ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၁)
ဓမ္မအမေးအဖြေများ
ပေါင်းချုပ် (အမှတ် ၁)
အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A. (Philo) M.A. (Buddhism)
အမျိုးသမီးများနဲ့ ဘုရား အထက်ပစ္စယာ
ဗုဒ္ဓဝါဒအရ ပဋိသန္ဓေ တားခွင့်ရှိသလား
ဗုဒ္ဓသာသနာ့အလံကို ဘယ်သူတီထွင်သလဲ
အရက်သောက်ရင် အပါယ်ကျသလား
အရှင်ဥပဂုတ် ကိုးကွယ်သင့်သလား
အလှူပေးပြီး ဆုတောင်းရန် လိုသလား
ဘာသာတရား အားလုံး အတူတူလား
သက်သတ်လွတ် စားရင် ကုသိုလ် ပိုရသလား
သမ္ဗုဒ္ဓေဂါထာကို ဘယ်သူ ရေးခဲ့သလဲ
သီလရှင်ကို ရှိခိုးသင့်သလား
ဗုဒ္ဓရဲ့ နားရွက်တော် ရှည်မရှည်
ဘာသာတရား အားလုံး အတူတူလော
ရဟန်းသည် အဓမ္မအမိန့်ကို လိုက်နာရမည်လား
ကျောင်းထိုင်ဘုန်းကြီးရဲ့ အရည်အချင်းက ဘာလဲ
... အဲဒါလေးတွေကို ဆွေးနွေးထားပါတယ်။
အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A (Philo) M.A. (Buddhism)
ပုံနှိပ်ရာဇဝင်
254 N Wickiup Rd,
Apache Junction, AZ 85119
Tel: (480)-288-0789
---
အမှာစကားဦး
ပိဋကတ် နှစ်ပုံဆောင် ဆရာတော်အရှင်သဇ္ဇနမထေရ် ရေးသား ချီးမြှင့်သော
အဆွေစာရှုသူ ... သင့်လက်ဝယ် ရောက်နေသော ဤစာအုပ်သည် သာမန်အမေးအဖြေ မည်ကာမတ္တစာမျိုး မဟုတ်။ ဘာသာရေးနှင့်ဆက် စပ် ယှက်နွယ်၍ သိသင့်သမျှအရာမျိုးစုံကို တတ်နိုင်သမျှ စုစည်းတင် ပြထားသော ဗုဒ္ဓဘာသာဝင်တိုင်း လက်စွဲပြု ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ဖြစ်သည်။ ဤစာအုပ်ပါ အချက်အလက်များကိုစေ့ငု သေချာစွာ ဖတ်ရှုပါက မသိနားမလည်သေးသော အရာများကို ရှင်းရှင်းလင်းလင်း သိရမည်။ သိနားလည်ပြီးဖြစ်သော အရာများကို ပိုမိုပြည့်စုံစွာ နားလည် ၍ သဘောကျလာမည် ဖြစ်သည်ကား သေချာ၏။ အနီးအနားတွင် ဆရာကောင်း မိတ်ဆွေကောင်းတစ်ဦး ရှိနေသလိုလည်း ဖြစ်သည်။
ဗုဒ္ဓဓမ္မအမေးအဖြေများဟု ဆိုသော်လည်း သိစရာများကို စုပေါင်း ကာ ရှင်းရှင်းလင်းလင်း သိရလေအောင် ပိဋကတ် ကျမ်းဂန်အရပ်ရပ်မှ ထုတ်နုတ်တင်ပြကာ ဖြေဆိုထားသည့် အဖြေစုံဖြစ်၍စွယ်စုံကျမ်းတစ်ခု အလားဖြစ်ပေသည်။ မေးသူများကလည်း မိမိတို့ မရှင်းမလင်းရှိတာကို မေးထားကြသည်။ အမေးများကို ဖြေထားသည်ကလည်း ရိုးရှင်း ပြည့် စုံစွာ ဖြေဆိုထားသည်။ အမေးအဖြေအားလုံးကလည်းစိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာများသာ ဖြစ်သဖြင့် ဆွဲဆောင်မှုရှိသော စာအုပ်ကောင်းတစ်အုပ်ဖြစ်၏။
ဤစာကောင်းစာစုများ ဖြစ်ပေါ်လာရလေအောင်သန္ဓေတည်မျိုးစေ့ ချပေးသူ နှစ်ဦးကား အထူးချီးကျူး လေးစားစရာ ဖြစ်သည်။ ပထမ တစ်ဦးကားTexas ပြည်နယ်Austin မြို့က ကိုမျိုးအောင်ဖြစ်သည်။ သူက အမိမြန်မာပြည်မှ ဝေးလံသော တပြေတမြေသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာလာကြသော ပြည်ပရောက် ရွှေမြန်မာတို့အတွက်အနု ပညာဖြင့် အလွမ်းပြေ အပမ်းပြေနိုင်စေရန် စေတနာမွန်ဖြင့် Burmese Classic Website ကိုဖန်တီးပေးသူဖြစ်သည်။ အသိပညာတိုးပွားစေ ရန်အတွက် ဓမ္မအမေးအဖြေကဏ္ဍကို တဖက်တလမ်းမှပါ ထည့်စွက် ဖန်တီးပေးထားပေရာ မရှင်းတာ သိလိုတာမှန်သမျှ မေးမြန်းခွင့်ရစေ သည်။ မေးသမျှအမေးများကို ဖြေကြားသူ ဆရာတော်သံဃာတော်များ အနက် အများဆုံးကြိုးပမ်း၍ ဖြေကြားသည့် ဆရာတော်ကား အရှင် ကေလာသဖြစ်၏။ ဤအရှင်မြတ်ကား ချီးကျူးလေးစားသင့်သူ ဒုတိယ ပုဂ္ဂိုလ်ဖြစ်ပေသည်။
ဆရာတော် အရှင်ကေလာသသည် စာပေပိဋကတ် နှံ့စပ်သလို စာ ပေကိုမြတ်နိုးကာ တန်ဖိုးထားသူဖြစ်၏။ မိမိသိသလို သူများအားလည်း သဒ္ဓါရက်ရောစွာ ဝီရိယထုတ်၍ အသိပညာဖြန့်ဖြူး မျှဝေသူ ပုဂ္ဂိုလ်တစ် ဦး ဖြစ်သည်။ မအားလပ်သော တာဝန်များရှိစေကာမူ မိမိဘဝအတွက် အဖိုးတန်အချိန်များကို စာပေလေ့လာမှု ရေးသားမှုဖြင့် သာသနာအတွက် အများအတွက်ကြိုးပမ်းအားထုတ်သူ တစ်ဦးဟုလည်းဆိုနိုင်၏။ အရှင်၏ ဝီရိယအင်အား ပညာအင်အားကို အရင်းတည်၍ ဤဓမ္မ အမေးအဖြေများ မည်သော လက်ဆောင်မွန်တစ်ခု ပေါ်ထွက်လာပြီ ဖြစ်သည်။
အဆွေစာရှုသူ... ဤလက်ဆောင်မွန်ကို ကိုယ်တိုင်လည်း ဖတ်ရှု လေ့လာကာ သင်၏ သဒ္ဓါအား ပညာအား လက်တွေကျင့်သုံး လိုက်နာမှု စရဏအားများကို မြှင့်တင်ပါလေ။ သင့်၏ မိတ်ဆွေများအားလည်း မျှဝေပါလေ။
ကောင်းခြင်းမင်္ဂလာအပေါင်းပြည့်ဝကြပါစေ။
အရှင်သဇ္ဇန
(ဒွိပိဋကဓရ-ဒွိပိဋကကောဝိဒ၊ သိရီပဝရဓမ္မာစရိယ၊ ပါဠိပါရဂူ)
ဓမ္မသုခကျောင်း
Norwalk, Southern California, USA
---
စကားမြွက်
သူများမေးတဲ့ မေးခွန်းတွေကိုဖြေဆိုဖို့စဉ်းစားရတာဟာတစ်ခါတစ်ရံ ဦးဏှောက်စားတယ်။ အချိန်လည်း ပေးရတယ်။ ဒါပေမယ့် ပျော်စရာ တော့ ကောင်းပါတယ်။ ဘာကြောင့်ဆို ကိုယ် သတိမပြုမိသေးတဲ့ အကြောင်းအရာ တစ်ခုကို သတိပြုမိတာရယ်၊ အကြောင်းအရာရဲ့ အတိမ် အနက်အလိုက် စူစမ်းရှာဖွေ လေ့လာရလို့ ကိုယ်လည်း အသိဆန်း လေးတွေ ရတာရယ်တွေကြောင့်ပါ။ အဖြေနဲ့ ပတ်သက်တဲ့ သိလိုတဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေရင်း ကျမ်းဂန်မှာ ရှားရှားပါးပါး တွေ့ လိုက်ရဆဲခဏမှာ ခံစားရတဲ့ ပျော်ရွှင်မှုဟာဘာနဲ့ မှမလဲနိုင်ဘူး။ ဥပမာ ဆိုရရင် အကျိတ်အနယ် ယှဉ်ပြိုင်ရတဲ့ အားကစားပြိုင်ပွဲမှာ နောက်ဆုံး အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးတဲ့ ပန်းဝင်မှတ်ကိုရသွားသလိုပါပဲ။
အဲဒီလို ထူးခြားတဲ့ စာပေအရသာ တစ်မျိုးကို ခံစားရင်းနဲ့ ဓမ္မ မေးခွန်းလေးတွေကို ဆက်ကာဆက်ကာ ဖြေဆိုဖြစ်သွားခဲ့တာပါ။ ဒီဓမ္မ အမေးအဖြေစာစု တော်တော်များများဟာ burmese Classic ဝက်ဘ်ဆိုက်ရဲ့ ဓမ္မအမေးအဖြေကဏ္ဍမှာ တစ်နှစ် ကျော်ကျော်လောက် ဖြေဆို ခဲ့တဲ့ အဖြေတွေဖြစ်ပေမယ့် တိုက်ရိုက်စာရေးပြီး မေးတဲ့ မေးခွန်းတစ် ချို့ကို ဖြေဆိုတာလည်း ပါပါတယ်။ ပြီးတော့ အနည်းငယ် တည်းဖြတ် ပြုပြင် ဖြည့်စွက်မှုလည်း ရှိပါတယ်။ အင်္ဂလိပ်လို အဖြေတစ်ချို့ကိုလည်း ဒီအတိုင်းက ပိုကောင်းမယ်ထင်လို့ မြန်မာမပြန်ဘဲ မူရင်းအတိုင်း ထည့် ပေးလိုက်ပါတယ်။ ဒီအတွက် နားလည်ပေးစေချင်ပါတယ်။
ဒါလေးတွေကို ခုလို စာအုပ်အနေနဲ့ ထုတ်ဝေဖို့ စဉ်းစားမိတာက နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့ အတိုင်းမှတ်မှတ်ရရလေးတစ်ခုဖြစ်စေ ချင်လို့ ပါ။ လူဆိုတာ ရေပွက်လို ဘဝသက်တမ်းတို အတွင်းမှာ ကိုယ့် သမိုင်းကို ကိုယ်ရေးသွားကြတာပါ။ ကိုယ်မရှိတဲ့ နောက် ကိုယ့်ကို နှစ် ပေါင်း နှစ်ဆယ်အစိတ်လောက် အမှတ်ရနေဦးမယ့်လူ ရှိခဲ့ရင် အဲဒီလူက ကိုယ့်ကိုဟစ်တလာမူဆိုလီနီတို့လိုလူကိုအမှတ်ရခြင်းမျိုးမဟုတ်ဘဲ အနည်းဆုံး ရာဂဏန်း ထောင်ဂဏန်းမျှလောက်သော လူတွေကို ဗုဒ္ဓ ဓမ္မရေးရာ ဗဟုသုတပေးခဲ့တဲ့ ပုဂ္ဂိုလ်၊ သူပေးတဲ့ ဗဟုသုတနဲ့ လူအချို့ အသိဉာဏ်တိုးသွားတယ်လို့ သိကြရင် ဘယ်လောက်ကောင်းမလဲ။
ဓမ္မမေးခွန်းတွေကို ဖြေဆိုရာမှာ မေးသူရဲ့ အာဘော်မိဖို့နဲ့ ကျမ်း ဂန်နဲ့ ညီညွတ်ဖို့အထူးသဖြင့် ကျမ်းညွှန်းတွေ စုံညီသေချာဖို့ တတ်စွမ်း သမျှ ကြိုးစားပါတယ်။ ကျမ်းကိုး ကျမ်းညွှန်းတွေ များလွန်းလို့ သမား ဂုဏ်ပြတယ်လို့ အပြစ်တင်ရင်လည်း ခံရမှာပဲ။ မသိသေးတာ တစ်ခုကို ကိုယ်တိုင် ရှာဖွေတွေ့ရှိပြီးနောက် စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစား ရပြီး စာဖတ်သူကို မျှဝေပေးချင်တဲ့ ဆန္ဒကို ထိန်းမရနိုင်လို့ ပါ။ ဒါကြောင့် အဲဒါလေးတွေကို လိုက်မမီရင် ကျော်ဖတ်ပါ။ အဲဒါမျိုးကိုမှ နှစ်သက်ပြီး လိုက်မီတဲ့ ပရိသတ်အတွက်နားလည်ပေးတဲ့ သဘောပေါ့။
အမေးအဖြေတွေကို တူရာတူရာ စုပေါင်းပြီး ကဏ္ဍမခွဲလိုက်တော့ဘူး။ ပန်းကြိုက်သူတို့ကြိုက်ရာအဆင်း ကြိုက်ရာအနံ့နဲ့ ပြည့်စုံတဲ့ ပန်းကို တစ်ပွင့်ချင်း လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး အသုံးပြုသလို စာ ခေါင်းစဉ်လေးတွေကိုအရင် သတိပြုကြည့်ပြီး ကိုယ်နှစ်သက်နိုင်မယ်လို့ ယူဆတဲ့ အကြောင်းအရာကို ကိုယ့်ဟာကိုယ်ရွေးပြီး ဖတ်ကြည့်ပါ။ အဲ ဒါလည်း အရသာတစ်မျိုးပဲ ဖြစ်ပါလိမ့်မယ်။
ပြီးတော့အချို့မေးခွန်းတွေက ပိုမိုကျယ်ကျယ် ပြန့်ပြန့်သုတေ သနပြုရဦးမယ့်သဘောရှိရင် အမြွက်လောက်ပဲဖြေဆိုပြီး အဲဒီနယ်ပယ် မှာ ကျွမ်းကျင်သူတို့ ဆက်လက် သုတေသနပြုဖို့ တိုက်တွန်းချက်နဲ့ အတူ ချန်ထားခဲ့ပါတယ်။ ဘာကြောင့်ဆို ဒီဓမ္မအမေးအဖြေတွေက အကြောင်းအရာ တစ်ခုတည်းကို သုတေသနပြုနေတာ မဟုတ်လို့ တစ်ချို့ဟာတွေကိုတော့ စာမျက်နှာနဲ့ အချိန်ကို ချွေတာလိုက်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ အားလုံးကောင်းဆိုတာတော့ ရခဲ သားပဲ။ ကိုယ်ဟာကိုယ်လည်း ဘယ်တုန်းကမှ အဲဒီလိုမထင်မှတ်ပါဘူး။ တစ်ခုခုတော့ လိုနေနိုင်အုံးမှာပါ။ ဒါပေမယ့် ဒီဓမ္မအဖြေလေးတွေကို ဖတ်ပြီးမေးခွန်းရှင်ဟာ သူ့မေးခွန်းအတွက် တစ်ဝက်လောက် ကျေနပ် မှုသို့မဟုတ် စိတ်သက်သာရာရမှု ဖြစ်သွားတယ်ဆိုရင် ကိုလောကထဲ က ပုထုဇဉ်နွယ် တစ်ယောက်အနေနဲ့ ဖြေဆိုသူ ပြုံးသာပါတယ်။ ပြုံး နိုင်ပါတယ်။ စာဖတ်သူ အနေနဲ့လည်း တစ်စုံတစ်ခုသော ဓမ္မအလင်း ရောင်ကို ရရှိသွားနိုင်မယ်လို့ မျှော်လင့်ရင်းစွဲ ရှိပါတယ်။ အင်တာနက် စာမျက်နှာမှာ ဖတ်ရှုရလို့ စုစည်းပြီး စာအုပ်အနေနဲ့ ထုတ်ဝေနိုင်ဖို့ အကြံပြုကြတဲ့ ဓမ္မမိတ်ဆွေတွေနဲ့ ရောင်းရင်းတွေ ရိုးရင်းတွေကို ကျေးဇူး စကားဆိုပါရစေ ‘ကတဝေဒီ (သူ့ကျေးဇူးကိုသိသူ)ပါ’လို့။
ဒီဓမ္မအမေးအဖြေ စာစုလေးတွေနဲ့ ပတ်သက်လို့ ချီးမွမ်းစကား ဆိုပြီး အမှာစာ ရေးပေးတဲ့ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် အရှင် သဇ္ဇနကို ကျေးဇူးအထူး တင်ပါတယ်။ ပြီးတော့ ဟောဒီ ဓမ္မအမေး အဖြေ စုပေါင်းစာစုငယ်ကိုပုံနှိပ်ဖို့ကြိုးပမ်းရာမှာစာစီတိပ်ရိုက်အမှား လေးတွေ နည်းနိုင်သမျှနည်းအောင် စာမူကြမ်းကို ပရုဖတ်ပြီး ကူညီခဲ့ ကြတဲ့ Phoenix မြို့မှBlogger မောင်အိုး၊ ကျောင်းဆရာမကြီး ဒေါ် သန်းအေး (B.A., B.Ed.) နဲ့ လိုအပ်တာလေးတွေကို ထပ်ဖြည့်ဖို့နဲ့ ပြင် ဆင်ဖြည့်စွက်မှုလေးတွေထပ်လုပ်ဖို့ဝေဖန်အကြံပေးခဲ့တဲ့ Daly City မြို့မှ ဓမ္မမိတ်ဆွေ ဆရာမကြီး Dr. ဒေါ်ကျင်ရီ တို့ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ဒါ့အပြင် ဖတ်ရှုပြီးနောက် သင့်မြတ်တဲ့ မှတ်ချက် လေးတွေ ပြုပေးကြတဲ့ ဓမ္မမိတ်ဆွေတွေရဲ့ စေတနာကိုလည်း ရင်မှာ အမြဲသိမ်းဆည်းထားကြောင်းပါ။
ဩဂုတ်၈၊၂၀၀၁၅-ခုနှစ်။
အရှင်ကေလာသ၊ ဖိနစ်စ်မြို့၊ အရီဇိုးနား၊
USA
လမ်းဖြောင့်သို့ ...
ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက်လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ရှောင်ကွင်းဖဲကြဉ်၍။
သုမဂ္ဂံ၊ ကောင်းသောလမ်းခရီးသို့။
ဥဇုံ၊ ဖြောင့်ဖြောင့်မတ်မတ်။
ယန္တု၊ လိုက်သွားနိုင်ကြပါစေကုန်သတည်း။
အဟဉ္စ၊ ငါသည်တမူလည်း။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက်လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ဖဲကြဉ်ရှောင်ကွင်း၍။
ဥဇုံ၊ ဖြောင့်ဖြောင့်။
သုမဂ္ဂဂေါ၊ လမ်းမှန်လမ်းကောင်းသို့လိုက်သွားနိုင်သည်။
ဘဝေ၊ ဖြစ်ရပါလို၏။
(ပရမတ္ထစက္ခုကျမ်းနိဂုံး)
---
၁။ ဗုဒ္ဓဆင်းတုတော်နှင့်ဆံထုံး
အရှင်ကေလာသ
ဇန်နဝါရီ ၉၊၂၀၀၈။
-------------------
လျှောက်ထားပါရစေ အရှင်ဘုရား၊
(၁) ဗုဒ္ဓဘာသာ ရဟန်းတော်များ အဘယ်ကြောင့် ဆံပင်ကို ရိတ်ပြီး ဦးပြည့်ကတုံး ပြုကြပါသလဲဘုရား။
(၂) မြတ်စွာဘုရား ဆင်းတုတော်များမှာ ရဟန်းသံဃာတွေနှင့် ခြားနားပြီး ဆံပင် မရိတ်ဖြတ်ဘဲ ဆံထုံးပုံနှင့် တွေ့ရခြင်းမှာ ဘာကြောင့် ပါလဲဘုရား။
(၃) ပဉ္စဝဂ္ဂီ ရဟန်းငါးဦးပုံကို ဆံပင်၊ မုတ်ဆိတ်၊ ပါးသိုင်းမွှေးများနှင့် သရုပ်ဖော်ခြင်းမှာသင့်မြတ်ပါသလား။
(၄) နှုတ်ကြမ်းသည့် ရဟန်းတစ်ပါးနှင့် အမှတ်မထင် ဆုံမိပါသည်။ သံဃာကို လေးစားပါသည်။ ငရဲကိုလည်း ကြောက်ပါသည်။ တပည့် တော်ဘယ်လိုပြုမူရပါမည်လဲဘုရား။
စိုင်းစိုးလှိုင်
-------------------
(၁) ရဟန်းများ ဆံပင်ရိတ်ခြင်း
ဗုဒ္ဓမပွင့်မီကပင် စိတ်ပိုင်းဘဝ ဖြူစင်မှုနဲ့ မောက္ခ (လွတ်မြောက်မှု)ကို ရဖို့ ရှေးခေတ် အိန္ဒိယမှာ ပညာတတ် လူတန်းစားအချို့ဟာ ဆံမုတ် ဆိတ်ကိုပယ်၊ ဖန်ရည်ဆိုးအဝတ်ကိုဝတ်ပြီး လူ့ဘောင်ကိုစွန့် (တော ထွက်)လေ့ရှိကြပါတယ် (ကေသမဿုံ ဩဟာရေတွာကာသာယာနိ ဝတ္ထာနိ အစာဒေတွာ အဂါရသ္မာ အနဂါရိယံ အဇ္ဈာဝသတိ)။ ဒါကြောင့် ဗုဒ္ဓသာသနာ အစပိုင်းမှာ မြတ်ဗုဒ္ဓနဲ့ တွေ့လို့ ရဟန်းပြုကြသူတွေထဲမှာ ရင့်ကျက်ပြီးသူတွေဟာ ရဟန်းအသွင်မျိုးရှိပြီး ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဖြစ်ပြီးနောက် ဒုတိယ နှစ်နှစ်ဆယ်အတွင်းနဲ့ အဲဒီနောက်ပိုင်း ဗုဒ္ဓထံမှာ မရင့်ကျက်ဘဲ ရဟန်းပြုလာကြတဲ့ ဆဗ္ဗဂ္ဂီအုပ်စုဝင် ရဟန်း တွေဟာ ဆံပင်ရှည်ရှည်ထားလို့ လူအများက ‘ကာမသုံးဆောင် လူ့ ဘောင်ကငါတို့တွေလို ပါပဲလား’လို့ ကဲ့ရဲ့ကြတဲ့ အခါမှာဗုဒ္ဓက ‘ရဟန်း တို့၊ (ကာလအားဖြင့်)နှစ်လရှိသောဆံပင်၊ (ပမာဏအားဖြင့်)လက်နှစ် သစ်ရှိသောဆံပင်ကိုခွင့်ပြု၏ (ဝိ၄၊၂၄၀)’လို့ မိန့်ပါတယ်။
ဒါကြောင့် ရဟန်းတွေ ဆံပင်ကို ရိတ်ဖြတ်ကြရတာပါ။ ယခုခေတ် မြန်မာရဟန်းအများစုကတော့ နှစ်ပတ် တစ်ကြိမ်သို့မဟုတ် တစ်ပတ် တစ်ကြိမ် ဆံပင်ရိတ်ကြပါတယ်။ ယိုးဒယားနိုင်ငံမှာတော့ လပြည့် လ ကွယ်နေ့တိုင်း တစ်လ နှစ်ကြိမ် တစ်နိုင်ငံလုံးရှိ ရဟန်းတော်တွေ ပြိုင် တူ (တစ်ပြိုင်နက်)ဆံပင်ရိတ်ကြပါသတဲ့။
(၂) ဗုဒ္ဓဆံပင်ပုံစံ
ပညာမာန် တက်နေတဲ့ သိင်္ဂါရဝပုဏ္ဏားငယ် (မ၊၂၊၄၂၄)၊ မီးကို ကိုး ကွယ်သူ အဂ္ဂိဘာရာဒွါဇ (သုတ္တနိ၊၂၉၇) တို့က မြတ်ဗုဒ္ဓကို ‘မုဏ္ဍက (ဦးပြည်းကတုံးစုတ်)’လို့ နှိမ့်ချပြီး ခေါ်ဖူးတယ်။ ‘ထိုငါသည် မိဘများ မလိုလား၍ ငိုကြွေးကြစဉ် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီး ဖန်ရည်ဆိုး အဝတ်ကို ဝတ်၍ ရဟန်းပြုခဲ့၏’လို့ ဗုဒ္ဓရဲ့ နှုတ်တော်မှ နိဂဏ္ဌတက္က တွန်းရဲ့သား သစ္စက (မ၊၁၊၃၀၃)၊ သိင်္ဂါရဝ ပုဏ္ဏားငယ် (မ၊၂၊၄၂၄) စတဲ့ ပုဂ္ဂိုလ်တွေကိုမိန့်တော်မူဖူးပါတယ်။
ဒါကတော့မူရင်း ပါဠိတော်တွေမှာ ပါတဲ့ ဗုဒ္ဓဆံတော်နဲ့ ပတ်သက် တဲ့ အတွေးအမြင်ကို ခန့်မှန်းကြည့်ဖို့ပါ။ ဒီစာဟာ သစ္စက ပရိဗိုဇ်နဲ့ သိင်္ဂါရဝပုဏ္ဏားငယ်တိုမြတ်ဗုဒ္ဓ မိန့်တော်မူတဲ့ စကားဖြစ်လို့ ဗုဒ္ဓဘုရား ရှင်ဟာ ဆံပင်နဲ့ မုတ်ဆိတ် ကျင်စွယ်ကို ရိတ်ပယ်ထားတယ် ဆိုတာ လောက်တော့အသေအချာဆိုနိုင်တယ်။
‘(မင်းသားသိဒ္ဓတ္ထသည်) သန်လျက်ကိုထုတ်ပြီးလက်ယာလက် ဖြင့် သန်လျက်ကို ကိုင်လျက် သရဖူနှင့်တကွ ကျစ်ထားသည့်ဆံကို ဖြတ်၏။ ဆံတော်သည်လက်နှစ်သစ်မျှလောက်သာအရှည်ကျန်ပြီး ညာဖက်သို့ ရစ်ခွေလျက် ဦးခေါင်းပေါ်၌ တည်နေ၏။ ဆံပင်များသည် အသက်ထက်ဆုံး ထိုထက် ပိုမရှည်တော့ဘဲ မုတ်ဆိတ်မွှေးများလည်း အနေတော်မျှသာ ကျန်၏။ နောက်ထပ် ဆံမုတ်ဆိတ်ကို ရိတ်ဖြတ်ခြင်း ကိစ္စမရှိတော့ချေ (ဇာ၊ဋ္ဌ၊၁၊၇၄)’။
သက္ကတကျမ်းတွေ ဖြစ်ကြတဲ့ လလိတဝိတ္ထာရ (အင်္ဂလိပ်၊ ပြန်၊ စာ-၂၁၂)နဲ့ မဟာဝတ္ထု (အင်္ဂလိပ်၊ ပြန်၂၊ စာ-၅၆) ကျမ်းတွေမှာလည်း ဆံတော်ကို ဓားနဲ့ ဖြတ်ပြီး ကျန်တဲ့ ဆံတော်တွေက ခေါင်းပေါ်မှာ အမြဲ တမ်း ရှိနေတယ်လို့ ဖော်ပြပါတယ်။ ဆန်ချီစေတီ တောင်ဖက်ဂိတ် ကျောက်တိုင်က ဆံတော်ပယ် ရုပ်ကြွ (ဘီစီ ၅၀)မှာလည်း ဆံတော်ကို ဓားနဲ့ ဖြတ်ပြီး တစ်ဝက် ကျန်နေတဲ့ ပုံကို တွေ့ရပါတယ် (A Giude to Sanchi, Sir John Marshall, p. 51)။
ဒါတွေအရဆိုရင် ဗုဒ္ဓရဲ့ ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ လက်နှစ် သစ်လောက်ဆံပင်ရှည်ရှိတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ဗုဒ္ဓဆင်းတုပုံစံ နှစ်မျိုး
ဗုဒ္ဓဝါဒကျမ်းစာတွေကို အခြေခံ၍ပင် ရှေးခေတ်တစ်ချိန်က ဗုဒ္ဓဆံတော်နဲ့ ပတ်သက်ပြီးအဓိပ္ပာယ်ကောက်ယူမှု နှစ်မျိုးဖြစ်သွားခဲ့ပုံရတယ်။
၁) ရှေးအကျဆုံး ပါဠိတော်ကျမ်းတွေ (၎င်းတို့ နားလည်ပုံ) အရ ဗုဒ္ဓဟာ ဆံတော်ကို ရိတ်ပယ်ထားတယ် သို့မဟုတ် ဦးခေါင်းတော်မှာ ဆံပင်ရှည်ရှည် မရှိဘူး။ မုတ်ဆိတ်မွှေးလည်းမရှိဘူး။
၂) နှောင်းခေတ် သက္ကတနဲ့ ပါဠိဘာသာ မှတ်တမ်းတွေ ဖြစ်ကြတဲ့ လလိတဝိတ္ထာရ၊ မဟာဝတ္ထုနှင့် ဇာတကအဋ္ဌကထာနိဒါန်းတို့မှာ ဖော်ပြ သလို ဗုဒ္ဓရဲ့ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ ဆံပင်ရှည် ရှိတယ်။
ပန်းပုပညာ ထွန်းကားလာတဲ့ နှောင်းခေတ်မှာ အိန္ဒိယနိုင်ငံ မထု ရာမြို့က ပန်းပုပညာရှင်တွေဟာအဲဒီအစဉ်အလာ နှစ်မျိုးနှင့်အညီ အပြိုင်အဆိုင်ဗုဒ္ဓဆင်းတုတွေ ထုပ်လုပ်ကြတယ်လို့ဆိုပါတယ်။ ပထမ အစဉ်အလာကို လိုက်နာတဲ့ ဆံထုံးမပါတဲ့ ဗုဒ္ဓဆင်းတုတွေကို မထုရာ (Mathura)၊ မန်ကောရာ (Mankuar) နှင့်မိဂဒါဝုန် (Sarnath)တို့မှာတွေ့ ရတယ်။ ယနေ့ခေတ် မြန်မာ သီရိလင်္ကာ ယိုးဒယားစတဲ့ ထေရဝါဒနိုင်ငံ တွေမှာတော့ ဒုတိယအစဉ်အလာကို လိုက်နာတဲ့ ရစ်ခွေနေတဲ့ ဆံပင် ပုံစံနဲ့ ဆင်းတုတော်တွေကလွှမ်းမိုးသွားပုံရပါတယ်။
(၃) ပဉ္စဝဂ္ဂီငါးဦးဟာလဲ ဗုဒ္ဓမပွင့်မီက မောက္ခကို ရှာမှီးကြတဲ့ ရင့်ကျက် ပညာတတ်အုပ်စုဝင် ပုဂ္ဂိုလ်များဖြစ်လို့ အနီးစပ်ဆုံး ဆံမုတ်ဆိတ်ကို ရိတ်ပယ်ထားပြီး အဝါရောင် ဖန်ရည်ဆိုးအဝတ်ကို ဝတ်ထားတဲ့ ရသေ့ ရဟန်းအသွင်မျိုးပဲဖြစ်နိုင်မယ်လို့ ထင်ပါတယ်။
မြန်မာပန်းချီဆရာအချို့ သရုပ်ဖော်သလို အကျႌဖြူ ဝတ်ပြီး ဆံပင် တစ်ထွာတစ်တောင်လောက်နဲ့ မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ဓမ္မစကြာ တရားဦး နာယူနေတဲ့ ပုံစံမျိုးတော့ ပုံမဖော်ရဲပါ။ ဗုဒ္ဓခေတ် တောထွက် တဲ့ ရသေ့ရဟန်းအချို့ရဲ့ အသုံးအဆောင် (ပရိက္ခရာ)ထဲမှာ ဆံပင်ကိုပါ ရိတ်ဖြတ်နိုင်တဲ့ ဓားသေးသေးတစ်ချောင်း ပါတာကိုလည်း သတိပြုသင့် ပါတယ်။ ဒါပေမယ့် ‘ဇဋာဓာရိတာယဇဋိလာ (ဥဒါန၊ဋ္ဌ၊၅၇)’အရ ဆို ရင် တော့ဆံပင်မရိတ်တဲ့ ရသေ့ရဟန်းတစ်မျိုးလည်း ရှိနိုင်ပါတယ်။
(၄) ရဟန်းတစ်ပါးဟာ နှုတ်ထွက် ကြမ်း၊ အနေအထိုင် မသပ်ရပ်ပေ မယ့် တစ်ခါတစ်ရံသီလသိက္ခာကိုလိုက်နာပြီးကောင်းကောင်း မွန်မွန် စာပေပရိယတ္တိ သင်ကြားနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတတ်တယ်။ တကယ် လေးစားတယ်၊ ငရဲကြီးမှာလည်း ကြောက်သပဆိုရင် အသင့်နှလုံးသွင်း (positive thinking)မျိုး ထားသင့်ပါတယ်။ ရဟန်းသံဃာ အများစုဟာ သာမန် ပုထုဇဉ်မျှသာဖြစ်လို့ ပုထုဇဉ်အငွေ့အသက် တွေ့မြင်ရတာဟာ မျှတပါတယ်။ မွေးရာပါ ဝါသနာဗီဇကို ဘုရားက လွဲလို့ ရဟန္တာကြီးတွေ တောင်မပယ်နိုင်တဲ့ သာဓကတွေရှိပါတယ်။
ဒါကြောင့် မိမိမကြည်ညိုရင် ငြိမ်ငြိမ်သာနေပါ။ သီလသိက္ခာကျိုး ပေါက်တာမသေချာဘဲနဲ့ အဲဒီဘုန်းကြီး အကြောင်းကို မကောင်းဆိုပြီး အကြည်ညို ပျက်အောင်လည်း သူများကို မဆွယ်ပါလေနဲ့။ စိတ်ထဲက ဒေါသငွေ့လေးတွေ နှုတ်ပေါ်ကို ရောက်လာရာကနေ နီးရာလူတွေကို ရဟန်းတော်ဖက် မေးငေါ့ပြီး ‘ကြည့်...ကြည့်၊ အဲဒီ ကိုယ်တော်ပဲပေါ့’ လို့ ပြောဆိုဆဲမှာ ကုသိုလ်စိတ်တွေ ဖြစ်နိုင်မယ်လို့ ထင်ပါသလား။
---
၂။ အထက်ပစ္စယာနှင့်အမျိုးသမီး
ဖေဖော်ဝါရီ ၁၃၊၂၀၀၉။
-------------------
ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
သမီး ၆ တန်းနှစ်က မိသားစုနှင့်အတူ ရွှေတိဂုံဘုရားကို သွားတော့ ဖေဖေနှင့် ကိုကိုက အထက်ပစ္စယာကို တက်သွားကြပါသည်။ မေမေ နှင့်သမီးကအောက်မှာ ကျန်ခဲ့ရပါသည်။ အပေါ်ကို လိုက်ဖို့ ပူဆာတော့ သမီးက မိန်းကလေးဖြစ်လို့ အပေါ်ကို တက်လို့ မရဘူး၊ ငရဲ ကြီးလိမ့် မယ်လို့ မေမေက ပြောပါသည်။ ကျိုက်ထီးရိုးဘုရားကို သွားတုန်းကလည်း ထူးဆန်းမြင့်မြတ်တဲ့ ကျောက်တုံးကြီးကို ကိုင်ပြီး အဓိဋ္ဌာန်ချင်တာ မိန်းကလေးဖြစ်နေလို့ မဝင်ခဲ့ရပါ။ စိတ်ထဲက အားမလို အားမရ ဖြစ်မိပါသည်။ တပည့်တော်အနေနဲ့ ရွှေတိဂုံဘုရား အထက်ပစ္စယာကို တက်ပြီး ပုတီးစိပ်လိုစိတ် အလွန်ပြင်းပြစွာ ဖြစ်ခဲ့ဖူးပါသည်။ အဘယ် ကြောင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကို အဲဒီလို ခွဲခြား ဆက်ဆံရပါ သနည်း။ မြင့်မြတ်တဲ့ နေရာတွေကို အမျိုးသမီးတွေ တက်ရင် ငရဲကြီးတယ်လို့ မြတ်စွာဘုရား ဟောတော်မူတာ ရှိပါသလား။ ရှင်းပြပေးစေ လိုပါသည် အရှင်ဘုရား။
နန္ဒာဖူးပွင့်လှိုင်
-------------------
ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း
ငရဲကြီးဖို့ကျားမမခွဲခြားပါဘူး။ စိတ်ထားသာအဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့ ငရဲကြီးတယ်ဆိုရင် ယောကျ်ားတွေတက်လည်းငရဲကြီးရမှာ ပေါ့။ အထက်ပစ္စယာပေါ်မှာ ရည်းစားနဲ့ ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင် လုပ်ရင် တော့ ဘယ်သူမဆို ငရဲကြီးမှာပေါ့။ အမျိုး သမီးတွေကို ရဟန်းပြုခွင့်ပေးတာ၊ ရဟန်းမိန်းမတွေကိုလည်း အဂ္ဂသာ ဝိကာ အမြတ်ဆုံး ဧတဒဂ်ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင် အမျိုး သား ရဟန္တာနဲ့ တန်းတူလောကရဲ့ပူဇော်အထူးကိုခံထိုက်တာတွေဟာ ဘာသာရေးမှာ မိန်းမ ယောကျ်ား မခွဲခြားလို့ ပေါ့။ ဗုဒ္ဓဒေသနာအရ အယုတ် အမြတ်ဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အသားရောင်၊ ဇာတ်ဆို တာတွေနဲ့ မပတ်သက်ဘူး။ မြတ်စွာဘုရားဟာ သေပြီး ပုပ်ဆွေးနေပြီ ဖြစ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ ကျွန်မရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်စကို ကိုယ်တိုင် ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင် လျှော်ဖွပ်ပြီး ကိုယ်တိုင် သင်္ကန်းချုပ်ဆိုးဝတ်ရုံတော်မူပါတယ်။ ပိတ်စကိုအလောင်းကောင်က ခွာစဉ်မှာ မြေကြီးက အံ့ချီးပြုတဲ့ အနေနဲ့ ငလျင်တောင် လှုပ်သတဲ့။ အဲဒီ သင်္ကန်းဟာအမွန်မြတ်ဆုံးလည်းဖြစ်ပါသတဲ့။
ပုဏ္ဏာဟာကျွန်လည်းဖြစ်တယ်၊ မိန်းမလည်းဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊ တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္ထဝါဒီ (အရှိကို အရှိအတိုင်းမြင်တဲ့ ပုဂ္ဂိုလ်) အစစ်ပါ။ ဒါကို သတိ ပြုမိရင် အမျိုးသမီးတွေ ဘုရားငြမ်းပေါ် မတက်ရဆိုရင် ဆီလျော်တဲ့ ယုတ္တိရှိပေမယ့် အမျိုးသမီး ရွှေတိဂုံဘုရား အထက်ပစ္စယာကို မတက် ရဆိုတာမျိုးအတွက်တော့ခိုင်လုံတဲ့ အကြောင်းပြချက်မရှိနိုင်ပါဘူး။
ခြားနားချက်တော့ ရှိမယ်
ယောကျ်ားမိန်းမလို့ ကွဲပြားနေရတာကိုကခြားနားတဲ့ သဘာဝကြောင့် ပဲမဟုတ်လား။ ကမ္ဘာအေးမှာ နေတုန်းက ညနေ လမ်းလျှောက်တော့ ခွန်ရှစ်အရွယ်ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် (မောင်နှမ ဖြစ် နိုင်တယ်)ဂေါက်ကွင်းဖက်ကဘဲဥကန်ဖက်ကိုပြေးလာတယ်။ ကောင် လေးက ခါးလောက်မြင့်တဲ့ သံဇကာခြံစည်းရိုးကိုခုန်တက်ပြီးဒီဖက်ကို လွှားခနဲ ကျော်ချလိုက်တယ်။ ကောင်မလေးကလည်း ကောင်လေးကို တုပြီး အားကျမခံ ခုန်တက်တယ်။ ဒါပေမယ့် သံတိုင်နဲ့ ဂါဝန်စွန်း ချိတ်မိလို့ ဂါဝန် ပြဲပြီး မှောက်လျက် ကျတယ်။ ပင်လယ်ကွေ့ စစ်ပွဲ တုန်းက အမေရိကန်လေတပ်က ဗုံးကြဲလေထီးမယ်တွေရန်သူ့လက် ထဲ ရောက်သွားတော့ မိန်းမဟာ မိန်းမပဲ။ ကြောင်ထီးဟာ ပြိုင်ဖက် အခြား ကြောင်ထီးတွေနဲ့ တိုက်ခိုက်တဲ့ အခါ သူသေကိုယ်သေပဲ။ ဒါပေ မယ့်ချစ်သူကြောင်မကုတ်ဖဲ့တာကိုတော့ ဘာမှမတုံ့ပြန်ဘူး။ ဒီသဘာ ဝကို မြင်နိုင်ရင် ပရမတ္ထတရားရဲ့ အခြားတစ်ဖက်မှာ အဖိုနဲ့ အမ နက်နဲတဲ့ ခြားနားချက်တွေ ရှိနေတာသေချာတယ်။
အမျိုးသားတွေနဲ့ ရင် ဘောင်တန်းဖြစ်ဖို့ဘယ်လောက် အရေးဆိုစေ အားလုံးထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေ အားလုံး အမျိုး သားတွေရဲ့ အကျင့်စရိုက်လို ဖြစ်ကုန်ပြီဆိုရင်လည်း လောကကြီးဟာ ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားနိုင်တယ်။ အမျိုးသမီး တစ်ယောက် လမ်းပေါ်မှာဝတ်လစ်စလစ်အိပ်နေလို့ သင့်နိုင်ပါ့မလား။ ယောကျ်ားက တစ်ပြိုင်နက်မိန်းမနှစ်ယောက် ယူတာ၊ မိန်းမက တစ်ပြိုင်နက်ယောကျ်ား နှစ်ယောက်ယူတာဘယ်ဟာက အခြေအနေပိုဆိုးမလဲ။
ဒီခြားနားချက်တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော်မမူဘူး။ မြတ် ဗုဒ္ဓဟာအဲဒီလောကအထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမိန်းမ)တွေ အတွက် သီးခြား စည်းကမ်းလေးတွေ ထားပေးပါတယ်။ ရဟန်းမတွေ ရဟန်းမပြုခင် အထူးလိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ ရဟန်း မိန်းမတွေသိက္ခာဘယ်နှစ်ဝါ ရရ (ဝါဘယ်လောက် ကြီးကြီး) ယနေ့ပြု တဲ့ ရဟန်းပေါက်စကိုရှိခိုးရမယ်လို့ ပါတယ်။ ဒါလည်းအမျိုးသမီးတွေ ကိုနှိမ့်ချတဲ့ သဘောမျိုးမဟုတ်နိုင်ဘူး။ ဂုဏ်ရည်တူနေရင် ယောကျ်ား တွေထက်ဘဝင်မြင့်တတ်တဲ့ အမျိုးသမီး (အထူးသဖြင့် မိထွေးတော် ဂေါတမီလိုမာန်ကြွတဲ့ သကျမျိုးမိန်းမတွေ)ရဲ့ သဘာဝကြောင့် မဂ်ဖိုလ်ကို တကယ်ရချင်တဲ့ အမျိုးသမီးတွေကိုဦးစွာမာန်မာနချိုးနှိမ်ဖို့ရည် ရွယ်ခဲ့တာဖြစ်နိုင်တယ်။ သကျမင်းသားတွေက ဆံသလုလင်ကို အရင် ရဟန်းပြုခိုင်းတာလည်း ကိုယ့်ရဲ့ အမျိုးမာန် ပညာမာန် ရာဇမာန်တွေ ကိုချိုးနှိမ်ဖို့ရည်ရွယ်ခဲ့တာပဲ။
ခြားနားတဲ့ ယဉ်ကျေးမှုတွေ
သီရိလင်္ကာဘုန်းကြီးနဲ့ အတူ သီရိလင်္ကာအိမ်ကို ဆွမ်းစား လိုက်သွားဖူးတယ်။ ဆွမ်းစားပြီးလို့ ပရိတ်ရွတ်မယ်လုပ်တော့ အိမ်ရှင် မိန်းကလေးက ဇတ်ကနဲဆို ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချလိုက်တယ်။ ဝတ်ထားတဲ့ ဂါဝန်က ဒူးခေါင်း ဖုံးရုံလေး။ လက်အုပ်တော့ ချီထားပါတယ်။ ဒါသူတို့ယဉ်ကျေးမှုပဲ။ မြန်မာမိန်းကလေးဘုန်းကြီးရှေ့ဒါမျိုး လုပ်ရင် ရိုင်းတယ် ဆိုမှာပေါ့။ လူနာရှင်ဟာ ဆေးကို လက်ခလယ်နဲ့ ဖျော်ရင် လူနာလပ်ကီး၊ ဆေးထိမယ်ဆိုတဲ့ သဘောလို့ မြန်မာ ဗိန္ဓော ဆရာတွေကယူဆတယ်။ အမေရိကမှာတော့ လူတစ်ယောက်ကိုကျန် လက်ချောင်းတွေကို စုကွေးပြီး လက်ခလယ် တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့ လူ သေနတ်နဲ့ တောင် ပစ်သတ်ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောကျ်ားအင်္ဂါပုံကို လုပ်ပြပြီး ဆဲတာနဲ့ တူပါသတဲ့။ စကားမစပ်၊ မြန်မာရုပ်ရှင်တစ်ခုမှာ မင်းသားက မင်းသမီးကို အဲဒါမျိုး လုပ်ပြတာတွေ့ဖူးတယ် (ဒါရိုက်တာတွေသတိထားဖို့ပါ)။
Phoenix (ဖိနစ်စ်)မြို့ရုက္ခဗေဒဥယျာဉ်ကိုသွားတုန်းကဗုဒ္ဓဘာသာ ကိုရီးယားအဖိုးကြီး တစ်ယောက်နဲ့ တွေ့တယ်။ ဘာသာရေး တော် တော် ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို ခြေထောက်နဲ့ ထိုးထိုး ပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိ်ရဲ့။ မြန်မာရှုထောင့်နဲ့ ဆို အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထားကိုပဲဘုန်းကြီး ညွှန်းတာပေါ့။ အဲဒီလိုခြားနားတဲ့ ရှေးရိုးယုံကြည်စွဲလမ်းမှု တွေကိုအခြေပြုတဲ့ ကျား မခွဲခြားမှုတွေ ရှိရာကနေ ဘာသာတရားနဲ့ ရောထွေးသွားပြီး ဘုရား ပေါ်မိန်းမမတက်ရဆိုတာမျိုးတွေဖြစ်လာပုံရတယ်။
အယူအဆ ပြောင်းလဲခြင်း
ဝိနည်း မသင်ဖူးတဲ့ တောထွက် ကိုယ်တော်တစ်ပါးနဲ့ အတူနေဖူးပါတယ်။ ဆွမ်းစားနေတုန်း အကပ်ခံပြီးသား ဆွမ်းဟင်းခွက်ကို လူတွေ ကမီအောင်လို့ ဘုန်းကြီးနားကို တိုးပေးရင် ငယ်ပါကို သံစူးသ လောက်နီးစိတ်ဆိုးတာပဲ။ သူကဆရာကြီးဆိုတော့ သိပေမယ့်ကြည့် နေရတာပေါ့။ ပတ်သက်သူ ဒကာဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်းဘူးလို့ ပဲနားလည်နေကြပြီ။ ကြာရင် အဲဒီ ဝိနည်း မဟုတ် တဲ့ ဝိနည်းဟာ ဝိနည်းအစစ်လို ဖြစ်သွားနိုင်တယ်။ (‘စွန့် ချ ပေး လု မစ္စုလိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း’တဲ့။ တော်ပြီလို့ စွန့် လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလု ခံရရင်၊ ဘုန်းကြီး သေရင်၊ ဘိက္ခုကနေ ဘိက္ခုနီ ပြောင်းသွားရင် ဒီ၆မျိုးကြောင့်ပဲအကပ်ပျက်တာပါ။)
ယိုးဒယားမှာ အမျိုးသမီး လက်ထဲက အလှူပစ္စည်းကို ဘုန်းကြီး က လက်နဲ့ ထိပြီး အလှူမခံဘူး။ သင်္ကန်းရောင် ပိတ်စရှည်လေးနဲ့ ထိပြီးခံယူရတယ်။ ဒါပေမယ့် ဝိနည်းအမှန်မှာအဲလို လုပ်စရာမလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး ဝိနည်းကို လေးစားပြရာ ကနေ ပြောင်းလဲသွားတဲ့ အယူအဆ ဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ မိန်းမဖြစ်စေ ယောကျ်ားဖြစ်စေ ဘုန်းကြီးအနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှ မဟုတ်ကိုယ်နဲ့ ထိစပ်နေတဲ့ ပစ္စည်းနဲ့ ခံယူကောင်းပါတယ်။)
တစ်ခုတော့ ရှိတယ်၊ လေးစားလွန်းလို့ ဆရာတော်ကြီးတွေ ဘုဉ်း ပေးနေတုန်းဆွမ်းခွက်ကိုဟိုကိုင်ဒီရွှေ့ မလုပ်ဘူး၊ ဘုန်းကြီးကိုကြည် ညိုလွန်းလို့ ဒကာမတွေက ဘုန်းကြီးလက်ထဲကို အလှူပစ္စည်းကို မထည့်ဘူး ဆိုရင် တော့ ကိုယ့်သဘောပဲ။ ဝိနည်းနဲ့ တော့ မဆိုင်ဘူး။ ရတနာသုံးပါးကိုအထွတ်အမြတ်ထားလွန်းရာကနေ တည်ရှိပြီးရိုးရာ ယုံကြည်မှုတွေနဲ့ ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ မဝင်ရ ဆိုတဲ့ အထိ ယုံကြည်မှု ဆင့်ကဲ ပြောင်းလဲသွားခဲ့တာလည်း ဖြစ်နိုင်တယ်။
အဝိရောဓိအမြင်
ဗုဒ္ဓဝါဒ ရှုထောင့်အရ ယောကျ်ား တက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမ တက်လို့ ငရဲမကြီးဘူးလို့ မှတ်ဖို့ပါ။ မိန်းမ မတက်ရကန့်သတ်ချက်ဟာ ရိုးရာစွဲကို အခြေခံနိုင်သလို၊ ရတနာသုံးပါးကို လေးစားလွန်းရာကနေ ပြောင်းလဲသွားတဲ့ အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊ မဝင်ရ ဆိုတာဟာ ယုံကြည်စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေချီပြီးကြာနေပြီဖြစ်တဲ့ တားမြစ်ချက်ဖြစ်ပါတယ်။ မိန်းမတွေ တက်လို့ ဝင်လို့ မရှေးမနှောင်းမှာ တိုက်ဆိုင်မှု ဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့ ယိုးမယ် စွဲကြမှာပဲ။
ဒါကြောင့်မိန်းမတွေတက်ခွင့်ပြုဖို့အရေးဆိုမယ်ဆိုရင် တောင်လူ တွေနားလည်လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့် ဦး မယ်။ ကျားမ မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီး သမ္မတ ဖြစ်ဖို့ မလွယ်သေးဘူး။ အမေရိကန် ပြည်တွင်းလေယာဉ်တွေကို ဘုန်း ကြီးတို့ စီးရင် များသောအားဖြင့် အထူးစစ်ခန်းကို သွားရတယ်။ ခြား နားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောကျာ်းဖြစ်ရက်နဲ့ အဲဒီလို ခွဲခြားဆက်ဆံ ခံရသေးတာပဲ။ အချိန်ကို စောင့်ပါအုံး။ လူငယ်မျိုးဆက် သစ်တွေ ဂေါပကလူကြီး ဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား အထက်ပစ္စယာ မှာအမျိုးသမီးတွေ ပုတီးစိပ်ခွင့် ရကောင်းရပါလိမ့်မယ်။
ခြားနားချက်
--------
ယုတ်မြတ်ဟူကဤလောက၌ မိန်းမယောကျ်ားသဘောအားဖြင့် ခြားနားမရှိသားချစ်သိလော့ သတိပညာအရင်းသာတည်း။
၃။ မိတ်ဆွေကိုယ်နဲ့ ခရီးသွား
မတ် ၃၁၊၂၀၀၉။
---
ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊
ခင်ပွန်းကြီးငါးပါးတွင်ပါဝင်သောပုဂ္ဂိုလ်များကိုသိလိုပါသည်။ ခင်ပွန်း ကြီးငါးပါးကို သတ်ဖြတ်သူ၊ သတ်ရန် ကြိုးစားသူများ ခံရမည့် အပြစ် များကို သိလိုပါသဖြင့် ကရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။
ချောကလျာ
---
ခင်ပွန်းကြီး ဆယ်ပါး
ခင်ပွန်းကြီးငါးပါးလို့ အချို့မှတ်စုတွေမှာဖော်ပြပါတယ်။ အချို့မှတ်စုတွေ ကတော့ ခင်ပွန်းကြီးဆယ်ပါးလို့ ဆိုပါတယ်။ ခင်ပွန်းကြီး ငါးပါးဆိုရင် အနန္တငါးပါးကိုပဲ ဖော်ပြတဲ့ အတွက် မထူးခြားပါးဘူး။ ဒါကြောင့် ဒီနေရာ မှာ ခင်ပွန်းကြီးဆယ်ပါး အနေနဲ့ ဖော်ပြလိုပါတယ်။ ပါဠိပိဋကတ်မှာ တိုက်ရိုက် မလာတဲ့ အတွက် ဘယ်မှတ်စုကို အတည်ယူပါလို့ မတိုက် တွန်းလိုပါဘူး။ ငယ်ငယ်ကရဘူးတဲ့ ဘယ်သူရေးတယ်လို့ မသိတဲ့ ခင် ပွန်းကြီးဆယ်ပါးပြ ပါဠိဂါထာလေးကို ဓမ္မလက်ဆောင် ပါးလိုပါတယ်
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါစ၊ သာဝကာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္ထာ၊ ဒါယကာ ဓမ္မဒေသကာ။
ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ ဗုဒ္ဓသာဝက (ဗောဓိဉာဏ်ရတဲ့ ဗုဒ္ဓရဲ့တပည့်တွေ)၊ အဂ္ဂသာဝက (မြတ်ဗုဒ္ဓရဲ့ အကြီးမြတ်ဆုံး တပည့်နှစ်ဆူဖြစ်တဲ့ အရှင် သာရိပုကြာနဲ့ အရှင်မဟာမောဂ္ဂလ္လာန်)၊ အမိ၊ အဖ၊ ငယ်ဆရာ၊ အတတ် ပညာ သင်ပေးတဲ့ ဆရာ၊ စားဝတ်နေရေးနဲ့ ဆေး ပစ္စည်းလေးပါး ပေး ကမ်းထောက်ပံ့သူ၊ သစ္စာလေးပါးတရားဟောကြားသူလို့ ခင်ပွန်းကြီး ဆယ်ပါးကို ရေတွက်ကြည့်ပါ။ (ဓမ္မအမေးအဖြေ၊ အမှတ်-၃၄၃ မှာ ခင် ပွန်းကြီးဆယ်ပါးဇာစ်မြစ်ကိုသုံးသပ်ထားပါတယ်။)
ဒဏ်ဆယ်မျိုးသင့်
ခန္ဓာကိုယ် အားနည်းတတ်တယ်။ ကိုယ်လက်အင်္ဂါ ပျက်စီးတတ်တယ်။ ဆွေမျိုး မိဘ သားချင်းတွေနဲ့ သေကွဲရှင်ကွဲ ကွဲတတ်တယ်။ ကုမရတဲ့ ရောဂါဝေဒနာ ဖြစ်တတ်တယ်။ စီးပွားပျက်တတ်တယ်။ နေအိမ်အလုပ် ရုံ မြို့ပြပြည်ရွာ မီးလောင်တတ်တယ်။ ရူးသွပ်ရောဂါ ရတတ်တယ်။ မင်းဘေးမင်းဒဏ် သင့်တတ်တယ်။ စွပ်စွဲခံရတတ်တယ်။ ဒီဘဝ မဂ် ဖိုလ်နိဗ္ဗာန်ကို အားထုတ်လို့ မရတဲ့ အပြင် သေရင် ငရဲရောက်တယ်။ ဒါကတော့ဆရာသမားတွေရဲ့အဆုံးအမပါ။ ကျမ်းဂန်မှာ မတွေ့ဖူးပါ။
ကျေနိုင်မကျေနိုင်
စိတ်နဲ့ ပြစ်မှားမိရင် ကျေနိုင်တယ်။ ကိုယ်နဲ့ နှုတ်နဲ့ ကိုယ်ထိလက်ရောက် ပြစ်မှားမိရင် တော့ ကမ္မပထ မြောက်ပြီးဖြစ်လို့ တောင်းပန်ရင်လည်း မကျေနိုင်ဘူး။ စိတ်ထဲက ပြစ်မှားမိရင် ကျေပါစေ၊ အပြစ်မရှိရင်လည်း ကောင်းကျိုးချမ်းသာဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီခင်ပွန်းကြီး ဆယ်ပါးကို ရှိခိုး ကန်တော့ကြတာ ဖြစ်ပါတယ်။ မပြစ်မှားမိအောင် ကိုယ်နှုတ်စိတ်ကိုထိန်းပြီးနေရင် အဲဒီလူကိုမိတ်ဆွေဖြစ်တဲ့ ဤကိုယ် နဲ့ ခရီးသွားနေသူလို့ ဆိုတာပေါ့။ အဓိပ္ပာယ်က အဲဒီလို မဟုတ်ရင် သူ့ရန်သူဟာသူ့ခန္ဓာကိုယ်ပဲပေါ့။ အဲဒီရန်သူကသူ့ကိုသတ်မှာပဲ။
ဝိပါက်
___
သူ့ကိုသရမ်း မကြော့ကြမ်းနှင့်
လူနှမ်းကိစ္စ ကျိုးမလှဘူး
နိယာမမျိုး ကောင်းအဆိုးတိ
ပြစ်ကျိုးနှစ်ပါး ဖြစ်တတ်ငြား၏
ဘုရားသော်မှ မလွတ်ရဘူး။
၄။ ဘုရားပန်းလှူခြင်း
ဇန်နဝါရီ ၇၊၂၀၀၈။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား၊
ဗုဒ္ဓဘာသာကို လေ့လာထားသူ နိုင်ငံခြားသားတစ်ယောက်က မေးပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓဆင်းတုတော်ကို ပန်းလှူတာဟာ ဗုဒ္ဓ ဟောကြားတဲ့ ရှစ်ပါးသီလထဲက ပန်းမပန်ရဆိုတဲ့ သိက္ခာပုဒ်နှင့် မဆန့် ကျင်ဘူးလားတဲ့။ ဗုဒ္ဓကိုယ်တိုင်ကော လှူဒါန်းလာတဲ့ ပန်းကို လက်ခံ ဖူးပါသလား သို့မဟုတ် ဗုဒ္ဓက မိမိကို ပန်းလှူခိုင်းပါသလားတဲ့။ တပည့်တော်အနေနဲ့ အဲဒီ နိုင်ငံခြားသားကို အဖြေပေးချင်လို့ ကျေးဇူး ပြုပြီး ကျမ်းဂန်နှင့်အညီ ဆရာတော်တို့၏ နှုတ်ထွက်အဖြေကို သိလိုပါ သည်ဘုရား။
မောင်ငြိမ်းချမ်း
---
ကျမ်းစာအဆို
‘ရဟန်းဂေါတမသည် ပန်းပန်ခြင်း၊ နံ့သာခြယ်သခြင်းတို့ကို ရှောင်ကြဉ် တော်မူ၏ (ဒီ၊၁၊၂ စသည်)’။ ဒါကြောင့် ဗုဒ္ဓဟာ ပန်းမပန် နံ့သာ မလိမ်းပါဘူး။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံခါနီးမှာ အရှင်အာနန္ဒာကို ‘စေတီ၌ ပန်း၊ နံ့သာ၊ နံ့သာမှုန့် (စသည်)ကို တင်လှူ ပူဇော်သူများအဖို့ကြာမြင့် စွာ အကျိုးဖြစ်ထွန်း၏ (ဒီ၊၂၊၁၁၇)’လို့ မိန့်ကြားပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓဟာစေတီ ရုပ်ပွားမှာ ပန်းနံ့သာလှူတာကို မတားမြစ်ပါဘူး။
ဒကာဒကာမတွေ လှူဒါန်းတဲ့ ပန်းတွေ၊ နံ့သာရေမွှေး စတာတွေကို မြတ်ဗုဒ္ဓလက်တော်နဲ့ အလှူခံခဲ့ မခံခဲ့ဆိုတာကိုတော့ ကျမ်းဂန် (ပါဠိတော်)နှံ့သိ ပညာရှိတို့ဖြေကြားပါကုန်။
အေဒီ ၅ ရာစုမှာ ရေးတဲ့ အဋ္ဌကထာကျမ်းတွေမှာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် အရှင်အာနန္ဒာဟာ မြတ်ဗုဒ္ဓ ကျိန်းစက်တော်မူခဲ့ တဲ့ ဂန္ဓကုဋိတိုက်ခန်းထဲက ‘ခြောက်နေတဲ့ ပန်းမှိုက်တွေကို ရှင်းလင်းတယ် (ဒီ၊ဋ္ဌ၊၁၊၃)’လို့ ဆိုတယ်။ ဒီစာအရဆိုရင် ဘုရားရှင်ဟာ ပန်း နံ့သာကို ကိုယ်ခန္ဓာမှာ အသုံးမပြုပေမယ့် အနည်းဆုံး ပန်းကလေးမျှ လောက်ကိုသာ လှူဒါန်းနိုင်သူများ စိတ်ကြည်လင်ပြီး ကုသိုလ်ပွားနိုင်ဖို့ လှူဒါန်းမှုကို သည်းခံတော်မူတယ်လို့ ဆိုနိုင်အံ့ထင်ပါတယ်။
မဇ္ဈိမပဋိပဒါအမြင်
ရှစ်ပါး သီလထဲက မာလာ ဂန္ဓသိက္ခာ ပုဒ်ရဲ့အနှစ်သာရက ပန်းတွေရေမွှေးနံ့သာတွေနဲ့ မိမိရဲ့ ခန္ဓာကိုယ်ကို ခြယ်သပြုပြင် အလှဆင်တာကို ရှောင်ကြဉ်ပြီး ရိုးရှင်းတဲ့ ဘဝနဲ့ နေကြည့်ဖို့ပါ။ ဒါပေမယ့် သီလစောင့် ရင်းနဲ့ အိမ်ရှေ့က စားပွဲပေါ်မှာ အလှပန်းအိုး တင်မိလို့ ရှစ်ပါးသီလ မကျိုးပေါက်ပါဘူး။ မိုက်ကရိုဖုန်းပေါ်မှာတွဲလောင်းကျနေတဲ့ စပယ်ပန်း ကုံးတွေကြောင့်လည်း တရားဟောပုဂ္ဂိုလ် အာပတ် မသင့်ပါဘူး။ အလှူ့ ရှင်ဟာ ဘုန်းကြီး ပန်းပန်ဖို့ လှူတာမှ မဟုတ်ဘဲ။ မိမိကုသိုလ်ရဖို့ လူ အပေါင်း မျက်စိပသာဒ ဖြစ်ဖို့နဲ့ မိမိရဲ့ မေတ္တာစိတ်ထားကို ဖော်ပြဖို့ လှူတာ ဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်ကလည်း အလှူ့ရှင်ကို ချီးမြှောက်ရုံ သက်သက်ပါပဲ။ ရဟန်းဟာရွှေကိုအလှူမခံကောင်းပေမယ့်သံဃာပိုင် ရွှေကျောင်းကြီးပေါ်မှာ နေရင် အာပတ်မသင့်ဘူးဆိုတဲ့ ဝိနည်းစည်း ကမ်းအရလည်းဒီရည်ရွယ်ချက်ကိုနားလည်နိုင်ပါတယ်။
ကိုယ်ခန္ဓာ သန့်ရှင်းဖို့ ရည်ရွယ်ပြီး ရဟန်းတော်တွေ၊ ရှစ်ပါးသီလ စောင့်သူတွေ ဆပ်ပြာမွှေးနဲ့ အသားခြောက်တဲ့ ရာသီမှာ ရေချိုးပြီးရင် ယားယံမှုမရှိအောင်Lotion တွေသုံးသင့်ပါတယ်။
ဒါနအနှစ်သာရ
‘ဗုဒ္ဓလောင်းလျာတွေဟာ ဗုဒ္ဓဂုဏ်ရည်နဲ့ ကြီးကျယ်ခမ်းနားမှုကို ရဖို့ပန်း ကုံးပန်းမန်တွေကို လှူဒါန်းတယ်။ အားလုံးရဲ့ခိုကိုးရာအနေနဲ့ လောကကို အလုပ်အကျွေးပြုဖို့ နေရာအဆောက်အအုံကို လှူဒါန်းတယ်။ မံသ စက္ခု၊ ဉာဏစက္ခု၊ အဘိဉာဏ်စက္ခု၊ ဗုဒ္ဓစက္ခု၊ သဗ္ဗညုတဉာဏ်စက္ခု ဆို တဲ့ စက္ခု (အလင်း)ငါးမျိုးကိုရဖို့ ပဒီပ (အလင်း)ကို လှူဒါန်းတယ်’ဆိုတဲ့ ဒါနပြုပုံနဲ့ ပတ်သက်ပြီး အဋ္ဌကထာ (စရိယာပိဋက၊ဋ္ဌ၊၂၉၆)ဖွင့်ပြချက်ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အဲဒီလို ရည်ရွယ်ချက်ကလေးတွေထားပြီး ပန်းတတ်နိုင်ရင် ပန်း၊ နံ့သာတတ်နိုင်ရင် နံ့သာ၊ ကျောက်သံပတ္တမြား တတ်နိုင်ရင် ကျောက်သံ ပတ္တမြားတွေနဲ့ ဓာတု၊ ဓမ္မ၊ ဥဒ္ဒိဿ၊ ပရိဘောဂဆိုတဲ့ စေတီလေးမျိုး တစ်မျိုးမျိုးမှာ ပူဇော်တာဟာ လောကုတ္တရာရတနာကို လောကီရတနာ နဲ့ ပူဇော်တာဖြစ်လို့ ဗုဒ္ဓဓမ္မနဲ့ မဆန့်ကျင်ပါဘူး။
၅။ ငရဲဘုံနှင့် ယမမင်း
ဒီဇင်ဘာ ၄၊၂၀၀၇။
---
ဆရာတော်အရှင်သူမြတ်ဘုရား၊
ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက် ထိုလူသွားရောက်ရ မည့် ဘဝကို မေးမြန်းစစ်ဆေးပြီး ဆုံးဖြတ်ပေးသည့် ယမမင်း ဆို သည်ကိုကြားဖူးပါသည်။ ယမမင်း ဘယ်နှစ်ယောက်ရှိသလဲ၊ ဘယ်မှာ နေသလဲ၊ ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့် ယမမင်း ဖြစ်ရသလဲ၊ ယမမင်းဆိုတာကို ဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟောကြား ခဲ့သလား ဆိုသည်တို့ကို သိလိုပါသည်ဘုရား။ ယမမင်းနှင့် ပတ်သက် သည့် ကျမ်းဂန်ထွက် ဗဟုသုတအဖြာဖြာကို မျက်မှောက်ခေတ် အမြင် နှင့်ရောစပ်၍ဖြေကြားပေးစေချင်ပါသည်ဘုရား။
ဦးညွတ်လျက်အာသာမြင့်ထွန်း
---
ယမမင်း
‘ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ငရဲသို့ ကျရောက်သော သတ္တဝါတို့ကိုမြင်တော်မူ၏။ လူ့ဘဝတွင်မကောင်းမှုကို ပြုသောကြောင့် ငရဲသို့ရောက်လာသူအား ငရဲထိန်းတို့က ယမမင်းထံ ခေါ်သွား၏။ ထို အခါ ယမမင်းက သင်သည် လူ့ဘဝမှာရှိစဉ် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်) လောကပြစ် ခံရခြင်းနှင့် သေခြင်းဟူသော နတ်တမန်ငါးယောက် ရောက်လာသည်ကို သတိပြုမိပြီး ကောင်းမှုတွေ ပြုခဲ့ရဲ့လောဟု စစ်မေး၏။ မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည် မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ မကောင်းမှုကို ပြုခဲ့ပြီ။ သင်ပြုလုပ် သည့် အကုသိုလ်မှုကို မည်သူမျှ အစားခံလို့ မရ၊ သင်သာလျှင် ခံရလိမ့် မည်ဟုဆိုပြီး ဆိတ်ဆိတ်နေ၏။ ယင်းနောက် ငရဲထိန်းတို့သည် ထိုသူ အား တံခါးလေးခုရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ ထိုသူသည် အကုသိုလ်ကံ၏အကျိုးပေးမကုန်သရွေ့ထိုငရဲ၌ခံနေရ၏ (မ၊၃၊၂၁၆)’။
‘ယမမင်းဟူသည် (စတုမဟာရာဇ် နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်းဖြစ်၏။ တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ်ခံစားရပြီး တစ်ခါ တစ်ရံမှာ မကောင်းကျိုး ခံစားရ၏။ တရားစောင့်သော မင်းဖြစ်၏။ (ငရဲဘုံဝင်ပေါက်)ဂိတ်လေးခုတွင်ယမမင်း တစ်ယောက်စီရှိ၏ (မ၊ဋ္ဌ၊၄၊၁၈၃)’။ ‘မိဿကကုသိုလ် (ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်း စ သည်)ကြောင့် ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရား အားထုတ်ပါကမဂ် ဖိုလ်ကိုရနိုင်၏ (အံ၊ဋီ၊၂၊၁၁၄)’။
‘သိကြားမင်း၏ ဝရဇိန်လက်နက်၊ အာဠာဝကဘီလူး၏ ဘွဲ့ဖြူ လက်နက်၊ ဝေဿဝဏ်နတ်မင်း၏ သန်လျက်လက်နက်၊ ယမမင်း၏ (ဒေါသဖြင့် ကြည့်လျှင် ပြာကျစေနိုင်သော) မျက်လုံးလက်နက်ဟု လက် နက်ကြီးလေးမျိုးရှိ၏ (သံ၊ဋ္ဌ၊၁၊၂၉၀)’။
အဓိပ္ပာယ်တစ်မျိုး
‘သမ္ပယာတောသိ ယမဿ သန္တိကန္တိမရဏမုခံ ဂန္တုံသဇ္ဇောဟုတွာ ဌိတောသီတိအတ္ထော (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၁၉)’ အဖွင့်အရဆိုရင် ယမမင်း ဆိုတာ သေမင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ဘဝသံသရာမှ မလွတ်မြောက်သေးသမျှ ယမမင်းရဲ့ အာဏာစက်ကွင်းမှ မလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို ‘ဝေသာယီ’ (ဇာ၊ဋ္ဌ၊၂၊၂၈၈)လို့လည်း နာမည်တစ်မျိုးနဲ့ ခေါ်ပါတယ်။ ဒါကြောင့် ငရဲဘုံနဲ့ ယမမင်းဆိုတာကို ဘုရားဟောလို့ မှတ်ထားပါ။
လူဖြစ်ချင်သူ
ယမရာဇသုတ် (အံ၊၁၊၁၄၀)အရ ယမမင်းဟာ အကုသိုလ်မှုကြောင့် ငရဲသို့ ရောက်လာသူတွေကို ကြည့်ရင်း ‘ငါသည် လူ့ဘဝကိုရပြီး ဗုဒ္ဓဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတရားကို ကြားနာရလို့ တရားထူးကိုရရင် သိပ်ကောင်းမှာပဲလို့ ’ အကြံဖြစ်ပေါ်ဖူးပါသတဲ့။ အဲဒီ လိုယမမင်း အကြံဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာသူများ အပြောကြောင့် သိတာမဟုတ်ဘဲ ကိုယ်တိုင် (သဗ္ဗညုတဉာဏ်နဲ့)သိမြင်ပြီး မြွက်ဆိုတာ ဖြစ်တယ်လို့လည်း အဲဒီသုတ်မှာ မိန့်တော်မူပါတယ်။
(ကြုံလို့ ဆရာကြီး ဂိုအင်ဂါအဖွဲ့က ထုတ်တဲ့ ပိဋကတ်စီဒီရွမ်မှာ ယမရာဇသုတ်ကို ဒေဝဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇသုတ်ရဲ့ နောက်ပိုင်းကို ဒုတိယစတုမဟာရာဇသုတ်လို့ စဉ်ထားတာ တွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ ပညာရှင်တို့ဆင်ခြင်ပါကုန်)။
ငရဲနှင့် ငရဲထိန်း
ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့် နှိပ်စက်ညှဉ်းပန်းသူ ငရဲထိန်းများ ရှိ၏ (အဘိ၊၄၊၄၃၀)။ ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီးနှိပ်စက်ကလူ မပြုနိုင် (သံ၊ဋီ၊၂၊၈၆)။ ငရဲထိန်းများလည်း ယမ မင်းနှင့် အမုျုိးဇာတ်တူ၏။ ငရဲမီးဟူသည် ကံကြောင့်ဖြစ်သော ဥတုဇ ရုပ်ဖြစ်၍ ငရဲခံရမည့်သူများသာပူပြီး ငရဲထိန်းများမှာမူပူလောင်ခြင်း မရှိ။ အကုသိုလ်နည်းနည်းဖြင့် ငရဲသို့ ရောက်လာသူများကိုသာ စစ်ဆေး ခြင်းဖြစ်၏ (သင်္ဂြိုဟ်ဘာသာဋီကာ၊၂၈၄)။
မူရင်းပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက်သက်တမ်းအပိုင်းအခြားတွေကို ဖော်ပြထားတာတွေရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ အချို့ လူသားတို့အနီးမှာ (ဥပမာ လောဟ ကုမ္ဘီငရဲ)၊ အချို့ မဟာပထဝီ မြေကြီးထဲမှာ၊ အချို့ အာကာသတစ်နေ ရာမှာရှိတယ်လို့ အဲဒီကျမ်းဂန်ဖော်ပြချက်တွေအရဆိုနိုင်ပါတယ်။
ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှ ပြန်ပေါ်မလာနိုင်တော့တဲ့ ထာဝရငရဲ ဆိုတာမရှိပါဘူး။ ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ် ကြောင့် ယာယီဖြစ်ရတဲ့ ဘဝတစ်ခုသာဖြစ်ပြီး ငရဲကနေ လူ့ဘဝ နတ် ဘဝတွေကို ပြန်ရောက်လာပြီး တရားအားထုတ်လို့ ဗောဓိဉာဏ်ကို တောင် ရနိုင်ပါသေးတယ်။ ဒါဟာ ခွင့်လွှတ်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းနေတဲ့ အင်မတန် လှပတဲ့ ဗုဒ္ဓဒဿနပါပဲ။
သိပ္ပံနှင့် ဒိဗ္ဗစက္ခု
သိပ္ပံဆရာတွေကတော့ Indian Mythology (အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။ ဆိုခွင့်ရှိပါတယ်။ ဒါပေမယ့် ယခုရာစုနှစ်တွေမှာ သိပ္ပံဆရာတွေကပဲ အာကာသမှာ သက်ရှိလောက ရှိနိုင်တယ်လို့ ဆိုလာကြတယ်။ သိပ္ပံဆရာတို့က ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့ အရည်ရှိတယ်လို့လည်း ဆိုတယ်။ ဒီတော့ ‘အရည်ရှိတဲ့ နေရာ တိုင်းမှာ သက်ရှိသတ္တဝါ ရှိတယ်’ဆိုတဲ့ သိပ္ပံနိယာမရယ်၊ ရေဆူမှတ်နီးနီး ပူနေတဲ့ ရေပူစမ်းထဲမှာငါးလေးတွေအသက်ရှင်နေနိုင်တာရယ် တွေကြောင့် အနှီမြေကြီးထဲက အပူရည်မှာအကုသိုလ်ကြောင့်ဖြစ်ရတဲ့ သက်ရှိလောကတစ်ခုမရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။
တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ်လောက်ကို ပိုင်ပိုင် နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဒိဗ္ဗစက္ခုဉာဏ် စွမ်းအင်ကို ခန့်မှန်း နိုင်ပါလိမ့်မယ်။ ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဒိဗ္ဗစက္ခု ဉာဏ်စွမ်းအားကို သိပ္ပံဆရာတို့ရဲ့အသိညာဏ်နှင့် မနှိုင်းယှဉ်ရဲပါ။
သုတံ ပညာယ ဝဒ္ဓနံ။ (ထေရဂါထာ၊၂၂၅)။
သုတံ၊ အမှတ်အသားအကြားအမြင်သုတသည်။ ပညာယ၊ အကျိုးရှိအဟုတ်သိအမှန်သိပညာကို။ ဝဒ္ဓနံ၊ ပွားစေတတ်၏။
၆။ ဓုတင်အကျင့်မြတ်
နိုဝင်ဘာ ၂၉၊၂၀၀၇။
---
တပည့်တော်မေးလိုတာရှိ၍မေးခွင့်ပြုပါဘုရား။
မကြာမီက ဆရာတော်တစ်ပါး တပည့်တော်၏ မိတ်ဆွေအိမ်သို့ ကြွပြီး ညကျိန်းပါသည်။ ထိုဆရာတော်မှာ အသက်ကြီးမှ ဘုန်းကြီး ဝတ်ပေမယ့် အလွန်ဝိနည်းဆောက်တည်ပါသည်။ ညအချိန်တွင်ကုတင်ပေါ်မှာ မအိပ်ဘဲ ကုလားထိုင်ပေါ်တွင် ကျိန်းတော်မူပါသည်။ ကျန်းမာရေး ထိခိုက်မည်စိုး၍ ကုတင်မှာ ကျိန်းရန် လျှောက်သော်လည်း လက်မခံဟု ဆိုပါသည်။ ကုတင်ပေါ်မှာ မအိပ်တဲ့ အကျင့်ကို ဗုဒ္ဓ ဟောပါသလား၊ သံဃာတော်တွေ ကုတင်ပေါ်မှာ မကျိန်းရဟု ဗုဒ္ဓတားမြစ်ခဲ့ပါသလား၊ ထိုင်ကျိန်းရင် ဘယ်လို အကျိုးထူးတွေရရှိပါသလဲဘုရား။
ရိုသေစွာဦးတင်လျက် တပည့်တော်လူမင်း
---
တားမြစ်ချက်မရှိ
မေးလိုတာ မေးနိုင်ပါတယ်။ ကြိုးစားပြီး ဖြေပေးမှာပါ။ ဆရာတော်တွေကို ဖူးမြော်တာဟာ မင်္ဂလာရှိလို့ သိပ်ကောင်းပါတယ်။ ဆရာတော်တွေ နဲ့ တွေ့ရင် တရားနာခွင့်လည်းရ၊ သိချင်တာတွေ မေးလျှောက်ခွင့်လည်း ရလို့ ကြုံတိုင်း သွားရောက် ဖူးမြော်ပါလို့ တိုက်တွန်းပါတယ်။ အသက် လေးဆယ်နီး အရွယ်လွန်ချိန်ကျမှ ဘုန်းကြီးဝတ်လာတဲ့ ရဟန်းကို ‘တောထွက်’လို့ ခေါ်လေ့ရှိပါတယ်။ ငယ်စဉ်က ဗုဒ္ဓကျမ်းစာတွေကို ကျကျနန မသင်ဖူးခဲ့လို့ ဘုရားစာသင်မယ်ဆိုပြီး စာရေးတဲ့ ကံ့ကူဆံ အလှူခံဖို့ ဘုရင့်နန်းတော်ထဲဝင်ရဲတဲ့ အထိ သတ္တိပြောင်ခဲ့တဲ့ တောထွက်ကြီး ဦးကျည်ပွေ့အကြောင်း မြန်မာရာဇဝင်မှာ ထင်ရှားပါတယ်။ ဆရာတော် အလွန် ဝိနည်းဆောက်တည်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အလွန် ကြည်ညိုစရာ ကောင်းတယ်လို့ ပဲ ဆိုရန်ရှိပါတယ်။
ဗုဒ္ဓရှင်တော်မြတ်က ရဟန်းတွေကို ခုတင်ပေါ်မှာ မကျိန်းရဆိုတဲ့ တားမြစ်ချက်၊ ကုလားထိုင်မှာပဲ ကျိန်းရမယ်ဆိုတဲ့ ပညတ်ချက် မရှိပါဘူး။ ဒါပေမယ့် သမထဝိပဿနာကိုပဲ ရွပ်ရွပ်ချွံချွံ ကျင့်ကြံတဲ့ ရဟန်း တော်တွေနဲ့ အထူးသင့်လျော်တဲ့ အတွက် ဗုဒ္ဓခွင့်ပြုတော်မူတဲ့ ဓုတင် အကျင့် (ကိလေသာတွေ လျော့ပါးအောင် လေ့ကျင့်မှု) ၁၃ မျိုးထဲမှာ နိသဇ္ဇဓုတင် (ကိလေသာ နည်းအောင်ထိုင်နေခြင်း)ဆိုတာ ပါပါတယ်။
ဓုတင်အကျင့်ကြောင့် အနေအထိုင် ရိုးစင်းခြင်း၊ စိတ်ဓာတ်ဖြူစင် ခိုင်ကျည်ခြင်း၊ သမာဓိကို ခိုင်မြဲစေခြင်း၊ ဝိပဿနာပညာ ထက်မြက်လာ ခြင်းစတဲ့ အကျိုးတရားတွေကို ရရှိပါတယ်။
အကျင့်မြတ်ကို မကြွားဝါခြင်း
တကယ့် ဓုတင်ဆောင်ပုဂ္ဂိုလ်ဟာ မိမိဓုတင်ကျင့်နေတာကို လူတွေ သိအောင် ထုတ်ဖော်ပြလေ့မရှိပါဘူး။ အကျင့်မြတ်ဆိုတာ မိမိအတွက်ပဲ ဖြစ်ပါတယ်။ မိမိကို အထင်ကြီးစေလိုတဲ့ ရည်ရွယ်ချက်နှင့် မိမိ ဓုတင် ကျင့်နေတာကို လူတွေသိအောင် မလုပ်ကောင်းဘူး။ လုပ်ရင် မာယာ (လှည့်စားတာ) သာဌေယျ (ကောက်ကျစ်တာ)လို့ ခေါ်တယ်။ လူရှေ့မှာ မျက်စိကိုမှိတ် ငြိမ်ဆိတ်ဆိတ်နဲ့ စိတ်ထဲက ဣဿာ (မနာလို) မစ္ဆရိယ (ဝန်တို)လွှမ်းမိုးနေတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။
ဒီပုဂ္ဂိုလ်မျိုးဟာ ‘မုဠှေသု လဘတေ လာဘံ = လူပြိန်းတွေနဲ့ ပေါင်းရင် ဘုန်းကြီးတယ် လာဘ်ရွှင်တယ်’ ဆိုတာကို လူ့လောကမှာ ကျင်လည်ခဲ့ရတဲ့ ဘဝပေး အသိပညာအရ ကောင်းကောင်း နားလည် တတ်တဲ့ သဘာဝ ရှိတတ်ပါတယ်။ တရားစစ်သူကြီး အရှင်သာရိပုတ္တရာရဲ့ အာဘော်နဲ့ ဆိုရင် ‘လာဘ်ရဖို့အတွက် မရူးသော်လဲ ရူးဘိသကဲ့သို့ လုပ်ပြတတ်တဲ့ ပုဂ္ဂိုလ်မျိုး’လို့ ဆိုရမလားပါဘဲ။
သီဟိုဠ်ဖြစ်ရပ်နှစ်ခု ရှိပါတယ်။ မဟာကုမာရမထေရ်ဟာ အနှစ် ၆၀ ပတ်လုံး သုသာန်မှာ ဓုတင် ဆောက်တည်ခဲ့ပေမယ့် ဘယ်သူ့ကိုမှ မပြောပြဖူးဘူးတဲ့။ ပြီးတော့ စေတိယတောင်မှာ အတူ သီတင်းသုံးတဲ့ ညီအစ်ကို ရဟန်းနှစ်ပါး ရှိသတဲ့။ တစ်နေ့ ညီငယ်ဖြစ်သူက ဒါယကာ တစ်ယောက်လာလှူတဲ့ ကြံပိုင်းလေးကို ယူလာရင်း နောင်တော်မထေရ်ကို သုံးဆောင်ပါအုံးဘုရားလို့ လျှောက်တယ်။ ‘နေပါစေတော့’ ဆိုပြီး နောင်တော်ကငြင်းတယ်။ အဲဒီအချိန်မှာနောင်တော်မထေရ်ဟာဆွမ်း ဘုဉ်းပေးပြီးလို့ ခံတွင်းသုတ်သင်နေတဲ့ အချိန်။ ဒီတော့ ညီတော်က ‘နောင်တော် ဧကာသနိက် (တစ်ထိုင်တည်းနှင့် အပြီးစားတဲ့) ဓုတင်ကို ဆောက်တည်နေပါသလားလို့ မေးတယ်။ နောင်တော်က ခဏစဉ်းစား ရင်း ‘အင်း ကြံပိုင်းကို စားကြည့်သေးတာပေါ့၊ ယူခဲ့လ္လေလို့ ညီတော် ပြောတဲ့ ဓုတင်ကို မိမိဆောက်တည်နေကြောင်း ညီတော်ကို မသိစေချင် တာနဲ့ အနှစ် ၅၀ ဆောက်တည်ထားတဲ့ ဓုတင်အကျင့်ကို ဖျက်ပြီး စကားလွှဲပြောလိုက်တယ် (အံ၊ဋ္ဌ၊၁၊၅၉)။
အဲဒီလို မိမိအကျင့်ကို ထုတ်ဖော်မပြတာကို ကျမ်းဂန်မှာ ဓုတင်္ဂ အပ္ပိစာ (အကျင့်မြတ်ကို မကြွားဝါခြင်း) လို့ ခေါ်ပါတယ်။ အကျင့်မြတ် ကိုကြွားဝါလို့ ရတဲ့ ပစ္စည်းကို ရဟန်းတို့ မသုံးဆောင်ကောင်းဘူး။
ခက်ပေသားပဲ
လူအိမ်မှာကျိန်းပြီး ဓုတင်ကျင့်တယ်ဆိုရင် တော့ ဓုတင်္ဂအပ္ပိစ္ဆာဂုဏ် မြောက်ဖို့ ခက်မယ်ထင်ပါရဲ့။ ‘လူတွေနဲ့ တစ်မိုးတစ်ရံတည်းမှာ မအိပ် ရ’ဆိုတဲ့ ဝိနည်းသိက္ခာပုဒ်ရှိလို့ တကယ့် ဝိပဿနာဝန်ဆောင် ပုဂ္ဂိုလ် အနေနဲ့ လူအိမ်မှာ ကျိန်းဖို့ဆိုတာလည်း ခက်ပေသားပဲ။ လူနေအိမ်မှာ ကျိန်းပြီဆိုမှဖြင့် အိမ်ရှင်တွေကို ဒုက္ခမပေးတဲ့ သင့်မြတ်တဲ့ အခြေအနေ ကောင်းတွေ လိုပေလိမ့်မယ်။ ရဟန်းရဲ့ ဝိနည်းသိက္ခာပုဒ်ကြောင့် ဒကာ ဒကာမတွေက မော်တော်ကားထဲမှာ၊ ဂိုဒေါင်ထဲမှာသူများအိမ်မှာသွား အိပ်ရတယ် ဆိုရင် စေတနာရှိလို့ လိုလိုလားလားနဲ့ လုပ်ပေးတယ် ဆိုရင် တောင်အားနာစရာကြီးပါ။
ဒါကြောင့် ပုဂ္ဂိုလ်ရေးအမြင်အရ အလယ်အလတ် သဘောထားနဲ့ ပြောရရင် ‘မလျှော့မတင်း စောင်းကြိုးညှင်း’ရင် ပိုသင့်မယ်လို့ ထင် မြင်ကြောင်းပါ။ ထင်ရှားကျော်ကြားတဲ့ ဝိပဿနာဓုရ ဆရာတော်ကြီး တွေကို လူတွေက ကြည်ညိုလွန်းလို့ ပင့်တဲ့ အခါ အခြေအနေကောင်းတွေ ဖန်တီးပေးကြတာမျိုးကျတော့ခြွင်းချက်ပေါ့။
မရူးသွပ်လည်း သွပ်ရူးသဘော ပျက်ချော်ပြောလျက် ကုန်းချောတိုက်ထွေ ကချေသည်မှု အံ့ဖွယ်ပြုဟု လေးခုအပေါင်း လာဘ်ဖြစ်ကြောင်းကား သူကောင်းသူမွန် ပညာဝန်တို့ အလွန်ကဲ့ရဲ့ ပြစ်တင်ဖွဲ့၏။ (မဃဒေဝ၊ ပိုဒ်၄၃၅)
၇။ ဗုဒ္ဓဓာတ်တော်အကြောင်း
နိုဝင်ဘာ ၁၊ ၂၀၀၇။
---
ဆရာတော် အရှင်သူမြတ်ဘုရား၊
မကြာမီက အမေရိကမှာ နေထိုင်သူ မိတ်ဆွေတစ်ယောက် မြန်မာနိုင်ငံကို ခေတ္တပြန်စဉ် နာမည်ကြီး ဆရာတော်တစ်ပါးနှင့် တွေ့ဆုံပြီး ထို ဆရာတော် ချီးမြှင့်လိုက်သည့် ဗုဒ္ဓဓာတ်တော်များကို ရလာခဲ့ပါသည်။ အဆိုပါဆရာတော်က ထိုဗုဒ္ဓဓာတ်တော်များကို အသုံးချနည်းကိုလည်း သင်းပေလိုက်ပါသည်။ ဓာတ်တော်များကို ဆောင်ထားလျှင် ရာထူးမြင့် စီးပွား တက်ကြောင်း၊ ဓာတ်တော်များကို ရေစိမ်ပြီးနေ့တိုင်းသောက် လျှင် ကျန်းမာ အသက်ရှည်ကြောင်းနှင့် ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးကြောင်း မိန့်တော်မူလိုက်သည်ဟု ဆိုပါသည်။
ဗုဒ္ဓဓာတ်တော်များနှင့် ပတ်သက်သည့် ကျမ်းဂန်ထွက် ဗဟုသုတ အဆိုအမိန့်များနှင့် ဗုဒ္ဓဓာတ်တော်များကို ရေစိမ်သောက်ကောင်းသလား ဆိုသည်ကိုလည်းသိလိုပါသည်ဘုရား။
မောင်ပိုင်
---
ဗုဒ္ဓဓာတ်တော်ဆိုတာ
ဗုဒ္ဓဓာတ်တော်ကိုကျမ်းဂန်မှာဆိုပုံက..
‘မြတ်ဗုဒ္ဓ၏ အလောင်းတော်ကို မီရှို့သောအခါ အရေပါး၊ အရေထူ၊ အသား၊ အကြော၊ အစေးများ ပျောက်သွားပြီး ပြာနှင့်မှိုင်းများပင် မကျန် တော့ဘဲ သရီရများ သာလျှင် ကျန်ရစ်၏ (ဒီ၊၂၊၁၃၄)’။ ‘သရီရများ (သရီရာနိ)ဟူသည် မြတ်လေးပန်း၊ သန့်စင်သည့် ပုလဲ၊ ရွှေအဆင်း သဏ္ဍာန်ရှိသည့် ဓာတ်တော်များကို ဆိုလို၏ (ဒီ၊ဋ္ဌ၊၂၊၁၉၆)’။ ‘ခန္ဓာ ကိုယ်၏ အစိတ်အပိုင်း များဖြစ်သည့် အရိုးများ (သရီရဿ အဝယဝ ဘူတာနိအဋ္ဌီနိ)ကို ‘‘သရီရများ’’ဟုဆိုလိုသည် (ဒီ၊ဋီ၊၂၊၁၈၉)’။
ဒီဖော်ပြချက်တွေကိုလေ့လာရင် ပါဠိတော်မှာပါတဲ့ ‘သရီရာနိ’ ဆို တဲ့ ပါဠိပုဒ်ကို ပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းက ‘ဓာတ်တော်များ’ လို့ ဖွင့်ဆိုပါတယ်။ အဋ္ဌကထာကို ထပ်ဖွင့်တဲ့ ဋီကာကျမ်းက ‘အရိုး များ’လို့ ဖွင့်ဆိုတာကိုတွေ့ရပါလိမ့်မယ်။
ဥရောပမှာ ဗုဒ္ဓသာသနာ ထွန်းကားအောင် ကြိုးပမ်းခဲ့သူ ဗုဒ္ဓဝါဒီ ပါဠိပညာရှင်Maurice Walshe ရဲ့ ဒီဃနိကာယ် အင်္ဂလိပ် ဘာသာပြန် မှာတော့ ‘သရီရာနိ (ဟူသည်) အရိုများ (ကို ဆိုလို၏)။ (ယင်းပါဠိ ဝေါဟာရကို)နောင်အခါရဟန္တာများ ကွယ်လွန်ပြီးနောက်ပြာပုံထဲတွင် ကျန်ရစ်ခဲ့ဖွယ်ရှိသည့် ဖျက်ဆီး ခွဲခြမ်း၍ မရကောင်းသော ဒြပ်ဝတ္ထု (substance) တစ်မျိုး (ဓာတ်တော်)ဟုအဓိပ္ပာယ် ကောက်ယူကြ၏’ (p. 576. Note 461)’လို့မှတ်ချက်ပြုပါတယ်။
‘စွယ်တော်လေးဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ ဥဏ္ဏလုံမွေးရှင်တော် တစ်ဆူ၊ ပေါင်း ၇-ဆူမှာ (မီးမလောင်ကျွမ်းဘဲ) ပကတိအတိုင်း ကျန် ရစ်ပြီး ကျန်ဓာတ်တော် (သရီရ) များအနက် အငယ်ဆုံးမှာ မုန်ညင်း စေ့၊ အလတ်စားမှာ ဆန်ကျိုးခန့်၊ အကြီးစားမှာ ပဲနောက်စေ့ကျိုးခန့် ပမာဏရှိကြ၏ (ဒီ၊ဋ္ဌ၊၂၊၁၉၆)’။
သဗ္ဗညုတဉာဏ်တော်ရဲ့တည်ရာ မြတ်ဗုဒ္ဓရဲ့အလောင်းတော်ကိုမီး ရှို့ပြီးတဲ့ အခါ လူသာမန်တွေလို ပြာ သို့မဟုတ် ခြေရိုး လက်ရိုးစတဲ့ အရိုးတုံးကြီးတွေ မကျန်ရစ်ဘဲ ထူးဆန်းအံ့ဩဖွယ် အစိုင်အခဲလေးတွေ ဖြစ်သွားတယ်။ အဲဒါကို ဓာတ်တော်ခေါ်တယ်လို့ ယနေ့ခေတ်ဗုဒ္ဓဝါဒီတို့ နားလည်ယုံကြည်ကြပါတယ်။
ဗုဒ္ဓဓာတ်တော် ရာဇဝင်
ဓာတ်တော်များနဲ့ ပတ်သက်ပြီးကျမ်းဂန်အဆိုတွေကိုထုတ်ပြရင် ..
‘ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ္တုမင်း၊ ဝေသာလီပြည်သား လိစ္ဆဝီမင်းများ၊ ကပိလဝတ္ထုပြည်သား သကျမင်းများ၊ အလကပ္ပပြည်သား ဗုလိမင်းများ၊ ရာမရွာသားကောလိယမင်းများ၊ ဝေဌဒီပတိုင်းသားပုဏ္ဏား၊ ပါဝါမြို့သား မလ္လာမင်းများ၊ ကုသိနာရုံပြည်သား မလ္လာမင်းများသည် ဓာတ်တော်ဝေစုကိုအညီအမျှရရှိကြပြီး ဓာတ်တော်ဝေသူဒေါဏပုဏ္ဏားမှာ ပြည်တောင်း၊ နောက်မှ ရောက်လာသူ ပိပ္ပလိဝနအရပ်သား မောရိယမင်းများကား မီးသွေးများ ရရှိကြ၏။ ရှစ်ပြည်ထောင် မင်းတို့သည် မိမိတို့ တိုင်းပြည်၌ဓာတုစေတီများတည်ကြ၏။ ဒေါဏနှင့် မောရိယတို့လည်း ပြည်တောင်းစေတီနှင့်မီးသွေးစေတီ တည်ကြ၏ (ဒီ၊၂၊၁၃၇)’။
‘စေတီတည်ပြီးသောအခါ အရှင်မဟာကဿပ မထေရ်သည်ရာမရွာရှိ စေတီမှတစ်ပါး ကျန်ခုနစ်ပြည်ထောင်မင်းတို့၏ စေတီမှ ဓာတ် တော်အားလုံးကိုယူဆောင်ပြီး အနည်းငယ်မျှသာ ချန်ထားလျက် အဇာတသတ်မင်းနှင့် တိုင်ပင်၍ ရာဇဂြိုဟ်မြို့၏ အရှေ့တောင်အရပ် (တစ်နေရာ)၌ အတောင်ရှစ်ဆယ် အနက် တူးပြီးလျှင် ဓာတ်တော် အားလုံးကို တစ်ပေါင်းတည်းဌာပနာ (ထွည့်သွင်း)ခဲ့သည်။ ရာမဂါမစေတီရှိဓာတ်တော်များမှာမူ အန္တရာယ်မရှိနိုင်ဘဲ နောင်အခါ သီရိလင်္ကာနိုင်ငံရှိ မဟာစေတီ (ဘီစီ၂၄၇-၂၀၇ဒေဝါနံပိယတိဿမင်းတည်ဆောက်)၌ ကိန်းဝပ်မည်ဖြစ်သောကြောင့်ထုတ်ယူခြင်းမပြုခဲ့ပေ (ဒီ၊ဋ္ဌ၊၂၊၂၀၆)’။
‘(အရှင်မဟာကဿပသည်) ဓာတ်တော်များအား မကြည်ညိုသူတို့ ဖျက်ဆီးမည့်အန္တရာယ်ကိုမြင်တော်မူသောကြောင့် (ဒီ၊ဋီ၊၂၊၁၈၇) တန်ခိုးဖြင့် (ဓာတ်တော်များကို) ရယူ၍ (ဣဒ္ဓိယာ အာဟရိတွာ၊ ဝိသုဒ္ဓိ၊ဋီ၊၂၊၆၄) ထိုမင်းတို့၏လက်၌ အနည်းငယ်မျှသာ ချန်ထားခဲ့ပြီး စေတီ များတွင် ဘာမျှမထားခဲ့ဘဲ (ရာဇူနံ ဟတ္ထေ ဌပေတွာ၊ န စေတိယေသု၊ ဒီ၊ဋီ၊၂၊၁၈၇) (ဓာတ်တော်များ ဌာပနာမည့်) မြေတိုက်ခန်း (ဘူမိဃရ မဏ္ဍပ)ကို (အဇာတသတ်မင်း၏ အကူအညီဖြင့်) လျှို့ဝှက် တည်ဆောက်ခဲ့ခြင်းဖြစ်သည် (ဝိသုဒ္ဓိ၊ဋီ၊၂၊၆၄)’။
ရာဇဂြိုဟ် အရှေ့တောင်ဖက်က အဲဒီ ဓာတ်တော်တိုက်ဟောင်း နေရာကိုရှေးဟောင်းသုတေသနတို့ရှာဖွေတူးဖော်သင့်ပါတယ်။
‘နောက်ထပ် နှစ်ပေါင်း ၂၁၈-နှစ် အကြာ (ဘီစီ ၃၂၅)တွင် အသောကမင်းကြီးသည် အဇာတသတ်မင်း ဌာပနာခဲ့သည့် ‘‘ဓာတ်တော် တိုက်’’နေရာကို ရှာဖွေပြီးထိုဓာတ်တော်တိုက်၌ဓာတ်တော်အနည်း ငယ်သာ ချန်ထားလျက် ဓာတ်တော် အားလုံးကို ယူပြီး နိုင်ငံတော် အတွင်း တည်ဆောက်နေသည့်စေတီတော်များ၌ ခွဲဝေ၍ ဌာပနာ (ထည့် သွင်း)ထားခဲ့သည် (ဒီ၊ဋ္ဌ၊၂၊၂၀၆)’။
ဒါ့အပြင် အသောကခေတ် ကိုးတိုင်းကိုးဌာန သာသနာပြုပုဂ္ဂိုလ် တွေနဲ့ အတူ ဗုဒ္ဓဓာတ်တော်အချို့ အာရှတစ်ခွင်သို့ ပြန့်နှံ့သွားဖွယ်ရှိတယ်။ ပြီးတော့ အေဒီ ၁၃ ရာစု အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းကို မူဆလင်တွေ ဝင်စီးတဲ့ အခါ စေတီတွေကို ဖျက်ဆီး၊ ဘုန်းကြီး ကျောင်းတိုက်တွေမီးရှို့၊ ဘုန်းကြီးတွေကို သတ်ဖြတ်လို့ နိုင်ငံက ထွက်ပြေး တိမ်းရှောင်ကြတဲ့ သံဃာတွေနဲ့ အတူ ဓာတ်တော်အချို့ ပါသွား ဖွယ်ရှိတယ်။ ခေတ်အဆက်ဆက် သာသနာပြုရဟန်းတွေနဲ့ အတူလည်း ဓာတ်တော်အချို့ အိန္ဒိယအပြင်သို့ ရောက်သွားနိုင်ဖွယ်ရှိပါတယ်။
ဗုဒ္ဓဓာတ်တော် စစ်ရဲ့လား
ဗုဒ္ဓဓာတ်တော်တွေကို အမေရိကန်နိုင်ငံ တစ်ခွင် ဦးဆောင်လှည့်လည်ပြသသူ တိဗက်ရဟန်းတော် အရှင်ပိယဒဿီကို ဝါရှင်တန်ပို့စ် သတင်း ထောက် ဘီလ်ဗရုတ်ဒ်ဝေးက ‘ဗုဒ္ဓရဲ့ ဓာတ်တော်တွေ စစ်မှန်တယ်လို့ အာမခံပါသလား’လို့ မေးတဲ့ အခါ ‘ဒီဓာတ်တော်တွေမှာ အခြားနေရာ အားလုံးမှာ တွေ့ရတဲ့ ဗုဒ္ဓဓာတ်တော်တွေနဲ့ သွင်ပြင်တူညီတဲ့ အတွက် သကျမုနိဗုဒ္ဓရဲ့ဓာတ်တော်အစစ်အမှန်တွေပါပဲ’လို့ ဖြေပါတယ်။
ဒီတိဗက်ရဟန်းတော်ဟာ မန်ချက်ချူးဆပ်စ် နည်းပညာတက္က သိုလ် (M.I.T.) မှာ ဧည့်ပညာရှင်ဖြစ်ပြီး ဗုဒ္ဓဓာတ်တော်တွေ တည်ရှိဆဲ ဖြစ်တဲ့ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေက စေတီတော်တွေကို ပြုပြင်တည် ဆောက်ရာမှာ ပါဝင်သူ ဖြစ်ပါတယ်။ ဓာတ်တော်အစစ်ကို ရနိုင်ပါတယ်။ ဒါပေမယ့် သာမန်အနေနဲ့ ရဖို့တော့ မလွယ်ပါဘူး။
မေးခွန်းရဲ့အဖြေ
ဓာတ်တော်ရဲ့ သဘာဝနဲ့ ပြန့်နှံ့ပုံကို အကြမ်းဖျင်း သိပြီးပါပြီး။ ဗုဒ္ဓ ဓာတ်တော် အစစ်ဆိုတာ အလွန်ရနိုင်ခဲတဲ့ သမိုင်းဝင် ရှားပါးပစ္စည်းပါ။ ဓာတ်တော်ကို ပေးလိုက်တဲ့ နာမည်ကြီး ဆရာတော်ဟာ မိမိထံ လာရောက်သူတိုင်းကို ဓာတ်တော်တွေကိုဝေငှပေးမှာဖြစ်လို့ ဒီလောက် များပြားတဲ့ ဗုဒ္ဓဓာတ်တော်အစစ်ကို ယခုခေတ်မှာ ရနိုင်မယ်မထင်ဘူး။ ဒါကြောင့် ဓာတ်တော်ပွား (အဖြောင့်ပြောရတယ်ဓာတ်တော်အတု)ကို ချီးမြှင့်လိုက်တာပဲ ဖြစ်ဖို့များပါတယ်။
ဓာတ်တော်ကို ရေစိမ်သောက်တာကတော့ ကြည်ညို အားကိုး စိတ်နဲ့ လုပ်တာဖြစ်လို့ အကုသိုလ် ဖြစ်မယ် မထင်ဘူး။ တစ်ခုတော့ ရှိတယ်၊ ဗုဒ္ဓဓာတ်တော် စစ်မစစ် သို့မဟုတ် ဓာတ်တော်ပွား ပြုလုပ်တဲ့ ဒြပ်ဝတ္ထုမှန်ကို အတိအကျမသိဘဲတော့ (ကျန်းမာရေး ရှုထောင့်အရ) ရေစိမ်မသောက်သင့်ဘူးလို့ ထင်မြင်မိပါတယ်။
၈။ မုသာဝါဒ သိက္ခာပုဒ်ရဲ့ အနှစ်သာရ
နိုဝင်ဘာ ၁၊ ၂၀၀၇။
---
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော် သိလိုတာလေးတစ်ခု မေးပါရစေ။ တပည့်တော် မကြာခဏ မုသားမပါ လင်္ကာမချော လုပ်ပါတယ်။ ငါးပါးသီလမှာ မုသားဆိုရင် ဘယ်လိုမုသားကိုမျှ လက်မခံပါ။ တပည့်တော် အဲဒီလို မုသားလေးတွေ ကင်းအောင် ကြိုးစားကြည့်ပေမယ့် လောကဆက်ဆံရေးတွေမှာ အဆင်မပြေနိုင်တာကို တွေ့ရပါတယ်။ မုသာဝါဒသိက္ခာပုဒ်နဲ့ ပတ်သက်ပြီး မည်သို့ လိုက်နာကျင့်သုံးရမယ်ဆိုတာကို ထေရဝါဒနဲ့ မဟာယာနအမြင် နှစ်မျိုးအရ သိလိုပါတယ်။
စိုးမင်းညွန့်
---
သစ္စာမန္တန်
ဗုဒ္ဓလောင်းလျာ ငုံးငှက်မင်းဖြစ်စဉ်က ‘ငါ့မှာ အတောင်တွေတော့ ရှိပါရဲ့၊ ဒါပေမယ့် မပျံနိုင်သေးပါ။ ခြေထောက်တွေလဲ ရှိပါရဲ့၊ မပြေးနိုင်သေးပါ။ မိဖနှစ်ပါးလည်း ထွက်ပြေးကြပြီ။ (ဤမှန်တဲ့ သစ္စာစကားကြောင့်) အို တောမီး၊ ရှောင်းရှားပါလော့’လို့ သစ္စာပြုလိုက်လို့ တောမီးကွင်းပြီး အသက်ချမ်းသာခဲ့ပါတယ်။ ဒါကြောင့် ပါရမီခန်းပျို့မှာ ‘စကားသစ္စာ၊ မှန်သောခါကား၊ ဩဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏ (ပိုဒ်၊ ၁၂၃)’လို့ စပ်ဆိုပါတယ်။
သစ္စာမန္တန်နဲ့ အသက်ချမ်းသာသူတွေ၊ ရောဂါပျောက်ကင်းသူတွေ၊ ဘဝအခက်အခဲကို ကျော်လွှားနိုင်သူတွေအကြောင်း ကျမ်းဂန်မှာ များစွာဖော်ပြပါတယ်။ ‘မုသားစကား ဆိုတတ်သူဟာ ဘယ်မကောင်းမှုကိုမဆို လုပ်ဖို့ ဝန်မလေးဘူး’လို့ ဣတိဝုတ်ပါဠိတော် (စာ၊ ၂၀၇)မှာ မြတ်ဗုဒ္ဓ ဟောထားလို့ မုသားရဲ့ဆန့်ကျင်ဘက် သစ္စာတရားရဲ့လေးနက်ပုံနဲ့ မုသာဝါဒမှ ရှောင်ကြဉ်မှုရဲ့တန်ဖိုးကို နားလည်ဖို့လိုပါလိမ့်မယ်။
သစ္စာပါရမီ
ပါရမီဆိုတာ တစတစ ဖြည်းဖြည်းချင်း ဖြည့်ဆည်းရတာမျိုးပါ။ ထပ်ခါထပ်ခါ၊ မရပ်မစဲ၊ စိတ်ပါလက်ပါ၊ မတွန့်မဆုတ် လုပ်ရတယ်။ သစ္စာဆိုတာက ကတိတရားရဲ့ ပြီးပြည့်စုံခြင်း၊ မိမိစကားကို မဖောက်ဖျက်ခြင်း၊ ပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်းပြောခြင်းလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ဗုဒ္ဓလောင်းလျာတွေကျတော့ အမှန်တရားဟာ ဘဝလမ်းညွှန်ဖြစ်လို့ ယဉ်ကျေးမှုကို ဖော်ပြဖို့တောင် အမှန်တရားကို ဖုံးကွယ်လေ့မရှိဘူးတဲ့။ ကတိပေးပြီးရင် အသက်ကိုပင်စွန့်ရဲကြတယ်။
ဟိရီတဇာတ် (အမှတ် ၄၃) အရ ဗုဒ္ဓလောင်းလျာဟာ ဘဝသံသရာမှာ ကျင်လည်စဉ်မှာ အခြားသီလလေးပါးကို တစ်ခါတစ်ရံ ချိုးဖောက်နိုင်ပေမယ့် မမှန်စကားကိုတော့ လုံးဝ မမြွက်ဟဘူးတဲ့။ ဟိရိဇာတ် (အမှတ် ၃၆၃) မှာတော့ ‘ကတိအတိုင်း အမှန်ပင် တည်ပါစေ၊ မလုပ်နိုင်တဲ့ ကတိကို ငြင်းဆိုပါ၊ အချည်းနှီး ဝါကြွားသူတွေကို ပညာရှိတွေ မယုံကြည်ကြဘူး’လို့ သတိပေးပါတယ်။ မဟာသုတသောမဇာတ် (အမှတ် ၅၃၇)အရ ‘ကောင်းကင်ယံမှ နံနက်ခင်း ကြယ်စင်ဟာ မပြောင်းလဲတဲ့ လမ်းကြောင်းမှန်မှာ တည်နေသလို၊ ရာသီတွေ အချိန်တွေ နှစ်တွေလည်း ၎င်းတို့ရဲ့ လမ်းခရီးစဉ်မှ မသွေဖည်သလိုဘဲ အလုံးစုံ အသိပညာနဲ့ ပြောဆိုသူဟာ အမှန်လမ်းစဉ်မှ လုံးဝ မယိမ်းယိုင်ပါဘူး’ လို့ ဆုံးမပါတယ်။
အနှစ်သာရ
မပြောခင်နဲ့ ပြောဆဲမှာ မမှန်မှန်းသိလျက် ပြောဆိုတာကို မုသားလို့ ဆိုပါတယ်။ မုသားပြောချင်တဲ့ စိတ်ရှိနေရင်၊ အဲဒီစိတ်နဲ့ ကိုယ်နှုတ်တစ်ခုခုနဲ့ မိမိပတ်ဝန်းကျင်ကို မဟုတ်တာကို အဟုတ်၊ အဟုတ်ကိုမဟုတ် ပြောမိရင် မုသားမြောက်ပါတယ်။ မုသာဝါဒသိက္ခာပုဒ်နဲ့ လောကလူ့ဘောင်မှာ နေထိုင်ခိုက် အတွင်းစိတ်နဲ့ အပြင်ပ မြွက်ဆိုမှုတွေအကြား ခြားနားချက်မရှိအောင် လေ့ကျင့်ရပါမယ်။ မုသာဝါဒကို ရှောင်ကြဉ်သူရဲ့ ကိုယ်ပိုင်ဘဝဟာ အများသိတဲ့ မိမိဘဝနဲ့ တစ်ထပ်တည်းဖြစ်ပါတယ်။
သူတစ်ပါးရဲ့နှစ်လိုမှုကို ရယူဖို့ ကြွားဝါတာကိုမလုပ်ဘူး။ သူတစ်ထူးရဲ့ ချီးမွမ်းတာကို ရယူဖို့ ကိုယ့်ဟာကိုယ် ချီးမွမ်းစကားမဆို။ အဲဒါအတွက် ကိုယ့်ရဲ့ ချွတ်ယွင်းချက်တွေကို ဖုံးကွယ်မထား။ မိမိရဲ့ကိုယ်ကျင့်တရားကို အကျိုးမဲ့စွာ ထုတ်ဖော်မပြဘူး။ ချီးမွမ်းထိုက်သူကို ချီးမွမ်းစကားဆိုပြီး ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့တယ်။ ဒါပေမယ့် အထင်သေးလို့မဟုတ်ဘဲ သနားကြင်နာလို့သာ ဖြစ်ပါတယ်။
အမှန်တရားကို မြွက်ဆိုမှုဟာ အခြားသူတွေရဲ့ ကောင်းကျိုးချမ်းသာကို မဖြစ်ပေါ်စေရင် ဆိတ်ဆိတ်နေသင့်တာပေါ့။ အကယ်၍ အမှန်စကားဟာ အခြားသူတစ်ယောက်ကို အကျိုးရှိမဲ့ပုံပေါ်ရင် ပြောလိုက်မိလို့ မိမိကိုယ်တိုင်ကို နစ်နာစေနိုင်ပေမယ့် အဲဒီစကားကို မြွက်ဆိုသင့်တယ်။ မိမိစကားကို လေးစားသကဲ့သို့ အခြားပုဂ္ဂိုလ်တွေရဲ့ စကားကိုလည်း ထောမနာပြုပါတယ်။ ဆိုလိုတာက မုသာဝါဒသိက္ခာပုဒ်မှာ အဲဒီ အနှစ်သာရတွေပါလို့ လူ့အသိုင်းအဝိုင်းမှာ အဆင်ပြေနိုင်တဲ့ နည်းနဲ့ (အဲဒီနည်းက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး) တတ်နိုင်သမျှ ကြိုးစားပြီး လိုက်နာကျင့်သုံးဖို့သာ အရေးကြီးကြောင်းပါ။
ထေရဝါဒမှာရော မဟာယာနမှာပါ ပါရမီဆယ်ပါးနဲ့ အဲဒီအထဲမှာ သစ္စာပါရမီဆိုတာကို ဖော်ပြပါတယ်။ ဒါကြောင့် အခြေခံအနှစ်သာရအနေနဲ့ များစွာခြားနားမယ်လို့ မထင်ဘူး။
ဣဿာ-ဟူသည်
ဣဿာ စ၊ သူတကာ ချမ်းသာသည်ကို ကိုယ့်ထက် သာသည်ကို မမြင်ချင် မကြားချင် မြင်ပြန် ကြားပြန်လျှင်လည်း မချမ်းသာ မနှစ်သက်နိုင် မုန်းတတ် မြင်ပြင်းကပ်တတ် မနာလို ငြူစူတတ်သော ဣဿာလည်းကောင်း။
မစ္ဆရိယဉ္စ၊ မိမိဥစ္စာကို သူတကာနှင့် မဆက်ဆံလို မပေးလို သူကာနှင့် ဆက်ဆံပြန်လျှင်လည်း မချမ်းသာ မခံသာ မယှငှက်ကဲ့သို့ ဝန်တိုတတ်သော မစ္ဆရိယလည်းကောင်း။
(ပရမတ္ထစက္ခုကျမ်း၊ စာ-၁၈၈)
---
၉။ လူသတ်ဖို့ ညွှန်ကြားသူ
အောက်တိုဘာ ၂၃၊ ၂၀၀၇။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ရဟန်းတစ်ပါးသည် လေးမြား၊ ဓား၊ တုတ်၊ သေနတ်စသော လက်နက်ကိုင်ဆောင်ထားသူများအား သို့တည်းမဟုတ် အာဏာပါးကွက်သား လူသတ်သမားများအား အခြားသော လူသားတစ်ယောက်ကို သတ်ဖြတ်ရန် တိုက်တွန်း၊ အားပေး၊ နည်းပြလမ်းညွှန် လုပ်ကောင်းပါသလား၊ သို့တည်းမဟုတ် အားပေးစကား တိုက်တွန်းစကား ပြောဆိုကောင်းပါသလား။ အကယ်၍ ပြောဆို ပြုလုပ်ခဲ့လျှင် ထိုရဟန်းသည် ဝိနည်းအရ မည်သည့် အပြစ် ရှိပါသနည်း။ အပြစ်ကြီးသလား၊ ပေါ့သလားဆိုသည်ကို ကျမ်းဂန်နှင့် အညီဖြေကြားပေးစေချင်ပါသည်။
နေမျိုးလင်း (Austin, TX)
---
ဓမ္မဂုဏ်ရည်ကို ညှိုးစေသူ
ပိဋကတ်သုံးပုံထဲမှာ ‘ဗုဒ္ဓဘုရားရှင်ဟာ မိမိကိုဖြစ်စေ၊ မိမိနှင့်ပတ်သက်သူကိုဖြစ်စေ ဆန့်ကျင်တဲ့ လူတွေကို စိတ်ဆိုးပြီး အဲဒီလူတွေကို သတ်ပစ်ဖို့ လက်နက်ရှိသူတွေကို အားပေးတယ်’ဆိုတဲ့ စာကြောင်းတိုလေး တစ်ကြောင်းလောက်သာ ပါခဲ့မယ်ဆိုရင် ဗုဒ္ဓရဲ့တရားတော်မှာ ‘ဧဟိ ပဿကော = လာပါ ရှုပါ’လို့ စမ်းသပ်ခံနိုင်တဲ့ ဓမ္မဂုဏ်ရည် မရှိနိုင်တော့ပါဘူး။ ဗုဒ္ဓဘာသာဟာ ကမ္ဘာပေါ်မှာ ယခုလောက်လဲ ထွန်းပြောင်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဗုဒ္ဓတရားတော်အရ သက်ရှိသတ္တဝါတစ်ယောက်ကို သတ်ဖို့ သို့တည်းမဟုတ် သတ်ခိုင်းဖို့ မည်သည့်ဖန်ဆင်းရှင် သို့တည်းမဟုတ် ဗြဟ္မာဘုရား နတ်သိကြားမှာမှ အထူးအခွင့်အရေးမရှိပါဘူး။ သင့်လက်ပေါ်မှာ တွားသွားနေတဲ့ ပုရွက်ဆိတ်ကလေးကိုတောင် စိတ်ထင်တိုင်း သတ်ဖို့အခွင့်အရေး သင့်မှာမရှိဘူး။
ဗုဒ္ဓတရားတော်အစစ်က အဲဒီလို ဖြစ်လို့ ဗုဒ္ဓရဲ့သားတော်ဖြစ်တဲ့ ရဟန်းအစစ်တွေက လူတစ်ယောက်ကို သတ်ဖို့ လက်နက်ကိုင် လူသတ်သမားကို ဘယ်လိုလုပ်ပြီး တိုက်တွန်းအားပေးကောင်းပါ့မလဲ။ အားပေးတိုက်တွန်းခဲ့ရင်လည်း အဲဒီရဟန်းဟာ ကိုယ်တိုင် အလိုအလို ရဟန်းအဖြစ်က လူ့အဖြစ်ကို လျှောကျသွားရုံမက ပြောပြခဲ့တဲ့ ဗုဒ္ဓရဲ့ ဓမ္မဂုဏ်ရည်ကိုလည်း ညှိုးမှိန်အောင် လုပ်ရာကျပါတယ်။
လူသတ်အင်္ဂါငါးပါး
ရဟန်းတစ်ပါးဟာ ကိုယ်တိုင် လူကိုသတ်ရင်၊ အနည်းဆုံး ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပဋိသန္ဓေဖျက်ဆေး ပေးမိရင်၊ ဒါမှမဟုတ် အခြားတစ်ယောက်ကို လူသတ်ဖို့ စေခိုင်းအားပေးတိုက်တွန်းရင်၊ သေချင်နေတဲ့ လူကို သေတာကောင်းတယ်လို့ မြှောက်ပေးရင်၊ သေချင်နေသူရဲ့ အနီးအနားမှာ လူသတ်ပစ္စည်းတွေကို ချထားပေးရင် အဲဒီရဟန်းဟာ သင်္ကန်းဝတ်ထားပေမယ့် ရဟန်းဆိုတဲ့ အရေအတွက်ထဲ မပါတော့ဘူး။ လူသတ်မှုထမြောက်ဖို့အတွက်
၁) သတ်မဲ့လူဟာ လူသားစင်စစ်ဖြစ်ခြင်း
၂) အဲဒီလူ အသက်ရှိနေတယ်လို့ သိခြင်း
၃) သတ် (သေစေ) လိုတဲ့ စေတနာရှိခြင်း
၄) ကိုယ်တိုင် လုံ့လပြု၍ သတ်ခြင်း
၅) အသတ်ခံရသူ သေဆုံးခြင်းလို့ အင်္ဂါငါးချက်ရှိပါတယ်။
စေခိုင်းပုံ ၆ မျိုး
အခြားလူကို စေခိုင်းရာမှာ သတ်မှတ်ချက်လွဲခဲ့ရင်တော့ အာပတ်မသင့် (ပါရာဇိကမကျ)ဘူး။ ဥပမာ ‘ဦးဒတ္တကို (ဝတ္ထု)၊ မွန်းလွဲ ၁ နာရီအချိန် (ကာလ)၊ ရွှေတိဂုံဘုရားအရှေ့ဖက်မုခ်မှာ (ဩကာသ)၊ လှံစွပ်နဲ့ (အာဝုဓ)၊ (ဦးဒတ္တ) လမ်းလျှောက်နေတုန်း (ဣရိယာပထ)၊ ရှေးတည့်တည့်ကနေ ဗိုက်ကို ထိုးပြီး (ကြိယာဝိသေသ) သတ်ပါ’လို့ ဆရာတော် ဦးတိဿက သတ်ဖို့ ခိုင်းခဲ့ပေမယ့် လူသတ်သမားက ဦးဒတ္တကို မသတ်ဘဲ ဦးဇောတကို သတ်မိရင် ဖြစ်စေ၊ လှံစွပ်နဲ့ မထိုးဘဲ သေနတ်နဲ့ပစ်ရင် ဖြစ်စေ (ခြောက်ချက်ထဲက တစ်ချက်ချက်လွဲခဲ့ရင်) ဆရာတော် ဦးတိဿ အာပတ်မသင့် (ပါရာဇိကမကျ)ဘူး။
အဲဒီ ခြောက်ချက်နဲ့ သတ်ဖို့ အတိအကျခိုင်းရင် အတိအကျ ညီညွတ်မှ ခိုင်းသူဟာ ပါရာဇိကကျ (ရဟန်းအဖြစ် ဆုံးရှုံး) ပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်မရှိဘဲ သာမန်စေခိုင်းရင်တော့ အာပတ်လွတ်လမ်းမရှိနိုင်ပါဘူး။ ဥပမာ လူသတ်သမားကို ဆရာတော် ဦးတိဿက ‘ဟေ့ ဒကာ၊ ဦးဒတ္တကို သွားပြီး သတ်ပစ်ချေ’လို့ သာမန်ပဲ ပြောလို့ လူသတ်သမားအနေနဲ့ ဦးဒတ္တကို သွားသတ်ရင် ဦးဒတ္တသေတဲ့ အချိန်မှာ ဆရာတော်ဦးတိဿ ဘုန်းကြီးမဟုတ်တော့ဘူး။
သတ်မှတ်ချက် မရှိလို့
ဆရာတော် ဦးတိဿက လက်နက်ကိုင်တွေကို ‘ခင်ဗျားတို့ကို ဆန့်ကျင်အာခံနေသူတွေဟာ ခင်ဗျားတို့ရဲ့ ရန်သူပဲ၊ ရန်သူဆိုတာကို အကြွင်းအကျန် မထားနဲ့၊ အပြတ်ရှင်းပစ်’လို့ သာမန်ပဲ တိုက်တွန်းအားပေးပြီးတဲ့နောက် လက်နက်ကိုင်တွေက (ဆရာတော် ဦးတိဿက တို့ကို ရန်သူကို အပြတ်ရှင်းပစ်ဖို့ သင်ကြားပေးလိုက်တာပဲ ဆိုတဲ့အသိနဲ့) ၎င်းတို့ကို ဆန့်ကျင်သူ မှန်သမျှကို ‘ဘယ်သူ့ကိုမဆို၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လက်နက်၊ ဘယ်လိုနေတုန်း၊ ဘယ်နည်းနဲ့ပဲ သတ်သတ်၊ သတ်ဖို့အမိန့်ပေးပေး’ ဆန့်ကျင်ဖက်အုပ်စုမှာ လူတစ်ယောက်သေတာနဲ့ စေခိုင်းသူ ဆရာတော် ဦးတိဿ ရဟန်းမဟုတ်တော့ဘဲ သင်္ကန်းဝတ်ကြီး ဖြစ်သွားပါတယ်။ ဦးတိဿဟာ ခေါင်းပြတ်သွားတဲ့ လူကို ပြန်ရှင်အောင် လုပ်လို့မရသလို တစ်သက်လုံး ဘုန်းကြီးပြန်ဝတ်ခွင့်လည်း မရတော့ဘူး။ အပြစ်က အဲဒါလောက် ကြီးတယ်။
---
၁၀။ နောက်ဆုံးချုပ်တဲ့ ရုပ်
စက်တင်ဘာ ၁၉၊ ၂၀၀၇။
---
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော် သိချင်တာတစ်ခုရှိပါသည်။ ယင်းမှာ စုတေစိတ် မကျမီ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ တစ်ခုပြီးတစ်ခု ချုပ်သည်ဟု ကြားဖူးပါသည်။ စုတေစိတ်မကျမီ မည်သည်ကစ၍ ချုပ်ပြီး၊ နောက်ဆုံး မည်သည်က ချုပ်သည်ကို ဖြေကြားပေးပါ။
ရိုသစွာဖြင့်
Warren Aung, New Zealand
---
စိတ်ဖြစ်ကြိမ်
ပန်းတစ်ပွင့်ကိုမြင်တဲ့ ‘မြင်သိစိတ် ဖြစ်စဉ်’မှာ ပန်းပွင့်ရယ်လို့ အတိအကျသိတဲ့ ‘မြင်သိစိတ်’နဲ့ အတူ စိတ်ပေါင်း ၁၇ ခု အစီအရီ တစ်ပြိုင်နက်လိုလို ဖြစ်သွားပါတယ်။ ဒီစိတ် ၁၇ ခု သို့မဟုတ် ၁၇ ကြိမ်ကို စိတ္တက္ခဏကြီးလို့ ခေါ်တယ်။ အဲဒီစိတ္တက္ခဏကြီး တစ်ကြိမ်စီမှာ ဥပါဒ် (ဖြစ်ဆဲ) ဌီ (တည်ဆဲ) နဲ့ ဘင် (ပျက်ဆဲ) လို့ ခဏငယ် သုံးခုစီပါတယ်။ ခဏငယ်သုံးခုပေါင်းရဲ့ ကြာမြင့်ချိန်ကိုတော့ စိတ်တစ်ခုရဲ့ သက်တမ်း (စိတ်သက်) လို့ ခေါ်တယ်။ စိတ္တက္ခဏကြီး ၁၇ (ဥပါဒ် ဌီ ဘင် ခဏငယ် ၅၁) ရဲ့ ကြာမြင့်ချိန်က ရုပ်ရဲ့သက်တမ်း (ရုပ်သက်)ပဲ။ ရုပ်တစ်ခုရဲ့ သက်တမ်းဟာ စိတ်သက် ၁၇ ခုနဲ့ ညီတယ်ဆိုတဲ့ သဘောပါ။
တစ်ခါ ရုပ်သက်မှာလဲ ဥပါဒ် ဌီ ဘင်လို့ ခဏငယ်သုံးခုစီ ရှိပြန်ရာမှာ ဥပါဒ်နဲ့ ဘင် ခဏတွေက စိတ်နဲ့ သက်တမ်း တူတယ်။ ရုပ်တစ်ခုရဲ့ဌီ (တည်ဆဲ) ခဏ သက်တမ်းက စိတ်သက်တမ်းရဲ့ ခဏကြီး ၁၆ နှင့် ခဏငယ်တစ်ချက် (ခဏငယ်သက်သက် ၄၉)နဲ့ ညီပါတယ်။
လက်ဖျစ်တစ်ချက်တီး ကာလအတွင်း ခဏငယ်သုံးခုပါတဲ့ စိတ်ဖြစ်ကြိမ်ပေါင်း ကုဋေတစ်သိန်းမက ဆက်တိုက်ဖြစ်ပျက်ပါသတဲ့။ ကွန်ပျူတာနဲ့ လိုက်လို့ မမီနိုင်ပါဘူး။ ဒါက ရှေ့မှာပြောမယ့်စကားကို နားလည်နိုင်ဖို့ ဖော်ပြရတဲ့ အဘိဓမ္မာအခြေခံလေးပါ။
သေခြင်းအဖွင့်
‘ဇီဝိတိန္ဒြေဟူသော အသက် (အာယု)၊ ကမ္မဇတေဇောဟူသော အခိုးအငွေ့ (ဥသ္မာ)၊ သိစိတ်ဝိညာဏ် (ဤတရားသုံးပါး) ဤကိုယ်ခန္ဓာကို စွန့်ခွာသောအခါ ဤခန္ဓာကိုယ်သည် စွန့်ပစ်ခံရပြီး စိတ်စေတနာ စေ့ဆော်မှုမရှိဘဲ ပိုးလောက်များ၏ အစားအစာဖြစ်သွားတော့၏ (သံ၊ ၂၊ ၁၁၆)’။ ဒါကတော့ သံယုတ်ပါဠိတော်မှာ တိုက်ရိုက်လာတဲ့ ‘သေခြင်း’ရဲ့ အဓိပ္ပာယ်အဖွင့်ပါ။ အာယု၊ ဥသ္မာ၊ ဝိညာဏ် ဒီသုံးမျိုး ဒီခန္ဓာကိုယ်နဲ့အတူ မရှိတော့ရင် သေပြီ။
‘စုတေခါနီး၌ စုတိစိတ်မကျမီ ၁၇ ကြိမ်မြောက်စိတ်၏ ဌီ (တည်ဆဲ) ကာလမှစ၍ ကမ္မဇရုပ်သစ်များ (ဆက်) မဖြစ်ကုန်။ (ဌီခဏ၏ ရှေ့မှာ ဖြစ်ခဲ့သည့်) ဥပါဒ် (ဖြစ်ဆဲ) ခဏ၌ ဖြစ်ပေါ်ပြီး ကမ္မဇရုပ်များလည်း စုတိစိတ်၏ ဘင်နှင့် ပြိုင်တူ ချုပ်ပျောက်သွား၏ (ရူပပရိစေဒ၊ အဘိဓမ္မတ္ထသင်္ဂဟ)’။ ဒါကြောင့် ‘သေတယ်ဆိုတာ စုတိစိတ်ဖြစ်ပြီးနောက် ကမ္မဇရုပ်တွေ ဆက်မဖြစ်တော့ခြင်း’လို့ ဆိုလိုပါတယ်။
နောက်ဆုံးချုပ်တဲ့ ရုပ်
ကမ္မဇရုပ် ၁၈ မျိုးရှိတယ်။ အဲဒါတွေက ဟဒယရုပ်၊ မျက်စိ (အကြည်)၊ နား (အကြည်)၊ နှာခေါင်း (အကြည်)၊ လျှာ (အကြည်)၊ ကိုယ် (အကြည်)၊ ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်၊ ဇီဝိတရုပ်၊ ဝဏ္ဏ (အဆင်း)၊ ဂန္ဓ (အနံ့)၊ ရသ (အရသာ)၊ ဩဇာ၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသဓာတ် ဖြစ်ပါတယ်။ အဲဒီ ကမ္မဇရုပ်တွေ အားလုံးဟာ စုတိစိတ်ရဲ့ ဌီ (တည်ဆဲ) ခဏကစပြီး အသစ်မဖြစ်တော့ဘူး။ စုတိစိတ်ရဲ့ ဥပါဒ် (ဖြစ်ဆဲ) ခဏတုန်းက ဖြစ်ပေါ်ပြီးဖြစ်တဲ့ ကမ္မဇရုပ်တွေအားလုံးလဲ စုတိစိတ်ရဲ့ ဘင် (ပျက်ဆဲ) ခဏမှာပဲ (စုတိစိတ္တသမကာလမေဝ) ပြိုင်တူချုပ်သွားပါတယ်။
ဒါကြောင့် မျက်စိ၊ နား၊ နှာ၊ လျှာတို့ တစ်ခုပြီးတစ်ခု ချုပ်တယ်လို့ မဆိုနိုင်ပါဘူး။ ပြိုင်တူချုပ်တယ်လို့ ပဲဆိုနိုင်တယ်။
အဘိဓမ္မတ္ထသင်္ဂဟကျမ်း အလိုအရ ကမ္မဇရုပ်တွေ ချုပ်ပြီးနောက် စိတ္တဇရုပ် ၁၅ (ကာယဝိညတ်၊ ဝစီဝိညတ်၊ သဒ္ဒ၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသဓာတ်)နဲ့ အာဟာရဇရုပ် ၁၂ (စိတ္တဇရုပ် ၁၅ ထဲက ကာယဝိညတ်၊ ဝစီဝိညတ်နဲ့ သဒ္ဒကိုနုတ်)တွေ ပြတ်စဲကြတယ်။
ဥတုဇရုပ် ၁၃ (စိတ္တဇရုပ် ၁၅ ထဲက ကာယဝိညတ်နဲ့ ဝစီဝိညတ်ကို နုတ်) ကတော့ သေလို့ အလောင်းကောင်ဖြစ်ပြီးနောက် အရိုးစု၊ အဲဒီအရိုးစုဆွေးလို့ မြေမှုန်ဖြစ်ပြီး ကမ္ဘာမြေပျက်သည်အထိ ဆက်ဖြစ်ပါတယ်။ ဒါကြောင့် အဘိဓမ္မာအလိုအရ နောက်ဆုံးချုပ်တဲ့ ရုပ်ကတော့ ဥတုဇရုပ်ပဲ ဖြစ်ပါလိမ့်မယ်။
---
၁၁။ သံဃာသင်းခွဲကံ ထိုက်သူ
စက်တင်ဘာ ၁၅၊ ၂၀၀၇။
---
မေးလျှောက်အပ်ပါသည်ဘုရား၊
ပဉ္စာနန္တရိယကံနဲ့ ပတ်သက်ပြီး မရှင်းလို့ မေးစရာလေး ရှိပါတယ်။ သိလိုတာက လူတွေ (သာမန်အရပ်သား သို့မဟုတ် ဥပါသကာ ဥပါသိကာမတွေ) က သံဃာညီညွတ်မှုကို ပျက်ပြားအောင် လုပ်တာလား၊ သို့တည်းမဟုတ် အမှတ်တမဲ့ဖြစ်စေ တမင်သက်သက်ဖြစ်စေ သံဃာကပဲ သံဃာညီညွတ်မှုကို ပျက်ပြားအောင် လုပ်နိုင်တာလား။
ဥပမာတစ်ခု ပြောရရင်၊ အချို့နေရာတွေမှာ ဗုဒ္ဓဘာသာဝင် (လူ)တွေနဲ့ ဘုန်းကြီးတွေ ဘုန်းကြီးကျောင်းကို ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားကြတာ ရှိပါတယ်။ အဲဒီလို အငြင်းပွားမှုဟာ တစ်ခါတစ်ရံမှာ အဲဒီဒေသက လူတွေကိုရော ရဟန်းသံဃာတွေကိုပါ ကွဲပြားသွားစေပါတယ်။ ပါဠိကျမ်းဂန်နဲ့ ဖြစ်ရပ်မှန်တွေနဲ့ ရှင်းပြပေးစေချင်ပါတယ်။
ဇော်ဝင်းမြင့်၊ ဒူဘိုင်း။
---
သံဃာသင်းခွဲသူ
‘ဥပါလိ၊ လူ (ဥပါသကာ၊ ဥပါသိကာမ) သာမဏေတို့သည် သံဃာကို မခွဲနိုင်။ ခွဲခြင်းငှာသော်ကား အားထုတ်နိုင်၏ (ဝိ၊ ၄၊ ၃၆၇)’လို့ အရှင်ဥပါလိမထေရ်ကို မြတ်ဗုဒ္ဓ မိန့်တော်မူတဲ့အတွက် သံဃာသင်းခွဲသူဟာ ရဟန်းပဲ ဖြစ်နိုင်ပါတယ်။ လူ၊ သာမဏေတွေကတော့ သံဃာကွဲအောင် ဘေးကသွေးထိုးလှုံ့ဆော်သူပဲ ဖြစ်နိုင်ပါတယ်။
‘ဥပါလိ၊ ပကတတ် (အာပတ်စင်ကြယ်) ဖြစ်သော၊ တူမျှသော ပေါင်းသင်းမှုရှိ (မကွဲပြားသေး) သော၊ တူမျှသော သိမ် (သိမ်တစ်ခုတည်း) ၌ တည်သော ရဟန်းသည် သံဃာကို ခွဲနိုင်၏ (ဝိ၊ ၄၊ ၃၆၇)’ ဆိုတဲ့ ပါဠိတော်အရ သိမ်ထဲမှာ အနည်းဆုံး ရဟန်း ၉ ပါး သံဃာ့ကံပြုဖို့ လုပ်နေတုန်း ရဟန်းတစ်ပါးက ဘေဒကရဝတ္ထု (သံဃာကွဲပြားကြောင်း) ၁၈ မျိုးကို ပြဆိုရင်း သံဃာအချို့ကို မိမိဖက်ပါအောင် စည်းရုံးပြီး မိမိနောက်ပါတဲ့ အုပ်စုနဲ့ အဲဒီသိမ်ထဲမှာပဲ သံဃာ့ကံကို သီးခြားပြုရင် အဲဒီရဟန်းဟာ သံဃာသင်းခွဲသူလည်း ဖြစ်တယ်၊ ပဉ္စာနန္တရိယကံကြီးလည်း ထိုက်တယ် (ဝိ၄၊ ၃၆၇)။
(သိမ်ထဲမှာဖြစ်ပေမယ့်) ရဟန်း ၉ ပါး မပြည့်ရင် သံဃာသင်းခွဲသူလို့လည်း မဆိုနိုင်၊ ပဉ္စာနန္တရိယကံလည်း မထိုက်ဘူး (မ၊ ဋ္ဌ၊ ၄၊ ၇၇)။ သင်းခွဲသူ အဓမ္မဝါဒီရဲ့ နောက်လိုက်တွေကတော့ ကံကြီးမထိုက်ပေမယ့် မဟာသာဝဇ္ဇဖြစ် (အပြစ်ကြီး)ပါတယ် (အဘိ၊ ဋ္ဌ၊ ၂၊ ၄၀၈)။
မှတ်ဖို့က ပဉ္စာနန္တရိယကံမြောက်တဲ့ သံဃာသင်းခွဲမှုကို ရဟန်းကပဲ ဖြစ်စေနိုင်တယ်လို့ ဖြစ်ပါတယ်။
ဘေဒကရဝတ္ထု ၁၈ မျိုး
၁) ရဟန်းသည် အဓမ္မ (မမှန်သည်)ကို ဓမ္မ (အမှန်)ဟုဆို၏၊
၂) ဓမ္မ (မှန်သည်) ကို အဓမ္မ (မမှန်)ဟုဆို၏၊
၃) အဝိနယ (ဝိနည်းမဟုတ်) ကို ဝိနယ (ဝိနည်းဟုတ်)ဟု ဆို၏၊
၄) ဝိနယ (ဝိနည်းဟုတ်)ကို အဝိနယ (ဝိနည်းမဟုတ်)ဟု ဆို၏၊
၅) ဗုဒ္ဓဟောကို ဗုဒ္ဓမဟောဟု ဆို၏၊
၆) ဗုဒ္ဓမဟောကို ဗုဒ္ဓဟောဟု ဆို၏၊
၇) ဗုဒ္ဓလေ့ကျက်သည်ကို မလေ့ကျက်ဟု ဆို၏၊
၈) ဗုဒ္ဓမလေ့ကျက်သည်ကို လေ့ကျက်ဟု ဆို၏၊
၉) ဗုဒ္ဓပညတ်သည်ကို မပညတ်ဟု ဆို၏၊
၁၀) ဗုဒ္ဓမပညတ်သည်ကို ဗုဒ္ဓပညတ်ဟု ဆို၏၊
၁၁) အာပတ်မဟုတ်သည်ကို အာပတ်ဟု ဆို၏၊
၁၂) အာပတ်ဟုတ်သည်ကို မဟုတ်ဟု ဆို၏၊
၁၃) အပြစ်ပေါ့အာပတ်ကို အပြစ်လေးအာပတ်ဟု ဆို၏၊
၁၄) အပြစ်လေးအာပတ်ကို အပြစ်ပေါ့အာပတ်ဟု ဆို၏၊
၁၅) ချွင်းချက်ရှိအာပတ်ကို ချွင်းချက်မရှိအာပတ်ဟု ဆို၏၊
၁၆) ချွင်းချက်မရှိအာပတ်ကို ချွင်းချက်ရှိအာပတ်ဟု ဆို၏၊
၁၇) ရုန့်ရင်းသောအာပတ်ကို မရုန့်ရင်းသောအာပတ်ဟု ဆို၏၊
၁၈) မရုန့်ရင်းသောအာပတ်ကို ရုန့်ရင်းသောအာပတ်ဟု ဆို၏၊
(ဝိ၄၊ ၃၆၇)။
တစ်ခြားစီယူပါ
ဒီနေရာမှာ သံဃဘေဒက ဖြစ်အောင်လုပ် (သံဃာသင်းခွဲ) လို့ ကံကြီးထိုက်တာနဲ့ သံဃာ့ညီညွတ်ရေးပျက်အောင် လုပ်တာကို တစ်ခြားစီယူသင့်ပါတယ်။ ပါဠိတော်မှာ ပြဆိုတဲ့အတိုင်း သံဃာ့ညီညွတ်ရေးပျက်အောင်တော့ လူတွေလည်း လုပ်နိုင်တာပါပဲ။ လူတစ်ယောက်ဟာ ဘေဒကရဝတ္ထု ၁၈ ပါးကို ကိုယ်တိုင်သိလို့ ဖြစ်စေ၊ ဘုန်းကြီးတွေဆီက တစ်ဆင့်ကြားရလို့ ဖြစ်စေ လူတွေအကြား ဘုန်းကြီးတွေအကြား ဝါဒဖြန့်ပြောဆိုနိုင်တာပဲ။ သို့မဟုတ် ဘေဒကရဝတ္ထုနဲ့ အလားတူ ကုန်းချောစွပ်စွဲစကားတွေကို သို့မဟုတ် ဟိုဖက်ဘုန်းကြီး ဒီဖက်ဘုန်းကြီး ဟိုအုပ်စုနဲ့ ဒီအုပ်စုအကြား ပိန်ဖျင်းတဲ့စကား (ဘေဒကရဝတ္ထု) တွေကို အပို့အယူလုပ်ရင် ညီညွတ်နေတဲ့ သံဃာတွေ ကွဲပြားသွားနိုင်ပါတယ်။
အဲဒီလို လုပ်ရာမှာ အဓမ္မဝါဒီ (မမှန်သူ) နောက်ကို လိုက်ပြီး ဓမ္မဝါဒီတွေကို မဟုတ်မတရား စွပ်စွဲမိရင်တော့ အဲဒီလူတွေ အပြစ်ကြီးထိုက်ပါလိမ့်မယ်။ ဤဘဝ နောင်ဘဝ လူမွှေးမပြောင်နိုင်ပါဘူး။ အစတော့ မသိဘူး။ တဖြည်းဖြည်း ဆုတ်သွားတဲ့ လလို ဖြစ်တတ်ပါတယ်။
မေးခွန်းအာဘော်
မေးခွန်းရဲ့ဒုတိယပိုင်းနဲ့ ပတ်သက်လို့ နည်းနည်းပြောစရာရှိတာက မြန်မာပြည်မှာ ဗုဒ္ဓဝါဒီလူဥပါသကာတွေနဲ့ ရဟန်းတွေအကြား ဘုန်းကြီးကျောင်းပိုင်ဆိုင်မှုပြဿနာ မရှိသလောက် ဆိုတာပါပဲ။ ရှိချင်တော့ ရှိဖူးမယ်၊ ဒါပေမယ့် ရှားရှားပါးပါးပဲနေမှာပါ။ ဘာကြောင့်လဲဆိုရင် အလှူရှင်က ဘုန်းကြီးကျောင်းကို ပြန်လုယူပြီး အိမ်လုပ်ပစ်ဖို့ မဖြစ်နိုင်လို့ပါ။ ပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် ဘာသာရေးအဖွဲ့တစ်ခုက ရဟန်းတစ်ပါး သို့မဟုတ် သံဃာ (ရဟန်းအများ) ကို ရေစက်ချလှူဒါန်းပြီးပြီဆိုရင် မြန်မာ့ဥပဒေအရ အလှူရှင် (ပုဂ္ဂိုလ်၊ အဖွဲ့) က အဲဒီကျောင်းကို မပိုင်ဆိုင်တော့ပါဘူး။ တရားစွဲလို့လည်း မရတော့ပါဘူး။
ဘုန်းကြီးအချင်းချင်ပဲ ဘုန်းကြီးကျောင်းပိုင်ဆိုင်မှုပြဿနာ ရှိတာပါ။ အထူးသဖြင့် ပျံလွန်တော်မူတဲ့ ဆရာတော်က မည်သည့် တပည့်ကိုမျှ စာချုပ်စာတမ်းနဲ့ အတိအကျ လွှဲမအပ်ခဲ့ရင် ဒါမျိုး ကြုံရတတ်ပါတယ်။ နောက်တစ်မျိုးမှာ ဆရာတော်ကြီး ပျံတော်မူခါနီး ရဟန်းငယ် ဦးတိဿက အနီးအနားမှာ စောင့်ရှောင့်နေပေမယ့် ဆရာတော်က အဝေးရောက်နေတဲ့ တူတော်မောင်ဦးဒတ္တကို ကျောင်းအပ်ခဲ့ပြီး လူအများစုကလည်း ဦးတိဿကိုပဲ ကြည်ညိုကြတယ်ဆိုရင် အားလုံးပုထုဇဉ်ဘာဝပေမို့ ပြဿနာဖြစ်ဖို့ သေချာသလောက်ပါပဲ။
စိတ်ထားမှန်စေ
အစစ်ပါပဲ။ သံဃာကွဲရင် လူတွေကွဲတယ်။ ကျေးရွာနှစ်ခြမ်းကွဲတယ်။ လင်မယားကွဲတာတောင် တွေ့ဖူးပါတယ်။ ကျမ်းဂန်မှာ ပြတာက ကိုယ်စောင့်နတ်တွေလည်း ကွဲတယ်၊ အဲဒီကတစ်ဆင့် မြေကိုမှီတဲ့ နတ်တွေ၊ အာကာသမှာနေတဲ့ နတ်တွေကွဲတယ်၊ ဗြဟ္မာ့ဘုံအထိ အရိယာဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေမှတစ်ပါး အကုန်နှစ်အုပ်စုစီ ကွဲကုန်ပါသတဲ့ (မ၊ ဋ္ဌ၊ ၄၊ ၂၄)။ ဒါကြောင့် သံဃာကွဲတာဟာ အကျိုးမရှိပါဘူး။ အကျိုးယုတ်ပါတယ်။ အပါယ်ငရဲရောက်ကြောင်းလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သံဃာကွဲခြင်းကိစ္စဟာ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်မှာတောင် ဖြစ်ခဲ့ဖူးတာမို့ လူ့သဘာဝနဲ့ သမိုင်းစဉ်အရ ရှောင်လွှဲမရနိုင်တဲ့ အခြေအနေတစ်ရပ်လို့ပဲ ဆိုပါရစေ။ အစုရှိရင် အမှုရှိမြဲပါ။
လောကမှာ သက်ရှိရော သက်မဲ့ပါ ဖိုဓာတ်မဓာတ် (ဆန့်ကျင်သဘာဝ) နှစ်မျိုးဟာ ခွဲမရသလို မည်သည့်လူ့အသိုင်းအဝိုင်းမှာမဆို သဘောထားကွဲပြားတဲ့ အုပ်စုတစ်စုဟာ ရှိစမြဲပါ။ ဒါကြောင့် မလွှဲသာလို့ အဲဒီလို (ကွဲပြားမှု) ဖြစ်လာရင် နှစ်ဖက်လုံးအစွန်းမရောက်ဘဲ၊ တစ်ဖက်သားကို မထိခိုက်စေဘဲ ကိုယ်ယုံကြည်ရာကို စေတနာမှန်မှန်နဲ့ ချီတက်နိုင်ဖို့ မိမိစိတ်ထားကို ပြုပြင်သင့်ပါတယ်။
နိဗ္ဗာန်ဘုံ
ဘဝေ ဝိဇ္ဇမာနေ၊ ဝိဘဝေါပိ ဣစ္ဆိတဗ္ဗကော။
(ဗုဒ္ဓဝံသ၊ သုမေဓပတ္ထနာခန်း၊ ၁၀-ဂါထာ)
ဘဝေ၊ သတ္တဝါတို့ သတ္တဝါအဖြစ်ဖြင့် ဖြစ်ရာ ဘုံဌနဘဝဟူသည်။ ဝိဇ္ဇမာနေ၊ ဤလောကထဲ၌ ထင်ရှားရှိသည်ရှိသော်။ ဝါ၊ ရှိသောကြောင့်ပင်။ ဝိဘဝေါ၊ သတ္တဝါတို့ သတ္တဝါအဖြစ်ဖြင့် မဖြစ်ရရာ နိဗ္ဗူတာဌာန ရှိသည်၏ အဖြစ်ကိုလည်း။ ဣစ္ဆိတဗ္ဗကော၊ အလိုရှိသင့်ရှိထိုက်လှပေသလျှင် ကတည်း။
သတ္တဝါတို့၏ ခန္ဓာကိုယ်နှင့်တကွ ဖြစ်ရာဘဝဟူသော ဤလူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ ထင်ရှားရှိသကဲ့သို့ သတ္တဝါတို့၏ ခန္ဓာကိုယ်နှင့်တကွ မဖြစ်ရရာ ပရိနိဗ္ဗုတ ပုဂ္ဂလ၏ အဖြစ်ဖြင့်တည်နေရာ ဝိဘဝ ဟူသော နိဗ္ဗုတာအရပ်ဟူသည် ထင်ရှားရှိရမည် ဧကန် မှတ်သင့်မှတ်ထိုက်တော့သည် ဟူလို။
(ဂမ္ဘီရာဂမ္ဘီရမဟာနိဗ္ဗုတတဒီပနီကျမ်း၊ စာ-၈၆)။
၁၂။ လေးကျွန်းတစ်မြင်းမိုရ်
စက်တင်ဘာ ၆။ ၂၀၀၇။
-------------------
ရိုသေစွာလျှောက်ထားပါရစေ အရှင်ဘုရား၊
တပည့်တော် ကာလီဖိုးနီးယားက ကျောင်းသားတစ်ယောက်ပါ။ မိတ်ဆွေတစ်ယောက်က ကျွန်းကြီးလေးကျွန်း ပတ်ရံထားတဲ့ စိတ်ကူးယဉ်တောင် (မြင်းမိုရ်တောင်) အကြောင်းကို ပြောလာပါတယ်။ မြင်းမိုရ်တောင်နဲ့ ကျွန်းကြီးလေးကျွန်း အကြောင်းကို ဗုဒ္ဓဟောကြားပါသလား။ ဒါမှမဟုတ် အဲဒီတောင်က စိတ်ကူးယဉ် ဒဏ္ဍာရီ သက်သက်လား။ တကယ်ကော ရှိနိုင်ပါ့မလား။ ဗုဒ္ဓကိုယ်တိုင် ဟောကြာခဲ့တယ်ဆိုရင် နည်းနည်းလောက် ထပ်ဆင့် ရှင်းပြပေးပါ။ ယနေ့ ခေတ်သစ်သိပ္ပံနဲ့ ကောဘယ်လိုညှိယူပါ့မလဲ။
ဗရှိန်းကျော်
-------------------
ဗုဒ္ဓစကား
အခါတစ်ပါးမှာမြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို ‘အာနန္ဒာ၊ စူဠနိကာလောကဓာတ် တစ်ထောင်၊ မဇ္ဈိမိကာလောကဓာတ် တစ်သန်း၊ မဟာလော ကဓာတ် ကုဋေတစ်သိန်းရှိတယ်။ လောကဓာတ်တစ်ခုစီမှာ မြင်းမိုရ်တောင်တစ်ခု၊ အရှေ့ကျွန်း တစ်ခု၊ အနောက်ကျွန်းတစ်ခု၊ တောင်ကျွန်း တစ်ခု၊ မြောက်ကျွန်းတစ်ခုစီရှိတယ် (အံ၊၁၊၂၂၈)’လို့ မိန့်တော်မူဖူးပါတယ်။ တစ်ခါမှာတော့ဗုဒ္ဓက ‘ရဟန်းတို့၊ ကာမဘုံကိုအများဆုံး ခုနစ်ကြိမ်ပဲ လာရဦးမယ့် သောတာပန်အရိယာ တစ်ယောက်ဟာ မြင်းမိုရ်တောင်လောက်ရှိတဲ့ ဒုက္ခအစုကို ဖျက်ဆီးခဲ့ပြီးပြီ။ ကျန်နေသေးတဲ့ ဒုက္ခကတော့ပဲနောက်စေ့အရွယ် ကျောက်စရစ်ခဲ ခုနစ်လုံးစာမျှပါပဲ။ ဒါ ကြောင့် သင်တို့တစ်တွေ ဒုက္ခငြိမ်းအောင် တရားအားထုတ်ကြ (သံ၊၃၊၃၉၈)’လို့လည်း မိန့်တော်မူဖူးပါတယ်။
‘မြင်းမိုရ်တောင်သည် အလျား၊ အနံ ယူဇနာ ရှစ်သောင်း လေးထောင်စီရှိ၏။ ယူဇနာ ရှစ်သောင်း လေးထောင် သမုဒ္ဒရာ၌ မြုပ်နေပြီး ယူဇနာရှစ်သောင်းလေးထောင်သမုဒ္ဒရာပေါ်တက်၏ (အံ၊၂၊၄၇၄)’။ ဖော်ပြပြီး သာဓကတွေအရ ‘မြင်းမိုရ်တောင်’ ‘ကျွန်းကြီး လေးကျွန်း’ ဆိုတဲ့ ဝေါဟာရတွေကို မြတ်ဗုဒ္ဓ သိတော်မူ သို့မဟုတ် မြတ်ဗုဒ္ဓ နှုတ်တော်နဲ့ သုံးနှုန်းတော်မူခဲ့တယ်ဆိုတာပါပဲ။
အဖွင့်ကျမ်းများ
အဋ္ဌကထာလို့ ခေါ်တဲ့ ဗုဒ္ဓဟောတဲ့ မူရင်းပါဠိတော်တွေကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့ ကျမ်းတွေဟာလည်း သံဂါယနာသုံးတန် တင်ခဲ့တာ (သာရတ္ထ၊ဋီ၊၁၊၁၈) ဖြစ်လို့ ဘုရားဟော ပါဠိတော်တွေလိုပဲ လေးစားခံရပါတယ်။ ဒီအဖွင့်ကျမ်းတွေမှာတော့ မြင့်မိုရ်တောင်ကို ပတ်ရံနေတဲ့ တောင်ခုနစ်လုံး၊ ကျွန်းကြီး လေးကျွန်း၊ သမုဒ္ဒရာ လေးစင်းရှိတယ်၊ တစ်ကျွန်းမှာ နေအလင်းရောင် ရနေတုန်း အခြားကျွန်းတွေ မှောင်နေတယ် (ဝိသုဒ္ဓိ၊၁၊၁၉၉။ သုတ္တနိ၊ဋ္ဌ၊၂၊၁၈၄ စသည်)၊ စကြဝဠာအနန္တ (စကြဝဠာဟာ အဆုံးမရှိ၊ ဗုဒ္ဓဝံသ၊ဋ္ဌ၊၄၉ စသည်)လို့ ဖွင့်ဆိုကြပါတယ်။
မြင်းမိုရ်တောင်ဟာ ကမ္ဘာမြေရဲ့ အလယ်ဗဟိုမှာ ရှိတယ် (Pali Proper Names, III, p. 1136)၊ ပကတိမျက်စိနဲ့ မမြင်နိုင်ဘူးလို့လည်း ဆိုတယ် (လူသေလူဖြစ်ဝိနိစ္ဆယ၊ စာ-၆၆၂)။
အရှင်အဿဂုတ္တမထေရ်ဟာ ခက်ခဲနက်နဲတဲ့ မေးခွန်းတွေကို မေးတတ်သူ မိလိန္ဒမင်းကို ပြန်ချေပဖို့ အစီအစဉ်နဲ့ ပတ်သက်တဲ့ သံဃာ့ အစည်းအဝေးတစ်ရပ်ကို (မြင်းမိုရ်တောင်ရဲ့ အရံတောင်စဉ် ခုနစ်လုံး ထဲမှာပါတဲ့) ယုဂန္ဓိုရ်တောင်ထိပ်မှာ ကျင်းပခဲ့ပါသတဲ့ (မိလိန္ဒ၊၅)။ ဒါတွေကတော့ ထေရဝါဒကျမ်းဂန်တွေမှာ ဖော်ပြတဲ့ လေးကျွန်းတစ်မြင်း မိုရ်၊ တောင်စဉ်ခုနစ်တန်နဲ့ စကြဝဠာအနန္တအယူအဆဖြစ်ပါတယ်။
ဗုဒ္ဓဝါဒနဲ့ သိပ္ပံ
ဗုဒ္ဓဟာ သိပ္ပံဆရာမဟုတ်၊ ဗုဒ္ဓဝါဒဟာလည်း သိပ္ပံပညာမဟုတ်ပါဘူး။ ဗုဒ္ဓဝါဒနဲ့ သိပ္ပံပညာဟာ ရထားလမ်းလိုမျဉ်းပြိုင်သွားနေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒဟာ စကြဝဠာကို သုတေသန မလုပ်ပါဘူး။ စကြဝဠာကိုသုတေသနလုပ်ဖို့က သိပ္ပံဆရာတို့ရဲ့ တာဝန်ပါ။ ဒါပေမယ့် ဒီဃနိကာယ်၊ အဂ္ဂညသုတ် ပါဠိတော်မှာ သက်ရှိသတ္တဝါတွေနဲ့ တကွ ကမ္ဘာလောကဟာ ရှေးဦးမိုး ရွာသွန်းလိုက်လို့ ကမ္ဘာမြေ စတင်ဖြစ် တည်ပုံ တိုးတက်လာပုံ တည်မြဲနေပုံ၊ မီး ရေ လေတို့ကြောင့် ပျက်စီး ရပုံတွေကို ဖော်ပြပါတယ်။ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေက ‘တစ်ချိန်မှာနေ ခုနစ်စင်း တစ်ပြိုက်နက် ပေါ်ထွက်လာပြီး ယင်းအပူရှိန်ဟာ ကမ္ဘာမြေ ကိုလောင်ကျွမ်းပစ်လိုက်တယ်’လို့ ဆိုတယ်။
သိပ္ပံဆရာတွေကလည်း ‘လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃ ဘီလီယံခန့်က မဟာပေါက်ကွဲမှု (Big Bang) ဖြစ်ပေါ်ခဲ့တယ်၊ နှစ်ကာလများစွာ ကြာပြီးနောက် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာ ပြောင်းလဲမှု အစီအရီ ဖြစ်ပေါ် လာတယ်’လို့ ဆိုတယ်။ ‘စကြဝဠာနဲ့ သက်ရှိတို့ဟာ သဘာဝနိယာမ သို့မဟုတ် သဘာဝရွေးချယ်မှု (natural selection) ကြောင့် ဖြစ်ပေါ်ခဲ့တယ်၊ ဒီစကြဝဠာမှာ ကမ္ဘာမြေအပေါ်ယံလွှာ ဖြစ်ပေါ်ပြီးနောက် စကြဝဠာဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် ပေါ်လာတယ်’ဆိုတဲ့ သိပ္ပွံအဆိုတွေဟာ ဗုဒ္ဓဝါဒနဲ့ အနီးစပ်ဆုံးဖြစ်နေတာကို တွေ့နိုင်ပါတယ်။
ထာဝရဘုရားသခင်ရဲ့ ဆန္ဒတစ်ခုတည်းနဲ့ သက်ရှိသက်မဲ့ အား လုံးနဲ့ ဒီကမ္ဘာလောက စတင်ဖြစ်တည်ခဲ့တယ် ဆိုတာကိုတော့ သိပ္ပံကရော ဗုဒ္ဓဝါဒကပါငြင်းပယ်ပါတယ်။
ဓမ္မစက္ခု (တတိယမျက်လုံး)
မြတ်ဗုဒ္ဓလက်ထက်က အရှင်အနုဒ္ဓါမထေရ်ဟာ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ တစ်ချိန်လုံးမိမိရဲ့ခန္ဓာကိုယ်ကိုရှုပြီးတော့ နေရာမှာခန္ဓာတစ်ကိုယ်လုံး မှာ ပိုးမျိုးပေါင်း ရှစ်သောင်းရှိပြီး အဲဒီပိုးတွေဟာ အချင်းချင်း ထိုးဆိတ်ကြ၊ ကျင်ကြီးကျင်ငယ် စွန့်ကြ၊ တစ်ချို့ နာမကျန်း၊ တစ်ချို့ သေ၊ မွေးဖွားနေကြတာတွေကိုတွေ့ရသတဲ့ (မ၊ဋ္ဌ၊၂၊၃၃)။ Readers' Digest (၁၉၉၉ ခုနှစ်၊ လကို မမှတ်မိ) မှာ မျက်တောင်မွှေးပေါ်က သန်းချီရှိတဲ့ ပိုးမွှားလေးတွေ အချင်းချင်း တိုက်ခိုက်နေကြတာ၊ မိတ်လိုက်နေကြတာ၊ မိတ်လိုက်တဲ့ အခါ အသုံးပြုတဲ့ မွေ့ယာလိပ်ကလေးလိုဟာကို ကျောမှာလွယ်ပြီး ပြေးလိုက်လွှားလိုက် လုပ်နေကြတာတွေကို အနု ကြည့် မှန်ပြောင်းနဲ့ မြင်ရကြောင်းဖတ်ဖူးခဲ့တာကို အမှတ်ရမိပါတယ်။
မြန်မာပြည်က တရားဌာနတစ်ခုမှာ သုံးလလောက် တရားထိုင် ဖူးတဲ့ ဝေလနယ် (အင်္ဂလန်နိုင်ငံ) က ပရိုဖက်ဆာတစ်ယောက်နဲ့ ဆုံဖူးပါတယ်။ သူ တရားထိုင်နေတုန်း ခိုင်ကျည်တဲ့ သမာဓိစွမ်းအားနဲ့ မိမိရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ ကလီစာ အားလုံးကို တွေ့နေရပြီး အူတစ်နေရာ မှာ ရောဂါလက္ခဏာလို့ ယူဆရတဲ့ အရာတစ်ခုကို တွေ့တွေ့နေလို့ ကမ္မဋ္ဌာန်းဆရာရဲ့ ခွင့်ပြုချက်နဲ့ မိမိနိုင်ငံကိုပြန်ပြီး ဆေးစစ်ကြည့်ရာမှာ တကယ်ပဲ ဖြစ်နေလို့ လက်မတင်ကလေး မီလိုက်ကြောင်း သူက ပြောပြပါတယ်။ ဒါတွေဟာ ယုံတမ်းစကားတွေ မဟုတ်ပါဘူး။ မည်သူမဆို စိတ်ပိုင်းဘဝလေ့ကျင့်မှုနဲ့ တကယ်ရနိုင်တဲ့ စွမ်းရည်မျိုးပါ။
ကျမ်းဂန်တွေမှာ ဗုဒ္ဓရဲ့ ဒိဗ္ဗစက္ခုဉာဏ် မြင်နိုင်စွမ်းအား၊ အဂ္ဂသာဝကတွေရဲ့ ဒိဗ္ဗစက္ခု မြင်နိုင်စွမ်းအား၊ သာမန်ပုဂ္ဂိုလ်တွေရဲ့ ဒိဗ္ဗစက္ခု မြင်နိုင်စွမ်းအားတွေကို ခွဲခြားပြထားပါတယ်။ ဗုဒ္ဓဟာ ဒိဗ္ဗစက္ခုနဲ့ စကြဝဠာကုဋေတစ်သိန်းအလွန်ကို လှမ်းမြင်နိုင်ပါသတဲ့။
မေးခွန်းရဲ့ အဖြေ
လေးကျွန်း တစ်မြင်းမိုရ်နဲ့ စကြဝဠာအနန္တဆိုတာကို ဗုဒ္ဓဟောအနေနဲ့ လက်ခံထားတဲ့ ပါဠိတော်တွေမှာ တွေ့ရတာတော့ သေချာပါတယ်။ ခေတ်သစ် သိပ္ပံအမြင်နဲ့ ကြည့်ရင် တစ်ထပ်တည်းတော့ ကျချင်မှ ကျ မယ်။ အေးလေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က စာဆိုနဲ့ ယနေ့ခေတ်လက်တွေ့ဟာ တစ်ထပ်တည်းဖြစ်နိုင်ပါ့မလား။
ဒါပေမယ့် ကမ္ဘာ့ဝင်ရိုး ဆိုတာကို ဆုပ်ကိုင် မပြနိုင်သလို မြင်းမိုရ် တောင်ကိုလည်းမမြင်နိုင်ဘူးလို့ ညှိယူလိုက်ရင် ဘဝင်ကျနိုင်ပါလိမ့်မယ်။ အမေရိကတိုက်မှာ လင်းနေတုန်း အာဖရိက၊ ဥရောပ၊ အာရှနဲ့ ဩစ တြေလျတိုက်တွေမှာ မှောင်နေတာကလည်း တစ်ကျွန်းလင်းခိုက် သုံး ကျွန်း မိုက်ဆိုတာနဲ့မနီးစပ်ပေဘူးလား။ ဗုဒ္ဓကျမ်းဂန်တွေမှာ ဖော်ပြတဲ့ cosmology (စကြဝဠာဗေဒ)ဟာ အတော့်ကို reasonable ဖြစ် (ကြောင်းကျိုး ဆီလျော်) ကြောင်းပါ။ ဒါကြောင့် ကမ္ဘာကျော် အိုင်စတိုင်း ဟော ကိန်းထုတ်ခဲ့ပုံကို ဖတ်ကြည့်ပါဘိ
‘အနာဂတ် ဘာသာရေးသည် တစ်ဆူတည်းသော ဖန်ဆင်းရှင်ထာဝရဘုရားကို ဖယ်ရှားလိမ့်မည်။ သဘာဝနှင့် စိတ်ပိုင်းလေ့ကျင့်မှု ပေါင်းစပ် လျက် အဓိပာယ် ပြည့်ဝပြီး တွေ့ကြုံသိရှိမှု အားလုံးမှ ပေါက်ဖွားလာသည့် ဘာသာရေး အယူအဆ တစ်ရပ်ကို အခြေခံမည်။ ဗုဒ္ဓဝါဒသည် ဆိုခဲ့ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖြေကြား၏။ ထို့ကြောင့် ခေတ်သစ်သိပံပညာနှင့် ညီ ညွတ်ရှိသည့် ဘာသာဝါဒတစ်ခု လိုအပ်မည်ဆိုပါလျှ င်ယင်းသည်ဗုဒ္ဓဘာသာ ပင်ဧကန်မလွဲဖြစ်လိမ့်မည်’။ (ကျမ်းကို ရှာမတွေ့မိသေးပါ)။
---
၁၃။ ဗုဒ္ဓမွေးဖွားနှစ် နှစ်မျိုး
ဩဂုတ် ၂၄၊၂၀၀၇။
---------------
ရိုသေစွာ လျှောက်တင်လိုက်ပါတယ် အရှင်ဘုရား၊
တပည့်တော်မက ကာလီဖိုးနီးယားတက္ကသိုလ်UC Davis မှာ တက်ရောက် ပညာသင်နေတဲ့ မြန်မာကျောင်းသူပါ။ Religious Study (ဘာသာရေးလေ့လာမှု)အတန်းကို တက်နေရလို့ ဗုဒ္ဓဘာသာအကြောင်းကို လေ့လာရရင်း အရှေ့တိုင်းနှင့် အနောက်တိုင်း ပညာရှင်တွေရေးတဲ့ ဗုဒ္ဓဘာသာကျမ်းစာအုပ်တွေကို ဖတ်ရှုရပါတယ်။ အဲဒီလို ဖတ်ရင်း အခက် အခဲတစ်ခုက ဗုဒ္ဓဘုရားဖွားမြင်တဲ့ နှစ်ကိုဖော်ပြကြရာမှာအချို့က ဘီစီ ၅၆၃၊ အချို့ကျတော့ ဘီစီ ၆၂၃ လို့ နှစ်မျိုး ကွဲပြားစွာ ဖော်ပြကြပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။ တပည့်တော်အနေနဲ့ ဘယ်ခုနှစ်ကို အတည်ယူသင့်ပါသလဲ။ အဲဒါလို ကွဲပြားနေရတာဟာ အဓိကဘာကြောင့် ပါလဲရှင်းပြပေးစေလိုပါသည်ဘုရား။
ရိုသေလေးစားစွာဖြင့် လူစီဝင်း၊ USA
-------------------
ထေရဝါဒ ဗုဒ္ဓဖွားနှစ်
ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့ နှစ်ကစပြီး သာသနာနှစ် - ၁လို့ စတင် ရေတွက်ပါတယ်။ ယနေ့ (မြန်မာက္ကရာဇ် ၁၃၆၉-ခုနှစ်) မှာ သာသနာနှစ် ၂၅၅၁။ ရောက်ဆဲ ခရစ်နှစ် ၂၀၀၇ကို သာသနာ ၂၅၅၁ မှ နုတ်ရင် ဘီစီ ၅၄၄၊ ဒါ ဗုဒ္ဓပရိနိဗ္ဗန်စံတဲ့ နှစ်။ ပရိနိဗ္ဗာန်စံတဲ့ နှစ်ကို နုတ်ပြီး သက်တော် ၈၀-ကိုထပ်ပေါင်းရင် ဗုဒ္ဓဖွားမြင်တာ (၅၄၃+၈၀) ဘီစီ၆၂၃။ သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအိုစတဲ့ ထေရဝါဒဗုဒ္ဓ ဘာသာ နိုင်ငံတွေလက်ခံတဲ့ မြတ်ဗုဒ္ဓ ဖွားတော်မူတဲ့ နှစ်ဖြစ်ပါတယ်။
ဒါဟာ သီရိလင်္ကာနိုင်ငံနဲ့ ဗုဒ္ဓသာသနာသမိုင်းစဉ်ကို ဖော်ပြတဲ့ မဟာဝံသကျမ်းနှင့် အညီဖြစ်ပါတယ်။ မဟာဝံကျမ်းကို အလွန်ရှေးကျ တဲ့ အချိန်ကပင် သီဟိုဠ် မဟာဝိဟာရကျောင်းတိုက်က ပညာရှင်တွေ သီဟိုဠ်ဘာသာနဲ့ ရေးသားခဲ့ပြီး အေဒီ ၅၂၀ လောက်မှာ ပါဠိဘာသာ ပြန်ဆိုခဲ့ပါတယ်။ ယနေ့ ထေရဝါဒနိုင်ငံတွေမှာ လက်ခံနေကြတဲ့ ဗုဒ္ဓဘာသာ ပါဠိစာပေ (ဘုရားဟော ပါဠိတော်တွေက လွဲရင်) အားလုံးနီးပါးကို မဟာဝိဟာရကျောင်းတိုက်ထွက် ပညာရှင်တွေ ရေးခဲ့တာပါ။ ဒါကြောင့် ဘီစီ၆၂၃ ဗုဒ္ဓမွေးနေ့ အဆိုဟာ မဟာဝိဟာရကျောင်းတိုက်က မထေရ်စဉ်ဆက် မှတ်ယူလာတဲ့ အယူအဆ၊ ထေရဝါဒ မှတ်တမ်း များရဲ့အယူအဆဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ထေရဝါဒနိုင်ငံ တွေမှာ ဗုဒ္ဓသာသနာ၂၅၀၀ပြည့်ပွဲတွေ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းနှင့် ညှိခြင်း
မဟာဝံသနှင့် အဋ္ဌကထာကျမ်းများအဆို၊ မဇ္ဈိမဒေသမင်းဆက်၊ ကမ္ဘာ့ သမိုင်းမှတ်တမ်းများ၊ သံဂါယနာမှတ်တမ်းများ၊ ဆရာစဉ်ဖော်ပြချက်၊ အသောကကျောက်စာ၊ မြောက်ပိုင်း ဗုဒ္ဓဘာသာမှတ်တမ်းများ၊ အိန္ဒိယ တောင်ပိုင်းမှ ရှေးဟောင်းကျောက်စာအချို့၊ အဲဒါတွေ အားလုံးကို ညှိ နှိုင်း တိုက်ဆိုင်ပြီးနောက် ဘီစီ ၆၂၃ ဗုဒ္ဓဖွားနှစ်အဆိုနဲ့ ပတ်သက်ပြီး စဉ်းစားစရာ တွေ့လာရတယ်။ ပညာရှင်တွေက ဗုဒ္ဓဖွားနှစ်ကို ဘီစီ ၅၆၃ လို့ ယူဆလိုကြတယ်။ ဒါလည်း မဟာဝံသကျမ်း (အခန်း ၅၊ ဂါထာ အမှတ်၂၁) မှာဖောြ်ပတဲ့ အိန္ဒိယဧကရာဇ် အသောကမင်းဟာ ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈-နှစ် အကြာမှာ နန်းတက်တယ်ဆိုတဲ့ အချက်ကိုပဲအခြေခံတာပါ။
မဟာဝံသနဲ့ ဝိနယအဋ္ဌကထာကျမ်းများအလိုအရ အဇာတသတ္တု (ဗုဒ္ဓမလွန်မီ ၈+ လွန်ပြီးနောက်) ၂၄၊ ဥဒယဘဒ္ဒ ၁၆၊ အနုရုဒ္ဓနှင့် မုဏ္ဍ ၈၊ နာဂဒါသက ၂၄၊ သုသုနာဂ ၁၈၊ ကာဠာသောက ၂၈၊ ၎င်း၏သား ဆယ်ယောက် ၂၂၊ နန္ဒမင်းသား ကိုးယောက် ၂၂၊ စန္ဒဂုတ္တ ၂၄၊ ဗိန္ဒုသာရ ၂၈၊ အသောက (ဘိသိက်မခံမီ ၄ +) နန်းစံ ၁၈-နှစ် မြောက် (ဗုဒ္ဓလွန်ပြီးနောက်နှစ်ပေါင်း ၂၃၆-နှစ်အကြာ)မှာ အသောကရဲ့သား တော်အရှင်မဟိန္ဒသီဟိုဠ်ကိုရောက်တယ်။ စန္ဒဂုတ္တဟာအသောကရဲ့ ဘိုးတော်ပါ။ အသောကဟာ နန်းရပြီး ၄-နှစ်ကြာမှဘိသိက်ခံတာ ဖြစ် လို့ ဘိုးတော် စန္ဒဂုတ္တမင်းနဲ့ အသောကတို့အကြား ဖော်ပြပြီး နန်းစံနှစ် တွေအရ ၅၆နှစ်ကွာတယ်။ ဒါကြောင့် စန္ဒဂုတ္တဟာ ဗုဒ္ဓနောက် (၂၁၈-၅၆)၁၆၂-နှစ်အကြာမှာ နန်းစိုက်တယ်။
အိန္ဒိယသမိုင်းအရ စန္ဒဂုတ္တနန်းတက်နှစ်ဟာ ဘီစီ ၃၂၁။ ဒီတော့ ဗုဒ္ဓ ပရိနိဗ္ဗာန်စံနှစ်ဟာ ဘီစီ (၃၂၁+၁၆၂)၄၈၃။ သက်တော် ၈၀ပေါင်းရင် မြတ်ဗုဒ္ဓ မွေးဖွားနှစ်ဟာ (၄၈၃+၈၀)ဘီစီ၅၆၃။
ကမ္ဘာ့သမိုင်းအရ ဂရိဘုရင် အလက်စန္ဒာသဂရိတ်ဟာ ဘီစီ ၃၂၅ မှာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အထိ အောင်နိုင်ပြီး အိန္ဒိယမှ အပြန်ဘီစီ၃၂၃မှာလမ်းမှာ ကွယ်လွန်တယ်။ အိန္ဒိယဘုရင် စန္ဒဂုတ္တ မောရိယမင်းကအလက်စန္ဒာရဲ့လူတွေကိုနှိမ်နင်းခဲ့တယ်။ အဲဒီအချိန်က အသောကမင်း မမွေးဖွားသေးဘူးလို့ အိန္ဒိယသမိုင်းနဲ့ ကမ္ဘာ့သမိုင်းတွေ အရသိရတယ်။ ဒါကြောင့်ဗုဒ္ဓဖွားနှစ်ကို ထေရဝါဒီတို့ ယူဆသလိုဘီစီ ၆၂၃ ယူရင် စန္ဒဂုတ္တနဲ့ အလက်စန္ဒာတို့ကို ခေတ်ပြိုင်ဆိုတဲ့ အဲဒီသမိုင်းတွေနဲ့ ဆန့်ကျင်သွားပါလိမ့်မယ်။
မင်းဆက်နှစ်ခု ပိုလာခြင်း
၁၉၀၇ ခုနှစ်က မဟာဝံသပါဠိကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ ပါဠိပါမောက္ခဝီလျံဂိုင်ဂါ (Wilhelm Geiger)ဟာ မဟာဝံသနဲ့ စူဠဝံသ ကျမ်းတွေမှာ ဖော်ပြတဲ့ သီဟိုဠ်မင်းဆက်ကို အသေးစိတ် လေ့လာတဲ့ အခါ အေဒီ ၁၀၀၀ ခန့်က အိန္ဒိယတောင်ပိုင်း စောဠတိုင်းသားတို့ သီဟိုဠ်ကို ကျူးကျော်တဲ့ အချိန်ကို ဖော်ပြတဲ့ သက္ကရာဇ်တွေမှာ ၆၂-နှစ်လောက် ကွာဟနေတာကိုတွေ့ရှိခဲ့တယ်။
တွေ့ရှိပုံကဒီလိုပါ...
