္ခုံ - ပညာမျက်စိသည်၊
“ယံကိဥ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ - ဖြစ်ခြင်းသဘောရှိသမျှ ထို တရား အားလုံးစုံသည် ချုပ်ခြင်းသဘော ရှိသည်ချည်းသာ”ဟု သိမြင်လျက်၊
ဥဒပါဒိ - ဖြစ်ပေါ်ခဲ့လေပြီ၊
တေ - ထိုအရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့သည်၊
ဒိဋ္ဌဓမ္မာ ပတ္တဓမ္မာ ဝိဒိတဓမ္မာ - မြင်အပ်ရောက်အပ် - ထင်ရှားသိအပ်ပြီးသော တရား ရှိကြသည်ဖြစ်၍၊
ပရိယောဂါဠှဓမ္မာ - အပြည့်အစုံသက်ဝင်အပ်ပြီးသော တရားရှိကြသည်ဖြစ်၍
တိဏ္ဏဝိစိကိစ္ဆာ - ကျော်လွန် အပ်ပြီးသော ယုံမှားရှိကြသည်ဖြစ်၍၊
ဝိဂတကထံကထာ - သို့လော သို့လောတွေးတောမှု ကင်းကြပြီးသည်ဖြစ်၍၊
ဝေသာရဇ္ဇပ္ပတ္တာ အပရပ္ပစ္စယာ သတ္ထု သာသနေ - မြတ်စွာဘုရား၏ သာသနာ၌ သူတပါးကို အားမကိုးပဲ ကိုယ်တိုင်ပင် သိမြင်ကြပြီးသည်ဖြစ်၍ ရဲရင့်ခြင်းသို့ ရောက်ကြလျက်၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
လဘေယျာမ မယံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျာမ ဥပသမ္ပဒန္တိ - မြတ်စွာဘုရားထံ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို တပည့်တော်တို့ ရလိုကြပါသည်” ဟူသော၊
ဧတံ - ဤတောင်းပန်စကားကို၊
အဝေါစုံ - လျှောက်ထားကြလေကုန်ပြီ၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
ဧထ ဘိက္ခဝေါတိ - ရဟန်းတို့ ငါ့သာသနာသို့ လာခဲ့ကြဟု မိန့်ခေါ်တော်မူပြီးလျှင်၊
သွာက္ခာတော ဓမ္မော - တရားကို ကောင်းစွာ ဟောထားအပ်ပြီ၊
သမ္မာ ဒုက္ခဿ အန္တကိရိယာယ - ဆင်းရဲ၏ မှန်စွာကုန်ခြင်းကို ပြုရန်အလို့ငှါ ၊
စရထ - ကျင့်လှည့်ကြလော့၊
ဣတိ - ဤသို့၊
အဝေါစ - မိန့်တော်မူလေသည်၊
သာဝ သာဧဝ - ထိုသို့ မိန့်ခေါ်တော်မူခြင်းသည်သာလျှင်၊
တေသံ အာယသ္မန္တာနံ - ထိုအရှင်မဟာနာမ် အရှင်အဿဇိတို့၏၊
ဥပသမ္ပဒါ - ရဟန်းအဖြစ်သည်၊
အဟောသိ - ဖြစ်ခဲ့ပါသတည်း။
ဒါက ဝိနည်းမဟာဝဂ္ဂပါဠိတော်မှာ ပြဆိုထားတဲ့ စကားပါပဲ။ ဒီပါဠိမှာ ၂ - ပါးတစုံ ၂ - ပါးတစုံ တရားအားထုတ်ပြီး ပေါက်ရောက်ပုံကို ပြထားတယ်၊ သူ့အဖွင့် အဋ္ဌကထာ မှာတော့ တပါးချင်း တရားထူးရပုံကို ဒီလို ပြထားပါတယ်။
ဝပ္ပတ္ထေရဿ - ဝပ္ပထေရ်အား၊
ပါဋိပဒဒိဝသေ - ဝါဆိုလဆုတ်တရက်နေ့၌၊
ဓမ္မစက္ခုံ - တရားမျက်စိသည်၊
ဥဒပါဒိ - ဖြစ်ပေါ်ခဲ့ပေသည်၊
ဘဒ္ဒိယတ္ထေရဿ - ဘဒ္ဒိယထေရ်အား၊
