ဓမ္မစကြာနှင့် ဝိပဿနာတရားတော်-ဒု
အခန်း (၁၁)
နာမ်ကမ္မဋ္ဌာန်းပိုင်း
ရုပ်တရားကို သိမ်းဆည်းပြီးတဲ့ ပုဂ္ဂိုလ်ဟာ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရပါတယ်။ ဒီနာမ်တရားတွေကို နာမကာယလို့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးက ခေါ်ဝေါ်သုံးစွဲထားပါတယ်။ (ပဋိသံ-၁၈၀) နာမ်တရားတို့ရဲ့ အပေါင်းအစုကို နာမကာယလို့ ခေါ်ပါတယ်။ ရုပ်တရား နာမ်တရားတွေဟာ သင်္ခတပရမတ်တရားတို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း အုပ်စုအလိုက်သာ ဖြစ်နိုင် တဲ့အတွက် ဖြစ်ရိုးဓမ္မတာလည်း ရှိတဲ့အတွက် နာမ်တရားတွေကို နာမကာယ လို့ ခေါ်ဆိုပါတယ်။ ဒီနာမ်တရားတွေကို ရှုတဲ့အပိုင်းမှာ စျာန်နာမ်တရား တွေကို ရှုတဲ့အပိုင်းက တစ်ပိုင်း, ကာမာဝစရနာမ်တရားတွေကို ရှုတဲ့အပိုင်းက တစ်ပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဒီနာမ်တရားရှုကွက်နှင့် ပတ်သက်လို့ မြတ်စွာဘုရားရှင်ရဲ့ ညွှန်ကြားချက်တစ်ခုကို ပုံစံတစ်ခုအဖြစ်နှင့် ရှေးဦးစွာ နာကြည့်ကြရအောင် -
အာဒိတ္တပရိယာယသုတ္တန် ကောက်နုတ်ချက်
ဣတိ စက္ခု အနိစ္စံ၊ ရူပါ အနိစ္စာ၊ စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ တမ္ပိ အနိစ္စံ။ (သံ၊၂၊၃၇၈။)
၁။ စက္ခု အနိစ္စ,
၂။ ရူပါရုံ အနိစ္စ,
၃။ စက္ခုဝိညာဏ် အနိစ္စ,
၄။ စက္ခုသမ္ဖဿ အနိစ္စ,
၅။ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော သုခ, ဒုက္ခ, ဥပေက္ခာဝေဒနာလည်း အနိစ္စ။
ဒီလို ဝိပဿနာရှုရန် ဘုရားရှင်က ညွှန်ကြားထားတော်မူပါတယ်။ ဒီ နေရာမှာ စက္ခုသမ္ဖဿ ဆိုတာကတော့ စက္ခုဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်တဲ့ ဖဿကို စက္ခုသမ္ဖဿလို့ ဆိုလိုပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။) စက္ခုသမ္ဖဿပစ္စယာ ဝေဒနာဆိုတာကတော့ စက္ခုသမ္ဖဿကို မူလအကြောင်းခံ၍ ဖြစ်ပေါ် လာတဲ့ စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံတို့နှင့် ယှဉ်တဲ့ ဝေဒနာအားလုံးကိုပဲ ရည်ညွှန်းထားပါတယ်။ (မ၊ဋ္ဌ၊၁၊၂၂၆။ သံ၊ဋ္ဌ၊၂၊၁၅။ သံ၊ဋ္ဌ၊၃၊၅။)
ဒီအထက်ပါ အာဒိတ္တပရိယာယသုတ္တန်မှာ ဘုရားရှင် ညွှန်ကြားထား တော်မူတဲ့ ဝိပဿနာရှုကွက်ကို ကြည့်လိုက်လျှင် စက္ခုဒွါရနာမ်တရားတွေကို ရှုလိုတဲ့ ယောဂါဝစရရဟန်းသည် -
၁။ စက္ခုအကြည်ဓာတ်ဆိုတဲ့ မှီရာဝတ္ထုရုပ်,
၂။ ရူပါရုံဆိုတဲ့ အာရုံရုပ်ကို
ရှေးဦးစွာ သိမ်းဆည်းထားစေလိုတဲ့ ရည်ရွယ်ချက်, ရှေးဦးစွာ ဝိပဿနာ ရှုစေလိုတဲ့ ရည်ရွယ်ချက် ရှိတော်မူတယ်လို့ သိနိုင်ပါတယ်။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်ကို ပူးတွဲသိမ်းဆည်းပြီးပါမှ နာမ်တရားများကို ရှုတဲ့အခါ -
၁။ စက္ခုဝိညာဏ်
၂။ စက္ခုသမ္ဖဿ
၃။ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ -
ဒီလို နာမ်တရားတွေကို ရှုဖို့ရန် ညွှန်ကြားထားတော်မူပါတယ်။ ကျန် (၅)ဒွါရတို့ကိုလည်း ပုံစံတူပဲ ညွှန်ကြားထားတော်မူပါတယ်။ တစ်ဖန် ရာဟုလောဝါဒသုတ္တန် (သံ၊၂၊၃၂၄။) မှာတော့ ဘုရားရှင်က ရှင်ရာဟုလာအား ညွှန်ကြားတော်မူရာဝယ် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာပိုင်း စသည်မှာ-
ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ ...
စသည်ဖြင့် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿဆိုတဲ့ ဖဿ (၆)မျိုးကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြတဲ့ ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း, ဇော, တဒါရုံတို့အခိုက်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တရားအပေါင်းတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြား ထားတော်မူပါတယ်။ ဤသို့သော ညွှန်ကြားတော်မူချက်များကို ဦးထိပ်ရွက် ပန်ဆင်လျက် အဋ္ဌကထာကြီးများက နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ဖော်ပြရာ၌ အထူးသဖြင့် ကာမာဝစရနာမ်တရားများရဲ့ ရှုကွက်ကို ရေးသားဖွင့်ဆိုရာ၌ ဒီလို ဖွင့်ဆိုထားကြပါတယ်။
---
နာမ်ကမ္မဋ္ဌာန်းကို ရှုသင့်သူ
ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)
နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းထားပြီး = ဉာဏ်ဖြင့်ပိုင်းခြားယူထားပြီး ဖြစ်ရမယ်။ အကြောင်းကတော့ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းထားပြီးတဲ့ ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာသာလျှင် နာမ်တရားတွေဟာ -
၁။ ဖဿကစ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,
၂။ ဝေဒနာကစ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,
၃။ အသိစိတ် ဝိညာဏ်ကစ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,
ဒီလို နာမ်တရားတို့ကို သိမ်းဆည်းပုံ သိမ်းဆည်းနည်း နည်းစနစ် သုံးမျိုး တို့တွင် တစ်မျိုးမျိုးသော အကြောင်းအခြင်းအရာအားဖြင့် နာမ်တရားတွေဟာ ထင်ရှားလာနိုင်တဲ့အတွက်ကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးတဲ့ ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် နာမ်တရားတို့ကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လ ပယောဂကို ပြုသင့်ပြုထိုက်တယ်။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးတဲ့ပုဂ္ဂိုလ်, ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိ သေးတဲ့ ပုဂ္ဂိုလ်ဟာ နာမ်တရားကို သိမ်းဆည်းဖို့ရန် မကြိုးစားသင့်ဘူး။ ကြိုးစားခဲ့လျှင် ဘာအပြစ်တွေ ဖြစ်နိုင်သလဲလို့တော့ မေးစရာရှိတယ်။
တွန်းကန်လှုပ်ရှားနေတဲ့ ဝါယောဓာတ်လို ရုပ်တရား တစ်လုံးလောက်ကို သိရုံနှင့် သို့မဟုတ် တွန်းကန်လှုပ်ရှားနေတဲ့ ဝါယောဓာတ်နှင့် ပူမှု-အေးမှုဆိုတဲ့ တေဇောဓာတ်၊ ဒီရုပ်ဓာတ် နှစ်လုံးလောက်သိရုံနှင့် ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို စွန့်ပယ်လိုက်ကာ သို့မဟုတ် ရပ်ဆိုင်းလိုက်ကာ နာမ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး သိမ်းဆည်းရှုပွားခဲ့မယ်ဆိုလျှင် ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်တယ်။ပထဝီကသိုဏ်းကို ဖွင့်ဆိုခဲ့တဲ့အပိုင်းတွင် တင်ပြခဲ့တဲ့ တောင်မှာကျက်စား နေတဲ့ မလိမ္မာတဲ့ နွားမိုက်မလို ပျက်စီးတတ်တယ်။
ဒါကြောင့် သင့်လျော်တဲ့နည်းလမ်းကို ပြောရမယ်ဆိုလျှင် ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးပါမှ နာမ်တရားကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်တဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာတော့ မိမိ အားထုတ်နေတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းဟာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်တဲ့ အဆင့်သို့တိုင်အောင် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြော ခြင်းသို့ ရောက်ရှိနိုင်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၇။) ဒီအဆုံးအဖြတ်ကတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာရဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။
မဇ္ဈိမနိကာယ် မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၈၀။), ဒီဃနိကာယ် သက္ကပဥှသုတ္တန် အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၃၁၄။)တို့ကလည်း အဓိပ္ပါယ်တူ စကားလုံးတို့ဖြင့် -
သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ ... (မ၊ဋ္ဌ၊၁၊၂၈၀။ ဒီ၊ဋ္ဌ၊၂၊၃၁၄။)
နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုတဲ့ ယောဂီပုဂ္ဂိုလ်သည် အကျဉ်းနည်း အားဖြင့်သော်လည်းကောင်း, အကျယ်နည်းအားဖြင့်သော်လည်းကောင်း ရုပ်တရားကို သိမ်းဆည်းထားပြီးဖြစ်ရမည် - စသည်ဖြင့် စည်းကမ်းသတ်မှတ် ချက်များကို ချမှတ်ပေးထားကြပါတယ်။
---
အကြောင်းပြချက်များ
ဘာကြောင့် ဒီလို ညွှန်ကြားရသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ ဒီ နာမ်တရားတို့ရဲ့ သက်တမ်းဟာ အလွန်တိုတောင်းပါတယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဆိုတဲ့ အချိန်ကာလကို ကုဋေတစ်သိန်း လောက်ပုံလျှင် တစ်ပုံလောက်သာ သက်တမ်းရှိကြတယ်။ ဒီလောက် သက်တမ်းတိုနေတဲ့ နာမ်တရားတွေကို သိမ်းဆည်းချင်တယ် ရှုချင်တယ်ဆိုလျှင် ယင်းနာမ်တရားတို့ ဖြစ်တဲ့နေရာက စောင့်ပြီး ရှုမှ တွေ့မြင်နိုင်ပါတယ်။ စိတ်နှင့်စေတသိက် နှစ်ခုပေါင်းကို နာမ်တရားလို့ ခေါ်ပါတယ်။ စိတ်နှင့် စေတသိက်တို့ဟာ စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်းမှာ အနည်းဆုံး (၈)လုံး ပေါင်းမိပါမှ ဖြစ်နိုင်တဲ့စွမ်းအား ရှိကြတယ်။
အာနာပါနပထမစျာန်ဇောတို့လို စျာန်နာမ်တရား ဖြစ်မယ်ဆိုလျှင် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်းမှာ စိတ်စေတသိက် နာမ်တရားစုတွေဟာ (၃၄)လုံးအထိ ရှိတတ်ပါတယ်။ ဒီလို အုပ်စုအလိုက် အလွန် လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို သေသေချာချာ ဝိပဿနာဉာဏ်နှင့် မြင်ချင်တယ်ဆိုလျှင် သူတို့ဖြစ်တဲ့နေရာက စောင့်ကြည့်ပါမှ မြင်နိုင်တယ်၊ ရှုလို့ ရနိုင်တယ်။ ဒါကလည်း အကြောင်းတစ်ရပ် ဖြစ်တယ်။
နောက်အကြောင်းတစ်ရပ်ကတော့ ဒီနာမ်တရားတွေဟာ ပညတ်အာရုံ အမျိုးမျိုးတွေကိုလည်း အာရုံယူပြီးတော့ ဖြစ်ပေါ်ကြတယ်။ ပရမတ်တရားတွေ ကိုလည်း အာရုံယူပြီးတော့ ဖြစ်ပေါ်ကြတယ်။ ပညတ်တွေဆိုတာက အလွန် အရာကျယ်တယ်။ မဆုံးနိုင်တဲ့သဘောလည်း ရှိတယ်။ ဒါကြောင့် အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်အနေနှင့် ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာတဲ့ နာမ် တရားတွေကို စတင်သိမ်းဆည်းရန် အဋ္ဌကထာကြီးများက ညွှန်ကြားထားပါ တယ်။
တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက် ရောက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿာနာရှုရုံမျှဖြင့်လည်း အရိယမဂ် သို့ မဆိုက်ရောက်နိုင်၊ ဒါကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ဘူတရုပ် ဥပါဒါရုပ် ဆိုတဲ့ ရုပ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ဝိပဿနာရှုပြီးတဲ့နောက်မှာ ဒီရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ နာမ်တရားတွေကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါ။ --- ဒီညွှန်ကြားချက်ကတော့ အဋ္ဌသာလိနီ အဋ္ဌကထာရဲ့ ညွှန်ကြားချက် ဖြစ်ပါတယ်။
ဒီညွှန်ကြားချက်များအရ ရုပ်တရားကိုမျှ ပရမတ်သို့ဆိုက်အောင် မရှု တတ်သေးတဲ့ ပုဂ္ဂိုလ်တွေဟာ ရုပ်တရားကို အာရုံယူကာ ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုဖို့ဆိုတဲ့အပိုင်းမှာ အလွန် ခက်ခဲဖွယ်ရာ ရှိပါတယ်။
နောက်အကြောင်းတစ်ရပ်ကတော့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို တစ်ဖက်ကမ်းသို့ရောက်အောင် အောင်အောင်မြင်မြင် ရှုပွားသိမ်းဆည်းပြီးတဲ့ ယောဂီပုဂ္ဂိုလ်က အကြောင်းတရားနှင့်တကွသော ဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုလိုက်လို့ ဥဒယဗ္ဗယဉာဏ်ကို ကျော်လွန်၍ ဒီသင်္ခါရတရားတို့ရဲ့ အဖြစ်ကို လွှတ်ကာ အပျက်သက်သက်ကို အာရုံယူကာ ရှုနေတဲ့ ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိတဲ့အခါ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ ဝိပဿနာရှုရမည့် လုပ်ငန်းခွင်ကို အဋ္ဌကထာများက ဒီလို သတ်မှတ်ပေးထားပါတယ်။
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
၁။ ဉာတအမည်ရတဲ့ ဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိအပ်တဲ့ ဒုက္ခသစ္စာ တရား, သမုဒယသစ္စာတရားဆိုတဲ့ သင်္ခါရတရား,
၂။ ဉာဏအမည်ရတဲ့ ရှုနေတဲ့ ဝိပဿနာဉာဏ်ပြဓာန်းတဲ့ ဝိပဿနာမနောဒွါရိက မဟာကုသိုလ်ဇောဝီထိ နာမ်တရားစု,
ဒီဉာတ, ဉာဏတရား နှစ်မျိုးလုံးကိုလည်း ဝိပဿနာရှုရမှာ ဖြစ်တယ်။ အာရုံ, အာရမ္မဏိက နှစ်မျိုးလုံးကို ဝိပဿနာရှုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝိပဿနာပိုင်းမှာ ကာမာဝစရနာမ်တရားများကို ရှုတဲ့အပိုင်းမှာ အာရုံရုပ်တွေ ကိုလည်း တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုရမှာ ဖြစ်တဲ့အတွက် ယောဂီပုဂ္ဂိုလ် က ရုပ်တရားတွေကိုလည်း သိမ်းဆည်းထားပြီးဖြစ်ဖို့ လိုအပ်ပါတယ်။
ခုပြောခဲ့တဲ့ အကြောင်းသုံးရပ်ကြောင့် နာမ်တရားတွေကို သိမ်းဆည်း တော့မည့်ပုဂ္ဂိုလ်ဟာ-
၁။ မှီရာဝတ္ထုရုပ်တရား,
၂။ အာရုံရုပ်တရား,
ဒီနှစ်မျိုးလုံးကို ပူးတွဲသိမ်းဆည်းပြီးမှ ဒီရုပ်တရားကို မှီတွယ်၍ ဒီရုပ် တရားကို အာရုံပြုကာ ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို သိမ်းဆည်း ရှုပွားလို့ရရှိမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မှီရာဝတ္ထုရုပ်တွေက စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထုဆိုပြီး မှီရာဝတ္ထုရုပ် (၆)မျိုးရှိပါတယ်။ အာရုံရုပ်တွေကတော့ ရုပ် (၂၈)ပါးလုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနုပဒသုတ္တန် အဋ္ဌကထာက -
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။)
မှီရာဝတ္ထုရုပ်နှင့် စျာန်နာမ်တရားတို့ရဲ့ အာရုံကို ပူးတွဲသိမ်းဆည်းပြီးမှ စျာန်နာမ်တရားတွေကို ဝိပဿနာရှုတာ ဖြစ်တဲ့အတွက် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်နာမ်တရားတွေကို တစ်လုံးစီတစ်လုံးစီရဲ့ ဥပါဒ်, ဌီ, ဘင်ကိုမြင်အောင် အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုနိုင်ကြောင်းကို ဖွင့်ဆိုထားပါတယ်။
ဒါကြောင့် နာမ်တရားတွေကို သိမ်းဆည်းတော့မည့်ပုဂ္ဂိုလ်ဟာ ရုပ်တရား တွေကို သိမ်းဆည်းထားပြီး ဖြစ်ဖို့တော့ လိုအပ်နေပါတယ်။
နောက်ထပ် မှတ်သားဖို့ရန် အချက်တစ်ချက် ရှိပြန်သေးတယ်။ နာမ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းနည်း သုံးနည်းရှိတဲ့အနက် ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ဖဿထင်ရှားလျှင် ဖဿကစပြီး သိမ်းဆည်းနိုင်တယ်။ ဝေဒနာ ထင်ရှားလျှင် ဝေဒနာကစပြီး သိမ်းဆည်းနိုင်တယ်။ အသိစိတ်ဝိညာဏ် ထင်ရှားလျှင် အသိစိတ်ဝိညာဏ်ကစပြီး သိမ်းဆည်းနိုင်တယ်။
ဒါပေမဲ့ ဖဿထင်ရှားတဲ့ပုဂ္ဂိုလ်ကလည်း ဖဿတစ်ခုတည်းသာ သိမ်းဆည်းရှုပွားရတာ မဟုတ်ဘူး၊ ဖဿနှင့် ယှဉ်ဖက်စိတ်စေတသိက် အားလုံးကိုပဲ ရှုပွားသိမ်းဆည်းရပါတယ်။ ဝေဒနာထင်ရှားတဲ့ ပုဂ္ဂိုလ်ကလည်း ဝေဒနာ တစ်လုံးတည်း သိမ်းဆည်းရှုပွားရတာတော့ မဟုတ်ဘူး၊ ဝေဒနာနှင့် ယှဉ်ဖက် စိတ်စေတသိက်အားလုံးကိုပဲ ရှုပွားသိမ်းဆည်းရပါတယ်။ အသိစိတ် (= ဝိညာဏ်) ထင်ရှားတဲ့ ပုဂ္ဂိုလ်ကလည်း အသိစိတ် ဝိညာဏ်တစ်လုံးတည်း ရှုပွားသိမ်းဆည်းနေရတာတော့ မဟုတ်ဘူး၊ အသိစိတ် (= ဝိညာဏ်)နှင့် ယှဉ်ဖက်စိတ်စေတသိက် အားလုံးကိုပဲ ရှုပွားသိမ်းဆည်းရပါတယ်။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋီ၊၁၊၃၇၀။)
---
အာယတနဒွါရအလိုက် သိမ်းဆည်းပါ
ဒီလို ဝတ္ထုနှင့်အာရုံကို ပူးတွဲသိမ်းဆည်းကာ စိတ္တက္ခဏတစ်ခုတစ်ခု အတွင်းမှာ တည်ရှိတဲ့ နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိဆိုတဲ့ အာယတနဒွါရအလိုက် သိမ်းဆည်းရှုပွားရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၃။) နှင့် မဟာဋီကာ (မဟာဋီ၊၂၊၃၅၂-၃၅၃-၄၁၀။)တို့က ဖွင့်ဆိုထားကြပါတယ်။
ဒီညွှန်ကြားချက်များအတိုင်း ယောဂီပုဂ္ဂိုလ်က ဝီထိစိတ်အစဉ်အတိုင်း နာမ်တရားတွေကို စတင်ပြီးတော့ သိမ်းဆည်းရှုပွားရမှာ ဖြစ်တယ်။ ဝီထိမှ အလွတ်ဖြစ်တဲ့ ဝီထိမုတ်စိတ်ဖြစ်တဲ့ ပဋိသန္ဓေ, ဘဝင်, စုတိ နာမ်တရားတို့ကို လည်း ရှုရမှာပင် ဖြစ်ပါတယ်။ ဒါပေမဲ့ နာမ်ကမ္မဋ္ဌာန်းကို အားထုတ်စပုဂ္ဂိုလ် ကိုတော့ ဝီထိစိတ် နာမ်တရားစုတွေကစပြီး သိမ်းဆည်းရှုပွားရန် ညွှန်ကြား တော်မူခြင်း ဖြစ်ပါတယ်။ ဒီညွှန်ကြားချက်တွေဟာ ဘုရားရှင်ရဲ့ ညွှန်ကြား ချက်များနှင့် ညီညွတ်နေတဲ့ ညွှန်ကြားချက်တွေသာ ဖြစ်ကြပါတယ်။ မဟာသတိပဋ္ဌာနသုတ္တန်ကို စံထားပြီးတော့ ကြည့်ပါ။
---
မဟာသတိပဋ္ဌာနသုတ္တန်၌ ဟောကြားထားတော်မူပုံအစဉ်
မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန်ကို စတင်ပြီး ဟောကြားထားတော်မူပါတယ်။ အဲဒီ ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းမှာ အာနာပါနကမ္မဋ္ဌာန်းတို့လို သမထကမ္မဋ္ဌာန်းများကိုလည်း စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် ဟောကြားထားတော်မူပါတယ်။ ထို သမာဓိကို အခြေခံ၍ ရုပ်တရားကို အဦးမူကာ ရူပကာယ, နာမကာယ ခေါ်တဲ့ ရုပ်နာမ်တွေကို သိမ်းဆည်းရှုပွားပုံတွေကို အဆင့်ဆင့် ဟောကြားသွားတော် မူပါတယ်။
ကာယာနုပဿနာသတိပဋ္ဌာန်ကို ဟောကြားတော်မူပြီးမှ ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ဟောကြားပေးတော်မူပါတယ်။ ဒီဟောကြားတော် မူပုံကို ကြည့်လိုက်လျှင် ဝေဒနာရှုတော့မည့် ပုဂ္ဂိုလ်အတွက် ဝေဒနာကို မရှုမီ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်ဆိုတဲ့ ရုပ်တရားတွေကို ရှေးဦးစွာ သိမ်းဆည်း ရှုပွားစေလိုတဲ့ ရည်ရွယ်ချက် ရှိတော်မူတယ်လို့လည်း သိနိုင်တယ်။
ရုပ်တွေနာမ်တွေကို သိမ်းဆည်းတဲ့အပိုင်းမှာ စျာန်သမာဓိ တစ်ခုခုကို သော်လည်းကောင်း, ဥပစာရသမာဓိကိုသော်လည်းကောင်း ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိကို ထူထောင်စေလိုတဲ့ အာသာဆန္ဒဓာတ်တော် လည်း ရှိနေတာကို သိနိုင်ပါတယ်။ စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ကို ပွားများလိုသူတို့အတွက်လည်း နည်းတူ အာသာဆန္ဒဓာတ် တော်များ ဘုရားရှင်၏ သန္တာန်တော်၌ ရှိနေပုံတို့ကို သဘောပေါက်ပါ။
ဒီတော့ သမာဓိတွေကိုလည်း အောင်အောင်မြင်မြင် ထူထောင်ပြီးပါမှ ရုပ်တရားတွေကိုလည်း စနစ်တကျ သိမ်းဆည်းပြီးပါမှ ဝေဒနာကို ဆက်လက် ရှုတဲ့လုပ်ငန်းခွင်ကို အသိစိတ်ကို (= ဝိညာဏ်ကို) သို့မဟုတ် ဖဿကို ဆက်လက် ရှုပွားသိမ်းဆည်းတဲ့ လုပ်ငန်းခွင်ကို ဘုရားရှင်က နှစ်ခြိုက်တော်မူတယ် ဆိုတာကို သတိပဋ္ဌာန်လေးပါးကို ဟောကြားသွားတော်မူပုံ အစဉ်ကို ကြည့် လျှင် မသိနိုင်ဘူးလား? သိနိုင်ပါတယ်။ ဝိပဿနာဘာဝနာ လုပ်ငန်းခွင် တစ်ခုကို ကြိုးစားအားထုတ်တဲ့အပိုင်းမှာ ဘုရားရှင် ဟောကြားသွားတော်မူတဲ့ ဒေသနာတော်အစဉ်ကိုတော့ မိမိရဲ့ ဉာဏ်နှင့် အမြဲမပြတ် ဉာဏ်မီသမျှ လိုက်ကြည့်တတ်ဖို့တော့ လိုအပ်ပါတယ်။
ရုပ်ကမ္မဋ္ဌာန်းကိုလည်း မရှုတတ်သေးတဲ့အတွက် ရုပ်ပရမတ်ကိုလည်း မသိသေးဘူး၊ သမာဓိကိုလည်း မထူထောင်ထားတဲ့အတွက် သမာဓိကလည်း မရှိသေးဘူး။ ဒီလို သမာဓိကိုလည်း မထူထောင်ရသေးတဲ့ ရုပ်ပရမတ်ကိုလည်း မသိသေးတဲ့အတွက် နာမ်တရားတို့ရဲ့ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်ကိုလည်း မသိမ်းဆည်းတတ်သေးတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးက ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်ရောက်ကာ ထိုင်လျှင်ထိုင်ခြင်း စထိုင်လိုက်တာနှင့် ဝေဒနာကို စရှုမယ် ဆိုလျှင် ယှဉ်ဖက်စိတ်စေတသိက်တို့နှင့် အတူတကွ အာယတနဒွါရအလိုက် ဖြစ်ပေါ်သွားကြတဲ့ ဝေဒနာတွေကို နာမ်ဃနခေါ်တဲ့ အတုံးအခဲတွေကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် ပုံစံမှန် သိဖို့ဆိုတဲ့ အပိုင်းကတော့ တော်တော်လေး ခက်ခဲပါတယ်။
ဘာဖြစ်လို့ ခက်ခဲရသလဲဆိုတော့ ဝေဒနာရှုတော့မည့် ပုဂ္ဂိုလ်သည် ဝေဒနာတစ်လုံးတည်း ရှုရသည်မဟုတ်ဘူး၊ ဝေဒနာနှင့်ယှဉ်ဖက် စိတ်စေတသိက်တွေကိုပါ ပူးတွဲရှုရမှာ ဖြစ်တယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ဒီ စိတ် စေတသိက်တွေမှာ အကြမ်းစားအားဖြင့် ဝီထိစိတ်စေတသိက်နှင့် ဝီထိမုတ် စိတ်စေတသိက်ဆိုပြီး နှစ်စားရှိပါတယ်။
ဘဝတစ်လျှောက်မှာ စိတ်အစဉ် မပြတ်စဲရေးအတွက် အတိတ်ကကံရဲ့ အကျိုးအာနိသင်ကြောင့် ဖြစ်ပေါ်နေတဲ့ အများစုစိတ်ကတော့ ဘဝင်စိတ်ပါပဲ၊ ဘဝင်စိတ်ဆိုတာကတော့ ဘဝင်္ဂ = ဘဝ+အင်္ဂ = ဘဝရဲ့ အကြောင်းတရား၊ ဘာအကြောင်းတရားလဲလို့မေးတော့ ဘဝမှာ စိတ်အစဉ်မပြတ်စဲရေးအတွက် အကြောင်းတရားအဖြစ်နှင့် အတိတ်ကကံကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်အစဉ် တစ်မျိုးပဲ၊ ဘဝတစ်ခုမှာ ခေါင်ဆုံးဖြစ်တဲ့ ဘဝင်စိတ်ကို ပဋိသန္ဓေစိတ်၊ နောက်ဆုံးဖြစ်သွားတဲ့ ဘဝင်စိတ်ကိုတော့ စုတိစိတ်ဆိုပြီး ဒီလိုသုံးထားတာပါ။ အားလုံးကတော့ စိတ်တစ်မျိုးတည်းပဲ။ အဲဒီ ဘဝင်စိတ်တွေကတော့ အားထုတ်စယောဂီမှာ သိမ်းဆည်းရန် နည်းနည်း ခက်ခဲပါတယ်။ ခက်ခဲတဲ့ အချိန်အခါကျတော့ ဘာကနေ စသိမ်းဆည်းရမလဲ မေးလျှင်တော့ ဝီထိစိတ် ကနေ စသိမ်းဆည်းရပါတယ်။
---
စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံအပိုင်း
ဝီထိစိတ်တွေထဲမှာလည်း အခုလို သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မယ် ဆိုလျှင်တော့ စျာန်နာမ်တရားတွေကနေ စတင်ကာ သိမ်းဆည်းလျှင်တော့ ပိုပြီး လွယ်ကူတဲ့သဘော ရှိပါတယ်။ ပိုပြီး လွယ်ကူတဲ့သဘော ရှိခြင်းကြောင့် ဘုန်းကြီး ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းပုံအပိုင်းကို အရိပ်အမြွက် လောက်တော့ ဒီညပြောဖို့ ရည်ရွယ်ထားပါတယ်။ ဒီတော့ ယောဂီပုဂ္ဂိုလ်က ခုနက အာနာပါနဖြင့် သမာဓိထူထောင်ထားတဲ့ အပိုင်းမှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိဆိုက်အောင် သမာဓိကို အဆင့်ဆင့် ထူထောင်နိုင်ပြီဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်က ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းချင်တယ်ဆိုလျှင်, ဥပမာ ပထမစျာန်နာမ်တရား ကို သိမ်းဆည်းချင်တယ်ဆိုလျှင် ပထမစျာန်ကို တစ်ဖန်ပြန်ပြီးတော့ ဝင်စားရ တယ်။ ဝင်စားပြီးတဲ့ အချိန်အခါ ထိုစျာန်မှထပါ။ ထပြီးတဲ့ အချိန်အခါကျမှ ဒီနာမ်တရားတွေကို ပြန်ပြီး သိမ်းဆည်းရတယ်။
---
ရှေးဟောင်းကျင့်ထုံးတစ်ရပ်
သိမ်းဆည်းတဲ့လုပ်ငန်းခွင်နှင့် ပတ်သက်လို့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဝိပဿနာရှုပွားပုံ ထုံးတစ်ရပ်ကို မြတ်စွာဘုရားကိုယ်တော် တိုင်က ဝန်ခံပြီးဟောထားတဲ့ အနုပဒသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ဥပရိပဏ္ဏာသ ပါဠိတော်မှာ လာရှိပါတယ်။ (မ၊၃၊၇၅-၇၉။) ဒီသုတ္တန်ကို ဟောတော်မူရခြင်းရဲ့ အကြောင်းရင်းကို ပြန်ပြီးဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ပညာဉာဏ်ကြီးမားတော်မူတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါပေမဲ့ ပရိသတ်ထဲမှာ ပညာဉာဏ်ဂုဏ်ဆိုတာက ထုတ်ဖော်ပြီး မပြောလျှင် ပေါ်လွင်မှု မရှိဘူး။
အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကတော့ တန်ခိုးအရာမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် နတ်ပြည်သွားလိုက်, နတ်ပြည်က နတ်သားနတ်သမီးတွေရဲ့ ကောင်းမှုကုသိုလ်တွေကို မေးမြန်းလိုက်, လူ့ပြည်ပြန်ပြီး တရားဟောလိုက်၊ ငရဲပြည်သွားလိုက်, ငရဲပြည်မှာရှိတဲ့ ငရဲသားသတ္တဝါတွေရဲ့ မကောင်းမှု အကုသိုလ်ကံတွေကို မေးလိုက်, လူ့ပြည်ပြန်ပြီး တစ်ဖန်တရား ဟောလိုက်၊ ဒီစနစ်ဖြင့် သူက သာသနာပြုနေတော့ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်က တော်တော်ထင်ရှားနေတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ ပညာဂုဏ်တွေက သိပ်ပြီး မထင်ရှားတဲ့အတွက် ထင်ရှားအောင်ဆိုပြီး မြတ်စွာဘုရားက ဒီအနုပဒသုတ္တန် ကို ရဟန်းတော်တို့အား မြတ်စွာဘုရားက ဟောကြားပေးတော်မူခြင်း ဖြစ်ပါ တယ်။ ထိုအနုပဒသုတ္တန်မှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ပထမစျာန်သမာဓိကို ဝင်စားတယ်။ ပထမစျာန်နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ ဥပါဒ်, ဌီ, ဘင်လို့ ခေါ်ဆိုအပ်တဲ့ ဖြစ်မှု, တည်မှု, ပျက်မှုတွေကို မြင်အောင်ကြည့်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပွားပုံကို မြတ်စွာဘုရားက အသေးစိတ် ဟောထားပါတယ်။
ပထမစျာန်ကနေပြီးတော့ နေဝသညာနာသညာယတနစျာန်အထိ မြတ်စွာဘုရားက ပိုက်စိပ်တိုက်ပြီး ဟောသွားပါတယ်။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် အာကာသာနဉ္စာယတနစျာန် ဝိညာဏာနဉ္စယတန စျာန် အာကိဉ္စညာယတနစျာန်ခေါ်တဲ့ ဒီစျာန်ခုနစ်ပါးမှာ တည်ရှိနေတဲ့ စျာန်နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီခွဲပြီး ဝိပဿနာရှုတယ်။ သို့သော် နေဝသညာနာသညာယတနစျာန်နာမ်တရားတွေကျတော့ အလွန့်အလွန် သိမ်မွေ့တဲ့အတွက် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက တစ်လုံးစီခွဲပြီး မရှုတော့ဘဲနဲ့ ခြုံငုံပြီးတော့ပဲ ဝိပဿနာရှုတဲ့အကြောင်း မြတ်စွာဘုရား ကိုယ်တိုင် ဟောကြားထားတော်မူပါတယ်။ (မ၊၃၊၇၈။ မ၊ဋ္ဌ၊၄၊၆၁။)
ဒီတော့ ဒီပထမစျာန်နာမ်တရားတွေရဲ့ စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီရဲ့ ဖြစ်မှု, တည်မှု, ပျက်မှု = ဥပါဒ်, ဌီ, ဘင်ကို မြင်အောင်ကြည့်ပြီး တော့မှ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုတာ၊ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ရှုပွားသွား တော်မူသလဲ? ဒီအပိုင်းကိုပဲ အဋ္ဌကထာဆရာတော်များက အတိအကျ ဖွင့်ထားပါတယ်။ ဝတ္ထုနှင့်အာရုံကို ပူးတွဲသိမ်းဆည်းပြီးမှ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက စျာန်နာမ်တရားတွေကို ဝိပဿနာ ရှုပွားသုံးသပ်တော် မူတယ်ဆိုပြီး အတိအကျ ရှင်းထားတယ်။ (မ၊ဋ္ဌ၊၄၊၆၀။)
ဝတ္ထုနှင့်အာရုံဆိုတာကတော့ ဒီစျာန်နာမ်တရားတွေသည် နှလုံးအိမ် အတွင်းမှာ တည်ရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်သွားကြတယ်။ အာရုံဆိုတာကတော့ ခုအာနာပါနစျာန်ဖြစ်ခဲ့မယ် ဆိုလို့ရှိလျှင်တော့ အာရုံက နှာသီးဝ သို့မဟုတ် အထက်နှုတ်ခမ်း တစ်နေရာမှာ တည်ရှိနေတဲ့ ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်က အာရုံဖြစ်ပါတယ်။ ထိုကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံလှမ်းပြီးတော့ယူရ ပါတယ်။
နံပါတ် (၁)ကတော့ ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ်ရမယ်။ ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ်တဲ့ ပုဂ္ဂိုလ်က ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင်ဘဝင်မနောအကြည်ကိုလည်း သိမ်းဆည်းတတ်ပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ? ဝီထိစိတ်မဖြစ်တဲ့ အချိန်အခါမှာ အိမ်ရှင်ဘဝင် မနောအကြည်ဓာတ်က ဒီဟဒယဝတ္ထုရုပ်တွေကိုပဲ မှီတွယ်ပြီး ဖြစ်ပေါ်နေလို့ ဖြစ်ပါတယ်။ ဒီဘဝင်မနောအကြည်ကိုပဲ မနောဒွါရလို့ ခေါ်ဆိုပါတယ်။
ဒီတော့ ယောဂီပုဂ္ဂိုလ်က ဒီဟဒယဝတ္ထုရုပ်ဆိုတာကလည်း ဘယ်နေရာ နေသလဲ? မသိဘူး၊ မသိမ်းလည်း မသိမ်းဆည်းတတ်ဘူး၊ အာနာပါနပဋိဘာဂ နိမိတ်ဆိုတာလည်း ဘယ်လိုနေမှန်း မသိဘူး။ အဲဒီလို မသိတာတွေ တစ်ပုံကြီး ထမ်းထားမယ်ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်က ဒီအာနာပါနစျာန် နာမ်တရားတွေ ကို ဝိပဿနာရှုမယ်ဆိုလျှင် ရှုလို့ရမလား? မရနိုင်ဘူး။ အလားတူပဲ တခြား တခြားသော ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း မှီရာရုပ်ဝတ္ထုနှင့် အာရုံကို ပူးတွဲပြီး သိမ်းဆည်းတတ်ပါမှသာလျှင် ဒီနာမ်တရား တွေက သိမ်းဆည်းလို့ ရပါတယ်။
မှီရာရုပ်ဝတ္ထုရုပ်ဆိုတာကလည်း ဘယ်လိုနေသလဲ? မသိသေးဘူး၊ အာရုံရုပ်ဆိုတာကလည်း ဘယ်လိုလဲ? မရှုပွားတတ်ဘူး။ အဲဒီပုဂ္ဂိုလ်က ဒီနာမ် တရားကို ရှုမယ်ဆိုလျှင်တော့ မှန်းပြီးရှုတဲ့ သဘောလောက်သာလျှင် ဖြစ်တယ်။ ဝိပဿနာဆိုတာက မှန်းဆပြီး ရှုရုံနဲ့ လိုရင်းကိစ္စ ပြီးနိုင်တဲ့လုပ်ငန်း မဟုတ်ပါ ဘူး၊ ဉာဏ်မျက်စိနဲ့ စနစ်တကျ မြင်ရမည့် လုပ်ငန်းခွင် ဖြစ်ပါတယ်။ ခုနက အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ရှုသလို ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းချင်တယ်ဆိုလျှင် အာနာပါနပထမစျာန်လည်း ဖြစ်မယ်ဆိုလျှင် ပထမစျာန်နာမ်တရား သုံးဆယ့်လေးလုံးအထိ ရှိပါတယ်။
---
အနုပဒဓမ္မဝိပဿနာနှင့် ကလာပသမ္မသနဝိပဿနာ
ဒီသုံးဆယ့်လေးလုံးကို တစ်လုံးစီ တစ်လုံးစီ ဖြစ်မှု, တည်မှု, ပျက်မှုခေါ်တဲ့ ဥပါဒ်, ဌီ, ဘင်ကို မြင်အောင်ကြည့်ပြီးတော့မှ အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်တော်မူပါတယ်။ အနုပဒဓမ္မဝိပဿနာနည်းလို့ ခေါ်ပါတယ်။ (မ၊၃၊၇၅-၇၉။ မ၊ဋ္ဌ၊၄၊၅၉။) ခြုံငုံရှုတဲ့ နည်းစနစ်ကတော့ ကလာပသမ္မသန ဝိပဿနာနည်းလို့ ခေါ်ပါတယ်။ အဲဒီ ဝိပဿနာရှုပွားပုံ နည်းစနစ်တွေကို အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သောတာပန်ဖြစ်ပြီးတဲ့နောက် ရဟန္တာမဖြစ်မီအတွင်း တစ်ဆယ့်ငါးရက်တိုင်တိုင် တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်နေ့အထိ ကြိုးစားရပါတယ်။
မြတ်စွာဘုရား ပထမဝါကျွတ်တော်မူပြီးနောက် ရာဇဂြိုဟ်ပြည် ဆိုက် ရောက်ပြီးတော့ ဝေဠုဝန်ကျောင်းတိုက်ကြီးကို အလှူခံပြီးတဲ့ နောက်ပိုင်း တပို့တွဲလဆန်း (၁)ရက်နေ့လောက် ဆိုကြစို့၊ အရှင်အဿဇိမထေရ်နှင့် တွေ့လိုက် တဲ့ အချိန်အခါမှာ အရှင်သာရိပုတ္တရာ အလောင်းအလျာဖြစ်တဲ့ ဥပတိဿ ပရိဗိုဇ်က အရှင်အဿဇိမထေရ်ထံမှ ယေ ဓမ္မာ ဟေတုပ္ပဘဝါ အစချီတဲ့ သစ္စာလေးပါးနှင့်စပ်တဲ့ တရားဂါထာတစ်ခုကို နာကြားခွင့် ရရှိတဲ့အတွက် သောတာပန်တည်သွားတယ်။
ဒီဂါထာကိုပဲ တစ်ဆင့် အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာဖြစ်တဲ့ ကောလိတပရိဗိုဇ်ကို အရှင်သာရိပုတ္တရာ အလောင်းဖြစ်တဲ့ ဥပတိဿပရိဗိုဇ် က ထပ်ဆင့်ပြီး ဟောကြားတော်မူလိုက်တဲ့ အချိန်အခါမှာ အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာဖြစ်တဲ့ ကောလိတပရိဗိုဇ်လည်း သောတာပတ္တိ မဂ်ဖိုလ် တည်ပါတယ်။ ထိုနေ့ ညနေခင်းမှာပဲ ဝေဠုဝန်ကျောင်းတော်ကို သွားပြီးတော့ ရှင်ရဟန်းပြုကြတယ်။ ဧဟိ ဘိက္ခု ရဟန်းအားလုံး ဖြစ်သွား ကြပါတယ်။ ထိုနေ့ညနေမှာ သူတို့ရဲ့ နောက်လိုက်တပည့် နှစ်ရာ့ငါးဆယ် ပါသွားတယ်။ နှစ်ရာ့ငါးဆယ်လုံးက မြတ်စွာဘုရား တရားဟောတော်မူတဲ့ အဆုံးမှာ အရဟတ္တဖိုလ် တည်သွားကြတယ်။
အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကတော့ မာဂဓတိုင်းအတွင်း ကလ္လဝါဠပုတ္တခေါ်တဲ့ တောရွာကလေး တစ်ရွာမှာ သွားပြီးတော့ တောအုပ် တစ်ခုကို အမှီပြုပြီး တရားဘာဝနာကျင့်လိုက်တာ (၇)ရက်အတွင်းမှာ အရဟတ္တဖိုလ်တည်တယ်ဆိုကြစို့၊ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်က (၁၅)ရက်တိုင်တိုင် ကြိုးစားရပါတယ်။ တပို့တွဲ လဆန်း (၁)ရက်ကနေ စတင်ပြီး ကြိုးစားလိုက်တာ တပို့တွဲလပြည့်နေ့ရောက်တော့မှ မြတ်စွာဘုရားက ဒီနေ့ တော့ အရှင်သာရိပုတ္တရာ အရဟတ္တဖိုလ်တည်လိမ့်မယ်ဆိုတာ မြင်တော်မူတဲ့ အတွက် အရှင်သာရိပုတ္တရာကို ခေါ်ဆောင်ပြီးတော့ ဂိဇ္ဈကုဋ်တောင်ယံမှာ တည်ရှိတဲ့ သူကရခတလို့ ခေါ်ဆိုအပ်တဲ့ ဝက်တူးလိုဏ်ဂူကို ကြွချီပြီးတော့ ဝက်တူးလိုဏ်ဂူအတွင်းမှာ မြတ်စွာဘုရား ခေတ္တ ကုတင်ညောင်စောင်းပေါ်မှာ ထိုင်ပြီး သီတင်းသုံးခိုက် အရှင်သာရိပုတ္တရာကလည်း နောက်တော်ပါးကနေ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ယပ်လေခပ်ပြီး ပူဇော်နေခိုက် အရှင် သာရိပုတ္တရာရဲ့ တူတော်ဖြစ်တဲ့ ဒီဃနခပရိဗိုဇ်ကလည်း ဘုရားရှင်နှင့် အရှင် သာရိပုတ္တရာတို့ရဲ့ နောက်တော်ကနေ လိုက်လာပြီးတော့ မြတ်စွာဘုရားကို မေးခွန်းမေးတဲ့အခါ မြတ်စွာဘုရားက အဖြေအနေနဲ့ ဒီဃနခသုတ္တန်ကို ဟောကြားပေးတော်မူပါတယ်။
ဒီဃနခသုတ္တန်ကို ဟောကြားလို့ ပြီးဆုံးသွားတဲ့ အချိန်အခါမှာ အရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အရဟတ္တဖိုလ်တည်ပြီး တူတော်မောင် ဒီဃနခပရိဗိုဇ်က သောတာပတ္တိမဂ်ဖိုလ် တည်သွားခဲ့ပါတယ်။ (မ၊၂၊၁၆၅-၁၆၉၊၊) ဒီတော့ အဲဒီ (၁၅)ရက်တိုင်တိုင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝိပဿနာကို ရှုပွားသုံးသပ်တော် မူတယ်ဆိုတဲ့ အကြောင်းကို မြတ်စွာဘုရားကိုယ်တော်တိုင်က အာမခံပြီး ဟောထားတဲ့ ဒေသနာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဘုန်းကြီး ဒီအကြောင်း အရာကလေးတွေကို ခိုင်ခိုင်လုံလုံ ပြောနေတာက သာဝကတွေသည် ဘုရား ဟောတဲ့ နာမ်တရားကို ရှုမရဘူး၊ သာဝကတွေသည် ဘုရားဟောတဲ့ ရုပ်တရား ကို ရှုလို့မရဘူးဆိုတဲ့ အဆိုပြုချက်တွေက အားကောင်းနေလို့ ရှုလို့ရတဲ့ ထုံးတွေ စာပေကျမ်းဂန်မှာရှိတဲ့အကြောင်း ဘုန်းကြီးက ရှင်းလင်းတင်ပြခြင်း သာ ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဉာဏ်ကြီးတော့ ဒီလို ရှုရသွား သလားဆိုတော့ ဒီလို မဟုတ်ပါဘူး။ အဋ္ဌကထာက အတိအကျ ရှင်းထား တယ်။ ဝတ္ထုနှင့်အာရုံကို ပူးတွဲသိမ်းဆည်းပြီးတော့ ရှုပွားသုံးသပ်တော်မူတဲ့ အတွက်ကြောင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ဒီနာမ်တရား တွေကို တစ်လုံးစီ တစ်လုံးစီ ပိုင်းခြားပြီးတော့ ဖြစ်မှု, တည်မှု, ပျက်မှုကို မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပွားသုံးသပ်တော်မူတဲ့အကြောင်းကို အတိအကျ ဖွင့်ဆိုထားပါ တယ်။ (မ၊ဋ္ဌ၊၄၊၆၀။)
---
စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ ဥပဒေသ
ဒါကြောင့် ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းတော့မည့် ယောဂီပုဂ္ဂိုလ် သည် ဘာလုပ်ရမလဲ? မိမိက အာနာပါနစျာန်ကို ရရှိဖူးတဲ့ ယောဂီဖြစ်မယ် ဆိုလျှင် အာနာပါနပထမစျာန်ကို တစ်ဖန်ပြန် ဝင်စားပါ။ စျာန်မှထတဲ့အခါ နံပါတ်တစ် - ဟဒယဝတ္ထု သို့မဟုတ် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းရတယ်။ နံပါတ်နှစ် - ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂ နိမိတ်ကို လှမ်းသိမ်းဆည်းရမယ်။ နံပါတ်သုံး - ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံက ဘဝင်မနောအကြည်ပေါ်မှာ လာထင် လိုက်တဲ့ အချိန်အခါ ဝိတက္က, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာလို့ ခေါ်ဆိုအပ်တဲ့ စျာန်အင်္ဂါငါးပါးကို တစ်ဖန် ပြန်သိမ်းဆည်းရပါတယ်။
သမထပိုင်းမှာကတည်းက ဒီစျာန်အင်္ဂါတွေကို သိမ်းဆည်းတတ်ပြီဖြစ်တဲ့ အတွက်ကြောင့် ဝိပဿနာကူးတော့မည့်ပုဂ္ဂိုလ်က ဒီစျာန်အင်္ဂါတွေကို တစ်ဖန် ပြန် သိမ်းဆည်းလျှင်လည်း လွယ်ကူနေပါတယ်။ ဒီစျာန်အင်္ဂါတွေကို ဒီတစ်ချီ သိမ်းဆည်းတဲ့အပိုင်းမှာ ထူးခြားချက်ကတော့ ပထမစျာန်မှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာလို့ ခေါ်ဆိုအပ်တဲ့ စျာန်အင်္ဂါငါးပါးတွေက ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်အောင် ရှုရပါတယ်။ စျာန်အင်္ဂါ ငါးပါး ငါးပါး ငါးပါး ငါးပါး စသည်ဖြင့် အကြိမ်များစွာ ဆက်တိုက်ဖြစ်နေမှုကို ဉာဏ်နဲ့မြင်ပြီးတဲ့ အချိန်အခါကျတော့ စျာန်အင်္ဂါတွေကို အဝါးဝစွာ သိမ်းဆည်းနိုင်ပြီဆိုလျှင် ထိုယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့်တက်ပြီးတော့ အသိစိတ်က စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ, ဖဿက စ၍ဖြစ်စေ နာမ်တရားတွေကို တစ်စတစ်စနဲ့ တိုးပြီး သိမ်းဆည်းရပါတယ်။
အသိစိတ်ကနေစပြီး သိမ်းဆည်းလျှင်လည်း အသိစိတ်တစ်လုံးတည်း ကိုသာ သိမ်းဆည်းရသည်မဟုတ်၊ အခုလို အာနာပါနပထမစျာန် ဖြစ်ခဲ့မယ် ဆိုလျှင် ပထမစျာန်နာမ်တရားသုံးဆယ့်လေးလုံးရှိတော့ သုံးဆယ့်လေးလုံး စလုံးကိုပဲ အကုန်လုံး သိမ်းဆည်းရမှာ ဖြစ်တယ်။ ဝေဒနာက စသိမ်းဆည်းလျှင် ဒီပထမစျာန်နာမ်တရားမှာ ဝေဒနာက သုခဝေဒနာဖြစ်ပါတယ်။ သောမနဿ ဝေဒနာလို့လည်း ခေါ်တယ်။ ဒီသောမနဿဝေဒနာတစ်ခုတည်း သိမ်းဆည်း ရသည်မဟုတ်၊ ယှဉ်ဖက် စိတ်စေတသိက် (၃၄)လုံးစလုံး အကုန်လုံးကိုလည်း သိမ်းဆည်းရမှာ ဖြစ်တယ်။
ဖဿကနေ စပြီး သိမ်းဆည်းလျှင်လည်း ဖဿတစ်ခုတည်း သိမ်းဆည်း ရသည်မဟုတ်၊ ယှဉ်ဖက်စိတ်စေတသိက် (၃၄)စလုံး အကုန်လုံး သိမ်းဆည်းရ မှာ ဖြစ်တယ်။ အဲဒီ (၃၄)လုံးက ဘာတွေလဲ? ဘုန်းကြီး နည်းနည်း ဗဟုသုတ အဖြစ်တော့ ပြောပြပါမယ်။ နာမ်တရားကို သိမ်းဆည်းတဲ့အပိုင်းမှာ ဘယ်လို သိမ်းဆည်းရမလဲဆိုတာကို သဘောပေါက်စေချင်တဲ့အတွက်ကြောင့် ပြောခြင်းသာ ဖြစ်ပါတယ်။ (၃၄)လုံးက - နံပါတ်တစ် အသိစိတ်ကနေ စသိမ်းဆည်း တယ်ဆိုကြစို့။
၁။ အသိစိတ် - အသိစိတ်က ဘာသိသလဲလို့မေးလျှင် ဒီနေရာမှာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို သိဖို့ပဲ။ သို့သော် ဒီသိမှုဆိုတာက ဘာလဲလို့မေးတော့ -
ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)
အာရုံယူလို့ရတဲ့ သဘာဝကို သိတယ်လို့ခေါ်တယ်။ ဥပမာတစ်ခု ပြောမယ်၊ ဒါယိကာမကြီးတွေ ဒါယကာကြီးတွေ တရားနာရင်းဖြင့် မျက်လုံးကို စိုက်ပြီး လှမ်းကြည့်လိုက်ပါ။ မျက်လုံးကို လှမ်းစိုက်ပြီး ကြည့်လိုက်တဲ့အခါ ရုပ်ကလာပ်တွေ တွေ့သလား? မတွေ့ဘူး၊ မတွေ့ လျှင် ရုပ်ကလာပ်ကို သိတယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ အလား တူပဲ မျက်လုံးမှာ ရုပ်ကလာပ်တွေ့လျှင်လည်း ကြည်တဲ့ ရုပ်ကလာပ်နှင့် မကြည်တဲ့ရုပ်ကလာပ်နှစ်မျိုးရှိတော့ ကြည်တဲ့ရုပ်ကလာပ်လည်း မသိဘူး မတွေ့ဘူး ဆိုလို့ရှိလျှင်, အာရုံယူလို့ မရဘူးဆိုလျှင် ကြည်တဲ့ရုပ်ကလာပ် ကို သိတယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူး။
အဲဒီပုံစံအတိုင်းပဲ - အလားတူပဲ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို လှမ်းပြီး အာရုံယူလိုက်တဲ့အခါမှာ ကြည်လင် တောက်ပတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို မတွေ့ဘူးဆိုလျှင် အာနာပါနပဋိဘာဂနိမိတ်ကို သိမှုဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ အာရုံယူလို့ရတဲ့ သဘာဝကို သိမှုလို့ခေါ်တာပါ။ ဆိုလိုတာက အာရုံယူလို့ ရနေတဲ့ သဘာဝလေးပဲ။
၂။ ဖဿက ဒီအာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးတဲ့ သဘောတရား တစ်ခုပဲ။
၃။ ဝေဒနာဆိုတာက ဒီကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂ နိမိတ်အာရုံရဲ့ အရသာကို ချမ်းချမ်းသာသာ ခံစားနေတဲ့သဘော။ အသိစိတ်, ဖဿ, ဝေဒနာ ဘယ်နှစ်လုံး ရှိသွားပြီလဲ? သုံးလုံး၊ ဒီလို သိမ်းဆည်းတော့မည့် ပုဂ္ဂိုလ်က ပထမ အသိစိတ်ကနေစပြီး သိမ်းဆည်း မယ်ဆိုလျှင် ရှေးဦးစွာ ဒီအသိစိတ်ကလေး တစ်လုံးကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာ မြင်အောင်ရှုရမယ်။ အသိစိတ်တစ်လုံးကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်ပြီဆိုလျှင် နှစ်ခု လောက်တိုးကြည့်၊ အသိစိတ်နှင့်ဖဿ နှစ်မျိုး၊ အသိစိတ်နှင့်ဖဿ နှစ်မျိုး နှစ်လုံး နှစ်လုံး အကြိမ်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်ပြီ ဆိုလျှင် နောက်တစ်ခါ အသိစိတ်, ဖဿ, ဝေဒနာ သုံးခုလောက် တိုး ကြည့်ပါ။ သုံးမျိုးတိုးကြည့်လိုက်လို့ အောင်မြင်မှုရပြီ၊ သုံးလုံး သုံးလုံး အကြိမ်များစွာ ဆက်တိုက်ဖြစ်နေတာကို မြင်ပြီဆိုလျှင်တော့ ပုံစံကျ သွားပြီ။
မမြင်သေးဘူးဆိုလျှင် ဘာလုပ်ရမလဲ? နံပါတ်တစ် - စျာန်ကို ပြန်ဝင် စားရတယ်။ နံပါတ်နှစ် - ဘဝင်မနောအကြည်ဓာတ်နှင့် အာနာပါန ပဋိဘာဂနိမိတ်ကို ပြန်ပြီးတော့ ပူးတွဲသိမ်းဆည်းရတယ်။ သိမ်းဆည်း လိုက်တဲ့အခါမှာ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် က ဘဝင်မနောအကြည်မှာ လာထင်ပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း ဒီစျာန်နာမ်တရားတွေကို အသိစိတ်ကနေ တစ်ဖန် ပြန်သိမ်းဆည်းရပြန် တယ်။ အဲဒီနည်းစနစ်အားဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပေးရပါတယ်။
သုံးလုံးလောက်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာ ကိုလည်း အောင်အောင်မြင်မြင် သိမ်းဆည်းလို့ရပြီ၊ ဉာဏ်နှင့်ပိုင်းခြား ယူလို့ ရှုလို့ ရပြီဆိုလျှင် အသိစိတ်, ဖဿ, ဝေဒနာ, သညာအထိ လေးလုံးလောက် တိုးရှုကြည့်ပါ။
၄။ သညာဆိုတာက အာရုံကို မှတ်သားတဲ့သဘောကလေးပဲ။ ဘာကို မှတ် သားသလဲလို့ မေးတော့ ဒီမှာ ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို မှတ်သားနေတဲ့ သဘာဝကလေးတစ်ခု ဖြစ်တယ်။ လေးလုံး လေးလုံး အကြိမ်များစွာ မြင်ပြီဆိုလို့ရှိလျှင်တော့ နောက်တစ်လုံး ထပ်တိုးလိုက်။
၅။ စေတနာဆိုတာက ဘာလဲလို့မေးတော့ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ယှဉ်ဘက်စိတ်စေတသိက်တွေ ကို ရောက်အောင် လှုံ့ဆော်ပေးနေတဲ့သဘာဝပဲ၊ ခုဒီတရားပွဲ ဖြစ်မြောက်ရေးအတွက် လှုံ့ဆော်ပေးတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ? တစ်ယောက်ယောက်တော့ ရှိမယ်၊ အဲဒီပုံစံလိုပဲ ဒီသုံးဆယ့်လေးလုံးထဲမှာ လည်း ဒီစေတနာက ဒီစိတ်စေတသိက်တွေကို ဒီကြည်လင်တောက်ပ နေတဲ့ အာနာပါနအာရုံပေါ်သို့ ရောက်အောင် လှုံ့ဆော်ပေးတာပဲ၊
အခုဒါယကာကြီးတွေ ဒါယိကာမကြီးတွေ တရားထိုင်တော့ ဝင်လေ ထွက်လေ ရှုပြီ၊ ရှုလိုက်တဲ့ အချိန်အခါမှာ စိတ်စေတသိက်တွေကို ဝင်လေထွက်လေ အာရုံပေါ်သို့ရောက်အောင် လှုံ့ဆော်ပေးနေတဲ့ ဒီ စေတနာလေးရှိဖို့လိုတယ်။ အဲဒီ စေတနာက မရှိဘူး၊ စိတ်စေတသိက် တွေကို တခြားအာရုံတွေဘက်သို့ သွားအောင် လှုံ့ဆော်ပေးနေတယ်၊ ဝင်လေထွက်လေအာရုံပေါ်ကို ရောက်အောင် လှုံ့ဆော်မပေးဘူးဆိုလျှင် ဝင်လေထွက်လေကို ထင်ထင်ရှားရှား သိပါ့မလား? မသိတော့ဘူး။ တခြားအာရုံတွေဘက်သို့ ရောက်အောင် လှုံ့ဆော်ပေးနေပြီဆိုလျှင် တော့ တခြားအာရုံတွေကိုပဲ လှမ်းပြီး သိနေလိမ့်မယ်။
ဒါကြောင့် ဒီစေတနာဆိုတာက ခုကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်စေတသိက် ယှဉ်ဖက်တရားတွေ ကို ရောက်အောင် လှုံ့ဆော်ပေးနေတဲ့ သဘာဝတစ်ခု ဖြစ်တယ်။ ပေါင်း လိုက်တော့ ဘယ်နှစ်ခု ရှိသွားသလဲ? ငါးခု။ ဒီငါးလုံးကိုတော့ ဖဿ ပဉ္စမကတရား (= ဖဿလျှင် ငါးခုမြောက်ရှိတဲ့တရား) ဆိုပြီးတော့ စာပေ နယ်က ဒီလို သတ်မှတ်ချက်ပေးထားပါတယ်။ အဲဒီ ဖဿပဉ္စမကတရား ငါးခုကိုတော့ ပဓာနထားပြီးတော့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်အောင် ရှုရပါတယ်။ အောင်မြင်ပြီဆိုတဲ့ အချိန် အခါကျတော့မှ နောက်ထပ်တစ်ခု တိုးကြည့်။
၆။ ဧကဂ္ဂတာဆိုတာက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေမှုသဘော ကလေးပဲ။ သမာဓိလို့လည်း ခေါ်ပါတယ်။ အာရုံတစ်ခုတည်းပေါ်မှာ စိတ်ကျရောက်နေတဲ့ သဘာဝတစ်ခု ဖြစ်တယ်။ အဲဒီ သဘာဝကို မြင် အောင် လှမ်းသိမ်းဆည်းလိုက်လျှင် ခြောက်ခုဖြစ်သွားပြီ။ ခြောက်ခု အောင်မြင်ပြီ ဆိုလို့ရှိလျှင် ခုနစ်ခုတိုးကြည့်။
၇။ မနသိကာရဆိုတာကတော့ ဒီယှဉ်ဖက်စိတ်စေတသိက်တရားတွေကို အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ ရောက်အောင် ဦးလှည့်ပြီး တွန်းပို့ပေးတဲ့ သဘာဝတစ်ခု၊ စေတနာက လှုံ့ဆော်ပေးတဲ့ သဘာဝ တစ်ခု။ နောက်ထပ်ပြောမည့် ဝိတက်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ ယှဉ်ဖက်စိတ်စေတသိက်တရားတွေကို ရှေးရှု တင် ပေးနေတဲ့ သဘာဝတစ်ခု၊ ဘာထူးလဲလို့ မေးလျှင်တော့ စာပေနယ်မှာ ဒီသုံးခုကို ခွဲခြားပေးတာကတော့ လှေတစ်စင်းဥပမာနဲ့ ခွဲခြားပေးထား ပါတယ်။
လှေတစ်စင်းကို လူသုံးယောက် လှော်ပြီဆိုလျှင် နောက်ကထိုင်နေတဲ့ ပုဂ္ဂိုလ်က လှေဦးကို လိုချင်တဲ့ဘက်ရောက်အောင် တည့်လည်းပေးတယ်၊ ရှေ့ကိုလည်း ရောက်အောင် တွန်းပို့ပြီး လှော်ပေးတယ်။ အလယ်ခေါင် မှာရှိတဲ့ ပုဂ္ဂိုလ်ကတော့ သူက ဘယ်လိုပဲဖြစ်ဖြစ် သူ့တာဝန်က လှေရှေ့ ရောက်ဖို့ရန်အတွက် တအားတွန်းပို့ပေးနေရတယ်၊ လှော်ပေးနေရ တယ်။ ဦးမှာရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သူက နည်းနည်း ဗျာများတယ်။ လှေလည်း ရှေ့ရောက်အောင် တွန်းပို့ပေးရတယ်။ ပန်းတိုင်မှာရှိတဲ့ ပန်းကို လှမ်းပြီး ဆွတ်ဖို့ရန်အတွက်လည်း ကြောင့်ကြစိုက်ရတယ်။ ဦးမှာလှော်တဲ့ ပုဂ္ဂိုလ်နဲ့ စေတနာနဲ့ တူတယ်။ အလယ်ခေါင်က လှော်တဲ့ ပုဂ္ဂိုလ်နဲ့ ဝိတက်နဲ့ တူတယ်။ ပဲ့ကကိုင်ထားတဲ့ လှော်နေတဲ့ ပုဂ္ဂိုလ် = လှေကို လိုရာဘက်သို့ရောက်အောင် ဦးလှည့်ပြီး တွန်းပို့နေတဲ့ ပုဂ္ဂိုလ်နဲ့ မနသိကာရနဲ့ တူတယ်။ ဒီလို ရှင်းထားတယ်။ အဲဒီ သဘာဝကလေးတွေ ကို မြင်အောင် ကြည့်ရပါတယ်။ နောက်တစ်ခုကတော့ -
၈။ ဇီဝိတ --- ရုပ်တရားတွေမှာ အသက်ရှင်နေတဲ့ သဘာဝတစ်ခုရှိသလို နာမ်တရားတွေမှာလည်း နာမ်တရား အချင်းချင်းကို ပြန်လည်စောင့် ရှောက်ပေးနေတဲ့ အသက်ရှင်နေတဲ့ သဘာဝတစ်ခု ရှိတယ်။ ဇီဝိတလို့ ခေါ်ပါတယ်။ ရုပ်ဇီဝိတိန္ဒြေနှင့် နာမ်ဇီဝိတိန္ဒြေဆိုပြီး ဒီလို နှစ်ခုခွဲထား တယ်။ ပေါင်းလိုက်လျှင် သဘောတရား ဘယ်နှစ်ခု ရှိသွားပြီလဲ? ရှစ်ခု။ အဲဒီ ရှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မြင်အောင် လေ့ကျင့် ရတယ်။ လေ့ကျင့်လို့ အောင်မြင်ပြီ ဆိုလို့ရှိလျှင်တော့ နောက်တစ်ခု တိုးကြည့်။
၉။ ဝိတက် = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ ပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။ ဒါစျာန်အင်္ဂါတစ်ခုပဲ၊ သိမ်းဆည်းတတ်ပြီးပြီ။ နောက်တစ်ခုက -
၁၀။ ဝိစာရ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ ကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်နေတဲ့သဘော၊ ဆုပ်နယ်နေတဲ့ သဘောပဲ။ နောက်တစ်ခုကတော့ -
၁၁။ အဓိမောက္ခ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ဆုံးဖြတ်ချက်ချတဲ့သဘော၊ ဒါက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ပဲဆိုပြီး ဆုံးဖြတ်တဲ့ သဘာဝကလေးပဲ။
၁၂။ ဝီရိယ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံ ပေါ်သို့ စိတ်စေတသိက်သမ္ပယုတ်တရားတွေကို ရောက်အောင် ကြိုးစား အားထုတ်နေတဲ့သဘော၊ တစ်နည်းပြောလျှင်တော့ သမာဓိဖြစ်အောင် ကြိုးစားအားထုတ်နေတဲ့ သဘောပဲ။ ကြိုးစားအားထုတ်တဲ့ သဘာဝက ဝီရိယ။ နောက်တစ်ခုက -
၁၃။ ပီတိ --- ပီတိက ဒီကြည်လင်တောက်ပနေတဲ့ အာရုံကို နှစ်သက်နေတဲ့ သဘော။ နောက်တစ်ခုက -
၁၄။ ဆန္ဒ = ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံ ပေါ်၌ စိတ်တည်ကြည်လိုတဲ့ သဘာဝတစ်ခုပဲ။ တစ်နည်းပြောရလျှင် တော့ အာနာပါနပဋိဘာဂနိမိတ် အာရုံကို လိုလားတောင့်တနေတဲ့ သဘောပဲ။ သမာဓိစခန်း ဖြစ်ခြင်းကြောင့် သမာဓိဖြစ်လိုတဲ့ သဘာဝ တစ်ခုပဲလို့ ပြောခြင်းဖြစ်တယ်။
ပေါင်းလိုက်တော့ စိတ်စေတသိက် ဘယ်နှစ်ခု ရှိသွားပြီလဲ? (၁၄)ခု ဖြစ်သွားပြီ။ အသိစိတ်နှင့် ပေါင်းလိုက်လျှင်ပေါ့၊ အဲဒီ (၁၄)လုံးကို ကြိမ်ဖန် များစွာ ဆက်တိုက်ဖြစ်နေတာကို မြင်အောင် ရှုရပါတယ်။ အောင်မြင်မှုရပြီ ဆိုတော့မှ -
၁၅။ သဒ္ဓါ = ယုံကြည်ချက်တစ်ခုကို တိုးရှုပါ။ ဘာယုံကြည်သလဲလို့ မေးလျှင် တော့ ဒီမှာ သမာဓိစခန်းဖြစ်ခြင်းကြောင့် သမာဓိကျင့်စဉ်နှင့် ပတ်သက် ပြီး ယုံကြည်နေတဲ့ သဘာဝပဲ။ ဒီဝင်လေထွက်လေကို ရှုလို့ရှိလျှင် စျာန်ရ တယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား ဆိုလျှင်တော့ ယုံကြည်ချက်ရှိတယ် လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ပါဘူး။ အခုလက်တွေ့ ရှုလိုက်ပြီ၊ လက်တွေ့ ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်လည်း တွေ့ပြီ၊ ဒီပဋိဘာဂနိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်သက်စွာ ကပ်ထားမယ်ဆိုလျှင် လည်း ကပ်ထားလို့ရပြီ၊ ပဋိဘာဂနိမိတ်ထဲမှာ စိတ်စေတသိက်တွေက နစ်မြုပ်နေမှုကိုလည်း ကိုယ်ကိုယ်တိုင် ရှုလို့ရပြီ။ စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟု ခေါ်သတတ်ဆိုတဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ အဆုံးအမအတိုင်းပဲ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး မြဲမြဲမြံမြံ ရှုလို့ရနေပြီ၊ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဒီသမာဓိကို တည်တံ့အောင် ထားနိုင်ပြီဆိုလျှင် အဲဒီ အချိန်အခါမှာ ဒီစျာန်နာမ်တရားဆိုတာ တကယ်မှန်တယ်ဆိုတဲ့ သမာဓိသိက္ခာ, သမာဓိ ကျင့်စဉ်နှင့် ပတ်သက်တဲ့ ယုံကြည်ချက်က ထိုပုဂ္ဂိုလ်သန္တာန်မှာ ခိုင်မြဲ မလာဘူးလား? ခိုင်မြဲလာတယ်။ အဲဒီ ယုံကြည်မှုက သဒ္ဓါတရားပဲ။
၁၆။ ဟိရီ = မကောင်းမှု အကုသိုလ် ဒုစရိုက်တွေမှ ရှက်တဲ့သဘော။
၁၇။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရားတွေမှ ကြောက်လန့်တဲ့သဘော။ ဒါကတော့ ရှေးရှုတည်ရုံတည်နေတဲ့ သဘာဝတွေပါ။ ထိုအချိန်အခါမှာ ရှက်လှချည်ရဲ့ ကြောက်လှချည်ရဲ့ဆိုပြီး ဒီလို စိတ်အစဉ်တွေ ဖြစ်နေ တာမျိုးတော့ မဟုတ်ဘူး။ အရှက်အကြောက်ရှိလို့လည်း ကောင်းမှု ကုသိုလ်ဆိုတာ ပြုလုပ်တာပါ။ အရှက်အကြောက် မရှိတဲ့ပုဂ္ဂိုလ်တွေ ကောင်းမှုကုသိုလ် ဆည်းပူးပါ့မလား? မဆည်းပူးပါဘူး။ နောက်တစ်ခု-
၁၈။ သတိ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ခိုင်ခိုင်မြဲမြဲ အမှတ်ရနေမှု သဘောပဲ။ ဒီနေရာမှာ အလွန်အားကောင်းနေ တဲ့ သတိပါ။ သာမန် အမှတ်ရရုံကလေးတော့ မဟုတ်ဘူး။ စိတ်က ကျောက်ဖျာကြီးတစ်ခုကို ရေထဲမှာ ချထားသလို အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာ နစ်မြုပ်ပြီး ငြိမ်ဝပ်ပြီးနေအောင် အမှတ်ရနေတဲ့ သဘောပဲ။ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ လေးခု။ နောက်တစ်ခု -
၁၉။ အလောဘ = ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်ကို အခုလို အာရုံယူနေတဲ့ အချိန်အခါမှာ ဒီနိမိတ်အပေါ်၌ တွယ်တာ မက်မောမှု ရှိသလား? မရှိဘူး။ မတွယ်တာ မမက်မောတဲ့ သဘာဝတစ်ခု ဖြစ်ပေါ်နေတယ်။ ဒီအာနာပါနပဋိဘာဂနိမိတ် အာရုံကို တွယ်တာမှုဖြင့် ငြိကပ်နေတဲ့သဘော မရှိမှု ဖြစ်တယ်။
၂၀။ အဒေါသ --- ထိုအချိန်အခါမှာ ဒေါသတွေက ထွက်နေသလားလို့ မေးတော့လည်း မထွက်ပါဘူး။ စိတ်ဓာတ်တွေက မပြစ်မှားဘူး။ ဒီ ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်နှင့် ပတ်သက်ပြီးတော့ ဒေါသမဖြစ်တဲ့ ဆန့်ကျင်ဘက် သဘာဝတစ်ခုပဲ။ ဒါကို မေတ္တာလို့လည်း တချို့နေရာမှာ သုံးပါတယ်။ သို့သော် ဒီနေရာမှာကတော့ ကြည်လင် တောက်ပနေတဲ့ ပဋိဘာဂနိမိတ်ကို အာရုံယူနေတာ ဖြစ်ခြင်းကြောင့် မပြစ်မှားလိုတဲ့ သဘာဝတစ်ခုပဲ။ စိတ်မခက်ထန် မကြမ်းတမ်းတဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။နောက်တစ်ခု-
၂၁။ တတြမဇ္ဈတ္တတ္တာ = ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံမှာ စိတ်ကို အလယ်အလတ် တည်နေအောင် ထားနိုင်တဲ့ သဘာဝတစ်ခုပဲ။ ကြောင့်ကြမှုတွေ တောင့်တမှုတွေမရှိတော့ စိတ်က သဘာဝအတိုင်း ငြိမ်နေတယ်။ အာဇာနည်မြင်းကောင်းတွေကို မောင်း နေတဲ့ ရထားထိန်းဟာ မြင်းတွေက သူ့ပုံမှန်လမ်းအတိုင်း သွားနေပြီ ဆိုလျှင် ဒီမြင်းတွေကို ကြိမ်တို့ပေးဖို့ ပြန်ဆွဲထားဖို့ အကြောင်းမရှိဘဲ ကြောင့်ကြမှုမရှိတော့ဘဲ မြင်းတွေကို အသာကလေး သူတို့သွားမြဲလမ်း အတိုင်း သွားခွင့်ပေးထားသလို ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါန ပဋိဘာဂနိမိတ်အာရုံပေါ်၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီး တည်နေ ပြီဆိုလျှင် ထိုတည်နေတဲ့အတိုင်းပဲ ဆက်ပြီး တည်တံ့အောင် စိတ်အစဉ် ကို ထားထားတဲ့ သဘာဝတစ်ခုပဲ။ ကြောင့်ကြလည်း မစိုက်တော့ဘူး။ ကြောင့်ကြစိုက်ဖို့လည်း မလိုတော့ဘူး။ မလိုအောင်လည်း ဒီနေရာမှာ လေ့ကျက်ထားတယ်။ နောက်စေတသိက်တွေကတော့ -
၂၂။ ကာယပဿဒ္ဓိ = စေတသိက်တို့ရဲ့ အေးချမ်းမှုသဘော၊
၂၃။ စိတ္တပဿဒ္ဓိ = စိတ်ရဲ့ အေးချမ်းမှုသဘော၊
၂၄။ ကာယလဟုတာ = စေတသိက်တွေရဲ့ ပေါ့ပါးနေတဲ့သဘော၊
၂၅။ စိတ္တလဟုတာ = စိတ်ရဲ့ ပေါ့ပါးနေတဲ့သဘော၊
၂၆။ ကာယမုဒုတာ = စေတသိက်တို့ရဲ့ နူးညံ့တဲ့သဘော။
၂၇။ စိတ္တမုဒုတာ = စိတ်ရဲ့ နူးညံ့နေတဲ့သဘော၊
၂၈။ ကာယကမ္မညတာ = စေတသိက်တို့ရဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး စျာန်သမာဓိဆိုက်အောင် ရှုပွားမှုဆိုတဲ့ လုပ်ငန်းခွင်မှာ ခံ့ညားနေတဲ့သဘော၊
၂၉။ စိတ္တကမ္မညတာ = စိတ်ရဲ့ ခံ့ညားမှုသဘော၊
၃၀။ ကာယပါဂုညတာ = အာနာပါနပထမစျာန်သမာဓိကို ရှုပွားသုံးသပ်တဲ့ အပိုင်းမှာ စေတသိက်တွေရဲ့ ကျွမ်းကျင်နေတဲ့သဘော၊
၃၁။ စိတ္တပါဂုညတာ = စိတ်ရဲ့ ကျွမ်းကျင်မှုသဘော၊
၃၂။ ကာယုဇုကတာ = စေတသိက်တို့ရဲ့ ဖြောင့်မတ်နေတဲ့သဘော၊
၃၃။ စိတ္တုဇုကတာ = စိတ်ရဲ့ ဖြောင့်မတ်နေတဲ့သဘော၊ ဖြောင့်မတ်နေတယ် ဆိုတာကတော့ မာယာ, သာဌေယျ အကွေ့အကောက်တွေ ထိုအချိန် အခါမှာ မရှိတော့ဘူး၊ စိတ်က မိမိကိုယ်ကို မိမိ လှည့်ပတ်နေတာတို့, သူတစ်ပါးကို လှည့်ပတ်လိုတဲ့ သဘောတရားတို့, အဲဒီ အချိန်အခါမှာ မရှိဘူး။ စိတ်က ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်မှာပဲ ဖြောင့်ဖြောင့်သွားနေတယ်။ အဲဒီ ဖြောင့်ဖြောင့်သွားနေတဲ့ သဘောကို ဥဇုကတာလို့ ခေါ်ပါတယ်။
ခုပြောခဲ့တဲ့ သဒ္ဓါမှ ဥဇုကတာတိုင်အောင်သော စေတသိက်တွေကို သောဘဏသာဓာရဏစေတသိက် (၁၉)လုံးလို့ သတ်မှတ်ပါတယ်။ နောက်တစ်ခုကတော့ -
၃၄။ ပညာပဲ။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေတဲ့သဘော။
သောဘဏစေတသိက်က အလုံး (၂၀)၊ ခုနက အညသမာန်းစေတသိက် တွေက (၁၃)လုံး၊ အသိစိတ်က တစ်လုံး၊ ပေါင်းလိုက်တော့ (၃၄)လုံး ရှိပါတယ်။ အဲဒီ (၃၄)လုံးသော နာမ်တရားကလေးတွေကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုးပြီး (၃၄)လုံးပြည့်တဲ့အထိ သိမ်းဆည်းရပါတယ်။ သိမ်းဆည်း လိုက်လို့ (၃၄)လုံးကို ပြိုင်တူလိုလို ဉာဏ်ထဲမြင်တဲ့ အချိန်အခါကျတော့မှ ထိုယောဂီသူတော်ကောင်းက - ဝီထိခေါ်တဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဒီစျာန်နာမ်တရားတွေက ဖြစ်နေတော့ - ဝီထိစိတ်အစဉ်အတိုင်း တစ်ဖန် မြင်အောင် ပြန်သိမ်းဆည်းရတယ်။
ဝီထိဆိုတာကတော့ ဒီစျာန်နာမ်တရားတွေ ဖြစ်ပေါ်သွားတဲ့ လမ်းကြောင်းပဲ။ မနောဒွါရာဝဇ္ဇန်းက တစ်ကြိမ်၊ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု ခေါ်တဲ့ ကာမာဝစရဥပစာရစျာန်ဇောက လေးကြိမ် - များသောအားဖြင့် ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းကျတော့မှ အပ္ပနာစျာန်ဇောလို့ ခေါ်ဆိုအပ်တဲ့ ခုနက ဘုန်းကြီးပြောတဲ့ (၃၄)လုံးသော နာမ်တရားတွေ ဖြစ်ကြတယ်။ မနောဒွါရာဝဇ္ဇန်းမှာကတော့ စိတ်စေတသိက် (၁၂)လုံး ရှိပါတယ်။ အသိစိတ်ကနေ ပြီးတော့ ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယအထိ စိတ်စေတသိက် (၁၂)လုံး၊ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုတို့ကတော့ စျာန်နှင့် အလားတူပဲ (၃၄)လုံးပဲ၊ ခုနက ပြောခဲ့တဲ့ (၃၄)လုံးပဲ။ အဲဒီ နာမ်တရားတွေကို ဝီထိစဉ်အတိုင်း ဖြစ်ပေါ်သွားတာကို မြင်အောင်ကြည့်လို့ သိမ်းဆည်းလို့ ရပြီဆိုတော့မှ ဒီနာမ် တရားအားလုံးက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ ညွတ်ကိုင်းရှိုင်းနေတဲ့ သဘာဝတစ်ခုဖြစ်တဲ့အတွက် အဲဒီ ညွတ်ကိုင်းရှိုင်းနေတဲ့ သဘာဝကို မြင်အောင်ကြည့်ပြီး အဲဒီအခါကျတော့မှ နာမ်တရား နာမ်တရားလို့ သိမ်းဆည်းရပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၂-၂၂၃။)
အာယတနဒွါရအလိုက် ရုပ်နာမ်သိမ်းဆည်းပုံအမြွက်
ဟိုရှေးပိုင်းကပြောခဲ့တဲ့ ဒီစျာနဝီထိထဲမှာ ကာမာဝစရဥပစာရစျာန်ဇော လေးခုပါဝင်ရာ အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာအောင် စီးဖြန်းနေတဲ့ ကာမာဝစရသမာဓိဇောကို ပရိကံ၊ စျာန်ရဲ့ အနီးအပါးမှာ ဖြစ်နေတဲ့ ကာမာဝစရ သမာဓိဇောကို ဥပစာ၊ ရှေးရှေးဘာဝနာ ပရိကံနှင့် နောက်နောက် စျာန်အားလျော်စွာဖြစ်နေတဲ့ ကာမာဝစရသမာဓိဇောကို အနုလုံ၊ ကာမအနွယ်ကို ဖြတ် တောက်လိုက်တဲ့, ကျော်လွှားလွှမ်းမိုးသွားတဲ့ နောက်ဆုံး ကာမာဝစရသမာဓိ ဇောကို ဂေါတြဘုဆိုပြီး ခေါ်ဆိုပါတယ်။
နာမ်ဃနလေးမျိုး
ခုလို နာမ်တရားတွေကို သိမ်းဆည်းတဲ့ အပိုင်းမှာလည်း နာမ်ဃနခေါ်တဲ့ နာမ်အတုံးအခဲလေးမျိုးကိုလည်း ပြိုကွဲသွားအောင် ဖြိုခွဲဖျက်ဆီးပြီး နာမ် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ နာမ်တရား တွေနှင့် ပတ်သက်လို့ ကျမ်းဂန်များမှာ နာမ်ဃနလေးမျိုး = နာမ်အတုံးအခဲ လေးမျိုး မိန့်ဆိုထားကြပါတယ်။ ဓမ္မသင်္ဂဏီမူလဋီကာမှာ ဒီလို ဖွင့်ဆိုထား တယ် -
သန္တတိဃနာဒီနံ အယံ ဝိသေသော - ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကီဘူတာနမိဝ ပဝတ္တိ သမူဟာဒိဃနတာတိ။ (မူလဋီ၊၁၊၆၈။)
နာမ်တရားတွေမှာ -
၁။ သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ,
၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ,
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ,
၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ၊
ဒီလို အတုံးအခဲ (၄)မျိုး ရှိပါတယ်။
၁။ သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ
နာမ်တရားတွေမှာ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ် = ဝီထိမှ အလွတ်ဖြစ်သော စိတ်ဆိုပြီး အကြမ်းစားအားဖြင့် နှစ်မျိုးရှိပါတယ်။ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့က ဝီထိမှ လွတ်နေတဲ့ ဝီထိမုတ်စိတ်တို့ ဖြစ်ကြပါတယ်။ ဘဝတစ်ခု မှာ ခေါင်းဆုံးဖြစ်တဲ့ ဘဝင်စိတ်ကို ပဋိသန္ဓေစိတ် = အတိတ်ဘဝနှင့် ပစ္စုပ္ပန် ဘဝဆိုတဲ့ ဘဝနှစ်ခုကို ဆက်စပ်ပေးတဲ့စိတ်လို့ ခေါ်ပါတယ်။ ဘဝတစ်ခုမှာ နောက်ဆုံးဖြစ်သွားတဲ့ ဘဝင်စိတ်ကိုတော့ စုတိစိတ် = ဘဝတစ်ခုမှ ရွေ့လျော သွားတဲ့စိတ်လို့ ခေါ်ဆိုပါတယ်။ ပဋိသန္ဓေနှင့် စုတိစိတ်အကြားဝယ် ဘဝ တစ်လျှောက်မှာ ဝီထိစိတ်များ မဖြစ်ပေါ်ခဲ့လျှင် စိတ်အစဉ် မပြတ်စဲရေး အတွက် အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံကြောင့် ဝီထိစိတ်တို့ရဲ့ အကြား အကြားမှာ ဖြစ်ပေါ်နေတဲ့စိတ်ကို ဘဝင်စိတ် = ဘဝရဲ့ စိတ်အစဉ် မပြတ်စဲရေး အတွက် အကြောင်းတရားဖြစ်တဲ့စိတ်လို့ ခေါ်ဆိုပါတယ်။ ဒီဝီထိမုတ်စိတ်တွေ ကိုလည်း စိတ္တက္ခဏတစ်ခုချင်း ခွဲခြားပြီးမမြင်ဘဲ စိတ်အစဉ်အတန်း တစ်ခု အဖြစ်မြင်ခဲ့လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေတယ် လို့ ဆိုရတယ်။ သို့သော် စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာပြီး ရှုမြင်နိုင်လျှင် နာမ်အစဉ်အတန်း အတုံးအခဲကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်ပါတယ်။
ဝီထိစိတ်တို့ကလည်း စက္ခုဒွါရဝီထိ စသည်ဖြင့် ဝီထိ (၆)မျိုးရှိရာ ပထမ စျာနသမာပတ္တိဝီထိ တစ်ခုကို ပုံစံထုတ်ပြီး ပြောကြရအောင် - ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေတဲ့ ပထမစျာန် စျာနဝီထိ ဆိုကြစို့၊
၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်,
၂။ ပရိကံ, ဥပစာရ, အနုလုံ, ဂေါတြဘုဆိုတဲ့ ကာမာဝစရဥပစာရသမာဓိ ဇော (၄)ကြိမ်,
၃။ အပ္ပနာစျာန်ဇော = ပထမစျာန်ဇော အကြိမ်များစွာ,
ဒီလို စိတ်အစဉ်တွေ ဖြစ်နေတဲ့အခါမှာ -
ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပရိကံ, ဤကား ဥပစာ, ဤကား အနုလုံ, ဤကား ဂေါတြဘု, ဤကား ပထမစျာန်ဇော, ဤကား ဒုတိယစျာန် ဇောစသည်ဖြင့် စိတ္တက္ခဏတစ်ခုချင်း ခွဲခြားပြီးတော့ ဝိပဿနာဉာဏ်နှင့် မမြင်ဘဲ နာမ်သန္တတိ အစဉ်အတန်းတစ်ခု အဖြစ်နှင့်ပဲ ဝိပဿနာဉာဏ်နှင့် ရှုမြင်နေလျှင် နာမ်သန္တတိ အစဉ်အတန်း အတုံးအခဲကြီးက ဒီယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ကို ဖုံးအုပ်ထားပြီလို့ ဆိုရတယ်။ ဒါပေမဲ့ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပရိကံစသည်ဖြင့် စိတ္တက္ခဏတွေကို တစ်ခုချင်း ခွဲခြားစိတ်ဖြာပြီး မြင်မယ်ဆိုလျှင်တော့ နာမ်သန္တတိ အစဉ်အတန်း အတုံးအခဲကြီးဟာ ထို ယောဂီရဲ့ ဉာဏ်မှာ ပြိုကွဲသွားပြီ။ ဒီယောဂီရဲ့ ဉာဏ်က နာမ်သန္တတိအစဉ် အတန်း အတုံးအခဲကို ဖြိုခွဲနိုင်ပြီလို့ ဆိုရတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါဘူး။ ကျန်ဝီထိတွေမှာလည်း ပုံစံတူပင် သဘောပေါက်ပါ။
၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ
စိတ်စေတသိက်ခေါ်တဲ့ နာမ်တရားတွေဟာ တစ်လုံးချင်း တစ်ခုချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိကြပါဘူး။ အုပ်စုအလိုက်သာ ဖြစ်နိုင်ကြတယ်။ ပထမ စျာန် နာမ်တရားတွေကို သိမ်းဆည်းခဲ့စဉ်က ပြောခဲ့တဲ့အတိုင်း ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူနေတဲ့ ပထမစျာန် နာမ်တရားတွေကိုကြည့်လျှင် (၃၄)လုံးအထိ ရှိနေပါတယ်။ ဒီလို အုပ်စုအလိုက် ပြိုင်တူ ဖြစ်ကြပါတယ်။ သန္တတိဃန ပြိုသွားလို့ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာ ဉာဏ်က စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာပြီး မြင်တဲ့အပြင် စိတ္တက္ခဏတစ်ခု အတွင်းမှာ တည်ရှိတဲ့ နာမ်တရားတွေကိုလည်း ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီး ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တတ်ဖို့ လိုပါတယ်။
စိတ္တက္ခဏတစ်ခုအတွင်းမှာ ပြိုင်တူဖြစ်နေတဲ့ ခု ပြောခဲ့တဲ့ ပထမစျာန် နာမ်တရားကဲ့သို့သော (၃၄)လုံးသော နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီး မမြင်ဘဲ တစ်ပေါင်းတစ်စုတည်း အတုံးအခဲလိုက် တစ်စု တစ်ပြုံတည်း တစ်ခုတည်းအဖြစ် ဝိပဿနာဉာဏ်က မြင်နေလျှင် ဒီယောဂီရဲ့ ဉာဏ်ကို သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲကြီးက ပိဿာလေးနှင့် ဖိထားသလို ဖုံးအုပ်ထားပြီလို့ ဆိုရတယ်။
ဒါပေမဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က ဤကား ဖဿ, ဤကား ဝေဒနာစသည်ဖြင့် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်းမှာ (၃၄)လုံးရှိက (၃၄)လုံး ကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီး (၃၄)လုံးတန်းစီထားတဲ့ ပွတ်လုံး တန်းတစ်ခုကို ပွတ်လုံး တစ်လုံးစီ တစ်လုံးစီ ခွဲခြားပြီး မြင်သလို မြင်ခဲ့မယ် ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က သမူဟဃနခေါ်တဲ့ နာမ် အပေါင်းအစု အတုံးအခဲကို ဖြိုခွဲဖျက်ဆီးနိုင်ပြီလို့ ဆိုရတယ်။ ဒီသန္တတိဃနနှင့် သမူဟဃန ပြိုပြီဆိုလျှင် နာမ်ပရမတ်လောကသို့ စတင်ရောက်ရှိပြီတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အသိဉာဏ်ကတော့ အလွန်ကြီး မသန့်ရှင်းသေးဘူး။ ဒါကြောင့် ကိစ္စဃနခေါ်တဲ့ နာမ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး ပြိုကွဲသွားအောင် ဆက်လက်ပြီး ဝိပဿနာဉာဏ်နှင့် ရှုရမှာဖြစ်တယ်။
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ
သဗ္ဗမေတံ ရူပါရူပကလာပုပ္ပါဒနံ သန္ဓာယ ဝုတ္တံ။ (မဟာဋီ၊၂၊၂၃၅။)
ဤအထက်ပါ မဟာဋီကာစကားရပ်က စိတ္တက္ခဏတစ်ခုအတွင်း၌ အတူ ယှဉ်တွဲ ဖြစ်ကြတဲ့ စိတ်စေတသိက် = နာမ်တရားစုတို့ကို နာမ်ကလာပ်လို့ု ခေါ်ဝေါ်သုံးစွဲထားတယ်။ ယင်းနာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြ တဲ့ နာမ်ပရမတ္ထဓာတ်သား အသီးအသီးတို့၌ မိမိ မိမိတို့ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိကြတယ်။ ဥပမာ အာနာပါနပထမစျာန်ဇော စိတ္တက္ခဏတစ်ခုတစ်ခုစီ၌ ပရမတ္ထဓာတ်သား နာမ်တရား (၃၄)မျိုးစီ အသီးအသီးရှိရာ ပရမတ္ထဓာတ်သားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ရှိသဖြင့် (၃၄)မျိုးသော ပရမတ္ထဓာတ်သားတို့၌ (၃၄)မျိုးသော လုပ်ငန်းကိစ္စ ရပ်များ ရှိနေကြတယ်။
၁။ အသိစိတ်သည် အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရယူရာ၌ ပြဓာန်း သော ပဓာနရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း၊ ပုဗ္ဗင်္ဂမရသလုပ်ငန်းကိစ္စ ရှိတယ်။
၂။ ဖဿသည် အာနာပါနပဋိဘာဂနိမိတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ် ပေးခြင်း, ယင်းအာရုံကို ပွတ်ချုပ်ထိခိုက်ခြင်း သင်္ဃဋ္ဋနရသလုပ်ငန်းကိစ္စ ရှိတယ်။
၃။ ဝေဒနာ = သုခဝေဒနာသည် အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာ ကို ချမ်းချမ်းသာသာ အစဉ်ခံစားခြင်း အနုဘဝနရသလုပ်ငန်းကိစ္စ ရှိတယ်။
၄။ သညာသည် အာနာပါနပဋိဘာဂနိမိတ်အာရုံကို နောက်ထပ်တစ်ဖန် သိရှိဖို့ရန် အမှတ်နိမိတ်ကို ပြုခြင်း ပုနသဉ္ဇာနနပစ္စယနိမိတ္တကရဏရသလုပ်ငန်းကိစ္စ ရှိတယ်။
၅။ စေတနာသည် အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ ယှဉ်ဖက် သမ္ပယုတ်တရားတို့ ရောက်အောင် ကြောင့်ကြဗျာပါရပြုခြင်း အာယူဟနရသလုပ်ငန်းကိစ္စ ရှိတယ်။
ဤသို့စသည်ဖြင့် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိကြတဲ့ ပရမတ္ထဓာတ်သားတိုင်း၌ မိမိတို့ကိုယ်ပိုင်ကိစ္စ အသီးအသီး ရှိကြတယ်။ ဒီလို လုပ်ငန်းကိစ္စ အသီးအသီးကို ခွဲခြားပြီး မသိဘဲ စိတ္တက္ခဏတစ်ခုအတွင်းမှာ ရှိတဲ့ နာမ်တရားအားလုံးတို့ရဲ့ လုပ်ငန်းကိစ္စအသီးအသီးကို ကိစ္စတစ်ခုတည်း အဖြစ် ယောဂီပုဂ္ဂိုလ်က ဝိပဿနာရှုတဲ့အခါ တွေ့မြင်နေမယ်ဆိုလျှင် ယောဂီရဲ့ ဝိပဿနာဉာဏ်ကို ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲကြီးက ဖုံးအုပ် ထားတယ်လို့ ဆိုရတယ်။
အကယ်၍ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က ဤကား အသိစိတ် ဝိညာဏ်ရဲ့ လုပ်ငန်းကိစ္စ, ဤကား ဖဿရဲ့ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာရဲ့ လုပ်ငန်းကိစ္စ, ဤကား သညာရဲ့ လုပ်ငန်းကိစ္စ, ဤကား စေတနာရဲ့ လုပ်ငန်း ကိစ္စ- ဤသို့စသည်ဖြင့် စိတ္တက္ခဏတစ်ခုရဲ့အတွင်းမှာ တည်ရှိနေတဲ့ ပရမတ္ထ ဓာတ်သားတိုင်းရဲ့ လုပ်ငန်းကိစ္စ အသီးအသီးကို ခွဲခြားစိတ်ဖြာပြီး သိမယ်ဆို လျှင် ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က နာမ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး ကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်တယ်။
ဒီလို သန္တတိဃန, သမူဟဃန, ကိစ္စဃနခေါ်တဲ့ နာမ်အတုံးအခဲတွေကို ယောဂီရဲ့ ဝိပဿနာဉာဏ်က ဖြိုခွဲဖျက်ဆီးနိုင်မယ်ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်သည် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပြီ ဖြစ်ပါတယ်။ ဒါတွင်လား ဆိုတော့ မကသေးဘူး၊ နောက်ထပ် ဃနတစ်မျိုး ရှိနေသေးတယ်။ ခုပြောခဲ့တာ က ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရ တဲ့ တရားစုတွေမှာ တည်ရှိတဲ့ ဃနအတုံးအခဲ သုံးမျိုးနှင့် ဒီအတုံးအခဲ သုံးမျိုးကို ဖြိုခွဲဖျက်ဆီးပုံ နည်းစနစ်များ ဖြစ်ပါတယ်။ နောက်ထပ် ဃနတစ်မျိုးကတော့ ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာ တည်ရှိတဲ့ ဃန ဖြစ်ပါတယ်။
၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ
ဟိုနောက်ပိုင်း ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်တဲ့အခါ ယောဂီပုဂ္ဂိုလ်က -
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။) -
ဆိုတဲ့ အဋ္ဌကထာများရဲ့ ညွှန်ကြားချက်အရ ယောဂီပုဂ္ဂိုလ်က ဉာတ အမည်ရတဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတို့ကိုသာ ဝိပဿနာ ရှုရသည် မဟုတ်သေး, ဉာဏအမည်ရတဲ့ ဝိပဿနာဉာဏ် ပြဓာန်းလျက်ရှိတဲ့ ဝိပဿနာ မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကိုလည်း တစ်ဖန် ပြန်၍ ဝိပဿနာရှုရမှာ ဖြစ်ပါတယ်။ ဘဒ္ဒေကရတ္တသုတ္တန်များမှာတော့ ဒီလို ဝိပဿနာရှုနည်းကို ပဋိဝိပဿနာလို့ ခေါ်ဝေါ်သုံးစွဲထားပါတယ်။ (မ၊၃၊၂၂၆။မ၊ဋ္ဌ၊၄၊၁၇၀။) ဝိပဿနာအရာမှာ အာရုံယူတတ်တဲ့တရားဆိုတာ ဒီဝိပဿနာဉာဏ်ပြဓာန်းနေတဲ့ ဝိပဿနာ မဟာကုသိုလ်ဇောဝီထိ နာမ်တရားစုကိုပဲ ရည်ညွှန်းထားပါတယ်။ အရှုခံနာမ်တရားဆိုတဲ့ ဒုက္ခသစ္စာတရားတွေဟာ လည်း အာရုံမယူတတ်ဘူးတော့ မဟုတ်ပါဘူး၊ အာရုံယူတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအရှုခံနာမ်တရားတွေဘက်မှာရှိတဲ့ ဃနသုံးမျိုးအကြောင်းကိုတော့ ရှင်းပြပြီးပြီ ဖြစ်ပါတယ်။
ယခု ကျန်နေတာက ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာရှိနေတဲ့ သန္တတိ ဃန, သမူဟဃန, ကိစ္စဃန ဆိုတဲ့ ဃနသုံးမျိုးအကြောင်း ဖြစ်ပါတယ်။ ဒီရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာရှိနေတဲ့ ဃနသုံးမျိုးကိုတော့ တစ်ပေါင်း တည်းပြုကာ အာရမ္မဏဃနဆိုတဲ့ အမည်တစ်မျိုးတည်းဖြင့် ခေါ်ဝေါ်သုံးစွဲ ထားပါတယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက် မှာလည်း တည်ရှိနေတဲ့ သန္တတိဃန, သမူဟဃန, ကိစ္စဃနဆိုတဲ့ နာမ်အတုံး အခဲသုံးမျိုးကို မိမိရဲ့ ဝိပဿနာဉာဏ်နှင့် ဖြိုခွဲဖျက်ဆီးပြီးလျှင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒီလို ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ နာမ်တရားတွေဘက်မှာရော, ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာရော နာမ်ဃန = နာမ်အတုံးအခဲ အသီး အသီးကို ဉာဏ်နှင့် ဖြိုခွဲ ဖျက်ဆီးနိုင်ရေးအတွက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် ယောဂီပုဂ္ဂိုလ်က လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်တွေနာမ်တွေကို တစ်ဖန် ပြန်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။
ဒီလောက်နှင့် သဘောမပေါက်နိုင်သေးတဲ့ သူတွေအတွက် နည်းနည်း ထပ်ရှင်းပြပါဦးမယ်။ ရှုတဲ့ ဝိပဿနာဉာဏ်ဆိုတာကတော့ ဝိပဿနာဉာဏ် ပြဓာန်းနေတဲ့ ဝိပဿနာ မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီဇောဝီထိ စိတ်အစဉ်မှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော (၇)ကြိမ် ရှိတတ်ပါတယ်။ မနောဒွါရာဝဇ္ဇန်းမှာ စိတ်စေတသိက် (၁၂)လုံး ရှိတတ်ပြီး ဇောအသီးအသီးမှာတော့ ဉာဏ်ပီတိနှစ်မျိုးလုံးယှဉ်ခဲ့လျှင် အထက်ကပြောခဲ့တဲ့ ပထမစျာန်နာမ်တရားတွေလိုပဲ စိတ်စေတသိက် = နာမ် တရားစု (၃၄)လုံးစီ ရှိတတ်ပါတယ်။
ဝိပဿနာဉာဏ်လို့ခေါ်တဲ့ ဒီဝိပဿနာဇောဝီထိကို ဝိပဿနာရှုတဲ့အခါ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က ဒီဇောဝီထိနာမ်တရားတွေကို ဝိပဿနာ ဉာဏ် တစ်ခုတည်းအဖြစ် မမြင်ဘဲ သန္တတိဃနခေါ်တဲ့ နာမ်အစဉ်အတန်း အတုံးအခဲပြိုရေးအတွက် ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇောစသည်ဖြင့် စိတ္တက္ခဏတွေကို တစ်ခုစီတစ်ခုစီ ခွဲခြား စိတ်ဖြာပြီး သိအောင် ရှုရတယ်။ သမူဟဃနခေါ်တဲ့ နာမ်အပေါင်းအစု အတုံး အခဲ ပြိုရေးအတွက်လည်း စိတ္တက္ခဏတစ်ခုတစ်ခုမှာ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် ပရမတ္ထဓာတ်သား အသီးအသီး တစ်ခုစီ တစ်ခုစီကို မြင်အောင် ခွဲခြား စိတ်ဖြာပြီးတော့ ရှုရပါတယ်။ ကိစ္စဃနခေါ်တဲ့ နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုရေးအတွက် စိတ္တက္ခဏတိုင်းမှာရှိတဲ့ ပရမတ္ထဓာတ်သားတိုင်းကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအားဖြင့် ထပ်မံပြီး သိမ်းဆည်းရပါတယ်။
ဒီလို သိမ်းဆည်းနိုင်ပါမှ သာရမ္မဏဓမ္မလို့ ခေါ်ဆိုတဲ့ ဝိပဿနာဉာဏ် ဘက်မှာလည်း နာမ်ဃန = နာမ်အတုံးအခဲ ပြိုမှာဖြစ်တယ်။ နာမ်အတုံး အခဲပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မှာ ဖြစ်တယ်။ ဒီပရမတ်တရား တွေကသာလျှင် ဝိပဿနာဉာဏ်နှင့် လက္ခဏာရေးသုံးတန်တင်ကာ ကြိတ်ခြေ ပေးရမည့် တရားစုများ ဖြစ်ကြပါတယ်။ ဒီလို နာမ်ဃန = နာမ်အတုံးအခဲတွေ ကို ဖြိုခွဲဖျက်ဆီးနိုင်တဲ့အတွက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေတဲ့ ယောဂီ ပုဂ္ဂိုလ်သည် ရှေ့သို့ ဘာဆက်လုပ်ရမလဲ?