စူဠဝံသကျမ်း အခန်း ၅၃ အရ တတိယ ဥဒယမင်း (ဗုဒ္ဓနှစ် ၁၄၉၇ နန်းတက်) ပရက္ကမပဏ္ဍုမင်း (ဗုဒ္ဓနှစ် ၁၅၉၀ နန်းတက်)တို့ရဲ့ အကြားကာလကို ၉၃-နှစ်နှင့် ၈-ရက်လို့ သိရတယ်။ အိန္ဒိယတောင် ပိုင်း Tanjore နယ်က စောဠဘုရင် ရာဇိန္ဒြရာဇစောဠဒေဝမင်း ရေးထိုးခဲ့တဲ့ ကျောက်စာမှာ စူဠဝံသကျမ်းမှာ ဆိုတဲ့ အတိုင်း တတိယဥဒယမင်း နန်းတက်ပြီးစမှာ စောဠတိုင်းသားတို့ သီဟိုဠ်ကို စစ်ချီကြောင်း ဖော်ပြလို့ ဒီမင်းနှစ်ပါး ခေတ်ပြိုင်နေတာကို တွေ့ရတယ်။ စောဠဒေဝရဲ့ နန်းတက်နှစ်ကို အေဒီ ၁၀၁၁ လို့ အိန္ဒိယသမိုင်း ဆရာတို့ ဆိုတယ်။ စောဠတို့ သီဟိုဠ်ကို စစ်ချီတာ စောဠဒေဝမင်း နန်းစံ ၄-နှစ်မြောက် (အေဒီ ၁၀၁၅)။ ဒါဟာ စူဠဝံသကျမ်းလာ တတိယဥဒယ နန်းတက်နှစ် (ဗုဒ္ဓနှစ် ၁၄၉ရ)ဖြစ်နေတယ်။
ဒီတော့ ဗုဒ္ဓနှစ် ၁၄၉ရဟာ အေဒီ၁၀၁၅ (ဒီအလိုပုံမှန် သမိုင်း ဆရာတို့ ပြသလို တတိယဥဒယနန်းတက်နှစ်ကိုအေဒီ ၉၄၆လို့ မဆို နိုင်တော့ဘူး)။ ဒါဆို ဗုဒ္ဓ ပရိနိဗ္ဗာန်စံနှစ် ဘီစီ (၁၄၉၇-၁၀၁၅) ၄၈၃၊ မွေးဖွားနှစ်ဘီစီ၅၆၃လို့ အဓိပ္ပာယ်သက်ရောက်သွားတာပဲ။
တတိယ ဥဒယမင်းကစပြီး ပထမ ပရက္ကမဗာဟုမင်း တိုင်အောင် မင်းဆက်ကို အသေးစိတ်ရေးခဲ့သူ စူဠဝံသကျမ်းပြုဆရာဟာ တတိယ ဥဒယမင်း နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၄၉၇ (စောဠ ကျောက်စာနှင့်အညီ အေဒီ ၁၀၁၅)၊ ပရက္ကမပဏ္ဍု နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၅၉၀ (အေဒီ ၁၀၄၆)၊ ပထမ ပရက္ကမဗာဟု နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၆၉၇ (အေဒီ ၁၁၅၃) လို့ ဖော်ပြခဲ့ပေမယ့် တတိယဥဒယ နန်းတက်နှစ်မှာ ကျန်ဘုရင်နှစ်ပါး နန်းတက်နှစ်နဲ့ မတူတဲ့ အခြေခံ (သမိုင်းမှတ်တမ်းများ) က လာတယ်ဆိုတာကိုသတိပြုခဲ့မိပုံမရဘူး။
တတိယဥဒယနှင့် ပရက္ကမပဏ္ဍု အကြားကို ၎င်းအလို ၉၃-နှစ် ဆိုပေမဲ့ အမှန်တော့ ၃၁-နှစ် (အေဒီ ၁၀၁၀၅-၁၀၄၆)သာ ကွာပြီး ၆၂-နှစ်ပိုထွက်လာတာကိုအံ့ဩဖွယ်တွေ့ရတယ်။
ဗုဒ္ဓဖွားနှစ် ၂ မျိုး ဖြစ်သွားခြင်း
အဲဒီလို ၆၂-နှစ် ပိုထွက်လာတာ ဘယ်မင်းဆက်ရယ်လို့ အတိအကျ မပြနိုင်ဘူးလို့ ဆိုပေမယ့် သံသယဖြစ်နိုင်တဲ့ အချက်အချို့ကို ဂိုင်ဂါက ထောက်ပြခဲ့တယ်။ ဥပမာ အသက် ၃၇-နှစ်မှာ မင်းဖြစ်ပြီး နန်းသက် ၇၀ ကြာခဲ့တဲ့ ပဏ္ဍုကာဘယ (ဘီစီ ၄၃၇-၃၆၇) (ဒီမင်းလဲ အသက် သိပ်ရှည်လို့ ပုံမှန်တော့ မဟုတ်ဘူးတဲ့)ကို ဆက်ခံတဲ့ သူ့ရဲ့သားဖြစ်သူ မုဋသိဝဟာ ပဏ္ဍုကာဘယ မင်းမဖြစ်ခင် (အသက် ၃၇ နှစ်မတိုင်ခင်) က လက်ထပ်ခဲ့တဲ့ မိဖုရား သုဝဏ္ဏဝတီက ဖွားမြင်သတဲ့။ ဒါကြောင့် မုဋသိဝ မင်းပြုတဲ့ အခါ အနည်းဆုံး အသက် ၇၀။ ဒါပေမယ့် မုဋသိဝ နန်းစံသက်တမ်း၆၀-နှစ်လို့ မဟာဝံသမှာ ဆိုတယ်။ ဒါဆိုရင် မုဋသိဝ အသက်၁၃၀ ဖြစ်သွားတာမို့ ယုတ္တိမတန်ပေဘူး။
သီဟိုဠ် အစဉ်အလာသမိုင်းဟာ အချို့ဖြစ်စဉ်တွေကို အမှန်အတိုင်း ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပေမယ့် ဘုရင့်နန်းစံနှစ်တွေနဲ့ ပတ်သက် ရာမှာတော့ ဝိဇယမင်း သီဟိုဠ်မှာ နန်းစံနှစ်ကို ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်နှင့် ထပ် တူဖြစ်အောင် ဆွဲဆန့်ထားဖွယ်ရှိတယ်လို့ ဂိုင်ဂါကယူဆခဲ့တယ်။ အဲဒီလို ယူဆလို့ ဂိုင်ဂါဟာမဟာဝံသအဆို ဘီစီ ၅၄၄နှစ်ထဲက (ကမ္ဘာ့သမိုင်းတွေနဲ့ အညီ) ၆၁-နှစ် လျှော့ပစ်ဖို့ တင်ပြခဲ့တာကို Dr. ဝါလ် ပိုလာ ရာလဟုလာစတဲ့ ပညာရှင်တွေ မငြင်း သို့မဟုတ် လက်ခံကြတဲ့ အတွက်အနောက်တိုင်းပညာရှင်တွေအကြား ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ် ဘီစီ ၄၈၃၊ ဗုဒ္ဓဖွားမြင်နှစ်ဘီစီ ၅၆၃လို့ ဆိုလာကြတာပါ။
မဟာဝံသအလို ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့ နှစ်မှာ ဝိဇယမင်း သီဟိုဠ်ကို ရောက်တယ်ဆိုပေမယ့် ပထမဆုံး ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ သီဟိုဠ် အနုရာဓပုရ မြို့နားမှာရှိတဲ့ ဆိရန် ဒေရနိယဂါလ (Siran Dera-niyagala) ကျောက်စာအရ အဆိုပါ ဝိဇယမင်း သီဟိုဠ်ရောက်ချိန်ဟာ ဘီစီ ၄၈၀-ခန့် ဖြစ်တာကို တွေ့ရတယ်။ ဒါကြောင့် မဟာဝံသ အလို ဝိဇယဘုရင် သီဟိုဠ်ရောက်နှစ်နဲ့ အဲဒီပြာကရိတ် ဗြဟ္မီကျောက် စာအဆိုကွဲလွဲနေတာဟာ ဂိုင်ဂါရဲ့အယူအဆ (ဘီစီ ၅၆၃ဗုဒ္ဓဖွား)ကို ထောက်ခံသလိုဖြစ်နေတယ်။
ဗုဒ္ဓလွန်ပြီး နှစ်တစ်ရာအကြာမှာ ကျင်းပတဲ့ ဒုတိယသံဂယနာမှာ ဗုဒ္ဓကိုသိမီလိုက်တဲ့ မထေရ်ကြီးတွေ ပါတယ်ဆိုတဲ့ လူ့သက်တမ်းကို အခြေပြုဖော်ပြတဲ့ အထက်ပါ အယူအဆ နှစ်မျိုးနဲ့ လုံးဝခြားနားတဲ့ ဗုဒ္ဓ မွေးနှစ်နောက်တစ်မျိုး တင်ပြထားတာလည်းရှိပါသေးရဲ့။ သုတေသနရဲ့ သဘောအရ မသေချာသေးသရွေ့ အထောက်အထား ပြည့်စုံ ခိုင်လုံတဲ့ အထိ ဆက်လက်ရှာဖွေ စဉ်းစားနေရဦးမှာပါ။
စိတ်ထားမြင့်သူ၏ နှလုံးသွင်း
_____________________
မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။ သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။ ငါ့တာဝန်ကို ငါကိုယ်တို င်သိ၍ ဆောင်ရွက်မည်။
ငါ့အလုပ်နှင့် တူသောအကျိုးကို မချွတ်ငါရမည်။
(စတုတ္ထစံကျောင်းဆရာတော်)
---
၁၄။ ပတ္တနိကုဇ္ဇန (သပိတ်မှောက်)
ဩဂုတ် ၂၂၊၂၀၀၇။
-------------------
ရိုသေစွာလျှောက်ထားအပ်ပါသည်၊
မကြာခင်က တပည့်တော်တို့ စကားကြုံလို့ ဓမ္မရေးရာကိစ္စ ဆွေးနွေးမိတဲ့ အခါ နှစ်ယောက်လုံး ဘာသာရေးဗဟုသုတ နည်းပါးကြလို့ တိကျတဲ့ အဖြေတစ်ခု မရခဲ့ပါဘူး။ ငြင်းရင်းနဲ့ ပဲ အချိန်ကုန်သွားခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက ‘ပတ္တနိကုဇ္ဇန’ အကြောင်းပါ။ ပတ္တနိကုဇ္ဇနဆိုတာ သပိတ်မှောက်တယ်လို့ တော့ သိပါတယ်။ အပြည့်အစုံ မသိသေးပါ အရှင်ဘုရား။ ဘယ်တုန်းက စတင်ခဲ့ပါသလဲ။ သံဃာတွေက ဘာကြောင့် ဘယ်သူ့ကို အဲဒါမျိုး ပတ္တနိကုဇ္ဇကို လုပ်ကြပါသလဲ။ ဗုဒ္ဓသာသနာ့သမိုင်းမှာ ဘယ်နှစ်ဦးလောက် သံဃာတော်တွေရဲ့ ပတ္တနိကုဇ္ဇနပြုခံထိဖူးကြပါသလဲ၊ သိပါရစေ။
ယွန်းအိန္ဒြာ၊ USA
-------------------
သပိတ်မှောက်
‘ပတ္တ = (လှန်ထားတဲ့) သပိတ်ကို၊ နိကုဇ္ဇန = မှောက်ခြင်း’လို့ တိုက် ရိုက် ဆိုရလိမ့်မယ်။ ဒါပေမယ့် တင်စားပြီး ပြောတာပါ။ အဓိပ္ပာယ်မှန် က ရှေ့မှာ ဖော်ပြထားတဲ့ အပြစ်ရှစ်မျိုးထဲက တစ်ခုခုကို ကျူးလွန်သူ ရဲ့အိမ်က မည်သည့် အလှူဝတ္ထုကိုမှ လက်မခံတာ၊ အဲဒီလို လက်မခံဖို့ အခြားကျောင်းတိုက်က သံဃာတော်တွေကိုပါ သတင်းစကား ပို့ထား တာကို ‘သပိတ်မှောက်’လို့ ဆိုလိုတာပါ။
(အင်္ဂုတ္တရနှင့် ဝိနယအဋ္ဌကထာများ အလိုအရ) သပိတ်ကို အမှန် တကယ် မှောက်ထားလိုက်ရမယ်လို့ မဆိုလိုပါဘူး (န အဓောမုခဌပနေန)တဲ့။ ပတ္တနိကုဇ္ဇနကံ (သပိတ်မှောက်အလုပ်)ကို သိမ်ထဲမှာဖြစ်စေ၊ သိမ်မရှိရင် မြစ်ထဲမှာဖြစ်စေ သံဃာတော်တွေ စုရုံးပြီး ကမ္မဝါစာ (ပုံစံကျ ကြေညာစာတမ်း)ကို ဖတ်ပြီး ထုတ်ပြန်ရပါတယ်။ အဲဒီလို ထုတ်ပြန်ပြီးနောက် သဘောတူတဲ့ သံဃာတော်တွေ အားလုံး တစ်ညီ တစ်ညွတ်တည်း လိုက်နာရပါတယ်။
နောက်ခံသမိုင်း
မြတ်ဗုဒ္ဓလက်ထက်က ဝစလို့ ခေါ်တဲ့ လိစ္ဆဝီ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒကာ တစ်ယောက်ဟာ မလိမ္မာသူ လူမိုက်တစ်စုက မြှောက်ထိုးပင့်ကော်လုပ်လို့ ဗုဒ္ဓထံသွားပြီး ဗုဒ္ဓရဲ့တပည့် အရှင်ဒဗ္ဗ အမည်ရတဲ့ သူတော်စင် ရဟန်းမြတ်ကို စွပ်စွဲတယ်။ မောင်ဝရဲ့ နှုတ်ထွက်စကားက ‘မြတ်စွာဘုရား၊ သမုဒ္ဒရာရေ ပူလောင်ရော့မည်ထင့်၊ အရှင်ဒဗ္ဗဟာ တပည့်တော်ရဲ့ အိမ့်ရှင်မကိုမှ အဓမ္မပြုကျင့်ပါပြီ’တဲ့။ ဒါပေမယ့် အရှင်ဒဗ္ဗဟာ အာသဝေါ ကုန်ပြီးတဲ့ ရဟန္တာကြီးပါ။ ဒီတော့ မြတ်ဗုဒ္ဓက အရှင်ဒဗ္ဗကို ပရိသတ်အလယ်ခေါ်ပြီး စစ်မေးရာမှာ အရှင်ဒဗ္ဗက ‘ဘုန်းတော်ကြီးတော်မူ သော မြတ်စွာဘုရား၊ တပည့်တော်ဒဗ္ဗ အိမ်မက်နဲ့ တောင် မေထုန်မှု မပြုဖူးပေါင်ဘုရား’လို့ ဖြေပါတယ်။ ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီး မောင်ဝ (မောင်တိုး)လို ဒကာလူမိုက်ကို ဆုံးမဖို့ ရည်ရွယ်ချက်နဲ့ အောက်ပါ ရှစ်မျိုးထဲက တစ်မျိုးမျိုးကို ကျူးလွန်တဲ့ လူဒကာကို ‘ပတ္တနိကုဇ္ဇန’ လုပ်ဖို့မြတ်ဗုဒ္ဓခွင့်ပြု (လုပ်ခွင့်ပေး)တော်မူလိုက်ပါတယ်။
၁) ရဟန်းတွေ ဆွမ်းကွမ်းအလှူ မပြည့်မစုံဖြစ်အောင် အခြား လူတွေကိုစည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း
၂)ရဟန်းတွေအရှက်တကွဲအကျိုးနည်းဖြစ်အောင်လှုံ့ဆော်ခြင်း
၃)ရဟန်းတော်တွေ နေမြဲနေရာမှာ မနေနိုင်အောင် (ထွက်သွားအောင်)အားထုတ်ခြင်း
၄)ရဟန်းတော်တွေကိုမဟုတ်တမ်းတရမ်းကဲ့ရဲ့ပြစ်ဆိုစွပ်စွဲခြင်း
၅)ရဟန်းတော်တွေညီညွတ်မှုပျက်ပြားအောင်လုံ့လပြုခြင်း
၆)ဗုဒ္ဓရှင်တော်မြတ်အားကဲ့ရဲ့စကားဆိုခြင်း
၇)ဗုဒ္ဓဓမ္မအားကဲ့ရဲ့စကားဆိုခြင်း
၈)ရဟန်းသံဃာအားကဲ့ရဲ့စကားဆိုခြင်းတို့ဖြစ်ပါတယ်။
သမိုင်းတင်ခံရသူများ
တွေ့ဖူးသလောက် ဗုဒ္ဓသာသနာ့သမိုင်းမှာတော့ အဲဒီ လိစ္ဆဝီအနွယ် ဝ ဥပါသကာရယ်၊ နောက်ပြီး သီဟိုဠ်ဘုရင် ဒုတိယ ဒါဋ္ဌောပတိဿမင်း (အေဒီ ၆၅၀-၆၅၈)ရယ် ဒီနှစ်ယောက် ပတ္တနိကုဇ္ဇနကံ ပြုခံရတာကို မှတ်သားမိပါတယ်။ ဒီသီဟိုဠ်မင်းဟာ အဘယဂိရိကျောင်းတိုက်ကိုလှူဖို့ ကျောင်း အဆောက်အအုံတစ်ခု ဆောက်လုပ်တဲ့ အခါ မြေနေရာဟာ ကပ်နေတဲ့ မဟာဝိဟာရကျောင်းတိုက်ရဲ့ နယ်နိမိတ်အတွင်းဖက်ကို ဝင်နေတယ်။ ဒါကို မဟာဝိဟာရသံဃာက ယင်းသို့မလုပ်ဖို့ ဘုရင်ကို မေတ္တာရပ်ခံပေမယ့် ဘုရင်က အာဏာသုံးပြီး အတင်းအကြပ် ပြီးအောင် ဆောက်လုပ်လိုက်တယ်။ အဲဒါကြောင့် မဟာဝိဟာရသံဃာတွေက မကျေနပ်လို့ ဘုရင်ကို ပတ္တနိကုဇ္ဇနကံပြုကြပါတယ်။
ဒီလိုလုပ်တာဟာ လူဥပါသကာ တစ်ယောက်ကို အထူးသဖြင့် သူလို သာသနာပြု (ဆိုတဲ့) ဘုရင်ကို (အဲဒီခေတ်က) အကြီးအကျယ် စော်ကားမှုတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် ဘုရင်က မဟာဝိဟာရသံဃာကို အန္တရယ်ပြုခဲ့တယ်ဆိုတဲ့ မှတ်တမ်းမရှိပါဘူး။ စူဠဝံသကျမ်း (အခန်း ၄၃၊ ဂါထာ ၃၂-၃၃) မှာ ရဟန်းတော်တွေ စီတန်းလျက် သပိတ်ကို ပက်လက် အပေါ်လှန်သွားကြပြီး သူတို့ မကြိုက်တဲ့ ဥပါသကာ (ဘုရင့်) အိမ်ရှေ့ကျမှ သပိတ်ကို မှောက်ထား ကြတယ်လို့ ဖော်ပြပါတယ်။ ဒါကတော့ ဝိနည်းပါဠိတော်မှာ ညွှန်ပြတဲ့ အတိုင်း သိမ်ထဲမှာ ကမ္မဝါစာဖတ်ပြီးမှ လူထုရှေ့မှောက်မှာ လူထုသိ မြင်နိုင်တဲ့ ပုံစံနဲ့ အဲဒီခေတ် (အေဒီခုနစ်ရာစု)အချိန်က လက်တွေ့ ပတ္တနိကုဇ္ဇနပြု (သပိတ်မှောက်) ခဲ့ပုံကို ဖော်ပြတာ ဖြစ်ဖွယ်ရှိပါတယ်။ နှောင်းခေတ်တွေမှာလည်း သပိတ်မှောက် အဓိပ္ပာယ်ကို ပေါ်လွင်အောင် ပြုတဲ့ အနေနဲ့ သပိတ်ကို မှောက်ထားတဲ့ ပုံတွေကို တွေ့နိုင်တယ်။
အမှန်ကတော့ သံဃာတော်များအနေနဲ့ ကြေညာထားတဲ့ ဥပါသကာအိမ်က မည်သည့် အလှူပစ္စည်းကိုမျှ လက်ခံမှာ မဟုတ်ဘူးလို့ ဆို လိုတဲ့ သဘောပါပဲ။ သပိတ်ကိုမှောက်မသွားရင်လည်း ရပါတယ်။ စစ်အစိုးရနဲ့ သဘောထား မတိုက်ဆိုင်လို့ ပညာတတ် မထေရ်ကြီးတစ်ချို့ ပါဝင်ခဲ့တဲ့ ၁၉၉၀ နဲ့ ၂၀၀၇-ခုနှစ် မြန်မာနိုင်ငံက နိုင်ငံလုံးကျွတ် သံဃာတော်တွေ ပြုခဲ့တဲ့ ‘ပတ္တနိကုဇ္ဇနကံ’ဆိုတာဟာလည်း အဲဒါကြောင့် အဲဒီရည်ရွယ်ချက်နဲ့ ပြုခဲ့ကြတာပါ။
---
၁၅။ အရှင်ဓမ္မပါလဆုတောင်း
ဩဂုတ် ၅၊၂၀၀၇။
-------------------
ဖြေကြားပေးစေလိုပါသည်၊
မြန်မာပြည်က အမည်မဖော်လိုတဲ့ နာမည်ကြီးဓမ္မကထိက ဆရာတော် တစ်ပါးဟောတဲ့ အထဲမှာ ထေရဝါဒဗုဒ္ဓသာသနာသမိုင်းမှာ ဒုတိယ အဋ္ဌကထာဆရာကြီးလို့ ထင်ရှားတဲ့ စရိယာပိဋကအဋ္ဌကထာကိုပါ ရေးသားခဲ့တဲ့ အရှင်ဓမ္မပါလဟာ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၈၀၀ လောက်အကြာမှာ ပေါ်ထွန်းခဲ့တာလို့ ဆိုပါတယ်။ ‘အရှင်ဓမ္မပါလ ဆုတောင်း’လို့ ခေါ်တဲ့ အဲဒီ ဗွီဒီယိုတိပ်ခွေထဲမှာ ဆရာတော်ဟာ အဲဒီ သက္ကရာဇ်ကို သုံးကြိမ်တိုင်တိုင် ညွှန်းဆိုခဲ့တာကိုတွေ့ရပါတယ်။
အစဉ်အလာအရ ထေရဝါဒရဲ့ ပထမဦးဆုံးသော အဋ္ဌကထာ ဆရာကြီး အရှင်မဟာဗုဒ္ဓဃောသဟာ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၉၃၀ (အေဒီ၄ရာစုကုန်ခါနီး) မှာသီဟိုဠ်ကိုရောက်တယ်၊ ပြီးတော့ အရှင်ဓမ္မပါလဟာ အရှင်မဟာဗုဒ္ဓဃောသရဲ့ အဋ္ဌကထာကျမ်းတွေကို ထပ်ဖွင့်တဲ့ ဋီကာကျမ်းတွေအပြင်အရှင်ဗုဒ္ဓဃောသ မဖွင့်ခဲ့တဲ့ ပါဠိတော် တွေကိုဖွင့်တဲ့ အဋ္ဌကထာ ကျမ်းတွေကိုလည်း ရေးသားခဲ့တယ်လို့ ကြားဖူးပါတယ်။ အဓိပ္ပာယ်က အရှင်မဟာဗုဒ္ဓဃောသထက် နောက်ကျ လို့ အရှင်ဓမ္မပါလ ပေါ်ထွန်းရာခေတ်ဟာ သာသာနာနှစ် ၈၀၀ မဖြစ်နိုင်ဘူးလို့ ဆိုလိုပါတယ်။ ခုနှစ်သက္ကရာဇ်အမှန်ကို သိပါရစေ။
အရှင်ဝေပုလ္လာစာရ၊ ခေတ္တသီရိလင်္ကာ။
-------------------
အရှင်ဓမ္မပါလ
နှောင်းခေတ်အဋ္ဌကထာ ဋီကာကျမ်းတွေမှာ အာစရိယဓမ္မပါလ ဆိုတဲ့ အမည်နဲ့ ကျော်ကြားလှတဲ့ အရှင်ဓမ္မပါလဟာ အဋ္ဌကထာကျမ်းတွေ ကိုရော ဋီကာကျမ်းတွေကိုပါ ရေးသားခဲ့ပါတယ်။ အရှင်မြတ်ကို အရှင်မဟာဗုဒ္ဓဃောသပြီးနောက်ဒုတိယ အဋ္ဌကထာကျမ်းပြု ဆရာကြီးအနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာပညာရှင်တွေကလေးစားကြပါတယ်။
အရှင် မြတ်ဟာ ဥဒါန၊ ဣတိဝုတ္တက၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ စရိယာပိဋကနှင့် နေတ္တိပကရဏ ပါဠိ တော် တွေရဲ့အဖွင့် အဋ္ဌကထာတွေကို ရေးခဲ့ပါတယ်။ အရှင်မဟာဗုဒ္ဓဃောသ ရေးတဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို ထပ်မံဖွင့်တဲ့ ပရမတ္ထမဉ္ဇူသာ လို့ ခေါ်တဲ့ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၊ လီနတ္ထပကာသနာလို့ ခေါ်တဲ့ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ် အဋ္ဌကထာတွေရဲ့ အဖွင့်ဋီကာတွေနဲ့ နေတ္တိဋီကာ၊ ဇာတကဋီကာ ကျမ်းတွေကို ရေးခဲ့ပါတယ်။ ဗုဒ္ဓဝံသဋီကာ၊ အဘိဓမ္မအနုဋီကာတွေကို အရှင်မြတ်ရဲ့ကျမ်းစာအဖြစ် ဂန္ထဝံသကျမ်းမှာ ဖော်ပြတာကို သုတေသီအချို့က လက်မခံ လိုဘဲ ရှိကြပါတယ်။
အရှင်ဓမ္မပါလရဲ့ခေတ်
အရှင်ဓမ္မပါလ ပေါ်ထွန်းရာ ခေတ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ တစ်ဦးနှင့်တစ်ဦး အယူအဆ မတူကြဘူး။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၊ နိကာယ် ဋီကာတွေနဲ့ အဋ္ဌကထာကျမ်းတွေမှာ ပါတဲ့ အရှင်မြတ်ရဲ့ ရေးသားချက် အချို့အရ အရှင်မြတ်ဟာ အရှင်မဟာဗုဒ္ဓဃောထက် နှစ် အနည်းငယ်သာနောက်ကျဖွယ်ရှိတယ်လို့ ယေဘုယျအားဖြင့်လက်ခံကြပါတယ်။ အရှင်မဟာနာမအမည်ရှိတဲ့ မထေရ်ဟာ သဒ္ဓမ္မပ္ပကာသနီ (ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ) ကျမ်းကို (အဲဒီကျမ်းရဲ့ နိဂုံးအဆိုအရ) သီဟိုဠ်ဘုရင် ပထမမောဂ္ဂလ္လာနမင်း (အေဒီ ၄၉၅-၅၁၃) ကွယ်လွန်ပြီးနောက် သုံးနှစ်အကြာ (အေဒီ ၅၁၆)မှာ ရေးပြီးတယ်လို့ ဆိုပါတယ်။ ဒီပဋိမ္ဘိဒါမဂ္ဂအဋ္ဌထာကျမ်းမှာ အရှင်မဟာဗုဒ္ဓဃောသရဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌက ထာ အဆိုကို ဝေဖန်ချက်နှစ်ရပ် ပါရှိတယ်။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ကိုရေးတဲ့ (မေးခွန်းနှင့်ဆိုင်တဲ့) အရှင်ဓမ္မပါလက ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌထာအဆိုကို ပြန်လည်ချေပထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အရှင်ဓမ္မပါလဟာ အရှင်မဟာနာမထက် နောက်ကျပြီး အေဒီ ၆ ရာစု ထက်မစောနိုင်တော့ဘူး။
သီဟိုဠ်ပါဠိပညာရှင်တွေနဲ့ အနောက်တိုင်းသားအချို့ ယူဆသလို အဘိဓမ္မာမူလဋီကာကျမ်းပြု အရှင်အာနန္ဒာရဲ့တပည့် နာမည်တူ စူဠဓမ္မပါလမထေရ်က အဘိဓမ္မာအနုဋီကာကို ရေးခဲ့တယ်ဆိုတဲ့ အဆိုကို လက်ခံနိုင်ရင် အနုဋီကာမှာ အရှင်ဓမ္မပါလရဲ့ နေတ္တိအဋ္ဌကထာကို ရည်ညွှန်းခဲ့တာ (အနုဋီ၊၂၊၁၈၅)ကို တွေ့ရလို့ အရှင်အာနန္ဒာနဲ့ အရှင်စူဠဓမ္မပါလတို့ဆရာတပည့် ပေါ်ထွန်းတဲ့ သီဟိုဠ်ဘုရင် ဒုတိယအဂ္ဂဗောဓိမင်း (၆၁၂-၆၂၂)ထက် နောက်မကျနိုင်လို့ ဆိုနိုင်ပါလိမ့်မယ်။ အဲဒီ နှစ် တစ်ရာလောက်အကြားကာလအတွင်းဖြစ်နိုင်လေမလားဘဲ။
သီဟိုဠ်ပညာရှင် အဂ္ဂမဟာပဏ္ဍိတ အေပီဗုဒ္ဓဒတ္တမထေရ်က အာစရိယဓမ္မပါလကို အေဒီ ၁၀-ရာစုခန့်လို့ ဆိုပေမယ့် ပညာရှင်အများစုက ဒီအဆိုမခိုင်လုံဘူးလို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် သုတေသီအများစု လက်ခံသဘောတူတဲ့ အရှင်ဓမ္မပါလ ပေါ်ထွန်းရာခေတ် အတိအကျ ကိုလဲမရရှိသေးပါဘူး။
မွေးရပ်ဇာတိ
အရှင်ဓမ္မပါလ ပြုစုခဲ့တဲ့ ကျမ်းစာတွေမှာအရှင်မြတ်ရဲ့မွေးရပ်ဇာတိကိုလည်း တစ်စွန်း တစ်စတောင်မဖော်ပြပါဘူး။ အရှင်မြတ်ရဲ့ အဋ္ဌကထာ တွေနဲ့ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ နိဂုံးတွေမှာ ‘ဆီးပင်ဆိပ်ကျောင်းနေ (ဗဒရတိတ္ထဝိဟာရဝါသိနာ) အရှင်ဓမ္မပါလ စီရင်တယ်’လို့ ဆိုတယ်။ နေတ္တိ အဋ္ဌကထာ နိဂုံးအရဆိုရင် နာဂပဋ္ဋ္ဋန်မြို့ရှိ ဓမ္မာသောကမင်း ဆောက်လုပ်လှူဒါန်းတဲ့ ဗဒရတိတ္ထကျောင်းမှာ သီတင်းသုံးတယ်ခဲ့လို့ သိရတယ်။ Mrs T.W. Rays Davids (လန်ဒန်ပါဠိဒေဝီ)က ‘ဓမ္မပါလဟာ ဗုဒ္ဓဃောသ ပညာသင်ယူခဲ့တဲ့ တက္ကသိုလ် (မဟာဝိဟာရကျောင်းတိုက်) မှာပဲ ပညာသင်ယူခဲ့တယ်။ ကျမ်းပြုသူ နှစ်ပါးလုံး အယူအဆတူညီကြတယ်။ တူညီတဲ့ ဆရာအရှင်တွေကို ရည်ညွှန်းကြတယ်။ ဖွင့်ဆိုတဲ့ နည်းစနစ် တူညီကြတယ်။ ဝေါဟာရဗေဒနဲ့ ဝေါဟာရ သမိုင်းဆိုင်ရာ အတတ်ပညာမှာ ဟန်ချင်း တူညီကြတယ်’လို့ ဆိုတယ်။ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ် ဘာသာပြန်သူ ဘိက္ခု ဉာဏမောဠိကတော့ အရှင်ဓမ္မပါလ သီဟိုဠ်ကို ရောက်မရောက်အသေအချာ မဆိုနိုင်ဘူးတဲ့။
မြန်မာနိုင်ငံက အရှင်ပညာသာမိ (အေဒီ ၁၈၆၁) ရေးတဲ့ သာ န ဝံသကျမ်းက ဗဒရတိတ္ထဟာ ဒမိဠတိုင်းမှာ ပါဝင်ပြီးသီဟဠဒီပနဲ့ သိပ်မဝေးကွာလို့ အရှင်ဓမ္မပါလကိုသီဟိုဠ်နိုင်ငံသားလို့ ယူဆတယ်။
အေပီ ဗုဒ္ဓဒတ္တထေရ်က အဲဒီ ဗဒရတိတ္ထကျောင်း တည်ရှိတဲ့ အရပ်ဟာ အိန္ဒိယတောင်ပိုင်း တန်ဂျို (Tanjore) မိုင်အကွာ ကိုရိုမန်ဒေါလ် ကမ်းရိုးတမ်းဒေသ ပင်လယ် ကမ်းခြေက ယခုတိုင်နာဂပဋ္ဋန်လို့ ခေါ်တဲ့ မြို့ ဖြစ်ပါသတဲ့။ ပါဠိစာပေ ပညာရှင်ဘီစီ လော (B.C. Law) က ‘အရှင်ဓမ္မပါလဟာ တမီးလ် (Tamil) နိုင်ငံ၊ ကဉ္စိပုရမြို့မှာ ဖွားမြင်ပုံရတယ်။ တရုတ်ရဟန်းတော် ဟူယင်ဆန် ခရစ်နှစ်၆၄၀ မှာ ကဉ္စိပုရသို့ ရောက်စဉ်က သူမရောက်ခင် သိပ်မဝေးကွာတဲ့ အချိန်က ဒေသတစ်ခွင် အလွန် ကျော်ကြားခဲ့တဲ့ အရှင်ဓမ္မပါလဟာ ကဉ္စိပုရမြို့သား ဖြစ်တယ်လို့ မိတ်ဆွေ ရဟန်းတွေက ပြောဆိုကြကြောင်း မှတ်တမ်းတင်ခဲ့တယ်လို့ ’ဆိုတယ်။
ကဉ္စိပုရမြို့ဆိုတာ အိန္ဒိယတောင်ပိုင်း ဒက်ခန် (Dekkhan) နယ်၊ မဟာရဋ္ဌပြည်နယ်၊ မြို့တော်မဒရပ်ရဲ့အနောက်တောင်ဘက်၄၅၀-မိုင် အကွာမှာ ရှိတဲ့ ယခုအခေါ် ကွန်ဂျီဗာရမ် (Conjevaram)မြို့ ဖြစ်ပါတယ်။ ဒီမြို့မှာပဲ ရှေးဦး အဋ္ဌကထာ ဆရာကြီးတွေ ဖြစ်ကြတဲ့ အရှင် မဟာ ဗုဒ္ဓဃောသ၊ ယင်းနှင့်ခေတ်ပြိုင်အရှင်ဗုဒ္ဓဒတ္တတို့လည်း ရံဖန်ရံခါ သီတင်းသုံးခဲ့ဖူးတယ်လို့ သူတို့ရဲ့ ကျမ်းစာ နိဂုံးတွေမှာဖော်ပြပါတယ်။ ဒီဒေသနဲ့ ရှေးအခါက မြန်မာနိုင်ငံ မွန်ဒေသတို့ ကူသန်းသွားလာမှု ရှိခဲ့တယ်လို့ Pali Literature of Burma ကျမ်းကို ရေးသားခဲ့သူ ပါဠိပညာရှင် M.H. Bode က ဆိုတယ် (PLB, P. 8)။ အဲဒီ ခေတ်အချိန်က ထေရဝါဒဗုဒ္ဓသာသနာတော်အလွန် ထွန်းကားခဲ့တဲ့ နေရာဖြစ်ဟန်တူပါတယ်။
အရှင်ဓမ္မပါလဟာ ကဉ္စိပုရမြို့မှာ ဖွားမြင်ပေမယ့် ရဟန်းဘဝသို့ ရောက်တဲ့ အခါ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ ပညာဆည်းပူးချိန်မှ တစ်ပါး နာဂပဋ္ဋန် ဆိပ်ကမ်းမြို့မှာပဲ သီတင်းသုံးခဲ့ပုံရပြီး အဲဒီခေတ်က ဗုဒ္ဓ သာသနာတော်ရဲ့ အချက်အချာ နေရာဒေသဖြစ်တဲ့ ကဉ္စပုရမြို့မှာလည်း ရံဖန်ရံခါကြွရောက်သီတင်းခဲ့ပုံပါပဲ။
သုံးသပ်ချက်
အနှစ်ချုပ်ရင် အရှင်ဓမ္မပါလဟာ အေဒီ ၆-ရာစုနှောင်းပိုင်း (ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၁၁၀၀-၁၂၀၀)အတွင်း ပေါ်ထွန်းခဲ့တဲ့ အိန္ဒိယတောင်ပိုင်းသား ဖြစ်ဖွယ်ရှိတယ်။ သီဟိုဠ်ကျွန်း၊ အနုရာပုရမြို့ရှိ မဟာဝိဟာရကျောင်းတိုက်နဲ့ ဆက်စပ်ပတ် သက်မှုရှိခဲ့ပြီး အရှင်မြတ် ဘဝရဲ့ အချိန်ကာလများစွာကို အိန္ဒိယတောင်ပိုင်း နာဂပဋ္ဋန်မြို့က အသောကမင်း ကောင်းမှုလို့ ယူဆရတဲ့ ဗဒရတိတ္ထကျောင်းမှာ ကုန်လွန်ခဲ့ဖွယ်ရှိတယ်လို့ အရှင်မြတ်ရဲ့ ဘဝဖြစ်စဉ်နှင့်ပတ်သက်လို့ အနီးစပ်ဆုံး ဖြစ်နိုင်ခြေကို ဒီလောက်ပဲဆိုနိုင်ပါလိမ့်မယ်။
ငြင်းခုံခြင်းအကျိုး
ဝါဒေဝါဒေ ဇာယတေ တတွဗောဓော။ ငြင်းခုံတိုင်း၌ အသိသစ်ကို ပေါက်ပွားစေ၏။
---
၁၆။ သီဟိုဠ် မဟာဗောဓိပင်
ဇူလိုင် ၂၉၊၂၀၀၇။
------------
လျှောက်ထားအပ်ပါသည် ဆရာတော် အရှင်မြတ်ဘုရား၊
အရှင်ဘုရား၊ ဘီစီ ၃ ရာစုတုန်းက အိန္ဒိယဘုရင် အသောကမင်းဟာ သီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿမင်းကို ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိပင်ရဲ့ တောင်ဖက်က အကိုင်းတစ်ခုကို လက်ဆောင် ပေးတာကို သီဟိုဠ်ဘုရင်က သီဟိုဠ်နိုင်ငံမှာ စိုက်ပျိုးခဲ့ပါတယ်။ ဒီဗောဓိပင်ဟာ ယနေ့ ထိသီဟိုဠ်မှာ ရှင်သန်နေဆဲရှိတယ်လို့ ဆိုပါတယ်။ ဒါဖြင့်ရင် ဒီသစ်ပင်ဟာ သက်တမ် ၂၃၀၀ ကျော်ရှိပြီဖြစ်လို့ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး သစ်ပင်တွေထဲမှာ ပါဝင်ပါလိမ့်မယ်။ အဲဒါ ဖြစ်နိုင်ပါသလား။ ဘာနဲ့ သက်သေပြမလဲ။ အသောကမင်းက ဘာလို့ တောင်ဖက်က အကိုင်းကိုမှရွေးပြီး သီဟိုဠ်ဘုရင်ကို လက်ဆောင်ပေးလိုက်ရပါသလဲ။
ဗုဒ္ဓဝါဒကို သီဟိုဠ်ကို ယူဆောင်သွားခဲ့တဲ့ အရှင်မဟိန္ဒကို အချို့က အသောကမင်းရဲ့ ညီတော်လို့ ဖော်ပြပြီးအချို့က အသသောကမင်းရဲ့ သားတော်လို့ ဖော်ပြတယ်။ ဘာကြောင့်ဘယ်သူ ဖြစ်နိုင်တယ် ဆိုတာကိုလဲသိပါရစေဘုရား။
ချစ်ပန်းဝေ
-------------------
သက်တမ်းအရှည်ဆုံး
အိန္ဒိယဧကရာဇ် အသောကမင်းက သီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿမင်းကို အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်ဂယမြို့အနီးမှာယနေ့တိုင် တည်ရှိ ဆဲဖြစ်တဲ့ သမိုင်းဝင် မဟာဗောဓိပင်ရဲ့ဗောဓိကိုင်းကိုဘီစီ၃ ရာစုမှာ လက်ဆောင်ပေးခဲ့တယ်ဆိုတာ မှန်ပါတယ်။ အဲဒီဗောဓိကိုင်းကို သီဟိုဠ် ဘုရင် ဒေဝါနံပိယတိဿက စိုက်ပျိုးခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ အဲဒီဗောဓိပင်ကိုသီဟိုဠ်နိုင်ငံ (အတိအကျဆိုရင် ရှေးဟောင်းမြို့တော် အနုရာဓပုရမြို့) မှာ ယနေ့တိုင် တွေ့နိုင်သေးတယ်ဆိုတာလဲ အမှန်ပါပဲ။ ဟုတ်ပါတယ်၊ အဲဒီဗောဓိပင်ဟာ နှစ်ပေါင်း ၂၃၀၀ခန့် တည်ရှိခဲ့ပြီး ဖြစ်လို့ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး သစ်ပင်တွေထဲမှာ ပါဝင်တယ်ဆိုတာလည်း ရာနှုန်းပြည့်သေချာပါတယ်။
မှတ်တမ်းများ
အဲဒီလိုဆိုနိုင်ဖို့ ခိုင်လုံတဲ့ မှတ်တမ်းတွေရှိပါတယ်။ သီရိလင်္ကာဟာ နိုင်ငံငယ်သလောက် စာပေနဲ့ ယဉ်ကျေးမှုထွန်းကားတာ အလွန် ရှေးကျတဲ့ နိုင်ငံပါ။ ခရစ်နှစ် တစ်ရာစု မတိုင်မီကပင် စာပေအရေးအသား ထွန်းကားခဲ့တဲ့ နိုင်ငံပါ။ နှစ်ပေါင်း နှစ်ထောင်လောက်က ကျောက်စာတွေ သမိုင်းမှတ်တမ်းတွေ၊ ပြီးတော့ အဲဒီလို မူရင်းမှတ်တမ်းတွေက ဆင်းသက်တဲ့ ဆင့်ပွားမှတ်တမ်းတွေ ယနေ့ထိရှိနေပါတယ်။
အဲဒီအထဲမှာ ဒီပဝံသနဲ့ မဟာဝံသကျမ်း (နှစ်ကျမ်းလုံး သီဟိုဠ်နိုင်ငံရဲ့ မင်းစဉ်မင်းဆက်နဲ့ ဗုဒ္ဓသာသနာသမိုင်းကို ဖော်ပြတယ်) တွေဟာ အလွန်ရှေးကျတဲ့ အချိန်ကပင် သီဟိုဠ်ဘာသာနဲ့ တည်ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ပါဠိဘာသာ ဒီပဝံသကျမ်းကတော့ အေဒီ ၄ ရာစုလောက်က ရေးခဲ့တာလို့ သိရပြီး၊ ပါဠိဘာသာ မဟာဝံသကျမ်းက အပိုင်း ၁ကို အေဒီ ၅ ရာစု၊ အပိုင်း ၂ကို ၁၂ ရာစု၊ အပိုင်း ၃ကို ၁၇၅၀ ခန့်၊ အပိုင်း ၄ကို ခုနှစ် မသိ၊ အပိုင်း ၅ကို ၁၈၇၇ တွေမှာ ရေးခဲ့တယ်လို့ သိရပါတယ်။ အချိန်ကာလတစ်ခု လွန်သွားတိုင်း ဒါမှမဟုတ် လိုအပ်တဲ့ အချိန် ရောက်တိုင်း ပညာရှင်တွေ ပါဠိဘာသာနဲ့ ဆက်ကာဆက်ကာ ရေးလာခဲ့တဲ့ ကျမ်းမျိုးဖြစ်ပါတယ်။
အေဒီ ၁၀ ရာစုလောက်မှာ ဒီမဟာဗောဓိပင်သမိုင်းကိုပဲ သီးသန့် ဖော်ပြတဲ့ အဲဒီလို ရှေးဟောင်း သီဟိုဠ်ဘာသာကျမ်းတွေကိုပဲ မှီငြမ်း ပြုရေးသားတဲ့ မဟာဗောဓိဝံသကျမ်း ဆိုတာလဲရှိပါတယ်။
အဲဒီကျမ်းတွေအရ ဒီမဟာဗောဓိပင်ကို အသောကခတ်က စိုက်ခဲ့တဲ့ အပင်လို့ အသေအချာဆိုနိုင်တာပါ။ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတစ်လျှောက်မှာ ဒီမဟာဗောဓိပင်ကို ရန်သူသို့မဟုတ် မကြည်ညိုသူတွေရဲ့ ဖျက်ဆီးမှုခံရတယ်ဆိုတဲ့ သမိုင်းမှတ်တမ်း လုံးဝမရှိပါဘူး။ နောက် တစ်ချက်က သီရိလင်္ကာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒီဗောဓိပင်ကြီးကို မပျက်စီးရအောင် သမိုင်းအမွေအနှစ်လိုတစ်မျိုး၊ ဘာသာရေး အထွတ်အမြတ် သစ်ပင်လိုတစ်ဖုံ အလွန်ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်လာကြတာ ဖြစ်ပါတယ်။ သက်တမ်းရင့်ဗောဓိကိုင်း မြတ်တွေ လေပြင်းတိုက်ရင် ကျိုးမကျအောင် သံတိုင်တွေနဲ့ စနစ်တကျ ထောက်ကန်ထားတာကို တွေ့မြင်နိုင်တယ်။ မြန်မာနိုင်ငံက လူတွေ မြတ်ဘုရား ရွှေတိဂုံကို စောင့်ရှောက်တာထက်မလျော့နိုင်ပါဘူး။
တောင်ကိုင်း
အသောကမင်းက တောင်ဖက်ကအကိုင်းကိုမှ ဘာကြောင့် ရွေးပြီးပေး လိုက်ရတယ်ဆိုတာကိုတော့ ပါဠိသမိုင်းမှတ်တမ်းတွေမှာ ရှာမတွေ့မိသေးပါဘူး။ သီဟိုဠ်နိုင်ငံသား ပညာရှင် ဒေါက်တာ ဝါလ်ပိုလာ ရာဟုလာ အရှင်မြတ်ကတော့ ‘အိန္ဒိယနိုင်ငံရဲ့ တောင်ဖက်မှာ တည်ရှိတဲ့ သီဟိုဠ်နိုင်ငံသို့ မဟာဗောဓိပင်ရဲ့ တောင်ဖက်ကိုင်းကို လက်ဆောင် ပေးတာဟာ အလွန် သင့်မြတ်လှပါတယ်’လို့ မှတ်ချက်ပေးဖူးပါတယ်
(History of Buddhism in Ceylon, pl 57. Footnote, 3)။
သီဟိုဠ်က အိန္ဒိယရဲ့ တောင်ဖက်မှာရှိလို့ တောင်ဖက်က မဟာဗောဓိကိုင်းကို ပေးလိုက်တာလို့ ဆိုလိုပါတယ်။
အရှင်မဟိန္ဒ
ဒီပဝံသ၊ မဟာဝံသနှင့်ဝိနယအဋ္ဌထာကျမ်းတွေမှာအရှင်မဟိန္ဒဟာ ဘုရင်အသောကရဲ့ သားတော်ဖြစ်တယ်လို့ အတိအကျ ဖော်ပြကြပါတယ်။ ဒါပေမယ့် အချို့ပညာရှင်တွေက တရုတ်ဘုရားဖူးခရီးသည် ရဟန်းတော် ဟူယင်ဆန်ရဲ့ မှတ်တမ်းပါ ‘ဗုဒ္ဓဝါဒကို မဟေန္ဒြလို့ ခေါ်တဲ့ အသောက မဟာရာဇာရဲ့ ‘‘ညီတော်’’က သီဟိုဠ်ကျွန်းကို ယူဆောင်သွားခဲ့တယ်’ (Hiuen Tsiang, Bk. XI, p. 246.)ဆိုတဲ့ ဖော်ပြချက်အရ အသောကမင်းရဲ့ ညီတော်လို့ ယူဆလိုကြဟန် တူပါတယ်။ မည်သူ မှန်တယ်လို့ ယတိပြတ် ဖြေဆိုဖို့ ခက်ပါလိမ့်မယ်။ ဟူယင်ဆန်ဟာ အသောက ကွယ်လွန်ပြီးနောက် နှစ်တစ်ထောင် (အေဒီ ၇ ရာစု)လောက်ကြာမှ အိန္ဒိယကို ရောက်လာခဲ့တယ်။ သူနေခဲ့တဲ့ ပတ်ဝန်းကျင်က မြောက်ပိုင်း ဗုဒ္ဓဝါဒထွန်းကားတဲ့ နေရာပါ။ ဒါကိုကြည့်ပြီး နှစ် သက်ရာကိုလက်ခံဖို့ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါက်တာ ဝါလ်ပိုလာ ရာဟုလာရဲ့ အဆိုအမိန့် တစ်ရပ်ကိုပဲ ထပ်ပြီး ဖော်ပြပါရစေ၊
‘ဟူယင်ဆန်ရဲ့ ဖော်ပြချက်အပေါ် အထူးအလေးပြုဖို့ မလိုပါဘူး။ ဟူယင်ဆန်ဟာ သူ့ရဲ့ သတင်းအချက်အလက်ကို အိန္ဒိယက လူပြော သူပြော တစ်ဆင့်စကားနဲ့ ရယူစုဆောင်းခဲ့တာပါ။ ပါဠိသမိုင်းမှတ်တမ်းတွေဟာ ဟူယင်ဆန်ရဲ့ မှတ်တမ်းထက် များစွာပိုမို လေးစားထိုက်တဲ့ အနေအထားမှာရှိတယ်။ နောက်တစ်ချက်က အရှင်မဟိန္ဒဟာ သီဟိုဠ်ကို ကြွရောက်လာပြီး သာသနာ့တာဝန်ကို ထမ်းဆောင်ရင်း သီဟိုဠ်မှာပဲ ပျံလွန်တော်မူသွားခဲ့တယ်။ အရှင်မဟိန္ဒ အိန္ဒိယကို ပြန်ကြွတယ် ဆိုတဲ့ အထောက်အထား မှတ်တမ်း မရှိပါဘူး။ သီဟိုဠ်လူထုနဲ့ ဒီပါဠိ မှတ်တမ်းတွေကို ရေးသားကြတဲ့ ပညာရှင်တွေဟာ အရှင်မဟိန္ဒနှင့် ပတ်သက်ပြီး အခြားမည်သည့် နိုင်ငံသားထက်မဆို သဘာဝအားဖြင့် ပိုမိုရင် နှီးမှုရှိပြီး ခိုင်လုံတဲ့ သတင်းအချက်အလက် ရှိနေလိမ့်မှာ ဖြစ်ပါတယ်’ (Ibid, p. 48. Footnote, 2)။
အရှင်မဟိန္ဒဟာ သက်တော် ၃၂ နှစ် (မဟာဝံသ၊၁၃း၁) မှာ သီဟိုဠ်ကို ကြွပြီး သက်တော် ၈၀ မှာ သီဟိုဠ်မှာပင် ပရိနိဗ္ဗာန်စံခဲ့လို့ သီဟိုဠ်မှာ၄၈ နှစ်ကြာသီတင်းသုံးတော်မူသွားပါတယ်။
စိုးမိုးသောစိတ်
တွင်ကျယ်ချင်သော စိတ်သည် လူတို့တွင် ရှိ၏။ ယင်းသည် အခြားသော စိတ်များကိုလွှမ်းမိုးနေသော စိတ်လည်း ဖြစ်၏။
၁၇။ လွမ်းစေတီ
ဇူလိုင် ၂၉၊၂၀၀၇။
---
လျှောက်ထားအပ်ပါသည် ဆရာတော် အရှင်ဘုရား၊
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး ကွယ်လွန်ပြီးနောက် သတင်းမှာ ဖော်ပြချက်တွေနဲ့ နီးစပ်သူတွေ အပြောအရ သူ့ရဲ့ အရိုးပြာတွေကို သူကြည်ညိုတဲ့ ဆရာတော်ကြီး သီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ‘လွမ်းစေတီ’တည်မယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာပရိသတ်တွေ အကြားမှာ မင်းသားဒွေးကို ချစ်ပေမယ့် သူလိုသာမန် အရပ်သားတစ်ယောက်ရဲ့ အရိုးပြာကို စေတီ တည်ကောင်း မတည်ကောင်းဆိုတဲ့ ပြောဆိုဆွေးနွေးမှုလေးတွေ ကြားနေရပါတယ်ဘုရား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဓမ္မစာပေကို အခြေခံတဲ့ ဆရာတော်တို့ရဲ့သိမြင်ယူဆချက်ကို သိပါရစေ။
နိုင်အောင်မွန်
---
စေတီ
လူတွေ ရိုသေပူဇော်တဲ့ အရာဝတ္ထုကို စေတီလို့ ခေါ်ပါတယ်။ ဗုဒ္ဓမပွင့်မီက သစ်ပင် တောတောင် ဥယျာဉ် နတ်ကွန်းတွေဟာ လူတွေ ရိုသေ ပူဇော်ရာဖြစ်လို့ စေတီအမည်ကို ရခဲ့ပါတယ်။ ဗုဒ္ဓပွင့်ပြီးနောက်မှာတော့ ဗုဒ္ဓဝါဒီတွေက ရိုသေပူဇော်စရာကို အဲဒီပစ္စည်းတွေအစား ဗုဒ္ဓဓမ္မနှင့် သံဃလို့ ပြောင်းလဲလိုက်ပါတယ်။ စေတီပစ္စည်း ပြောင်းသွားပါတယ်။
ပူဇော်စရာ အရာဝတ္ထုတွေကို ဌာပနာထားတဲ့ ချွန်ချွန်မို့မို့ အရာ ဝတ္ထုကိုတော့ ထူပလို့ ခေါ်ပါတယ်။ စေတီကို ထူပထဲမှာထည့်တယ်ပေါ့။ ဗိသုကာနည်းပညာ ထွန်းကားလာတာနဲ့ အမျှ ထူပပုံစံလည်း အမျိုးမျိုး ပြောင်းလဲသွားပါတယ်။ စေတီကို ထည့်ထားတဲ့ ပုံစံမျိုးစုံရှိတဲ့ ထူပကိုလည်း တင်စားပြီး စေတီလို့ ပဲခေါ်ပါတယ်။ ဥပမာ..ရွှေတိဂုံ အမည်ရတဲ့ ထူပကြီးထဲမှာ ဗုဒ္ဓဆံတော်စတဲ့ စေတီထိုက်တဲ့ ဓာတ်တော် တွေကို ဌာပနာ (ထည့်သွင်း) ထားလို့ အဲဒီ ထူပကြီးကို အဝိနာဘာဝ (ဘယ်လိုမှကင်းမရတဲ့)စာပေနည်းနဲ့ ‘ရွှေတိဂုံစေတီ’ လို့ ခေါ်တာပါ။
စေတီထိုက်သူ ၄ မျိုး
၁) သမ္မာသမ္ဗုဒ္ဓ = ကိုယ်တိုင်လည်း တရားကိုသိ၊ သူတစ်ပါးကိုလည်း ဟောကြားတယ်။ လောကမှာ နှစ်ဆူပွင့်ရိုး ထုံးစံမရှိ။
၂) ပစ္စေကဗုဒ္ဓ = ကိုယ်တိုင်တော့ တရားကိုသိ၊ သို့ပေမယ့် ရုပ်ဝါဒ ထွန်းကားပြီး လူတွေ အစွန်းရောက်လွန်းချိန် တရားဟော မရ၍ ဖြစ်စေ၊ လူတွေ ကိုယ်ကျင့်တရား ကောင်းလွန်းနေတဲ့ အချိန် မလို အပ်၍ဖြစ်စေ လောကကို တရားမဟော။ ဗုဒ္ဓသာသနာ ကွယ်နေ ချိန်မှာပဲပွင့်တယ်၊ တစ်ပြိုင်နက် တစ်ဆူမက ပွင့်တယ်။
၃) သမ္မာသမ္ဗုဒ္ဓရဲ့ အရိယာဖြစ်ပြီးတဲ့ တပည့်သာဝကများ။
၄) လေးကျွန်းသနင်း စကြဝတေးမင်း။ မျှတလွန်းလို့ တစ်ကမ္ဘာလုံး ကကြည်ညို၊ ကိုယ်တိုင်လည်း ငါးပါးသီလမြဲတဲ့ မင်းမျိုး။ အဲဒီ ပုဂ္ဂိုလ်လေးမျိုးဟာ ရတောင့်ရခဲ ဖြစ်လို့ သူတို့ရဲ့ အကြွင်းအကျန်ကို ဌာပနာထားတဲ့ စေတီကို ဖူးမြင်ရသူတို့ရဲ့ စိတ်နှလုံးမှာ ကြည်နူးသွားတယ်။ အဲဒီ ကြည်လင်တဲ့ စိတ်နှင့် စုတိပြတ်ကြွေ သေလွန်ရင် သုဂတိကိုရောက်ဖို့သေချာလို့ အများကောင်းကျိုး ရတဲ့ အတွက်စေတီ ထိုက် (ထူပထဲထည့်သွင်းထိုက်) တာဖြစ်ပါတယ်။
မျက်မှောက်ခေတ် ဗုဒ္ဓဝါဒီတွေကတော့ စေတီလို့ ခေါ်လိုက်ရင် အထူးသဖြင့် (၁)ဗုဒ္ဓနှင့် ရဟန္တာသာဝကတွေရဲ့ ဓာတ်တော်တွေ (၂) ဒီအရှင်မြတ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ သင်္ကန်း၊ သပိတ်၊ ဗောဓိညောင်ပင်စတာတွေ (၃) ဗုဒ္ဓနှင့်ရဟန္တာဆင်းတုတွေ (၄)ဗုဒ္ဓဓမ္မပေစာချပ် ကျမ်းစာအုပ်တွေဆိုတဲ့ လေးမျိုးအနက် တစ်ခုခုကို ဌာပနာ ထားတယ်လို့ ပဲနားလည်ကြပါလိမ့်မယ်။
လွမ်းစေတီ
ဗုဒ္ဓ မပွင့်မီကရော ပွင့်ပြီး နောက်ပါဘုရင် မိဖုရားမင်းသား မင်းသမီးတွေရဲ့ အရိုးတွေ ပြာတွေကို ထူပ (ဒီနေရာမှာ အုတ်ဂူလို့ ပဲ နားလည် လိုက်ပါ) ထဲထည့်ပြီး ဂုဏ်ပြုခဲ့တဲ့ ထုံးစံရှိပါတယ်။ ဒီလိုပဲ ကျန်ရစ်သူ မည်သူမဆိုက ကွယ်လွန်သွားတဲ့ မိမိကြည်ညို ချစ်ခင်သူတွေကို လွမ်းနေလို့ အမှတ်တရဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ရဲ့ သဂြိုဟ်ကြွင်းကို ထူပထဲ ထည့်ခွင့် ရှိနိုင်ပါတယ်။ ချစ်ကြည်ညိုသူတွေ သတိရလို့ လာ ရောက်ပြီးဂါရဝလည်း ပြုနိုင်ပါတယ်။
ဒါပေမယ့် လောကရဲ့ပူဇော်စရာတော့ မဖြစ်ကောင်းပါဘူး။ တွေးမိတာလေးတစ်ခုနဲ့ အကြံပြုရရင် မျက်မှောက်ခေတ် မြန်မာ နိုင်ငံမှာ ‘စေတီ’ဆိုတဲ့ ဝေါဟာရက ဘာသာတရား အထူးသဖြင့် ဗုဒ္ဓသာသနာနဲ့ ပတ်သက်တဲ့ နေရာအနေနဲ့ အများ နားလည်ထားပြီးဖြစ် လို့ လူထုအကြား ပြောဆိုငြင်းခုံစရာတွေ မဖြစ်ရအောင် ‘စေတီ’အစား အခြားဝေါဟာရတွေနဲ့ ပြောင်းသုံးရင် ပိုမကောင်းပေဘူးလား။
‘ဒွေးဂေဟာ’
‘ဒွေးစံအိမ်’
‘ဒွေးဗိမာန်’။
He does not speak of sin
Serenity of sprit and love for all sentient creation are enjoined by the Buddha. He does not speak of sin, but only of ignorance and foolishness which could be cured by enlightenment and sympathy.
Dr. S Radhakrisnan, 'Gautama the Buddha.'
ဗုဒ္ဓသည် အပြစ်ကို မဟောကြား
စိတ်ပိုင်းဘဝ တည်ငြိမ်ခြင်းနှင့် သတ္တဝါ အားလုံးအပေါ် မေတ္တာ တရားကို ဗုဒ္ဓရှင်တော်က ညွှန်ကြား၏။ ဗုဒ္ဓသည် အပြစ်ကို မဟော ကြား။ သို့သော် ဗောဓိဉာဏ်နှင့် အကြင်နာ တရားများဖြင့် ကုစားနိုင်သောအမှောင်ဖုံးခြင်းနှင့်မိုက်မဲခြင်းတို့ကိုသာလျှင် ဟောကြား၏။
---
၁၈။ ဗုဒ္ဓဝါဒနှင့်အလှတရား
ဇူလိုင် ၂၉၊၂၀၀၇။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုန်းဘုန်းဘုရား၊
ဗုဒ္ဓဝါဒီမဟုတ်တဲ့ မိတ်ဆွေတစ်ယောက်က ဗုဒ္ဓဝါဒနဲ့ ပတ်သက်ပြီး သူ့မှာ ဘဝင်မကျတာလေးတစ်ခု ရှိတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ အလှတရားကို ငြင်းပယ်တာတဲ့။ ဗုဒ္ဓဘုရားရှင်ဟာ လောကကို ဒုက္ခလို့ မြင်ထားတာမို့ အမြဲပဲ မကောင်းဖက်ကနေ ကြည့်လေ့ရှိတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒဟာ မကောင်းမြင်ဝါဒလားတဲ့။
အလှတရားဆိုဟာ ဘုရားသခင်က လူသားတွေခံစားဖို့ ဖန်းဆင်းပေးထားတာဖြစ်လို့ ခံစားကောင်းပါတယ်လို့ သူက ပြောပါတယ်။ စိတ်ပညာအရ သုခကိုခံစားဖို့ ငြင်းဆိုတာဟာ ပုံမှန်စိတ်ထား မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။ အလှတရားနှင့် ပတ်သက်ပြီး ဗုဒ္ဓရှင်တော်မြတ် ဟောကြားတဲ့ အဓိပ္ပာယ်ဟာ သူနားလည်ထားတာနဲ့ တူပါသလား။
စီစီခင်လှ
---
လက္ခဏာရေး သုံးပါး
မမြဲ၊ ဆင်းရဲ၊ အတ္တကောင်မရှိဆိုတဲ့ လက္ခဏာရေးသုံးပါးကို ရှေ့တန်းတင် ဟောကြားလို့ ဗုဒ္ဓဝါဒဟာ အလှတရားကို အသိအမှတ်မပြု၊ မကောင်းမြင်ဝါဒပဲ ဖြစ်မယ်လို့ မှတ်ချက်ပြုရင် ဗုဒ္ဓဝါဒကဆိုလိုတဲ့ အမှန် တရားနှင့် ဝေးသွားပါလိမ့်မယ်။ ဗုဒ္ဓရှင်တော်မြတ်က ‘ဤရုပ်ခန္ဓာကိုယ်မှာ အတ္တ (ဝိညာဉ်ကောင်)မရှိ။ ဤရုပ်ခန္ဓာဟာ ငါဖြစ်ချင်သလိုဖြစ်စေ လို့ အမိန့်ပေးလို့လည်း မရ။ ဒါ့ကြောင့် ဤရုပ်ခန္ဓာဟာ အမြဲမရှိ။ ဆင်းရဲသဘာဝရှိတယ်’လို့ ဟောပါတယ်။
မြတ်ဗုဒ္ဓအလိုအရ မတည်မြဲခြင်း၊ ပြောင်းလဲခြင်းဆိုတာ အရာခပ်သိမ်းတို့ရဲ့ရှောင်လွှဲမရတဲ့ သဘာဝဖြစ်ပါတယ်။
ဒုက္ခအမှန်တရား
ဒီလောကမှာ ဒုက္ခတည်ရှိတာဟာ အမှန်တရားပဲ။ ဒုက္ခမရှိဘူးလို့ ငြင်းဆိုရင်လည်း ပုံမှန်စိတ်ထားတော့ မဖြစ်နိုင်ပါဘူး။ လူတွေဟာ သက်ရှိ သက်မဲ့တွေကို နှစ်သက်စွဲလမ်းရာက ရယူပိုင်ဆိုင်ပြီး တည်မြဲနေစေချင်တယ်။ ဒါကြောင့်သက်ရှိသက်မဲ့တို့ရဲ့အမှန်သဘာဝကို သိအောင်စဉ်းစားဆင်ခြင်ဖို့ ငြင်းဆိုလိုကြတာ ဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ ကွေကွင်းရတာတွေကို လက်ခံလိုစိတ်မရှိဘူး။
ပုဂ္ဂိုလ်ဝတ္ထုတို့ရဲ့ ရှင်သန်တည်မြဲရေးကို မျှော်လင့်တောင့်တရင်း အချိန်ကာလကပဲ သတ္တဝါတွေကို ဝါးမျိုသွားပါတယ် (ကာလော ဃသတိ ဘူတာနိ)။ အရုဏ်ဦး နှင်းစက်ရဲ့ သစ်လွင် လတ်ဆတ်မှုဟာ နေထွက်ချိန် မတိုင်ခင် လောက်ပါပဲ။ ပျိုခြင်း အိုခြင်း၊ ဟောင်းခြင်း သစ်ခြင်းဆိုတာ ပြောင်းလဲမှုသဘာဝရဲ့သွင်ပြင်တွေပဲမဟုတ်ပါလား။
သဘာဝတရားတွေကို အဲဒီလိုအရှိအတိုင်း မသိမြင်သေးလို့ မိမိစိတ်ကို ကောင်းကောင်း မထိန်းနိုင်ဘဲ ဘယ်အရာဝတ္ထုကို မဆို တပ်မက်စွဲလမ်းရင် ဆင်းရဲဒုက္ခဖြစ်ရတယ်လို့ ဆိုလိုတာပါ။
ဒါကတော့ လက္ခဏာရေးသုံးပါး ဒေသနာက ဖော်ပြတဲ့ ဗုဒ္ဓဝါဒအလိုဘဝနှင့် လောကကို ရှုမြင်လက်ခံပုံဖြစ်ပါတယ်။
အလှတရား
တစ်ခါမှာ ပသေနဒီ ကောသလမင်းက မြတ်ဗုဒ္ဓကို ‘အရှင်ဘုရားရဲ့ တပည့်မဟုတ်တဲ့ သမဏဗြဟ္မဏအချို့ဟာ ပိန်လှီချည့်နဲ့၊ အသားအရေ မွဲခြောက်ပြီး ခန္ဓာတစ်ကိုယ်လုံး အကြော ပြိန်းပြိန်းထနေကြပါတယ်။ ကြည့်ရှုသူလူအပေါင်းရဲ့အမြင်အာရုံကိုမဖမ်းစားနိုင်ကြပါဘူး (နစက္ခုံ ဗန္ဓန္တိ ဇနဿ ဒဿနာယ)’ လို့ လျှောက်ဖူးပါတယ်။ အဲဒီတော့ အလှတရားဆိုတာ ကြည့်ရှုသူတွေရဲ့ နှစ်သက်ခြင်းကို ဖြစ်စေ တဲ့ အရာလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်မယ်ထင်ပါတယ်။
တစ်ကိုယ်ရေ သန့်ရှင်းဖို့၊ ယဉ်ကျေးဖော်ရွေပြီး ကြည်ညိုဖွယ်ဖြစ် အောင်နေထိုင်ပြုမူဖို့ ရဟန်းတော်တွေကို မြတ်ဗုဒ္ဓမိန့်ကြားပါတယ်။
မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို နှစ်လိုဖွယ်ဖြစ်အောင် ထိန်းသိမ်းဖို့ စည်းကမ်းတွေလဲ ချမှတ်ပေးပါတယ်။ နိမ့်ကျပြီး ရွံရှာဖွယ် အမူအကျင့် အနေအထိုင် ပုံစံတွေနဲ့ စိတ်ပိုင်းဘဝကို မြှင့်တင်ဖို့ ဗုဒ္ဓရှင် မညွှန်ကြား ပါဘူး။ ဒါကြောင့် ဗုဒ္ဓဟာ အလှတရားကို လက်ခံပါတယ်။
ဒါပေမယ့် အလှတရား တည်ရှိရာ ပုဂ္ဂိုလ်ပစ္စည်းတို့ရဲ့ သဘာဝမှန်ကို အရှိအတိုင်း နားမလည်ရင် အလှတရားက ပူပန်ဆင်းရဲမှုတွေကို ယူ ဆောင်လာတယ်လို့ တော့ မြတ်ဗုဒ္ဓ သတိပေးပါတယ်။
သဘာဝမှန်ကို သိခြင်း
သက်ရှိတွေမှာ အလှတရားဟာ အကန့်အသတ်နှင့်သာရှိခဲ့ရင် အလှပိုင် ရှင်ဟာလောဘနှင့် ဂုဏ်မာနမြင့်မောက်တယ်။ အလှတည်ရှိတဲ့ အရာဟာ ထူးခြားပြီး လွယ်ကူစွာမရနိုင်ရင် လူဟာ အလှတည်ရာကို ကိုယ်ပိုင်ပြုဖို့ ရုန်းကန်လိုတယ်။ အလှပစ္စည်းကို မပိုင်ဆိုင်နိုင်သူတွေဟာ ပိုင်ဆိုင်သူတွေအပေါ် ထားရှိတဲ့ မနာလိုမှု ရန်စောင်မှုတွေကို တွန်းလှန်ဖို့ ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားနှင့်သတ္တိတွေလိုပေမယ်။
အလှတရားဟာ နှင်းဆီပန်းလိုပါပဲ။ မသုံးတတ်ရင် ဆူးစူးမယ်။ အလှတရားကို အတ္တလွန်ဆန္ဒနဲ့ ဆုပ်ကိုင်ရင် လူ့တန်ဖိုး ပျက်ယွင်းပြီး ဆင်ခြင်ဆုံးဖြတ်နိုင်မှုအဆင့်လျှောကျသွားနိုင်တယ်။
သိမ်းငှက်တစ်ကောင် သားတစ်ကို ကိုက်ချီ ပျံလွှားနေတုန်း အခြားသိမ်းငှက်တွေ ဝိုင်းဝန်းတိုက်ခိုက်ခံရလို့ သားတစ်ကို လွှတ်ချလိုက်ရပုံ၊ နောက်တစ်ကောင်က ကျသွားတဲ့ သားတစ်ကို ထိုးသုတ်တော့ သူလည်း တိုက်ခိုက်ခံရပြန်ပုံကို သတိပြုမိတဲ့ အရှင်ပက္ကမဟာ ‘လောကီအာရုံတွေဟာ ဒီသားတစ်နဲ့ တူတာပဲ။ လူတိုင်းနှင့်ဆိုင်ပြီး နာကျင်ခံခက်မှုတွေနှင့် ပြည့်လျှမ်းနေပါကလား’လို့ အဖန်ဖန် ဆင်ခြင်ရင်း ကြိုးစားပြီးတရားအားထုတ်လို့ အဲဒီနေ့မှာပဲ ရဟန္တာဖြစ်သွားခဲ့တယ်။
ဗုဒ္ဓဝါဒီဟာ အလှတရားကို မိမိရဲ့ ပြင်းပြတဲ့ ခံစားမှုအရ ကြိုက်ခြင်း မကြိုက်ခြင်း ဖြစ်ပေါ်ရာ အကြောင်းတရားအဖြစ်မှ ရှောင်ရှားနိုင်ဖို့ ကြိုးစားခြင်းသာဖြစ်ပါတယ်။
အာရုံငါးပါးနဲ့ မြင်တွေ့ခံစားနိုင်တဲ့ အလှတရားကို အသိအမှတ် ပြုပြီး တစ်ချိန်တည်းမှာ ဒီအလှတရားရဲ့ ပြောင်းလဲ ဖောက်ပြန်ခြင်း၊ ပျက်စီးခြင်းနဲ့ မမြဲခြင်းဆိုတဲ့ အနိစ္စ သဘာဝကိုပါ ရှုမြင်လက်ခံခြင်းသာ ဖြစ်ပါတယ်။
ရဟန္တာတို့ရဲ့ စိတ်အာရုံ
ဗုဒ္ဓဝါဒီဟာ ‘ဖြစ်ပြီးနောက် ပျက်သုံးခြင်း သဘာဝရှိတယ်’ဆိုတဲ့ ဗုဒ္ဓ ဒေသနာကို သတိရပြီး အလှတရားကို ပိုမိုနက်ရှိုင်းစွာ ရှုမြင်ပါတယ်။ နှစ်သက်မြတ်နိုးမှုတို့ စုပေါင်းရာ အလှပစ္စည်းတွေကို ပိုင်ဆိုင်နိုင်ဖို့ အလိုရမ္မက်တွေနဲ့ တင်းကျပ်စွာ လွှမ်းခြုံမထားဖို့ စိတ်ကိုထိန်းချုပ်ပြီး ဗုဒ္ဓ တပည့်ဟာမိမိရဲ့ဘဝနေနည်းကိုတည့်မတ်အောင်ကြိုးစားပါတယ်။
ရဟန္တာဖြစ်တဲ့ အရှင်သပ္ပကမထေရ်ဟာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ ဘသာဝအလှတရားအပေါ် ထူးခြားတဲ့ စိတ်အာရုံခံစားမှုကို ပရိသတ်အလယ်မှာ ဒီလို မြွက်ဟခဲ့ပါတယ် ‘တိမ်မုန်တိုင်းတို့ စိတ်ရိုင်း ထချိန်၊ တောင်ပံဖြူ ဥဗျိုင်းငှက်တို့ အိပ်တန်းဖက်ဆီ အသော့နှင်တုန်း၊ အဇကရဏီမြစ်ဟာ အလှဆုံးပေါ့’။
ဓုတင် ဧတဒဂ်ရ အရှင်မဟာကဿပ မထေရ်ကြီးလည်း ‘တိမ်ညို အထွတ် ပြာသာဒ်ဆောင်ပမာ တောင်ပြာတန်းတွေ အကြား ညသန်း ခေါင်ယံ ဆင်တွန်သံ ကြားရတော့ တကယ့် အထူးခြားဆုံးပါပဲ’လို့ ပရိသတ်အလယ်မှာ မြွက်ဟခဲ့ဖူးပါတယ်။
နေပြည်တော်ကို ပြန်ကြွဖို့ ရဟန္တာဖြစ်ပြီးတဲ့ အရှင်ကာဠုဒါယီ မထေရ် မြတ်ဗုဒ္ဓကို လျှောက်ပုံက ‘အိုးဝေအိုးဝေ၊ တောင်ထိပ်ဗွေ၌၊ ထွေထွေထူးထူး၊ တွန်ရင့်ကျူးလျက်၊ ရွှင်မြူးပါကြ၊ ဥဒေါင်းလှတို့၊ ဖိုမခေါ်ကာ၊ ကကြပါသည်မဟာဝီရ အင်္ဂီရသာနံ သမယော’တဲ့။
(မဟာဝီရ၊ လုံ့လသခင် ချစ်သျှင်ဘုရား သုံးလူ့ဖျား။ အင်္ဂီရသာနံ၊ ခြောက်လျှံ ရောင်ဝါ ဉာဏ်စကြာနှင့် သစ္စာထွန်းလစ် တို့သျှင်ချစ်၏။ သမယော၊ လမ်းဆက် တဖော်ရှုလင့်မျှော်သည် ပြည်တော်ကူးသင့်ချိန်ပါဘုရား။)
ရဟန္တာအရှင်မြတ်ကြီးတွေရဲ့ နှလုံးသားခံစားမှုကို တုံ့ပြန်ပုံတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်အဲဒီလိုခံစားရာမှာ နားလည်မှုနှင့်ညီမျှမှုရှိပါတယ်။ အလှပျောက်ဆုံးလို့ စိုးရိမ်ခြင်း၊ ပိုင်ဆိုင်မှုအတွက် ဝန်တိုခြင်း တွေသူတို့ သန္တာန်မှာ မရှိပါဘူး။ သေးသိမ် ယုတ်ညံ့တဲ့ ပဋိပက္ခတွေ ကင်းဆိတ်တဲ့ စိတ်ရှိရင် လူဟာ ရောင့်ရဲမှုနှင့်အပန်းပြေမှုကိုရရှိတယ်။
ဗုဒ္ဓဝါဒီဟာ ကြုံတွေ့ သိရှိ ခံစားမှုလောကကို ပိတ်ကာဖို့ နံရံတံတိုင်းခြားမထားပါဘူး။ ခံစားမှုနယ်ပယ် အတွင်းမှာပဲတည်ရှိပါတယ်။
ဗုဒ္ဓဝါဒက သင်ပြတဲ့ ပြောင်းလဲမှုနှင့် မဆုံးသံသရာ ဖြစ်စဉ်အတွင်း လူသားတို့ရဲ့ ကျေနပ်နှစ်သက်မှုကို မြှင့်တင်ပေးနိုင်တဲ့ အလှတရားကို သတိပညာချွန်းနဲ့ အုပ်ပြီးခံစားဖို့မငြင်းပါဘူး။
ဒါကြောင့် ဗုဒ္ဓဝါဒကို အဆိုးမြင်ဝါဒလို့ လုံးဝ မဆိုနိုင်သလို အကောင်းမြင်ဝါဒသက်သက်လည်းမဟုတ်ပါဘူး။
---
၁၉။ အိမ်မွေးတိရစ္ဆာန်နှင့် မနိုးဆေး
ဇူလိုင် ၁၊၂၀၀၇။
---
ဘုန်းဘုန်းဘုရား၊
လွန်ခဲ့တဲ့ တစ်လလောက်က တပည့်တော်ရဲ့ ကြောင်ကလေး အစာမစားနိုင်ဖြစ်ပြီး တဖြည်းဖြည်း ပိန်လာလို့ တိရစ္ဆာန် ကုသရေးဆရာဝန် ဆီ ယူသွားပြီး ပြပါတယ်။ ဆရာဝန်က ကြောင်ကလေးမှာ ကျောက်ကပ် ပျက်စီးသွားလို့ အစာမစားနိုင်တော့ဘူး၊ ဒီရောဂါနဲ့ ပဲ ရက်သတ္တပတ်အနည်းငယ်အတွင်း သေဆုံးလိမ့်မယ်လို့ ပြောပါတယ်။
ဒီတော့ တပည့်တော်အနေနဲ့ ကြောင်ကလေး အစာမစားဘဲ ပင်ပင်ပန်းပန်းသေရမှာကိုမလိုလားလို့ ကြောင်ကလေး အိပ်မောကျပြီး အေးအေးသက်သာ သေသွားမယ့်ဆေးကို ဆရာဝန်ကို ထိုးပေးခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆရာဝန်ကလည်း ထိုးပေးပါတယ်။ ဒါပေမယ့် တပည့်တော်တို့ ကြောင်ကလေးကို သေသွားစေလိုတဲ့ စေတနာ လုံးဝ မရှိခဲ့ပါဘူး။ သိချင်တာက တပည့်တော် ငါးပါးသီလကို ချိုးဖောက်ရာ ကျပါသလား။ သေစေလိုတဲ့ စေတနာမှ မပါတဲ့ ဥစ္စာ။ အဲဒီလိုလုပ်လိုက်တဲ့ အကျိုးအတွက်တပည့်တော်မှာ ဘယ်လိုအကျိုးမျိုး ရနိုင်ပါသလဲ။ ကုသိုလ်လား အကုသိုလ်လား။ လုပ်ပေးတဲ့ ဆရာဝန်ရဲ့ အကျိုးပေးကော ဘယ်လိုရှိပါသလဲ။ ကြောင်ပိုင်ရှင်အနေနဲ့ အဲဒီလို အခြေအနေမှာ ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်ပါသလဲ။
ပွင့်မေတ္တာ
---
ကုသလို့ မရနိုင်တော့တဲ့ အိမ်မွေးတိရစ္ဆာန် (ခွေး ကြောင်စသည်)ကို သက်သက်သာသာ ဘဝအဆုံးသတ်ပေးဖို့သခင်က တိရစ္ဆာန်ကုသရေး ဆရာဝန်ထံ ယူသွားပြီး မနိုးတော့တဲ့ အိပ်ဆေး ထိုးပေးခိုင်းတာနဲ့ ပတ်သက်ပြီး ဆရာဝန်နှင့် ကြောင်ပိုင်ရှင်တို့ရဲ့ အပြစ်အကျိုးကို သိဖို့ ဆိုရင် ဦးစွာပါဏာတိပါတ (သူ့အသက်သတ်မှု)ကံမမြောက်တဲ့ အခြေ အနေနှင့်မြောက်တဲ့ အခြေအနေကို နားလည်သင့်ပါတယ်။
ကံမမြောက်တဲ့ အခြေအနေ
၁၊ စေတနာ မပါရင် - ဥပမာ အမှတ်တမဲ့ ထားမိတဲ့ ဓား သို့မဟုတ် တုတ် ပြုတ်ကျလို့ ကလေးငယ်တစ်ယောက် သေဆုံးသွားရင် (တာဝန်မဲ့မှုနှင့် ကလေးမိဘရဲ့ တရားစွဲတာကို ခံရပြီး ထောင်ကျနိုင်ပေမယ့်) သေစေလိုတဲ့ စေတနာမရှိလို့ ပါဏာတိပါတကံ မမြောက်ဘူး။
၂၊ မသိရင် - ဥပမာ မိမိဝယ်လာတဲ့ ဒံပေါက်ထမင်းမှာ အဆိပ် သင့်နေမှန်း မသိဘဲ အခြားတစ်ယောက်ကို ကျွေးမိလို့ စားသုံးမိသူ သေဆုံးရင် စိတ်ကောင်းနှင့်ကျွေးခဲ့သူ ပါဏာတိပါတကံ မမြောက်ဘူး။
၃၊ သတ်ဖို့ မရည်ရွယ်ရင် - ဥပမာ ဆရာဝန်တစ်ယောက်က လူနာကိုသွေးတိုးပျောက်ဆေးပေးလိုက်တာပဲ၊ ဒါပေမယ့် အဲဒီဆေးက လူနာနှင့် မတည့်လို့ အဲဒီဆေးကြောင့်ပဲ လူနာသေဆုံးခဲ့ရင် (တရားစွဲခံရထောင်ကျနိုင်ပေမယ့်) ဗုဒ္ဓဝါဒအရ လူနာကို သေအောင်လုပ်ဖို့ မရည် ရွယ်ခဲ့လို့ ဆရာဝန်ဟာ ပါဏာတိပါတကံ မမြောက်ပါဘူး။
၄၊ မိဘ ညီအစ်ကို မောင်နှမမှန်း မသိနိုင်အောင် ရူးသွပ်နေရင် - ဥပမာ အမေအစ်မကို ထိလို့ မဆင်မခြင် ဓားနဲ့ လိုက်ခုတ်တဲ့ သာမန် စိတ်မမှန်သူ သို့မဟုတ် ဆင်ခြင်တုံတရား အဆင့်မမီသူမျိုး မဟုတ်ဘဲ၊ မစင်နဲ့ ထမင်းကို မခွဲခြားနိုင်လောက်အောင် လုံးဝ ရူးသွပ် နေသူက သူ့အသက်ကို သတ်မိရင် အဲဒီလို ရူးသွပ်သူ ကံမမြောက်ဘူး။
ကံမြောက်တဲ့ အခြေအနေ
၁၊ အသက်ရှိမှန်း သိနေရင် - သက်ရှိကို အသက်ရှိမှန်း သိလျက် သေအောင်လုပ်ရင် ကံမြောက်တယ်။
၂၊ သတ် (သေစေ) လိုတဲ့ စိတ်ရှိရင် - ဥပမာ ညအိပ်နေတုန်း ကျောအောက် အခင်းပေါ်က ကြမ်းပိုးကို ကြမ်းပိုးမှန်းသိလို့ ညှစ်သတ် လိုက်ရင် ကံမြောက်တယ် (ကြမ်းပိုးကို သစ်သားစအထင်နှင့် ညှစ် လိုက်မိလို့ ကြမ်းပိုးသေသွားရင် တော့ကံမမြောက်ဘူး။)
၃၊ သေအောင်လုပ်ရင် သို့ဟုတ် သတ်ရင် - ဥပမာ ကိုယ်ဖြင့် (ကိုင်ပေါက်၊ အမြင့်မှ တွန်းချ) ၍ သို့မဟုတ် ကိုယ်နှင့်စပ်ယှဉ်သည့် တုတ်ဖြင့်ရိုက် ဓားဖြင့်ခုတ် လှံဖြင့်ထိုး၍ သတ်တာ၊ အဝေးမှာ ရှိသူကို ကျောက်ခဲ လေးမြား သေနတ် စသည်ဖြင့်ပစ်၍ သတ်တာ၊ အခြား တစ်ယောက်ကိုစေခိုင်းပြီးသတ်တာ (စေခိုင်းရာမှာ ပုဂ္ဂိုလ်အချိန် နေရာ လက်နက်စသည် ခိုင်းတဲ့ အတိုင်း ဖြစ်မှသာ ခိုင်းတဲ့ သူ ကံမြောက်တယ်)၊ ရေတွင်းရေကန်စသည်မှာ အဆိပ်ခပ်ပြီး သတ်တာ စတဲ့ နည်း တွေနှင့်သေအောင်လုပ်ရင် ကံမြောက်တယ်။
၄၊ သေရင် - အသတ်ခံရတဲ့ သတ္တဝါသေမှသာကံမြောက်တယ်။
ကောက်ချက်
မေးခွန်းထဲကကြောင်ပိုင်ရှင်ဟာ မိမိရဲ့ကြောင်ကလေး အသက်ရှင်ဆဲ ဖြစ်မှန်း သိနေတယ်။ ကစားစရာ ကြောင်ရုပ်ကလေး မဟုတ်၊ ကြောင်အစစ်ဖြစ်မှန်းလည်း သိနေသားပဲ (ကြောင်ပိုင်ရှင်က သူ့ကြောင်လေးကို မသေစေချင်ဘူးဆိုပေမယ့် သေအောင်လုပ်ဖို့တော့ ဆုံးဖြတ်လိုက် တာပဲ မဟုတ်လား)။ ကြောင်ကလေးကို ဆေးထိုးပြီး (ဝေါဟာရ အတိအကျ ဆိုရရင်) အဆုံးစီရင် ခိုင်းလိုက်တာပဲ မဟုတ်လား။ နောက်ဆုံးတော့ ကြောင်ကလေးဟာ ပိုင်ရှင်သခင်ရဲ့ ဝစီပယောဂ (လုပ်လိုက်ပါ သို့မဟုတ် လုပ်ပေးပါလို့ နှုတ်နဲ့ သေအောင် အားထုတ်မှု) ကြောင့်ပဲ သေသွားခဲ့ရတယ်။ ဒါကြောင့် သက်သတ်အင်္ဂါတွေစုံနေတယ်ပေါ့။
အဖြေ
အဲဒါကြောင့် မေးခွန်းအရ ကြောင်ပိုင်ရှင်ဟာ ကုသိုလ်မရတဲ့ အပြင် ငါးပါးသီလထဲက ပါဏာတိပါတ (သူ့အသက်သတ်ခြင်း)ကို မထင်မှတ်ဘဲ ချိုးဖောက်လိုက်ပါတယ်။ အကုသိုလ် အပြစ်လဲ ရပါတယ်။ သိမ်မွေ့လှပါတယ်။ သို့ပေမဲ့ စိတ်ထားနှင့်လုံ့လ (သေအောင်အားထုတ်မှု) မထက် သန်တဲ့ အတွက် အကျိုးပေးကတော့ ကျားတစ်ကောင် ဆင်တစ်ကောင်ကို သေနတ်နဲ့ ပစ်တာလိုမျိုး မဆိုးရွားနိုင်ဘူးလို့ တော့ (ကိုယ်ပိုင် အမြင်အရ)ယူဆပါတယ်။
အဲဒီလို အခြေအနေမှာ ကြောင်ပိုင်ရှင်အနေနှင့် အကောင်းဆုံး ပြုလုပ်သင့်တာက ကြောင်ကလေး မသေခင် (ကိုယ်မချမ်းသာရင် နေ) အနည်းဆုံး စိတ်သက်သာရာ ရအောင် တတ်နိုင်သမျှ မိမိရဲ့ ကြင်နာ ယုယမှုကို ပြသဖို့၊ ကြောင်ကလေး ဘဝကူးကောင်းဖို့ ကောင်းမှုပြု၊ မေတ္တာပို့ပြီး ကုသိုလ်အမျှကိုပေး၊ ပရိတ်ပဋ္ဌာန်း ဒေသနာတွေကို (နားလည်လည် မလည်လည်) ရွတ်ပေး (သေခါနီး မြတ်ဗုဒ္ဓရဲ့ တရားသံကို ကြားလိုက်ရတဲ့ ဖားကလေးတောင် သုဂတိကို ရသွားသေးတာပဲ) ဖို့နဲ့ ကိုယ်တိုင်လဲပဲ ကြောင်ကလေးကို ကြည့်ပြီး မရဏဿတိကိုပွား (သေခြင်းတရားကို အဖန်ဖန်အောက်မေ့)ဖို့ပဲ အကြံပြုလိုပါတယ်။
တိရစ္ဆာန်ကုသသူ ဆရာဝန်အနေနဲ့လည်း ကံမြောက်တဲ့ အခြေအနေငါးချက်လုံးနဲ့ ညီညွတ်နေတာကိုတွေ့ရလိမ့်မယ်။ ယဉ်ကျေးမှုနဲ့ အခြေခံယုံကြည်မှုတွေ မတူတာကြောင့် ဆရာဝန်အနေနဲ့ မည်သို့ဆင်ခြေပေးသည်ဖြစ်စေ ဗုဒ္ဓဝါဒအလိုအရ ခြွင်းချက်မရှိ ကံမြောက်ပါတယ်။ အကျိုးပေး အလေးအပေါ့ကတော့ သူ့ရဲ့ စိတ်ထက်သန်မှု မထက်သန်မှု အပေါ်မှာ မူတည်ပါလိမ့်မယ်။ သူ့အသက် သတ်မှုရဲ့ ဆိုးပြစ်ကို ကြောက်တဲ့ သို့မဟုတ် ဘာသာရေး ဗဟုတရှိတဲ့ ဗုဒ္ဓဝါဒီ စေတနာ ဆရာဝန်မှန်ရင် အဲဒီလိုလုပ်ပေးမယ်လို့ မထင်ဘူး။ အိမ်ကိုပြန်ယူသွား ခိုင်းပြီး အထက်က ပြောသလို ဘုရားကု တရားကု ကုသခိုင်းရုံ ပြောမရရင် အခြားဆရာဝန်ဆီ ပြောင်းခိုင်းလိုက်ရုံပဲရှိမယ်ထင်ပါတယ်။
ဗုဒ္ဓဝါဒ အခြေပြုဒဿန
ဗုဒ္ဓဝါဒကိုအခြေပြုတဲ့ ဒဿန (အတွေးအမြင်)အရမှာ အာဏာရှိသူသို့ မဟုတ် လုပ်ပိုင်ခွင့်ရှိသူ သို့မဟုတ် ပိုင်ဆိုင်သူ သို့မဟုတ် တန်ခိုးရှိသူ (တန်းခိုးရှင်) က သနားလို့ သက်ရှိသတ္တဝါ တစ်ခုကို သေအောင်လုပ် လိုက် (သတ်ပစ်)ရတယ်ဆိုတာမျိုးကို လက်မခံပါဘူး။
သတ္တဝါတစ်ယောက်ရဲ့အသက်ကိုသတ်ပစ်နိုင်ဖို့ မည်သည့် လူမှာ သို့မဟုတ် အင်အားသာသူမှာ သို့တည်းမဟုတ် ဗြဟ္မာဘုရား နတ် သိကြားမှာမှ အထူးအခွင့်အရေး မရှိပါဘူး။
လူရောတိရစ္ဆာန်ပါ သက်ရှိအားလုံးကို တန်းတူပဲ သဘောထား ပါတယ်။ လူဖြစ်လို့ ကျားဖြစ်လို့ အခြားတိရစ္ဆာန်တွေရဲ့ အသားကို စားနိုင်ဖို့ အခွင့်အရေး ပိုရှိမလာပါဘူး။ သက်ရှိဟာ သက်ရှိပါပဲ။
ကြောင်ကလေး အစာမစားနိုင်ဘဲ ပင်ပင်ပန်းပန်း သေရမှာကို သနားလို့ အိပ်မောကျပြီး သက်သက်သာ အသက်ထွက်သွားအောင်သို့တည်းမဟုတ် အသက်ရှူ ရပ်သွားအောင် ဆေးထိုး (အဖြောင့်ဆိုရင် သတ်ပစ်)ဖို့ ဆုံးဖြတ်တာနဲ့ လေဖြတ်ပြီး အသက်မသေနိုင်ဘဲပင်ပန်း နေတဲ့ မိဘကို အခံရသက်သာအောင် ဆေးထိုးပြီး ကွယ်လွန်အောင် လုပ်တာ (လုပ်လည်း မလုပ်ကောင်းပါဘူး၊ ကံကြီးထိုက်ပါတယ်)ဟာ အတူတူပါ။ အမေရိကမှာ ကျန်းမာရေး အာမခံမရှိတော့ရင် ဆေးရုံက တာဝန်မယူနိုင်လို့ မိဘအရင်းကိုgood by လုပ်ရတာမျိုးရှိတယ်။
ကရုဏာ (အကြင်နာ ကိုယ်ချင်းစာတရား) ဆိုတာ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခကို ပျောက်အောင် လုပ်ပေးနိုင်သည်ဖြစ်စေ မလုပ်ပေးနိုင်သည် ဖြစ်စေ ပျောက်သွားစေလိုတဲ့ စိတ်ဆန္ဒ ရှိနေခြင်းသာ အဓိက ဖြစ်ပါတယ် (ကရုဏာယ ဟိ ပရဒုက္ခံ အပနီယတု ဝါ မာ ဝါ၊ တဒါ ကာရေနေဝသာပဝတ္တတိ၊ ဋီကာကျော်၊ စာ-၁၁၁)။
---
၂၀။ ဗုဒ္ဓဓမ္မ ကာကွယ်ရေး
ဇူလိုင် ၄၊၂၀၀၇။
---
ရိုသေစွာလေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ ညီညွတ်ခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ လက်တွဲလုပ်ကိုင်ခြင်း၊ စည်းလုံးခြင်းစတဲ့ တန် ဖိုးတွေကို အလေးပေး ညွှန်ကြားတယ်ဆိုတာ ထင်ရှားပါတယ်။ ဗုဒ္ဓ ဝါဒဟာ စစ်မက်ခိုက်ရန်ဖြစ်ပွားမှုကို မလိုလားပါ။
ဒါဖြင့်တစ်ချိန်က ဗုဒ္ဓဝါဒ အင်မတန်ထွန်းကားခဲ့တဲ့ ဗုဒ္ဓဝါဒရဲ့ အမိမြေ အိန္ဒိယအပါအဝင် အင်ဒိုနီးရှားစတဲ့ ဒေသတွေမှာ အဆောက်အအုံပျက် အုတ်ကျိုး အုတ်ပုံတွေကလွဲရင် ဗုဒ္ဓဝါဒဟာ ဘာကြောင့် အစအန ပျောက်ခဲ့ရပါသလဲ။ ဗုဒ္ဓဝါဒီတွေ ဒီလောက်ကောင်းတယ်ဆိုတဲ့ မိမိတို့ရဲ့ ဗုဒ္ဓဝါဒကို ဘာလို့ မပျောက်ပျက်အောင်ထိန်းသိမ်းမထားနိုင်ရတာလဲ။
မိန်းမဖြစ်စေ ယောကျ်ားဖြစ်စေ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ရင် ဗုဒ္ဓဘာသာဝင်တွေကပဲ ဘာသာခြားဖက်ကို ကူးပြောင်းသွားတာ များပါတယ်။ ဘာကြောင့်ပါလဲ။ ဗုဒ္ဓဝါဒီတွေဟာ အခြားတစ်ပါးသော ဘာသာထဲကို အတင်း အဓမ္မ သွတ်သွင်းတာကိုခံကြရတဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဗုဒ္ဓဝါဒီတွေမှာ မိမိတို့ရဲ့ ဘာသာတရားကို ကာကွယ်ဖို့ အခွင့်အရေးနှင့် နည်းလမ်းကောင်းတွေ ရှိပါသလား။
ထွေးမောင်
---
ဗုဒ္ဓဓမ္မနှုန်းစံ
ဘီဘီစီ ဝဂ်ဘ်ဆိုက် ဘာသာရေး ကဏ္ဍမှာ ဗုဒ္ဓဝါဒဟာ အခြားတစ်ပါးသော ဘာသာတရားတွေနှင့် ယှဉ်တွဲပြီး အတူတူ နေထိုင်နိုင်တယ်လို့ မှတ်ချက် ပြုထားပါတယ်။ ဗုဒ္ဓဝါဒီ ဟုတ်ဟန် မတူတဲ့ အနောက်တိုင်းသား ပုဂ္ဂိုလ်တွေရဲ့ မှတ်ချက်ဖြစ်ဖို့ များပါတယ်။ အင်မတန် ဂုဏ်ယူ စရာမှတ်ချက်ပါ။ အဲဒီ မှတ်ချက်မျိုး ပေးခံရတာဟာဗုဒ္ဓဝါဒမှာ ရှိတဲ့ ညီညွတ်ခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ လက်တွဲ လုပ်ကိုင်ခြင်း၊ စည်းလုံးခြင်းနဲ့ သည်ခံခြင်းစတဲ့ ဗုဒ္ဓဝါဒရဲ့အနှစ်သာရဖြစ်တဲ့ တန်ဖိုးတွေကြောင့်ပါ။
အဲဒီ နှုန်းစံတွေကြောင့်ပဲ ခေတ်သစ် ရာစုတွေမှာ အတွေးအခေါ် လွတ်လပ်ပြီး ရဲရင့်ပြတ်သားကြတဲ့ အိုင်စတိုင်းလို သိပ္ပံပညာရှင်တွေ၊ ဘာထရန် ရပ်ဆယ်လိုကမ္ဘာကျော်တွေးခေါ်ရှင်တွေကအစ သာမန်အရပ်သား ပညာတတ်တွေအဆုံး ဆွယ်တရား မဟောရဘဲ ဗုဒ္ဓဝါဒကို အလိုလို နှစ်သက်ပြီး လေ့လာလိုက်စားမှုတွေ များပြားလာကြတာ ဖြစ် ပါတယ်။ နောင်လည်း ဒီလိုပုဂ္ဂိုလ်မျိုးတွေ တိုးပွားနေဦးမှာပါ။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဝါဒကွယ်ပျောက်သွားတာဟာ အဲဒီ ဗုဒ္ဓဝါဒ နှုန်းစံတွေနဲ့ မပတ်သက်ပါဘူး။ အခြားသော အခြေခံ အကြောင်းတရားတွေကြောင့်သာဖြစ်ပါတယ်။
အိန္ဒိယ
ဗုဒ္ဓမပွင့်မီ ဘီစီထောင်ပေါင်း များစွာအလွန်ကပင် အိန္ဒိယနိုင်ငံ တစ်ဝန်း လုံးမှာအတ္တဝါဒ (အတ္တရှိအယူအဆ)အမြစ်တွယ်လွှမ်းမိုးနေပြီးဖြစ်ပါတယ်။ နောက်ပေါ်ဗုဒ္ဓဝါဒက အနတ္တဝါဒ (အတ္တမရှိဝါဒ)ဖြစ်လို့ တည်ရှိပြီး ယုံကြည်မှုနှင့် နှိုင်းယှဉ်ရင် သုံးနဲ့ လေးလို ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်ပါတယ်။ သို့တစေ လက်တွေ့ကျင့်သုံး အားထုတ်ကြည့်ရင်း အတ္တ မရှိကြောင်း ကိုယ်တိုင် သိမြင်သွားကြတာရယ်၊ ဗုဒ္ဓကိုယ်တိုင်လည်း ဒေသနာပရိယာယ် ကျွမ်းကျင် နိုင်နင်းတော်မူတာရယ် စတာတွေ ကြောင့် ဒီဝါဒကြီး နှစ်ခုဟာ ခိုက်ရန်မဖြစ်ဘဲရာစုနှစ်ပေါင်း များစွာ အတူတူ ယှဉ်တွဲပြီး တည်တံ့ ပြန့်ပွားနေနိုင်ခဲ့တာပါ။ ဒါ့အပြင် အိန္ဒိယဟာ အယူဝါဒမျိုးအစုံဆုံးနိုင်ငံလည်းဖြစ်မယ်ထင်ပါတယ်။
နောက်ပိုင်းမှာ ထက်မြက်တဲ့ ဗြာဟ္မဏဝါဒီ ပညာကျော်တွေရဲ့ ဗြာဟ္မဏဝါဒပြန်လည် ရှင်သန်ရေးလှုပ်ရှားမှုတွေရှိခဲ့တယ်။ ဒါပေမယ့် စစ်မက်မဲ့ ဟောပြော စည်းရုံးကြရုံပါပဲ။ အေဒီ ၁၃ ရာစု (ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း၁၈၀၀ခန့် အကြာ)မှာ ယုံကြည်မှုလုံးဝမတူတဲ့ အနောက်မြောက်ဖက်က အကြမ်းဖက် လက်နက်ကိုင် ကျူးကျော် ဝင်ရောက်လာသူတွေကတော့ ဗုဒ္ဓဘာသာအပါအဝင် ဒေသခံ ဘာသာတရားများရဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးပစ်တယ်။ နှစ်ပေါင်း ရှစ်ရာကျော်ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ နာလန္ဒာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးအဲဒီ တုန်းက မီးရှို့ဖျက်ဆီးပစ်ခြင်း ခံခဲ့ရတယ်။ အထူးသဖြင့် ဘုန်းကြီး တွေကို လိုက်လံရှာဖွေဖမ်းဆီးပြီး သတ်ပစ်ခဲ့တယ်။
ဒီအချိန်ကစပြီး ရာစုနှစ် ထောင်ပေါင်းများစွာ အမြစ်တွယ်နေပြီး ဖြစ်တဲ့ ဗြာဟ္မဏဝါဒသာ ကျူးကျော်သူတွေနဲ့ အပြိုင်ကျန်နေခဲ့ပြီး နဂိုကပင် အင်အားနည်းနေပြီဖြစ်တဲ့ ဗုဒ္ဓဝါဒဟာမဇ္ဈိမဒေသ (အိန္ဒိယအလယ်ပိုင်း)မှာ နာလန်မထူနိုင်အောင်ဖြစ်သွားရာကနေ တဖြည်းဖြည်း အိန္ဒိယ မြေပေါ်မှာ ကွယ်ပျောက်ပြီး ဝေးရာကို ရောက်သွားခဲ့ရတယ်လို့ သမိုင်းသုတေသီတို့ သုံးသပ်ကြပါတယ်။
အင်ဒိုနီးရှား
မဟာခရီးသည်များ ဖြစ်ကြတဲ့ တရုတ်ရဟန်းတော် ဖာဟီယန် (အေဒီ ၄ရာစု)နှင့် ဟူယင်ဆန် (အေဒီရရာစု)တို့ခေတ်ကအင်ဒိုနီးရှားမှာ ဟိန္ဒူနှင့်ဗုဒ္ဓဘာသာထွန်းကားနေကြောင်းသိရပါတယ်။ ပုဂံကမြန်မာ့စေတီပုထိုးတွေကို ကြည့်ရင် ပုဂံခေတ်မြန်မာ့ဗုဒ္ဓဘာသာ အခြေ အနေကို အကဲဖြတ်နိုင်သလို ကမ္ဘာကျော်မဟာဗောရောဗုဒေါစေတီ တော်ကြီးရဲ့ ခမ်းနားထည်ဝါမှုနှင့်အတူ တစ်ချိန်က အင်ဒိုနီးရှားရဲ့ ဗုဒ္ဓ ဘာသာထွန်းတောက်မှုအတိုင်းအတာဟာအလွန်မြင်သာပါတယ်။
မှတ်တမ်းတစ်ခုမှာ တရုတ်ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အိန္ဒိယကို မသွားခင်မှာ အိန္ဒိယတက္ကသိုလ် ဝင်ခွင့်မီအောင်လို့ ပဏာမအနေနဲ့ မလေးရှား သို့မဟုတ် အင်ဒိုနီးရှားကို သွားပြီး သက္ကတဘာသာကို သင်ယူခဲ့ကြတယ်လို့ တောင်ဆိုထားတယ်။
အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ဗုဒ္ဓဝါဒ ကွယ်ပျောက်သွားပုံကလည်း အိန္ဒိယနှင့် ခပ်ဆင်ဆင်ပဲ ဖြစ်ပါလိမ့်မယ်။ အတင်းအကြပ် ဘာသာကူး ပြောင်းခိုင်းမှုတွေ၊ အနိုင်ကျင့် နှိပ်ကွပ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ တား ဆီးပိတ်ပင်မှုတွေ ရှိခဲ့မှာလဲ သေချာပါတယ်။ နှောင်းခေတ်တွေမှာလဲ ဒီလိုမျိုးဖြစ်လေ့ဖြစ်ထရှိလို့ ပါ။
အနောက်ဖက်က သင်္ဘောရွက်လွှင့်ပြီး စီပွားလာရှာကြတဲ့ ဣနိဝါဒီတွေ စီးပွားရေးယှဉ်ပြိုင်မှု အနိုင်ရသွားတဲ့ အခါ ရိုးသားလှတဲ့ ဌာနေတွေခမျာ ယဉ်ကျေးမှုလည်းပျောက် ဘာသာတရားလည်းကွယ် ဖြစ်သွားခဲ့ပုံ ရပါတယ်။ အမျိုးသားစီးပွားရေး ပျက်လို့ လူမှုအဆောက်အအုံ ပြိုလဲရာကနေ တစ်မျိုးသားလုံးရဲ့ အမွေအနှစ်တွေကိုပါ ဆုံးရှုံးလိုက်ရတာမျိုး ဖြစ်နိုင်ကြောင်း ဆိုလိုပါတယ်။
သဘောထား
ဗုဒ္ဓဓမ္မဟာ ကတ္တရာလမ်းပေါ်က ပပ်ကြားအက်ကြောင်း နှစ်ခုကြားမှာ အင်အား ကောင်းစွာပေါက်နေတဲ့ အရသာ ချိုမြိန်တဲ့ မှိုပွင့်နဲ့ တူပါတယ်။ မှိုကြိုက်သူတွေ ခူးယူချက်ပြုတ် စားသောက်ရုံပါပဲ။ မကြိုက်လို့ စားရကောင်းမှန်း မသိလို့ နင်းခြေပစ်ခဲ့ရင်လည်း ပျက်စီးရုံကလွဲလို့ မတတ် နိုင်ပါဘူး။ ဒါပေမယ့်မှိုရဲ့အရသာတော့ပျက်သွားမယ်မထင်ပါဘူး။
မိမိသာသနာပြုသွားရောက်တဲ့ အရပ်ကလူတွေက မိမိကိုလက် မခံဘဲ ခဲနဲ့ ပေါက်တုတ်နဲ့ ရိုက် လုပ်လာရင် တောင်ဘယ်လိုမှမတုံ့ပြန်ဘဲ မိမိအသားကို အနာခံတာကိုပဲ မြတ်ဗုဒ္ဓ ချီးမွမ်းတော်မူပါတယ်။ ဝါဒရေးရာ ဆန့်ကျင် ပြောဆိုလာသူများအပေါ် ဗုဒ္ဓဝါဒရဲ့ တုံ့ပြန်မှု သဘော ထားကတော့ ‘ဘိက္ခုတို့၊ ဗုဒ္ဓဓမ္မသံဃနှင့် ပတ်သက်လို့ တစ်ဖက်သားက ကဲ့ရဲ့စကား ဆိုလာရင် စိတ်မဆိုးကြနဲ့။ စိတ်ဆိုးရင် အကောင်း အဆိုးကို မဝေဖန်နိုင်ဘူး။ ဒါကြောင့် ဒေါသစိတ်မပါဘဲ မဟုတ်ရင် မဟုတ်ဘူးလို့ ဟုတ်ရင် ဟုတ်တယ်လို့ အကြောင်းအကျိုး ခိုင်ခိုင်လုံလုံ ပြပြီး ဖြေရှင်းကြပါလေ (ဒီ၊၁၊၂)’လို့ ဆုံးမပါတယ်။ ကိုယ်နဲ့ မတုံ့ပြန် ပေမယ့် နှုတ်နဲ့ တော့အရှိအတိုင်း ဖြေရှင်းခွင့်ရှိပါတယ်။
အာဖဂန်နစ္စတန်က သမိုင်းတန်ဖိုး ကြီးမားလှတဲ့ ဗုဒ္ဓဆင်းတုကြီး တွေကို ဖောက်ခွဲပစ်လို့ ကမ္ဘာ့ဗုဒ္ဓဝါဒီများ ဒေါသတကြီး ရုတ်ရုတ်သဲသဲ ဆန္ဒမပြကြတာ၊ ဆိုင်ရာသံရုံးတွေကို ဝင်မစီးတာ၊ အဆောက်အအုံတွေကို မီးမရှို့တာ၊ လူတွေကို ပြန်ပေးမဆွဲတာ၊ အမျိုးသမီးများရဲ့အတွင်းခံ အဝတ်တွေမှာ ဗုဒ္ဓပုံတော်တွေကို ထည့်လို့၊ အရက်ဆိုင် ဝင်ဝမှာ ဗုဒ္ဓ ဆင်းတုကိုထားလို့ ကန့်ကွက်စာ ပို့ရုံမှတစ်ပါးဗုဒ္ဓဝါဒီတို့ သက်ဆိုင်ရာ ကုမ္ပဏီကို အသေခံဗုံးဖောက် တိုက်ခိုက်မှု မပြုတာတွေဟာ ဗုဒ္ဓဝါဒကို ဂုဏ်တက်စေပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုတာကို အဲဒီလို မတုံ့ပြန်ဘဲ တုံ့ပြန်တဲ့ နည်းဖြင့်သာ ရရှိစေနိုင်ပါလိမ့်မယ်။
ဒေါသနှင့် ရန်ငြိုးဖွဲ့ပြီး တုံ့ပြန်ဖို့နဲ့ ‘ကိုယ့်နံရိုးကို ချိုးရင် သူ့နံရိုးကို ပြန်ချိုးပစ်ရမယ်၊ ကိုယ့်သွားကို ချိုးရင် သူ့သွားကို ပြန်ချိုးပစ်ရမယ်’ ဆိုတာလိုမျိုး လက်စားချေဖို့ မြတ်ဗုဒ္ဓ ဘယ်သောအခါကမှ ခွင့်မပြုခဲ့ပါဘူး။ အဲဒီလို မတုံ့ပြန်လို့ ဗုဒ္ဓဝါဒ ကွယ်ပျောက်သွားမယ် ဆိုရင်လည်း နင်းချေခံရတဲ့ ရသဩဇာသခင်မှိုပွင့်ကလေးရဲ့ကံကြမ္မာအတိုင်းပါပဲ။
သင်ကြားခြင်း
ဗုဒ္ဓဝါဒမှာတစ်ခြားဘာသာတွေအပေါ် ရန်လိုမုန်းတီးမှုကို ဖြစ်ပွားစေ နိုင်မယ့် အတွေးအမြင်မျိုးကို စနစ်တကျ ဦးဏှောက်ထဲ ရိုက်သွင်းမှု (Brain Wash) လုံးဝ မရှိပါဘူး။ ဗုဒ္ဓဝါဒီ မြန်မာအမျိုးသားတိုင်းနီးပါး ငယ်စဉ်အခါဘုန်းကြီးကျောင်းမှာ ရှင်ပြုပဉ္စင်းခံဖူးကြပေမယ့် သူတို့ကို ဘုန်းကြီးကသင်ပေးလိုက်ပုံမှာ ‘လူမိုက်ကိုရှောင်၊ ပညာရှိကိုပေါင်း၊ မိဘကို လုပ်ကျွေး၊ မေတ္တာနဲ့ နေ၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်း၊ ကိုယ် လုပ် ကိုယ်ခံ၊ ကံဆိုတာ အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းမယ်’ စတဲ့ လူမှုကျင့်ဝတ်အခြေခံတွေမျှသာဖြစ်ပါတယ်။
ဒါကြောင့် ဘာသာခြားနဲ့ အိမ်ထောင်ကျတဲ့ ဗုဒ္ဓဝါဒီတစ်ယောက်ရဲ့ အိမ်က ဘုရားကျောင်းပေါ်မှာ ဗုဒ္ဓရုပ်ပုံနှင့်အတူ အခြားဘာသာရေး ဆိုင်ရာ ရုပ်ပုံတစ်ခုခုကိုပါ တင်ထားရင် အလည်လာတဲ့ ဘယ်ဗုဒ္ဓဝါဒီ ကမှ အဲဒီအခြားရုပ်ပုံကို ဖယ်ခိုင်းဖို့ ဗုဒ္ဓဝါဒီအိမ့်ရှင်ကို တိုက်တွန်းမှာ မဟုတ်ပါဘူး (အခြားဘာသာဝင် မိတ်ဆွေများက ဘာသာတူအိမ့်ရှင်အား ဗုဒ္ဓဆင်းတုကို ဖယ်ခိုင်းတာကိုကြုံဖူးပါတယ်)။
ကာကွယ်ခြင်း
မကြာမီက မြန်မာပိုင်း အသံလွှင့်ဌာနတစ်ခုရဲ့ အစီအစဉ်မှာ ဗုဒ္ဓဝါဒ အခြေပြုနိုင်ငံ ထူထောင်ရင် ချမ်းသာကြွယ်ဝပြီး အင်အားကောင်း စည်း လုံးခိုင်မာတဲ့ နိုင်ငံတစ်ခု ဖြစ်နိုင်ပါ့မလားဆိုတဲ့ အဓိပ္ပာယ်မျု်ိးနဲ့ ဝေဖန် သွားတာကိုကြားလိုက်ရပါတယ်။ အတွေးအမြင်သရမ်းပြီး ခပ်ပေါ့ပေါ့ တော့ မဝေဖန်ပါနဲ့။ သုတေသနပြုပါဦးလို့ တိုက်တွန်းပါရစေ။ တစ်ချိန် က အိန္ဒိယဧကရာဇ် အသောကမင်းရဲ့ ‘ဓမ္မဝိဇယနိုင်ငံတော်’ ဆိုတာ အိန္ဒိယရာဇဝင်မှာ အထင်အရှားရှိဖူးပါတယ်။
အုပ်ချုပ်သူအစိုးရတို့ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လူသူအင်အား စုရုံးတာ၊ လက်နက် ခဲယမ်းမီးကျောက် ထုတ်လုပ်တာ စတာတွေကိုဗုဒ္ဓဝါဒက ဥပေက္ခာပြုနိုင်ပေမယ့်ဗုဒ္ဓဘာသာကိုကာကွယ်ရန် သို့မဟုတ် ဗုဒ္ဓဘာသာကိုယ်စားပြုဆိုတဲ့ ခေါင်းစဉ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရှိလာရင် လက်မခံသင့်ပါဘူး။ ဘာသာရေး တန်ဖိုးနဲ့ နိုင်ငံရေးလမ်းစဉ်ကို အဲဒီလို တစ်ကန့်စီခြားထားသင့်ပါတယ်။
ကိုယ့်ကိုယ်ကို ကာကွယ်မှု ဆိုတာကို နိုင်ငံရေးအလို ကျူးကျော် ရန်စဖို့မဟုတ်ဘူးလို့ အဓိပ္ပာယ်ဖွင့်ရင်၊ ဘာသာရေးအလိုအန္တရာယ် မကြုံနိုင်အောင်မိမိနှလုံးသားကို ဓမ္မနဲ့ ကာကွယ်ထားမှုသို့မဟုတ် အန္တရာယ် ကြုံလာရင် လွတ်အောင် ရှောင်တိမ်းဖို့ သို့မဟုတ် နောက်ဆုံး ရှောင်တိမ်းလို့ မရတော့ဘူး ဆိုရင် တောင်စွန့်လွှတ်အနစ်နာခံမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုပြီးဗုဒ္ဓဓမ္မကို ကာကွယ်စောင့်ရှောက်ဖို့ဆိုရင်
၁) ဗုဒ္ဓဓမ္မအနှစ်သာရ ပြည့်ဝဖို့ မိမိကိုယ်တိုင် သင်ကြားလေ့လာ၊ လိုက်နာကျင့်သုံး
၂) ကိုယ့်မိသားစုအပါအဝင်သူတစ်ပါးကိုလည်းနားလည်အောင် တတ်စွမ်းသမျှရှင်းလင်းပြောပြ
၃) ဗုဒ္ဓဓမ္မတည်တံ့ပြန့်ပွားရေးအားပေးပါဝင်ဆောင်ရွက်
၄) မအားပါဘူးလို့ မငြင်းဘဲ မိသားစုအချိန်ထဲက ဗုဒ္ဓဓမ္မအတွက် နည်းနည်းလောက်တော့ မိမိရဲ့ အချိန်ကို ထည့်ဝင်နိုင်အောင် ကြိုးစားပါလို့ ပဲတိုက်တွန်းပါရစေ။
မှတ်ချက်။
ဣနိဝါဒီဆိုတာ ဣဿရ (အားလုံးကို အစိုးရ) နိမ္မာန (ဖန်ဆင်းရှင်) ဝါဒီ (အယူအဆကို ယုံကြည်သူ)။ အဓိပ္ပာယ်က အနန္တတန်ခိုးရှင် ဖန်ဆင်းရှင် တစ်ဆူတည်းသာ ရှိတယ်လို့ ပြင်းပြင်းထန်ထန် ယုံကြည် စွဲလမ်းသူတွေကို ဆိုလိုပါတယ်။ မကြာမီက မိတ်ဆွေ တစ်ယောက် ပို့ပေးလိုက်တဲ့ စီအင်နင် ဗီဒီယို သတင်းတိပ်ခွေ တစ်ခုမှာ ဣနိဝါဒီ အုပ်စုကြီး နှစ်ခုအနက် နောက်ပေါ်အုပ်စုဟာ ကမ္ဘာပေါ်မှာကြောက်ခမန်းလိလိတိုးတက်မှု အမြန် ဆုံးနှုန်းနဲ့ ပြန့်ပွားလာနေတယ်လို့ ဖော်ပြထားပါတယ်။ သူ့အလုပ် သူလုပ်တာ၊ သူ့အကြိုက်ကို သူရွေးတာဖြစ်လို့ ဗုဒ္ဓဝါဒီတို့ မှတ်ချက်ပေးစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။
ညီညွတ်သော သွားတော် လေးဆယ်နှင့် အလုံးစုံသော ဆံတော် မွေတော်တို့သည် ရှိကုန်၏။ (ယင်းတို့အနက်) နတ်တို့သည် တစ်ဆူစီ တစ်ဆူစီ စကြဝဠာ အဆက်ဆက်သို့ ပင့် ဆောင်ကုန်၏။
(မဟာပရိနိဗ္ဗာနသုတ်)
၂၁။ ဗုဒ္ဓဝါဒနှင့်ပျော်ရွှင်မှု
ဇူလိုင် ၁၃၊၂၀၀၇။
--------------
မသိတာလေးမေးလျှောက်ပါရစေ အရှင်ဘုရား၊
မြတ်ဗုဒ္ဓရဲ့ အလိုအရ လူဥပါသကာ တစ်ယောက်အတွက် ပျော်ရွှင်မှုဆိုတာ ဘာပါလဲ။ ပျော်ရွှင်မှုရဲ့ အဓိပ္ပာယ်ကို ဘယ်လို နားလည်ရပါမည်လဲ။ ပျော်ရွှင်ပြီးအဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကိုမည်သို့နေထိုင်ပါမည်လဲ။ ခေတ်သစ် လူ့ဘောင်မှာ ဗုဒ္ဓဝါဒီ လူဝတ်ကြောင် တစ်ယောက်အနေနဲ့ လိုက်နာကျင့်သုံးရမယ့် နည်းလမ်းများကို ညွှန်ကြားပေးပါ။
အိမ်ရာတည်ထောင် လူဘောင်မှာ နေသူတစ်ယောက် မည်သို့ မည်ပုံ ပစ္စည်းဥစ္စာရှာဖွေပြီး သုံးစွဲရမယ်ဆိုတာကို မြတ်ဗုဒ္ဓ မည်သို့ လမ်းညွှန်ပါသလဲ။ မိမိရဲ့ စီးပွားရေးအောင်မြင်ဖို့ မည်သို့ လိုက်နာ ဆောင်ရွက်ရပါမည်လဲ။ ဆုံးမပေးပါဘုရား။
မုဒိတာဦး
-------------------
ပျော်ရွှင်မှု
ပျော်ရွှင်မှုဆိုတဲ့ သဘောဟာ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် အတူတူပါ။ ဗုဒ္ဓဝါဒအလိုအရ ပျော်ရွှင်မှုဆိုတာ ခန္ဓာကိုယ်သွေးသား တောင်းဆိုမှုနှင့် အလိုရမ္မက်တွေနဲ့ မဆိုင်တဲ့ စိတ်အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဆိုတာဟာ စိတ်နှင့်ပဲဆိုင်တယ်။ ကိုယ်တွင်းမှာပဲရှိတယ်။ ဒါကြောင့် ပျော်ရွှင်မှုကို ပြင်ပလောကမှာ ရှာဖွေလို့ မရဘူး။ အဖိုးတန် အဝတ်အစားတွေ ဝတ်ရမှပျော်ရွှင်တဲ့ လူရှိသလို အကျႌဝတ်စရာမရှိဘဲ ပျော်ရွှင်နေတဲ့ လူတွေလည်းရှိတာပါပဲ။ ပစ္စည်းဥစ္စာ၊ အောင်မြင်ကျော် ကြားမှု၊ လူမှုအဆင့်အတန်းစတဲ့ ပြင်ပက အရာတွေက ယာယီပျော်ရွှင် မှုကိုပဲ ပေးပါတယ်။ 'ယဉ်ကျေးအောင် ဆုံးမထားတဲ့ စိတ်နဲ့ သာ ပျော်ရွှင်မှု အစစ်အမှန်ကို ရနိုင်တယ်'လို့ မြတ်ဗုဒ္ဓဟောကြားပါတယ်။ စိတ်ရဲ့အညစ်အကြေးတွေ နည်းနိုင်သမျှ နည်းသွားအောင် ကိုယ့်ကိုယ်ကို ပျိုးထောင်လေ့ကျင့်ရင် စိတ်ဟာ တဖြည်းဖြည်း ယဉ်ကျေး လာပါတယ်။ ဒီနည်းနဲ့ မည်သူမဆို မိမိကိုယ်တွင်းမှာ ပျော်ရွှင် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို သေချာပေါက် ရနိုင်ပါတယ်။ မိမိပျော်ရွှင်ရင် ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်စေတာပါပဲ။
စိတ်ရဲ့အညစ်အကြေး
ဥပမာ သူတစ်ပါးကို မနာလိုဖြစ်ခြင်း။ 'သူများကို မနာလို မဖြစ်ပါဘူး' လို့ အပြောလွယ်သလောက်ဒီစိတ်မဖြစ်အောင်လေ့ကျင့်ရတာ ခက်ပါတယ်။ လူတွေဟာ မိမိရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး မရောင့်ရဲနိုင် ကြဘူး။ တစ်သက်လုံး ရှာဖွေ စုဆောင်လည်း မပြည့်နိုင်ဘူး။ ကိုယ့် ပိုင်ဆိုင်မှုထက်သာတဲ့ လူကိုတွေ့ရင် ပြိုင်ဖက်လိုမြင်တတ်တယ်။ အဲဒီ အမြင်နဲ့ ပဲ ကိုယ့်မှာရှိတာနဲ့ မကျေနပ်နိုင်တော့ဘူး။ ပိုပြီး လိုချင်တယ်၊ ပိုပြီး ရချင်တယ်။ ပိုပြီး ပိုင်ဆိုင်ချင်တယ်။ ပိုပြီး ဖြစ်ချင်တယ်။ ငါ၊ ငါပိုင်၊ ငါ့ဟာဖြစ်စေ ရမယ်လို့ ငါ့ကိုဗဟိုပြုပြီးစဉ်းစားလာတယ်။
မနာလိုခြင်းရဲ့ အကြောင်းရင်းက အဲဒီလို အတ္တလွန်ကဲခြင်းပါပဲ။ အတ္တလွန်ကဲပြီဆိုရင် အထူးသဖြင့် ကိုယ့်ထက်သာသူ ကိုယ်နဲ့ အရည် အသွေးတူသူ အားလုံးကို ကိုယ့်ပြိုင်ဖက်တွေလို့ မြင်တယ်။ ကိုယ့်ကို ပဲကြည့်ပြီး ကိုယ်ကလွဲရင် သူတို့အားလုံးကို မကောင်းမြင်တယ်၊ သူတို့ အကြောင်း မကောင်းပြောချင်တယ်။ အဲဒီလူတွေရဲ့ ပျော်ရွှင်မှုကို မရှုစိမ့်နိုင် ဖြစ်တယ်။ ဒီစိတ်အခြေခံနဲ့ ပဲ ပြဿနာတွေကို ထောင့်မျိုးစုံက လူ့သိုင်းအဝိုင်းထဲ သယ်ယူလာပြီး သူရော သူ့ပတ်ဝန်းကျင်ပါ ဆင်းရဲရတယ်။ ဒီလိုလူမျိုးတွေ မကြာခဏ ဆုံဖူးကြပါလိမ့်မယ်။
အဲဒီပုဂ္ဂိုလ်အနေနဲ့ ကိုယ်တွင်းမှာ ငုပ်လျှိုးနေတဲ့ အခြေခံဖြစ်တဲ့ အတ္တလွန် ဆန္ဒတွေနဲ့ မနာလိုစိတ်ကို ချုပ်ထိန်းပြီး ကိုယ့်ကိုယ်ကို ပြုပြင်ရုံကလွဲလို့ အခြားနည်းမရှိပါဘူး။
မနာလိုစိတ်ကို ထိန်းချုပ်နည်း
ပထမဆုံးမနာလိုစိတ်ဟာမိမိကိုဧကန်မကောင်းကျိုးဖြစ်စေ မယ်လို့ လက်ခံထားပါ။ ဒီနောက် အခြားတစ်ယောက်ရဲ့ အောင်မြင်မှုကြောင့် မိမိမှာ ဘာဆုံးရှုံးမှုမှမဖြစ်ဘူးလို့ စဉ်းစားပါ။ ဒီနောက်အတ္တဗဟိုပြုအတွေးတွေကို စိတ်ထဲက မောင်းထုတ်ပစ်ပြီး မိမိပြိုင်ဖက်ရဲ့ ပျော်ရွှင်မှု အတွက် မိမိပါလိုက်ပြီး ပျော်ရွှင်နိုင်အောင် လေ့ကျင့်ပါ။ အဲဒါကို ‘မုဒိ တာ ပွားတယ်’လို့ ခေါ်ပါတယ်။ ဟုတ်ပါတယ်၊ ပုထုဇဉ်သားပေမို့ အခါတိုင်း မလွယ်နိုင်ဘူး။ ခက်နိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့် ပွား များယူရင် ရနိုင်တဲ့ အရာမျိုးပါ။
လေ့ကျင့်ပါများရင် မနာလိုတဲ့ စိတ်တွေ တဖြည်းဖြည်း လုံးပါးပါးပြီး စိတ်ထားကောင်းတွေ တဖွားဖွား ဖြစ်ပေါ်လာပါလိမ့်မယ်။ အဲဒီ စိတ်ကပဲ လေ့ကျင့်သူပုဂ္ဂိုလ်ကို နေထိုင်လို့ ကောင်းတဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုဆီအလိုလို ပို့ဆောင်ပေးပါလိမ့်မယ်။
လေ့ကျင့်ပါ
ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရလို့ ကျေနပ်သွားတာဟာ ပျော်ရွှင်မှု အစစ် မဟုတ်ပါဘူး။ လိုချင်တပ်မက်စရာတစ်ခုကို ရလိုက်လို့ ပျော်ရွှင်မှု တည်မြဲပြီလို့ မဆိုနိုင်ပါဘူး။ အမုန်းတရားတစ်ခုကို လက်စားချေ လိုက်ရလို့လည်း ‘သေပျော်ပြီ’ ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ မဖြစ်သင့်ပါဘူး။ ဒါတွေဟာပြဿနာသစ်တစ်ခုရဲ့ အစပဲဖြစ်ပါလိမ့်မယ်။
အခြားသက်ရှိသတ္တဝါကို ဒုက္ခရောက်စေပြီးမှ ကိုယ်တစ်ယောက် ချမ်းသာပျော်ရွှင်တယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် ပျော်ရွှင်ချင်တဲ့ သူဟာ သူတစ်ပါးကို မထိခိုက်စေခြင်း ဖြောင့်မတ်ခြင်းစတဲ့ အရည် အသွေးကောင်းတွေကို လေ့ကျင့် ပျိုးထောင်ရပါမယ်။ ဒီနည်းနဲ့ ရရှိတဲ့ ပျော်ရွှင်မှုဟာစစ်မှန်ပြီးတည်မြဲပါတယ်။
ဒါတွေကတော့ ဗုဒ္ဓဝါဒက သင်ပေးတဲ့ နေ့စဉ်ဘဝ ပျော်ရွှင်မှုနဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုအတွက်လမ်းညွှန်အမြွက်မျှဖြစ်ပါတယ်။ ပစ္စည်းဥစ္စာ ရှာဖွေမှုနဲ့ သုံးစွဲမှု
မဂ္ဂင်ရှစ်ပါးမှာပါတဲ့ မှန်ကန်တဲ့ သက်မွေးဝမ်းကျောင်းနည်းနဲ့ ပစ္စည်း ဥစ္စာကို ရှာဖွေစုဆောင်းရပါတယ်။ အတိုချုပ်ဆိုရရင် မိမိဘဝရပ်တည်ရေးအတွက်သူတစ်ပါးကို မထိခိုက်မနစ်နာစေဘဲ၊ မိမိရဲ့ကာယဉာဏ စွမ်းအား သက်သက်နဲ့၊ မိမိစိတ်ထဲမှာ သန့်ရှင်းစင်ကြယ်တယ်လို့ ခံစားလို့ ရတဲ့၊ မှန်ကန် ဖြောင့်မတ်တဲ့ နည်းနဲ့ ပစ္စည်းဥစ္စာကို ရှာဖွေရယူစု ဆောင်းသင့်ပါတယ်။ အဲဒီလိုတရားသဖြင့်ရှာဖွေရရှိတဲ့ ပစ္စည်းထဲက
၁)တစ်ပုံကိုအိုမင်းချိန်မှာသုံးစွဲဖို့နဲ့
၂)တစ်ပုံကို အရေးပေါ်လာရင် သုံးစွဲဖို့သိမ်းထားပြီး
၃)တစ်ပုံကိုလက်ငင်းအခြေအနေမှာသုံးစွဲဖို့၊
၄)ကျန်တစ်ပုံကိုတော့မိမိပတ်ဝန်းကျင်အတွက်အသုံးပြုဖို့ ဗုဒ္ဓဝါဒအခြေပြု ကျမ်းဂန်တွေမှာ ညွှန်ကြားပါတယ်။ အဲဒီ ညွှန်ကြားချက်ကို စံနမူပြုပြီး မိမိပတ်ဝန်းကျင် လူမှုစနစ်နဲ့ ကိုက်ညီအောင် ပြုပြင် နေထိုင်ရင် မမှားနိုင်ဘူးလို့ ယူဆပါတယ်။ ပျော်ရွှင်မှုစံပြုဝါဒီနဲ့ ရုပ်ဝါဒီတို့ ယူဆတဲ့ ‘ငါလုပ်လို့ ရတာ ငါ့အတွက်ပဲ ဖြစ်ရမယ်၊ ဒါကြောင့် ငါရဖို့နဲ့ ငါဝဖို့ပဲ အရေးကြီးတယ်’ဆိုတာမျိုးကိုတော့ ဗုဒ္ဓဝါဒကငြင်းပယ်ပါတယ်။
၂၂။ ကမ္ဘာကြီး ပူနွေးလာခြင်း
ဇူလိုင် ၁၄၊၂၀၀၇။
------------
ရိုသေစွာလျှောက်ထားပါရစေ အရှင်ဘုရား၊
မကြာခင်က CNNတယ်လီဗီးရှင်း အစီအစဉ်တစ်ခုမှာ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ကမ္ဘာပေါ်မှာ သဘာဝကပ်ဘေးကြီးတွေ ဖြစ်ပေါ်လာ နိုင်ကြောင်း၊ အဲဒါကြောင့်တစ်ကမ္ဘာလုံးက လူတွေအဲဒီကပ်ဘေးကြီး ကိုရှောင်လွှဲဖို့ လူသားအားလုံး အားသွန်ခွန်စိုက်ပါဝင်လုပ်ဆောင်ကြဖို့နဲ့ ဘာသာတရား အဆုံးအမတွေနဲ့လည်း တတ်နိုင်သမျှ လူတွေကို အသိပညာပေးဖို့ သတိပေးထားတာ ကြည့်လိုက်ရပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ကြုံလာနိုင်ဖွယ်ရှိတဲ့ အဲဒီ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဘာသာတရား အထူးသဖြင့် ဗုဒ္ဓဝါဒနှုန်းစံတွေအရ ဘယ်လိုနည်းနဲ့ ကာကွယ် တားဆီးနိုင်မယ်လို့ ထင်ပါ သလဲ။ ယခင် ယခုနဲ့ နောင်လာမယ့် ရာစုနှစ်တွေမှာ ခေတ်သစ် သိပ္ပံနဲ့ နည်းပညာတွေနဲ့ ဗုဒ္ဓဝါဒနှုန်းစံတွေ ဘယ်လိုဆန့်ကျင်သို့တည်းမဟုတ် ညီညွတ်သလဲဆိုတာကို သိလိုပါတယ်။
ပီတိခင်
-------------------
ခြိမ်းခြောက်မှု
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရာသီဥတု ဆိုးဝါး ထန်ပြင်းတဲ့ ဖြစ်ရပ်တွေ ပိုမိုများလာတယ်လို့ ရာသီဥတု ပါရဂူတွေက ဆိုပါတယ်။ တိုနေဒိုး၊ တိုင်ဖုန်း၊ ဟာရီကိန်းနှင့် ရေလွှမ်းမိုးမှုတွေ၊ အမြဲတမ်းခံနေတဲ့ ရေခဲတောင်ကြီးတွေပျော်ကျလာနေတာ၊ အဲဒီရေခဲတောင်တွေမှာနေတဲ့ တန်ဒြာ သမင်ကြီးတွေ သေကြတာ၊ အချိူ့ ပိုးကောင်တွေ နေရာဒေသ အသစ်ကို ပြောင်းရွှေ့နေကြတာ စတာတွေ အပါအဝင်ပေါ့။ ကမ္ဘာ တစ်လွှားမှာ ရာသီဥတုဆိုးဝါးတဲ့ ကပ်ဘေးဆိုက်နိုင်တဲ့ အပြင် တကယ် လို့ ကမ္ဘာ့မြောက်ဖက်ခြမ်းမှာရှိတဲ့ ဂရင်းလန် ကျွန်းနဲ့ အန္တာတိကတိုက်က ရေခဲပြင်ကြီးတွေ တစ်ဝက်လောက်သာ ပျော်ကျသွားမယ် ဆိုရင် သမုဒ္ဒရာရေမျက်နှာ မြင့်တက်လာပြီး အမေရိကန်နိုင်ငံက ဖလော်ရီဒါပြည် အစိတ်အပိုင်းအချို့နှင့် လူဝစ်စီယားနား ပြည်နယ်တွေ၊ နယူးယောက်မြို့နဲ့ အနောက်ခြမ်းက ဆန်ဖရန်စစ္စကိုမြို့တွေ အပါအဝင် တစ်ချို့ ကျွန်းနိုင်ငံတွေ ဒီရာစုနှစ် အလယ်လောက်မှာ ရေအောက်ကို ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုးက ကမ္ဘာကြီးပူနွေးလာနေတာကို ဥပေက္ခာပြုလိုတဲ့ အုပ်စုကို ရည်ရွယ်ပြီး ‘ဒီလိုသာ ဖြစ်ခွင့် ပေးလိုက်ရင် တကယ့်ကို လူသားတို့ရဲ့ ကိုယ်ကျင့်တရား ပျက်ကွက် တာပါပဲ’လို့ ပြစ်တင်ပြောဆိုတာကိုလည်း ကြားရပါတယ်။
အကြောင်းတရား
ဒီလိုဖြစ်တာဟာကမ္ဘာကြီး ပူနွေးလာပြီးရာသီဥတုပြောင်းလဲမှုကြောင့်လို့ ဆိုပါတယ်။ လောင်စာဆီ သုံးစွဲတာ လွန်ကဲလို့ ဥပမာ ဧရာမစက်ရုံ ကြီးတွေ၊ မော်တော်ကားတွေက ထုတ်လိုက်တဲ့ အခိုးတွေကြောင့် ညစ်ညမ်းနေတဲ့ လေထုထဲက ဓာတ်သဘာဝ တစ်မျိုးက ကမ္ဘာကြီးကို လွှမ်းခြုံပြီး နေအပူရှိန်ကိုထိန်းထားပေးတဲ့ ဓာတ်သဘာဝတွေကိုဖျက် ဆီးပစ်လို့ ကမ္ဘာမြေပေါ်မှာ အပူရှိန် မြင့်လာရတာ ဖြစ်ပါတယ်။ လူတွေရဲ့စားဝတ်နေရေးနဲ့ စီးပွားရေး အလိုရမ္မက် များမှုတွေကြောင့် တောင် အမေရိကတိုက်က ကမ္ဘာ့အကြီးဆုံး အမ္မာဇန် သစ်တောကြီးတွေ အပါအဝင် ကမ္ဘာတစ်ဝန်း သစ်တောတွေ ပြုန်းတီးလို့ ရာသီဥတု အပြောင်း အလဲတွေဖြစ်ရပါတယ်။
ယခု ကမ္ဘာကြီးဟာ အလျင်အမြန် ပူနွေးလာနေပါပြီ။ ဒါဟာ သီအိုရီ မဟုတ်ပါဘူး၊ အမှန်တကယ် ဖြစ်လာနေတာလို့ ရေးကြီး သုတ်ပျာနဲ့ ပြောဆိုရေးသားနေကြတာကို သတင်းတွေမှာ ဖတ်ရ ကြား ရပါတယ်။ သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၉.၁ ဘီလီယံ ဖြစ်လာမယ်ဆိုလို့ ဒီလူဦးရေအတွက် လောင်စာစွမ်းအင်၊ ရေနဲ့ အစား အစာ ပိုမိုလိုအပ်လာမှာဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာ ထက် ကြောက်စရာ ကောင်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အင်း၊ အရင်းစစ်လိုက်တော့ အဲဒါတွေအားလုံးဟာ အသိဉာဏ် ရှိတယ်ဆိုတဲ့ လူသားတွေရဲ့လောဇောကြောင့်ဖြစ်ရတာချည်းပါပဲ။
ကုသနည်း
လိုချင်တပ်မက်မှုနဲ့ ကိုယ်ကျိုးဆန်တဲ့ အတ္တလွန်ကဲမှုကို လျှော့ချဖို့ဖြစ်ပါတယ်။ စက်ရုံတွေ ကားတွေကိုအခိုးထုတ်လွှင့်မှု နည်းတဲ့ ဘိုင်အို ဒီဇယ်နဲ့ ဟိုက်ဒြိုဂျင်တွေနဲ့ အစားထိုး သုံးရင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ လျော့ကျသွားနိုင်ဖွယ်ရှိပေမယ့် ထုတ်လုပ်မှု စရိတ် ကြီးမြင့်တာ၊ သက်သာလွယ်ကူမှုမရှိတာ စတာတွေကြောင့် လွယ်လွယ် နဲ့ တော့ ဖြစ်မလာနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ အဲဒီ လောင်စာဆီတွေ ကိုထုတ်လုပ်ဖို့ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီလိုပြန်တာပဲ။
ဒါကြောင့် ဒီပြဿနာရဲ့ ဇစ်မြစ်ကို လိုက်ကြည့်ရင် လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲရမယ်ဆိုတဲ့ အဖြေတစ်ရပ် ထွက်လာပါတယ်။ လောင်စာဆီကို လျှော့သုံးဖို့ပါ။ ကိုယ်ပိုင်ကားတွေ လျှော့သုံးရမယ်၊ လေယာဉ်နဲ့ ခရီးသွားလာမှုတွေ လျှော့ချရမယ်၊ အိမ်မှာ ရုံးမှာ ဇိမ်ခံ လေအေးစက်တွေ လျှော့သုံးရမယ် ဆိုတာတွေပေါ့။ ဒီကိစ္စမှာ ချမ်းသာ တဲ့ နိုင်ငံတွေက လူတွေအဓိက စွန့်လွှတ်မှု လုပ်ရလိမ့်မယ်လို့ ဆိုတယ်။
ဒီနေရာမှာ လူတွေရဲ့ ပျင်းရိမှုနှင့် အလိုလောဘကို ကျော်လွှားဖို့ လူတွေကို တွန်းအားပေးနိုင်တဲ့ လုံလောက်တဲ့ စွမ်းအားကတော့ စိတ် ပိုင်းဘဝကို လေ့ကျင့်အားထုတ်မှု ဖြစ်ပါတယ်။ ရောင့်ရဲ တင်းတိမ်မှု၊ အနေအထိုင် ရိုးစင်းမှု၊ ရက်ရောမှုတွေကို ဘာသာတရားရဲ့ အဆုံးအမ အနေနဲ့ အလေးပေး သင်ကြားပေးတာတွေပေါ့။ ဘာသာရေး ခေါင်း ဆောင်တွေက ကိုယ်တိုင် စံနမူပြပြီး အဲဒီလို ခြိုးခြံနေထိုင်မှု နှုန်းစံတွေ အကျိုးတရားတွေကို ဟောပြောရင်း လူတွေကို စည်းရုံးနိုင်ပါတယ်။
လူတွေစိတ်ထဲမှာ အမြစ်တွယ်နေပြီးဖြစ်တဲ့ နေ့တဓူဝ လူမှုဘဝဖြစ်စဉ်နဲ့ စီးပွားရေး တန်ဖိုးတွေကို လျှော့ချဖို့ ဖြစ်နိုင်မလားလို့ မေးစရာရှိ ပါတယ်။ ဖြစ်နိုင်ပါတယ်။ စီးပွားရေး တိုးတက်မှုဆိုတာ လိုချင်တာက စတယ်။ ယင်းနောက်ရွေးချယ်တယ်၊ ပြီးတော့ ကျေနပ်နှစ်သက်မှုဖြစ်တယ်။ အဲဒါတွေအားလုံးဟာ စိတ်ရဲ့ လုပ်ဆောင်မှုတွေ ချည်းပါပဲ။ ဒါ ကြောင့်စိတ်ကို လေ့ကျင့်ရင် ဖြစ်နိုင်တာပေါ့။
ဗုဒ္ဓဝါဒကျင့်စဉ်
ဗုဒ္ဓဝါဒကျင့်စဉ် ရှုထောင့်ကနေ အမြွက်လောက် ပြောပြရရင် - ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ သက်ရှိလောကနှင့် သဘာဝပတ်ဝန်းကျင်ရော၊ သက်ရှိသတ္တဝါတွေအားလုံး အချင်းချင်းပါ တစ်ဦးကိုတစ်ဦး အညမည သဘောတရားနဲ့ အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်၊ မိမိလုပ်တဲ့ အလုပ်အတွက် မိမိမှာ တာဝန်ရှိတယ်လို့ ဆုံးမပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတို့ရဲ့ ‘ကမ္ဘာ့အရေးက ပထမ၊ ဒေသအရေးက ဒုတိယ’ ဆိုတဲ့ ဆောင်ပုဒ်ဟာ ဗုဒ္ဓဝါဒသဘောထားနဲ့ တစ်ထပ်တည်းပါပဲ။ သတ္တဝါအားလုံးကို ကြင်နာဖို့နဲ့ အပြုအမူ (ကံ တရား) တွေကို သတိနဲ့ ထိန်းသိမ်းဖို့ တစ်နည်း သီလရှိဖို့ လူတွေကို ဗုဒ္ဓဝါဒကသင်ကြားပါတယ်။
သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တစ်ဆင့်တက်ပြီး ကမ္မဋ္ဌာန်း ဘာဝနာ အားထုတ်ရင် အကျိုးတစ်ခုတော့ ကျိန်းသေရတယ်လို့ ယုံ ကြည်ပြီး နည်းနည်းစီ အချိန်ပေးပြီး လေ့ကျင့်သွားရင် နေထိုင်မှုပုံစံတွေ၊ ဘဝအတွေးအမြင်တွေ တဖြည်းဖြည်း ပြောင်းလဲပြီး ကိုယ်ကျိုးဆန် အတ္တလွန်ကဲမှုတွေ လျော့နည်းလာပါတယ်။ ကိုယ့်ရဲ့ လူနေမှုပုံစံကို လိုအပ်သည်ထက် ပိုပြီး ဇာမချဲ့လိုတော့ဘဲ အခြေခံ လူမှုဘဝ လို အပ်ချက်တွေ ပြည့်စုံရုံနဲ့ ကျေနပ်လာနိုင်ပါလိမ့်မယ်။ ကမ္မဋ္ဌာန်း များများ ထိုင်နိုင်လာလေ၊ မိမိရဲ့ အလိုရမ္မက်တွေကို ထိန်းနိုင်လာလေ ဖြစ်ပြီး ကမ္ဘာကြီးကိုခြိမ်းခြောက်မှုလျော့နည်းသွားလေဖြစ်ပါလိမ့်မယ်။
အဲဒီလို လုပ်တာဟာ တစ်ကိုယ်ရေဘဝကို ကျော်လွန်ပြီး အခြားပုဂ္ဂိုလ်တွေ အားလုံး အတွက်ပါ ကောင်းတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်အပါအဝင်တကယ့်ကျင့်သုံးနိုင်ဖို့သာအရေးကြီးတယ်။
ကိုယ်စီအသိတရား
ကမ္ဘာကြီးပူနွေးမှုမဖြစ်သေးဘူးလို့ ဆိုရင် တောင်လောင်စာဆီသုံးစွဲ မှုကို လျှော့သင့်ပါတယ်။ ဒါဟာ နောင်လာနောင်သားများ အတွက် ယနေ့လူကြီးတွေရဲ့ ကြီးမားတဲ့ တာဝန်တစ်ခု ဖြစ်လို့ ပါ။ အလွန် ကိုယ် ကျိုးစွန့်ရမယ့်အလုပ်လည်းဖြစ်ပါလိမ့်မယ်။ တစ်ဦးကိုတစ်ဦး တာဝန် လွှဲချနေလို့ မရနိုင်ပါဘူး။ တစ်နိုင်ငံတည်း လုပ်လို့လည်း မရနိုင်ပါဘူး။ တစ်ကမ္ဘာလုံးပူနွေးလာတာဖြစ်လို့ တစ်ကမ္ဘာလုံးကလူတွေ ကိုယ်စီ အသိတရားနဲ့ ကိုယ် နေထိုင်မှုကို ဆင်ခြင်မှသာ သို့မဟုတ် တဖြည်း ဖြည်း ပြောင်းလဲပစ်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုရင် တစ်ကမ္ဘာလုံးက လူတွေကို လူမှုစီး ပွားကျင့်စဉ်အရရော ဘာသာရေး အဆုံးအမတွေအရပါ နားလည်အောင်၊ လိုက်နာ လက်ခံလာအောင် ပညာပေး စည်းရုံးလှုံ့ဆော်ရမှာ ဖြစ်လို့ အလွန် ကျယ်ပြန့်ပြီး ခက်ခဲ ကြီးမားတဲ့ အလုပ်ဖြစ်ပါတယ်။
လူတိုင်းရဲ့တာဝန်
တည်ရှိပြီး ကောင်းမွန်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဆိုဆို နိုင်ငံတစ်နိုင်ငံ ပြောပြော ဤကမ္ဘာမြေ ပြိုကွဲပျက်စီးဖို့နဲ့ ကြုံလာပြီဆိုရင် ပြင်ပက ဖျက်ဆီးတဲ့ အကြောင်းတရားတွေထက် အတွင်းမှာရှိတဲ့ အကြောင်းတရား တွေက ပိုအရေးကြီးပါတယ်။ လူ့လုပ်လို့ လှပနေတဲ့ အရာတွေ အားလုံး လူ့ကြောင့်ပဲ ပျက်စီးမသွားရအောင် လူသားတို့ရဲ့ အသိပညာ ဆင်ခြင် တုံတရားဘာသာရေးအလေ့အကျင့်တွေနဲ့ ထိန်းချုပ်သင့်ပါတယ်။
သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဟာ သက်ရှိအားလုံး အတွက် ကောင်းပါတယ်။ လောင်စာဆီ သုံးစွဲလိုတာကို ပိုမို ခြိုးခြံချွေ တာပြီးနေမယ်ဆိုရင် စီးပွားရေးကိုလည်း မထိခိုက်နိုင်ပါဘူး။ ပိုမိုပြီးလဲ ကရုဏာ ပညာနဲ့ ပြည့်စုံသူတွေ ဖြစ်လာနိုင်ပါတယ်။ ဆုံးရှုံးတယ် သို့ မဟုတ်ဆင်းရဲတယ်လို့ မယူဆကြဘဲလူတိုင်း ကိုယ်စီအသိနဲ့ လိုက်နာ နိုင်ရင် မကောင်းပေဘူးလား။
မြန်မြန်လုပ်
ဒန္ဓံ ကတံ ကုသလံ ဟိ သမ္ပတ္တိံ ဒဒမာနံ ဒန္ဓမေဝ ဒဒါတိ။
ဒန္ဓံ၊ ဖြည်းနှေးစွာ။ ကတံ၊ ပြုအပ်သော။ ကုသလံ၊ ကုသိုလ်သည်။ ဟိ၊ အကယ် မလွဲသဖြင့်။ သမ္ပတ္တိံ၊ စည်းစိမ် ချမ်းသာကို။ ဒဒမာနံ၊ ပေးသည်ရှိသော်။ ဒန္ဓမေဝ၊ ဖြေးနှေးစွာသာလျှင်။ ဒဒါတိ၊ ပေးတတ်၏ (ဓမ္မပဒ၊ဋ္ဌ၊၂၊၃)။
၂၃။ ဗုဒ္ဓရဲ့ နဖူးသင်းကျစ်တော
ဇန်နဝါရီ ၁၂၊၂၀၀၈။
--------------
ဆရာတော်အရှင်သူမြတ်ဘုရား၊
တပည့်တော်သိချင်တာကလေးနှစ်ခုမေးလျှောက်လိုပါတယ်ဘုရား။
(၁) တပည့်တော်ရဲ့မိခင်မြန်မာနိုင်ငံက ပင့်လာတဲ့ ကျောက်ဆင်း တုတော်ရဲ့နဖူးတော်မှာထူးခြားတဲ့ အရာတစ်ခုပါရှိနေတာကိုသတိပြု မိပါတယ်။ သင်းကျစ်တော် ခေါ်တယ်လို့ မိခင်က ပြောပါတယ်ဘုရား။ အဲဒါလေးနဲ့ ပတ်သက်တာကိုရှင်းပြပေးစေလိုပါတယ်ဘုရား။
(၂) စေတီတော်တွေက ရောင်ခြည်ထွက်တယ်လို့ ကြားဖူးပါ သည်ဘုရား။ ကိုယ်တိုင် တစ်ခါမျှ မဖူးမြင်ဘူးပါ။ ဘာကြောင့် ဘယ်လို ရောင်ခြည်ထွက်ရတယ်ဆိုတာကိုလည်းသိလိုပါသည်ဘုရား။
မြမြမြိုင်
-------------------
(၁) ဗုဒ္ဓနဖူးပေါ်က ထူးခြားတဲ့ အရာ
ဗုဒ္ဓနဖူးတော်မှာ ထူးခြားတဲ့ အရာ နှစ်မျိုးရှိပေမဲ့ မေးခွန်းအရ ‘သင်း ကျစ်တော်’ ဆိုတာနဲ့ ပတ်သက်လို့ ပဲ ပြောပြပါမယ်။ ဗုဒ္ဓဟာ သာမန် လူသား မဟုတ်ပါဘူး။ မဟာပုရိသ (ထူးခြားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်)ဖြစ်ပါတယ်။ ဒါကြောင့်ဗုဒ္ဓရဲ့ခန္ဓာကိုယ်မှာမဟာပုရိသတွေမှာပါတဲ့ လက္ခဏာ တော်ကြီး၃၂မျိုးပါရှိတယ်။ မဟာပဒါနသုတ် (ဒီ၊၂၊၁၅)နှင့်လက္ခဏသုတ် (ဒီ၊၃၊၁၃၇) တို့မှာ အသေးစိတ် ဖော်ပြပါတယ်။ ဒီအထဲက တစ်ခုက ‘ဥဏှီသသီသော = သင်းကျစ် ဆင်ထားဘိသကဲ့သို့သော ဦး ခေါင်းရှိ၏ (ဒီ၊မြန်၊၂၊၁၆)’တဲ့။
ဝိသုဒ္ဓါရုံဆရာတော်ကြီးက ‘ဥဏှီသသီသော = မင်းများ ဆောင်း သည့် ဦးသျှောင်သရဖူ ပုံတူအလား ဆံစနား၌ နဖူးသင်းကျစ် ရိုးပြား ရှိတော်မူ၏ (ဝိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၄၅၅)’လို့ မြန်မာမှု ပြပါတယ်။
ပါရမီဖြည့်ရင်း ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့ အခါ လူအများကို ဦး ဆောင်ပြီးလုပ်ခဲ့လို့ အဲဒီ လက္ခဏာတော်ကိုရရှိတာ ဖြစ်ပါတယ်။ အဲဒီ လက္ခဏာ ရှိလို့ နတ်လူဗြဟ္မာ အများဟာ ဗုဒ္ဓကို အတုလိုက်ပြီး ကျင့်ကြံကြတယ်လို့ လက္ခဏသုတ်မှာမြတ်ဗုဒ္ဓဟောတော်မူပါတယ်။
ဥဏှီသသီသော ပုဒ်ကိုအဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၄၂)မှာအဓိပ္ပာယ် နှစ်မျိုး ပြတယ် .. ‘နဖူးပြင် ပြည့်ဖြိုးခြင်းနှင့် ဦးခေါင်း ပြည့်ဖြိုးခြင်း ဟူ သော အကြောင်းနှစ်မျိုးကြောင့် ဥဏှီသသီသဟု ဆိုခြင်းဖြစ်၏။ လက် ယာ နားစွန်းမှ လက်ဝဲ နားစွန်းထိ အသားပြား ထွက်၍ (မံသပဋလံ ဥဋ္ဌဟိတွာ) နဖူးပြင် တစ်ခုလုံး ဖုံးလွှမ်းသကဲ့သို့ တည်ရှိ၏။ ယင်းသည် ဘုရင်မင်းတို့ ဆောင်းသော သင်းကျစ်ကဲ့သို့ လှပတင့်တယ်၏။ မဟာ ပုရိသတို့၏ ဤလက္ခဏာကို အတုယူပြီး မင်းဆောင်း သင်းကျစ် ဖြစ် ပေါ်လာသတတ်။ အခြား အဓိပ္ပာယ် တစ်မျိုးမှာ လူအများစု၏ ဦးခေါင်းမှာ ညီညာပြည့်ဖြိုး ခြင်းမရှိ။ မဟာပုရိသတို့၏ ဦးခေါင်းမှာမူ ဆောက် ဖြင့် ထွင်းထုထားသည့်အသွင် ရေပူဖောင်းအလား ပြည့်ဖြိုး ညီညာ၏။ ပထမ နည်းအရ သင်းကျစ် ဆောင်းထားသည်နှင့် တူသောကြောင့်၊ ဒုတိယ နည်းအရ ရေပူဖောင်းကဲ့သို့ ဝိုင်းဝန်း ညီညာသောကြောင့် ဥဏှီသသီသဟုဆို၏’။
မြတ်ဗုဒ္ဓကို မျက်တွေ့ မဖူးမြင်လိုက်ရတဲ့ ပန်းပုပညာရှင်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဥဏှီသသီသ လက္ခဏာတော်ကို ပေါ်လွင်အောင် ထုလုပ်ရာ မှာ ယူဆချက်တွေ ကွဲပြားခဲ့ကြတယ်။ သင်းကျစ် ပုံသဏ္ဌာန်လို လုံး ဝန်း ပြည့်ဖြိုးခြင်း သို့မဟုတ် နဖူးပြင် အထက်ပိုင်းကို ဖုံးလွှမ်းထားတဲ့ ကြွက်သား (အရိုးပြား) လို့ ယူဆချက် နှစ်မျိုး။ ကနိသျှကမင်း နန်းစံ သုံးနှစ်မြောက်မှာ ထုလုပ်ခဲ့တဲ့ နာမည်ကျော် မြတ်ဗုဒ္ဓ လောင်းလျာ (ဗောဓိသတ္တ) ဆင်းတုမှာ နဖူးပြင် အနည်းငယ် မြင့်ရုံလောက်ပဲ။ ဒါပေ မယ့် ကုသျှန်ခေတ် နှောင်းပိုင်း မထုရာမြို့က ပန်းပုပညာရှင်တွေ ကတော့ ဆံစကို ထိနေတဲ့ အရိုးပြားနဲ့ ဖုံးလွှမ်းထားတဲ့ နဖူးပြင်နဲ့ သရုပ်ဖော်ခဲ့ကြတယ်။ (Rays Davids, Dialogues of the Buddha, II, p. 16. ကိုရှုပါ)။ မြတ်ဗုဒ္ဓကို အစရိယမနုဿ=အံ့ဖွယ်လူသားအနေနဲ့ နား လည်ပြီး ဗုဒ္ဓါနုဿတိ (မြတ်စွာဘုရားရဲ့ ဂုဏ်းတော်များကို အဖန်ဖန် အောင့်မေ့ခြင်း)ဘာဝနာကိုပွားများနိုင်ပါစေ။
(၂) စေတီမှ ရောင်ခြည်လွှတ်ခြင်း
စေတီတော်ထဲမှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အရှင်မြတ်တို့ရဲ့ ဓာတ် တော်ကိုဌာပနာ (ထည့်သွင်း) ထားတာသေချာရင် အဲဒီစေတီတော်က ရောင်ခြည်လွှတ် (တန်ခိုးပြ) ပါတယ်။ ဒါပေမယ့် ရောင်ခြည်လွှတ်စေနိုင် တဲ့ အကြောင်းသုံးခုရှိတယ်။ အဲဒါတွေက
၁) ယခု အသက်ထင်ရှားရှိဆဲ ရဟန္တာပုဂ္ဂိုလ်တွေက နတ်လူတို့ကို သနားသောအားဖြင့် ‘ဤမည်သော စေတီမှာ ရောင်ခြည်လွှတ်ပါစေ’လို့ အဓိဋ္ဌာန်ပြုရင်၊
၂)သမ္မာဒေဝနတ်တွေလူအပေါင်းကိုစောင့်ရှောက်တဲ့ အနေနဲ့ ‘ဤ တန်ခိုးပြာဋိဟာကြောင့် သာသနာတော် ကြီးပွားပါစေ၊ ကြည်ညို သူ လူအပေါင်းတို့ကုသိုလ်တရားတိုးပွားနိုင်ပါစေ’ဆိုပြီးအဓိဋ္ဌာန်ရင်၊
၃)သီလသမာဓိပညာ စွမ်းရည်မြင့်တဲ့ မိန်းမယောကျ်ား ရဟန်းရှင် လူတို့ စေတီတော်ကိုပန်းနံ့သာစသည်နဲ့ ပူဇော်ပြီး ‘စေတီတော်ရောင် ခြည်လွှတ်ပါစေ’ လို့ အဓိဋ္ဌာန်ရင် စေတီတော် ရောင်ခြည်လွှတ်ပါတယ် (မိလိန္ဒ၊၂၉၇)။
‘ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့ လို့ များထွေ၊ ထူးထွေတည့် အံ့ရာသော် ... စွယ်တော်ကျောင်းက ခြောက် ဖြာရောင်ခြည်လွှတ်သည်နှင့်သာပင်...’ဆိုတဲ့ သီချင်းခန့်ကြီးဟာ ဘုရင်ကိုးကွယ်တဲ့ စွယ်တော်ကျောင်းက ဓာတ်တော်တွေ ရောင်ခြည် ကွန့် မြူးတာကို အကြောင်းပြုပြီး လူအများ ကြည်ညိုနိုင်အောင်လို့ မြဝတီ မင်းကြီးဦးစရေးသီခဲ့တာဖြစ်ပါတယ်။
သတိရှိတတ်ပါစေ
အမှတ် (၃) စေတီသို့မဟုတ် ဓာတ်တော်ကွန့်မြူးရခြင်းအကြောင်းနှင့် စပ်လို့ မသူတော် (သူတော်ကောင်းအစစ် မဟုတ်သူ)တို့ အခွင့်အရေး ယူလေ့ရှိတာကို သတိထားသင့်ပါတယ်။ ‘စေတီတော်အနီးမှာ မိမိ (ရဟန်း သို့မဟုတ် လူ) ပရိတ်ရွတ်နေတုန်း ပဋ္ဌာန်းရွတ်နေတုန်း တ ရားဟောနေတုန်း စေတီတော်က ရောင်ခြည်လွှတ်ပါတယ်’ လို့ မိမိ ကိုယ်ကို လူအများအထင်ကြီးအောင်မိမိထံ လူအများစုရုံးလာအောင် လာဘ်သပ်ပကာ ပေါများဖို့ရည်ရွယ်ချက်နဲ့ ဗွီဒီယိုရိုက်ပြတာမျိုး၊ တစ် ယောက်ယောက်က ‘အလံရှူး’လုပ်ပေးတာမျိုးတွေ ရှိနိုင်လို့ အဲဒီလို လုပ်စားသူတွေရဲ့လှည့်ဖျားမှုကိုမခံရအောင်သတိရှိတတ်ပါစေ။
၂၄။ ထေရဝါဒနှင့် မဟာယာန
ဇန်နဝါရီ ၁၄၊၂၀၀၈။
-------------------
မေးလျှောက်လိုပါသည်သိချင်တာသုံးခုပါဘုရား၊
(၁)မဟာယာနဗုဒ္ဓဝါဒဂိုဏ်းကွဲဘယ်တုန်းကစတင်ခဲ့သည်
(၂)ဘယ်ပုဂ္ဂိုလ်တွေကသီးခြားဂိုဏ်း ခွဲထွက်ခဲ့ကြသည်
(၃) ထေရဝါဒနှင့်မဟာယာနတူညီချက်နှင့် ခြားနားတို့ကိုအကျဉ်းမျှ သိလိုပါသည်ဘုရား။
ရိုးရိုးလေး
-------------------
(၁) ဗုဒ္ဓဝါဒဂိုဏ်းကွဲ စတင်ခြင်း
အေဒီ ၄ ရာစု မတိုင်ခင်ကပင် ပါဠိပါဘာသာနဲ့ တည်ရှိခဲ့ပြီး နိကာယ် အဋ္ဌကထာကျမ်းကြီးတွေတောင် လေးစား ကိုးကားခံရတဲ့ ပါဠိသမိုင်း ဒီပဝံသကျမ်းမှာ ‘(ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက်) ပထမ နှစ်တစ်ရာအတွင်း ဗုဒ္ဓဝါဒဂိုဏ်းကွဲဟူ၍ မရှိ။ ဒုတိယနှစ် တစ်ရာအတွင်း၌မူ ဗုဒ္ဓဝါဒဂိုဏ်း ကွဲ ဆယ့်ခုနစ်ခု (ပင်မဖြစ်သော ထေရဝါဒဂိုဏ်း အပါအဝင် ၁၈ ခု) ကွဲပြားသွား၏’လို့ ဖော်ပြပါတယ်။
ပထမေဝဿသတေနတ္ထိ၊ ဒုတိယေဝဿသတန္တရေ။
ဘိန္နာသတ္တရသဝါဒါ၊ ဥပ္ပန္နာဇိနသာသနေ။
(ဒီပဝံသ၊ အခန်း၅၊၅၃ဂါထာ)
ဒါကြောင့် ဗုဒ္ဓလွန်ပြီး နှစ်တစ်ရာကျော်မှ ဗုဒ္ဓဝါဒဂိုဏ်းကွဲတွေ စ တင်ဖြစ်ပေါ်တယ်လို့ အကြမ်းဖျင်းမှတ်သင့်ပါတယ်။
အဲဒီလိုကွဲပြားတာနဲ့ ပတ်သက်လို့လည်း ‘တိုက်ရိုက်ဟောသွယ် ဝိုက်ဟော၊ ဖော်ဟော မြှုပ်ဟော သဘောကို နားမလည်ကြဘဲ ရဟန်း ယုတ်တို့သည် (ဗုဒ္ဓရှင်တော်မြတ်က)အဓိပ္ပာယ်တစ်မျိုးဖြင့် ဟောတော်မူ သည်ကို အခြားအဓိပ္ပာယ် တစ်မျိုးသို့ ပြောင်းပစ်ပြီး စာပေကျမ်းဂန်၏ အရိပ်အယောင်မျှကိုယူ (ကပ်ကိုး) ကြလျက် ဗုဒ္ဓဓမ္မ၏ အဓိပ္ပာယ်မှန်ကို ဖျက်ဆီးကြ၏’လို့ မှတ်ချက်ပြုပါတယ်။
ပရိယာယ ဒေသိတံ စာပိ၊ အထော နိပ္ပရိယာယ ဒေသိတံ။
နီတတ္ထံ စေဝ နေယျတ္ထံ၊ အဇာနိတွာ န ဘိက္ခဝေါ။
အညံ သန္ဓာယ ဘဏိတံ၊ အညတ္ထံ ဌပယိံသုတေ။
ဗျဉ္ဇန စာယာယတေ ဘိက္ခူ၊ ဗဟုံ အတ္ထံ ဝိနာသယုံ။
(ဒီပဝံသ၊ အခန်း၅၊၃၄-၃၅ဂါထာ)
အဲဒီလို ဗုဒ္ဓဓမ္မကို အဓိပ္ပာယ်တစ်မျိုး ဖွင့်ဆိုတာဟာ အယူအဆ ကွဲပြားမှုရဲ့ အစလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ အခြား လူမှုရေး နိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းခံတွေလည်း ရှိနိုင်ပါတယ်။
(၂) ဂိုဏ်းသီးခြား ခွဲထွက်သူများ
ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး သုံးလအကြာ ရာဇဂြိဟ်မြို့ (အိန္ဒိယ) မှာ ပြုလုပ်တဲ့ ပထမသံဂါယနာမှာဓမ္မ (သုတ္တန်အဘိဓမ္မာ)နဲ့ ပတ်သက်ပြီး ဆွေးနွေး ဖွယ်မရှိပေမဲ့ ဝိနည်းသိက္ခာပုဒ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုအချို့ရှိခဲ့ရာမှာ ‘သိက္ခာပုဒ် အချို့ကို လူတွေတောင် သိပြီးဖြစ်နေလို့ ဗုဒ္ဓပညတ်ပြီး သိက္ခာပုဒ်တွေကို ထုတ်ပယ် ဖြည့်စွက်မှုမပြု’ ဆိုတဲ့ မူကို လက်ခံခဲ့ကြတယ်။ နောက်ထပ် နှစ်တစ်ရာအကြာမှာ ဝိနည်းသိက္ခာပုဒ်အချို့နဲ့ ပတ် သက်ပြီးဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ ဒုတိယ သံဂါယနာမှာ တော့ နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေး အတော်အတန် ပြောင်းလဲမှု တွေအရ သံဃာတစ်ချို့က ခုဒ္ဒက (အရေးမပါတဲ့) သိက္ခာပုဒ် အချို့ကို ပြုပြင်ပြောင်းလဲလိုကြတယ်။ မပြောင်းလဲလိုတဲ့ အုပ်စုနဲ့ ပြောင်းလဲလိုတဲ့ အုပ်စုလို့ အုပ်စုနှစ်စုကွဲသွားပြီးနောက်ဆုံး ဒုတိယအုပ်စုက သံဂါယနာမှာ မပါဘဲမဟာသံဃိကဆိုတဲ့ အမည်နဲ့ သီးခြားရပ်တည်ခဲ့ကြတယ်။
ဒါပေမယ့် ကနဦးပိုင်းမှာ ဝိနည်းလိုက်နာမှုလောက်ပဲ ကွဲပြားပြီး ဓမ္မနဲ့ ပတ်သက်လို့ အယူအဆ မကွဲပြားသေးဘူး။ ဘီစီ ၃ ရာစု (ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းသုံးရာ အကြာ) အသောကမင်း လက်ထက် တတိယသံဂါယနာမှာတော့ ဓမ္မရေးရာကို အဓိကဆွေးနွေးပါတယ်။
ဤသံဂါယနာရဲ့ အကြီးအကဲဖြစ်တဲ့ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်က ကထာဝတ္ထုကျမ်းကို ပြုစုပြီး ဗုဒ္ဓဝါဒ အစစ်အမှန်ကို ဖော်ထုတ်ပါတယ်။ ဤသံဂါယနာမှာ အတည်ပြုတဲ့ ဝါဒကို ထေရဝါဒလို့ ခေါ်ပါတယ်။ သံဂါယနာအပြီးမှာ ထေရဝါဒသာသနာပြု အာဇာနည်တွေ ကိုးနိုင်ငံသာသနာပြုခရီး ထွက်ခဲ့ကြပါတယ်။
မဟာယာန
မဟာယာနဆိုတဲ့ ဝေါဟာရကို တိပိဋက ပါဠိအဋ္ဌကထာကျမ်းတွေမှာ မတွေ့ရပါဘူး။ ဘီစီ၁ရာစုနဲ့ အေဒီ၁ရာစုအကြားမှာကျော်ကြားလှ တဲ့ သဒ္ဓမ္မပုဏ္ဍရိကသုတ်မှာ မဟာယာနနဲ့ ဟိနယာနဆိုတဲ့ ဝေါဟာရ နှစ်ခုကို တွေ့ရတယ်။ အေဒီ ၂ ရာစု ရောက်တော့ ပညာကျော် နာဂ ရဇ္ဇုနပုဂ္ဂိုလ်ကသုညတဝါဒဆိုတဲ့ မဟာယာနဒဿနကိုစတင်ခဲ့တယ်။
အေဒီ ၄ ရာစု အသင်္ဂနှင့် ဝသုဗန္ဓုတို့ ညီအစ်ကို ခေတ်မှာတော့ မဟာယာနဒဿနဟာအထူးပီပြင်လာခဲ့ပါတယ်။
ဟိနယာနဆိုတာ ထိုခေတ်က အိန္ဒိယမှာ မဟာယာနနှင့် အပြိုင် ထွန်းကားတဲ့ ဂိုဏ်းကွဲတစ်ခု ဖြစ်ပြီး ထေရဝါဒနဲ့ မဆိုင်ပါဘူး။ ဘာ ကြောင့်ဆိုရင် ထေရဝါဒဟာ ဘီစီ၃ရာစုကတည်းက အိန္ဒိယအလယ် ပိုင်းကနေ သီရိလင်္ကာစတဲ့ အခြားနိုင်ငံတွေကို ပြန့်နှံ့ပြီးဖြစ်နေလို့ ပါ။ ဒါ ကြောင့်လည်း ၁၉၅၀ခုနှစ်က ကျင်းပတဲ့ ကိုလံဘို (သီရိလင်္ကာ)ကမ္ဘာ့ ဗုဒ္ဓဘာသာကွန်ဖရင့်မှာ ဟိနယာနဆိုတဲ့ ဝေါဟာရကို တည်ရှိဆဲဗုဒ္ဓဝါဒ ဂိုဏ်းကွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ (Therava and Mahayana Buddhismby Dr. W. Rahula ဆောင်းပါးကိုဖတ်ရှုပါကုန်)။
(၃) တူညီမှုနဲ့ ခြားနားမှု
ထေရဝါဒရော မဟာယာနပါ နှစ်ဂိုဏ်းလုံးက လက်ခံတဲ့ တူညီတဲ့ အချက်တွေကတော့
၁)သကျမုနိဗုဒ္ဓကို ဆရာအရှင်အနေနဲ့နှစ်ဂိုဏ်းလုံး လက်ခံတယ်၊
၂)နှစ်ဂိုဏ်းလုံးက ယူဆတဲ့ သစ္စာလေးပါးမှာ အနှစ်သာရအားဖြင့် အတိအကျတူညီတယ်၊
၃)မဂ္ဂင်ရှစ်ပါးကျင့်စဉ်မှာ အတိအကျတူညီတယ်၊
၄)ပဋိစ္စသမုပ္ပါဒ် (ကြောင်းကျိုးဆက်ဖြစ်စဉ်)ကိုနှစ်ဂိုဏ်းလုံးက တူညီစွာ လက်ခံတယ်၊
၅)လောကကို ဖန်ဆင်းပြီး စိုးမိုးနေတယ်ဆိုတဲ့ ဖန်ဆင်းရှင် (ဣဿရနိမ္မာန)ဝါဒကိုနှစ်ဂိုဏ်းလုံးက ငြင်းပယ်တယ်၊
၆)အနိစ္စ ဒုက္ခ အနတ္တ၊ သီလ သမာ ဓိပညာဆိုတာတွေကို လုံးဝခြား နားချက်မရှိ လက်ခံတယ်။
ဖော်ပြပါ အချက်တွေကို ကြည့်ရင် မဟာယာနတို့ဟာ မူရင်းဗုဒ္ဓ ဓမ္မကို အခြေခံ၍ပင် ၎င်းတို့ရဲ့ ဒဿနကို တည်ဆောက်ခဲ့ကြတယ်လို့ ဆိုနိုင်အံ့ထင်ပါတယ်။ မဂ္ဂင်ရှစ်ပါးကျင့်စဉ် ရှိနေတဲ့ အတွက် အချို့သော မဟာယာန ဗုဒ္ဓဝါဒီတွေထဲမှာ သောတာပန် သကဒါဂါမ်စတဲ့ အရိယာ သူတော်စင်တွေ လုံးဝ ဆိတ်သုံးနေမယ်လို့ ဘုန်းကြီးတော့မထင်မိဘူး (ပုဂ္ဂိုလ်ရေးအမြင်မျှသာ)။
မဟာယာန ဂိုဏ်းကွဲတွေ များစွာရှိတာရယ်၊ ဒေသခံယဉ်ကျေးမှု တွေနဲ့ ပေါင်းစပ်နေတာရယ် စတာတွေကြောင့် ခြားနားချက်ကိုတော့ ဒီနေရာမှာ ယေဘုယျပဲ ဆိုနိုင်မယ်။
မဟာယာန တွေးခေါ်ရှင် အသင်္ဂရဲ့ အလိုအရ ကံကိလေသာတို့မှ လွတ်မြောက်တဲ့ စင်ကြယ်တဲ့ လောကဓာတ် (ပရိသုဒ္ဓလောကဓာတု) တစ်ခုရှိပြီး အဲဒီဘုံမှာ မွေးဖွားမှုကိုမမြင်နိုင်ဘဲ ဗုဒ္ဓဘုရားရှင်သာ သိနိုင်တယ် (အဘိဓမ္မာသမုစ္စယ၊ အင်္ဂလိပ်ပြန်၊ စာ ၈၃) လို့ ဆိုတယ်။ ပြီး တော့ ဝိမုတ္တိလမ်းစဉ်ကို ကျင့်ကြံရာမှာ သာဝကယာနိက (တပည့်ကျင့် စဉ်ကိုကျင့်ပြီး တပည့် အနေနဲ့ သွား)၊ ပစ္စေကဗုဒ္ဓယာနိက (တစ်ကိုယ် ရေ ဗုဒ္ဓဖြစ်ကြောင်း ကျင့်စဉ်နဲ့ တစ်ကိုယ်တည်းသွား)၊ မဟာယာနိက (မဟာယဉ်ကြီးနဲ့ ကိုယ်တိုင်လည်းသွား သူများကိုပါ ခေါ်ယူ)လို့ လမ်းစဉ် သုံးမျိုးရှိပြီး စွမ်းရည်ချင်း ကွာခြားသလို ကျင့်စဉ်တွေလည်း မတူကြဘူးတဲ့ (ယင်း၊ စာ ၁၉၇-၂၀၀)။ ထေရဝါဒရဲ့ သာဝကဗောဓိ၊ ပစ္စေကဗောဓိ၊ သမ္မာသမ္ဗောဓိ ဆိုတာနဲ့ ခပ်ဆင်ဆင်ပါပဲ။
စပ်မိလို့ ထေရဝါဒကျမ်းဖြစ်တဲ့ ဝဇိဗုဒ္ဓိဋီကာ (စာ-၁၃) မှာ ‘ဗုဒ္ဓ ယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာန’လို့ ‘ယာန’ဆိုတဲ့ ဝေါဟာရကို သုံးထားတာ တွေ့ရလို့ စိတ်ဝင်စားမိပါရဲ့။
၂၅။ ဗုဒ္ဓဝါဒနှင့်သိုက်