ဒုတိယဒိဝသေ - ၂ ရက်နေ့၌၊
မဟာနာမတ္ထေရဿ - မဟာနာမ်ထေရ်အား၊
တတိယဒိဝသေ - ၃ ရက်နေ့၌၊
အဿဇိတ္ထေရဿ - အဿဇိထေရ်အား၊
စတုတ္ထိယံ - ၄ ရက်နေ့၌ တရားမျက်စိ ဖြစ်ပေါ်ခဲ့ပေသည်၊
ဣတိ - ဤသို့ သိအပ်၏။
စ ပန - ထို့ပြင် မှတ်ဖွယ်အထူးကား၊
ဣမေသံ ဘိက္ခူနံ - ဤ လေးပါးသော ရဟန်းတို့၏၊
ကမ္မဋ္ဌာနေသု - ကမ္မဋ္ဌာန်းတို့၌၊
ဥပ္ပန္နမလဝိသောဓနတ္ထံ - ဖြစ်ပေါ်သည့် အညစ်အကြေး အရှုပ်အထွေးကို သုတ်သင်ရန် အတွက်၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
အန္တော ဝိဟာရေယေဝ - ဆွမ်းခံမကြွပဲ ကျောင်းတိုက် အတွင်း၌သာလျှင်၊
အဟောသိ - အသင့်ရှိနေပေသည်၊
ဥပ္ပန္နေ ဥပ္ပန္နေ ကမ္မဋ္ဌာနမလေ - ကမ္မဋ္ဌာန်း၏ အညစ်အကြေး ဖြစ်တိုင်း ဖြစ်တိုင်း၊
အာကာသေန ဂန္တွာ - ကောင်းကင်ဖြင့် ကြွသွား၍၊
မလံ ဝိနောဒေတိ - အညစ်အကြေး အပြစ်ကို ပယ်ဖျောက်တော်မူ၏၊
ပက္ခဿ ပန ပဉ္စမိယံ - လဆုတ် ၅ ရက်နေ့၌မူကား၊
သဗ္ဗေတေ - ထိုငါးပါးလုံးတို့ကို၊
အန္နိပါတေတွာ - စုဝေးစေ၍၊
အနတ္တသုတ္တေန - အနတ္တလက္ခဏသုတ်ဖြင့်၊
ဩဝဒိ - ဆုံးမတော်မူလေသည် - တဲ့။
အဲဒါက ဝိနည်းအဋ္ဌကထာမှာ ပြဆိုထားတဲ့ စကားပါပဲ၊ အဲဒီမှာ ကျောင်းတိုက်ထဲ၌ အသင့် ရှိနေတယ် ဆိုတာဟာ နီဟာရဘတ္တော - ဆိုတဲ့ ပါဠိအရ ပြတဲ့စကားပါပဲ။ အထူးသတိပြုစရာကတော့ ကောင်းကင်ဖြင့် ကြွသွားပြီး အညစ်အကြေးကို ပယ်ဖျောက်ပြုပြင်ပေးတယ် ဆိုတာပါပဲ၊ အရေးကြီးလို့အမြန်ကြွတဲ့ သဘောပါပဲ။ အဲဒါကို ထောက်ဆကြည့်ယင် ယခုအခါလဲ ကမ္မဋ္ဌာန်းဆရာက တပည့်ယောဂီတို့အား အမြဲစောင့်ကြပ်ပြီး ပြုပြင်ပေးနိုင်ယင် သာပြီးကောင်းတယ်ဆိုတာ သတိပြုဘို့ပါပဲ။
မူလပဏ္ဏာသ ပါသရာသိသုတ် (နှာ ၂၂၉) မှာလဲ ဒီလို ပြထားပါတယ်။
ဘိက္ခဝေ - ရဟန်းတို့၊
ဒွေပိ ဘိက္ခူ - ၂ပါးသော ရဟန်းတို့ကိုလည်း၊
သြဝဒါမိ - ဆုံးမညွှန်ကြား၏၊
တယော ဘိက္ခူ - သုံးပါးသော ရဟန်းတို့သည်၊
ပိဏ္ဍာယ စရန္တိ - ဆွမ်းခံသွားကုန်၏၊
တယော ဘိက္ခူ ပိဏ္ဍာယ စရိတွာ - သုံးပါးသော ရဟန်းတို့ ဆွမ်းခံသွားကြပြီးလျှင်၊
ယံ အာဟရန္တိ - အကြင်ဆွမ်းကို ဆောင်ယူလာကုန်၏၊
တေန - ထိုဆွမ်းဖြင့်၊
ဆဗ္ဗဂ္ဂိယာ - ၆ - ပါးအစုရှိသော ငါတို့သည်၊
ယာပေမ - မျှတနေကြ၏၊
ဘိက္ခဝေ - ရဟန်းတို့၊
တယောပိ ဘိက္ခူ - သုံးပါးသော ရဟန်းတို့ကိုလည်း၊
ဩဝဒါမိ - ဆုံးမညွှန်ကြား၏၊
ဒွေ ဘိက္ခူပိဏ္ဍာယ စရန္တိ - ၂ - ပါးသော ရဟန်းတို့ ဆွမ်းခံသွားကြကုန်၏၊
