ဓမ္မဒီပနီ
ဓမ္မဒီပနီ
ပဌမ လယ်တီဆရာတော်
မာတိကာ
▬▬▬▬
ပဋိညာဉ်
ပုစ္ဆာ ၁၃-ရပ်
ပထမ ပုစ္ဆာ အဖြေ
ဒုတိယ တတိယ ပုစ္ဆာ အဖြေ
စတုတ္ထ ပုစ္ဆာ အဖြေ
ပဉ္စမ ပုစ္ဆာ အဖြေ
ဆဋ္ဌမ ပုစ္ဆာ အဖြေ
သတ္တမ ပုစ္ဆာ အဖြေ
အဋ္ဌမ ပုစ္ဆာ အဖြေ
နဝမ ပုစ္ဆာ အဖြေ
ဒသမပုစ္ဆာ အဖြေ
ဧကာဒသမ ပုစ္ဆာအဖြေ
ဒွါဒသမ ပုစ္ဆာအဖြေ
တေရသမ ပုစ္ဆာ အဖြေ
ဩဝါဒကထာ
ဓမ္မဒီပနီ မာတိကာ ပြီး၏။
…………
ဓမ္မဒီပနီ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဋိညာဉ်
▬▬▬
သက္ကရာဇ် ၁၂၆၃-ခု ပထမ ဝါဆိုလဆုတ် ၁၀-ရက်နေ့တွင် အုတ်ကန်ရွာ -
၁။ တကောတိုက်သူကြီး မောင်ဘိုးအို,
၂။ တန်ဆောင်းတကာ မောင်ရွှေလာ,
၃။ ဘုရားတကာ ဦးဘော်,
၄။ ကျောင်းတကာ ဆရာဇိုင်,
၅။ ကျောင်းတကာ မောင်ထွတ်,
၆။ ပြာသာဒ်တကာ မောင်ရွှေရေး,
၇။ ရဟန်းတကာ မောင်ငယ်,
နှင့် ၎င်းရွာဒါယကာအပေါင်းတို့ တောင်းပန် လျှောက်ထားချက် ပုစ္ဆာ ၁၃-ရပ်ကို အစဉ်အတိုင်း သိသာထင်လင်းရုံ အကျဉ်းမျှ ဖြေဆိုပေအံ့။
ပုစ္ဆာ ၁၃-ရပ်
▬▬▬▬
(၁) ယခုအခါ ဘုရားမြတ်စွာ၏ သာသနာတော်ကြီး၌ လဇ္ဇီ အလဇ္ဇီ ဒုဿီလ ဟူ၍ ပုဂ္ဂိုလ်သုံးမျိုး ကွဲပြားလျက်ရှိနေရာ ၎င်းတို့၏ အသီးသီးသော အင်္ဂါလက္ခဏာတို့ကို ပါဠိအဋ္ဌကထာ ဋီကာ ကျမ်းဂန်တို့နှင့်တကွ သိလိုပါသည်။
(၂) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်သောကြောင့် မဆည်းကပ် မကိုးကွယ်သောသူတို့မှာ “အသေဝနာ စ ဗာလာနံ” မင်္ဂလာ ဖြစ်, မဖြစ်များကို အကျိုးအပြစ် ဝတ္ထုသက်သေ နှင့် တကွ သိလိုပါသည်။
(၃) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်း သိလျက်နှင့် ဆည်းကပ် ကိုးကွယ်သော သူတို့မှာ “ပဏ္ဍိတာနဉ္စသေဝနာ” မင်္ဂလာ ဖြစ်, မဖြစ်, “သဗ္ဘိရေဝသမာသေထ” စသော ဒေသနာတော်များနှင့် ညီ မညီ များကို အကျိုးအပြစ် ဝတ္ထုသက်သေနှင့်တကွ သိလို ပါသည်။
(၄) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်း သိလျက်နှင့် ဆွမ်းစသော ဒါနဝတ္ထု တို့ဖြင့် ပူဇော်သက္ကာရ ပြုသော သူတို့မှာ “ပူဇာစ ပူဇ နေယာနံ” မင်္ဂလာ ဖြစ်, မဖြစ်များကို အကျိုးအပြစ် ဝတ္ထုသက်သေနှင့်တကွ သိလိုပါသည်။
(၅) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်းသိလျက်နှင့် အရိုအသေ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေ ပြုခြင်းတို့ကို ပြုသောသူတို့မှာ “ဂါရဝေါစ” မင်္ဂလာ ဖြစ်, မဖြစ်, “ဘိက္ခုံစ သီလသမ္ပန္နံ၊ သမ္မဒေဝ သမာစရေ” ဟု ကောသလ သံယုတ် တွင် ဟောတော်မူသည်နှင့် ညီ မညီ, ၎င်းင်းပုဂ္ဂိုလ်တို့သည် ပါဏိပါတ သရဏဂုံ ထိုက်, မထိုက်များကို အကျိုးအပြစ် ဝတ္ထု သက်သေနှင့်တကွ သိလိုပါသည်။
(၆) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်း သိသောကြောင့် ထို အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်တို့အား ပုဂ္ဂလာဓိဋ္ဌာန် ဓမ္မာဓိဋ္ဌာန်တွင် တစ်ရပ်ရပ်ဖြင့် အပြစ်စကား ထိပါးပြောဆိုသော သူတို့ အပေါ်၌ ဒဏ်ဆယ်ပါး ထိုက်မထိုက်, အပြစ်လွတ် မလွတ် များကို သိလိုပါသည်။
(၇) အလဇ္ဇီပုဂ္ဂိုလ်သည် သံသရာဘေးကို ကြောက်၍ ဓမ္မသံဝေဂ ရသဖြင့် လဇ္ဇီ သူတော်ကောင်း အဖြစ်သို့ ရောက်လိုသောအခါ မည်ကဲ့သို့သော အမူအရာဖြင့် လဇ္ဇီ သူတော်ကောင်း ဖြစ်နိုင်မည် အကြောင်းကိုလည်း သိလိုပါသည်။
(၈) ဂဟဋ္ဌဖြစ်သူ လူတို့၏ ဝိနည်း ကျမ်းဂန်များကို သင်ကြားခြင်းသည် “ဝိနယောစ သုသိက္ခိတော” ဟောတော်မူသော ဒေသနာတော်နှင့် ညီ, မညီများကို အကျိုးအပြစ် ဝတ္ထုသက်သေ နှင့်တကွ သိလိုပါသည်။
(九) ပဗ္ဗဇိတ ဖြစ်သော ရဟန်းတော်တို့သည် လူဖြစ်သူ ဒါယကာတို့အား ဝိနည်း တရားကို ဟောကြား အပ်သည် မအပ်သည် များကိုလည်း အကျိုးအပြစ် ဝတ္ထု သက်သေနှင့်တကွ သိလိုပါသည်။
(၁၀) စတုပါရိသုဒ္ဓိသီလ လေးပါးတို့၏ အသီးအသီး လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့နှင့်တကွ အင်္ဂါ လက္ခဏာတို့ကို သိလိုပါသည်။
(၁၁) ၎င်းစတုပါရိသုဒ္ဓိသီလ လေးပါးတို့တွင် ပါတိမောက္ခ သံဝရသီလကို ကျူးလွန် သော သူ၏ အပြစ်, စောင့်ရှောက်သော သူ၏အကျိုး, ကျန်သီလ သုံးပါးတို့မှာလည်း ၎င်းအတိုင်း အကျိုး အပြစ်ကို ဝတ္ထုသက်သေ နှင့်တကွ သိလိုပါသည်။
(၁၂) သံဃိကဒါနမျိုးတို့၏ သရုပ်အဓိပ္ပါယ်ကို လှူနည်း လှူပုံနှင့်တကွ သိလိုပါသည်။
(၁၃) ၎င်းသံဃိကဒါန တစ်ပါး တစ်ပါးကို လှူဒါန်းရခြင်းနှင့် အလှူခံပုဂ္ဂိုလ် တကာတို့၏ အထွဋ် အထိပ် ဖြစ်တော်မူသော သဗ္ဗညုဘုရားရှင် တစ်ပါးတည်းကို ပုဂ္ဂလိက လှူဒါန်းရခြင်းသည် မည်သူ့အလှူက သာလွန်၍ အကျိုးကြီးမည်ကို သိလို ပါသည်။
ပုစ္ဆာ ၁၃-ရပ် ပြီး၏။
ပထမ ပုစ္ဆာ အဖြေ
▬▬▬▬▬▬▬
ယခုအခါ ဘုရားမြတ်စွာ၏ သာသနာတော်ကြီး၌ လဇ္ဇီ အလဇ္ဇီ ဒုဿီလ ဟူ၍ ပုဂ္ဂိုလ်သုံးမျိုး ကွဲပြားလျက်ရှိနေရာ ၎င်းတို့၏ အသီးသီးသော အင်္ဂါလက္ခဏာတို့ကို ပါဠိအဋ္ဌကထာ ဋီကာ ကျမ်းဂန်တို့နှင့်တကွ သိလိုပါသည်။
ဟူသော ပထမပုစ္ဆာ၌ အဖြေကား -
၁။ လဇ္ဇီပုဂ္ဂိုလ်
၂။ အလဇ္ဇီပုဂ္ဂိုလ်
၃။ ဒုဿီလပုဂ္ဂိုလ်
သုံးမျိုးရှိသည်တွင် လဇ္ဇီပုဂ္ဂိုလ်၏ အင်္ဂါလက္ခဏာကို ဤသို့ ဟောတော်မူ၏။
လဇ္ဇီ လက္ခဏာ
သဉ္စိစ္စ အာပတ္တိံ နာပဇ္ဇတိ၊ အာပတ္တိံ န ပရိဂူဟတိ။
အဂတိဂမနဉ္စ န ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ လဇ္ဇီပုဂ္ဂလော။
[ပရိဝါပါဠိတော်]
သဉ္စိစ္စ - ပညတ်တော်ကို သိသောစိတ်နှင့်တကွ စေ့ဆော်၍၊
အာပတ္တိံ - အာပတ်သင့်မှုကို၊
နာပဇ္ဇတိ - မလွန်ကျူး၊
အာပတ္တိံ - ပုထုဇ္ဇန် ဂတိဖြင့် စွန်းငြိသော အာပတ်ကို၊
န ပရိဂူဟတိ - မဖုံးလွှမ်း၊
အဂတိဂမနဉ္စ - အဂတိတရား လေးပါးသို့လည်း၊
န ဂစ္ဆတိ - မလိုက်စား၊
ဧဒိသော - ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို၊
လဇ္ဇီပုဂ္ဂလော - လဇ္ဇီပုဂ္ဂိုလ် ဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏။
၁။ ဤအမှုကိုပြုလျှင် ဧကန်အာပတ်သင့်၏ ဟု သိလျှင် ထိုအမှုကို မပြုခြင်းသည် လည်း လက္ခဏာ တစ်ပါး,
၂။ မသိ၍သော် လည်းကောင်း၊ သိလျက်နှင့် စိတ်ကို မချုပ်တည်းနိုင်၍သော် လည်းကောင်း၊ ပြုမိ၍ မိမိ၌ အာပတ်ရှိနေမှန်း သိခဲ့လျှင် ထိုအာပတ်ကို လျှို့ဝှက် ဖုံးလွှမ်း၍ နေ့ကူးအောင် မထားခြင်း သည်လည်း လက္ခဏာ တစ်ပါး။
၃။ ပစ္စည်းဘဏ္ဍာကို ဝေဖန်ရာဌာန စသည်၌ အဂတိလေးပါးသို့ မလိုက်မစား တရား သဖြင့် ပြုခြင်းသည်လည်း လက္ခဏာတစ်ပါး၊
ဤသုံးပါးသော လက္ခဏာနှင့် ပြည့်စုံသော ရဟန်းကို လဇ္ဇီရဟန်းဟူ၍ ဆိုအပ်၏။
[ပါဌ်လျှောက်အဓိပ္ပါယ်။]
လဇ္ဇီလက္ခဏာ ပြီး၏။
အလဇ္ဇီပုဂ္ဂိုလ်၏ အင်္ဂါလက္ခဏာကို ဤသို့ဟောတော်မူ၏။
အလဇ္ဇီလက္ခဏာ
သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ၊ အာပတ္တိံ ပရိဂူဟတိ။
အဂတိဂမနဉ္စ ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ အလဇ္ဇီ ပုဂ္ဂလော။
[ပရိဝါပါဠိတော်]
သဉ္စိစ္စ - ပညတ်တော်ကို သိသောစိတ်နှင့်တကွ စေ့ဆော်၍၊
အာပတ္တိံ - အာပတ် သင့်မှုကို၊
အာပဇ္ဇတိ - လွန်ကျူး၏၊
အာပတ္တိံ - ပုထုဇဉ် ဂတိဖြင့် စွန်းငြိသော အာပတ်ကို၊
ပရိဂူဟတိ - လျှို့ဝှက် ဖုံးလွှမ်း၏၊
အဂတိဂမနဉ္စ - အဂတိတရား လေးပါးသို့လည်း၊
ဂစ္ဆတိ - လိုက်စား၏၊
ဧဒိသော - ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို၊
အလဇ္ဇီပုဂ္ဂလော - အလဇ္ဇီ ပုဂ္ဂိုလ်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏။
၁။ ဤအမှုကိုပြုသော် ဧကန်အာပတ်သင့်၏ ဟုသိလျက် ပြုခြင်းသည်လည်း လက္ခဏာ တစ်ပါး,
၂။ မသိ၍သော်လည်းကောင်း သိလျက်နှင့် စိတ်ကို မချုပ်တည်းနိုင်၍သော် လည်းကောင်း ပြုမိ၍ မိမိ၌ အာပတ်သင့်မှန်း သိခဲ့လျှင် ထိုအာပတ်ကို လျှို့ဝှက် ဖုံးလွှမ်း၍ နေ့ကူးအောင် ထားခြင်း သည်လည်း လက္ခဏာ တစ်ပါး,
၃။ ပစ္စည်းဘဏ္ဍာကို ဝေဖန်ရာဌာနစသည်၌ အဂတိလေးပါးသို့ လိုက်စား၍ မတရား သဖြင့် ပြုခြင်း သည်လည်း လက္ခဏာ တစ်ပါး,
ဤလက္ခဏာ သုံးပါးတွင် တစ်ပါးပါးသော လက္ခဏာနှင့် ပြည့်စုံသောရဟန်းကို အလဇ္ဇီပုဂ္ဂိုလ် ဟု ဆိုအပ်၏။ [ပါဌ်လျှောက်အဓိပ္ပါယ်။]
အလဇ္ဇီလက္ခဏာ ပြီး၏။
ဤ၌ -
အာဒိတော ပဋ္ဌာယ အလဇ္ဇီနာမ နတ္ထိ။
[အဋ္ဌကထာ]
အာဒိတော - အရှင်ရဟန်း ဖြစ်သည်မှ၊
ပဋ္ဌာယ - စ၍၊
အလဇ္ဇီနာမ - အလဇ္ဇီ မည်သည်၊
နတ္ထိ - မရှိ။
လဇ္ဇီ အလဇ္ဇီ မည်သည် အမျိုးအရိုးနှင့် အမြဲဖြစ်၍ နေသည် မဟုတ်၊ စိတ္တက္ခဏကို စွဲ၍ဖြစ်၏၊ ထိုကြောင့် ပုဂ္ဂိုလ် တစ်ယောက်သည် တစ်ထိုင်တွင်းမှာပင် အလဇ္ဇီလည်း ဆယ်ခါ မက ဖြစ်နိုင်၏၊ လဇ္ဇီလည်း ဆယ်ခါမက ဖြစ်နိုင်၏။
အဘယ်သို့ ဖြစ်နိုင်သနည်းဟူမူ တစ်ထိုင်တွင်းမှာပင် ဆယ်ခါမက ဖြစ်နိုင်သော အာပတ်တို့သည် များစွာ ရှိကုန်၏၊ သူတစ်ပါးတို့လည်း မသိနိုင်ကုန်၊ ထိုကဲ့သို့သော အာပတ်တို့ကို တစ်ထိုင်တွင်း မှာပင် စိတ်စေတနာနှင့်တကွ ဆယ်ခါမက လွန်ကျူး ခဲ့လျှင် ဆယ်ခါမက အလဇ္ဇီ ဖြစ်၏၊
သင့်တိုင်း သင့်တိုင်းလည်း အာပတ်သင့်မှုကို ငါပြုမိပြီ, ပြုမိသော အမှုကိုလည်း ဒေသနာကြားမည်, နောက်ကိုလည်း ဤ အလဇ္ဇီအမှုကို ငါရှောင်ကြဉ်မည်ဟု လဇ္ဇီဓမ္မ သို့ ဆယ်ခါမက သက်ပြန်လျှင် ဆယ်ခါမက လဇ္ဇီ ဖြစ်နိုင်၏၊
ဤသို့လျှင် လဇ္ဇီ အလဇ္ဇီ မည်သည် အမျိုးအရိုးအားဖြင့် အမြဲဖြစ်၍ နေသည် မဟုတ်၊ စိတ္တက္ခဏကို စွဲ၍ ယခုပင် အလဇ္ဇီ, ယခုပင် လဇ္ဇီဖြစ်နိုင်သော သဘောမျိုးတည်း၊
တစ်သက်လုံး အမြဲ လဇ္ဇီဓမ္မသို့ မသက်ပဲနေလျှင် တစ်သက်လုံးပင် အလဇ္ဇီ အမြဲ ဖြစ်ရ၏။
[ဤကား “အာဒိတော ပဋ္ဌာယ အလဇ္ဇီနာမ နတ္ထိ” ဟူသော အဋ္ဌကထာပါဠိ၏ အဓိပ္ပါယ်တည်း။]
ဤအဋ္ဌကထာပါဌ်ကို ထောက်၍ ပြဆိုခဲ့ပြီးသော အလဇ္ဇီ ပုဂ္ဂိုလ်အဖြစ်မှာ အလဇ္ဇီစိတ် အလဇ္ဇီလက္ခဏာ တင်းလင်း ရှိနေဆဲ ခဏ၌သာ အလဇ္ဇီအဖြစ်ကို ဆိုအပ်၏၊ လဇ္ဇီဓမ္မသို့ သက်သော စိတ်အခိုက်သို့ ရောက်ပေလျှင် လဇ္ဇီပုဂ္ဂိုလ်အဖြစ်ကို ဆိုအပ်၏။
သာရတ္ထဒီပနီ ဋီကာ၌လည်း ....
အာဒိတော ပဋ္ဌာယ အလဇ္ဇီနာမ နတ္ထီတိ ဣမိနာ ဒိဋ္ဌေ ဒိဋ္ဌေ သံသယော န ကာတဗ္ဗောတိ ဒဿေတိ။
မိန့်၏။
အာဒိတော ပဋ္ဌာယ အလဇ္ဇီနာမ နတ္ထီတိ ဣမိနာ - အာဒိတော ပဋ္ဌာယ အလဇ္ဇီနာမ နတ္ထိ ဟူသောပါဌ်ဖြင့်၊
ဒိဋ္ဌေ ဒိဋ္ဌေ - မြင်တိုင်း မြင်တိုင်းသော ပုဂ္ဂိုလ်၌၊
ဝါ - တစ်ယောက်သော ပုဂ္ဂိုလ်ကိုပင်လျှင် မြင်တိုင်း မြင်တိုင်းသော ခဏ၌၊
သံသယော - အလဇ္ဇီဘာဝ သံသယကို၊
နကာတဗ္ဗော - မပြုအပ်၊
ဣတိ - ဤသို့၊
ဒဿေတိ - ပြတော်မူပေ၏။
အလဇ္ဇီမှု တင်းလင်းနှင့် တွေ့မြင်လျှင် ထိုအမှုတင်းလင်း ရှိနေဆဲ ခဏ၌သာ ထိုပုဂ္ဂိုလ်ကို အလဇ္ဇီ အနေနှင့် သံသယ ပြုထိုက်၏၊ အလဇ္ဇီမှုကို မမြင်သော အခိုက်၌ သံသယ မပြုအပ် ဆိုလိုသည်။
“သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ”၌ အာပတ်ကို လွန်ကျူးမှုသည် ..
၁။ ပညတ်တော်ကို သိလျက် လွန်ကျူးမှု,
၂။ ပညတ်တော်ကို မသိ၍ လွန်ကျူးမှု,
၃။ ဝတ္ထုကို သိလျက် လွန်ကျူးမှု,
၄။ ဝတ္ထုကို မသိ၍ လွန်ကျူးမှု,
ဟူ၍ လေးမျိုး ရှိ၏။
အသားကြီးဆယ်ပါးကို ရဟန်းတို့ မစားအပ်၊ စားလျှင် အာပတ် သင့်စေဟု ပညတ်တော်ရှိ၏၊ ဤပညတ်တော်ကို သိသည်ကား ပညတ်သိတည်း၊ ဤပညတ်တော် ကို မသိသည်ကား ပညတ် မသိတည်း၊ အသားကို မြင်သောအခါ ဤအသားသည် အကပ္ပိယ အသားမျိုးဟုတ်၏, မဟုတ်ဟု သိခြင်း, မသိခြင်းသည်လည်း ဝတ္ထုသိ, မသိ မည်၏။
ရွှေငွေစသည်တို့၌ ဤသို့ပြုလျှင် ဤသို့ဆိုလျှင် ခံခြင်း မြောက်၏, မမြောက် စသည်ဖြင့် အမှုကိုသိခြင်း, မသိခြင်းသည်လည်း ဝတ္ထုသိ, မသိ မည်၏။
၁။ လောကဝဇ္ဇ,
၂။ ပဏ္ဏတ္တိဝဇ္ဇ, - ဟူ၍ အာပတ် နှစ်မျိုးရှိ၏။
၁။ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း အစရှိသော ပကတိပင် အကုသိုလ် မှုမျိုး ဖြစ်သော အာပတ်မျိုးသည် လောကဝဇ္ဇ အာပတ် မည်၏။
၂။ မြေကိုတူးခြင်း၊ မြက်သစ်ပင်ကို ဖြတ်ခြင်း အစရှိသော ပကတိမှာ အကုသိုလ်မှုမျိုး မဟုတ်။ ဘုရားပညတ်၍သာ ဖြစ်ရသော အာပတ်မျိုးသည် ပဏ္ဏတ္တိဝဇ္ဇ မည်၏။
ထိုနှစ်မျိုးတွင် လောကဝဇ္ဇ အာပတ်မျိုး၌ ပညတ်ဝတ္ထု နှစ်ပါးကို သိလျက် လွန်ကျူးအံ့၊ အာပတ်လည်း သင့်၏၊ အလဇ္ဇီ လည်းဖြစ်၏၊ ပညတ်ကိုပင် မသိသော်လည်း ဝတ္ထုကို သိလျက် လွန်ကျူးအံ့၊ အချို့သော အမှု၌ အာပတ်လည်းသင့်၏၊ အလဇ္ဇီလည်းဖြစ်၏၊ ပါဏာတိပါတမှု သုရာပါနမှု စသည်တည်း။
အချို့သောအမှု၌ အာပတ်ပင် မသင့်၊ အာပတ် မသင့်လျှင်လည်း အလဇ္ဇီဖြစ်သည် မဆိုသာ၊ သေခိယသိက္ခာပုဒ် စသည်တည်း။ ဤသေခိယသိက္ခာပုဒ်မျိုး မဟာဝါ စူဠဝါတို့၌လာသော သိက္ခာပုဒ်မျိုးတို့သည်ကား ပညတ်တော်ကို မသိသော သူတို့မှာ အာပတ်လွတ် သည်များ၏၊ ပညတ်တော်ကိုသိလျက် ဝတ္ထုကို မသိ၍လွန်ကျုးမိအံ့၊ အချို့သောအမှု၌ အာပတ်သင့်၏၊ အလဇ္ဇီကား မဖြစ်၊ သုရာပါနမှုပေတည်း၊
ဤသုရာပါန၌ ယစ်မျိုးမှန်းမသိ တစ်ခြားတစ်ပါးသော ဝတ္ထုမျိုး မှတ်ထင်၍ သောက်မိ မျိုမိ သော်လည်း အာပတ် သင့်သည်သာဖြစ်၏၊ အချို့သောအမှု၌ အာပတ်လည်း မသင့်၊ အလဇ္ဇီလည်း မဖြစ်၊ ပါဏာတိပါတအမှု စသည်တည်း၊ ဤပါဏာတိပါတမှု၌ အသက်ရှိသောဝတ္ထုဟု မသိ၊ တစ်ခြားတစ်ပါးသော ဝတ္ထုထင်မှတ်၍ ဖျက်ဆီးမိရာ၌ အာပတ် မသင့်။
ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုး၌မူကား ပညတ်ဝတ္ထု နှစ်ပါးစုံကို သိ၍ လွန်ကျူးမှ အလဇ္ဇီ ဖြစ်သည်၊ ပညတ်ကိုသိလျက် ဝတ္ထုကို မသိ၍ လွန်ကျူးမိအံ့၊ အလဇ္ဇီမဖြစ်၊ ဝတ္ထုကိုသိလျက် ပညတ်ကို မသိမူ၍ လွန်ကျူးမိအံ့၊ အလဇ္ဇီ မဖြစ်၊ ပညတ် ဝတ္ထု နှစ်ပါးစုံကို မသိ၍ လွန်ကျူးမိအံ့ အလဇ္ဇီ မဖြစ်။
[ဤကား “သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ” ဟူသောအလဇ္ဇီ အင်္ဂါ၌ သဉ္စိစ္စသဒ္ဒါ၏ အနက် သွားကို ပြဆိုချက်တည်း။]
“အာပတ္တိံ ပရိဂူဟတိ” ဟူသော ဒုတိယအင်္ဂါ၌ ---
၁။ အာပတ်သင့်သည်လည်း ဖြစ်စေ,
၂။ အာပတ်သင့်သည်ဟု သိသည်လည်း ဖြစ်စေ,
၃။ မိမိနေရာ အနီးအပါး၌ မိမိအကျိုးကို လိုလားသော သဘာဂရဟန်း ရှိသည်လည်း ဖြစ်စေ,
၄။ သဘာဂ ရဟန်းရှိ၏ဟု သိသည်လည်း ဖြစ်စေ,
၅။ အန္တရာယ်ဆယ်ပါးတွင် တစ်ပါးပါးမျှ မရှိသည်လည်း ဖြစ်စေ,
၆။ အန္တရာယ်မရှိဟု သိသည်လည်း ဖြစ်စေ,
၇။ မိမိ၌ နှုတ်မြွက် ရွတ်ဆို၍ ဒေသနာ ကြားခြင်းငှါ မစွမ်းနိုင်လောက်အောင် အနာရောဂါ မရှိသည်လည်း ဖြစ်စေ,
၈။ အနာရောဂါမရှိဟု သိသည်လည်း ဖြစ်စေ,
၉။ အရုဏ်တက်သည် တိုင်အောင် ဖုံးလွှမ်း၍ ထားလိုသော စိတ်ရှိသည်လည်း ဖြစ်စေ,
၁၀။ အရုဏ်တက်သည်တိုင်အောင် ဒေသနာမကြားပဲ ဖုံးလွှမ်း၍ ထားသည်လည်း ဖြစ်စေ,
ဤအင်္ဂါဆယ်ပါးနှင့် ပြည့်စုံ၍ အရုဏ်တက်စေသည် ဖြစ်အံ့၊ အရုဏ်တက်သောအခါ၌ ဖုံးလွှမ်းမှု အတွက်ကြောင့် ဒုက္ကဋ်အာပတ် လည်းထပ်မံ၍ သင့်ပြန်၏၊ အလဇ္ဇီလည်း ဖြစ်၏၊
ဤအင်္ဂါဆယ်ပါးတွင် တစ်ပါးပါး ချို့တဲ့၍ အရုဏ်တက်စေသည် ဖြစ်အံ့၊ ဒုက္ကဋ် အာပတ်လည်း မသင့်၊ အလဇ္ဇီလည်းမဖြစ်။
ဆိုဖွယ်အထူးကား ..
မိမိ၌ အာပတ်သင့်မှန်းသိလျက် ဒေသနာကြားရန် အကြောင်း အခွင့်စုလည်း ထင်ရှားရှိလျက် အရုဏ် မတက်မီ အတွင်း၌ ဒေသနာ မကြားလိုသော ရဟန်းသည် ဒေသနာမကြားလိုသော စိတ်ဖြစ်သည့် အခါမှစ၍ ထိုအာပတ်ကို ဒေသနာကြားလို သော လဇ္ဇီဓမ္မသို့ မသက်သမျှ ကာလပတ်လုံး တစ်လ တစ်နှစ် စသည်ပင် ကြာသော် လည်း အလဇ္ဇီ အဖြစ်၌သာ တည်၏။
အာပတ်သင့်သည်ဟု သိသည်လည်းဖြစ်စေ ဟူသော ဒုတိယ အင်္ဂါ၌ ဝိနည်း ကျမ်းဂန် ကို မတတ်သော သူတို့အား အာပတ်သင့်သော်လည်း သင့်မှန်းသိသော အရာကား နည်းပါး၏၊ မသိသော အရာကား အလွန် များပြား၏၊ မသိ၍ သင့်သော အာပတ် အတွက် မသိ၍ ဖုံးလွှမ်းသော အာပတ်အတွက်ကား အလဇ္ဇီ မဆိုအပ်။
[ဤကား “အာပတ္တိံ ပရိဂူဟတိ” ဟူသောဒုတိယ အင်္ဂါအရကို ပြဆိုချက်တည်း။]
“အဂတိဂမနဉ္စ ဂစ္ဆတိ” ဟူသော တတိယ အင်္ဂါ၌ ...
၁။ ယော ဆန္ဒာဂတိံ န ဂစ္ဆတိ,
၂။ ဒေါသာဂတိံ န ဂစ္ဆတိ,
၃။ ဘယာဂတိံ န ဂစ္ဆတိ,
၄။ မောဟာဂတိံ န ဂစ္ဆတိ,
ဟူ၍ သံဃိကပစ္စည်းကို ဝေဘန်ရာ ဌာန စသည်၌ ဟောတော်မူသည်ကို ပဓာနပြု၍ အဂတိတရား လေးပါးကို ပစ္စည်း ဝေဖန်မှု စသည်နှင့်စပ်၍ ကျမ်းဂန်တို့၌ ဖွင့်ဆို ကြသည်၊
အဂတိတရားသို့ လိုက်စားမှု ဆိုသော်လည်း အာပတ်သင့် ကောင်းသော လိုက်စားမှုကို ယူရမည်၊
ဆိုင်ရာသိက္ခာပုဒ်ကို ကျူးလွန် ကျော်နင်း၍ အာပတ်သင့်အောင် လိုက်စားမှသာ အလဇ္ဇီဖြစ်သည် ဟု ဆရာမြတ်တို့ မိန့်ဆိုကြကုန်၏။
နှစ်ဦးနှစ်ဖက်သော သူတို့ ဝိနည်းစကား, သုတ္တန်စကား, အဘိဓမ္မာ စကား ပြောဆိုကြရာ ဌာန၌ သူများဘက်စကား တရားလမ်းမှန် သက်သည်ကိုသိလျက် အညံ့ မခံချင် သည့်အတွက် ထိုအယူ ထိုစကားကို မတရား အဓမ္မဖြစ်အောင် ပြောဆိုခြင်း, မိမိတို့ဘက်စကား တရား တိမ်းလွဲသည်ကို သိလျက် အညံ့မခံချင်သည့် အတွက် မိမိတို့အယူ မိမိတို့ စကားကို တရားလမ်း မှန်ဖြစ်အောင် ပြောဆိုခြင်း, ဤနည်းအတူ အာပတ္တိထင်လျက် အညံ့မခံချင်သည့် အတွက် အနာပတ္တိ ဖြစ်အောင် ပြောဆိုခြင်း, အနာပတ္တိထင်လျက် အာပတ္တိထင်အောင် ပြောဆိုခြင်း, ဤကဲ့သို့ ဝိနည်း သုတ္တန် အဘိဓမ္မာ ဝိဝါဒအရာတို့၌ လိုက်စားသော မုသာဝါဒ အဂတိတရားမျိုး သည်လည်း အဂတိမျိုး ဖြစ်၏။
[ဤကား “အဂတိဂမနဉ္စဂစ္ဆတိ” ဟူသော တတိယအင်္ဂါ အရကို ပြဆိုချက်တည်း]
ဤ လဇ္ဇီ အလဇ္ဇီ အရာ၌ ဝိနည်းကျမ်းဂန်ကို မတတ်သော သူတို့မှာ သီလလည်း နည်းပါး၏၊ အလဇ္ဇီ ဖြစ်ရန်လည်း နည်းပါး၏၊ ဝိနည်း ကျမ်းဂန်ကို တတ်သော သူတို့မှာကား ကောင်းစွာကျင့်သည် ဖြစ်အံ့၊ သီလအလွန် ကြီးကျယ်၏၊ ကောင်းစွာ မကျင့်သည်ဖြစ်အံ့၊ အလဇ္ဇီဖြစ်ရန် အလွန်များ ပြား၏၊ ဘုန်းကံလည်း ကြီးမား အခြွေအရံလည်း များသည် ဖြစ်အံ့၊ သာသနာတော်ကို အကြီးအကျယ် ဖျက်နိုင်၏၊ ဆီမီး ညှိထွန်း၍ တိုက်ခန်းဝင်လျှိုး သူခိုးကြီးနှင့်တူ၏။
လဇ္ဇီ အလဇ္ဇီအင်္ဂါ အကျဉ်းပြချက် ပြီး၏။
ဒုဿီလ ပုဂ္ဂိုလ်၏ အင်္ဂါ လက္ခဏာကို ဤသို့မှတ်အပ်၏ ...
ဒုဋ္ဌဒေါသသိက္ခာပုဒ်၌ ပါရာဇိကကျမှုကို မြင်ခြင်း ကြားခြင်း ယုံမှားခြင်း မရှိဘဲ ရဟန်းအဖြစ်မှ ရွေ့လျောစေလိုသော စိတ်သက်သက်ဖြင့် ပါရာဇိကကျရောက်သည်ကို ပြဆိုသော စကားလုံးတို့နှင့် တစ်ပါးသောရဟန်းကို စွပ်စွဲခဲ့လျှင် စွပ်စွဲသော ရဟန်း အား သံဃာဒိသေသ် အာပတ်ကြီးသင့်၏၊
ဤကဲ့သို့သော စကားလုံးတို့ဖြင့် စွပ်စွဲခဲ့သည်ရှိသော် ပါရာဇိက တစ်ကယ်ကျပြီးသော ရဟန်းကိုပင် စွပ်စွဲမိသော်လည်း စွပ်စွဲသောရဟန်းမှာ သံဃာဒိသေသ် အာပတ်ကြီး သင့်သေးသည်သာ ဖြစ်၏၊
ရဟန်းအဖြစ်မှ ရွေ့လျောစေလိုသော စိတ်မဟုတ်၊ ရဟန်းအဖြစ်၌ အရှိန်အစော် မဲ့စေလိုသော စိတ်ဖြင့် စွပ်စွဲဆဲရေးခဲ့သည် ရှိသော် ပါရာဇိက တကယ်ကျပြီးသော ရဟန်းကိုပင် စွပ်စွဲဆဲရေးမိ သော်လည်း စွပ်စွဲဆဲရေးသောရဟန်းမှာ ပါစိတ်အာပတ် သင့်သေး၏။
ပါရာဇိက ကျရောက်သည်ကို ပြဆိုသော စကားလုံးမျိုး ဆိုသည်ကား...
တွံ - သင်သည်၊
ပါရာဇိကံ - ပါရာဇိကမှုသို့၊
အာပန္နော - ရောက်သောသူသည်၊
အသိ - ဖြစ်၏။
တွံ - သင်သည်၊
ဒုဿီလော - သီလ မရှိသည်၊
အသိ - ဖြစ်၏။
တွံ - သင်သည်၊
အသမဏော - ရဟန်းမဟုတ်သည်၊
အသိ - ဖြစ်၏။
တွံ - သင်သည်၊
အသကျပုတ္တိယော - သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်သည်၊
အသိ - ဖြစ်၏။
[ဤသို့စသော စကားမျိုးသည် ပါရာဇိက ကျရောက်သည်ကို ပြဆိုသော စကားလုံးမျိုး ဟူ၍ အဋ္ဌကထာတို့၌လာသည်။]
အလဇ္ဇီ ဟူသော စကားသည်ကား ပါရာဇိက ကျရောက်သည်ကို ဆိုသော စကားလည်း ဟုတ်၏၊ ဒုက္ကဋ် အာပတ်သင့်သည်ကို ဆိုသော စကားလည်း ဟုတ်၏၊ ဤသို့ အာပတ်အများနှင့် ဆက်ဆံသော စကား ဖြစ်၍ အလဇ္ဇီဟူသော စကားနှင့် တစ်ပါးသော ရဟန်းကို စွပ်စွဲမိသော်လည်း စွပ်စွဲသောရဟန်းမှာ သံဃာဒိသေသ် အာပတ်ကြီး မသင့်၊ ဤ သို့သော ကျမ်းဂန်ယုတ္တိကို ထောက်၍ ပါရာဇိက ကျရောက်ပြီးသော ရဟန်းသည်သာ ဒုဿီလ မည်၏၊ ဒုဿီလဆိုလျှင် ရဟန်းမှာ ပါရာဇိက ကျရောက် ပြီးသော ရဟန်းကို ဆိုသည်ဟု မှတ်အပ်၏။
ပါရာဇိကမှ ကြွင်းသော အာပတ်မျိုး သင့်ရှိသော ရဟန်းကို ဒုဿီလရဟန်း မဆိုအပ်၊ အလဇ္ဇီ အင်္ဂါနှင့်ပြည့်စုံလျှင် အလဇ္ဇီ ရဟန်း ဟူ၍သာ ဆိုအပ်၏။
[ဤကား အလဇ္ဇီ၊ ဒုဿီလနှစ်ပါးခွဲနည်းတည်း]
ဤအရာ၌ ခပ်သိမ်းသော သိက္ခာပုဒ်တို့နှင့် ဆက်ဆံသော အကျိုးဆယ်ပါး၌ “ဒုမ္မင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ” ဟူသော ပုဒ်၌ ဒုမ္မင်္ကူနံပုဒ်ကို ဒုဿီလာနံ ဟု အဋ္ဌကထာ ဖွင့်ရာ၌ ဒုမ္မင်္ကု-ပုဒ်သည် အလဇ္ဇီပုဒ်၏ ပရိယာယ်ဖြစ်ရာ၏။ အလဇ္ဇီသည် -
၁။ ဒုဿီလ အလဇ္ဇီ,
၂။ သာမည အလဇ္ဇီ, - ဟူ၍ နှစ်ပါးရှိ၏။
ပါရာဇိက သိက္ခာပုဒ် အရာဖြစ်၍ ဒုဿီလ အလဇ္ဇီကို အဋ္ဌကထာ ဖွင့်ပြလေသည်၊ တစ်ပါးသော သိက္ခာပုဒ်အရာ ဖြစ်မူကား သာမည အလဇ္ဇီကို ဒုမ္မင်္ကု-ဟု ယူအပ်၏၊ ဝိမတိဋီကာရှင်ကား ထိုဒုဿီလာနံပုဒ်ကို ဝိဂြိုဟ်နှစ်ချက် ကြံ၏၊
ပါရာဇိကအရာဖြစ်အံ့၊ “ဒုဿီလာနံ - အချင်း ခပ်သိမ်း သီလမရှိကုန်သော” တစ်ပါး သော သိက္ခာပုဒ် အရာ ဖြစ်အံ့၊ “ဒုဿီလာနံ - တစ်စိတ် အားဖြင့် ပျက်သောသီလ ရှိကုန်သော” ဤသို့အနက် နှစ်ချက်ယူ၏၊
ဒုက္ကဋ် ဒုဗ္ဘာသီမျှပင်ဖြစ်စေ အာပတ်သင့်ခဲ့လျှင် သင့်သော အာပတ်အတွက် ဒုဿီလဖြစ်၏ဟု အဓိပ္ပါယ်ရောက်၏၊ အလဇ္ဇီ ဖြစ်မှုထက်ပင် ဒုဿီလဖြစ်မှု လွယ်ရာကျ၏၊
ဤသို့ မသင့်မြတ်သော အနက်ရောက်ခဲ့သည်တစ်ကြောင်း “ဒုဿီလဿာတိ နိဿီလဿ၊ ဒုဿီလောတိ နိဿီလော” ဟု အဋ္ဌကထာဋီကာကြီး တို့ ဖွင့်မြဲ အရိုးအစဉ်နှင့် မညီညွတ်ခဲ့ သည်တစ်ကြောင်း, ပါရာဇိကကျမှုကို တိုက်ရိုက်ပြနိုင်သော “အသမဏော အသကျပုတ္တိယော” ပုဒ်တို့နှင့် အတူတကွ ဒုဋ္ဌဒေါသ သံဃာဒိသေသ် သိက္ခာပုဒ်တို့တွင် ဒုဿီလသဒ္ဒါကို ပြဆိုသော အဋ္ဌကထာများနှင့် ဆန့်ကျင်သည် တစ်ကြောင်း, သို့အကြောင်းများကြောင့် ထိုဝိမတိဋီကာရှင် ဖွင့်ချက်ကို ဆရာမြတ်တို့ အယူ မရှိကြကုန်။
ထို့ကြောင့် ဒုဿီလပုဂ္ဂိုလ် ဆိုသည်ကား ရဟန်းသီလ ရဟန်း သိက္ခာဟူ၍ အဏုမြူမျှ မရှိသော ပါရာဇိက ကျရောက်ပြီးသော ရဟန်းကိုသာယူအပ်၏၊ ထိုပါရာဇိက ကျရောက်ပြီးသော ရဟန်းသည်လည်း ငါရဟန်း မဟုတ်ဟု မပြောမူ၍ အကြင် မျှလောက် ကာလပတ်လုံး ရဟန်းကောင်း ပြုလုပ်၍ တစ်ပါးသော ရဟန်းကောင်း တို့နှင့် ပေါင်းဖော်ခြင်း၊ လူတို့အလှူအဒါန်းကို ရဟန်းကောင်း အနေနှင့် ခံယူခြင်း များကို ပြုလုပ်၍ နေ၏၊ ထိုမျှ လောက်သော ကာလပတ်လုံး ဒုဿီလရဟန်း ဟုဆိုရ၏၊ မိမိ ကိုယ်ကို ငါရဟန်းမဟုတ်ဟု ဖွင့်၍ပြောကြားသော အခါမှစ၍ ဒုဿီလ လည်း မဟုတ်ပေပြီ ရဟန်းလည်း မဟုတ်ပြီ။
ဤစကား၌ စောဒနာရန် ရှိ၏ ...
ငါရဟန်း မဟုတ်ဟု ဖွင့်၍ ပြောကြားသောအခါမှ စ၍ ဒုဿီလလည်း မဟုတ်ပေပြီ။ ရဟန်းလည်း မဟုတ်ပြီဟု ဆို၏။ ဖွင့်၍မပြောကြားမီ ရှေးအဖို့၌ကား ထိုပါရာဇိကကျ ဒုဿီလပုဂ္ဂိုလ်သည် ရဟန်း ဟုတ်သေးသလောဟု စောဒနာရန် ရှိ၏၊ အဖြေကား ဘိက္ခုဘောကို မစွန့်သောကြောင့် ရဟန်း အရာ၌ တည်လျက်ပင် ရှိပေသေးသည် ဟုမှတ်။
ယုတ္တိကား ...