ဇန်နဝါရီ ၂၇၊၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ဗုဒ္ဓဘာသာမှာ သိုက်ဆိုတာ ရှိတယ်။ တရုတ်လူမျိုးမှာရော ရှိလား။ တပည့်တော်က နဂါးသိုက်က လာတာပါဘုရား။ ဒါပေမယ့် မချမ်းသာပါဘူး။ တချို့က သိုက်လာတယ်ဆိုရင် ချမ်းသာတယ် ပြောကြတယ်။ တပည့်တော်ရဲ့ အလုပ်ရှင် တစ်ယောက်က နဂါးသိုက်က လာတာပါ။ သူက တရုတ်လူမျိုးပါ။ တပည့်တော် မရှင်းတာက သိုက်ကလာတယ် ဆိုတာ ဗုဒ္ဓဘာသာမှာပဲရှိသလား။ တခြားလူမျိုး တခြားဘာသာဝင်တွေကော ဖြစ်နိုင်သလားဆိုတာကို သိချင်ပါတယ်ဘုရား။
ယဉ်ယဉ်လှထွေး
---
သန်းရွှေ ရူးနေပြီ
ဘုန်းကြီးတို့ တောရွာမှာ ကြုံခဲ့ဖူးတယ်။ ဦးအောင်လှရဲ့သား သန်းရွှေတဲ့။ ဘုန်းကြီးနဲ့ အသက်ရွယ်တူပါ။ သူ အရွယ်ရောက်စ အသက် ၁၆ နှစ်လောက်မှာ ညကျရင် အိမ်ကနေ ပျောက်ပျောက်သွားလို့ လိုက်ရှာတော့ ကောက်ရိုးပုံထဲမှာ သစ်ပင်ကြီး တစ်ပင်အောက်မှာ တစ်ခါတစ်ရံ အိမ်အမိုးပေါ်မှာ အိပ်ပျော်နေတာ တွေ့ရတယ်။ တော်တော်တော့ ဆန်းသား။ သတိရလာတော့ ကျေနပ်ပြုံး ပြုံးပြီး ‘ငါ့ကို သိုက်နန်း မင်းသမီးက သူနဲ့ နေဖို့ လာခေါ်တာ။ မင်းသမီးက အရမ်းချောတယ်၊ ညကျရင် သူ့ဆီ သွားဦးမှာ’လို့ ပြောတယ်။ ရွယ်တူတွေက ‘မင်း သူ့ကို ကိုင်လို့ ရလား’လို့ မေးကြတော့ ‘မရဘဲ နေမလား၊ ကိုယ့်ရည်းစားပဲ ဥစ္စာ’လို့ သူက ခပ်ကြွားကြွားနဲ့ ပြန်ပြောတယ်။ ရွာက လူတစ်ချို့က သန်းရွှေတော့ ရူးနေပြီတဲ့။ တစ်ချို့က သူ့ကို သိုက်နန်းက ဖမ်းထားတာ၊ ဒီကောင်မကြာခင် သေတော့မယ်တဲ့။
ဆောင်းတစ်ည လယ်ကွင်းထဲက သင်းဝင်ပင်အောက်မှာ သန်းရွှေ ဝတ်လစ်စလစ် ဆုံးရှာတယ်။ သူသေတာနဲ့ ပတ်သက်လို့ သိုက်နန်းက ခေါ်သွားတာ၊ အအေးပတ်လို့၊ မြွေပေါက်လို့ လူတွေ အမျိုးမျိုး ပြောကြတာပဲ။ လူတွေအပြော ရွာအနောက်ဖက်က ကျောက်ဘဲဥလို့ ခေါ်တဲ့ ကျောက်တုံးကြီးမှာ သိုက်နန်းရှင်တို့ နေသွားဖူးသတဲ့။ ကြက်ဥတစ်လုံး စာလောက်ရှိတဲ့ ချောမွတ်နေတဲ့ တွင်းခွက်ငယ် သုံးလေးခု ရှိတယ်။ ရွှေကြက်ဥတွေကို မြှုပ်ထားခဲ့တဲ့ နေရာတဲ့။ သိုက်ဆရာတို့ တူးယူသွားလို့ ခုမရှိတော့ဘူးတဲ့။ ဒါပေမယ့် I don't know ဘယ်တုန်းက တူးသွားတာလဲ၊ နဂါးသိုက်လား၊ ကြက်သိုက်လား။
ဒဏ္ဍာရီနဲ့ လက်တွေ့
တကယ်တော့ သိုက်ဆိုတာ ပါးစပ်ကပဲ ပြောနေကြတာ။ မျက်စိနဲ့ လက်တွေ့မြင်ဖူးသူ ရှိမယ်မထင်ဘူး။ သိုက်ပုံပြင်တွေ သိုက်ဇာတ်လမ်းတွေရှိတယ်။ တစ်ချို့ ဘုရားဆင်းတုအို စေတီပျက်တွေတောင် သိုက်နဲ့ ပတ်သက်နေတတ်တယ်။ ဒါပေမယ့်ခိုင်လုံတဲ့ သမိုင်းအထောက်အထား မရှိ၊ ယုတ္တိလည်း မတန်ပါဘူး။ ဂမ္ဘီရစာရေးဆရာတွေ စိတ်ကူးယဉ်တဲ့ ဇာတ်လမ်းတွေ၊ အဲဒီ ဇာတ်လမ်းကို အခြေခံတဲ့ ရုပ်ရှင် ဗီဒီယိုတွေ၊ သီချင်းတွေ၊ ရုပ်ပြဇာတ်လမ်းတွေ လူထုထဲ ရောက်သွားရကနေ သိုက်ဆိုတဲ့ ဘဝတစ်မျိုးရဲ့ စိတ်ကူးယဉ် ဖန်းနန်းအိမ် စည်းစိမ်နဲ့ အဲဒီ စည်းစိမ်မှာစံနေ သို့မဟုတ် အဲဒီစည်းစိမ်ကို စောင့်နေတဲ့ သိုက်နန်းရှင် ဥစ္စာစောင့် အယူအဆ ဖြစ်လာပုံပေါ်တယ်။ တစ်ခုရှိတာက ဗုဒ္ဓဝါဒမှာလည်း နောက်ဘဝ၊ ပြိတ္တာ၊ နတ်ဆိုတာတွေရှိလို့ အဲဒါနဲ့ ခပ်ဆင်ဆင်ဆင့်ပွား အယူအဆလည်း ဖြစ်နိုင်တယ်။
ကျမ်းစာအရ မြတ်ဗုဒ္ဓလက်ထက်က သောရေယျရဲ့အဖေ ကွယ်လွန်တော့ အဲဒီအိမ်မှာ ခွေးကလေး ပြန်ဖြစ်ပြီး မသေခင်က မြှုပ်ထားခဲ့တဲ့ ရတနာအိုးတွေကို သားကိုပြပေးတာ၊ ရဟန်းတစ်ပါး သင်္ကန်းကို စွဲလမ်းပြီး ပျံလွန်တော်မူလို့ အဲဒီသင်္ကန်းမှာ သန်းရဖြစ်တာ၊ မိန်းမကို စွဲလမ်းပြီးသေလို့ မိန်းမနောက်က လိုက်နေတဲ့ ခွေးဖြစ်လာတာ၊ လှပတဲ့ နတ်မိမယ်ယောင်ဆောင်ထားတဲ့ ပြိတ္တာမတွေက မင်းသားတွေကို ညမှာ စားပစ်တာ (တေလပတ္တဇာတ်)တွေဟာ ဥစ္စာစောင့်နဲ့ သိုက်အယူအဆရဲ့ဖြစ်ဖျားခံရာ ရင်းမြစ်တွေ ဖြစ်ဖွယ်ရှိတယ်။
ဗုဒ္ဓဝါဒ သိုက်လား
ကျေးဇူးပြု၍ ဗုဒ္ဓဝါဒမှာပဲ သိုက်ရှိတယ်လို့ တော့ တိကျဝေါဟာရနဲ့ မဆိုလိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ကို စွဲလမ်းပြီး သေသူအချို့ဟာ တိရစ္ဆာန် သို့မဟုတ် လူ ပြန်ဖြစ်ပြီး ဘဝနီးလို့ သက်ဆိုင်ရာတွေကို စွဲလမ်းတာမျိုး ရှိနိုင်တယ်။ ဝေမာနိကပြိတ္တာမျိုး ဖြစ်ပြီး သူစွဲလမ်းတဲ့ ပုဂ္ဂိုလ်ပစ္စည်းနဲ့ မဝေးတဲ့ နေရာမှာ ပြန်ဖြစ်လို့ သက်ဆိုင်သူတွေကို အရိပ်အယောင်ပြတာမျိုးလည်း ရှိနိုင်တယ်။ သိုက်၊ ဥစ္စာစောင့်လို့ အမည်သစ် ပေးထားတဲ့ ဘဝတစ်မျိုးဟာ ဗုဒ္ဓဝါဒီတို့ယုံကြည်တဲ့ ဝေမာနိကပြိတ္တာမျိုး ဖြစ်ခွင့်ရှိပါတယ်။ ဒီပြိတ္တာမျိုးက တရုတ် ကုလား ဘယ်လူမျိုး ဘယ်ဘာသာဝင် မဆို ဖြစ်နိုင်တယ်။ အိမ်မှာ မွေးထားတဲ့ ခွေးလေး ကြောင်လေးတွေ တောင်ဖြစ်ခွင့်ရှိတယ်။ ဒါပေမယ့် အဲဒီဘဝမှာ ကျန်ခဲ့သူတွေက လူ့ဘဝမှာ ပြန်ဖြစ်နေသူကို လူ့ဘဝထဲက အတင်း ပြန်ခေါ်သွားတာမျိုးတော့ မဖြစ်နိုင်ဘူး။ ပြိတ္တာဆိုတာ အပါယ်ဘုံသားပါ။ လူလောက်အဆင့် မမြင့်ပါဘူး။ လူတွေကျွေးတဲ့ ဘဲကင်၊ ဝက်ကင်တွေကိုလည်း သူတို့စားလို့ မရဘူး။ ကုသိုလ်အမျှ ပေးတဲ့ နည်းနဲ့ ပဲ သူတို့ရဲ့စားဝတ်နေရေးကိုလူက ထောက်ပံ့နိုင်တယ်။ အဲဒီဘဝက လာတဲ့ လူဖြစ်လို့ နားပင်း မျက်ကန်း ဖြစ်ရတာ မဟုတ်ဘူး။ အသက်တိုတာ၊ အင်္ဂါချွတ်ယွင်းတာဟာ ရှေးကံဟောင်းနဲ့ ယခုဘဝအကျိုးပေး အခြေအနေနဲ့ ပဲ ဆိုင်တယ်။
ကွယ်လွန်သူ မိဘဆွေမျိုးက လူထက် အဆင့်မြင့်တဲ့ နတ်ဖြစ်နေလို့ မိမိကလည်း ကိုယ်ကျင့်တရား ကောင်းလျက်နဲ့ ဘဝအခက်အခဲနဲ့ ကြုံတဲ့အခါ အနာထပိဏ်ကို အိမ်စောင့်နတ်က ကူညီသလိုမျိုးလည်း ရှိတော့ ရှိတတ်ပါတယ်။
လောဘကြီးသူ လိမ်ခံရ
သိုက်ဆိုတာနဲ့ ပတ်သက်ပြီး ဘုန်းကြီးရဲ့ အမြင်ကို ရိပ်မိလောက်ပြီလို့ တွက်ပါတယ်။ ချမ်းသာတာဟာ ကံ ဉာဏ် ဝီရိယ ကောင်းလို့ ပါ။ နဂါးသိုက်ကလာလို့ မဟုတ်ပါဘူး။ အကြားအမြင် ရတယ်ဆိုတဲ့ hypocrite အချို့ဟာလူတွေရဲ့ပျော့ကွက်ကို အသုံးချပြီး အမြတ်ထုတ်တတ်တယ် ဆိုတာကို မြဲမြဲသတိချပ်ပါ။ ချမ်းသာချင်လွန်းလို့ နဂါးသိုက်က လာပါတယ် ဆိုပြီး အဲဒီဆရာတွေဆီ မချဉ်းကပ်မိပါလေနဲ့။ ကြီးပွားချမ်းသာဖို့ ဘုန်းကြီး မန္တာန်တစ်ခု ပေးလိုက်မယ် ‘ဥုံ ဇွဲသတ္တိ၊ သတိ၊ စည်ကမ်းနဲ့ ဆင်ခြင်တုံးတရား၊ ဤလေးပါးကို ကျွန်ုပ် ကိုးကွယ်ပါ၏။ ဩောင်း၊ နမော ဒူရေ သွာဟုံဟုံ’။
ရှေ့ရေးနောက်ရာ မရှုစွာသား ပညာမဲ့မျိုး ဆင်ကန်းတိုးသို့ အကျိုးမဲ့ကြိုက် ဖိုးမထိုက်ဘူး၊ သူမိုက်စကား တထောင်များလည်း စီးပွားကင်းဝေး မကောင်းဆေးတည့်။
(မဃဒေဝ၊ပိုဒ်၂၁၁)
---
၂၆။ ဒီဘဝ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့
ဇန်နဝါရီ ၃၁၊၂၀၀၈။
---
အရှင်ဘုရား၊ တပည့်တော်ကို မေးခွန်းအနည်းငယ် မေးလျှောက်ခွင့်ပြုပါဘုရား
နိဗ္ဗာန်ကို ပါရမီဖြည့်မှ ရောက်နိုင်ပါသလား၊ သို့မဟုတ် ကျင့်ကြံပွားများခြင်းဖြင့် ရောက်နိုင်ပါသလား၊ နိဗ္ဗာန်ဆုကို မတောင်းပဲနဲ့ ကျင့်ရုံမျှဖြင့် ရောက်နိုင်ပါသလား။
တပည့်တော်သည် ဂေါတမမြတ်စွာဘုရားရှင်၏ ကျန်ရှိနေသေးသော သာသနာ ၂၅၀၀ အတွင်းတွင် လိုအပ်သော ပါရမီများကို ကုန်အောင် ဖြည့်ကျင့်နိုင်ပြီး မြတ်စွာဘုရားရှင်၏ ကျန်ရှိနေသေးသော သာသနာတော် အတွင်းမှာပင် နိဗာန်သို့ မျက်မှောက်ပြုနိုင်ရသူ ဖြစ်ရပါလို၏ လို့ ဆုတောင်းထားပါတယ်ဘုရား။
ဤအချိန် အပိုင်းအခြားအတွင်းတွင် လိုအပ်သော ပါရမီများကို ဖြည့်ကျင့်နိုင်ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သူ ဖြစ်နိုင်ပါသလားဘုရား။
သောတာပန်ဖြစ်ပြီးပါက သံသရာတွင် ဘယ်နှစ်ဘဝဆက်လည်ရပါသေးသနည်း ဘုရား။
နတ်ဗြဟ္မာ ဘဝမှာလည်း ဝိပဿနာတရား အားထုတ်လို့ ရပါသလားဘုရား။ ဤဘဝ ကုသိုလ်ကောင်းမှုကြောင့် နောင်ဘဝမှာ လူပြန်ဖြစ်၍ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရချိန်တွင် အကုသိုလ်ထုပ်ကို လာယူသူမဖြစ်အောင် ဤဘဝတွင်မည်ကဲ့သို့ ဆုတောင်းရမည်နည်း။
ဤဘဝတွင် ရတနာသုံးပါးနှင့် ဗုဒ္ဓဘာသာ တရားတော်များကို လေးနက်စွာ ယုံကြည်သူသည် နိဗ္ဗာန်မရောက်သေးခင် လူဘဝကိုပြန်ရခဲ့လျှင် တစ်ခြားဘာသာကို ကိုးကွယ်သောသူတို့၏ သားသမီး သို့မဟုတ် ကိုးကွယ်သူဖြစ်နိုင်ပါသလား ဘုရား။
အရှင်ဘုရား၊ တပည့်တော်၏ မေးခွန်းအားလုံးကို ဖြေကြားပေး တော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
ရဲမင်းထွန်း
---
ပါရမီရှိလို့
လူ့ဘဝဆိုတာ ရခဲလှတဲ့ ဘဝပါ။ ရခဲလှတဲ့ လူ့ဘဝကို ရခဲ့တာကိုက ပါရမီရှိလို့ ပါပဲ။ မဂ္ဂင်ရှစ်ပါး တရားမြတ်ရှိတဲ့ ဗုဒ္ဓအဆုံးမနဲ့ ကြုံကြိုက်လို့ သူတော်ကောင်း တရားတွေကို ကြားနာဖတ်ရှုခွင့် ရှိတာရယ်၊ ကိုယ်တိုင်ကလဲ သဒ္ဓါတရားနဲ့ ပြည့်စုံလို့ သူတော်ကောင်းတရားကို ကျင့်သုံးလိုတဲ့ စိတ်ရှိတာရယ်၊ ဒါတွေကြောင့် ကိုယ့်မှာ အနည်းဆုံး မဂ်ဖိုလ်ဉာဏ် တစ်ဆင့်ဆင့်ကို ထိုးထွင်း သိမြင်နိုင်တဲ့ ပါရမီဓာတ်ခံ ပါလာတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ခွင့်ရှိပါတယ်။ ယုံကြည်လိုက်ပါ။
သီလ သမာဓိ ပညာကျင့်စဉ်ကို ကျင့်ဖို့ပဲ လိုပါတယ်။ ဆုတောင်းတယ်ဆိုတာ ဖြစ်ချင်တာကို ဖြစ်လာအောင် အလေးအနက် ဆန္ဒပြုလိုက်တာပဲ။ နိဗ္ဗာန်ကို ရဖို့ဆိုရင် တော့ အဲဒီလို ဆုတောင်းနေရုံနဲ့ မလုံလောက်ဘူး။ နိဗ္ဗာန်ကို လိုချင်တဲ့ ဆန္ဒနဲ့ အချိန်ရှိခိုက် ကျန်းမာခိုက်မှာ တဖြည်းဖြည်း မပြတ်မလပ် စိုက်စိုက်မတ်မတ် စိတ်ပါလက်ပါ လိုလိုချင်ချင် ကျင့်နေ အားထုတ်နေဖို့ လိုတယ်။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်ဖို့က အဓိကပါ။
ဆန္ဒနှင့်လက်တွေ့
‘ဗုဒ္ဓသာသနာနဲ့ ကြုံဆုံခိုက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆန္ဒအထူးပြုထားတာ’ဟာ မှန်ကန်ပါတယ်။ ကောင်းမြတ်ပါတယ်။ အဲဒီဆန္ဒအတိုင်း လူ့ဝတ်ကြောင်ဘဝနဲ့ နေရင်းနဲ့ ပဲ မှန်မှန် ကျင့်ကြံသွားရင် ဤဘဝမှာပင် တစ်မဂ်တစ်ဖိုလ်ကို ဧကန် ရနိုင်ပါတယ်။ သာမန် လောကီလူသား တစ်ယောက်အနေနဲ့ မဂ်ဖိုလ်ဉာဏ်ထူးကို ရသွားသူတွေ ဗုဒ္ဓသာသနာ သမိုင်းတစ်လျှောက်ထင်ရှားပါတယ်။ ယနေ့ခေတ် မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်မှာရောနိုင်ငံတကာ ဗုဒ္ဓဘာသာလောကမှာပါ တရားထူးကို ရသွားသူတွေ ထင်ရှားရှိပါတယ်။ ဗုဒ္ဓသာသနာမှာ ဆန္ဒကို လက်တွေ့က ဦးဆောင်ပါတယ်။ လက်တွေ့မပါဘဲ တောင်းဆုဆို ဆန္ဒပြုရုံနဲ့ မပြီးမြောက်နိုင်လို့ ထိုဆန္ဒ အကောင်အထည် ပေါ်လာဖို့အတွက် လက်တွေ့ ကျင့်သုံးမှုရှိပါစေ။
သောတာပန်
တရားအားထုတ်လို့ သောတာပတ္တိဖိုလ်ကို ရပြီးတဲ့ ပုဂ္ဂိုလ်ကို သောတာပန်လို့ ခေါ်ပါတယ်။ သောတာပန်ဖြစ်ပြီးရင် ငါးပါးသီလ လုံးဝ မကျိုးပေါက်တော့ဘူး။ သုဂတိဘဝမြဲတယ်။ သောတာပန်သုံးမျိုးရှိတယ်။
၁)သတ္တက္ခုပရမ = သုဂတိဘုံမှာ အများဆုံး ခုနစ်ဘဝသာ ကျင်လည်သူ
၂)ကောလံကောလ = သုဂတိဘုံမှာ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ ပြန်ဖြစ်သူ
၃)ဧကဗီဇိ = သုဂတိဘုံမှာ တစ်ဘဝသာ ပြန်ဖြစ်သူ (သံ၊၃၊၁၇၉)။
ဒီဘဝမှာ တရားအားထုတ်လို့ တစ်မဂ်တစ်ဖိုလ်ကို မရနိုင်သေးပေမယ့် ပုထုဇဉ်ဘဝနဲ့ ငါးပါးသီလမြဲပြီး သီလသမာဓိပညာကို ကျင့်ကြံတဲ့အတွက် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဉာဏ်အဆင့်ကို ရပြီးသူကိုလည်း သောတာပန် အရိယာလိုပဲ သုဂတိရဖို့ သေချာလို့ အငယ်စား သောတာပန် (စူဠသောတာပန်)လို့ ခေါ်ပါတယ် (အဘိဓမ္မာဝတာရ၊ဋီသစ်၊၂၊၃၂၄)။
နတ်ဗြဟ္မာ ဝိပဿနာ
နတ်ဗြဟ္မာဘဝမှာ ဝိပဿနာတရား အားထုတ်လို့ ရပါတယ်။ ဆိုရန်ရှိတာက ပြည်စုံဖူလုံလွန်းတဲ့ ဘဝမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ထင်ဖို့ ခက်ခဲတဲ့ သဘာဝရှိတယ်။ အချို့ ဗြဟ္မာဘဝဆိုရင် တရားအားထုတ်ရတာ အဆင်ပြေနိုင်ပေမယ့် အချို့ အဆင်မပြေဘူး။ နတ်ဘဝမှာတော့ ဝိဿနာတရား အားထုတ်ဖို့ခက်ခဲနိုင်တယ်။ သိကြားမင်းတောင် နတ်သမီးတွေ မကြာခဏ လာနှောင့်ယှက်လို့ ဥပုသ်ဆောင်ကို ဖြောင့်ဖြောင့်မဝင်နိုင်လို့ ဗုဒ္ဓလောင်းလျာတွေတောင် လူ့ပြည်မှာပဲ ပါရမီဖြည့်ကြတယ် (သဂြိုဟ်ဘာသာဋီကာ၊ စာ- ၂၃၈)။
အကုသိုလ်ထုပ် လာယူသူ မဖြစ်ဖို့
နောက်ဘဝမှာ လူ့အဖြစ်နဲ့ ပြည့်စုံချမ်းသာပါလျက် အကုသိုလ်ထုပ် လာယူသူ မဖြစ်ချင်ရင် သူတော်ကောင်းတွေနဲ့ ပေါင်းဆုံမိဖို့၊ ၎င်းတို့ သင်ကြားဆုံးမတာကို ကြားနာ မြတ်နိုးနိုင်သူဖြစ်ဖို့၊ အဲဒီတရားတွေကို ကျင့်နိုင်ဖို့၊ လူမိုက်နဲ့ မဆုံမိဖို့၊ လူမိုက်နောက်လိုက် မဖြစ်ဖို့၊ ဆုတောင်းသင့်ပါတယ်။ ကုသိုလ်ကောင်းမှုတစ်ခု နည်းများမဟူ ပြုပြီးတိုင်းမှာ အဲဒီလို စိတ်ထဲမှာ ဦးတည်ချက်ကလေး ထားပေးပါ။
စိတ်မချရပေမယ့်
အရှင်သာရိပုတ္တရာရဲ့ မယ်တော် ရူပါသာရီဆိုရင် ဘဝကုန်ခါနီးအချိန်ထိ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာနဲ့ ဝေးခဲ့သူပါ။ အရှင်မြတ်လောင်းလျာကျတော့ ဗုဒ္ဓ ဘုရားတစ်ဆူထံမှ အဂ္ဂသာဝကဖြစ်ဖို့ ဗျာဒိတ်ရပြီးသား၊ ပါရမီလည်း ပြည့်ပြီးသားဖြစ်လို့ ဗုဒ္ဓနဲ့ အချိန်မီတွေ့ဆုံခဲ့ရတယ်။
ဒါပေမယ့် သာမန်လူတစ်ယောက် အဖို့တော့ ဘဝသံသရာဆိုတာ စိတ်မချရပါဘူး။ တစ်ခုခုသောဘဝမှာ ဗုဒ္ဓဝါဒီမဟုတ်သူလည်း ဖြစ်သွားနိုင်တာပဲ။ ဂေါတမဗုဒ္ဓ ဖြစ်လာမယ့် ဇောတိပါလလုလင်ဟာ ဘဝအစ ပိုင်းမှာ ဗုဒ္ဓဓမ္မသံဃာကို မကြည်ညိုခဲ့လို့ အမှားလေးတွေ လုပ်မိရာကနေ အဲဒီအမှားရဲ့ဆိုးကျိုးဟာ ဗုဒ္ဓဖြစ်တဲ့ အထိပါခဲ့ရတယ်။
ဒါပေမယ့် အယူသည်းပြီး (ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို သွား ရင် ဘုရားမကြိုက်ဘူး ဆိုတာလိုမျိုး) အစွန်းရောက်တဲ့ (နောက်ဘဝမှာ ဘုရားနဲ့ တွေ့ဖို့အယူမတူသူတွေကို သုတ်သင် ရှင်းလင်းပစ်ရမယ်ဆို တာလိုမျိုး) အထိတော့ အယူမှားသူ (မိစ္ဆာဒိဋ္ဌိ) မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အတွင်းမှာရှိနေတဲ့ အထုံပါရမီ အနုအရင့်အလိုက် အနည်းဆုံးတော့ သူတော်ကောင်းဓာတ်ခံလေး ရှိနေပါလိမ့်မယ်။
---
၂၇။ နိုင်ငံခြားက ဘုန်းကြီးကျောင်း ပြဿနာ
ဖေဖော်ဝါရီ ဝ၁၊၂၀၀၈။
---
လျှောက်ထားပါရစေဘုရား၊
တပည်တော်သည် ကမ္ဘာအရပ်ရပ်သို့ အလုပ်တာဝန်ဖြင့် ခရီးသွား လာရာတွင် ကမ္ဘာအရပ်ရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းအများ၌ အောက်ပါတို့ကို တွေ့ရှိရပါသည်ဘုရား။
ဆရာတော်သံဃာတော်များအား ချုပ်ချယ်ခြင်း၊ ဂေါပကအဖွဲ့တွင် ဆရာတော် သံဃာတော်များအား ပါဝင်ခွင့်မပြုဘဲ ဘုန်းတော်ကြီးများအား အာဏာပြခြင်း၊ ဆရာတော်များအား မြန်မာပြည်မဟုတ်ဘုန်းကြီး အေးအေးနေဟုပင် အချို့ဂေါပကများမှာ ပြောဆိုခြင်းများ အပြင်၊ ဂေါပကလူကြီးများမှာ အလှူငွေ နဝကမ္မဖြင့် ဝယ်ယူထားသော ကျောင်းသင်္ခမ်းများမှ ဆရာတော် သံဃာတော်များအား မောင်းထုတ်၍ ပြန်လည်ရောင်းချရန် အထိပင် ကြံစည်ခြင်းများ တွေ့ရှိရပါသည်။
ဂေါပကလူကြီးများ ဘုန်းကြီးကျောင်းကို စီးပွားရေးပုံစံ အဖြစ် ပြုလုပ်သည်ကို တပည့်တော်ကြားသိတွေ့ရှိရပါသည်ဘုရား။ ဤကဲ့သို့ လုပ်ရပ်များအတွက် ဂေါပကအမည်ခံ ပုဂ္ဂိုလ်များသည် မည်သို့ အကျိုးပေးခံစားရမည်ကို သိလိုလှပါသည်ဘုရား။
ဦးပေါ်တင်
---
အမေရိကလူမှုနစ်
အမေရိကမှာ ကျောင်းတက်လို့ ဘွဲ့ကလေးတစ်ခု ရထားရင် လုပ်အားခ တစ်နာရီကို $၁၅ လောက်ပေးတဲ့ အလုပ်မျိူးကို စတင်ရရှိနိုင်ပါတယ်။ တစ်လဝင်ငွေ (အိုဗာတိုင်းမ်နဲ့) ခန့်မှန်း ၂၅၀၀ လောက် အလုပ်ကလေးမျိုး ရပြီဆိုရင် မကြာခင်မှာ လစဉ်ပေး အကြွေးစနစ်နဲ့ ဘဏ်က ငွေချေးပြီး အိမ်ဝယ်ကားဝယ်လုပ်နိုင်ပါတယ်။ တစ်သိန်းခွဲလောက် တန်တဲ့ အိမ်ကိုဝယ်သူဟာ ယေဘုယျ လစဉ် ၈၀၀ လောက် ဘဏ်ကိုပြန်ဆပ်ရတယ်။ မဖြစ်မနေသုံးရတဲ့ ရေ၊ မီး၊ တယ်လီဖုန်း၊ အမှိုက်ပုံးဖိုးတွေက လစဉ် ၄၀၀ နီးပါး၊ မဖြစ်မနေသုံးရတဲ့ ကားအကြွေး လစဉ် ၁၀၀ ထက်မနည်း၊ ကားအာမခံ လစဉ်၅၀ ဝန်းကျင်။ စုစုပေါင်း စားစရိတ်နဲ့ အထွေထွေသုံးစိရိတ်မပါဘဲ လစဉ် ၁၄၀၀ ဝန်းကျင် သုံးရပါတယ်။ စားစရိတ်ကတော့ ချွေတာတတ်ရင် သက်သာနိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်ကို ဒေါ်လာ သုံးသောင်းခန့် ရပေမယ် ဒေါ်လာ တစ်သောင်းလောက် စုမိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ ဗမာပြည်တုန်းကလို စီပွားရေးဖြတ်လမ်းကို စဉ်းစားနိုင်တာပဲ။
ဥပဒေစိုးမိုးတဲ့ တိုင်းပြည်
အမေရိကဟာ လွတ်လပ်ပေမယ့် သာမန်လူများစု အနေနဲ့ လာဘ်ထိုးပြီး ဥပဒေကို ပြောင်းပြန်လုပ်လို့ မရဘူး။ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ အသားရောင် မျိုးစုံလွန်းတဲ့ လူတွေကို ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ ဘဏ်တွေ၊ အကြွေး ချေးပေးတဲ့ အကြွေးရှင် ကုမ္ပဏီတွေဟာ အလွန် အာဏာရှိပါတယ်။ လစဉ် အကြွေးကို သတ်မှတ်ချိန် မတိုင်ခင် မပေးနိုင်ရင် အိမ်စတဲ့ ပစ္စည်းကို ပြန်သိမ်းတယ်။ ဘာအကြောင်းပြချက်နဲ့ ပဲဖြစ်ဖြစ် ခဏဆိုင်းပါအုံး လုပ်ဖို့ခြွင်းချက်လုံးဝမရှိဘူး။ ဒီရက်မလွန်ခင် ပေးရင် ပေး မပေးရင် သိမ်းမယ်။ အိမ်ဝယ်ဖို့ငွေချေးကတည်းက ပြန်ဆပ်နိုင်မဲ့ အလုပ်အကိုင်မျိုးရှိမှချေးသူကို ဘဏ်ကငွေချေးပေးဖို့ စဉ်းစားပါတယ်။ ပြီးတော့ အိမ်ပိုင်ဆိုင်မှု Title အောက်မှာ နာမည်ရှိ သူပဲ ဥပဒေအရ အိမ်ပိုင်သူဖြစ်ပါတယ်။ လင်နာမည်နဲ့ ပဲ ပိုင်ထားတဲ့ အိမ်ကိုလင်သေလို့ မယားက အကြွေးကိုဆက်ဆပ်ပေမယ့် Title မှာ နာမည်ကို ပြောင်းမထားရင် အဲဒီအိမ်ကို မယား မပိုင်ပါဘူး။
သဒ္ဓါတရား စစ်မှန်သူ
မြန်မာဗုဒ္ဓဝါဒီတွေ အတော်များများနေတဲ့ အမေရိကန်ပြည်နယ်တစ်ခုမှာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်က စာပေပရိယတ္တိတတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါး ဘုန်းကြီးကျောင်းတည်ထောင်တဲ့ ကိစ္စမှာပါဝင်ကူညီခဲ့တဲ့ မြန်မာပြည်ဖွား တရုတ်ကပြား လူငယ်တစ်ယောက်ကတော့ နိုင်ငံခြားမှာ ဗုဒ္ဓသာသနာပြုသူတို့ စံပြု အတုယူဖွယ် ကောင်းလှပါတယ်။ အမေရိကမှာ အင်ဂျင်နီယာမဟာဘွဲ့ရပြီး အလုပ်အကိုင်လည်း ကောင်းပါတယ်။ ဓမ္မကို နားလည်လိုက်စားပြီး သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ လူတော် လူဖြောင့်လေးပါလို့ အကြမ်းဖျင်းဆိုပါရစေ။
အဲဒီမြို့မှာ အဲဒီအချိန်က ဒေါ်လာ လေးသိန်းလောက်တန်တဲ့ အဆောက်အအုံ တစ်ခုရဖို့ ဘဏ်ကငွေကို ချေးကို ချေးရပါလိမ့်မယ်။ ဆရာတော့်အနေနဲ့ အလုပ်အကိုင်မရှိလို့ ဘဏ်ကငွေချေးဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်ထောင် မပြုသေးတဲ့ လူငယ်က လူငယ့်နာမည်နဲ့ ဘဏ်က ငွေချေးပေးပြီး ဆရာတော့်ကို ကူညီလိုက်ပါတယ်။ ပြောပြထားတဲ့ အတိုင်း အမေရိကလူနေမှုစနစ်အရ ဒီကိစ္စဟာလွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့ နက်ပါတယ်။ ပြဿနာတွေရဲ့ အဓိကရင်းမြစ်လည်း ဖြစ်လာတတ်ပါတယ်။ ပိုင်ဆိုင်မှုTitle အရေးကြီးလို့ ပါ။
လေးနှစ်လောက်အကြာမှာ လူငယ်လည်း အိမ်ထောင်ကျပြီ။ အိမ်စျေးကလဲ အဲဒီအချိန်က ဒေါ်လာရှစ်သိန်းကျော် တန်သွားပြီ။ ဆရာတော်အနေနဲ့ ဘဏ်ကြွေးကို လစဉ်ပေးဆပ်ပြီး ပိုင်ဆိုင်မှုTitle အောက်မှာ ပါနိုင်ခဲ့တယ်ဆိုရင် တောင် လူငယ့်နာမည်လည်း ရှိသင့်ခဲ့တာမို့ ရှိနေမှာဖြစ်လို့ အဓိပ္ပာယ်က ဘုန်းကြီးကျောင်း လုပ်ထားတဲ့ အိမ်ဟာ အနည်းဆုံး ဒီလူငယ်က ဒီအိမ်ရဲ့ တစ်ဝက် (နှစ်သိန်းလောက်) ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောပဲပေါ့။ တစ်နေ့ ညနေခင်းမှာ လူငယ်ဇနီးမောင်နှံတို့ ဘုန်းကြီးကျောင်းကိုလာပြီး ဆရာတော်ကိုလျှောက်တယ် ‘ဘုန်းဘုန်းရဲ့ကျောင်းဟာ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့ တန်ဖိုးအဆ မတန် ကွာသွားပြီဘုရာ့။ တပည့်တော်လည်း ပုထုဇဉ်ပေမို့ လောဘကို ထိန်းနိုင်တုန်းမှာ ဘုန်းဘုန်း အနေနဲ့ ဒီကျောင်းကို တာဝန် လွှဲယူပါ။ ဘုန်းဘုန်းလည်း အခြေကျပြီဖြစ်လို့ ကျောင်းတန်ဖိုးကို ပြပြီး ဘဏ်က ငွေချေးရင် ရပါတယ်။ တပည့်တော်က ဘုန်းကြီးကျောင်းဖြစ်စေ ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဘုန်းဘုန်းကို ကူညီခဲ့တာပါဘုရား။ တပည့်တော်တို့လည်း ကိုယ်ပိုင်အိမ်ဝယ်မလို့ စိတ်ကူးနေကြပါတယ်’။
နာမည်ခံ ဝယ်ထားတဲ့ ဘုန်းကြီးကျောင်းကို ကိုယ့်အိမ်လို့ ထင်မြင်သွားရာကနေ ဖြတ်လမ်းနည်းနဲ့ ရနိုင်မယ့် ဒေါ်လာငွေနှစ်သိန်းနဲ့ မိမိရဲ့ လူ့ဂုဏ်သိက္ခာကို ဒီလူငယ်မလဲခဲ့ဘူး။ လူငယ်ရဲ့မွန်မြတ်တဲ့ သာသနာပြုစိတ်ဓာတ်ကတော့ တကယ့်ကိုချီးကျူးစရာပါ။
အဖွဲ့အစည်းနဲ့ လုပ်ရင်
အဖွဲ့အစည်းနဲ့ စုပေါင်းပြီး ဘုန်းကြီးကျောင်း တည်ထောင်နိုင်ရင် တော့ အလွန် ကောင်းပေါ့။ တတ်နိုင်သူတွေက အလှူငွေ အလုံအလောက် မတည်ပြီး ဘုန်းကြီးကျောင်းဖြစ်အောင် လုပ်ပြီးမှ ကြည်ညိုတဲ့ နာမည်ကျော် ဘုန်းကြီးကို မြန်မာပြည်က ပင့်တယ်ဆိုရင် တော့ သိပ်ကောင်းပေါ့။ ဘုန်းကြီးရဲ့ တာဝန်က တရားဟော တရားပြ၊ ပြတဲ့ တရားကို မကြိုက်ရင် ပြန်ရုံပါပဲ။ ဒီလိုမဟုတ်ရင် စဉ်းစားရလိမ့်မယ်။ ဘုရားကြောင့် တရားရှိ၊ ဘုရားတရားရှိလို့ သံဃာရှိတာ။ သံဃာ ရှိလို့လည်း တရားကိုသိပြီး ဘုရားကို ကြည်ညိုနိုင်ကြတာ။ ဘုန်းကြီးကျောင်း အလှူငွေဆိုတာဟာ ဘုရား၊ တရား၊ သံဃာကို ထောက်ပံ့ဖို့ ဖြစ်လာတာပါ။ ဘုန်းကြီးတစ်ပါးအနေနဲ့ ဘုန်းကြီးကျောင်းမှာ နေတယ် ဆိုတာ ရှိပြီးရှိဆဲ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင် စိတ်ဝင် စားမှုတွေကို စွန့်လွှတ်ပြီး နေကြရတာပါ။ လူတိုင်း မလုပ်နိုင်ပါဘူး။ တစ်နေရာကို ရွှေ့ဖို့ဆိုတာ အမေရိကနေ ဘုန်းကြီးတစ်ပါးအဖို့ မလွယ်ပါဘူး။ ဘာသာခြားဘုန်းကြီးတွေလို လခရိက္ခာရကြတာမှ မဟုတ်ဘဲ။
သုံးပွင့်ဆိုင်အမြင်
နိုင်ငံခြားမှာ နေထိုင်ကြတဲ့ မြန်မာဗုဒ္ဓဝါဒီ အတော်များများ သဒ္ဓါတရား ကောင်းကြပါတယ်။ ရေမြေခြားမှာ နေကြည့်မှ မိမိတို့ရဲ့ ဘာသာ ယဉ် ကျေးမှု အမွေဆိုတာကို ပိုမို နားလည်လာတာရယ်၊ ဘဝမွမ်းကျပ်မှု အတွက် ထွက်ပေါက်ရှာတာရယ်၊ စတာတွေကြောင့် ဖြစ်နိုင်တယ်။ ဒါပေမယ့် ရုပ်ပိုင်းတိုးတက်မှုဆိုတာရဲ့နောက်ကိုရေစုံလိုက်သွားသူတွေလည်း များသားပဲ။ အနေကြာလို့ အတော်အတန်အခြေကျနေသူအချို့ ကလည်းThis is America. လို့ မျက်လုံးပြူးပြပြီး မကြိုက်ရင် ဘုန်းကြီးကိုလည်း ဝေဖန်ဖြုတ်ထုတ် လုပ်ရမယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒီသဘောထားကကောင်းပါတယ်။ ဒါပေမယ့်သူတို့အကြောင်းပြတဲ့ အထဲမှာ ဘုန်းကြီး ကမ္မဋ္ဌာန်းထိုင်တာ မတွေ့လို့၊ ဆွမ်းစားပင့်တာ အိမ်မှာ ကြာကြာ မနေလို့၊ ဖုန်းနံပါတ်တောင်းတာ ချက်ခြင်း မပေးလို့၊ နေမကောင်းသူရဲ့ အိမ်ကို ဖုန်းဆက်ပြီး သတင်းမမေးလို့၊ ဖုန်းခေါ်လွန်းလို့ စတဲ့ အသေးအမွှား ကိစ္စတွေလည်း ပါတာပါပဲ။
အဲဒီလိုလူမှုအခြေအနေကိုကိုယ်တိုင် တွေ့ကြုံသိမြင်ပြီးပြဿနာ ဖြစ်ရင် ဘုန်းကြီးပဲ အထိနာတယ်ဆိုတာ သိထားလို့ ဘုန်းကြီးတစ်ပါး က အခွင့်သာရင် မိမိရဲ့ အာမခံချက်ကို စဉ်းစားတာ မလွန်ပါဘူး။ သေချာတာက ဘုန်းကြီးတိုင်းမှာ နောက်ခံဆရာသမားနဲ့ ဒကာဒကာမ အသိုင်းအဝိုင်း ရှိလို့ လုပ်ပိုင်ခွင့် အလွဲသုံးစားနဲ့ ရာဇဝင်ကို မှောင်ချပစ်တာမျိုးကတော့ အင်မတန်ရှားလိမ့်မယ်ဆိုတာပါပဲ။
ပဋိပက္ခရဲ့ အကြောင်းရင်း တစ်မျိုး
Non-profit နဲ့ ပုဂ္ဂလိက သို့မဟုတ် သံဃိကပိုင်ဆိုင်မှု။ ပုဂ္ဂလိက ဆိုတာ ဘုန်းကြီးတစ်ပါးကို လှူ သို့မဟုတ် တစ်ပါးပိုင်၊ သံဃိကဆိုတာ သံဃာ ပိုင် (ဘုန်းကြီးအများပိုင်)။ မြန်မာ ဗုဒ္ဓဘာသာထုံးစံအရ သံဃိက ဖြစ်စေ ပုဂ္ဂလိကဖြစ်စေ ရေစက်ချ လှူဒါန်းပြီးရင် မည်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမှ ပိုင်ဆိုင်ခွင့် မရှိတော့ဘူး။ တရားစွဲရင်လည်း အလှူခံသူ ပုဂ္ဂိုလ် သို့မဟုတ် သံဃာကပဲ နိုင်တယ်။ လှူပြီးပစ္စည်းကို အလှူရှင်ကပြန်တောင်းရိုး ထုံးစံလည်းမရှိဘူး။
အမေရိကရဲ့ ဂေါပကအဖွဲ့ သို့မဟုတ် Non-profit ကတော့ ပုဂ္ဂလိက သို့မဟုတ် သံဃိကဆိုတာကို ဂရုမစိုက်ပါဘူး။ ဘယ်သူ့ကို မဆို ဘယ်လိုပဲလှူလှူ ဥပဒေအရ Non-profit ကပဲ ပိုင်တယ်။ ဒီတော့ဖော်ပြပြီး လူမှုစနစ်နဲ့ အခြေအနေအရ Non-profit မှာ ဘုန်းကြီးဩဇာ သက်ရောက်မှုမရှိရင် သို့မဟုတ် ဘုန်းကြီးဖက်မှာ မဲမရှိရင် သို့မဟုတ် အဖွဲ့ထဲမှာ ဘုန်းကြီးပါခွင့်မရှိရင် တစ်ချိန်မှာ ပဋိပက္ခဆိုတာဖြစ်လာနိုင်တယ်။ ဒါကတော့ အမေရိကရဲ့ လူနေမှုဘဝကို အခြေခံတဲ့ အယူအဆ ပဲဖြစ်ပါတယ်။ သာသာနာပြုတို့ အဖြေရှာဖို့ပါ။
သုခမိန်တို့ နှိုင်းချိန်ဖို့
သံဃိကပစ္စည်း ဖြစ်ဖြစ် ဘုန်းကြီးပစ္စည်း ဖြစ်ဖြစ် မတရား ရယူမိပြီ ဆိုမှဖြင့်အောက်ပါဘေးကြီးလေးမျိုးနဲ့ ကြုံတွေ့ရပါလိမ့်မယ်
၁)အတ္တာနုဝါဒဘေး = ပထမဆုံး ကိုယ့်လိပ်ပြာကိုကိုယ်မယုံ၊ တစ် ကိုယ်တည်းအိပ်မပျော် စားမဝင်တဲ့ ဘေး
၂)ပရာနုဝါဒဘေး = အဖြစ်မှန်ကိုသိတဲ့ သူတော်ကောင်းတွေရဲ့ ကဲ့ရဲ့မှု၊ တစ်ချိန်တည်းမှာ လူမိုက်တွေမြှောက်ပင့်ခံရမှုဘေး
၃)ဒဏ္ဍဘေး = ဆိုးရွားတဲ့ accident ဖြစ်ရပ်တွေနဲ့ ကြုံရတဲ့ ဘေး
၄)ဒုဂ္ဂတိဘေး = စုတိပြတ်ကြွေသေတဲ့ နောက်ဘဝဆိုးရတဲ့ ဘေး။
ဒါကြောင့် ဗုဒ္ဓသာသနာပြု သုခမိန်တို့ အကျိုးနဲ့ အပြစ်ကို နှိုင်းချိန်ပြီးသကာလ သမ္မာ (အဖြောင့်)စိတ်ထား ယောနိသောမနသိကာရပွား၍ သာသနာပြုအမည်ကို ခံယူပါကုန်။
ပတ္တမြားဂူပမာ သာသနာ
ဆာယံ ဆာမ္ပိ ဧသန္တာ၊ ဧသန္တာ မဏိ ဂူဟကံ။
သုခံ သုခမ္ပိ ပတ္ထေန္တာ၊ ပတ္ထေန္တာ ဝေါဝ သာသနံ။
ဘုန်းတော်နေဝန်း ထွန်းပတော်မူသော မြတ်စွာဘုရား .. လောက၌ အရိပ်ထက်အရိပ်ကို ရှာကုန်ရှာကုန်သောသူတို့သည် ပတ္တမြားဂူသို့ ရောက်သွားကြရကုန်သကဲ့သို့ ထိုအတူ ချမ်းသာထက် ချမ်းသာကို တောင့်တ တောင့်တကုန်သော သူတို့သည် ကိုယ်တော် ဘုရား၏ သာသနာတော်မြတ်သို့ ရောက်လာကြရပါကုန်၏ (ဝိစိတြဝန္ဒနာ)။
---
၂၈။ ဗုဒ္ဓဝါဒ ပုတီးစိပ်ခြင်း
ဖေဖော်ဝါရီ ဝ၂၊၂၀၀၈။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား၊
ဗုဒ္ဓဘာသာဝင်တွေ ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ဘဝင်မကျ ဖြစ်နေပါသည်ဘုရား။ ပုတီးစိပ်တာဟာ ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမနှင့် ကိုက်ညီပါသလား။ ဗုဒ္ဓကိုယ်တိုင်ကကော ပုတီးစိပ်ဖို့ ညွှန်ကြားခဲ့ပါသလား။ အချို့ရိပ်သာဆရာတော်တွေက လူတွေကို ပုတီးစိပ်ဖို့ တားမြစ်တာဟာ မှန်ကန်ပါသလားဘုရား၊ သိပါရစေ။
ရွှေစင် (ယူကေ)
---
ပုတီးစိပ်ခြင်းအစ
ပါဠိတော်တွေမှာ ဗုဒ္ဓကရဟန်းတွေကို လူတွေကို ပုတီးစိပ်ဖို့ ညွှန်ကြားတာ မရှိပါဘူး။ ပုတီးစိပ်ခြင်း အလေ့အကျင့်ကို ဗုဒ္ဓဝါဒီတို့ စခဲ့တာ မဟုတ်ဘူးလို့လည်း သုတေသီတို့ ဆိုပါတယ်။ ဘယ်အချိန်က စပြီး ဘယ်လို နည်းနဲ့ ဗုဒ္ဓဝါဒီတို့ စတင် အသုံးပြုခဲ့တယ် ဆိုတာကိုတော့ ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုရဦးမှာပါ။ ရန်ကုန်က ပါလာခဲ့တဲ့ ဘုန်းကြီးရဲ့ မှတ်စုစာအုပ်ထဲမှာ အောက်ပါ လင်္ကာစာပိုဒ်တိုကို တွေ့ရလို့ သဲလွန်စကလေးတော့ပေးလိုက်ပါတယ်။
‘သုံးမည်ရတနာ၊ မကွာဆည်းကပ်၊ စွဲကြပ်ပုတီး၊ သုံးသီးသီတင်း၊ မြဲစင်းလျင်းလျှင်၊ နာခြင်းတရား၊ မှတ်သားနားဝင်၊ အပြည့်ထင်၏’ (ရွှေဟင်္သာမင်းပျို့၊ အပိုဒ်၆၃)။
ရွှေဟင်္သာမင်းပျို့ကို အင်းဝခေတ် ရွှေအနန်းကြော့ရှင် (မြန်မာနှစ် ၈၇၁။ ခရစ်နှစ် ၁၅၀၉) လက်ထက်မှာ အရှင်တေဇောသာရ မထေရ် ရေးသားခဲ့ပါတယ်။ ဒါကြောင့် ပုတီးစိပ် အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာ အစဉ်အလာထဲမှာ အနည်းဆုံးနှစ်ပေါင်းတစ်ခုယုတ်ငါးရာ (၄၉၉နှစ်၊ အမေရိကန်လွတ်လပ်ရေး သက်တမ်းရဲ့နှစ်ဆကျော်)ကြာခဲ့ပြီပေါ့။
ဗုဒ္ဓဘာသာပုတီးစိပ်
ဗုဒ္ဓဝါဒီတို့ရဲ့ ပုတီးစိပ်ဆိုတာက (များသောအားဖြင့်) ဗုဒ္ဓဂုဏ်ရည်ကို ပုတီးလုံးပေါ်မှာ စိတ်မှတ်နဲ့ တင်ပြီး ပုတီးကို တစ်လုံးချင်းချတာ သို့မဟုတ် ဗုဒ္ဓနုဿတိဘာဝနာပွား (ဗုဒ္ဓဂုဏ်ကို အဖန်ဖန် အောက်မေ့) တာ ဖြစ်ပါတယ်။ ဝိပဿနာလမ်းကို မဝင်နိုင်သေးသူတို့ရဲ့ သမာဓိ ထက်သန် အားကောင်းလာမှုကို များစွာ အထောက်အပံ့ပြုလို့ ဒီအစဉ်အလာကို ဗုဒ္ဓဝါဒီတို့ အရေးပေး လက်ခံလာခဲ့တာ ဖြစ်နိုင်ပါတယ်။ ဗုဒ္ဓါနုဿတိဆိုတာ ကောင်းမြတ်တဲ့ ဘာဝနာပါ။
ဗုဒ္ဓါနုဿတိ (ဗုဒ္ဓဂုဏ်ကို ပွားများခြင်း)ဟာ သမထဘာဝနာဖြစ်ပေမယ့် အဖန်ဖန် ပွားများရင် ဝိပဿနာဘာဝနာ ဖြစ်သွားပြီး အရိယာဘုံကို ဆိုက်နိုင်လို့ ဝိပဿနာ အကျိုးရှိတဲ့ ကမ္မဋ္ဌာန်း ဖြစ်ပါတယ် (အံ၊ဋ္ဌ၊၁၊၃၆၇)။ ဒါကြောင့်ပုတီးစိပ်ခြင်းဟာဗုဒ္ဓဝါဒနဲ့ မဆန့်ကျင်ပါဘူး။
ရိပ်သာဆရာတော်တွေရဲ့ ဩဝါဒ
ရိပ်သာဝင် တရားထိုင်နေစဉ်မှာ ပုတီးစိပ်သလိုလို၊ စာဖတ်သလိုလို လုပ်နေရင် တရားအမှတ် တက်နိုင်ပါ့မလား။ ရိပ်သာဆရာတော်တွေ သင်ပေးတာကိုသာ လိုက်နာပြီး တရားရှုမှတ်တာကိုပဲ စူးစူးစိုက်စိုက် လုပ်ပါမှ ယောဂီတွေ တရားတက်မှာပေါ့။ ဒါကြောင့် မည့်သည့်ရိပ်သာမှာမဆို မိမိတို့ရိပ်သာက သင်ပေးတာကိုသာ လုပ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပုတီးမစိပ်ဖို့ တားမြစ်တာ ဖြစ်နိုင်ပါတယ်။
---
၂၉။ ဗုဒ္ဓဝါဒီတွေရဲ့ဆုတောင်း
ဖေဖော်ဝါရီ ဝ၆၊၂၀၀၈။
---
လျှောက်ထားပါရစေ ဆရာတော် အရှင်မြတ်ဘုရား၊
ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် ထာဝရဘုရား (ဂေါ့ဒ်)မရှိဟုဆိုပါသည်။ သို့ဖြစ်ပါက ဆုတောင်းလျှင် တောင်းသည့်ဆုကို မည်သူက ပြည့်အောင် လုပ်ပေးပါသနည်း။ ဗုဒ္ဓကိုယ်တိုင်ကကော တပည့် သာဝကများအား ဆုတော်ကို ပေးခဲ့ဘူးပါသလား။ ကိုယ်လုပ်တဲ့ ကုသိုလ်က ဧကန်အကျိုးပေးမည်ဖြစ်၍ အထူးဆုတောင်းဖွယ် လိုပါသလား ဘုရား။ ဆုတောင်းတာနဲ့ ပတ်သက်ပြီး ထေရဝါဒဗုဒ္ဓဘာသာက မည်သို့ လက်ခံထားသည်ကိုသိလိုပါသည်။
သက်လျာ
---
ခြားနားချက်
ဗုဒ္ဓဝါဒဟာ ဣဿရ (စကြဝဠာ ကမ္ဘာမိုးမြေကို စိုးပိုင်) နိမ္မာန (စကြဝဠာတစ်ခုလုံးကို ဖန်းဆင်း)တဲ့ ထာဝရတည်မြဲတဲ့ တစ်ဆူတည်းသော ဘုရားသခင်ရှိဝါဒကို လက်မခံတာ မှန်ပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဝါဒီတို့ ဆုတောင်းရာမှာဘာမှမလုပ်ဘဲ အဲဒီတစ်ဆူတည်းသော ဘုရားကိုမျက်စိမှိတ် ယုံကြည်ရုံမျှနဲ့ လိုတာတွေ အားလုံးကို ရတယ်ဆိုပြီး လက်ဖြန့်တောင်းခံတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘူး။
အကြောင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှု အလုပ်တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်း ပတ္ထနာပြုရင် တောင့်တတဲ့ အတိုင်းဖြစ်တယ်လို့ ယုံကြည်ပြီး ဆုတောင်းတာပါ။ တစ်နည်းအားဖြင့် ‘ဆုတောင်းခြင်း’ ဆိုတာ လက်တွေ့လုပ်ရပ်နဲ့ ရင်တွင်းက ဆန္ဒကို ပေါင်းစပ်ခြင်းလို့ ဆိုနိုင်မလားဘဲ။
ဗုဒ္ဓရဲ့ နှုတ်မြွက်
သင်္ဂီတိသုတ် (ဒီ၊၃၊၂၁၄)မှာမြတ်ဗုဒ္ဓက ‘အလိုရှိရာကို တောင့်တ (ဆုတောင်း)ပြီး သမဏဗြဟ္မဏတို့ကို ထမင်း အဖျော်စသည့် လှူဖွယ်ဝတ္ထုကို ပေးလှူလျှင် လူနတ်ချမ်းသာကို ရနိုင်သည်သာမက ဗြဟ္မာဘဝကို ရရှိရန်ပါ အထောက်အပံ့ ပြုနိုင်၏ (အပိုဒ် ၃၃၇ အနှစ်ချုပ်)’လို့ မိန့်ပါတယ်။ ‘တရားမျှတမှုကိုပြုလေ့ရှိသူသည် ကွယ်လွန်ပြီးနောက်လူ့ဘဝ နတ်ဘဝကို တောင့်တ (ဆုတောင်း) ပါက ရရှိနိုင်၏ (မ၊၁၊၃၅၉)’။ ‘အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှုတ် နှလုံးကို စောင့် စည်းခြင်း၊ ဣန္ဒြေတို့ကို စောင့်စည်းခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်း ကောင်း၊ စေတီ သံဃာ ပုဂ္ဂိုလ် ဧည့်သည် အစ်ကို အစ်မတို့ အား ပေးလှူခြင်း ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်းကောင်း အလိုရှိသော ချမ်းသာသုခကို တောင့်တ (ဆုတောင်း)ပါက တောင့်တသည့် ဆုကိုရနိုင်၏ (ခု၊၁၊၉)’။
‘သုဂတိ ဘဝတစ်ခုကို တောင့်တ၍ (ဆုတောင်း၍) ကုသိုလ် ပြုအံ့၊ ယင်း တောင့်တအပ်သော ဘဝ၌ ဖြစ်နိုင်၏ (တတြူပ ပတ္တိယာ သံဝတ္တတီတိ ယံ ပတ္ထေတွာ ကုသလံ ကတံ၊ တတ္ထ တတ္ထ နိဗ္ဗတ္တ နတ္ထာယ သံဝတ္တတိ၊ ဒီ၊ဋ္ဌ၊၃၊၂၂၇)’။ ပတ္ထေတွာ ပုဒ်ရဲ့ နိဿယပြန် အနက်ကတောင့်တ၍ဖြစ်ပေမယ့် ဆုတောင်း၍ဆိုတာနဲ့ အတူတူပါ။
ဗုဒ္ဓ ဆုပေးခြင်း
‘ပဉ္စသီခနတ်သား၊ ကောင်းပေပြီ။ အခြွေအရံပရိသတ်နှင့်တကွနတ်တို့ သနင်း (သင်တို့၏အရှင်) သိကြားမင်းသည် ချမ်းသာပါစေသတည်း (ဒီ၊၂၊၂၁၅)’လို့ ဗုဒ္ဓကသိကြားမင်းကို ဆုတော်ပေးဖူးပါတယ်။
‘မြတ်ဗုဒ္ဓသည် တစ်စုံတစ်ယောက် မိမိထံ လာရောက် ရှိခိုးသော အခါ ရွှေမရိုးစည်နှင့်တူသော မိမိ၏ လည်တိုင်တော်ကိုမော့၍ နားချမ်းသာဖွယ် နှစ်သက်ဖွယ်ရှိသော၊ အမြိုက်ရေစင် သွန်းလောင်းသည်နှင့် တူသောအသံတော်ကိုမြွက်ဟလျက် ‘‘ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေ’’ဟုထိုပုဂ္ဂိုလ်၏ အမည်ကို ခေါ်ဝေါ်လျက်ဆုပေးစကား မြွက်ကြားတော်မူ၏ (မ၊ဋ္ဌ၊၁၊၁၈၅)’။
ဗုဒ္ဓဝါဒ ဆုတောင်း
ဗုဒ္ဓဝါဒီတို့ လက်ခံတဲ့ ဆုတောင်းခြင်းရဲ့ အဓိပ္ပာယ်မှန်က ဒီလိုပါ။ သူသူ ငါငါ လောကသားတွေ အလိုအကြိုက် အမျိုးမျိုး စရိုက်အထွေထွေ ရှိကြရာမှာ မိမိလိုလားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရရှိနိုင်ဖို့ ရည်ညွှန်းခြင်း၊ စိတ်ညွတ်ခြင်း၊ စိတ်ကို ဆောက်တည်ခြင်း၊ စိတ်မှာ ထားခြင်း၊ စိတ်ကို ပွားများစေခြင်း၊ တောင့်တခြင်းကို ဆုတောင်းခြင်း (အဓိကာရ ပဓာန)လို့ ဆိုပါတယ်။
အဲဒီလို ဆုတောင်းရာမှာ ဗုဒ္ဓဝါဒီတွေဟာ ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုကိုလုပ်ပြီးမှ ဆုတောင်းပါတယ်။ အနည်းဆုံး ရတနာ သုံးပါးကို ရှိခိုးကန်တော့ခြင်း (ပဏာမ) ကုသိုလ်လောက်ကို ပြုပြီးမှ ဆုတောင်းကြတာပါ။ ရှေးရှေးက ကျမ်းပြုမထေရ်ကျော်တွေဟာ ကျမ်းမပြုခင် ရတနာသုံးပါးကို ရှိခိုးပြီးတဲ့ အခါ ‘တဿာနုဘာဝေန ဟတန္တရာယော = ဤပဏာမ (ရတနာသုံးပါးရှိခိုး) ကုသိုလ်ကြောင့် အန္တရာယ် ကင်းပျောက် (ကျမ်းပြီးမြောက်ပါစေ)’လို့ မိမိပြုစုနေတဲ့ ကျမ်းစာ အောင်မြင်စွာ ပြီးမြောက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။
ပထမ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုရမယ်၊ အဲဒီနောက် လိုရာအကျိုးကိုရဖို့ ဆုတောင်းတယ်လို့ အဆင့် နှစ်ဆင့်ပါ။ အင်း၊ ဆုမတောင်းပေမယ့် ကုသိုလ်ကံက ကောင်းကျိုးကို ပေးမြဲပါပဲ။ ဒါပေမယ့် စိတ်ညွတ်ပြီး လိုချင်တဲ့ ဆုကို အထူးပြုပြီး ပန်ဆိုလိုက်တဲ့ အခါမှာ မိမိရဲ့ စိတ်စွမ်းရည် စိတ်ကိုင်းညွတ်မှု စိတ်ဦးတည်ချက်ဟာ ပိုမို ပီပြင်သွားတာပေါ့။ ဦးတည်ချက်ရှိတဲ့ လမ်းဟာ ပိုမို မဖြောင့်ဖြူးပေဘူးလား။ ဆုတောင်းပြည့်
ပြောပြထားတဲ့ အတိုင်း ဆုတောင်းတယ်ဆိုတာ ကိုယ့်အလုပ်ရဲ့ ဦးတည်ချက်ကို ဖော်ညွှန်းတာဖြစ်လို့ ဆုတောင်းပြည့်ခြင်း မပြည့်ခြင်းဟာ စေတီရုပ်ပွား ဆင်းတုတွေနဲ့ မဆိုင်ပါဘူး။ အဲဒီ စေတီ အဲဒီဆင်းတုတော်မှာ ဆုတောင်းမှ ဆုတောင်းပြည့်တယ်လို့လည်း မစွဲလမ်းသင့်ဘူး။ သီလပြည့်စုံစင်ကြယ်နေခိုက် စင်ကြယ်တဲ့ ဒါနကိုပြုပြီးအဓိဋ္ဌာန်ပြုဆုတောင်းရင် စေတီဆင်းတုမပါဘဲလည်း ဆုတောင်းပြည့်နိုင်ပါတယ်။
ဒါပေမယ့် ဘာမဆို ‘ဒါမှ ဒါပဲ ဟိုဟာဆိုရင် ဟင့်အင်’ဆိုတာမျိုး တော့ မဖြစ်သင့်ချေဘူး။ ‘ဆုတောင်းပြည့်ဘုရား’ဆိုတဲ့ နာမည်က အနည်းဆုံး အိပ်မောကျ သို့မဟုတ် အိပ်မပျော့်တပျော် ဖြစ်နေတဲ့ ဗုဒ္ဓဝါဒီ တစ်ယောက်ကိုလှုပ်နှိုးလိုက်နိုင်တယ်ဆိုရင် အကျိုးရှိတာပဲ။
အနာထပိဏ်သူဌေးဟာသားမောင်ကာဠကိုအသပြာပေးပြီးဘုရားဆီကို သွားဖို့ ဖျားယောင်းခဲ့တဲ့ ထုံးရှိပါတယ်။ သာသနာပြု ပုဂ္ဂိုလ်တွေက ဂြိုဟ်ကြီးကိုးလုံး ပူဇော်မှု လွှမ်းမိုတဲ့ နေရာမှာ ဘုရားကိုးဆူပူဇော်မှုနဲ့ အစားထိုးပေးခဲ့တာကိုလည်း ဓမ္မနဲ့ မဆန့်ကျင်လို့ လက်ခံနိုင်တာပေါ့။ ဒါကြောင့် အခက်အခဲတွေနဲ့ မွမ်းကျပ်နေသူတစ်ယောက်ကို ‘ဒီကုသိုလ်လေးပြု၊ ဘုရားဂုဏ်တော်ပွားများပြီး၊ အဓိဋ္ဌာန်ပြုဆုတောင်းပါလား’လို့ ဗုဒ္ဓဝါဒီအချင်းချင်း အကြံပေးကောင်းပါတယ်။
တိုက်ဆိုင်မှုရဲ့ ရလာဒ်တစ်ခုခုကြောင့် အဲဒါနောက်ကိုပဲ လိုက်ပြီး လက်တွေ့ကျင့်ကြံမှုကို မေ့လျော့နေရင်လည်း မသင့်နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဘာသာတရား ကိုးကွယ်ရာမှာ ယောနိသော မနသိကာရ (သင့်အောင် နှလုံးသွင်းခြင်း)နဲ့ အစွန်း မရောက်ခြင်းတို့ဟာ အခြေခံလည်း ကျတယ်၊ အရေးလည်းကြီးပါတယ်။
ဓမ္မနာဝံသ မာရုယှ၊
သန္တာရေဿံ သဒေဝကံ
လူမျိုးပုံယင်၊ လှေပြည့်တင်၍၊ သင်္သရာကျယ် မြစ်ပင်လယ်မှ၊ ဆယ်ကယ်အားသွန် ပြည်နိဗ္ဗာန်သို့၊ မကျန်ပို့ရလို၏တည်း။
(ဆုတောင်းခန်းပျို့၊ ပိုဒ်၁၈၅)
၃၀။ ဆုတောင်းပုံ အမျိုးမျိုး
ဖေဖော်ဝါရီ ဝ၈၊၂၀၀၈။
-------------------
ရိုသေစွာ လျှောက်ထားပါသည် အရှင်မြတ်ဘုရား၊
တပည့်တော်သိလိုသည်မှာ
တပည့်တော်သည် ကိစ္စများမြောင် လူ့တို့ဘောင်မှာ နေထိုင်လျက်ပင် တတ်နိုင်သမျှ စေတီကျောင်းကန်နှင့် ပရဟိတဌာနတွေမှာ ဒါနကောင်းမှု ပြုလုပ်ပါသည်။ ငါးပါးသီလကိုလည်း အနည်းဆုံး တစ်ပတ်သုံးရက် မကျိုးမပေါက်အောင် အထူးရည်ရွယ်ပြီး စောင့်ထိန်းပါသည်။ အခြား လူမှုရေးကိစ္စအကျိုးဆောင်မှုတွေကိုလည်း တနိုင်တပိုင်ပြုလုပ်ပါသည် ဘုရား။ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုကိုတော့ ဘဝပေးအခြေအနေအရ ကျေနပ်လောက်အောင် အချိန်မပေးနိုင်သေးပါဘုရား။ တပည့်တော်၏ ထိုထိုကုသိုလ် အထူးများအတွက် ကျမ်းဂန်နှင့်အညီ မည်သို့ ဆုတောင်းမှုပြုသင့်သည်ကို ညွှန်ကြားပေးစေလိုပါသည်ဘုရား။
မေစုချစ်၊ စင်္ကာပူ
-------------------
အခွင့်သာခိုက်
ရုပ်ဝတ္ထုတွေ ပြည့်စုံတဲ့ နေရာမှာ နေထိုင်ရပေမယ့် ဘဝရဲ့တန်ဖိုးကို နားလည်လို့ လူဖြစ်ကျိုးနပ်ပါတယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံခိုက်မှာ ကောင်းမှုပြုဖို့မမေ့တာကိုက ချီးမွမ်းစရာပါ။ အခွင့်သာခိုက်မှာ အတ္တ (ကိုယ်)နဲ့ ပရ (သူတစ်ပါး)အကျိုးမျှတအောင် ဆောင်ရွက်နိုင်ပါစေ။ စက်ရဟတ် အကြိမ်ကြိမ် လည်လို့ ဒိုင်နမိုက လျှပ်စစ်စွမ်းအားကို ထုတ်ပေးသလို၊ မီးပွတ်ခုံနဲ့ ပွတ်တံကို ထပ်ခါထပ်ခါ ပွတ်တိုက်လို့ မီးထွက်လာသလို ကြိမ်ဖန်များစွာလုပ်လေ စိတ်စွမ်းအင်မြင့်လာလေပါပဲ။
ကိုယ့်ဆန္ဒသာ
ကောင်းမှုတစ်ခု ပြုပြီးနောက် ဆုတောင်းတယ်ဆိုတာ ကိုယ့်ဆန္ဒနဲ့ ကိုယ့်အကြိုက်ကို အခြေခံတာပါပဲ။ ကိုယ်ဖြစ်ချင်တာကို ကိုယ့်ဘာသာ ဦးတည်ချက် ရည်ညွှန်းချက်ထားနိုင်ပါတယ်။ ‘နိဗ္ဗာန်ကိုသာဆုတောင်းရင် ဝဋ်ကင်းရာကို ဆုတောင်းခြင်းဖြစ်လို့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အခါ မည်သို့ မည်ပုံ ပြုလိုတယ်၊ နိဗ္ဗာန်မရမီ မည်သို့မည်ပုံ ဖြစ်လိုတယ်လို့ တောင့်တနိုင်ပါတယ်’ (ထေရဝါဒစွယ်စုံကျမ်း၊ စာ-၈၆၀)။
မေးခွန်းရှင်ရဲ့ဆန္ဒအတိုင်းရှေးက သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ ဆုတောင်းအထူး ပြုခဲ့ကြပုံတွေကို အနည်းငယ် ပြောပြပါမယ်။ မိမိ နှစ်သက်ရာပုံစံကို ရွေးချယ်ပြီး အတုယူဆုတောင်းနိုင်ဖို့ သို့မဟုတ် ဆုတောင်းနည်းရဖို့ဖြစ်ပါတယ်။
အကိတ္တိ ဆုတောင်း
ဗုဒ္ဓလောင်းလျာ အကိတ္တိရသေ့ ဆုတောင်းပုံက ဒီလိုပါ။ ‘လူမိုက်တို့ကို မတွေ့ မြင်ရသည့်ကိုယ်၊ (လူမိုက်အကြောင်း) မကြားရသည့်ကိုယ် ဖြစ် ရပါလို၏၊ လူမိုက်တို့နှင့် ပေါင်းသင်းမှု မပြုရသည့်ကိုယ်၊ လူမိုက်တို့နှင့် စကားစမြည် ပြောဆိုမိခြင်း (မျှပင်) မပြုရသည့်ကိုယ် ဖြစ်ရပါလို၏၊ လူ မိုက်တို့အား မနှစ်သက်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏’ (ဇာ၊၁၊၁၆၈)။ အတုယူပြီး ဆုတောင်းကြည့်ပါ။
အရှင်မဟာဗုဒ္ဓဃောသ
အေဒီ ၅ ရာစုမှာ ပေါ်ထွန်းပြီး သီဟိုဠ်မှာ သာသနာပြုခဲ့တဲ့ အိန္ဒိယ နိုင်ငံသား ထေရဝါဒဂုဏ်ဆောင် အရှင်မြတ်ကြီး ဖြစ်ပါတယ်။ ပိဋကတ် သုံးပုံရဲ့အဖွင့်ကျမ်းတွေကိုပေရွက်ပေါ်မှာ ကညစ်နဲ့ ရေးတာ ခေတ်သစ် ကျမ်းစာ စာမျက်နှာပေါင်း တစ်သောင်းခွဲလောက်ရှိတယ်။ ကျမ်းပြု ကုသိုလ်ရဲ့အကျိုးအတွက် ဒီအရှင်မြတ်ဆုတောင်းပုံက
‘သဒ္ဓမ္မသုံးဖြာသာသနာ အဓွန့်ရှည်ပါစေ။ သတ္တဝါအလုံးဓမ္မကို ရိုသေလေးစားစွာ လိုက်နာ ကျင့်သုံးနိုင်ကြပါစေ။ လိုက်နာ ကျင့်သုံး၍ ဝိမုတ္တိရသ (နိဗ္ဗာန်ချမ်းသာ)ကို ခံစားနိုင်ကြပါစေ။ မိုးသည် ရွာသင့်သည့် အချိန်၌ ကောင်းစွာ ရွာသွန်းပါစေ (ကမ္ဘာမြေပေါ်မှာရာသီ ဥတုတွေကောင်းမွန်ပါစေ)။ ပြည့်ရှင် မင်း (အုပ်ချုပ်သူ) တို့သည် ရှေးမင်းကောင်း မင်းမြတ်များ ကဲ့သို့ ပြည်သူများကို မိမိ၏ သားသမီးရင်းများပမာ ကရုဏာဖြင့် စောင့်ရှောက်နိုင်ကြပါစေ’တဲ့။
တောင်ဖီလာဆုတောင်း
မြန်မာနိုင်ငံ အင်းဝခေတ်မှာ တောင်ဖီလာဆရာတော် (အေဒီ ၁၄၉၉- ၁၅၇၂) က ပါဠိဘာသာနဲ့ ရေးတဲ့ ဝိနယာလင်္ကာရဋီကာနိဂုံးမှာ ကျမ်းပြု ကုသိုလ်အတွက် မိမိရဲ့စိတ်ညွတ်ပုံကို ဒီလိုပြတယ်။
‘ဤကျမ်းပြုကုသိုလ်ကြောင့် ဒုတိယဘဝတွင် ဟိမဝန္တာရှိ ဂန္ဓမာဒနတောင် ပတ္တမြားဂူအနီး မဉ္ဇူသကနတ်ပန်းပင်၌ သက် တမ်းရှည်ဗုဒ္ဓဝါဒီရုက္ခစိုးနတ် ဖြစ်ရလို၏။
သာသနာတွင်းကာလ၌ ပဋိပတ္တိ ကျင့်ကြံတော်မူကြသော သံဃာတော်များ၏ ဝေယျာဝစ္စကို ဆောင်ရွက်လျက် ပရိယတ္တိ သင်ကြားသူတို့၏ ယုံမှားသင်္ကာကို ပယ်ဖျောက်ရပါလို၏။ သာသနာစောင့်မင်းတို့၏ မိတ်ဆွေဖြစ်ပြီး သာသနာဖျက် မင်းတို့အားနှိမ်နင်းနိုင်စွမ်းရှိသူ ဖြစ်ရပါလို၏။
သာသနာပ ကာလ၌ မဉ္ဇူသက သစ်ပင်မြတ်ကို အမြဲ ပူဇော် စောင့်ရှောက်လျက် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပွင့်ထွန်း လာသောအခါ ထိုပစ္စေကဗုဒ္ဓါများအား အလုပ်အကျွေးပြုရပါလို၏။ ဤရုက္ခစိုးနတ်ဘဝဖြင့် မေတ္တေယျဘုရားရှင် ပွင့်တော်မူသည် အထိ နေရပြီး ဘုရားပွင့်ချိန်၌ လူ့ဘဝသို့ ပြန်ရောက်လျက် ဘုရားရှင်၏ သာသနာတော်၌ ရဟန်းအဖြစ်ဖြင့် သာသနာပြု ပုဂ္ဂိုလ် ဖြစ်ရ၍ ထို (မေတ္တေယျ) ဘုရားရှင်၏ ဘုရားစင်စစ် ဖြစ်လိမ့်မည်ဟူသောဗျာဒိတ်စကားကို ခံယူရပါလို၏။ ဗျာဒိတ် ရပြီးနောက် ပါရမီဆယ်ပါး အပြား သုံးဆယ်တို့ကို ဖြည့်ကျင့် အားထုတ်လျက် အနာဂတ် တစ်ချိန်တွင် ဘုရား ဧကန်ဖြစ်ရပါလို၏’။
ဒီပဲရင်းဆုတောင်း
တတိယ ရွှေကျင်သာသနာပိုင် ဆရာတော်ပါ။ ဆရာတော်ရဲ့ ပရမတ္ထ စက္ခုကျမ်းနိဂုံးမှာဆုတောင်းထားပုံကအတုယူဖွယ်ကောင်းပါတယ်။
‘သူတစ်ပါး အကျိုးကို လိုလားသူဖြစ်ရလို၏။ သူတစ်ပါးကလည်း ငါ့အကျိုးကို လိုလားပါစေ။ သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ရလို၏။ သူတစ်ပါးကလည်း ငါ့ဒုက္ခကိုနှစ်သက်သူ မဖြစ်ပါစေနှင့်။
ရှင်ဥတ္တမကျော်ဆုတောင်း
အင်းဝခေတ်စာဆိုကြီး ရှင်ဥတ္တမကျော်ရဲ့ ဆုတောင်းကလည်း စိတ်ဝင် စားဖွယ်ပါပဲ။ အရှင်မြတ်ကတော့ဘုရားဖြစ်ဖို့ဆုတောင်းတယ်
‘သညာသမုတ်၊ ပညတ်ထုတ်သည်၊ ရှင်ဥတ္တမကျော်၊ ထေရ် မြတ်သော်လည်း၊ အဟော်နောင်လာ၊ ငါ့ရိုက်ရာကို၊ သစ္စာ ဖူးငုံ၊ ပွင့်အံ့တုံဟု၊ ကိုးဂုဏ်ရှင်ပင်၊ အံ့ချီးတင်သည်၊ ငါလျှင်လည်း ကောင်း၊ ဗောဓိလောင်းဟု၊ ညွတ်ညောင်းတံဆိပ်၊ နှုတ်ဗျာဒိတ်ဖြင့်၊ ခတ်နှိပ်သေချာ၊ နှုတ်ဩဘာသည်၊ မြဲစွာ ဖြစ်ဖြစ်လိမ့်လ,မှန်တည်း’။
ဤကိုယ်မိတ်ဆွေ
‘ပညာမဲ့သူ လူမိုက်တို့သည် ခါးသီးသော အကျိုးကို ဖြစ်စေ သည့် မကောင်းမှုကို ပြုကြလျက် ရန်သူဖြစ်သည့် ကိုယ်ဖြင့်သာ (သံသရာ) ခရီးကို သွားနေကြ၏ (သံ၊၁၊၅၁)’လို့ မြတ်ဗုဒ္ဓ မိန့်ပါတယ်။ ဒါကြောင့် အရေးကြီးတာက မိတ်ဆွေဖြစ်တဲ့ ဤခန္ဓာကိုယ်နဲ့ ဘဝသံသရာခရီးကို သွားနိုင်မယ့် အခြေအနေ အခွင့်အလမ်းမျိုးကို ရအောင် ဆုတောင်းတာ ဟာသင့်မြတ်တဲ့ ဆုတောင်းခြင်းမျိုးဖြစ်ကြောင်းပါ။
ဝိပဿနာမရှိလျှင် မျက်စိမမြင်သော ခရီးသွားနှင့်၊ ဝိပဿနာနည်းလျှင် မျက်စိမွဲသော ခရီးသွားနှင့် အလားတူသည်။
(ပရမတ္ထစက္ခုကျမ်း)
---
၃၁။ ဗုဒ္ဓနှင့်ဒေဝဒတ်
ဖေဖော်ဝါရီ ၁၃၊၂၀၀၈။
-------------------
ဆရာတော် အရှင်မြတ်ဘုရား၊
ဗုဒ္ဓဘုရားရှင်သည် အလုံးစုံကို သိမြင်နိုင်စွမ်းရှိသည့် သဗ္ဗညုတဉာဏ် ထူးနှင့် ပြည့်စုံသည်ဟု ဆိုပါသည်။ သို့ဖြစ်ပါက အယ်ကြောင့် ဒေဝဒတ်၏ ကျောက်မောင်းဆင် လုပ်ကြံမှုကို မရှောင်လွှဲနိုင်ဘဲ ခြေမတော်မှာ ဒဏ်ရာရတဲ့ အထိ ဖြစ်သွားခဲ့ရပါသနည်း။ သာသနာတော်၏ အကျိုးကို မဆောင်ရွက်ပဲ မိမိ၏အသက်ကို လုပ်ကြံသည်အထိပင် ဖြစ်လာမည့်ဒေဝဒတ်ကို အဘယ်ကြောင့် ရဟန်းပြုပေးခဲ့ရပါသနည်း။
ဒီအချက်နှင့်ပတ်သက်၍ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေပါသည်။ ဗုဒ္ဓသည် ဒေဝဒတ်ကို မသိ၍ ရဟန်းပြုပေးခဲ့ခြင်းလော၊ သိလျက်နှင့်လော၊ အဘယ်ကြောင့်နည်းဆိုသည့် အချက်များနှင့် သဗ္ဗညုတဉာဏ်၏ သဘောသဘာဝတို့ကို သိလိုပါသည်ဘုရား။
ရဝေလှိုင်
-------------------
သဗ္ဗညုတဉာဏ်
အစွမ်းထက်တဲ့ မှန်ပြောင်းကြီးရှိပါလျက်အိပ်ပျော်နေရင်၊ အသုံးမပြုရင် အဝေးကို မမြင်နိုင်ပါဘူး။ အဲဒီလိုပဲ အိပ်ပျော်နေခိုက်၊ မဆင်ခြင်ခိုက် တွေမှာ သဗ္ဗညုတညဏ် အလုပ် မလုပ်ပါဘူး။ အကုန်သိတယ်ဆိုတာ ဆင်ခြင်မှ သိတာပါ (သဗ္ဗညုတညာဏေန ဟိ အာဝဇ္ဇိတွာ ပဇာနာတိ၊ မ၊ဋ္ဌ၊၃၊၁၃၆)။ ‘တရားအားလုံးကို သိသူမြင်သူမရှိဟု ငါဘုရားမဟော။ တရားအားလုံးကို သိသူ မြင်သူရှိ၏ဟု ငါဘုရားဟော၏။ သို့ရာတွင် တစ်ကြိမ်တည်းဖြင့် အလုံးစုံသော တရားတို့ကို သိမြင်နိုင်သူ မရှိ။ အကြိမ်ကြိမ်ဉာဏ်ဖြင့် ဆင်ခြင်မှ သိနိုင်မြင်နိုင်၏ (မ၊၂၊၃၂၉)’။
ရှေးဘဝ အကုသိုလ်ကံကြွေးကို ဘုရားရဟန္တာတွေလည်း မရှောင် ကွင်းနိုင်ပါဘူး။ မဟာတန်ခိုးရှင်အရှင်မောဂ္ဂလ္လာန်ဟာ ခိုးသားတွေလာရောက် ရိုက်နှက်မှာကို ကြိုသိလို့ ပထမ ရှောင်လွှဲနေခဲ့ပေမယ့် နောက် ဆုံးမှာတော့ မိမိရဲ့ ဘဝနောက်ဆုံးအခြေအနေနဲ့ ရှောင်လွဲမရတဲ့ အကု သိုလ်ကြွေးကိုသိလို့ လျစ်လျူရှုခဲ့ပါတယ်။
ဒေဝဒတ် ကျောက်မောင်းဆင် ရန်ပြုလို့ ခြေမတော်မှာ ဒဏ်ရာရ သွားတာလည်း ဗုဒ္ဓလောင်းလျာ နုစဉ်အတိတ်ဘဝတုန်းက ဥစ္စာပစ္စည်းကို အကြောင်းပြုပြီး ညီအရင်းကို ကျောက်ခဲနှင့် ထုကြိတ်ခဲ့တဲ့ အကု သိုလ် ကံကြွေးကြောင့်ပါ။ အဲဒီလို မရှောင်လွှဲနိုင်လို့ ဗုဒ္ဓအဖြစ်နဲ့ အကု သိုလ် ကြွေးကို ခံရတာ ၁၂ ကြိမ် ရှိပါတယ် (အပဒါန၊၁၊၃၄၈)။ အဲဒါ ကိုဝိပါက်တော်၁၂ပါးလို့လည်း ခေါ်ပါတယ်။
ဗိမ္ဗိသာရစိတ်ထား
ဗုဒ္ဓဘုရားရှင်ဟာ ဒေဝဒတ်က မိမိကို သေကြောင်းကြံမှာနဲ့ သံဃာကို သင်းခွဲမှာကို ကြိုတင်သိမြင်လျက်နဲ့ ရဟန်းပြုပေးခဲ့တာပါ။ ဘာကြောင့် ဆိုရင် ဗုဒ္ဓဘုရားမှာ တစ်လောကလုံးနဲ့ မနှိုင်းယှဉ်နိုင်တဲ့ မဟာကရုဏာ (ကြီးမားတဲ့ သနားကြင်နာခြင်း)နဲ့ မဟာပညာ (ကြီးမားတဲ့ အသိပညာ) ရှိလို့ ပါပဲ။ အဲဒီတရားနှစ်ပါး အရင်းခံကြောင့်ပဲ လောကကို တရားအေး အမြိုက်ဆေး တိုက်ကျွေးတော်မူခဲ့တာပါ။
ငါ့ကိုမကြည်ညို ငါ့စကားနားမထောင်လို့ ဒီလူကိုတော့လျစ်လျူရှု ထားမယ် ဒဏ်ခတ်မယ်ဆိုရင် ‘အနန္တကရုဏာရှင်ဘုရား’လို့ မဆိုနိုင်ဘူး။ မိမိကိုသတ်မဲ့ ရန်သူပင် ဖြစ်ပေမဲ့ ရန်သူလိုသဘောမထားဘဲ ကောင်းကျိုး တစ်ခုခုရအောင် ဆောင်ရွက်ပေးနိုင်လို့ ပဲ ဗုဒ္ဓဘုရားဆိုတဲ့ ဂုဏ်ထူးကို ရတာပါ။ ဒေဝဒတ်ဟာ ရဟန်းမပြုခဲ့ရင် လဲ လူ့အဖြစ်နဲ့ ဗုဒ္ဓအပေါ် ယုတ်မာ အကောက်ကြံမှာပါပဲ။ ရဟန်းပြုလိုက်တဲ့ အတွက် သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ကို အခိုက်အတံ့ ကျင့်ခွင့်ရပြီး စျာန် အဘိညဉ်ကိုတောင်ရရှိခဲ့ပါတယ်။
အဲဒီသူတော်ကောင်း အကျင့်ကြောင့်ပဲ သေခါနီးမှာ အမှားကို ဝန်ခံပြီး ဗုဒ္ဓကိုအသက်နဲ့ အမျှ ရှိခိုးကိုးကွယ်ခဲ့ရုံမက နောင်အခါ အဋ္ဌိဿရ အမည်ရတဲ့ ပစ္စေကဗုဒ္ဓတောင်ဖြစ်လာပါလိမ့်အုံးမယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၁။ ဗုဒ္ဓနှင့်ဒေဝဒတ် ၁၂၃ ၉၅)။ ဗုဒ္ဓရှင်တော်မြတ်က ရဟန်းပြုပေးခဲ့တဲ့ အတွက် ဒေဝဒတ်ရဲ့ ဘဝ သံသရာမှာ ကျင်လည်ရမယ့် ဒုက္ခသက်တမ်းဟာ အဆများစွာ တို တောင်းသွားခဲ့ပါတယ် (မိလိန္ဒ၊၁၄)။
ဗုဒ္ဓလက်ထက်ကဗိမ္ဗိသာရမင်းဟာမိမိကိုသတ်မယ်ဆိုတာ သိ လျက်နဲ့ သားတော် အဇာတသတ်ဖြစ်လာမယ့် သန္ဓေသားကို မဖျက် ဆီးခဲ့ပါဘူး။ သာမန်လူတစ်ယောက်မျှဖြစ်တဲ့ ဗိမ္ဗိသာရတောင် ဒီစိတ်မျိုး ထားနိုင်ရင် ဗုဒ္ဓဘုရားဆိုရင် ဆိုဖွယ်ရှိပါဦးမလား။
မဟာကရုဏာ
နာမည်က အမ္ဗဋ္ဌတဲ့။ သွေးနားထင်ရောက်နေတဲ့ အဲဒီ ပညာတတ် ပုဏ္ဏားပျို တစ်ယောက် ဗုဒ္ဓရဲ့ခန္ဓာကိုယ်မှာ ဗုဒ္ဓဖြစ်နိုင်တဲ့ ကြန်အင် လက္ခဏာ ၃၂ မျိုးပါမပါ စုံစမ်းလိုတဲ့ အတွက်ဗုဒ္ဓဆီ ရောက်လာတယ်။ လက္ခဏာ အားလုံးနီးပါး တွေ့ရှိပြီးပေမယ့် ‘အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်’ကိုတော့ သင်္ကန်းတော်နှင့် ဖုံးထားလို့ မတွေ့ရသေးလို့ ဗုဒ္ဓ စစ်မစစ်သံသယရှိနေတယ်။
ဒါကြောင့် မြတ်ဗုဒ္ဓဟာ အမ္ဗဋ္ဌကို ရှင်တော်မြတ်ရဲ့ ယောကျ်ား အင်္ဂါကို တန်ခိုးနဲ့ ဖန်ဆင်းပြရပါတယ် (ဒီ၊၁၊၁၀၅)။ (စပ်မိလို့ ဗုဒ္ဓ ကျင့်စဉ်ကို နားမလည်တဲ့ လူမျိုးခြားတစ်ယောက်ကလဲဗုဒ္ဓမှာ နောက် က အမြဲလိုက်နေတဲ့ ရဟန်းတစ်ပါးရှိလို့ ယောကျ်ားမှ စစ်ရဲ့လား၊ gay မဖြစ်နိုင်ဘူးလားလို့ အတည်အပေါက်လိုလို နောက်ပြောင်သလိုလို မေး တာကိုခံရလို့ စိတ်ဆိုးရခက်ကြီးဖြစ်ဖူးပါတယ်)။
‘ဒါမျိုးကို သာမန်လူတောင် မလုပ်ပါဘူး၊ တန်ခိုးနဲ့ ပြလဲ ပြတာပဲ မဟုတ်လား’လို့ မိလိန္ဒမင်းက မေးရာမှာ အရှင်နာဂသိန်က ‘မင်းကြီး၊ ဗုဒ္ဓရဲ့ မဟာကရုဏာတော်ဟာ အင်မတန်ကြီးမားပါတယ်။ အသည်းနှလုံးကို ထုတ်ပြမှ တရားထူးကို ရမယ်ဆိုရင် ဘုရားရှင်ဟာ အသည်းနှလုံးကိုလဲ ဖြတ်ပြီးထုတ်ပြမှာပါ’လို့ ဖြေကြားပါတယ် (ဒီ၊ဋ္ဌ၊၁၊၂၄၅)။
နုစဉ်ဘဝမှာတုန်းက ဦးခေါင်းကို ရိုက်ခွဲပြီး အသက်ကို ရန်ရှာတဲ့ အိမ်အပြန်လမ်းကို ရှာမရဖြစ်နေတဲ့ လူမိုက်ကိုတောင်ဦးခေါင်းဒဏ်ရာက သွေးတွေ ယိုစီးကျနေရင်းက အိမ်ကိုရောက်အောင် လမ်းမှန်ကို ပြပေးနိုင်ခဲ့ပါတယ် (ဇာ၊ဋ္ဌ၊၅၊၇၀)။
---
၃၂။ အနတ္တသံသရာ
ဖေဖော်ဝါရီ ၁၆၊၂၀၀၈။
-------------------
လျှောက်ထးပါရစေ အရှင်ဘုရား၊
ဗုဒ္ဓဘာသာမှာ ထာဝရတည်မြဲနေသည့် အသက်ကောင် ဝိညာဉ်ကောင် သို့မဟုတ် လိပ်ပြာကောင်မရှိဟုဆိုပါသည်။ သို့ဖြစ်လျှင် နောက်ဘဝ၌ ပဋိသန္ဓေနေပြီး သံသရာလည်သည်မှာ မည်သည့်အရာ ဖြစ်ပါသနည်း။ နောက်ဘဝ၌ ပဋိသန္ဓေ သွားတည်သည်မှာ မည်သည့်အရာ ဖြစ်ပါသ နည်း။ နောက်ဘဝ ပဋိသန္ဓေနေပြီး သံသရာလည်ပုံကို မရှင်းလင်း ပါဘုရား။ လူမှုစီးပွား အခြေအနေအရ အမျိုးသမီးများ ပဋိသန္ဓေတားလျှင် ဗုဒ္ဓဘာသာရှုထောင့်မှ မည်သို့ယူဆပါနည်း အရှင်ဘုရား။
သတိုးလှ
-------------------
ဝိညာဉ်ကောင်မရှိ (အနတ္တ)
စိတ်ပညာရှင်ပါမောက္ခဂျိမ်းစ်က ဝိညာဉ်ကောင် (Soul)ကိုရှာမရတဲ့ နောက် ‘The thoughts themselves are the thinkers. အတွေးတွေဟာ တွေးသူတွေပါပဲ’လို့ အဖြေထုတ်ဖူးပါတယ် (Principles of Psychology, p. 215)။ သမ္မူတိသစ္စာ (ခေါ်ဝေါ်သုံးစွဲမှုအမှန်) နယ်မှာ ပုဂ္ဂိုလ်သတ္တဝါရှိတယ် ဆိုတာကို ဗုဒ္ဓဝါဒက မငြင်းပါဘူး။ ဒါပေမယ့် ပရမတ္ထသစ္စာ (သဘာဝရှိအမှန်) နယ်မှာတော့ ပြောင်းလဲမသွားတဲ့ ထာဝရတည်မြဲနေတဲ့ အထည်ကိုယ်ဒြပ်တစ်ခုမရှိဘူးလို့ ငြင်းပါတယ်။
ဗုဒ္ဓဝါဒက လူတွေ သတ္တဝါတွေကို သန္တတိ (ဖြစ်စဉ်) လို့ ပဲ မြင်ပါတယ်။ ရုပ်တရားတွေဟာ စက္ကန့်ပိုင်းအတွင်းမှာ အကြိမ်ပေါင်း မြောက် များစွာ အဟောင်းတွေချုပ်ပြီး အသစ်တွေပြန်ဖြစ်နေသလို နာမ်တရား တွေဟာလည်း ရုပ်ထက် မြန်တဲ့ နှုန်းနဲ့ အကြိမ်ပေါင်း ကုဋေကုဋာချီပြီး အဟောင်းချုပ် အသစ်ပေါ် ဖြစ်နေပါတယ်။ အဲဒီလို ဒလစပ်ဖြစ်နေ အောင်ကမ္မစွမ်းအားအလျဉ်ကတွန်းပို့ပါတယ်။
‘ကမ္မ (စွမ်းအား)ကိုပြုလုပ်သူအတ္တ (ဝိညာဉ်ကောင်)မရှိ၊ အကျိုးကို ခံစားသူ အတ္တကောင်လည်းမရှိ၊ အမှန်မှာ ရုပ်နာမ် ဓမ္မ ပရမတ္ထ တရားတို့ သက်သက်သာ (ကြောင်းကျိုးဆက် ကာ) ဖြစ်ကြကုန်၏။ ဤသို့ရှုမြင်မှုသည် မှန်ကန်သော အမြင် ဖြစ်၏ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၃၇)’။
အနတ္တ သံသရာလည်ပုံ
မြို့ပြကြော်ငြာတွေမှာ ရောင်စုံ လျှပ်စစ်မီးလုံးလေးတွေ ဆိုင်းဘုတ်ကို ပတ်ပြေးနေတာကို တွေ့ဖူးပါလိမ့်မယ်။ လျှပ်စစ်စွမ်းအင်အလျဉ် တစ် လုံးပြီးတစ်လုံး စီးခိုက် ဆုံစည်းခိုက်မှာ တစ်လုံးလင်း တစ်လုံးမှိတ် ဖြစ်နေတာကို အဝေးကကြည့်တော့ မီးလုံးတွေ လည်နေတာပေါ့။ အမှန်တော့ လည်နေတာက လျှပ်စစ်စွမ်းအင်ပါ။
ဘောလုံးတစ်လုံးကို လှိမ့်လိုက်လို့ နောက်ဘောလုံးကို သွားထိ ရာမှာ ပထမဘောလုံးက ရပ်နေခဲ့ပြီ၊ ဒုတိယဘောလုံးက ဆက်လိမ့်ပြီး နောက်တစ်လုံးကို ထိမယ်၊ လိမ့်မယ်။ ဘောလုံးတွေ ရွေ့ရှားမှုကို ဖြစ် ပေါ်စေတာဟာ အရှိန်သို့မဟုတ် သတ္တိပဲ။
မွေးဖွားခြင်းဆိုတာ ဗုဒ္ဓဝါဒအလိုအရ ခန္ဓာငါးပါး ဖြစ်ပေါ်လာခြင်း (ခန္ဓာနံ ပါတုဘာဝေါ) ဖြစ်ပါတယ်။ ပစ္စုပ္ပန် ရုပ်နာမ်ဖြစ်စဉ်ဟာ ထာဝရ ဝတ္ထုမရှိဘဲ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်သလို ဘဝခန္ဓာအသစ် ဖြစ်စဉ်မှာလည်း ဒီဘဝကနေနောက်ဘဝကိုကူးသွားတဲ့ ထာဝရဝတ္ထုမရှိပါဘူး။
နောက်ဘဝခန္ဓာသစ်ထပ်ဖြစ်ဖို့တွန်းပို့တာက အဲဒီကမ္မစွမ်းအင် အလျဉ်ပါပဲ။ လျှပ်စစ်နဲ့ ရွေ့ရှားမှုတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ ရုပ်စွမ်း အင် တွေဖြစ်သလို ကမ္မဟာလည်း မမြင်နိုင်တဲ့ နာမ်စွမ်းအင် နာမ် သတ္တိအထူး ဖြစ်ပါတယ်။
ပဋိသန္ဓေတည်ပုံ
ဗုဒ္ဓကျမ်းဂန်အလို
‘၁)မိဘလောင်းတို့သံဝါသပြု
၂)မိခင်လောင်းဥတုပန်းပွင့်ဆဲ
၃)ပဋိသန္ဓေ Spermatozoa)နှင့် မမျိုးဥ (Ova)တို့ သားအိမ်ကြော (Fallopian Tube)အတွင်းမှာ ပေါင်းစပ်မှုနဲ့ သန္ဓေဦးအစဖြစ်ပြီး လေးလ လောက်အကြာမှာ သန္ဓေသား စတင်လှုပ်ရှားတယ်သို့မဟုတ် အသက် ဝင်တယ်လို့ ဆိုပါတယ်။
ပဋိသန္ဓေတားခြင်း
စိတ်ဝိညာဉ်ဆိုတာ အင်မတန် သိမ်မွေ့ပါတယ်။ မိုက်ခရိုစကုပ်နဲ့ ကြည့် လို့ မမြင်ရပါဘူး။ ဗုဒ္ဓရှင်တော်မြတ်ကျတော့ သဗ္ဗညုတညဏ် အဘိညာဏ် ဝိပဿနာညဏ်တွေနဲ့ သိမြင်တော်မူလို့ ‘မိဘတို့၏ သုက်သွေး ဥတုနှင့်တကွ ကမ္မဇရုပ် သုံးဆယ်ဟူသော ကလလရေကြည်ထဲမှာပင် ပဋိသန္ဓေဝိညာဉ်စ၍ဖြစ်၏’လို့ ဟောတော်မူပါတယ်။
ဒါကြောင့် ဗုဒ္ဓဝါဒအလို ပဋိသန္ဓေတည်တာနဲ့ တစ်ပြိုက်နဲ့ ရုပ်နာမ် နှစ်မျိုးလုံးဖြစ်နေပြီသို့မဟုတ်အသက်ဝင်နေပြီလို့ ဆိုပါတယ်။ ဒီတော့ အသက်ရှိနေတဲ့ အဲဒီသန္ဓေဦးကို ဖျက်ဆီးရင်လည်း လူသတ်တယ်လို့ ဆိုရပါတယ်။ အပြစ်ကင်းတဲ့ နည်းကတော့အဖရဲ့သုက်သွေးကိုဖျက် ဆီးထားရင်၊ သို့မဟုတ် အမိရဲ့ မျိုးဥကို ဖျက်ဆီးထားရင်၊ သို့မဟုတ် မျိုးဥ နှစ်ခု မဆုံးစည်းစေနိုင်တဲ့ ဆေးကို သုံးစွဲထားရင်၊ သို့မဟုတ် မျိုးဥ နှစ်ခု မဆုံစည်းနိုင်အောင် ခေတ်နည်းနဲ့ ကာကွယ်ထားနိုင်ရင် ဗုဒ္ဓတရားတော်အရ အပြစ်မရှိဘူးလို့ ဆိုနိုင်မှာပါ။
---
၃၃။ ဝမ်းကွဲမောင်နှမ လက်ထပ်ရင်
နိုဝင်ဘာ ၁၃၊၂၀၀၈။
-------------------
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
အခုခေတ် မိဘဘိုးဘွားတွေရော လူတိုင်းကပါ လက်ခံကျင့်သုံးတဲ့ အယူအဆတစ်ခု ရှိပါတယ်ဘုရား။ အဲဒါကတော့ တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲ မောင်နှမအချင်းချင်း လက်မထပ်သင့်ဘူး ဆိုတာပါဘုရား။ လက်ထပ်ရင် ဘာဖြစ်သလဲလို့ မေးတော့ ငရဲကြီးတယ်လို့ ပြောပါတယ် ဘုရား။ ဒီလိုဆိုရင် နှမရင်းတွေကို မိဖုရားမြှာက်ကြတဲ့ အရင် ခေတ်က ဘုရင်တွေ ငရဲကို ရောက်ကုန်မယ်လို့ ထင်ပါတယ်ဘုရား။ ဆွေမျိုးရင်း တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲတွေနဲ့ အိမ်ထောင်ပြုရင် ငရဲကြီးပါသလား ဆိုတာကို သိလိုပါသည်ဘုရား။
မျိုးထွဋ်ခေါင်
-------------------
ရှေးခေတ်က ဘုရင်တွေ
မဟာသမ္မတမင်းဆက်တတိယ ဩက္ကာကမင်းရဲ့အကြီးဆုံးမိဖုရားမှာ သားတော်လေးယောက် သမီးတော်ငါးယောက်ဖွားမြင်ပါတယ်။ အဲဒီ ဩက္ကာကမျိုး မင်းသား မင်းသမီး ကိုးယောက်ယာ ဟိမဝန္တာတော တစ်နေရာမှာ သီးခြားမြို့ပြနိုင်ငံ တည်ထောင်ကြတဲ့ အခါ ဩက္ကာကမျိုး မင်းဆက် မပျက်ရအောင်လို့ အကြီးဆုံး မင်းသမီးကို အမိအရာမှာ ထားပြီး မင်းသား လေးယောက်က နှမရင်းဖြစ်တဲ့ ကျန်မင်းသမီးလေး ယောက်နဲ့ လက်ထပ် အိမ်ထောင်ပြုရာကနေ သကျမျိုး စတင်ခဲ့တယ်။ ဗုဒ္ဓဘုရားဟာ အဲဒီသကျမျိုးက ဆင်းသက်လာသူ ဖြစ်ပါတယ် (ဒီ၊၁၊၈၇။ ဒီ၊ဋ္ဌ၊၁၊၂၃၀)။
ရှေးခေတ်အီဂျစ်က ဖာရော ဘုရင်တွေဟာမောင်နှမရင်း အချင်းချင်း တစ်ခါတစ်ရံ အဖေနဲ့ သမီးတောင် လက်ထပ်ပြီး နန်းတက်ကြတယ်။ အကြောင်းက နတ်ဘုရားတွေကို အတုယူတာ တစ်နည်း ၎င်း တို့ကို လူထုကနတ်ဘုရားတွေလို့ ထင်စေချင်လို့ ဖြစ်ပါသတဲ့။
ဘာသာရေး တားမြစ်ချက်များ
Leviticus (ဝတ်ပြုရာကျမ်း) အခန်း ၂၀ကို အစအဆုံး ဖတ်ကြည့်ရင် အမေ၊ သမီးရင်း၊ နှမရင်း၊ အဒေါ်ရင်းတွေနဲ့ လိင်ဆက်ဆံရင် အင်မတန် ဆိုးသွမ်းလို့ ဘုရားသခင်က သေဒဏ်ပေးပါတယ်။ (တူရင်း တူမရင်း တွေနဲ့ ပတ်သက်ပြီး ဖော်ပြချက်ကို မတွေ့မိပါ။) ဒါပေမယ့် မောင်နှမ ဝမ်းကွဲတွေနဲ့ ပတ်သက်ပြီး တားမြစ်ချက်မရှိ။ ကိုရ်အာန်ကျမ်း ၄း၂၃-၂၄မှာတော့ အမေ၊ သမီးရင်း၊ နှမရင်း၊ အဒေါ်ရင်း၊ တူမရင်း၊ ယောက္ခမ၊ မယားပါသမီးတွေနဲ့ မေထုန်ပြုတာကို ရိုင်းပျတဲ့ အမှုဖြစ်လို့ တားမြစ် ပါတယ်။ ဝမ်းကွဲမောင်နှမတွေကိုတော့ခွင့်ပြုပါတယ်။ အချို့ဟိန္ဒူတွေ က မိသားစုဝင် အချင်းချင်း လက်ထပ်ခွင့် မရှိဘူး။ အိန္ဒိယတောင်ပိုင်း ဟိန္ဒူအချို့ကတော့ cross-cousin (အဖေ့ အစ်မနှမရဲ့ သားသမီး၊ အမေ့ အစ်ကို မောင်ရဲ့ သားသမီး)တွေကို လက်ထပ်ခွင့်ရှိတယ်။ ဒါပေမယ့် အဖေညီအကိုရင်း အမေညီအမရင်းက မွေးတာကိုတော့ ခွင့်မပြုဘူး။ ဘုန်းကြီးတို့ အရပ်ဒေသမှာ အိန္ဒိယတောင်ပိုင်းက ဟိန္ဒူတွေနဲ့ တူတာကို တွေ့ရတယ်။ အမေ့မောင်အရင်းရဲ့ သမီးတွေ တစ်နည်း ဘုန်း ကြီးရဲ့ နှမဝမ်းကွဲတွေနဲ့ ပတ်သက်ပြီး ငယ်ငယ်က ခံစားချက် နှစ်မျိုး ဖြစ်ဖူးတာကို အမှတ်ရပါတယ်။ သူတို့ကို ထိရင် မခံနိုင်တဲ့ မောင်နှမ သံယောဇဉ်မျိုးနဲ့ ပတ်ဝန်းကျင် သို့မဟုတ် အစဉ်အလာက ပေးတဲ့ အသိကြောင့် ခပ်စိမ်းစိမ်းနဲ့ ရှက်လည်း ရှက်နေတဲ့ အဖြစ်မျိုးပါ။ အမေ့ ညီမက မွေးတာတွေကျတော့ ရှက်စိမ်းစိတ်မရှိဘူး။
စကားမစပ်၊ ဗုဒ္ဓဖြစ်လာမယ့် မင်းသားသိဒ္ဓတ္ထရဲ့ မယ်တော် မဟာ မာယာနဲ့ မင်းသိဒ္ဓတ်ရဲ့ ကြင်ယာတော် ယသော်ဓရာ မင်းသမီးရဲ့ ဖခင် သုပ္ပဗုဒ္ဓမင်းတို့ဟာ မောင်နှမအရင်းဖြစ်ပါတယ်။
ဗုဒ္ဓဝါဒအစဉ်အလာ
ဗုဒ္ဓဝါဒ အစဉ်အလာမှာ အဖေနဲ့ သမီး၊ သားနဲ့ အမေ၊ မောင်နဲ့ နှမ မေထုန် မှုကို အထူးစက်ဆုပ်ဖွယ်အနေနဲ့ ယူဆပါတယ်။ သားရဟန်းနဲ့ အမေ ဘိက္ခုနီတို့ တောကျောင်းမှာ နှစ်ယောက်တည်း အတူနေရင်း ဖောက် ပြန်ပြီး မေထုန်ပြုကြတဲ့ ဖြစ်ရပ်ကို မြတ်ဗုဒ္ဓ များစွာ ကဲ့ရဲ့ပြစ်တင်တော် မူပါတယ် (အံ၊၂၊၅၉)။ ဒါပေမယ့် အခြားဘာသာတရားတွေလို ဘယ် သူ့ကိုအိမ်ထောင်မပြုရ ဘယ်သူ့ကိုပြုရမယ်လို့ အတိအကျ လမ်းညွှန် ချက်မျိုး မရှိဘူး။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်မှု (ကာမေသု မိစ္ဆာ စာရ)ဆိုတဲ့ ငါးပါးသီလထဲမှာ သွေးသားချင်း မေထုန်ပြုမှု ပါဝင်ကြောင်း နားလည်နိုင်တယ်လို့ buddhanet.net သုတေသန ဆောင်းပါး တစ်ပုဒ် မှာဖတ်ရပါတယ်။ လက်ခံနိုင်တဲ့ ယူဆချက်ပါ။
စက္ကဝတ္တိသုတ်လာ အဓမ္မရာဂ (မမှန် သို့မဟုတ် မတရားတဲ့ တပ် မက်မှု) ဆိုတာ အမေ (အဖေ)၊ အဒေါ်၊ ဦးလေး စတဲ့ မသင့်လျော်တဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာ မေထုနရာဂ ဖြစ်ခြင်းလို့ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၃၊၃၆)မှာအဓိပ္ပာယ်ဖွင့်ဆိုပါတယ်။
ငရဲကြီးပါသလား
လူဆိုတာအသိဉာဏ်နဲ့ ဆင်ခြင်တုံတရားအမြင့်ဆုံးပါ။ အမေ၊ အဖေ၊ မောင်နှမဆိုတာတွေရဲ့ တန်ဖိုး၊ ကျေးဇူးနဲ့ သဘာဝအရဖြစ်တဲ့ ရင်းနှီး နီးစပ်မှု၊ ကြင်နာယုယမှု၊ မေတ္တာသံယောဇဉ်ဆိုတဲ့ စိတ်ခံစားချက်တွေဟာ ကြီးမား နက်ရှိုင်းပါတယ်။ ဘယ်အရာနဲ့ မှ မတူနိုင်ပါဘူး။ သဘာဝ နိယာမကိုက မိဘမောင်နှမမေတ္တာ ဆိုတာ ရယူခြင်းမပါတဲ့ အပေး သက်သက် အဖြူထည်ပါ။ အချို့တိရစ္ဆာန်တွေတောင် ဒီသဘာဝနိယာ မကို လိုက်နာပါတယ်။ ဒါကြောင့် အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ အဲဒီလိုပြုဆဲမှာ အားကြီးတဲ့ အကုသိုလ်စိတ်တွေ ဖြစ်လို့ တစ်နည်း ဗုဒ္ဓတားမြစ်တဲ့ ကာမေသုမိစ္ဆာစာရဖြစ်လို့ အပါယ်ရောက်ကြောင်းဖြစ်ပါလိမ့်မယ်။
အစဉ်အလာ တစ်ခုတည်းနဲ့ ကောင်းတယ် မကောင်းဘူးလို့ မဆုံး ဖြတ်နိုင်ဘူး။ အနောက်တိုင်းအမြင်မှာ အရက်သောက်တာဟာ အပြစ်မဟုတ်ဘူး။ သူတို့ ဘာသာတရားမှာကိုက အရက်ကို သောက်ခွင့်ပြုတယ်။ ဒါပေမယ့် အရက်ဟာ လူတွေကို ကောင်းကျိုးမပေးတာ သေချာပါတယ်။ တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲတွေ အချင်းချင်း လက်ထပ်တာနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘာသာတရားတွေရဲ့ ရှုထောင့်နဲ့ ဗုဒ္ဓဝါဒအမြင် တစ်စိတ်တစ်ဒေသအရ အပြစ်လွတ်ဖွယ် ရှိပေမယ့် မိမိစိတ်အာရုံ ခံစား ချက်အပေါ်မှာလည်း တည်နိုင်တယ်လို့ ထင်ပါတယ်။
ကျန်းမာရေး ရှုထောင့်အရတော့ သွေးနီးစပ်လွန်းရင် မပြည့်စုံတဲ့ သန္ဓေသားကို မွေးဖွားနိုင်တယ်လို့ သိရကြောင်းပါ။
မေတ္တာအရင်းချစ်မကင်းဘဲ
ချစ်ခြင်းဟူသည်ရွှေမဉ္ဇူနံ့
ထုံပျံ့မခန်းချစ်ကြည်လန်း၍
ချစ်ပန်းလှိုင်ကြစေကုန်လော။
(မဃဒေဝ၊ ပိုဒ်၁၈၁)
---
၃၄။ နှလုံးအစားထိုးခြင်း
မတ် ၁၂၊၂၀၀၈။
-------------------
ဆရာတော် အရှင်ဘုရား၊
မြန်မာစကား၌ နှလုံးစိတ်ဝမ်း အေးချမ်း၊ စိတ်နှလုံးကောင်း စသည် ဖြင့်ပြောဆိုနေကြရာတွင်စိတ်သည် နှလုံးအိမ်မှာ တည်မှီသည်ဟူသော အဓိပ္ပာယ်မျိုးဖြစ်နေပါသည်။ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ မည်သို့ပြဆို ပါသနည်း အရှင်ဘုရား။ အကယ်၍ စိတ်သည် နှလုံးအိမ်မှာ တည်သည် ဆိုပါက နှလုံးအစားထိုး ကုသခံရသူ တစ်ယောက်အဖို့ မည်သို့သော စိတ်ထားမျိုး ဖြစ်ပါမည်နည်း။ ယခင်လူ၏ စိတ်လား သို့မဟုတ် နှလုံးအသစ်၏ စိတ်လားဟူသည်ကို သိလိုပါသည်။ လှုပ်ရှားနေသည့် အိမ် မြှောင်မြီးပြတ် ကြွက်မြီးပြတ်များမှာ စိတ်ဝိညာဉ် ပါသလားဆိုတာကိုလည်း သိလိုပါသည် အရှင်ဘုရား။
သန်းထွဋ်အောင်၊ ဂျမေကာ
-------------------
စိတ်ဝိညာဉ်ရဲ့ တည်ရာ
မနောဓာတ် (ဘဝင်စိတ်) နဲ့ မနောဝိညာဏာဓာတ် (ကြံသိစိတ်)ဟာ ဟဒယဝတ္ထုရုပ်ကို မှီတယ် (မနောဓာတု မနောဝိညာဏဓာတူနံ နိဿယ လက္ခဏံ ဟဒယဝတ္ထု) လို့ အေဒီ ၅ ရာစု ရေးတဲ့ အဋ္ဌကထာကျမ်း (ဝိသုဒ္ဓိ၊၂၊၇၈။ အဘိဓမ္မာဝတာရ၊၆၇၄ဂါထာ)တွေမှာ ဆိုပါတယ်။ အစဉ်အလာအရ နှလုံးအိမ်ထဲမှာရှိတဲ့ သွေးမှာ စိတ်ဝိညာဉ် တည်မှီ နေတယ်လို့ ဆိုပါတယ်။ ဒီအစဉ်အလာ ယူဆချက်ဟာ ဗုဒ္ဓခေတ်မှာ လွှမ်းမိုးနေပြီး ဗုဒ္ဓမတိုင်ခင်ကပင် တည်ရှိနေတဲ့ ဥပနိသျှဒ်ကျမ်းတွေမှာ လာတဲ့ အယူအဆလည်း ဖြစ်ပါတယ် (Philosophy East and West,
Vol. 45, No. 3 (Jul., 1995), p. 409 မှာအကျယ်ရှုပါ)။
ဗုဒ္ဓရဲ့ အာဘော်
အဘိဓမ္မခုနစ်ကျမ်းရဲ့ပထမဆုံးဖြစ်တဲ့ ဓမ္မသင်္ဂဏီကျမ်းမှာ ဟဒယဝတ္ထု ဝတ္ထုဆိုတဲ့ ဝေါဟာရ မပါတာ၊ မဟာပဋ္ဌာန်းပါဠိတော်မှာလည်း ‘အကြင် ရုပ်ကိုမှီ၍ (ယံ ရူပံ နိဿာယ)မနောဓာတ် (ဘဝင်စိတ်)နဲ့ မနောဝိညာဏဓာတ် (ကြံသိစိတ်)တွေ ဖြစ်တယ်’လို့ သာမန်ပဲ ဟောတော်မူတာ၊ ဒါတွေကို ထောက်ပြပြီး အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ပဌမဆုံး အင်္ဂလိပ် ဘာသာပြန်ဆိုခဲ့သူ ပညာရှင် ရခိုင်ပဏ္ဍိတ် ဦးရွှေဇံအောင်က ဗုဒ္ဓရှင်တော်မြတ်ဟာ စိတ်ဝိညဉ်ဘယ်မှာ တည်မှီတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆိတ်ဆိတ်နေတော်မူခဲ့တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓ Compendium of Philosophy, p. 277-278)။
နှောင်းခေတ်ပညာရှင်အများစုလည်းနိကာယ်ငါးရပ်ကပါဠိတော် ဝေါဟာရတွေကို မွှေနှောက် ထုတ်နုတ်ပြီး အကျယ်တဝင့် ဝေဖန် ဆွေးနွေးကြရင်း နောက်ဆုံး နှလုံးအိမ် အတွင်းမှာ စိတ်ရှိတယ်လို့ ဗုဒ္ဓ ရှင်တော်မြတ်မဟောခဲ့ဘူးလို့ ပဲကောက်ချက်ဆွဲကြပါတယ်။
ယူဆချက် နှစ်မျိုး
ဒါကြောင့် ပညာရှင်တွေရဲ့ ဝေဖန်ဆန်းစစ်မှုအရ ဟဒယဝတ္ထု သို့မဟုတ် နှလုံးသားထဲက စိတ်ဝိညာဉ်၏ တည်မှီရာ ဆိုတာနဲ့ ပတ်သက်ပြီး ယူ ဆချက်နှစ်မျိုးတွေ့ရပါတယ်။
တစ်၊ မူရင်းအဘိဓမ္မာ ပါဠိတော်ရဲ့ အာဘော်အရ စိတ်ဟာ မည် သည့်နေရာက မည်သည့်ရုပ်မှာ တည်မှီတယ်လို့ အတိအကျ မဆိုနိုင်တဲ့ အတွက်ကိုယ်ကာယတစ်နေရာရာမှာ သို့မဟုတ် အာရုံကြောရှိတဲ့ နေ ရာအနှံ့မှာ တည်မှီနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုဆိုရင် နှလုံးသား ထဲကရုပ်၊ ခေါင်းထဲကရုပ်တွေလည်းဖြစ်နိုင်တာပဲ။
နှစ်၊ အဋ္ဌကထာဋီကာကျမ်းတွေ (အေဒီ ၅ ရာစုကနေ ၁၂ ရာစု အထိ)တွေမှာစိတ်ဟာနှလုံးသားထဲကသွေးမှာတည်မှီကြောင်းဖွင့် ဆိုကြပါတယ်။ ဒီအဆိုဟာ ဥပနိသျှဒ်ကျမ်းတွေမှာ ပါရှိပြီး ဗုဒ္ဓခေတ်မှာအလွန်ထင်ရှားတဲ့ အယူအဆလည်းဖြစ်တယ်။
ဒါပေမယ့်မြတ်ဗုဒ္ဓရဲ့ အာဘော်ကို အမှန်အတိုင်း ဖွင့်ဆိုကြတဲ့ အဋ္ဌ ကထာ ဋီကာဆရာတွေဟာ ဗုဒ္ဓက အတိအကျ မဟောပါဘဲနဲ့ ဘာကြောင့် အဲဒီ ဗြဟ္မဏဝါဒ (ဖြစ်ဖွယ်ရှိတဲ့)အစဉ်အလာအဆိုနောက်ကို လိုက်ခဲ့ ကြသလဲဆိုတာကတော့ ထပ်စဉ်းစားရာပေါ့။
အဖြေနှစ်မျိုး
ပထမ နည်းအရဆိုရင် စိတ်ဟာ ခန္ဓာကိုယ်တစ်နေရာရာ သို့မဟုတ် နေရာအနှံ့မှာ တည်နေနိုင်တာဖြစ်လို့ နှလုံးအစားထိုးမှုနဲ့ တိုက်ရိုက် မပတ်သက်တော့ဘူး။ ဒုတိယ ယူဆချက်နဲ့ အညီ ဖြေရင် ဗုဒ္ဓတရား တော်အရ ရုပ်ရောနာမ်ပါ နှစ်မျိုးလုံးဟာ အမြဲ ပြောင်းလဲနေတဲ့ ဖြစ်စဉ် သက်သက်ပဲ။လွန်ခဲ့တဲ့ စက္ကန့်ကစိတ်နဲ့ ရုပ်ဟာ ယခုစက္ကန့်မှာဖြစ်ဆဲ စိတ်နဲ့ ရုပ်မဟုတ်ဘူး။ ဖြတ်ထုတ်သွားတဲ့ နှလုံးသားရဲ့ဇီဝရုပ်တွေရှင် နေဆဲ သို့မဟုတ် သူ့ရဲ့အင်အားလုံးလုံးကြီး မပျက်စီးခင်အဲဒီနှလုံး သားဟောင်းထဲမှာ ရှေးစိတ်တွေရဲ့အရှိန်သို့မဟုတ် သတ္တိနဲ့ ပါလာတဲ့ ဘဝင်စိတ်အစဉ် တည်မှီနေသေးဖွယ် ရှိပါတယ်။ အစားထိုး ခံရတဲ့ ကိုယ်ထဲက သွေးနဲ့ နှလုံးအသစ်တို့ ပေါင်းစပ်မိတဲ့ အချိန်ကစပြီး အဲဒီ နှလုံးအသစ်ထဲမှာ ဘဝင်စိတ် ကြံသိစိတ်အသစ်တွေဆက်လက် ဖြစ် သွားတယ်လို့ယူနိုင်ဖွယ်ရှိပါတယ်။
ဖားအောက် ဆရာတော်ကြီးရဲ့ အလိုအရ 'ဟဒယဆိုတာ နှလုံး အိမ်ထဲကသွေးပဲ။ အဲဒီသွေးကို ဓာတ်လေးပါးစစ်ရင် အမှုံတွေ ဖြစ်တယ်။ ဓာတ်ခွဲရင် ရုပ်ကလာပ်၆-စည်း။ ရုပ်အမျိုးအစားအနေနဲ့ သိစိတ် တည်မှီတ ဲ့ ဟဒယရုပ် အပါအဝင် ၅၄-မျိုး။ နှလုံး အစားထိုးတဲ့ အခါနှလုံးအိမ်ကြီးပြောင်းလဲသွားပေမယ့်နှလုံးအသစ်ထ ဲကို ဖြတ်ဝင် လာတဲ့ သွေးကတော့ သမ္မုတိသစ္စာနယ်က ပြောရင် မပြောင်းလဲဘူး'လို့ စေတီကိုဥပမာပေးပြီးရှင်းပြတော်မူပါတယ်။ (အာနာပါနသုတ္တန်၊တရားခွေအမှတ်၁၂၊အစပိုင်း)
အိမ်မြှောင်မြီးပြတ်
ကြွက်၊အိမ်မြှောင်၊ မြွေမြီးပြတ်တွေ လှုပ်ရှားနေရာမှာ သိစိတ်နဲ့ မကင်းဘူး၊ ခန္ဓာဟောင်းက စိတ်ဝိညဉ်ရဲ့ သတ္တိနဲ့ လှုပ်နေတာလို့ အေဒီ ၁၂ရာစု နှောင်းပိုင်းမှာ ရေးတဲ့ ဝိနည်းဋီကာမှာ ဆိုပါတယ် (ဝိမတိ၊ဋီ၊၂၊၂၃၁)။ မန်လည်ဆရာတော်ကလည်း- 'ကြွက်အိမ်မြှောင်မြွေမြီးတို့
ပြတ်ပြီးလျက်ဖြတ်ဖြတ်ခုန်
ဆတ်ဆတ်တုန်လှုပ်ရှား။
တလှည့်စီဝေဒနာယှဉ်လို့
စိတ်ဝိညာဉ်သတ္တိဖြစ်ငြား’လို့
ဝိမတိဋီကာအဆိုကို ထောက်ခံခဲ့ပါတယ်။
ကျီးသဲနဲ့ မန်လည်
ဒါပေမယ့် ‘ခေါင်းပြတ်၍ လွန့်၊ တတွန့်တွန့်၊ စွန့်ရန် ဝိညာဉ် ကြွင်းလိမ့် နည်း’ ဆိုတဲ့ ကြေးကန် ရှင်ကြီးရဲ့ အမေးကို ကျီးသဲဆရာတော်က ‘ဝိညာဉ် မကြွင်း (သိစိတ်မရှိ) ပြီ၊ စိတ္တဇရုပ် အဟုန်ကြောင့် ဥတုဇရုပ် တွေ တုန်လှုပ်နေခြင်းသာ ဖြစ်ကြောင်း’ ဖြေဆိုပါတယ်။ အဲဒီ အဖြေကို မန်လည်ဆရာတော်က ‘ယုတ္တိမရှိလွန်း’လို့ မှတ်ချက်ပြုခဲ့ပါတယ် (သတပဒိကကျမ်း)။
အာရုံကြောတွေ အသက်ရှင်နေဆဲ အလုပ် လုပ်နေဆဲဖြစ်လို့ ခုန် နေတာလို့ သိပ္ပံနည်းနဲ့ ဆိုနိုင်မလားဘဲ။ သက်ရှိတိုင်းမှာ ကိုယ့်အသက်ကို ကာကွယ်ဖို့ သဘာဝကပေးတဲ့ နည်းလမ်းတစ်ခုခု ပါပြီးသားဖြစ်လို့ အိမ်မြှောင်တွေ ကြွက်တွေဟာလည်း အန္တရာယ်နဲ့ ကြုံလာရင် ကိုယ့် ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ သူတို့ရဲ့အမြီှးကိုအလိုလိုဖြုတ်ပစ်နိုင်ပါသတဲ့။ လှုပ်နေတဲ့ မြီးပြတ်ကို ရန်သူ အာရုံစိုက်နေတုန်း သူတို့က လွတ်ရာကို ထွက်ပြေးနိုင်တာပေါ့။ အမြီှးတော့ ပုံမှန်အတိုင်း ပြန်ထွက် လာပါသတဲ့ (Readers'Digest ခုနှစ်၊ လအတိအကျမမှတ်မိ)။
၃၅။ ဗုဒ္ဓသာသနာ့အလံ
ဧပြီ ၀၅၊၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ဗုဒ္ဓဘာသာ အခမ်းအနားတွေမှာ အသုံးပြုနေတဲ့ သာသနာ့အလံနဲ့ ပတ် သက်ပြီးမေးလျှောက်ပါရစေဘုရား။
၁) သာသနာ့အလံမှာပါတဲ့ ရောင်စဉ်တွေက မည်သို့အဓိပ္ပာယ်ရှိသည်
၂) လက်ရှိသာသနာ့အလံကို မည်သည့်ခေတ်မှာ မည်သူက သို့မဟုတ် မည်သည့်နိုင်ငံက တီထွင်ခဲ့သည်
၃) သာသနာ့အလံရဲ့ရောင်စဉ်အဓိပ္ပာယ်ယူဆချက် သို့မဟုတ် အသုံးပြုမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပါအဝင် ထေရဝါဒ နိုင်ငံတွေအကြားမှာရော ထိုင်ဝမ်လို မဟာယာနနိုင်ငံတွေမှာပါ အယူအဆ ခြားနားချက်ရှိမရှိ..
ဆိုသည်တို့ကို သိလိုပါသည်ဘုရား။
မြဖူးလျှံ (စမ်းချောင်း)
---
ရောင်စဉ်ခြောက်မျိုး
ဗုဒ္ဓရှင်တော်မြတ် သဗ္ဗညုတဉာဏ်ကို ရပြီးနောက် လေးပတ်အကြာမှာ ဗောဓိပင်ရဲ့ အနောက်မြောက်ဖက် ရတနာစင်္ကမ နေရာတော်ရဲ့ အနောက်ဖက်မှာရှိတဲ့ ရတနာဃရစံအိမ်မှာ သီတင်းသုံးတော်မူပါတယ်။ ‘
ရတနာစင်္ကမဌာန၏ အနောက်ဖက်၌ နတ်တို့က မြတ်ဗုဒ္ဓအား ရတနာ ဃရ =ရတနာ ခုနစ်ပါးဖြင့်ပြီးသောအိမ်ကိုဖန်ဆင်းပေးကြ၏ (ဝိ၊ဋ္ဌ၊၃၊၂၃၈။ ဗုဒ္ဓဝံသ၊ဋ္ဌ၊၁၀။ မ၊ဋ္ဌ၊၂၊၈၉)။ ရတနာဃရ စံအိမ်ဟူသည် ရတနာ ခုနစ်ပါးအစစ်ဖြင့် တည်ဆောက်သောအိမ်မဟုတ်၊ အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောကြားသည့် နေရာသာဖြစ်၏ (အဘိ၊ဋ္ဌ၊၁၊၁၃)’။ (စကားမစပ် ဝိနည်း၊ သုတ္တန်အဋ္ဌကထာတွေအဆိုနဲ့ အဘိဓမ္မာအဋ္ဌက ထာအဆိုနှစ်ရပ်အနည်းငယ် ကွဲလွဲနေတာကို သတိပြုမိနိုင်ပါတယ်)။
အဲဒီ ရတနာဃရ စံအိမ်မှာ သီတင်းသုံးနေတုန်း ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိ၊ ကထာဝတ္ထု၊ ယမက ပဋ္ဌာန်းဆိုတဲ့ အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်ရာမှာ နောက်ဆုံး မဟာပဋ္ဌာန်း ကျမ်းမြတ်ကို ဆင်ခြင်တဲ့ အခါ မြတ်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်က ရောင်ခြည်တော် ခြောက်မျိုးထွက်ပေါ်ခဲ့တယ်။ အဲဒီ ခြောက်မျိုးကို ကျမ်းဂန်လာ အစဉ်နဲ့ ဖော်ပြရရင်
၁) နီလ=ညိုသောရောင်ခြည် (ဆံပင်မွေးညှင်းနှင့် မျက်လုံးစသော နေရာတော်တွေက ထွက်တယ်)
၂) ပီတ=ရွှေသောရောင်ခြည် (အရေတော်နှင့် မျက်လုံးတော်တွေက ထွက်တယ်)
၃) လောဟိတ=နီသောရောင်ခြည် (အသွေးအသားနှင့် မျက်လုံးတော်တွေက ထွက်တယ်)
၄) ဩဒါတ=ဖြူသောရောင်ခြည် (အရိုး၊ သွားနှင့် မျက်လုံးတော်တွေက ထွက်တယ်)
၅) မဉ္ဇိဋ္ဌ=ညိုမောင်းသောရောင်ခြည် (ထိုထိုခန္ဓာကိုယ် အစိတ်အပိုင်းတွေက ထွက်တယ်)
၆) ပဘဿရ=ပြိုးပြက်သောရောင်ခြည်၊ ထိုထိုခန္ဓာကိုယ် အစိတ်အပိုင်းတွေက ထွက်တယ်)
မြတ်ဗုဒ္ဓ ရုပ်ထွင်းနဲ့ ရုပ်ပုံပန်းချီကားတွေမှာ ဦးခေါင်းတော် ပတ်လည် မှာပါရှိတဲ့ ရောင်ခြည်စက်ဝန်းဟာ အဲဒီရောင်ခြည်ခြောက်မျိုးကို ရည်ညွှန်းတာပါ။ ဗုဒ္ဓသာသနာ့ အလံတော်က ရောင်စဉ် ခြောက်မျိုးလည်း အဲဒီခြောက်မျိုးကိုပဲ ရည်ညွှန်းပါတယ်။
ဗုဒ္ဓသာသနာ့အလံ
သီရိလင်္ကာနိုင်ငံမှာ ၁၈၈၅-ခုနှစ်၊ ဧပြီလ၂၈-ရက်နေ့ကို ဝိဆက်ဒေး (ကဆုန်လပြည့်ဗုဒ္ဓနေ့) ပြည်သူ့ရုံးပိတ်ရက်အဖြစ် အင်္ဂလိပ်အစိုးရက တရားဝင် ကြေညာပေးခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကျင်းပမဲ့ အဲဒီဗုဒ္ဓ နေ့အခမ်းအနားအတွက် ဗုဒ္ဓသာသနာ ကိုယ်စားပြုအလံတစ်ခုလိုအပ် တာကို သီရိလင်္ကာဗုဒ္ဓဝါဒီ ဦးဆောင်သူတွေ သဘောပေါက်ခဲ့ကြတယ်။ ဒါကြောင့် အဓိပ္ပါယ်နဲ့ ပြည့်စုံတဲ့ ဗုဒ္ဓသာသနာ့အလံတစ်ခုကို ဒီဇိုင်းရေး ဆွဲဖို့ အဖွဲ့ဝင်ကိုးဦးပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့တယ်။ ဗုဒ္ဓသာ သနာ့အလံမှာ ပဋ္ဌန်းရောင်ခြည်ခြောက်မျိုးပါရှိဖို့ အဲဒီသာသနာ့အလံဒီ ဇိုင်းအဖွဲ့ကို အကြံပေးတိုက်တွန်းခဲ့သူကတော့ လူ့ခန္ဓာကိုယ်က ထွက် တဲ့ ကိုယ်ရောင်ကိုယ်ဝါကို အထူးစိတ်ဝင်စားပြီး အဲဒီ အကြောင်းကို ဆောင်ပါးတွေရေးခဲ့တဲ့ အမေရိကန်လူမျိုး ဗိုလ်မှူးကြီးဟောင်း ဟင်နရီ စတီးလ် အိုလ်ကော့ (Col. Henry Steel Olcott) ဖြစ်ပါတယ်။ အိုလ် ကော့ဟာ အဲဒီအချိန်က သီရိလင်္ကာမှာ ဗုဒ္ဓသာသနာပြန်လည်ရှင်သန် ရေးလှုပ်ရှားမှုမှာ အထူးပါဝင်ကူညီနေသူဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ပုဂျိထဂုဏဝါရ်ဒေနေ (Poojitha Goonawardene) အမည်ရှိ သီရိလင်္ကာလူမျိုး တစ်ဦးက ပုံစံဒီဇိုင်းရေး ဆွဲပြီး အဖွဲ့ကို တင်ပြရာမှာ အဖွဲ့က အရွယ်အစားကို အနည်းငယ်ပြုပြင်ပြီး သဘောတူလက်ခံလို့ လက်ရှိ သာသနာ့အလံ ဖြစ်လာပါတယ်။
အဲဒီ အဖွဲ့ သဘောတူညီချက်နဲ့ (ပြုပြင်ပြီး) ဖြစ်တဲ့ သာသနာ့ အလံကို ဂျီ ပီ မာလာလာဆေကေရ (သီဟိုဠ်ပညာရှင်)က ၁၉၅၀- ခုနှစ်၊ မေလ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကို တင်ပြလို့ အဲဒီ အလံဟာ ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင် အားလုံးလက်ခံတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသာနာ့အလံတော် ဖြစ် လာခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းယူတော့မယ့် အချိန်လောက်မှာ ဗုဒ္ဓသာသနာ့ အလံတော် စတင် ပေါ်ပေါက်ခဲ့တယ်လို့ အကြမ်းဖြင့်ဆိုနိုင်မယ်ထင်ပါတယ်။
တီထွင်သူ
အိုလ်ကော့ရဲ့အကြံနဲ့ ဗုဒ္ဓသာသနာ့အလံကို ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်လို့ အိုလ်ကော့ကိုပဲ ဗုဒ္ဓသာသနာ့အလံကို တီထွင်သူလို့ ပညာရှင်အများစုက အသိအမှတ်ပြုကြပါတယ်။ အိုလ်ကော့ဟာ အမေရိကန် အတွေးအခေါ် သမိုင်းမှာရော နိုင်ငံရေးနယ်ပယ်မှာပါ ထင်ရှားသူ ဖြစ်ပါတယ်။ အမေရိ ကန် သီအိုဆိုဖီအသင်းကို စတင်တည်ထောင်သူ၊ အဲဒီအသင်းရဲ့ ပထမ ဆုံးဥက္ကဋ္ဌ၊ အများကောင်းကျိုးဆောင်ရွက်သူ၊ စာရေးဆရာ၊ ရှေ့နေ၊ အရှေ့အနောက်တစ်ခွင်ဗုဒ္ဓဘာသာပြန့်ပွားအောင် ဆောင်ရွက်ခဲ့သူ အနေ နဲ့ မှတ်တမ်းတင်ခံရသူပါ။ စတီဖင် ပရိုသဲရိုး (Stephen Prothero) က The White Buddhist လို့ အိုလ်ကော့ရဲ့အတ္ထုပ္ပတ္တိကို ရေးခဲ့ပါတယ်။
၁၈၃၂-ခုနှစ်၊ ဩဂုတ်လ ၂-ရက်နေ့ဖွား၊ အမေရိကန်ပြည်ထောင် စု၊ နယူးဂျာစီပြည်နယ်၊ အောရင့်ဂျ် (Orange)မြို့သား။ ငယ်စဉ်အခါ ပရို တင့်စတင့် ခရစ်ယန်ဘာသာဝင်။ နယူးယောက် စီးတီးကောလိပ်နဲ့ကို လမ်ဘီယာ တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့ပါတယ်။ အမေရိကန် ပြည်တွင်းစစ်အတွင်း စစ်မှုထမ်းပြီး ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခံရတယ်။ သမ္မတလင်ကွန်း လုပ်ကြံခံရစဉ်က အိုလ်ကော့ဟာ လူသတ် သမားစုံစမ်းရေး အထူးအရာရှိ သုံးဦးအဖွဲ့ဝင်ဖြစ်တယ်လို့ သိရတယ်။
၁၈၆၀-ပြည့်နှစ်မှာ မေရီ အက်ပလီ မေလ်ဂင် အမည်ရှိ အမျိုး သမီးနဲ့ အိမ်ထောင်ပြုပြီး သားသမီး နှစ်ယောက် ထွန်းကားပါသတဲ့။ စိတ်ပညာနှင့် ဂေန္ဓာရီ ပညာတွေကိုလည်း စိတ်ဝင်စားခဲ့ပြီး နောင်အခါ အရှေ့တိုင်း ဘာသာတရားတွေကို လေ့လာလိုက်စားခဲ့တယ်။ ၁၈၈၀- ပြည့်နှစ်မှာ အိန္ဒိယမှတစ်ဆင့် သီရိလင်္ကာကို ရောက်ပြီးနောက် မကြာ မီမှာ ငါးပါးသီလ ခံယူပြီး ဗုဒ္ဓဝါဒီအဖြစ် သီရိလင်္ကာနိုင်ငံ ဂေါလေ (Galle) မြို့မှာ လူသိရှင်ကြား ကြေညာခဲ့တယ် (John Snelling, The Buddhist Handbook, p. 107)။
အိုလ်ကော့ဟာ မိမိရဲ့စည်းရုံးရေး စွမ်းရည်ကို အသုံးချပြီး သီရိ လင်္ကာနိုင်ငံမှာ ဗုဒ္ဓသာသနာတိုးတက်အောင်ဆောင်ရွက်ရင်း ၁၈၈၁- မှာ ‘ဗုဒ္ဓဝါဒ အမေးအဖြေကျမ်း’ (The Buddhist Catechism)ကို ရေးပြီး ၁၉၀၇ ခုနှစ်၊ အိန္ဒိယနိုင်ငံ မဒရပ်ပြည်နယ်အဓျာမြို့မှာ ကွယ်လွန်တယ်။
အဓိပ္ပာယ်တစ်မျိုး
ဗုဒ္ဓသာသာနာ့အလံ ရောင်စဉ်ခြောက်မျိုးထဲက နီလကို မဟာကရုဏာ၊ ပီတကို မဇ္ဈိမပဋိပဒါလမ်းစဉ်၊ လောဟိတကို မင်္ဂလာတရား၊ ဩဒါတ ကို ဝိသုဒ္ဓိနဲ့ ဝိမုတ္တိ၊ မဉ္ဇိဋ္ဌကိုပညာ၊ ပဘဿရကို ယင်း ခြောက်မျိုး ပေါင်းလို့လည်း အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ဗုဒ္ဓသာသနာ့အလံရဲ့ ရောင်စဉ်နဲ့ အနည်းငယ် ခြားနားတာက ငါးခု မြောက် မဉ္ဇဋ္ဌ အရောင် ဖြစ်ပါတယ်။ အခြားဗုဒ္ဓဘာသာ နိုင်ငံတွေမှာ မဉ္ဇိဋ္ဌကို လိမ္မော်ရောင် (orange)လို့ ယူပြီး (၎င်းတို့အဆို) မြန်မာတို့က အစိမ်း (green)ရောင်လို့ ယူတယ်လို့ ဆိုတယ်။ အမှန်က မြန်မာသုခမိန် တွေက မဉ္ဇိဋ္ဌကို မရမ်းစေ့ရောင် သို့မဟုတ် ညိုမောင်းသောအရောင်လို့ ယူခြင်းသာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။
၃၆။ စက်ကြီးတစ်ဆယ့်သုံးပါး
ဧပြီ ၀၃၊၂၀၀၈။
---
ဆရာတော် အရှင်ဘုရား၊
တပည့်တော်ရိုသေစွာ မေးလျှောက်အပ်ပါတယ်ဘုရား၊ စက်ကြီး တစ် ဆယ့်သုံးပါး ဘုရားရှိခိုးမှ စက်များအကြောင်းနှင့် တစ်ဆယ့်လေးချက် ဓမ္မစက်၊ တစ်ဆယ့်ရှစ်ချက် သံဃာ့စက်တို့သည် ဘယ်အချက်များကို ရေတွက်သည်ကို မသိပါသဖြင့် ရွတ်ဆိုရာတွင် အဓိပ္ပာယ်သိပါက ပိုမို ကြည်ညိုသဒ္ဓါပွါးနိုင်စေရန် ရှင်းပြပေးတော်မူပါဘုရား
မစန္ဒာ စင်္ကာပူ
---
စက်ကြီးတစ်ဆယ့်သုံးပါးစာကိုယ်
ဩောင်း၊ တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်၊ တစ်ဆယ့်လေးချက် ဓမ္မစက်၊ တစ် ဆယ့်ရှစ်ချက် သံဃာ့စက်၊ လရောင်ဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာ စက်၊ မြင်းမိုရ်တောင်ဦး မကကျူးလျက် မိဘစက်၊ ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာ့စက်၊ ဝရဇိန်လက်နက် ဗြဟ္မာ့စက်၊ မိုးကြိုးလက် နက် သိကြားစက်၊ လောင်မီးကျလျက် နတ်တို့စက်၊ ဘွဲ့ဖြူလက်နက် ဘီ လူးစက်၊ တောင်ဟုန်ပြင်းလျက် ဂဠုန်စက်၊ အာကာတွင်းက ဝင်းဝင်း တောက်လျက် နဂါးစက်၊ သုံးထောင်သင်္ချာ ဟေမဝန္တာ အာဏာစိုးလျက် သီဟစက်၊ စက်ကြီးတစ်ဆယ့်သုံးပါး ရွတတ်သံကြားက ဘေးများမြင်ရှု မကောင်းမှုသည် ဝေးကကြဉ်ရှောင် အောင်စေတတ်သည် မြတ်၏ပညာ ဆရာတည်း၊ ဩောင်း နမော ဒူရေ ဒူရေ သွာဟုံဟုံ။
စက်ဆိုတာ
ဒီနေရာမှာ စက်ဆိုတာကို ဘုန်းတန်ခိုးစွမ်းအားလို့ အဓိပ္ပာယ်ဖွင့်နိုင် မယ်ထင်ပါတယ်။ စာကိုယ်မှာပါတဲ့ ကြီး ၁၃ကြီးရဲ့ အရှိန်အဝါတန်ခိုး တေဇော် အာနုဘော်ကြောင့် ဘေးအန္တရာယ်တွေ ကင်းဝေးပါစေ သ တည်းလို့ ဆုတောင်းခြင်း သို့မဟုတ် သစ္စာအဓိဋ္ဌာန် ပြုခြင်းလို့ ဆိုနိုင် ကောင်းပါတယ်။ အဲဒီဆုတောင်းမှု ပြည့်ဖို့အတွက်တော့ မိမိမှာထိုက် တန်တဲ့ ကောင်းမှုကုသိုလ်နဲ့ ကိုယ်ကျင့်တရား (သီလ)တွေ ရှိဖို့လိုပါလိမ့် မယ်။ မရှိသေးရင် ရှိအောင် အရင် လုပ်ထားရမယ်။ ဩောင်းဆိုတာ ဥုံနဲ့ အတူတူဖြစ်လို့ 'အန္တရာယ်ကင်းရန်စွယ်ရှင်း၍ အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ'လို့ အဓိပ္ပာယ်ဆိုနိုင်ပါတယ်။
တစ်ရာ့ရှစ်ကွက်
ပါဠိတော် (ဒီ၊၂၊၁၄။ဒီ၊၃၊၁၁၇။မ၊၂၊၃၃၆)တွေမှာတော့ ဟေဋ္ဌာ ပါဒတလေသု စက္ကာနိ ဇာတာနိ သဟဿာရာနိ = ဗုဒ္ဓရဲ့ ခြေဖဝါးမှာ ဒေါက်ပေါင်း၁၀၀၀၇ှိတဲ့ စက်ဝိုင်းပုံတွေပါတယ်လို့ ဆိုပါတယ်။ အချို့ ဗုဒ္ဓခြေတော်ရာပုံ စေတီ (ဗုဒ္ဓပါဒစေတီ)နဲ့ ဗုဒ္ဓလျောင်းတော်မူပုံ ဆင်းတု ကြီးအချို့ရဲ့ ခြေဖဝါးတော်တွေမှာတော့ မင်္ဂလာအမှတ်အသား သို့မ ဟုတ် ပုံသဏ္ဌာန် ၁၀၈မျိုးနဲ့ သရုပ်ဖော်ထားတာကို တွေ့နိုင်ပါတယ်။ အဲဒီအထဲမှာ အရှိန်အဝါ စွမ်းအင်ကြီးမားတဲ့ ဂဠုန်ပုံ (အကွက်အမှတ် ၆၃)၊ ရဲရင့်မှုသင်္ကေတ ခြင်္သေ့ပုံ (၆၈)၊ ဘူရိဒတ်နဂါးမင်း ကိုယ်စားပြု သီလရဲ့ သင်္ကေတနဂါးပုံ (၇၃)၊ လွတ်လပ်မှုသင်္ကေတ ဟင်္သာငှက်ပုံ (၇၄)၊ သစ္စာသင်္ကေတ ကိန္နရီကိန္နရာပုံ (၈၀)၊ သာယာချိုမြိန်မှုသင်္ကေ တ ဥဒေါင်းပုံ (၈၃)၊ ဒါ့အပြင် ဓမ္မစကြာသင်္ကေတ စက်ဝိုင်းပုံ (အလယ် ဗဟို) စတာတွေ ပါဝင်ပါတယ်။ အများစုက ဗုဒ္ဓလောင်းလျာပါရမီဖြည့် ခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေကို သင်္ကေတပြု ဖော်ပြတာဖြစ်နိုင်ပါတယ်။
တစ်ဆယ့်လေးချက်
အဓိပ္ပာယ်နှစ်မျိုး ယူနိုင်ပါလိမ့်မယ်။ ပထမနည်းက ဓမ္မ (တရား)လို့ဆို လိုက်ရင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိဓမ္မ၊ သစ္စာလေးပါး ဆိုတဲ့ ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရဖြစ်တဲ့ တရားဆယ့်လေးမျိုးလို့ ယူနိုင် ပါတယ်။ နောက်တစ်နည်းက ဓမ္မဆိုတဲ့ စကားလုံးရဲ့ အတ္ထ (အနက် အဓိပ္ပာယ်) ၁၄ မျိုးလို့လည်း ယူနိုင်ပါတယ်။ အဲဒါတွေက သဘော တရား၊ သင်ကြားရမယ့် ဝိနည်း သုတ္တန် အဘိဓမ္မာ၊ ပညာ၊ အသင့် ယုတ္တိ၊ သစ္စာတရား၊ ပကတိ (သူ့သဘာဝ)၊ ကုသိုလ်၊ ညေယျဓံတရား ငါးပါး၊ ဂုဏ်၊ အကျင့်၊ သမာဓိ၊ သတ္တဇီဝမရှိ၊ အာပတ်၊ အကြောင်း တရား၊ ပေါင်း ၁၄ မျိုး (ပါဠိအဘိဓာန်၊ ၇၈၄ ဂါထာ)။ အမှန်တော့ ဓမ္မသဒ္ဒါဟာ အဲဒီ ၁၄မျိုး အပြင်သမယ (အချိန်အခါ)၊ ဥပမာ (နိုင်းယှဉ် ခြင်း)၊ အဟိံသာ (မနှိပ်စက်ခြင်း) လို့လည်း အဓိပ္ပာယ်ရပါသေးတယ်။ (အမေးအဖြေအမှတ် ၃၆၅။ တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် ခေါင်းစဉ်ဖြင့် စာမျက်နှာ ၁၁၈၈တွင်ဖတ်ပါ။)
တစ်ဆယ့်ရှစ်ချက်
မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊ ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊ သမ္မုတိ သံဃာ (အပေါင်းကိုယူ၍) တစ်ယောက်၊ ပေါင်းသံဃာကိုးမျိုးနဲ့ အဲဒီ သံဃာရဲ့ဂုဏ်ရည် (သံဃာ့ဂုဏ်တော်) ကိုးမျိုး၊ ပေါင်း၁၈မျိုးလို့ယူ နိုင်ပါတယ်။ ဘုန်းကြီးစဉ်းစားမိတာပါ။ ပညာရှင်တို့ကျမ်းဂန်မှာတွေ့ ဖူးလျှင် အများသူငါတို့ကို ဗဟုသုတမျှဝေပါကုန်။
လရောင်ဝင်းလျက် ဘုရား၊ ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာအရှင်မြတ်များကို 'လရောင်ပမာ ညာဏ် ရောင်ဝါဖြင့် သစ္စာပွင့်လင်းတရားမင်းများ'လို့ ချီးကျူးထောမနာပြုလေ့ ရှိပါတယ်။ ဒါကြောင့် 'လရောင်လို အေးမြကြည်လင်တဲ့ ဝိပဿနာ ပညာနဲ့ ပြည့်စုံကြတဲ့ ရဟန္တာများရဲ့ဘုန်းတန်ခိုးကြောင့်'လို့ အဓိပ္ပာယ် ယူနိုင်ပါတယ်။ နောက်စက်နှစ်ခုက အနန္တမေတ္တာရှင် မိဘများနဲ့ ကျေး ဇူးအရှင် ဆရာသခင်တို့ရဲ့မေတ္တာစေတနာ စွမ်းအားလို့ ယူနိုင်ပါတယ်။ 'သိကြားမင်းရဲ့ ဝရဇိန်လက်နက်၊ အာဠာဝကဘီလူးရဲ့ ဘွဲ့ဖြူ လက်နက်၊ ဝေဿဝန် နတ်မင်းရဲ့ သန်လျက်လက်နက်၊ ယမမင်းရဲ့ မျက်လုံးလက်နက် (သံ၊ဋ္ဌ၊၁၊၂၉၀)'လို့ ကျမ်းဂန်မှာ လာတဲ့ အတွက် ဘွဲ့ဖြူလက်နက် ဘီလူးစက်ဆိုတာကတော့ ကျမ်းဂန်နဲ့ ညီတယ်လို့ဆို နိုင်ရာပါတယ်။ အခြားစက်တွေကတော့ လောကီကျမ်းတွေ ဂန္ဓာရီကျမ်း တွေရဲ့ အဆိုဖြစ်မလားလို့ ထင်နေပါတယ်။
သွာဟုံဟုံ
ပညာပါရမိတာသုတ်သို့မဟုတ် ဟဒယသုတ်လို့လည်းခေါ်တဲ့ သက္ကတ ဘာသာ မဟာယာနသုတ္တန်ရဲ့ နိဂုံးမှာ 'ဂတေ ဂတေ ပါရဂတေ ပါရ သံဂတေ ဗောဓိ သွာဟ'ဆိုတဲ့ စာသားကို တွေ့ရပါတယ်။ အဲဒီ 'သွာဟ'ဆိုတဲ့ စကားလုံးဟာ မြန်မာလို 'သွာဟုံဟုံ' ဖြစ်လာဖွယ်ရှိပါတယ်။ အဓိပ္ပာယ်က 'Hail! Glory!' (ရှိခိုးဦးတင်ပါ၏၊ ကောင်းချီး မင်္ဂလာ ဖြစ်ပါစေ) တဲ့။ ဒူရေ ဒူရေ ဆိုတာကတော့ ‘ဝေးစေ ရှောင်စေ ရှားစေ’ပေါ့။ နမော ဆိုတာက ‘ဦးညွတ်ပါ၏၊ ရှိခိုးပါ၏’။
သဗ္ဗမင်္ဂလာဂါထာ
ဗုဒ္ဓဝါဒဒဿနတွေ အပြည့်ပါပြီး ဗုဒ္ဓဟော ကျမ်းဂန်ထွက် (ဓမ္မပဒ၊၃၈၇ ဂါထာ) ဖြစ်တဲ့ အောက်ပါ ပါဠိဂါထာလေးကို အာဂုံနှုတ်လွတ် ဆောင်ပြီး လိုအင်ဆန္ဒပြည့်ဝနိုင်ကြဖို့လည်း ထပ်ဆင့်အကြံပြုလိုက်ပါတယ်။ ရွတ် ဖတ်တဲ့ အခါ အသံထွက်မှန်အောင်တော့ ဂရုစိုက်ပါ..
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိ မာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ စျာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။
အာဒိစ္စော၊ ရောင်ခြည်တစ်ထောင်အလင်းဆောင်သည့်ထွန်းပြောင် ပဝင်း ရှင်နေမင်းသည်။ ဒိဝါ၊ နေ့အခါ၌။ တပတိ၊ လောကအလယ် ဂုဏ်မြင့်ကြွယ်၍တင့်တယ်ပါပေ၏။
စန္ဒိမာ၊ စန်းငွေယုန်ခ သော်တာလသည်။ ရတ္တိံ၊ ညဉ့်အခါ၌။ အာဘာတိ၊ နှစ်သက်စဖွယ်တင့်တယ်ပါပေ၏။
သန္နဒ္ဓေါ၊ ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်၍ထားသော။ ခတ္တိယော၊ လူတို့သနင်း ပြည့်ရှင်မင်းသည်။ တပတိ၊ ကြီးမြင့်ခံ့ထယ် ဂုဏ်မြင့်ကြွယ်၍တင့်တယ်ပါပေ၏။
စျာယီ၊ ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ဝင်စား လျက်ရှိပေသော။ ဗြာဟ္မဏော၊ ကိလေသာကို အပပြုပြီးသော အာသ ဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်။ တပတိ၊ စျာန်မဂ် နှစ်သွယ် စွယ်စုံ ခြယ်၍တင့်တယ်ပါပေ၏။ အထ၊ ထိုမှကြူး၍ထူးသည်မှာကား။
ဗုဒ္ဓေါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား အောင် တော်မူ မြတ်စွာဘုရားသည်။ သဗ္ဗံ၊ အလုံးစုံသော။ အဟောရတ္တိံ၊ နေ့ ညဉ့် ကာလပတ်လုံး။ တေဇသာ၊ ကြီးကဲစိုးရ တန်းခိုးတော်အနန္တဖြင့်။ တပတိ၊ အံ့ချီးလောက်ဖွယ်လောကလယ်၌တင့်တယ်တော်မူပါပေ၏။
တာဒိသံတေဇသမ္ပန္နံ၊ ထိုသို့သောဘုန်းတန်ခိုးတော်နှင့်ပြည့်စုံပေ သော။ ဗုဒ္ဓံ၊ သစ္စာသိမြင် ဘုရားရှင်ကို။ အဟံ၊ တပည့်တော်သည်။ အာဒရံဝန္ဒာမိ၊ ရိုသေစွာ ရှိခိုးပါ၏ အရှင်ဘုရား။
အသံထွက်
အာဒိစ္စော=အာဒိတ်စော
သန္နဒ္ဓေါ=သန်နတ်ဓော
မဟောရတ္တိံ=မဟောရတ်တိန် (ယတ်တိန်လို့ မဖတ်ရ)
အာဒရံ=အာဒယံလို့ မဖတ်ရ။
၃၇။ သံသရာ ဘယ်ကစ
ဧပြီ ၀၆၊၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
သံသရာရဲ့ အစဆိုတာကို နားမလည်နိုင် ဖြစ်နေပါသည်ဘုရား။ အခြား ဘာသာတွေမှာတော့ ထာဝရဘုရားသခင်က စတင်ဖန်ဆင်းသည်ဟု ကြားဖူးပါသည်။ သို့ဖြစ်၍ ဖန်ဆင်းရှင်ကို ယုံကြည်သူတို့ အနေဖြင့် ထိုကိစ္စကို လွယ်ကူစွာ နားလည်နိုင်မည်ဟု ထင်ပါသည်။ လူတွေဟာ ကမ္ဘာပေါ်မှာ ဒါမှမဟုတ် စကြဝဠာထည်းမှာ ဘယ်တုန်းက စတင်ဖြစ် ပေါ်ခဲ့ပါသနည်း။ သတ္တဝါတွေရဲ့မူလအစဟာ ဘယ်အရာဖြစ်ပါသနည်း။ သို့မဟုတ် သက်ရှိလောက၏ အစဆုံးသောအရာဟာ မည်သည့်အရာ ဖြစ်ပါသနည်း။ ဖြစ်နိုင်ပါလျှင် ဗုဒ္ဓဝါဒအဆိုကိုသာမက အခြားဘာသာ တို့၏ အဆိုကိုပါ ပြည့်စုံစွာသိလိုပါသည်ဘုရား။
ဗာဂျီးနီးယားမှ ဦးဦးသိန်းထွန်းပါဘုရား
---
ကျမ်းတွေအဆို
‘ထို့နောက် ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း ၍ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏ (ကမ္ဘာဦးကျမ်း ၁၊၇)။ ထိုအခါ ထာဝရ အရှင်ဘုရားသခင်သည် လူထည်းက ထုတ်သော နံရိုးဖြင့် လူ မိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့လေ၏ (ယင်း၁၊၂၂)’။
‘ထို (အလ္လာဟ်) အရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်း တော်မူ၏ (ကုရ်အာန် ၉၆း၂)။ ထိုမှတစ်ပါး စင်စစ်ဧကန် ငါ (အလာဟ်) အရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သော ရွှံ့ပုပ် ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည် (ယင်း၁၅၊၂၆)’။ (စကားမစပ် အခန်း၉၆နဲ့ အခန်း၁၅အဆိုတွေ ဆန့်ကျင်နေသလားပဲ)။
ကမ္ဘာပေါ်မှာထင်ရှားတဲ့ ဘာသာတရားတွေ စတင်ရာအဲဒီ ကျမ်း စာတွေအရ လူသတ္တဝါတွေဟာ ဘုရားသခင် ဖန်ဆင်းချိန်က စတင်ခဲ့တယ် တစ်နည်းဆိုရင် သက်ရှိနဲ့ စကြဝဠာအစ ဖန်ဆင်းရှင်ကလို့ ဆို နိုင်ပါတယ်။ မဟာဗြဟ္မာ၊ ယေဟောဝါ၊ ထာဝရ၊ အလာ၊ ခိုဒါ စတဲ့ အမည်နာမအားလုံးကို ဒီနေရာမှာ ဖန်ဆင်းရှင်လို့ ဆိုလိုပါတယ်။
ဗုဒ္ဓ မိန့်ဆိုပုံ
‘ဤစဉ်ဆက်မပြတ် လည်ပတ်မှုဖြစ်စဉ် မွေးသေစက်ဝန်း (ဘဝသံ သရာ)သည် အစမထင်ဘဲရှိ၏။ အဝိဇ္ဇာ (မသိမှု)ဖြင့် မြှေးယှက်ကြကုန် လျက် တဏှာ (စွဲလမ်းမှု)ဖြင့် တုပ်နှောင်ဖွဲ့ချည်ထားခြင်း ခံနေကြရသော သတ္တဝါတို့၏ အဦးအစမူလရင်းမြစ်ကို မသိမြင်နိုင် (သံ၊၁၊၃၈၅)’။
ဗုဒ္ဓဝါဒအရ အကြောင်းဟာ အကျိုးကို ဖြစ်ပေါ်စေပြီး အဲဒီအကျိုးကပဲ တစ်ဖန်အကြောင်းတရားဖြစ်လာတဲ့ အတွက် သက်ရှိလောက ဒါ မှမဟုတ် အခြားဘယ်အရာမဆိုရဲ့ ရှေးဦးအစ မူလရင်းမြစ် အကြောင်း တရားဆိုတာကို မသိမြင်နိုင်ဘူး။ ဘဝသံသရာ အလျဉ်ဟာ အဝိဇ္ဇာ တဏှာ ဆိုတဲ့ ညွန်ရေတွေနဲ့ ဖြည့်တင်းထားသရွေ့ စက်ဝန်းလို မရပ်မစဲ လည်ပတ်နေတယ်။ စက်ဝန်းရဲ့အစကို ရှာမတွေ့နိုင်ဘူး။
ဆုံးစ မထင်နိုင်
သတ္တဝါတစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခု ဖြစ်ပေါ်လာဖို့ အဲဒီ သတ္တဝါ အရာဝတ္ထုတွေ မပေါ်ပေါက်မီ ရှေးကတည်းက တည်ရှိနေနှင့် ပြီးဖြစ်တဲ့ ဖန်ဆင်းရှင် ရှိရမယ်လို့ ယူဆရင် အဲဒီဖန်ဆင်းရှင် ကိုယ်တိုင်လည်း သူ့ကိုဖန်ဆင်းဖို့ နောက်ထပ်ဖန်ဆင်းရှင်တစ်ယောက်ရှိကိုရှိရ မယ်လို့ ယုတ္တိနည်းကျ ယူဆခွင့်ရှိပါတယ်။ အဲဒီလိုဖြစ်ရင် ဖန်ဆင်းရှင် တွေ အစအဆုံး မရှိနိုင်တော့ဘူး။ တကယ်လို့ အဲဒီ ဖန်ဆင်းရှင်ဟာ အဆုံးအစ မရှိ၊ ဒါ့ကြောင့် သူ့ကို ဖန်ဆင်းဖို့ ရှေးဦး အကြောင်းဖြစ်တဲ့ နောက်ထပ်ဖန်ဆင်းရှင်တစ်ယောက်မလိုပါဘူးလို့ ဆိုရင် တော့ ‘ဖန် ဆင်းရှင် အဆုံးအစမရှိသလို ဘဝသံသရာလည်း အဆုံးအစမရှိပါဘူး’ လို့ ပဲဆိုရပါလိမ့်မယ်။ နောက်တစ်မျိုးပြောရရင် အကယ်၍ အဲဒီအဦး အစ မူလရင်းမြစ်ဖြစ်တဲ့ အကြောင်းတရား (ဆိုပါစို့ အဲဒီ ဆုံးစမဲ့ ဖန် ဆင်းရှင်)ဟာ တစ်စုံတစ်ဦးသော တန်ခိုးရှင်ရဲ့ ဖန်ဆင်းခြင်းမျှမခံရဘဲ တည်ရှိနိုင်တယ်ဆိုရင် စကြဝဠာထဲမှာရှိတဲ့ အခြားသော သဘာဝတရား တွေဟာလည်း ဖန်ဆင်းခြင်းမခံရဘဲ မတည်ရှိနိုင်စရာ အကြောင်းရှိပါ့ မလား။ ဖန်ဆင်းမှုကင်းလွတ်နယ်ပယ်တစ်ခုဧကန်ရှိရမယ်ပ။
သိပ္ပံလည်း မနိုင်သေး
သိပ္ပံပညာရှင်တွေဟာ သက်ရှိ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုရဲ့ မူလအစကို တစ်ခုပြီး တစ်ခုရှာဖွေရင်း အကြောင်းတရားက အကျိုးတရားဖြစ် သွားပြီး နောက်ဆုံးတော့ ဆိုပြီး အကျိုးတရားလည်း အခြားအကျိုး တရားတစ်ခုကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား ဖြစ်သွားပြန်တယ်။ ရှာဖွေရင်းမူလမှတ်ကိုပဲ ပြန်ရောက်သွားကြတာကို တွေ့ရတယ်။
သက်ရှိတွေ၊ သစ်ပင်တွေ၊ ဂြိုဟ်တွေ၊ ဒြပ်ဝတ္ထုနဲ့ စွမ်းအင်တွေရဲ့ မူလ အကြောင်းတရားတွေကို ရှာဖွေတွေ့ရှိကြပြီး ဖြစ်ပေမယ့် မိမိတို့ ကိုယ်တိုင် ဖြစ်ပေါ်တည်ရှိမှုရဲ့ မူလရင်းမြစ် ရှေးဦးအကြောင်းတရားကို တော့ တွေ့ရှိနိုင်စွမ်း မရှိကြသေးပါဘူး။
ဗုဒ္ဓမြတ်စွာကတော့ သတ္တဝါတွေရဲ့ ရှေးဦးမူလရင်းမြစ် အကြောင်း တရားကို မသိမြင်နိုင်ဘူး သံသရာအစမရှိဘူး ဆိုတာကို ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်နဲ့ ရှင်းပြထားပြီး ဖြစ်ပါတယ်။ အဲဒီလို အစမရှိတာကို အစမရှိဘူးလို့ အမှန်အတိုင်း ထိုးထွင်း သိမြင်လို့ ပဲ ဗုဒ္ဓမြတ်စွာကို သဗ္ဗ ညုတ (အလုံးစုံသိ) ဉာဏ်တော် ပိုင်ရှင်လို့ ဆိုနိုင်တာပါ။ ဒါကြောင့် မူလရင်းမြစ် အကြောင်းတရား တစ်ခုမရှိဘဲ သတ္တလောက ဘယ်လို စတင် ဖြစ်ပေါ်လာသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဗုဒ္ဓါဒီတစ်ယောက်ရဲ့ အဖြေကရှင်းပါတယ် ‘ဒီမေးခွန်းအတွက် အဖြေမရှိပါ’တဲ့။
အချိန်နဲ့ အာကာသ (Time and Space)ဟာ တစ်ခုစီ သီးခြား မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်ဖြစ်စဉ်နဲ့ အမှီသဟဲပြုနေတယ်ဆိုတဲ့ Relitivity သဘောတရားကိုနားလည်ရင် လောကမှာ အစ မရှိဆိုတာကိုလည်း နားလည်နိုင်ပါတယ်။
လောကအရာ မကြံရာ
အာကာသရဲ့အဆုံးကိုသိမြင်ဖို့ခဲယဉ်းတယ်။ အချိန်ရဲ့ သက်တမ်းကို နားလည်ဖို့လည်း မလွယ်ဘူး။ ဒီ့ထက် အချိန်ဆိုတဲ့ အရာ မရှိတော့ရင် အချိန်ဆိုတာကိုနားလည်ဖို့ပိုပြီးခဲယဉ်းသွားတယ်။ အဲဒီလိုပဲမူလရင်း မြစ်အစဦးအကြောင်းတရားကိုအခြေပြုပြီးဟောဒီကမ္ဘာလောကဖြစ် ပေါ်လာပုံကို နားလည်ဖို့ ခက်ခဲပါတယ်။ အနှီမူလရင်းမြစ် အကြောင်း တရားရဲ့စတင်ဖြစ်တည်ပုံကိုနားလည်ဖို့ဆိုရင် ပိုမိုမခဲယဉ်းဘူးလား။
ဒါကြောင့် ဗုဒ္ဓရှင်တော်မြတ်က ‘လောကစိန္တာ ဘိက္ခဝေ အစိန္တေယျာ = ရဟန်းတို့၊ လောကအရာကို မကြံစည်ကြနှင့် (အံ၊၁၊၃၉၂)’ လို့ မိန့် မှာတော်မူတာ ဖြစ်ပါတယ်။ လောကအကြောင်း စကြဝဠာအကြောင်းကို ကြံစည်စဉ်းစားဖို့က သိပ္ပံပညာရှင်တွေရဲ့ တာဝန်ပါ။
ဗုဒ္ဓ မဖြေကြားဘူး
လူတွေ စိတ်ဝင်စားနိုင်ဖွယ်ရှိပေမယ့် ဝိမုတ္တိ (ဒုက္ခမှလွတ်မြောက်မှု)နှင့် မပတ်သက်လို့ အဲဒီလိုမေးခွန်းမျိုးကို ဗုဒ္ဓကိုယ်တိုင် မဖြေကြားခဲ့ပါဘူး။ ဘာကြောင့်ဆို မေးခွန်းကိုက လူတစ်ယောက်ရဲ့ အဆင့်မမီတဲ့ နား လည်မှုရဲ့ရလဒ်ဖြစ်နေလို့ ပါပဲ။ စကြဝဠာရဲ့ မူလရင်းမြစ်နဲ့ ပတ်သက် တဲ့ သီအိုရီတွေ၊ ယုံကြည်မှုတွေ၊ လောကဟာ အဆုံးရှိသလား မရှိဘူး လား ဆိုတာတွေကို စဉ်းစားနေမယ့်အစား ဒုက္ခမှ လွတ်မြောက်မှုကို ကြိုးစားရှာဖွေကြဖို့သာ ဗုဒ္ဓက အရေးတကြီးတိုက်တွန်းခဲ့ပါတယ်။
မြားမှန်သူဟာ မြားဘယ်အရပ်က လာတယ်၊ ဘယ်သူ ပစ်တယ် ဆိုတာကို အချိန်ကုန်ခံ စုံစမ်းနေမယ့်အစား အသက်ရှင်ဖို့ ခန္ဓာကိုယ်ထဲ ကမြားကို အရင်ဆုံး ဖယ်ရှားပစ်ဖို့က ပိုအရေးကြီးကြောင်းပါ။
သဒ္ဓါကိုပညာစောင့်မှ၊ ပညာကိုသဒ္ဓါစောင့်မှ လမ်းဖြောင့်သည်။
၃၈။ အရက်နှင့် အပါယ်ငရဲ
နိုဝင်ဘာ ၁၉၊၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော်ဟာ အရက်သေစာ သောက်စားမှုကို လုံးဝ ရှောင်ကြဉ်သူ ပါဘုရား။ ဒါပေမယ့် တပည့်တော် သိလိုသည်မှာ အရက်သောက်လျှင် အပါယ်ငရဲသို့ ရောက်မရောက် အရက်သောက်သူ တရားထိုင်လျှင် တရားထူးကို ရမရ ဆိုသည့်အချက် ဖြစ်ပါသည်။ ထူးခြားတာက ဒုစရိုက် ဆယ်ပါးထဲမှာ အရက်သောက်မှု မပါပါဘုရား။ ဖြစ်နိုင်လျှင် အခြားဘာသာတွေရဲ့ ကျမ်းတွေမှာ အရက်သောက်မှုနှင့် ပတ်သက်ပြီး မည်သို့ ညွှန်ကြားမှုရှိသည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။
တပည့်တော် ဗာဂျီးနီးယားမှ ဦးဦးသိန်းထွန်းပါဘုရား
---
ဗုဒ္ဓကျမ်းဂန်အဆို
‘ရဟန်းတို့၊ သေအရက်သောက်ခြင်းကို မှီဝဲလျှင် ကြိမ်ဖန်များစွာ ပြု လျှင် အပါယ်လေးဘုံ၌ ဖြစ်ရ၏။ အရက်သောက်သူသည် လူဖြစ်လာ သော်လည်း အနည်းဆုံး ရူးသွပ်မှု အကျိုးကို ရတတ်၏။ အံ၊၃၊၇၈’။ ‘(ဒုဿီလစေတနာ) ငါးပါးလုံး (ငါးပါးသီလကို ချိုးဖောက်မှု အားလုံး) ကမ္မပထမြောက်သည်သာ (ပဉ္စပိကမ္မပထာဧဝ) အဘိ၊ဋ္ဌ၊၂၊၃၆၆’။
ဖော်ပြပါ အင်္ဂုတ္တိုရ်ပါဠိတော်အရ သေအရက်ကို သောက်သူဟာ အပါယ်ငရဲကို ရောက်ပါတယ်။ သေအရက်ကို သောက်စားခြင်းဟာ သူ့အသက်ကို သတ်တာ၊ ခိုးတာ၊ သူ့အိမ်ယာကို ပြစ်မှားတာတွေလိုပဲ ကံလည်း မြောက်ပါတယ်။ ကံမြောက်တယ်ဆိုတာက မကောင်းကျိုး ပေးတယ် တစ်နည်း အပါယ်လေးဘုံမှာ ပဋိသန္ဓေအကျိုးကို ပေးတတ်တယ်လို့ ဆိုလိုတာပါ။
ဒုစရိုက်ဆယ်ပါးမှာ မပါ
အရက်သောက်တာကို ဒုစရိုက်ဆယ်ပါးမှာ မထည့်တာက ကံမမြောက် လို့ သို့မဟုတ် အပြစ်မရှိလို့ မဟုတ်ပါဘူး။ အကုသိုလ် ကမ္မပထတရား ဆယ်ပါး (ဒုစရိုက်ဆယ်ပါး) ဖြစ်ပေါ်လာအောင် ပင့်တင်ပေး (ကျေးဇူး ပြု) တတ်ခြင်း၊ ဒုစရိုက်ဆယ်ပါးထဲက ကာမေသု မိစ္ဆာစာရ သဘော ရှိခြင်းတို့ကြောင့် အရက်သောက်တာကို သီးခြား ဒုစရိုက်တစ်ပါး အနေနဲ့ မယူတာပါ (မူလဋီ၊၂၊၁၈၉။ အနုဋီ၊၂၊၁၉၀)။
အဲဒီ အဘိဓမ္မာဋီကာကြီး နှစ်စောင်ရဲ့ အဓိပ္ပာယ်ကို ဉာဏ်မီသမျှ ဖွင့်ဆိုရရင် ‘ပစ်ခတ် သတ်ဖြတ်ရဲအောင်၊ ပြည်သူ့ဘဏ္ဍာကို အဓမ္မ ယူရဲအောင်၊ ကာမပိုင်ရှိသူတွေကို ကြာခိုရဲအောင်၊ ပေးမယ် ဆိုတာကို မပေးဘဲ ကတိဖျက်ရဲ လိမ်ရဲအောင်’ ဘိန်း ကဇော် လှော်စာ အရက် အင်ဖက်တမင်း စိတ်ကြွဆေးတွေကို သူများကျွေးလို့ ဖြစ်စေ ကိုယ့်ဟာ ကိုယ်ဖြစ်စေ စားသုံးရင် ‘ဒုစရိုက်ဆယ်ပါးဖြစ်ပေါ်လာအောင် သုရာပါန (မူးယစ်ဆေးသုံးစွဲမှု)က ပင့်တင်ပေးတဲ့ (ဥပကာရ)သဘော’ ပေါ့။
မူးရုံ ပျော်ရုံမျှ သို့မဟုတ် ပင်ပန်းတာ ပြေအောင် သို့မဟုတ် စိတ်ညစ်တာ ပျောက်အောင် သောက်တယ်ဆိုရင် တော့ ‘ရသလို့ ဆိုတဲ့ ဝတ္ထုကာမဂုဏ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အကျင့်ဖြစ်လို့ ကာမေသု မိစ္ဆာစာရနဲ့ သဘောတူပါတယ် (ဋီကာကျော်၊ စာ- ၁၇၂)’။
သမာကျမ်းအဆို
‘Psamls104:15: And wine that maketh glad the heart of man, and oil to make his face to shine, and bread which strengtheneth man's heart.
ဝိုင် (စပျစ်ရည်) သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအား ဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေနေတော်မူ၏။ မုန့်သည်လည်း သူ တို့ နှလုံးကို ထောက်မ၏ (ဆာလံ ၁၀၄း၁၅)’။
‘1 Timothy 5:23 Do not drink water any longer, but use a little wine for the sake of your stomach and your frequent cases of sickness.
သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှာလည်း ကောင်း၊ မကြာ မကြာခံရသော ရောဂါ ကြောင့်လည်း ကောင်း ယခုမှစ၍ ရေကိုသာ မသောက်ဘဲ ဝိုင် (စပျစ် ရည်) အနည်းငယ်ကို သုံးလော့ (၁တိမောသေ၅း၂၃)’။
‘John19:30: When Jesus therefore had received the vinegar, he said, It is finished: and he bowed his head, and gave up the ghost.