ဒွေ ဘိက္ခူ ပိဏ္ဍာယစရိတွာ - ၂ပါးသော ရဟန်းတို့ ဆွမ်းခံသွားကြပြီးလျှင်၊
ယံ အာဟရန္တိ - အကြင်ဆွမ်းကို ဆောင်ယူလာကုန်၏၊
တေန - ထိုဆွမ်းဖြင့်၊
ဆဗ္ဗဂ္ဂိယာ - ၆ - ပါး အစုရှိသော ငါတို့သည်၊
ယာပေမ - မျှတနေကြ၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အထ ခေါ - ထိုအခါ၌၊
မယာ ဧဝံ ဩဝဒိယမာနာ ဧဝံ အနုသာသိယမာနာ - ယခုပြောခဲ့သည့် အတိုင်း ငါဘုရားက ဆုံးမညွှန်ကြားအပ်ကုန်သည်ဖြစ်၍၊
ဝါ - ငါဘုရား၏ ဆုံးမညွှန်ကြားချက်အတိုင်း ကျင့်ကြကုန်သည်ဖြစ်၍၊
ပဉ္စဝဂ္ဂိယာ ဘိက္ခူ - ပဉ္စဝဂ္ဂီ ရဟန်းတို့သည်၊
အတ္တနာဇာတိဓမ္မာသမာနာ - မိမိကိုယ်တိုင် ဘဝအသစ် ဖြစ်ခြင်းသဘော ရှိကြကုန်သည်ဖြစ်၍၊
ဇာတိဓမ္မေ အာဒီနဝံ ဝိဒိတွာ - ဘဝအသစ်ဖြစ်ခြင်း၌ အပြစ်မြင်ကုန်၍၊
အဇာတံ အနုတ္တရံ ယောဂက္ေမံ နိဗ္ဗာနံ - ဘဝအသစ်ဖြစ်ခြင်း ကင်းသော ယောဂကုန်ရာ အမြတ်ဆုံး နိဗ္ဗာန်ကို၊
ပရိယေသမာနာ - ရှာမှီးကြိုးကုတ် အားထုတ်ကြကုန်လျက်၊
အဇာတံ အနုတ္တရံ ယောဂက္ေမံ နိဗ္ဗာနံအဇ္ဈဂမံသု - ဘဝအသစ်ဖြစ်ခြင်း ကင်းသော ယောဂကုန်ရာအမြတ်ဆုံးနိဗ္ဗာန်ကို ရကြလေပြီ -
စသည်ဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်ကြကြောင်း မြတ်စွာဘုရားက ဖော်ပြထား တော်မူပါတယ်။
အဲဒီ သုတ်၏ အဋ္ဌကထာမှာ ဖွင့်ပြထားပုံကတော့ -
ဒွေပိသုဒံ ဘိက္ခဝေ ဘိက္ခူ ဩဝဒါမီတိအာဒိ - ဩဝဒါမိ အစရှိသော စကားသည်၊
ပါဋိပဒဒိဝသတော ပဋ္ဌာယ - ဝါဆိုလဆုတ် ၁ - ရက်နေ့မှ စ၍၊
ပိဏ္ဍပါတတ္ထာယပိ - ဆွမ်းအကျိုးငှါသော်လည်း၊
ဂါမံ အပ္ပဝိသနတ္ထံ - ရွာသို့ မဝင်ရန်အတွက်၊
ဝုတ္တံ - မိန့်ဆို ဟောကြားအပ်သည့် စကားပေတည်း၊
ဟိ - ချဲ့၍ ပြရလျှင်၊
တေသံ ဘိက္ခူနံ - အရှင်ဝပ္ပစသော ထိုရဟန်းတို့၏၊
ကမ္မဋ္ဌာနေသု - ကမ္မဋ္ဌာန်းတို့၌၊
ဥပ္ပန္နမလဝိသောဓနတ္ထံ - ဖြစ်ပေါ်သည့် အညစ်အကြေးအပြစ်ကို သုတ်သင်ပြုပြင် ပေးရန် အလို့ငှါ၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
အန္တောဝိဟာရေယေဝ - ကျောင်းတိုက် အတွင်း၌သာလျှင်၊
အဟောသိ - အသင့်ရှိနေပေသည်၊
ဥပ္ပန္နေ ဥပ္ပန္နေ ကမ္မဋ္ဌာနမလေ - ကမ္မဋ္ဌာန်း၏ အညစ်အကြေး အရှုပ်အထွေး ဖြစ်တိုင်း ဖြစ်တိုင်း၊
တေပိ ဘိက္ခူ - ထိုရဟန်းတို့သည်လည်း၊
ဘဂဝတော သန္တိကံ ဂန္တွာ - ဘုရားထံသို့ သွားကြ၍၊
ပုစ္ဆန္တိ - မေးလျှောက်ကုန်၏၊
ဘဂဝါပိ - မြတ်စွာဘုရားသည်လည်း၊