ဒွါရခြောက်ပါး = ခြောက်ဌာနနှင့် (၄၂)ကောဋ္ဌာသမှာ တည်ရှိတဲ့ ရုပ်တရားတွေကို ခြုံငုံပြီးတော့ ရုပ်တရား ရုပ်တရားလို့ သိမ်းဆည်းရ တယ်။ အခုလို နာမ်တရားတွေကျတော့ နာမ်တရား နာမ်တရားလို့ အဲဒီအခါကျမှ သိမ်းဆည်းရပါတယ်။ ဒီအခါကျမှ ရုပ်နာမ်ကို စသိတဲ့အဆင့် ဖြစ်ပါတယ်။ ပထမစျာန်နာမ်တရားတွေကို သိမ်းဆည်းသလို ဒုတိယစျာန် အစရှိတဲ့ စျာန်နာမ်တရားတွေကိုလည်း မိမိတို့ ရှုပွားလို့ရတဲ့ အဆင့်အထိ ဆက်လက် သိမ်းဆည်းနိုင်ပါတယ်။
အလားတူပဲ အရောင်အဆင်းကို မြင်တဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ စက္ခုဒွါရဝီထိ, အသံကို ကြားတဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ သောတဒွါရ ဝီထိ, အနံ့ကို နံတဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ ဃာနဒွါရဝီထိ, အရသာကို သိတဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ ဇိဝှါဒွါရဝီထိ, အတွေ့အထိကို သိတဲ့ အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ ကာယဒွါရဝီထိ, ကျန်နေတဲ့ မျက်စိအကြည်, နားအကြည်, နှာအကြည်, လျှာအကြည်, ကိုယ်အကြည် အစရှိတဲ့ အကြည်ရုပ် တွေနှင့်တကွ ကြွင်းကျန်နေသေးတဲ့ ရုပ်ပရမတ်တရားတွေကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာတဲ့ မနောဒွါရဝီထိဆိုတဲ့ နာမ်တရားတွေရှိတယ်။
အဲဒီ နာမ်တရားတွေကိုလည်း ဒွါရခြောက်ပါးလုံးမှာ ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းနိုင်ပါမှသာ နာမ်တရားကို သိတဲ့ အဆင့် ဖြစ်ပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ယောနိသောမနသိကာရ ခေါ်တဲ့ နည်းမှန်လမ်းမှန် နှလုံးသွင်းမှု, နှလုံးသွင်းမှန်မှုကို အခြေခံပြီးတော့ ဖြစ်ပေါ်လာကြတဲ့ ကုသိုလ်ဇောပါဝင်နေတဲ့ ကုသိုလ်ဇောစောနေတဲ့ ကုသိုလ် ဇောဝီထိ စိတ်အစဉ်တွေလည်း ရှိကြတယ်။ အယောနိသောမနသိကာရခေါ် တဲ့ နှလုံးသွင်းမှားမှုကို အခြေခံပြီးတော့ ဖြစ်ပေါ်လာကြတဲ့ အကုသိုလ်ဇော စောနေတဲ့ အကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေလည်း ရှိပါကြတယ်။
ဒီနေရာမှာ နှလုံးသွင်းမှားမှု အယောနိသောမနသိကာရ ဆိုတာကတော့ အနိစ္စတရားဖြစ်တဲ့ ခန္ဓာငါးပါးကို နိစ္စလို့, ဒုက္ခတရားဖြစ်တဲ့ ခန္ဓာငါးပါးကို သုခလို့, အနတ္တတရားဖြစ်တဲ့ ခန္ဓာငါးပါးကို အတ္တလို့, အသုဘဖြစ်တဲ့ ခန္ဓာ ငါးပါးကို သုဘလို့ ဒီလို နှလုံးသွင်းမှုမျိုးကို ဆိုလိုပါတယ်။ နည်းနည်း ထပ်ပြောမယ် - မနေ့ကလည်း ငါ့သားပဲ၊ ဒီနေ့လည်း ငါ့သားပဲစသည်ဖြင့် နှလုံးသွင်းမှုမျိုးတွေ ဖြစ်ပေါ်ကြတယ်။
ပရမတ္ထသစ္စာနယ်မှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ, သား, သမီး, ဇနီး, ခင်ပွန်းဆိုတာတွေဟာ မရှိပါဘူး။ အားလုံးက ရုပ်တရားအစုအပုံ, နာမ်တရားအစုအပုံ, အကြောင်းတရားအစုအပုံ, အကျိုး တရားအစုအပုံတွေသာ ဖြစ်ကြတယ်။ ဒီရုပ်နာမ်အစုအပုံတွေ, အကြောင်း တရားအစုအပုံ, အကျိုးတရားအစုအပုံတွေဟာလည်း ဖြစ်ပြီးတာနှင့် ဖြစ်တဲ့ နေရာမှာ ပျက်သွားကြတယ်။ သားလို့, သမီးလို့ စသည်ဖြင့် ခေါ်ဝေါ်နိုင် လောက်အောင် အချိန်ကာလသက်တမ်း မရှိကြပါဘူး။
ဒါကြောင့် ဒီအနိစ္စ, ဒုက္ခ, အနတ္တ, အသုဘတရား စင်စစ်ဖြစ်နေတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို နိစ္စပဲ, သုခပဲ, အတ္တပဲ, သုဘပဲလို့ နှလုံးသွင်း နေမယ်ဆိုလျှင် အယောနိသောမနသိကာရလို့ ခေါ်ဆိုပါတယ်။ တစ်ဖန် ဒီခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲ, အသုဘပဲလို့ နှလုံးသွင်းခဲ့လျှင်လည်း ဒီလို နှလုံးသွင်းမှုက နည်းမှန်လမ်းမှန် နှလုံးသွင်းမှု ဖြစ်တဲ့အတွက် ယောနိသောမနသိကာရ မည်ပြန်တယ်။ ဒွါရ (၆)ပါးလုံးမှာ ယောနိသောမနသိကာရကို အကြောင်းခံ၍ ကုသိုလ်ဇောတွေ ဖြစ်ကြသလို အယောနိသောမနသိကာရကို အကြောင်းခံ၍ အကုသိုလ်ဇောတွေလည်း ဖြစ်ကြတယ်။ ကုသိုလ်ဇောဝီထိ စိတ်အစဉ်ကိုပဲဖြစ်စေ, အကုသိုလ်ဇောဝီထိ စိတ်အစဉ်ကိုပဲဖြစ်စေ အားလုံးကိုပဲ သိမ်းဆည်းရမည့် လုပ်ငန်းခွင် ဖြစ်ပါတယ်။ ဒါကတော့ ဆရာသမားနှင့်ပဲ စနစ်တကျ ချဉ်းကပ်ပြီးတော့ လေ့လာကြပါ။
အဇ္ဈတ္တ + ဗဟိဒ္ဓ ရုပ်တရား
အဲဒီလို ရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရမလဲ? အဲဒီ လုပ်ရမည့် လုပ်ငန်းခွင်ကို မြတ်စွာ ဘုရားက -
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)
စသည်ဖြင့် ဒီလို ဟောကြားထားတော်မူပါတယ်။ အဇ္ဈတ္တမှာ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးပြီဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ဗဟိဒ္ဓမှာလည်း ရုပ်တွေနာမ်တွေကို ဆက်လက်သိမ်းဆည်းရတယ်။ ဘယ်လို သိမ်းဆည်းမလဲလို့ ဒီလိုတော့ မေးစရာရှိတယ်။ အဇ္ဈတ္တမှာ ရုပ်တွေနာမ်တွေကို စနစ်တကျ သိမ်းဆည်းတတ်တဲ့ ယောဂီပုဂ္ဂိုလ်က မိမိတို့ဝတ်ထားတဲ့ အဝတ် ကလေးကို လက်ကလေးနှင့် အသာကလေး ထိထားကြည့်ပါ။ အဲဒီ အဝတ်မှာ မာမှု, ကြမ်းမှု, လေးမှုစတဲ့ ဓာတ်လေးပါးကို စိုက်ပြီးရှုလိုက်လျှင် ရှုလိုက်လို့ ရပါတယ်။ အဇ္ဈတ္တမှာ ရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီးတဲ့ ယောဂီပုဂ္ဂိုလ်က အနီးကပ်ဆုံးဖြစ်တဲ့ မိမိဝတ်ထားတဲ့အဝတ်မှာ တည်ရှိတဲ့ ဓာတ်လေးပါးကို လှမ်းပြီး သိမ်းဆည်းမယ်ဆိုလျှင် သိမ်းဆည်းလို့ရတယ်။
ဓာတ်လေးပါးကို သိမ်းဆည်းလိုက်နိုင်ပြီဆိုလျှင် ထိုဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်လိုက်တဲ့ အချိန်အခါမှာ ထို ယောဂီသူတော်ကောင်းရဲ့ ဉာဏ်မှာ ဒီအဝတ်ကို အဝတ်အနေနဲ့ မမြင်ဘဲ မကြာမီ အချိန်ကာလအတွင်းမှာပဲ ကလာပ်အစုအပုံ အမှုန်ကလေးတွေ အဖြစ်နဲ့ မြင်နေပေလိမ့်မယ်။ အမှုန်ကလေးတွေကို ဓာတ်ခွဲလိုက်လျှင် တစ်မှုန် တစ်မှုန်မှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုတဲ့ သဘောတရားရှစ်ခုကို တွေ့ရှိနိုင်ပါတယ်။ အဲဒီ သဘော တရားတွေကို ဆက်လက်သိမ်းဆည်းလျှင် သိမ်းဆည်းလို့ ရပါတယ်။
ဒီရုပ်တရားတွေက ဘယ်သူ့ကြောင့် ဖြစ်သလဲဆိုတာကို သေသေချာချာ စိုက်ပြီး ရှုလိုက်လို့ရှိလျှင်လည်း တွေ့နိုင်ပါတယ်။ ကလာပ်တစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ်ကြောင့် နောက်ထပ် ရုပ်ကလာပ် အသစ်အသစ်တွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်နေပုံကို ဉာဏ်နှင့်ပိုင်းခြားယူလျှင် ယူလို့ရပါတယ်။ ဥတုဇရုပ်လို့ ခေါ်ပါတယ်၊ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားတွေပဲ။ ဥတုပစ္စယဥတုသမုဋ္ဌာန်ရုပ်တွေလို့ ခေါ်ဆိုပါတယ်။ ရှေးရှေးဥတုဇရုပ်ကလာပ် မှာ တည်ရှိတဲ့ ဥတုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်နောက်ဥတုဇရုပ်တွေ ဖြစ်ကြပါတယ်။
ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။) -
ဆိုတဲ့ ဝိသုဒ္ဓိမဂ် အဖွင့်အတိုင်း သက်မဲ့လောကမှာ အဓွန့်ရှည်စွာ ဖြစ်ပေါ်နိုင်တဲ့ ဥတုသမုဋ္ဌာန်ရုပ်တွေ ဖြစ်ကြပါတယ်။ အဲဒီ ဥတုဇရုပ်တွေကို စနစ်တကျ သိမ်းဆည်းပြီးပြီဆိုလျှင် အနီးကပ်ဆုံးဖြစ်တဲ့ ထိုင်နေတဲ့ ကြမ်းပြင်မှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းကြည့်။ ကြမ်းပြင်ကို မတွေ့ တော့ဘဲနဲ့ မကြာမီ ကလာပ်အမှုန်ကလေးတွေကိုပဲ တွေ့နိုင်တယ်။
ဗဟိဒ္ဓသက်မဲ့လောက
အဲဒီနည်းစနစ်အားဖြင့် တဖြည်းဖြည်း အဇ္ဈတ္တသိမ်းဆည်းလိုက်, ဗဟိဒ္ဓ သိမ်းဆည်းလိုက်၊ အဇ္ဈတ္တသိမ်းဆည်းလိုက်, ဗဟိဒ္ဓသိမ်းဆည်းလိုက် ခေါက်တုံ့ ခေါက်ပြန် သိမ်းဆည်းပေးရပါတယ်။ သိမ်းဆည်းလိုက်လျှင် ဉာဏ်က တဖြည်းဖြည်း ထက်မြက်စူးရှလာပါလိမ့်မယ်။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်းခဲ့လျှင် လင်းရောင်ခြည်စွမ်းအင်နယ်ပယ်ကလည်း ပိုပိုပြီး တောက်ပလာတာကို ယောဂီကိုယ်တိုင် တွေ့ပါတယ်။ အဲဒီလို အောင်မြင်မှုရပြီ ဆိုလို့ရှိလျှင် တဖြည်းဖြည်း တစ်စတစ်စ တိုးချဲ့ပြီးတော့ အဆောက်အဦ တစ်လုံးလုံးမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းကြည့်။
တစ်ဆင့်တက်ပြီးတော့ သစ်ပင်, ရေ, မြေ, တော, တောင်တွေ တစ်စ တစ်စ တိုးချဲ့ပြီး အဇ္ဈတ္တရုပ်တွေကို ပြန်သိမ်းဆည်းလိုက်၊ ဗဟိဒ္ဓရုပ်တွေကို သိမ်းဆည်းလိုက်၊ အဲဒီလို သိမ်းဆည်းရပါတယ်။ တစ်လောကလုံးကို ခြုံငုံပြီး သိမ်းဆည်းခဲ့လို့ သက်မဲ့လောကမှာ တည်ရှိတဲ့ ရုပ်တရားတွေကို သိမ်းဆည်း နိုင်ပြီဆိုလျှင် သက်ရှိလောကကို ခြုံငုံပြီးတော့ တစ်ဖန်ပြန်သိမ်းဆည်းရပါ တယ်။
ဒွါရ (၆) ပါးနှင့် (၄၂) ကောဋ္ဌာသ
ဥပမာ မိမိမျက်လုံးမှာ တည်ရှိတဲ့ ပရမတ္ထဓာတ်သား ရုပ်တရားတွေကို သိမ်းဆည်းလိုက်၊ အပြင်ဗဟိဒ္ဓမှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ မခွဲခြား တော့ဘဲ သာမန်အနေအားဖြင့် ခြုံငုံပြီး မျက်လုံးမှာ တည်ရှိတဲ့ ရုပ်တရားတွေ ကို သိမ်းဆည်းလိုက်၊ အဇ္ဈတ္တမျက်လုံးမှာ တည်ရှိတဲ့ ရုပ်တရားကို သိမ်းဆည်း လိုက်၊ ဗဟိဒ္ဓမျက်လုံးမှာ တည်ရှိတဲ့ ရုပ်တရားကို သိမ်းဆည်းလိုက်၊ ဒီလို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းရပါတယ်။ ဒီမျက်လုံးမှာ ရုပ်ကလာပ်အမျိုးအစား ခြောက်မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးအထိ ရှုရပါ တယ်။ ဆရာသမားနှင့်ပဲ ချဉ်းကပ်ပြီး လေ့လာပါ။
နား, နှာ, လျှာ, ကိုယ်, နှလုံး အဲဒီ ဒွါရအားလုံးတို့ကိုလည်း ပုံစံတူ ဆက်လက် သိမ်းဆည်းရပါတယ်။ (၃၂)ကောဋ္ဌာသတွေကိုရော, (၄၂)ကောဋ္ဌာသတွေကိုရော စနစ်တကျ ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ အဲဒီ သိမ်းဆည်းတဲ့ လုပ်ငန်းတွေ အောင်မြင်ပြီဆိုတဲ့အခါကျတော့မှ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တရားတွေကို တစ်စတစ်စ တိုးချဲ့ပြီးတော့ (၃၁)ဘုံကို ခြုံငုံပြီး သိမ်းဆည်းရပါတယ်။
အဇ္ဈတ္တ+ဗဟိဒ္ဓ နာမ်တရား
ရုပ်တရားတွေကို အဇ္ဈတ္တ ဗဟိဒ္ဓနှစ်မျိုးလုံးမှာ သိမ်းဆည်းတဲ့ လုပ်ငန်းခွင် က အောင်မြင်သွားပြီဆိုတော့မှ နာမ်တရားတွေကိုလည်း အဇ္ဈတ္တမှာ သိမ်းဆည်းတဲ့ ပုံစံအတိုင်း ဗဟိဒ္ဓမှာလည်း ဆက်လက်သိမ်းဆည်းရတယ်။ ရုပ်တွေ နာမ်တွေကို အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် ထပ်ခါထပ်ခါ သိမ်းဆည်း လိုက်လို့ရှိလျှင်လည်း သိမ်းဆည်းတဲ့အပိုင်းမှာ (၃၁)ဘုံခြုံငုံပြီးတော့ တစ်စ တစ်စ တိုးချဲ့သိမ်းဆည်းရပါတယ်။ မိမိက မေတ္တာကမ္မဋ္ဌာန်းတို့လို အားကောင်း မောင်းသန်နေတဲ့ သမာဓိတွေကို ထူထောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုလျှင် တော့ အနန္တစကြဝဠာအထိ မိမိစွမ်းအားရှိသလောက် ဖြန့်ကျက်ပြီး ရုပ်တွေ နာမ်တွေကို သိမ်းဆည်းမယ်ဆိုလျှင်လည်း သိမ်းဆည်းလို့ရပါတယ်။
ဒီနေရာမှာ လယ်တီဆရာတော်ဘုရားကတော့ သူ့ရဲ့ အလင်းကျမ်းဆိုတဲ့ ကျမ်းစာတစ်စောင်မှာ အခုလို အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တွေနာမ်တွေ သိမ်းဆည်း လိုက်တဲ့ ယောဂီသူတော်ကောင်းက ဉာဏ်ထက်မြက်လာပြီဆိုလျှင် ကိုယ့်ရဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေသည် စကြဝဠာတစ်ခုလုံး ကို တိုးလျှိုပေါက် လင်းနေလိမ့်မယ်ဆိုပြီး ဒီလောက်အထိ လယ်တီဆရာတော် ဘုရားကြီးက အမိန့်ရှိထားပါတယ်။ စိတ်ဓာတ်ရဲ့စွမ်းအား ဖြစ်ပါတယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေမှာ ဒီစိတ်ဓာတ် မရှိဘူးလား? ရှိပါတယ်။
ဒီစိတ်ဓာတ်ကို ထက်မြက်အောင် သွေးတတ်မယ်ဆိုလျှင် ဒီစိတ်ဓာတ် ကြောင့် လင်းရောင်ခြည်တွေဟာ တစ်လောကလုံး အနှံ့အပြား ဖြစ်လာတာကို ယောဂီကိုယ်တိုင်က မြင်အောင် လှမ်းကြည့်မယ်ဆိုလျှင် ကြည့်လို့ မရနိုင် ဘူးလား? ရနိုင်ပါတယ်။ စိတ်ဓာတ်ရဲ့ စွမ်းအင်ကို မီးဖိုချောင်လောက်မှာပဲ အသုံးချလျှင်တော့ မီးဖိုချောင်ထဲက ထွက်ပါ့မလား? မထွက်ဘူး။ ဂျပန် လောက်မှာပဲ အသုံးချနေလျှင် ဂျပန်က ထွက်ပါ့မလား? မထွက်တော့ဘူး။ ဒီတော့ ဂျပန်က ထွက်ချင်လျှင်တော့ ဘာလုပ်ရမလဲ? ဂျပန်ကထွက်နိုင်တဲ့ နည်းစနစ်ကို အသုံးချဖို့ လိုအပ်ပါတယ်။ ကဲ - ရုပ်တွေနာမ်တွေကို အဇ္ဈတ္တ ဗဟိဒ္ဓ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ နောက်တစ်ဆင့်တက်ပြီး ဘာလုပ်ရ မလဲ?
နောက်တစ်ဆင့်ကို မပြောမီ သမ္ပဇဉ်လေးပါးအကြောင်းကို ရှေးဦးစွာ ပြောကြရအောင်။ ကမ္မဋ္ဌာန်းဟူသမျှဟာ သတိသမ္ပဇဉ်ဉာဏ်ယှဉ်မှသာ ပြီးပြည့် စုံနိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် သမ္ပဇဉ်ဉာဏ်အကြောင်းကိုလည်း ဆွေးနွေးတင်ပြလိုပါတယ်။
အခန်း (၁၂)
သမ္ပဇဉ်ဉာဏ်ပိုင်း
သမ္ပဇဉ် (၄) မျိုး
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)-
ဆိုတဲ့ သတိပဋ္ဌာန်ကျင့်စဉ်ထဲက ဝိပဿနာပိုင်းရဲ့ အစပိုင်းလို့ ခေါ်ဆို အပ်တဲ့ အဇ္ဈတ္တမှာ ရုပ်တွေသိမ်းဆည်းပုံ, ဗဟိဒ္ဓမှာ ရုပ်တရားတွေ သိမ်းဆည်း ပုံ, အဇ္ဈတ္တမှာ နာမ်တရားတွေ သိမ်းဆည်းပုံ, ဗဟိဒ္ဓမှာလည်း နာမ်တရားတွေ သိမ်းဆည်းပုံ, ဒီအပိုင်းကို အကျဉ်းချုပ်ပြီးတော့ ပြောထားပါတယ်။ ဒီအချက် တွေနှင့် ပတ်သက်ပြီးတော့ ဒီနေ့ ဒါယကာတစ်ဦးကလည်း လျှောက်ထားတဲ့ အတွက် ဘုန်းကြီး သမ္ပဇဉ်ဉာဏ်အကြောင်းကို နည်းနည်း ထပ်ပြောချင် ပါတယ်။ သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်ခြင်း, သမ္ပဇဉ်တွေကို ပွားများအားထုတ်ခြင်း၊ ဒီနှစ်ခုဟာ ဘယ်လို ကွာဟချက်ရှိသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ သမ္ပဇဉ်ပိုင်းကို မြတ်စွာဘုရားက ကာယာနုပဿနာသတိပဋ္ဌာန်ထဲမှာ သမ္ပဇာနပဗ္ဗဆိုတဲ့ အပိုင်းကဏ္ဍတစ်ခု အဖြစ်နဲ့ ထည့်သွင်း ဟောကြားထားတော်မူပါတယ်။ နမူနာအဖြစ်နဲ့ ပြောလျှင်တော့ -
အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ။
ရှေ့သို့တက်ရာမှာလည်း သမ္ပဇဉ်ဉာဏ်နှင့် ပြုပါ။ နောက်သို့ ဆုတ်ရာ မှာလည်း သမ္ပဇဉ်ဉာဏ်နှင့် ပြုပါ။ တည့်တည့်ကြည့်ရာမှာ, စောင်းငဲ့ကြည့်ရာမှာ, ကွေးရာမှာ, ဆန့်ရာမှာ, ကျင်ကြီးကျင်ငယ် စွန့်ရာမှာ, စားရာမှာ, သောက်ရာမှာ, လျက်ရာမှာ စသည်ဖြင့်ပေါ့ ထိုထိုအမှုကိစ္စကြီးငယ်ဟူသမျှ၌ သမ္ပဇဉ်ဉာဏ် ဖြင့် ပြုလုပ်ဖို့ မြတ်စွာဘုရားက အမိန့်ရှိထားတယ်။ ဒီတော့ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရမလဲ? ဒီလိုတော့ မေးစရာ ရှိတယ်။ သမ္ပဇဉ်ဉာဏ်နှင့် ပြုလုပ်တယ်ဆိုတာ ဘယ်လိုရှုပွားသုံးသပ်နေတာလဲ လို့ ဒီလိုလည်း မေးစရာရှိတယ်။ ဒီနေရာမှာ သမ္ပဇဉ်နှင့် ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်များက သမ္ပဇဉ်လေးမျိုး ဖွင့်ဆိုထားပါတယ်။
၁။ သပ္ပါယသမ္ပဇဉ်,
၂။ သာတ္ထကသမ္ပဇဉ်,
၃။ ဂေါစရသမ္ပဇဉ်,
၄။ အသမ္မောဟသမ္ပဇဉ်-ဆိုပြီးတော့ သမ္ပဇဉ်လေးမျိုး ရှိပါတယ်။
၁။ သပ္ပါယသမ္ပဇဉ်
သပ္ပါယသမ္ပဇဉ်ဆိုတာက သင့်တော်၏ မသင့်တော်၏ဆိုတာကို နှိုင်းချိန် တတ်တဲ့ အသိဉာဏ်ကို သပ္ပါယသမ္ပဇဉ်ဉာဏ်လို့ ခေါ်တယ်။ ထိုသပ္ပါယသမ္ပဇဉ်ဉာဏ်အရ သင့်တော်၏ မသင့်တော်၏လို့ နှိုင်းချိန်ပြီးတဲ့အခါ သင့်တော်တဲ့ လုပ်ငန်းကိစ္စကို ပြုလုပ်ပြီး မသင့်တော်တဲ့ လုပ်ငန်းကိစ္စကို ရှောင်ရှားတတ်တဲ့ အသိဉာဏ်ကို သမ္ပဇဉ်ဉာဏ်လို့ ပြောလိုရင်းဖြစ်တယ်။ ဥပမာ - ရှေ့သို့ တက်တယ် သို့မဟုတ် နောက်သို့ဆုတ်တယ်၊ ရှေ့သို့တိုးသင့်၏ မတိုးသင့်၏၊ နောက်သို့ဆုတ်သင့်၏ မဆုတ်သင့်၏ဆိုတာကို ပိုင်းခြားဝေဖန်တတ်တဲ့ အသိဉာဏ်လေးရှိဖို့တော့ လိုတယ်။
တစ်နည်းပြောလျှင်တော့ ဒီနေရာကို သွားသင့်၏ မသွားသင့်၏ကို နှိုင်းချိန်ပြီးတဲ့အခါ သွားသင့်၏လို့ သိလျှင်တော့ သွားပါ။ မသွားသင့်ဘူးလို့ သိခဲ့လျှင်တော့ မသွားဘဲနဲ့ ရှောင်ရှားရမယ်။ ဒီအသိဉာဏ်ကလေးရှိဖို့ လို တယ်။ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်က သွားသင့်၏ မသွားသင့်၏၊ လုပ်သင့် ၏ မလုပ်သင့်၏၊ ပြောသင့်၏ မပြောသင့်၏၊ စားသင့်၏ မစားသင့်၏ စသည် ဖြင့် မိမိနှင့်သင့်တော်မှု မသင့်တော်မှုကို နှိုင်းချိန်တတ်တဲ့ ဉာဏ်မရှိလို့ မလုပ် သင့် တာတွေကို လုပ်မယ်၊ မပြောသင့်တာတွေကို ပြောမယ်၊ မသွားသင့်တဲ့ နေရာတွေ သွားမယ်၊ မစားသင့်တဲ့ အစာအာဟာရတွေကို စားမယ်၊ မနေသင့် တဲ့ နေရာမှာ နေမယ်၊ စသည်ဖြင့် မသင့်တော်တဲ့ လုပ်ငန်းရပ်တွေကို ပြုစု ပျိုးထောင်ခဲ့မိလျှင် တရားဘာဝနာမှာ အကြီးအကျယ် အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ နမူနာလေးတစ်ခုအနေနဲ့ နားလည်လွယ်အောင် ပြောလျှင် ပေါ့ - နောက်ထပ်ပြောမည့် သာတ္ထကသမ္ပဇဉ်နှင့် တွဲပြီးပြောလျှင်တော့ ပိုပြီး သဘောပေါက်ပါလိမ့်မယ်။
၂။ သာတ္ထကသမ္ပဇဉ်
သာတ္ထကသမ္ပဇဉ်ဆိုတာကတော့ အကျိုးရှိမရှိကို နှိုင်းချိန်တတ်တဲ့ဉာဏ် ကို သာတ္ထကသမ္ပဇဉ်လို့ခေါ်တယ်။ သို့သော် ဒီနေရာမှာ ဆိုလိုရင်းက အကျိုး ရှိမရှိကို နှိုင်းချိန်ပြီးတဲ့ အချိန်အခါ အကျိုးမရှိတဲ့ လုပ်ငန်းရပ်ကို ရှောင်ရှားပြီး အကျိုးရှိတဲ့ လုပ်ငန်းရပ်ကိုသာ ပြုလုပ်နိုင်တဲ့ အသိဉာဏ်မျိုးကို သာတ္ထကသမ္ပဇဉ်လို့ ပြောလိုရင်း ဖြစ်ပါတယ်။ အကျိုးရှိမရှိဆိုတဲ့သဘောက ဘာကို အကျိုးရှိတယ်လို့ ပြောသလဲ? ဘာကို အကျိုးမရှိဘူး ပြောသလဲလို့ မေးလျှင် တော့ အထူးသဖြင့် ကုသိုလ်တရားတို့ရဲ့ တိုးပွားမှုကို အကျိုးရှိတယ်။ အကုသိုလ်တရားတို့ရဲ့ တိုးပွားမှုကို အကျိုးမရှိဘူးလို့ ဆိုလိုရင်း ဖြစ်ပါတယ်။
ဒီတော့ ဘုရားဖူးသွားကြတယ် ဆိုကြစို့၊ ဘုရားဖူးသွားတယ်ဆိုလျှင် ကုသိုလ်တရား တိုးပွားတာတော့ မှန်တယ်။ သို့သော် ဘုရားဖူးသွားတိုင်းလည်း တော်မတော် နှိုင်းချိန်တတ်တဲ့ ဉာဏ်ရှိဖို့တော့ လိုအပ်ပါတယ်။ နမူနာအနေနဲ့ အဋ္ဌကထာဆရာတော်များက သတ်မှတ်ပြပုံကတော့ အရပ်လေးမျက်နှာက နေပြီးတော့ ပရိသတ်အမျိုးမျိုးတွေက လာနေကြတယ်။ ဘုရားပွဲတော်ကြီး တစ်ခု ကျင်းပပြီ၊ ပွဲတော်လာတဲ့ ပုဂ္ဂိုလ်တွေကလည်း ပန်းချီကားချပ်ထဲက ရုပ်ပုံသဏ္ဌာန်တွေအတိုင်း အလှဆုံးပြင်ဆင် ဝတ်စားဆင်ယင်ပြီးတော့ ဒီ ပွဲတော်ကို ကြည့်ချင်လို့ လာကြပြီ၊ တိုးကြပြီ ဝှေ့ကြပြီ၊ အဲဒီလို နေရာမျိုး ဆိုလို့ရှိလျှင် ဘုရားဖူးသွားတာဟာ အကျိုးရှိသော်လည်း ခုလိုသွားတဲ့လုပ် ငန်းရပ်မျိုးကျတော့ တော်မတော် နှိုင်းချိန်တတ်တဲ့ အသိဉာဏ်ရှိဖို့လိုတယ်။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်အနေနဲ့ ထိုကဲ့သို့သော ပွဲတော်မျိုးကို သွားပြီးတော့ တိုးမယ်ဝှေ့မယ်ဆိုလျှင် ကုသိုလ်တရားတွေက တိုးပွားမလား? အကုသိုလ် တရားတွေက တိုးပွားမလား? အကုသိုလ်တရားတွေသာ တိုးပွားနိုင်တယ်။
အဲဒီ ပုံစံအတိုင်းပဲ သွားသင့်တဲ့နေရာမျိုးကို နှိုင်းချိန်တတ်တဲ့ အသိဉာဏ် ရှိဖို့လိုတယ်။ မသွားသင့်တဲ့ နေရာမျိုးကိုလည်း နှိုင်းချိန်တတ်တဲ့အသိဉာဏ်ရှိဖို့ လိုတယ်။ သွားသင့်တဲ့ နေရာဆိုပြီး သွားလျှင်လည်း မိမိမှာ ကုသိုလ်တရားတွေ က တိုးပွားမလား? အကုသိုလ်တရားတွေက တိုးပွားမလားဆိုတာ နှိုင်းချိန် တတ်ဖို့လိုတယ်။ ဒီလုပ်ငန်းခွင် နှစ်ခုကတော့ တရားဘာဝနာ လုပ်ငန်းခွင်ရဲ့ အပြင်ဘက်မှာ ကျပါတယ်။ အပြင်ဘက်မှာ ကျတယ်ဆိုတာကတော့ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ရှိသင့်ရှိထိုက်တဲ့အတွက်ကြောင့် အဋ္ဌကထာ ဆရာတော်များကလည်း ထည့်သွင်းဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။ မြတ်စွာ ဘုရားကလည်း ဟောကြားတော်မူခဲ့ခြင်း ဖြစ်တယ်။ သို့သော် တရားဘာဝနာ ခွင်နှင့် တိုက်ရိုက်ဆက်စပ်နေတာကတော့ နံပါတ်သုံးဖြစ်တဲ့ ဂေါစရသမ္ပဇဉ်နှင့် နံပါတ်လေးဖြစ်တဲ့ အသမ္မောဟသမ္ပဇဉ် ဖြစ်ပါတယ်။
၃။ ဂေါစရသမ္ပဇဉ်
ဂေါစရသမ္ပဇဉ်ဆိုတာကတော့ အထူးသဖြင့် ဣရိယာပုထ်လေးပါးလုံးမှာ မိမိရှုပွားသုံးသပ်နေကျ ကမ္မဋ္ဌာန်းအာရုံတစ်ခုကို အမြဲတမ်း ရှုပွားသုံးသပ်ခြင်း ကို ဂေါစရသမ္ပဇဉ်လို့ ခေါ်တယ်။ မိမိရဲ့ စိတ်ကျက်စားရာ အာရုံတစ်ခုအဖြစ်နဲ့ သတ်မှတ်ချက် ရှိရမယ်။ အထူးသဖြင့်တော့ သမထကမ္မဋ္ဌာန်းပိုင်းကို ဦးတည် ထားပါတယ်။ ဒီတော့ မိမိက အာနာပါနကမ္မဋ္ဌာန်းကို ပွားနေတဲ့ ယောဂီ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလျှင် သွားလျှင်လည်း အာနာပါနကိုပဲ ရှုပါ။ ရပ်လျှင်လည်း အာနာပါနကိုပဲ ရှုပါ။ ထိုင်လျှင်လည်း အာနာပါနကိုပဲ ရှုပါ။ အိပ်လျှင်လည်း အာနာပါနကိုပဲ အဆက်မပြတ် ရှုပါ။ ကွေးလျှင်လည်း အာနာပါနကို ရှုပါ၊ ဆန့်လျှင်လည်း အာနာပါနကိုပဲ ရှုနေရတယ်။
အာနာပါနလုပ်ငန်းတွေက အောင်မြင်သွားပြီ၊ စတုတ္ထစျာန်သမာဓိ လောက်အထိ ဆိုက်ပြီဆိုလျှင် ထိုပုဂ္ဂိုလ်က စွမ်းနိုင်ရည် ရှိခဲ့မယ်ဆိုလျှင်လည်း ဒီစတုတ္ထစျာန်သမာဓိကို ဝင်စားပြီး သွားနေပါ။ ရပ်လျှင်လည်း စတုတ္ထစျာန် သမာဓိကိုပဲ ဝင်စားနေပါ။ ထိုင်လျှင်လည်း စတုတ္ထစျာန်သမာဓိကိုပဲ ဝင်စားပါ။ အိပ်လျှင်လည်း စတုတ္ထစျာန်သမာဓိကိုပဲ ဝင်စားပါ။
၄။ အသမ္မောဟသမ္ပဇဉ်
နံပါတ် (၄)ခုမြောက် သမ္ပဇဉ်ကတော့ အသမ္မောဟသမ္ပဇဉ် ဖြစ်ပါတယ်။ ရှေ့သို့တက်ခိုက် နောက်သို့ဆုတ်ခိုက်စတဲ့ ထိုထိုကိုယ်အမူအရာတို့မှာ မတွေ မဝေ အမှန်အတိုင်း သိခြင်းကို အသမ္မောဟသမ္ပဇဉ်လို့ ခေါ်ဆိုပါတယ်။ ဘယ်လို မတွေမဝေ အမှန်အတိုင်း သိတာလဲ? အဋ္ဌကထာက အဖြေပေးထား ပါတယ်။
ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ၊ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန -
အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၆၅။ အဘိ၊ဋ္ဌ၊၂၊၃၃၉။)
ပရမတ္ထအနက်သဘောအားဖြင့် ပြောဆိုကြရမယ်ဆိုလျှင် သွားခြင်း ဆိုတာဟာ ရုပ်ဓာတ်နာမ်ဓာတ်တို့ရဲ့ သွားခြင်းသာဖြစ်တယ်။ ရပ်ခြင်းဆိုတာ လည်း ရုပ်ဓာတ်နာမ်ဓာတ်တို့ရဲ့ ရပ်ခြင်းသာဖြစ်တယ်။ ထိုင်ခြင်းဆိုတာလည်း ရုပ်ဓာတ်နာမ်ဓာတ်တို့ရဲ့ ထိုင်ခြင်းသာဖြစ်တယ်။ အိပ်ခြင်းဆိုတာလည်း ရုပ် ဓာတ်နာမ်ဓာတ်တို့ရဲ့ အိပ်ခြင်းသာ ဖြစ်တယ်။ ထိုထိုသွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းဆိုတဲ့ ကောဋ္ဌာသအဖို့အစုတွေမှာ ရုပ်တရားနှင့် အတူတကွ စိတ်တစ်ခုက ပြိုင်တူဖြစ်တယ်။ အဲဒီ ရုပ်တရားက စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်တဲ့အတွက် စိတ္တက္ခဏ (၁၇)ချက်မြောက် အခြားစိတ်တစ်မျိုး နှင့် ပြိုင်တူ ချုပ်ပြန်တယ်။ ပြိုင်တူဖြစ်တဲ့စိတ်က တခြား။ ပြိုင်တူချုပ်တဲ့ စိတ်က တခြားဖြစ်တယ်။ ဒီနည်းအတိုင်းပဲ အဆက်မပြတ် စီးဆင်းနေတဲ့ မြစ်ရေ အယဉ်ဟာ တသွင်သွင် စီးဆင်းနေသလို ရုပ်တွေနာမ်တွေဟာလည်း ရှေ့နှင့် နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြတယ်။ ရှေ့သို့တက်ခြင်းစတဲ့ ထိုထိုကိုယ်အမူအရာ အခိုက်အတန့်တို့မှာ ဒီနည်းအတိုင်း ဖြစ်နေတဲ့ ရုပ်တွေ နာမ်တွေကို ပရမတ်သို့ဆိုက်အောင် မတွေမဝေသိခြင်းကိုပဲ အသမ္မောဟသမ္ပဇဉ်လို့ ခေါ်ဆိုပါတယ်။ ခုရှင်းလင်းချက်ကတော့ အဋ္ဌကထာတို့ရဲ့ ရှင်းလင်းချက် ဖြစ်ပါတယ်။ ဒီလောက်နဲ့တော့ နားလည်ချင်မှ နားလည်မယ်။ နည်းနည်းထပ်ပြီးတော့ ရှင်းပြမယ်။
ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝနယော။ (မ၊ဋ္ဌ၊၁၊၂၅၆။)
ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ။ (မ၊ဋီ၊၁၊၃၅၂။)
သွားလိုတဲ့ စိတ်ဖြစ်ပေါ်လာတယ်၊ ဒီသွားလိုတဲ့ စိတ်ဆိုတာက သွားခြင်း စတဲ့ ဣရိယာပထရုပ်တွေကို ဖြစ်စေနိုင်တဲ့ မနောဒွါရိကဇောဝီထိ စိတ်အစဉ် တွေသာ ဖြစ်ပါတယ်။ ဒီသွားလိုတဲ့စိတ်က ဝါယောဓာတ်ရဲ့ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်အပေါင်းကို ဖြစ်စေပါတယ်။
ယောဂီပုဂ္ဂိုလ်က ဒီရှုကွက်ကို တကယ်လက်တွေ့ ရှုချင်တယ် ရှုတော့ မယ်ဆိုလျှင် စင်္ကြမ်ဦးတစ်နေရာမှာ ရှေးဦးစွာ မတ်တတ်ရပ်ကာ မိမိရရှိထား ပြီးတဲ့ သမာဓိကို တစ်ဖန်ပြန်လည်ထူထောင်ပါ။ အကယ်၍ အာနာပါန ကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိအထိ ထူထောင်ထားတဲ့ ယောဂီဖြစ်မယ် ဆိုလျှင်လည်း အဲဒီ အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိမှ ထတဲ့အခါ မိမိခန္ဓာအိမ်မှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်တွေကို တွေ့တဲ့အခါ ဒွါရ (၆)ပါးနှင့် (၄၂) ကောဋ္ဌာသတွေမှာရှိတဲ့ ရုပ်တရားအားလုံးကို ခြုံငုံပြီး တော့ သိမ်းဆည်းထားပါ။ ဒီရုပ်တွေကို အကျဉ်းချုပ် ပြောလိုက်လျှင်တော့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဆိုတဲ့ စတုဇရုပ်တွေ ဖြစ်ကြ ပါတယ်။ အဲဒီ ရုပ်တရားအားလုံးကို အသယ်ဆောင်ခံရတဲ့ ရုပ်တရားတွေလို့ မှတ်သားထားပါ။
ဒီလို ရုပ်တွေကို သိမ်းဆည်းပြီးတဲ့အခါ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။ သွားချင်တဲ့စိတ် စင်္ကြမ်သွားလိုတဲ့စိတ်ကို ဖြစ်စေပါ။ သွားတော့ မည့် အမူအရာ အနည်းငယ် လုပ်ကြည့်ပါ။ ထိုသွားလိုတဲ့ မနောဒွါရိကဇောဝီထိစိတ်တွေကို ဆက်လက်သိမ်းဆည်းပါ။ ထိုစိတ်တွေက စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ စိတ္တဇရုပ်ကလာပ်တွေကို များစွာဖြစ်ပေါ်စေတာကို မြင်အောင် ကြည့်ပါ။ အဲဒီ ရုပ်ကလာပ်တွေကို ဓာတ်ခွဲကာ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းထားပါ။ ထိုနောင် အနည်းငယ် သွားကြည့်ပါ။
အဲဒီ သွားလိုတဲ့ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင် တည်ရှိတဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဝါယောဓာတ်က တစ်နည်း ပြောလျှင်တော့ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဝါယော ဓာတ်နှင့် တကွသော ဓာတ်ကြီး (၄)ပါးက သွားခြင်းကိုယ်အမူအရာဆိုတဲ့ ကာယဝိညတ်ရုပ်ကို ဖြစ်စေပုံကို ဉာဏ်နှင့် မြင်အောင်ကြည့်ပါ။
ဒီကာယဝိညတ်ရုပ်ပါဝင်တဲ့ စိတ္တဇရုပ်ကလာပ်တွေက နှစ်မျိုးရှိပါတယ်။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နှင့် သွားခြင်းစတဲ့ ကိုယ်အမူအရာကိုဖြစ် စေလျှင် လဟုတာ, မုဒုတာ, ကမ္မညတာဆိုတဲ့ ရုပ်တွေလည်း ပါကြတယ်။ အဲဒီ ရုပ်တွေပါလျှင် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်တွေ ဖြစ်ကြ တယ်။ အဲဒီ လဟုတာစတဲ့ ရုပ်သုံးမျိုးတို့ မပါဝင်လျှင်တော့ ကာယဝိညတ္တိနဝက ကလာပ်တွေ ဖြစ်ကြပါတယ်။ ဒီလို ကာယဝိညတ်ပါဝင်နေတဲ့ ရုပ်ကလာပ်တွေ က ခန္ဓာကိုယ်ကြီးကို ရှေ့သို့ရောက်အောင် သယ်ဆောင်ပေးနေတဲ့ ရုပ်တရား တွေ ဖြစ်ကြပါတယ်။
နောက်ထပ် သတိပြုစေချင်တာ တစ်ခုရှိသေးတယ်။ ဘဝင်စိတ်တွေက လည်း စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေကြပါတယ်။ ပဉ္စဝိညာဏ်ကလွဲလျှင် ကျန်နေတဲ့ ပဉ္စဒွါရိကစိတ်တွေကလည်း စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေ ကြပါတယ်။ ဒါပေမဲ့ ဒီဘဝင်စိတ်နှင့် ပဉ္စဒွါရိကစိတ်တွေက သွားခြင်းစတဲ့ ကာယဝိညတ်ပါဝင်နေတဲ့ ဣရိယာပထရုပ်တွေကို မဖြစ်စေနိုင်ကြပါဘူး။ ယောဂီပုဂ္ဂိုလ်က ခုလို သွားခြင်းစသည်ကို ပြုလုပ်နေတဲ့အခါမှာ ကြိုးကြား ကြိုးကြား ဘဝင်စိတ်တွေလည်း ဖြစ်နေကြပါတယ်။ ကြိုးကြားကြိုးကြား အသံကိုကြားခြင်း, ကြမ်းနှင့်ခြေထောက် ထိမှုကိုသိခြင်းစတဲ့ ပဉ္စဒွါရိကဝီထိ စိတ်တွေကလည်း ဖြစ်နေတတ်ကြပါတယ်။ ဒီဘဝင်စိတ်နှင့် ပဉ္စဒွါရိကဝီထိ စိတ်တွေကြောင့်ဖြစ်နေတဲ့ စိတ္တဇရုပ်တွေက တစ်နည်းပြောရလျှင်တော့ အဲဒီ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်နေတဲ့ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဓာတ်ကြီး (၄)ပါးတို့က ဣရိယာပထရုပ်ကို မဖြစ်စေနိုင်ကြပါဘူး။ ဒါကြောင့် ဒီဘဝင်စိတ်နှင့် ပဉ္စဒွါရိကဝီထိ စိတ်တွေကြောင့် ဖြစ်နေတဲ့ စိတ္တဇရုပ် တွေကလည်း အသယ်ဆောင်ခံရတဲ့ဘက်မှာ တည်ရှိနေကြပါတယ်။
ဒါကြောင့် စိတ္တဇရုပ်ကလာပ်တွေမှာ သယ်ဆောင်တတ်တဲ့ စိတ္တဇရုပ်တွေ နှင့် အသယ်ဆောင်ခံရတဲ့ စိတ္တဇရုပ်တွေ နှစ်မျိုးရှိနေတာကို သဘောပေါက် အောင် ခွဲခြားမှတ်သားထားပါ။
ယောဂီပုဂ္ဂိုလ်က ခုလို သယ်ဆောင်တတ်တဲ့ ရုပ်တရားတွေနှင့် အသယ်ဆောင်ခံရတဲ့ ရုပ်တရားတွေကို တစ်လှည့်စီ သိမ်းဆည်းရပါတယ်။ သယ်ဆောင်တတ်တဲ့ ရုပ်တရားတွေကို သိမ်းဆည်းလျှင်လည်း ဒီသယ်ဆောင်တတ် တဲ့ ရုပ်တွေက တစ်ကိုယ်လုံးမှာရှိတဲ့ အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို ရှေ့သို့ ရောက်အောင် သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို မြင် အောင် ရှုရပါတယ်။
တစ်ဖန် အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို ဦးစားပေးကာ သိမ်းဆည်း ပြန်လျှင်လည်း အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို သိမ်းဆည်းပြီးတဲ့အခါ ဒီ အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို သယ်ဆောင်တတ်တဲ့ ရုပ်တွေက ရှေ့သို့ ရောက်အောင် သယ်ဆောင်နေတဲ့ အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ်နှင့် မြင်အောင် ဆက်ပြီး ရှုရပါတယ်၊ သိမ်းဆည်းရပါတယ်။
ဒီလို သယ်ဆောင်တတ်တဲ့ ရုပ်တွေက အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို ရှေ့သို့ရောက်အောင် သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကိုပဲ သွားခြင်းလို့ ခေါ်ဆိုအပ်ပါတယ်။
ဒီနေရာမှာ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာကို နည်းနည်းကွဲဖို့တော့ လိုအပ်ပါတယ်။ ပရမတ္ထသစ္စာအားဖြင့် ပြောဆိုရလျှင် ရုပ်နာမ်ပရမတ်တရား တွေဟာ ဖြစ်တဲ့နေရာမှာသာ ပျက်သွားတဲ့အတွက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားရိုးဓမ္မတာ မရှိကြပါဘူး။ သမ္မုတိသစ္စာနယ်မှာသာ ရှိကြပါ တယ်။ ဒါပေမဲ့ ကာယဝိညတ်ပါဝင်နေတဲ့ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဝါယောဓာတ်တို့ရဲ့ စွမ်းအားကြောင့် ရုပ်ကလာပ် အသစ်အသစ်တွေဟာ နေရာဟောင်းမှာ ထပ်ထပ်ပြီး မဖြစ်ကြ တော့ပဲ နေရာအသစ်အသစ်မှာသာ ရွှေ့ကာရွှေ့ကာ အသစ်အသစ် ဥပါဒ်ကြ ရ, ဖြစ်ကြရတယ်။ ဒီလို နေရာအသစ်အသစ်မှာ ဆင့်ကာဆင့်ကာ အဆက် မပြတ် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေမှုကိုပဲ သကလကာယဿ ပုရတော အဘိနီဟာရော = ရူပကာယတစ်ခုလုံးကို ရှေ့သို့ သယ်ဆောင်တဲ့ အခြင်းအရာအားဖြင့် ဖြစ်ခြင်းလို့ ခေါ်ဆိုပါတယ်။
ယောဂီပုဂ္ဂိုလ်က ဒီလို သယ်ဆောင်တတ်တဲ့ ရုပ်တရားတွေကို ဦးစားပေး လို့ဖြစ်စေ, အသယ်ဆောင်ခံရတဲ့ ရုပ်တရားတွေကို ဦးစားပေးလို့ဖြစ်စေ- သယ်ဆောင်တတ်တဲ့ စိတ္တဇရုပ်နှင့် အသယ်ဆောင်ခံရတဲ့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တွေကို စင်္ကြမ်သွားလျက် သိမ်းဆည်းရှုပွားရပါတယ်။
တစ်ဖန် သယ်ဆောင်တတ်တဲ့ စိတ္တဇရုပ်တွေကို ဖြစ်စေတတ်တဲ့ မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတွေကိုလည်း ဆက်လက်သိမ်းဆည်းရ ပါတယ်။
ရုပ်တရားတွေက ရူပက္ခန္ဓာဖြစ်တယ်။ နာမ်တရားတွေက ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာခေါ်တဲ့ နာမ်ခန္ဓာလေးပါး၊ ပေါင်း လိုက်တော့ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ဖြစ်ကြပါတယ်။
ယောဂီပုဂ္ဂိုလ်က -
၁။ သွားလျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂။ ရပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၃။ ထိုင်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၄။ အိပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၅။ ရှေ့သို့တက်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၆။ နောက်သို့ဆုတ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၇။ တည့်တည့်ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၈။ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၉။ လက်ခြေကို ကွေးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၀။ လက်ခြေကို ဆန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၁။ ဒုကုဋ်-သပိတ်-သင်္ကန်းကို ဆောင်ရာ၌ ဝတ်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,
၁၂။ စားရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၃။ သောက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၄။ ခဲဖွယ်ကို ခဲရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၅။ လျှက်ဖွယ်ကို လျှက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၆။ ကျင်ကြီးစွန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၇။ ကျင်ငယ်စွန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၈။ သွားရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၉။ ရပ်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၀။ ထိုင်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၁။ အိပ်ပျော်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၂။ နိုးလာရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၃။ စကားပြောဆိုရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၄။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
ဒီလို သိအောင်ရှုရမှာ ဖြစ်ပါတယ်။ ဒီလို ခန္ဓာငါးပါး = ရုပ်တရားနာမ် တရားတွေကို သိမ်းဆည်းပြီးတဲ့အခါ အကြောင်းတရားတွေကို တစ်ဆင့်တက် ကာ သိမ်းဆည်းပြီးလျှင် အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး = ရုပ်နာမ် တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒီဝိပဿနာဉာဏ်တွေကိုပဲ အထူးသဖြင့် အသမ္မောဟသမ္ပဇဉ် = ပရမတ်တရားတွေကို မတွေမဝေ ဟုတ်မှန်တဲ့အတိုင်း ကောင်းစွာ ကွဲကွဲပြားပြား သိခြင်းလို့ ခေါ်ဆိုပါတယ်။
ဒါကြောင့် ရုပ်တွေနာမ်တွေကို သိမ်းဆည်းရှုပွားခြင်းဟာ သတိပဋ္ဌာန် တရားတွေကို ပွားများအားထုတ်နေသည်လည်း မည်ပါတယ်။ သမ္ပဇဉ်ဉာဏ် တွေကို ရရှိအောင် ကြိုးပမ်းနေသည်လည်း မည်ပါတယ်။ သမ္ပဇဉ်ဉာဏ်တွေကို ပွားများအားထုတ်နေသည်လည်း မည်ပါတယ်။
ဒီနေရာမှာ နည်းနည်း ထပ်ပြောချင်တာကလေးတွေ ရှိသေးတယ်။ ခု ဖော်ပြခဲ့တဲ့ နံပါတ်တစ်မှလေးအထိ သွားမှု, ရပ်မှု, ထိုင်မှု, အိပ်မှုတွေကတော့ တစ်ယူဇနာတိုင်တိုင်သွားခြင်း, နှစ်ယူဇနာတိုင်တိုင် သွားခြင်းစတဲ့ ရှည်လျားတဲ့ ဣရိယာပုထ်အခိုက်မှာ ခန္ဓာငါးပါး = ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်း ပုံကို ရည်ညွှန်းထားပါတယ်။
နောက်တစ်ခု နံပါတ်ငါး-ခြောက်စသည်မှာ ဖော်ပြထားတဲ့ ရှေ့သို့တက် ရာ နောက်သို့ဆုတ်ရာစတဲ့ ဣရိယာပုထ်တွေကတော့ အလယ်အလတ်စား ဣရိယာပုထ်တွေကို ရည်ညွှန်းထားပါတယ်။ ကျောင်းဝိုင်းအတွင်းမှာပဲ စင်္ကြမ် သွားခိုက် စသည်တို့မှာ ခန္ဓာငါးပါး = ရုပ်နာမ်တရားတွေကို သိမ်းဆည်းပုံကို ရည်ညွှန်းထားပါတယ်။
နောက်ဆုံးဖြစ်တဲ့ နံပါတ်ဆယ့်ရှစ်မှ နှစ်ဆယ့်နှစ်အထိ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်း, နိုးခြင်းဆိုတဲ့ ဣရိယာပုထ်တွေကတော့ အလွန်သေးငယ် တဲ့ ရွေ့လျားမှုတွေကို ပြုလုပ်ခိုက်မှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါး = ရုပ်နာမ် တရားတွေကို သိမ်းဆည်းရှုပွားရန် ရည်ညွှန်းထားပါတယ်။ (မ၊ဋ္ဌ၊၁၊၂၇၃။)
ဂေါစရသမ္ပဇဉ်ပိုင်းက အထူးသဖြင့် သမထကမ္မဋ္ဌာန်းကို ပွားများ အား ထုတ်ခိုက်ကို ရည်ညွှန်းထားတယ်။ ဒီအသမ္မောဟသမ္ပဇဉ်ပိုင်းက အထူးသဖြင့် ဝိပဿနာပိုင်းကို ရည်ညွှန်းထားပါတယ်။ သမထနှင့် ဝိပဿနာ ဘာဝနာတွေ ကို နေရာတိုင်း, အချိန်တိုင်း, ဣရိယာပုထ်တိုင်းမှာ ပွားများအားထုတ်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ဘုရားရှင်က ဣရိယာပထပိုင်းရှုကွက်, သမ္ပဇဉ်ပိုင်းရှုကွက် တွေကို ဟောကြားဆုံးမသွားတော်မူခြင်း ဖြစ်ပါတယ်။
အထူးသဖြင့် ဆွမ်းခံရွာသို့ ဆွမ်းခံသွားရာ၌သော်လည်းကောင်း, ဆွမ်းခံ ရွာမှ ကျောင်းသို့ ပြန်လာရာ၌သော်လည်းကောင်း သမထဝိပဿနာဘာဝနာ ဆိုတဲ့ ကမ္မဋ္ဌာန်းကို ဆောင်ယူကာ ဆွမ်းခံသွားတဲ့ ကျင့်ဝတ်ကို ဂတပစ္စာဂတိကဝတ်လို့ ခေါ်ဆိုပါတယ်။ ဒီကျင့်ဝတ်ကို ဖြည့်ကျင့်သွားတော်မူကြတဲ့ ရှေးရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းတွေကို အဋ္ဌကထာမှာ ကြည်ညိုဖွယ် ရာ, အတုယူဖွယ်ရာ, လိုက်နာပြုကျင့်ဖွယ်ရာအဖြစ် ဖွင့်ဆိုထားကြပါတယ်။ ထိုသူတော်ကောင်းတို့ရဲ့ အကြောင်းအရာအချို့ကို နာကြားကြည့်ကြရအောင်-
ရှေးရှေး မထေရ်မြတ်ကြီးတို့ရဲ့ ကတိကဝတ်
(အဘိ၊ဋ္ဌ၊၂၊၃၃၅-၃၃၆၊ မ၊ဋ္ဌ၊၁၊၂၆၂။)
မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားကို လိုလား တောင့်တကြကုန်တဲ့ အမျိုးကောင်းသားတွေဟာ သာသနာတော်တွင်းသို့ ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုလာကြတယ်။ ရှင်ရဟန်းပြုပြီးတဲ့ နောက်မှာလည်း ကုသိုလ် ကောင်းမှုတွေမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ခြင်းဆိုတဲ့ ပမာဒ တရားရဲ့ လွှမ်းမိုးမှုဒဏ်ချက်ကို မခံရအောင် ကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့ ခြင်းဆိုတဲ့ အပ္ပမာဒတရားကို လက်ကိုင်ထားပြီး နေထိုင်ကြတယ်။ (၁၀)ပါး, အပါး (၂၀), အပါး (၃၀), အပါး (၄၀), အပါး (၅၀), အပါး (၁၀၀)စသည်ဖြင့် တစ်ပေါင်းတစ်စုတည်း တောအုပ်တစ်ခုခု တောကျောင်းတစ်ခုခုကို အမှီပြုကာ နေထိုင်ကြတယ်။ ဒီလို နေထိုင်ကြတဲ့အခါမှာ သူတို့က ကတိကဝတ် ပြုပြီးတော့ နေထိုင်ကြတယ်။
သူတို့ ထားရှိတဲ့ ကတိကဝတ်တွေက ကြည်ညိုဖွယ်ကောင်းလွန်းလို့ ဘုန်းကြီး ပြောချင်တာပဲ၊ ဘယ်လို ကတိကဝတ်ထားကြသလဲ?
ငါ့ရှင်တို့ ...အရှင်ဘုရားတို့ဟာ ကြွေးမြီနှိပ်စက်ခံရလို့ ကြွေးတွေက ပတ်ပတ်လည် ဝိုင်းရံနေလို့ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာကြတာလည်း မဟုတ်ကြဘူး။ မင်းဘေးမင်းဒဏ်စတဲ့ ဘေးဒုက္ခအမျိုးမျိုး တို့က ဝိုင်းပြီး နှိပ်စက်ကြလို့ အနှိပ်စက်ခံရလို့ သာသနာဘောင်သို့ ဝင်ရောက် ကာ ရှင်ရဟန်းပြုလာကြတာလည်း မဟုတ်ကြပါဘူး။ အသက်မွေးဝမ်းကြောင်း ကြပ်တည်းလို့ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာကြတာ လည်း မဟုတ်ကြဘူး။ ဘာဦးတည်ချက်နှင့် သာသနာဘောင်သို့ ဝင်ရောက် ကာ ရှင်ရဟန်းပြုလာကြသလဲ?
အမှန်စင်စစ်အားဖြင့် သံသရာဝဋ် ဆင်းရဲဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျွတ်လွတ် ထွက်မြောက်လိုတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုလိုတဲ့ မွန်မြတ်တဲ့ ဦးတည်ချက်နှင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာကြတာဖြစ်တယ်။ ဒါကြောင့် သွားဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာ ကို သွားဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ ရပ်ဆဲခဏမှာ ဖြစ်ပေါ်တဲ့ ကိလေသာကို ရပ်ဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြ ပါ။ ထိုင်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာကိုလည်း ထိုင်ဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ အိပ်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာကိုလည်း အိပ်ဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ ဒီလို ကတိကဝတ်ကို ထားတော်မူကြတယ်။
ဒီလို ကတိကဝတ်ရှိတဲ့ ရဟန်းတွေက ဆွမ်းခံ အတူသွားကြပြီ ဆိုကြစို့၊ သူတို့ ဆွမ်းခံကြွတဲ့လမ်းမှာ ကျောက်တုံးကြီးတွေ ရှိကြတယ်။ ကျောက်တုံးကြီး တစ်တုံးနှင့်တစ်တုံးက ဥသဘဝက်, တစ်ဥသဘ, ဂါဝုတ်ဝက်, တစ်ဂါဝုတ် စသည်ဖြင့် ဝေးကွာကြတယ်။ ဒီနေရာရောက်လျှင် ကမ္မဋ္ဌာန်းကို စပြီးတော့ နှလုံးသွင်းရမယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ကျောက်တုံးကြီးတွေ ရှိကြ တယ်။ ဒီကျောက်တုံးတွေရဲ့ အမှတ်အသားနှင့် မိမိရှုပွားနေကျ ကမ္မဋ္ဌာန်းကို စတင်ပြီး နှလုံးသွင်းကာ ဆွမ်းခံကြွကြရတယ်။
ဒီလို ကြွသွားတဲ့အခါမှာ အကယ်၍ ရဟန်းတစ်ပါးပါးရဲ့ သန္တာန်မှာ ကိလေသာစိတ်တွေ ဖြစ်ပေါ်လာပြီဆိုလျှင် ထိုကိလေသာစိတ်ကို ဖြစ်တဲ့နေရာ မှာပဲ နိုင်အောင်နှိပ်ကွပ်တယ်။ ဘယ်လို နှိပ်ကွပ်သလဲ? မိမိက သမထကို ပွားနေလျှင်လည်း မိမိပွားနေကျ သမထကမ္မဋ္ဌာန်းကို, အကယ်၍ မိမိက ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းနေလျှင်လည်း မိမိစီးဖြန်းနေတဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းကိုပဲ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ စွမ်းအားကြီးငါးရပ် ခြံရံပြီးတော့ အပြင်းအထန် ကြိုးစားအားထုတ်ခြင်းဖြင့် ကိလေသာစိတ်ဓာတ် ကို နှိပ်ကွပ်ပစ်လိုက်တယ်။ စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းမှာ နှစ်ခုပြိုင်တူ မဖြစ်နိုင်လေတော့ သမထဘာဝနာစိတ် သို့မဟုတ် ဝိပဿနာ စိတ်ဆိုတဲ့ ကုသိုလ်စိတ်တွေကို ဆက်တိုက်ဖြစ်အောင် ကြိုးစားအားထုတ်လိုက် လို့ ဒီကမ္မဋ္ဌာန်း ဘာဝနာစိတ်တွေကသာ ဆက်တိုက် ဖြစ်နေမယ်ဆိုလျှင် ကိလေသာစိတ်တွေက ဝေးကွာသွားမှာ ဖြစ်ပါတယ်။
ဒီလို ကြိုးစားလိုက်သော်လည်း ကိလေသာစိတ်ကို နှိပ်ကွပ်လို့ မနိုင် ဖြစ်နေပြီဆိုလျှင် ဘာလုပ်မလဲ? ထို ရဟန်းက မတ်တတ်ရပ်လိုက်တယ်။ မတ်တတ်ရပ်လျက် မိမိရှုပွားနေကျ ကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားပြီး ပွားများခြင်းဖြင့် ဒီကိလေသာစိတ်ကို နိုင်နင်းအောင် နှိပ်ကွပ်ပစ်တယ်။
ရှေ့ကကိုယ်တော်က မတ်တတ်ရပ်နေလျှင် နောက်ကကိုယ်တော်တွေက လည်း နားလည်သဘောပေါက်နေတဲ့အတွက် အာလုံးပဲ မတ်တတ်ရပ်လိုက်ကြ တယ်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေ ရှိနေကြတယ်။ သီတင်းသုံးဖော် အချင်းချင်း ခုလို နားလည်မှုရှိဖို့ သိပ်လိုအပ်ပါတယ်။ ဒီလို နားလည်မှု ရှိကြ ပါမှလည်း ကုသိုလ်တရားတွေက တိုးပွားလာကြမှာ ဖြစ်တယ်။ တစ်ဦးအပေါ် တစ်ဦး အလွန်ငဲ့ညှာတဲ့ ကြင်နာတဲ့ စိတ်ဓာတ်တွေ ဖြစ်ကြတယ်။ ဒီကိုယ် တော်က သွားတာမဟုတ်ဘူး၊ ဘာတွေလုပ်နေတာလဲဆိုတဲ့ စိတ်ထားမျိုးတွေ မရှိကြဘူး။
ဒီလို သည်းခံခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေ ရှိနေတဲ့ သူတော်ကောင်း တို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေဟာ အမြဲတမ်း တိုးပွားနေကြမှာဖြစ်တယ်။ ခုလို တစ်ပါးက တစ်ပါးကို နားလည်ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေက ကိလေသာကို နှိပ်ကွပ်တဲ့နေရာမှာ အားကြီးသော မှီရာ ဥပနိဿယအကြောင်းတရား တွေ ဖြစ်နေကြတယ်။ အလွန် ကြည်ညိုလေးစားထိုက်တဲ့ စိတ်ထားများ ဖြစ်ကြတယ်။ ကုသိုလ်တရားတွေကို တိုးပွားစေတတ်တဲ့ ကျင့်ဝတ်ပဋိပတ် တစ်မျိုးလည်း ဖြစ်ပါတယ်။
တစ်ဖန် မတ်တတ်ရပ်ကာ ကိလေသာစိတ်ကို နှိပ်ကွပ်နေတဲ့ ရဟန်း တော်ကလည်း စဉ်းစားတယ်၊ ဘယ်လို စဉ်းစားသလဲ? သင့်ရဲ့ နောက်က ရပ်နေတဲ့ ရဟန်းတော်တွေဟာ သင့်ရဲ့ အကုသလဝိတက်တွေကို သိကုန်ကြ ပြီ၊ သင့်သန္တာန်မှာ ဒီဝိတက်ကတော့ မလျော်မလျောက်ပတ်ပေ၊ ဒီလို မိမိ ကိုယ်ကို မိမိ ပြန်ပြီးတော့ အပြစ်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အဆင့်ဆင့် စီးဖြန်းနိုင်ခဲ့သော် အရိယာဘုံသို့ သက်ဝင်ရောက်ရှိသွားနိုင်တယ်။
ဒီလို မတ်တတ်ရပ်တဲ့ နည်းစနစ်ဖြင့် ကိလေသာစိတ်ကို နှိပ်ကွပ်သော် လည်း နှိပ်ကွပ်လို့မနိုင် ဖြစ်နေလျှင် ဒီရဟန်းတော်က ဘာလုပ်လိုက်သလဲ? ထိုင်ချလိုက်တယ်။ နောက်က ရဟန်းတွေကလည်း အားလုံး ထိုင်ချလိုက်ကြ တယ်။ ထိုင်ပြီးတဲ့အခါ မိမိကိုယ်ကို မိမိ အပြစ်တင်ကာ မူလကမ္မဋ္ဌာန်းကိုပဲ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ စွမ်းအင်ကြီးငါးရပ် ခြံရံကာ အပြင်း အထန် ကြိုးစားအားထုတ်ပြန်တယ်၊ ကိလေသာစိတ်ကို နှိပ်ကွပ်တယ်။ မိမိ နောက်က ရောထိုင်နေကြတဲ့ ရဟန်းတွေအဖို့ မိမိကို အကြောင်းပြုကာ ဆွမ်းပြတ်နိုင်တဲ့ ဘေးဒုက္ခကို ကြောက်ရွံ့ခြင်း ရှိမယ်ဆိုလျှင် ဒီလို ကြောက်ရွံ့ တဲ့အတွက် မိမိရဲ့ ကမ္မဋ္ဌာန်းကို ပုံမှန်နှလုံးသွင်းခြင်း ယောနိသောမနသိကာရ တရား တိုးပွားလာနိုင်တယ်။ ဒါကြောင့်လည်း ခုလို ဆင်ခြင်ခြင်းဖြစ်တယ်။
ဒီလို ကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ ကိလေသာစိတ်ကို နှိပ်ကွပ်ပြီးတဲ့အခါ ဆက်လက်ပြီးတော့ မိမိကမ္မဋ္ဌာန်းကိုပဲ နှလုံးသွင်းတယ်။ အကယ်၍ အရိယာ ဘုံသို့ မဆိုက်ရောက်ဘူးဆိုလျှင်လည်း ကိလေသာစိတ်ကို စျာန်သမာဓိနှင့် ပယ်ခွာကာ မိမိကမ္မဋ္ဌာန်းကိုပဲ ဆက်လက်နှလုံးသွင်းကာ ဆွမ်းခံ ဆက်ကြွ တော်မူတယ်။ ကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွတ်သွားတဲ့ ကမ္မဋ္ဌာန်းနှင့် မယှဉ်တဲ့ စိတ်ဖြင့် ခြေထောက်ကို ဘယ်သောအခါမှ မမြှောက်ဘူး။ အကယ်၍ ခြေကို ကမ္မဋ္ဌာန်းမပါဘဲ မြှောက်ခဲ့မိမယ်ဆိုလျှင် အဲဒီမြှောက်ခဲ့မိတဲ့ နေရာအထိ ပြန်သွားတယ်။ အဲဒီနေရာကို ရောက်တဲ့အခါ ကမ္မဋ္ဌာန်းနှင့် ယှဉ်တဲ့စိတ်နှင့် ဆက်ပြီးတော့ ဆွမ်းခံကြွပြန်တယ်။
ဒီနေရာမှာ အဋ္ဌကထာက အာလိန္ဒကအရပ်၌ သီတင်းသုံးတော်မူတဲ့ မဟာဖုဿဒေဝ မထေရ်မြတ်ကြီးရဲ့ထုံးကို ဖော်ပြထားတယ်။
မဟာဖုဿဒေဝမထေရ်မြတ်ကြီး
(အဘိ၊ဋ္ဌ၊၂၊၃၃၅-၃၃၆။ မ၊ဋ္ဌ၊၁၊၂၆၂။)
မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကား ဆွမ်းခံအသွားအပြန်တို့၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းဆိုတဲ့ ဂတပစ္စာဂတိကဝတ်ကို (၁၉)နှစ်တို့ ကာလပတ်လုံး ဖြည့်ကျင့်တော်မူတယ်။ လမ်းမှာတွေ့တဲ့လူတွေ, လမ်းပတ်ဝန်းကျင်မှာ လယ်ထွန်နေတဲ့လူတွေ, ကောက်စိုက်နေတဲ့လူတွေ, စပါးရိတ်နေတဲ့လူတွေ, စပါးနယ်နေတဲ့လူတွေ၊ ဒီလူတွေက မိမိတို့ လုပ်ငန်းရပ်တွေကို ပြုလုပ်နေရင်း မဟာဖုဿဒေဝမထေရ်မြတ်ကြီး ခေါက်တုံ့ခေါက်ပြန် သွားလာပြုမူနေတာကို ကြည့်ပြီး -
ဒီဆရာတော်ကြီးတော့ လမ်းမှားနေသလား? ဒါမှမဟုတ်လည်း တစ်ခု ခုများ မေ့ကျန်နေလို့လား?