ဒုဋ္ဌဒေါသ သံဃာဒိသေသ် အာပတ်ကြီး အရာ၌ ပြဆိုခဲ့ပြီး သောနည်းဖြင့် ပါရာဇိက ကျရောက် ပြီးသော ငါရဟန်း ဟူသော ပဋိညာဉ် ရှိသေးသော ထိုရဟန်းကို ဒိဋ္ဌသုတ ပရိသင်္ကိတ မရှိပဲ ပါရာဇိကမှု ပါရာဇိက စကားလုံးနှင့် စွပ်စွဲမိသောရဟန်းမှာ ရဟန်းကောင်းကို စွပ်စွဲသည်နှင့်အတူ သံဃာဒိသေသ် အာပတ်ကြီးပင် သင့်သည်။ လူ သာမဏေကို စွပ်စွဲမိလျှင် ဒုက္ကဋ် အာပတ်မျှသာ သင့်သည်။ ။ ဤလည်း ယုတ္တိ တစ်ချက်။
လူ သာမဏေကို ဆဲရေးမိလျှင် ဒုက္ကဋ်အာပတ်သာ သင့်သည်၊ ထိုရဟန်းကို ဆဲရေး မိလျှင် ရဟန်းကောင်းကို ဆဲရေးမိသည်နှင့်အတူ ပါစိတ် အာပတ်သင့်သည်။ ။ ဤလည်း ယုတ္တိ တစ်ချက်။
တစ်မိုးတစ်ရံ တည်းသောကျောင်း၌ နှစ်ညဉ့် သုံးညဉ့် ထက် အလွန် လူ သာမဏေနှင့် အတူတကွ အိပ်လျှင် ပါစိတ်အာပတ်သာ သင့်သည်၊ ရဟန်းချင်းချင်း တစ်သက်လုံးပင် အိပ်သော်လည်း အာပတ်ပင် မသင့်၊ ထိုရဟန်းနှင့် တစ်သက်လုံးပင် အိပ်သော်လည်း အာပတ်ပင် မသင့်။ ။ ဤလည်း ယုတ္တိ တစ်ချက်။
လူ သာမဏေ ဆန္ဒပါရိသုဒ္ဓိ ဆောင်လျှင် မရောက်၊ ထို ပါရာဇိက ကျသော ရဟန်းဆောင်လျှင် ရောက်လာ၏။ ။ဤလည်း ယုတ္တိ တစ်ချက်။
[ဤသို့ အစရှိသည်ဖြင့် ရဟန်းအရာ၌ တည်သေးသော အချက်များစွာ ရှိချေသည်။]
ပါရာဇိက ကျပြီးဖြစ်လျက် ဘိက္ခုပဋိညာဉ် ရှိနေသည့်အတွက် ရဟန်းအရာ၌ တည်လျက် ရှိနေ သည်ကား အဘယ်၏ အစွမ်းပေနည်း ဟူမူကား -
၁။ မြတ်စွာဘုရား အမိန့်တော် အာဏာတော်မြတ်နှင့် ပြုအပ်သော သင်္ကန်းတောင်းမှု သင်္ကန်းပေးမှု အစွမ်း,
၂။ မြတ်စွာဘုရား အမိန့်တော် အာဏာတော်မြတ်နှင့် ပြုအပ်သော ဉတ်ကမ္မဝါစာ မှုအစွမ်း,
ဤနှစ်ပါး၏ အစွမ်းပေတည်း။
မှန်၏၊ သာမဏေ ပြုစဉ်အခါ၌ မြတ်စွာဘုရား အမိန့်တော် အာဏာတော်မြတ်နှင့် ညီညွတ်စွာ သင်္ကန်းတောင်းမိ ပေးမိ ဝတ်မိလျှင်ပင် လူအဖြစ်ကိုလွန်ပြီ၊ သာမဏေ အရာ၌ တည်ပြီ၊ သရဏဂုံ မယူရသေး၍ သာမဏေ စင်စစ်ကား မဖြစ်သေး၊ သရဏဂုံပေးသူ ရဟန်းမရှိ၍ ထိုအနေနှင့် တစ်သက်လုံး ကောင်းစွာနေ၍သွားလျှင် လူထက်အရာ အထောင်မက သာလွန်မြင့်မြတ်သော ပဗ္ဗဇိတဂုဏ်၌ တည်သောသူပင် ဖြစ်ပေလတ္တံ့၊
ရဟန်းမှာလည်း ကမ္မဝါလေးကြိမ်တွင် ပထမကမ္မဝါ အကြိမ်ပြီးမြောက်လျှင်ပင် သာမဏေအဖြစ်ကို လွန်ပြီ၊ ရဟန်းအရာ၌ တည်ပြီ၊ ဒုတိယအကြိမ် တတိယအကြိမ် ပြီးမြောက်ရာ၌ ဆိုဖွယ်မရှိ၊ စတုတ္ထအကြိမ်မပြီးသေး၍ ရဟန်းစင်စစ်ကား မဖြစ်သေး၊
စတုတ္ထအကြိမ်ကို ဖတ်ရွတ်ခွင့် မရ၍ ထိုအနေနှင့် တစ်သက်ပတ်လုံး ကောင်းမွန်စွာ နေ၍သွားလျှင်ပင် လူသာမဏေတို့ထက် အရာအထောင်မက သာလွန်မြင့်မြတ်သော ပဗ္ဗဇိတ ဂုဏ်၌ တည်သောသူပင် ဖြစ်ပေလတ္တံ့၊ သရဏဂုံ စတုတ္ထကမ္မဝါ ပြီးဆုံးသော အခါ၌ သာမဏေ စင်စစ် ရဟန်း စင်စစ် ဖြစ်လေ၏။
သာမဏေမှာ လိင်ထိုက်သောအမှုကို ပြုမိသောအခါ သရဏဂုံ ပျက်၏၊ သာမဏေ စင်စစ် ပျက်၏၊ သင်္ကန်းဝတ်မှု ရှိသေးသောကြောင့် လူကား မဖြစ်သေး၊ သာမဏေ အရာ၌ပင် တည်သေး၏၊ သင်္ကန်းကို စွန့်ပစ်မှ လူဖြစ်လေ၏၊
ရဟန်းမှာလည်း ပါရာဇိကမှုကို ပြုမိသောအခါ ရဟန်းကောင်းစင်စစ် ပျက်လေ၏၊ လူသာမဏေ အဖြစ်သို့ကား မရောက်သေး၊ ရဟန်းအရာ၌ပင် တည်သေး၏၊ ဘိက္ခုပဋိညာဉ်ကို စွန့်သော အခါမှ ရဟန်းအရာ ပျောက်ငြိမ်းလေ၏။
[ရဟန်းကောင်းမှာ သိက္ခာချသောအခါ ရဟန်းအရာ ပျောက် ငြိမ်းသကဲ့သို့တည်း။]
ဤသို့လျှင် မြတ်စွာဘုရားအမိန့်တော် အာဏာတော်မြတ်၏ အစွမ်းကြောင့် ထိုပါရာဇိက ကျရောက်ပြီးသော ရဟန်းသည် ဘိက္ခုပဋိညာဉ်ကို မစွန့်သမျှကာလ ပတ်လုံး ရှေး၌ပြဆိုခဲ့ပြီးသော ယုတ္တိစုံအတိုင်း ရဟန်းအရာ၌ တည်သေးသည်ကို သိအပ်၏၊ ထိုအခါ၌သာ ဒုဿီလ အဖြစ်လည်း တည်၏၊ ဘိက္ခုပဋိညာဉ်ကို စွန့်ပေမူကား ရဟန်းလည်း မဟုတ်ပြီ၊ ဒုဿီလလည်းမဟုတ်ပြီ၊ ဘိက္ခုပဋိညာဉ်ကိုပင် စွန့်သော်လည်း သင်္ကန်းကိုမစွန့်သေးလျှင် လူဖြစ်သည် မဆိုရသေး။
ဤအရာ၌ ထိုဒုဿီလရဟန်းကို အမူလက ပါရာဇိကမှုဖြင့် စွပ်စွဲဆဲရေး မိသည်ရှိသော် ရဟန်းကောင်းကို စွပ်စွဲ ဆဲရေးမိသည်နှင့် အတူတူပင်၊ ရဟန်းတို့မှာ ကြီးစွာသော အာပတ်အဖြစ် သင့်ရောက်သည်ကို ထောက်၍ လူသီလဝန္တကို စွပ်စွဲ ဆဲရေးမိသည် ထက် ရဟန်းဒုဿီလကို စွပ်စွဲဆဲရေးမှုသည် အဆများစွာ သာလွန်၍ အပြစ် ကြီးကျယ်ရန် အခွင့်ကို သိသင့်လှလေသတည်း၊
အကြောင်းမူကား ဘိက္ခုပဋိညာဉ်ကို မစွန့်သေးသမျှ ကာလပတ်လုံး ဉတ်ကမ္မဝါမှု ဟူသော ဘုရားစက်ရိပ်၊ တရားစက်ရိပ်၊ သံဃာစက်ရိပ်တို့မှ မလွတ်သေး၊ ထိုစက်ရိပ်တို့ တည်ရှိသေးလေ သောကြောင့်တည်း။
ထိုစက်ရိပ်တို့သည်ကား ထိုဒုဿီလရဟန်းကို ကယ်ဆယ်ဘို့ မဟုတ်ကုန်ပြီ၊ ထိုဒုဿီလ ရဟန်း ကိုလည်း အပြစ်လေးသည်ထက် လေးစေဘို့, ထိုဒုဿီလအား ပြစ်မှားသော သူတို့ကိုလည်း အပြစ်ကြီးစေဘို့, ထိုစက်ရိပ်တော်တို့၏ ဂုဏ်ကျေးဇူးကို သိမြင် ကြည်ညို၍ ရိုသေသမှု ပြုနိုင်သော သူတို့အား အကျိုးများစေဘို့သာ ဖြစ်ကုန်၏။
[ဤတွင်ရွေ့ကား ဒုဿီလ၏ အင်္ဂါလက္ခဏာကို ပြဆိုချက်ပြီး၏။]
ပထမပုစ္ဆာ အဖြေပြီး၏။
ဒုတိယ တတိယ ပုစ္ဆာအဖြေ
▬▬▬▬▬▬▬▬▬▬
(၂) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်သောကြောင့် မဆည်းကပ် မကိုးကွယ်သောသူတို့မှာ “အသေဝနာ စ ဗာလာနံ” မင်္ဂလာ ဖြစ်, မဖြစ်များကို အကျိုးအပြစ် ဝတ္ထု သက်သေနှင့်တကွ သိလိုပါသည်။
(၃) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်း သိလျက်နှင့် ဆည်းကပ် ကိုးကွယ်သော သူတို့မှာ “ပဏ္ဍိတာနဉ္စ သေဝနာ” မင်္ဂလာ ဖြစ်, မဖြစ် “သဗ္ဘိရေဝ သမာသေထ” စသော ဒေသနာတော်နှင့် ညီ မညီများကို အကျိုးအပြစ် ဝတ္ထုသက်သေ နှင့်တကွ သိလို ပါသည်။
ဟူသော ပုစ္ဆာနှစ်ရပ်ကို ပေါင်း၍ ဖြေဆိုအံ့။
ဤပုစ္ဆာတို့၌ အလဇ္ဇီ ဒုဿီလကို ဇာတ်တည်၏၊ မင်္ဂလသုတ်၌ ဗာလ ပဏ္ဍိတကို ဟော၏၊ “သဗ္ဘိရေဝ သမာသေထ” ၌ သပ္ပုရိသ အသပ္ပုရိသကို ဟော၏၊ ထို့ကြောင့်
၁။ သုသီလ... ဒုဿီလ... တစ်စုံ၊
၂။ ဗာလ... ပဏ္ဍိတ... တစ်စုံ၊
၃။ သပ္ပုရိသ... အသပ္ပုရိသ... တစ်စုံ၊
ဤသုံးစုံတို့၏ လက္ခဏာ အထူးကို ရှေးဦးစွာ ခွဲခြမ်း၍ သိအပ်၏။
စတ္တာလီသ နိပါတ် သရဘင်္ဂဇာတ် ပါဠိတော်မြတ်၌ ဤသုံးပါးတို့၏ လက္ခဏာ အထူးကို ဟောတော်မူသည်။
ကထံ ဝိဓံ သီလဝန္တံ ဝဒန္တိ၊
ကထံ ဝိဓံ ပညဝန္တံ ဝဒန္တိ။
ကထံ ဝိဓံ သပ္ပုရိသံ ဝဒန္တိ၊
ကထံ ဝိဓံ နော သိရီ ဇဟာတိ။
[သိကြားမင်း၏ အမေးပုစ္ဆာ လေးချက်။]
၁။ ကထံဝိဓံ - အဘယ်သို့ သဘောရှိသော သူကို၊
သီလဝန္တံ - သီလရှိသောသူ ဟူ၍၊
ဝဒန္တိ - ပညာရှိတို့ ဆိုကြပါကုန်သနည်း။
၂။ ကထံဝိဓံ - အဘယ်သို့သဘောရှိသော သူကို၊
ပညဝန္တံ - ပညာရှိသောသူ ဟူ၍၊
ဝဒန္တိ - ပညာရှိတို့ ဆိုကြပါကုန်သနည်း။
၃။ ကထံဝိဓံ - အဘယ်သို့သဘောရှိသောသူကို၊
သပ္ပုရိသံ - သူတော်ကောင်းဟူ၍၊
ဝဒန္တိ - ပညာရှိတို့ ဆိုကြပါကုန်သနည်း။
၄။ ကထံဝိဓံ - အဘယ်သို့ သဘောရှိသော သူကို၊
သိရီ - ရရှိပြီးသော ဘုန်းကျက်သရေသည်၊
နော ဇဟာတိ - မစွန့်ခွါပဲ အမြဲတည်နေပါသနည်း။
၁။ ကာယေန ဝါစာယ ယောဓသညတော၊
မနသာ စ ကိဉ္စိ န ကရောတိ ပါပံ။
န အတ္တ ဟေတု အလီကံ ဘဏာတိ၊
တထာဝိဓံ သီလဝန္တံ ဝဒန္တိ။
၂။ ဂမ္ဘီရပဉှံ မနသာ ဘိစိန္တယံ၊
နစ္စာယိကံ ကမ္မံ ကရောတိ လုဒ္ဒံ။
ကာလာဂတံ အတ္ထပဒံ န ရိဉ္စတိ၊
တထာဝိဓံ ပညဝန္တံ ဝဒန္တိ။
၃။ ယော ဝေ ကတညူ ကတဝေဒီ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိစ ဟောတိ။
ဒုခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။
၄။ ဧတေဟိ သဗ္ဗေဟိ ဂုဏေဟုပေတော၊
သဒ္ဓေါ မုဒုံ သံဝိဘဇီ ဝဒညူ။
သင်္ဂါဟကံ သခိလံ သဏှဝါစံ၊
တထာဝိဓံ နော သိရီ ဇဟာတိ။
[ပုစ္ဆာလေးချက်ကို အစဉ်အတိုင်း အလောင်းတော်သူမြတ် ဖြေတော်မူသော ဝိဿဇ္ဇနာ ဂါထာ လေးရပ်။]
၁။ ဣဓ - ဤလောက၌၊
ယော - အကြင်သူသည်၊
သညတော - စောင့်စည်းခြင်း အလေ့ရှိသည်ဖြစ်၍၊
ကာယေနစ - ကိုယ်ဖြင့်၎င်း၊
ဝါစာယစ - နှုတ်ဖြင့်လည်းကောင်း၊
မနသာစ - စိတ်ဖြင့်လည်းကောင်း၊
ကိဉ္စိ - တစ်စုံတစ်ခုသော၊
ပါပံ - မကောင်းမှုကို၊
န ကရောတိ - မပြု၊
အတ္တဟေတု - ကိုယ်ခန္ဓာ အသက်ဟူသော အကြောင်းကြောင့် သော်လည်း၊
အလီကံ - မဟုတ်မမှန် ဖောက် ပြန် ချွတ်ယွင်းသော စကားကို၊
န ဘဏာတိ - မဆို၊
တထာဝိဓံ - ထိုသို့ သဘောရှိသောသူကို၊
သီလဝန္တံ - သီလရှိသော သူဟူ၍၊
ဝဒန္တိ - ပညာရှိတို့ ဆိုကြကုန်၏။
၂။ ယော - အကြင်သူသည်၊
ဂမ္ဘီရပဉှံ - နက်နဲသောတရား ဓမ္မပုစ္ဆာပြဿနာကို၊
မနသာ - ပညာပြဓာန်း စိတ်သဘော အစွမ်းဖြင့်၊
အဘိစိန္တယံ - အထူးကြံဖန်၍ အမှန်အဟုတ်ကို ဖေါ်ထုတ်ဖြေဆိုနိုင်၏၊
အစ္စာယိကံ - အတ္တဟိတ ပရဟိတကို ကျူးလွန်၍ အဆောတလျင် ဖြစ်သော၊
လုဒ္ဒံ - ကြမ်းကြုတ်သော၊
ကမ္မံ - အကျိုးစီးပွား ပျက်ပြား ဆုတ်ယုတ်မှုကို၊
န ကရောတိ - မပြု၊
ကာလာဂတံ - အခွင့်ကာလ ဆိုက်ရောက်သော၊
အတ္ထပဒံ - အကျိုးစီးပွား များရန် အဖို့ကို၊
န ရိဉ္စတိ - ဆိတ်ကင်း ကျွံလွန်လျက် မပျက်မစီးစေတတ်၊
တထာဝိဓံ - ထိုသို့သဘောရှိသော သူကို၊
ပညဝန္တံ - ပညာရှိ ဟူ၍၊
ဝဒန္တိ - ပညာရှိတို့ ဆိုကြကုန်၏။
၃။ ယော - အကြင်သူသည်၊
ဝေ - စင်စစ်၊
ကတညူစ - မိမိအား ပြုဘူးသော သူ့ကျေးဇူးကို သိတတ်သော အလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
ကတဝေဒီစ - သိတိုင်းလည်း သူ့ကျေးဇူးကို ထင်ရှားအောင် ပြုလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
ဓီရောစ - တည်ကြည်သော စိတ်သဘော ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
ကလျာဏမိတ္တောစ - မိတ်ကောင်းဆွေကောင်း ခင်ပွန်းကောင်း အင်္ဂါနှင့် ပြည့်စုံသည် လည်း၊
ဟောတိ - ဖြစ်၏၊
ဒဠှဘတ္တိစ - ဆည်းကပ်ထိုက်သော ပုဂ္ဂိုလ်ကို ရိုသေလေးမြတ် ဆည်းကပ် ခယမ်းခြင်း ၌ မပျင်းမရိ သတိစိတ်စွဲ မြဲမြံစွာ ဆည်းကပ်ခြင်း အလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
ဒုခိတဿ - ဆင်းရဲ နွမ်းပါး၍နေသော မိတ်ကောင်း ဆွေကောင်း ခင်ပွန်းကောင်း၏၊
ကိစ္စံ - ဆောင်ရွက်ထိုက် သမျှသော အမှုကိစ္စ အမျိုးမျိုးကို၊
သက္ကစ္စံ - ကိုယ့်အမှု မျှမက ပိုမိုအရိုအသေပြု၍၊
ကရောတိ - ပြုစုရွက်ဆောင်လေ့ရှိ၏၊
တထာဝိဓံ - ထိုသို့ သဘောရှိသော သူကို၊
သပ္ပုရိသံ - သူတော်ကောင်း ဟူ၍၊
ဝဒန္တိ - ပညာရှိတို့ ဆိုကြကုန်၏။
၄။ ယော - အကြင်သူသည်၊
သဗ္ဗေဟိ - အလုံးစုံကုန်သော၊
ဧတေဟိဂုဏေဟိ - ဤသီလဝန္တဂုဏ် ပညဝန္တဂုဏ် သပ္ပုရိသဂုဏ်တို့နှင့်၊
ဥပေတော - ပြည့်စုံ၏၊
သဒ္ဓေါ - သဒ္ဓါတရား ရှိ၏၊
မုဒုံ - စိတ်နှလုံး နူးညံ့၏၊
သံဝိဘဇီ - မိမိလက်ရှိ ပစ္စည်းဥစ္စာတွေကို ဝေဝေ မျှမျှ ပြုလေ့ရှိ၏၊
ဝဒညူ - အလှူခံပုဂ္ဂိုလ်တို့နှင့် စပ်သော စကားအနက် အချက်အလိုကို သိလေ့ ရှိသည် လည်း၊
ဟောတိ - ဖြစ်၏၊
သင်္ဂါဟကံ - သင်္ဂဟတရား လေးပါးတို့ဖြင့် သူတစ်ပါးကို သင်္ဂြိုဟ် ချီးမြှင့်လေ့ ရှိထသော၊
သခိလံ - မငြိမတွယ် ကြေလယ်ပြေပြစ် သော စကားရှိထသော၊
သဏှဝါစံ - နူးညံ့သော စကား ရှိထသော၊
တထာဝိဓံ - ထိုသို့သဘော ရှိသောသူကို၊
သိရီ - ရရှိပြီးသော ကျက်သရေသည်၊
နော ဇဟာတိ - မစွန့်။
လိုရင်း အဓိပ္ပါယ်ကား -
ဒုစ္စရိုက်မှု အာပတ်သင့်သော အမှုတို့ကို မပြုခြင်းသည် သီလဝန္တလက္ခဏာ မည်၏။
၁။ နက်နဲသော တရားဓမ္မ အမေးပုစ္ဆာ ပြဿနာတို့ကို နေရာတကျ ဖြေဆိုနိုင်ခြင်း,
၂။ မိမိအကျိုးမဲ့ သူတစ်ပါးအကျိုးမဲ့ ဖြစ်အံ့သော ကြမ်းကြုတ်သော ကာယကံ ဝစီကံမှုကို မပြုခြင်း,
၃။ အခါကာလကို သိ၍ ဆိုက်တိုက်သော အခါကာလ၌ ဖြစ်ထိုက်သော အတ္တဟိတ ပရဟိတတို့ကို ဖြစ်ပွားအောင် ပြုနိုင်ခြင်း,
ဤအင်္ဂါသုံးပါးသည် ပဏ္ဍိတအင်္ဂါ မည်၏။
၁။ ကတညူကတဝေဒီဂုဏ်နှင့် ပြည့်စုံခြင်း,
၂။ ကလျာဏမိတ္တဂုဏ်နှင့် ပြည့်စုံခြင်း,
၃။ ပဏ္ဍိတသေဝနဂုဏ်နှင့် ပြည့်စုံခြင်း,
၄။ မိတ်ကောင်း ခင်ပွန်းကောင်း ဖြစ်သောသူ ဆင်းရဲပင်ပန်း နွမ်းပါး၍နေသောအခါ ထိုသူ၏ကိစ္စကို ရှေးကထက် တိုး၍ သည်ပိုးရွက်ဆောင်ခြင်း,
ဤအင်္ဂါလေးပါးသည် သပ္ပုရိသ အင်္ဂါမည်၏။
သိရီအင်္ဂါ၌ကား ထိုအင်္ဂါစုနှင့်တကွ သဒ္ဓါတရား ကောင်းခြင်း, စိတ်နှလုံးနူးညံ့ခြင်း စသည်လာ၏။
[ဂါထာအနက်တိုင်း သိလေ။]
သီလံ သိရီစာပိ သတဉ္စ ဓမ္မော၊
ပညာ စ ကံ သေဋ္ဌတရံ ဝဒန္တိ။
[သိကြားမင်း၏ အမေးပုစ္ဆာ]
သီလဉ္စ - သီလတရား လည်းကောင်း၊
သိရီစာပိ - သိရီတရား လည်းကောင်း၊
သတဉ္စဓမ္မော - သပ္ပုရိသအင်္ဂါ တရားလည်းကောင်း၊
ပညာစ - ပညာတရား လည်းကောင်း၊
ဧတေသု - ဤ လေးပါးသော တရားတို့တွင်၊
ကံ - အဘယ်တရားကို၊
သေဋ္ဌတရံ - အထွတ်အမြတ် ချီးမွမ်းအပ်သည်ဟူ၍၊
ဝဒန္တိ - ပညာရှိတို့ ဆိုကြကုန်သနည်း။
ပညာ ဟိ သေဋ္ဌာ ကုသလာ ဝဒန္တိ၊
နက္ခတ္တရာဇာရိဝ တာရကာနံ။
သီလံ သိရီစာပိ သတဉ္စ ဓမ္မော၊
အနွာယိကာ ပညဝတော ဘဝန္တိ။
[အလောင်းတော်အဖြေ]
ကုသလာ - ဘုရားအစရှိကုန်သော ပညာရှိတို့သည်၊
တာရကာနံ - ကြယ်အပေါင်းတို့ထက်၊
နက္ခတ္တရာဇာ - နက္ခတ်တို့၏ မင်းဖြစ်သော လဗိမာန်သည်၊
သေဋ္ဌောဣဝ - အလွန်ချီးမွှမ်းအပ် မြင့်မြတ်သကဲ့သို့၊
ပညာ - ပညာသည်၊
သေဋ္ဌာ - အလွန်ချီးမွှမ်းအပ် အမြတ်ဆုံးဟူ၍၊
ဝဒန္တိ - ဟောကြကုန်၏၊
သီလံစ - သီလသည်လည်းကောင်း၊
သိရီစာပိ - သိရီသည် လည်းကောင်း၊
သတဉ္စဓမ္မော - သပ္ပုရိသ အင်္ဂါတရားစုသည် လည်းကောင်း၊
ပညဝတော - ပညာရှိသောပုဂ္ဂိုလ်၏နောက်သို့၊
အနွာယိကာ - အစဉ်လိုက်ကြ ကုန်သည်၊
ဘဝန္တိ - ဖြစ်ကြကုန်၏။
[ဤမှနောက်၌ ပညာကို ရကြောင်းတရား ပညာ၏ အကျိုးများကို အစဉ်အတိုင်း အမေးအဖြေ လာ၏။ ဤစာအုပ်၌ လိုရင်းမဟုတ်၍ မထုတ်လိုက်ပြီ။]
ထိုလေးပါးတို့တွင်လည်း လျှောက်လွှာပါ ပုစ္ဆာနှစ်ရပ်မှာ ရှေ့သုံးပါးသာ လိုရင်းဖြစ်၏၊ ထို ရှေ့သုံးပါး၌ သီလဝန္တ လက္ခဏာနှင့် မပြည့်စုံသောသူသည် ထိုက်သည့်အားလျော်စွာ အလဇ္ဇီ, ဒုဿီလ လက္ခဏာသို့ ရောက်၏၊ ပညဝန္တ ပဏ္ဍိတ လက္ခဏာနှင့် မပြည့်စုံ သောသူသည် ဗာလဒုပ္ပညလက္ခဏာသို့ ရောက်၏၊ သပ္ပုရိသလက္ခဏာနှင့် မပြည့်စုံ သော သူသည် အသပ္ပုရိသ လက္ခဏာသို့ရောက်၏။
၁။ သုသီလ-- ဒုဿီလ တစ်စုံ
၂။ ပဏ္ဍိတ-- ဗာလ တစ်စုံ
၃။ သပ္ပုရိသ-- အသပ္ပုရိသ တစ်စုံ,
ဤသုံးစုံတို့၏ အင်္ဂါ လက္ခဏာ သုံးပါး ကွဲပြား၏။
ထိုသုံးစုံတို့တွင် သီလဝန္တကိုမှီဝဲ ဆည်းကပ်သော သူသည် သီလဝန္တ ဖြစ်တတ်၏၊ အလဇ္ဇီ ဒုဿီလကို မှီဝဲဆည်းကပ်သော သူသည် အလဇ္ဇီ ဒုဿီလ ဖြစ်တတ်၏၊ ပဏ္ဍိတကို မှီဝဲ ဆည်းကပ်သော သူသည် ပဏ္ဍိတ ဖြစ်တတ်၏၊ ဗာလကို မှီဝဲဆည်းကပ် သော သူသည် ဗာလ ဖြစ်တတ်၏၊ သပ္ပုရိသကို မှီဝဲ ဆည်းကပ်သော သူသည် သပ္ပုရိသ ဖြစ်တတ်၏၊ အသပ္ပုရိသကို မှီဝဲ ဆည်းကပ်သောသူသည် အသပ္ပုရိသ ဖြစ်တတ်၏၊ သီလဝန္တအင်္ဂါ ပဏ္ဍိတအင်္ဂါ သပ္ပုရိသအင်္ဂါ သုံးမျိုးလုံးနှင့် ပြည့်စုံ လုံလောက်သော ပုဂ္ဂိုလ်ကို မှီဝဲ ဆည်းကပ်ရခြင်းသည် အမြတ်ဆုံး ဖြစ်၏။
ထိုသို့ မဟုတ်မူ၍ သီလဝန္တ ဗာလ အသပ္ပုရိသပုဂ္ဂိုလ်ကို မှီဝဲခဲ့ငြားအံ့၊ မှီဝဲသောသူသည် လည်း သီလဝန္တ ဗာလ အသပ္ပုရိသပင် ဖြစ်တတ်၏၊ သီလဝန္တအတွက်ကား ကောင်းမြတ်၏၊ ဗာလအတွက် သပ္ပုရိသ အတွက် မကောင်း၊
သီလဝန္တ, ဗာလ, အသပ္ပုရိသ ပုဂ္ဂိုလ်ဆိုသည်ကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာပတ်အပြစ်မှ စင်ကြယ်ရန် သိက္ခာပုဒ်တော်များကို လုံခြုံအောင် စောင့်ထိန်း၏၊ ပုထုဇ္ဇန် ဂတိ ဖြစ်၍ “သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ” ဟူသော ပထမ အင်္ဂါသို့ ရံခါရောက်ငြား သော်လည်း ထိုအာပတ်ကို ခဏခြင်း စင်ကြယ်အောင် ပြု၏၊ ဤသို့ ပြုသည့်အတွက် သီလဝန္တ အင်္ဂါနှင့် ပြည့်စုံ၏၊ အလွန် တတ်သိလိမ္မာခြင်းငှာ ကြုံကြိုက် ခဲလှစွာသော သုတ္တန်ဓမ္မ အဘိဓမ္မာဓမ္မ တို့၌မူကား တတ်သိ လိမ္မာခြင်းမရှိ၊ ဤသို့ မရှိသည့် အတွက် ဗာလဖြစ်၏၊ တစ်ဖန် ကတညူကတဝေဒီ လက္ခဏာ ပျက်၏၊ သူ့ကျေးဇူးကို မမြင်တတ်ရှိ၏၊ မြင်သမျှကိုလည်း အလေးမပြုတတ်၊ ကလျာဏမိတ္တအင်္ဂါ ပျက်၏၊ စပ်ကြားက ကုန်းတိုက်သူရှိလျှင် ခဏခြင်း စိတ်ပြောင်း၏၊ ဒဠှဘတ္တိအင်္ဂါ ပျက်၏၊ မိမိထက်ပညာရှိသူကို ရှာကြံဆည်းကပ် လိုသော စိတ်သဘော မရှိ၊ ရှေး၌ ကလျာဏမိတ္တ ဖြစ်ပြီးသောသူ နွမ်းပါးသောအခါ မတွေ့ချင် မမြင်ချင် အသိလို့မှ မပြောချင်၊ ဤသို့ ဖြစ်သည့်အတွက် အသပ္ပုရိသဖြစ်၏၊ သူတော်ကောင်း မဟုတ်။
[ဤကား သီလဝန္တ ဗာလ အသပ္ပုရိသ ပုဂ္ဂိုလ်၏ လက္ခဏာကို ပြဆိုချက်တည်း။]
ပဏ္ဍိတ အလဇ္ဇီ အသပ္ပုရိသ ပုဂ္ဂိုလ်ကို မှီဝဲဆည်း ကပ်သောသူသည် ပဏ္ဍိတ အလဇ္ဇီ အသပ္ပုရိသ ဖြစ်တတ်၏၊ ပဏ္ဍိတဖြစ်သည့်အတွက် ကောင်းမြတ်၏၊ အလဇ္ဇီ အသပ္ပုရိသ ဖြစ်သည့်အတွက် မကောင်း၊
ဤ၌ ဝိနည်း သုတ္တန် အဘိဓမ္မာတို့၌ ကောင်းစွာတတ်သိ ကျွမ်းကျင်သည့်အတွက် ပဏ္ဍိတဖြစ်၏၊ အလဇ္ဇီမှုကို အလေးမပြု အမှုမထား ကျူးလွန်ခြင်း များလှသည့် အတွက် အလဇ္ဇီဖြစ်၏၊ သူ့ကျေးဇူးကို ကျေးဇူး မမှတ်ပြုခြင်း စသည်ရှိသည့်အတွက် အသပ္ပုရိသ ဖြစ်၏၊ သူတော်ကောင်း မဟုတ်။
[ဤကား ပဏ္ဍိတ အလဇ္ဇီ အသပ္ပုရိသ ပုဂ္ဂိုလ်၏ လက္ခဏာကို ပြဆိုချက်တည်း။]
ဤနည်း နှစ်ပါးကို မှီ၍ အင်္ဂါလက္ခဏာ အကောင်းအဆိုး ရောနှော၍ ပုဂ္ဂိုလ်အများ ဖြစ်အောင် ဝေဖန် စိတ်ဖြာ၍ သိလေ၊ ဤသို့ အကောင်းအဆိုး ရောယှက်၍နေသော ပုဂ္ဂိုလ်လည်း အများပင် ရှိသည်၊ ထိုကြောင့် လဇ္ဇီ ပဏ္ဍိတ သပ္ပုရိသ အင်္ဂါ သုံးမျိုးနှင့် ပြည့်စုံလုံလောက်သောပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ရခြင်းသည် အကောင်းဆုံး အမြတ်ဆုံး ဖြစ်၏၊ ထိုသို့သော ပုဂ္ဂိုလ်ကို နိစ္စထာဝရ မှီဝဲ ဆည်းကပ်ခွင့် မရနိုင်ရှိခဲ့ မူကား မှီဝဲဆည်းကပ်သောသူက အလိမ္မာ ရှိစေရမည်။
ဥပမာကား -
ကောင်းမွန်စွာ အိမ်ဆောက်လုပ်ရန် တိုင်ရှည် တိုင်တို ထုပ်လျောက် အခြင်များကိုလို၍ သစ်တော သို့ ဝင်သော ယောက်ျားသည် သစ်တစ်ပင်ထဲမှာပင် လိုသမျှခပ်သိမ်းကို ပြည့်စုံလုံလောက်စွာ ရပါမူကား အလွန် ကောင်းမြတ်လှပါ၏၊ ထိုကဲ့သို့စုံလင်သော သစ်ပင်ကောင်းကြီးကို မတွေ့ခဲ့ သော်လည်း အိမ်မဆောက်ရ မရှိစေအပ်၊ အိမ်မရှိလျှင် ဒုက္ခများစွာ ဖြစ်လတ္တံ့၊
သစ်ပင်အများကို ကြည့်ရှု၍ တိုင်ရှည်ဘို့ကောင်းသော သစ်ပင်မှ တိုင်ရှည်ကို ရအောင်ယူ၊ တိုင်တိုဘို့ ကောင်းသောသစ်ပင်မှ တိုင်တိုကို ရအောင်ယူ၊ ဤသို့စသည်ဖြင့် တွေ့ရှိသမျှသော သစ်ပင်မှ မိမိအသုံးပြုဘို့ ကောင်းရာကိုကွက်၍ယူ၊ မကောင်းရာကိုထားခဲ့၊ ဤသို့ပြုလျှင် သစ်တစ်ပင်ကောင်းတွေ့သော သူကဲ့သို့ပင် အိမ်ကောင်း ထမြောက်၍ မိမိတစ်သက် သားစဉ် မြေးဆက် မှီခိုရာဖြစ်လတ္တံ့။
ဤဥပမာ အတူ သီလဝန္တ ဗာလ အသပ္ပုရိသ ပုဂ္ဂိုလ်ရှိ နေခဲ့လျှင် သီလဂုဏ် သက်သက်ကို ကွက်ခြား ကြည်ညို ရိုသေလေးမြတ်၍ ဆည်းကပ်မှီခိုရမည်၊ ထိုပုဂ္ဂိုလ် ပြသော ဗာလမှု အသပ္ပုရိသမှုတို့ကိုကား လျစ်လျူရှု၍ ထားရမည်၊ ရော၍ မပါစေနှင့်၊ ချုပ်ချယ်ခြင်းကိုလည်း မပြုနှင့်၊ ရော၍ပါခဲ့လျှင် မိမိလည်း ဗာလ အသပ္ပုရိသ အဖြစ်နှင့် နစ်လိမ့်မည်၊ ချုပ်ချယ်ခဲ့လျှင် သီလအတွက် မိမိမှာ ဖြစ်ရာသော အကျိုး စီးပွား ပျက်လိမ့်မည်၊
အသိအလိမ္မာပွားများရန် ပဏ္ဍိတပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်မှု, စိတ်နှလုံး ဖြူစင် ဖြောင့်စင်း နူးညံ့ပျော့ပျောင်းရန် သပ္ပုရိသပုဂ္ဂိုလ်ကို မှဲဝဲဆည်းကပ်မှုများကို အမြဲ ကြောင့်ကြစိုက်ရမည်။
ထိုသီလဝန္တ ဗာလ အသပ္ပုရိသပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်သော သူသည် ထိုပုဂ္ဂိုလ် ဗာလ ဖြစ်သည့်အတွက် “အသေဝနာစ ဗာလာနံ” ဟူသော မင်္ဂလာနှင့် ဆန့်ကျင်ဖက် မနေလော၊ အသပ္ပုရိသ ဖြစ်သည့်အတွက် “သဗ္ဘိရေဝ သမာသေထ” ဟူသော ဒေသနာနှင့် ဆန့်ကျင်ဖက် မနေလော ဟူမူ၊
ထိုသို့ရွေးချယ်မှု၌ လိမ္မာ၍ မှီဝဲသောသူမှာ ဆန့်ကျင်ဖက် မနေသည့်ပြင် “ပဏ္ဍိတာနဉ္စ သေဝနာ” မင်္ဂလာပင် ဖြစ်ကောင်းသေး၏။
အဘယ်သို့ ဖြစ်ကောင်းသနည်းဟူမူ အဘိဓမ္မာ၌ “ဗာလာ ဓမ္မာ, ပဏ္ဍိတာ ဓမ္မာ” နှစ်ပုဒ်အရတွင် သီလတရားသည် ပဏ္ဍိတဓမ္မ ဖြစ်၏၊ သီလဂုဏ်သက်သက်ကို ကွက်ခြား၍ မှီဝဲဆည်းကပ် သည့်အတွက် “ပဏ္ဍိတာနဉ္စ သေဝနာ” မင်္ဂလာ တစ်စိတ် ပင်ဖြစ်၏၊
ထိုပုဂ္ဂိုလ် ပြသော ဗာလအမှု အသပ္ပုရိသ အမှုများကို ရောနှော၍ စိတ်ရောကိုယ်ပါ လိုက်စားခဲ့လျှင် မင်္ဂလာနှစ်ပါးပျက်၍ ဗာလအဖြစ် အသပ္ပုရိသ အဖြစ်၌သာ တည်လေရာ၏။
[ကြွင်းသော အကောင်းအဆိုး ရောယှက်သော ပုဂ္ဂိုလ်တို့ကို မှီဝဲရာ၌လည်း ဤ နည်းတူ သိလေ။]
အကောင်းအင်္ဂါ တစ်ပါးမျှ မပါသော အလဇ္ဇီ ဗာလ အသပ္ပုရိသ ပုဂ္ဂိုလ်ကိုမူကား မှီဝဲမှု ဆည်းကပ်မှုကို သက်သက် မပြုအပ်။ လျစ်လျူအနေနှင့်သာ တည်ရာ၏၊ ထိုသို့ တည်ခြင်းသည် “အသေဝနာစဗာလာနံ” ဟူသော မင်္ဂလာကြီး ဖြစ်၏။
ဤကား ပုစ္ဆာ၌ အလဇ္ဇီ ဒုဿီလကို မ-တည်ပြုပြီးလျှင် ဗာလ ပဏ္ဍိတ သပ္ပုရိသ ဒေသနာတို့နှင့် နှီးနှောရောဘက်၍ မေးသော ပုစ္ဆာ ဖြစ်လေသောကြောင့် ဝေဖန်စိတ်ဖြာဘွယ် များပြားလျက် ရှိခဲ့သည်နှင့် ဝေဖန်စိတ်ဖြာ၍ ပြလိုက်သည်၊ ဤဝေဖန် စိတ်ဖြာ၍ ပြချက်ကို သိမြင်ခဲ့လျှင် ဤဒုတိယပုစ္ဆာ တတိယပုစ္ဆာတို့၌ ဖြေလိုရင်းအနက်ကိုလည်း ဝေဖန်စိတ်ဖြာ၍ ကောင်းစွာသိနိုင် ရာတော့သည်။
ယခုကာလ၌ကား မှီဝဲဆည်းကပ်သူ အလိမ္မာ လိုလှ၏၊ မလိမ္မာ သူတို့၏ သဘောကား မှီဝဲရင်း၌ သီလဝန ္တဖြစ်၍သီလ ဂုဏ်ကို ကြည်ညို လေးမြတ်၍ မှီဝဲ၏၊ မှီဝဲ၍ ဆရာတကာ ဖြစ်ခဲ့လျှင် ဂေဟဿိတ တဏှာ ဘွဲ့စည်း၍ ဆိုးတူကောင်းဘက် ဖြစ်အောင် ရော၍ အနစ်အမွန်း ခံလေ၏။
မင်္ဂလာဆိုသည်ကား ကုသိုလ်တရားပွါးများမှုသည် စင်စစ် မင်္ဂလာတည်း၊ အကုသိုလ် တရားဖြစ်ပွါးမှုသည် စင်စစ် အမင်္ဂလာတည်း၊ မှီဝဲအပ် မမှီဝဲအပ် ဆိုသည်မှာလည်း ကုသိုလ်ဖြစ်ပွါးမှု အကုသိုလ် ဖြစ်ပွါးမှုသည် အချုပ်တည်း။
ထိုကြောင့် သေဝိတဗ္ဗာသေဝိတဗ္ဗ သုတ္တန်ပါဠိတော်၌ ...
ယထာရူပံ သာရိပုတ္တ ပုဂ္ဂလံ သေဝတော အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ။ ကုသလာဓမ္မာ ပရိဟာယန္တိ။ ဧဝရူပေါ ပုဂ္ဂလော န သေဝိတဗ္ဗော။ ယထာရူပဉ္စ ခေါ သာရိပုတ္တ ပုဂ္ဂလံ သေဝတော အကုသလာ ဓမ္မာ ပရိဟာယန္တိ။ ကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ။ ဧဝရူပေါ ပုဂ္ဂလော သေဝိတဗ္ဗော။
ဟူ၍ဟောတော်မူသည်။
သာရိပုတ္တ - ချစ်သား သာရိပုတ္တရာ၊
ယထာရူပံ - အကြင်သို့ သဘောရှိသော၊
ပုဂ္ဂလံ - ပုဂ္ဂိုလ်ကို၊
သေဝတော - မှီဝဲသော သူအား၊
အကုသလာဓမ္မာ - အကုသိုလ်တရားတို့သည်၊
အဘိဝဍ္ဎန္တိ - ပွါးများကုန်၏၊
ကုသလာဓမ္မာ - ကုသိုလ်တရားတို့သည်၊
ပရိဟာယန္တိ - ဆုတ်ယုတ်ကုန်၏၊
ဧဝရူပေါ - ဤသို့သဘော ရှိသော၊
ပုဂ္ဂလော - ပုဂ္ဂိုလ်ကို၊
နသေဝိတဗ္ဗော - မမှီဝဲအပ်၊
သာရိပုတ္တ - ချစ်သားသာရိပုတ္တရာ၊
ခေါ - စင်စစ်၊
ယထာရူပဉ္စ - အကြင်သို့ သဘော ရှိသည်သာလျှင်ဖြစ်သော၊
ပုဂ္ဂလံ - ပုဂ္ဂိုလ်ကို၊
သေဝ တော - မှီဝဲသောသူအား၊
အကုသလာဓမ္မာ - အကုသိုလ်တရားတို့သည်၊
ပရိဟာယန္တိ - ဆုတ်ယုတ်ကုန်၏၊
ကုသလာဓမ္မာ - ကုသိုလ်တရားတို့သည်၊
အဘိဝဍ္ဎန္တိ - ပွါးများကုန်၏၊
ဧဝရူပေါ - ဤသို့သဘောရှိသော၊
ပုဂ္ဂလော - ပုဂ္ဂိုလ်ကို၊
သေဝိတဗ္ဗော - မှီဝဲအပ်၏။
ဗာလပဏ္ဍိတသုတ်၌ --
ဒုစ္စိန္တိတ စိန္တီစ ဟောတိ၊ ဒုဗ္ဘာသိတ ဘာသီစ၊ ဒုက္ကဋကမ္မကာရီစ။
[ဗာလလက္ခဏာ အင်္ဂါသုံးပါး။]
သုစိန္တိတစိန္တီစ ဟောတိ၊ သုဘာသိတ ဘာသီစ၊ သုကဋကမ္မကာရီစ။
[ပဏ္ဍိတလက္ခဏာ အင်္ဂါသုံးပါး]
ဒုစ္စိန္တိတ စိန္တီစ - မကောင်းသောအကြံကို ကြံလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
ဒုဗ္ဘာသိတဘာသီစ - မကောင်းသော စကားကို ပြောဆိုလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
ဒုက္ကဋကမ္မကာရီစ - မကောင်းစွာ ပြုအပ်သောအမှုကို ပြုလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏။
သုစိန္တိတစိန္တီစ - ကောင်းသော အကြံကို ကြံလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
သုဘာသိတဘာသီစ - ကောင်းသော စကားကို ပြောဆိုလေ့ ရှိသည်လည်း၊
ဟောတိ - ဖြစ်၏၊
သုကဋကမ္မကာရီစ - ကောင်းစွာ ပြုအပ်သော အမှုကို ပြုလေ့ရှိသည်လည်း၊
ဟောတိ - ဖြစ်၏။
[ဤသို့ ဒွါရသုံးပါးလုံး မကောင်းသောသူကို ဗာလ, ဒွါရသုံးပါးလုံး ကောင်းသောသူကို ပဏ္ဍိတဟူ၍ လာသည်။]
ယခုကာလ၌ကား ဒွါရသုံးပါးလုံးကောင်းသောသူ ရှား၏၊
အချို့ ကာယဒွါရကောင်း၏၊ ဝစီဒွါရ မနောဒွါရ မကောင်း၊
အချို့ ဝစီဒွါရ ကောင်း၏၊ ကာယဒွါရ မနောဒွါရမကောင်း၊
အချို့ ကာယဒွါရ ဝစီဒွါရ ကောင်း၏၊ မနောဒွါရမကောင်း၊
ဤသို့ အကောင်းအဆိုး အရောအယှက်သာ များသည်၊ ထို့ကြောင့် ယခုအခါ၌ ဤပုဂ္ဂိုလ်ကို မှီဝဲ ဆည်းကပ်သည့်အတွက် ငါ၏သန္တာန်မှာ ကုသိုလ်အလိမ္မာ ပွါးများ၏ လော, မပွါးလော, အကုသိုလ် အမိုက် တစ်နှစ်တစ်ခြား နည်းပါး၏လော, မနည်းပါး လောဟု မိမိသန္တာန်ကို အရိပ်ကောင်းကောင်း ကြည့်၍ မှီဝဲ ဆည်းကပ်ရာသည်။
အကျိုးအပြစ်ကို ဝတ္ထု သက်သေနှင့်တကွ သိလိုပါသည် ဟူသောစကား၌ -
ဧကော အလဇ္ဇီ အလဇ္ဇီသတံပိ ကရောတိ။
ဟူ၍ ကျမ်းဂန်လာသည်။
ဧကောအလဇ္ဇီ - အလဇ္ဇီ တစ်ယောက်သည်၊
အလဇ္ဇိသတံပိ - အလဇ္ဇီပုဂ္ဂိုလ် အရာမက ဖြစ်ပွါးအောင်လည်း၊
ကရောတိ - ပြုတတ်၏။
ဤသို့လာသောကြောင့် အလဇ္ဇီကို မှီဝဲဆည်းကပ်လျှင် အလဇ္ဇီ ဖြစ်တတ်သည်ကား အပြစ်တည်း။
ရှေး၌လည်း အလဇ္ဇီကိုမှီဝဲလျှင် အလဇ္ဇီဖြစ်တတ်သည်။
ဗာလကိုမှီဝဲလျှင် ဗာလဖြစ်တတ်သည်။
အသပ္ပုရိသကို မှီဝဲလျှင် အသပ္ပုရိသ ဖြစ်တတ်သည် ဟု ဆိုခဲ့ပြီ။
ဤကား အပြစ်တည်း။
အလဇ္ဇီဖြစ်လျှင် သီလနှင့် ဘဝအဆက်ဆက် ဝေးတတ်သည်။
အသပ္ပုရိသဖြစ်လျှင် သမာဓိနှင့် ဘဝအဆက်ဆက် ဝေးတတ်သည်။
ဗာလဖြစ်လျှင် ပညာနှင့် ဘဝအဆက်ဆက် ဝေး သည်။
ဤကား မကောင်းကျိုးတည်း။
ဤသို့ အပြစ် မကောင်းကျိုး အမျိုးမျိုး အစားစား ကြီးမား လေသောကြောင့် မမှီဝဲအပ်၊ မင်္ဂလာ လည်း မဖြစ်၊ စင်စစ် စိတ်ကို ပြုပြင်၍ ဉာဏ်ပညာ ယှဉ်ပါမှ မင်္ဂလာဖြစ်နိုင်မည်ကိုလည်း သတိထားလေ၊
ဤမှတစ်ပါး ဝတ္ထုနှင့်တကွ အပြစ်အကျိုးများသည် သုတ္တနိပါတ် အဋ္ဌကထာ “အသေဝနာစ ဗာလာနံ” အဖွင့်မှာ အကျယ်လာ၏၊ အလိုရှိလျှင် ဆရာသမားများထံ လျှောက်ထား၍ နာယူလေ။
ဒုတိယ တတိယ ပုစ္ဆာနှစ်ရပ် အဖြေ ပြီး၏။
စတုတ္ထ ပုစ္ဆာ အဖြေ
▬▬▬▬▬▬▬
အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်း သိလျက်နှင့် ဆွမ်းစသော ဒါနဝတ္ထုတို့ဖြင့် ပူဇော်သက္ကာရ ပြုသော သူတို့မှာ “ပူဇာစ ပူဇနီယာနံ” မင်္ဂလာ ဖြစ်,မဖြစ်များကို အကျိုးအပြစ် ဝတ္ထုသက်သေနှင့်တကွ သိလိုပါသည်။
ဟူသော စတုတ္ထပုစ္ဆာ၌ -
ပူဇနီယ ပုဂ္ဂိုလ်အရကို သုတ္တနိပါတ် အဋ္ဌကထာ၌ ...
၁။ သဗ္ဗညုဘုရား,
၂။ ပစ္စေကဗုဒ္ဓါ,
၃။ အရိယသာဝက,
၄။ အမိ,
၅။ အဘ,
၆။ အစ်ကိုကြီး,
၇။ အစ်မကြီး,
၈။ လင်ရှိ မိန်းမတို့မှာ လင်၏အမိ,
၉။ လင်၏ အဘ,
၁၀။ လင်၏ အကိုကြီး,
၁၁။ လင်၏ အမကြီး,
ဟု ဤမျှသာလာ၏။
(ဤအဋ္ဌကထာ၌ ပုထုဇ္ဇန်ရဟန်း တိုက်ရိုက်မလာ။)
ဒက္ခိဏ ဝိဘင်္ဂသုတ် အဋ္ဌကထာ၌ သရဏဂုံ သီလတည်သော လူဂဟဋ္ဌပုဂ္ဂိုလ် ပုထုဇ္ဇန်သာမဏေ ပုထုဇ္ဇန် ရဟန်းတို့သည် သောတာပတ္တိမဂ္ဂဋ္ဌ အရိယာပုဂ္ဂိုလ်၌ ပါဝင်ကုန်သည်ဟု လာသောကြောင့် ဤပူဇနီယ အရ၌လည်း ထိုလူပုဂ္ဂိုလ် သာမဏေ ရဟန်းတို့သည် အရိယ သာဝကာ ဟူသော အဋ္ဌကထာပါဌ်၌ ပါဝင်ကုန်သည်၊ ထို့ကြောင့် -
၁၂။ သရဏဂုံ တည်သောလူ,
၁၃။ သရဏဂုံနှင့်တကွ ငါးပါးသီလ တည်သောလူ,
၁၄။ ပုထုဇ္ဇန် သာမဏေ,
၁၅။ ပုထုဇ္ဇန် ရဟန်း,
တို့သည် ပူဇော်ထိုက်သော ပူဇနီယပုဂ္ဂိုလ်တို့ပင် ဖြစ်ကုန်၏။
ထိုသို့ဖြစ်ရာ၌ သာမဏေသည်...
၁။ လဇ္ဇီ သာမဏေ,
၂။ အလဇ္ဇီ သာမဏေ,
၃။ ဒုဿီလ သာမဏေ,
ဟူ၍ သုံးမျိုးရှိ၏။
ပုထုဇ္ဇန် ရဟန်း သည်လည်း...
၁။ လဇ္ဇီ ရဟန်း,
၂။ အလဇ္ဇီ ရဟန်း,
၃။ ဒုဿီလ ရဟန်း,
ဟူ၍ သုံးမျိုးရှိ၏။
ထိုသုံးမျိုးတို့တွင် လဇ္ဇီသာမဏေ, လဇ္ဇီရဟန်းတို့အား လှူဒါန်းပူဇော်သော သူတို့မှာ “ပူဇာစ ပူဇနီယ” မင်္ဂလာဖြစ်သည် မှန်ပြီ၊ အလဇ္ဇီသာမဏေ, အလဇ္ဇီရဟန်း, ဒုဿီလသာမဏေ ဒုဿီလရဟန်းတို့အား လှူဒါန်းပူဇော်သော သူတို့မှာ “ပူဇာစ ပူဇနီယ” ဖြစ်ပါမည်လော မဖြစ်လော ဟူမူ၊
ဒုဿီလမဟုတ် - အလဇ္ဇီသက်သက်မျှဖြစ်သော သာမဏေ ရဟန်းတို့အား လှူဒါန်း ပူဇော်မှုသည် “ပူဇာစ ပူဇနီယ” မင်္ဂလာ ဖြစ်၏၊ ဒုဿီလဖြစ်သော သာမဏေ ရဟန်း တို့အား လှူဒါန်းပူဇော်မှု မှာသာ ထိုမင်္ဂလာဖြစ် မဖြစ် စိစစ်ဘွယ် ရှိ၏။
[ရှေး၌လည်း အလဇ္ဇီနှင့် ဒုဿီလ နှစ်ပါးကွဲပြားပုံကို ပြဆိုခဲ့ပြီ]
အများတို့စိတ်သဘော၌ ရောယှက်၍နေကြသော အရာဌာနကြီးတစ်ခု ဖြစ်၍ ဤနေရာ ၌ကား ထင်ရှားအောင် ပြဆိုလိုက်ဦးအံ့။
နဝ ကောဋိသဟဿာနိ၊ အသီတိသတကောဋိယော။
ပညာသ သတသဟဿာနိ၊ ဆတ္တိံသ စ ပုနာပရေ။
ဧတေ သံဝရဝိနယာ၊ သမ္ဗုဒ္ေဓန ပကာသိတာ။
ပေယျာလမုခေန နိဒ္ဒိဋ္ဌာ၊ သိက္ခာဝိနယ သံဝရေ။
[ဝိသုဒ္ဓိမဂ် အဋ္ဌကထာ။]
နဝကောဋိသဟဿာနိစ - ကုဋေကိုးထောင် တို့လည်းကောင်း၊
အသီတိသတကောဋိယောစ - ကုဋေတစ်ရာ့ ရှစ်ဆယ် တို့လည်းကောင်း၊
ပညာသ သတသဟဿာနိစ - ငါးသန်း တို့လည်းကောင်း၊
ပုန - တစ်ဖန်၊
အပရေ - တစ်ပါးကုန်သော၊
ဆတ္တိံသ သဟဿာနိစ - သုံးသောင်း ခြောက်ထောင် တို့လည်းကောင်း၊
ဝိနယသံဝရေ - ပါတိမောက္ခသံဝရ ဝိနည်း ငါးကျမ်း၌၊
ပေယျာလမုခေန - ပေယျလ ညွှန်ပြချက်နှင့်တကွ၊
နိဒ္ဒိဋ္ဌာ - ညွှန်ပြအပ်ကုန်သော၊
ဧတေ ဝိနယသံဝရသိက္ခာ - ဤမျှလောက်သော ပါတိမောက္ခသံဝရ ဝိနည်း သိက္ခာပုဒ် တော်မြတ် တို့ကို၊
သမ္ဗုဒ္ဓေန - မြတ်စွာဘုရားသည်၊
ပကာသိတာ - ထုတ်ဖော်ပညတ် ပြတော်မူအပ်ကုန်၏။
ဆောင် ..
ကိုးထောင့်တစ်ရာ, ရှစ်ဆယ်မှာ, သင်္ချာ ကောဋိ ကောက်။
ငါးသန်း သုံးသောင်း, ခြောက်ထောင်ပေါင်း, များတောင်း ပါတိမောက်။
ဤကား သရဏဂုံ ဉတ်ကမ္မဝါစာ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် သာသနာ့ဝန်ထမ်း ရဟန်း သာမဏေတို့ သန္တာန်၌ ထိုက်သည် အားလျော်စွာ တည်ရှိသော ပါတိမောက္ခ သံဝရ သိက္ခာပုဒ် အပေါင်းတည်း။
ရှေး၌ ပြဆိုခဲ့ပြီးသောအတိုင်း မြတ်စွာဘုရား၏ ပညတ်တော် အမိန့်တော် အာဏာတော်ဖြင့် သင်္ကန်းတောင်းမှု ပေးမှု, ဝတ်မှုကို ပြုမိလျှင်ပင် လူအဖြစ်ကိုလွန်၍ သာမဏေရပဗ္ဗဇိတ အရာ၌တည်၏၊ လူတို့၏ ရှိခိုးပူဇော်မှုကို ခံထိုက်ပြီ၊ ပြဆိုခဲ့ပြီး သော သိက္ခာပုဒ်စုကား မတည်သေး၊
တစ်ဖန် သရဏဂုံ ခံယူ၍ တတိယသရဏဂုံ ပြည့်စုံပြီးစီးသည်နှင့် တစ်ပြိုင်နက် ပြဆိုခဲ့ပြီးသော သာမဏေသိက္ခာပုဒ်တို့သည် တည်ကုန်၏၊ သာမဏေ အစစ် ဖြစ်လေ၏၊ သီလခံဘွယ်ကိစ္စ မရှိ၊ ထိုသို့ သာမဏေ အစစ်ဖြစ်ပြီးသောသူသည် လိင်ဆယ်ပါးတွင် တစ်ပါးပါးကို လွန်ကျူးမိသည် ဖြစ်အံ့၊ သရဏဂုံ ခံယူမှု ပျက်ငြိမ်းပြန်၍ သိက္ခာပုဒ်တို့လည်း အကုန်ကွယ်ပကုန်၏၊ သင်္ကန်း ခံယူမှုသာ တည်ရှိတော့၏၊ လူအဖြစ်သို့ကား မရောက်၊ သာမဏေအရာ၌ပင် တည်သေး၏၊ သာမဏေ အစစ်ကား မဟုတ်။
ထိုအခါ သရဏဂုံကို ထပ်မံ၍ယူရသည်၊ သရဏဂုံကို ထပ်မံ၍ ယူပြန်လျှင် သာမဏေစစ်ဖြစ်ပြန်၏၊ သိက္ခာပုဒ်တို့ အကုန်တည်ပြန်ကုန်၏၊
သရဏဂုံကို ထပ်မံ၍မယူပဲ မိမိကိုယ်ကို သိက္ခာရှိသော သာမဏေ အစစ်အသွင် ပြုလုပ် ဝန်ခံ၍ နေခဲ့အံ့၊ ဒုဿီလ သာမဏေ ဖြစ်၏၊ မိမိကိုယ်ကို ဟုတ်မှန်တိုင်း ပြောကြား ၍နေလျှင် ဒုဿီလ မဖြစ်။
ဤအရာ၌ လိင်ဆယ်ပါးတွင် တစ်ပါးကို ကျူးလွန်လျှင် လူဖြစ်သည်ဟု မှတ်ထင် တတ်ကြ၏၊ သင်္ကန်းခံယူမှုကို မစွန့်မှု၍ တည်သမျှ ကာလပတ်လုံး လူမဖြစ်၊ သာမဏေ လိင်ပြန်မှု လူဝတ်လဲမှု ဆိုသည်ကား ဆရာသမားတို့ အဆုံးအမ၌ မတည်။ ဒုဿီလအမှုကို မစွန့်နိုင်သော သာမဏေ ဒုဿီလကိုသာ လူဝတ်လဲ၍ သာသနာမှ အပြီးနှင်ထုတ် မှုသာတည်း၊ “အနုဇာနာမိ ဘိက္ခဝေ ဒသဟင်္ဂေဟိ သမန္နာဂတော သာမဏေရံ နာသေတုံ” ဟူသော ပါဠိတော်၏ အဋ္ဌကထာဝိနိစ္ဆယကို နေရာကျသိဘို့ ဆိုလိုက်သည်။
[ဤကား သာမဏေ၏ ဒုဿီလအဖြစ်ကို ပြဆိုချက်တည်း။]
လိင်ဆယ်ပါးမှတစ်ပါး ဒဏ်ဆယ်ပါး သေခိယ ၇၅-ပါး အစရှိသော သိက္ခာပုဒ်တို့သည် သာမဏေတို့အား ဒဏ်အမှု မည်ကုန်၏၊ ထိုဒဏ်သိက္ခာပုဒ်တို့တွင် တစ်ခုခုကို ကျူးလွန်မိသည် ဖြစ်အံ့၊ သရဏဂုံ ခံယူမှုလည်း မပျက်၊ ထိုသိက္ခာပုဒ်လည်း ကွယ်ပ၍သွားသည် မဟုတ်၊ သံဝရမှုမျှသာ ပျက်၏၊ ဒဏ်ထိုက်၏၊ ဒဏ်ထမ်းလျှင် သံဝရ တည်မြဲ တည်၏။
သိမ်မွေ့သော အရာဖြစ်၍ ဥပမာပြအံ့ ...