ယေရှုသည် ဝိုင် (ပုံးရည်)ကို ခံပြီးမှ အမှုပြီးပြီဟု မိန့်တော်မူ လျက်ခေါင်းတော်ကိုငိုက်ဆိုက်ညွတ်၍ အသက်တော်ကိုစွန့်တော်မူ၏ (ယောဟန် ၁၉း၃၀)’။ ယေရှုခရစ်တော်ဟာ ကွယ်လွန်ခါနီးမှာ vinegar လို့ ခေါ်တဲ့ အရည်တစ်မျိုးကိုသောက်သုံးခဲ့ပါတယ်။
သမာကျမ်း John 19:30, King James's version မှာ vinegar လို့ ဆိုတယ်။ Jehova's Witiness version မှာ အဲဒီ ဝေါဟာရအစား sour wine လို့ ဆိုတယ်။ ယုဒသန် Rev. A. Judson, D.D. က wine ကို စပျစ်ရည်၊ vinegar ကို ပုံးရည်လို့ မြန်မာပြန်ခဲ့ပါတယ်။ ယုဒသန်ဟာ မြန်မာ့ယဉ်ကျေးမှုကို ကောင်းစွာ ကျွမ်းကျင်ပါပေတယ်။
Jeyova's Witiness အဖွဲ့ဝင်တွေ လာရောက် ဟောပြောစဉ် မေး မြန်းချက်အရ ‘အရက် (alcohol)ကို ဥပါဒ်မဖြစ်ရုံ သောက်ရင် တစ် နည်း အမူးလွန်အောင် မသောက်ရင် ယေဟောဝါ ဘုရားသခင်က လူ သားတို့အပေါ် ထားရှိတဲ့ မဟာကရုဏာတော်ကြောင့် ကြည်ဖြူစွာ ခွင့် ပြုပါတယ်’ဟုဖြေဆိုတာကို မှတ်သားဖူးပါတယ်။
ကုရ်အာန်ကျမ်းအဆို
‘စွန်ပလွံသီးများ၊ စပျစ်သီးများမှ မူးယစ်စေသောအရာနှင့် စားကောင်း သောက်ဖွယ်များ ပြုလုပ်ကြကုန်၏ (၁၆း၆၇)’။ ‘အသင်တို့သည် မူးယစ် နေကြစဉ် ဆွလာတ်ဝတ်ပြုမှု၏ အပါးသို့ပင် မချဉ်းကပ်ကြလေနှင့် (၄း၄၃)’။ ‘၁၆း၆၇ မုခပါဌ်ကျရောက်စဉ်က မွတ်ဆလင်တို့ကို သေအရက် သောက်ခွင့်ပြုခဲ့သော်လည်း နောင်အခါ ၄း၄၃ မုခပါဌ်တော်ကျရောက် လာပြီး သေသောက်ခွင့်ကို တားမြစ်လိုက်၏ (ကိုရ်အာန်၊ တွဲ ၁၊ စာ၁၈၅၊ အောက်ခြေမှတ်ချက်)’။
ဖော်ပြပါကျမ်းစာစကားအရ ယခုခေတ်မွတ်ဆလင်တွေ အရက် သောက်ခွင့်မရှိတော့ကြောင်း နားလည်ရပါတယ်။ စပ်မိလို့ ကိုရ်အာန် ကျမ်း၂း၂၁၉မှာ ဖော်ပြတဲ့ အရက်မသောက်ဖို့ အကြောင်းပြချက်တွေဟာ အင်မတန် လက်တွေ့ကျပြီး လိုက်နာကျင့်သုံးရန် ကောင်းမွန် ကြောင်း အသိပေးလိုပါတယ်။
အရက်သမားနဲ့ တရားထူး
ညအရက်မူး မနက်တရားထိုင် ဆိုရင် တော့ ဘယ်တော့မှ တရားထူး ရမှာမဟုတ်ဘူး။ ယခင် သောက်ခဲ့ပေမယ့် ယခုလုံးဝ အရက်ဖြတ်ပြီး တရားထိုင်ရင် ဒီဘဝမှာ တရားထူးကို ရနိုင်ပါတယ်။ ဖြတ်လိုက် ထိုင် လိုက် ပြန်သောက်လိုက် ဆိုရင် တရားထူးရဖို့ ခဲယဉ်းပါလိမ့်မယ်။ တရားထူးကိုရပြီးသူဟာ အရက်လုံးဝ မသောက်တော့ဘူး။
နည်းနည်းပါးပါး သောက်ရင်
လူတွေဟာ အရသာခံဖို့ အရက်သောက်ကြတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ စိတ်ပြေလက်ပျောက် ဒါမှမဟုတ် အပျော်သဘောမျိုးနဲ့ တစ်ခါ တစ်ရံ လူမှုရေးအရ အများနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ သောက်ကြ တာလဲ ရှိနိုင်တယ်။ နည်းနည်းလေး သောက်ရင်လည်း စိတ်ဓာတ် ပျက်စီးပြီး အမှားနဲ့ အမှန်ကို မခွဲခြားနိုင်ဘဲ သတိလက်လွတ်ဖြစ်တတ် တာပဲ။ မပြောသင့်တာ ပြောမိ၊ မလုပ်သင့်တာ လုပ်မိ ဖြစ်တာပဲ။ ဗုဒ္ဓ ဟောတဲ့ ငါးပါးသီလ သိက္ခာပုဒ်နဲ့ ပြောရရင် နည်းနည်းလေးကိုတောင် မစောင့်ထိန်းနိုင်ရင် မိမိရဲ့ သီလကို စောင့်ထိန်းဖို့ ဆုံးဖြတ်ချက်ဟာ ခိုင်မြဲနိုင်ပါ့မလား။ ပြီးတော့ နည်းရာကနေ တဖြည်းဖြည်းများလာတတ် တဲ့ လူ့သဘာဝကိုလည်း မမေ့သင့်ဘူး။
ဒါကြောင့် ဗုဒ္ဓဝါဒီ တစ်ယောက်အနေနဲ့ အရက်သောက်တာဟာ အပါယ်ငရဲကျကြောင်းဖြစ်လို့ ပါပ (မကောင်းမှု)တစ်ခုလို့ မြဲမြဲမှတ်ယူ ပါ။ ပြီးတော့ အဲဒီ မကောင်းမှုမှ အာရတီ ရှောင်လိုက်ပါ။ ဝိရတီ ဝေး ဝေးက ရှောင်လိုက်ပါ။ အဲဒီလို ရှောင်ရင် သူ့အလိုအလို ကုသိုလ် တိုးပွားပြီး မင်္ဂလာဖြစ်တယ်လို့ အကြံပြုပါရစေ။
၃၉။ တောထွက်လိုလျှင်
ဧပြီ ၂၂၊၂၀၀၈။
-----------------
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော်သည် ကွန်ပျူတာပရိုဂရမ်မာအဖြစ် သက်မွေးဝမ်းကျောင်း ပြုပြီး နေထိုင်ခဲ့ရာမှာ အတော်အသင့်အောင်မြင်ပြီး ငွေကြေးလည်း အတော်အတန်စု ဆောင်းမိခဲ့ပါသည်။ ဆရာဝန်တွေကမကြာမီသေတော့ မည်ဟုဆိုသော ရောဂါတစ်ခုကို ကံကောင်းစွာ ကျော်လွန်ခဲ့ပြီးနောက် တပည့်တော်၏ စိတ်ထဲ၌ လူ့ဘောင်ကိုစွန့်ပြီး ရဟန်းပြုလိုစိတ် ပြင်းပြ လျက်ရှိပါသည်။ တပည့်တော်၏ အသက်၄၇ နှစ်ပါ။ သားကြီး အရွယ် ရောက်ပြီဖြစ်၍ ဇနီးဖြစ်သူကလည်း ကြည်ဖြူစွာ သဘောတူပါသည်။ တပည့်တော်၏ ဆုံးဖြတ်ချက် မှန်ကန်ပါသလား။ ရဟန်းပြုရန် တပည့်တော် မည်သို့ ပြင်ဆင်သင့်ပါသနည်း။ သင်ယူလေ့လာ ဖတ်ရှုသင့်သည့် စာအုပ်များကိုလည်း ညွှန်ကြားပေးစေလိုပါသည် အရှင်ဘုရား။
မောင်လှမျိုး
-------------------
ရဟန်းဘဝ ရခဲလှ
‘ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော’ ဆိုတဲ့ အတိုင်း ရဟန်းပြုတယ်ဆိုတာ ရခဲ တဲ့ အပြင် ခက်လဲခက်တဲ့ အလုပ်ပါ။ သတိသံဝေဂ ရလို့ ရဟန်းဝတ်ချင် စိတ် ပေါက်လာကို မွန်မြတ်တယ်လို့ အကောင်းမြင်သဘောနဲ့ ဆိုနိုင်ပါတယ်။ တွယ်တာစရာတွေကို ဖြတ်နိုင်ခဲ့တဲ့ စိတ်ဓာတ်ကိုက လေးစား စရာပါ။ ဘုန်းကြီးတို့ ခပ်ငယ်ငယ် ကျောင်းသားဘဝတုန်းက ရွယ်တူ ကိုရင် လေးတွေ၊ ဦးပဉ္စင်းငယ်တွေကို အားကျပြီး ဘုန်းကြီး ဝတ်ချင်ခဲ့တယ်။ သူတို့ဘဝ လွတ်လပ်ပြီး သိပ်ပျော်စရာ ကောင်းမှာပဲလို့ ထင်တယ်။ မိဘတွေအပါအဝင် ပတ်ဝန်းကျင်က သူတို့တွေကို ကြည်ညိုစွာ ဆက်ဆံတာ လေးစားတာ ဖော်ရွေတာတွေကို အားကျတဲ့ လူ့သဘာဝလည်း ပါခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ဖန်ဝါရောင် အဆင်းကိုက (ဒီနိုင်ငံ ဒီ ယဉ်ကျေးမှု ဒီအသိုင်းအဝိုင်းထဲမှာ) ချစ်ခင် လေးစားစရာ သွင်ပြင် ဖြစ်နေတာလည်း တစ်ကြောင်းပေါ့။ အင်း၊ ကိုယ်တိုင် ကိုရင် ဖြစ်လာတော့ ထင်သလောက် မလွယ်ဘူးဆိုတာကို တဖြည်းဖြည်း သိလာတယ်။ နေ့ အချိန်ဘုန်းကြီးဆီမှာတစ်နေကုန်စာသင်ရတယ်။ ဥပုသ်နေ့က လွဲရင် ညတိုင်း ဘုရားဝတ်တက်၊ ပြီးရင် စာအံရတယ်။ ဝေယျာဝစ္စ အလုပ် တွေလည်းပြည့်လို့။ မနက်ကမိုးချုပ်ထိအားတယ်ကိုမရှိဘူး။
လေ့ကျင့်မှု ထုထည်
ဆယ်ကျော်သက်အရွယ်မှာ မနက် ၅နာရီအိပ်ယာက ထရတာကိုက အိမ်က သားသမီးတွေနဲ့ နှိုင်းစာကြည့်ပါ။ ပရိတ်ကြီး ၁၁သုတ်၊ အတွင်း အောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွေချိုင့်၊ လောကနီတိ၊ ရှင်ကျင့် ဝတ်လို့ ခေါ်တဲ့ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ၇၅၊ စုဒ္ဒသခန္ဓက ဝတ်တွေကို ကိုရင် စည်းပြီးတာနဲ့ ကုန်အောင်သင်ရတယ်။ ပညာလည်း သင်၊ စိတ်ပိုင်းဘဝကိုလည်း လေ့ကျင့်ရတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကန်းစည်းချင်တာ၊ စာမေးပွဲ အောင်ချင်တာ၊ အရေးပေး ခံရချင်တာ လောက်ပါပဲ။ စာသင်တိုက်ကြီးတွေကို ရောက်တော့ သီလသိက္ခာပုဒ် ထိန်းသိမ်းမှုနဲ့ စည်ကမ်း လိုက်နာရမှုတွေက ပိုကျပ်သွားတယ်။ ဒီလို နေရာမျိုးကို ရောက်ဖူးမှလည်း စံမီဘဝအဆင့်ကို ရောက်မှာ။
စာသင်တော့လည်း အပြိုင်အဆိုင် အားကြိုးမာန်တက် လုပ်ရတယ်။ အခက်အခဲကို ကျော်လွှားပြီး အနည်းဆုံး ဓမ္မာစရိယဘွဲ့ က လေးဆိုတာလောက်ကို ရဖို့တော်ရုံဇွဲဝီရိယနဲ့ မလွယ်ဘူး။ အဲဒီလောက် အောင်ပြီးမှလည်း ပါဠိတော် အဋ္ဌကထာတွေကို အတော်အသင့် ဖတ် တတ် လေ့လာတတ်တဲ့ သဘော ရှိတာကိုး။ အရည်အချင်း ပြည့်မီတဲ့ ရဟန်းတစ်ပါး ဖြစ်လာဖို့ စိတ်ပိုင်းဘဝ လေ့ကျင့်ပျိုးထောင်မှုTrainingဟာ ထုထည်ကြီးမားပါတယ်။ ငယ်ငယ်ကဆို ကိုယ့်ကိုယ်ကိုTraining လုပ်လို့ လုပ်နေမှန်းတောင် မသိခဲ့ပါဘူး။ စည်းကမ်းကို လိုက်နာမယ်၊ စာမေးပွဲ အောင်မြင်အောင်ကြိုးစားမယ်၊ ခလုတ်ဆူးငြောင့်မထိအောင် ရှောင်မယ်၊ ဒါလောက်ပဲ သိခဲ့တယ်။ ကြီးလာမှပဲ မိမိမှာရှိခဲ့တဲ့ Training ဘဝကို အလေးအနက် စဉ်းစားရင်း ကိုယ့်ကိုယ်ကို နှမြောပြီး တန်ဖိုး ထားမိလို့ သာသနာ့ဘောင်မှာ မြဲနေဖို့ဖြစ်သွားခဲ့တာပါ။ အဲဒီလို အဆုံး အမကောင်း မရှိခဲ့ရင် ရဟန်းဘဝကို တန်ဖိုးမထားတတ်ဘူး။
ကိုယ့်ကို နှိမ့်ချ
အဲဒီလို လေ့ကျင့်မှုအောက်မှာ နှစ်ပေါင်း နှစ်ဆယ် အစိတ်လောက် နေလာပြီးမှ ဘုန်းကြီးဘဝကနေ လူထွက်ရင် အများစုဟာ ရုတ်တရက် လူ့လောကနဲ့ အံဝင်ဂွင်ကျ မဖြစ်ဘဲ ‘လူ့ဂွစာကြီး’ ဖြစ်နေတတ်တယ်။ ဘုန်းကြီးလူထွက်ဟာ လူ့ဘဝမှာ အံမဝင်ဖြစ်တတ်သလို ‘တောထွက်’ အများစုဟာလည်း ဘုန်းကြီးဘဝနဲ့ သံဃာ့အသိုင်းအဝိုင်းမှာ အံဝင်လေ့ မရှိတတ်ဘူး။ အသက်လေးဆယ်နီးမှ ဘုန်းကြီးဝတ်ရင် တော့ အိမ် ထောင်ကျကျ မကျကျ အများက ‘တောထွက်’ လို့ ပဲ နားလည်ကြမှာ ပဲ။ ‘တောထွက်’ လို့ ခေါ်ခံရတာကိုက နားခါးစရာ ခံစားရတယ်။ ဒါပေမယ့် မိမိဘဝမှန်ကိုသိရင် တော့ သည်းခံနိုင်ပါတယ်။ ဘာကြောင့်ဆိုဗုဒ္ဓ ရှင်တော်မြတ်တောင် ‘မဟာဘိနိက္ခမန’ ‘ကြီးမြတ်တဲ့ တောထွက်မှု’ကို ပြုခဲ့ပြီးမှ ဘုရားဖြစ်လာတာပါ။
ကိုယ်က ဝါတော် လေးငါးဆယ်ရတဲ့ ဆရာတော်ကြီးပုံစံ ပေါက် နေပေမယ့် ရဟန်းသိက္ခာကြီးတဲ့ ကိုယ့်သားလောက် ရဟန်းငယ်တွေကို ရှိခိုးရတယ်။ အချို့တောထွက်တွေဟာ အတော်အသင့် သိက္ခာဝါရ ပြီး အသိုင်းအဝိုင်းလေးတစ်ခုရှိလာရင် ကိုယ့်ကိုယ်ကို အထင်ကြီးသွားပြီး ပဉ္စင်းငယ်တွေကို ရှိမခိုးချင်တော့ဘူး။ တစ်ခါတစ်ရံ ရဟန်းငယ်က မှားပြီး ရှိခိုးဦးညွတ်ရင် တောင် မသိလိုက်မသိပါနဲ့ ငြိမ်ပြီး သာယာနေ တတ်တယ်။ ဘုရင့်သားပဲဖြစ်ဖြစ် မီလျံနာပဲဖြစ်ဖြစ် ဒေါက်တာပဲဖြစ်ဖြစ် ရဟန်းဘဝမှာ သိက္ခာဝါငယ်သူဟာ ကြီးသူကို ရှိခိုးရမယ် ဦးစားပေး ရမယ်ဆိုတာကို သိမ်ထဲမှာ ရဟန်းခံတုန်းကပင် ညွှန်ကြားထားပြီး သား။ ဗုဒ္ဓရဲ့ ညီတော် မင်းညီမင်းသားတွေဟာ မိမိတို့ကို ဆံပင်ညှပ် ပေးတဲ့ အလုပ်သမား ဥပါလိလုလင်ကိုအရင် ဆုံးပဉ္စင်းခံခိုင်းတာဟာ မာန်မာနကိုနှိမ်ချတဲ့ အနေနဲ့ ဥပါလိကို ရှိခိုးချင်လို့ ပါ။
ရိုးရိုးကျင့်ပါ
တစ်ချို့က မိမိအနေနဲ့ သူဌေးဘဝက ပညာတတ်ကြီးဘဝက ရှိတဲ့ ပစ္စည်းနဲ့ ရာထူးဂုဏ်သိန်ကို စွန့်ပြီး ဘုန်းကြီးဝတ်လာပါတယ်ဆိုတာကို လူတွေကို ကြွားလေ့ရှိတယ်။ အဲဒီလိုပြောတဲ့ ရည်ရွယ်ချက်က လူတွေက မိမိကို အထင်ကြီး လေးစားပြီး အရိုအသေခံချင်တာ၊ အဲဒီက တစ်ဆင့် ဘုန်းကြီး လာလ်ရွှင်မှုကို မျှော်လင့်တာတွေပေါ့။ စွန့်ပြီးသား ဥစ္စာနဲ့ ရာထူးကို ဘာလို့ ခဏခဏ စားမြုံ့ ပြန်နေအုံးမှာလဲ။ ဒါတွေကို မမက်မောလို့ ဘုန်းကြီးဝတ်ခဲ့တာပဲ မဟုတ်လား။
တစ်ချို့ဆိုရင် လူ့လောကဖွား (လူ့လောကကလာသူ) ဖြစ်တဲ့ အတိုင်း လူအများစုရဲ့အထာကိုကျွမ်းလို့ လူတွေရှေ့မှာလူတွေအကြိုက် ဟန်ဆောင်ပြတယ်။ လူအိမ်တွေကို အလည်သွား ညအိပ်ပြီး ခုတင် ပေါ်မှာကျောချ မအိပ်ပါဘူးဆိုပြီး ကုလားထိုင်ကိုပါ ယူသွားပြီး တစ်ညလုံး ထိုင်ပြတတ်တဲ့ တောထွက်တွေ (လူအိမ်မှာ သွားအိပ်ပါတယ်ဆိုမှ ထိုင်အိပ်တဲ့ သူ့ဓုတင်အကျင့်ကော စင်ကြယ်နိုင်ပါ့မလား)၊ လူတွေဆုံတဲ့ ပွဲညကျမှ ဖျော်ရည်လာကပ်သူတွေက အကြာကြီးစောင့်နေရတဲ့ အထိ လူရှေ့မှာ ကမ္မဋ္ဌာန်း ထိုင်ပြတဲ့ တောထွက်တွေကိုလည်း တွေ့ဖူးပါရဲ့။ ဒီလို ဟန်ဆောင်ရုံသက်သက်နဲ့ နှစ်ဖက်လုံး အကျိုးမရှိနိုင်ပါဘူး။
ဂရုက (အပြစ်လေး) အာပတ်နဲ့ လဟုက (အပြစ်ပေါ့) အာပတ်ကို တောင် ခွဲခြားနားမလည်ဘဲ ကိုယ်ကမှ ဝိနည်းစည်းကမ်းကို တကယ့် လိုက်နာသယောင်ပြုပြီး ဝိနယဂရုက (ဝိနည်းအလွန်လေးစားသူ) ကြီး အနေနဲ့ အထူးသဖြင့် မသိတဲ့ လူတွေရှေ့မှာ အထင်ကြီးအောင် ဟန်ဆောင်တယ်။ အဲဒီလောက် ဝိနည်းကို လေးစားပြပြီးမှ သမီးတွေ သမက်တွေ ကြည်ညိုအောင်လို့ သူတို့အမေ အဖွားကြီးရဲ့ ခြေသလုံးကို နှိပ်ပေးတဲ့ တောထွက်ကိုတောင် ကံမကောင်းစွာ တွေ့ခဲ့ဖူးပါရဲ့။
မပြည့်အိုး
မပြည့်တဲ့ အိုးလိုလည်း မဖြစ်သင့်ဘူး။ အလှူအိမ်မှာ ဘုန်းကြီးတွေစုပြီး ပရိတ်ရွတ်ပြီဆိုရင် လူကြားအောင် မိမိအသံကို အစွမ်းကုန် မြှင့်တတ် တတ်တဲ့ တောထွက်လည်း ရှိတယ်။ သဘောက မိမိဟာ ဒီဘုန်းကြီး တွေနဲ့ တန်းတူ ရွတ်ဖတ်နိုင်တယ် ဆိုတာကို သူ့လူတွေကို ပြချင်လို့။ ဒါပေမယ့်ကျန်တဲ့ ဘုန်းကြီးတွေစိတ်ထဲက ပြုံးတော်မူကြမှာပေါ့။ ရွတ် ပုံကိုကြည့်ပါအုံး ‘ဥပဝ- ဒေးယျုံ’တဲ့၊ ‘စတ္တာရောတေ မဟာဗာလာ’ တဲ့။ မပြည့်တော့ ဒီသဘောမျိုး ဖြစ်တတ်တယ်။ ကိုယ့်အခြေအနနဲ့ ကိုယ့်ပမာဏကို နားလည်တာဟာ လိမ္မာတာပဲ။ ဒီလိုမဟုတ်ရင် အရုပ် ဆိုးသလောက် အလှပြင်ချင်လို့ ဆိုခံရမှာပေါ့။
ပိဋကတ်သုံးပုံကိုကြေအောင် ဖတ်ဖူးပါတယ်လို့ လူတွေကို ကြွား လုံးထုတ်တဲ့ နာမည်ကြီး တောထွက်တစ်ပါးကိုလည်း တွေ့ဖူးတယ်။ နှုတ်ကောင်းလို့ အပြောသွက်ပေမယ့် နာယူသူတွေမှာ အန္တရာယ်ဖြစ်မယ့် ဟာမျိုးတွေ ပါနေမှာကို တွေးမိပါသေးရဲ့။ ပိဋကတ်သုံးပုံဆိုတဲ့ စကားလုံးဟာ ကျယ်ပြောသလောက် နက်နဲပါတယ်။ တစ်သက်လုံး စာပေနဲ့ မပြတ်တဲ့ ဆရာတော်တွေတောင် ပိဋကတ်သုံးပုံကိုကြေတယ် ဆိုတာမျိုး မပြောရဲကြပါဘူး။ ပါဠိတော်ကို ဖတ်ဖူးရုံ သိရုံနဲ့လည်း မလုံ လောက်နိုင်ဘူး။ အဋ္ဌကထာ ဋီကာတွေကို ကျကျနန ဖတ်တတ်မှ ပါဠိ တော်ရဲ့ အာဘော်ကို အမှန်အတိုင်း ဖမ်းမိနိုင်လို့ ပါ။
ကြည်ညိုတတ်ပါ
တစ်ချို့ တောထွက်တွေဟာ ပရိယတ္တိရှိတဲ့ သံဃာငယ်တွေကို မကြည် ညိုတတ်ဘူး။ အကောင်း မမြင်နိုင်ဘူး။ တစ်နည်းနည်းနဲ့ အပြစ်ရှာပြော တတ်တယ်။ မိမိတို့မှာ ပိဋကတ်ဗဟုသုတ ခေါင်းပါးတာကို ဖုံးကွယ်လို တဲ့ အတွက် သူတို့ပြောပုံက ‘ဒီကိုယ်တော်က ဓမ္မာစရိယလေးတော့ အောင်ပါရဲ့၊ သုံးမရပါဘူး။ လူမှုစီးပွား ပထဝီအုပ်ချုပ်ရေးဆိုတာတွကို မသင်ဖူးလို့ ဘာမှနားမလည်ဘူး။ ဒါတောင် ‘‘ထောင်’’ချင်သေးတယ်’ လို့ ကိုယ်ကတော့ ဟုတ်သဟန် လုပ်ပြောတတ်တယ်။ (ဒါပေမယ့် ခုခေတ် သံဃာငယ်တွေ သူထင်သလို မညံ့ပါဘူး။)
အထူးသဖြင့် ကမ္မဋ္ဌာန်းတိုက်တွေမှာနေရင် အောက်ခြေလွတ်တတ်တယ်။ သူတို့ကမှ တကယ့်ဘုန်းကြီး အလုပ်ကိုလုပ်နေတယ်လို့ ထင်ပြီး သွေးနားထင်ကို ရောက်နေတတ်တယ်။ နိဗ္ဗာန်ကိုရောက်ဖို့ ပရိ ယတ္တိကို သင်စရာမလိုဘူးလို့လည်း ‘ဟစ်ကြွေး’တတ်တယ်။ အမှန်က နိဗ္ဗာန်ရဖို့ ပရိယတ္တိကို သင်ကို သင်ရတယ်။
အင်း၊ အဲဒီလိုပုဂ္ဂိုလ်က နာမည်ကြီးတဲ့ ဘုန်းကြီးနောက်က အထုပ် ဆွဲပြီး လိုက်နေရရင် တော့ အဆိုးဆုံးပါပဲ။ ဟိုဘုန်းကြီးရဲ့ အရှိန်နဲ့ လူတွေ အရေးပေး ခံနေရတာကိုက သူ့ဘဝမှန်ကို သိဖို့ မဖြစ်နိုင်ဘဲ စုန်းကဝေပူးခံနေရသလို ဖြစ်ပါလိမ့်မယ်။
သင်ကို သင်ပါ
တစ်သက်လုံး ဘုန်းကြီးဝတ်တော့မယ်ဆိုရင် ခိုင်ကျည်ပြီး နှိမ်ချတဲ့ စိတ်ဓာတ်ဟာ အရေးအကြီးဆုံးပါ။ ပြီးတော့ အောက်ခြေကပဲ စသင့်တယ်။ ဘယ်လောကီ ဘွဲ့ဒီဂရီရရ၊ အင်္ဂလိပ်စာ တတ်တတ်၊ နိုင်ငံတ ကာမှာ နေဖူးနေဖူး၊ စည်းစိမ် ရာထူးဂုဏ်သိန် ရှိခဲ့ရှိခဲ့၊ ဒါတွေဟာ ဘုန်းကြီးတစ်ပါးရဲ့ အစစ်အမှန်ဘဝမှာ တိုက်ရိုက် အသုံးမဝင်ဘူး။ ဒါကြောင့် သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ဆရာကောင်း ဆရာမြတ်ကိုရှာရ မယ်။ ပြီးရင် အခြေခံကစပြီး ကိုယ့်ကိုယ်ကို ပရိယတ္တိရော ပဋိပတ္တိပါ Training တွေ လုပ်ရမယ်။ ကိုယ့်ကိုယ်ကိုTraining လုပ်ရတာဟာ သူများကို လုပ်ပေးရတာထက် ခက်တယ်။
သားသမီးတွေရပြီးမှ ရဟန်းပြုလာတဲ့ ဆရာတော်ကြီး တစ်ပါး ဆိုရင် ဘုန်းကြီးဝတ်ပြီးတာနဲ့ စာသင်တိုက်ကြီး တစ်ခုမှာ သားအရွယ် မြေးအရွယ် ကိုရင် ငယ်တွေနဲ့ အတူ စာလိုက်သင်တယ်။ ကြီးမှ စာသင် တော့ ပိုပြီးသဘောပေါက်လွယ်တာပေါ့။ မကြာခင်မှာ ဓမ္မာစရိယဘွဲ့ရ ပြီး ကျမ်းစာတွေ အများကြီး ပြုစုတော်မူသွားတယ်။ အင်မတန် အတုယူစရာ ကောင်းလှပါတယ်။ ဆရာတော့် စာအုပ်တွေနဲ့ ပဲ ဘုန်းကြီးတို့လည်း ပထမကြီး အောင်ခဲ့တာ။ အရွယ်လွန်ပြီးမှ ဘုန်းကြီးဝတ်လိုသူတွေ အဲဒီလို ဆရာတော်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဦးစွာ ရှာဖွေ ဖတ်ရှု လေ့လာပြီး အားကျတဲ့ စိတ်ဓာတ်တွေ မွေးထားသင့်ပါတယ်။
အသက်ကြီးလို့ စာမသင်ချင်တော့ဘူး၊ တရားပဲ ထိုင်တော့မယ် ဆိုတဲ့ ဆင်ခြေမျိုးကိုတော့ ဘုန်းကြီးတို့ မနှစ်သက်ပါဘူး။ တရားလည်း ထိုင်ပေါ့။ ဒါပေမယ့် ရဟန်းဝတ်နဲ့ တစ်သက်လုံး နေမှာဖြစ်လို့ အနည်း ဆုံး ပရိတ်ကြီး၊ ပါတိမောက်နဲ့ ကထိန်၊ ရဟန်းခံ၊ ဥပုသ်ပြုစတဲ့ သံဃာ့ ကံဆောင်မှုဆိုင်ရာတွေကို ဆရာနည်းကျ သင်ကိုသင်ယူရမယ်။ တတ် နိုင်သေးရင် ဓမ္မပဒ၊ အင်္ဂုတ္တုရ်၊ သံယုတ်စတာတွေကိုလည်းသင်ယူပါ။
စာပေပရိယတ္တိနဲ့ ပြည့်စုံတဲ့ သံဃာငယ်တွေနဲ့ တွေ့ရင်လည်း တန် ဖိုးထားပြီး မှီဝဲဆည်းကပ်ဖို့ ဆရာတင်ဖို့ဝန်မလေးပါလေနဲ့။
ဖတ်မှတ် နာယူ
ရဟန်းဘဝ လမ်းညွှန်အနေနဲ့ တော့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ရေးသားတဲ့ ရုပ်ပုံရှင်ကျင့်ဝတ် နဲ့ ဘုရားဥပဒေတော်ကြီး၊ မြောင်း မြမြို့တိုက်သစ်ပဇ္ဇောတာရုံဆရာတော် အရှင်ကုမာရမထေရ်ရေးသားတဲ့ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း စတဲ့ စာအုပ်တွေကို ဘုန်းကြီးမဝတ်ခင်မှာ ကြိုပြီးဖတ်ထားသင့်ပါတယ်။
ဗုဒ္ဓဓမ္မရေးရာ ညွှန်းစရာစာအုပ်တွေ များလွန်းလို့ မိမိနှစ်သက်တဲ့ ဆရာတော် သို့မဟုတ် လူပုဂ္ဂိုလ်ရေးတဲ့ ကျမ်းစာတွေကို ဖတ်နိုင်တယ်။ အင်္ဂလိပ်ဘာသာ ကျမ်းစာအုပ်တွေလည်း အများကြီးရှိတာမို့ အထူး မညွှန်းလိုပါဘူး။ ဗုဒ္ဓဘာသာအကြောင်းကိုလေ့လာတဲ့ ဆရာကြီးတစ်ဦး ပြောဖူးတာက လေ့လာခါစမှာ ဘုရားစောင်းတန်းက တစ်မတ်တန် စာ အုပ် ပိစိကွေးလေးတွေက စပြီး တဖြည်းဖြည်း ဖတ်လာလိုက်တာ နောက်ဆုံးတော့ ပိဋကတ်မြန်မာပြန်တွေကိုတောင် ဖတ်နိုင်လာပါသတဲ့။ ပိဋကတ်ဗဟုသုတပြည့်စုံတဲ့ ဓမ္မကထိကဆရာတော်တွေရဲ့တရားတိပ် ခွေတွေကလည်း ဓမ္မနားလည်မှုစွမ်းရည်ကို မြင့်စေနိုင်ပါတယ်။
ဗုဒ္ဓတရားဟာ ယုံရင် ပြီးရောဆိုတဲ့ ဝါဒမျိုးမဟုတ်လို့ သုတပညာ တိုးသထက်တိုးအောင်ဖတ်မှတ်နာယူနေသင့်ပါတယ်။
---
၄၀။ အနှိုင်းမဲ့ လူသားဗုဒ္ဓ
ဧပြီ ၃၀၊၂၀၀၈။
-------------------
ဆရာတော် အရှင်မြတ်ဘုရား၊
ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်လျှင် ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်ပါသနည်း။ တပည့်တော် သိချင်တာတွေက (၁) သာမန် လူသား မဟုတ်သော ဗုဒ္ဓသည် ဘယ်လို အစားအသောက်မျိုးကို စားသုံးပါသနည်း
(၂) ဗုဒ္ဓ မှာ မစင် ကျင်ကြီးကျင်ငယ် စွန့်ခြင်းကိစ္စ ရှိပါသလား
(၃) ဗုဒ္ဓဟာ ကျိန်းစက်ခြင်း ရှိပါသလား
(၄) ဗုဒ္ဓဟာသာမန်လူသားဖြစ်လို့ ဖျားနာ ခြင်း နာမကျန်းခြင်းဖြစ်နိုင်ပါလား၊ ဖြစ်နိုင်လျှင် သာမန်လူသား မဟုတ်ဘူးလို့ ဆိုနိုင်ပါမည်လား
(၅) ဗုဒ္ဓမှာ သင်္ကန်း ဘယ်နှစ်ထည်ရှိပါသလဲ
(၆)ဗုဒ္ဓရဲ့သပိတ်တော်အကြောင်းကိုလည်းသိလိုပါသည်။
စောဘချစ်
-------------------
ပါရမီကိုယ်
ဗုဒ္ဓဟာ သက်ရှိနဲ့ စကြဝဠာအပါအဝင် အရာခပ်သိမ်းကိုဖန်ဆင်းပေးတဲ့ ထာဝရဘုရား မဟုတ်ပါဘူး။ ‘အက္ခာတာရော တထာဂတာ’ ဆိုတဲ့ အတိုင်း ကိုယ်တိုင် နှစ်ပေါင်းများစွာ တရားအားထုတ်လို့ ရရှိခဲ့တဲ့ ဓမ္မ အတွေ့အကြုံကို လူအများ နားလည်အောင် လမ်းညွှန် ဟောကြားသူ သာ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန်လူသားလည်း မဟုတ်ပါဘူး။ လွန် ကဲတဲ့ သီလ သမာဓိ ပညာဂုဏ်သခင်လူသားလွန် (ဣစ-ရိယမနုဿ) ပုဂ္ဂိုလ်ထူး ဖြစ်ပါတယ်။ ဒီဘဝမှာ ဗုဒ္ဓအမည်ခံတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ ပါရမီလို့ ဆိုတဲ့ ကျင့်စဉ်ဆယ်မျိုးကို ဘဝပေါင်းများစွာ ကျင့် ခဲ့ရပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ကိုယ်ဟာ ပါရမီကိုယ် ဖြစ်ပါတယ်။ ပါရမီ ကိုယ် ဖြစ်လို့လည်း ဗုဒ္ဓဖြစ်လာမယ့် ဒီဘဝမှာ ချမ်းသာတဲ့ မိသားစုဘဝ ကိုစွန့်ပြီး ငယ်ရွယ်နုပျိုချိန်မှာ ဓမ္မကိုရှာဖွေဖို့စွမ်းရည်ရှိခဲ့တာပေါ့။
ဗုဒ္ဓဘုဉ်းပေးတဲ့ ဆွမ်း
(၁) ဗုဒ္ဓဖြစ်မဲ့ နေ့မှာ သုဇာတာသူဌေးသမီး ကပ်လှူတဲ့ နွာနို့နဲ့ ချက်တဲ့ ဆွမ်းကိုဘုဉ်းပေးပါတယ် (ဇာ၊ဋ္ဌ၊၁၊၉၁)။ ဗုဒ္ဓဖြစ်ပြီးနောက် ၄၉ရက် အကြာမှာ သိကြားမင်း ဆက်ကပ်တဲ့ ဖန်ခါးသီးကို ဘုဉ်းပေးတယ်။ အဲဒီနောက် တပုဿနဲ့ ဘလ္လိကတို့ လှူဒါန်းတဲ့ မုန့်ကြွက်ကျစ်နဲ့ ပျားမုန့် ဆုပ်ကို ဘုဉ်းပေးပါတယ် (ဇာ၊ဋ္ဌ၊၁၊၉၁။ ဝိ၊၃၊၃)။ ဝေရဉ္ဇာမြို့မှာ ၁၂ ဝါမြောက်ဝါဆိုစဉ်က ငတ်မွတ်ခေါင်းပါးဘေးနဲ့ ကြုံလို့ ‘မုယောဆန်မှုန့်’ကို သုံးဆောင်ရတယ် (ဝိ၊၁၊၆)။ အခါတစ်ပါးမှာ ဝေသာလီပြည်သား သီဟအမည်ရတဲ့ စစ်သူကြီးဟာ ဗုဒ္ဓအမှူးရှိတဲ့ သံဃာကို ‘အလို အလျောက်ဖြစ်သော အသား (ပဝတ္တမံသ)’နဲ့ စီမံချက်ပြုပ်တဲ့ ဆွမ်းကို ဆက်ကပ်ပါတယ် (အံ၊၃၊၂၂)။ (ပဝတ္တမံသ ဆိုတာ မိမိကို ရည်ရွယ်ပြီး မသတ်တဲ့၊ တစ်နည်း စျေးမှာ မထင်မှတ်ဘဲ တွေ့လို့ ဝယ်လာတဲ့ အတွက်ရဟန်းတို့အပ်စပ်တဲ့ အသားလို့ ဆိုလိုပါတယ်။)
ဗုဒ္ဓဟာ မိမိရဲ့ ဆွမ်းကိစ္စအတွက် ရောက်ရာအရပ်မှာ ဆွမ်းခံ ထွက်ပြီး ကြည်ညိုသူတွေက လှူဒါန်းတဲ့ အစားအစာကို စားသုံးပါတယ်။ ဒါကြောင့် ယေဘုယျအနေနဲ့ ပြောရရင် ဗုဒ္ဓဟာ လူသားပုဂ္ဂိုလ် လူသား အသွေးအသား ဖြစ်လို့ ထိုခေတ်က အိန္ဒိယတိုင်းရင်းသားတို့ စားသုံးတဲ့ အစားအစာကိုပဲ စားသုံးတယ်လို့ ဆိုနိုင်ပါတယ်။
ဗုဒ္ဓရဲ့ ကိုယ်လက်သန့်စင်ကိစ္စ
(၂) ‘ဗုဒ္ဓရှင်တော်မြတ်သည်နံနက်စောစောအိပ်ယာမှထပြီး အလုပ်အကျွေးပြုသူ တပည့်သာဝကတို့အား ချီးမြှောက်ရန်နှင့် ကိုယ်ခန္ဓာ ကျန်း မာစေရန် လုတ်ကျင်း (ပါးစပ်ဆေး)ခြင်းစသည့် ကိုယ်လက် သန့်စင်မှု ကိုပြုတော်မူ၏ (ဒီ၊ဋ္ဌ၊၁၊၄၅)’။
ဗုဒ္ဓဟာ ဗုဒ္ဓဖြစ်မယ့်နေ့ နေရဉ္ဇရာဖြစ်ထဲမှာ ရေချိုးတယ်။ သိကြား မင်းဆက်ကပ်တဲ့ ရေနဲ့ ခံတွင်းကို ဆေးတယ်၊ သိကြားမင်းပဲ ဆက် ကပ်တဲ့ ဖန်ခါးသီးကိုစားပြီးဝမ်းကိုစင်ကြယ်အောင်လုပ်တယ် (ဇာ၊ဋ္ဌ၊၁၊၉၁)။ (ဝမ်းချူတဲ့ သဘောမျိုးစဉ်းစားနိုင်ပါတယ်)။ မြတ်စွာ ဘုရားပရိနိဗ္ဗာန်စံ တော်မူခါနီးမှာဝမ်းတော်လား (ဝမ်းလျှော) ပါတယ် (ဒီ၊၂၊၂၀၅)။ ဒါကြောင့် ဗုဒ္ဓဖြစ်ပြီးတဲ့ အခါလည်း သာမန်လူသား တစ် ယောက်လိုပဲ ကျင်ကြီးကျင်ငယ် စွန့်ခြင်းကိစ္စရှိပါတယ်။
ဗုဒ္ဓကျိန်းစက်တယ်
(၃) ‘ငါသည် နွေဥတုတို့၏ နောက်ဆုံးလ၌ ဆွမ်းခံရာမှ ဖဲခွာခဲ့၍ ဆွမ်း စားပြီးနောက် ဒုကုဋ်သင်္ကန်းကို လေးထပ်ခင်းကာ လကျ်ာနံပါးဖြင့် သတိသမ္ပဇဉ်ရှိသည်ဖြစ်၍ အိပ်ပျော်ဖူးသည်ကို အမှတ်ရ၏’ (မ၊၁၊၃၁၆)။ ဗုဒ္ဓရဲ့ တစ်နေ့တာ အချိန်ဇယားမှာ ကျိန်းစက် အနားယူတဲ့ အချိန်ပါတယ်။ နေ့ဆွမ်းဘုဉ်ပေးပြီးနောက် ကုလားထိုင်ပေါ်မှာ ခေတ္တထိုင် နေခိုက်မှာရဟန်းတော်တွေမေးတဲ့ မေးခွန်းကိုဖြေကြားတယ်။
အဲဒီနောက် ဂန္ဓကုဋိတိုက်ခန်းကို ဝင်ပြီး နေ့သန့်စင် (ခေတ္တကျိန်း စက်) ပါတယ်။ (ကြာတဲ့ အချိန်ကို အတိအကျမသိပါ။ နောက်ထပ် အချိန်ဇယားကို ကြည့်ရင် တစ်နာရီလောက်လို့ ခန့်မှန်းပါတယ်)။ ညရဲ့ ပစ္ဆိမယံ (နံနက် ၂-၆ နာရီ)ရဲ့ ဒုတိယပိုင်း (နံနက် ၃-၄ နာရီ) အချိန် မှာတစ်ဖန်ဗုဒ္ဓကျိန်းစက်အနားယူပါတယ် (ဒီ၊ဋ္ဌ၊၁၊၄၅)။
ဗုဒ္ဓ နာမကျန်းဖြစ်တယ်
(၄) ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်း၊ ကလန္ဒကနိဝါပမှာသီတင်းသုံးခိုက် ဗုဒ္ဓရှင်တော်မြတ် ပြင်းစွာ နာမကျန်းဖြစ်လို့ အရှင်စုန္ဒမထေရ် ဟောတဲ့ ဗောဇ္ဈင်ခုနစ်ပါးတရားကို နာယူပါတယ် (သံ၊၃၊၇၂)။ ဗုဒ္ဓဟာ ကပိလ ဝတ္ထု မြို့တော်ခန်းမသစ်ဖွင့်ပွဲမှာ သကျမျိုးတို့ကို တရားဟောနေဆဲ ခါး ကိုက်လာလို့ ဟောလက်စတရားကို ရပ်နားပြီး အရှင်အာန္ဒာကို ဆက် ပြီးဟောခိုင်းပါတယ် (မ၊၂၊၁၅)။
တစ်ခါ တစ်ခါမှာ ဗုဒ္ဓရှင်တော်မြတ်ဟာ ခေါင်းကိုက် ရောဂါကို ခံ စားရတယ် (အပဒါန၊၁၊၃၉)။ ဗုဒ္ဓဟာ ပရိနိဗ္ဗာန်စံခါနီးမှာ ဝမ်းတော် လား (ဝမ်းလျှော)တဲ့ ရောဂါဖြစ်ပါတယ်။ အဲဒီ ရောဂါနဲ့ ပဲ ပရိနိဗ္ဗာန် စံ တော်မူပါတယ် (ဒီ၊၂၊၂၀၅)။
ဗုဒ္ဓဘုရားရှင်တို့မှာကိုယ်ကာယ နာမကျန်းဖြစ်မှုရှိပါတယ် (မူလဋီ၊၁၊၁၅၀)။ အဲဒီလို နာမကျန်းဖြစ်တာဟာ မည်သူမျှ ရှောင်လွှဲ မရတဲ့ လောကသဘာဝအတိုင်း ဖြစ်ရတာပါ။ သာမန် လူသားမဟုတ်တာက အတုမဲ့ သီလ သမာဓိ ပညာ ဂုဏ်နဲ့ ပြည့်စုံတာရယ်၊ နက်နဲတဲ့ ဝိပဿနာပညာ ရှိတာရယ်၊ သဗ္ဗညုတဉာဏ်တော် ရှိတာရယ်၊ ပရစိတ္တဝိဇာနန ဉာဏ် (သူတစ်ပါးစိတ်ကို သိနိုင်တဲ့ ဉာဏ်)ရှိတာရယ် တွေကြောင့် သာမန်လူသားလို့ မဆိုနိုင်တာပါ။
ဗုဒ္ဓရဲ့ သင်္ကန်းတော်များ
(၅) ဗုဒ္ဓဟာ အနောမာ သောင်ကမ်းမှာ ရဟန်းပြုနိုင်ဖို့ မိတ်ဆွေဖြစ် ဖူးတဲ့ ဃဋိကာရဗြဟ္မာက သင်္ကန်းသုံးထည် (ကိုယ်ရုံဧကသီ၊ ခါးဝတ် သင်းပိုင်၊ နှစ်ထပ်သင်္ကန်း) အပါအဝင် ပရိက္ခရာရှစ်ပါး လှူဒါန်းခဲ့တယ် (ဇာ၊ဋ္ဌ၊၁၊၇၄။ သုတ္တနိ၊ဋ္ဌ၊၂၊၁၁၀)။ အခါတစ်ပါး မြတ်ဗုဒ္ဓဟာ ပံသုကူ သင်္ကန်းကို ရခဲ့တယ် (ဝိ၊၃၊၃၆)။ အဲဒီသင်္ကန်းဟာ ပုဏ္ဏာအမည်ရှိတဲ့ ကျွန်မရဲ့ အလောင်းကောင်မှာ လွှမ်းပတ်ထားတဲ့ ဖုန်မှုန့်တွေ လိမ်းကျံ ပိုးလောက်တွေ ပြည့်နေတဲ့ ပိတ်စကိုခွာပြီး ဒုကုဋ်သင်္ကန်းချုပ်ခဲ့တာကို ရည်ရွယ်တယ်လို့ ဆိုကြတယ် (ဝိမတိ၊ဋီ၊၂၊၉၇)။ ဗုဒ္ဓဟာအဲဒီပုဏ္ဏာရဲ့ ကိုယ်က ခွာယူ ချုပ်ဆိုးတဲ့ ဒုကုဋ်သင်္ကန်းကို အရှင်မဟာကဿပရဲ့ ပုဆိုးဟောင်း ဒုကုဋ်သင်္ကန်းနဲ့ လဲလှယ်ခဲ့တယ် (သံ၊၁၊၄၁၉)။ အဲဒီလို လဲရတာက အရှင်မဟာကဿပကို မိမိ (ဗုဒ္ဓ)မရှိတဲ့ နောက် မိမိ (ဗုဒ္ဓ) နေရာမှာထားလိုလို့ ပါ (သံ၊ဋ္ဌ၊၂၊၁၈၃)။
(သံယုတ်ပါဠိတော် အသွားအရ ဒုကုဋ်သင်္ကန်း လဲတဲ့ အချိန်ဟာ အရှင်မဟာကဿပ ရဟန်းပြုပြီးခါစ ဖြစ်လို့ ပုဏ္ဏာရဲ့အလောင်းက ရယူတဲ့ ပံ့သကူသင်္ကန်းကို ဗုဒ္ဓသုံးဆောင်တာလည်း ကြာသေးပုံ မရဘူး။ အနောမာသောင်ကမ်းမှာ ဃဋိကာရလှူတဲ့ ဒုကုဋ်သင်္ကန်း ဘယ် ဆီမှာဆိုတာကို ကျမ်းဂန်နှံ့သိပညာရှိတို့ ဗဟုသုတမျှဝေပါကုန်။)
မြတ်ဗုဒ္ဓရဲ့နောက်ဆုံးခရီးဖြစ်တဲ့ ပါဝါမြို့မှကုသိနာရုံအကြွ လမ်း ခရီးတစ်နေရာရှိ သစ်ပင်ရင်းမှာ ဒုကုဋ်သင်္ကန်း (အရှင်မဟာကဿပ လှူတဲ့ သင်္ကန်းဖြစ်ဖွယ်ရှိ)ကို လေးထပ်ခင်းပြီး ထိုင်နေခိုက် ကာလာမ အနွယ်အာဠာရရဲ့တပည့် မလမင်းသား ပုက္ကုသဟာဗုဒ္ဓကိုရွှေအဆင်း ရှိတဲ့ ပွဲထိုင်အဝတ်ချောတစ်စုံကို လှူဒါန်းပါတယ်။ အဲဒီအဝတ်ချောကို အရှင်အာနန္ဒာက မြတ်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ပေါ်မှာ လွှမ်းခြုံပေးလိုက်တော့ ဗုဒ္ဓရဲ့ကိုယ်ခန္ဓာရွှေရောင်လွှမ်းသွားတယ် (ဒီ၊၂၊၂၀၅)။
ဗုဒ္ဓ သပိတ်တော်
(၆) ဗုဒ္ဓဖြစ်ပြီးနောက် ခုနစ်ခုမြောက် သတ္တာဟ လင်းလွန်းပင်အောက် မှာသီတင်းသုံးခိုက် အရပ်လေးမျက်နှာက နတ်မင်းကြီး လေးယောက် လာရောက်ပြီး ‘ကျောက်ညိုဖြင့် ပြီးသော (ကျောက်ညိုနဲ့ လုပ် ထားတဲ့) သပိတ်လေးလုံး’ကိုတစ်ပြိုင်နဲ့ လှူဒါန်းကြတယ် (ဝိ၊၃၊၃)။ ဒုက္ကရစရိယာ ကျင့်စဉ်က ဗုဒ္ဓ အသုံး ပြုခဲ့တဲ့ သပိတ်တော် (ဃဋိကာရ ဗြဟ္မာလှူတဲ့ ပရိက္ခရာရှစ်ပါးထဲက သပိတ်တော်ဖြစ်နိုင်တယ်)မှာသုဇာ တာ သူဌေးသမီးရဲ့ နို့ဃနာဆွမ်းကို အလှူခံတဲ့ အချိန်ကစပြီး ပျောက် ကွယ်သွားခဲ့လို့ တပုဿနဲ့ ဘလ္လိကတို့ မုန့်လှူတဲ့ အချိန်မှာ ဗုဒ္ဓမှာထည့် စရာ သပိတ်မရှိခဲ့ဘူး (ဝိ၊ဋ္ဌ၊၃၊၂၃၉)။
‘နတ်မင်းလေးယောက်သည် ပထမတွင် ဣန္ဒနီပတ္တမြားဖြင့် ပြီး သောသပိတ်ကိုလှူဒါန်းကြသော်လည်း ဗုဒ္ဓလက်ခံတော်မမူ။ ကျောက် ညိုဖြင့် ပြီးသော သပိတ်ကို လှူဒါန်းမှသာ ဗုဒ္ဓသည် သပိတ်လေးလုံး စလုံးကို လက်ခံတော်မူ၏။ အလိုဆန္ဒကြီးသောကြောင့် မဟုတ်ဘဲ လှူ ဒါန်းသူတို့၏ သဒ္ဓါတရားကိုစောင့်ရှောက်ရန်သာသပိတ်လေးလုံးစလုံးကို အလှူခံခြင်းဖြစ်၏။ အလှူခံပြီးနောက် သပိတ်လေးကို တစ်လုံး တည်းဖြစ်သွားအောင်အဓိဋ္ဌာန်ပြုလိုက်၏ (ဝိ၊ဋ္ဌ၊၃၊၂၃၉)’။
‘အဖိုးများစွာ ထိုက်တန်သော၊ သို့မဟုတ် အသစ်ဖြစ်သော ကျောက်ညိုဖြင့်ပြီးသောသပိတ်’လို့ အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၃၊၂၃၉)မှာနှစ် မျိုးဖွင့်ပါတယ်။ ဒါပေမယ့် သုတ္တန်ဋီကာကျမ်းပြုအရှင်ဓမ္မပါလကတော့ ‘အသစ်ဖြစ်သော ကျောက်ညိုသပိတ်’ဆိုတဲ့ အဋ္ဌကထာ ဒုတိယနည်း ကိုပဲနှစ်သက်ပါတယ်။ ဘာကြောင့်ဆို ‘ဗုဒ္ဓဘုရားရှင်တို့မည်သည်အဖိုး တန်ပစ္စည်းကို ခံလည်းမခံယူ သုံးလည်း မသုံးဆောင်ကြသောကြောင့် ပါ (မ၊ဋီ၊၂၊၁၃၈)’တဲ့။ မြတ်ဗုဒ္ဓဟာ ဒီသပိတ်တော်ကိုပဲ ဘဝတစ် သက်တာ အသုံးပြုသွားဖွယ်ရှိပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဟာ ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးအနေနဲ့ ဝေသာ လီမြို့က ထွက်ခွာတဲ့ အခါ ငိုယိုပြီးလိုက်နေကြတဲ့ လိစ္ဆဝီမျိုး ဗုဒ္ဓဝါဒီတွေ ကိုဗုဒ္ဓရှင်တော်မြတ်က ဆွမ်းခံသပိတ်တော်ကို ပေးခဲ့တယ်လို့ ဆိုတယ်။ ရှေးခေတ် ဝေသာလီမြို့မှာအဲဒီဗုဒ္ဓသပိတ်တော်ကိုကြီးကျယ်ခမ်းနားတဲ့ စေတီတော်မှာ ထည့်သွင်း (ဌာပနာ) ထားတယ်။ အေဒီ ၂ ရာစုမှာ ဗုဒ္ဓဝါဒီ ကနိသျှကဘုရင်ဟာ ဝေသာလီကို တိုက်ခိုက်အောင်နိုင်ပြီး ဗုဒ္ဓ သပိတ်တော်ကို မိမိ၏မြို့တော်ပက်ရှဝါသို့ယူသွားတယ်။
အေဒီ ၄ ရာစု ဖာဟီယန် ပက်ရှဝါကို ရောက်တဲ့ အခါ အဲဒီ သပိတ်တော်ကို ဖူးတွေ့ရသေးတယ်။ နောက်ထပ်နှစ်ပေါင်း ရှစ်ရာ ကျော်ထိ အဲဒီဓာတ်တော်အကြောင်းကို မှတ်တမ်းတွေမှာ ဖော်ပြကြတယ်။ ဗုဒ္ဓသပိတ်တော်ကို ဌာပနာထားတဲ့ စေတီတော်ဟာ ဣနိဝါဒီတို့ ကျူးကျော် ဝင်ရောက်စဉ်က ဖျက်ဆီးခံခဲ့ရပေမယ့် သပိတ်တော်တော် ကတော့ မပျက်မစီး ကျန်ရစ်ခဲ့ပြီး ယနေ့ခေတ် အာဖဂန်နစ္စတန်နိုင်ငံ ကန္ဓာရ (Kandhara)မြို့က ဣနိဝါဒီ ဘုရားကျောင်း တစ်ခုအတွင်း ဖူး တွေ့နိုင်ပါသတဲ့။ သပိတ်တော်ရဲ့ အပြင်မျက်နှာပြင်မှာ အာရဗီ အက္ခရာ တွေရေးခြစ်ထားပါသတဲ့ (Middle Land Middle Way, p. 135)။
ဒေဝါနံပိယတိဿမင်းလက်ထက် (ဘီစီ ၃ ရာစု) မှာ ဗုဒ္ဓသပိတ် တော်တစ်ဆူကို သီရိလင်္ကာသို့ ဆောင်ယူခဲ့ကြောင်းလည်း သိရတယ် (မဟာဝံသ ၃း၁၃)။ ဒါပေမယ့် ဗုဒ္ဓသပိတ်တော်အကြောင်း နှောင်းခေတ် မှတ်တမ်းတွေရဲ့သေချာမှုကိုတော့ ဆက်လက်လေ့လာရဦးမှာပါ။
ဗေဒင်ဆရာတို့လည်း ကံ၏အကျိုး အရိပ်အင်္ဂါ လက္ခဏာကို ယူ၍ ဟောကြသည်ပေပင်ဖြစ်သည်။
(ဝိသုဒ္ဓါရုံဆရာတော်၊ ဝိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၁၄၂)
---
၄၁။ နှစ်ကျိပ်ရှစ်ဆူ
ဧပြီ ၁၇၊၂၀၀၈။
-----------
ဆရာတော် အရှင်မြတ်ဘုရား၊
‘ဤခုနစ်ဆူကုန်သော ဘုရားရှင်’ဟု ကြားဘူးပါသည်။ နှစ်ကျိပ် ရှစ် ဆူသော ဘုရားရှင်ဟုလည်း ကြားဘူးပါသည်။ ခုနစ်ဆူသောဘုရား ရှင်သည် နှစ်ကျိပ်ရှစ်ဆူဘုရားထဲမှာ ပါဝင်ပါသလား။ မပါဝင်ဘူးဆိုလျှင် ဘုရားရှင် သုံးဆယ့်ငါးဆူဟု ဆိုလိုပါသလားဘုရား။ အဆိုပါ ဘုရား ရှင်တို့၏ အမည်များကိုလည်း သိလိုပါတယ်ဘုရား။ ခုနစ်ဆူဘုရား သို့မဟုတ် နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရှိလျှင် ဓမ္မဗဟုသုမျှဝေစေလိုပါသည်။
ကျော်ဇေယျ
-------------------
ရှေးဖြစ်ကို သိတဲ့ ညာဏ်
မဟာပဒါနသုတ် ပါဠိတော် (ဒီ၊၂၊၄၉) မှာ ‘ဝိပဿီ၊ သီခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ’လို့ ဗုဒ္ဓ ခုနစ်ဆူရဲ့ ဘွဲ့အမည်ကို ဟောပါတယ်။ ဗုဒ္ဓဝံသပါဠိတော် (စာ၊၃၂၁-၃၇၅) မှာ ဖော်ပြပြီးခုနစ်ဆူအပြင် ‘ဒီပင်္ကရ၊ ကောဏ္ဍည၊ မင်္ဂလ၊ သုမန၊ ရေဝတ၊ သောဘိတ၊ အနောမဒဿီ၊ ပဒုမ၊ နာရဒ၊ ပဒုမုတ္တရ၊ သုမေဓ၊ သုဇာတ၊ ပိယဒဿီ၊ အတ္ထ ဒဿီ၊ ဓမ္မဒဿ၊ သိဒ္ဓတ္ထ၊ တိဿ၊ ဖုဿ’လို့ ဗုဒ္ဓ နှစ်ဆယ့်ငါးဆူတို့ရဲ့ဗုဒ္ဓဝင်ကိုဟောတော်မူပါတယ်။
အဲဒီ ဗုဒ္ဓဝင်တွေကို ဗုဒ္ဓ (ဂေါတမ) ရှင်တော်မြတ်ဟာ ပုဗ္ဗေနိဝါသာ နုဿတိ (ရှေးဘဝတွေကို မြင်နိုင်တဲ့ ဝိပဿနာ အားထုတ်မှုကြောင့် ရရှိတဲ့)ညာဏ်တော်နဲ့ ဟောတော်မူတာဖြစ်ပါတယ် (ဒီ၊ဋီ၊၂၊၁၄)။
ဤခုနစ်ဆူ
မဟာပဒါနသုတ်တော်မှာ ကိုယ်တော်မြတ်နဲ့ တကွ ဗုဒ္ဓ ခုနစ်ဆူကိုသာ ဟောတော်မူရတာက ‘လူ့ဖြစ်စဉ်တစ်ချိန်က ဖော်ပြပါဘုရား ခုနစ်ဆူ ထံမှာ တပည့်ခံပြီး တရားကျင့်ကြံခဲ့ကြပြီး ယခုအခါ ဗြဟ္မာ့ဘုံသို့ ရောက်နေကြသည့် ဗြဟ္မာများကို ချီးမြှောက်လိုခြင်း၊ တရားနာပရိသတ်၏ အလိုဆန္ဒ (ဝေနေယျဇ္ဈာသယ) အရ နှစ်ဆဲ့ငါးဆူလုံးကို ဟောရန် မလိုအပ်ခြင်းတို့ကြောင့် (ဒီ၊ဋီ၊၂၊၁၄)’ဖြစ်ပါတယ်။
ဗုဒ္ဓဝံသပါဠိတော်မှာတော့ ကိုယ်တော်မြတ် နိယတဗျာဒိတ် (ဘုရား ဧကန်ဖြစ်မယ်လို့ မိန့်ကြားခြင်း)ကို ခံယူခဲ့တဲ့ ဘုရားရှင် ၂၄ ဆူနဲ့ ကိုယ်တော်မြတ်ကိုယ်တိုင်ပါ ပေါင်း ၂၅ ဆူကို ဟောတော်မူတာ ဖြစ် ပါတယ် (ဒီ၊ဋီ၊၂၊၁၄)။
နှစ်ကျိပ်ရှစ်ဆူ
အပဒါန်ပါဠိတော်မှာဂေါတမဗုဒ္ဓ နိယတဗျာဒိတ်ကိုခံယူတဲ့ ဗုဒ္ဓ ၂၄ ဆူ အပြင် ပထမဆုံး နိယတဗျာဒိတ်ကို ခံယူခဲ့တဲ့ ဒီပင်္ကရဗုဒ္ဓ မတိုင်ခင် ရှေ့က အဲဒီကမ္ဘာ တစ်ခုတည်းမှာပဲ ပွင့်တော်မူပြီးဖြစ်တဲ့ တဏှင်္ကရ၊ မေဓင်္ကရ၊ သရဏင်္ကရ ဆိုတဲ့ ဗုဒ္ဓသုံးဆူကိုပါ ဟောတော်မူလို့ ဗုဒ္ဓ ဂေါတမအပါအဝင်ဗုဒ္ဓပေါင်း နှစ်ကျိပ်ရှစ်ဆူဖြစ်သွားပါတယ်။
အပဒါန်ပါဠိတော်မှာပဲ ‘သုမင်္ဂလ (အပဒါန၊၁၊၂၂၄)၊ ကကုဓ (အပဒါန၊၁၊၂၅၄)၊ အာနန္ဒ (အပဒါန၊၁၊၂၅၆)၊ ရောမသ (အပဒါန၊၁၊၂၆၈)၊ သုဒဿန (အပဒါန၊၁၊၃၂၁)၊ သမ္ဘဝ (အပဒါန၊၁၊၃၂၂)၊ ဥပတိဿ (အပဒါန၊၁၊၃၂၂)၊ အနောမ (အပဒါန၊၁၊၃၃၂)၊ သတရံသီ (အပဒါန၊၁၊၃၄၁)၊ အဇ္ဇုန (အပဒါန၊၁၊၃၄၅)၊ သုမန (အပဒါန၊၁၊၃၇၇) အနုရုဒ္ဓ (အပဒါန၊၁၊၄၁၀)၊ သတရံသီ (အပဒါန၊၂၊၄၁)၊ ရောသိတ (အပဒါန၊၂၊၄၈)၊ သုမန (အပဒါန၊၂၊၅၃)၊ သုစိန္တိတ (အပဒါန၊၂၊၇၇)၊ အဇ္ဇုန (အပဒါန၊၂၊၉၀)၊ ကကုဓ (အပဒါန၊၂၊၉၄)၊ သမ္ဘဝ (အပဒါန၊၂၊၁၀၀)’လို့ ဗုဒ္ဓ ၁၉ ဆူ (ဘွဲ့အမည် တူပေမဲ့ ပွင့်တော်မူတဲ့ ကာလချင်း မတူလို့ သီးခြား ရေတွက်ပါတယ်) တို့ရဲ့ဘွဲ့အမည်တွေကိုလည်းတွေ့ရပါတယ်။
အဲဒီ ဘွဲ့အမည်တွေကတော့ ‘အဇ္ဇုနော နာမ သမ္ဗုဒ္ဓေါ၊ ဟိမဝန္တေ ဝသိတဒါ (အဇ္ဇုနဘွဲ့တော်ရှိ ဘုရားရှင်သည် ထိုစဉ်အခါ ဟိမဝန္တာ တော၌ သီတင်းသုံးတော်မူ၏)’ (အပဒါန၊၁၊၃၄၅)စတဲ့ စကားရိပ် တွေအရ သမ္မာသမ္ဗုဒ္ဓတို့ရဲ့ ဘွဲ့အမည်တွေ မဟုတ်ဘဲ ပစ္စေကဗုဒ္ဓတို့ရဲ့ ဘွဲ့အမည်တွေ ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓတွေဟာ တောမှာပဲ သီတင်းသုံးလေ့ရှိပါတယ်။
အဖြေ
အထက်က ဖော်ပြခဲ့တာတွေကို ဖတ်ပြီးတဲ့ အခါ ၂၈ ဆူထဲမှာ ၇ ဆူ ပါဝင်ပြီး ဖြစ်တာ၊ သီးခြား မဟုတ်တာကို တွေ့ရပါလိမ့်မယ်။ ၇ ဆူ ဆိုရင် တပည့်ဖြစ်ဖူးတဲ့ ဗြဟ္မာတွေကို ညွှန်း၊၂၄ ဆူဆိုရင် ဗျာဒိတ် ခံခဲတဲ့ ဗုဒ္ဓတွေကိုညွှန်း၊ အပို ၃ ဆူက ပထမဆုံး ဗျာဒိတ်ခံဗုဒ္ဓရဲ့ နောင်တော်ဗုဒ္ဓတွေလို့ အချုပ်မှတ်လိုက်ပါ။ သုံးဆဲ့ငါးဆူလို့ မမှတ်ပါနဲ့။
အပဒါန်ပါဠိတော် မြန်မာပြန်ကို လေ့လာလို့ ဘုရားဘွဲ့အမည်တွေ တိုးလာရင်လည်း အဲဒါတွေက ပစ္စေကဗုဒ္ဓတွေရဲ့ အမည်တွေဖြစ်တယ် လို့ နားလည်နိုင်ပါတယ်။
---
၄၂။ ဝေဿန္တရာ့နှလုံးသား
ဧပြီ ၁၅၊၂၀၀၈။
------------
ဆရာတော် အရှင်မြတ်ဘုရား၊
အခြားလူတွေကို ညှဉ်းပန်း နှိပ်စက်တတ်တဲ့ လူဆိုး လူသွမ်းတွေကို မေတ္တာ ပို့သင့်ပါသလား။ သူတို့ကို ဘာကြောင့် မေတ္တာပို့ရပါသလဲ။ ဝေဿန္တရာမင်းကြီးဟာ သားတော် သမီးတော်တွေကို နှိပ်စက်တတ်တဲ့ ဇူဇကာပုဏ္ဏားကို မလှူဒါန်းသင့်ဘူးလို့ ထင်ပါတယ်။ သူတို့ကို လှူဒါန်းလိုက်ရင် ကလေးတွေရဲ့ဘဝတိုးတက်မှာမှမဟုတ်တာ။ တပည့် တော်သာ ဝေဿန္တရာဆိုရင် အဲဒီလို လှူဒါန်းမှာ မဟုတ်ပါဘုရား။ အဲဒီ ကိစ္စအတွက် ရှင်းလင်းပေးစေလိုပါသည်ဘုရား။
မန်းပုည
-------------------
အကန့်အသတ်မဲ့
ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓနဲ့ ရဟန္တာစတဲ့ သူတော်ကောင်းတွေရဲ့ လောကအပေါ် ထားရှိတဲ့ မေတ္တာတရားမှာ အကန့်အသတ် မရှိပါဘူး။ လူကောင်း လူဆိုး၊ ဆင်းရဲ ချမ်းသာ၊ မိန်းမ ယောကျ်ား၊ အသားရောင်၊ လူမျိုးနဲ့ လူတန်းစားတွေနဲ့ ကန့်သတ်မထားပါဘူး။ ရန်သူ မိတ်ဆွေလည်း မခွဲ ခြားပါဘူး။ မြတ်ဗုဒ္ဓဆိုရင် ခြေမတော်မှာ သွေးစိမ်းတည်အောင် ပြုမူတဲ့ ဒေဝဒတ်နဲ့ သားတော်ရာဟုလာ၊ ရန်ငြိုးဖွဲ့သူ ဒေဝဒတ်ရဲ့ဖခင် သုပ္ပဗုဒ္ဓ တို့နဲ့ ညီတော်အရှင်အာနန္ဒာတို့ကို ခြားနားခြင်းမရှိဘဲမေတ္တာ ထားနိုင်လို့ မဟာကရုဏာရှင်လို့ ဆိုရတာပါ။ မြတ်ဗုဒ္ဓမှာက ပိုပြီး ချစ်နှစ်သက်လို့ အထူးရွေချယ်ထားတဲ့ ပုဂ္ဂိုလ်သို့မဟုတ် လူမျိုးဆိုတာမရှိဘူး။
ဒီလို အကန့်အသတ်မဲ့တဲ့ မေတ္တာမျိုးထဲမှာ ချစ်သူ သမီးရည်းစား လင်မယားတွေ အကြားမှာ ထားရှိတဲ့ အချစ်မျိုး (တဏှာပေမ)နဲ့ သားသမီး မိဘ၊ ညီအစ်ကို မောင်နှမ မိသားစုဝင်တွေ အချင်းချင်း ချစ်တဲ့ အချစ်မျိုး (ဂေဟဿိတပေမ)ဆိုတဲ့ မေတ္တာ နှစ်မျိုး အကျုံးမဝင်ဘူး။ သူလိုကိုယ်လို ပုထုဇ္ဇဉ်တွေမှာ အဲဒီ မေတ္တာ သုံးမျိုးလုံး ရှိနိုင်ပေမယ့် ပထမအမျိုးအစားက အားနည်းပါလိမ့်မယ်။
ဒုတိယ မေတ္တာမျိုးကတော့ ကိုယ်ချစ်တဲ့ လူနဲ့ သာ ပတ်သတ်တဲ့ အတွက် မစစ်မှန်နိုင်ဘူး။ မည်မျှကြီးကျယ် ခမ်းနားတဲ့ အချစ်သင်္ကေတ ဗိမာန်ကြီးတွေ တည်ဆောက်ခဲ့စေကာမူ ပရမတ္ထမေတ္တာ ရှုထောင့်မှ မေတ္တာ အစစ်အမှန် မဖြစ်နိုင်ဘူး။ တဏှာရာဂကိုသာ အခြေခံပါလိမ့်မယ်။ ချောမောလှပတဲ့ အတွက် စွဲလမ်းစရာကောင်းလို့၊ ငါနဲ့ အယူဝါဒ တူလို့၊ ငါ့စကားနားထောင်လို့ စတဲ့ အကြောင်းတွေနဲ့ လူတစ်ယောက်၊ လူတစ်စုကိုသာ ချစ်ပြီး ကျန်တဲ့ လူတွေကို မုန်းတယ်ဆိုရင် သို့တည်း မဟုတ်တူမျှတဲ့ မေတ္တာမထားနိုင်ဘူးဆိုရင် အဲဒီမေတ္တာမျိုးဟာ အစွန်း ရောက်တာပဲ။ မိမိရဲ့ မိသားစု ကောင်းကျိုးကိုသာ ကြည့်တယ်ဆိုရင် ဒုတိယမေတ္တာမျိုးလဲအစွန်းရောက်နိုင်တာပဲ။
အစွန်းရောက်တဲ့ မေတ္တာမျိုးဟာ လောကကို အန္တရာယ်ပြုတတ်ပါတယ်။ ဒီနေရာမှာအာရှအလင်းရောင် (The Light of Asia)ကဗျာထဲက စာသားလေးတစ်ခုကိုအမှတ်ရမိပါရဲ့။
That love is false
Which clings to love for selfish sweeets of love. (p. 68)
ကိုယ်ကျိုးဆန်တဲ့ အချစ်အရသာအတွက်ချစ်ဖို့တွယ်တာတဲ့ အချစ်ဟာ မစစ်ဘူး။
ဝေဿန္တရာ
ဝေဿန္တရာနဲ့ မိမိနဲ့ တော့ မယှဉ်သင့်ဘူး။ ဘာကြောင့်ဆို ဝေဿန္တရာက ဗုဒ္ဓဖြစ်ဖို့ ပါရမီပြည့်ပြီးသား ဖြစ်နေလို့။ ဝေဿန္တရာဘဝ ပြီးရင် တာဝတိံသာမှာ သေတကေတု နတ်သားဖြစ်ပြီးနောက် ဒီလူ့လောကမှာ ဗုဒ္ဓ ဖြစ်လာတော့မယ်။ ဒါကြောင့် ဝေဿန္တရာမှာရှိနေတဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ ပါရမီထုထည် ပါရမီစွမ်းအင်ကို ခန့်မှန်းနိုင်ပါတယ်။ ဝေဿန္တရာလို့ နာမပညတ်ရှိနေတဲ့ အဲဒီကိုယ် (နာမ်နဲ့ ရုပ်)ဟာ ပါရမီဆယ်ပါးရဲ့ အစုအပုံကြီး ဖြစ်နေတယ်။
ဒါကြောင့်ဝေဿန္တရာမင်းသား အသက်ရှစ်နှစ်အရွယ်မှာ
‘ဟဒယံ ဒဒေယျံ စက္ခုံ၊ မံသမ္ပိ ရုဓိရမ္ပိစ။
ဒဒေယျံ ကာယံ သာဝေတွာ၊ ယဒိ ကောစိ ယာစယေ မမ။
(စရိယပိဋက၊ အခန်း၁၊၇၉ဂါထာ)
‘‘တစ်ယောက်ယောက်က ငါ့ဆီမှာ တောင်းခံလာခဲ့ရင် ယနေ့မှစ၍ ငါသည်ဤအလှူခံပုဂ္ဂိုလ်၏ ကျွန်ဖြစ်တယ်လို့ ကြေညာပြီးတော့ (စရိယပိဋက၊ဋ္ဌ၊၇၉)’’
နှလုံးသား၊ မျက်လုံး၊ အသား၊ အသွေးနဲ့ ဤခန္ဓာကိုယ်ကို ပေးလှူလိုလိုပါတယ်’လို့ မိမိရဲ့ နှလုံးသား ခံစားချက်ကို ထုတ်ဖော်နိုင်ခဲ့ တာဖြစ်ပါတယ်။
အလောင်းတော် မင်းသိဒ္ဓတ်ဟာ တောမထွက်ခင်လေးမှာ သစ္စာ တည်တံ့တဲ့ ဘဝကြင်ဖော် ယသော်ဓရာမင်းသမီးကို ပြောပြတဲ့ ဟန်နဲ့ အာရှအလင်းရောင်ကဗျာမှာ ရေးဖွဲ့ပုံကလဲ ထိခိုက်စရာကောင်းတယ်
If sorrow falls,
Take comfort still in deeming if there may be
A way to peace on earth by woes of ours. (p. 60)
ဆွေးစရာကြုံရင်
ငါတို့ဒုက္ခကြောင့်ကမ္ဘာပေါ်မှာငြိမ်းချမ်းမှု
ရှိနိုင်ကောင်းမယ်လို့ ယုံကြည်ပြီး မင်းဖြေတော့။
ဗုဒ္ဓဝါဒ အတွေးအခေါ် လွှမ်းမိုးတဲ့ အသိုင်းအဝိုင်းမှာ မွေးဖွားလာသူ မဟုတ်ဘဲ ဗုဒ္ဓအကြောင်း ဗုဒ္ဓဝါဒအကြောင်းကို စာပေမှာ ဖတ်ရှုပြီး ကြည်ညိုနေရတဲ့ အနောက်တိုင်းသား တစ်ယောက်က အဲဒီတုန်းကဗုဒ္ဓ ဝါဒအကြောင်းကို လက်တစ်ဆုပ်စာလောက်သာ သိကြသေးတဲ့ အချိန်မှာ အလောင်းတော် မင်းသိဒ္ဓတ်ရဲ့ နှလုံးသားထဲကို ဝင်စားပြီး အဲဒီလို ခံစားနိုင်တာဟာ ချီးမွမ်းအံ့ဩစရာပါပဲ။
ဗောဓိသတ္တတစ်ယောက်အဖို့ အလှူခံပုဂ္ဂိုလ်မှာ မိမိရဲ့ အလှူပစ္စည်းကို အမှန်တကယ် လိုအပ် မလိုအပ်ဆိုတာနဲ့ မဆိုင်ပါဘူး။ ဘာကြောင့်ဆို အလှူရဲ့ ရည်ရွယ်ချက်ကိုက အတွင်းက ကိုယ်ကျိုးဆန် အတ္တလွန် ကဲတဲ့ တဏှာကို ပယ်သတ်ဖို့ ဖြစ်လို့ ပါ။ ဒါပေမဲ့ အရက်သမား တစ်ယောက် အကူအညီ လိုအပ်ချိန်မှာ အရက်သမားက မိမိအလှူကို မှား ယွင်းစွာ အသုံးချမယ်လို့ ယူဆရင် မဆိုင်းမတွ ငြင်းပယ်ပါလိမ့်မယ်။ အဲ ဒီလိုမှားယွင်းတဲ့ အလှူဟာ ပါရမီမမြောက်လို့ ပါပဲ။
မဒ္ဒီစိတ်ထား
အဆင့်အမြင့်ဆုံး မေတ္တာဟာ အရပ်ဒေသအားလုံးကို ခြားနားခြင်းမဲ့တဲ့ ညီမျှခြင်းနဲ့ ထွန်းလင်း တောက်ပတဲ့ လရောင်နဲ့ တူပါတယ်။ လရောင်ဟာ အမှောင်မှာ ဖောက်ထွင်း လုယက်သူတွေရဲ့ ရန်သူဖြစ်နိုင်ပေမယ့် လရောင်ကို အပြစ်တင်ဖို့ အကြောင်းတရား မရှိပါဘူး။ လရောင်ရဲ့ ထွန်းလင်းတောက်ပမှုဟာ မပြောင်းလဲ့တဲ့ အမှန်တရားဖြစ်လို့ ပါ။
ဝေဿန္တရာ ဇာတ်တော်ထဲက မဒ္ဒီဒေဝီနဲ့ သားတော် သမီးတော် တွေဟာ ကိလေသာ မကုန်သေးတဲ့ ပုထုဇဉ်တွေ ဖြစ်ပေမယ့် အားလုံးဟာ ပါရမီကို ဖြည့်ဆည်းပူးပြီးသား ဖြစ်ကြတဲ့ အတွက် လေးယောက်ပေါင်း တစ်စိတ် ရှိသူတွေပါ။ ခန္ဓာကိုယ်လေးခုနဲ့ စိတ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သံသရာကြင်ဖော် မဒ္ဒီမင်းသမီးက ပြောလိုက်ပုံက
‘အနုမောဒါမိ တေဒေဝ၊ ပုတ္တကေ ဒါန မုတ္တမံ။
ဒတွာ စိတ္တံ ပသာဒေဟိ၊ ဘိယျော ဒါနံ ဒဒေါ ဘဝ။
မင်းကြီး၊ သားတော် သမီးတော်တွေကို လှူဒါန်းတဲ့ မင်းမြတ်ရဲ့ မွန်မြတ်အထက်တန်းကျတဲ့ ဒါနကုသိုလ်ကို သာဓုခေါ်ပါ၏။ လှူဒါန်းပြီးနောက် စိတ်ထဲမှာ ကြည်နူးပါလော့။ ဆထက်တံပိုး တိုး၍ လှူဒါန်းနိုင်သူဖြစ်ပါလော့ (ဇာတက၊၂၊၃၅၂)’တဲ့။ အယူအဆ ခြားနားတာကတော့ အကြောင်းအရာ တစ်ရပ်ကို ရှုမြင်တဲ့ ရှုထောင့်အပေါ်မှာပဲ တည်ပါလိမ့်မယ်။ ဗောဓိဉာဏ်အတွက် ပါရမီပြည့်ပြီးဖြစ်တဲ့ ဘုရားလောင်း တစ်ယောက်ရဲ့ ရှုထောင့်အရဆိုရင် အခြားသူတွေ ဝေဖန်နိုင်ပေမယ့် သားတော် သမီးတော်တွေကို လှူဒါန်းတာဟာ လုပ်သင့်တဲ့ ကိစ္စလို့ ယူဆပါလိမ့်မယ်။
လူအားလုံးရဲ့ အကျိုးအတွက် သားသမီး၊ ဇနီးခင်ပွန်းနဲ့ မိမိမှာ ရှိတဲ့ လူတန်းစားပြည့်စုံမှုတွေကို စွန့်နိုင်တဲ့ နှလုံးစိတ်ဝမ်း ကြီးမြတ်တဲ့ လူတွေ မိမိပတ်ဝန်းကျင်လောကမှာလည်း အများကြီးရှိနိုင်ပါတယ်။
ကံအကျိုးပေးခွင့်
ကာယောပဓိ ပယောဂါနံ၊ ဂတိယာ စ ယထာရဟံ။
သမပ္ပတ္တိံ စဝိပတ္တိံ စ၊ ကမမမာဂမ္မ ပစ္စတိ။
ကာလ၊ ဥပဓိ၊ ပယောဂ၊ ဂတိတို့၏ အထိုက်အလျောက် ပြည့်စုံခြင်း မပြည့်စုံခြင်းကိုစွဲ၍ ကုသိုလ်ကံ အကုသိုလ်ကံသည်အကျိုးပေး၏။
(နာမရူပပရိစေဒ၊၄၅၇-ဂါထာ)
၄၃။ ပရိတ်ရွတ်ခြင်း
မေ ၁၊၂၀၀၈။
------------------
ဆရာတော် အရှင်မြတ်ဘုရား၊
မွေးနေ့ပါတီတစ်ခုမှာ မိတ်ဆွေတစ်ယောက်နှင့် တွေ့ရင်း စပ်မိစပ်ရာ ပြောဆိုကြရာမှာ ထိုမိတ်ဆွေက ပရိတ်ရွတ်တာဟာ ဗုဒ္ဓဝါဒ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ တပည့်တော် ဘာမှ ပြန်မပြောခဲ့ပေမဲ့ သူပြောတဲ့ စကားက တပည့်တော်ရဲ့ရင် ထဲမှာ စူးဝင်ကျန်နေခဲ့ပါတယ်။ ပရိတ်ရွတ် ဆိုရန် ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့ပါသလား ဘုရား။ ထိုမိတ်ဆွေပြော သလို ပရိတ်ရွတ်တာဟာ မန္တန်ရွတ်ဖတ်သလိုမျိုး ဖြစ်နေပါသလား ဘုရား။ ပရိတ်ရွတ်တဲ့ အတွက်ကြောင့် နာယူသူမှာ ဘာကြောင့် ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ အကျိုးတရားတွေ ရရှိပါလည်း ဘုရား။ သနားကရုဏာရှေ့ထား၍ ဖြေကြားပေးစေချင်ပါတယ်ဘုရား။
ဦးသန်းစိန် (New Delhi, India)
-------------------
စိတ်ဦးစီးပုံ
ဝါးခြမ်းနှစ်ခုကို ထပ်ခါထပ်ခါ ပွတ်တိုက်ရင် မီးထွက်တာ၊ ဘီးရဲ့ လည်ပတ် ပွတ်တိုက်မှုကြောင့် စွမ်းအင်ကိုရပြီး စက်ဘီးရှေ့က မီးလုံး လင်းလာတာတွေကို တွေ့နိုင်တယ်။ နီဗားဒါးပြည်နယ်က ကမ္ဘာ့အံ့ဖွယ် ဧရာမ ဟူးဗားဒမ် ရေအားလျှပ်စစ်စက်ရုံက ဘီးကြီးတွေရဲ့ လည်ပတ် မှုနဲ့ ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ကာလီဖိုးနီးယား မြောက်ပိုင်း၊ နီဗားဒါးနဲ့ အရီဇိုးနားပြည်နယ်တွေမှာ လျှပ်စစ်မီးကို အလျှံပယ် သုံးနိုင် ပါတယ်။ မြန်မာနိုင်ငံလိုသုံးနိုင်ငံနီးပါး လောက်သုံးနိုင်တဲ့ စွမ်းအင်ပါ။
အဲဒီလောက် ကြီးမားတဲ့ ရုပ်စွမ်းအင်ဆိုတာ အမှန်တော့ နာမ် စွမ်းအင်ရဲ့ထုတ်လုပ်ချက်မျှသာဖြစ်ပါတယ်။ ရုပ်တရားမှာ အဲဒီလို သဘာဝ စွမ်းအင်မျိုးရှိသလို ပရိတ်တော်တွေကို ကြိမ်ဖန်များစွာ ရွတ် ဖတ်သူမှာလည်း မြင့်မားတဲ့ နာမ်စွမ်းအင် နာမ်သတ္တိတွေ ရှိလာနိုင်ပါတယ်။ စကားလုံးတွေကိုထပ်ခါထပ်ခါ ရွတ်ဆိုပွားများရင် အဲဒီစကား လုံးတွေက ထူးခြားတဲ့ နာမ်စွမ်းအင်တွေကို ထုတ်ပေးတဲ့ သဘာဝ ရှိ ကြောင်းပညာရှိတို့မိန့်ဆိုပါတယ်။
စွမ်းအင်ရရှိပုံ
ပရိတ်တော်တွေကို ရွတ်ဆိုဆဲမှာ ဖြစ်ပေါ်လာတဲ့ စေတနာ မေတ္တာ သစ္စာစတဲ့ နာမ်တရားတွေရဲ့ အစွမ်းသတ္တိဟာ အဲဒီ ရုပ်စွမ်းအင်ထက် ကြီးမားတဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်ပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင်လည်း နာမ်စွမ်းအင်ကို အသုံးပြုတော်မူခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဟာ ပရိနိဗ္ဗာန်စံခါနီး မကြွလှမ်းနိုင်လောက်အောင်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကိုဖလ သမာပတ်သမာဓိနဲ့ ထောက်ကန်ပြီး ဆယ်လလောက် မရပ်နားဘဲ ခြေ လျင်ခရီး ကြွချီတော်မူနိုင်ခဲ့ပါတယ်။
‘အာနန္ဒာ၊ ငါ့အသက်ရှစ်ဆယ်ရှိနေပြီ။ လှည်းအိုသည် (ကြိုးဖြင့်) တုပ်နှောင်၍ တည်တံ့သကဲ့သို့ ငါဘုရား၏ ခန္ဓာကိုယ်သည် အရဟတ္တ ဖိုလ်သမာဓိဖြင့်ဖွဲ့ချည်၍ တည့်တံ့နေ၏ (ဒီ၊၂၊၈၅)’။ ဆန္ဒ (လုပ်လိုတဲ့ ဆန္ဒ)၊ စိတ္တ (စွဲမြဲတဲ့ စိတ်)၊ ဝီရိယ (မပျင်းမရိလုပ်ဆောင်မှု)၊ ပညာ (ချင့်ချိန်တတ်တဲ့ အသိ) ဒီတရား လေးမျိုးဟာ ဣဒ္ဓိပါဒ (စိတ်စွမ်းအင်ရဲ့ အခြေခံ) တွေ ဖြစ်ပါတယ်။ ‘အဲဒီ (ဣဒ္ဓိပါဒ်)တရားလေးမျိုးကို ကြိမ်ဖန် များစွာ ပွားများသူသည် သက်တမ်း ဆုံးအောင် သက်တမ်း ကျော် အောင်အသက်ရှည်နေနိုင်၏ (ဒီ၊၂၊၈၅)’။
မြတ်ဗုဒ္ဓဟာ နာမ်တရားတွေရဲ့ အစွမ်းသတ္တိ ကြီးမားပုံကို အခါ များစွာ ဟောတော်မူလေ့ရှိပါတယ်။ ပရိတ်ရွတ်တယ်ဆိုတာ ဆိုခဲ့တဲ့ စေတနာ မေတ္တာ သစ္စာစတဲ့ နာမ်တရားတွေကို စွမ်းအင် မြှင့်တာပါ။ အဲဒီ တရားတွေက သမထ သို့မဟုတ် ဝိပဿနာ ဘာဝနာအဆင့်ကို မရောက်သေးပေမယ့် ကြိမ်ဖန်များစွာပွားများရင် ထူးခြားတဲ့ စွမ်းရည် တွေကိုရရှိစေတယ်ဆိုတာကို ကျမ်းဂန်တွေမှာ ဖော်ပြပါတယ်။
ပရိတ်ရွတ်ခြင်း
‘ရဟန်းတို့၊ အာဋာနာဋိယမည်သော အရံအတား (ရက္ခံ)ကို သင်ယူကြလော့၊ အဖန်ဖန် လေ့လာကြလော့၊ ယင်းသည် လူအများ၏ အကာ အကွယ်အစောင့်အရှောက် ဖြစ်၏ (ဒီ၊၃၊၁၇၄)’။ ‘ရဟန်းတို့၊ ဘေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်းမသည် အာပတ်မှကင်းလွတ်၏ (ဝိ၊၂၊၄၀၂)။
ပရိတ်ဟူရာ၌ တစ္ဆေ သရဲနိုင် မန္တန်၊ မြွေနိုင်မန္တန်စသည့် မန္တန် အမျိုးမျိုးလည်း အပ်၏ (ဝိ၊ဋ္ဌ၊၃၊၂၀၅)’။ ပထမ ကျမ်းကိုးအရ မြတ်ဗုဒ္ဓက ရဟန်းတော်တွေကို အာဋာနာဋိယသုတ်ကို သင်ယူဖို့ တိုက်တွန်းတာကို တွေ့နိုင်ပါတယ်။ ဒုတိယ ကျမ်းကိုးမှာပါတဲ့ မန္တာန်မျိုးကိုတောင် ရ ဟန်းမိန်မ (ရဟန်းယောကျ်ားလည်းပါတယ်)တွေ သင်ယူကောင်းလုပ် ကောင်းရငါ ပါဠိတော်တွေမှာ တိုက်ရိုက်လာတဲ့ ပရိတ်တော်တော်ထဲက သုတ္တန်တွေ ဆိုရင် ပြောစရာမလိုဘူးပေါ့။
ပရိတ်ကြီး ၁၁ သုတ်ဆိုတာက ထိုထို သုတ္တန်တွေက ဆွဲထုတ် ထားတဲ့ ပါဠိတော် အပိုင်းအစတွေပါ။ တစ်သုတ်စီကို စစ်ကြည့်ရင် သစ္စာပြုတာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်စီးဖြန်းတာတွေပါပဲ။ ဒါကြောင့် ပရိတ်ဆိုတာ ဘုရားဟော၊ ပရိတ်ရွတ်ဖို့ ဘုရားခွင့်ပြုခဲ့တယ်လို့ အခိုင် အမာ မှတ်ယူသင့်ပါတယ်။ ပရိတ်ရွတ်တာဟာ ဗုဒ္ဓဝါဒမဟုတ်ဘူးလို့ ဆိုရန်ခိုင်လုံတဲ့ အကြောင်းတရား မရှိပါဘူး။
တားဆီးပုံ
ပရိတ်တရားတော်တွေဟာ နာမ်တရားတွေဖြစ်လို့ အဲဒီနာမ်တရားတွေကို ခန္ဓာကိုယ်ထဲမှာ စိမ့်ထုံသွားအောင် စူးစူးစိုက်စိုက် ရွတ်ပွားနေရင် ဆန္ဒစိတ္တဝိရီယ ဝီမံသဆိုတဲ့ ဣဒ္ဓိပါဒ်ဖြစ်သွားပြီး အကျိုးပြီးမြောက်နိုင် ပါတယ်။ နာမကျန်းဖြစ်တဲ့ အခါ ပျောက်လိုတဲ့ ဆန္ဒလည်း ပြင်းပြမယ်၊ ပျောက်ဖို့လည်း စိတ်ထက်သန်နေမယ်၊ ပျောက်အောင်လည်း ကြိုးစားပြီး ကုသမယ်၊ သင့်မသင့် ချင့်ချိန်တဲ့ ဉာဏ်ကလည်း ဦးစီးနေမယ်ဆို ရင်၊ အဲဒီအတွင်းစိတ်ဟာ ဗောဇ္ဈင်တရားတွေကို ကြားနာရွတ်ပွားတဲ့ သဒ္ဓါစေတနာ တိုးပွားမှု အရှိန်နဲ့ ထိတွေ့တဲ့ အခါ အဲဒီအရှိန်စွမ်းအင်ရဲ့ ရိုက်ခတ်မှုကြောင့် ရွတ်ဖတ်သူမှာဖြစ်စေ၊ နာယူသူမှာဖြစ်စေ ပူလောင် နာကျင်မှုတွေ လျော့ပါးသွားပါတယ်။
အဲဒီလိုနဲ့ မိမိကိုယ်မှာ ရောဂါပျောက်၊ အပြင်မှာ အန္တရာယ်ကင်းတဲ့ အကျိုးကိုရရှိတာပါ။ အရှင်မဟာကဿပနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ နာမကျန်းဖြစ်လို့ ဗုဒ္ဓကိုယ်တိုင် ဗောဇ္ဈင် ခုနစ်ပါးတရားကို ဟောကြား လို့ ရောဂါ ပျောက်ကင်းသွားပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် နာမကျန်း ဖြစ်လို့ အရှင်စုန္ဒမထေရ်က အဲဒီဗောဇ္ဈင်ခုနစ်ပါး တရားကို ရွတ်ပြတဲ့ အခါ မြတ်ဗုဒ္ဓလဲ ကျန်းမာသွားပါတယ် (သံ၊၃၊၇၁)။ အရှင်ဂိရိမာနန္ဒ (အံ၊၃၊၃၄၂)၊ နကုလပိတာသူကြွယ် (အံ၊၂၊၂၆၁) တို့လဲ ဗုဒ္ဓဟောတဲ့ သုတ္တန်တွေကိုနာယူပြီး ကျန်းမာသွားကြပါတယ်။
အင်္ဂါရပ်များ
ပရိတ်နာယူသူမှာ ၁) ပဉ္စာနန္တရိယကံ ကျူးလွန်ထားရင် ၂) နိယတ မိစ္ဆာဒိဋ္ဌိ (စွဲမြဲ ပြင်းထန် အစွန်းရောက်တဲ့ အယူမှား) ရှိနေရင် ၃) ပရိတ်စွမ်းအင်ကို မယုံကြည်ရင် ပရိတ်အကျိုး မရှိနိုင်ဘူး (မိလိန္ဒ၊၁၅၅)။ ဒကာဒကာမတို့အတွက် အထူးရည်ရွယ်ပြီး ရွတ်ပွားသူအနေနဲ့
၁) အနက်အဓိပ္ပာယ်ကို နားလည်အောင် သင်ယူထားရမယ်
၂) ပုဒ် ဗျည်းတို့ကိုမကျန်စေဘဲ ပြည့်စုံအောင်လေ့လာ ကျက်မှတ်ထားရမယ်
၃) ရမယ့် လာဘ်လာဘကို မငဲ့ဘဲ မေတ္တာရှေ့ထား၍ ရွတ်ဖတ်ရမယ် (ဒီ၊ဋ္ဌ၊၃၊၁၄၉)။
ဖော်ပြပြီး အင်္ဂါရပ်တွေနဲ့ ပြည့်စုံရင် အထက်မှာပြောပြထားတဲ့ အတိုင်းအကျိုးပြီးမြောက်နိုင်ပါတယ်။
ပိယင်္ကရသုတ်
အရှင်အနုရုဒ္ဓါမထေရ်ဟာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးခိုက် တစ်ခုသော မိုးသောက်ယံမှာ သုတ္တန်တွေကို ရွတ်အံနေပါတယ်။ ဘီးလူးမတစ်ယောက် သားငယ်နှင့်အတူ ရောက်လာပြီး အရှင်မြတ်ရဲ့ ရွတ်ဖတ်သံကို နာယူပါတယ်။ သားငယ်ကအသံပြုတဲ့ အတွက် ‘သားရေ၊ အသံမပြုနဲ့။ ရဟန်းရွတ်တဲ့ တရားကိုသိပြီး လိုက်နာကျင့်ကြံနိုင်ရင် တို့တွေ ဘီလူးဘဝက လွတ်မြောက်နိုင်လိမ့်မယ်’လို့ ဆိုတယ်။ တရား တော် (သုတ္တန်) အဆုံးမှာ ဘီလူးမ သောတာပန် တည်သွားပါသတဲ့ (သံ၊၁၊၂၁၁)။ ဗုဒ္ဓဓမ္မကို ရွတ်ဖတ်မှုဟာ အဲဒီလိုလည်း သူတစ်ပါး အကျိုးကိုဆောင်ရွက်ပေးနိုင်ပါတယ်။
ဒါကြောင့်ပရိတ်မရွတ်ခင်မှာ ‘သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ = စကြဝဠာ ဝန်းကျင်က နတ်ဗြဟ္မာ အပေါင်းတို့၊ ဤပရိတ် တရားကို ဟောကြားသည့် နေရာသို့ လာရောက်ကြပါ’လို့ ဖိတ်ကြား တာဖြစ်ပါတယ်။ ‘သုတ္တန်တွေရဲ့ အဓိပ္ပာယ်မှန်ကို နားမလည်ဘဲ စွပ်စွဲ ပြောဆိုရင် ဘုရားကိုစွပ်စွဲရာ ရောက်တယ်၊ ကိုယ့်ကိုယ်ကိုလည်း တူးဖြိုရာရောက်တယ်၊ အကုသိုလ်လည်း တိုးပွားပါတယ် (မ၊၁၊၂၃၆)’။
အဓိပ္ပာယ်မှန်ကိုသိလိုရင် ဆရာကောင်းကိုဆည်းကပ်ဖို့ ပညာရှိကို ဆရာတင်ဖို့ ဝန်မလေးသင့်ဘူး။ အသ္မိမာန် (ငါပဲဆိုတဲ့ မာန)ကို ရှေ့တန်းတင်နေရင် ဘဝတစ်လျှောက်အမှန်တရားနဲ့ မနီးစပ်နိုင်ဘူး။
---
၄၄။ ရုပ်ပွားဆင်းတု ကိုးကွယ်ခြင်း
မေ ၁၃၊၂၀၀၈။
-------------------
ဆရာတော်အရှင်မြတ်များဘုရား၊
အချို့ဗုဒ္ဓဘာသာဝင်များသည်အိမ်မှာ ကိုးကွယ်ထားသည့် ဒက္ခိဏသာခါ ဆင်းတုက မီးကွင်းတယ်၊ သူခိုးမဝင်ရဲအောင် ကာကွယ်ပေးတယ်ဟု ယုံကြည်ကြပါသည်။ ထိုယုံကြည်ချက် မှန်ကန်ပါသလားဘုရား။ ဗုဒ္ဓ ဘာသာကောင်း တစ်ယောက် ဖြစ်ရေးတွင် ဗုဒ္ဓဆင်းတုကို ကိုးကွယ် ပူဇော်မှုသည် အရေးကြီးပါသလား။ ရုပ်တုဆင်းတု ကိုးကွယ်မှုကို ဗုဒ္ဓ ကိုယ်တိုင်ခွင့်ပြုခဲ့ပါသလား။ မည်သည့်အချိန်က စတင်ပြီးရုပ်ပွား ဆင်းတုကိုးကွယ်မှု စတင်ခဲ့ပါသနည်း။
မေဝသန်ဦး၊ ခေတ္တမလေးရှား
-------------------
စတင်ခဲ့ပုံ
ဗုဒ္ဓဆင်းတုတော် ထုလုပ်ကိုးကွယ်မှုဟာ ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုတော်မူခဲ့တဲ့ အတွေးအမြင်ဟုတ်မဟုတ်ဆိုတာ အတိအကျဆို ဖို့ခဲယဉ်းပါတယ်။ ထေရဝါဒပိဋကတ်မှာ မြတ်ဗုဒ္ဓက မိမိရဲ့ ဆင်းတုကို ထုလုပ်ကိုးကွယ်ရ မယ်လို့ တိုက်ရိုက် မြွက်ဟတာ မရှိပါဘူး။ ဓာတ်တော် မွေတော်တွေကို စေတီတည်ထား ကိုးကွယ်ဖို့တော့ ခွင့်ပြုခဲ့ပါတယ် (ဒီ၊၂၊၁၁၀)။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့ အနေနဲ့ ၎င်း၎င်းတို့ရဲ့ သင်္ဂြိုဟ် ကြွင်းကို စေတီတည် ကိုးကွယ်တဲ့ အဲဒီ ခေတ်ချိန်က အိန္ဒိယ ဓလေ့ထုံးစံအရ အဲဒီလို မိန့်တော်မူတာဖြစ်နိုင်တယ်။
ဒါပေမယ့် မြတ်ဗုဒ္ဓအနေနဲ့ ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို တားလည်း မတားမြစ်ပါဘူး။ ဗုဒ္ဓဆင်းတုကို ကိုးကွယ်လိုတဲ့ အတွေးအမြင်ဟာ ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ ဗုဒ္ဓရဲ့ တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်ကနေ စိတ်ဓာတ်ခွန်အားကို ရလိုတာကနေ စတင်ခဲ့တာဖြစ်နိုင်ပြီး ထေရဝါဒ ပိဋကတ်မှာရော သမိုင်းအရပါ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ငါးရာခန့်ထိ အိန္ဒိယမှာ ဗုဒ္ဓဆင်းတု တည်ရှိခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ သုတေသီတွေကဆိုပါတယ်။
ခြေတော်ရာစေတီ
ဗုဒ္ဓဆင်းတု ကိုးကွယ်မှု မတိုင်မီက ကြည်ညိုသူတွေဟာ ကြာပန်းပုံကို ဖြစ်စေ၊ မြတ်ဗုဒ္ဓရဲ့ ခြေရာတော်ပုံကိုဖြစ်စေ ပူဇော်ကိုးကွယ်ခဲ့ကြပါတယ်။ ဗုဒ္ဓဝါဒ အစောပိုင်းကာလမှာ ရုပ်ပွားဆင်းတု ကိုးကွယ်တာကို ဗုဒ္ဓဝါဒီအချို့ နှစ်သက်ကြဟန် မတူဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရဲ့ ထူးခြား တင့်တယ်တဲ့ ရုပ်သွင်တော် ပျက်ယွင်းသွားနိုင်လို့ ဖြစ်ဖွယ်ရှိပါတယ်။ ဂရိနဲ့ ဆက်သွယ်မိချိန်ကျမှ ဗုဒ္ဓဆင်းတုထုလုပ်ကိုးကွယ်မှုပြန့်နှံ့လာတယ်လို့ သမိုင်းသုတေသီတို့ ယုံကြည်ကြပါတယ်။
နှောင်းခေတ်မှာ ဗုဒ္ဓဆင်းတုထုလုပ်မှု အနုပညာနဲ့ ပတ်သက်ပြီး အိန္ဒိယလူမျိုးတွေကို ဂရိတို့က ကူညီအားပေးခဲ့ကြတယ်။ ဒီအချိန်ကစပြီး အခြားနိုင်ငံတွေမှာလည်း ရုပ်ပွားဆင်းတုကိုးကွယ်မှု ခေတ်စားလာတယ်။ မိမိနိုင်ငံလူမျိုးအသီးသီးရဲ့ရုပ်သွင်ပုံဟန်တွေနဲ့ ဗုဒ္ဓဆင်းတုတွေ ထုလုပ်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာ တစ်နိုင်ငံတည်းမှာပင် သမိုင်းခေတ် တစ်ခုနဲ့ တစ်ခုမတူဘဲ ဆင်းတု ပုံသဏ္ဌာန် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်လို့ သုတေသီတို့ဆိုပါတယ်။
ဒက္ခိဏသာခါ
ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားက ‘တောင်ဖက်ကိုင်း’လို့ အဓိပ္ပာယ်ရပါတယ်။ ဗောဓိပင်ရဲ့တောင်ဖက်က အကိုင်းနဲ့ ထုလုပ်တဲ့ ဆင်းတုလို့ ဆို ဖွယ်ရှိပါတယ်။ ဒက္ခိဏသာခါဆင်းတု အကြောင်းကို ပိုမိုနားလည်ဖို့ ဆို ရင် ဆက်လက် သုတေသနပြုရဦးမှာပါ။ ဆင်းတုတော်ရဲ့ ပုံစံကလည်း တစ်မူ ထူးခြားနေပါတယ်။ ဘယ်ခေတ်ကဘယ်လိုအဓိပ္ပာယ်နဲ့ အဲဒီပုံစံ မျိုးထုလုပ်ခဲ့တယ်ဆိုတာကို ပညာရှင်တို့တင်ပြပါကုန်။ ရုပ်ပွားဆင်းတု ကိုးကွယ်ရာမှာ အဲဒီဆင်းတုတော်က မီးကွင်းအောင်၊ လေကွယ်အောင် လုပ်ပေးတယ်လို့ မယူဆသင့်ပါဘူး။ ဘာကြောင့်ဆို သက်တော် ထင်ရှား ဗုဒ္ဓဘုရားကိုယ်တိုင်လည်း အဲဒီလို လုပ်မပေးလို့ ပါဘဲ။ ဗုဒ္ဓဆင်းတု ကိုးကွယ်တဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်နိုင်ဖို့ပါ။
မြတ်ဗုဒ္ဓရဲ့တည်ငြိမ်တဲ့ သွင်ပြင်၊ မေတ္တာတရား၊ သန့်ရှင်းစင်ကြယ် မှုနဲ့ ပြီးပြည့်စုံမှုတွေကို ထင်ဟပ်စေတဲ့ သင်္ကေတဟာ ကိစ္စမြားမြောင် လူ့ဘောင်ထဲက နေ့စဉ် လူမှုဘဝ လှုပ်ရှားမှုတွေမှာ ရင် ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားဖို့ စိတ်ဓာတ်အင်အား ကိုရရှိစေပါတယ်။ စိတ်သက်သာရာရမှု၊ စိတ်ဓာတ်ပြန်လည် လန်းကြွ လာမှုတို့အတွက်လည်း ကြီးစွာအထောက်အကူပြုပါတယ်။
ဗုဒ္ဓဆင်းတုကို ပူဇော်ကန်တော့ဆဲမှာ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရဲ့ကြီးမြတ်တဲ့ ဂုဏ်ရည်တွေအပေါ်မှာ တစ်ခဏလောက် မိမိစိတ်ကို တည်ကြည်စွာ ထားလိုက်နိုင်ရင် အဲဒီကြည်လင်တဲ့ စိတ်ဟာ အမှန်ပင် ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။
မီးကွင်း ဆင်းတု
တစ်ခါတစ်ရံ လူအများ ပူဇော်ခံ စေတီတော်နဲ့ ဆင်းတုတော်တွေမှာ ထူးခြားတဲ့ စွမ်းအင် သို့မဟုတ် တန်ခိုးတစ်မျိုး ရှိနေတတ်ပါတယ်။ ဗုဒ္ဓ ဝါဒဟာ ပရလောကကို ယုံကြည် လက်ခံပါတယ်။ သူတော်စင် ရဟန်း ပုဂ္ဂိုလ် လူပုဂ္ဂိုလ် အချို့ဟာ မိမိတို့ ပြုလုပ်တဲ့ ကုသိုလ်ထူးအထွက် ကွယ်လွန်ပြီးနောက်မှာ မိမိတို့အထူးကြည်ညိုတဲ့ စေတီသို့မဟုတ် ဗုဒ္ဓ ဆင်းတုတွေကို စောင့်ရှောင့်လိုကြောင်း သို့မဟုတ် အဲဒီဘုရားမှာ ဝေယျာဝစ္စပြုလိုကြောင်း ဆုတောင်း အထူးပြုကြတာမျိုး ရှိတယ်။
အဲဒီလို အစောင့်အရှောက်တွေ ရှိရင်၊ အနည်းဆုံး အဲဒီ ဗုဒ္ဓဆင်းတုကို ကြည်ညိုတဲ့ ပရလောကသားတွေ ရှိခဲ့ရင်၊ ကိုယ်တိုင်ကလည်း ဗုဒ္ဓါနုဿတိ (ဗုဒ္ဓကို အဖန်ဖန် အာရုံပြုမှု)နဲ့ ကြည်ညိုစိတ်တွေ အား ကောင်းနေရင် အဲဒီ ဗုဒ္ဓ ဆင်းတုတွေရဲ့ ထူးခြား အံ့ဩဖွယ်ကို ရံဖန် ရံခါ တွေ့မြင်ရဖွယ် ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ဗုဒ္ဓဆင်းတုတော်က မီးကွင်း၊ လေကွယ် ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဘုန်းကြီးအနေနဲ့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဆင်းတုဟာ ဆင်းတုပါပဲ။ အထဲမှာ ဗုဒ္ဓဓာတ်တော်မှမရှိဘဲ။ ဒါကြောင့် ဗုဒ္ဓ ဆင်းတုက တိုက်ရိုက်ကြီးတော့ တန်ခိုးမပြတန်ရာပါဘူး။
မရှိ မဖြစ်လား
ဗုဒ္ဓဝါဒီတွေဟာ ဗုဒ္ဓဆင်းတုတော်ကို ဖူးမြင်ရခိုက် နှလုံးသားထဲမှာ ဗုဒ္ဓ ရုပ်သွင်ထင်မြင်လာပြီးကြည်ညိုသဒ္ဓါ တိုးပွားပါတယ်။ အဲဒီကြည်လင် တဲ့ စိတ်ဟာ ကြည်ညိုသူ ဗုဒ္ဓဝါဒီကို အတွေးအကြံကောင်းတွေ ရစေပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ညစ်ညူးမှုတွေနဲ့ နေ့စဉ်ဘဝပြဿနာ အထွေ ထွေကို တဒင်္ဂ မေ့ပျောက်ထားနိုင်ပြီး စိတ်ကို ကောင်းစွာ ထိန်းချုပ် နိုင်ဖို့ အထောက်အပံ့ပြုပါတယ်။ ဒါကြောင့် ဗုဒ္ဓဆင်းတုကို ကိုးကွယ်ကြ တာလို့ နားလည်သင့်ပါတယ်။
ဗုဒ္ဓဝါဒမှာ ဓမ္မကိုကျင့်သုံးဖို့ ဗုဒ္ဓဆင်းတုကို ရှိခိုးပူဇော်ရမယ်လို့ အတင်းအကြပ် မတိုက်တွန်းပါဘူး။ ဗုဒ္ဓဆင်းတုတော် မရှိဘဲလည်း ဗုဒ္ဓ္ဒ ဓမ္မကို ကျင့်သုံးနိုင်ပါတယ်။ ကျင့်သုံးပြီး ဝိမုတ္တိသုခ (ကိလေသာမှ လွတ်မြောက်မှု ချမ်းသာ)ကို ခံစားနိုင်ပါတယ်။ ဗုဒ္ဓဆိုတာ လမ်းညွှန်သူသာ ဖြစ်ပြီး ဒုက္ခမှ လွတ်မြောက်ဖို့ ဆိုရင် မိမိကိုယ်တိုင်ပဲ ကြိုးစား အားထုတ်ရပါတယ်။
ဒါပေမယ့် ယဉ်ကျေးပြီး ကမ္ဘာတစ်လွှားက မျိုးဆက်တစ်ခု ပြီး တစ်ခု လူသန်းပေါင်းများစွာရဲ့ စိတ်ဓာတ်အင်အားကို ပေးစွမ်းနိုင်ခဲ့တဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓဂုဏ်တော်တွေကို ပြန်ပြောင်း အောက်မေ့နိုင်ဖို့ ဗုဒ္ဓဆင်းတု တော် လိုအပ်ပါတယ်။ ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ မိမိအိမ်မှာ ဗုဒ္ဓဆင်းတု သို့မဟုတ် ဗုဒ္ဓရုပ်ပုံပန်းချီကားချပ် ထားရှိကောင်းပါတယ်။ ထားရှိ သင့်ပါတယ်။ ရှိပြီးဖြစ်ရင်လည်း အိမ်အလှပြဖို့ မဟုတ်ဘဲ ချီးမွမ်း ထောမနာပြုမယ့် အရာ၊ စိတ်ဓာတ် အင်အားကို မြှင့်တင်ပေးတဲ့ အရာ၊ ရိုသေပူဇော်မယ့်အရာအနေနဲ့ အမြတ်တနိုး သိမ်းဆည်းထားပါလေ။
သူတို့အမြင်
တည်ကြည်တဲ့ ဗုဒ္ဓဆင်းတုတော်ပုံဟာ စံဝင်လှပပြီး အာရှယဉ်ကျေးမှုရဲ့ အဖိုးမဖြတ်နိုင်တဲ့ အရာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဒဿန (တွေးခေါ်) ပညာရှင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်တိုင် မြင့်မြတ် ထက် မြက်တဲ့ အတွေးအကြံတွေနဲ့ စိတ်ဓာတ်အင်အားကို ရရှိဖို့ ၎င်းတို့ရဲ့ စာ ဖတ်ခန်းထဲက စာပွဲပေါ်မှာ ဗုဒ္ဓဆင်းတုတော်ကို သိမ်းဆည်းထားလေ့ရှိ ကြပါတယ်။ သူတို့ အများစုဟာ ဗုဒ္ဓဝါဒီတွေ မဟုတ်ပါဘူး။ ဗုဒ္ဓဆင်းတု နဲ့ ပတ်သက်လို့ အိန္ဒိယဝန်ကြီးချုပ်ဟောင်း ပဏ္ဍိတ်နေရူးဆိုပုံက
‘မှိတ်ထားသော မျက်လုံးအစုံအတွင်းမှ စိတ်ပိုင်းစွမ်းရည် အချို့ကို အထင်းသား တွေ့ရပြီး ကိုယ်အမူအရာတွင် အသက်ဝိညာဉ်ရှိသည့် အလား စွမ်းအင်များ ပြည့်လှံျနေ၏။ ခေတ်ကာလတို့ ပြောင်းရွေ့သွား သော်လည်း ဗုဒ္ဓရှင်တော်မြတ်မှာမူ ဝေးကွာ၍ မသွားသေး။ ဗုဒ္ဓ၏အသံသည်ကျွန်ုပ်၏ နားတွင်းသို့တိုးညှင်းစွာကြားယောင်လာပါ၏။ လွတ် လပ်ရေးလှုပ်ရှားမှုမှ နောက်မဆုတ်ရန် တည်ငြိမ်သော စိတ်ထားဖြင့် အန္တရာယ်ကို ရင် ဆိုင်ရန် ပြောပြနေသည့်အလားပင်ဖြစ်တော့၏။ ကျွန်ုပ် ထောင်ကျနေစဉ် ဤဆင်းတုတော်မြတ်အား ဖူးမြင်နေရခြင်းမှာ ကျွန်ုပ် အားပြင်းပြသော စိတ်ဓာတ်ခွန်အားကို ဖြစ်ပေါ်စေခဲ့ပါသည်’။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗိုလ်ချုပ်ဟန်မီလ်တန်ဟာ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းပျက် တစ်ခုက ဗုဒ္ဓဆင်းတုတစ်ဆူ ရရှိသွားပါတယ်။ အဲဒီဆင်းတုတော်ကို အဲဒီအချိန်က ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ ထံပေးပို့ပြီး စာတိုကလေး ရေးလိုက်ပုံက
‘ခင်ဗျား စိုးရိမ်ပူပန်သောက ရောက်နေစဉ်မှာ ဟောဒီ ငြိမ်းချမ်း တည်ငြိမ်တဲ့ ဆင်းတုတော်ရဲ့ ရုပ်သွင်ကို တစ်ချက် ကြည့်လိုက်ပါ။ ပြီးတော့ ခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုအပေါ် ပြုံးပစ်လိုက်စမ်းပါ’။
အာရှအလင်းရောင်ကဗျာမှာ ဖော်ပြပုံက
'This is that bloosom on our human tree
Which opens once in many myriad years
But opened, fills the world with Wisdom's scent
And Love's dropped honey. (The Light of Asia, p 5)
နှစ်ပေါင်း အသင်္ချေမှာ တစ်ခါသာပွင့်တဲ့
ပွင့်ပြီးရင် ကမ္ဘာကိုပညာရနံ့
မေတ္တာ ပျားရည်တွေ ပြည့်လျှံစေတဲ့
လူသားသစ်ပင်ကပန်းပွင့်’တဲ့။
မဟာဗြဟ္မေ လျှာကုဋေဖြင့်
ဆန်းနေဂိုဏ်းညီ ဂါထာစီ၍
ကျူးသီမြွက်ဖော်ဆိုလှည့်သော်လည်း
ဘုန်းတော်ကဲလွန်အနေကန်ကို
ဝေဖန်ချီးမြှောက်ပြီးမရောက်လိမ့်။
(စလေဦးပုည)
---
၄၅။ သစ္စာကံ အကျိုးပေးပုံ
ဇန်နဝါရီ ၁၅၊၂၀၀၈။
-------------------
ရိုသေစွာ လျှောက်ထားပါသည် အရှင်ဘုရား၊
သုဝဏ္ဏသာမ မြားဆိပ်သင့်သောအခါ ခမည်းတော်၊ မယ်တော်နှင့် နတ် သမီး ပေါင်းသုံးဦး သစ္စာပြုသဖြင့် အသက်ချမ်းသာခဲ့ရသည်ဟု ဆိုပါ သည်။ တပည့်တော် သိလိုသည်မှာ သစ္စာသည် အကယ်၍ အစွမ်း ထက်ငြားအံ့ ပါရိကာ သစ္စာပြုသောအခါကပင် သုဝဏ္ဏသာမ မြားဆိပ် ပြေသင့်ပါသည် ဘုရား။ သို့သော် အမှန်၌ ခမည်းတော် မယ်တော်နှင့် နတ်သမီးပါ သုံး ယောက်သား သစ္စာပြုမှ အသက်ချမ်းသာခဲ့ရပါသည်။ အဘယ်ကြောင့် ပါနည်း အရှင်ဘုရား။ သနားကရုဏာ ရှေ့ထား၍ ဖြေ ကြားပေးတော်မူပါ အရှင်မြတ်ဘုရား။
ရိုသေစွာဖြင့် အောင်စိုးမိုး
-------------------
သစ္စာနှုတ်သီး
‘သစ္စာနှုတ်သီး၊ မန္တန်ကြီးဖြင့်၊ ကျော်ချီးစေအောင်၊ အငြိမ်းဆောင်သည်’ လို့ ပါရမီတော်ခန်းပျို့ (အပိုဒ် ၁၂၂)မှာနှုတ်က သစ္စာပြုတာကို သစ္စာ နှုတ်သီး မန္တန်ကြီးလို့ ဖော်ကျူးခဲ့ပါတယ်။ သစ္စာနဲ့ ပြောဆိုတာဟာ ကြီးမြတ်တဲ့ မန္တန်သဖွယ်ဖြစ်ပုံကို ဆိုလိုတာပါ။ ဗုဒ္ဓလောင်းလျာတွေ ကျင့်သုံးခဲ့တဲ့ ကျင့်စဉ်တစ်ရပ်ဖြစ်လို့ သစ္စာရဲ့အစွမ်း ထက်မြက်ပုံကို ဗုဒ္ဓဝါဒ အစဉ်အလာမှာ များစွာချီးကျူး သရုပ်ဖော်ပါတယ်။
သစ္စာပြုတယ်ဆိုတာ အမှန်စကားကို နှုတ်က မြွက်ဆိုတဲ့ အလုပ် ဖြစ်ပါတယ်။ ‘ကံဆိုတာ အလုပ်’လို့ အဓိပ္ပာယ်ဖွင့်ဆိုတာမို့ ကာယဝစီ မနောလို့ ကံသုံးမျိုးရှိရာမှာဝစီ (နှုတ်)နဲ့ ပြုလုပ်တဲ့ ကံကိုသစ္စာပြုတယ် လို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် သစ္စာအစွမ်းထက်တယ်ဆိုပေမယ့် လုပ်ဆောင်မှု ပယောဂနဲ့ ပမာဏ ခြားနားနိုင်သလို သစ္စာကံ အကျိုး ပေးရာမှာလည်းခြားနာမှုတွေ ရှိနိုင်ပါတယ်။
ကံပေါင်းစုံကိုယ်
လူ နတ် ဗြဟ္မာ တိရစ္ဆာန် မည်သူမဆို ပုဂ္ဂိုလ် သတ္တဝါဆိုတာ လုပ်ထားပြီးသမျှ ကံတွေရဲ့ရလဒ် သို့မဟုတ် ကံပေါင်းစုံကိုယ် ဖြစ်ပါတယ်။ ဘဝပေါင်း များစွာမှာ မိမိကိုယ်တိုင် ပြုလုပ်ထားပြီးဖြစ်တဲ့ များလွန်း လှတဲ့ ကံအထုဟာ သတ္တဝါတွေမှာ အရိပ်လို ထက်ကြပ်မကွာ ရှိနေ ပါတယ်။ အဲဒီလိုများပြားသလောက် ဘယ်ကံက ဘယ်အချိန်မှာ ဘယ်လိုအကျိုး ပေးမယ်ဆိုတာကိုလည်း ပုထုဇဉ်တို့အနေနဲ့ သိနိုင်ခဲပါတယ်။ ကံတစ်ခုဟာ အားကောင်းလာလို့ အကျိုးပေးခွင့် ကြုံတဲ့ အခါ ကောင်းကျိုး ဆိုးကျိုးကို ပေးတာပါပဲ။ ကံ အကျိုးပေးမယ့် အချိန်အခါကို ဗုဒ္ဓ ဘုရားတို့ သိနိုင်ပေမယ့်ကံအကျိုးပေးကိုတော့ ဗုဒ္ဓဘုရားနဲ့ တကွမည်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
ပြည့်စုံမှုလေးမျိုး
သစ္စာဆိုတာ ကံပဲလို့ နားလည်ပြီးရင် ကံအကျိုးပေးခွင့် ကြုံဖို့ သို့မဟုတ် သစ္စာစူးဖို့ သမ္ပတ္တိ (ပြည့်စုံမှု)လေးမျိုးကို သိရပါမယ်။
၁)ဂတိ (ဘဝပေးအခြေအနေ)သမ္ပတ္တိ။ တိရစ္ဆာန်ဘဝနဲ့ စာရင် လူ့ဘဝက ကောင်းကျိုး ပေးခွင့်သာအောင် ပိုပြီး ညဏ်နဲ့ ပြုပြင်လို့ ရနိုင်ခြေရှိတယ်။ ဒီလိုပဲ နတ်ဗြဟ္မာဘဝတွေမှာ အကုသိုလ်ကံတွေ ရှိနေပေမဲ့ ကုသိုလ်ကံ အကျိုးပေးခွင့် ပိုများနိုင်တာပေါ့။
၂)ဥပဓိ (ရုပ်ဆင်းကြန်အင်)သမ္ပတ္တိ။ ဟင်္သာတနယ်က သာမန် တောသူ မမြလေးဟာ ဥပဓိသမ္ပတ္တိကြောင့် နန်းမတော်မမြလေးဖြစ်သွားတာ။
၃) ကာလ (အချိန်အခါ) သမ္ပတ္တိ။ လူစိတ်မဲ့တဲ့ ဝိသမလောဘသား (ကိုယ်ကျိုးဆန်လွန်းသူ) တွေ တိုင်းပြည်အုပ်ချုပ်ပြီး အဓမ္မလူကြီး လုပ် နေချိန်မှာလူတွေလည်းမလွှဲသာလို့ အဲဒီအသိုင်းအဝိုင်းကလူတွေနဲ့ အပေါင်းအသင်း လုပ်နေရသရွေ့ အကုသိုလ် အကျိုးပေးခွင့် ပိုရှိနိုင်ပါတယ်။ ငရုပတ်သီးနဲ့ ပေါင်းလို့ ကြက်သွန်အထောင်းခံရသလိုပေါ့။
၄)ပယောဂ (သတိဉာဏ်ဦးစီးတဲ့ အားထုတ်မှု)သမ္ပတ္တိ။ ပညာဗဟု သုတနဲ့ ပြည့်စုံသူတွေကို ဘယ်နိုင်ငံကမဆို မိမိနိုင်ငံသားအဖြစ်လက်ခံ လိုကြလို့ ချမ်းသာပြည့်စုံတဲ့ ကောင်းကျိုးကိုရဖို့ အခွင့်အလမ်း ပိုသာ တာပေါ့။ အချိန်အခါကောင်းနဲ့ ကြုံပေမယ့် ကြိုးစားအားထုတ်မှုမရှိဘဲ သတိလက်လွတ် နေရင် ကုသိုလ် အကျိုးပေးခွင့် နည်းပါလိမ့်မယ်။ လုံ့လမကူ ဉာဏ်မမူရင် အကျိုးမပေးနိုင်ဘူး။
အဲဒီ လေးမျိုးထဲမှာ ပယောဂသမ္ပတ္တိ အရေးကြီးပါတယ်။ သတိ ပညာဦးစီးတဲ့ အားထုတ်မှုရှိရင် ကောင်းမြတ်တဲ့ ကာယဝစီမနောကံ ကောင်းတွေ အကျိုးပေးခွင့် အားကောင်းပါတယ်။
သစ္စာစူးမှု ခြားနားချက်
သစ္စာပြုခံ ပုဂ္ဂိုလ်က အဲဒီလေးမျိုးနဲ့ ပြည့်စုံရင် သစ္စာပြုတဲ့ ပုဂ္ဂိုလ်ကလည်း သီလသိက္ခာ တည်တံ့သူဖြစ်နေရင် သစ္စာစွမ်းအင် ပိုထက်မှာပဲ။ သစ္စာအစွမ်းကတော့ ထက်တာပေါ့။ ထက်လို့ ပဲ မြားဆိပ်သင့်ပြီး သေတော့မယ့် သုဝဏ္ဏသာမ မသေဘဲ ရှင်ပြန်ထမြောက်ခဲ့တာ မဟုတ် လား။ မြားထိရာက ပြန်ရှင်လာတာဟာ တော်ရုံ ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုဦးမှပေါ့။ ဒါပေမယ့် ပါရိကာ သစ္စာ ပြုဆဲခဏမှာပဲ သေဘေးက လွတ်မြောက်ပြီးသား ဖြစ်နေပြီ။ တစ်ကြိမ် တည်းနဲ့ ငုတ်ခနဲ ထမထိုင်တာကလည်း သစ္စာအစွမ်း ညံ့လို့ မဟုတ်ပါဘူး။ အဲဒီအချိန်က သစ္စာပြုခံသူမှာ ရှိရမယ့်သမ္ပတ္တိနဲ့ သစ္စာပြုကြသူတွေ မှာရှိရမယ့် ဝစီကံစွမ်းအင်တွေက အဲဒီအခြေအနေပဲ ရှိနေခဲ့လို့ ပါ။
ဥပမာဆိုရင် ဆေးဟာ အစွမ်း ထက်တာပဲ။ ဒါပေမယ့် ကုသပေးသူ ကုသမှုခံယူသူတို့ရဲ့ အချိန်အခါ နေရာဒေသအလိုက်ပျောက်ကင်းမှု အခြေအနေနဲ့ အချိန်ကာလအနှေးအမြန် တွေရှိနိုင်သလိုပါပဲ။ တစ်ကြိမ်တည်း သောက်သုံးရုံနဲ့ သက်သာသွားပြီးတဲ့ နောက် အမြစ်ပြတ်ဖို့ အဲဒီ ဆေးကိုပဲ အကြိမ်ကြိမ်ဆက်သောက်ရသလိုပါပဲ။
သုဝဏ္ဏသာမ
ပီဠိယက္ခမင်းဟာမြားနဲ့ ပစ်မိတဲ့ သုဝဏ္ဏသာမကို သူတော်ကောင်းပဲလို့ သိလိုက်တာနဲ့ အလွန်အမင်း စိတ်မချမ်းသာဖြစ်သွားပြီး သုဝဏ္ဏသာမရဲ့ မျက်မမြင် မိဘတွေကို စောင့်ရှောက်ဖို့ သွားရာကနေ မိဘတွေရဲ့ ဆန္ဒ အရ ၎င်းတို့ကိုမြားထိခံ မင်းသုဝဏ်ဆီ ခေါ်လာခဲ့ရပါတယ်။ မယ်တော် ပါရိကာက မင်းသုဝဏ်ရဲ့ ရင် ဝကို စမ်းကြည့်ရာမှာ အသက်ရှူဆဲ ဖြစ် လို့ ‘ငါ့သား မသေသေးဘူး’ဆိုပြီး သစ္စာပြုတယ်။ မင်းသုဝဏ်က ဘယ် ညာ လူးလိမ့်ပြီး ပြန်မေ့သွားတယ်။ ခမည်းတော် ဒုကူလက ဆက်ပြီး သစ္စာပြုရာမှာ နောက်တစ်ကြိမ် လူးလိမ့်ပြီး မေ့သွားပြန်တယ်။ နောက် ဆုံး မင်းသုဝဏ်ရဲ့ မိခင်ဟောင်း ဖြစ်ဖူးတဲ့ ဗဟုသုန္ဒရီ အမည်ရှိတဲ့ နတ်သမီးက သစ္စာပြုလိုက်ပြန်တော့မှ မင်းသုဝဏ်ထထိုင်ပြီး မြားဆိပ် ကျသွားပါတယ်။
ကဏှဒီပါယနဇာတ်အရ သူဌေးသားငယ် မြွေကိုက်ခံရလို့ အဆိပ် မွှန်နေတုန်း ရသေ့၊ ဖခင်နဲ့ မိခင် သုံးယောက်လုံး သစ္စာပြုမှ အသက် ချမ်းသာသွားတယ်လို့ ဆိုတယ်။ ဒါဟာလည်း အဲဒီသုဝဏ္ဏသာမ ဇာတ် တော်ထဲက သဘောသွားအတိုင်းပါပဲ။
သစ္စာပြုပုံ အမျိုးမျိုး
သမ္ဗုလာမင်းသမီး သစ္စာပြုလို့ သောတ္ထိသေနမင်း နူနာရောဂါ ပျောက် ကင်းသွားတဲ့ ဖြစ်ရပ်၊ အရှင်အင်္ဂုလိမာလရဲ့ သစ္စာစကားကြောင့် ကိုယ် ဝန်ဆောင် မိခင်ရော ကလေးပါ ကျန်းမာစွာ မွေးဖွားသွားတဲ့ ဖြစ်ရပ် တွေမှာ တစ်ဦးတည်းက တစ်ကြိမ်တည်းနဲ့ သစ္စာပြုလို့ ကောင်းသွား တာမျိုး တွေ့ရတယ်။ သိဝိဇာတ်မှာတော့ သိဝိမင်းဟာ သိကြားမင်းရဲ့ အကြံပြုချက်နဲ့ သစ္စာဆိုရာမှာ ပထမအကြိမ်မှာ မျက်လုံး တစ်လုံး၊ နောက်တစ်ကြိမ်ဆိုမှ မျက်စိနောက်တစ်လုံး အလင်းပြန်ရတယ်။ ဒီဖြစ် ရပ်အရ တစ်ယောက်တည်းကနှစ်ကြိမ် သစ္စာပြုတာကိုတွေ့နိုင်တယ်။
ရတနသုတ်တော်အရ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဂုဏ်တော်တွေကို ဖော် ကျူးပြီး ‘ဧတေန သစ္စေန သုဝတ္ထိ ဟောတု = ဤမှန်သော သစ္စာ စကားကြောင့် သတ္တဝါတွေ ကျန်းမာကြပါစေ’လို့ ညလုံးပေါက်သစ္စာပြု ဆုတောင်းတဲ့ အတွက် ဝေသာလီမြို့သူမြို့သားတွေ ကျန်းမာ ဘေးကင်း သွားကြပါတယ်။ အရှင်အာနန္ဒာတစ်ပါးတည်းက အကြိမ်ကြိမ်ရွတ်ဆိုပြီး သစ္စာပြုဆုတောင်းလို့ လူအမြောက်အမြား ကျန်းမာ ချမ်းသာသွား ကြတာကို တွေ့မြင်နိုင်တယ်။
သစ္စာကံရဲ့ သဘော
သစ္စာကံ အကျိုးပေးတဲ့ အခါ တစ်ယောက်တည်း လုပ်လို့ အကျိုးတစ်ခုတည်းကို ပေးတာ၊ အများစုပေါင်းပြီး လုပ်လို့ တစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ အများကိုဖြစ်စေ အကျိုးပေးတာ၊ တစ်ကြိမ်တည်း လုပ်လို့ အကျိုးပေးသလို အကြိမ်များစွာ လုပ်မှ အကျိုးပေးခွင့် ကြုံလာတာ၊ ချက်ခြင်း အကျိုးပေးသလို နောက်မှ အကျိုးပေးတာ၊ ကိုယ်တိုင် လုပ် လို့ အကျိုးပေးတာ၊ သူများက လုပ်ပေးလို့ အကျိုးပေးတာမျိုးတွေ ရှိ တတ်ရှိနိုင်ကြောင်း မှတ်သင့်ပါတယ်။
အဲဒီသစ္စာကံရဲ့အကျိုးပေးသဘောကိုနားလည်ရင် သုဝဏ္ဏသာမ မြားဆိပ် သင့်တုန်းက ပုဂ္ဂိုလ်သုံးဦး စုံညီ သစ္စာပြုမှ ဘုရားလောင်း မင်းသုဝဏ် အသက်ချမ်းသာပြီး ငုတ်တုတ်ထထိုင်တယ်ဆိုတဲ့ သဘော ကိုနားလည်လက်ခံနိုင်ပါလိမ့်မယ်။
---
၄၆။ ဗီဒီယိုဂိမ်း ကစားရင်
မေ ၁၅၊၂၀၀၈။
-------------------
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော်၏ ညီတစ်ယောက် ဗီဒီယိုဂိမ်း ကစားနေတာကိုကြည့်ရင်း မေးစရာတစ်ခု စိတ်ထည်းမှာ ပေါ်လာပါတယ်။ ယနေ့ခေတ် ဗီဒီယိုဂိမ်း များမှာ တကယ့် လူအစစ်တွေနှင့် အလွန်တူပါသည်။ ကစားသူက လက်နက် အစစ်လိုဟာတွေနဲ့ လူအစစ်နှင့်တူတဲ့ အရုပ်တွေကို ပစ် သတ်ရပါသည်။ အဲဒီလို ဂိမ်းမျိုးကစားရင် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ပါသ လား။ အဲဒီလူလိုအရုပ်တွေကိုသေစေလိုတဲ့ စိတ်နှင့်လက်နက်အစစ် လိုဟာမျိုးတွေနဲ့ ပစ်ခတ်သတ်ဖြတ်ရင် လူအစစ်ကို သတ်ဖြတ်တာနဲ့ တူ လားဆိုတာကို သိလိုပါတယ်ဘုရား။
ဒေးဗစ်ချပ်
-------------------
လူအစစ်တွေလို
ခေတ်သစ် ကမ္ဘာမှာ နည်းပညာတွေ တရှိန်ထိုး တိုးတက်လာလို့ ကလေး ကစားတဲ့ ဗီဒီယိုဂိမ်းတွေမှာ ကစားစရာ အရုပ်တွေက တကယ့် လူအစစ်နဲ့ တစ်ထပ်တည်းတူလာတယ်။ လူအစစ်တွေရဲ့ခံစားမှုလှုပ် ရှားမှုတွေ အတိုင်းပါပဲ။ တိုက်ပွဲမှာလူအစစ်တွေ ဗုံးကြဲတိုက်ခိုက်သလို ကစားသူက တစ်ဖက် စစ်တပ်က လူတွေကို သေနတ်နဲ့ ပစ်သတ်ပုံ၊ လှံစွပ်နဲ့ ထိုးသတ်ပုံလူတွေအစုလိုက် အပြုံလိုက်လဲကျသေဆုံးသွား ပုံတွေက တကယ့်စစ်မြေပြင်မှာ တွေ့မြင်ရတဲ့ အတိုင်းပါပဲ။
အဲဒီလို နည်းပညာတွေ တိုးတက်လာတော့ လူတွေရဲ့ ကိုယ်ကျင့် တရားနဲ့ လူ့အရည်အချင်းတွေနဲ့ ဆိုင်တဲ့ ဆွေးနွေးစရာတွေလဲ ပိုလာ တာပေါ့။ ဒီအင်န်အေ(မျိုးဗီဇ)နည်းနဲ့ ကလုန်း (မျိုးဗီဇ ပုံတူပစ္စည်း) တွေက တကယ့်ပုံတူ သက်ရှိကို လုပ်နိုင်တဲ့ အခါ အဲဒီလို မလုပ်ဖို့ ဘာ သာရေးဝါဒီတွေရဲ့တားမြစ်သံတွေ ဆူညံသွားခဲ့ပါတယ်။
မသတ်ဘူး၊ ဒါပေမယ့်
ဗီဒီယိုဂိမ်းရုပ်တွေကို ကစားသူက သေစေလိုတဲ့ စေတနာနဲ့ ပစ်သတ်ရင် ပါဏာတိပါတကံ မမြောက်ပါဘူး။ ဘာကြောင့်ဆို ဗီဒီယိုဂိမ်းရုပ် တွေက ပရိုဂရမ်ရေးတဲ့ ပညာရှင်တွေ ဖန်တီးထားတာ။ လူအစစ်မှ မဟုတ်ဘဲ။ ကစားသူဟာ သေစေလိုတဲ့ စေတနာရှိတယ်။ သတ်တယ်၊ သေတယ်။ ဒါပေမယ့် လူအစစ် သက်ရှိအစစ် မဟုတ်လို့ ပါဏာတိ ပါတကံမြောက်ပါဘူး။
ဒါပေမယ့်မကောင်းပါဘူး။ အဲဒီလိုဂိမ်းမျိုးကို ကစားပါများလာလို့ အပြင်လောကက လူတွေကို အဲဒီလူတူအရုပ်လို မြင်လာရင် ဘယ့်နှယ် လုပ်မလဲ။ အလုပ်တစ်ခုဟာ လုပ်ပါများရင် လေ့အကျင့်ဖြစ်သွားရာနေ အဲဒီအလေ့အကျင့်ကမိမိရဲ့ စိတ်ပိုင်းဘဝကို လွှမ်းမိုးသွားတတ်တာမို့ အရုပ်တွေရဲ့ အမူအကျင့်ဟာ မိမိရဲ့ အမူအကျင့်တွေ ဖြစ်သွားတတ်တယ်။ ဆိုပါစို့၊ စိတ်ကြမ်း လူကြမ်းဖြစ်သွားနိုင်တယ်၊ တိုက်ဖို့ခိုက်ဖို့နဲ့ စစ်မက်ကို လိုလားသူလည်း ဖြစ်သွားနိုင်တာပဲ။ လေ့ကျင့်ပါများတဲ့ စိတ်ဟာ လူတစ်ယောက်ကိုပုံသွင်းပေးတတ်တယ်။
ဗုဒ္ဓ မကြိုက်လို့
ဂိမ်းဆိုတာ အပျော်တမ်း ကစားတယ်ဆိုပေမဲ့ အမှန်တော့ လောင်းကစားပါပဲ။ ဗုဒ္ဓရှင်တော်မြတ်က ပစ္စည်းဥစ္စာ ပျက်စီးကြောင်း လေးမျိုးကို ဟောတော်မူပါတယ်။ အဲဒါတွေက ဣတ္ထိဓုတ္တ (မိန်းမလိုက်စားသူ၊ ယောကျ်ား လိုက်စားသူ)၊ သုရာဓုတ္တ (အရက်သောက်စားမှု လွန်ကဲသူ၊ အရက်သမား) အက္ခဓုတ္တ (လောင်းကစား အပျော်ကြူးသူ)၊ ပါပမိတ္တ (အဲဒီသုံးမျိုးကိုနှစ်သက်တဲ့ မိတ်ဆွေယုတ်တွေနဲ့အပေါင်းအသင်း လုပ် သူ)တို့ဖြစ်ပါတယ် (အံ၊၃၊၁၀၉)။
အချို့က အိမ်မှာမိသားစုတွေ ဒါမှမဟုတ်မိတ်ဆွေတွေဆုံပြီး အပျော်အပါး သို့မဟုတ် မိတ်ဆွေဖြစ် ဖဲကစားတာပဲ၊ အပြစ်ရှိသလားလို့ ဆိုသံ ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်ဟာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဒီ့ထက် ကောင်းတာတွေကို လုပ်ဖို့ အားနည်းစေတာ၊ ပျက်ကွက်စေတာကိုတော့ မငြင်းသာပါဘူး။
ပုဂ္ဂိုလ်ရေး အမြင်အရဆိုရင် မည်သည့်လောင်းကစားမျိုးကိုမဆို ဗုဒ္ဓ မကြိုက်လို့ အသိဉာဏ်ရှိသူ တစ်ယောက်အနေနဲ့ ဂိမ်းရော ဖဲပါ ရှောင်ပါလို့ ဆိုချင်တယ်။ ကုသိုလ် ပညာ ဥစ္စာ တစ်ခုခုမရဘဲ အချိန် ဖြုန်းနေရင် လူဖြစ်ကျိုး နပ်နိုင်ပါ့မလား။ ဘဝအဓိပ္ပာယ်ကို လောင်းကစား အပျော်ကြူးပြီးရှာဖွေလို့ မရနိုင်ပါဘူး။
ဒါကြောင့် ကလေးကိုလဲ ဗီဒီယိုဂိမ်းနဲ့ ပဲ အချိန်မကုန်စေသင့်ပါဘူး။ စည်းကမ်းလေး လုပ်ပေးသင့်ပါတယ်။ လူကြီးတွေလဲ လောင်းကစား မှန်သမျှကို ရှောင်ကြဉ်သင့်ကြောင်းပါ။
---
၄၇။ ဘုရားရှေ့က ခြင်္သေ့ရုပ်
မေ ၁၊၂၀၀၉။
----------
ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
မြန်မာပြည်က ဘုရားစောင်းတန်းတိုင်းနီးပါးမှာ ခြင်္သေ့ရုပ်တုကိုတွေ့ရ ပါသည်။ မြန်မာနိုင်ငံ နိုင်ငံတော်တံဆိပ်၌ တွေ့ရသည့် ခြင်္သေ့နှစ် ကောင်နှင့် ဘုရားရှေ့က ခြင်္သေ့နှစ်ကောင် ပတ်သက်မှုရှိပါသလား။ မည်သည့်အချိန်ကစ၍ ဘုရားရှေ့မှာ ခြင်္သေ့ရုပ်ကို ထားခဲ့ကြပါသနည်း။ ထိုသို့ခြင်္သေ့ရုပ်ထားရသည့် ရည်ရွယ်ချက်ကိုလည်း သိလိုပါသည်။
ဘိုရွှေမောင်
-------------------
သီဟဗာဟုရဲ့ ခြင်္သေ့ဖခင်
ဗုဒ္ဓ ပွင့်ချိန်လောက်မှာ ဝင်္ဂတိုင်း (ခုခေတ်ဘင်္ဂလားနယ်)ရဲ့ မင်းသမီး တစ်ပါးဟာခြင်္သေ့သတ္တဝါနဲ့ သန္ဓေခပြီး သားတော်သီဟဗာဟုနဲ့ သမီးတော် သီဟသီဝလီကို မွေးတယ်။ သီဟဗာဟု အသက် ၁၆ နှစ်မှာ မယ်တော် နှမတော်တွေနဲ့ အတူ ခြင်္သေ့ဆီက ထွက်ပြေးပြီး ဝင်္ဂတိုင်း ရဲ့မြို့တော်ကို ရောက်လာတယ်။ သားသမီးဇောနဲ့ မြို့ကိုလိုက်လာတဲ့ ဖခင်ခြင်္သေ့ကို သီဟဗာဟုမင်းသားက လေးနဲ့ ပစ်ခွင်းပြီး သတ်လိုက်တယ်။ သားတော်ရဲ့လေးနဲ့ ပစ်ခွင်းတာကို ခံရတဲ့ တိရစ္ဆာန်ခြင်္သေ့မင်းရဲ့ ဖခင်မေတ္တာဖွဲ့ဟာ နှစ်သက်ဖွယ် ကောင်းပါတယ်။ သီဟဗာဟုမင်းသား မြို့နန်းတည်လို့ မင်းပြုတဲ့ အခါ နှမတော်ရင်းကို မိဖုရားမြှောက်တယ်။ သီဟဗာဟုမင်းရဲ့ သားသမီး ၃၂ ယောက်အနက် တိုင်းပြည်က နှင်ထုတ်ခံရတဲ့ အကြီးဆုံး ဝိဇယမင်းသားဟာ သီဟိုဠ်ကျွန်းကိုထွက်ပြေး လာရာမှာ ကျွန်းသားတွေကို တိုက်ခိုက်အောင်မြင်ပြီး ပထမဆုံးသော သီဟိုဠ်ဘုရင် ဖြစ်လာပါတယ် (မဟာဝံသ၆း၁၁၊၂၄-၃၈)။
သီဟဗာဟုမင်းဟာ သူ့ဖခင်ခြင်္သေ့ကို သတ်မိတဲ့ မိုက်နောင်တကို ဖြေတဲ့ အနေနဲ့ သူ့ဖခင်ကို ဘုရားနဲ့ တန်းတူ ကန်တော့လိုရာကနေ ဘုရားရှေ့မှာ ခြင်္သေ့ရုပ်တုကိုတည်ထားတယ်လို့ အစဉ်အလာပြော စမှတ်ရှိပါတယ်။ ဒါပေမယ့် သီဟဗာဟုမင်းဟာ ဗုဒ္ဓဝါဒီ ဟုတ်မဟုတ် မသေချာဘူး။ အကြောင်းက မဟာဝံသ (၄း၂၇)အရ မဂဓတိုင်း ဘုရင် အဇာတသတ်မင်း နန်းသက် ၂၄ နှစ်မြောက်မှာ သီဟိုဠ် ဝိဇယမင်း နန်းသက်၁၆နှစ်။ ဝိဇယမင်းနန်းတက်နှစ် (အဇာတသတ်နန်းသက် ၈ နှစ်)မှာ ဗုဒ္ဓပရိနိဗ္ဗာန်စံတယ် ဆိုလို့ ပါ။ သီဟိုဠ်ရာဇဝင်အစ ခြင်္သေ့ ဇာတ်လမ်းဟာ မြန်မာပြည်မှာ ဘယ်လို ပတ်သက်လာသလဲ ဘယ် တုန်းကလဲဆိုတာကိုတော့ဆက်လေ့လာရဦးမှာပါ။
အာဇာနည် တိရစ္ဆာန် ၄ မျိုး
ကမ္ဘာကျော် အသောကကျောက်စာတိုင်ထိပ်က စည်ပုံ (အဝိုင်း) ပတ် လည်မှာ သဘာဝသရုပ်မှန်အတိုင်း ထွင်းထုထားတဲ့ နွားလားဥသဘ၊ မြင်း၊ ခြင်္သေ့နဲ့ ဆင်ပြောင်လို့ အာဇာနည် တိရစ္ဆာန်လေးမျိုးကို တွေ့နိုင်တယ်။ အဲဒီလေးမျိုးကို ရှေးခေတ်အိန္ဒိယမှာ ရဲရင့်မှုနဲ့ မြင့်မြတ်မှုအတွက် လေးစားကြတယ်။ ဒါကြောင့် ဗုဒ္ဓ သို့မဟုတ် ရဟန္တာပုဂ္ဂိုလ်တွေကို အဲဒီ အာဇာနည် တိရစ္ဆာန်လေးမျိုးနဲ့ ပုံနှိုင်းတင်စားတာတွေကို ဗုဒ္ဓစာပေ တွေမှာ တွေ့နိုင်တယ်။ ဥပမာ ခြင်္သေ့မင်းလို ရဲရဲရင့်ရင့်အိပ်စက်ခြင်း၊ ဗုဒ္ဓတည်းဟူသောဆင်ပြောင် ... စသည်။ ဒီတော့ ဗုဒ္ဓဝါဒ ထွန်းကားတဲ့ မြန်မာပြည်မှာလဲ အဲဒီတိရစ္ဆာန် ၄ မျိုးကို အာဇာနည်အနေနဲ့ သတ်မှတ်တာ၊ ယေဘုယျအနေနဲ့ ခြင်္သေ့နဲ့ ဆင်ကို အသုံးများတာ မဆန်းပါဘူး။
ဒါကြောင့် ဘုရားတန်းဆောင်အဝင်၊ ဘုန်းကြီးကျောင်းတိုက်အဝင် မုခ်ဝတွေမှာ ခြင်္သေ့ရုပ်တုတွေ တည်ဆောက်တဲ့ သဘောက မြင့်မြတ် မှုနဲ့ ရဲရင့်မှုတို့ကို ပုံဖော်တာလို့ လဲ ဆိုနိုင်တယ်။ ဝင်ရောက်လာသူတွေ ဖက်ကို လှည့်ပြီး အားမာန် အပြည့်နဲ့ ကြည့်နေတဲ့ ခြင်္သေ့ရုပ်ဟာ အကာအကွယ် အဆီးအတားရဲ့သင်္ကေတကော မဖြစ်နိုင်ဘူးလား။
နိုင်ငံတော်တံဆိပ်နဲ့ ခြင်္သေ့
မြန်မာနိုင်ငံရဲ့ နိုင်ငံတော်တံဆိပ်က ခြင်္သေ့နှစ်ကောင်ဟာ မြင့်မြတ်ခြင်းနဲ့ ရဲရင့်ခြင်းကို ရည်ညွှန်းသည်ဆိုရင် ဖော်ပြပြီး အတွေးအမြင်ကိုအခြေခံ တာဖြစ်နိုင်လို့ ဘုရားရှေ့က ခြင်္သေ့ရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်နိုင်ပါတယ်။ အဲဒီအဓိပ္ပာယ်နဲ့ပဲ ဘုရင် အသောကမင်းဟာ သူ့ရဲ့ကျောက်စာတိုင်ခေါင်း မှာ ခြင်္သေ့ရုပ်ကို အသုံးပြုသလိုပါပဲ။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော် တံဆိပ်က အသောကမင်းရဲ့ ခြင်္သေ့ခေါင်းကျောက်စာတိုင် ထိပ်ပိုင်းပါ။ သီရိ လင်္ကာ နိုင်ငံတော်တံဆိပ် အလယ်မှာလည်း ခြင်္သေ့ပုံပါတယ်။ စင်္ကာပူ နိုင်ငံတံဆိပ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတော်တံဆိပ်တွေမှာလည်း ခြင်္သေ့ရုပ် ပါတယ်။ ယဉ်ကျေးမှုရဲ့သဘောက ဒေသတစ်ခုနဲ့ တစ်ခု ဆက်နွယ်မှုတွေ ဩဇာလွှမ်းမိုးမှုတွေ ရှိနေတတ်လို့ အဓိပ္ပာယ်အနေနဲ့ အားလုံး မဟုတ် ရင် တောင်တစ်စိတ်တစ်ဒေသအားဖြင့်တူနိုင်ပါတယ်။
၄၈။ ကျောင်းထိုင်အရည်အချင်း
မေ ၁၊၂၀၁၀။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
မကြာခင်က သားမွေးနေ့မှာ ဘုန်းကြီးတစ်ပါးကို အိမ်ပင့်ပြီး ဆွမ်း ကပ်ပါသည်။ ထိုဘုန်းကြီးက အသက် ၄၀ ကျော်မှ ရဟန်းဝတ်ခဲ့ သည်ဟု ဇနီးပြောလို့ သိရပါသည်။ အနေအထိုင် အပြောအဆို တစ် မျိုးကြီးဟု ထင်ပါသည်။ ကန်တော့ပါဘုရား ... တပည့်တော် သိပ် ဘဝင်မကျနိုင်ပါ။ တရားဟောရာမှာလည်း ကိုယ့်ကိုယ်ကို အထင်ကြီး စေလိုခြင်းက ပိုများနေပါသည်။ သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီး တစ်ပါး ပြည့်စုံသင့်သော အင်္ဂါရပ်များကို သိလိုပါသည်ဘုရား။
မောင်စိန်
---
ဘုရားအဖေ ဖြစ်ချင်သူ
မေးခွန်းရှင်က ‘တစ်မျိုးကြီး’ဆိုလို့ ဘုန်းကြီး မှတ်မှတ်ရရ ဖြစ်နေတဲ့ ကြားဖူးကြုံဖူးတာလေးတွေကို ပြောပြချင်တဲ့ စိတ်နိုးကြွလာလို့ ပြောရ အုံးမယ်။ ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်မှာ နေတုန်းက သီလက္ခန်စာဝါကို ပို့ချတဲ့ ဝေဇယန္တာကျောင်းဘုန်းကြီး မိန့်ဖူးတာကို အမှတ်ရမိတယ်။ ဝေဘုန်းတို့ ပဉ္စင်းငယ်ဘဝက စစ်ကိုင်းတောင်ရိုး တောင်ဖီလာချောင်မှာ ဘုရားဆုပန် ဆရာတော် ဦးပဏ္ဍဝဆိုတာ ရှိသတဲ့။ ဆရာတော်ဟာ ညနေ ဘုရားဝတ်ပြုပြီးတိုင်း မိမိပန်တဲ့ ဆုကို သံဃာတွေကို လျှောက်တယ်။ ကျောင်းတိုက်စည်းကမ်းအရ အခြား သံဃာတွေလည်း ကိုယ်ပန်တဲ့ ဆုကို သံဃာ့ရှေ့မှာ လျှောက်ရသတဲ့။
တစ်နေ့ အဲဒီလို လျှောက်ကြလို့ အပြီးမှာ နောက်ဆုံးတန်းမှာ မလျှောက်ဘဲနေတဲ့ တောထွက် ဦးပဉ္စင်းကြီးကို မြင်သွားတယ်။ ဒီတော့ ဆရာတော်က ‘ကိုယ်တော်ကြီး တောင်းတဲ့ ဆုကို လျှောက်စမ်းပါအုံး’ ဆိုတော့ ဦးပဉ္စင်းကြီးက ဦးခေါင်းကို မတ်လိုက်ပြီး ‘အားနာလို့ မလျှောက်ပါရစေနဲ့ ဘုရား’လို့ ပြန်လျှောက်သတဲ့။ ဆရာတော်ကလျှောက် သာလျှောက်ပါဆိုတော့ ‘တပည့်တော်က သုဒ္ဓေါဒနမင်းလို ဘုရားအဖေ ဖြစ်ချင်တာဘုရား’လို့ လျှောက်ပါသတဲ့။ ဆရာတော်က ခေါင်းတညိတ် ညိတ်နဲ့ ‘အေး တောထွက် ခင်ကြီးတို့များ၊ စကားအရာတော့ တတ်လည်းတတ် ကပ်လည်းကပ်သကိုး’လို့ မိန့်တော်မူသတဲ့။
တောထွက်
လေးဆယ်ကျော် အရွယ်နှောင်းခါမှ ဘဝပြောင်းပြီး သင်္ကန်းစည်းလာရင် အိမ်ထောင်ကျခဲ့သည်ဖြစ်စေ မကျခဲ့သည်ဖြစ်စေ အရပ်ထဲမှာတော့ ‘တောထွက်’လို့ ပဲ ခေါ်ပါတယ်။ တစ်ချို့အရပ်မှာတော့ အိမ်ထောင်မကျဘဲ အသက်ကြီးမှ ဘုန်းကြီးဝတ်လာရင် ‘တောင်ပြန်’လို့လည်း ခေါ်ကြတယ်။ တောထွက် အများစုဟာ စာပေကျမ်းဂန် မသင်ဖူးရှာကြပါဘူး။ ဒါပေမယ့် စာပေပရိယတ္တိ တတ်ကျွမ်းတဲ့ ရဟန်းတွေကို သူတို့လောက် မဟုတ်သေးဘူးဆိုတဲ့ (negative)အမြင်မျိုးရှိနေပြီး ဒီအမြင်နဲ့ သူ့ကိုနှိမ့် ချ ကိုယ့်ဂုဏ်ပြလေ့ ရှိတယ်။ သူတို့က လူတွေရဲ့အထာကို ကျွမ်းလို့ လူ အထင်ကြီးအောင် လုပ်ပြ၊ လူရှေ့မှာ အင်မတန် ဝိနည်းလေးစားတဲ့ ပုံနဲ့ နေပြတတ်တယ်။ ပြီးတော့မှ အခွင့်အရေးကို အမိအရ ‘ဟပ်’ယူပြီး ဘုန်းကြီးဝတ်နဲ့ ချမ်းသာအောင် လုပ်တတ်တယ်။ တကယ့် စာပေပို့ ချပြီး သာသနာပြုနေတဲ့ စာချဘုန်းကြီးတွေ သူတို့လောက်မစွံဘူး။
သူ့လူ သူ့တပည့် အသိုင်းအဝိုင်းမှာတော့ ဆရာကြီးပေါ့။ တစ်ခါက တောထွက်တစ်ပါး ပြောပုံက ‘... ဆရာတော် (သူက နာမည်အတိ အကျပြောပါတယ်)ဆိုရင် အမေရိကမှာ နေတာနှစ်နှစ်ဆယ်လောက် ရှိပြီ။ သာသနာပြုနေတယ်လို့ တော့ ဆိုတာပဲ။ စာလည်း တတ်တာပဲ။ ဒါပေမယ့် ဒကာဒကာမတွေ ဩကာသကလေးတောင် မရရှာကြဘူး။ တပည့်တော်ရောက်မှ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားလို့ ဩကာသ ကလေး၊ မေတ္တသုတ်ကလေးကို ရသွားကြတာ။ ဒီကဒကာဒကာမတွေ သိပ်သနားစရာ ကောင်းတယ်’တဲ့။ သူမဆင်မခြင်ပြောတဲ့ ဆရာတော်ကို သံဃာတွေ ဘယ်လောက် လေးစားတယ်ဆိုတာကို စာသင်တိုက် မှာ မနေဖူးတဲ့ တောထွက်ခမျာ သိရှာပုံမပေါ်ဘူး။
ဟုတ်ပါတယ် ...သိမ်မွေ့ပြီး ကိုယ့်ကို နှိမ့်ချတဲ့ ကြည်ညိုဖွယ်ဂုဏ်ဆောင် တောထွက်တွေလည်း ရှိပါတယ်။ တောထွက်လည်း ရဟန်းပဲ ဖြစ်လို့ ကြည်ညိုသူ ဥပါသကာအနေနဲ့ ထောက်ပံ့ လှူဒါန်းရမှာပါ။ ဒါပေမယ့် ဘုန်းကြီးတစ်ပါးကို ဆရာတင် ကိုးကွယ်ရာမှာတော့ အဲဒီဘုန်း ကြီးက ကိုယ့်ကို လောကုတ္တရာရေး ဗဟုသုတ ဘယ်လောက် ပေးနိုင်မလဲဆိုတဲ့ အသိမျိုး ရှိသင့်တယ်။ လက်သမားလုပ်တတ်လို့ ပန်းပုထု တတ်လို့ ဆရာတင်ရင် တော့လွဲတာပဲ။
ကျောင်းထိုင်ဘုန်းကြီးအင်္ဂါ
ပရိသတ်နဲ့ နေမယ့် ပုဂ္ဂိုလ်တွေ ပြည့်စုံရမယ့် အင်္ဂါငါးရပ်ရှိပါတယ်။ အဲဒါ တွေက ‘ဆယ်ဝါပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ဟောစွမ်းနိုင်ကျောင်းထိုင်ငါးအင်္ဂါ’တဲ့။
၁) ဆယ်ဝါပြည့်တင်းအရ ဘုန်းကြီး ဝတ်ပြီးလို့ လူမထွက်ဘဲ ဆယ်နှစ် ဆက်တိုက်နေပြီးမှ ကျောင်းထိုင်ရတယ်။
၂) ဝိဘင်း နှစ်ဖြာ အရ ရဟန်းတို့ရဲ့ ဝိနည်းတွေကို ဖော်ပြတဲ့ ပါရာဇိကဏ်နဲ့ ပါစိတ် ပါဠိတော်တွေကိုသင်ကိုသင်ရတယ်။
၃) ကမ္မာကမ္မအရ ပဉ္စင်းခံ ကထိန်ခင်းစတဲ့ ဘုန်းကြီးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်တတ် အောင်ညွှန်ပြတဲ့ မဟာဝါပါဠိတော်ကိုသင်ယူရတယ်။
၄) ခန္ဓကပုဒ်အရ ဧည့်သည် ရဟန်းအပေါ် ကျောင်းနေရဟန်းများ ပြုရမယ့် ကျင့်ဝတ်၊ ဝါ ကြီးသူကို ဝါငယ်သူက ကျင့်ရမယ့် ကျင့်ဝတ် စတာတွေကို ဖော်ပြတဲ့ စူဠဝါ၊ ပရိဝါပါဠိတော်တွေကိုလည်း သင်ယူထားရတယ်။ အားလုံးခြုံရင် ဝိနည်းငါးကျမ်း ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို လေ့လာထားရ မယ်။ ဒါမှသာ ကိုယ်တိုင်လည်း ကျင့်သုံး၊ ကိုယ့်ကိုမှီပြီး ရဟန်းပြုလာ တဲ့ တပည့်တွေကိုလည်းသင်ပြပေးနိုင်မှာပေါ့။
၅) နာမ်ရုပ်ပိုင်ပိုင်ဟော နိုင်ဖို့ဆိုရင် တရားမထိုင်ဖူးတောင် အနည်းဆုံး အဘိဓမ္မာအခြေခံကို သင်ဖူးရမယ်။ စကားမစပ်၊ အဘိဓမ္မာသင်တန်း တက်ဖူးလို့ အတော် အတန် အဘိဓမ္မာဗဟုသုတရှိတဲ့ ဒကာတစ်ယောက်ကို ကျောင်းထိုင် တောထွက်က ‘အရူပငါးဘုံပါ’လို့ ဇွတ်ငြင်းနေတာကို နားနဲ့ ဆတ်ဆတ် ကြားဖူးခဲ့ပါတယ်။ အဲဒီလိုဖြစ်ရင် ‘တစ်မျိုးကြီး’ပဲပေါ့။ ပေါက္ကံမောင်ချို ဆုံးမစာကတော့ ‘စကားတတ်၏၊ ပါဌ်ကားမပြေ’တဲ့။
၄၉။ ရေစျေးထက် ဝိုင်စျေးပေါပေမယ့်
မေ ၆၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
တပည့်တော်တို့ မြန်မာလူမျိုးအများစုမှာ အရက်သေစာကို အလွန် နှစ်ခြိုက်တတ်ပါသည်။ တပည့်တော် သိလိုသည်မှာ ဘုရားရှင်ထံ၌ သီလခံ ယူပြီး ဘယ်အချိန်ထိ ထိုသီလကို စောင့်ထိန်သင့်သလဲ ဆိုတာနှင့် အကယ်၍ ထိုသီလကို ချိုးဖောက်ပါက အဘယ်သို့သော အပြစ်ကို ခံစားရမည်ဆိုတာကို သိလိုပါသည်။ နောက်ပြီး အရက်သောက်ပြီး ဘုရားရှိခိုးသင့်မသင့်သိလိုပါသည်ဘုရား၊ အကျိုးအပြစ်ကို ရှင်းပြပေး စေချင်ပါသည် အရှင်ဘုရား။
မျိုးဦးမောင် (စင်ကာပူ)
---
ဝိုင်စျေးပေါတဲ့ နိုင်ငံ
မကြာခင်က ဗုဒ္ဓဘာသာအကြောင်းကို လေ့လာနေတဲ့ ဗစ်ဗီယန်အမည် ရတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်။ သူကဗုဒ္ဓဘာသာ ကိုစပြီး လေ့လာကတည်းက အရက်မသောက်တော့ဘူးတဲ့။ အခုဆို သူ အရက်မသောက်တာ ခုနစ်နှစ် ရှိပြီတဲ့။ ငယ်ငယ်တုန်းက အရက် သောက်ခဲ့တာက အပြစ်ကို မသိတာရယ်၊ ပြင်သစ်မှာ သောက်ရေက ဝိုင်ထက် ပိုစျေးကြီးတာရယ်ကြောင့် မိဖတွေနဲ့ အတူ မလွှဲသာလို့ သောက်ခဲ့တာတဲ့။ မကောင်းဘူးဆိုတာကိုတော့ အဲဒီတုန်းကပင် သိပါတယ်တဲ့။ ရေအစား ဝိုင်ကို သောက်ရေအဖြစ် သောက်ရတဲ့ နိုင်ငံက လာတဲ့ ဒီအမျိုးသမီးရဲ့အတွေးအမြင်က တကယ့်အံ့ဩစရာပါပဲ။
အရက်သေစာကို သူတို့ရဲ့ယဉ်ကျေးမှု၊ သူတို့ရဲ့ဘာသာတရားက ကျေကျေနပ်နပ်ကြီး ခွင့်ပြုထားပေမယ့် အတွေးအခေါ် လွတ်လပ်ပြီး ဘဝအဓိပ္ပာယ်ကို ရှာမှီးကြတဲ့ အနောက်တိုင်းက ပညာတတ် အသိုင်း အဝိုင်းက လူတော်တော်များများဟာ အရက်သောက်တာကို မကောင်းဘူးလို့ နားလည်ကြတယ်။ ပြုပြင်သင့်တာကို ပြုပြင်ရမယ်လို့ အမှန် အတိုင်း သိပြီးပြုပြင်ဖို့လည်း ဝန်မလေးလို့ သူတိုတွေ ကြီးပွားကြတာ။
ဒီလို မပြောပါနဲ့
‘မြန်မာအများစု အရက်ကို အလွန်ကြိုက်တယ်’ ဆိုတဲ့ စကားကို ဘုန်းကြီး မကြိုက်ဘူး။ ဝမ်းနည်းပါတယ်။ ကြည့်မိသမျှ မြန်မာရုပ်ရှင် အများစုမှာ မင်းသားတွေ (တစ်ခါတစ်ရံ မင်းသမီးတွေတောင်) အရက် သောက်ခန်းတွေ ပါနေလို့ ခုခေတ် မြန်မာပြည်မှာ အဲဒီလို အယူအဆ မျိုးတွေ ဖြစ်နေသလားလို့ ထင်မိတယ်။ ဒါမှမဟုတ် နိုင်ငံရေး စီးပွားရေး ကပ်ဆိုးကြီးနဲ့ ကြုံနေလို့ အဲဒီလို ပြောင်းပြန် တွေးမိတာလား။ မစဉ်းစားတတ်ဘူး။ တိုင်းပြည်ကိုဖျက်မယ့် အယူအဆပါ။
အနာဂတ်မှာ နိုင်ငံကို ထူထောင်မယ့် လူငယ်တွေ ဒီအယူအဆကို ခေါင်းထဲက အကြွင်းမဲ့ ထုတ်ပစ်ပါ။ ဘာကြောင့်ဆို သေသောက်ကြူးတို့ တိုင်းပြည်ဘယ်လိုနည်းကြီးပွားနိုင်မလဲ။ ဓားဓားချင်း လှံလှံချင်းဆိုတဲ့ အဆင့်ပဲရှိနေမှာ။ မြန်မာတွေ အရက်ကိုမကြိုက်ဘူး။ အရက်သောက် တာကို မြန်မာတွေ ကဲ့ရဲ့တယ်၊ အရက်သမားကို မြန်မာတွေ စက်ဆုပ်တယ်။ မြန်မာနိုင်ငံကို ဗုဒ္ဓဝါဒရောက်ကတည်းက ပုဂံပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် ခေတ်အဆက်ဆက်မှာ လူတိုင်းကို ကလေးပေါက်စ အရွယ်ကပင် အရက်မသောက်ဖို့ ဆုံးမလာခဲ့တာပါ။
သီလယူပြီးနောက်
ငါးပါးသီလဆိုရင် ခံယူပြီးနောက် သေတဲ့ အထိ အချိန်အကန့်အသတ်မရှိ စောင့်ရမှာ။ ရှစ်ပါး ကိုးပါး ဆယ်ပါးသီလဆိုရင် တော့ ဖြစ်နိုင်တဲ့ အခြေ အနေထိ ကိုယ့်ဟာကိုယ် ကန့်သတ်ပြီး စောင့်သုံးနိုင်ပါတယ်။ အနည်းဆုံး တစ်ရက် (၂၄ နာရီ)ကနေ တစ်ပတ် ဆယ်ရက် တစ်လ သုံးလ ပေါ့။ ဒါပေမယ့် ကာလပရိယန္တဆိုတဲ့ တစ်ထိုင် ဥပုသ်သီလမျိုးကိုတော့ ‘အားမကျ’ပါဘူး။ ငါးပါးသီလထဲက သူ့အသက်ကို သတ်ရင် ကိုယ့် အသက်တိုမှာပဲ။ သူတစ်ပါးပစ္စည်းကိုမတရားယူထားရင် တစ်နေ့မွဲမှာ ပဲ။ သူ့အိမ်ယာကို ကျူးလွန်ရင် ‘both’ သို့မဟုတ် ‘ဘာမှန်းမသိ’ တွေ ဖြစ်မယ်။ လိမ်ရင် ကိုယ့်ကို သူများ မယုံတော့ဘူး။ သေသောက်ရင် အနည်းဆုံး ရုံးရောက် ဂတ်ရောက်ဖြစ်မယ်၊ ဒရိုင်ဗာလိုင်စင် အသိမ်းခံ ရမယ်။ ‘သေအရက် သောက်ခြင်းကို မှီဝဲလျှင် ကြိမ်ဖန် များစွာပြုလျှင် အပါယ်လေးဘုံ၌ ဖြစ်ရ၏။ အရက်သောက်သူသည် လူဖြစ်လာသော်လည်း အနည်းဆုံးရူးသွပ်မှုအကျိုးကိုရတတ်၏ (အံ၊၃၊၇၈)’။
အရက်သောက်ပြီးနောက်
ဘုရားမကြိုက်တဲ့ အလုပ်ကို လုပ်ပြီးမှ အဲဒီဘုရားကို ရှိခိုးလို့ ဘာအကျိုးရှိမှာလဲ။ ဘုရားရှိခိုးကိုတောင် ဖြောင့်အောင် ဆိုနိုင်အုံးမှာလား။ ဘုရားကို မရိုသေရာ ရောက်တယ်။ သတ္ထုအဂါရဝ ဖြစ်လို့ ငရဲတောင် ကြီးအုံးမှာ။ ဒါကြောင့် အရက်သောက်ပြီးရင် Please စကားမပြောဘဲ အိပ်နေလိုက်။ အဲဒါအပြစ်ကင်းလို့ အကောင်းဆုံးဖြစ်ပါတယ်။
50. Shunyatavāda
May 20, 2008.
---
Dear Sayadaw,
I have a question about Emptiness. I am really confused about what does Emptiness really mean in Buddhism? What does it mean to have an Emptiness? Does Emptiness mean things are lack of inherent characters? Could you explain me more about Emptiness?
Aye Chan
---
Emptiness
The word Emptiness is a translation of Pali word Suññata (Skrt. Shunyata). Emptiness here means non-substantiality, void, latency, and relativity. This idea belongs to Madhyamika (The Middle Way) School of Mahāyāna Buddhism. This concept of emptiness was systematized by Nāgarjuna who founded the mentioned School in the 2 nd century A.D..
It is said that Nagarjuna received the doctrine of Emptiness (Shunyata) from dragon's king beneath the ocean. SahharmaPundarika Sutraand the Prajnapāramitā Sutras are the texts of this school.
In his small book Madhyamika-Kārika, Nāgarjuna proved that everything is void. According to him, a living entity, being not more than a temporary union of the five aggregates, cannot be said to have an absolute self which is unchanged, and that because the dharmasor elements of existence arise through dependent origination, they have no unchanging self-nature too.
The practical implications lie in the rejection of attachments to transient phenomena and to the egocentricity of one who envisions himself as being absolute and independent of all other existences.
The Heart Sutra
There are forty Sutras that constitute the Prajnapāramitagroup of Sutras. One of the most important sutras is the Heart (Hridaya) Sutra. Here you can taste the original idea of Emptiness as stated in this Sutra:
Iha sariputra rupam sunyata sunyataiva rupam, rupan na prithak sunyata sunyataya naprithagrupam,yadrupamsa sunyata yasunyatātad rupam; evameva vedana-samjna-samskāra-vijnānam.
Here, O Sariputra, bodily-form is voidness; verily, voidness is bodilyform. Apart from bodily-form there is no voidness; so apart from voidness there is no bodily-form. That which is voidness is bodily-form; that which is bodily-form is voidness. Likewise (the four aggregates) feeling, perception, mental imaging, and consciousness (are devoid of substance).
Iha sāriputra sarva-dharmah sunyata-laksanā, anutpannā aniruddhā, amalā avimalā, anunāaparipurnah.
Here, O Sariputra, al phenomena of existence are characterized by voidness: neither born nor annihilated, neither blemished nor immaculate, neither deficient nor overfiled. (Sutra Translations, p. 34)
Empty World (Suññataloka) Sutta
In Theravada tradition, there is a Sutta caled Suññaloka (San 2, p. 279). According to this Sutta, once Ananda asKed the Buddha, "Venerable Sir, it is said, 'Empty is the world, empty is the world.' In what way, Sir, is it said, Empty is the world?" Then the Buddha answered,
"It is, Ananda, because it is empty of self and of what belongs to self that it is said, ' Empty is the world'. And what is empty of self and of what belongs it self? The eye, Ananda, is empty of self and of what belongs to self. Forms are empty of self and of what belongs to self. ... Whatever feeling arises with mind-contact as condition --- weather pleasant or painful or neither-painful-nor-pleasant --- that too is empty of self and of what belongs to self." (Sanyutta nikayatranslation, p. 1163)
Here the Buddha means that there is no self, nor anything pertaining to self in this world. Therefore, the world is empty (suñño loko).
Analysis
From the carefuly study of the two original Suttas, the Emptiness doctrine given by NagarMuna is closely linked to the Suññataloka Suttaof Samyutta nikaya and to that of Dependent Origination (Paticcasamuppāda). It is said that the Madyamika-vadins extended their doctrine into Māyā (opposite of Essential absolute which is the Dharmakāya) and Tantaric idea (which later becomes Tibetan Buddhism), and they have developed it into a deep psychology and philosophy.
It should be noticed that Madhyamika (the Middle Way) here means the concept which is free from the two extremes of neither existence nor non-existence, neither soul nor no-soul, and so forth while the Theravada's Middle Way means the two extremes of self-mortification and self-indulgent. The diference between the two is that the former deals with the concept and the latter with the practice.
၅၁။ အရိမေတ္တေယျ
မေ ၂၆၊၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ဒီကမ္ဘာပေါ်မှာ အရိမေတ္တေယျ အမည်ဖြင့် ဘုရားတစ်ဆူ ပွင့်ဦးမည်ဟု ကြားဖူးပါသည်။ အရိမေတ္တေယျဘုရားလောင်းသည် ခုအချိန်၌မည်သည့် ဘုံဘဝတွင် ရောက်နေပါသနည်း။ လူ့ပြည်မှာလော နတ်ပြည် မှာလော ဟူသည်ကို သိလိုပါသည်။ ဤဘုရားလောင်း အကြောင်းကို ထေရဝါဒကျမ်းဂန်မှာ ပြဆိုချက် ရှိပါသလား။ မဟာယာန အယူအဆ ဖြစ်သည်လော ဆိုသည်ကိုလည်း သိလိုပါသည်။
ရိုသေစွာဖြင့်Dr. မြင့်သိမ်းကြူ
---
ထေရဝါဒကျမ်းဂန်အဆို
‘ရဟန်းတို့၊ (ဤဘဒ္ဒ ကမ္ဘာတွင်) အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ (အရဟံအစ ဘဂဝါအဆုံး ဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံ သော) မေတ္တေယျမည်သော ဘုရားရှင်သည် ပွင့်တော်မူလတ္တံ့ (ဒီ၊၃၊၈၃။ ဗုဒ္ဓဝံသ၊၃၈၂)’။ အဲဒီ မူရင်းပါဠိတော်တွေအရ ဒီကမ္ဘာမှာ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပနဲ့ ဂေါတမလို့ ဘုရားလေးဆူ ပွင့်တော် မူပြီး ဖြစ်ကြောင်းနဲ့ နောက်ဆုံး မေတ္တေယျဘုရားရှင် ပွင့်တော်မူအုံး မယ်ဆိုတာကိုသိမှတ်ရပါတယ်။
မေတ္တေယျ ဘုရားလောင်းဟာ ယခုအခါမှာ တုသိတာ နတ်ပြည် မှာ နတ်အပေါင်း ခြံရံပြီး စံနေပါသတဲ့ (မဟာဝံသ ၅၀း၄၇)။ ထေရဝါဒ အစဉ်အလာမှာ ဖော်ပြ လက်ခံထားတဲ့ မေတ္တေယျ ဘုရားလောင်းရဲ့ အကြောင်းအရာကတော့ ဒီမျှပဲဖြစ်ပါတယ်။
လလိတဝိတ္ထာရ (မြောက်ပိုင်းဗုဒ္ဓဝင်)အဆို
ဂေါတမ ဗုဒ္ဓလောင်းလျာ (သေတကေတု) နတ်သားသည် လူ့ပြည်သို့ သက်ဆင်း၍ ပဋိသန္ဓေ ယူခါနီး၌ တုသိတာ နတ်အပေါင်းတို့သည် ငိုကြွေးလျက်အလောင်းတော်မြတ်အား ‘အရှင်နတ်သား၊ တုသိတာ နတ် ဘုံသည် အရှင်နတ်သား မရှိလျှင် တောက်ပမည် မဟုတ်ပါ’ဟု ဆိုကြ၏။ ထိုစဉ်အခါ အလောင်းတော်က ‘(ငါ မရှိသည်နောက် သင်နတ် အပေါင်းတို့အား ဗုဒ္ဓလောင်းလျာ အရိမေတ္တေယျ နတ်သားက တရား ဟောတော်မူပါလိမ့်မည်’ဟုနှစ်သိမ့်စကားဆို၏။
ယင်းနောက် သေတကေတု နတ်သားသည် မိမိ၏ ဦးခေါင်းမှ ပိုးသားခေါင်းဆောင်းကို ချွတ်ပြီး မေတ္တေယျဘုရားလောင်း၏ ဦးခေါင်း ပေါ်၌ ဝတ်ဆင်ပေးလျက် ‘အရှင်နတ်သား၊ သင်သည်ကား ငါ၏နောက် ၌ ဗောဓိညဏ်ကို ရမည့်သူပါတည်း’ဟု မိန့်ဆို၏ (Lalitavistrara, Tran. by Bijoya Goswami, p.46)။
အရှင်မဟာကဿပ နဲ့ မေတ္တေယျ
အသောကဝဒါနနဲ့ ဒိဗျာဝဒါန သက္ကတမှတ်တမ်းတွေအရ အရှင်မဟာ ကဿပထေရ်ဟာ ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ ဂယာမြို့အနီးက ကုက္ကုဋ ပါဒဂိရိတောင်ကို တစ်ပါးတည်း ကြွတော်မူတယ်။ ဒီနောက် ဂူတစ်ခု အတွင်းတင်ပလင်ခွေထိုင်ပြီးဒီခန္ဓာကိုယ်သည်မေတ္တေယျဘုရားရှင် ပွင့်တော်မူသည်အထိမပျက်မစီးတည်နေပါစေလို့ အဓိဋ္ဌာန်ပြုပြီးနိရော ဓသမာပတ်ကို ဝင်စားတယ်လို့ ဆိုတယ်။
အဲဒါကြောင့် အရှင်မဟာကဿပရဲ့ ကိုယ်ခန္ဓာဟာ အဲဒီဂူထဲမှာ မေတ္တေယျဘုရားရှင် ပွင့်တဲ့ အချိန်ထိ မပျက်မစီး တည်ရှိနေပါလိမ့်မယ်။ ဂေါတမဗုဒ္ဓဟာ အသက်ထင်ရှားရှိစဉ်က မိမိရဲ့ ပံ့သကူ နှစ်ထပ် သင်္ကန်းကို အရှင်မဟာကဿပရဲ့ နှစ်ထပ်သင်္ကန်းနဲ့ လဲလှယ်ခဲ့တယ်။ အဲဒီ ဗုဒ္ဓဂေါတမရဲ့ နှစ်ထပ်သင်္ကန်းဟာ အရှင်မဟာကဿပနဲ့ အတူ ရှိနေမှာဖြစ်ပြီး မေတ္တေယျဘုရား ပွင့်ချိန်မှာ မေတ္တေယျဘုရားရှင်ကို အဲဒီ နှစ်ထပ်သင်္ကန်းကို လွှဲပြောင်း ပေးအပ်မယ်လို့ လဲ ဆိုတယ်။ (Hellmuth Hecker, Great Disciples of the Buddha, p.132)
မေတ္တေယျ ဩဇာလွှမ်းမိုးမှု
အရိမေတ္တေယျဘုရားလောင်းအကြောင်းကို ထေရဝါဒကျမ်းဂန်တွေမှာ သာမန်သာ ဆိုပေမယ့် သဒ္ဓမ္မပုဏ္ဍရိကသုတ်နဲ့ ဝဇိရစေဒိကာ သုတ်လို မဟာယာနသုတ္တန် အများစုမှာတော့ အရိမေတ္တေယျ ဘုရားလောင်းကို အဆင့်မြင့် အဝလောကိတေသွာရ၊ မဉ္ဇူသီရိနဲ့ အမိတာဘာ ဘုရား လောင်းတွေနဲ့ တန်းတူထားတယ်။
ဒါပေမယ့် ထေရဝါဒ အစဉ်အလာမှာလည်း အရိမေတ္တေယျ ဘုရား လောင်းနဲ့ ဆိုင်တဲ့ စိတ်ဝင်စားမှုဟာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်ပြီး နောက် ရာစုနှစ် သုံးခုထက် မစောဘဲ အေဒီ နှစ်ရာစုကနေ ရှစ်ရာစု အချိန်ထိ အင်မတန် ဩဇာလွှမ်းမိုးခဲ့ပြီး အရှင်မဟာဗုဒ္ဓဃောသခေတ် အေဒီ ငါးရာစုမှာ မေတ္တေယျ ဘုရားလောင်း ဩဇာလွှမ်းမိုးမှုဟာ အထွတ်အထိပ်သို့ရောက်ခဲ့ကြောင်း ဆိုပါတယ် (John C. Holt, Anagata vamsa Desana, Trans. Intro. p. 2)။
အသောက၊ ဒုဋ္ဌဂါမဏိ၊ အရှင်မဟာဗုဒ္ဓဃောသ
အနာဂတဝံသဒေသနာကျမ်း (စာ၊၄၇)အရ အိန္ဒိယ ဧကရာဇ်အသောက မင်းကြီးဟာ မေတ္တေယျဘုရားရှင်ရဲ့ အဂ္ဂသာဝက တစ်ဆူ ဖြစ်လာမယ် လို့ ဆိုတယ်။ မဟာဝံသကျမ်း (မဟာဝံသ၃၂း၈၃)အရ ဧဠာရကျေး မင်းကို အောင်နိုင်ပြီး သီဟိုဠ် တစ်ကျွန်းလုံးကို စည်းရုံးနိုင်ခဲ့တဲ့ သူရဲကောင်း ဘုရင် ဒုဋ္ဌဂါမဏိမင်းကြီးဟာ နောက်ဆုံးဘဝမှာ အရိမေတ္တေယျ ဘုရားလောင်းရဲ့မိသားစုမှာပြန်လည်မွေးဖွားမယ်။
ထေရဝါဒ အဋ္ဌကထာကျမ်းပြု ဆရာကြီး အရှင်မဟာဗုဒ္ဓဃောသဟာ ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးစဉ်က ပထမစာမူ နှစ်စောင်ကို နတ်ဒေဝါ တို့ ဝှက်ထားပြီး တတိယအကြိမ် စာမူရေးပြီးမှ ပြန်ပေးလို့ သုံးစောင် လုံးကို တိုက်ဆိုင်ကြည့်ရာမှာ တစ်လုံး တစ်ပါဒမျှ ကွဲလွဲတာ မရှိလို့ သံဃာတွေက အရှင်မြတ်ရဲ့ မှတ်ဉာဏ်ကြီးကျယ်မှုကို အံ့ဩပြီး ‘ဤပုဂ္ဂိုလ်ကား မေတ္တေယျဗုဒ္ဓ လောင်းလျာ ဧကန်ဖြစ်ပေ၏’လို့ ချီးမွမ်းကြတယ် (မဟာဝံသ၃ရး၂၄၂)။
မေတ္တေယျဗုဒ္ဓကို ဖူးလိုသူ
မဟာသံဃရက္ခိတ မထေရ်ဟာ အသက်ရှစ်ဆယ်အရွယ် ပျံလွန်ခါနီး သေရာညောင်စောင်းပေါ် လဲလျောင်းနေစဉ်လူနာသတင်း လာမေးကြ တဲ့ ရဟန်းတွေက အရှင်မြတ်သည် ရဟန္တာ ဖြစ်ပါပြီလားလို့ မေး လျှောက်ကြရာမှာ ‘မဖြစ်သေးပါ’လို့ ရိုးသားစွာ ဖြေတယ်။ ဒီတော့ အလုပ်အကျွေး ပြုနေတဲ့ ရဟန်းငယ်က ‘အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပြီ ဆိုပြီး များစွာသော လူတွေ ဝေးလံတဲ့ အရပ်တွေက လာရောက်ပြီး အရှင်ဘုရားကို ဖူးမြော်နေကြပါတယ်။ သူတို့တွေ အရှင်ဘုရား ရဟန္တာ မဖြစ်သေးဘူးလို့ သိသွားရင် စိတ်မချမ်းသာ ဖြစ်ကြမှာပဲ ဘုရား’လို့ လျှောက်လိုက်တယ်။
ဒီတော့မထေရ်ကြီးက ‘ငါက မေတ္တေယျ ဘုရားရှင်ကိုဖူးဦးမယ်လို့ ဆုံးဖြတ်ပြီး ဝိပဿနာ မတင်ရှုဘဲနေခဲ့တာ။ ကဲလေ .. ဒါဖြင့်ငါကို ထူပေးစမ်းကွဲ့’လို့ ဆိုတယ်။ ပြီး နာမကျန်းဖြစ်နေတဲ့ မထေရ်ကြီးဟာ ဝိပဿနာ တင်ရှုတဲ့ အတွက် ရဟန်းငယ်ထွက်သွားပြီးလို့ မကြာခင်မှာဘဲ ရဟန္တာဖြစ် သွားတယ်။ အဲဒီနောက် လက်ဖျစ်တီးပြီး အရဟတ္တ ဖိုလ်ကို ရပြီဖြစ်ကြောင်း မိန့်ကြားတဲ့ အခါ ရဟန်းသံဃာ ပရိသတ်က မထေရ်ကြီးကို ချီးမွမ်းအံ့ဩတယ် (ဝိသုဒ္ဓိ၊၁၊၄၄)’။
ဆုတောင်းအထူး
အေဒီ ၁၂ ရာစု သီဟိုဠ်မှာ သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ခဲ့တဲ့ ဝိနယသင်္ဂဟအဋ္ဌကထာ၊ သာရတ္ထဒီပနီဋီကာ၊ အင်္ဂုတ္တရဋီကာကျမ်း တွေကို ပြုစုသွားတဲ့ အရှင်သာရိပုတ္တရာက ‘ကျမ်းပြုကုသိုလ်ကြောင့် ဒုတိယဘဝမှာ တာဝတိံသာ နတ်ပြည်မှာ သူတော်ကောင်းနတ် ဖြစ် လျက် နတ်အဖြစ်နှင့်ပင် သောတာပတ္တိဖိုလ်ကိုရပြီး အရိမေတ္တေယျ ဘုရားရှင် ပွင့်ချိန်မှာ ထိုဘုရားရှင်၏ တရားကိုနာပြီး အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရပါလို၏’ဆုတောင်းပါတယ်။
ဒါပေမယ့် အဲဒီဆုတောင်းနဲ့ ပတ်သက်ပြီး အရှင်မြတ်ရေးတဲ့ ဝိနယသင်္ဂဟအဋ္ဌကထာရဲ့ အဖွင့်ဋီကာကို ပါဠိဘာသာနဲ့ ရေးသားခဲ့သူ မြန်မာနိုင်ငံသား တောင်ဖီလာဆရာတော်က ဘဝင်ကျဟန် မတူဘူး။ ‘သောတာပန်တို့မည်သည် ကာမဘုံမှာခုနစ်ဘဝသာနေရခြင်း၊ တာဝ တိံသာ နတ်တို့၏ အသက်နှင့် ဘဝပေါင်း အထောင်မက နေပြီးမှသာ မေတ္တေယျဘုရားရှင် ပွင့်နိုင်ခြင်းတို့ကြောင့် မသင့်မြတ်ဘူး’လို့ ဆရာတော်ကမှတ်ချက်ပြုခဲ့ပါတယ် (ဝိနယာလင်္ကာရဋီကာ၊ နိဂုံး)။
နှစ်ဂိုဏ်းလုံး လက်ခံ
မဟာယာနတွေက အထွတ်အထိပ်ထားတဲ့ အဝလောကိတေသွာရ၊ မဉ္ဇူသိရိ၊ အမိတာဘာ၊ ဝဇိရပါဏိ စတဲ့ ဘုရားလောင်းတွေ အကြောင်းကို ထေရဝါဒကျမ်းဂန်တွေမှာ မတွေ့ရဘူး။ စကားမစပ်၊ မဉ္ဇူသီရိဆိုတဲ့ နာမည်ကိုတော့မူလဋီကာ၊၂၊၄၈)မှာ တွေ့ဖူးပါတယ်။ ဒါပေမယ့် မေတ္တေယျ ဗောဓိသတ္တကတော့ ထေရဝါဒရော မဟာယာနပါ လက်ခံ ယုံကြည်တဲ့ တစ်ဆူတည်းသော ဘုရားလောင်းဖြစ်ဖွယ်ရှိပါတယ်။
ရဟန်းမှု
သိက္ခာကိုသာ၊ ကြည်ညိုဂရု၊ ရဟန်းမှုဟု၊ သက်စုယူစော၊ စိတ် သဘောဖြင့်၊ တတောဝင်ဝင်၊ တပင်ထွက်ထွက်၊ တချုံသက်၍၊ တခက်နေနား၊ ကျေးငှက်လားသို့၊ တရားဖြည့်ကြစေကုန်သော်။
၅၂။ ရဟန်းတို့ ရှိမခိုးကောင်းသူ
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။ ရဟန်းသံဃာတော် များ ရှိမခိုးကောင်းသည့် နေရာဌာန ဆယ်မျိုးရှိသည်ဟု ကြားဖူးပါ သည်။ တကယ်ရှိသည်ဆိုလျှင် ဘယ်လို နေရာတွေ ဖြစ်ကြောင်း ဖြေ ကြားပေးစေလိုပါသည်။ နောက်ပြီး လယ်တီဆရာတော်ဘုရားကြီး၏ ဗျာဓိဒုက္ခအကြောင်းကဗျာကိုလည်း ကြားဖူးရုံသာရှိသဖြင့် ဖော်ပြပေး စေလိုပါသည်။
ကျော်လေး၊ ရုရှား
---
ရှိခိုးခံခြင်း
ဗုဒ္ဓဘာသာမှာ လူ့အဆင့်အတန်းကို အသက်ကြီးတာနဲ့ မဆုံးဖြတ်ပါဘူး။ အကျင့်သီလနဲ့ ပဲ ဆုံးဖြတ်ပါတယ်။ စောင့်ထိန်းနေတဲ့ သီလသိက္ခာပုဒ် တွေ များပြားလို့ ရဟန်းတွေကို လူတွေက ရှိခိုးကြရတာ။ ရဟန်းတွေ အချင်းချင်းလဲ ကိုယ့်ထက် ရဟန်းဖြစ်ချိန် အနည်းဆုံး မိနစ်ပိုင်း လောက်ပင် ကြီးစေ၊ ငယ်သူက ကြီးသူကို ရှိခိုး အရိုအသေ ပေးရပါတယ်။ ကိုယ့်ထက်ကြီးပေမယ့် ရှိခိုးစရာမလိုတဲ့ ရဟန်းမျိုးလည်း ရှိတယ်။ အဲဒီ ရဟန်းမျိုး အပါအဝင်ရဟန်းတို့ ရှိမခိုးကောင်းသူဆယ်မျိုးကို ဝိနည်း စူဠဝါပါဠိတော် (ဝိ၊၄၊၃၁၁) မှာ ဖော်ပြပါတယ်။ အဲဒါ တွေကို အကျဉ်းချုပ် ရေတွက်ပြရရင်
ရဟန်း ရှိမခိုးကောင်းသူ ၁၀ မျိုး
၁။ မိမိထက်သိက္ခာငယ်တဲ့ ရဟန်း (မိမိနောက်မှရဟန်းပြုလာသူ)
၂။ အနုပသမ္ပန္န (လူနဲ့ သာမဏေ)။ ရဟန်းဟာမိမိထက် ကြီးငယ်မဟူလူ တွေနဲ့ သိက္ခာမတင် (သိမ်ထဲဝင်ပြီး ရဟန်းမခံရသေး)တဲ့ သာမဏေ တွေကို ရှိမခိုးကောင်းဘူး။
၃။ မိမိထက် သိက္ခာကြီးပေမယ့် အဓမ္မဝါဒီ နာနာသံဝါသ (အဓမ္မကိုဓမ္မလို့ ဆိုပြီးယင်းဝါဒကိုမစွန့်သရွေ့ပေါင်းသင်း ဆက်ဆံမှု မပြုကောင်းတဲ့ သို့မဟုတ် အယူမှားကို မစွန့်လို့ နှင်ထုတ် ထားတဲ့ အပယ်ခံရဟန်း)။ ဥပမာဆွမ်းစားတာလည်းကာမဂုဏ်၊ မေ ထုန်မှီဝဲတာလည်း ကာမဂုဏ်၊ ကာမဂုဏ်ချင်းအတူတူ ရဟန်းဟာ ဆွမ်းစားကောင်းသလို မေထုန်ကိုလည်း မှီဝဲကောင်းတယ်လို့ ဆိုခဲ့တဲ့ အရိဋ္ဌ ရဟန်းလို အယူမှားနေတဲ့ ရဟန်းကို အဲဒီအယူကို မစွန့်သရွေ့ ရဟန်းငယ်က ရှိမခိုးကောင်းဘူး။
၄။ မာတုဂါမ (မိမိထက် အသက် သိက္ခာကြီးတဲ့ ဘိက္ခုနီလို့ ခေါ်တဲ့ ရဟန်းမိန်းမတွေလည်းပါတယ်)။
၅။ ပဏ္ဍုက် ငါးမျိုး (ဥသူယ = သူတစ်ပါး မေထုန်မှုကို ကြည့်ပြီး အာသာပြေသူ။ ပက္ခ=လခွဲတစ်ကြိမ်လိင်ပြောင်းသူ။ အာသိတ္တ=သူ တစ်ပါးရဲ့ သုက်သွေးကို ခံတွင်းဖြင့် စုပ်ယူသူ။ ဩပက္ကမိက = ဝှေးစေ့ သင်းထားသူ။ နပုံသက =မွေးရာပါကျားမ လိင်အင်္ဂါ မကွဲပြားသူ။ အဲ ဒီလို ပုဂ္ဂိုလ်တွေ ရဟန်းအဖြစ်နဲ့ ရှိနေခဲ့ရင် သိက္ခာကြီးပေမဲ့ ရှိခိုးစရာ မလိုဘူး (ဝိ၊ဋ္ဌ၊၃၊၂၉၇)။
၆။ သံဃာဒိသေသ် အာပတ်သင့်လို့ မကုစားဘဲ နေခဲ့တဲ့ ရက် အတိုင်းအတာထိပရိဝတ်ကျင့်နေတဲ့ ရဟန်း။
၇။ အဲဒီလိုကျင့်နေတုန်း အကြောင်းတစ်ခုကြောင့် တစ်ရက်ပျက်သွားလို့ အစက ပြန်ကျင့်နေရ တဲ့ ရဟန်း။
၈။ အဲဒီအာပတ်သင့်လို့ မာနတ်ကျင့်ထိုက်တဲ့ ရဟန်း။
၉။ အဲဒီအာပတ်သင့်လို့ သံဃာနှစ်သက်အောင် အပို မာနတ်ခြောက်ရက် ကျင့်နေတဲ့ ရဟန်း။
၁၀။ သံဃာဒိသေသ်ကို ကုစားဖို့ သိမ်ထဲမှာ သံဃာအပါးနှစ်ဆယ်နဲ့ အဗ္ဘာနကံဆောင်နေတဲ့ ရဟန်း။
ဗျာဓိဒုက္ခဘွဲ့
လယ်တီဆရာတော် ရေးတဲ့ လေးချိုးတွေ၊ တေးထပ်တွေ၊ မေတ္တာစာ တွေနဲ့ ဆုံးမစာတွေထဲမှာ ဗျာဓိဒုက္ခအကြောင်း အထူးဖော်ကျူးတာ တွေရှိနိုင်ပါတယ်။ အဲဒီကဗျာရဲ့စာပိုဒ်တိုလေးတစ်ခုလောက်ကို ဖော် ပြပေးလိုက်ရင် မေးလိုတဲ့ ကဗျာကို အတိအကျ ရှာဖွေပေးနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် အနက်အဓိပ္ပာယ် အင်မတန် ကောင်းတဲ့ အလွတ်ရမိ နေသေးတဲ့ ဆိုပိမ့်မညှာ ဆုံးမစာထဲကစာပိုဒ်တိုကလေးကို ရေးပေး လိုက်ပါတယ်။ ဒီကဗျာပိုဒ်ကလေးကို ‘အထုပ်ပြင်ကဗျာ’လို့ ခေါင်းစဉ် တပ်ရင် ဆီလျော်မလားပါဘဲ။
အထုပ်ပြင်ကဗျာ
သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍
အရူးပြင်ပြင်နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင်နင်ပိုင်မဟုတ်
နင့်ရုပ်နင့်နာမ်နင့်သန္တာန်ကို နင်ညာဏ်မစူး အပေါ်ဖြူး၍
မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ။
အာရုံဝတ္ထု မီးစာစုကို မှုမှုရရနင်အားကျလည်း
ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ
နင့်ခန္ဓာသည် ပြာပုံအတိ ဖြစ်လုနီးပြီ။
ရီးတီးရားတား သေ၍သွားလည်း တရားမကြွယ်
အထုပ်ငယ်လျက် အပါယ်စခန်း သွားမြဲလမ်း၌
တပန်းဟိုက်ဟိုက် တရှိုက်ငင်ငင် တငင်ငြိုငြို
ဆင်းရဲပိုလျက် ထိုထိုဘဝ အနန္တလျှင်
အစမဆုံးအများထုံးတည့်။
အထုပ်ဆိုတာ ကိုယ်တိုင် ပြုလုပ်ဆည်းပူးထားတဲ့ ကုသိုလ်အစုကို ဆိုလိုတာပါ။ အထုပ်ကြီးလေမငြင်မငြိုချမ်းသာပိုလို့ ကောင်းလေပဲပေါ့။ ဒါကြောင့် ‘ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုကြဖို့’ တိုက်တွန်းလိုရင်း ဖြစ်ကြောင်းပါ။
သတ္တဝါတို့သည် ကာမကြောင့် ကန်းနေကြ၏။ တဏှာ ကွန်ရက်ဖြင့် ဖုံးလွှမ်းခံနေ ရ၏။ တဏှာဖြင့် အုပ်မိုးခံနေရ၏။ မြှုံးဝမှာ ဖွဲ့မိနေသော ငါးကဲ့သို့မာရ်၏ အနှောင်အဖွဲ့ခံနေကြရ၏။
(ရာဟုလထေရာပဒန်)
---
၅၃။ ရိုးသားမှု ထွန်းကားအောင်
ဇွန် ၁၁၊ ၂၀၀၈။
ဆရာတော်ဘုရား၊ မြန်မာနိုင်ငံက နာမည်ကျော်တရားဟော ဆရာတော်တစ်ပါးရဲ့ စာအုပ်ငယ်မှာ ဖော်ပြထားတဲ့ အတွေးအမြင်တစ်ခုနဲ့ ပတ်သက်ပြီး ဘဝင်မကျ ဖြစ်နေလို့ပါဘုရား။ ဆရာတော်ဟာ ပဲရစ်မြို့ (ပြင်သစ်နိုင်ငံ) က ဟိုတယ်တစ်ခုမှာ တည်းခိုနေခိုက် သီဟိုဠ်လူမျိုး ဗုဒ္ဓဘာသာဝင် ဟိုတယ်လုပ်သား ဒကာက နောက်တစ်ကြိမ် ပြင်သစ်ကို ကြွလာရင် သီရိလင်္ကာဘုန်းကြီးကျောင်းမှာ တည်းခိုနိုင်အောင် စီစဉ်ပေးမယ်လို့ ဖိတ်ကြားပြီး သူ့ရဲ့ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတွေကို ပေးပါသတဲ့။
အဲဒါနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဆရာတော် အသိပေးရေးထားပုံက ‘အေး၊ ပြောပါ့မယ်လို့တော့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ ပြောလိုက်တာပါ။ နှုတ်က အဲဒီလို ပြောလိုက်ရပေမဲ့ စိတ်ထဲကတော့ သီဟိုဠ်ကျောင်းမှာ ဘယ်တော့မှ မတည်းဘူးကွ၊ ပဲရစ်မှာ မြန်မာကျောင်းဖြစ်အောင် လုပ်ပေးမယ်၊ နောက်တစ်ခေါက်ကျရင် မြန်မာကျောင်းမှာပဲ တည်းမယ်လို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်’တဲ့။
တပည့်တော်ရဲ့ မေးခွန်းက စံပြတရားဟော ရဟန်းတစ်ပါးအနေနဲ့ အဲဒီလို အတွင်းတစ်မျိုး အပြင်တစ်မျိုးနဲ့ မရိုးသားမှုကို ပေါ်လွင်စေတဲ့ ဟောပြောမှုမျိုး လုပ်သင့်ပါသလား။ ပရိသတ်ထဲက အထူးသဖြင့် လူငယ်တွေက ဆရာတော်ကို အားကျပြီး အဲဒီအပြုအမူမျိုးကို အတုယူသွားရင် ရိုးသားတဲ့ လူ့ဘောင်တစ်ခု ဖြစ်လာနိုင်ပါမည်လား။ တိုးတက်တဲ့နိုင်ငံတွေမှာ ကလေးဘဝကစပြီး အမှန်ကို ပြောတတ်အောင်၊ ပြောရဲအောင်၊ စည်းကမ်းကို လိုက်နာအောင် လေ့ကျင့်ပေးပါတယ်။
ကြည်ညိုရိုသေလို့ သဒ္ဓါတရားနဲ့ ဖိတ်ကြားတာကို ရိုးသားခံသာတဲ့ နည်းနဲ့ မပြောသင့်ဘူးလား၊ အနည်းဆုံး ပရိသတ်ကို အသိပညာပေးရာမှာ အတွင်းအပြင်မတူတဲ့ အတွေးအမြင်မျိုး ဖြစ်သင့်ပါသလား။ ဆရာတော်ရဲ့ အတွေးအမြင်ကို သိပါရစေဘုရား။
မောင်ဝင်းကြူ (ထိုင်ဝမ်)
-------------------
သူတို့ဆီက အမြင်
မေးသင့်တဲ့မေးခွန်းပါ။ မြန်မာရုပ်ရှင်တွေထဲက မင်းသမီးမင်းသားတွေ လိမ်ပြောတာ၊ လူကြမ်းတွေက မင်းသမီးကို လမ်းမပေါ်မှာ လိုက်နှောင့်ယှက်တာ၊ ကလေးကို ကတိဖျက်တာ၊ နေရာမရွေး ဗျစ်ခနဲ တံတွေးထွေးချတာ၊ ဇီးထုပ်ခွံ စက္ကူစုတ်တွေကို တွေ့ကရာ လွှင့်ပစ်တာတွေကို အမှတ်ရစေပါတယ်။ အနည်းဆုံး စင်္ကာပူလို နိုင်ငံလောက်မှာ နေဖူးရင် အဲဒီလိုအပြုအမူမျိုးကို မကြိုက်နိုင်တော့ဘူး။ မေးခွန်းရှင်ရဲ့ ခံစားချက်က ကျယ်လွန်းလို့ ပဲရစ်ဧည့်သည်ကိစ္စကိုပဲ ဇောင်းပေးပါရစေ။
သူတော်ကောင်း
သူတော်ကောင်းဆိုတာ စိတ်ထဲမှာရှိတာကိုပဲ ထုတ်ဖော်ပြောဆိုတတ်အောင် လေ့ကျင့်ပါတယ်။ အကန်းကို အကန်းကြီး ပြောရင် ခံနိုင်မလားလို့ စောဒက မတက်ပါနဲ့။ အဲဒီသဘောမျိုးကို မဆိုလိုပါဘူး။ အတွေးအကြံ၊ အပြောအဆိုနဲ့ အပြုအမူတွေကို တစ်ထပ်တည်းဖြစ်အောင် ကြိုးစားတာကိုသာ ဆိုလိုတာပါ။ အဲဒီလို ဖြူစင်ရိုးသားလို့လည်း သူတော်ကောင်းကို လူအများက လေးစားယုံကြည်တာ ဖြစ်ပါတယ်။
ယထာဝါဒီ တထာကာရီ (နှုတ်မြွက်အတိုင်း လုပ်တတ်သူ) ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ သူတော်ကောင်းစစ်မှန်ရင် အတွင်းစိတ်နဲ့ အပြင်သဘော တစ်ထပ်တည်း ဖြစ်သင့်ပါတယ်။ ဘုန်းကြီးတွေ နေ့စဉ် ရွတ်ဖတ်တဲ့ မေတ္တသုတ်ထဲက ဥဇူစ (ဖြောင့်မတ်ခြင်း)၊ သုဟုဇူစ (ကောင်းစွာ ဖြောင့်မတ်ခြင်း) ဆိုတာဟာ အဲဒီလို ဖြစ်ဖို့ ညွှန်ကြားတာပါ။ နှုတ်ကျွံရင်
ကြမ်းပေါက်ကျွံလို့ ဒဏ်ရာရရင် ခံရမှ တစ်ပတ်ပေါ့။ နှုတ်ကျွံရင်တော့ တစ်သက်လုံး ပြင်ရခက်တတ်တယ်။ တစ်ခါတုန်းက ဘီဘီစီ အသံလွှင့်ဌာနနဲ့ မေးဖြေခန်းမှာ ဘုန်းကြီးတစ်ပါးက ‘နိဗ္ဗာန်အရသာဟာ ဘာအရသာနဲ့မှ မတူဘူး။ အလွန့်အလွန် ချိုမြိန်ချမ်းသာတယ်။ လက်တွေ့ခံစားကြည့်မှ သိနိုင်တယ်’လို့ ပြောလိုက်တော့ မေးသူက ‘အဲဒီလောက် အတိအကျဆိုနိုင်တော့ အရှင်ဘုရားကိုယ်တိုင် နိဗ္ဗာန်အရသာကို ခံစားဖူးပါသလားဘုရား’လို့ ဆက်မေးတော့ သူ့အဖြေက လေသံပြောင်းပြီး ကြောင်လည်လည်ဖြစ်သွားတာ ကြားလိုက်ရတယ်။
ဘုန်းကြီးရဟန်းတွေ အထူးသတိထားသင့်တာ တစ်ခုရှိတယ်။
ဘာလဲဆိုရင် ရဟန်းတစ်ပါးဟာ လူတွေကို ‘ဒကာကြီးရေ၊ ကျုပ်ကတော့ ဆိတ်ငြိမ်ပြီး လူသူကင်းဆိတ်တဲ့ နေရာမှာပဲ ပျော်မွေ့တော့တယ်’လို့ ပြောမိလို့ အဲဒီလူက ပြောတဲ့ဘုန်းကြီးကို စျာန်မဂ်ဖိုလ်ကို ရသူလို့ အထင်ကြီးသွားရင် အဲဒီဘုန်းကြီးဟာ ရဟန်းအဖြစ်က အလိုလို လျှောကျပြီး နောက်တစ်ဖန် ရဟန်းဖြစ်မလာနိုင်အောင် အပြစ်ကြီးလေးတဲ့ သိက္ခာပုဒ် (ရဟန်းဥပဒေ)နဲ့ ငြိစွန်းသွားနိုင်တယ်ဆိုတဲ့ အချက်ပါ။
တစ်ဖက်က အမြင်
လူတိုင်း ကိုယ်ပိုင် အတွေးအယူရှိတာမို့ တရားဟောဆရာတော်ရဲ့ အယူအဆကို အမှားအမှန် မဝေဖန်လိုပါဘူး။ ဒါပေမဲ့ အတွင်းအပြင် ခြားနားတဲ့ သဘောထားကို စံပြဘုန်းကြီးတစ်ပါးအနေနဲ့ ပရိသတ်ရှေ့မှာ လှစ်မပြသင့်ဘူးဆိုတာကို ဘုန်းကြီးထောက်ခံပါတယ်။ သီဟိုဠ်သား ဥပါသကာဟာ ဘုန်းကြီးကို ကြည်ညိုတဲ့ စိတ်ရင်းအမှန်နဲ့ ဖိတ်ကြားတာဖြစ်လို့ မဆိုင်တဲ့နေရာမှာ အဲဒီလို အတွေးမျိုးနဲ့ အမျိုးမာန်ဆိုတာကို ထုတ်မပြသင့်ဘူးလို့လည်း ဘုန်းကြီးယုံကြည်ပါတယ်။
ဘုန်းကြီးသာ ပဲရစ်ခရီးသည် တရားဟောဘုန်းကြီး ဖြစ်ခဲ့ရင် ‘အင်း၊ သူကတော့ သီဟိုဠ်သားတွေ တည်ထောင်ထားတဲ့ ဘုန်းကြီးကျောင်းရှိလို့ ဧည့်သည်ဆရာတော်ကို ဖိတ်ကြားနိုင်ပေတယ်။ ဒို့မြန်မာတွေလည်း ဘုန်းကြီးကျောင်း ရှိသင့်တာပဲလို့ စဉ်းစားပြီး ပဲရစ်မှာ မြန်မာဘုန်းကြီးကျောင်းတစ်ခု ဖြစ်လာအောင် ကြိုးပမ်းဖို့ သန္နိဋ္ဌာန်ချခဲ့တယ်’လို့ ပဲ ပရိသတ်ကို အသိပေးမှာပါ။ ဒါဆိုရင် အတွင်းအပြင်သဘော ဆန့်ကျင်နိုင်ပေမယ့် ဓမ္မနည်းကို မကျော်လွန်ဘူးလို့ ယူဆပါတယ်။
သီလ ပညာနံ လောကသ္မိံ အဂ္ဂမက္ခာယတိ။
လောက၌ သီလနှင့်ပညာကို အမြတ်ဆုံးဟု ဆိုအပ်၏။
ဇွန် ၂၀၊ ၂၀၀၈။
---
၅၄။ ရောကြော်မလုပ်နဲ့
ဆရာတော် အရှင်ဘုရား၊
အိန္ဒိယကို ဘုရားဖူးသွားစဉ်က မြန်မာဘုန်းကြီးကျောင်းတစ်ခုမှာ မြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒီ ဘာသာများဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာစသော ကမ္ဘာ့ဘာသာတရားများမှာ နာမည်သာ ကွဲပြားပြီး ဟောကြားသည့် တရားဓမ္မ အနှစ်သာရမှာ အတူတူသာ ဖြစ်သည်ဟု နံရံမှာ စာလုံးကြီးဖြင့် ရေးထားသည်ကို တွေ့ရခဲ့ရ၍ အံ့ဩနေမိပါသည်။ ထိုအယူအဆနှင့် ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာက မည်သို့ ဟောကြားသည်ကို သိလိုပါသည်ဘုရား။
ကွမ်းထန်၊ ကနေဒါ
-------------------
ဝါဒပုံစံနှစ်မျိုး
ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ဘာသာတရားတွေ အားလုံးကို ခြုံကြည့်ရင် တွေ့ကြုံသိဝါဒနဲ့ စိတ်ကူးပုံဖော်ဝါဒလို့ နှစ်မျိုး တွေ့နိုင်တယ်။ ဗုဒ္ဓဟာ ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး တရားထူးကို သိခဲ့တယ်။ အဲဒီအသိကို သူတစ်ပါးတို့ကို သင်ပေးတယ်။ သင်ယူပြီး လိုက်နာကျင့်သုံးသူ အားလုံးလည်း ဗုဒ္ဓသိတဲ့အသိကို နားလည်ပြီး ချမ်းသာသွားကြတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒဟာ ပထမအမျိုးအစားမှာ ပါတယ်။ ဒီအမျိုးအစားမှာ နားလည်မှုဟာ ယုံကြည်မှုရဲ့ အခြေခံဖြစ်တယ်။ လူတွေကို အတင်းအကြပ် မယုံကြည်ခိုင်းဘူး။
ဒုတိယဝါဒအမျိုးအစားကတော့ ရှေးဦးဟောပြောသူတို့ရဲ့ စိတ်ကူးစိတ်သန်း (conception) ကို ဗဟိုပြုတဲ့အတွက် တည်ရှိပြီး ယုံကြည်မှုနဲ့ လူမျိုးမတူလို့ ဖြစ်ရတဲ့ ခြားနားမှုတွေကို လက်တွေ့ (ကိုယ်ကာယနဲ့) ဆန့်ကျင်ဖို့၊ တော်လှန်တိုက်ခိုက်ဖို့ တိုက်တွန်းတာတွေကို တွေ့ရတယ်။ လူမျိုးနဲ့ ယုံကြည်မှုအစဉ်အလာတွေ မတူခြားနားမှုကြောင့် ဖြစ်ရတဲ့ အုပ်စုနှစ်ခုရဲ့ နာကျည်းစိတ် အရင်းခံကြောင့် ဣဿာ (မနာလိုမှု)၊ ဝေရပ္ပဋိကာရ (လက်စားချေမှု) နဲ့ အာဃာတ (ရန်ငြိုးဖွဲ့မှု) တွေကို တိုးပွားစေတဲ့ လမ်းညွှန်ချက်တွေကို ၎င်းတို့ရဲ့ မြင့်မြတ်တဲ့ Holy ကျမ်းဂန်တွေမှာ အတိအကျ မှတ်တမ်းတင်ထားပါတယ်။
ကျမ်းညှိခြင်း (၁)
ထွက် 20;3/ ငါမှတစ်ပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်။ 4/ အထက် မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ့်အဘို့ မလုပ်နှင့်။ 5/ ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား (ဖြစ်သတည်း)၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက် တတိယအဆက်၊ စတုတ္တအဆက်တိုင်အောင် အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရားဖြစ်သတည်း။
စက္ကဝတ္တိသုတ်၊ ပိုဒ် ၈၀။ ရဟန်းတို့၊ သင်တို့သည် မိမိကိုသာလျှင်၊ ဓမ္မကိုသာလျှင် ကျွန်းသဖွယ်မှီခိုရာပြု၍၊ မိမိကိုသာလျှင်၊ ဓမ္မကိုသာလျှင် အားကိုးရာပြု၍၊ မိမိမှတစ်ပါး၊ ဓမ္မမှတစ်ပါး အခြားအရာများကို အားမကိုးဘဲ နေကြလော့။ (အဘယ်သို့နည်းဟူမူ) ဤသာသနာတော်၌ ရဟန်းသည် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့၌ သတိဖြင့် အဖန်ဖန်ရှု၍ နေမူ မိမိကိုသာလျှင် ဓမ္မကိုသာလျှင် အားကိုးရာပြု၍၊ မိမိမှတစ်ပါး၊ ဓမ္မမှတစ်ပါး အခြားအရာများကို အားမကိုးဘဲနေသည် မည်၏ (ဒီ၊၃၊၄၃)။
ကျမ်းညှိခြင်း (၂)
ဝတ်ပြု 24;19/ လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင် သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။ 20/ အရိုးကိုချိုးသည်အတွက် အရိုးချိုးခြင်းကိုလည်းကောင်း၊ မျက်စိကိုဖျက်သည်အတွက် မျက်စိဖျက်ခြင်းကိုလည်းကောင်း၊ သွားကိုချိုးသည်အတွက် သွားချိုးခြင်းကိုလည်းကောင်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း ကိုယ်တိုင် နာကျင်စွာ ခံရမည်။ 21/ လူအသက်ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။ 23/ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု (ထာဝရဘုရားက) မောရှေအား မိန့်တော်မူ၏။
ကိုရ်အာန် 9;39/ အကယ်၍ အသင်တို့သည် (အလာဟ်အရှင်မြတ်၏ လမ်းတော်၌) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် မထွက်ကြပါလျှင်၊ ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်သော ပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတစ်ပါးလည်း ထိုအရှင်မြတ်သည် အသင်တို့အစား အခြားလူမျိုး တစ်မျိုးကို လှဲလယ် (ဖန်ဆင်း) တော်မူအံ့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှလည်း အကျိုးယုတ်အောင်ပြုနိုင်ကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အလာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူပေသတည်း။
ဥပက္ကိလေသသုတ်၊ ပိုဒ် ၂၃၇။ ရန်ကို ရန်တုံ့မူ၍ မငြိမ်းနိုင်။ ရန်မတုံ့ပြန်ခြင်းဖြင့်သာ ရန်ငြိမ်းနိုင်၏။ ဤသည်မှာ ဘုရားရှင်တို့၏ အဆုံးအမဖြစ်၏ (မ၊၃၊၁၉၂)။ ဒါတွေက နှိုင်းယှဉ်သိနားနိုင်စေရန် Holy ကျမ်းဂန်တွေက ထုတ်နုတ်ချက်တွေပါ။
အမှားနဲ့ အမှန်
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခါနီးမှာ သုဘဒ္ဒပရိဗိုဇ်က ‘အယူဝါဒ တီထွင်သူတွေဟာ မိမိဝါဒသာ မှန်တယ်လို့ ဟောပြောကြပါတယ်။ အမှန်တရားကို ဘယ်လို သိနိုင်မလဲ’လို့ ဗုဒ္ဓကို မေးပါတယ်။ ဗုဒ္ဓရဲ့အဖြေက ‘အကြင်သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသောဓမ္မ မရှိ၊ ထိုသာသနာ၌ စိတ်ပိုင်းဘဝ ရင့်ကျက်ပြီး တိုးတက်မှုဖြစ်စဉ် မရှိ။ ငါ (ဗုဒ္ဓ) ဘုရား၏ သာသနာ၌မူ အရိယမဂ္ဂဓမ္မရှိသောကြောင့် စိတ်ပိုင်းဘဝ တိုးတက်မှုဖြစ်စဉ် အဆင့်ဆင့် ရှိ၏’လို့ ဖြေကြားခဲ့ပါတယ်။ စိတ်ပိုင်းဘဝ ငြိမ်းချမ်းမှုအတွက် လေ့ကျင့်အားထုတ်ပုံ နည်းလမ်းကို ပေးနိုင်တဲ့ ဘာသာတရားမျိုးဖြစ်ရင် ကိုးကွယ်ဆည်းကပ်သူမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်မျိုးလုံးကို လုံခြုံစေပါတယ်။ ဘာသာတရားတစ်ခုဟာ သူတစ်ပါးကို ရန်ပြုရင် မိမိလည်း အန္တရာယ်ရှိတာပေါ့။
ဗုဒ္ဓဝါဒအလို အမှားနဲ့ အမှန်ကို မမြင်နိုင်ကောင်းတဲ့ စိတ်ကူးထဲက တန်ခိုးရှင်ထံမှာ အဆုံးအဖြတ် မခံဘဲ မဂ္ဂင်ရှစ်ပါး ပေတံနဲ့ မိမိဖာသာ တိုင်းတာတတ်အောင် ကြိုးစားပါတယ်။
မတူပါဘူး
ဘုန်းကြီးရဲ့အမြင်အရ ဘာသာဝါဒတိုင်းမှာ ဦးတည်ချက်ပန်းတိုင် ကိုယ်စီရှိကြလို့ ဘာသာရေးမှန်ရင် အားလုံးအတူတူပါလို့ ‘ရောကြော်’ မလုပ်ပစ်နိုင်ပါဘူး။ သူများက လုပ်လာရင်လဲ ဗုဒ္ဓဝါဒီတွေက လက်မခံနိုင်ပါဘူး။ အချို့ဘာသာတရားတွေဟာ အဓိပ္ပာယ်အနေနဲ့ မိုးနဲ့မြေလို ခြားနားပါလျက် ဗုဒ္ဓဝါဒဝေါဟာရတွေကို ယူသုံးနေတာတွေ ရှိတယ်။ ဒါမျိုးတွေ့ရင်တောင် မိမိတို့ဗုဒ္ဓဝါဒီတွေက အဲဒီဝေါဟာရရဲ့ ဗုဒ္ဓဝါဒအဓိပ္ပာယ်မှန်ကို ရှင်းပြရအုံးမှာ။ မေးခွန်းပါ ဘာသာတရားတွေက စကြဝဠာကို စိုးပိုင်တဲ့ ဖန်ဆင်းရှင် (ဣဿရ နိမ္မာန) ပုဂ္ဂိုလ်ကို ယုံတယ်။ ဗုဒ္ဓဝါဒီတွေက မိမိကိုယ်တိုင်မှ တစ်ပါး ပြင်ပကတန်ခိုးရှင်ဆိုတာတွေကို လုံးဝမယုံဘူး။ လူသာ ပဓာနဖြစ်ပါတယ်။ အဲဒါ အဓိကခြားနားချက်ပဲ။
အဲဒီလို အခြေခံယုံကြည်ချက် မတူရင် ဟောကြားတဲ့ တရားဓမ္မလဲ ဘယ်နည်းနဲ့မှ မတူနိုင်ပါဘူး။ ဘာကြောင့်ဆို စိုးပိုင်ဖန်ဆင်းရှင်ရှိဝါဒက ထာဝရတည်မြဲတဲ့ တစ်ဆူတည်းသော ဘုရားရှိတယ်ဆိုတာကို ‘ယုံလိုက်စမ်းပါ မိတ်ဆွေ’လို့ အရေးတကြီး တောင်းဆိုသလို မယုံတဲ့ ဗုဒ္ဓဝါဒကလဲ ‘ကံဆိုတာ အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းတယ်’လို့ ကိုယ့်အားကိုယ်ကိုးဖို့ အဓိကညွှန်ပြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
လောကမှာ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ် မရှိခဲ့ဖူးဘူးလို့ သက်သေပြခဲ့နိုင်ရင်တောင် ဗုဒ္ဓဓမ္မကတော့ တည်ရှိနေဦးမှာပါ။
Buddhism would remain what it is even if it were proved that the Buddha never lived. Christmas Humphreys.