တေသံ နိသိန္နဋ္ဌာနံ ဂန္တွာ - ထိုရဟန်းတို့၏ ထိုင်နေရာဌာနသို့ ကြွသွားတော်မူ၍၊
မလံ - အညစ်အကြေး အရှုပ်အထွေးကို၊
ဝိနောဒေတိ - ပယ်ရှင်းပေးတော်မူ၏၊
အထ - ထိုအခါ၌၊
ဘဂဝတာ ဧဝံ နီဟဋဘတ္ေန ဩဝဒိယမာနာနံ - ဆွမ်းခံမသွားရပဲ ဆောင်ယူ လာခဲ့သော ဆွမ်းဖြင့် မြတ်စွာဘုရားက ဤသို့ ပြဆိုခဲ့သည့်အတိုင်း ဆုံးမ ညွှန်ကြားအပ်ကုန်သော၊
နေသံ - ထို ရဟန်းတို့တွင်၊
ဝပ္ပတ္ေရာ - ဝပ္ပထေရ်သည်၊
ပါဋိပဒဒိဝသေ - ဝါဆိုလဆုတ် ၁ - ရက်နေ့၌၊
သောတာပန္နော အဟောသိ - သောတာပန် ဖြစ်တော်မူလေသည်။
ဘဒ္ဒိယတ္ေရာ - ဘဒ္ဒိယထေရ်သည်၊
ဒုတိယာယံ - ၂ - ရက်နေ့၌၊
မဟာနာမတ္ေရာ - မဟာနာမ် ထေရ်သည်၊
တတိယာယံ - ၃ရက်နေ့၌၊
အဿဇိတ္ေရာ - အဿဇိထေရ်သည်၊
စတုတ္ထိယံ - ၄ရက်နေ့၌ သောတာပန် ဖြစ်တော်မူလေသည်၊
ပက္ခဿ ပနပဉ္စမိယံ - လဆုတ် ၅ - ရက်နေ့၌မူကား၊
သဗ္ဗေဝ တေ - ထို ပဉ္စဝဂ္ဂီရဟန်း ၅ - ပါးလုံးတို့ကိုပင်လျှင်၊
ဧကတော သန္နိပါတေတွာ - တပေါင်းတည်း စုဝေးစေ၍၊
အနတ္တ လက္ခဏသုတ္တံ - အနတ္တလက္ခဏသုတ် တရားကို၊
ကထေသိ - ဟောကြားတော်မူလေသည်၊
သုတ္တပရိယောသာနေ - သုတ်တရား၏ အဆုံး၌၊
သဗ္ဗေပိ - အားလုံးတို့ပင်၊
အရဟတ္တဖလေ - အရဟတ္တဖိုလ်၌၊
ပတိဋ္ဌဟိံ သု တည်ကြလေကုန်ပြီ။ .
နာရုံနဲ့မဖြစ် အားထုတ်မှ ဖြစ်သည်
▬▬▬▬▬▬▬▬▬▬▬▬
ဒါက ပါသရာသိသုတ်၏ အဖွင့်အဋ္ဌကထာမှာ ပြဆိုထားတဲ့စကားပါပဲ၊ ဝိနည်း ပါဠိနဲ့ သုတ်ပါဠိများမှာတော့ ၂ - ပါး တစု ၂ - ပါးတစု ပေါင်းပြီး အကျဉ်းပြတယ်၊ အဋ္ဌကထာများမှာတော့ တပါးချင်း တရက်စီ သောတာပန် ဖြစ်ပုံကို အသေးစိတ် ခွဲပြတယ်၊ ဒါလောက်ပဲ ကွဲပြားချက် ရှိပါတယ်၊
တရားနာရုံမျှတွင် မဟုတ်ပဲ တရားအားထုတ်ပြီးမှ သောတာပန် ဖြစ်ပုံ၊ ဆွမ်းခံတောင်မသွားပဲ နေ့ရော ညဉ့်ပါ မပြတ်အားထုတ်ပုံ၊ မြတ်စွာဘုရားကလဲ ဟောကြား ပြုပြင်ပေးရန် ကျောင်းတိုက် ထဲမှာပင် အမြဲရှိနေပုံ - ဒီအချက်တွေကတော့ အားလုံးတညီတည်း တမျိုးတည်းပါပဲ။
ဒါကြောင့် အရှင်ဝပ္ပဟာ လပြည့်နေ့ ညဉ့်ဦးမှစ၍ အားထုတ်တယ်၊ လဆုတ် ၁ - ရက်နေ့ကျမှ သောတာပန်ဖြစ်တယ်၊ အဲဒါဟာ မြတ်စွာဘုရား ဆုံးမညွှန်ကြားတဲ့ အတိုင်း အားထုတ်လို့ သောတာပန် ဖြစ်တာပဲ၊ တရားနာရုံနဲ့ ဖြစ်တာမဟုတ်ဘူး။
အရှင်ဘဒ္ဒိယက ၂ - ရက်လောက် အားထုတ်ပြီး လဆုတ် ၂ - ရက်နေ့ကျမှ သောတာပန်ဖြစ်တယ်။ အရှင်မဟာနာမ်က ၃ - ရက်လောက် အားထုတ်ပြီး လဆုတ် ၃ - ရက်နေ့ကျမှ သောတာပန်ဖြစ်တယ်။ အရှင်အဿဇိကတော့ ၄ - ရက်လောက် အားထုတ်ပြီး လဆုတ် ၄ - ရက်နေ့ ကျမှ သောတာပန် ဖြစ်တတ်၊ တရားနာရုံနဲ့ ဖြစ်တာမဟုတ်ဘူး၊