အင်္ဂလိပ်အစိုးရမင်းတို့၏ ဥပဒေ၌ မြို့အုပ်လုပ်သောသူမှာ မည်မျှသော အာဏာကို ရစေ၊ မည်သည့် အမှုတို့ကိုပြုလျှင် အရာမှကျစေ၊ မည်သည့်အမှုတို့ကို ပြုလျှင် အရာကား မကျ၊ မည်မျှဒဏ်တပ်စေ-ဟု ရှိ၏၊ မြို့အုပ်အရာကို ရသည်နှင့်တစ်ပြိုင်နက် များစွာသော အာဏာ တို့ကိုရ၏၊ အရာကျရာ ဥပဒေမှု တစ်ခုခုကို ကျူးလွန်လျှင် အရာမှလည်း ကျ၏၊ ထို အာဏာတို့လည်း အကုန်ပျက်ကုန်၏၊ ဒဏ်ဥပဒေတို့တွင် တစ်ခုခုကို ကျူးလွန်လျှင် ထိုအမှုအတွက် ဒဏ်တပ်၏၊ အရာမကျ သောကြောင့် ထိုအမှုသည်လည်း လက်မလွတ်၊ စီရင်မြဲ စီရင်နိုင်၏၊ တစ်ပါးသော ရရှိပြီး အာဏာတို့လည်း ပကတိအတိုင်း ရရှိကုန်၏၊ ဤဥပမာနှင့် တူစွာ သိအပ်၏။
၁။ မိမိ၌တည်ရှိသော သိက္ခာပုဒ်အပေါင်းတို့တွင် တစ်ခု တစ်ခုသော သိက္ခာပုဒ်၌ ခံယူဆောက် တည်ခြင်းဟူသော သမာဒါနမှု,
၂။ ကောင်းစွာ စောင့်ထိန်းခြင်း ဟူသော သံဝရမှု,
ဟူ၍ အမှုနှစ်ပါး အသီးသီး ရှိကြ၏။
ထိုနှစ်ပါးတွင် သမာဒါနမှုမှာ သရဏဂုံပြည့်စုံသည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း အကုန်ပြီးစီး လေ၏၊ သံဝရမှုမှာ ဆောက်တည်ရရှိ တည်နေပြီးသော သိက္ခာပုဒ်တို့ကို အခွင့်တိုက်ဆိုက် သောအခါ၌ သဒ္ဓါစေတနာတို့နှင့် နေရာကျ စောင့်စည်းလျှင် သံဝရမှု ပြည့်စုံ၏၊ မစောင့်စည်းမူ၍ လိင်ထိုက်သောအမှု တစ်ခုခုကို ကျူးလွန်ခဲ့လျှင် သရဏဂုံပျက်၍ သမာဒါနမှု, သံဝရမှု, အကုန် ပျက်၏၊ တစ်စုံတစ်ခုသော သိက္ခာပုဒ်မျှ ထိုသူမှာ မတည်ပြီ။
ဒဏ်ထိုက်သော အမှုတစ်ခုခုကို ကျူးလွန်ခဲ့လျှင် သရဏဂုံ မပျက်၍ တစ်စုံတစ်ခုသော သမာဒါနမှုမျှ မပျက်၊ ကျူးလွန်သော သိက္ခာပုဒ်မှာပင် သမာဒါနမှု မပျက်၊ ရှေးတည်မြဲတိုင်းပင် ကိုယ်၌တည်လျက်ရှိ၏၊ သံဝရမှုမျှသာ ပျက်၏၊ ဒဏ်ထမ်း၍ ဆေးကြောသုတ်သင်လျှင် သံဝရမှု တည်မြဲတည်၏။
ရဟန်းသိက္ခာပုဒ်တို့၌ကား စတုတ္ထ ကမ္မဝါစာ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် သမာဒါနမှု တည်၏၊ သံဝရမှုမှာ သာမဏေ သိက္ခာပုဒ် နည်းတူပင်၊ ပါရာဇိကမှု တစ်ခုခုကို ကျူးလွန်ခဲ့လျှင် သမာဒါနမှု အကုန် ပျက်၏၊ တစ်ခုသော သိက္ခာပုဒ်မျှ အတည် မရှိပြီ၊ ပါရာဇိကမှ တစ်ပါးသော သိက္ခာပုဒ်တို့ကို ကျူးလွန်ခဲ့လျှင် ကျူးလွန်သော သိက္ခာပုဒ်မှာပင် သံဝရမျှသာ ပျက်သည်၊ သမာဒါန မပျက်၊ ဤသို့ သမာဒါနပျက်နည်း သံဝရ ပျက်နည်းများကို ခြားနား၍ သိတတ်မှ အလဇ္ဇီ ဒုဿီလ နှစ်ပါး ကွဲပြားပုံကို ရှင်းလင်းစွာ သိနိုင်သည်။
မြတ်စွာဘုရားပညတ်တော် အမိန့်အာဏာတော်မြတ် ဖြစ်သော ကုဋေပေါင်း ကိုးထောင့် တစ်ရာ့ ရှစ်ဆယ်နှင့် ငါးသန်း သုံးသောင်း ခြောက်ထောင်မျှသော သိက္ခာပုဒ်တော်တို့ တစ်စုံတစ်ခုမျှ သမာဒါနမှု မပျက်မကွက် တည်ရှိလျက်နေသော အလဇ္ဇီပုဂ္ဂိုလ်သည် လူတို့၏ပူဇော်ကို ခံထိုက်သော ပူဇနီယ ပုဂ္ဂိုလ်စင်စစ် ဖြစ်ထိုက်ကြောင်းကိုလည်း ထင်လင်းစွာ သိသာလှတော့သည်။
[ဤကား အလဇ္ဇီပုဂ္ဂိလ် ပူဇနီယဖြစ်ကြောင်းကို ပြဆိုသောအချက်တည်း။]
ဒုဿီလပုဂ္ဂိုလ် ပူဇနီယ ဖြစ်မဖြစ်ကို စိစစ်ဖွယ် အလွန် များချေ၏၊ မြတ်စွာဘုရား၏ ပညတ်တော် အာဏာတော်မြတ်ဖြစ်သော ဝိနည်း တရားတော်၏ အရာသည် အလွန်ကြီးကျယ် နက်နဲ၏၊ အလွန်လျှင် အံ့ဘွယ်သရဲ ရှိ၏။
အဘယ်သို့ အံ့ဘွယ်သရဲ ရှိသနည်းဆိုသော် ---
တစ်ထောင့်ငါးရာ ကိလေသာ ကုန်ငြိမ်းပြီးသော ရဟန္တာ ဖြစ်သော လူသည် တစ်ထောင့်ငါးရာ ကိလေသာအပြည့်နှင့် ယခုနေ့တွင် ရဟန်းပြုသော ပုထုဇ္ဇန် ရဟန်းကို ရှိခိုးရ၏၊ ထို ပုထုဇ္ဇန် ရဟန်းက ရဟန္တာဖြစ်သောလူကို ရှိမခိုးရ၊
ကိုယ်တွင်းမှာ တည်ရှိကြသော အဘိဓမ္မာတရား သုတ္တန်တရားများ အနေကို ထောက်စာလျှင် ထိုနှစ်ဦးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး နိဗ္ဗာန်နှင့် အဝီစိကဲ့သို့ ကွာလှမ်းကြ၏၊ ရဟန္တာဖြစ်သော လူသည်ကား နိဗ္ဗာန်မှာဆိုက်၍နေ၏၊ တစ်ထောင့် ငါးရာ ကိလေသာ ရှင်ဖြစ်သော ပုထုဇ္ဇန်ရဟန်းကား အဝီစိနယ်က မလွတ်သေး၊ သို့ဖြစ်ပါလျက် ရှိခိုးပူဇော်မှု၌ ရဟန်းပုထုဇ္ဇန်က အထက်ကျ၏၊ ရဟန္တာလူက အောက်ကျ၏၊
ဤသို့ ဖြစ်ခြင်းသည် မြတ်စွာဘုရား၏ အစိန္တေယျ အပ္ပမေယျ ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော် ပညတ်တော် အာဏာတော် သိက္ခာပုဒ်တော်တို့၏ အစွမ်း ပေတည်း။
ရဟန်းချင်းမှာလည်း တစ်နာရီမျှ ပညတ်အာဏာ သိက္ခာတည်မှု ရှေးကျသော ပုထုဇ္ဇန် ရဟန်းကို တစ်နာရီမျှ သိက္ခာတည်မှု ရဟန်းဖြစ် နောက်ကျသော ရဟန္တာဖြစ်ပြီးသော ရဟန်းက ရှိခိုးရ၏၊ ယခုပင် ရဟန်းပြုသော ပုထုဇ္ဇန် ရဟန်းယောက်ျားကို အဝါခြောက်ဆယ် ရပြီးသော ဘိက္ခုနီ ရဟန္တာမက ရှိခိုးရ၏၊ ဤသို့ဖြစ်ခြင်းသည် ပညတ်တော် အာဏာ တော်မြတ်တို့၏ အစိန္တေယျ တန်ခိုးအစွမ်းပင်တည်း။
ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။
ဟူ၍ငါဘုရား မရှိသည့်နောက် ငါဟောတော်မူခဲ့သော သုတ္တန်တရား အဘိဓမ္မာတရား ဝိနည်းတရားတို့သည် ငါ၏ကိုယ်စားလှယ် ကိုယ်စားဘုရား ဖြစ်ရစ်လတ္တံ့ ဟူသော ဗျာဒိတ်တော် မြတ်နှင့်အညီ ပြဆိုခဲ့ပြီးသော သိက္ခာပုဒ်တော်အပေါင်း ကုဋေကိုးထောင့် တစ်ရာ့ ရှစ်ဆယ်နှင့် ငါးသန်း သုံးသောင်း ခြောက်ထောင်တို့တွင် တစ်ခုတစ်ခုသော သိက္ခာပုဒ်တော်သည် ဘုရားတစ်ဆူ တစ်ဆူ အရာနှင့် ဗျာဒိတ်တော်ရလျက် ရှိချေသည်။
သရဏဂုံ ဉတ်ကမ္မဝါစာ ပြည့်စုံစွာ ဖတ်ရွတ်မူ သမာဒါနကိစ္စ ပြည့်စုံသဖြင့် ထိုမျှလောက်သော သိက္ခာပုဒ်တော်တို့၏ တည်နေ ကိန်းဝပ်ရာဖြစ်သော ပုထုဇ္ဇန် ရဟန်း၏ ကိုယ်ခန္ဓာသည် ကုဋေကိုးထောင့် တစ်ရာ့ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်မျှသော မြတ်စွာဘုရားတို့၏ တည်နေ ကိန်းဝပ်တော်မူကြရာ စေတီအိမ် အရာ၌ တည်ချေသည်၊ စေတီအိမ်မည်သည် ရွှံ့မြေကိုလုပ်သော်လည်း စေတီ ကိန်းဝပ်သော အခါမှစ၍ ပူဇော်ခြင်းငှါသာထိုက်၏၊ မရိုမသေ ပြုခြင်းငှါ မထိုက်။ ထိုစေတီအိမ်၏အတွင်း၌ အမှိုက်သရိုက် မစင်တီးပြင်ပင် ပြည့်၍နေငြား သော်လည်း ပူဇော်ခြင်းငှါသာထိုက်၏၊ မရိုမသေ ပြုခြင်းငှါ မထိုက်၊
ထိုအတူ ထိုပုထုဇ္ဇန်ဖြစ်သော ရဟန်းသည် တစ်ထောင့်ငါးရာ ကိလေသာ တည်းဟူသော အမှိုက်သရိုက် မစင်တီးပြင်အပြည့် ဖြစ်ရှိနေသော ကိုယ်ခန္ဓာသန္တာန်ပင် ဖြစ်ငြားသော်လည်း ထိုမျှလောက်သော ဘုရားအရာ သိက္ခာပုဒ်တော်တို့၏ တည်နေ ကိန်းဝပ်ရာ စေတီအိမ်အဖြစ်၌ တည်နေသည့်အတွက်ကြောင့် ရဟန္တာ ဖြစ်ပြီးသော လူသည် ရှိခိုး ပူဇော်ခြင်းကိုသာ ပြုရလေ သတည်း။
ဤသို့သော အရာများကို ထောက်ထား ဆင်ခြင်သည်ရှိသော် ပုထုဇ္ဇန် ရဟန်းတို့၌ပင် ကိန်းဝပ် တည်ရှိသော မြတ်စွာဘုရား တန်ခိုးတော် ပညတ်တော် အာဏာတော် အရှိန်အဝါတို့ သည် အဘယ်မျှလောက် ကြီးကျယ်နက်နဲကုန်သည်ဟု ငါတို့ကဲ့သို့သော အဆုံးအစ မြင်နိုင်ထင်နိုင် ကောင်းသော အရာပင် မဟုတ်အောင်ကြီးကျယ်နက်နဲမှုကို ရိပ်မိကြကုန်ရာသည်၊
နိဗ္ဗာန်သို့ဆိုက်၍တည်နေသော လောကုတ္တရာဘုံသား ဖြစ်ပြီးသော ရဟန္တာဖြစ်သော လူသည် ပင်လျှင် ပုထုဇ္ဇန်ရဟန်းကို ရိုသေစွာ ရှိခိုးပူဇော် ရချေသေး၏၊ ယခုကာလ ရှိနေကြသော ပုထုဇ္ဇန်ဖြစ်သူ လူသာမန်တို့မှာ အဘယ်ဆိုဘွယ်ရာ ရှိတော့အံ့နည်း၊ သာသနာဝန်ထမ်း ရဟန်းတော်ဆိုလျှင် အရိုအသေ အလျင်ဦးအောင်သာ အထူး အားစိုက်ခွင့် ရှိတော့သည်ဟု ပညာ သတိ ရှိကြကုန်ရာသည်၊
ဤသို့ သာသနာ့ ဝန်ထမ်း ရဟန်းတော်တို့၌ တည်ရှိသော မြတ်စွာဘုရား၏ အာဏာ တော် သိက္ခာတော် ပညတ်တော်တို့၏ ဘုန်းတန်ခိုးအရှိန်အဝါ ကြီးကျယ်နက်နဲပုံကို သိအပ်၏။
ဒုဿီလပုဂ္ဂိုလ်မှာလည်း ထိုအရှိန်အဝါ တစ်စိတ် တစ်ဒေသ ရှိနေကြောင်းကိုကား သူ့ကို အမူလပါရာဇိကနှင့် စွပ်စွဲခဲ့လျှင် ရဟန်းကောင်းကို စွပ်စွဲသည်နှင့်အတူ စွပ်စွဲသူ ရဟန်းမှာ သံဃာဒိသေသ် အာပတ်ကြီးသင့်သည်ဟု ဟောတော်မူသောပါဠိတော်အရ ဖွင့်ဆိုသော အဋ္ဌကထာ အရများကို အဦးတည်၍ ရှေး၌ပြဆိုခဲ့ပြီ၊ ဤသို့သော အကြောင်းအရာ များကို ထောက်မြော်သည် ရှိသော် ထိုသူ၌ ရှိနေသေးသော မြတ်စွာဘုရားအရှိန်အဝါ, တရားတော် အရှိန်အဝါ, ဉတ်ကမ္မဝါစာ ရွတ်ဖတ်သော သံဃာတော် အရှိန်အဝါများကို အာရုံပြု၍ ပူဇော်ပါမူ “ပူဇာစ ပူဇနီယ” မင်္ဂလာ ဖြစ်ပါ၏ဟု ဆိုရန် တစ်ချက် ရှိ၏၊
ထိုသူမှာ ထင်ရှား ရှိသေးသော ဘုရားအရှိန်အဝါ, တရားအရှိန်အဝါ, သံဃာ အရှိန်အဝါကို အာရုံပြု၍ ပူဇော်ရာ၌ အာရုံပြုရာ အရှိန်အဝါ ဂုဏ်တော် ကျေးဇူးတော်စုသည် အပူဇော်ခံသမား ဖြစ်ကြ၏၊ တရားတော်ကို ပူဇော်လိုလျှင် တရားတော်ကို အာရုံပြု၍ တရားကျမ်းဂန်တတ်သော ပုဂ္ဂိုလ်ကို ပူဇော်ပါမူ တရားတော်ကို ပူဇော်ခြင်းဖြစ်၏ဟုလာသော ကျမ်းဂန်နှင့် အညီတည်း။
[ထိုဒုဿီလပုဂ္ဂိုလ်ကိုပင် ဒုဿီလမှန်း မသိ။ သီလဝန္တထင်မှတ်၍ ပူဇော်ရာ ၌မူကား ထိုသူ၏ သီလကို အာရုံပြု လျက်ရှိ၏။ သီလကလည်း ထိုသူမှာမရှိ။ အပူဇော်ခံသမား မရှိပဲ နေ၏။]
သီဟိုဠ်ကျွန်း၌ သဒ္ဓါတိဿမင်းကြီးကား ထိုကဲ့သို့သော ပုဂ္ဂိုလ်၌ အပူဇော်ခံသမားကို ရအောင်ရှာ၍ ပူဇော်၏၊ ထိုမင်းသည် တရံသောအခါ ဆင်စီး၍မြို့တော်ကို လှည့်လည်၏၊ ဒုဿီလရဟန်း တစ်ယောက်သည် မြို့ကျုံး၌ ငါးမျှား၍နေရာ မင်းပရိသတ် လာသည်ကိုမြင်လျှင် ငါးမျှားရာမှ တက်၍ သစ်ပင်ရင်းမှာ ထိုင်နေ၏၊
မင်းကြီးသည် ထိုရဟန်းကိုမြင်လျှင် ဆွမ်းကပ်လှူလိုသော စိတ်ဖြစ်၏၊ နန်းတော်သို့ ရောက်၍ ပွဲတော်တည်မည်ရှိရာ ထိုရဟန်းကို အမှတ်ရ၍ မှူးမတ်များကို ပွဲတော်အုပ် အတိုင်းနှင့် ထိုရဟန်းကို လှူကြချေဟု စေလွတ်၏၊ ဒုဿီလရဟန်းလည်း မင်း ပရိသတ်သွားလျှင် ငါးမျှားမြဲ ငါးမျှား၍ နေ၏၊
ဆွမ်းလှူလာသော မှူးမတ်တို့က အလျင်မြင်လေ၏၊ ထိုရဟန်းလည်း မှူးမတ်တို့ လာသည်ကိုမြင်၍ ငါးမျှားမှုကိုလွှတ်၍ သစ်ပင်ရင်းမှာ နေမြဲနေလေ၏၊ မှူးမတ် တို့ကား ထိုရဟန်းအမှုကို သိ၍ မလှူပဲ မြင်ရာအရပ်မှ ပြန်လေ၏၊
နန်းတော်သို့ရောက်၍ လှူခဲ့ကြပြီလောဟု မင်းကြီးကမေးရာ ငါးမျှား၍ နေသော ဒုဿီလ ရဟန်းဖြစ်၍ မလှူခဲ့ကြောင်းကို ပြန်ပြောလေ၏။ ထိုရဟန်းသည် သင်တို့ကိုမြင်သောအခါ အဘယ်သို့ပြုသနည်းဟု မင်းကြီးက မေးလေ၏။ အကျွန်ုပ်တို့ကို မြင်လျှင်မြင်ခြင်း ငါးမျှားမှုကို လွှတ်၍ သင်္ကန်းကို ခြုံရုံ၍ သစ်ပင်ရင်း သို့ကပ်၍ နေပါသည်ဟု တင်ဆိုလေ၏။
ထိုအခါ မင်းကြီးက ဤသို့ဆိုပေ၏၊ ထိုရဟန်းသည် သင်တို့ကို မြင်လျှင် ထိုကဲ့သို့ ပြုသည်ကား ဟိရီဩတ္တပ္ပကပ်၍ ပြုမှုပေတည်း၊ သူတော်ကောင်း ဥစ္စာရတနာခုနစ်ပါး တွင် အကျုံးဝင်သော ဟိရီဩတ္တပ္ပ တရားရတနာသည် အဖိုးအနဂ္ဃ ထိုက်တန်၏၊ ဤတစ်နပ်စာ ပွဲတော် ထမင်းသည် အဘယ်မျှ အဖိုးထိုက်သနည်း၊ သွားကြကုန်၊ ရိုသေစွာ ကပ်လှူကြကုန်လော့ ဟုဆို၍ လှူကြလေ၏။
မင်းကြီးသည် သဒ္ဓါဗလ ပညာဗလနှင့် ပြည့်စုံသော သူဖြစ်၍ ထိုကဲ့သို့ ညစ်နွမ်းသော ဒုဿီလ ရဟန်း သန္တာန်မှာပင် အပူဇော်ခံ အဖိုးတန်ကို ရှာကြံ၍ ပူဇော်ပေ၏၊ ထို့ကြောင့် ထိုမင်းကြီးပြုသော ကုသိုလ်မှုသည် ပူဇာစ ပူဇနီယမင်္ဂလာ ဖြစ်ထိုက်စွာ သတည်း။
စတုတ္ထပုစ္ဆာ အဖြေ ပြီး၏။
ပဉ္စမပုစ္ဆာ အဖြေ
၅။ အလဇ္ဇီဒုဿီလ ပုဂ္ဂိုလ်မှန်းသိလျက်နှင့် အရိုအသေ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ် ချီခြင်း၊ အရိုအသေ ပြုခြင်းတို့ကို ပြုသောသူတို့မှာ “ဂါရဝေါစ” မင်္ဂလာဖြစ်,မဖြစ်၊ “ဘိက္ခုဉ္စ သီလသမ္ပန္နံ၊ သမ္မဒေဝ သမာစရေ” ဟု ကောသလ သံယုတ်တွင် ဟောတော်မူသည်နှင့် ညီမညီ၊ ၎င်းင်းပုဂ္ဂိုလ်တို့သည် ပါဏိပါတ သရဏဂုံ ထိုက်, မထိုက်များကို အကျိုးအပြစ် ဝတ္ထုသက်သေ နှင့်တကွ သိလိုပါသည်။
ဟူသော ပဉ္စမပုစ္ဆာ၌ -
[အလဇ္ဇီ ဒုဿီလနှစ်ပါး ခွဲခြမ်းနည်းကို ဆိုခဲ့လှပြီ။ ဂါရဝမှု ဟူသည်လည်း ပူဇော်မှုမျိုး ပင်ဖြစ်၍ စတုတ္ထပုစ္ဆာနှင့် များစွာ မထူးကြလှပြီ။]
ဘုဇင်္ဂမံ ပါဝကဉ္စ၊ ခတ္တိယဉ္စ ယသဿိနံ။
ဘိက္ခုဉ္စ သီလသမ္ပန္နံ၊ သမ္မဒေဝ သမာစရေ။
ဟူသော ကောသလ သံယုတ် သုတ်ဂါထာမှာမူကား မိမိ၌ ပစ္စုပ္ပန်အကျိုးမဲ့၊ သံသရာ အကျိုးမဲ့ မဖြစ်ရလေအောင် မရိုမသေ မထေလေးစား ပြုမှု လွတ်ကင်းစေရသည်ကို “သမ္မဒေဝသမာစရေ” ဆိုပေသည်။
ဘုဇင်္ဂမဉ္စ - အဆိပ်ထန်သော မြွေကို လည်းကောင်း၊
ပါဝကဉ္စ - မီးကို လည်းကောင်း၊
ယသဿိနံ - အခြံအရံနှင့်ပြည့်စုံသော၊
ခတ္တိယဉ္စ - မင်းကို လည်းကောင်း၊
သီလသမ္ပန္နံ - သီလနှင့်ပြည့်စုံသော၊
ဘိက္ခုဉ္စ - ရဟန်းကို လည်းကောင်း၊
သမ္မဒေဝ - ကောင်းစွာသာလျှင်၊
သမာစရေ - ပြုကျင့်ရာ၏။
၁။ အဆိပ်ထန်သောမြွေကို တွေ့မြင်လျှင် ထိုမြွေဥပဒ်မှ လွတ်ကင်းအောင် လိမ္မာ၍ ပြသည်ကို လည်းကောင်း,
၂။ မီးနှင့်ဆက်ဆံသောအခါ ထိုမီးနှင့်စပ်၍ ဥပဒ် မဖြစ်ရအောင် လိမ္မာ၍ပြုသည်ကို လည်းကောင်း,
၃။ မင်းနှင့် ဆက်ဆံသောအခါ ထိုမင်းနှင့်စပ်၍ ဥပဒ် မဖြစ်ရအောင် လိမ္မာ၍ပြုသည်ကို လည်းကောင်း,
၄။ သီလသမ္ပန္န ရဟန်းနှင့် ဆက်ဆံသောအခါ ထိုရဟန်းနှင့်စပ်၍ ကလာပုမင်း ဒဏ္ဍကီမင်း နာဠိကေရမင်း အဇ္ဇုနမင်း တို့ကဲ့သို့ အကျိုးမဲ့တရား မဖြစ်ပွားရအောင် လိမ္မာ၍ပြုသည်ကို လည်းကောင်း,
“သမ္မဒေဝ သမာစရေ” ဆိုသည်။
[ဤလေးပါးကိုသာ ဝိသေသထုတ်၍ ဟောတော်မူခြင်းသည် ရှေ့သုံးပါးမှာ လျင်လျင် မြန်မြန် ကြီးကြီးမားမား ဘေးဥပဒ် ဖြစ်တတ်၍ ဟောတော်မူသည်။ သီလသမ္ပန္န ရဟန်းမှာ အပြစ်လေး တတ်၍ ဟောသည်။]
ဘေးဥပဒ်ကို ဖြစ်စေတတ်သော ခပ်သိမ်းသော မထေလေးစား မှုကိုပင် ရှောင်ကြဉ်၍ ဘေးဥပဒ် လွတ်ကင်းရာသော အနေကို ရိုသေစွာ ပြုလေ့ရှိစေရမည် ဟူသော အနက် ကိုလည်း သိအပ်သည်၊
ဘေးဥပဒ် ဆိုသည်ကား အကုသိုလ် ဖြစ်မှုသည်လည်း ဘေးဥပဒ်ပင်ဖြစ်သည်၊ ထို့ကြောင့် ဒုဿီလပုဂ္ဂိုလ်နှင့် တွေ့ကြုံဆက်ဆံသော အခါ၌လည်း အရိုအသေ ရှိမခိုးလျှင် မိမိ၌ အကုသိုလ် ဖြစ်ရခြင်း စသော ဘေးဥပဒ် ဖြစ်ရန် အခွင့်ကို မြင်သည်ဖြစ်၍ ရိုသေစွာ ရှိခိုးလျှင် “သမ္မဒေဝ သမာစရေ” ဟူသော ပါဠိတော်နှင့် ညီသည်သာ ဖြစ်၏၊ ထိုပါဠိတော်ကို အောက်မေ့၍ ရှိခိုးခဲ့လျှင် ထိုပါဠိတော်ဓမ္မကို ပူဇော်သော “ဓမ္မပူဇာ” မင်္ဂလာပင် ဖြစ်သေး၏။
[ခရီးဦးကြိုဆိုခြင်း အရိုအသေ ပြုခြင်း အမှုတို့၌လည်း နည်းတူ သိလေ။]
ဒုဿီလပုဂ္ဂိုလ်သည် သိက္ခာသီလမှ ကင်းသည်ဖြစ်၍ ရဟန်းအစစ် သံဃာအစစ် မဟုတ်သော ကြောင့် ထိုပုဂ္ဂိုလ်ကို ရိုသေတုပ်ဝပ် သော်လည်း ပါဏိပါတ သရဏဂုံ ဖြစ်ခွင့် မရှိလေ၊ သံဃာမှ ညွှန်းချ၍ ရရှိသော ဒုဿီလပုဂ္ဂိုလ်အား သံဃာကို အာရုံပြု၍ လှူမှုဒါန်းမှု ပါဏိပါတမှုကို ပြုရာ၌ကား သံဃာသည် အလှူခံသမား ပါဏိပါတကို ခံသမား ဖြစ်သောကြောင့် ပါဏိပါတ သရဏဂုံ ဖြစ်ထိုက်၏၊
လဇ္ဇီပုဂ္ဂိုလ်နှင့် ဒုဿီလ မဟုတ်သော အလဇ္ဇီပုဂ္ဂိုလ် နှစ်ပါးတို့မှာမူကား ပူဇော်ခြင်း စသည်ကို ပြုသောသူတို့အား အကျိုးပေး အများအနည်း ကွာကြ၏၊ “ပူဇာစ ပူဇနီယ” မင်္ဂလာ၊ “ဂါရဝေါစ” မင်္ဂလာမှာ ဖြစ်ကြသည် ချည်းမှတ်။
“သမ္မဒေဝ သမာစရေ” ဟူသော ဒေသနာတော် အရ၌ ဝတ္ထုသက်သေကား …
ကောသလမင်းကြီးသည်ပင်လျှင် တရံရောအခါ မြတ်စွာဘုရားကို ခစားဆည်းကပ်၍ နေလေ၏၊ ထိုအခါ၌ တိတ္ထိတို့သည် မင်းကြီးမျက်နှာ ဥပစာသို့ ဖြတ်သန်း၍ သွားကြကုန်၏၊ ကောသလ မင်းကြီးသည် မြင်လျှင် မိမိနာမည်ကို ဖော်ကြား၍ ထိုတိတ္ထိတို့အား ရှိခိုးလေ၏၊ အဘယ့်ကြောင့် သဗ္ဗညုမြတ်စွာ ဘုရားကြီးကို ဆည်းကပ် ကိုးကွယ်သူ ဖြစ်ပါလျက် မြတ်စွာဘုရား ရှေ့တော်မှာပင် မိမိနာမည်ကို ဖော်ကြားခြင်း ဟူသော အလွန်နှိမ့်ချသော ဂါရဝတရားကြီးနှင့်တကွ အလွန်ရိုသေစွာ တိတ္ထိတို့ကို မင်းကြီး ရှိခိုးလေသနည်းဟု အမေးပုစ္ဆာ ထုတ်၍ အဋ္ဌကထာ၌ ဖြေတော်မူသည်ကား -
ထိုသို့ ရှိမခိုးခဲ့သည်ရှိသော် ကောသလမင်းကြီးသည် ရှင်ဂေါတမကိုသာ ရိုသေသည်၊ ငါတို့ကို မူကား ရှိခိုးခြင်းမျှကိုမှ မပြုဟု စိတ်နှလုံးခုကြ၍ တစ်စုံတစ်ခုသော ငါ၏အကျိုးမဲ့ကို ပြုခွင့်ဆိုက် သောအခါ ပြုလေရာ၏၊ ထိုသို့သော အကျိုးမဲ့ကို မပြုစေခြင်းငှါ ရှိခိုးသည်ဟု ဖြေပေ၏။
[ကောသလမင်းကြီးပြုသော အမှုသည်လည်း ”သမ္မဒေဝ သမာစရေ” မှုပင်တည်း။]
တစ်နည်းလည်း ...
မင်းကြီးကို ခစားသော ပရိသတ်တို့၌ တိတ္ထိတို့ကို ကိုးကွယ်သော သူတို့သည် အများပင် ပါရှိကြကုန်၏၊ ထိုသူတို့သည် ငါတို့ဆရာ များကိုကား မင်းကြီးသည် အလေးမပြုဟု စိတ်ခုကြ ကုန်၍ ပြုခွင့် သာသောအခါ တစ်စုံတစ်ခုသောအကျိုးမဲ့ကို ပြုကုန်ရာ၏ဟု ထိုသူတို့၏ စိတ်နှလုံးကို ကြည်လင်စေခြင်းငှါ မင်းကြီး ရှိခိုးသည် ဟူ၍လည်း ဆိုခွင့်ရှိ၏။
ပဉ္စမပုစ္ဆာ အဖြေ ပြီး၏။
ဆဋ္ဌမပုစ္ဆာ အဖြေ
(၆) အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်း သိသောကြောင့် ထို အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်တို့အား ပုဂ္ဂလာဓိဋ္ဌာန် ဓမ္မာဓိဋ္ဌာန်တွင် တစ်ရပ်ရပ်ဖြင့် အပြစ်စကား ထိပါးပြောဆိုသော သူတို့အပေါ်၌ ဒဏ်ဆယ်ပါး ထိုက်မထိုက်, အပြစ်လွတ် မလွတ် များကို သိလိုပါသည်။
ဟူသော ဆဋ္ဌမပုစ္ဆာ၌ -
“ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ”။
အစရှိသည်ဖြင့် သုဒ္ဓ အနင်္ဂဏဖြစ်သော ဘုရား ပစ္စေက ဗုဒ္ဓါ အရိယာတို့အား အလွန်ကြမ်းကြုတ် သော ကာယကံ ဝစီကံတို့ဖြင့် ထိပါးပြစ်မှားသော သူတို့၌သာ ဒဏ်ဆယ်ပါး ကျရောက် တတ်ကြောင်းကို ဟောတော်မူသည်၊ ပုဂ္ဂိုလ်သာမန်တို့အား အပြစ်စကား ထိပါး ပြောဆိုရုံမျှနှင့် ဒဏ်ဆယ်ပါး ကျရောက်ခွင့် မရှိပေ။
အပြစ် လွတ် မလွတ်ဟူသော စကား၌မူကား ...
ဒုဿီလ ဟူသော စကားလုံးသည် ဆယ်ပါးသော အက္ကောသ ဝတ္ထုတို့တွင် ကြီးစွာသော အာပတ်ဖြင့် ဆဲရေးခြင်း ဖြစ်၏၊ ထို့ကြောင့် ထိပါးစေလိုသော အက္ကောသာ ဓိပ္ပါယ ပဋိဃစိတ်ဖြင့် ဒုဿီလပုဂ္ဂိုလ်ကိုပင် ဒုဿီလမှန်းသိ၍ ဒုဿီလ စကားဖြင့် ထိပါးပြောဆိုသော သူတို့အား စကားအခွန်းတိုင်း အခွန်းတိုင်း ဖရုသဝါစာ ကမ္မပထမြောက်၏။
ဒုဿီလပုဂ္ဂိုလ်မှန်း သိသောကြောင့် ဟူသော ပုစ္ဆာပါ စကား၌လည်း...
ဤရဟန်းကား ဒုဿီလရဟန်းတည်းဟု အမှန်သိနိုင်ရန် အမှုသည် မလွယ်လှချေ၊ သိမ်မွေ့ လှသော ပါရာဇိက အာပတ္တာ ဓိကရုဏ်းမှုနှင့် မိမိတို့အထံ အဆုံးအဖြတ် ခံခြင်းငှာ အမှုသည်တို့ ဆိုက်ရောက်လာ သောအခါ၌ ကျမ်းတတ် ဂန်တတ် ဝိနည်းဓိုရ် ပုဂ္ဂိုလ်ကြီးများသည်ပင်လျှင် ဤသူကား ဒုဿီလဟု ဒုဿီလ ဝိနိစ္ဆယချရန် အရေး အလွန်ခက်ခဲလှ၏။
အဋ္ဌကထာကြီး၌လည်း ထိုသို့ အမှုသည် ဆိုက်ရောက်လာလျှင် စေ့စုံစွာ စစ်ဆေး၍ အမှုသည် လျှောက်ဆိုချက် စကားကို စေ့စုံစွာ ကြားနာရသောအခါ ပါရာဇိက အပြစ်လွတ်အံ့ ထင်ခဲ့လျှင် သုဒ္ဓဖြတ်စာ ချအပ်၏၊ စွန်းငြိရိပ်ထင်ခဲ့အံ့၊ အသုဒ္ဓဟု မဆိုတည့်အပ်၊ လွတ်ရာသောအချက်ကို အနည်းနည်း ရှာအပ်၏၊ အနည်းနည်း ရှာကြံ၍မှ လွတ်ရာသော အချက်ကို မမြင်ခဲ့လျှင် ဝိနည်းဓိုရ် တစ်ပါးထံ လွှတ်ရမည်၊
ဒုတိယဝိနည်းဓိုရ် ဆရာသည်လည်း ထိုအမှုသည်ကို ပါရာဇိက လွတ်ရိပ်ထင်ခဲ့အံ့၊ သုဒ္ဓ ဖြတ်စာ ချအပ်၏၊ လွတ်ရိပ် မထင်ခဲ့အံ့၊ အသုဒ္ဓဟု မဆိုတည့်အပ်၊ ဝိနည်းဓိုရ် တစ်ပါးထံ စေလွှတ်ရမည်၊
ဤနည်းနှင်နှင် စေလွှတ်၍ ဝိနည်းဓိုရ်တိုင်းကပင် ပါရာဇိက ကျရိပ် ထင်ကြ၍ သုဒ္ဓဖြတ်စာလည်း မပေး အသုဒ္ဓလည်း မဆိုကြပဲ ပထမဝိနည်းဓိုရ်ထံ ထိုအမှုသည် ရောက်လာပြန်အံ့၊ ဆိတ်ငြိမ်ရာ၌ နေစေ၍ ဘာဝနာများကို နှလုံးသွင်းစေပြီးလျှင် စိတ်ဖြစ်ပုံကို မေးမြန်း၍ စိတ်ပူလောင်လှပါသည် ဆိုလျှင် စိတ်အေးရာအခွင့်ကို ရှာလေတော့ဟု ဆိုရမည်၊ စိတ်ငြိမ်သက်ပါ၏ဆိုလျှင် ကောင်းလှပြီ၊ ကောင်းကောင်း နေလေတော့ဆို၍ လွှတ်ရမည်ဟု လာချေသည်။
သိမ်မွေ့လှသောအရာ၌ စေ့စုံစွာ စစ်ဆေးမေးမြန်း ကြားသိရသဖြင့် ပါရာဇိကကျရိပ် ဒုဿီလ ဖြစ်ရိပ်ထင်မြင်သော ဝိနည်းဓိုရ် ဆရာတို့သော်မှလည်း ပါရာဇိကကျသည်, ဒုဿီလ ဖြစ်သည် ဟူသော စကားကို မြွက်ဆိုရန်အမှု အလွန်ခဲယဉ်းစွာ လာချေသည်၊
အဘယ်ကြောင့် ခဲယဉ်းလှလေသနည်းဟူမူ ပါရာဇိက အမှန်ကျသောသူကို ပါရာဇိက ကျသည်ဟု ဆိုမိလျှင် ဝိနည်းဓိုရ်ဖြစ်၍ တော်ပါ၏၊ မကျသော သူကို ကျသည်ဟု ဆိုမိလျှင် ထိုပုဂ္ဂိုလ်သန္တာန်၌ တည်ရှိသော ကုဋေ ကိုးထောင်ကျော်မျှသော သိက္ခာပုဒ် တို့ကို ဝိနည်းဓိုရ်ဆရာ ဖျက်ဆီးရာ ရောက်လေ၏၊ ဝန်လေးစွာသော အမှုကို ပြုမိ လျက်နေ၏၊
ပါရာဇိက အမှန်ကျသောသူကို မကျထင်၍ မကျဆိုမှုသည်ကား ဝိနည်းဓိုရ်ဆရာ၌ အပြစ်မရှိ၊ ထို့ကြောင့် မကျဟု ထင်မြင်ခဲ့လျှင် ထင်မြင်တိုင်းဆိုမှု ဆုံးဖြတ်မှုကို ပြုရမည်ဟု အဋ္ဌကထာ၌ လာပေသည်။
[ဤသို့ သူတစ်ပါးကို ပါရာဇိကကျ ဒုဿီလဆိုမှုသည် နှစ်သိန်း လေးသောင်း အထုရှိသော မဟာပထဝီမြေကြီးကို ထမ်းရွက်မှု ကဲ့သို့ အလွန် ဝန်လေးလှသော အမှုဖြစ်ချေသည်။ သတိကြီးကြီး ထားကြပါကုန်။]
၁။ ပါရာဇိက အမှန်ကျပြီးသောသူ,
၂။ ပါရာဇိကမကျ အလဇ္ဇီမျှသာဖြစ်သောသူ,
၃။ အလဇ္ဇီမဖြစ် သီလဝန္တဖြစ်သောသူ
သုံးဦးလုံးကိုပင် အက္ကောသာဓိပ္ပါယဖြင့် ဒုဿီလ ဆိုမှုသည် ဖရုသဝါစာ ကမ္မပထ မြောက်၏၊
အပါယ်လေးပါးတွင် ဒေါသနှင့်ယှဉ်သော ကမ္မပထမျိုးဖြစ်၍ ငရဲ၌ ပဋိသန္ဓေကို ပေး၏၊ အက္ကောသာဓိပ္ပါယမျှ မကမူ၍ သာသနာမှ ရွေ့စေလိုသော စဝနာဓိပ္ပါယဖြင့် ဒုဿီလ ဆိုမှုသည်ကား ထိုထက် ဝန်လေးသော အမှုကြီးဖြစ်၏၊ အထူးမှာ ဒုဿီလအမှန်ကို ဒုဿီလဆိုမိ စွပ်စွဲမိရာ၌ ဝန်လေးရုံမျှသာ ရှိ၏၊ သီလဝန္တကို ဆိုမိစွပ်စွဲမိရာ၌ကား အာနန္တရိယကံနှင့် အလားတူ၏၊
ဒွေ မေ ဘိက္ခဝေ ပုဂ္ဂလာ ဣဒမပ္ပဟာယ ယထာဘတံ နိက္ခိတ္တာ ဧဝံ နိရယေ။ ကတမေ ဒွေ။ ယောစ မိစ္ဆာ ဒိဋ္ဌိကော ဟောတိ။ ယောစ သီလဝန္တံ ကလျာဏဓမ္မံ ဗြဟ္မစာရိံ အဘူတေန အန္တိမ ဝတ္ထုနာ အဗ္ဘာစိက္ခတိ။
ဟူ၍ ဟောတော်မူ၏။
ဘိက္ခဝေ - ရဟန်းတို့၊
ဣမေ ဒွေ ပုဂ္ဂလာ - ဤ ပုဂ္ဂိုလ်နှစ်ဦးတို့သည်၊
ဣဒံ - ဤအမှုကို၊
အပ္ပဟာယ - မပယ်မစွန့်သည်ရှိသော်၊
အာဘတံ - ယူဆောင်ခဲ့သော ဝန်ထုပ်ကို၊
နိက္ခိတ္တော ယထာ - အိမ်သို့ရောက်က ပစ်ချလိုက် သကဲ့သို့၊
ဧဝံ - ဤအတူ၊
နိရယေ - ငရဲ၌၊
သကေန ကမ္မေန - မိမိပြုသော အမှုသည်၊
နိက္ခိတ္တာ - ချအပ်ကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်၏၊
ကတမေ ဒွေ - အဘယ်နှစ်ဦးတို့ နည်းဟူမူကား၊
ယောစ - အကြင်သူသည်လည်း၊
မိစ္ဆာဒိဋ္ဌိကော - နိယတမိစ္ဆာဒိဋ္ဌိအယူ ရှိသည်၊
ဟောတိ - ဖြစ်၏၊
ယောစ - အကြင် သူသည်လည်း၊
ကလျာဏဓမ္မံ - ကောင်းသော တရားရှိသော၊
ဗြဟ္မစာရိံ - မြတ်သောအကျင့်ရှိသော၊
သီလဝန္တံ - သီလဝန္တ ရဟန်းကို၊
အဘူတေန - မဟုတ်မမှန်သော၊
အန္တိမဝတ္ထုနာ - ပါရာဇိကမှုဖြင့်၊
အဗ္ဘာစိက္ခတိ - စွပ်စွဲ၏။
အဓိပ္ပါယ်ကား --
ဦးခေါင်းဖြင့် ဆောင်ခဲ့သော ဝန်ထုပ်ကို အိမ်သို့ရောက်က ပစ်ချလိုက်လျှင် ကောင်းကင်၌ တည်နေသည်ဟူ၍ မရှိ၊ မြေသို့ ထုတ်ချောက် ကျရောက်သကဲ့သို့ မိစ္ဆာဒိဋ္ဌိအယူရှိသောသူသည် ဤဘဝ၌ ထိုအယူကို မစွန့်ပဲ သေသည်ရှိသော် သေသည်၏အခြားမဲ့၌ အမြဲလျှင် ငရဲသို့သာ ကျ၏၊ သီလဝန္တရဟန်းကို အန္တိမ ဝတ္ထု ပါရာဇိကမှုဖြင့် စွပ်စွဲသောသူသည်လည်း ထိုသီလဝန္တ ရဟန်းကို တောင်းပန်ဝပ်စင်း ကန်တော့ခြင်းကို မပြုမူ၍ သေသည်ရှိသော် သေသည်၏အခြားမဲ့၌ မချွတ်မလွဲ ငရဲသို့သာ ကျရ၏ ဟူလိုသည်။
[ဒုဿီလ မဟုတ်သော အလဇ္ဇီကိုလည်း သီလဝန္တအလားတူ ယူလေ။]
ဤအရာ၌ ကောဏ္ဍဓာန မထေရ်ဝတ္ထု, စိတ္တဟတ္ထက မထေရ် ဝတ္ထုများကို ထုတ်ဆိုအပ်၏။
ကောဏ္ဍဓာနမထေရ်သည် ...
ကဿပဘုရားလက်ထက်၌ သစ်ပင်စောင့်နတ်ဖြစ်၍ အလွန်ချစ်ကြည်သော ရဟန်းနှစ်ဦးကို အလိုစမ်းခြင်းငှါ ခရီးလမ်း၌ အခင်းကြီးငယ် ကိစ္စနှင့် တောချုံတွင်း သို့ ရဟန်း တစ်ပါးဝင်လေရာ မာတုဂါမ အယောင်ဆောင်၍ ထိုရဟန်းနှင့် အတူတကွ ချုံမှ ထွက်လာ၏၊ ထိုရဟန်းကား မမြင် အဖေါ်ရဟန်း ကမြင်၍ ဒုဿီလရဟန်းဟု စွန့်ပစ်၍သွားလေ၏၊
မြို့ရွာသို့ရောက်ကြ၍ သံဃာအများနှင့် ဥပုသ်ပြုကြမည်ရှိရာ အဖေါ် ရဟန်းက ဒုဿီလရဟန်းနှင့် ဥပုသ်အတူ မပြုလိုဟုဆို၏၊ တောအရပ်၌ ချုံတွင်းမှ မာတုဂါမ နှင့်အတူ ထွက်လာသည်ကို ကိုယ်တိုင်မြင်ရသော ဒိဋ္ဌမှုကို ပြန်ပြော၏၊ ထိုရဟန်းက မဟုတ်ရပါဟု ပြောသော်လည်း အယုံ မရှိလေ၊
ထိုအခါ ထိုနတ်လာ၍ အရှင်ဘုရားတို့ ချစ်ကြည်မှုကို သိလို၍သာ အကျွန်ုပ် လုပ်ကြံသော အမှုဖြစ်ပါသည်ဟု ပြောသော်လည်း မစပ်နိုင် ကြလေပြီ၊ ထိုနတ်သည် သေသည်၏အခြားမဲ့၌ ငရဲသို့ကျလေ၍ ငါတို့ဘုရားလက်ထက်၌ ကောဏ္ဍဓာနရဟန်း ဖြစ်လာ၏၊
ရဟန်းဖြစ်သည်မှစ၍ သွားလေရာနေရာ၌ မာတုဂါမ သူယောင် အမြဲပါ၍နေ၏၊ မိမိကား မမြင်ရ၊ ရဟန်း လူရှင်အများ မြင်ကြ၏၊ ရဟန္တာအဖြစ်သို့ မရောက်မချင်း ဒုဿီလရဟန်း ဟူ၍ သာဝတ္ထိ ပြည်သူ ရှင်လူအပါင်းတို့၏ ဆဲရေးခြင်းကို ခံရ၏။
[ဝတ္ထုအကျယ်မှာ ဓမ္မပဒ အဋ္ဌကထာ အင်္ဂုတ္တိုရ် အဋ္ဌကထာတို့မှာ ယူလေ။]
သာသနာထမ်း ရဟန်းတော် တို့နှင့်စပ်သော ဒုဿီလအချက် မည်သည် ပြစ်မှား လိုသော ဒေါသစိတ်နှင့် မဟုတ်၊ စုံစမ်းလိုသောစိတ်နှင့် သီလဝန္တကို ဒုဿီလ ထင်ရအောင် ပြုမှုသည်ပင် သို့လောက်အပြစ်ဝိပါက် အကျိုးဆက် ကြီးကျယ်လှ၏။
စိတ္တဟတ္ထကမထေရ်သည် ...
ကဿပဘုရား သာသနာ၌ ရဟန်းဖြစ်၍ မိတ်ဆွေရဟန်း တစ်ပါးနှင့် အတူနေကြရာ မိတ်ဆွေ ရဟန်း လူထွက်လိုသော စိတ်ရှိသည်ကိုသိ၍ ရှေးဦးစွာ မထွက်ရအောင် ပြောဆိုလေ၏၊ နောက်အခါ၌ ထိုရဟန်း လူထွက်လျှင် ထိုရဟန်း၏ သင်္ကန်း သပိတ် ပရိက္ခရာများကို ငါရလတ္တံ့ဟု ပရိက္ခရာ၌ တပ်မက် သောစိတ်ဖြစ်လာ၍ လူထွက် လေအောင် စကားမျိုးကို ပြောဆိုလေ၏၊ ထိုရဟန်းလည်း လူထွက် လေ၏၊
အဖေါ်ရဟန်းသည် ငါတို့ဘုရားလက်ထက်၌ စိတ္တဟတ္ထက မထေရ် ဖြစ်လာ၏၊ ရဟန္တာမဖြစ်မီ အတွင်း ထိုဝိပါက ဝဋ်လိုက်၍ သာသနာ၌ မွေ့လျော်စွာနေခွင့် မရမူ၍ ခုနစ်ကြိမ်တိုင်တိုင် ရဟန်းဖြစ်တုံ လူဖြစ်တုံ အရှက်တကွဲ ဖောက်လဲ ဖောက်ပြန် ဝဋ်ခံရလေ၏။
[အကျယ်မှာ ဓမ္မပဒ အဋ္ဌကထာမှာ ယူလေ။]
ဤသို့ သာသနာမှ ကောင်းသော ရွေ့ခြင်းဖြင့် ရွေ့လိုသော သူကို အလိုပြီးအောင် ချီးမွမ်း ထောက်ပံ့ ပြောဆိုမိကာမျှနှင့်ပင် ငါတို့ဘုရား လက်ထက်၌ ဝဋ်ဝိပါက် လိုက်ပါ၍ သာသနာ၌ ထောက်တည်ရာ မရဘဲ အရှက်တကွဲ ဖောက်လဲဖောက်ပြန် ဝဋ်ခံရလေသေး၏။
ဤဝတ္ထုကို ထောက်မြော်၍ မိမိတို့၏ သားရင်းမြေးရင်းကိုပင် ဖြစ်သော်လည်း သာသနာ၌ မွေ့လျော်စွာ နေထိုင်သော ရဟန်း သာမဏေများကို လူစိတ် ပါအောင် ဖြားယောင်း သွေးဆောင်ခြင်း အမှုများကို မပြုမိအောင် သတိမူသင့်လှ၏။
ဤဝတ္ထုများကို ထောက်ထား၍ သီလဝန္တရဟန်းကို စဝနာဓိပ္ပါယစိတ်ဖြင့် ဒုဿီလဆိုမှု စွပ်စွဲမှုများသည် အဘယ်မျှလောက် အကျိုးရင်း အကျိုးဆက် ဝဋ်ဝိပါက် ကြီးကျယ်လိမ့်မည်ဟု ရှုဆင်ခြင်ရန်တစ်ချက်,
ဤဘဝမှ နောက်နောက်ဘဝတို့၌ ရသေ့ ရဟန်းတို့ သာသနာ သဗ္ဗညုဘုရား သာသနာ များနှင့် ဘဝ အဆက်ဆက် ဝေးကွာ၍ သွားရန်တစ်ချက်,
ကံတစ်ပါး ထောက်မ၍ ရသေ့ရဟန်းတို့ သာသနာ သဗ္ဗညုဘုရား သာသနာ များ၌ ရသေ့အဖြစ် ရဟန်းအဖြစ်ကို ရပါငြားသော်လည်း ကောဏ္ဍဓာနရဟန်း စိတ္တဟတ္ထက ရဟန်းတို့ကဲ့သို့ ဝဋ်ဝိပါက်လိုက်ပါချက်နှင့် အရုပ်အမျိုးမျိုးပျက် အရှက်အမျိုးမျိုးကွဲ အကျိုး အမျိုးမျိုးနဲအောင် ဝဋ်ပွဲကြီး တွေ့ကြုံရလတ္တံ့သော အချက် များကို သတိမူ သင့်လှလေသတည်း။
ဤကား ဘုရားသာသနာ၌ ဒုဿီလရဟန်း အလဇ္ဇီရဟန်း သီလဝန္တရဟန်းတို့ကို အက္ကောသာဓိပ္ပါယစိတ်, စဝနာဓိပ္ပါယ စိတ်ဖြင့် ဒုဿီလဟု ဆိုမှုဆဲရေးမှု စွပ်စွဲမှုသည် ဖရုသဝါစာ ကမ္မပထကြီး တစ်ပါး ဖြစ်ကြောင်း, နိယတမိစ္ဆာဒိဋ္ဌိနှင့်အတူ အပြစ်ကြီးကျယ်ကြောင်း, ဝဋ်ဝိပါက် အကျိုးဆက် ကြီးကျယ်ကြောင်းများကို ပြဆို လိုက်သော အချက်တည်း။
ပုစ္ဆာ၌ “ပုဂ္ဂလာဓိဋ္ဌာန် ဓမ္မာဓိဋ္ဌာန်နှစ်ပါးတွင် တစ်ပါးပါးဖြင့် အပြစ်စကား ထိပါး ပြောဆိုသော သူတို့အား” ဟူရာ၌ အပြစ်စကား ပြောဆိုမှုသည် --
၁။ ပုဂ္ဂလာဓိဋ္ဌာန် ပြောနည်း,
၂။ ဓမ္မာဓိဋ္ဌာန် ပြောနည်း,
နှစ်ပါးရှိ၏။
ပုဂ္ဂလာဓိဋ္ဌာန်ပြောနည်းသည် ...