ဇွန် ၁၅၊ ၂၀၀၈။
---
၅၅။ ဘုန်းကြီးအရိပ်ကိုနင်းခြင်း
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော် တစ်ခု မရှင်းလင်းသောကြောင့် လျှောက်ထားခွင့် ပြုပါဘုရား။ မိဘဘိုးဘွားများက ကလေးများအား ဘုန်းကြီးများ၏ အရိပ်ကို မနင်းကောင်းဟု ဆုံးမကြပါသည်ဘုရား။ ထိုသို့ဆိုလျှင် တပည့်တော်တို့ စေတီပုထိုးများကို သွားရောက်ကြသည့်အခါများတွင် အချိန်အခါအပေါ်လိုက်ပြီး နေရောင်၏ အရိပ်ကြောင့် ထိုစေတီပုထိုးများ၏ အရိပ်ကို နင်းမိကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်ဘုရား။ ဘုန်းတော်ကြီးများ၏ အရိပ်ထက် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကို ဌာပနာထားသော ထိုစေတီပုထိုးများ၏ အရိပ်ကို ပို၍မနင်းသင့်သလို ဖြစ်နေပါသည်။ မနင်းသင့်ဟူသောစကားရပ်နှင့်ပတ်သက်၍ မှန်မမှန် ရှင်းပြပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
လွင်မြင့်ဦး၊ စင်္ကာပူ
-------------------
စိတ်ထားတူနေ
ဆင်းတုဟာ သက်ရှိမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီဆင်းတုကိုပဲ သက်ရှိဗုဒ္ဓလို စိတ်ထားနိုင်ရင် ‘သမေ စိတ္တေ သမံ ဖလံ = စိတ်ထားတူနေ၊ ကျိုးနေမျှ၏’ ဆိုတဲ့ ဒေသနာတော် (ဝိမာန၊၆၆) အရ ဗုဒ္ဓဆင်းတု၊ ဗုဒ္ဓဓာတ်တော်တွေ ကိန်းဝပ်တဲ့ စေတီတော်တွေကို သက်တော်ထင်ရှား ဗုဒ္ဓအလား ရိုသေဖို့ သင်ကြားကြတာ ဖြစ်ပါတယ်။ အဲဒီတော့ စေတီတွေရဲ့အရိပ်ကိုလည်း သက်တော်ထင်ရှား ဗုဒ္ဓရဲ့အရိပ်လို သဘောထားနိုင်ရင် ပိုမိုလေးနက်လို့ ကောင်းတဲ့ အလုပ်ပါ။
ဒါပေမဲ့ အရာရာမှာ ပညာနဲ့ ချင့်ချိန်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဗုဒ္ဓဘာသာမှာ စိတ် (စေတနာ) နဲ့ ပညာပြဋ္ဌာန်းပါတယ်။
ရွှေတိဂုံပေါ်မှာ
နံနက်ဖြစ်စေ ညနေခင်းဖြစ်စေ ရွှေတိဂုံဘုရားကို တက်ရင် အနောက်သို့မဟုတ် အရှေ့ဖက်ခြမ်းတွေမှာ စေတီရဲ့အရိပ်ကို ဘယ်နည်းနဲ့မျှ မရှောင်နိုင်လို့ ကောင်းမှုပြုသူတွေ အပြစ်မရှိနိုင်ပါဘူး။ ဘုရားရိပ်ခိုပြီး မတော်တာကို လုပ်ရင်ဖြစ်စေ၊ ငရဲမကြောက်ဘူးဆိုပြီး ရော့ဟလို့ တမင်သက်သက် ဘုရားရိပ်ကို ဖနောင့်နဲ့ ဆောင့်တာဖြစ်စေ လုပ်ရင်တော့ အပြစ်ရှိမှာပဲ။ စိတ်ထားကွာလို့ပါ။
အမှန်တော့ မတော်လို့ မရှောင်နိုင်လို့ အရိပ်ကိုနင်းမိရုံနဲ့လည်း အပြစ်မရှိတန်ရာပါဘူး။ ဘုရားနောက်က အမွေတောင်းရင်း လိုက်သွားတဲ့ သားတော်ရာဟုလာက ‘ခမည်းတော်ရဲ့အရိပ်ဟာ သိပ်အေးတာပဲ’လို့ ဆိုတယ်။ အဲဒီအရိပ်ဟာ နေရောင်ကြောင့် ဗုဒ္ဓရဲ့ကိုယ်ကထွက်တဲ့ အရိပ်လည်း ဖြစ်နိုင်ပါတယ် (သုခါ တေ သမဏ ဆာယာ။ ဇာ၊ဋ္ဌ၊၁၊၁၀၇)။ သားတော်ရာဟုလာက သက်တော် ခုနစ်မျှရှိသေးတာပဲ။ ဗုဒ္ဓရှင်တော်မြတ်ဟာ မိမိအရိပ်ကို နင်းမိလို့ အပြစ်ရှိမယ်ဆိုရင် သားတော်ရာဟုလာကို အရိပ်မနင်းမိအောင် ဆုံးမတော်မူမှာပါ။
သီလဝန္တ ရဟန်းတော်တွေရဲ့ အရိပ်နဲ့ ပတ်သက်လို့လည်း အဲဒီအတိုင်းပဲ နားလည်ပြီး အခြေအနေ အချိန်အခါအလိုက် ကျင့်သုံးပါ။
ဟန်မဆောင်နဲ့
ကံမကောင်းလို့ မျက်လုံးကို မပွင့်တပွင့်မှေးပြီး ငါးသလောက်ပြုံးနဲ့ လူတွေကို ယုံအောင် အချိုသာဆုံးပြောတတ်တဲ့ လူတစ်ယောက်နဲ့ ဆုံဖူးပါတယ်။ လူရှေ့မှာတော့ ဘုန်းကြီးရဲ့အရိပ်ကိုတောင် မနင်းရဲဘူး။ အင်မတန် ဘာသာရေးကိုင်းရှိုင်းတယ်၊ ဘုန်းကြီးကပ္ပိယပေါ့။ ဒါပေမဲ့ အဲဒီလူက ဘုန်းကြီးရဲ့ပရိက္ခရာ (အသုံးအဆောင်)တွေကို မတရားလိမ်ယူသွားတယ်။ ဒါမျိုးဆိုရင် ဘုန်းကြီးအရိပ်ကို မနင်းလည်း ဘာအကျိုးမှ ရှိနိုင်မှာမဟုတ်ဘူး။ စိတ်ထဲကမှ မပါဘဲ။ ကြည်ညိုရိုသေစိတ် တကယ်ရှိပေမယ့် မရှောင်သာလို့ နင်းမိရင်လည်း အရိပ်ဟာ အရိပ်ပါပဲ။ ရှောင်နိုင်တဲ့နေရာမှာ ဘုန်းကြီးကို ရိုသေလွန်းလို့ အရိပ်ကိုတောင် မနင်းမိအောင်ရှောင်တယ်ဆိုရင်လည်း မလုပ်နဲ့လို့ တားမြစ်စရာအကြောင်းမရှိပါဘူး။ ရဟန်းသံဃာကိုမြင်လို့ ကြည်ညိုတဲ့စိတ်ဖြစ်နိုင်ရင် ရိုသေမှုကို ပြနိုင်ရင် အဲဒါဟာ ကုသိုလ်တိုးပွားကြောင်း မင်္ဂလာဖြစ်ပါတယ်။ အတွင်းစိတ်ထားနဲ့ အပြင်သဘော တစ်ထပ်တည်း ရှိနေဖို့သာ အရေးကြီးပါတယ်။ သဒ္ဓါနဲ့ ပညာ တူမျှပါစေ။
ဇွန် ၂၀၊ ၂၀၀၈။
---
၅၆။ အရှင်ဥပဂုတ္တ
ဆရာတော် အရှင်မြတ်ဘုရား၊
သမီးက ဗဟန်းမှာ နေပါသည်ရှင့်။ မနီးမဝေးမှာ အရှင်ဥပဂုတ္တကျောင်းဆောင်ရှိပါတယ်။ နာဂစ်မုန်တိုင်းကြီးတိုက်လို့ ဥပဂုတ္တကျောင်းဆောင် အနည်းငယ် ပျက်စီးသွားတာကို ပြုပြင်ဖို့ ယခုအခါ ဂေါပကတွေက အလှူခံနေကြပါတယ်။ သမီးတို့အိမ်နားက ဘကြီးက ဥပဂုတ်ဟာ ဘုရားဟောမဟုတ်ဘူး၊ ဟုတ်တယ်ဆိုရင် ခုလိုမျိုး လေဘေးဆိုးကြီးနဲ့ မကြုံအောင် ဘာပြုလို့ တားဆီးမပေးတာလဲ၊ မိုးမရွာအောင် တားပေးနိုင်တယ်မဟုတ်လားလို့ သမီးတို့ ဖေဖေကိုပြောတာကို ကြားလိုက်ရပါတယ်။ အဲဒီ ဘကြီးပြောတာ ဟုတ်ပါသလားရှင့်။ အရှင်ဥပဂုတ္တမထေရ်အကြောင်းကို သိလိုပါသည်ရှင့်။
ဦးတင်လျက် မြမဉ္ဇူ၊ ဗဟန်း
-------------------
သက္ကတကျမ်းတွေအဆို
ဒိဗျာဝဒါနကျမ်းမှာ ဗုဒ္ဓမြတ်စွာက မထုရာမြို့ကို ရောက်ခိုက် နောင်နှစ်တစ်ရာအကြာမှာ ဒီမြို့မှာ ဥပဂုတ္တဘွဲ့အမည်နဲ့ ရဟန္တာတစ်ပါး ပွင့်ထွန်းပြီး ဗုဒ္ဓကိုယ်စား ဗုဒ္ဓသာသနာတော်ကို စည်ပင်အောင် ဆောင်ရွက်မယ်လို့ ဗျာဒိတ်ပေးတော်မူကြောင်း ဖော်ပြတယ်။ (စကားမစပ် မထုရာမြို့ကို ဗုဒ္ဓရောက်ကြောင်း ထေရဝါဒ ပါဠိတော် အံ၊၂၊၂၂၄ မှာလည်း ဖော်ပြတယ်)။ ဘီစီ သုံးရာစု အသောကခေတ်က မထုရာမြို့မှာ သဗ္ဗတ္ထိဝါဒဂိုဏ်း ထွန်းကားပါတယ်။ အရှင်ဥပဂုတ္တမထေရ်အကြောင်းကို သဗ္ဗတ္ထိဝါဒီဂိုဏ်းသားတွေဆီက ရရှိတာလို့ ဆိုတယ်။ ဒါကြောင့် အရှင်ဥပဂုတ္တဟာ အိန္ဒိယအနောက်မြောက်ပိုင်း မထုရာမြို့သား သဗ္ဗတ္ထိဝါဒဂိုဏ်းဝင်ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရတယ်။
သက္ကတအစဉ်အလာနဲ့ ရှေးကျတဲ့ တရုတ်၊ တိဗက်မှတ်တမ်းတွေအရ အရှင်ဥပဂုတ္တဟာ မထေရ်စဉ်အရ လေးပါးမြောက် သံဃာ့ခေါင်းဆောင် မထေရ်၊ အသောကမင်းရဲ့ ထင်ရှားတဲ့ ဆရာအရှင်ဖြစ်ရုံမက အသောကမင်းကို လုမ္ဗိနီစတဲ့ ဗုဒ္ဓဝင်နေရာတွေကို သွားရောက်ဖူးမြော်ဖို့ တိုက်တွန်းသူလည်း ဖြစ်တယ်။ မဟာယာနအစဉ်အလာအရ အရှင်မြတ်ကို သဗ္ဗတ္ထိဝါဒဝိနည်းကို စုစည်းသူ၊ နေတ္တိပဒကျမ်းကို ရေးသားသူအဖြစ်လည်း လေးစားကြတယ် (John H. Strong, The Legand and Cult of Upagupta,Intro, p. 6)။
ထေရဝါဒကျမ်းနဲ့ အရှင်ဥပဂုတ်
အရှင်ဥပဂုတ္တနဲ့ အသောကမင်းတို့ ပတ်သက်ပုံ အစအနကို ထေရဝါဒပါဠိတော် အဋ္ဌကထာတွေမှာ မတွေ့ရတာကတော့ အင်မတန် ထူးခြားတာပဲ။ ဒါပေမဲ့ အေဒီ ၁၂ ရာစု မတိုင်ခင်က ရေးခဲ့တဲ့ ရှေးအကျဆုံး ဝိနည်းဋီကာဖြစ်တဲ့ ဝဇိရဗုဒ္ဓိဋီကာမှာ ယခုဖော်ပြနေတဲ့ အရှင်ဥပဂုတ္တအကြောင်းကို ရှားရှားပါးပါး ရည်ညွှန်းထား (စာ၊၆၃)တာကလည်း စဉ်းစားစရာပါပဲ။ John H. Strong ရဲ့ အလိုအရ အေဒီ ၁ ရာစုအချိန်ကစပြီး အိန္ဒိယ အနောက်မြောက်ပိုင်းမှာ အရှင်ဥပဂုတ္တကို ကိုးကွယ်မှုစတင်ခဲ့ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာတော့ အေဒီ ၁၂ ရာစုလောက်မှာ စတင်ကိုးကွယ်ခဲ့ဖွယ်ရှိတယ်၊ သီရိလင်္ကာမှာတော့ အရှင်ဥပဂုတ္တအကြောင်းကို လုံးဝမသိကြဘူးလို့ ဆိုတယ် (ibid, p. 5)။ ကစ္စည်းသဒ္ဒါကျမ်း (အေဒီ ၅ သို့မဟုတ် ၆ ရာစုခန့်) မှာ ‘ဥပဂုတ္တေန မာရော ဗန္ဓော’လို့ ရည်ညွှန်းထားတာကို တွေ့ရတယ်။ အဲဒီဝါကျကိုပဲ ပုဂံခေတ် မြန်မာနိုင်ငံသား အရှင်အဂ္ဂဝံသ ရေးတဲ့ သဒ္ဒနီတိပါဠိသဒ္ဒါကျမ်း (အေဒီ ၁၂ ရာစု အစပိုင်း) မှာလည်း ထပ်ဆင့်ဖော်ပြတယ်။ ဒီပါဠိသဒ္ဒါကျမ်းတွေကို မြန်မာတို့ ပုဂံခေတ်ကပင် သင်ယူကြတာဖြစ်လို့ မထုရာမြို့သား အရှင်ဥပဂုတ္တအကြောင်းကို အနည်းဆုံး အေဒီ ၁၂ ရာစုအချိန်က မြန်မာနိုင်ငံသားတို့ကြားဖူးနေပြီလို့ ဆိုနိုင်တယ်။
ယိုးဒယား၊ ဇင်းမယ်အရပ်က အမည်မသိပုဂ္ဂိုလ် ပါဠိဘာသာနဲ့ ရေးတဲ့ ပဌမသမ္ဗောဓိကျမ်း (PTS version နိဒါန်း ဖော်ပြချက်အရ အေဒီ ၁၂ ရာစု) နောက်ဆုံးခန်း (မာရဗန္ဓနအခန်း၊ အေဒီ ၁၈ ရာစု ထပ်ဖြည့်တဲ့ အခန်း) မှာလည်း ဥပဂုတ္တနဲ့ အသောကမင်းအကြောင်းကို ဖော်ပြတယ်။ နှောင်းခေတ် မြန်မာဘာသာကျမ်းတွေဖြစ်တဲ့ ဦးကုလား မဟာရာဇဝင်၊ မှန်နန်းရာဇဝင်၊ မဟာဝင်ဝတ္ထုနဲ့ ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ္ထပကာသနီကျမ်းတွေမှာလည်း အရှင်ဥပဂုတ္တမထေရ် မာရ်နတ်ကို တန်ခိုးနဲ့ဆုံးမပုံအကြောင်းကို တခမ်းတနား ဖော်ပြတယ်။
မှန်နန်းရာဇဝင် ပြုစုရေးအဖွဲ့က အရှင်ဥပဂုတ္တအကြောင်းဟာ ပါဠိတော်အဋ္ဌကထာကျမ်းတွေမှာ မပါဘဲ သံဂါယနတင် ကျမ်းဂန်မဟုတ်တဲ့ လောကပညတ္တိကျမ်းက ယူတာဖြစ်လို့ ဒီအကြောင်းကို အလေးဂရုမပြုထိုက်ဘူးလို့ မှတ်ချက်ပြုထားခဲ့ပါတယ်။
လောကပညတ္တိကျမ်း
အေဒီ ၁၁ သို့မဟုတ် ၁၂ ရာစုလောက်မှာ မြန်မာနိုင်ငံ သထုံမြို့နေ အရှင်သဒ္ဓမ္မဃောသမထေရ် ပါဠိဘာသာနဲ့ ရေးခဲ့ကြောင်း သိရတယ်။ ပါဠိ-ပြင်သစ် နှစ်ဘာသာနဲ့ ၁၉၇၇ ခုနှစ်က ပဲရစ်မြို့မှာ ထုတ်ဝေတယ်။ မူရင်းဖြစ်တဲ့ သက္ကတကျမ်းကတော့ ယခုအခါ တရုတ်ဘာသာနဲ့ပဲ ရှိတော့ကြောင်း သိရတယ်။ ဒီကျမ်းမှာ အရှင်ဥပဂုတ္တမထေရ်က အသောကမင်းကို ကူညီပြီး သာသနာပြုပုံကို ဒီလိုဖော်ပြပါတယ်
‘အသောကမင်းဟာ စေတီပေါင်း ရှစ်သောင်းလေးထောင်ကို တည်ပြီးနောက် စေတီပူဇော်ပွဲ ကျင်းပဖို့ ပြင်ဆင်ရာမှာ ပွဲကို မနှောင့်ယှက်နိုင်အောင် ထိန်းစောင့်ဖို့ တန်ခိုးနဲ့ပြည့်စုံတဲ့ ရဟန္တာတစ်ပါး ခန့်အပ်ပါရန် သံဃာကို လျှောက်ထားတယ်။ သံဃာက သမုဒ္ဒရာထဲမှာ ရတနာပြာသာဒ် ဖန်ဆင်းပြီး တစ်ပါးတည်း သီတင်းသုံးနေထိုင်တဲ့ အရှင်ဥပဂုတ္တမထေရ်ကို ခန့်အပ်လိုက်တယ်။ ဥပုသ်ပြုခြင်းစတဲ့ သံဃာ့ကိစ္စကို လာရောက်မဆောင်ရွက်လို့ အပြစ်ပေးတဲ့သဘောနဲ့ပါ’။
‘ပါဋလိပုတ်မြို့နားက အသောကမင်းတည်ဆောက်တဲ့ မဟာစေတီ မီးထွန်းပွဲတော် ပျက်အောင် မာနတ်က မိုးရွာလေတိုက်လုပ်ပြီး နှောင့်ယှက်တာကို အရှင်ဥပဂုတ္တက တားဆီးတယ်။ မာနတ်က ဧရာမ နွားကြီးအသွင်၊ ကျားအသွင်၊ နဂါးအသွင်၊ ဂဠုန်အသွင်နဲ့ ဆီမီးတိုင်တွေကို ဖျက်ဆီးဖို့ ပြေးလာတာကို အရှင်ဥပဂုတ္တက နှစ်ဆကြီးတဲ့ကိုယ်ကို ဖန်ဆင်းပြီး မာနတ်ကို မောင်းထုတ်တယ်။ နောက်ဆုံး အရှင်ဥပဂုတ္တဟာ လူအသွင်နဲ့ နှောင့်ယှက်ဖို့ လာတဲ့ မာနတ်ရဲ့ လည်ပင်းမှာ လောက်တွေပြည့်နေတဲ့ ခွေးကောင်ပုပ်တစ်ခု ဖန်ဆင်းပြီး ဆွဲပေးလိုက်တယ်။ အဲဒီခွေးပုပ်ကို အရှင်ဥပဂုတ္တမှ တစ်ပါး မည်သူမျှ မဖြုတ်နိုင်တဲ့အတွက် (Journey to the West ထဲက မျောက်မင်း ဝူခုန်းရဲ့ ခေါင်းမှာ ဘုရားလောင်းရဟန်းမှ တစ်ပါး မည်သူမျှ ဖြုတ်မရတဲ့ ခေါင်းပေါင်း စွပ်ပေးလိုက်သလိုပါပဲ) နောက်ဆုံး မာနတ်က အရှင်ဥပဂုတ္တကို ရှိခိုးတောင်းပန်ရတယ်။ မာနတ်ဟာ ဗုဒ္ဓဝါဒီဖြစ်သွားပြီး ဘုရားဆုကို ပန်တယ် (လောကပညတ္တိ၊ ပေမူ ငါ-ဝမ်း၊ ငါ-ကျော စသည်ရှု)’။
ဒီကျမ်းအလို မာနတ်ဟာ ဘုရားလောင်းဖြစ်ပါတယ်။
မှန်နန်းအဆို သင့်မြတ်ပုံ
လူ့အသွင်ကို ဖျောက်ပြီး နဂါး၊ ဂဠုန်စတဲ့ အသွင်မျိုး ဖန်ဆင်းတာကို ဝိကုဗ္ဗနိဒ္ဓိလို့ ခေါ်တယ်။ ရဟန်းဟာ အဓိဋ္ဌာနိဒ္ဓိ (အဓိဋ္ဌာန်တန်ခိုး)ကို ပြကောင်းပေမယ့် ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးကိုတော့ မပြကောင်းဘူး (အဓိဋ္ဌာနိဒ္ဓိယာ အနာပတ္တိ၊ ဝိကုဗ္ဗနိဒ္ဓိ ပန န ဝဋ္ဋတိ၊ ဝိ၊ဋ္ဌ၊၁၊၃၄၄)။
ရဟန္တာအရှင်ဥပဂုတ္တဟာ အာပတ်သင့်ခံပြီး ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးကို ပြမှာမဟုတ်လို့ လောကပညတ္တိကျမ်းအဆိုဟာ ရဟန်းဝိနည်းနဲ့ မညီဘူး။ ထေရဝါဒကျမ်းတွေမှာ အသောကမင်း အသောကာရာမကျောင်းတိုက်ကို ဆောက်လုပ်စဉ်က သာမန်နဲ့ မပြီးပြတ်နိုင်တာကို တန်ခိုးနဲ့ ပြီးပြတ်အောင် ဆောင်ရွက်ဖို့ အရှင်ဣန္ဒဂုတ္တမထေရ်ကို သံဃာက တာဝန်ပေးတယ် (ဝိ၊ဋ္ဌ၊၁၊၃၇) လို့သာ ဆိုပြီး အရှင်ဥပဂုတ္တနဲ့ မာရ်နတ်အကြောင်းကို မပြဆိုဘူး။ ဒါကြောင့် မှန်နန်းရာဇဝင်အဖွဲ့ရဲ့ ‘အလေးဂရုမပြုထိုက်ဘူး’ ဆိုတဲ့ မှတ်ချက်ဟာ သင့်မြတ်ပါတယ်။
အဝိရောဓိအမြင်
အယောနိသော မနသိကာရ (မသင့်မတင့် နှလုံးသွင်းမှု) ဖြစ်ရင် ကုသိုလ်မဖြစ်ဘူး။ ခပ်ငယ်ငယ်က စာပေအဖတ်အရှုများတဲ့ အသက် ၆၀ လောက် ဒကာကြီးတစ်ယောက်နဲ့ ဆုံဖူးတယ်။ သူက ဘုန်းကြီးနေတဲ့ ကျောင်းဝင်းထဲက အရှင်ဥပဂုတ္တကျောင်းဆောင်ကို ဖျက်ပစ်ဖို့ ဆရာတော်ကို အကြံပေးတယ်။ ဆရာတော်က လက်မခံဘူး။
ဘုန်းကြီးရဲ့အမြင်အရ တစ်ချိန်က အနည်းဆုံး အရှင်ဥပဂုတ္တဘွဲ့တော်နဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ အများအကျိုးဆောင် ရဟန္တာကြီးတစ်ပါး ဧကန်ရှိခဲ့ဖူးတယ်။ အဲဒီရဟန္တာကြီးကို ရည်ညွှန်းပြီး ကိုးကွယ်တဲ့ မြန်မာတို့ရဲ့ အစဉ်အလာဟာ နွားလည်ပင်းကို လှီးပြီး အလှူပေးတာ၊ ယဇ်ပူဇော်တာမျိုးလို ဆိုးသွမ်းတာမှ မဟုတ်ဘဲ။ တည်ရှိပြီး အစဉ်အလာကောင်းကို ဘာလို့ ဖျက်ပစ်မလဲ။ ကိုးကွယ်နိုင်ပါတယ်။ အရှင်သာရိပုတြာကို ကြည်ညိုရင် အရှင်သာရိပုတြာ အထိမ်းအမှတ်ပြုဆင်းတုကိုလည်း ထုလုပ်ကိုးကွယ်ကောင်းတာပဲ။ အရှင်သီဝလိကို ကြည်ညိုရင် ရှင်သီဝလိဆင်းတုပေါ့။
တစ်ချို့ အရှင်ဥပဂုတ္တ ဆင်းတုတော်တွေဆိုရင် သက်တမ်းအရ နှစ်ပေါင်းရာချီရှိနိုင်တယ်။ ဒီသမိုင်းဝင်အမွေအနှစ်ကို ကျမ်းဂန်နဲ့ မညီလို့ သို့မဟုတ် ထေရဝါဒမဟုတ်လို့ ‘ပျက်ရင် မပြင်နဲ့၊ ရှိနေတာကို ဖျက်ပစ်’ဆိုရင် အာဖဂန်နစ္စတန်က သမိုင်းဝင်ဗုဒ္ဓဆင်းတုကြီးကို ဖျက်ဆီးသူတွေနဲ့ ဘာထူးအုံးမှာလဲ။ အနည်းဆုံးတော့ အဲဒီလို (သမိုင်းဝင်) ဆင်းတုတွေဟာ နိုင်ငံရပ်ခြားက လူတွေကို ဆွဲဆောင်နိုင်လို့ မိမိတို့မှာ နေရင်းထိုင်ရင်း ဂုဏ်လဲတက် အမြတ်လဲထွက်နိုင်တာပဲ။ ဗုဒ္ဓဝါဒလိုက်နာကျင့်သုံးမှုအပိုင်းကိုတော့ နှလုံးသားထဲမှာ တစ်ကန့်စီ ခွဲခြားထားလိုက်ပေါ့။ ဒါဆိုရင် မဇ္ဈိမပဋိပဒါနဲ့လည်း မဆန့်ကျင်နိုင်ရာပါဘူး။
နေကိုကြည့်နေပုံ
အစဉ်အလာပြောဆိုချက်အရ အရှင်ဥပဂုတ် နေကိုကြည့်ပြီး ဆွမ်းဘုဉ်းပေးရာမှာ အဓိပ္ပာယ်နှစ်မျိုးရှိတယ်။ အရှင်မြတ်ဟာ ဝိနည်းအင်မတန်လေးစားလို့ မွန်းမတိမ်းမီ ဆွမ်းစားပြီးအောင် နေကိုကြည့်နေတာ။ နောက်တစ်မျိုးက ဆွမ်းဘုဉ်းပေးနေတုန်း နေမွန်းတည်နေလို့ မွန်းမတိမ်းအောင် တန်ခိုးနဲ့ နေကို ဖမ်းကိုင်ပြီး ဆွမ်းဆက်ဘုဉ်းပေးတာ ဖြစ်ပါတယ်။ ဒီလို နားလည်ရင် ခိုင်မာတဲ့ ကျမ်းဂန်အဆို မရှိ၊ ယုတ္တိအရလည်း စဉ်းစားစရာ ဖြစ်ပေမယ့် အဓိပ္ပာယ်အနေနဲ့ နှစ်သက်စရာဖြစ်လို့ လည်ပင်းစောင်းကြီးနဲ့ ဆင်းတုဆိုပြီး ဘာမှ ကဲ့ရဲ့နေရင် အကုသိုလ်ပွားရုံပဲ ရှိမှာပါ။
သဒ္ဓါ၊ ပညာ တူမျှရင် ဆိုင်ကလုန်းမုန်တိုင်းကို တားမပေးလို့ဆိုပြီး အရှင်ဥပဂုတ္တဆင်းတုတော်ကို အပြစ်မတင်သင့်ပါဘူး။ မိဘဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့ ဆင်းတုဆောင် ပျက်စီးသွားတာကို မွေခံထိုက်တဲ့ သားသမီးတွေအနေနဲ့ ပါဝင်လှူဒါန်းပြီး ပြုပြင်သင့်ပါတယ်။
ဇွန် ၂၄၊ ၂၀၀၈။
---
၅၇။ သင်္ကန်းဂုဏ်ရည်
ဘုန်းဘုန်းဘုရား၊
တပည့်တော်၏ ဖခင် မကွယ်လွန်မီ ဒုလ္လဘပဉ္စင်းခံတုန်းက ဝတ်ခဲ့တဲ့ သင်္ကန်းကို အဖေ့အမှတ်တရ ခေါက်ပြီး ဘုရားကျောင်းပေါ်မှာ တင်ထားလိုပါသည်။ မိတ်ဆွေတစ်ယောက်က အဝတ်ဟောင်းဖြစ်သည့်အတွက် မတင်ကောင်းဟု အကြံပေးပါသည်။ တပည့်တော် မည်သို့ပြုရမည်ကို မိန့်ကြားပေးစေချင်ပါတယ် အရှင်ဘုရား။
ခင်နှင်းသက် (Ohio)
-------------------
တူပေမယ့် မတူပါဘူး
ပဉ္စင်းဖြစ်ခါစက ဆယ်တန်းဖြေဖို့ ရန်ကုန် အင်းစိန်-ဖော့ကန်မှာ ကျူရှင်တက်တုန်း အေးလွင်ခေါ်တဲ့ ကျောင်းသားလူငယ်တစ်ယောက် (သူ့အပြောအရ အဖေ ဗုဒ္ဓဘာသာ၊ အမေ ဗုဒ္ဓဘာသာမဟုတ်) က ‘သင်္ကန်းဆိုတာ ပိတ်စပဲ။ ဘုန်းကြီးဝတ်ရင် သင်္ကန်း၊ လူဝတ်ရင် ပုဆိုးပဲပေါ့’ ဆိုတော့ နှုတ်သွက်လျှာသွက်နဲ့ ထိရင် လုံးဝမခံတတ်တဲ့ ကျောင်းသူ လဲ့လဲ့ဦး (Nick Name ဗောဓိ၊ ဗောဓိညောင်ပင်လမ်းမှာနေလို့) က ‘ဒါဆို နင့်အဖေကို နင့်အမေ ထဘီ ပေးဝတ်ကြည့်ပါလား၊ ရမယ်မှတ်လို့ ’လို့ ပြန်ချေတာကို အမှတ်ရမိပါတယ်။
Home Depot ကိုရောက်တော့ အမည်းမတစ်ယောက်က ဘုန်းကြီးသင်္ကန်းကို စိုက်ကြည့်ပြီး အဲဒီဒီဇိုင်းပုံစံကို ဘယ်သူထွင်တာလဲလို့ မေးပါတယ်။ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ကို နင်ကြားဖူးသလားလို့ ပြန်မေးတော့ သူက ‘Oh! yes’တဲ့။ အေး အေး၊ အဲဒီပုဂ္ဂိုလ် ထွင်တာဆိုတော့ ဘယ်တုန်းကလဲတဲ့။ နှစ်ပေါင်း ၂၅၀၀ ကျော်ပြီဆိုတော့ သူက မရပ်သေးဘူး ‘Too old! But I love it.’တဲ့။ ဒါမျိုးကို ဝတ်ချင်ရင် ငါ့လို ကတုံးတုံးရတယ်၊ ဒီလိုမလုပ်ရင် မဖြစ်နိုင်ဘူးဆိုတော့ သူက ပခုံးကို တွန့်ပြီး ခေါင်းခါပြတယ်။
သင်္ကန်းဆိုတာ သမိုင်းတန်ဖိုးကြီးမားပါတယ်။ လောကသတ်မှတ်ချက်ဆိုတာရှိလို့ နေရာတိုင်းလည်း အေးလွင်ပြောသလို မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဘုရားအဆူဆူနဲ့ ရဟန္တာအရှင်မြတ်တွေဟာ ဒီအရောင်အဆင်း (ကာလကြာမြင့်ပြီဖြစ်လို့ အရောင်အနုအရင့်တော့ နည်းနည်းကွာမှာပေါ့)၊ ဒီအတိုင်းအရှည်နဲ့ ဒီလိုချုပ်စပ်ထားတဲ့ သင်္ကန်းကို ဝတ်ရုံပြီး အရဟတ္တဖိုလ်ကို ရရှိခဲ့ကြလို့ ‘အရဟတ္တဓဇ = ရဟန္တာတို့ရဲ့ အောင်လံတံခွန်’ ဖြစ်ပါတယ်။ ဗုဒ္ဓဒေသနာအရ လူဝတ်ကြောင်ဟာ ရဟန္တာဖြစ်ပြီးရင် သင်္ကန်းကို ဝတ်ကိုဝတ်ရတယ် (ဒီ၊ဋ္ဌ၊၃၊၉၇)။
သူတော်ကောင်းနဲ့ သင်္ကန်း
ဗုဒ္ဓလောင်းလျာ ဆဒ္ဒန်ဆင်မင်းဟာ မိမိကို ဆိပ်လူးမြားနဲ့ ပစ်ခွင်းသူ သောနုတ္တရမုဆိုးရဲ့ ကိုယ်ပေါ်မှာ ပတ်ထားတဲ့ သင်္ကန်းစကိုတွေ့လိုက်ဆဲ ခဏမှာ ‘အော်... ဘုရားပစ္စေကဗုဒ္ဓါတို့ရဲ့ အာင်လံတံခွန်ဖြစ်တဲ့ သင်္ကန်းတော်ပါပဲလား။ သင်္ကန်းဝတ်ထားသူကို ပညာရှိသူတော်ကောင်းတို့ မသတ်ပုတ်၊ မညှဉ်းဆဲကောင်းဘူး’လို့ ဆင်ခြင်ပြီး မုဆိုးအလိုရှိတဲ့ အစွယ်ကို ကိုယ်တိုင်ဖြတ်ပြီး ပေးလိုက်တယ် (ဇာ၊ဋ္ဌ၊၅၊၃၈)။
ဘုရားလောင်းဆိုပေမဲ့ ဆဒ္ဒန်ဆင်မင်းဟာ အဟိတ်တိရစ္ဆာန်မျှပဲ ဖြစ်ပါတယ်။ လူအဆင့်ကို မမီသေးပါဘူး။ ဒါတောင် သင်္ကန်းဆိုတာ ‘အရဟတ္တဓဇ’ပဲလို့ နားလည်ပြီး အဲဒီလောက်ထိ ရိုသေတတ်တယ်။
ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်ကြီး သင်္ကန်းကို ရိုသေပုံက ‘လမ်းခရီး၌ စွန့်ပစ်ထားသော မစင်လိမ်းကျံနေသည့် သင်္ကန်းစကိုပင် လက်အုပ်ကို ခေါင်းမှာချီမိုး၍ ရှိခိုးပါမည်’တဲ့ (အပဒါန၊၁၊၅၂)။
စေတီတည်ထိုက်
‘ရဟန်းအသုံးအဆောင်သည် လူဝတ်ကြောင်များအဖို့ စေတီအရာ၌ တည်၏’လို့ ကျမ်းဂန် (ဝိ၊ဋ္ဌ၊၂၊၆၇) မှာ ဆိုတယ်။ ရဟန်းအသုံးအဆောင်ထဲမှာ သင်္ကန်းဟာ ထိပ်တန်းက အရေးတကြီး ပါတာပေါ့။ သင်္ကန်းမရှိရင် ရဟန်းပြုလို့မှ မရဘဲ။ ရဟန်းအသုံးအဆောင်လို့ သာမန်ဆိုတဲ့အတွက် ပုထုဇဉ်၊ အရိယာ၊ ဒုဿီလ (သီလမရှိသူ)၊ သီလဝန္တ (သီလရှိသူ) ဘယ်ရဟန်းပဲ ဝတ်ဝတ်၊ ဟောင်းသည်ဖြစ်စေ၊ သစ်သည်ဖြစ်စေ သင်္ကန်းရဲ့ ဂုဏ်ရည် လျော့မသွားဘူး။ သင်္ကန်းဟာ သီလ၊ သမာဓိ၊ ပညာရဲ့ သင်္ကေတဖြစ်လို့ အဲဒီအရည်အချင်းမရှိဘဲ ဝတ်ရင် ဝတ်သူနဲ့ပဲဆိုင်ပါတယ်။ ဝတ်သူပဲ အကုသိုလ်ပွားပါလိမ့်မယ်။
လူဝတ်ကြောင်တွေအနေနဲ့တော့ ဘယ်လိုသင်္ကန်းပဲဖြစ်ဖြစ် အရိုအသေ ပြုကောင်းတယ်၊ အရိုအသေ ပြုသင့်တယ်။ ဒါကြောင့် အဖေ့အမှတ်တရ သင်္ကန်းဟောင်းလေးကို ဘုရားကျောင်းပေါ်မှာ အမြတ်တနိုး သိမ်းဆည်းပူဇော်ထားပါလေ။ ပြီးရင် အဖေဆုံးမတာကို လိုက်နာနိုင်အောင်လည်း ကြိုးစားပါလေ။ ဟုတ်ပါတယ်၊ ဒီသင်္ကန်းမှ ဒီသင်္ကန်းပဲလို့ အလွန်ကြီးတော့ အစွဲအလမ်း မထားသင့်ဘူးပေါ့။
ဇူလိုင် ၁၊ ၂၀၀၈။
---
၅၈။ ကောသလအိပ်မက်
ဆရာတော် အရှင်ဘုရား၊
တပည့်တော် မေကြင်ပါဘုရား။ Vancouver မှာ နေထိုင်ပါသည်။ အိပ်မက် မက်သည့်အတိုင်း အပြင်မှာ တကယ်ဖြစ်တတ်ပါသလား။ အိပ်မက်နှင့် ပတ်သက်ပြီ ဗုဒ္ဓက ဘယ်လို ဟောကြားတော်မူပါသနည်း။ တပည့်တော်ကတော့ အိပ်မက်မက်ခဲပါသည်။ အိပ်မက်မက်လျှင်လည်း အပြင်မှာ တကယ်ဖြစ်လာလေ့ရှိပါသည်။ အိပ်မက်နှင့် ပတ်သက်ပြီး ဆရာတော်တို့၏ ဗဟုသုတကို မျှဝေပေးစေလိုပါသည်။ နောက်ပြီး မဖတ်မနာရသည်မှာ ကြာပြီဖြစ်သည့် ကောသလအိပ်မက် ၁၆ချက်ကိုလည်း ထပ်မံပြီး မှတ်သားလိုပါသည် အရှင်ဘုရား။
မေကြင်
-------------------
အိပ်မက်နဲ့ ဗုဒ္ဓဝါဒ
ဗုဒ္ဓလောင်းလျာ သန္ဓေယူမယ့် ရှေ့ပြေးနိမိတ်အနေနဲ့ မယ်တော်မာယာ အိပ်မက်မက်တယ်။ သဗ္ဗညုဗုဒ္ဓမဖြစ်မီ မင်းသိဒ္ဓတ်ကိုယ်တိုင်လဲ အိပ်မက်မက်ဖူးတယ်။ (ဒါပေမဲ့ ဗုဒ္ဓဖြစ်ပြီးနောက် အိပ်မက်မမက်တော့ဘူး။) ကောသလမင်းရဲ့ အိပ်မက်ကို ဗုဒ္ဓရှင်တော်မြတ်က ကြိုပြီး ဟောကိန်းထုတ်ဖူးတယ်။ ဒါကြောင့် အိပ်မက်ရဲ့အကျိုးဆက်ကို ဗုဒ္ဓဝါဒအစဉ်အလာမှာ လက်ခံမှုရှိပါတယ်။ ကမ္ဘာဦးကျမ်း (၄၁း၁၄-၂၀) မှာလဲ ဖာရောဘုရင် မြင်မက်တဲ့ အိပ်မက်ရဲ့အဓိပ္ပာယ်ကို ဘယ်သူမှ မသိလို့ ယောသပ်ကို ထောင်ထဲက ထုတ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတာကို တွေ့ရတယ်။ ဒါကြောင့် ဘာသာခြားအချို့လည်း အိပ်မက်နဲ့ ပတ်သက်ပြီး ယုံကြည်မှုအစဉ်အလာရှိပုံရတယ်။
အိပ်မက်မက်ကြောင်း လေးပါး
၁။ ဓာတ်ချောက်ချား (နေထိုင်မကောင်း)ခြင်း
၂။ အပြင်မှာ ကြုံတွေ့ခံစားဖူး (မြင်ဖူး၊ ကြားဖူး၊ ဖတ်ဖူး)ခြင်း
၃။ အကျိုးကို လိုလားသို့မဟုတ် မလိုလားတဲ့ မမြင်နိုင်ကောင်းတဲ့ ပုဂ္ဂိုလ် (နတ်ဒေဝါ)တွေ ဆောင်ပြခြင်း
၄။ ကောင်းကျိုး မကောင်းကျိုးဖြစ်ဖို့ ရှေ့ပြေနိမိတ်ကို ပြခြင်း
ဆိုတဲ့ အကြောင်းလေးမျိုးကြောင့် အိပ်မက်မက်ရတယ်လို့ ကျမ်းဂန်မှာ ဆိုတယ်။ အဲဒီလေးမျိုးထဲက နောက်ဆုံးနှစ်မျိုးက အပြင်မှာ အမှန်တကယ်ဖြစ်ပေါ်လာနိုင်တယ်။
ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် နဲ့ အနာဂါမ်ပုဂ္ဂိုလ်တွေ အိပ်မက်မက်တယ်။ နိုးနေသူ၊ နှိုက်နှိုက်ခြိုက်ခြိုက် အိပ်ပျော်နေသူတွေနဲ့ ရဟန္တာပုဂ္ဂိုလ်တွေ အိပ်မက်မမက်ဘူး (ဝိ၊ဋ္ဌ၊၂၊၁၀၇)။ မျောက်အိပ်သလို အချိန်တိုတိုနဲ့ အိပ်မပျော်တပျော်ဖြစ်နေချိန်မှာ အိပ်မက်မက်တယ် (မိလိန္ဒ၊၂၈၉)။ ဒါကြောင့် မိမိအိပ်မက်ရဲ့ မှန်နိုင်ခြေ၊ မှားနိုင်ခြေကို အဲဒီစာဆိုနဲ့ ညှိပြီး မိမိဘာသာ ခန့်မှန်းနိုင်ပါတယ်။ အိပ်မက်မက်တာနဲ့ ကျိန်းသေ တစ်ခုခုတော့ ဖြစ်တော့မှာပဲလို့ စိတ်ထဲမှာ စွဲလမ်းနေရင်လည်း အဲဒီစွဲလမ်းမှုက လူကို ဒုက္ခဖြစ်စေတတ်လို့ သတိထားသင့်ပါတယ်။
ကောသလအိပ်မက် ၁၆ မျိုး
မိုးလင်းခါနီးအချိန် ခဏမှေးအိပ်သွားခိုက် အိပ်မပျော်တပျော်ဖြစ်နေတုန်း ကောသလမင်း အိပ်မက်မက်တယ်။ အိပ်မက်တွေက ထူးခြားများပြားလို့ ထိတ်လန့်ကြောက်ရွံ့နေရာမှာ ပထမတော့ ပုဏ္ဏားတွေရဲ့ အကြံပေးချက်နဲ့ တိရစ္ဆာန်တွေကို သတ်ပြီး ယဇ်ပူဇော်ဦးမလို့။ ဒါပေမဲ့ တိရစ္ဆာန်တွေ အဓိပ္ပာယ်မဲ့ သေဆုံးမှာကို မမြင်လိုတဲ့ လိမ်မာပါးနပ်သူ မိဖုရားကြီး မလိကာက မြတ်ဗုဒ္ဓထံ သွားရောက်မေးမြန်းဖို့ အကြံပေးလို့ ဗုဒ္ဓထံမှောက်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအခါ ဗုဒ္ဓရှင်တော်မြတ်က မင်းကြီးမက်တဲ့ အိပ်မက်ရဲ့အကျိုးဆက်ဟာ ယခုမဖြစ်သေးဘဲ နောင်အနာဂတ်တစ်ချိန်မှာ တရားမစောင့်တဲ့ မင်းတွေရဲ့ လက်ထက် အုပ်ချုပ်ချိန်ကျမှ ဖြစ်မယ်လို့ ဟောတော်မူလို့ မင်းကြီး စိတ်သက်သာရာရသွားပါတယ်။
အိပ်မက် ၁၆ မျိုးကို ‘ဝှေ့ သီး စို့ ပိန် စား၊ ကျင် ခွေး ရေ ကန် ကျက်၊ ရက် ဗူး ကျောက်၊ ဖား ကျီး ကျား’လို့ အတိုမှတ်ပါ။ အိပ်မက်တွေရဲ့ အကျိုးဆက်အပေါ် မြတ်ဗုဒ္ဓ အဓိပ္ပာယ်ဖွင့်ဆိုတာကို ခေတ်နဲ့အညီ ပြောရရင်
၁။ (ဝှေ့) နွားနက်လေးကောင် ဝှေ့မဲ့ဟန်ပြုပြီး မဝှေ့ဘဲ ရှောင်သွား။ တရားမရှိတဲ့ လူရမ်းကားတွေ တိုင်းပြည်အစိုးရဖြစ်ချိန်မှာ မိုးရွာမလိုနဲ့ တိမ်တွေမည်းပြီး မရွာ၊ မကြုံစဖူး ရာသီဥတု ဖောက်ပြန်ပျက်စီး။
၂။ (သီး) သစ်ပင်တွေ အချိန်မတန်ဘဲ သီးပွင့်။ နိုင်ငံအတွင်း အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ ပျက်စီး။
၃။ (စို့) မွေးခါစ နွားမငယ်ရဲ့နို့ကို နွားမကြီးတွေက စို့။ မိအိုဖအိုတွေကို စောင့်ရှောက်တဲ့ အစဉ်အလာ ပျက်ယွင်းလို့ သားသမီးနဲ့ သမက်ချွေးမတွေကို မိဘယောက်ခမတွေက ခယမျက်နှာချိုသွေးရ။
၄။ (ပိန်) ဝန်ကို မရုန်းနိုင်တဲ့ နွားပိန်တွေ လှည်းဝန်ကို ရုန်း။ ပညာမဲ့ အုပ်ချုပ်သူတွေကို မြှောက်ပင့်ပေါင်းစားတတ်တဲ့ လိပ်လိုလူတွေ အခွင့်အရေးရရာထူးမြင့်ပြီး နေရာတကာ ကြီးစိုးချယ်လှယ်။
၅။ (စား) ကျွေးသမျှ အကုန်စားတဲ့ ခေါင်းနှစ်လုံးနဲ့ မြင်းသိုး။ အာဏာကို မတရားရယူထားသူတွေ တရားဥပဒေမဲ့လွန်းလို့ တရားဆုံးဖြတ်သူတွေ တရားလို၊ တရားခံ နှစ်ဖက်လုံးဆီက လာဘ်စား။
၆။ (ကျင်) အမျိုးယုတ် မြေခွေးအိုရဲ့ ကျင်ငယ်ကို လူအများက ရွှေခွက်နဲ့ ခံယူ။ အာဏာရှိနေတဲ့ အမျိုးမစစ်သူတွေကို သမီးကညာ ဘဏ္ဍာငွေကြေး ဆက်သရ၊ လက်အုပ်ချီ အရိုအသေပေးရ။
၇။ (ခွေး) ကျစ်ချလိုက်တဲ့ သားရေကြိုးကို ခုံအောက်က ခွေးမက စားပစ်။ အာဏာရူးနဲ့ အပေါင်းပါတွေရဲ့ ဇနီးမယားတွေ လင်ကြီးလုပ်စာကို လင်ငယ်နဲ့ စားသောက်သုံးဖြုန်း၊ ဖဲရိုက်အပျော်ကြူး။
၈။ (ရေ) ရေပြည့်နေတဲ့ အိုးကိုပဲ လူတွေ လာရောက်ပြီး ရေထပ်ဖြည့်။ ဘေးက ရေအိုးတွေ ရေမရှိ။ အာဏာရှိ လူတစ်စုက တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးကို မတရားလက်ဝါးကြီးအုပ်ထားလို့ ထိုလူတစ်စုပဲ ချမ်းသာ၊ အများစု ဆင်းရဲမွဲတေ ဗိုက်ထဲအစာမရှိ။
၉။ (ကန်) ရေကန်အလယ်မှာ ရေနောက်ပြီး အနားပတ်လည်မှာ ရေကြည်။ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်လွန်းလို့ လူတော်လူကောင်း၊ ပညာတတ်တွေ၊ အတွေးအမြင်နဲ့ စွမ်းရည်ထက်မြက်သူတွေ ပြည်ပကို ထွက်ပြေးရတဲ့အတွက် ပြည်တွင်းမှာ ဥဏှောက်မရှိ။
၁၀။ (ကျက်) ထမင်းတစ်အိုးတည်းမှာ တစ်ခြမ်းမာ၊ တစ်ခြမ်းပျော့ အကျက်မညီ။ တိုင်းပြည်ခြစား တရားပျက်လွန်လို့ လေဘေး၊ ရေဘေးကြီးတွေနဲ့ ကြုံပြီး နေရာအချို့ စိုက်ပျိုးနိုင်ပေမဲ့ အဓိကနေရာတွေမှာ စိုက်ပျိုးရေး လုံးဝပျက်စီး။
၁၁။ (ရက်) အဖိုးတန် စန္ဒကူးနံ့သာနှစ်ကို ရက်တက်ပုပ်ရည်နဲ့လဲလှယ်။ ဓမ္မကထိက (တရားဟောဆရာ) တွေ ဗုဒ္ဓရဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားကို ငွေကြေးရဖို့ ရည်ရွယ်ချက်နဲ့ ဟောကြား။
၁၂။ (ဗူး) ရေဗူးတောင်းခွံတွေ ရေနစ်။ အလဖ္ဇီ (အရှက်မဲ့) ရဟန်းတို့ မင်းဆရာအမည်ခံပြီး မင်းအကြိုက် ပြောဆိုလုပ်ကိုင်၊ ထင်ပေါ်ကျော်ကြား လာဘ်လာဘပေါများ။ လဇ္ဇီ ရဟန်းတွေ တောမှာနေရ။
၁၃။ (ကျောက်) ကျောက်တောင်၊ ကျောက်ခဲများ ရေပေါ်မှာ ပေါလောပေါ်။ အဓမ္မဝါဒီ (မတရားသူ)တို့ အားကောင်း၊ သစ္စာ (အမှန်)တရားကို မြတ်နိုးသူတွေ တိမ်မြှုပ်ပျောက်ဆုံး ချောင်ထိုးခံရ။
၁၄။ (ဖား) ဖားတွေက မြွေတွေကို လိုက်ဖမ်း။ နွားအို မြက်နုကြိုက်လုပ်လို့ မယားက လင်ကိုနိုင်။
၁၅။ (ကျီး) ကျီးကန်းကို ဒေါင်းတွေ ဝန်းရံ။ အာဏာပိုင်ရဲ့ လက်ကိုင်တုတ် လူမိုက်အုပ်စုကို ပညာတတ်တွေက ဝန်းရံခစား။
၁၆။ (ကျား) ခြင်္သေ့၊ သစ်၊ ကျား စသည်တို့ မြေခွေး၊ ဆိတ်၊ သိုးတွေကို ကြောက်လို့ ပြေးနေရ။ ကောက်ကျစ်ယုတ်မာတဲ့ ရဟန်းနဲ့ လူတွေကို ကြောက်လို့ လဇ္ဇီ (ရှက်တတ်တဲ့) ရဟန်းရှင်လူတွေ တိုင်းပြည်ကနေ လွတ်လပ်ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ရ။
အကျယ်ကိုတော့ ငါးရာ့ငါးဆယ် နိပါတ်မှာဖြစ်စေ၊ ထိုထိုစာရေးဆရာ၊ တရားဟောပုဂ္ဂိုလ်တွေရဲ့ ဟောကြားချက်ကို ဖြစ်စေ ရှာဖွေဖတ်ရှု နာယူနိုင်ပါတယ်။
၅၉။ အပြုံးတု သည်းခံပါ
အရှင်ကေလာသ မေ ၄၊၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော်က M.V. Lomonosov Moscow State University မှာ ပညာသင်ကြားနေပါသည်။ ဘာသာတရား ကိုးကွယ်မှုနှင့် ယဉ်ကျေးမှု ခြားနားသည့် လူမျိုးအသီးသီးနှင့် ပေါင်းသင်း ဆက်ဆံရသဖြင့် အနည်းဆုံးတော့ အနောက်တိုင်း ယဉ်ကျေးမှုနှင့် နီးစပ်ခွင့်ရ၍ ဝမ်းသာပါသည်။ တပည့်တော် တွေ့ဆုံကျွမ်းဝင်ဖူးသူ ရုရှားလူမျိုး အများစုမှာ ရိုးသားပွင့်လင်းပြီး သူတို့ရဲ့ အတွင်းစိတ်ကို မျက်နှာပေါ်မှာ အထင်းသား တွေ့မြင်နေရသဖြင့် အင်မတန် ချစ်စရာ ကောင်းပါသည်။ သူတစ်ပါးကို ကောက်ကျစ်ယုတ်မာခြင်း မရှိကြပါ။
မြန်မာကျောင်းသား မဆိုစလောက်ရှိရာမှာတော့ အချင်းချင်း ပြိုင်ဆိုင်မှုနှင့် မနာလိုမှုတွေ များစွာ တွေ့ရပါသည်။ မကျေနပ်တာကို စိတ်ထဲမှာ သိုဝှက်ထားပြီး ပြုံးပြနေရင်းက တစ်ဖက်သား ဒုက္ခရောက်အောင် လုပ်ကြံကြပါသည်။ ထို့ကြောင့် မြန်မာအချင်းချင်း စကားကို အကုန်မပြောရဲကြပါ။ ‘ပြုံးနေရင် သတိထား’ ရမည့်သူတွေ များပါသည်။ တပည့်တော် သိချင်တာက ဘယ်လို အတွေးအမြင်မျိုးနှင့် မြန်မာနိုင်ငံကို ပြန်လည်ထူထောင်သင့်ပါသနည်း။ အရှင်ဘုရားတို့ရဲ့ ပြည်ပ (အထူးသဖြင့် အနောက်တိုင်း) အတွေ့အကြုံနှင့် ဗုဒ္ဓဝါဒကို အခြေခံပြီး ဆုံးမပေးစေချင်ပါသည် အရှင်ဘုရား။
မော်စကိုရောက် မြတ်သူ
---
အခြေခံလေးပါ
တိုင်းပြည်ကို ပြန်လည် ထူထောင်ဖို့ အတွေးအမြင်ဆိုလို့ ခေါင်းနားပန်းတောင် ကြီးသွားတယ်။ ဘုန်းကြီးအနေနဲ့ အဲဒီပညာရပ်ကို များစွာမသိလို့ ပြောသလောက်တော့ မစွမ်းနိုင်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အမေးရှိတော့ အဖြေလည်း ရှိသင့်တာပဲ။ ဘုန်းကြီးမြင်မိ တွေးမိတာလေးကိုတော့ အမြွက်လောက် ပြောပြပါမယ်။ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ခြင်းရဲ့ အတွင်းသဘောလို့ ဆိုရင် ဆိုနိုင်ကောင်းပါလိမ့်မယ်။ ဒါလေးတွေကို ထောက်ပြလို့ ဒီလူ့အဖွဲ့အစည်းဟာ အားလုံး အကောင်းပဲလို့တော့ ဘုန်းကြီး မဆိုလိုပါဘူး။ သူတို့ရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ တိုးတက်ကြီးပွားဖို့ ဒီလို အခြေခံလေးတွေ ရှိတယ်ဆိုတာကို ဘုန်းကြီးတွေ့မိတဲ့ အောက်ဆုံးအဆင့်ကနေ ထောက်ပြတာပါ။
လူထုနဲ့ စည်းကမ်း
ဘုန်းကြီးနေတဲ့ မြို့က အောက်တိုဘာပွဲတော် (October Festival) ခေါ်တဲ့ ညပွဲတစ်ခုကို သွားကြည့်တယ်။ မဏ္ဍပ်တွေ ထိုးပြီး ပြပွဲတွေ ပြိုင်ပွဲတွေ အကတွေ လမ်းဘေးစျေးဆိုင်တွေနဲ့ စုံလို့။ မြန်မာပြည်က ဘုန်းကြီးပျံပွဲ အတိုင်းပဲ။ လူတွေ ကြိတ်ကြိတ်တိုး။ အပြုံးကိုယ်စီနဲ့ အားလုံး တက်ကြွပျော်ရွှင်နေကြတာပဲ။ ပွဲခင်းထဲမှာ မူးယစ်ရမ်းကားတာ ရန်ဖြစ်တာ လုံးဝမရှိဘူး။ အရွယ်ရောက် ယောကျ်ားလေးတွေက အုပ်စုဖွဲ့ပြီး လမ်းသွားမိန်းကလေးတွေကို မယဉ်မကျေး နောက်ပြောင်ပြောဆိုတာ လိုက်စတာ နှောင့်ယှက်တာ လုံးဝမတွေ့ရဘူး။ ဘူးခွံ၊ ပလတ်စတစ်အိတ်၊ စက္ကူစုတ်၊ အမှိုက်သရိုက်တွေ လမ်းပေါ် လုံးဝ ပစ်မချဘူး။ မြို့တော်စည်ပင်က နေရာတိုင်းမှာ သန့်ရှင်းလုံခြုံတဲ့ ယာယီအိမ်သာတွေ အမှိုက်ပုံးတွေ အလုံအလောက် ချထားပေးတယ်။ ဆေးလိပ်နဲ့ အရက်သောက်လို့ ရတဲ့ နေရာကိုလဲ သီးခြား လုပ်ပေးတယ်။ လူတိုင်း အသိကိုယ်စီနဲ့ သတ်မှတ်နေရာကိုပဲ သွားကြတယ်။
ပွဲအပြီး နောက်တစ်နေ့ အဲဒီ ပန်းခြံနေရာကို ဘုန်းကြီး တမင်တကာ သွားကြည့်သေးတယ်။ သန့်လို့ ရှင်းလို့။ ညက ပွဲရှိခဲ့တယ်လို့တောင် မထင်ရဘူး။ ကမ္ဘာအေး ဆွမ်းဆန်စိမ်း လောင်းအပြီး တွေ့ရတဲ့ မြင်ကွင်းကိုတောင် သတိရလိုက်မိသေးရဲ့။
ဘုန်းကြီး သတိပြုမိတာ ပြောရရင် လူတွေ စည်းကမ်းရှိတယ်။ လူတစ်ယောက်ရဲ့ လုံခြုံမှု (security)ကို ထိခိုက်အောင် မလုပ်ဘူး။ အဲဒီလို ဖြစ်အောင်လည်း သက်ဆိုင်ရာက အခြေအနေ ဖန်တီးပေးတယ်။
လေ့ကျင့်ပေးပုံ
ဘုန်းကြီးသိတဲ့ အဖြူမိသားစုမှာ ၆ နှစ် သမီးလေး တစ်ယောက်ရှိတယ်။ ဘုန်းကြီးက အဲဒီကလေးကို မိဘတွေ ကိုင်တွယ်ပုံကို စိတ်ဝင်စားတယ်။ ကလေးကိုရိုက်တာ၊ ကြောက်သွားအောင် လှန့်ပစ်တာ၊ “Don't do it.” လို့ မျက်လုံးပြူးပြပြီး ပြောတာကို မတွေ့မိဘူး။ မိဘတွေက ကလေးဆိုပြီး လိမ်မပြောဘူး။ မသိစေချင်ရင် သူ့ရှေ့မှာ မပြောဘူး။ ပေးထားတဲ့ ကတိကို ကလေးဆိုပြီး လွယ်လွယ်နဲ့ မဖျက်ဘူး။ မဖြစ်နိုင်ရင် မဖြစ်နိုင်တဲ့ အကြောင်းကို ကလေးလက်ခံတဲ့ အထိရှင်းပြတယ်။ မဝင်ရ မထိရလို့ ရေးထားတာ တွေ့ရင် ကလေးကို ပြပြီး စည်းကမ်းကို လိုက်နာအောင် လေ့ကျင့်ပေးတယ်။ တစ်ခါတစ်ရံ အမေက တစ်နေရာကနေ ကြည့်နေပြီး ‘အဲဒီ ရေက သိပ်ပူတယ်နော်၊ ရေကိုထိရင် သမီးလက်ကို လောင်မှာ’ လို့ အလေးအနက် လှမ်းပြောတယ်။ ကလေးက မရပ်ဘူး။ စမ်းသပ်ကြည့်တယ်။ ရေပူထွက်ကျလာတယ်။ အမေက ရင်တမမနဲ့ မျက်တောင် မခတ်ဘဲ ကြည့်နေတယ်။ ကလေးလက်ကို ရေပူထိတယ်။ ငိုတယ်။ ဒီတော့ အမေက ‘သမီးကို အမေ ပြောသားပဲ။ ယုံပြီလား’ တဲ့။ ကလေးက ငိုပြီး ခေါင်းညိတ်ပြတယ်။ နောက်တစ်ကြိမ်မှာ ကလေးက အနီရောင် ခလုတ်ကို လက်ညှိုးထိုးပြီး ‘ဒါ သိပ်ပူတယ်။ မကိုင်တော့ဘူး’ တဲ့။ ...
Hiking (တောင်တက်) သွားကြတော့ ၆ နှစ် သမီးလေးက မုန့်ခြောက်၊ ရေပုလင်းစတဲ့ ကိုယ့်ပစ္စည်းတွေကို ကိုယ့်ကျောပိုးအိတ်ငယ်ထဲမှာ ထည့်ယူတယ်။ မိဘက သယ်ယူ မပေးဘူး။ ရေပုလင်းထဲမှာ ရေကုန်တော့ ပုလင်းခွံကို ကျောပိုးအိတ်ထဲမှာပဲ ပြန်ထည့်ထားတယ်။ (တောထဲဆိုပြီး လှစ်ကနဲ ပစ်စလက်ခတ် လွှင့်မပစ်ဘူး။) ဆောင်းရာသီ နံနက်ခင်းမှာ နှင်းစိုစိုနဲ့ ပွင့်လန်းနေတဲ့ ခရမ်းရောင် ပန်းပွင့်တွေကို တွေ့တော့ သမီးလေးက ပန်းတစ်ပွင့်ကို ဖျတ်ကနဲ ခူးယူလိုက်တယ်။ အမေက သမီးဆီကို အသော့ကလေး လိုက်သွားပြီး စိတ်မကောင်းတဲ့ ဟန်နဲ့ ပြောပုံက ‘သမီးလေးရေ၊ မေမေတို့ အရင်က တောင်တက်လာသူတွေ သမီးလို ပန်းတွေ မခူးကြလို့ မေမေတို့ ခုလို လှပတဲ့ ပန်းလေးတွေကို တွေ့ရတာ။ သမီးလေး ပန်းခူးမိတာအတွက် မေမေ စိတ်မကောင်းဘူးကွယ်’ တဲ့။ ဒီတော့ ၆ နှစ် သမီးလေးက ငိုမဲ့မဲ့ မျက်နှာထားနဲ့ ‘သမီး တောင်းပန်ပါတယ် မေမေ၊ နောက် မလုပ်တော့ပါဘူး’ ဆိုတော့ မိခင်က ‘မေမေ့ကို ကတိပေးနော်’ တဲ့။ ကလေးက ခေါင်းညိတ်ပြတယ်။ ဒီကလေး မျက်မှောက် မျက်ကွယ် အဲဒီလို သဘာဝအလှ ပျက်အောင် မလုပ်တော့ဘူးဆိုတာကို ဘုန်းကြီး အာမခံရဲပါတယ်။ ...
တစ်နေ့မှာ လူတွေ ကားနဲ့ လာပြီး အပန်းဖြေ တောင်တက်လမ်းလျှောက်ဖို့ လုပ်ထားတဲ့ ကျောက်ခင်း တောလမ်းလေးတစ်ခုကို ဆယ်မိုင်လောက် မောင်းလာကြပြီးမှ နောက်က ဇနီးက ခင်ပွန်းသည် ဒရိုင်ဗာကို နားရွက်နားကပ် ပြောလို့ လမ်းလျှောက်မယ့်နေရာကို မရောက်ဘဲ ပြန်လှည့်ခဲ့ရတယ်။ အကြောင်းက သမီးဖြစ်သူ “Going to party” လုပ် (ရှူးပေါက်) ချင်လို့။ ကလေးရော လူကြီးပါ လမ်းဘေးမှာ ‘ပေါက်တော’ မလုပ်တတ်လို့ လုပ်လေ့လုပ်ထ မရှိဘူး။ ဒါကြောင့် မြို့ကြီး တစ်မြို့နဲ့ တစ်မြို့ကို သွားတဲ့ အဝေးပြေးလမ်းမကြီးတွေရဲ့ ဘေးမှာ Rest Area (အိမ်သာနဲ့ ကိုယ်လက်သန့်ရှင်းတဲ့ နေရာ) တွေရှိတယ်။ သန့်ရှင်းပါတယ်။ အညစ်အကြေးတွေ ပြည့်ပြီး အနံ့အသက်ဆိုးတာမျိုး မရှိဘူး။ သောက်ရေ၊ Coke နဲ့ တစ်ခါတစ်ရံ ဒေသထွက် လက်ဆောင်ပစ္စည်းလေးတွေတောင် ဝယ်လို့ရသေးတယ်။
ဘုန်းကြီးသိလိုက်ရတာက အိမ်မှာ ကျောင်းမှာ ကလေးတွေကို စည်းကမ်းလိုက်နာတတ်ဖို့၊ ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ အဆင့်အတန်းမီအောင် နေထိုင်တတ်ဖို့ စနစ်တကျ ပညာပေးလေ့ကျင့်ပေးတယ်ဆိုတာပါပဲ။ ကလေးပင် ဖြစ်ပေမယ့် မတရားဘူးထင်ရင် လက်မခံဘူး။ ပွင့်လင်းတယ်။ အမှန်ကို ပြောရဲအောင် လေ့ကျင့်ပေးတယ်။ ဒီလိုနည်းနဲ့ လူ ၅၀ ရာနှုန်းလောက် အရွယ်ရောက်ခဲ့ကြရင် လူ့အဖွဲ့အစည်းတစ်ခု တိုးတက်နိုင်ပါလိမ့်မယ်။
ရိုးသားပွင့်လင်းမှု
အဖြူဒကာတစ်ယောက် ဘုန်းကြီးကျောင်းမှာ တရားလာထိုင်တယ်။ တရားထိုင်ပြီးနောက် စကားစမြည် ပြောကြတော့ စကားမဆုံးမပြတ်နိုင်လို့ အချိန်နည်းနည်းလွန်သွားတယ်။ အဲဒီတော့ သူက ချိန်းထားတာတစ်ခု ပျက်သွားတဲ့အကြောင်း ပြောတယ်။ ဆက်ပြောတာက အိမ်ရှင်က သူ့ကို သွားချိန်တန်ကြောင်း ပြောသင့်ခဲ့တယ်တဲ့။ အဲဒီတော့ ဒို့မြန်မာထုံးစံက အိမ်ရှင်က ဧည့်သည်ကို ပြန်ချိန်တန်ပြီလို့ ပြောလေ့မရှိဘူးဆိုတော့ သူက ‘ဒို့ဆီမှာတော့ ပြောတယ်။ လူတိုင်း ကိုယ်ပိုင်အချိန်မှာ လုပ်စရာတွေ များလွန်းလို့ အဲဒီအထဲက ကိုယ်ဘာလုပ်စရာရှိတယ်ဆိုတာကို ပြပြီး ဧည့်သည် ပြန်သင့်ပြီဆိုတာကို အိမ်ရှင်က ပြောပါတယ်၊ အဲဒီလိုပြောတာဟာ ရိုင်းရာမကျတဲ့အပြင် ကူညီရာရောက်လို့ ကျေးဇူးတောင် တင်ပါတယ်’ တဲ့။
သဘောက မကြိုက်ဘဲနဲ့ ဧည့်သည်ကို အောင့်ပြီး လက်ခံမထားဘူးပေါ့။ ဒီအယူအဆကို ဘုန်းကြီးအနေနဲ့ ကြိုက်တယ်။ ဘာကြောင့်ဆို ဘုန်းကြီးရဲ့ အမြင်အရ ဒါဟာ ရိုးသားပွင့်လင်းလို့ပဲ။ ဘုန်းကြီးတို့ မွေးရပ်က ဒေသစရိုက်တစ်ခုမှာ စားလောက်အောင် အမှန်တကယ် မရှိဘဲ လာပါစားပါအုံးလို့ ဖိတ်ခေါ်လေ့မရှိတာပဲ။ စားလောက်လို့ ဖိတ်ရင်လည်း ရှောင်တခင် ဧည့်သည်က မစားရသေးပါလျက် ငြင်းရင်တော့ တကယ်စားစေချင်လို့ ဖိတ်တဲ့ အိမ်ရှင်က မကြိုက်တတ်ဘူး။
ဘုန်းကြီးမြင်မိတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံဖြစ်တဲ့ ငါးပါးသီလကို စောင့်ထိန်းဖို့ လေ့ကျင့်တဲ့နေရာမှာ ဒီလိုအခြေခံ စရိုက်လက္ခဏာနဲ့ သဘောထားလည်း အရေးကြီးတယ်ဆိုတာပါပဲ။
‘သူ့ထက်ကဲ’ ရင်
မြန်မာပြည်တုန်းက ဘုန်းကြီးတစ်ပါးက ကက်ဆက်တိပ်ခွေကို ဘာကြောင့် ဒီအရွယ်အစားချည်း တစ်ပုံစံတည်း လုပ်ရတာလဲလို့ မေးဖူးတာကို အမှတ်ရမိပါတယ်။ အဖြေကတော့ ခုထိ မသေချာပါဘူး။ ဒါပေမဲ့ ဆိုနိုင်တာက မလုပ်ခင်ကတည်းက ဘယ်အရွယ်အစားဟာ အသင့်တော်ဆုံးလဲဆိုတာကို လူဦးနှောက်ပေါင်း များစွာ စုပေါင်းပြီး အကြိမ်ကြိမ် ဆွေးနွေးပြီးသား ဖြစ်လို့ ဆိုတာပါပဲ။ သူတစ်မျိုး ကိုယ်တစ်မျိုးဆိုရင် စျေးကွက်မှာ အဲဒီတိပ်ခွေ ရောင်းစွံပါ့မလား။ ဒါကြောင့် တိပ်ခွေကုမ္ပဏီအားလုံး တစ်ပုံစံတည်းပဲ ထုတ်လုပ်ကြတယ်။ ရှေးဦးတီထွင် ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းကြီးမားကျယ်ပြန့်မှုလဲ ပါမှာပေါ့။ ...
Golden Gate ပန်းခြံ (ဆန်ဖရန်စစ္စကို) ထဲက ချောင်းကလေးတစ်ခုကို ဖြတ်ထိုးထားတဲ့ သစ်သားလူကူးတံတားလေးတစ်ခုပေါ်မှာ ရပ်ရင်း စတင် သတိပြုမိတာလေးတစ်ခုက တံတားတိုင်ထိပ်ကို ၄၀ ဒီဂရီလောက် စောင်းပြီး ဖြတ်ထားတဲ့ ကိစ္စ။ နောက်တော့ ရောက်ဖူးတဲ့ နေရာတိုင်းမှာ သစ်သားတံတားမှန်ရင် တိုင်ထိပ်ကို ၄၀ ဒီဂရီလောက် စောင်းပြီး ဖြတ်ထားတာကို သတိထားမိတယ်။ အကြောင်းက မိုးရွာရင် နှင်းစိုရင် တိုင်ထိပ်မှာ ရေမတင်အောင်လို့။ လူကို မထိမရှအောင် ဘေးစောင်းကို အချောကိုင်ထားတာကအစ အားလုံး တစ်ပုံစံတည်းပဲ။
ဘုန်းကြီး သတိပြုမိတာက အသုံးအဆောင်ပစ္စည်းကအစ အရာခပ်သိမ်းမှာ Standard ဆိုတာရှိတယ်။ ကုန်ကုန်ပြောရရင် မိသားစု အိမ်သာသုံး စက္ကူလိပ်တစ်ခုရဲ့ အရွယ်အစား အထူအပါးဟာ တစ်နိုင်ငံလုံး တစ်ပုံစံတည်း။ ဒါကြောင့် အဲဒီစက္ကူလိပ်ကို နံရံမှာချိတ်မယ့် သတ္တု သို့မဟုတ် ပလပ်စတစ် သို့မဟုတ် သစ်သားကွင်း ထုတ်လုပ်သူတွေလည်း အားလုံး အရွယ်အစား အတူတူပဲ ထုတ်လုပ်လို့ စီးပွားရေး ချောမွတ်လည်ပတ်တာပေါ့။ သူတစ်မျိုး ငါတစ်ဖုံနဲ့ ‘ငါ့ဩကာသ ကန်တော့ချိုးမှ မှန်တယ်’ ဆိုရင် သိပ်မဟန်သေးဘူးလို့ ထင်ပါတယ်။
စီးပွားရေးသိက္ခာ
အမေရိကမှာ နေတာ ကြာပြီဖြစ်တဲ့ မွန်ဒကာလေး တစ်ယောက်နဲ့ တွေ့တယ်။ အခြားပြည်နယ်မှာ နေပေမယ့် အလုပ်လုပ်တဲ့ ကုမ္ပဏီက လွှတ်လို့ ဘုန်းကြီးနေတဲ့ မြို့မှာ ခေတ္တအလုပ်လာလုပ်တယ်။ ဟိုတယ်ခန်း၊ အစားအသောက်၊ ကား၊ ဓာတ်ဆီဖိုး အားလုံးကို ကုမ္ပဏီက တာဝန်ယူတယ်။ တစ်နေ့ ဘုန်းကြီးနဲ့အတူ အသွားအပြန် ရှစ်နာရီလောက် မောင်းရတဲ့ Grand Canyon (နာမည်ကျော် မဟာချောက်ကြီး) ကို သွားကြည့်တဲ့အခါ ဓာတ်ဆီဖိုးကို ကိုယ့်ဟာကိုယ် ဖြည့်ရတာ တွေ့လို့ ဘုန်းကြီးက ကုမ္ပဏီအသုံးစရိတ်ထဲမှာ ရောပြရင် ရတာပဲလို့ ပြောတယ်။ ဒီတော့ စီးပွားရေးနဲ့ မဟာသိပ္ပံဘွဲ့ရထားတဲ့ ဒကာလေးက ‘ဘုန်းဘုန်း၊ ဒီကကျောင်းတွေမှာ Business Ethic (စီးပွားရေးကိုယ်ကျင့်တရားဗေဒ) ဆိုတာကို သင်ရတယ်။ စီးပွားရေးလုပ်သူတွေဟာ အများယုံကြည်ခံရဖို့ သိပ်အရေးအကြီးတယ်။ တပည့်တော် ဒီမြို့ထဲမှာ တစ်နေ့ကို အများဆုံး ဓာတ်ဆီ ဘယ်လောက်သုံးနိုင်တယ်ဆိုတာကို ကုမ္ပဏီက ခန့်မှန်းထားပြီးသား။ တပည့်တော် ကိုယ့်ကိစ္စနဲ့ ခရီးဝေးသွားတာကို ကုမ္ပဏီက သိတယ်။ ကုမ္ပဏီ အသုံးစရိတ်ထဲမှာ ထည့်ပြရင် ရပေမယ့် ကုမ္ပဏီက မှတ်တမ်းတင်ထားမှာဖြစ်လို့ တပည့်တော်ရဲ့ Business Ethic ကို ထိခိုက်နိုင်တာပေါ့’ တဲ့။
ဟုတ်တယ်၊ Business Ethic မရှိရင် ရာထူးတက်ဖို့ သို့မဟုတ် ဒီကုမ္ပဏီရဲ့ မှတ်တမ်းကြောင့် လက်ရှိအလုပ်ပြုတ်လို့ နောက်အလုပ်တစ်ခု ထပ်ရှာရင် ခက်ခဲနိုင်တယ်။ ဘုန်းကြီးမြင်မိတာ Business Ethic ကောင်းလို့ အောက်ခြေအလုပ်သမားက ဓာတ်ဆီ ခိုးရောင်းတာမျိုး၊ အောက်ဆိုက်နည်းနဲ့ ဝင်ငွေရှာတာမျိုး မရှိဘူးဆိုတဲ့ အချက်ပါ။
ဒါကတော့ ဘုန်းကြီး လိုက်မီတဲ့ အသိုင်းအဝိုင်းထဲမှာ ဘုန်းကြီးရဲ့ မဆိုစလောက် ဗဟုသုတနဲ့ သတိပြုမိပြီး တိုးတက်ဖို့ အခြေခံအနေနဲ့ ယူဆတဲ့ အောက်ခြေအဆင့် အသေးအမွှားကိစ္စတွေပါ။
အသိပညာပေးခြင်း
နောက်ထပ် ပြောပြချင်တာက ပြည်သူ့ဆက်ဆံရေးနဲ့ ပတ်သက်သူတွေက လူထုကို မှန်ကန်တဲ့ အသိပညာ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာဟာ စွမ်းအင်ကြီးမားတာကို သိကြပါတယ်။ အတွေးအမြင်၊ အနေအထိုင်၊ ဝတ်စားဆင်ယင်မှု၊ ဟန်ပန်မူရာ၊ စကားလုံး ဝေါဟာရကအစ လူထုထဲကို အရောက်ပို့ပေးနိုင်တာဟာ ရုပ်ရှင်ပါပဲ။ အဲဒီရုပ်ရှင်ရဲ့ စွမ်းအင်ကို မှန်မှန်အသုံးချဖို့က ပိုအရေးကြီးပါတယ်။
ချစ်သူနဲ့ အဆင်မပြေလို့ စိတ်ညစ်ရင် ဇာတ်လိုက်မင်းသားဟာ ကိုယ့်ကိုယ်ကို ဘဝပျက်အောင် မလုပ်ပြသင့်ဘူး။ လုပ်ပြတယ်ပဲထား၊ အဲဒီလို လုပ်တာဟာ မမှန်ဘူးဆိုတာနဲ့ အခြားဘယ်နည်းနဲ့ ဘဝကို အသုံးချသင့်တယ်ဆိုတာ ပရိသတ်ကို အသိမှန် ပေးသင့်တယ်။ ဘုန်းကြီး လေ့လာမိသလောက်မှာ ဂုဏ်ရည်မတူလို့ သမီးရှင်က သဘောမတူရင် မင်းသား အရက်သောက်၊ အလုပ်အကိုင်ပျက်၊ လေလွင့်ပြီး ပစ်စလက်ခတ် နေထိုင်တာမျိုးပဲ အများစု တွေ့ရတယ်။ ဘဝခံစားချက် အပြည့်နဲ့ မိမိဘဝ အဆင့်မြင့်အောင် အားကြိုးမာန်တက် ကြိုးစားလို့ အဆင်ပြေလာတယ်ဆိုတဲ့ အတွေးမျိုးက ရှားရှားပါးပါးပါပဲ။
အမှန်က အဲဒီလို ကြိုးစားနိုင်ဖို့ စီးပွားရေးလောကတစ်ခုကိုပင် ရှာဖွေသုတေသန လုပ်ပြပေးသင့်တယ်။ ဆိုပါတော့ အညာကျေးလက်တစ်ခုမှာ သိပ္ပံနည်းကျ မန်ကျည်းပင် စိုက်ပျိုးတဲ့ လုပ်ငန်း။ နည်းနည်းကနေ များလာတယ်။ မန်ကျည်းနုတွေကို နိုင်ငံခြားတင်ပို့။ ပိန္နဲပင် စိုက်ပျိုးလုပ်ငန်း၊ ငရုပ်စိုက်ပျိုး၊ (စကားမစပ်၊ အမေရိကမှာ မန်ကျည်းနု စည်သွပ်ဘူး၊ ပိန္နဲသီး စည်သွပ်ဘူး၊ ငရုပ်သီး စည်သွပ်ဘူးတွေ အလျှံအပယ်ရတယ်)။ ဂွေးချိုပင် စိုက်ပျိုး။ သရက်ပင် စိုက်ပျိုး။ သခွားပင် စိုက်ပျိုး။ သနပ်ခါးပင် စိုက်ပျိုး အကုန်ရတယ်။ သင်ဖျူးဖျာရက်လုပ်ငန်း။ ပန်းချီပန်းပု၊ ယွန်းထည် စုံလို့။ ခြောက်နှစ်လောက်အကြာမှာ သစ္စာရှိတဲ့ ချစ်သူနဲ့ ပြန်ဆုံ၊ မိဘတွေ သဘောတူပေါ့။
ရုပ်ရှင်ထဲမှာ မင်းသားမင်းသမီးတွေက ဇီးထုပ်ခွံ၊ သံဘူးခွံ၊ စက္ကူစုတ်တွေကို တာဝန်မဲ့ ပစ်ချမပြသင့်ဘူး။ တံထွေးကို လမ်းမပေါ် ဗျစ်ကနဲ ထွေးချမပြသင့်ဘူး။ ပြတယ်ထားအုံး၊ အဲဒီလို မလုပ်ရဘူးဆိုတာ ပေါ်လွင်စေဖို့ လိုပါတယ်။ မိန်းကလေးက တစ်ယောက်တည်း လမ်းလျှောက်လာတယ်။ လူကြမ်းတွေက အုပ်စုဖွဲ့ပြီး နောက်လားပြောင်လား၊ တို့လားထိလား၊ ဆွဲလားရမ်းလား မလုပ်ပြသင့်ဘူး။ လူကြီးလူကောင်းအဖြစ် သရုပ်ဆောင်သူတွေ အရက်သောက်ပြ၊ အငယ်အနှောင်းတွေနဲ့ နေပြလို့ လူငယ်တွေရဲ့ ဦးနှောက်နုနုထဲကို အဲဒီလိုလုပ်မှ ခေတ်မီလူရာဝင်တယ်ဆိုတဲ့ အတွေးမျိုး ဝင်သွားရင် အဲဒီအတွေးမျိုးနဲ့ တိုင်းပြည်ကို ကောင်းအောင် မလုပ်နိုင်ပါဘူး။
အရက်စွဲနေသူတွေကို ဘယ်လို အရက်ဖြတ်ရတယ်ဆိုတဲ့ အကြံပေးချက်မျိုးကိုတော့ မတွေ့စဖူးပါဘူး။ DNA ခေတ်မှာ ကိုယ့်သားမဟုတ်ပါဘူးလို့ ငြင်းတာမျိုးတွေကလည်း သိပ်မဟန်ပါဘူး။ ခိုးပြေးကြမယ့်အတူတူ ‘မိဘသဘောမတူလို့ ချစ်သူနှစ်ယောက်ကို မတွေ့နိုင်အောင် အိမ်ခန်းထဲမှာ သော့ခတ်ထားတယ်’ ဆိုတဲ့ အယူအဆလည်း မော်ဒန်အောက်နေပါပြီ။ မိဘတွေက အောင့်သက်သက်နဲ့ ပေးစားလိုက်ပေါ့။ လူငယ်ကို စေတနာမှန်မှန် (နှိမ်လိုလို့ မဟုတ်ဘဲ) နဲ့ အလုပ်ခိုင်း၊ လူငယ်မှာ သမီးထင်ထားသလို အရည်အချင်းရှိ။ ကြိုးစားလို့ သမီးရှင်ရဲ့ လုပ်ငန်းကို ဦးဆောင်လာနိုင်တဲ့အခါ မိဘတွေ တစ်ဦးတည်းသောသမီးအတွက် စိတ်ချမ်းသာရ။ ဒီနည်းနဲ့ အများစု ဆင်းရဲသားလူတန်းစားရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျေးလက်သဘာဝ သရုပ်ဖော်ရာမှာ ထန်းရည်မူး၊ ဖဲရိုက်၊ ကြက်တိုက်၊ လောင်းကစား၊ အလုပ်လက်မဲ့၊ ခြေသလုံးအိမ်တိုင် ဘဝသရုပ်ဖော်ကို ပြည်ပက မိတ်ဆွေတစ်ယောက်ကို ဒို့ဆီက ယဉ်ကျေးမှုကွ ကြည့်ပါအုံးလို့ ပြောရမှာ ဝန်လေးပါတယ်။ အဲဒီလို သရုပ်ဖော်မယ့်အစား ရိုးရာဝတ်စားဆင်ယင်မှု၊ ရိုးရာပွဲ၊ ရိုးရှင်းတဲ့ ဘဝနေထိုင်မှု၊ ထူးခြားတဲ့ ယဉ်ကျေးမှု၊ ရိုးသားတဲ့စရိုက်၊ ဒေသထွက်ကုန်လုပ်ငန်း၊ သာယာလှပတဲ့ နောက်ခံမြင်ကွင်းတွေကို ဖော်ပြရင် ပိုကောင်းပါတယ်။
အတုမပြုံးပါနဲ့
ရည်းစားကို လွမ်းနေတဲ့ သမီးကို မိဘက ‘သမီး၊ မျက်နှာလည်း မကောင်းဘူး။ နေမကောင်းဘူးလား၊ ဘာဖြစ်တာလဲ’ ဆိုတော့ ကြားမြဲတိုင်း အဖြေက ‘သမီး ဘာမှမဖြစ်ပါဘူး’ တဲ့။ ရိုးသားတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားရာမှာ အဲဒီလို အခန်းမျိုး မပါသင့်တော့ဘူး။ ဖြစ်နိုင်သမျှ ‘မုသားမပါ လင်္ကာမချော’ အယူအဆကို ရှောင်သင့်တယ်လို့ ထင်တယ်။ ပွင့်ပွင့်ပြတ်ပြတ် ရဲရဲဝံ့ဝံ့ ပြောဆိုခန်းကို အသားပေးရင် ပိုပြီး အကျိုးမရှိနိုင်ဘူးလား။
တစ်ခါ ကိုယ်နဲ့မညားလိုက်ရတဲ့ ရည်းစားရဲ့ ခင်ပွန်းသည်ကို ဘဝပျက်အောင် အပြင်မှာ မျက်နှာချိုသွေးပြီး ကုလားကြံကြံတယ်။ အပြင်က အကောင်းပြောတယ်၊ အတွင်းက ပျက်စီးအောင် လုပ်ဖို့ ကြံစည်တယ်။ အဲဒါမျိုး ဇာတ်လမ်းတွေက ပိုများမယ်လို့ ထင်တယ်။ ဒါမျိုးဖြစ်ရပ် အပြင်မှာ ရှိချင်ရှိနိုင်ပေမယ့် ပရိသတ်ကို များများ အသိပေးရင် ဒီအကျင့်ဟာ အဲဒီပရိသတ် သို့မဟုတ် လူမျိုးဆိုဆို လူ့အဖွဲ့အစည်းဆိုဆိုရဲ့ စရိုက်လက္ခဏာ အသွင်ဆောင်သွားမှာကို စိုးရိမ်ပါတယ်။ စရိုက်လက္ခဏာအနေနဲ့ ရှိပြီးဖြစ်ရင်တောင် လူ့အဖွဲ့အစည်းကို အကျိုးမပြုလို့ ဒီစရိုက်မျိုး ပျောက်သွားဖို့ အားပေးရမှာပါ။ ကြည့်ပေါ့၊ မေးခွန်းရှင်မေးသလို တိုင်းတစ်ပါးမှာ ပညာသွားသင်နေကြတာတောင် တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူတွေ ဖြစ်လျက်နဲ့ အချင်းချင်း ယုံကြည်စိတ်ချရမှု မရှိနိုင်တာ ဘယ်လောက်ဆိုးသလဲ။ ဘုန်းကြီးတို့ ပတ်ဝန်းကျင်မှာလည်း ဒါမျိုးတွေရှိပါတယ်။ ဒါဟာ အကြောက်တရားနဲ့ အဲဒီစရိုက်လက္ခဏာက အစပြုခဲ့တာလို့ ဘုန်းကြီး ယူဆပါတယ်။
ဆင်ထိန်းရဲ့သား ပေဿအမည်ရှိသူက ဗုဒ္ဓရှင်တော်မြတ်ကို ‘ရှင်တော်မြတ်ဘုရား၊ တပည့်တော်သည် ဆင်ရိုင်းကို ယဉ်အောင် ဆုံးမသူ ဖြစ်ပါ၏။ ဆင်ရိုင်းသည် စမ္ပာပြည် အသွားအပြန် ခရီးအတွင်း သူလုပ်လိုရာကို မဖုံးမကွယ် မလှည့်ဖြားဘဲ ပွင့်လင်းစွာ လုပ်ပါ၏။ ကျင်ကြီးကျင်ငယ် စွန့်လိုလျှင် စွန့်လိုက်ကြ၏။ ရပ်လိုလျှင် ဘေးဖယ်လိုလျှင် ရပ်လိုက် ဘေးဖယ်လိုက်ကြ၏။ ထို့ကြောင့် တိရစ္ဆာန်များသည် ဖြောင့်စင်းပေါ်လွင်ပါ၏။ ပုထုဇဉ်လူသားတို့ကား ရှေ့တွင် တစ်မျိုး ကွယ်ရာတွင် တစ်မျိုး၊ စိတ်ထဲက တစ်မျိုး၊ အပြင်အမူအရာက တစ်ဖုံနှင့် အလွန်ရှုပ်ထွေးပြီး အသိခက်ပါ၏’ (မ၊၂၊၂) လို့ လျှောက်ဖူးတယ်။ ဒီသုတ်ရဲ့ အာဘော်က အသိခက်တဲ့ ပုထုဇဉ်လူသားကို ဗုဒ္ဓက သတိပဋ္ဌာန်ကျင့်စဉ်နဲ့ အကျိုးရှိအောင် လုပ်ပေးနိုင်တာကို ချီးမွမ်းလိုရင်းဖြစ်ပါတယ်။
တိရစ္ဆာန်တွေလို ပွင့်လင်းလိုက်ပါလားလို့ ဘုန်းကြီး မဆိုလိုပါဘူး။ လူ့လောကနဲ့ အကိုက်ညီဆုံး ရိုးသားပွင့်လင်းမှုရှိမှ ပြုံးနေသူကို သတိထားစရာ မလိုဘူးလို့ ဆိုချင်တာပါ။ ‘လုပ်ချင်တာကို လျှိုထားပြီး နှုတ်က မမှန်တာ မြွက်ဆိုမှု’ ကို ကိုယ်မကြိုက်သလို သူတစ်ပါးလည်း မကြိုက်နိုင်ပါဘူး။ ‘Yes’ လို့ဆိုပေမယ့် အစစ်အမှန်က ‘No’ ဖြစ်လို့ ရိုးမှမရိုးသားပဲ။ ကိုယ်မကြိုက်တာကို သူတစ်ပါးကို မလုပ်သင့်ဘူး။ ခံသာတဲ့ နည်းနဲ့ လောကကို တုံ့ပြန်သင့်ပါတယ်။ White Lie (မုသားအလင်္ကာ) ကို နည်းအောင် ကြိုးစားရာမှာ ဘုရင့်ခေတ်က ဆရာတော်တစ်ပါးက အတုယူစရာပါ။ သူခိုးတစ်ယောက် သိမ်ထဲကို ဝင်ပြေးလာတယ်။ ဆရာတော်နဲ့ တွေ့တယ်။ ဆရာတော် သိမ်ပြင်အထွက်မှာ သူခိုးဖမ်းတဲ့ ဘုရင့်ဝန်ထမ်းတွေနဲ့ တွေ့တယ်။ လူတစ်ယောက် ဝင်ပုန်းနေတာကို မြင်မိပါသလားဘုရားတဲ့။ ဆရာတော်အနေနဲ့ ‘Yes’ နဲ့ ‘No’ အဖြေနှစ်မျိုးလုံးအတွက် အပြစ်မလွတ်နိုင်ဘူး။ ဒီတော့ ‘ငါမြင်တယ်လို့ မင်းတို့ကို ဘယ်သူပြောသလဲ’ လို့ ပြန်မေးတယ်။ အဲခေတ် အခြေအနေအရ ဆရာတော်ကို လေးစားလွန်းလို့ မင်းဝန်ထမ်းတွေ ပြန်မမေးတာကြောင့် သူခိုးအသက်ချမ်းသာပြီး ဆရာတော့် အဆုံးအမနဲ့ လူကောင်းဖြစ်သွားပါတယ်။ နှစ်ဦးလုံး အပြစ်ကင်းတာပေါ့။
ငယ်စဉ်က ငါးပါးသီလကို ရွတ်ဆိုဆောက်တည်ဖို့ သင်ကြားပေးတဲ့ အစဉ်အလာနဲ့ မကြီးပြင်းခဲ့ရတဲ့အပြင် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ဆိုတာကို ကြားတောင်မကြားဖူးကြတဲ့ တိုင်းတစ်ပါးက လူတွေဟာ လက်တွေ့မှာ အဲဒီကျင့်စဉ်တွေကို ဘဝပေးအသိနဲ့ မျက်မှောက် လူမှုရေးအခြေအနေအရ လက်တွေ့ကျင့်သုံးပြီး တိုးတက်ဖွံ့ဖြိုးတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်ကြတာကို တွေ့ရတယ်။
ပြည်သူနဲ့ ထိတွေ့ခွင့်ရတဲ့ တရားဟော ပုဂ္ဂိုလ်ကျော် အရှင်မြတ်တွေရဲ့ အသိပေးမှုနဲ့လည်း လူတွေ စစ်မှန်တဲ့ အပြုံးမျိုးကို ရရှိလာစေနိုင်ပါတယ်။ ထိုထို တရားဟော အရှင်မြတ်တွေမှာ ဘုန်းကြီးတို့ထက် အကြားအမြင် ဗဟုသုတ ပိုရှိမှာဖြစ်လို့ ငါးပါးသီလနဲ့ မဂ္ဂင်ရှစ်ပါးလက်တွေ့ကျင့်စဉ်ကို ပိုပြီး လက်တွေ့ဘဝနဲ့ ကိုက်အောင် ပြောပြနိုင်ကြပါလိမ့်မယ်။ ပြောပြနိုင်ပါစေလို့လည်း ဆန္ဒရှိပါတယ်။
သိမှ သိမသိကို သိသည်၊ မသိက သိမသိကို မသိ။ ဘာမှန်းမှ မသိ။ သို့ဖြစ်ဘိ၍ သိချင်သော အာသာဖြင့် သုတကို ရှာရသည်။ သုတရှိမှ အသိကို ရသည်။ (ပရမတ္ထစက္ခုကျမ်း)။
၆၀။ တစ်ထောင့်ငါးရာ ကိလေသာ
ဇူလိုင် ၁၁၊၂၀၀၈။
---
ဘုန်းဘုန်းဘုရား၊
ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင် သီဆိုသော သီချင်းတစ်ပုဒ်၏ အမည်မှာ ‘ကျမချစ်တာ ထောင့်ငါးရာ’ ဖြစ်ပါသည်။ ရုပ်ရှင်တွေထဲမှာလည်း မင်းသားက မင်းသမီးကို ထောင့်ငါးရာသင်္ချာကို ပြလျှင် မိမိကိုချစ်ရေးဆိုသည်ဟု မင်းသမီးက နားလည်ပါသည်။ ထောင့်ငါးရာမေတ္တာဆိုသည်မှာ ဘာသာတရား အဆုံးအမမှ ဆင်းသက်လာသည်ဟု ယူဆပါသည်။ ထောင့်ငါးရာမေတ္တာကို ရေတွက်ပုံနှင့် အဓိပ္ပာယ်ကို သိလို၍ ဖြေကြားပေးစေချင်ပါသည် အရှင်ဘုရား။
ချိုမာသွင် (စင်္ကာပူ)
---
တစ်ထောင့်ငါးရာ သင်္ချာကို ရေတွက်ပြဖို့ဆိုရင် ပထမဆုံး မဖြစ်မနေ လိုအပ်တဲ့ အောက်ပါ အဘိဓမ္မာ အခြေခံလေးတွေကို သိရမယ်။ အာရုံစိုက်ပြီး ဖတ်ကြည့်ပါ။ ပါဠိဝေါဟာရ တစ်ချို့ကို မြန်မာလို ပြောဖို့ ခက်တယ်။ ဒါကြောင့် ဒီလို ဘာသာရပ်ဆိုင်ရာ အကြောင်းအရာကို ဖတ်တဲ့အခါ စိတ်ရှည်သည်းခံရတယ်။ ဖတ်ပြီးရင် ထောင့်ငါးရာသင်္ချာ ဖြစ်လာပုံနဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်သွားပါလိမ့်မယ်။
နာမ်တရား ၅၃ ပါး
ဒီခန္ဓာကိုယ်မှာရှိတဲ့ စိတ်နဲ့ စေတသိက် နှစ်မျိုးပေါင်းကို နာမ်တရားလို့ ခေါ်တယ်။ စိတ်ဟာ ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကြိယာ၊ ကာမ၊ ရူပ၊ အရူပ စတဲ့ နာမည်တွေနဲ့ ပြောရင် အကျဉ်း ၈၉ ပါး (အကျယ် ၁၂၁ ပါး) ရှိပေမဲ့ အာရုံကို သိတတ်တဲ့ သဘာဝအနေနဲ့ဆိုရင် ၁ မျိုးတည်းပဲ။ စိတ်ကို အရောင်ခြယ်ပေးတဲ့ စေတသိက် တရားကတော့ ၅၂ မျိုး။ ပေါင်း ဒီတရား ၅၃ ပါးဟာ အာရုံကို ရယူတတ်တဲ့ သဘာဝရှိလို့ နာမ်ဆိုတဲ့ အမည်ကို ရတယ်။ နာမ်တရား ၅၃ ပါးပေါ့။
နိပ္ဖန္နရုပ် ၁၈ ပါး
- မဟာဘုတ် ၄ ပါး။ ပထဝီ (အမာ၊ အပျော့)၊ အာပေါ (အစို၊ အစေး)၊ တေဇော (အအေး၊ အပူ)၊ ဝါယော (တောင့်တင်း၊ တွန်းကန်)။
- ပသာဒရုပ် ၅ ပါး။ စက္ခု (မျက်စိအကြည်)၊ သောတ (နားအကြည်)၊ ဃာန (နှာခေါင်းအကြည်)၊ ဇိဝှါ (လျှာအကြည်)၊ ကာယ (ကိုယ်အကြည်)။ ပသာဒဆိုတာ အာရုံတွေဝင်ဖို့ ပြတင်းပေါက်ပါပဲ။
- ဂေါစရရုပ် ၄ ပါး။ (အမှန်က ဂေါစရရုပ် ၇ ပါး။ ဒါပေမဲ့ မဟာဘုတ် ၃ ပါးကို ပေါင်းခေါ်တဲ့ ဖောဋ္ဌဗ္ဗာရုံကို ထပ်မရေတွက်လို့ ၄ ပါးပဲယူတာ) ရူပါရုံ (အဆင်း)၊ သဒ္ဒါရုံ (အသံ)၊ ဂန္ဓာရုံ (အနံ့)၊ ရသာရုံ (အစာအာဟာရမှာပါသည့် ဩဇာဓာတ်)၊ ဖောဋ္ဌဗ္ဗာရုံ (မဟာဘုတ်လေးပါးထဲက ထိတွေ့လို့ရတဲ့ ပထဝီ၊ တေဇော၊ ဝါယောသုံးပါး)။
- ဘာဝရုပ် ၂။ ပုရိသဘာဝ (အထီးသဘာဝ)ရုပ်၊ ဣတ္ထိဘာဝ (အမသဘာဝ)ရုပ်။ ခြားနားတဲ့ အမူအရာ၊ စိတ်ဝင်စားမှု စတာတွေ။
- ဟဒယဝတ္ထုရုပ် ၁။ နှလုံးအိမ်အတွင်းက သွေးကိုမှီဖြစ်တဲ့ရုပ်။
- ဇီဝိတရုပ် ၁။ ရုပ်တရားတို့ရဲ့ အသက်။ ခြောက်သွေ့တဲ့ အသားအရေမှ တစ်ပါး အစိုဓာတ်ရှိတဲ့ ခန္ဓာတစ်ကိုယ်လုံးမှာ ပျံ့နှံ့နေတယ်။
- အာဟာရရုပ် ၁။ အစာအာဟာရတွေမှာပါတဲ့ အဆီအနှစ် ဩဇာ။ ပေါင်း ၁၈ ပါး။ ဒီ ၁၈ ပါးကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်း ၄ ပါးကြောင့် ဖြစ်ပေါ်လာတဲ့အတွက် နိပ္ဖန္နရုပ်လို့ ခေါ်တယ်။ ဒီခန္ဓာကိုယ်ကို အစစ်အမှန် သဘာဝတရားအတိုင်း ခွဲခြမ်းကြည့်ရင် အပျော့အမာ၊ အစိုအစေး စတဲ့ ရုပ် ၁၈ မျိုးကို တွေ့ရမယ်။ ဒီရုပ် ၁၈ မျိုးအပေါင်းကိုပဲ လောကမှာ ငဖြူ ငနီလို့ ခေါ်ဝေါ်ပြောဆိုနေကြတာ။ အဲဒီလို ရုပ်တွေရဲ့ အစုအပေါင်းဖြစ်တဲ့ ခန္ဓာကိုယ်ဟာ တဏှာ (တပ်မက်မှု)ရဲ့ ကျင်လည်ရာ၊ အာသဝေါ တရားတွေရဲ့ ကျက်စားရာ၊ အရပ်စကားနဲ့ ချစ်စရာ အာရုံတရားလည်း ဖြစ်တယ်။
လက္ခဏရုပ် ၄
နိပ္ဖန္နရုပ်တွေမှာ ဖြစ်ပေါ်မြဲ လက္ခဏာ ၄ မျိုးဖြစ်ပါတယ်။ ရုပ် ၄ ပါးလို့ ရေတွက်ပေမဲ့ သီးခြားလက္ခဏာမရှိဘူး။ ဥပစယ (ရုပ်တို့စ၍ဖြစ်ခြင်း)၊ သန္တတိ (ရုပ်တို့ရဲ့ဖြစ်စဉ်)၊ ဇရတာ (ရင့်ရော်ခြင်း)၊ အနိစ္စတာ (မမြဲခြင်း)။
ကိလေသာ ၁၀ ပါး
ကိလေသာဆိုတာ စိတ်ကို ညစ်ပေစေတဲ့ အညစ်အကြေး။ လောဘ (တပ်မက်)၊ ဒေါသ (စိတ်ဆိုး)၊ မောဟ (တွေဝေ)၊ မာန (ထောင်လွှား)၊ ဒိဋ္ဌိ (အမြင်မှား)၊ ဝိစိကိစ္ဆာ (သံသယ)၊ ထိန (ထိုင်းမှိုင်း)၊ ဥဒ္ဓစ္စ (ပျံ့လွင့်)၊ အဟိရိက (မရှက်)၊ အနောတ္တပ္ပ (မကြောက်)။ ပေါင်း ၁၀ ပါး။
သန္တာန် ၂ ပါး
အဇ္ဈတ္တသန္တာန် (ကိုယ့်သန္တာန်)၊ ဗဟိဒ္ဓသန္တာန် (သူ့သန္တာန်)။
၁၅၀၀ ကိလေသာ
ခြုံငုံပြီး ဒီလို နားလည်ကြည့်ပါ .. နာမ် ၅၃၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ ဆိုတာ ဒီခန္ဓာကိုယ်ပဲ။ ငဖြူ ငနီလို့ ခေါ်ဝေါ်နေတဲ့ ဒီခန္ဓာကိုယ်မှာ နာမ်နဲ့ ရုပ်ပဲ ရှိတယ်လို့ နားလည်ရတယ်။ နာမ် ၅၃ ပါးက ရုပ်ဆိုတဲ့ အာရုံကို ရယူတတ်တဲ့ သဘာဝရှိပြီး ရုပ်တရားက နာမ်တရား ၅၃ ပါးရဲ့ အာရုံအပြုခံ သဘာဝရှိတယ်။
အဲဒီ ရုပ်နာမ်ခန္ဓာကိုယ်ကို လောဘ (တပ်မက်မှု)၊ ဒေါသ (စိတ်ဆိုးမှု) စတဲ့ (ကိလေသာ) ၁၀ ပါးနဲ့ မြှေးယှက်တုပ်နှောင်တာပဲ။ တစ်နည်းပြောရင် ချစ်ပြီးယင်း ချစ်နေကြတာပဲ။ ကိုယ့်သန္တာန်မှာရော သူ့သန္တာန်မှာပါရှိတယ်။ တစ်ထောင့်ငါးရာ ကိလေသာဆိုတာ အဲဒါပါပဲ။
(၁) နာမ် နိ လက်ကို ခံ၊ ကိ သန္တာန်နှင့် မြှောက်။
(၂) တစ်ထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါ အပြီးမြောက်။
နာမ် ၅၃၊ နိ (နိပ္ဖန္နရုပ်) ၁၈၊ လက် (လက္ခဏရုပ်) ၄။ ပေါင်း (၅၃+၁၈+၄=) ၇၅ ပါး။ ဒီတရားအပေါင်း ၇၅ ကိုခံ (တည်) ပါ။ ကိ (ကိလေသာ ၁၀ ပါး)၊ သန္တာန် (၂ ပါး) နှင့် မြှောက်ရင် တစ်ထောင့်ငါးရာ ကိလေသာ ဖြစ်ပါတယ် (၇၅ x ၁၀ = ၇၅၀ x ၂ = ၁၅၀၀)။
အရပ်သုံးစကား ထောင့်ငါးရာ မေတ္တာဆိုတာ အမှန်တော့ ဖော်ပြထားတဲ့ ထောင့်ငါးရာ ကိလေသာကို ဆိုလိုတာပါ။
မေတ္တာသုံးမျိုး
- ဗြဟ္မဝိဟာရ (ဗြဟ္မာတို့နေတဲ့) မေတ္တာ။ ဒီမေတ္တာမျိုးက ရန်သူမိတ်ဆွေ၊ ကိုယ့်လူ သူ့လူမခွဲခြားဘူး။ သံယောဇဉ် အနှောင်အဖွဲ့လဲ မရှိဘူး။ ၅၂၈ မေတ္တာဆိုတာ ဒီမေတ္တာမျိုးပါ။
- ဂေဟဿိတပေမ။ ညီအစ်ကို မောင်နှမချစ်၊ မိဘနဲ့ သားသမီးချစ်။
- တဏှာပေမ။ တဏှာ (တပ်မက်မှု) နဲ့ ချစ်တဲ့ သမီးရည်းစားချစ်၊ လင်မယားချစ်။
၂ နဲ့ ၃ နှစ်မျိုးလုံးကို ၁၅၀၀ ကိလေသာထဲမှာ သွင်းတယ်။
ဒါကြောင့် သမီးရည်းစားချစ်နဲ့ မောင်နှမသားသမီးချစ် နှစ်မျိုးလုံးဟာ ၁၅၀၀ ကိလေသာပါပဲ။ ဒါပေမယ့် အဘိဓမ္မာကို မတတ်တဲ့ အရပ်သားလောကမှာတော့ ၁၅၀၀ မေတ္တာဆိုရင် သမီးရည်းစား လင်မယားချစ်ပဲ ဖြစ်ပြီး မောင်နှမသားသမီးချစ် မပါဘူးလို့ ထင်နေကြတယ်။ ဒီနားလည်မှုအရ လုလင်ပျိုက လုံမပျိုကို ၁၅၀၀ သင်္ချာကို ဖော်ပြရင် နှမတစ်ယောက်လို ချစ်တာမျိုး မဟုတ်ဘဲ ဘဝကြင်ဖော် ရည်းစားတစ်ယောက်အနေနဲ့ ချစ်တာလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။
‘ကျမချစ်တာ ထောင့်ငါးရာ’ ဆိုတာလည်း ကျွန်မချစ်တာက မောင်နှမလို မဟုတ်ဘူး၊ ချစ်သူရည်းစားလို ချစ်တာလို့ ဆိုလိုပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့ အဲဒီမေတ္တာသုံးမျိုးလုံး လိုပါတယ်။
၆၁။ မနုဿီဟမှတ်စု
ဖေဖော်ဝါရီ ၂၉၊၂၀၀၈။
---
လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ဘုန်းကြီးကျောင်း ဘုရားတန်ဆောင်း အုတ်တံတိုင်းတွေမှာ မနုဿီဟဟု ခေါ်သည့် ဖင်နှစ်ခွနှင့် ဒဏ္ဍာရီရုပ်တွေကို တွေ့ဖူးပါသည်။ ထိုအရုပ်၏ သမိုင်းစဉ်နှင့် ဘာကြောင့် ဘုန်းကြီးကျောင်း ဘုရားတန်ဆောင်းတွေမှာ အဲဒီအရုပ်တွေကို ထားရပါသနည်း။ ကျမ်းဂန်ထွက်ရှိလျှင် ဗဟုသုတမျှဝေပေးစေလိုပါသည် ဘုရား။
သန်းထွဋ်အောင်၊ ဂျမေကာ
---
အဓိပ္ပာယ်
ပါဠိပုဒ်နှစ်ခု မနု နှင့် သီဟ။ မနု = လူ၊ သီဟ = ခြင်္သေ့။ လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ် သို့မဟုတ် ခြင်္သေ့ဦးခေါင်းနှင့် လူကိုယ်လို့ အဓိပ္ပာယ် နှစ်မျိုး ယူခွင့်ရှိပါတယ်။ စာအရဆိုရင် ခြင်္သေ့ဦးခေါင်းနှင့် လူကိုယ်လို့ အဓိပ္ပာယ်ယူသင့်တယ်။ ဒါပေမယ့် မြင်ဖူးသမျှ မနုဿီဟ ရုပ်တုတွေက လူဦးခေါင်းနဲ့ ခြင်္သေ့ကိုယ် ဖြစ်ပါတယ်။ ဆက်လက် သုတေသနပြုပါကုန်။ စွမ်းနိုင်သမျှနဲ့ အမြွက်မျှ ကျမ်းညှိပြလိုက်ပါတယ်။
ဝိနည်းအဋ္ဌကထာအဆို
‘အရှင်သောဏသည် အရှင်ဥတ္တရနှင့်အတူ သုဝဏ္ဏဘူမိသို့ ရောက်လာ၏။ ထိုအချိန်၌ ဘီလူးမတစ်ယောက်သည် သမုဒ္ဒရာမှ တက်၍ မင်းအိမ်၌ ကလေးမွေးတိုင်း လာရောက်၍ စားပစ်၏။ အရှင်နှစ်ပါး ရောက်သောနေ့တွင် မင်းသားတစ်ပါး မွေးဖွား၏။ လူအများသည် မထေရ်တို့ကိုမြင်သော် ဘီလူးတို့၏ အပေါင်းပါများ ဖြစ်မည်ဟု ထင်ပြီး လက်နက်ကိုယ်စီနှင့် မထေရ် (အရှင်သောဏ) ကို သတ်ရန် ဝိုင်းလာကြ၏။
အဘယ်ကြောင့် လက်နက်ကိုယ်စီနှင့် လာကြသနည်းဟု မထေရ်တို့က မေး၏။ မင်းအိမ်မှာ ကလေးမွေးတိုင်း ဘီလူးတွေ လာစား၏၊ သင်တို့သည် ဘီလူးတို့၏ မိတ်ဆွေဖြစ်၏ဟု ဖြေ၏။
ငါတို့ ဘီလူးတို့၏ မိတ်ဆွေမဟုတ်၊ သူ့အသက်သတ်မှုကို ရှောင်ကြဉ်သော သူတော်ကောင်းရဟန်းများသာ ဖြစ်ကြ၏ဟု မထေရ်က ဖြေ၏။ ထိုသို့ ပြောဆိုနေခိုက်ပင် ဘီလူးမသည် ဘီလူးပရိသတ်နှင့်အတူ မွေးကင်းစ မင်းသားငယ်ကို စားရန် ရောက်လာ၏။ အရှင်ကောင်းတို့၊ ဘီလူးမလာနေပါပြီဟု လူအများသည် ကြောက်လန့်စွာ အော်ကြ၏။
မထေရ်သည် ဘီလူးတို့ထက် နှစ်ဆကြီးသော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ ဘီလူးများကို ဝိုင်းလိုက်၏။ ဘီလူးများသည် ကြောက်ပြီး မင်းသားငယ်ကို မစားဘဲ ပြေးကြ၏။ မထေရ်က ပရိသတ်အား ဗြဟ္မဇာလသုတ်ကို ဟောကြားပြီး သရဏဂုံသီလ တည်စေ၏ (ဝိ၊ဋ္ဌ၊၁၊၅၁)’။
သာသနာလင်္ကာရစာတမ်းအဆို
‘ဘီလူးမအုပ်စု လာသောကြောင့် လူအများ ကြောက်ရွံ့၍ အော်ဟစ်နေကြစဉ်တွင် မထေရ်တို့လည်း ကြောက်မက်ဖွယ်ရှိသော ခြင်္သေ့နှင့်တူသော ခေါင်းတလုံး ကိုယ်နှစ်ခုရှိသော မနုဿီဟ သဏ္ဌာန်နှင့် အရေအတွက် နှစ်ဆထက်သာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျှင် ဘီလူးမတို့ ကြောက်၍ ပြေးသွားလေကုန်၏။ ထိုကာလမှစ၍ ယနေ့ဘွားမြင်စ မင်းသားငယ်တို့အား သောဏုတ္တရ ဟူ၍ ငယ်မည်မှည့်လင့်ကုန်သတည်း။
သူငယ်ခပ်သိမ်းတို့အားလည်း ဘီလူးဘေးကို တားဆီးခြင်းငှာ ထန်းရွက် သလူရွက်များတွင် မထေရ်တို့ ဖန်ဆင်းသော မနုဿီဟရုပ်ကို ရေး၍ ခေါင်းထက် တင်ထားကုန်၏။ ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်ထက် ကျောက်ရုပ် ထုလုပ်၍ထားရာ ယခုထက်တိုင် ထင်ရှားရှိသတည်း (ဟံသာဝတီ၊၁၉၅၆၊ စာ-၅၇)’။
သာသနာလင်္ကာရစာတမ်းကို ဘကြီးတော်မင်းကြီး တောင်းပန်လို့ သီလက္ခန္ဓဝဂ္ဂဋီကာသစ်ကို ရေးသားတဲ့ မောင်းထောင်ဆရာတော် သာသနာပိုင်လူထွက် မင်းတိုင်ပင်အမတ် မဟာဓမ္မသင်္ကြန်က မြန်မာနှစ် ၁၁၉၃ (ခရစ် ၁၇၅၂) မှာ ရေးသားခဲ့ပါတယ်။
သာသနဝံသကျမ်းအဆို
‘ဘီလူးမလာသည်ကို မြင်သောအခါ လူအပေါင်းသည် ကြောက်လန့်ပြီး အော်ငိုကြ၏။ မထေရ်တို့လည်း ကြောက်မက်ဖွယ် ခြင်္သေ့ဦးခေါင်းနှင့် ခေါင်းတလုံး ကိုယ်နှစ်ခုရှိသော မနုဿဟ အသွင် ဖန်ဆင်းပြပြီး ဘီလူးမနှင့် အပေါင်းပါများကို ခြောက်ထုတ်ကြ၏ (တဒါ ထေရာ ဘယာနကံ သီဟသီသဝသေန ဧကသီသ သရီရ ဒွယ သမ္ဗန္ဓ သဏ္ဌာနံ မနုဿီဟရူပံ မာပေတွာ ဒေဿတွာ တံ ယက္ခိနိံ သပရိသံ ပလာပေသုံ။ သာသနဝံသ၊ ဘောဂဝတီ-မန္တလေး၊၁၂၈၅၊ စာ-၄၂)’။ သာသနဝံသကျမ်းဆိုတာက မြန်မာ ၁၂၃၂ (ခရစ် ၁၇၈၂) မှာ မောင်းထောင် အရှင်ပညာသာမိထေရ်က မဟာဓမ္မသင်္ကြန်ရဲ့ သာသနာလင်္ကာရကျမ်းကို ပါဠိဘာသာနဲ့ ရေးခဲ့တဲ့ ကျမ်းပါ။
သုံးသပ်ချက်
ဝိနည်းအဋ္ဌကထာမှာ ဖော်ပြတဲ့ သုဝဏ္ဏဘူမိကို မြန်မာနိုင်ငံ ရာမညတိုင်း သထုံမြို့လို့ ယူရင် အရှင်သောဏတို့က ဘီလူးမအုပ်စုကို သူတို့ထက် နှစ်ဆကြီးတဲ့ ကိုယ်ကို ဖန်ဆင်းပြီး ထွက်ပြေးအောင် လုပ်တယ်။ သာသာနာလင်္ကာရနဲ့ သာသနဝံသတို့က မနုဿီဟပုံကို ဖန်ဆင်းပြီး ဘီလူးမအုပ်စုကို နှင်ထုတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မနုဿီဟအစ အရှင်သောဏနဲ့ အရှင်ဥတ္တရတို့ကလို့ ဆိုရပါလိမ့်မယ်။
မကာရလောပအကျော် မန်လည်ဆရာတော်ဘုရားလည်း သာသနာလင်္ကာရစာတမ်းစကားနဲ့ပဲ အောက်ပါအတိုင်း မိန့်ဆိုခဲ့ပါတယ်။
ရုပ်ပလီ
မနုဿီ ကိုယ်နှစ်ခွငယ်လို့
ဆိုကြအများ၊
မြို့သထုံ
ပြည်သုဝဏ် ရွှေဘုံ၌
သည်ရုပ်ပုံ ဟန်ပန်ယူလို့
ရန်သူကို ပယ်နှိမ်ကြောင်းငယ်နှင့်
ကျမ်းဟောင်း စာစောင်မြတ်မှာ
ကျမ်းတတ်စကား။
၆၂။ သပိတ်သွတ်ခြွင်း
ဆရာတော် အရှင်ဘုရား၊
မကြာခင်က တပည့်တော်၏ ဘခင်သည် မြန်မာပြည်က ဆရာတော်တစ်ပါး၏ တရားပွဲသို့ သွားရောက် တရားနာပါသည်။ တရားပွဲမှအပြန်တွင် ဆရာတော်၏ ဟောကြားချက်အရ ကွယ်လွန်သူ မိခင်အား သုံးလပြည့် သပိတ်သွတ်မည့် ကိစ္စမှာ အရေးတကြီး လိုအပ်သော ကိစ္စမဟုတ်ဟု ဆိုပါသည်။ ဘခင်၏ ယူဆချက် မှန်ကန်ပါသလား။ ကွယ်လွန်သူကိုရည်မှန်းပြီး သပိတ်သွတ်ရန် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါသလား။ ဖြေကြားပေးစေချင်ပါသည် အရှင်ဘုရား။
ယုယုမွန် (ကနေဒါ)
---
သပိတ်သွတ်
သပိတ်သွတ်ဆိုတာ သပိတ်ထဲကို ထည့်တယ်လို့ တိုက်ရိုက်အဓိပ္ပာယ် ရနိုင်ပါတယ်။ အလှူခံတို့ရဲ့ သပိတ်ထဲကို ထည့်တယ်ဆိုတော့ သံဃာတော်တွေကို ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို လှူဒါန်းတာပါပဲ။ အလှူဒါနအားလုံးနဲ့ သက်ဆိုင်ပေမယ့် သပိတ်သွတ် အဓိပ္ပာယ်မှာက သာမန်လှူတာမျိုး မဟုတ်ဘဲ ကွယ်လွန်သူကို အထူးရည်မှန်းပြီး လှူဒါန်းတာဖြစ်လို့ အလှူပေးတဲ့ ပုဂ္ဂိုလ်ဟာ ပြုပြီးလို့ မိမိရရှိတဲ့ ရည်မှန်းကုသိုလ်ရဲ့ အဖို့ကို ကွယ်လွန်သူအား အထူးပြုပြီး အမျှပေးဝေခြင်းဟာ အဓိကကျပါတယ်။
ကွယ်လွန်သူကလည်း မိမိကို အထူးရည်မှန်းထားတဲ့ ကုသိုလ်အဖို့ကို ကုသိုလ်ရှင်တွေက အမျှပေးဝေစဉ်မှာ ဝမ်းမြောက်သာဓုခေါ်နိုင်ရင် အဲဒီကုသိုလ်ဟာ မိမိကိုယ်တိုင် ပြုတဲ့အတိုင်းပါပဲ။ ထပ်တူကောင်းကျိုးကို ရရှိစေပါတယ်။ ဒါပေမယ့် တမလွန်ဘဝက ပုဂ္ဂိုလ်ဟာ ဒီဘဝ ကုသိုလ်ရှင်တွေရဲ့ အမျှပေးဝေသံကို သာဓုခေါ်နိုင်ခွင့်ရှိရပါတယ်။
ပုဏ္ဏားရဲ့ အမေး
အခါတစ်ပါး ဇာဏုေဿာဏိ အမည်ရှိတဲ့ ပုဏ္ဏားက မြတ်ဗုဒ္ဓကို ‘မြတ်စွာဘုရား၊ တပည့်တော်တို့သည် ကွယ်လွန်သော ဆွေမျိုးသားချင်းများထံသို့ ရောက်ပါစေဟု ရည်မှန်း၍ အလှူဒါနပြုကြပါ၏။ ထိုအလှူသည် ရည်မှန်းသူသို့ ရောက်ပါသလား’ လို့ လျှောက်တယ်။ မြတ်ဗုဒ္ဓက ‘သေပြီးနောက် ငရဲဘဝ၊ တိရစ္ဆာန်ဘဝ၊ လူ့ဘဝ၊ နတ်ဘဝသို့ ရောက်နေသူများထံသို့ အလှူသည် မရောက်။ ပြိတ္တာဘဝ၌ ဖြစ်နေသူများထံသို့ကား ရောက်ပေ၏’ လို့ ဖြေကြားပါတယ် (အံ၊၃၊၄၇၈)။
ဒီပါဠိတော်အရ နတ်၊ လူ၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဆိုတဲ့ လူတစ်ယောက် ကွယ်လွန်ပြီးနောက် သွားရောက်ရမယ့် ဂတိ (ဌာန) ငါးမျိုးထဲက ပေတဂတိသို့ ရောက်နေသူတွေသာ ရည်မှန်းကုသိုလ်အဖို့ကို သာဓုခေါ်ပြီး ကောင်းကျိုးကို ခံစားနိုင်ခွင့် ရှိပါတယ်။
ပတ္တာနုမောဒန
ကောင်းမှုတစ်ခုကို ပြုလိုက်လို့ မိမိရရှိတဲ့ ကုသိုလ်ကို အမျှပေးဝေတာဟာ ပတ္တိဒါန ကုသိုလ်ဖြစ်ပါတယ်။ သူတစ်ပါးတို့ ပေးဝေတဲ့ ကုသိုလ်ကို မိမိက ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်တာက ပတ္တာနုမောဒန ကုသိုလ်ပါ။ တမလွန်ဘဝကို ရောက်နေတဲ့ သာဓုခေါ်နိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်က လူ့ဘဝက ဆွေမျိုးသားချင်းတို့ ပြုတဲ့ ကုသိုလ်အဖို့ကို ဝမ်းပန်းတသာနဲ့ သာဓုခေါ်ဆိုနိုင်ရင် ပတ္တာနုမောဒန ကုသိုလ်ကို ပြုတာဖြစ်လို့ အဲဒီကုသိုလ်ရဲ့ ကောင်းကျိုးကို ရရှိပါလိမ့်မယ်။
လိုရင်းက သပိတ်သွတ်ဆိုတာ ကျန်ရစ်သူတွေက တမလွန်ဘဝသို့ ပြောင်းသွားပြီးဖြစ်တဲ့ ဆွေမျိုးသားချင်းတွေကို၎င်းတို့ ကိုယ်စား ပတ္တာနုမောဒန ကုသိုလ် ပြုပေးကြတာဖြစ်လို့ အကျိုးရှိပါတယ်။ ဘုရားကိုယ်တိုင်လည်း ဟော၊ အနှစ်သာရလည်း ရှိတဲ့အတွက် အစဉ်အလာကို ထိန်းသိမ်းထားပါလေ။
63. Kamma and Yadayar
July 24, 2008.
---
Dear Sayadaw,
I have a question regarding black magic. Does black magic realy exist? If so, how? who was the teacher? I have seen a few monks who give out yadayar to people whenever they face a hardship. Does it real work? Is ther any consequences? I enen saw an article online about a king who keeps his power using such methods. Did Buddha allow to give out yasayar.
I am sure most Buddhists believe in Kamma. People can turn around the Kamma using yadayar if it realy works. Therefore, what is the point of doing good deeds or bad deeds.
I believe there is another type of black magic which can be used against other people. I often heard people say this person is using black bagic to make me sick or this or that. Can it really be used to harm someone ese? and the wost scenariio will be killing someone using such magic. If someone die due to such doings what will he/she become? It was not his fault and it might not be time for him yet. Can you please explain to me more in depth? Thanks.
Kevin
---
Yadayar
It is to me that yadayar is something that makes one's mind and body harmony and also is like a medicine which is not real but sometimes works. For example, a doctor gave just water injection to a sick person. But the latter thinking the former cured him well felt better.
There also was a queen who always feels herself sick thinking a lizard hides inside her belly. Then a wise royal physician used a yadayar . He secretly put a dead lizard underneath the toilet seat after giving her a purgative medicine. When she had done, the physician showed her the lizard saying her belly was clear. Exactly, she was cured. Yadayar can help one's will power reach high enough to accomplish something if he believes in it. Is it said that mind leads the world?
Kamma
We reap what we have sown and we wil be the result of what we are. In other words, kamma is action and every action has its reaction. You cannot avoid the result of the kamma, but can control it and you can turn it around by doing good or bad. This is what the Buddhists believe.
According to this belief, if your yadayar says that before your job interview you should develop Metta meditation twice a day and you do it seriously, then I am sure you can experience something as the result of that good deed. It is acceptable that a proper and intelligent understanding of yadayar can be a useful tool, although it has no religious value.
Never say
The Buddha never makes any direct pronouncement on this subject because the yadayar, astrology and such things do not pertain to spiritual development. The Buddha's advice was that people should not be slaves to any of those forces. A good Buddhist must overcome al his problems and dificulties by his own eforts, but not through the medium of anything like that. 'You do luck or unluck yourself. There is no one who can make you lucky or unlucky (Jataka 2, p 142)'.
Although Buddhism does not refute belief in such things and some Buddhists practice yadayar under the guise of religion, the Buddha at no time encouraged anyone to do so.
It is time for him
In a smal town, I saw a young man who vomits whenever and whatever he eats. People said he was obsessed by a girl. When a black magic master gave him a medicine, he tried to vomit a curl of woman's hair and his mother puled it out of her son's mouth. But I can't explain about it more than what I saw. I was 27 then. But, I am sure it could not be used to harm everyone.
If a person died of that reason, it was time for him to die even though it was not his fault. If you say no, how can you say when a person died from a car accident? And what the person wil become depends on only what he or she has done.
---
၆၄။ သီလရှင်ကို ရှိခိုးခြင်း
ဇူလိုင် ၂၅။ ၂၀၀၈။
---
ရိုသေစွာလျှောက်ထားမေးမြန်းအပ်ပါသည် အရှင်ဘုရား၊
လူမိန်းမတို့ သီလရှင် ဝတ်ခြင်းကို မြတ်စွာဘုရား ခွင့်ပြုခဲ့ပါသလား ဘုရား။ ယောကျ်ားသားတို့ အနေဖြင့် သီလရှင်တို့အား ရှိခိုးခြင်း၊ ဘုရားထူးခြင်းများ ပြုအပ်ပါသလားဘုရား။ ရဟန်းတု ရဟန်းယောင် များကို ရဟန်းအစစ်ထင်၍ လှူဒါန်းမှုပြုလျှင် ကုသိုလ် ရနိုင်ပါသလား ဘုရား။ မသိနား မလည်၍ မေးမြန်းခြင်း လျှောက်ထားရခြင်း ဖြစ်ပါ သည်ဘုရား။
သန်းထွန်းဦး
---
သီလရှင် ဝတ်ဖို့ မြတ်စွာဘုရား ခွင့်ပြုသလား ဆိုတာကို မပြောခင်မှာ ဗုဒ္ဓလက်ထက်နဲ့ အဲဒီနောက် အတန်ကြာတဲ့ အထိ ဗုဒ္ဓသာသနာ သမိုင်း မှာ ထင်ရှားရှိခဲ့တဲ့ ဘိက္ခုနီနဲ့ သိက္ခမာန်အကြောင်းကို နည်းနည်း ပြော ပြသင့်ပါတယ်။ အဲဒါဆိုရင် ပိုပြီး ရှင်းသွားပါလိမ့်မယ်။
ဘိက္ခုနီ
ဘိက္ခုနီဆိုတာ ရဟန်းမိန်းမပါ။ သိမ်ထဲမှာ ကမ္မဝါစာ ဖတ်ပြီး ပထမ ဘိက္ခုနီသံဃာထံမှာ တစ်ကြိမ်၊ ဒုတိယ ဘိက္ခုသံဃာထံမှာ တစ်ကြိမ်၊ ပေါင်း ရဟန်း ၂ကြိမ်ခံရတယ်။ မိထွေးတော် ဂေါတမီအပါအဝင် ရှေး ဦး ဘိက္ခုနီတွေကတော့ မြတ်ဗုဒ္ဓရဲ့ အထူးခွင့်ပြုချက်နဲ့ ဘိက္ခုနီ ဖြစ်လာ ကြလို့ ခြွင်းချက်ပေါ့။ ယနေ့ခေတ် ဘိက္ခုတွေရဲ့ သင်္ကန်းပုံစံအတိုင်းပဲ ဝတ်ရုံကြတယ်။ ဘိက္ခုနီတွေမှာ ပိုတာက အပေါ်ပိုင်းမှာ ရင် စည်း သင်္ကန်းတိုနဲ့ အောက်ပိုင်းမှာ အတွင်းကခံဝတ်တဲ့ ဥတုနှီးလို့ ခေါ်တဲ့ သင်္ကန်း တစ်မျိုးပါပဲ။ ဘိက္ခုတွေရဲ့သိက္ခာပုဒ် ၂၂၇ ပါး။ ဘိက္ခုနီတွေရဲ့ သိက္ခာပုဒ်က ၃၁၁ ပါး။ ၈၄ ပါးကွာတာပေါ့။
သိက္ခမာန်
ဘိက္ခုနီ မပြုခင်မှာ ငါးပါးသီလနဲ့ ဝိကာလဘောဇန (နေမွန်းလွဲ မစား) ဆိုတဲ့ သိက္ခာပုဒ် ၆ပါးကို စောင့်ထိန်းပြီး ၂နှစ်နေရသေးတယ်။ အဲဒီ လိုနေဆဲကာလမှာ သိက္ခမာန်လို့ ခေါ်တယ်။ ယနေ့ခေတ်သီလရှင်တွေ ရဲ့ ရှေးပြေးလို့ ဆိုနိုင်မလားပါပဲ။ ဒါပေမယ့် လူဝတ်ကြောင် အဝတ် အစားနဲ့ ခေါင်း မရိတ်ဘဲ နေနိုင်တယ်။ သိက္ခမာန် ၂ နှစ် မလုပ်ရင် ဘိက္ခုနီ ပြုခွင့်မရှိဘူး။ တောင်ပိုင်း (ထေရဝါဒ) ဗုဒ္ဓသာသနာ အစဉ် အလာမှာ သိက္ခမာန်တွေနဲ့ ဘိက္ခုနီတွေ ခပ်စောစောကပင် ကွယ် ပျောက်သွားပုံရတယ်လို့ သုတေသီတို့ဆိုတယ်။
သီလရှင်
ဖန်ရည်စွန်း အဝတ်ကို မြတ်နိုးကြတဲ့ ထေရဝါဒ နိုင်ငံက ဗုဒ္ဓဝါဒီအမျိုး သမီးတွေဟာ သံဃာတော်တွေကို အားကျပြီး အတုယူ ကျင့်သုံးရာက နေ သီလရှင်သာသနာ ထွန်းကားလာတာ ဖြစ်ဖွယ်ရှိပါတယ်။ မြတ်ဗုဒ္ဓ လက်ထက်က သီလရှင်ဆိုတာ မရှိပေမယ့် ဘိက္ခုနီပြုဖို့တောင် ခွင့်ပြုခဲ့ သေးတာပဲ။ သီလရှင်တွေဟာ ရှစ်ပါးသီလကိုပဲ စောင့်ပေမဲ့ ဒီ့ထက်ပိုပြီး အများကြီး နက်ရှိုင်းပါတယ်။
အလှအပနဲ့ မာန်မာနကို ခဝါချပြီး နိက္ခမ္မပါရမီ ဖြည့်ကျင့်နိုင်ကြလို့ သီလရှင် တစ်ပါးရဲ့ ဘဝဟာ အင်မတန် ကြည်ညို လေးစားစရာ ကောင်းပါတယ်။ သီလရှိသူအနေနဲ့ ရိုသေ ပူဇော်ရှိခိုးကြရာမှာ ကျားမ ခွဲခြားမှုမရှိပါဘူး။ သီလဂုဏ်ရည်ကိုမြတ်နိုး ဦးတင်တာပါ။
ရဟန်းအတု
ဗုဒ္ဓရဲ့ အဆုံးအမမှာ စိတ်ထားဟာ အရေးကြီးပါတယ်။ ရဟန်းတုကို ရဟန်းစစ် အမှတ်နဲ့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုပြီး ရိုသေ ပူဇော်မှုပြုရင် အကျိုးဖွံ့ ဖြိုးမှု နည်းနိုင်ပေမဲ့ အကုသိုလ်တော့ မဖြစ် ပါဘူး။ ရဟန်းတုမှန်း သိရင် တော့ လျစ်လျူရှုထားလိုက်ပါ။
---
၆၅။ သီလမြင့်သူနဲ့ အဓမ္မအမိန့်
ဇူလိုင် ၂၇၊၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
မကြာမီက အွန်လိုင်းကနေ ဖတ်လိုက်ရတဲ့ ဆောင်းပါးတစ်ပုဒ်မှာ မြတ်စွာဘုရားက ‘အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ = ရဟန်းတော် တွေဟာ ဘုရင်မင်း အုပ်ချုပ်သူတို့ရဲ့ အမိန့်ကို နာခံရမည်’ ဟောတော် မူလို့ အာဏာရှိတဲ့ လူတွေကို ဆန့်ကျင်ဖက် မလုပ်ကောင်းဘူးဆိုတဲ့ သဘောမျိုး ရေးထားပါသည်။ အဲဒီ ရေးသားချက်နှင့် ပတ်သက်ပြီး စိတ်ထဲမှာ မကျေမလည် ဖြစ်နေပါသည် အရှင်ဘုရား။ ဗုဒ္ဓဘုရားရှင်က အမှန်တကယ် အဲဒီလို ဟောတော်မူခဲ့သလော ဆိုသည်ကို သိလိုပါ သည် အရှင်ဘုရား။
မြတ်ထန် (စင်္ကာပူ)
---
သမိုင်းနောက်ခံ
မြတ်ဗုဒ္ဓ လက်ထက်က မဂဓတိုင်းရှင် ဗုဒ္ဓဝါဒီ ဘုရင် ဗိမ္ဗိသာရဟာ ရဟန်းတွေ ဝါဆိုမဲ့ရက်ကို နောက်ဆုတ်လိုတဲ့ အတွက် ‘အရှင်မြတ်တို့ ရှေ့လကျမှ ဝါဆိုရင် ဖြစ်နိုင်ပါသလား’လို့ သံဃာတွေထံ သတင်းစကား ပါးလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြတ်ဗုဒ္ဓကိုမေးလျှောက်တဲ့ အခါ ‘အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ = ရဟန်းတို့၊ မင်းတို့၏ အလိုသို့ လိုက်စိမ့်သောငှာ ငါဘုရား ခွင့်ပြု၏’လို့ မိန့်တော်မူပါတယ် (ဝိ ၃၊၁၉၃)။ ဗိမ္ဗိသာရမင်းက ဝါဆိုလမှာ ဝါမဆိုသေးဘဲ ဝါခေါင်လကျမှ ဝါဆိုဖို့ သံဃာတော်တွေကို လျှောက်ထားတာကို ဗုဒ္ဓက အဲဒီလို ဖြေ ကြားတော်မူတာ ဖြစ်ပါတယ်။
အဲဒီ စာပိုဒ်ကို အဋ္ဌကထာ (ပါဠိတော်ရဲ့ အဖွင့်ကျမ်း)မှာ ‘မင်းအလိုသို့ လိုက်စိမ့်သောငှာ ခွင့်ပြု၏ ဟူသည် နောက်သို့ (တစ်လ) ဆုတ်ပြီး ဝါဆိုရာ၌ရဟန်းတော်များမှာ မည်သည့်အကျိုးဆုတ်ယုတ် မှုမှ မရှိနိုင်သောကြောင့် မင်းအလိုသို့ လိုက်ရန် ခွင့်ပြုခြင်း ဖြစ်၏။ သို့ ဖြစ်၍ဓမ္မနှင့် ညီသောကိစ္စများ၌မင်းအလိုသို့လိုက်ရမည်။ အဓမ္မကိစ္စ မျိုးဖြစ်လျှင် ကား (ဘုရင်မင်း အပါအဝင်)မည်သူ့ အလိုသို့မျှ မလိုက်ရ (အဓမ္မိကေ ပန န ကဿစိ အနုဝတ္တိတဗ္ဗံ (ဝိ၊ဋ္ဌ၊၃၊၁၅၀)’လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။
လိုရင်းကတော့ အဓမ္မမှု ဖြစ်နေရင် ဘုရင်က ဘာအမိန့်ပဲ ထုတ်ထုတ် လိုက်နာစရာမလိုဘူးတဲ့။
ရာဟုလာရဲ့ အယူအဆ
History of Buddhism in Ceylon ကျမ်း (p. 66)မှာ သီဟိုဠ် ဆရာတော် ဒေါက်တာ ဝါလ်ပိုလာ ရာဟုလာက ‘ဗုဒ္ဓရှင်တော်မြတ်ဟာ စကြဝတေး မင်းမှာလည်း ဗုဒ္ဓလိုပဲ လက္ခဏာ ၃၂ ပါးရှိတယ်၊ ဗုဒ္ဓကိုရော စကြဝတေး မင်းကိုပါ စေတီ တည်ထိုက်တယ်လို့ ဟောတော်မူတယ်။ ဒီလို ယူဆလို့ ပဲရဟန်းတွေဟာ ဘုရင် မင်းတို့ရဲ့ညွှန်ကြားချက်ကိုလိုက်နာရ မယ်လို့ ဗုဒ္ဓအနေနဲ့ သာမန်ဘုရင်မင်းတွေကိုတောင်များစွာအရေးပေး ထားတာတွေ့ရတယ်’လို့ ဆိုပါတယ်။
ဝါလ်ပိုလာရာဟုလာအနေနဲ့ သူ့ကျမ်းထဲမှာ အဋ္ဌကထာကျမ်းတွေ ရဲ့ အဆိုအမိန့်တွေကို များစွာ ကိုးကားတဲ့ အတွက် ဒီနေရာမှာလည်း အဋ္ဌကထာ ကျမ်းရင်း ဖွင့်ဆိုချက်ကို ကြည့်ပြီး ဒီထက်ပိုမို ပြည့်စုံ အောင်ရှင်းပြပေးသင့်တယ်လို့ ဘုန်းကြီးထင်ပါတယ်။
ထုတ်ဖော် ရှင်းပြခွင့်
‘ဘိက္ခုတို့၊ သူတစ်ပါးတို့က ဗုဒ္ဓ၊ ဓမ္မ၊ သံဃာကို ကဲ့ရဲ့စကား ဆိုလာ လျှင် နှလုံးမသာမယာ မဖြစ်ကြနှင့်။ ၎င်းတို့၏ ကဲ့ရဲ့ပြစ်တင်မှု မမှန် ကန်ပုံကို ကြောင်းကျိုးပြ၍ ဖြေရှင်းကြရမည်။ ချီးမွမ်းစကား ဆိုလာ သည်ကိုလည်းတက်ကြွဝမ်းသာခြင်းမဖြစ်သင့်။ သင်တို့ပြောသည့် ဂုဏ်ပုဒ်တွေ ဤအကြောင်းကြောင့် ငါတို့မှာ ရှိ၏ဟု ခိုင်လုံစွာ ရှင်းပြရ မည် (ဒီ၊၁၊၃)’လို့ ဗုဒ္ဓဟောတော်မူပါတယ်။
ဒါကြောင့် ဗုဒ္ဓဝါဒဟာ မမှန်တာကို မမှန်တဲ့ အတိုင်း ပြောဆို ဖြေ ရှင်းဖို့ ညွှန်ကြားပါတယ်။ ရေငုံနှုတ်ပိတ် နေပြီး အားလုံးကို အရှုံးပေး တဲ့ ဝါဒမျိုး မဟုတ်ပါဘူး။ ‘ပြိုင်လာလျှင် အရှုံးပေး နှလုံးအေးတဲ့ ဆေး’ ဆိုပေမယ့်ဆိတ်ဆိတ် နေခြင်းဟာဝန်ခံခြင်း အဓိပ္ပာယ်ဖြစ်လို့ အဓမ္မ မှန်း သိလျက်နဲ့ ငြိမ်နေရင် ကိုယ်လည်း အဓမ္မမှုကို သဘောတူတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားနိုင်ပါတယ်။
ငစွယ်ရှင်ရဲ့ သီလဂုဏ်ရည်
ပုဂံ နရပတိစည်သူ မင်းဟာ တူးရွင်းတောင်က အပြန် တစ်နေရာ ရောက်တော့ချောက်ထဲမှာ ပတ္တမြား အရောင်တောက်နေတာကို မြင်မိ ပါသတဲ့။ အဲဒါကို အဓိပ္ပာယ် တစ်မျိုး ကောက်ယူရာကနေ အဲဒီ နေရာ မှာဘုရားတစ်ဆူ (ယနေ့ခေတ် စူဠာမဏိဘုရား) တည်မယ်ဆိုပြီး တိုင်း သူပြည်သားတွေကို အဲဒီချောက်ကို မြေဖို့ခိုင်းပါသတဲ့။ ရဟန်းသံဃာ ကိုလည်းအလှူပေးဖို့ပင့်ဖိတ်ပါသတဲ့။
အဲဒီတော့ သီလသမာဓိနဲ့ အင်မတန် ပြည့်စုံတဲ့ ပံ့သကူဆောင် ငစွယ်ရှင် အမည်နဲ့ (ငစွယ်ငယ် အမည်ရှိသူရဲ့ ကိုယ်က အဝတ်ကို ပံ့သကူကောက်ယူပြီးအသုံးပြုလို့ အဲဒီအမည်တွင်)ရဟန္တာလို့ ကျော် ကြားတဲ့ အရှင်သီလဗုဒ္ဓိမထေရ်က ‘မင်းကြီး ပြုသောအမှုသည် ကောင်း မှု မဖြစ်၊ မကောင်းမှုသာ ဖြစ်၏၊ မင်းကြီး လှူသော ဆွမ်းကိုလည်း ငါမခံ’ လို့ မိန့်တယ်။ မင်းကြီးက ‘ပြည်သူတို့ လှူသော ဆွမ်းလည်း ငါ့ဆွမ်းပင် မဟုတ်လော’တဲ့။
ဒါနဲ့ ရဟန္တာ ငစွယ်ရှင်ဟာ နရပတိရဲ့ တိုင်းပြည် (ပုဂံ) မှာ မနေ တော့ဘူးလို့ ဆုံးဖြတ်ပြီး သီဟိုဠ်ကို ထွက်ဖို့ ပြင်ဆင်တယ်။ ဒါပေမယ့် နောက်တော့ အနန္တပစ္စည်း ဆိုတဲ့ အမတ်ရဲ့ လိမ်မာစွာ ဆောင်ရွက်မှု ကြောင့် မင်းကြီးက တောင်းပန်လို့ ဆရာနဲ့ ဒကာ ပြန်ပြီး အဆင်ပြေ သွားကြပါတယ် (တွင်းသင်း၊၁၊၁၂၈။ မှန်နန်း၊၁၊၃၂၄)။
အကြောင်းရင်း
ရာဇဝင်ကျမ်းတွေမှာဘာကြောင့်အရှင်မြတ်ကအဲဒီလိုပြောရတယ်ဆို တာ မဖော်ပြဘူး။ ဒါပေမယ့် အရှင်မြတ်အနေနဲ့ မလိုအပ်ဘဲ ချောက်ကို မြေဖို့ပြီး ပြည်သူတွေ ပင်ပန်းကြရတာ၊ သူကြီးဘုရား ရွာသားကောင်းမှု လုပ်တာတွေကို မတရားဘူးလို့ ယူဆလို့ တစ်နည်း အဓမ္မအနေနဲ့ မြင်လို့ ဖြစ်နိုင်တယ်လို့ ဘုန်းကြီး ယူဆပါတယ်။ ပြီးတော့ မြင်းခံ ငပြည့်၊ နောင်တော် မင်းယဉ်နရသိင်္ခ၊ အောင်စွာငယ်နဲ့ အနန္တသူရိယ အမတ်တို့ကို မဆင်မခြင် ကွပ်မျက်ပစ်တာတွေကလည်း ပြည်သူအကြား ပြောစရာတွေ ဖြစ်နေမှာပဲ။ ပြည်သူ့ ခံစားချက်တွေဟာ ပြည်သူ နဲ့ ထိတွေ့နေရတဲ့ အရှင်မြတ်ရဲ့ နှလုံးသားကိုလည်း ရိုက်ခတ်နိုင်တာပဲ။
သက်ဦးဆံပိုင် ခေတ်မှာ အဲဒါလောက် လက်ရဲ ဇက်ရဲရှိလှတဲ့ နရပတိစည်သူလို မင်းကို အဲလို ဗြောင်ပြောပြီး သပိတ်မှောက်ရဲတဲ့ အရှင် မြတ်ရဲ့ သတ္တိကတော့ တကယ့်ကို ပြောင်မြောက်လွန်းလို့ ရာဇဝင်မှာ စာတင်ခံရတာ ဖြစ်ပါတယ်။ အရှင်မြတ်အနေနဲ့ မိမိ စောင့်ထိန်းထားတဲ့ သီလသိက္ခာ၊ ပွားများထားတဲ့ သမာဓိနဲ့ ပညာကို လုံးဝ ဥဿုံ ယုံကြည်လို့ ပဲဖြစ်ပါလိမ့်မယ်။
---
၆၆။ နတ်တွေကို တွေ့ချင်ရင်
ဇူလိုင် ၂၀၊၂၀၀၈၉။
---
လျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား၊
ဘုရားရှင်လက်ထက်က နတ်များ လာရောက် ဖူးမြော် လျှောက်ထား ကြကြောင်း ဖတ်ရှုရပါသည်။ ဘုရားရှင် ကိုယ်တိုင်လည်း နတ်ပြည်သို့ ကြွရောက် တရားဟောတော်မူကြောင်း သိရပါသည်။ သို့သော် ယနေ့ ခေတ်တွင်ထိုနတ်များနှင့် ပတ်သက်၍ မကြားရသလောက်ရှိပါသည်။ နတ်များသည် ယနေ့ခေတ်မှာကျမှ အဘယ်ကြောင့် တွေ့ကြုံရ ရှားပါး ပါသနည်း။ ဆရာတော်တို့အမြင်ကိုသိလိုပါသည်။
ထွန်းလင်း
---
ရီလီဂျင်း မဟုတ်
ဗုဒ္ဓရှင်တော်မြတ်ဟာ အိန္ဒိယဒဿနရဲ့ ထင်ရှားတဲ့ လက္ခဏာတွေဖြစ်တဲ့ ဘဝသံသရာ၊ ပရလောကနဲ့ နတ်ဒေဝါတွေကို ယုံကြည် မှုမျိုးလို တည် ရှိပြီး ယူဆချက်တစ်ချို့ကို မငြင်းပယ်ပေမယ့် လူသားကိုကောင်းကျိုး မပြုနိုင်တဲ့ အဓိက အတွေးအမြင် တော်တော် များများကိုတော့ တော် လှန်ခဲ့ပါတယ်။ ဥပမာ တိရစ္ဆာန်ကို သတ်ပြီး ယဇ်ပူဇော်တာ၊ ဇာတ်ခွဲ ခြားတာ၊ ထာဝရဖန်ဆင်းရှင် မဟာဗြဟ္မာ၊ အတ္တ (တည်မြဲတဲ့ ဝိညာဉ် ကောင်)ဆိုတာတွေကို လုံးဝငြင်းပယ်ပါတယ်။
ဘာသာတရားတိုင်းမှာ လက်တွေ့ မပြနိုင်တဲ့ ယုံကြည်မှုအပိုင်း ဆိုတာရှိပါတယ်။ ဥပမာ ဗုဒ္ဓဘာသာတို့ ယုံကြည်တဲ့ ကံ (အထူးသဖြင့် အတိတ်ကံ)၊ အတိတ်ဘဝ ဆိုတာတွေကို အထည်ကိုယ် ဒြပ်ဝတ္ထု အနေနဲ့ ဆုပ်ကိုင်ပြီး မပြနိုင်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာမှာ အားကောင်း တာက လက်တွေ့ကျင့်ကြံမှု အပိုင်းပါ။ လူမှုရေးကျင့်ဝတ်နဲ့ အဆင့်မြင့် ကျင့်စဉ်တွေ ပါရှိလို့ Religion သက်သက်မဟုတ်သလို Social Ethic (လူမှုရေး ကိုယ်ကျင့်တရား) သက်သက်လည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာဆိုတာကို အဲဒီလိုအမှန်အတိုင်း သဘောပေါက် နားလည်ထားသင့်ပါတယ်။
ဗုဒ္ဓနဲ့ နတ်လောက
ဗုဒ္ဓပြီးရင် တန်ခိုးအကြီးဆုံးဖြစ်တဲ့ အရှင်မောဂ္ဂလာန်ဟာ အခါတစ်ပါး ဂဇ္ဈကုဋ်တောင်ပေါ်က အဆင်းမှာ လှစ်ခနဲ ကိုယ့်ဟာကို ပြုံးမိတာကို နောက်ကပါလာတဲ့ အရှင်လက္ခဏမထေရ်က ဘာကြောင့်ပြုံးပါသလဲလို့ မေးတဲ့ အခါ ဘုရားရှင်ရှေ့မှာ မေးပါတဲ့။ ဒါနဲ့ ဘုရားရှင်ရှေ့ ပရိတ်သတ် စုံတုန်းအရှင်လက္ခဏက ထပ်မေးတော့ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မောဂ္ဂလာန်က ‘ဧရာမရိုးဆက်ပြိတ္တာကြီးတစ်ကောင်ကို ပြိတ္တာ ဖြစ်တဲ့ လင်းတငှက်တွေက ဝိုင်းပြီး ထိုးဆိတ်နေကြတာကို မြင်မိလို့ ပြုံးမိတာပါ’လို့ ဖြေလိုက်တယ်။
ဒီတော့ ဗုဒ္ဓရှင်တော်မြတ်က သာဓု သုံးကြိမ်ခေါ်ပြီး ‘ငါဘုရားလဲ အဲဒီ ရိုးဆက်ပြိတ္တာကို မြင်မိတာ ကြာပြီ၊ ဒါပေမယ့် သက်သေ မရှိလို့ မပြောဘဲနေခဲ့တာ။ ခုတော့မောဂ္ဂလာန်ဟာငါ့ရဲ့သက်သေဖြစ်ပြီ။ ငါ့ရဲ့ တပည့်သားတွေ တန်ခိုးစွမ်းရည်နဲ့ ပြည့်စုံကြပေတယ်’လို့ ချီးမွမ်းတော် မူပါတယ်။ ဗုဒ္ဓလက်ထက်က နတ်တွေကို မြင်ရသူတွေဟာ အရှင် မောဂ္ဂလာန်လို စိတ်ပိုင်းဘဝ တိုးတက်ပြည့်စုံပြီးသူတွေ များပါတယ်။
မင်းတုန်းမင်းနဲ့ ရေမြွေ
မင်းတုန်းမင်းက ဆရာတော်သံဃာတော်တွေကို အတည်အပေါက်လို လိုနဲ့ မေးလျှောက်ဖူးတယ်။ အသောကမင်းကြီးရဲ့ ဆရာမထေရ်ရဟန်း တွေ ပရိတ်ရွတ်ရင် ပရိတ်ရေဆူလို့ ဒကာတော် (မင်းတုန်း)ရဲ့ ဆရာ အရှင်တွေကော ပရိတ်ရေ ဆူပါသလားတဲ့။ ဒီတော့ သံဃာ့ ကိုယ်စား ဗန်းမော်ဆရာတော် ခပ်ရွဲ့ရွဲ့နဲ့ ဖြေလိုက်ပုံက ‘အသောကမင်းက အမိန့် တော်နဲ့ ခေါ်လိုက်ရင် လူကို အသာထားလို့ ရေအောက်က နဂါးတွေ တောင်လာရတယ်။ အဲဒါလောက်ဘုန်းအာဏာနဲ့ ပြည့်စုံတဲ့ မင်းကြီးရဲ့ ဆရာဖြစ်တဲ့ သံဃာတော်တွေ ပရိတ်ရွတ်ရင် ပရိတ်ရေ ဆူတာပေါ့။ ယခု ဒကာတော်မှာက ရေထဲက ရေမြွေကိုတောင် လာအောင်မှ မခေါ် နိုင်တာဘဲ၊ ဒကာတော်ရဲ့ဆရာဘုန်းကြီးတွေပရိတ်ရေမဆူတာ ဆန်း ပါ့မလား ဒကာတော်’တဲ့။
အရှင်မောဂ္ဂလာန် မထေရ်ကြီးလို အဘိညာဉ်တန်ခိုးတွေကို ရကြ ရင် ခုခေတ်မှာလည်း နတ်တွေကိုမြင်နိုင်မလားလို့ စဉ်းစားမိတယ်။
ကမ္ဘာအစ တေဇောက။ သတ္တဝါအစ မောဟက။
---
၆၇။ ပေထက်အက္ခရာတင်
နောက်ကျပေမယ့်
နိုဝင်ဘာ ၁၂၊၂၀၀၈။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
(၁) တပည့်တော် သိရသလောက် ဗုဒ္ဓ၏တရားတော်များကို ဗုဒ္ဓဘုရား ရှင်ပရိနိဗ္ဗာန်စံပြီးနောက်နှစ်ပေါင်း များစွာကြာပြီးမှ စာအုပ်အဖြစ်နှင့် ရေးသား မှတ်တမ်းတင်သည်ဟု ကြားဖူးပါသည်။ သို့ဖြစ်၍ ဗုဒ္ဓဓမ္မ အတွင်းသို့ အခြားဘာသာတရားမှ အယူအဆများ ဝင်ရောက် ရောထွေး ခြင်းမှ ကင်းလွတ်နိုင်ပါမည်လော။ နှောင်းခေတ်မှာလည်း ဓမ္မရေးရာ အဓိပ္ပာယ် ကောက်ယူမှု ကွဲလွဲသောကြောင့်ပင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ များဖြစ်ပေါ်လာသည်ဟုယူဆပါသည်။
(၂) တပည့်တော်တို့ မြန်မာလူမျိုးများသည် ကမ္ဘာပေါ်မှာ ဗုဒ္ဓဝါဒကို အကြည်ညိုဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ သို့ဖြစ်ပါလျက် တပည့်တော် တို့ မြန်မာနိုင်ငံ ဆင်းရဲမွဲတေပြီး အောက်တန်းကျနေရပါသနည်း။ ဖိနှိပ်မှု အမျိုးမျိုးမှ မလွတ်မြောက်ဘဲ ရှိရပါသနည်း။ ဗုဒ္ဓရဲ့ တရားတော် ကြောင့် တပည့်တော်တို့ မြန်မာနိုင်ငံ ချမ်းသာကြွယ်ဝသင့်သည် မဟုတ် ပါလောဘုရား။ ဆရာတော်ရဲ့အမြင်ကိုသိပါရစေ။
စိုးပိုင်၊ နယူးယောက်
---
အာဂုံဆောင် အစဉ်အလာ
ဗုဒ္ဓရဲ့ နောက်ကအမြဲလိုက်ပါရတဲ့ အရှင်အာနန္ဒာဟာ ခုခေတ်အသံဖမ်း စက်လို ဗုဒ္ဓဟောသမျှ တရားတွေကို စိတ်အာရုံမှာ အတိအကျ မှတ် တမ်းတင်နိုင်ခဲ့တယ်။ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလို့ သုံးလအကြာရဟန္တာငါးရာ စည်းဝေးပြီး ဗုဒ္ဓဓမ္မကိုနိကာယ်အနေနဲ့ ငါးရပ်၊ ပိဋကတ်အနေနဲ့ သုံးပုံ လို့ စနစ်တကျ စုစည်းကြတဲ့ အခါ အရှင်အာနန္ဒာလည်းပါတာပေါ့။ အဲဒီ အစည်းအဝေးကပဲ ‘အရှင်ဥပါလိကို ဝိနယပိဋက၊ အရှင်အာနန္ဒာကို ဒီဃနိကာယ်၊ အရှင်သာရိပုတ္တရာရဲ့ တပည့်တွေကို မဇ္ဈိမနိကာယ်၊ အရှင်မဟာကဿပကို သံယုတ္တနိကာယ်၊ အရှင်အနုရုဒ္ဓါကို အင်္ဂုတ္တရနိကာယ်ကိုသင်ကြားပေးဖို့တာဝန်ပေးခဲ့တယ် (ဒီ၊ဋ္ဌ၊၁၊၁၅)’။
ခုဒ္ဒကနိကာယ်ကို မည်သူ့အား တာဝန်ပေးကြောင်း မသိရပေမယ့် အဘိဓမ္မာပိဋကကိုတော့ အရှင်သာရိပုတ္တရဲ့တပည့်တွေက ပဲတာဝန်ယူ ပို့ချခဲ့ကြဖွယ်ရှိပါတယ်။ သင်ကြားပုံက ကျောက်သင်ပုန်းနဲ့ ပေရွက်နဲ့ မဟုတ်ဘူး။ မူရင်း ပါဠိတော်ကို ဆရာက နှုတ်တိုက်ချပေးလိုက်၊ အဲဒီ ပါဠိတော်ရဲ့အနက်အဓိပ္ပာယ်ကို ရှင်းပြလိုက်နဲ့ တပည့်တွေကို သင်ပေး ကြတာ။ ဆရာစဉ်ဆက် ဒီလိုပဲ ပို့ချလာလိုက်တာ အသောကမင်းလက် ထက် တတိယသံဂါယနာ တင်ချိန်ထိ အိန္ဒိယမှာ ဆရာစဉ် ငါးဆက် (နှစ်ပေါင်း၂၃၀)ကျော်ကြာတယ်။
အာဂုံဆောင်တာဟာ စာကြည့်တိုက်က စာအုပ်တွေထက် အား ကိုးရတယ်ဆိုတဲ့ သီအိုရီကို ကြားဖူးပါတယ်။ ဟုတ်တာပေါ့၊ စာကြည့် တိုက်ကို မီးလောင်ရင် နာရီပိုင်းအတွင်း စာအုပ်တွေ ပျက်စီးသွားနိုင် တာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်လောက်တုန်းက ကွက်စိပ် ဟောဆရာဦးလေးဝမ်းကွဲ နှုတ်တိုက်သင်ပေးခဲ့တဲ့ ပဒုမပေါင်တိုဇာတ် ထဲက စာသားတစ်ချို့ကို ဘုန်းကြီး ယနေ့တိုင် ဦးလေးရဲ့ လေယူလေ သိမ်းအတိုင်း အလွတ်ရနေပါတယ်။ ငယ်ငယ်က ရေးကူးထားတဲ့ စာ အုပ်ကတော့ ပျောက်ပျက်သွားပါပြီ။ ဒါကိုကြည့်ရင် အဲဒီ သီအိုရီကို ထောက်ခံရပါလိမ့်မယ်။
ဗုဒ္ဓဓမ္မကို အက္ခရာနဲ့ ရေးချိန်
အသောကမင်းရဲ့ သားတော် အရှင်မဟိန္ဒ ဦးဆောင်တဲ့ မထေရ်ငါးပါးဟာ တတိယသံဂါယနာမှာ အတည်ပြုတဲ့ ပိဋကတ်သုံးပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် (အဋ္ဌကထာ)တွေကို ဗုဒ္ဓလွန်ပြီး ၂၃၆ နှစ်အကြာ (မဟာဝံ သမှတ်တမ်းအရ)မှာ အိန္ဒိယကနေသီဟိုဠ်ကိုနှုတ်နဲ့ ပဲသယ်ယူခဲ့ကြတယ်။ အရှင်မဟိန္ဒဟာ သီဟိုဠ် အနုရာဓမြို့မှာ မဟာဝိဟာရကျောင်း တိုက်ကြီးကို တည်ထောင်တယ်။ အဲဒီကျောင်းတိုက်ကြီးမှာပဲအိန္ဒိယက အမွေရခဲ့တဲ့ ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာတွေကိုနောက်ထပ် နှစ်ပေါင်း နှစ်ရာကျော်ကြာ ဆရာစဉ်ဆက် နှုတ်တိုက် ပို့ချခဲ့ကြတယ်။ ဒီအချိန်ထိ ဗုဒ္ဓဓမ္မကို အက္ခရာနဲ့ မရေးရသေးဘူး။ ဝဋ္ဋဂါမဏိမင်းလက်ထက် (ဘီစီ ၂၉-၁၇) သီဟိုဠ်မှာ ကြီးမားတဲ့ စစ်မက်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေး တွေနဲ့ ကြုံလို့ ပါဠိ အဋ္ဌကထာကို နှုတ်လွတ်ဆောင်ဖို့ ခဲယဉ်းတာကို ရဟန္တာမထေရ်ကြီးတွေ သတိပြုမိသွားပြီး ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာကို ပေပေါ်မှာ ရေးတင်ပါတယ်။ ဒါကို စတုတ္ထသံဂါယနာတင်တာလို့လည်း ခေါ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန်စံလွန်ပြီးနောက် နှစ်ပေါင်း ၄၅၀ လောက်အကြာမှာလို့ အကြမ်းဖြင်းဆိုနိုင်ပါတယ်။
သုံးသပ်ချက် နှစ်မျိုး
၁) အဲဒီလောက် ကြာတဲ့ နှစ်ကာလအတွင်း ထေရဝါဒ မဟုတ်တဲ့ စာပိုဒ်တွေ အယူအဆတွေ သုတ္တန်တွေ ပိဋကတ်သုံးပုံထဲမှာ မရောနှော ဘဲ ရှိပါ့မလား၊ စတုတ္ထသံဂါယနာမှာ ရေးတင်တယ်ဆိုတဲ့ ပိဋကတ် သုံးပုံကော ယနေ့ခေတ် ပိဋကတ်သုံးပုံနဲ့ ဘယ်လောက်များ တူညီနိုင် ပါ့မလဲလို့ အနောက်တိုင်းသားတွေက ဝေဖန်လေ့ရှိပါတယ်။ သမိုင်းရှု ထောင့်နဲ့ သုတေသနအမြင်အရ အဲဒီလိုဝေဖန်ခွင့်ရှိပါတယ်။
ဒါပေမယ့် ၎င်းတို့အနေနဲ့ ‘ဘုရားသခင်က တမန်တော်တွေကို ကျမ်းမြတ်တွေ သင်ပေးတာကို တမန်တော်တွေက ရေးမှတ်ထားတယ်’ဆိုတာကိုမျက်စိမှိတ် ယုံကြည်နိုင်ပေမယ့်ဗုဒ္ဓရဲ့တပည့်တွေက ဗုဒ္ဓဟောတဲ့ တရားတွေကို တိတိကျကျ အာဂုံဆောင်လာတယ် ဆိုတာ ကိုတော့မယုံကြည်နိုင်ဘဲဖြစ်နေတယ်လို့ တော့ ထောက်ပြရလိမ့်မယ်။
၂) ရဟန္တာကြီး အရှင်မောဂ္ဂလ္လာန် မထေရ်ဟာ ဓားပြတွေ ရိုက် နှက်လို့ ရတဲ့ သေလောက်အောင် ပြင်းထန်တဲ့ ဒဏ်ရာကို ဖလသမာပတ် သမာဓိနဲ့ တည်ငြိမ်စွာ သည်းခံနိုင်တယ်။ (အနောက်တိုင်းသား ဆရာဝန် တစ်ယောက်တောင်လူနာကိုသတိပဋ္ဌာန်နည်းနဲ့ တရားမှတ်ခိုင်းပြီး စမ်းသပ် ခွဲစိတ်တယ်ဆိုတဲ့ သတင်းကို မကြာခင်က ဖတ်ရတယ်)။ ဗုဒ္ဓ ဓမ္မကို နှုတ်ငုံဆောင်ကြတဲ့ ဗုဒ္ဓရဲ့ တပည့်တွေဆိုတာက အဲဒီလို ပုဂ္ဂိုလ် တွေပါ။ ရန်သူတွေ နှိပ်စက်ခံရလို့ အသက်ကုန်ခါနီးမှာ ‘ကြီးသော အသံ’နှင့် အဖဘုရားသခင်ကို အော်ဟစ်တမ်းတတဲ့ တမန်တော်၊ စစ် တိုက်တဲ့ တမန်တော်တွေမှာ အဲဒီလို အထက်တန်းကျတဲ့ စိတ်ပိုင်းဘဝ လေ့ကျင့်မှုကြောင့် ထိုးထွင်းသိမြင်ထားတဲ့ အရည်အချင်းမျိုး မရှိနိုင်လို့ ဘုရားသခင်က ပေးတယ်ဆိုတဲ့ ကျမ်းမြတ်တွေမှာလည်း လောဘရိပ်၊ ဒေါသရိပ်၊ မောဟရိပ်နဲ့ မာနတံခွန်တွေ များစွာ လှုပ်ရှား လွှမ်းမိုးနေ တာကို ဂရုတစိုက်ဖတ်ရင် တွေ့နိုင်ပါတယ်။
ဗုဒ္ဓဝါဒီ ပညာရှင်ရဲ့ အမြင်
‘အရှင်မဟာဗုဒ္ဓဃောသနဲ့ တရုတ်ရဟန်းတော် ဖာဟီယန်တို့ အေဒီ ငါးရာစုမှာ အိန္ဒိယကနေ သီိဟိုဠ်ကို ရောက်လာကြတာဟာ (သီဟိုဠ်မှာ ရှိနေတဲ့) လက်ရှိ ပိဋကတ်ကို ရှေးဟောင်း ထေရဝါဒ အမှန်ဖြစ်တယ် လို့ ယုံကြည်ကြလို့ ပဲ။ ထေရဝါဒ ရဟန်းတော်တွေဟာ စကားလုံး တစ် လုံးတလေရဲ့ သန့်ရှင်းမှု (အနက်အဓိပ္ပာယ် မချွတ်ယွင်းစေမှု) ကိုပင် အထူး ဂရုစိုက်ကြတယ်ဆိုတဲ့ ရှုထောင့်ကနေကြည့်ရင် ပိဋကတ်ကျမ်း စာတွေဟာ အထည်ကိုယ်အနေနဲ့ တစ်စုံတစ်ရာ ပြောင်းလဲခြင်း ဖြစ်နိုင်ဖွယ်မရှိ (Malalasekera, Pali Literatur ofCeylon, p. 44)’။
ဂိုဏ်းကွဲတာ ဘာကြောင့်
ဗုဒ္ဓဝါဒမှာ ဂိုဏ်းကွဲရတာဟာ ဓမ္မရေးရာ အဓိပ္ပာယ်ကောက်ယူမှု မတူ တာက စတင်ခဲ့တာ မဟုတ်ဘူး။ ဝိနယအယူအဆနဲ့ လိုက်နာကျင့်ကြံ ရေး အလျော့အတင်း အတိမ်အနက် ကွဲပြားတာက စတင်ခဲ့တာပါ။ ဂိုဏ်းကွဲပြီးနောက် ဓမ္မရေးရာ အယူအဆတွေလည်း တဖြည်းဖြည်း ကွဲလွဲ သွားတယ်။ ဒါတောင် အခြေခံဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်၊ ဘဝသံသရာ ယူဆချက်တွေဟာ အတူတူပဲ။ ယုံကြည်မှု သို့မဟုတ် ဗုဒ္ဓဘာသာ ဟူသောအကြောင်းကြောင့် ဗုဒ္ဓဝါဒီတွေ အချင်း ချင်းစစ်မက်ဖြစ်ခြင်း ရာဇဝင်မှာ မရှိဖူးပါဘူး။
မြန်မာပြည် ဘာကြောင့် ဆင်းရဲ
ကမ္ဘာပေါ်မှာ မြန်မာတွေလောက် ဘယ်သူမှဗုဒ္ဓဝါဒကို မယုံကြည်မကိုး ကွယ်ပါဘူးဆိုတာကို ဘုန်းကြီး လက်မခံဘူး။ အနည်းဆုံး သီရိလင်္ကာ နဲ့ ထိုင်းလောက်ကို သွားပြီး စနစ်တကျ လေ့လာကြည့်ပါ။ ဗုဒ္ဓဝါဒဆိုင်ရာ သမိုင်းအရရော ယုံကြည်မှုအရပါ မြန်မာနိုင်ငံအောက် မညံ့ဘူးဆို တာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ် လောက်က မုန့်ဟင်းခါး တစ်ပွဲကို ငါးပြားနဲ့ အဝစားနိုင်ခဲ့တာ၊ ရွှေတစ် ကျပ်သားကို နှစ်ရာ့ငါးဆယ်ကျပ် လောက်နဲ့ ဝယ်ယူနိုင်ခဲ့တာတွေကို အမှတ်ရရင် ယခုမြန်မာနိုင်ငံ ဆင်းရဲနေရတာ ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူးလို့ ဆင်ခြင်နားလည်နိုင်ပါလိမ့်မယ်။
နိုင်ငံ ကြီးပွားချမ်းသာအောင်နဲ့ ဖိနှိပ်မှုတွေ လွတ်မြောက်အောင် လုပ်ရမှာက ပုဂ္ဂိုလ်ကိုယ်စီတို့ရဲ့ လုံ့လအားထုတ်မှု၊ ပါဝင်ပတ်သက်မှု အပေါ်မှာပဲ တည်မှီပါလိမ့်မယ်။
ဗုဒ္ဓဟောတဲ့ ကမ္မဝါဒကို ယုံကြည် လက်ခံရင် ပေါ့လေ...
---
၆၈။ သရဏဂုံမှတ်စု
နိုဝင်ဘာ ၁၃၊၂၀၀၈။
---
ဆရာတော် အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင်တွေမှာ သရဏဂုံ ဆောက်တည်မှု အရေးကြီးပါသည်ဘုရား။ သို့ဖြစ်၍ သရဏဂုံ အဓိပ္ပာယ်နှင့်တကွ သရဏဂုံဆောက်တည်ပုံ၊ သရဏဂုံ ပျက်စီးပုံတွေကို သိလိုပါသည်။ ပျက်စီးသွားသည့် သရဏဂုံ ကိုပြန်လည်ဆောက်တည်လို့ ရပါသလားဘုရား။
ဇာဇာဖြူသဲ
---
သရဏဂုံအဓိပ္ပာယ်
သရဏ=မှီခိုရာအားကိုးရာ (အနေနဲ့)ဂမန=အသိအမှတ်ပြုဆည်း ကပ်ခြင်း။ ဒါကြောင့် အားကိုးရာ အနေနဲ့ ဆည်းကပ်ရမယ့်အရာ သုံး မျိုးကိုသရဏဂန=သရဏဂုံလို့ ခေါ်ပါတယ်။
၁) ဘေးရန်ကိုပယ်ဖျောက်တတ်လို့
၂) ကြောက်ရွံ့ခြင်းကိုပယ်ဖျောက်လို့
၃) မကောင်းတဲ့ လားရာဘဝကိုပယ်ဖျောက်လို့
၄) ကိလေသာအညစ်အကြေးကိုပယ်ဖျောက်တတ်လို့ ဆိုတဲ့ အကြောင်းလေးမျိုး သို့မဟုတ် ဂုဏ်ရည်လေးမျိုးကြောင့် ဒီသုံး မျိုးကို အားကိုး ကိုးကွယ်ရတာဖြစ်ပါတယ်။
(ဆောင်) ဘေးအန္တရာယ်ကိုပယ်၊ အကြောက်ကွယ်၊ အပါယ်မလားရ။ ကိလေညစ်ကြေးကင်းစင်ဝေး ဆိုရေးသရဏ။
သရဏဂုံထိုက်ပုံ
မြတ်ဗုဒ္ဓဟာ မိမိကို သေကြောင်းကြံတဲ့ အဇာတသတ်၊ ဒေဝဒတ်နဲ့ သုပ္ပဗုဒ္ဓစတဲ့ ပုဂ္ဂိုလ်တွေကိုတောင် သားတော် ရာဟုလာနဲ့ ထပ်မေတ္တာမျိုး ထားနိုင်ပါတယ်။ ဗုဒ္ဓဟောတဲ့ ပိဋကတ်သုံးပုံထဲမှာ ‘ငါ၏ အမည်နာမ တော်ကိုကဲ့ရဲ့ပုတ်ခတ်သူအား သေဒဏ်စီရင် ရမည်’။ ‘ရုပ်တုဆင်းတု ကိုးကွယ်သူများကို တွေ့လျှင် နေရာမရွေး (ဓားဖြင့်) နုပ်နုပ်စဉ်းရမည်’ စတဲ့ ဟောကြားချက်မျိုးလုံးဝ မပါရှိဘူး။ ‘စိတ်ဆိုးသူကို စိတ်မဆိုးဘဲ အောင်နိုင်ရာ၏’လို့ သာ ဟောတော်မူပါတယ်။ အဲဒီလို နားလည်ပြီး မေတ္တာရှင်ကြီး ဗုဒ္ဓကို ကိုးကွယ်တာဖြစ်ပါတယ်။
ဗုဒ္ဓဟောတဲ့ ဓမ္မအနှစ် ချုပ်က ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား’ ဆိုတဲ့ သီလ သမာဓိ ပညာ ကျင့်စဉ် ပါပဲ။ ‘ကိုယ့်နံကိုချိုးလို့ သူ့နံရိုးကိုပြန်ချိုး’ရင် ရန်မငြိမ်းနိုင်ဘူး။ နောက် နံရိုးတစ်ချောင်းကိုထပ်ချိုးပါလို့လည်း ပြောစရာမလိုပါဘူး။ မဇ္ဈိမပဋိ ပဒါကျင့်စဉ်အရ ‘ရန်သူကို ရန်တုံ့ပြန်မပြု’ဘဲ နေရင် လုံလောက်ပါပြီ။ ဒီနည်းနဲ့ လိုက်နာကျင့်သုံးဖို့ ဓမ္မကိုကိုးကွယ်တာပါပဲ။ အရိယမဂ်လေး ပါးထဲက တစ်ပါးပါးကို ရပြီးတဲ့ သံဃာ၊ လောဘ ဒေါသ မောဟငြိမ်း ကြောင်း အကျင့်ကို ကျင့်ကြံနေကြလို့ သံဃာကို ကိုးကွယ်တာ။ ရဟန်းကျင့်ဝတ် တစ်ပါးတတ်ရင် လူနတ်ဦးခိုက် ပူဇော်ထိုက်ပါတယ်။ ‘ချိူးကင် သိုးကင်ကို အရက်နဲ့ မြည်း’တဲ့ မိုးကောင်းကင်မှာ တည်နေတယ်ဆိုတဲ့ တန်ခိုးရှင်တွေနဲ့ မနှိုင်းသာပါဘူး။
သရဏဂုံအကျိုး
ကြောက်တာဟာ ဒေါသကြောင့်ပဲ။ ဘုရားရဟန္တာတွေမှာ ဒေါသကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ပယ်ပြီးဖြစ်လို့ အကြောက်တရား မရှိဘူး။ ကိုး ကွယ်ခံပုဂ္ဂိုလ်က ဒေါသကင်းမှ ကိုးကွယ်သူလည်း အကြောက်ကင်းမှာ ပေါ့။ သရဏဂုံသုံးပါးက ညွှန်ပြတဲ့ ငါးပါးသီလောက်ကိုလိုက်နာရင် ဒီ လူယခုဘဝချမ်းသာရုံမက သေရင်လည်း အပါယ်မကျဘူး။ ကမ္ဘာပေါ် မှာ စစ်မက်တွေ ဖြစ်ပွားရတာဟာ စိတ်ရဲ့ အညစ်အကြေးတွေကြောင့်ပဲ။ ဘာသာတရားတွေက ‘ဖန်ဆင်းရှင်ကိုယုံလိုက်ရုံနဲ့ အဲဒီဖန်ဆင်းရှင်က ကယ်တယ် မစမယ်၊ အပြစ်ကို ခွင့်လွှတ်ပြီး ကောင်းချီး မင်္ဂလာ ပေးမယ်’လို့ ကတိပေးကြပေမယ့် စိတ်ထဲက အညစ်အကြေးကို ကုစားမယ့် နည်းလမ်းကိုတော့ မပေးနိုင်ကြဘူး။
ဗုဒ္ဓဓမ္မမှာ စိတ်ကို ကုစားတဲ့ နည်းကောင်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း မျက်မှောက်ခေတ် ရာစုနှစ်တွေမှာ အိမ်ရှေ့မှာ တံခါးခေါက်၍ တစ်မျိုး ပိုက်ဆံငွေကြေး ပြ၍တစ်ဖုံ စည်းရုံးစရာ မလိုဘဲ ဓမ္မရတနာကို ဖွေရှာကြတဲ့ ကမ္ဘာအရပ်ရပ်က ပညာတတ်တွေ ဗုဒ္ဓ ဓမ္မကို လိုက်နာကျင့်သုံးလာကြတာကို တွေ့နိုင်ပါတယ်။
သရဏဂုံ ဆောက်တည်ပုံ
သရဏဂုံဆောက်တည်ဖို့ ဘာအဆောင်အယောင် ပွဲလမ်းသဘင် ကတိ ဝန်ခံချက်မှ မလိုဘူး။ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ’လို့ နှလုံးသားထဲက စီးဆင်းလာတဲ့ စိတ်အလျဉ်နဲ့ နှုတ် က အလေးအနက်မြွက်ဆိုပြီး ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်သုံးရင် သရဏဂုံ ဆောက်တည်တာပဲ။ ဗုဒ္ဓဝါဒီပါလို့ လူသိရှင်ကြားမထုတ်ဖော်တဲ့ အနောက်တိုင်းသား ပညာရှင်တစ်ယောက်က ‘ကျွန်ုပ်ဟာ ပြောမယ် ပြု မယ်ကြံတိုင်း ဗုဒ္ဓဟောတဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကိုနှလုံးသွင်းပြီးမှပြော ဆို ပြုလုပ်ပါတယ်’လို့ ဆိုဖူးပါတယ်။ ဒီလူကို သရဏဂုံ ဆောက်တည် သူလို့ ယေဘုယျဆိုနိုင်တယ်။ ဗုဒ္ဓက ‘ဓမ္မ (မြတ်ဗုဒ္ဓရဲ့ သင်ကြားချက်)ကို သိသူသည် ငါဘုရားကို သိ၏’လို့ ဟောတော်မူပါတယ်။ ‘ငါ အဖ ဘုရားသခင်ကို သိသူအား ကိုယ်တော်ရှင်မြတ်က ပြန်၍ သိ၏’ ဆို တာနဲ့ တော့ဆန့်ကျင်တယ်။
မကြိုက်လို့ စွန့်ပစ်ရုံနဲ့လည်း သရဏဂုံသုံးပါးက ဘာဒဏ်မှ မခတ် ပါဘူး။ သရဏဂုံက ပေးတဲ့ အဆုံးအမကို မလိုက်နာဘဲ ဒုစရိုက်မှုကို ကျူးလွန်ရင် တော့သူ့အပြစ်ကို သူခံရုံပါပဲ။
သရဏဂုံ ပျက်ပုံ
ရှိခိုးရုံ အရိုအသေပေးရုံနဲ့ သရဏဂုံ မတည်နိုင်ဘူး။ ဒါကြောင့် ပိတ်ဖြူစကို ချိုင်းကြားပတ်ပြီး ဘုန်းကြီးရှေ့ ပရိသတ်ရှေ့မှာ ထိုင်ပြရုံနဲ့ သရဏဂုံ တည်နေသူလို့ မဆိုနိုင်ဘူး။ ဆရာဖြစ်ဖူးလို့ အမျိုးတော်လို့ ကြောက် လို့ ရှိခိုးရင် သရဏဂုံ မဟုတ်ဘူး။ ဖော်ပြပြီး ဂုဏ်ရည်လေးပါးနဲ့ ပြည့်စုံတယ်လို့ စိတ်ထဲမှာ နှစ်နှစ်ကာကာ နားလည်ပြီး ရှိခိုးကိုးကွယ်မှ သရဏဂုံမြောက်တယ်။ ‘ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ’လို့ ဆိုတိုင်းမှာ ဒီသရဏဂုံ သုံးပါးဟာ အတုမရှိတဲ့ သီလ သမာဓိ ပညာဂုဏ်နဲ့ ပြည့်စုံတယ်လို့ နှလုံးသွင်းကြည့်ပါ။
သရဏဂုံတည်ပြီးသူဟာ အခြားဘာသာ တစ်ခုကို ယုံကြည်သွား တာနဲ့ သရဏဂုံပျက်တယ်။ ဒါပေမယ့် သရဏဂုံတည်နေရင်းနဲ့ အခြား ဘာသာက ဆုံးမတဲ့ ‘မိဖကို စောင့်ရှောင့်ရမယ်၊ သူ့အိမ်ရာကို မကျူး လွန်ရ’ဆိုတာမျိုးကို လိုက်နာကျင့်သုံးလို့ သရဏဂုံမပျက်နိုင်ဘူး။ သေ ရင်လည်း သရဏဂုံ ပျက်တယ်။ သေလို့ သရဏဂုံပျက်ရင် ပြန်ဆောက် ဆောက်တည်လို့ မရတော့ဘူး။ ဓမ္မကို မသိခင်က ဝါဒတစ်ပါးကို ပြောင်းပြီးမှ ဓမ္မကိုပြန်လေ့လာ နားလည်သဘောပေါက်လို့ ပြန်ပြီး သရဏဂုံဆောက်တည်ရင် ရပါတယ်။
သရဏဂုံ ညစ်နွမ်းပုံ
သရဏဂုံသုံးပါးနဲ့ ပတ်သက်ပြီး ယုံမှားသံသယ ဖြစ်ရင် ဥပမာ ဘုရား စစ်မှစစ်ရဲ့လားလို့ ဒွိဟဖြစ်နေရင်၊ မရိုသေရင်၊ ဂုဏ်ရည်ကိုနားမလည် ရင်၊ အမှန်အတိုင်း မသိရင် သရဏဂုံ ညစ်နွမ်းတယ်။ ခွန်အားရှိတဲ့ သရဏဂုံ ဖြစ်မလာနိုင်ဘူး။ ဘာသာခြားဖြစ်တဲ့ အရာရှိ၊ ရှင်ဘုရင်၊ ပညာ သင်ပေးတဲ့ ဆရာ၊ ဆွေမျိုးတွေကို ပူဇော် အရိုအသေပေးလို့ သရဏဂုံ မပျက်ဘူး။ မညစ်နွမ်းဘူး။
အယူဝါဒ အဆုံးအမတစ်ခုရဲ့ အနှစ်သာရကို မဂ္ဂင်ရှစ်ပါးကျင့်စဉ် ဆိုတဲ့ နှုန်းစံနဲ့ တိုင်းတာရမယ်လို့ ဗုဒ္ဓရှင်တော်မြတ် မိန့်မှာပါတယ်။ ဒီ ကျင့်စဉ် ရှိမှသာ ကိလေသာငြိမ်းပြီး ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်ပါတယ်။ သရဏဂုံသုံးပါးမှာ မဂ္ဂင်ရှစ်ပါးကျင့်ရှိကြောင်း အာမခံပါတယ်။
၆၉။ ဗြဟ္မာအကြောင်း
ဩဂုတ် ၂၉၊၂၀၀၈။
လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ရူပဘုံ အရူပဘုံဆိုပြီး ရှိရာမှာ အရူပဘုံကတော့ ရုပ်မရှိဘဲ နာမ်သာ လျှင် ရှိပြီး ပီတိကို ခံစားပြီး နေတယ်လို့ နားလည်ပါတယ် ဘုရား။ ရူပ ဘုံမှာတော့ နာမ်မရှိဘဲ ရုပ်ကြီးပဲရှိလို့ ဘာကိုခံစားပါသလဲ ဘုရား။
ကိုလင်း၊ ကိုရီးယား
ရူပဘုံဆိုတာ ရုပ်ရှိတဲ့ ဘုံ
ရူပဘုံမှာ နာမ်မရှိဘဲ ရုပ်ပဲရှိတယ်လို့ ခြွင်းချက်မဲ့ မဆိုနိုင်ဘူး။ ရူပဘုံဆို တာကို ရုပ်ရှိတဲ့ ဘုံလို့ပဲ နားလည်ပါ။ ရူပ ၁၆ ဘုံ ရှိတယ်။ ဒီအထဲမှာ အသညသတ္တလို့ခေါ်တဲ့ ဘုံကဗြဟ္မာတွေပဲ ပဋိသန္ဓေကစပြီးစုတိ (သေ) ကာလအထိ ဘဝတစ်လျှောက်လုံး နာမ်တရား လုံးဝမဖြစ်ဘဲ ဇီဝိတ နဝကလို့ခေါ်တဲ့ ရုပ်ကလာပ်စည်းသက်သက်နဲ့ အသက်ရှင်နေကြတယ် (ကထာဝတ္ထု၊၁၉၇)။ ကျန်ရူပ ၁၅ဘုံမှာ ရုပ်ရောနာမ်ပါရှိတယ်။
ရူပဗြဟ္မာတွေရဲ့ ရုပ်သွင် ဘယ်ပုံဆိုတာကိုတော့ ဘုန်းကြီး မသိဘူး။ ဒါပေမယ့် သူတို့မှာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တွေက ပုံသဏ္ဌာန်အနေနဲ့ အပြည့်အစုံ (အဟီနိန္ဒြိယ) ရှိတယ်။ မျက်စိနဲ့ အဆင်းကို မြင်နိုင်၊ နားနဲ့ အသံကို ကြားနိုင်တဲ့ ပသာဒရုပ်တွေ ရှိပေမယ့် နှာခေါင်း၊ လျှာ၊ ကိုယ်တွေကတော့ ပုံသဏ္ဌာန်ပဲရှိပြီး အာရုံခံနိုင်တဲ့ ပသာဒရုပ်မရှိဘူး။ နှာခေါင်းရှိပေမယ့် အနံ့မနံဘူး။ လျှာပါပေမယ့် အရသာကိုမသိဘူး။ သူတို့ ကိုယ်ကို ထိပေမယ့် မသိဘူး။ ဒါကြောင့် ဘာကိုစားသလဲလို့ မေးစရာမလိုတော့ဘူး။
ရူပစျာန် ငါးပါးကို ရအောင်အားထုတ်ပြီး အဲဒီစျာန်စိတ်နဲ့ သေရင် သူတို့ အားထုတ်ခဲ့တဲ့ အတိုင်းအတာအရ ရူပ ၁၆ ဘုံထဲက တစ်ဘုံဘုံမှာ ဖြစ်ရတယ်လို့ ယေဘုယျမှတ်ထားလိုက်ပါ။
ရူပဗြဟ္မာဘဝ ဗဟုသုတ
ဗဟုသုတအနေနဲ့ နည်းနည်းဆက်ပြောရရင် အသညသတ္တဗြဟ္မာ့ဘုံမှာ ပုထုဇဉ်တွေပဲ ရှိပြီး တစ်မဂ်တစ်ဖိုလ်ကိုရတဲ့ အရိယာပုဂ္ဂိုလ် မရှိဘူး (အဘိဓမ္မာဝတာရ၊၄၅၁ဂါထာ)။ ကျန် ၁၅ ဘုံထဲက သုဒ္ဓါဝါသ ငါးဘုံမှာ အနာဂါမ်တွေပဲရှိတယ်။ (ဒါကြောင့်ဒီဘုံတွေမှာ ဖြစ်ဖူးပုဂ္ဂိုလ် မရှိဘူး)။ ဝေဟပ္ဖလဘုံနဲ့ အကနိဋ္ဌဘုံတွေမှာ ဖြစ်တဲ့ အရိယာပုဂ္ဂိုလ်တွေကတော့ အဲဒီဘုံတွေမှာပဲ ရဟန္တာဖြစ်တဲ့အထိ နေကြပြီး နောက်ဘုံတွေမှာ ထပ်မဖြစ်ကြတော့ဘူး (အဘိဓမ္မာဝတာရ၊၄၅၂ဂါထာ)။ မဃဒေဝလင်္ကာမှာ ရူပဗြဟ္မာတွေရဲ့ ဘဝကို မန်လည်ဆရာတော်ကြီး သရုပ်ဖော်ပုံက...
‘ယောကျ်ားမိန်းမ၊ မဟူစွဘဲ၊ ပုရိသသဏ္ဌာန်၊ ဟန်ပန်ရူပ၊ သွင်သေဋ္ဌနှင့်၊ ကာမငါးလီ၊ နံ့စိမ်းညှီကို၊ မသီနှလုံး၊ ဗြဟ္မာ့ထုံးဖြင့်၊ ကျင့်သုံးဗြဟ္မစိုရ်၊ ပွားရှုကြို၍၊ ထိုကိုယ်သက်ဆုံး၊ စံရွှင်ပြုံး၏’ တဲ့။
နာမ်ပဲရှိတဲ့ အရူပဘုံ
အရူပဘုံမှာ ရုပ်လုံးဝမရှိဘဲ နာမ်ပဲရှိတယ်။ အရူပလေးဘုံရှိတယ်။ ရူပ စျာန် ငါးပါးထဲက စတုတ္ထစျာန်ကိုရပြီးနောက် ‘နာမ်သက်သက်ကား၊ ကျိုးပျက်ပူချမ်း၊ မရှိစွမ်းကြောင့်၊ ဆံခြမ်းဒုက္ခ၊ မရနိုင်စွာ၊ ငြိမ်းချမ်းရာ၏၊ ရုပ်သာဧကန်၊ ဒုက္ခမှန်’ (မဃဒေဝ၊ ပိုဒ်၄၈၄)လို့ ရုပ်ရဲ့အပြစ်ကိုရှုပြီး အားထုတ်ရင် ရုပ်မရှိတဲ့ အရူပစျာန်ကိုရတယ်။ အဲဒီစျာန်စိတ်နဲ့ သေရင် အရူပဘုံကို ရောက်တာပဲ။
ဗုဒ္ဓမပွင့်မီက အာဠာရနဲ့ ဥဒကအမည်ရတဲ့ ရသေ့တွေဟာ ဒီအရူပစျာန်စိတ်နဲ့ ကွယ်လွန်ပြီး အရူပဘုံမှာ နာမ်ကိုယ်အနေနဲ့ ဖြစ်နေကြလို့ ဗုဒ္ဓကိုယ်တိုင် တရားဟောခွင့် မရလိုက်ဘူး။ ‘အထက်ဘဝဂ် အောက် အဝီစိ’ ဆိုရာမှာ ဘဝဂ်ဆိုတာ အရူပလေးဘုံမှာ အမြင့်ဆုံးဘုံ၊ သုံးဆယ့်ဘုံထဲမှာ အမြင့်ဆုံးဘုံပဲ။ ဒီဘုံကို ရောက်နေတဲ့ အရိယာတွေလည်း နောက်ဘုံကို မသွားတော့ဘူး (အဘိဓမ္မာဝတာရ၊၄၅၂ဂါထာ)တဲ့။
ဗြဟ္မာတွေ ဘာကို စားသလဲ
ဗြဟ္မာတွေ ဘာကိုစားပြီး အသက်ရှင်ကြသလဲ။ ‘စျာန်သုခနှင့်၊ ဘဝသိမ် မွေ့၊ မငွေ့ကာမ၊ ဒုဂ္ဂန္ဓဖြင့်၊ ရာဂစိမ်းညှော်၊ မညှီစော်ဘဲ၊ အဟော်ဝတ၊ ဩော်သုခဟု၊ စိတ်ချကြည်နူး၊ ဥဒါန်းကျူးလျက်၊ ဝမ်းမြူးရွှင်ပျော်၊ လွန် မွေ့လျော်’ (မဃဒေဝ၊ ပိုဒ် ၄၈၆) ဆိုတဲ့အတိုင်း ဗြဟ္မာတွေဟာ စျာန သုခ (စျာန်ဝင်စားလို့ ဖြစ်ပေါ်လာတဲ့ ချမ်းသာ)နဲ့ နေကြတယ်။ လူတွေစားတဲ့ အစားအစာမျိုးကို မစားဘူး။ စားပြီး အရသာခံဖို့ လျှာအကြည် ဓာတ်လည်း မရှိဘူး။ ပီတိကိုစားတယ် (ပီတိဘက္ခ) ဆိုတာက တင်စားပြီး ပြောတာ။ အမှန်တော့ မိမိရရှိထားတဲ့ စျာန်စိတ်နဲ့ တစ်နည်းစျာန်စိတ်ထဲမှာပါတဲ့ ပီတိနဲ့ မွေ့လျော်နေတယ်လို့ ဆိုလိုပါတယ်။
အသံဆိုတာ ရုပ်ပဲ။ ရုပ်ဆိုတာ နာမ်နဲ့စာရင် အင်မတန် ကြမ်းတမ်း ထင်ရှားပါတယ်။ အဲဒီရုပ်ကြမ်းကိုတောင် ဒီဖက်ကမ္ဘာခြမ်းကနေ ဟိုဖက်ကမ္ဘာခြမ်းကို ရောက်အောင် ပို့လွှတ်နိုင်သေးရင် ဝေးကွာကျယ်ပြောလှတဲ့ စကြဝဠာ တစ်နေရာမှာ အဲဒီလို သက်ရှိမျိုးတွေ မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။ စိတ်ကိုနိုင်နင်းတော်မူလွန်းတဲ့ ဗုဒ္ဓရှင်တော်မြတ်က သဗ္ဗညုတဉာဏ်နဲ့ သိပြီး ဟောတော်မူခဲ့တာပါ။
---
၇၀။ ရဟန်း အာပတ်မဖြေရင်
ဩဂုတ် ၂၃၊၂၀၀၈။
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ရဟန်းတော်များ အာပတ်သင့်ပြီး အာပတ်ကို မဖြေဘဲထားလျှင် ဘယ်လို အကျိုးတွေရပါသလဲ ဘုရား။
ကိုလင်း၊ ခေတ္တကိုရီးယား
အာပတ်သင့်ရင် အပြစ်ရှိတယ်
အာပတ်ဆိုတာ ဖြစ်သွားတာ၊ သင့်ရောက်သွားတာဟု အဓိပ္ပာယ်ရတယ်။ ရဟန်းတစ်ပါးဟာ ဝိနည်းသိက္ခာပုဒ်တွေကို ချိုးဖောက်လို့ အာပတ်သင့်ရင်၊ သင့်တဲ့ အာပတ်ကို မဖြေ (မကုစား)ဘဲထားရင် အကျိုးမရှိဘူး၊ အပြစ်ဘဲရှိတယ်။ အပြစ်ကလဲ မိမိသင့်ရောက်တဲ့ အာပတ် အမျိုးအစား အလေးအပေါ့ ကွာတယ်။ အာပတ် ခုနစ်မျိုးထဲမှာ ပါရာဇိကအာပတ်က အပြစ်အကြီးဆုံး။ ဒီအာပတ်သင့်ရင် ရဟန်းမဟုတ်တော့တဲ့ ပြင် နောက်ထပ် ရဟန်းခံခွင့်လည်း မရှိတော့ဘူး။ ပြတ်ပြီးတဲ့ ဦးခေါင်းကို ကိုယ်နဲ့ ပြန်ဆက်လို့ မရသလိုပါဘဲ။ အာပတ်ဖြေနည်းက လူထွက် သို့မဟုတ် သာမဏေကိုရင် အဖြစ်နဲ့ နေရုံပါပဲ။ မေထုန်မှီဝဲရင် (တိရစ္ဆာန်မနဲ့ပင်မှီဝဲရင်)၊ တစ်မတ်ကိုဖြစ်စေ တစ်မတ်ထက်အထက်ကိုဖြစ်စေ ခိုးရင်၊ လူကိုသတ်ရင် (ကိုယ်ဝန်ကိုပင် ပျက်အောင် ကူညီရင်)၊ စျာန်တရား မဂ်ဖိုလ်တရားကို မရဘဲ ရတယ်လို့ လိမ်ပြောရင် (အရိပ်အမြွက်တောင်ပြောရင်) ပါရာဇိကအာပတ်သင့်တယ်။
ဒုတိယ အပြစ်ကြီးတာက သံဃာဒိသေသ်အာပတ် ၁၃ ပါး။ ဒီအာပတ်သင့်ရင် ဖုံးလွှမ်းထားတဲ့ ရက်ပမာဏအတိုင်း ပရိဝတ်ဆောက်တည်၊ ခြောက်ရက်မာနတ်ကျင့်၊ ပြီးတော့မှ သံဃာအပါး ၂၀ အတိအကျနဲ့ ပုံစံကျပြန်တမ်းတွေကို မြွက်ဆိုပြီး ကုစားရတယ်။ ကျန်အာပတ် ငါးမျိုးကိုတော့ ရဟန်းတစ်ပါးထံမှာ ‘တပည့်တော် ဤမည်သော အာပတ်သင့်တာကို အရှင်ဘုရားအား ဖွင့်ပြောပါတယ်။ အဲဒီ အာပတ်ကိုလဲ ရှု (ဂရုစိုက်)ပါတယ်။ နောင်အခါ အာပတ်မသင့်အောင် စောင့်စည်းပါ့မယ်’ လို့ ဖွင့်ပြောပြီး အာပတ်မသင့်အောင်နေရင် အပြစ်မရှိတော့ဘူး။
သင့်ပြီးအာပတ်ကို မဖြေဘဲထားရင်
အာပတ်သင့်မှာကို သိလျက်နဲ့ ကျူးလွန်ရင်၊ သင့်ပြီးအာပတ်ကို မကုစားဘဲထားရင်၊ အဲဒီရဟန်းဟာ အလဇ္ဇီ (အရှက်မဲ့သူ) ဖြစ်သွားတယ်။ အလဇ္ဇီကို ဗုဒ္ဓမချီးမွမ်းဘူး။ အာပတ်ကိုမရှု (ဂရုမစိုက်)ရင်၊ သင့်ပြီးအာပတ်ကို မကုစား (မဖြေဘဲထား) ရင် အဲဒီရဟန်းဟာ သံဃဥပုသ်ပြုတဲ့အခါ ပါဝင်ခွင့်မရှိဘူး။ ဒါက ဝိနည်းနဲ့ဆိုင်တဲ့ အပြစ်။ ရဟန်းတို့ရဲ့ ဝိနည်းကို ပါတိမောက္ခလို့ ခေါ်တယ်။ အဲဒီ ပါတိမောက္ခကို လုံခြုံအောင် မစောင့်ထိန်းရင်၊ ပါတိမောက္ခသံဝရသီလနဲ့ မပြည့်စုံလို့ သီလဝိသုဒ္ဓိနဲ့ စိတ္တဝိသုဒ္ဓိတွေ မဖြစ်ဘူး။ ဒီတော့ ကမ္မဋ္ဌာန်းအားထုတ်ပေမဲ့ ဝိပဿနာဉာဏ် မရင့်သန်လာနိုင်ဘူး။
အာပတ်တန်းလန်းနဲ့ သေရင်
‘သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ တိရစ္ဆာနယောနိံ ဝါ’ အရ ရဟန်းဟာ အာပတ်တန်းလန်းနဲ့ ကွယ်လွန်ရင် နတ်ရွာနိဗ္ဗာန်နဲ့ ဝေးပြီး အပါယ်ငရဲကို ကျရောက်နိုင်တယ်။ ဒါပေမဲ့ အရိယာပုဂ္ဂိုလ်တွေကို စော်ကားသူတွေတောင် ဝန်ချတောင်းပန်ရင် အကုသိုလ်အကျိုးမပေးဘဲ အဟောသိကံ ဖြစ်သွားတာမို့ သင့်ပြီး အာပတ်ကို ဒေသနာကြားရင်၊ စင်ကြယ်အောင်ကုစားရင် အပြစ်မရှိပါဘူး (သာရတ္ထ၊၃၊၃၇၉)။
---
၇၁။ ရဟန်းငွေမကိုင်ရ
နိုဝင်ဘာ ၁၅၊၂၀၀၈။
အရှင်ဘုရား ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
ယခုခေတ် ရဟန်းတော်များ ပိုက်ဆံများကို ကိုင်ဆောင်နေပါသည်။ ထိုအရာသည် မည်သည့် ဝိနည်းတော်နှင့် ငြိစွန်းပါသနည်း။ ဒါယကာများအနေဖြင့် ဝိနည်းနှင့် ညီစေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ပါသနည်း။ ဖြေကြားပေးရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။
မင်းလှိုင်
ငွေအလှူ မခံရသိက္ခာပုဒ်
၁) ရွှေနဲ့ ငွေကြေးအားလုံး (အရာင်းအဝယ်ပြုနိုင်သမျှ)ကို ကိုယ်တိုင် အလှူမခံရ၊ သူတစ်ပါးကိုလဲ အလှူမခံခိုင်းရ၊ အနီးမှာ ချထားတာကိုတောင် မသာယာရ (ရူပိယသိက္ခာပုဒ်)
၂) ရွှေငွေကို လဲလှယ်ရောင်းဝယ်ခြင်း မလုပ်ရ (ရူပိယသံဝေါဟာရ သိက္ခာပုဒ်)
၃) အရောင်းအဝယ်မလုပ်ရ၊ ရောင်းလို့ ဝယ်လို့ရတဲ့ ပစ္စည်းကို မသုံးရ (ကယဝိက္ကယသိက္ခာပုဒ်)
အဲဒီသိက္ခာပုဒ်တွေအရ ရဟန်းဟာ ရွှေငွေကို အလှူမခံကောင်း။ ရွှေငွေနဲ့ ရောင်းလို့ ဝယ်လို့ရတဲ့ ပစ္စည်းကိုလည်း မသုံးစွဲကောင်း။ အာပတ်သင့်တဲ့ အပြင် အဲဒီပစ္စည်းတွေကိုလည်း စွန့်ပစ်ရတယ်။ ဥပမာ ငွေကို အလှူခံထားရင် သို့မဟုတ် ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုခုကို ငွေနဲ့ ဝယ်ယူရင် ၁) ပါစိတ်လို့ခေါ်တဲ့ အာပတ်သင့်တယ် ၂) အဲဒီငွေနဲ့ဝယ်တဲ့ ပစ္စည်းကိုလည်း တစ်ယောက်ယောက်ကို စွန့်ပစ်ရတယ်။
ငွေကြေးကို အလှူခံနည်း
ငွေအလှူရှင်ဟာ ရဟန်းရဲ့ အလုပ်အကျွေး (ကပ္ပိယ)ဆီမှာ အလှူငွေကို ပေးအပ်ပြီး ‘အရှင်ဘုရား လိုတာကို ဒီဒကာဆီမှာ အလှူခံပါ’ လျှောက်ထားရတယ်။ ရဟန်းက အဲဒီကပ္ပိယဆီမှာ ရဟန်းတို့ အပ်စပ်တဲ့ ပစ္စည်းကို အလှူခံနိုင်တယ်။ ကပ္ပိယက ငွေကို မပေးဘဲထားရင် အလှူရှင်ဒကာကို ပုံစံကျတိုင်ကြားခွင့်တော့ရှိတယ်။
စပ်မိလို့ ပြောရအုံးမယ်။ ဘုန်းကြီး ကိုရင်ဘဝနဲ့ စာသင်တိုက်ကို ရောက်တော့ ဝိနည်းနဲ့အညီနေရမယ်ဆိုတဲ့ ကျောင်းတိုက်စည်းကမ်းအရ ကိုယ့်ကပ္ပိယကို ကိုယ်ရှာရတယ်။ ဒါနဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့ အသက်၁၅အရွယ် မောင်ဖိုးတာကို ကပ္ပိယခန့်ပြီး စာသင်လာခါနီးရွာကမိဘတွေ ပေးလိုက်တဲ့ ငွေ၃၂၈ကျပ်ကို အပ်ထားလိုက်ပါတယ်။ တစ်ဝါတွင်းလုံး ဘာမှမသုံးဖြစ်ပါဘူး။ ဒါပေမယ့် သီတင်းကျွတ်လပြည့်ကျော်နှစ်ရက်နေ့မှာ ရွာကို တစ်ညအိပ်ပြန်မယ်ဆိုပြီး မောင်ဖိုးတာ ပျောက်သွားလိုက်တာ ယနေ့ထိပါပဲ။ ကိုရင် သုံးပါးအပ်ထားတဲ့ ငွေခုနစ်ရာကျော်ကို မောင်ဖိုးတာ ‘လစ်’သွားပါတယ်။ တစ်ပြားမှ ပြန်မရဘူး။ ဒီကိစ္စကို ကျောင်းတိုက် တာဝန်ခံကလည်း တာဝန် မယူပါဘူး။ အနည်းဆုံး မောင်ဖိုးတာရဲ့မိဘကို ပြောသင့်တာပေါ့။
ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်း
ရဟန်းတွေဟာ ဂန္ထဓုရ (စာသင်စာချ)နဲ့ ဝိပဿနာဓုရ (ကမ္မဋ္ဌာန်းအားထုတ်) တာဝန် နှစ်မျိုးကိုပဲ လုပ်ပါတယ်။ ဒါပေမယ့် အခြားဘာသာက ဘုန်းကြီးတွေလို အိမ်ထောင်နဲ့ လစာယူပြီးလုပ်တာမျိုး မဟုတ်ပါဘူး။ ဝင်ငွေရတဲ့ အလုပ်ကို မလုပ်ပါဘူး။ အဲဒီတာဝန်နှစ်ပါးကို လုပ်နိုင်ဖို့ လူတွေက ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးနဲ့ ထောက်ပံ့ကြပါတယ်။ ရဟန်းတွေရဲ့ တာဝန်က လူတွေကို စိတ်ပိုင်းဘဝလေ့ကျင့်မှုကို သင်ပေးခြင်းပါပဲ။ ဒါပေမယ့် လူ့အဖွဲ့အစည်း ပြောင်းလဲလာတဲ့အခါ ရဟန်းတွေလည်း ထုံးစံကို တစ်သဝေမတိမ်း လိုက်နာကျင့်သုံးဖို့ ခက်ခဲလာတဲ့ သဘာဝအခြေအနေကို ပညာရှိဗုဒ္ဓဝါဒီတို့ နားလည်ပေးသင့်ပါတယ်။ ‘ယခုခေတ် ရဟန်းတော်များ ပိုက်ဆံများကို ကိုင်ဆောင်နေပါသည်’နဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာ နှစ်ပေါင်းအကြာကြီး ဗုဒ္ဓသာသနာပြုသွားတဲ့ သီဟိုဠ်ဆရာတော်ကြီး ဒေါက်တာ သိရိဓမ္မနန္ဒ မထေရ်ရဲ့အယူအဆသဘောထားကို ဖတ်ကြည့်ပါ...
‘လူတစ်ချို့ဟာ ရဟန်းတွေကို ငွေကြေးကိုင်ဆောင်တာနဲ့ ပတ်သက်ပြီး ဝေဖန်ကြတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ငွေကြေးနဲ့ပတ်သက်မှုမရှိဘဲ ရဟန်းတွေဟာ မိမိတို့ရဲ့ ဘာသာရေးကိစ္စ ဆောင်ရွက်ဖို့နဲ့ သက်ဝင်လှုပ်ရှားနေဖို့ ခက်ပါတယ်။ ရဟန်းတွေ လုပ်ရာမှာက ငွေကြေးကိုဖြစ်စေ ပစ္စည်းဝတ္ထုကိုဖြစ်စေ တစ်ကိုယ်ရေပိုင်ဆိုင်မှုအနေနဲ့ မတပ်မက်ဖို့ပါဘဲ။ ဒါဟာ ဗုဒ္ဓရဲ့အာဘော်ပါ...’