ဒီလို အချင်းချင်း ပြောဆိုတတ်ကြတယ်။ ဒါပေမဲ့ မဟာဖုဿဒေဝ မထေရ်ကြီးက ဒီပြောဆိုချက်တွေကို ဥပေက္ခာပြုကာ မိမိရဲ့ ကမ္မဋ္ဌာန်းကိုပဲ နှလုံးသွင်းကာ ကမ္မဋ္ဌာန်းနှင့်ယှဉ်သော စိတ်ဖြင့်သာ ရဟန်းတရားကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူလိုက်တာ နှစ်ပေါင်း (၂၀)အတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပါတယ်။
မဟာနာဂမထေရ်မြတ်ကြီး
(အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃။)
နောက်ထပ် ဒီဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်သွားတော်မူတဲ့ ကြည်ညိုဖွယ်ကောင်းတဲ့ မထေရ်မြတ်ကြီးတစ်ပါးကတော့ ကာဠဝလ္လိမဏ္ဍပ = နွယ်မဲမဏ္ဍပ်ရှိရာအရပ်မှာ သီတင်းသုံးတော်မူတဲ့ မဟာနာဂမထေရ်မြတ်ကြီး ဖြစ်ပါတယ်။ ဒီမထေရ်မြတ်ကြီးကလည်း ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့် တော်မူတဲ့အခါ ရှေးဦးစွာ သူက ဘယ်လို ဆုံးဖြတ်ချက် ချတော်မူလိုက်သလဲ? ငါသည် ဘုရားရှင်ရဲ့ ဒုက္ကရစရိယာ (၆)နှစ်ကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခြင်းဆိုတဲ့ မဟာပဓာနကျင့်စဉ်ကို ပဋိပတ္တိပူဇာဖြင့် ပူဇော်မယ်။ ဒီလို သူက ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီဆုံးဖြတ်ချက်နှင့် သူက ဘာလုပ်သလဲ?
(၇)နှစ်တို့ ကာလပတ်လုံး ရပ်ခြင်းနှင့် စင်္ကြမ်သွားခြင်းဆိုတဲ့ ဣရိယာပုထ် နှစ်မျိုးဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်းဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလိုက်တယ်။ ဆွမ်းစားခြင်း ကျင်ကြီးကျင်ငယ်စွန့်ခြင်းစတဲ့ ကိစ္စတို့မှအပ ထိုင်ခြင်း, အိပ်ခြင်း ဆိုတဲ့ ဣရိယာပုထ် နှစ်မျိုးကို လုံးလုံးပယ်ထားလိုက်တယ်။ ဘယ်လောက် ကြီးမားတော်မူတဲ့ လုံ့လဝီရိယဆိုတာ ကြည့်ပေတော့၊ (၇)နှစ်တို့တိုင်တိုင် ထိုင် လည်း မထိုင်ဘူး။ အိပ်လည်း မအိပ်ဘူး။ ရပ်လျက် စင်္ကြမ်သွားလျက်သာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ ဒီလို ကျင့်ဝတ်ပဋိပတ်ဖြင့်သာ ဘုရားရှင်ကို ပူဇော် ချင်တယ်။ အလွန်အားကောင်းတဲ့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့ ဖြစ်ကြပါတယ်။ ယောကျ်ားမြတ်တို့ရဲ့ စိတ်ဓာတ်စွမ်းအင်တွေကို ထုတ်၍ အသုံး ပြုနေခြင်း ဖြစ်တယ်။ ဒီလောက်နှင့် သူက မကျေနပ်သေးဘူး။ နောက်ထပ် လည်း (၁၆)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူ ပြန်တယ်။ နှစ်ရပ်ပေါင်းလိုက်လျှင်တော့ (၂၃)နှစ် ဖြစ်သွားတယ်။ အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပါတယ်။
ဒီလို ကျင့်ဝတ်တွေကို ဖြည့်ကျင့်တော်မူတဲ့အခါ ကမ္မဋ္ဌာန်းနှင့်ယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာ ခြေကို ကြွချီတော်မူတယ်။ ကမ္မဋ္ဌာန်းနှင့် မယှဉ်တဲ့စိတ်ဓာတ် ဖြင့်, ကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွက်သွားတဲ့ စိတ်ဓာတ်ဖြင့် ခြေကို ကြွချီမိခဲ့မယ် ဆိုလျှင် နောက်ကြောင်းကို တစ်ဖန်ပြန်ကြွတော်မူကာ ထိုကမ္မဋ္ဌာန်းလက်လွတ် ခြေကြွမိတဲ့နေရာက စပြီးတော့ တစ်ဖန် ကမ္မဋ္ဌာန်းနှင့်ယှဉ်နေတဲ့ စိတ်ဓာတ်ဖြင့်သာ ခြေကို ကြွချီတော်မူတယ်။
ဒီလို ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူလျက် ဆွမ်းခံသွားတဲ့အခါ ရွာအနီးသို့ရောက်လျှင် သင်္ကန်းရုံကာ လက်ကတီးကြားမှ လွယ်ယူလာသော ရေဖြင့် သပိတ်ဆေးကာ ကျန်သောရေကို ပါးစပ်ထဲမှာ ငုံထားတော်မူလိုက် တယ်။ ဘာကြောင့် ဒီလို ရေငုံရသလဲ? စကားပြောမိမှာစိုးလို့ပဲ၊ ဆွမ်းလောင်း လှူတဲ့သူတွေ ရှိခိုးဝတ်ပြုတဲ့ သူတွေကိုသော်လည်း အသက်ရှည်ကြပါစေဆိုတဲ့ ဒီလို စကားမျိုး ပြောဆိုမိခဲ့လျှင် ဒီလောက် ပြောဆိုမိရုံဖြင့်လည်း ကမ္မဋ္ဌာန်း အာရုံမှ စိတ်ပျံ့လွင့်မှု မဖြစ်ပါစေသတည်း၊ ဒီလို နှလုံးပိုက်တော်မူကာ ရေငုံ ထားခြင်း ဖြစ်ပါတယ်။ နေ့ရက်ကို မေးမြန်းလျှောက်ထားမယ်, တရားနှင့် ပတ်သက်တဲ့ မေးခွန်းတွေကို မေးမြန်းလျှောက်ထားမယ် ဆိုလျှင်တော့ အဖြေ ပေးပါတယ်။ ဒီလို ကိစ္စမျိုးတွေ မရှိခဲ့လျှင်တော့ ငုံထားတဲ့ရေကို ရွာဝသို့ရောက် မှ ထွေးတော်မူတယ်။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒီလို ကျင့်ဝတ်မျိုးတွေကို အတုယူကာ ကျင့်တတ်ဖို့ လိုပါတယ်။ စကားများများ ပြောခြင်းဟာ ကမ္မဋ္ဌာန်းအာရုံမှ စိတ်ပျံ့လွင့်မှုနှင့် ကြံစည်စဉ်းစားတွေးခေါ်နေမှု ဝိတက်အမျိုးမျိုးကို အများဆုံး ဖြစ်စေပါတယ်။
ကမ္ဗလဆိပ်ကမ်းကျောင်း၌ ဝါကပ်တော်မူကြတဲ့ရဟန်းတော်အပါး (၅၀)
(အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃။)
တစ်ချိန်မှာ ကမ္ဗလဆိပ်ကမ်းကျောင်းမှာ ရဟန်းတော် အပါး (၅၀)တို့ ဝါဆိုဝါကပ်တော်မူကြတယ်။ အဲဒီ ရဟန်းတော်တွေက ကတိကဝတ်တစ်ခု ထားကြတယ်။ သူတို့ ကတိကဝတ်က ဘယ်လိုလဲ?
အရဟတ္တံ အပ္ပတွာ အညမညံ နာလပိဿာမ။
= အရဟတ္တဖိုလ်သို့ မရောက်မချင်း အချင်းချင်း စကားမပြောကြစတမ်း
ဆိုတဲ့ ကတိကဝတ်တစ်ခုကို ပြုလုပ်ထားကြတယ်။ ရွာတွင်းကို ဆွမ်းခံ ဝင်တဲ့အခါမှာလည်း ရေကိုငုံကာ ဆွမ်းခံဝင်တော်မူကြတယ်။ နေ့ရက်စသည် ကို မေးလျှောက်မယ်, တရားနှင့်ပတ်သက်တဲ့ မေးခွန်းတွေကို လျှောက်ထား မေးမြန်းမယ် ဆိုလျှင်တော့ ပါးစပ်ထဲမှရေကို ထွေးကာ အဖြေပေးတော်မူကြ ပါတယ်။
ဒီနေရာမှာ ဒီရဟန်းတော်တွေက လုံးလုံး စကားမပြောကြတာတော့ မဟုတ်ဘူး။ တရားနှင့်ပတ်သက်လို့ ဆွေးနွေးစရာအကြောင်း ရှိခဲ့လျှင်တော့ မေးမြန်းဆွေးနွေးတော်မူကြပါတယ်။ စကားကို ဝိုင်းဖွဲ့ပြီး ပြောတဲ့အကျင့်တွေ တရားနှင့်မပတ်သက်တဲ့ စကားတွေကိုသာ ရှောင်ရှားတော်မူကြခြင်း ဖြစ်တယ်။ ဆရာသမားထံမှ ကမ္မဋ္ဌာန်းတရားတွေကိုလည်း အရဟတ္တဖိုလ်ပေါက် ကျကျ နန သင်ယူထားတဲ့ သူတော်ကောင်းတွေ ဖြစ်တဲ့အတွက် တရားနှင့်ပတ်သက် တဲ့ ဆွေးနွေးဖွယ်ရာတွေလည်း သိပ်မရှိလှပါဘူး။ သို့သော် ငဆွံ့, ငအတို့လို လုံးလုံးစကားမပြောတဲ့ မူဂပဗ္ဗတ အကျင့်ကိုတော့ ဘုရားရှင်လည်း နှစ်ခြိုက် တော်မမူပါဘူး။ အလားတူပဲ ဘဿာရာမ = စကားပြောမှု၌ မွေ့လျော်ခြင်းကို လည်း မြတ်စွာဘုရားရှင်ဟာ နှစ်ခြိုက်တော်မမူပါဘူး။
ဆွမ်းခံပြီးလို့ ရွာထိပ်သို့ ပြန်ရောက်တဲ့အခါကျမှ ငုံထားတဲ့ရေကို ထွေးထုတ်လိုက်တယ်။ ထွေးထားတဲ့ ရေကွက်တွေကို ကြည့်ပြီးတော့ ဒီနေ့ ဆွမ်းခံပြန်ကြွသွားတာ ဘယ်နှစ်ပါး ရှိပြီဆိုတာကို လူတွေက သိကြတယ်။ လူတွေကလည်း ဒီလို စကားမပြောဆိုတာကို ကြည့်ပြီးတော့ အကဲခတ်ကြ တယ်။ ဒီရဟန်းတော်တွေဟာ တို့နှင့်သာ စကားမပြောတာလား၊ အချင်းချင်း ကော စကားမပြောကြဘူးလားဆိုတာကို အကဲခတ်တဲ့အနေနှင့် ကျောင်းကို သွားလေ့လာကြတယ်။
ကျောင်းကို သွားရောက် လေ့လာလိုက်တဲ့အခါ နေရာတစ်ခုတည်းမှာ ရဟန်းနှစ်ပါး အတူရှိနေတာကိုတောင် မတွေ့ရဘူး။ ဒီလို အကဲခတ်တဲ့ ဒါယကာတွေထဲက ပညာမျက်စိရှိတဲ့ သူတစ်ဦးက နားလည်သွားတယ်။ ပြီးတော့-
အမောင်တို့ ...တစ်ပါးနှင့်တစ်ပါး မတည့်ကြတဲ့ ရဟန်းတော်တို့ရဲ့ နေရာအရပ်ဆိုတာ ဒီလိုနေရာမျိုးမဟုတ်ဘူး။ ခု ဒီကျောင်းဝင်းကို ကြည့် လိုက်လျှင် စေတီရင်ပြင်တော် ဗောဓိရင်ပြင်တော်ကို ကောင်းစွာ တံမြက်စည်း လှည်းထားတယ်။ တံမြက်စည်းတွေကို ကောင်းစွာ သိုမှီးထားတယ်။ သောက်ရေ သုံးဆောင်ရေကို ကောင်းစွာ တည်ထားတယ်။ ဒီလို သူက အခြားသူတွေ ကို ပြောပြတယ်။ ပြောပြပြီးတော့ ပြန်သွားကြတယ်။
လူဒါယကာ ဒါယိကာမတွေဘက်ကလည်း ဒီလို ကျောင်းကန်ဘုရားတွေ ကို သွားတဲ့အခါ ခုပြောနေတဲ့ ရွာသားတွေလို ကျင့်ဝတ်ကို နားလည်တတ်ဖို့ လိုပါတယ်။ တရားပွားများအားထုတ်နေတဲ့ ရဟန်းတော်တွေထံ သွားပြီး လေကြောတွေ ရှည်နေမယ်ဆိုလျှင် ရဟန်းတော်တွေအတွက် များစွာ အနှောင့်အယှက်တွေ ဖြစ်တတ်ပါတယ်။
ထိုရဟန်းတော်အပါး (၅၀)တို့ဟာလည်း ဝါတွင်းသုံးလ ကာလပတ်လုံး သမထဝိပဿနာ ဘာဝနာတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူတဲ့အတွက် ထိုဝါတွင်းမှာပဲ အားလုံး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော် မူကြပါတယ်။ သီတင်းကျွတ်လပြည့် မဟာပဝါရဏာ နေ့မှာ ဝိသုဒ္ဓိပဝါရဏာဆိုတဲ့ ကိလေသာစင်ကြယ်နေတဲ့ သူတော်ကောင်း အချင်းချင်း အပြစ်ရှိပါက ပြောဆိုဆုံးမတော်မူရန် တစ်ပါးနှင့်တစ်ပါး ဖိတ်ကြား တဲ့ ပဝါရဏာပွဲကို ဆင်နွှဲတော်မူနိုင်ကြပါတယ်။
ဒီလို ရှေးရှေး မထေရ်မြတ်ကြီးတို့ရဲ့ထုံးကို ကြည်ညိုပြီးတော့ တရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်တွေဟာလည်း အတုလိုက်ကာ ကျင့်တတ်ဖို့လိုပါ တယ်။ မိမိက အာနာပါနတို့လို သမထပိုင်းကိုပဲ အားထုတ်နေသေးတယ် ဆိုလျှင် ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ရှေးသတိနှင့် နောက်သတိ, ရှေးသမာဓိနှင့် နောက်သမာဓိ ဆက်စပ်သွားအောင် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။
အကယ်၍ မိမိက အဇ္ဈတ္တ, ဗဟိဒ္ဓသန္တာန် နှစ်မျိုးလုံးမှာ ရုပ်တွေနာမ်တွေ ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းနိုင်ပြီဆိုလျှင်လည်း ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ရုပ်နာမ်တွေကိုပဲ သိမ်းဆည်းနေဖို့ လိုပါတယ်။
အကယ်၍ မိမိတို့က ပဋိစ္စသမုပ္ပါဒ်ကို ရှုနိုင်လို့ အကြောင်းတရားတွေ အကျိုးတရားတွေကို သိမ်းဆည်းနိုင်ပြီ ဆိုလျှင်လည်း ဣရိယာပုထ်တိုင်း ကိုယ် အမူအရာတိုင်းမှာ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းနေဖို့ ဖြစ်ပါတယ်။
အကယ်၍ မိမိတို့က ဝိပဿနာပိုင်းရောက်လို့ ရုပ်, နာမ်, ကြောင်း-ကျိုး, သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပြီ ဆိုလျှင်လည်း ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ဝိပဿနာရှုနေရမှာ ဖြစ်ပါတယ်။ ဒီလို ရှုနိုင်ခဲ့မယ်ဆိုလျှင် -
၁။ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်နေသည် လည်း မည်တယ်။
၂။ သတိပဋ္ဌာန်တရားတွေကို ပွားများအားထုတ်နေသည်လည်း မည်တယ်။
၃။ သမ္ပဇဉ်ဉာဏ်တွေကို ရရှိအောင် အားထုတ်နေသည်လည်း မည်ပါတယ်။
သမ္ပဇဉ်အကြောင်းကို ဒီနေရာမှာ ခေတ္တရပ်ဆိုင်းပြီးတော့ ရှေ့ဆက်ကြရ အောင်၊ ပြောခဲ့ပြီးတဲ့ အပိုင်းတွေကို ပြန်အာရုံယူကြည့်ပါ။
၁။ အဇ္ဈတ္တမှာ ရုပ်နာမ်တွေကို သိမ်းဆည်းပုံ,
၂။ ဗဟိဒ္ဓမှာ ရုပ်နာမ်တွေကိုပဲ သိမ်းဆည်းပုံ,
၃။ တစ်ထိုင်အတွင်းမှာလည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ခပ်သွက်သွက် ရုပ်နာမ်တွေကို သိမ်းဆည်းပုံ -
ဒီအပိုင်း (၃)ပိုင်းကို ပြောတန်သလောက် ပြောခဲ့ပြီးပြီ။ ဣရိယာပထပိုင်း နှင့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တွေကိုလည်း အကျဉ်းချုပ်ကာ ပြောခဲ့ပြီးပြီ။ နောက်တစ်ဆင့်ကို မြတ်စွာဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူ သလဲ? သမုဒယဓမ္မာနုပဿီပိုင်း, ဝယဓမ္မာနုပဿီပိုင်း, သမုဒယဝယဓမ္မာနုပဿီပိုင်းတို့ကို ဆက်လက်ပြီး ဟောကြားထားတော်မူပါတယ်။
---
အခန်း (၁၃)
သမုဒယဓမ္မာနုပဿီပိုင်း
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ။ (မ၊၁၊၇၁။)
ကာယသ္မံ = ကာယ၌ (ဝါ) ရူပကာယ နာမကာယ၌။ သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ဝယဓမ္မာနုပဿီ ဝါ = ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘော နှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
၁။ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတို့ရဲ့ ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဥဒယဒဿနဉာဏ် ဖြစ်ပါတယ်။
၂။ အကြောင်းတရားတွေရဲ့ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း ခြင်းကြောင့် အကျိုးတရားတို့ရဲ့ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောင်တစ်ဖန်မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဝယဒဿနဉာဏ် ဖြစ်ပါတယ်။
၃။ အကြောင်းတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရားတို့ရဲ့ ထင်ရှားဖြစ်ပုံ, အကြောင်းတရားတို့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားတို့ရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းပုံကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ် ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ -
၁။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ဥပါဒ်အနေအားဖြင့် ခဏမစဲ တသဲသဲဖြစ်မှုကို ရှုမြင်တတ်တဲ့ဉာဏ်က ခဏတောဥဒယဒဿနဉာဏ်ဖြစ်တယ်။
၂။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ဘင်ကာလအားဖြင့် ချုပ်ပျက်မှုကို ဖြစ်ပြီးတာနဲ့ ပျက်တဲ့သဘောကို ရှုမြင်တတ်တဲ့ဉာဏ်က ခဏတောဝယဒဿနဉာဏ် ဖြစ်ပါတယ်။
၃။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ခဏအားဖြင့် ဖြစ်မှုပျက်မှုကို ရှုမြင်တတ်တဲ့ ဉာဏ်က ခဏတောဥဒယဗ္ဗယဒဿနဉာဏ် ဖြစ်ပါတယ်။
ခုပြောခဲ့တဲ့ ပစ္စယတောဥဒယဒဿနဉာဏ်နှင့် ခဏတောဥဒယဒဿန ဉာဏ် နှစ်မျိုးနှင့် ပြည့်စုံနေတဲ့ယောဂီကို သမုဒယဓမ္မာနုပဿီပုဂ္ဂိုလ်လို့ ခေါ်ဆို ပါတယ်။ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုမြင်နေတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
ပစ္စယတောဝယဒဿနဉာဏ်နှင့် ခဏတောဝယဒဿနဉာဏ် နှစ်မျိုးနှင့် ပြည့်စုံနေတဲ့ ယောဂီကို ဝယဓမ္မာနုပဿီပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ချုပ်ကြောင်း သဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုမြင်နေတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ် ခဏတောဥဒယဗ္ဗယဒဿနဉာဏ် ဆိုတဲ့ ဒီနှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်အမြင်နှင့် ပြည့်စုံနေတဲ့ ယောဂီ ပုဂ္ဂိုလ်ကိုတော့ သမုဒယဝယဓမ္မာနုပဿီ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကို အဖန်ဖန်အထပ်ထပ် ရှုမြင်နေတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
ဒီလို သမုဒယဒဿနဉာဏ်, ဝယဒဿနဉာဏ်, သမုဒယဝယဒဿန ဉာဏ်အမြင်တွေနှင့် ပြည့်စုံအောင် ယောဂီပုဂ္ဂိုလ်က ဘယ်လိုကျင့်ရမလဲ? ဒီအပိုင်းကိုတော့ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကားပြီးတော့ အဋ္ဌကထာ ကြီးများက ရှင်းလင်းတင်ပြထားကြပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဘယ်လို မိန့်ဆိုထားတော်မူသလဲ? ရူပက္ခန္ဓာကို ပုံစံတစ်ခုထုတ်ပြီးတော့ နာကြားကြည့်ကြရအောင် -
ရူပက္ခန္ဓာ၌ ဥဒယဉာဏ်ငါးပါး
အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ တဏှာသမုဒယာ။ ကမ္မသမုဒယာ။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။ ဝိသုဒ္ဓိ၊၂၊၂၆၆။)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် - အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် အကျိုးကမ္မဇရုပ် = ရူပက္ခန္ဓာရဲ့ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်နှင့်မြင်အောင် ရှုရမယ်။ အကျိုးကမ္မဇ ရုပ်တို့ရဲ့ ဥပါဒ်အားဖြင့် ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။
အလားတူပဲ စိတ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ် = ရူပက္ခန္ဓာရဲ့ ထင်ရှားဖြစ်ပုံ ကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။ စိတ္တဇရုပ်တို့ရဲ့ ဖြစ်မှုဥပါဒ် ကိုလည်း မြင်အောင်ရှုရမယ်။
ရုပ်ကလာပ်တစ်ခုမှာ တည်ရှိတဲ့ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဥတုဇရုပ် = ရူပက္ခန္ဓာရဲ့ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။ ဥတုဇရုပ်တို့ရဲ့ ဖြစ်မှုဥပါဒ်ကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။
ဟိုရုပ်ပိုင်းတုန်းက ရှင်းပြခဲ့တဲ့အတိုင်း အာဟာရဇဩဇာရဲ့ အထောက် အပံ့ကို ရရှိတဲ့အခါ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ရှေးရှေး အာဟာရဇဩဇာတို့ကြောင့် အာဟာရဇရုပ် = ရူပက္ခန္ဓာ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမယ်။ အာဟာရဇရုပ်တို့ရဲ့ ဥပါဒ်ကာလ အားဖြင့် ဖြစ်မှုကိုလည်း မြင်အောင် ရှုရမယ်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ကမ္မဇရုပ်ဖြစ်ပုံ, စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံ, ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ, အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံကိုမြင်အောင် ရှုတဲ့ဉာဏ်က ပစ္စယတောဥဒယဒဿန ဉာဏ် ဖြစ်ပါတယ်။
ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့ရဲ့ ဖြစ်မှုဥပါဒ်ကို မြင်အောင် ရှုတဲ့ဉာဏ်က ခဏတောဥဒယဒဿနဉာဏ် ဖြစ်ပါတယ်။
ဒီနေရာမှာ ဥဒယဉာဏ်ငါးပါး ရေတွက်ပုံကတော့ -
၁။ အဝိဇ္ဇာကြောင့် ကမ္မဇရုပ်ဖြစ်ပုံ,
၂။ တဏှာကြောင့် ကမ္မဇရုပ်ဖြစ်ပုံ,
၃။ ကံကြောင့် ကမ္မဇရုပ်ဖြစ်ပုံ,
၄။ အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံ,
၅။ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့ရဲ့ ဥပါဒ်အားဖြင့်ဖြစ်ပုံ- ပေါင်းလိုက်တော့ ဖြစ်ပုံငါးမျိုး ဖြစ်တယ်။
ဒီငါးမျိုးကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဥဒယဒဿနဉာဏ်နှင့် ခဏတောဥဒယဒဿနဉာဏ် ဖြစ်တယ်။ ဒီနေရာမှာ အဝိဇ္ဇာနှင့် တဏှာကို ယူလိုက်လျှင် ကိလေသာဝဋ်ချင်း တူညီနေတဲ့ ဥပါဒါန်ကိုလည်း ထည့်သွင်းပြီး တော့ ယူရပါတယ်။ ကံကိုယူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေတဲ့ သင်္ခါရကို လည်း ထည့်သွင်းယူရပါတယ်။ ဒါကြောင့် ကမ္မဇရုပ်တွေအတွက် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားငါးပါး ဖြစ်သွားပါတယ်။ တစ်ဖန် ရုပ်တရားတွေရဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေထဲမှာ အာဟာရက ပဓာနအကြောင်းတရား ဖြစ်ပါတယ်။ ပဓာနအကြောင်းတရားဖြစ်တဲ့ အာဟာရကို ယူလိုက်လျှင် အပဓာနအကြောင်းဖြစ်တဲ့ စိတ်, ဥတုတို့ကိုလည်း ထည့်သွင်းယူရပါတယ်။ ဒါကြောင့် ရုပ်တရားတွေရဲ့ ပစ္စုပ္ပန်အကြောင်းတရား တွေမှာ စိတ်, ဥတု, အာဟာရဆိုပြီး သုံးမျိုး ဖြစ်သွားပါတယ်။ ဝယဉာဏ် အကြောင်းကို ဆက်ပြောကြရအောင် ---
ရူပက္ခန္ဓာ၌ ဝယဉာဏ်ငါးပါး
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ တဏှာနိရောဓာ။ ကမ္မနိရောဓာ။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ရူပက္ခန္ဓဿ ဝယံ ပဿန္တောပိ ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။ ဝိသုဒ္ဓိ၊၂၊၂၆၆၊၊)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် -
အရဟတ္တမဂ်ကို ရမည့်အချိန်မှာ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေက နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတယ်။ ဒီကိလေသဝဋ်တွေက အမြစ် ပြတ် ချုပ်ငြိမ်းသွားတဲ့အခါ ကိလေသာ အစိုဓာတ် အစေးဓာတ်ရှိမှ အကျိုး ပေးနိုင်တဲ့ ကံတွေဟာလည်း ကိလေသာဆိုတဲ့ အပေါင်းအဖော်ကို မရရှိတဲ့ အတွက် နောက်ထပ်တစ်ဖန် ဘဝသစ်ဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွားကြတယ်။
ဒီနည်းအားဖြင့် အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေဟာ အမြစ်ပြတ် ချုပ်ငြိမ်း သွားကြတယ်။ အကြောင်းတရားတွေက အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ အကျိုးခန္ဓာငါးပါး တို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံး ထားပြီးတော့ ပရိနိဗ္ဗာနစုတိနောင်၌ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြတယ်။ ဒီချုပ်ငြိမ်းမှု နှစ်မျိုးလုံးကို ယောဂါဝစရပုဂ္ဂိုလ်က ဥဒယဗ္ဗယာနုပဿနာဉာဏ် = ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်နှင့်မြင်အောင် ရှုရမယ်။ နောက်တစ်ခု အကျိုးရူပက္ခန္ဓာရဲ့ သို့မဟုတ် ခန္ဓာငါးပါးတို့ရဲ့ ဥပါဒ်ပြီးနောက် ဘင်ကာလသို့အရောက် ခဏမစဲ တသဲသဲ ချုပ်ပျက်မှုကိုလည်း ဝိပဿနာ ဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။ ဒီရူပက္ခန္ဓာမှာ ဝယဉာဏ်ငါးပါးဆိုတာကတော့-
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်ပုံ,
၂။ တဏှာချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်ပုံ,
၃။ ကံချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်ပုံ,
၄။ အာဟာရ, စိတ်, ဥတုတို့ချုပ်ခြင်းကြောင့် အာဟာရဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်တို့ချုပ်ပုံ,
၅။ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့ရဲ့ ခဏဘင်အားဖြင့်ချုပ်ပုံ = ပျက်ပုံ၊
ပေါင်းလိုက်တော့ ချုပ်ပုံပျက်ပုံကိုသိတဲ့ ဝယဉာဏ်ငါးမျိုး ဖြစ်တယ်။
ဒီနေရာမှာလည်း အထက်က ပြောခဲ့တဲ့အတိုင်းပဲ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးကမ္မဇရုပ်တို့ရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းပုံ, စိတ်, ဥတု, အာဟာရတို့ရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမှာ ဖြစ်ပါတယ်။
ရူပက္ခန္ဓာ၌ ဥဒယဉာဏ် (၅)ပါး, ဝယဉာဏ် (၅)ပါးရှိသလို နာမ်ခန္ဓာ လေးပါးတို့မှာလည်း ခန္ဓာတစ်ပါးတစ်ပါး၌ ဥဒယဉာဏ် (၅)ပါး, ဝယဉာဏ် (၅)ပါးစီ ရှိကြပါတယ်။ ခန္ဓာငါးပါး၌ အားလုံးပေါင်းလိုက်လျှင် ဥဒယဉာဏ် (၂၅)ပါး, ဝယဉာဏ် (၂၅)ပါး ဖြစ်ပါတယ်။ နှစ်ရပ်ပေါင်းလိုက်လျှင် ဥဒယဗ္ဗယ ဉာဏ် အကျယ်ရှုပွားနည်း (၅၀) ဖြစ်ပါတယ်။
အကြောင်းတရားငါးပါးဆိုတာ
လက်ရှိသတ္တဝါတွေရဲ့ သန္တာန်မှာရှိတဲ့ အထူးသဖြင့် ယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာရှိတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြပါ တယ်။ ဒီဒုက္ခသစ္စာတရားစုတို့ရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းသမုဒယသစ္စာတရားတွေဟာ ဘယ်တုန်း က ဖြစ်ခဲ့တဲ့တရားတွေလဲ? ဒီလို မေးစရာရှိတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး က ဒီလို အဖြေပေးထားပါတယ်။
ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။ (ပဋိသံ-၅၀။)
တတ္ထ ပုရိမကမ္မဘဝသ္မိန္တိ ပုရိမေ ကမ္မဘဝေ၊ အတီတဇာတိယံ ကမ္မဘဝေ ကရိယမာနေတိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၁၄။)
ဒီပါဠိတော် အဋ္ဌကထာတို့ရဲ့ ဆိုလိုရင်းက ဘာလဲ? ကမ္မဘဝကို ပြုစု ပျိုးထောင်ခဲ့စဉ် ရှေးအတိတ်ဘဝက -
၁။ သစ္စာလေးပါးတို့၌ အမှန်အတိုင်းမသိမှု တွေဝေမှု အဝိဇ္ဇာ,
၂။ ကံကို အားထုတ်ကြောင်း သင်္ခါရ,
၃။ ထိုထိုဘဝကို နှစ်သက်တွယ်တာမှု တဏှာ,
၄။ စိတ်ကပ်ရောက်စွဲလမ်းမှု ဥပါဒါန်,
၅။ စေတနာဟူသည့် ကမ္မဘဝ -
ဟူသော ဤအကြောင်းတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘဝ ပဋိသန္ဓေခန္ဓာငါးပါး စသည်တို့ရဲ့ အကြောင်းတရားတွေ ဖြစ်ကြတယ်။ တစ်နည်းပြော လျှင်တော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုး တရားတွေရဲ့ အကြောင်းတရားတွေ ဖြစ်ကြတယ်။
သင်္ခါရနှင့် ကမ္မဘဝ
ကံတစ်ခုကို ပြုစုပျိုးထောင်စဉ် မပြုမီ ရှေးရှေးစေတနာတို့က သင်္ခါရ၊ ကံကို ပြုစုပျိုးထောင်နေဆဲ စေတနာတို့က ကမ္မဘဝ ဖြစ်ကြတယ်။
နောက်တစ်နည်းကတော့ ထိုထိုလူဘဝနတ်ဘဝ ရောက်ကြောင်းကံတို့ကို ပြုစုပျိုးထောင်စဉ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တစ်ခုဝယ် ဇော (၇)တန် ရှိရာ ရှေ့ဇော (၆)တန်တို့၌ စေတနာတို့က သင်္ခါရ၊ သတ္တမဇောစေတနာက ကမ္မဘဝမည်တယ်။
နောက်တစ်နည်းကတော့ ဒီဇောစိတ္တက္ခဏ အသီးအသီးမှာရှိတဲ့ စေတနာက ကမ္မဘဝ၊ ယင်းစေတနာနှင့် ယှဉ်ဖက်သမ္ပယုတ်တရားစုတို့က သင်္ခါရ မည်တယ်။ (ဝိသုဒ္ဓိ၊၂၊၂၁၄-၂၁၅။)
ပဋိဌာန်းဒေသနာတော် ကမ္မပစ္စည်းပိုင်းမှာတော့ ထိုထိုကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားစုတို့ရဲ့အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို နာနာက္ခဏိကကမ္မပစ္စည်းအဖြစ် ဟောကြားထားတော်မူပါတယ်။ ကံကို ပြုစုပျိုးထောင်စဉ်ခဏနှင့် ထိုကံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတို့ရဲ့ မတူကွဲပြားသော ခဏရှိသောကြောင့် နာနာက္ခဏိကကမ္မပစ္စည်းလို့ ခေါ်ဆို ခြင်း ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်ပိုင်းမှာ အကြောင်းတရားနှင့် အကျိုးတရား တို့ရဲ့ ကြောင်း-ကျိုးဆက်နွယ်ကာ ဖြစ်နေမှုသဘောတရားကို ဝိပဿနာဉာဏ် ဖြင့် မြင်အောင်ရှုတဲ့အပိုင်းမှာ ဒီနာနာက္ခဏိကကမ္မပစ္စည်း အကြောင်းတရား ဖြစ်တဲ့ သင်္ခါရတရားတို့ရဲ့ စွမ်းအင်သတ္တိကို ပဓာနထားပြီးတော့ ရှုရပါတယ်။ ဘာကြောင့်လဲ? အကြောင်းတရားနှင့် အကျိုးတရားတို့ဟာ ခဏချင်း ကွာခြား နေတဲ့အတွက် တစ်နည်း ဘဝချင်းသော်လည်း ကွာခြားနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအကြောင်းတရားတွေကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရပါတယ်။ ဒီလို ဝိပဿနာရှုတဲ့ အပိုင်းမှာတော့ ခုပြောခဲ့တဲ့ ကမ္မသတ္တိက ဥပါဒ်, ဌီ, ဘင်အားဖြင့် ထင်ရှားရှိနေဆဲတရား မဟုတ်တဲ့အတွက် ဒီကမ္မသတ္တိကို ဝိပဿနာမရှုရဘဲ ဒီကမ္မသတ္တိရဲ့ စွဲမှီရာ ကုသိုလ်သင်္ခါရ သို့မဟုတ် အကုသိုလ်သင်္ခါရတရားတွေကိုသာ ဝိပဿနာ ရှုရပါတယ်။ ဒါကြောင့် အထက်ကပြောခဲ့တဲ့ သင်္ခါရနှင့် ကမ္မဘဝ ခွဲခြားမှုကို လည်း နားလည်ထားသင့်တယ်။
ခုပြောခဲ့တဲ့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နည်းအရ လက်ရှိဘဝ ပဋိသန္ဓေ ခန္ဓာ ငါးပါးတို့ရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့မှာ အတိတ်ဘဝတစ်ခုက ထူထောင်ခဲ့တဲ့ တရားတွေသာ ဖြစ်ကြတယ်လို့ မှတ်သား ထားပါ။
ပစ္စုပ္ပန်အကြောင်းတရားငါးပါး
ဒီလိုဆိုလျှင် ယောဂီပုဂ္ဂိုလ်တွေဟာ ဒီပစ္စုပ္ပန်ဘဝမှာလည်း ကံတွေကို ပြုစုပျိုးထောင်နေကြတာဖြစ်တော့ ဒီကံတွေကကော အကျိုးမပေးတော့ဘူး လားလို့ မေးစရာရှိတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဒီလို အဖြေပေးထား ပြန်တယ် -
ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မိံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာ။ (ပဋိသံ-၅၀။)
ယခုလက်ရှိ ပစ္စုပ္ပန်ဘဝမှာ အာယတနတွေ ရင့်ကျက်လာတဲ့အခါ ပြုစု ပျိုးထောင်လိုက်တဲ့ -
၁။ အသိမှားမှု အဝိဇ္ဇာ,
၂။ ထိုထိုဘဝသို့ ရောက်ကြောင်းကံတို့ကို ပြုစုပျိုးထောင်မှု သင်္ခါရ,
၃။ ထိုထိုဘဝကို တွယ်တာနှစ်သက်မှု တဏှာ,
၄။ စိတ်ကပ်ရောက်စွဲလမ်းမှု ဥပါဒါန်,
၅။ ကမ္မဘဝ၊
ဤအကြောင်းတရား ငါးပါးတို့သည် နောင်အနာဂတ် ပဋိသန္ဓေရဲ့ တစ်နည်း အနာဂတ် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ရဲ့ အကြောင်းတရားတို့ ဖြစ်ကြတယ်။
ဒီပါဠိတော်တို့၌ ဟောကြားတော်မူချက်အတိုင်း အတိတ်ဘဝက ပြုစု ပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ပစ္စုပ္ပန် ဝိပါကဝဋ် ခန္ဓာငါးပါးတို့ ဖြစ်ကြတယ်။ ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် နောင်အနာဂတ်မှာ ဝိပါကဝဋ် ခန္ဓာ ငါးပါး = ရုပ်နာမ်တရားတို့ ထင်ရှားဖြစ်ကြမှာဖြစ်တယ်။ ဒီလိုရင်းအချက်ကို တော့ မှတ်သားထားပါ။
ဒီနေရာမှာ အကြောင်းတရားတွေက သစ္စာဒေသနာတော်နည်းအရ သမုဒယသစ္စာတရားတွေ ဖြစ်ကြတယ်။ အကျိုးတရားတွေက ဒုက္ခသစ္စာတရား များ ဖြစ်ကြပါတယ်။
ယောဂီပုဂ္ဂိုလ်က အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာ အကြောင်းတရားတွေကြောင့် ဒီဘဝ မှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးဒုက္ခသစ္စာ တရားတွေ ထင်ရှားဖြစ်ပုံကိုလည်း မြင်အောင် ဝိပဿနာဉာဏ်နှင့် ရှုနိုင်လျှင် သမုဒယဓမ္မာနုပဿီပုဂ္ဂိုလ် ဖြစ်ပါတယ်။
အလားတူပဲ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာ အကြောင်းတရားတွေကြောင့် နောင် အနာဂတ်ဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင် အောင် ရှုနိုင်လျှင် ဒီယောဂီပုဂ္ဂိုလ်ဟာလည်း သမုဒယဓမ္မာနုပဿီပုဂ္ဂိုလ် ဖြစ်ပါတယ်။
မဟာနိဒါနသုတ္တန်မှ မိန့်ကြားသံ
ဒီလို အတိတ်အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်အကျိုးတရားတွေ ဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် အနာဂတ်အကျိုးတရားတွေ ဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဝိပဿနာဉာဏ်ဖြင့်သိအောင် မရှုခဲ့လျှင် ထိုယောဂီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ဘူးလားလို့တော့ မေးစရာရှိတယ်။ ဒီမေးခွန်းရဲ့ အဖြေကို မဟာနိဒါနသုတ္တန်မှာ ဘုရားရှင်က ဖြေဆိုထားပြီး ဖြစ်ပါတယ်။
တစ်ချိန်မှာ အရှင်အာနန္ဒာ ကိုယ်တော်မြတ်က နေ့အခါ သောတာပတ္တိ ဖလသမာပတ်ကို ဝင်စားတော်မူပြီးနောက် ဖလသမာပတ်မှအထ ပဋိစ္စသမုပ္ပါဒ် တရားတော်သို့ မိမိရဲ့ဉာဏ်ကို သွတ်သွင်းစေလွှတ်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို -
၁။ အစမှအဆုံး,
၂။ အဆုံးမှအစ,
၃။ အလယ်မှ အစွန်းနှစ်ဘက်,
၄။ အစွန်းနှစ်ဘက်မှ အလယ် -
ဆိုတဲ့ နည်းအမျိုးမျိုးတို့ဖြင့် ရှုပွားသုံးသပ်တော်မူပါတယ်။ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေက အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ ဉာဏ်တော်မှာ ပေါ်လွင်ထင်ရှားနေတဲ့အတွက် ညနေချမ်းအခါမှာ တရားကောင်းတစ်ပုဒ်ကို နာကြားလိုတဲ့ ဦးတည်ချက်နှင့် ဘုရားရှင်ထံတော်မှောက်သို့ ချဉ်းကပ်ကာ အရိုအသေပြုပြီးနောက် သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထား သလဲ?
မြတ်စွာဘုရား ...ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ နက်နဲတယ် ခက်ခဲတယ်ဆိုသော်လည်း တပည့်တော်ရဲ့ ဉာဏ်ထဲမှာတော့ ပေါ်လွင် ထင်ရှားသလို ဖြစ်နေပါတယ် မြတ်စွာဘုရားဆိုပြီး လျှောက်ထားတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက ဘာကို အမိန့်ရှိတော်မူသလဲ?
မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ၊ ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ။ ဧတဿ စာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလာဂဏ္ဌိကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)
အာနန္ဒာ ... သင်ဒီလိုမပြောနှင့်၊ အာနန္ဒာ ... သင်ဒီလိုမပြောနှင့်။ အာနန္ဒာ ...ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားဟာ နက်လည်း နက်နဲတယ်။ နက်နဲယောင်လည်း ရှိတယ်။ အာနန္ဒာ ... ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို အနုဗောဓဉာဏ် ဖြင့် လျော်စွာ ထိုးထွင်းမသိခြင်းကြောင့်, ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် သည့်တိုင်အောင် ထွင်းဖောက်မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းဟာ ဤမျှ လောက် ယက်ကန်းသည်တို့ရဲ့ ချည်ခင်ချည်ထွေးကဲ့သို့ဖြစ်ကာ စာပေါင်းသောင်းငှက်မရဲ့ အသိုက်သဖွယ်ဖြစ်ကာ ခြေသုတ်ကြိုးဝန်းခွေ ပြုလုပ်ထားတဲ့ ဖြူဆံမြက် ပြိတ်မြက်သဖွယ်ဖြစ်ကာ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်တဲ့ အပါယ်ဒုဂ္ဂတိမှလည်း မလွတ် မြောက်နိုင်ဘူး၊ အပါယ်မှကြွင်းတဲ့ သံသရာမှလည်း မလွတ်မြောက်နိုင်ဘူး။
ဒီလို ဘုရားရှင်က အမိန့်ရှိတော်မူလိုက်ပါတယ်။ ဒီပါဠိတော်ကြီးကိုပဲ ကိုးကားပြီးတော့ အဋ္ဌကထာကြီးများကလည်း ဘယ်လို ဆုံးဖြတ်ထားတော် မူကြသလဲ? နားထောင်ကြည့်စမ်း!
ဣဒဥှိ အတိဂမ္ဘီရတော အဂါဓံ။ နာနာနယဂဟနတော ဒုရတိယာနံ။ ဉာဏာသိနာ သမာဓိပဝရသိလာယံ သုနိသိတေန,
ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မတ္ထနံ။
သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)
ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကား အလွန် နက်နဲတဲ့အတွက်ကြောင့် သာမန်ဉာဏ်နှင့် လှမ်းပြီး ထောက်ကြည့်မယ်ဆိုလျှင် ထောက်ရဖို့ သိပ်မလွယ်လှဘူး။ ဘုရားရှင်ကလည်း ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာ တော်ကို နည်းအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ကာ ကျွတ်ထိုက်သသူ ဝေနေယျ တို့ရဲ့ အလိုအဇ္ဈာသယဓာတ်နှင့် လျော်ညီစွာ ဟောကြားထားတော်မူတဲ့ အတွက် နည်းအမျိုးမျိုးဆိုတဲ့ တောချုံပုတ်တို့ဖြင့် ထူထပ်နေတဲ့အတွက်ကြောင့် ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားကို သာမန်ဉာဏ်ဖြင့် ကျော်လွှားလွန်မြောက်ဖို့ ဆိုတာ သိပ်မလွယ်လှဘူး။ ယောဂီပုဂ္ဂိုလ်က သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ကာ သမာဓိတည်းဟူသော မြတ်သောကျောက်ဖျာထက်၌ မြမြထက် နေအောင် ကောင်းစွာသွေးထားအပ်တဲ့ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်ဆိုတဲ့ ဉာဏ်သန်လျက်ဖြင့် -
မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ဒီပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ကို မဖောက်ခွဲနိုင်ဘဲ သံသရာမှ ကျော်လွှား လွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ အိပ်မက်ထဲမှာတောင်မှ တစ်ယောက်မျှ မရှိစဖူးသေးပါဘူး။ ဒီလို အဋ္ဌကထာကြီးများက ဖွင့်ဆိုထားကြပါတယ်။
ဒီဘုရားဟော ဒေသနာတော်နှင့် ဒီအဋ္ဌကထာကြီးတို့ရဲ့ အဖွင့်အတိုင်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်ချင်တဲ့ နိဗ္ဗာန်ဆိုတဲ့ ထိုမှာ ဘက်ကမ်းသို့ ကူးမြောက်လိုတဲ့ သူတော်ကောင်းမှန်လျှင် ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည်သာ ဖြစ်ပါတယ်။ ဘယ်လိုတုန်း - တရားနာ ပရိသတ်တွေ ... ဘုရားရှင်ရဲ့အပေါ်မှာ ယုံကြည်ချက် သဒ္ဓါတရား အပြည့် အဝ ရှိကြပါရဲ့လား? ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်အပေါ်မှာ ရော ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိကြပါရဲ့လား? ဒီမေးခွန်းတွေကို တော့ မိမိကိုယ်ကို မိမိ ခဏခဏ မေးကြည့်ပါ။ အကယ်၍ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိပါတယ်လို့ အဖြေထွက်ခဲ့လျှင်တော့ ဒီ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းပါ။ ဆရာအပြောနှင့် အလွမ်းကြီးလွမ်း အဆွေးကြီးဆွေး အတွေးကြီး တွေး အငေးကြီးငေးကာ အနှစ်တစ်ထောင်ကြာမှ တစ်ခါသာပွင့်တဲ့ အာသာဝတီ နွယ်နီနတ်ပန်းကို မျှော်လင့်သလို မမျှော်လင့်ကြပါနှင့်လို့ တိုက်တွန်းပါ ရစေ။
အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်
ဒီနေရာမှာ အနုဗောဓဉာဏ်ဆိုတာက ဘာလဲ? ပဋိဝေဓဉာဏ်ဆိုတာက ဘာလဲ? ဒီလိုတော့ မေးစရာရှိတယ်။ အဋ္ဌကထာက ဒီလို ဖွင့်ပြထားပါတယ်။
အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅။)
၁။ ရုပ်နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိတဲ့ ဉာဏ်၊ အထူးသဖြင့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တွေမှာ တည်ရှိတဲ့ ရုပ်တရား နာမ်တရားတွေကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်ပါတယ်။
၂။ အဲဒီရုပ်နာမ်တွေရဲ့ အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာ ပရမတ် သို့ ဆိုက်အောင် ထိုးထွင်းသိတဲ့ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ပါ တယ်။ အထူးသဖြင့် ဒီပဋိစ္စသမုပ္ပါဒ်ပိုင်းမှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ စတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ရဲ့ တစ်ခုနှင့် တစ်ခု ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားကို ထွင်းဖောက်သိတဲ့ ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ ဒီဉာဏ်နှစ်ပါးကို ဉာတပရိညာဉာဏ်ပညာလို့ ခေါ်ဆိုပါတယ်။ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်တဲ့ သိသင့်သိထိုက်တဲ့ ပရမတ်တရားတွေကို ပိုင်းပိုင်းခြားခြားသိတတ်တဲ့ ဉာဏ်ဖြစ်လို့ ဉာတပရိညာလို့ ခေါ်ပါတယ်။
သစ္စာဒေသနာတော်နည်းအရ ပြောရလျှင်တော့ ဒုက္ခသစ္စာကို ထိုးထွင်း သိတဲ့ဉာဏ်နှင့် သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်တွေ ဖြစ်ကြပါတယ်။ ဒီသစ္စာနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြတဲ့အတွက် ယောဂီ ပုဂ္ဂိုလ်က ရှေးဦးစွာ ထိုးထွင်းသိထားရမည့် တရားတွေ ဖြစ်ကြတယ်။ ဒါကြောင့် ဒီသစ္စာနှစ်ပါးကို ထိုးထွင်းသိတတ်တဲ့ဉာဏ်ကို ဉာတပရိညာလို့ ခေါ်ဆိုပါတယ်။
ယောဂီပုဂ္ဂိုလ်က ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဆိုတဲ့ သင်္ခါရ တရားတွေကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရပါ တယ်။ ဒီလို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်တဲ့ အခါ ဒီသင်္ခါရတရားတွေကို အနိစ္စပဲလို့ ဒုက္ခပဲလို့ အနတ္တပဲလို့ စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနိုင်တဲ့ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးကိုတော့ တီရဏပရိညာလို့ ခေါ်ပါတယ်။ အထူးသဖြင့်တော့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် တို့ရဲ့ ဖြစ်မှုပျက်မှုကို အာရုံယူကာ လက္ခဏာယာဉ်သုံးချက်သို့ တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်နေတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ကြတယ်။
ဘင်္ဂဉာဏ်မှ စပြီးတော့ အထက်ပိုင်း ဝိပဿနာဉာဏ် အားလုံးကိုတော့ ပဟာနပရိညာလို့ ခေါ်ပါတယ်။ ဒီဉာဏ်တွေကတော့ သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကိုပဲ အာရုံယူကြပါတယ်။ သင်္ခါရတရားတွေရဲ့ အပျက် သက်သက်ကိုပဲ အာရုံယူကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်နေတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ကြပါတယ်။ ဒီဝိပဿနာဉာဏ် တွေက ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေကိုလည်း တဒင်္ဂအားဖြင့် ပယ်စွန့်တယ်။ သိသင့်သိထိုက်တဲ့ ပြိုပြိုပျက်ပျက်နေတဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကိုလည်း ထိုးထွင်းသိတယ်။
ဒီလို ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေကို ပယ်စွန့်ပြီးတော့ သိသင့် သိထိုက်တဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေ ကို ထိုးထွင်းသိနေတဲ့အတွက် ဒီအထက်ပိုင်း ဝိပဿနာဉာဏ်တွေကိုတော့ ပဟာနပရိညာလို့ ခေါ်ပါတယ်။ အထူးသဖြင့်တော့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ရဲ့ အပျက်ကို အာရုံယူကာ လက္ခဏာယာဉ်သုံးချက်သို့တင်ကာ ရှုပွားသုံးသပ်နေ တဲ့ အထက်ပိုင်း ဝိပဿနာဉာဏ်တွေကို ရည်ညွှန်းထားပါတယ်။
ဉာတပရိညာဖြင့် ထိုးထွင်းသိခြင်းကို အနုဗောဓဉာဏ်, တီရဏပရိညာ, ပဟာနပရိညာတို့ဖြင့် ထိုးထွင်းသိခြင်းကို ပဋိဝေဓဉာဏ်လို့ ဆိုလိုပါတယ်။ ခုရှင်းလင်းချက်ကတော့ လောကီအနုဗောဓဉာဏ်နှင့် လောကီပဋိဝေဓဉာဏ် တွေ ဖြစ်ကြပါတယ်။ လောကုတ္တရာအနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ကို ရရှိရေးအတွက် ယောဂီပုဂ္ဂိုလ်က လောကီအနုဗောဓဉာဏ်, လောကီပဋိဝေဓဉာဏ်တို့ကို ပွားရပါတယ်။ လောကုတ္တရာအနုဗောဓဉာဏ်နှင့် လောကုတ္တရာ ပဋိဝေဓဉာဏ်တို့ကတော့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြု ကြပါတယ်။ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို အာရုံမပြုကြဘူး။
ဒါပေမဲ့ လောကုတ္တရာအနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့က ဒုက္ခသစ္စာ, သမုဒယသစ္စာ အဝင်အပါဖြစ်တဲ့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို အကြွင်းမဲ့ ပယ်ရှားလိုက်တယ်။ သစ္စာလေးပါးကို မသိမှုကင်း ပျောက်သွားတဲ့အတွက် သစ္စာလေးပါးကို သိမှုဟာ ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီး သွားပါတယ်။ ဒါကြောင့် လောကုတ္တရာဖြစ်တဲ့ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ် တွေက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံတိုက်ရိုက် မျက်မှောက် ပြုကာ ထိုးထွင်းသိခြင်းဆိုတဲ့ အာရမ္မဏပဋိဝေဓ သဘောအားဖြင့် သိတယ်၊ အာရုံပြုတယ်။ ဒုက္ခသစ္စာ, သမုဒယသစ္စာ, မဂ္ဂသစ္စာတို့ကိုတော့ ဒီသစ္စာတွေကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို ပယ်ရှားသောအားဖြင့် သိခြင်းဆိုတဲ့ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် သိတယ်။
ကြောင်း-ကျိုးဆက်နွယ်မှု ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ခုပြော ခဲ့တဲ့ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ခဲ့ဘူး ဆိုလျှင်တော့ အပါယ်ဝဋ် ဆင်းရဲဒုက္ခ, သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ မကျော်လွှား မလွန်မြောက်နိုင်ဘူးလို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် သံသရာဝဋ် ဆင်းရဲဒုက္ခတို့ရဲ့ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို အလိုရှိတဲ့ သူတော်ကောင်းမှန်လျှင် ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစား အားထုတ်ရမယ် ဆိုတာကိုတော့ ဦးထိပ်ထက်မှာ သံမှိုစွဲထားသလို စွဲစွဲမြဲမြဲ မှတ်သားထားပါ။
နောက်ထပ်ပြောချင်တဲ့ အချက်တစ်ခု ရှိပြန်သေးတယ်။ ဒီလောက် ခက်ခဲနက်နဲတဲ့ ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေဟာ အရှင်အာနန္ဒာ မထေရ်မြတ်ရဲ့ အသိဉာဏ်မှာ ဘာကြောင့် ပေါ်လွင်ထင်ရှား နေရသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ အဋ္ဌကထာက ဒီမေးခွန်းကို ဖြေဆို ထားပါတယ်။
အကြောင်းတရားလေးပါး
ထေရဿ ဟိ စတူဟိ ကာရဏေဟိ ဂမ္ဘီရောပိ ပဋိစ္စသမုပ္ပါဒေါ ဥတ္တာနောတိ ဥပဋ္ဌာတိ။ ကတမေဟိ စတူဟိ၊ ပုဗ္ဗူပနိဿယသမ္ပတ္တိယာ, တိတ္ထဝါသေန, သောတာပန္နတာယ, ဗဟုဿုတဘာဝေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၇၈။)
အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ အသိဉာဏ်မှာ ခက်ခဲနက်နဲသည်သာ လျှင်ဖြစ်တဲ့ ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေဟာ အကြောင်းတရား လေးမျိုးတို့ကြောင့် ထင်ရှားစွာ တည်ရှိနေခြင်း ဖြစ်တယ်။ အကြောင်းတရား လေးမျိုးက ဘာတွေလဲ?
၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = ရှေးရှေး ဘဝပေါင်းများစွာက ဖြည့်ကျင့်ထားခဲ့တဲ့ ပါရမီဆိုတဲ့ အားကြီးသော မှီရာ ဥပနိဿယနှင့် ပြည့်စုံခြင်းဆိုတဲ့ အကြောင်းက တစ်ခု,
၂။ တိတ္ထဝါသ = နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ကူးသန်းသွားလာရာဖြစ်တဲ့ ဆိပ်ကမ်းကောင်းကြီးတွေကို မှီတင်းနေထိုင်ခြင်းဆိုတဲ့ အကြောင်းက တစ်ခု,
၃။ သောတာပန်ဖြစ်တော်မူခြင်းဆိုတဲ့ အကြောင်းက တစ်ခု,
၄။ အကြားအမြင် ဗဟုဿုတ များပြားခြင်းဆိုတဲ့ အကြောင်းက တစ်ခု၊ ပေါင်းလိုက်တော့ အကြောင်းတရားလေးခုတို့ ဖြစ်ကြပါတယ်။
ဒီအကြောင်းတရား လေးမျိုးတို့ကြောင့် အလွန် ခက်ခဲနက်နဲနေတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာလည်း အရှင် အာနန္ဒာကိုယ်တော်မြတ်ရဲ့ အသိဉာဏ်မှာ ပေါ်လွင်ထင်ရှားနေခြင်း ဖြစ်ပါ တယ်။
ရှေးဥပနိဿယနှင့် ပြည့်စုံခြင်း
ရှေးရှေး ဘဝပေါင်းများစွာက ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတရားအပေါင်းဆိုတဲ့ ရှေးဥပနိဿယတွေနှင့် ဘယ်လို ပြည့်စုံသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့တဲ့ ပဒုမုတ္တရဘုရားရှင် ရဲ့ သာသနာတော်တွင်းက စပြီးတော့ ပါရမီတွေကို ဖြည့်ကျင့်ခဲ့ပါတယ်။ ပဒုမုတ္တရဘုရားရှင် အမှူးရှိတဲ့ သံဃာတော်တစ်သိန်းအတွက် ချမ်းချမ်းသာသာ သီတင်းသုံးတော်မူရန် သောဘနအမည်ရှိတဲ့ ဥယျာဉ်တော်ကြီး တစ်ခုအတွင်း မှာ သောဘနအမည်ရှိတဲ့ ကျောင်းတိုက်ကြီးတစ်ခု တည်ထောင်ပြီးတော့ လှူဒါန်းပူဇော်ခဲ့ပါတယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တစ်သိန်းတို့အား ဝါတွင်းသုံးလ ကာလပတ်လုံး ဆွမ်းဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးခဲ့ပါတယ်။ အလွန်အဆင့်အတန်းမြင့်မားတဲ့ ဒါနပွဲကြီးတစ်ခု ဖြစ်ပါတယ်။ မိမိ ကိုယ်တိုင် ကလည်း (၁၀)ပါးသီလ ဆောက်တည်ကာ ဘုရားရှင်ရဲ့ဝေယျာဝစ္စ, သံဃာ တော်ရဲ့ဝေယျာဝစ္စများကို ဆောင်ရွက်ကာ ကျောင်းတော်မှာပဲ နေထိုင်ကာ တရားတော်ကို သင်ယူခြင်း, တရားဘာဝနာကို စွမ်းအားရှိသလောက် ပွားများ ခြင်း, တရားတော်ကို နာယူခြင်းစတဲ့ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးခဲ့ပါ တယ်။
ပဒုမုတ္တရဘုရားရှင်ရဲ့ အလုပ်အကျွေး ဥပဋ္ဌာကရဟန်းဖြစ်တော်မူတဲ့ အရှင်သုမနမထေရ်ကို အားကျကာ နောင်အနာဂတ်ကာလဝယ် တစ်ဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်ဝယ် ဘုရားရှင်ရဲ့ အလုပ်အကျွေး ဥပဋ္ဌာက ဖြစ်ရန်လည်း ဆုတောင်းပန်ထွာခဲ့ပါတယ်။ ပဒုမုတ္တရဘုရားရှင်ကလည်း နောင်ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူမည့် ဂေါတမဘုရားရှင်ရဲ့ အလုပ် အကျွေး ဥပဋ္ဌာကရဟန်းတစ်ပါး ဖြစ်မည့်အကြောင်းကို ဗျာဒိတ်စကား မိန့်ကြားတော်မူပါတယ်။
ဒီနေရာမှာ - ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၂။) မှာ ဖွင့်ဆိုထားတဲ့ အကြောင်းအရာကို နည်းနည်းတော့ ပြောချင်တယ်။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်ဟာ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်မှာ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိတော်မူသည်နှင့် တစ်ပြိုင်နက်တည်းမှာပဲ ပဋိသမ္ဘိဒါ ဉာဏ်တော်မြတ် လေးပါးကိုလည်း တစ်ပါတည်း ရရှိတော်မူပါတယ်။ သေက္ခ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိပါတယ်။ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိဖို့ရန်အတွက် ဖြည့်ကျင့် ရမည့် အင်္ဂါရပ်ငါးခု ရှိပါတယ်။
၁။ အဓိဂမခေါ်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူခြင်း ဖြစ်ပါတယ်။ (သူက နောက်ဆုံးဘဝမှာ ရှေးဦးစွာ ပထမဝါမှာပဲ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခဲ့ပါတယ်။)
၂။ ပရိယတ္တိ = ဘုရားတရားတော်ကို သင်ယူခြင်း,
၃။ သဝန = တရားတော်ကို အရိုအသေ အလေးအမြတ်ပြုကာ နာကြား ခြင်း,
၄။ ပရိပုစ္ဆာ = ပါဠိတော် အဋ္ဌကထာတို့၌ ခဲရာခက်ဆစ် အဖုအထစ်နှင့် ပတ်သက်တဲ့ အဆုံးအဖြတ်တွေကို မေးမြန်းသင်ယူခြင်း,
၅။ ပုဗ္ဗယောဂ = ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ကာ သင်္ခါရုပေက္ခာဉာဏ် သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဖြည့်ကျင့်ဆည်းပူးခြင်း,
ပေါင်းလိုက်တော့ အင်္ဂါရပ်ငါးခု ဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေထဲမှာ နံပါတ်တစ်အင်္ဂါရပ်ကတော့ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်မှာရရှိတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ကျန်တဲ့အင်္ဂါရပ် လေးခုကတော့ ရှေးရှေးဘုရားရှင် တို့ရဲ့ သာသနာတော်တွင်းမှာကထည်းက ဖြည့်ကျင့်ရမည့် အင်္ဂါရပ်တွေ ဖြစ်ကြ ပါတယ်။ အဲဒီ အင်္ဂါရပ်တွေထဲမှာ ဒီနေရာမှာ အလေးဂရုပြုပြီး ပြောလိုတဲ့ အင်္ဂါရပ်ကတော့ ပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ ဒီပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ်နှင့် ပြည့်စုံအောင် အရှင်အာနန္ဒာအလောင်းအလျာ သူတော်ကောင်း က သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာတွေကို ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ကြိုးစားအားထုတ်ခဲ့ဖူးတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ပဒုမုတ္တရဘုရားရှင်က လူတို့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်း တော်မူတဲ့ ဘုရားရှင် ဖြစ်တော်မူပါတယ်။ အရှင်အာနန္ဒာအလောင်း သူတော် ကောင်းဟာ ထိုအချိန်က ပဒုမုတ္တရဘုရားရှင်နှင့် ဖတူမိကွဲတဲ့ သုမနအမည်ရှိတဲ့ မင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဟံသာဝတီနေပြည်တော်ကို ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့ အာနန္ဒဘုရင်မင်းကြီးရဲ့ သားရတနာတွေ ဖြစ်ကြပါတယ်။
ဘုရားအမှူးရှိတဲ့ သံဃာတော်တစ်သိန်းတို့ မျှမျှတတ သီတင်းသုံးနိုင် လောက်အောင် ကျောင်းတိုက်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းပူဇော်နိုင်ခြင်း, ဘုရားရှင်နှင့်တကွ သံဃာတော်တစ်သိန်းတို့အား ဝါတွင်းသုံးလပတ်လုံး ဆွမ်းများကို လှူဒါန်းပူဇော်နိုင်ခြင်းဆိုတဲ့ ဒီကောင်းမှုကုသိုလ်တွေကိုပဲ စဉ်းစားကြည့်ပါ။ ခုခေတ်အနေနှင့် အလွန်ဖြစ်နိုင်ခဲတဲ့ အခွင့်အရေးများ ဖြစ်နေကြပါတယ်။
ဒီလို ဘုရားရှင်နှင့် အလွန်နီးကပ်နေတဲ့ ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်နေတဲ့ အထက်တန်းကျတဲ့ ဧတဒဂ်ဘွဲ့ထူး ဂုဏ်ထူးကြီးကို မျှော်မှန်း ထားတဲ့ သူတော်ကောင်းတစ်ဦးဟာ နှစ်ပေါင်းတစ်သိန်းဆိုတဲ့ သက်တမ်း ကာလအတွင်းမှာ စားကာအိပ်ကာ ပျော်ရွှင်ကာဖြင့် အချိန်ကို ကုန်လွန်စေ မယ် ဆိုတာကတော့ မဖြစ်နိုင်တဲ့သဘော ရှိပါတယ်။
ဒါကြောင့် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်အရ သီလတည်းဟူ သော မြေပေါ်မှာ ရပ်တည်ကာ ဘုရားရှင်ရဲ့ ပရိယတ်တရားတော်များကို သင်ယူခြင်း, တရားတော်ကို အရိုအသေ အလေးဂရုပြုကာ နာယူခြင်း, ပါဠိတော် အဋ္ဌကထာတို့ရဲ့ ခက်ဆစ်ခက်ရာ အဖြာဖြာတို့ကို မေးမြန်းခြင်း, သင်ယူခြင်း, သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း တွေကို စီးဖြန်းခြင်းဆိုတဲ့ ပါရမီကောင်းမှုကုသိုလ်တွေကို အနှစ်တစ်သိန်း အတွင်းမှာ စွမ်းအားရှိသလောက် ဖြည့်ကျင့်ဆည်းပူးခဲ့တယ်လို့ သိနိုင်ပါတယ်။ ဒီအင်္ဂါရပ်တွေနှင့် မပြည့်စုံလျှင် ပဋိသမ္ဘိဒါဉာဏ်တွေကို မရရှိနိုင်သောကြောင့် ဖြစ်ပါတယ်။
ဒီပါရမီတွေက ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား တွေကို ရှုတဲ့အပိုင်းမှာ သန့်ရှင်းတဲ့ အသိဉာဏ်ရရှိအောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိပါတယ်။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသာနာတွင်းမှာကတည်းက ဒီပဋိစ္စသမုပ္ပါဒ် သဘောတရား တွေကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် လောကီပရိညာသုံးပါးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့ဖူးတဲ့အတွက် ဒီနောက်ဆုံးဘဝမှာ ပဋိစ္စသမုပ္ပါဒ်ရှုကွက် တွေဟာ လွယ်ကူနေခြင်းဖြစ်တယ်။
တိတ္ထဝါသ = ဆိပ်ကမ်းကောင်းကြီးတွေကို မှီတင်းနေထိုင်ခြင်း
နောက်တစ်ခုကတော့ တိတ္ထဝါသ ဖြစ်ပါတယ်။ နိဗ္ဗာန်သို့သွားရာ = နိဗ္ဗာန်ဆိုတဲ့ သံသရာရဲ့ ထိုမှာဘက်ကမ်းသို့ ကူးဖို့ရန် ဆိပ်ကမ်းကောင်းကြီးတွေ ဆိုတာကတော့ နိဗ္ဗာန်သို့ သွားရာလမ်းကို ညွှန်ပြနိုင်တဲ့ ဆရာကောင်းတွေ ဖြစ်ကြပါတယ်။ ဒီလို ဆရာကောင်းတွေထံမှာ ပါဠိတော်ကို သင်ယူခြင်း, တရား တော်ကို နာကြားခြင်း, ပါဠိတော် အဋ္ဌကထာတို့၌ လာရှိတဲ့ ခဲရာခက်ဆစ်တို့ကို မေးမြန်းခြင်း, ဆွေးနွေးခြင်း, သင်ယူခြင်း, ပရိယတ်တရားတော်ကို နှုတ်ငုံ ဆောင်ခြင်းတို့ကို တိတ္ထဝါသလို့ ဆိုလိုပါတယ်။
သာသနာတော်မှာ အကောင်းဆုံးသော ဆိပ်ကမ်းကတော့ ဘုရားရှင် ဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံး ဆိပ်ကမ်းတွေကတော့ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အစရှိတဲ့ မဟာသာဝကကြီး (၈၀)တို့ ဖြစ်ကြပါတယ်။ ဒီဆိပ်ကမ်းကောင်းကြီးတွေကို အရှင်အာနန္ဒာ ကိုယ်တော်မြတ်က အမြဲတမ်း ဆည်းကပ်ကာ မှီတင်းနေထိုင်ပါတယ်။ ဘုရားရှင်ထံတော်မှ တရားတစ်ပုဒ်ကို သင်ယူလိုက်လျှင် တစ်ခေါက်ပဲ သင်ယူရတယ်။ အလွတ်ရတယ်။ မမေ့ဘူး။ ဘယ်လောက်ကောင်းတဲ့ဉာဏ်ဆိုတာ ကြည့်ပေတော့။
ဒါကြောင့် ဒီတိတ္ထဝါသဆိုတဲ့ အကြောင်းတရားကလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ သန္တာန်မှာ အလွန်သန့်ရှင်းစင်ကြယ်ပါတယ်။ ဒီအကြောင်း တရားကြောင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ အသိဉာဏ်မှာ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ နက်နဲပင် နက်နဲကြသော်လည်း ပေါ်လွင်သကဲ့သို့ ထင်ရှားလာခြင်း ဖြစ်ပါတယ်။
သောတာပန်ဖြစ်တော်မူခြင်း
နောက်အကြောင်းတစ်ခုကတော့ သောတာပန်ဖြစ်တော်မူခြင်း ဖြစ်ပါ တယ်။ အဋ္ဌကထာက ဒီနေရာမှာ ဘယ်လို ဖွင့်ဆိုထားသလဲ?
သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
သောတာပန်သာ မှန်ပါစေ၊ သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ အသိဉာဏ်မှာ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားဟာ လယ်ပြင်မှာ ဆင်သွားသလို ပေါ်ပေါ်လွင်လွင်ကြီး ဖြစ်ပြီးတော့ ထင်ရှားစွာ တည်နေပါ တယ်။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီအချက်ကတော့ စံထားရမည့် မှတ်ကျောက်တစ်ခုပဲ။ ယောဂီပုဂ္ဂိုလ်တစ်ဦးက မိမိကိုယ်ကို မိမိ သောတာပန် ဖြစ်ပြီလို့ ယူဆလျှင် ငါသည် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘော တရားကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလားဆိုတဲ့ ဒီမေးခွန်းကို မိမိကိုယ်ကို မိမိ ကိုယ်တိုင်ပဲ မေးကြည့်ပါ။ မသိပါဟု အဖြေထွက်ခဲ့လျှင်တော့ သောတာပန် မဟုတ်သေးဘူး လို့သာ ဆုံးဖြတ်ပါ။ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သိတယ် ဆိုတာက ဆရာအပြောနှင့် လွမ်းပြီး သူများပါးစပ်မှာ လမ်းဆုံးနေတဲ့ သိနည်း မျိုးတော့ မဟုတ်ဘူး။ ရှေ့ပိုင်းက ပြောခဲ့တဲ့အတိုင်းပဲ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကိုသာ ပြောလိုတယ်လို့ မှတ်ပါ။
ဗဟုဿုတများပြားတော်မူခြင်း
အကြားအမြင် ဗဟုဿုတ များပြားခြင်းဆိုတဲ့ ဗဟုဿုတဂုဏ်နှင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ပြည့်စုံတော်မူပါတယ်။ ဗဟုဿုတ များတယ်ဆိုတာက ဘာကို ပြောတာလဲ?
ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (အံ၊၂၊၄၇။ ၁၀၅။)
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
ဒီပါဠိတော်နှင့် အဋ္ဌကထာတို့မှာ လာရှိတဲ့အတိုင်း ဗဟုဿုတက- အာဂမသုတ, အဓိဂမသုတဆိုပြီး နှစ်မျိုးရှိနေပါတယ်။ အာဂမသုတဆိုတာက တော့ သင်သိဗဟုဿုတကို ဆိုလိုပါတယ်။ အဓိဂမသုတဆိုတာကတော့ ကျင့်သိဗဟုဿုတကို ဆိုလိုပါတယ်။ သင်သိဗဟုဿုတကို အကြားဗဟုဿု တ ဆိုပြီးတော့လည်း ဘာသာပြန်ဆိုကြတယ်။ ဆရာသမားထံမှ နားနှင့် ကြား ပြီးမှ ရရှိတဲ့ ဗဟုဿုတဖြစ်လို့ အကြားဗဟုဿုတလို့ ဆိုတယ်။ ကျင့်သိ ဗဟုဿုတကိုတော့ တကယ်လက်တွေ့ကျင့်လို့ သိလာတဲ့ဉာဏ်နှင့် မြင်လာတဲ့ ဗဟုဿုတဖြစ်လို့ အမြင်ဗဟုဿုတလို့ ဘာသာပြန်ဆိုကြတယ်။ ဒီနှစ်ခုကို ပေါင်းစပ်ကာ ဗဟုဿုတကို အကြားအမြင် ဗဟုဿုတဆိုပြီးတော့ ဘာသာ ပြန်ဆိုကြတယ်။
အရှင်အာနန္ဒာ ကိုယ်တော်မြတ်ဟာ ဘုရားရှင်ရဲ့ အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်ပြည့်စုံစုံ အနက်သဒ္ဒါတို့ဖြင့် ဝေဝေ ဆာဆာ ဟောကြားထားတော်မူတဲ့ ခရုသင်းပွတ်သစ်နှင့်အတူ ဖြူစင်မြင့်မြတ် တဲ့ ဗြဟ္မစရိယခေါ်တဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်, မဂ် ကျင့်စဉ်တို့ကို ဟောဖော်ပြသပေးတဲ့ တရားတော်တွေကို ဘုရားရှင်ထံမှ တိုက်ရိုက် သင်ယူထားပါတယ်။ သင်ယူပြီးတဲ့အခါ ဒီပရိယတ် တရားတော်တွေ ကို မမေ့မပျောက်အောင် နှုတ်ငုံဆောင်ကာ လေ့ကျက်ထားပါတယ်။ ဒီအဆင့် အထိ ရရှိတဲ့ ဗဟုဿုတကိုတော့ အာဂမသုတ = သင်သိ = ကြားသိ ဗဟုဿုတ လို့ ခေါ်ပါတယ်။
သို့သော် အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဒီလောက်နှင့်တွင် ရပ်တန့် မနေဘဲ စိတ်နှင့်လည်း ဒီတရားတွေကို စေ့စေ့ငုငု ကြည့်ရှုတယ်၊ ဆင်ခြင်တယ်၊ သုံးသပ်ရှုပွားတယ်။ ဒီလို လက်တွေ့ ရှုပွားလိုက်တဲ့အခါ ဘယ်အဆင့်အထိ ရောက်ရှိတော်မူသလဲ?
အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရား အားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပါတယ်။ ဒီဗဟုဿုတပိုင်းကိုတော့ လက်တွေ့ကျင့်လို့ သိရှိလာတဲ့အပိုင်း ဖြစ်တဲ့အတွက် အဓိဂမသုတလို့ ခေါ်ဆို ပါတယ်။
ပိဋကတ်သုံးပုံမှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ အတ္ထလို့ ခေါ်ဆို အပ်တဲ့ ပရမတ္ထတရားတွေဟာ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဆိုပြီး လေးမျိုးပဲ ရှိပါတယ်။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဒီစိတ်, စေတသိက်, ရုပ်ဆိုတဲ့ ပရမတ္ထဓာတ်သားတွေကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်တယ်။ ဒါတွင်လား? မကသေးပါဘူး။ ကာရဏတော စ = ဒီစိတ်, စေတသိက်, ရုပ်တရားတွေရဲ့ အကြောင်းတရားတွေကို လည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် တော်မူတယ်။ ဒီအသိဉာဏ် နှစ်မျိုးကတော့ ဝိပဿနာဉာဏ်စဉ်နည်း အရ ပြောရလျှင်တော့ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေကို ထိုးထွင်း သိတတ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ ဖြစ်ကြပါတယ်။ ဒီဉာဏ် နှစ်ပါးနဲ့ ရရှိထားတဲ့ အသိဉာဏ်ကို အဓိဂမ = ကျင့်သိဗဟုဿုတလို့ ခေါ်ဆို ပါတယ်။
သို့သော် အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဒီမျှမကသေးပါဘူး။ ဝိပဿနာဉာဏ်တွေကိုလည်း အစီအစဉ်တကျ အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်တဲ့အတွက် ဝိပဿနာဉာဏ်တွေကိုသာ ရရှိသည် မဟုတ်သေးဘူး၊ စတုတ္ထပရမတ်ဖြစ်သည့် အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်ကို သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင် တဲ့ အဆင့်အထိ ထိုအချိန်မှာ ဗဟုဿုတတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အရှင်အာနန္ဒာဟာ အာဂမသုတခေါ်တဲ့ သင်သိ, အဓိဂမသုတခေါ်တဲ့ ကျင့်သိ ဒီဗဟုဿုတနှစ်မျိုးနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် အဋ္ဌကထာက ဒီနေရာမှာ ဘယ်လို ဖွင့်ဆိုထားတော်မူသလဲ?
ဗဟုဿုတာနဉ္စ စတုဟတ္ထေ ဩဝရကေ ပဒီပေ ဇလမာနေ မဉ္စပီဌံ ဝိယ နာမရူပပရိစ္ဆေဒေါ ပါကဋော ဟောတိ၊ အယဉ္စ အာယသ္မာ ဗဟုဿုတာနံ အဂ္ဂေါ ဟောတိ၊ ဗာဟုဿစ္စာနုဘာဝေနာပိဿ ဂမ္ဘီရောပိ ပစ္စယာကာရော ဥတ္တာနကော ဝိယ ဥပဋ္ဌာသိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
နာမရူပပရိစ္ဆေဒေါတိ သဟ ပစ္စယေန နာမရူပဿ ပရိစ္ဆိဇ္ဇ အဝဗောဓော။ (ဒီ၊ဋီ၊၂၊၈၄။)
ခုပြောခဲ့တဲ့ အာဂမသုတ, အဓိဂမသုတခေါ်တဲ့ သင်သိကျင့်သိဆိုတဲ့ အသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုဿုတရှိတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အသိဉာဏ်မှာ လေးတောင်လောက်သာကျယ်ဝန်းတဲ့ တိုက်ခန်းတစ်ခုရဲ့အတွင်းမှာ ဆီမီးကို ညှိထွန်းလိုက်မယ်ဆိုလျှင် ကုတင်ညောင်စောင်း ကုလားထိုင်တွေကို ထင်ထင် ရှားရှား တွေ့မြင်နေရသလို အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို ပရမတ်ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိခြင်းဆိုတဲ့ နာမရူပပရိစ္ဆေဒသဘော တရားဟာ ထင်ရှားနေပါတယ်။ ဒီ အရှင်အာနန္ဒာကိုယ်တော်မြတ်ဟာ ဗဟုဿုတရှိကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီလို အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံနေတဲ့ ဗဟုဿစ္စ ဂုဏ်ရဲ့ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်လည်း အလွန်နက်နဲနေတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ ထင်ရှား ပေါ်လွင် သကဲ့သို့ ဖြစ်နေပါတယ်။
ဒီအကြောင်းအရာတွေကို ခုလို ပြောပြနေတာက သာဝကတွေသည် ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်တွေနာမ်တွေကို ပရမတ်သို့ဆိုက် အောင် ရှုလို့ရပါတယ်, ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် အောင် ရှုလို့ရပါတယ်ဆိုတဲ့ အထောက်အထားတွေကို ခိုင်ခိုင်လုံလုံ တင်ပြ နေခြင်း ဖြစ်ပါတယ်။
ဒီလို ကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ရှုနေခြင်းဟာ ဉာဏ်စဉ်နည်းအရ ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရား တွေကို သိမ်းဆည်းတတ်တဲ့ ဉာဏ်အမြင်ကို ရရှိရေးအတွက် ဖြစ်ပါတယ်။ တစ်နည်း သစ္စာဒေသနာတော်နည်းအရ သမုဒယသစ္စာကို ထိုးထွင်းသိမြင်ရေး အတွက် တစ်နည်းပြောရလျှင်တော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထိုးထွင်းသိမြင်ရေးအတွက် ရှုပွားသုံးသပ်နေခြင်း ဖြစ်ပါတယ်။
ဧကဒေသ = တစ်စိတ်တစ်ဒေသ
ခုလို ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုခြင်း, တစ်နည်းပြောရလျှင်တော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုခြင်းဆိုတဲ့ ဒီရှုကွက်တွေကို ယောဂီပုဂ္ဂိုလ်က ရှုတတ်အောင် ကြိုးပမ်းနေရ ခြင်းမှာ တစ်နည်းတစ်ဖုံ ပြောကြစို့ဆိုလျှင် ကံနှင့်ကံရဲ့အကျိုးကိုသိအောင် ကြိုးစားခြင်းသာ ဖြစ်ပါတယ်။ သို့သော် သာဝကတွေဟာ ကံ-ကံရဲ့အကျိုး တရားတွေကို ကုန်စင်အောင် သိနိုင်ပါ့မလားလို့တော့ မေးစရာရှိတယ်။ ဒီ အပိုင်းကိုတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဒီလို ရှင်းပြထားပါတယ် -
ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
ဧကဒေသတော ဇာနိတဗ္ဗန္တိ
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ဝိပဿကပုဂ္ဂိုလ်ဟာ အားရှိတဲ့ကံ, အားမရှိတဲ့ကံ, အကျိုးဝိပါက်ခန္ဓာတွေကို တိုက်ရိုက်ဖြစ်စေတတ်တဲ့ ကံ = ဇနကကံ, ဒီအကျိုးတရားတွေကို ခိုင်ခံ့အောင် အရှည်တည်တံ့အောင် အားပေးထောက်ပံ့တတ်တဲ့ကံ = ဥပတ္ထမ္ဘကကံ, ဒီအကျိုးတရားတို့ရဲ့ စွမ်းအင် ကို လျော့နည်းသွားအောင် ကပ်၍နှိပ်စက်တတ်တဲ့ကံ = ဥပပီဠကကံ, ဒီအကျိုး တရားတွေကို ရပ်သွားအောင် ကပ်၍ဖြတ်တတ်တဲ့ကံ = ဥပဃာတကကံ, ဒီလို ကံတွေရဲ့ ထူးထွေကွဲပြားမှုကိုလည်းကောင်း, ယုတ်ညံ့တဲ့ အကျိုးတရား, မွန်မြတ်တဲ့ အကျိုးတရားဆိုတဲ့ အကျိုးတရားတို့ရဲ့ ထူးထွေကွဲပြားမှုကို လည်းကောင်း တစ်စိတ်တစ်ဒေသအားဖြင့်တော့ သိသင့်သိထိုက်ပါတယ်။ သိအောင်တော့ ကျင့်ရမယ်။
တစ်စိတ်တစ်ဒေသအားဖြင့်တော့ သိရမည်ဆိုတာက --- ကံ-ကံရဲ့အကျိုး တရားတွေကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိတော်မူခြင်းဆိုတာက တော့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်ပါတယ်။ သာဝက တို့ရဲ့ အရာတော့ မဟုတ်ပါဘူး။ မိမိတို့ အရာဌာနမဟုတ်တဲ့အတွက်ကြောင့် လည်း သာဝကတွေဟာ ကံ-ကံရဲ့အကျိုးတရားတွေကို ကုန်စင်အောင်တော့ မသိနိုင်ကြပါဘူး၊ သိနိုင်ဖို့ရန် မစွမ်းနိုင်ကြပါဘူး။ သို့သော် ကံ-ကံရဲ့အကျိုးကို လုံးလုံးမသိခဲ့ဘူးဆိုလျှင်တော့ ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတွေကို သိမ်းဆည်းတတ်တဲ့ဉာဏ် = အကြောင်းတရားတွေကို ပိုင်းခြားယူတတ်တဲ့ ဉာဏ်ဟာ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ ဒါကြောင့် သာဝကတွေဟာ ကံ-ကံရဲ့အကျိုးကို တစ်စိတ်တစ်ဒေသအားဖြင့်တော့ သိအောင်ကြိုးစားရတော့ မယ်လို့ မှတ်သားထားပါ။
ပဋိစ္စသမုပ္ပါဒ်ရှုပုံအပိုင်း
အာဟာရသုတ္တန်ဒေသနာတော်နည်း
ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ရှုကွက်ကို ဟောကြားတော် မူရာ၌ ---
၁။ အစမှ အဆုံးသို့တိုင်အောင် - (အစအဝိဇ္ဇာမှ အဆုံးဇရာမရဏသို့ တိုင်အောင်)၊
၂။ အလယ်မှ အဆုံးသို့တိုင်အောင် - (အလယ်သဠာယတနမှ အဆုံးဇရာ မရဏသို့တိုင်အောင်)၊
၃။ အဆုံးမှ အစသို့တိုင်အောင် - (အဆုံးဇရာမရဏမှ အစအဝိဇ္ဇာသို့ တိုင်အောင်)၊
၄။ အလယ်မှ အစသို့တိုင်အောင် - (အလယ်အာဟာရလေးပါးမှ အစ အဝိဇ္ဇာသို့တိုင်အောင်)၊
ဒီလို နည်းလေးမျိုးကို ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနည်း လေးနည်းတို့အထဲက အလယ်ခေါင်မှာရှိတဲ့ အာဟာရလေးပါးက စတင်ရှုကာ အစအဝိဇ္ဇာသို့တိုင်အောင် သွားတဲ့ရှုကွက်ကိုပဲ ဦးစားပေးကာ ပြောကြရ အောင်။ အာဟာရလေးပါးကို အဓိပ္ပါယ်ကောက်ယူရာ၌ အဋ္ဌကထာများက နှစ်နည်း ဖွင့်ဆိုထားကြပါတယ်။
၁။ ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးကိုလည်း အာဟာရဟု ကောက်ယူသောနည်း, (ဝိသုဒ္ဓိ၊၂၊၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။ မူလဋီ၊၂၊၂၄၄-၂၄၅၊၊)
၂။ ဝိပါကဝဋ်တွင် အကျုံးဝင်သော ပဋိသန္ဓေအခိုက် အာဟာရလေးပါးကို အာဟာရဟု ကောက်ယူသောနည်း, (မူလဋီ၊၂၊၈၆။ မဟာဋီ၊၂၊၂၄၅။)
ဒီလို နှစ်နည်းရှိပါတယ်။ ဒီနည်းလမ်း နှစ်နည်းတို့တွင် ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးမှ စတင်ရှုတဲ့ ရှုကွက်ကို ဟောကြနာကြရ အောင်။
ဘုရားရှင်သည် ဒီအာဟာရသုတ္တန်ဒေသနာတော်ကို နိဒါနဝဂ္ဂသံယုတ် ပါဠိတော် (သံ၊၁၊၂၅၃-၂၅၄။)မှာ ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီ အာဟာရသုတ္တန်မှာလာရှိတဲ့ နည်းစနစ်ကို အသုံးပြုကာ ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို စတင် ပြီးတော့ နာကြည့်ကြရအောင်။ ကမ္မဝဋ်တွင် အကျုံးဝင်တဲ့ အာဟာရလေးပါး ဆိုတာ ဘာလဲ?