၁။ တိုက်ရိုက် ပြောနည်း,
၂။ စောင်းပါးရိပ်ခြေ စကားဆင်၍ ပြောနည်း,
နှစ်ပါးရှိ၏။
ထိုနှစ်ပါးလုံးသည်ပင်လျှင် ထိပါးလိုသောစိတ်နှင့် ပြောဆိုလျှင် အပြစ်မလွတ်၊ သူတစ်ပါးပက္ခကို ရှုတ်ချလိုသော စိတ်, မိမိပက္ခကို ပလွှားလိုသောစိတ်နှင့် ပြောဆိုခြင်းငှာ မသင့်၊ နှစ်ပက္ခ၏ အကျိုးကို လိုလားသော သုဒ္ဓစိတ်ဖြင့် ပြောဆို နိုင်ပါမူကား -
ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသတိ၊ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသတိ။
ဟူ၍ ဟောတော်မူသော ပါဠိတော်နှင့် ညီပါ၏၊ ကောင်းပါ၏။
ဓမ္မာဓိဋ္ဌာန် ပြောနည်းမှာလည်း …
ဓမ္မကို သက်သက် ရှေးရှု၍ ပြောဆိုရမည်၊ ဓမ္မကို သက်သက် ရှေးရှု၍ ပြောဆိုပုံကို ပြည့်စုံစွာ ပြဆိုအံ့၊ သမ္မပ္ပဓာန် လေးပါးပေါ်အောင် ပြောဆိုရမည်။
သမ္မပ္ပဓာန်လေးပါး ဆိုသည်ကား …
၁။ မိမိသန္တာန်၌ မဖြစ်သေးသော အကုသိုလ်ဓမ္မကို မဖြစ်လာရအောင် အားထုတ်ခြင်း တစ်ပါး,
၂။ မိမိသန္တာန်၌ ဖြစ်ဘူးသော အကုသိုလ်ဓမ္မကို ပယ်ရအောင် အားထုတ်ခြင်း တစ်ပါး,
၃။ မိမိသန္တာန်၌ မဖြစ်ဘူးသေးသော ကုသိုလ်ဓမ္မကို ဖြစ်စေရအောင် အားထုတ်ခြင်း တစ်ပါး,
၄။ မိမိသန္တာန်၌ ဖြစ်ဘူးသော ကုသိုလ်ဓမ္မကို ပွါးစေရအောင် အားထုတ်ခြင်း တစ်ပါး,
ဤကား သမ္မပ္ပဓာန်လေးပါးတည်း။
[အကုသိုလ်အဖို့၌ နှစ်ပါး၊ ကုသိုလ်အဖို့၌ နှစ်ပါး။]
အနာဂတ် အကုသိုလ်သည် မိမိသန္တာန်၌ မဖြစ်သေးသော အကုသိုလ်မည်၏၊ အတိတ် အကုသိုလ် ပစ္စုပ္ပန် အကုသိုလ်စုသည် မိမိသန္တာန်၌ ဖြစ်ပြီးဖြစ်ဆဲသော အကုသိုလ် မည်၏။
ဒုစ္စရိုက် ဆယ်ပါးတို့တွင် မာတုဃာတကကံ ပိတုဃာတက ကံ အစရှိသော ပါဏာတိပါတကံ တစ်မျိုးကို ကွက်ခြား၍ ပြဆိုရာ၏၊ တစ်ယောက်သော သတ္တဝါအား အနမတဂ္ဂဘဝစုတွင် တရားကိုသိသော ဘဝကား အလွန်နည်းပါး၏၊ မသိသော ဘဝသာ အလွန်များပြား၏၊
ပါဏာတိပါတမှု မည်သည် တရားကို မသိသော တစ်ခုတစ်ခုသော ဘဝမှာပင် အသင်္ချေ အသင်္ချေ မရေတွက်နိုင်အောင်ဖြစ်နိုင်၏။ ထို့ကြောင့် တစ်ယောက်သော သူ၏ သန္တာန်မှာ အဝီစိသို့ ချနိုင်သော ပါဏာတိပါတကံဟောင်း သိန်းသောင်း ကုဋေမက ရှိနေ၏၊ ထိုအတူ သင်္ဃာဋငရဲကြီး၌ ချနိုင်သော ပါဏာတိပါတ ကံဟောင်း သိန်းသောင်း ကုဋေမက ရှိနေ၏ စသည်ဖြင့် သိလေ။
ယခုဘဝ၌ ငယ်စဉ်အခါကစ၍ ဖြစ်နေသော ပါဏာတိပါတကံစုကား ထင်ရှားပြီ၊ အချို့သောသူ၌ ဖြစ်ပြီး ကံဟောင်းစုသာ ရှိ၏၊ အချို့သောသူ၌ ဖြစ်ပြီးဖြစ်ဆဲ နှစ်ပါးပင်ရှိ၏။
[ဤကား ဥပ္ပန္နကံစုတည်း။]
အကြင်မျှလောက် မိမိသန္တာန်၌ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ နှစ်ပါးသည် ရှိနေ၏၊ ထိုမျှလောက်သော ဘဝအဆက်ဆက် ကာလပတ်လုံး မာတုဃာတက ပိတုဃာတက အစရှိသော ပါဏာတိပါတ ကံမျိုးသည် ဖြစ်လိမ့်အုံးမည် မုချတည်း၊ ငါ၌ ဘယ်ကံတစ်စုကား ဖြစ်ခွင့်ငြိမ်းပြီဟု ဆိုရန် တစ်ခုမျှ မရှိသေးလေ။
ယနေ့ မဖြစ်သေးသော်လည်း နောက်နောက်နေ့ နောက်နောက်လ နောက်နောက်နှစ် နောက်နောက်ဘဝ တို့၌ ဧကန်မုချ ဖြစ်လတ္တံ့၊ အမိကိုလည်း ငါသတ်လတ္တံ့၊ အဖ ကိုလည်း ငါ သတ်လတ္တံ့၊ ရဟန္တာကိုလည်း ငါသတ်လတ္တံ့၊ ကြွင်းသော သတ္တဝါ တို့ကိုကား ဆိုဖွယ်မရှိ။
[ဤကား အနုပ္ပန္နကံစုတည်း။]
[ကြွင်းသော ဒုစ္စရိုက်ကိုးပါးတို့ကိုလည်း ဤပါဏာတိပါတကံနည်း သိလေ။]
အကုသိုလ်၌ အဖို့နှစ်ပါးဖြစ်၏၊ ထိုအဖို့နှစ်ပါးတို့၏ ခေါင်းစီးခေါင်းခံကား သက္ကာယဒိဋ္ဌိပေတည်း၊ သက္ကာယဒိဋ္ဌိ ဆိုသည်ကား မိမိခန္ဓာကိုယ်ကို ငါငါဟု ထင်မြင်စွဲမြဲမှုတည်း၊ ထိုငါ ငါဟုစိတ်ထဲတွင် ထင်မြင်စွဲမြဲမှု တင်းလင်းရှိနေသမျှ ဘဝသံသရာ ကာလပတ်လုံး ပြဆိုခဲ့ပြီးသော ဥပ္ပန္န အနုပ္ပန္န ဒုစ္စရိုက်ဓမ္မတို့သည် အဏုမြူမျှ ယုတ်လျော့ခြင်း မရှိကုန်။
အကြင်အခါ၌ ငါငါဟု စွဲလမ်းမှု ချုပ်ပျောက်၏၊ ထိုအခါ၌ ထို ဒုစ္စရိုက် အနန္တ တို့သည်လည်း အကုန်လုံး ချုပ်ပျောက်ကုန်၏၊ ထို့ကြောင့် ငါငါဟု ထင်မြင်စွဲလမ်းမှုကို ဒုစ္စရိုက်ကံ အနန္တတို့၏ ခေါင်းစီးခေါင်းခံ ဆိုပေသတည်း။
မိမိကို အဝီစိငရဲသို့ချရန် မိမိစိတ်သန္တာန်မှာ ယခုပါရှိ၍ နေသော အတိတ် ဒုစ္စရိုက်ကံဟောင်း အသင်္ချေ အနန္တတို့ကို ဘုရားသာသနာတွင်း၌ ကြုံကြိုက်သော အခါမှ အကုန်ပျောက် ငြိမ်းအောင် ပြုနိုင်သော အခွင့်ရှိသည်၊ နောက်နောက်နေ့ နောက်နောက်လ နောက်နောက်နှစ် နောက်နောက် ဘဝ အဆက်ဆက်တို့၌ မချွတ်ပြုလတ္တံ့သော ဒုစ္စရိုက်သစ် အနန္တတို့ကိုလည်း ဘုရားသာသနာ တွင်း၌ ကြုံကြိုက်သောအခါမှ တစ်ခါတည်း မျိုးပြတ်၍ ငွေ့ရုံမျှ နောင်မငွေ့ လာရအောင် ပြုနိုင်သော အခွင့် ရှိသည်။
ထိုသို့ပြုနိုင်သော အပေါက်အလမ်း ကွယ်ပျောက်၍ သွားသည်ကို သာသနာကွယ်သည် ခေါ်သည်၊ မိမိသည်လည်း ယခုနေ့သေ၍ သာသနာ မရှိရာဘဝသို့ရောက်၍ သွားလျှင် မိမိမှာယခုနေ့ပင် သာသနာကွယ်လတ္တံ့။ ဤသို့ အခွင့်အလမ်းတို့ကို မြော်မြင် ကြောက်လန့်သဖြင့် မသေမီ နေ့ရက်အတွင်း မိမိနှလုံးထဲမှာ အမြဲပါရှိ၍နေသော သက္ကာယဒိဋ္ဌိ နှင့်တကွ ထိုဒုစ္စရိုက်နှစ်ပက္ခတို့ကို အကုန်ပယ်သတ်ခြင်းငှာ သမထ ဝိပဿနာတရား အားထုတ်မှုကို ကုသိုလ်နှစ်ဖို့၌ သမ္မပ္ပဓာန် တရားနှစ်ပါး ဆိုသတည်း။ ကုသိုလ်၌ အဖို့နှစ်ပါးဆိုသည်ကား ဥပ္ပန္နအဖို့ အနုပ္ပန္နအဖို့ နှစ်ပါး ပင်တည်း။
[ဤကုသိုလ်အရာ၌ကား ဥပ္ပန္န အနုပ္ပန္န နှစ်ပါးလုံးကိုပင် ယခု ဘဝအတွင်း၌ ယူလေ။]
ပိဋကတ်သုံးပုံကို အကျဉ်းချုပ်၍ အဆီထုတ်ယူသည် ရှိသော် -
၁။ အဓိသီလသိက္ခာ တစ်ပါး၊
၂။ အဓိစိတ္တသိက္ခာ တစ်ပါး။
၃။ အဓိပညာသိက္ခာ တစ်ပါး
ဟူ၍ သိက္ခာသုံးပါး ရ၏၊ သီလ သမာဓိ ပညာ သုံးပါး ဆိုလိုသည်။
သမာဓိဆိုသည်ကား ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ နှစ်ပါးကို ဆိုသည်။
ပညာဆိုသည်ကား ဝိပဿနာပညာ မဂ်ပညာ ဖိုလ် ပညာ သုံးပါးကို ဆိုသည်။
သီလ သမာဓိ ပညာ အချုပ်သုံးပါးတို့တွင် ယခုအခါ၌ သီလသည်သာ ဥပ္ပန္နဖြစ်ကြ၏၊ စောင့်ကြ ထိန်းကြ၏၊ သမာဓိ ပညာနှစ်ပါးသည် အနုပ္ပန္နဖြစ်၏၊ ဗုဒ္ဓါနုဿတိ ကာယဂတာသတိ စသော သမာဓိမှုကို ပြုလုပ်ကြသော်လည်း ကုသိုလ်ဖြစ်ရုံမျှ အတုအပသာ ဖြစ်ကြသည်၊ ဥပစာရသမာဓိ အနေမျှပင် မဖြစ်နိုင်ကြ၊ ထို့ကြောင့် သမာဓိကို အနုပ္ပန္န ဆိုသည်။
အနိစ္စ ဒုက္ခ အနတ္တကို ပုတီးစိပ်ကြ နှလုံးသွင်းကြ သော်လည်း ကုသိုလ်ဖြစ်ရုံမျှ အတုအပ သာဖြစ်ကြသည်၊ ပုဂ္ဂလသညာ သတ္တသညာ အတ္တသညာများကို တွန်းခွါ၍ နာမ်ရုပ်သို့ အဟုတ် ပေါက်အောင် ထင်မြင်သော ဝိပဿနာ ပညာအစစ် မဖြစ်နိုင်ကြ၊ ထိုကြောင့် ပညာကို အနုပ္ပန္န ဆိုသည်။
ဥပ္ပန္နဖြစ်သော သီလသည်လည်း တဒင်္ဂသီလ အနေမျှသာ ဖြစ်ကြသည်၊ သမုစ္ဆေဒ အနေသို့ မရောက်စေနိုင်ကြ။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ် တစ်ခုကို ဥပမာနှင့်တကွ ပြဆိုအံ့၊ ထိုသိက္ခာပုဒ်သည် -
၁။ တဒင်္ဂ ကိစ္စ၊
၂။ သမုစ္ဆေဒ ကိစ္စ၊
ဟူ၍ နှစ်ပါး ရှိ၏။
ထိုနှစ်ပါးတို့၏ အထူးကား ...
တဒင်္ဂကိစ္စမှာ ညည့်အခါ မိုးမှောင်ကြီး အတွင်း၌ ဖြစ်သော လျှပ်စစ်ရောင်ကဲ့သို့ ခဏခဏဖြစ်၍ ခဏခဏ ပျောက်ဆုံး၏၊ ရှေးလွန်လေပြီးသော အနမတဂ္ဂ သံသရာ၌ ငါတို့၏သန္တာန်မှာ ထိုပါဏာတိပါတ သိက္ခာပုဒ် ဖြစ်ခဲ့လှကြပြီ၊ သီလဝန္တ လုပ်ခဲ့ လှကြပြီ၊
လဇ္ဇီ သူတော်ကောင်း လုပ်ခဲ့လှကြပြီ၊ လုပ်ခဲ့ကြသော်လည်း အပေါ်ရံ အာဂန္တု တဒင်္ဂ တစ်နပ်စာမှုတွေ ဖြစ်ခဲ့၍ ယခုနေ့ သီလဝန္တ လဇ္ဇီသူတော်ကောင်း နောက်သို့ကျလျှင် အလဇ္ဇီ ဒုဿီလသူယုတ်မာ, ယခုလ ယခုနှစ် သီလဝန္တ လဇ္ဇီသူတော်ကောင်း, နောက်လ နောက်နှစ်၌ အလဇ္ဇီဒုဿီလသူယုတ်မာ ယခုဘဝ သီလဝန္တ လဇ္ဇီ သူတော်ကောင်း နောက်ဘဝ၌ အလဇ္ဇီ ဒုဿီလ သူယုတ်မာ တံငါ မုဆိုး သူခိုးဓားပြ ဤသို့ဖြစ်၍ လာခဲ့ကြ၏။
ယခုဘဝ၌ မြေလျှိုးမိုးပျံ ဈာန်ရ အဘိညာဉ်ရ တိုင်းကျော် ပြည်ကျော် သူတော်ကောင်းကြီး နောက်နောက်ဘဝ၌ ဓားပြ သူခိုး မုဆိုး တံငါ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်ဘုံသား ဤသို့ဖြစ်၍ လာခဲ့ကြသည်။
ယခုဘဝ ဘုရားသာသနာနှင့် တွေ့ကြုံကြသော အခါမှာလည်း အခါအခွင့်ကို မသိကြမူ၍ ထိုတဒင်္ဂသီလ တစ်နပ်စာ သီလနှင့်ပင် အားရပြီးစီး ကြပြန်သည်ရှိသော် နောက်နောက်ဘဝ၌ ဓားပြ သူခိုး မုဆိုး တံငါ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်ဘုံသားဖြစ်၍ နစ်မြဲမျောမြဲ တလဲလဲပင် ရှိကြချေမည်။
ဤတဒင်္ဂသီလမျိုးသည် ဘုရားသာသနာ ရှိသောအခါ၌သော် လည်းကောင်း မရှိသောအခါ၌သော် လည်းကောင်း ကမ္ဘာနှင့်မြေစာ ဆိုဘိသကဲ့သို့ ကမ္ဘာရှိလျှင် တဒင်္ဂသီလ ရှိတော့သည်၊ ဘုရားပွင့်ရာ မဟုတ်သော စကြဝဠာ အနန္တမှာလည်း ရှိတော့သည်၊ ထိုကမ္ဘာ ထိုစကြဝဠာတို့၌ လူရှိကြ၏၊ နတ်ရှိကြ၏၊ ဗြဟ္မာရှိကြ၏၊ ထိုလူ ထိုနတ် ထိုဗြဟ္မာတို့သည် တဒင်္ဂသီလရှိကြ၍ လူအဖြစ် နတ်အဖြစ်သို့ ရောက်ကြကုန်သည်။ ထို့ကြောင့် ထိုတဒင်္ဂသီလမျိုးမည်သည် မြတ်စွာဘုရား၏ သာသနာတော်အစစ်မဟုတ်၊ သမုစ္ဆေဒသီလ သည်သာလျှင် မြတ်စွာဘုရားတို့၏ သာသနာတော် အစစ်ဖြစ်ကြောင်းကို သိအပ်သည်။
ဥပမာကား ...
ဝိဇ္ဇာမယပညာမျိုးကို အစိုးရသော ဝိဇ္ဇာဓိုရ် ယောက်ျား မည်သည် လောက၌ အလွန်တွေ့ရခဲ၏၊ တွေ့ကြုံ၍ လိမ္မာလျှင် လောက၌ မတွေ့ဘူး မကြုံဘူးရသော ဝိဇ္ဇာမယ ဆေးဝါးပညာ အာယုသိဒ္ဓိ ဓနသိဒ္ဓိမျိုးကို ရတတ်၏၊ မလိမ္မာသူ တစ်ယောက်သည် ထိုကဲ့သို့သော ဝိဇ္ဇာဓိုရ်ကို တွေ့၍ သင်ဘာကို အလိုရှိသနည်းဟု မေးပေရာ ဇာတိဝင်္ဂ ဆေးနည်းကို အလိုရှိပါသည်ဟု ဆိုလေ၏၊ ဇာတိဝင်္ဂဆေးနည်းကို ပေး၍ သွားလေ၏၊ လောက၌ ဘယ်အခါ မဆို အိမ်တိုင်းမှာရှိကြသော ဇာတိဝင်္ဂ ဆေးနည်းတစ်ခု ရလိုက်၏ ဆိုဘိသကဲ့သို့လည်းကောင်း။
တောင်သူ လူမိုက်တစ်ဦးသည် သိကြားမင်းကိုတွေ့၍ သင်ဘာကို အလိုရှိသလဲ ငါသိကြားမင်း ဖြစ်သည် အလိုရှိရာကို ပေးမည်ဆိုပေရာ တစ်ချက်နှစ်ချက် ခတ်လျှင် မီးရသော မီးခတ် ကောင်းကောင်း အလိုရှိပါသည် ဆို၏၊ သူအလိုရှိရာကို ပေး၍ သွားလေ၏၊ ဘယ်အခါမဆို လူတိုင်းမှာရှိကြသော မီးခတ်ငယ်တစ်ခု ရလိုက်၏ ဆိုဘိ သကဲ့သို့လည်းကောင်း။
အင်းဝမင်း တစ်ယောက်သည် အောင်ပင်လယ်အရပ်သို့ တောကစားထွက်လေရာ ကောင်းကင်မှ ကျရောက်လာသော ဝိဇ္ဇာဓိုရ်နှင့် တွေ့ရာ သင်မင်းကြီး ဘာကိုအလိုရှိ သလဲ မေးပေရာ နတ်သမီး နှင့် တွေ့ရသောဆေးကို အလိုရှိပါသည်ဆို၍ ထိုကဲ့သို့သော ဆေးကိုပေး၍ သွားလေ၏၊ ထိုဆေး၏အစွမ်းဖြင့် တစ်ကြိမ်တစ်ခါမျှတွေ့ရ၏၊ တစ်ကြိမ် တွေ့သည့်နောက် စိတ်ဖောက်ပြန်၍ နန်းက ကျ၏၊ အရူး အဖတ်တင်၏ ဆိုဘိသကဲ့သို့လည်းကောင်း။
အလွန်တွေ့ကြုံခဲလှသော သဗ္ဗညု ဘုရားသာသနာနှင့် တွေ့ကြုံရသော အခါမှာပင် ကမ္ဘာတိုင်း စကြဝဠာတိုင်းမှာ မြေဇာမြက်ကဲ့သို့ ရှိနေသော ထိုတဒင်္ဂသီလမျှနှင့် အားရပြည့်စုံ၍ နေကြ ကုန်သော သူတို့သည် ထိုဥပမာများနှင့် အလားတူ ကုန်၏။
[ဤကား တဒင်္ဂသီလ၏ အခြင်းအရာတည်း။]
သမုစ္ဆေဒသီလ ဆိုသည်ကား ...
မဂ်အဖြစ်သို့ ရောက်အောင် ကြီးပွါးသော သီလတည်း၊ အကြင် အခါ၌ မဂ်ကိစ္စ အဖြစ်သို့ ရောက်အောင် ကြီးပွား၏၊ ထိုအခါမှစ၍ ထိုပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ်သည် ထိုပုဂ္ဂိုလ် သန္တာန်မှာ အစဉ်ထာဝရ အမြဲတည်လေ၏၊ အပါယ်တံခါး အပြီး ပိတ်၏၊ ထိုပုဂ္ဂိုလ်သည် ဘဝအဆက်ဆက်တို့၌ အလဇ္ဇီအဖြစ် ဒုဿီလအဖြစ်သို့ မပြန်ပြီ၊ ဘဝအဆက်ဆက် ထာဝရလဇ္ဇီ ထာဝရသီလဝန္တ ဇာတိလဇ္ဇီ ဇာတိသီလဝန္တ ဖြစ် လေ၏၊ ဒမြ သူခိုး မုဆိုး တံငါ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အဖြစ်သို့ ပြန်နစ်ခြင်း မရှိပြီ။
[ဤကား သမုစ္ဆေဒ၏ အခြင်းအရာတည်း။]
ဤသမုစ္ဆေဒသီလသည်ကား ဘုရားပွင့်သောအခါမှ ပေါ်၏၊ သဗ္ဗညုဘုရားတို့၏ သာသနာအစစ် ဖြစ်၏၊ ဘုရား သာသနာအစစ်ဖြစ်၍ ဘုရားသာသနာတော် တွင်း၌ လူအဖြစ် ရှင်အဖြစ် ရဟန်း အဖြစ်ကို ရကြသောသူတို့မှာ ဤသမုစ္ဆေဒသီလကိုသာ အားကျရာ၏၊ ကမ္ဘာ့တန်ဆာ တစ်နပ်စာ တဒင်္ဂမျှနှင့် အားရ၍မနေရာ၊ အဘယ်ကြောင့်နည်းဟူမူ ကုဋေ ကိုးထောင်ကျော် အရေအတွက် ရှိသော ပါတိမောက္ခသံဝရသီလကြီးပင် ဖြစ်သော်လည်း သမုစ္ဆေဒအဖြစ်သို့ ရောက်အောင် မကြီးပွါးပဲ တဒင်္ဂ အဖြစ်မျှ၌ တည်နေခဲ့သည်ရှိသော် ယခု သီလဝန္တလဇ္ဇီ သူတော်ကောင်း, နောက်နေ့ နောက်လ နောက်နောက်ဘဝ၌ ဒမြ သူခိုး မုဆိုး တံငါ အပါယ်ဘုံသား ဖြစ်ကြစမြဲ အများနဲ အတိုင်းပင် ရှိသေးသောကြောင့်တည်း။
ထိုကြောင့် ယခုဘဝ မိမိသန္တာန်၌ ဆောက်တည် စောင့်ထိန်းကြသဖြင့် ဥပ္ပန္နဖြစ်၍ နေသော ထိုပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ်တော်ကို တဒင်္ဂ တစ်နပ်စာ အနေမျှနှင့် မပြီးကြစေကုန် မူ၍ အလဇ္ဇီ ဒုဿီလ အမျိုးအရိုးက ကျွတ်လွတ်၍ ဇာတိလဇ္ဇီ ဇာတိသီလဝန္တ အမျိုးအရိုးသို့ ရောက်ကြရန် သမုစ္ဆေဒ သိက္ခာပုဒ်အဖြစ်သို့ တိုင်ရောက် ကြီးပွါးအောင် အားထုတ်ကြကုန် ရာသည်။
ယခုစောင့်ထိန်း၍နေကြသော အဒိန္နာဒါနာဝေရာမဏိ အစရှိသော ဂဟဋ္ဌသီလ သိက္ခာပုဒ်တော်စု, ကုဋေကိုးထောင်ကျော်မျှသော ဥပသမ္ပန္နသီလ သိက္ခာပုဒ်တော်စု တို့၌လည်း ပြဆိုခဲ့ပြီးသော ပါဏတိပါတာ ဝေရမဏိသိက္ခာပုဒ်တစ်ခု၌ကဲ့သို့ တဒင်္ဂ စခန်း သမုစ္ဆေဒစခန်း နှစ်ပါးနှစ်ပါးစီ ရှိကြသည်ကို သိအပ်၏။
[ကုသိုလ်၌ ဥပ္ပန္နအဖို့ကို ပြဆိုခန်းပြီး၏။]
ယခုကာလ၌ ဖြစ်မြောက်အောင် မလုပ်နိုင်ကြ၍ အနုပ္ပန္န ဟုဆိုအပ်သော သမာဓိ ပညာနှစ်ရပ်၌ ...
သတ္တဝါတို့၏ စိတ်သန္တာန်မှာ အစဉ်ထာဝရ သောင်းကျန်း၍ နေသော နီဝရဏတရား ငါးပါးသည် ရှိ၏၊ သာသနာတော်တွင်း၌ လူကောင်း ရှင်ကောင်း ရဟန်းကောင်း အဖြစ်ကို ရကြ၍ တရားတော် များကို အဖန်ဖန် တွေ့မြင် ကြားနာ ကြရသဖြင့် အနိစ္စ ဒုက္ခ အနတ္တ ထင်မှုမြင်မှု ပွါးများမှုသည် အကောင်းဆုံး အမြတ်ဆုံး လိုရင်းအချုပ်ဟု သိကြ ယုံကြည်ကြ၏၊ ဓမ္မကထိကပုဂ္ဂိုလ်တို့လည်း ထိုတရားသုံးပါးကို အထွတ်အထိပ် ထား၍ ဟောရိုး ပြောရိုးအစဉ် ရှိသည်အတိုင်း ဟောကြပြောကြ၏၊
သို့သော်လည်း စိတ်သန္တာန်တွင် အစဉ်ထာဝရ သောင်းကျန်း၍နေသော ထို နီဝရဏတရား ငါးပါးတို့ကို နှိမ်နင်းခြင်းငှာ မတတ်နိုင်ကြသည်ဖြစ်၍ မိမိတို့စိတ်ကို အနိစ္စရှိရာ ဒုက္ခရှိရာ အနတ္တရှိရာသို့ ဦးလှည့်အောင် ပဲ့ပြင်၍ မရကြသဖြင့် ဓမ္မကထိက ပုဂ္ဂိုလ်တို့သည်ပင် ထိုအနိစ္စ ဒုက္ခ အနတ္တ ဘာဝနာများနှင့် ကွာဝေးလျက် နေကြ ကုန်၏။
[ထိုနီဝရဏတရား ငါးပါးကို သမာဓိအလုပ်နှင့် နှင်ထုတ် နှိမ်နင်း ပယ်ရှင်း၍ ပစ်နိုင်မှ အနိစ္စ ဒုက္ခ အနတ္တ ရှိရာသို့ စိတ်ဦးလှည့်အောင် ပဲ့ပြင်နိုင်လေသတည်း။]
စိတ်သန္တာန်၌ အစဉ်ထာဝရ သောင်းကျန်း၍ နေသော ထိုနီဝရဏတရားတို့ကို နှိမ်နင်းခြင်းငှာ ကသိုဏ်း အသုဘ အနုဿတိ အာရုံတို့တွင် ထင်နိုးရာ တစ်ခုခုသော အာရုံ၌ အထင်အမြင်ရ၍ ငြိမ်သက်ခွင့်ရအောင် ပွါးများ အားထုတ်မှုကို သမာဓိ ဆိုသည်။
ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်း၍ လက္ခဏာရေး ထင်မြင်အောင် ပွါးများအားထုတ်မှုကို ပညာဆိုသည်။
ထိုသမာဓိ နှစ်ပါးသည်လည်း ဘုရားသာသနာ ရှိခိုက်၌သာ ရှိလေသည်၊ ထိုသမာဓိ ပညာနှစ်ပါးကို ပွါးများမှုသည်ကား ခပ်သိမ်းသော ဒုစ္စရိုက် တရားတို့၏ ခေါင်းစီး ခေါင်းခံဖြစ်သော ငါငါ ငါငါ ဟု တစာစာ တဖွဖွ ပြောဆို၍ နေကြသော သက္ကာယ ဒိဋ္ဌိကို သတ်မှုပေတည်း၊ အဝိဇ္ဇာ တဏှာတို့ကို သတ်မှုပေတည်း။
မိမိတို့ စိတ်သန္တာန်၌ ဤသက္ကာယဒိဋ္ဌိ ရှိနေသမျှသည် အလဇ္ဇီ အမျိုးအရိုး ဒုဿီလအမျိုးအရိုးမှ မလွတ်၊ လဇ္ဇီသီလဝန္တ ဖြစ်ကြသော်လည်း တဒင်္ဂ တစ်ခဏသာ ဖြစ်နိုင်ကြသည်၊ ဇာတိလဇ္ဇီ ဇာတိသီလဝန္တ မဖြစ်နိုင်ကြ၊ ယခုဘဝ သီလဝန္တ နောက်ဘဝ အမိကိုလည်း သတ်လတ္တံ့, အဘကိုလည်း သတ်လတ္တံ့, ရဟန္တာကိုလည်း သတ်လတ္တံ့, မိစ္ဆာဒိဋ္ဌိကိုလည်း ယူလတ္တံ့, အလဇ္ဇီတလဲလဲ ဒုဿီလတလဲလဲ ဖြစ်မြဲ လမ်းရိုးသို့သာ သက်လတ္တံ့၊
အဘယ်ကြောင့်နည်းဟူမူ စိတ်သန္တာန်၌ ထိုသို့ဖြစ်ရန် တရားစု အလုံးစုံ အကုန်အစင် ထင်ရှား ရှိနေသောကြောင့်တည်း၊ ထိုကြောင့် ထိုသို့သော အလဇ္ဇီအမျိုးအရိုး ဒုဿီလအမျိုးအရိုးမှ ကျွတ် လွတ်၍ ဇာတိလဇ္ဇီမျိုး ဇာတိသီလဝန္တမျိုးအဖြစ်သို့ ရောက်ကြရန် ယခုဘဝ မိမိသန္တာန်၌ မဖြစ်ကြဘူးသေးသော ထိုသမာဓိ ကုသိုလ် ပညာကုသိုလ် တရားများကို ဘုရားသာသနာတော်နှင့် တွေ့ကြုံခိုက် အားစိုက်ကြ ကုန်ရာသည်။
[ဤကား အနုပ္ပန္နကုသိုလ် အဖို့တည်း။]
[ဤတွင် သမ္မပ္ပဓာန် လေးပါး၏ အချက်အရာကို လူသာမန်တို့ပင် မြင်နိုင် သိနိုင်ရန် ဝေဖန် ခြားနား၍ ပြဆိုခန်း ပြီး၏။]
အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်တို့အား ဓမ္မာဓိဋ္ဌာန် စကားဖြင့် ထိပါးပြောဆိုသော သူသည် ဤ သမ္မပ္ပဓာန်အချက် အနက် လေးပါး ပေါ်အောင် ပြောဆိုရမည်။
ပြောပုံကား ..
အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်ကို မြင်ခဲ့သော် လည်းကောင်း၊ ကြားခဲ့သော် လည်းကောင်း ထိုပုဂ္ဂိုလ်၌ ဖြစ်ပွားသော အလဇ္ဇီဓမ္မ ဒုဿီလဓမ္မကို မြင်ရမည်၊ အဋ္ဌကထာတို့၌ ပြဆိုသောအတိုင်း ထိုဓမ္မကိုသာ ဓမ္မာဓိဋ္ဌာန်အားဖြင့် ထိပါးပြောဆိုရမည်၊ ပုဂ္ဂိုလ်ကို မထိပါးစေနှင့်။
ဓမ္မကို ထိပါးပုံကား …
လောဘတရား မည်သည် အရှက်မရှိစွ, စက်ဆုပ်ဖွယ်ရှိစွ, ယုတ်မာစွ, ညစ်ညမ်းစွ, ကြမ်းတမ်းစွ, ဆိုးဝါးစွ, မှောက်မှားစွ, ဤလောက၌လည်း ရှက်ဖွယ်ကောင်းစွ, နောက်ဘဝ၌လည်း အပါယ်သို့ ပစ်ချလတ္တံ့ စသည်ဖြင့် မြင်နိုင်သမျှ အပြစ်ကို ထိုအလဇ္ဇီဓမ္မ ဒုဿီလ ဓမ္မအပေါ်၌ တင်၍ထိပါး ပြောဆိုရမည်။
၁။ ထိုသို့ ပြောဆိုပြီးနောက် မိမိသန္တာန်သို့ ရောက်စေရမည်၊ ငါ၌လည်း အပါယ်သို့ ပစ်ချရန် ရှေးရှေးဘဝ အနန္တတို့၌ ပြုခဲ့သော ဒုစ္စရိတ အလဇ္ဇီဓမ္မ ဒုဿီလဓမ္မတို့သည် အသင်္ချေ မက ယခုလိုက်ပါလျက် ရှိနေချေ၏၊ ယခုလို တဒင်္ဂကုသိုလ်မျှနှင့် အားရ၍ ငါနေချေလျှင် ထိုဒုစ္စရိတ အလဇ္ဇီဓမ္မ ဒုဿီလဓမ္မတို့ အတွက် ငါ၌ အပါယ်ဝန် လေးလှချေသေး၏ဟု ဥပ္ပန္နအကုသိုလ် အဖို့ကိုလည်း ဆင်ခြင်မိစေရမည်။
၂။ ထိုသူမှာလည်း လောဘ ဒေါသ မောဟ တိုက်တွန်းသည့် အတွက်ကြောင့် ထိုအလဇ္ဇီဓမ္မအမှု ဒုဿီလအမှုကို ပြုရှာရသည်၊ လောဘ ဒေါသ မောဟတို့နှင့်တကွ သက္ကာယဒိဋ္ဌိ ဟူသော ဒုစ္စရိုက်အိုးကြီး ဒုစ္စရိုက်မျိုးကြီး အလဇ္ဇီအိုးကြီး အလဇ္ဇီမျိုးကြီး ဒုဿီလအိုးကြီး ဒုဿီလမျိုးကြီး ရှိနေသည့် အတွက်ကြောင့် ထိုအလဇ္ဇီမှု ဒုဿီလမှုကို ပြုရှာရသည်၊ လောဘ ဒေါသ မောဟ သက္ကာယဒိဋ္ဌိတို့အတတ် ဖြစ်ချေသည်၊
ငါ၌လည်း ထိုတရားတို့သည် ရင်နှင့်အပြည့် ဝမ်းနှင့်အပြည့် ရှိချေကုန်၏၊ ငါလည်း ဒုစ္စရိုက်အိုး အလဇ္ဇီအမျိုးအရိုး ဒုဿီလအမျိုးအရိုး ထဲကပင်ဖြစ်ချေသည်၊ ယခုလို တဒင်္ဂကုသိုလ်နှင့် အားရ၍ ငါနေချေလျှင် ငါ့ရင်တွင်း ငါ့ဝမ်းတွင်းရှိ သက္ကာယဒိဋ္ဌိ ဒုစ္စရိုက် အိုးကြီး အခိုးတံခွန် ထွက်သဖြင့် နက်ဖြန်သဘက် နောက်ရက် နောက်လ နောက်နောက် ဘဝတို့၌ အလဇ္ဇီဒုဿီလ တလဲလဲ ဖြစ်မြဲ ဖြစ်ပြန်ရလတ္တံ့, အမိကိုလည်း ငါသတ်လတ္တံ့, အဘကိုလည်း ငါသတ်လတ္တံ့ဟု အနုပ္ပန္န အကုသိုလ် အဖို့ကိုလည်း ဆင်ခြင်မိ စေရမည်။
၃။ ထိုသူသည် ရှေ့အဘို့၌ သီလဝန္တ ဖြစ်ဖူးပါလျက် ယခု ဒုဿီလ ဖြစ်ပြန်ရသည်ကား သီလဝန္တ ဖြစ်စဉ်အခါ တဒင်္ဂ တစ်ခဏ တစ်နပ်စာ သီလမျှနှင့် နေခဲ့၍ ထိုသီလကို သမုစ္ဆေဒ စခန်းသို့တိုင် ရောက်အောင် ပွားများမှုကို မပြုခဲ့သည့်အတွက်ကြောင့် မျက်လှည့်သည် တဒင်္ဂ တစ်နပ်စာ သီလ ကွယ်ပျောက်ပြန်၍ ဒုဿီလ ဖြစ်ရှာရ ပြန်သည်၊
ယခု ငါစောင့်ထိန်း၍နေသော သီလစုသည်လည်း မယုံသာရ စိတ်မချရ တဒင်္ဂ စခန်းမှာပင် ရှိချေသေးသည်၊ ယခုလို တဒင်္ဂကုသိုလ်မျှနှင့် အားရ၍ငါနေချေလျှင် မျက်လှည့်သည် တဒင်္ဂ ငါ့သီလသည် သည်နေ့လား နက်ဖြန်လား နောက်ရက် နောက်လ နောက်ဘဝလား လွင့်ပါး ကွယ်ဆုံးချေဦးမည်, သမုစ္ဆေဒ စခန်းသို့ ဆိုက်ရောက်ကြီးပွားအောင် ငါအားထုတ်ဦးမှ သင့်ချေမည် ဟု ဥပ္ပန္နကုသိုလ် အဖို့ ကိုလည်း ဆင်ခြင်မိစေရမည်။
၄။ ထိုသူသည် သီလဝန္တ ဖြစ်စဉ်အခါ သီလနှင့် တင်းတိမ်၍ သမာဓိ ပညာများကို အားမထုတ် ခဲ့သည့်အတွက် သက္ကာယဒိဋ္ဌိ ဒုစ္စရိုက်အိုးကြီး အပြီးရှိနေ၍ တဖန်ဒုဿီလ အဖြစ်သို့ နစ်ပြန်လေသည်၊ ငါသည်လည်း တဒင်္ဂသီလနှင့် တင်းတိမ်၍ သမာဓိပညာများကို အားမထုတ် ခဲ့လျှင် သက္ကာယဒိဋ္ဌိ ဒုစ္စရိုက်အိုးကြီး ရှိမြဲရှိနေ သည့်အတွက် နက်ဖြန်လား သဘက်လား နောက်ရက် နောက်လ နောက်နောက် ဘဝလား ထိုသူကဲသို့ ဒုဿီလအဖြစ်သို့ ရောက်ရချေဦးမည် ဟု အနုပ္ပန္နကုသိုလ် အဖို့ကိုလည်း ဆင်ခြင်မိစေရမည်။
[ဤသို့ ဆင်ခြင်ပါမူကား ထိုအခါ၌ သမ္မပ္ပဓာန်တရား လေးပါးကို တစ်စိတ်အားဖြင့် ပွားများ နေသည် မည်၏။]
ယခုကဲ့သို့ ပုထုဇ္ဇန်အဖြစ်၏ ကြီးကျယ်လှစွာသော ဘေးဘယအစု ဖြစ်သည်ကို မြင်သဖြင့် ကြီးစွာသော သတိသံဝေဂ တရား တည်လိမ့်မည်၊ ဘာဝနာ တရားများကို အားထုတ်မှု၌ ညွတ်သောစိတ် ဖြစ်လာလိမ့်မည်၊ သူတစ်ပါး၌ရှိသော အပြစ် ဒေါသ အာဒီနဝကို တွေ့မြင် ကြားသိရသောအခါ၌ ထိုအပြစ်ဒေါသ အာဒီနဝကို မိမိကိုယ်သို့ ဆောင်သဖြင့် မိမိကိုယ်မှာ ရှိနေသော အပြစ်ဒေါသ အာဒီနဝမျိုးစု အကုန်ပေါ်လာ၍ မိမိကိုယ်အတွက် ကြီးစွာသော သံဝေဂတရား ဖြစ်ပွားမှုသည်ကား ဘုရားအလောင်း အစရှိသော ပညာရှိတို့၏ လမ်းကြောင်းပေတည်း။
ထိုစကား မှန်၏ ...
ဘုရားအလောင်းတော်ကြီးတို့သည် ပစ္ဆိမဘဝ၌ သူအို သူနာ သူသေတို့ကို မြင်ကြရာ သူတစ်ပါး တို့၌ဖြစ်သော အိုမှု နာမှု သေမှု အပြစ်ဒေါသ အာဒီနဝတို့ကို မိမိကိုယ်သို့ ဆောင်၍ ငါ၌လည်း ထိုသူလို အိုခြင်းတရား ရှိချေသည်, နာခြင်းတရား ရှိချေသည်, သေခြင်းတရား ရှိချေသည်, ငါလည်း ထိုသူတို့လို အိုမျိုး အိုရိုး ဖြစ်ချေသည်, နာမျိုး နာရိုး ဖြစ်ချေသည်, သေမျိုး သေရိုး ဖြစ်ချေသည်ဟု ကြီးစွာသော သံဝေဂ ဖြစ်တော်မူကြ၍ တောထွက်တော် မူကြကုန်သည်။
ရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး ဖြစ်သော ရှင်ရေဝတကို ခုနစ်နှစ်အရွယ် သူငယ်ဖြစ်စဉ် အခါ၌ မိဘဆွေမျိုးတို့က ရဟန်းပြုမည်ကို စိုးရိမ်ကြ၍ ဃရာဝါသ ဖွဲ့နှောင်မှုကို ပြုကြရာ မင်္ဂလာ လက်ဖွဲ့ပွဲ၌ အသက်ကြီးသူတို့ကို ကန်တော့စေ သောအခါ ဤသူငယ်သည် အဘိုးအို အဖွားအို တို့ကဲ့သို့ အသက်ရာကျော် ရှည်ပါစေသောဟု ဆုပေးမြဲ ထုံးစံရှိသည့် အတိုင်း ပြုကြကုန်၏၊ ထိုအခါ သူငယ် ရေဝတသည် အဖွားအိုကြီးကို မြင်လေရာ ဆိုခဲ့ပြီးသော နည်းဖြင့် မိမိကိုယ်သို့ ဆောင်သည်ရှိသော် ကြီးစွာသော သံဝေဂကို ရ၍ တောထွက်လေ၏။
ဤသို့လျှင် သူတစ်ပါးကို မြင်လျှင် မိမိကိုယ်၌ရှိသော အပြစ်ဒေါသ အာဒီနဝ တို့ကို အမှတ်ပြု၍ ထိတ်လန့်ခြင်း သံဝေဂကို ဖြစ်စေရခြင်းသည် ပညာရှိတို့၏ လမ်းရိုးလမ်းစဉ် ဖြစ်သတည်း။
[ဤကား အလဇ္ဇီ ဒုဿီလပုဂ္ဂိုလ်တို့ကို မြင်ရကြားရ သောအခါ ဓမ္မာဓိဋ္ဌာန် အားဖြင့် ထိပါး ပြောဆိုခြင်းကို အရင်းပြု၍ သမ္မပ္ပဓာန်တရား ဖြစ်ပွားသော နည်းလမ်းကို ပြဆိုသော အချက် တည်း။]
ဓမ္မာဓိဋ္ဌာန် တစ်နည်းမှာ...
ထိုပုဂ္ဂိုလ်ကိုပင် ထုတ်ဖော်၍ ပြောသော်လည်း အဋ္ဌကထာ၌ လာသောအတိုင်း စင်ကြယ်သော ဓမ္မသံဝေဂစိတ်ဖြင့် ထိတ်ဖွယ်လန့်ဖွယ် အနေနှင့် ပြောဆိုခြင်းသည် လည်း ဓမ္မာဓိဋ္ဌာန် တစ်မျိုး ပင်တည်း။
မစင်လူးလဲ မစင်တုံးကို စားခဲ ကိုင်ဆော့၍ နေသော သားငယ်ကို မွေးသမိခင်မြင်လျှင် ရင်ဘတ်ကို ခတ်တီး၍ ဟူးရီး ဟူးရား ပြေးသွား ကောက်ယူ၍ မစင်ကိုသာ စက်ဆုပ် ငြူစူ စင်ဖြူအောင် ဆေးလျှော် သုတ်ပစ် သားချစ်ကို ပိုက်ပွေ့ နမ်းရှုံ့လေသည်၊ မစင်လူးလဲ မစင်တုံးကို စားခဲ တစ်ကိုယ်လုံး အတွင်းအပြင် စွဲ၍ သိမ်းဆဲ ကောက်ယူ ဘို့ရာ မကောင်းသော်လည်း သားကို ချစ်ခင်ကြင်နာခြင်း မပျက် သားပါ မပစ် လိုက်ရက်ဘဲ သား၌ လူးလဲနေသော မစင်ကိုသာ ရွံရှာ စက်ဆုပ် ခြစ်ခြုတ်ဆေးလျှော်၍ ပစ်လေသည်။
ထိုနည်းတူစွာ တံငါ မုဆိုး သူခိုး ဒမြ ဆိုးဝါး ယုတ်မာလှသော လူကိုဖြစ်စေ, မတရားမှုကို များစွာပြုကျင့်နေသော ရဟန်း သာမဏေကို ဖြစ်စေ, မြင်ရလေလျှင် ငါတို့မျိုးနွယ် မိတ်ဆွေကို အဓမ္မ တည်းဟူသော မစင်တွေ လူးလဲ အဓမ္မပစ္စည်း တည်းဟူသော မစင်တုံး မစင်ခဲတို့ကို စားခဲ၍ နေရှာပါသည်တကားဟု ပုဂ္ဂိုလ်ကို သနားချစ်ခင်ကြင်နာ အဓမ္မ အလဇ္ဇီ အမှုကိုသာ အပြစ်ရှာ၍ စွမ်းနိုင်ပါလျှင် စင်ကြယ်အောင် သုတ်သင်ပြောဟော ဆုံးမ, မစွမ်းနိုင်လျှင် မစင်တွင်းမှာ ကျွံနစ်၍ သေသော သားကို သနားလျက်ပင် လျစ်လျူရှုရသော အမိကဲ့သို့ -
ထို ပြောဟောဆုံးမ သုတ်သင်၍ ရနိုင်ဖွယ် မရှိသော အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်ကို အာရုံမပြု လျစ်လျူရှု၍ သော်လည်းကောင်း၊ နှလုံးမသာ ဝိပ္ပဋိသာရ ဒေါမနဿ အာဃာတ စိတ်ဆိုး ရန်ငြိုး မထား ပါပဂရဟီအားဖြင့် အဓမ္မ အလဇ္ဇီ ဒုဿီလ အမှုများကိုသာ ထိပါးပြစ် တင်၍သော် လည်းကောင်း ပြောဆိုခြင်း နှလုံးသွင်းခြင်း သည်လည်း မိမိကိုယ်မှာ မကောင်းမှုအပြစ် ကင်းစင် သော ဓမ္မာဓိဋ္ဌာန်မျိုးပေတည်း။
[ဤသို့စသောအားဖြင့် ဓမ္မာဓိဋ္ဌာန် ပြောဆိုနည်းကား များပြားလှပါပေ၏။]
ဆဋ္ဌမပုစ္ဆာ အဖြေ ပြီး၏။
သတ္တမ ပုစ္ဆာ အဖြေ
▬▬▬▬▬▬▬
(၇) အလဇ္ဇီပုဂ္ဂိုလ်သည် သံသရာဘေးကို ကြောက်၍ ဓမ္မသံဝေဂ ရသဖြင့် လဇ္ဇီ သူတော်ကောင်း အဖြစ်သို့ ရောက်လိုသောအခါ မည်ကဲ့သို့သော အမူအရာဖြင့် လဇ္ဇီ သူတော်ကောင်း ဖြစ်နိုင်မည် အကြောင်းကိုလည်း သိလိုပါသည်။
ဟူသော သတ္တမပုစ္ဆာ၌ -
လဇ္ဇီသည် --
၁။ တဒင်္ဂလဇ္ဇီ,
၂။ ဇာတိလဇ္ဇီ,
ဟူ၍ နှစ်ပါးရှိသည်၊ အလဇ္ဇီ၏ လဇ္ဇီအဖြစ်သို့ ရောက်ခြင်းသည်လည်း -
၁။ တဒင်္ဂအားဖြင့် ရောက်ခြင်း,
၂။ သမုစ္ဆေဒအားဖြင့် ရောက်ခြင်း,
ဟူ၍ နှစ်ပါးရှိသည်။
[ထိုနှစ်ပါးတွင် တဒင်္ဂအားဖြင့် လဇ္ဇီအဖြစ်သို့ရောက်ခြင်းကို ပထမပုစ္ဆာအဖြေမှာ ပြဆိုခဲ့ပြီ။ သမုစ္ဆေဒ အားဖြင့် လဇ္ဇီအဖြစ်သို့ ရောက်ခြင်းကို ဆဋ္ဌမပုစ္ဆာအဖြေမှာ ပြဆိုခဲ့ပြီ။]
လိုရင်းကား ..
တဒင်္ဂအားဖြင့် လဇ္ဇီအဖြစ်သို့ ရောက်ခြင်းမှာ စိတ္တက္ခဏနှင့် စပ်၏၊ ပညတ်တော်ကို သိသော စိတ်နှင့် သိက္ခာပုဒ်တော်ကို လွန်ကျူးဆဲ အခါ၌ အလဇ္ဇီ ဖြစ်၏၊ ထိုအာပတ်ကို ဆေးကြော သုတ်သင်လိုသော လဇ္ဇီဓမ္မစိတ် ဖြစ်လာသောအခါ လဇ္ဇီဖြစ်၏။
သမုစ္ဆေဒအားဖြင့် လဇ္ဇီအဖြစ်သို့ ပြောင်းခြင်းမှာ ငါငါ ဟူသော သက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ ပယ်ဖြတ်မှ ဇာတိလဇ္ဇီ အဖြစ်သို့ ရောက်သည်။
ဤပုစ္ဆာ၌ လဇ္ဇီသူတော်ကောင်းဟူသော စကား၌လည်း လဇ္ဇီမှာ ကာယဒွါရ ဝစီဒွါရ ဤနှစ်ဒွါရ စင်ကြယ်လျှင် လဇ္ဇီဖြစ်၏၊ သူတော်ကောင်းမှာ မနောဒွါရစင်ကြယ်မှ သူတော်ကောင်း ဖြစ်နိုင်သည်၊ လဇ္ဇီဖြစ်ကာမျှနှင့် သူတော်ကောင်း မဟုတ်သေး။
[ဤအချက်ကိုလည်း လက္ခဏာ အသီးသီးနှင့်တကွ ဒုတိယပုစ္ဆာ တတိယပုစ္ဆာ အဖြေမှာပြဆိုခဲ့ပြီ။]
လိုရင်းကား ..