မြတ်စွာဘုရားက ကြပ်ကြပ်မမ ဆုံးမပြုပြင် ပေးတဲ့အတိုင်း ကြိုးကြိုးစားစား မပြတ် ရှုမှတ်ပွါးများ အားထုတ်ကြလို့ သောတာပန်ဖြစ်ကြတယ် ဆိုတာ အလွန်ပင် ထင်ရှားနေပါတယ်။
နောက်ပြီးတော့ အဲဒီ အရှင်ဝပ္ပ အစရှိတဲ့ ပဉ္စဝဂ္ဂီ ရဟန်းတွေဟာ သာမာန်ပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး၊ ဘုရားအလောင်းတော် ဖွားမြင်တော်မူစက နိမိတ်လက္ခဏာဖတ်တဲ့ မင်းဆရာ ပုဏ္ဏားတော်တွေလို့လဲ ဆိုပါတယ်၊ အချို့ အဋ္ဌကထာအရအားဖြင့် အဲဒီ ပုဏ္ဏားတော်တွေရဲ့ သားတွေလို့လဲ ဆိုပါတယ်။
ဘုရားအလောင်း ငယ်ရွယ်စဉ်ကပဲ သူတို့က တောထွက်ပြီး ရဟန်းပြုနေနှင့်ကြတဲ့ ပုဂ္ဂိုလ်ထူးတွေလဲ ဖြစ်ကြပါတယ်၊ မြတ်စွာဘုရား ဟောတဲ့တရားကို သုတမယ အနေအားဖြင့် ဆိုယင်တော့ အလွယ်တကူနဲ့ သိနားလည်နိုင်မည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်၊ တရားနာရုံ သဘောကျရုံနဲ့သာ သောတာပန်ဖြစ်နိုင်တယ် ဆိုယင် အဲဒီ အရှင်ဝပ္ပ စသည်တို့ဟာ ၁ - ရက် ၂ - ရက်စသည် ခဲခဲယဉ်းယဉ်းအားထုတ်ဖို့ လိုမယ်မဟုတ်ပါဘူး၊ မြတ်စွာဘုရားကလဲ သုတို့ကို ပင်ပန်းအောင် အားထုတ်ခိုင်းမှာ မဟုတ်ပါဘူး၊
တကြိမ်ဟောရုံနဲ့ သောတာပန် မဖြစ်သေးယင် ၂ - ကြိမ်ထပ်ပြီး ဟောဖွယ်ရှိပါတယ်၊ ၂ - ကြိမ်နဲ့ မဖြစ်သေးယင်လဲ ၃ - ကြိမ် စသည်ဖြင့် ထပ်ထပ်ပြီး ဟောဖွယ်ရှိပါတယ်၊ သို့ဖြစ်ပါလျက် အဲဒီလို မဟောပဲ ဘာ့ကြောင့် တရားအားထုတ် ခိုင်းရသလဲဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။
စဉ်းစားကြည့်ယင် အားထုတ်မှ သောတာပန်ဖြစ်မည့် နေယျပုဂ္ဂိုလ်များ ဖြစ်တဲ့အတွက် မြတ်စွာဘုရားက အားထုတ်ရန် ဆုံးမညွှန်ကြားတယ် ဆိုတာ ထင်ရှား ပေါ်လာပါတယ်။
ဒါကြောင့် ယခုနေအခါမှာ “သောတာပန် ဖြစ်ရန်လောက်တော့ သမထဝိပဿနာကို အားထုတ်ဖို့ မလိုဘူး၊ ဆရာပြောတဲ့အတိုင်း သဘောကျယင် သိနားလည်ယင် ကိစ္စပြီးတယ်” စသည်ဖြင့် သမထဝိပဿနာ ဘာဝနာအလုပ်ကို အားမထုတ် ချင်အောင် ပိတ်ပင် ဟောပြောနေတဲ့ ဝါဒဟာ အခြေအမြစ်မရှိတဲ့ ဝါဒ, ပဋိပတ္တိ သာသနာဖျက် ဝါဒပဲ ဆိုတာ ခိုင်ခိုင်မြဲမြဲ မှတ်ထားကြရမယ်။ “အဲဒီလို ဝါဒကို ယုံကြည်လိုက်နာနေယင်လဲ နိဗ္ဗာန်လမ်း ပိတ်သွားမယ်” ဆိုတာကို စွဲစွဲမြဲမြဲ မှတ်ထားကြရမယ်။ .