အာဟာရလေးပါး
ကဗဠီကာရအာဟာရ, ဖဿာဟာရ, မနောသေဉ္စတနာဟာရ, ဝိညာဏာဟာရဆိုတဲ့ အာဟာရလေးပါး ရှိပါတယ်။ ဘာကို အာဟာရခေါ်သလဲလို့ မေးလျှင်- အကျိုးတရားတွေကို ဆောင်ထားနိုင်တဲ့ အကြောင်းတရားတွေကို အာဟာရလို့ ခေါ်ဆိုပါတယ်။ ဒီအာဟာရလေးပါးထဲက နံပါတ်တစ်ဖြစ်တဲ့ ကဗဠီကာရာဟာရဆိုတာက ဘာလဲ?
၁။ ကဗဠီကာရာဟာရဆိုတာကတော့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တွေမှာပါဝင်တဲ့ ဩဇာ = အဆီအစေးကို ကဗဠီကာရာဟာရ = ကဗဠီကာရ အာဟာရလို့ ခေါ်ပါတယ်။ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ကျေညက်နေတဲ့ ယောဂီကတော့ လွယ်လွယ်နှင့် နားလည်လိမ့်မယ်လို့ ယူဆပါတယ်။ ကမ္မဇရုပ်ကလာပ်တိုင်းမှာပါတဲ့ ကမ္မဇဩဇာ, စိတ္တဇရုပ် ကလာပ်တိုင်းမှာပါတဲ့ စိတ္တဇဩဇာ, ဥတုဇရုပ်ကလာပ်တိုင်းမှာပါတဲ့ ဥတုဇဩဇာ, အာဟာရဇရုပ်ကလာပ်တိုင်းမှာပါတဲ့ အာဟာရဇဩဇာ = ရှေးရှေးအာဟာရဇရုပ်ကလာပ်တွေမှာပါတဲ့ အာဟာရဇဩဇာ, ဒီ ဩဇာအသီးအသီးကို အာဟာရဇဩဇာက (နောက်နောက်သော အာဟာရဇဩဇာက) အားပေးထောက်ပံ့လိုက်တဲ့အခါ ပါစကတေဇော ခေါ်တဲ့ အစာကိုကြေကျက်စေတတ်တဲ့ ဇီဝိတနဝကရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ တေဇောဓာတ် ကမ္မဇဝမ်းမီးကလည်း အားပေးထောက်ပံ့လိုက် တဲ့အခါ ဒီအသီးအသီးသော လေးမျိုးသောဩဇာက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေတယ်။ ဒီလို ဖြစ်စေတာကိုပဲ ကဗဠီကာရအာဟာရက ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ဩဇဋ္ဌမကရုပ်ကလာပ်ကို ဆောင်ထား တယ်လို့ ဆိုတယ်။ ဒါကြောင့် ဒီကဗဠီကာရာဟာရဟာ အာဟာရကို စားသုံးကြကုန်တဲ့ သတ္တဝါတွေရဲ့ ရူပကာယရဲ့ အရှည်တည်တံ့ ခိုင်ခံ့ရေး အတွက် ထူးကဲသော အကြောင်းတရားတစ်ခု ဖြစ်ရပြန်တယ်။
၂။ နံပါတ်နှစ်ကတော့ ဖဿာဟာရဖြစ်တယ်။ ဖဿပစ္စယာ ဝေဒနာဆိုတဲ့ အတိုင်း ဖဿကြောင့် ဝေဒနာဖြစ်ရတယ်။ သုခဝေဒနာရဲ့ အစီးအပွား ဖြစ်တဲ့ ဖဿဟာ မိမိဖြစ်ဆဲခဏမှာပဲ သုခဝေဒနာကို ဆောင်ထားနိုင် တယ်၊ ဖြစ်စေနိုင်တယ်။ ဒုက္ခဝေဒနာရဲ့ အစီးအပွားဖြစ်တဲ့ ဖဿဟာ လည်း မိမိဖြစ်ဆဲခဏမှာပဲ ဒုက္ခဝေဒနာကို ဆောင်ထားနိုင်တယ်၊ ဖြစ်စေ နိုင်တယ်။ အဒုက္ခမသုခခေါ်တဲ့ ဥပေက္ခာဝေဒနာရဲ့ အစီးအပွားဖြစ်တဲ့ ဖဿကလည်း မိမိဖြစ်ဆဲခဏမှာပဲ ဥပေက္ခာဝေဒနာကို ဆောင်ထားနိုင် တယ်၊ ဖြစ်စေနိုင်တယ်။ ဒါကြောင့် ဖဿာဟာရက ဝေဒနာသုံးမျိုးတို့ကို ဆောင်ထားနိုင်တယ်၊ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်တယ်။အာရုံကို တွေ့ထိမှု ဖဿမရှိက အာရုံကို ခံစားမှုဝေဒနာ မဖြစ်နိုင်ဘူး။အာရုံကို တွေ့ထိမှုဖဿ ရှိပါမှသာလျှင် အာရုံကို ခံစားမှုဝေဒနာ ဖြစ်နိုင် တယ်။ ဒီလို ဖဿက ဝေဒနာဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ကိုပင် ဖဿက ဝေဒနာသုံးမျိုးတို့ကို ဆောင်ထားတယ်လို့ ပြောဆိုခြင်း ဖြစ်တယ်။
၃။ နံပါတ်သုံးကတော့ မနောသေဉ္စတနာဟာရ ဖြစ်ပါတယ်။ ဝဋ္ဋနိဿိတဖြစ် တဲ့ သံသရာဝဋ်ကို လည်ပတ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ကာမာဝစရကံ, ရူပါဝစရကံ, အရူပါဝစရကံတွေကိုပဲ မနောသေဉ္စတနာဟာရလို့ ခေါ်ဆို ပါတယ်။ ကာမဘုံသို့ ကပ်ရောက်စေတတ်တဲ့ ကာမာဝစရကံက ကာမဘဝကို ဆောင်ထားတယ်၊ ဖြစ်စေတယ်။ ရူပအရူပဘုံတို့သို့ ကပ်ရောက် စေတတ်တဲ့ ကံတွေကလည်း ထိုထိုဆိုင်ရာဆိုင်ရာ ရူပဘဝ အရူပဘဝ အသီးအသီးကို ဆောင်ထားကြတယ်၊ ဖြစ်စေကြတယ်။
၄။ နံပါတ်လေးကတော့ ဝိညာဏာဟာရ ဖြစ်ပါတယ်။ ပဋိသန္ဓေဝိညာဏ် ဟာ မိမိနှင့်အတူဖြစ်တဲ့ ပဋိသန္ဓေနာမ်ရုပ်ကို ဆောင်ထားတယ်၊ ဖြစ်စေ တယ်။ အမိဝမ်းမှာ ပဋိသန္ဓေနေတဲ့ လူသားတွေအတွက် ကွက်ပြောမယ် ဆိုလျှင်တော့ အဲဒီလူသားကလည်း သောမနဿဝေဒနာနှင့် ယှဉ်ပြီး တော့ ပဋိသန္ဓေနေတဲ့ တိဟိတ်လူသားဖြစ်မယ်ဆိုလျှင် ပဋိသန္ဓေ ဝိညာဏ်ဆိုတဲ့ အသိစိတ်က မိမိနှင့်ယှဉ်တဲ့ စေတသိက်နာမ်တရား (၃၃)လုံးနှင့် မိမိနှင့်အတူဖြစ်တဲ့ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဟဒယဒသကကလာပ်ဆိုတဲ့ ရုပ်ကလာပ်အမျိုးအစား (၃၀)ကို ဆောင်ထားတယ်၊ ဖြစ်စေတယ်။ (သံ၊ဋ္ဌ၊၂၊၂၄-၂၅။)
အထူးမမ သာမညအားဖြင့် ပြောမယ်ဆိုလျှင်တော့ စိတ်အားလုံး, ဝိညာဏ်အားလုံးက မိမိနှင့်ယှဉ်ဖက် စေတသိက်နာမ်ကိုလည်း ဆောင်ထား တယ်၊ ဖြစ်စေတယ်။ စိတ္တဇရုပ်ကိုလည်း ဆောင်ထားတယ်၊ ဖြစ်စေတယ်။ (သံ၊ဋ္ဌ၊၂၊၂၄-၂၅။)
ပစ္စုပ္ပန်ကမ္မဝဋ် အာဟာရလေးပါး
ရှုကွက်ကို နားလည်အောင် နည်းနည်း ထပ်ပြောမယ် - ယောဂီပုဂ္ဂိုလ် တစ်ဦးက အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ညွှန်းကာ ကုသိုလ်ကံတစ်ခုခုကို ပြုစုပျိုးထောင်တယ် ဆိုပါစို့၊ ဥပမာ- အနာဂတ်ဘဝတွင် ရဟန်းဘဝကို ရရှိရန် ဦးတည်ချက်ဖြင့် သံဃာတော်အား သင်္ကန်းလှူခြင်းကံကို ပြုစုပျိုးထောင်တယ် ဆိုကြပါစို့၊ ဒီကံကို ထူထောင်တဲ့အခါမှာ စင်ကြယ်တဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကံ-ကံရဲ့အကျိုးတရားကို သက်ဝင်ယုံကြည်တဲ့ တတ်သိ နားလည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ရှေ့သွားခေါင်းဆောင်လျက်ရှိတဲ့ ယုံကြည်ချက် သဒ္ဓါတရားဖြင့် တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိထားတဲ့ သင်္ကန်းဆိုတဲ့ လှူဖွယ်ဝတ္ထုကို သီလရှိတဲ့ အရှင်ကောင်းအရှင်မြတ်တွေအား ပေးလှူတယ် ဆိုကြပါစို့၊
၁။ ကဗဠီကာရအာဟာရ အမည်ရသော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာနှင့်တကွသော ဩဇာကြောင့်ဖြစ်တဲ့ ဩဇဋ္ဌမက ရုပ်များ, ထိုရုပ်တို့ရဲ့ မြစ်ဖျားခံရာ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်များက ကဗဠီကာရာဟာရ,
၂။ သင်္ကန်းဆိုတဲ့ လှူဖွယ်ဝတ္ထုအာရုံနှင့် မိမိရဲ့စိတ်တို့ တွေ့ထိမှု, အလှူခံ ပုဂ္ဂိုလ်အာရုံနှင့် မိမိရဲ့စိတ်တို့ တွေ့ထိမှုဆိုတဲ့ ဖဿက ဖဿာဟာရ,
၃။ သင်္ကန်းလှူတဲ့ ကုသိုလ်စေတနာနှင့် တကွယှဉ်ဖက် စေတသိက်တွေက မနောသေဉ္စတနာဟာရ,
၄။ ကုသိုလ်စိတ်က ဝိညာဏာဟာရ -
ပေါင်းလိုက်တော့ အာဟာရလေးပါး ဖြစ်ပါတယ်။ ကဗဠီကာရာဟာရက တစ်နည်း တစ်ကိုယ်လုံးမှာရှိတဲ့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ် တို့က ရုပ်တရား၊ ဖဿာဟာရ, စေတနာဟာရ, ဝိညာဏာဟာရတို့က နာမ်တရားများ ဖြစ်ကြပါတယ်။
ဒီရုပ်နာမ်နှစ်ပါးကို စတင်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဘယ်လို သိမ်းဆည်းမလဲ?
၁။ မိမိရရှိထားပြီးတဲ့ သမာဓိကို အထူးသဖြင့် အာနာပါနစတုတ္ထစျာန်သမာဓိ ကို ထိုင်တိုင်းထိုင်တိုင်း ပြန်ထူထောင်ပါ။
၂။ ထိုဈာန်သမာဓိမှထကာ အဇ္ဈတ္တ၌ ရုပ်တရားနာမ်တရားတွေကို ပြန်သိမ်းဆည်းပါ။
၃။ ဗဟိဒ္ဓ၌လည်း ရုပ်တရားနာမ်တရားတွေကို ပြန်သိမ်းဆည်းပါ။
၄။ အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်မျိုးလုံး၌လည်း တစ်ထိုင်အတွင်းမှာ အဇ္ဈတ္တရုပ်နာမ် တစ်လှည့် ဗဟိဒ္ဓရုပ်နာမ်တစ်လှည့် ခပ်သွက်သွက် သိမ်းဆည်းပါ။
၅။ မိမိအနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်နေတဲ့ ကမ္မဝဋ်တွင် အကျုံးဝင် တဲ့ အာဟာရလေးပါးကို စတင်သိမ်းဆည်းပါ။
ဒီလောက်နှင့် နားမလည်သေးလျှင်တော့ နည်းနည်း ထပ်ရှင်းဦးမယ်။ အနာဂတ်မှာ ရဟန်းဘဝကို မျှော်လင့်ကာ သို့မဟုတ် ဆုတောင်းပန်ထွာကာ သံဃာတော်အား သင်္ကန်းလှူသည့်ကံကို ပြန်သိမ်းဆည်းပါ။
အကယ်၍ ဒီကံကို ပြန်သိမ်းဆည်းရသည်မှာ အခက်အခဲရှိနေပါက တရားမထိုင်မီ ကပ်၍ ဆီမီးရေချမ်းများကို ဘုရားရှင်အား = ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ပူဇော်ကာ အနာဂတ်ဘဝတွင် ရဟန်းဘဝကို ရရှိရန် ဆုတောင်းပန်ထွာကြည့်ပါ။ ဒီလို ကိလေသဝဋ်နှင့် ကမ္မဝဋ်ကို ပြုစု ပျိုးထောင်နေစဉ် မိမိရဲ့ စိတ်အစဉ်ကို ဘာစိတ်အစဉ်တွေ ဖြစ်နေတယ် ဆိုတာ အမှတ်အသားကလေးတော့ ပြုလုပ်ထားပါ။
ကိလေသဝဋ်နှင့် ကမ္မဝဋ်
ဒီနေရာမှာ ကိလေသာဝဋ်နှင့် ကမ္မဝဋ်အကြောင်းကို နည်းနည်း ထပ်ရှင်း ပြဦးမယ်။ ဒီလို ကိလေသာဝဋ် ကမ္မဝဋ်အုပ်စု နာမ်တရားတွေဟာ တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိကြဘူး။ အုပ်စုအလိုက်သာ ဖြစ်နိုင်တဲ့စွမ်းအား ရှိကြ တယ်။ အုပ်စုအလိုက် ဖြစ်တဲ့အခါမှာလည်း ဝီထိခေါ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ကြတယ်။ ဖြစ်ချင်သလို ဗရမ်းဗတာ မဖြစ်ကြ ဘူး။ ခုလို ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ စိတ်ဆိုတာက မနောဒွါရိကဇောဝီထိ စိတ်အစဉ်တွေသာ ဖြစ်ကြတယ်။ ပဉ္စဒွါရိကဇောဝီထိ စိတ် အစဉ်တွေက သို့မဟုတ် ပဉ္စဒွါရိကဇော စေတနာတွေက ပဋိသန္ဓေအခါမှာ အကျိုးပေးနိုင်တဲ့စွမ်းအား မရှိကြဘူး။ ပဋိသန္ဓေနှင့် စုတိအကြား ပဝတ္တိအခါလို့ ခေါ်ဆိုအပ်တဲ့ ဘဝတစ်လျှောက်မှာသာ အကျိုးပေးတတ်ပါတယ်။ ယောဂီ ပုဂ္ဂိုလ်ကတော့ ရှေးဦးစွာ ပဋိသန္ဓေအကျိုးကို ပေးတတ်တဲ့ကံကို ပဓာနထားပြီး တော့ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆီမီးရေချမ်းများကို ကပ်လှူကာ အနာဂတ်တွင် ရဟန်းဘဝ ကို ဆုတောင်းပန်ထွာရာ, ပရမတ္ထသစ္စာနယ်ဘက်က ပရမတ္ထသစ္စာမျက်လုံးနှင့် ကြည့်လိုက်တဲ့အခါ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာ မရှိ၊ ရဟန်းဆိုတာ မရှိ၊ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံသာ ရှိတယ်။ အဲဒီ ရုပ်နာမ်တွေဟာလည်း ဖြစ်ပြီးလျှင် ပျက်နေတဲ့ အနိစ္စတရားအစုအပုံ, ဖြစ်ခြင်းပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်းအနှိပ်အစက်ခံနေရတဲ့ ဒုက္ခတရားအစုအပုံ, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားအစုအပုံတွေသာ ဖြစ်ကြ တယ်။ ရဟန်းလို့ ခေါ်ဝေါ်လောက်တဲ့အရာသည် မရှိဖြစ်တယ်။ ဒါကြောင့် ရုပ်တရား, နာမ်တရားလို့သိလည်း မှန်တယ်။ အနိစ္စတရား, ဒုက္ခတရား, အနတ္တ တရား, အစုအပုံတွေပဲလို့သိလည်း မှန်တယ်။ ဝိဇ္ဇာဖြစ်တယ်၊ အဲဒီလို မသိဘဲ ပြောင်းပြန်သိနေလျှင် ဘာဖြစ်သလဲ?
ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (ဝိသုဒ္ဓိ၊၂၊၁၅၇။)
ပရမတ္ထအားဖြင့် ထင်ရှားမရှိတဲ့ ယောက်ျား, မိန်းမ, ရဟန်းစသည်ဖြင့် သိနေတယ်။ ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့ ရုပ်နာမ်ခန္ဓာငါးပါးတို့ကိုတော့ မသိဖြစ်နေတယ်။ ဒီလို သိသင့်တဲ့တရားတွေ = ရုပ်နာမ်တွေကို မသိဘဲ မသိသင့် မသိထိုက်တဲ့ ယောက်ျား, မိန်းမ, ရဟန်းစသည်ဖြင့် သိနေတဲ့ အသိမှား နေတဲ့သဘောက အဝိဇ္ဇာ ဖြစ်တယ်။ ဒါကြောင့် -
၁။ ရဟန်းလို့သိနေတဲ့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ,
၂။ အဲဒီ ရဟန်းဘဝကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ,
၃။ အဲဒီ ရဟန်းဘဝကို စိတ်ကပ်ရောက်စွဲနေတဲ့သဘောက ဥပါဒါန်, အသီး အသီး ဖြစ်ပါတယ်။
ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေဟာလည်း စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း မှာ နာမ်တရားတို့ရဲ့ ဓမ္မတာအတိုင်း အုပ်စုအလိုက်သာ ဖြစ်တယ်။ အုပ်စု အလိုက်ဖြစ်တဲ့ အခါမှာလည်း ခုနက ရှင်းပြခဲ့တဲ့အတိုင်း မနောဒွါရိကဇော ဝီထိ အနေဖြင့်သာ ဖြစ်ပါတယ်။
မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော (၇)ကြိမ်အနေနှင့် ယေဘုယျအားဖြင့် ဖြစ်ပါတယ်။ မနောဒွါရာဝဇ္ဇန်းမှာ စိတ်စေတသိက် (၁၂)လုံးရှိပြီး ဇောအသီး အသီးမှာ ယေဘုယျအားဖြင့် ဝမ်းမြောက်ဝမ်းသာနှင့် ဆုတောင်းပန်ထွာခဲ့လျှင် စိတ်စေတသိက် အလုံး (၂၀)အထိ ရှိတတ်ပါတယ်။ အဲဒီ အလုံး (၂၀)ကတော့ အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ, မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, လောဘ, ဒိဋ္ဌိ-တို့ ဖြစ်ကြပါတယ်။ ဒါကတော့ ယေဘုယျ အဖြစ်များတာကိုသာ ပြောတာပါ။ တခြားအုပ်စုတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ဟာ အုပ်စုအလိုက် အလုံး (၂၀)အနေနဲ့ ယေဘုယျအားဖြင့် ဖြစ်တယ်လို့ မှတ်သားထားပါ။ ယောဂီပုဂ္ဂိုလ်က အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်အုပ်စုကို သိမ်းဆည်းတဲ့အခါမှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော (၇)ကြိမ်ဆိုတဲ့ ဝီထိစိတ်အစဉ်ကိုရော, စိတ္တက္ခဏတိုင်းမှာ ရှိနေတဲ့ (၁၂)လုံး၊ အလုံး (၂၀)ဆိုတဲ့ နာမ်တရားအုပ်စုတွေကိုရော အားလုံးကို ဉာဏ်နှင့်ပိုင်းခြားယူရမှာ ဖြစ်ပါတယ်၊ သိမ်းဆည်းရမှာ ဖြစ်တယ်။
ဒါတွင်လား? မကသေးဘူး၊ မကသေးဘူး။ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဦးဆောင်နေတဲ့ မနောဒွါရိကဇောဝီထိ စိတ်အစဉ်တွေက မိမိဆုတောင်း ပန်ထွာနေတဲ့ ရဟန်းဘဝဆိုတဲ့ အာရုံသို့ ညွတ်ကိုင်းရှိုင်းနေတဲ့ အတွက်ကြောင့် သူတို့က နာမ်တရားတွေ ဖြစ်ကြတယ်။ ဒီနာမ်တရားတွေဟာ နှလုံးအိမ်အတွင်း မှာ တည်ရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီးတော့မှ ဖြစ်ကြရပါတယ်။
ဒါပေမဲ့ ဒီဟဒယဝတ္ထုကလည်း ဟဒယဝတ္ထုတစ်ခုတည်း ဖြစ်နိုင်တဲ့ စွမ်းအား မရှိပါဘူး။ ရုပ်ကလာပ်အလိုက်သာ ဖြစ်နိုင်တဲ့စွမ်းအား ရှိတယ်။ ဟဒယဒသကကလာပ်အနေနှင့်သာ ဖြစ်ပါတယ်။ တစ်ဖန် ဒီဟဒယဒသက ကလာပ်ကလည်း သူ့ချည်းသက်သက် မဖြစ်ပါဘူး။ ကြွင်းကျန်တဲ့ ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမက ကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဆိုတဲ့ ရုပ်ကလာပ်တွေနှင့်သာ အတူ ဖြစ်နိုင်ကြတယ်။ ပေါင်းလိုက်တော့ ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုးအစား (၅၄)မျိုးတို့ ဖြစ်ကြပါတယ်။ ဒီ (၅၄)မျိုးသော ရုပ်တွေက ရုပ်တရား ဖြစ်ကြပါ တယ်။ ယောဂီပုဂ္ဂိုလ်က ဟဒယဝတ္ထုရုပ်ကို အဦးမူကာ ဒီ (၅၄)မျိုးသော ရုပ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူရပါတယ်။ သိမ်းဆည်းရပါတယ်။ နှစ်ရပ်ပေါင်းလိုက်တော့ ကိလေသဝဋ် သုံးပါးနှင့်တကွ ရုပ်တရားနာမ်တရား တွေ ဖြစ်ကြပါတယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဦးဆောင်နေတဲ့ ဒီရုပ်တရား နာမ်တရားတွေကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူကာ ရုပ် တရား နာမ်တရား၊ ရုပ်တရား နာမ်တရားလို့ ဒီလို သိမ်းဆည်းရပါတယ်။
နောက်တစ်ခု ကမ္မဝဋ်အကြောင်းကို ဆက်ပြောကြရအောင်၊ ဒီနေရာမှာ ကမ္မဝဋ်က ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးရေချမ်းများကို လှူဒါန်းပူဇော်တဲ့ ကုသိုလ်စေတနာအုပ်စု ဖြစ်ပါတယ်။ ဒီကုသိုလ်စေတနာ ကလည်း စေတနာတစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ အုပ်စုအလိုက်သာ ဖြစ်ပါတယ်။ ကံ-ကံရဲ့အကျိုးကို တတ်သိနားလည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းလျက် ဝမ်းမြောက်ဝမ်းသာ လှူဒါန်းခဲ့မယ်ဆိုလျှင် စိတ် စေတသိက် (၃၄)လုံးအထိ ရှိတတ်ပါတယ်။
အဲဒီကုသိုလ်စေတနာအုပ်စု နာမ်တရား (၃၄)လုံးဆိုတာကတော့- အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက္က, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ, သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတာ, စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမ္မညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ, စိတ္တုဇုကတာ, ပညာ = ပညိန္ဒြေ = အမောဟ - ပေါင်း (၃၄)လုံး ဖြစ်ကြတယ်။
ဒီ (၃၄)လုံးသော နာမ်တရားတွေက ကုသိုလ်ဇောစိတ္တက္ခဏ တစ်ခုတစ်ခု အတွင်းမှာ ပါဝင်ယှဉ်တွဲနေတဲ့ နာမ်တရားအုပ်စုတွေ ဖြစ်ကြပါတယ်။ ဒီနာမ် တရားတွေကလည်း မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော (၇)ကြိမ်အနေနှင့် ယေဘုယျအားဖြင့် ဖြစ်ကြပါတယ်။ ဒီနာမ်တရားတွေက ယေဘုယျအားဖြင့် ဘုရားရုပ်ပွားတော်အာရုံ သို့မဟုတ် စေတီတော်အာရုံ သို့မဟုတ် လှူဖွယ်ဝတ္ထု ဖြစ်တဲ့ ဆီမီးရေချမ်းတို့ကို အာရုံယူကာ ဖြစ်ပေါ်နေတတ်ကြပါတယ်။ ရှေးရှေး ကုသိုလ်တရားတွေကို အာရုံယူပြီးတော့ နောက်နောက် ကုသိုလ်တရားတွေ ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ဒီနာမ်တရားတွေက သင်္ခါရအမည်ရတဲ့ တစ်နည်း အဘိသင်္ခါရဝိညာဏ်အမည်ရတဲ့ နာမ်တရားတွေ ဖြစ်ကြပါတယ်။ ဘာကြောင့် ဒီနာမ်တရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ဆိုရသလဲ? ဒီနာမ် တရားတွေက မိမိမျှော်လင့်တောင့်တနေတဲ့ ရဟန်းဘဝကို ဖြစ်ပေါ်လာ အောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တရားတွေဖြစ်လို့ ဒီနာမ်တရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ဆိုပါတယ်။ ဒီသင်္ခါရတရားတွေကလည်း ဘုရား ရုပ်ပွားတော်အာရုံစတဲ့ ဆိုင်ရာအာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေတဲ့အတွက် ကြောင့် ဒီသင်္ခါရတရားတွေကိုလည်း နာမ်တရား နာမ်တရားလို့ သိမ်းဆည်း ရပါတယ်။ အထက်က ပြောခဲ့တဲ့အတိုင်း ဒီနာမ်တရားတို့ရဲ့ မှီရာ ဝတ္ထုရုပ် တွေကိုလည်း ရုပ်တရား ရုပ်တရားလို့ သိမ်းဆည်းရပါတယ်။
ကမ္မသတ္တိ
ဒီသင်္ခါရအုပ်စု နာမ်တရားတွေဟာလည်း သင်္ခတပရမတ္ထတရားတို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအတိုင်း ဖြစ်ပြီးတာနဲ့ ချက်ချင်းပဲ ပျက်သွားကြတယ်။ ဒါပေမဲ့ ဝိပါက်နာမ်တရား ကိရိယာနာမ်တရားတို့လို သတ္တိတစ်စုံတစ်ရာ မထား ခဲ့ဘဲ ချုပ်ပျက်သွားကြတာတော့ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ မိမိမျှော်လင့် တောင့်တထားတဲ့ ရဟန်းဘဝဆိုတဲ့ ရုပ်နာမ်ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွားကြပါ တယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကိုတော့ ဘုရားရှင်က ပဋ္ဌာန်းဒေသနာတော် ကမ္မပစ္စည်းမှာ နာနာက္ခဏိကကမ္မသတ္တိ = နာနာက္ခဏိကကံဆိုတဲ့ အမည်နှင့် ဟောကြားထားတော်မူခဲ့ပါတယ်။
ပေါင်းလိုက်တော့ ကိလေသဝဋ်က အဝိဇ္ဇာ၊ တဏှာ, ဥပါဒါန် (၃)ပါး, ကမ္မဝဋ်က သင်္ခါရ, ကံဆိုပြီး (၂)ပါး၊ နှစ်ရပ်ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ ပစ္စုပ္ပန် အကြောင်းတရားငါးပါးဖြစ်ပါတယ်။
သင်္ခါရနှင့် ကံတို့က ကမ္မဝဋ် အာဟာရ (၄)ပါး ဖြစ်ကြပါတယ်။
၁။ မှီရာဝတ္ထုရုပ် (၅၄)မျိုးက ကဗဠီကာရာဟာရ,
၂။ သင်္ခါရနာမ်တရား(၃၄)လုံးမှ ဖဿက ဖဿာဟာရ,
၃။ စေတနာဦးဆောင်တဲ့ စေတသိက်နာမ်တရား (၃၂)က မနောသေဉ္စတနာဟာရ,
၄။ အသိစိတ်က ဝိညာဏာဟာရ ဖြစ်ပါတယ်။
ဒီ အာဟာရ (၄)ပါး ရုပ်တရား နာမ်တရားတွေကို ယောဂီပုဂ္ဂိုလ်က စတင်ပြီး သိမ်းဆည်းပါ။
အကယ်၍ အောင်မြင်မှုကို ရရှိပါက အနီးကပ်ဆုံးဖြစ်တဲ့ အတိတ်ရုပ် နာမ်တို့ကို စတင်သိမ်းဆည်းနိုင်ပြီ ဖြစ်ပါတယ်။ ကမ္မဝဋ် ရုပ်တရားနာမ်တရား တွေကို သိမ်းဆည်းပြီးတဲ့အခါ ကိလေသဝဋ် ရုပ်တရားနာမ်တရားတွေကိုလည်း အလားတူပဲ ဆက်လက်သိမ်းဆည်းပါ။
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ မိမိဆုတောင်းပန်ထွာစဉ် ဆီမီးရေချမ်း လှူဒါန်းစဉ်က တကယ်ဖြစ်ခဲ့တဲ့ နာမ်တရားတွေနှင့် တစ်ထပ်တည်း တူညီမှု ရှိမရှိကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ တူညီပါသည်ဟု အဖြေထွက်ခဲ့လျှင် တော့ အောင်မြင်မှုလမ်းစကို ရရှိပြီ ဖြစ်ပါတယ်။
ကမ္မဝဋ်တွင် အကျုံးဝင်သော ရုပ်တရားနှင့် နာမ်တရားတို့က ကမ္မဘဝ တရားစုတို့ ဖြစ်ကြပါတယ်။ ကိလေသဝဋ်တွင် အကျုံးဝင်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကား ကမ္မဘဝကို အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းတရားတို့ ဖြစ်ကြပါတယ်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ပြောင်းပြန် လှန်၍ သိမ်းဆည်းတဲ့စနစ် ဖြစ်ပါတယ်။
ကမ္မဝဋ်တွင် အကျုံးဝင်သော ရုပ်တရားနာမ်တရား, ကိလေသဝဋ်တွင် အကျုံးဝင်သော ရုပ်တရားနာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်ဟာ ဝေဒနာ, ဖဿ, သဠာယတန, နာမရူပ, ဝိညာဏ်ဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းရပါတယ်။
အတိတ်ဘက်သို့ တာစူကာ ဝိပဿနာဉာဏ်ကို အတိတ်ရုပ်နာမ်ဘက်သို့ စေလွှတ်ကာ တစ်စတစ်စ တိုး၍တိုး၍ ရုပ်တရား-နာမ်တရား၊ ရုပ်တရား-နာမ်တရား ဒီလို သိမ်းဆည်းသွားပါ။ မနက်က ရုပ်နာမ်, မနေ့က ရုပ်နာမ်, တစ်မြန်နေ့က ရုပ်နာမ် စသည်ဖြင့် လွန်ခဲ့တဲ့လက ရုပ်နာမ်, လွန်ခဲ့တဲ့နှစ်က ရုပ်နာမ် စသည်ဖြင့် ရုပ်နာမ်တို့ကိုသာ = ပရမတ်ရုပ်နာမ်တို့ကိုသာ အာရုံယူ ကာ ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်းပါ။
ဒီလို ရုပ်နာမ်တွေကိုပဲ သိမ်းဆည်းတဲ့အပိုင်းမှာ မိမိတို့ရဲ့စိတ်က ပညတ် နယ်မှာ ကျက်စားမှု များပြားခဲ့တဲ့အတွက် ပညတ်အာရုံပုံရိပ်တွေ ရံခါ ကြိုးကြား ကြိုးကြား ထင်လာတတ်ပါတယ်။ ခပ်ရွယ်ရွယ်ပုံ ခပ်ငယ်ငယ်ပုံ စတဲ့ပုံရိပ်တွေ ထင်လာတတ်ပါတယ်။ ဒီလို ပုံရိပ်တွေ ထင်လာလျှင်လည်း ဒီပုံရိပ်တွေမှာ တည်ရှိတဲ့ ဓာတ်ကြီးလေးပါးကိုပဲ စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်တွေ ကို တွေ့တဲ့အခါ ရုပ်ကလာပ်တွေကို ဓာတ်ခွဲကာ ပရမတ်ရုပ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။ တစ်ဆင့် ဒီရုပ်တရားတွေကို မှီတွယ်ဖြစ်နေတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။ ပညတ်ပုံရိပ်တွေကို တွေ့တိုင်း ဒီနည်းစနစ်ကို အသုံးပြုပါ။
နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အိမ်ရှင်ဘဝင်မနောအကြည် ဓာတ်ကို ဦးစားပေးကာ သိမ်းဆည်းပါ။ အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်မှာ အာရုံ (၆)ပါးလုံးက လာထင်ကြပါတယ်။ ဥပမာ- ရူပါရုံက စက္ခုဒွါရမှာလည်း လာထင်တယ်၊ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရမှာလည်း လာထင် တယ်။ အလားတူပဲ သဒ္ဒါရုံကလည်း သောတဒွါရမှာ လာထင်တယ်။ ဘဝင် မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရမှာလည်း လာထင်တယ်။ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတွေကိုလည်း နည်းတူ သဘောပေါက်ပါ။ ဓမ္မာရုံအမည်ရတဲ့ တရား စုတွေကတော့ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရမှာပဲ လာထင်ကြပါ တယ်။ ဒါကြောင့် အာရုံ (၆)ပါးလုံးက မနောဒွါရမှာ လာလာပြီး ထင်ထင်နေတဲ့ အတွက် မနောဒွါရ ဘဝင်မနောအကြည်ဓာတ်ကို ဦးစားပေးကာ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းလိုက်လျှင် ဘဝင်မနောအကြည်ဓာတ်တို့ရဲ့ အကြားအကြားမှာ အာရုံ (၆)ပါးတို့ ထင်လာတိုင်း ဖြစ်ပေါ်သွားကြတဲ့ နာမ်တရားတွေကိုလည်း ဆက်လက်သိမ်းဆည်းလို့ ရနိုင်ပါတယ်။
ယခုလို အတိတ်ရုပ်နာမ်တွေကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်မှာ အောင်မြင်မှုကို ရရှိခဲ့လျှင် ဟို ရှေးပိုင်းတုန်းက ပြောခဲ့တဲ့ နောင်အနာဂတ်တွင် ရဟန်းဘဝကို ရည်ရွယ်တောင့်တကာ သံဃာတော်အား သင်္ကန်းလှူခြင်းဆိုတဲ့ အခိုက်အတန့်မှာ ဖြစ်ပေါ်သွားကြတဲ့ ကိလေသဝဋ်, ကမ္မဝဋ်ရုပ်နာမ်တွေကို လည်း သိမ်းဆည်းလျှင် သိမ်းဆည်းလို့ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ အောင်မြင်မှုကို ရရှိပါက အတိတ်ဘက်သို့ တစ်စတစ်စ တိုးကာ ရုပ်နာမ်တွေကို သိမ်းဆည်း သွားပါ။
လူရွယ်ဘဝမှ လူငယ်ဘဝ, လူငယ်ဘဝမှ အမိဝမ်းတွင်းအထိ ရုပ်နာမ်တွေ ကို တစ်စတစ်စ တိုးကာတိုးကာ သိမ်းဆည်းသွားပါ။ အမိဝမ်းတွင်း ကလလရေကြည်တည်တဲ့ အချိန်အခါက ရုပ်နာမ်အထိ ဆက်လက်သိမ်းဆည်းပါ။ ခေါင်ဆုံး ကလလရေကြည်အခိုက်မှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို သိမ်းဆည်း လို့ အောင်မြင်ပြီဆိုလျှင်တော့ အတိတ်အကြောင်းတရားတွေကို ရှာဖွေရန် လမ်းစရရှိပြီ ဖြစ်ပါတယ်။
သတိပြုရန်အချက်
ဒီလို ရုပ်တွေနာမ်တွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ဘာဝီထိစိတ်အစဉ် တွေ ဖြစ်ပေါ်သွားတယ်ဆိုတဲ့ ဝီထိစိတ်အစဉ်ကိုလည်း သိအောင်သိမ်းဆည်း ပါ။ ဥပမာ စက္ခုဒွါရဝီထိ သောတဒွါရဝီထိစတဲ့ စိတ်အစဉ်တွေကိုလည်း သိအောင် သိမ်းဆည်းပါ။ အဲဒီ ဝီထိစိတ်အစဉ်မှာလည်း စိတ္တက္ခဏတိုင်းမှာ တည်ရှိတဲ့ နာမ်တရားတွေကို သန္တတိဃနခေါ်တဲ့ နာမ်အစဉ်အတန်း အတုံး အခဲ, သမုဟဃနခေါ်တဲ့ နာမ်အပေါင်းအစု အတုံးအခဲ၊ ဒီနာမ်တုံးနာမ်ခဲတွေ ကို ဖြိုခွဲပြီး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင်, ရုပ်တရားတွေကို သိမ်းဆည်း ရာမှာလည်း ရုပ်ဃနအတုံးအခဲတွေကို ဖြိုခွဲပြီး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဝိပဿနာဉာဏ်နှင့် မြင်အောင်ကြည့်ကာ ပရမတ်ရုပ်နာမ်တွေ ကိုသာ သိမ်းဆည်းပါ။
လူသားများအတွက် ပဋိသန္ဓေအခိုက် ခေါင်ဆုံးစဖြစ်တဲ့ ရုပ်တရားတွေ မှာ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဟဒယဒသကကလာပ်ဆိုတဲ့ ရုပ်ကလာပ်အမျိုးအစား (၃)မျိုး, ရုပ်အမျိုးအစား (၃၀)တို့ ဖြစ်ကြပါတယ်။ နာမ်တရားတွေမှာ သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လျှင် ဉာဏ်လည်း ယှဉ်ခဲ့လျှင် စိတ်စေတသိက် = နာမ်တရားအလုံး (၃၄)လုံးအထိ ရှိတတ်ပါတယ်။ ဉာဏ်ယှဉ်မှု မယှဉ်မှု, ပီတိယှဉ်မှု မယှဉ်မှုတို့မှာ တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် အပြောင်းအလဲ ရှိတတ်ပါတယ်။ ပဋိသန္ဓေ အခိုက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီရုပ်နာမ်တွေကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်း ပါ။ အောင်မြင်ပါက ပဋိသန္ဓေ ရုပ်နာမ်တွေဟာ တစ်နည်းပြောလျှင်တော့ ပဋိသန္ဓေနာမ်တရား (၃၄)မှာပါဝင်တဲ့ အသိစိတ် (= ဝိညာဏ်)ဟာ ဘာကြောင့် ဖြစ်ပေါ်လာရပါသလဲလို့ ဒီလို သိချင်တဲ့စိတ်နှင့် အတိတ်ဘက်ကို ဉာဏ်ကို စေလွှတ်ပြီး ကြည့်ပါ။ ဒီအချိန်အခါမှာ ရုပ်နာမ်တွေကို သိမ်းဆည်းနေတဲ့ နာမရူပပရိဂ္ဂဟဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်းရောင်တွေလည်း ထင်ရှားရှိနေပါတယ်။ အဲဒီ ဉာဏ်အလင်းရောင်ရဲ့ အကူအညီနှင့် အတိတ် ဘက်ကို ဉာဏ်ကို စေလွှတ်ပြီး ကြည့်ပါ။ မိမိ လှမ်းကြည့်လိုက်တဲ့ ဘက်မှာ လည်း ဒီဉာဏ်ကြောင့်ဖြစ်ပေါ်တဲ့ အလင်းရောင်တွေဟာ ရှိနေပါလိမ့်မယ်။
အကယ်၍ အလင်းရောင်တွေက အားမကောင်းဘူး။ အလင်းရောင်တွေ က မှိန်တိန်တိန် ဖြစ်နေတယ်ဆိုလျှင် ဘာလုပ်ရမလဲ? မိမိရရှိထားတဲ့ သမာဓိ ကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။ အကယ်၍ မိမိက အာနာပါနစတုတ္ထ ဈာန်အထိ ရရှိထားသူဖြစ်လျှင် အဲဒီစတုတ္ထဈာန်အထိ သမာဓိကို ပြန်လည် ထူထောင်ပါ။ ဒီစတုတ္ထဈာန်သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်း အရောင်တွေက အားကောင်းလာတဲ့အခါ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး = သန္တာန်နှစ်ခုလုံးမှာရှိတဲ့ ရုပ်တွေနာမ်တွေကို ပြန်သိမ်းဆည်းပါ။ ပြီးတော့ ဘာလုပ်ရမလဲ? ရှေ့က ပြောခဲ့တဲ့အတိုင်းပဲ ပစ္စုပ္ပန်တွင် နောင်အနာဂတ် အတွက် ရည်ရွယ်မှန်းထားပြီး ပြုစုပျိုးထောင်ထားတဲ့ ကမ္မဝဋ်တွင် အကျုံးဝင်တဲ့ ရုပ်တရားနာမ်တရား, ကိလေသဝဋ်တွင် အကျုံးဝင်တဲ့ ရုပ်တရားနာမ်တရားက စ၍ အတိတ်ဘက်သို့ ဉာဏ်ကိုစေလွှတ်ကာ ပဋိသန္ဓေ ကလလရေကြည် အခိုက် ရုပ်နာမ်တို့သို့တိုင်အောင် ရုပ်နာမ်တွေကို ပြန်သိမ်းဆည်းပါ။ ဉာဏ် အလင်းရောင်တွေ အားမကောင်းတိုင်း ဒီစနစ်ကိုတော့ အသုံးပြုပါ။
ပဋိသန္ဓေ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ ဉာဏ်အလင်းရောင် တွေကလည်း အားကောင်းပြီဆိုလျှင် ဒီပဋိသန္ဓေ ရုပ်နာမ်တွေဟာ တစ်နည်း ဒီပဋိသန္ဓေ ဝိညာဏ်ဟာ ဘာကြောင့် ဖြစ်သလဲလို့ သိချင်တဲ့စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ပိုကောင်းတဲ့ စနစ်ကတော့ အတိတ်ဘဝ စုတိရုပ်နာမ်နှင့် ဒီဘဝ ပဋိသန္ဓေ ရုပ်နာမ်တို့အကြားမှာ တစ်စုံ တစ်ခုသောတရား တစ်စုံတစ်ခုသောဘဝ ကွယ်ခြားမှုမရှိတဲ့အတွက် ဒီဘဝ ပဋိသန္ဓေ ရုပ်နာမ်ကို သိမ်းဆည်းပြီးတဲ့ ပုဂ္ဂိုလ်ဟာ အတိတ်စုတိ ရုပ်နာမ်ကို ဆက်လက် သိမ်းဆည်းနိုင်ပါက ပိုကောင်းပါတယ်။ စိတ္တက္ခဏချင်းက အလွန် နီးကပ်နေတဲ့အတွက် ခြားကွယ်ထားတဲ့တရား တစ်စုံတစ်ရာ မရှိတဲ့အတွက် ပိုလွယ်ကူနိုင်ပါတယ်။ ဒါပေမဲ့ ယောဂီအများစုကတော့ အတိတ်ဘဝ စုတိ အခိုက် ရုပ်နာမ်တွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အခက်အခဲ အနည်းငယ် တော့ ရှိနေတတ်ကြပါတယ်။
ဒီနည်းစနစ်နှင့် အတိတ်အကြောင်းတရားတွေကို သိမ်းဆည်းတဲ့အပိုင်း မှာ အစအန မတွေ့ဖြစ်နေလျှင် ရှေးက ပြောခဲ့တဲ့အတိုင်း ကမ္မဝဋ်တွင် အကျုံး ဝင်တဲ့ ရုပ်နာမ်တွေကို ပြန်သိမ်းပါ။ ဒီရုပ်နာမ်တွေထဲမှာလည်း စေတနာ ဦးဆောင်တဲ့ ကမ္မဘဝနာမ်တရားတွေကို ဦးစားပေးကာ သိမ်းဆည်းပါ။
ဒီကမ္မဘဝသည် ကိလေသဝဋ်တွင် အကျုံးဝင်တဲ့ ဥပါဒါန်ကြောင့် ဖြစ်ပေါ်လာပုံကို ဉာဏ်နှင့်မြင်အောင် တစ်ဆင့်တက်ပြီးတာ့ သိမ်းဆည်းပါ။ တစ်ဖန် ဒီဥပါဒါန်သည် ကိလေသဝဋ်တွင်ပင် အကျုံးဝင်နေတဲ့ တဏှာကြောင့် ဖြစ်ပုံ, ဒီတဏှာသည် ဝေဒနာကြောင့်ဖြစ်ပုံ, ဝေဒနာသည် ဖဿကြောင့်ဖြစ်ပုံ, ဖဿသည် သဠာယတနကြောင့်ဖြစ်ပုံ, သဠာယတနသည် နာမ်ရုပ်ကြောင့် ဖြစ်ပုံ, နာမ်ရုပ်သည် = ပဋိသန္ဓေနာမ်ရုပ်သည် ပဋိသန္ဓေဝိညာဏ်ကြောင့်ဖြစ်ပုံ တို့ကို ဆက်လက်ပြီး သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိပါက ဒီပဋိသန္ဓေ ဝိညာဏ်သည် သင်္ခါရကြောင့်ဖြစ်ပုံကို မြင်အောင်ဆက်ရှုပါ။
အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ဒီဝိညာဏ်သည် ဘာ ကြောင့် ဖြစ်ပေါ်လာရသလဲလို့ သိလိုတဲ့ စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ ဘဝသစ်ပဋိသန္ဓေကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ ပုညာဘိသင်္ခါရကို လှမ်းကြည့်ပါ။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ခုနကပြောခဲ့တဲ့အတိုင်းပဲ အတိတ်ဘဝ သေခါနီးကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုပ်နာမ်, စုတိရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းပါ။
ယောဂီအများစု၌တွေ့ရှိတတ်ပုံ
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ယောဂီအများစုမှာတော့ -
၁။ သေနေတဲ့ ပုံကိုသော်လည်း တွေ့တတ်တယ်။
၂။ သေခါနီးနေတဲ့ ပုံကိုသော်လည်း တွေ့တတ်တယ်။
၃။ အကျိုးပေးတော့မည့်ကံရဲ့ စွမ်းအင်သတ္တိကြောင့် ထင်လာတဲ့ ကံ, ကမ္မ နိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံသုံးမျိုးထဲက တစ်မျိုးမျိုးကိုသော်လည်း တွေ့တတ်တယ်။
သေနေတဲ့ပုံ တွေ့ခဲ့လျှင်လည်း အဲဒီ သေနေတဲ့ အလောင်းကောင်မှာ တည်ရှိနေတဲ့ ဓာတ်ကြီး (၄)ပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်တွေကို မြင်တဲ့အခါ ဓာတ်ခွဲပြီး ပရမတ်ရုပ်တရားတွေကို သိမ်းဆည်းပါ။ သိမ်းဆည်းပြီး လျှင် ဘာဆက်လုပ်ရမလဲ? ရှေးဦးစွာ အဲဒီအချိန်အခါမှာ တည်ရှိဆဲဖြစ်တဲ့ ဟဒယဝတ္ထုကို သိမ်းဆည်းပါ၊ ပြီးတော့ ဟဒယဝတ္ထုကို မှီဖြစ်နေတဲ့ ဘဝင်စိတ် တွေကိုရော ဝီထိစိတ်တွေကိုရော ဆက်လက် သိမ်းဆည်းပါ။ ဟဒယဝတ္ထုနှင့် တကွသော ရုပ်တရား, ဘဝင်စတဲ့ နာမ်တရားတွေကို သိမ်းဆည်းနေခြင်း ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ မသေခင်ဖြစ်ခဲ့တဲ့ ရုပ်နာမ်တွေကို တစ်ဆင့်တက်ပြီး သိမ်းဆည်းပါ။
အကယ်၍ သေခါနီးပုံကို တွေ့နေလျှင်လည်း အဲဒီပုံမှာ တည်ရှိနေတဲ့ ဓာတ်ကြီး (၄)ပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်တွေကို တွေ့တဲ့အခါ ဓာတ်ခွဲပြီးတော့ ရုပ်ပရမတ်တရားတွေကို လက်ဆက်သိမ်းဆည်းပါ။ အထူး သဖြင့် နှလုံးအိမ်မှာ တည်ရှိတဲ့ (၅၄)မျိုးသော ရုပ်တွေကို ဦးစားပေးပြီးတော့ သိမ်းဆည်းပါ။ ဒီရုပ်တွေထဲကလည်း ဟဒယဝတ္ထုရုပ်ကို ဦးစားပေးပြီးတော့ ထပ်သိမ်းဆည်းပါ။ ဒီဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းနိုင်လျှင် ဟဒယဝတ္ထုကို မှီဖြစ်နေကြတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။ ဒီလို နာမ်တရား တွေကို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဝီထိစိတ် နာမ်တရားတွေကိုရော, ဝီထိစိတ်အစဉ်ရဲ့ အကြားအကြားမှာ ဖြစ်ပေါ်နေတဲ့ ဘဝင်နာမ်တရားတွေ ကိုရော နှစ်မျိုးလုံးကိုပဲ ရောနှောကာ သိမ်းဆည်းပါ။
မသေမီ ရှေးအဖို့မှာရှိတဲ့ ရုပ်နာမ်တွေ, သေခါနီးကာလ ရုပ်နာမ်တွေကို ခေါက်တုံ့ခေါက်ပြန် ထပ်ကာထပ်ကာ သိမ်းဆည်းပါ။ နောက်ဆုံးဖြစ်ပေါ်သွား ခဲ့တဲ့ မရဏာသန္နဇောဝီထိစိတ်အစဉ် နာမ်တရားစုတွေကို ဦးစားပေးပြီး သိမ်းဆည်းပါ။ အဲဒီ မရဏာသန္နဇောကို သိမ်းဆည်းနိုင်ပြီဆိုလျှင် ဒီမရဏာသန္နဇော နာမ်တရားတို့ရဲ့ အာရုံဖြစ်တဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံသုံး မျိုးတွင် တစ်မျိုးမျိုးကိုလည်း သိမ်းဆည်းလို့ရပြီ ဖြစ်ပါတယ်။
အတိတ်ဘက်မှာ တည်ရှိတဲ့ သင်္ခါရ, ကံတွေကို လှမ်းသိမ်းဆည်းလိုက် ကတည်းက ဒီကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံသုံးမျိုးထဲက တစ်မျိုးမျိုး သော အာရုံကို သိမ်းဆည်းထားနိုင်တဲ့ သို့မဟုတ် ဉာဏ်နှင့် တွေ့မြင်နေတဲ့ ယောဂီဖြစ်ခဲ့မယ်ဆိုလျှင်တော့ ဒီအပိုင်းက စပြီးတော့ ရှေ့သို့ ဆက်လက် ပြုလုပ်ရမည့် လုပ်ငန်းခွင်သည် တူညီသွားပြီ ဖြစ်ပါတယ်။
မည်သို့သက်ဆိုင်ပါသနည်း
ဒီကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံတွေနှင့် အတိတ်အကြောင်း တရားတွေကို ရှာဖွေမှုဟာ ဘယ်လို သက်ဆိုင်ပါသလဲလို့တော့ မေးစရာရှိ တယ်။ သက်ဆိုင်ပါတယ်။ ဘယ်လို သက်ဆိုင်သလဲ? အကျိုးပေးတော့မည့် ကံရဲ့ စွမ်းအင်သတ္တိကြောင့် ဒီနိမိတ်တွေက ထင်လာတာဖြစ်တော့ သင်္ခါရ ကံတွေကို ရှာဖွေတဲ့အပိုင်းမှာ ဒီနိမိတ်တွေက အဓိကသော့ချက်တစ်ခု ဖြစ်နေ တယ်။ ဒီတော့ ဒီနိမိတ်သုံးမျိုးအကြောင်းကိုတော့ နည်းနည်းထပ်ပြောမယ်။
ဂတိနိမိတ် - ဂတိနိမိတ်ဆိုတာကတော့ လူသားတွေအတွက် ကွက်ပြော ရလျှင်တော့ မိမိပဋိသန္ဓေ တည်နေရတော့မည့် မိခင်ရဲ့ ကမ္ဗလာနီ အရောင် အဆင်းရှိတဲ့ သားအိမ်နိမိတ် ဖြစ်ပါတယ်။ ဂတိနိမိတ်ထင်နေတဲ့ ယောဂီက ဒီကမ္ဗလာနီအရောင်အဆင်းရှိတဲ့ အရောင်အဆင်းတစ်ခုကို သေခါနီးကာလ မရဏာသန္နဇောအခိုက်မှာ မြင်နေတတ်ပါတယ်။ ဒီဂတိနိမိတ်အာရုံထင်တဲ့ ယောဂီကတော့ တော်တော်လေး အရေအတွက် နည်းပါးတာကို တွေ့ရပါ တယ်။
ကမ္မနိမိတ် - ကမ္မနိမိတ်ကလည်း လူသားတွေအတွက် ကွက်ပြီး ပြော မယ်ဆိုလျှင် - အကယ်၍ ဒါနကံက အကျိုးပေးတော့မည့် ယောဂီဆိုလျှင် မိမိရဲ့ ဒါနဝတ္ထု အစုစုတွေကိုလည်း သေခါနီးကာလမှာ မရဏာသန္နဇောက မြင်နေတယ်၊ သိနေတယ်။ အလှူခံဖြစ်တဲ့ ဘုရားရုပ်ပွားတော်အာရုံ စေတီ တော်အာရုံ ရဟန်းသံဃာတော်စတဲ့ အာရုံတွေကိုသော်လည်း သေခါနီးကာလ မှာ မရဏာသန္နဇောက မြင်နေတတ်တယ်၊ သိနေတတ်တယ်။
အကယ်၍ သီလကံက အကျိုးပေးတော့မယ်ဆိုလျှင် မိမိသီလစောင့်ထိန်း နေတဲ့ပုံတွေ သီလစောင့်ထိန်းခဲ့တဲ့ နေရာတွေ စတဲ့ အာရုံတွေက မရဏာသန္န အခါမှာ လာထင်နေတတ်တယ်။ အကယ်၍ ဘာဝနာကံက အကျိုးပေးတော့ မယ်ဆိုလျှင်လည်း အဲဒီဘာဝနာကံရဲ့ အာရုံနိမိတ်တွေက သေခါနီးမှာ လာထင်နေတတ်တယ်။ ဥပမာ- အာနာပါနကို ပွားများအားထုတ်နေတဲ့ ပရိကမ္မ သမာဓိဇော သို့မဟုတ် ဥပစာရသမာဓိဇောစေတနာတို့က အကျိုးပေးတော့ မည် ဆိုလျှင်လည်း အာနာပါနပဋိဘာဂနိမိတ်တွေ လာထင်နေတတ်တယ်။ သေခါနီးကာလမှာ ဒီအာနာပါနကိုပဲ ဆက်ပြီးတော့ ရှုနေတတ်တယ်။ ဒီအာနာပါနပဋိဘာဂနိမိတ်ကိုပဲ မရဏာသန္နဇောနှင့်တကွသော စိတ်တွေက သိနေတတ်တယ်၊ အာရုံပြုနေတတ်တယ်။
အကယ်၍ ဝိပဿနာဘာဝနာကံတွေက အကျိုးပေးတော့မယ်ဆိုလျှင် တော့ အဲဒီဝိပဿနာ သင်္ခါရတရားတွေက တစ်နည်းပြောလျှင်တော့ ဝိပဿနာ ဉာဏ် ပြဓာန်းနေတဲ့ ဝိပဿနာမနောဒွါရိကဇောဝီထိ နာမ်တရားစုတွေက ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် တို့တွင် တစ်မျိုးမျိုးသော အခြင်းအရာကို အာရုံပြုနေကြပါတယ်။
ကံအာရုံ - အကယ်၍ ကံအာရုံ ထင်ခဲ့မယ်ဆိုလျှင်တော့ အဲဒီကံကို အသစ်တစ်ဖန်ပြုနေတဲ့ အနေအထားနှင့် လာထင်နေတတ်တယ်။ သင်္ကန်းလှူ ခဲ့တဲ့ ဒါနကံက အကျိုးပေးတော့မယ်ဆိုလျှင် အသစ်တစ်ဖန် သင်္ကန်းတွေကို ထပ်လှူနေတဲ့ ပုံစံအနေအထားဖြင့် သေခါနီးကာလမှာ လာထင်နေတတ် တယ်။ စေတီတော်အား ပန်း, ရေချမ်း, ဆီမီးလှူတဲ့ကံက အကျိုးပေးတော့မယ် ဆိုလျှင်လည်း အသစ်တစ်ဖန် ထပ်ပြီး အလားတူ လှူနေတဲ့ အခြင်းအရာအား ဖြင့် ထင်နေတတ်တယ်။ ဆိုလိုတာကတော့ အသစ်တစ်ဖန် ထပ်ပြုတဲ့ အနေအထားအားဖြင့် ဒီကုသိုလ်နာမ်တရားစုတွေကိုပဲ (သင်္ကန်းလှူနေတဲ့ ကုသိုလ် နာမ်တရားစုတွေ, စေတီတော်အား ပန်း, ဆီမီး, ရေချမ်းလှူနေတဲ့ ကုသိုလ် နာမ်တရားစုတွေကိုပဲ) ပြန်ပြီးတော့ မရဏာသန္နဇောက သိနေတယ်၊ အာရုံပြု နေတယ်။
အကယ်၍ အာနာပါနဘာဝနာကံတွေက အကျိုးပေးတော့မယ် ဆိုလျှင် လည်း အဲဒီ အကျိုးပေးတော့မည့် ကာမာဝစရ ပရိကမ္မသမာဓိဇော, ဥပစာရ သမာဓိဇောဆိုတဲ့ ကုသိုလ်တရားတွေကို ပြန်ပြီးတော့ ဒီမရဏာသန္နဇောက သိနေတယ်၊ အာရုံပြုနေတယ်။ စျာန်ဇောတွေကတော့ လူ့ပြည်မှာ အကျိုး မပေးနိုင်လို့ ပရိကမ္မသမာဓိဇော, ဥပစာရသမာဓိဇောတွေလို့ ပြောခြင်းဖြစ် တယ်။ ဒီပရိကမ္မသမာဓိဇော, ဥပစာရသမာဓိဇောတွေကတော့ မိမိတို့ အာရုံ ပြုနေကျဖြစ်တဲ့ အာနာပါနပဋိဘာဂနိမိတ်စတဲ့ အာနာပါနနိမိတ်တွေကိုပဲ အာရုံပြုနေကြပါတယ်။ မရဏာသန္နဇောကတော့ ဒီအာနာပါနနိမိတ်တွေကို သိနေတဲ့ ကာမာဝစရသမာဓိဇောဆိုတဲ့ ပရိကမ္မသမာဓိဇော သို့မဟုတ် ဥပစာရသမာဓိဇောတွေ = ကုသိုလ်တရားတွေကို အာရုံပြုနေတယ်။
အကယ်၍ ဝိပဿနာကံတွေက အကျိုးပေးတော့မယ်ဆိုလျှင် အဲဒီ ဝိပဿနာကုသိုလ်တရားတွေကို မရဏာသန္နဇောက ပြန်အာရုံယူနေပါတယ်။ ဝိပဿနာကံဆိုတဲ့ ဝိပဿနာကုသိုလ်ဇောတွေကတော့ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်း အရာဆိုတဲ့ အခြင်းအရာ တစ်မျိုးမျိုးကို အာရုံပြုနေကြပါတယ်။ အာရုံ ပြုနေတယ်ဆိုတာက သိနေတာကို ပြောတာပါ။ ဒါပေမဲ့ မရဏာသန္နဇောတွေ ကတော့ ဒီသင်္ခါရတရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ အခြင်းအရာ တစ်မျိုးမျိုးကို သိနေတဲ့ ဝိပဿနာကုသိုလ်ဇောဆိုတဲ့ ဝိပဿနာကံတွေကို ပြန်ပြီးတော့ အာရုံပြုနေကြတယ်၊ သိနေကြတယ်။
ဒီနေရာမှာ ဝိပဿနာဇောတွေက ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံနှင့် ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဘုရားရှင်ကလည်း နိဒါနဝဂ္ဂသံယုတ် ပါဠိတော် စေတနာသုတ္တန် (သံ၊၁၊၂၉၅။ သံ၊ဋ္ဌ၊၂၊၆၆။ သံ၊ဋီ၊၂၊၈၃။)မှာ ဟောကြား ထားတော်မူပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးမှာလည်း သင်္ခါရုပေက္ခာဉာဏ် ကဲ့သို့သော ဝိပဿနာဉာဏ်တွေကပင် အဝိဇ္ဇာ, တဏှာ, အနုသယမကင်းသေး တဲ့ သတ္တဝါတို့ရဲ့သန္တာန်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်ကြောင်းကို ဟောကြား ထားတော်မူပါတယ်။ (ပဋိသံ-၆၀။ ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။) ဒီအကြောင်းကို နောက်ပိုင်းမှာ ထပ်ရှင်းပေးပါ့မယ်။
ကံအာရုံထင်တဲ့ပုံစံတစ်ခု
ဒီနေရာမှာ သဘောပေါက်အောင် ပုံစံတစ်ခုထုတ်ပြီးတော့ ပြောပါမယ်။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နအခါ မှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို သိမ်းဆည်းမိပြီးတဲ့အခါ သေခါနီး မရဏာသန္န အခါမှာ ဖြစ်ပေါ်နေတဲ့ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရကို သိမ်း ဆည်းနိုင်တဲ့အခါ မသေမီဘက်သို့ တိုး၍လည်းကောင်း သေခါနီးကာလဘက် သို့ ပြန်ဆုတ်၍လည်းကောင်း ဒီလို ရှေ့တိုးနောက်ဆုတ်စနစ်ကို အသုံးပြုကာ ထပ်ကာထပ်ကာ ရုပ်နာမ်တွေကို သိမ်းဆည်းလိုက်တဲ့အခါ သေခါနီးကာလ ပတ်ဝန်းကျင်မှာ အသစ်တစ်ဖန် ပြုလုပ်နေတဲ့ ပုံစံအားဖြင့် ကံလေးမျိုးတို့ဟာ သေခါနီး မနောဒွါရမှာ မရှေးမနှောင်း ထင်နေကြတယ်။ ထိုယောဂီကတော့ အတိတ်ဘဝမှာ ရဟန်းဘဝဖြင့် ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်။ သေခါနီး မနောဒွါရမှာ -
၁။ စာချနေတဲ့ ကံကတစ်ခု,
၂။ တရားဟောနေတဲ့ ကံကတစ်ခု,
၃။ တရားပြနေတဲ့ ကံကတစ်ခု,
၄။ တရားအားထုတ်နေတဲ့ ကံကတစ်ခု၊
ဒီကံ (၄)မျိုးတို့ဟာ မရှေးမနှောင်း သေခါနီး မနောဒွါရမှာ လာထင်နေ ကြတယ်။ ဒီကံတွေက အကျိုးပေးဖို့ရန် အခါအခွင့်ကို အလုအယက် အရယူနေ ကြတယ်။ ဒီကံလေးမျိုးထဲက ဘယ်ကံက လက်ရှိဘဝ ပဋိသန္ဓေအကျိုးစတဲ့ အကျိုးဝိပါက်တွေကို ဖြစ်ပေါ်စေပါသလဲ? တိုက်ရိုက်အကျိုးပေးနေတဲ့ကံက ဘယ်ကံလဲ? ကံတစ်ခုစီ ကံတစ်ခုစီကို ထပ်မံပြီးတော့ စိစစ်ကြည့်ရပါတယ်။
ဒီလို စိစစ်ကြည့်တဲ့အခါ စာချတဲ့ကံ, တရားဟောနေတဲ့ကံ, တရားပြသ ပေးနေတဲ့ကံတွေက အကျိုးမပေးတာကို တွေ့ရတယ်။ နောက်ဆုံး ဝိပဿနာ ဘာဝနာကို အားထုတ်နေတဲ့ကံက ဒီဘဝမှာ ပဋိသန္ဓေစတဲ့ အကျိုးဝိပါက်တွေ ကို ဖြစ်ပေါ်စေတတ်တဲ့ ဇနကကံဖြစ်ကြောင်းကို ဒီယောဂီက သိမ်းဆည်းလို့ ရရှိသွားတယ်။ ဒီနေရာမှာ ကမ္မသတ္တိကို ရှာဖွေပုံအပိုင်းကို နည်းနည်း ထပ်ပြော ချင်သေးတယ်။
ကမ္မသတ္တိကိုရှာဖွေပုံ
စာချတဲ့ကံရဲ့ ကမ္မသတ္တိကို ရှာဖွေချင်လျှင် ရှေးဦးစွာ စာချတဲ့ အချိန်အခါ မှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်ဇောဝီထိ စိတ်အစဉ် နာမ်တရားတွေကို ရှေးဦးစွာ သိမ်းဆည်းရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ သတိပြုရမည့် အချက်တွေ လည်း ရှိနေပြန်သေးတယ်။ အတိတ်ဘက် မသေမီ ရှေးအဖို့လို့ ခေါ်ဆိုအပ်တဲ့ စာချနေတဲ့ အချိန်အထိ ရုပ်နာမ်တွေကို တစ်စတစ်စ တိုးပြီးတော့ သိမ်းဆည်း သွားရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ဧကတ္တနည်း, နာနတ္တနည်းတွေ ကို သဘောပေါက်ဖို့ လိုပါတယ်။
ဧကတ္တနည်း - ဧကတ္တနည်းဆိုတာကတော့ အတိတ်က စာချနေတဲ့ ရုပ်နာမ်သန္တာန်အစဉ်နှင့် ယခုလက်ရှိဘဝ ရုပ်နာမ်သန္တာန်အစဉ်တွေကို အစဉ် အတန်းတစ်ခုအဖြစ် မြင်အောင်တော့ သိမ်းဆည်းရပါတယ်။ ခုဒီယောဂီရဲ့ အကြောင်းအရာကို ကြည့်လိုက်လျှင် စာချတဲ့ကံကို ပြုစုပျိုးထောင်စဉ်မှာ စာချတဲ့ပုဂ္ဂိုလ်ရှိသလို စာသင်ယူနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေပါတယ်။ အဲဒီ စာချတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တည်ရှိတဲ့ ရုပ်နာမ်, စာသင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်ပြီး တော့ သိမ်းဆည်းရပါတယ်။ အဲဒီ ပုဂ္ဂိုလ်အသီးသီးရဲ့ သန္တာန်မှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးက စပြီးတော့ ရုပ်တွေနာမ်တွေကို တစ်ယောက်ပြီးတစ် ယောက် လိုက်သိမ်းဆည်းရပါတယ်။ ဒီယောဂီက ခုလို သိမ်းဆည်းလိုက်တဲ့ အခါ စာချတဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်သန္တာန်အစဉ်နှင့် သူရဲ့ ယခုလက်ရှိ ပစ္စုပ္ပန် ရုပ်နာမ် သန္တာန်အစဉ်တွေဟာ အစဉ်အတန်းတစ်ခုတည်း ဖြစ်နေတာကို တွေ့ရတယ်။ တခြား ရုပ်နာမ်သန္တာန်အစဉ်တွေက သူရဲ့ ရုပ်နာမ်သန္တာန် အစဉ်နှင့် သန္တာန်အစဉ်အတန်း မဆက်စပ်ဘဲ သီးခြားဖြစ်နေတာကို တွေ့နေရ တယ်။
နည်းနည်း ထပ်ရှင်းအောင် ပြောရလျှင်တော့ စာချနေတဲ့ ရုပ်နာမ် သန္တာန်အစဉ်အတန်းနှင့် ယခုပစ္စုပ္ပန် သူရဲ့ရုပ်နာမ် သန္တာန်အစဉ်တွေဟာ အပ်ချည်ကြိုးတစ်ချောင်းကို သွယ်တန်းထားသလို ဖြစ်ပျက်အစဉ်အတန်း အားဖြင့် အစဉ်အတန်းတစ်ခုတည်း ဖြစ်နေတာကို တွေ့ရတယ်။ ဒီနေရာမှာ ရုပ်နာမ်အစဉ်တွေကို မြဲနေတယ်လို့ မဆိုလိုပါဘူး။ ရုပ်ခဏနာမ်ခဏတွေဟာ သူ့ခဏနှင့်သူ ဖြစ်ပြီးပျက်နေတဲ့ အစဉ်အတန်းတွေသာ ဖြစ်တယ်။ ရှေးရှေး ရုပ်နာမ်တွေက တခြား၊ နောက်နောက်ရုပ်နာမ်တွေက တခြားသာ ဖြစ်တယ်လို့ သိလျှင် နာနတ္တနည်းကို သိသည်မည်ပါတယ်။ ဒီလို ဧကတ္တနည်းနှင့် နာနတ္တနည်းကို သိအောင်တော့ ယောဂီပုဂ္ဂိုလ်က သိမ်းဆည်းရပါတယ်။
စာချတဲ့ကံအကြောင်းကို ပြန်ဆက်ရအောင်၊ စာချနေတဲ့အခါ ဖြစ်ပေါ် နေတဲ့ ဇောဝီထိနာမ်တရားစုတွေကို သင်္ခါရတရားတွေလို့ ခေါ်ပါတယ်။ ဘဝ သစ်ဆိုတဲ့ ခန္ဓာငါးပါးတို့ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ တရားတွေ ဖြစ်လို့ သင်္ခါရတရားတွေလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒီသင်္ခါရတရားတွေမှာ ဇောစိတ္တက္ခဏ တစ်ခုတစ်ခုမှာ စိတ်စေတသိက် (၃၄)လုံးအထိ သိမ်းဆည်းလို့ ရနေပါတယ်။ ဇောစိတ်စေတသိက် သင်္ခါရတရားတွေဟာလည်း သင်္ခတ ပရမတ်တို့ရဲ့ ဓမ္မတာအတိုင်း ဖြစ်ပြီးတာနှင့် ပျက်သွားပါတယ်။ ဒါပေမဲ့ သတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲ ချုပ်ပျက်သွားတာတော့ မဟုတ်ပါဘူး။ နောင်တစ် ချိန်မှာ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံ ပြီးမှသာ ချုပ်ပျက်သွားပါတယ်။ ဒီစွမ်းအင်သတ္တိကိုတော့ ကံလို့ = ကမ္မသတ္တိလို့ ခေါ်ဆိုပါတယ်။ ဒီကမ္မသတ္တိနှင့် လက်ရှိဘဝ ပဋိသန္ဓေအခိုက် ရုပ်နာမ်တွေနှင့် အကြောင်းအကျိုးဆက်စပ်မှု ရှိမရှိကို ဉာဏ်နှင့် ကြည့်လိုက်တဲ့အခါ အကျိုး မပေးတာကို တွေ့ရတယ်။ အလားတူပဲ တရားဟောနေတဲ့ကံ, တရားပြနေတဲ့ ကံတွေကလည်း အကျိုးမပေးတာကို တွေ့ရပါတယ်။
တရားအားထုတ်နေတဲ့ကံနှင့် အလားတူပဲ အကြောင်းအကျိုးစပ်ကာ သိမ်းဆည်းကြည့်တဲ့အခါ ဒီတရားအားထုတ်နေတဲ့ကံက အကျိုးပေးနေတာ ကိုတော့ သူရဲ့ ဝိပဿနာဉာဏ်နှင့် တွေ့နေရတယ်။ ဘာတရားတွေကို အားထုတ်နေသလဲလို့ ထပ်ပြီး သေသေချာချာ ဆန်းစစ်ကြည့်လိုက်တဲ့အခါ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုနေတဲ့ ဘာဝနာကံ ဖြစ်နေတာကို ဒီယောဂီက တွေ့နေရတယ်။
ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းခဲ့စဉ်က ယောဂီပုဂ္ဂိုလ်က စိတ်ကြောင့် စိတ္တဇ ရုပ်ဖြစ်ပုံ, ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ, အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံ တွေကို ရှုတတ်ပြီ၊ သဘောပေါက်ပြီဖြစ်တဲ့အတွက် ခုလို ကမ္မသတ္တိဆိုတဲ့ကံကို ရှာဖွေတွေ့ရှိတဲ့အပိုင်းမှာ ဒီကံကြောင့် ကမ္မဇရုပ်တွေ တဖွားဖွားဖြစ်နေပုံ ကိုလည်း အတိတ်ကံနှင့် ပစ္စုပ္ပန် ပဋိသန္ဓေကမ္မဇုပ်တို့ကို ဆက်စပ်ကြည့် လိုက်တဲ့အခါ ယောဂီပုဂ္ဂိုလ်က ဝိပဿနာဉာဏ်နှင့် မြင်နေတယ်။ ဝိပဿနာ ဇောစိတ္တက္ခဏ တစ်ခုတစ်ခုမှာရှိတဲ့ စိတ်စေတသိက် နာမ်တရား (၃၄)လုံးက အထူးသဖြင့် သတ္တမဇော စိတ္တက္ခဏတွေမှာ တည်ရှိတဲ့ စိတ်စေတသိက် နာမ်တရား (၃၄)လုံးတို့က သင်္ခါရတရားတွေ ဖြစ်ကြပါတယ်။ ဒီသင်္ခါရတရား တွေ ချုပ်ပျက်သွားတဲ့အခါ ရုပ်နာမ်သန္တာန်အစဉ်မှာ မြှုပ်နှံထားတဲ့ အကျိုး ဝိပါက်ခန္ဓာကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိက ကံဖြစ်ပါတယ်။ ဒီသင်္ခါရနှင့် ကံတို့က ကမ္မဝဋ်တရားစုတို့ ဖြစ်ကြပါတယ်။ ပဋိသန္ဓေခန္ဓာငါးပါး အစရှိတဲ့ ဝိပါက်ခန္ဓာတွေက ဝိပါကဝဋ်တရားစုတွေ ဖြစ်ကြပါတယ်။
ဒီကမ္မဝဋ်တရားစုတွေဟာ ကိလေသဝဋ်ကို အမှီပြုပြီးတော့ ဖြစ်ပေါ်ရ တာ ဖြစ်တဲ့အတွက် ဘယ်ကိလေသဝဋ်ကို မှီတွယ်ပြီးတော့ ဖြစ်ပေါ်လာရသလဲ လို့ သိချင်တဲ့စိတ်နှင့် အတိတ်ရုပ်နာမ်တွေကို ဆက်လက်သိမ်းဆည်းလိုက်တဲ့ အခါ တရားမထိုင်မီ သို့မဟုတ် တရားထိုင်ပြီးရာအခါတို့မှာ သူရဲ့ ဆုတောင်း က -
၁။ လူဖြစ်ပါရစေ,
၂။ ရဟန်းဖြစ်ပါရစေ,
၃။ သာသနာပြုနိုင်ပါရစေ,
ဒီဆုတောင်းသုံးမျိုးကို ဆုတောင်းပန်ထွာလေ့ရှိတာကို ဒီယောဂီက သူရဲ့ ဝိပဿနာဉာဏ်နှင့် သူက တွေ့နေတယ်။
၁။ သာသနာပြုနိုင်တဲ့ လူ, ရဟန်းလို့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ,
၂။ အဲဒီဘဝကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ,
၃။ အဲဒီလို ဘဝကို စိတ်ကပ်ရောက် စွဲလမ်းနေတဲ့သဘောက ဥပါဒါန်,
ဒီ တရားသုံးမျိုးကတော့ ကိလေသဝဋ်တရားတွေ ဖြစ်ကြပါတယ်။ လောဘဒိဋ္ဌိအုပ်စု နာမ်တရားတွေ ဖြစ်ကြတယ်။ မနောဒွါရိက လောဘဇော ဝီထိ စိတ်အစဉ် ဖြစ်ပါတယ်။ ဇောစိတ္တက္ခဏ တစ်ခုတစ်ခုမှာ စိတ်စေတသိက် အလုံး (၂၀)စီ ရှိနေပါတယ်။
ဒီအဝိဇ္ဇာဦးဆောင်နေတဲ့ ကိလေသဝဋ်ကြောင့် အထက်ကပြောခဲ့တဲ့ ဝိပဿနာဘာဝနာကံဆိုတဲ့ သင်္ခါရ, ကံအုပ်စု ဖြစ်ပေါ်ပုံကို ဉာဏ်နှင့်မြင် အောင် ကြည့်ပြီးတော့ -
အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏။ အဝိဇ္ဇာကအကြောင်းတရား သင်္ခါရက အကျိုးတရား၊ ဒီလို အကြောင်းအကျိုးကို သိမ်းဆည်းရပါတယ်။ အလားတူပဲ သင်္ခါရဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်ပုံ, ပဋိသန္ဓေ ဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေနာမ်ရုပ်ဖြစ်ပုံ, ပဋိသန္ဓေနာမ်ရုပ် ဖြစ်ခြင်း ကြောင့် သဠာယတနဖြစ်ပုံ, သဠာယတနဖြစ်ခြင်းကြောင့် ဖဿဖြစ်ပုံ, ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်ပုံ, ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်ပုံ, တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်ပုံ = အနာဂတ်ဘဝကို တွယ်တာမှု တဏှာနှင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်ပုံ, ဥပါဒါန်ဖြစ်ခြင်းကြောင့် ကမ္မဘဝဆိုတဲ့ အာဟာရ လေးပါး ဖြစ်ပုံအထိ အကြောင်းအကျိုးစပ်ကာ အကြောင်းတရား အကျိုး တရားတို့ကို သိမ်းဆည်းပါ။
ဒီအာဟာရလေးပါးဆိုတာက ဟိုရှေးပိုင်းက ပြောခဲ့တဲ့ အနာဂတ် ဘဝ တစ်ခုခုကို ရည်ရွယ်မှန်းထားပြီးတော့ ပြုစုပျိုးထောင်နေတဲ့ ကမ္မဝဋ်တရားစု တွေ ဖြစ်ကြပါတယ်။ ဒီကမ္မဝဋ်တရားတွေကို သိမ်းဆည်းပြီးတဲ့အခါ ဒီကမ္မဝဋ် = ကမ္မဘဝဖြစ်ခြင်းကြောင့် အနာဂတ်ဇာတိ = ဥပပတ္တိဘဝ ဖြစ်ပုံကိုမြင်အောင် ဆက်လက်သိမ်းဆည်းရပါတယ်။
ကမ္မဘဝကြောင့် ဇာတိဖြစ်ပုံကို သိမ်းဆည်းမိတဲ့အခါ ဒီအနာဂတ်ဇာတိ ကြောင့် အနာဂတ်မှာ ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့ ဖြစ်ပုံတွေကို ဆက်လက်သိမ်းဆည်းရပါတယ်။
အဘိညာဏ်နှင့်ဝိပဿနာ
၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဖြင့် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ရှုလို့ရနိုင်တယ်ဟူသော စကားရပ်,
၂။ ဒိဗ္ဗစက္ခု အဘိညာဏ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အနာဂတံသ ဉာဏ်ဖြင့်လည်း အနာဂတ်ခန္ဓာတို့ကို ရှုလို့ရနိုင်တယ်ဟူသော စကားရပ်,
ဒီစကားရပ်တွေနှင့် ပတ်သက်လို့တော့ လွယ်လွယ်ကူကူနဲ့ပဲ လက်ခံကြ ပါတယ်။ ဒါပေမဲ့ ဝိပဿနာဉာဏ်နှင့် အတိတ်ခန္ဓာ, အနာဂတ်ခန္ဓာတို့ကို ရှုလို့ရပါတယ် ဆိုလျှင်တော့ လက်ခံဖို့ရန် ဝန်လေးနေတတ်ကြပါတယ်၊ အလွယ်တကူနှင့် လက်မခံလို ဖြစ်နေတတ်ကြပါတယ်။ အားရပါးရ လက်မခံ လိုကြဘူး။ ပြုံးစိစိလုပ်ကာ မယုံသင်္ကာ မျက်လုံးတွေနှင့် ကြည့်နေတတ်ကြ တယ်။
ဘုန်းကြီးလည်း မယုံကြည်တဲ့အသွင်ကို ဆောင်နေတဲ့ မျက်လုံးတွေကို ယုံကြည်တဲ့အသွင်ကို ဆောင်လာအောင် ပြောပြချင်ပါတယ်။ ဘယ်လို ပြောမ လဲ? သမ္မာသမ္ဗုဒ္ဓဘာသိတအစစ် ဖြစ်တော်မူတဲ့ ဘုရားဟော ဒေသနာတော် တွေကိုပဲ ကိုးကားပြီးတော့ ပြောရမှာပဲ။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခဇ္ဇနိယသုတ္တန်မှာ ဘုရားရှင်က ဒီလို ဟောကြားထားတော်မူပါတယ်။
ခဇ္ဇနိယသုတ္တန်ကောက်နုတ်ချက်
ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ၊ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။ (သံ၊၂၊၇၁။)
ရဟန်းတို့ ... အချို့သော သမဏတို့သည်လည်းကောင်း, အချို့သော ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှတဲ့ ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့ကြမည်ဆိုလျှင် အစဉ် လျှောက်ပြီးတော့ အောက်မေ့နိုင်ကြတယ်။ ဒီလို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတဲ့ သမဏဗြာဟ္မဏ အားလုံးတို့ဟာ ဥပါဒါနက္ခန္ဓာ ငါးပါးကို သော်လည်းကောင်း ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် ဥပါဒါနက္ခန္ဓာ တစ်ပါးပါး ကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတယ်။
ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ ဒါပေမဲ့ တရားနာ ပရိသတ်တွေကတော့ ဒီလောက်ကြားရရုံနှင့်တော့ သိပ်ကျေနပ်ချင်မှ ကျေနပ် မယ်။ ဒါကြောင့် အဋ္ဌကထာက ဘယ်လို ဖွင့်ဆိုထားတယ်ဆိုတာကို ဆက်လက်ပြီးတော့ နာကြားကြည့်ကြရအောင် -
ပုဗ္ဗေနိဝါသန္တိ ဣဒံ န အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ၊ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။ တေနေဝါဟ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရန္တိ။ အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ။ ရူပံယေဝ အနုဿရတီတိ ဧဝံ ဟိ အနုဿရန္တော န အညံ ကိဉ္စိ သတ္တံ ဝါ ပုဂ္ဂလံ ဝါ အနုဿရတိ၊ အတီတေ ပန နိရုဒ္ဓံ ရူပက္ခန္ဓမေဝ အနုဿရတိ။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၂၊၂၆၆။)
ဒီအဋ္ဌကထာရဲ့ ဆိုလိုရင်းကို နည်းနည်းတော့ ရှင်းပြမယ်။ ဘုရားရှင်က ပုဗ္ဗေနိဝါသ = ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ သမဏဗြာဟ္မဏ အချို့တို့က အောက်မေ့နိုင်ကြောင်းကို ဟောကြားထားတော် မူတယ်။ ဒီလို ဟောကြားထားတော်မူရာမှာ ပုဗ္ဗေနိဝါသ = ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်း ဆိုတာကတော့ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူကာ ဟောကြားထားတာတော့ မဟုတ်ပါဘူး။ ဝိပဿနာ ဉာဏ်စွမ်းဉာဏ်စဖြင့် ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ခြင်းကိုသာ ရည်ရွယ်တော်မူကာ ဘုရားရှင်က ဟောကြားသွား တော်မူခြင်း ဖြစ်ပါတယ်။ ဒီလို ဝိပဿနာဉာဏ်နှင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်တဲ့ သမဏဗြာဟ္မဏတွေကိုသာ ရည်ရွယ်တော်မူကာ ဒီပုဗ္ဗေနိဝါသံစတဲ့ စကားရပ်ကို ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်ရသလဲ?