“မနောဒွါရေ အာပတ္တိနာမ နတ္ထိ” ဟူသော အဋ္ဌကထာ ပါဌ်နှင့်အညီ ဝိနည်း ပညတ်တော် မည်သည် အလွန် ရုန့်ရင်းလှသော ကာယကံမှု ဝစီကံမှု တို့၌သာ ပညတ်သောအရာ ဖြစ်သည်၊ မနောကံမှုကို ပညတ်သောအရာ မရှိ။
ထိုကြောင့် ဝိနည်းကိုသာသိ၍ ဝိနည်းကိုသာ အလေး ဂရုပြုသောသူသည် ကာယကံ ဝစီကံ စင်ကြယ်၏၊ လဇ္ဇီဖြစ်၏၊ ဝိနည်းပညတ်တော်မှ အလွတ်ဖြစ်သော ပါပဓမ္မ ဒုစ္စရိတဓမ္မ မျိုးကား အလွန် များသေး၏၊ “ကတညူ ကတဝေဒီ ဓီရော” အစ ရှိသည်ဖြင့် ရှေး၌ပြဆိုခဲ့ပြီးသော သုတ္တန်အလာ သူတော်ကောင်း လက္ခဏာနှင့် ပြည့်စုံမှ သူတော်ကောင်း ဖြစ်သည်။
သတ္တမပုစ္ဆာ အဖြေ ပြီး၏။
အဋ္ဌမပုစ္ဆာ အဖြေ
[ဝိနည်းသက်သက်ကို မေးသော ဒွါဒသမပုစ္ဆာ တေရသမ ပုစ္ဆာများကို ဤနေရာ၌ သွင်း၍ ဖြေဆိုအံ့။]
(၈) ဂဟဋ္ဌဖြစ်သူ လူတို့၏ ဝိနည်း ကျမ်းဂန်များကို သင်ကြားခြင်းသည် “ဝိနယောစ သုသိက္ခိတော” ဟောတော်မူသော ဒေသနာတော်နှင့် ညီ, မညီများကို အကျိုးအပြစ် ဝတ္ထုသက်သေ နှင့်တကွ သိလိုပါသည်။
ဟူသောပုစ္ဆာ၌ -
“ဝိနယောစ သုသိက္ခိတော” ဟူသော မင်္ဂလာ ဒေသနာ တော်၏ အဓိပ္ပါယ်ကား ဂဟဋ္ဌ ဖြစ်သောလူသည် သပ္ပုရိသအင်္ဂါ, သပ္ပုရိသ လက္ခဏာနှင့် ကောင်းစွာပြည့်စုံ၍ လူသူတော်ကောင်း အဖြစ်၌ တည်ခြင်းငှာ လူတို့ကျင့်အပ်သော အာဂါရိယ ဝိနည်း တရားကို ကောင်းစွာ ကျင့်အပ်၏၊ ရဟန်းဖြစ်သောသူသည် လဇ္ဇီအင်္ဂါ သီလဝန္တအင်္ဂါ သပ္ပုရိသအင်္ဂါ လက္ခဏာတို့နှင့် ကောင်းစွာ ပြည့်စုံ၍ လဇ္ဇီသီလဝန္တ သပ္ပုရိသ ရဟန်း ကောင်း အဖြစ်၌တည်ခြင်းငှာ ရဟန်းတို့ကျင့်အပ်သော အနာဂါရိယ ဝိနည်းတရားကို ကောင်းစွာ ကျင့်အပ်၏။
ဤသို့ လူဖြစ်သူ ရဟန်းဖြစ်သူတို့၏ အသီးသီး မိမိတို့ ဆိုင်ရာ ဆိုင်ရာ ဝိနည်းတရား တို့ကို အကျိုး အပေါက် အပြောက် အကြား အငြိအစွန်း အညစ်အနွမ်း မရှိစေရ၊ ကောင်းစွာကျင့်ကြခြင်းသည် ပစ္စုပ္ပန်သံသရာ ချမ်းသာစီးပွား များရာများကြောင်း ကောင်းမြတ်သော မင်္ဂလာကြီး တစ်ပါး ဖြစ်သည်ဟု ဆိုလိုသည်။
[ရဟန်းတို့ ဝိနည်း ကျမ်းဂန်များကို လူတို့သင်ကြားခြင်းကို ဆိုလိုရင်း မဟုတ်ပေ။]
ထိုကြောင့် သုတ္တနိပါတ်အဋ္ဌကထာ၌ …
ဝိနယောနာမ အာဂါရိယဝိနယောစ အနာဂါရိယ ဝိနယောစ။ တတ္ထ အာဂါရိယ ဝိနယောနာမ ဒသ အကုသလကမ္မပထဝိရမဏံ၊ သော တတ္ထ အသံကိလေသာပဇ္ဇနေနစ အာစာရဂုဏဝတ္တနေနစ သုသိက္ခိတော ဟောတိ။
အနာဂါရိယ ဝိနယောနာမ သတ္တာပတ္တိက္ခန္ဓေ အနာပဇ္ဇနံ၊ သော ပိ ဝုတ္တနယေနေဝ သုသိက္ခိတော စတုပါရိသုဒ္ဓိသီလံ ဝါ ဝိနယော။ သော ယထာ တတ္ထ ပတိဋ္ဌာယ အရဟတ္တံ ပါပုဏာတိ။ ဧဝံ သိက္ခန္တေန သုသိက္ခိတော။
ဟူ၍ “ဝိနယောစ သုသိက္ခိတော” မင်္ဂလာ အဖွင့်မှာ ဆိုပေသည်။
ဝိနယောနာမ - ဝိနည်းမည်သည်ကား၊
အာဂါရိယ ဝိနယောစ - ဂဟဋ္ဌဖြစ်သူ အိမ်နေလူတို့၏ဝိနည်းလည်းတစ်ပါး၊
အနာဂါရိယဝိနယောစ - အိမ်၏ အစီးအပွားနှင့် မစပ်သော ရဟန်းတော်မြတ်တို့၏ ဝိနည်းလည်း တစ်ပါး၊
တတ္ထ - ထိုနှစ်ပါးတို့တွင်၊
အာဂါရိယ ဝိနယောနာမ - ဂဟဋ္ဌဖြစ်သူ အိမ်နေ လူတို့၏ ဝိနည်း မည်သည်ကား၊
ဒသ အကုသလ ကမ္မပထဝိရမဏံ - ဒုစ္စရိုက်ဆယ်ပါးဟု ဆိုအပ်သော အကုသိုလ် ကမ္မပထတရား ဆယ်ပါးတို့မှ ရှောင်ကြဉ်ခြင်းပေတည်း၊
သော - ထိုအာဂါရိယ ဝိနည်းကို၊
တတ္ထ - ထိုဒုစ္စရိုက်ဆယ်ပါးဟု ဆိုအပ်သော အကုသိုလ် ကမ္မပထတရား ဆယ်ပါးတို့မှ ရှောင်ကြဉ်ခြင်း အမှု၌၊
အသံကိလေသာပဇ္ဇနေနစ - ညစ်နွမ်းခြင်းသို့ မရောက်သော အားဖြင့် လည်းကောင်း၊
အာစာရဂုဏဝတ္တနေနစ - အာစာရဂုဏ်၌ ကောင်းစွာ တည်သော အားဖြင့် လည်းကောင်း၊
သုသိက္ခိတော - ကောင်းစွာ ကျင့်အပ်၏။
အနာဂါရိယ ဝိနယောနာမ - ရဟန်းတော်မြတ်တို့၏ ဝိနည်း မည်သည်ကား၊
သတ္တာပတ္တိက္ခန္ဓေ - ဝိနည်းပညတ် အာပတ် ခုနစ်ပုံတို့ကို၊
အနာပဇ္ဇနံ - မလွန်ကျူးခြင်းပေတည်း၊
သောပိ - ထိုအနာဂါရိယ ဝိနည်းကိုလည်း၊
ဝုတ္တနယေနေဝ - မညစ်မနွမ်းစေခြင်း အာစာရဂုဏ်၌ ကောင်းစွာ တည်ခြင်းတည်း ဟူသော ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင်၊
သုသိက္ခိတော - ကောင်းစွာကျင့်အပ်၏၊
ဝါ - တစ်နည်းကား၊
စတုပါရိသုဒ္ဓိသီလံ - စတုပါရိသုဒ္ဓိသီလသည်၊
ဝိနယော - ဝိနည်း မည်၏၊
သော - ထိုစတုပါရိ သုဒ္ဓိသီလ ဟုဆိုအပ်သောဝိနည်းကို၊
တတ္ထ - ထို ဝိနည်း၌၊
ပတိဋ္ဌာယ - တည်၍၊
ယထာ - အကြင် အခြင်းအရာအားဖြင့်၊
သိက္ခန္တော - ကျင့်သည်ရှိသော်၊
အရဟတ္တံ - အရဟတ္တဖိုလ်သို့၊
ပါပုဏာတိ - ရောက်၏၊
ဧဝံတထာ - ထိုအရဟတ္တဖိုလ်သို့ ယခုဘဝ၌ ဆိုက်ရောက် လောက်အောင်သော အခြင်းအရာအားဖြင့်၊
သိက္ခန္တေန - ကျင့်သဖြင့်၊
သုသိက္ခိတော - ကောင်းစွာ ကျင့်အပ်၏။
ဤသို့လာသော အဋ္ဌကထာကို ထောက်၍ လူရဟန်းတို့အား အသီးအသီး မိမိတို့ဆိုင်ရာ ဝိနည်းကို ကောင်းစွာ ကျင့်ကြသည် ကိုသာလျှင် “ဝိနယောစ သုသိက္ခိတော” ဆိုသည်၊ ရဟန်းတို့၏ ဝိနည်းကျမ်းကို လူတို့သင်ကြားသည်ကို ဆိုလိုရင်း မဟုတ်၊
“သုသိက္ခိတော” ဟူသောပုဒ်မှာလည်း “ကောင်းစွာ သင်ကြားအပ်၏” ဟူသော အနက်ကို ဆိုလိုရင်းမဟုတ်၊ “ကောင်းစွာကျင့်အပ်၏”ဟူသော အနက်ကိုသာ ဆိုလိုရင်းတည်း၊ “ကောင်း စွာကျင့်အပ်၏” ဆိုသဖြင့် “ကောင်းစွာသင် ကြားအပ်၏” ဟူသော အနက်သည် အလိုလိုပြီးစီး၏။
[ကောင်းစွာ မကျင့်ပဲ သင်ကြားကာမတ္တနှင့် သုသိက္ခိတ မဖြစ်ပေ။]
ဤမင်္ဂလာ၌ လူတို့မှာ အကုသလ ကမ္မပထတရား ဆယ်ပါးကို ရှောင်ကြဉ်၍ ကုသလကမ္မပထ တရား ဆယ်ပါး၌ ကောင်းစွာ ကျင့်ခြင်းကို ဆိုသတည်း။ ကောင်းစွာကျင့်ခြင်း အရကိုလည်း “တတ္ထ အသံကိလေသာ ပဇ္ဇနေန အာစာရဂုဏ ဝတ္တနေန” ဟု နှစ်ချက် ပြဆိုပေ၏၊ ထိုနှစ်ချက်တို့တွင် “တတ္ထ အသံကိလေသာ ပဇ္ဇနေန” ပုဒ်၏ အဓိပ္ပါယ်ကို ဒသနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်မြတ်ကိုမှီ၍ သိအပ်၏။
ဟောတော်မူသော ဒေသနာတော်ကား ..
အတ္တနာစ ပါဏာတိပါတီ ဟောတိ။ ပရေစ တတ္ထ သမာဒပေတိ။ ပါဏာတိပါတဿ စ ဝဏ္ဏဝါဒီ ဟောတိ၊ တတ္ထစ သမနုညော ဟောတိ။
[ပါဏာတိပါတ သိက္ခာပုဒ်ပျက်မှု ညစ်နွမ်းမှု လေးပါး။]
အတ္တနာစ - မိမိသည်လည်း၊
ပါဏာတိပါတီ - သူ့အသက်ကို သတ်ခြင်းအမှုရှိသည်၊
ဟောတိ - ဖြစ်၏၊
ပရေစ - သူတစ်ပါး တို့ကိုလည်း၊
တတ္ထ - ထိုပါဏာတိပါတမှု၌၊
သမာဒပေတိ - စေခိုင်းတိုက်တွန်း ပြညွှန်း နှိုးဆော်၏၊
ပါဏာတိပါတဿစ - ပါဏာတိပါတမှု၏လည်း၊
ဝဏ္ဏဝါဒီ - ကျေးဇူးကို ပြောဆိုခြင်းရှိသည်၊
ဟောတိ - ဖြစ်၏၊
တတ္ထစ - ထိုပါဏာတိပါတမှု၌လည်း၊
သမနုညော - ဆန္ဒသဘော ရောနှော ကြည်ဖြူ သဘောတူသည်၊
ဟောတိ - ဖြစ်၏။
[ထိုလေးပါးတွင် ရှေ့နှစ်ပါး ထင်ရှားပြီ။]
“ဝဏ္ဏဝါဒီ” ဆိုသည်ကား...
တံငါလုပ်၍ ဘယ်သူ ပစ္စည်းဥစ္စာ ချမ်းသာသည်, ဝက်မွေး၍ ဘယ်သူ ပစ္စည်းဥစ္စာ ချမ်းသာသည်, အစရှိသည်ဖြင့် ချီးမွမ်းခြင်းတည်း၊ ထိုသို့ ချီးမွမ်းပြောဆိုခြင်းသည် ထိုသိက္ခာပုဒ်ပျက်ခြင်း ညစ်နွမ်းခြင်း နှစ်ပါးနှင့် ဆိုင်၏၊ မိမိချီးမွမ်းသံကို ကြားရသူတို့သည် တံငါအလုပ် ဝက်သည် အလုပ်ကို လုပ်ကြလိမ့်မည်ဟု ရည်သန်၍ ချီးမွမ်းရာ၌ ထိုသူတို့ လုပ်ဖြစ်ကြလတ္တံ့၊ ဖြစ်ခဲ့လျှင် ချီးမွမ်းသူမှာ ပါဏာတိပါတ ကမ္မပထ မြောက်၏၊ သိက္ခာပုဒ် ပျက်၏၊ မရည်မသန်မူ၍ သာမည ချီးမွမ်းခဲ့လျှင် ထိုသူတို့ လုပ်ဖြစ်ကြသည်ဖြစ်စေ, မလုပ်ဖြစ်ကြသည်ဖြစ်စေ, သိက္ခာပုဒ် ညစ်နွမ်းမှုသာ ဖြစ်၏၊ ရည်သန်ရာ၌လည်း ထိုသူတို့ မလုပ်ဖြစ်ကြလျှင် ချီးမွမ်းသူမှာ သိက္ခာပုဒ် ညစ်နွမ်းရုံသာ ရှိ၏။
“တတ္ထ စ သမနုညော” ဆိုသည်ကား ...
မည်သည့်သူခိုး မမည်သည့်ဒမြကို အစိုးရဖမ်း၍ စက်တင်ပြီ ကြားလျှင် အားရ နှစ်လိုရှိခြင်း, မည်သည့် တောမှာရှိသော ဆင်ဆိုးကို ကျားဆိုးကို မည်သည့် လမ်းအနီး၌ရှိနေသော မြွေဆိုးကို ကင်းဆိုးကို မည်သူ သတ်လေပြီ ကြား၍ အားရဝမ်းသာ ရှိခြင်း, မိမိရန်သူ မိမိ မုန်းသောသူ မည်သည့် အနာရောဂါနှင့် သေရှာပြီဆိုလျှင် နှစ်လိုခြင်း, အယုတ်ဆုံး အားဖြင့် မိမိကိုနှိပ်စက်သော မှက် ခြင် သန်း ကြမ်းပိုး သေဆုံး ကွယ်ပျောက်မှုကို နှစ်လိုခြင်းစသည်များသည် သမနုည မည်၏၊
သိက္ခာပုဒ် ညှိုးနွမ်း၏၊ ထိုအတူ အမဲသားငါး ကြိုက်တတ်သောသူတို့သည် သတ်မှု သေမှု နှင့် အသား မွန်မြတ်သော ရေသတ္တဝါ ကုန်းသတ္တဝါ ဟင်းလျာ စကား သားငါး စကားကို ကြားသိရလျှင် ဝမ်းမြောက်တတ်ကုန်၏၊ သမနုည ပင်တည်း။
လှူလိုဒါန်းလို၍ ဝမ်းမြောက်ပါသည် ဆိုငြားအံ့၊ ဆင်ခြင်ဖွယ် ရှိသေး၏၊ သုမင်္ဂလ ဒုမင်္ဂလမှုတို့၌ သားငါးကိုသတ်၍ ကျွေးမွေးရာတို့၌ ဝမ်းမြောက် ဝမ်းသာ စားသောက်မှု တို့၌လည်း ဆင်ခြင်လေ၊ သုမင်္ဂလ ဒုမင်္ဂလ ကိစ္စရှိသောအခါ ကျွေးမှု မွေးမှု တို့၌ နွားသား ကျွဲသား ဝက်သား ကြက်သား ငါးဟင်း အမဲဟင်း မပါလျှင် ရပ်ရွာကလည်း မချီးမွမ်း, ဆွမ်းကျွေးသော အခါ ရဟန်းတော် ဆရာတော် တို့က လည်း မကြည်သာကြ၊ သို့အမှုကိုမြော်၍ သင့်လျော်ရာသူကို ပရိယာယ် အနက်ဖြင့် နှုတ်ဆက် လက်တို့၍ ပြီးစေကြကုန်၏၊
မည်သည့်သူ အလှူပေးလိမ့်မည် ဆိုလျှင် ဟင်းလျာ သွင်းလိုသူတို့က ဟင်းလျာ ကောင်း အသင့်နှင့် မြော်လင့်၍ နေ၏၊ အလှူ၌ ဝေယျာဝစ္စ သမားတို့က အလှူ့တကာစိတ်ကို သိအောင်ပြု၍ တီးတီး တိုးတိုး လက်တို့ခြေတို့နှင့် ပြီးစေကြ ကုန်၏။
ပါဏာတိပါတ သိက္ခာပုဒ်၌ ပရိယာယ် မရဟု အဋ္ဌကထာတို့၌ ဆိုသောကြောင့် ထို အလှူ့တကာ ဝေယျာဝစ္စ သမားတို့၌လည်း သိက္ခာပုဒ် ပျက်ခြင်း၊ သိက္ခာပုဒ် ညစ်နွမ်းခြင်း ပါဏာတိပါတ ကမ္မပထ အင်္ဂါ ငြိစွန်းခြင်းတို့၌ လျဉ်းပါးဖွယ် အားကြီး လှချေ၏၊
အလှူ့ရှင် ဝေယျာဝစ္စသမားတို့၌ ပါဏာတိပါတ ကမ္မပထတရား ငြိစွန်းခဲ့လျှင် ရဟန်းတော်တို့အား ဥဒ္ဒိဿကတ မံသဖြစ်၍ ဒိဋ္ဌ သုတ ပရိသင်္ကိတ ဟူသော တိကောဋိ ပရိသုဒ္ဓ မရှိခဲ့လျှင် အလှူမဏ္ဍပ်ဝင် သံဃာတော်များ မစားမသောက် ကောင်းလေပြီ၊ တိကောဋိ ပရိသုဒ္ဓ မရှိပဲခံ၍ စားသောက် ဘုဉ်းပေးမိချေလျှင် “ပဋိဂ္ဂဟဏေ အဇ္ဈောဟာရေ စ အာပတ္တိ” ဖြစ် ဖွယ်ရာ ရှိချေ၏။
[ကုသိုလ်ပြုစဉ် အခါ၌ ကဏှသုက္က အဖြူအနက် ရောယှက်သော ကုသိုလ်မှာ နောင်အကျိုး ပေးသော အခါ၌ အဖြူ အနက် ရောယှက်၍ ပေးတတ်သည်။]
ရောယှက်ပုံကား ...
ထိုကုသိုလ် အကျိုးပေးသော ဘဝ၌ ဓနသမ္ပတ္တိ ဘောဂသမ္ပတ္တိ ဣဿရိယသမ္ပတ္တိ တို့ကို ပေး၏၊ ထိုသမ္ပတ္တိ အတွက်ကြောင့်ပင် မင်းဘေးနှင့် သေရတတ်၏၊ ခိုးသူ ဒမြဘေးနှင့် သေရတတ်၏၊ မီးဘေးနှင့် သေရတတ်၏၊ ရေဘေးနှင့် သေရတတ်၏၊ အနာဆိုး ရောဂါဆိုးဘေးနှင့် သေရတတ်၏၊ အနာရောဂါ များတတ်၏၊ ကုသိုလ်ပြုစဉ်အခါ၌ ထိုသို့ ကဏှသုက္က ရောယှက်မှုသည် နောင် ဤကုသိုလ် အကျိုးပေးသော ဘဝတို့၌ ကြီးစွာသော ဘေးဘယနှင့် သေဆုံးလို၍ ကုသိုလ်ထဲမှာ ဓါး လက်နက် အပြီး ထည့်လိုက်သည်နှင့် တူ၏။
[ဤကား ပါဏာတိပါတ ဒုစ္စရိတ၏ နယ်နိမိတ် လေးချက်ကို ပြဆိုသော စကားရပ် တည်း။]
ဤနယ်နိမိတ်လေးချက်တွင် တစ်ချက်ချက်နှင့် ငြိစွန်း လျှင်ပင် အမှုအားလျော်စွာ သိက္ခာပုဒ်ပျက်မှု ညှိုးနွမ်းမှုရှိပြီ၊ “ဝိနယောစ သုသိက္ခိတော” ဟူသော မင်္ဂလာပျက်ပြီ။
ထိုကြောင့် အဋ္ဌကထာ၌ ...
“တတ္ထ အသံကိလေသာ ပဇ္ဇနေန သုသိက္ခိတော” ဟု ဖွင့်ဆိုပေသည်။
ဤနည်းအတူ ...
အဒိန္နာဒါန် ဒုစ္စရိုက်မှု၌ နယ်နိမိတ် လေးချက်,
ကာမေသုမိစ္ဆာစာရ ဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
မုသာဝါဒဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
ပိသုဏဝါစာ ဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
ဖရုသဝါစာ ဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
သမ္ဖပ္ပလာပ ဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
ဗျာပါဒ ဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
အဘိဇ္ဈာ ဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
မိစ္ဆာဒိဋ္ဌိ ဒုစ္စရိုက်၌ နယ်နိမိတ် လေးချက်,
တို့ကိုလည်း အကျယ်ဝိတ္ထာရ ဟောတော်မူသည်။ ဒုစ္စရိုက် လေးဆယ် ခေါ်သည်။
ဤသို့ ဟောတော်မူသော အတိုင်း ဒုစ္စရိုက် ဆယ်ပါးတို့ကို နယ်နိမိတ်နှင့်တကွ ကင်းလွတ်အောင် ရှောင်ကြဉ်သော သူသာလျှင် “ဝိနယောစ သုသိက္ခိတော” မင်္ဂလာ တည်၍ လဇ္ဇီ သီလဝန္တ သပ္ပုရိသ ဖြစ်သတည်း၊ အာစာရဂုဏ ဝတ္တနေန သုသိက္ခိတော” ဟူသော ပါဌ်ဖြင့်မူကား သိင်္ဂါလောဝါဒသုတ် ဒေသနာတော်၌လာသော ဂိဟိဝိနယ ဂဟဋ္ဌဝိနယ အာစာရ တို့ကိုလည်း သင်္ဂြိုဟ်တော်မူသည်။
[ထို သိင်္ဂါလောဝါဒသုတ်ကိုပင် ဂိဟိဝိနယသုတ်လည်း ခေါ်သည်။]
သားသမီးတို့မှာ မိဘတို့၌ ကျင့်ရာသော ဝတ်ငါးပါး, မိဘတို့မှာ သားသမီးတို့၌ ကျင့်ရာသော ဝတ်ငါးပါး အစရှိသည်ဖြင့် လူတို့ ကျင့်ရာသော ဂိဟိဝိနည်း ဂဟဋ္ဌဝိနည်း အာဂါရိယ ဝိနည်းတရား များစွာ အကျယ်လာသည်၊ သားသမီးဖြစ်သော သူသည် မိဘတို့၌ ပြုရာသော ဝတ်ကို ကောင်းစွာ ပြုပေလျှင် မင်္ဂလာတည်၍ သပ္ပုရိသ ဖြစ်၏၊ ကောင်းစွာ မပြုခဲ့လျှင် ထိုသား သမီးတို့ မင်္ဂလာ ပျက်၏၊ သပ္ပုရိသ အင်္ဂါပျက်၏၊ ဤသို့သော အနက်ကို အဋ္ဌကထာဆရာဖွင့်ပြတော်မူသည်၊ ခပ်သိမ်း သော သူတို့၏ အသီးအသီး တတ်သိလိမ္မာ ကြေကုန်ရာသော အာစာရ အကျင့်ဝတ် တို့၌ လည်း ဤနည်းတူသိလေ၊ ကြေကုန်သောလူကား အလွန်ရှားစွ။
[ဤကား “ဝိနယောစ သုသိက္ခိတော”ဟူသောမင်္ဂလာ၌ အာဂါရိယ ဝိနယကို ပြဆို ချက်တည်း။]
ဤသို့လျှင် လူတို့မှာ မိမိတို့ကျင့်ရာသော သုစရိတ ဝိနယ, အာစာရ ဝိနယတို့၌ ကောင်းစွာ ကျင့်ဆောင်မှုကို “ဝိနယောစ သုသိက္ခိတော” ဟု ဟောတော်မူသည်၊ ရဟန်းတို့နှင့်သာဆိုင်သော ဝိနည်းကျမ်းဂန်များကို လူတို့သင်ကြားမှုကို ဟောတော် မူရင်း မဟုတ်ပေ။
ထိုသို့ပင် ဟောတော်မူရင်း မဟုတ်သော်လည်း ဟောတော်မူရင်း ဖြစ်သော မိမိတို့၏ဆိုင်ရာ အာဂါရိယ ဝိနယမျိုးတို့၌ ကျွမ်းကျင်လိမ္မာ ကောင်းစွာတည်မှု သုသိက္ခိတ သပ္ပုရိသဖြစ်ပြီးသော ဂဟဋ္ဌဖြစ်သောသူ လူပညာရှိပုဂ္ဂိုလ်သည် ရဟန်းတို့ဆိုင်ရာ အနာဂါရိယ ဝိနယဖြစ်သော ဝိနည်း ကျမ်းဂန်များကိုလည်း သင်ကြားခြင်းငှါ သင့်မြတ်လှသည်သာတည်း၊
အဘယ်ကြောင့် နည်းဟူမူ မိမိတို့ဆိုင်ရာ အာဂါရိယဝိနယ မျိုးတို့၌ ကျွမ်းကျင် လိမ္မာကောင်းစွာ တည်မှု သုသိက္ခိတ သပ္ပုရိသ အစစ်ဖြစ်ပေ သောသူ မည်သည် စိတ်နှလုံး၌ ဂိဟိဝိနယ အာစာရဝိနယ သပ္ပုရိသဓမ္မ အစောင့်အချုပ် အအုပ်အထိန်း ရှိပြီးသောသူ ဖြစ်ပေ၍ ရဟန်းတို့၏ ဝိနည်းကျမ်းဂန်ကို သင်ကြားသည့်အတွက် မိမိသန္တာန်၌ ကာယကံ ဝစီကံ မနောကံ စွန်းငြိရန် မရှိ၊ အဋ္ဌကထာတို့၌လာသော ဝိနည်းနာ ပုဏ္ဏားကဲ့သို့ သဒ္ဓါတရားသာ ပွါးများပေရာ သောကြောင့် တည်း၊
ပုဏ္ဏားတစ်ယောက်သည် ရဟန်းတော်တို့ ဝိနည်းကျမ်းဂန် အံကြသံကို ကြားသဖြင့် သာသနာ တော်၌ သဒ္ဓါတရား ကြီးစွာ ဖြစ်ပွါး၍ ရဟန်းပြုဘူးသော ဝတ္ထု အဋ္ဌကထာ၌ လာသည်။
ထိုကဲ့သို့မိမိတို့ဆိုင်ရာ အာဂါရိယဝိနည်း သုစရိတဝိနည်း အာစာရဝိနည်းတို့၌ လုံခြုံပြည့်စုံစွာ အလိမ္မာ အသိလည်း မရှိ၊ သိသမျှ ကိုမှလည်း လုံခြုံစွာ ပြုကျင့် စောင့်ထိန်းနိုင်သော စိတ်နှလုံး လည်း မရှိသည်ဖြစ်၍ သပ္ပုရိသအတု အသပ္ပုရိသ သဘော အားကြီးသော သူဖြစ်ပါမူကား ရဟန်းတို့နှင့် ဆိုင်ရာ ဝိနည်းကျမ်းဂန်ကို သင်ကြားခဲ့လျှင် ဆိုဖွယ်အပြစ်စွန်းငြိဖွယ် အပြစ်သာ မြင်ချေသည်၊ အကျိုးရှိဘွယ်ကို မမြင်မိချေ၊
အဘယ်သို့ ဆိုဘွယ်အပြစ်ရှိသနည်းဟူမူကား ဤသူသည် ဝိနည်းကျမ်းဂန်ကို သင်အံ လေ့ကျက် ဘိ၏၊ လူဖြစ်သည်နှင့်အညီ လူစဉ်မီရန် လူရုပ်ပြီရန် လူအချိုးအစားကျရန် လူ့အင်္ဂါလက္ခဏာနှင့် ပြည့်စုံရန် လူ့အဖြစ် စင်ကြယ်ရန် အာဂါရိယဝိနည်းမျိုးကိုမူကား တတ်သိလုံခြုံပြည့်စုံ စင်ကြယ် အောင် အားမထုတ်ဦးပဲ မဆီမဆိုင်ရာ အနာဂါရိယ ဝိနယများကို အားထုတ် ဘိသည်ဟု ဆိုရန်အပြစ်ရှိ ချေသည်၊
စွန်းငြိဖွယ် အပြစ်ဆိုသည်ကား ထိုသူ၏စိတ်နှလုံး၌ သပ္ပုရိသဓမ္မ အစောင့်အချုပ် အအုပ်အထိန်း အားနည်းသည် အတွက်ကြောင့် မိမိသိရှိသော ဝိနည်းအမှတ်နှင့် မညီမညွတ် ရဟန်းများကို မြင်လျှင် မကြည်လင်သောစိတ်ဖြင့် ကဲ့ရဲ့ပြစ်တင် ဆိုမိ ပြောမိ စွပ်စွဲ ဆဲရေးမိသည်၊ ဆိုမိပြောမိ စွပ်စွဲဆဲရေး မိသောအခါ အပြစ်လေး တတ်သည်။
မညီမညွတ်သောရဟန်းကို ဆိုမိစွပ်စွဲမိရာ၌ အပြစ် လေးပုံကား ထိုဆိုသောသူသည် ထိုရဟန်း မျက်နှာကိုသာ မြင်တတ်၏၊ ကျူးလွန်သော အမှုကိုသာ မြင်တတ်၏၊ ထိုရဟန်း သန္တာန်၌မူကား ပါရာဇိကမှု မရှိခဲ့လျှင် သမာဒါနမှု မပျက်သည်ဖြစ်၍ ပြဆိုခဲ့ပြီးသော ကုဋေကိုးထောင် ကျော်မျှသော သိက္ခာပုဒ်တို့သည် ကိန်းဝပ် တည်နေလျက် ရှိကြကုန်၏၊ ကျူးလွန်သော သိက္ခာပုဒ် မှာပင် သံဝရမှုသာ ပျက်သည်၊ သမာဒါနမှုကား မပျက်၊ တည်လျက်ပင်ရှိ၏၊ ထိုသို့တည်ရှိသော သိက္ခာပုဒ်တော်တို့၏ မျက်နှာကိုမူကား မမြင်တတ်၊ ထိုရဟန်းအတွက်နှင့် အပြစ်လေးသည် မဟုတ်၊ တည်ရှိသော သိက္ခာပုဒ်တော် တို့၏အတွက်နှင့် အပြစ်လေးသည်။
[ရှေး၌ပြဆိုခဲ့ပြီးသော စေတီအိမ် ဥပမာကို ဤ၌လည်း ဆိုအပ်၏။]
ဓာတ်တော်မွေတော် ကိန်းဝပ်သော စေတီအိမ်တွင်း ပရိဝုဏ်တွင်းမှာ အမှိုက်သရိုက် မစင်တီးပြင် ပြည့်၍နေရာ၌ စေတီအိမ်မှန်း သိလျက် အမှိုက်သရိုက် မစင်တီးပြင်တို့ကို မြင်သည့်အတွက် သဒ္ဓါပျက်၍ မြက်သောစိတ်ဖြင့် ထိုစေတီအိမ်ကို လှံတံ အုတ်ကျောက်တို့ဖြင့် ပစ်ခတ်ခြင်း, ထိုစေတီအိမ်တွင်း ပရိဝုဏ်တွင်း၌ ဖိနပ်စီးခြင်း ထီး ဆောင်းခြင်းစသည်ကို ပြုခဲ့ငြားအံ့၊ အပြစ်လေးသည်သာ ဖြစ်၏၊ စေတီအိမ် အတွက်ကြောင့် လေးသည်မဟုတ်၊ ကိန်းဝပ်တည် နေသော မွေတော် ဓာတ်တော် ရုပ်ပွါးဆင်းတုတော်အတွက်ကြောင့် လေးလေသည်၊
ဤနည်းအတူ ထိုပုဂ္ဂိုလ်အတွက် အပြစ်လေးသည် မဟုတ်၊ တည်ရှိသော သိက္ခာပုဒ်တော် တို့အတွက် အပြစ်လေးလေသည်၊ ထိုကြောင့်စိတ်နှလုံး၌ သပ္ပုရိသဓမ္မ အဆောက်အအုံ မခိုင်လုံသော သူသည် ရဟန်းတို့၏ ဝိနည်းတရားကို သင်ကြား ခဲ့သည်ရှိသော် ထိုသူ၌ အကျိုးကား မမြင် အပြစ်ကိုသာ မြင်မိပေသတည်း။
ဒုဿီလဖြစ်သောရဟန်းကို စဝနာဓိပ္ပါယအားဖြင့် အမူလက ဒုဿီလမှုနှင့် စွပ်စွဲခဲ့ သည်ရှိသော် သီလဝန္တရဟန်းကို စွပ်စွဲသည်နှင့်အတူ သံဃာဒိသေသ် အာပတ်ကြီး သင့်ကြောင်းကို “အသုဒ္ဓေါ ဟောတိ ပုဂ္ဂလော အညတရံ ပါရာဇိကံ သမ္မာပန္နော” အစရှိသည်ဖြင့် ဟောတော်မူသည်ကို ထောက်၍ ဒုဿီလကိုပင် ဒုဿီလဟု စွပ်စွဲ ဆဲရေးမှု အပြစ်လေးရာသော ယုတ္တိကို ရှေး၌ ဆိုခဲ့ပြီ။
[ဤကား လူတို့ ဝိနည်းကျမ်းဂန်ကို သင်ကြားရာ၌ အကျိုးအပြစ်ကို ပြဆိုချက်တည်း]
လူတို့ ဝိနည်းကျမ်းဂန်ကို သင်ကြားဘူးသော ဝတ္ထုသက်သေမှာ မြတ်စွာဘုရား လက်ထက်တော် အခါက စိတ္တသူကြွယ် အစရှိသော ဥပါသကာ, ခုဇ္ဇုတ္တရာ အစ ရှိသော ဥပါသိကာမ တို့သည် ဝိနည်းပိဋကတ် နှင့်တကွ ပိဋကတ်သုံးပုံကို နှုတ်ငုံ ဆောင်ရွက် လေ့ကျက်ကြ ပေကုန်သည်၊ ပေါက္ကံပြည်၌ သင်္ခေပဝဏ္ဏနာကို စီရင်သော ရှင်ဆပဒ ဆရာနှင့်အတူ သီဟိုဠ်မှ ပါလာသော အရှင်ရာဟုလာမထေရ်သည် ပေါက္ကံပြည်မှ သီဟိုဠ်သို့ ပြန်ကြွရာ မလ္လာယုကျွန်းသို့ ရောက်လေ၍ ထိုကျွန်းကို အစိုးရသောမင်းက ပင့်ဆောင်ကိုးကွယ်ရာ နေ့စဉ် နန်းတော်သို့ ဝင်၍ ထိုမင်းအား ခုဒ္ဒသိက္ခာ ဝိနည်း လက်သန်း အဋ္ဌကထာ ကျမ်းဂန် ကို ချပို့သည်ဟု ပေါက္ကံရာဇဝင်မှာ လာသည်။
မန္တလေးမြို့ ပထမမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် နတ်ရွာစံ မင်းတရားကြီး လက်ထက် မင်းတရားကြီး၏ လက်ျာစံ မိဖုရားခေါင်ကြီးဖြစ်သော စကြာဒေဝီ မိဖုရားကြီးသည် သုတ္တန် ပိဋကတ် အဘိဓမ္မာပိဋကတ်များကို နှံ့စပ်ကုန်စင် သင်ကြား ကြည့်ရှုပြီးသည့်နောက် ဘိက္ခုဝိဘင်း ပါဠိတော် မှစ၍ အစဉ်အတိုင်း ဝိနည်း ငါးကျမ်းကို ကြည့်ရှု ဖတ်နာသည်ဟု ဖတ်ရသူ စာတော်ဖတ်တို့ ပြောဆိုလျှောက်ထား၍ ကြားသိရဘူးသည်။
အဋ္ဌမပုစ္ဆာ အဖြေ ပြီး၏။
နဝမ ပုစ္ဆာအဖြေ
(၉) ပဗ္ဗဇိတဖြစ်သော ရဟန်းတော်တို့သည် လူဖြစ်သူ ဒါယကာတို့အား ဝိနည်း တရားကို ဟောကြား အပ်သည် မအပ်သည် များကိုလည်း အကျိုးအပြစ် ဝတ္ထု သက်သေနှင့် တကွ သိလိုပါသည်။
ဟူသော ပုစ္ဆာ၌ -
ရဟန်းတော်များသည် လူဖြစ်သူတို့အား ဝိနည်းတရားကို ဟောကြားအပ်ပါသည်။
ဟောကြားဘူးသော ထုံးစံ သက်သေကား ...
ဘုရားလက်ထက်တော်၌ ကိဋာဂိရိမည်သော နိဂုမ်း၌ အလဇ္ဇီ တံခွန် လူလွန်မသား ဖြစ်ကြ ကုန်သော အဿဇိ ပုနဗ္ဗသုက အမည်ရှိသော ဆဗ္ဗဂ္ဂီဆရာ တို့သည် ငါးရာမျှသော တပည့်တပန်း ရဟန်း ပရိသတ် နှင့်တကွ အာဝါသိက ရဟန်းတို့ ဖြစ်ကြကုန်၏၊ အလဇ္ဇီမှုကို အဆန်းအကြယ် ပြုရာ၌ ထိုသူတို့ကို တူနိုင်သောသူ ဤသာသနာ၌ မကြားဘူးရ၊ ထို့ကြောင့် အလဇ္ဇီတံခွန် လူလွန်မသား ဟုဆိုပေသည်၊ ဆန်းကြယ်ပုံကို ဝိနည်းတော်မှာ လာရှိသည်၊
အဘယ့်ကြောင့် အံ့ဩဖွယ် ဆန်းကြယ်စွာ ပြုနိုင်ကြလေသနည်းဟူမူ ထိုနိဂုမ်းရွာမှာ လဇ္ဇီရဟန်း ကောင်းတို့သည် ကျောင်းကန် တိုက်တာနှင့် နေဘူးကြသေးပုံ မရ၊ ဆဗ္ဗဂ္ဂီတို့ပင် လက်ဦး ကျပုံရသည်၊ သို့အတွက် ထိုရွာမှာ ထိုရဟန်းတို့ ဝိနည်းတရားကို နားမျက်စိ ဝဘူးသူ လူပညာရှိ နည်းပါးခိုက်ကြုံသော ကြောင့် သူတို့ပြုကျင့် ချင်တိုင်း ပြုသာ၍ ဆန်းကြယ်စွာ ဖြစ်ရလေသည်၊ ထိုအခါ ထိုရွာသို့ လမ်းခရီး ကြုံကြိုက်၍ ရဟန်းကောင်း တစ်ပါး ဆွမ်းခံ ဝင်လေရာ ငါးရာသော ဆဗ္ဗဂ္ဂီ အလဇ္ဇီသူရဲစီး၍ နေကြသော ထိုရွာသူများ မြင်ကြလျှင် ဆွမ်းမလောင်း ကြသည့်ပြင် ရန်သူကိုမြင်ကြ သကဲ့သို့ ဆိုချင်တတ်တိုင်း ဆို၍ လွှတ်ကြ၏။
ဆွမ်းမရဘဲ ထွက်လာသည်ကို ပညာရှိသူ လူတစ်ဦးမြင်၍ အရှင် ဆွမ်းရပါ၏လောဟု မေးပေ၏၊ မရဘူး ဆိုလေသော် ကိုယ်တော် ဆွမ်းမရအောင် ဘယ်သူမှ ပြုသောအမှု မဟုတ်၊ ကိုယ်တော်တို့ ရဟန်းတော်များ အတတ်ပင်ဖြစ်သည် ဆို၍ မိမိအိမ်သို့ ပင့်ဆောင်၍ ကောင်းမွန်စွာ ဆွမ်းကျွေး ပြီးလျှင် ဂါမဝါသီ ဆဗ္ဗဂ္ဂီဆရာတို့ ဆန်းကြယ်စွာ ပြုကြသော အမှုမျိုးအစုံကို ကုန်စင်အောင် လျှောက်ကြားပြီးလျှင် ဘုရားအထံသို့ ရောက်သောအခါ အကျွန်ုပ်တို့ ကိဋာဂိရိရွာသို့ သာသနာပြု ရဟန်းကောင်း စေလွှတ်တော်မူပါမည့်အကြောင်းကို တောင်းပန်လိုက်ပါသည် ဟူ၍ မြတ်စွာဘုရား အား လျှောက်ကြားပါလေဟု မှာဆို၍ လွှတ်လိုက်၏၊
ထိုရဟန်း ဘုရားအထံတော်သို့ရောက်၍ လျှောက်ထားပေရာ နောက်ပါသံဃာ ငါးရာ နှင့်တကွ အဂ္ဂသာဝကကြီး နှစ်ပါးကို ကိဋာဂိရိရွာသို့ သာသနာပြု စေလွှတ်တော်မူ၏။
ထိုရွာသို့ ရောက်လျှင် သံဃာတော် ငါးရာနှင့် အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် ကျောင်းနား ကန်နားသို့ မချဉ်းမီ ရွာတွင်းသို့ ကြွတော်မူပြီးလျှင် ကိဋာဂိရိတစ်ရွာ လုံးမှာ အုန်းအုန်းညံ ဖြိုးလုမျှ ဝိနည်းမိုး ရွာစေတော် မူကြပေကုန်၏၊ ထိုအခါမှ ဝိနည်းကို ကြားသိကြသဖြင့် ဆရာများ ဓာတ်ကြောတွေသည် ပေါလောကြီး ပေါ်ကြ၍ ဆရာများ ကျောင်းဆီကို သီရုံမျှ မသီကြ သောကြောင့် ဆွမ်းကိစ္စ သရောခိုင်း ဝိုင်းညာပေး လှူသူ တကာမဲ့သဖြင့် အားနွဲ့ခြင်း ရှိကြသော အခါမှ သာသနာပြုခွင့်ရ၍ ပဗ္ဗာဇနီယကမ္မဝါဖြင့် ရွာနယ်မှ ခွါရှဲအောင် သရဲထုတ်ထုတ်တော် မူကြရလေ သတည်း။
ဤ၌ ထိုရွာသူတို့သည် ရဟန်းတို့ တရားကို နားမျက်စိ မဝဘူးသောကြောင့် ကုလဒူသန အမှုဖြင့် ဖြားယောင်း သင်္ဂြိုဟ်သော ထိုရဟန်းတို့၌ ဂေဟဿိတ တဏှာတရား စည်ကား စိုရွှမ်း၍နေကြ သည်ကို သဒ္ဓါ ကြည်ညို သည်ဟု ထင်မှတ် ကြရကုန်၏၊ ဝိနည်း တရားတော်ကို ကြားသိရ၍ အသိဉာဏ်ဝင်လာ သောအခါမှ ထိုတဏှာ ပြယ်ပျောက်လေ၏၊ ထိုတဏှာ လက်ကိုင် ရှိနေသမျှ ကာလပတ်လုံး ထိုဆရာတို့၌ ပူဇော်သည် လှူဒါန်းသည်ဟု ပြုကြသော ဒါနကုသိုလ်များသည် ချစ်ကြည်သော သားသမီးများကို ပေးကမ်းချီးမြှောက် ထောက်ပံ့ကြသော သူတို့၏ ကုသိုလ်များနှင့် တူ၏၊ ထက်ထက် သန်သန် အကျိုးပေးနိုင်သော အစွမ်းသတ္တိ မရှိလေ။
ဝတ္ထု၌ သာသနာပြု မထေရ်မြတ်တို့သည် လူတို့အား ဝိနည်းတရားကို မဟောကြကုန်သည် ဖြစ်အံ့၊ ဝိနည်းကို မသိကြကုန်သော ထိုရွာသူတို့သည် သာသနာပြုသောအခါ သူတို့ ဆရာစကားကိုသာ နားဝင်၍ ဆရာများ အပင်းအသင်း ပြုလုပ် ကြကုန်လတ္တံ့၊ ပစ္စယ ဒါယကာအစု အပင်းအသင်း ရကြမူကား သာသနာပြု ဆရာ ငါးရာမျှမက တစ်ထောင်ပင် လာကြသော်လည်း ဖြုံဖြုံမျှ ရှိကြ ကုန်မည် မဟုတ်၊ ထိုကြောင့် သာသနာပြုဆရာ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အမှူး ရှိသော သံဃာတော်ငါးရာတို့သည် ရှေးဦးစွာ ကိဋာဂိရိ တစ်ရွာလုံးကို ဝိနည်းမိုးကြီး ရွာစေတော် မူကြပေကုန်သတည်း။
မျက်မြင်မှာလည်း ရဟန်းကောင်းတို့ အမူအရာများကို နားမျက်စိ မဝဘူးရှာကြသော ရှမ်းရွာစသော အောက်အထက် အရပ်ရပ်တို့၌ နေထိုင်ကြသောသူတို့သည် ပစ္စယ ဒါယကာဖြစ်သူ လူတို့ အသိပညာ နည်းပါးလေလေ ရပ်နေဆရာ ရွာနေဆရာတို့ သိက္ခာမွဲလေလေ ဖြစ်၍ နေကြမှုသည် ဒိဋ္ဌမျက်မြင် ပင်တည်း၊ ထိုကြောင့် ရဟန်းတော်တို့သည် လူတို့အား သင့်လျော်သော ဝိနည်း တရားများကို ပြောဟော ခြင်းငှါ သင့်လျော်လှ၏၊ သို့သော်လည်း ရှေ့ပုစ္ဆာအဖြေမှာ ပြဆိုခဲ့သော အတိုင်း သပ္ပုရိသဓမ္မ အားကြီးသောသူကို ပြောဟောမှ လျော်မည်၊ သပ္ပုရိသဓမ္မ အားနည်း သော သူကို ပြောဟောခဲ့လျှင် ထိုသူမှာ ဝန်လေးရန် အခွင့် များချေ၏၊ သာသနာမူကား ကောင်းဖို့ရာ ဖြစ်၏၊ ထိုသူမှာသာ ဝန်လေးရန် ရှိသည်။
ဥပမာကား ...
တရုတ်ပြည်မှာ တရုတ်လူမျိုးတို့၌ ဘုန်းကြီးလုပ်သော သူသည် သားမယား မယူရ လူမထွက်ရ၊ သားမယား ယူလျှင် လူထွက်ခဲ့လျှင် ရပ်ရွာက သတ်၍ပစ်မြဲ ထုံးစံရှိ၏၊ ဘာသာအလိုက် ဘုန်းကြီးတရားနှင့် ညီအောင်မကျင့်ပဲ ဖောက်လဲ ဖောက်ပြန် ကျင့်ခဲ့လျှင် ရွာတိုင်းက ခဲနှင့် ပစ်ထုတ်မြဲ ထုံးစံရှိ၏၊ ထို့ကြောင့် ထိုလူမျိုးတို့မှာ ဘုန်းကြီးလုပ်မိလျှင် သားမယားယူမှု လူထွက်မှု မရှိပြီ၊ ဘုန်းကြီးတရားကိုလည်း တိမ်းတိမ်း ပါးပါး မပြုဝံ့ပြီဟု တရုတ်လူမျိုးတို့ ပြောဆိုသည်ကို ကြားရဘူးသည်။
လူတို့က ငရဲခံကြရသည့် အတွက် ထိုတရုတ်ဘုန်းကြီးတို့ သာသနာမှာ ဘာသာအလိုက် ဘုန်းကြီးကောင်းချည်း ဖြစ်ပေလတ္တံ့၊ လူတို့မှာမူကား အပြစ်ဝန်လေး၏၊ ထိုအတူ ယခုအခါ ဗုဒ္ဓဘာသာ သာသနာမှာလည်း လူဝိနည်းတတ် ပေါများ၍ ဝိနည်းတရားနှင့် မညီသော ရဟန်း တို့ကို ပိုးစိုးပက်စက် ဆိုရက် ပြောရက်သူ ပေါများလျှင် သာသနာမှာ ကောင်းဘို့ရာ ဖြစ်၏၊ ဆိုသူပြောသူမှာ ဝန်ရှိ၏၊ လူတို့က ဝိနည်းကိုသိ၍ ဝိနည်းရှိတိုင်း ညီညွတ်အောင် မကျင့်သော ရဟန်းကို လှူဒါန်းသူ ကိုးကွယ်သူ မရှိပဲ နေခဲ့မူကား သာသနာ၌ အလွန်ကောင်းဖို့ရာ ဖြစ်၏၊ ပစ္စည်းလေးပါး တို့ဖြင့် အားပေးချီးမြှောက် ထောက်ပံ့ လှူဒါန်းခြင်းကို ပြုကြမူကား အဘယ်အခါမှ သာသနာတော် ထင်ပေါ်ကြီးရင့် ဂုဏ်သီးရင့်၍ ထွန်းတင့် ကောင်းစားနိုင်တော့မည် မဟုတ်ပေ။
ကောသမ္ဗီပြည်၌ သံဃာ့ အဓိကရုဏ်း အကြီးအကျယ် ဖြစ်သောအခါ မြတ်စွာဘုရား ကိုယ်တော် တိုင် ကြွသွား၍ များစွာသော တရားဓမ္မ ဩဝါဒ တို့ဖြင့် ဆုံးမတော် မူသည်ကို နားမထောင်ကြ, အနည်းနည်း ဟောပြောပြသ ဆုံးမတော်မူသည်ကို နားမထောင်ကြ၍ မြတ်စွာဘုရား တိုင်းတစ်ပါးသို့ ကြွသွားတော်မူလေပြီဟု လူအများ ကြား သိကြသောအခါ ဤသံဃာတို့သည် မြတ်စွာဘုရားကိုယ်တော်တိုင် ကြွလာ၍ ဆုံးမတော်မူသည်ကိုမှ နားမထောင်ကြဟု သဒ္ဓါတရား ပျက်ကြ၍ ယခုနေ့မှစ၍ ဤအဓိကရုဏ်းမှု မငြိမ်းသမျှ ဆွမ်းမလောင်း ကြစတမ်းဟု မြို့ရွာညီညာ၍ ကတိက ဒဏ်ချုပ် ပြုလုပ်ကြသောအခါ အလိုလို နေ့ချင်းညချင်း မာန်ကျ၍ ကုန်ကြလေ၏။
စားသုံးရန် မရှိ၍ ဝါမကျွတ်ခင် အနိုင်နိုင် အသက်ရှည်ကြ၍ ဝါကျွတ်လျှင် ကျွတ်ချင်း မြတ်စွာဘုရား အထံသို့ သွားကြ၍ အဓိကရုဏ်းကို ငြိမ်းစေကြကုန်၏၊ ထိုသို့ မလှူကြစတမ်း ဟူသောအမှုကို မပြုကြပဲ လှူမြဲဒါန်းမြဲ လှူဒါန်း ကိုးကွယ်၍ နေကြမူကား ထိုအဓိကရုဏ်းသည် နောက်ကို ဆယ်နှစ် တိုင်အောင် ငြိမ်းမည်မဟုတ်။
ဤသို့လျှင် သဗ္ဗညုမြတ်စွာဘုရားကြီး ကိုယ်တော်တိုင် ပြေငြိမ်းရာ ပြေငြိမ်းကြောင်းကို ဝတ္ထု နိပါတ် ဇာတ်ဒေသနာ ဂါထာ စုဏ္ဏိယ ဓမ္မဒေသနာအမျိုးမျိုးနှင့် ဟော၍မှ မရနိုင်သော အဓိကရုဏ်းကြီးကို ပစ္စယဒါယကာ တစ်ဦးဖြစ်သူ လူတို့ညီညာ၍ မငြိမ်း သမျှ ဆွမ်းမလောင်း ကြစတမ်းပြုမှ ဝမ်းရေးနှင့် ကျ၍ ခဏချင်း ငြိမ်းကြသည်ကို ထောက်သဖြင့် သာသနာထမ်း ရဟန်းတို့ ကောင်းမှု မကောင်းမှု ညီညွတ်မှု ကွဲပြားမှုများသည် ပစ္စယ ဒါယကာဖြစ်သူ လူတို့နေရာ ကျ, မကျကို စွဲ၍ဖြစ်ရသည်ဟု ဆိုခွင့် ရှိချေသည်။
[ဤကား လူဝိနည်းတတ် ပေါများလျှင် သာသနာ အထူး ကောင်းမြတ်ရာသော ယုတ္တိကို ပြဆိုသော အခန်းတည်း။]
နဝမပုစ္ဆာ အဖြေပြီး၏။
ဒသမ ပုစ္ဆာ အဖြေ
▬▬▬▬▬▬
(၁၀) စတုပါရိသုဒ္ဓိသီလ လေးပါးတို့၏ အသီးသီး လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့နှင့်တကွ အင်္ဂါလက္ခဏာတို့ကို သိလိုပါသည်။
ဟူသော ပုစ္ဆာ၌ --
စတုပါရိသုဒ္ဓိသီလ လေးပါးတို့နှင့် ဆက်ဆံသော သီလ သာမည၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုသာ ဝိသုဒ္ဓိမဂ်မှာ အဆိုလာချေသည်၊ အသီးအသီး လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို အဆိုမလာ။
သီလသာမည၏ လက္ခဏာကား ...
သီလနလက္ခဏံ သီလံ ဒုဿိလျဝိဒ္ဓံသနရသံ သောစေယျပစ္စုပဋ္ဌာနံ ဟိရီဩတ္တပ္ပ ပဒဋ္ဌာနံ။
သီလံ - သီလသည်၊
သီလနလက္ခဏံ - ကာယကံ ဝစီကံတို့ကို ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊
ဝါ - စတုဘူမက ကုသိုလ်တရားတို့ကို ကောင်းစွာ ဆောင်ခြင်း လက္ခဏာ ရှိ၏၊
ဒုဿလျဝိဒ္ဓံသနရသံ - မကောင်းသော အလေ့ရှိသည်၏ အဖြစ်ကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊
သောစေယျပစ္စုပဋ္ဌာနံ - ပွတ်သစ်သော ခရုသင်းကဲ့သို့ သန့်ရှင်း ဖြူစင်သည်၏ အဖြစ်လျှင် ထင်သော အခြင်းအရာ ရှိ၏၊
ဟိရီဩတ္တပ္ပပဒဋ္ဌာနံ - ဟိရီဩတ္တပ္ပ တရား နှစ်ပါးလျှင် နီးစွာသော လက်ကိုင် အကြောင်းရှိ၏။
[ဤသာမည ပြဆိုသော စကားကိုပင် လေးပါးဖြစ်အောင် ဝေဖန်၍ အနက်ယူသော် ရပါ၏။]
ပါတိမောက္ခသံဝရသီလဖို့ ...
သီလံ - ပါတိမောက္ခသံဝရ သီလသည်၊
သီလနလက္ခဏံ - ကာယကံ ဝစီကံကို ဖရိုဖရဲ မကျဲရအောင် ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊
ဒုဿိလျဝိဒ္ဓံသနရသံ - မဖွယ်မရာ မကောင်းစွာသော ကိုယ်အလေ့ နှုတ်အလေ့ တို့ကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊
သောစေယျပစ္စုပဋ္ဌာနံ - ကိုယ်အမှု နှုတ်အမှုတို့၏ ဖြူစင် သန့်ရှင်းခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏၊
ဟိရီဩတ္တပ္ပပဒဋ္ဌာနံ - ကိုယ်အမူအရာ နှုတ်အမူအရာ တို့အတွက် အရုပ်ပျက်မည်ကို ရှက်တတ် ကြောက်တတ်သော ဟိရီ ဩတ္တပ္ပလျှင် နီးစွာသော လက်ကိုင် အကြောင်း ရှိ၏။
ဣန္ဒြိယသံဝရသီလဖို့...