‘တောထွက်ကမ္မဋ္ဌာန်းအားထုတ်ပြီး လူ့အဖွဲ့အစည်းနဲ့ လုံးဝကင်းဝေးလိုတဲ့ ရဟန်းတွေက လောကီအနှောင်အဖွဲ့ မရှိဘဲ နေနိုင်ပါတယ်။ ဒါတောင် ဆွမ်း၊ ကွမ်း၊ နေစရာနဲ့ ဆေးဝါးအထောက်အပံ့တွေတော့ ရှိရပါလိမ့်မယ်။ တစ်ချိန်တည်းမှာ လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဘဝ လိုအပ်ချက်ကို ဖြည့်စည်းပေးမယ့် ရဟန်းတွေလည်း လူတွေနဲ့အတူ ရှိရပါမယ်။ ဒီလိုမဟုတ်ရင် ဗုဒ္ဓဘာသာဟာ လူမှုနေ့စဉ်ဘဝနဲ့ ကင်းကွာသွားမှာပေါ့ (Dr.K. Sri Dhammasiri, What Buddhists Believe, p. 154)’။
ဟန်မဆောင်ပါနဲ့
ရဟန်းကောင်းရဲ့ လက္ခဏာတွေက စင်ကြယ်ခြင်း၊ ပစ္စည်းမဲ့ခြင်း၊ နှိမ့်ချခြင်း၊ ရိုးသားခြင်း၊ ကိုယ်ကျိုးစွန့်ဆောင်ရွက်ခြင်း၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း၊ သည်းခံခြင်း၊ ကရုဏာ အကြင်နာပြယုဂ်တို့ ဖြစ်ပါတယ်။ ရဟန်းဟာ လာဘ်ရအောင်လို့ လာဘ်ကိုရှောင်ပြတာမျိုး မဖြစ်သင့်ဘူး။
ငွေမကိုင်ဘူးဆိုတဲ့ တောထွက်ကိုယ်တော်တစ်ပါးနဲ့ ဆုံဘူးပါတယ်။ ဆွမ်းစားအလှူတစ်ခုကို သွားတော့ ထုံးစံအတိုင်း ငွေအလှူမခံ၊ ငွေမကိုင်ဘူးပေါ့။ အရှင်ဘုရား အလိုရှိတာကို အလှူခံပါဘုရားဆိုတော့ ‘ကိစ္စမရှိပါဘူး၊ လိုမှပြောတာပေါ့’ တဲ့။ နောက်နှစ်ရက်လောက်အကြာမှာ အဲဒီ ဆွမ်းကျွေးဒကာကို ဖုန်းဆက်ပြီးပြောတယ် ‘ကျောင်းမှာ အသုံးလိုလို့ ကွန်ပျူတာတစ်လုံးလှူပါ’ တဲ့။ ဆက်ပြောသေးတယ် ‘ကွန်ပျူတာလှူရင် ပရင်တာလည်း မမေ့နဲ့နော်’ တဲ့။
ကြည်ညိုတဲ့ ဒကာဒကာမအသိုင်းအဝိုင်းနဲ့ အမှန်တကယ် ကျင့်ကြံနိုင်တဲ့ အခြေအနေနဲ့ အရှိန်အဝါရှိတော်မူကြတဲ့ ဆရာတော်ကြီးတွေကတော့ ဒီနေရာမှာ ခြွင်းချက်ပေါ့။
---
၇၂။ ကိလေသာ ၁၀-ပါးမှာ မိဒ္ဓ မပါ
အရှင်ဘုရား ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
တပည့်တော်သည် မိမိအိမ်တွင်သာ အဘိဓမ္မာတရားကို လေ့လာနေသူ ဖြစ်ပါသည်။ တပည့်တော် မရှင်းသည့် အချက်မှာ အကုသိုလ်စေတသိက် ၁၄ ပါးကို ကိလေသာ ၁၀ ပါး ဖွဲ့ရာတွင် ဣဿာ၊ မစ္ဆရိယ၊ မိဒ္ဓ နှင့် ကုက္ကုစ္စတို့ အဘယ်ကြောင့် မပါဝင်ရသည်ကို အကျယ်တဝင့် ရှင်းပြတော်မူပါ အရှင်ဘုရား။
ရိုသေစွာဖြင့် ရဲမင်းထွန်း
အကုသိုလ် စေတသိက် ၁၄ ပါး
၁။ မောဟ = အမှန်သဘောကို ဖုံးကွယ်
၂။ အဟိရိက = မကောင်းမှု လုပ်ဖို့ မရှက်
၃။ အနောတ္တပ္ပ = မကောင်းမှု လုပ်ဖို့ မကြောက်
၄။ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်
၅။ လောဘ = လောကီအာရုံကို တွယ်တာတပ်မက်
၆။ ဒိဋ္ဌိ = မှားယွင်းစွာ သိမြင်
၇။ မာန = ထောင်လွှား
၈။ ဒေါသ = ခက်ထန်
၉။ ဣဿာ = သူတစ်ပါးစည်းစိမ်ကို မနာလို
၁၀။ မစ္ဆရိယ = ကိုယ့်စည်းစိမ်ကို တွန့်တို
၁၁။ ကုက္ကုစ္စ = (မကောင်းတာ လုပ်မိ၊ ကောင်းတာ မလုပ်မိလို့) နောင်တပူပန်
၁၂။ ထိန = စိတ်မလန်း ထိုင်းမှိုင်း
၁၃။ မိဒ္ဓ = ယှဉ်ဘက်စေတသိက်တွေ မလန်းထိုင်းမှိုင်း
၁၄။ ဝိစိကိစ္ဆာ = ရတနာသုံးပါး ကံ ကံ၏ အကျိုးပေးကို မယုံ
အုပ်စုလိုက် နာမည် ၉ မျိုး
အဲဒီ အကုသိုလ်စေတသိက် ၁၄ ပါးကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း သမုစ္စည်းပိုင်း အကုသလသင်္ဂဟမှာ အုပ်စုလိုက် နာမည် ၉ မျိုးနှင့် ခွဲခြားပြီး ဖော်ပြတယ်။
၁။ အာသဝ = ခန္ဓာအစဉ်မှာ ကြာမြင့်စွာစိမ်နေတဲ့ တရား ၄ပါး
၂။ ဩဃ = ရေအလျဉ်လို လွှမ်းမိုးဖိသတ်တတ်တဲ့ တရား ၄ပါး
၃။ ယောဂ = ဝဋ်ဆင်းရဲမှာ တွယ်ကပ်စေတဲ့ တရား ၄ပါး
၄။ ဂန္ထ = ဝဋ်ဆင်းရဲတစ်ခုနဲ့ တစ်ခုကို ချိတ်ပေးတဲ့ တရား ၄ပါး
၅။ ဥပါဒါန် = မြွေကဖားကို ဖမ်းထားသလို စွဲလမ်းစေတဲ့ တရား ၄ပါး
၆။ နီဝရဏ = စျာန်စတဲ့ ကုသိုလ်ကို ပိတ်ပင်တတ်တဲ့ တရား ၅ပါး
၇။ အနုသယ = သတ္တဝါတို့သန္တာန်မှာ အမြဲကိန်းနေတဲ့ တရား ရပါး
၈။ သံယောဇဉ် = ဘဝသံသရာမှာ ဖွဲ့ချည်တတ်တဲ့ တရား ၁၀ပါး
၉။ ကိလေသာ = စိတ်ကိုညစ်ပေစေတတ်တဲ့ တရား ၁၀ပါး
ဒီအုပ်စုနာမည် ၉ မျိုးကို ‘အာ၊ ဩ၊ ယော၊ ဂန်၊ ဒါန်၊ နီ၊ နု၊ သံ၊ ကိ’ လို့ အတိုမှတ်ပါ။ အာ = အာသဝ၊ ဩ = ဩဃ စသည်လို့ နားလည်ပါ။ အာ၊ ဩ၊ ယော၊ ဂန်တို့ရဲ့ တရားကိုယ်က လောဘ၊ ဒေါသ၊ ဒိဋ္ဌိ ၃ ပါး။ ဥပါဒါန် ၄ မျိုးက လောဘ၊ ဒိဋ္ဌိ။ နီဝရဏ ၅ ပါးက လောဘ၊ ဒေါသ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ မောဟလို့ တရားကိုယ် ၈ ပါး (ထိနမိဒ္ဓ နဲ့ ဥဒ္ဓစ္စကုက္ကုစ္စတို့ကို တစ်မျိုးစီယူ)။ အနုသယတွေက လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကစ္ဆာ၊ မောဟ ၇ ပါး။ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ မောဟလို့ သံယောဇဉ်တရားကိုယ် ၇ ပါး။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပလို့ ကိလေသာတရားကိုယ် ၁၀ ပါး။
စေတသိက် ၁၄ နှင့် နာမည်အုပ်စု ၉ ကို တွဲစပ်ခြင်း
လောဘစေတသိက်ကို အုပ်စုနာမည် ၉ မျိုးလုံးနဲ့ တွေ့ရတယ်။
ဒိဋ္ဌိစေတသိက်က ‘နီ’မှတစ်ပါး ကျန်အုပ်စုနာမည် ၈ မျိုးနဲ့ တွေ့ရလို့ ဗုဒ္ဓဝါဒီမဟုတ်သူအချို့ လှူဒါန်းခြင်းစတဲ့ သာသနာပ ကုသိုလ်လောက်တော့ လုပ်နိုင်ကြတာကို တွေ့နိုင်ပါတယ်။ မောဟက ဂန်၊ ဒါန်မှတစ်ပါး ကျန် ၇ မျိုး။ ဒေါသက ဂန်၊ နီ၊ နု၊ သံ၊ ကိ နာမည် ၅ မျိုး။
ဝိစိကိစ္ဆာက နီ၊ နု၊ သံ၊ ကိ ၄ မျိုး။ မာနက နု၊ သံ၊ ကိ ၃ မျိုး။
ဥဒ္ဓစ္စက နီ၊ သံ၊ ကိ ၃ မျိုး။ ထိနက နီ၊ ကိ ၂ မျိုး။ ကုက္ကုစ္စက နီ ၁ မျိုး။ မိဒ္ဓက နီ ၁ မျိုး။ အဟိရိကနဲ့ အနောတ္တပ္ပက ကိ ၁ မျိုးစီ။
ဣဿာနဲ့ မစ္ဆရိယက သံ ၁ မျိုးစီနာမည်နဲ့ ထင်ရှားပါတယ်။
ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စဟာသာမန်ဆိုရင် တူသယောင်ရှိပေမဲ့ လုပ်ဆောင်ချက်နဲ့ ယှဉ်ရာစိတ် (ဥဒ္ဓစ္စက အကုသိုလ်၁၂၊ ကုက္ကုစ္စက ဒေါသမူစိတ်၂) မတူလို့ ဥဒ္ဓစ္စက အုပ်စုနာမည် ၃ မျိုး၊ ကုက္ကုစ္စက ၁ မျိုးပဲရတယ်။
ကိလေသာထဲမှာ မိဒ္ဓမပါ
ထိနက စိတ်ရဲ့ထိုင်းမှိုင်းတာဖြစ်လို့ ကုသိုလ်ကို နီ (နီဝရဏ)နဲ့ ကိ (ကိလေသာ) ဆိုတဲ့ အုပ်စုနာမည် ၂ မျိုးနဲ့ ထင်ရှားပြီး မိဒ္ဓကတော့ စေတသိက်တို့ရဲ့ ထိုင်းမှိုင်းတာဖြစ်လို့ နီ (နီဝရဏ) အမည် ၁ မျိုးနဲ့ပဲ ထင်ရှားပါတယ်။ ထိန (စိတ်ထိုင်းမှိုင်းမှု) မဖြစ်ပေါ်ရင် မိဒ္ဓ (စေတသိက်တွေ ထိုင်းမှိုင်းမှု) လည်း မဖြစ်လာတော့ဘူးလို့ ဆိုလိုတဲ့ သဘောပါ။ စေတသိက်ဆိုစိတ်ရှိမှာ ဖြစ်နိုင်တာ။
ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ
စိတ်ထဲမှာ ဣဿာ (သူတစ်ပါးပစ္စည်းကိုမနာလို) ဖြစ်လာရင် ထိုလူကို စိတ်ဆိုး အငြိုးသိုပြီး စိတ်ကတစ်ဆင့် နှုတ်ပေါ်မှာ ကိုယ်ပေါ်မှာ လုပ်ဆောင်မှု (ကံ)တွေ ဖြစ်လာတယ်။ အဲဒါရဲ့ထင်ရှားတဲ့ အကျိုးက ချည်နှောင်ခြင်းပဲ။ ကိုယ့်ကိုယ်လည်း တုပ်ချည်တယ်၊ ကိုယ်နဲ့ သူတစ်ပါးကိုလည်း တံပိုးမှာ ချည်ထားတဲ့ နွားနှစ်ကောင်လို နှောင်ဖွဲ့တယ်။ ဒါကြောင့် ဣဿာ မစ္ဆရိယ စေတသိက်နှစ်ပါးဟာ သံ (သံယောဇဉ်) အမည်နဲ့ ပိုပြီးထင်ရှားတာဖြစ်ပါတယ်။
ကုက္ကုစ္စ (နောင်တပူပန်မှု)လည်း ဒေါသစိတ် (စိတ်ဆိုးမှု)နဲ့အတူ ဖြစ်တဲ့ စေတသိက်ပါပဲ။ ဒါပေမယ့် ကုက္ကုစ္စ လွှမ်းမိုးနေရင် ပထမဆုံးဖြစ်ပေါ်လာတဲ့ အကျိုးရင်းက ကုသိုလ်ကို မလုပ်နိုင်တာပဲ။ ဒါကြောင့် ကုသိုလ်မဖြစ်အောင် တားဆီးခြင်းလို့ အဓိပ္ပာယ်ရှိတဲ့ နီ (နီဝရဏ) နာမည်နဲ့ပဲ ထင်ရှားတာ။
လုပ်ဆောင်ချက်မတူလို့
လိုရင်းက စေတသိက် ၁၄ ပါးရဲ့ သဘာဝ၊ လုပ်ဆောင်ချက် ဒီဂရီ အနိမ့်အမြင့်၊ အကျိုးဆက်နဲ့ အကြောင်းရင်းတွေ ခြားနားလို့ အုပ်စုခွဲပြီး နာမည်ပေးရာမှာ ခြားနားသွား (တစ်ချို့ပါ၊ တစ်ချို့မပါဖြစ်) ရပါတယ်။ လောဘတစ်ခုတည်းကိုပဲ တဏှာ၊ ရာဂ၊ ပေမ၊ သမုဒယ စတဲ့ နာမည်တွေနဲ့ ဟောထားတာတွေလည်းရှိပါတယ်။ ကြားနာတဲ့ပုဂ္ဂိုလ်တွေရဲ့ စရိုက် အကြိုက်ကို ကြည့်ပြီး မြတ်ဗုဒ္ဓက အဲဒီလို အမည်အမျိုးမျိုး ခွဲခြားပုံအထွေထွေနဲ့ ဟောကြားတော်မူတာပါ။
သိကြားမင်းရဲ့ မေတ္တာစာ
ကြောက်၍ သည်းခံသည် မဟုတ်။ ခွန်းအားနည်းခြင်းကြောင့် သည်းခံသည် မဟုတ်။ ငါကဲ့သို့သော ပညာရှိသည် အဘယ်မည်သော အကြောင်းကြောင့် လူမိုက်နှင့်ဖက်ပြိုင်ရာအံ့နည်း။
---
၇၃။ ကံကောင်းအောင်လုပ်နည်း
နိုဝင်ဘာ ၃၊၂၀၀၈။
ရတနာသုံးပါး ဦးထပ်ထား၍ ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
တပည့်တော်သည် မိဘကို ပြုစုလုပ်ကျွေးလိုပါ၍ စင်ကြယ်သောနည်းဖြင့် ဝင်ငွေရှာဖွေပါသည်။ တပည့်တော် ကြံစည်တိုင်း မအောင်မြင်တာများပါသည်။ သာသနာ့ဘောင်မှာနေ၍ တရားဓမ္မနှင့်လည်း ကျေးဇူးမဆပ်နိုင်သေးပါဘုရား။ မိဘများ၏ ကျန်းမာရေးနှင့် သူတို့၏ တမလွန်အတွက် အလှူဒါနများပြုနိုင်အောင် တပည့်တော် ဝင်ငွေရှာခြင်းဖြစ်ပါသည်။ တပည့်တော် ကြိုးစားလုပ်သမျှ မအောင်မြင်ခဲ့လျှင် တပည့်တော်၏ ရှေးဘဝ အကုသိုလ်ကံကြောင့်လို့ပဲ မှတ်ယူလိုက်ပါသည်ဘုရား။ တပည့်တော်၏ ဆိုးနေသော ကံများ ကောင်းလာအောင် ပြုလုပ်နိုင်သော နည်းလမ်းများ ပေးသနားစေချင်ပါသည်ဘုရား။
ရွှေလရောင် (တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ)
ကံရဲ့ သဘာဝ
‘ကံ’ဆိုတဲ့ စကားလုံးက ‘လုပ်ခြင်း’လို့ အဓိပ္ပာယ်ရတယ်။ အရင်က လုပ်ခဲ့ပြီးသား အလုပ် (အတိတ်ကံ)နဲ့ ယခုလုပ်တဲ့အလုပ် (ပစ္စုပ္ပန်ကံ)လို့ နှစ်မျိုးရှိတယ်။ ဒါကြောင့် အလုပ်တစ်ခုခု အဆင်မပြေရင် အရင်ဘဝ အကုသိုလ်ကံကြောင့်လို့ပဲ လွှဲချပြီး ကံကြမ္မာကိုချည်း ယိုးစွဲရင် မမှန်ဘူး။ ပစ္စုပ္ပန်ကံဟာ မိမိအစွမ်းနဲ့ဖြစ်စေ၊ အတိတ်ကံရဲ့အထောက်အပံ့ကြောင့်ဖြစ်စေ ဒီဘဝမှာရော နောင်ဘဝမှာပါ အကျိုးအပြစ်ကို ဖြစ်စေပါတယ်။ အဆောက်အအုံတွေကို လူတွေစုပေါင်းပြီး တည်ဆောက်သလို ကံက လောကဓာတ်ကို ဖန်ဆင်းပါတယ်။
ကံဖြစ်ခြင်း အကြောင်းတရား
အလိုအလို ရေထွက်တဲ့ သဘာဝရေအိုင်နဲ့ စမ်းချောင်းတွေလို အစွမ်းသတ္တိကြီးမားတဲ့ကံ (ဗလဝကံ)၊ နည်းနည်းတူးရုံယက်ရုံနဲ့ ရေထွက်တဲ့ စမ်းရေတွင်းလို လုံ့လနည်းနည်းစိုက်ရုံနဲ့ အကျိုးများစွာခံစားရတဲ့ကံ (မဇ္ဈိမကံ)နဲ့ အလွန်ပင်ပန်းခံတူးဖော်မှ ရေရတဲ့ ရေတွင်းလို အလွန်များစွာလုံ့လပြုမှ အကျိုးခံစားရတဲ့ကံ (ဒုဗ္ဗလကံ)လို့ ကံသုံးမျိုးရှိတယ်။ အဲဒီကံသုံးမျိုးဟာ ပြည့်စုံမှုငါးမျိုးရှိရင် အကျိုးပေးဖွံ့ဖြိုးတယ်။
၁) နေရာကောင်း ဘဝကောင်း (လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့နေရာ)
၂) ရုပ်ဆင်းသွင်ပြင် (အဆင့်မီ ဝတ်စားဆင်ယင်နေထိုင်မှု)
၃) အချိန်အခါကောင်း (ငြိမ်းချမ်းတည်ငိမ်တဲ့အချိန်)
၄) ကြိုးစားအားထုတ်ခြင်း
၅) ဉာဏ်အမြော်အမြင်
ဒါကြောင့် ကံကောင်းဖို့ဆိုရင် နေရာကောင်း၊ သွင်ပြင်ကောင်း၊ အခါကောင်း၊ ကြိုးစား၊ ဉာဏ်အမြော်အမြင်ကောင်းတို့ကို အမှီသဟဲပြုရပါတယ်။ ဒါကို ကံရဲ့ သမ္ပတ္တိ (ပြည့်စုံမှု) လေးမျိုးလို့ ခေါ်ပါတယ်။ အဲဒီပြည့်စုံမှုလေးမျိုးမရှိဘဲ ကံရဲ့ ဝိပတ္တိနဲ့ ကြုံခဲ့ရင် ကံရဲ့အကျိုးပေး မပြည့်စုံနိုင်ဘူး။
ကံကောင်းအောင် လုပ်နည်း
သင့်တော်တဲ့နေရာမှာနေခြင်း၊ လူကောင်းနဲ့ ပေါင်းဖော်ခြင်း၊ ကိုယ်နှုတ်နှလုံးကို ဆုံးမခြင်း (ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း)၊ ရှေးဘဝကုသိုလ်အထူးရှိခြင်းဆိုတဲ့ အကြောင်းလေးပါးကြောင့် ကုသိုလ်ကံကောင်းလာနိုင်ပါတယ် (အံ၊၁၊၁၁)။ ကံကောင်းဖို့ ကြက်တွေကို နည်းယူသင့်တယ်။ ကြက်တိရစ္ဆာန်တွေဟာ အချိန်မှန်အိပ်တယ်၊ အချိန်မှန်ထတယ်၊ ဆန်ပုံပေါ်ရောက်နေတာတောင် ယက်ပြီးမှစားတယ်။ ညဉ့်အချိန်မှာ ကန်းနေတယ်။ ဘယ်သူဘယ်လောက်ပဲခြောက်ခြောက် အိပ်တန်းကို မစွန့်ဘူး။
ကြက်တွေကို နမူနာယူပြီး အလုပ်လုပ်တဲ့အခါ အချိန်ကိုလေးစား၊ အချိန်မီပြီးအောင်လုပ်၊ မဆင်မခြင်ပေါ့ပေါ့နေ ပေါ့ပေါ့စားမလုပ်နဲ့။ အကျိုးမရှိရင် မကန်းသော်လည်း ကန်းယောင်ဆောင်ပါ။ အကျိုးရှိရင် ဘယ်သူဖျက်ဖျက် နောက်မဆုတ်ဘဲ ပြီးအောင်လုပ်။ ဒါဟာ ကံကောင်းမယ့်နည်းလမ်းပဲ။
ကံကောင်းဖို့ ဝီရိယအဓိက
အချို့မှာ ကံအားကောင်းလို့ ချမ်းသာတယ်။ အချို့က ဉာဏ်ကောင်းလို့ ကြီးပွားတယ်။ အချို့ကျတော့ ကြိုးစားနိုင်လွန်းလို့ အောင်မြင်တယ်။ ဒါပေမဲ့ ဝီရိယမပါဘဲ ကံရောဉာဏ်ပါ နှစ်ခုလုံးမဖြစ်နိုင်လို့ ဝီရိယသာ အဓိကကျပါတယ်။ အောင်မြင်ကျော်ကြားသူတွေရဲ့ ပုဂ္ဂိုလ်ရေးရာဇဝင်ကို ပြန်ကြည့်ရင် ဝီရိယကို အရင်းတည်ခဲ့ကြရတာချည်းပါ။
‘ဝီရိယာရမ္ဘော ဘိက္ခဝေ မဟတော အတ္ထာယ သံဝတ္တတိ။ ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။ ဝီရိယရမ္ဘော၊ ဝီရိယကိုအားထုတ်ခြင်းသည်။ မဟတော၊ ပြောမဆုံးဖွယ် ကြီးကျယ်ခမ်းနား များစွာသော။ အတ္ထာယ၊ လောကီလောကုတ္တရာနှစ်ဖြာအကျိုးတိုးပွားခြင်းငှာ။ သံဝတ္တတိ၊ ဖြစ်၏’ (အံ၊၁၊၁၁)လို့ မြတ်ဗုဒ္ဓဟောတော်မူပါတယ်။
တိုက်တွန်းချက်
အချုပ်ပြောရရင် ‘ကံဟူသည် အလုပ်၊ အလုပ်ရှိမှ ကံရှိသည်။ အလုပ်မရှိလျှင် ကံမရှိ။ အလုပ်ကောင်းမှ ကံကောင်းသည် အလုပ်မကောင်းလျှင် ကံမကောင်း’ (ကံဉာဏ်ဝီရိယအဖွင့်၊ စာ-၂၂၉) ဆိုတဲ့ ရွှေဟင်္သာတောရ စံကျောင်းဆရာတော်ကြီးရဲ့ ဩဝါဒကို လိုက်နာပြီး ရှိမြဲကောင်းတဲ့ စိတ်ကလေးနဲ့ ဆက်လက်ကြိုးစားရင် ရည်ရွယ်ချက်တွေ တစ်နေ့ကျရင် အောင်မြင်ပါလိမ့်မယ်။
လုံ့လမထူ ဉာဏ်မကူဘဲ အယူတစောင်း ကံတကြောင်းမျှ မကောင်းလည်းကံကောင်းလည်းကံဟု ကံကိုချည်းသာ မကိုးရာဘူး ပညာဉာဏ်ဖြင့် သင့်မသင့်ကို အခွင့်ရှု၍ အပြုလုံ့လ ရှိအပ်စွတည်း။ (မဃဒေဝ၊ ပိုဒ်၂၅၄)
---
၇၄။ ကိုယ်စောင့်နတ်
ဒီဇင်ဘာ ၁၈၊၂၀၀၈။
ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
အလှူဒါနပြုပြီးသောအခါဖြစ်စေ၊ မေတ္တာပို့ပြီးတဲ့အခါဖြစ်စေ ကိုယ်စောင့်နတ်ကိုပါ အမျှပေးဝေကြပါသည်။ လူတစ်ယောက်စီကို ကိုယ်စောင့်နတ်တစ်ယောက်စီ စောင့်ရှောက်ပါသလား၊ သို့မဟုတ် လူအများကို ကိုယ်စောင့်နတ်တစ်ပါးတည်းက စောင့်ရှောက်ပါသလား၊ ကိုယ်စောင့်နတ်သည် ဘယ်ဘုံက ဖြစ်ပါသနည်း၊ လူတစ်ယောက်ကို ဘယ်အသက်အရွယ်မှာ စတင်စောင့်ရှောက်ပါသနည်း၊ ကိုယ်စောင့်နတ်ကို သိကြားမင်းလို အခြားတန်ခိုးကြီးနတ်တစ်ပါးက စေခိုင်းပါသလား ဆိုသည်ကို သိလိုပါသည်ဘုရား။
ထွန်းလင်း
စူဠကာလိင်္ဂဇာတ်
ကာလိင်္ဂမင်းဟာ အဿကမင်းကို စစ်မတိုက်ခင်မှာ အကြားအမြင်ရတဲ့ ရသေ့ကို မထင်မရှားအသွင်နဲ့ ချဉ်းကပ်ပြီး ဒီစစ်ပွဲမှာ ဘယ်သူနိုင်မလဲလို့ မေးပါတယ်။ ရသေ့က ကာလိင်္ဂမင်းနိုင်မယ်လို့ ဖြေတဲ့အတွက် ကာလိင်္ဂမင်းဟာ ဝမ်းသာလုံးဆို့ပြီး သုတ်ခနဲထပြန်သွားတယ်။ အခြေအနေကို ဆက်မမေးတော့ဘူး။ အဿကမင်းရဲ့ ပညာရှိအမတ် နန္ဒိသေနကတော့ ဆင်ခြင်စဉ်းစားတတ်ပြီး စေ့စပ်သေချာတဲ့အတွက် ‘မင်းနှစ်ပါးကို စောင့်နေတဲ့ နတ်နှစ်ယောက်က အရင်တိုက်ခိုက်ကြမယ်၊ ကာလိင်္ဂမင်းကိုစောင့်တဲ့နတ်က ဆင်ဖြူအသွင်နဲ့၊ အဿကမင်းရဲ့နတ်က ဆင်နက်အသွင်နဲ့ ရှိမယ်၊ ဒါကို မင်းနှစ်ပါးပဲ မြင်နိုင်မယ်’ ဆိုတဲ့ အခြေအနေမှန်ကို အတိအကျသိသွားတယ်။
ကာလိင်္ဂမင်းနဲ့ စစ်သည်တွေက နိုင်မှာပဲဆိုပြီး မကြိုးစားကြတော့ဘူး။ အဿကရဲ့စစ်သည်တွေကတော့ အောင်နိုင်မယ့်နည်းလမ်းကို ရှာဖွေပြီး ပိုကြိုးစားတယ်။ အဿကမင်းကလဲ မိမိပဲ မြင်နိုင်တဲ့ ကာလိင်္ဂစောင့် ဆင်ဖြူနတ်ကို စစ်သည်တွေကို ညွှန်ပြနိုင်လို့ ဝိုင်းတိုက်ရာမှာ ဆင်ဖြူထွက်ပြေးရတဲ့အတွက် ကာလိင်္ဂမင်းရှုံးပါတယ်။ ဒီဇာတ်အရ မင်းနှစ်ပါးကိုစောင့်တဲ့ နတ်တစ်ပါးစီရှိတယ်လို့ ဆိုနိုင်ပါတယ်။
ကိုယ်စောင့်နတ်
ဗုဒ္ဓဝါဒဟာ ပကတိမျက်စိနဲ့ မမြင်နိုင်တဲ့ နတ်ဒေဝါဆိုတာတွေကို ယုံကြည်ပါတယ်။ ကိုယ်စောင့်နတ်လို့ဆိုရာမှာ ဤခန္ဓာကိုယ်မှာ မှီကပ်နေတဲ့ နတ်တစ်မျိုးလို့ မယူဆနိုင်ပါဘူး။ လူတစ်ယောက်ကို ကူညီစောင့်ရှောက်နေတဲ့ နတ်ဆိုတာမျိုးတော့ ရှိနိုင်တယ်။ နတ်တစ်ယောက်က လူတစ်ယောက်ကိုပဲ အထူးစောင့်ရှောက်တာမျိုးလဲ ရှိနိုင်တယ်။ လူအများကို ကူညီစောင့်ရှောက်တဲ့ နတ်တစ်ယောက်က ကြုံကြိုက်လို့ သို့တည်းမဟုတ် မိမိရဲ့လုပ်ဆောင်ချက်မှန်ကန်ပြီး ကိုယ်ကျင့်တရားကောင်းလို့ မိမိကိုကူညီတာမျိုးလဲ ရှိနိုင်တယ်။
ကိုယ်စောင့်နတ်ဟာ လူထက် ဘုန်းကံနိမ့်တဲ့ နတ်မျိုးတော့ ဖြစ်နိုင်မယ်မထင်ဘူး။ လူကို ကူညီပေးနိုင်တဲ့ နတ်ဟာ လူထက်တော့ သာရမှာပါ။ ဒါကြောင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ ဖြစ်နိုင်သလို လူ့ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ တန်ခိုးကြီးနတ်တွေလဲ ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် ပဋိသန္ဓေနေချိန်ကစပြီး အဲဒီလူကို စောင့်ရှောက်တဲ့ နတ်ဆိုတာမျိုး ရှိနိုင်ပါတယ်။
နက်နဲစွာ ဆင်ခြင်
ဂမ္ဘီရ စိန္တကာ၊ တွေ့ကြုံသမျှ မှုကိစ္စဝယ် အဇ္ဈတ္တ၌ ဉာဏ်မြင်ဆိုက်အောင် လှိုက်လှိုက်လှဲလှဲ စိတ်တော်စွဲ၍ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ဆင်ခြင် အကြံကောင်း ဉာဏ်ကောင်း ဝင်ကြကုန်သည် ဖြစ်၍ ...
(အရှင်ဇနကာဘိဝံသ)
---
၇၅။ ရှိခိုးခြင်းအနှစ်သာရ
ဇွန် ၆၊ ၂၀၀၈။
ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
ဘုရားရှိခိုးသည့်အခါ ထိခြင်းငါးပါးနှင့် အညီရှိခိုးရမည်ဟု မိဖဆရာသမားတွေ ဆုံးမပါသည်ဘုရား။ စိတ်သာရှင်စော ဘုရားဟောဖြစ်၍ စိတ်ထဲကမပါလျှင် ရှိခိုးရာရောက်ပါသလား။ ထိခြင်းငါးပါးနှင့် ရှိခိုးပုံကိုသိလိုပါသည်။ အဘယ်ကြောင့် ထိခြင်းငါးပါးနှင့် ရှိခိုးရသည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။
ရန်နိုင်ဝင်း၊ စင်္ကာပူ
---
အစဉ်အလာ
အိန္ဒိယနိုင်ငံမှာ မြတ်ဗုဒ္ဓမပွင့်မီက ကြီးသူကို ငယ်သူက ရှိခိုးရတဲ့ အစဉ်အလာ (ဇေဋ္ဌဝုဍ္ဎာပစာယန) ရှိပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီအစဉ်အလာကို မငြင်းပယ်ပါဘူး။ ဒါကြောင့် ရဟန်းအချင်းချင်း လူအချင်းချင်း ကြီးသူကို ငယ်သူက ရှိခိုးအရိုအသေပြုကြတာ ဖြစ်ပါတယ်။ လူက ရဟန်းကိုရှိခိုးတာက ရဟန်းရဲ့ ကျင့်သုံးဆဲသီလနဲ့ သံဃာ့ဂုဏ်ရည်ကြောင့် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ရှိခိုးဆဲမှာ စိတ်ကြည်နူးပါတယ်။ အဲဒီလိုကြည်နူးနေတာကို ကုသိုလ်ရတယ်လို့ ဆိုတာပါ။
စိတ်ထဲက မပါရင်
ဘုန်းကြီးကျောင်းကိုသွားတဲ့ အခါ စိတ်ထဲကမပါဘဲ သူများတွေ မကဲ့ရဲ့အောင် သို့မဟုတ် သူများအထင်ကြီးအောင် ဟန်ဆောင်ပြီး ရှိခိုးပြတာမျိုးကတော့ အကျိုးမရှိနိုင်ဘူး။ ရှိခိုးအရိုအသေ ပြုဆဲခဏမှာ ခန္ဓာကိုယ်နဲ့ရော စိတ်ထဲကပါ လှိုက်လှိုက်လှဲလှဲပြုမှ အကျိုးများပါတယ်။
ထိခြင်းငါးပါး
ထိခြင်းငါးပါးကို ရေတွက်ပုံ ခြားနားမှုရှိတယ်။
၁။ မတ်တတ်ရပ်ပြီး ရှိခိုးရင် ခြေကိုစုံရပ်၊ လက်ဝါးနှစ်ခုပူးပြီး နဖူးပေါ်တင်၊ ပြီးတော့မှ ခါးကို ကိုင်းညွတ်ရတယ်။ ခြေနှစ်ချောင်း ကြမ်းမှာထိခြင်း၊ လက်ဝါးနှစ်ခုထိခြင်းနဲ့ ပူးထားတဲ့ လက်အုပ် နဖူးနဲ့ ထိခြင်းလို့ ထိခြင်းငါးမျိုး။
၂။ ထိုင်ပြီး ရှိခိုးရင် ခြေဖဝါးနှစ်ခုထိခြင်း၊ ဒူးခေါင်းနှစ်ခုထိခြင်း၊ တံတောင်ဆစ်နှစ်ခု ထိခြင်း၊ လက်ဝါးနှစ်ခု ထိခြင်းနဲ့ ကြမ်းပြင်မှာ နဖူးထိခြင်းလို့ ထိခြင်းငါးမျိုးယူပါတယ်။
ပထမနည်းက ကျမ်းဂန်နဲ့ ညီညွတ်ပြီး ဒုတိယနည်းကတော့ အစဉ်အလာဖြစ်ပေမဲ့ ကျမ်းဂန်တွေမှာတော့ မတွေ့ရဘူးလို့ တောင်ဖီလာဆရာတော်က (ဝိနယာလင်္ကာရ၊ ၂၊ ၃၆၇) ဆိုပါတယ်။ သာသနာပိုင် မောင်းထောင်ဆရာတော်ကတော့ ထိခြင်းငါးပါးဆိုရာမှာ အစဉ်အလာနည်း (ဒုတိယနည်း) ကို နှစ်သက်ပုံပါပဲ (သီ၊ဋီ၊သစ်၊ ၂၊ ၁၈)။
Nothing to surpass Buddhism
Buddhist or not Buddhist, I have examined every one of the great religious systems of the world, and in none of them have I found anything to surpass, in beauty and comprehensiveness, the Noble Eightfold Path and the Four Noble Truths of the Buddha. I am content to shape my life according to that path.
Prof. Rhys Davids
ဗုဒ္ဓဝါဒကို မကျော်လွန်နိုင်
ဗုဒ္ဓဘာသာဝင်ဟု ဆိုဆို မဆိုဆို၊ ကမ္ဘာပေါ်ရှိ ဘာသာကြီးတိုင်းကို ကျွန်ုပ်လေ့လာထားမိသလောက် မည်သည့်ဘာသာတရားတွင်မှ အလှတရားနှင့် နားလည်မှုအရ ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးထက် သာလွန်သည့်တရားဓမ္မမျိုးကို မတွေ့မိ။ ထိုလမ်းစဉ်ဖြင့် ကျွန်ုပ်ဘဝအား ပုံဖော်ရသည်ကို ကျွန်ုပ်ကျေနပ်၏။
---
76. Egg and Killing
Dec 20, 2008.
---
Dear Sayadaw,
Please help me get rid of my confusion. Staying and working in Singapore, I have to cook food myself. It is very easy for me to cook egg and I eat it almost everyday. After I read a Dhamma book, I feel that I shouldn't cook egg to keep Panatipata, because the book says if you break and fry or boil or cook egg, then you violate the precept. Please clarify me whether it is Panatipata or not.
Mee Mee
---
Where eggs from
I remember that I asked my friend's son 7 years old Thomas, Hey Thomas, do you know where eggs come from?", and his answer was Eggs come from refrigerator!. I am sure that he noticed his mother taking eggs from it at home or in the market.
What is killing
To violate Panatipata, you intentionally killed a living being including fetus in the womb or egg and the being was dead by your effort. You killed a dog, but it didn't die and you just made its legs broken, still you keep the precept. But because you broke dog's legs, you sow Akusala and you will have to reap its effect.
Two types of eggs
If you saw a cobra's egg which is alive under a bush, and thinking it is dangerous you smashed it, you killed it. If the egg was already dried or dead or not alive or a little cobra cannot be born from it, never say you killed it. If you took an egg from chicken's net at your home and fried or boiled it, you killed it, because it is hundred percent sure that the egg is alive.
Do you think that baby chickens can be born from the eggs which sellers keep in refrigerators systematically? I don't think so. They are frozen and fetus was already dead, that is, the eggs in the market are not alive.
Difference
Vegetarian means not to eat meet. Panatipata means not to kill a living being. For health reason, if researchers say eating egg is same as meet and you want to avoid meet-eating, that is your wish. But, in this issue, breaking or frying or boiling frozen eggs cannot break your Panatipata. They will be something like all kinds of frozen meet from the market.
Just to think
Yes, if a lay man sees a monk breaking or boiling or frying any kind of egg, he may think ill of monks. So, monks should avoid doing so to maintain the lay persons' devotion.
---
၇၇။ ကမ္ဘာပျက်ခြင်း
ဒီဇင်ဘာ ၂၀၊ ၂၀၀၇၈။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
တပည့်တော်တို့ ကမ္ဘာမှာ ဘုရားငါးဆူ ပွင့်မည်ဟု သိရပါသည်ဘုရား။ သို့ရာတွင် ခုတလော ကြားကြားနေရသည့် မကြာခင် ကမ္ဘာပျက်မည်ဆိုသည်ကို သံသယဖြစ်မိပါသဖြင့် ကမ္ဘာပျက်ခြင်း အဆိုနှင့် ပတ်သက်၍ ရှင်းလင်းပေးစေလိုပါသည် အရှင်ဘုရား။
လင်းလင်း
---
ဗုဒ္ဓဝါဒီတို့အမြင်
ဗုဒ္ဓစာပေမှာ ကမ္ဘာမြေ တစ်နေ့ကျရင် ပျက်စီးမယ်ဆိုတာကို ဖော်ပြပါတယ်။ ဘယ်နေ့ပျက်မယ်လို့ အတိအကျမဆိုပါဘူး။ လူတွေ တရားပျက်လွန်းလို့ ကမ္ဘာလောကမှာ လူတွေ မရှိနိုင်တော့တဲ့ အချိန်ကျမှ ပျက်စီးမယ်လို့ပဲ ဆိုပါတယ်။ ဒါလည်း သူ့သဘာဝအလျောက် ပျက်စရာရှိလို့ ပျက်စီးခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်မှောက်ခေတ် လောလောလတ်လတ်မှာတော့ ဘယ်နည်းနဲ့မှ ကမ္ဘာပျက်ခြင်း မဖြစ်နိုင်သေးပါဘူး။ ဘာကြောင့်ဆို ဒီကမ္ဘာပေါ်မှာ လက်ရှိဂေါတမဗုဒ္ဓရဲ့ သာသနာကွယ်ပြီးနောက် မေတ္တေယျဘွဲ့အမည်နဲ့ နောက်ထပ် ဘုရားတစ်ဆူပွင့်ပြီး သူတော်ကောင်းတရားတွေ ထွန်းကားအုံးမှာဖြစ်လို့ပါ။
ထူးခြားတာက ဗုဒ္ဓဝါဒီတို့ရဲ့ ကမ္ဘာပျက်အမြင်ဟာ အစွန်းမရောက်တာ၊ ကမ္ဘာပေါ်က လူသားတွေအပေါ် အဆိုးမြင်ပြီး ယင်းအမြင်အခြေခံနဲ့ လူတွေကို စည်းရုံးခြင်း မရှိတာ လုံးဝသေချာပါတယ်။
သူတို့အမြင်
ကင်းမျှော်စင် (Jehovah's Witnesses) နဲ့ ဧဝံဂေလိ ခရစ်ယန်ဝါဒီတွေက ကမ္ဘာကြီး မကြာခင် အဆုံးသတ် ပျက်စီးမယ်လို့ ဟောပြောလေ့ရှိပါတယ်။ ကင်းမျှော်စင်အဖွဲ့က ထုတ်တဲ့ မဂ္ဂဇင်းတွေကို သတိပြု ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။ ၁၈၉၅-ခုနှစ်၊ ၁၉၁၄-ခုနှစ်တွေမှာ ကမ္ဘာပျက်မယ်လို့လည်း ယင်းတို့က ဟောကိန်းထုတ်ခဲ့ဖူးတယ်။ အဲဒီလိုပဲ ၁၉၉၀-ပြည့်လွန်နှစ်တွေက ၂၀၀၀-ပြည့်နှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ ဘုရားကျောင်းတွေက ဟောပြောတာကို ယုံကြည်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ လူတွေတောင်ရှိဖူးတယ်။
ဆင်ခြင်တုံတရားနဲ့ အသိပညာ နည်းပြီးစိတ်ပြောင်းလွယ်သူ အချို့ အဲဒီဟောပြောချက်ကို ယုံကြည်လို့ ဘာသာ ကူးပြောင်းသွားတာတွေ ရှိတယ်။ လူတွေကို ကြောက်စရာအခြေအနေနဲ့ ဟောပြောပြီး မိမိတို့ ဘာသာတရားထဲကို ဝင်လာအောင် စည်းရုံးခြင်းမျိုးလို့ပဲဆိုပါရစေ။
မာဝိဘာဝေသကံ မလံ..
သကံမလံ၊ ခွေးဘင်တပြေးမိမိ၏ မာန်ညစ်ကြေးကို။ မာဝိဘာဝယေ၊ ထင်ရှားမဖော်ပြရာ။
---
၇၈။ သောတာပန်ဂုဏ်ရည်
ဒီဇင်ဘာ ၂၂၊ ၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
သောတာပန်တည်တယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးစေချင်ပါသည်။ လူသာမန်သည် အဘယ်သို့ဖြစ်လျှင် သောတာပန်တည်သွားပါသနည်း။ သောတာပန်ပုဂ္ဂိုလ်၏ ထူးခြားချက်များနှင့် ဂုဏ်ရည်များကိုလည်း သိလိုပါသည် အရှင်ဘုရား။
စိန်မြထွန်း
---
သောတာပန်တည်
လူတွေမှာ စိတ်နှစ်မျိုး ရှိတယ်။ ၁) သူ့အလိုလို (အားမစိုက်ရဘဲ) ခဏတိုင်း မပြတ်မလပ် ဖြစ်နေတဲ့ စိတ်နဲ့ ၂) တမင်တကာ ကြိမ်ဖန်များစွာ ပွားများယူမှ ဖြစ်ပေါ်လာတဲ့ စိတ် ဖြစ်ပါတယ်။ ပထမစိတ်မျိုးကို ကာမစိတ်ခေါ်တယ်။ ဥပမာ မကောင်းတဲ့ ဘက်မှာ လိုချင်၊ စိတ်ဆိုး၊ မနာလို၊ စိတ်လေး၊ စိတ်ပျံ့လွင့် စတာတွေနဲ့ အကောင်းဘက်မှာ အလှူပေး၊ တရားနာ၊ သီလစောင့် စတဲ့ ကုသိုလ်တစ်ခု ပြုနေဆဲမှာဖြစ်တဲ့ စိတ်မျိုး။ သောတာပန်တည်တယ်ဆိုတာက ဒုတိယစိတ်မျိုး မိမိသန္တာန်မှာဖြစ်သွားပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီစိတ်မျိုးက ဖြစ်ပြီဆိုရင် ဒုက္ခကိုသိခြင်း၊ သမုဒယကို ပယ်ခြင်း၊ မဂ္ဂကို ပွားခြင်းနဲ့ နိရောဓကို ပျက်မှောက်ပြုခြင်းဆိုတဲ့ စိတ်ရဲ့လုပ်ဆောင်မှုလေးမျိုး ပြီးစီးတယ်။
ခိုင်မာသွားပုံ
တစ်ယောက်က အတင်းအကြပ် တိုက်တွန်းလို့ မဟုတ်ဘဲ ကိုယ်တိုင် ပွားများလို့ရတဲ့ အတွေ့အကြုံနဲ့ ဓမ္မကို သိမြင်သွားလို့ ဗုဒ္ဓသာသနာမှ တစ်ပါး ကိုးကွယ်ရာမရှိဘူးလို့ အကြွင်းမဲ့ ယုံကြည်သွားခြင်း၊ ကိုယ်ကျင့်တဲ့ ဓမ္မကို ယုံမှားသံသယ လုံးဝကင်းသွားခြင်း စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံလို့ ‘တွင်းနက်နက် တူးပြီး စိုက်ထူထားတဲ့ တံခါးတိုင်ဟာ အရပ်လေးမျက်နှာက တိုက်ခတ်တဲ့ လေပြင်းမုန်တိုင်းကြောင့် မတုန်လှုပ်နိုင်သလို (သံ၊ ၃၊ ၃၈၈)’ သူ့ရဲ့သဒ္ဓါတရား သိပ်ခိုင်မြဲတယ်။ အသက်ဟူသော အကြောင်းနဲ့တောင် ငါးပါးသီလကို မချိုးဖောက်တော့ဘူး။
နမော တဿ
သောတာပန် ဓနဉ္စာနီ ပုဏ္ဏေးမဟာ ချေဆတ်ရင်၊ ခလုတ်တိုက်မိရင်၊ တစ်ခုခု အမှတ်တမဲ့ ပြုမိရင် ‘နမော ဗုဒ္ဓဿ’လို့ နှုတ်က ဆိုပြီး ဘုရားရှိခိုးတယ်။ ယောင်ပြီး လုပ်မိရာမှာတောင် မြတ်ဗုဒ္ဓကို သတိရနိုင်တဲ့အထိ ဗုဒ္ဓါနုဿတိဂုဏ်က နှလုံးသားထဲမှာ စွဲမြဲနေတဲ့ သဘော။ သူ့ခင်ပွန်းကတော့ ဗုဒ္ဓဝါဒီ မဟုတ်လို့ ဓနဉ္စာနီရဲ့ အပြုအမူကို မကြိုက်ဘူး။ မနာလို ဖြစ်တယ်။ ဒါနဲ့ ခင်ပွန်း ပုဏ္ဏားကိုးကွယ်တဲ့ တတ္ထိဆရာကြီးတွေကို အိမ်ဖိတ်ပြီး ကျွေးမွေးတဲ့ နေ့မှာ အဲဒီလို မရွတ်ဆိုဖို့၊ ဆိုမိရင် ဓားနဲ့ နုပ်နုပ်စဉ်းပစ်မယ်လို့ ပုဏ္ဏားက ခြိမ်းခြောက်တယ်။ ဒါပေမယ့် ဓနဉ္စာနီက မကြောက်တဲ့ အပြင် အဲဒီနေ့ကျတော့မှ တိတ္ထိဆရာကြီးတွေ ရှေ့မှာပဲ ‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’လို့ အပြည့်အစုံ ဘုရားရှိခိုးလိုက်တယ် (သံ၊ ဋ္ဌ၊ ၁၊ ၂၀၇)။
သောတာပန်ဂုဏ်အင်္ဂါ
သောတာပန်ဟာ အရိယာတို့ရဲ့ တရားကို ကိုယ်တိုင်သိ အတွေ့အကြုံနဲ့ သိပြီးဖြစ်လို့ ဗုဒ္ဓကို၊ ဓမ္မကို၊ သံဃာကို မတုန်မလှုပ် ယုံကြည်ခြင်း၊ အသက်ဟူသော အကြောင်းကြောင့်ပင် ငါးပါးသီလကို မချိုးဖောက်ခြင်းဆိုတဲ့ ဂုဏ်အင်္ဂါလေးပါးနဲ့ ပြည့်စုံတယ်။ ဒီအင်္ဂါလေးမျိုးကို ‘တရားမှန်’လို့လည်း ခေါ်တယ်။ မှန်ကို ကြည့်ရင် ကိုယ့်ရုပ်ပုံကို သိရသလို အဲဒီတရား လေးပါးရှိနေတဲ့ သောတာပန်ဟာ ‘ငါအပါယ် မလားတော့ဘူး၊ ခိုင်မြဲတဲ့ အရိယမဂ်ကိုရပြီ၊ အထက်ဖြစ်တဲ့ မဂ်တွေကို မချွတ်ငါရမည်’လို့ ကိုယ့်ရုပ်ပုံကို ပီပီပြင်ပြင် သိမြင်သွားတယ်။
---
၇၉။ ရဟန်းခံမှု ပြည့်စုံခြင်း
ဒီဇင်ဘာ ၂၄၊ ၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ရဟန်းခံ သိမ်ဝင်ရာမှာ အနည်းဆုံး သံဃာ ငါးပါးရှိရကြောင်း သိရပါသည်။ အကယ်၍ အဲဒီ သံဃာငါးပါးထည်းမှာ တစ်ပါးက ပါရာဇိကကျနေလျှင် (အဲဒီလို ပါရာဇိကကျနေကြောင်းကိုလည်း အခြားသံဃာတွေက မသိရင်) အဲဒီ ရဟန်းလောင်းရဲ့ ရဟန်းအဖြစ် အောင်မြင်ပါသလား ဘုရား။ အကယ်၍ ရဟန်းမဖြစ်မြောက်ခဲ့လျှင် အဲဒီရဟန်းဟာ ကိုယ်တိုင်မသိဘဲ ရဟန်းအဖြစ်နှင့် ဆက်နေလျှင် အကုသိုလ်ဖြစ်ပါသလား။
ရိုသေစွာဖြင့် ထွန်းလင်း
---
ပြည့်စုံမှုငါးမျိုး
ရဟန်းခံရာမှာ ပြည့်စုံမှု ငါးမျိုးရှိတယ်။ အဓိပ္ပာယ်က အဲဒီငါးမျိုး မပြည့်စုံရင် ရဟန်းခံကိစ္စမအောင်မြင်ဘူး။ အဲဒီငါးမျိုးက
၁) ဝတ် (ဝတ္ထု) = ရဟန်းလောင်း၏ ပြည့်စုံခြင်း။ ရဟန်းလောင်းဟာ အသက် ၂၀ တင်းတင်းပြည့်ရမယ်။ ဘုန်းကြီးဝတ်ဖူးရင် ပါရာဇိကကျဖူးခဲ့သူ မဖြစ်ရ။ ကိုယ့်ဟာကိုယ် သင်္ကန်းပတ်ပြီး ဘုန်းကြီးယောင်ဆောင်ဖူးသူလည်း မဖြစ်ရ။ အနန္တရိယကံထိုက်နေသူ၊ သံဃာသင်းခွဲသူလည်း မဖြစ်ရ။ ပဏ္ဍုက် (ငါးမျိုးရှိတယ်၊ ရှင်းအောင်ပြောရင် လိင်စိတ်ဖောက်ပြန်နေသူ ငါးမျိုး) မဖြစ်ရ။ မိန်းမစိတ် ယောကျ်ားစိတ် နှစ်မျိုးလုံးရှိနေသူလည်း မဖြစ်ရ။ အဲဒီလူတွေကို ရဟန်းခံမပေးကောင်းဘူး။
၂) ဉတ် = သံဃာကို အသိပေးခြင်း။ သံဃာကို အသိပေးတဲ့ ပုံစံစာတန်းကို ဦးစွာမဖတ်ရင်၊ ကမ္မဝါစာကိုဖတ်ပြီးမှ အဲဒီပုံစံပြစာတန်းကို ဖတ်ရင် သံဃာကို အသိပေးပုံ (ဉတ်) မမှန်လို့ ရဟန်းခံမှု မအောင်မြင်ဘူး။ ရဟန်းလောင်း ရဟန်းမဖြစ်ဘူး။
၃) ကမ္မဝါ = ကမ္မဝါစာကို သုံးကြိမ် မဖတ်ရင်၊ ဖတ်စဉ်မှာ ပုဒ်အက္ခရာတွေကို စုံစေ့အောင် မဖတ်ဘဲ ကျန်နေရင်၊ သံဃာကို အသိပေးခြင်း (ဉတ်) ကို မဖတ်ရင်၊ နောက်ဆုံးမှဖတ်ရင် မအောင်မြင်ဘူး။
၄) ပရိသာ = ရဟန်းခံပေးတဲ့ သံဃာ့ပရိသတ်။ သံဃာ့ပရိသတ်ထဲက တစ်ပါးပါးက အဲဒီရဟန်းလောင်းကို ရဟန်းခံမပေးပါနဲ့လို့ ကန့်ကွက်ရင်၊ ရဟန်းခံရာမှာ ပါဝင်တဲ့ ရဟန်းတွေ သိမ်ထဲမှာ နှစ်တောင်ထွာအတွင်း ရှိမနေရင်၊ မကျန်းမာလို့ ပရိသတ်ထဲ မဝင်နိုင်တဲ့ ရဟန်းတွေရဲ့ သဘောတူချက်ကို မရရင် အဲဒီပရိသတ်နဲ့ ရဟန်းခံလို့ မအောင်မြင်ဘူး။
၅) သီမာ = ဝိနည်းနဲ့ ညီတဲ့ သိမ်၊ ဝိနည်းကခွင့်ပြုတဲ့ သိမ်ဖြစ်ရမယ်။
ဆောင်။။ ဝတ် ဉတ် ကမ္မဝါ၊ ပရိသာ၊ သီမာ သမ္ပတ္တိ။
ပါရာဇိကကျပြီးသူ ပါနေရင်
ရဟန်းလောင်းကို ရဟန်းခံပေးဖို့ မဇ္ဈိမဒေသလို့ ခေါ်တဲ့ အိန္ဒိယနိုင်ငံမှာ အနည်းဆုံး ရဟန်းဆယ်ပါး၊ ပစ္စန္တလို့ ခေါ်တဲ့ မြန်မာစတဲ့ အခြားဒေသတွေမှာ အနည်းဆုံး ရဟန်းငါးပါး လိုတယ်။ ရဟန်းငါးပါး မပြည့်ရင် ရဟန်းခံပေးလို့ မရဘူး။ ခံပေးရင် ရဟန်းလောင်း ရဟန်းမဖြစ်ဘူး။ အဲဒါကြောင့် ပါရာဇိကကျတဲ့ ရဟန်းကိုပါထည့်မှ သံဃာငါးပါးပဲရှိတယ်ဆိုရင် ရဟန်းစစ်က လေးပါးပဲရှိလို့ ရဟန်းလောင်း ရဟန်းမဖြစ်ဘူး။ သူ့အပြင် ပါရာဇိကမကျတဲ့ ရဟန်းစစ်က ငါးပါးပြည့်ရင်တော့ သံဃာ့ပရိသတ်ထဲမှာ ရှိနေပေမယ့် ရဟန်းလောင်း ရဟန်းဖြစ်တယ်။ ဥပမာ ဥပဇ္ဈာယ်ဆရာက ပါရာဇိကကျပြီးသူ ဖြစ်ပေမယ့် သူမပါဘဲ ရဟန်းငါးပါးပြည့်ရင် ရဟန်းလောင်းကတော့ ရဟန်းဖြစ်တယ်။
ပါရာဇိကကျသူ ကမ္မဝါစာဖတ်ရင်
ပါရာဇိကကျပြီးတဲ့ ရဟန်းပဲ ရွတ်တတ်ဖတ်တတ်နိုင်စွမ်းရှိတာကြောင့် သူတစ်ပါးတည်းပဲ ကမ္မဝါစာကို ဖတ်တယ်ဆိုရင် (တခြား ရဟန်းစစ်တွေနဲ့ အတူတူတွဲဖတ်ရင်တော့ ကိစ္စမရှိဘူး) အဲဒီရဟန်းဟာ သမဏသညာ (ငါရဟန်းပဲဆိုတဲ့ အသိ) ကို မစွန့်သေးတာ၊ အခြားသံဃာတွေကလည်း သူ့ကို ရဟန်းစစ်လို့ပဲ ယုံကြည်နေတာတွေကြောင့် ကံမပျက်နိုင်ဘူး။ အဓိပ္ပာယ်က ရဟန်းလောင်း ရဟန်းဖြစ်တယ်ပေါ့။ ကမ္မဝါစာဖတ်သူဟာ ပါရာဇိကကျသူ ဖြစ်ကြောင်း သံဃာ့ပရိသတ်က သိနေရင်တော့ ရဟန်းခံကိစ္စ မအောင်မြင်ဘူး (ဝဇိရ၊ ဋီ၊ ၁၀၉)။
‘သံဃော ဥပသမ္ပါဒေယျ = သံဃာသည် (ပဉ္စင်းလောင်းကို) ရဟန်းပြုပေးရမည်’ (ဝိ၊ ၃၊ ၁၃၃) ဆိုတဲ့ ပါဠိတော်အရ သံဃာလို့ အခေါ်ခံနိုင်သူ သံဃာထဲမှာ ပါဝင်ခွင့်ရှိတဲ့ ရဟန်းစစ်ကပဲ ကမ္မဝါစာကို ဖတ်ပေးကောင်းပါတယ်။ လူနဲ့ သာမဏေ ကမ္မဝါစာဖတ်ရင် ရဟန်းခံကိစ္စ မအောင်မြင်ဘူး။ ပါရာဇိကကျပြီးတဲ့ ရဟန်းဟာ သင်္ကန်းဝတ်ထားပေမဲ့ သံဃာထဲမှာပါဝင်ခွင့်မရှိတော့ဘူး။
မန်လည် စာချိုး
ကမ္မဝါရွတ်မှု၌
ဘိက္ခုမှပြည့်စုံ
ဆိုပုံကလွန်များ။
လူ့အသွင်
သမဏသညာကြဉ်လို့
ထိုသူပင် မှန်အောင်ရွတ်သော်လည်း
ကံချွတ်လောက်သား။
(သတပဒိက၊ သောဠသမဝိသဇ္ဇနာ)
သိတဲ့ အချိန်မှာ
သိမ်ဝင်ရဟန်းခံစဉ်က ကိုယ်တိုင်က အသက် ၂၀ ပြည့်ပြီး ရဟန်းပြုခွင့်ရှိသူဖြစ်လျက်နဲ့ အခြားပြည့်စုံမှုတွေ မရှိခဲ့လို့ ရဟန်းအဖြစ်မအောင်မြင်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို ရဟန်းဖြစ်တယ်လို့ ထင်မှတ်ပြီး သာသနာ့ဘောင်မှာ ကောင်းကောင်းနေရင် အကုသိုလ် မဖြစ်ပါဘူး။ ဒါပေမယ့် မိမိရဟန်းမဖြစ်ခဲ့ကြောင်း သိတဲ့ အချိန်မှာ သိက္ခာပြန်တင်သို့မဟုတ် ရဟန်းထပ်ခံရပါတယ်။ အဲဒီလိုလုပ်ရင် အရင် ရပြီးသား ရဟန်းဝါ (သိက္ခာ)တွေကို ပြန်မရေတွက်ရတော့ဘူး။
---
၈၀။ ကျွန်းကြီးလေးကျွန်း
ဒီဇင်ဘာ ၂၄၊ ၂၀၀၈။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ဘုရားဟောထဲမှာပါတဲ့ ကျွန်းကြီးလေးကျွန်းနဲ့ မြင်းမိုရ်တောင်ကို ရှင်းပြပေးစေလိုပါသည်။ တောင်ကျွန်းဆိုတာ ဤကမ္ဘာကို ခေါ်တာလား။ ဤကမ္ဘာပေါ်က ဒေသတစ်ခုကို ခေါ်တာလား။ ကျွန်းကြီးလေးကျွန်းဟာ ဒီကမ္ဘာအတွင်းမှာလား၊ ဒါမှမဟုတ် စကြဝဠာ တစ်နေရာမှာလား ဆိုတာကို သိလိုပါသည် အရှင်ဘုရား။
ရန်နိုင်ဝင်း၊ စင်္ကာပူ
---
စကြဝဠာနဲ့ ဤကမ္ဘာ
စကြဝဠာဆိုတာ ဒီကမ္ဘာမြေအပါအဝင် မရေတွက်နိုင်အောင်များပြားတဲ့ အခြားသော ဂြိုဟ်နက္ခတ်တွေကိုပါ ခေါ်တာ။ လေးကျွန်းတစ်မြင်းမိုရ်ဆိုတာက ဒီကမ္ဘာမြေကို ခေါ်တာ။ ကျွန်းကြီးလေးကျွန်းဟာ လူတို့နေထိုင်ရာ ဒီကမ္ဘာမြေပေါ်မှာပဲရှိတယ်။ ဒီကမ္ဘာရဲ့ အပြင်မှာ မဟုတ်ဘူး။ ကျွန်းကြီးလေးကျွန်းလို့ ဆိုလိုက်တာနဲ့ ရေပတ်လည်ဝိုင်းနေတဲ့ အရှေ့ဖက်က တစ်ကျွန်း အနောက်ဖက်က တစ်ကျွန်း တောင်က တစ်ကျွန်း မြောက်က တစ်ကျွန်းလို့ အထူးအတိအကျ သတ်မှတ်ပြီး နားမလည်သင့်ဘူး။ သက်ရှိတို့ နေထိုင်တဲ့ နေရာကမ္ဘာမြေလို့ သာမန်နားလည်ရင် ယုတ္တိရှိပြီး ကျမ်းဂန်နဲ့ မညီဘူးလို့လည်း မငြင်းနိုင်ဘူး။
တောင်ကျွန်းလား
ကျမ်းဂန်မှာ ဖော်ပြပုံတွေအရဆိုရင် တောင်ကျွန်းဆိုတာ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အိန္ဒိယအလယ်ပိုင်း) နဲ့ အနီးအနားက အိန္ဒိယတိုက်ငယ်ကို ခေါ်တာလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင် အိန္ဒိယတိုက်ငယ်ရဲ့ အရပ်လေးမျက်နှာမှာရှိတဲ့ လူနဲ့ သတ္တဝါတွေ နေထိုင်တဲ့ ကုန်းပိုင်း နေရာဌာနကြီး လေးခုကို ကျွန်းကြီးလေးကျွန်းလို့ မဆိုနိုင်ဘူးလား။ လူမနေနိုင်တဲ့ အိန္ဒိယ၊ ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာတွေ၊ တောင်နဲ့ မြောက်ဝင်ရိုးစွန်းတွေတော့ ခြွင်းချက်အနေနဲ့ ကျွန်းကြီးလေးကျွန်းထဲ မထည့်ဘဲ ချန်ချင်ချန်ထားလိုက်အုံးပေါ့။
အတိအကျ မဆိုနိုင်
ယနေ့ကမ္ဘာ့မြေပုံပေါ်မှာ ဥရောပတိုက်ဆိုတာကို နယ်နိမိတ်ပိုင်းခြားပြီး အတိအကျ မသတ်မှတ်သလို အဲဒီလေးဌာနကိုလဲ အာရှ၊ အမေရိက စတဲ့ ဝေါဟာရအတိအကျနဲ့ မဆိုဘဲ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ အိန္ဒိယကို ဗဟိုပြုပြီး ကမ္ဘာ့အရှေ့ခြမ်း အနောက်ခြမ်း တောင်ခြမ်း မြောက်ခြမ်းက သတ္တဝါတွေလို့ သာမန်ပဲ နားလည်ထားလိုက်ရင် ကျမ်းဂန်စာဆိုလဲ အလွန်ကြီးမလွတ်၊ လက်တွေ့ယုတ္တိနဲ့လည်း အကွာကြီးမကွာဘူးလို့ ထင်ပါတယ်။ (လေးကျွန်းတစ်မြင်းမိုရ် ခေါင်းစဉ်နဲ့ ဖြေထားတဲ့ ဓမ္မအမေးအဖြေအမှတ်-၄၀ကိုလည်း ရှုပါ)။
ဥတုဘောဇနဝသေန အာယု ဟာယတိပိ ဝဍ္ဎတိပိ (ဒီ၊ဋ္ဌ၊၃၊၇)။ ဥတု ဘောဇဉ်၏ အစွမ်းဖြင့် အသက်သည် ဆုတ်ခြင်း တိုးခြင်း ဖြစ်၏။
---
၈၁။ စေတီဆင်းတု ဤနှစ်ခု
ဒီဇင်ဘာ ၂၆၊ ၂၀၀၈။
---
ဆရာတော် အရှင်မြတ်ဘုရား၊
စေတီတော်နှင့် ဗုဒ္ဓဆင်းတုတော်မှာ မည်သည်က ပို၍ အရေးကြီးပါသနည်း။ မိတ်ဆွေတစ်ယောက်က စေတီမှာ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာဖြစ်သောကြောင့် ပို၍ အရေးကြီးသည်ဟု ဆိုပါသည်။ တပည့်တော် အမြင်ကတော့ စေတီပဲဖြစ်ဖြစ် ဆင်းတုတော်ပဲဖြစ်ဖြစ် အားလုံးမှာ ဗုဒ္ဓသာသနာနှင့် ပတ်သက်သည့် ရိုသေစရာဖြစ်၍ အတူတူဟုပင် ထင်ပါသည်။ ဆရာတော်တို့၏ အဆုံးအဖြတ်ကို ခံယူပါရစေ အရှင်ဘုရား။
မောင်လမင်း
---
ဆင်းတုကိုးကွယ်မှု အစ
အိန္ဒိယမှာ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်တာဟာ အသောကခေတ်မှာ မရှိသေးဘူး၊ ဒါပေမယ့် စုဆောင်းရရှိတဲ့ အထောက်အထားတွေ အားလုံးအရ ဘီစီ ၁-ရာစု ထက်တော့ နောက်မကျနိုင်ဘူးလို့ ပညာရှင် ကာရ်န် (Karn) က ဆိုတယ် (Maunal of Indian Buddhism, p. 95)။
ဒါပေမယ့် ဒေဝါနံပိယဿမင်းဟာ ထူပါရာမစေတီတော်ကို တည်စဉ်က အင်မတန်သပ္ပာယ်တဲ့ ကျောက်ဆင်းတုတော် (သိလာပဋိမာ)ကြီးတစ်ဆူ ထုလုပ်ခဲ့ကြောင်း မဟာဝံသကျမ်း (၃၅း၁၂၈)မှာ ဆိုတယ်။ အေဒီ သုံးရာစုက စပြီး သီဟိုဠ်ဘုရင် အဆက်ဆက် ဒီဆင်းတုတော်ကို ပူဇော်လှူဒါန်းမှုပြုခဲ့ကြတယ်။ မဟာဝံသအဆိုကို လက်ခံနိုင်ရင် ကာရ်န်ရဲ့အဆိုကို ပြန်သုံးသပ်ရမလိုပါပဲ။
ဆင်းတုထဲမှာ ဓာတ်တော်မပါရင်
အေဒီ ၅ ရာစု ပါဠိဘာသာနဲ့ ရေးသားပြုစုတဲ့ အဋ္ဌကထာကျမ်းတွေမှာ ဗုဒ္ဓဆင်းတုတော်နဲ့ ပတ်သက်ပြီး နေရာဌာနနှစ်ခုမှာ ရည်ညွှန်းထားတာကို တွေ့ရတယ်။
၁) ‘ပညာရှိပုဂ္ဂိုလ်ဟာ အစားအစာနဲ့ သောက်တော်ရေကို ဗုဒ္ဓ ဓာတ်တော်ပါရှိတဲ့ ဆင်းတုတော်ကိုဖြစ်စေ၊ စေတီတော်ကို ဖြစ်စေ (သဓာတုကံ ပဋိမံဝါစေတိယံဝါ) ကို ဦးစွာ လှူဒါန်းတယ်’ (ဝိ၊ဋ္ဌ၊၃၊၄၂၄)။
၂) ‘ဗောဓိ (ညောင်) ကိုင်းတစ်ခုဟာ ထူပကိုဖြစ်စေ ဓာတ်တော်ပါရှိတဲ့ ဆင်းတုတော်ကိုဖြစ်စေ နှောင့်ယှက်မှသာ (သဓာတုကံ ပန ထူပံဝါ ပဋိမံဝါ ဗာဓယမာနံ) အဲဒီဗောဓိကိုင်းကို ခုတ်ဖြတ်နိုင်တယ်’ (အဘိ၊ဋ္ဌ၊၂၊၃၃၂။ အံ၊ဋ္ဌ၊၁၊၃၄၁)။
ဒီအဋ္ဌကထာတွေရဲ့ အာဘော်အရ ဗုဒ္ဓဓာတ်တော်တွေကို ဌာပနာ (ထည့်သွင်း)ထားမှသာ ဆင်းတုတော်ဟာ အရေးပါပြီး ဘာသာရေးတန်ဖိုးရှိကြောင်း သတ်မှတ်တယ်လို့ မဆိုနိုင်ဘူးလား။
စေတီ ဗောဓိပင် ဗုဒ္ဓဆင်းတု
ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းမယ့် ရဟန်းတော်ဟာ စေတီတော်နဲ့ ဗောဓိပင်ကို ပူဇော်ပြီးမှ ဆွမ်းခံဝင်ရတယ် (ဒီ၊ဋ္ဌ၊၁၊၁၅၇။ အဘိ၊ဋ္ဌ၊၂၊၃၃၄)။ ဗုဒ္ဓမရှိတော့တဲ့ အချိန်မှာ စေတီကို ဖြိုဖျက်သူ၊ ဗောဓိကိုင်းကို ခုတ်ဖြတ်သူ၊ ဗုဒ္ဓဓာတ်တော်ကို ပွန်းပဲ့အောင်လုပ်သူဟာ အနန္တရိယကံကို ကျူးလွန်သူနဲ့ အလားတူတယ် (အဘိ၊ဋ္ဌ၊၂၊၄၀၈။ မ၊ဋ္ဌ၊၄၊၇၈)။ ‘တစ်စုံတစ်ယောက်ဟာ စေတီကိုဖြစ်စေ ဗောဓိပင်ကိုဖြစ်စေ ဖူးမြော်ရင် ဗုဒ္ဓါရမ္မဏပီတိ (ဗုဒ္ဓကို ဖူးမြော်လို့ ဗုဒ္ဓဂုဏ်ကို အောက်မေ့လို့ ရရှိတဲ့ နှစ်သက်မှုပီတိ) ကို ရရှိတယ်’ (အဘိ၊ဋ္ဌ၊၂၊၃၃၂)။
ဒီဖော်ပြချက်တွေမှာ ဗုဒ္ဓဆင်းတုတော် မပါတာကို သတိပြုမိနိုင်တယ်။ မျက်မှောက်ခေတ်အမြင်နဲ့ဆိုရင် ဗုဒ္ဓဆင်းတုတော်ကို ဖူးမြော်ရင် ဗုဒ္ဓါရမ္ဗဏပီတိကိုရတယ်လို့ မဆိုင်းမတွဆိုမှာပဲ။
စေတီနဲ့ သက်ရှိဘုရား
‘ဗုဒ္ဓဝါဒီ တစ်ဦးဟာ ဘုန်းကြီးကျောင်းတိုက်ထဲကို ဝင်ရောက်တဲ့အခါ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်တဲ့ ဓာတ်တော်တွေ ကိန်းဝပ်နေလို့ စေတီတော်ကို ရှေးဦးစွာ သုံးကြိမ်လက်ျာရစ်လှည့်ပြီး ပူဇော်ရတယ်။ စေတီတော်က ကြီးရင် လေးနေရာမှာ၊ ငယ်ရင် ရှစ်နေရာမှာ ရှိခိုးဝတ်ပြုရတယ်။ အဲဒီနောက် ဗောဓိပင်ကို ရှိခိုးဝတ်ပြုရတယ် (ဒီ၊ဋ္ဌ၊၁၊၁၅၇။ အဘိ၊ဋ္ဌ၊၂၊၃၃၄)’။
‘ရဟန်းတော်ဟာ စေတီတော်ကို ပူဇော်ဝတ်ပြုဖို့ မသွားရင် ဗုဒ္ဓဘုရားရှင်ကို မဖူးမြော်တာနဲ့ အတူတူပဲ။ ဗုဒ္ဓဘုရားရှင်ကို ပြုရမယ့် ရိုသေပူဇော်မှု အားလုံးကို စေတီတော်မှာလည်း ထပ်တူပြုရတယ်။ ရဟန်းဟာ စေတီတော် တစ်ဆူရဲ့ မြင်ကွင်းအတွင်းမှာ ပခုံးနှစ်ဖက်လုံးကို မဖုံးလွှမ်းရ၊ ဖိနပ် မစီးရ၊ ထီး မဆောင်းရ၊ ရေမချိုးရ (ဒီ၊ဋ္ဌ၊၃၊၂၁၇။ အဘိ၊ဋ္ဌ၊၂၊၄၈၉)’။
‘ရှိခိုးပူဇော်မှုကို ကြောင်းကျိုးဆီလျော်စွာ ဖော်ပြတဲ့ အခြားနေရာတွေမှာလည်း စေတီနှင့် ဗောဓိပင်ကိုသာ ပြဆိုပြီး ဆင်းတုတော်ကို ညွှန်းဆိုခြင်း မရှိဘူး (မ၊ဋ္ဌ၊၁၊၂၅၈။ အံ၊ဋ္ဌ၊၂၊၃၇၇။ ဝိ၊ဋ္ဌ၊၄၊၁၅၂)’။
အေဒီ ငါးရာစုက ရေးသားတဲ့ အထက်ပါ ရှေးဦးအဋ္ဌကထာကျမ်းစာ ဖော်ပြချက်တွေအရ အဲဒီခေတ်အချိန် ဗုဒ္ဓဆင်းတုတော် တည်ရှိနေပြီဖြစ်ကြောင်း အတိအကျ ဆိုနိုင်ပေမယ့် ဗုဒ္ဓဆင်းတုတော်ကို စေတီနဲ့ ဗောဓိပင်တို့လောက် ရှိခိုးပူဇော်စရာအနေနဲ့ အရေးတကြီး အလေးပေးမဖော်ပြဘူးလို့ သုံးသပ်နိုင်ပါတယ်။
အကြောင်းကို ရှာရင်
ဗုဒ္ဓဆင်းတုတော် ကိုးကွယ်မှု အစီအမံကို အဋ္ဌကထာကျမ်းတွေမှာ ဘာကြောင့် လျှော့ပေါ့ထားရသလဲ၊ အရေးမပေးခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ အကြောင်းနှစ်ရပ်ကို စဉ်းစားနိုင်တယ်။
၁) ရှေးဟောင်း သီဟိုဠ်ဘာသာ အဋ္ဌကထာကျမ်းတွေ (ပါဠိဘာသာမပြန်ခင်က ရှိနေပြီးဖြစ်တဲ့ အဋ္ဌကထာကျမ်းတွေ)ကို ရေးသားချိန်က ဆင်းတုတော်တွေဟာ ရှိခိုးပူဇော်မှုစနစ်ဟောင်းကို ဆန်းသစ်တီထွင်မှုတစ်ရပ်ဖြစ်လို့ အရေးမပါသေးခြင်း။ ဆင်းတုတော်တွေရဲ့အထဲမှာ ဗုဒ္ဓဓာတ်တော်တွေကို ထည့်သွင်းထားမှသာ ပူဇော်စရာအနေနဲ့ ယူဆခြင်း။
၂) ဗုဒ္ဓဆင်းတုတော်ကို ကိုးကွယ်မှုဟာ အဲဒီအချိန်က မဟာယာနဝါဒီတွေမှာပဲ အထူးထင်ရှားတယ်။ မဟာယာနဝါဒကို အပြင်းအထန် ဆန့်ကျင်တဲ့ ထေရဝါဒ မဟာဝိဟာရ အစဉ်အလာတွေကို အထူးမြှင့်တင်လိုတဲ့ ထေရဝါဒီ ပါဠိဘာသာ အဋ္ဌကထာကျမ်းပြုဆရာ အရှင်မဟာဗုဒ္ဓဃောသဟာ မဟာယာနနဲ့ ပတ်သက်တဲ့ မည်သည့်အချက်ကိုမှ ရည်ညွှန်းလိုခြင်း ရှိပုံမရဘူး။ ဗုဒ္ဓဆင်းတုတော်ကို နှစ်ကြိမ်လောက် ရည်ညွှန်းရာမှာတောင် ဆင်းတုတော်ရဲ့ အရေးပါမှုကို မပြဘဲ ဆင်းတုတော်ထဲက ဓာတ်တော်ကိုပဲ အသားပေးဖော်ပြတယ်။
အဋ္ဌကထာနဲ့ ဗုဒ္ဓစွယ်တော်
အေဒီလေးရာစု ကိတ္တိသိရိ မေဃဝဏ္ဏမင်းလက်ထက်မှာ ဗုဒ္ဓစွယ်တော်ဓာတ်ကို သီဟိုဠ်သို့ ပင့်ဆောင်ခဲ့ပါတယ်။ သီဟိုဠ်မှာ အရေးပါတဲ့ ဓာတ်တော်ဖြစ်ပေမဲ့ အေဒီ ၅ ရာစု ပါဠိအဋ္ဌကထာကျမ်းများမှာ ဒီစွယ်တော်ဓာတ်အကြောင်းကို တစ်စွန်းတစ်စမျှ မဖော်ပြဘူး။ အရှင်ဗုဒ္ဓဃောသနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ တရုတ်ရဟန်းတော် ဖာဟီယန်ဟာ ဗုဒ္ဓစွယ်တော်လှည့်ပွဲအပြီး စွယ်တော်ဓာတ်ကို အဘယဂိရိကျောင်းတိုက်သို့ ပင့်ဆောင်ပုံ မျက်မြင်ကို အသေးစိတ် ဖော်ပြတယ် (A Rcord of Buddhist Kingdoms, Trans., Fa Hien, p. 102-103.)။
အင်မတန် အရေးပါတဲ့ စွယ်တော်ဓာတ်ကို ပါဠိအဋ္ဌကထာကျမ်းတွေမှာ မဖော်ပြတာအတွက် တစ်ခုတည်းသော အဖြေက အဲဒီစွယ်တော်ဓာတ်ကို မဟာယာနဝါဒရဲ့ အထောက်အပံ့နဲ့ သီဟိုဠ်သို့ ပင့်ယူခဲ့တာရယ်၊ အဲဒီစွယ်တော်ဓာတ်ဟာ အဘယဂိရိကျောင်းတိုက်ပိုင် အနေနဲ့ ထင်ရှားနေတာရယ်တွေကြောင့် ဖြစ်နိုင်ပါတယ်။
ဗုဒ္ဓဆင်းတုတော်တွေကို ဘာသာရေးတန်ဖိုး လျှော့ရာမှာလည်း ဒီသဘောမျိုး မဖြစ်နိုင်ဘူးလား။
ပိုအရေးကြီးသည်
ဗုဒ္ဓဆင်းတုတော်နဲ့ ပတ်သက်လို့ စာပေသဘောထားက ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။ ဒီစာပေအရပဲ ဗုဒ္ဓဆင်းတုတော်မှာရော စေတီမှာပါ ဗုဒ္ဓဓာတ်တော်ကို ဌာပနာပြုထား (အထဲမှာ ဓာတ်တော်ရှိ)မှ ဘာသာရေးတန်ဖိုးရှိတယ်လို့ ယေဘုယျသဘော ဆိုနိုင်မယ်။ စေတီနဲ့ ဆင်းတုမှာ ဘာက ပိုအရေးကြီးသလဲဆိုရင် ဓာတ်တော်ကိန်းဝပ်မှု မကိန်းဝပ်မှုနဲ့ပဲဆိုင်တယ်လို့လည်း ဆိုရလိမ့်မယ်။
ဒါပေမယ့် စေတီဆိုတာ လူတွေ အရိုအသေပြုရမယ့် နေရာဖြစ်ပါတယ် (စယိတဗ္ဗံ ပူဇေတဗ္ဗန္တိ စေတိယံ၊ ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၈၈)။ ဗုဒ္ဓဓာတ်တော် ကိန်းဝပ်တဲ့ ထူပကို ဓာတုကစေတီ၊ ဗောဓိပင်ကို ပရိဘောဂ စေတီ၊ ဗုဒ္ဓဆင်းတုတော်ကို ဥဒ္ဒိဿကစေတီလို့ ခေါ်ပါတယ် (ဗုဒ္ဓပဋိမာ ဥဒ္ဒိဿကစေတိယံ၊ ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၈၈)။ ဒီစာအရဆိုရင် ဗုဒ္ဓဆင်းတုတော်ဟာ စေတီထိုက် (အရိုအသေပြုထိုက်)တဲ့ အရာဖြစ်ပါတယ်။
ဒါကြောင့် စေတီ ဆင်းတုရယ်လို့ မခွဲခြားဘဲ ရိုသေပူဇော်စရာ ဖြစ်တဲ့ သက်တော်ထင်ရှား မြတ်ဗုဒ္ဓအနေနဲ့ စိတ်ထားတူစွာ အာရုံပြုပြီး ဂုဏ်တော်ကို ရှုပွားနိုင်ရင် သမေ စိတ္တေ သမံ ဖလံ (စိတ်ထားတူနေ ကျိုးနေမျှ၏) အရ အကျိုးတူနိုင်ကြောင်းပါ။ ဗုဒ္ဓဓာတ်တော် ကိန်းဝပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။
သဒ္ဓါ၏ သတ္တိသုံးမျိုး
သန္တတ္တံစိတ္တံ ဥပသမေတိ= ပူလောင်သောစိတ်ကို ငြိမ်းချမ်းစေ၏။ နီဝရဏေ ဝိက္ခမ္ဘေတိ= နိဝရဏတရားများကို ပယ်ရှားနိုင်၏။ ကိလေသေ သန္နိသီဒါပေတိ= ကိလေသာများကို ထိုင်သွားစေ၏။
(အဘိ၊ဋ္ဌ၊၁၊၁၆၂)
၈၂။ ဂင်္ဂါဝါဠု သဲစုမက
ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
အရိမေတ္တေယျ ဘုရားရှင် ပွင့်တော်မူပြီးရင် နောက်ထပ် ပွင့်ဦးမယ့် ဘုရားရှင်တွေ ရှိပါသေးသလားဘုရား။
ကြည်ညိုစွာဖြင့် ဝင်းမြတ်သူ
---
နောက်ဆုံးဘုရား
အရိမေတ္တေယျဆိုတာက ဒီကမ္ဘာ (ဘဒ္ဒကမ္ဘာ)မှာ ဘုရားငါးဆူ ပွင့်တဲ့ အနက် မပွင့်သေးတဲ့ နောက်ဆုံး အနေနဲ့ ပွင့်မယ်လို့ ဗုဒ္ဓဝါဒီတို့ ယုံကြည်ကြတဲ့ ဘုရားဖြစ်ပါတယ်။ လက်ရှိဂေါတမဗုဒ္ဓရဲ့ သာသနာလုံးဝ ကွယ်ပျောက်သွားပြီးနောက် အနာဂတ်တစ်ချိန်မှာ အဲဒီဘုရားရှင် ပွင့်တော်မူမယ်လို့ ဆိုတယ်။ အရိမေတ္တေယျဘုရားက နောက်ဆုံးဘုရား ဖြစ်လို့ ဒီဘုရားပြီးနောက် ဒီကမ္ဘာမှာ ပွင့်မယ့်ဘုရား မရှိတော့ဘူး။ ဒီဘုရားရဲ့ သာသနာ ကွယ်ပြီးရင် ဒီကမ္ဘာလည်း ပျက်စီးမယ်။ (ကမ္ဘာပျက်မယ်ဆိုလို့ မကြောက်ပါနဲ့။ တွန်တီးတွဲလ် ကောလာဟလမျိုး မဟုတ်ပါဘူး။ ဘယ်တော့မှန်းမှမသိဘဲ။)
ကမ္ဘာသစ်မှာ
အဲဒီနောက် ကမ္ဘာသစ်တစ်ခု ထပ်ဖြစ်မယ်။ အဲဒီကမ္ဘာသစ်မှာ ဘုရားတွေ ပွင့်ဦးမယ်။ တစ်ချို့ကမ္ဘာမှာ ဘုရားတစ်ဆူပွင့်တယ်၊ တစ်ချို့ နှစ်ဆူသုံးဆူစသည်ပွင့်တာရှိတယ်။ အများဆုံး ဘုရားငါးဆူပဲပွင့်တယ်လို့ ဆိုတယ်။ အချို့ကမ္ဘာတွေမှာ ဘုရားတစ်ဆူမှ မပွင့်ဘူး။ ဒါကြောင့် ဗုဒ္ဓဝါဒအရ စကြဝဠာ ဆုံးစမထင်သလို ပွင့်ဦးမယ့် ဘုရားတွေလည်း မရေမတွက်နိုင်အောင် များပြားတယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့် ဂင်္ဂါဝါဠုသဲစုမကသောဘုရားရှင်လို့ ဆိုရိုးပြုတာဖြစ်ပါတယ်။
---
၈၃။ ဗုဒ္ဓဝါဒီရဲ့ သဘောထား
ဇန်နဝါရီ ၂၆၊၂၀၀၉။
---
Dear Sayadaw,
Is this a wrongdoing if I, as a Buddhist, sing Christian songs? I lived with Christian friends for 3 years. They listen to their religious songs and I also become used to all these songs until I remember all these in my mind. I try to control my mind to not sing these songs. Now it becomes a problem for me. My friends said to forget and it is not sin. Please explain to me. Thank you.
Nandar Yi
ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊
ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ ခရစ်ယန် ဓမ္မသီချင်း သီဆိုရင် အပြစ်ရှိပါသလားဘုရား။ တပည့်တော် ခရစ်ယန်ဘာသာဝင် မိတ်ဆွေတွေနဲ့ သုံးနှစ် အတူနေခဲ့ပါတယ်။ သူတို့က ဓမ္မသီချင်းကို နားထောင်တဲ့အတွက် တပည့်တော်လည်း အဲဒီသီချင်းတွေကို နားယဉ်သွားပါတယ်။ စိတ်ထဲ မှာ သီချင်းတွေ အားလုံးကို အမှတ်ရနေပါတယ်။ အဲဒီ သီချင်းတွေကို မဆိုမိစေဖို့ ကြိုးစားပြီးစိတ်ကို ထိန်းပါတယ်။ ဒီကိစ္စဟာ တပည့်တော် အဖို့ အနှောင့််အယှက် ဖြစ်နေပါတယ်။ တပည့်တော် မိတ်ဆွေတွေက တော့ မေ့ထားလိုက်ဖို့နဲ့ အကုသိုလ် မဟုတ်ပါဘူးလို့ ပြောပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးစေချင်ပါတယ်ဘုရား။
နန္ဒာရည်
---
အကုသိုလ် မဖြစ်
၁) ဘေးအန္တရာယ်ကို ပယ်ဖျောက်တယ် (ဘယ)
၂) ကြောက်ရွံ့မှုကို ပယ်ဖျောက်တယ် (သန္တာသ)
၃)မကောင်းသော လားရာဂတိကိုပယ်ရှားတယ်
၄) စိတ်အညစ်အကြေးကို ပယ်ရှားတယ်ဆိုတဲ့ သရဏဂုံသုံး ပါးရဲ့ စွမ်းရည်ကို လက်ခံ ယုံကြည်ပြီး စိတ်ထဲက အဲဒီသရဏဂုံ သုံး ပါးကို ကိုးကွယ်ဆည်းကပ်နေသရွေ့ ဗုဒ္ဓဝါဒီပါပဲ။ ခရစ်ယန် ဓမ္မသီချင်း သီချင်းဆိုရုံ နားထောင်ရုံနဲ့ အကုသိုလ်မဖြစ်ပါဘူး။
ခရစ်ယန် မိတ်ဆွေတွေနဲ့ ငြိမ်းချမ်းစွာ နေနိုင်တာဟာ ဗုဒ္ဓဝါဒီကောင်း တစ်ယေက်ရဲ့ သဘောထားပါ။ သီချင်းကိုရော လူကိုပါ ဆန့်ကျင်ဘက် ခံစားမှုမရှိဘဲ အဲဒီ ဓမ္မသီချင်းတွေ နှုတ်ထဲ ရောက်လာတာဟာ ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ သဘောထားကြီးရာရောက်ပါတယ်။ ဗုဒ္ဓဝါဒကို နှစ်သက်သလို အခြားသူတစ်ယောက်ရဲ့ ယုံကြည်မှုကိုလည်း လေးစားရမှာပေါ့။
လုံခြုံတဲ့ စိတ်ရှိဖို့
ကိုယ်ဘာသာတရားကို ဝေဖန်လာရင်တော့နှိုင်ယှဉ်ရှင်းပြခွင့် ရှိပါတယ်။ သူများစည်းရုံးလာရင် ကာကွယ်ဖို့လည်း ကိုယ့်မှာ ဗုဒ္ဓဝါဒဗဟုသုတ အလုံအလောက်ရှိသင့်တယ်။ ဗုဒ္ဓဓမ္မစာအုပ်တွေ အများကြီးကို ကြိုးစား ဖတ်ပါ။ ဒါမှမဟုတ် တရားဓမ္မတွေကိုသော်လည်း နာယူပါ။ သီချင်းတွေကို တကူးတက မေ့ပစ်နေစရာမလိုပါဘူး။ အနည်းဆုံး တစ်ပတ် သုံးရက်အဓိဋ္ဌာန်နဲ့ ဗုဒ္ဓဂုဏ်တော်တွေကို ရွတ်ဖတ် သို့မဟုတ် ပွားများ အားထုတ်ပြီး ကိုယ့်စိတ်ကို ကာကွယ်ထားတာက ပိုကောင်းပါတယ်။
ဂုဏ်တော်ပွားရင် အရဟံ.. အရဟံလို့ စိတ်ထဲကဆိုဆဲမှာဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို နားလည်ပြီး ပုတီးလုံးတွေကိုချ၊ ပုတီးမရှိရင် လက်ချောင်းကို ချိုးနိုင်တယ်။ မိမိစိတ်ဟာ ရတနာသုံးပါးမှာပဲ တည်နေ မယ်။ အဲဒီလိုကာကွယ်ထားတဲ့ စိတ်ဟာချမ်းသာကို ဆောင်တာပဲ။
တိရစ္ဆာန်
အညမည ခါဒိကာ=အချင်းချင်းသတ်ဖြတ်၍ စားခြင်း
(မ၊၃၊၂၀ ဒုဗ္ဗလခါဒိကာ =အားကြီးသူကအားနည်းကိုသတ်ဖြတ်၍ စားခြင်း ၇)
---
84. Buddhist Attitude
Jan 26, 2009.
---
No Akusala
You keep yourself as a Buddhist as long as you take refuge in Three Gems in your heart, accepting and trusting the four qualities of them that they can destroy 1) danger (bhaya) 2) fear (santasa) 3) rebirth in bad life (duggati) and 4) mental impurities (parikilesa). Just singing or listening to Christian songs is not unwholesome (akusala). It is a good Buddhist attitude that you can stay with Christian friends peacefully.
It also means that, as a Buddhist, you are broad minded when you picked up their religious songs, not feeling negative on them also on the people. As you love Buddha's teachings, you should respect other's belief too.
Guarded mind
But it is your right to clarify the Dhamma when criticized. You should have enough Buddhist knowledge to protect yourself also when persuaded. Please try to read a lot of Buddhist books or listen to the Dhamma talks. I don't think you should erase the songs by force. It is better if you guard your mind doing regular or Addhitthana chanting or meditation on Buddha-guna at least three days a week. For guna meditation, you may count beads or your own fingers, mentally saying araham .. araham etc. while understanding each guna's meaning.
Your mind will be with Three Gems then. The mind such guarded brings you happiness.
---
85. Marriage during Buddhist Lent
Dear Sayadaw,
Why Burmese Buddhists don't alow to marry during three raining retreat months? What is history beyind this? What wil happen if married during these months? Did Buddha prohibit to do so? Do other Buddhist countries folow this tradition?
Barry
---
Just Tradition
Burma is a country that Theravada Buddhist tradition is flourishing. According to Vinaya, the Theravada monks stay home during rainy season when people also try to come to the temple for their spiritual practices more frequently than normal, observing eight precepts and listening to the Dhamma talks given by the monks. They also pay stress to themselves to do so during the season, leaving their household duties temporarily. Finally, this becomes a special religious season.
Buddha said nothing
I think, this is why devout Buddhists don't want to marry during this time, indenting to do more religious things. There is no a remarkable history behind this. Nothing will happen even if you get married during the season. May be the traditionalists blame you, saying why you broke it. Buddha said nothing about this though. I asked a Sri Lankan monk who answered me that they don't follow this tradition and a Thai monk who also said same.
---
၈၆။ မဂ္ဂင်ရှစ်ပါးအဖွင့်
ဇန်နဝါရီ ၁၊၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ဘုရားတပည့်တော်သည် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသည့် မြန်မာ တစ်ဦး ဖြစ်ပါသည်ဘုရား။ မြန်မာလိုရေးထားသည့် ဘာသာရေးစာအုပ်များမှာ ရှားပါး၍ ဝက်ဘ်ဆိုက်မှ မြန်မာလို ဖတ်ရှုရခြင်းမှာ များစွာ အကျိုးဖြစ်ထွန်းပါသည်။ တပည့်တော်တို့အား မဂ္ဂင်ရှစ်ပါးကို ပါဠိနှင့် တကွအဓိပ္ပာယ်ကိုအသေးစိတ်ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
ထွတ်ထွတ်နိုင်
---
ကံကောင်းသူ
ကမ္ဘာအရပ်ရပ်က လွတ်လပ်အတွေးရှိကြတဲ့ ပညာရှင်တွေဟာ ဗုဒ္ဓဝါဒရဲ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို နှစ်သက် လက်ခံကြပါတယ်။ ကိုယ်ယုံကြည်တဲ့ အယူဝါဒကို ကောင်းပါတယ် မှန်ပါတယ်လို့ လူတိုင်း ဆိုခွင့်ရှိပေမယ့် ဗုဒ္ဓရှင်တော်မြတ်ကတော့ ဒီကျင့်စဉ်မရှိတဲ့ ဘာသာတရားမှာ အရိယာ သူတော်စင်ဆိုတာ မရှိနိုင်ဘူးလို့ မိန့်တော်မူပါတယ်။ ဒီကျင့်စဉ်ထူးကို သင်ကြားပေးတဲ့ ဗုဒ္ဓဝါဒနဲ့ ကြုံကြိုက်ရသူ ဗုဒ္ဓဝါဒီတစ်ယောက်အဖို့တော့ ကံကောင်းတာပဲ။ ဒီကျင့်စဉ်ကို နားလည်ပြီး လိုက်နာကျင့်သုံးရင် အဆင့်မြင့် ဗုဒ္ဓဝါဒီတစ်ယောက် ဖြစ်နိုင်တာပေါ့။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ လို့ မေးရင်လည်း ဒီကျင့်စဉ်ကိုပဲ အသားပေးပြီး ဖြေသင့်ပါတယ်။ တစ်ထိုင်တည်းနဲ့ အသေးစိတ်ဖြေဖို့ခက်ပေမယ့် ကြိုးစားပေးလိုက်ပါတယ်။
သီလမဂ္ဂင်သုံးပါး
၁။ သမ္မာဝါစာ = မှန်စွာ ပြောခြင်း။ မလိမ်၊ ချစ်ခင်နေသူ နှစ်ယောက် ကွဲအောင် ကုန်းမတိုက်၊ ဆဲဆိုကြမ်းတမ်း မပြု၊ အနှစ်မဲ့ စကားကို မပြောဆို။
၂။ သမ္မာကမ္မန္တ=မှန်စွာပြုခြင်း။ သက်ရှိကိုမသတ်၊ သူများပစ္စည်း မတရားယူခြင်း လုလက် ခိုးဝှက်ခြင်း မပြု၊ ကာမပိုင် ရှိသူတွေနဲ့ မဖောက်ပြန်။
၃။ သမ္မာအာဇီဝ=မှန်စွာအသက်မွေးခြင်း။ လိမ်ညာ သတ်ဖြတ် ခိုးဝှက်ပြီး သက်မွေးဝမ်းကျောင်း မပြု၊ သူတော်ကောင်းတွေရဲ့ကိုယ်ကျင့်တရားနဲ့ ကင်းလွတ်ပြီးပစ္စည်းမရှာ။
သမာဓိမဂ္ဂင် သုံးပါး
၁။ သမ္မာဝါယာမ = မှန်စွာ အားထုတ်ခြင်း။ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင်၊ ဖြစ်ပြီး အကုသိုလ်တရားတွေကို ပယ်နိုင်အောင်၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေဖြစ်အောင်၊ ဖြစ်ပြီး ကုသိုလ်တရားတွေ ပိုမိုဖြစ်အောင် အားထုတ်ခြင်း။
၂။ သမ္မာသတိ = မှန်စွာ အမှတ်ရခြင်း။ ရုပ်အပေါင်းကိုယ်၌ ... ခံစားမှုဝေဒနာတို့၌ ... ကြံသိမှု စိတ်၌...မြင်ကာမျှကြားကာမျှ သဘောတရားတို့၌ မမြဲ ဆင်းရဲ အစိုးမရ အနေနဲ့ ရှုမှတ်နေခြင်း။
၃။ သမ္မာသမာဓိ = မှန်စွာ စူးစိုက် တည်ခြင်း။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဆိုတဲ့ စျာန်လေးပါးသို့ ကပ်ရောက်၍ စိတ်တည်နေခြင်း။ စျာန်ဆိုတာ အာရုံ တစ်ပါးကို စိတ်မသွားဘဲ မှတ်မြဲအာရုံမှာသာ စူးစိုက်တည်နေတာ။
ပညာမဂ္ဂင် နှစ်ပါး
၁။ သမ္မာဒိဋ္ဌိ = မှန်စွာ မြင်ခြင်း။ သစ္စာလေးပါးကို အမှန်အတိုင်း သိခြင်း။
၂။ သမ္မာသင်္ကပ္ပ = မှန်စွာ ကြံခြင်း။ ကာမဂုဏ်မှ လွတ်မြောက်ရေး အကြံ၊ အများတကာ ချမ်းသာစေလိုရေး အကြံ၊ သနားစောင့်ရှောက်ရေး အကြံ။
သမ္မာဒိဋ္ဌိကို (အံ၊ဋ္ဌ၊၁၊၃၆၉ မှာ) ငါးမျိုးပြတယ်။
၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ = ကံ ကံရဲ့အကျိုးကို ယုံကြည်တာ။ ဒီ သမ္မာဒိဋ္ဌိရှိမှ အကုသိုလ်ကို ရှောင်ပြီး ကုသိုလ်ကို ပြုကျင့်နိုင်တယ်။ ဒါကြောင့် ဒီသမ္မာဒိဋ္ဌိကို သီလနဲ့ ပညာမဂ္ဂင်တို့ရဲ့ အစိတ်အပိုင်းလို့လည်း ဆိုရတယ်
၂။ စျာနသမ္မာဒိဋ္ဌိ = စျာန်သမာဓိနဲ့ ယှဉ်တဲ့ ဉာဏ်။
၃။ ဝိပဿနာသမ္မာဒိဋ္ဌိ=ဝိပဿနာသမာဓိနဲ့ ယှဉ်တဲ့ ဉာဏ်။
၄။ မဂ္ဂ သမ္မာဒိဋ္ဌိ = အရိယမဂ်စိတ်နဲ့ ယှဉ်တဲ့ ဉာဏ်။
၅။ ဖလသမ္မာဒိဋ္ဌိ = ဖိုလ်စိတ်နဲ့ ယှဉ်တဲ့ ဉာဏ်။
ဝိပဿနာမဂ္ဂင် ဖြစ်ပုံ
ရုပ်နာမ် တရားတွေ ဖြစ်ရင် ဖြစ်ချင်း သိနေတာက သမ္မာသတိ။
စိတ်ကို အစွန်းတရားတွေဆီ မလွင့်ပါးစေဘဲ ပစ္စုပ္ပန် တည့်တည့်မှာ တည်နေအောင် ကြိုးစားတာက သမ္မာဝါယာမ။
စိတ်ဟာ ဖြစ်ဆဲ အာရုံ မှာသာ မြဲမြံစွာ တည်တံ့လာရင် သမ္မာသမာဓိ။
ဆက်လက် အား ထုတ်ရင်း ဥပစာရသမာဓိ အဆင့်နဲ့ ညီတဲ့ ခဏိကသမာဓိ ဖြစ်လို့ ရုပ်နာမ်တို့ရဲ့သဘာဝကိုအမှန်အတိုင်း သိရင် သမ္မာဒိဋ္ဌိ။
သမ္မာဒိဋ္ဌိဆီသို့ စိတ်ကိုတင်ပေး ပို့ပေးတာကသမ္မာသင်္ကပ္ပ။
ပြပြီးမဂ္ဂင်တရားတွေကို ကျင့်ဆဲမှာ သီလ မဂ္ဂင်သုံးပါးလည်း အလိုလို ပြည့်စုံတယ်။ အဲဒီလို ကျင့်ရင်းနဲ့ နောက်ဆုံး ဝိပဿနာဉာဏ်တွေ အပြည့်အစုံ ဖြစ်လာပြီ ဆိုရင် သစ္စာလေးပါးကိုထိုးထွင်းပြီးသိပါတယ်။ ဒီအသိထူးကို ရဖို့ဟာ ဗုဒ္ဓဝါဒီတို့ရဲ့နောက်ဆုံး ပန်းတိုင်ပါပဲ။
---
၈၇။ ပဋ္ဌာန်းဆက်
ဇန်နဝါရီ ၁၊၂၀၀၉။
---
ဆရာတော် အရှင်ဘုရား၊
လူများသည် ပဋ္ဌာန်းဆက်ကြောင့် တွေ့ကြုံရသည်ဟု လူအချို့ စကားပြောရာတွင် ထည့်သွင်း ပြောဆိုကြပါသည်။ ထိုပဋ္ဌာန်းဆက်ဟူသည်မှာ ဘယ်အရာဘယ်သဘောဆောင်သည်ကို ရှင်းပြပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
ရိုသေလေးစားလျက် ကျော်ခန့်
---
အကြောင်းနှင့် အကျိုး
မာနတ်က အင်မတန် ချောမောလှပတဲ့ ဘိက္ခုနီတစ်ပါးကို ဘာကြောင့် ဒီလို ချောမောလှပရသလဲလို့ မေးပါတယ်။ ဘိက္ခုနီက ‘အကြောင်း ကြောင့် ဖြစ်ရတာပါ’တဲ့ (သံ၊၁၊၁၃၅)။ ‘အကြောင်းဖြစ်တဲ့ မကောင်း စိတ်ကို ရှောင်ကြဉ်ပြီး ကောင်းစိတ်ကို ပွားများရင် ချောမော လှပခြင်းဆိုတဲ့ အကျိုးကို ရတာပေါ့။ ကိုယ့်ဟာကိုယ်ပဲ ရုပ်ချောအောင် ရုပ်ဆိုး အောင် လုပ်တာ။ ဘယ် ဗြဟ္မာဘုရား နတ်သိကြားကမှ လုပ်ပေးလိုက်တာမဟုတ်ဘူး’လို့ ဘိက္ခုနီကဆိုလိုတယ်။
‘ပဋ္ဌာန်းဆက်’ ဆိုတာ အဲဒီ ဗုဒ္ဓဒဿနကို အခြေခံတဲ့ စကားပါ။ အကြောင်းကြောင့် ဖြစ်ရတဲ့ အကျိုးလို့ ဆိုလိုပါတယ်။ ဘယ်သူ စထွင်လိုက်လို့ ဒီဝေါဟာရ အရပ်ထဲမှာ တွင်ကျယ်လာသလဲ ဆိုတာကို မသိနိုင်ပေမယ့် ဗုဒ္ဓဒဿနကို မထိခိုက်ပါဘူး။ ဒီဒဿနကို ပေါ်လွင်စေတဲ့ နာမည်ကျော် ဖြစ်ရပ်နှစ်ခုကို ဖော်ပြလိုက်ပါတယ်။
အသောကနှင့် နိဂြောဓ
ဘဝတစ်ခုမှာ ပျားကုန်သည် ညီနောင်သုံးယောက် ရှိဖူးတယ်။ ညီ အငယ်ဆုံးက အိမ်မှာနေပြီး ပျားရည်ကို ရောင်းတယ်။ အစ်ကို နှစ်ယောက်က တောထဲသွားပြီး ပျားဖွပ်တယ်။ တစ်နေ့အစ်ကိုတွေ အိမ်မှာမရှိတုန်း ပစ္စေကဗုဒ္ဓတစ်ဆူ ဆွမ်းလာရပ်တော့ ညီငယ်က ပျားရည်ကို သပိတ်ထဲ အပြည့် လောင်းလှူလိုက်တယ်။ အစ်ကိုကြီးက စိတ် ဆိုးပြီး ‘အဝါရောင်မြင်တိုင်း လှူရသလား။ သူတောင်းစားတွေလည်း အဝါရောင်ဝတ်တာပဲ’တဲ့။ အစ်ကိုလတ်ကလည်း စိတ်ဆိုးပြီး ‘မင်းရဲ့ ပစ္စေကဗုဒ္ဓကို ဖမ်းပြီး မြစ်တစ်ဖက်ကမ်း လွှင့်ပစ်လိုက်ကွာ’တဲ့။ ဒါပေ မယ့် ညီငယ်က အပြောကောင်းလို့ နောက်ပိုင်းမှာတော့ အစ်ကိုနှစ်ယောက်လည်း ဝမ်းမြောက်သာဓု ခေါ်ကြပါသတဲ့။ အဲဒီ ညီအစ်ကို သုံးယောက်ဟာ (ဘီစီသုံးရာစု)မှာ ညီငယ်က အသောကမင်း၊ အစ်ကိုလတ်က သမုဒ္ဒရာ ဟိုဖက်ကမ်းကသီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿ မင်း၊ အစ်ကိုကြီးကသူတောင်းစားရွာမှာ မွေးဖွားရတဲ့ မင်းသားလေး နိဂြောဓသာမဏေဖြစ်လာတယ် (သာရတ္ထ၊ဋီ၊၁၊၁၂၇)။
အဲဒီလို အကြောင်းဆက်သွယ်မှု သို့မဟုတ် ပဋ္ဌာန်းဆက်ဆိုတာ ရှိဖူးကြလို့ ဗုဒ္ဓဝါဒီ မဟုတ်သေးတဲ့ အသောကမင်းက လမ်းပေါ်မှာ ဆွမ်းခံကြွနေတဲ့ နိဂြောဓသာမဏေကို မြင်ရင် မြင်ချင်း ချစ်ခင် ကြည်ညိုစိတ်တွေ ဖြစ်နိုင်တာ။ သီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿနှင့် အသောကတို့လည်း လူချင်းမတွေ့ရပေမယ့် မိတ်ဆွေရင်းတွေ ဖြစ်နိုင်ကြတာလို့ ဆိုလိုပါတယ်။
မိလိန္ဒနှင့် နာဂသိန်
ကဿပဘုရား လက်ထက်က ဂင်္ဂါမြစ်ကမ်းမှာ သံဃာတွေ သီတင်းသုံးတဲ့ ကျောင်းတိုက်တစ်ခုရှိတယ်။ သံဃာတော်တွေ ဗုဒ္ဓဂုဏ်တော်ကို ပွားများရင်း ကျောင်းတိုက် ပရိဝုဏ်ကို တံမြက်လှည်းကြတယ်။ တစ်နေ့မှာ ရဟန်းငယ်တစ်ပါးက သာမဏေ ငယ်တစ်ပါးကို လှည်းပြီးသား အမှိုက်ကို စွန့်ခိုင်းရာမှာ သာမဏေငယ်က မကြားယောင် ပြုနေတယ်။ နှစ်ကြိမ်သုံးကြိမ်ပြောမရတော့ စိတ်ဆတ်ဆတ်ရဟန်းငယ်က သာမဏေငယ်ကို တံမြက်ရိုးနဲ့ ရိုက်လိုက်တော့မှ သာမဏေငယ်က ငိုပြီး ကြောက်ကြောက်နဲ့ အမှိုက်ကို စွန့်တယ်။ အမှိုက်စွန့်ရင်း ဂင်္ဂါမြစ်ထဲက ရေလှိုင်းတွေကိုကြည့်ပြီး သာမဏေငယ်က ‘ဒီအမှိုက်စွန့်ရတဲ့ ကုသိုလ် ကြောင့် ဒီရေလှိုင်းတွေလို ပညဉာဏ် ထက်မြက်ပြီး မေးခွန်းပေါင်း များစွာကို မေးမြန်းနိုင်သူ ဖြစ်ရပါလို၏’လို့ ဆုတောင်းတယ်။
ရေချိုးဖို့မြစ်ကမ်းနားကို ဆင်းလာတဲ့ ရဟန်းငယ်က သာမဏေ ဆုတောင်းနေတာကို ကြားလိုက်ရတော့ ငါခိုင်းလို့ လုပ်တဲ့ သူတောင် ဆုတောင်းနိုင်သေးတာပဲလို့ စဉ်းစားပြီး ‘ဖြစ်ရာဘဝမှာ ဒီသာမဏေ မေးတဲ့ မေးခွန်းတိုင်းကို ဖြေဆိုနိုင်သူ ဖြစ်ရပါလို၏’ လို့ ဆုတောင်းလိုက်တယ်။ (ဘီစီ ၁ ရာစုမှာ)သာမဏေက မိလိန္ဒမင်း၊ ရဟန်းငယ်က အရှင်နာဂသိန်ဖြစ်လာတယ် (မိလိန္ဒပဥှ၊၁)။
ဒီလို အကြောင်းဆက် ရှိခဲ့ဖူးလို့ ဘယ်သူမှ မဆုံးမနိုင်တဲ့ မိလိန္ဒမင်းကိုအရှင်နာဂသိန်က ဆုံးမနိုင်ခဲ့တယ်။
ဘုန်းကြီးကျောင်းကို သွားဖို့ ခေါ်လို့ မရတဲ့ အယူသည်းတဲ့ လူကြီးတစ်ယောက်ကို အိမ်မှာ ဆွမ်းခံကြွနေတဲ့ ကိုရင် လေးတစ်ပါးက အရက် ပြတ်အောင် စည်းရုံးနိုင်တာကို တွေ့ဖူးပါတယ်။ ပဋ္ဌာန်းဆက် ရှိဖူးလို့ ဖြစ်နိုင်တာပေါ့။ ဘဝသံသရာဆိုတာဆန်းကြယ်ပါတယ်။
---
၈၈။ ခေတ်သစ်သုသီမ
ဇွန် ၂၄၊၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
လော့စ်အိန်ဂျယ်လိစ်က ထုတ်တဲ့ စာစောင်တစ်ခုမှာ ဓမ္မစကြာသုတ်ကို ပစ္စုပ္ပန်ကမ္မဝါဒနှင့်အညီ အဓိပ္ပာယ်ဖွင့်သည်ဟု ဆိုပါသည်။ ပစ္စုပ္ပန်ကမ္မ ဝါဒဆိုတာ ဗုဒ္ဓဝါဒနှင့် ပတ်သက်နိုင်ပါသလား။ ‘ကာမဂုဏ်ချမ်းသာကို ပြန်ရဖို့ ဒါန သီလ ဘာဝနာ ကောင်းမှုတွေကိုပြုရင် ကာမသုခလ္လိကာနု ယောဂအကျင့်’လို့ ဆိုထားပါသည်။ တစ်ဖန် ‘အတ္တကိလမထာနုယောဂ အကျင့်ဆိုတာ ရူပ အရူပစျာန်အကျင့်တွေသာ ဖြစ်တယ်’ဟုလည်း ဆိုပါသည်။ အဲဒီအဆိုတွေ ဟုတ်ပါသလား။
ကာမသုခလ္လိကာနုယောဂအကျင့် နှင့် အတ္တကိလမထာနုယောဂ အကျင့်တို့၏ ကျမ်းဂန်ထွက် အဓိပ္ပာယ်မှန်ကို သိလိုပါသည်။ ဆောင်း ပါးရေးသူက သူ့အဆိုအချို့ကို ‘ပိဋကမှာ တွေ့ပါတယ်’ဟုလည်း ဆိုပါ သည်။ ‘ဒုက္ကရစရိယာအကျင့်ဆိုတာ ဘယ်လိုကျင့်သုံးနေထိုင်ခြင်းဖြစ်တယ်လို့ အသေးစိတ် ရှင်းပြချက် မတွေ့ရပါဘူး’ဟုလည်း ဆိုပါသည်။ မှန်ပါသလား။ ဖြေကြားပေးစေလိုပါသည်။
တောက်ထက်၊ သုတမြေ
---
ကာလသုံးပါး
ဝါဒတစ်ရပ်ကို တင်ပြမယ်ဆိုရင် သတ္တိရှိသင့်တယ်။ ဦးပွကိုယ်တိုင် တွေးခေါ်တင်ပြတဲ့ ‘ဦးပွဝါဒ’၊ ကြိုက်ရင် ယူ၊ မကြိုက်ရင် ဆောရီးပေါ့။ ဘာလို့ ဗုဒ္ဓဝါဒပါလို့ ပြောနေအုံးမှာလဲ။ အိန္ဒိယမှာ ဗုဒ္ဓဝါဒ ကွယ်ပျောက်တာဟာ အဲဒီလို ပူးသတ်ခံရလို့ ပဲ။ ပဋိစ္စသမုပ္ပါဒ် ဒေသနာကို လေ့လာဖူးရင် ဗုဒ္ဓဟောတဲ့ ကမ္မဝါဒဟာ ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလသုံးပါးလုံးနဲ့ ပတ်သက်တယ် ဆိုတာကို ရှင်းလင်းစွာ တွေ့ပါလိမ့်မယ်။ ပစ္စုပ္ပန်ကမ္မဝါဒကိုပဲ လက်ခံတယ်ဆိုရင် ဗုဒ္ဓဝါဒမဟုတ်ဘူး။ ဆောင်းပါး ရေးသူရဲ့ ဝါဒပဲ ဖြစ်မယ်။ အဲဒီဝါဒကို လက်ခံထားသူက ဗုဒ္ဓဝါဒီပါလို့ ဆိုရင် ဗုဒ္ဓဝါဒကို စော်ကားတာပဲ။ ကျုပ်က ဖန်ဆင်းရှင်ကို မယုံတဲ့ ခရစ်ယန်အစစ်ပါလို့ ဆိုရင် ခရစ်ယန်ဝါဒကိုစော်ကားရာ ကျသလိုပဲ။
ဓမ္မစကြာလက်သစ်
မိမိယူဆချက် ခိုင်လုံဖို့နဲ့ ခွန်အားရှိဖို့ ဗုဒ္ဓကျမ်းဂန်ကို ကိုးကားချင်သပဆိုရင် မည်သူမဆို ကိုးကားခွင့် ရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟောလိုရင်းအဓိပ္ပာယ်နဲ့ မိမိယူဆချက်ဟာ တစ်ထပ်တည်းတော့ဖြစ်ရမယ်။ ကိုယ် ယူဆတာက တစ်မျိုး၊ ဗုဒ္ဓဟောတာက တစ်ခြားဆိုရင် ဒီကိုကားမှုဟာ မမှန်ဘူး။ ဓမ္မစကြာသုတ်မှာက အဓိပ္ပာယ်ဖွင့်ဆိုချက်အမှန် ရှိပြီးသားဖြစ်လို့ ဗုဒ္ဓဝါဒနဲ့ မကိုက်ညီတဲ့ အခြားရှုထောင့်တစ်ခုက သုံးသပ်ပြတယ်ဆိုရင် လူသေလူဖြစ်ဝါဒီတို့ လုပ်သလို ဓမ္မစကြာလက်သစ်ပဲဖြစ်မယ်။
ဘုန်းကြီးအနေနဲ့ ဓမ္မစကြာသုတ်ထဲမှာ ပစ္စုပ္ပန်ကမ္မဝါဒဆိုတာနဲ့ ကိုက်ညီတဲ့ အတွေးအမြင်ကို လုံးဝ မတွေ့မိပါဘူး။ ပစ္စုပ္ပန်ကမ္မဝါဒဆိုတာနဲ့ ဓမ္မစကြာသုတ်ဘာမှ မဆိုင်နိုင်ပါဘူး။ ကျုပ်ဝါဒကတော့ ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူး၊ ကျုပ်ယူဆတာကို ကျုပ်ရေးတာဆိုရင် ရှင်းပါတယ်။ ဘာမှ တုံ့ပြန်နေစရာလည်း မလိုပါဘူး။
ကာမသုခလ္လိကာနုယောဂ
ဗုဒ္ဓဖြစ်ဖို့ ပါရမီဖြည့်မယ့် ဗုဒ္ဓလောင်းလျာဟာ ‘သဗ္ဗညုတံ ပါပုဏိတွာ၊ သန္တာရေဿံ သဒေဝကံ’လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဓိပ္ပာယ်က ‘ဗောဓိဉာဏ်ကို ရပြီးရင် နတ်လူတွေကို ဘဝသံသရာမှ ကယ်တင်မယ်’တဲ့။ ဗုဒ္ဓလောင်းလျာဟာ ဇနီးမယားသမီးသားနဲ့ ကိုယ်အသက်ကိုပါ ပေးစွန့်ရာမှာ ရည်ရွယ်ချက်က ဗောဓိဉာဏ်ကို ရဖို့ပဲ။ တစ်နည်းပြောရင် ဗောဓိဉာဏ်ကို ရဖို့ရင်းနှီးခဲ့တာပဲ။ ဒါန သီလ ဘာဝနာထဲက ဘာကောင်းမှုပဲ ပြုပြု ရည်ရွယ်ချက်တော့ ရှိကောင်းပါတယ်။ ‘အလိုရှိရာကို တောင့်တ (ဆုတောင်း)၍ သမဏ ဗြာဟ္မဏတွေကို ထမင်းအဖျော်စတဲ့ လှူဖွယ် ဝတ္ထုကို ပေးလှူရင် အလိုရှိတဲ့ သူဌေး သူကြွယ်အဖြစ်နဲ့ လူ့ဘဝ၊ ထို ထက်မြင့်တဲ့ နတ်ဗြဟ္မာဘဝတွေကို ရနိုင်တယ်’လို့ သင်္ဂီတိသုတ် (ဒီ၊၃၊၂၁၄)မှာဗုဒ္ဓကိုယ်တိုင်ဟောထားပါတယ်။
သူဌေးဖြစ်ချင်လို့ ပဲ လှူလှူ နတ်ဖြစ်ချင်လို့ ပဲ လှူလှူ အဲဒီလို လှူတဲ့အတွက်တော့ လောကလူသားတွေမှာ အနည်းနဲ့ အများ ကောင်းကျိုး ရကြတာပါပဲ။ ဥပမာ ဆေးရုံကြီးတစ်ခု ဆောက်လှူတယ် ဆိုပါတော့။ အလှူ့ရှင်က အဲဒီကောင်းမှုရဲ့အကျိုးအနေနဲ့ ဘာပဲဖြစ်ချင်ဖြစ်ချင် ပထမဆုံး အဲဒီက နယ်သူနယ်သား အများကောင်းကျိုး ရတာပဲ မဟုတ်လား။ အဲဒါကို ဘယ်လိုလုပ်ပြီး ကာမသုခလ္လိကာနုယောဂလို့ ဆိုနိုင်မှာတုန်း။ ပြောသူ ကိုယ်တိုင်အနေနဲ့ ‘သူတပါးအကျိုး၊ အများအကျိုး၊ လူသားလောကအကျိုးကို ရည်စူးဦးတည်ခြင်းရှိပြီး’ကိုယ့်အိတ်ထဲက ပစ္စည်းနဲ့ ဘယ်လောက် လှူဒါန်းပြီးပြီလဲလို့ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ကြည့်သင့်ပါတယ်။
အခက်အခဲနဲ့ ကြုံနေလို့ စိတ်တွေ ရောက်ရက်ခတ်နေတဲ့ အခါ အဓိဋ္ဌာန်ပြုပြီး ပုတီးစိပ်လိုက်တော့ စိတ်ငြိမ်၊ စိတ်ငြိမ်တော့ ဆုံးဖြတ်ချက်မှန်ကန်လို့ အောင်မြင်သွားတာပေါ့။ ပုတီးစိပ်တာဟာ ဗုဒ္ဓဝါဒီတွေ အဖို့ အောက်ဆုံးအဆင့်ပါ။ အဲဒီကနေ စစ်မှန်တဲ့ ဝိပဿနာအဆင့်ကို တက်သွားနိုင်တာပေါ့။ ဒါကို ကာမသုခလ္လိကာနုယောဂပါလို့ ဘာလို့ အပြစ်တင်နေမလဲ။ ဗုဒ္ဓရဲ့ ညီတော်ရဟန္တာကြီး အရှင်နန္ဒရဟန်းဝတ်ခဲ့တာဟာ နတ်သမီးတွေကို လိုချင်လို့ ပါ။ သာသနာအစ သို့မဟုတ် ဘာသာရေး လုပ်ခါစမှာ အဲဒါလေးတွေတော့ ရှိတတ်ပါတယ်။ အရှင်မဟာဗုဒ္ဓ ဃောသတောင်ဗုဒ္ဓမန္တန်ကိုလိုချင်လို့ သာသနာထဲရောက်ခဲ့တာ။ ဘဝတစ်လျှောက်လုံး ကာမချမ်းသာကိုချည်း ခံစားမနေဘဲ သင့်တင့်တဲ့ အစားအစာ၊ အဝတ်တန်ဆာနဲ့ နေထိုင်စရာကို သုံးဆောင်ပြီး ဝိမုတ္တိသုခကို ရအောင် အားထုတ်နိုင်ဖို့ ကာမသုခလ္လိကာနုယောဂကို ပယ်တာ ဖြစ်ပါတယ်။ ဒါဟာ ဒီအစွန်းကို ပယ်ရတဲ့ အဓိကရည်ရွယ်ချက်ပါ။ ဒီအကျင့်ရဲ့ အဓိပ္ပာယ်မှန်ကို ဆရာတော် ဦးဗုဓ်၊ လယ်တီ၊ မဟာစည်၊ တောင်မြို့ဆရာတော် စတဲ့ ပိဋကတ်အိုးကွဲ ဆရာတော်ကြီးတွေဖွင့်ဆိုထားပြီးသားပါ။
အတ္တကိလမထာနုယောဂ
‘အတ္တကိလမထာနုယောဂအကျင့်ဆိုတာ ရူပ အရူပစျာန်အကျင့်တွေ သာ ဖြစ်တယ်’ဆိုရင် တက်တက်စင် လွဲတာပဲ။ ကြံကြီး စည်ရာ။ ဒီ အတိုင်း ဆက်ရေးရင် ရေးလေ လွဲလေဖြစ်နေမှာပဲ။ သူ့အဆိုအရဆိုရင် ရူပစျာန် လေးပါးနဲ့ အရူပစျာန် လေးပါးဆိုတဲ့ သမာပတ်ရှစ်ပါးကိုရတဲ့ ရဟန္တာတွေအားလုံး အတ္တကိလမထအကျင့်ကို ကျင့်လို့ ရတယ်လို့ ဆိုရတော့မှာပေါ့။ စျာန်ရဲ့အဓိပ္ပာယ်ကို သိအောင်အရင် လုပ်သင့်တယ်။
ငါးပါး ရှစ်ပါးသီလကို သီလလို့ သာမန်ခေါ်ပြီး ရဟန်းတို့ရဲ့ ပါတိမောက္ခသံဝရသီလကို အဓိသီလလို့ ခေါ်ပါတယ်။ ဝဋ်အခြေပြု လောကီ သမာပတ်ရှစ်ပါးကို စိတ္တလို့ သာမန်ခေါ်ပြီး ဝဋ်ကထွက်မြောက်တဲ့ လောကုတ္တရာ သမာပတ်ရှစ်ပါးကိုတော့ အဓိစိတ္တလို့ ခေါ်ပါတယ်။ ကမ္မဿ ကတာပညာကို ပညာလို့ သာမန်ခေါ်ပြီး ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာတွေကို အဓိပညာလို့ ခေါ်ပါတယ်။ ဒါက ဗုဒ္ဓဝါဒရဲ့ ကျင့်စရာ အနှစ်သာရသုံးပါးပါ။ ဒီအထဲက စိတ္တကိုအကြောင်းပြုပြီး အဓိစိတ္တကို ရရှိနိုင်ပါတယ် (ဝဋ္ဋ္ဋပါဒိကာ အဋ္ဌသမာပတ္တိယော ဥပါဒါယ ဝိပဿနာပါဒိကာ အဋ္ဌသမာပတ္တိယော အဓိစိတ္တံ နာမ (အဘိ၊ဋ္ဌ၊၂၊၃၉၅)။
ဒုက္ကရစရိယာ
‘ဒုက္ကရစရိယာဆိုတာ ဘယ်လို ကျင့်ခဲ့သုံး နေထိုင်ခြင်းဖြစ်တယ်လို့ အသေးစိတ် ရှင်းပြချက် မတွေ့ရပါဘူး’လို့ ဆိုရင် ဆောင်းပါး ရေးသူဟာ မဟာသီဟနာဒသုတ် (မ၊၁၊၉၇)၊ မဟာသစ္စကသုတ် (မ၊၁၊၃၀၁) စတာတွေကို မဖတ်ဖူးလို့ ဖြစ်ပါလိမ့်မယ်။ အဲဒီသုတ်တွေမှာ ဒုက္ကရစရိယအကျင့်အကြောင်းကို အသေးစိတ်ပြဆိုထားပါတယ်။ ဗုဒ္ဓဝါဒအကြောင်း ကိုရေးတော့မယ်ဆိုရင် ဗုဒ္ဓဝါဒဆိုင်ရာဗဟုသတ အတော်အတန်တော့ ရှိသင့်တာပေါ့။ ပါဠိတော်မှာ တိုက်ရိုက်ပါနေတာပဲ။ ဆောင်းပါးရှင်ဟာ ထေရဝါဒဗုဒ္ဓဓမ္မ အစစ်အမှန်ကို တကယ်စေတနာနဲ့ တင်ပြချင်တယ်ဆိုရင် ယောနိသောမနသိကာရ (အသင့်တွေး နှလုံးသား)နဲ့ ဗုဒ္ဓကျမ်း ဂန်ကို တကယ်တတ်သိတဲ့ ပုဂ္ဂိုလ်တွေ ဖွင့်ဆိုထားတာကို အများကြီး ရှာဖွေလေ့လာဖတ်ရှုရဦးမယ်လို့ သုံးသပ်မိပါတယ်။
ခေတ်သစ်သုသီမ
‘လူသေသော်လူမဖြစ်လျှင် လ
ဘာဖြစ်မှာတုန်း၊
ရွှေပျက်လျှင်
မြေထွက်နွယ်အဝင်ပေမို့
တကယ်ပင် ရွှေပြန်ဖြစ်တယ်ကွယ်
လောကစံထုံး’ (လူသေလူဖြစ်၊ စာ-၃၀၁)
လို့ ဦးဥက္ကဋ္ဌက ဆိုလိုက်တော့ အဆွယ်ကောင်းတာနဲ့ ဗုဒ္ဓဝါရေးရာ ဗဟုသုတအခံမရှိတဲ့ စာဖတ်သူအနေနဲ့ နားယောင်စရာပါပဲ။ ဒါပေမယ့် အတော်အတန် ဉာဏ်ရှိရင် ဒီလိုလေးဆက်ပြီး စဉ်းစားကြည့်လိုက်နိုင်မှာပါ...
‘လူသေသော်လူမဖြစ်လျှင် လ
ပါယ်နတ်စစ်နိဗ္ဗူတာ
မှန်စွာပဖြစ်ထုံး၊
ရွှေနှင့်လူ
လုံးလုံးပင်ခန်မတူလို့
စံတမူမှားရာက မှောက်ပေပေါ့
နာမ်တဆူကြားမှာ ပျောက်တယ်ကွယ်
သားမျောက်ကတုံး’
(ရွှေမှာက အဆင်းရုပ်ဆိုတဲ့ ရူပကန္ဓာပဲ ရှိတယ်။ လူက ရုပ်ရော နာမ်ပါခန္ဓာငါးပါး ရှိတာယ်။ ဒါကြောင့်ဥပမာနဲ့ ဥပမေယျမဟပ်စပ်တဲ့ အတွက်အမှားကြီးမှားတယ်လို့ ဆိုလိုကြောင်းပါ)။
လူသေလူဖြစ်ဝါဒီတို့လည်း သူတို့ ရေးပြောတာတွေမှပဲ ဗုဒ္ဓဝါဒနဲ့ ကိုက်ညီသလိုလို၊ လယ်တီစတဲ့ ဆရာတော်ကြီးတွေရဲ့ အယူအဆတွေက ဗုဒ္ဓဝါဒအတုအယောင် ဖြစ်နေသလိုလို လုပ်ကြံ ရေးပြောခဲ့ကြဖူးပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့သလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်။
ဗုဒ္ဓလက်ထက်က ရာဇဂြိုဟ်မြို့သား သုသီမလို့ ခေါ်တဲ့ ပရိဗိုဇ်ဟာ ဗုဒ္ဓဝါဒကို သူ့ရဲ့တိတိဝါဒထဲမှာထည့်ပြီးဟောရင် သူ့တရားနဲ့ သူ့ဝါဒကို လူကြိုက်များမှာပဲဆိုပြီး အမည်ခံ ဗုဒ္ဓဝါဒီအဖြစ်နဲ့ ဗုဒ္ဓသာသနာထဲကို ဝင်ရောက်ပြီး ရဟန်းဝတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဝါဒခိုးဖို့ ကြံစည်သူ သုသီမကတော့ ကံကောင်းခဲ့ပါတယ်။ ဘာကြောင့်ဆို ဗုဒ္ဓကိုယ်တိုင်နဲ့ တွေ့လို့ ရဟန္တာဖြစ်သွားလို့ ပါ (သံ၊၁၊၃၄၀)။
ဒီလို ဗုဒ္ဓဝါဒကို ခိုးယူတဲ့ ဝါဒသူခိုးသူတွေဟာ ခေတ်အဆက်ဆက်မှာ ရှိတာပဲ။ ရှိလည်း ရှိနေဦးမှာပဲ။ ဗုဒ္ဓဝါဒဖက်က ကြည့်ရင် ဒီလိုလူတွေဟာ ဗုဒ္ဓဝါဒကို ရှုပ်ထွေးမှေးမှိန်အောင်ကွယ်ပျောက်အောင် လုပ်နိုင်တာမို့အင်မတန်ကြောက်စရာကောင်းပါတယ်။
ဝါဒသူခိုး ခေတ်သစ်သုသီမတွေဟာ မိမိရေးတာ ပြောတာကို လူကြိုက်အောင်လို့ အလံရှုး ရှဲဒိုးနည်းတွေကိုလည်း အသုံးပြုတတ်ပါတယ်။ ဗုဒ္ဓဝါဒီတို့ကြပ်ကြပ်သတိထားကြပါကုန်။
You cannot trvel the path until you have become the path itself.
လမ်းစဉ်နှင့်တစ်ထပ်တည်းမဖြစ်သရွေ့ထိုလမ်းစဉ်ကို မလျှောက်လှမ်းနိုင်။
---
၈၉။ ကိုယ့်ကိုယ်ကို သတ်သေရင်
ဇူလိုင် ၂၇၊၂၀၀၉။
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော် သိလိုသည်မှာ ကိုယ့်ကိုယ်ကို သတ်သေသူများသည် အဖန် ငါးရာ့ငါး ကမ္ဘာလား၊ ငါးရာ့ငါးဘဝလား ဆိုတာကို သိလိုပါသည် အရှင်ဘုရား။
ကိုလေး
---
ဗုဒ္ဓဝါဒအမြင်
ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဝါဒအမြင်ကို ကျမ်းဂန်လာ အရှင်ဆန္နနဲ့ အရှင်ဝက္ကလိတို့ရဲ့ ဖြစ်ရပ်၊ တတိယပါရာဇိက နိဒါန်း လာဖြစ်ရပ် စတာတွေကို ကိုးကားပြီး အနောက်တိုင်းသား အချို့ ဝေဖန်တင်ပြထားတာတွေရှိတယ်။ ဘုန်းကြီးသေသေချာချာလေ့လာပြီး နားလည်ထားတာကို အမြွက်လောက် ချုပ်ပြီး ဆိုရရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ ကိစ္စကို အရိယာဖြစ်ပြီးတဲ့ ဗုဒ္ဓသာဝကတွေ လုံးဝမလုပ်ဘူး၊ ကိုယ့်ကိုယ်ကို သတ်သေတာကို ဗုဒ္ဓဝါဒက လုံးဝ ငြင်းပယ်တယ် လို့ မှတ်ထားဖို့ပါပဲ။
သဘင်သည်စကားလော
ဗုဒ္ဓဝင် တောထွက်ခန်းမှာ ရွှေမန်းတင်မောင်က ဘုရားလောင်း မင်းသိဒ္ဓတ်စီးတဲ့ ကဏ္ဍကမြင်းကို ခန္ထီကမြင်းလို့ ဆိုလိုက်တော့ တစ်တိုင်းပြည်လုံး ခန္ထီကမြင်း ဖြစ်ကုန်တာပဲ။ အသံထွက်အမှန်က ကဏ္ဍကမြင်းပါ။ တစ်ခါတစ်ရံမှာ သဘင်သည်နဲ့ ရုပ်ရှင်တွေဆီက တစ်ဆင့် အဲဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန် ၅၀၅ ကမ္ဘာပြန်ခံရတယ်လို့ တော့အရပ်ထဲ ပြောကြတာပဲ။ ဒါပေမယ့် အဲဒီလို ကန့်သတ်ချက်တော့ ရှိမယ်မထင်ဘူး။ ကိုယ့်ကိုယ်ကို သတ်သေတယ် ဆိုတာ ပါဏာတိပါတကံပဲဖြစ်လို့ ဘဝသံသရာမှာ အဲဒီကံအားကောင်း ခိုက်နဲ့ ကြုံလာသရွေ့ အကျိုးပေးကို ခံရမှာပါ။ ငါးရာ့ငါးဆယ်ဇာတ်တော်လို့ ဆိုရင် ငါးရာ့ငါးဆယ် သင်္ချာကို အတိအကျ မယူရသလို အချို့နေရာတွေမှာ အရေအတွက်သင်္ချာကို အတိအကျမယူရဘူး။
ဘဝငါးရာလော
ကျမ်းဂန် အသွားအလာအရ ဘဝကြိမ်ဖန် ဖြစ်တာကို ရည်ညွှန်းလေ့ ရှိတာမို့ ကမ္ဘာဆိုတာထက်ဘဝဆိုရင် ပိုပြီးယုတ္တိရှိပါလိမ့်မယ်။ တစ်ခါမှာ ဗုဒ္ဓဟာ သုသုမာဂိရိမြို့ကို ရောက်တော့ ထိုမြို့က သက်ကြီးရွယ်အို ဇနီးမောင်နှံ နှစ်ယောက်ကို ချီးမြှောက်ဖို့ သူတို့ အိမ်ကိုပဲ တိုက်ရိုက် ကြွတော်မူသတဲ့။ အဲဒီလောက် အရေးတယူ ကြွသွားရတာက အဲဒီဇနီးမောင်နှံက ဗုဒ္ဓရဲ့ မိဘအဖြစ် ဘဝငါးရာ၊ ဘကြီး မိကြီး (ဒေါ်ကြီး)အဖြစ် ဘဝငါးရာ၊ ဘထွေးမိထွေး (ဒေါ်လေး)က ဘဝငါးရာဖြစ်ဖူးတဲ့ အတွက် ပထမအကြိမ် ဗုဒ္ဓနဲ့ တွေ့ကတည်းက ဗုဒ္ဓကို သားအရင်းလို ရင်းနှီး ကျွမ်းဝင်ပြီး သောတာပန်အရိယာတွေ ဖြစ်နေကြလို့ ပါ (အံ၊၁၊၃၇၂။ အံ၊ဋ္ဌ၊၂၊၃၁၁)။ ဒီမှာလည်း ငါးရာသင်္ချာက အတိုးအလျော့ရှိမှာပဲ။
---
၉၀။ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း
ဇူလိုင် ၃၁၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ဝါဆိုသင်္ကန်း ကပ်ခြင်းအကြောင်းကိုသိလိုပါသည်ဘုရား။ မည်သို့ကပ် မှသာ ဝိနည်းစည်းကမ်းနှင့် ညီညွတ်ပါသနည်း ဘုရား။ ဝါဆိုသင်္ကန်း ကပ်ခြင်းဖြင့် မည်သို့သော အကျိုးများကို ရပါသနည်းဘုရား။
ကြည်ကြည်ကျော်
---
ဝါဆိုသင်္ကန်း
ပါဠိလို ဝဿာဝါသိကစီဝရ လို့ ခေါ်တယ်။ ကျောင်းတိုက် သို့မဟုတ် နေရာတစ်ခုမှာ ဝါဆိုဝါကပ်တဲ့ (ဝါဆိုဝါကပ်ဆိုတာ ဝါတွင်းသုံးလ ခရီး မသွားဘဲ နေတာ) သံဃာ သို့မဟုတ် ရဟန်းကို ရည်မှတ်ပြီး လှူတဲ့ သင်္ကန်းလို့ အဓိပ္ပာယ် ရပါတယ်။ အမှန်တော့ ဝါဆိုသင်္ကန်းလှူဖို့အချိန် သတ်မှတ်ချက် မရှိပါဘူး။ ဝါတွင်းမှာဖြစ်စေ ဝါပမှာဖြစ်စေ လှူကောင်းပါတယ်။ ဥပမာ ဝါဆိုသင်္ကန်း ဆိုပြီး ဝါဆိုလမှာ မဟုတ်ဘဲ တပေါင်း တန်ခူး ဘယ်လ မဆိုမှာလည်း လှူကောင်းတယ်။ ကျောင်းတစ်ခုမှာ ဝါဆိုဝါကပ်တဲ့ သံဃာကို ရည်ညွှန်းပြီး လှူဒါန်းဖို့သာ အဓိကပါ။ ဝါဆိုဝါကပ်တဲ့ ရဟန်းကို ဝါကျွတ်ပြီးမှ လှူရင် ဖြစ်စေ၊ အဲဒီရဟန်းကို ဝါကျွတ်ပြီးမှ ဝတ်ရုံဖို့ ဝါတွင်း (ဝါဆိုနေတုန်း)မှာ လှူရင် ဖြစ်စေ ဝါဆိုသင်္ကန်းပါပဲ (မဟာဝါဘာသာဋီကာ၊၆၁၃)။
သင်္ကန်းရထိုက်သူ
များသောအားဖြင့် ဝါမဆိုခင် လှူကြတဲ့ အတွက် ကျောင်းတိုက်မှာ ဝါဆို သီတင်းသုံးကြတဲ့ သံဃာတွေ ဝါဆိုတဲ့ နေ့မှာ သင်္ကန်းကို ခွဲဝေယူကြတယ်။ ဝါဆိုတဲ့ သံဃာကိုရည်မှန်းပြီး လှူတာဖြစ်လို့ အလှူခံတဲ့ သံဃာဟာ ဝါမကျိုးရဘူး။ သာရေးနာရေးကိစ္စမှတစ်ပါးမိမိဝါဆိုတဲ့ ကျောင်းမှ သို့မဟုတ် ကျောင်းတိုက်ဝင်း ပြင်ဖက်မှအခြားကျောင်းကို ခုနစ်ရက်ထက် လွန်အောင် ညအိပ် ခရီးသွားရင် ဝါကျိုးပါတယ်။ ဝါကျိုးရင် ဝါဆိုသင်္ကန်းကို အလှူမခံကောင်းဘူး။ ‘ဤကျောင်းမှာ ဝါတွင်းသုံးလ နေထိုင်ပါအံ့’လို့ ဝါဆိုလပြည့်နေ့မှာ ဝါမကပ်ခဲ့ရင်လည်း ဝါဆိုသင်္ကန်း အလှူမခံကောင်းဘူး (ဝိနယဂဏ္ဌ္ဌိဋ္ဌာနဝိနိစ္ဆယကျမ်း၊ စာ-၃၆၁)။
သောတာပန်လို
သောတာပန်လို ဂတိမြဲတဲ့ ကုသိုလ် ခုနစ်မျိုးရှိတယ်။ သရဏဂုံ တည်ရင်၊ ငါးပါးသီလမြဲရင်၊ စာရေးတံဆွမ်းလှူရင်၊ လဆန်းလဆုတ်မှာ ဆွမ်းလှူရင်၊ ဝါဆိုသင်္ကန်း လှူရင်၊ ရေတွင်းရေကန်လှူရင်၊ ကျောင်းလှူရင် အဲဒီလူဟာ စူဠသောတာပန် (သောတာပန်အငယ်စား)ပါပဲ။ သေရင် သုဂတိ မြဲတယ် (အံ၊ဋ္ဌ၊၃၊၂၆၄)။ ခြွင်းချက်က ဝါဆိုသင်္ကန်း လှူပေမယ့် လုယက်သူခိုး အရက်ချိုး ဆိုရင်တော့ အောက်ကိုပဲ ဆင်းမှာပါ။ ဝါဆိုသင်္ကန်းမကယ်နိုင်လောက်ပါဘူး။
ထုံးနည်း ညီစေ
နိုင်ငံရပ်ခြား တိုင်းပြည်များမှာ မြန်မာတွေ ဝါဆိုသင်္ကန်း ကပ်လှူကြပါတယ်။ ဝါဆိုသင်္ကန်း ဆိုတာ ရဟန်းသံဃာကို လှူတဲ့ ပစ္စည်းလို့ နားလည်ထားသင့်တယ်။ ရဟန်းသံဃာ တစ်ပါးစ နှစ်ပါးစသာရှိလို့ ဝါဆိုသင်္ကန်းတွေ ပိုလျှံနေရင် ထိုဝါဆိုသင်္ကန်းမှ ဖြစ်ပေါ်လာတဲ့ အလှူဝတ္ထု (ဝါဆိုသင်္ကန်းအတွက် လှူဒါန်းတဲ့ အလှူငွေ)ကို ကျောင်းတိုက်ထိန်းသိ်မ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး သံဃာတွေက ဂေါပကအဖွဲ့ကို စွန့်သို့မဟုတ် လွှဲအပ်ကြပါတယ်။ ပရိသတ်နည်းတဲ့ နေရာမှာ ဒီလိုမလုပ်ရင်လည်း ရပ်တည်ဖို့ ခက်ခဲတယ်။ ဒါကြောင့် ဗုဒ္ဓသာသနာ တိုးတက်စည်ပင်ဖို့ ရည်ရွယ်တာ ဖြစ်လို့ ရဟန်းသံဃာရော အလှူရှင် ဒကာ ဒကာမတွေပါ ဝမ်းမြောက်သာဓုခေါ်ရုံပဲရပါတယ်။
---
၉၁။ ဗုဒ္ဓမှာ ဆရာမရှိ၊ မာရ်နတ်ဆိုတာ ဘာလဲ
ဩဂုတ် ၅၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
(၁)ဗုဒ္ဓမြတ်စွာဘုရားမှာ ဆရာငါးယောက်ရှိသည်ဟု ကြားဖူးပါသည်၊ ထိုဆရာငါးယောက်အကြောင်း သိလိုပါသည် အရှင်ဘုရား။
(၂)မာရ်နတ်အကြောင်းကိုလည်း သိလိုပါသည် အရှင်ဘုရား။
(၃)သားပြွမ်းဆွမ်းဟူသည် အဘယ်ကိုခေါ်ပါသနည်း။
ဘာသာခြား မိတ်ဆွေတစ်ယောက် မေးသော မေးခွန်းဖြစ်၍ ဖြေကြားပေးစေချင်ပါသည် အရှင်ဘုရား။
ကျော်မှန်
---
မင်းသိဒ္ဓတ်ရဲ့ ဆရာတွေ
မင်းသိဒ္ဓတ် မွေးတဲ့ နေ့မှာ လက္ခဏာဖတ်ကြတဲ့ ပုဏ္ဏားရှစ်ယောက်က လိုအပ်တာကို ညွှန်ကြားပြီး မင်းသားကို စောင့်ရှောက်ပေးကြတယ်။ သူတို့က ပထမဆရာ။ မင်းသားငယ်ကို ပညာသင်ပေးတဲ့ သဗ္ဗမိတ္တ အမည်ရှိတဲ့ ပုဏ္ဏားက ဒုတိယဆရာ။ ဘုရားလောင်း သံဝေဂရအောင် နိမိတ်ကြီးလေးပါးကို ပြပေးကြတဲ့ နတ်ဒေဝါတွေက တတိယဆရာ။ တတိယာရုပ္ပစျာန်ကို သင်ပေးတဲ့ ကာလာမအနွယ်ဝင် အာဠာရ ရသေ့က စတုတ္ထဆရာ။ စတုတ္ထာရုပ္ပစျာန်ကို သင်ပေးတဲ့ ရာမရဲ့သား ဥဒက ရသေ့ကတော့ ပဉ္စမဆရာ ဖြစ်ပါတယ် (မိလိန္ဒ၊၂၂၈)။ အဲဒီ ဆရာ ငါးမျိုးကို ဗုဒ္ဓမဖြစ်မီ မင်းသိဒ္ဓတ်ရဲ့ လောကီဆရာတွေလို့ မှတ်ပါ။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
ဗောဓိဉာဏ်ကို ရပြီးနာက် ပဉ္စဝဂ္ဂီရဟန်းတွေကို တရားဦးဟောဖို့ ရည်ရွယ်ချက်နဲ့ ဗုဒ္ဓဂယာက ဗာရာဏသီကို အကြွ လမ်းခရီး တစ်နေရာမှာ ဗုဒ္ဓရှင်တော်မြတ်ဟာ ဥပကအမည်ရတဲ့ ဂျိန်းဝါဒီ ပရိဗိုဇ်နဲ့ တွေ့တယ်။ ပရိဗိုဇ်ကဗုဒ္ဓကိုကြည့်ပြီး အိုကြည်ညိုစရာ ကောင်းလိုက်တာ၊ အသားအရေက ဝင်းနေတာပဲဆိုပြီး ‘အရှင်ဘုရားရဲ့ ဆရာက ဘယ်သူပါလဲ’လို့ မေးတယ်။ အဲဒီတော့ဗုဒ္ဓက ‘နမေ အာစရိယောနတ္ထိ = င့ါမှာဆရာမရှိဘူး’လို့ ဖြေပါတယ်။ ဒါက အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရအောင် သင်ပေးတဲ့ ဗုဒ္ဓထက် လွန်ကဲထူမြတ်တဲ့ ဆရာမရှိတာကို ရည်ရွယ်ပြီး မိန့်တော်မူတာ ဖြစ်ပါတယ်။ အဲဒီလို ဆရာမရှိဘဲ ကိုယ့်ဟာကို ထိုးထွင်း သိမြင်လို့လည်း ဗုဒ္ဓရဲ့ဂုဏ်တော် ကိုးပါးထဲမှာ ‘သမ္မာသမ္ဗုဒ္ဓ’ဆိုတဲ့ ဂုဏ်ရှင်ဖြစ်တာပေါ့။
အာဠာရနဲ့ ဥဒက
ဗုဒ္ဓလောင်းလျာအဖြစ်နဲ့ သစ္စာဓမ္မကို ရှာဖွေစဉ်မှာ ကာလာမအနွယ် အာဠာရနဲ့ ရာမရဲ့သား ဥဒကတို့ထံမှာ စျာန်တရားတွေကို သင်ယူဖူးတယ်။ ဗုဒ္ဓဖြစ်ပြီးနောက် ဗုဒ္ဓက သူတို့နှစ်ယောက်ကို ညွှန်းဆိုရာမှာ ‘ရဟန်းတို့၊ ကာလာမအနွယ် အာဠာရသည် ငါ၏ (ဗုဒ္ဓ၏) ဆရာဖြစ် လျက် မိမိ၏ (အာဠာရ၏) တပည့်ဖြစ်သော င့ါကို မိမိနှင့် အညီအမျှ ထား၏’လို့ မိန့်တော်မူပါတယ် (မ၊၁၊၂၇၁)။ ဒီတော့ ငါ့မှာ ဆရာမရှိဘူး ဆိုတာနဲ့ ဆန့်ကျင်နေသလားလို့ စဉ်းစားစရာပေါ့။ မဆန့်ကျင်ပါဘူး။ အခုစကားရပ်ကဗုဒ္ဓဖြစ်ဖို့ကြိုးစားတုန်း ဗုဒ္ဓလောင်းလျာအနေနဲ့ ဆရာဖြစ်ဖူးတာကို ရည်ရွယ်တာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ဆီက ရတဲ့ တရားနဲ့ ဗုဒ္ဓဖြစ်လာတာမှ မဟုတ်ဘဲ။ ဗုဒ္ဓဖြစ်ကြောင်း မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဆိုတာက ဗုဒ္ဓကိုယ်တိုင်သိတဲ့ တရားပါ။
မာရ်နတ်ဆိုတာ
‘မာရ်နတ်ဆိုတာ ဝသဝတ္တီနတ်ပြည်က နတ်သူပုန် တစ်ယောက်ပါပဲ။ သူက သူ့ရဲ့ နတ်ဘုံကို ကျူးကျော်လိုသူကို ကျူးကျော်နိုင်စွမ်းရှိမယ်ဆိုရင် သတ်ပစ်တယ်၊ (ကျူးကျော်လိုပေမယ့်) မစွမ်းနိုင်သူကိုလည်း သေစေချင်တယ်။ အဲဒီလိုနတ်မျိုးပါ’ (သုတ္တနိ၊ဋ္ဌ၊၁၊၄၀)။ ‘မာနတ်ဆိုတာ ကာမာဝစရနတ်ပြည်ကို အစိုးရတယ်။ တစ်ခါတစ်ရံ ဗြဟ္မပါရိသဇ္ဇာ ဘုံကိုတောင်အုပ်စိုးနိုင်စွမ်းရှိတယ် (ဇိနာလင်္ကာရဋီကာ၊၂၁၇)’။
ဗောဓိပင်အောက်မှာ
ဇာတကအဋ္ဌကထာ (ဇာ၊ဋ္ဌ၊၁၊၈၃)နဲ့ ဗုဒ္ဓဝံသအဋ္ဌကထာ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၁၀)မှာ မာရ်နတ်ဟာ နဂါးဂဠုန်တွေပါတဲ့ စစ်တပ်ကြီးနဲ့ အတူ ကိုယ်တိုင်လည်း လက်မောင်းတစ်ထောင် ဖန်းဆင်း၊ ဂိရိမေခလာ အမည်ရှိတဲ့ နတ်ဆင် ပြောင်ကိုစီးပြီး ဗုဒ္ဓဂယာမဟာဗောဓိပင်အောက်မှာ ဗုဒ္ဓအဖြစ်ကိုရောက်တော့မယ့် သူတော်စင် ဗုဒ္ဓလောင်းလျာကို လာရောက်နှောင့်ယှက် တိုက်ခိုက်ပေမယ့်မာရ်နတ်ထွက်ပြေးရပုံကိုသရုပ်ဖော်တယ်။ ကျမ်းဂန်တွေမှာကမန်းကတန်း ပြေးရတဲ့ မာရ်နတ်ကြီးရဲ့ချိုင်းကြားကကျကျန်ခဲ့တဲ့ ဗေလုဝစောင်းကို သကြားမင်းက ကောက်ယူပြီး ပဉ္စသီခနတ်သားကိုပေးပုံ (သုတ္တနိ၊ဋ္ဌ၊၂၊၁၂၁)ထိအသေးစိတ်ဆိုပါတယ်။
အယူအဆတစ်မျိုး
အချို့ သုတေသီတွေက မာရ်နတ်က အဲဒီလို လာရောက်ပြီး တိုက်ခိုက်တယ်ဆိုတဲ့ အယူအဆဟာ ရှေးဦးပါဠိတော်တွေရဲ့ အာဘော်နဲ့ မညီဘူးဆိုပြီး အဓိပ္ပာယ်တစ်မျိုး ယူလိုကြတယ်။ အင်္ဂလိပ်လူမျိုး ပါဠိပညာရှင် ရေးစ်ဒေးဗစ်က ‘နှစ်ပေါင်းများစွာ ဒုက္ကရစရိယကို ကျင့်ပြီးနောက် ဗောဓိဉာဏ်ကိုရခါနီးမှာ တစ်ချိန်က ထီးနန်းရဲ့သာယာပုံ၊ ကြွယ်ဝမှုနဲ့ အာဏာတို့ရဲ့ နှစ်သက်ဖွယ် ကောင်းပုံတွေ အတွေးထဲကို ဝင်လာရာကနေမိမိရှာဖွေနေတာဟာတကယ်ရှိရဲ့လားလို့ သံသယ ဖြစ်မိပေမယ့် အဲဒီည နေဝင်ချိန်မှာ အဲဒီ သံသယတွေကို အကြွင်းမဲ့ အောင်နိုင်ပြီး ဗောဓိဉာဏ်ကို ရသွားတယ်’ (၎င်းရေး၊ ဗြိတိသျှစွယ်စုံကျမ်း၊ ‘ဗုဒ္ဓ’ ဆောင်းပါးကိုဖတ်ပါ) လို့ ဆိုတယ်။
ဒီအယူအဆကိုပဲ အခြေခံဖွယ်ရှိတဲ့ အိန္ဒိယက ရေးတဲ့ ဗုဒ္ဓဝင် စာအုပ်ငယ်တစ်ခုမှာ ‘မင်းသိဒ္ဓတ်ဟာ တစ်ခါမှာတကယ်မရှိတာ အတွက် မိသားစုနဲ့ ထီးနန်းကို စွန့်ခဲ့မိလေသလားလို့ သံသယဝင်မိပေမယ့် မိမိပတ်ဝန်းကျင်မှာရှိတဲ့ လန်းဆန်းနေတဲ့ သစ်ပင် ပန်းမန်တွေ၊ ပျော်ရွှင်နေကြတဲ့ ကျေးငှက် သာရကာတွေဟာ သူတို့ကို အဲဒီလို ပျော်ရွှင်လန်းဆန်းစေတဲ့ ကမ္ဘာမြေရဲ့ မြင့်မြတ်တဲ့ သဘာဝအားဖြင့် တည်ရှိတဲ့ လျှိ့ဝှက်ချက်ကို သိနေကြတာပဲလို့ နားလည်သွားတဲ့ အတွက် သံသယတွေ ပျောက်ပြီး ဒီလျှို့ဝှက်ချက်ကို တွေ့အောင်ရှာဖို့ အဓိဋ္ဌာန်ပြု ဆုံးဖြတ်ခဲ့တယ် (Gautama The Story of Lord Buddha, p. 50)’လို့ စာပန်းချီဖွဲ့ပြီး ရေးခြယ်ခဲ့ပါတယ်။
မာရ်ငါးမျိုး
မာရဆိုတဲ့ ပါဠိပုဒ်ကို ရှေးဟောင်းပါဠိတော် တော်တော်များမှာ ‘ခန္ဓာငါးပါး၊ ကိလေသာ၊ ကုသိုလ် အကုသိုလ်စေတနာ ဆိုတဲ့ အဘိသင်္ခါရ၊ သေခြင်းတရား၊ ဒါတွေ အားလုံးကို ချုပ်ပြောရင် မွေးသေစက်ဝန်းမှ မလွတ်နိုင်သေးတဲ့ လောကီခန္ဓာ သံသရာကို ရည်ညွှန်းတဲ့ ဝေါဟာရ ဖြစ်ပြီး မာရ်နတ်သားအနေနဲ့ ဖွင့်ဆိုတာက နောက်ကျတယ်လို့ ဆိုပါတယ်။ ပါဠိပညာရှင်တွေ အလိုအရ မာရ်နတ်အကြောင်းကို ဖော်ပြတဲ့ ပဓာနသုတ် (သုတ္တနိ၊၃၄၁)ရဲ့ ဒုတိယပိုင်းကိုတောင် နောက်မှထပ်ဖြည့်တာ ဖြစ်နိုင်တယ်လို့ ဆိုတယ်။ သူတို့ အလိုအရဆိုရင် မာရ တဇ္ဇနိယသုတ် (မ၊၁၊၄၀၇)စတဲ့ မာရ်နတ်သားနဲ့ ပတ်သက်တဲ့ သုတ္တန်တွေကိုလည်း နောက်တိုးတွေလို့ ဆိုရမလိုပါပဲ။ ဒါကတော့ ဆွေးနွေးရဦးမယ့်အကြောင်းအရာဖြစ်လို့ မစဉ်းစားတော့ဘူး။
ဆေတန်နဲ့ မတူဘူး
သို့ပေမယ့် ခရစ်ယန်တို့ရဲ့ Satan ကိုလည်း မာရ်နတ်လို့ ဘာသာပြန်လို့ အခုမာရ်နတ်ကို Satan နဲ့ တူတယ်လို့ တော့ ဗုဒ္ဓဘာသာ မဟုတ်သူတွေကို မပြောမှားမိပါစေနဲ့။ Satan က ဘယ်တော့မှ မသေဘူး၊ အတောင်ရှိတယ်။ ဘုရားသခင် ဖန်ဆင်းထားတာ။ အခုမာရ်နတ် ကအတောင်မရှိဘူး၊ သေဦးမှာ။ လူနတ်တိရစ္ဆာန်ဖြစ်ခွင့်ရှိတယ်။
သားပြွမ်းဆွမ်း
မံသောဒနဆိုတဲ့ ပါဠိပုဒ်ကို ရှေးမြန်မာ ဆရာတော်ကြီးများက ‘အသားရောပြွမ်း ဒံပေါက်ဆွမ်း’လို့ ဘာသာပြန်ပါတယ်။ သားပြွမ်းဆွမ်းဆိုတာ မံသောဒနကို ဆိုလိုတာဖြစ်နိုင်တယ်။
Why do what you will regret? Why bring tears upon yourself? Do only what you do not regret, and fill yourself with joy.
နောင်တရမယ့် အရာကို ဘာကြောင့် လုပ်မလဲ။ သင့်ကိုယ် သင် ဘာကြောင့် မျက်ရည်ကို သယ်ဆောင်မလဲ။ နောင်တ မရစေမယ့် အရာကိုလုပ်ပြီးချမ်းသာခြင်းနဲ့ ပြည့်ဝပါစေ။
---
၉၂။ အဓမ္မဝါဒီ မေးခွန်းကို သည်းခံပါ
ဩဂုတ် ၁၀၊၂၀၀၉။
---
ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား၊
မကြာမီက ပြည်ပတွင် ထုတ်ဝေသော သတင်းစာတစ်စောင်မှာ ဓမ္မဆောင်းပါးကို တပည့်တော်ဖတ်မိပါသည်ဘုရား။ အဆိုပါ သတင်းစာပါ ဓမ္မဆောင်းပါးတွင် အောက်ပါအချက်များကို မရှင်းလင်းပါသဖြင့် ဖြေကြားပေးစေချင်ပါသည်။ ဆောင်းပါး၏ အစအလယ်အဆုံး သုံးပါးလုံးတွင် ခလုတ်တိုက်စရာတွေ အများကြီး ပါနေသော်လည်း တပည့်တော် မျက်စိစပါးမွှေးစူးမိသော စာပိုဒ်တစ်ချို့ကိုသာ ဖော်ပြလိုက်ပါသည်။ ထေရဝါဒီစစ်စစ်တို့ သို့လောဒွိဟ မဖြစ်စေရန် ဗုဒ္ဓသာသနာတော်၏ မျက်နှာကိုသာကြည့်၍အဓိပ္ပာယ်မှန်ကိုကျမ်းဂန်နှင့်အညီဖော်ပြပေးပါ အရှင်ဘုရား။
- ဘုံ ၃ ပါး သံသရာလည်၍ ရရှိသော၊ ထိုထိုဘဝများသည် ရိုးသားဖြူစင် ယဉ်ကျေးမြင့်မြတ်သူဟူသော အရိယာသူတော်စင် (ဥတ္တရိမနုဿ)အဖြစ်ကို မရနိုင်သော၊ လူကိုဝန်ထုပ်ဝန်ပိုး ပိစေသော၊ မစင်ဘင်ပုပ်ကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်သော၊ ကံကမွေးဖွေားပေးသော၊ ကံသာလျှင် အမိကံသာလျှင် အဖဖြစ်သောဘဝများဖြစ်ကြသည်။
- ဒုက္ခအရကောက်ရာတွင် ကိုယ်စိတ်၂ ပါးဆိုင်ရာခံစားချက်အဆိုးများ (ဒုခမ)သည်အရိယသစ္စာထိုက်သော ဒုက္ခမဖြစ်နိုင်ပါ။ ကိလေသာ ကံ ဝိပါက်တို့ သံသရာလည်သော ပြုရပ်ဆိုး ပြုရပ်မှားများနှင့် ဖြစ်ရပ်ဆိုး ဖြစ်ရပ်မှားများ (ဒုက္ကရ) သည်သာ သံသာရဝဋ်ဒုက္ခဟု အရကောက်ယူသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခံစားချက်ကောင်းသော်လည်း ပြုရပ်မှားခဲ့လျှင် လူ့ငြိမ်းချမ်ေးရး ပျက်ပြားစေနိုင်သောကြောင့်ဖြစ်ပါသည်။
- ရူပ အရူပ ဘာဝနာများ ပွားများလျှင်လည်း ဝေဒနာကောင်းကို ပေးစွမ်းနိုင်ပါသည်။ သို့သော်ကာမသညာချို့တဲ့မှုကြောင့်လူ့လိုအပ်ချက်များ မပြည့်မီတော့ဘဲ လောကကို စောင့်ရှောက်နိုင်စွမ်း မရှိသူအဖြစ်ရရှိသဖြင့် လူမပြုသင့်သော ပြုရပ်မှားများပင်ဖြစ်ကြသည်။
- သေပြီးနောင် အမိဝမ်းတွင် ပဋိသန္ဓေ နေရခြင်း ဒုက္ခကို ဇာတိဒုက္ခဟု ဖွင့်ဆိုလျှင် ခံစားချက် မကောင်းသော ဝေဒနာဒုက္ခသာ ဖြစ်ပါမည်။ ဥပပတ္တိပဋိသန္ဓေအဖွင့်နှင့် ညှိကြည့်လျှင် အမိဝမ်းတွင် မေနေရသဖြင့် ဇာတိဒုက္ခမှအလိုအလို လွတ်မြော်ကနေပါလိမ့်မည်။
- လူ့ဗီဇခန္ဓာ၏ အိုမင်းရင့်ရော်ခြင်းကို ဇရာ၊ သေဆုံးခြင်းကို မရဏကောက်ယူလျှင် ဘုရား ရဟန္တာတို့တွင် အသက်ရှင်နေစဉ်အတွင်း ဇရာမရဏဒုက္ခ မချုပ်ပါ။ ဝေဒနာမှားအရှိန်လျော့လာမှု၊ အရှိန်ကုန်ဆုံးမှုကို ဇရာ မရဏ ဒုက္ခ အရကောက်လျှင်မူ ဘုရား ရဟန္တာတို့တွင် အသက်ရှင်နေစဉ်အတွင်း ကိလေသာ ထကြွ လွန်ကျူး ကိန်အောင်းခြင်း မရှိတော့သဖြင့် ဇရာ မရဏ ဒုက္ခ ချုပ်ကာ ဒုက္ခနိရောဓ ဆိုက်နေမည်ဖြစ်ပါသည်။
မောင်ပေါ်တင်
---
သည်းခံပါ
မေးခွန်းမှာပါတဲ့ ကောက်နုတ်ချက်တွေကို အာရုံစိုက် လေ့လာကြည့် တဲ့ အခါ ၁၉၈၃ ခုနှစ်လောက်က အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခံထားရတဲ့ ဆူးလေဦးမြင့်သိန်းရဲ့ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ ဆိုတာနဲ့ ဆင်တူနေကြောင်း သတိပြုလာမိပါတယ်။ ဒါကြောင့် အဲဒီလို အဓမ္မဝါဒနဲ့ ပတ်သက်နေတဲ့ မေးခွန်းမျိုးတွေကို နောင်အခါ ဖြေကြားမည် မဟုတ်ပါကြောင်း ဝက်ဘ်ဆိုက် ဖန်တီးသူတွေကို အသိပေးလိုက်ပါတယ်။ ခုတစ်ကြိမ်တော့ မေးခွန်းမေးသူ စိတ်ချမ်းသာစေဖို့ ဖြေပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထေရဝါဒ မဟုတ်
၁။ ဖော်ပြပါ ဝါကျထဲက ဝိသေသနပုဒ် ၇-ခုပါရှိရာမှာ ပထမဝိသေသနပုဒ် ‘ဘုံ ၃ ပါး သံသရာလည်၍ ရရှိသော’ကို (နောက်မှာရှိနေတဲ့ တစ်ချောင်းပုဒ်ကို ရိုက်မှား သို့မဟုတ် မလိုအပ်ဘဲ ထည့်တယ်လို့ ယူဆလျက်) ‘ထိုထိုဘဝများသည်’ နဲ့ တွဲပြီး အဓိပ္ပာယ်ဖော်ကြည့်ရင် ‘ဘုံ ၃ ပါး သံသရာလည်၍ ရရှိသော ထိုထိုဘဝများသည် ရိုးသားဖြူစင်ယဉ်ကျေးမြင့်မြတ်သူဟူသော အရိယာသူတော်စင် (ဥတ္တရိမနုဿ) အဖြစ်ကို မရနိုင်သော ဘဝများဖြစ်သည်’လို့ ဖြစ်မယ်။ ဒီအဓိပ္ပာယ်မျိုး ဖြစ်ရင် ထေရဝါဒ မဟုတ်ဘူး။ ထေရဝါဒ အဓိပ္ပာယ်မှန်က ဒီလိုပါ ‘လူ့ဘုံမှာရောက်နေတဲ့ စာဖတ်သူဟာ တကယ်ကျင့်ရင် ဒီဘဝမှာ ရဟန္တာ (ဥတ္တရိမနုဿ) ဖြစ်နိုင်တယ်။ နတ်တွေ ဗြဟ္မာတွေလည်း ဒီအတိုင်းပဲ။ အပါယ်ဘုံရောက်နေရင်တော့မဖြစ်နိုင်ဘူး။
တစ်ခြားစီပါ
၂။ ထေရဝါဒမှာအရိသစ္စာ ထိုက်သော ဒုက္ခမထိုက်သော ဒုက္ခရယ်လို့ ခွဲပြတာ မကြားဖူးပါဘူး။ ခန္ဓာကို ရရင် ဒုက္ခဆိုတာ ရှိတာပဲ။ လောကမှာ ဒုက္ခတည်ရှိတယ် ဆိုတာကိုက သစ္စာတရားပါပဲ။ သုခဝေဒနာ (ကောင်းတဲ့ ခံစားမှု)ဟာ ဖောက်ပြန်သွားတဲ့ အခါ ဆင်းရဲခြင်းရဲ့ အကြောင်း ဖြစ်လို့ ဝိပရိဏာမဒုက္ခ။ ကာယိကဒုက္ခ စေတသိကဒုက္ခ နှစ်မျိုးက ခံစားမှု သဘာဝတူလို့ ဒုက္ခဒုက္ခ၊ ဥပေက္ခာဝေဒနာ (ကောင်းမကောင်းခံစားမှု)နဲ့ ကြွင်းတဲ့ သင်္ခါရတရားတွေကတော့ဖြစ်ပျက်တွေနဲ့ နှိပ်စက်ခံရလို့ သင်္ခါရဒုက္ခစသည်ဖြင့် ဒုက္ခတွေအမျိုးမျိုးရှိပြီး အဲဒါတွေအားလုံးဟာ ဒုက္ခသစ္စာထဲမှာ ပါတယ် (ပဋိသံ၊ဋ္ဌ၊၁၊၁၁၃)။ ဘယ်ကျမ်းဂန်ဘယ်တရားအသိနဲ့ ရတာလဲ။
ဘာမှ မဆိုင်ဘူး
၃။ ဒီစာပိုဒ်က ထေရဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာကို အဘိဓမ္မတ္ထသင်္ဂဟကျမ်းကိုသင်ဖူးတဲ့ ကိုရင်ငယ်ကလေးကအစ သိပါတယ်။ မဟာယာနတွေကဘုန်းကြီးတို့ ထေရဝါဒကို ကိုယ်ကျိုးဆန်တယ်၊ လောကကို မစောင့်ရှောက်ဘူးလို့ ကဲ့ရဲ့ပြစ်တင်တာတွေကို သွားပြီး အမှတ်ရမိသေးတော့တယ်။
လွဲပြန်ပြီ
၄။ ဒီစာပိုဒ်ကလည်း ထေရဝါဒ မဟုတ်ပါဘူး။ ထေရဝါဒမှာ ပဋိသန္ဓေနေပုံ ၃ မျိုး ပြဆိုတယ်။
၁၊ သံသေဒဇ = ရေပုပ် ငါးပုပ် စသည်မှာ သန္ဓေတည်တဲ့ ပိုးလောက်လို သတ္တဝါတွေ။
၂။ ဩပပါတိက = ခန္ဓာကိုယ် အထင်အရှားဖြစ်သူတွေ (ကမ္ဘာဦးလူသားနဲ့ နတ်ဗြဟ္မာတွေ)။
၃၊ ဂဗ္ဘသေယျက = အမိဝမ်းမှာ ကိန်းတဲ့ သတ္တဝါတွေ (ဇလာဗုဇ = သားအိမ်မှာ သန္ဓေတည်တဲ့ လူ၊ ဝေလငါးစတဲ့ သတ္တဝါတွေနဲ့၊ အဏ္ဍဇ = ဥမှာ သန္ဓေနေတဲ့ ငှက်၊ မိကျောင်း စတဲ့ သတ္တဝါတွေ)။ ဘယ်လိုပဲ သန္ဓေနေနေခန္ဓာအသစ်ကိုရရင် ဇာတိဒုက္ခကိုရတာပဲ။
ဘယ်ကျမ်းဂန်မှာ ပါသလဲ
၅။ ဒီစာပိုဒ်ကလည်း ထေရဝါဒနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ပါတယ်။ ဘုရား ရဟန္တာတွေမှာ အဝိဇ္ဇာ တဏှာဆိုတဲ့ ဒုက္ခရဲ့ ရင်းမြစ်တွေ ချုပ်ပြီး ဖြစ်လို့ ဇာတိအသစ်မရှိတော့ဘူး။ ဒါပေမဲ့ ရပြီးခန္ဓာငါးပါးရဲ့ဇာတိ၊ ဇရာ၊ ဗျာဓိနဲ့ မရဏဒုက္ခကို ခံစားရပါတယ်။ မြတ်စွာဘုရားဟာ တစ်ခါတစ်ခါ ခေါင်းကိုက်တယ် (အပဒါန၊၁၊၃၉)၊ ခါးလည်း နာတတ်တယ် (ပိဋ္ဌိမေ အာဂိလာယတိ၊ ဒီ၊၃၊၁၇၅)။ ဒါဟာဗုဒ္ဓမှာ ခန္ဓာငါးပါးရှိလို့ပဲ။ ‘ဝေဒနာမှား အရှိန်လျော့လာမှု၊ အရှိန်ကုန်ဆုံးမှုကို ဇရာ မရဏ ဒုက္ခ အရကောက်’ယူရမယ်လို့ ဘယ်ပါဠိတော် အဋ္ဌကထာ ကျမ်းတွေမှမှ မဖွင့်ဆိုပါဘူး။
We are what we think. All that we are arises with our thoughts. With our thoughts, we make the world.