ဘုရားရှင်က -
သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။
ဒီလို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတဲ့ သမဏ ဗြာဟ္မဏ အားလုံးတို့ဟာ ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုသော်လည်း ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတယ်။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်း ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြ တယ်။ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဘာကို ပြောချင်နေတာလဲ?
ပြောချင်တဲ့ အချက်ကတော့ - ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်နှင့် အောက်မေ့တဲ့အပိုင်းမှာ ဒီအဘိညာဏ်က -
၁။ လောကုတ္တရာတရားများပါဝင်တဲ့ ခန္ဓာငါးပါး,
၂။ လောကုတ္တရာတရားများမပါဝင်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး,
၃။ ခန္ဓာနှင့် ဆက်စပ်နေတဲ့ အမျိုးအနွယ်, ရုပ်အဆင်း, အစာအာဟာရ, သုခဒုက္ခစသည်,
၄။ အမည်နာမပညတ် အမျိုးမျိုး,
ဒီလေးမျိုးလုံးကို အစဉ်လျှောက်ကာ အောက်မေ့လို့ရတယ်။ ဝိပဿနာ ဉာဏ်ကတော့ ဒီလေးမျိုးလုံးကို အားလုံး မရှုနိုင်ဘူး။ နံပါတ်နှစ်ဖြစ်တဲ့ အတိတ် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသာ ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင် တယ်၊ ရှုပွားလို့ ရနိုင်တယ်။ ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်ကို လှမ်းရှုလို့ တော့ မရနိုင်ဘူး။ ဒါကြောင့် ဒီသုတ္တန်မှာ အတိတ်က ချုပ်ဆုံးခဲ့ပြီးတဲ့ ဥပါဒါနက္ခန္ဓာတွေကို ရှုလို့ ရနိုင်ကြောင်း ဟောကြားတော်မူချက်ဟာ ဝိပဿနာဉာဏ် ကိုသာ ရည်ရွယ်တော်မူပြီးတော့ ဟောကြားတော်မူတယ်လို့ သိနိုင်ပါတယ်။ ဒီရှင်းလင်းချက်ကတော့ အထက်ပါ အဋ္ဌကထာရဲ့ ဆိုလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ဝိပဿနာဉာဏ်နှင့်လည်း အတိတ်ခန္ဓာတွေကို ရှုလို့ရတယ်။ အတိတ်ခန္ဓာတွင် အကျုံးဝင်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေ ကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါးတွင် အကျုံးဝင်နေတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ ထင်ရှားဖြစ်ပုံကို ရှုလျှင်လည်း ဝိပဿနာ ဉာဏ်က ရှုလို့ရပါတယ်။ အလားတူပဲ ပစ္စုပ္ပန် ခန္ဓာငါးပါးတို့တွင် အကျုံးဝင်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် အနာဂတ် ခန္ဓာငါးပါးတို့တွင် အကျုံးဝင်တဲ့ ဇာတိအမည်ရတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ ထင်ရှားဖြစ်ပုံကို ရှုလျှင်လည်း ဝိပဿနာဉာဏ်က ရှုလို့ရပါတယ်။ ဒီလို ရှုရတဲ့ ထုံးဟောင်းဥပဒေသနှင့် ဆက်စပ်နေတဲ့ သုသိမသုတ္တန်ကို အကျဉ်းချုပ်ပြီးတော့ ပြောဦးမယ်။
သုသိမရဟန်းတော်
နိဒါနဝဂ္ဂသံယုတ်ပါဠိတော် (သံ၊၁၊၃၄၀-၃၄၈။)မှာ သုသိမသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု လာရှိပါတယ်။ အဲဒီ သုတ္တန်ရဲ့ လိုရင်းကို ပြောကြရအောင်-
သုသိမဆိုတဲ့ ပရိဗိုဇ်တစ်ဦးဟာ တရားခိုးရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသာနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဘုရားရှင်ကလည်း ရက်အနည်းငယ် အတွင်းမှာပဲ ရဟန္တာဖြစ်လိမ့်မယ်ဆိုတာ ကို သိရှိတော်မူတဲ့အတွက် ခွင့်ပြုထားတော်မူပါတယ်။ ရဟန်းသစ်ဖြစ်တဲ့ အရှင်သုသိမက ရဟန္တာဖြစ်တော်မူတဲ့ မထေရ်ကြီးတွေထံ ချဉ်းကပ်ပြီးတော့ ရဟန္တာဖြစ်တယ်လို့ ဝန်ခံတော်မူကြတဲ့ အရှင်ဘုရားတို့ဟာ စျာန်သမာပတ် ရှစ်ပါးကို ရရှိတော်မူကြပါသလား? လောကီအဘိညာဏ်တွေကို ရရှိကြပါသ လား? ဒီလို မေးခွန်းတွေ မေးကြည့်တယ်။ ရဟန္တာ မထေရ်ကြီးတွေကလည်း စျာန်အဘိညာဏ်တွေကို မရရှိကြောင်း အဖြေပေးတော်မူကြပါတယ်။ သူတို့ ဟာ ဝိပဿနာပညာစခန်း သက်သက်ဖြင့်သာ ကိလေသာတို့မှ လွတ်မြောက် သွားကြတယ်၊ သစ္စာလေးပါးကို ထိုးထွင်းသိကြတယ်လို့ အဖြေပေးတော်မူ ကြပါတယ်။ အရှင်သုသိမက နားမလည်နိုင် ဖြစ်နေတဲ့အတွက် ဘုရားရှင်ထံသို့ ချဉ်းကပ်ကာ သူနားမလည်တဲ့ အကြောင်းအရာတွေကို တင်ပြလျှောက်ထားပါ တယ်။ ဒီအခါမှာ ဘုရားရှင်က -
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)
= သုသိမ ... သင်္ခါရတရားတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာ၌ တည်တဲ့ ဓမ္မဋ္ဌိတိဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်က ရှေးကဖြစ်တယ်၊ နိဗ္ဗာန် တရားတော်မြတ်၌ အာရုံပြုသောအားဖြင့် ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ်က နောက်ကာလ၌ ဖြစ်တယ်။
ဒီလို ရှင်းပြတော်မူပါတယ်။ ဆိုလိုတာကတော့ နိဗ္ဗာန်ကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ်ဆိုတာက စျာန်အဘိညာဏ်တွေရဲ့ အကျိုး ဆက်မဟုတ်ဘူး၊ စျာန်အဘိညာဏ်တွေကြောင့် ဖြစ်ပေါ်လာရတဲ့တရား မဟုတ်ဘူး။ ဝိပဿနာဉာဏ်ရဲ့ အကျိုးဆက်သာဖြစ်တယ်။ ဝိပဿနာဉာဏ် ကြောင့်သာ ဝိပဿနာဉာဏ်ရဲ့ အဆုံးမှာ ဖြစ်ပေါ်လာရတဲ့ အကျိုးတရားဖြစ် တယ်လို့ ဒီလို ရှင်းပြတော်မူခြင်း ဖြစ်ပါတယ်။
ဒီလို ရှင်းပြပြီးတဲ့နောက်မှာ ဘုရားရှင်က အနတ္တလက္ခဏသုတ္တန် စသည် တို့မှာ ဟောကြားတော်မူတဲ့ ပုံစံအတိုင်းပဲ ခန္ဓာငါးပါးကို အနိစ္စတစ်ကျော့, ဒုက္ခတစ်ကျော့, အနတ္တတစ်ကျော့, ဒီလို အမေးအဖြေပြုလုပ်ကာ တေပရိဝဋ္ဋ ဓမ္မဒေသနာကို ဟောကြားပြသပေးတော်မူပြီးနောက် -
အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ ဒူရ, သန္တိကဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် ညွှန်ကြားပေးတော်မူပါတယ်။ (သံ၊၁၊၃၄၄-၃၄၅။)
ဘုရားရှင်က ဝိပဿနာရှုကွက် ဒီလို သင်ပြပေးတော်မူလိုက်တဲ့အခါ အရှင်သုသိမ မထေရ်မြတ်ကလည်း ဒေသနာတော်ရဲ့နောက်သို့ ဉာဏ်ကို စေလွှတ်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူနိုင်တဲ့အတွက် ကြောင့် ဒေသနာတော်နိဂုံး ပြီးဆုံးလတ်သောအခါ ဘာဖြစ်သွားသလဲ?
တေပရိဝဋ္ဋဒေသနာဝသာနေ ပန ထေရော အရဟတ္တံ ပတ္တော။ (သံ၊ဋ္ဌ၊၂၊၁၁၇။)
= တေပရိဝဋ္ဋဒေသနာတော်ရဲ့ အဆုံးမှာ အရှင်သုသိမ မထေရ်ဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပါတယ်။ (သံ၊ဋ္ဌ၊၂၊၁၁၇။)
ဒီလို အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပြီးတဲ့ အချိန်အခါမှာ ဘုရားရှင်က -
ဇာတိကြောင့် ဇရာမရဏဖြစ်ပုံ, ကမ္မဘဝကြောင့် ဇာတိဖြစ်ပုံ, ဥပါဒါန် ကြောင့် ဘဝဖြစ်ပုံ, တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ, ဝေဒနာကြောင့် တဏှာဖြစ်ပုံ, ဖဿကြောင့် ဝေဒနာဖြစ်ပုံ, သဠာယတနကြောင့် ဖဿဖြစ်ပုံ, နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ, ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ် ဖြစ်ပုံ, အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ရဲ့ ဖြစ်စဉ်တွေကို သင်ဟာ သိမြင်ပါသလားလို့ မေးကြည့်တော်မူတယ်။
ဒီလို မေးတော်မူလိုက်တဲ့အခါမှာ အရှင်သုသိမကလည်း သိမြင်ပါ ကြောင်းကို ပြန်လည်ပြီးတော့ တင်ပြလျှောက်ထားတယ်။ တစ်ဖန် ဘုရားရှင်က ထပ်ပြီး မေးတော်မူပြန်တယ်။ ဘယ်လို မေးတော်မူသလဲ?
ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏချုပ်ပုံ, ကမ္မဘဝချုပ်ခြင်းကြောင့် ဇာတိချုပ်ပုံ, ဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်ပုံ, တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်ပုံ, ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်ပုံ, ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်ပုံ, သဠာယတနချုပ်ခြင်းကြောင့် ဖဿချုပ်ပုံ, နာမ်ရုပ်ချုပ်ခြင်း ကြောင့် သဠာယတနချုပ်ပုံ, ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်ပုံ, သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်ပုံ, အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ရဲ့ ချုပ်စဉ်ကိုရော သင်ဟာ သိမြင်ပါသလားလို့ ဒီလို မေးကြည့်တော်မူပြန်တယ်။
ဒီအခါမှာလည်း အရှင်သုသိမက သိမြင်ပါကြောင်းကို ဝန်ခံလျှောက်ထား တော်မူပြန်တယ်။
အဲဒီအခါမှာ ဘုရားရှင်က ထပ်ပြီးတော့ မေးတော်မူပြန်တယ်။ ဒီလိုသိတဲ့ ဒီလိုမြင်တဲ့ သင်ဟာ စျာန်အဘိညာဏ်တွေကို ရရှိပါသလားဆိုပြီး စျာန် ဝိမောက္ခတွေ အဘိညာဏ်တွေကို တစ်ခုပြီးတစ်ခု မေးမြန်းတော်မူပါတယ်။ ဒီအခါမှာလည်း အရှင်သုသိမက မေးတိုင်းမေးတိုင်း စျာန်အဘိညာဏ်တွေကို မရပါကြောင်းကို တင်ပြလျှောက်ထားတော်မူပါတယ်။
ဒီအခါမှာ အရှင်သုသိမက အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဆိုတဲ့ (၁၁)မျိုးသော အခြင်း အရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုရော, ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ရဲ့ ဖြစ်စဉ်ကိုရော ချုပ်စဉ်ကိုရော, စျာန်အဘိညာဏ်မပါဘဲ ဝိပဿနာဉာဏ် သက်သက်ဖြင့် အရဟတ္တဖိုလ် ဆိုက်တဲ့အထိ ရှုလို့ရတယ်ဆိုတာကို သဘောပေါက်သွားတော်မူပါတယ်။ ကိုယ်တိုင်သိသွားပါတယ်။
ဒီအခါမှာ တရားခိုးရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာမိတဲ့ မိမိရဲ့ မိုက်ပြစ်ကို ခွင့်လွှတ်တော်မူပါရန် ဘုရားရှင်အား လျှောက်ထား တောင်းပန်တော်မူပါတယ်။ (သံ၊၁၊၃၄၇။)
ကဲတရားနာပရိသတ်တွေကိုလည်း ဘုန်းကြီးက မေးချင်သေးတယ်။ အရှင်သုသိမ မထေရ်မြတ်ကြီး ယုံကြည်ချက် ရရှိသလို တရားနာပရိသတ်တွေ လည်း ယုံကြည်ချက်ရရှိအောင် ကြိုးစားနိုင်ကြပါ့မလား? ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။ သာသနာတော်နှင့် တွေ့ကြုံခိုက်မှာ အာဠာရ, ဥဒကရသေ့ ကြီးတို့လို အရှုံးကြီးရှုံးတဲ့သူတွေ မဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်း လိုက်ပါတယ်။
သမုဒယဓမ္မာနုပဿီပိုင်းအဆက်
ညတုန်းက ဘုန်းကြီး ဘယ်အပိုင်းအထိ ပြောခဲ့သလဲလို့ မေးလျှင်တော့ သတိပဋ္ဌာန်ဒေသနာတော်မှာ အာနာပါနကျင့်စဉ်နှင့် ပတ်သက်လို့ ဝိပဿနာ ပိုင်းမှာ ပထမဆင့်အနေအထားဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းပုံအပိုင်းကိုလည်း ပြောခဲ့ပြီးပြီ။ ဒုတိယအဆင့် အနေအားဖြင့် သမုဒယဓမ္မာနုပဿီ, ဝယဓမ္မာနုပဿီ, သမုဒယဝယဓမ္မာနုပဿီလို့ ခေါ်ဆိုအပ်တဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့လျှင် အကျိုး တရားတွေ ထင်ရှားဖြစ်ပုံ, အကြောင်းတရားတွေ ချုပ်ငြိမ်းလျှင် အကျိုးတရား တွေ ချုပ်ငြိမ်းပုံအပိုင်းကို မြတ်စွာဘုရား ဟောထားတော်မူပါတယ်ဆိုတဲ့ အကြောင်းအရာ, အကြောင်း-အကျိုးတရားအားလုံးတို့ရဲ့ ဖြစ်မှု-ပျက်မှုကို လည်း မြင်အောင်ရှုဖို့ မြတ်စွာဘုရား ဟောထားတော်မူပါတယ် ဆိုတဲ့ အကြောင်းအရာ၊ အဲဒီအပိုင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ညက ပြောခဲ့ပြီး ပါပြီ။
ဒီအစိတ်အပိုင်းထဲမှာ ညတုန်းက ပြောခဲ့တာကတော့ အကြောင်းတရား တွေ ထင်ရှားဖြစ်ခဲ့လျှင် အကျိုးတရား ထင်ရှားဖြစ်ပုံအပိုင်းနှင့် ပတ်သက်ပြီး အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေ ကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ ပဋိသန္ဓေအခိုက် ခန္ဓာငါးပါး ရုပ်တရားနာမ်တရား ထင်ရှားဖြစ်ပေါ်ပုံ အပိုင်းကို မြင်အောင် ရှုဖို့ရန်အတွက် ညက စကားနိဒါန်းပျိုး ပြီး ပြောခဲ့ပါတယ်။ အဲဒီအပိုင်းမှာ ညက ယောဂီတစ်ဦးကို ပုံစံတစ်ခုအနေ အားဖြင့် ထုတ်ပြီး ပြောထားတယ်။ ပြောထားခဲ့တော့ ဒီသမုဒယဓမ္မာနုပဿီ အပိုင်းကို မြတ်စွာဘုရားက ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်လို့ခေါ်တဲ့ ဉာဏ်သုံးမျိုးကို စုပေါင်းပြီး ဟောထားတဲ့ အပိုင်းဖြစ်ခြင်း ကြောင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှား ဖြစ်ပေါ်ပုံကို မြင်အောင်ရှုတဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်ဘက်က နံပါတ်တစ် အနေအားဖြင့် အကြောင်းတရားနှင့် အကျိုးတရားကို သိမ်းဆည်းဖို့ လိုပါ တယ်။
ညကပြောခဲ့တဲ့ ယောဂီအနေအားဖြင့် ပြန်ပြီး နည်းနည်းလေး နွှေးကြည့် ကြရအောင်၊ သူက ဘာဆုတောင်းသလဲ? လူဖြစ်ဖို့ရန်အတွက် ဆုတောင်း တယ်။ ရဟန်းဖြစ်ပါရစေ, လူဖြစ်ပါရစေ၊ ဒီလို ဆုတောင်းတယ်။ ပရမတ္ထသစ္စာ နယ်ဘက်က ပြောတော့ လူဆိုတဲ့ပုဂ္ဂိုလ် သို့မဟုတ် ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်ကို ဓာတ်ခွဲကြည့်လိုက်လို့ရှိလျှင် ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံပဲ တွေ့တယ်။ ဒီရုပ်တရားနာမ်တရားတွေသည် ဘယ်လိုသဘောရှိသလဲလို့မေး လျှင် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားတယ်။ ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက လူပဲ, ဒါက ဘုန်းကြီးပဲ - စသည်ဖြင့် ပြောပြလောက်အောင် အချိန် ကြာကြာ တည်တံ့နေတဲ့သဘော ရှိသလား? မရှိဘူး။ မရှိတဲ့အတွက် ရဟန်းလို့ အသိမှားနေတဲ့, လူလို့ အသိမှားနေတဲ့သဘောက ဘာလဲ? အဝိဇ္ဇာ။
ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)
= ပရမတ္ထအားဖြင့် ထင်ရှားမရှိတဲ့ မိန်းမယောက်ျားစတဲ့ အာရုံတွေမှာ မိန်းမပဲ, ယောက်ျားပဲ စသည်ဖြင့် အသိမှားမှုတွေ ဖြစ်နေတယ်။ ဒီမိန်းမ ယောက်ျားစတဲ့ သတ္တဝါတွေရဲ့ သန္တာန်မှာ တည်ရှိတဲ့ ခန္ဓာငါးပါး = ရုပ်နာမ် တရား စသည်တွေကိုတော့ မသိဖြစ်နေတယ်။ ဒီလို အမှားကိုသာ သိပြီးတော့ အမှန်ကို မသိတဲ့သဘောက အဝိဇ္ဇာ ဖြစ်တယ်။
ထိုရဟန်းဘဝ, လူ့ဘဝကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ၊ စိတ်ကပ်ရောက်စွဲလမ်းနေတဲ့သဘောက ဥပါဒါန်၊ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် တို့ ခြံရံပြီးတော့ သင်္ခါရ, ကံအမျိုးမျိုးကို ထူထောင်ခဲ့တယ်။ သို့သော် လက်ရှိ ပဋိသန္ဓေ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းကံကတော့ ဝိပဿနာ ကံ ဖြစ်တဲ့အကြောင်း ညက ပြောခဲ့တယ်။ ဒီတော့ ဒီဝိပဿနာကံကို ခြံရံ ထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်အုပ်စုက စိတ်စေတသိက် အလုံးနှစ်ဆယ် အနေနဲ့ ဖြစ်ပါတယ်။ ဝီထိစဉ်အားဖြင့် မနောဒွါရိကဇောဝီထိ ဖြစ်တယ်။
စက္ခုဒွါရဝီထိ အစရှိတဲ့ အရောင်ကိုသိတဲ့ စိတ်စေတသိက်၊ အသံကိုသိတဲ့ စိတ်စေတသိက်၊ အနံ့ကိုသိတဲ့ စိတ်စေတသိက်၊ အရသာကိုသိတဲ့ စိတ် စေတသိက်၊ အတွေ့အထိကိုသိတဲ့ စိတ်စေတသိက်ဆိုတဲ့ ဒီပဉ္စဒွါရဝီထိ စိတ် စေတသိက်တွေမှာ တည်ရှိနေတဲ့ ကုသိုလ်ဇောတွေ, အကုသိုလ်ဇောတွေက ယခုလို ပဋိသန္ဓေစတဲ့အကျိုးကို ဖြစ်စေနိုင်တဲ့စွမ်းအားတော့ မရှိဘူး။ ဘဝ တစ်ခုမှာ ပဋိသန္ဓေနှင့် စုတိ အကြားကာလကို ပဝတ္တိလို့ ခေါ်ဆိုပါတယ်။ ဒီပဝတ္တိအခါမှာ ဖြစ်ပေါ်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုတော့ ပဝတ္တိအကျိုး လို့ ခေါ်ဆိုပါတယ်။ ပဉ္စဒွါရဝီထိတွေမှာ ပါဝင်တဲ့ ပဉ္စဒွါရိက ကုသိုလ်ဇော, အကုသိုလ်ဇောတွေဟာ ပဝတ္တိခေါ်တဲ့ အကျိုးတရားလောက်တော့ ရံဖန်ရံခါ ဖြစ်ပေါ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။
ဒီတော့ ဒီပဋိသန္ဓေအကျိုးကို ပေးနေတဲ့ ဇောဝီထိ စိတ်အစဉ်တွေက မနောဒွါရိက ဇောဝီထိလို့ခေါ်တဲ့ စိတ်အစဉ် ဖြစ်ပါတယ်။ ထိုယောဂီအတွက် ကို ပုံစံထုတ်ပြောလိုက်လျှင်တော့ သူက မနောဒွါရာဝဇ္ဇန်းက တစ်ကြိမ်၊ ဇော က ခုနစ်ကြိမ်ဖြစ်ခဲ့တော့ ထိုဇောတွေရဲ့ စိတ္တက္ခဏ တစ်ခုတစ်ခုမှာ လောဘ ဒိဋ္ဌိအုပ်စု အလုံးနှစ်ဆယ်စီ ရှိပါတယ်။ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်ကို သိမ်းဆည်းတဲ့အပိုင်းမှာ ထိုစိတ်စေတသိက် အလုံးနှစ်ဆယ်ကို စနစ်တကျမြင်အောင် သိမ်းဆည်းတတ်ဖို့ လိုတယ်။
ဘာကြောင့် သိမ်းဆည်းရသလဲလို့မေးတော့ ပရမတ္ထဓာတ်သားတွေက တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိကြဘူး။ အုပ်စုအလိုက်သာ ဖြစ်နိုင်တဲ့ စွမ်းအား ရှိခြင်းကြောင့် ထိုအုပ်စုကိုမြင်အောင် ကြည့်နိုင်မှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါတယ်။ အုပ်စုကိုလည်း မြင်ရမယ်၊ အုပ်စုတစ်ခုတစ်ခု အတွင်းမှာ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ စသည်ဖြင့် ခွဲခြားစိတ်ဖြာသိဖို့လည်း လိုအပ်ပါတယ်။ ဖဿက ဘာလုပ်ငန်းကိစ္စလုပ်တာ, ဝေဒနာက ဘာလုပ်ငန်းကိစ္စလုပ်တာ စသည်ဖြင့် လုပ်ငန်းကိစ္စလေးတွေကို ခွဲခြမ်းစိတ်ဖြာပြီး သိဖို့လည်းလိုတယ်။
ဒီလိုသိတဲ့ လုပ်ငန်းကိုတော့ ဃနခေါ်တဲ့ အတုံးအခဲတွေကို ဖြိုခွဲဖျက်ဆီး ခြင်းလို့ ခေါ်ဆိုပါတယ်။ ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတွေကို ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ပရမတ်ကို ဉာဏ်အမြင်ဆိုက်တယ်။ ပရမတ်တရားကို ဉာဏ်အမြင်ဆိုက်ပါမှ ပရမတ်တရားတစ်ခုနှင့် ပရမတ်တရားတစ်ခုတို့ရဲ့ ကြောင်း-ကျိုးဆက်နွယ်နေတဲ့ သဘောကို ဉာဏ်ပညာမျက်စိနှင့်မြင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်အုပ်စုမှာ စိတ်စေတသိက်က အလုံးနှစ်ဆယ် ရှိနေတယ်။
ကုသိုလ်သင်္ခါရ အမည်ရတဲ့ ဝိပဿနာဇောဝီထိ စိတ်အစဉ်ကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ သူက ရုပ်တရားနာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုနေတဲ့ လုပ်ငန်းခွင် ဖြစ်တယ်။ ရုပ်နာမ်ပရမတ္ထ ဓာတ်သားတို့ရဲ့ အနိစ္စအချက် သို့မဟုတ် ဒုက္ခ အချက် သို့မဟုတ် အနတ္တအချက်ကို ထိုးထွင်းသိနေတဲ့ ဝိပဿနာဇောတွေမှာ ယေဘုယျအားဖြင့် ဉာဏ်လည်းယှဉ်လို့၊ ပီတိလည်းယှဉ်မယ်၊ ဝမ်းမြောက် ဝမ်းသာဖြင့် ရှုပွားသုံးသပ်နေခဲ့မယ်ဆိုလျှင် စိတ်စေတသိက် (၃၄)လုံးအထိ ရှိပါတယ်။ ထိုယောဂီရဲ့ ဝိပဿနာဇော စိတ္တက္ခဏတွေမှာလည်း စိတ်စေတသိက် = နာမ်တရား (၃၄)လုံးပဲ ရှိနေပါတယ်။ ထိုစိတ်စေတသိက် (၃၄)လုံးကို သင်္ခါရလို့ ခေါ်တယ်။
ဘာကြောင့် သင်္ခါရလို့ ခေါ်ရသလဲမေးလျှင် သေခါနီးကာလမှာ သူရဲ့ ဒီဝိပဿနာကုသိုလ်ဇော စိတ်အစဉ်တွေက တခြားတခြားကံတွေကို တွန်းဖယ် ထားနိုင်တဲ့စွမ်းအား ရှိနေတယ်။ ဝိပဿနာကံတွေက ရှေ့တန်းမှာ ပေါ်လာ တယ်။ တခြားတခြားကံတွေ ထင်ရှားရှိနေပေမယ်လို့ ဒီကံက ရှေ့တန်းက မျက်နှာမူနေတယ်။ အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာတယ်။ ဘာဖြစ်လို့ သင့်ရသလဲလို့ မေးလျှင်တော့ တခြားတခြား ကံတွေက ဒီကံလောက် စွမ်းအင် မကြီးမားဘူး၊ သူက စွမ်းအင်အကြီးမားဆုံး ဖြစ်နေတယ်။ စွမ်းအင်အကြီးမား ဆုံး ဖြစ်နေတဲ့အတွက် ဒီလို ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေက နေပြီးတော့ ဘဝတစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိခြင်းကြောင့် ဒီလို ကုသိုလ်တရားမျိုးကိုတော့ သင်္ခါရလို့ ခေါ်ပါတယ်။
သင်္ခါရဆိုတာက ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ တရားအုပ်စုကို သင်္ခါရလို့ခေါ်တယ်။ ဒါပေမဲ့ ဒီသင်္ခါရတရားတွေသည် ဖြစ်ပြီး တာနဲ့ ပျက်သွားတယ်။ ဖြစ်ပြီးပျက်ပေမယ်လို့ နောင်တစ်ချိန်မှာ သူမျှော်လင့် တောင့်တနေတဲ့ လူဘဝ, ရဟန်းဘဝဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွား တယ်။ ဒီစွမ်းအင်ကမ္မသတ္တိကိုတော့ ဘုန်းကြီးတို့ ပဋ္ဌာန်းဒေသနာတော် ကမ္မ ပစ္စည်းပိုင်းမှာ မြတ်စွာဘုရားက နာနာက္ခဏိကကံဆိုတဲ့ အနေနဲ့ ဟောထား ပါတယ်။ ကမ္ဘာတစ်သိန်းကတည်းက ပြုခဲ့တဲ့ကံသော်လည်း ဖြစ်ချင်ဖြစ်ပါစေ၊ လွန်ခဲ့သော အတိတ်ဘဝက ပြုခဲ့တဲ့ကံသော်လည်း ဖြစ်ချင်ဖြစ်ပါစေ၊ ရင့်ကျက် လာလို့ အကျိုးပေးတော့မယ် ဆိုလို့ရှိလျှင် အခုလို သေခါနီးကာလ မရဏာသန္နဇော အချိန်အခါမှာ ဒီအာရုံတွေက ထင်လာမြဲဓမ္မတာ ဖြစ်တယ်။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)
ဒီယောဂီသူတော်ကောင်းဘက်က ကြည့်လိုက်တော့ ကံအာရုံထင်နေ တယ်။ ကံအာရုံ ထင်တယ်ဆိုတာက အသစ်တစ်ဖန် ကံကို ထပ်ပြုနေတဲ့ အနေအားဖြင့် ဝိပဿနာကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေကို ပြန်ပြီး အာရုံ ပြုနေတယ်။ ဒီဝိပဿနာ ကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေက ဘာအာရုံကို ယူပြီး ဖြစ်ပေါ်သလဲလို့မေးတော့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို အာရုံယူပြီး ဖြစ်ပေါ်လာတဲ့ ထိုးထွင်းသိနေ တဲ့ ကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေ ဖြစ်တယ်။ ထိုကုသိုလ်ဇောဝီထိ စိတ် အစဉ်တို့ရဲ့ အာရုံကလည်း ရုပ်နာမ်ဓမ္မ သင်္ခါရတရားအာရုံတွေ ဖြစ်ပါတယ်။ အဲဒီ သင်္ခါရအာရုံတွေကို အာရုံယူနေတဲ့ ဝိပဿနာ ကုသိုလ်ဇောတွေကို ဒီ ပုဂ္ဂိုလ်ရဲ့ မရဏာသန္နဇောက အာရုံပြုကာ စောသွားတဲ့အတွက် ဒီဝိပဿနာ ကံကနေ ဒီဘဝကို အကျိုးပေးတာကို သူကိုယ်တိုင် လှမ်းကြည့်တော့ မြင်နေ ပြီတဲ့။
ဝိပဿနာကံအာရုံထင်နိုင်ပုံ ကျမ်းဂန်အဆိုအမိန့်
ဒီနေရာမှာ ဝိပဿနာကံအာရုံဟာ မရဏာသန္နဇောရဲ့ အာရုံဖြစ်နိုင်ပုံ, ပဋိသန္ဓေ, ဘဝင်, စုတိတို့ရဲ့ အာရုံဖြစ်နိုင်ပုံ ကျမ်းဂန်အဆိုအမိန့်များကို ဆက်လက်ပြီးတော့ နာကြားကြရအောင် -
ပဋ္ဌာန်းဒေသနာတော်မှာ ဘုရားရှင်က ဒီလို ဟောထားတော်မူတယ်။
သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၃။)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ -
သေက္ခအရိယာသူတော်ကောင်းတွေ, ပုထုဇန်သူတော်ကောင်းတွေက ကုသိုလ်ကို အနိစ္စလို့, ဒုက္ခလို့, အနတ္တလို့ ဝိပဿနာရှုကြတယ်။ ကုသိုလ်တရား ချုပ်သွားတဲ့အခါ ကုသိုလ်ဇောရဲ့အဆုံးမှာ ဝိပါက်စိတ်က တဒါရုံအဖြစ်နှင့် ဖြစ်ပေါ်လာတယ်တဲ့။
ဒီပါဠိတော်အရ ဝိပဿနာ ကုသိုလ်ဇောနောင်မှာ တဒါရုံကျနိုင်တယ်လို့ သိရတယ်။ သို့သော် နုနယ်နေသေးတဲ့ တရုဏဝိပဿနာ ဇောနောင်မှာသာ ကျနိုင်တယ်လို့ မှတ်ပါ။ ဗလဝဝိပဿနာလို့ ခေါ်ဆိုတဲ့ အားကောင်းတဲ့ လက္ခဏာရမ္မဏိက ဝိပဿနာဇောများရဲ့နောင်မှာ တဒါရုံမကျနိုင်ကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက ဖွင့်ဆိုထားပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)
ဒီနေရာမှာ ပြောလိုတဲ့အချက်ကတော့ ပဋိဋ္ဌာန်းအဋ္ဌကထာရဲ့ အဖွင့် ဖြစ်ပါတယ်။
ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ၊ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ န ကေဝလဉ္စ တဒါရမ္မဏဝသေနေဝ၊ ပဋိသန္ဓိဘဝင်္ဂစုတိဝသေနာပိ။ ဝိပါကော ဟိ ကမ္မံ အာရမ္မဏံ ကတွာ ဂဟိတပဋိသန္ဓိကဿ ကုသလာရမ္မဏော ဟောတိယေဝ၊ သော ပန ဒုဗ္ဗိညေယျတ္တာ ဣဓ န ဒဿိတော။ (အဘိ၊ဋ္ဌ၊၃၊၄၃၆။)
သေက္ခ သို့မဟုတ် ပုထုဇန်ပုဂ္ဂိုလ် တစ်ဦးဦးက သေခါနီးကာလမှာ ကုသိုလ်တရားတွေကို ဝိပဿနာရှုနေတယ်။ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံက ကုသိုလ်တရား ဖြစ်နေတယ်၊ ဘာကုသိုလ်လည်းလို့ မေးစရာရှိတယ်၊ ဒါန ကုသိုလ်လည်း ဖြစ်နိုင်တယ်၊ သီလကုသိုလ်လည်း ဖြစ်နိုင်တယ်။ သမထ ကုသိုလ်လည်း ဖြစ်နိုင်တယ်။ ဝိပဿနာကုသိုလ်လည်း ဖြစ်နိုင်တယ်။ အကယ်၍ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ကုသိုလ်က ဝိပဿနာ ကုသိုလ်ဖြစ်ခဲ့လျှင် ရှုတတ်တဲ့ ဝိပဿနာဉာဏ်ကလည်း ကုသိုလ်ဖြစ်တယ်။ အဲဒီ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဝိပဿနာကုသိုလ်ကို ဝိပဿနာကံ လို့လည်း ခေါ်ဆိုတယ်။
ရှေးရှေးဝိပဿနာ ကုသိုလ်ဇောဝီထိ နာမ်တရားစုကို နောက်နောက် သော ဝိပဿနာကုသိုလ်ဇောဝီထိ နာမ်တရားစုက တစ်ဖန်ပြန်၍ ဝိပဿနာရှု နေခြင်း ဖြစ်တယ်။ မရဏာသန္နဇောကလည်း ရှေးရှေးဝိပဿနာကုသိုလ်ဆိုတဲ့ ဝိပဿနာကုသိုလ်ဇောဝီထိ နာမ်တရားစုကိုပဲ ဝိပဿနာရှုနေတယ် ဆိုကြစို့။ အဲဒီ မရဏာသန္နဇောက ဝိပဿနာဇော ဖြစ်နေတဲ့အတွက် အဲဒီ မရဏာသန္န ဝိပဿနာဇောရဲ့နောင်မှာ တဒါရုံကျခဲ့လျှင် အဲဒီ တဒါရုံကလည်း မရဏာသန္န ဝိပဿနာဇောရဲ့ အာရုံဖြစ်တဲ့ ဝိပဿနာကုသိုလ်ကံ = ဝိပဿနာကံကိုပဲ ဆက်လက်အာရုံပြုတယ်။
တဒါရုံကသာ အဲဒီ ဝိပဿနာကုသိုလ် = ဝိပဿနာကံကို အာရုံပြုတာ မဟုတ်သေးဘူး။ နောက်ထပ် ဘဝသစ်မှာဖြစ်မည့် ပဋိသန္ဓေ, ဘဝင်, စုတိ တို့ကလည်း အဲဒီဘဝဟောင်းက မရဏာသန္နဇော = မရဏာသန္နဝိပဿနာဇောရဲ့ အရှုခံအာရုံဖြစ်တဲ့ ဝိပဿနာကုသိုလ် = ဝိပဿနာကံကိုပဲ ဆက်လက် အာရုံပြုကြပါတယ်။ ဒီလို ဝိပဿနာကုသိုလ်ကံအာရုံကို ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝိပါက်တရားက အာရုံပြုတယ်ဆိုတဲ့ ဒီသဘောတရားဟာ သိနိုင်ခဲသော သဘောရှိတဲ့အတွက်ကြောင့် ဤပဋ္ဌာန်းပါဠိတော် ပဥှာဝါရ အာရမ္မဏပစ္စည်းအရာ၌ ဘုရားရှင်က မညွှန်ပြတော်မူခြင်းပဲ ဖြစ်ပါတယ်။
ဒါကတော့ အထက်ပါ ပဋိဋ္ဌာန်းအဋ္ဌကထာရဲ့ ဆိုလိုရင်း သဘောတရား ဖြစ်ပါတယ်။ ဒီပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့မှာ လာရှိတဲ့အတိုင်းပဲ ဝိပဿနာကံအာရုံဟာလည်း အတိတ်မရဏာသန္နဇောရဲ့ အာရုံနှင့် ပစ္စုပ္ပန် ပဋိသန္ဓေ, ဘဝင်, စုတိတို့ရဲ့ အာရုံဖြစ်နိုင်တယ်လို့ မှတ်သားထားပါ။
စေတနာသုတ္တန်ကောက်နုတ်ချက်
ဒီနေရာမှာ ဝိပဿနာကံတွေကလည်း ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံနှင့် ပတ်သက်၍ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဒေသနာတော်တစ်ခုကို နာကြားကြည့်ကြရအောင်။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ စေတနာသုတ္တန် ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်။ ထိုသုတ္တန်မှာ ဝိပဿနာကံများက ပဋိသန္ဓေ အကျိုးကို ပေးနိုင်ပုံကို ဘုရားရှင်က ဒီလို ဟောကြားထားတော်မူပါတယ်။
နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ၊ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိယာ သတိ အာယတိံ ဇာတိ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (သံ၊၁၊၂၉၅။)
ဒီ ခုရွတ်ပြတဲ့ ပါဠိတော်ရဲ့ ဆိုလိုရင်း အနက်သဘောတရားတွေကို သံယုတ်ဋီကာဆရာတော်က ဒီလို ထပ်မံပြီး ရှင်းပြထားပါတယ်။
ဧတ္ထ စ နော စေ ဘိက္ခဝေ စေတေတိ နော စ ပကပ္ပေတိ၊ အထ ခေါ အနုသေတီတိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တကကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတီတိ ဒဿနတ္ထံ ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ, တဒါ ဝိဇ္ဇမာနတေဘူမကဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)
ဒီပါဠိတော်နှင့် ဋီကာအဖွင့်တို့ရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ -
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်နေတယ်။ ဘဝလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါးတို့ရဲ့ အနိစ္စပြစ်ချက်, ဒုက္ခပြစ်ချက်, အနတ္တပြစ်ချက်, အသုဘပြစ်ချက်တွေကို သူရဲ့ ဝိပဿနာဉာဏ် က ကောင်းကောင်းကြီး မြင်နေတဲ့အတွက် ဒီလို ဝိပဿနာကံတွေကို ထူထောင်နေတဲ့အခါမှာ ဘဝတစ်ခုခုကို မျှော်လင့်တောင့်တချက်လည်း မရှိဘူး၊ ဘဝတစ်ခုခုကို ရည်ရွယ်တောင့်တပြီး ဝိပဿနာကံကို ထူထောင်နေတာ လည်း မဟုတ်ဘူး။ သို့သော် အရိယမဂ်သို့ မဆိုက်ရောက်သေးသဖြင့် အရိယ မဂ်ဖြင့် မပယ်ရှားနိုင်သေးတဲ့အတွက် ဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဦးဆောင်နေတဲ့ အနုသယကိလေသာတွေဟာ အငုတ်ဓာတ်အနေဖြင့် ကိန်းဝပ်လျက်ပင် ရှိနေသေးတယ်။
အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)
အနုသယဓာတ်က ထင်ရှား တည်ရှိနေသေးလျှင် ကမ္မဝိညာဏ်ရဲ့ ဖြစ်ပေါ်လာမှုကို ဘယ်လိုမှ တားမြစ်လို့ မရနိုင်ဘူး။ ဒါကြောင့် အနုသယဓာတ် ထင်ရှားရှိနေခြင်းဟာလည်း သူထူထောင်နေတဲ့ ဝိပဿနာကံတွေက ဘဝသစ် ဆိုတဲ့ အကျိုးခန္ဓာငါးပါးကို ဖြစ်ပေါ်စေဖို့ရန် အကြောင်းတရားပင် ဖြစ်တယ်။ ဒီဝိပဿနာကံဟာ နောင်ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ ကမ္မဝိညာဏ်အဆင့်၌ တည်သွားပြီဆိုလျှင် စည်ပင်ပြန့်ပွားလာပြီဆိုလျှင် တစ်ချိန်မှာ ဒီဝိပဿနာကံက ဘဝသစ်ကို ဖြစ်စေတယ်။ ဘဝသစ်ဖြစ်လာတာနှင့် တစ်ပြိုင်နက် အနာဂတ်မှာ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသဆိုတဲ့ မီးတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် လောင်လာတော့တယ်။ ဒါကတော့ ဒီစေတနာသုတ္တန် ပါဠိတော်ရဲ့ ဆိုလိုရင်းဖြစ်တယ်။
အလားတူပဲ ယောဂီပုဂ္ဂိုလ်တစ်ဦးက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုက်တာ သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်ပြီဆိုကြစို့။ ဒီယောဂီပုဂ္ဂိုလ်က အကယ်၍ မိမိရဲ့ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်ခဲ့မယ်ဆိုလျှင် ဒီသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးခြင်းဆိုတဲ့ လောဘကိလေသာက ဒီ သင်္ခါရုပေက္ခာဉာဏ်ကို နောင်ဘဝသစ်တစ်ခုကို ဖြစ်စေတဲ့ ကမ္မဝိညာဏ် ဖြစ်ရေးအတွက် အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်တယ်။ ဆိုလိုတာကတော့ သင်္ခါရုပေက္ခာဉာဏ်ကို တွယ်တာနှစ်သက်တဲ့ လောဘကိလေသာ အပေါင်းအဖော်ကို ရရှိတဲ့အတွက် ဒီသင်္ခါရုပေက္ခာဉာဏ် က နောင်ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ကံတစ်ခုဖြစ်သွားတယ်။ သင်္ခါရုပေက္ခာဉာဏ်က ဘဝသစ်ကို ဖြစ်စေတတ်တဲ့ ဇနကအကြောင်းတရား ဖြစ်တယ်။ သင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးနေတဲ့ လောဘ ကိလေသာက သင်္ခါရုပေက္ခာဉာဏ်ကို အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်တယ်။ ဒီလိုလည်းပဲ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ-၆၀)နှင့် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)တို့က ဆိုထားကြပါတယ်။
ခုပြောခဲ့တဲ့ ကျမ်းဂန်အဆိုအမိန့်များနှင့် အညီပဲ ဒီယောဂီပုဂ္ဂိုလ်က အတိတ်ဘဝက ဝိပဿနာကံကို ထူထောင်ခဲ့ဖူးတဲ့အတွက် ဒီဝိပဿနာကံက ဒီဘဝ ပဋိသန္ဓေငါးပါး အစရှိတဲ့ ဝိပါက်ခန္ဓာတွေကို ဖြစ်စေတတ်တာကို သူရဲ့ ဝိပဿနာဉာဏ်နှင့် သူကိုယ်တိုင် တွေ့ရှိနေပါတယ်။ စိတ်ကြောင့် စိတ္တဇရုပ် တွေ ဖြစ်သလို ဒီကမ္မသတ္တိကြောင့် ဒီဘက်ဘဝမှာ ကမ္မဇရုပ်တွေဟာ ပဋိသန္ဓေ အခိုက်ကနေစပြီး ဘဝတစ်လျှောက်မှာ တဖွားဖွားဖြစ်နေတာကို လှမ်းပြီးတော့ မြင်နေပြီ၊ မြင်လိုက်တဲ့ အချိန်အခါကျတော့မှ ထိုယောဂီပုဂ္ဂိုလ်က ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းအရ ပြောကြစို့ဆိုလျှင် ဘယ်လိုသိမ်းဆည်းရမလဲ?
အဝိဇ္ဇာဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ အဝိဇ္ဇာက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
တဏှာဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ တဏှာက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
ဥပါဒါန်ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ ဥပါဒါန်က အကြောင်းတရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
သင်္ခါရဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ သင်္ခါရက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
ကံဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ ကံက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား ... စသည်ဖြင့် ဤကား အကြောင်း တရား, ဤကား အကျိုးတရားလို့ ဒီလို ရှုရပါတယ်။
သို့သော် ပစ္စုပ္ပန် အကြောင်းတရားတွေထဲမှာတော့ အာဟာရကို ပဓာန ထားပြီးတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော် (ပဋိသံ-၅၄။)မှာလည်း ဟောခဲ့တယ်။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း သတ္တဋ္ဌာနကုသလသုတ္တန် (သံ၊၂၊၅၁။) စသည်တို့မှာ ဟောကြားထားတော်မူပါတယ်။ အာဟာရက ပစ္စုပ္ပန်အကြောင်း တရားဖြစ်တော့ ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီနေတဲ့ စိတ်နှင့်ဥတုကို လည်း ထည့်သွင်းပြီး ရေတွက်ရတဲ့အကြောင်း ဋီကာဆရာတော်များကလည်း ရှင်းလင်းတင်ပြထားပါတယ်။ (မဟာဋီ၊၂၊၄၂၁။)။
ဒီတော့ စိတ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ်ဖြစ်၏၊ စိတ်က အကြောင်းတရား, စိတ္တဇရုပ်က အကျိုးတရား။
ကလာပ်တစ်ခုတစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ် = ဥတုကလည်း နောက်ထပ် ဆင့်ကဲရုပ်ကလာပ် အသစ်အသစ်တွေကို ဆင့်ကဲ ဖြစ်စေနိုင်တဲ့ အတွက် ဖြစ်စေပုံကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး တေဇောဓာတ် ဖြစ်ခြင်း ကြောင့် = ဥတုဖြစ်ခြင်းကြောင့် ဥတုဇရုပ်ဖြစ်၏၊ ဥတုက အကြောင်းတရား, ဥတုဇရုပ်က အကျိုးတရား။
အလားတူပဲ ကလာပ်တစ်ခုမှာတည်ရှိနေတဲ့ ဩဇာဓာတ်တွေကလည်း ဟိုအာဟာရဇဩဇာရဲ့ အားပေးထောက်ပံ့မှု အကူအညီကို ရရှိတဲ့အချိန်အခါ မှာ ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိကြတယ်။ အဲဒီ ဖြစ်ပေါ်စေပုံကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီးတော့ အာဟာရဖြစ်ခြင်းကြောင့် အာဟာရဇရုပ်ဖြစ်၏။ အာဟာရက အကြောင်းတရား, အာဟာရဇရုပ်က အကျိုးတရား ... စသည်ဖြင့် ဒီလို သိမ်းဆည်းရပါတယ်။
ဒီလို သိမ်းဆည်းတဲ့အပိုင်းက ဒီပဋိသန္ဓေအခိုက်မှာသာ သိမ်းဆည်းရ သလားဆိုတော့ ဒီလို မဟုတ်ပါဘူး။ ဘဝတစ်လျှောက်မှာ ထိုက်သလိုဖြစ်ပေါ် သွားတဲ့ ဒွါရခြောက်ပါးလို့ ခေါ်ဆိုအပ်တဲ့ ဝီထိစိတ်အစဉ် ခြောက်မျိုးစလုံးမှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးတွေကို စနစ်တကျ သိမ်းဆည်းရတဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ ဒါကတော့ ဆရာသမားနှင့် ချဉ်းကပ်လေ့လာမှ ကျကျနန အသေးစိတ် နားလည်မယ်။
---
အတိတ်ရဲ့အတိတ်အကြောင်း
အဲဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းလိုက်လို့ရှိ လျှင် ဒီလောက်မြင်ရုံနဲ့ ကိစ္စပြီးရောလားဆိုတော့ မဟုတ်သေးပါဘူး။
အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
စသည်ဖြင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးများက ဖွင့်ဆိုထားကြပါ တယ်။ အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနှင့် အကျိုးတရား, ပစ္စုပ္ပန်ကြည့်လိုက်လည်း အကြောင်းတရားနှင့် အကျိုးတရား, အနာဂတ်ကြည့် တော့လည်း မဆုံးသေးဘူး ဆိုလျှင်ပေါ့ အကြောင်းတရားနှင့် အကျိုးတရားပဲ ရှိတယ်လို့ ဒီလိုသိအောင် ရှုပါဆိုပြီး ဆက်လက် ညွှန်ကြားထားတယ်။ ဒီ ညွှန်ကြားချက်များအရ အတိတ်မှာလည်း အကြောင်းတရားနှင့် အကျိုးတရား ပဲ ရှိတယ်ဆိုလျှင် အတိတ်ရဲ့ အကြောင်းကိုလည်း လှမ်းပြီးသိအောင် ရှုဖို့မလို ဘူးလား? လိုအပ်လာတယ်။
ခုနက ယောဂီကို ပုံစံထုတ်ပြောမယ်ဆိုလျှင်တော့ --- ကဿပမြတ်စွာ ဘုရားရှင် သာသနာတော် ကွယ်ပြီးတဲ့ နောက်ပိုင်း အချိန်တစ်ခုလို့ ဆိုနိုင် ပါတယ် သို့မဟုတ် ခန့်မှန်းရတယ် --- ထိုအချိန်အခါမှာ သူက ရသေ့သူတော် ကောင်းတစ်ဦးနှင့် ဆုံတွေ့ရတဲ့အတွက် ထိုရသေ့သူတော်ကောင်းက သူ့ကို အရိုးစုကမ္မဋ္ဌာန်းအကြောင်းတွေ ဟောပြတယ်။ ဟောပြလိုက်တဲ့ အချိန်အခါ ကျတော့ သူက ဘာလုပ်သလဲ? မိမိရှိတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ပြီး ထိုရသေ့နောက် တောထဲကို လိုက်သွားပြီးတော့ အရိုးစုကမ္မဋ္ဌာန်း ကို ပွားများအားထုတ်ပါတယ်။ အားထုတ်လိုက်တဲ့ အချိန်အခါမှာ အရိုးစု ကမ္မဋ္ဌာန်းဖြင့် ပထမစျာန် သမာဓိအထိ ဆိုက်ခဲ့တယ်။ ပထမစျာန် သမာဓိကို ဆိုက်တဲ့အခါ ဒီပထမစျာန် သမာဓိကိုပဲ ခိုင်ခံ့အောင် သေသည့်တိုင်အောင် ထူထောင်နိုင်တဲ့အတွက် ကွယ်လွန်သွားတဲ့အခါမှာ ဗြဟ္မာ့ပြည်ကို ရောက်ရှိ သွားပါတယ်။
ဒီတော့ ဒီပထမစျာန် သမာဓိက အရိုးစုကမ္မဋ္ဌာန်းကို အရိုးစုအာရုံကို ယူပြီးတော့ ပွားများအားထုတ်ထားတဲ့ ပထမစျာန်သမာဓိ ဖြစ်ပါတယ်။ စိတ် စေတသိက် ဘယ်နှစ်လုံး ရှိသလဲ? (၃၄)လုံး ရှိပါတယ်။ ပထမစျာန် နာမ်တရား တွေမှာ စိတ်စေတသိက် ဘယ်နှစ်လုံးလဲ? (၃၄)လုံး၊ (၃၄)လုံးသော နာမ်တရား ဆိုတဲ့ ဒီသင်္ခါရတရားတွေရဲ့ စွမ်းအင်ကမ္မသတ္တိကြောင့် ဗြဟ္မာ့ပြည်မှာ သူက ဗြဟ္မာအဖြစ်နဲ့ ပဋိသန္ဓေတည် နေခဲ့ရပါတယ်။ ဗြဟ္မာဘဝမှ စုတေပြီးတော့ လူ့ပြည်ကို တစ်ဖန်ပြန်ပြီးတော့ ဆင်းသက်လာခဲ့တယ်။
ဆင်းသက်လာတဲ့ အချိန်အခါမှာ ဘယ်ကံက အကျိုးပေးပါသလဲ ဆိုတာ ကို တစ်ဖန်ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါကျတော့ ဒီအရိုးစုကမ္မဋ္ဌာန်း ကို ပွားများအားထုတ်ခဲ့တဲ့ ပထမစျာန်သမာဓိရဲ့ ရှေ့ပိုင်းမှာ တည်ရှိနေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ဇောစိတ် အစဉ်လေးတွေက ကာမာဝစရ သမာဓိဇောများ ဖြစ်ကြပါတယ်။ ထိုကာမာဝစရ သမာဓိဇောတွေက လူ့ပြည် လူ့လောကမှာ ပဋိသန္ဓေတည် နေဖို့ရန်အတွက် အကြောင်းတရားတစ်ခု အဖြစ်နဲ့ ကျေးဇူးပြုပေးလိုက်တဲ့အတွက် လူ့ဘဝမှာ လာပြီးတော့ ပဋိသန္ဓေ ခန္ဓာငါးပါးကို တစ်ဖန်ပြန်ပြီးတော့ ရရှိပြန်တယ်။
ရရှိလိုက်တဲ့ အချိန်အခါမှာ လူ့ဘဝရောက်တော့ ရဟန်းဘဝနဲ့ သူက တရားဘာဝနာ ပွားများအားထုတ်ခဲ့ပါတယ်။ ရဟန်းဘဝနဲ့ တရားဘာဝနာ အားထုတ်လိုက်တဲ့အတွက် ရဟန်းဘဝမှာ ကံတွေအမျိုးမျိုး ထူထောင်တဲ့ အထဲက ဘာကံက လက်ရှိဘဝမှာ ပဋိသန္ဓေအကျိုးကို ပေးသလဲလို့မေးတော့ ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေက အကျိုးပေးပြန်တယ်။ အဲဒီလို အကြောင်းတရားနဲ့ အကျိုးတရားတွေကို ဒီလို စွမ်းအားရှိသလောက် အတိတ် အဆက်ဆက်ကို ဉာဏ်မီသလောက် အကြောင်းတရားနှင့် အကျိုးတရားတွေ ကို သိမ်းဆည်းတတ်ဖို့တော့ လိုပါတယ်။
---
အနွယဉာဏ်နှင့်ရှုပုံ
သို့သော် သံသရာခရီးဆိုတာက ရှည်လျားလှတဲ့အတွက် သာဝကတစ်ဦး အနေဖြင့် အတိတ်အဆက်ဆက်ကို ကုန်အောင်လှမ်းပြီး ရှုနိုင်မလားလို့ဆို တော့ မရှုနိုင်ပါဘူး။ ရှုလိုက်နိုင်တဲ့ဘဝ, ရှုလိုက်နိုင်တဲ့ အကြောင်းတရား အကျိုး တရားက အနည်းငယ်သာဖြစ်ပြီး မရှုလိုက်နိုင်တဲ့ အကြောင်းတရား အကျိုး တရားတွေက များစွာရှိပါတယ်။ ရှုလိုက်နိုင်တဲ့ အတိတ်တွေနှင့် အကြောင်း တရားတွေ အကျိုးတရားတွေကို သိမ်းဆည်းနိုင်တဲ့အခါ မရှုလိုက်နိုင်တဲ့, မရှု လိုက်မိတဲ့ ဟိုအတိတ်တွေမှာလည်း ထိုနည်းလည်းကောင်းပဲဆိုပြီး ထိုအချိန် အခါမှာ နည်းကိုဆောင်ပြီးတော့ ထပ်မံရှုရပါတယ်။ အဲဒီလို ရှုတဲ့နည်းကို အနွယဉာဏ်လို့ ခေါ်ပါတယ်။ (အဘိ၊၂၊၃၄၁-၃၄၂။ သံ၊၁၊၂၈၉။)
ဒီတော့ ဆိုလိုတာက ဒီအကြောင်းတရား အကျိုးတရားကို သိမ်းဆည်းတဲ့ အပိုင်းမှာ အနွယဉာဏ်ဖြင့် သိမ်းဆည်းတဲ့အပိုင်းလည်း ရှိတယ်၊ ပစ္စက္ခဉာဏ် လို့ ခေါ်ဆိုအပ်တဲ့ တိုက်ရိုက် ကိုယ်တိုင် ထွင်းဖောက်သိမြင်အောင်ရှုတဲ့ ဓမ္မဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းတဲ့အပိုင်းလည်း ရှိတယ်။ (သံ၊၁၊၂၈၉။ သံ၊ဋ္ဌ၊၂၊၃၂။) အနွယဉာဏ်, ပစ္စက္ခဉာဏ်နှစ်မျိုးဖြင့် ဒီအကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ အနာဂတ်မှာလည်း ထိုနည်း လည်းကောင်း ဖြစ်ပါတယ်။
စာပေကျမ်းဂန်များမှာတော့ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် ရုပ်နာမ်တွေကိုရော, အကြောင်းတရားပိုင်းတွင် အကျုံးဝင်တဲ့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တွေကိုရော သိမ်းဆည်းဖို့ရန် ညွှန်ကြားထားတော်မူပါတယ်။ ဒီလို သိမ်းဆည်းမယ်ဆိုလျှင်တော့ ဒီအပိုင်းဟာ အကောင်းဆုံးသော အပိုင်း ဖြစ်ပါ တယ်။ အချို့အချို့သော စက္ခုပသာဒရုပ် စသည်ကဲ့သို့သော ပရမတ္ထဓာတ် သားတွေရဲ့ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ဟာ အတိတ်အကြောင်း တရားတွေနှင့် ဆက်စပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဆရာသမားနှင့်ပဲ ချဉ်းကပ်လေ့လာပါ။
ဒီတော့ ဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းလို့ အောင်မြင်ပြီဆိုတဲ့ အချိန်အခါကျတော့မှ ထိုယောဂီပုဂ္ဂိုလ်က အကြောင်း တရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို ဘာလုပ်ရသလဲ? ဖြစ်ပြီးပျက်နေတဲ့ သဘောတရားတွေကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်းပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရ တဲ့ သဘောတွေကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုရပါတယ်။ မပျက် စီးပဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ် တဲ့ သဘောတရားတွေကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီတော့ အနတ္တလို့ ရှုရတယ်။ အဲဒီ အပိုင်းရောက်မှ ဝိပဿနာနယ်ထဲ စဝင်ပါတယ်။
---
ဝယဓမ္မာနုပဿီပိုင်း
သို့သော် ဘုရားရှင်က အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး တရား ထင်ရှားဖြစ်ပုံလောက်ကိုသာ ရှုဖို့ရန်အတွက် သတိပဋ္ဌာန် ကျင့်စဉ်များ မှာ ညွှန်ကြားပါသလားလို့မေးတော့ မဟုတ်ဘူး။ ဘာတွေ ညွှန်ကြားသေး သလဲ? ဝယဓမ္မာနုပဿီ = အကြောင်းတရားတွေ ချုပ်ငြိမ်းခဲ့လျှင် အကျိုး တရားတွေ ချုပ်ငြိမ်းပုံကိုလည်း မြင်အောင်ရှုပါဆိုပြီး အတိအကျ ညွှန်ကြား ထားတယ်။ အကြောင်းတရားတွေက ဘာတွေလဲလို့မေးတော့ ပဓာနနည်း အားဖြင့် ပြောလျှင်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေပဲ။
---
ဥပ္ပါဒနိရောဓ
ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ကိလေသာတွေက ချုပ်ငြိမ်းတယ်ဆိုတာ မှာ ချုပ်ငြိမ်းမှုက နှစ်မျိုးရှိပါတယ်။ ဥပ္ပါဒနိရောဓခေါ်တဲ့ နောင်တစ်ဖန် ဖြစ်ခွင့် ရှိနေသော ချုပ်ငြိမ်းမှုက တစ်မျိုး, အနုပ္ပါဒနိရောဓခေါ်တဲ့ နောင်တစ်ဖန် ဘယ်တော့မှ ဖြစ်ခွင့်မရှိတဲ့ ချုပ်ငြိမ်းမှုက တစ်မျိုးဆိုပြီး နှစ်မျိုးရှိတယ်။
ဥပ္ပါဒနိရောဓ ဆိုတာကတော့ လက်ရှိတရားနာနေတဲ့ ပရိသတ်တွေမှာ ရော တရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာရော တည်ရှိနေတဲ့ ရုပ်တရား နာမ်တရားတွေရဲ့ ဓမ္မတာကိုက ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်။ ပျက်သွား ပေမယ်လို့ အကြောင်းတရားတွေက ကျေးဇူးပြုပေးနေသေးတယ်ဆိုလျှင် အကြောင်းတရားတွေ ထင်ရှားရှိနေလျှင် အကျိုးတရားတွေက ဆက်ကာ ဆက်ကာပဲ ထပ်ကာထပ်ကာဖြစ်နေမှာ ဖြစ်တယ်။ အဲဒီလို ချုပ်ငြိမ်းမှုမျိုးကို တော့ ဥပ္ပါဒနိရောဓ၊ နောင်တစ်ဖန် ဖြစ်ခွင့်ရှိနေသော ချုပ်ငြိမ်းမှုလို့ ခေါ်တယ်။
အဲဒီ ဥပ္ပါဒနိရောဓကိုလည်း မြင်အောင်ရှုရမှာ ဖြစ်တယ်။ ဒီဥပ္ပါဒနိရောဓ ကို မြင်အောင်ရှုတဲ့ဉာဏ်ကို ခဏတောဝယဒဿနဉာဏ် = ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ပျက်မှုချုပ်မှုတို့ကို မြင်အောင်သိအောင် ရှုတဲ့ဉာဏ်လို့ ခေါ်ပါတယ်။ ထိုဥဒယတောဝယဒဿနဉာဏ်ဖြင့် မြင်ထားတဲ့ ဥပ္ပါဒနိရောဓ ကိုလည်း မြင်အောင်ရှုရမယ်။
---
အနုပ္ပါဒနိရောဓ
နောက်တစ်ခုကတော့ အနုပ္ပါဒနိရောဓ ဖြစ်တယ်။ အနုပ္ပါဒနိရောဓ ဆိုတာက နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ငြိမ်းမှု ဖြစ်ပါတယ်။ နောက်ထပ် တစ်ဖန် ဘယ်တော့မှ ထပ်ပြီး မဖြစ်တော့ဘူး၊ ယတိပြတ် ချုပ်ငြိမ်းသွားတယ်။ ဘယ်အချိန်အခါမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဦးဆောင်နေတဲ့ ကိလေသာ အားလုံးဟာ ယတိပြတ် ချုပ်ငြိမ်းမလဲလို့မေးလျှင် ဘယ်လို ဖြေကြမလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ်ရတဲ့ အချိန်အခါကျလျှင် ယတိပြတ် ချုပ်ငြိမ်းမယ်။
အရဟတ္တမဂ် အရဟတ္တဖိုလ်ရလို့ ယတိပြတ် ချုပ်ငြိမ်းပြီဆိုလျှင် အခု တရားနာနေတဲ့ ပရိသတ်တွေ ပြန်ပြီး ဆန်းစစ်ကြည့်ကြ။ မိမိတို့ အခုနေ အချိန်အခါမှာ ရဟန္တာ ဖြစ်ပြီလားလို့မေးလျှင် ဘယ်လိုဖြေမလဲ? မဖြစ်သေး ဘူး။ ဘယ်အချိန်အခါမှာ ဖြစ်မလဲလို့မေးတော့ မိမိတို့က တကယ်ပါရမီလည်း ရှိလို့၊ တကယ်ကြိုးစားလိုက်လို့ရှိလျှင် ဒီဘဝမှာ ရဟန္တာ ဖြစ်ချင်လည်းဖြစ်မယ် သို့မဟုတ် နောက်ဘဝလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်ဘဝ တစ်ခုခုမှာသော် လည်း ရဟန္တာ ဖြစ်ချင်ဖြစ်မယ်။ ထိုရဟန္တာဖြစ်မည့် အချိန်အခါမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဦးဆောင်နေတဲ့ ကိလေသာတရားတွေအားလုံး ယတိပြတ် လုံးလုံး နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတယ်။ အဲဒီ ချုပ်ငြိမ်းမှုကိုတော့ အနုပ္ပါဒနိရောဓလို့ ခေါ်တယ်။ (မဟာဋီ၊၂၊၄၂၁။)။
ထိုအနုပ္ပါဒနိရောဓကိုလည်း ဒီသတိပဋ္ဌာန်ကျင့်စဉ်အပိုင်းမှာ အခုလို ပုထုဇန်အဖြစ်နဲ့ သတိပဋ္ဌာန်တရားတွေကို ပွားများနေတုန်းမှာ မြင်အောင်ရှုဖို့ မြတ်စွာဘုရားက ညွှန်ကြားနေပါတယ်။ ဒီလိုဆိုလျှင် သတိပဋ္ဌာန် ဒေသနာ တော်မှာ မြတ်စွာဘုရားသည် အတိတ်ကိုလည်းရှုဖို့ ဟောသလား၊ မဟောဘူး လား? ဒီလိုမေးလျှင် ဘယ်လိုဖြေမလဲ? ဟောနေပါတယ်။ အနာဂတ်ကိုလည်း ရှုဖို့ ဟောသလား မဟောဘူးလားလို့မေးလျှင် ဟောနေပါတယ်။ ဘယ် အနာဂတ်လဲလို့မေးလျှင် ဒီဘဝမှာ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်က ဒီဘဝအနာဂတ်ပဲ။
ခုအခါမှာ သူက ရဟန္တာ မဖြစ်သေးဘူး ဆိုလို့ရှိလျှင်တော့ ဒီအခုလက်ရှိ အခြေအနေကနေ လှမ်းပြီး ကြည့်မယ်ဆိုလျှင် ဒီဘဝအနာဂတ်လို့ မပြောနိုင် ဘူးလား? ပြောနိုင်တယ်။ နောင်တစ်ချိန် ဘဝတစ်ခုခုကျမှ ရဟန္တာဖြစ်မယ် ဆိုလို့ရှိလျှင်လည်း နောင်ရဟန္တာဖြစ်မည့်ဘဝကို အနာဂတ်လို့ မပြောနိုင်ဘူး လား? ပြောနိုင်တယ်။ ထိုရဟန္တာဖြစ်မည့် အချိန်အခါမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေက ယတိပြတ် ချုပ်ငြိမ်းပြီ။ ကိလေသာအစိုဓာတ် အစေးဓာတ်ရှိပါ မှ, ကိလေသာအဖော်သဟာယ်ကို ရရှိပါမှ ကံတွေက အကျိုးပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ ကိလေသာ အစိုဓာတ်အစေးဓာတ် မရှိတော့ဘူး၊ ခန်းခြောက်သွား ပြီဆိုလျှင် ကံတွေသည် အကျိုးပေးနိုင်တဲ့စွမ်းအား ရှိသေးသလား? မရှိ တော့ဘူး။
ကံတွေက အကျိုးမပေးတော့ဘူးဆိုလို့ရှိလျှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အချိန် အခါ ဆိုကြစို့၊ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်မှာ နောက်ထပ်တစ်ဖန် ခန္ဓာ ငါးပါးအသစ် ဖြစ်ပေါ်မှုဆိုတာ ရှိဦးမလား? မရှိတော့ဘူး။ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး အဲဒီ ခန္ဓာငါးပါးတို့ရဲ့ နောက်ထပ်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းမှုဖြင့် ချုပ်ငြိမ်းခြင်းကိုလည်း အနုပ္ပါဒနိရောဓလို့ခေါ်တယ်။ ဒီတော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေရဲ့ နောင် တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း အနုပ္ပါဒနိရောဓလို့ ခေါ်တယ်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ပရိနိဗ္ဗာနစုတိ ကို နောက်ဆုံးထားကာ ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း အနုပ္ပါဒနိရောဓလို့ပဲ ခေါ်တယ်။ အနုပ္ပါဒနိရောဓ ဘယ်နှစ်မျိုးရှိလဲ? နှစ်မျိုးရှိပါတယ်။ ထိုအနုပ္ပါဒနိရောဓ နှစ်မျိုးလုံးကို ဘာလုပ်ရမလဲ? ယောဂီပုဂ္ဂိုလ်က မြင်အောင်ရှုရမယ်။
---
သဥပါဒိသေသနိဗ္ဗာန် = ကိလေသပရိနိဗ္ဗာန်
နည်းနည်းနားလည်လွယ်အောင် ထပ်ပြောလျှင်ပေါ့၊ ဘုန်းကြီးတို့ မြတ်စွာ ဘုရားကို ဦးတည်ပြီးတော့ ပြောကြရအောင်။ မြတ်စွာဘုရားဘက်ကနေ ကြည့်မယ်ဆိုလျှင် မြတ်စွာဘုရားရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ယတိပြတ် အမြစ်ပြတ် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတာ ဘယ်အချိန်အခါလည်းလို့မေးတော့ ဘုရားဖြစ်တော်မူတဲ့ အချိန်အခါပဲ။ တစ်နည်းပြောရလျှင်တော့ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုက်သွားတဲ့ အချိန် ပဲ။ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုက်ပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက လုံးဝချုပ်သွားပြီ။ အဲဒီ ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓလို့လည်း ခေါ်တယ်။ နောက်တစ်နည်း ခေါ်တာကတော့ သဥပါဒိသေသနိဗ္ဗာန်လို့လည်း ခေါ်ပါတယ်။ သဥပါဒိသေသနိဗ္ဗာန် ဆိုတာကတော့ ခန္ဓာငါးပါးတော့ ကြွင်းကျန်နေသေးတယ်။ ကိလေသာတွေက ချုပ်ငြိမ်းသွားတယ်။ နောက်တစ်နည်း ခေါ်တာကတော့ ကိလေသ ပရိနိဗ္ဗာန်လို့လည်း ခေါ်တယ်။ ကိလေသပရိနိဗ္ဗာန် စံတော်မူတယ်လို့ ဒီလို လည်း ခေါ်ဝေါ်သုံးစွဲတယ်။
---
အနုပါဒိသေသနိဗ္ဗာန် = ခန္ဓပရိနိဗ္ဗာန်
မြတ်စွာဘုရားရဲ့ သန္တာန်မှာ ခန္ဓာငါးပါးတို့က နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသွားကြတယ်။ ဘယ်အချိန်အခါမှာလဲ? ဘုရား အဖြစ်သို့ ရောက်တော်မူပြီးနောက် လေးဆယ့်ငါးဝါပြည့်ပြီ၊ ပြည့်လို့ ကုသိနာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်အတွင်းမှာ ပရိနိဗ္ဗာန် စံလွန်တော်မူတဲ့ အချိန်အခါ မှာ ဘုရားရှင်ရဲ့ သန္တာန်တော်မှာ နောက်ထပ်တစ်ဖန် ခန္ဓာငါးပါး အသစ်ထပ်မံပြီး ဖြစ်ပေါ်မှုရှိသေးလား? မရှိတော့ဘူး။
ဒါဖြင့် ဆိုလိုတာက ကိလေသာချုပ်ငြိမ်းမှု ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓာ ငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှု ခန္ဓပရိနိဗ္ဗာန်သည် မြတ်စွာဘုရားရှင်အတွက် ကွက်ပြီး ကြည့်မယ်ဆိုလျှင် ဘယ်လောက်ကြာသွားသလဲ? လေးဆယ့်ငါးနှစ်ကြာတယ်။ ဒီ ခန္ဓာငါးပါးတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု = ခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူခြင်းကိုပင် အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံတော် မူတယ်လို့လည်း ခေါ်ဝေါ်သုံးစွဲပါတယ်။ ဒီလိုဆိုတော့ ခန္ဓပရိနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်ဟာ အတူတူပဲလို့ မှတ်ပါ။
---
အသင်္ခတနိဗ္ဗာန်
တစ်ဖန် ဘုရားရှင်သည် အဲဒီ လေးဆယ့်ငါးနှစ် ကာလအတွင်းမှာ အခွင့် သင့်တိုင်း အခါအခွင့် ရရှိတိုင်း ယုတ်စွအဆုံးအားဖြင့် ခုလို တရားဟောပြီး နေတဲ့အချိန် တရားနာပရိသတ်တွေက သာဓုခေါ်ပြီ၊ သာဓုသုံးကြိမ်ခေါ်တဲ့ အချိန်အခါကလေးမှာတောင် အချိန်ကာလ ကန့်သတ် ပိုင်းခြားပြီးတော့ အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားတော်မူပါတယ်။ ထိုအရဟတ္တဖိုလ်သမာပတ်က ဘာကို အာရုံပြုသလဲလို့မေးတော့ အသင်္ခတဓာတ်နိဗ္ဗာန်ကို အာရုံ ပြုတယ်။
အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံပြုတယ်ဆိုတော့ အသင်္ခတနိဗ္ဗာန်ဆိုတာက မည်သည့်အကြောင်းတရား တစ်စုံတစ်ရာမှ ပြုပြင်မှု မရှိတဲ့ အငြိမ်းဓာတ် နိဗ္ဗာန်တရားကြီးပဲ။ ထို အငြိမ်းဓာတ် နိဗ္ဗာန်တရားကြီးကို မြတ်စွာဘုရားက လှမ်းပြီးတော့ အာရုံယူတယ်။ ဘာနှင့် အာရုံယူသလဲ? အရဟတ္တဖိုလ်စိတ်ဖြင့် လှမ်းပြီးတော့ အာရုံယူပါတယ်။ အရဟတ္တဖိုလ်စိတ် ဖြင့် ထိုအငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးနေတာကို အရဟတ္တဖိုလ် သမာပတ် ဝင်စားတော်မူတယ်လို့ ခေါ်ပါတယ်။ ဒီအရဟတ္တဖိုလ်သမာပတ်ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က နိရောဓသစ္စာအစစ် ဖြစ်တယ်။ ခုနက ပြောခဲ့တဲ့ ကိလေသာတို့ရဲ့ ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓ သဘောက သဥပါဒိသေသနိဗ္ဗာန် တစ်နည်း ကိလေသပရိနိဗ္ဗာန် ဖြစ်ပါတယ်။ ခန္ဓာငါးပါးတို့ရဲ့ အမြစ်ပြတ်ချုပ်ငြိမ်းမှုကိုတော့ အနုပါဒိသေသနိဗ္ဗာန် ဝင်စံ တော်မူတယ်လို့လည်းခေါ်တယ်၊ ခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူတယ်လို့လည်း ခေါ်တယ်၊ ခန္ဓာတို့ရဲ့ အနုပ္ပါဒနိရောဓသဘောလို့လည်း ခေါ်ပါတယ်။
---
အနုပ္ပါဒနိရောဓသဘောကို ရှုပုံနည်းလမ်း
ဒီတော့ ဒီသတိပဋ္ဌာန်ကျင့်စဉ်ပိုင်းမှာ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအနုပ္ပါဒ နိရောဓနှစ်မျိုးကို မြင်အောင်ရှုရမလား၊ မရှုရဘူးလား? ရှုရတော့မယ်။ ဒါက အနာဂတ်နှင့် သက်ဆိုင်နေတဲ့ ရှုကွက်ဖြစ်ပါတယ်။ ဒါလေးတွေကို ဘုန်းကြီး ဘက်က အခုလို ဂဃနဏ ရှင်းလင်းတင်ပြနေရတာက သတိပဋ္ဌာန်ကျင့်စဉ်ဆို တာ အတိတ်, အနာဂတ်နှင့် မသက်ဆိုင်ဘူးဆိုတဲ့ အရိုးခိုက်အောင်စွဲနေတဲ့ အစွဲကလေးတွေဟာ ယောဂီပရိသတ်တွေရဲ့ သန္တာန်မှာ မဖြစ်စေချင်တဲ့ အတွက်ကြောင့် ပြောနေခြင်း ဖြစ်ပါတယ်။
ဒီတော့ အကြောင်းတရားတွေ ချုပ်ငြိမ်းခဲ့လျှင် အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းမှုကို ဘယ်လိုရှုမလဲလို့ မေးစရာရှိတယ်။ ယောဂီပုဂ္ဂိုလ်က ခုလို ပစ္စုပ္ပန် မှာ ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်းပြီးပြီ ဆိုကြစို့။ သိမ်းဆည်းလို့ အောင်မြင်မှုရတဲ့ ပုဂ္ဂိုလ်က အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တွေနာမ်တွေကို တစ်ဖန်ပြန် သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတဲ့အခါ ဒီတစ်ခါတော့ အနာဂတ်ဘက်ကို ဉာဏ်ကို စေလွှတ်ပြီးတော့ ရုပ်တွေနာမ်တွေကို အနီးကပ်ဆုံး အနာဂတ်ရုပ် နာမ်က စပြီးတော့ သိမ်းဆည်းသွားရတယ်။
တစ်စတစ်စနဲ့ ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်းလိုက်တာ အနာဂတ် ဒီဘဝ စုတေခါနီး အချိန်အခါကာလ ရောက်ပြီဆိုကြစို့။ စုတေခါနီး အချိန် ကာလအထိ ဘဝတစ်လျှောက်မှာရှိတဲ့ ရုပ်နာမ်တွေကို သိမ်းဆည်း လိုက်တဲ့အခါ မိမိမှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်လျှင်လည်း ဆိုက် တယ်, မဆိုက်လျှင်လည်း မဆိုက်ဘူးဆိုတာကို ယောဂီက သိမ်းဆည်းလို့ ရပါတယ်။ ဒီနေရာမှာ ဝိပဿနာဇောတွေက အရဟတ္တမဂ်ကို အာရုံပြုတယ် သိတယ်လို့တော့ အယူအဆ မမှားစေလိုပါဘူး။ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကိုတော့ ဝိပဿနာဉာဏ်က ရှုလို့ရတယ်လို့သာ ဆိုလိုရင်း ဖြစ်ပါတယ်။ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်သေးဘူး ဆိုလို့ရှိလျှင်တော့ ထိုယောဂီသူတော် ကောင်းက ဘာလုပ်ရသလဲ?
မရဏာသန္နဇော အချိန်အခါမှာ ဘာအာရုံတွေကို မြင်သလဲဆိုတာကို ဉာဏ်နှင့် သေသေချာချာမြင်အောင် သေသေချာချာ ပြန်ကြည့်ရတယ်။ မရဏာသန္နဇော အချိန်အခါမှာ အာရုံတွေက ဘာအာရုံထင်သလဲ? ဒီနေရာ မှာ ဘုန်းကြီး နားလည်လွယ်စေချင်တဲ့ အတွက်ကြောင့် ပြောတာပါ။ ဘုန်းကြီး တို့နိုင်ငံမှာ ရိုသေသမှု အလေးဂရုပြုအပ်တဲ့ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးက သူ့ရဲ့ စိန်ရတုသဘင်တစ်ခုမှာ တရားတစ်ပုဒ် ဟောသွားတယ်။ ဘာတရား ဟောသလဲ? အရင်းများများနှင့် အမြတ်ကလေး နည်းနည်းပဲ ယူမယ်ဆိုတဲ့ ဒီတရားကလေးကို ဟောသွားတယ်။ ဘာဆိုလိုတာ လဲ?