သီလံ - ဣန္ဒြိယသံဝရ သီလသည်၊
သီလနလက္ခဏံ - စက္ခုသောတ အစရှိသော ဣန္ဒြေ ခြောက်ပါးတို့ကို ဖရိုဖရဲ မကျဲရအောင် ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊
ဒုဿိလျဝိဒ္ဓံသနရသံ - စက္ခု၏ လျှပ်ပေါ်ခြင်း သောတ၏ လျှပ်ပေါ်ခြင်း အစရှိသော ဣန္ဒြေ ခြောက်ပါးတို့၏ တောမျောက် အလား လှုပ်ရှားလျှပ်ပေါ် လော်လီပေါ့ဖျင်း မငြိမ်သက်ခြင်း အလေ့ အကျက် တို့ကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊
သောစေယျပစ္စုပဋ္ဌာနံ - ဣန္ဒြေ ခြောက်ပါးတို့၏ ငြိမ်သက်ကြည်လင် ဖြူစင်သန့်ရှင်း ခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏၊
ဟိရီဩတ္တပ္ပပဒဋ္ဌာနံ - ဣန္ဒြေပျက်မည်ကို ရှက်တတ် ကြောက်တတ်သော ဟိရီဩတ္တပ္ပ တရား နှစ်ပါးလျှင် နီးစွာသော လက်ကိုင်အကြောင်း ရှိ၏။
အာဇိဝပါရိသုဒ္ဓိသီလဖို့ ...
သီလံ - အာဇီဝပါရိသုဒ္ဓိ သီလသည်၊
သီလနလက္ခဏံ - အသက်မွေးခြင်းနှင့် စပ်သော ကာယကံမှု ဝစီကံမှုတို့ကို ဖရိုဖရဲ မကျဲရအောင် ကောင်းစွာ ထားခြင်း လက္ခဏာရှိ၏၊
ဒုဿိလျဝိဒ္ဓံသနရသံ - တွေ့ရာစား ပေါက်ရာစား မတရားသော အသက်မွေးခြင်း အလေ့အလာ တို့ကို စွန့်ခွါဖျက်ဆီးခြင်း ကိစ္စရှိ၏၊
သောစေယျပစ္စုပဋ္ဌာနံ - အသက်မွေးမှု၏ စင်ကြယ်ခြင်းလျှင် ထင်သောအခြင်းအရာ ရှိ၏၊
ဟိရီဩတ္တပ္ပပဒဋ္ဌာနံ - သူတော်ကောင်းတို့၏ အလယ်၌ အသက်မွေးမှု အတွက်နှင့် ကျက်သရေ ပျက်မည်ကို ရှက်တတ် ကြောက်တတ်သော ဟိရီဩတ္တပ္ပ တရား နှစ်ပါးလျှင် နီးစွာသော လက်ကိုင် အကြောင်း ရှိ၏။
ပစ္စယသန္နိဿိတသီလဖို့ ...
သီလံ - ပစ္စယသန္နိဿိတသီလသည်၊
သီလနလက္ခဏံ - ပစ္စည်းလေးပါးနှင့် စပ်သော မတ္တညု တရားတို့ကို ဖရိုဖရဲ မကျဲရအောင် ကောင်းစွာထားခြင်း လက္ခဏာရှိ၏၊
ဒုဿိလျဝိဒ္ဓံသနရသံ - ပစ္စည်းလေးပါး အရာ၌ သာယာ ခင်မင်ခြင်း အလေ့အလာ ဝါသနာစရိုက် အမိုက်အမဲ တို့ကို စွန့်ပယ် ဖျက်ဆီးခြင်း ကိစ္စရှိ၏၊
သောစေယျပစ္စုပဋ္ဌာနံ - ပစ္စည်း လေးသွယ်၌ ခင်တွယ် မက်မောသော ဂေဓသမ္မောဟ အညစ်အကြေး တို့မှ သန့်ရှင်း စင်ကြယ်ခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏၊
ဟိရီဩတ္တပ္ပပဒဋ္ဌာနံ - ပစ္စည်းလေးပါး၌ ခင်တွယ်မက်မောသည့် အတွက်နှင့် လူ သူတော်ကောင်း နတ်သူတော်ကောင်း ရဟန်းသူတော်ကောင်းတို့ အလယ်၌ အရုပ်ပျက် အဆင်းပျက် အသရေ ပျက်မည်ကို ရှက်တတ် ကြောက်တတ်သော ဟိရီဩတ္တပ္ပ တရား နှစ်ပါးလျှင် နီးစွာသော လက်ကိုင် အကြောင်း ရှိ၏။
[ဤသို့ သီလသာမည၌ ပြဆို၍ ထားသော အဋ္ဌကထာ စကားကို လေးပါးသော သီလတို့၏ အသီး အသီးသော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဖြစ်လေအောင် ဝေဖန်၍ သိအပ်၏။]
ဤ လေးပါးသော သီလတို့၌ပင် ဟိရီ ဩတ္တပ္ပသည် ပဒဋ္ဌာန် ဖြစ်နိုင်၏၊ အဘယ့် ကြောင့် ဖြစ်နိုင် သနည်း ဟူမူ -
သက်တော်ထင်ရှား မြတ်စွာဘုရားကြီး၏ လည်းကောင်း, အရိယာ သံဃာတော်မြတ် တို့၏ လည်းကောင်း, ဝင်းဝင်းတောက် ဖြူစင်သော သီလ ကျက်သရေတော်တို့ကို နေ့ရှိသမျှ ကိုယ်တွေ့ဒိဋ္ဌ ကြည်ညို သိမြင်၍ နေကြကုန်သော နတ်တို့သည် ဇမ္ဗုဒီပါကျွန်း အပြင်မှာ မြေပြင်လုံး အပြည့် ကောင်းကင်လုံး အပြည့် ယခုရှိနေ ကြကုန်၏၊ ထိုနတ်တို့သည် တန်ဆောင်မုန်းလတွင် ညအခါမှာ ကောင်းကင်ပြင်ဝယ် ကြယ်နက္ခတ်တို့ကို နေ့စဉ်ကြည့်ရှုရာ အကုန်အစင် ကြောင်ကြောင်မြင်ကြသော ဗေဒင်တတ် ပုဏ္ဏားတို့ကဲ့သို့ ယခုရှိကြသော သာသနာထမ်း ရဟန်းတော် သာသနာတော်များကို နေ့နေ့ညည ခဏအစဉ် ကြောင်ကြောင်မြင်၍ နေကြကုန်၏။
ဤသာသနာ၌ တစ်စုံတစ်ယောက်သောရဟန်းသည် သီလလေးမျိုးတို့တွင် တစ်ခုခု နွမ်းပါးမှုကို ပြုခဲ့သည်ရှိသော် ထိုနတ်တို့သည် နှလုံးမသာ မျက်နှာကျုံ့ရုံ့ နှာခေါင်းရှုံ့ကြကုန်၏၊ ထိုအခါ ထိုရဟန်းသည် သာသနာစောင့်နတ်တို့၏ အလယ်၌ အရုပ်ပျက်လေ၏၊ အရှက်ကွဲလေ၏၊
လူတို့၌လည်း ဤအတူ ဘုရားလက်ထက်တော်မှာရှိကြသော သာဝတ္ထိပြည်သူ ရာဇဂြိုဟ် ပြည်သူ လူသူတော်ကောင်း ဥပါသကာ ဥပါသိကာ အပေါင်းတို့ကို နေ့နေ့ညည ခဏအစဉ် ဒိဋ္ဌမြင်၍ လာကြကုန်သော ထိုနတ် တို့သည် ယခုအခါ၌လည်း သာသနာ၌ ဥပါသကာ ဥပါသိကာ ပြုလုပ်ကြ ကုန်သော လူတို့ကို နေ့နေ့ညည ခဏအစဉ် ကြောင်ကြောင် မြင်၍ နေကြကုန်၏၊
အာဂါရိယဝိနယသီလ အာစာရ ဝိနယသီလ သပ္ပုရိသအချက် ပျက်ကွက်သော လူဥပါသကာ ဥပါသိကာတို့ကို မြင်ကြလျှင် ထို့အတူ နှလုံးမသာ မျက်နှာကျုံ့ရုံ့ နှာခေါင်းရှုံကြကုန်၏၊ ထိုအခါ ဥပါသကာ ဥပါသိကာ ပြုလုပ်သောသူသည် ထိုလူနတ်တို့အလယ်၌ အရုပ်ပျက် အဆင်းပျက် အရှက်ကွဲလေ၏။
အရှက်ကွဲမှုဆိုသည်ကား ...
မိမိအမှုကို မိမိရှက်ခြင်း မရှိသော်လည်း သီလလေးပါးကို လက်ကိုင်ပြု၍ ချုပ်အုပ် စောင့်ထိန်းသော် ဟိရီဩတ္တပ္ပ ပျက်လျှင် အရှက်ဧကန် ကွဲလေတော့သတည်း။
ယခု သာသနာတော်တွင် ရှိနေကြကုန်သော ရဟန်းရှင်လူတို့သည် ထိုနတ်တို့၏ အလယ်၌ နေကြရကုန်၏၊ ထိုနတ်တို့၏ မျက်စိအောက်၌ နေကြရကုန်၏၊ ထို့ကြောင့် ထိုနတ်တို့၏ အလယ် ထိုနတ်တို့၏ ရှေ့မှောက်၌ သီလလေးပါးတွင် တစ်ပါး ပါးပျက်ကွက်၍ အရုပ်ပျက် အဆင်းပျက် ဖြစ်မည်ကို ရှက်တတ် ကြောက်တတ်သော တရားသည် ဟိရီဩတ္တပ္ပ မည်၏၊ လူချင်းချင်းမျှကို ရှက်တတ်ကြောက် တတ်သော ဟိရီဩတ္တပ္ပကလေးမျှသည် သီလလေးပါးကို နိုင်အောင် မအုပ်ချုပ်နိုင်သေး၊ လူမသိအောင် ပြုလုပ်နိုင်သော မကောင်းမှုသည် အလွန်များပြားသေး၏၊
မိမိနှင့်စပ်ဆိုင်ရာ လူရှင်မျှကိုသာ ရှက်တတ်သော ဒုဗ္ဗလ ဟိရီ ဩတ္တပ္ပ၌ကား ဆိုဘွယ်မရှိ၊ ငါယခုပြုသော အမှုကို မြတ်စွာဘုရား ယခုရှိလျှင် သိတော်မူ၍ ဘုရားရှေ့မှာ ငါရုပ်ပျက်မည်, မျက်နှာ မလှဖြစ်ရမည်ဧကန်ဟု ဘုရားကိုမြင်၍ ရှက်တတ်သော ဟိရီ ဩတ္တပ္ပသည် အထွတ် အထိပ် မြတ်သော ဟိရီ ဩတ္တပ္ပပေတည်း။
“ပါပကရဏေ - မကောင်းမှုကို ပြုခြင်း၌၊
ရဟောနာမ - ဆိတ်ကွယ်ရာအခါ ဆိတ်ကွယ်ရာအရပ် မည်သည်၊
နတ္ထိ - မရှိ”
ဟူသော ပါဠိတော်အဖွင့်၌ မိမိပြုသောအမှုကို မိမိရှေးဦးစွာသိသည်၊ မိမိသိပြီးမှ မိမိကိုယ်စောင့်နတ် သိသည်၊ ထိုနောက်မှ မိမိကျောင်းစောင့်နတ် မိမိအိမ်စောင့်နတ် သိသည် စသည်ဖြင့် ပြဆိုသော အဋ္ဌကထာ စကား၌ -
က။ မိမိသိမှုမှာ ဟိရီ ဩတ္တပ္ပနှစ်ပါး,
ခ။ ကိုယ်စောင့်နတ် စသည်သိမှုမှာ ဟိရီ ဩတ္တပ္ပ နှစ်ပါး,
မိမိသိမှုသည်သာ ပဓာန လိုရင်းတည်း။
မိမိသိမှုမှာ ဟိရီ ဩတ္တပ္ပဖြစ်ပုံကား ...
မိမိပြုသောအမှုကို မိမိသည် မပြုမီရှေ့အဘို့ ပြုလိုသော ဆန္ဒပြုမည်ဟု ကြံစကပင် သိ၏၊ ပြုဆဲလည်း သိ၏၊ ပြုပြီးနောက်လည်း သိ၏၊ ယခုငါပြုမည် စိတ်ရှိသော အမှုသည် နောင်ပြန်၍ အမှတ်ရသောအခါ စိတ်ကြည်ရမည့် အမှုလော, စိတ်ပျက်ရမည့် အမှုလော, ငါ့ကိုယ်ကို ငါ သဒ္ဓါပျက်ရမည့် အမှုလောဟု ဆင်ခြင်ရာ၏၊ မိမိကိုယ်ကို မိမိ အကြည်ညိုပျက်ရမည်ကို မနှစ်သက်သည်ကား ဟိရီတည်း၊ မရဲသည်ကား ဩတ္တပ္ပတည်း၊ မနှစ်သက်နှင့် မရဲကား တစ်လုံးတည်း ပေတည်း။
[သူတစ်ပါး သိမှုမှာလည်း ဤနည်းတူ သိလေ။ ။သူတစ်ပါး သိလျှင် ငါမျက်နှာ လှမည်လော, မျက်နှာ မလှမည်လော ဆိုလေ။ မျက်နှာမလှ ဖြစ်ရမည်ကို မနှစ်သက်သည်ကား ဟိရီတည်း။ မရဲသည်ကား ဩတ္တပ္ပတည်း ဆိုလေ။]
မိမိသိမှုသည်သာ ပဓာနလိုရင်း ဖြစ်ပုံကား ...
သူတစ်ပါး သိမှု မည်သည် ယခုဘဝ၌ မျက်နှာမလှ ဖြစ်ရဘို့သာ ရှိ၏၊ မိမိသိမှုမှာကား ရဟန်းမှာ ဘာဝနာတရားများကို အားထုတ်မည် ရှိသောအခါ၌ လည်းကောင်း, သေတော့မည် ရှိသောအခါ၌ လည်းကောင်း, အနည်းငယ်မျှသော အပြစ်မှုသည် မြင့်မိုရ်တောင်ကြီးသဖွယ် ဖြစ်၍ ပေါ်လာ၏၊ မြင့်မိုရ်တောင်ကြီးကို ပျောက်ကွယ် အောင် တွန်းဖယ် ဖျောက်ဖျက်ခြင်းငှါ မတတ်နိုင်သကဲ့သို့ ထိုအပြစ်ကို စိတ်ထဲတွင် မထင်လာအောင် တွန်းဖယ် ဖျောက်ဖျက်ခြင်းငှါ မတတ်နိုင် လောက်အောင် ဝန်ကြီး တစ်ခု အကြီးအကျယ်ဖြစ်၍နေသည်ကို မြင့်မိုရ်တောင်ကြီးသဖွယ် ဆိုသတည်း၊
ဘာဝနာမှုထဲမှာ ပေါ်လာသောအခါ ဘာဝနာစိတ်ကို ငုံးငုံးတို၍ သွားအောင် လောင်နိုင်၏၊ သေခါနီးအခါ၌ ပေါ်လာသောအခါ ခြင်္သေ့တစ်ကောင် လာလျှင် တစ်ရာ တစ်ထောင်သော ဆင်ပြောင်ကြီးတို့သည် ကြက်သေသေ၍ နေကြရကုန် သကဲ့သို့ တစ်သက်လုံး ပြုလုပ်ခဲ့သော ဒါနမှု သီလမှု ကုသိုလ်ကြီး တစ်ရာ တစ်ထောင်တို့သည် ကြက်သေသေ၍ နေကြရကုန်၏၊ ထိုအပြစ်ကို မထင်လာအောင် မဖျောက်နိုင်သမျှ ထိုကုသိုလ်တို့အမှုမှ မလှုပ်ဝံ့ကြကုန်၊ အပါယ်သို့သာ ကြောင်ကြောင် တွန်း၍ချလေ၏။
ဤသို့လျှင် မိမိပြုသောအမှုကို မိမိသိသော အမှုသည်သည်သာလျှင် ဘာဝနာဈာန် မဂ်ဖိုလ်၏ အန္တရာယ်ကြီး, နတ်ရွာသုဂတိ၏ အန္တရာယ်ကြီး ဖြစ်၍ စင်စစ် လိုရင်းပဓာန ကြောက်မက်ဖွယ် ကောင်းလှလေသတည်း။
ဤသို့သောအနက်ကြောင့် မကောင်းမှုကိုပြုသော သူတို့အား ဆိတ်ကွယ်ရာ ကာလ ဆိတ်ကွယ်ရာ ဌာနဟူ၍ မရှိကြောင်းကို ဟောတော်မူပေသည်၊ ထိုသို့သော အန္တရာယ်မှု ဖြစ်မည်ကို မနှစ်သက်မှုကား ဟိရီတည်း၊ မရဲမှုကား ဩတ္တပ္ပတည်း၊ မနှစ်သက်ခြင်း လည်း မဖြစ်လာ မရဲခြင်း တွန့်ရွံ့ခြင်းလည်း မဖြစ် လာသည်ကား ဟိရီ ဩတ္တပ္ပ ကင်းခြင်းတည်း၊
ထိုဟိရီ ဩတ္တပ္ပ ကင်းသောသူသည်ကား မိမိပြုသော မကောင်းမှုကို မိမိသိသည့် အတွက်ကြောင့် ကိစ္စမရှိလှ၊ သူတစ်ပါး ကြားမည် သိမည်ကိုသာ စိုးရိမ်၏၊ ဤသို့သော ဟိရီ ဩတ္တပ္ပမျိုးသည်ကား ယခုဘဝ၌ ဈာန်မဂ် ဖိုလ်တရားကိုရအောင် ယနေ့နက်ဖြန် ဘာဝနာတရားကို အားထုတ်မည်ဟု အကြံပြုခြင်း တင်းလင်းရှိနေသောသူ, အပါယဒုက္ခ ကိုလည်းကြောက် သေခြင်းတရားကိုလည်း ယနေ့နက်ဖြန် ကဲ့သို့ ထင်မြင် နိုင်သော သူတို့၌ဖြစ်သော ဟိရီ ဩတ္တပ္ပမျိုးပေတည်း။
ယခုဘဝ၌ ဈာန်မဂ်ဖိုလ်တရားကိုလည်း ဥဿာဟ မရှိ၊ သေခြင်းတရား ကိုလည်း နီးလှစွာ မထင်၊ နောက်ဘဝမှုမှာလည်း ကံချရာဟု အဝိဇ္ဇာဘက်သား လုံးလုံးလုပ်၍ နေကြသောသူများမှာ ထိုကဲ့သို့သော ဟိရီ ဩတ္တပ္ပ ရှိခဲစွ၊
ထိုကဲ့သို့ မိမိကိုယ်ကို အဝိဇ္ဇာဘက်သား လုံးလုံးလုပ်၍ ထားကြသောသူတို့မှာ ပါတိမောက္ခသံဝရ သီလ အာဇီဝပါရိသုဒ္ဓိသီလ နှစ်ပါးကို အလေးဂရုပြုသူဖြစ်ပေလျှင် သီလဝန္တ ဆိုရတော့သည်၊ ဣန္ဒြိယသံဝရ သီလနှင့် ပစ္စယသန္နိဿိတသီလ နှစ်ပါးမှာ ထိုသူတို့၌ အစင်ကြယ်ကြီး မဖြစ်နိုင်ပြီ၊ မဖြစ်နိုင်ကြောင်းကို ထိုသီလနှစ်ပါး သိမ်မွေ့ပုံ ခက်ခဲပုံ နက်နဲပုံကို မြင်တတ်မှ သိနိုင်မည်။
[ဤတွင်ရွေ့ကား သီလလေးပါးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကို ပြဆို ချက်ပြီး၏။]
အင်္ဂါလက္ခဏာတို့ကို သိလိုပါသည် ...
ဟူရာ၌ လက္ခဏာမှာ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်မှာ ပါလေပြီ၊ အင်္ဂါမှာ ပါတိမောက္ခ သံဝရသီလ၌ ထိုထိုသိက္ခာ ပုဒ်တို့၏အင်္ဂါကို ပြဆိုရလိမ့်မည်၊ များပြား လှ၍ မပြလိုက်ပြီ။
လိုရင်းမူကား --
ရှေး၌ ပြဆိုခဲ့ပြီးသော လဇ္ဇီအင်္ဂါ သုံးပါးသည် ပါတိမောက္ခသံဝရသီလ၏ အင်္ဂါတည်း။
၁။ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟုဆိုအပ်သော ခြောက်ဒွါရတို့၌ ဒုဿီလတရား အက္ခန္တိတရား အညာဏတရား ကောသဇ္ဇတရား မုဋ္ဌသစ္စတရား ဤငါးပါးတို့၏ မဖြစ်ခြင်း တစ်ပါး၊
၂။ ပုထုဇ္ဇန်ဂတိဖြစ်၍ ဖြစ်မိပြန်လျှင်လည်း “န ပုနေဝံကရိဿာမိ” ဟု အာယတိံ သံဝရစိတ်ဖြင့် ဓိဋ္ဌာန် ဆေးကြောခြင်း တစ်ပါး၊
ဤနှစ်ပါးသည် ဣန္ဒြိယ သံဝရသီလ၏ အင်္ဂါတည်း။
(ဒုဿီလ ဆိုသည်မှာ အဘိဇ္ဈာမှု ဗျာပါဒမှု မိစ္ဆာဒိဋ္ဌိမှု သုံးပါးတည်း၊
အက္ခန္တိကား ဒေါသအမျက်တည်း၊
အညာဏကား မောဟတည်း၊
ကောသဇ္ဇကား ပျင်းရိမှုတည်း၊
မုဋ္ဌသစ္စကား ယောနိသော မနသိကာရ သတိလွတ်ကင်းမှုတည်း။
နပုနေဝံကရိဿာမိ၌ “ပုန - တစ်ဖန်၊ ဧဝံ - ဤသို့၊ န ကရိဿာမိ - ငါမပြုတော့အံ့” အနက်ပေး၊ ဣန္ဒြိယသံဝရသီလ၌ ကုစားနည်းတည်း၊ အလွန်သိမ်မွေ့သော သီလ ပေတည်း။ ခြောက်ဒွါရ၌ အကုသိုလ် မပေါ်လာရအောင် စောင့်ထိန်းမှုတည်း။)
၁။ တရားနှင့် မလျော်သော အဓမ္မိက ပစ္စည်းကို မခံယူ မသုံးဆောင်ခြင်း၊
၂။ မသိ၍ ခံယူမိ သုံးဆောင်မိခဲ့လျှင် ဆိုင်ရာ ကုစားနည်းနှင့် အလျင်အမြန် သုတ်သင် ရှင်းလင်းခြင်း၊
ဤကား အာဇီဝပါရိသုဒ္ဓိသီလ၏ အင်္ဂါနှစ်ပါးတည်း။
[“ဆိုင်ရာကုစားနည်း” ဆိုသည်ကား အာပတ်သင့်သော အမှုဖြစ်အံ့၊ ထိုဝတ္ထုကို စွန့်ပစ်၍ အာပတ်ကို ဒေသနာကြားခြင်း, အာပတ်သင့်သော အမှု မဟုတ်၊ အာဇီဝသီလ ပျက်ရုံမျှ ဖြစ်ခဲ့အံ့၊ ထိုဝတ္ထုကို စွန့်ပစ်၍၊ “န ပုနေဝံ ကရိဿာမိ” ဟု အာယတိံသံဝရ ပြုခြင်းပင်တည်း။]
၁။ ဓမ္မိယလဒ္ဓ ပစ္စည်းလေးပါးတို့၌ ခံယူသောအခါ၌ လည်းကောင်း၊
၂။ သုံးဆောင်သော အခါ၌ လည်းကောင်း၊
၃။ သုံးဆောင်ပြီးသည်မှနောက် ယခုနေ့ မလွန်မီ အတွင်း၌ လည်းကောင်း၊
“ပဋိသင်္ခါ ယောနိသောစီဝရံ ပဋိသေဝါမိ သီတဿ ပဋိဃာတာယ” အစရှိသည်ဖြင့် လာသော အတိုင်း ဆင်ခြင်မှု ပဋိသင်္ခါနဉာဏ်ကို ဖြစ်စေခြင်းသည် ပစ္စယသန္နိဿိတ သီလ၏ အင်္ဂါလက္ခဏာ ပေတည်း။
ဤသီလကို အဘယ်ကြောင့် နက်နဲသည် ခက်ခဲသည်ဟု ဆိုသနည်း၊ ပုတီးစိပ် လေးပုဒ်ကို ရအောင်ပြု၍ ဆင်ခြင်လျှင် စင်ကြယ်တော့သည် မဟုတ်လော ဆိုငြားအံ့၊ ပုတီးစိပ်ပါဠိကို အခေါက် များစွာ ရွတ်ဖတ်ကာမျှနှင့်လည်း စင်ကြယ်ပြီ မဆိုရသေး၊ အနက်ကို အခေါက် များစွာ ရွတ်ကာမျှနှင့်လည်း စင်ကြယ်ပြီမဆိုရသေး၊ အနက်က ပြဆိုသည့် အတိုင်း သတိပြုမိ ကာမျှနှင့် လည်း စင်ကြယ်သည် မဆိုလောက်သေး၊
သင်္ကန်း ပစ္စည်းနှင့် စပ်သော နိကန္တိ တဏှာ၊
ဆွမ်းခဲဖွယ် ဘောဇဉ်နှင့် စပ်သော နိကန္တိ တဏှာ၊
ကျောင်းကောင်း အိပ်ရာနေရာကောင်းနှင့် စပ်သော နိကန္တိ တဏှာ၊
ဆီဦးထောပတ် သကာသကြား ပျားတင်လဲ ဟူသော ဆေးပစ္စည်းနှင့် စပ်သော နိကန္တိ တဏှာ၊
ဤတဏှာလေးမျိုးသည် ရဟန်းတို့မှာ အခွါအစွန့် ခက်ခဲ၏၊
ပဋိသင်္ခါယောနိသောအရ ပဋိသင်္ခါနဉာဏ် အမြင်သန်လှမှ ခွါနိုင်သည်၊ ပစ္စည်းလေးပါး ကို ဆင်ခြင် သောအခါ ပဋိသင်္ခါနဉာဏ် ကောင်းကောင်း ဖြစ်၍ ထိုတဏှာလေးပါး ကွာ၍သွားမှ ထိုသီလ စင်ကြယ်ပြီ ဆိုရသည် ပါရိသုဒ္ဓိ ဆိုရသည်။
ပဋိသင်္ခါနဉာဏ်ဖြစ်ရန် အခွင့်မှာလည်း ပုတီးစိပ်ပါဠိ၏ အနက်သွားကို ကောင်း ကောင်း ထင်မြင် နိုင်မှ ပဋိသင်္ခါနဉာဏ် ပြီးသည်၊ အတုအပ ဝတ်ကျေ တန်းကျေ ဆင်ခြင်သည် လုပ်ကာမျှနှင့် ပဋိသင်္ခါနဉာဏ် မဖြစ်၊ ပဋိသင်္ခါနဉာဏ် မဖြစ်ကလည်း ထိုတဏှာလေးစုံ ဖြုံဖြုံမျှမရှိ၊ ထိုတဏှာလေးစုံ မဖြုံချေကလည်း အဘယ်မှာ ပါရိသုဒ္ဓိ ဆိုနိုင်မည်နည်း၊
ဤပဋိသင်္ခါန ဉာဏ်ရှိ မရှိ, ပါရိသုဒ္ဓိဖြစ် မဖြစ်, ဤပုဂ္ဂိုလ်မှာ ဤသီလ ရှိ, မရှိကိုမူကား မျက်မြင်နှင့်ပင် သိနိုင်ရန်ရှိ၏၊ ဤသီလ စင်ကြယ်သောသူ မှန်လျှင် ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး အရာ၌ သာယာတွယ်တာမှု ကင်းရှင်း၏၊ သိမ်းဆည်း သိုထားမှု ကင်းရှင်း၏၊ ဆွမ်းတကာ ကျောင်းတကာ အငြိအတွယ်ကင်း ရှင်း၏၊ တောသမင်များကဲ့သို့ မိုးတစ်နေရာ ဆောင်းတစ်နေရာ နွေတစ်နေရာ ချမ်းသာရာ တောမှာ တောင်မှာ နေနိုင်၏၊ မြတ်စွာဘုရား ချီးမွမ်းတော်မူသော ပံသုကူ သင်္ကန်း, ပိဏ္ဍိယာလောပဆွမ်း, ရုက္ခမူလကျောင်း, ပူတိမုတ္တဆေး တို့နှင့်ပင် အေးမြချမ်း ကြည်စွာနေနိုင်၏။
ကျောင်းကောင်းကောင်း သင်္ကန်းကောင်းကောင်း ဆွမ်း ကောင်းကောင်းနှင့်မှ အေးမြစိတ်ကြည် နိုင်သော သူမှာ ဤသီလပါရိသုဒ္ဓိ ဖြစ်သည် မဆိုသာချေ။
[ဤကား စတုပါရိသုဒ္ဓိသီလ လေးပါး၏ အင်္ဂါလက္ခဏာတည်း။]
ဒသမပုစ္ဆာအဖြေ ပြီး၏။
ဧကာဒသမ ပုစ္ဆာအဖြေ
▬▬▬▬▬▬▬▬
၎င်းစတုပါရိသုဒ္ဓိသီလ လေးပါးတို့တွင် ပါတိမောက္ခ သံဝရသီလကို ကျူးလွန်သော သူ၏ အပြစ်, စောင့်ရှောက်သော သူ၏အကျိုး, ကျန်သီလ သုံးပါးတို့မှာလည်း ၎င်းအတိုင်း အကျိုး အပြစ်ကို ဝတ္ထုသက်သေနှင့်တကွ သိလိုပါသည်။
ဟူသော ပုစ္ဆာ၌ --
ပါတိမောက္ခ သံဝရသီလကို ကျူးလွန်မှုသည် -
၁။ ပါရာဇိက အန္တိမဝတ္ထုကို ကျူးလွန်မှု,
၂။ ကြွင်းသော အာပတ်ခြောက်ပုံကို ကျူးလွန်မှု,
ဟူ၍နှစ်ပါးရှိ၏။
ကြွင်းသော အာပတ်ခြောက်ပုံကို ကျူးလွန်ရာ၌လည်း --
၁။ လောကဝဇ္ဇကို ကျူးလွန်မှု,
၂။ ပဏ္ဏတ္တိဝဇ္ဇကို ကျူးလွန်မှု,
ဟူ၍နှစ်ပါးရှိ၏။
ပါရာဇိက အန္တိမဝတ္ထုကို ကျူးလွန်သောသူသည် ဘိက္ခု ပဋိညာဉ်ကို မစွန့်မူ၍ နေသည်ဖြစ်အံ့၊ ဒုဿီလရဟန်း မည်၏၊ ဘိက္ခုပဋိညာဉ် ကိုစွန့်၍ လူအဖြစ် သာမဏေအဖြစ် ရသေ့ သူတော် အဖြစ်သို့ ရောက်ပေမူ သုဒ္ဓိဖြစ်ပေပြီ၊ အပြစ်မဆို သာပြီ၊ ဒုဿီလ ရဟန်းအဖြစ်၌ တည်မူကား ထို ဒုဿီလရဟန်း၏ အပြစ်သည် အဂ္ဂိက္ခန္ဓောပမသုတ်, အာဒိတ္တ ပရိယာယသုတ်, ပိဏ္ဍောလသုတ် စသည်တို့၌ များစွာလာ၏၊ ဝိသုဒ္ဓိမဂ်မှာလည်း အတော်လာ၏။
ဝတ္ထု သက်သေမှာ ...
ကဿပမြတ်စွာဘုရား သာသနာ၌ ဖြစ်ကြကုန်သော ဘိက္ခုဒုဿီလ ဘိက္ခုနီဒုဿီလ သိက္ခမာန် ဒုဿီလ သာမဏေဒုဿီလ သာမဏေမဒုဿီလ တို့သည် စုတေ သည်၏အခြားမဲ့၌ ဂိဇ္ဈကုဋ် တောင်မှာ ဘိက္ခုအသွင် ဘိက္ခုနီအသွင် သိက္ခမာန်အသွင် သာမဏေအသွင် သာမဏေမ အသွင်နှင့် ပြိတ္တာတွေ ဖြစ်ကြ၍ ငါတို့ဘုရား လက်ထက်တိုင် မကျွတ်နိုင်ကြပဲ ရှိနေကြသော ဝတ္ထုတို့သည် နိဒါနဝဂ္ဂလက္ခဏ သံယုတ် ပါဠိတော်, ဝိနည်းစတုတ္ထ ပါရာဇိက ဝိဘင်းပါဠိတော် တို့မှာ ထင်ရှားစွာ လာရှိသည်။
[ဆရာသမားများကို လျှောက်ထားတောင်းပန်၍ နာယူကြလေ။]
ကြွင်းသော အာပတ်ခြောက်ပုံကို စိတ်စေတနာနှင့်တကွ ကျူးလွန်၍ မကုမစား နေသော အလဇ္ဇီ၏ အပြစ်မှာ ထိုအာပတ်ကို မကုစားသမျှ ကာလပတ်လုံး ပညတ္တိဝီတိက္ကမန္တရာယ် ငြိ၏၊ ဈာန်မဂ်ဖိုလ် ၏ အန္တရာယ် ဖြစ်၏၊ သေလျှင် အပါယ် ဂတိ မြဲ၏။
ဝတ္ထု သက်သေမှာ ...
ဓမ္မပဒအဋ္ဌကထာမှာလာသော ဧရကပတ္တနဂါးမင်း ဝတ္ထု ရှိလေပြီ၊ မသိ၍ပင် ကျူးလွန်မိသော်လည်း လောကဝဇ္ဇအရာ ဖြစ်ခဲ့လျှင် မကောင်းကျိုးကို ခံရသေး၏၊ ယက္ခသံယုတ်တွင် လာသော သူစိလောမဘီလူးဝတ္ထု ခရလောမဘီလူးဝတ္ထုရှိလေ၏၊ ထိုသီလတို့ကို လုံခြုံစွာ စောင့်ရှောက် သူတို့၏အကျိုးမှာ ဝိသုဒ္ဓိမဂ်၌ လာ၏။
[အပြစ်အကျိုး အလုံးစုံသည်ပင်လျှင် မဟာဝိသုဒ္ဓါရာမ ဆရာတော် စီရင်တော် မူအပ်သော ပရမတ္ထသရူပဘေဒနီ စာအုပ်ကြီးမှာ အလွန်ပြည့်စုံစွာ ပါရှိလေပြီ]
[နောက်သီလ သုံးပါးတို့၏ အကျိုးအပြစ်ဝတ္ထုသက်သေ တို့ကိုလည်း ထိုစာအုပ်မှာ ယူလေ ။]
ဧကကနိပါတ်ပါဌဇာတ် အဋ္ဌကထာ၌ ပစ္စယသန္နိဿိတ သီလ ပျက်ကုန်သော သူတို့ သည် အပါယ်၌ ပြည့်ကြကုန်သည်ဟု ဆို၏၊ ဓမ္မပဒ အဋ္ဌကထာ၌လည်း ဘုရား လက်ထက်တော်၌ ဇေတဝန်ကျောင်းတော် အတွင်းမှာ ရဟန်းတစ်ပါး သေလွန်ရာ သင်္ကန်း၌ တပ်စွန်းသော တဏှာကြောင့် ထိုသင်္ကန်းမှာပင် သန်းဖြစ်သည်ဟု လာ၏၊ ထိုသို့ ဆိုရာလာရာတို့၌ မိမိသန္တကဖြစ်သော ဓမ္မိယလဒ္ဓပစ္စည်း၌ တပ်စွန်းမှုသည် တစ်စုံတစ်ခုသော ကမ္မပထ တွင် ပါဝင်သော အမှု မဟုတ်ရကား ထိုတဏှာကို မှီ၍ တစ်ပါးသော ကံတို့က အပါယ်သို့ ချသည်ဟုယူကြ၏။
ဧကာဒသမ ပုစ္ဆာ အဖြေ ပြီး၏။
ဒွါဒသမ ပုစ္ဆာ အဖြေ
(၁၂) သံဃိက ဒါနမျိုးတို့၏ သရုပ်အဓိပ္ပါယ်ကို လှူနည်း လှူပုံနှင့်တကွ သိလို ပါသည်။
ဟူသော ပုစ္ဆာ၌ --
ဥပရိပဏ္ဏာသဒက္ခိဏ ဝိဘင်္ဂသုတ်၌ “သတ္တိမာ အာနန္ဒ သံဃဂတာ ဒက္ခိဏာ” အစရှိသဖြင့် သံဃိက ဒါန ခုနစ်မျိုးကို ဟောတော်မူသည်။
၁။ ဘုရားအမှူးရှိသော ဥဘတောသံဃာအား လှူဒါန်းခြင်း တစ်ပါး,
၂။ ဘုရားမရှိသည့်နောက် ဥဘတောသံဃာ သက်သက်အား လှူဒါန်းခြင်း တစ်ပါ,
၃။ ဘိက္ခုသံဃာသက်သက်အား လှူဒါန်းခြင်း တစ်ပါး,
၄။ ဘိက္ခုနီသံဃာ သက်သက်အား လှူဒါန်း တစ်ပါး,
၅။ သံဃာများရာတိုက်တာ၌ တပည့်တော်တို့အား သံဃာတစ်ပါး ပေးပါ, နှစ်ပါး ပေးပါ, တစ်ကျိပ် ပေးပါ, နှစ်ကျိပ်ပေးပါ စသည်ဖြင့် လျှောက်ထားတောင်းပန်ရာ သံဃာတော်များက ညွှန်ကြား ချပေး၍ရသော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း တစ်ပါး,
၆။ ဘိက္ခုသံဃာ သက်သက်မှာ လျှောက်တောင်းရာ သံဃာတော်များက ညွှန်ပြ ချပေး၍ရသော ဘိက္ခုသံဃာ သက်သက်အား လှူဒါန်းခြင်း တစ်ပါး,
၇။ ဘိက္ခုနီ သံဃာသက်သက်မှာ လျှောက်တောင်း ရာ ဘိက္ခုနီသံဃာက ညွှန်ပြ ချပေး၍ရသော ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း တစ်ပါး,
ဟူ၍ သံဃိကဒါန ခုနစ်ပါးရှိ၏။
ပါဠိတော်၌
“အာနန္ဒ - အာနန္ဒာ၊
သံဃဂတာ - သံဃာ၌ တည်ကုန်သော၊
ဝါ - သံဃာသို့ရောက်ကုန်သော၊
ဒက္ခိဏာ - အလှူတို့သည်၊
ဣမာသတ္တ - ဤခုနစ်ပါးတို့တည်း” ပေး၊
“သံဃဂတာ” ဟူသောပုဒ်၌ ကြီးမြတ်ဖွံ့ဖြိုးသောအကျိုးကို အလိုရှိသည်ဖြစ်၍ သံဃဂတ အလှူကို လှူဒါန်းလိုသည်ရှိသော် မလှူမီ ရှေးအဖို့၌ သုပ္ပဋိပန္နတာ အစရှိသော သံဃာ့ဂုဏ်တော် များကို ဆင်ခြင်၍ ပုဂ္ဂိုလ်၌တည်သော စိတ်ကို ကောင်းစွာ သုတ်သင်၍ သံဃာ၌ တည်သော စိတ်ကို ဖြစ်စေရာ၏။
အဘယ်သို့ ဖြစ်စေရာသနည်း ဟူမူကား ...
ယခုရှိနေကြသော ရဟန်းတော် ဆရာတော် သံဃာတော် ပုဂ္ဂိုလ်တို့တွင် မည်သည့် ရဟန်းတော် ပုဂ္ဂိုလ်, မည်သည့်ဆရာတော် ပုဂ္ဂိုလ်, မည်သည့်သံဃာတော် ပုဂ္ဂိုလ်ကို ငါပင့်မည် ငါလှူမည်ဟု ပုဂ္ဂိုလ်၌ တည်သောစိတ်ကို မဖြစ်စေမူ၍ -
သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရား တပည့်တော်မြတ် သားတော်မြတ် ဖြစ်တော်မူပေသော သံဃာတော်မြတ်အား ငါလှူမည် ဟူ၍သော် လည်းကောင်း,
အရှင်ကောဏ္ဍညထေရ် အစရှိကုန်သော ပထမဝါ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ အကျွတ် တရားကို ရတော်မူကြကုန်သော ခြောက်ကျိပ်ကျော်မျှသော သံဃာတော်, ထို့နောက် သုံးကျိပ် မျှသော ဘဒ္ဒဝဂ္ဂီသံဃာတော်, ဥရုဝေလကဿပထေရ် အစရှိကုန်သော တစ်ထောင်မျှသော သံဃာတော်,
အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန် အမှူးရှိကုန်သော နှစ်ရာ့ငါးကျိပ်မျှသော သံဃာတော်, ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွတော်မူရာ အတူပါတော်မူ ကုန်သော နှစ်သောင်းမျှသော သံဃာတော်တို့မှစ၍ ပရိနိဗ္ဗာန် စံတော်မမူမီ အကျွတ် ရတော်မူကြကုန်သော လက်ထက်တော်ရှိ သံဃာတော်,
ထို့နောက် ပထမ သင်္ဂါယနာတင် အရှင်မဟာကဿပ အစရှိသော ပထမ အနှစ် တစ်ရာအတွင်းရှိ သံဃာတော်, ဒုတိယသင်္ဂါယနာတင် အရှင်ယသထေရ် အမှူးရှိကုန်သော ဒုတိယ အနှစ်တစ်ရာ အတွင်းရှိ သံဃာတော်, တတိယသင်္ဂါယနာတင် အရှင် မောဂ္ဂလိပုတ္တတိဿထေရ် အမှူးရှိကြကုန်သော တတိယအနှစ် တစ်ရာ, စတုတ္ထအနှစ်တစ်ရာအတွင်းရှိ သံဃာတော်အစရှိကုန်သော တစ်ပါးမကျန်
အလုံးစုံသော မြတ်စွာဘုရား တပည့်သား သံဃာတော်မြတ်အား ငါလှူမည် ဆွမ်း ဒါယကာ ငါခံမည် သင်္ကန်း ဒါယကာ ငါခံမည် ကျောင်းဒါယကာ ငါခံမည် ဟူ၍ သော်လည်းကောင်း, ဤသို့ ပုဂ္ဂိုလ်နှင့်စပ်သော စိတ်ကို ဝေးစွာရှောင်ကြဉ်၍ သံဃာ၌တည်သော စိတ်ကို ဖြစ်စေရာ၏။
ထို့ကြောင့်အဋ္ဌကထာ၌ -
ကာသာဝကဏ္ဌသံဃဿ ဒိန္နဒက္ခိဏံ ပန ကော သောဓေတီတိ။ သာရိပုတ္တ မောဂ္ဂလ္လာနာ ဒယော အသီတိမဟာထေရာ သောဓေန္တိ၊ အပိစ ဗုဒ္ဓကာလေ ပရိနိဗ္ဗုတေ ထေရေ အာဒိံကတွာ ယာဝဇ္ဇဓရမာနာ ခီဏာသဝါ သောဓေန္တိယေဝ။
ဟူ၍ မိန့်ဆိုပေသည်။
ကာသာဝကဏ္ဌသံဃဿ - ဤသာသနာ၌ သင်္ကန်းလည်ပင်း ရောက်သော နောက်ပိတ် ဒုဿီလ ကာသာဝကဏ္ဌ သံဃာအား၊
ဒိန္နဒက္ခိဏံပန - လှူအပ်သော သံဃိက အလှူကိုမူကား၊
ကော - အဘယ် သံဃာသည်၊
သောဓေတိ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်ပေသနည်း၊
ဣတိ - ဤကား အမေးပုစ္ဆာတည်း၊
သာရိပုတ္တမောဂ္ဂလ္လာနာ ဒယော - အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အစရှိကုန် သော၊
အသီတိ မဟာထေရာ - ရှစ်ကျိပ်သော မဟာထေရ်တို့သည်၊
သောဓေန္တိ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်ပေကုန်၏၊
အပိစ - စင်စစ်သော်ကား၊
ဗုဒ္ဓကာလေ - မြတ်စွာဘုရား လက်ထက်တော်၌၊
ပရိနိဗ္ဗုတေ - ကိလေသာမီးငြိမ်းတော်မူကြကုန်ပြီးသော၊
ထေရေ - မထေရ်မြတ်တို့ကို၊
အာဒိံကတွာ - အစပြု၍၊
ယာဝဇ္ဇဓရမာနာ - ယခုနေ့တိုင် ထင်ရှားရှိကြပေကုန်သော၊
ခီဏာသဝါ - ရဟန္တာတို့သည်၊
သောဓေန္တိယေဝ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်တော် မူကြပေကုန်သည် သာလျှင်တည်း။
ဤသို့မိမိစိတ်ကို သံဃာ၌ တည်စေ၍ သံဃာ၌ ရောက်စေ၍ သံဃာကို အာရုံပြု၍ လှူရာ၌ သင်္ကန်းအလှူဖြစ်ခဲ့အံ့၊ ထိုအလှူဒါယကာသည် ငါတို့ဘုရား သာသနာရှိ အလုံးစုံသော သံဃာတော်မြတ်၏ သင်္ကန်းဒါယကာ ဖြစ်လေ၏၊ ဆွမ်းအလှူဖြစ်ခဲ့အံ့၊ ထိုအလှူ့ဒါယကာသည် ငါတို့ ဘုရားသာသနာရှိ အလုံးစုံသောသံဃာတော်မြတ်၏ ဆွမ်းဒါယကာ ဖြစ်လေ၏၊ ကျောင်းအလှူဖြစ်ခဲ့အံ့၊ ထိုကျောင်းဒါယကာသည် ငါတို့ဘုရားသာသနာ၌ အလုံးစုံသော သံဃာ တော်မြတ်၏ ကျောင်းဒါယကာ ဖြစ်လေ၏၊
အရှင်သာရိပုတ္တရာ၏ကျောင်းဒါယကာ ဖြစ်လေ၏၊ အရှင်မဟာမောဂ္ဂလ္လာန်၏ ကျောင်းဒါယကာ ဖြစ်လေ၏၊ အရှင်ကောဏ္ဍည အရှင်မဟာကဿပအစရှိသော အသီတိမဟာသာသကတို့၏ ကျောင်းဒါယကာ ဖြစ်လေ၏၊ အကုန်လုံးသော ဘုရား တပည့်သား သံဃာတော်မြတ်တို့၏ ကျောင်း ဒါယကာဖြစ်လေ၏။
ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသော မြတ်စွာဘုရားကို ရည်စူး၍ ယခုကာလ၌ ဘုရားစေတီ တည်ထား ကိုးကွယ်သောသူကို ဘုရားဒါယကာ ခေါ်ရသည်နှင့် အတူတူပင်တည်း။
ထိုဘုရားဒါယကာခေါ်ရာ၌လည်း ဘုရားလိုဏ်တွင်း၌ တည်ထားသောရုပ်ပွါးတော်၏ ဒါယကာ ဆိုလိုသည် မဟုတ်၊ ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသော သဗ္ဗညု မြတ်စွာဘုရား၏ ကျောင်းဒါယကာ ဆိုလိုပါသတည်း။
[ဤသံဃိကကျောင်းမှာလည်း ထိုအတူမှတ်ပါ။]
ထိုလှူအပ်ပြီးသာ သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါး တို့ကိုမူကား လောက၌ သားသမီး ပေါများသော သူတို့မှာ အချို့သော သားသမီးတို့ သေလွန်ကြကုန်လျှင် သေလွန်သူတို့ပါ ပိုင်ဆိုင်သော အမွေဥစ္စာတို့ကို ကျန်ရှိသော သားသမီးတို့သာ ရယူခံစံကြရ ကုန်သကဲ့သို့ ယခုရှိနေသော သံဃာတော်တို့သာ ရယူခံစံကြရကုန်၏၊ ရေစက်ချ၍ အမျှပေးဝေသည့်တိုင်အောင် ဤသို့သော သံဃိကတစိတ်ကို ကောင်းစွာ တည်စေရာ၏၊
ပြုလုပ်လှူဒါန်းသော အခါ၌မူကား ကျောင်းဖြစ်အံ့၊ မိမိစိတ် ကြည်ညိုရာ တိုက်တာ ဆောက်လုပ်၍ ကြည်ညိုရာ ပုဂ္ဂိုလ်များကို ပင့်ဆောင်၍ ရေစက်ချရာ၏၊ သင်္ကန်း ဆွမ်း ဆေးတို့မှာလည်း အိမ်မှာဖြစ်စေ၊ ဆက်ဆံ ကြည်ညိုရာ ကျောင်းတိုက်မှာဖြစ်စေ၊ ထိုအတူ မိမိကြည်ညိုရာကို ပင့်ဆောင်၍ ရေစက်ချအပ်၏၊ ရေစက်ချပြီးသော အခါ၌ သံဃာတော်များမှာ ဝိနည်းတော် ဥပဒေနှင့် နေရာကျပြု၍ သုံးဆောင်ကြလတ္တံ့။
[ဤကား “သံဃဂတာ ဒက္ခိဏာ” ဟူသော ပါဠိတော်မြတ်၌ သံဃဂတ ဒက္ခိဏာဖြစ်ပုံ အဓိပ္ပါယ် တည်း။]
ဘုရားအမှူးရှိသော ဥဘတော သံဃာအား လှူဒါန်းခြင်း ဟူသော ပထမသံဃိက ဒါနဖြစ်ပုံကား …
ဘုရားနှင့်တကွ ဘိက္ခုသံဃာ ဘိက္ခုနီသံဃာကို ပင့်ဖိတ်၍ ဘုရားရှေ့၌ “ဗုဒ္ဓပမုခဿ သံဃဿ ဒေမ” ဟူ၍လည်းကောင်း “ဗုဒ္ဓပမုခဿ ဥဘတော သံဃဿ ဒေမ” ဟူ၍လည်းကောင်း ဆို၍ လှူခြင်းတည်း။
ဘုရားမရှိသော နောက်ကာလ၌ကား...
ဘုရားဓာတ်တော်ရှိသော ရုပ်ပွါးဆင်းတုတော်ကို ဘုရားနေရာ၌ ထား၍ ဗုဒ္ဓပမုခဥဘတောသံဃိက အလှူကို လှူနိုင်သေးသည်ဟု အဋ္ဌကထာ၌ လာ၏။
“သဓာတုကံ ပတိမံ အာသနေ ထပေတွာ အာဓာရကေ ပတ္တံ ထပေတွာ ဒက္ခိဏောဒကံ အာဒိံ ကတွာ သဗ္ဗံ သတ္ထု ပထမံ ဒတွာ ဥဘတောသံဃဿ ဒါတဗ္ဗံ”။
[အဋ္ဌကထာ။]
သဓာတုကံ - ဘုရားဓာတ်တော် အစစ်ရှိသော၊
ပတိမံ - ရုပ်ပွါး ဆင်းတုတော်မြတ်ကို၊
အာသနေ - ဘုရားနေရာ၌၊
ထပေတွာ - ထား၍၊
အာဓာရကေ - သပိတ်ခြေ၌၊
ပတ္တံ - သပိတ်ကို၊
ထပေတွာ - ထား၍၊
ဒက္ခိဏောဒကံ - အလှူရေကို၊
အာဒိံကတွာ - အစပြု၍၊
သဗ္ဗံ - အလုံးစုံသော လှူဘွယ်ဝတ္ထုကို၊
သတ္ထု - မြတ်စွာဘုရားအား၊
ပထမံ - ရှေးဦးစွာ၊
ဒတွာ - လှူပြီး၍၊
ဥဘတော သံဃဿ - ဥဘတော သံဃာအား၊
ဒါတဗ္ဗံ - ကပ်လှူအပ်၏။
“ဘုရားဓာတ်တော် အစစ်ရှိသော ရုပ်ပွါးဆင်းတုတော်ကို ဘုရားအရာ၌ ထားရမည်” ဟူသော စကား၌ အကျိုးအထူး ကြီးမြတ်စေခြင်းငှါ ဘုရားဓာတ်တော် အစစ်ရှိသော ရုပ်ပွါးဆင်းတုတော်ကို အထူးဝိသေသ ဆိုသည်၊ ဘုရားဓာတ်တော် အစစ်မရှိသော ရုပ်ပွါးဆင်းတုတော်ကို ထား၍ လှူသော်လည်း ဗုဒ္ဓပမုခပင် ဖြစ်ရာပါ၏။
ဘုရားမရှိသည့်နောက် ဥဘတောသံဃာ သက်သက်အား လှူဒါန်းခြင်း... ဟူသော ဒုတိယ၌ သိသာလှပြီ။
ဘိက္ခုသံဃာ သက်သက်အားလှူဒါန်းခြင်း... ဟူသော တတိယသံဃိက၌ ဘုရားဓာတ်တော်အစစ် ရှိသော ရုပ်ပွါးဆင်းတုတော်ကို ရှေ့၌ထား၍ ဆိုခဲ့ပြီးသောနည်းဖြင့် လှူဒါန်းပါမူ ဗုဒ္ဓပမုခ ဧကတောသံဃိကအလှူ ဆိုသင့်ပါ၏။
ဘိက္ခုနီသံဃာသက်သက်အား လှူဒါန်းခြင်း... ဟူသောစတုတ္ထ၌လည်း ထိုနည်းအတူတည်း၊ ယခုကာလ၌ကား ဘိက္ခုနီသံဃာ မရှိပြီ၊ ဤအလှူ လေးပါးကား တိုက်ရှိသံဃာကိုပင့်၍ လှူသော အလှူမျိုးတည်း။
ပဉ္စမ ဆဋ္ဌမ သတ္တမအလှူ ...