ကျွန်ုပ်တို့ရဲ့စိတ်ကြံဟာကျွန်ုပ်တို့ပါပဲ။ ကျွန်ုပ်တို့ဖြစ်နေတာအားလုံးဟာ စိတ်ကြောင့် ဖြစ်လာတာ။ စိတ်နဲ့ ကျွန်ုပ်တို့ လောကကို ဖန်တီးပါတယ်။
---
၉၃။ အရှင်မဟာကဿပ၊ အလောင်းတော်ကဿပ
ဩဂုတ် ၁၄၊၂၀၀၉။
---
ဆရာတော်အရှင်သူမြတ်ဘုရား၊
အရှင်မဟာကဿပမထေရ်ကြီး ပရိနိဗ္ဗာန်စံပုံကို သိလိုပါသည် အရှင် ဘုရား။ မဟာဗုဒ္ဓဝင်ကျမ်းမှာ အရှင်မဟာကဿပဟာ ပထမသံဂါယနာကို ဦးဆောင်တင်တော်မူပြီးနောက် သက်တော် ၁၂၀ မှာ ပရိနိဗ္ဗာန်စံ တော်မူကြောင်းသာ ပါရှိပြီး ဘယ်နေရာမှာ ဘယ်လို ပရိနိဗ္ဗာန်စံသည် မည်သူတွေက စျာပနဆောင်သည်ဟု မပြဆိုပါ။ မြန်မာနိုင်ငံ အညာက အလောင်းတော်ကဿပမှာ အရှင်မဟာကဿပ၏ အလောင်းတော် ဖြစ်သည်ဟုလည်းကြားဖူးပါသည်။ ဟုတ်ပါသလား အရှင်ဘုရားရှင်းပြပေးစေချင်ပါသည်။
ဒေါ်သန္တာခင်၊ ခေတ္တဘန်ကောက်
---
ပါဠိမှတ်တမ်း
ဗုဒ္ဓရှင်တော်မြတ်ဟာ မိမိရဲ့ နှစ်ထပ်သင်္ကန်းနဲ့ အရှင်မဟာကဿပရဲ့ နှစ်ထပ်သင်္ကန်းကို လဲလှယ်သုံးဆောင်တော်မူတယ် (သံ၊၁၊၄၂၀)။ အဲဒီလိုလဲတာဟာဗုဒ္ဓရှင်တော်မြတ်ကမိမိမရှိတဲ့ နောက်အရှင်မြတ်အား သာသနာနဲ့ သံဃာကိုဆက်လက်ထိန်းသိမ်းဖို့ တာဝန်ပေးတဲ့ သဘောပါ (သံ၊ဋ္ဌ၊၂၊၁၈၁)။ အရှင်မဟာကဿပဟာပုဗ္ဗေနိဝါသာနုဿတိ (အတိတ်ဘဝတွေကို သိနိုင်ခြင်း)၊ ဒိဗ္ဗစက္ခု (နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်း) စတဲ့ အညိညာဉ်တွေမှာဗုဒ္ဓရှင်တော်မြတ်နဲ့ ထပ်တူစွမ်းရည်ရှိတယ် (သံ၊၁၊၄၁၃)။ အရှင်မြတ်ဟာ အရှင်အာနန္ဒာနဲ့ ပုဂ္ဂိုလ်ရေး အင်မတန်ခင် မင်တယ်။ ဒါကြောင့်အရှင်အာနန္ဒာ သက်တော်ကြီးလို့ ဦးခေါင်းမှာဆံပင်ဖြူနေချိန်မှာတောင် ‘ကုမာရက=ကောင်လေး’လို့ ခေါ်ဝေါ်ပြီးပြစ် တင်မှုတွေပြုဖူးတယ် (သံ၊၁၊၄၁၈)။ သက်တော်၁၂၀၇ှည်တယ် (ဒီ၊ဋ္ဌ၊၂၊၆)။ နှစ်ပေါင်း ၁၂၀ ပတ်လုံး အိပ်ရာပေါ်မှာ ကျောချပြီး ကျိန်းစက်တော်မမူဘဲနိသဇ္ဇဓုတင်ဆောက်တယ် (အံ၊ဋ္ဌ၊၂၊၃၂၈)။
ဖော်ပြပါ ဖွင့်ဆိုချက် နှစ်ခုအရမူ မွေးကတည်းက ဓုတင်ဆောင်ရ မလိုဖြစ်နေ၍ယုတ္တိကိုစဉ်းပါကုန်။ ပါဠိတော်နဲ့ အဋ္ဌကထာမှတ်တမ်း တွေထဲကထူးခြားတာလေးတွေကတော့ဒါလောက်ပါပဲ။
အရှင်မဟာကဿပရဲ့ သွားတော်ဓာတ်တစ်ဆူကို သီဟိုဠ်မှာရှိတဲ့ ပဉ္စယောဇနလို့ ခေါ်တဲ့ အရပ် (ယခု ကိုလံဘိုနှင့် ဂေါလေမြို့ အကြားမှာရှိတဲ့ Bentota)က ဘီမတိတ္ထဝိဟာရမှာ ကျောင်းတိုက်မှာ ဌာပနာထားတယ် (စူဠဝံသ၊ အခန်း၈၅၊၈၀-၈၁ဂါထာ)။
မြတ်ဗုဒ္ဓရဲ့ ယုံကြည်ခြင်းကို ခံရပြီး ဗုဒ္ဓကိုယ်စား ဗုဒ္ဓသာသနာကို အခြေခိုင်အောင် ဆောင်ရွက်တော်မူတဲ့ တတိယသံဂါယနာ ဥက္ကဋ္ဌ အရှင်မဟာကဿပ မထေရ်ကြီး ပရိနိဗ္ဗာန်စံတော်မူပုံကို ပါဠိစာပေမှတ်တမ်းတွေမှာ အပြည့်အစုံ မဖော်ပြတာကတော့ အတော်ကလေးထူးခြားပြီးစိတ်ဝင်စားစရာ ကောင်းတာတော့သေချာတယ်။
သက္ကတမှတ်တမ်း
သက္ကတဘာသာနဲ့ ရေးထားတဲ့ အသောကဝဒါနကျမ်းနဲ့ ဒိဗျာဝဒါနကျမ်း တွေမှာတော့ အရှင်မြတ်ပရိနိဗ္ဗာန်စံပုံကို အနည်းအကျဉ်း ဖော်ပြတယ်။ ပထမသံဂါယနာတင်ပြီးတဲ့ အခါ အရှင်မဟာကဿပဟာ ဗုဒ္ဓအပ်နှင်းခဲ့တဲ့ မိမိတာဝန်ကို ဆောင်ရွက်ပြီးပြီလို့ ဆင်ခြင်ပြီး ပရိနိဗ္ဗာန်စံဖို့ ဆုံးဖြတ်ပါတယ်။ အရှင်မြတ်ဟာ ဓမ္မကို အရှင်အာနန္ဒာနဲ့ လွှဲအပ်ပြီး သံဝေဇနိယဌာနတွေကို ကြွပြီး နောက်ဆုံး ရာဇဂြိုဟ်မြို့ကို ကြွပါတယ်။ အဇာတသတ်ဘုရင်နဲ့ တွေ့လိုပေမယ့် ဘုရင် အိပ်စက်နေချိန်ဖြစ်လို့ ဘုရင်ကို မနှိုးလိုတာကြောင့် ကုက္ကုဋပါဒဂိရိတောင်ကို တစ်ပါးတည်းကြွတော်မူတယ်။ ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်က အရှင်မြတ်နဲ့ လဲလှယ်ခဲ့တဲ့ နှစ်ထပ်သင်္ကန်းကို မေတ္တေယျဘုရားရှင်အား လွှဲအပ်ဖို့ တာဝန်ရှိတဲ့ အတွက်ဂူတစ်ခုထဲမှာ တင်ပလ္လင်ခွေထိုင်ပြီး ‘ဤခန္ဓာကိုယ်သည် မေတ္တေယျဘုရားရှင် ပွင့်တော်မူချိန်ထိ တည်ပါစေ’လို့ အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ မြေငလျင် တုန်လှုပ်ပြီး နတ်တွေက အရှင်မြတ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာပန်းတွေနဲ့ သွန်းချပြီးနောက်တောင်ကြီးဟာအရှင်မြတ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖုံးအုပ်သွားပါတယ်။ ဒါပေမယ့် သင်္ကန်းကို လွှဲပြောင်းပေးအပ်ပြီးမှ အရှင်မြတ်ပရိနိဗ္ဗာန်စံတော်မူမယ်။
မကြာမီ အဇာတသတ်မင်းနဲ့ အရှင်အာနန္ဒာတို့ အရှင်မြတ်ကို ဖူးမြော်ဖို့ တောင်ပေါ်သို့ သွားရောက်ခဲ့ကြပါတယ်။ ပိတ်ဖုံးနေတဲ့ တောင်တံခါး အနည်းငယ် ပွင့်လာလို့ အရှင်မဟာကဿပရဲ့ ကိုယ်ခန္ဓာကို တွေ့မြင်ကြရပါတယ်။ ဘုရင်က အရှင်မြတ်ရဲ့ ကိုယ်ခန္ဓာကို စျာပနပြု လိုပေမယ့် အရှင်အာနန္ဒာက အရှင်မြတ်ရဲ့ ကိုယ်ခန္ဓာမှာ မေတ္တေယျဘုရားရှင်ပွင့်တော်မူသည်ထိ မပျက်မစီးတည်ရှိရမည်ဖြစ်ကြောင်း မိန့်တော်မူလို့ မပြုဖြစ်ဘူး။ အဲဒီနောက် တောင်တံခါးကြီး ပြန်ပိတ်ဖုံးသွားပြီး အဇာတသတ်နဲ့ အရှင်အာနန္ဒာတို့လည်း နေရာမှ ထွက်ခွာခဲ့ကြပါတယ် (Erienne Lamotte, History of Indian Buddhism, p. 206-207)။
တရုတ်အစဉ်အလာ
တရုတ်ဗုဒ္ဓဘာသာ အစဉ်အလာအရ ကုက္ကုဋပါဒဂိရိတောင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတစ်နေရာမှာ ရှိတယ်လို့ ဆိုတယ်။ အရှင်မြတ်ကို ကြည်ညိုကြတဲ့ တရုတ်ရဟန်းတော်တွေ အဲဒီတောင်မှာရှိတဲ့ အရှင်မြတ်ကို အဖူးအမြော် ကြွလေ့ရှိကြရာမှာ အရှင်မဟာကဿပရဲ့ ကိုယ်ခန္ဓာကို တင်ပလ္လင်ခွေလျက် ဖူးတွေ့ကြသူတွေ အများကြီးရှိပါသတဲ့ (Ibid, p. 207)။
ပေါင်လောင် ရှင်ကဿပ
‘ရန်မန် ငထွေးကို အမှုတော် ကုံတွင်ပေသည်ဟု အားရတော်မူ၍ အနန္တပစ္စည်း ဟူသောအမည်နှင့် ဆုလပ်ပေးတော်မူ၏၊ တိုင်းစွန်ပြည်နား ခိုးသားဓားမြ သူပုန်သူကန်ရှိရာ စေတော်မူတိုင်း အောင်ဘန်များ၍ ရသည့် ဆုလပ်များနှင့်ရှင်ကဿပတွင်သောပေါင်လောင်ရှင်ကိုဆရာပြု၍ဘုရားသိမ်ကျောင်းကောင်းမှုအလှူကံပည်းစာရင်းများကိုလျှောက်ဆက်လျှင် ပစ္စုပ္ပန်သံသရာ အကျိုးကိုများစွာဆောင်ပေသည်ဟု အနန္တသူရိယ အမည်နှင့် သမီးတော် ကျောင်းတော်သည် နှင့် ဆောက်နှင်းတော်မူ၏ (တွင်းသင်းသစ်၊ တ-တွဲ၊ စာ-၁၃၀)။
ပေါင်လောင် ရှင်ကဿပဟာ ထီးလင်းမြို့စီရင် စု ပေါင်လောင်ရွာ ဇာတိဖြစ်ပြီး ပုဂံမြို့တောင်ဖက်ခရီးတစ်တိုင်ကျော်ကွာမှာရှိတဲ့ တောရကျောင်းမှာ သီတင်းသုံးတယ် (ပိဋကတ်တော်သမိုင်း၊ စာကိုယ်အမှတ်၊ ၃၃၀)။ စစ်ကိုင်းခရိုင်၊ မြောင်နယ်ရှိ ရွှေပေါင်လောင် ဘုရားကျောက်စာအရ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာဇာတိ၊ သက္ကရာဇ် ၅၃၀ ဖွား၊ ငယ်မည် ‘ငပေါင်လောင်သင်’ဖြစ်တယ်။
ပေါင်လောင်အရပ်မှာ သာသနာပြုစဉ် ပေါင်လောင်လူမျိုးတို့ ရိုသေကိုင်းညွတ်ခံရလို့ ‘ပေါင်လောင်ရှင်’လို့ တွင်တယ်။ သီဟိုဠ်နိုင်ငံ အနှံ့အပြားသို့ ဘုရားဖူးကြွပြီး သီဟိုဠ်မှ ဓာတ်တော် ၃၇-ဆူနှင့် မေးရိုးတော်တစ်ဆူ ပင့်ခဲ့လို့ အဲဒီဓာတ်တော်တွေကို ဌာပနာပြီး အထက်မြန်မာနိုင်ငံတစ်ခွင်မှာ ဘုရားစေတီတွေ တည်တယ်။ မိမိဘုရားတည်ထားတဲ့ အရပ်တွေမှာ လှည့်လည် သီတင်းသုံးတယ်။ (ဇာတကပါဠိနိဿယနိဒါန်း၊ စာ-၁၀)။
ပေါင်လောင် အရှင်ကဿပဟာ ပုဂံခေတ်က ရဟန္တာအဖြစ် ထင်ရှားခဲ့တဲ့ ဆရာတော်ပါ။ ဤအရှင်သီဟိုဠ်ကိုကြွတဲ့ အခါနတ်သိကြားတို့က ကျားယောင်ဖန်ဆင်ပြီး ပို့ပေးတယ်။ တစ်ခါတစ်ရံ သင်္ဘောနဲ့လည်း ကြွတယ်။ သင်္ဘောစီးသွားစဉ် တစ်ခါမှာတော့ ပင်လယ်ထဲမှာ သင်္ဘောမရွေ့ဘဲရပ်နေလို့ ‘မသူတော် ပါချေပြီ’ဆိုပြီး (ဒီအဆိုဟာအချို့ဇာတကမှာပါတာနဲ့ တူနေတယ်)မဲချတော့အရှင်ကဿပကိုပဲသုံးကြိမ်ကျလို့ သင်္ဘောပေါ်က ပစ်ချတဲ့ အခါ မထေရ်ကို မိကျောင်းကြီးတစ်ကောင်က ကျောကုန်းပေါ်တင်ပြီး သီဟိုဠ်သို့ အရောက်ပို့ပေးတယ်။
ပေါင်လောင်ကဿပ သီဟိုဠ်ကျွန်းမှာ လှည့်လည်စဉ် မျက်မမြင် ဘီလူးတွေကို မေတ္တာရေချမ်းနဲ့ မျက်စိအလင်း ရစေတယ်။ ဒါကြောင့် ဘီလူးတို့က ငရမန်၊ ငတင်ကျည်းအမည်ရှိတဲ့ ဘီလူးညီနောင်ကိုဆရာတော်အား လှူလိုက်တယ်။ ဆရာတော်အပြန်မှာ သီဟိုဠ်က မဟာစေတီပုံ၊ လောဟပါသာဒ (ကြေးပြာသာဒ်)ပုံ၊ ဓာတ်တော်မွေတော်၊ မဟာဗောဓိ ညောင်စေ့တွေ မြန်မာပြည်ကို ယူခဲ့တယ်။ ပေါင်လောင် အရှင်ကဿပမထေရ်ဟာ နရပတိစည်သူ မင်းကြီးရဲ့ ဆရာပြု ကိုးကွယ်ခံရတယ် (သာသနာလင်္ကာရစာတမ်း၊ စာ- ၁၁၄)။
ဒီအရှင်ဟာ ၁။ ခုဒ္ဒသိက္ခာနိဿယဟောင်း (ပိဋကတ်တော်သမိုင်း၊ စာကိုယ်အမှတ်၊၇၆၀) ၂။ သဟဿရံသီ ခေါ်တဲ့ ဗောဓိဝင်ဋီကာကျမ်းတွေကို ရေးခဲ့တယ် (ယင်း၊၃၃၀)။ ဗောဓိဝင်ဋီကာ နိဂုံးအရ နရပတိစည်သူမင်းရဲ့ သားတော် သီခဝိဇယမင်းက ယင်းဋီကာကို သက္ကရာဇ် ၅၆၅-ခု ပေရွက်ပေါ်မှာ ရေးတင်တယ်။ ပုဂံမြို့ တောင်ဘက် တစ်တိုင်ကျော် ကွာဝေးတဲ့ တောရကျောင်းမှာ သီတင်းသုံးစဉ် ခုဒ္ဒသိက္ခာ အဋ္ဌကထာနိဿယကိုစီရင်ခဲ့ကြောင်း ကဿပကျောင်း ကျောက်စာမှာ ဆိုတယ် (မဟာဒွါရနိကာယသာသနဝံသဒီပနီ၊ စာ၊၉၂)။
‘မဟာဒွါရနိကာယ သာသနဝံသဒီပနီ’ကျမ်း အဆိုကို အခြေခံပြီး ပေါင်လောင်ရှင်ကဿပနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ပုဂံကျောက်စာအချို့ကို လေ့လာကြည့်တဲ့ အခါ ပိဋကတ် အလွန် တတ်ကျွမ်းသူ၊ ဘုရင်တွေမှူးမတ်တွေ ကြည်ညို ကိုးကွယ်ခံရသူ၊ ပုဂံမင်း (သက္ကရာဇ် ၅၇၇ မှာ ဖြစ်လို့ နားတောင်းများမင်း ဖြစ်ဖွယ် ရှိတယ်)က အတန်တန်ပင့်လို့ ပုဂံကို ကြွရောက်ပြီး ဘုရင်ခံစားနေရတဲ့ ရောဂါကို ပျောက်အောင် ကုသပေးတဲ့ အတွက် ဘုရင်က ထီးဖြူဆောင်းပြီး ပူဇော်ခံရသူ၊ တောကျောင်းဂိုဏ်းကိုစတင်တည်ထောင်သူအဖြစ်တွေ့ရကြောင်းပါ။
တောင်ငူမြို့၊ မြို့ထောင့်ကျောင်း ဆရာတော် ဘဒ္ဒန္တသီရိသံဝရထေရ် ရေးစီရင်တဲ့ အလောင်းတော်ကဿပသမိုင်းကျမ်းအရ သက္ကရာဇ် ၇၆၃ ခုနှစ် နန်းတက်တဲ့ ရွှေနန်းစံပထမင်းခေါင်းကြီး လက်ထက် တောင်ကြားရွာ ဇာတိလို့ ဆိုတယ်။ သီဟိုဠ်မှာပညာသင်ယူ တတ်မြောက်ပြီး ပြန်ရောက်တဲ့ အခါ ချင်းတွင်းမြစ်ရဲ့ အရှေ့ဖက်ကမ်း ရွှေလှေအရပ်မှာ စာပေ ပို့ချခဲ့ကြောင်းသိရတယ်။
အလောင်းတော်ကဿပ
တစ်ခါသော် မြင်းမူတောကျောင်းမှ အမြင့်တောကျောင်း၊ တုံတော ကျောင်းမှ ဖြတ်၍ ယောနယ်ဖက်သို့ သာသနာပြုကြွအသွား ပုံညာတောင်နှင့် မဟူတောင်တို့ဆုံရာ ယခုအလောင်းတော်ကဿပနေရာမှာ ပေါင်လောင်ကဿပအရှင်မြတ် ပျံလွန်တော်မူတယ်။ အနီးအနား ရွာသားများ၊ ကိုးကွယ်သူ ဒါယကာများက ကောင်းစွာ သင်္ဂြိုဟ်ကြပြီး အထိမ်းအမှတ်အဖြစ် ကိုယ်စားပုံတော်အလောင်းတော်သဏ္ဌာန် တည်ထားကိုးကွယ်ရာမှ အလောင်းတော်ကဿပလို့ ဝေးနီးအနှံ့ ကျော်စောလာတယ် (ဇာတကပါဠိနိဿယနိဒါန်း၊ စာ-၁၂)။
ဒါကတော့ ဘုန်းကြီး လေ့လာမိသလောက်ပါပဲ။ အလောင်းတော်ကဿပနဲ့ ပတ်သက်ပြီး သမိုင်းအဆို ကွဲလွဲမှုတွေ ရှိတယ်။ ပြည့်ပြည့်စုံစုံနားလည်ဖို့ဆိုရင် ဆက်လက်ပြီး ရှာဖွေလေ့လာဖတ်ရှုသင့်ပါတယ်။
သုံးသပ်ချက်
ဓုတင်ဆောင်ဧတဒဂ်ရ အရှင်မဟာကဿပဟာ ဗုဒ္ဓသာသနာမှာ အလွန်ထင်ရှားတယ်။ ထင်ရှားသူတွေရဲ့ ဖြစ်ရပ်တွေမှာ အံ့ဩဖွယ် ဖြစ်ရပ်ဆန်းတွေ ပါနေလေ့ရှိတတ်တယ်။ အရှင်မဟာကဿပ အစစ်က အိန္ဒိယနိုင်ငံဗီဟာပြည်နယ်တစ်နေရာမှာ ပရိနိဗ္ဗာန်စံဖို့ ပိုဖြစ်နိုင်တယ်။
တရုတ်နိုင်ငံက အရှင်ကဿပနဲ့ မြန်မာနိုင်ငံက ပေါင်လောင် အရှင်ကဿပတို့က အဂ္ဂသာဝကကြီးအရှင်မဟာကဿပနဲ့ ပတ်သက်နိုင်ဖွယ် မရှိပါဘူး။ အင်း၊ ပေါင်လောင် အရှင်ကဿပဟာ ပုဂံခေတ်က ရဟန္တာအနေနဲ့ အလွန်ထင်ရှားတဲ့ ဘုရင် ကိုးကွယ်ခံ ပုဂ္ဂိုလ်ဖြစ်လို့ ထူးဆန်းဖြစ်ရပ်တွေနဲ့ အတူ နောင်အခါ အလောင်းတော်ကဿပ ဖြစ်လာတယ်ဆိုရင်တော့ မငြင်းသာပါဘူး။
ဆုံးလယ် စစွန်းထပ်လျက်ပြွမ်းကြိုးလွန်းပမာ ရုပ်ခန္ဓာ။
အစအဆုံး သီဆက်ကုံး ရွဲလုံးပမာ နာမ်ခန္ဓာ။
(ပရမတ္ထစက္ခုကျမ်း၊ စာ-၁၄၁)
---
၉၄။ သိကာစွန့် ခေတ်ပုဒ်ကြောင့် သရဏဂုံမပျက်
ဩဂုတ် ၂၄၊၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ဆန်ဖန်ရန်စ္စကိုမှာ နေတဲ့ တပည့်တော်၏ မိတ်ဆွေတစ်ယောက် ပြီးခဲ့တဲ့ နွေရာသီက ကျောင်းတကျောင်းမှာ ၅ ရက်ကြာ ဒုလ္လဘရဟန်း ပြုခဲ့ပါသည်။ လူထွက်ရန် သိက္ခာချသည့်အခါ ‘ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏’ဟု ကျောင်းထိုင် ဆရာတော်က တိုင်ပေးသည်ကို လိုက်ဆိုရသည်ဟု ဆိုပါသည်။ မိသားစုကို စောင့်ရှောက်ရန် ရဟန်းဘဝမှ လူ့အဖြစ်ကို ပြန်သွားခြင်းသာဖြစ်ပြီး ဘုရား တရား သံဃာကို စွန့်ခြင်း မဟုတ်ပါကြောင်း ကျောင်းထိုင် ဆရာတော်အား လျှောက်သော်လည်း ဆရာတော်က ‘ကျုပ်ခိုင်တဲ့ အတိုင်းပဲ ဆိုစမ်းပါ’ဟုသာ ပြန်ပြောကြောင်း သိရပါသည်။ ဘာသာတရား ကိုင်းရှိုင်းသူ တပည့်တော်ရဲ့မိတ်ဆွေမှာသရဏဂုံပျက်ပြီ အထင်နှင့်စိတ်မကောင်းဖြစ်နေပါသည် ဘုရား။ သို့ဖြစ်ပါသဖြင့် သိက္ခာချလျှင် သရဏဂုံ ပျက်မပျက် မေတ္တာကရုဏာဖြင့် ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
အောင်ရဲကျော်
---
မလိုအပ်ဘဲ ချဲ့တယ်လို့ တော့အပြစ်မတင်ပါနဲ့။ သိက္ခာတင်ပုံကို အမြွက်လောက်ပြလိုက်ရင် သိက္ခာချပုံနဲ့ ပတ်သက်ပြီးပိုမိုပြည့်စုံစွာ နားလည်သွားမယ်လို့ ယူဆပါတယ်။ သည်းခံပြီး ဖတ်ကြည့်ပါ။ ဖတ်ပြီးရင် သရဏဂုံ ပျက်မပျက် လုံးဝ ရှင်းလင်းသွားရုံမက ဆင်ခြင်စရာလည်း ရသွားပါလိမ့်မယ်။
သိက္ခာတင် ပဉ္စင်္ဂ
ရဟန်းဘဝနဲ့ သီလသိက္ခာပုဒ်တွေကို ဆောက်တည်နိုင်အောင် အခြားသံဃာတွေကဆောင်ရွက်ပေးတာကိုသိက္ခာတင်တယ်လို့ နားလည်ပါ။ သိက္ခာတင်ပြီးရင် ရဟန်းဖြစ်သွားတာပဲ။ သိက္ခာတင်ရာမှာ ‘ဝတ် ဉတ် ကမ္မဝါ ပရိသာ သီမာ သမ္ပတ္တိ’ဆိုတဲ့ အင်္ဂါငါးချက်ပြည့်စုံရတယ်။
- ဝတ်=ဝတ္ထု=သိက္ခတင်မယ့်ပဉ္စင်းလောင်းဟာအသက်၂၀ ပြည့်ခြင်း၊ မိဘတွေခွင့်ပြုခြင်း၊ နူနာရောဂါ မရှိခြင်းစတဲ့ အရည်အချင်းတွေပြည့်မီရမယ်။
- ဉတ်=ဉတ္တိ=ဉတ် (သံဃာကိုသိစေခြင်း)တစ်ကြိမ်နဲ့ ကမ္မဝါစာ (ပြန်တမ်း=ကြေညာချက်)သုံးကြိမ်၊ ပေါင်းလေးကြိမ် ရွတ်ဖတ်ပြီး ရဟန်းခံရမယ်။
- ကမ္မဝါ=ကမ္မဝါစာကိုဖတ်ဆဲမှာ ပုဒ်ပါဌ်ကိုကျော်ဖတ်တာ၊ မပီမသဖတ်တာမျိုးမဖြစ်ရ။
- ပရိသာ=အာပတ်စင်ကြယ်တဲ့ ရဟန်းစစ်အနည်းဆုံးငါးပါးဟာ နှစ်တောင်ထွာအတွင်းမှာရှိနေရမယ်။
- သီမာ=ရဟန်းခံတဲ့ သိမ်ဟာဝိနည်းနဲ့ ညီတဲ့ သိမ်ဖြစ်ရမယ်။
သိက္ခာချ ဆဠင်္ဂ
သိက္ခာချဆိုတာ တင်ထားတဲ့ (= ရဟန်းအဖြစ်နဲ့ ကျင့်သုံးနေတဲ့) သိက္ခာပုဒ်တွေကို ပြန်စွန့်တာ။ နည်မှန်လမ်းကျ သိက္ခာချမှ လူပြန်ဖြစ်တယ်။ သင်္ကန်းအစား ပုဆိုးသို့မဟုတ်ဘောင်းဘီကိုလဲဝတ်လိုက်ရုံနဲ့ လူပြန်ဖြစ်မသွားဘူး။ ‘စိတ် ခေတ် ကာလ ပယောဂနှင့် ပုဂ္ဂလ ဝိဇာ ဤခြောက်ဖြာသိက္ခာကျကြောင်းတည်း’လို့ အင်္ဂါခြောက်ချက်ရှိတယ်။
- စိတ်=သိက္ခာကိုချလိုစိတ်သို့မဟုတ် လူထွက်လိုစိတ်အမှန်တကယ်ရှိမှသိက္ခာကျတယ်။ ကိုယ့်ဆန္ဒ မပါဘဲတစ်စုံတစ်ဦးက အာဏာနဲ့ ခြိမ်းခြောက်ပြီးသိက္ခာချခိုင်းလို့ သိက္ခာမကျဘူး။
- ခေတ်ဆိုတာကိုပြီးမှ သီးသန့်ရှင်းပြမယ်။
- ကာလ=သိက္ခာကိုစွန့်ပါ၏လို့ ပစ္စုပ္ပန်ကာလနဲ့ သိက္ခာချရတယ်။ သိက္ခာချရင် ကောင်းမှာပဲ၊ သိက္ခာချပြီးပြီ၊ ချမယ်လို့ မလုပ်ရဘူး။
- ပယောဂ=သိက္ခာကို စွန့်ပါ၏လို့ နှုတ်ကဆိုမှသိက္ခာကျတယ်။ ဘယ်ဘာသာစကားကိုမဆိုအသုံးပြုနိုင်တယ်။ လက်ဟန်ခြေဟန်နဲ့ ဖြစ်စေ စာရေးလို့ ဖြစ်စေ သိက္ခာမချကောင်းဘူး။
- ပုဂ္ဂလ=သိက္ခာချရာမှာသိက္ခာချသူရော၊ သက္ခာချခံပုဂ္ဂိုလ်ပါ မရူးသွပ်သူစိတ်မှန်သူအရွယ်ရောက်နားလည်နိုင်သူဖြစ်ရတယ်။ လူထံမှာဖြစ်စေ ရဟန်းထံမှာဖြစ်စေ သိက္ခာချနိုင်တယ်။ ဒါပေမယ့် တစ်ဆင့်စေလွှတ်ပြီး မလုပ်ရ၊ ကိုယ့်ရှေ့မှာရှိနေရမယ်။
- ဝိဇာ (ဝိဇာနန)=သိက္ခာချသူဆိုနေတဲ့ ခေတ်ပုဒ်ရဲ့ အဓိပ္ပာယ်ကို သိက္ခာချခံပုဂ္ဂိုလ်က ထိုသူဆိုနေဆဲမှာ စကားလုံးတိုင်းကိုချက်ခြင်းနားလည်ရမယ်။
ခေတ်ပုဒ်များ
ခေတ်ပုဒ်ဆိုတာ သိက္ခာချဖို့ ဆိုရတဲ့ စကားလုံးတွေ သို့မဟုတ် ဝါကျတွေကိုပြောတာ။ ခေတ်ပုဒ် ၂၂မျိုးရှိတယ်
ဗုဒ္ဓံပစ္စက္ခာမိ =ဘုရားကိုစွန့်ပါ၏၊
ဓမ္မံပစ္စက္ခာမိ =တရားကိုစွန့်ပါ၏၊
သံဃံပစ္စက္ခာမိ =သံဃာကိုစွန့်ပါ၏၊
သိက္ခံပစ္စက္ခာမိ =သိက္ခာကိုစွန့်ပါ၏၊
ဝိနယံပစ္စက္ခာမိ =ဝိနည်းကိုစွန့်ပါ၏၊
ပါတိမောက္ခံပစ္စက္ခာမိ =ပါတိမောက်ကိုစွန့်ပါ၏၊
ဥဒ္ဒေသံပစ္စက္ခာမိ =ဥဒ္ဒေသကိုစွန့်ပါ၏၊
ဥပဇ္ဈာယံပစ္စက္ခာမိ =ဥပဇ္ဈာယ်ဆရာကိုစွန့်ပါ၏၊
အာစရိယံပစ္စက္ခာမိ =စာသင်ဆရာကိုစွန့်ပါ၏၊
သဒ္ဓိဝိဟာရိကံပစ္စက္ခာမိ =အတူနေတပည့်ကိုစွန့်ပါ၏၊
အန္တေဝါသိကံပစ္စက္ခာမိ =အနီးနေတပည့်ကိုစွန့်ပါ၏၊
သမာနုပဇ္ဈာယကံပစ္စက္ခာမိ =ဥပဇ္ဈာယ်တူရဟန်းကိုစွန့်ပါ၏၊
သမာနာစရိယကံပစ္စက္ခာမိ=စာသင်ဆရာတူရဟန်းကိုစွန့်ပါ၏၊
သဗြဟ္မစာရိံပစ္စက္ခာမိ =သီတင်းသုံးဖော်ကိုစွန့်ပါ၏၊
ဂိဟီတိမံဓာရေဟိ =တပည့်တာ်အားလူဝတ်ကြောင်ဟူ၍ မှတ်တော်မူပါ၊
ဥပါသကောတိမံဓာရေဟိ =ဥပါသကာဟူ၍မှတ်တော်မူပါ၊
အာရာမိကောတိမံဓာရေဟိ=ကျောင်းအရာမ်စောင့်ဟူ၍ မှတ်တော်မူပါ၊
သာမဏေရောတိမံဓာရေဟိ=သာမဏေဟူ၍မှတ်တော်မူပါ၊
တိတ္ထိယောတိ မံဓာရေဟိ =ဘာသာခြားဟူ၍မှတ်တော်မူပါ၊
တိတ္ထိယသာဝကောတိ မံဓာရေဟိ=ဘာသာခြားဆရာတို့၏ တပည့်ဟူ၍မှတ်တော်မူပါ၊
အသမဏောတိ မံဓာရေဟိ =ရဟန်းမဟူတ်သူဟူ၍ မှတ်တော်မူပါ၊
အသကျပုတ္တိယောတိမံဓာရေဟိ =တပည့်တော်အားသကျ သာကီနွယ်မဟုတ်သူဟူ၍မှတ်တော်မူပါ။
အဲဒီ၂၂မျိုးထဲကအချို့ကိုသို့မဟုတ် တစ်ခုခုကိုဆိုရုံနဲ့ ပြဆိုပြီးအင်္ဂါခြောက်ချက်နဲ့ ညီရင် သိက္ခာကျတယ်။
သရဏဂုံနဲ့ မဆိုင်
လူထွက်တယ်ဆိုတာနဲ့ သိက္ခာချတယ်ဆိုတာ အဓိပ္ပာယ် အတူတူပါပဲ။ သိက္ခာချဖို့ ခေတ်ပုဒ်ကို ရွေးချယ်ရာမှာ ကိုယ်သိရင် ကိုယ့်ဟာကိုယ် ရွေးနိုင်တယ်။ ကိုယ်မသိရင် သိက္ခာချခံ ပုဂ္ဂိုလ်က ရွေးပေးနိုင်တယ်။ မိမိဟာ လူထွက်ပြီးရင် ဗုဒ္ဓဘာသာအဖြစ်မှ ပြောင်းသွားမှာ မဟုတ်လို့ ‘ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏’ စတဲ့ ခေတ်ပုဒ်မျိုးတွေနဲ့ ‘ဘာသာခြားဟူ၍ မှတ်။ ဘာသာခြား ဆရာတို့၏ တပည့်ဟူ၍ မှတ်’စတဲ့ ခေတ်ပုဒ်မျိုးတွေကို သုံးစရာမလိုဘူး သို့မဟုတ် မသုံးသင့်ဘူးလို့ ထင်ပါတယ်။ အကယ်၍ အဲဒီခေတ်ပုဒ်တွေကို အသုံးပြုမိရင်တောင် သိက္ခာချသူဟာ ရဟန်းအဖြစ်ကို စွန့်ရုံကလွဲပြီး သရဏဂုံ မပျက်နိုင်ပါဘူး။ စိတ်သာရှင်စောဘုရားဟော မဟုတ်ပါလား။
ဘုန်းကြီးသာဆိုရင် ကြည်ညိုသူတွေရဲ့သဒ္ဓါတရားကိုစောင့်တဲ့ အနေနဲ့ ‘သိက္ခာကို စွန့်ပါ၏။ တပည့်တော်အား လူဝတ်ကြောင်ဟူ၍ မှတ်တော်မူပါ။ တပည့်တော်အား လူဥပါသကာဟူ၍ မှတ်တော်မူပါ’ဆိုတဲ့ ခေတ်ပုဒ်တွေကိုရွေးပေးမှာပဲ။
အနုသာသနီ (ဆုံးမစကား)
ရတဲ့ အချိန်ကလေးမှာ အိမ်ရာတည်ထောင်လူ့ဘောင်ကို ခေတ္တခဏခွာရှောင်ပြီး ပဗ္ဗဇိတဒုလ္လဘ အဖြစ်ကိုရယူကြတဲ့ ကြည်ညိုသူဥပါသကာတွေအနေနဲ့ ရဟန်းပြုနေစဉ်မှာ ဖြစ်စေ၊ ရဟန်းပြုပြီးနောက်မှာ ဖြစ်စေ စိတ်ချမ်းချမ်းသာသာ ဖြစ်သင့်တာပေါ့။ ပြီးတော့ ခုနစ်ရက်ဆယ်ရက် ရဟန်းပြုပြီးနောက် လူထွက်တဲ့ အခါ (ယတြာချေရုံ၊ ပူဗျာငြိမ်းရုံ၊ ဂေါက်သီးရိုက်ပြီး မိတ်ဆွေရှာသလို စုပေါင်း ရဟန်းခံပွဲမှာတွေ့နိုင်ဖွယ်ရှိတဲ့ ဆရာဝန်တွေ အင်ဂျင်နီယာတွေနဲ့ အတူ မိတ်ဆွေရရုံ၊ အရက် ဘိန်းဆေးဖြတ်ရုံ၊ ရောဂါသက်သာရုံရည်ရွယ်ချက်နဲ့ ရဟန်းပြုတာ မဟုတ်ခဲ့ရင်) မှန်ကန်သေချာတဲ့ ဘာသာရေး ဗဟုသုတ တစ်ခုခုလည်း လူ့ဘဝကို ပါလာသင့်တာပေါ့။ နို့မဟုတ်ရင် ကုယ်သိုလ် ရတယ် ဆိုတာလောက်ပဲ ရှိလို့ အချိန်ကုန်လူပန်းတာအတွက်အမြတ်နည်းမှာပေါ့။
ဒါကြောင့် ရဟန်းမပြုခင်မှာ မိမိအား ဘာသာရေး ဗဟုသုတတွေကို ကောင်းမွန် မှန်ကန်စွာ သင်ကြားပေးနိုင်တဲ့ ပိဋကတ် အရည်အချင်းရှိတဲ့ ရဟန်းသံဃာ ဆရာကောင်းကို ရွေးချယ် ဆည်းကပ်မိဖို့ အလွန်အရေးကြီးပါတယ်။
- ယတြာချေ ပူဗျာဝေ မိတ်ဆွေဆေးရောဂါ။
- မကထိုထက် ကြည်လေးနက်ကိုယ့် တွက်ကျန်သင့်တာ။
- ထေရ်ရှင်သံဃာ ပညဝါ ဖွေရှာဆည်းကပ်ရာ။
- ကုသိုလ်လည်းရ အမြတ်ရ ပြုကြပဗ္ဗဇ္ဇာ။
ဥဩတို့မှာအသံ သာယာခြင်းသည်ပင်အား၊ လူယုတ်မာတို့မှာ ကောက်ကျစ်ခြင်းသည်ပင်အား။
၉၅။ ကျမ်းဂန်လာ ကာမေသုမိစ္ဆာစာရ အပြစ်များ
စက်တင်ဘာ ၁၊၂၀၀၉။
---
ဆရာတော်များဘုရား၊
ကာမေသုမိစ္ဆာစာရနှင့် စပ်၍ မြတ်စွာဘုရား၏ အကျယ်ဟောကြားချက် ပါသည့် သုတ္တန်အမည်နှင့် မြန်မာပြန်ကို သိလိုပါသည်။ ဖြစ်နိုင်လျှင် ယင်းသုတ္တန်၏ အင်္ဂလိပ်ဘာသာပြန်ကိုပါ ရလိုပါသည်။ အရှင်ဘုရားတို့ ဘာသာပြန်ပေးနိုင်လျှင် ပြန်ပေးစေလိုပြီး ဘာသာပြန်ပြီးသား ရှိလျှင်လည်း ရနိုင်သည့်နေရာကို ညွှန်းပေးစေလိုပါသည်။ လက်မထပ်မီ နှစ်ဦးသဘောတူ ကာမဆက်ဆံပါက နှစ်ဦးလုံး ကာမေသုကံ မြောက် မမြောက်လည်း သိလိုပါသည်။ ယင်းနှင့် ပတ်သက်၍ မြတ်စွာဘုရား မည်သို့ဟောကြားပါသနည်း။
ရိုသေလျက် ဝေယံဘုန်း
---
နှစ်ဦးသဘောတူ ပြုရင်
ကာမေသု-ဆိုတာ ဒီနေရာမှာ မေထုန်ကိစ္စ သို့မဟုတ် ကျားနှင့်မ လိင် ဆက်ဆံမှု၊ မိစ္ဆာစာရ-ဆိုတာ မှားယွင်း ဖောက်ပြန်စွာ ပြုကျင့်တာလို့ ပဲ ယူရတယ် (မ၊ဋ္ဌ၊၁၊၂၀၃။ အဘိ၊ဋ္ဌ၊၂၊၃၈၅။ ပဋိသံ၊ဋ္ဌ၊၁၊၂၀၄)။ အိမ်ရာ တည်ထောင် လူ့ဘောင်မှာ နေကြသူတွေအဖို့ ကာမ ဆက်ဆံ တာဟာ သဘာဝနိယာမဖြစ်လို့ အပြစ်မဟုတ်ဘူး။ ဒါပေမယ့် လူမှု ကိုယ်ကျင့်တရား သတ်မှတ်ချက်၊ ယဉ်ကျေးမှုနဲ့ သူတော်ကောင်းတို့ မနှစ်သက်ခြင်းဆိုတဲ့ အကန့်အသတ် စည်းကမ်းဘောင်ကို ကျော်လွန်ပြီး ပြုမူတဲ့အခါ စိတ်ပိုင်းဘဝ ဆုတ်ယုက် ပျက်စီးတဲ့အတွက် အပြစ် ဖြစ်ရတယ်။ ကျမ်းစာအရ ယောကျ်ားတွေအဖို့ မသွားကောင်းတဲ့ မိန်းမ ၂၀၊ မိန်းမတွေအဖို့ မသွားကောင်းတဲ့ ယောကျ်ား ၁၂ နဲ့ သွားလာ (မှီဝဲ၊ ဆက်ဆံ)ရင် မိစ္ဆာစာရဖြစ်တယ် (မိန်းမ ၂၀၊ ယောကျ်ား ၁၂ သရုပ်ကို ‘ကာမေသုမိစ္ဆာစာရအဖွင့်’ ခေါင်းစဉ်ဖြင့် ဖြေထားတဲ့ ဓမ္မအမေးအဖြေ အမှတ်-၁၁၈တွင် ကြည့်ပါ)။
လက်မထပ်ခင် နှစ်ဦးသဘောတူ ဆိုတာရာမှာ သဘောတူကြတဲ့ ကျားမနှစ်ဦးဟာ အဲဒီ မိန်းမ၊ အဲဒီ ယောကျ်ားမျိုးထဲမှာ မပါရင် အပြစ် မဖြစ်နိုင်ဘူး။ တစ်နည်းဆိုရင် အရွယ်ရောက်၊ အနှောင်အဖွဲ့ကင်း၊ လွတ်လပ်သူဖြစ်ရင် ခွင်ပြုနိုင်တယ်၊ သို့မဟုတ် ဘာသာရေးအပြစ်မရှိနိုင်ဘူး။ ဒီ့အတွက် ဗုဒ္ဓဟောကြားချက် မူရင်းသာဓက မရနိုင်ဘူး။ အတူနေလို့ ဖြစ်လာဖွယ်ရှိတဲ့ လောကပြစ်ကိုတော့ တစ်ခြားစီ မှတ်သင့်တယ်။
ကျမ်းဂန်လာ အပြစ်များ
(တရားလမ်းမှန်ကို) သတိမထားဘဲ သူတပါးမယားကို မှီဝဲသူသည် အကုသိုလ်ရခြင်း၊ အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်း၊ သူတပါးတို့ အကဲ့ရဲ့ခံရခြင်း၊ ငရဲခံရခြင်း ဤလေးပါးသော ဆင်းရဲခြင်း၏ အကြောင်း တရားတို့သို့ ရောက်ရ၏။ (ဓမ္မပဒ၊၃၀၉ ဂါထာ)။ မကောင်းမှုကိုလည်း ရ၏၊ ယုတ်သော လားရာဂတိလည်း ရှိ၏၊ ကြောက်ရွံ့ထိတ်လန့်သော ယောကျ်ား၏ ကြောက်ရွံ့ထိတ်လန့်သော မိန်းမနှင့် မွေ့လျော်ပျော်ပါးရ ခြင်းသည် အနည်းငယ်မျှသာဖြစ်၏၊ မင်းသည်လည်း ကြီးလေးသော ပြစ်ဒဏ်ကိုပေး၏၊ ထို့ကြောင့် ယောကျာ်းသည် သူတပါးမယားကို မမှီဝဲရာ။ (ယင်း၊၃၁၀ဂါထာ)။
ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသူသည် ကာမတို့၌ မှား သောအားဖြင့် ကျင့်ခြင်းကြောင့် မျက်မှောက်၌ဖြစ်သော ဘေးရန်သည် ပွားစီး၏။ တမလွန်၌ဖြစ်သော ဘေးရန်သည် ပွားစီး၏။ စိတ်၌ဖြစ် သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ (သံ၊၁၊၂၉၈)။ ရဟန်းတို့၊ ပစ္စုပ္ပန်၌ချမ်းသာ၍ နောင်အခါ၌ဆင်းရဲကျိုးရှိသည့်တရား ဟူသည် အဘယ်နည်း။ ... ချမ်းသာမှု ဝမ်းမြောက်မှု နှင့်တကွ ကာမ တို့၌ မှားသောအားဖြင့် ကျင့်၏။ ကာမတို့၌ မှားသောအားဖြင့် ကျင့် ခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ... ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့်လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရ၏။ (မ၊၁၊၃၈၈)။
လင်သုံးယောက် စွန့်ပစ်ခံရသည့် အမျိုးသမီး
ပါဋလိပုတ်မြို့၌ ဣသိဒါသီနှင့် ဗောဓိအမည်ရှိ အဘိညာဉ်ရ ရဟန္တာ ထေရီ နှစ်ပါးရှိ၏။ တစ်နေ့ ဆွမ်းဘုဉ်းပေးပြီးနောက် ဂင်္ဂါမြစ်ကမ်း သဲသောင်ပြင်၌ ထိုင်နေကြစဉ် ဗောဓိထေရီက ‘အရှင်မဣသိဒါသီ၊ သင် သည် ငယ်ရွယ်သူအချောအလှ ဖြစ်လျက် အဘယ်ကြောင့် ရဟန်းပြုခဲ့ပါသနည်း’ဟု မေး၏။ အဟောအပြော ကောင်းသူ ဣသိဒါသီထေရီက မိမိ၏ အဟောင်းဖြစ်ရပ်ဘဝဇတ်ကို ဤသို့ပြောပြ၏။
အရှင်မဗောဓိ၊ တပည့်တော်သည် အဝန္တိတိုင်း ဥဇ္ဇေနီသူဌေး၏ တစ်ဦးတည်းသော သမီးဖြစ်ပါ၏။ အချိန်တန်သော် သာကေတမြို့က သူဌေးသားနှင့် အကြောင်းပါခဲ့၏။ တပည့်တော်က သစ္စာရှိစွာ ကျိုးနွံစွာ ပေါင်းသင်းလျက် ထိုယောကျ်ားသည် တပည့်တော်အား နှိပ်စက်ပြီး စွန့်ပစ်ပါ၏။ မိဘများက ဒုတိယအကြိမ် သူဌေးသားတစ်ယောက်နှင့် လက်ထပ်ပေးပြန်ပါ၏။ ထိုယောကျ်ားလည်း တပည့်တော်အား အကြောင်းမဲ့ အိမ်မှ နှင်ထုတ်ပါ၏။ တစ်ဖန် သူတောင်းစား တစ်ယောက်နှင့် အကြောင်းပါသော် သူတောင်းစားလည်း တစ်ဆယ့်ငါးရက် မျှ ပေါင်းသင်းပြီးနောက် အိမ်မှ ထွက်သွားပါ၏။ ထိုအချိန်၌ အကျင့်သီလနှင့် ပြည့်စုံသော ရဟန္တာထေရီ အရှင်မဇိနဒတ္တာသည် တပည့်တော်၏ မိဘများအိမ်သို့ ဆွမ်းခံကြွလာပါ၏။ တပည့်တော်သည် အရှင်မထံမှာ ရဟန်းပြု၍ ခုနစ်ရက်အတွင်း အရဟတ္တဖိုလ်ကို ရရှိခဲ့ပါ၏။ တပည့်တော်သည် ခုနစ်ဘဝတို့ကို မြင်နိုင်ပါ၏။ လင်ယောကျ်ားတို့ စွန့်ခွာခြင်း၊ မနှစ်သက်ခြင်းဟူသော ဆိုကျိုးကိုရခဲ့သည့် မကောင်းမှုကံကို တပည့်တော်လျှောက်ပါဦးမည်။
အရှင်မ၊ တပည့်တော်သည် လွန်ခဲ့သော ခုနစ်ဘဝက ဧရကစမြို့၌ ရွှေပန်းထိမ်သည် ဖြစ်ခဲ့၏။ အရွယ်နှင့် ပြည့်စုံသူဖြစ်ခြင်း၌ တပည့်တော်သည် သူတစ်ပါးမယားကို ကျူးလွန်ခဲ့ပါ၏။ အဲဒီဘဝ လွန်သော် အဝီစိငရဲမှာ ခံရပါ၏။ ငရဲမှ လွတ်ပြီးနောက် မျောက်ထီး ဖြစ်လာသော် မွေးပြီး ခုနစ်ရက်အကြာ၌ ဝှေစေ့ကို ကိုက်ဖြတ်ခံရပါ၏။ ထို့နောက် ဆိတ်ငယ်ဘဝ၌လည်း ဝှေးစေ့ ထုတ်ခံရပါ၏။ နွားပေါက်ငယ် ဘဝဖြင့်လည်း ဝှေးစေ့ ထုတ်ခံရပါ၏။
ထို့နောက် ကျွန်မ၏သား၊ မိန်းမမဟုတ် ယောကျ်ားမဟုတ် နပုံး ပဏ္ဍုက်ဖြစ်ရ၏။ အသက်သုံးဆယ်မှာ သေလွန်ပြီး ဆင်းရဲသား လှည်း သမားမျိုး၌ မွေးဖွားစဉ် လှည်းကုန်သည် သူကြွယ်သား၏ မယားငယ် ပြုခြင်းကို ခံရ၏။ သီလနှင့် ပြည့်စုံသူ မယားကြီးကို သူကြွယ်သား မုန်းသွားအောင် ပြုခဲ့မိ၏။ ထိုသို့ သူတစ်ပါးမယားနှင့် လင်သားတို့ကို ကျူးလွန်ပြီး မုန်းအောင်ပြုခဲ့သည့် အကုသိုလ်ကံကြောင့် ဤဘဝ၌ တပည့်တော်အား လင်သုံးယောက်တို့ စွန့်ပစ်ခဲ့ကြပါ၏။ ယခုအခါ အရဟတ္တမဂ်ဖိုလ်ကို ရပြီးဖြစ်၍ အစဉ်လိုက်သော ထိုအကုသိုလ်ကံသည် အဆုံးသတ်ခဲ့ပါပြီ။ (ထေရီဂါထာ၊၄၂၈)။
ကောသလမင်း၏ သားနှစ်ယောက်
ကောသလဘုရင်မှာ ချောမောလှပတဲ့ သားနှစ်ယောက် ရှိတယ်။ မိမိတို့ရဲ့ ရုပ်ရည်လေးကို ဘန်းပြပြီး လင်ရှိမယားတွေနဲ့ ဖောက်ပြန်တယ်။ သေတော့ သာဝတ္ထိမြို့ရိုးဘေးမှာ ပြိတ္တာဖြစ်ကြပြီး ညညကျရင် အဲဒီပြိတ္တာနှစ်ယောက် အသံပြဲကြီးနဲ့ အော်ငိုကြသတဲ့။ လူတွေက အဲဒီအသံကို ကြားပြီး မင်္ဂလာမရှိတဲ့ အသံဘဲဆိုပြီး အဲဒီ အမင်္ဂလာသံတွေ ပျောက်ဖို့ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်းကျွေးကြတယ်။ ဒီငိုသံ တွေအကြောင်းကို ဗုဒ္ဓကိုလျှောက်ထားတဲ့အခါ ဗုဒ္ဓက အဲဒီပြိတ္တာ နှစ်ယောက်အကြောင်းကိုပြောပြပြီး ‘ဥပါသကာတို့၊ အဲဒီအသံကြောင့် သင်တို့မှာ မည်သည့်အန္တရာယ်မှ မကျရောက်ပါဘူး။ မကောင်းမှု ကျူးလွန်သူတွေရဲ့အသံတွေဖြစ်တယ်’လို့ မိန့်တော်မူတယ်။ (ပေတ၊ဋ္ဌ၊၂၄၃)။
အရှင်အာနန္ဒာရဲ့ ဒုက္ခ
အရှင်အာနန္ဒာ လောင်းလျာဟာ ကမ္ဘာတစ်သိန်းကြာ ပါရမီဖြည့်စဉ် ပန်းထိန်သည်ဖြစ်တဲ့ နုစဉ်ဘဝတစ်ခုမှာ သူတစ်ပါးမယားကို ကျူးလွန်မိလို့ အဝီစိငရဲမှာ ဖြစ်ခဲ့ရတယ်။ အဲဒီ အကုသိုလ်ကံကုန်လို့ လူ့ဘဝမှာ ပြန်ဖြစ်တော့ ၁၄ ဘဝတိုင်တိုင် အလုပ်အကျွေး မိန်းမဖြစ်ရတယ်။ ခုနစ် ဘဝတိုင်တိုင် ဝှေးစေ့ထုတ်ခံရတယ်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၀၈)။
သာရတ္ထသင်္ဂဟကျမ်း အဆို
မိစ္ဆာစာရ ကျူးလွန်ကမူ မုန်းကြသူများ ရန်သူပွား၏ ရှားပါးဘာဘ်သပ် ပကာ ချမ်းသာမရ မိန်းမပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရ ရာလက္ခဏ ဣန္ဒြေယွင်းသွေချို့သိမ်စိုးရိမ်များစွာ ချစ်သူကွာ၏။
(ဝိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၃၈၇)
ဝေသန္တရာဆုတောင်း
တစ်ခါမှာ သိကြားမင်းဟာ ဝေဿန္တရာရဲ့ ဒါနပါရမီ စိတ်ဓာတ်ကို စမ်းသပ်လိုတဲ့အတွက် ပုဏ္ဏားယောင်ဆောင်ပြီး မိဖုရား မဒ္ဒီဒေဝီကို အလှူခံတယ်။ ဝေဿန္တရာမင်းကြီးက မတွန့်မဆုတ် ရေစက်ချ လှူဒါန်းတဲ့အခါ သိကြားမင်းဟာ အံ့ဩ တုန်လှုပ်ပြီး အင်မတန် လေးစားသွားတယ်။ သိကြားမင်းက အဖြစ်မှန်ကိုပြောပြ၊ ဝေဿန္တရာဆီ မိဖုရားကြီးကို ပြန်အပ်ပြီး ဆုရှစ်မျိုး ပေးသနားရာမှာ ဝေဿန္တရာတောင်းတဲ့ ဆုက ‘သူတစ်ပါးမယားကို ကျူးလွန်သူ မဖြစ်ရလိုပါ။ အခါခပ်သိမ်း မိမိဇနီးမယားနှင့်သာ ရောင့်ရဲနိုင်သူ ဖြစ်ရပါလို၏။ မိန်းမများ၏ အလိုသို့ လိုက်သည့် (ဖျားယောင်းခံပုဂ္ဂိုလ်) မဖြစ်ရလိုပါ။ ဤကား ကျွန်ုပ်တောင်းသည့် စတုတ္ထဆုဖြစ်ပါ၏’တဲ့။ (ဇာ၊၂၊၃၆၅)။
ဤတစ်ပါးသီလကို လုံအောင်စောင့်ထိန်းနိုင်ကြပါစေ။
ကာမပိုင်လင်မရှိသော မိန်းမတို့မှာ မိမိတို့၏ ကာမကို စောင့်ရှောက် သောသူတို့မပိုင်၊ မိမိတို့သာပိုင်သောကြောင့် ယောကျ်ား တပါးနှင့် သွားလာသော်လည်း ကာမေသု မိစ္ဆာစာရကံ မထိုက်။
(ပရမတ္ထစက္ခုကျမ်း၊ စာ-၂၁၁)။
---
၉၇။ လှူပြီးသား ပြန်မတောင်းမိပါစေနဲ့
စက်တင်ဘာ ၂၊၂၀၀၉။
---
ရိုသေစွာမေးလျှောက်အပ်ပါသည် အရှင်မြတ်များဘုရား၊
ဘုန်းကြီးကိုဖြစ်စေ ဘုန်းကြီးကျောင်းကိုဖြစ်စေ လှူဒါန်းပြီးနောက် အဲဒီဘုန်းကြီးနှင့် မတည့်သောအခါ သို့မဟုတ် ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင်များ ကွဲသောအခါ မိမိလှူထားသည့် အလှူငွေ၊ ပိဋကတ်စာအုပ် စာပေ၊ ဘုရားဆင်းတုနှင့်တကွ ကြေးစည်ပါမကျန် ပြန်တောင်းသော လူအချို့ (အထူးသဖြင့် အမျိုးသမီးများ)ကို တွေ့ကြုံဘူးပါသည်။ တပည့်တော်အနေဖြင့် ဘဝင်မကျတာတော့ အမှန်ပါ။ လှူပြီးပစ္စည်းကို ပြန်တောင်းလျှင် ငရဲကြီးပါသလား။ မည်သို့သော အပြစ် ဖြစ်နိုင်ပါသနည်း။ သနားသောအားဖြင့် ဖြေကြားပေးပါဘုရား။
မောင်မောင်လေး
---
ဖိုးအေးနဲ့ ပေါက်ကျော်
လှူပြီးမှ ပြန်တောင်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆက်စပ် တွေးမိရင်း ငယ်စဉ်က ရွာဦးကျောင်းမှာ ကြုံခဲ့ရတာလေးကို ပြောပြချင်တယ်။ ဖိုးအေးက ကိုရင်၊ အသက် ၁၃ နှစ်လောက်ရှိပြီ။ ရွာမှာက လူနာမည် ကိုပဲခေါ်ကြတာ။ သူက ဆေးတံသောက်တယ်။ ကိုယ့်ဟာကိုယ် လုပ်တဲ့ လက်မသာသာလောက်ရှိတဲ့ ဝါးမြစ်ဆေးတံနဲ့ပေါ့။ သူ့အစ်မ နှစ်ယောက်က အလိုလိုက်တော့ သူက ဆေးရွက်ကြီးမှုန့် မရှားဘူး။
ပေါက်ကျော်က ညီအစ်ကို သုံယောက်ထဲက အလယ်ကောင်။ ဒီကောင်လည်း ဖိုးအေးနဲ့ ပေါင်းလို့ ဆေးတံချိုး။ ဒါပေမယ့် သူ့အိမ်က ဆေးရွက်မှုန့် တောင်းမရလို့ ဖိုးအေးဆီက ကပ်သောက်ရတယ်။ နေ့ဆွမ်း စားပြီးတိုင်း စာမအံခင် ဖိုးအေးက ဝါးမြစ်ဆေးတံလေး ခဲပြီး ကျောင်းအောက်မှာ မှိန်းနေတုန်း ပေါက်ကျော်ရဲ့ ‘ငါ ဖွာပါရစေအုံး ဖိုးအေးရယ်’ လို့ တစီစီတောင်းသံ၊ ဂရုမစိုက်ပဲနေတဲ့ ဖိုးအေးက ကုန်ခါနီးကျမှ ‘ရော့’လို့ မာဆတ်ဆတ်နဲ့ ပေးသံကို ကြားရမြဲ။ ပြီး တစ်ခုခု အလိုမကျရင် ဖိုးအေးက ‘မင်း င့ါဆေးတံကို သောက်တာ ပြန်ပေး’ ဆိုတာနဲ့ ပေါက်ကျော်ကို အနိုင်ယူမြဲပေါ့။
တစ်နေ့ ပေါက်ကျော်ရဲ့အမေ ဘုန်းကြီးကျောင်းကို ကောက်ညှင်းပေါင်းလာလှူတယ်။ ကိုရင် ဖိုးအေးက ကောက်ညှင်းပေါင်း သိပ်ကြိုက်တယ်၊ စားတာပေါ့။ ဒါကို ပေါက်ကျော်က မှတ်ထားတယ်။ နောက်တစ်ခါ ဖိုးအေးက ဆေးတံကို ပြန်တောင်းတော့ လေသံမာမာနဲ့ ပေါက်ကျော် ပြန်ပြောပုံက ‘ကိုရင် င့ါအမေလှူတဲ့ ကောက်ညှင်းပေါင်း စားတာ၊ အခု ပြန်အန်ထုတ်’တဲ့။ (ဖိုးအေးဆိုတာ ယခု နာဂစ်ဒေသ တစ်နေရာမှာ ကျောင်းထိုင်နေတဲ့ ဘုန်းကြီးနဲ့ တစ်ရွာတည်းသား ဆရာတော်ဦးကုဏ္ဍလဖြစ်နေပါပြီ)။
ကလေးစိတ်မျိုးနဲ့ မလှူဒါန်းရ
ဖိုးအေးနဲ့ ပေါက်ကျော်ဆိုတာ ဘာမှ ကြားမြင်သုတ မရှိသေးတဲ့ တောက လူမမယ် ကလေးတွေပါ။ အလှူဒါန ပြုတယ်ဆိုတာက ကလေးတို့ ဘာဝ ဖိုးအေးပေါက်ကျော် အဆင့်လောက်နဲ့ လုပ်သလိုမျိုး မဖြစ်သင့်ဘူး။ လှူပြီးသားကို ပြန်တောင်းတယ်ဆိုတာကိုက မင်္ဂလာမရှိပါဘူး။ ကလေးဘဝတုန်းက သင်ခဲ့ရတာက ‘သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ’လို့ မဟုတ်ပါလား။ အလှူပေးရာမှာ စေတနာ သုံးမျိုးပြည့်စုံမှ အကျိုးပေးပြည့်စုံတယ်။ အဲဒီသုံးမျိုးက
၁။ ပုဗ္ဗစေတနာ = မလှူခင်ကပင် ကိုယ်လှူမှာကို စဉ်းစားပြီး စိတ်ထဲက ရွှင်လန်းတက်ကြွနေရမယ်။
၂။ မုဉ္စစေတနာ = လှူဆဲအချိန်မှာ ကိုယ်လုပ်နေတာနဲ့ ပတ်သက်ပြီး စိတ်ထဲက အားရဝမ်းသာဖြစ်နေရမယ်။
၃။ အပရစေတနာ = လှူပြီးနောက်မှာ လှူဒါန်းခဲ့တာကို စဉ်းစားပြီး တစိမ့်စိမ့် ကြည်နူး နှစ်သက်နေရမယ်။
အဲဒီအင်္ဂါသုံးရပ် ပြည့်စုံမှ အလှူရဲ့ အကျိုးပေး ပြည့်စုံကြောင်း ဆဠင်္ဂဒါနသုတ် (အံ၊၂၊၂၉၆)မှာ မြတ်ဗုဒ္ဓ ညွှန်ပြခဲ့တယ်။ မဟာဓမ္မပါလဇာတ် (ဇာ၊၁၊၂၁၄)အရ အဲဒီ အင်္ဂါသုံးရပ်နဲ့ ပြည့်စုံပြီး အလှူဒါနပြုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေနိုင်ဘူး၊ သက်တမ်းပြည့်အောင်နေရတယ်။
ပြန်တောင်းရင် ငရဲကြီးပါသလား
ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာ အလွန်ချမ်းသာတဲ့ သူဌေးတစ်ယောက်ရှိတယ်။ အဲဒီသူဌေးက ချမ်းသာပေမယ့် သူ့ပစ္စည်းတွေကို ကိုယ်တိုင်လည်း သူဌေးဆိုတဲ့ ဂုဏ်နဲ့ လိုက်အောင် ထိုက်ထိုက်တန်တန် မသုံးဘူး။ အဝတ်ဟောင်းတွေကိုပဲ ဝတ်ပြီး ဆင်းရဲသားလိုပဲ နေထိုင် စားသောက်တယ်။ ရွှေထီးဆောင်းနိုင်ပေမယ့် သစ်ရွက်ထီးဆောင်းတဲ့ လူမျိုး။ သူတစ်ပါးကိုလည်း ကူညီထောက်ပံ့ခြင်း လှူဒါန်းပေးကမ်းခြင်း မပြု။ ဒီသူဌေးဟာ တစ်သက်လုံးတစ်ခါမှ ကောင်းကောင်းမွန်မွန် စားသောက်ဝတ်ရုံခြင်း မရှိခဲ့ဘူးတဲ့။ သေတော့ ရောရုဝငရဲကို ရောက်တယ်။ အမွေဆက်ခံမယ့်သူလည်း မရှိတော့ သူ့ပစ္စည်းတွေကို ကောသလဘုရင်က ပြည်သူပိုင်သိမ်းသွားတာပေါ့။
ဒါနဲ့ ပတ်သက်ပြီး ကောသလမင်း မေးလျှောက်လို့ ဗုဒ္ဓမြတ်စွာက အတိတ်က သူ့လုပ်ခဲ့တာကို ဟောကြားတော်မူတယ်။
သူက အတိတ်ဘဝတစ်ခုမှာ ဗာရာဏသီမြို့က ကပ်စေးနှဲ ကော်တရာ သူဌေးဖြစ်ခဲ့တယ်။ ဘုရင့်နန်းကို အသွားမှာ တဂရသိခီလို့ ခေါ်တဲ့ ပစ္စေကဗုဒ္ဓါ ဆွမ်းခံကြွနေတာကို မြင်တော့ ‘ဆွမ်း ရခဲ့ပါရဲ့လား’လို့ လျှောက်တဲ့အတွက် ‘ဆွမ်းခံနေတုန်းပါပဲ’လို့ အရှင်မြတ်က မိန့်တဲ့အခါ ဆွမ်းလှူလိုစိတ် ပေါက်လာပြီး အစေအပါး တစ်ယောက်ကို ‘အိမ်ကို သွားချေ၊ ငါထိုင်တဲ့နေရာမှာ ဟောဒီပစ္စေကဗုဒ္ဓါကို နေရာပေးပြီး ငါ့ဖို့ ပြင်ထားတဲ့ အစားအစာတွေကို လှူဒါန်းချေ’လို့ ခိုင်းလိုက်တယ်။ နန်းတော်ကအပြန် လမ်းမှာ ပစ္စေကဗုဒ္ဓါကို တွေ့ပြန်တော့ ‘ဆွမ်း ရခဲ့ပါရဲ့လား’လို့ မေးပြန်တယ်။ ‘ရခဲ့ပါပြီ’လို့ အရှင်မြတ်က ပြန်ကြားတုန်း သူဌေးဟာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ သပိတ်ထဲမှာ ပါလာတဲ့ သူ့အိမ်က လှူလိုက်တဲ့ ဆွမ်းကိုကြည့်ပြီး သဒ္ဓါတရား မတိုးပွားနိုင်တဲ့အပြင် ‘ဒီလို ကောင်းတဲ့ အစားအစာတွေကို အိမ်က အစေအပါးတွေကိုကျွေးလိုက်ရင် သူတို့တွေ ငါခိုင်းတဲ့ အလုပ်ကို ကောင်းကောင်း လုပ်ပေးကြမှာပဲ၊ ခုတော့ ဆုံးပါပြီ’လို့ တွေးပြီး နှမြောဝန်တိုစိတ်ဖြစ်တယ်။ ပစ္စေကဗုဒ္ဓါကို ဆွမ်းလှူဖူးတဲ့ ကုသိုလ်ကြောင့် သာဝတ္ထိမြို့မှာ သူဌေး ဖြစ်လာပေမယ့် အပရစေတနာ ပျက်ကွက်ခဲ့လို့ စည်းစိမ်ကို ကောင်းစွာ မခံစားနိုင်ကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူတယ်။ (ဇာ၊ဋ္ဌ၊၃၊၂၈၀)။ သူဌေးဟာ ပြန်တောင်းတဲ့ ထိ မလုပ်ခဲ့ဘူး။ စိတ်ကွက်ရုံပဲ ကွက်ခဲ့တာ။
ဝမ်းသာနိုင်အောင် ကြိုးစားပါ
ဘုန်းကြီးကျောင်းတစ်ခုမှာ ပြဿနာဖြစ်တော့ ဒေါ်လာတစ်သောင်းကျော်နဲ့ လှူထားတဲ့ ဘုရားကို ဂေါပကဆီက ပြန်တောင်းပြီး သူကြည်ညိုတဲ့ ဆရာတော်ကို ပြန်လှူဖို့ ဘုရားဒကာက လျှောက်တယ်။ ဒီတော့ ဆရာတော်က ‘ဒကာကြီးအနေနဲ့ လှူပြီးသား ဘုရားနဲ့ ပတ်သက်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်အောင် ကြိုးစားပါ။ ဒကာကြီးရဲ့ ဘုရားကို အဲဒီဘုန်းကြီးကျောင်းကို သွားသူတိုင်း ဘယ်သူမဆို ကြည်ညိုနိုင်ရင် သူတို့ ကုသိုလ်ရသလို သူတို့ဝေတဲ့ ကုသိုလ်အမျှကိုလည်း ဒကာကြီး ရနေမှာဖြစ်လို့ ဆရာတော်ကို မလှူပေမယ့် ဒကာကြီးမှာ ကုသိုလ် ရမြဲပါပဲ။ အခုဖြစ်တဲ့ ဘုန်းကြီးကျောင်း ပြဿနာကို ဒကာကြီးရဲ့ အလှူဒါနနဲ့ ခွဲခြားထားလိုက်ပါ’လို့ နှစ်သိမ့်ခဲ့ဖူးပါတယ်။
ပိဋကတ်စာအုပ်တွေ၊ ကြေးစည်တွေ လှူရင်လည်း ဒီအတိုင်းပါပဲ။ ကိုယ်လှူတဲ့ ဘုန်းကြီး လူထွက်ရင်တောင် တစ်ခြားဘုန်းကြီးက ဆက်လက်အသုံးပြုမှာဖြစ်လို့ အလှူရှင်မှာ ကုသိုလ်ရနေဦးမှာပါ။
ဖိုးအေးတို့အတွက် လက်ဆောင်
ဒါနဟူသည် ပြုအံ့ရည်သော်
မလည်မသုန် သဒ္ဓါဟုန်ဖြင့်
မတုန်မလှုပ် ထိန်းအုပ်မိစ္ဆေ
မတွန့်စေနှင့်။ (မဃဒေဝ၊ ပိုဒ်၂၈၅)။
---
၉၈။ ဗုဒ္ဓနဲ့ ခေတ်ပြိုင် တိတ္ထိဆရာကြီး ၆ ယောက်
စက်တင်ဘာ ၇၊၂၀၀၉။
---
မေးမြန်အပ်ပါသည် အရှင်ဘုရား၊
ဗုဒ္ဓဘုရားနှင့် ခေတ်ပြိုင် တိတ္ထိဆရာကြီး ခြောက်ယောက် ရှိသည်ဟု ကြားဖူးပါသည်၊ အဲဒီ ခြောက်ယောက်၏ အတ္ထုပ္ပတ္တိနှင့် သူတို့ ဟောတဲ့ အယူဝါဒ အကြောင်းကိုလည်း အကျဉ်းမျှ ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
ခေတ္တစင်္ကာပူရောက်ဦးခင်အေး
---
အသက်အငယ်ဆုံး ဗုဒ္ဓ
ဗုဒ္ဓနဲ့ တွေ့ခါစမှာ ကောသလတိုင်းရဲ့ ဘုရင် ပဒေသနဒီမင်းက ပူရဏကဿပ စတဲ့ ဆရာကြီးတွေနဲ့ စာရင် အသက်ကလည်း ငယ်တယ်၊ ရဟန်းပြုတာလည်း မကြာသေးလို့ အရှင်ဂေါတမအနေနဲ့ ဗုဒ္ဓအဖြစ်ကို ဝန်ခံပါသလားလို့ မေးလျှောက်ပုံကို ထောက်ရင် ဗုဒ္ဓရှင်တော်မြတ်ဟာ ဆရာကြီး ခြောက်ယောက်ထက် သက်တော်ငယ်တယ်။ မိလိန္ဒပဥှ၊၄)မှာ မိလိန္ဒမင်းဟာ ပူရဏကဿပစတဲ့ တိတ္ထိဆရာကြီးခြောက်ယောက်နဲ့ တွေ့ကြောင်း ပြဆိုတာက ဗုဒ္ဓလက်ထက်က ပုဂ္ဂိုလ်တွေ မဖြစ်နိုင်ဘူး။ ၎င်းဆရာကြီးခြောက်ယောက်တို့ရဲ့ အဆက်အနွယ် ဖြစ်ပြီး ထိုဝါဒတည်ထောင်သူဆရာရဲ့ အမည်ကို ခံယူထားကြတဲ့ ထိုခေတ်က ဂိုဏ်းခေါင်းဆောင်တွေကို သွားတွေ့တာ ဖြစ်နိုင်တယ်။
ပူရဏ ကဿပ
ကဿပအနွယ်ဝင် ပူရဏအမည်ရတဲ့ ဆရာကြီး။ ငယ်စဉ်က ကျွန်ဖြစ်ခဲ့တယ်။ တစ်ရာယောက်မြောက် မွေးဖွားတဲ့အတွက် မင်္ဂလာကျွန်အဖြစ် သတ်မှတ်ခံရလို့ သခင်ရဲ့ မျက်နှာသာပေးတာခံရတယ်။ နောက်တော့ အိမ်က ထွက်ပြေးတယ်။ ပါလာတဲ့ အဝတ်အစားတွေကို လမ်းမှာ သူခိုးလုခံရတယ်။ အဝတ်မပါဘဲ ရွာတစ်ရွာကို ဝင်မိရာမှာ ရွာကလူတွေက သူ့ကို ရဟန္တာထင်ပြီး ဝိုင်းဝန်း ပူဇော်ကြသတဲ့။ အဝတ်မဝတ်လို့ ပူဇော်ခံရတာဆိုပြီး အဝတ်ရတဲ့အခါ မဝတ်တော့ဘူး။ အဝတ်မဝတ်လို့ သူ့ဂိုဏ်းကို အာဇီဝကလို့ ခေါ်တယ် (ဒီ၊ဋ္ဌ၊၁၊၁၃၀)။ သူ့မှာ နောက်လိုက်တပည့် ငါးရာရှိတယ်။ နတ်တပည့်တွေတောင် ရှိတယ်။ ‘အသ္မ’လို့ ခေါ်တဲ့ နတ်သားက ပူရဏကဿပကို ရှိခိုးထိုက်ကြောင်း မြတ်ဗုဒ္ဓထံ လာရောက် လျှောက်ထားဖူးတယ် (သံ၊၁၊၆၆)။ လိစ္ဆဝီအုပ်ချုပ်ရေးအဖွဲ့ဝင် မဟာလိမင်းဟာ ပူရဏကဿပဆီ အဝင်အထွက်ရှိတယ်။ ဒီဆရာကြီးဟာ အလုံးစုံကို မြင်သိသူ (သဗ္ဗညူ) ဖြစ်ကြောင်း ဝန်ခံတယ် (သံ၊၂၊၅၇)။ သူ့ကိုယ်သူ ဘုရားလို့ ပြောတဲ့ သူပါ။
ဗုဒ္ဓနဲ့ တန်ခိုးပြိုင်ရာမှာ ရှုံးလို့ ရှက်ပြီး သာဝတ္ထိမြို့က ရှောင်အသွား လမ်းတစ်နေရာမှာ သူတန်ခိုးပြတာကို ကြည့်ဖို့လာတဲ့ သူ့တပည့်ဆီက ရေအိုးနဲ့ ကြိုးကိုယူ၊ အိုးကို ကြိုးနဲ့ လည်ပင်းမှာ ချည်၊ အနီးမှာရှိတဲ့ မြစ်ထဲဆင်းပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၃၆)။ ဒီဖြစ်ရပ်မတိုင်ခင် ၄ လလောက်က ရာဇဂြိုဟ်မှာ ဗိမ္ဗိသာရမင်း မကွယ်လွန်သေး (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၃၆) တဲ့အတွက် ပူရဏကဿပ ကိုယ့်ကိုယ်ကို အဆုံးစီရင်ချိန်မှာ အဇာတသတ် မင်းမဖြစ်သေးတာရယ်၊ ဗုဒ္ဓတန်ခိုးပြတာဟာ ဗုဒ္ဓဖြစ်ပြီးနောက် ခုနစ်နှစ်အကြာမှာ ဖြစ်တာ (မ၊ဋ္ဌ၊၄၊၁၇၄) ရယ်ကြောင့် အဇာတသတ္တုက ပူရဏကဿပဆီ သွားတယ် (ဒီ၊၁၊၄၉)ဆိုတာ သူမင်းမဖြစ်ခင်က ဖြစ်လေမလားလို့ စဉ်းစားစရာပါပဲ။
ပူရဏဝါဒ
တိုက်ခိုက်လုယူသူ၊ လုယူစေသူ၊ သူ့မယားကို သွားလာသူ၊ သွားလာစေသူ၊ မမှန်စကားကို ပြောဆိုသူ၊ ပြောဆိုစေသူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည်မမည်။ ဤကမ္ဘာမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစု အသားပုံဖြစ်အောင် အကယ်၍ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှုမရှိ၊ မကောင်းမှုဖြစ်ခြင်းမရှိ။ ... အလှူပေးခြင်း၊ သီလစောင့်စည်းခြင်း၊ အမှန်ကိုဆိုခြင်းတို့ကြောင့် ကောင်းမှုမရှိ၊ ကောင်းမှုဖြစ်ခြင်းမရှိ (ဒီ၊၁၊၄၉)။ သတ္တဝါတို့ ညစ်ညူးရန် အကြောင်းအထောက်အပံ့ မရှိသကဲ့သို့ စင်ကြယ်ရန်လည်း အကြောင်းအထောက်အပံ့ မရှိ (သံ၊၂၊၅၈)။ သတ်အပ် ဖြတ်အပ်သည်၌ မကောင်းမှုကို အဖန်ဖန် မရှုတတ်၊ မိမိ၏ ကောင်းမှုကိုလည်း အဖန်ဖန် မရှုတတ် (သံ၊၁၊၆၆)။ ပူရဏကဿပ ဟာ အကြောင်းကိုပယ်သူဖြစ်ပါတယ်။
မက္ခလိ ဂေါသာလ
နာမည်ရင်းက မက္ခလိ၊ ဂေါသာလဆိုတာက သူ့ကို မွေးဖွားတဲ့နေရာ နွားတဲ (ဒီ၊ဋ္ဌ၊၁၊၁၃၁)။ ငယ်စဉ်က အိမ်တစ်အိမ်မှာ ကျွန်ခံရင်း ဆီအိုးကို သယ်ယူလာစဉ် သခင်က ‘မာ ခလ္လိ (ချော်မလဲစေနဲ့)လို့ ပြောနေဆဲမှာ ချော်လဲလို့ ဆီအိုးကွဲတယ်။ သခင်ကို ကြောက်လို့ ထွက်ပြေးမယ်လုပ်တုန်း ဝတ်ထားတဲ့ အဝတ်ကို သခင်က ဖမ်းဆွဲရာမှာ အဝတ်ကို စွန့်ပြီးပြေးရာကနေ အဝတ်မစည်းတဲ့ တက္ကတွန်း ဖြစ်လာတယ်။
ဂျိန်းမှတ်တမ်းတွေအရ သူ့ကို ဂေါသာလမံခလိပုတ္တလို့ ခေါ်တယ်။ သာဝတ္ထိမြို့နားက သာရဝန (အရပ်)မှာ မွေးတယ်။ သူ့အဖေနာမည် မံခလိ၊ အမေ့နာမည်က ဘဒ္ဒါ။ သူအဖေက ပန်းချီဆေးရေး အရောင်းအဝယ် လုပ်သူ။ ဂေါသာလဆိုတာ အဲဒီ သက်မွေးဝမ်းကျောင်းကြောင့် ရခဲ့တဲ့နာမည်။ ဒီတွေးခေါ်ရှင်ရဲ့ အမည်မှန်က ပြာကရိတ်ဘာသာစကား နဲ့ မဆကရိန် (Maskarin)၊ ပါဠိပုံစံနဲ့ မက္ခလိ ဖြစ်နိုင်တယ်။ မဆကရိန် (Maskarin) ပုဒ်ကို ပါဏိနီကျမ်းမှာ ဝါးတောင်ဝှေးကို ကိုင်ဆောင်သူ (Maskara)လို့ အဓိပ္ပာယ် ဖွင့်တယ်။ မဆကရိန်ကို ဧကဒဏ္ဍီလို့လည်း ခေါ်တယ်။ ပတဉ္စလိအလိုအရ မဆကရိန်ဆိုတာ လှည့်လည်သွားလာသူ ပရိဗိုဇ်ဂိုဏ်းလို့ ဆိုတယ်။ ဝါးတောင်းဝှေးကို ကိုင်ဆောင်လို့ မဟုတ်ဘဲ သူတို့က စိတ်ဆန္ဒလွတ်လပ်မှုကို ငြင်းပယ်လို့ အဲဒီလို ခေါ်တာ။ မဆကရိန်တွေက ကံကြမ္မာ ယိုးမယ်စွဲဝါဒီတွေဖြစ်တယ်။ (Barua, Pre Buddhistic Indian Philosophy, p. 372)။
မက္ခလိဝါဒ
ရှစ်သန်းလေးသိန်းသော မဟာကပ်တို့ ပတ်လုံး လူမိုက်ဖြစ်စေ ပညာရှိ ဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲ ကုန်ဆုံးခြင်းကို ပြုကြလတ္တံ့။ ထိုအတွင်း (ဆင်းရဲကုန်ဆုံးခြင်း) မရှိ။ သံသရာသည် အပိုင်းအခြား ပြုထားပြီး ဖြစ်၏။ အလွန်အယုတ်မရှိ။ ချည်လုံးကို ပစ်လိုက်သော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေးသွားသကဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲကုန်ဆုံးခြင်းကို ပြုကြလတ္တံ့။
သူ့အလိုသတ္တဝါအားလုံးဟာ သတ်မှတ်ချိန်ရောက်ရင် သူ့အလိုလို ပြီးပြည့်စုံသွားတယ်၊ အဲဒီအချိန် မကျသရွေ့ ကောင်းကောင်းဆိုးဆိုး ဘာလုပ်လုပ် အတူတူပဲလို့ ယူဆပုံရတယ်။ ပါဠိတော်နဲ့ အဋ္ဌကထာမှာ ဖော်ပြတဲ့ မက္ခလိဝါဒအားလုံးရဲ့ ဆိုလိုရင်းကို ဘုန်းကြီး နားမလည်ဘူး။ နားလည်နိုင်တာလောက်ကိုပဲ ထုတ်ပြလိုက်ပါတယ်။
ဗုဒ္ဓရဲ့ အမြင်အရ တိတ္ထိဆရာကြီး ခြောက်ယောက်ထဲမှာ မက္ခလိဂေါသာလရဲ့ ဝါဒဟာ လောကလူ့ဘောင်အတွက် အန္တရယ်အကြီးမားဆုံး ဝါဒမှား ဖြစ်တယ်။ ‘ရဟန်းတို့၊ မက္ခလိဂေါသာလကဲ့သို့ လူအများ အကျိုးစီးပွားမဲ့အောင် ဆင်းရဲဒုက္ခရောက်အောင် ပြုကျင့်သူ အခြားတစ်ယောက်ကိုမျှ ငါဘုရား မြင်တော်မမူ။ ရဟန်းတို့၊ လောက၌ မက္ခလိဂေါသာလ ပေါ်ပေါက်လာခြင်းမှာ ငါးတို့၏ အကျိုးစီးပွားမဲ့ ဆင်းရဲဒုက္ခ ဖြစ်အောင် မြစ်ဆုံမြစ်ဝ နေရာများမှာ မြှုံးကို ချထားသကဲ့သို့ ဖြစ်၏’ (အံ၊၁၊၃၆)။ သူ့ဝါဒကို မြတ်ဗုဒ္ဓက ‘လူထောင်မြှုံး’လို့ မိန့်ခဲ့ပါတယ်။
အဇိတ ကေသကမ္ဗလ
အဇိတဆိုတာ သူ့နာမည်။ ကေသဆိုတာ လူ့ဆံပင်။ ကမ္ဗလဆိုတာ ဝတ်ရုံ။ လူ့ဆံပင်နဲ့ ချုပ်ထားတဲ့ ကမ္ဗလာကို ဝတ်ရုံသူ။ အဲဒီလူ့ဆံပင်ဝတ်ရုံနဲ့ ပတ်သက်လို့ ဗုဒ္ဓရဲ့ မှတ်ချက်က ‘လူ့ဆံခြည်မျှင်ဖြင့် ရက်လုပ်သော ကမ္ဗလာသည် အဝတ်ဟူသမျှတွင် အညံ့ဆုံးဖြစ်၏။ အေးချိန်မှာ အလွန်အေး၏။ ပူချိန်မှာအလွန်ပူ၏။ အဆင်းမလှ။ အနံ့မကောင်း။ ကြမ်းတမ်း၏’တဲ့။ (အံ၊၁၊၂၉၀)။ မြတ်ဗုဒ္ဓနဲ့ အပြိုင်တပည့်တပန်းများပြားသူ ဖြစ်တယ်။ မဟာဗောဓိဇာတ် (ဇာ၊၂၊၄၇)အရ ဗုဒ္ဓရှင်တော်မြတ်ဟာ ဗုဒ္ဓမဖြစ်ကပင် အဇိတရဲ့ ဝါဒကို ငြင်းပယ်ခဲ့ဖူးတယ်။
အဇိတဝါဒ
သတ္တဝါသည် ဓာတ်ကြီးလေးပါး အစုအဝေးဖြစ်၏။ သေလွန်သော် မြေဓာတ်သည် မြေဓာတ်အစုနှင့်၊ ရေဓာတ်သည် ရေဓာတ်အစုနှင့်၊ လေဓာတ်သည် လေဓာတ်အစုနှင့်၊ မီးဓာတ်သည် မီးဓာတ်အစုနှင့် ပေါင်းစည်းသွား၏။ နာမ်ဣန္ဒြေတို့သည် ကောင်းကင်သို့ ပြောင်းရွှေ့ကုန်၏။ ... အလှူတို့သည် သေပြီးနောက် ပြာအဆုံးရှိကုန်၏။ အလှူပေးခြင်းကို လူမိုက်တို့က ဟောကြားထား၏။ အချို့သူတို့သည် (ပေးလှူခြင်းစသည်၏ အကျိုးသည်) ရှိ၏ဟူသော ဝါဒကို ဟောပြောကုန်၏။ ထိုသူတို့၏ စကားသည် အချည်းနှီးဖြစ်၏။ မှားယွင်း၏။ ယောင်ယမ်းပြောဆိုသော စကားဖြစ်၏။ လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ ခန္ဓာကိုယ်ပျက်စီး လျှင် ပြတ်စဲကုန်၏။ ပျက်စီးကုန်၏။ သေလျှင်နောက်၌ (ဘာမျှ) မရှိကုန်။ အကျိုးကိုပယ်တဲ့ ဝါဒဖြစ်ပါတယ်။
ပကုဓ ကစ္စာယန
ပကုဓဆိုတာ နာမည်ရင်း။ ကစ္စာယနဆိုတာ သူ့အမျိုးအနွယ်။ ပကုဓဟာ ရေအေးကို လုံးဝ မသုံးဘူး။ ရေထဲက ပိုးကောင်တွေ သေရင် သီလပျက်လို့ မြစ်ချောင်းကို လုံးဝ ဖြတ်မကူးဘူး။ အိမ်သာတက်ပြီးတောင် ရေနွေး မရှိရင် မသန့်စင်ဘဲ ဒီအတိုင်း နေတယ် (ဒီ၊ဋ္ဌ၊၁၊၁၅၁)။ ပကုဓဟာ မေးခွန်း မေးတာကို မကြိုက်ဘူး၊ စိတ်လည်း ဆိုးတတ်တယ်။ သူ့တပည့်တွေက အလွန်ကြီး မလေးစားကြဘူး (မ၊၁၊၃၁၇)။ ဒါပေမယ့် ပကုဓရဲ့ အသိုင်းအဝိုင်းလည်း မသေးဘူး။ ကြည်ညိုလေးစားတဲ့ နောက်လိုက် တပည့်တွေ အများကြီးရှိတယ်။ ဂိုဏ်းခေါင်းဆောင် ဖြစ်တယ်။ သူကိုယ်သူတော့ အားလုံးကိုသိသူ မြင်သူအနေနဲ့ ဝန်မခံဘူး (သံ၊၁၊၆၈)။
ပကုဓဝါဒ
‘ခုနစ်ပါးသောအစုတို့၌ သတ်သူ သတ်စေသူ ကြားသူ ကြားစေသူ သိသူသိစေသူများ မရှိကုန်။ ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကို ဖြတ်စေကာမူ တစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်ကို သတ်သည်မမည်။ လက်နက်သည် ခုနစ်ပါးသောအစုတို့ အကြား ဟင်းလင်းသို့ ကျရောက်၏’။ သူ့အလိုအရ မြေ၊ မီး၊ လေ၊ ရေ၊ ပျော်ရွှင်မှု၊ နာကျင်မှုနဲ့ ဝိညာဉ်ကောင်ဆိုတဲ့ ဓာတ်ခုနစ်မျိုးမှာ ပြုလုပ်တတ်တဲ့ သတ္တိမရှိ။ ဒါကြောင့် ထက်စွာသောဓားနဲ့ လည်ပင်းကို လှီးပေမယ့် သူ့အသက်ကို သတ်တယ်လို့ မဆိုနိုင်။ အဲဒီဓားထက်ထက်ဟာ အဲဒီ ဓာတ်ခုနစ်မျိုးရဲ့ အကြားကို ဝင်ရောက်သွားခြင်းသာ ဖြစ်တယ်။ သတ်ခြင်း၊ ကြားခြင်း သိခြင်း မှတ်သားခြင်းဆိုတာတွေ မရှိ။ အကောင်းအဆိုး ခွဲခြားခြင်းမရှိ။ အကျိုးကိုပယ်တဲ့ ဝါဒလို့ပဲ ဆိုရမှာပဲ။
နိဂဏ္ဌ နာဋပုတ္တ
နှောင်ဖွဲ့တဲ့ ကိလေသာမရှိဘူးဆိုတဲ့ အဓိပ္ပယ်နဲ့ နိဂဏ္ဌလို့ တွင်လာတယ်။ နာဋပုတ္တဆိုတာ နာဋအမည်ရှိသူရဲ့သား။ ဒီပုဂ္ဂိုလ်က ယခုခေတ်ထိ အိန္ဒိယမှာ ခေတ်စားဆဲဖြစ်တဲ့ ဂျိန်းဝါဒကို တည်ထောင်သူ မဟာဝီရပါပဲ။ ဝါဒမာနလို့လည်း ခေါ်သေးတယ်။ နာဋဆိုတာ ဝေသာလီက သူ့အမျိုးရဲ့ နာမည်။ နိဂဏ္ဌဆိုတာ ရဟန်းပြုပြီးနောက် တွင်လာတဲ့ နာမည်။ နာဋဆိုတာ သူ့အဖေရဲ့နာမည် (သုတ္တနိ၊ဋ္ဌ၊၂၊၁၄၈)။ သူလည်း အားလုံးကိုသိသူ ဗုဒ္ဓဖြစ်တယ်လို့ သူ့ကိုယ်သူဝန်ခံတယ် (အံ၊၁၊၂၁၁)။
ဂျိန်းအစဉ်အလာအရ သူ့အဖေ နာမည်ရင်းက သိဒ္ဓတ္ထဖြစ်ပြီး ခတ္တိယမျိုး၊ သူ့အမေက တြိသာလာခေါ်သတဲ့ (Barua,Pre-Buddhistic Indian Philosophy, p. 272)။ နိဂဏ္ဌဟာ သွားဆဲ ရပ်ဆဲ အိပ်ဆဲ အချိန်တိုင်းမှာ အကန့်အသတ်မဲ့ သဗ္ဗညု (အားလုံးကိုသိသူ) ဖြစ်ကြောင်း ဆိုတယ်။ တန်ခိုးရှိကြောင်း ဝန်ခံပေမယ့် ရာဇဂြိုဟ်သူဌေးရဲ့ စန္ဒကူးသား သပိတ်ကို တန်ခိုးနှင့် မယူနိုင်ခဲ့ဘူး (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၁၁)။ ဗုဒ္ဓရဲ့ ခမည်းတော်ဘက်က ဦးလေးတော် ဝပ္ပအမည်ရှိ သာကီဝင်မင်းဟာ ဗုဒ္ဓဝါဒီမဖြစ်ခင်တုန်းက နိဂဏ္ဌရဲ့ တပည့် ဖြစ်ခဲ့တယ် (အံ၊၁၊၅၁၇)။ သူအားထားရတဲ့ ဥပါလိအမည်ရှိ သူကြွယ်က သူ့ဝါဒကို စွန့်ပြီး ဗုဒ္ဓသာဝကဖြစ်သွားလို့ စိတ်ထိခိုက်ပြီး သွေးအန်တယ်။ ရာဇဂြိုဟ်အနီး ဗာလကရွာမှ ပါဝါမြို့ (ယခုအခေါ် ပါဝါပူရီ)ကို ရောက်လို့ မကြာခင် ကွယ်လွန်တယ်။ အဲဒီမြို့မှာ မဟာဝီရရဲ့ ကိုယ်လုံးတီး မတ်ရပ်ရုပ်တုကြီးကို ယနေ့ခေတ် တွေ့နိုင်တယ်။ ဒီဂိုဏ်းဝင်တွေလည်း အဝတ်မဝတ်ကြဘူး။ နာဋပုတ္တ ကွယ်လွန်လို့ မကြာခင် သူတို့ဂိုဏ်းအတွင်း အငြင်းပွားမှုဖြစ်ပြီး ကွဲပြဲကြတယ် (မ၊၁၊၄၉)။
နိဂဏ္ဌဝါဒ
နိဂဏ္ဌသည် ရေအေး အားလုံးကို တားမြစ်၏။ (နိဂဏ္ဌလည်း ရေအေးမှာ အသက်ရှိတယ်လို့ ယူဆသူ ဖြစ်တယ်။) (မကောင်းမှုကို) အလုံးစုံကို တားမြစ်၏။ အလုံးစုံ တားဖြစ်ခြင်းဖြင့် (မကောင်းမှုကို) ပယ်ခွာပြီး ဖြစ်၏။ မကောင်းမှုကို အလုံးစုံ တားမြစ်ခြင်းဖြင့် (လွတ်မြောက်ရာကို) တွေ့ပြီး ဖြစ်၏။ ဤစောင့်ထိန်းမှု လေးမျိုးကြောင့် သူ့ကို နိဂဏ္ဌ = အနှောင်အဖွဲ့မရှိသူလို့ ခေါ်တယ်။ စောင့်ထိန်းမှု လေးမျိုးထဲက ရေအေးမသောက်တာလောက်တော့ ယေဘုယျနားလည်ပေမယ့် ကျန်သုံးမျိုးကို ဘုန်းကြီး ရှင်းလင်းစွာ နားမလည်ဘူး။
သူ့ဝါဒမှာ ဗုဒ္ဓအဆုံးအမနဲ့ ကိုက်ညီတာလေးတွေ ပါပေမယ့် အယူဝါဒ မစင်ကြယ်လို့ ဒိဋ္ဌိ (အယူမှား) လို့ပဲ ဆိုရတယ် (ဒီ၊ဋ္ဌ၊၁၊၁၅၁)။ နိဂဏ္ဌဟာ သူ့တပည့်တွေ သေပြီးနောက် ဘယ်ကိုရောက်တယ်ဆိုတာကို မဆိုင်းမတွ ဖြေကြားလေ့ရှိတယ်။ ဒါပေမယ့် သကုလုဒါယီ ပရိဗိုဇ်က မေးခွန်းတွေမေးတဲ့အခါမှာတော့ မဖြေဘဲ ရှောင်နေတယ်။ နောက်ဆုံး စိတ်ဆိုးတယ် (မ၊၂၊၁၉၄)။
ယခု အပြင်းအထန် ကျင့်ခြင်းဖြင့် အတိတ်က လုပ်ခဲ့တာတွေကို ငြိမ်းစေနိုင်တယ်။ အတိတ်က လုပ်ခဲ့တဲ့ မကောင်းမှုအားလုံးကို ပစ္စုပ္ပန်မှာ ဒဏ်ခတ်ပြီး ပယ်ရှားတဲ့ သဘောပါပဲ။ အမှုသစ်ကိုတော့ မလုပ်ဘဲ ရှောင်ကြဉ်ရမယ်။ အသစ်ဖြစ်သော မကောင်းမှုတွေကို မလုပ်ခြင်းဖြင့် အနာဂတ် အခြေအနေကောင်းမွန်လာတယ်။ လုပ်ဆောင်ချက်တွေကို ဖျက်ဆီးလိုက်ခြင်းဟာ ဒုက္ခကို ဖျက်ဆီးခြင်းပါပဲ။ အဲဒီလို ဖျက်ဆီးရင် ဝေဒနာကို ဖျက်ဆီးခြင်းသို့ ရောက်သွားတာပဲ။ ယင်းသို့ဖြင့် ဒုက္ခအားလုံး ကုန်ခမ်းပြီး သံသရာမှ လွတ်မြောက်နိုင်တယ်။ (အံ၊၁၊၂၂၁)။
သဉ္စယ ဗေလဋ္ဌပုတ္တ
သဉ္စယဆိုတာ နာမည်ရင်း။ ဗေလဋ္ဌပုတ္တဆိုတာ ဗေလဋ္ဌအမည်ရှိသူရဲ့သား။ ဗြဟ္မဇာလသုတ်နိဒါန်းအရ ဗုဒ္ဓရှင်တော်မြတ် နာလန္ဒာနဲ့ ရာဇဂြိုဟ်အကြား ခရီးသွားခိုက် ရတနာသုံးပါးကို ကဲ့ရဲ့ပြစ်ဆိုပြုတဲ့ သုပ္ပိယ ပရိဗိုဇ်ဟာ ဒီပုဂ္ဂိုလ်ရဲ့ တပည့်ပဲ။ အရှင်သာရိပုတ္တရာ ဖြစ်လာမယ့် ဥပတိဿနဲ့ အရှင်မောဂ္ဂလ္လာန်ဖြစ်လာမယ့် ကောလိတတို့ဟာ ဗုဒ္ဓနဲ့ မတွေ့ခင်က ဒီဆရာကြီးဆီမှာ တပည့်ခံဖူးတယ်။ ဥပတိဿနဲ့ ကောလိတတို့က မိမိတို့နှင့်အတူ လိုက်ဖို့ခေါ်တဲ့အခါ သဉ္စည်းဆရာကြီး မေ့မြောသွားသတဲ့။ ဥပတိဿနဲ့ ကောလိတတို့က မိမိတို့နှင့်အတူလိုက်ဖို့ခေါ်တဲ့အခါ သဉ္စည်းက ကိုယ်က ဂိုဏ်းဆရာကြီး ဖြစ်နေလို့ ခုပြီးမှ တပည့်မလုပ်ချင်တော့ကြောင်းနဲ့ လောကမှာ မသိမလိမ္မာသူတွေ ပိုများလို့ အဲဒီ မသိမလိမ္မာသူတွေ ငါ့ဆီကို လာကြလိမ့်မှာဖြစ်ကြောင်းဆိုတယ်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၈၀)။
သဉ္စယဝါဒ
တပါးသော လောကရှိသလောဟု (သင်တို့)ငါ့ကို မေးသော် တပါးသော လောကရှိ၏ဟု ငါအယူရှိခဲ့လျှင် တပါးသော လောကရှိဟု သင့်အား ငါဖြေရာ၏။ (သို့ရာတွင်) ဤသို့ဟုလည်း ငါမယူ။ ထိုသို့ဟုလည်း ငါမယူ။ အခြားသို့ဟုလည်း ငါမယူ။ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါမယူ။ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါမယူ။ ‘(ဒီ၊၁၊၄၉)။
သဉ္စယဟာ အဖြေကို တွေးခေါ်စဉ်းစားဖို့ ပြဿနာတစ်ရပ်အနေနဲ့ အမြဲချန်ထားရတဲ့ မေးခွန်းတွေနဲ့ပဲ သူ့ရဲ့ ကောက်ချက်တွေကို ချည်နှောင်ထားတာ ဖြစ်နိုင်တယ်။ မေးခွန်းတိုင်းကို ရှောင်လွှဲတဲ့ ဝါဒပါပဲ။ အနောက်တိုင်း ဒဿနအများစုလည်း တိကျအဖြေကို ပေးလေ့မရှိဘူး။ လူတွေကို ကိုယ့်ဟာကိုယ် စဉ်းစားဖို့နဲ့ စဉ်းစားတတ်အောင်ပဲ သင်ကြားပေးတဲ့ သဘောပေလော။
အမှန်နဲ့ နီးစပ်အောင် တွေးမြင်နိုင်ပါစေ။
---
၉၉။ ဝေယျာဝစ္စ ကုသိုလ်ရှင်
စက်တာင်ဘာ ၁၄၊ ၂၀၀၉။
---
ဘုန်းဘုန်း ဘုရား၊
ဩဂုတ်လတုန်းက သမီးတို့မြို့နားက ဘုန်းကြီးကျောင်းတခုမှာ ပြုလုပ်တဲ့ သမီးမိတ်ဆွေရဲ့ မွေးနေ့ပွဲကို သွားရောက်ခဲ့ပါသည်။ ဝေယျာဝစ္စ ဆောင်ရွက်သူ တယောက်နဲ့ တွေ့ပါသည်။ သမီးက သူ့ကို မြန်မာပြည် မှာတုန်းက သမီးတို့သွားတဲ့ ဘုန်းကြီးကျောင်းက ဦးလေးကို ခေါ်သလို ဦးကပ္ပိယလို့ ခေါ်မိပါတယ်။ အဲဒါကို ဒီက ဦးလေးက စိတ်ဆိုးပါတယ်။ သမီးရဲ့ မိတ်ဆွေက ကပ္ပိယဆိုတာ ဘုန်းကြီးကျောင်းက အစားအစာကို ကပ်ပြီး စားတဲ့ လူ၊ ဘုန်းကြီးကျောင်းပစ္စည်းကို ကပ်ပြီး ယူတဲ့ လူလို့ အဓိပ္ပာယ်ရှိတယ်။ အဲဒါကြောင့် နင့်ကို စိတ်ဆိုးတာနေမှာပေါ့လို့ ပြောပါတယ်။ ကပ္ပိယဆိုတာဘာလဲလို့ သိလိုပါသည်ရှင့်။
မေပပမျိုး
---
တစ်ချိန်က ဂုဏ်ရှိန်
မြန်မာနိုင်ငံကို ဝိတိုရိယဘုရင်မ အုပ်ချုပ်စဉ်က အင်္ဂလိပ်ကျောင်းမှာ စာသင်တဲ့ မြန်မာတွေက ဘုန်းကြီးကျောင်းမှာ မြန်မာစာ မြန်မာစကား သင်သူတွေကို အထင်သေးပြီး နိမ့်ချပြောဆိုခဲ့တာတွေ ရှိတယ်။ အုပ်ချုပ်သူတွေက ဘာသာရေးလူမှုရေးအခြေခံနဲ့ မြန်မာအချင်းချင်းသွေး ကွဲအောင် မြှောက်ထိုးပင့်ကော် လုပ်တဲ့ သဘောလည်း ဖြစ်မှာပဲ။ အဲဒီ အချိန်ကစပြီး ဘုန်းကြီးကျောင်း ဝေယျာဝစ္စဆောင်ရွက်တဲ့ ကပ္ပိယ၊ ဘုန်းကြီးကျောင်းမှာ နေပြီး ကျောင်းတက်သူတွေကို အထင်သေးတဲ့ အတွေးအမြင်တွေ စတင်ခဲ့တယ်။ ကျွန်စိတ် မကုန်သေးတဲ့ လူအချို့ရဲ့ စိတ်ထဲမှာ အဲဒီ အတွေးမှားတွေကို ယနေ့ထိ မြတ်မြတ်နိုးနိုး သိမ်းထားဆဲဖြစ်နေတာကတော့ ဝမ်းနည်းစရာပါပဲ။
မြန်မာတွေ လေးစားတဲ့ နာမည်ကျော် မင်းတုန်းမင်းဟာ ငယ်စဉ်က ဘုန်းကြီးကျောင်းသား ကပ္ပိယ ဖြစ်ခဲ့တာကို မမေ့သင့်ဘူး။ မြန်မာ နိုင်ငံကို မြန်မာမင်းတွေ အုပ်ချုပ်စဉ်က မင်းသားတွေ အမတ်တွေ စစ်သူကြီးတွေကအစ အားလုံး ဘုန်းကြီးကျောင်းသားတွေပါပဲ။ ဒါကြောင့် တစ်ချိန်က ဘယ်ဘုန်းကြီးကျောင်းထွက် ဘယ်ဆရာတော်ရဲ့တပည့်ဆို လိုက်ရင် ဘယ်လိုအရှိန်အဝါရှိမယ် ဆိုတာကို ခန့်မှန်းကြည့်နိုင်တယ်။
ကပ္ပိယအဓိပ္ပာယ်
ဘာသာရေးအသိ မရှိရှာတဲ့ ဘုန်းကြီးနဲ့ နီးစပ်သူတစ်ယောက်ကို ဘုန်း ကြီးက ‘ဒါက ဘုန်းကြီးရဲ့အားအကိုးရဆုံး ကပ္ပိယဒကာပါ’လို့ အဝေး ကလာသူတွေကို မိတ်ဆက်ပေးမိတယ်။ ဘုန်းကြီးရဲ့ ဒကာဟာ မျက် နှာညိုသွားပြီး ဘာစကားမှ မပြောတော့ဘူး။ မေးခွန်းရှင်က ဦးကပ္ပိယ လို့ ခေါ်လိုက်တဲ့ အခါ အဲဒီဦးလေး စိတ်ဆိုးသွားသလို နေမှာပေါ့။ နောက် တော့ သူက ‘ဦးဇင်းရဲ့ ကျောင်းမှာ လာလုပ်ပေးနေတာဟာ ဘာမှ ကပ်ပြီး ရဖို့ မဟုတ်ဘူး၊ အိမ်ကအလုပ်ကို ဖျက်ပြီး စေတနာနဲ့ အခမဲ့ ဗော်လန်တီယာ လာလုပ်ပေးနေတာ’လို့ မာဆတ်ဆတ်နဲ့ ဘုန်းကြီးကို ပြောပါတယ်။ လက်စသတ်တော့ ဘုန်းကြီးဆီက ကပ်ပြီးရနေတဲ့ လူကို ကပ္ပိယလို့ သူက နားလည်လိုက်တာကိုး။ မြန်မာပြည်တုန်းက တစ်ယောက်ယောက်က သူ့ကို အဲဒီလို ပြောလိုက်ပုံရတယ်။
ကပ္ပိယ အဓိပ္ပာယ်မှန်က အဲဒီလိုမှ မဟုတ်ဘဲ။ ဝိနည်းအရ ဘုန်းကြီး မလုပ်နိုင်တာကို ဘုန်းကြီးနဲ့ အဆင်ပြေသွားအောင် ဘုန်းကြီးနဲ့ အပ်စပ်သွားအောင် လုပ်ပေးသူ၊ တစ်နည်း ဝေယျာဝစ္စကုသိုလ်ရှင်လို့ အဓိပ္ပာယ်ရှိပါတယ်။ ကြုံတောင့်ကြုံခဲ ဗုဒ္ဓသာသနာနဲ့ ကြုံခိုက် ရခဲလှတဲ့ ရဟန်းအဖြစ်နဲ့ နေနိုင်သူကို ကိုယ်က တတ်စွမ်းသမျှ ကူညီတာဟာ မွန်မြတ်တဲ့ ကုသိုလ်ဖြစ်လို့ အင်မတန် ကျက်သရေရှိတဲ့ လူကြီး လူကောင်း အလုပ်ပါ။ နောက်တစ်ခါ ကပ္ပိယလို့ ခေါ်ခံရရင်ကို ကော့ပြီးပြုံးပြလိုက်ပါ။
နှစ်ဖက် နားလည်ခြင်း
ခုခေတ်မှာ ဝိတိုရိယစိတ် မကုန်သေးတဲ့ ကြေးရတတ်အချို့ဟာ ဘုန်းကြီးကျောင်းမှာ အောက်ခြေသိမ်း ဝေယျာဝစ္စဆောင်ရွက်သူတွေကို အထင်အမြင်သေးပြီး တစ်ဖက်သားရဲ့ ကုသိုလ်နှလုံးသားကို ထိခိုက်စေ မယ့် မလေးစားတဲ့ အပြုအမူမျိုးတွေကို လုပ်မှား မိတတ်တယ်။ ပြုပြင် စရာပါ။ နောက်တစ်ချက်၊ ဘုန်းကြီးကျောင်းကို ရောက်လာရင် ‘တစ် ရောင်တည်းသော သွေးမှာ ဂုဏ်ဇာတ်မရှိ၊ အားလုံးအတူတူပဲ’ ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာနိုင်အောင်လည်း ကြိုးစားသင့်ပါတယ်။ ဝေယျာဝစ္စ ကုသိုလ်ရှင်ဟာ ပညာ ဥစ္စာ နွမ်းပါးနေသေးတယ် ဆိုရင် ပိုပြီး သတိထားသင့်တယ်။
ဒါပေမယ့် ... ဘုန်ကြီးကျောင်းကို မကြာကြာ ရောက်နေတဲ့ လူ ငယ်တစ်ယောက်ကို ဘုန်းကြီး တွေ့ခဲ့ဖူးတယ်။ သူက မွေးနေ့ပွဲလို လူအများစုရုံးပြီး ဆွမ်းလာကပ်ပြီဆိုရင် လူရှေ့ထွက်ပြီး ဆရာတော် ဘာအလိုရှိလဲ၊ ဘာလုပ်ပေးရမလဲလို့ ပျာပျာသလဲနဲ့ ဆွမ်းပန်းကန်တွေကို ဟိုကိုင်ဒီရွှေ့ လုပ်ပြတယ်။ သာမန် ရက်တွေမှာ ဘုန်းကြီး ဆွမ်း ဘုဉ်းပေးနေတာ တွေ့ရင် ရှောင်သွားတယ်။ အေး ... အေး၊ အဲဒါမျိုး ကပ္ပိယကတော့ ခြွင်းချက်ပေါ့။
ကပ္ပိယနဲ့ ပတ်သက်လို့ ဆင်ခြင်စရာပြုပြင်စရာလေးတွေပါ။
တစ်ခုတည်း ထင်မှတ်မျှင်မပြတ်လျှင် ပညတ်ပင်။
အများထင်မှတ် အမျှင်ပြတ်မှ ပရမတ် (ဒီပဲယင်းဆရာတော်)။
---
၁၀၀။ ယောကျ်ားမိန်းမ ဘယ်သူစ
စက်တင်ဘာ ၂၃၊၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ကမ္ဘာဦးအစမှာ မိန်းမနှင့် ယောကျ်ား ဘယ်သူအလျင် စဖြစ်ပါသနည်း။ ဗုဒ္ဓဘာသာကျမ်းဂန်တို့၌လူစတင်ဖြစ်ပေါ်လာပုံဖော်ပြချက်ရှိပါက ဖြေ ကြားပေးစေ လိုပါသည်။ ဖြစ်နိုင်လျှင် ခရစ်ယန်စသော အခြားဘာသာ တရားတို့၌ ဖော်ပြသည်ကိုလည်း ဖော်ပြပေးစေလိုပါသည်။
မောင်သိန်းလှ၊ ဘရူနိုင်း
---
သမ္မာကျမ်းအဆို
ကမ္ဘာဦးကျမ်း ၂းရ၊ ထိုနောက်၊ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော် မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါ ဖြစ်လေ၏။
၈၊ ထာဝရ အရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသော လူကို ထိုဥယျာဉ်၌ နေရာချ တော်မူ၏။ ...
၂၁၊ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် လူကို ကြီးသော အိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုး တချောင်းကို ဘုရားသခင် ထုတ်ပြီးလျှင်၊ ထိုအရိုးအစား အသားကို စေ့စပ်စေ တော်မူ၏။
၂၂၊ ထာဝရအရှင် ဘုရားသခင်သည် လူထဲက ထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော် မူ၏။
၂၃၊ လူကလည်း၊ ယခု ဤလူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသား ထဲက အသားဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကို လူမိန်းမဟု ခေါ်ဝေါ် အပ်သည်ဟုဆိုလေ၏။
၂း၂၄၊ ထိုအကြောင်းကြောင့် ယောကျ်ားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ်ခင်းပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်းဖြစ်ရ လိမ့်မည်။
၂၅၊ ထိုလူလင်မယား နှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။
ခရစ်ယန်တို့အလို လူယောကျ်ားကို မြေမှုန့်နဲ့ စတင် ဖန်ဆင်းပြီးမှ လူယောကျ်ားရဲ့ နံရိုးနဲ့ မိန်းမကို ဖန်ဆင်းတယ်။ ယောကျ်ားကို ဖန် ဆင်းပြီးမှမိန်းမကိုဖန်ဆင်းတယ်ပေါ့။
ကုရ်အာန်ကျမ်းအလို
၉၆း၂ ထိုအရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူ၏။
၁၅း၂၆ ထိုမှတစ်ပါးစင်စစ် ဧကန်ငါအရှင်မြတ်သည် လူသားကို ပုံသွင်း ပြီးဖြစ်သော အသံမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူသည်။
၂း၃၆ ကမ္ဘာဦးဘခင် အာဒမ် (အ)နှင့် ကြင်ရာတော် ဟောင်ဝါတို့သည် အလာဟ်အရှင်မြတ် ပေးသနားတော်မူသော ဂျန္နတ် အမတသုခဘုံတွင် သုခစည်းစိမ်ရိပ်ငြိမ်ချမ်းသာကိုမွေ့လျော်စွာ စံစား၍နေကြကုန်၏။
တစ်ဦးတည်းဖြစ်နေသော အာဒမ် (အ)အဘို့ ကြည်းနူးမေတ္တာ ချစ်ခင်စွာ ပေါင်းသင်းဆင်ဆံ နေထိုင်ရန်အလို့ ငှာ အလာဟ် အရှင်မြတ် သည် ကြင်ယာတော်တစ်ပါးကို ဖန်ဆင်းပေးတော်မူ၏။ အလာဟ် အရှင်မြတ်သည် အာဒမ် (အ)၏ ဘယ်နံရိုးဖြင့် ကြင်ယာတော် (ဟောင်ဝါ) ကိုဖန်ဆင်းတော်မူ၏။ (၂း၃၆အဖွင့်။ အတွဲ၁၊ စာ၂၆)။
ကိုရန်ကျမ်းအလို လူယောကျ်ားကို သွေးခဲဖြင့် သို့မဟုတ် ပုံသွင်း ရွှံ့ပုပ်ခြောက်ဖြင့် စတင် ဖန်ဆင်းတယ်။ ဒီ့နောက် လူယောကျ်ားရဲ့ ဘယ် နံရိုးနဲ့ လူမိန်းမကို ဖန်ဆင်းတယ်။ ယောကျ်ားကို ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ခရစ်ယန်နဲ့ မူဆလင်ဘာသာရေး ကျမ်းစာတွေအရ လူယောကျ်ား ကအရင် ကမ္ဘာမြေကို နင်းခွင့်ရခဲ့ပြီး မိန်းမကိုတော့ ယောကျ်ားရဲ့ ကိုယ်က ထုတ်ယူတဲ့ အရိုးနဲ့ နောက်မှ ဖန်ဆင်းခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း မိန်းတွေဟာ ယောကျ်ားတွေရဲ့ အမိန့်ကို နာခံရမယ်၊ မိန်းမတွေက ယောကျ်ားတွေရဲ့ အုပ်ချုပ်မှုကို ခံယူရမယ်၊ ယောကျ်ား တွေဟာ မိန်းမတွေထက်ထူးချွန်ထက်မြင်ကြောင်း အဲဒီကျမ်းစာတွေမှာ အတိအကျဆိုထားပါတယ်။ (ကုရ်အာန်၄း၃၄။ သမာကျမ်း ၁ တိမော ၂း၁၁-၁၅။ ၁ကော၁၁း၃။ ၁ကော၁၄း၃၅)။
ဗုဒ္ဓဝါဒအရ ကျားနဲ့ မဘယ်သူစ
ဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းဟာ ဟင်္သာငှက်မကို တပ်မက်ပြီး ညွှတ်ကွင်း မိနေစဉ်မှာ သုမုခ အမည်ရတဲ့ အရှင်အာနန္ဒာအလောင်း သစ္စာရှိ စစ်သူကြီး ဟင်္သာငှက်က မိန်းမတွေဟာ ဆုတ်ယုတ် ပျက်စီး ခြင်းရဲ့ အကြောင်းတရား ဖြစ်ကြောင်း၊ သေမင်းနဲ့ပင် တူကြောင်း ဆိုတဲ့ အခါ ဟင်္သာငှက်မကို ကြိုက်မိနေတဲ့ ဓတရဋ္ဌ ဟင်္သာမင်းက အမျိုး သမီးတွေ ကြီးမြတ်တာကို ပညာဗဟုသုတ နှံ့စပ်သူတွေမှ ကောင်းစွာ သိနိုင်ကြောင်း၊ လက်နက်အားကိုး လူမိုက်မျိုးတွေ မသိနိုင်ကြောင်း၊ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရိယသာဝကနဲ့ စက္ကဝတ္တိမင်းတို့ ဆိုတာတွေဟာ အမျိုး သမီးတွေဆီမှာပဲ သန္ဓေတည်ကြရကြောင်း ရှင်းပြပါတယ်။
အဲဒီဇာတ်ထဲမှာ ‘မဟာဘူတိတ္ထိယော နာမ၊ လောကသ္မံ ဥဒပဇ္ဇိသုံ (ဇာ၊၂၊၉၃)လို့ ဆိုပါတယ်။ အဓိပ္ပာယ်က အမျိုးသမီးတွေဟာ ဂုဏ်အားဖြင့် ကြီးမြတ်ပြီး အကျိုးကျေးဇူး များပါတယ်။ ကမ္ဘာဦးကာလမှာ အမျိုးသမီးရဲ့ လိင်အင်္ဂါက စပြီးဖြစ်လို့ လောကမှာ အမျိုးသမီးတွေက (အမျိုးသားတွေထက်) အရင် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုလိုပါတယ်။ (ဥဒပဇ္ဇိသုန္တိ ပဌမကပ္ပိကကာလေ ဣတ္ထိလိင်္ဂေဿဝ ပဌမံ ပါတုဘူတတ္တာ ပဌမံ နိဗ္ဗတ္တာတိ အတ္ထော (ဇာ၊ဋ္ဌ၊၅၊၃၆၈)’။
ဒါက ဇာတကအဋ္ဌကထာမှာပါတဲ့ ဖွင့်ဆိုချက်ပါ။ တစ်နည်းပြောရင် ဇာတကဘာဏက (ဇာတကပါဠိကို အာဂုံဆောင်ကြတဲ့ ရဟန်းအုပ်စု) ရဲ့ အဓိပ္ပာယ် ကောက်ယူချက် ဖြစ်ပါတယ်။ အဲဒီဖွင့်ဆိုချက်အရ ကမ္ဘာ ဦးမှာအမျိုးသမီးတွေ အရင် စဖြစ်တယ်လို့ မှတ်ဖို့ပါ။
အဆိုကွဲလွဲခြင်း
ဝိနည်း ပရိဝါရပါဠိတော်မှာ ယောကျ်ားကနေ မိန်းမအဖြစ်သို့ ကွင်းလုံး ကျွတ်ပြောင်းပုံနဲ့ ပတ်သက်ပြီး ‘လိင်ပြန်သော ရဟန်းသည်မိန်းမလိင်ကို ရသည်နှင့်တကွ ရှေး (ယောကျ်ားလိင်)ကို စွန့်၏။ နောက် (မိန်းမ လိင်)၌ တည်၏’ဆိုတဲ့ စကားရပ် ပါရှိတယ်။ ဒါကို အဋ္ဌကထာကျမ်းမှာ အဓိပ္ပာယ်ဖွင့်ဆိုပုံက ‘အဲဒီလိုလိင်ပြောင်းတဲ့ အခါမှာ ၁)ပဌမဆုံးဖြစ် ခြင်း ၂)မြင့်မြတ်ခြင်းဆိုတဲ့ အကြောင်းနှစ်ရပ်ကြောင့်ယောကျ်ားလိင်ကို အရင် စွန့်ပြီး၊ နောက်မှမိန်းမလိင်ကပေါ်လာတယ်’လို့ ဖြစ်ပါတယ်။
အဲဒီစကားရပ်ထဲမှာ ပဌမဖြစ်ခြင်းဆိုတာနဲ့ ပတ်သက်ပြီး အဲဒီအဋ္ဌ ကထာကို ထပ်ပြီး အဓိပ္ပာယ်ဖွင့်တဲ့ ဋီကာကျမ်းက ‘ကမ္ဘာဦးကာလမှာ ယောကျ်ားလိင်ကပဲ အရင် ဖြစ်လို့ ပဌမဆုံးဖြစ်ခြင်းလို့ ဆိုတာ’လို့ ဆိုပြန်တယ်။ (ပဌမကပ္ပိကေသု ပဌမံ ပုရိသလိင်္ဂမေဝ ဥပ္ပဇ္ဇတီတိ အာဟ ပဌမံ ဥပ္ပန္နဝသေနာတိ။ သာရတ္ထ၊ဋီ၊၃၊၄၇၃။ ဝိမတိ၊ဋီ၊၂၊၂၈၈)။
ဒီတော့ ဝိနယဘာဏက (ဝိနည်းဆောင် ရဟန်းအုပ်စု) အလိုက ကမ္ဘာဦးမှာယောကျ်ားတွေအရင် စဖြစ်တယ်လို့ မှတ်ဖို့ပါ။
မန်လည်အဆို
ဣတ္ထိတဲ့ ပုရိသာ
ပေါ်စကမ္ဘာက
မိန်းမမှာ အစထူး
ရှေးဦးဖြစ်လာ၊
သွေမလွဲပါဘူး
ဝေခွဲငဲ့ မဟာဆွေငယ်
မှတ်ပါစေချင်လွန်း။
ဥဒါန်းငယ်ပြောင်
လူ့တမ်းမှာ တမူဆောင်လို့
ဇမ္ဗူဘောင် နောင်မညှိုးအောင်
ထိုးတော့မော်ကွန်း။
(သတပဒိကဒုတိယပုစ္ဆာအဖြေ)
ဒီအဖြေအရဆိုရင် မန်လည် ဆရာတော်ကြီးကတော့ မိန်းမအရင် ဖြစ်တယ်ဆိုတာကို ပိုပြီးသဘောကျခဲ့ပုံပါပဲ။
ဘာကြောင့် ဝါဒကွဲသလဲ
ဒီတော့ စဉ်းစားစရာက ဝိနည်းအဋ္ဌကထာကို အရှင်မဟာဗုဒ္ဓဃောသ ရေးတယ်၊ အစဉ်အလာအရ ဇာတကအဋ္ဌကထာကိုလည်း အရှင်မဟာ ဗုဒ္ဓဃောသပဲ ရေးတယ်လို့ ဆိုတယ်။ ဒါဖြင့် ဘာကြောင့် ကျမ်းပြုဆရာ တစ်ဦးတည်းက ရေးတာဖြစ်လျက်ဒီလိုဝါဒ ကွဲပြားရသလဲလို့ မေးစရာ ရှိတယ်။ ဂရုတစိုက်ဖတ်ရင် အဖြေက အပေါ်မှာပါပြီးသားပါ။
အရှင် မဟာဗုဒ္ဓဃောသဟာ ထိုထို ဘာဏကဆောင် ပုဂ္ဂိုလ်တို့ရဲ့ ဝါဒ အတိုင်းပဲ ဖွင့်ဆိုခဲ့တာ ဖြစ်ကြောင်းပါ။ အရှင်မြတ်ရဲ့ နိကာယ်အဋ္ဌ ကထာကျမ်းတွေမှာတော့ တစ်ခါတစ်ရံ ‘အယံ ဒီဃဘာဏကာနံ မတိ = ဒါကတော့ ဒီဃနိကာယ်ဆောင် ပုဂ္ဂိုလ်တို့ရဲ့ အလိုပါပဲ’ စသည်ဖြင့် အမှာပြုထားတာမျိုးကိုတွေ့နိုင်ပါတယ်။
---
၁၀၁။ ယုံကြည်ချက် မခိုင်လို့
စက်တင်ဘာ ၂၂၊၂၀၀၉။
---
ဘုန်းဘုန်းဘုရား၊
ဘုန်းကြီးကျောင်း တစ်ခုကို ငွေကြေးချမ်းသာသူတစ်ယောက်က ဘဏ်က ငွေချေးပြီး ဝယ်လှူပါသည်။ မကြာမီ အဲဒီလူက ဘုန်းကြီးကို ကျောင်းမှာ မနေနိုင်အောင်လုပ်ပြီး ဘုန်းကြီးကျောင်းကို ပြန်သိမ်းယူ သွားပါသည်။ ဘုန်းကြီးလည်း ပြန်ကြွသွားရပါသည်။ လူတွေလည်း အုပ်စုကွဲသွားပါသည်။ ထိုကဲ့သို့ ရဟန်းသံဃာနှင့် လူဥပသကာတွေကို စိတ် မချမ်းသာအောင် လုပ်သည့်အတွက် သံသရာမှာ အဘယ်အပြစ် မျိုး ဖြစ်နိုင်ပါသနည်း အရှင်ဘုရား။ တပည့်တော်က Seattel မြို့မှာ နေထိုင်ပါသည်။ မြန်မာပြည်က ရောက်လာတာလည်း မကြာသေးပါ ဘုရား။ ဒါကြောင့်အမှားရှိလျှင် ခွင့်လွှတ်စေချင်ပါသည်။
မောင်စိုးနိုင်
---
သတိချပ်ဖွယ်
ကျောင်းဆောက် ဘုရားတည်ဆိုတာ စေတနာမှန်ရင် အင်မတန် အကျိုးကြီးမားတဲ့ ကုသိုလ်ပါ။ ညစ်ကျုတဲ့ အခြားရည်ရွယ်ချက် တစ်ခု ရှိနေရင်တော့ အကုသိုလ် ဖြစ်မှာပဲ။ ဘာသာရေးလုပ်ဖို့ တစ်ကိုယ်ရေ အရေးတကြီး လိုအပ်တာလေးတွေ ရှိတယ်။ အဲဒါတွေကို နီးစပ်တဲ့ ပတ်ဝန်းကျင်နဲ့ ဒေသကာလ အခြေအနေကို ကြည့်ပြီးပြောရရင် ...
ပထမဆုံး ကုသိုလ် အကုသိုလ်၊ ကံကံ၏ အကျိုးကို အလေး အနက် ယုံကြည်ဖို့ အရေးကြီးတယ်။ လူမှုရေးအခြေခံနဲ့ ဆောင်ရွက် ခြင်းမျိုး မဖြစ်သင့်ဘူး။ ဥပမာ ခင်မင်လို့၊ သနားလို့ လုပ်ပေးတယ် ဆိုတာမျိုးက မခင်မင်တော့ရင်၊ မုန်းပြီဆိုရင် ဖောက်ပြန်သွားတတ်တယ် (သံယောဇဉ်နဲ့ အတင်းအကြပ် နှောင်ဖွဲ့ထားတဲ့ အချစ်အိမ်ကြီး တောင် ပြိုကွဲတတ်သေးတာပဲ)။ ဒုတိယ ဗုဒ္ဓအဆုံးအမကို သဒ္ဓါအစစ် အမှန် ရှိရမယ့်ပြင် ဗုဒ္ဓဘာသာ အတွေ့အကြုံနဲ့ ဗုဒ္ဓဝါဒ အဆုံးအမကို ကျင့်သုံးနေသူလည်း ဖြစ်သင့်တယ်။ အနည်းဆုံး ငါးပါးသီလကို စောင့် ထိန်းနိုင်ရမှာပေါ့။ ပုလင်းသမားဆိုဘယ်ဖြစ်မလဲ။
တတိယက ပိုအရေးကြီးတယ်။ လူရှေ့မှာ ကျွန်တော်က ကပ္ပိယပါ၊ ဂေါပကပါလို့ လူကြား ကောင်းအောင် ဟစ်ပြပေမယ့် အတွင်းစိတ်က ရတနာသုံးပါးရဲ့ အနှစ်သာရကို မသိ၊ သိအောင်လည်း မလုပ်။ ရတနာသုံးပါးကို မလေးစားဘဲ လေးစားယောင် ဆောင်ပြီး သာသနာ ပြုစားသူ ဖြစ်နေတတ်တယ်။ ဒီလိုသမားပဲ ကျုပ်က မိရိုးဖလာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ စစ်စစ်လို့ သူများတွေကို မကြာခဏ နှုတ်က ဖွင့်ဟ တာကို တွေ့ရနိုင်တယ်။ အမှန်တော့ သာသနာပြု ဂေါပကလူကြီးပါ ဆိုပြီးပွဲလမ်း သဘင်ကျမှရှေ့တန်းကိုထွက်နှုတ်လျှာ သွက်ပြဖို့ထက် အဲဒီ ဘုန်းကြီးကျောင်း အဲဒီ ဂေါပကအဖွဲ့မှာ လိုအပ် တာတွေကို အများဆုံး အားသွန်ခွန်စိုက်လုပ်နိုင်သူဖြစ်ရင် ပိုမကောင်းဘူးလား။
ဘာအပြစ်ရှိသလဲ
မမှန်တဲ့ စေတနာနဲ့ အများသူငါ စိတ်မချမ်းသာအောင် မိမိ လုပ်ခဲ့တဲ့ မကောင်းမှုရဲ့အကျိုးဆက်မျိုးစုံကတော့ လာပြီးလာဆဲ လာလတ္တံ့ဖြစ် မှာပါပဲ။ မတရား ရယူလိုက်တဲ့ ပစ္စည်းဆိုတာလည်း ခဏတာ ပိုင်ဆိုင် နေဆဲမှာတော့ကျိတ်ပြုံးပြုံးနိုင်မှာပေါ့။ ဒါပေမယ့် ‘ကမ္မဝိပါကောနာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ (ဝိ၊ဋ္ဌ၊၂၊၅) = ကံရဲ့ အကျိုးပေးဆို တာကို ဘုရားတောင် မရှောင်လွှဲနိုင်ဘူး’လို့ အဆိုအမိန့်ရှိသားပဲ။ ဒီလိုလည်း အပြစ်ကိုနှလုံးသွင်းကြည့်ပါ။
မဓုဝါ မညတီ ဗာလော၊ ယာဝ ပါပံနပစ္စတိ။
ယဒါစ ပစ္စတီ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။ ပါပံ၊ မိမိပြုထားသည့် အကု သိုသ်သည်။ န ပစ္စတိ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ ဗာလော၊ လူမိုက်သည်။ ပါပံ၊ မိမိပြုထားသည့် ထို မကောင်းမှု (၏အကျိုး)ကို။ မဓုဝ မညတိ၊ ပျားသကာကဲ့သို့ (ချိုမြိန် သည်ဟု) မှတ်ထင်၍နေ၏။ ယဒါ စ၊ အကြင်အခါမှာကား။ ပါပံ၊ ထို မကောင်းမှု (၏အကျိုး)သည်။ ပစ္စတိ၊ အကျိုးပေး၏။ တဒါ၊ ထိုအခါမှာ တော့။ ဒုက္ခံ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မှန်သမျှ ဒုက္ခအထွေထွေကို။ နိဂစ္ဆတိ၊ ခံစားရ၏၊ ခံစားရပါလိမ့်မည်။
အပြစ်ရောက်လာပုံ
သုံးခွင်ဝဋ္ဋ္ဋ ကျင်လည်ကြသား
သဗ္ဗသတ္တာ သတ္တဝါတို့
တံထွာပင်ကို ပျက်လလိုက
အဆိုတပါး အသွားချွတ်ကာ
အစာစားမှား အပါးခြေရင်း
ညွှတ်ကွင်းပိုက်ကွန်ရှိလတွန်လည်း
အမှန်မမြင်ပျက်ဘိထင်၏။
(ရွှေင်္ဟာမင်းပျို့၊ ပိုဒ်၃၆)။
---
၁၀၂။ သိကြားမင်း မလိမ်ပါ
စက်တင်ဘာ ၂၃၊၂၀၀၉။
---
ဆရာတော်အရှင်သူမြတ်ဘုရား၊
တပည့်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ စလေဦးပုညရေးတဲ့ သိကြားလိမ်ကဗျာမှာ ‘ဘုရားကို နှစ်ရစ်လိမ် ညစ်တဲ့ မာဃိန်’ လို့ သင်ခဲ့ဘူးပါသည်။ အဲဒီအထဲမှာ ဘုရားကို နှစ်ရစ်လိမ် ဆိုတာလေးကို ဖြစ်နိုင်လျှင် အဓိပ္ပာယ်ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
မောင်ရှိုင်းလှချိန်
---
ဘုရားကို နှစ်ရစ်လိမ်
နှစ်ရစ်လိမ်ဆိုတာ နှစ်ခါလိမ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နိုင်ပါတယ်။ ဘုရားကို နှစ်ကြိမ် လိမ်တယ်ပေါ့။ လိမ်သူက နတ်တို့သနင်း သိကြားမင်း။ ဒါ ကြောင့် ဦးပုညက သိကြားမင်းကို သိကြားလိမ်လို့ ခေါ်လိုက်တာ။ ဗုဒ္ဓကို နှစ်ခါတောင် ကတိပေးထားပါလျက် (ဗုဒ္ဓနဲ့ ဗုဒ္ဓသာသနာကို ကူညီ ဖို့) ပေါ်မလာတော့တဲ့ သိကြားမင်းလို့ စလေဦးပုညက ဆိုလိုတာ ဖြစ်လေမလား။ နှစ်ခါကူညီတဲ့ ဖြစ်ရပ်တော့ ရှိဖူးတယ်။
ပထမဖြစ်ရပ်က ... မြတ်ဗုဒ္ဓက အမ္ဗဋ္ဌလုလင်ကို ကျွန်မျိုးဖြစ်တယ် လို့ မိန့်တော်မူတော့ အမ္ဗဋ္ဌက ဝန်မခံဘဲနေတဲ့ အတွက် သိကြားမင်းက ဘီလူးအသွင်နဲ့ ရဲနေအောင် မီးဖုတ်ထားတဲ့ သံတူကိုပြပြီး အမ္ဗဋ္ဌကို အမှန်အတိုင်းဝန်ခံခိုင်းပါတယ် (ဒီ၊၁၊၉၅)။ ဒုတိယဖြစ်ရပ်က ... မြတ် ဗုဒ္ဓက ရုပ်နှင့်နာမ်တရားအစုကို အနတ္တလို့ ဟောတော်မူတဲ့ အခါ နိဂဏ္ဌ ရဲ့သား သစ္စကပရိဗိုဇ်က အတ္တလို့ ဇွတ်ငြင်းတော့လည်း သိကြားမင်းက အမ္ဗဋ္ဌတုန်းကလို မီးရဲနေတဲ့ သံတူကြီးနဲ့ ခြိမ်းခြောက်မှ သစ္စကပရိဗိုဇ် က ဝန်ခံတယ် (မ၊၁၊၂၉၄)။ ဒီပါဠိတော်မှတ်တမ်းအရဆိုရင် သိကြား မင်းက ဘုရားကိုကူညီခဲ့တာနှစ်ကြိမ်လို့ ဆိုရပါလိမ့်မယ်။
ဒါနဲ့ ပတ်သက်ပြီး သိကြားမင်းက ဘုရားကိုဘယ်တုန်းက ဘယ် နေရာမှာ ကတိပေးခဲ့သလဲဆိုတာကို လေ့လာမိပါတယ်။
သိကြားမင်းရဲ့ ကတိစကား
မြတ်ဗုဒ္ဓ အဇပါလညောင်ပင်ရင်းမှာ ခုနစ်ရက်သီတင်းသုံးခိုက် လောကကို တရားဟောဖို့ တောင်းပန်ရန် သဟမ္ပတိ ဗြဟာကြီး လာရောက် စဉ်က နတ်တို့သနင်းသိကြားမင်းလည်း ဗြဟ္မာကြီးနှင့်အတူ နောက်က ပါလာခဲ့တယ်။ ဗြဟ္မာကြီးက တရားဟောဖို့ ဗုဒ္ဓကို တောင်းပန်ပြီးတဲ့ အခါ သိကြားမင်းကလည်း ‘ဗုဒ္ဓအနေနဲ့ လောကကို ဓမ္မနဲ့ ဆုံးမတော် မူပါ၊ တပည့်တော်က အာဏာစက်နဲ့ ကူညီပါမည်’လို့ ကတိစကား လျှောက်ထားပါတယ်။ အဲဒီကတိစကားအတိုင်း အမှန်ကို ဝန်မခံဘဲ ခေါင်းမာနေတဲ့ သစ္စကနဲ့ အမ္ဗဋ္ဌလို လူတွေကို ခြောက်လှန့်ပြီး ကူညီဖို့ သိကြားမင်း ရောက်လာခဲ့တာ ဖြစ်ပါတယ် (ဒီ၊ဋ္ဌ၊၁၊၂၃၆။ မ၊ဋ္ဌ၊၂၊၁၇၉)။ ဒီစကားအရဆိုရင် သိကြားမင်းဟာ ဗုဒ္ဓကို တစ်ကြိမ်ပဲ ကတိ ပေးခဲ့ပြီးကတိအတိုင်းလည်း လုပ်ခဲ့ပါတယ်။
အဋ္ဌကထာမှတ်တမ်းတွေမှာတော့ သိကြားမင်း ကူညီတဲ့ ဖြစ်ရပ် တွေ အများကြီး ဖော်ပြပါတယ်။ စိဉ္စမာဏဝိကာ (စိဉ္စမန်)က မြတ်ဗုဒ္ဓကို စွပ်စွဲစဉ်က သိကြားမင်းက တပည့်နတ်သား လေးယောက်ကို ကြွက် အသွင်နဲ့ ထိုအမျိုးသမီးရဲ့ ဗိုက်က သစ်သားပြားကို ချည်တဲ့ ကြိုးကို ကိုက်ဖြတ်ခိုင်းတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၇)။ ဒါ့အပြင် သိကြားမင်း ကူညီ တဲ့ အခြားဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ သိကြားမင်းက ဘုရားလောင်းကိုကူညီခဲ့တဲ့ ဇာတ်ဝတ္ထုတွေလည်း များသားပဲ။
ဒါကြောင့် သူ့ကတိအတိုင်း လိုအပ်တဲ့ အခါမှာ ဗုဒ္ဓနဲ့ ဗုဒ္ဓသာသနာကို ကူညီတဲ့ အတွက် သိကြားမင်း လိမ်ရာမကျပါဘူး။ သိကြားမင်းဟာ လိမ်လည်း မလိမ်တော့ပါဘူး။ ဘာကြောင့်ဆို သူက ရာဇဂြိုဟ်မြို့နားက ဣန္ဒသာလလိုဏ်ဂူမှာ ဗုဒ္ဓရှင်တော်မြတ် သီတင်းသုံးတော်မူခိုက် ဗုဒ္ဓကို မေးခွန်းပြဿနာတွေမေးလျှောက်ရာမှာ ဗုဒ္ဓဖြေကြားတဲ့ သက္ကပဥှ သုတ္တန်ကိုနာယူလို့ အပြီးမှာ သောတာပန်ဖြစ်သွားလို့ ပါပဲ။
သိကြားလိမ်ကဗျာ
စလေဦးပုညဟာ အကျင့်ပျက် ဖောက်ပြန်နေကြတဲ့ မင်းတုန်းမင်းရဲ့ နန်းတွင်း မိဖုရားကြီးအချို့ကို ဝေဖန်လိုလို့ ပဒုမပြဇာတ်၊ မြင်ကွန်းစား မင်းသားအပါအဝင် အကျင့်ပျက် ဆိုးသွမ်းကြတဲ့ မင်းသားတွေကို မနှစ်သက်လို့ ဝိဇယပြဇာတ်တွေကို ရေးခဲ့တယ်။ အဲဒီ ကိုယ်ကျင့်တရား ပျက်ယွင်းမှုတွေကို လှောင်ပြောင်လို ပြုပြင်လိုတဲ့ အတွက်ကြောင့်ပဲ သိကြားလိမ်ကဗျာကိုရေးခဲ့တာဖြစ်နိုင်တယ်
ဘုရားကိုနှစ်ရစ်လိမ်၊
ညစ်တဲ့ မာဃိန်။
ပစ်ရှာမယ့်ဝရဇိန်ငယ်၊
ပန်းထိမ်မှာပြင်တုန်းထင့်လေး’တဲ့။
စာဆိုကြီး စလေဦးပုညဟာ လက်ရှိဆိုးသွမ်းတဲ့ လူလိမ်ကြီးတွေ အာဏာထန်နေတာကို မကြိုက်နိုင်လို့ အမ္ဗဋ္ဌနှင့် သစ္စကတို့ တုန်းကလို မီးမြှိုက် သံတူကြီးနဲ့ လာမခြောက်တဲ့ သိကြားမင်းကို အားမလို အားမရဖြစ်ပြီး အပြစ်တင်လိုဟန်နဲ့ စာပန်းချီခြယ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။
စကားမစပ်၊ ဦးပုညဟာ မြင်ကွန်းနှင့်မြင်ခုန်တိုင်တို့ တော်လှန်ရာမှာ အခါပေးမှုနှင့် မြောက်မြို့ဝန် ဦးသာအိုးထံမှာ အကျယ်ချုပ် ခံနေရ ခိုက် ဦးသာအိုးရဲ့ မယားငယ်တွေနဲ့ ရည်ငံတယ်ဆိုပြီး ၁၂၂၉-ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဦးသာအိုးက သူ့ကိုအဆုံးစီရင် လိုက်တယ်။
စလေဦးပုညကို ကွပ်မျက်ပစ်တာနဲ့ ပတ်သက်ပြီး နောင်အခါ မင်းတုန်းမင်းက ‘လူကိုခွေးသတ်လေရဲ့’လို့ မှတ်ချက်ပြုပါသတဲ့။
သူတော်ကောင်းကို ပေါင်းသင်းခြင်းမှာ နေအရုဏ်သည် နေထွက်ခြင်း ၏ ရှေ့ပြေး ဖြစ်သကဲ့သို့ အရိယမဂ္ဂင်ကို ပွားများခြင်း၏ နီးစွာသော အကြောင်းဖြစ်၏။ (ဂမ္ဘီရတ္ထဒေသနာ၊ စာ-၃၅၁)။
---
၁၀၃။ လသာတုန်းဗိုင်းငင်
စက်တင်ဘာ ၂၈၊၂၀၀၉။
---
ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
တရားကျင့်သူပုဂ္ဂိုလ်အနေဖြင့် မိမိသည် သစ္စာလေးပါးကို မဂ်ဉာဏ်ဖြင့် သိနိုင်သူ ဖြစ်မဖြစ်ကို ဘယ်လိုဝေဖန် ပိုင်းခြား သိနိုင်ပါမည်လဲဆိုတာ သိလိုပါတယ်ဘုရား။ မိမိသည် တိဟိတ်ပုဂ္ဂိုလ်ဖြစ်သလား ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်သလားဆိုတာ ဘယ်လိုအင်္ဂါရပ်မျိုးနှင့် ကွဲကွဲပြားပြား သိနိုင်ပါသလဲ။ ဒွိဟိတ်ဖြစ်ခဲ့သော် ဤဘဝ၌ တရားကို မျက်မှောက်မပြုနိုင်ဟုလည်း မှတ်သားဖူး၍ မှန်မမှန် သိလိုပါသည်။ အကယ်၍ တိဟိတ်ပုဂ္ဂိုလ်သည် ဤဘဝ၌ တရားကို မကျင့်ခဲ့သော် နောင်ဘဝတွင် ဆက်၍ တိဟိတ် ပဋိသန္ဓေနေပါဦးမည်လား ဆိုတာလည်း သိလိုပါသည်။
ဇင်မာဦး
---
ဆန်းစစ်ဖွယ် မလိုပါ
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ မိမိရဲ့ သဒ္ဓါတရား၊ စွန့်လွှတ်မှု၊ စိတ် ဝင်စားမှု၊ ကြိုးစားအားထုတ်မှု၊ လေ့ကျင့် အားထုတ်ဆဲ ကာလမှာ တိုးတက်မှုအခြေအနေကို ဆင်ခြင်ပြီး မိမိကိုယ်ကို မိမိအကဲဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး ရှိနိုင်ကောင်းပါတယ်။ သာမန်အနေနဲ့ တော့ မိမိတရားထူးကို ရနိုင်မရနိုင်ဆိုတာကို မိမိကိုယ်တိုင် မသိနိုင်ရာပါဘူး။ ဘုရားလက်ထက် က မာတုပေါသက (မိဘ လုပ်ကျွေးတဲ့) ရဟန်းတော်ဟာ နှစ်ပေါင်း များစွာတရားအားထုတ်ပြီးနောက် တရားထူးကို မရနိုင်ဘူးထင်လို့ လူ ထွက်ပြီး မိဘလုပ် ကျွေးမယ်အကြံနဲ့ တောကျောင်းက ပြန်ခဲ့ရာမှာ မြတ်ဗုဒ္ဓနဲ့ အရင် တွေ့မိလို့သာ ရဟန်းဘဝ မဆုံးရှုံးဘဲ ရှိခဲ့တယ်။ ဒါလောက် သဒ္ဓါတရားထက်သန်ပြီး တကယ်တရားအားထုတ်တဲ့ ရဟန်း တော်တောင် မိမိမှာ မဂ်ဖိုလ်ကို ရနိုင်မရနိုင်ဆိုတာကို ရဟန်းမပြုမီက ပင်ကြိုတင်မသိနိုင်ခဲ့ဘူး။
တရားအားထုတ်သူဟာတရားထိုင်တယ်ဆိုတာနဲ့ မိမိဟာ တရား စစ်တရားမှန်နဲ့ တွေ့ပြီး မိမိကြိုးစားရင် ကြိုးစားသလောက် တရားထူးကို မြန်မြန်သိမြင်မှာပဲလို့ ယုံကြည် စိတ်ချထားရမည်ဖြစ်ကြောင်းကို ကမ္မဋ္ဌာန်းသင်ပြတဲ့ ဆရာမြတ်တို့ မိန့်တော်မူလေ့ ရှိပါတယ်။ ရခဲလှတဲ့ လူ့အဖြစ်ကိုရပြီး ဗုဒ္ဓဓမ္မနဲ့ ကြုံကြိုက်ခွင့်ရနေတာ၊ တရားအားထုတ် လို စိတ်ရှိနေတာ၊ ဟောတဲ့ တရားကိုကောင်းစွာနာယူမှတ်သား နားလည် နိုင်တာတွေကြောင့် မိမိမှာ ဓမ္မကိုထိုးထွင်းသိနိုင်ခွင့် လက်တစ်ကမ်းမှာ ရှိနေတယ်လို့ပဲ လက်ခံထားရတယ်။ မိမိကိုယ်တိုင်က မိမိဟာ သစ္စာ လေးပါးကိုသိနိုင်သူလား မသိနိုင်သူလားလို့ ဆန်းစစ်ဖွယ်မလိုပါဘူး။
ဒွိဟိတ် တိဟိတ် နှစ်မျိုးစီ
ကုသိုလ်ပြုတဲ့ အခါ ကလေးတွေက ပေးကမ်းသလို ကံနှင့် ကံရဲ့အကျိုး ကိုသိတဲ့ ဉာဏ်မရှိရင် ဒွိဟိတ်ကုသိုလ်။ ကုသိုလ်ခြံရံရင် အမြတ်စား ဒွိဟိတ်၊ အကုသိုလ် ခြံရံရင် အညံ့ဒွိဟိတ်လို့ နှစ်မျိုးရှိတယ်။ ဒီနှစ်မျိုး လုံးက ပဋိသန္ဓေ ပဝတ္တိ နှစ်မျိုးလုံးမှာ ဉာဏ်မပါတဲ့ အကျိုးကိုပဲ ပေးတယ်။ ဉာဏ်မရှိဘူးဆိုတာနဲ့ကို လူ့လောကမှာ လူစဉ်မီသူတစ်ယောက် မဖြစ်နိုင်တော့ဘူး။ လူစဉ်မမီဆိုတာက ဆင်းရဲချမ်းသာလူမျိုးအသား ရောင် ဘွဲ့ဒီဂရီနဲ့ မဆိုင်ဘူး။ အသိဉာဏ်နဲ့ နားလည်နိုင်စွမ်း မရှိတာကို ဆိုလိုတာပါ။ ဒွိဟိတ်အညံ့ကုသိုလ်ကြောင့် သန္ဓေပါအသိဉာဏ်မပြည့် သူ၊ အမြင်အာရုံ အကြားအာရုံ ချို့တဲ့ သူတွေ ဖြစ်ရတယ်။ ဒွိဟိတ် ပုဂ္ဂိုလ်တွေ တရားထိုင်ရင် ပါရမီဖြစ်ရုံပါပဲ။ မိဿကကုသိုလ် (ဥပမာသူ့ အသက်သတ်ပြီး လှူဒါန်းခြင်း) ဖြစ်ရင်တော့ အမြင် အကြားအာရုံ မရှိ ပေမယ့် အသိဉာဏ်ရှိနိုင်လို့ တရားထူးကိုရနိုင်တယ်။
တိဟိတ်လည်း အမြတ်စားနဲ့ အညံ့စားလို့ နှစ်မျိုးရှိတယ်။ ကု သိုလ် မပြုခင်နဲ့ ပြုပြီးနောက်မှာ ကုသိုလ်စိတ်တွေ ဖြစ်နေရင် အမြတ်၊ အကုသိုလ်စိတ်တွေ ဖြစ်နေရင် အညံ့လို့ ဆိုရတယ်။ ဥပမာ လှူပြီး နောက်မလှူဘဲနေလိုက်ရင် ကောင်းမှာပဲ၊ ငါ့ပစ္စည်းကို ပြန်တောင်းရ မယ်လို့ လောဘပြန်ဝင်ရင် ချမ်းသာတဲ့ အကျိုးကိုရနိုင်ပေမယ့် လူချမ်း သာနဲ့ တူအောင် နေလိုစိတ်မရှိတာစတဲ့ မနှစ်သက်စရာတွေနဲ့ ရော ထွေးနေတတ်တယ်။ ဆင်ခြင်တုံ အသိဉာဏ်ရှိခြင်း၊ ကိုယ်လက် အင်္ဂါ ပြည့်စုံခြင်း၊ အဆုံးအမမှန်ကို ရနိုင်တဲ့ အထောက်အပံ့ကောင်း (ဥပမာ မိတ်ဆွေကောင်း၊ ဆရာသမားကောင်း၊ ၎င်းတို့နဲ့ ဆုံဖို့ အခွင့်အလမ်း စ သည်) ရှိခြင်း စတဲ့ မြင်နိုင်တဲ့ အခြေအနေတွေအရ ဤဘဝမှာ လူဖြစ် နေသူတွေ အများစုဟာ တိဟိတ်ပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်။ ဒါကြောင့် လူအများစု တကယ်ကျင့်ရင် တရားထူးကိုရနိုင်တယ်။
မသေချာဘူး
ဒီဘဝ တိဟိတ်အမြတ်စား ပုဂ္ဂိုလ် ဖြစ်နေပေမယ့် အပါယ်လေးပါးကို ရောက်စေတတ်တဲ့ ဒုစရိုက်မှုတွေကို ကျူးလွန်ရင် နောက်ဘဝမှာ တိ ဟိတ်ပုဂ္ဂိုလ် ပြန်မဖြစ်နိုင်ဘူး။ နတ်ဘဝနဲ့ အချို့ ဗြဟ္မာဘဝတွေတောင် ပြန်ဖြစ်ဖို့ မသေချာလို့ လူ့ဘဝကိုရပြီး ဗုဒ္ဓအဆုံးအမနဲ့ ကြုံခိုက်မှာ ကု သိုလ် များများပြုဖို့ အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ရအောင် အားထုတ်ဖို့ ဆရာတော်ကြီးတွေ ဆုံးမဩဝါဒပေးတော်မူကြတာဖြစ်ပါတယ်။ ဘဝ သံသရာဟာ ဒီလှိုင်းလိုပဲ။ အနိမ့်အမြင့် အတက်အကျ ရှိတယ်။ ဒါကြောင့် မြင့်နေတဲ့ အချိန် ကမ်းကို မြင်ရခိုက်မှာ အဲဒီကမ်းကို ရောက် အောင်ကူးခတ်ဖို့က အဓိကဖြစ်ကြောင်းပါ။
ဒါနေ တပတိ သူရဇ္ဇံ၊ ယဿ န ပတ္ထိတံမနော။
ဝိဇ္ဇာယ အတ္ထ လာဘေစ၊ မာတု ဥစ္စာရမေဝသော။
ပေးကမ်းခြင်း၊ ကိုယ်ကျင့်တရား ဖြည့်ကျင့်ခြင်း၊ ရဲရင့်ခြင်း၊ အတတ် ပညာ ရှာဖွေခြင်း၊ အကျိုးရှိအောင် လုပ်ခြင်းတို့၌ ဆန္ဒ မရှိသူသည် မိခင်၏ အညစ်အကြေးသာဖြစ်၏။
၁၀၄။ ဖွားဖက်တော် ၇ မျိုး
စက်တင်ဘာ ၂၈၊ ၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
တပည့်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားနှင့် အတူ မွေးဖွားလာသည့် ဖွားဖက်တော် ခုနစ်ယောက်ကို သိလိုပါသည် အရှင်ဘုရား။
ရွှေဝင်းထွန်း
---
ဖွားဖက်တော်
အားလုံး လူတွေချည်း မဟုတ်လို့ ဖွားဖက်တော် ခုနစ်ယောက် ဆိုတာထက် ခုနစ်မျိုးလို့ သုံးရင် ပိုသဘာဝကျပါတယ်။ အလောင်းမင်းသိဒ္ဓတ်ကို မွေးတဲ့နေ့မှာ အတူမွေးဖွားလာသူ ၄ ယောက်နဲ့ ထိုနေ့မှာပင် ဖြစ်ပေါ်လာတဲ့ အသုံးအဆောင်ပစ္စည်း ၃ မျိုး၊ ပေါင်း ၇ မျိုး ဖြစ်ပါတယ်။
အရှင်အာနန္ဒာ ပါတယ်
အတူတူ မွေးဖွားသူ လေးယောက်က
- အရှင်ရာဟုလာရဲ့မယ်တော်၊ မင်းသိဒ္ဓတ်ရဲ့ ကြင်ယာတော် ယသော်ဓရာမင်းသမီး
- အရှင်အာနန္ဒာ ဖြစ်လာမယ့် မင်းသားအာနန္ဒ
- အရှင်ဆန္န ဖြစ်လာမယ့် ဆန္နအမတ် (မင်းသိဒ္ဓတ် တောထွက်လာတဲ့အခါ အနော်မာမြစ်ကမ်းထိ အတူလိုက်လာသူ)
- အရှင်ကာဠုဒါယီ ဖြစ်လာမယ့် ကာဠုဒါယီအမတ် (နောင်တွင် ဗုဒ္ဓနဲ့နောက်ပါသံဃာကို ဗုဒ္ဓရဲ့မွေးရပ်ကပိလဝတ်သို့ ပင့်ဆောင်သူ)။
အသုံးအဆောင်ပစ္စည်း ၃ မျိုးက
- ရွှေအိုးကြီး ၄ လုံး
- ကဏ္ဍကမြင်း
- ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိပင်။
ပေါင်း ဖွားဖက်တော် ၇ မျိုး။ ဒါက ဒီဃနိကာယ်အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၁၈)၊ ဇာတကအဋ္ဌကထာ (ဇာ၊ဋ္ဌ၊၁၊၆၄)၊ ဗုဒ္ဓဝံသအဋ္ဌကထာ (ဗုဒ္ဓဝံသ၊၁၅၈) တို့မှာ ဖော်ပြတဲ့ ဖွားဖက်တော် ၇ မျိုး ဖြစ်ပါတယ်။
အရှင်အာနန္ဒာ မပါဘူး
အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၂၃၄)၊ ထေရဂါထာအဋ္ဌကထာ (ထေရဂါထာ၊ဋ္ဌ၂၊၁၆၅)၊ အပဒါနအဋ္ဌကထာ (အပဒါန၊ဋ္ဌ၂၊၂၅၇)၊ သာရတ္ထဒီပနီဋီကာ (သာရတ္ထ၊၃၊၂၄၄) ကျမ်းတွေမှာတော့ ဖွားဖက်တော် ၇ မျိုးထဲမှာ အရှင်အာနန္ဒာ မပါဘူး။ အရှင်အာနန္ဒာအစား အာရောဟနိယဟတ္ထီ (အာရောဟနိယဆင်) လို့ ဖော်ပြတယ်။
ဖွားဖက်တော် ၇ မျိုးနဲ့ ပတ်သက်လို့ အဲဒီလို ဝါဒကွဲ ရှိကြောင်းပါ။
မှတ်ချက်
ဒီဃနိကာယ်အဋ္ဌကထာ၊ ဇာတကအဋ္ဌကထာ နှင့် အင်္ဂုတ္တရအဋ္ဌကထာကို အရှင်မဟာဗုဒ္ဓဃောသ တစ်ပါးတည်းက ရေးပါတယ်။ ဗုဒ္ဓဝံသအဋ္ဌကထာကို အရှင်ဗုဒ္ဓဃောသနှင့် ခေတ်ပြိုင် အရှင်ဗုဒ္ဓဒတ္တမထေရ် ရေးပါတယ်။ ထေရဂါထာအဋ္ဌကထာကိုတော့ အရှင်ဓမ္မပါလ (အေဒီ ၆ ရာစုခန့်) ရေးပါတယ်။ အရှင်သာရိပုတ္တရာ (အေဒီ ၁၂ ရာစု) ရေးတဲ့ သာရတ္ထဋီကာကတော့ နောက်ကျပါတယ်။
ဒီဃနိကာယ်ဆောင်၊ အင်္ဂုတ္တရနိကာယ်ဆောင်စတဲ့ ထိုထိုနိကာယ်ဆောင် မထေရ်တို့ရဲ့ အာဘောအတိုင်း ရှေးဟောင်း သီဟိုဠ်ဘာသာနဲ့ ရှိနေတဲ့ အဋ္ဌကထာကျမ်းတွေမှာ မှတ်တမ်းတင်ထားတာကို ပါဠိဘာသာသို့ ပြန်ဆိုရုံသာ ဖြစ်လို့ အဋ္ဌကထာကျမ်းသစ်ကို ပြုစုကြတဲ့ ပုဂ္ဂိုလ်တွေမှာ အပြစ်မရှိဘူးလို့ မှတ်နိုင်ပါတယ်။ (ဤအကြောင်းကို အရှင်အာနန္ဒာ ဖွားဖက်တော်လား ခေါင်းစဉ်နဲ့ ဓမ္မအမေးအဖြေ အမှတ်-၄၃၂ မှာ သုသေတနပြုထားပါတယ်။)
၁၀၅။ အနာမျိုး ၉၆ ပါး၊ ကိုယ်ထဲက ပိုးကို သတ်ရင်
အောက်တိုဘာ ၁၃၊ ၂၀၀၉။
---
အရှင်ဘုရား၊ သိချင်တာလေးကို မေးလျှောက်ခွင့်ပြုပါဘုရား၊
(၁) အခုခေတ်မှာ ပေါ်ပေါက်လာတဲ့ ရောဂါဆန်းတွေနဲ့ ပေါင်းရင် ၉၆ ပါး ကျော်တယ်လို့ သူငယ်ချင်းက ဆိုပါတယ်။ အနာမျိုး ၉၆ ပါး ဆိုတာကို တစ်ပါးချင်းစီ သိချင်ပါတယ်ဘုရား။
(၂) ခရစ်ယန်သူငယ်ချင်းတစ်ယောက်က တပည့်တော် အကြပ်တွေ့တဲ့ မေးခွန်းတစ်ခု မေးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ပိုးလောက်လန်းတွေ ရှိနေရင် အသက်သေမှာစိုးလို့ ဘုရားပန်းအိုးကို ရေမလဲချင်ဘူးလို့ တပည့်တော်က ငြင်းတော့ သူက ကိုယ်ထဲက ပိုးတွေကိုလည်း နင် မသတ်နဲ့၊ ရောဂါရှိရင် ပိုးရှိမှာဖြစ်လို့ ဆေးလည်း မသောက်နဲ့ လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးစေချင်ပါတယ်ဘုရား။
တပည့်တော်စိုင်းစိုးလှိုင် (ကျိုင်းတုံမြို့)
---
အခေါ်အဝေါ် ခြားနားပေမယ့်
ခုခေတ်မှာ နည်းပညာတွေကလည်း အံ့ဘနန်း ထွန်းကားတဲ့အတွက် ရောဂါအမျိုးအစား တစ်ခုကိုပင် အဆင့်အမျိုးမျိုး သတ်မှတ်ချက်တွေနဲ့ အသေးစိတ်ပြီး ပိုမိုများပြားစုံလင်မှာ သေချာပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာ ဖော်ပြချက်တွေကိုကြည့်ပြီး ရောဂါအချို့ကတော့ ၉၆ ပါးထဲမှာပဲ အကျုံးဝင်နိုင်ပါတယ်။ မြန်မာဗိန္ဓောဆေးကျမ်း အများစုက မူရင်း ရှေးဟောင်း သက္ကတဆေးကျမ်းတွေကို ဘာသာပြန်ထားတာ ဖြစ်လို့ ခေတ်သုံး ဝေါဟာရ အင်္ဂလိပ်ဝေါဟာရတွေနဲ့ ထပ်တူပြုဖို့တော့ ခက်ခဲနိုင်ပါတယ်။ အနာမျိုး ၉၆ ပါး သရုပ်ကို ဘုန်းကြီးရေးမှတ်ထားတဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ဦးကဲ ရေးသားတဲ့ ဇီဝိတဝဍ္ဎနဆေးကျမ်းသို့မဟုတ် ဆရာမြစ်ရေးတဲ့ လောကဟိတရာသီဆေးကျမ်း တစ်ခုခုထဲက ကိုရင်ဝတ်နဲ့ကတည်းက ဝါသနာပါလို့ ကူးယူထားခဲ့တာပါ။
အနာမျိုး ၉၆ ပါး (၁-၃၀)
- စက္ခုရောဂါ = မျက်စိရောဂါ
- သောတရောဂါ = နားရောဂါ
- ဃာနရောဂါ = နှာခေါင်းရောဂါ
- ဇိဝှါရောဂါ = လျှာရောဂါ
- ကာယရောဂါ = ကိုယ်၌ဖြစ်သောအနာ
- သီသရောဂါ = ဦးခေါင်း၌ဖြစ်သောအနာ
- ကဏ္ဏရောဂါ = နားရွက်နာ
- မုခရောဂါ = ခံတွင်းနာ
- ဒန္တရောဂါ = သွားရောဂါ
- ဩဋ္ဌရောဂါ = နှုတ်ခမ်းရောဂါ
- ကာသော = ချောင်းဆိုးနာ
- သာသော = ပန်းနာ၊ ရှူနာ
- ပိလာသော = ဖွတ်သိုနာ ထိပ်ကပ်နာ (ဖွတ်စအိုနာ)
- ဍာဟော = ကိုယ်ပူနာ
- ဇရော = ဖျားနာ
- ကုစိရောဂါ = ဝမ်း၌ဖြစ်သောရောဂါ
- မုစာ = မူးဝေမိန်းမောသောအနာ
- ပက္ခန္ဒိကာ = သွေးအန်နာ (မြင်းသရိုက်နာ)
- သူလာ = ဘေးထိုးရင်ကျပ်နာ (လေထိုးနာ)
- ဝိသူစိကာ = ဝမ်းလျှောနာ
- ကုဋ္ဌံ = နူနာ
- ဂဏ္ဍော = ထွတ်မြင်အနာ၊ အိုင်းနာ
- ကိလာသော = ခရုသင်း သမင်ကွက် ကွက်သောအနာ (ညှင်းနာ)
- သောသော = အသွေးအသား ခမ်းခြောက်သော ခယရုဂ်အနာ
- အပမာရော = ဝက်ရူးနာ
- ဒဒ္ဒူ = ပွေးနာ (ဝဲစိုဝဲကြီး)
- ကဏ္ဍု = ဝဲခြောက်နာ
- ကစု = ယားယံနာ
- နခသာ = လက်သည်းခြေသည်း ခြစ်မိရာ၌ဖြစ်သောအနာ
- ဝိတစိကာ = လက်ဖဝါးခြေဖဝါးကွဲသောအနာ
အနာမျိုး ၉၆ ပါး (၃၁-၆၀)
- လောဟိတပိတ္တံ = ရတ္တပိတ်နာ
- မဓုမေဟော = ဆီးချိုနာ
- အံသာ = ဒူလာလိပ်ခေါင်းနာ
- ပိဠိကာ = ထွတ်မြင်နာ
- ဘဂန္ဒလာ = အရည်တစိုစိုယိုသော ဘဂန္ဒိုလ်နာ
- ပိတ္တသမုဋ္ဌနာ အာဗာဓာ = သည်းခြေကြောင့်ဖြစ်သောအနာ
- သေမှသမုဋ္ဌနာ အာဗာဓာ = သလိပ်ကြောင့်ဖြစ်သောအနာ
- ဝါတသမုဋ္ဌာနာ အာဗာဓာ = လေကြောင့်ဖြစ်သောအနာ
- သန္နိပါတိကာ အာဗာဓာ = သည်းခြေ သလိပ် လေပေါင်းစု၍ ဖြစ်သောအနာ
- ဥတုပရိဏာမဇာ အာဗာဓာ = ဥတုဖောက်ပြန်ခြင်းကြောင့် အနာ
- ဝိသမပရိဟာရဇာ အာဗာဓာ = ဣရိယာပုထ် မညီညွတ်မှုကြောင့် ဖြစ်သောအနာ
- ဩပက္ကမိကာ အာဗာဓာ = သူတစ်ပါးလုံ့လကြောင့်ဖြစ်သောအနာ
- ကမ္မဝိပါကဇာ အာဗာဓာ = ကံအကျိုးကြောင့်ဖြစ်သောအနာ
- ဂဟဏီ = ဝမ်းမီးပျက် ဝမ်းကိုက်နာ
- ပဏ္ဍုရောဂါ = အဆင်းဖျော့တော့သော ဝါသင့်နာ
- ရာဇယက္ခမာ = သုက်ပျက်၍ ချည့်နဲ့သော အနာ
- ဟိက္ကာရောဂါ = ကြို့ထိုးနာ
- အရောစကရောဂါ = နှုတ်မမြိန်နာ (အစားအသောက်ပျက်သောအနာ)
- ဆဒ္ဒိရောဂါ = ပျို့အန်တတ်သောအနာ
- ဥမ္မာဒရောဂါ = ရူးသွတ်သောအနာ
- ဦရုထမ္ဘရောဂါ = ပေါင်တောင့်တင်းသောရောဂါ
- အာမာဝါတရောဂါ = တစ်ကိုယ်လုံး တောင့်တင်းသောအနာ
- ဥပဒါဝတ္တရောဂါ = ဝမ်းဖောဝမ်းရောင်နာ
- ဂူလမရောဂါ = ဝမ်း၌အလုံးအခဲစွဲသောအနာ
- ဟဒယရောဂါ = နှလုံးသည်းပွတ်နာ
- ဥရောဂဟရောဂါ = ရင်အောင့်သောအနာ
- မုတ္တကိစရောဂါ = ဆီးအောင့် ကျင်အောင့်သောအနာ
- မုတ္တယာတရောဂါ = ဆီးဝမ်းချုပ်သောအနာ
- အသ္မရီရောဂါ = ကျောက်တည်သောအနာ
- ပိဟလရောဂါ = အဖျင်းအဆုတ်နာ
အနာမျိုး ၉၆ ပါး (၆၁-၉၆)
- သောတရောဂါ = ကိုယ်ရောင်သော သာနာရုပ်အနာ
- ဂလပဏ္ဍိရောဂါ = လည်ပင်းကြီးသောအနာ
- ပဏ္ဍမာလာရောဂါ = ဆီးသီးခန့် အလုံးပေါက်တတ်သော မြင်းစဉ်နာ
- ဂန္တိရောဂါ = ကြွက်နို့နာ
- သီပဒရောဂါ = ခြေထုံနာ (ခြေသလုံးရောင်နာ)
- ဝိဒြဓိရောဂါ = အနာပဆုပ် (သွေးစုနာ၊ သက်တန့်နာ)
- ဘန္ဓရောဂါ = အရိုးကျိုးသောအနာ၊ ဆတ်သောအနာ
- ဥပဒံသရောဂါ = ဂုရင်ဂျီနာ
- သုကရောဂါ = အင်္ဂါဇာတ်၌ အဖုပေါက်သောရောဂါ
- ဝိသပ္ပရောဂါ = ဝက်သက်ရောဂါ
- မသုရိကရောဂါ = ကျောက်နာ
- နှာရုရောဂါ = ချည်မျှင်ကဲ့သို့ အကြောထသောရောဂါ
- ဝိပ္ဖေါဋရောဂါ = မီးလောင်မာနာ
- အဇိဏ္ဏရော = အစာမကြေရောဂါ
- အာဋာယရောဂါ = ဝမ်းကြောတက်သောရောဂါ
- ဂန္ထာပစီရောဂါ = ကြပ်နာ
- ဂလဂဟရောဂါ = လည်ချောင်းနာ
- အာနာယရောဂါ = ဝမ်းချုပ်နာ
- ဝိဋကရောဂါ = အနာစိမ်းရောဂါ
- ဝါတဏ္ဍရောဂါ = လိင်ဥရောင်သော မုဿနာ
- ဝိပါဒိကာရောဂါ = ခြေဖောသောအနာ
- ကီဋပရောဂါ = ဆင်ခူလည်ပြတ်နာ
- အဇဂန္ဓိကော = နို့သတ်နာ
- ပါသာဏဂဒ္ဒကံ = မေးနှင့်လည်ချောင်းအစပ်၌ ပေါက်သောအနာ
- ကစရောဂါ = လက်ရုံးနံဘေးခုံး၍ ပေါက်သောအနာ
- စိပ္ပရောဂါ = လက်သည်းခြေသည်းပုပ်သောအနာ
- ကဒရန္ဒုရောဂါ = တံသင်းနာ၊ အနာသစ်ငုတ်
- ဣန္ဒြေလုတ္တရောဂါ = မိတ်နာ၊ ကြာဆူးနာ
- ဟသရုရောဂါ = သင်းလိပ်နာ
- တိလကာလကရောဂါ = မှဲ့နာ
- မုခဗျင်္ဂရောဂါ = ပါးသက်နာ
- ပရိဝတ္တိကရောဂါ = မုဿကုတ်နာ
- အာပေါဋိကရောဂါ = လိင်ရေလျော့သောအနာ
- မဏိဓမ္မရောဂါ = ကျင်သွားလိင်သေနာ
- နိရုဒ္ဓပကဿရောဂါ = ကျင်ချုပ်လိင်သေနာ
- ဂူဒတြံသရောဂါ = ဘင်ထွက်သောအနာ
- ဝိသရောဂါ = အဆိပ်သင့်သောအနာ
မှတ်ချက်
ဖော်ပြပါ ၉၇ ပါးထဲမှ အမှတ် ၁ မှ ၄၃ အထိကို ဂိရိမာနန္ဒသုတ် (အံ၊၃၊၃၄၃)၊ မဟာနိဒ္ဒေသ (မဟာနိ၊၁၀) နှင့် စူဠနိဒ္ဒေသ (စူဠနိ၊၂၈) ပါဠိတော်များမှာလည်း တွေ့ရပါတယ်။ အမှတ် ၉၄ ကျင်သွားလိင်သေနာ နှင့် အမှတ် ၉၅ ကျင်ချုပ်လိင်သေနာကို အဓိပ္ပာယ်တူ ယူနိုင်အံ့ထင်ပါတယ်။ အဲဒီလို တူရာနှစ်ခုကို ပေါင်းလိုက်ရင် အနာမျိုး ၉၆ ပါးလို့ ရေတွက်လို့ ရနိုင်ကြောင်းပါ။
ကိုယ်ထဲက ပိုးကို သတ်ရင်
ရဟန်းတွေဟာ ရေထဲမှာ လောက်လန်းတွေ ရှိမှန်းကို သိလျက်နဲ့ အဲဒီရေကို သောက်ရင် အပြစ်သင့်တယ်။ ဒါကြောင့် ရေထဲမှာ လောက်လန်းတွေကို မြင်နေရရင် အဲဒီရေကို သန့်စင်အောင် လုပ်တဲ့အခါ သတိနဲ့ လုပ်သင့်တယ်။ ဘုရားပန်းအိုးထဲက ရေကိုလဲတဲ့အခါမျိုးပေါ့။ ပန်းအိုးထဲမှာ လောက်လန်းတွေ မဖြစ်လာခင် ရေကိုလဲထားရင် အကောင်းဆုံးပါပဲ။ ဝမ္မိကသုတ္တန်အရ အရှင်အနုရုဒ္ဓါ မထေရ်ကြီးဟာ အချိန်ရတိုင်း အဘိညာဉ်တန်ခိုးနဲ့ ခန္ဓာကိုယ်ထဲက ပိုးတွေကို ကြည့်ရှုတော်မူရာမှာ 'အသီတိ ကိမိကုလ သဟဿာနိ' = ပိုးမျိုးပေါင်း ရှစ်သောင်း'ကို မြင်တော်မူတယ်။ Reader's Digest မှာပါတဲ့ What is on your eyelash? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ အားကောင်းတဲ့ မိုက်ခရိုစကုပ်နဲ့ ကြည့်ရင် မျက်တောင်မွှေးလေးပေါ်မှာ ပိုးတွေ သန်ချီပြီး ရှိတာ၊ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ် ကိုက်ဖြတ်နေကြတာကို တွေ့ရတယ်လို့ ဆိုတယ်။
ဒါပေမယ့် ပကတိမျက်စိနဲ့ မမြင်နိုင်တဲ့ အဲဒီ ပိုးဆိုတာတွေကို အသားဆိုင်ရဲ့ ဆဲလ်အပွားလေးတွေမျှသာ ဖြစ်လို့ ဗုဒ္ဓဝါဒက သက်ရှိလို့ မယူဆပါဘူး။ ဒါကြောင့် ဆေးသောက်လို့ ဗိုင်းရပ်စ်ပိုးတွေ သေတာကို သူ့အသက်သတ်တယ်လို့ မဆိုပါဘူး။
မာသော အတ္တာန မုက္ကံသေ ..
သော၊ ထိုပညာရှိသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ မာဥက္ကံသေ၊ မမြှောက်ပင့်ရာ။
၁၀၆။ ခွေးကလေးကို ရည်စူး၍
အောက်တိုဘာ ၂၆၊၂၀၀၉။
---
မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သားကလေးလို ချစ်ရတဲ့ တပည့်တော်၏ ခွေးကလေးဗော်ဘီ အသက် ၁၂ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ တပည့်တော်အနေနဲ့ သားကလေး ကောင်းရာသုဂတိ ရောက်ဖို့ ရည်ရွယ်လျက် နီးရာ ဘုန်းကြီးကျောင်းကို သွားပြီး ဆွမ်းကပ်ပါသည်။ ကျောင်းထိုင် ဆရာတော်၏ ဆန္ဒအရ စေတီမှာလည်း ဆွမ်းကိုးပွဲ သစ်သီးကိုးပွဲ တင်ပါသည်။ ဆရာတော်က ‘ခွေးသေလို့ ဘုန်းကြီးဆွမ်းကပ်တာခုမှပဲ ကြားဖူးတယ်’ဟုဆိုသဖြင့် ‘ခွေးကလေးကို အမျှဝေလို့ ကုသိုလ်အမျှ ရပါမည်လား’လို့ တပည့် တော်က မေးတဲ့ အခါ ဆရာတော်က ‘ခွေးသေရင် ခွေးပဲဖြစ်မှာပေါ့၊ ခွေးက လူစကားကိုမှ နားမလည်ဘဲ’ဟု ဆိုပါသည်။ အမှန်က ဗော်ဘီဟာ လူရိပ်လူကဲကို လူလောက်နီးပါး နားလည်ပါသည်ဘုရား။
ခွေးလေးအတွက် တပည့်တော် ကုသိုလ် လုပ်သင့်ပါသလား။ ဗုဒ္ဓ ဘာသာတစ်ယောက်အနေနဲ့ ခွေးတိရစ္ဆာန်ကို ရည်မှန်းပြီးကုသိုလ်လုပ် တာဟာ အကဲပိုရာကျမည်ကိုလည်း စိုးရိမ်ပါသည် အရှင်ဘုရား။
လေးစားလျက်
မြတ်ကို
---
ခွေးပဲ ဖြစ်မလား
ခွေးသေရင် ခွေးပြန်ဖြစ်နိုင်သလို လူလည်း ဖြစ်နိုင်တယ်၊ နတ်လည်း ဖြစ် နိုင်တာပဲ။ ဗုဒ္ဓဟောကြားတဲ့ တရားသံကိုကြားနာရတဲ့ ဖားတိရစ္ဆာန် လေးဟာ တရားရဲ့အဓိပ္ပာယ်ကို နားမလည်နိုင်ပေမယ့် အသံကိုကြည် နူးမိရုံနဲ့ နတ်သား ဖြစ်သွားတယ်။ သုဘလုလင်ရဲ့ ဖခင် ပုဏ္ဏားက တော့ ဥစ္စာကို စွဲလန်းပြီးသေလို့ သုဘရဲ့ အိမ်မှာပဲ ခွေးဖြစ်ရတယ်။ ဒါ ကြောင့် ‘ခွေးသေရင် ခွေးပဲဖြစ်မှာပေါ့’လို့ ဆိုရင် ‘လူသေသော် လူ မဖြစ်လျှင် လ၊ ဘာဖြစ်မှာတုန်း’ ဆိုတဲ့ လူသေလူဖြစ်ဝါဒမျိုး ဖြစ်နေမှာပေါ့။
ကွယ်လွန်သူ နားလည်းတာ မလည်တာကို မစဉ်းစားပါနဲ့။ အမျှဝေရ မှာက ကျန်ရစ်သူရဲ့ တာဝန်ပါ။ ဗုဒ္ဓဘာသာကို မသိတဲ့ ဘာသာစကား ကိုလည်း နားမလည်တဲ့ ခင်ပွန်းသည် ကွယ်လွန်တဲ့ အခါ ဗုဒ္ဓဝါဒီ ဇနီး ဖြစ်သူက ဘုန်းကြီးကို အိမ်ပင့်ပြီး ဆွမ်းသွတ်အမျှဝေ ကောင်းပါတယ်။ မသေချာပေမယ့်
မည်သူမဆို သေပြီးနောက် သွားရမယ့် ဂတိ ၅ မျိုး ရှိပါတယ်။ အဲဒီ အထဲက လူဖြစ်စေ ခွေးဖြစ်စေ ပေတဂတိသို့ ရောက်မှ ကုသိုလ် အမျှ ကိုရနိုင်တယ်။ အတိအကျဆိုရင် ပေတလို့ ခေါ်တဲ့ ပြိတ္တာအမျိုးမျိုးရှိရာ မှာတောင် ပရဒတ္တူပဇီဝိတလို့ ခေါ်တဲ့ သူတစ်ပါးတို့ ပေးကမ်း စွန့်ပစ် တာကို မှီခိုစားသောက်ရတဲ့ ပြိတ္တာဘဝသို့ ရောက်မှသာ ကျန်ရစ်သူတို့ အမျှဝေတာကို သာဓုခေါ်နိုင်စရာရှိပါတယ်။ ဒါကြောင့် ကွယ်လွန်သူကို ရည်မှန်းပြီး ကုသိုလ်ပြုရာမှာ ရေထဲမှာရှိနေတဲ့ ငါးကို ခဲနဲ့ ပစ်တဲ့ အခါ ရေထဲကို ခဲကျဖို့ သေချာသလို မိမိကုသိုလ်ရဖို့ သေချာပေမယ့် ပစ် လိုက်တဲ့ ခဲ ငါးကို မှန်မမှန် မသေချာသလို ကွယ်လွန်သူ ကုသိုလ် အဖို့ကို ရဖို့ကတော့ မသေချာဘူး။ ဒါပေမယ့် ကွယ်လွန်သူကို ရည်မှန်းပြီး ကုသိုလ်ပြုတာဟာ ဗုဒ္ဓဝါဒထုံးစံပါ။
အကဲ မပိုပါဘူး
မြတ်ဗုဒ္ဓ လက်ထက်က အနာထပိဏ်သူဌေးကြီးရဲ့ မြေးမကလေးမှာ ကစားစရာ ရွှံ့ရုပ်ကလေးတစ်ခု ရှိသတဲ့။ ဒီရွှံ့ရုပ် ကလေးကို သမီး လေးအမှတ်နဲ့ ပွေ့ပိုက် ကစားနေရင်း လက်က လွတ်ကျပြီး ရွှံ့ရုပ် ကလေး ကွဲပါလေရော။ ဒါနဲ့ သမီးကလေး သေပါပြီ ဆိုပြီး ချော့မရ အောင် ငိုနေခိုက် ဗုဒ္ဓမြတ်စွာ ကြွလာတော်မူတာနဲ့ ဆုံတယ်။ ကျောင်း ဒကာ သူဌေးကြီးက ဒီအကြောင်းကို မြတ်ဗုဒ္ဓကို လျှောက်ထားတယ်။ အဲဒီနောက် မြေးမကလေးရဲ့ ရွှံ့ရုပ်မယ်ကို ရည်စူးပြီး သံဃာတော် ငါးရာနဲ့ မြတ်ဗုဒ္ဓကို အိမ်ကိုပင့်ပြီး ဆွမ်း လှူဒါန်းတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် ကြွ ရောက်ပြီး ဆွမ်းအနုမောဒနာတရား ဟောကြားပါသတဲ့။ (ပေတ၊ဋ္ဌ၊၁၅။ ဓာရုဓီတလိကာဝတ္ထု)။
ရွှံ့ရုပ်ကလေးကိုရည်မှန်း၍ပင်ဆွမ်းလှူဒါန်းဖို့စဉ်းစားမိတဲ့ သောတာပန်အရိယာ ကျောင်းအမကြီးနဲ့ အနုမောဒနာတရား ဟောကြား တော်မူတဲ့ မြတ်ဗုဒ္ဓတို့ရဲ့ လုပ်ရပ်ကို အကဲ ပိုတယ်လို့ ဘုန်းကြီးတော့ မဝေဖန်ရဲပါဘူး။
၁၀၇။ သက်သတ်လွတ်
အောက်တိုဘာ ၂၈၊၂၀၀၉။
---
ဆရာတော်အရှင်သူမြတ်တို့ဘုရား၊
ဘုရားတပည့်တော်သည်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်ပါသည်။ ငယ်စဉ်ကလေးဘဝမှ ယခုအထိတိုင်အောင် စိတ်ထည်းတွင် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် မရှင်းလင်းသည့် အရာတစ်ခု ရှိပါသည် ဘုရား။ ဗုဒ္ဓဘာသာတွင် သက်သတ်လွတ် စားသည့်ပုဂ္ဂိုလ် (ရဟန်း) များသည် အထူးကျင့်စဉ်ကို ကျင့်နေသူများ ဖြစ်ကြပါသလား ဘုရား။ မြတ်စွာဘုရားရှင် ကိုယ်တိုင်က သက်သတ်လွတ် စားရန်ကို မဟော ကြားခဲ့ပါ။ သတ္တဝါများကို သနားကရုဏာထားရန်ဟု ကျမ်းဂန်များတွင် ဖတ်မှတ်ခဲ့ရပါသည်။ မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်)ဖြင့် တရား အားထုတ်ရန်သာ ဆရာတော်များ ဟောကြားသည်များကို ကြားဖူးပါ သည်။ တပည့်တော်သိလိုသည်မှာ...
၁။ သက်သတ်လွတ်စားသော ရဟန်းသံဃာများသည် သက်သတ်လွတ်မစားသော ရဟန်းများထက်ပိုမိုမွန်မြတ်ပါသလား။
၂။ သက်သတ်လွတ်စားခြင်းဖြင့် မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်)မှ လွဲချော်နေပါသလား။
၃။ သက်သတ်လွတ်စားခြင်း၊ မစားခြင်း၏ အကျိုးအပြစ်များကို ဗုဒ္ဓဘာ သာဝင်တိုင်း သိရှိနားလည်ရန်ရှင်းပြပေးတော်မူပါဘုရား။
ဘုရားတရား သံဃာတော်များကို အစဉ်ဦးတင်လျက်...
ကိုမျိုးအောင်၊ အော်စတင်မြို့
တက္ကဆပ်စ်ပြည်နယ်
အမေရိကန်ပြည်ထောင်စု
---
စုရိုက်ထားတဲ့ အုပ်စုဓာတ်ပုံထဲမှာ ကိုယ့်ရုပ်ပုံကိုယ်နဲ့ ပတ်သက် သူရဲ့ ရုပ်ပုံကို အရင် ဆုံး ရှာဖွေ ကြည့်ရှုတတ်တာဟာ လူ့သဘာဝပါပဲ။ ဒါ ကြောင့် သက်သတ်လွတ်နဲ့ ပတ်သက်လို့ အစွန်းမရောက်ဘဲ တွေးမြင် နားလည်နိုင်ဖို့ဆိုရင် ထေရဝါဒဗုဒ္ဓဝါဒီတို့ရဲ့ယူဆပုံကိုသာမကဘဲ မဟာယာန ဗုဒ္ဓဝါဒီတို့ရဲ့ သုံးသပ်ပုံကိုပါ အကြမ်းဖြင်း သိထားသင့်တယ်။ သူ့ဝါဒကို နားလည်မှ ကိုယ့်ဝါဒရဲ့ အခြေအနေမှန်နှင့် အတိမ်အနက်ကို ပြန်ပြီး စဉ်းစားကြည့်နိုင်မှာ ဖြစ်လို့ ပါပဲ။ အဲဒီနောက်တော့ မေးခွန်းရှင် မေးတဲ့ အမှတ်၁၊၂၊၃မေးခွန်းတွေကိုဖြေမှာပေါ့။
မဟာယာနအမြင်
မဟာယာနဆိုတာ အေဒီ ၁ ရာစုလောက်မှာ ထင်ရှားလာတဲ့ ဗုဒ္ဓဝါဒ ဂိုဏ်းကွဲရဲ့အမည်ပါ။ ဂိုဏ်းကွဲဆိုတဲ့ အတိုင်း သဘောထားမတိုက်ဆိုင် လို့ မူရင်းဗုဒ္ဓဝါဒက ခွဲထွက်ပြီး တစ်စင်ထောင်တဲ့ ဗုဒ္ဓဝါဒသစ်လို့ ဆိုနိုင် စရာပေါ့။ ယနေ့ခေတ်မှာမဟာယာနခေါင်းစဉ် အောက်မှာ ယောဂါစာရ၊ ဝဇိရယာန၊ ဂေလုပ၊ သုခဝတီ၊ စျင်၊ ဂျိုဒိုရှင် စတဲ့ နာမည်တွေနဲ့ ဂိုဏ်းကွဲတွေ စုံလို့ ပါပဲ။ အဲဒီခေါင်းစဉ်ငယ် အောက်မှာပဲ အဓိပ္ပာယ်ကောက် ယူပုံ တစ်မျိုးစီနဲ့ ခေါင်းစဉ်ကွဲလေးတွေ ရှိသေးတယ်။ အဲဒီလို စုံလင် များပြားလှတဲ့ မဟာယာနဗုဒ္ဓဝါဒီတို့ လက်ကိုင်ပြုတဲ့ ရှေးဦး ကျမ်းဂန် နှစ်ခုရှိတယ်။ အဲဒါတွေက...
၁)လင်္ကာဝတာရသုတ်။ အေဒီ ၃၅၀မှာ သက္ကတ ဘာသာနဲ့ အိန္ဒိယမှာ ရေးတယ်။ ရေးသူ မသိ။ ယောဂါစာရနဲ့ စျင်ဂိုဏ်းတို့ရဲ့ အယူအဆတွေ အခြေပြုတဲ့ ကျမ်း။
၂) သူရင်္ဂမသုတ်။ ရေးသူမသိ၊ အေဒီ ၇၁၇ မှာ ပရမတ္ထလို့ ခေါ်တဲ့ အိန္ဒိယ ရဟန်းတော်က တရုတ်ပြည်ကို ယူခဲ့တယ်။ တရုတ် ဗုဒ္ဓဝါဒီတို့ အထူးလေးစားပြီး စျင်ဂိုဏ်းနဲ့ သုခဝတီဂိုဏ်းတို့ရဲ့မူရင်းကျမ်းပါပဲ။
ဒီမဟာယာနကျမ်းနှစ်စောင်မှာ အသားစားခြင်းကို အထူးအပြစ်ဆိုပြီး တားမြစ်ထားတယ်။ Daise Teita Suzuki,Studies in the Lanka vatara Sutra ကျမ်း (စာ-၃၆၉) အရ သူတို့ အကြောင်းပြပုံကို ဘုန်း ကြီးနားလည်သလောက်ပြောပြရရင် ...
... အကြောင်းပြချက် ၁
သတ္တဝါတွေဟာ ကိုယ်လုပ်တဲ့ ကံကြောင့် ဘဝသံသရာမှာ မြုပ်ချည် ပေါ်ချည် ဖြစ်နေကြရတယ်။ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ် လိုက်ပေါ့။ ဒါကြောင့် ဘဝသံသရာမှာ အမေ၊ အဖေ၊ ဇနီး ခင်ပွန်း၊ အစ်ကို မောင်၊ ညီမ အစ်မ၊ ဘကြီး ဘထွေး မတော်စပ်ခဲ့ဖူးသူရယ်လို့ မရှိဘူး။ တော်စပ်နေကြရအုံးမှာပဲ။ စာရေးသူဟာ စာဖတ်သူရဲ့ နေ့ လယ်စာ ဖြစ်ဖူးသလို စာဖတ်သူလည်း စာရေးသူရဲ့ ညစာ ဖြစ်ဖူး တာပဲ။ ဖြစ်နေအုံးမှာပဲ။
ဒါဆိုရင် သက်ရှိအားလုံးအပေါ် မိမိနှင့် ထပ်တူပြုပြီး စိတ်ပိုင်းဘဝ ဖြူစင်အောင် လေ့ကျင့် အားထုတ်နေသူ တစ်ယောက်အဖို့ အဲဒီလို မိမိနှင့် သဘာဝတူ အခြားသက်ရှိတစ်ဦးရဲ့အသားကိုစားသင့်ပါ့မလား။ ဒီလိုနည်းနဲ့ နက်နက်နဲနဲ တွေးကြည့်လိုက်ရင် အသားစားမှု အားလုံးဟာလူက အခြား လူတစ်ယောက်ရဲ့အသားကို စားခြင်းမျိုးဖြစ်တယ် လို့ ကောမဆိုနိုင်ပေဘူးလား။
... အကြောင်းပြချက် ၂
တိရစ္ဆာန်တို့ရဲ့အသားကိုစားရလို့ ပျော်တယ်ဆိုရင် အဲဒီပျော်ရွှင်မှုဟာ အခြားဘဝတူ သက်ရှိတစ်ယောက် သေခြင်းကြောင့်ရရှိတဲ့ ပျော်ရွှင် မှုပါပဲ။ ဒုက္ခမှ လွတ်မြောက်မှုကို ရှာဖွေသူ တစ်ယောက်အဖို့ အခြား သတ္တဝါ တစ်ယောက်အပေါ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ နာ ကျင်အောင်ဒုက္ခရောက်အောင်လုပ်သင့်ပါသလား။
သက်ရှိတိုင်းမှာ ဗုဒ္ဓဖြစ်လာနိုင်တဲ့ သဘာဝ (Buddha-nature)ရှိလို့ တိရစ္ဆာန်ရဲ့အသက်ကိုစားခြင်းဟာ ဗောဓိသတ္တ (ဗုဒ္ဓလောင်းလျာ)တစ် ယောက်ရဲ့ အသက်ကို စားခြင်းလို့လည်း အဓိပ္ပာယ်ရှိတယ်။ ဒီကမ္ဘာ မြေပေါ်မှာ လူသားတွေ အသက်ရှင် နေထိုင်ခွင့်ရှိသလို ကိုယ့်ဘဝကို ကိုယ် ချစ်တတ်တဲ့ တိရစ္ဆာန်တွေမှာလည်း ဒီအခွင့်အရေး တန်းတူရှိရ မှာဖြစ်လို့ ကျွန်ုပ်တို့ဘဝရှင်သန်ဖို့နဲ့ ပျော်ရွှင်ဖို့ဆန္ဒသက်သက်နဲ့ ကျွန်ုပ် တို့မှာအခြားသတ္တဝါတွေကိုသတ်ဖြတ်ဖို့ အထူးအခွင့်အရေးမရှိဘူး။
ဝါဒ ခိုင်မာသွားခြင်း
အေဒီ ၄ ရာစု ဂရိတွေးခေါ်ရှင် ပေါဖရီ (Porphyry)က သတ်ဖြတ် ခံနေ ရတဲ့ တိရစ္ဆာန် တစ်ကောင်ရဲ့ အော်ညည်းသံကို ကြားဖူးသူ တစ်ယောက်အနေနဲ့ တိရစ္ဆာန်ရဲ့ အသားကို ဘယ်တော့မှ မစားသင့်တော့ဘူးလို့ ရေးဖူးပါတယ်။ မဟာယာန ဗုဒ္ဓဝါဒီတွေရဲ့ အကြောင်းပြပုံနဲ့ ယူဆပုံတွေဟာ ပေါဖရီ ရေးသလိုပဲ ချောမွတ် ပြေပြစ်လှပါတယ်။ အများ လက်ခံနိုင်တဲ့ စွဲလောက်တဲ့ ဖော်ပြချက်တွေပါပဲ။
သက်သတ်လွတ်ဝါဒဟာ အဲဒီလို လှပတဲ့ တွေးမြင်မှုတွေနဲ့ စတင် ခဲ့ပြီး ဒီဝါဒကို နှစ်သက်စွဲလမ်းစွာ ဟောပြော ရေးသားရင်းက ရာစုနှစ် တွေ ကြာလာတဲ့ အခါ သက်သတ်လွတ် စားတာဟာ မဟာယာနတွေရဲ့ အခြေခံ ကိုယ်ကျင့် တရားရေးရာ ကျင့်စဉ် သို့မဟုတ် စဉ်းမျဉ်းတစ်ခု ဖြစ်သွားပုံရတယ်။ နောက်ဆုံး တိရစ္ဆာန်အသားကို စားတာဟာ လူ့ အသားကို စားတာ၊ ဘုရားလောင်းရဲ့ အသားကို စားတာတွေနဲ့ အတူတူပဲလို့ တိုးတက်ယုံကြည်သွားတဲ့ အထိပါပဲ။
ထေရဝါဒအမြင်
လက်ရှိပညာရှင်အများစု လက်ခံထားပုံအရ ထေရဝါဒဆိုတာမဟာ ယာနတို့ရဲ့ခွဲထွက်ခံဖြစ်တဲ့ မူရင်းဗုဒ္ဓဝါဒပါပဲ။ ထေရဝါဒီ အချင်းချင်းပိဋကတ်သုံးပုံ မူကွဲမရှိဘူး။ ထေရဝါဒီတွေဟာ မိမိတို့အနေနဲ့ ဗုဒ္ဓရဲ့ စစ် မှန်တဲ့ ဓမ္မကို မူရင်းအတိုင်း အက္ခရာ၊ ပုဒ်ပါဌ်၊ အနက် အဓိပ္ပာယ်တွေ မပျက်ယွင်းအောင် ကောင်းကောင်း ထိန်းသိမ်းထားတယ်လို့ ယုံကြည် ကြတဲ့ အတိုင်း မည်သည့် နောက်တိုးကျမ်းစာ၊ နောက်တိုးဝါဒကိုမျှ ဗုဒ္ဓ ဝါဒအနေနဲ့ လက်မခံပါဘူး။ မိမိတို့ရဲ့ ပိဋကတ်သုံးပုံဟာ မူရင်းကျတဲ့ အပြင်ဗုဒ္ဓနှုတ်ထွက် အစစ်အမှန်တွေဖြစ်တယ်လို့ ယုံကြည်ကြတယ်။
ထေရဝါဒက ဗုဒ္ဓဟောအနေနဲ့ လက်ခံထားတဲ့ အာမဂန္ဓသုတ် (သုတ္တနိ၊၃၁၅)မှာ အသားငါးမစားတာကို သူတော်ကောင်းအကျင့်လို့ ယူဆနေရင် အဲဒီယူဆချက်ဟာ မိစ္ဆာဒိဋ္ဌိ (အယူမှား)ဖြစ်တယ်လို့ မြတ် ဗုဒ္ဓ ဟောပါတယ်။ အသားစားတာနဲ့ ပတ်သက်လို့ ထေရဝါဒတို့ ရှင်းပြ ပုံကို
၁)ဇီဝကသုတ် (မ၊၂၊၃၂)နဲ့
၂)ပဉ္စဝတ္ထုယာစနကထာ (ဝိ၊၄၊၃၅၈) တွေမှာ အရှင်းလင်းဆုံး လေ့လာနိုင်တယ်။ ဒီပါဠိတော်တွေမှာ ပါတာကိုအနှစ်ချုပ်ပြီးပြောပြရရင် ...
... ရှင်းလင်းချက် ၁
မိမိကို ရည်ညွှန်းပြီး သတ်တာကို မြင်ခြင်း ကြားခြင်း သံသယဖြစ်ခြင်း မရှိတဲ့ အသားကို ရဟန်းတွေ စားကောင်းတယ်။ အရပ် လေးမျက်နှာကို မေတ္တာပို့သပြီး နေတဲ့ ရဟန်းဟာ ကြည်ညိုသူ ဥပါသကာတွေ ကပ်လှူတဲ့ မွန်မြတ်တဲ့ ဆွမ်းတွေကို မတပ်မက်ဘဲ မျှတရုံ သုံးဆောင်တယ်။ ပစ္စဝေက္ခဏာဆင်ခြင်ပြီး စားသုံးတယ်။ နောက်တစ်ကြိမ် ငါ့ကို ဒါမျိုးလှူရင် ကောင်းမှာပဲလို့လည်း မစွဲလမ်းဘူး။ အဲဒီရဟန်း အနေနဲ့ အဲဒီ ဆွမ်းကို စားလို့ မိမိသူတစ်ပါး နှစ်ဦးသားကို ဒုက္ခရောက်အောင် လုပ်ရာ မရောက်ပါဘူး။ ဒါကြောင့်အဲဒီဆွမ်းဟာ အပြစ်မရှိပါဘူး။
ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကကို ရည်ညွှန်းပြီး သတ္တဝါကို သတ်ရင် တော့ သတ်သူလည်း အကုသိုလ် အပြစ်ရှိတယ်။ ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့လည်း အဲဒီ အသားကို မစားကောင်းဘူး။ အကုသိုလ် အပြစ်ရှိတယ် ဆိုတာ ပါဏာတိပါတ (သူ့သက်သတ်တဲ့)ကံမြောက်တယ်လို့ ဆိုလိုတာပါ။
... ရှင်းလင်းချက် ၂
လူအများရဲ့ ကြည်ညိုဖွယ်ကို ဆောင်နိုင်အောင်ဆိုပြီး ဒေဝဒတ်က မြတ်ဗုဒ္ဓကို တင်ပြတဲ့ တောင်းဆိုချက် ငါးမျိုးထဲမှာ ရဟန်းတွေဟာ ရာသက်ပန် ငါးအမဲကိုမစားရလို့ ပညတ်ချက်ထုတ်ပြန်ပါဆိုတဲ့ အချက် ပါတယ်။ အဓိပ္ပာယ်က ရဟန်းတွေ ရာသက်ပန် သက်သတ်လွတ် စားရမယ်ဆိုတဲ့ သဘောပါ။ မြတ်ဗုဒ္ဓက လက်မခံပါဘူး။ ‘မမြင်အပ် မကြားအပ် မယုံမှားအပ်သော၊ (ထို) အစွန်းသုံးပါးမှ စင်ကြယ်သော ငါးအမဲကိုငါဘုရားခွင့်ပြု၏’ (ဝိ၊၄၊၂၅၉)လို့ မိန့်ပါတယ်။
အစွန်းသုံးပါးဆိုတာ ‘မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း’တို့ပါပဲ။ ဒီ အသားငါးဟာ ငါ့ကို ရည်ရွယ်ပြီး သတ်ထားတာ၊ ငါစားဖို့ သတ်ထား တာ’လို့ မြင်ရင်၊ ကြားရင်၊ စိတ်မရှင်းရင် အဲဒီအသားငါးဟာ အစွန်းသုံး ပါးမလွတ်ဘူး။ ဒါကြောင့်ရဟန်းတို့မစားကောင်းတော့ဘူး။
ဝိနည်းအရ ရဟန်းတို့ စားကောင်းတဲ့ ဘောဇဉ်ငါးမျိုးကို ခွင့်ပြု ထားပါတယ် ... ထမင်း၊ မယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲ (ဝိ၊၂၊၁၁၁)။ ရဟန်းတို့ မစားကောင်းတဲ့ အသားကြီး ဆယ်မျိုးရှိတယ်။ ‘လူ ခွေး မြင်း ဆင်၊ သစ်ကျား (လျှင်)၊ ခြင်္သေ့ဝံအောင်းမြွေ’ (ဝိ၊၃၊၃၁၀)တဲ့။ ကျန်တဲ့ အသားတွေကိုရဟန်းတို့စားကောင်းတယ်။
ဗုဒ္ဓရဲ့ နောက်ဆုံးဆွမ်း
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံး ဘုဉ်းပေးတဲ့ ဆွမ်း သူကရမဒ္ဒဝနဲ့ ပတ်သက်လို့ ယူဆကြပုံဟာလည်း သက်သတ်လွတ်နဲ့ ပတ် သက်မှုရှိတယ်။ ရှေးဦး ဗုဒ္ဓဝါဒဆိုင်ရာ သင်ကြားမှုတွေမှာသူကရမဒ္ဒဝနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ကောက်ယူမှု မသေချာခဲ့ဘူးလို့ ယူဆရတယ်။ အေဒီ ငါးရာစုမှာ ရေးတဲ့ အဋ္ဌကထာမှာ ဖြစ်နိုင်ခြေရှိတဲ့ အဓိပ္ပာယ် သုံးမျိုးကို ဖော်ပြတယ်။ သူရကမဒ္ဒဝဆိုတာ...
၁)မငယ်လွန်းမကြီးလွန်းတဲ့ ပံသကူရတဲ့ တောဝက်သား
၂)နွားထွက်ပစ္စည်းငါးမျိုးနဲ့ ရောချက်ထားတဲ့ ထမင်းပျော့
၃)ရသာယနဆေးဖြင့် စီမံထားသောအစားအစာ (ဒီ၊ဋ္ဌ၊၂၊၁၅၉)။
ဒီဖော်ပြချက်အရ သက်သတ်လွတ်အငြင်းပွားမှုဟာ ဗုဒ္ဓဝါဒသမိုင်း ဦးကပင် ရှိနေခဲ့ပုံပါပဲ။ ထေရဝါဒီတို့က ပထမအဓိပ္ပာယ် (တောဝက်ပျို သားဆွမ်း)ကို အဓိပ္ပာယ်မှန်လို့ ယူတယ်။ ဒါကို မဟာယာနဝါဒီတို့က ‘သူ (ထေရဝါဒီ)တို့ သက်သတ်မလွတ်နိုင်လို့ တမင်တကာ အရွဲ့တိုက်ပြီး အဲဒီလို အဓိပ္ပာယ်ယူကြတာ’လို့ ဝေဖန်မှုတွေရှိတယ်။
... သူ့မှတ်ချက်
အနောက်တိုင်းသား ထေရဝါဒ ကျမ်းပြုဆရာ Maurice Washe ကတော့ ဒီဃနိကာယ် အင်္ဂလိပ်ဘာသာပြန်မှာ ပထမအဓိပ္ပါယ်ကိုပဲ အတည်ယူခဲ့ ပါတယ်။ ပြီးတော့ ‘အသားစားတာနဲ့ ပတ်သက်ပြီး စာရေးဆရာအချို့ က ထေရဝါဒကို ဝေဖန် ပြစ်တင်မှုရှိတယ်။ ဘယ်လိုပဲဆိုစေ သတ္တဝါ တွေကို ကရုဏာထားတဲ့ အနေနဲ့ သက်သတ်လွတ် စားတယ်ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့ တော့မခိုင်လုံပါဘူး’လို့ မှတ်ချက်ပြုပါတယ်။
သူဆက်ပြောပုံက ‘ဂျပန်ရှိ ရှင်ဗုဒ္ဓဝါဒ (မဟာယာနဂိုဏ်းကွဲ)ကို တည်ထောင်သူ ရှင်ရန်ရွှန်အင် (Shinran Shonin)ဟာ သက်သတ်လွတ် စားတာ၊ အိမ်ထောင်မပြုဘဲ နေတာတွေဟာ ကိုယ့်ကိုယ်ကို ညှဉ်းဆဲ ခြင်း (အတ္တကိလမထ) ဖြစ်တယ်ဆိုပြီး အဲဒီစည်းကမ်းတွေကို ပယ်ဖျက်ခဲ့တယ်’တဲ့ (Maurice Washe, The Long Discourseds of the Buddha, Foot Note, p. 572)။ သိပ် အစွန်းရောက်ရင် အယူသည်းရင် မသင့်ဘူးဆိုတဲ့ သဘောနဲ့ မှတ်ချက်ပြုတာဖြစ်မယ်ထင်ပါတယ်။
ယထာဘူတအမြင်
သက်သတ်လွတ်ပြီး စားစား၊ မလွတ်ဘဲ စားစား၊ စားနေဆဲမှာ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ စတဲ့ ကိလေသာစိတ် မဖြစ်ဖို့က အရေး ကြီးပါတယ်။ ‘အသားတုဟင်းက ရှယ်ပဲ၊ ကောင်းလိုက်တာ’၊ ‘ဝက် သားတုချည်းငြီးငွေလှပြီ’၊ ‘သူတို့က ငါ့လို (ငါတို့ဘုန်းကြီးလို)သက် သတ်လွတ်စားနိုင်တာ မဟုတ်ဘူး’၊ ‘သက်သတ်လွတ်စားမှ ကုသိုလ်ရတယ်’။ စဉ်းစားကြည့်ပေါ့၊ အဲဒီစိတ်မျိုးနဲ့ သက်သတ်လွတ် စားနေလို့ ကုသိုလ် ရပါ့မလားလို့။ ကုသိုလ်ရခြင်း မရခြင်း၊ မေတ္တာစိတ်ဖြစ်ခြင်း မဖြစ်ခြင်း၊ ကရုဏာ ဘာဝနာကို ပွားခြင်း မပွားခြင်းဟာ သက်သတ် လွတ် စားတာနဲ့ မဆိုင်ဘူး။ စားသူရဲ့ စိတ်အခြေအနေနဲ့ ပဲ ဆိုင်တယ်။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်ရတယ်ဆိုရင် အရက်သမားတွေအာ လူးကြော်၊ မြေပဲလှော်တွေ ဝါးနေရင်လည်း ကုသိုလ်ရမှာပေါ့။ အစား အစာ မတူပေမယ့် စိတ်ချင်းတူရင် ကုသိုလ် အကုသိုလ် စိတ်ဖြစ်ပုံ အတူတူပါပဲ။ နည်းနည်း ဆက်ပြီး တွေးကြည့်အုံး၊ သက်သတ်လွတ် စားသူနဲ့ အသားငါးစားသူ ဘယ်သူ ကုသိုလ်ပိုရသလဲ။ သက်သတ် လွတ် စားသူလို့ ဆိုရင် ...ပန်းသီးစားသူနဲ့ လိမ္မော်သီးစားသူဘယ်သူ ကုသိုလ် ပိုရသလဲ...။ ဒါက ဇီဝကသုတ် (ဖော်ပြပြီး)ကို အခြေခံတဲ့ စဉ်းစားတွေးမြင်မှုပါ။
သက်သတ်လွတ်တွေ
ယခင်ကရော ယခုပါ ထေရဝါဒ ဗုဒ္ဓသာသနာမှာ သက်သတ်လွတ် စားတဲ့ ဆရာတော်ကြီးတွေရှိပါတယ်။ ဒါပေမယ့် ကုသိုလ်ရတယ်ဆိုတဲ့ ယုံ ကြည်ချက်နဲ့ ဘုဉ်းပေးကြတာ ဟုတ်မယ်မထင်ဘူး။ တစ်ချိန်က ရဟန္တာ လို့ လူသိများခဲ့တဲ့ ဆရာတော် ဦးသီလဟာ သားငါးမစားပါဘူး။ ဆရာ တော် မိန့်ပုံက ‘တို့များ သက်သတ်လွတ် စားနေတာဟာ ကုသိုလ်ဖြစ် အောင်ကျင့်နေတယ်လို့ မထင်လိုက်ပါနဲ့၊ သွားနာသက်သာလို့ စားနေ တာပါ’တဲ့ (ဘုန်းတော်ကြီးဦးသီလထေရုပ္ပတ္တိ (စာ-၂၀၅)။
ဖော်ပြထားတဲ့ အချက်တွေကို အခြေခံ သုံးသပ်ပြီး မေးခွန်းတွေ ကိုအဖြေထုတ်ကြည့်ရင် ...