သူဒီဘဝမှာ ကုသိုလ်ကောင်းမှုတွေကို များများကြီး ထူထောင်တယ်။ ဒါပေမဲ့ သူလိုချင်တဲ့ အကျိုးတရားလေးက နည်းနည်းလေးပါတဲ့။ ဘာအကျိုး တရားလဲ? ဓမ္မကထိကနတ်သားတဲ့၊ ဟုတ်ပလား။ ဓမ္မကထိကနတ်သားဆို တော့ ဘုန်းကြီးတို့ ပရမတ္ထနယ်ဘက်ကနေ လှမ်းပြီး ကြည့်မယ်ဆိုလို့ရှိလျှင် လူဆိုတာ နတ်ဆိုတာ ရှိသလား? မရှိဘူး။ နတ်သားဘဝမှာ တည်ရှိတဲ့ ဓာတ် လေးပါးကို လှမ်းပြီး သိမ်းဆည်းနိုင်လို့ ဒီနတ်သားမှာ တည်ရှိတဲ့ ရုပ်နာမ်ကို သိမ်းဆည်းနိုင်လျှင် ရုပ်တရားနာမ်တရား အစုအပုံပဲ ရှိတယ်။
ဒီရုပ်တွေနာမ်တွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်၊ အကြောင်း တရားတွေက ထင်ရှားရှိလို့ ကျေးဇူးပြုပေးနေသေးတယ်ဆိုလျှင် နောက်ထပ် အကျိုးတရားတွေက ဆက်ခါဆက်ခါ ဖြစ်နေမှာဖြစ်တယ်။ သံသရာခရီး ဆုံးမလား? မဆုံးသေးဘူး။ အဲဒီလိုဖြစ်မှုကို ဉာဏ်နှင့်မြင်အောင် ကြည့်ရမှာ ဖြစ်တယ်။ ဒီလို နတ်သားဘဝမှာ တည်ရှိတဲ့ အနိစ္စဧကန်ဖြစ်နေတဲ့ ရုပ်နာမ် တွေကို ယောဂီပုဂ္ဂိုလ်က ဉာဏ်နှင့်မြင်လိုက်မယ်ဆိုလျှင် နတ်သားဆိုတာကို ရှာမတွေ့တော့ဘဲ အနိစ္စတရားအစုအပုံဖြစ်တဲ့ ရုပ်နာမ်တွေကိုသာ တွေ့နေ ပါလိမ့်မည်။ ဒါကြောင့် ပရမတ္ထသစ္စာနယ်မှာတော့ နတ်သားဆိုတာ မရှိပါဘူး။ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံပဲ ရှိတယ်။
ဒီတော့ တရားနာနေတဲ့ ယောဂီပရိသတ်တွေလည်း နိဗ္ဗာန်မရမီ စပ်ကြား ဆိုပြီးတော့ စပ်ကြားလေးခံပြီး အနာဂတ်ဘဝတစ်ခုကို မျှော်လင့်တောင့်တ ချက်ဆိုတာ ရှိကောင်းရှိလိမ့်မယ်။ ခုလို ကောင်းမှုကုသိုလ် တစ်ခုခုပြုတယ်။ ပြုပြီးလျှင် ဆုတောင်းပန်ထွာမှုဆိုတာ ရှိချင်လည်းရှိမယ်၊ မရှိသော်လည်း ဖြစ်ချင်ဖြစ်မယ်။ အကယ်၍များ နတ်ဘဝ သို့မဟုတ် ရဟန်းဘဝ သို့မဟုတ် ဗြဟ္မာဘဝ စသည်ဖြင့် ဒီလို ဆုတောင်းပန်ထွာခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေ တစ်ခုခုရှိပြီ ဆိုကြပါစို့။ ရှိခဲ့လျှင် ဒီကံကလည်း အကျိုးပေးဖို့ရန် ရင့်ကျက်ခဲ့မယ် ဆိုလျှင် မရဏာသန္နဇော အချိန်အခါ ဒီဘဝ သေခါနီးကာလမှာ ဒီကံရဲ့ စွမ်းအင်သတ္တိကြောင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ နိမိတ်သုံးမျိုး တစ်မျိုးမျိုးဟာ လာပြီး ထင်တတ်ပါတယ်။
သို့သော် ဘုန်းကြီး ဒီနေရာကလေးမှာ သတိပေးချင်တာကလေး အချက် တစ်ခုတော့ ရှိပါတယ်။ ကျိန်းသေတဲ့ကံကို ကြိုးစားကြစမ်းပါ။ ကျိန်းမသေတဲ့ ကံတွေကိုတော့ မကြိုးစားကြစမ်းပါနဲ့၊ ဘဝတစ်ခုက မတော်လို့ ဆုံးသွားခဲ့လျှင် သာသနာတော်နဲ့တွေ့ရတာ အကျိုးမရှိ ဖြစ်သွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။ ဒီတော့ သေခါနီးကာလ မရဏာသန္နဇော အချိန်အခါရောက်ပြီး စိတ်တွေက မိမိစိတ်ကို မိမိထိန်းနိုင်တဲ့ စွမ်းအားကလည်း မရှိပြန်ဘူး။ မိမိ ထူထောင်ခဲ့တဲ့ ကံတွေကလည်း ကျိန်းသေတဲ့ကံမျိုး မဟုတ်ဘူးဆိုလျှင် ရင်လေးဖွယ်အချက်တွေ များစွာရှိနိုင်ပါတယ်။ ကျိန်းသေတဲ့ကံ ဆိုတာကတော့ အကုသိုလ်အရာမှာလည်း ကျိန်းသေနေတဲ့ကံ ရှိတယ်။ ကုသိုလ်အရာမှာ လည်း ကျိန်းသေတဲ့ကံဆိုတာ ရှိပါတယ်။
---
ကျိန်းသေတဲ့ကံ = ဂရုကကံ
အကုသိုလ်အရာမှာ ကျိန်းသေတဲ့ကံကတော့ အမိကိုသတ်ခြင်း, အဖကို သတ်ခြင်း, ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း, ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း, သံဃာသင်းခွဲခြင်းဆိုတဲ့ ကံကြီးငါးခု တစ်ခုခု ကျူးလွန်ခဲ့မယ် ဆိုလျှင်တော့ ဒီကံတွေက အကျိုးပေးဖို့ရာ မြဲတဲ့အတွက် သူတို့ကို ဂရုကံလို့ ခေါ်ပါတယ်။ နမူနာအနေနဲ့ ပြောမယ်ဆိုလျှင်တော့ အဇာတသတ်က ဖခမည်း တော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိတဲ့အတွက် သာမညဖလသုတ္တန်ကို ကြားနာပြီးတဲ့အဆုံးမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်တဲ့ ပါရမီ မျိုးစေ့ကောင်း ထင်ရှားရှိသော်လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရသလား? မရဘူး။
သို့သော်လည်း ရတနာသုံးပါးအပေါ်၌ အထူးသဖြင့် ဘုရားရှင်အပေါ်၌ ကြည်ညိုလေးစားနေတဲ့ သဒ္ဓါတရားတွေက အလွန်အားကောင်းတဲ့ အတွက် ကြောင့် အသင့်အတင့် ခံသာရာကလေးတော့ ရပါတယ်။ အိပ်လို့ပျော်တယ်, စားလို့ဝင်တယ် စသည်ဖြင့်တော့ အကျိုးတရားကလေးတွေ အထိုက်အလျောက် ရတယ်။ သို့သော် သေသည်၏အခြားမဲ့၌ ဘယ်ရောက်သလဲ? ငရဲ ပြည်သို့ ရောက်သွားတယ်၊ ကျိန်းသေတဲ့ ကံရဲ့အကျိုးပဲ။
---
နိယတမိစ္ဆာဒိဋ္ဌိကံ
အကုသိုလ်ဘက်မှာ ကျိန်းသေတာ နောက်တစ်ခု ရှိနေသေးတယ်၊ ဘုန်းကြီး နည်းနည်း ပြောချင်တယ်။ ဒီအကြောင်းအရာကလေးကတော့ သတိ ပေးတဲ့ သဘောပေါ့၊ ကံ-ကံ၏အကျိုးကို လက်မခံတဲ့ နိယတမိစ္ဆာဒိဋ္ဌိအယူဝါဒ ဖြစ်ပါတယ်။ အခုခေတ် ရုပ်ဝါဒီလို့ ခေါ်ဆိုအပ်တဲ့ ကံ-ကံ၏အကျိုးကို လုံးလုံး မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပဲ။ ကံ-ကံ၏အကျိုးကို လုံးလုံးမယုံကြည် တဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပဲ။ ကံ-ကံ၏အကျိုးကို လုံးလုံးမယုံကြည်တဲ့ ဒီ ခံယူချက်ကလေးဟာ ဘယ်လောက် ပြင်းထန်သလဲဆိုတာနှင့် ပတ်သက်လို့ ဘုန်းကြီး ဝတ္ထုဇာတ်ကြောင်းကလေးတစ်ခု သတိရလို့ ပြောချင်ပါတယ်။
စာပေနယ်ကတော့ ဥစ္ဆေဒဝါဒသမားတွေလို့ ပြောပါတယ်။ သူတို့စကား လုံးနှင့် ပြောလျှင်ပေါ့၊ ဘုန်းကြီးစကားလုံးတော့ မဟုတ်ပါဘူး။ ဘဝဆိုတာ ပုခက်နှင့် ခေါင်းကြားမှာပဲ ရှိတယ်။ ခေါင်းဟိုဘက် ဘာမှမရှိပါဘူး ဆိုပြီးတော့ သူတို့က ဒီလို ပြောကြတယ်။ တစ်ချိန်က ကမ္ဘာအေးမှာ ဒီစကားလုံးကို သူတို့က ကြွေးကြော်သွားကြပါသေးတယ်။ ဒီတော့ ခေါင်းဟိုဘက် ဘာမှမရှိပါ ဘူးဆိုပြီး ဒီလိုလက်ခံတဲ့ ခံယူချက်ကို ဥစ္ဆေဒဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒီအယူဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူးဆိုလျှင် ဒီကံက အကျိုးပေး မြဲပါတယ်။ အကျိုးပေးမြဲခြင်းကြောင့် သူ့ကိုလည်း နိယတမိစ္ဆာဒိဋ္ဌိကံဆိုပြီး ဒီလို ခေါ်ပါတယ်။
နန္ဒကစစ်သူကြီး
ဒီနိယတမိစ္ဆာဒိဋ္ဌိကံရဲ့ အကျိုးပေးမြဲမှုနှင့် ပတ်သက်လို့ ဝတ္ထုဇာတ် ကြောင်းကလေး တစ်ခုရှိတာက နန္ဒကစစ်သူကြီး ဖြစ်ပါတယ်။ နန္ဒကစစ်သူကြီး ဆိုတာက ပိင်္ဂလမင်းရဲ့ စစ်သူကြီးဖြစ်တယ်။ ပိင်္ဂလမင်းဆိုတာကတော့ ဓမ္မာသောကမင်းဆက် မောရိယမင်းတို့ရဲ့ လက်အောက်ခံ ဘုရင်ငယ်တစ်ဦးလို့ ဆိုပါတယ်။ နန္ဒကစစ်သူကြီးကလည်း ဥစ္ဆေဒဒိဋ္ဌိ အယူရှိတယ်၊ ပိင်္ဂလမင်းက လည်း ဒီဥစ္ဆေဒဒိဋ္ဌိ အယူရှိပါတယ်၊ ကံ-ကံ၏အကျိုးကို လုံးလုံးလက်မခံကြဘူး။
တစ်ချိန် နန္ဒကစစ်သူကြီး ကွယ်လွန်သွားပြီ၊ ကွယ်လွန်သွားတဲ့အချိန် ဘယ်ရောက်သွားသလဲဆိုတော့ နံပါတ်တစ်အနေအားဖြင့် ပြိတ္တာဘဝ ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ သူ့မှာ သမီးဖြစ်သူ ဥတ္တရာဆိုတဲ့ အမျိုးကောင်း သမီးလေးတစ်ဦး ရှိတယ်။ ဒီ အမျိုးကောင်းသမီးလေးက သောတာပန် အရိယာသူတော်ကောင်း ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ဖခမည်းတော်အား ရည်စူးပြီးတော့ ရဟန္တာလို့ ယူဆရတဲ့ သံဃာတော်တစ်ပါးကို အိမ်ရှေ့ကြွလာ တဲ့ အချိန်အခါ အိမ်ပေါ်ကို ပင့်ဖိတ်ပြီးတော့ ဆွမ်းခဲဖွယ်ဘောဇဉ်များနှင့် လှူဒါန်းပူဇော်ပြီးတော့ ဖခမည်းတော်ဖြစ်တဲ့ နန္ဒကစစ်သူကြီးကို အမျှအတမ်း ပေးဝေပါတယ်။ အမျှအတမ်း ပေးဝေလိုက်တဲ့ အချိန်အခါမှာ နန္ဒကစစ်သူကြီး က ထိုပြိတ္တာဘဝမှာ နတ်စည်းစိမ်တမျှ ကြီးကျယ်တဲ့ ခမ်းနားတဲ့ စည်းစိမ် ချမ်းသာတွေကို သုံးဆောင်ခံစားသွားရပါတယ်။
စာပေနယ်သုံး ဝေါဟာရနှင့် ပြောလျှင်တော့ ဝေမာနိကပြိတ္တာလို့ ခေါ်ပါ တယ်။ ဒါပေမဲ့ ဒီပြိတ္တာဘဝက ကျွတ်သလားဆိုတော့ မကျွတ်ဘူး၊ နတ်စည်း စိမ်တမျှ ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားရတယ်။ သို့သော် တစ်ချိန် ပိင်္ဂလမင်းတို့က ဓမ္မာသောကမင်းဆက်ရဲ့ အဆက်အနွယ်ဖြစ်တဲ့ မောရိယမင်း တွေကို သွားပြီး လက်ဆောင်ပဏ္ဏာ ဆက်သရပါတယ်။ ဆက်သလိုက်တဲ့ အချိန်အခါမှာ ဒီပိင်္ဂလမင်းရဲ့ အပြန်မှာ လမ်းလွှဲပြီးတော့ နန္ဒကပြိတ္တာ တည်ရှိရာ ပြိတ္တာဗိမာန်ဖြစ်တဲ့ ပညောင်ပင်ကြီးကို ရောက်အောင် နန္ဒက ပြိတ္တာက လမ်းခင်းပေးလိုက်တယ်။ လမ်းမှားပြီးတော့ မောင်းလာပြီ၊ မောင်း လာတဲ့ အချိန်အခါမှာ ရထားထိန်းလုပ်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ပိင်္ဂလဘုရင် မင်းမြတ်ကို လှမ်းပြီး အကြောင်းကြားတယ်။
အရှင်မင်းမြတ် ... ကျွန်တော်တို့တော့ လမ်းမှားကုန်ပြီနဲ့တူတယ်။ ဘာကြောင့်လဲ? ကျွန်တော်တို့ လာလိုက်တဲ့လမ်းကို ကြည့်လိုက်လျှင် ရှေ့မှာသာ လမ်းတွေ့ပြီး နောက်ကို ပြန်ကြည့်လိုက်တဲ့အခါ လမ်းမရှိ ဖြစ်နေပြီ၊ ဘယ့်နှယ်လုပ်မလဲ? ကဲ ဆက်သာမောင်းပေတော့ဆိုပြီး မောင်းလိုက်တဲ့အခါ ပညောင်ပင်ကို ဆိုက်သွားပြီ၊ ပညောင်ပင်ဆိုက်တဲ့ အချိန်အခါ နတ်စည်းစိမ် တမျှ ကြီးကျယ်နေတဲ့ စည်းစိမ်ရှိတဲ့ နန္ဒကစစ်သူကြီးပြိတ္တာက ဧည့်ခံကျွေးမွေး ပါတယ်။
ပိင်္ဂလမင်းက အင်မတန် အံ့ဩနေတယ်။ အံ့ဩနေတဲ့ အချိန်ကျတော့မှ နောက်ဆုံး စားသောက်ပြီးတဲ့အခါ ဧည့်ခံပွဲပြီးတဲ့အခါ အကျိုးအကြောင်း မေးကြည့်တယ်။ သင်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲ၊ နတ်လား လူလား? စသည်ဖြင့် မေးလိုက်တော့မှ သူဟာ တခြားပုဂ္ဂိုလ် မဟုတ်ပါဘူး၊ အရှင်မင်းကြီးရဲ့ နန္ဒက စစ်သူကြီးပဲ ဖြစ်တဲ့အကြောင်း တင်ပြတယ်။ သို့သော် အဲဒီမှာ ဝမ်းနည်း စရာ ကောင်းတာကလေး တစ်ခုကတော့ ဥစ္ဆေဒဒိဋ္ဌိကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့တဲ့အတွက် ကံ-ကံ၏အကျိုးကို သေသည့်တိုင်အောင် ပစ်ပယ်မိခဲ့ တဲ့ အတွက်ကြောင့် ဒီကံက အကျိုးပေးတော့မှာ ဖြစ်တယ်။ နတ်စည်းစိမ်တမျှ ကြီးကျယ်နေတဲ့ ဒီပြိတ္တာဘဝမှာ ခံစားနေရတဲ့ ဒီစည်းစိမ်သည် နောက်ထပ် ခြောက်လပဲကြာမှာ ဖြစ်တယ်။ ခြောက်လပြည့်လို့ရှိလျှင်တော့ ငရဲကို ရောက် ရတော့မည့်အကြောင်း သူက တင်ပြတယ်။ တင်ပြပြီးတဲ့ အချိန်အခါမှာ ပိင်္ဂလ မင်းကိုလည်း သူက ဘာပြောလိုက်သလဲ? မှားယွင်းနေတဲ့ မိစ္ဆာအယူဝါဒကို စွန့်လွှတ်ပြီးတော့ ငါးပါးသီလမြဲအောင် နေပါ၊ သရဏဂုံသုံးပါးကို ယုံယုံ ကြည်ကြည်ဖြင့် ဆောက်တည်ကျင့်သုံးပါ၊ မကောင်းမှုဒုစရိုက်တွေ ရှောင်ရှား ပါ စသည်ဖြင့် တရားဟောပြီး ပြန်လွှတ်လိုက်ပါတယ်။ (ပေတဝတ္ထု-၂၀၁-၂၀၆၊၊)
ပြောချင်တဲ့အချက်ကတော့ ကံ-ကံ၏အကျိုးကို ပစ်ပယ်နေတဲ့ နိယတ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေသည် သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူး ဆိုလျှင် တော့ ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံရောက်တယ်။ နောက်ဆုံးတော့ ငရဲရောက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဝါဒမျိုးတွေကို အကယ်၍များ မိမိတို့က လက်ခံချင်တဲ့ စိတ်ထားများ ပေါ်ခဲ့မိမယ် ဆိုလျှင်တော့ ဘုန်းကြီး အကြံဉာဏ် ပေးချင်တာက ဒီကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရား ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့ အဆင့်ထိ ရောက်အောင်တော့ ခပ်မြန်မြန် ကြိုးစားစေချင်ပါတယ်။
ကုသိုလ်ဂရုကံ
မကောင်းတဲ့ဘက်က ခုနက အကျိုးပေးမြဲတဲ့ ကံတွေရှိသလို ကောင်းတဲ့ ဘက်မှာလည်း အကျိုးပေးမြဲတဲ့ကံတွေ ရှိတယ်။ နံပါတ်တစ်ကတော့ စျာန်နာမ် တရားများ ဖြစ်ကြပါတယ်။ မိမိတို့က အားထုတ်လိုက်တော့ စျာန်သမာဓိတွေ ကို ရရှိပြီ။ အာနာပါနစျာန်ပဲဖြစ်ဖြစ်, မေတ္တာစျာန်ပဲဖြစ်ဖြစ်, ကသိုဏ်းစျာန်တွေ ပဲဖြစ်ဖြစ် ပွားများလိုက်လို့ စျာန်တွေကို ရရှိခဲ့မယ်ဆိုလျှင် ဒီစျာန်တွေကလည်း သေသည့်တိုင်အောင် မလျှောကျခဲ့ဘူး ဆိုလျှင်တော့ အကျိုးပေးမြဲပါတယ်။ အကျိုးပေးမြဲတယ်ဆိုတဲ့ သဘောကတော့ သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ် အတွက် ပြောတာပါ၊ ဒီပုဂ္ဂိုလ်က သံသရာခရီး ဆုံးမယ်ဆိုလျှင် ဒီစျာန်တရား တွေက အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။
အရှင်ဒေဝဒတ်တို့လို မသေခင်စပ်ကြားမှာ ဒီစျာန်တွေက လျှောကျခဲ့ မယ်ဆိုလျှင်တော့ ဘာဖြစ်သလဲ? အကျိုးပေးနိုင်တဲ့စွမ်းအား မရှိဖြစ်တတ်ပါ တယ်။ အရှင်ဒေဝဒတ်ဟာ ရဟန်းပြုပြီးတဲ့အခါ ပထမတစ်ဝါအတွင်း ကြိုးစား အားထုတ်လိုက်တာ စျာန်သမာပတ်ရှစ်ပါးနှင့် လောကီ အဘိညာဏ်ငါးပါးကို ရရှိသွားပါတယ်။ ဒါပေမဲ့လို့ ဘုရားဖြစ်ဖို့ရန် ကြံစည်စိတ်ကူးမိတဲ့ အချိန်အခါ က စပြီးတော့ သူ့သန္တာန်မှာ ဒီစျာန်နာမ်တရားတွေက ကွယ်ပျောက်သွားလိုက် တာ သေသည်အထိ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစျာန်နာမ်တရားတွေက မလျှော ကျခဲ့လျှင်တော့ အကျိုးပေးမြဲတဲ့အတွက် သူတို့ကိုလည်း ဂရုကံလို့ ခေါ်တယ်။ သို့သော် လျှောကျသွားခဲ့မယ် ဆိုလျှင်တော့ အကျိုးပေးနိုင်တဲ့စွမ်းအား မရှိခြင်း ကြောင့် သူတို့က ဂရုကံစာရင်းထဲမှာ မဝင်ပြန်ဘူး။
ဝိပဿနာကံ
နောက်ထပ် ခိုင်မြဲတဲ့ ကံတစ်ခုကတော့ ခုလို ရုပ်တွေနာမ်တွေကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့မယ်၊ အကြောင်းတရားတွေ အကျိုး တရားတွေကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတတ်ခဲ့ မယ်ဆိုလျှင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးကို ရရှိပြီ၊ ထိုဉာဏ်နှစ်ပါးကို ရရှိတဲ့ သူတော်ကောင်းအတွက် -
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)
ဆိုပြီးတော့ အဋ္ဌကထာ ဆရာတော်များက ဖွင့်ထားတယ်။ သာသနာ တော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာတည်ရာကို ရရှိသွားပြီ၊ နိယတဂတိက- ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ သောတာပန် အငယ်စား စူဠသောတာပန် ဖြစ်ပြီဆိုပြီး ဒီလို ဖွင့်ဆိုထားပါတယ်။ ဒီဓမ္မစကြာ ဒေသနာတော်ကို နာကြားခွင့် ရရှိနေတဲ့ ပဉ္စဝဂ္ဂီငါးဦးကို လှမ်းပြီး ကြည့်မယ် ဆိုလျှင် အထူးသဖြင့်တော့ အရှင်ကောဏ္ဍညက ပဒုမုတ္တရဘုရားရှင် သာသနာ တော်ကတည်းက မြစ်ဖျားခံပြီးတော့ ပါရမီမျိုးစေ့ကောင်းတွေကို ထူထောင် ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ် ငါးဦးလုံးကို ပြန်ပြီး ကြည့်လိုက်တဲ့အခါ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်တဲ့ အချိန်အခါမှာ ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိမည့် သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။
ပဋိသမ္ဘိဒါဉာဏ်အတွက် ဖြည့်ကျင့်ရမည့်အင်္ဂါရပ်
ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိမည့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အကြောင်းအင်္ဂါရပ် ငါးချက်အထဲက အကြောင်းအင်္ဂါရပ်လေးမျိုးက ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဖြည့်ကျင့်ရမည့် လုပ်ငန်းခွင်တွေ ဖြစ်တယ်။ နံပါတ်တစ် အကြောင်းကတော့ အဓိဂမဖြစ်တယ်။ အဓိဂမဆိုတာ ကတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိခြင်း ဖြစ်ပါတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အကြောင်းတရားကိုတော့ ဒီ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ သူတို့ ရရှိပါတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရလျှင် ဒီပဋိသမ္ဘိဒါဉာဏ်က ရနိုင်တယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရသေးခဲ့လျှင် ပဋိသမ္ဘိဒါဉာဏ် မရနိုင်ပါဘူး။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိတဲ့အထဲမှာ အရှင်အာနန္ဒာတို့ကတော့ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိသည်နှင့်တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုပါ ရရှိသွားပါတယ်။ အမျိုးသမီးပိုင်းကို ကြည့်မယ်ဆိုလို့ရှိ လျှင်လည်း ခုဇ္ဇုတ္တရာတို့ပေါ့၊ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဆိုက်သည် နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုပါ ပူးတွဲ ရရှိသွားပါတယ်။ အမျိုးသားပိုင်းကို ကြည့်မယ်ဆိုလျှင်လည်း ဝိသာခဥပါသကာတို့ စိတ္တသူကြွယ် ဥပါသကာတို့ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကို ရရှိကြသွားတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)
ရဟန်းတော်ပိုင်းမှာတော့ အခုပဉ္စဝဂ္ဂီငါးဦး အမှူးရှိနေတဲ့ ရဟန်းတော် တော်တော်ခပ်များများကတော့ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကို ရရှိကြပါတယ်၊ အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရှိတဲ့ အချိန်အခါမှာ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကို ရရှိကြတယ်၊ အသေက္ခပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။ သောတာပန်, သကဒါဂါမ်, အနာဂါမ်အဖြစ်နှင့် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိခဲ့လျှင် တော့ ထိုပဋိသမ္ဘိဒါဉာဏ်တွေကိုတော့ သေက္ခပဋိသမ္ဘိဒါဉာဏ်ဆိုပြီး ခေါ်ဝေါ် သုံးစွဲ ထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)
နံပါတ်နှစ် အကြောင်းတရားကတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာ တော်တွင်းမှာ သူတို့က ပရိယတ္တိခေါ်တဲ့ ပိဋကတ်သုံးပုံကို နှုတ်ငုံရသည်အထိ သင်ယူခဲ့ဖူးခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်း ရှိရပါတယ်။
နံပါတ်သုံး အင်္ဂါရပ်ကတော့ ပရိပုစ္ဆာခေါ်တဲ့ အင်္ဂါရပ်၊ ဒီပါဠိတော်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို စနစ်တကျ သင်ယူခြင်း, မေးမြန်းခြင်း, ပါဠိတော်မှာ ခက်ခဲနေတဲ့ အချက်အလက်တို့ကို မေးမြန်းလျှောက်ထားခြင်းဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပါဠိတော်ကိုဖွင့်ဆိုတဲ့ အဋ္ဌကထာတွေကိုပါ ပူးတွဲပြီး သင်ယူရတဲ့ လုပ်ငန်းခွင် ဖြစ်တယ်။
နောက်တစ်ခု နံပါတ်လေး အင်္ဂါရပ်ကတော့ သဝနဖြစ်ပါတယ်။ သဝန ဆိုတာက ဒီတရားကိုနာယူတဲ့ အချိန်အခါမှာ ရိုသေလေးစားတဲ့ စိတ်ဓာတ်ဖြင့် နာယူခြင်းဆိုတဲ့ အကြောင်းအင်္ဂါရပ်တစ်ခု ဖြစ်တယ်။
နောက်ဆုံး အရေးကြီးတဲ့ အင်္ဂါရပ်ကတော့ ပုဗ္ဗယောဂ ဖြစ်ပါတယ်။ ပုဗ္ဗယောဂဆိုတာ ဘာလဲ?
ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)
စသည်ဖြင့် ဒီလို ဖွင့်ဆိုထားတယ်။ ဘာပြောတာလဲ? ရှေးရှေးဘုရားရှင် တို့ရဲ့ သာသနာတော်တွင်းမှာ ရဟန်းဘဝနှင့် အထူးသဖြင့် ဂတပစ္စာဂတိကဝတ် တွေကို ဖြည့်ကျင့်ရပါတယ်။ ဂတပစ္စာဂတိကဝတ် ဆိုတာကတော့ ဆွမ်းခံ သွားလျှင်လည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးတော့ သွားတယ်။ ဆွမ်းခံရွာမှ ပြန်လာတဲ့ အချိန်မှာလည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ပြန်လာတယ်။ အဲဒီဝတ်တို့ကို ဖြည့်ကျင့် ပြီးတဲ့အခါ နောက်ထပ် ဘာတွေ လုပ်ရသလဲလို့မေး တော့ သမထဝိပဿနာ ဘာဝနာတွေကို ပွားများလိုက်တာ သင်္ခါရုပေက္ခာ ဉာဏ်သို့တိုင်အောင် အားထုတ်ထားပြီး ဖြစ်ရမယ်ဆိုပြီး ဒီအင်္ဂါရပ် ပါပါတယ်။
အဲဒီ သူတော်ကောင်းတွေရဲ့ ပါရမီမျိုးစေ့တွေက ရှေးရှေးဘုရားရှင်တွေ ရဲ့ သာသနာတော်တွင်းမှာကတည်းက ခုလို သင်္ခါရုပေက္ခာဉာဏ်သို့တိုင် အောင် ဖြည့်ကျင့်ခဲ့တဲ့အတွက် ဂေါတမဘုရားရှင် ပွင့်တော့မယ်ဆိုကတည်းက သူတို့ရဲ့ စိတ်ဓာတ်တွေက ဘယ်လိုဖြစ်လာသလဲ? ဘုရားအလောင်းကို နိမိတ် ဖတ်တဲ့ ကောဏ္ဍညပုဏ္ဏား ဆိုကြပါစို့။ ကောဏ္ဍညပုဏ္ဏားကနေပြီးတော့ ဘုရားရှင် ဧကန်ဖြစ်မယ်လို့ သူကိုယ်တိုင်လည်း ယုံကြည်ပြီးတော့ နိမိတ် ဖတ်တယ်။
ထိုခေတ် ထိုအချိန်အခါမှာ သုဒ္ဓေါဒနမင်းကြီးရဲ့ ဆရာတစ်ဆူ ဖြစ်တော် မူတဲ့ ကာဠဒေဝီလရသေ့ = အသိတရသေ့ = အဇိတရသေ့ဆိုပြီးခေါ်တဲ့ ရသေ့ ကြီးကလည်း ရှိတယ်။ လောကီ စျာန်အဘိညာဏ်တွေကို ရရှိပါတယ်။ ထို ရသေ့ကြီးကလည်း ဘုရားရှင် ဧကန်ဖြစ်မယ်ဆိုပြီးတော့ ဟောကြားသွား တယ်။ ဒီယုံကြည်ချက်ဖြင့် သူတို့က ဘာလုပ်သလဲ? နိမိတ်ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ကောဏ္ဍညပုဏ္ဏား ဦးဆောင်နေတဲ့ ပဉ္စဝဂ္ဂီငါးဦး ပုဏ္ဏား တွေဟာ အရင်ကြိုတင်ပြီး တောထွက်နှင့်ကြတယ်။ တောထဲကနေပြီးတော့ သိဒ္ဓတ္ထမင်းသား တောထွက်မည့် အချိန်အခါကို စောင့်ဆိုင်းနေကြတယ်။ ဘာကြောင့်လဲ? ပါရမီတွေက လှုံ့ဆော်နေတယ်။
အခုဒါယကာကြီးတွေက ဂျပန်ကနေလာပြီး စောင့်နေတယ်၊ ဂျပန်ကနေ လာစောင့်နေတဲ့ အခါကျတော့ ပါရမီချင်းတော့ မကွာဘူးလား? ကွာနေလိမ့် မယ်ထင်တယ်။ ပြောချင်တဲ့အချက်က သူတို့အတွက် နိယတဂတိပဲ။ လားရာ ဂတိတွေလည်း ကျိန်းသေဧကန် မြဲနေပြီ၊ ပါရမီမျိုးစေ့တွေကို ရင့်ရင့်ကျက်ကျက်ဖြစ်အောင် ထူထောင်ခဲ့တဲ့အတွက် ဒီဘဝမှာ ဘုရားရှင်နှင့်တွေ့ဖို့ရာ ကျိန်းသေနေတဲ့ နိယတဗျာဒိတ်များကိုလည်း ပဒုမုတ္တရဘုရားရှင် သာသနာ တော်တွင်းမှာ အထူးသဖြင့် အရှင်ကောဏ္ဍညက ခံယူခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ကျိန်းသေနေတဲ့ ကံတွေက လားရာဂတိကိုလည်း မြဲစေ တယ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိဖို့ရန်အတွက်လည်း ကျိန်းသေတဲ့ အကြောင်း တရားတွေ ဖြစ်ပါတယ်။ အဲဒီလို ဝိပဿနာဉာဏ်တွေကို အားထုတ်လိုက်ပြီ၊ ဟိုတစ်နေ့က ပြောခဲ့ပြီးပြီ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်က ဒီဘဝမှာ အကယ်၍ အခုအားထုတ်လိုက်လို့ မရသေးဘူးထား၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရရှိခဲ့ဘူး ဆိုလျှင်လည်း သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိသို့ ကျိန်းသေဧကန် ရောက်နိုင်တယ်။ ထိုနတ်ရွာသုဂတိမှာ ညကပြောခဲ့သလို တရားပုဒ်အစုတွေက သူရဲ့သန္တာန်မှာ ပေါလောကြီးပေါ်နေတယ်။ ဘာဖြစ်လို့လဲ? သူက မရဏာသန္နဇောအထိ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက် သို့မဟုတ် ဒုက္ခ အချက် သို့မဟုတ် အနတ္တအချက်ကို အာရုံယူနိုင်တယ်။ ဒီလို အာရုံယူနိုင်တဲ့ အတွက်ကြောင့်လည်း ထိုပုဂ္ဂိုလ်အတွက် လားရာဂတိ မြဲတယ်၊ မြဲလို့ နတ်ရွာ သုဂတိ ရောက်လျှင်လည်း အလကား အချည်းနှီး မဖြစ်ဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျင်လျင်မြန်မြန်ကြီး ရရှိနိုင်တယ်ဆိုပြီးတော့ ဟော ထားတယ်။ (အင်္ဂုတ္တိုရ် စတုက္ကနိပါတ် သောတာနုဂတသုတ်။ အံ၊၁၊၅၀၄။)
အကယ်၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မိမိအလိုအလျောက် လျင်လျင်မြန်မြန် ကြီး မရခဲ့ဘူးထား၊ လူ့ပြည်လူ့လောကက တန်ခိုးရှိတဲ့ ဓမ္မကထိက ရဟန်း တော်တစ်ပါးက နတ်ပြည်နတ်လောကသို့ တက်ပြီး တရားဟောခဲ့လျှင်လည်း သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကား နာကြားခွင့် ရရှိတဲ့အချိန်အခါမှာ လျင်လျင်မြန်မြန်ကြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။ သို့မဟုတ် ဓမ္မကထိက နတ်သား တစ်ဦးဦးကနေပြီးတော့ သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကားကို ဟောကြားလိုက်လို့ နာကြားခွင့် ရရှိခဲ့မယ်ဆိုလျှင်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ကို လျင်လျင်မြန်မြန်ကြီး ရနိုင်တယ်။ သို့မဟုတ် မိမိတို့ လူ့ပြည်လူ့လောကမှာ တရားကျင့်ဖော်ကျင့်ဖက် မိတ်ကောင်းဆွေကောင်းတွေ ရှိကြပါတယ်။ ထို မိတ်ကောင်းဆွေကောင်းတွေက နတ်ပြည်နတ်လောကကို အရင်ရောက်ရှိ သွားပြီ။ မိမိက နောက်မှ နတ်ပြည်နတ်လောကကို ရောက်ရှိတယ် ဆိုလျှင် လည်း ခုနက ပြောခဲ့သလို မိမိကိုယ်တိုင်လည်း တရားက အလိုအလျောက် ထိုးထွင်းမသိသေးဘူးထား၊ ဓမ္မကထိက ရဟန်းတော်တစ်ပါး သို့မဟုတ် ဓမ္မကထိကနတ်သားတစ်ဦးရဲ့ တရားတော်ကို နာကြားခွင့် မရရှိဘူးဘဲထား၊ အရင်ရောက်နေတဲ့ မိတ်ကောင်းဆွေကောင်းတွေက နေပြီးတော့ -
မိတ်ဆွေ ... တို့လူ့ပြည်လူ့လောကတုန်းက ရဟန်းဘဝမှာ ဒီတရား ဒီတရားတွေကို တို့ကျင့်ခဲ့ကြဖူးတယ်။ ပြန်ပြီး အမှတ်ရစမ်းပါလို့ သတိပေး လိုက်မယ်ဆိုလျှင် သတိဖြစ်တာက နှေးသေးတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို လျင်လျင်မြန်မြန်ကြီး ရရှိနိုင်ပါတယ်ဆိုပြီး ဒီလို မြတ်စွာဘုရားက အာမခံချက် အပြည့်အဝနဲ့ သောတာနုဂတသုတ္တန်မှာ ဟောထားပါတယ်။ (အံ၊၁၊၅၀၄-၅၀၇၊၊) အဲဒီလို ခိုင်လုံတဲ့ အာမခံချက်ရှိနေတဲ့ တရားတွေကို ဒီနေ့ ပရိသတ်တွေ ကြိုးစားထားဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။
ပစ္ဆိမဘဝိက အစစ်နှင့်အတု
အကယ်၍များ အနာဂတ်သံသရာခရီး ကျန်ရှိနေလို့ ကျိန်းသေတဲ့ ကျင့်စဉ်တွေကို မိမိတို့က ကျင့်မထားဘူးဆိုလျှင် မဟာဓနသူဌေးသားတို့လို ပေါ့၊ ဘုရားရှင်နှင့်တွေ့သော်လည်း လွဲချော်ပြီး သွားနိုင်ပါတယ်။ မဟာဓန သူဌေးသား ဘယ်အချိန်အခါမှာ ကျွတ်တမ်းဝင်မယ်ဆိုတာ စာပေကျမ်းဂန်မှာ အတိအကျ မဖော်ပြတဲ့အတွက် ဘုန်းကြီးတို့လည်း မပြောနိုင်ဘူး။ မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတော့ ရှိတာမှန်တယ်။ ဒါပေမဲ့ သူ့ရဲ့ မျိုးစေ့တွေက ကျိန်းသေတဲ့ မျိုးစေ့မျိုး မဟုတ်ဘူး။
နောက်ဆုံးဘဝရှိတဲ့ ပစ္ဆိမဘဝိကပုဂ္ဂိုလ်တွေဟာ အစစ်နှင့်အတု နှစ်မျိုး ရှိပါတယ်။ အစစ်က ကျိန်းသေတယ်၊ ပဉ္စဝဂ္ဂီ ငါးဦးတို့လို ဖြစ်ပါတယ်။ အတု တွေကတော့ အဇာတသတ်လို့လို, မဟာဓနသူဌေးသားတို့လို ပုဂ္ဂိုလ်မျိုးတွေ ဖြစ်တယ်။ သူတို့ရဲ့ ပါရမီမျိုးစေ့တွေက မဂ်ဖိုလ် နိဗ္ဗာန်ကို ရလောက်အောင် ကျေးဇူးပြုပေးချင်လည်း ပေးမယ်။ မပေးသော်လည်း ရှိချင်ရှိနေဦးမယ်။ ကျိန်းမသေတဲ့ ကံတွေပဲ။ ဒါကြောင့် ခုလို သာသနာတော်နှင့်တွေ့ခိုက်မှာ ကျိန်းမသေတဲ့ ကံတွေကို မထူထောင်ဘဲ ကျိန်းသေတဲ့ ကံတွေကို ထူထောင် ထားဖို့ လိုပါတယ်။
ကျိန်းသေတဲ့ကျင့်စဉ်
ဒီထက်ပိုပြီး ကျိန်းသေတာကတော့ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် အစရှိတဲ့ အရိယာအဆင့်သို့ ရောက်ခဲ့လျှင်တော့ ဒီလို သူတော်ကောင်းမျိုး သည် အပါယ်လေးဘုံမှ ကွင်းလုံးကျွတ်လွတ်ပြီ၊ သကဒါဂါမ် ဖြစ်ခဲ့မယ်ဆိုလျှင် တော့ ဒီလူ့ပြည်လူ့လောကကို တစ်ကြိမ်လောက်ပဲ လာခွင့်ရှိမယ်၊ အနာဂါမ် ဖြစ်ခဲ့လျှင်တော့ ကာမ (၁၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်သွားမယ်။ အရဟတ္တမဂ် အရဟတ္တဖိုလ်သာ ရရှိခဲ့မယ် ဆိုလျှင်တော့ (၃၁)ဘုံခရီးမှ ကွင်းလုံးကျွတ်လွတ် ပြီ၊ နောက်ထပ်တစ်ဖန် အိုမှု, နာမှု, သေမှုဆိုတာလည်း မရှိတော့ဘူး။ ကျိန်းသေတဲ့ကံတွေကို ထူထောင်ခဲ့လျှင်တော့ ကျိန်းသေတဲ့ အကျိုးတရားတွေကို ရနိုင်ပါတယ်။
အနာဂတ်အပြောင်းအလဲ
သို့သော် ဒီနေရာမှာ အနာဂတ်ရှုကွက်နှင့် ပတ်သက်လျှင် အချို့ယောဂီ တွေမှာ အပြောင်းအလဲ နည်းနည်းပါးပါးတော့ ရှိတတ်ပါတယ်။ နည်းနည်း ပါးပါး ပြောင်းလဲမှု ရှိတတ်တယ် ဆိုတာကတော့ ထိုယောဂီက တစ်ချိန်တုန်းက သူက ရဟန်းဖြစ်ချင်တဲ့စိတ်ဓာတ် သူ့မှာ ပြင်းပြင်ထန်ထန် ရှိခဲ့ဖူးတယ်။ အမျိုး သမီးဖြစ်ချင်လည်း ဖြစ်ပါစေ၊ အမျိုးသားဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဒါပေမဲ့လို့ တရားတွေ တကယ်အားထုတ်လိုက်တဲ့ အချိန်အခါကျတော့ ဒီယောဂီက ဘာဖြစ်လာသလဲ? ဒီရဟန်းဘဝကိုလည်း လိုချင်တဲ့စိတ်ထား မရှိတော့ဘူး။ ဘာဖြစ်လို့ သူက ဒီရဟန်းဘဝကို လိုချင်ရသလဲလို့မေးတော့ ယောကျ်ားဘဝနဲ့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာကိုပဲ သူက အလိုရှိတယ်။ အမျိုးသမီးဘဝနဲ့ ပရိနိဗ္ဗာန်စံရတာကို သူက အလိုမရှိဘူး။ သူက အထက်တန်းကျောင်းအုပ် ဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ဝိပဿနာတွေကို ရှုလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? အဲဒီ သူမျှော်လင့်တောင့်တနေတဲ့ ရဟန်း ဘဝကို မရရှိဘူးတော့ မဟုတ်ဘူး၊ ရရှိတယ်။ အဲဒီ ရဟန်းတော်ကြီးလည်း တဖြည်းဖြည်း အိုအိုပြီး သွားလိုက်တာ အိုလွန်းမက အိုလာတော့ အိုလွန်းမက အိုတဲ့ ဒီအဘိုးကြီးအိုဘဝကို လိုချင်သေးလား? မလိုချင်ပါဘူး။
ဒါယကာကြီးတွေ ဒါယိကာမကြီးတွေကိုလည်း ဒီလို ဘဝကို မလိုချင်တဲ့ စိတ်ကို မွေးစေချင်တယ်။ ဒီတော့ တကယ်လက်တွေ့ တစ်ချိန်တုန်းက လိုချင် ခဲ့ပေမယ်လို့ နောင်တစ်ချိန် အသိဉာဏ်တွေ ရလာတဲ့အခါ လိုချင်တဲ့စိတ်ထား ရှိသေးသလား? မရှိတော့ဘူး။ အဲဒီ စိတ်ထားမျိုးတွေပေါ်အောင် တရားဆို တာက အားထုတ်တာ ဖြစ်ပါတယ်။ သို့သော် အပြောင်းအလဲအကြောင်းကို ဘုန်းကြီး ပြောချင်တာက တစ်ချိန်က သူက ရဟန်းဘဝကို မျှော်လင့်တောင့်တ ခဲ့တာ မှန်ပေမယ်လို့ သမထပိုင်း စျာန်တရားတွေကို စနစ်တကျ အားထုတ် လိုက်တော့ အောင်မြင်တဲ့ အချိန်အခါမှာ ဒီစျာန်တရားတွေရဲ့ အကျိုးပေးမှု စွမ်းအင်ကို လှမ်းပြီး ကြည့်လိုက်တော့ ဗြဟ္မာဘဝကို ရောက်ရှိသွားတာလည်း တွေ့နေပါတယ်။ ကျိန်းသေသလားဆိုတော့ ကျိန်းမသေပါဘူး။ ကျိန်းမသေဘူး ဆိုတဲ့သဘောက ဒီဘဝမှာ သူကြိုးစားခဲ့လျှင် ရဟန္တာဖြစ်နိုင်တဲ့ စွမ်းအင်ရှိ နေတာလည်း တွေ့ရတယ်။ မကြိုးစားခဲ့ဘူးဆိုလျှင် နောင်ဘဝ သံသရာခရီး တစ်ခု ဆက်ရဦးမယ်ဆိုတာလည်း တွေ့နေရတယ်။
ခုနက အဇာတသတ်တို့လို မဟာဓနသူဌေးသားတို့လိုပေါ့၊ ဒီဘဝမှာ ဘဝဆုံးချင်လည်း ဆုံးမယ်၊ မကြိုးစားခဲ့လျှင် မဆုံးချင်လည်း မဆုံးဘူး။ ဒီလို ပုဂ္ဂိုလ်မျိုးတွေကိုတော့ ဘုန်းကြီးတို့ စာပေနယ်က ပစ္ဆိမဘဝိက အတုလို့ ခေါ်တယ်။ တကယ်ကြိုးစားလို့ရှိလျှင်တော့ ဆုံးသွားမယ်။ တကယ်မကြိုးစား ခဲ့လျှင်လည်း မဆုံးနိုင်တဲ့သဘော ရှိတယ်။ ဒီတော့ အလိုအလျောက် ဆုတောင်းပန်ထွာရုံ သက်သက်ဖြင့် ရဟန္တာဖြစ်မှာ ဟုတ်သလား? မဟုတ်ဘူး။ ကြိုးစားဖို့တော့ လိုတယ်။
စွန့်နိုင်ဖို့လိုတယ်
ကြိုးစားတဲ့အပိုင်းမှာ ဘာလိုအပ်သလဲ? စွန့်နိုင်ဖို့တော့ လိုအပ်တယ်။ အမျိုးသမီးတွေ အမျိုးသမီးဘဝကို စွန့်နိုင်မှ အမျိုးသမီးဘဝမှ လွတ်မယ်၊ အမျိုးသားတွေ အမျိုးသားဘဝကို စွန့်နိုင်ပါမှ အမျိုးသားဘဝမှ လွတ်မယ်။ အမျိုးသမီးကလည်း အမျိုးသမီးဘဝကို မစွန့်နိုင်သေးဘူး၊ နောက်ထပ်လည်း အမျိုးသမီးပဲ ဖြစ်ချင်တယ်၊ အမျိုးသားကလည်း အမျိုးသားဘဝကို မစွန့်နိုင် သေးဘူး၊ နောက်ထပ် အမျိုးသားပဲ ထပ်ပြီး ဖြစ်ချင်ပါသေးတယ်ဆိုလျှင်တော့ လွတ်ပါ့မလား? မလွတ်ဘူး။ ဒီတော့ ဂျပန်ကနေ လွတ်ချင်တယ်ဆိုလျှင် ဂျပန်ကို စွန့်ဖို့တော့ မလိုဘူးလား? လိုပါတယ်။ မစွန့်နိုင်လို့ရှိလျှင်တော့ ဂျပန်က လွတ်ပါ့မလား? မလွတ်နိုင်ဘူး။ စွန့်နိုင်မှ လွတ်နိုင်တယ်။ ဒါကိုတော့ နည်းနည်း သဘောပေါက်ထားစေချင်ပါတယ်။
ဥပ္ပါဒနှင့် အနုပ္ပါဒနိရောဓကို သိမ်းဆည်းပုံ
ဒီတော့ ဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းတဲ့ အပိုင်းမှာ အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို မြင်အောင်လှမ်းရှုဖို့ လိုတယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ခုနကပြောသလို စိတ်ဓာတ်က အကြောင်းတရားတွေ ချုပ်ခဲ့လျှင် အကျိုးတရားတွေ ချုပ်ငြိမ်းပုံ အပိုင်းကို မြင်အောင် လှမ်းကြည့်နိုင်ဖို့လည်း လိုတယ်။ ဒီဘဝမှာ ချုပ်ငြိမ်း ချင်လည်း ချုပ်ငြိမ်းမယ်။ အနာဂတ်ဘဝတစ်ခုမှာ ချုပ်ငြိမ်းချင် ချုပ်ငြိမ်းမယ်။ အကြောင်းတရားတွေက နောင်တစ်ဖန်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်း သွားတဲ့အခါမှာ အကျိုးခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထား ကာ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတာကိုမြင်အောင် လှမ်းကြည့်ရမှာ ဖြစ်တယ်။
လှမ်းကြည့်လိုက်လို့ မြင်ပြီဆိုတော့မှ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ ဥပါဒါန်ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ သင်္ခါရ ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ စသည်ဖြင့် ချုပ်ငြိမ်း မှုသဘောကိုလည်း မြင်အောင်ရှုရတယ်။ ကမ္မဇရုပ်တို့၏ ချုပ်ပျက်နေတဲ့ သဘာဝ ဥပ္ပါဒနိရောဓ သဘောကိုလည်း မြင်အောင်ရှုရမယ်။ ဒီတော့ ဥပ္ပါဒနိရောဓရယ် အနုပ္ပါဒနိရောဓရယ် နှစ်မျိုးဖြစ်သွားပြီ။
လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သော နိရောဓသစ္စာ
အဲဒီ အနုပ္ပါဒနိရောဓကိုလည်း မြတ်စွာဘုရားက နိရောဓသစ္စာအဖြစ်နဲ့ ဟောထားတော်မူပါတယ်။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ရဲ့ ယတိပြတ် ချုပ်ငြိမ်းမှုကိုလည်း နိရောဓသစ္စာလို့ ခေါ်တယ်။ ဘာနိရောဓသစ္စာလည်းလို့မေးတော့ လောကီဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ ဖြစ်တယ်။ တစ်ဖန် ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခသစ္စာတရားတွေရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် ဒုက္ခချုပ်ငြိမ်းကြောင်း ဒုက္ခနိရောဓအဖြစ်နဲ့လည်း ဟောထားတယ်။ အဲဒီ ဒုက္ခနိရောဓကလည်း ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှုသာ ဖြစ်တယ်။ ခန္ဓာ ငါးပါးဟာ ဘယ်အချိန်အခါမှာ ချုပ်သလဲလို့မေးလျှင် ပရိနိဗ္ဗာနစုတိ ကျရောက်တဲ့ အချိန်အခါမှာ ခန္ဓာငါးပါးတို့သည် နောင်တစ်ဖန် မဖြစ်သောချုပ် ခြင်းဖြင့် ချုပ်တယ်။ အဲဒီ ချုပ်ငြိမ်းမှုကလည်း အနုပ္ပါဒနိရောဓ ဖြစ်တယ်။ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာပဲ ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က လောကီနိရောဓသစ္စာကိုလည်း သိရမယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
လောကီမဂ္ဂသစ္စာ
လောကီမဂ္ဂသစ္စာကိုလည်း သိရမယ်။ လောကီမဂ္ဂသစ္စာ ဆိုတာကတော့ အခုချုပ်ငြိမ်းမှုတို့ကို လှမ်းပြီးရှုနေတဲ့ ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေ ဖြစ်ပါတယ်။ ထိုဝိပဿနာဇောဝီထိ စိတ်အစဉ်တွေထဲမှာ ဒီချုပ်ငြိမ်းမှု နှစ်မျိုးတို့ တွင် အနုပ္ပါဒနိရောဓသဘောကို လှမ်းပြီး သိနေတဲ့ဉာဏ်က သမ္မာဒိဋ္ဌိ။ ထို အနုပ္ပါဒနိရောဓ သဘောအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘော က သမ္မာသင်္ကပ္ပ၊ ထိုအနုပ္ပါဒနိရောဓသဘောကို သိအောင် ကြိုးစားအားထုတ် နေတဲ့သဘောက သမ္မာဝါယာမ၊ အနုပ္ပါဒနိရောဓသဘောကို အမြဲမပြတ် အမှတ်ရနေတဲ့သဘောက သမ္မာသတိ၊ အနုပ္ပါဒနိရောဓ အာရုံပေါ်၌ ဝိပဿနာ ဘာဝနာစိတ်ရဲ့ ကျရောက် တည်ငြိမ်နေခြင်း သဘောက သမ္မာသမာဓိ၊ ပေါင်းလိုက်တော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? ငါးပါး။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ၊ လောကီမဂ္ဂင်ငါးပါး။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)
ဒီလောကီမဂ္ဂင်ငါးပါးကို သိအောင် ရရှိအောင် ကြိုးစားအားထုတ်နေတဲ့ ယောဂီသူတော်ကောင်းက သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ သီလ မဂ္ဂင်သုံးပါးကို ကြိုတင်ပြီး ဆောက်တည်ထားတဲ့အတွက်, ကျင့်သုံးထားတဲ့ အတွက် သူ့သန္တာန်မှာ တည်ရှိနေတဲ့ ဒီသီလမဂ္ဂင်သုံးပါးနဲ့ပါ ပေါင်းလိုက်တော့ လောကီမဂ္ဂင် ဘယ်နှစ်ပါး ဖြစ်သွားသလဲ? ရှစ်ပါး။ လောကီမဂ္ဂင်ရှစ်ပါးက လောကီမဂ္ဂသစ္စာတရား ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ ခန္ဓာငါးပါးက ဒုက္ခသစ္စာ၊ အကြောင်းတရားတွေက သမုဒယသစ္စာ၊ အကြောင်းအကျိုး နှစ်ရပ်လုံး တို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုက နိရောဓသစ္စာ၊ ထိုနိရောဓ သစ္စာကို ထိုးထွင်းသိနေတဲ့ သို့မဟုတ် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓ သစ္စာ, မဂ္ဂသစ္စာတွေကို ပြန်ထိုးထွင်းသိနေတဲ့ မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ၊ ပေါင်း လိုက်တော့ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့သစ္စာ ဘယ်နှစ်ပါး လဲ? လေးပါး။ လောကုတ္တရာ သစ္စာတွေကို မျက်မှောက်ပြုချင်တဲ့ ပုဂ္ဂိုလ်က ဒီလောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ သစ္စာလေးပါးကို ပထမ သိအောင် ရှုပွားသုံးသပ်ရပါတယ်။
အသင်္ခတဓာတ် နိဗ္ဗာန် တရားတော်မြတ်က တဏှာချုပ်ရာ ဒုက္ခချုပ်ရာ ဖြစ်တဲ့ လောကုတ္တရာ နိရောဓသစ္စာ ဖြစ်ပါတယ်။ ထိုလောကုတ္တရာ နိရောဓ သစ္စာကို အာရုံပြုနေတဲ့ မဂ္ဂင်ရှစ်ပါးက လောကုတ္တရာ မဂ္ဂသစ္စာ ဖြစ်ပါတယ်။ အဲဒီ လောကုတ္တရာ သစ္စာတွေကို ထိုးထွင်းသိရေးအတွက် လောကီမဂ္ဂသစ္စာကို ပထမ ပွားများရပါတယ်။ အဲဒီ လောကီ မဂ္ဂသစ္စာလေးပါးကို ထိုးထွင်းသိပြီဆို တော့ ထိုယောဂီပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ? လုပ်ငန်းခွင်ကို မြတ်စွာဘုရား က ဆက်လက်ဟောကြားထားတော်မူပါတယ်။
သမုဒယ+ဝယဓမ္မာနုပဿီ
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုသည်ဖြစ်၍ နေလေ၏။ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန် ဖန် အထပ်ထပ် ရှုသည်ဖြစ်၍ နေလေ၏။ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်း သဘော၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုသည်ဖြစ်၍ နေလေ၏။ ဖြစ်တာကိုသာသိအောင် ရှုရသည် မဟုတ်ဘူး။ ချုပ်တာကိုလည်း သိအောင်ရှုဖို့ မြတ်စွာဘုရားက ဟောထားတော်မူပါတယ်။ ဖြစ်တာနှင့်ချုပ်တာ နှစ်ခု ပေါင်းစပ်ပြီးတော့လည်း ရှုပွားသုံးသပ်ဖို့ရန်အတွက် မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောသလဲ၊ ဘယ်လိုရှုမလဲ?
ခုနက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေ ဖြစ်လို့ အကျိုးခန္ဓာငါးပါး ဖြစ်ပုံကိုလည်း မြင်အောင်ရှုရတယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားတဲ့အတွက် အကျိုးခန္ဓာငါးပါးတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို လည်း မြင်အောင်ရှုရတယ်။ အဲဒီနှစ်ခုကို ရှုလိုက်တဲ့ ပုဂ္ဂိုလ်က ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့လည်း ရှုပါ။ ဘယ်လိုရှုမလဲဆိုတော့ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ကမ္မဇရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်၏၊ အဝိဇ္ဇာလည်း ဖြစ်ပျက်အနိစ္စ၊ ကမ္မဇရုပ်လည်း ဖြစ်ပျက်အနိစ္စ စသည်ဖြင့် ဒီလို လက္ခဏာ ရေးသုံးတန် တင်ပြီးတော့ ဒီအပိုင်းမှာလည်း ရှုပွားသုံးသပ်ပေးရပါတယ်။
အဲဒီလို ရှုပွားသုံးသပ်တဲ့ လုပ်ငန်းခွင်ကို သမုဒယဝယဓမ္မာနုပဿီ ဆိုပြီးတော့ မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်မှာ နာမည်တပ်ပြီး ဟောကြားထားတော်မူပါတယ်။ အဲဒီလို ရှုတဲ့ရှုကွက်ကတော့ ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီတော့ ဒီအပိုင်းမှာ မြတ်စွာဘုရားက ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် ဆိုပြီးတော့ ဉာဏ်သုံးပါးကို စုပေါင်းပြီးတော့ ဟောကြားထားတော်မူပါတယ်။ ဟောထားလိုက်တဲ့အခါမှာ ခုနက အဝိဇ္ဇာဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။ အဝိဇ္ဇာက အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရားစသည်ဖြင့် အကြောင်း တရား အကျိုးတရားတွေကို သိမ်းဆည်းတဲ့အပိုင်းက ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်တယ်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထိုးထွင်းသိတဲ့ အပိုင်း လည်း ဖြစ်ပါတယ်။ တစ်နည်းပြောလျှင်တော့ ဒုက္ခဖြစ်ကြောင်း သမုဒယ သစ္စာကို ထိုးထွင်းသိတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က ဒီ အကြောင်းအကျိုး နှစ်ရပ်လုံးဖြစ်တဲ့ အကြောင်းတရားနှင့်တကွသော ခန္ဓာ ငါးပါးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘောတွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုပွားသုံးသပ်ရပါ တယ်။
အခန်း (၁၅)
ဝိပဿနာဉာဏ်စဉ်ပိုင်းနှင့် အရိယမဂ်ဉာဏ်ပိုင်း
သမ္မသနနှင့်ဥဒယဗ္ဗယ
အဲဒီလို ရှုပွားသုံးသပ်ခါစ အပိုင်းမှာ ခဏပစ္စုပ္ပန်ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတွေရဲ့ ဖြစ်မှုပျက်မှုကို မမြင်သေးဘူး။ ခပ်ကျဲကျဲလေးတော့ မြင်နေတယ်။ ဖြစ်မှု ပျက်မှုကို ခပ်ကျဲကျဲမြင်နေတဲ့ အပိုင်းကိုတော့ သမ္မသနဉာဏ်ပိုင်းလို့ ခေါ်ပါ တယ်။ ဒီသမ္မသနဉာဏ်ပိုင်းမှာ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက အောက်ပါ အတိုင်း ညွှန်ကြားထားတော်မူပါတယ်။
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၏ ညွှန်ကြားချက်
ဒီသမ္မသနဉာဏ်ပိုင်းမှာ ရှုကွက်နှင့် ဆက်စပ်ပြီး ရှုပုံနည်းစနစ်များကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ညွှန်ကြားတော်မူတဲ့ ညွှန်ကြားချက်တစ်ခုကို နာယူကြည့်ရအောင် -
ကထံ အတီတာနာဂတပစ္စုပ္ပန္နာနံ ဓမ္မာနံ သင်္ခိပိတွာ ဝဝတ္ထာနေ ပညာ သမ္မသနေ ဉာဏံ?
၁။ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ အနိစ္စတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။ ဒုက္ခတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။ အနတ္တတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။
၂။ ယာ ကာစိ ဝေဒနာ။ ပ ။
၃။ ယာ ကာစိ သညာ။ ပ ။
၄။ ယေ ကေစိ သင်္ခါရာ။ ပ။
၅။ ယံ ကိဉ္စိ ဝိညာဏံ။ ပ ။ အနတ္တတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။ (ပဋိသံ-၅၁။)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကတော့ သမ္မသနဉာဏ်ရဲ့ အရှုခံအာရုံဖြစ်ကြတဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်တဲ့ သင်္ခါရတရားတွေကို ကလာပသမ္မသနလို့ ခေါ်ဆိုအပ်တဲ့ အပေါင်းအစုအလိုက် ခြုံငုံပြီးတော့ အနိစ္စလို့ ပိုင်းခြားဆုံးဖြတ် ခြင်း, ဒုက္ခလို့ ပိုင်းခြားဆုံးဖြတ်ခြင်း, အနတ္တလို့ ပိုင်းခြားဆုံးဖြတ်ခြင်းဆိုတဲ့ သမ္မသနဉာဏ်ဟာ အဘယ်သို့ ဖြစ်ပေါ်လာပါသလဲ?
၁။ အတိတ်ရုပ်တရား, အနာဂတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အဇ္ဈတ္တရုပ် တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ရုပ်တရား၊ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအားလုံးကို ဖြစ်ပြီးပျက် နေတဲ့ သဘောကို အာရုံယူပြီးတော့ အနိစ္စလို့ ပိုင်းခြားဆုံးဖြတ်တယ်၊ တစ်ခုသော သမ္မသနဖြစ်တယ်။ ဒီရုပ်တို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဒဏ် ချက်ဖြင့် အမြဲတမ်း အညှဉ်းပန်းအနှိပ်စက် ခံရတဲ့သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ပိုင်းခြားဆုံးဖြတ်တယ်၊ တစ်ခုသော သမ္မသန ဖြစ်တယ်။ ဒီရုပ်တွေမှာ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်ရှိနေတဲ့ အတ္တမရှိတဲ့သဘောကို ဉာဏ်နှင့်မြင် အောင် ကြည့်ပြီးတော့ အနတ္တလို့ ပိုင်းခြားဆုံးဖြတ်တယ်၊ တစ်ခုသော သမ္မသနဖြစ်တယ်။
ဒီလို ရှုပွားသုံးသပ်ဖို့ရန် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ညွှန်ကြားထား တော်မူပါတယ်။
၂။ ဝေဒနာ, ၃။ သညာ, ၄။ သင်္ခါရ, ၅။ ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာ လေးပါးကိုလည်း ပုံစံတူပဲ ညွှန်ကြားထားတော်မူပါတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ကြီးကလည်း (ဝိသုဒ္ဓိ၊၂၊၂၄၂။) ဒီပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးနှင့် သံယုတ်ပါဠိ တော်၌ လာရှိတဲ့ အဘိညေယျဒေသနာတော် (သံ၊၂၊၂၅၈၊၊) များကို ကိုးကား ၍ ပုံစံတူပဲ ရှုရန် ထပ်ဆင့် ညွှန်ကြားထားပါတယ်။
ဒါကြောင့် သမ္မသနဉာဏ်ရဲ့သဘောက အတိတ်ခန္ဓာငါးပါး, အနာဂတ် ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အဇ္ဈတ္တခန္ဓာငါးပါး, ဗဟိဒ္ဓခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ တိုးလျှိုပေါက်အောင် ရှုရတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီလို ရှုလိုက်တဲ့အခါမှာ ခဏပစ္စုပ္ပန်မဆိုက်မီအတွင်း ကို သမ္မသနဉာဏ်လို့ ခေါ်ပြီး စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်ကို ဆိုက် အောင် ရှင်းရှင်းလင်းလင်းမြင်ပြီ ဆိုလို့ရှိလျှင်တော့ အဲဒီအပိုင်းကိုတော့ ဥဒယဗ္ဗယဉာဏ်ပိုင်းဆိုပြီး ခေါ်ပါတယ်။ အဲဒီ ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် ဒီဉာဏ်သုံးပါးကို ရင့်ကျက်အောင် ယောဂီပုဂ္ဂိုလ်က ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာ လေ့ကျင့်ရပါတယ်။ လေ့ကျင့်လို့ အောင်မြင်မှုရပြီ ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်သည် ရှေ့တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ငန်းခွင် လုပ်ရမလဲ?
ဘင်္ဂဉာဏ်စတဲ့ အထက်ပိုင်းဝိပဿနာဉာဏ်များ
လုပ်ငန်းခွင်ကို မြတ်စွာဘုရားက ဒီသတိပဋ္ဌာန် ဒေသနာတော်မှာပဲ ဆက်ပြီး ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောကြားထားတော်မူ သလဲ?
အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ (မ၊၁၊၇၁)
ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သတိက ရှေးရှုတည်နေတယ်၊ ဘယ်လို ရှေးရှုတည်သလဲ? ကာယတွေပဲ ရှိတယ်ဆိုတဲ့ အသိဉာဏ်တွေ ရှေးရှုတည်နေ တယ်။ ကာယဘယ်နှစ်မျိုးလဲ? သုံးမျိုး။ မမေ့နဲ့နော်။ အဿာသပဿာသ ကာယ, ကရဇကာယ သို့မဟုတ် ရူပကာယ, နောက်တစ်ခုက နာမကာယ။ အဿာသပဿာသကာယက ဝင်လေထွက်လေမှာ တည်ရှိနေတဲ့ ရုပ်တရား အပေါင်းအစု၊ ကရဇကာယ ဆိုတာကတော့ ကံ, စိတ်, ဥတု, အာဟာရခေါ်တဲ့ အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေတဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ရုပ်တရားအစု၊ နာမကာယဆိုတာက ထိုရုပ်တရားကို အာရုံယူ၍ ရုပ်တရားကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ နာမ်တရားအစု၊ နောက်တစ်ခု စျာန်နာမ်တရား အစုတွေ ဖြစ်ကြပါတယ်။
ဒီတော့ တစ်နည်းပြောလျှင်တော့ ရုပ်တရားအစုအပုံ နာမ်တရားအစု အပုံ။ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံလို့ ခေါ်ဆိုအပ်တဲ့ ကာယသာ လျှင် ရှိတယ်ဆိုတဲ့ သတိသည် ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရှေးရှုတည်လာ ပြီ၊ ဘာပြောလိုတာလဲ? ပြောလိုရင်း အဓိပ္ပါယ်လေးကတော့ နာမရူပပရိစ္ဆေဒ ဉာဏ်စတဲ့ ရှေ့ပိုင်းတွေမှာ လက်တွေ့ အားထုတ်နေတဲ့ ယောဂီများဆိုလျှင် သဘောပေါက်ကြပါတယ်။
ဓာတ်လေးပါးကို ပြည်တည်ပြီးတော့ ခန္ဓာကိုယ်မှာ တည်ရှိတဲ့ ဓာတ်လေး ပါးကို သိမ်းဆည်းပြီ ဆိုကြစို့။ သိမ်းဆည်းလိုက်လို့ တစ်ဆင့်ထက်တစ်ဆင့် ဓာတ်လေးပါးနှင့် သမာဓိထူထောင်လိုက်တဲ့အခါမှာ အဖြူအတုံးအခဲကို တွေ့ပြီ၊ အတုံးလိုက်အခဲလိုက်ပဲ ရှိသေးတယ်၊ ဒီအဖြူအတုံးအခဲမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို ဆက်လက်သိမ်းဆည်းပြီး သမာဓိထူထောင်နိုင်လိုက်လျှင် အဖြူအတုံးအခဲကနေ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို ကြည်နေတဲ့ အကြည်အတုံး အခဲကို တွေ့ပြီ၊ ဒီအကြည်အတုံးထဲမှာလည်း တည်ရှိတဲ့ ဓာတ်လေးပါးကို ဆက်လက်သိမ်းဆည်းပြီး သမာဓိထူထောင်လိုက်လျှင် ကလာပ်အမှုန်ကလေး တွေ တွေ့တယ်။ ကလာပ်အမှုန်သည် ပရမတ်တရားလားလို့မေးတော့ မဟုတ် သေးဘူး၊ ပရမတ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။
ဒီတော့ ယောဂီပုဂ္ဂိုလ်က ဒီပရမတ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဒီရုပ်ကလာပ်ကလေးတွေကို ဓာတ်ခွဲလိုက်တဲ့ အချိန်ကျတော့မှ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော စသည်ဖြင့် သဘောတရား လေးတွေ ရှစ်ခု,ကိုးခု, ဆယ်ခု စသည်ကို သိမ်းဆည်းနိုင်ပြီ၊ သိမ်းဆည်းလိုက်တဲ့ အချိန်အခါကျမှ ပရမတ်နယ်မြေကို ရောက်တယ်။
ပရမတ်နယ်မြေကို ရောက်လိုက်တဲ့ အချိန်အခါမှာ ဘယ်လို ဖြစ်နေ သလဲလို့ မေးလျှင်ပေါ့၊ ခန္ဓာအိမ်တစ်ခုပဲ ဆိုကြပါစို့၊ ပရမာဏုမြူခန့် သေးငယ် နေတဲ့ ဒီကလာပ်အမှုန်ပေါင်း ဘယ်လောက်လောက် ရှိမလဲလို့ မေးလျှင်ပေါ့။ တစ်ချိန်တည်းမှာ ပြိုင်တူဖြစ်နေတဲ့ ဒီကလာပ်အမှုန်လေးတွေကို ဉာဏ်နှင့် ချင်တွယ်လို့ ရစကောင်းလို့သာ ချင်တွယ်ကြည့်မယ်ဆိုလျှင် ဒေါဏမတ္တာ = တစ်စိတ်သားခန့်လောက် ရှိမယ်။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)
ပရမာဏုမြူခန့် သေးငယ်နေတဲ့ အမှုန်ပေါင်း တစ်စိတ်သားခန့်လောက် ရှိမယ်ဆိုတော့ အဲဒီ ရုပ်ကလာပ် အမှုန်လေးတွေက အလွန် လျင်လျင်မြန်မြန် ဖြစ်ပြီးပျက်နေတယ်။ အဲဒီ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းကို လိုက်ပြီး ဓာတ်ခွဲနိုင်မလားလို့မေးတော့ မခွဲနိုင်ကြဘူး။ ဘာဖြစ်လို့လဲ? များလည်းများ တာကတစ်ကြောင်း လျင်မြန်တာကလည်းတစ်ကြောင်း၊ ဒီတော့ အဇ္ဈတ္တမှာ တည်ရှိတဲ့ ရုပ်တရားတွေကို ကုန်စင်အောင် ဓာတ်မခွဲနိုင်သလို, ရုပ်ကလာပ် တိုင်း ရုပ်ကလာပ်တိုင်းမှာ တည်ရှိတဲ့ ရုပ်တရားတိုင်း ရုပ်တရားတိုင်းကို ကုန် စင်အောင် မသိမ်းဆည်းနိုင်သလို ဗဟိဒ္ဓလောကလို့ ခေါ်ဆိုအပ်တဲ့ (၃၁)ဘုံ အတွင်းမှာ တည်ရှိတဲ့ ရုပ်ကလာပ်တွေကိုလည်း ဓာတ်ခွဲကာ ရုပ်ပရမတ် တရားတွေကို ကုန်စင်အောင် မရှုနိုင်ကြပါဘူး။ ဗဟိဒ္ဓ တစ်လောကလုံးမှာ တည်ရှိတဲ့ ရုပ်တွေနာမ်တွေကို ခြုံငုံပြီး သိမ်းဆည်းရမှာ ဖြစ်တယ်။
တစ်လောကလုံးမှာရှိတဲ့ ရုပ်တရားရုပ်ကလာပ်အမှုန် ဘယ်လောက်များ မယ်ဆိုတာ လှမ်းပြီး မှန်းသာကြည့်တော့၊ အဲဒါတွေကို သာဝကတွေအနေနဲ့ ကုန်စင်အောင် သိမ်းဆည်းနိုင်မလား? မသိမ်းဆည်းနိုင်ဘူး။ သိမ်းဆည်းလိုက် နိုင်တာက နည်းနည်းရယ်၊ မသိမ်းဆည်းလိုက်နိုင်တာကသာလျှင် ပိုပြီးများ တယ်။ များပြားနေတဲ့ ဒီရုပ်တရား အစုအပုံတွေထဲမှာ ဉာဏ်က အခုလို ထက်လာလို့ အထူးသဖြင့် ဘင်္ဂဉာဏ်ပိုင်းလောက် ရောက်ပြီ၊ အဖြစ်ကိုမမြင် တော့ဘဲ သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကိုပဲ မြင်နေပြီ၊ ဘာဖြစ်လို့ ဒီအပျက်ကို မြင်သလဲ? ဖြစ်တာမရှိလို့လားဆိုတော့ မဟုတ်ပါဘူး။
ယောဂီပုဂ္ဂိုလ်က ဥဒယဗ္ဗယဉာဏ်ပိုင်းက ရင့်ကျက်လာတဲ့အခါ ဘင်္ဂဉာဏ်ပိုင်းကို ကူးတော့မယ်ဆိုလျှင် ဉာဏ်တွေကလည်း ထက်လာပြီ၊ ရုပ်တွေ နာမ်တွေရဲ့ ဖြစ်မှုပျက်မှုတွေကိုလည်း လျင်လျင်မြန်မြန်ကြီး တွေ့ပြီ၊ ရှေး တုန်းက ရုပ်တွေနာမ်တွေက ဖြစ်မှုပျက်မှုက နှေးနေတယ်၊ ခုမှသာ လျင်မြန် တယ်၊ ဒီလိုတော့ မဟုတ်ဘူး။ ရုပ်တို့နာမ်တို့ရဲ့ သဘာဝက လျင်လျင်မြန်မြန် ကြီးကို ဖြစ်ပြီးပျက်နေတာ၊ ဒါ သူတို့ရဲ့ သဘာဝပဲ၊
ဒါပေမဲ့ ဉာဏ်က မလိုက်နိုင်သေးတော့ ရှေ့ပိုင်းမှာ သူက လျင်လျင် မြန်မြန် ဖြစ်မှုပျက်မှုကို သေသေချာချာ ဂဃနဏ သိပ်ပြီး ထိုးထွင်းပြီး မသိ သေးဘူး၊ ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်လာတဲ့ အချိန်အခါမှ ရင့်ကျက်လာမှ လျင်လျင်မြန်မြန် ဖြစ်မှုပျက်မှုကို မြင်ပြီ၊ မြင်ပေမယ်လို့ ခုနက ရုပ်ပရမတ် တရားတွေကို ရှုလိုက်တဲ့အပိုင်းမှာ ဉာဏ်က အလွန်ကြီး မထက်သေးတဲ့ အတွက် ကလာပ်အမှုန်ကလေးတွေကို ဓာတ်ခွဲနိုင်တဲ့ ရုပ်ကလာပ်တွေလည်း ရှိတယ်။ ဓာတ်မခွဲနိုင်တဲ့ ရုပ်ကလာပ်အမှုန်တွေလည်း ရှိနေသေးတယ်။ ရှိနေသေးတဲ့ အခါကျတော့ ဆိုလိုတာက တချို့ မိမိရှုပွားနိုင်တဲ့ ရုပ်တရားတွေ ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပေမယ်လို့ မရှုပွားလိုက်နိုင်တဲ့ ရုပ်တရား တွေကျတော့ ပရမတ်ကို ဉာဏ်အမြင် မဆိုက်သေးဘူး။
သို့သော် အခု ဒီဘင်္ဂဉာဏ်ပိုင်း ရောက်လာပြီဆိုတော့ ယောဂီပုဂ္ဂိုလ်က ဖြစ်မှုကို နှလုံးမသွင်းတော့ဘဲ အပျက်သက်သက်ကိုပဲ ကွက်ပြီး နှလုံးသွင်းလိုက် တော့တယ်။ သိပ်ပြီးတော့ လျင်လျင်မြန်မြန် ပျက်နေတဲ့ သဘာဝတွေကို ဉာဏ်နှင့်မြင်လာပြီ၊ မြင်လာလို့ ဉာဏ်က ရင့်ကျက်လာပြီဆိုလျှင် ထိုချိန်အခါမှာ ကလာပ်အမှုန်ဆိုတာ လုံးလုံးပျောက်သွားတယ်၊ မတွေ့တော့ဘူး၊ သဝိဂ္ဂဟ ခေါ်တဲ့ သဏ္ဌာန်ဒြပ်တွေ သင်္ခါရနိမိတ်တွေ အားလုံး ကွယ်ပျောက်သွားတယ်။ (မဟာဋီ၊၂၊၄၃၉။)
ဒီအပိုင်းမှာ သဝိဂ္ဂဟခေါ်တဲ့ သဏ္ဌာန်ဒြပ်ဆိုတာ ရုပ်ကလာပ်တွေပဲ ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်က ထက်မြက်စူးရှလာတဲ့အခါ သဝိဂ္ဂဟခေါ်တဲ့ ရုပ်ကလာပ်တွေ ပျောက်ပြီးတော့ ရုပ်ပရမတ်သဘောတရား အစုအပုံသက် သက်, နာမ်ပရမတ် အစုအပုံသက်သက်ကိုသာ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်က တွေ့နေတယ်၊ သိနေတယ်။ ပရမတ်သဘောတရား သက်သက်ကိုပဲ ဉာဏ်နှင့် တွေ့နေပြီ၊ အဇ္ဈတ္တ ကြည့်လိုက်လျှင်လည်း ပရမတ်သက်သက် တွေ့တယ်၊ ဗဟိဒ္ဓ ကြည့်လိုက်လျှင်လည်း ပရမတ်သက်သက်ပဲ တွေ့နေတယ်။ အဲဒီ အချိန်အခါကျမှ ဝိပဿနာနယ်ထဲကို ခြေစုံပစ်ပြီးတော့ ဝင်ပါတယ်။ ဝိပဿနာ ဉာဏ်အစစ်ကို ဆိုလိုပါတယ်။
ရှေ့ပိုင်းမှာတော့ ဝိပဿာနာဉာဏ်နှင့် မရှုလိုက်မိတဲ့ မရှုလိုက်နိုင်တဲ့ သဘောတရားတွေက ရောထွေးပြီးတော့ နေကြပါသေးတယ်။ ရောထွေးတယ် ဆိုတာက ကလာပ်အမှုန်ကလေးတွေကို မြင်နေသေးတယ်လို့ ဆိုလိုတာပါ။ ပရမတ်ကို ဉာဏ်အမြင် ဆိုက်နေတာလည်း ရှိတယ်။ ဉာဏ်အမြင် မဆိုက် သေးတာတွေလည်း ရှိနေသေးတယ်။ အခု ဘင်္ဂဉာဏ်ပိုင်း ရောက်ပြီ ဆိုလို့ရှိ လျှင်တော့ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတွေကို မတွေ့တော့ဘဲ ပရမတ်ကို ဉာဏ်အမြင် ဆိုက်သွားပြီ။ ပရမတ်ကို ဉာဏ်အမြင် ဆိုက်တဲ့အတွက် ပရမတ် အသားတင်သက်သက်ကိုသာ ဉာဏ်နှင့် ရှေးရှုပြီး မြင်နေပြီ၊ သတိကလည်း ပရမတ်တရားတွေ အပေါ်မှာပဲ ခိုင်ခိုင်မြဲမြဲဖြင့် ကပ်နေပြီ၊ ကပ်နေတဲ့အတွက် ဒီ သတိကလေးကို ဘုရားရှင်က ဘယ်လိုဟောသလဲ?
ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။
ဉာဏ်တွေ အဆင့်ဆင့် တိုးတက်လာဖို့ရန်လည်း ဖြစ်တယ်၊ သတိတရား တွေ အဆင့်ဆင့် တိုးပွားလာဖို့ရန် အတွက်လည်း ဖြစ်တယ်။ ဒီလို ဟောကြား ထားတော်မူတယ်။ ဉာဏ်တွေ အဆင့်ဆင့် တိုးတက်တယ်။ သတိတရားတွေ အဆင့်ဆင့် တိုးတက်လာတယ် ဆိုတာက ဘင်္ဂဉာဏ်ကနေ စပြီးတော့ အထက်တန်း ဝိပဿနာဉာဏ်တွေ တစ်စထက်တစ်စ တိုးတက်သွားမယ်။ ဒါလည်း အကြောင်းတစ်ခု၊ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဥပမာ- ရုပ်တရားတွေကို ရှုလိုက်တယ်။ ရုပ်တရားတွေရဲ့ ပျက်နေတဲ့သဘောကို မြင်တယ်။ ထိုပျက်နေတဲ့သဘောကို ကြည့်ပြီးတော့ အနိစ္စလို့ ရှုတယ်။ ထိုအနိစ္စ လို့ ရှုနေတဲ့ ဝိပဿနာဇောဝီထိ စိတ်အစဉ်ကိုလည်း တစ်ဖန်ပြန်ပြီးတော့ အနိစ္စလို့ ထပ်ရှုရတယ်။ ဒုက္ခလို့ ရှုလျှင်လည်း ပုံစံတူပဲ၊ အနတ္တလို့ ရှုလျှင် လည်း ပုံစံတူပါပဲ၊ ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေကိုပါ တစ်ဖန်ပြန်ပြီး တော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ပြီးတော့ ဝိပဿနာရှုပေးရပါတယ်။
ဒီတော့ အရှုခံဘက်မှာ ရုပ်တရားနာမ်တရားအစုအပုံပဲ ရှိတယ်။ ရှုတတ် တဲ့ ဝိပဿနာဉာဏ်ဘက်မှာတော့ ဝိပဿနာဇောဝီထိလို့ ခေါ်ဆိုအပ်တဲ့ နာမ် တရားအစုအပုံ ရှိတယ်။ ထိုအရှုခံဖြစ်တဲ့ ရုပ်ပရမတ်တရား နာမ်ပရမတ်တရား အစုအပုံတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး တော့ ဝိပဿနာရှုရတယ်။ ရှုလိုက်တဲ့ ဝိပဿနာဇောဝီထိစိတ်အစဉ်တွေ ကိုလည်း တစ်ဖန်ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီး ပြန်ပြီးတော့ ဝိပဿနာရှုပေးရပါတယ်။
အဲဒီလို ရှုပေးလိုက်တဲ့ အချိန်အခါမှာ ဉာဏ်တွေက တဖြည်းဖြည်း ရင့်ကျက်လာပြီ ဆိုကြစို့၊ ရင့်ကျက်လာတဲ့ အချိန်အခါမှာ အပျက်တွေကို ရှုနေတဲ့ ဉာဏ်တွေက မပျက်တဲ့နယ်ဘက်ကို လှမ်းပြီးတော့ မြင်လိုက်ပြီ၊ မြင်လိုက်ပြီ ဆိုလျှင် မပျက်တဲ့ သဘာဝကိုတော့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်လို့ ခေါ်ပါတယ်။
လောကုတ္တရာနိရောဓသစ္စာသို့ ဆိုက်ပြီ
ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က သစ္စာဒေသနာတော်နည်း အရ နိရောဓသစ္စာ ဖြစ်ပါတယ်။ ထိုနိရောဓသစ္စာကို လှမ်းအာရုံယူနေတဲ့ စိတ်စေတသိက်တရားစုကတော့ မဂ်စိတ်စေတသိက်နှင့် ဖိုလ်စိတ်စေတသိက် တွေ ဖြစ်ကြပါတယ်။ ထိုမဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တွေက ဘယ်ချိန်အခါမှာ ဘယ်လိုဖြစ်သလဲဆိုတဲ့ အပိုင်းကတော့ ယောဂီတစ်ဦးနှင့် တစ်ဦးတော့ မတူကြပါဘူး။ တချို့ယောဂီတွေက ရုပ်တရားကိုရှုခိုက်မှာ ဒီ အငြိမ်းဓာတ် နိဗ္ဗာန်ကို ဆိုက်သွားတာလည်း ရှိတယ်။ တချို့ယောဂီတွေက ကာမာဝစရနာမ်တရားတွေကို ဝိပဿနာရှုခိုက်မှာ အငြိမ်းဓာတ် နိဗ္ဗာန်ကို ဆိုက်သွားတာလည်း ရှိတယ်၊ တချို့ယောဂီတွေကျတော့ စျာန်နာမ်တရားတွေ ကို ဝိပဿနာရှုခိုက်မှာ အငြိမ်းဓာတ် နိဗ္ဗာန်ကို ဆိုက်သွားတာလည်း ရှိကြ ပါတယ်။
ဥပမာ - ခုလို အာနာပါနကို စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ထူထောင်နိုင်တဲ့ ပုဂ္ဂိုလ်က ဒီအာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး ပထမ စျာန်သမာဓိကို ပြန်ပြီး ထူထောင်တယ်၊ ဝင်စားတယ်၊ စျာန်မှထပြီး ဒီစျာန်နာမ် တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ပြန်ပြီးတော့ ဝိပဿနာရှုတယ်၊ ဒုတိယစျာန်ကို ဝင်စားတယ်၊ ဒုတိယစျာန် နာမ်တရားတွေကို တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုတယ်၊ တတိယစျာန်ကို ဝင်စားတယ်၊ တတိယစျာန် နာမ်တရားတွေကို တစ်ဖန်ပြန်ပြီး ဝိပဿနာ ရှုတယ်၊ စတုတ္ထစျာန်ကို ဝင်စားတယ်၊ စတုတ္ထစျာန် နာမ်တရားတွေကို တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာရှုတယ်။ အဲဒီလို ဝိပဿနာရှုခိုက်မှာလည်း အရိယမဂ် ဉာဏ်ကို ဆိုက်နိုင်ပါတယ်၊ နိဗ္ဗာန်ကို လှမ်းပြီး မြင်မယ်ဆိုလည်း မြင်နိုင်ပါ တယ်။
အဲဒီလို မြင်လိုက်တဲ့ အချိန်အခါမှာ နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူနေတဲ့ ဒီ မဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တွေမှာ ရေတွက်ပြီး ကြည့်လိုက် လျှင်ပေါ့ - ရုပ်တရားတွေ သို့မဟုတ် ကာမာဝစရနာမ်တရားတွေ သို့မဟုတ် ပထမစျာန် နာမ်တရားတွေကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့မယ် ဆိုလို့ရှိလျှင် ထိုအရိယမဂ်တရားမှာ စိတ်စေတသိက် (၃၇)လုံး ရှိပါတယ်။ စိတ်စေတသိက် (၃၇)လုံး ဆိုတာကတော့ ဟို စျာန်ပိုင်းတုန်းက ပြောပြခဲ့တဲ့ စေတသိက် (၃၃)လုံး၊ အရိယမဂ်စိတ် (၁)လုံး၊ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ ဝိရတီစေတသိက် (၃)လုံး၊ အားလုံးပေါင်း (၃၇)လုံး ဖြစ်ပါ တယ်။ လောကုတ္တရာမဂ္ဂသစ္စာ (၃၇)လုံးမှာ ကြည့်လိုက်တော့ - ထို (၃၇)လုံးထဲ မှာ သမ္မာဒိဋ္ဌိဆိုတာ လည်းပါတယ်။ မဂ္ဂင်ရှစ်ပါး အဲဒီမှာ စုံညီနေပါတယ်။
လောကုတ္တရာ မဂ္ဂသစ္စာ
အဲဒီ သမ္မာဒိဋ္ဌိက ဘာကို ထိုးထွင်းသိသလဲ? အသင်္ခတဓာတ် အငြိမ်း ဓာတ်နိဗ္ဗာန်ကို လှမ်းပြီးသိတယ်။ သမ္မာသင်္ကပ္ပက အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘော၊ သမ္မာ ဝါယာမက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို ထိုးထွင်းသိအောင် ကြိုးစား အားထုတ်နေတဲ့သဘော၊ သမ္မာသတိက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် ကို အမှတ်ရနေတဲ့သဘော၊ သမ္မာသမာဓိက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံဆိုတဲ့ တစ်ခုတည်းသော အာရုံ၌ စိတ်တည်ကြည်နေတဲ့သဘော၊ ပေါင်းလိုက်တော့ မဂ္ဂင် ဘယ်နှစ်ပါးဖြစ်သလဲ? ငါးပါး။ အဲဒီ မဂ္ဂင်ငါးပါးဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံပြုလိုက်တဲ့ အချိန်အခါ မှာ ဒီအရိယမဂ်တရားက သမ္မာဝါစာမဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝမဖြစ်အောင် လွန်ကျူးနိုင်တဲ့စွမ်းအားရှိတဲ့ ကိလေသာ အညစ် အကြေးတွေကို အရှင်းပြတ် ပယ်သတ်ပေးလိုက်ပါတယ်။
ပယ်သတ်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ထိုယောဂီရဲ့ သန္တာန်၌ သမ္မာဝါစာမဖြစ်အောင် ပြုလုပ်တတ်တဲ့ ကိလေသာ အညစ်အကြေး တွေ မရှိခြင်းကြောင့်, သမ္မာကမ္မန္တ မဖြစ်အောင် ပြုလုပ်ပေးတတ်တဲ့ ကိလေသာ အညစ်အကြေးတွေ မရှိခြင်းကြောင့်, သမ္မာအာဇီဝ မဖြစ်အောင် ပြုလုပ် ပေးနိုင်တဲ့ ကိလေသာ အညစ်အကြေးတွေ မရှိခြင်းကြောင့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်သုံးပါးကလည်း ပူးတွဲပြီး ရှေးရှု တည်နေပါတယ်။ ပေါင်းလိုက်တော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? မဂ္ဂင်ရှစ်ပါး။ အဲဒီ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံပြုနေတဲ့ ဒီမဂ္ဂင်ရှစ်ပါးကိုတော့ လောကုတ္တရာ မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပါတယ်။ လောကုတ္တရာမဂ္ဂသစ္စာ ဖြစ်ပါ တယ်။
ရှေ့ပိုင်း ဝိပဿနာပိုင်းမှာ ဘုန်းကြီးရှင်းပြခဲ့တဲ့ မဂ္ဂင်ရှစ်ပါးက လောကီ မဂ္ဂင်ရှစ်ပါး ဖြစ်ကြတယ်။ လောကုတ္တရာ မဂ္ဂင်ရှစ်ပါးကို ရချင်တဲ့ သူတော်ကောင်းတွေက လောကီမဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ရပါတယ်။ လောကုတ္တရာမဂ္ဂင်က (= အရိယမဂ်တရားဆိုတာက) တစ်ကြိမ်ဖြစ်ရုံနဲ့ လိုရင်းကိစ္စ ပြီးတဲ့အတွက် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖြစ်နေဖို့ လိုသေးသလား? မလို တော့ဘူး။ အဲဒါကြောင့် လောကုတ္တရာမဂ္ဂသစ္စာက တစ်ကြိမ်သာ ဖြစ်ရိုးဓမ္မတာ ရှိတဲ့အတွက် ပွားလို့ရမလား? မရဘူး။ ပွားရမှာက ဘယ်မဂ္ဂသစ္စာလဲ? လောကီမဂ္ဂသစ္စာ။ လောကီမဂ္ဂသစ္စာက ဘာကို အာရုံယူသလဲလို့မေးတော့ လောကီဒုက္ခသစ္စာကိုလည်း အာရုံယူတယ်၊ လောကီသမုဒယသစ္စာကိုလည်း အာရုံယူတယ်၊ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ ကိုလည်း အာရုံယူတယ်၊ လောကီမဂ္ဂသစ္စာကိုလည်း ပြန်ပြီးတော့ အာရုံယူပါ တယ်။ ပေါင်းလိုက်တဲ့ အချိန်အခါကျတော့ မဂ္ဂင်ရှစ်ပါး စုံညီသွားပြီ။
အဲဒီ စုံညီသွားတဲ့ အချိန်အခါမှာ အကယ်၍များ အရဟတ္တမဂ် အရဟတ္တ ဖိုလ်အထိ ဆိုက်ခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? ကိလေသာ အညစ်အကြေးတွေ လုံးဝကင်းမသွားဘူးလား? ကင်းသွားတယ်။ ကင်းသွားတဲ့အတွက် တဏှာဒိဋ္ဌိ တွေဖြင့် ဒီခန္ဓာငါးပါးတို့ အပေါ်၌ ငါ-ငါ့ဥစ္စာ စသည်ဖြင့် စွဲလမ်းမှု မရှိတော့ ဘူး။ အဲဒီအပိုင်းကို မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်မှာ နိဂုံးချုပ်အနေ အားဖြင့် ဘယ်လို ဟောသလဲ?
အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ (မ၊၁၊၇၁။)
ခန္ဓာငါးပါးတည်းဟူသော တစ်စုံတစ်ခုသောလောက၌ တဏှာဒိဋ္ဌိဖြင့် မှီတွယ်မှု မရှိသည်ဖြစ်၍မူလည်း နေလေ၏။ တဏှာဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာ ဟူ၍ စွဲလမ်းမှုလည်း မရှိတော့ပေ။ အစွဲတွေ ပြုတ်သွားပြီ။ ဒီခန္ဓာငါးပါး အပေါ်၌ ဒီခန္ဓာငါးပါးသည် ငါပဲ, ငါ့ဟာပဲ, ငါရဲ့အတ္တပဲဆိုတဲ့ ဒီလို စွဲလမ်းမှုတွေ ရှိဦးမလား? မရှိတော့ဘူး။ အစွဲတွေ ပြုတ်သွားပြီ။ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်ပြီလို့ ဒီလို ဆိုလိုပါတယ်။
ဒါက အာနာပါနကမ္မဋ္ဌာန်းကို အခြေတည်ပြီးတော့ သတိပဋ္ဌာန်လေးပါး ထဲမှာ မြတ်စွာဘုရားက အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်တဲ့အထိ ကျင့်စဉ် တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဟောကြားသွားပုံအပိုင်း ဖြစ်ပါတယ်။ ဒီသစ္စာ လေးပါးကို ထိုးထွင်းသိအောင် အာနာပါနကမ္မဋ္ဌာန်း လမ်းစဉ်ကနေပြီးတော့ သမာဓိထူထောင်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ လုပ်ငန်းခွင်သည် သတိပဋ္ဌာန်ကို ပွားနေတဲ့ လုပ်ငန်း ခွင် ဟုတ်သလား၊ မဟုတ်ဘူးလား? ဟုတ်ပါတယ်၊ သတိပဋ္ဌာန်လေးပါးကို လည်း ပွားနေတဲ့ လုပ်ငန်းခွင် ဖြစ်တယ်၊ သမ္ပဇဉ်လေးပါးကိုလည်း ပွားများ နေတဲ့ လုပ်ငန်းခွင်လည်း ဖြစ်ပါတယ်။
အဲဒီလို ပွားများအားထုတ်ထားတဲ့အတွက် ထိုယောဂီသူတော်ကောင်း သည် ထိုအချိန်အခါမှာ သစ္စာလေးပါးကို ထိုးထွင်းသိပြီ၊ ဒုက္ခသစ္စာကိုလည်း ထိုးထွင်းသိပြီ၊ သမုဒယသစ္စာကိုလည်း ထိုးထွင်းသိပြီ၊ နိရောဓသစ္စာကိုလည်း ထိုးထွင်းသိပြီ၊ မဂ္ဂသစ္စာကိုလည်း ထိုးထွင်းသိပြီ။ ဒီလို ထိုးထွင်းသိလိုက်တဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူလိုက်တဲ့အခါ ဒီအရိယမဂ်တရားကလည်း သစ္စာ လေးပါးကို ထိုးထွင်းမသိအောင် ဖုံးကွယ်ထားတတ်တဲ့ မောဟတရားကို ပယ်ရှားပေးလိုက်ပါတယ်။
ပယ်ရှားပေးလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ထိုယောဂီ ပုဂ္ဂိုလ်က မိမိခန္ဓာကိုယ်မှာ ဘယ်အချိန်အခါမှာမဆို ဒီဒုက္ခသစ္စာ တရားတွေကို ပြန်ပြီးတော့ ဝိပဿနာရှုမယ်ဆိုလျှင် ရှုလို့ရပါတယ်။ သမုဒယသစ္စာတရားတွေ ကိုလည်း ပြန်ပြီး ဝိပဿနာရှုမယ်ဆိုလျှင် ရှုလို့မရဘူးလား? ရပါတယ်။ နိရောဓသစ္စာ တရားကိုလည်း ပြန်ပြီး ရှုမယ်ဆို ရှုလို့မရဘူးလား? ရပါတယ်။ မဂ္ဂသစ္စာ တရားတွေကိုလည်း ပြန်ပြီး ရှုမယ်ဆိုလျှင် ရှုလို့ရမလား? ရတယ်။
အကယ်၍များ ယောဂီတစ်ယောက်က မိမိကိုယ်ကို မိမိ သောတာပန်လို့ ထင်ပြီဆိုကြစို့။ ဒုက္ခသစ္စာကိုလည်း ပြန်ရှု၊ ရှုလို့ မရဘူး၊ သိလည်းမသိဘူး။ သမုဒယသစ္စာကိုလည်း ပြန်ရှု၊ ရှုလို့မရဘူး၊ သိလည်းမသိဘူး။ နိရောဓသစ္စာ ကိုလည်း ပြန်ရှု၊ ရှုလို့လည်း မရဘူး၊ သိလည်းမသိဘူး။ မဂ္ဂသစ္စာကိုလည်း ပြန်ရှု၊ ရှုလို့မရဘူး၊ သိလည်းမသိဘူး။ ဒီလိုဆိုလျှင် ဒီလို သစ္စာလေးပါးကို ရှုလို့မရတဲ့ မသိတဲ့ ပုဂ္ဂိုလ်မျိုးသည် ဘုရားရှင်ဆိုလိုတဲ့ သောတာပန် ဖြစ်နိုင် မဖြစ်နိုင်ဆိုတဲ့ အချက်ကို စဉ်းစားနိုင်အောင် ဆက်ပြီးတော့ ဓမ္မစကြာတရားကို နာကြည့်ပါ။
ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ဒီနေရာမှာ ဘုန်းကြီးပြောချင်တာက မြတ်စွာဘုရားက ဓမ္မစကြာ ဒေသနာတော်မှာ သစ္စာလေးပါးကို ဟောလိုက်ပြီ၊ ဟောပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ဘယ်လို ဝန်ခံသလဲ? ဒီအပိုင်းကလေးပေါ့၊ ဓမ္မစကြာ ဒေသနာတော်ကို ပြန်နားထောင်ပြီး ပြန်အာရုံယူကြည့်ကြရအောင်။ သစ္စာ လေးပါးကို မြတ်စွာဘုရား ခုလို စနစ်တကျ ဟောပြီးတဲ့ အချိန်အခါမှာ ဘာဆက် ဟောတော်မူသလဲ?
ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ မေ = ငါဘုရားရှင်၏သန္တာန်၌။ ဣဒံ = ဤသည်ကား။ ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယသစ္စာတည်း။ ဣတိ = ဤသို့။ ပုဗ္ဗေ = ရှေးယခင်အခါ၌။ အနနုဿုတေသု = မကြားစဖူးကုန်သော။ ဓမ္မေသု = ဒုက္ခသစ္စာတရားတို့၌။ စက္ခုံ = သိမြင်တတ်သော ပညာစက္ခုသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ = ထိုးထွင်းသိတတ်သော ဉာဏ်သည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပညာ = ကွဲကွဲ ပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူ ခဲ့လေပြီ။ ဝိဇ္ဇာ = ထွင်းဖောက်သိတတ်သော ဝိဇ္ဇာဉာဏ်သည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော = သိအောင် ထင်ရှား ပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော် မူခဲ့လေပြီ။
= ချစ်သားရဟန်းတို့ ...ငါဘုရားရှင်၏သန္တာန်၌ ဤကား ဒုက္ခအရိယ သစ္စာတရားဟူ၍ ဟို ရှေးယခင် ကာလက မသိအပ်ဖူးသေးကုန်တဲ့ ဒုက္ခသစ္စာ ဓမ္မသဘောတရားတို့၌ ဒုက္ခသစ္စာကို သိမြင်တတ်တဲ့ ပညာစက္ခုသည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို ထိုးထွင်းသိတတ်တဲ့ အသိဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို ထွင်းဖောက်သိ တတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို သိအောင် ထွန်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
ဘုရားရှင်သန္တာန်မှာ ဖြစ်ပုံပါ။ ဤကား ဒုက္ခအရိယသစ္စာဆိုပြီး ရှေးယခင် အလောင်းတော်ဘဝတုန်းက (အလောင်းတော်ဘဝ ဆိုတာတော့ တော်တော် ခပ်စောစောပိုင်းကို ဆိုလိုပါတယ်) မကြားဖူးသေးတဲ့ ဒုက္ခသစ္စာ ဓမ္မသဘော တရားတွေမှာ ထိုးထွင်းသိမြင်တတ်တဲ့ ပညာစက္ခုခေါ်တဲ့ ဉာဏ်ပညာမျက်စိ သည် ငါဘုရားရှင်ရဲ့ သန္တာန်မှာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ စက္ခု ဆိုတာကတော့ ဘာစက္ခုလဲလို့မေးတော့ ပညာစက္ခု ဖြစ်ပါတယ်။ ဘာပညာစက္ခုလဲလို့မေးတော့ ဒီနေရာမှာ ဘုရားရှင်သန္တာန်ကို ကွက်ပြောမယ်ဆိုလျှင် တော့ သစ္စာလေးပါးကို ထိုးထွင်းသိတတ်တဲ့ ပညာစက္ခု ဖြစ်ပါတယ်။
သို့သော် ဒီအပိုင်းက ဒုက္ခသစ္စာကို ဟောကြားတော်မူတဲ့အပိုင်း ဖြစ်လေ တော့ အထူးသဖြင့် ဒုက္ခသစ္စာအမည်ရတဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ တရား ဓမ္မတွေကို ထိုးထွင်းသိမြင်တဲ့ ပညာစက္ခု ဖြစ်ပါတယ်။ ရိုးရိုးပသာဒစက္ခုတော့ မဟုတ်ဘူး။
ဉာဏဆိုတာက ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်က မြတ်စွာဘုရား သန္တာန်မှာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။ ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်တဲ့ပညာလည်း ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။ ဒုက္ခသစ္စာကို ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်လည်း ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ နောက်တစ်ခု ပြောချင်တာလေးကတော့ ဘာတဲ့လဲ? အာလောကော ဥဒပါဒိ- ဒုက္ခသစ္စာကို သိမြင်အောင် ထွန်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာလည်း ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
နိဗ္ဗာန်မှာ အရောင်အလင်း ရှိသလား?
ဒီအချက်နှင့် ပတ်သက်ပြီးတော့ ဘုန်းကြီး ဗဟုသုတကလေးတစ်ခုတော့ ပြောချင်ပါတယ်။ ဘုန်းကြီးတို့ သာသနာတော်မှာ ဒီအချက်က တော်တော် ကလေး အငြင်းပွားနေတဲ့ ပြဿနာတစ်ခုတော့ ဖြစ်တယ်။ ဒီမှာ ပြောလိုတဲ့ အဓိပ္ပါယ်ကတော့ နိဗ္ဗာန်မှာ အရောင်အလင်း ရှိပါသလားဆိုတဲ့ ပြဿနာပဲ။ နိဗ္ဗာန်မှာ အရောင်အလင်း ရှိတယ်လို့တော့ မြတ်စွာဘုရား မဟောပါဘူး။ အခုဟောနေတာက အရောင်အလင်း ဖြစ်ပေါ်လာတယ်လို့တော့ ဟောတော် မူတယ်။ အရောင်အလင်း ဖြစ်ပေါ်လာတယ်ဆိုတာက သမာဓိထူထောင်ပြီ ဆိုလို့ရှိလျှင်လည်း သမာဓိဒီဂရီ စံချိန်မီလို့ရှိလျှင် ဖြစ်ပေါ်လာပါတယ်။
ဥပမာ - ခုလို အာနာပါနပဲ ဆိုကြပါစို့၊ အာနာပါနကျင့်စဉ်ကို လက်တွေ့ ကျင့်လိုက်တဲ့ အချိန်အခါမှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယ စျာန်သမာဓိ, စတုတ္ထစျာန်သမာဓိဆိုက်အောင် သမာဓိကို ထူထောင်နိုင်ခဲ့မယ် ဆိုလျှင်လည်း ထိုအချိန်အခါမှာ အလင်းရောင် မရှိဘူးလား? ရှိတယ်။ ဒါက တော့ သမထဉာဏ်ရောင်လို့ ခေါ်ပါတယ်။
နောက်တစ်ခု ဝိပဿနာဉာဏ်ပိုင်းရောက်လို့ ရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီ၊ ဓာတ်လေးပါးဖြင့် စနစ်တကျ သမာဓိထူထောင်ပြီး သိမ်းဆည်း လိုက်တဲ့ အချိန်အခါမှာလည်း အလင်းရောင်ဆိုတာ ရှိတယ်။ အဲဒါကတော့ နာမရူပပရိစ္ဆေဒဉာဏ် အစရှိတဲ့ ဉာဏ်တွေကြောင့် ဖြစ်ပေါ်တဲ့ လင်းရောင် ခြည် ဖြစ်ပါတယ်။
အင်္ဂုတ္တိုရ်ပါဠိတော်မှာ မြတ်စွာဘုရားက အာဘာသုတ္တန် (အံ၊၁၊၄၅၆။) စသည်ဖြင့် အရောင်အလင်း လေးမျိုးအကြောင်း ဟောထားပါတယ်။ နေ ရောင်ရယ်, လရောင်ရယ်, မီးရောင်ရယ်, ပညာရောင်ရယ်ဆိုပြီး အရောင်လေး မျိုး ဟောထားပါတယ်။ ဉာဏ်ရောင်ဆိုတာက သမထဘာဝနာ ဝိပဿနာ ဘာဝနာ စိတ်တွေနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရောင် အလင်းဖြစ်ကြောင်းကို အဋ္ဌကထာတွေကလည်း တိတိကျကျ ဖွင့်ထားတယ်။ ဘုရားရှင်ကလည်း ဟောထားတော်မူတယ်။ ဒါယကာကြီးတွေလည်း ဟိုတုန်း ကတည်းက ကြားဖူးလိမ့်မယ် ထင်ပါတယ်။ ပညာသမာ အာဘာ နတ္ထိ = ပညာနှင့်တူနေတဲ့ အလင်းရောင်ဟာ လောကမှာ မရှိဘူး ဆိုပြီး ဒီလို ပြောတယ်။ ဒီတော့ ဆိုလိုတာက သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးက လင်းရောင်ခြည်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ (အံ၊၁၊၂၅၈။ နိမိတ္တသုတ္တန်။)။
ဘယ်လို ဖြစ်သလဲဆိုတော့ စိတ်ရဲ့ တန်ခိုးအာနိသင် စိတ်ရဲ့တန်ခိုး ဖြစ်ပါတယ်။ နှလုံးအိမ်အတွင်းမှာ မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ သမထဘာဝနာ စိတ်တွေ ဝိပဿနာဘာဝနာ စိတ်တွေဆိုတာ ရှိတယ်။ အဆင့်မြင့်နေပြီ၊ အဆင့်မြင့်နေတဲ့ ဒီစိတ်တွေကလည်း စိတ်တစ်ခုတစ်ခုသည် ရုပ်ကလာပ် ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။
အဲဒီ ရုပ်ကလာပ်တွေကို ဓာတ်ခွဲကြည့်လိုက်လို့ရှိလျှင် ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရားရှစ်ခုစီ ရှိပါတယ်။ အဲဒီအထဲမှာ ပါနေတဲ့ အဆင်း လို့ ခေါ်ဆိုအပ်တဲ့ ဝဏ္ဏဓာတ် = အရောင်အဆင်းကလေး ရှိတယ်။ အဲဒီ အရောင်အဆင်းကလည်း တောက်ပတယ်။ ဘယ်လို တောက်ပသလဲလို့ မေးတော့ ကလာပ်တစ်ခုနှင့် တစ်ခု ပွတ်ချုပ်ထိခိုက်ပြီး နီးနီးကပ်ကပ် ဖြစ်သွားတဲ့အခါမှာ ရုပ်ကလာပ်တစ်ခုရဲ့ အရောင်နှင့် အခြားရုပ်ကလာပ်ရဲ့ အရောင်တွေဟာ ပေါင်းစပ်ပြီးတော့ အလင်းရောင်ဆိုတာ ပေါ်လာတယ်။
ဒါယကာကြီးတွေက သိပ္ပံနားလည်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် လျှပ်စစ်မီးကို ကြည့်ပါ။ လျှပ်စစ်မီးမှာ အရောင်အလင်းတွေက ဆက်တိုက် ဖြစ်ပေါ်နေတယ်။ အကယ်၍ အရောင်က ဆက်တိုက်မဖြစ်ဘူး၊ တစ်စက္ကန့်မှာ တစ်ကြိမ်လောက် ဖြစ်မယ်၊ သို့မဟုတ် တစ်မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်မယ် ဆိုလျှင် ဒီအရောင်အလင်းတွေဟာ ဆက်တိုက် လင်းမလား? မလင်းပါဘူး။
အဲဒီအတိုင်းပဲ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေက ဆက်တိုက် ဖြစ်ပေါ်တဲ့အခါမှာ ဒီမွန်မြတ်တဲ့ သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ် တစ်ခုတစ်ခုကလည်း စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိနေတယ်။ ရှိနေခြင်းကြောင့် ဒီကလာပ်တွေမှာ ပါနေတဲ့ အရောင်အလင်းကလည်း တောက်ပတယ်။ ကလာပ်တစ်ခုမှာ တည်ရှိတဲ့ အရောင်အလင်းနှင့် နောက်ကလာပ်တစ်ခုမှာ တည်ရှိတဲ့ အရောင်အလင်းတွေ က ဆက်တိုက် ဖြစ်သွားတဲ့အတွက် အဆက်မပြတ် ဖြစ်နေတဲ့အတွက်ကြောင့် လည်း အရောင်တွေဟာ တစ်ဆက်တည်းလို မြင်ရတယ်၊ တစ်ချက်။
အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါနေတဲ့ တေဇောဓာတ်ဆိုတာ ရှိတယ်။ ဒီတေဇောဓာတ်ကလည်း ဆင့်ကဲရုပ်ကလာပ်တွေကို ဖြစ်စေပြန်တယ်။ တေဇောဓာတ်က ဖြစ်ပေါ်သွားတဲ့ ရုပ်ကလာပ်တွေကို ဥတုဇရုပ်လို့ ခေါ်ပါ တယ်။ အဲဒီ ဥတုဇရုပ်တွေကို ဓာတ်ခွဲလိုက်လျှင်လည်း သဘောတရား ရှစ်ခု၊ ရှစ်ခုထဲမှာလည်း ဝဏ္ဏဓာတ် = ရူပါရုံပါတယ်။ အဲဒီ ရူပါရုံကလည်း အလွန် တောက်ပတဲ့ ရူပါရုံ ဖြစ်ပါတယ်။ သို့သော် ဥတုဇရုပ်တွေကြောင့် ဖြစ်ပေါ်လာ တဲ့ ရုပ်ကလာပ်တို့ရဲ့ အရောင်အလင်းက အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့ပြီးတော့ ထွက်ပေါ်သွားတယ်။ အဲဒီ နှစ်မျိုးသော ရုပ်တရားတွေရဲ့ အရောင်အလင်းကို ဉာဏ်ရောင်လို့ ခေါ်ထားပါတယ်။
ဘာဖြစ်လို့ ဉာဏ်ရောင်ခေါ်ရသလဲလို့မေးတော့ ဒီသမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့နှင့် ယှဉ်တွဲဖြစ်ပေါ်နေတဲ့ ဉာဏ်က အာနုဘော် စွမ်းအား ကြီးမားခဲ့မယ်ဆိုလျှင် အရောင်အလင်းက ပိုပြီးတော့ တောက်ပ တယ်။ ဒီဉာဏ်ရဲ့ စွမ်းအင်အာနုဘော်က နည်းနည်းလေး လျော့နည်းနေမယ် ဆိုလျှင် အရောင်အလင်းက နည်းနည်း မှေးမှိန်သွားတဲ့သဘော ရှိတယ်။
ဒါကြောင့် ပဓာနနည်းအားဖြင့် ဉာဏ်ရောင်ဆိုပြီးတော့ မြတ်စွာဘုရားက သုံးပါတယ်။ အဲဒီလို သုံးထားလိုက်တဲ့ အချိန်အခါမှာ အထူးသဖြင့် မြတ်စွာ ဘုရား ပဋ္ဌာန်းဒေသနာတော်တွေကို ဆင်ခြင်တယ် ဆိုကြပါစို့။ အားလုံး ကြားဖူးကြလိမ့်မယ်။ ဘုရားဖြစ်ပြီးတဲ့နောက် ပဋိဌာန်းဒေသနာတော်တွေကို ဆင်ခြင်တော်မူလိုက်တဲ့ အချိန်အခါမှာ ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်ကြောင်း-ကျိုး သင်္ခါရတရားတွေ, အကြောင်းတရား အကျိုးတရားတွေကို ထိုးထွင်း သိတော်မူတဲ့ ဒီဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်သည် စကြဝဠာ တိုက်တစ်သောင်းအထိ ပျံ့နှံ့သွားတယ်ဆိုပြီး ဖော်ပြထားတယ်။
ဘဂဝတော ပန ဒသသဟဿိလောကဓာတုံ ဩဘာသေန္တော ဥဒပါဒိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)
ဘုရားရှင်ရဲ့ ဝိပဿနာဉာဏ်တော်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ် အရောင်အလင်းဟာလည်း လောကဓာတ်ပေါင်း တိုက်တစ်သောင်းတိုင် အောင် ပျံ့နှံ့လျက် ထင်ရှား ဖြစ်ပေါ်တော်မူလာတယ်ဆိုပြီး ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာကလည်း ဖွင့်ဆိုထားတယ်။ ဘုရားရှင်သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ ဉာဏ်အာနုဘော်တွေက အလွန်ကြီးကျယ်တဲ့အတွက် လင်းရောင်ခြည်တွေ သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပြန့်သွားတယ်။ ပြန့်သွားတဲ့ ထိုလင်း ရောင်ခြည်များသည် နေရောင်လရောင်တို့ကို လွှမ်းမိုးပြီး, နတ်တို့ရဲ့ အရောင် တွေကိုသော်လည်း လွှမ်းမိုးပြီးတော့ ကျော်လွှားလွန်မြောက်သွားတယ်ဆိုပြီး ဒီလောက်အထိ ဖော်ပြထားပါတယ်။ ဉာဏ်အာနုဘော်က ကြီးကျယ်တဲ့ အတွက် လင်းရောင်ခြည်တွေက ကြီးကျယ်မသွားဘူးလား? ကြီးကျယ်သွား တယ်။
အလားတူပဲ အခုလို ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုတဲ့အခါမှာ ယောဂီ ပုဂ္ဂိုလ်က ဒီလင်းရောင်ခြည်စွမ်းအင် အကူအညီကြောင့် ဒီရုပ်ကလာပ် အမှုန် ကလေးတွေကို မြင်နေခြင်းဖြစ်တယ်။ လင်းရောင်ခြည် ပျောက်သွားသည်နဲ့ တစ်ပြိုင်နက်တည်း ဒီရုပ်ကလာပ်ကလေးတွေကို မတွေ့တော့ဘူး။ ရုပ်ကလာပ် မတွေ့လျှင် ပရမတ်ရုပ်တရားတွေကို ဓာတ်ခွဲနိုင်တဲ့စွမ်းအား မရှိတော့ဘူး။ အခု ဒီနေရာမှာပဲ ဆိုကြစို့။ ဒီလျှပ်စစ်မီးကို အမှောင်ချလိုက်၊ အမှောင်တိုက် ခန်းထဲမှာ လှမ်းကြည့်လျှင် မြင်နိုင်ပါ့မလား? မမြင်နိုင်ဘူး။
အလားတူပဲ ဒီဉာဏ်လင်းရောင်ခြည် မရှိခဲ့ဘူးဆိုလျှင် အရာဝတ္ထုအားလုံး ကို တစ်နည်းတော့ ပရမတ်တရားတွေကို လှမ်းပြီး အာရုံယူကြည့်မယ်ဆိုလျှင် ကြည့်လို့ရဦးမလား? မရတော့ဘူး။ သို့သော် ခုနက ဘုန်းကြီးပြောသလိုပဲ ပရမတ်တရားတွေကို ရှုနေတဲ့ ဉာဏ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင် ခြည်ဆိုတာကိုတော့ နည်းနည်းကလေး သဘောပေါက်စေချင်ပါတယ်။ သမထပိုင်းမှာလည်း သမထဘာဝနာစိတ်နှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်ရှိသလို ဝိပဿနာဉာဏ်ပိုင်းမှာလည်း အဆင့် ဆင့်သော ဝိပဿနာဉာဏ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်ဆို တာ ရှိပါတယ်။
ဉာဏ်က စွမ်းအင်ထက်လာလျှင် လင်းရောင်ခြည်တွေက ပိုပြီးတော့ တောက်ပတယ်။ ဉာဏ်ရဲ့စွမ်းအင်က အလွန်ကြီး မထက်ခဲ့လျှင်တော့ လင်း ရောင်ခြည်က နည်းနည်းလေး အားပျော့တဲ့သဘောတော့ ရှိတယ်။ ဒါကြောင့် တချို့ယောဂီတွေက ဘာပြောသလဲ? ဒီနေ့ ရှုလို့ သိပ်ကောင်းတယ်၊ လင်းရောင်ခြည်တွေက သိပ်အားကောင်းတယ်လို့ ပြောကြတယ်။ ဒီနေ့ ရှုလို့ သိပ်မကောင်းဘူး၊ လင်းရောင်ခြည်က နည်းနည်းလေး အားပျော့ နေတယ်၊ ဒီလို စသည်ဖြင့် ပြောကြတယ်။
အဲဒီတော့ ဒီနေရာမှာ ပြောချင်တဲ့ အဓိပ္ပါယ်ကလေး တစ်ခုကတော့ ဝိပဿနာဉာဏ်တွေကြောင့် လင်းရောင်ခြည် ဖြစ်နိုင်သလို အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ မဂ်စိတ်စေတသိက်နှင့် ဖိုလ်စိတ် စေတသိက်တွေကြောင့်လည်း လင်းရောင်ခြည်တွေက ဖြစ်ပေါ်လာပါတယ်။ ဒီမဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တွေကလည်း စိတ္တဇရုပ်ကလာပ် တွေကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီစိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ တေဇောဓာတ်ကလည်း ဥတုဇရုပ်တွေကို အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင် ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။
မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေက အလွန်အာနုဘော်ကြီးမားတဲ့ ဉာဏ်တွေ ဖြစ်ခြင်းကြောင့် ထိုစိတ္တဇဥတုဇရုပ်ကလာပ်တို့ရဲ့ အရောင်အလင်းတွေဟာ လည်း ဘာသုရရူပ = အလွန်တောက်ပတဲ့သဘော ရှိပါတယ်။ နိဗ္ဗာန်မှာ လင်းရောင်ခြည်ရှိတယ်လို့ ဘုန်းကြီး မဆိုလိုပါဘူး။ သို့သော် နိဗ္ဗာန်ကို အာရုံ ပြုနေတဲ့ မဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တို့နှင့် ယှဉ်တွဲနေတဲ့ ဉာဏ်တွေကြောင့် လင်းရောင်ခြည်ကတော့ ဖြစ်ပေါ်နိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီအရောင်အလင်းကိုလည်း ဉာဏ်ရောင်လို့ပဲ ခေါ်ပါတယ်။
မြတ်စွာဘုရားက သစ္စာလေးပါးကို ထိုးထွင်းသိပြီ၊ ထိုးထွင်းသိလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ဒုက္ခသစ္စာဟာ ရှေးယခင်တုန်းကတော့ မသိခဲ့စဖူး သေးဘူး၊ ဒါပေမဲ့ အခုအခါမှာ ဒီဒုက္ခသစ္စာကို ထိုးထွင်းသိတတ်တဲ့ ပညာစက္ခု က မြတ်စွာဘုရား သန္တာန်မှာ ထင်ရှားဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့အခါ ဒီဉာဏ်ကြောင့် လင်းရောင်ခြည်တွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာ တယ်။ ဒါကြောင့် မြတ်စွာဘုရားက အာလောကော ဥဒပါဒိ - ဉာဏ်အရောင် အလင်းသည် ငါဘုရားရှင်ရဲ့ သန္တာန်မှာ ထင်ရှား ဖြစ်ပေါ်လာပါတယ်ဆိုပြီး အတိအကျ ဟောနေပါတယ်။ ဒီဉာဏ်ကို ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ သစ္စဉာဏ်လို့ ခေါ်ပါတယ်။ ဒုက္ခသစ္စာကို ထိုးထွင်းသိနေတဲ့ ဉာဏ်ကလည်း အလင်း ရောင်ကို ဖြစ်စေနိုင်တယ်။ နောက်ထပ် နည်းနည်းကလေးတော့ မှတ်ထားပါ။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်အားလုံးမှာ လင်းရောင်ခြည်ကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိတယ်ဆိုတာကလေးကိုတော့ သဘောပေါက်ထားပါ။
---
ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
နောက်တစ်ခု မြတ်စွာဘုရားသည် သစ္စဉာဏ်ပြီးတော့ ကိစ္စဉာဏ်ကို လည်း ဆက်ပြီး ဟောကြားတော်မူပါတယ်။ ဘယ်လို ဟောကြားတော်မူသလဲ?
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ...ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခအရိယသစ္စာ တရားကို ငါဟာ ပိုင်းခြားသိရမယ်လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန် သေးတဲ့ ဒုက္ခအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်။ ကွဲကွဲပြားပြား သိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့ တယ်။ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ ဒုက္ခအရိယသစ္စာတရားကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင် အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခသစ္စာတရားသည် ထိုးထွင်းသိရမည့် တရားပဲလို့ ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ပညာစက္ခုလို့ခေါ်တဲ့ ဉာဏ်ပညာမျက်စိတွေ ဖြစ်ပေါ်လာခဲ့ပါ တယ်။ ဉာဏ်ဖြစ်ပေါ်လာခဲ့တယ်၊ ပညာဖြစ်ပေါ်လာခဲ့တယ်။ ဝိဇ္ဇာဖြစ်ပေါ်လာ ခဲ့တယ်၊ အလင်းရောင်လည်း ဖြစ်ပေါ်လာခဲ့တယ်။ မြတ်စွာဘုရားရှင်ရဲ့ ဒီ ဉာဏ်ကိုတော့ ကိစ္စဉာဏ်လို့ ခေါ်ပါတယ်။ နောက်ပြောမည့် ကတဉာဏ်နှင့် ဒီကိစ္စဉာဏ် နှစ်ပါးတို့က မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်ကို ရတော်မူ ပြီးတဲ့နောက် ငါသည် ဒီဒုက္ခသစ္စာကို ထိုးထွင်းသိပြီးပြီဆိုတဲ့ အသိဉာဏ်လည်း ပေါ်လာတယ်၊ ဒီဒုက္ခသစ္စာတရားသည် ထိုးထွင်းသိရမည့်တရားပဲ ဆိုတာ လည်း အသိဉာဏ်မှာ ပေါ်လာပါတယ်။ အဲဒီတော့ ထိုးထွင်းသိရမည့်တရားလို့ သိတဲ့ဉာဏ်ကို ကိစ္စဉာဏ်လို့ ခေါ်ပါတယ်။ နောက်တစ်ခု -
---
ဒုက္ခသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ...ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခအရိယသစ္စာ တရားကို ငါဟာ ပိုင်းခြားသိပြီးပြီလို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန် သေးတဲ့ ဒုက္ခအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခအရိယ သစ္စာတရားကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခသစ္စာတရားကို ငါဘုရားရှင်သည် ထိုးထွင်း သိပြီးပါပြီဆိုတဲ့ ဒီ အသိဉာဏ်သည် မြတ်စွာဘုရား သန္တာန်မှာ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ် လာတယ်။ အဲဒီ အသိဉာဏ်က ကတဉာဏ်လို့ ခေါ်ပါတယ်၊ ဒီကတဉာဏ်ဖြစ် ပေါ်တဲ့ အချိန်အခါမှာလည်း ဉာဏ်အရောင်အလင်းက မရှိဘူးလား? ရှိပါ တယ်။ ဒီတော့ ဒုက္ခသစ္စာမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဆိုပြီးတော့ ဉာဏ်သုံးပါး၊ ဒီအချက်ကိုတော့ အခြေခံ မှတ်ထားပါ၊ နောက်တစ်ခု ဘုရားရှင် သည် ဒီဒုက္ခအရိယသစ္စာတရားကို ထိုးထွင်းသိပါသလားလို့မေးလျှင် သိတယ်။ ဒီအချက်ကိုလည်း မှတ်ထားပါ။ နောက်တစ်ခု မြတ်စွာဘုရားက သမုဒယသစ္စာ ကို ဆက်ဟောတော်မူတယ် -
ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့သန္တာန်တော်မှာ ဤကား ဒုက္ခဖြစ် ကြောင်း သမုဒယအရိယသစ္စာတရားတည်းလို့ ဟိုရှေးယခင်က မကြားအပ် စဖူးကုန်သေးတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတို့၌ သိမြင် တတ်တဲ့ ပညာမျက်စိဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာ ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူ ခဲ့တယ်။
ဤကား ဒုက္ခသမုဒယ = ဒုက္ခဖြစ်ကြောင်း အရိယသစ္စာတရားဆိုတဲ့ ရှေးယခင်တုန်းက မကြားစဖူးတဲ့ ဓမ္မသဘောတရားတွေမှာ ငါဘုရားရှင်ရဲ့ သန္တာန်တော်၌ သိမြင်တတ်တဲ့ ဉာဏ်ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်း ဖောက်သိမြင်တဲ့ ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိ မြင်အောင် ထွန်းပြတတ်တဲ့ ဉာဏ်အလင်းရောင်လည်း ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်။ ဒီတော့ သမုဒယသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်သည်လည်း အလင်းရောင်ကို ဖြစ်စေနိုင်တယ်။ မြတ်စွာဘုရားသည် သမုဒယသစ္စာကို ထိုးထွင်း သိတယ်ဆိုတော့ ဘုရားရှင်အတွက် ကွက်ပြီး ပြောကြစို့ဆိုလျှင် ဘာသမုဒယသစ္စာလဲ?
ဘုရားရှင်၏ သမုဒယသစ္စာ
ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ဟာ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းအတွင်းမှာရော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရဲ့ ဟိုဘက်မှာရော သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိဖို့ရန်အတွက် ရည်ရွယ်တောင့်တပြီး ပါရမီ မျိုးစေ့တွေကို ထူထောင်ခဲ့ပါတယ်။ ပါရမီဆယ်ပါး ရှိတယ်။ ကောင်းမှုကုသိုလ် တွေ အများကြီးပဲ၊ အဲဒီ ပါရမီကောင်းမှု ကုသိုလ်ကံတရားတွေထဲက မြတ်စွာ ဘုရားရဲ့ လက်ရှိ နောက်ဆုံးဘဝ ခန္ဓာငါးပါးကို ဖြစ်စေတတ်တဲ့ သမုဒယသစ္စာ အမည်ရတဲ့ကံက ဘာကံလဲဆိုတာကို အဋ္ဌသာလိနီ အဋ္ဌကထာမှာ ရှင်းလင်း တင်ပြထားပါတယ်။ မေတ္တာပုဗ္ဗဘာဂပဋိပဒါတဲ့။
တံ ပန မေတ္တာပုဗ္ဗဘာဂစိတ္တဿ ဝိပါကံ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၇)
မေတ္တာရဲ့ ရှေ့ပြေးဖြစ်နေတဲ့ ကျင့်ဝတ်ပဋိပတ် ကုသိုလ်ကံတွေ ဖြစ်ပါ တယ်။ ဒီတော့ မြတ်စွာဘုရားအလောင်းတော်ရဲ့ ပါရမီဆယ်ပါးထဲမှာ မေတ္တာ ပါရမီလည်း ပါပါတယ်။ မေတ္တာစျာန်တွေကို အခွင့်ရတိုင်း, အခွင့်ရတဲ့ ဘဝ တိုင်းလိုလိုမှာပဲ ဖြည့်ကျင့်တော်မူခဲ့ပါတယ်။ ဖြည့်ကျင့်တော်မူလိုက်တဲ့ အချိန် အခါမှာ မေတ္တာစျာန်တွေကတော့ ဗြဟ္မာ့ပြည်ကိုရောက်အောင် ပို့ဆောင် ပေးနိုင်တဲ့ စွမ်းအား ရှိတယ်၊ လူ့ပြည်ကို ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအား မရှိဘူး။
သို့သော် မေတ္တာစျာန်မဆိုက်မီ ရှေ့ပိုင်းမှာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ပရိကမ္မသမာဓိ, ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ သမာဓိဇော ကုသိုလ်ဇော စိတ်အစဉ်တွေ ရှိကြပါတယ်။ ထိုကုသိုလ်ဇော စိတ်အစဉ်တွေက တော့ အခုလို ကာမာဝစရဘုံမှာ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားရှိပါ တယ်။ ဒီတော့ မြတ်စွာဘုရားရဲ့ လက်ရှိ နောက်ဆုံးဘဝ ခန္ဓာငါးပါးကို ဖြစ်စေ နိုင်တဲ့ စွမ်းအင်ရှိနေတဲ့ကံက ဘာကံလဲလို့မေးတော့ မေတ္တာဘာဝနာကုသိုလ် ကံ ဖြစ်ပါတယ်။ ဒီမေတ္တာဘာဝနာကုသိုလ်ကံ ဖြစ်ခြင်းကြောင့် ဘုရားရှင်ရဲ့ သန္တာန်၌ မည်သည့်သတ္တဝါကိုမဆို မေတ္တာဓာတ် ကိန်းဝပ်နေပါတယ်။ ဒါ ကံရဲ့ စွမ်းအင်သတ္တိပဲ။ ဥပမာအနေနဲ့ပြောလျှင် မြတ်စွာဘုရားအနေနဲ့ ရှင်ရာဟုလာအပေါ်မှာ မေတ္တာထားသလို အရှင်ဒေဝဒတ်အပေါ်မှာလည်း မေတ္တာထားတယ်။ မေတ္တာချင်း တူညီပါတယ်။ ရှင်ရာဟုလာအပေါ်မှာ ပိုသွား တယ်၊ အရှင်ဒေဝဒတ်အပေါ်မှာတော့ လျော့နည်းနေတယ်၊ ဒီလို မေတ္တာမျိုး မဟုတ်ဘူး။
အလားတူပဲ ယသောဓရာအပေါ်မှာ မြတ်စွာဘုရား မေတ္တာဓာတ် ကိန်းဝပ်သလို စိဉ္စမာဏအပေါ်မှာလည်း မေတ္တာဓာတ် ကိန်းဝပ်ပါတယ်။ စိဉ္စမာဏအပေါ် ထားရှိတဲ့ မေတ္တာကတော့ နည်းနည်းလျော့တယ်၊ ယသောဓရာအပေါ်မှာ ထားရှိတဲ့မေတ္တာဓာတ်ကတော့ ပိုပြီး အားကောင်းတယ်၊ ဒီလို မဟုတ်ပါဘူး။ တူညီနေတယ်။ ဘာကြောင့်လဲ? ဒီပါရမီတွေရဲ့ စွမ်းအားပဲ။ မေတ္တာဘာဝနာတို့ရဲ့ စွမ်းအားက သတ္တဝါအားလုံးတို့ အပေါ်၌ ညီမျှတဲ့ မေတ္တာရှိအောင် ပွားရပါတယ်။
မေတ္တာဘာဝနာရဲ့ စွမ်းအား
မေတ္တာကမ္မဋ္ဌာန်းကို တကယ်လက်တွေ့ စီးဖြန်းပြီ ဆိုလို့ရှိလျှင်တော့ ပထမတော့ သမာဓိတစ်ခုခု ရထားလျှင် ပိုကောင်းတဲ့သဘော ရှိပါတယ်။ ဘာကြောင့် ပိုကောင်းသလဲဆိုတာကို ကြုံကြိုက်တုန်း ဘုန်းကြီး နည်းနည်း တော့ ပြောချင်ပါတယ်။ အခု ဒါယကာကြီးတွေ မေတ္တာပွားမယ်ဆိုလျှင် လိင်တူတဲ့ ပုဂ္ဂိုလ်ကို အရင်ပွားရတယ်။ အမျိုးသမီးက အမျိုးသမီးတစ်ယောက် ကို အာရုံယူကာ ခေါင်ဆုံး စျာန်ရအောင် ပွားရတယ်။ အမျိုးသားယောဂီက လည်း အမျိုးသားတစ်ယောက်ကို အာရုံယူပြီးတော့ စျာန်ရအောင် ပွားရတယ်။
ပွားလိုက်တဲ့အခါမှာ ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို စပြီးတော့ ပွားရတယ်။ ဆရာသမားဖြစ်စေ, မိတ်ဆွေဖြစ်စေ, မိမိကြည်ညိုလေးစားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို လှမ်းပြီး အာရုံယူရတယ်။ အာရုံယူပြီးတော့ ဤသူတော် ကောင်းသည် ဘေးရန် ကင်းပါစေ, စိတ်ဆင်းရဲ ကင်းပါစေ, ကိုယ်ဆင်းရဲ ကင်းပါစေ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ ဆိုပြီးတော့ ဒီမေတ္တာလေးချက်ဆိုတဲ့ မေတ္တာရေချမ်းကို ပက်ဖြန်းပေးရပါတယ်။
အဲဒီလို ပွားလိုက်တဲ့ အချိန်အခါမှာ ဒီလေးချက်ထဲက မိမိနှစ်ခြိုက်တဲ့ အချက်တစ်ချက်ကို ရွေးချယ်ရတယ်။ ဥပမာ - စိတ်ဆင်းရဲ ကင်းပါစေ ဆိုပြီး တော့ ဒီလို မေတ္တာဘာဝနာ စီးဖြန်းမယ် ဆိုကြပါစို့၊ ထိုသူတော်ကောင်းရဲ့ စိတ်ဆင်းရဲကင်းပြီး ပြုံးရွှင်နေတဲ့ပုံပေါ်မှာ မိမိရဲ့ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ပထမ ကြိုးစားရပါတယ်။ အဲဒီလို ကြိုးစားလိုက်တဲ့ အခါမှာ - အခုပဲ မျက်စိလေးမှိတ်ပြီး နည်းနည်းကြိုးစားကြည့်ပါ၊ အာရုံယူ လိုက်တယ်ဆိုလျှင် ခဏကြာ ဒီပုံရိပ်ဟာ ပျောက်သွားပြန်ပြီ၊ တော်ကြာ ပြန် ပေါ်ချင်လည်း ပေါ်လာပြန်ပြီ၊ တော်တော်ကြာ ပျောက်သွားပြန်ပြီ၊ မဖြစ်ဘူး လား? ဖြစ်တတ်ပါတယ်။
အဲဒီလိုဖြစ်ခဲ့လျှင် သမာဓိကို ထူထောင်တဲ့ အချိန်အခါမှာ အခက်အခဲ မရှိနိုင်ဘူးလား? ရှိနိုင်ပါတယ်။ ပုဂ္ဂိုလ်တိုင်း ဒီလို ခက်ခဲမယ် - ဒီလို မဆိုလိုပါ ဘူး။ ဘုန်းကြီး ဆိုလိုတာကတော့ ဘုန်းကြီးက သင်ပေးနေကျ ဖြစ်တဲ့အတွက် ယောဂီတော်တော်များများမှာတော့ အခက်အခဲရှိတာကို တွေ့ရပါတယ်။ အခက်အခဲ ရှိတဲ့အခါကျတော့ ဘာလုပ်ရသလဲ? အခုလို အာနာပါနကမ္မဋ္ဌာန်း ဖြင့် စတုတ္ထစျာန်သမာဓိလောက် ဆိုက်အောင် သမာဓိကို ထူထောင်ထားလျှင် ထိုပုဂ္ဂိုလ်သန္တာန်မှာ သမာဓိတွေက ခိုင်ပြီ၊ ဒါက အကြောင်းတစ်ချက်၊ ထို သမာဓိခိုင်နေတဲ့ ပုဂ္ဂိုလ်က အကယ်၍ (၃၂)ကောဋ္ဌာသတွေကို သိမ်းဆည်း ပြီးတော့ ကသိုဏ်းဘာဝနာတွေကို ကူးခဲ့မယ်ဆိုလျှင်ပေါ့၊ (၃၂)ကောဋ္ဌာသက နေပြီးတော့ အညိုရောင်ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင်ကသိုဏ်း, အဖြူရောင်ကသိုဏ်း ဆိုပြီးတော့ ကသိုဏ်းလေးခုကို စတုတ္ထစျာန်သမာဓိ လောက် ဆိုက်အောင် ပွားလို့ရပါတယ်။
ဒီကသိုဏ်းလေးခုမှာ စတုတ္ထစျာန်သမာဓိဆိုက်အောင် ပွားနိုင်တဲ့ပုဂ္ဂိုလ် က ကျန်နေတဲ့ ကသိုဏ်းတွေကိုလည်း ဆက်လက် ပွားများအားထုတ်မယ်ဆို လျှင် ကသိုဏ်းဆယ်မျိုးစလုံးမှာ စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ပွားမယ်ဆို ပွားလို့ရတယ်။ ကသိုဏ်းဆယ်ပါးကို စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ပွားနိုင်တဲ့ ပုဂ္ဂိုလ်က အရူပစျာန်တွေကို တစ်ဆင့်တက်ပြီး ပွားမယ် ဆိုလျှင်လည်း လွယ်ကူသွားတယ်။ ထိုအရူပစျာန်တွေကို တစ်ဆင့်တက်ပြီး လွယ်လွယ်ကူကူ ပွားနိုင်တဲ့ ယောဂီသူတော်ကောင်းက ဒီကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါးကို အဝါးဝစွာ လေ့လာပြီးတဲ့အခါ ဒီသမာဓိအကူအညီကို ယူပြီးတော့ မေတ္တာစျာန်ကို ကူးခဲ့မယ်ဆိုလျှင် ထိုမေတ္တာဘာဝနာက အင်မတန် စူးရှတဲ့သဘောလည်း ရှိတယ်၊ လွယ်ကူတဲ့သဘောလည်း ရှိပါတယ်။
မေတ္တသုတ်မှာ လာရှိတဲ့ ရဟန်းငါးရာ
ဘယ်လို လွယ်ကူသလဲလို့ မေးလျှင်တော့ မေတ္တသုတ္တန်မှာ ရဟန်းတော် ငါးရာ လာရှိပါတယ်။ ထိုရဟန်းတော်ငါးရာက မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်း တွေ သင်ယူသွားကြတယ်။ သင်ယူပြီးတော့ တောအုပ်တစ်ခုအတွင်းမှာ သွား ပြီး တရားဘာဝနာစီးဖြန်းလိုက်တဲ့အခါ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ် တွေ တောထွက်လာတဲ့အတွက် ထိုတောအုပ်မှာ နေထိုင်တဲ့ နတ်တွေက သစ်ပင်ပေါ်မှာ တည်ရှိတဲ့ သူတို့ရဲ့ ဘုံဗိမာန်တွေပေါ်မှာ နေနိုင်တဲ့စွမ်းအား မရှိကြဘူး၊ မရှိတော့ သစ်ပင်အောက် တောထဲမှာ ကလေးတွေကို လက်ဆွဲ ပြီးတော့ နေထိုင်နေကြရတယ်။
ဒီရဟန်းတွေ ဝါဆိုခါနီးလျှင်တော့ ပြန်လိမ့်မယ်လို့ မျှော်လင့်ထားကြ တယ်။ ပြန်လိမ့်နိုး ပြန်လိမ့်နိုးနဲ့ စောင့်နေရင်းနဲ့ မပြန်ကြဘူး။ ရဟန်းတွေက ဒီနေရာမှာ ဝါဆိုမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့ မဖြစ်တော့ဘူးဆိုပြီးတော့ ရဟန်းတွေကို ချောက်လှန့်ကြတယ်။ ချောက်လှန့်လိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတွေမှာ စိတ်ဓာတ်တွေ ချောက်ချားပြီးတော့ တရားအားထုတ်လို့ မရတဲ့ အတွက် မြတ်စွာဘုရားထံ တစ်ဖန်ပြန်သွားကြတယ်။ ဒါပေမဲ့ မပြန်ခင်မှာ ဒီရဟန်းတွေက ဘာလုပ်သလဲ? ဒီအပိုင်းကလေးကို ဘုန်းကြီး ပြောချင်တာ။ ဒီရဟန်းတွေက ကသိုဏ်း (၁၀)ပါး, သမာပတ် (၈)ပါးကို အခြေခံ၍ ဝိပဿနာ ရဲ့ အခြေပါဒကစျာန်အဖြစ် အသုံးပြုကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းနေကြပါတယ်။ (သုတ္တနိပါတဋ္ဌကထာ၊၁၊၁၈၀။)
ရှေးယခင် ယဉ်ကျေးမှုအတိုင်း အစဉ်အလာအတိုင်း ပြောမယ်ဆိုလျှင် တော့ ဘယ်ကမ္မဋ္ဌာန်းကိုပဲ အားထုတ်အားထုတ် မယူမနေရ, မသင်မနေရ, ဘာသာရပ် လေးခုရှိတယ်၊ ဘာတွေလဲ? မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်းတို့ ဖြစ်ကြပါတယ်။ အဲဒီ ကမ္မဋ္ဌာန်းလေးခုကိုတော့ စတုရာရက္ခ = အစောင့်လေးပါး ကမ္မဋ္ဌာန်းလို့ လည်း ခေါ်တယ်။ ဒီအစောင့်လေးပါး ကမ္မဋ္ဌာန်းကတော့ မသင်မနေရဘဲ။
ဒါပေမဲ့ ဒီရဟန်းတွေက ဘယ်လိုရဟန်းတွေလဲလို့မေးလျှင် ကသိုဏ်း ဆယ်ပါး, သမာပတ်ရှစ်ပါးတို့ကို မြတ်စွာဘုရားထံမှ သင်ယူပြီးတဲ့အခါ အစောင့်လေးပါးဖြစ်တဲ့ ဒီကမ္မဋ္ဌာန်းတွေကိုလည်း ပွားပါတယ်။ ဒါပေမဲ့ ဒီအစောင့်လေးပါးဖြစ်တဲ့ စတုရာရက္ခကမ္မဋ္ဌာန်းကို အလေးဂရု အထူးတလည် အားစိုက်ပြီး ပွားတာတော့ မဟုတ်ဘူး။ သူတို့ ပွားများနေတာက ကသိုဏ်း ဆယ်ပါး, သမာပတ်ရှစ်ပါးကို အခြေခံပြီးတော့ ရုပ်နာမ်ကြောင်း-ကျိုး သင်္ခါရ တရားတွေကို သိမ်းဆည်းပြီး ထိုသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း နေကြပါတယ်။ ဝိပဿနာကို အလေးထားပြီးတော့ ပွားများအားထုတ်နေကြ တယ်။
အဲဒီ အချိန်အခါမှာ စိတ်ဓာတ်တွေ ဖောက်ပြားပြီးတော့ တရားဘာဝနာ ဆက်ပြီး အားမထုတ်နိုင်တဲ့အတွက် မြတ်စွာဘုရားထံ တစ်ဖန်ပြန်သွားကြ တယ်။ ပြန်သွားပြီးတဲ့အခါမှာ မြတ်စွာဘုရားက ထိုရဟန်းတွေကို ကြည့်လိုက် တော့ ဒီနေရာမှာပဲ သူတို့ တရားရမယ်၊ တခြားနေရာကို ပြောင်းရွှေ့ပြီး ဝါဆိုဝါကပ်ကြမယ် ဆိုလျှင်တော့ တရားမရနိုင်ဘူး။ ဒါကြောင့် ဒီနေရာကိုပဲ ပြန်သွားဖို့ မြတ်စွာဘုရားရှင်က တိုက်တွန်းတယ်။ မေတ္တသုတ္တန်ကိုလည်း ဟောကြားပေးလိုက်တယ်။ ဟောကြားပေးတဲ့ ရည်ရွယ်ချက်က ပရိတ်အရံ အတားအလို့ငှာလည်း တစ်ကြောင်း, ဝိပဿနာ၏ အခြေပါဒကစျာန် ရရှိရန် ကမ္မဋ္ဌာန်းဘာဝနာအလို့ငှာလည်း တစ်ကြောင်း၊ ဒီအကြောင်းနှစ်ချက်ဖြင့် ဟောကြားပေးတော်မူလိုက်ပါတယ်။ ဟောပေးလိုက်တဲ့အထဲမှာ ဘုန်းကြီး ဒီမေတ္တာကမ္မဋ္ဌာန်းကို ကွက်ပြောမယ်ဆိုလျှင် ဒါယကာကြီးတွေလည်း ကြား ဖူးကြလိမ့်မယ် ထင်ပါတယ်။
သုခိနော ဝါ ခေမိနော ဟောန္တု သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာ = သတ္တဝါအားလုံးအပေါ်၌ ချမ်းသာသုခနှင့် ပြည့်စုံဖို့၊ ဘေးရန်ကင်းဖို့ အတွက် မေတ္တာပွားပုံကို စတင်ဟောထားပါတယ်။ ဒီတော့ သုခိနော ဝါ ခေမိနော ဟောန္တု သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာဆိုတော့ သတ္တဝါ အားလုံးကို ခြုံငုံပြီး မေတ္တာပွားတဲ့လုပ်ငန်းခွင်ဆိုတာက ဘုန်းကြီးတို့ အတ္တလို့ ခေါ်တဲ့ မိမိရယ်, ပိယလို့ခေါ်တဲ့ ချစ်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်ရယ်, မဇ္ဈတ္တလို့ ခေါ်တဲ့ မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်ရယ်, ဝေရီခေါ်တဲ့ မုန်းတဲ့ ပုဂ္ဂိုလ်ရယ် = ရန်သူပုဂ္ဂိုလ်ရယ်၊ ဒီပုဂ္ဂိုလ်လေးဦးအပေါ်၌ မေတ္တာစျာန်တွေကို ဝင်စားလိုက်လို့ ညီမျှသွားတဲ့ အချိန်အခါကျမှ သဗ္ဗေ သတ္တာဆိုတာကို ကူးလို့ ရပါတယ်။
တမ္ပိ အပ္ပနာပ္ပတ္တစိတ္တေဿဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၀၂။)
ဒီတော့ ဒီရဟန်းတွေက မေတ္တာကမ္မဋ္ဌာန်းကို ရှေးယခင်ကတည်းက ပွားများထားပြီးလည်း ဖြစ်တယ်။ သူတို့က အလေးအမြတ် မပြုသေးတာသာ ရှိတယ်၊ အထူးဆက်လက်ပြီး မပွားများတာသာ ရှိတယ်။ ဒါကြောင့် ဒီရဟန်း တွေကို မြတ်စွာဘုရားက - သုခိနော ဝါ ခေမိနော ဟောန္တု သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာဆိုပြီး သတ္တဝါအားလုံးကို ခြုံငုံပြီး မေတ္တာပွားတဲ့စနစ်ကို သင်ပေးပါတယ်။ ဒီတော့ ဒီသင်ပေးတဲ့ စနစ်ကတော့ အတ္တ = မိမိကိုယ်ကို မေတ္တာအရင်ပွားရတယ်။ သို့သော် မိမိကိုယ်ကို မေတ္တာပွားလို့တော့ မေတ္တာ စျာန်ကို မရနိုင်ဘူး။ သို့သော် ပိယ = ချစ်တဲ့ပုဂ္ဂိုလ်, မဇ္ဈတ္တ = အလယ်အလတ် မချစ်မမုန်းပုဂ္ဂိုလ်, ဝေရီ = ရန်သူပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်သုံးဦးကို ပွားတိုင်းပွားတိုင်း မေတ္တာစျာန်ကို တတိယစျာန်ဆိုက်သည်အထိ ပွားရပါတယ်။
စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
အဲဒီလို ပွားလိုက်ပြီးတဲ့ အချိန်အခါကျတော့မှ အခု သတ္တဝါအားလုံး အပေါ်မှာ မေတ္တာတွေကို အနန္တစကြဝဠာအထိ ဖြန့်ကျက်ပြီး ပွားများရပါ တယ်။ အဲဒီလို ပွားလိုက်တဲ့ အချိန်အခါမှာ ထိုရဟန်းတော်တို့ရဲ့ မေတ္တာစျာန် စွမ်းအင်က ကြီးမားသွားတယ်။ ကြီးမားသွားတဲ့အတွက် ဒီနတ်တွေက အနှောင့် အယှက် မပေးတော့ဘဲနဲ့ ရဟန်းတွေကို တစ်ဖန်ပြန်ပြီး စောင့်ရှောက်ပေးကြ တယ်။
ဒီတော့ ဒီနေရာမှာ ဘုန်းကြီး ပြောချင်တဲ့အချက်က ဒီရဟန်းတော်တွေ ရဲ့ မေတ္တာစျာန်တွေသည် ဘာကြောင့် စွမ်းအင် ကြီးမားရသလဲဆိုတော့ အကြောင်းနှစ်ချက် ရှိပါတယ်။ အကြောင်းတစ်ချက်ကတော့ ကသိုဏ်းဆယ် ပါး, သမာပတ်ရှစ်ပါးကို ကျွမ်းကျင်ထားတဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်း ကြောင့် သမာဓိစွမ်းအင်က ကြီးမားနေပြီ၊ ထိုကသိုဏ်းဆယ်ပါး, သမာပတ် ရှစ်ပါးဆိုတဲ့ သမာဓိရဲ့ အကူအညီကို ယူပြီးတော့ မေတ္တာကို ပို့လိုက်တဲ့အတွက် မေတ္တာဘာဝနာ စျာန်တွေကလည်း အရှိန်အဝါ ပိုပြီး အားကောင်းလာတယ်။ ဒါက အကြောင်းတစ်ခု၊ နောက်အကြောင်းတစ်ခုကတော့ ရဟန်းတော်တွေ ဟာ ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဝိပဿနာဉာဏ်တွေနှင့် ယှဉ်တွဲနေတဲ့အတွက် ဒီမေတ္တာစျာန် မေတ္တာဘာဝနာတွေကလည်း စွမ်းအင်ကြီးမားလှတယ်။ ဒီစွမ်းအင်ကြီးမားပုံ နှင့် ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ အလောင်းတော်ဘဝက ကျင့်ခဲ့တဲ့ထုံးနှင့် ဆက်စပ်ပြီးတော့ အဋ္ဌကထာများက ဖွင့်ဆိုထားတာ ရှိပါတယ်။ ဒီစျာန်သမာဓိ တွေကို ခေတ်က အပြစ်သိပ်ပြောနေလို့ ဘုန်းကြီးက ဒီအချက်ကို နည်းနည်း ရှင်းပြတာပါ။
---
သမထ၏ အထောက်အပံ့ကောင်း
မြတ်စွာဘုရား အလောင်းတော်ဟာ အစာအာဟာရတွေကို ဖြတ်ကာ ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ပြီးတဲ့ အချိန်အခါကျတော့ ဒီကျင့် စဉ်သည် သဗ္ဗညုတဉာဏ်ရဖို့ရန် ကျင့်စဉ်တော့ မဟုတ်ဘူးဆိုပြီး လက်လွှတ် လိုက်တယ်။ လက်လွှတ်လိုက်ပြီးတော့ ခန္ဓာကိုယ်ကို အင်အားတောင့်တင်း အောင် ဆိုပြီးတော့ အစာအာဟာရတွေကို ပြန်ပြီးတော့ မှီဝဲပါတယ်။ မှီဝဲတဲ့ အချိန်အခါက စပြီးတော့ စွမ်းအားရှိသလောက် မြတ်စွာဘုရား အလောင်း တော်ဟာ ဒီသမထဘာဝနာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်း တော်မူပါတယ်။
ဘုရားအလောင်းတော်ဟာ ဥရုဝေလတောမှာ ဒီလို သမထ-ဝိပဿနာ ဘာဝနာတွေကို အပြင်းအထန် ပွားများအားထုတ်ပုံ အကြောင်းအရာတွေကို ဒွေဓာဝိတက္ကသုတ္တန် ပါဠိတော် (မ၊၁၊၁၆၃-၁၆၄။)နှင့် ဒွေဓာဝိတက္ကသုတ္တန် အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)မှာ ဟောကြားထားတော်မူပါတယ်၊ ဖွင့်ဆိုထား တော်မူပါတယ်။ အဲဒီလို သမထနှင့် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ တစ်ခါတစ်ရံ ဝိပဿနာနယ်ထဲ ရောက်တဲ့အခါ ကျတော့ ဝိပဿနာတွေကို ဆက်တိုက် ကြိုးစား အားထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာပြီ၊ ပင်ပန်းနွမ်းနယ်လာလျှင် မြတ်စွာဘုရား အလောင်းတော်ဟာ ဘာလုပ်သလဲ?
ဒီစျာန်သမာပတ်တွေမှာ တစ်ဖန်ပြန်ပြီးတော့ ဝင်စားနေလိုက်တယ်။ စျာန်သမာပတ်တွေကို ပြန်ပြီး ဝင်စားလိုက်လျှင် စိတ်ဓာတ်တွေက ရွှင်လန်း သွားပြီ၊ စိတ်ဓာတ်တွေ ရွှင်လန်းပြီး အင်အားကြီးထွားလာတဲ့ အခါကျတော့မှ တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုတယ်။ ဝိပဿနာရှုလိုက်တော့ ပင်ပန်း နွမ်းနယ်မှုတွေက အားကောင်းလာပြီဆိုလို့ရှိလျှင်လည်း တစ်ဖန်ပြန်ပြီးတော့ စျာန်တွေကို ဝင်စားပြန်တယ်။
ဘာဥပမာနှင့် ဥပမာပေးထားသလဲဆိုတော့ ရှေးယခင်တုန်းက စစ်တိုက် တဲ့ အချိန်အခါမှာ တိုင်းသူပြည်သားတွေ မနစ်နာစေရန်အတွက် ရည်ရွယ် တောင့်တပြီးတော့ စစ်တလင်းဆိုတာ ရှိပါတယ်။ စစ်တလင်းဆိုတဲ့ နေရာမှာ ထွက်ပြီးတော့ ဟိုဘက်ဒီဘက် စွမ်းအင်ပြတဲ့အနေနဲ့ စစ်တိုက်ကြတယ်။ အဲဒီလို စစ်တိုက်လိုက်တဲ့ အချိန်အခါမှာ ပင်ပန်းနွမ်းနယ်လာပြီ ဆိုလို့ရှိလျှင် နောက်က ခံတပ်ဆိုတာ ရှိတယ်။ ခံတပ်ထဲမှာ ဝင်ပြီးတော့ နားတယ်, စားတယ်, သောက်တယ်, ခဏအနားယူတယ်။ အပန်းပြေသွားပြီ ဆိုလို့ရှိလျှင်လည်း တစ်ဖန်ပြန်ပြီး ခံတပ်ထဲကနေ ထွက်ပြီးတော့ စစ်တိုက်ကြပြန်တယ်။
စစ်တိုက်ပွဲဝင်နေတာက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတာနဲ့ အတူတူပဲ။ ကိလေသာတွေကို တိုက်ထုတ်နေတာပဲ။ ပင်ပန်းနွမ်းနယ်လာပြီဆို လျှင် ခံတပ်နှင့်တူတဲ့ စျာန်သမာပတ်ထဲကို ပြန်ပြီးတော့ ဝင်စားရတယ်။ စျာန် သမာပတ်ထဲမှာ ဝင်စားနေလိုက်တော့ အပန်းပြေသွားပြီ ဆိုလိုရှိလျှင်လည်း တစ်ဖန်ပြန်ပြီးတော့ စစ်ထွက်ပြီး တိုက်ရပြန်တယ်။ အဲဒီလို တိုက်တဲ့ထုံးက ဘုန်းကြီးတို့ ဒွေဓာဝိတက္ကသုတ္တန် ဆိုပြီးတော့ သုတ္တန်တစ်ခု ရှိပါတယ်။ မဇ္ဈိမ နိကာယ်မှာ လာရှိပါတယ်။ ထိုမဇ္ဈိမနိကာယ်ထဲမှာ အလောင်းတော်ဘဝက ကျင့်ခဲ့တဲ့ ဒီကျင့်စဉ်ကို စနစ်တကျ အဋ္ဌကထာများက ဖွင့်ဆိုထားပါတယ်။
---
ရှေးရှေးသမာဓိရဲ့ အားကြီးသော မှီရာဥပနိဿယ
ဒါကြောင့် ဆိုလိုရင်းကတော့ ဒီမေတ္တာဘာဝနာတို့ရဲ့ စွမ်းအင်ကြီးမားမှု သည် သမထ-သမထ အချင်းချင်း အခြေခံပြီး ပွားများအားထုတ်မယ်ဆိုလျှင် အားထုတ်လို့ လွယ်ကူတဲ့အကြောင်း ပြောတာပါ။ ဒီတော့ စျာန်သမာပတ်တွေ ကို အထူးသဖြင့် ကသိုဏ်းစျာန်ကဲ့သို့ စျာန်သမာပတ်တွေကို ဝင်စားပြီး ထိုစျာန် သမာပတ်မှ ထလိုက်တဲ့အခါ မိမိ မေတ္တာပွားလိုက်တဲ့ ပုဂ္ဂိုလ်ကို ဒီစျာန် သမာပတ် ဉာဏ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည် အကူအညီဖြင့် ထိုးပြီး ကြည့်လိုက်တဲ့အခါမှာ ဆလိုက်မီးနှင့် ထိုးထားသလို, လက်နှိပ်ဓာတ်မီး နှင့် ထိုးထားသလို ထိုပုဂ္ဂိုလ်ရဲ့ မျက်နှာကို သို့မဟုတ် တစ်ကိုယ်လုံးကို အထင် အရှား မြင်နေပြီ။
မြင်လိုက်တဲ့ အချိန်အခါကျတော့မှ ရှေးရှေးသမာဓိတို့ရဲ့ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကို ဆက်ခံပြီး တော့မှ ဒီပုဂ္ဂိုလ်ကို ထင်ထင်ရှားရှား မျက်စိနှင့်မြင်သလို မြင်တွေ့နေတဲ့ အချိန် အခါကျမှ မေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပေးလိုက်မယ်ဆိုလျှင် တစ်ထိုင် အတွင်းမှာပဲ မေတ္တာစျာန်တွေကို ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိအထိ ဆိုက်အောင် ပွားမယ်ဆိုလျှင် လွယ်လွယ်ကူကူနဲ့ ပွားလို့ရတယ်။
ထိုပုဂ္ဂိုလ်တို့ရဲ့ ရုပ်ပုံလွှာဟာ လက်နှိပ်ဓာတ်မီးနှင့် ထိုးထားတဲ့အခါ လွယ်လွယ်ကူကူနဲ့ ပျောက်ပျက်မသွားသလို ရှေးရှေး သမာဓိဉာဏ်ကြောင့် သမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည် အကူ အညီဖြင့် ထိုးစိုက်ကြည့်ထားတဲ့ အချိန်အခါမှာ လွယ်လွယ်ကူကူနဲ့ ပျောက်ပျက် သွားတဲ့သဘော မရှိပါဘူး။ ဒါကြောင့် သမထ ဘာဝနာစိတ်တွေမှာလည်း လင်းရောင်ခြည်စွမ်းအား ရှိပါတယ်။ ဝိပဿနာ ဘာဝနာစိတ်တွေမှာလည်း လင်းရောင်ခြည်စွမ်းအား ရှိပါတယ်။ ဝိပဿနာ ဘာဝနာစိတ်တွေထဲမှာလည်း အခုလို ဒုက္ခသစ္စာကို ထိုးထွင်းသိနေတဲ့ ဉာဏ်မှာလည်း လင်းရောင်ခြည်စွမ်း အား ရှိတယ်။ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ ဉာဏ်မှာလည်း လင်းရောင် ခြည်စွမ်းအား ရှိတယ်။
အလားတူပဲ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်က သတ္တဝါအားလုံး အပေါ်မှာ ဖြန့်ကျက်ပြီးတော့ မေတ္တာစျာန်တွေကို ဝင်စားမြဲ ဓမ္မတာဖြစ်ခြင်းကြောင့် မေတ္တာစျာန်မဆိုက်မီ မေတ္တာဘာဝနာ စီးဖြန်းနေတဲ့ ပရိကမ္မသမာဓိ, ဥပစာရသမာဓိခေါ်တဲ့ ဒီ သမာဓိစျာန်ဇောတွေကလည်း သတ္တဝါတွေ အားလုံးအပေါ်မှာ ညီမျှတဲ့ မေတ္တာဓာတ်တွေဖြင့် ကိန်းဝပ်ပြီး တည်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။
ထိုကံတွေကနေပြီးတော့ ဘုရားအလောင်းတော်ကို လာပြီး အကျိုးပေးတဲ့ အတွက် ဘုရားရှင်ရဲ့ ပဋိသန္ဓေခန္ဓာငါးပါး အစရှိတဲ့ ဝိပါက်ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားတွေကို ဖြစ်စေတတ်တဲ့အတွက် ဘုရားရှင်ရဲ့ သန္တာန်မှာ ဒီဘဝမှာ ဘယ်သတ္တဝါ အပေါ်မှာမဆို ညီမျှတဲ့ မေတ္တာဓာတ်တွေ မရှိဘူးလား? ရှိနေ တယ်။ သတ္တဝါအားလုံးအပေါ်၌ ညီတူတဲ့ ဒီစိတ်ထားကလေးသည် - ဒါယကာ ကြီးတွေ နည်းနည်း စဉ်းစားကြည့်ပါ၊ ကောင်းသလား မကောင်းဘူးလား? ကောင်းပါတယ်။ ဒါယကာကြီးတွေ ခါးတောင်းကျိုက်ဖြုတ်လို့ရမယ် ထင်သ လား? သတ္တဝါအားလုံး အပေါ်မှာ ညီမျှတဲ့မေတ္တာ မထားနိုင်တဲ့အတွက် ဒါယကာကြီးတွေ အခု ဂျပန်ရောက်နေကြတာ မဟုတ်ဘူးလား? ခါးတောင်းကျိုက် ဖြုတ်လို့ ရသလား? မရဘူး။ ခါးတောင်းကျိုက် ပြုတ်သွားချင်တယ် ဆိုလို့ရှိလျှင် တော့ သတ္တဝါအားလုံးအပေါ်မှာ ညီမျှတဲ့ မေတ္တာဓာတ်ကိုသာ မွေးမယ်ဆို လျှင် ခါးတောင်းကျိုက်ဖြုတ်လို့ မရဘူးလား? ရသွားလိမ့်မယ်။
ကဲ - ဘုရားအလောင်းတော်က မိမိကို ဖြစ်ပေါ်စေတတ်တဲ့ သမုဒယ သစ္စာတရားကိုလည်း ထိုးထွင်းမသိဘူးလား? သိတယ်။ ဘုရားအလောင်းတော် သည် မိမိကို ဖြစ်ပေါ်စေတတ်တဲ့ သမုဒယသစ္စာတရားကို ထိုးထွင်းသိသလို အခု ဒီသုတ္တန်မှာ တရားနာခံ ဖြစ်နေကြတဲ့ ပဉ္စဝဂ္ဂီငါးဦးထဲက အထူးသဖြင့် အရှင်ကောဏ္ဍည မထေရ်ကလည်း မိမိရဲ့ ဒုက္ခသစ္စာတရားတွေ မိမိရဲ့သမုဒယ သစ္စာတရားတွေကိုလည်း ထိုးထွင်း မသိဘူးလား? သိနေတယ်။ ဒီအချက်ကို တော့ နည်းနည်းမှ မမေ့သင့်ဘူး။ ကဲ သမုဒယသစ္စာ ဆိုတာလည်းပဲ ထိုးထွင်း သိပြီ၊ နောက်တစ်ခုက ဘာလဲ?
---
သမုဒယသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟာ ပယ်စွန့်ရမည့်တရား ဖြစ်တယ်လိ့ု ဟိုရှေး ယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ်တဲ့ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယ သစ္စာတရားကို ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားသည် ပဟာတဗ္ဗ = ပယ်ရှားရမည့်တရားပဲလို့ သိမြင်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်လာတယ်။ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်လာတယ်၊ ကွဲကွဲပြားပြား သိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်လာတယ်။ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်လာတယ်။ သမုဒယအရိယသစ္စာတရားဟာ ပယ်ရှားရမည့်တရား ဖြစ်တယ်လို့ သိမြင်အောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ် အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်လာတယ်။ ဒီတော့ အဲဒီ ဉာဏ်ကတော့ သမုဒယသစ္စာနှင့် ပတ်သက်တဲ့ ကိစ္စဉာဏ် ဖြစ်ပါတယ်။ ဒီတော့ ဘယ်အခါမှာ ဒီကိစ္စဉာဏ်က ဘုရားရှင်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာသလဲလို့မေးတော့ သဗ္ဗညုတဉာဏ်ကို ရရှိပြီးတဲ့အခါကျမှ ဖြစ်ပေါ်လာပါတယ်။ နောက်တစ်ခု-
---
သမုဒယသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီနန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ငါဟာ ပယ်စွန့်ပြီးပြီလို့ ဟို ရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာ ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ ကို ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော် မူခဲ့တယ်။
ဒီဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ငါဘုရားရှင်သည် ပယ်ရှားပြီးပြီဆိုတဲ့ ဒီအသိဉာဏ်ဟာလည်း မြတ်စွာဘုရားရှင်ရဲ့ သန္တာန်မှာ မဖြစ်ပေါ်ဘူးလား? ဖြစ်ပေါ်ခဲ့တယ်။ ဘယ်အခါမှာလဲလို့မေးတော့ အထူး သဖြင့်တော့ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်ပြီးတဲ့ အချိန်အခါ မိမိ ပယ်ရှားပြီးတဲ့ ကိလေသာတွေကို လှမ်းကြည့်လိုက်တော့ ဒီကိလေသာတွေကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ငါဘုရားရှင်သည် ပယ်ရှားပြီးပြီဆိုတာကို ထိုအချိန်အခါမှာ သိပါတယ်။ ယောဂီသူတော်ကောင်း မှန်ခဲ့မယ်ဆိုလို့ရှိလျှင် လည်း မိမိက အကယ်၍များ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုက်ခဲ့လို့ နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့မယ်ဆိုလျှင် ငါသည် ဘယ်ကိလေသာတွေကို ပယ်ရှားပြီးပြီလဲ ဆိုတာ ပြန်ကြည့်လျှင် မြင်သလား မမြင်ဘူးလား? မြင်ရမယ်။ မမြင်သေးဘူး ဆိုလို့ရှိလျှင်တော့ ဘာဖြစ်မလဲ? အရိယာပုဂ္ဂိုလ်တော့ မဟုတ်သေးဘူးလို့ ဒီလိုသာ မှတ်ချက်ချထားပါ။ ကဲ သမုဒယသစ္စာနှင့် ပတ်သက်လို့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဆိုပြီးတော့ ဘယ်နှစ်ပါးလဲ? သုံးပါးဖြစ်ပါတယ်။ ကဲ- နောက်တစ်ခု နိရောဓသစ္စာ ---
---
နိရောဓသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ဤကား ဒုက္ခချုပ်ရာ ဒုက္ခနိရောဓ အရိယသစ္စာတရားတည်းလို့ ဟိုရှေးယခင်က မကြားအပ်စဖူး ကုန်သေးတဲ့ နိရောဓသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော် မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခ ချုပ်ရာ နိရောဓအရိယာသစ္စာတရားကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဤကား ဒုက္ခနိရောဓအရိယသစ္စာတရား ဆိုပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ သန္တာန်တော်မှာ သိမြင်တတ်တဲ့ ဓမ္မစက္ခု = ဉာဏ်ပညာမျက်စိသည် ထင်ရှား ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာပြီ။ အဲဒီမှာ ဒီဒုက္ခနိရောဓ = ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား ဆိုတာက လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိအပ်တဲ့ နိရောဓသစ္စာ, လောကုတ္တရာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာဆိုတဲ့ နိရောဓသစ္စာနှစ်မျိုး ပြောခဲ့ပြီးပြီ။ နှစ်မျိုးစလုံးကို ဘုရားရှင်သည် ထိုးထွင်း မသိဘူးလား? သိတယ်။ ဒါက သစ္စဉာဏ်ဖြစ်တယ်။ နောက်တစ်ခုက ဘာလဲ?
---
နိရောဓသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်၌ ထိုဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားကို မျက်မှောက်ပြုအပ်တယ်လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်းပြတတ် တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားဟာ မျက်မှောက်ပြုအပ်တဲ့ တရားပဲ၊ မျက်မှောက်ပြုရတယ် ဆိုတာက ဉာဏ်ဖြင့် ထိုးထွင်း သိမြင်အပ်တဲ့ တရားပဲလို့ ဒီအသိဉာဏ်ဟာ မြတ်စွာဘုရား သန္တာန်တော်မှာ ဖြစ်ပေါ်လာပါ တယ်။ ဘယ်အခါမှာလဲ? ဘုရားဖြစ်ပြီးတဲ့ အချိန်အခါပါ။ ဒီဉာဏ်ကတော့ ကိစ္စဉာဏ် ဖြစ်ပါတယ်။
---
နိရောဓသစ္စာ၌ ကတဉာဏ်
နောက်တစ်ခုကတော့ ကတဉာဏ်ပဲ၊ မြတ်စွာဘုရား ဘယ်လို ဟောကြား တော်မူသလဲ?
တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားကို ငါသည် မျက်မှောက်ပြုပြီးပြီဆိုတဲ့ ဟိုရှေး ယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား တို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိမြင်တတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်း ပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခချုပ်ရာ နိရောဓသစ္စာ တရားကိုလည်း ငါဘုရားရှင်သည် မျက်မှောက်ပြုပြီးပြီဆိုတဲ့ ဒီအသိဉာဏ်ဟာလည်း မြတ်စွာဘုရားရဲ့ သန္တာန်မှာ ပေါ်လာပါတယ်။ ကတဉာဏ်လို့ ခေါ်ပါတယ်။ ဘယ်အခါမှာလဲ? နိဗ္ဗာန်ကို မြင်ပြီးတဲ့ အချိန်အခါမှာ ငါသည် နိဗ္ဗာန်ကို မြင်ပြီးပြီဆိုတဲ့ အသိဉာဏ် ပေါ်လာ တယ်။ နိရောဓသစ္စာနှင့် ပတ်သက်လျှင်လည်း သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဆိုပြီးတော့ ဉာဏ်ဘယ်နှစ်ပါးလဲ? ဉာဏ်သုံးပါးပဲ ဖြစ်တယ်။
နောက်တစ်ခု မဂ္ဂသစ္စာကို မြတ်စွာဘုရား ဆက်ဟောပြီ -
---
မဂ္ဂသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားပဲလို့ ဟို ရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ မဂ္ဂအရိယသစ္စာတရားတို့၌ သိမြင် တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ်တဲ့ ပညာ ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ် အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ အရိယ သစ္စာတရားပဲဆိုတဲ့ ဒီအသိဉာဏ်ဟာလည်း မြတ်စွာဘုရား သန္တာန်တော်မှာ ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ ဒါက သစ္စဉာဏ် ဖြစ်ပါတယ်။ ဘယ်အခါမှာ ဖြစ် သလဲလို့မေးလျှင် ခုနက ပြောခဲ့ပြီးပြီ။ ဝိပဿနာ ရှုခိုက်မှာလည်း ဝိပဿနာ ဉာဏ်ကို တစ်ဖန်ပြန်ပြီး ဝိပဿနာရှုတော့ ဒီမဂ္ဂင်ရှစ်ပါးကို မသိဘူးလား? သိတယ်။ ဒါ လောကီမဂ္ဂသစ္စာ ဖြစ်တယ်။
တစ်ခါ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူလိုက်တဲ့ အချိန်အခါမှာလည်း မြတ်စွာဘုရားရဲ့ သန္တာန်မှာ မဂ္ဂင်ရှစ်ပါး မဖြစ်ပေါ်ဘူး လား? ဖြစ်ပါတယ်။ အဲဒီ မဂ္ဂသစ္စာတရားက လောကုတ္တရာ မဂ္ဂသစ္စာတရား ဖြစ်ပါတယ်။ လောကီမဂ္ဂသစ္စာတရားနှင့် လောကုတ္တရာ မဂ္ဂသစ္စာတရား၊ ဒီ နှစ်မျိုးစလုံးကို မြတ်စွာဘုရားသည် ထိုးထွင်းမသိဘူးလား? သိပါတယ်။
ယောဂီပုဂ္ဂိုလ်ဟာလည်း အကယ်၍ တရားအားထုတ်လို့ရှိလျှင် ဝိပဿနာ အခိုက်မှာလည်း ဒီလောကီ မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင်တရားကိုယ် ရှစ်ပါးကို ထိုးထွင်းသိရမလား၊ မသိရဘူးလား? သိရမယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက် ခဲ့လို့ရှိလျှင်လည်း ဒီမဂ်ဉာဏ်ဖိုလ်ဉာဏ်မှာ တည်ရှိနေတဲ့ ဒီလောကုတ္တရာ မဂ္ဂသစ္စာတရား ရှစ်ပါးကို သိရမလား၊ မသိရဘူးလား? သိရမယ်။
ဒီအကြောင်းအရာတွေက ဒါယကာကြီးတွေ ဒါယိကာမကြီးတွေနှင့် အနီးကပ်ဆုံးဖြစ်တဲ့ ဓမ္မစကြာဒေသနာမှာ လာရှိတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒီဒေသနာတော်မှာ လာရှိတဲ့အတိုင်း မိမိတို့ လုပ်ငန်းခွင်လုပ်တဲ့ အချိန်အခါမှာ ငါသည် ဒီအသိဉာဏ်တွေ ရပြီလား၊ မရသေးဘူးလား? ကိုယ့် ကိုယ်ကို မေးကြည့်လျှင် ဖြေတတ်သလား၊ မဖြေတတ်ဘူးလား? ဖြေတတ်ပါ တယ်။ ဒုက္ခသစ္စာကို သိသလား၊ မသိဘူးလား? ကိုယ့်ကိုယ်ကို မေးကြည့်၊ မသိလျှင်လည်း မသိဘူးလို့ မဖြေတတ်ဘူးလား? ဖြေတတ်တယ်။ သိလျှင် လည်း သိတယ်လို့ မဖြေတတ်ဘူးလား? ဖြေတတ်တယ်။ လွယ်လွယ်က လေးရယ်။ ကိုယ့်ဟာကိုယ် မေးပြီးတော့ ကိုယ့်ဟာကိုယ် ဖြေရတော့ မသိလျှင် သိအောင်ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။
သူများအပြောနဲ့တော့ သိပ်ထိုင်မလွမ်းနဲ့၊ သူများပြောတဲ့အတိုင်း လွမ်း နေမယ် ဆိုလို့ရှိလျှင်တော့ လွမ်းတာနဲ့ပဲ ဘဝ အဆုံးသတ်သွားရလိမ့်မယ်။ ဒါကြောင့် ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်, သမုဒယသစ္စာကို ထိုးထွင်း သိတဲ့ဉာဏ်ကို ငါသည် ရသလား၊ မရဘူးလား? ကိုယ့်ဟာကိုယ် နားလည်ပါ တယ်။ အလားတူပဲ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓ သစ္စာ, လောကုတ္တရာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ, လောကီမဂ္ဂသစ္စာ, လောကုတ္တရာမဂ္ဂသစ္စာ ဒီသစ္စာတွေကို ငါသည် ထိုးထွင်းသိသလား၊ မသိဘူးလားလို့ မေးလျှင် အဖြေပေးလို့ မရဘူး လား? ရပါတယ်။
မဂ္ဂင်တရားကိုယ် ရှစ်ပါးဆိုတာက ဘယ်လိုနေသလဲ၊ ဘယ်လိုရှုသလဲ? ဒီမဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မည်သည့် စိတ်စေတသိက်တွေနှင့် ယှဉ်တွဲပြီး တော့ ဖြစ်ပေါ်သွားသလဲ? မဂ္ဂင်တရားကိုယ်နှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက် ဘယ်နှစ်လုံး ရှိသလဲ? ဒီသဘောတရားတွေကို စနစ်တကျ ထိုးထွင်းသိဖို့တော့ လိုအပ်ပါတယ်။ အကယ်၍ မသိခဲ့သေးဘူး ဆိုလျှင်တော့ သိအောင် ကြိုးစားဖို့တော့ လိုအပ်နေပြီ။ အခု ဘုရားအလောင်းတော် သို့မဟုတ် မြတ်စွာဘုရားကတော့ သိသလား၊ မသိဘူးလား? သိပါတယ်။ နောက်တစ်ခု -
---
မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ...ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ပွားများရမယ်လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ မဂ္ဂအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာ ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခနိရောဓ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာတရားကို ငါဘုရားရှင်သည် ပွားများအပ်တဲ့တရားပဲလို့ မြတ်စွာဘုရားသည် ထိုးထွင်းမသိဘူးလား? သိပါတယ်။ ဒါက ကိစ္စဉာဏ်။ နောက်တစ်ခု -
---
မဂ္ဂသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခံ နိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ငါဟာ ပွားများပြီးပြီ လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ မဂ္ဂအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိ တတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ ဒီလိုသိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ် အရောင်အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာ တရားကို ငါဘုရားရှင်သည် ပွားများပြီးပြီ ဆိုတာကိုလည်း မသိဘူးလား? သိပါတယ်။ ဘယ်အချိန်အခါမှာ သိသလဲလို့မေးတော့ ဒီသစ္စဉာဏ်နှင့် ကတဉာဏ်ကတော့ ဘုရားဖြစ်ပြီးတဲ့ နောက်ပိုင်းမှ သိပါတယ်။ ပေါင်းလိုက်တော့ သစ္စာတစ်ပါးတစ်ပါးမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဆိုပြီး သုံးပါးစီ ရှိတဲ့အတွက် သစ္စာလေးပါးဆိုလျှင် ပေါင်းလိုက်တော့ ဘယ်နှစ်ပါးရှိသလဲ? ဆယ့်နှစ်မျိုး။ ဒီအကြောင်းကို မြတ်စွာဘုရားက ဘယ်လို ဆက်ဟောတော်မူ သလဲ?