တိုက်ရှိ သံဃာကုန် မတတ်နိုင်၍ ဘိက္ခုသံဃာတို့ တိုက်မှလည်းကောင်း, မိမိတို့ အလိုရှိသမျှ သံဃာကို တိုက်တာ အကြီးအကြပ်တို့ထံ လျှောက်တောင်း၍ လှူသော အလှူသည် ဥဒ္ဒိဿကသံဃိက အလှူ မည်၏၊ ပဉ္စမ ဆဋ္ဌမ သတ္တမအလှူ သုံးပါးကား ဥဒ္ဒိဿက သံဃိက အလှူ သုံးပါးပေတည်း၊ ဥဒ္ဒိဿက ဆိုသည်ကား ဘယ်ပုဂ္ဂိုလ် ဘယ်သံဃာကိုဟု ဒါယကာက ရည်စူးသည် မဟုတ်၊ တိုက်တာ သံဃာ အကြီးအကြပ် တို့ ညွှန်းချရာ ပုဂ္ဂိုလ်ကိုလှူရသော အလှူတည်း။
ဤဥဒ္ဒိဿက သံဃိက သုံးမျိုး၌ ဒါယကာ စိတ်မတတ်လျှင် သံဃဂတ ဒက္ခိဏ မြောက်ခဲကြောင်း ကို အဋ္ဌကထာ၌ ဤ သို့ဆိုပေ၏။
သံဃဂတံ ဒက္ခိဏံ ဒဿာမီတိ ဒေယျဓမ္ံ ပဋိယာဒေတွာ ဝိဟာရံ ဂန္တွာ ဘန္တေ သံဃတော ဥဒ္ဒိသိတွာ ဧကံ မဟာထေရံ ဒေထာတိ ဝဒတိ။ အထ သံဃတော သာမဏေရံ လဘိတွာ သာမဏေရော မေ လဒ္ဓေါတိ မညိတွာ အညထတ္တံ အာပဇ္ဇတိ။ တဿ ဒက္ခိဏာ သံဃဂတာ န ဟောတိ။ မဟာထေရံ လဘိတွာပိ မဟာထေရော မေ လဒ္ဓေါတိ သောမနဿံ ဥပ္ပါဒေန္တဿာပိ န ဟောတိယေဝ။
[အဋ္ဌကထာ။]
သံဃဂတံ - သံဃာ၌ တည်သော၊
ဒက္ခိဏံ - အလှူကို၊
ဒဿာမိ - ငါလှူအံ့၊
ဣတိ - ဤသို့ကြံ၍၊
ဒေယျဓမ္မံ - လှူဖွယ်ဝတ္ထုကို၊
ပဋိယာဒေတွာ - အိမ်၌ စီမံပြီး၍၊
ဝိဟာရံ - တစ်ခုသော ကျောင်းတိုက်သို့၊
ဂန္တွာ - သွား၍၊
ဘန္တေ - အရှင်ဘုရားတို့၊
သံဃတော - သံဃာမှ၊
ဥဒ္ဒိသိတွာ - ညွှန်းချ၍၊
ဧကံမဟာထေရံ - ထေရ်ကြီးဝါကြီး သိက္ခာတော်ကြီးတစ်ပါးကို၊
ဒေထ - ပေးကြကုန်လော့၊
ဣတိ ဝဒတိ - သည်ပုံလျှောက်တောင်းလေ၏၊
အထ - ထိုအခါ၌၊
သံဃတော - သံဃာတော်မှ၊
သာမဏေရံ - သာမဏေငယ်ကို၊
လဘိတွာ - ရ၍၊
မေ - ငါ့အား၊
သာမဏေရော - သာမဏေငယ်ကို၊
လဒ္ဓေါ - ရဘိ၏၊
ဣတိ - ဤသို့၊
မညိတွာ - အောက်မေ့၍၊
အညထတ္တံ - မကြည်မသက် သဒ္ဓါပျက်ခြင်းသို့၊
အာပဇ္ဇတိ - ရောက်ခဲ့အံ့၊
တဿ - ထိုဒါယကာ၏၊
ဒက္ခိဏာ - အလှူသည်၊
သံဃဂတာ - သံဃာ၌တည်သည်၊
နဟောတိ - မဖြစ်ပြီ၊
မဟာထေရံ - ထေရ်ကြီးဝါကြီး သိက္ခာကြီး ဆရာတော်ကြီးကို၊
လဘိတွာပိ - ရသည့်အတွက်လည်း၊
မေ - ငါ့အား၊
မဟာထေရော - ထေရ်ကြီးဝါကြီး သိက္ခာကြီး ဆရာတော်ကြီးကို၊
လဒ္ဓေါ - ရပါပေ၏၊
ဣတိ - ဤသို့၊
သောမနဿံ - အပိုအမို ဝမ်းမြောက်ခြင်းကို၊
ဥပ္ပါဒေန္တဿာပိ - ဖြစ်စေသော ဒါယကာ၏လည်း၊
ဒက္ခိဏာ - အလှူသည်၊
သံဃဂတာ - သံဃာ၌တည်သည်၊
နဟောတိယေဝ - မဖြစ်သည် သာလျှင်တည်း။
[ရှေးအခါ၌ ဥဒ္ဒိဿက သံဃိက လှူဒါန်းသူ ပေါများကြ၍ တိုက်တာမှာ အလှည့်ကျ သံဃာ စာရင်း နှင့် ထားရသည်။]
မထေရ်ကြီးကို ရလိုပါသည်ဟု လျှောက်တောင်း သော်လည်း တောင်းရာကို ညွှန်းချရသည် မဟုတ်၊ စာရင်းအလှည့်ကျ ရောက်ရာကိုသာ ညွှန်းချရသည်၊ သို့အတွက်ကြောင့် မထေရ်ကြီး ဟုဆို၍တောင်းသော်လည်း မထေရ်ကြီးကို မရ၊ သာမဏငယ်ကလေးများကို ရသော အလှည့် ရှိလေသတည်း။
သံဃိကဒါနအစစ် မြောက်လိုသော ဒါယကာမှာ မူကား ရှေး၌ပြဆိုခဲ့ပြီးသော သံဃဂတ စိတ်ကိုသာ ခိုင်မြဲစွာ ပြု၍ ငါသည် အကျိုးကြီးပွါးလိုလှ၍ သံဃိက အလှူကိုသာ လှူလိုရင်း ဖြစ်သည်၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အစရှိသော ဘုရား တပည့်သား သံဃာအလုံးစုံ သည်သာ ငါ၏အလှူခံ ဖြစ်သည်၊ ယခုထေရ်ကြီးဝါကြီး ဆရာတော်ကြီး ရရှိသော်လည်း ဤထေရ်ကြီး ဝါကြီးဆရာတော်ကြီးသည် ငါ့အလှူခံ မဟုတ်၊ သာမဏေငယ်ကို ရသော်လည်း ဤသာမဏေငယ်သည် ငါ့အလှူခံမဟုတ်၊ အလှူမြောက်ရုံမျှ ခံသမားဖြစ်သည်ဟု စိတ်နှလုံး ခိုင်ခိုင်ထား၍ ရရှိသောပုဂ္ဂိုလ်၏ မျက်နှာကိုလည်းကောင်း, လောကကို လည်းကောင်း မကြည့်ပဲ လှူနိုင်ပါမှ သံဃိကအစစ် မြောက်နိုင်သည် ဟူလိုပါသတည်း၊ ခဲယဉ်းလှ၏။
သာမဏေငယ်ကိုပင် ရသော်လည်းကောင်း, အလဇ္ဇီ ဒုဿီလကိုပင် ရသော် လည်းကောင်း, အရှင်သာရိပုတ္တရာကို ရိုသေလေးမြတ်စွာ ပြုနိုင်သကဲ့သို့ ထို သာမဏေငယ် အလဇ္ဇီ ဒုဿီလကိုလည်း ရိုသေ လေးမြတ်စွာ ပြုနိုင်ရသည်၊ မပြုနိုင် ပင်လျှင် ထိုအလှူရှင်စိတ် အရှင်သာရိပုတ္တရာသို့ မဆိုက်ပြီ၊ သာမဏေငယ် အလဇ္ဇီ ဒုဿီလတွင်သာ ဆိုက်တိုက်၍ နေပြီ။
ဤအရာ၌ အဋ္ဌကထာမှာ ဝတ္ထုလာ၏ ...
ကျောင်းတိုက် ဒါယကာ သူကြွယ် တစ်ယောက်သည် သံဃဂတ အလှူမြောက်လို၍ မိမိတိုက်မှာ ဥဒ္ဒိဿက သံဃာတစ်ပါး လျှောက်တောင်းလေ၏၊ ဒုဿီလရဟန်း တစ်ယောက်ကို ရလေ၏၊ ဘုရားကို အရိုအသေ အလေးအမြတ်ပြုသည်နှင့် ထပ်တူပြုပေ၏၊
ပြုပုံကား နေရာကိုကောင်းမွန်စွာလိမ်းကျံ၏၊ အဖိုးတန်အထည်တို့ကိုခင်း၍ အထက်၌ ဗိတာန် မျက်နှာကြက်ဖြန့်မိုး၏၊ ဘုရားကို ပူဇော်သကဲ့သို့ ထိုဒုဿီလရဟန်းကို ပန်းနံ့သာ အခိုးအထုံတို့ဖြင့် ပူဇော်ပေ၏၊ ခြေဆေးခြင်း ခြေကို နံ့သာဆီတို့ဖြင့် လိမ်းခြင်း ပျပ်ဝပ်ခယမ်းခြင်းများကိုပြု၍ အလွန် ရိုသေစွာ ကပ်လှူလေ၏၊
ဒုဿီလမှန်းသိလျက် အဘယ်ကြောင့် ဤသို့ ရိုသေလေးမြတ်ခြင်းကို ပြုသနည်းဟု သူတစ်ပါး တို့က ဆိုကြသောအခါ ထိုပုဂ္ဂိုလ်ကို လှူသော အလှူမဟုတ်၊ ထိုပုဂ္ဂိုလ်ကို ပြုသော အမှုစု မဟုတ်၊ သံဃာကို ငါလှူသည်၊ သံဃာကို ငါပြုသည်ဟုဆိုပေ၏။
ဗုဒ္ဓဿ နိပစ္စကာရံ ကရောန္တော ဝိယ သံဃေ စိတ္တီကာရေန ဒေယျဓမ္မံ အဒါသိ။
ဗုဒ္ဓဿ - သက်တော်ထင်ရှား ဘုရားမြတ်စွာအား၊
နိပစ္စကာရံ - ရိုညွတ်ဝပ်တွားခြင်းကို၊
ကရောန္တောဝိယ - ပြုသည်နှင့်အတူ၊
သံဃေ - အရိယာ သံဃာ၌၊
စိတ္တီကာရေန - ကြည်ညို ရိုသေခြင်းဖြင့်၊
တဿ - ထိုဒုဿီလ ရဟန်းအား၊
ဒေယျဓမ္မံ - လှူဘွယ်ဝတ္ထုများကို၊
အဒါသိ - ကပ်လှူလေ၏။
[ဤကား မေးလျှောက်ရင်း ပုစ္ဆာတွင် ပါရှိသော သံဃိက ဒါနတို့၏ သရုပ်အဓိပ္ပါယ်ကို လှူနည်း လှူပုံနှင့်တကွ ထုတ်ပြ ဖြေဆိုချက်တည်း။]
ပုစ္ဆာ၌ မပါသော်လည်း ထိုပါဠိတော်မှာ ပါရှိသော ပုဂ္ဂလိက တစ်ဆယ့်လေးပါးကို ပြဆိုဦးအံ့။
၁။ တိရစ္ဆာန်ပုဂ္ဂိုလ်
၂။ လူဒုဿီလ
၃။ လူသီလဝန္တ
၄။ သာသနာပ ဈာန်ရရသေ့
၅-၁၂။ အရိယာပုဂ္ဂိုလ် ၈-ပါး
၁၃။ ပစ္စေကဗုဒ္ဓါ
၁၄။ သဗ္ဗညုဘုရား
ဤတစ်ဆယ့်လေးတွင် လူသီလဝန္တဆိုသည်ကား သာသနာပ ဂဟဋ္ဌ လူသီလဝန္တကို ဆိုသတည်း။ သရဏဂုံသုံးပါး ကောင်းစွာတည်၍ သာသနာတွင်း ပါဝင်သော လူဂဟဋ္ဌကိုကား အရိယာ ရှစ်ယောက်တွင် သောတာပတ္တိ ဖလသစ္ဆိကိရိယာယ ပဋိပန္န ပုဂ္ဂိုလ်ဟု ဆိုအပ်သော သောတာပတ္တိ မဂ္ဂဋ္ဌ ပုဂ္ဂိုလ်မှာ သင်္ဂြိုဟ်လျက် ပါဝင်သည်။
ထိုကြောင့် အဋ္ဌကထာ၌ -
သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နေတိ ဧတ္ထ ဟေဋ္ဌိမကောဋိယာ တိသရဏဂတော ဥပါသကောပိ သောတာပတ္တိ ဖလသစ္ဆိ ကိရိယာယ ပဋိပန္နော နာမ။ တသ္မိံ ဒိန္နဒါနံပိ အသင်္ချေယျံ အပ္ပမေယျံ။ ပဉ္စသီလေ ပတိဋ္ဌိတဿ ပန တတော ဥတ္တရိ မဟပ္ဖလံ။ ဒသသီလေ ပတိဋ္ဌိတဿ တတော ဥတ္တရိ မဟပ္ဖလံ ဥတ္တမ ကောဋိယာ ပန မဂ္ဂသမင်္ဂီ သောတာပတ္တိဖလသစ္ဆိ ကိရိယာယ ပဋိပန္နောနာမ။ ဧတဿ ဒိန္နဒါနံ။ တတော ဥတ္တရိ မဟပ္ဖလမေဝ။
သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပဋိပန္နေတိဧတ္ထ - သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပဋိပန္နေ ဟူသော ဤပါဠိတော် ပါဌ်၌၊
ဟေဋ္ဌိမကောဋိယာ - အောက်ဆုံးဖြစ်သော အစွန်းအားဖြင့်၊
တိသရဏဂတော - သရဏဂုံ သုံးပါး စွဲမြဲသော၊
ဥပါသကောပိ - ဥပါသကာအင်္ဂါနှင့် ပြည့်စုံသသူ လူဂဟဋ္ဌသည်လည်း၊
သောတာပတ္တိဖလသစ္ဆိကိရိယာယ - သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ၊
ပဋိပန္နောနာမ - ကျင့်ပေသောသူ မည်ပါ၏၊
တသ္မိံ - ထိုသရဏဂုံသုံးပါး လုံသောသူ လူဥပါသကာ၌၊
ဒိန္နဒါနံပိ - သဒ္ဓါကြည်ဖြူ ကျွေးမွေး ပေးကမ်းသော ဒါနသည်လည်း၊
အသင်္ချေယျံ - အဆအသင်္ချေ ဘဝအသင်္ချေ အကျိုးပေးနိုင်၏၊
အပ္ပမေယျံ - မနှိုင်းယှဉ်သာသော အာနိသင် ရှိ၏၊
ပဉ္စသီလေ - ပဉ္စသီလ၌၊
ပတိဋ္ဌိတဿပန - တည်သော လူသီလဝန္တ ပုဂ္ဂိုလ်အား၊
ဒိန္နဒါနံ - သဒ္ဓါကြည်ဖြူ ကျွေးမွေး ပေးကမ်းသော ဒါနသည်၊
တတော - ထိုသရဏဂုံမျှ တည်သသူ လူဂဟဋ္ဌ၌ ပြုသောဒါနထက်၊
ဥတ္တရိ - အလွန်၊
မဟပ္ဖလံ - ကြီးသောအကျိုး ရှိ၏၊
ဒသသီလေ - ဆယ်ပါးသီလ တည်သူ လူသီလဝန္တ၌၊
ဒိန္နဒါနံ - သဒ္ဓါ ကြည်ဖြူ ကျွေးမွေး ပေးကမ်းသော ဒါနသည်၊
တတော - ထို ပဉ္စသီလ၌ တည်သူ လူသီလဝန္တ ဂဟဋ္ဌ၌ပြုရသော ဒါနထက်၊
ဥတ္တရိ - အလွန်၊
မဟပ္ဖလံ - ကြီးသော အကျိုးရှိ၏၊
ဥတ္တမကောဋိယာပန - အစွန်းအားဖြင့် အထက်ဆုံးကား၊
မဂ္ဂသမင်္ဂီ - သောတာပတ္တိမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်၊
သောတာပတ္တိဖလ သစ္ဆိကိရိယာယ - သောတာ ပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ၊
ပဋိပန္နောနာမ - ကျင့်သောပုဂ္ဂိုလ်မည်၏၊
ဧတဿ - ထိုသောတာပတ္တိမဂ္ဂဋ္ဌ ပုဂ္ဂိုလ်အား၊
ဒိန္နဒါနံ - သဒ္ဓါကြည်ဖြူ ကျွေးမွေး ပေးကမ်းသောဒါနသည်၊
တတော - ထိုပုထုဇ္ဇန်ကိုလှူသောဒါနထက်၊
ဥတ္တရိ - အလွန်၊
မဟပ္ဖလမေဝ - အကျိုးကြီးမြတ် တော့သည် သာလျှင်တည်း။
ဤသရဏဂုံသီလ စွဲမြဲကြသော ဂဟဋ္ဌဖြစ်သူ လူမိန်းမ, လူ ယောက်ျားများသည် သောတာပန် အနီး၌ တည်သော သောတာပတ္တိဖလ သစ္ဆိကိရိယ ပဋိပန္န ပုဂ္ဂိုလ်အရာ၌ ပါဝင်ကြောင်းကို ဖွင့်ဆို ပေ၏။
[သာသနာထမ်း ပုထုဇ္ဇန်ရဟန်း ပုထုဇ္ဇန်သာမဏေတို့ကား ဆိုဖွယ်မရှိ။ ဧကန္တ ပါဝင် လေတော့သည်။]
ပါဠိတော်၌ သရဏဂုံမျှ မရှိကြသော တရုတ်ကုလား အစရှိသော သာသနာမှအပ ဂဟဋ္ဌ ဖြစ်သူ တို့၌ ဒုဿီလ တစ်မျိုး သီလဝန္တတစ်မျိုး အလှူခံပုဂ္ဂိုလ် နှစ်မျိုး ခွဲခြမ်း၍ ဟောတော်မူ၏၊ သာသနာတွင်းဖြစ်သူ လူဂဟဋ္ဌ သာမဏေရ ဘိက္ခု ပုထုဇ္ဇန်များ ကိုကား ဒုဿီလ သီလဝန္တ နှစ်မျိုး ခွဲခြမ်း၍မလာ၊ ထိုသို့ ပါဠိတော်မှာ မလာသော် လည်း အဋ္ဌကထာ၌ သရဏဂုံတည်သူ လူဂဟဋ္ဌကို အစတည်၍ ပြုသဖြင့် သီလဝန္တ သာမဏေ သီလဝန္တ ရဟန်းတို့မှာ ဆိုဖွယ်ရာမရှိ ပါဝင်မှု ထင်ရှားပြီ။
အလဇ္ဇီသာမဏေ ဒုဿီလ သာမဏေ အလဇ္ဇီရဟန်း ဒုဿီလ ရဟန်း တို့၌မူကား အလှူခံပုဂ္ဂိုလ် တစ်ဆယ့်လေးတွင် အဝင်အပါ ဖြစ် မဖြစ် ဝိဝါဒရှိကြကုန်၏။ ဧကန်စင်စစ် ပါဝင်ကြောင်းကို မိလိန္ဒပဉှာ ပါဠိတော်မြတ်ဖြင့် ဆုံးဖြတ် ဖြေဆိုအပ်၏။
“ဘန္တေ နာဂသေန ဂိဟိဒုဿီလဿစ သမဏဒုဿီလဿစ ကော ဝိသေသော”
အစရှိသည်ဖြင့် လူဒုဿီလနှင့် ရဟန်းဒုဿီလ အဘယ်သို့ ထူးကြပါသနည်းဟု မေးလျှောက်ရာ -
“ဒသယိမေ မဟာရာဇ ဂုဏာ သမဏဒုဿီလဿ ဂိဟိဒုဿီလတော ဝိသေသေန အတိရေကာ၊ ဒသဟိစ ကာရဏေဟိ ဥတ္တရိ ဒက္ခိဏံ ဝိသောဓေတိ”
အစရှိသည်ဖြင့် ဖြေဆို ဟောကြားတော်မူပေ၏။
မဟာရာဇ - မင်းကြီး၊
ဂိဟိဒုဿီလတော - လူဒုဿီလထက်၊
သမဏဒုဿီလဿ - ရဟန်းဒုဿီလအား၊
ဣမေ ဒသဂုဏာ - ဤဆယ်ပါးသော ဂုဏ်တို့သည်၊
ဝိသေသေန - အထူးအားဖြင့်၊
အတိရေကာ - လွန်ကဲပေကုန်၏၊
ဒသဟိစ ကာရဏေဟိ - ဆယ်ပါးသော အကြောင်း တို့ဖြင့်လည်း၊
ဥတ္တရိ - အလွန်၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်နိုင်၏။
[လူဒုဿီလ ဆိုသည်ကား မုဆိုး တံငါ စသည်တည်း။]
ဘိက္ခု ဒုဿီလဂုဏ် ၁၀-ပါး -
ထို လူဒုဿီလထက် လွန်မြတ်သော ဂုဏ် ၁၀-ပါး ဆိုသည်ကား -
၁။ ဗုဒ္ဓေ - ဣတိပိ သော ဘဂဝါ အရဟံ အစရှိသော ဘုရားဂုဏ်၌၊
သဂါရဝေါ - ရိုသေခြင်း ရှိ၏။
၂။ ဓမ္မေ - သွာက္ခာတော ဘဂဝတာ ဓမ္မော အစရှိသော တရားဂုဏ်၌၊
သဂါရဝေါ - ရိုသေခြင်း ရှိ၏။
၃။ သံဃေ - သုပ္ပဋိပန္နော အစရှိသော အရိယ သံဃာ့ဂုဏ်၌၊
သဂါရဝေါ - ရိုသေခြင်း ရှိ၏။
၄။ သဗြဟ္မစာရီသု - သီတင်းသုံးဖေါ်တို့၌၊
သဂါရဝေါ - ရိုသေခြင်း ရှိ၏။
၅။ ဥဒ္ဒေသပရိပုစ္ဆာယ - ပါဠိအဋ္ဌကထာ သင်ကြားမှု၌၊
ဝါယမတိ - လုံ့လမကင်း ရှိ၏၊
သဝနဗဟုလော - တရားကျမ်းဂန်စကားကို ကြားရနာရ များ၏။
၆။ မဟာရာဇ - မင်းကြီး၊
ဒုဿီလော - ရဟန်းဒုဿီလ ပုဂ္ဂိုလ်သည်၊
ဘိန္နသီလောပိ - သီလပျက်ပြီး ဖြစ်သော်လည်း၊
ပရိသာဂတော - လူပရိသတ် ရှင်ပရိသတ်အလယ်သို့ ရောက်သည်ရှိသော်၊
အာကပ္ပံ - ရဟန်းကောင်းတို့၏ အသွင်အပြင်ကို၊
ဥပဋ္ဌပေတိ - ဖြစ်စေ၏။
၇။ ဂရဟဘယာ - လူအများ ကဲ့ရဲ့မည်ကို ကြောက်သောကြောင့်၊
ကာယိကံ - ကာယကံမှုကို လည်းကောင်း၊
ဝါစသိကံ - ဝစီကံမှုကို လည်းကောင်း၊
ရက္ခတိ - စောင့်၏။
၈။ အဿ - ထိုဒုဿီလရဟန်း၏၊
စိတ္တံ - စိတ်သည်၊
ပဓာနာဘိမုခံ - ရသေ့သူတော် လူသူတော်အဖြစ်နှင့် ဘာဝနာ တရားများကို အားထုတ် ခါ နေရသော် ကောင်းမြတ်ရာ၏ဟု ပဓာနအမှု၌ ရှေ့ရှုသည်၊
ဟောတိ - ဖြစ်၏။
၉။ ဘိက္ခုသာမညံ - ရဟန်းဟူသော သမုတ်ခြင်းသို့၊
ဥပဂတော - ရောက်သည်၊
ဟောတိ - ဖြစ်၏။
၁၀။ မဟာရာဇ - မင်းကြီး၊
သမဏဒုဿီလော - ရဟန်း ဒုဿီလသည်၊
ပါပံ - မကောင်းမှုကို၊
ကရောန္တောပိ - ပြုပါသော်လည်း၊
ပဋိစ္ဆန္နံ့ - လျှို့လျှို့ဝှက်ဝှက်၊
အာစရတိ - ပြု၏။
[ဤကား ဂုဏ်ဆယ်ပါးတည်း။]
လူဒုဿီလ၌ ထိုဂုဏ်ဆယ်ပါးတွင် တစ်ပါးပါးမျှ ပြောပ စရာမရှိ၊ ထိုကြောင့် ထိုဂုဏ်ဆယ်ပါးတွင် တစ်ပါးပါးမျှ ပြောပစရာရှိလျှင်ပင် ရဟန်း ဒုဿီလက သာလွန် တော့သည်၊ ရှေး၌ ပြဆိုခဲ့ပြီးသော သီဟိုဠ်မင်းသည် ဤဂုဏ်ဆယ်ပါးတွင် “ဂရဟဘယာ ကာယိကံ ဝါစသိကံ ရက္ခတိ” ဟူသော သတ္တမဂုဏ် “ပါပံ ပဋိစ္ဆန္နံ အာစရတိ” ဟူသော ဒသမဂုဏ်များနှင့် ပြည့်စုံသည်ကို မြင်နိုင်သော ပညာရှိဖြစ်ပေ သတည်း၊ “ဘိက္ခုသာမညံ ဥပဂတော ဟောတိ” ဟူသော ဤပါဠိတော်ကို ထောက်မြော်၍ ထိုဒုဿီလသည် ငါရဟန်းဟူသော ပဋိညာဉ်ကို မစွန့်သေးသမျှ ကာလပတ်လုံး လူလည်း မဟုတ်သေး၊ သာမဏေလည်း မဟုတ်သေး၊ လူ သာမဏေတို့၏ အထက်ဖြစ်သော ရဟန်းထဲကပင် ရှိသေးသည်ကို သိအပ်၏။
[ရှေး၌လည်း ဤအဓိပ္ပါယ်ကို အထပ်ထပ်ပြဆိုခဲ့လှပြီ။]
ထိုဒုဿီလရဟန်းကို အမူလကအားဖြင့် ဒုဿီလစကားနှင့် စွပ်စွဲဆဲရေးမိသည်ရှိသော် ရဟန်းကောင်းကို စွပ်စွဲ ဆဲရေးမိသည်နှင့်အတူ စွပ်စွဲဆဲရေးသူ ရဟန်းတို့အား အာပတ် ကြီးတပ်၍ ပညတ်တော်မူသော ဝိနည်း ပါဠိတော်မြတ်နှင့် ဤမိလိန္ဒပဉှာပါဠိတော်အလာသည် ညီညာလှ၏၊ လူတို့က ထိုဒုဿီလရဟန်းကို စိတ်ကြမ်းနှုတ်ကြမ်းနှင့် စွပ်စွဲ ဆဲရေးမိရာ၌ကား ဆိုဖွယ်မရှိဟု သိထိုက်လှ၏။
ဘိက္ခုဒုဿီလ ဒက္ခိဏဝိသုဒ္ဓိ အကြောင်း ၁၀-ပါး
▬▬▬▬▬▬▬
ထိုဒုဿီလပုဂ္ဂိုလ်၌ လှူဒါန်းသူ ဒါယကာတို့၏ အလှူဒါန အကျိုးကြီးရာသော ဒက္ခိဏ ဝိသုဒ္ဓိ အကြောင်း ဆယ်ပါးဟူသည် အဘယ်နည်း ဟူမူကား -
၁။ သော - ထိုရဟန်း ဒုဿီလပုဂ္ဂိုလ်သည်၊
အာဟဝကဝစ ဓာရဏတာယပိ - တစ်ထောင့်ငါးရာ ကิလေသာ စစ်ပွဲ၌ သူရဲတို့ကြိယာ ဖြစ်ကုန်သော သင်္ကန်း သပိတ် ပရိက္ခရာ တည်းဟူသော ချပ်ဝတ်မိန်ညို တို့ကို ကိုယ်၌ ဝတ်ဆင် သော အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်နိုင်၏။
[“ဝိသုဇ္ဈတီတိ မဟပ္ဖလဘာဝေန ဝိသုဇ္ဈတိ။ မဟပ္ဖလံ ဟောတီတိ အတ္တော” ဟူသော အဋ္ဌကထာ ဖွင့်ကို ထောက်၍ “ဝိသောဓေတိ” ပုဒ် အနက်ကို သိလေ။]
၂။ ဣသိသာမည တဏ္ဍလိင်္ဂ ကရဏတောပိ - ရသေ့ ရဟန်း အနေ အထွေထွေသော အသွင် အပြင် အမူအရာကို ပြုသောားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်နိုင်၏။
၃။ သံဃသမယမနုပဝိဋ္ဌတာယပိ - သံဃသမယ၌ အစဉ်သက်ဝင် သည်၏အဖြစ် အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်နိုင်၏။
၄။ ဗုဒ္ဓဓမ္မသံဃ သရဏဂတတာယပိ - ဗုဒ္ဓသရဏဂုံ ဓမ္မသရဏဂုံ သံဃသရဏဂုံ တည်သော အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက် သုတ်သင်နိုင်၏။
၅။ ပဓာနာတိသယ နိကေတဝါသိတာယပိ - လွန်မြတ်သော ဘာဝနာ တရားကို အားထုတ်ရာ ဌာန ဖြစ်သော သံဃာတို့ ကျောင်း၌သာ စွဲမြဲစွာ နေမှုရှိသော အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက်သုတ်သင်နိုင်၏။
၆။ ဇိနသာသနဓရ ပရိယေသနတောပိ - ဘုရားသာသနာ တည်ရာအခွင့်ကို ရှာမှီးသော အားဖြင့် လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက်သုတ်သင်နိုင်၏။
၇။ ပဝရဓမ္မဒေသနတောပိ = မြတ်သော ဓမ္မကထာ အနုမောဒနာ တရားကို ဟောပြောမှု ရှိပေသော အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက်သုတ်သင်နိုင်၏။
၈။ ဓမ္မဒီပဂတိပရာယဏတောပိ - ပိဋကတ်သုံးဖြာ ဒေသနာ ဆီမီးလျှင် စိတ်၏ တည်ရာ လည်းလျောင်းရာ ရှိသေးသော အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက်သုတ်သင်နိုင်၏။
၉။ ဗုဒ္ဓေါ - ဘုရားသည်၊
အဂ္ဂေါ - မြတ်၏၊
ဣတိ - ဤသို့၊
ဧကန္တ ဥဇုဒိဋ္ဌိတာယပိ - စင်စစ် ဖြောင့်စင်းသော အယူရှိသော အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက်သုတ်သင်နိုင်၏။
၁၀။ ဥပေါသထ သမာဒါနတောပိ - ဥပုသ်ဆောက်တည်မှု ရှိသော အားဖြင့်လည်း၊
ဒက္ခိဏံ - ဒါယကာတို့၏ အလှူဒါနကို၊
ဝိသောဓေတိ - အကျိုးကြီးအောင် ချီးမြှောက်သုတ်သင်နိုင်၏။
[ဤကား အလှူ အကျိုးကြီးရာသော အကြောင်းတရား ဆယ်ပါးတည်း။]
ရဟန်းဇာတ်မရှိ ပကတိ လူသက်သက် ဖြစ်သောသူသည် သင်္ကန်း သပိတ် ပရိက္ခရာကို ဆောင်ခြင်း စသည်ကို ပြုသော်လည်း ဒက္ခိဏဝိသုဒ္ဓိ ဂုဏ်မဖြစ်၊
မုံရွာလှေကူးအရပ်၌ ဒါယိကာမကြီး တစ်ယောက်သည် ရဟန်းကြီးတစ်ပါးကို မကြည်ညိုနိုင်ရှိ၏၊ အိမ်ပေါက်ဝ၌ နေ့တိုင်း ဆွမ်းရပ်လာသည်ကို နေ့တိုင်း ကန်တော့၍လွှတ်၏၊
ဤအကြောင်းကို လျှောက်ထားကြားသိရာ ထိုဒါယိကာမကြီးကို ဤသို့ ဆုံးမပေ၏၊ ယခုအခါ သာသနာ အတွင်း၌ ကြုံကြိုက်၍ ရရှိသော ဤမျက်စိနှစ်လုံးသည် ဒဿနာနုတ္တရိယ ၏ အကြောင်း ဖြစ်ပေ၏၊ ကြည်ညိုသောစိတ်ဖြင့် အရဟတ္တ ဓဇ ဖြစ်သော သင်္ကန်းတော်ကို မြင်ရခြင်းသည် ပဒေသရာဇ် ဧကရာဇ် စကြာမန္ဓာတ်မင်းတို့၏ စည်းစိမ် ကျက်သရေကို မြင်ရသည်ထက် လွန်မြတ်၏၊
နတ်ပြည် ခြောက်ထပ် နတ်မင်း သိကြားမင်းတို့၏ စည်းစိမ် ကျက်သရေကို မြင်ရသည်ထက် အလွန်မြတ်၏၊ ပုထုဇ္ဇန် ဗြဟ္မာမင်းတို့၏ ဘုန်းတန်ခိုးကျက်သရေကို မြင်ရသည်ထက် လွန်မြတ်၏၊
ကြည်ညိုသောစိတ်ဖြင့် တစ်ကြိမ်တစ်ခါမျှ မြင်ရခြင်းသည် အကုဋေမက အဖိုး ထိုက်တန်၏၊
တောသွား ယောက်ျားတစ်ယောက်သည် တောအရပ်တွင် တောချုံပေါ်တွင် တင်၍ နေသော သင်္ကန်းတော် တစ်ပိုင်း တစ်စိတ်ကို တွေ့မြင်လေရာ အရဟတ္တဓဇ ကို တွေ့မြင်ရပေသည်ဟု အလွန်ကြည်ညိုစွာ ရှိခိုးပူဇော်၍ သေလွန်သောအခါ ထို စီဝရပူဇာ မင်္ဂလာကုသိုလ် နှင့်ပင် နတ်ရွာ သုဂတိသို့ လားရလေ၍ ငါတို့ဘုရား လက်ထက်၌ အကျွတ်ရဖူးသော စီဝရ ပူဇနီယဝတ္ထုများ အပဒါန် ကျမ်းတွင် ထင်ရှားရှိ၏။
ဒါယိကာမကြီး၏ ဆွမ်းတစ်ဇွန်းသည် အဘယ်မျှလောက် အဖိုးတန်သနည်း၊ သင်္ကန်း တော်ကို မြင်ရသော အမှုသည် အဘယ်မျှ အဖိုးတန်လိမ့်မည်နည်း၊ သာသနာ မရှိသောအခါ၌ ဤ သင်္ကန်းတော်ကို ခြုံရုံ၍ နေ့စဉ်ကြွခဲ့ပါ, သင်္ကန်းတော်နှင့် ကျွန်တော်မ မျက်စိတွေ့ရှိပါရစေ, တစ်နေ့ တစ်နေ့လျှင် ငွေတစ်ရာ ပေးပါမည်ဆိုသော် ရနိုင်မည်လောဟု မေးပေ၏၊ မရနိုင်ပါ လျှောက်၏၊
ထို့နောက် ငွေတစ်ထောင်ပေးသော် တစ်သောင်း တစ်သိန်းပေးသော် ရနိုင်မည်လောဟု မေးပေ၏၊ မရနိုင်ပါ လျှောက်၏၊ ထိုအခါမှ ဒါယိကာမကြီး မျက်စိကို သင်္ကန်းတော် ရောင်ဖြင့် အဘိုးအနဂ္ဃ ထိုက်တန်အောင် ခြယ်လယ်၍ ပေးပေသော ထိုရဟန်းကြီးကို ဆွမ်းကလေး တစ်ဇွန်းလောက်နှင့် အကဲရောက်လို့ သင့်လျော်မည်လော ဟုဆုံးမပေ၏၊
ထိုနေ့မှစ၍ ထို ဒါယိကာမကြီးမှာ မြင်တိုင်းကို ကြည်ညိုနိုင်သော သဒ္ဓါကောင်းကောင်း တည်လေ၏။
[ဤကဲ့သို့သော အနက်ကို “အာဟဝကဝစဓာရဏတာယပိ ဒက္ခိဏံ ဝိသောဓေတိ” ဟူသော ပါဌ်ဖြင့် ပြတော်မူပေ၏။]
ဤဒက္ခိဏဝိသုဒ္ဓိ၏ အကြောင်းဂုဏ်ပုဒ် ဆယ်ပါးတို့တွင် အချို့သော ဂုဏ်ပုဒ်မှာ ထိုဒုဿီလ ရဟန်း၌ကား နစ်မွန်းဖို့ ဖြစ်၏၊ ဉာဏ် လိမ္မာ၍ လှူဒါန်းသူမှာ ဒက္ခိဏဝိသုဒ္ဓိ ဖြစ်ဖို့ဖြစ်၏၊ မလိမ္မာ၍ စွပ်စွဲဆဲရေးသူမှာ အပြစ်လေးဖို့ဖြစ်၏၊ ဤပါဠိတော်ကို ထောက်၍ ရဟန်း ဒုဿီလသည် အလှူခံ တစ်ဆယ့်လေးပါးတွင် ပါဝင်ကြောင်းကို သိအပ်၏၊
ထိုသို့ဖြစ်ခဲ့သော် ရဟန်းဒုဿီလကို လှူလျှင် မဟပ္ဖလ မဟာနိသံသ မဖြစ်ဟု အဘယ်ကြောင့် ဟောတော်မူပြန်ပါသနည်း ဆိုရန်ရှိ၏။
သီလဝန္တ ရဟန်းကို လှူရသလောက် အကျိုးမကြီး၍ ဟောတော်မူသည်ဟု မှတ်ရမည်။
ပုဂ္ဂလိက တစ်ဆယ့်လေးတွင် -
တိရစ္ဆာန်ကို လှူရာ၌ အဆတစ်ရာသောအကျိုးကို ဟောတော်မူသည်၊
သာသနာပလူ ဒုဿီလကို လှူရာ၌ အဆတစ်ထောင်သော အကျိုး,
သာသနာပ လူသီလဝန္တကို လှူရာ၌ အဆတစ်သိန်းသော အကျိုး,
သာသနာပ ဈာန်ရရသေ့ကိုလှူရာ၌ အဆ အကုဋေ တစ်သိန်းသော အကျိုး
ရှေး၌ပြဆိုခဲ့ပြီးသော သရဏဂုံ တည်သောသူ လူဂဟဋ္ဌမှစ၍ သောတာပတ္တိ ပုဂ္ဂိုလ်တိုင်အောင် သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပဋိပန္နမဂ္ဂဋ္ဌ ပုဂ္ဂိုလ်ကိုလှူရာ၌ အဆ အသင်္ချေယျ အပ္ပမေယျ အကျိုးကို ဟောတော်မူသည်၊
ထိုနောက်အထက် အရိယာခုနစ်ယောက်, ပစ္စေကဗုဒ္ဓါ, သဗ္ဗညုဘုရား, ဤကိုးပါး တို့၌လည်း အဆ အသင်္ချေယျ အပ္ပမေယျအကျိုးကို ဟောတော်မူသည်။
အသင်္ချေယျ ချင်းချင်း အထူးကား ...
ကောက်နယ်တလင်း တစ်ခုစာ၌ မဟာပထဝီ မြေမှုန့်သည်လည်း အသင်္ချေယျ ပင်ဖြစ်၏၊ တစ်ရွာနယ်ရှိ မဟာပထဝီ မြေမှုန့်သည်လည်း အသင်္ချေယျပင် ဖြစ်၏၊ တစ်မြို့နယ်တွင်းရှိ မဟာပထဝီမြေမှုန့်သည်လည်း အသင်္ချေယျပင် ဖြစ်၏၊ ဤသို့ စသည်ဖြင့် အသင်္ချေယျချင်း ကွာပုံကို အဋ္ဌကထာ၌ ပြပေ၏။
ထိုတစ်ဆယ့်လေးတွင် ရှေးရှေးပုဂ္ဂိုလ်ကို လှူသော အလှူထက် နောက်နောက် ပုဂ္ဂိုလ်ကိုလှူသော အလှူကို ထောက်စာသော် ရှေးရှေး ပုဂ္ဂိုလ်ကို လှူသော အလှူသည် မဟပ္ဖလ မဟာနိသံသ ဖြစ်၏၊ နောက်နောက်ပုဂ္ဂိုလ်ကို လှူသော အလှူသည် မဟပ္ဖလ မဟာနိသံသ မဟုတ်၊
ထိုနည်းအတိုင်း တိရစ္ဆာန် စသည်ကို လှူသောအလှူထက် ဒုဿီလရဟန်းကို လှူသောအလှူ သည် မဟပ္ဖလ မဟာနိသံသ ဖြစ်၏၊ သီလဝန္တရဟန်းနှင့် ထောက်စာ သည်ရှိသော် ဒုဿီလ ရဟန်းကို လှူသော အလှူသည် မဟပ္ဖလ မဟာနိသံသ မဟုတ်၊
ဒုဿီလရဟန်းမှ ထောက်စာသော် သီလဝန္တပုထုဇ္ဇန် ရဟန်းကို လှူသောအလှူသည် မဟပ္ဖလ မဟာနိသံသ ဖြစ်၏၊ အရိယာပုဂ္ဂိုလ်မှ ထောက်စာသော် သီလဝန္တပုထုဇ္ဇန် ရဟန်းကို လှူသော အလှူသည် အကျိုးအာနိသင် မကြီးသော အလှူပင် ဖြစ်ပြန်၏၊
ဤသို့ အထက် ပုဂ္ဂိုလ်ကိုထောက်၍ ဒုဿီလ ရဟန်းကို လှူသော အလှူသည် မဟပ္ဖလ မဟာနိသံသ မဖြစ်ဟု ဟောတော်မူသတည်း။
အရိယာပုဂ္ဂိုလ်ကို လှူရသော အခွင့်သည် လောက၌ အလွန် နည်းပါး၏၊ ပုထုဇ္ဇန်သီလဝန္တ ရဟန်းကို လှူရသောအခွင့်ကား အလွန် များပြား၏၊ ထိုကြောင့် ပုထုဇ္ဇန် သီလဝန္တ ရဟန်းကိုမူကား မဟပ္ဖလ မဟာနိသံသ အရာ၌ပင် အမြဲထားရသည်။
“တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာ ဝိဂတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ”။
စသော ဒေသနာတော်များ၌ကား ပုထုဇ္ဇန် သီလဝန္တ ရဟန်းသည် မဟပ္ဖလ မဟာနိသံသ အလှူခံပုဂ္ဂိုလ်စုမှ အပပင် ဖြစ်ချေသည်။
[ဤသို့ ဒေသနာတော်တို့၏ အထူးအပြားကို သိရာသည်။]
ဒွါဒသမပုစ္ဆာ အဖြေပြီး၏။
တေရသမပုစ္ဆာ အဖြေ
▬▬▬▬▬▬▬▬
၁၃။ ၎င်းသံဃိကဒါန တစ်ပါးတစ်ပါးကို လှူဒါန်းရခြင်းနှင့် အလှူခံပုဂ္ဂိုလ် တကာတို့၏ အထွတ်အထိပ် ဖြစ်တော်မူသော သဗ္ဗညုဘုရားရှင် တစ်ပါးတည်းကို ပုဂ္ဂလိက လှူဒါန်းရခြင်းသည် မည်သည့်အလှူက သာလွန်၍ အကျိုးကြီးမည်ကို သိလိုပါသည်။
ဟူသော ပုစ္ဆာ၌ -
၎င်း ဒက္ခိဏဝိဘင်္ဂသုတ် ဒေသနာတော်မြတ်မှာ ...
န တွေဝါဟံ အာနန္ဒ ကေနစိ ပရိယာယေန သံဃဂတာယ ဒက္ခိဏာယ ပါဋိပုဂ္ဂလိကံ ဒါနံ မဟပ္ဖလတရံ ဝဒါမိ။
အာနန္ဒ - အာနန္ဒာ၊
သံဃဂတာယ ဒက္ခိဏာယ - သံဃိက အလှူမျိုးထက်၊
ပါဋိ ပုဂ္ဂလိကံဒါနံ - ပုဂ္ဂလိက အလှူမျိုးကို၊
ကေနစိပရိယာယေန - တစ်စုံတစ်ခုသော အကြောင်းပရိယာယ်ဖြင့်၊
မဟပ္ဖလတရံ - သာလွန်၍ အကျိုးကြီးသည်ဟူ၍၊
အဟံ - ငါဘုရားသည်၊
န တွေဝ ဝဒါမိ - ဟောတော်မမူသည် သာလျှင်တည်း။
ဟူ၍ တင်းတင်းကြပ်ကြပ် ဟောတော်မူအပ်သော အမိန့်တော်မြတ် ရှိချေသောကြောင့် သံဃိက အလှူမျိုးထက် တစ်စုံ တစ်ခုသော ပုဂ္ဂလိက အလှူမျိုးက အကျိုးသာလွန်၍ ကြီးသည်ဟု မဖြေဝံ့ချေ။
အဋ္ဌကထာ၌လည်း--
သံဃေ စိတ္တီကာရံ ကာတုံ သက္ကောန္တဿ ဟိ ခီဏာသဝေ ဒိန္နဒါနတော ဥဒ္ဒိသိတွာ ဂဟိေတ ဒုဿီလေပိ ဒိန္နဒါနံ မဟပ္ဖလတရမေဝ။
ဟု မိန့်တော်မူ၏။
သံဃေ - သံဃာ၌၊
စိတ္တီကာရံ - ရိုသေခြင်းအမှုကို၊
ကာတုံ - ပြုခြင်းငှါ၊
သက္ကောန္တဿ - တတ်စွမ်းနိုင်သောသူအား၊
ခီဏာသဝေ - ရဟန္တာပုဂ္ဂိုလ်ကြီး၌၊
ဒိန္နဒါနတော - လှူရသော အလှူထက်၊
ဥဒ္ဒိသိတွာ - သံဃာမှ ညွှန်းချ၍၊
ဂဟိတေ - ရယူအပ်သော၊
ဒုဿီလေပိ - ဒုဿီလ ရဟန်း၌သော်လည်း၊
ဒိန္နဒါနံ - လှူအပ်သော အလှူသည်၊
မဟပ္ဖလ တရမေဝ - အလွန်အကျိုးကြီးသေးသည် သာလျှင်တည်း။
ဟူ၍ တင်းတင်းကြပ်ကြပ်ပင် မိန့်ဆိုလျက် ရှိပြန်ချေသည်။ သို့သော်လည်း --
“သံဃေ တွံ ဂေါတမီ ဒေဟိ။ သံဃေ တေ ဒိန္နေ အဟေဉ္ဝ ပူဇိတော ဘဝိဿာမိ သံဃောစ။”
ဟူသော ပါဠိတော်မြတ်အဖွင့်၌ ဤပုစ္ဆာဝိဝါဒနှင့်တကွ အဋ္ဌကထာဝိနိစ္ဆယကို ပြဆိုဦးအံ့။
မိထွေးတော် ဂေါတမီသည် သင်္ကန်းနှစ်စုံကို မြတ်စွာဘုရားအား လှူဒါန်းရာ တစ်စုံကိုသာ ခံတော်မူ၍ တစ်စုံကို သံဃာအား လှူလော့ဟု ဟောတော်မူရာ၌ အဘယ်ကြောင့် မြတ်စွာဘုရားသည် သံဃာအား အလှူစေခိုင်းတော် မူလေသနည်း ဟူ၍ ပုစ္ဆာစကား ဖြစ်ပွားရာ၌ ဝိတဏ္ဍဝါဒီ ဆရာတို့က ဘုရားကိုလှူသည်ထက် သံဃိကဒါနက သာလွန်၍ အကျိုးကြီးသောကြောင့် တစ်စုံကို သံဃာအား အလှူ စေခိုင်းတော် မူသည်ဟု ဖြေ၏။
ထိုဝါဒကိုပယ်၍ ဤသို့အဋ္ဌကထာ၌ ဖြေဆိုဆုံးဖြတ်၏ -
န ဟိ ဣမသ္မိံ လောကေ ပရသ္မိံ ဝါပနဗုဒ္ဓဿ သေဋ္ဌော သဒိသော ဝါ ဝိဇ္ဇတိ။ ယမာဟုဒက္ခိ-ဏေယျာနံ အဂ္ဂတံ ဂတော၊ ပုညတ္ထိကာနံ ဝိပုလဖလေသီနန္တိ ဝစနတော ဟတ္ထာရာ ဥတ္တရိတရော ဒက္ခိဏေယျောနာမ နတ္ထိ၊ တသ္မာဿာ ဆစေတနာ ဧကတော ဟုတွာ ဒီဃရတ္တံ ဟိတာယ သုခါယ ဘဝိဿန္တီတိ ဒါပေသိ။
[အဋ္ဌကထာပါဠိ]
အဓိပ္ပါယ်ကား ဘုရားကိုလှူသော ပုဂ္ဂလိကအလှူထက် သံဃာကိုလှူသော သံဃိကအလှူက သာလွန်၍အကျိုးကြီးသောကြောင့် သံဃာကို အလှူစေခိုင်းတော် မူသည် မဟုတ်၊ ဘုရားထက် မြတ်သော ပုဂ္ဂလိကအလှူခံ သံဃိက အလှူခံဟူ၍ မရှိပြီ၊ ထိုကြောင့် မိထွေးတော်အား တစ်စုံသော သင်္ကန်းအတွက် ငါဘုရား၌ စေတနာသုံးတန်ဖြစ်ပြီ၊ သံဃာကိုလှူသော် တစ်စုံသော သင်္ကန်းအတွက် သံဃာ၌ စေတနာသုံးတန် ဖြစ်ပြန်ရာ၏၊ ထိုစေတနာ ခြောက်တန်တို့သည် မိထွေးတော်အား ရှည်မြင့်စွာသော ကာလပတ်လုံး ချမ်းသာ စီးပွါးများခြင်း အကျိုးငှါ ဖြစ်ကုန်လတ္တံ့ဟု နှလုံးပိုက်တော်မူ၍ တစ်စုံကို သံဃာအား အလှူစေခိုင်းတော်မူသည်ဟု ဖြေဆို ဆုံးဖြတ်ပေ၏၊ ဤအဋ္ဌကထာ ဝိနိစ္ဆယအလိုသော် ဘုရားတစ်ပါးကို လှူရသော ပုဂ္ဂလိက ဒါနသည် သံဃိကဒါန ခုနစ်ပါးထက်ပင် သာလွန်၍ အကျိုးကြီးမြတ်သည်ဟု ဖြေဆိုရန်ရှိ၏။
[ထိုသို့ ဖြေဆိုခဲ့သော် ယခင်ပါဠိတော်နှင့် မဆန့်ကျင်လော ဟူမူ ပါဠိတော်မှာ ဘုရား တစ်ပါး ကိုလှူသော ဗုဒ္ဓပုဂ္ဂလိက ဒါနကို ချန်လှပ်၍ ဟောတော်မူသည်ဟု ယူလျှင် မဆန့်ကျင်ရာပြီ။]
တစ်နည်းကား -
မိထွေးတော်သည်ကား ယခုဘဝ၌ပင် ရဟန္တာမဖြစ်၍ ဘဝဆုံးတော့မည့်သူ ဖြစ်ပေရကား ထိုစီဝရဒါန အကျိုးအတွက်နှင့် မိထွေးတော် အပေါ်၌ မြော်ခေါ်ဖွယ်ကိစ္စ မရှိပြီ၊ စင်စစ်မူကား တစ်စုံသောသင်္ကန်း ဖြင့်ပင်လျှင် ကိုယ်တော်မြတ်မှာ မျှတရန် ကိစ္စပြီးပြီဖြစ်၍ ဒုတိယတစ်စုံသည် အပိုဖြစ်၏၊ မြတ်စွာဘုရားတို့မည်သည် အပိုအမိုအတွက် ဘယ်သူ့ကို ငါပေးမည်ဟု ပစ္စည်းလေးပါးတို့၌ ကြောင်းကြစိုက်ခြင်း မရှိကုန်၊ ထိုကြောင့် အပိုဖြစ်သည့် အတွက်ကြောင့် သံဃာကို လှူလော့ဟု စေခိုင်းတော်မူသည်၊ သံဃာကို လှူလျှင် ငါဘုရားကိုလည်း လှူသည် မည်ပါ၏ဟု ဟောတော်မူသည်မှာလည်း ထိုအခါ မိထွေးတော် စိတ်ကို စောင့်တော် မူသော အားဖြင့် ဟောတော်မူသည်၊ ဤသို့ ဖြေဆိုလျှင်လည်း သင့်မြတ်ရာပါ၏။
[ဤသို့ ဖြေဆိုခဲ့သော် ယခုမေးလျှောက်ရင်း ပုစ္ဆာမှာ ပကတိ အတိုင်းပင် ရှိပြန်၏။]
သံဃိကဒါန ခုနစ်ပါးထက် မြတ်စွာဘုရားတစ်ပါးကို လှူရသော ပုဂ္ဂလိကဒါနသည် သာလွန်၍ အကျိုး ကြီး, မကြီးကို ဘယ်သို့ ဖြေဆိုမည်နည်း ဟူမူ။
“န တွေဝါဟံ အာနန္ဒ ကေနစိ ပရိယာယေန သံဃဂတာယ ဒက္ခိဏာယ ပါဋိပုဂ္ဂလိကံ ဒါနံ မဟပ္ဖလတရံ ဝဒါမိ”။
ဟူသော အမိန့်တော်မြတ်ကလည်း ကြပ်တဲ, အတုမရှိသော ဘုရားတည်းဟူသော အလှူခံ ပုဂ္ဂိုလ်ထက် သံဃိက အလှူခံ ခုနစ်ရပ်တွင် ဘယ်အလှူခံက သာလွန် သည်ဟု ဆို၍လည်း မဘွယ်, ငါတို့နှယ် သူများနှင့် တန်သောပုစ္ဆာ မဟုတ်ချေ၊ သံဃိက ခုနစ်ပါးထက် ဘုရားတစ်ပါးကို လှူသော ပုဂ္ဂလိက ဒါနက သာလွန်၍ အကျိုး ကြီးမြတ်သည်ဟု သာဓက ဂါထာနှင့်တကွ အဋ္ဌကထာ ဖြေဆိုချက်အတိုင်းကိုသာ မှတ်ကုန်ရာသည်။
ဤအရာ၌ ပညာရှင်တို့ ဆင်ခြင်ရန်ရှိသည်ကို ဆိုဦးအံ့ -
သက်တော်ထင်ရှားရှိတော်မူသော သဗ္ဗညု မြတ်စွာဘုရားကြီးကို ကိုယ်တိုင်ဒိဋ္ဌတွေ့ကြုံ ရ၍ လှူရသော သဗ္ဗညုဗုဒ္ဓ ပုဂ္ဂလိကဒါန၌ကား အဋ္ဌကထာ ဖြေဆိုတော် မူသည့်အတိုင်း မှတ်ရပြီ၊ သက်တော်ထင်ရှား ရှိတော်မူသော သဗ္ဗညုမြတ်စွာဘုရား ကြီး ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသော ယခုအခါ၌ ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသော မြတ်စွာဘုရားကြီးကို အာရုံပြု၍ ကိုယ်စားတော်မြတ် ဖြစ်တော်မူသော ရုပ်ပွါးတော် ဆင်းတုတော်မြတ်ကို လှူဒါန်းသောကုသိုလ်နှင့် သက်သက်သော သံဃိကဒါန ကုသိုလ်သည် အဘယ်က သာမည်နည်း၊ ဘုရားတည်သောကုသိုလ်နှင့် သံဃိကကျောင်း ဆောက်လုပ်လှူဒါန်းသော ကုသိုလ်သည် အဘယ်က သာမည်နည်း ဟု ကြံဘွယ် ရှိချေ၏၊ အဘယ်ကြောင့် ကြံဘွယ်ရှိသနည်း။
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတော ပဏိဓိ ဟေတူဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
ဟု ဝိမာနဝတ္ထု မှာ လာရှိပြီ။
အဓိပ္ပါယ်ကား သဗ္ဗညုမြတ်စွာဘုရားကြီးကို ကိုယ်တိုင်တွေ့ကြုံရသည် ဖြစ်စေ, မတွေ့ကြုံရ သည်ဖြစ်စေ, စိတ်တွေ့သာ ပဓာနဖြစ်သည်၊ စိတ်သည်သာ သုဂတိနိဗ္ဗာန် အကျိုးကို ပေးနိုင်သည်၊ ထိုကြောင့် သက်တော်ထင်ရှားရှိ၍ ကိုယ်တိုင်တွေ့ရသည် ဖြစ်စေ, ပရိနိဗ္ဗာန် စံပြီးဖြစ်၍ ကိုယ်တိုင် မတွေ့ရသည်ဖြစ်စေ, စိတ်စေတနာ သဒ္ဓါတူမျှကြပါမူကား အကျိုးအတူတူပင် ဖြစ်သည် ဟူလို၊ စိတ်စေတနာ သဒ္ဓါ တူမျှရန် အရေး မခက်လော၊ သဗ္ဗညုမြတ်စွာ ဘုရားကြီးကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ရသော စိတ်နှင့် ရုပ်ပွါးတော်မျှကို တွေ့မြင်ရသောစိတ်သည် တူနိုင်မည်လော၊ အဘယ်မျှ ကွာလှမ်းကြလိမ့်မည်ဟု ကြံဘွယ်ရှိချေ၏၊ ကြံကြလေကုန်။
တေရသမပုစ္ဆာ အဖြေပြီး၏။
.