အရှင်ဝပ္ပ စသည်တို့ အားထုတ်ပုံ
▬▬▬▬▬▬▬▬▬▬▬▬
အရှင်ဝပ္ပအစရှိတဲ့ ပဉ္စဝဂ္ဂီ ၄ - ပါးတို့ဟာ ဘယ်လိုအားထုတ်ကြပါသလဲဆိုယင်၊ ဒီဓမ္မစကြာတရားထဲမှာ ဟောပြထားတဲ့အတိုင်း မဂ္ဂင်ရှစ်ပါးကို မိမိတို့ သန္တာန်မှာ ဖြစ်ပွါးစေပြီး အားထုတ်ကြတာပေါ့၊
မဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေချင်ယင် မိမိသန္တာန်မှာ မပြတ်ဖြစ်နေတဲ့ မြင်မှု ကြားမှု အစရှိသော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား တွေကို ပိုင်းခြား သိနိုင်အောင် မပြတ်ရှုနေရတယ် စသည်ဖြင့် ရှေးက အကျယ် ပြဆိုခဲ့တဲ့အတိုင်း ရှုမှတ်ပွါးများ အားထုတ်ကြကြောင်း ထင်ရှားပါတယ်။
ဖြစ်ဆဲ ရုပ်နာမ်ကို မပြတ်ရှုနေတဲ့ ယောဂီမှာ ရှုခါစဆိုယင် ကာမဝိတက် အစရှိတဲ့ စိတ်ကူး ကြံစည်မှု အရှုပ်တွေလဲ ဖြစ်တတ်သေးတာပဲ၊ အထူးအားဖြင့် သုတများတဲ့ သူတွေမှာ ဟုတ် - မဟုတ် ဝေဘန်စဉ်းစာပြီး ယုံမှားမှု ဝိစိကိစ္ဆာတွေလဲ ဖြစ်တတ်တယ်၊
ကိုယ်ထဲက အခံခက်တဲ့ ဒုက္ခ ဝေဒနာတွေလဲ တချို့ပုဂ္ဂိုလ်မှာ အလွန်အကဲ ဖြစ်တတ်တယ်၊ ထူးခြားတဲ့ အာရုံနိမိတ်တွေကို မြင်ပြီး အထင်ကြီး တတာတွေလဲ ဖြစ်တတ်တယ်၊ တစုံတယောက်က နားနားမှာ လာပြောနေသလို အထင် ရောက်နေတာလဲ ဖြစ်တတ်တယ်၊
ထိုင်းမှိုင်း ပျင်းရိပြီး စိတ်ဓာတ်ကျနေတာလဲ ဖြစ်တတ်တယ်၊ သဒ္ဒါနှင့် ပညာ, သမာဓိနှင့် ဝီရိယ စသည်တို့ မညီမျှတဲ့အတွက် တရား မတက်နိုင်ပဲ ဖြစ်နေတာလဲ တွေ့ရတတ်တယ်၊ စူးစူးစိုက်စိုက် မရှုလို့ သမာဓိဉာဏ်မဖြစ်ပဲ ရှိနေတာလဲ တွေ့ရတတ်တယ်၊
ဥဒယဗ္ဗယဉာဏ်ရောက်တဲ့ အခါကျတော့ အရောင်အလင်း ပီတိ သုခ သတိဉာဏ်အထူး စသည်ကို တွေ့ရပြီး အထင်ကြီးတာကတော့ အများအားဖြင့် တွေ့ရတတ်တာပဲ၊ အဲဒီလို ကမ္မဋ္ဌာန်း အညစ်အကြေး အရှုပ်အထွေးတွေကို တွေ့ရတဲ့အခါ ကမ္မဋ္ဌာန်းဆရာက ရှင်းလင်းပြုပြင်ပေးဘို့ လိုပါတယ်၊
ပြုပြင်ပေးမည့် ဆရာမရှိယင် အကျိုးမဲ့ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အရှင်ဝပ္ပ - စသည်တို့ တရားအားထုတ်နေတဲ့အခါ မြတ်စွာဘုရားက ဆွမ်းခံတောင် မကြွပဲ အသင့်စောင့်ပြီး ရှင်းလင်းပြုပြင်ပေး နေတာပါပဲ။
အဲဒီလို မြတ်စွာဘုရားက ပြုပြင်ပေးတဲ့အတွက် အရှင်ဝပ္ပဟာ တရက်လောက် အားထုတ်ရုံနဲ့ သောတာပတ္တိ မဂ်ဖိုလ်ဉာဏ်များကို ရသွားတယ်၊ အဲဒီအခါ သစ္စာလေးပါးတရားကို ကိုယ်တိုင်တွေ့အားဖြင့် သိမြင်ရတဲ့အတွက် ဒိဋ္ဌဓမ္မ အစရှိသော ဂုဏ်ထူးများနဲ့ ပြည့်စုံသွားတယ်၊
ဒီလို တရားမှန်ကို ကိုယ်တိုင်တွေ့ သိမြင်ရတော့ ဘုရား အဆုံးအမ သာသနာတော်နှင့် စပ်ပြီး ယုံမှားဘွယ် ကင်းသွားတယ်၊ သာသနာနဲ့ စပ်ပြီးဘယ်သူက ဘယ်လိုလဲ မေးမေး ဖြေရှင်းဘို့ရန် ကြောက်စရာမရှိတော့ဘူး၊ ရဲရင့်တယ်၊ ဒါကြောင့် မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို လျှောက်တောင်းတယ်၊ မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်ပြီး ရဟန်းပြုပေးတော်မူတယ်။
အရှင်ဘဒ္ဒိယ အရှင်မဟာနာမ် အရှင်အဿဇိ တို့လဲ သောတာပတ္တိ မဂ်ဖိုလ်ဉာဏ် များကို ရပြီးတော့ ယုံမှားကင်းလျက် ရဲရင့်ခြင်းသို့ ရောက်တဲ့အတွက် လဆုတ် ၂ - ရက်၊ ၃ - ရက်၊ ၄ - ရက်နေ့များမှာ အသီးအသီး ရဟန်း အဖြစ်ကို လျှောက် တောင်းကြတယ်၊ မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူပြီး ရဟန်း ပြုပေးတော်မူပါတယ်။
ဝါဆိုလဆုတ် ၅ - ရက်နေ့မှာတော့ ပဉ္စဝဂ္ဂီ ရဟန်းတော်အားလုံးကို စုဝေးစေပြီးတော့ မြတ်စွာဘုရားက အနတ္တလက္ခဏသုတ် တရားတော်ကို ဟောကြားတော်မူတယ်၊ အဲဒီအခါမှာ တရားနာနေကြယင်း ဥပါဒါနက္ခန္ဓာ ငါးပါးကို ရှုလျက် ဝိပဿနာ မဂ္ဂင်တရားတွေကို ပွါးစေသဖြင့် ငါးပါးလုံးပင် အရဟတ္တမဂ်ဖိုလ်သို့ ရောက်တော်မူကြပြီး ရဟန္တာ ဖြစ်တော်မူကြပါတယ် - တဲ့။ ဒါကြောင့် - .