---
ဘုရားရှင်၏ ကြေညာချက်
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ၊ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့၊ ယာဝ = အကြင်မျှလောက်သော ကာလပတ်လုံး၊ မေ = ငါဘုရားရှင်၏ သန္တာန်၌၊ ဣမေသု စတူသု အရိယသစ္စေသု = အရိယသစ္စာတရား လေးပါးတို့၌။ ဧဝံ = ဤသို့။ တိပရိဝဋ္ဋံ = သုံးမျိုးသော အပြန်အလှန် အကျော့ရှိသော။ ဒွါဒသာကာရံ = (၁၂)မျိုးသော အခြင်းအရာရှိသော။ ယထာဘူတံ =မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ ဉာဏဒဿနံ = ဉာဏ်အမြင်သည်။ သုဝိသုဒ္ဓံ = ကောင်းမွန်စင်ကြယ်သည်။ န အဟောသိ = မဖြစ်သေး။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တာဝ = ထိုမျှလောက်သော ကာလပတ်လုံး။ အဟံ = ငါဘုရားရှင်သည်။ သဒေဝကေ = နတ်ပြည်နတ်လောကနှင့် တကွသော။ သမာရကေ = ဝသဝတ္တီနတ်ပြည်နှင့် တကွသော။ သဗြဟ္မကေ = ဗြဟ္မာပြည်နှစ်ဆယ်နှင့် တကွသော။ လောကေ = နတ်လောက၌။ သဿမဏဗြာဟ္မဏိယာ = ရဟန်းပုဏ္ဏားနှင့်တကွသော။ သဒေဝမနုဿာယ = သမ္မုတိနတ်တည်းဟူသောမင်း, ကြွင်းသောလူသားနှင့် တကွသော။ ပဇာယ = သတ္တလောက၌။ ဝါ။ လူ့လောက၌။ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ = အတုမရှိသော သမ္မာသမ္ဗောဓိ ဉာဏ် တော်မြတ်ကို ထိုးထွင်း သိမြင်ပြီဟူ၍။ နေဝ ပစ္စညာသိံ = ဝန်ခံတော် မမူခဲ့ဘူးသေး။
သစ္စာတစ်ပါးတစ်ပါးမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဆိုတဲ့ ဉာဏ် သုံးမျိုးစီဆိုတော့ သစ္စာလေးပါးမှာ (၁၂)မျိုးသော အခြင်းအရာ ဖြစ်တယ်။ ဒီလို သစ္စာလေးပါးတို့၌ (၁၂)မျိုးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ ဉာဏ်အမြင်ဟာ ငါဘုရားရှင်ရဲ့သန္တာန်မှာ မဖြစ်သေး သမျှ ကာလပတ်လုံး ဝသဝတ္တီနတ်ပြည်နှင့် တကွသော ဗြဟ္မာ့ပြည်နှစ်ဆယ် နှင့် တကွသော နတ်လောကမှာရော, ရဟန်းပုဏ္ဏားနှင့်တကွ သမ္မုတိနတ်လို့ ခေါ်ဆိုတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်နှင့်တကွသော လူ့လောက မှာရော ငါဘုရားရှင်သည် ဒီ အနုတ္တရသမ္မာသမ္ဗောဓိလို့ ခေါ်ဆိုအပ်တဲ့ အတုမရှိ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို ထိုးထွင်းသိမြင်ပြီလို့ ဝန်မခံခဲ့သေးပါဘူး။
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ယတော စ ခေါ = အကြင်အခါ၌ကား။ မေ = ငါဘုရားရှင်၏ သန္တာန်၌။ ဣမေသု စတူသု အရိယသစ္စေသု = ဤအရိယသစ္စာတရား လေးပါးတို့၌။ ဧဝံ = ဤသို့လျှင်။ တိပရိဝဋ္ဋံ = သုံးမျိုးသော အကျော့အပြန်ရှိသော။ ဒွါဒသာကာရံ = ဆယ့်နှစ်မျိုးသော အခြင်းအရာရှိသော။ ယထာဘူတံ = မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ ဉာဏဒဿနံ = ဉာဏ်အမြင်သည်။ သုဝိသုဒ္ဓံ = ကောင်းစွာ သန့်ရှင်းစင်ကြယ်သည်။ အဟောသိ = ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အထ = ထိုအခါ၌။ အဟံ = ငါဘုရားသည်။ သဒေဝကေ = ကာမာဝစရနတ်ပြည် ငါးထပ်နှင့် တကွသော။ သမာရကေ = ဝသဝတ္တီနတ်ပြည်နှင့် တကွသော။ သဗြဟ္မကေ = ဗြဟ္မာပြည်နှစ်ဆယ်နှင့် တကွသော။ လောကေ = နတ်လောက၌။ သဿမဏဗြာဟ္မဏိယာ = ရဟန်းပုဏ္ဏားနှင့် တကွသော။ သဒေဝမနုဿာယ = သမ္မုတိနတ်တည်းဟူသောမင်း, ကြွင်းသောလူနှင့် တကွသော။ ပဇာယ = သတ္တလောက၌။ ဝါ။ လူ့လောက၌။ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ = အတုမရှိ ကဲသာလွန်မြတ်သော သမ္မာသမ္ဗောဓိဉာဏ်တော် မြတ်ကို ထိုးထွင်းသိမြင်ပြီဟူ၍။ ပစ္စညာသိံ = ဝန်ခံတော်မူခဲ့လေပြီ။
ဤသုံးမျိုး သုံးပြန် သုံးကျော့အားဖြင့် သစ္စာလေးပါးကို တစ်ဆယ့်နှစ်မျိုး သော အခြင်းအရာအားဖြင့် ထိုးထွင်းသိမြင်ပြီးတဲ့ နောက်ပိုင်းရောက်ခါမှ ငါ ဘုရားရှင်သည် အတုမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ် ကြီးကို ထိုးထွင်းသိမြင်ပါတယ်လို့ ဝန်ခံပါတယ်။
အရှင်ကောဏ္ဍည
ဒီအဆင့်ရောက်လာတဲ့ အချိန်အခါကျတော့ အရှင်ကောဏ္ဍညကတော့ တော်တော်လေး သဘောကျသွားပြီ။ သဘောကျတယ်ဆိုတာက မြတ်စွာ ဘုရားက ဒုက္ခသစ္စာတရားကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း ဒုက္ခ သစ္စာကို ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ မြတ်စွာဘုရားက သမုဒယသစ္စာကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း သမုဒယသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ မြတ်စွာဘုရားက နိရောဓ သစ္စာကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း နိရောဓသစ္စာကို ထိုးထွင်း သိတတ်တဲ့ ဉာဏ်အမြင်တွေ ပေါ်လာတယ်။ မြတ်စွာဘုရားက မဂ္ဂသစ္စာကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း မဂ္ဂသစ္စာတရားကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်အမြင်တွေ ပေါ်လာတယ်။ ဘာကြောင့် ပေါ်လာသလဲ?
အခုမှသာလျှင် သုတ်သီးသုတ်ပျာနဲ့ ကပျာကရာ ဝိပဿနာကို အား ထုတ်တာ ဟုတ်သလား? မဟုတ်ပါဘူး။ သူက ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ ပါရမီမျိုးစေ့ကောင်းတွေ ထူထောင်ခဲ့တဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ ဒါက အကြောင်းတစ်ခု။ ပဒုမုတ္တရဘုရားရှင် သာသနာတော်အတွင်းမှာ ကတည်းက သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း တွေကို စီးဖြန်းခဲ့ဖူးပါတယ်။
စီးဖြန်းခဲ့ဖူးတဲ့အချိန်အခါမှာ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံက ဘာတွေ လဲလို့မေးတော့ ဒုက္ခသစ္စာ အမည်ရနေတဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစတဲ့ (၁၁)မျိုးသော အခြင်းအရာနှင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါး, သမုဒယသစ္စာ အမည်ရနေတဲ့ ဒုက္ခသစ္စာရဲ့ အကြောင်းတရားများ ဖြစ်ကြပါတယ်။ အကြောင်းတရားနှင့်တကွသော ထို ဒုက္ခသစ္စာတရားတွေ သမုဒယသစ္စာတရားတွေကို အရှင်ကောဏ္ဍညသည် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်တော်မူခဲ့တာ ပဒုမုတ္တရဘုရားရှင် သာသနာတော်ကတည်းက စခဲ့ပါတယ်။ စလိုက်တော့ ကမ္ဘာပေါင်း ဘယ်လောက် သူ ပါရမီဖြည့်ခဲ့သလဲလို့မေးလျှင် ကမ္ဘာတစ်သိန်း ဖြစ်ပါတယ်။ အခါအခွင့်သင့်တဲ့ အချိန်အခါတိုင်းမှာ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဒီသင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့တာ ကြိမ်ဖန်များစွာ ဖြစ်တယ်။
ကြိမ်ဖန်များစွာထဲမှာ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ သဘော ပေါက်အောင် ထပ်ပြီး နည်းနည်းလေး ကွန့်လိုက်ရလျှင်တော့ ပဒုမုတ္တရ မြတ်စွာဘုရားက လူတို့သက်တမ်းအားဖြင့် အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်း တော်မူခဲ့တဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ နှစ်ပေါင်းတစ်သိန်းလောက် သမထ-ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ပွားများအားထုတ်ခဲ့တဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ လေးရက်ထဲ ဘုန်းကြီးပင့်ပြီး တရားအားထုတ်တဲ့ လုပ်ငန်းခွင်မျိုး ဟုတ်သလား? မဟုတ်ပါဘူး။ ကိုယ်နှင့်သွားပြီး တိုင်းလို့တော့ မရဘူး။
နှစ်ပေါင်းတစ်သိန်းလောက် အားထုတ်ထားတယ်ဆိုတော့ အကြိမ်ပေါင်း ဘယ်လောက်များမယ် ဆိုတာလည်း ခန့်မှန်းကြည့်ပါ။ သူတို့ရဲ့ ပါရမီတွေဟာ ဘယ်လောက်အထိ ရင့်ညောင်းနေပြီ ဆိုတာလည်း ခန့်မှန်းကြည့်တော့၊ ပဒုမုတ္တရဘုရားရှင် တစ်ဆူထံ၌သာ သူ အားထုတ်ခဲ့သလားဆိုတော့ မဟုတ် ပါဘူး။ နောက်ပိုင်း အခါအခွင့်သင့်တဲ့ ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်း မှာလည်း သူက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အားထုတ်ခဲ့တဲ့ သူတော် ကောင်း ဖြစ်တော့ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ အားထုတ်ခဲ့တဲ့ ဒီပါရမီမျိုးစေ့ကောင်းတွေကလည်း ယခု ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ အားထုတ်နေတဲ့ ပါရမီမျိုးစေ့ကောင်းကဲ့သို့ နိဗ္ဗာန်ကို လျင်မြန်စွာ ထွင်းဖောက် သိမြင်ရေးအတွက် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။
ဆိုလိုတာက ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်မှာ အားထုတ်ခဲ့ သည်ပဲဖြစ်ဖြစ်, ယခု မျက်မှောက်ခေတ် ဘုရားရှင်ရဲ့ သာသနာတော်အတွင်း မှာ အားထုတ်ခဲ့သည်ပဲဖြစ်ဖြစ် ရှေးဘဝနှင့် နောက်ဘဝဆိုတာကတော့ စိတ္တက္ခဏလေး တစ်ခုသာ ကွာခြားတယ်။ ရုပ်နာမ်သန္တာန် အစဉ်အားဖြင့်တော့ အစဉ်မပြတ် ဒလစပ်လာနေတဲ့ ရုပ်နာမ်အစဉ်အတန်းတစ်ခု ဖြစ်ပါတယ်။
ဒီတော့ ရှေးရှေးရုပ်နာမ်မှာ တည်ရှိခဲ့တဲ့ အသိဉာဏ်တွေက နောက် နောက်ရုပ်နာမ်မှာ ကပ်ပြီး ပါသွားအောင် အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် အထောက်အပံ့ပေးလျက် ရှိနေပါတယ်။ ရှိနေခြင်းကြောင့် မြတ်စွာဘုရားက အခုလို သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကားတွေ ဟောကြား တော်မူလိုက်တဲ့ အချိန်အခါမှာ အရှင်ကောဏ္ဍညကတော့ တော်တော်လေး သဘောကျသွားတယ်။ ဒုက္ခသစ္စာကိုလည်း ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ သမုဒယသစ္စာကိုလည်း ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာ တယ်။ နိရောဓသစ္စာ, မဂ္ဂသစ္စာတွေကိုလည်း ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ အရှင်ဘုရား ... မြန်လှချည်လား? ဒီလို မအောက်မေ့နဲ့။
ဘုန်းကြီး ပြည်ဆရာတော်ဘုရားကြီးရဲ့ စကားလုံးကလေး နည်းနည်း တော့ ပြောချင်တယ်။ မှတ်သားဖွယ်ကောင်းလွန်းလို့ပါ၊ ဆရာတော်ကြီးက ဒီအပိုင်းနှင့် ပတ်သက်ပြီးတော့ ဘယ်လို မှတ်ချက်ချထားသလဲဆိုတော့ ဘုန်းကြီးတို့ နာမ်တရားတို့ရဲ့ ဓမ္မတာပေါ့၊ မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက် အချိန်ကာလအတွင်းမှာ ဝိပဿနာ မနောဒွါရိက ဇောဝီထိစိတ္တက္ခဏတွေက အကြိမ်ကုဋေတစ်သိန်းမက အမှုတော်ထမ်းရွက်လျက် ရှိပါတယ်လို့ ဒီလို ဆရာတော်ကြီးက မှတ်ချက်ချထားတယ်။
အထူးသဖြင့် အခုလို ဝိပဿနာရှုနေတဲ့ အချိန်အခါမှာ ဝိပဿနာဇော ဝီထိစိတ်အစဉ်တွေဟာ ဉာဏ်တွေက ထက်လာပြီဆိုလျှင် အလွန် လျင်လျင် မြန်မြန်ကြီး ဖြစ်နေပါတယ်။ အရှင်ကောဏ္ဍညက အခုလို ဓမ္မစကြာတရားနာ နေတာ ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျ မပြောနိုင်သော်လည်း ခန့်မှန်းခြေအားဖြင့် ဆယ်မိနစ်ခန့် ကြာမယ်ထားပါတော့။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်း မှာ အခုလို ဝိပဿနာဇောဝီထိပေါင်းက အကြိမ်ပေါင်း ကုဋေသိန်းနဲ့ချီပြီး ဖြစ်နိုင်တဲ့စွမ်းအား ရှိနေပါတယ်။ ထို ဝိပဿနာဇောဝီထိ တစ်ခုတစ်ခုက ပရမတ်ဓာတ်သား တစ်ခုတစ်ခုကို ထိုးထွင်းသိမယ်ဆိုလျှင် ဆယ်မိနစ်လောက် ဆိုလို့ရှိလျှင်တော့ မကုန်နိုင်ဘူးလား? စိတ္တက္ခဏက ကုဋေသိန်းပေါင်းများစွာ ဖြစ်နေတော့, ဝိပဿနာမနောဒွါရိက ဇောဝီထိပေါင်းကလည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် ကုဋေပေါင်းများစွာ ဖြစ်နိုင်လေတော့ ဇောဝီထိ တစ်ခုခုက ပရမတ္ထဓာတ်သား တစ်ခုခုကို ထိုးထွင်းသိမယ်။ နောက်ဇောဝီထိက နောက်ပရမတ္ထ ဓာတ်သားတစ်ခုကို ထိုးထွင်းသိမယ် ဆိုလို့ ရှိလျှင် လျင်လျင်မြန်မြန်ကြီး ထိုးထွင်းသိမသွားနိုင်ဘူးလား? သိသွားနိုင်တယ်။ ဘာကြောင့်လဲ?
ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာကတည်းက ထိုးထွင်း သိမြင်အောင် သူက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိုးစားခဲ့ဖူးပါတယ်။ နမူနာလေးတစ်ခု ပြောမယ်။ အခု ဒီအထဲမှာ ဓာတ်ကမ္မဋ္ဌာန်း အားထုတ်ဖူးတဲ့ ပုဂ္ဂိုလ် ပါချင်လည်းပါမယ်၊ မပါသော်လည်း ရှိမယ်။ တွန်းကန်တဲ့ သဘာဝလေး တစ်ခုကို အားထုတ်ဖူးပြီ။ တွန်းကန်တာလေးကို စိုက်ပြီးရှုတတ်တဲ့ ပုဂ္ဂိုလ်က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ထားမယ်ဆိုလျှင် ထိုတွန်းတာလေး ကို မျက်လုံးမှိတ်ပြီး စိုက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း တစ်ကိုယ်လုံး ရှင်းရှင်း လွယ်လွယ်ကူကူ မမြင်ဘူးလား? မြင်သွားနိုင်တယ်။ ဒါပေမဲ့ စအားထုတ်စ ပုဂ္ဂိုလ်အနေနဲ့ ကြည့်မယ်ဆိုလျှင်တော့ တွန်းတာလေးတစ်ခုကိုပဲ တစ်ထိုင် နှစ်ထိုင်လောက် ရှုချင်လည်း ရှုရမယ်။ တစ်ရက်နှစ်ရက် ရှုချင်လည်း ရှုရမယ်။ ဒီသဘောရှိတယ်။ ဒါကြောင့် လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်နှင့် လေ့ကျင့်မထားတဲ့ ပုဂ္ဂိုလ်နှစ်ခု တူညီမှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ အခု အရှင်ကောဏ္ဍညကြီးက လေ့ကျင့်ထားတဲ့ အောင်မြင်မှုတွေကို ရရှိပြီးတဲ့ သူတော်ကောင်း ဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ အရဟတ္တဖိုလ်
ကဲ မြတ်စွာဘုရား ဘာဆက်ဟောတော်မူသလဲ?
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါတိ။
အကုပ္ပါ မေ ဝိမုတ္တိ - ငါဘုရားရှင်ရဲ့ ကိလေသာတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ်သည် ဘယ်လိုမှ ပျက်စီးမှု မရှိနိုင်ဘူး။ ပျက်စီးမှု မရှိဘူးဆိုတာ က မြဲတယ်လို့ မဆိုလိုဘူး။ ဆိုလိုတာက အရဟတ္တဖိုလ်ရသွားတဲ့ ရဟန္တာ ပုဂ္ဂိုလ်က ဒီအရဟတ္တဖိုလ်ကနေပြီးတော့ အနာဂါမ်အဆင့်ကို ပြန်လျှောကျ သွားတယ်, သကဒါဂါမ်အဆင့်ကို ပြန်လျှောကျသွားတယ်, သောတာပန် အဆင့်ကို ပြန်လျှောကျသွားတယ်, သို့မဟုတ် ပုထုဇဉ်အဖြစ် ပြန်လျှောကျ သွားတယ် ဆိုတာမျိုး ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။
ဒါလေး ဘုန်းကြီး ပြောတာကတော့ ဗဟုသုတပါ၊ စောင်းပြောတယ်လို့ တော့ မထင်နဲ့။ မဟာယာနမှာကတော့ သူတို့က ဒီသဘောတရား ရှိနေတယ်။ ဘယ်လိုသဘောတရား ရှိသလဲဆိုတော့ ရဟန္တာဖြစ်ပြီးတဲ့ အချိန်အခါမှာ သူတို့က ဘုရားဆုပြန်ပန်ရတယ်။ ပုထုဇန်ပြန်ပြီးတော့ ဖြစ်နိုင်တယ်။ ဖြစ်ပြီးတဲ့ အခါကျမှ ဘုရားဆုပြန်ပန်တယ်။ ပြီးတော့မှ ဘုရားဖြစ်အောင် ကြိုးစားမယ် စသည်ဖြင့် နည်းလမ်းကျင့်စဉ်မျိုး ရှိပါတယ်။
နမူနာလေးတစ်ခုကတော့ အရှင်သာရိပုတ္တရာကြီးကို သူတို့က ပုံစံထုတ် ပြတယ်။ သူတို့အဆိုအရ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံ ပြီးတဲ့ အချိန်အခါမှာ လူပြန်ဖြစ်တယ်။ လူပြန်ဖြစ်တဲ့ အချိန်အခါမှာ ဘုရားဆု ပန်တယ်။ ဘုရားဆုပန်လိုက်တဲ့ အချိန်အခါမှာ သူက မျက်လုံးလည်း လှူရမယ်၊ အင်္ဂါခြေလက်တွေလည်း ဖြတ်ပြီး လှူရမယ်၊ အသက်လည်း လှူရမယ်။ အဲဒီအချိန်မှာ အလှူခံပုဂ္ဂိုလ် ဆိုက်လာပြီတဲ့၊ သူတို့အပြော သူတို့အပြော။ အလှူခံပုဂ္ဂိုလ် ဆိုက်ရောက်လာတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်က ကလေးလေး တစ်ယောက် ဖြစ်နေတယ်။ ဒီအလှူခံ ကလေးလေးက သူ့ကိုလာပြီးတော့ မျက်လုံးကို လိုချင်တယ်ဆိုပြီး အလှူခံတော့ ဘယ်ဘက်မျက်လုံးထုတ်ပြီး လှူလိုက်တယ်။ လှူပြီးတဲ့ အချိန်အခါကျတော့မှာ ဒီဘယ်ဘက်မျက်လုံးကို ကြည့်ပြီးတော့ ကလေးက ဘာပြောသလဲ? သူလိုချင်တာ ဘယ်ဘက်မျက်လုံး မဟုတ်ဘူး၊ ဟိုဘက် ညာဘက်မျက်လုံး လိုချင်တယ်ဆိုပြီး ဘယ်ဘက်မျက်လုံး ကို ခြေထောက်နှင့် နင်းချေပစ်လိုက်တယ်။ အဲဒါနဲ့ ညာဘက်မျက်လုံးကို ထုတ်ပြီးတော့ တစ်ခါ လှူရပြန်တယ်။ အရှင်သာရိပုတ္တရာက ဘယ်လို စဉ်းစား သလဲ? ဩော်- ဘုရားဖြစ်ဖို့ရန် မလွယ်ပါလားဆိုပြီးတော့ စဉ်းစားတယ်တဲ့။
အဲဒီ ဝတ္ထုဇာတ်ကြောင်းလေးက သူတို့မှာ ရှိနေတယ်။ ဆိုလိုတာက သူတို့နည်းအရကတော့ အရဟတ္တဖိုလ်သည် ပျက်စီးပြီး ပုထုဇန်ဖြစ်နိုင်တဲ့ သဘော မရှိဘူးလား? ရှိနေတယ်။ ဘုန်းကြီးတို့ ထေရဝါဒမှာတော့ အခု မြတ်စွာဘုရားက ဒါယကာကြီးတွေ ဒါယိကာမကြီးတွေနှင့် အနီးကပ်ဆုံး ဖြစ်တဲ့ ဓမ္မစကြာမှာ ဘယ်လို ဟောသလဲ? အကုပ္ပါ မေ ဝိမုတ္တိ။ ဒီဝိမုတ္တိခေါ်တဲ့ ကိလေသာတို့မှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်သည် ပျက်စီးပြီးတော့ ပုထုဇန်ဘဝကို ပြောင်းသွားရိုးဓမ္မတာ မရှိဘူး။ ပုထုဇန်အဖြစ်တွင် မဟုတ်ဘူး၊ အနာဂါမ်, သကဒါဂါမ်, သောတာပန်ဆိုတဲ့ အဆင့်တွေအထိလည်း ပြန်လျှော ကျဖို့ ရှိသလား? မရှိဘူး။
အရဟတ္တဖိုလ်တည်ပြီးတဲ့ ပုဂ္ဂိုလ်သည် နောက်ဆုံး ဘာဖြစ်ရမလဲ? သက်တမ်းစေ့ပြီ ဆိုလျှင်တော့ ပရိနိဗ္ဗာန်စံဖို့ပဲ ရှိတယ်။ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပြန်ဖြစ်ရိုးဓမ္မတာ ရှိမလား? မရှိဘူး။ နောက်ထပ်တစ်ဖန် ပြန်ဖြစ်ရိုး မရှိပုံနှင့် ပတ်သက်ပြီးတော့လည်း အယမန္တိမာ ဇာတိ - ဒီဘဝသည် ငါဘုရား ရှင်အတွက် နောက်ဆုံးဇာတိ၊ နောက်ဆုံးဘဝ ဖြစ်ပါတယ်။ နတ္ထိဒါနိ ပုနဗ္ဘဝေါတိ - ယခုအခါမှာ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ဖြစ်ဖို့ဆိုတာ ငါဘုရားရှင်ရဲ့ သန္တာန်မှာ မရှိတော့ဘူးဆိုတဲ့ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ- ပစ္စဝေက္ခဏာ ဉာဏ်အမြင်ဟာလည်း ဘုရားရှင်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာပါတယ်။
နတ်ဗြဟ္မာတို့ရဲ့ ကောင်းချီးပေးသံ
ဒီနေရာမှာပဲ ဓမ္မစကြာဒေသနာတော်က ဆုံးပါတယ်။ သို့သော်လည်း ဒီနေရာမှာ နောက်ဆက်တွဲကလေး နည်းနည်း ရှိနေတယ်။ ဒီလို မြတ်စွာဘုရား ဟောတော်မူလိုက်တဲ့ အချိန်အခါမှာ ပဉ္စဝဂ္ဂီငါးဦးတို့က မြတ်စွာဘုရား ဟောတော်မူတဲ့ တရားဒေသနာတော်အပေါ်မှာ နှစ်ခြိုက်သွားကြပါတယ်။
အရှင်ကောဏ္ဍည သောတာပန်ဖြစ်တော်မူခြင်း
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ။
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ = ဤဂါထာမဖက် စကားပြေသက် သက်သာဖြစ်သော ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် ဒေသနာတော်မြတ်ကို။ ဘညမာနေ = ဟောကြားတော်မူအပ်သည်ရှိသော်။ အာယသ္မတော ကောဏ္ဍညဿ = အရှင်ကောဏ္ဍည၏သန္တာန်၌။ ယံ ကိဉ္စိ = အကြင်အမှတ်မရှိအလုံးစုံသော တရားတို့သည်။ သမုဒယဓမ္မံ = ဖြစ်ခြင်းသဘောရှိ၏။ တံ သဗ္ဗံ = ထိုအလုံးစုံ သော တရားဟူသမျှသည်။ နိရောဓဓမ္မံ = ချုပ်ခြင်းသဘောရှိ၏။ ဣတိ = ဤသို့သော။ ဝိရဇံ = ကိလေသာမြူကင်းသော။ ဝီတမလံ = ကိလေသာ အညစ်အကြေးကင်းသော။ ဓမ္မစက္ခုံ = သောတာပတ္တိမဂ်ဉာဏ် အမြင် ဟူသော ဓမ္မစက္ခု = တရားမျက်စိသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော် မူခဲ့လေပြီ။
ဒီဂါထာမဖက် စကားပြေသက်သက်သာဖြစ်တဲ့ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် ဒေသနာတော်ကို ဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့အခါ အရှင် ကောဏ္ဍညရဲ့ သန္တာန်မှာ သမုဒယဓမ္မမှန်သမျှဟာ နိရောဓဓမ္မသာ ဖြစ်တယ်ဆိုတဲ့ ကိလေသာမြူ အညစ်အကြေး ကင်းစင်နေတဲ့ သစ္စာလေးပါး ကို ထိုးထွင်းသိမြင်တတ်တဲ့ အတွက်ကြောင့် ဓမ္မစက္ခု = တရားမျက်စိလို့ ခေါ်ဆိုအပ်တဲ့ သောတာပတ္တိမဂ်ဉာဏ်အမြင်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့ပါ တယ်။
ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။
သမုဒယဓမ္မမှန်သမျှဟာ နိရောဓဓမ္မသာ ဖြစ်တယ်ဆိုတဲ့ ဒီအသိဉာဏ် ဟာ ဘာလဲ? ဒီလိုတော့ မေးစရာရှိတယ်။ ဟိုရှေ့ပိုင်းတုန်းက -
၁။ သမုဒယဓမ္မာနုပဿီပိုင်း,
၂။ ဝယဓမ္မာနုပဿီပိုင်း,
ဒီအပိုင်းတွေကို ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တယ်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစတဲ့ အကြောင်းတရားတွေ ထင်ရှား ဖြစ်ခြင်း ထင်ရှားရှိခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်တဲ့ဉာဏ်ကို ပစ္စယတောဥဒယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ခဏအားဖြင့် ဖြစ်မှုဥပါဒ်ကို ရှုမြင်တတ်တဲ့ ဉာဏ်ကို ခဏတောဥဒယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီပစ္စယတောဥဒယဒဿနဉာဏ်နှင့် ခဏတောဥဒယဒဿနဉာဏ်ကို သမုဒယဓမ္မကို ထိုးထွင်းသိတဲ့ဉာဏ်လို့ ခေါ်ဆိုပါတယ်။
နောက်တစ်ခု - အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစတဲ့ အကြောင်း တရားတွေရဲ့ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ အကျိုး ဥပါဒါနက္ခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောင်တစ် ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားမှုကို ရှုမြင်တတ်တဲ့ ဉာဏ်ကို ပစ္စယတောဝယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။ ဒီအကျိုး ဥပါဒါနက္ခန္ဓာတို့ရဲ့ ခဏဘင်အားဖြင့် ချုပ်ပျက်မှုကို ရှုမြင်တတ်တဲ့ ဉာဏ်ကို ခဏတောဝယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီပစ္စယတောဝယဒဿနဉာဏ်နှင့် ခဏတောဝယဒဿနဉာဏ်ကို လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာခေါ်တဲ့ နိရောဓ ဓမ္မကို ထိုးထွင်းသိတတ်တဲ့ဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီသမုဒယဓမ္မကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်နှင့် နိရောဓဓမ္မကို ထိုးထွင်း သိတတ်တဲ့ဉာဏ်နှစ်ခုကို ပေါင်းစပ်လိုက်တော့ ပစ္စယတောဥဒယဗ္ဗယဒဿန ဉာဏ်နှင့် ခဏတောဥဒယဗ္ဗယဒဿနဉာဏ်ဆိုတဲ့ ဥဒယဗ္ဗယဝိပဿနာဉာဏ် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဥဒယဗ္ဗယဉာဏ် နှစ်မျိုးကိုပဲ ဒီဓမ္မစက္ကပ္ပဝတ္တနသုတ္တန်မှာ ဓမ္မစက္ခုလို့ ခေါ်ဆိုလိုပါသလားလို့တော့ မေးစရာ ရှိလာပြန်တယ်။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ကို ဖွင့်ဆိုထားတဲ့ သံယုတ်အဋ္ဌကထာကတော့ (သံ၊ဋ္ဌ၊၃၊၃၂၈။) ဒီဓမ္မစက္ကပ္ပဝတ္တနသုတ္တန်မှာ ဓမ္မစက္ခုဆိုတာ အရှင်အညာသိ ကောဏ္ဍညရဲ့ သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ သောတာပတ္တိမဂ်ဉာဏ် အမြင်ကို သာ ဆိုလိုကြောင်းကို ရှင်းပြထားပါတယ်။
ဆိုလိုရင်းသဘောကတော့ ဒီလိုပါ။ သောတာပတ္တိမဂ်ဉာဏ်ဟာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရား တော်မြတ်ကြီးကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အာရုံမျက်မှောက်ပြု ကာ တိုက်ရိုက် ထွင်းဖောက် သိမြင်ပါတယ်။ ဒါပေမဲ့ ဒီသောတာပတ္တိ အရိယ မဂ်ဉာဏ်နှင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်တို့ ပေါင်း ဆုံမိတဲ့အခါ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးရဲ့ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံ ရသော သောတာပတ္တိမဂ်ဉာဏ်က ဒုက္ခသစ္စာ, သမုဒယသစ္စာ, မဂ္ဂသစ္စာ ခေါ်တဲ့ ဒီသစ္စာသုံးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟ = အဝိဇ္ဇာကို အကြွင်းမဲ့ ပယ်ရှားလိုက်ပါတယ်၊ အမြစ်ပြတ် ဖြေရှင်းလိုက်တယ်။ သစ္စာ လေးပါးကို မသိမှုဆိုတဲ့ သဘောတရားဟာ ဘယ်တော့မှ ဖြစ်ပေါ်မလာတော့ ဘူး။ ဒါကြောင့် သောတာပတ္တိမဂ်ဉာဏ်က ဒုက္ခသစ္စာ, သမုဒယသစ္စာ, မဂ္ဂသစ္စာဆိုတဲ့ ဒီသစ္စာသုံးပါးကို အသမ္မောဟပဋိဝေဓ = မသိမှုမောဟကို ပယ်ရှားသောအားဖြင့် ထိုးထွင်းသိတယ်လို့ ဆိုလိုပါတယ်။
အလားတူပဲ ဒီသောတာပတ္တိမဂ်ဉာဏ်က ဒီဒုက္ခသစ္စာ, သမုဒယသစ္စာ တရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကိုလည်း ပယ်ရှားလိုက်ပါတယ်။ ဒီလို ပယ်ရှားလိုက်တဲ့ အတွက် မသိမှု အဝိဇ္ဇာပျောက်ကာ သိမှု ဝိဇ္ဇာဉာဏ်အလင်း ပေါက်သွားပါ တယ်။ ဒီလို မသိမှု အဝိဇ္ဇာပျောက်ကာ သိမှု ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခြင်းကိုပဲ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ဒီဒုက္ခသစ္စာ, သမုဒယသစ္စာတရား တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သောတာပတ္တိမဂ် ဉာဏ်က သိတယ်လို့ တင်စားပြောခြင်း ဖြစ်ပါတယ်။ ကိစ္စသိဒ္ဓိအားဖြင့် သိမှု ကိစ္စပြီးတဲ့အနေနဲ့ ထိုးထွင်းသိခြင်း ဖြစ်ပါတယ်။
ဆိုလိုတဲ့သဘောကို နည်းနည်းထပ်ပြောမယ်။ ဟိုရှေ့ပိုင်းတုန်းက ပြောခဲ့ တဲ့အတိုင်းပဲ နိဒါနဝဂ္ဂသံယုတ် ပါဠိတော် သုသိမသုတ္တန်မှာ ဘုရားရှင်က -
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။
သုသိမ ... သင်္ခါရတရားတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာ၌ တည်တဲ့ ဝိပဿနာဉာဏ်က ရှေးကဖြစ်တယ်။ နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုကာ ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ်က နောက်ကာလက ဖြစ်တယ် လို့ ဒီလို ဟောကြားထားတော်မူတဲ့အတိုင်း အဆင့်ဆင့်သော ဝိပဿနာဉာဏ် တွေက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတဲ့ အတွက်ကြောင့် အရိယမဂ်ဉာဏ်က နိဗ္ဗာန်ကို အာရုံပြုကာ ဖြစ်ပေါ်လာနိုင် ခြင်း ဖြစ်တယ်။ တစ်ဖန် ဒီအရိယမဂ်ဉာဏ်က နိဗ္ဗာန်ကို အာရုံပြုလိုက်တဲ့အခါ ဒီ ဒုက္ခသစ္စာ, သမုဒယသစ္စာခေါ်တဲ့ သင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်ကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့အတွက် ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သိမှုက ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီးသွားပြန်တယ်။ အထူး သဖြင့် ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ထိုးထွင်းသိနေတဲ့ ဥဒယဗ္ဗယာနုပဿနာဉာဏ်အမြင်ဟာ ခိုင်မြဲသွားပြန်တယ်။ ဥဒယဗ္ဗယာနုပဿနာဉာဏ်ရဲ့ ခိုင်မြဲမှုဆိုတဲ့ အကျိုးတရားကို အရိယမဂ် ကြောင့် ရရှိလာရတယ်။
ဝိပဿနာဉာဏ်တို့ရဲ့ ကျေးဇူးပြုမှုကြောင့် အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာ ရသော်လည်း ဒီအရိယမဂ်ဉာဏ်ကလည်း တစ်ဖန် ဒီဥဒယဗ္ဗယဉာဏ်အမြင်ကို ခိုင်ခံ့အောင် ကျေးဇူးပြုပေးပြန်တယ်။ ဒီလို ကျေးဇူးပြုပေးလိုက်တဲ့အတွက် အရိယမဂ်ဉာဏ်ကြောင့် ဒီဥဒယဗ္ဗယာနုပဿနာဉာဏ်ကြီးရဲ့ ခိုင်ခံ့မှုဆိုတဲ့ အကျိုးထူးကြီးကို သဘောပေါက်စေလိုတဲ့ အတွက်ကြောင့် -
ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = သမုဒယဓမ္မမှန်သမျှဟာ နိရောဓဓမ္မသာ ဖြစ်တယ်ဆိုတဲ့ ဓမ္မစက္ခုဖြစ်ပေါ်လာတယ်လို့ ဆိုခြင်းဖြစ်တယ်။
ဓမ္မစက္ခုဆိုတဲ့ အမည်ဟာ အကြောင်းဖြစ်တဲ့ အရိယမဂ်ဉာဏ်ရဲ့ အမည် ဖြစ်တယ်။ အကြောင်းဖြစ်တဲ့ အရိယမဂ်ဉာဏ်ရဲ့ ဓမ္မစက္ခုဆိုတဲ့ အမည်ကို အကျိုးဖြစ်တဲ့ ဥဒယဗ္ဗယဉာဏ် အပေါ်၌ တင်စားကာ ဥဒယဗ္ဗယာနုပဿနာ ဉာဏ်ကို ဓမ္မစက္ခုဟု ကာရဏူပစာရအားဖြင့် တင်စားကာ ခေါ်ဝေါ်အသုံးပြု ခြင်း ဖြစ်တယ်လို့ မှတ်သားပါ။
ဒါကြောင့် ယောဂီသူတော်ကောင်းတစ်ဦးက ငါဟာ သောတာပန်ဖြစ် ပြီလို့ ဒီလို မိမိကိုယ်ကို မိမိက ယူဆလျှင် မိမိကိုယ်ကို မိမိ ဒီမေးခွန်းကလေး တွေကို မေးကြည့်စမ်းပါ။
၁။ ငါဟာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက,သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ ခေါ်ဆိုအပ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားတွေကို ထိုးထွင်းသိပြီးပြီလား?
၂။ သမုဒယသစ္စာအမည်ရတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကိုရော အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီးပြီလား?
၃။ ထိုဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ်, ခဏတောဥဒယဗ္ဗယဒဿနဉာဏ်တို့ဖြင့် ထိုးထွင်း သိမြင်ပြီလား?
၄။ ဒီနှစ်မျိုးသော ဥဒယဗ္ဗယာနုပဿနာဉာဏ်တွေဟာ ငါရဲ့ အသိဉာဏ်မှာ ခိုင်မြဲနေပြီလား?
ဒီမေးခွန်းတွေကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မသိသေးပါ, မခိုင်မြဲသေးပါဆိုတဲ့ အဖြေမျိုးကို ရရှိခဲ့မယ်ဆိုလျှင် ငါဟာ ဘုရားရှင်ဆိုလိုတဲ့ သောတာပန်အစစ်တော့ မဟုတ်သေးဘူးလို့သာ ယူဆပါ။
အရှင်ကောဏ္ဍညရဲ့ သန္တာန်မှာတော့ သောတာပန် ဖြစ်တော်မူပြီးတဲ့ အခါ ခုပြောခဲ့တဲ့ အသိဉာဏ်အားလုံးဟာ ချောက်ချားလို့မရအောင် စွဲမြဲစွာ တည်ရှိနေပါတယ်။
ဒီဓမ္မစကြာတရားဟောပြီးတော့ ဘုမ္မဇိုဝ်းနတ်လို့ ခေါ်ဆိုအပ်တဲ့ မြေကြီး မှာ သစ်ပင်တွေမှာ မှီတွယ်ပြီး နေထိုင်နေတဲ့ ကာမာဝစရနတ်တွေ အထူး သဖြင့် စတုမဟာရာဇ်နတ်တွေ ရှိကြပါတယ်၊ ထိုစတုမဟာရာဇ် နတ်တွေက နေပြီးတော့ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရတဲ့ မိဂဒါဝုန်တောမှာ ဘယ်သူမှ ဟောကြားခြင်းငှာ စွမ်းအားမရှိနိုင်တဲ့ အတုမရှိတဲ့ တရားဓမ္မစက်လို့ ခေါ်ဆိုအပ်တဲ့ ဓမ္မစကြာဒေသနာတော်ကို ဖြစ်ပေါ်စေပါ တယ်၊ တရားဓမ္မစက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဘယ်ရဟန်းမဆို, ဘယ် ပုဏ္ဏားမဆို, ဘယ်နတ်မဆို, ဘယ်မာရ်နတ်မဆို, ဘယ်ဗြဟ္မာမဆို, ဘယ် ပုဂ္ဂိုလ်မဆို, တစ်စုံတစ်ယောက် ဘယ်လိုမှ ဟောကြားခြင်းငှာ မစွမ်းနိုင်တဲ့ ဓမ္မစကြာတရား ဒေသနာတော်ကို ဖြစ်ပေါ်စေပါတယ် ဆိုပြီးတော့ ကြွေးကြော်ကြတယ်။
အဲဒီလို ဘုမ္မဇိုဝ်းနတ်တွေရဲ့ ကြွေးကြော်တဲ့အသံကို စတုမဟာရာဇ်နတ် တွေက ကြားတယ်။ အဲဒီနေရာမှာလည်း ဘုန်းကြီး ဗဟုသုတကလေးတစ်ခု ပြောချင်ပါတယ်။ တစ်ဆင့်စကား ကြားဖူးတာလေးပေါ့၊ ရှေးရှေးဆရာတော် ကြီးများပေါ့၊ အထူးသဖြင့် ရှေးယခင် ဘုန်းကြီးတို့ အင်္ဂလိပ်လက်ထက်လောက် က ထင်ရှားကျော်ကြားတော်မူတဲ့ ညောင်လွန့်ဆရာတော်ဘုရားဆိုတာ ရှိပါ တယ်၊ ရဟန္တာအဖြစ်နဲ့ ထင်ရှားကျော်ကြားတော်မူပါတယ်။ ညောင်လွန့် ဆရာတော်ဘုရားရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူတဲ့ မိုးနံကုန်းဆရာတော်ဘုရား ကြီးဆိုတာ ရှိခဲ့ဖူးပါတယ်။ သီလသိက္ခာ, သမာဓိသိက္ခာ, ပညာသိက္ခာတို့ဖြင့် ကုံလုံကြွယ်ဝတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ မိုးနံကုန်း ဆရာတော်ဘုရားကြီးက ဘာဆုတောင်းသလဲ? ရုက္ခဇိုဝ်းနတ် ဖြစ်ဖို့ရန် ဆုတောင်းတယ်။ အလားတူပဲ ရှေးခေတ်မှာ နာမည်ကျော်ကြားတော်မူတဲ့ လယ်တီဆရာတော်ဘုရားရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ဆရာတော်ဘုရားကြီးက လည်း ရုက္ခဇိုဝ်းဆုပဲ တောင်းတယ်လို့ တစ်ဆင့်ကြားရတယ်။ တောင်းလိုက် တော့ -
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁၊၊)
= သီလစင်ကြယ်တဲ့ အတွက်ကြောင့် သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့တောင့်တချက် ဟူသမျှသည် မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပါတယ် -
ဆိုပြီး မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း ဟောထားပါတယ်။ ဟော ထားတဲ့အတွက်ကြောင့် ဒီဆရာတော်ကြီးတွေရဲ့ ဒီလို ဆုတောင်းပန်ထွာမှု သည် ပြီးစီးပြည့်စုံမှုရှိသလား, မရှိဘူးလားဆိုတာနှင့် ပတ်သက်ပြီး နှောင်းခေတ် တပည့်သားမြေးတွေ အစဉ်အဆက် ပြောဆိုချက်အရတော့ ပြည့်စုံမှုသဘော ရှိနေပါတယ်။ ဘယ်လိုလည်း ဆိုလို့ရှိလျှင် ညောင်လွန့်တိုက်ထဲမှာဆိုလျှင် ဒီမိုးနံကုန်းဆရာတော်ဘုရားကြီးက ရုက္ခဇိုဝ်းနတ် ဖြစ်နေတယ်ဆိုတဲ့ တစ်ဆင့် စကား ကြားဖူးတဲ့ စကားတွေက တော်တော်လေး ပျံ့ပျံ့နှံ့နှံ့ရှိသလို လက်တွေ့ နေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကလည်း ပြောကြပြန်တယ်။
ညောင်လွန့်ကျောင်းတိုက်ထဲမှာ ဒီပဋ္ဌာန်းရွတ်သံတွေကို မကြာခဏ ကြား ကြားနေရတယ်လို့ ဆိုတယ်။ ညောင်လွန့်ကျောင်းတိုက်ထဲမှာ ဒီပဋ္ဌာန်းရွတ်သံ တွေကို ကြားလို့ အသံနောက်ကို လိုက်သွားပြီ ဆိုလို့ရှိလျှင် အသံက တစ်ဖြည်း ဖြည်း ဝေးဝေးသွားပြီး နောက်ဆုံး ကျောင်းဝင်းလည်း ဆုံးရော၊ အသံလည်း ပျောက်ပျောက်သွားတယ်လို့ ဆိုကြတယ်။
ဘာဖြစ်လို့ ဒီဆရာတော်ကြီးတွေက ရုက္ခဇိုဝ်းဆု တောင်းကြသလဲ? ဒီ အပိုင်းကလေးပေါ့၊ ဘုမ္မဇိုဝ်းနတ်တွေက ဘုရားပွင့်ပြီ ဆိုလို့ရှိလျှင် ခေါင်ဆုံးသိ ကြတယ်။ ဒါက အကြောင်းတစ်ခု၊ မြေကြီးမှာ နေထိုင်နေတဲ့ ဒီဘုမ္မဇိုဝ်းနတ် တွေက ဘုရားပွင့်ပြီး ဘုရားတရားဟောပြီဆိုလျှင် ခေါင်ဆုံးနာကြားခွင့်လည်း ရကြတယ်။ ဒါကလည်း အကြောင်းတစ်ခု၊ နောက်တစ်ခုက အခုလို သီလ စင်ကြယ်တဲ့ သူတော်ကောင်းတွေရဲ့ တောင့်တချက်အတိုင်း ဖြစ်ပေါ်လာ ကြရတဲ့ ရုက္ခဇိုဝ်းနတ်တွေသာ ဖြစ်ကြမည်ဆိုလျှင် သီလစင်ကြယ်တဲ့ ကံတွေ ကြောင့် သူတို့က အင်မတန် အသက်ရှည်ကြတယ်။ အသက်ရှည်တဲ့အတွက် နောင်ပွင့်တော်မူမည့် နာမည်ကျော်ဖြစ်တဲ့ အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ချင်ကြတယ်။ ဖူးတွေ့ချင်တဲ့အတွက် ကျိန်းသေဖူးတွေ့နိုင်တဲ့ ရုက္ခဇိုဝ်း နတ်ဘဝကို ဆုတောင်းပန်ထွာကြတယ်။
အဲဒီတော့ ဗြဟ္မာဘဝက မကျိန်းသေဘူးလားလို့ မေးစရာရှိတယ်။ ဗြဟ္မာ ဘဝဆိုတာက တစ်ခါတလေ စျာန်ဝင်စားနေလိုက်လို့ရှိလျှင် ဘုရားပွင့်တယ်ဆို တဲ့ ကြွေးကြော်သံကို မကြားရခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ မိမိစျာန်ဝင်စား နေတာက ဘယ်လောက် ကြာမယ်ဆိုတာက မပြောနိုင်ဘူး။ နှစ်ပေါင်းက ဘယ်လောက် ကြာသွားမယ်ဆိုတာ အတိအကျ သူတို့ရဲ့ သက်တမ်းအားဖြင့် မပြောနိုင်တဲ့အတွက် ထိုအချိန်အခါမှာ ဘုရားပွင့်ပြီးတော့ ပရိနိဗ္ဗာန် စံသွား လျှင်လည်း စံသွားနိုင်တယ်။ အခွင့်ကောင်းကြီးတွေ လွတ်နိုင်တဲ့အတွက် ဆရာ တော်ကြီးတွေက များသောအားဖြင့် ဗြဟ္မာဘဝကိုတော့ သိပ်ပြီး မနှစ်ခြိုက်ကြ ဘူး၊ အခုလို ဘုရားရှင်နှင့် ကျိန်းသေဧကန်တွေ့နိုင်တဲ့ ဘုမ္မဇိုဝ်းနတ်ဘဝကို တော့ ဆုတောင်းပန်ထွာကြတယ်ဆိုပြီး ဒီလို အဆိုရှိကြပါတယ်။
ကဲ ဘုမ္မဇိုဝ်းနတ်တွေရဲ့ ကြွေးကြော်သံကို ကြားတော့ စတုမဟာရာဇ် နတ်တွေကလည်း တစ်ဆင့် ကြွေးကြော်ကြတယ်။ စတုမဟာရာဇ် နတ်ပြည် ကနေ နတ်တွေရဲ့ ကြွေးကြော်သံတွေကို ကြားလိုက်တဲ့အခါ တာဝတိံသာနတ် တွေ၊ တာဝတိံသာနတ်တွေရဲ့ ကြွေးကြော်လိုက်တဲ့ အသံတွေကို ကြားတဲ့အခါ ယာမာနတ်တွေ၊ ယာမာနတ်တွေရဲ့ ကြွေးကြော်လိုက်တဲ့ အသံတွေကို ကြား လိုက်တဲ့အခါ တုသိတာနတ်၊ တုသိတာနတ်တွေရဲ့ ကြွေးကြော်သံကို ကြား လိုက်တဲ့အခါ နိမ္မာနရတိနတ်၊ နိမ္မာနရတိနတ်တွေရဲ့ ကြွေးကြော်သံကို ကြားလိုက်တဲ့အခါ ပရနိမ္မိတဝသဝတ္တီနတ်တွေ၊ ပရနိမ္မိတဝသဝတ္တီနတ်တွေရဲ့ ကြွေးကြော်သံကို ကြားလိုက်တဲ့အခါ ဗြဟ္မာပြည်အထိ ပြန့်သွားလိုက်တော့ ဗြဟ္မာတွေကလည်း ထပ်ဆင့် ကြွေးကြော်ကြတယ်တဲ့။ ကြွေးကြော်လိုက်တဲ့ အချိန်အခါကျတော့ အဲဒီမှာ ဘယ်အထိ ရောက်သွားသလဲဆိုတော့ သုဒ္ဓါဝါသဗြဟ္မာ့ပြည်အထိ ပျံ့သွားပါတယ်။
အရူပဘုံကတော့ ကြွေးကြော်လျှင်လည်း ကြားနိုင်တဲ့နေရာမျိုး မဟုတ် ကြဘူး။ နားမရှိတဲ့အတွက် အရူပဘုံအထိ ကြွေးကြော်သံက မရောက်တော့ ဘူး။ မရောက်တော့ အရှုံးကြီးရှုံးသွားတဲ့ ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲလို့ မေးတော့ ကာဠဒေဝီလရသေ့တို့, ဥဒကရသေ့တို့, အာဠာရရသေ့တို့ ဖြစ်ကြ ပါတယ်။ အရူပဘုံ ရောက်သွားကြတယ်ဆိုတာက သာသနာတော်အတွင်းမှာ သူတို့က စျာန်ရတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သာသနာပြင်ပမှာ စျာန်ရတဲ့ ပုဂ္ဂိုလ် တွေ ဖြစ်ကြတယ်။ သာသနာပြင်ပမှာ စျာန်ရတဲ့ ပုဂ္ဂိုလ်တွေမှာ မိမိတို့ လိုလား တောင့်တတဲ့ ဘုံဌာနနှင့် ဆီလျော်တဲ့ စျာန်တွေကို အဓိပတိတပ်ကာ အမြတ် စား ပွားများထားခဲ့လျှင် မိမိတို့ ပွားများ လေ့ကျက်ထားတဲ့ စျာန်အားလျော်စွာ ထိုထိုဘုံဌာနကို သွားနိုင်တယ်ဆိုတဲ့ ဒီအသိဉာဏ်က မရှိဘူး။ သူတို့မှာရှိနေတဲ့ အသိဉာဏ်က အထက်တန်း အကျဆုံးဖြစ်တဲ့ နေဝသညာနာသညာယတန စျာန်တို့ ကဲ့သို့သော စျာန်တွေကသာလျှင် အကျိုးပေးတယ်။ အောက်အောက် စျာန်တွေက အကျိုးမပေးဘူးလို့ ဒီလို သူတို့က ထင်ကြတယ်။
အကယ်၍များ ဘယ်စျာန်ကိုမဆို မိမိတို့က အလေးဂရုပြုပြီးတော့ ပွားများ အားထုတ်ခဲ့မယ်ဆိုလျှင် ပဏီတစျာန်ဖြစ်အောင် ပွားများ အားထုတ် နိုင်ခဲ့မယ် = မွန်မြတ်တဲ့ စျာန်တွေဖြစ်အောင် ပွားများ အားထုတ်နိုင်ခဲ့မယ် ဆိုလျှင် ထိုစျာန်နှင့် လျော်ညီတဲ့ ဘုံဘဝကို ရောက်ရှိနိုင်တယ်ဆိုတဲ့ ဒီအသိ ဉာဏ်မျိုးသာ ရှိခဲ့မယ်ဆိုလျှင် ဘုရားရှင်နှင့် တွေ့နိုင်တဲ့စွမ်းအား ရှိပါတယ်။ အဲဒီ အသိဉာဏ် မရှိတဲ့အတွက် ဘုရားနှင့် လွဲသွားကြတယ်။
အဲဒီတော့ သာသနာတော် အတွင်းမှာကတော့ ဒီအသိဉာဏ်က ရှိပါ တယ်။ မိမိတို့ရရှိတဲ့ စျာန်တွေထဲက မိမိနှစ်ခြိုက်တဲ့ ဘုံဘဝနှင့် လျော်ညီနေတဲ့ စျာန်ကို အမြတ်ဆုံးထားပြီး ပွားရတယ်။ ဥပမာ တတိယစျာန်ဘုံတွေကို ရောက် ချင်တဲ့ ပုဂ္ဂိုလ်က တတိယစျာန်ကို အမြတ်ဆုံးဖြစ်အောင် ပွားရတယ်။ ပွားလိုက် လို့ရှိလျှင်တော့ တတိယစျာန်ဘုံထဲက ရောက်ချင်တဲ့ဘုံသို့ ရောက်နိုင်တဲ့စွမ်း အား ရှိပါတယ်။ ကိုယ်ကြိုက်သလို ရွေးချယ်ခွင့်ရှိတယ်။
ကဲ အဲဒီလို ကြွေးကြော်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ဗြဟ္မာ ပြည်တိုင်အောင် ဒီကြွေးကြော်နေတဲ့ အသံတွေက ပျံ့နှံ့သွားပြီ။ ပျံ့နှံ့သွားတဲ့ အချိန်အခါမှာ -
အယဉ္စ ဒသသဟဿိလောကဓာတု သင်္ကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ -
ဒီစကြဝဠာကြီးလည်း လှုပ်သွားတယ်။ မြေငလျင်တွေ အကြီးအကျယ် လှုပ်လာတယ်။
အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။
ဩဘာသောတိ သဗ္ဗညုတဉာဏောဘာသော။ (သံ၊ဋ္ဌ၊၃၊၃၂၉။)
အပ္ပမာဏော စ = အတိုင်းအရှည်မရှိသည်လည်းဖြစ်သော။ ဥဠာရော = ပြန့်ပြောကြီးကျယ် မြင့်မြတ်သော။ ဩဘာသော = သဗ္ဗညုတဉာဏ်တော် မြတ်ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဉာဏ်အရောင်အလင်းသည်။(တစ်နည်း) ဩဘာသော = သဗ္ဗညုတဉာဏ်တော် ဒေသနာဉာဏ်တော်တို့ ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဉာဏ်အရောင်အလင်းသည်။ ဒေဝါနံ = နတ်တို့၏။ ဒေဝါနုဘာဝံ = နတ်တို့၏အာနုဘော်ကို။ အတိက္ကမ္မ = ကျော်လွှားလွန်မြောက်၍။ လောကေ = လောက၌။ ပါတုရဟောသိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
ဓမ္မစကြာဒေသနာတော် ပြီးဆုံးသွားတဲ့ အချိန်ကတော့ နေဝင်စ ဖြစ်နေ ပါပြီ။ အဲဒီအချိန်မှာ မြေငလျင် အကြီးအကျယ် လှုပ်ရုံတွင်သာမက အတိုင်း အတာ ပမာဏမရှိတဲ့ အလွန်ပြန့်ပြောကြီးကျယ်လှတဲ့ သဗ္ဗညုတဉာဏ်တော် မြတ်ကြီးကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ ဉာဏ်အရောင်အလင်းတွေဟာ နတ်တွေရဲ့ အာနုဘော်ကြောင့် ဖြစ်နေတဲ့, ဗြဟ္မာတွေရဲ့ ဗြဟ္မာအာနုဘော် ကြောင့် ဖြစ်နေတဲ့ အလင်းရောင်တွေကို ကျော်လွှားလွန်မြောက်ပြီးတော့ လောကမှာ ထင်ထင်ရှားရှား ဖြစ်ပေါ်နေပါတယ်။ ဒီဉာဏ်အရောင်အလင်း တွေဟာ သဗ္ဗညုတဉာဏ်တော်ကြောင့်သာ ဖြစ်ပေါ်တာတော့ မဟုတ်သေး ဘူး၊ ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူနေတဲ့ ဒေသနာဉာဏ် တော်တွေကြောင့်လည်း ဉာဏ်အရောင်အလင်းတွေဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဒေသနာဉာဏ်တော်ကြောင့် ဖြစ်ပေါ်တဲ့ အရောင်အလင်းတွေဟာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်းရောင်က ဖုံးအုပ်ထားလိုက်တဲ့အတွက် မထင်ရှားတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒီသဗ္ဗညုတဉာဏ်တော်မြတ် ပြဓာန်းနေတဲ့ စိတ်စေတသိက်တွေကြောင့် စိတ္တဇရုပ်ကလာပ်တွေ ဖြစ်ကြပါတယ်။ အဲဒီ စိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ ရူပါရုံအရောင်ကလည်း အလွန်တောက်ပပါတယ်။ ဒါပေမဲ့ ဒီစိတ္တဇရုပ်တို့ရဲ့ အရောင်တွေက ဘုရားရှင်ရဲ့ ကိုယ်တွင်း အဇ္ဈတ္တ သန္တာန်မှာသာ ပျံ့နှံ့ပြီး ဖြစ်ပေါ် တည်နေကြပါတယ်။ အပြင်ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ကာ ထွက်ပေါ် မသွားနိုင်ကြပါဘူး။
ခုနတ်တွေရဲ့ ဗြဟ္မာတွေရဲ့ အာနုဘော်ကြောင့် ဖြစ်ပေါ်နေတဲ့ အရောင် အလင်းတွေကို ကျော်လွှားလွန်မြောက်ပြီး အပြင်လောကမှာ ထင်ရှားဖြစ်ပေါ် နေတဲ့ ဉာဏ်အရောင်အလင်းတွေကတော့ ခုပြောခဲ့တဲ့ သဗ္ဗညုတဉာဏ်တော် မြတ် ဦးဆောင်တဲ့ စိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ စိတ္တဇရုပ် ကလာပ်တွေမှာ ပါဝင်တဲ့ တေဇောဓာတ် (= ဥတု)တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဥတုဇရုပ်ကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)တို့ရဲ့ အလွန်တောက်ပနေ တဲ့ အရောင်အလင်းတွေ ဖြစ်ကြပါတယ်။
ဘာကြောင့် ဒီဉာဏ်အရောင်အလင်းတွေဟာ နတ်ဗြဟ္မာတို့ရဲ့ အာနုဘော်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေကို ကျော်လွှားလွန်မြောက် ပြီးတော့ အကုန်လုံးကို လွှမ်းခြုံသွားရသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ ဒီအလင်းရောင်တွေကို ဖြစ်စေတဲ့ မူလအကြောင်းရင်းခံဖြစ်တဲ့ သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီးကလည်း အလွန်ကြီးကျယ်မြင့်မြတ်တဲ့ ဉာဏ်တော်ကြီး ဖြစ်ပါတယ်။ ဒေသနာဉာဏ်တော်မြတ်ကြီးကလည်း အလွန်အဆင့်အတန်းမြင့် မားတဲ့ ဉာဏ်တော်မြတ်ကြီးတစ်ဆူပဲ ဖြစ်ပါတယ်။ လောကမှာ မည်သည့်နတ်, မည်သည့်ဗြဟ္မာ, မည်သည့်ရဟန်းပုဏ္ဏားမျှ မဟောနိုင်တဲ့ သစ္စာလေးပါး တရားကို (၁၂)မျိုးသော အခြင်းအရာအားဖြင့် ဟောကြားတော်မူနေတဲ့ ဒေသနာဉာဏ်တော်မြတ်ကြီး ဖြစ်ပါတယ်။
ဒီ ဒေသနာဉာဏ်တော်မြတ်က ဒုက္ခသစ္စာကိုလည်း အာရုံပြုတယ်၊ သမုဒယသစ္စာကိုလည်း အာရုံပြုတယ်၊ နိရောဓသစ္စာကိုလည်း အာရုံပြုတယ်၊ မဂ္ဂသစ္စာတွေကိုလည်း အာရုံပြုတယ်။ ထိုသစ္စာတွေကို ထိုးထွင်းသိနေတဲ့ ဤ ဉာဏ်တော်မြတ်တွေက ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ စိတ်စေတသိက်တွေ ဖြစ်ကြ တယ်။ ဒီစိတ်စေတသိက်တွေကြောင့် ရုပ်တရားတွေ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့ ရုပ်ကလာပ်တွေမှာပါတဲ့ အလင်းရောင်က အားကောင်းတယ်၊ အလွန်တောက်ပတယ်။ ဒီရုပ်ကလာပ်တွေမှာပါတဲ့ တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပေါ်သွားတဲ့ ဥတုဇရုပ်တွေထဲမှာပါတဲ့ ဝဏ္ဏဓာတ် = (ရူပါရုံ)တွေက လည်း အားကောင်းတယ်၊ တောက်ပတယ်။ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးနှင့် ဒေသနာဉာဏ်တော်မြတ်ကြီးကို အကြောင်းခံကာ အစွဲပြုကာ ဖြစ်ပေါ်လာတဲ့ ဒီအလင်းရောင်တွေက လောကမှာ စကြဝဠာတိုက်တစ်သောင်းအထိ ပျံ့နှံ့ သွားပါတယ်။
အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညောတိ။
ဘော = အိုရဟန်းတို့။ ကောဏ္ဍညော = အရှင်ကောဏ္ဍညသည်။ အညာသိ ဝတ = သစ္စာလေးပါးကို ထိုးထွင်း သိမြင်ပြီတကား။ ဘော = အို ရဟန်းတို့။ ကောဏ္ဍညော = အရှင်ကောဏ္ဍညသည်။ အညာသိ ဝတ = သစ္စာလေးပါးကို ထိုးထွင်း သိမြင်ခဲ့လေပြီတကား။
အရှင်ကောဏ္ဍညဟာ သစ္စာလေးပါးကို ထိုးထွင်းသိပြီဆိုပြီးတော့ မြတ်စွာ ဘုရားက ဝမ်းသာလွန်းလို့ ဒီဥဒါန်းစကား မြွက်ကြားတော်မူပါတယ်။ ဘာ ကြောင့် ဝမ်းသာရသလဲ? လုပ်ငန်းတစ်ခု လုပ်တယ်၊ အောင်မြင်မှုရပြီ၊ ဒါက ခေါင်ဆုံး အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။
ဘုရားအလောင်းတော်ဟာ ဗုဒ္ဓေါ ဗောဓေယျံ = ငါကိုယ်တိုင် သစ္စာ လေးပါးကို ထိုးထွင်းသိသလို သာဝကတွေကိုလည်း သိစေရမယ်။ မုတ္တော မောစေယျံ = ငါကိုယ်တိုင် ကိလေသာတို့မှ လွတ်မြောက်သလို သာဝကတွေကို လည်း ကိလေသာတို့မှ လွတ်မြောက်စေရမယ်။ တိဏ္ဏော တာရေယျံ = ငါကိုယ် တိုင် သံသရာခရီးထဲမှ ကျော်လွှားလွန်မြောက်သလို သတ္တဝါတွေကိုလည်း သံသရာဝဋ် ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်စေရမယ်ဆိုတဲ့ ဒီဦးတည် ချက်ကို ထားပြီးတော့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဟိုဘက်ကတည်းက ပါရမီတွေကို ဖြည့်ခဲ့တဲ့အတွက် ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ အချိန် အခါမှာ ယခုလို ခေါင်ဆုံး သာဝကတစ်ဦးက သစ္စာလေးပါးကို ထိုးထွင်း သိမြင်ခြင်းဆိုတဲ့ အောင်မြင်မှု ရသွားပြီဆိုလျှင် ဝမ်းမသာဘူးလား? ဝမ်းသာ မိပြီ။ ဝမ်းသာတဲ့အတွက်ကြောင့် မြတ်စွာဘုရားက ဒီဥဒါန်းစကား မြွက်ကြား တော်မူပါတယ်။
ဥဒါန်းစကား မြွက်ကြားတော်မူတဲ့အတွက် ဒီဥဒါန်းမြွက်ကြားမှုကို အခြေခံပြီးတော့ အရှင်ကောဏ္ဍညကိုလည်း အညာသိကောဏ္ဍညဆိုပြီးတော့ ဒီလို နာမည်တွင်သွားပါတယ်။ ဘုရားရှင်ရဲ့ ဒီဥဒါန်းစကားကို မြွက်ကြား တော်မူတဲ့ အသံတော်ဟာ လောကဓာတ်ပေါင်း တိုက်တစ်သောင်းတိုင်အောင် ပျံ့နှံ့ပြီးတော့ တည်သွားတယ်။ လွန်လွန်ကဲကဲ ကြီးမားကျယ်ပြန့်တဲ့ အလွန် မွန်မြတ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသောမနဿတို့ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ရဲ့ စွမ်းအင်ကြောင့် ဖြစ်ပါတယ်။
ဧဟိ ဘိက္ခုရဟန်းဘဝ
အဲဒီတော့ -
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံ ကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ လဘေယျံ ဥပသမ္ပဒန္တိ။
အထ ခေါ = ထိုအခါ၌။ အာယသ္မာ အညာသိကောဏ္ဍညော = အရှင်အညာသိကောဏ္ဍညသည်။ ဒိဋ္ဌဓမ္မော = (ဝိပဿနာပညာ မဂ်ပညာ ဟူသော) ဉာဏ်ဖြင့် သိမြင်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ ပတ္တဓမ္မော = ဉာဏ်ဖြင့် ရောက်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည် ဖြစ်၍။ ဝိဒိတဓမ္မော = ဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်ပြီးသော သစ္စာလေးပါး တရား ရှိသည်ဖြစ်၍။ ပရိယောဂါဠှဓမ္မော = ဉာဏ်ဖြင့် သက်ဝင်အပ် ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ တိဏ္ဏဝိစိကိစ္ဆော = သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက် ပြီးသည် ဖြစ်၍။ ဝိဂတကထံကထော = သို့လောသို့လော တွေးတော ယုံမှားခြင်း ဝိစိကိစ္ဆာတရား ကင်းပြီးသည်ဖြစ်၍။ ဝေသာရဇ္ဇပ္ပတ္တော = ငါသည် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီဟု ရဲဝံ့စွာ ပြောကြားနိုင်ခြင်းဟု ခေါ်ဆိုအပ်တဲ့ ရဲရင့်ခြင်းသို့ ရောက်ရှိပြီးသည်ဖြစ်၍။ သတ္ထုသာသနေ = သစ္စာလေးပါးတည်း ဟူသော ဘုရားရှင်၏ အဆုံးအမသာသနာတော်၌။ အပရပ္ပစ္စယော = သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မရှိသည်ဖြစ်၍။ ဘဂဝန္တံ = မြတ်စွာဘုရားကို။ ဧတံ ဝစနံ = ဤစကားကို။ အဝေါစ = လျှောက်ထားတော်မူခဲ့လေပြီ။
အရှင်ကောဏ္ဍညက ဒိဋ္ဌဓမ္မ = သစ္စာလေးပါးကို မြင်တယ်၊ ပတ္တဓမ္မ = သစ္စာလေးပါးကို ဉာဏ်နှင့် ဆိုက်ရောက်သွားတယ်။ ဝိဒိတဓမ္မ = သစ္စာ လေးပါးကို ထိုးထွင်းသိသွားတယ်၊ ပရိယောဂါဠှဓမ္မ = သစ္စာလေးပါးကို ဉာဏ်ဖြင့် သက်ဝင်သွားတယ်၊ သက်ဝင်သွားလိုက်တဲ့အတွက် ဒီသစ္စာလေးပါး ကို ထိုးထွင်း သိတဲ့ဉာဏ်က, အထူးသဖြင့် နိရောဓသစ္စာခေါ်တဲ့ အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူလိုက်တဲ့ အရိယမဂ်ဉာဏ်က သစ္စာလေးပါးကို သို့လောသို့လော တွေးတော ယုံမှားတတ်တဲ့ ဝိစိကိစ္ဆာ တရားကို ပယ်ရှားပေးလိုက်တယ်။ သို့လောသို့လော တွေးတော ယုံမှားမှု မရှိဘူး။ ဘုရားရှင်ရဲ့ သာသနာတော်မှာ သစ္စာလေးပါးသည် တကယ် မှန်တယ်၊ သစ္စာလေးပါးကို တကယ် ထိုးထွင်းသိနိုင်တယ်၊ မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားကို တကယ်လက်တွေ့ ကျင့်မယ်ဆိုလျှင် သစ္စာလေးပါးကို လက်တွေ့ သိနိုင်တယ်လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့အဆင့်ကို ရောက်ရှိသွားတယ်။ ဒီအချက် က အရေးမကြီးဘူးလား? သိပ်အရေးကြီးတယ်။
မိမိတို့က သောတာပန်တော့ ဖြစ်ပြီးပြီ၊ ဒါပေမဲ့ ဒုက္ခသစ္စာဆိုတာ ဘာလဲ? မသိသေးဘူးဆိုလျှင် စဉ်းစားရတော့မယ်။ ဒုက္ခသစ္စာဆိုတာက ဥပါဒါနက္ခန္ဓာ ငါးပါး = ရုပ်တရားနာမ်တရားတွေကို ပြောတယ်။ ဟ! အဲဒါတွေကို သွား မလုပ်နဲ့၊ ဘုရားဟောတဲ့ ရုပ်တွေနာမ်တွေက ဘုရားသာ သိတာ၊ သာဝက တွေ မသိနိုင်ဘူးဆိုပြီး ဒီလို လှမ်းပြီးတော့ မျက်လုံးကို ပိတ်ထားကြတယ်၊ ပယ်ဖျက်ထားကြတယ်။ ပယ်ဖျက်ထားလိုက်တဲ့အခါကျတော့ ဒီသစ္စာလေးပါး ကို ထိုးထွင်းသိအောင် ကြိုးစားသေးလား? မကြိုးစားဘူး။
နောက်တစ်ခု ဒီဘဝ ဒုက္ခသစ္စာရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာ တရားဆိုတာက အတိတ်က အကြောင်းတရားတွေသာ ဖြစ်ကြတယ်။ အတိတ် က သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်တယ်။ ဒီဘဝ ထူထောင်တဲ့ သမုဒယသစ္စာတွေကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာ ဖြစ်မယ်။ အဲဒီ သမုဒယသစ္စာတရားကိုလည်း ဟ! အတိတ်အနာဂတ်က မရှုကောင်းဘူး၊ ဝိပဿနာနှင့် မဆိုင်ဘူးဆိုပြီးတော့ ဒီလို ပယ်ဖျက်ထားတော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်မှုကို သိသေးလား? မသိတော့ဘူး။ အခု ဒီမှာ အရှင်ကောဏ္ဍညကြီးကတော့ ဒုက္ခသစ္စာကိုလည်း သိတယ်၊ သမုဒယ သစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်း မသိဘူးလား? သိနေတယ်။ သစ္စာ လေးပါးလုံးကို ထိုးထွင်းသိတယ်။ နောက်တစ်ခု အဲဒီလိုသိမှုက အပရပ္ပစ္စယ = သူတစ်ပါးအပြောနှင့် လွမ်းပြီး သိတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒါ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ် မှတ်ထား၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် မှတ်ထား၊ အဲဒီလို သူများက ဟောလိုက်လို့ မှတ်သိတဲ့အသိမျိုးကော ဟုတ်သ လား? မဟုတ်ဘူး။ အပရပ္ပစ္စယ = သူတစ်ပါးတို့ကို ကိုးစားယုံကြည်ပြီးသိတဲ့ အသိမျိုး မဟုတ်ဘူး။ မိမိကိုယ်တိုင် ဉာဏ်ဖြင့် ထိုးထွင်းပြီး သိတယ်။ သိလိုက် တဲ့အတွက် မြတ်စွာဘုရားကို ဘယ်လိုလျှောက်သလဲ?
လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒန္တိ။
ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ဘဂဝတော = မြတ်စွာဘုရား၏။ သန္တိကေ = ထံတော်မှောက် ၌။ ပဗ္ဗဇ္ဇံ = ရှင်အဖြစ်ကို။ လဘေယျံ = ရလိုပါ၏။ ဥပသမ္ပဒံ = ရဟန်းအဖြစ် ကို။ လဘေယျံ = ရလိုပါ၏။ ဣတိ = ဤသို့။ အဝေါစ = လျှောက်ထားလိုက် လေ၏။
မြတ်စွာဘုရားထံမှာ ရှင်အဖြစ်ကို ရလိုကြောင်း ရဟန်းအဖြစ်ကို ရလို ကြောင်း တောင်းပန်လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက -
ဧဟိ ဘိက္ခုရဟန်းဖြစ်တော်မူခြင်း
ဧဟိ ဘိက္ခူတိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။
ဘိက္ခု = ချစ်သားရဟန်း။ ဧဟိ = လာပေတော့။ အဟံ = ငါဘုရား သည်။ ဓမ္မော = တရားတော်မြတ်ကို။ စွာက္ခာတော = အစ, အလယ်, အဆုံး, သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံကောင်းမွန်စွာ ဟောကြားတော် မူအပ်ပါပေ၏။ ဒုက္ခဿ = သံသရာဝဋ် ဆင်းရဲဒုက္ခ၏။ အန္တကိရိယာယ = အဆုံးအပိုင်းအခြားကို ပြုခြင်းငှာ။ သမ္မာ = ကောင်းမွန်ရိုသေစွာ။ ဗြဟ္မစရိယံ = သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ်အကျင့်မြတ်ဖြင့် သိမ်းကျူံး ရေတွက်အပ်သော သာသနာ့ဗြဟ္မစရိယ, အထက်မဂ်သုံးပါးတည်းဟူသော မဂ္ဂဗြဟ္မစရိယတည်းဟူသော ဤနှစ်မျိုးသော မွန်မြတ်သော ဗြဟ္မစရိယ ကျင့်စဉ်ကို။ စရ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေလော့။ ဣတိ = ဤသို့လျှင်။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ အဝေါစ = မိန့်ကြားတော်မူလိုက်လေ၏။
ချစ်သားရဟန်း လာပေတော့၊ ငါဘုရားရှင်သည် အစ, အလယ်, အဆုံး, သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတဲ့ တရားတွေကို ကောင်းစွာ ဟော ကြားထားတော်မူတယ်။ ဗြဟ္မစရိယခေါ်တဲ့ မြတ်သောကျင့်စဉ်တွေကို သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ကောင်းမွန်စွာ ကုန်ခမ်းစေရေးအတွက်, သံသရာဝဋ် ဆင်းရဲ ဒုက္ခ အဆုံးအပိုင်းအခြားကို ပြုလုပ်နိုင်ရေးအတွက် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပါ ဆိုပြီးတော့ ဘုရားရှင်က မိန့်ကြားတော်မူလိုက်ပါတယ်။ ဒီလို မိန့်ကြားတော်မူလိုက်တဲ့ စကားတော်ကို အခုခေတ် စကားလုံးကတော့ ဖော်မြူလာဆိုပြီး သုံးတာပေါ့လေ။
ဧဟိ ဘိက္ခူတိ ဘဂဝါ အဝေါစ၊ သွာက္ခတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။
ဒီလို မြတ်စွာဘုရား မိန့်ကြားလိုက်လျှင်ပဲ ဝါခြောက်ဆယ်ရပြီး မထေရ် ကြီးကဲ့သို့ ပရိက္ခရာရှစ်ပါး အပြည့်အစုံ ဝတ်ဆင်မြန်းပြီးတော့ ရဟန်းအဖြစ်သို့ ချက်ချင်း ရောက်ရှိသွားတယ်။ အထူးသဖြင့် သင်္ကန်းတွေ ဝတ်ပြီးတော့ သိမ်ထဲမှာ ကမ္မဝါစာဖတ်ကာ ရဟန်းခံရတဲ့ ပုံစံမျိုးတော့ မဟုတ်တော့ဘူး။ မြတ်စွာဘုရားက ဧဟိ ဘိက္ခုဆိုတဲ့ ဒီစကားလုံးလေးကို ခေါ်တော်မူလိုက် သည်နှင့် တစ်ပြိုင်နက်တည်း ဝါခြောက်ဆယ်ရပြီး မထေရ်ကြီးကဲ့သို့ သပိတ် သင်္ကန်းတွေ အပြည့်အစုံ ဝတ်ဆင်မြန်းပြီးတဲ့ မထေရ်ကြီးတစ်ပါး ဖြစ်သွားပါ တယ်။ အဲဒါကြောင့် ဒီနေရာမှာပဲ အရှင်ကောဏ္ဍညလည်း ရဟန်းဖြစ်သွားပြီ။
ဝါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍည သောတာပန်ရဟန်းဖြစ်တဲ့ အချိန် အခါမှာ ဗြဟ္မာက တစ်ဆယ့်ရှစ်ကုဋေ ကျွတ်တန်းဝင်ပါတယ်။ နတ်တွေက တော့ အသင်္ချေနဲ့ချီပြီးတော့ သစ္စာလေးပါးကို ထိုးထွင်းသိကြတယ်။ လူသားထဲ ကတော့ အရှင်ကောဏ္ဍညတစ်ပါးပဲ ဖြစ်ပါတယ်။ သစ္စာလေးပါးကို ထိုးထွင်း သိပြီးတဲ့ အချိန်အခါမှာ နောက်ထပ် ဒုတိယအနေနဲ့ ကျွတ်တန်းဝင်သူကတော့ အရှင်ဘဒ္ဒိယမထေရ် ဖြစ်ပါတယ်။
ဒီဒုက္ခသစ္စာတရားတွေကို သိအောင် ဘယ်လို ရှုရမယ်၊ သမုဒယသစ္စာ တရားတွေကိုသိအောင် ဘယ်လို ရှုရမယ်၊ ဒီဒုက္ခသစ္စာ, သမုဒယသစ္စာတရား တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဘယ်လို ရှုရမယ် စသည်ဖြင့် မြတ်စွာဘုရားက ကြွင်းကျန်နေသေးတဲ့ ရဟန်းတော် (၄)ပါးတို့ကို ဦးစားပေးကာ ပဉ္စဝဂ္ဂီငါးဦးတို့ကို လက်ပူးလက်ကြပ် သင်ပေး တော်မူပါတယ်။
သင်ပေးလိုက်တဲ့အတွက် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှာ အရှင် ဘဒ္ဒိယမထေရ်က သောတာပတ္တိမဂ်ဖိုလ်ကို ရရှိတော်မူပါတယ်။ ဝါဆိုလပြည့် ကျော် (၂)ရက်နေ့မှာ အရှင်ဝပ္ပမထေရ်က သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ကို ရရှိတော်မူပါတယ်။ ဝါဆိုလပြည့်ကျော် (၃)ရက်နေ့မှာ အရှင်မဟာနာမ မထေရ်က သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူပါတယ်။ ဝါဆိုလ ပြည့်ကျော် (၄)ရက်နေ့ကျတော့ အရှင်အဿဇိမထေရ်က သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူပါတယ်။
အဲဒီလို သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိပြီးတဲ့နောက် ဝါဆို လပြည့်ကျော် (၅)ရက်သို့အရောက် မြတ်စွာဘုရားက ဒီပဉ္စဝဂ္ဂီငါးဦးကို သတ္တဝါတို့ရဲ့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ ဣန္ဒြေ အနုံ့အထက် အနုအရင့်ကို သိတော်မူတဲ့ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်, သတ္တဝါတို့ရဲ့ အတွင်းအလို အဇ္ဈာသယဓာတ်ခံကို ထိုးထွင်းသိတော်မူတဲ့ အာသယာနုသယ ဉာဏ်တော်ဆိုတဲ့ ဗုဒ္ဓစက္ခုဖြင့် လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ သူတို့ရဲ့သန္တာန်မှာ အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာနုပဿနာဉာဏ်တွေကို ပွားများထားပြီး ဖြစ်သော်လည်း နောက်ထပ်တစ်ဖန် အရဟတ္တဖိုလ်ကို ရောက်လောက်အောင် အားက မကောင်းသေးတဲ့အတွက် အနတ္တာနုပဿနာဉာဏ်ကို ဦးစားပေးပြီးတော့ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း ကို စီးဖြန်းခဲ့မယ်ဆိုလျှင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရနိုင်လိမ့်မယ်လို့ မြင်တော်မူတဲ့အတွက် အနတ္တလက္ခဏသုတ္တန် ဒေသနာတော်ကို ဟောကြား ပေးတော်မူပါတယ်။
ထိုအနတ္တလက္ခဏသုတ္တန် ဒေသနာတော်မှာ မြတ်စွာဘုရားက အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက = အကြမ်း, သုခုမ = အနု, ဟီန = အယုတ်, ပဏီတ = အမြတ်, ဒူရ = အဝေး, သန္တိက = အနီးဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်ရှိနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတွေ ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ အထူးသဖြင့် အနတ္တာနုပဿနာဉာဏ်ကို ဦးစားပေးပြီးတော့ ဝိပဿနာရှုဖို့ရန် ညွှန်ကြား ပေးတော်မူပါတယ်။ (သံ၊၂၊၅၆။)
ပဉ္စဝဂ္ဂီရဟန်းတော်တို့လည်း ဒေသနာတော်၏နောက်သို့ ဉာဏ်စေလွှတ် ကာ ရှုပွားသုံးသပ်တော်မူနိုင်တဲ့အတွက် အနတ္တလက္ခဏသုတ္တန် ဒေသနာ တော်နိဂုံး ပြီးဆုံးတဲ့အချိန်အခါမှာ သူတော်ကောင်းငါးဦးသည် ဘာဖြစ်သွားကြ သလဲ? အရဟတ္တဖိုလ် တည်သွားကြပါတယ်။ (သံ၊၂၊၅၆။)
ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ရှေးသူတော်ကောင်းတို့ရဲ့ သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်တဲ့ ထုံးကောင်းကို နှလုံးမူပြီးတော့ အတုလိုက်ကာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ပဲ တရား သိမ်းကြရအောင် ...။
တရားဒေသနာတော်နိဂုံး
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေ ကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း ...။
သာဓု သာဓု သာဓု ...