ဩဝါဒကထာ
[ယခုအခါ ဤပုစ္ဆာတစ်ဆယ့်သုံးပါးကို လျှောက်ထားသူ ဒါယကာတို့အား နှလုံး ထားကြရန် ဥပရိပဏ္ဏာသ ဗာလပဏ္ဍိတသုတ်မှာလာသော ကာဏကစ္ဆပေါပမ ဒေသနာတော်အရနှင့် ဩဝါဒ ပေးလိုက်အံ့]
ဘိက္ခဝေ - ရဟန်းတို့၊
သေယျထာပိ - ဥပမာဆိုသည်ရှိ သော်ကား၊
ပုရိသော - တစ်ဦးသော ယောက်ျားသည်၊
ဧကစ္ဆိဂ္ဂလံ - အပေါက်တစ်ခုသာ ရှိသော၊
ယုဂံ - ထမ်းပိုးတစ်ခုကို၊
မဟာသမုဒ္ဒေ - မဟာသမုဒ္ဒရာ အလယ်၌၊
ပက္ခိပေယျ - ချထားလေရာ၏၊
တမေနံ - ထိုထမ်းပိုးကို၊
ပုရတ္ထိမောဝါတော - အရှေ့အရပ်မှ လာသောလေသည်၊
ပစ္ဆိမေန - အနောက် အရပ်သို့၊
သံဟရေယျ - ရွေ့စေရာ၏၊
ပစ္ဆိမောဝါတော - အနောက်အရပ်မှ လာသောလေသည်၊
ပုရတ္ထိမေန - အရှေ့အရပ်သို့၊
သံဟရေယျ - ရွေ့စေရာ၏၊
ဥတ္တရော ဝါတော - မြောက်အရပ်မှလာသော လေသည်၊
ဒက္ခိဏေန - တောင်အရပ်သို့၊
သံဟရေယျ - ရွေ့စေရာ၏၊
ဒက္ခိဏော ဝါတော - တောင်အရပ်မှ လာသောလေသည်၊
ဥတ္တရေန - မြောက်အရပ်သို့၊
သံဟရေယျ - ရွေ့စေရာ၏၊
တတ္ထ - ထိုမဟာသမုဒ္ဒရာ၌၊
ကာဏော - မျက်စိနှစ်လုံး ကွယ်ဆုံးပြီးသော၊
ကစ္ဆပေါ - လိပ်ငယ်သည်၊
အတ္ထိ - ရှိ၏၊
သော - ထိုလိပ်ငယ်သည်၊
ဝဿ သတဿစ - အနှစ်တစ်ရာသည် လည်းကောင်း၊
ဝဿ သဟဿစ - အနှစ်တစ်ထောင်သည် လည်းကောင်း၊
အစ္စယေန - လွန်သောအခါမှ၊
သကိံ - တစ်ကြိမ်၊
ဥမ္မုဇ္ဇေယျ - ပေါ်ရာ၏။
ဘိက္ခဝေ - ရဟန်းတို့၊
တံ - ထိုလိပ်ငယ်ကို၊
ကိံမညထ - အဘယ်သို့ သိကြကုန်မည်နည်း၊
သော ကာဏော ကစ္ဆပေါ - ထိုလိပ်ကာဏ်းသည်၊
ဧကစ္ဆိဂ္ဂလေ - တစ်ခုသော အပေါက်ရှိသော၊
အမုကသ္မိံ ယုဂေ - ထိုထမ်းပိုး၌၊
ဂီဝံ - ဦးခေါင်းလည်ပင်းကို၊
ပဝေသေယျအပိနု - သွင်းမိနိုင်မည်လော၊
ဣတိ - ဤသို့ မေးတော်မူ၏၊
ဘန္တေ - အရှင်ဘုရား၊
ဧတံ - ဤသို့သွင်း မိမှုသည်၊
နောဟိ - ဖြစ်နိုင်ခွင့် မရှိပါ၊
ပန - ထိုသို့ပင်မရှိသော်လည်း၊
ဘန္တေ - အရှင်ဘုရား၊
ကဒါစိ - ရံခါ၊
ဒီဃဿ - ရှည်လှစွာသော၊
အဒ္ဓုနော - ကာလ၏၊
အစ္စယေန - လွန်သောအခါ၌၊
ယဒိပဝေသေယျ - သွင်းမိသော် သွင်းမိရာပါသေး၏၊
ဣတိ - ဤသို့ လျှောက်ကြကုန်၏။
ဘိက္ခဝေ - ရဟန်းတို့၊
သော ကာဏော ကစ္ဆပေါ - ထိုလိပ် ကာဏ်းသည်၊
ဧကစ္ဆိဂ္ဂလေ - တစ်ခုသော အပေါက်ရှိသော၊
အမုကသ္မိံ ယုဂေ - ထိုထမ်းပိုး၌၊
ဂီဝံ - ဦးခေါင်း လည်ပင်းကို၊
ခိပ္ပတရံ ပဝေသေယျ - သွင်းမိရန် အခွင့် အလွန်မြန်သေး၏၊
ဘိက္ခဝေ - ရဟန်းတို့၊
သကိံ - တစ်ကြိမ်၊
ဝိနိပါတဂတေန - အပါယ်ဘုံသို့ ကျရောက်လေသော၊
ဗာလေန - သူမိုက်သည်၊
တတော - ထိုလိပ်ကာဏ်း လည်ပင်း ထမ်းပိုးပေါက်၌ သွင်းမိခြင်းထက်၊
မနုဿတ္တံ - လူ့ဘဝသို့ တစ်ဖန်ပြန်လာရန် အခွင့်ကို၊
ဒုလ္လဘတရံ - အလွန်ရခဲလှ၏ဟူ၍၊
အဟံ - ငါဘုရားသည်၊
ဝဒါမိ - ဟောတော်မူ၏၊
တံ - ထိုသို့ အလွန် ရခဲခြင်းသည်၊
ကိဿဟေတု - အဘယ့်ကြောင့်နည်းဟူမူ၊
ဘိက္ခဝေ - ရဟန်းတို့၊
ဧတ္ထ - ဤအပါယ်ဘုံ၌၊
ဓမ္မစရိယာ - တရားကျင့်ရန် အခွင့်သည်၊
နတ္ထိ - မရှိ၊
သမစရိယာ - ကောင်းမွန် ညီညွတ်စွာ ကျင့်ရန် အခွင့်သည်၊
နတ္ထိ - မရှိ၊
ကုသလကိရိယာ - ကုသိုလ်ပြုရန်အခွင့်သည်၊
နတ္ထိ - မရှိ၊
ပုညကိရိယာ - ကောင်းမှုပြုရန်အခွင့်သည်၊
နတ္ထိ - မရှိ၊
ဘိက္ခဝေ - ရဟန်းတို့၊
ဧတ္ထ - ဤအပါယ်ဘုံ၌၊
အညမည ဃာတိကာ - အချင်းချင်း သတ်ပုတ် ညှဉ်းဆဲခြင်းသည်သာလျှင်၊
ဝတ္တတိ - ဖြစ်၏၊
ဒုဗ္ဗလဃာတိကာ - အားနည်းသူကို သတ်ပုတ်ညှဉ်းဆဲခြင်းသည်၊
ဝတ္တတိ - ဖြစ်၏။
[ပါဠိတော်အနက်]
လေးကျွန်းလုံးကို တစ်ပြင်တည်း ပတ်၍နေသော အနံ ယူဇနာ ရှစ်သောင်း နှစ်ထောင်, အလျားပတ်လည် ယူဇနာသုံးသန်းကျော်ရှိသော မဟာသမုဒ္ဒရာကြီးမှာ ဇမ္ဗုဒီပါမှ တောင်ဘက် သမုဒ္ဒရာအလယ်၌ ၎င်းထမ်းပိုးကို ချထားရာ၏၊ မြောက်ကျွန်း မြောက်ဘက် သမုဒ္ဒရာ အလယ်၌ ထိုလိပ်ကာဏ်း ရှိနေရာ၏၊ ထမ်းပိုးလည်း လေ, ရေ ဆောင်ရာ မျောပါ၍ နေရာ၏၊ လိပ်ကာဏ်း လည်း ရောက်မိ ရောက်ရာ လှည့်လည်၍ နေ၏၊ ထမ်းပိုးလည်း မဆွေးမပုပ်ခဲ့သော် လိပ်ကာဏ်း လည်း အသက်ရှည်ခဲ့သော် ကမ္ဘာကြီး မပျက်မီအတွင်း လည်ပင်းနှင့် ထမ်းပိုးပေါက် စွပ်မိ ရာသေး၏၊ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်၍ သွားသော သူသည် တစ်ဖန်လူပြည်သို့ ပြန်လာရန် အခွင့်သည် ထိုထက်ကြုံကြိုက်ခဲလှ၏ ဟု အဋ္ဌကထာတို့၌ ဖွင့်ဆိုပေကုန်၏။
အဘယ့်ကြောင့် ထိုမျှလောက် ခဲယဉ်းလှလေသနည်းဟူမူ သုဂတိ ဘဝသို့ ရောက်မှု မည်သည် သေခါနီး မရဏာသန္နဇောမှာ ကုသိုလ်ဇော စော၍ ကုသိုလ်အာရုံကို အောက်မေ့ ထင်မြင်၍ သေရမှ သုဂတိဘဝသို့ ရောက်မြဲ ဓမ္မတာ ရှိသည်၊ သေခါနီး မရဏာသန္နဇောမှာ အကုသိုလ် ဇောစော၍ အကုသိုလ်အာရုံကို အောက်မေ့ ထင်မြင်၍ သေခဲ့လျှင် အပါယ်ဘဝသို့သာ ကျရောက် မြဲဓမ္မတာ ရှိသည်၊ အပါယ်ဘုံ ဆိုသည်ကား ကုသိုလ်မှန်း ကောင်းမှုမှန်း ဒါနမှန်း သီလမှန်း သိကြသောဘုံ မဟုတ်၊ မျက်မြင်ဖြစ်သော နွား, ကျွဲ, ခွေး, ဝက်, ကြက်, ငှက်, သန်း, ကြမ်းပိုး, ပိုးရွ, ခြပုန်း အစရှိသော အပါယ်ဘုံသားတို့၏ စိတ်နေပုံကိုရှု။
ထိုကြောင့် သေခါနီးမှာ ကုသိုလ်ဇော စော၍ ကုသိုလ်အာရုံကို အောက်မေ့ ထင်မြင်၍ သေကြရန် အခွင့် အဘယ်မှာ ရှိနိုင်အံ့နည်း၊ အားရှိအားမဲ့ သတ်ဖြတ်နှိပ်စက် လုယက် ညှဉ်းပန်းခြင်း မကောင်းမှု တို့ကိုမူကား နေ့ရှိသမျှ ဖြစ်ပွါးစေ၍ နေကြကုန်၏၊ သေခါနီးမှာ အကုသိုလ်ဇော စော၍ အကုသိုလ် အာရုံကို အောက်မေ့ ထင်မြင်၍သာ သေကြရကုန်သည်၊ ရှေးသမ္မပ္ပဓာန် လေးပါး အရာ၌ ပြခဲ့ပြီးသော အတိုင်း တစ်ယောက် တစ်ယောက်သော သတ္တဝါမှာ ရှေးရှေးက ပြုခဲ့၍ အပါယ်သို့ချရန် အခွင့်ကို စောင့်စား၍ နေကြကုန်သော အကုသိုလ် ကံဟောင်းတို့သည်လည်း ငါတို့၏ နှလုံးထဲ စိတ်ထဲမှာ အသင်္ချေ့အသင်္ချေ မရေတွက်နိုင်အောင် ပါရှိ၍နေကြသည်၊ အသစ်ဖြစ်သော အကုသိုလ် လက်ခံရှိခဲ့လျှင် ရှိတိုင်း ထိုကံဟောင်းတို့ အခွင့် ရကုန်သည်။
ထိုကြောင့် အပါယ်သို့ တစ်ကြိမ် တစ်ခေါက် ကျရောက်၍ သွားသောသူမှာ ထို ကံဟောင်းတို့ ကောင်းကောင်း အခွင့်ရကြ လေတော့သည်၊ ကံတစ်ခုလျှင် တစ်ဘဝ ကံတစ်ခုလျှင် တစ်ဘဝ အစဉ်အတိုင်း အခွင့်ရကြသဖြင့် အပါယ်သို့ တစ်ကြိမ် ကျခဲ့လျှင် ထိုအပါယ်ဘုံတို့၌ ဘဝ အသင်္ချေ့အသင်္ချေ ကံဟောင်းတွေ အတွက်ပင် ဆက်ကာ ဆက်ကာကျ၍ မဆုံးနိုင် မကုန်နိုင် ရှိကြ၏၊ ဖြစ်ရာ ဖြစ်ရာဘဝတို့၌ အသစ်အသစ် ဖြစ်ပွါးသော အကုသိုလ်ကံ သစ်တွေ အတွက်လည်း တစ်မျိုး, ထိုကြောင့် သမ္မောဟဝိနောဒနီ အမည်ရှိသော အဘိဓမ္မာဉာဏ ဝိဘင်း အဋ္ဌကထာကြီး၌ လူ့ပြည်မှာ အနည်းငယ်မျှသော အကုသိုလ်ကံ ကလေးအတွက် ကြောင့် အပါယ်သို့ ကျရောက် လေသောအခါ အသင်္ချေ့အသင်္ချေ မရေတွက်သာ များလှစွာသော ကံဟောင်းတို့သည် နောက်ဘဝ သူကဆက်မည် ငါကဆက်မည်ဟု လုယက် ဝိုင်းဝန်း၍ နေကြကုန်၏။
ဥပမာ ဆိုသော်ကား --
လူ့ပြည်မှာ ပြည့်ရှင်မင်း အထံမှ အခွင့်ကြီးရ၍ ဘုန်းတန်ခိုး ကြီးမားလှစွာသော အလွန် ဆိုးဝါးသော သူတစ်ယောက်သည် တိုင်းတွင်း နိုင်ငံတွင်းမှာ များစွာသော ပြည်သူ လူအပေါင်းတို့ကို သတ်ဖြတ်ခြင်း ပစ္စည်းဥစ္စာကို သိမ်းယူခြင်း သမီးပျို သားပျိုတို့ကို သိမ်းယူခြင်းတို့ဖြင့် အတင်း အဓမ္မ နှိပ်စက်၏၊ ပြည့်ရှင်မင်းထံ ပေါက်ရောက်အောင် တစ်စုံ တစ်ယောက်သော သူမျှ မတတ် နိုင်ကြ၊ ကာလရှည်ကြာစွာ ခခံ၍နေကြရ၏၊ ကာလ ကြာမြင့်လတ်သော် ပြည့်ရှင်မင်း မနှစ်လိုသော အမှုငယ်တစ်ခု အတွက် ပြည့်ရှင်မင်း အမျက်ထွက်၍ အမှုရောက်လေ၏၊ ထိုအခါမှ အခွင့်ရကြ၍ တိုင်းသူ ပြည်သား အပေါင်းတို့သည် ဝိုင်းကာ ညာကာ လာကြကုန်၍ ပြည့်ရှင်မင်းအား အကုန်လုံး လျှောက်ကြားကြကုန်၏။
[ဤဥပမာ အတူတည်း။]
ထိုကြောင့် အနည်းငယ်မျှသော အကုသိုလ်ကံနှင့် အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်၍ ထိုကံဟောင်းတို့အတွက် တစ်ကမ္ဘာလုံး အပါယ်မှ မတက်ရဘဲ ငရဲသစ်ငုတ်ဖြစ်၍ နေကြကုန်သော သူတို့သည် အသင်္ချေ့ အသင်္ချေ မရေတွက်နိုင် ရှိကြကုန်၏ဟု ဥပမာနှင့်တကွ ပြဆိုတော်မူပေ၏။
[မြတ်စွာဘုရား ဟောတော်မူသော လိပ်ကာဏ်း ဥပမာနှင့် ဤအဋ္ဌကထာကြီး စကား သည် ညီညွတ်လှ၏။]
အပါယ်သို့ တစ်ကြိမ်ကျရောက်၍ သွားကြသောသူ အသိန်း အသောင်းတွင်မှ တစ်ယောက် တစ်လေမျှသာ လူ့ပြည်သို့ ပြန်သူ ရှိကြ၏၊ ထိုကြောင့် “မနုဿတ္တ ဘာဝေါ ဒုလ္လဘော” ဟူ၍လည်း ဟောတော်မူသည်။
မေတ္တေယျ မြတ်စွာဘုရားသည်လည်း ယခု အန္တရကပ် ကုန်၍ နောက်အန္တရ ဆုတ်ကပ်တွင် လူတို့အသက် တစ်သိန်းတမ်း၌ ပွင့်တော်မူလတ္တံ့၊ အနှစ် နှစ်သိန်း သုံးသိန်းမျှ သာသနာတော် တည်ထွန်း၍ ကွယ်လတ္တံ့၊ အနှစ် နှစ်သိန်း သုံးသိန်းဆိုသော ကာလသည် ငရဲဘုံ၌ တစ်ဘဝ နှစ်ဘဝစာမျှသာ ရှိချေသည်၊ မေတ္တေယျမြတ်စွာဘုရား သာသနာကွယ်သည့်နောက် ဤကမ္ဘာမှာ ပွင့်လာရန်ဘုရား မရှိပြီ၊ ဤကမ္ဘာကုန်လျှင်လည်း သုညကမ္ဘာတွေ များစွာလာ၍ မှောင်တောကြီးအတိ သွားတော့မည်၊ ယခုငါတို့ ဂေါတမ မြတ်စွာဘုရား သာသနာတော်တွင် လူ့အဖြစ် ရှင့်အဖြစ်ကို ရကြကုန်သော သူတို့မှာ နောက်ဘုရား သာသနာတော်နှင့် အလွန်အခွင့် သင့်လျော်ကြကုန်၏၊ အလွန် စခန်း ဆိုက်တိုက် ကြကုန်၏၊ လူ့အဖြစ်ကို ရကြသော်လည်း ရင်းနှီးရန် လက်ရှိ ဘုရားသာသနာနှင့် ကျွတ်လွတ်ရန် နောက်ဘုရား သာသနာ နီးလှစွာကို အလွန်ကြုံကြိုက် ခဲလှ၏၊ ယခု ကြုံကြိုက်ကြရပေကုန်၏။
ယခု သာသနာ၌ ပြုသောဒါန သီလ ဘာဝနာ ကုသိုလ်ကြောင့် ယခုဘဝမှ စုတေ၍ သာသနာ တည်ထွန်းရာ လူမျိုးမှာ ဖြစ်ရလျှင်လည်း ကုသိုလ်ပါရမီ တရား ပွါးများခွင့် ရကြပြန်လတ္တံ့၊ အထက် စတုမဟာရာဇ်မှာ ဖြစ်ရလျှင်လည်း မြတ်စွာဘုရား သားတော်အစစ် ဖြစ်ကြပေကုန်သော သောတာပန် သကဒါဂါမ် အရိယာသူမြတ်တို့၏ အလယ်၌ဖြစ်၍ ဘုရား ဂုဏ်ကျေးဇူး, တရားတော် ဂုဏ်ကျေးဇူး, သံဃာတော် ဂုဏ်ကျေးဇူး နက်နဲသော သတိပဋ္ဌာန် သမ္မပ္ပဓာန်စသော တရားစကားတို့ကို ကြားနာ၍ နေကြရလတ္တံ့၊ တာဝတိံသာမှာဖြစ်ရလျှင်လည်း ထိုအတူပင်၊ ထိုနတ်ပြည် တို့၌လည်း ယခုအခါ ဘုရားသာသနာ စည်ကားဆဲ စည်ကားတုန်း ပေတည်း၊ အစိုးရဖြစ်သောနတ်မင်းကြီး, သိကြားမင်းကြီးတို့ကလည်း ဘုရားသားတော်အစစ် အရိယာပုဂ္ဂိုလ် တို့ပေတည်း၊
ယခုအခါ စတုမဟာရာဇ်မှာ ဘုရားပရိနိဗ္ဗာန်စံ၍ အရက်လေးဆယ်ကျော် ငါးဆယ် ခန့်သာ ရှိသေးသည်၊ တာဝတိံသာမှာ အရက် နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည်၊ ယခုအခါ ဘုရား သာသနာ နတ်ပြည် ဗြဟ္မာ့ပြည်မှာ ထွန်းကားဆဲ ထွန်းကားတုန်းပင် ဖြစ်သည်၊ ဘုရား လက်ထက်တော်၌ ရှိကြသော သာဝတ္ထိပြည်သူ, ရာဇဂြိုဟ်ပြည်သူ အစရှိကုန်သော ကုဋေ သိန်းသန်းမက များလှစွာကုန်သော မဇ္ဈိမတိုင်းသူ တိုင်းသား ဘုရားသားတော် သမီးတော် အစစ် ဖြစ်ကြပေကုန်သော သူတို့သည် ယခုအခါ စတုမဟာရာဇ်မှာ အပြည့် တာဝတိံသာမှာ အပြည့် ယာမာ တုသိတာမှာအပြည့် ရှိနေကြကုန်သည်။
မေတ္တေယျ ဘုရားအလောင်းတော်လည်း တုသိတာမှာ ရှိနေသည်၊ ဘုရားပရိနိဗ္ဗာန် စံတော်မူသည့် နောက် အနှစ်နှစ်ဆယ်ကျော်ခန့် အတွင်းမှာ ဖြစ်ကြကုန်သော မဇ္ဈိမတိုင်းသူ တိုင်းသား ဘုရားသားတော် သမီးတော်တို့လည်း ယခုနတ်ပြည်မှာ အပြည့်ရှိကြသည်၊ ထိုနောက် သီဟိုဠ်သို့ သာသနာတော်ရောက်၍ သီဟိုဠ်မှ ဖြစ်ကြကုန်သော ဘုရား သားတော် သမီးတော် အစစ်တို့လည်း ယခုနတ်ပြည်မှာ အပြည့်ရှိကြကုန်သည်။
ယခု လူတို့မှာ ဝိသာခါ, အနာထပိဏ်အစရှိသောသူတို့ကို စာဆို စာတွေ့နှင့် လွမ်းကြရကုန်သည်၊ ယခုဘဝမှသေ၍ နတ်ပြည်သို့ ရောက်ကြလျှင် ဝိသာခါ, အနာထပိဏ်အစရှိသော ဘုရား လက်ထက်တော်ရှိ သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည်သူ အစရှိသော ကုဋေသိန်းသန်း မကသော သူတို့နှင့် နတ်ပြည်သို့ကျမှ ဇာတ်ပေါင်း ရကြကုန်လတ္တံ့၊ ထိုအခါ ထိုသူတို့ကို ကြည်ညို အားကျ၍ အဆုံးအမကိုခံယူ၍ သောတာပန်လည်း ဖြစ်နိုင်၏၊ သကဒါဂါမ်လည်းဖြစ်နိုင်၏၊ ထိုသို့ပင် မဖြစ်ရသော်လည်း ယခုဘဝ၌ ပြုကြသော ဒါန, သီလ, ဘာဝနာကုသိုလ်ကြောင့် နတ်ပြည်မှသည် လူ့ပြည်၌ လူ့ပြည်မှသည် နတ်ပြည်၌ ဆက်ခါဆက်ခါဖြစ်၍ မေတ္တေယျမြတ်စွာဘုရား သာသနာတော်နှင့် တွေ့ကြ၍ အတုမရှိသော မြတ်စွာဘုရား ၏ အနန္တဘုန်းတော် တန်ခိုးတော် တို့ကို ကိုယ်တိုင်ဒိဋ္ဌ ဖူးမြင်ဘူးကြရ၍ အကျွတ် တရားကို ရကြကုန်လတ္တံ့။
[ဤသို့ ယခုဘဝ ဘုရားသာသနာတော် တွင်း၌ ကြုံကြိုက် ရှိနေကြကုန်သော ယခုမျက်မြင် လူရှင် အပေါင်းတို့၏ စခန်းကောင်း ထိုင်မိချက်ကို သိအပ်၏။]
ထိုသို့ ယခုဘဝမှစ၍ ပြဆိုလိုက်သော လမ်းစဉ် စခန်းစဉ် အတိုင်း ဖြောင့်မတ်စွာ သွားမှုမှာလည်း ဒါနကုသိုလ်မျှနှင့် စိတ်မချသာချေ၊ အားမကိုးသာချေ၊ ရှင်ရဟန်း ဖြစ်သူတို့မှာ ပြဆိုခဲ့ပြီးသော စတုပါရိသုဒ္ဓိသီလ သပ္ပုရိသအင်္ဂါတို့နှင့် ခိုင်လုံစွာ ပြည့်စုံပါမှ စိတ်ချလက်ချ အားကိုးရချေသည်၊ လူဖြစ်သူတို့မှာလည်း အာဇီဝဋ္ဌမက သီလ သပ္ပုရိသ အင်္ဂါတို့နှင့် ခိုင်လုံစွာ ပြည့်စုံပါမှ စိတ်ချလက်ချ အားကိုးရချေမည်၊ ထိုသို့ခိုင်လုံကြ၍ ပြဆိုခဲ့ပြီးသော လမ်းစဉ် စခန်းစဉ်သို့ အစဉ်အဖြောင့် သွားပေ လတ္တံ့သော သူတို့ကို ဤသာသနာတော်၌ စူဠသောတာပန် ဆိုသည်။
သောတာပန်သည် အပါယ်တံခါး ပိတ်သကဲ့သို့ ဤသူတို့လည်း ယခုဘဝမှစ၍ အပါယ်တံခါး ပိတ်ကြကုန်ပြီးဖြစ်၍ သောတာပန်လမ်း စခန်းသို့ ဆိုက်ရောက်သည့် အတွက်ကြောင့် သောတာပန် အစစ် မဟုတ်ကြသေးသော်လည်း သောတာပန်ပင် ဆိုရကုန်သည်၊ ဤသို့ ယခုဆိုက်တိုက်၍ နေရသော မိမိကိုယ်အဖြစ်ကို ကောင်းကောင်းကြီး မြော်မိကြ၍ သူတစ်ပါးတို့၏ အလဇ္ဇီဓမ္မ, အသပ္ပုရိသဓမ္မ အတွက်များနှင့် နားရွက်မျှ မခတ်ပဲ တည့်မတ် ငြိမ်သက်စွာနေတတ်ကြပါမှ ထိုစခန်း ထိုလမ်း ဖြောင့်တန်းစွာ သွားကြရမည်၊
တည့်မတ်ငြိမ်သက်စွာ မနေတတ်ကြ၍ အလဇ္ဇီဓမ္မ အသပ္ပုရိသဓမ္မအတွက်နှင့် နားရွက်များ ခတ်ကြလျှင် ကာယကံ ဝစီကံ မနောကံ တရားတစ်ခုခု တိမ်းပါးမှုနှင့် လူ့အဖြစ် ရှင်အဖြစ် မစင်ကြယ်သည့်အတွက် သေခါနီးအချက်တွင် အပါယ်ဘက်သို့ တစ်ချက် စောင်းမိချေက ထုတ်ပြခဲ့ပြီးသော ပါဠိတော်ကြီး အဋ္ဌကထာကြီးများက လွဲလျှင် လွဲပါမှ ပါဠိတော်ကြီး အဋ္ဌကထာ ကြီးများ မည်သည် လွဲသည်ဟူ၍ မရှိ၊ မလွဲခဲ့လျှင်လည်း ငရဲထက်ငရဲ ပြိတ္တာထက်ပြိတ္တာ အပါယ်ရွာအပါယ်ခွင် နယ်စဉ်တလွား တက်တက်ချောအောင် အမျောကြီးမျော၍ သွားပြန်ဦး တော့မည်။
ထိုသို့ အမျောကြီး မျော၍ သွားကြရလျှင် လူဖြစ်ရန်အရေး နတ်ဖြစ်ရန် အရေးနှင့် အဝေးကြီး ဝေးကြသဖြင့် ပြဆိုခဲ့ပြီးသော သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည်သူ အစရှိသော မြတ်စွာဘုရား သားတော်အစစ် သမီးတော်အစစ် အရိယာသူမြတ် နတ်ပြည်သူ နတ်ပြည်သားတို့နှင့် ဇာတ်ပေါင်း ရန်အရေး အဝေးကြီးဝေး လေ၏၊ မေတ္တေယျ မြတ်စွာဘုရား သာသနာတော်မြတ် နှင့်လည်း အဝေးကြီးဝေးလေ၏၊ ယခုဘဝ ပြုကြသောဒါနမှု, သီလမှု, ဘာဝနာမှု ဘုရားတကာ လုပ်မှု ကျောင်းတကာ လုပ်မှု ဥပုသ်စောင့်မှု အစုစုအရပ်ရပ်သော ကုသိုလ်ကောင်းမှုတို့သည်လည်း သဲထဲ ရေသွန်ဖြစ်၍ ကုန်လေ၏။
အဘယ်သို့ သဲထဲရေသွန်ဖြစ်၍ ကုန်ပါသနည်းဟူမူ လူ့ချမ်းသာ နတ်ချမ်းသာအတွက် မှာမူကား အပါယ်တစ်ခွင် တက်တက်စင်ပြီးနောက် တစ်ခေါက်တစ်ခါ လူ့ဘုံ လူ့ရွာသို့ ပြန်ခွင့်ရသောအခါ ယခုဘဝ ပြုကြသော ကံစုနှင့်ပင် လူပြန်၍ ဖြစ်ရပေလတ္တံ့၊ နတ်ပြန်၍ဖြစ်ရပေလတ္တံ့၊ သေဌေး သူကြွယ် ပဒေသရာဇ် ဧကရာဇ်စကြာမန္ဓာတ် နတ်သိကြား ဖြစ်ရပေလတ္တံ့၊
ယခုအခါပြုကြသောကုသိုလ်မျိုးမှာ ထိုကဲ့သို့သော ဘဝသမ္ပတ္တိမျိုးကို အကျိုးကောင်း အကျိုးမြတ် ပြုလိုရင်း မဟုတ်၊ ဘဝများစွာ မကြာမတင် လျင်လျင်ဆောဆော မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလိုကုန်၏ဟူ၍ ဆုတောင်း ပတ္ထနာကြီး အပြီးနှင့် မဂ်တရားဖိုလ်တရား နိဗ္ဗာန်တရားကို ဘဝများစွာ မကြာမတင် လျင်လျင် ဆောဆော ရမှု ရောက်မှုသည်သာ ယခုအခါ အထွတ်အမြတ် ပြုအပ်သော အကျိုးမြတ် အကျိုးထူးပေတည်း၊
ထိုလိုရင်း လိုပတ် အကျိုးမြတ် အကျိုးထူးတို့သည် ဤသာသနာနှင့်လည်းလွဲ မေတ္တေယျ ဘုရား သာသနာနှင့်လည်းလွဲသဖြင့် သဲထဲရေသွန် ဖြစ်ကြလေကုန် သတည်း၊ သုညကမ္ဘာနယ်မှာ ထိုအကျိုးတို့ အခွင့်မရှိပြီ။
မဂ်ဖိုလ်နိဗ္ဗာန် အကျိုးကို ဆောင်နိုင်သော ပါရမီ ကုသိုလ်မည်သည် ---
၁။ နိယတကုသိုလ်,
၂။ အနိယတကုသိုလ်,
ဟူ၍ နှစ်ပါးအပြားရှိ၏။
၁။ နိယတဗျာဒိတ်ကို ရကြကုန်ပြီးသော အလောင်းတော်ကြီးများ၏ ကုသိုလ်သည် နိယတကုသိုလ် မည်၏၊ ပြယ်ပျောက်ခြင်း မရှိပြီ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်အောင် အမြဲဆောင်လေ၏။
[ဤကား နိယတကုသိုလ် သဘောတည်း။]
၂။ အနိယတ ကုသိုလ်ဆိုသည်ကား အခြေမမြဲ မနက်နဲသော ကုသိုလ်မျိုးဖြစ်၍ ရှေ့သို့ ဘုရား သာသနာ အလှမ်း အကမ်းနီး၍ အခန့်သင့်ကြုံတွေ့လျှင် မဂ်အကျိုး ဖိုလ်အကျိုး နိဗ္ဗာန်အကျိုးကို ဆောင်ပါ၏၊ ဘုရားသာသနာ အလှမ်းအကမ်း ကွာဝေး၍ အမိုက်တရား အားကြီးစွာ အဆက်ဆက် ဖုံးလွှမ်းဘိစီး၍ သွားဖန် များပြန်လျှင် ပြယ်ပျောက်၍ ကုန်ပြန်၏၊ ဤအနိယတ ကုသိုလ်မျိုးသာ ရှိသော သူတို့သည် ဘုရားနှင့် တွေ့ရသော်လည်း နိယတ ဗျာဒိတ်မျိုးကို မရထိုက်ကုန်၊ ဤသို့သော အခွင့် အလမ်းကို မြော်မြင်မိသဖြင့် ယခုဘဝမှ အပါယ်သို့ တစ်ချက် စောင်းခဲ့လျှင် ယခုဘဝ အားထုတ်ကြသော ကုသိုလ်အစုစု ကောင်းမှုအရပ်ရပ်တို့သည် အကျိုးမနပ်ပဲ သဲထဲရေသွန် ဖြစ်ရန်အခွင့်ကို ဆိုပေသတည်း။
[ဤကား အနိယတ ကုသိုလ် သဘောတည်း။]
ဤအရာ၌ ယခုဘဝ ကောင်းမြတ်လှသည်ကို သိကြ၍ အလဇ္ဇီ ဓမ္မ အသပ္ပုရိသဓမ္မတို့ အတွက်နှင့် နားရွက်မှ မခတ်ပဲ တည့်မတ် ငြိမ်သက်စွာနေရန် အမှုကို ဥပမာနှင့်ပြဦးအံ့။
သင်္ဘောပျက်သူ လူအများသည် မဟာသမုဒ္ဒရာ အလယ်၌ နစ်မွန်း မျောပါး နေကြရာ၏၊ မဟာ သမုဒ္ဒရာစောင့် နတ်မြင်၍ ဆယ်တင်လိုသော်လည်း ထိုသူတို့မှာ ကုသိုလ်ကံဟောင်း နည်းပါး လှ၍ အပြီးဆယ်တင်ခွင့်မရ၊ ထိုအခါ တစ်ဆင့် တစ်ဆင့် ဆယ်တင်ရန် တိုင်တစ်ခုစီ ဖန်ဆင်း၍ ပေး၏၊ မိမိတိုင်ကို မိမိမြဲမြဲ ကိုင်၍နေကြ၊ ငါးပါးသီလနှင့်တကွ ကာယကံ, ဝစီကံ, မနောကံများကို ခိုင်လုံစွာ စောင့်ထိန်းကြ၊ ရေသူ ရေသား ငါးလိပ် မကာရ်းတို့ကိုမြင်လျှင် စိတ်မှမပြစ်မှားကြနှင့်၊ သမုဒ္ဒရာ ၌ရှိသော ရက္ခိုသ်ခေါ်သော ရေဘီလူးတို့သည် ပြောင်လာ ပြက်လာ ခြောက်ခြိမ်း လာကြလိမ့်မည်၊ စိတ်မှ မပြစ်မှားကြနှင့်၊ စိတ်ပြစ်မှားလျှင် ဤတိုင်ပေါ်က ကျလိမ့် မည်၊ သမုဒ္ဒရာအစာ ဖြစ်လိမ့်မည်။
ငါမှာတိုင်း ကောင်းစွာနေနိုင်လျှင် ဤကုသိုလ်အတွက်ကြောင့် နက်ဖြန်ခါ ကျယ်ဝန်း စွာသော သောင်ကြီးတစ်ခုသို့ ရောက်၍ အစားအစာနှင့် ကျယ်ဝန်းစွာ နေကြရလိမ့်မည်၊ ထိုသောင်ကြီး လည်း ရေမလွတ်သေး၊ ထိုနောက် အဆင့်ဆင့် ပြောင်း၍ချမ်းသာစွာ နေကြရလိမ့်မည်၊ ဆယ်ရက်တိုင်ရောက်လျှင် သမုဒ္ဒရာစောင့် နတ်မင်းကြီး တစ်ယောက်လာ၍ သင်တို့ကို ရတနာ သင်္ဘောကြီးနှင့် တင်ယူ၍ ဘေးကင်းရာ သမုဒ္ဒရာကမ်းသို့ တင်ပို့လိမ့်မည်၊ ထိုကမ်းတွင် အတုမရှိ သာယာသောမြို့ကြီး၌ ကြီးကျယ်စွာသော သူဌေးသူကြွယ် စည်းစိမ်နှင့် နေကြရလိမ့်မည် ဟုဆိုပေ၏၊
ထိုသူတို့သည် နတ်မင်းကြီး ပြောပေ၍ မိမိတို့ချမ်းသာရန် ရှေ့စခန်းတွေကို သိမြင်ကြသဖြင့် ထိုစခန်းစဉ်အတိုင်း မချွတ်ရောက်နိုင်ရန် ခိုင်မြဲသော စိတ်တစ်ခုကို သန်သန်ကြီးထားကြ၍ နတ်မင်းကြီး ဆုံးမခဲ့သော အချက်စုကို တစ်ခုမျှ မပျက် မကွက်ရအောင် ကာယကံ နားရွက် ခတ်ခြင်း, ဝစီကံ နားရွက်ခတ်ခြင်း, မနောကံ နားရွက် ခတ်ခြင်းကိုမျှ မပြုကြပဲ ထိုတစ်နေ့အဖို့မှာ တည့်မတ်ငြိမ်သက်စွာ နေထိုက်လှ၏။
ပထမသမုဒ္ဒရာစောင့် နတ်မင်းကြီးနှင့် ငါတို့ဘုရား တူ၏၊ ဒုတိယသမုဒ္ဒရာ စောင့်နတ်မင်းကြီးနှင့် မေတ္တေယျ မြတ်စွာဘုရား တူ၏၊ တိုင်နှင့် ယခုလူ့ဘဝတူ၏၊ သောင်အဆင့်ဆင့်နှင့် သုဂတိ ဘဝအဆင့်ဆင့် တူ၏၊ တစ်ဖက်ကမ်းရှိ မြို့ကြီးနှင့် နိဗ္ဗာန်တူ၏၊ ငါး လိပ် မကာရ်းတို့နှင့် ခပ်သိမ်း သောသတ္တဝါ သာမညတူ၏၊ ပြောင်၍ ပြက်၍ ပြလာ ခြိမ်းခြောက်လာသော ရေစောင်. ဘီလူးတို့နှင့် သာသနာတွင် မသူတော် လူရှင် အလဇ္ဇီဒုဿီလ တူ၏၊ ထိုသူတို့ ပြုချက်ကြောင့် နားရွက်ခတ်မှုဆိုသည်ကား ထိုလူတို့နှင့် စပ်လျဉ်း၍ ရုန့်ရင်းသော ကာယကံဖြစ်မှု, ဝစီကံဖြစ်မှု, မနောကံဖြစ်မှု ပေတည်း။
[အကြွင်း သိသာလှပြီ။]
ဤသို့ ဒေသနာတော်နှင့်တကွ ဖော်ပြခဲ့ပြီးသော လမ်းနှစ်ကြောင်းကို ကောင်းစွာ မြော်မြင်နိုင်ကြ ကုန်သော ပညာရှိအပေါင်း သူတော်ကောင်း တို့သည်ကား ယခုဘဝ သေနေ့ကျ အောင် သူတစ်ပါးတို့၏ အလဇ္ဇီဓမ္မ ဒုဿီလဓမ္မ အသပ္ပုရိသ ဓမ္မတို့ အတွက်နှင့် နားရွက် ခတ်ခြင်းကိုမျှ မပြုကြကုန်မူ၍ ယခုရရှိသော အဖိုးတန် ဘဝကို သေနေ့ကျအောင် လှလှကြီး စောင့်ရှောက်ပြီးလျှင် သိမြင်ပြီးသော သုဂတိ အဆင့်ဆင့် နောက်ဘုရား သာသနာ ချမ်းသာသော လမ်းစခန်းသို့ မချွတ် မခွဲ အမြဲဧကန် သွားကြရန် စိတ်တစ်ခုကိုသာ ခိုင်မြဲစွာထားကြကုန်ရာသည်။
၁။ ထိုသို့ လမ်းကောင်းဖြင့် နောက်ဘုရား သာသနာသို့ ချမ်းသာစွာ ရောက်နိုင်ရန် တရားတစ်ပါး၊
၂။ နောက်ဘုရား သာသနာသို့ ချမ်းသာစွာ ရောက် ကြ၍ ဘုရားနှင့်တွေ့ကြသောအခါ ကျွတ်နိုင်ရန် တရားတစ်ပါး၊
ဤနှစ်ပါးသော တရားဓမ္မ မျိုးဗီဇကိုလည်း ယခုဘဝက အရ ကြိုးစားကုန်ရာသည်။
ကြိုးစားရန်တရားဆိုသည်ကား-
၁။ ဝိဇ္ဇာတရား တစ်ပါး,
၂။ စရဏတရား တစ်ပါး,
ဤနှစ်ပါးတည်း။
ဝိဇ္ဇာ ဆိုသည်ကား -
အနိစ္စ ဝိပဿနာဉာဏ်, ဒုက္ခဝိပဿနာဉာဏ်, အနတ္တ ဝိပဿနာဉာဏ် ဤသုံးပါး တည်း။
စရဏ ဆိုသည်ကား -
အောက်က ပြဆိုခဲ့ပြီးသောလူတို့မှာ အာဇီဝဋ္ဌမကသီလ သပ္ပုရိသ အင်္ဂါစုတည်း၊ ရဟန်းတို့မှာ စတုပါရိသုဒ္ဓိသီလ သပ္ပုရိသ အင်္ဂါစုတည်း။
ထို ဝိဇ္ဇာစရဏမျိုး ဗီဇနှစ်ပါးတို့တွင် စရဏတရားကား အပါယ်လမ်းမှ လွတ်ကင်း၍ သုဂတိ အဆင့်ဆင့် မြင့်မြတ်သော လမ်းစခန်းဖြင့်သာ နောက်ဘုရား သာသနာသို့ ဖြောင့်မတ်စွာ ဆိုက်ရောက်နိုင်ရန် တရားတည်း၊ ဝိဇ္ဇာမျိုး ဗီဇတရားကား နောက်ဘုရားနှင့် တွေ့ကြုံကြသော အခါ အကျွတ်ရနိုင်ရန် တရားတည်း။
အကြင်သူသည် ယခုဘဝ၌ ဝိဇ္ဇာမျိုးကား ရှိ၏၊ စရဏ တရား လုံလောက်စွာမရှိ၊ ထိုသူသည် နောက်ဘုရား သာသနာသို့ ချမ်းသာစွာ ရောက်နိုင်ရန် လမ်းရိက္ခာမရှိ၊ လမ်းရိက္ခာမရှိက နောက်ဘုရား သာသနာနှင့် ငါတွေ့ရလိမ့်မည်ဟု မထင်စားရ။
အကြင်သူသည် ယခုဘဝ၌ သီလသံဝရ စရဏတရားနှင့် ပြည့်စုံ၏၊ ဝိဇ္ဇာတရားမူကား အတုအပနှင့် ပြီးရ၍ မျိုးဗီဇ အဆံမာသော ဉာဏ်ပညာမရှိ၊ ထိုသူသည် နောက်ဘုရား သာသနာသို့ ချမ်းသာစွာ ရောက်ရ၍ ဘုရားနှင့် တွေ့သော်လည်း အကျွတ်မရ၊ ဘုရားဒါယကာ, ကျောင်း ဒါယကာ, တန်ဆောင်း ဒါယကာ, သိမ်ဒါယကာ, ဥပါသကာ, ဥပါသိကီ, ဘိက္ခု, ဘိက္ခုနီ ခေါ်ရရုံအမှုနှင့်ပင် ထိုတစ်သာသနာ ပြီးရှာပြန်လတ္တံ့။
ဥပမာကား -
စရဏတရားမည်သည် ကျေးငှက်တို့မှာ အတောင်အင်္ဂါ ခြေအင်္ဂါနှင့်တူ၏၊ ဝိဇ္ဇာတရားမည်သည် မျက်စိအင်္ဂါ နှုတ်သီးအင်္ဂါနှင့် တူ၏၊ ဤသာသနာနှင့် နောက်ဘုရား သာသနာနှစ်ပါးသည် တစ်ယူဇနာမျှ ကွာခြား၍နေကြသော အဗ္ဘန္တရ သရက်တောကြီး နှစ်ခုနှင့်တူ၏၊ သုဂတိဘဝတို့သည် အကြားတစ်ယူဇနာခရီးတွင် လမ်းစဉ်တစ်လျောက် ခဲတစ်ကျကွာ နှစ်ကျကွာ ရှိနေကြသော တောသရက်ကြမ်း ပင်ကြီးတွေနှင့် တူ၏၊
အောက်မြေပြင် တစ်လျောက်၌ကား ကျေးငှက်တို့ကို တွေ့ရှိလျှင် အတင်းဖမ်း၍ မျိုစားသော မြွေဆိုးစသည် အနှံ့ရှိ၏၊ မြေသို့ ကျရောက်သမျှသော ကျေးငှက်သည် အသက်ချမ်းသာသည်မရှိ၊ ဤ၌ မြေပြင် တစ်လျောက်နှင့် အပါယ်ဘုံတူ၏၊ အတောင်အင်္ဂါ ခြေအင်္ဂါ မျက်စိအင်္ဂါ နှုတ်သီးအင်္ဂါ အလုံးစုံနှင့်ပြည့်စုံကုန်သော ကျေးငှက်တို့သည် အဗ္ဘန္တရ သရက်တောကြီးတစ်ခု အသီးတုံးလျှင် ပျော်ပျော်ရွှင်ရွှင် သစ်တစ်ပင်မှ သစ်တစ်ပင်သို့ ကောင်းကင်ခရီးဖြင့်သာ အသီးသီးရာ အဗ္ဘန္တရ သရက်တောကြီးတစ်ခုသို့ သွားရောက်၍ စားသောက်ပျော်မြူးကာ နေကြကုန်၏။
[ယခုအခါ ဤသာသနာ၌ ပြဆိုခဲ့ပြီးသော ကာမာဝစရ ဝိဇ္ဇာစရဏ ဓမ္မတို့နှင့် ပြည့်စုံကြကုန်သော ရှင်လူအပေါင်းတို့သည် ထို ကျေးငှက်တို့နှင့် တူကုန်၏။]
အချို့သော ကျေးငှက်တို့သည် အတောင်ကား ရှိကြကုန်၏၊ နှုတ်သီးအင်္ဂါ ကျိုးပျက်၍ နှုတ်သီးကား မရှိကြကုန်၊ ထိုကျေးငှက်တို့သည် ပထမငှက်တို့နှင့် အတူပင် ကောင်းကင်ခရီးဖြင့် အဗ္ဘန္တရ သရက်တောကြီးသို့ ရောက်နိုင်ကြကုန်၏၊ နှုတ်သီး မရှိသည့်အတွက် သရက်သီး အရသာကိုကား မရနိုင်ကြကုန်၊ သရက်တောကြီး၏ အရိပ်ကို ခိုရကုန်၏၊ သရက်တောကြီး၏ တင့်တယ်ခြင်း ကျက်သရေကို ကြည်လင်စွာ မြင်ကြရကုန်၏၊ နှုတ်သီးမရှိသည့်အတွက် အသီးအရသာကို မရ၊ အရွက်နု အရွက်ကြမ်းမျှနှင့် မျှတကြရကုန်၏၊
ဤ ကျေးငှက်တို့နှင့် ဤသာသနာဝယ် ဝိဇ္ဇာမျိုးကို မကြိုးမစား သီလတရားနှင့်ပြီး၍ နောက် သာသနာ၌ အကျွတ် မရထိုက်သောသူတို့ တူကုန်၏၊ အကြင်ကျေးငှက် တို့သည် နှုတ်သီး အင်္ဂါနှင့် ပြည့်စုံကြကုန်၏၊ အတောင်ကျိုးပျက်၍ အတောင်အင်္ဂါ မရှိကြကုန်၊ ထိုကျေးငှက်တို့သည် ကောင်းကင်ခရီးဖြင့် မပျံနိုင်ကြကုန်မူ၍ မြေပြင်မှာ လျှောက်သွားကြရကုန်၏၊
အဗ္ဘန္တရသရက်တောကြီးသို့ ချောမောစွာ ရောက်ပေါက်ရန်အခွင့် အလွန်နည်းလှ၏။
[ယခုအခါ သုတ်အဘိဓမ္မာ ကျမ်းဂန်ကိုသာ တတ်သိ၍ စတုပါရိ သုဒ္ဓိသီလစရဏ တရားမှ ချို့တဲ့သောသူတို့သည် ထိုကျေးငှက် တို့နှင့် တူကြကုန်၏။]
ထိုကြောင့် ယခုအခါ သာသနာမြတ်၌ ကြုံကြိုက်ကြရ ကုန်သော သူတော်ကောင်း အပေါင်းတို့သည် ပထမကျေးငှက်တို့နှင့်တူစွာ ဤဘဝမှ သေလွန်ကြလျှင် သုဂတိစခန်း မြတ်သောလမ်းဖြင့် နောင်ဘုရား သာသနာတော်သို့ ချမ်းသာစွာ ဆိုက်ရောက်ကြပြီးလျှင် မြတ်စွာဘုရား၏ တရားဓမ္မ ဒေသနာတော်ကို ကြားနာရသည့် အဆုံး၌ အကျွတ်တရားကို ရနိုင်ကြရန် နှစ်တန်သော ဝိဇ္ဇာဓမ္မ စရဏဓမ္မများကို ယခုဘဝ အရအမိ ကြိုးစားကြကုန်ရာသတည်း။
[ဤတွင် ၁၃-ပုစ္ဆာ လျှောက်ထားသူ ဒါယကာတို့ကို ဩဝါဒပေးလိုက်သော ဩဝါဒခန်း ပြီး၏။]
ဓမ္မဒီပနီ ပြီး၏။
ပဌမ လယ်တီဆရာတော်