ဘုရားရှင်နှင့်တကွ ရဟန္တာမြတ် ၆ - ပါး
▬▬▬▬▬▬▬▬▬▬▬▬
တေန ခေါ ပန သမယေန ဆ လောကေ အရဟန္တောဟောန္တိ -
လို့ သံဂါ ယနာတင် အရှင်မြတ်များက ဝိနည်းမဟာဝဂ္ဂ ပါဠိတော်မှာ မှတ်တမ်း တင်ထားတော်မူခဲ့ကြပါတယ်။
တေန ခေါ ပန သမယေန - အနတ္တလက္ခဏသုတ် တရားတော်ကို ဟောကြားတော်မူပြီးသော ထိုအခါ၌၊
လောကေ - လူ့ပြည်လောက၌၊
ဆ - မြတ်စွာဘုရားနှင့်တကွ ၆ - ပါးကုန်သော၊
အရဟန္တော - ရဟန္တာအရှင်မြတ်တို့သည်၊
ဟောန္တိ - မဖြစ်စဖူး အထူး ဖြစ်ပေါ်လျက် ရှိကြပါသတည်း - တဲ့။
အဲဒီ ရဟန္တာ အရှင်မြတ်ကြီးများကို အာရုံပြု ပူဇော်ပြီးတော့ ဒီဓမ္မစကြာ တရားတော်ကြီးကို အပြီးသတ်ကြရအောင် လိုက်ဆိုကြ။
လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၁ - ခုနှစ် ဝါဆိုလဆုတ် ၅ - ရက်နေ့က ဗာရာဏသီမြို့ အနီး မိဂဒါဝုန်တောအရပ်၌ ကိလေသာကုန်ခန်း၍ ရဟန္တာ ဖြစ်လျက် သီတင်းသုံး စံနေတော်မူခဲ့ကြသော ဗုဒ္ဓမြတ်စွာ ဘုရားနှင့်တကွ ပဉ္စဝဂ္ဂီငါးပါး ရဟန္တာအရှင်မြတ် များကို ဘုရားတပည့်တော်တို့သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ကြပါ၏ အရှင်ဘုရား။ .
မဟာနိဂုံးချုပ် တရားသိမ်းပတ္ထနာ
▬▬▬▬▬▬▬▬▬▬▬▬
၁၃၂၄ - ခုနှစ် တော်သလင်း လကွယ်နေ့မှစ၍ နှောင်းတန်ခူးလပြည့်နေ့အထိ ရှစ်ကြိမ်တိုင်တိုင် အကျယ်ဖွင့်ပြ ဟောကြားခဲ့သော ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ခေါ် ဓမ္မစကြာတရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် တရားနာပရိသတ်အပေါင်း သူတော်ကောင်း တို့သည် ကာမသုခလ္လိကာနုယောဂ ဟူသော လျော့လွန်းသော အဖို့အစွန်းနှင့် အတ္တကိလမထာနုယောဂဟူသော တင်းလွန်းသော အဖို့အစွန်းတို့ကို ကြဉ်ရှောင် စွန့်ပယ်ကြပြီးလျှင် မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းအကျင့်ဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါးတရားတို့ကို ဖြစ်ပွါးစေသဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း ဟူသော ပရိညာပဋိဝေဓ ပရိညာဘိသမယကို၎င်း၊ သမုဒယသစ္စာကို ပယ်ခြင်းဟူသော ပဟာနပဋိဝေဓ ပဟာနာဘိသမယကို၎င်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကိရိယာပဋိဝေဓ သစ္ဆိကိရိယာဘိသမယကို၎င်း၊ မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွါးစေခြင်းဟူသော ဘာဝနာပဋိဝေဓ ဘာဝနာဘိသမယကို၎င်း ပြီးစေနိုင်ကြသည် ဖြစ်၍ ဆင်းရဲ ခပ်သိမ်းငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ။
သာဓု.....၊သာဓု.....၊သာဓု.....။
ဓမ္မစကြာတရားတော်ကြီး အဋ္ဌမပိုင်း ပြီးပြီ။
ဓမ္မစကြာတရားတော်ကြီး ဤတွင် ပြီးပြီ။
……
ဓမ္မစက္ကပ္ပဝတ္တနခေါ် ဓမ္မစကြာသုတ် ပါဠိတော်
(ဆဋ္ဌသံဂါယနာမူ)
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။
ဓမ္မစကြာ အမွှမ်း
ဘိက္ခူနံ ပဉ္စဝဂ္ဂိနံ၊ ဣသိပတန နာမကေ။ မိဂဒါယေ ဓမ္မဝရံ၊ ယံ တံနိဗ္ဗာနပါပကံ။ သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော။ စတုသစ္စံ ပကာသေန္တော၊ လောကနာထော အဒေသယိ။ နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိ သာဓကံ။
သဗ္ဗလောက ဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမ ဟေ။
ဓမ္မစကြာသုတ် နိဒါန်း
ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ။
ဓမ္မစကြာသုတ် ဒေသနာတော်
အဖို့အစွန်း (၂) ပါး ရဟန်းများ မမှီဝဲသင့်
ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊
ယော စာယံ အတ္ထကိလမထာ နုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းအကျင့်နှင့်အကျိုး
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခု ကရဏီ ဉာဏ ကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ၊ အဘိညာယ၊ သမ္ဗောဓာယ၊ နိဗ္ဗာနာယ သံဝတ္တတိ။
အရိယမဂ္ဂင် ရှစ်ပါး
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ၊ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဒုက္ခသစ္စာ သရုပ်ပြ မူမှန်ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
သမုဒယသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဘဝိကာ နန္ဒီရာဂ သဟဂတာ တတြာတတြာ ဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
နိရောဓသစ္စာ
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿာ ယေ ဝ တဏှာယ အသေသ ဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခံ အရိယသစ္စန္တိမေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဒုက္ခသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
သမုဒယသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခသမုဒယော အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
သမုဒယသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခသမုဒယော အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
သမုဒယသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခသမုဒယော အရိယသစ္စံ ပဟီနန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
နိရောဓသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခ နိရောဓော အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
နိရောဓသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
နိရောဓသစ္စာ၌ ကတဉာဏ်
တံ ခေါပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသုဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
မဂ္ဂသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
မဂ္ဂသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ
ယာဝ ကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယ သစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝ မနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ေါတိ ပစ္စညာသိံ။
ဘုရားအဖြစ် ဝန်ခံတော်မူပုံ
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခေ၀ သဒေဝကေ လောကေ၊ သမာရကေ သဗြဟ္မကေ သဿမဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ေါတိ ပစ္စညာသိံ။
နိဂုံးချုပ် စကားတော်
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ "အကုပ္ပါ မေ ဝိမုတ္တိ၊ အယ မန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ" တိ။
သံဂါယနာ မှတ်တမ်း
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
အရှင်ကောဏ္ဍည တရားထူးရပုံကို သံဂါယနာတင် မထေရ်မြတ်တို့က မှတ်တမ်းတင်
ဣမသ္မိံ စ ပန ဝေယျာ ကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ "ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မ"န္တိ။
နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ
ပဝတ္တိ တေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိ ဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ" တိ။
ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာ ရာဇိကာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
တာဝတိံသာနံ ဒေဝါနံ သဒ္ဒံသုတွာ ယာမာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
တုသိတာနံ ဒေဝါနံ သဒ္ဒံသုတွာ နိမ္မာနရတိ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
နိမ္မာနရတိနံ ဒေဝါနံ သဒ္ဒံသုတွာ ပရ နိမ္မိတ ဝသဝတ္တီ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ပရ နိမ္မိတ ဝသဝတ္တီနံ ဒေဝါနံသဒ္ဒံသုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိ ဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။
မြေငလျင်လှုပ်ခြင်းနှင့် အလင်းရောင် ဖြစ်ပေါ်လာပုံ
အယဉ္စ ဒသသဟဿိ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ၊ အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါ နုဘာဝန္တိ။
မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ
အထခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ "အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော"တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ “အညာသိ ကောဏ္ဍညော” တွေဝ နာမံ အဟောသီတိ။
အရှင်အညာသိကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ
အထ ခေါ အာယသ္မာ အညာသိ ကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ "လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ"န္တိ။
ဧဟိဘိက္ခု ရဟန်းအဖြစ်ရပုံ
"ဧဟိ ဘိက္ခူ" တိ ဘဂဝါ အဝေါစ “သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ”တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ နိဋ္ဌိတံ။