... အဖြေ အမှတ် ၁
သက်သတ်လွတ် စားတာနဲ့ ပတ်သက်ပြီး ထေရဝါဒီရဟန်း သို့မဟုတ် လူ အချင်းချင်းတော့ ဘာမှ မပြောပလောက်ပါဘူး။ သက်သတ် လွတ် သူက မလွတ်သူထက်ပိုမြတ်တယ်ဆိုရင် ရာစုနှစ်နဲ့ ချီပြီး သက်သတ် လွတ် စားလာတဲ့ မဟာယာန ရဟန်းတွေက ထေရဝါဒ ရဟန်းတွေ ထက် ပိုသာနေမှာပဲ။ အမှန်က ဤခန္ဓာကိုယ် ရှင်သန်ရေးအတွက် အစားအစာကို စားသုံးရာမှာ ကုသိုလ်စိတ်ဖြစ်ခြင်း မဖြစ်ခြင်းသာ အဓိက ကျလို့ သက်သတ် လွတ်သူတွေကငါမှငါလို့ မဖြစ်သင့်သလို မလွတ်သူ တွေကလည်း မဟာယာနဝါဒကြီးပါ၊ ဒေဝဒတ် ဝါဒကြီးပါလို့ လက်ညှိုး ထိုးအပြစ်တင်နေစရာမလိုဘူးလို့ ထင်ပါတယ်။
... အဖြေ အမှတ် ၂
ဓမ္မကို မူရင်းအတိုင်း သိမ်းထားပြီး နောက်တိုးကို လက်မခံတဲ့ ထေရ ဝါဒ အမြင်အရဆိုရင် သက်သတ် မလွတ်ဖို့ ဗုဒ္ဓရဲ့ တားမြစ်ချက် မရှိလို့ သက်သတ်လွတ်စားတာဟာ မဇ္ဈိမပဋိပဒါနဲ့ မသတ်သက်ဘူးလို့ ဆိုခွင့် ရှိပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားပြီး သမထနည်းနဲ့ တရား ထိုင်ကြတဲ့ မဟာယနရဟန်းတွေလည်း သမာဓိကို ထူထောင်နိုင်တာ သေချာတယ်။ ဒါကြောင့် သူတို့ဟာ ထေရဝါဒ တရားရိပ်သာတစ်ခုခုမှာ သက်သတ်လွတ်စားပြီး ဝိပဿနာနည်းနဲ့ စနစ်တကျ တရားအားထုတ် ပေမယ့် တစ်မဂ်တစ်ဖိုလ်ကို မရနိုင်ဘူးလို့ ငြင်းရင် မျှတပါ့မလား။
... အဖြေ အမှတ် ၃
သက်သတ်လွတ်စားတာကို ဓုတင်ဆောက်တည်တာလို စရဏကျင့်စဉ် တစ်ရပ်အနေနဲ့ ဘုန်းကြီး မယူဆဘူး။ ဒါပေမယ့် မိမိခန္ဓာကိုယ် မျှတ ဖို့အတွက် အထောက်အပံ့ ပြုတယ်ဆိုရင် သက်သတ်လွတ်မှုဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်မျိုး ဖြစ်နို်င်တာပေါ့။ ဘောဇန မတ္တညူ (စားသောက်ရာမှာ အတိုင်းအတာကို နားလည်းတဲ့) အင်္ဂါနဲ့ အညီ ကြုံရာရရာကို စားသောက်ရင်လည်း အကုသိုလ်အပြစ် မဖြစ်ပါဘူး။ အကျိုးတရားလည်းမလျော့နိုင်ပါဘူး။
စကားမစပ်၊ အပြစ်တင်ရင်လည်း ခံရမှာပဲ။ တိုက်တိုက်ဆိုင်ဆိုင် နေ့လယ်က အမဲခြောက်ကြော် နည်းနည်းစားမိတာ အခု အစာမကြေ ချင်သလိုဖြစ်နေလို့ သက်သတ်လွတ်ကိစ္စဒီမျှနဲ့ ကျေနပ်ပါဘိ။
သတ္တဝါတွေ သံသယဝဲကို လွန်မြောက်နိုင်ကြပါစေ။
၁၀၈။ သစ္စာပါရမီ
အောက်တိုဘာ ၃၀၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
ဗုဒ္ဓလောင်းလျာ ဘုရားအဖြစ်ကို ရရှိဖို့ ဖြည့်ကျင့်ခဲ့ရသည့် ပါရမီ ဆယ် ပါးရှိရာတွင် သစ္စာပါရမီ အကြောင်းကို သိလိုစိတ် ပြင်းပြနေပါသဖြင့် မေတ္တာရှေ့ထား၍ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
အောင်ထွန်းလင်း
---
သစ္စာ ၂ နှစ်မျိုး
သစ္စာပုဒ်ကို မေတ္တာသုတ်ထဲက ဥဇုနဲ့ သုဟုဇု နှစ်ပုဒ်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုလေ့ ရှိပါတယ်။ နှုတ်ထွက်နဲ့ အလုပ် တူညီတာ ဥဇု။ နှုတ်ထွက်၊ အလုပ်၊ စိတ်ကြံ သုံမျိုးလုံး တစ်ထပ်တည်း ကျရင် တော့ သုဟုဇု။ ဥဇု =ဖြောင့်မတ်ခြင်း၊ သုဟုဇု=သိပ် ဖြောင့်မတ်ခြင်းလို့ မြန်မာလိုမှတ်နိုင်တယ်။ တစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ မမှန်တာကို မပြော တာ၊ တကယ် လုပ်နိုင်တာထက် ပိုပြီး မကြွားဝါတာ၊ နှုတ်က ပြောတဲ့ အတိုင်း လုပ်တာ ... ဒါတွေဟာ ‘သစ္စာ’ ပါပဲ။ တစ်ယောက်နဲ့ တစ် ယောက် ယုံကြည်မှုဆိုတာဟာ နှုတ်ထွက်စကားတွေ စကားလုံးတွေ ပေါ်မှာတည်မှီတယ်။ သစ္စာနဲ့ ယှဉ်နေတဲ့ ကိုယ်မှုနှုတ်မှုတွေဟာလော ကကိုကောင်းကျိုးပြုပြီး ဆိုးကျိုးကို ကာကွယ်တယ်။
အလုပ်နဲ့ အပြောဟာ စိတ်ဆန္ဒ သို့မဟုတ် စိတ်အကြံက စီး ဆင်းတာ။ ဒါကြောင့် ရိုးသားတယ်လို့ ပြောရာမှာ ဘယ်လောက်ပဲ အပြောချိုချို အလုပ် ကောင်းကောင်း စိတ်ထား မမှန်ရင် သစ္စာ မဖြစ် နိုင်ဘူး။ ဆောက်လိုက်တဲ့ တံတားကြီးက အများအမြင် ကောင်းတာပဲ၊ ဒါပေမယ့် ရည်ရွယ်ချက်က ရန်သူကို အပေါ်စီးက ကြည့်ပြီး အနိုင်ယူဖို့ ဆိုရင် သစ္စာမဖြစ်နိုင်ဘူး။ သစ္စာပါရမီအဖွင့်အရနှုတ်ပြောနှင့်အတွင်း စိတ်ထားတစ်ထပ်တည်းမကျရင် လိမ်ညာခြင်းပါပဲ။
ပါရမီဖြည့်ခြင်း
ပါရမီဆိုတာ ပရမ =မြင့်မြတ်သူတို့ရဲ့။ ဤ=အလုပ် (ပရမ +ဤ= ပါရမီ)။ လူတော်လူကောင်းတွေရဲ့ အလုပ်။ တစ်နည်း ပရ = ဗောဓိ ဉာဏ်သို့။ မီ = သွားသည် (ပရ + မီ = ပါရမီ)။ ဗောဓိဉာဏ်ဆီသို့ သွားတဲ့ အကျင့် (သီ၊ဋီ၊သစ်၊၁၊၂၄၈)။ ဒါကြောင့် လူကောင်း ဖြစ်ချင် သူတိုင်း၊ ဗောဓိဉာဏ်ကိုရလိုသူတိုင်းပါရမီအလုပ်ကိုလုပ်ရတယ်။
ဒီအလုပ်ကိုလုပ်ရာမှာ တဖြည်းဖြည်းလုပ်ယူရတယ်။ အချိန်ကြာ ပေမယ့် စိတ်မလျှော့ရဘူး။ ယနေ့လုပ် မနက်ဖြန် တော်ပြီဆိုတာမျိုးလည်း မဖြစ်ရဘူး။ ကောင်းတာမှန်ရင် အကုန်လုပ်နိုင်အောင်ကြိုးစား ရတယ်။ လေးလေးစားစား၊ ပျော်ပျော်ပါးပါးလည်း လုပ်ဦးမှ။ ဆိုပါစို့၊ ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်ထားသူတစ်ယောက်ကို ညက်ညက် ကြေအောင်ပြန် ‘တွယ်’ချင်တဲ့ စိတ်တစ်နေ့ကိုဆယ်ကြိမ်ဖြစ်တယ် ဆို ရင် တဖြည်းဖြည်း လျှော့ချ၊ တစ်ကြိမ်လောက်ပဲ စိတ်ပိုင်းလေ့ကျင့်မှု လုပ်ဖြစ်တယ်ဆိုရင် အဲဒီထက် များနိုင်အောင် ကြိုးစား။ အဲဒါ ပါရမီ ဖြည့်တာပဲ။ တစ်နေ့ ငါးကြိမ်လောက် မမှန်တာကို ပြောမိတယ်ဆိုရင် အဲဒီထက် နည်းအောင် လျှော့ချနိုင်ဖို့ ကြီုးစားတာဟာ သစ္စာပါရမီကို ဖြည့်ကျင့်နေတာပဲ။ မကောင်းတာတွေ နည်းသွားပြီး ကောင်းတာတွေ များလာရင် ပါမီပြည့်တာပါပဲ။
ဓမ္မကို သစ္စာမဖောက်နဲ့
အသတ်ခံရမှာကို သိလျက်နဲ့ ပြန်လာပါမယ်ဆိုတဲ့ နှုတ်ကတိအတိုင်း လူသားစားတဲ့ ပေါရိသာဒဆီကို ပြန်သွားဖို့ ဘုရားလောင်းတော်ကြီး မဟာသုတသောမမင်းရဲ့စဉ်းစားပုံက-
‘ဘီလူးထက်လည်း၊ ကြမ်းခက်ကြွပ်ဆတ်၊ ပေါရိသာဒ်သည်၊ ရွတ်ရွတ်မစား၊ ကျွန်ုပ်အားကို၊ ဖမ်းငြားပြီးမြောက်၊ လက်သို့ ရောက်မှ၊ တခေါက်ပြည်ရွာ၊ ဂါထာနာဟု၊ သစ္စာယုံထွေ၊ လွှတ် လိုက်ပေသည်၊ မသွေထိမ်မြူး၊ သူ့ကျေးဇူးကို၊ အထူးဖြင့်လျှင်၊ ကျွန်ုပ်တင်၏’ (ပျို့စာပိုဒ်၊၈၈)တဲ့။
စေတနာကောင်းနဲ့ ယှဉ်ပြီး သစ္စာဖြစ်နေတဲ့ စကားလုံးတွေမှာ ကြီးမားတဲ့ စွမ်းအင် (Energy) ရှိကြောင်းကို ဗုဒ္ဓစာပေမှာ အများကြီး ဖော်ပြပါတယ်။ သစ္စာပြုပြီး ကိစ္စကို အောင်မြင်စေတယ် ဆိုတာ ဒီစွမ်း အင်ကြောင့်ဖြစ်ရတာပါ။ ဒါပေမယ့်...အလွန် အစွမ်းထက်တယ်ဆိုတဲ့ ဂါထာတွေ၊ ဓမ္မစာတွေကိုဘယ်လောက်ပဲရွတ်ဆိုစေ၊ ဒါတွေက အပေါ် ယံအကာလွှာမျှသာဖြစ်ပြီး ဓမ္မရဲ့အနှစ်သာကို အဲဒီနည်းနဲ့ မရနိုင်ဘူး။ အကာနဲ့ အနှစ် ဆန့်ကျင်မယ် ဆိုရင် တော့ နှုတ်က ဓမ္မကို မြွက်ဆိုပေ မယ့် ကိုယ်က အဓမ္မကို လုပ်မိလျက်သား ဖြစ်နေတတ်တယ်။ အဲဒီလို ဖြစ်ရင် ဓမ္မကိုသစ္စာဖောက်တာပဲ။
စိတ်မရှိပါနဲ့
တစ်ခါက မြန်မာ ဓမ္မကထိက ဆရာတော် တစ်ပါးက ပြင်သစ်နိုင်ငံကို ရောက်ခိုက် သီရိလင်္ကာလူမျိုး ဟိုတယ် ဝန်ထမ်းကို နှုတ်က Yes လို့ ပြောလိုက်ပေမယ့် စိတ်ထဲကတော့ လုံးဝ No ပဲလို့ မှတ်ထားကြောင်း တရားထဲမှာ ထည့်ဟောသတဲ့။ အဲဒီတရားကို စာအုပ်ထုတ်တော့ ရေ မြေခြားမှာ နေထိုင်တဲ့ ဖတ်မိသူ ဒကာတစ်ယောက်က ပရိသတ်ကို အဲဒီလို အသိပေးသင့်သလားလို့ မေးဖူးတာကို အမှတ်ရတယ်။ မြန်မာ ပြည်က ရောက်ခါစ ရှစ်နှစ် ကိုးနှစ်လောက် မောင်နှမ နှစ်ယောက် ကျောင်းမှာ မမှန်တာကို ပြောလို့ ဆရာမက အိမ်ကို တိုင်စာ ပို့တာကို အဖွားဖြစ်သူက စိတ်ဆိုးပြီး ကျောင်းပြောင်းပစ်တဲ့ ဖြစ်ရပ်ကိုဘုန်းကြီး ကိုယ်တွေ့ ကြုံဖူးပါတယ်။ စိတ်မရှိပါနဲ့။ ကလေး နှစ်ယောက် ဖြစ်ပုံနဲ့ ဓမ္မကထိကရဲ့တရား ကွင်းဆက် ရှိနိုင်မလားလို့ သံသယဖြစ်မိတယ်။ ကလေးဆိုတာ လူကြီးကို အတုယူတတ်တာမျိုးပဲ။
ဒါကြောင့် သစ္စာပါရမီ ဆိုတာနဲ့ဟာ ... ဘုရားလောင်းကျင့်စဉ်၊ တို့နဲ့ မဆိုင်ဘူးလို့ မတွက်လိုက်ပါနဲ့။ ဆိုင်မှ ဆိုင်။ ဒီဖက်နိုင်ငံတွေမှာ ကလေးတွေကို ကျောင်းစနေတာနဲ့ မလိမ်တတ်အောင်၊ အမှန်ကို ပြော ရဲအောင်၊ မှားတာကို ဝန်ခံရဲအောင် အထူး လေ့ကျင့်ပေးတယ်။ ဒီ အချက်ကိုလူမျိုးနဲ့ နိုင်ငံတိုးတက်ဖို့ အခြေခံအနေနဲ့ ယူဆကြတာကိုး။ ဒါကြောင့် ဒီက ကလေးတွေရဲ့ နှုတ်က ‘It's no fair. ’ ဆိုတဲ့ စကားကို မကြာမကြာ ကြားရလေ့ရှိပါတယ်။
အားလုံးရဲ့ အခြေခံ
စရိယာပိဋကအဖွင့်အရ ဗုဒ္ဓလောင်းလျာဟာ နုစဉ်ဘဝမှာလည်း မမှန်မုသား လုံးဝမပြောဘူးတဲ့။ တစ်ခါတစ်ရံသတ်ဖြတ်လုယက်စတဲ့ အကုသိုလ်ကံကို လုပ်မိလို့ တိရစ္ဆာန် သူတောင်းစားစတဲ့ နုံချာတဲ့ ဘဝ မျိုးကို ရောက်ရပေမယ့် ကိုယ်ကျိုးမပါတဲ့ စွန့်လွှတ်မှုဆိုတဲ့ နေက္ခမ္မနဲ့ ဖြောင့်မတ်ခြင်း တကယ့် ဖြောင့်မတ်ခြင်းဆိုတဲ့ သစ္စာပါရမီ နှစ်ပါး ကြောင့်လူစတဲ့ မြင့်မြတ်တဲ့ ဘဝတွေကိုပြန်ရတာလို့ ဆိုပါတယ်။
ဒါကြောင့် နေက္ခမ္မပါရမီကို အခြေခံအုတ်မြစ်နဲ့ နှိုင်းဆိုပြီး သစ္စာ ပါရမီကိုတော့ အပေါ်အဆောက်အအုံနဲ့ ဥပမာပြုလေ့ရှိပါတယ်။ ဗုဒ္ဓဟာ သစ္စာပါရမီ ရှိလို့သာ ဗုဒ္ဓအဖြစ်ကို ရခဲ့တာလို့ကော မဆိုနိုင်ဘူးလား။ လူတစ်ယောက် တိုင်းပြည်တစ်ခုတိုးတက်တက်ဖို့လည်းဒီအခြေခံကပဲ စရမှာပါ။ သစ္စာပါရမီကိုကြိုးစားပြီးဖြည့်ကျင့်နိုင်ကြပါစေ။
၁၀၉။ ဗုဒ္ဓ ဆံတော် ပယ်သလား
နားရွက်တော် ရှည်မရှည်
အောက်တိုဘာ ၃၁၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
တပည့်တော် စင်္ကာပူမှာ အလုပ်လုပ်နေပါသည်။ တပည့်တော်နှင့် အခန်းတူ နေသည့် အမျိုးသမီးမှာ ခရစ်ယန်ဘာသာဝင် ဖြစ်ပါသည်။ ဘာသာရေးအကြောင်းကို ပွင့်လင်းစွာဆွေးနွေးနိုင်သူဖြစ်ပါသည်။ သူသည် ဗုဒ္ဓဓမ္မကိုလည်း စိတ်ဝင်စားပုံရပါသည်။ သူမေးသည့် မေးခွန်း တွေကို ဖြေနိုင်ဖို့ ဘုရားတပည့်တော်လည်း ကြိုးစားပြီး လေ့လာပါ သည်။ ယခု တပည့်တော် မေးလျှောက်လိုသည်မှာ ဗုဒ္ဓဘုရားရှင်သည် ဆံတော်ကို ပယ်ပါသလား။ ဆင်းတုတော်များမှာ ဖူးတွေ့ရသည့်အတိုင်း ဆံတော်ကို မပယ်ဘူးလား။ နားရွက်တော်မှာ ဆင်းတုတော်အတိုင်း ရှည်လျားပါသလားဆိုတာကို ဖြေကြားပေးစေချင်ပါသည်ဘုရား။
မစုစု
---
ဗုဒ္ဓ ဆံတော် ပယ်မပယ်
သိင်္ဂါရဝပုဏ္ဏားနဲ့ အဂ္ဂိဘာရဒွါဇပုဏ္ဏားတို့က မြတ်ဗုဒ္ဓကို ‘မုဏ္ဍက (ဦးပြည်းကတုံးစုတ်)’လို့ နှိမ့်ချပြီး ခေါ်ဖူးတယ် (မ၊၂၊၄၂၄။ သုတ္တနိ၊၂၉၇)။ ဗုဒ္ဓကိုယ်တိုင်လည်း ‘ထိုငါသည် မိဘများ မလိုလား၍ ငိုကြွေး ကြစဉ် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီး ဖန်ရည်ဆိုး အဝတ်ကို ဝတ်၍ ရဟန်းပြုခဲ့၏ (မ၊၁၊၃၀၃။ မ၊၂၊၄၂၄)’လို့ သစ္စကနဲ့ သိင်္ဂါရဝပုဏ္ဏား တို့ကို မိန့်တော်မူဖူးပါတယ်။ ဒီပါဠိတော် တွေအရဆိုရင် ဗုဒ္ဓရှင်တော် မြတ်ဟာခေါင်းရိတ်ထားတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့်နှောင်းခေတ် အဖွင့်ကျမ်းတွေမှာတော့ ‘ဗုဒ္ဓရဲ့ ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ လက်နှစ် သစ်လောက် ဆံပင်ရှည် ရှိတယ်။ မုတ်ဆိတ်မွှေးလည်း အနေတော်မျှ ရှိတယ်။ အသက်ထက်ဆုံး ထိုထက် ပိုမရှည်ဘူး (ဇာ၊ဋ္ဌ၊၁၊၇၄)’လို့ ဆိုတယ်။ သက္ကတဘာသာနဲ့ ရေးတဲ့ ကျမ်းတွေမှာလည်း လက်နှစ်သစ် ဆံခွေနှင့် အနေတော် မုတ်ဆိတ်မွှေး ရှိတယ်ဆိုတဲ့ အဆိုတွေရှိတယ်။ (မေးခွန်းအမှတ် ၁ ရဲ့အဖြေကို ပြန်ကြည့်ပါ။)
ဒါကြောင့် နှောင်းခေတ် ပန်းပုဆရာတွေ မြတ်ဗုဒ္ဓရဲု့ ပုံတူဆင်းတုကို ထုလုပ်ကြတဲ့ အခါ အချို့ ဆံပင်ကို ပယ်ထားပြီး အချို့မှာ ဆံပင် ပုံပါတယ်။ သီဟိုဠ် မြန်မာ ယိုးဒယားစတဲ့ နိုင်ငံကဆင်းတုတွေမှာတော့ ညာဘက်ကို ရစ်ခွေနေတဲ့ လက်နှစ်သစ်ဆံပင်ဆိုတာကို သရုပ်ဖော်တဲ့ အနေနဲ့ ဆံပင်ပုံပါနေတာ ဖြစ်နိုင်တယ်။ အမှန်တော့ ဗုဒ္ဓမှာဆံထုံး မရှိ တန်ရာပါဘူး။ တစ်ချို့ ဆင်းတုတွေမှာ ဦးခေါင်းတော်ရဲ့ အလယ်တည့် တည့်မှာ ဆံပင်ပေါ်က သန်လျက်ပုံ ရှည်ရှည်မျောမျော တစ်ခုပါတယ်။ အဲဒါကတော့ သဗ္ဗညုတဉာဏ်တော်ကို ကိုယ်စားပြုတာလို့ ဆိုတယ်။
ဗုဒ္ဓရဲ့ နားရွက်တော်
ဗုဒ္ဓရဲ့ ခန္ဓာကိုယ်မှာပါတဲ့ လူသာမန်တို့နှင့်မတူတဲ့ ထူးခြားတဲ့ လက္ခဏာ တော်ကြီး ၃၂ ပါးထဲမှာ နားရွက်နှင့် ပတ်သက်တဲ့ ထူးခြားမှု မတွေ့ရဘူး။ လက္ခဏာတော်ငယ် ၈၀ ပါးထဲမှာတော့ ‘(၄၇) အာယတ ရုစိရ ကဏ္ဏတာ= ရှည်ပြီးလှပတင့်တယ်သောနားရွက်တော်ရှိခြင်း’ဆိုတာ ပါတယ်။ လူသာမန်ထက် ထူးခြားစွာ ရှည်ပေမယ့် အချိုးအစား ကျပြီး ဖူးမြင်လို့ ကောင်းတဲ့ အနေမျိုးရှိမှာပါပဲ။ ကြည်ညိုလို့ မကောင်းအောင် ပခုံးတော်ကို ထောက်နေတဲ့ အထိတော့ မရှည်တန်ရာပါဘူး။ ကျိုးမသွား အောင်ပန်းပုဆရာတွေ အဲဒီလိုဖန်းတီးခဲ့တာ ဖြစ်နိုင်တယ်။
အချို့ကြေးသွန်းဆင်းတုတွေမှာ နားရွက်အောက်တည့်တည့်မှာ နားရွက်တော် အနေအထား မပြောင်းအောင်လို့ ထည့်ထားဟန်တူတဲ့ ပခုံးကို ထောက်နေတဲ့ သံချောင်းရှည်ကိုတောင် တွေ့နိုင်တယ်။ အချို့ ဆင်းတုတော်တွေမှာ နားရွက်တော် ကြီးလွန်းနေတယ်။ ဘာအဓိပ္ပာယ်နဲ့ ဆိုတာတော့ မသိဘူး။ ဘုန်းကြီးအထင် ဒါတွေကထုလုပ်သူရဲ့အနု ပညာစွမ်းရည်နဲ့ ပဲဆိုင်မယ်ထင်တယ်။
နှလုံးသွင်းရန်
ဗုဒ္ဓသာသနာရဲ့ သမိုင်းဦးအချိန်က ဗုဒ္ဓရဲ့ပုံတူ ဆင်းတု ပန်းချီ ထုလုပ် ရေးဆွဲမှုကို အလွန်ကြီး မနှစ်သက်ဘူးလို့ သုတေသီတို့ မှတ်ချက် ပြု ထားတာရှိတယ်။ အထူးသဖြင့် ထေရဝါဒ ခေါင်းဆောင် ပုဂ္ဂိုလ်တွေက အားမပေးဘူးလို့ ဆိုတယ်။ အကြောင်းက သက်တော်ထင်ရှား ဗုဒ္ဓကို ကိုယ်တိုင်မမြင်တွေ့လိုက်ရဘဲ စိတ်ကူးနဲ့ ထုလုပ်ရေးဆွဲရုံနဲ့ ဗုဒ္ဓအစစ်နဲ့ မတူနိုင်ဘူးလို့ ယူဆလို့ ဖြစ်ပါတယ်။ ဒါကြောင့် ရှေးခေတ်အချိန်က ဆင်းတုနဲ့ ပန်းချီအစား ဗုဒ္ဓပါဒစေတီ (ဗုဒ္ဓရဲ့ခြေတော်ရာစေတီ)ကိုထု လုပ်ကိုးကွယ်တာ ဖြစ်ပါတယ်။ ပန်းချီပန်းပုပညာ ထွန်းကားလာတဲ့ အခါ ကျန်းဂန်မှာ ဖော်ပြတဲ့ အတိုင်း ဒီလိုပုံမျိုး ဖြစ်တန်ကောင်းရဲ့လို့ မှန်းဆပြီး ဗုဒ္ဓဆင်းတုတွေနဲ့ ပန်းချီရုပ်ပုံတွေ ထုလုပ်ရေးဆွဲ ကိုးကွယ် ကြတာဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ ဆင်းတုတော်တွေ ပန်းချီကားတွေကို ဖူးမြင်ရတဲ့ အခါ ဘယ်လို ပုံစံနဲ့ပဲ ထုလုပ် ရေးဆွဲထားစေကာမူ ဗုဒ္ဓရှင်တော်မြတ်ဆိုတာ အင်မတန် သပ္ပာယ်လှပတဲ့ ဥပဓိရုပ် ပိုင်ရှင်ပါပဲလို့ သက်တော်ထင်ရှား ဘုရားကို အာရုံပြုလိုက်ရုံပါပဲ။ ဗုဒ္ဓနဲ့ ဗုဒ္ဓဓမ္မအကြောင်းကိုဆွေးနွေးတဲ့ အခါ ဗုဒ္ဓဆင်းတုတော်ဟာ ဒုတိယနေရာမှာပဲ ရှိသင့်တယ်။
၁၁၀။ မဟာသွေး ဧတဒဂ်ရှင်
နိုဝင်ဘာ ၅၊၂၀၀၉။
---
ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
အရှင်ရာဟုလာသည် ဗုဒ္ဓဘုရားရှင်ရဲ့ သားတော်ဖြစ်ရန် မည်သို့ ဆုတောင်းခဲ့သည်ကိုသိလိုပါသည်။ အရှင်မြတ်သည်ကိုရင် ဝတ်နဲ့ ရဟန္တာ ဖြစ်တာလား ရဟန်းအဖြစ်သို့ ရောက်ပြီးမှ ရဟန္တာဖြစ်တာလား။ အရှင် ရာဟုလာသည် မည်သည့် အချိန်တွင် ပရိနိဗ္ဗာန်စံပါသနည်း။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးမှလား မစံခင်လားဆိုတာကို ဖြေကြားပေးစေလိုပါသည်။
စုသက်မွန်
---
မေးခွန်းကို ဖြေဖို့ ဗုဒ္ဓရဲ့ သားတော် အရှင်ရာဟုလာအကြောင်းကို လေ့လာရင်း စိတ်ဝင်စားဖွယ် အချက်အလက်တွေကို တွေ့ရှိရပြီး အဲဒါတွေ ကိုချန်မထားခဲ့ချင်တာနဲ့ အားလုံးကို စုပေါင်းဖော်ပြလိုက်ပါတယ်။ သဒ္ဓါ တရားရှေ့သွားပြုပြီး ဖတ်ရှုလေ့လာပြီး အတုယူကျင့်သုံးနိုင်ပါစေ။ နဂါမင်း
ပဒုမုတ္တရ ဘုရားလက်ထက်က ဟံသာဝတီပြည်မှာ အင်မတန် ချစ်ခင် ကြတဲ့ သူဌေးသားနှစ်ယောက် ရှိတယ်။ အမျိုးအမည်ကို မဖော်ပြဘူး။ အတွေးအမြင် တူညီကြတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ ပစ္စည်းဥစ္စာရဲ့ အနှစ်သာရကိုပဲ ရယူတော့မယ်ဆိုပြီး အလှူဒါန များစွာ ပြုလုပ်ကြရင်း ကွယ်လွန်တဲ့ အခါ မိမိတို့ ကိုးကွယ်တဲ့ ဆရာရသေ့ သင်ကြားတာကို လိုက်နာ ဆုတောင်းခဲ့တဲ့ အတိုင်း တစ်ယောက်က ပထဝိန္ဓရ အမည်ရှိ တဲ့ နဂါးမင်း (မ၊ဋ္ဌ၊၃၊၂၀၀။ ရဋ္ဌပါလသုတ် အဖွင့်မှာတော့ ဘူမိန္ဓရ နဂါးပြည်မှာ ပါလိတ အမည်ရှိတဲ့ နဂါမင်းလို့ ဆိုတယ်)၊ ကျန်တစ် ယောက်က သိကြားမင်းဖြစ်တယ်။
နဂါးမင်းဟာ သိကြားမင်းကို ခစားရတယ်။ နဂါးမင်း အခစားလာ တဲ့ အခါ သိကြားမင်းက မှတ်မိပြီး နဂါးအဖြစ်ကို မနှစ်သက်တဲ့ သူငယ် ချင်းကို ပဒုမုတ္တရ မြတ်ဗုဒ္ဓနဲ့ ရဟန္တာတွေကို ပင့်ဖိတ်အလှူဒါနပြုပြီး သိကြား မင်းအဖြစ်ကို ပြန်ဆုတောင်းဖို့ အကြံပေးတယ်။ ဒါနဲ့ နဂါးမင်းဟာ ဗုဒ္ဓအမှူးပြုတဲ့ ရဟန္တာတစ်ထောင်ကို ဆွမ်းကပ်လှူတယ်။ ရဟန်း တွေထဲမှာ ဗုဒ္ဓနဲ့ အင်မတန် ရုပ်ချင်းတူတဲ့ ချစ်စဖွယ် သာမဏေငယ် တစ်ပါး ပါတယ်။ ဥပရေဝတ ဘွဲ့မည်ရှိတဲ့ ဒီသာမဏေဟာ ဗုဒ္ဓရဲ့သားတော် ဖြစ်ကြောင်း သိသွားတဲ့ အခါ နဂါးမင်းဟာ သာမဏေကို အလွန် ကြည်ညို စွဲလမ်းသွားပြီး သိကြားမင်းအဖြစ် ဆုမတောင်းတော့ဘဲ မိမိလည်း ဗုဒ္ဓရဲ့ သားတော်ဖြစ်လိုကြောင်း ဆုပန်တယ် (အံ၊ဋ္ဌ၊၁၊၁၉၇။) ဘုရားသီတင်းသုံးတဲ့ ကျောင်းတော်မှာကြေးမုံအခင်း (မှန်စီအခင်း)ကိုလည်း လှူဒါန်းတယ် (အပဒါန၊၁၊၆၆)။
သိကြားမင်း
နောက်တစ်ကြိမ် သိကြားမင်းဆီကို အခစားသွားတဲ့ အခါ နဂါးမင်းက မိမိတောင်းခဲ့တဲ့ ဆုကို ပြောပြတဲ့ အတွက် ဘဝသံသရာမှာ ချစ်သူငယ်ချင်း နှစ်ယောက် ပြန်ဆုံစည်းနိုင်ဖို့ ရည်ရွယ်ပြီး သိကြားမင်းလည်း မြတ်စွာဘုရားနဲ့ သံဃာတွေကိုအလှူဒါနပြုတဲ့ အခါ သဒ္ဓါပဗ္ဗဇိတဧတဒဂ် (ဗုဒ္ဓသာသနာကို ကြည်ညိုလို့ ရဟန်းပြုလာသူတွေထဲမှာ အမြတ်ဆုံး) ဘွဲ့ရတဲ့ ရဟန္တာတစ်ပါးကို အားကျလို့ ထိုမထေရ်လို ဖြစ်ဖို့ ဆုတောင်းတယ်။ ပဒုမုတ္တရမြတ်စွာဘုရားဟာ သူငယ်ချင်းနှစ်ယောက်ရဲ့ပြုပြီးတဲ့ ကောင်းမှုအထူးကို မြင်တော်မူလို့ နဂါးမင်းက ဂေါတမဗုဒ္ဓရဲ့ သားတော်၊ သိကြားမင်းက ထိုဂေါတမဗုဒ္ဓသာသနာမှာပဲ သဒ္ဓါပဗ္ဗဇိတ ဧတဒဂ်ရတဲ့ ရဟန္တာဖြစ်မယ်လို့ ဗျာဒိတ်ချွေတော်မူပါတယ်။
ဒီဖြစ်ရပ် နှစ်ခုက ဒီကမ္ဘာမတိုင်ခင် ကမ္ဘာတစ်သိန်းအလွန်က ဖြစ် ခဲ့တဲ့ ဖြစ်ရပ်ပါ။ ဂေါတမဗုဒ္ဓသာသနာမှာတော့ နဂါးမင်းက ဗုဒ္ဓလောင်း လျာ မင်းသိဒ္ဓတ်ရဲ့ သားတော် အရှင်ရာဟုလာ၊ သိကြားမင်းက သူဌေး သားဧတဒဂ်ရှင်အရှင်ရဋ္ဌပါလ ဖြစ်လာပါတယ် (အံ၊ဋ္ဌ၊၁၊၁၉၇)။
ရှင်ရာဟုလာ
ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ် တောထွက်မယ့်နေ့မှာ သားတော် ရာဟု လာကို မွေးဖွားခဲ့တယ် (အံ၊ဋ္ဌ၊၁၊၁၁၂)။ အဲဒီနောက် ခုနစ်နှစ်အကြာ မင်းသိဒ္ဓတ် ဗုဒ္ဓဖြစ်တဲ့ အခါ ခမည်းတော် သုဒ္ဓေါဒနမင်း ပင့်ဖိတ်လို့ မွေး ရပ်မြေ ကပိလဝတ္ထုကို ပထမဆုံးအကြိမ် ကြွစဉ်မှာ ယသော်ဓရာ မိဖုရားက သားတော်ကို ဗုဒ္ဓထံမှ အမွေ တောင်းခိုင်းတယ်။ ဗုဒ္ဓရှင်တော် မြတ် ကျောင်းကို အပြန်မှာ အမွေတောင်းရင်း နောက်က လိုက်လာတဲ့ ရာဟုလာကို လောကီအမွေကို မပေးဘဲ လောကုတ္တရာ အမွေကိုပေး တဲ့ အနေနဲ့ သားတော်ကိုရှင်ပြုပေးဖို့ အရှင်သာရိပုတြာကို မိန့်တော်မူပါတယ်။ အရှင်မဟာမောဂ္ဂလ္လာန်က ခေါင်းရိတ်၊ သင်္ကန်း ဝတ်ပေးပြီး သရဏဂုံပေးတယ်။ အရှင်မဟာကဿပက ရှင်ရာဟုလာကို သာမဏေတို့ ကျင့်ဝတ်ကို သင်ကြားပေးပါတယ်။ အရှင်သာရိပုတ္တရာကတော့ ရှင်ရာဟုလာကို အနီးကပ် ဆုံးမပေးရတဲ့ ဥပဇ္ဈာယ်ဆရာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ခမည်းတော် တောင်းပန်မှုအရ အဲဒီအချိန်ကစပြီး မိဘခွင့်မပြုသူကို ရှင်ရဟန်းပြုမပေးရတော့ဘူး (ဝိ၊ဋ္ဌ၊၃၊၂၉၁)။
ဗုဒ္ဓနှင့်အတူ
ရှင်ရာဟုလာရှင်ပြုပြီးသည်နဲ့ ဗုဒ္ဓရှင်တော်မြတ်က မပြတ်မလပ်ဩဝါဒ ပေးပြီး သုတ္တန်များစွာ ဟောကြားတော်မူတယ်။ တစ်ချို့ဩဝါဒတွေကို ထပ်ခါထပ်ခါပေးတော်မူတယ်။ ရှင်ရာဟုလာ အသက်ရနှစ်အရွယ်မှာ ပျော်စေ ပျက်စေသဘောနဲ့ပင် လိမ်ညာ ပြောဆိုတာကို ရှောင်ကြဉ် တတ်အောင် ရည်ရွယ်ပြီး ဗုဒ္ဓက အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ်ကို ဟောကြားပါတယ်။ ငယ်စဉ်ကပင် မလိမ်တတ်အောင် လေ့ကျင့် သင်ကြားပေးတာဟာ ရှင်ရာဟုလာက အစပြုခဲ့တာပါ။
ရှင်ရာဟုလာအသက် ၁၈ နှစ် အရွယ်မှာဗုဒ္ဓရှင်တော်မြတ်နဲ့ အတူ ဆွမ်းခံ လှည့်လည်ရင်း ခမည်းတော်ဗုဒ္ဓနဲ့ မိမိကိုယ်တိုင်ရဲ့ ဥပဓိသမ္ပတ္တိ (ရုပ်ဆင်းအင်္ဂါ သပ္ပာယ်မှု)ကို အကြောင်းပြုပြီး ဆွေမျိုးမိဘချစ် စိတ်မျိုး တွေးကြံမိလို့ ဗုဒ္ဓရှင်တော်မြတ်က မဟာရာဟုလောဝါဒသုတ်ကို ဟော ပြီး အဲဒီစိတ်မျိုးမဖြစ်အောင် ဩဝါဒပေးတော်မူပါတယ်။ ထိုအစွဲကြောင့်ပဲ ဒီအချိန်ထိ တစ်မဂ်တစ်ဖိုလ်ကို မရနိုင်ခဲ့ဘူး (သုတ္တနိ၊ဋ္ဌ၊၂၊၇၃)။
ရဟန္တာ ဖြစ်ပြီ
ရှင်ရာဟုလာဟာ အသက် ၂၀ ပြည့်ခါနီးမှာ ရဟန်းဖြစ်ပုံရပါတယ်။ အဋ္ဌကထာ (သုတ္တနိ၊ဋ္ဌ၊၂၊၇၄) မှာတော့ အရွယ်ရောက်လာတဲ့ ရှင်ရာဟုလာကို အရှင်သာရိပုတ္တရာကပဲ ဥပဇ္ဈာယ်ဆရာပြုပြီး ရဟန်းပြုပေးတယ်၊ အရှင်မောဂ္ဂလ္လာန်ကတော့ ကမ္မဝါစာဆရာ ဖြစ်တယ်လို့ သာမန် ပဲ ဆိုပါတယ်။ ရဟန်းဖြစ်ပြီးနောက်မှ အရှင်မြတ်ကို ဝိပဿနာရှုမှတ်ပုံကို သင်ကြားတဲ့ အနေနဲ့ ရာဟုလောဝါဒသုတ္တန် (အံ၊၁၊၄၈၃။ သံ၊၂၊၃၂၄)တွေကိုဗုဒ္ဓဟောကြားတော်မူတယ်။
အရှင်ရာဟုလာ ရဟန်းဖြစ်ပြီးစ ဝါမရသေးခင်မှာ ဗုဒ္ဓရှင်တော် မြတ်ဟာ အရှင်မြတ်ရဲ့ စိတ်ဓာတ် ရင့်ကျက်လာတာကို သိတဲ့ အတွက် အရှင်မြတ်နဲ့ အတူအန္ဓဝနကိုနှစ်ပါးတည်း ကြွပြီး အဲဒီမှာ စူဠရာဟုလောဝါဒသုတ်ကို ဟောပါတယ်။ ယင်းသုတ်အဆုံးမှာ အရှင်ရာဟုလာ ရဟန္တာဖြစ်သွားတယ်။ တရားနာတဲ့ ထောင်ပေါင်းများစွာသော နတ် ဒေဝါတွေလည်း မဂ်ပေါက်ဖိုလ်ဝင် ဖြစ်သွားကြတယ်။ ဒီနတ်ဒေဝါတွေ ဟာပဒုမုတ္တရဘုရား လက်ထက်တုန်းက အရှင်ရာဟုလာလောင်းလျာ နဂါမင်း ဗုဒ္ဓရဲ့သားတော်ဖြစ်ဖို့ ဆုပန်စဉ် ကြားလိုက်ကြတဲ့ မိတ်ဟောင်း တွေဖြစ်တယ်။ သူတို့အားလုံး အရှင်ရာဟုလာ ရဟန္တာဖြစ်မယ့်နေ့မှာ အန္ဓဝနမှာ စုဝေးရောက်လာကြသတဲ့ (သံ၊ဋ္ဌ၊၃၊၃၇)။
မာရ်နတ်ရဲ့ အကြံ
အရှင်ရာဟုလာဟာ ရဟန္တာဖြစ်ပြီးလို့ ဝါမရခင်ညတစ်ညမှာ ကျိန်းစရာ နေရာမရှိလို့ ဇေတဝန်ကျောင်းတိုက်အတွင်း ဗုဒ္ဓသီတင်းသုံးတဲ့ ဂန္ဓကုဋိ ရှေ့နားက လွင်တီးခေါင်မှာ ကျိန်းရတယ်။ ညကျတော့ မာနတ်ဟာ ဧရာမ ဆင်ကြီးယောင် ဆောင်ပြီး အရှင်ရာဟုလာကို ခြောက်လှန့်ဖို့ လာသတဲ့။ ဒါပေမယ့် ဗုဒ္ဓက ‘ရာဟုလာဟာ ဒေါသကုန်ပြီဖြစ်လို့ နင်လို ကောင်မျိုး တစ်သိန်းမက လာခြောက်လည်း မကြောက်တော့ကြာင်း၊ အရှင်မြတ်ဟာ ဝိပဿနာပညာနှင့် ပြည့်စုံကြောင်း ’ကြိုပြီး တရားဟော လွှတ် လိုက်လို့ မာရ်နတ်ကြီး တပ်ခေါက် ပြန်ခဲ့ရတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၄၆)။ (သီဟိုဠ်မူမှာ အဝဿိကောဝပုဒ်အစား အဋ္ဌဝဿိကောဝလို့ ရှိ နေပုံပါပဲ။ ဒီအလိုဆိုရင် အရှင်ရာဟုလာ ရဟန္တာဖြစ်လို့ ရှစ်နှစ် အကြာ မှာ ဒီကိစ္စဖြစ်တယ်ဆိုရလိမ့်မယ်။)
ဆရာနဲ့အတူ အဆဲခံရပုံ
တစ်ခါမှာ အရှင်သာရိပုတ္တရာဟာ နောက်ပါ သံဃာငါးရာနှင့်အတူ မွေး ရပ်မြေ နာလကရွာက မိခင်ရဲ့အိမ်ရှေ့မှာ ဆွမ်းခံရပ်သတဲ့။ မယ်တော် ကြီးက အရှင်သာရိပုတ္တရာနဲ့ သံဃာတွေကို ဆွမ်းတော့လောင်းတယ်။ ဒါပေမဲ့ ပါးစပ်ကတစ်ဖျစ်တောက်တောက်မြည်တွန် ဆဲဆိုတယ်။ အဲဒီ အချိန်မှာ နောက်က အရှင်ရာဟုလာလည်းပါလို့ ကျောင်းပြန်ရောက် တော့ မြတ်စွာဘုရားက အရှင်ရာဟုလာကိုမေးတယ်
‘ဒီနေ့ ဘယ်ကို ဆွမ်းခံကြွသလဲ’။ ‘ဒကာမကြီး (အရှင်သာရိ ပုတ္တရာရဲ့မယ်တော်ကို ရည်ညွှန်းတယ်)အိမ်ကိုပါဘုရား’။ ‘သင့် ဒကာမ ကြီးက သင့်ရဲ့ ဥပဇ္ဈာယ်ဆရာ (အရှင်သာရိပုတ္တရာကို ညွှန်းတယ်)ကို ဘာပြောလဲ’။ ‘ဒကာမကြီးက တပည့်တော်ရဲ့ ဥပဇ္ဈာယ်ဆရာကို ဆဲ ဆိုပါသည် (အက္ကုဋ္ဌော)’။ ‘ဘယ်လိုဆဲဆိုတုန်း’။ ‘သူတောင်းစား၊ ခုလို တောင်းစားမလို့ ဒီက ကုဋေရှစ်ဆယ်ကို စွန့်ရက်ပလေလို့ ဆဲဆို ပါတယ်’။ ‘သင့် ဥပဇ္ဈာယ်ဆရာက ဘာပြန်ပြာလဲ’။ ‘ဘာမှ ပြန်မပြော ပါ’။ အရှင်သာရိပုတ္တရာရဲ့ မတုံ့ပြန်ဘဲ တုံ့ပြန်မှုကို အကြောင်းပြုပြီး ရဟန္တာဆိုတာ စိတ်ဆိုးအမျက်ထွက်မှုကို ထွေးအန်ပြီးပြီလို့ မြတ်ဗုဒ္ဓက ရဟန်းတွေကို ဟောကြားတော်မူတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၀၉)။
ကံကောင်းသူ
အရှင်ရာဟုလာဟာ ရဟန်းတော်တွေ ကြားထဲမှာ ရာဟုလဘဒ္ဒ (ကံ ကောင်းတဲ့ ရာဟုလာ)လို့ ထင်ရှားတယ်။ အဲဒီလို ခေါ်ခံရတာနဲ့ ပတ်သက်လို့ အရှင်မြတ်က ‘ဗုဒ္ဓသားတော်ဖြစ်ခြင်းနဲ့ ရဟန္တာဖြစ်ခြင်းဆို တဲ့ အကြောင်းနှစ်ပါးကြောင့် အဲဒီ နာမည်ကို ရထိုက်ပါသည်’ (ထေရ၊၂၉၅ ဂါထာ)တဲ့။ ဗုဒ္ဓရှင်တော်မြတ် အနေနဲ့ တော့ ဒေဝဒတ္တ၊ အင်္ဂုလိ မာလနဲ့ ဓနပါလ (ဆင်ပြောင်)တို့ အပေါ်နဲ့ အရှင်ရာဟုလာအပေါ်ထားရှိ တဲ့ မေတ္တာဟာအတူတူပါပဲ (သုတ္တနိ၊ဋ္ဌ၊၁၊၂၀၀။ မိလိန္ဒ၊၄၁၀)။
အရှင်ရာဟုလာ ဟောကြားတာ ထေရဂါထာမှာ လေးဂါထာ (ဂါ ထာအမှတ် ၂၉၅ မှ ၂၉၈ ထိ) တွေ့ရတယ်။ မိလိန္ဒပဥှမှာတော့ အရှင်ရာဟုလာ ဟောတဲ့ ဂါထာ ၅ပုဒ်တွေ့ရတယ်။ (မိလိန္ဒ၊၃၅၄မှာ ၁ ဂါထာ။ မိလိန္ဒ၊၃၅၉ မှာ ၃ ဂါထာ။ မိလိန္ဒ၊၃၉၉ မှာ ၁ ဂါထာ။) မိလိန္ဒပဥှမှာ ပါတဲ့ အရှင်ရာဟုလာကို သားတော် အရှင်ရာဟုလာလို့ ဆိုနိုင်ရင် အရှင် မြတ်ဟောတဲ့ တရားအနေနဲ့ ဂါထာ ၉ ပုဒ်ရှိကြောင်း မှတ်သင့်တယ်။ နောင်ကြုံရင် အဲဒီဂါထာ ၉ ပုဒ်ကို အကျယ်ရေးပြဦးမှာပါ။
ဗုဒ္ဓရဲ့ ကုဋီမှာ ကျိန်းစက်ရ
ဗုဒ္ဓရှင်တော်မြတ် ကောသမ္ဗီမြို့ ဗဒရိကာရာမကျောင်းတိုက်မှာ သီတင်း သုံးခိုက် အရှင်မြတ်ဟာ တစ်ညနေမှာ ကောသမ္ဗီကို ရောက်လာတယ်။ ထိုအချိန်က ရဟန်းတော်တစ်ပါးဟာ သာမဏေနဲ့ အတူ တစ်မိုးတစ်ရံ တည်းသောကျောင်းမှာ အတူမအိပ်ရဆိုတဲ့ သိက္ခာပုဒ်ကို ပညတ်ထား ခါစဖြစ်တယ်။ ထိုအချိန်က ညကျိန်းစက်ဖို့နေရာမရှိတဲ့ အတွက်အရှင် ရာဟုဟာ ဗုဒ္ဓရဲ့ကုဋိ (အိမ်သာ)ထဲမှာ ကျိန်းစက်ရတယ်။ (ဗုဒ္ဓသုံးတဲ့ ကုဋိဆိုတာ တံခါးရှိတယ်၊ နံ့သာတွေပန်းတွေနဲ့ ထုံမွှမ်းထားပြီးစေတီ တိုက်ခန်းနဲ့ အတူတူပဲ၊ တစ်ခြားပုဂ္ဂိုလ်တွေ မသုံးဆောင်ကောင်းဘူး၊ ဝိ၊ဋ္ဌ၊၃၊၁၀။ တစ်ညလုံး ဆီးမီးတိုင်ထွန်းထားတယ်၊ ဇာ၊ဋ္ဌ၊၁၊၁၇၇)။ နံနက်လင်းလို့ ဗုဒ္ဓရှင်တော်မြတ် ရေအိမ်ဝင်တဲ့ အခါ အရှင်ရာဟုလာကို တွေ့လို့ ဗုဒ္ဓကသိက္ခာပုဒ်မှာ ချွင်းချက်စာသား ပြန်ထည့်ရတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓရှင်တော်မြတ်က အရှင်သာရိပုတ္တရာကို ပြစ်တင်တော်မူတယ် ‘ချစ်သား သာရိပုတ္တရာ၊ ရာဟုလာကို သင်ကိုယ် တိုင်ရှင်ပြုရဟန်းခံပေးပြီး ယခုလိုပစ်ထားရင် အခြား အမျိုးကောင်း သားလေးတွေကို ရဟန်းပြုပေးပြီး ဘယ်လိုများကိုင်တွယ်ဆောင်ရွက် ပါ့မလဲ’တဲ့ (ဇာ၊ဋ္ဌ၊၁၊၁၇၇)။
ဧတဒဂ်ဘွဲ့
အရှင်ရာဟုလာဟာ သာမဏေဘဝနဲ့ ကတည်းကပင် ဗုဒ္ဓနှင့် မိမိရဲ့ ဆရာသခင်များထံမှ သင်ကြားချက်တွေကို ရလိုစိတ် အင်မတန် ပြင်း ပြတယ်။ မနက်လင်းတာနဲ့ လက်တစ်ဆုပ်စာ သဲကို ကောက်ယူပြီး ‘ငါ့ဆရာတွေဆီက ဤလက်ထဲက သဲလုံးများ ပမာဏရှိတဲ့ ဩဝါဒ စကားတွေကို ငါရနိုင်ပါစေ’လို့ မြွက်ဆိုလေ့ရှိတယ်။ အင်မတန် ဆုံးမ လွယ်တာနဲ့ ပတ်သက်ပြီးရဟန်းတော်တွေကရှင်ရာဟုလာကို ချီးမွမ်း စကားဆို နေကြခိုက်မှာ ဗုဒ္ဓကြွလာပြီး ယခင် ဘဝတွေတုန်းကလည်း နားထောင်လွယ်တဲ့ ‘သုဝစ’ဂုဏ် ရှိခဲ့ကြောင်း တိပလ္လတ္ထမိဂဇာတ်နဲ့ တိတ္တိရဇာတ်တွေကိုဗုဒ္ဓဟောကြားတယ်။
နောင်အခါ အရိယာသံဃာ့ ပရိသတ်အလယ်မှာ အရှင်ရာဟုလာကို ဗုဒ္ဓရှင်တော်မြတ်က ‘အကျင့်သိက္ခာကို ကျင့်လိုသူတွေအနက်အရှင် ရာဟုလာဟာ အသာဆုံး အမြတ်ဆုံး ဖြစ်၏’လို့ ဧတဒဂ်ဘွဲ့ ချီးမြှင့် တော်မူတယ် (အံ၊ဋ္ဌ၊၁၊၂၀၂)။
ပရိနိဗ္ဗာန်စံခြင်း
အရှင်ရာဟုလာဟာဗုဒ္ဓနဲ့ အရှင်သာရိပုတ္တရာတို့ထက်အရင် စောပြီး ပရိ နိဗ္ဗာန်စံတယ်။ တာဝတိံသာနတ်ပြည်မှာ စံလွန်တယ် (ဒီ၊ဋ္ဌ၊၂၊၅၄၀)။
ဗုဒ္ဓရဲ့သက်တော်၂၉မှာ မွေးဖွားတာဖြစ်လို့ အရှင်ရာဟုလာပရိနိဗ္ဗာန် စံလွန်ချိန်မှာ သက်တော် ၅၀ ထက် မကြီးနိုင်ပါဘူး။ သက်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိနိဗ္ဗာန်စံလွန်တော်မူပါတယ်။ ဒါကြောင့် ပထမ သံဂါယနာမှာ အရှင်ရာဟုလာ မပါနိုင်တော့ဘူး။ အရှင်မြတ်ဟာ ၁၂ နှစ်ပတ်လုံး အိပ်ရာပေါ်မှာ ကျောချ မအိပ်ဘဲ နိသဇ္ဇဓုတင် ဆောက် တည်ခဲ့တယ် (ဒီ၊ဋ္ဌ၊၂၊၃၂၉)။
ဘီစီ ၃ ရာစုမှာ အိန္ဒိယ ဧကရာဇ် ဘုရင် အသောကဟာ ရှင် သာမဏေတွေ ရှိခိုးဝတ်ပြုဖို့ ရည်ရွယ်ပြီး အရှင်ရာဟုလာ အမှတ်တရ စေတီတစ်ဆူ တည်ထားခဲ့ပါသတဲ့ (Beal, Buddhist Records of the Western World i, 180-181)။
၁၁၁။ ရွတ်ပွားကျင့်ကြံ
နိုဝင်ဘာ ၅၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
ပဋ္ဌာန်း ၂၄ ပစ္စည်းကို အသေးစိတ် (ပစ္စယုဒ္ဒေသ)ကို လူတွေ မရွတ် ကောင်းဘူးလား။ တန်ခိုးကြီးလွန်းလို့ ရွတ်ရင် ကိုယ်စောင့်နတ် အိမ် စောင့်နတ်နှင့် အခြားနတ်တွေ မခံနိုင်ဘူးလို့ ဆိုတယ်။ ဒီမေးခွန်းမျိုးကို မြန်မာပြည်က တိပိဋကဆရာတော် အချို့ကိုတောင် မေးဖူးရာမှာ အဲဒီ လိုပဲဖြေကြတယ်။ အဲဒါဟုတ်ပါသလား။ ရှင်းပြပေးစေလိုပါသည်။
ပြေသက်မင်း
---
လူငယ်တွေ ပဋ္ဌာန်းရွတ်ပွဲ
ဘုန်းကြီး ညောင်းတုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်မှာ နေစဉ် (လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀)က နှစ်စဉ် မိုးဟုတ်ဘုရားကြီးမှာ ပဋ္ဌာန်းပွဲ ကျင်းပတယ်။ ပဋ္ဌာန်းရွတ်တဲ့ အထဲမှာ ဘုန်းကြီးတွေ မပါဘူး။ ဆယ် ကျော်သက် ကျောင်းသား ကျောင်းသူ မိန်းကလေး ယောကျ်ားလေး တွေချည်း လေးယောက်တစ်စု ငါးယောက်တစ်ခု တွဲပြီး ပဋ္ဌာန်းပါဠိ တော် ငါးအုပ်ကုန်အောင် ၂၄ နာရီ အသံမစဲ ရွတ်ကြတာ။ အကောင်း ဆုံးရွတ်နိုင်တဲ့ အဖွဲ့ကို ဆုတောင်ပေးသေးသတဲ့။
သုတ္တန်တစ်ခု သို့မဟုတ် ပါဠိတော်တစ်ခုဟာ လူတွေ မရွတ်ဖတ် နိုင်လောက်အောင် တန်ခိုးကြီးတယ်လို့ ဘုန်းကြီးတော့ မကြားဖူးဘူး။ ပဋ္ဌာန်းသံကို မနာခံနိုင်ဘူး ဆိုရင်တောင် အိမ်ထဲမှာ အခန့်သား နေရာ ယူနေတဲ့ အုန်းသီးနတ်တို့၊ ဦးမင်းကျော်တို့လိုဟာတွေပဲဖြစ်မှာပါ။
တိုက်တွန်းပါရစေ
အမှန်က သုတ္တန်တွေ ပါဠိတော်တွေဆိုတာ ဂါထာမန္တရားလို ရွတ်ဖတ်ရုံ သက်သက်ကို မဟုတ်ဘူး။ ဗုဒ္ဓဝါဒမှာ သီအိုရီထက် စရဏ (လက် တွေ့ကျင့်သုံးမှု)က ပိုအရေးကြီးပါတယ်။ ဒါကြောင့်ပဋ္ဌာန်း၂၄ပစ္စည်းကို အသေးစိတ် ရွတ်တယ်ဆိုတာထက် လိုက်နာကျင့်သုံးနိုင်ဖို့ အဲဒီ ပစ္စည်းတွေရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကြိုးစားတယ်ဆိုရင် ပိုပြီး လူနတ် လေးစားစရာဖြစ်မှာပါ။
ဒါကြောင့် ပဋ္ဌာန်း ၂၄ ပစ္စည်းဆိုတာကို နေ့တိုင်းလည်း ရွတ်၊ အဓိပ္ပာယ် နားလည်အောင် သင်တန်းတွေလည်း သွားတက်ပါလို့ စေတနာရင်းနဲ့ အကြံပြုပါတယ်။
ကံတို့သည် သူ့ကံနှင့် ငါ့ကံရောယှက် စပ်တွယ်၍ အဆန်း တကြယ် အကျိုးပေးတတ်ကုန်၏။ သို့သော်လည်း တစ်ပါးသော သတ္တဝါတို့၏ ကံကား အပ္ပဓာန၊ အမှုရှင်၏ ကံကိုသာ လိုရင်းပဓာနဟူ၍ မှတ်သင့်ရာသည်။
(ဝိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၁၄၁)။
၁၁၂။ ကောင်းမှုလည်းပြု တောင်းဆုလည်းချွေ
နိုဝင်ဘာ ၆၊၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ယခုခေတ်အခါတွင် ဆုတောင်းခြင်း ကိစ္စ အလွန် ပေါ်ပြူလာ ဖြစ်နေ ပါသည်။ တစ်ချို့ဆိုလျှင် လုပ်တာက နည်းနည်း တောင်းလိုက်တဲ့ ဆုက များလွန်းနေသည်ကို တွေ့ရပါသည်။ ဆုတောင်းပြည့်ဘုရား၊ ဆုတောင်း ပြည့်စေတီ ဆိုပြီးတော့လည်း စေတီတွေ ဘုရားဆင်းတုတော်တွေ တည်ဆောက်နေကြပါသည်။ တပည့်တော် မေးလျှောက်လိုသည်မှာ အလှူဒါန သို့မဟုတ် ကောင်းမှုတစ်ခု ပြုလုပ်ပြီးပါက ထိုကောင်းမှုသည် ကောင်းကျိုးကို ပေးမည်ဧကန်ဖြစ်၍ ဆုတောင်းနေစရာ လိုပါသေး သလား။ ဆုမတောင်းရင်ကော ကောင်းကျိုးကို မရတော့ဘူးလား ဆိုတာကို ကျမ်းဂန်အတိအကျဖြင့် သိမှတ်လိုပါသည် အရှင်ဘုရား။
ဗုဒ္ဓဓမ္မဦးခင်အောင်၊ ခေတ္တမွန်ဘိုင်းမြို့
---
ပရိယတ္တိနှင့် အသင့်းနှလုံးသွင်း
တစ်ခါတလေ အပြောတစ်သွင် အထင်တစ်မျိုးနဲ့ ကြုံရတတ်တယ်ဆို တာရယ်၊ ကိုယ့်နှလုံးသားမှာ ပရိယတ္တိ (သင်ယူလေ့လာထားမှု) အခြေခံ မရှိရင် မဇ္ဈိမပဋိပဒါနဲ့ လွဲတတ်တယ်ဆိုတာရယ်ကို ဗုဒ္ဓဓမ္မဆရာတို့ သတိထားပါကုန်။ တစ်ခါက ပုဂံမှာ ဘုရားတွေ အများကြီး တည်ခဲ့တဲ့ ရှေးမြန်မာတွေကို ‘အရူးထတာ’လို့ လှိမ့်ဝေဖန်တဲ့ လူတစ်ယောက်နဲ့ ဆုံဖူးတယ်။ ဒါပေမယ့်ကျစွာမင်းနဲ့ သံပျင်မင်းသမီးတို့ဆိုရင် ’ဘုန်းကြီးကို စာချ’ နိုင်တယ်။ ကမ္ဘာကျော် သဒ္ဒနီတိကျမ်းဟာ ပုဂံခေတ်ကရေးတာ။ ရှင်အရဟံလိုပဋိပတ္တိ (အကျင့်)ထူးချွန်သူတွေလည်း အများကြီး ပါပဲ။ အမှန်က အဲဒီ ပုဂံသင်္ကေတတွေဟာ တစ်ချိန်က ကြွယ်ဝခဲ့တဲ့ ပုဂံသားတွေရဲ့ သဒ္ဓါ ပညာ တူမျှမှုအတွက် နှုတ်မမြွက်တဲ့ သက်သေ တွေပဲလို့ အသင့် နှလုံးသွင်းနိုင်ရင် ကုသိုလ်မရပေဘူးလား။
လုပ်တာ နည်းပေမယ့်
အဋ္ဌသာလိနီအဋ္ဌကထာကို ပို့ချတဲ့ ဆရာဘုန်းကြီးဟာ တစ်နေ့သုံးကြိမ် ဘုရားသောက်တော်ရေ ကပ်တယ်။ ကြွေကျနေတဲ့ တရုတ်စကားပန်း တွေကို ကောက်ယူ ဆေးကြော၊ ပန်းကန်ဝိုင်းထဲ စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျ စီထည့်ပြီး အနည်းဆုံး တစ်ပတ်ကို သုံးရက် ပန်းကပ်တယ်။ အလွန် ကြည်ညိုစရာကောင်းတဲ့ ဆရာတော်ပါ။ ပြီးတိုင်း ဆု တောင်းပုံက ‘ဣဒံ မေ ပုညံ .. ဣဒံ မေ ပုညံ .. ဣဒံ မေ ပုညံ .. သဗ္ဗညုတ ဉာဏဿ ပစ္စယော ဟောတု’တဲ့။ တစ်ခါတစ်ရံ မြန်မာလို ‘ဤကောင်းမှု.. ဤကောင်းမှု.. ဤကောင်းမှုသည်သဗ္ဗညုတဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း’တဲ့။
ဆရာတော်ဟာ တကယ့်ကို အလေးအနက်ပြုပြီး ဆုတောင်းတာ တွေ့ရတယ်။ အဲဒီတုန်းက ဆရာတော်ရဲ့ စကားလုံးတွေ အသံတွေကို ကြားတိုင်း ကြက်သီးထလောက်အောင်ခံစားမိခဲ့ဖူးတယ်။
ဝိပဿီဗုဒ္ဓ ပရိနိဗ္ဗာန်စံတဲ့အခါ အလောင်းတော်တစ်ခုလုံးကို ဌာပနာပြီး စေတီတည်တယ်။ စေတီတော် ထီးတင်ပွဲမှာ ဆင်းရဲသား ဥပါ သကာ တစ်ယောက်ဟာ ပိတ်ဖြူစလေး တစ်တည်ကို စေတီပေါ်က လွှမ်းခြုံ လှူဒါန်းပြီး စေတီစောင့်နတ်ဖြစ်ဖို့ ဆုတောင်းတယ်။ ဒီကုသိုလ် ကြောင့် ဂေါတမဗုဒ္ဓလက်ထက်မှာ အင်မတန်ကိုယ်ခန္ဓာ ကျစ်လစ် သန်မာတဲ့ အရှင်ဥပဝါဏမထေရ် ဖြစ်လာတယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး ဗုဒ္ဓရဲ့ မျက်နှာတော်ရှေ့က ထိုင်နေရာမှာ အရှင်မြတ်ရဲ့ ကိုယ်ကို နတ်တွေက ထွင်းဖောက်မမြင်နိုင်လို့ နေရာရွှေ့ ပေးရတယ်။ (ဒီ၊ဋ္ဌ၊၂၊၁၇၁)။
ဒါကြောင့် ဘဝသံသရာမှာ နည်းများမဟူ ကောင်းမှုတစ်ခု ပြုလုပ် ပြီးရင် ကိုယ့်ဆန္ဒအတိုင်း ဆုတောင်းခွင့် ရှိတယ်ဆိုတာကိုတော့ မြဲမြဲ မှတ်သားထိုက်တယ်။
ဆုတောင်းစရာ လိုသလား
ကုသိုလ်ပြုပြီးရင် ဆုတောင်းဖို့ မမေ့ပါနဲ့။ ဆုတောင်းဖို့ လိုတယ်။ ကျမ်းဂန်အတိအကျရှိလို့ အဲဒီအတိုင်းပဲမှတ်တာပေါ့။
၁။ ယဿ ပဉ္စဓမ္မာ အတ္ထိ နပတ္ထနာ၊ တဿ ဂတိ အနိဗ္ဗဒ္ဓါ့။
သဒ္ဓါ သီလ သုတ စာဂ ပညာ ဟူသော တရားငါးပါးရှိ၏။ ကုသိုလ် ကောင်းမှုလည်း ပြုလုပ်ပါ၏။ ဒါပေမယ့် ဆုတောင်းမှု (ပတ္ထနာ)ကို မပြု ရင် လားရာဂတိ မမြဲဘူး။ ဆုမတောင်းရင် ကောင်းမှု ပြုပေမယ့် လားချင်ရာကို လားမယ်ဆိုတဲ့ သဘောပေါ့။
၂။ ယဿ ပတ္ထနာ အတ္ထိ န ပဉ္စ ဓမ္မာ၊ တဿ ပိဂတိ အနိဗ္ဗဒ္ဓါ့။
လိုချင် ဖြစ်ချင်တဲ့ ဆုကိုတော့ တောင်းပါ၏၊ အဲဒီ တရားငါးမျိုး မရှိရင်လည်း ဂတိမမြဲဘူး။ ဘာမှ မလုပ်ဘဲ ဆုတောင်းရုံနဲ့ တော့ ဘယ်ရနိုင် မလဲ။ နည်းများမဟူ ထိုက်တန်တဲ့ အရင်းအနှီး တစ်ခုကိုတော့ မှန်မှန် ကန်ကန်စိတ်ပါလက်ပါ လုပ်ရတယ်။
၃။ ယေသံ ဥဘယ မတ္ထိ၊ တေသံ ဂတိ နိဗ္ဗဒ္ဓါ။
သဒ္ဓါ သီလ သုတ စာဂ ပညာ တရားငါးပါးနှင့်လည်း ပြည့်စုံ၏။ ကောင်းမှုလည်း ပြု၏။ တောင်းဆုလည်း ဆို၏။ ဒီလိုဆိုရင် အဲဒီလူ ဂတိမြဲတယ်။ ဆုတောင်းပြည့်တယ်ပေါ့။
ကောင်းကင်ကို ပစ်တင်လိုက်တဲ့ တုတ်ချောင်းဟာ အရင်းနဲ့ ကျလာမှာလား၊ အဖျားနဲ့ ကျလာမှာလား၊ အလယ်နဲ့ ကျလာမှာလား ဆို တာကို မသတ်မှတ်နိုင်သလို သတ္တဝါတို့ရဲ့ ပဋိသန္ဓေယူခြင်း ဆိုတာဟာလည်း သတ်မှတ်ချက် မရှိဘူး။ ဒါကြောင့် ကုသိုလ် ကောင်းမှုတစ်ခု ပြုလုပ်ပြီးတဲ့ အခါ ဆုတောင်းရပါတယ် (မ၊ဋ္ဌ၊၄၊၁၀၇)။
ဆုတောင်းမှန်စေ
ဂတိမြဲတယ်ဆိုရင် အပါယ်တံခါး ပိတ်လို့ စိတ်ချရတယ်။ ဒီလိုပုဂ္ဂိုလ်ကို စူဠသောတာပန်လို့လည်း ခေါ်နိုင်တယ်။ ဒါကြောင့် ကောင်းမြတ်တဲ့ ဆုမျိုးကို တောင်းကောင်းတယ်။ သူတစ်ပါးကို ဒုက္ခပေးမယ့် ဆုမျိုးကို တော့ မတောင်းသင့်ဘူး။ ဥပမာ နောင်ဘဝမှာ ဘီလူးဖြစ်ပြီး ဒီဘဝတုန်းက ဒုက္ခပေးသူတွေကို စားရပါလို၏ ဆိုရင် မသင့်ပါဘူး။ ဥမာဒန္တီတို့ရဲ့ဆုတောင်မျိုးလည်း မသင့်ပါဘူး။
ချစ်သူခင်သူမိသားစုညီအစ်ကိုမောင်နှမအနေနဲ့ ဘဝသံသရာမှာ အတူတူ ဖြစ်ချင်သေးတယ် ဆိုသူတွေအတွက် အထက်က ပြောပြ ထားတဲ့ ပဉ္စဓမ္မာ အရ တရားငါးကိုကို ဒီဘဝ စိတ်တူကိုယ်တူ ပြုပြီး ဆုတောင်းအထူး ပြုကြရင် ဘဝတိုင်း မဟုတ်ရင်တောင် အတော်နီးနီး စပ်စပ်ဖြစ်ဖို့ အခွင့်အရေးတွေ ရှိနေပါလိမ့်မယ်။
ချွင်းချက် မှတ်ဖို့
သံသရာဒုက္ခမှ လွတ်ဖို့ဆိုရင် ဆုတောင်းမှုထက် ကျင့်သုံးမှု (စရဏ) အဓိက ဖြစ်သင့်တယ်။ ဥပမာ ဩကာသ ကန်တော့ခန်းနဲ့ ‘ဆွေမျိုးပျက်၊ စည်းစိမ်ပျက်၊ ရောဂါရ၊ သီလပျက်၊ အယူပျက်ဆိုတဲ့ ပျက်စီး ခြင်း (ဗျသန)ငါးမျိုးမှ လွတ်ပါရစေ’လို့ ဆုတောင်းရာမှာ ကိုယ်တိုင်က ဘာသီလမှ မဆောက်တည်ဘဲနဲ့ သီလပျက်ခြင်းမှ လွတ်ပါရစေလို့ ဆုတောင်းလို့ မရနိုင်ဘူး။ ဒါကြောင့် ဆုတောင်းသူဟာ အနည်းဆုံး သီလတော့ မဆောက်တည်သင့်ဘူးလား။
ကိုယ်ကိုယ်တိုင်က ဟိုလိုလိုဒီလိုလို လက်အုပ်ချီ အဆင့်လောက်နဲ့ အယူပျက်ခြင်းမှ လွတ်ပါရစေလို့ ဆုတောင်းရင် ကော မှန်ပါ့မလား။ ဒီအတွက် အနည်းဆုံး ခိုင်လုံတဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ ရှိရလိမ့်မယ်။ ဒါကြောင့် ကုသိုလ်ပြုပြီး ဆုတောင်းရမယ်ဆိုရာမှာ ဆုတောင်းနဲ့ လုပ်ငန်း တစ်ခြားစီ ဖြစ်မနေဖို့တော့ လိုပါတယ်။
ကျင့်သုံးသင့်တာကို ကျင့်သုံး ရှောင်ကြဉ်သင့်တာကို ရှောင်ကြဉ်မှ ပြည့်စုံနိုင်တယ် ဆိုတာကိုလည်းချွင်းချက်နဲ့ မှတ်ထားဖို့ပါ။
ပညာရှိမှ၊ ပဏ္ဍိတ၊ နာမကျော်ထင်ရှား။
ပညာရှိမှာ၊ လက္ခဏာ၊ အင်္ဂါကြောင်းသုံးပါး။
ကိုယ်နှုတ်နှလုံး၊ စောင့်စည်းသုံး၊ ကျင့်ထုံး မတိမ်းပါ
၁၁၃။ ဝိပဿနာနှင့် သမထ
ဧပြီ ၃၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ဗုဒ္ဓဓမ္မကို လိုက်နာကျင့်သုံးရာ၌ တပည့်တော်တို့ ဗုဒ္ဓဝါဒီ ပုထုဇဉ် လူ သာမန်များ အနေဖြင့် တရားထိုင်ခြင်းနှင့် ပုတီးစိပ်ခြင်း နှစ်မျိုးတွင် မည်သည်က ပို၍အကျိုးရှိပါသနည်း။ ထိုနှစ်မျိုးကျင့်ကြံပုံကို အကျဉ်း မျှရှင်ပြပေးစေလိုပါသည် အရှင်ဘုရား။
ပေါက်ဖော်၊ ပီကင်း
---
ဘာဝနာ နှစ်မျိုး
တရားထိုင်ခြင်းဆိုတာကို ဝိပဿနာဘာဝနာ၊ ပုတီးစိပ်ခြင်းဆိုတာကို သမထဘာဝနာလို့ နားလည်လိုက်မယ်။ ဒီဘာဝနာ နှစ်မျိုးကို ကျင့်သုံး ရာမှာ ဗုဒ္ဓဘာသာ၊ ပုထုဇဉ်၊ သို့မဟုတ် အရိယာလို့ သီးခြားတံဆိပ် ခတ်နှိပ်စရာမလိုဘူး။ မည်သူမဆို ကျင့်သုံးနိုင်ပါတယ်။
ထပ်ခါထပ်ခါ လုပ်တာက ဘာဝနာ။ ဝိပဿနာနည်းနဲ့ ထပ်ခါ ထပ်ခါ လုပ်ရင် ဝိပဿနာဘာဝနာ၊ သမထနည်းနဲ့ ထပ်ခါထပ်ခါ လုပ်ရင် သမထဘာဝနာပေါ့။ သိတတ် ခံစားတတ်တဲ့ အုပ်စု (နာမ်တရား များ)နဲ့ အသိခံအုပ်စု (ရုပ်တရားများ) ဒီနှစ်မျိုး ပေါင်းစည်းနေတဲ့ ခန္ဓာ ကိုယ်ကို အနိစ္စ (အမြဲမရှိ)၊ ဒုက္ခ (ဆင်းရဲ)၊ အနတ္တ (အထည်ကိုယ်မဲ့) ဆိုတဲ့ သဘာဝ လက္ခဏာသုံးပါး ထင်အောင် ကြိမ်ဖန်များစွာ ရှုတာက ဝိပဿနာ၊ သမာဓိ (စိတ်တည်ကြည်မှု) အရှိန် မြင့်မားအောင် ထပ်ခါ ထပ်ခါလုပ်တာကသမထလို့ လိုရင်းကိုမှတ်ပါ။
ဘာက အကျိုးပိုရှိသလဲ
‘ဘာဝေတဗ္ဗံ ပနိစ္စေဝံ၊ ဘာဝနာဒွယ မုတ္တမံ’ ဆိုတဲ့ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းအရ နေ့စဉ်မိသားစုဘဝထဲမှာ နေထိုင်တဲ့ လူသာမန်တစ်ယောက် အဖြစ်နဲ့ပဲ ဘာဝနာ နှစ်မျိုးလုံးကို ပွားများနိုင်ပါတယ်။ တကယ် ပွားများရင် နှစ်မျိုးလုံး တကယ်အကျိုးရှိပါတယ်။ ကိုယ်ကဝိပဿနာ သန်ရင် ဝိပဿနာ၊ သမထ သန်ရင် သမထပေါ့။ ခန္ဓာ (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်)မှာခဏတိုင်း ခဏတိုင်း ထင်ထင်ရှားရှား ဖြစ်ပေါ်နေ တာတွေကို သိအောင်လုပ်နေတာက ဝိပဿနာ၊ ဗုဒ္ဓါနုဿတိ (ဗုဒ္ဓဂုဏ်ကို ဆင်ခြင်ခြင်း)ကို ဖြစ်စေ အာနာပါန (ထွက်လေဝင်လေ)ကို ဖြစ်စေ အဲဒီ အာရုံတစ်ခုမှာပဲ စိတ်စွဲမြဲတည်တံ့နေအောင်လုပ်နေရင် သမထ။
ဘာက အကျိုး ပိုရှိသလဲဆိုတော့ ဝိပဿနာပွားရင် ဗောဓိဉာဏ် ကိုရမယ်၊ သမထကိုပွားများရင် စျာန်အဘိညာဉ်ကိုရမယ်။ ကိုယ်က ဘာကိုလိုချင်သလဲ။ ဗုဒ္ဓကတော့ ဗောဓိဉာဏ်ကို ရတော်မူတယ်။
ဘာဝနာနှစ်မျိုး ရှုပွားနည်း
ဗုဒ္ဓါနုဿတိကို ပွားများနေရင် သမထပေါ့။ ပုတီးကို မသုံးလဲ ကိစ္စမရှိ၊ သမာဓိတည်ထောင်နိုင်ဖို့ အဓိကပါ။ ပုတီးသုံးရင် အရဟံလို့ စိတ်ထဲက ဆိုလိုက်တိုင်းမှာ ကိလေသာရန်သူကို ပယ်သတ်တတ်သော မြတ်စွာဘုရားလို့ အဓိပ္ပာယ်ကို နားလည်ခြင်းနဲ့ အတူ အဲဒီစိတ်အာရုံ တစ်ခုလုံးကို ပုတီးလုံးပေါ်မှာ စိတ်မှတ်နဲ့ တင်ထား။ အရဟံလို့ စိတ်ထဲက ရွတ်ပြီး အဓိပ္ပာယ်ကို နားလည်မှုဖြင့် ဗုဒ္ဓကို အာရုံပြုခိုက် စိတ်ဖြစ်စဉ်တစ်ခု၊ စိတ်ကို ပုတီးလုံးသို့ပြောင်းပြီး လက်ကပုတီးတစ်လုံးရွှေ့တော့ စိတ်ဖြစ်စဉ်တစ်ခု၊ ဖြစ်စဉ်နှစ်ခုလုံးမှာ စိတ်ကိုမပျံ့လွင့်အောင်ကြိုးစားပါ။
ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတာကို ရှုရင်းနဲ့ တစ်နည်း သိအောင် လုပ်ရင်းနဲ့ ဖြစ်ပျက်သဘာဝကို အလိုလို ထိုးထွင်းပြီး သိသွားတယ်။ ကိုယ်ခန္ဓာ လှုပ်ရှားမှုတိုင်း၊ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုတိုင်း၊ စိတ်ခံစားမှုနဲ့ ကြံစည်စဉ်းစားမှုတိုင်းကို မလွတ်တမ်းသိအောင် လုပ်ရတယ်။ ဒီ့ထက် ပိုမို နားလည်လိုရင် ဆရာတော်ကြီးတွေ ဟောတဲ့ ဝိပဿနာအလုပ်ပေးတရားတွေကိုနာယူသင့်တယ်။
၁၁၄။ မျက်ကန်းယုံကြည်မှုလား
ဇန်နဝါရီ ၂၆၊၂၀၀၉။
---
ဆရာတော် အရှင်ဘုရား၊
မြတ်စွာဘုရားက ကာလာမသုတ်တွင် အယူဝါဒတစ်ခုကို သူများပြောလို့လည်း ယုံစရာမလို၊ အစဉ်အလာဖြစ်လို့လည်း ယုံစရာမလို၊ ကြောင်း ကျိုးဆီလျော်၍လည်း ယုံစရာမလို စသော အချက် ၁၀ ခုကို ဟောကြားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဟာ အခြား ဘာသာတွေနှင့်မတူ၊ ယုံကြည်မှု အပေါ်မှာ အခြေမခံဘဲ လက်တွေ့ကိုသာ အခြေခံသည်ဟု နားလည် ပါတယ်ဘုရား။ ဒါပေမယ့် သူတော်ကောင်းတရား ၇ ပါးမှာ သဒ္ဓါ (ယုံ ကြည်မှု) ဆိုတာလည်း ပါနေပြန်ပါတယ်။ နောက်တစ်ခါ ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အင်္ဂါရပ်တွေထဲမှာလည်း ‘ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း’စသည်ဖြင့် သဒ္ဓါယုံကြည်မှုရှိမှ မဂ်ဖိုလ်ကို ရနိုင်တယ်လို့ ပါတယ်။ အဲဒီနှစ်ခုဟာ ဝိရောဓိဖြစ်နေပါတယ်။ နား လည်အောင်ရှင်းပြပေးပါဘုရား။
ဝေယံဘုန်း၊ မနီလာ၊ ဖိလစ်ပိုင်
---
သဒ္ဓါရဲ့အဓိပ္ပာယ်ဖွင့်
သဒ္ဓါဆိုတာ ပါဠိစကားလုံး။ ညီမျှတဲ့ မြန်မာဝေါဟာရမရှိလို့ သဒ္ဓါဆိုတဲ့ ပါဠိစကားလုံးကိုပဲ ပြောဆိုသုံးစွဲရင်းက တွင်ကျယ်သွားလို့ မြန်မာ စကားလုံးလိုလို ဖြစ်သွားတယ်။ ယုံကြည်မှုလို့ အပေါ်ယံ နားလည် နေကြပေမယ့် မူရင်းအဓိပ္ပာယ်နဲ့ တစ်ထပ်တည်း မဖြစ်ဘူး။ မဆင်ခြင် မစဉ်းစားဘဲ သူများပြောတိုင်းကို မျက်စိမှိတ်ပြီး ယုံကြည်တာမျိုးကို သဒ္ဓါ (ယုံကြည်မှု)လို့ မဆိုလိုဘူး။ အမှန်တော့ သဒ္ဓါဆိုတာ အဘိဓမ္မာ မှာသုံးတဲ့ အဆင့်မြင့်ဗုဒ္ဓဒဿန ဝေါဟာရပါ။ ကုသိုလ်စိတ်တွေနဲ့ အတူ တွဲပြီးဖြစ်တဲ့ စိတ်ရဲ့ အခြေအနေ (သောဘနစေတသိက်)တစ်ခုဖြစ်ပါတယ်။ အဲဒီလို အဘိဓမ္မာသဘောတွေရဲ့ အဓိပ္ပာယ်ကို အတိအကျ နားလည်နိုင်ဖို့ လမ်းညွှန်လေးမျိုးရှိပါတယ်
၁) သဒ္ဓါဆိုတဲ့ စိတ်ရဲ့ အခြေအနေဟာ ယုံကြည်ခြင်း (သဒ္ဒဟန)၊
နက်နဲနဲနားလည်ခြင်း (ဩကပ္ပန)လက္ခဏာရှိတယ်။
၂) ရေကို ကြည်စေတဲ့ ပတ္တမြားလို စိတ်ကို ကြည်လင်အောင် လုပ်ပေးတတ်တဲ့ လုပ်ဆောင်ချက်ရှိတယ်။
၃)ဆုံးဖြတ်ချက်ချတဲ့ အနေနဲ့ ထင်ရှားတယ်။
၄) ယုံကြည်စရာ (ရတနာသုံးပါးစတဲ့) အရာဝတ္တုဟာ အဲဒီစိတ် အခြေအနေဖြစ်ပေါ်လာဖို့ အကြောင်းရင်း (နီးစပ်တဲ့ အကြောင်းတရား) ဖြစ်တယ်။
သဒ္ဓါစစ်ရဲ့ အရည်အသွေး
ယုံကြည်စရာ (ရတနာသုံးပါး)အပေါ် အဲဒီလို ယုံကြည်ထိုက်တယ်ဆို တာကို အသေအချာ သဘောပေါက် နားလည်ပြီး လက်ခံတာဟာ ဗုဒ္ဓ ဒဿနမှာ ဖော်ပြတဲ့ သဒ္ဓါတရားရဲ့ အရည်အချင်း ဖြစ်ပါတယ်။ အစစ် အမှန်ကို ဒီသဒ္ဓါတရားနဲ့ လက်ခံပါတယ်။ ကိုယ်ပိုင် အတွေ့အကြုံနဲ့ ဓမ္မ (သင်ကြားချက်)ရဲ့ စစ်မှန်မှုကိုဆုံးဖြတ်ပါတယ်။ အဲဒီစစ်မှန်မှုဆိုတာ ကတော့ သဘာဝအတိုင်းရှိနေတဲ့ အမှန်တရားပါပဲ။
အဲဒီ အမှန်တရားမျိုးမှာ ကြီးမားတဲ့ စွမ်းအင်ရှိပါတယ်။ ဇာတ်တော် တွေမှာ တွေ့ရတဲ့ သစ္စာ တန်ခိုးတွေဟာ ဒီအမှန်တရားနဲ့ သဒ္ဓါတရား တွေရဲ့စွမ်းအင်ကြောင့်ဖြစ်ရတာပါ။ မိမိအားထုတ်နေတဲ့ တရားအပေါ် အလေးအနက်နားလည် ယုံကြည်မှုမရှိရင် အားကောင်းတဲ့ ဝီရိယမရှိ နိုင်ဘူး။ ကိုယ်သွားနေတဲ့ လမ်းစဉ်အပေါ် မယုံကြည်ဘဲ ခရီးဆုံးကို ရောက်နိုင်ပါ့မလား။ ဒါကြောင့် အဲဒီ သဒ္ဓါတရားဟာ ပန်းတိုင်ရောက်ဖို့ လှေလှော်ရာမှာ လက်နှစ်ချောင်းလို အရေးကြီးပါတယ်။
ပညာ ဦးစီးတဲ့ သဒ္ဓါ
‘ပညာရှိသော အရိယာသာဝကအား ထိုပညာသို့ အစဉ်လိုက်သော ယုံကြည်မှုသဒ္ဓါသည် ကောင်းစွာတည်၏။ ထိုပညာသို့အစဉ်လိုက် သော အားထုတ်မှု ဝီရိယသည် ကောင်းစွာ တည်၏။ ထိုပညာသို့ အစဉ်လိုက်သော အောက်မေ့မှု သတိသည် ကောင်းစွာ တည်၏။ ထို ပညာသို့ အစဉ်လိုက်သော သမာဓိသည် ကောင်းစွာတည်၏ (သံ၊၃၊၁၉၅)’လို့ မြတ်ဗုဒ္ဓ ဟောပါတယ်။ ဒါကြောင့် ‘ထာဝရဘုရားသခင်ကို ယုံလိုက်စမ်းပါ မိတ်ဆွေ’လို့ အခြားသူတစ်ယောက်က ဆွယ်လို့ ယုံ လိုက်ရတဲ့ မျက်ကန်း ယုံကြည်မှုမျိုးကို သဒ္ဓါလို့ မခေါ်ဘူး။ စုံစမ်း လေ့ လာမှု (ပညာ)ကို အခြေပြုမှသာ သဒါအစစ် ဖြစ်ပါတယ်။ သဒါကို ပညာကဦးဆောင်တယ်။ ပညာမပါတဲ့ သဒါဟာမပြည့်စုံဘူး။ သံသယ ခလုတ်ကို ပယ်ရှားနိုင်အောင် အရာခပ်သိမ်းကို အလေးအနက်စဉ်းစား ဆင်ခြင်ပြီးမှ မိမိရဲ့ ကိုယ်ပိုင်အမြင်နဲ့ ဘာမှားတယ် မှန်တယ်ဆိုတာကို ပီပီပြင်ပြင်ဆုံးဖြတ်ချက်ချဖို့ ကာလာမသုတ်မှာ ဗုဒ္ဓညွှန်ကြားတာပါ။
ဗုဒ္ဓ ဒဿနမှာ ပါရှိတဲ့ သူတော်ကောင်းတရား ခုနစ်ပါး၊ ပဓာနိယင်္ဂ တရား (ဝိပဿနာ အားထုတ်သူတို့ ရှိရမယ့် အင်္ဂါရပ်) တွေမှာပါတဲ့ သဒါ တရားဆိုတာနဲ့ ကာလာမသုတ်လာ ကိုယ်တိုင်သိပြီးမှ ယုံကြည်ဖို့ အဆိုဟာ သိပ်ရှင်းပါတယ်။ ဆက်လက်ပြီး ဗုဒ္ဓစာပေကို များများ လေ့ လာဖတ်ရှုဖို့မေတာနဲ့ တိုက်တွန်းပါတယ်။
---
၁၁၄. Blind Faith?
Venerable Sayadaws,
Tha Buddha said in the Kalama Sutta that there are 10 principales before following a particular teaching. In this regard, I understand Buddinsm encourages critical thinking unlike other regiligions which rely on 'faith' in God and his words. But Saddha (faith/ belief) is included in seven feartures of a Kalyana, and Again, it is said that a person who practics Vipassana should have faith, good health, and so. So, the two statements are contradictory. Please explain to me.
Wai Yan Phon, Manila, Philippines.
---
Defination of Saddha
Saddha is a Pali word. There is no English word equivalent to it. Nor Burrmese but original Pali word is commonly used, becoming as a Buremese word. 'Faith' as it is understood outwardly, doesn't cover the original meaning though. In Saddha, there is no blind faith, i.e., no faith without logical reason in it. In fact, Saddha is a higher Buddhist philosophical term used in Abhidhamma. It is one of the beautiful mental states that is associated with wholesome consciousness. To understand that mental state exactly, there are four guide lines:
1) Saddha has the characteristic of faith or trusting;
2) Its function is to clarify mind as a water-cleaning gem causes muddy water to become clear;
3) It is manifested as resolution;
4) Its proximate cause is something to place faith in.
Qualities of Saddha
In Buddhist view, the quality of Saddha is the knowledge and belief that the Three Refuges are worthy of such accepcance. By this Saddha, the reality is received. The authority for the Dhamma (teachings) clainms one's own personal experience. The authority is that the truth itself possesses. Such truth has great power. The miracles of Sacca, as shown in Jataka stories, is made of this power of Truth and Saddha. Can one arrive at his destination, if he doesn't have confidence or trust in the Way he is walking? That is why Saddha palys a vital role for the Part when rowing a boat as if two hands.
Saddha folowed by wisdom
Buddha says 'A noble ddisciple who possesses wisdom, the faith that folows from it becomes stabilized, the energy that folows from it becomes stabilized, the energy that folows from it becomes stabilized, mindfulness that folows from it becomes stabilized, the concentration that folows from it becomes stabbilized.' (Sam 3, p. 195). So, in Buddhism, the blind faith which you come to believe being persuaded by the words "My friend, please come and believe in God is not Saddha." Real Saddha appeares only when it is folowed by knowledge and led by wisdom. Without knowledge and wisdom Saddha is not perfect. It is the meaning of Kalama Sutta that everything should be clearly weighed, examined and Budged according to whether it is true or false in the light of one's own convictions so that one can get rid of obstacles caused by doubt.
In Buddhist philosophy, the diference between Saddha, which you see in Seven Gems for noble persons, Five Padhaniyanga Dhammas, and the teacheings of Kalama Sutta is very clear. It is my sincere wish for you to try to continue to read more Buddhist writings.
ကြည်ညိုခြင်း၊ ပြစ်မှား ကဲ့ရဲ့ခြင်းသည် လိုရင်းပဓာန မဟုတ်။ ဆရာ ကောင်းတို့၏ လမ်းကို ဖြောင့်တန်းစွာ လိုက်နိုင်ပါမှ ဘဝသံသရာ သတ္တဝါ ဇာတ်သိမ်း၍ ငြိမ်းအေးရာ နိဗ္ဗာန်သို့ရောက်လွယ်ကြမည်။
(ဝိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၁၀၆)။
---
၁၁၅။ ဘာသာမဲ့တွေ ဘာကြောင့်တိုးလာ
ဇန်နဝါရီ ၂၆၊၂၀၀၉။
---
ဆရာတော် အရှင်ဘုရား၊
ရိုသေစွာ လျှောက်ထားအပ်ပါသည်။ မြတ်စွာဘုရားသည် ဘယ်အတွက်ကြောင့် လောကသုံးပါးကို ဆင်ခြင်တော်မူပါသနည်း။ ဘာသာမဲ့ ဆိုတာရဲ့ အဓိပ္ပာယ်ကိုလည်း သိလိုပါသည်ဘုရား။ ယခုခေတ်မှာ ဘာလို့ ဘာသာမဲ့တွေ ပိုများလာပါသလဲဘုရား။
လင်းလင်း
---
ဗုဒ္ဓါစိဏ္ဏ
နံနက် လင်းအားကြီးအချိန်မှာ မဟာကရုဏာသမာတ်ကို ဝင်စားပြီးနောက် ကမ္ဘာလောကအတွင်းမှာရှိတဲ့ ဗောဓိဉာဏ်ကို ရနိုင်တဲ့ ကျွတ် ထိုက်သူသတ္တဝါတွေကို ကြည့်ရှုတော်မူတာဟာ ဗုဒ္ဓါစိဏ္ဏ (ဘုရားရှင်တို့ လုပ်လေ့ရှိတဲ့ အလုပ်) ဖြစ်ပါတယ်။ လောကသုံးပါးကို ဆင်ခြင်တယ် ဆိုတာ အဲဒီလို လောကကို ကြည့်ရှုတာကို ဆိုလိုရင်း အဓိပ္ပာယ်က ရှင်းပါတယ်။ ကျွတ်ထိုက်သူကို မြင်ရင် အဲဒီပုဂ္ဂိုလ်ဆီ သွားပြီး တရား ဟော၊ တရားပြ အဲဒီလူ ဗောဓိဉာဏ်ကို ရလို့ ဒုက္ခငြိမ်းပေါ့။
ဘာသာမဲ့ ဆိုတာ
Religion လက်မခံတဲ့ လူကို Atheist (ဘာသာမဲ့)လို့ ဆိုနိုင်တယ်။ ဒါပေ မယ့် Religionကို ဘာသာရေးလို့ ဘာသာပြန်ပြီး ကမ္ဘာမိုးမြေကို တန် ခိုးရှင်က ဖန်ဆင်းတာကို ယုံကြည်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်း ပါမယ်၊ လူတို့ရဲ့ ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်မှုဆိုင်ရာ ဥပဒေသတွေလည်း ပါမယ်ဆိုရင် Atheist တွေဟာ ဘာသာရေး အားလုံးကို မပယ်ဘူးလို့ ဆိုနိုင်တယ်။ Atheist ရဲ့ အဓိပ္ပါယ်ရင်းက ဖန်ဆင်းရှင်ကိုပဲ ငြင်းတာ၊ ကိုယ်ကျင့်တရားကို မငြင်းဘူး။ ဘုန်းကြီးဆီမှာ တရားလာထိုင် နေသူ တွေဟာ Atheist တွေပါ။ သူတို့က No Religionလို့ ပြောကြပေ မယ့် ကိုယ်ကျင့်တရားကို ကိုးကွယ်ရာမှာ ကိုယ့်ကိုယ်ကို တံဆိပ်ခတ် ထားသူတွေအောက် မလျော့ပါဘူး။ Atheist တွေဟာ လက်တွေ့ ကျပြီး ဖန်ဆင်းရှင်ကို ပယ်တဲ့ ဗုဒ္ဓဝါဒဖက်ကို ယိုင်တယ်လို့ ဘုန်းကြီးထင်တယ်။
ဘာသာမဲ့တွေ ဘာကြောင့်တိုးလာ
အင်တာနက် ဇယားတစ်ခုအရ အမေရိကမှာ ၂၀၀၄ တုန်းက Atheist တွေ တစ်နိုင်ငံလုံး ၁၂ ရာနှုန်းရှိတယ်လို့ ဆိုတယ်။ လိင်တူဆက်ဆံမှု (homosexuality)ကို လက်ခံသူ များပြားလာသလောက် Atheist တွေလည်း တဖြည်းဖြည်း တိုးလာနေတယ်လို့လည်း အဲဒီဆောင်းပါးမှာ ဆိုတယ်။ လိင်တူဆက်ဆံသူတွေ တိုးလာတာနဲ့ ပတ်သက်မှု ရှိနိုင်ပေမယ့် ဘာကြောင့် တိုးလာသလဲ ဆိုတာကို အတိအကျ ဆိုဖို့တော့ ခဲယဉ်း မယ်။ လူတွေဟာ လက်ငင်း ပျော်ရွှင်မှုအတွက် ရုပ်ဝတ္ထုနောက်ကို အလွန် လိုက်ပြီး ရုပ်ဝါဒလွမ်းမိုးတဲ့ ကာလဒေသနဲ့ ပတ်ဝန်းကျင်မှာ နေ ထိုင်လာရင်း နောင်တစ်ချိန်မှာရရှိမယ်ဆိုတဲ့ စိတ်ကူးယဉ်ကောင်းကင် ဘုံဆိုတာကို လက်ခံဖို့ ခဲယဉ်းလာတဲ့ သဘောလည်း ရှိပါတယ်။
---
၁၁၆။ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာ
ဘုန်းဘုန်းဘုရား၊
ငါးရာနှစ်ဆယ့်ရှစ် မေတ္တာဆိုတာကို ကြားရုံသာ ကြားဖူးနေပါသည်။ ငါးရာနှစ်ဆယ့်ရှစ် အရေအတွက်ကို သိလိုပြီး ထိုမေတ္တာကို မည်သို့ ပို့သ ပွားများရမည်ကိုလည်း ရှင်းပြပေးစေချင်ပါသည်။
မိမိလွင်
---
မေတ္တာ စကားလုံး ၄ မျိုး
၁။ အဝေရာဟောန္တု =ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
၂။ အဗျာပဇ္ဇာဟောန္တု =ဆင်းရဲ ခပ်သိမ်းငြိမ်းကြပါစေ
၃။ အနီဃာဟောန္တု =စိုးရိမ်ခပ်သိမ်းငြိမ်းကြပါစေ
၄။ သုခီအတ္တာနံပရိဟရန္တု= နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ
အနောဓိသ (မရည်ညွှန်း) ၅ ဌာန
၁။ သဗ္ဗေ သတ္တာ =သတ္တဝါ အားလုံး
၂။ သဗ္ဗေ ပါဏာ =ထွက်သက်ဝင်သက်ရှိသူ အားလုံး
၃။ သဗ္ဗေ ဘူတာ =သက်ရှိ အားလုံး
၄။ သဗ္ဗေပုဂ္ဂလာ =ပုဂ္ဂိုလ်အားလုံး
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ=အတ္တဘော (ခန္ဓာ)ရှိသူ အားလုံး
ဩဓိသ (ရည်ညွှန်း) ၇ ဌာန
၁။ သဗ္ဗာ ဣတ္ထိယော= အမ သတ္တဝါ အားလုံး
၂။ သဗ္ဗေ ပုရိသာ = အထီး သတ္တဝါ အားလုံး
၃။ သဗ္ဗေ အရိယာ = အရိယာ ပုဂ္ဂိုလ်အားလုံး
၄။ သဗ္ဗေ အနရိယာ = ပုထုဇဉ်အားလုံး
၅။ သဗ္ဗေ ဒေဝါ = နတ်ဗြဟ္မာ အားလုံး
၆။ သဗ္ဗေ မနုဿာ = လူ အားလုံး
၇။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်ဘုံသား အားလုံး
အရပ်မျက်နှာ ၁၀
၁။ ပုရတ္ထိမာယ ဒိသာယ = အရှေ့
၂။ ဒက္ခိဏာယ ဒိသာယ = တောင်
၃။ ပစ္ဆိမာယ ဒိသာယ = အနောက်
၄။ ဥတ္တရာယ ဒိသာယ = မြောက်
၅။ ပုရတ္ထိမာယ အနုဒိသာယ = အရှေ့တောင်
၆။ ဒက္ခိဏာယ အနုဒိသာယ = အနောက်တောင်
၇။ ပစ္ဆိမာယ အနုဒိသာယ = အနောက်မြောက်
၈။ ဥတ္တရာယ အနုဒိသာယ =အရှေ့မြောက်
၉။ ဟေဋ္ဌိမာယ ဒိသာယ = အောက်အရပ်
၁၀။ ဥပရိမာယဒိသာယ = အထက်အရပ်
အနောဓိသ မေတ္တာ ၂၀
မေတ္တာပို့တဲ့ အခါ ရှေးဦးစွာ အနောဓိသ (မည်သူမည်ဝါလို့ မသတ်မှတ်တဲ့) မေတ္တာပို့ရာ ဌာန ၅ မျိုးကို အဝေရာ ဟောန္တု စသည်ဖြင့် ၄ ကြိမ် စီပို့တယ်။ ၁မျိုးကို ၄ ကြိမ်ပို့တော့ ၅ မျိုးကို အကြိမ်၂၀။
၁။ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု
၂။ သဗ္ဗေ သတ္တာ အဗျာပဇ္ဇာ ဟောန္တု
၃။ သဗ္ဗေ သတ္တာအနီဃာ ဟောန္တု
၄။ သဗ္ဗေ သတ္တာ သုခီ အတ္တာနံ ပရိဟရန္တု
ဤနည်းအတိုင်း သဗ္ဗေ ပါဏာ အဝေရာ ဟောန္တု၊ သဗ္ဗေ ပါဏာ အဗျာပဇ္ဇာ ဟောန္တုစသည်။ အဲဒါ အနောဓိသမေတ္တာ၂၀။
အနောဓိသ ၅ _ န္တု ၄ = ၂၀
ဩဓိသ မေတ္တာ ၂၈
အဲဒီနည်း အတိုင်းပဲ ဩဓိသ (မည်သူမည်ဝါလို့ ခွဲခြားသတ်မှတ်တဲ့) မေတ္တာ ပို့ရာဌာန ၇ မျိုးကို အဝေရာ ဟောန္တု စသည်ဖြင့် ၄ ကြိမ်စီ ပို့တယ်။ ၁ မျိုးကို ၄ ကြိမ်စီပို့တော့ ၇ မျိုးကို ၂၈ ကြိမ်။ ဩဓိသ ၇ _ န္တု ၄ = ၂၈
(သဗ္ဗာ ဣတ္ထိယော အဝေရာ ဟောန္တု စသည်ဖြင့် ပို့ကြည့်ပါ။)
အနောဓိသမေတ္တာ ၂၀ + ဩဓိသမေတ္တာ ၂၈ = နှစ်မျိုးပေါင်း ၄၈
ဒိသာဖရဏ (အရပ်မျက်နှာ ဖြန့်ကြက်) မေတ္တာ ၄၈၀
အဲဒီအနောဓိသနဲ့ ဩဓိသ မေတ္တာပို့ကြိမ် ၄၈ ကိုပင် အရပ်ဆယ်မျက်နှာနဲ့ သတ်မှတ်ပြီးပို့ရင် အကြိမ်ပေါင်း ၄၈၀ ဖြစ်သွားတယ်။
၁။ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု
၂။ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေ သတ္တာ အဗျာပဇ္ဇာ ဟောန္တု
၃။ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေ သတ္တာ အနီဃာ ဟောန္တု
၄။ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေ သတ္တာ သုခီအတ္တာနံ ပရိဟရန္တု
၅။ ပုရတိမာယ ဒိသာယ သဗ္ဗေ ပါဏာ အဝေရာ ဟောန္တု
၆။ ပုရတိမာယ ဒိသာယ သဗ္ဗေ ပါဏာ အဗျာပဇာ ဟောန္တု
၇။ ပုရတိမာယ ဒိသာယ သဗ္ဗေ ပါဏာ အနီဃာ ဟောန္တု
၈။ ပုရတိမာယ ဒိသာယ သဗ္ဗေ ပါဏာ သုခီအတ္တာနံ ပရိဟရန္တု
၉၊၁၀၊၁၁၊၁၂။ ပုရတိမာယ ဒိသာယ သဗ္ဗေ ဘူတာ အဝေရာ ဟောန္တု၊ ...စသည်...၄၈ မျိုးကုန်အောင်ပွားကြည့်ပါ။
ပုရတ္ထိမာယ ဒိသာယ ဍ္ဍ၄၈ (အနောဓိသ ၂၀+ဩဓိသ၂၈)=၄၈
ဒက္ခိဏာယ ဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
ပစ္ဆိမာယ ဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
ဥတ္တရာယ ဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
ပုရတ္ထိမာယ အနုဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
ဒက္ခိဏာယ အနုဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
ဥတ္တရာယ အနုဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
ဟေဋ္ဌိမာယ ဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
ဥပရိမာယ ဒိသာယ ဍ္ဍ၄၈ (အနောဓိသ၂၀+ဩဓိသ၂၈)=၄၈
အရပ်မျက်နှာ ၁၀ _ ၄၈ (အနောဓိ ၂၀ + ဩဓိ ၂၈) = ၄၈၀
၅၂၈ မေတ္တာ
အရပ်မျက်နှာ မဖြန့်မီ မေတ္တာပို့ကြိမ် ၄၈ကို အရပ်မျက်နှာ ဖြန့်ပြီး နောက် မေတ္တာပို့ကြိမ် ၄၈၀ နှင့် ပေါင်းရင် မေတ္တာပို့ကြိမ်ပေါင်း ၅၂၈ ဖြစ်ပါတယ်။ အဲဒါကိုငါးရာနှစ်ဆယ့်ရှစ်မေတ္တာလို့ ခေါ်တာပါ။ (အနောဓိသ ၂၀+ ဩဓိသ ၂၈ = ၄၈ဍ္ဍ အရပ်မျက်နှာ ၁၀ = ၄၈၀။ ဒိသာဖရဏမေတ္တာ ၄၈၀ + အနောဓိသ မေတ္တာ ၂၀ + ဩဓိသ မေတ္တာ ၂၈။ စုစုပေါင်း မေတ္တာ ၅၂၈။) ဒီမေတ္တာမျိုးက
မေတ္တာအစစ်ပါ။ ပွားပါများရင် စျာန်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် အရဟတ္တဖိုလ်ထိ ရောက်နိုင်တယ်။
ငါးရာနှစ်၊ ရှစ်တသွယ်၊ ပြယ်မပြေ၊ လေမသွေ့၊ နေ့တိုင်းလိမ်း၊ ငြိမ်းလိမ့်မည် (ရှင်မဟာရဋ္ဌသာရ)။
---
၁၁၇။ သမ္ဗုဒ္ဓေ ဂါထာ သုတေသန
ဇန်နဝါရီ ၂၉၊၂၀၀၉။
---
ဘုန်းဘုန်းဘုရား၊
သမီးနာမည် နန်းပွင့်ဆက် ပါ။ ရန်ကုန်မှာ နေပါတယ်။ သမီးမသိတာ လေးတစ်ခုကို ဘုန်းဘုန်းတို့ ဖြေကြားပေးစေချင်ပါသည်။ သမီးငယ် ငယ်ကပင် ဖေဖေ သင်ပေးလို့ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဖတ်ခဲ့ပါသည်။ သမ္ဗုဒ္ဓေသီချင်းကိုပါ သမီး အလွတ်ရပါသည်။ သမ္ဗုဒ္ဓေဂါတော်နဲ့ သမီးရဲ့ အခက်အခဲ တော်တော်များများကို အောင်မြင်နိုင်ခဲ့ပါသည်။
သမီးက သီချင်းဆိုပြီး သက်မွေး ဝမ်းကျောင်းပြု ပေမယ့်သီချင်း မဆိုခင်မှာ သမ္ဗုဒ္ဓေဂါထာကို စိတ်ထဲက အမြဲရွတ်ပါသည်။ ဖျော်ဖြေပွဲ တခု မတိုင်ခင်မှာ သမီးရဲ့ သူငယ်ချင်းတယောက်က သမ္ဗုဒ္ဓေဂါထာဟာ ဘုရားဟော မဟုတ်ဘူးဟု ပြောလာပါသည်။ အဲဒါ ဟုတ်ပါသလား။ သူငယ်ချင်းရဲ့ စကားကြောင့် သမီးရဲ့ ယုံကြည်မှုတော့ ပျက်ပြားသွား မည်မဟုတ်ပါ။ ကျေးဇူတင်ပါသည်။
သမီးနန်းပွင့်၊ ရန်ကုန်
---
တိုက်တွန်းချက်
ကျမ်းဂန်တွေ ကျမ်းညွှန်းတွေ မပါဘဲ ဖတ်လို့ ကောင်းရုံ သာမန်ပဲ ဖြေလိုက်ရင်လည်း ရတော့ရပါတယ်။ ဒါပေမယ့် ခိုင်လုံပြည့်စုံပြီး လေးနက် စေချင်တဲ့ စေတနာရင်း ရှိပါတယ်။ မေးခွန်းရဲ့ အဖြေအတွက် လေ့လာ ဖတ်ရှုရင်း စိတ်ဝင်စားမိလို့ ရရှိအချက်အလက်တွေကို စုစည်းပြလိုတဲ့ ဆန္ဒလည်းရှိပါတယ်။ ပရိသတ်ကို သီချင်းဆိုပြီး မဖြေဖျော်ခင် သမ္ဗုဒ္ဓေ ဂါထာကို ရွတ်လေ့ရှိတဲ့ သမီး နန်းပွင့်အနေနဲ့ ဘာသာရေး ဗဟုသုတ ကိုလည်း မြတ်နိုးမှာဖြစ်လို့ ဖြည်းဖြည်းချင်း သည်းခံကြိုးစားပြီး ဖတ်ရှု နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသိဉာဏ် ပွင့်လင်းမှုနဲ့ ဗဟုသုတ တစ်မျိုး ဧကန်တိုးပါလိမ့်မယ်။ ဒီမေးခွန်းကို ပြည့်စုံစွာ ဖြေနိုင်ဖို့ Arizona State University က Hayden စာကြည့်တိုက်ကို ပို့ပေးတဲ့ ဓမ္မမိတ်ဆွေ Mr. James McShea ကိုကျေးဇူး အထူးတင်ပါတယ်။
သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်
(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်း နှစ်ထောင်သော ဘုရားရှင်၊ ငါးသိန်းသော ဘုရားရှင် (၅၁၂၀၂၈ ဆူသော ဘုရားရှင်) တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။
(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။
ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာ နည်းပါသေး၏။ ပရိနိဗ္ဗာန် စံတော်မူ ပြီးသော မာရ်ငါးပါးကို အောင်မြင်ပြီးသော ဘုရားရှင်တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့် သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။
(၃) နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနာသန္တု အသေသတော။
ရှိခိုးရသည့် အစွမ်း အာနုဘော်ကြောင့် ဘေးရန် ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ် များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေ သတည်း။
သမ္ဗုဒ္ဓေ ဘယ်ကရ
ဂါထာမှာ ဖော်ပြတဲ့ အတိုင်း ဘုရားရှင် (သမ္ဗုဒ္ဓေ) ပေါင်း ၅၁၂၀၂၈ ဆူ ဘယ်လို ဖြစ်လာတယ်ဆိုတာကို ကျမ်းဂန်မှာ ဖွေရှာရင်း စိတ်ဝင်စားဖွယ် ယုံကြည်မှု ကွင်းဆက်တွေကို တွေ့ရတယ်။ ဗုဒ္ဓဝံသပါဠိ၊ စရိယပိဋကပါဠိနဲ့ မိလိန္ဒပဥှပါဠိ ကျမ်းတွေမှာ ပွင့်တော်မူပြီး ဗုဒ္ဓ ၂၇ ဆူ (ဂေါတမဗုဒ္ဓပါရင် ၂၈)ဆူပြတယ်။ ပထမဆုံး ထေရဝါဒအဖွင့်ကျမ်း ဖြစ်တဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၂၉၁)မှာ သမ္မာသမ္ဗုဒ္ဓဖြစ်လာ ဖို့လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရကြောင်း ဆိုတယ်။
သုတ္တနိပါတအဋ္ဌကထာ (သုတ္တနိ၊ဋ္ဌ၊၁၊၄၃)နဲ့ အပဒါနအဋ္ဌကထာ (အပဒါန၊ဋ္ဌ၊၁၊၉၅)တွေမှာတော့
၁) ပညာအထူးပြု ဘုရားရှင်တွေက လေးအင်္ချေနဲ့ ကမ္ဘာတစ်သိန်း
၂)သဒ္ဓါအထူးပြုဘုရားရှင်တွေက ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
၃)ဝီရိယအထူးပြုဘုရားတွေက ၁၆ အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ရကြောင်းနဲ့ ဂေါတမဗုဒ္ဓဟာ ပညာအထူးပြု ဗုဒ္ဓဖြစ်ကြောင်း ဆိုတယ်။ ဒီကျမ်းတွေမှာ ဗုဒ္ဓရှင်တော်မြတ်က အရှင်အာနန္ဒာကို မိန့် ကြားတဲ့ အနေနဲ့ ဆိုပေမယ့် ဒီအဆိုပါရှိတဲ့ ပါဠိတော်မူရင်းကို နိကာယ် ငါးရပ်မှာ ရှာမတွေ့တာကတော့ ထူးခြားတယ်။
ပြီးတော့ ဒီကျမ်းဂန်တွေမှာ ဂေါတမဗုဒ္ဓ ပါရမီဖြည့်ခဲ့တဲ့ ဘုရားရှင်တွေရဲ့ အရေအတွက်ကို အတိအကျ မဖော်ပြဘူး။ ဒီအဋ္ဌကထာကျမ်း တွေကို ယေဘုယျအနေနဲ့ အေဒီ ၅ ရာစုနဲ့ ၆ ရာစုမှာရေးခဲ့တာဖြစ်လို့ အဲဒီခေတ်ထိ သမ္ဗုဒ္ဓေ (ဂေါတမဗုဒ္ဓ ပါရမီဖြည့်တဲ့ ဘုရား)အရေအတွက် မတိကျသေးဘူးလို့ ဆိုနိုင်မလားဘဲ။
သမ္ဗုဒ္ဓေ သဲလွန်စ
ယိုးဒယားနိုင်ငံမှာ ရေးတဲ့ သောတတ္ထကီမဟာနိဒါန (ပါဠိဘာသာ) ကျမ်း (PTS, London, p. 4, 5) နဲ့ ဇိနကာလမာလီ (ပါဠိဘာသာ)ကျမ်း (PTS, London, p. 5, 24)တွေမှာတော့
စိန္တိတံ သတ္တ သင်္ချေယျံ၊ နဝ သင်္ချေယျ ဝါစကံ။
ကာယဝါစာစတုချာတံ၊ ဗုဒ္ဓတ္တံ သမုပါဂမိ။
(ပေမူမှာစုဏ္ဏိယ စကားပြေအနေနဲ့ ရှိပြီး ဂါထာကို မတွေ့မိပါ။) ဘုရားဖြစ်ဖို့ စိတ်က ကြံစည်တာ ၇ အသင်္ချေ၊ စိတ်ရော နှုတ်ပါ ပါရမီဖြည့်တာ ၉ အသင်္ချေ၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးနဲ့ ပါရမီ ဖြည့်တာ ၄ အသင်္ချေ၊ စုစုပေါင်း ၂၀ အသင်္ချေနဲ့ နောက်ထပ် ကမ္ဘာ တစ်သိန်းကြာအောင်ပါရမီဖြည့်ပြီးမှ ဗုဒ္ဓအဖြစ်ကို ရတယ်လို့ ဆိုတယ်။ ဒါ့အပြင် ပါရမီဖြည့်ခဲ့တဲ့ ဘုရားရှင် အရေအတွက်ကိုလည်း အတိအကျ ဖော်ပြတယ်။ စိတ်ကြံ ၇ အသင်္ချေကာလကို စတင်ခဲ့တဲ့ ဘုရား ရှင် ၁ ဆူ (ပေါရာဏဒီပင်္ကရဘုရား)၊ နှုတ်ပြော စိတ်ကြံ ၉ အသင်္ချေ ပါရမီဖြည့် ကာလအတွင်း ၁၂၅၀၀၀ ဆူ၊ ကိုယ်နှုတ်နှလုံး သုံးပါးနဲ့ ၄ အသင်္ချေအတွင်း ၃၈ရဝဝဝဆူ၊ ကိုယ် နှုတ်နှလုံးသုံးပါးနဲ့ ပါရမီဖြည့် တဲ့ ကမ္ဘာတစ်သိန်းမှာ ၂၇ ဆူ၊ သမ္ဗုဒ္ဓေ (ပါရမီဖြည့်ခံ ဘုရားရှင်) စုစုပေါင်း ၅၁၂၀၂၈ဆူဖြစ်ပါတယ်။
ဗုဒ္ဓဂေါတမ ပါရမီဖြည့်တဲ့ ဘုရားပေါင်း အတိအကျကို ဖော်ပြတာဟာ ထေရဝါဒ နောက်တိုး အယူအဆသစ် ဖြစ်ဖွယ်ရှိပြီး ဒီအယူအဆဟာ ဗုဒ္ဓရဲ့ ပါရမီဖြည့်ကာလ ရှည်ကြာမှုအယူအဆ စတင်ခဲ့တဲ့ သီဟိုဠ်၊ ပုလတ္ထိ (Polonnaruva) ခေတ် (အေဒီ ၁၁-၁၃ ရာစု) လောက်မှာ စတင် ခဲ့လေမလားလို့ ယူဆရတယ်။ အေဒီ ၁၅၀၈ ခုနှစ်၊ မြန်မာနိုင်ငံ၊ ပြည်မြို့နေ အရှင်သာဂရဗုဒ္ဓိမထေရ် ရေးစီရင် တဲ့ သီမဝိသောဓနီပါဌ် (စာ၊၇) မှာ ဇာတတ္ထကီသောတ္ထကီကျမ်း အမည်နဲ့ အထက်ပါ ဂါထာကို ကိုးကား ဖော်ပြပါတယ်။ အေဒီ ၁၄၄၂ ခုနှစ်၊ ပုဂံက ဘုန်းကြီး ကျောင်း တစ်ခုကို လှူဒါန်းတဲ့ စာအုပ်စာရင်းမှာ သောတတ္ထကီ မဟာနိဒါနကျမ်းရဲ့ အမည်ပါတယ် (Pali Literature of Burma, p. 104)။ ဒါ ကြောင့် အဲဒီ ခေတ်အချိန်တွေမှာ မြန်မာနိုင်ငံမှာ သမ္ဗုဒ္ဓေအယူဆ ရှိနေ ပြီလားလို့ တွေမိစရာပဲ။
ပညာအထူးပြု ဂေါတမဗုဒ္ဓ
ဂေါတမဗုဒ္ဓဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း သို့မဟုတ် စိတ်ကြံ နှုတပြောပါထည့်ပြီး၂၀အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဆည်းပူးရတဲ့ ပညာအထူးပြု ဗုဒ္ဓဖြစ်ပါတယ်။ အမှာကံ ဘဂဝါ ကပ္ပသတသဟဿာဓိကာနိ စတ္တာရိ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ ဗုဒ္ဓဘာဝံ ပတ္တော ပညာဓိကော နာမ ပညိန္ဒြိယဿ ဗလဝတာ (ဇိနကာလမာလီ၊၂၆)။ သမ္ဗုဒ္ဓေဂါထာအရ ပညာဓိက (ပညာအထူးပြု)ဘုရားရှင်တွေဟာ ဘုရား ရှင်ပေါင်း ၅၁၂၀၂၈ဆူနဲ့ တွေ့ဆုံ ပါရမီဖြည့်ရဖွယ်ရှိတယ်။ ဗုဒ္ဓဝါဒ ဂိုဏ်းကွဲအချို့ရဲ့ အဆို
မဟာယာနနဲ့ အခြားဗုဒ္ဓဝါဒ ဂိုဏ်းကွဲတွေမှာလည်း ဗုဒ္ဓပါရမီဖြည့်တဲ့ ဘုရားရှင်အရေအတွက်ကို ဖော်ပြတယ်။ ကွဲလွဲမှုတော့ ရှိတယ်။ မဟာ ယာနတို့ရှေးဦး ဗုဒ္ဓဝင်ဖြစ်တဲ့ လလိတဝိတာရကျမ်း (Bijoya Goswami, Lalitavistara, p. 6-7)မှာ ဂေါတမဗုဒ္ဓ ပါရမီဖြည့်ခဲ့တဲ့ ဘုရားရှင် ၅၅ ဆူ တို့ရဲ့ အမည်ကို ပြဆိုတယ်။ သမိတိယနဲ့ မူလသဗတိဝါဒစတဲ့ အချို့ဗုဒ္ဓ ဝါဒ ဂိုဏ်းကွဲတွေမှာတော့ ပါရမီဖြည့် ဘုရားရှင်ပေါင်း ၂၂၈၀၀၀ လို့ ဆိုပါသတဲ့ (E. Obermiller, History of BuddhismI, p. 103)။
ဒါကြောင့် သမ္ဗုဒ္ဓေ ဂါထာဟာ အခြားသော ဗုဒ္ဓဝါဒဂိုဏ်းကွဲတွေရဲ့ အယူ အဆနဲ့လည်း ပတ်သက်ကောင်း ပတ်သက်နိုင်တယ်။ ဆိုလိုတာ က အဲဒီ ဂိုဏ်းတွေရဲ့ အယူအဆနဲ့ ရောထွေးသွားတာ၊ သို့မဟုတ် ယင်းတို့ကို အခြေခံအစပြုခဲ့တာလည်း ဖြစ်နိုင်တယ်။
သမ္ဗုဒ္ဓေစေတီ ၂ ဆူ
မြန်မာနိုင်ငံမှာ သမ္ဗုဒ္ဓေဂါထာကို ဗုဒ္ဓဝါဒီတိုင်းနီးပါး အာဂုံဆောင်ပြီး ရွတ် ဖတ်ကြပါတယ်။ ‘မြို့တိုင်းရွာတိုင်း...ရွတ်ဖတ်ကြ ဂါထာသမ္ဗုဒ္ဓေ’လို့ လဲ တိုက်တွန်းပါတယ်။ သမ္ဗုဒ္ဓေဂါထာကိုရွတ်ရင် ဘေးအန္တရာယ် ကင်းတယ်၊ မကောင်းဆိုးရွားတွေ မကပ်နိုင်ဘူး၊ စီးပွားဥစ္စာ တိုးတက်တယ် လို့ ဗုဒ္ဓဝါဒီတို့ ယုံကြည်ပါတယ်။ မုံရွာမြို့အနီးမှာ လွန်ခဲ့တဲ့ နှစ်တစ်ရာ နီးပါးလောက်က မိုးညင်းဆရာတော်ကြီးကလည်း ဘုရားဆင်းတုပေါင်း ၅၁၂၀၂၈ဆူပါရှိတဲ့ စေတီကြီးတစ်ဆူကိုတည်ခဲ့ပါတယ်။
ယိုးဒယားနိုင်ငံက စူဠပရိတ် ၇ စောင်တွဲ (Cularaja Paritta) လို့ ခေါ်တဲ့ ဘုရင့်ဝတ်ရွတ်စဉ်စာအုပ်နဲ့ ပရိတ်ကြီး ၁၂ စောင်တွဲ (Maharaja Paritta) ကျမ်းတွေမှာသမ္ဗုဒ္ဓေဂါထာပါလို့ (မြန်မာမူနဲ့ အနည်းငယ် ကွဲတယ်) ယိုးဒယားမှာလည်း သမ္ဗုဒ္ဓေဂါထာ ရွတ်ဖတ်မှု ထင်ရှားတာ သေချာတယ်။ ၁၉၈၆ ခုနှစ်က ယိုးဒယားနိုင်ငံ Mae Sot ခရိုင်မှာ မုံရွာ သမ္ဗုဒ္ဓေစေတီတော်ကို အတုယူပြီး စေတိယဝိဟာရသမ္ဗုဒ္ဓေ စေတီကို တည်ပါတယ် (Bangkok Post, August 25, 1986)။
ဘယ်တုန်းက ဘယ်အရပ်မှာ
ဘုရားရှင်တို့ရဲ့ ပါရမီဖြည့်ကျင့်တဲ့ ကာလဟာ အလွန့်အလွန် ကြာ ညောင်းတယ်ဆိုတဲ့ အယူအဆကနေ သမ္ဗုဒ္ဓေ အယူအဆသို့ တိုးတက် သွားခဲ့တာ ဖြစ်နိုင်တယ်။ ထေရဝါဒကျမ်းအနေနဲ့ လက်ခံတဲ့ သော တတ္ထကီ မဟာနိဒါနဟာ အဲဒီတိုးတက်ပြီး ခိုင်မာလာတဲ့ အယူအဆကို မှတ်တမ်းတင် ဖော်ပြတဲ့ ကျမ်းဖြစ်နိုင်တယ်။ သမ္ဗုဒ္ဓေဂါထာကို ဘယ် အချိန်က ဘယ်အရပ်မှာ ရေးသလဲ၊ ယိုးဒယား သမ္ဗုဒ္ဓေဂါထာက Origin လော၊ မြန်မာ သမ္ဗုဒ္ဓေဂါထာက အရင်လော ဆိုတာတော့ သုတေသီတို့ ဆက်လက်တင်ပြပါကုန်။
ထေရဝါဒနဲ့ နောက်တိုး
သမ္ဗုဒ္ဓေဂါထာတော်က တန်ခိုးနဲ့ ကာကွယ်မှုအတွက်ပဲ ဖြစ်ပြီး လေး နက်တဲ့ ဗုဒ္ဓဒဿနနဲ့ တွေးမြင်မှု မပါရှိဘူး။ ယင်းစွမ်းရည် တန်ခိုးတွေဟာ ဂါထာမှာ ပါရှိတဲ့ ဘုရားရှင်တို့ရဲ့ စွမ်းရည်ကြောင့်ပဲ ဖြစ်တယ်။ သမ္ဗုဒ္ဓေဂါထာမှာပါတဲ့ များပြားလှတဲ့ ၅၁၂၀၂၈ဆူဘုရားရှင် (သမ္ဗုဒ္ဓေ) အရေအတွက်ဟာ ပါဠိတော် အဋ္ဌကထာကျမ်းရင်းတွေမှာ မတွေ့ရဘူး။ အခြားသော ဗုဒ္ဓဝါဒဂိုဏ်းကွဲတွေနဲ့ မဟာယာန ယူဆပုံတွေနဲ့လည်း ခပ် ဆင်ဆင်ဖြစ်နေတယ်။ လေ့လာချက်တွေအရ အဘယဂိရိဂိုဏ်း အယူ အဆလည်း ဖြစ်နိုင်လို့ ထေရဝါဒီတွေအနေနဲ့ ဒီအယူအဆကို အလေး အနက်ထားပြီး လက်ခံဖွယ်မလိုဘူးလို့ ဝေဖန်ကြတာတွေလည်းကြား ရတယ်။ ဒါကတော့ နောက်တိုး အယူအဆတွေကို လက်ခံဖို့ ဝန်လေး တတ်တဲ့ ထေရဝါဒီတို့ရဲ့ထုံးစံအတိုင်းပါပဲ။
အဝိရောဓိ (မဆန့်ကျင်တဲ့) အမြင်
သုတေသနအမြင်နဲ့ ဘုန်းကြီးက အဲဒီလို ဝေဖန်ပြပေမယ့် စဉ်းစားစရာ တွေ အများကြီး ရှိပါသေးတယ်။ ဘုရားရှင်တို့ရဲ့ အမည် သို့မဟုတ် ဂုဏ်ရည်ကို ရွတ်ဖတ်ခြင်းဖြင့် ဘေးအန္တရာယ်ကို ကာကွယ် ဖယ်ရှားတယ်လို့ ယူဆတာဟာ ပါဠိတော်နဲ့ မဆန့်ကျင်ပါဘူး။ ဓဇဂ္ဂပရိတ်တော် (သံ၊၁၊၂၂၀)မှာ ဗုဒ္ဓဂုဏ်ရည်ကို ဖော်ပြတဲ့ ‘ဣတိပိသော’ကိုရွတ် ဆိုရင် ကြောက်ရွံ့မှုကို ပယ်ရှားကြောင်း ဗုဒ္ဓရှင်တော်မြတ်က မိန့်ပါတယ်။ ဣသိဂိလိသုတ်တော် (မ၊၃၊၁၁၃)အရ ပစ္စေကဗုဒ္ဓါတို့ရဲ့အမည် နာမတွေကို ရွတ်ပွားရင်၊ မဟာသမယသုတ်နဲ့ အာဋာနာဋိယသုတ်တို့ အရ တန်ခိုးကြီး နတ်ဒေဝါတို့ရဲ့အမည်ကို ရွတ်ပွားရင် အန္တရာယ်ကင်းတယ်၊ နတ်တွေချစ်တယ်။ ပါဠိတော် ကျမ်းဂန်ထွက်မဟုတ်တဲ့ မဟာ ဒိဗ္ဗမန္တနဲ့ ဥပတသန္တိလို ပရိတ်တော်တွေဟာလည်း ဒီအတိုင်းပါပဲ။
‘ဆုံးစမထင်သံသရာ’ဆိုတဲ့ ဗုဒ္ဓဟော တရားနဲ့ အညီဗုဒ္ဓဘုရားရှင် တွေဆိုတာလဲ အဲဒီသံသရာ အတွင်းမှာ ဆုံးစ မထင်အောင် ပွင့်တော်မူ ကြမှာပါ။ ဗုဒ္ဓဟောကြားချက်အရ ဗုဒ္ဓနှစ်ဆူ တစ်ပြိုင်နက် မပွင့်ထွန်းနိုင် ပေမဲ့ (အံ၊၁၊၃၀) မည်သူမဆို ဗုဒ္ဓဖြစ်ခွင့်ရှိတယ်။ ဂါရဝသုတ် (သံ၊၁၊၁၄၁) မှာ လွန်လေပြီး ဘုရားရှင်များနဲ့ အနာဂတ်ဘုရားရှင်များ ရှိ ကြောင်း ဗုဒ္ဓဟောကြားပါတယ်။
အာဋာနာဋိယသုတ် (ဒီ၊၃၊၁၉၆)မှာ ‘ထိုဝိပဿီစသော ဘုရား ခုနစ်ဆူ၊ ထိုမှတစ်ပါးကုဋေရာပေါင်း များစွာသော ဘုရားရှင်တို့သည်... (ဧတေ စညေစ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော)’လို့ ဟောပါတယ်။ ဒါကြောင့် သင်္ချာအတိအကျ သတ်မှတ်ပြတာက လွဲပြီး အခြေခံ မူရင်း အယူအဆ တူလို့ ‘သမ္ဗုဒ္ဓေ’ရဲ့ အစွမ်းသတ္တိ ထက်မြဲ ထက်နေမှာပဲလို့ ယူဆကြောင်းပါ။
A happy mind is a healthy mind, and a healthy nind is good for the body.
(Dalai Lama, Beyond Religion, p. 27)
ပျော်ရွှင်သော စိတ်သည် ကျန်းမာသော စိတ်ဖြစ်လျက် ကျန်းမာသောစိတ်သည် ဤခန္ဓာကိုယ်အတွက် ကောင်း၏။
၁၁၈။ ကာမေသုမိစ္ဆာစာရအဖွင့်အရ
ဖေဖော်ဝါရီ ၂၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ငါးပါးသီလမှ ကာမေသုမိစ္ဆာစာရ အကြောင်းကို ရှင်းပြပေးစေလိုပါ သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် တော်တော်များများမှာ ‘ကာမကိစ္စ၌ လွဲ မှားစွာပြုကျင့်ခြင်း’လို့ သာဖော်ပြလေ့ရှိပါတယ်။ မည်သို့သော ပြုကျင့် မှုများသည် ဤကံကို ကျူးလွန်ရာ ရောက်ပါသနည်း။ လူပြိန်းနားလည် သောစကားဖြင့် ရှင်းပြပေးပါဘုရား။
ထို့ပြင် ဤကံကို ကျူးလွန်ရာ၌ ယောကျ်ားများသာ အပြစ်ရှိပါ သလား။ အမျိုးသမီးများ၌လည်း အပြစ် ရှိပါသလား။ အမျိုးသမီးတစ် ယောက်ဟာ အိမ်ထောင်ရှိသော အမျိုးသားတစ်ယောက်ကို သိလျက် ဖြစ်စေ မသိ၍ဖြစ်စေ လက်ထပ်ပေါင်းသင်းလျှင် ဤသိက္ခာပုဒ်ကို ကျူး လွန်ရာရောက်ပါသလား။
သန်းထွန်းဦး
---
ကာမေသုမိစ္ဆာစာရ
‘ကာမေသုမိစ္ဆာစာရော’-ဟူသော စကားရပ်၌ ကာမေသု-ဟူသည် မေထုန်အကျင့်တို့၌ (ဟုဆိုလို၏)။ မိစ္ဆာစာရော-ဟူသည် အမှန်ပင် ကဲ့ရဲ့ ထိုက်ပြီး အောက်တန်းကျသောအပြုအမူတည်း။ လက္ခဏာအားဖြင့်မူ မသူတော်တို့၏ အကျင့်ကိုအလိုရှိသဖြင့် ကာယဒွါရ (ကိုယ်ခန္ဓာ)၌ ဖြစ်သော မသွားလာထိုက်သူများ၌ ကျူးလွန်သည့် စေတနာသည် ကာ မေသု မိစ္ဆာစာရတည်း။ မသွားလာကောင်းသူများဟူသည် ယောကျ်ား များအဖို့ မသွားလာကောင်းသူ အမျိုးသမီး နှစ်ဆယ်၊ မိန်းမများအဖို့ မသွားလာကောင်းသူအမျိုးသား၁၂ယောက်တည်း။ ၁)မသွားလာ ကောင်းသည့် အမျိုးသမီး သို့မဟုတ်အမျိုးသား ဖြစ်ခြင်း၊ ၂) ယင်းတို့ ၌မှီဝဲလိုစိတ်ရှိခြင်း၊ ၃)မှီဝဲရန် လုံ့လပြုခြင်း၊ ၄)မဂ်ချင်းထိတွေ့မှုကို သာယာခြင်းဟု ကံမြောက်ရန် အကြောင်း လေးချက်ရှိ၏’ (မ၊ဋ္ဌ၊၁၊၂၀၃။ အဘိ၊ဋ္ဌ၊၂၊၃၈၅။ ပဋိသံ၊ဋ္ဌ၊၁၊၂၀၄)။
ကာမေသုမိစ္ဆာစာရရဲ့ ကျမ်းဂန်လာအဓိပ္ပာယ်ကို အထက်ပါအတိုင်း အရင် မှတ်ပြီးမှခေတ်အမြင်နဲ့ တွေးကြည့်ရအောင်ပါ။ ယင်းအဋ္ဌကထာ ကျမ်းတွေရဲ့ အာဘော်အရ ကာမေသု-ဆိုတာ မေထုန်ကိစ္စ၊ မိစ္ဆာစာရဆိုတာ မှားယွင်းစွာ ပြုကျင့်တာ၊ ဘယ်လိုကျင့်ရင် မှားသလဲဆိုရင် ယောကျ်ားတွေအဖို့ မသွားထိုက်တဲ့ မိန်းမ ၂၀၊ မိန်းမတွေအဖို့ မသွား ထိုက်တဲ့ ယောကျ်ား ၁၂ နဲ့ သွားလာ (မှီဝဲ၊ ဆက်ဆံ)ရင် မှားတယ်လို့ လိုရင်းကိုအရင် မှတ်လိုက်ပါ။
အမျိုးသမီး ၂၀၊ အမျိုးသား ၁၂
ပါရာဇိကဏ်ပါဠိတော် (ဝိ၊၁၊၂၀၂) မှာ ဘီစီ ၆ ရာစု ဗုဒ္ဓခေတ်က အမျိုးသမီး ပုံစံ ၂၀ ကိုဖော်ပြတယ်။ ညွှန်းပြီး အဋ္ဌကထာကျမ်းတွေမှာ အဲဒီ ၂၀ ကိုပဲ ယောကျ်ားတွေ မကျူးလွန်ကောင်းတဲ့ အမျိုးသမီး ၂၀ လို့ ဖွင့်ဆိုတယ်။ အမျိုးသမီး ပုံစံ ၂၀ စာရင်းကို
မာ ပိ မာ ပိ ဘ နှင့် ဘာ၊ ညာ ဂေါ ဓံ သ သာ။
ဓ ဆန် ဘော ပ၊ ဩ ဩ ဓ၊ ကမ္မ ဒါ မုဟာ
လို့ ပထမဆုံးစာလုံးလေးတွေကိုစီပြီးမှတ်လိုက်ပါ။
၁။ မာ (မာတုရက္ခိတာ) = အမိစောင့်သော မိန်းမ
၂။ ပိ (ပိတု ရက္ခိတာ) = အဖစောင့်သော မိန်းမ
၃။ မာပိ (မာတာပိတုရက္ခိတာ) = အမိအဖစောင့်သော မိန်းမ
၄။ ဘ (ဘဂိနိရက္ခိတာ) = အစ်မညီမ စောင့်သော မိန်းမ
၅။ ဘာ (ဘာတု ရက္ခိတာ) = မောင်စောင့်သော မိန်းမ
၆။ ဉာ (ဉာတိရက္ခိတာ) = ဆွေမျိုးစောင့်သော မိန်းမ
၇။ ဂေါ (ဂေါတ္တရက္ခိတာ) = အနွယ်စောင့်သော မိန်းမ
၈။ ဓံ (ဓမ္မရက္ခိတာ) = တရားကျင့်ဖော်တို့စောင့်သောမိန်းမ
၉။ သ (သပရိဒဏ္ဍာ)= ‘ဤမည် သောမိန်းမကို သွားလာသူအားဤမျှလောက်ဒဏ်တပ်စေ’ဟု (ဘုရင် စသည်က) ဒဏ်ထားသော မိန်းမ
၁၀။ သာ (သာရက္ခာ) = အမိဝမ်း တွင်း၌ပင် ‘ဤကား ငါ၏မယားတည်း’ဟု အနည်းဆုံး ပန်းတုံးတိုင် စက်၍ သတ်မှတ်သောဇနီး။
၁၁။ ဓ (ဓနက္ကီတာ) = ငွေဖြင့်ဝယ်ယူသော ဇနီး
၁၂။ ဆန် (ဆန္ဒ ဝါသိနီ) = အလိုတူ၍နေသော ဇနီး
၁၃။ ဘော (ဘောဂဝါသိနီ) = စည်းစိမ်ကြောင့် ဇနီးပြုနေသူ
၁၄။ ပ (ပဋဝါသိနီ) = အဝတ်အထည် ကြောင့်နေသော ဇနီး
၁၅။ ဩ (ဩဒပတ္တကိနီ) = ရေခွက်၌ လက်စုံ ချ၍ လက်ထပ်သော ဇနီး
၁၆။ ဩ (ဩဘဋစုမ္ဗတာ) = ခေါင်းခုကို ချ စေ၍နေသောဇနီး
၁၇။ ဓ (ဓဇာဟတာ)=သုံ့ပန်းရဇနီး
၁၈။ ကမ္မ (ကမ္မကာရီ စ ဘရိယာ စ) = အမှုကိစ္စ ဆောင်ရွက်ရင်း ဇနီးပြုနေသူ
၁၉။ ဒါ (ဒါသီ စ ဘရိယာ စ) = ကျွန်မက ဇနီးပြုနေသူ
၂၀။ မုဟာ (မုဟုတ္တိကာ)=ပြည့်တန်ဆာ ဇနီး။
ညွှန်းပြီး အဋ္ဌကထာ ကျမ်းတွေမှာပဲ အမျိုးသမီးတွေ မကျူးလွန် ကောင်းတဲ့ ယောကျ်ား ၁၂ မျိုးကိုဖော်ပြရာမှာပုံစံ ၂၀ထဲက အမှတ် ၉ မှ ၂၀ ထိ ဖြစ်ကြောင်း ဆိုပါတယ်။ ‘ဤမည်သော ယောကျ်ားကို သွားလာသူအား ဤမျှလောက်ဒဏ်တပ်စေ’ဟု (ဘုရင် စသည်က)ဒဏ် ထားသောယောကျ်ား၊ အမိဝမ်းတွင်း၌ပင် ‘ဤကားငါ၏ လင် ယောကျ်ားတည်း’ဟု သတ်မှတ်ထားသော ယောကျ်ား၊ ငွေဖြင့်ဝယ်ယူသော ယောကျ်ား စသည်ဖြင့် ယောကျ်ားပုံစံ ၁၂ မျိုးကို ရေကြည့်။ အမျိုးသမီးတွေ မသွားလာကောင်းတဲ့ ယောကျ်ား၁၂-မျိုးပါ။
ကာလ ဒေသနဲ့ အညီ
ဒီအမျိုးသမီးပုံစံ ၂၀ဟာ ဗုဒ္ဓလက်ထက်က အိန္ဒိယနိုင်ငံက ပုံစံဖြစ်ပါတယ်။ ယခုခေတ်နိုင်ငံ၊ လူမျိုး၊ ဘာသာတရား၊ ယဉ်ကျေးမှုတွေအပြင် အမျိုးသမီး အခွင့်အရေး လူ့အခွင့်အရေး ရှုထောင့်တွေနဲ့ တစ်ထပ်တည်း မကျနိုင်ပါဘူး။ ဒါကြောင့် ကျမ်းဂန်ကို အခြေပြုပြီး ယေဘုယျပဲ ဆိုပါ မယ်။ အဲဒီခေတ်က အိန္ဒိယမှာ မမွေးခင်ကတည်းက ဇနီးခင်ပွန်းအဖြစ် သတ်မှတ်တာကို အမှတ် ၁၀ ပုံစံအရ သိနိုင်တယ်။ အရွယ်မရောက်ခင် သတ်မှတ်တာလဲ ရှိတယ်။ မသွားလာကောင်းတဲ့ ယောကျ်ားစာရင်းမှာ အမှတ် ၁ ကနေ ၈ ထိ ပုံစံများ မပါတာကို ထောက်ရင် အမျိုးသမီး တွေဖက်က ပိုပြီး ကင်းလွတ်ခွင့် ရှိနေမလားဘဲ။ အမှတ် ၁၅ က ရေခွက်တစ်ခုထည်းမှာ ‘ယောကျ်ား မိန်းမနှစ်ဦးရဲ့ လက်ကို ထည့်ပြီး ဤရေကဲ့သို့ မကွဲမပြား နေထိုင်ကြ’လို့ ဆိုပြီး လက်ထပ်ထားတဲ့ ဇနီးခင်ပွန်း။ မြန်မာတို့ ယဉ်ကျေးမှုနဲ့ တူနိုင်မယ်။ အမှတ် ၁၆ က ခေါင်းခုဖြင့် ထင်းခွေ စားသောက်သူ ဆင်းရဲသူမကို အဲဒီအလုပ်ကို မလုပ်စေတော့ဘဲ ဇနီးပြုထားသူ။
ကျားမ မခွဲခြားပါဘူး
မဟုတ်တာကိုလုပ်လို့ အပြစ်ရှိတယ်ဆိုရာမှာ ယောကျ်ားပဲ အပြစ်ရှိပြီး မိန်းမ အပြစ်မရှိဘူးဆိုတဲ့ ထုံးစံ ဗုဒ္ဓဝါဒမှာ လုံးဝမရှိဘူး။ ဒီသိက္ခာပုဒ် က မိန်းမ ယောကျ်ားမဟူ စောင့်ရှောင့်ရတဲ့ သိက္ခာပုဒ်ပဲ။ အမျိုးသမီး တစ်ယောက်ဟာ အိမ်ထောင်ရှင် ယောကျ်ားကို အိမ်ထောင်ရှင်မှန်း သိ လျက် ရည်းစားဖြစ်ဖူးလို့ ကျော်ကြားလို့ ချမ်းသာလို့ ချောလို့ အာဏာ ရှိလို့ လင်ပြုရင် ဒီသိက္ခာပုဒ်အရ အပြစ်ရှိသလားလို့ မေးစရာတောင် မလိုဘူး။ လုံးဝ အပြစ်ရှိပါတယ်။ ရည်းစား ဖြစ်ဖူးသူက ယခု မုဆိုးဖို သို့မဟုတ် မုဆိုးမ ဖြစ်နေပါတယ်လို့ လိမ်တာကို ယုံစားမိလို့ လက်ခံ တဲ့ အမျိုးသမီး သို့မဟုတ် အမျိုးသား အပြစ်မရှိတန်ရာဘူး။ ဒါပေမယ့် မယားကြီး လင်ကြီး ရှိနေတာကို သိတာနဲ့ အဲဒီ ရည်းစားဟောင်းကို ကွဲပစ်ရမယ်။ မကွဲရင် သိလျက်နဲ့ ပေါင်းသင်းတာဖြစ်လို့ အပြစ်ရှိတယ်။ ပေါင်းပြီးမှ ဒီလို ကွဲပစ်ဖို့ မလွယ်လို့၊ မကွဲရင် မိစ္ဆာစာရမြောက် အပြစ် လဲဖြစ်လို့ ဇာတ်လမ်းမစခင် သေချာဖို့ လိုပါတယ်။
အင်္ဂါလေးချက် အဓိပ္ပာယ်
‘အလိုမတူဘဲ နိုင်ထက်စီးနင်း ကျူးလွန်သော် မိစ္ဆာစာရမှု ပိုအပြစ်ကြီး ၏။ သို့မဟုတ် မူနှစ်ဦးဆန္ဒတူနေသောကြောင့် အပြစ်မကြီး။ နိုင်ထက် စီးနင်းပြုရာ၌ အပြုခံရသူ (အမျိုးသမီး)သည် မဂ်အချင်းချင်း ထိတွေ့မှုကို သာယာသော်လည်း ရှေးဦးစွာ ဖြစ်ပေါ်သော မှီဝဲမှုနှင့် ပတ်သက် သည့် လုံ့လပြုမှု မရှိသောကြောင့် မိစ္ဆာစာရကံမမြောက်ဟု ဆိုကြ၏။ များသောအားဖြင့် အမျိုးသမီးမှာ မှီဝဲမှုလုံ့လမရှိသောကြောင့် (ပြုခံရသူ အမျိုးသမီး) မှီဝဲလိုစိတ်ရှိမူ လုံ့လမပြုခြင်းမှာ ပမာဏ မဟုတ် (လုံ့လမ ပြုသော်လည်း မိစ္ဆာစာရ မြောက်၏)။ ... ထို့ကြောင့် အလိုတူ ကျူးလွန် ရာမှာ (အမှတ် ၃ မပါဘဲ) အင်္ဂါသုံးရပ်၊ အလိုမတူရာမှာ (အမှတ် ၂ မပါ ဘဲ) အင်္ဂါ ၃ ရပ်၊ တူရာပေါင်း အင်္ဂါ ၄ ရပ်ဟု မှတ်ရမည် (မ၊ဋီ၊၁၊၃၀၂။ ဒီ၊ဋီ၊၃၊၂၆၃။ သံ၊ဋီ၊၁၊၁၄၂)’။
အဘိဓမ္မာအနုဋီကာက အဲဒီ နိကာယ်ဋီကာတွေရဲ့ အဆိုကို မနှစ် သက်တာတွေ့ရတယ် ‘အမျိုးသားများကို ရည်ညွှန်းပြီး အများဆုံးအင်္ဂါ လေးရပ်ဟု ဆိုခြင်းဖြစ်၏။ သို့မဟုတ်ပါက မိန်းမက ယောကျ်ားကိစ္စကို ပြုသောအခါယောကျ်ားက လုံ့လမပြုသောကြောင့် မိစ္ဆာစာရ မဖြစ်ဟု အဓိပ္ပာယ်သက်ရောက်သွားမည် (အနုဋီ၊၁၊၈၉)’။
နားလည်မှုတစ်ရပ်
အဲဒီ မူရင်းကျမ်းတွေကို လေ့လာပြီး နားလည်ကြည့်ရင် - တရားဝင် အရွယ်ရောက် လုလင်ပျိုက တရားဝင် အရွယ်ရောက်တဲ့ မိဘစသူတို့ရဲ့ စောင့်ရှောက်ခံ မိန်းမပျိုကို စောင့်ရှောက်သူတွေက သဘောမတူဘဲ ခိုးယူရင် မိစ္ဆာစာရ ဖြစ်တယ်။ ဒါပေမယ့် မိန်းမပျိုက သဘောတူ ချစ် ကြိုက်လို့ အပြစ်မကြီး။ လုလင်ပျိုဟာ (အမှတ် ၁မှ ၈ ထိ ယောကျ်ား ပုံစံထည်းမှာ မပါလို့) ခိုးခံရတဲ့ မိန်းမပျိုအနေနဲ့ မိစ္ဆာစာရလည်း မဖြစ်၊ အပြစ်လည်းမကြီးလို့ ဆိုနိုင်မယ်။ မျက်မှောက်နားလည်မှုနဲ့ ကြည့်ရင် စိတ်ဝင်စားဖွယ်ပါ။
အရွယ်ရောက် လွတ်လပ်တဲ့ ... လွတ်လပ်တဲ့ ဆိုတာ မိဘစသူ တွေက ဒီကိစ္စအတွက် သမီးရဲ့ ဆန္ဒပါလို့ ခွင့်ပြုထားတဲ့ မိန်းမပျိုကို အလိုတူ ဇနီးပြုရင် ယောကျ်ားရော မိန်းမပါ ဒီသိက္ခာပုဒ်အရ ဘာအပြစ်မှ မရှိဘူး။ ပြည့်တန်ဆာနဲ့ ပေါင်းသင်းလို့ မိစ္ဆာစာရမဖြစ်။ ဒါပေမယ့် ပြည့်တန်ဆာကို ဇနီး သို့မဟုတ် လင်ပြုတဲ့ ယောကျ်ား မိန်းမဟာ မိမိမှာ ဇနီး သို့မဟုတ် လင်ရှိရင် ပြုသူရော အပြုခံ (ပြည့်တန်ဆာ)ပါ မိစ္ဆာစာရမြောက်ပြီး အပြစ်ရှိတယ်။
၁၁၉။ ရဟန္တာတို့ရဲ့ ဝါသနာ
ဖေဖော်ဝါရီ ၃၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
အရှင်ဥပဂုတ္တရဟန္တာ မထေရ်ကြီးက မာနတ်ကို ဆုံးမတဲ့ အနေနဲ့ မာနတ်ရဲ့လည်ပင်းမှာ ခွေးသေကောင်ပုပ်ကို ဆွဲထားလိုက်တယ်လို့ ကြားဖူး ဖတ်ဖူးပါသည်။ ကိလေသာ အာသဝေါကုန်ခန်းပြီးဖြစ်တဲ့ ရဟန္တာ ကြီးက အဲဒီလို လုပ်တယ်ဆိုတာ ဖြစ်နိုင်ပါသလား။ မာနတ်က လူတွေကို အနှောင့်အယှက် ပြုတယ်ဆိုရင် တောင် အခြားနည်းနဲ့ မာနတ်ကို လိမ်မာအောင် ဆုံးမသင့်ပါသည်။ ဥပမာ ဘုရားရှင်က နာဠာဂိရိဆင်ကို ဆုံးမသလိုမျိုး။ အဲဒီအဆိုဟာ ရှင်တော်ဗုဒ္ဓ ဟောကြားသည့် တရားတော်နှင့် ညီညွတ်နိုင်ပါသလား။ ကျမ်းဂန်မှာ ပါသလားဆိုတာကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
ရှိုင်းလင်းမောင်၊ သန္တာမြေ
---
မာနတ်ရဲ့ လုပ်ကြံမှု
ထေရဝါဒီတို့ အလေးဂရုပြုတဲ့ အဋ္ဌကထာကျမ်းတွေမှာ အရှင်ဥပဂုတ္တ အကြောင်းကို မဖော်ပြဘူး။ ဒါကြောင့် အရှင်ဥပဂုတ္တမထေရ်က မာနတ် လည်ပင်းမှာ ခွေးသေကောင်ပုပ်ကို ဆွဲတယ်ဆိုတာလည်း ထေရဝါဒ ကျမ်းဂန်ထွက် စကားမဟုတ်ဘူး။ စာပေဩဇာကြီးမားတဲ့ ဇိနတ္ထပကာသနီ စတဲ့ နောက်ပေါ် မြန်မာကျမ်းအချို့မှာ အဲဒီလို ရေးသားရာကနေ နှောင်းခေတ်မှာ လူတွေ အဲဒီလို နားလည်သွားကြပုံ ပေါ်တယ်။ ဒါပေမယ့် လေးစားရတဲ့ ထေရဝါဒကျမ်းဂန်ဖြစ်တဲ့ ထေရဂါထာအဋ္ဌကထာ (ထေရဂါထာ၊ဋ္ဌ၊၁၊၄၆၀) မှာလည်း အလားတူ ဖြစ်ရပ်ကို ဖော်ပြတာ တွေ့ရတယ်။ ဖော်ပြပုံကဒီလိုပါ။
ဗုဒ္ဓလက်ထက်က အဘိညာဉ် ခြောက်ပါးရ ရဟန္တာကြီး တစ်ပါး ရှိတယ်။ ဘွဲ့အမည်က အရှင်သာဋိမတ္တိယတဲ့။ သာသနာကို မကြည်ညို တဲ့ မိသားတစ်စုဟာ မထေရ်ရဲ့ တရားကြောင့် မထေရ်ကို အလွန် ကြည်ညိုသွားလို့ နေ့စဉ် အိမ်ကို ပင့်ပြီး ဆွမ်းကပ်ရာမှာ အဲဒီအိမ်က ချောမောလှပတဲ့ မိန်းမငယ်က မထေရ်ကို ပြုစုတယ်။ တစ်နေ့ မာနတ်ဟာ အိမ်သားတွေ မထေရ်ကို အကြည်ညိုပျက်အောင် မထေရ်ယောင် ဆောင်ပြီးမိန်းမပျိုရဲ့ လက်ကိုဖမ်းကိုင်တယ်။ မိန်းမပျိုကတော့ လူသား ကိုယ်ခန္ဓာရဲ့ အတွေ့ မဟုတ်မှန်း သိပါသတဲ့။ နောက်နေ့မှာ အိမ်သားတွေ မထေရ်ကို မရိုသေကြတော့ဘူး။
မထေရ်ကြီးက အဘိညာဉ်နဲ့ ဆင်ခြင်တဲ့ အခါ မာနတ် လုပ်ကြံမှုဆို တာကိုသိလို့ မထေရ်ကတန်ခိုးနဲ့ အဓိဋ္ဌာန်ပြီး မာနတ်လည်ပင်းမှာ ခွေးကောင်ပုပ်ကို ဆွဲပေးလိုက်တယ်။ ဒီတော့ မာနတ်ဟာ မထေရ်နဲ့ အပေးအယူ လုပ်ပြီး အိမ်သားတွေကို အဖြစ်မှန် ရှင်းပြလို့ အိမ်သား တွေက အဖြစ်မှန်ကိုသိ၊ မထေရ်ကို တောင်းပန်းပြီး ဆက်လက် ဆွမ်း စားကြွဖို့ ပင့်တယ်။ ဒါပေမယ့် မထေရ်က ‘ပုထုဇဉ်တို့ရဲ့ သဒ္ဓါတရား ဆိုတာ မြင်းပေါ်က ရေအိုးလို မခိုင်ဘူး။ ကြိုက်ချင် ကြိုက်ပြီး မုန်းချင် မုန်းလိုက်တာပဲ။ အဲဒီလို ကြိုက်ခြင်း မကြိုက်ခြင်းကြောင့် ရဟန်းတစ် ပါးမှာ ဘာအရှုံးရှိပါ့မလဲ။ အိမ်ရှိရင် ဆွမ်းမရှားပါဘူး။ ငါ့ခြေသလုံးတွေ ကောင်းပါသေးတယ်’လို့ ဆိုပြီး အိမ်ပင့်ဆွမ်းကို လက်မခံတော့ဘူး။
ရဟန္တာဆိုတာ
ဗုဒ္ဓအဘိ်ဓမ္မာ သဘောအရ ရဟန္တာပုဂ္ဂိုလ်ဟာ ဒေါသ မဖြစ်၊ စိတ်မဆိုး၊ အငြိုးမရှိ။ အဲဒါတွေမရှိလို့ သူများဒုက္ခ ရောက်အောင်လုပ်ဖို့စိတ်စေ တနာမရှိ။ အကြောက်တရားမရှိ။ မနာလို ဝန်တိုစိတ်မရှိ။ စိတ်ပျံ့ လွင့် ခြင်းမရှိ။ ရာဂစိတ်မရှိ။ ဒါကြောင့် ငါ့ပစ္စည်းငါပိုင်လို့ ဘာကိုမျှမစွဲလမ်း။ ကိုယ့်ကိုယ်ကို ဘဝင်မြင့်စိတ်ကြီးဝင်အထင်ကြီးမှုမရှိ။ လိမ်ညာကြွား ဝါမှုလုံးဝမရှိ။ သစ္စာကိုသိမြင်ပြီးဖြစ်တဲ့ အထိစိတ်ပိုင်း ဘဝဖြူစင်မှုကို အလုံးစုံ ပြီးပြည့်စုံအောင် လေ့ကျင့် အားထုတ်ထားပြီး ဖြစ်လို့ ပကတိ ရိုးသားဖြူစင်တဲ့ စိတ်ထားနဲ့ အတွယ်အတာမဲ့ လွတ်လပ်စွာ သွားလာ နေထိုင်တဲ့ လောကရဲ့ ပူဇော်ခံ ပုဂ္ဂိုလ်ထူး ဖြစ်ပါတယ်။ လောကမှာ ဘုရားကလွဲရင် စိတ်ထားအမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။
ရဟန္တာ လုပ်သင့်သလား
အဋ္ဌကထာ စာသွားအရ အရှင်သာဋိမတ္တိယ ရဟန္တာကြီးဟာ ခွေး ကောင်ပုပ်ကို တန်ခိုးနဲ့ အဓိဋ္ဌာန်ပြီး ဖန်ဆင်းတာလို့ ဆိုတယ်။ တန်ခိုးရှိတဲ့ ရဟန်းဟာ အဲဒီလိုအဓိဋ္ဌာန်တဲ့ တန်ခိုးမျိုးကိုပြကောင်းတဲ့ အတွက် ခွေးသေကောင်ပုပ်ကို ဖန်ဆင်းလို့ အာပတ်မသင့်ဘူးလို့ ဆိုနိုင်တယ်။ မာနတ်လည်ပင်းမှာဆွဲတာက တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ ခွေးပုပ်၊ အဲဒီ လိုဆွဲရတဲ့ အကြောင်းက လူတွေအမှန်တရားကိုသိစေချင်လို့။ လူတွေ အကုသိုလ် မဖြစ်အောင်လို့။ မာနတ် ဒုက္ခရောက်စေချင်လို့ မဟုတ်ဘူး။ အရှင်မောဂ္ဂလ္လာန်က နန္ဒောပနန္ဒနဂါးကို နှစ်ဆကြီးတဲ့ ခန္ဓာကိုယ်နဲ့ အပေါ်ကဖိပြီး ဆုံးမရာမှာလဲ ဒီနဂါးကို မာန်ချရုံ သက်သက်ပါပဲ။ ဗုဒ္ဓ ဝါဒမှာ စိတ်စေတနာဟာ အဓိက ကျပါတယ်။ စိတ်ထားဖြူစင်ပြီး တစ်ဖက်သားကို အကျိုးမယုတ်စေရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။ ဘုရားမှ တစ်ပါး ရဟန္တာသာဝကတွေဟာ ဝါသနာကိုမပယ်ဘူး။ တစ်ချို့ ရဟန္တာ ကြီးတွေနှုတ်ကြမ်းတယ်။ ဥပမာ ပိလိန္ဒဝစ္ဆ ရဟန္တာကြီး။
မပယ်နိုင်တဲ့ စရိုက်ဝါသနာအရ အချို့ရဟန္တာကြီးတွေဟာ လောက ကိုခပ်ကြမ်းကြမ်းလေး ကိုင်တွယ်လေရော့သလားလို့ တွေးမိပါရဲ့။
၁၂၀။ အနတ္တနှင့်နိဗ္ဗာန်
ဖေဖော်ဝါရီ ၄၊၂၀၀၉။
---
ဆရာတော်အရှင်သူမြတ်ဘုရား၊
လက္ခဏာရေးသုံးပါး၏ ကျမ်းဂန်လာ အဓိပ္ပာယ်နှင့် ဤခန္ဓာကိုယ်၏ အသုဘလက္ခဏာ သဘောကိုလည်း အကျဉ်းမျှ သိလိုပါသည် ဘုရား။ တစ်ဆက်တည်းပင် နိဗ္ဗာန်၏ နိစ္စ သုခ သဘာဝနှင့် အနတ္တသဘောကိုလည်း ရှင်းပြပေးစေလိုပါသည်။
ကိုရွှေ
---
စာတွေ့ လက္ခဏာ သုံးပါး
‘၁) အစအလယ်အဆုံးရှိလို့၊ မမြဲလို့၊ အခိုက်အတံ့သာ တည်တံ့လို့၊ ထိုထိုနေရာ၌ ပျက်စီးတတ်လို့ အနိစ္စ။
၂) ဘေးရန်ဖြစ်လို့၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်တတ်လို့၊ ဆင်းရဲလို့၊ သုခရဲ့ ဆန့်ကျင်ဖက်ဖြစ်လို့ ဒုက္ခ။
၃) အနှစ်သာရမရှိလို့၊ မိမိ အလိုသို့ မလိုက်လို့်၊ အထည်ကိုယ် ကင်းဆိတ်လို့၊ အတ္တနဲ့ ဆန့်ကျင်လို့ အနတ္တ’ လို့ ကျမ်းဂန်လာ အတိုင်း မှတ်နိုင်ပါတယ်။ အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်) ကျမ်းအရ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ဒီခန္ဓာကိုယ်ထဲက တရားအားလုံးဟာ မတည်မြဲခြင်း (အနိစ္စ) သဘာဝ၊ ပျက်စီးခြင်း (ဒုက္ခ) သဘာဝ၊ အထည် ကိုယ်မရှိ ငါကောင်သူကောင်မဲ့ (အနတ္တ)သဘာဝရှိတယ်။
အဲဒီ လက္ခဏာသုံးပါး ထင်မြင်ရင် ယောဂီပုဂ္ဂိုလ်ဟာ ဒီခန္ဓာကိုယ်ကို အသုဘ (မတင့်တယ်ဘူး)လို့ အရှိအတိုင်း ဆင်ခြင်နိုင်လို့ အသုဘ လက္ခဏာလည်း ထင်တာပဲ။ လက်တွေ့တရားအားထုတ်ဖူးရင်တော့ ဒီ လက္ခဏာသုံးပါးရဲ့ အဓိပ္ပာယ်ကို ရေးရေးလောက်နားလည်နိုင်တယ်။
နိဗ္ဗာန်သည် အနတ္တ
‘နိဗ္ဗာန်သည် စိတ် စေတသိက် ရုပ်တို့ကဲ့သို့ပင် တိတ္ထိတို့ ကြံဆ အပ်သော အတ္တ မဟုတ်သောကြောင့်အနတ္တမည်၏ (ယော ကောစိ သင်္ခတာ သင်္ခတ ဓမ္မော အတ္တဿ အဘာဝတော အနတ္တာ နာမ။ ပဋိသံ၊ဋ္ဌ၊၁၊၂၄၆)’။ ဒါကြောင့်လည်း အနတ္တ အရ ဓမ္မတွေထဲမှာ စတုဘူမက တရား (ကာမ ရူပ အရူပ လောကုတ္တရာ)ကိုကောက်ယူပါတယ် (သဗ္ဗေ ဓမ္မာ အနတ္တာတိ သဗ္ဗေ စတုဘူမက ဓမ္မာ အနတ္တာ၊ သံ၊ဋ္ဌ၊၂၊၂၉၂)။
ဒီနေရာမှာ တိတ္ထိတွေယူဆတဲ့ အတ္တမဟုတ်လို့ နိဗ္ဗာန် အနတ္တလို့ ဆိုပေမဲ့ စိတ်စေတသိက်ရုပ်တရားတွေရဲ့အနတ္တသဘောမျိုး မဟုတ်။ ဘာကြောင့်ဆို စိတ် စေတသိက် ရုပ်တို့မှာ ခဏတ္တယ (ဥပါဒ် ဌီ ဘင်) ရှိလို့ ဖြစ်ပျက်သဘော၊ နိဗ္ဗာန်က ခဏတ္တယမရှိလို့ အတည် (နိစ္စ) သဘောရှိလို့ ပါ။ ခန္ဓာကြောင့် ဖြစ်တဲ့ ဘဝသံသရာ ဒုက္ခတွေ မရှိလို့ နိဗ္ဗာန်ဟာသုခ (ချမ်းသာ)၊ သုဘ (တင့်တယ်)သဘောရှိပါတယ်။
စဉ်းစားဖွယ် သဲလွန်စ
ဒသမနယ ဓာတုကထာပါဠိ ရူပက္ခန္ဓပဒမှာ နိဗ္ဗာန်ကို ကေဟိစိ အရယူ တာနဲ့ ပတ်သက်လို့ အဋ္ဌကထာက ‘နိဗ္ဗာန်သည် (ဣတ္ထိဘာဝ ပုံဘာဝ ဇိဝိတိန္ဒြိယစသော သိမ်မွေ့သည့်) သုခုမရုပ်များနှင့် အလားတူသည်သာ တည်း (နိဗ္ဗာနံ ပန သုခုမရူပ ဂတိကမေဝ၊ အဘိ၊ဋ္ဌ၊၃၊၂၀)’လို့ ဖွင့်ပါတယ်။ အဲဒီစကားကိုအနုဋီကာမှာ ‘ဤကဲ့သို့သောနေရာတို့၌နိဗ္ဗာန် သည် (ဣတ္ထိဘာဝ ပုံဘာဝ ဇိဝိတိန္ဒြိယစသောသိမ်မွေ့သည့်)သုခုမရုပ် များနှင့် အလားတူသည်ဟု သိအပ်၏ (ဧဒိသေသု ဌာနေသု နိဗ္ဗာနံ သုခုမ ရူပဂတိကန္တိ ဝိညာယတိ၊ အနုဋီ၊၂၊၃၀)’လို့ ထပ်ပြီး ဖွင့်တယ်။ ဒီဖွင့်ဆိုချက်အရ ပိဋကတ် တတ်ကျွမ်းပြီး ဝါဒရေးရာ ရဲရင့်တော်မူကြ တဲ့ မြန်မာ ဆရာတော်အချို့က ‘နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗန္တ (ပရိနိဗ္ဗာန် စံ ပြီး)ပုဂ္ဂိုလ်တို့၏ ဗဟိဒ္ဓသန္တာန်၌ အလွန်နက်နဲသိမ်မွေ့စွာရှိနေသည်’ လို့ အဓိပ္ပာယ်ကောက်ယူကြပါတယ်။
ခေါင်းဆောင်တို့ ကျင့်စဉ်
မရပ်မနားလုပ်၊ ကြာကြာလုပ်၊ ကောင်းတာ အကုန်လုပ်၊ ရိုရိသေသေလုပ်၊ ပျော်ပျော်ပါးပါးလုပ် (စရိယာ၊ဋ္ဌ၊၁၉)။
၁၂၁။ သူချစ်ရှစ်ချပ်ကြာ
ဖေဖော်ဝါရီ ၈၊၂၀၀၉။
---
ဆရာတော် အရှင်မြတ်ဘုရား၊
ရှင်သီဝလိသည် အဘယ်မည်သော ဆုတောင်းကြောင့် ရဟန္တာဖြစ်သည့် ဘဝ၌ ကြည်ညိုချစ်ခင်သူပေါများပြီး လာဘ်ရွှင်ရပါသနည်း။ ရှင်သီဝလိ မထေရ်၏အရင် ဘဝက ဆုတောင်းခဲ့ပုံကို သိလိုပါသည် အရှင်ဘုရား။ ယခုခေတ်၌ ရှင်သီဝလိဆင်းတုကိုဆောင်သူ၊ ရှင်သီဝလိဂါထာကိုရွတ် ဖတ်သူတို့သည် ဘယ်လိုနည်းနှင့် လာဘ်ပေါစေနိုင်သည် ဆိုတာကိုလည်း ဆက်စပ်ပြီး ရှင်ပေးစေလိုပါသည်။ ရှင်သီဝလိဂါထာအားလုံးကို မကျက်မှတ်နိုင်ပါသဖြင့် သင့်လျော်သည့် ရှင်သီဝလိဂါထာ နှစ်ပုဒ်ကိုလည်း ညွှန်ကြားပေးစေချင်ပါသည် အရှင်ဘုရား။
ဝင်းရွှေရည်
---
ရှင်သီဝလိ ဆုတောင်းခဲ့ပုံ
အရှင်သီဝလိ ဖြစ်လာမယ့် လုလင်ဟာ ပဒုမုတ္တရဘုရားက ရဟန္တာတစ်ပါးကို လာဘ်ပေါတဲ့ နေရာမှာ အသာဆုံး ဧတဒဂ်ဘွဲ့ပေးနေတာကိုမြင်ရ ပြီး အားကျလို့ ဘုရားအမှူးပြုတဲ့ သံဃာကို အိမ်ကိုပင့်၊ ခုနစ်ရက် ဆွမ်းကျွေးပြီးနောက် ‘မြတ်စွာဘုရား၊ ဤဆွမ်းဒါနကြောင့် တစ်ခြားကို မရည်ရွယ်ပါ၊ အရှင်ဘုရား ဧတဒဂ်ဘွဲ့ပေးတဲ့ ရဟန္တာကြီးလို လာဘ် လာဘ ဧတဒဂ်ရတဲ့ သူသာ ဖြစ်ရပါလို၏’လို့ ဆုတောင်းပြီး အဲဒီဘုရား ရှင်က ဂေါတမဗုဒ္ဓလက်ထက်မှာ ဆုတောင်းပြည့်မယ်လို့ ဗျာဒိတ်ပေးပါတယ်။ ဝိပဿီဘုရားရှင်လက်ထက်မှာလည်း ‘ဖြစ်ရာဘဝမှာလာဘ် ပေါပြီး ခြွေရံများတဲ့ ကိုယ်ဖြစ်ရပါလို၏’ဆိုတဲ့ ဆုကိုပဲတောင်းခဲ့တယ်။
ပါရမီပြည့်တဲ့ နောက် ဂေါတမဗုဒ္ဓ လက်ထက်မှာ သုပ္ပဝါသာ မင်းသမီးရဲ့ သားတော် ဖြစ်လာတယ်။ သန္ဓေခတဲ့ နေမှာပဲ မိခင် သုပ္ပဝါသာဆီကို လက်ဆောင် ပစ္စည်းတွေကို လှည်းတွေနဲ့ လာပို့ကြပါသတဲ့။ အရှင် သီဝလိလောင်းလျာကို မမွေးနိုင်လို့ မယ်တော် ခုနစ်ရက် ဒုက္ခခံရတယ် ဆိုတာတော့ ယုတ္တိရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန် ခုနစ်နှစ် လွယ်ရတယ်ဆိုတာကိုတော့ ယုတ္တိနည်းနဲ့ စဉ်းစားလို့ မရနိုင်ဘူး။ အင်း.. ထူး ခြားတဲ့ ပုဂ္ဂိုလ်တွေမှာ အဲဒီလို ဒဏ္ဍာရီဆန်ဆန် ဖြစ်ရပ်ကလေးတွေ ပြောစမှတ်ရှိစမြဲပဲလို့ မှတ်ထားလိုက်ရင် ကျေနပ်သွားပါလိမ့်မယ်။
ဆုတောင်းခဲ့တဲ့ အတိုင်း အရှင်မြတ်ကို မြတ်ဗုဒ္ဓက လာဘ်ပေါများ မှုမှာ မိမိ (ဘုရားရှင်ပြီးရင်) အသာဆုံးဆိုတဲ့ ဧတဒဂ်ဘွဲ့ကို ပေးတော်မူတယ်။ အရှင်သီဝလိဟာ လာဘ်ပေါတဲ့ နေရာမှာ ဗုဒ္ဓရဲ့ အဂ္ဂသာဝက (အကြီးဆုံးတပည့်) တွေဖြစ်တဲ့ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အရှင်မဟာကဿပတို့ထက်သာတယ်။
ရှင်သီဝလိဂါထာ အကျိုးပေးပုံ
အရှင်သီဝလိ ရဟန္တာကြီး မရှိတော့ပေမယ့် အရှင်မြတ်ရဲ့ ရုပ်ပွားကို ကိုးကွယ်သူ၊ အရှင်မြတ်ကို ရည်မှတ်ပြီး ပူဇော်သူ၊ ရှင်သီဝလိဂါထာကို ရွတ်ပွားသူတွေ ဘယ်လိုနည်းနဲ့ လာဘ်ပေါများနိုင်သလဲ ဆိုရင်
၁) ရှင် သီဝလိဟာ အာသဝေါကင်းတဲ့ ရဟန္တာ
၂) လာဘ်ပေါတဲ့ နေရာမှာဧတ ဒဂ်ရသူ
၃) ရတနာသုံးပါးမှာ သတ္တိထူးတွေ ရှိတယ်
၄) သဒ္ဓါယ တရတိ ဩဃံ = သဒ္ဓါတရားနဲ့ ဘဝလောကဓံကို ကျော်လွှားနိုင်တယ် ဆိုတဲ့ အတိုင်း ရတနာသုံးပါးကို ယုံကြည်သက်ဝင်တဲ့ စိတ်စေတနာ ဟာအကျိုးပေးဆန်းကြယ်တယ်
၅) ဆန္ဒဝတော ကိံနာမ န သဇ္ဈတိ = ဆန္ဒပြင်းပြရင် အားလုံးကို ကျော်လွှားနိုင်တယ်
၆) ဓဇဂ္ဂသုတ်မှာလည်း ဗုဒ္ဓဂုဏ်ကိုအာရုံပြုရင် ကြောက်လန့်တုန်လှုပ် ကြက်သီးမွေး ညင်းထတာတွေ မရှိဘူးလို့ မြတ်ဗုဒ္ဓ ဟောတော်မူတယ်မဟုတ်လား။ ဒါကြောင့် လာဘ်လာဘ ဧတဒဂ်ရ အရှင်သီဝလိကို ကိုးကွယ်ရင်လည်း လာဘ်လာဘ ပေါများခြင်းဆိုတဲ့ အကျိုးကိုရနိုင်တာပေါ့။
ရှင်သီဝလိဂါထာ
ဂါထာဆယ်ပုဒ် ရှိပါတယ်။ ဆယ်ပုဒ်လုံးကို အရကျက်မှတ်ဖို့ တိုက်တွန်းပါရစေ။ အားလုံး အလွတ်မရသေးခင် အစနဲ့ အဆုံးနှစ်ဂါထာကို ရွတ်ပွားနေပေါ့။
သီဝလိ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဗ္ဗေဟောန္တု ပိယံ မမ။
အမည်နာမ ကြီးမြတ်တော်မူသော အရှင်သီဝလိ မထေရ်သည် လာဘ်ပူဇော်သကာ အမျိုးမျိုးကိုဖြစ်စေပါလိမ့်မည်။ အရှင်မြတ်၏ ဘုန်း တန်ခိုး အစွမ်းကြောင့် လူအားလုံးသည် ကျွန်ုပ်အား ချစ်ခင်ကြပါစေ သတည်း။
သီဝလိစ မဟာထေရော၊ ဒေဝမနုဿ ပူဇိတော။
သော ရဟော ပစ္စယာဒီနံ၊ မဟာလာဘံ ကရောတု မေ။
နတ်လူတို့ ပူဇော်ခြင်းကို ခံရပြီး ပစ္စည်းလေးပါးစသော ပူဇော် အထူးကို ခံယူထိုက်သော ထိုအရှင်သီဝလိ ရဟန္တာသည် ကျွန်ုပ်အား လာဘ်ပေါများအောင် ပြုတော်မူပါစေသတည်း။
သူချစ်ရှစ်ချပ်ကြာ
ဒါပေမယ့်ဘယ်လောက်ပဲ ရှင်သီဝလိဂါထာကို ရွတ်ရွတ်မိမိမှာ ပြည့်စုံ သင့်တဲ့ ကိုယ်နှုတ်နှလုံး သုံးပါးနဲ့ ဆိုင်တဲ့ စည်ကမ်းတွေ မရှိရင်လည်း အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါလိမ့်မယ်။ ရွတ်ဆဲမှာ ကုသိုလ်တော့ ရမှာပေါ့။ ဒါပေမယ့် မိမိရဲ့ကိုယ်နှုတ်အပြုအမူတွေမကောင်းရင်လည်း လူချစ်များခြင်း လာဘ်ပေါခြင်းဆိုတဲ့ အကျိုးပေး ထက်သန်မှာ မဟုတ်ဘူး။ လူချစ်လူခင် များဖို့ဆိုရင် ‘ကြာရှစ်ချပ်’ကိုလည်း နှလုံးသားနဲ့ ဆောင်ထားရပါလိမ့်မယ်။
‘ကုသိုလ်ရှစ်အင် မဂ္ဂင်ရှစ်တည် ရှစ်မည်သီလ ဤသုံးဝကို မှတ် ကြတုံပါ သူချစ်ရှစ်ချပ်ကြာ’တဲ့။ မဟာကုသိုလ်စိတ်ရှစ်ပါး အဖြစ်များ ရင်၊ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံပွားများရင်၊ ရှစ်ပါးသီလနဲ့ ပြည့်စုံရင် လူနတ် ချစ်ခင်တယ်။ လာဘ်ပေါတယ်။ ထပ်ဖြည့်လိုက်အုံးပေါ့။ လူအများ ချစ်မြတ်နိုးကြောင်း တရား ရှစ်ပါး။
၁) ချိုသာသောစကားကိုဆိုခြင်း
၂) ပေးကမ်းစွန်းကြဲခြင်း
၃) သူတစ်ပါး အကျိုးကို လိုလားခြင်း
၄) ကွယ်ရာမှာ အတင်းမပြောခြင်း
၅) ကိုယ်ကျင့်တရား ကောင်းခြင်း
၆) လောကဝတ်ကျေပွန် ဖော် ရွေခြင်း
၇) အထာအကျကောက်ပြီးစိတ်မဆိုးတတ်ခြင်း
၈) ဆင်ခြင်တုံ တရားရှိခြင်း။
ဒီတရားရှစ်ပါးလည်း သူချစ်ကြောင်း ကြာရှစ်ချပ်ပါပဲ။ ကြည်လင်လှပတဲ့ ကြာပန်းကိုလူတွေနှစ်သက်သလိုအဲဒီတရားရှစ်မျိုး နဲ့ ပြည့်စုံသူလည်း စိတ်လှ၊ စိတ်လှလို့ ရုပ်ကြည်၊ ရုပ်ကြည်လို့ လူတွေ နှစ်သက်ကြလို့ ကြာပန်းနဲ့ ပမာပြုတာပေါ့ (ကန်တော်မင်းကျောင်း မေတ္တာစာ၊ ပိုဒ်အမှတ် ၈၂ က ရတဲ့ အတွေးအမြင်ပါ)။
အရှင်သီဝလိဂါထာကိုလည်း ရွတ်ပွား၊ သူချစ်ရှစ်ချပ်ကြာကိုလည်း ပန်ဆင်ထားရင် ဂါထာတန်ခိုးပိုပြီး အကျိုးကြီးပါလိမ့်မယ်။
၁၂၂။ ပြုတုံ ပြုခြင်း မပြုခြင်း
ဖေဖော်ဝါရီ ၁၁၊၂၀၀၉။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
အခုတလော New York (USA) မှာနေထိုင်သည့် နာမည်ကြီးဆရာတော် များ၏ ဂုဏ်သိက္ခာ ကျစေမည့် အပြန်အလှန် အပုပ်ချ ရေးသားချက် များကို ဖတ်ရှုရ၍ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် အလွန် စိတ် မကောင်းဖြစ်မိပါသည်ဘုရား။ ဤသို့ အပြန်အလှန်ပုတ်ခတ်ရေးသား ချက်တွေကို Email နှင့် ဖြန့်သည့်အတွက် ရရှိနိုင်သည့် ဗုဒ္ဓသာသနာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးတွေကိုရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
မောင်အောင်မျိုး၊ Austin
---
ဆင်တူဝတ်ခြင်း အကျိုး
အိန္ဒိယကို ဘုရားဖူးသွားတဲ့ အခါ ဘယ်လောက် ချမ်းသာပါစေ ယောဂီ ရောင် ပုဆိုး ထမီနဲ့ အဖြူရောင် အကျႌကိုပဲ ဝတ်ဖို့ ညွှန်ကြားပါတယ်။ ကောင်းပါတယ်။ ဘာကြောင့်ဆို ဒီအရောင်ကို မြင်လိုက်တာနဲ့ ကိုယ့် ကိုယ်ကို ဘုရားဖူးပဲဆိုတဲ့ သိစိတ်တွေဖြစ်လွယ်လို့ အကုသိုလ်လျော့ ရာကနေ ဘုရားဖူး အချင်းချင်း စည်းလုံးပြီး ယိုင်းပင်း ကူညီလိုစိတ်တွေ ဖြစ်ပေါ်စေတယ်။ အကယ်ဒမီ ရွေးခံပွဲတက်ဖို့ သွားသလို သူ့ ထက်ငါ အပြိုင်အဆိုင် ဝတ်ဆင်မှု မရှိလို့ လမ်းခရီးမှာ လူဆိုးတွေ လုယက်မယ့် ဘေးရန်လည်း ကင်းတာပေါ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ဗုဒ္ဓရှင်တော်မြတ်က သံဃာတော်တွေကို အရောင်တူ အတိုင်းအထွာ ပုံစံတူ ဝတ်ဖို့ ပညတ် တော်မူရာမှာလဲ အဲဒီလို ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ နောက်ပေါ် ဘာသာတရားတွေမှာ ခေါင်းပေါင်း ဦးထုပ် ဝတ်ရုံ ပုံစံတူ တွေဝတ်တာ၊ ကျောင်းသားတွေ ဆင်တူဝတ်စုံဝတ်တာ၊ စစ်သားတွေ စစ်ရောင်ပုံစံတူ ဝတ်တာတွေလည်း ဒီအဓိပ္ပာယ်မျိုးပါပဲ။
ဆင်တူဝတ်ခြင်း အပြစ်
အာဠဝီမြို့သား ရဟန်းတော်တွေ ကိုယ့်ဟာကိုယ် ကျောင်းဆောက် တော့ လူတွေကို ခဏခဏခေါ်ပြီး ခိုင်း၊ လူတွေဆီက ပစ္စည်း အလှူခံ၊ တူတွေ ဆောက်တွေ ဓားတွေငှား လုပ်လိုက်ကြတာ လူတွေက ဘုန်း ကြီးတွေကို အတွေ့မခံရဲတဲ့ အထိပဲ။ နောက်ဆုံး အနီရောင်နွားကို မြင် ရင် တောင် ဘုန်းကြီးထင်ပြီး ပြေးကြသတဲ့။ ၁၉၇၉ ခုနှစ်က လူသားစားတယ်လို့ နာမည်ကြီးတဲ့ ရွှေဘိုလာဘ၊ မုတ်ဆိတ်လာဘ၊ မိုးကျလာဘ ဘွဲ့ခံ ဦးလာဘဆိုတာကို သတင်းစာထဲမှာ တခမ်းတနား ထည့်ရေး လိုက်တော့ ဘုန်းကြီးမှန်ရင် အဲဒီမျိုးထင်ပြီး လူတွေသဒ္ဓါတရားပျက် ကုန်တယ်။ ကျောင်းသူကျောင်းသားတွေက ဆွမ်းခံကြွတဲ့ သံဃာတွေကို ဦးလာဘလို့ ခေါ်ပြီး နောက်ပြောင်ကြတယ်။ ဦးလာဘ မကောင်းပေမယ့် ခံရတာက ဦးလာဘလို ဖန်ဝါသင်္ကန်းဝတ်တဲ့ သံဃာအားလုံး ဖြစ်ခဲ့ရတယ်။ စစ်သားတွေက ဘုန်းကြီးတွေကို သေနတ်နဲ့ ပစ်သတ်တဲ့ အခါ စစ်ရောင် ဘောင်းဘီဝတ်တွေ မှန်သမျှကို ရဟန်းရှင်လူတို့ စက် ဆုပ် မုန်းတီးကုန်တယ်။ အနီရောင်ကို မြင်တာနဲ့ ခတ်ဖို့ လိုက်တဲ့ ကျွဲ တိရစ္ဆာန်လို မောဟမကင်းသူတိုင်းရဲ့ မသိစိတ်ထဲမှာ အဲဒီလိုအရိုင်း သဘာဝကိန်းဝပ်မြဲရှိတာကို သူတော်ကောင်းတို့ သတိမူပြီး မိမိတို့မှာ ရှိတဲ့ လက်ရှိအခြေအနေကို နားလည်သင့်ပါတယ်။
သူ့ဇာတ်ကောင်နဲ့ သူ့စရိုက်
ရုရှ စာရေးဆရာကြီး တော်လ်စတွိုင်း ငယ်စဉ်က ငှက်ကလေးတွေလို အတောင်ပေါက်ပြီး အဝေးကြီးကို ပျံချင်လွန်းလို့ အိမ်ပေါ်က ခုန်ချတာ ခြေကျိုးဖူးသတဲ့။ အဲဒီ ပြင်းပြစွာ ဖြစ်ဖူးတဲ့ သူ့ဆန္ဒကို သူရေးတဲ့ စစ် နှင့်ငြိမ်းချမ်းရေး ဝတ္ထုထဲက ခပ်ဆတ်ဆတ် ခပ်သွက်သွက် ဇာတ် ကောင် မိန်းမပျို နာတာရှာဆီမှာ ထည့်ခဲ့ပါတယ်။ ဝတ္ထုရေးဆရာ တစ် ယောက်ရေးတဲ့ ဝတ္ထုတို တစ်ပုဒ်မှာ ဇာတ်ကောင် လုလင်က သူများရဲ့ ချစ်သူကို အချောင်နှိုက်ဖို့ စဉ်းစားနေပုံကို စာရေးဆရာက သရုပ်ပေါ် အောင်အသေးစိတ်ခြယ်သပြီး ရေးထားတာကိုဖတ်မိတော့ ဒီစာရေး ဆရာဟာ သူကိုယ်တိုင်အဲဒါမျိုးလုပ်ဖူးလို့ ဖြစ်မှာပဲလို့ ခံစားဖူးတာကို အမှတ်ရပါတယ်။
မိမိရေးတဲ့ စာမှာမိမိရဲ့စရိုက်နဲ့ အတွင်းစိတ်ထားပေါ်လွင်နေတတ်တယ်။ ဘယ်သူ ရေးတယ်ဆိုတာကို သိသိ မသိသိ၊ ရေးတဲ့ အာဘော် အရ အသိုင်းအဝိုင်းတစ်ခုရဲ့ အတွင်းသရုပ်ကို စာဖတ်သူတို့ ရိပ်စားမိနိုင်တယ်ဆိုတာကို နှစ်ဖက်ဝိရောဓိရှင်တို့ သတိချပ်ပါကုန်။
ပြုတုံ့ပြုခြင်း မပြုခြင်း
ကဲ့ရဲ့တာစွပ်စွဲတာ အငြင်းပွားတာတွေဟာ လူ့အဖွဲ့အစည်းတိုင်းရဲ့ သွင်ပြင် လက္ခဏာပါ။ ပုထုဇဉ်ဘာဝ သူသူငါငါ ပြဿနာနဲ့ မကင်းကြပါဘူး။ အတတ်နိုင်ဆုံး ဖြေသိမ့်နိုင်အောင် ကြိုးစားရုံပါပဲ။ ရံခါ ပုထုဇဉ်တို့ရဲ့ ဆန့်ကျင်ဖက်တုံ့ပြန်မှုတွေရှိတတ်ပေမယ့် အကျိုးယုတ်စေတဲ့ အထိတော့ မလုပ်ကောင်းဘူး။ လူတိုင်းဟာ ဂုဏ်သိက္ခာဆိုတာကိုတန်ဖိုး ထားတဲ့ အတွက် ယင်းကို ထိခိုက်စေမယ့် အပြုအမူ အပြောအဆို တွေကို ဆင်ခြင်သင့်ပါတယ်။ ကျေနပ်တဲ့ အထိ ဗုဒ္ဓကို ဆဲဆိုကြိမ်း မောင်းပြီးနောက် မောသွားတဲ့ ဘာရဒွါဇကိုဗုဒ္ဓက ‘ဧည့်သည်ကိုကျွေးဖို့ ယူလာတဲ့ အစားအစာကို ဧည့်သည် မစားရင် သင် ဘာလုပ်သလဲ’ တဲ့။ ‘ကိုယ့်ဟာကိုယ် ပြန်သိမ်းထားလိုက်ရုံပေါ့’လို့ ဘာရဒွါဇက ဖြေတယ်။ ဒီတော့ ဗုဒ္ဓက ‘ဒီလိုပဲ၊ သင် ဆဲတာကို ငါမခံယူရင်၊ အဲဒီ ဆဲရေးမှုဟာ သင့်ဆီမှာပဲ ရှိနေမှာပေါ့’တဲ့။
‘စိတ်ဆိုးသူကို သိ၍ သတိဖြင့် ကိုယ့်ဒေါသကို ထိန်းနိုင်သူသည် မိမိသူတစ်ပါး နှစ်ဦးသား၏ အကျိုးစီးပွားကို ကျင့်သည်မည်၏’ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်ကို စိတ်ထဲမှာ တစ်ခဏလောက် ထားလိုက် နိုင်ရင် ‘ပြုတုံ့ ပြုခြင်း မပြုခြင်း ဘယ်သင်းပို၍ သင့်လိမ့်မည်’ဆိုတာကို စဉ်းစားနိုင်ပါလိမ့်မယ်။
၁၂၃။ မင်းတို့၏ကျင့်စဉ်
ဇန်နဝါရီ ၈၊၂၀၀၈။
လျှောက်ထားလိုပါသည်၊
မင်းကျင့်တရားဆယ်ပါးလို့ ကြားဖူးပါသည်။ အဲဒီဆယ်ပါးကို အကျဉ်းမျှ သိလိုပါသည်။ ယနေ့ခေတ်မှာ အဲဒီမင်းကျင့်တရား ဆယ်ပါးကို ဘယ်သူတွေ ဘယ်လိုလိုက်နာရပါမည်နည်း။ ဘယ်လိုဖြစ်လျှင် မင်းကျင့်တရား ကျိုးပေါက်ပါသနည်း။ ကျိုးပေါက်လျှင် ပြည်သူက မည်သို့တုံ့ပြန်ရပါသနည်း။ ဆရာတော်တို့၏ အတွေးအမြင်ကို သိပါရစေဘုရား။
ရိုသေလျက် အောင်ချာ
မင်းဆိုတာ
လောကံ ရေဉ္ဇတီတိ ရာဇာ (ဒီ၊ဋ္ဌ၊၃၊၁၈၀) အရ လူထုကို နှစ်သက်အောင်လုပ်ပေးတတ်လို့ ရာဇခေါ်ပါတယ်။ ရာဇဆိုတဲ့ ပါဠိကို ‘မင်း’လို့ မြန်မာမှုပြုပါတယ်။ အုပ်ချုပ်သူ သို့မဟုတ် အစိုးရလို့ ခေတ်နဲ့အညီ အဓိပ္ပာယ်ပြန်ယူနိုင်ပါတယ်။ အုပ်ချုပ်သူတို့ လိုက်နာရမယ့် ကျင့်စဉ် ဆယ်မျိုးကို ‘ပေးကမ်း၊ ကိုယ်ကျင့်၊ စွန့်ကြဲ၊ ဖြောင့်မတ်၊ နူးညံ့၊ စိတ်လေ့ကျင့်၊ ဒေါသနည်း၊ မညှဉ်းဆဲ၊ သည်းခံ၊ မဆန့်ကျင်’ လို့ အတိုကောက်မှတ်သားနိုင်ပါတယ်။
ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တိဉ္စ အဝိရောဓနံ။ (ဇာ၊၂၊၉၇)။
ပေးကမ်း (ဒါနံ)
အစိုးရဟာ လခစားတွေကို လစာငွေ လုံလောက်အောင် ပေးရမယ်။ လုပ်အားနှင့် လစာငွေ မျှအောင် ဖန်တီးပေးရမယ်။ လစာငွေ တိုးပေမယ့် ကုန်စျေးနှုန်းတွေ ခေါင်ခိုက်နေရင် ကိုယ့်တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို နားလည်ပြီး လူထုချမ်းသာအောင် အမြန်ဆုံး ဖြေရှင်းပေးရမယ်။ အဲဒီလို ဖြေရှင်းဖို့ မမှန်ကန်တဲ့ နိုင်ငံရေး စီးပွားရေး စနစ်ဆိုးတွေ အကျင့်ဆိုးတွေကို ပြုပြင်ပြောင်းလဲပစ်ရမယ်။ အစိုးရ ဆေးရုံဆေးခန်းတွေမှာ ဆေးမရှိ။ စာသင်ကျောင်းတွေမှာ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မလုံလောက်လို့ ကျောင်းသားတွေ မှောင်ခိုစျေးက ဝယ်ရတယ်ဆိုရင် နံပါတ်တစ် မင်းကျင့်တရား ပျက်တာပဲ။
ကိုယ်ကျင့် (သီလံ)
‘ရိုးသား ကြိုးစား လုပ်အားဖြင့် နိုင်ငံတည်’တဲ့။ စာသားလေး သိပ်လှတာပဲ။ အာဏာမြဲနေတုန်းမှာ လာဘ်စားတာကို အချင်းချင်းသိနေပေမယ့် ကိုယ်လည်း ထူးမခြားနားပေမို့ ရေငုံနှုတ်ပိတ်မှိန်းလိုက်နေရင် အာဏာကျပြီးမှ မဟာလာဘ်စားမှုကြီး ပေါ်တတ်တယ်။ သာမန်လခစားတွေ ဘယ်လိုမှ ရိုးရိုးသားသား မရပ်တည်နိုင်လို့ ဘယ်ရုံးကိုပဲသွားသွား ဘာပဲလုပ်လုပ် လဘက်ရည်ဖိုး နင့်နေအောင်ပေးရတယ်ဆိုရင်၊ အလုပ်ရှာတော့လည်း လာဘ်ရွှင်တဲ့ နေရာကိုပဲ ရွေးပြီး ရှာရတယ်ဆိုရင် မရိုးသားလို့ နိုင်ငံမတည်နိုင်ပါဘူး။ အဲဒီလို လူထုကိုယ်ကျင့်တရား ပျက်ပြီး တိုင်းပြည်ခြစားတာဟာ နံပါတ်နှစ်မင်းကျင့်တရား ဆိတ်သုံးလို့ပဲ။
စွန့်ကြဲ (ပရိစ္စာဂံ)
အုပ်ချုပ်သူတွေဟာ ကိုယ်ပိုင်တဲ့ ပစ္စည်းကို လူထုကို ဝေငှပေးခြင်းလို့ အဓိပ္ပာယ်ရတယ်။ အိတ်ထဲက တစ်ပြားမှမစိုက်ဘဲ ဘုန်းကြီးကျောင်းတွေသွားပြီး ဆန်ဘယ်နှစ်အိတ်၊ ငရုတ်သီး ဘယ်နှစ်တောင်း၊ ဆား ဘယ်နှစ်ဘူး လှူပါကြောင်းနဲ့ ‘သူကြီးဘုရား ရွာသားကောင်းမှု’ မလုပ်ရဘူး။ လူထုဆီက လှူချင်ချင် မလှူချင်ချင် အယူဝါဒတူတူ မတူတူ အလှူငွေ အတင်းကောက်ပြီး လှူတာမျိုး မဖြစ်ရဘူး။ ရဟန်းရှင်လူ သက်သာချောင်ချိရေးအတွက် ဘယ်ဝန်ကြီးက မိဘမဲ့ ကျောင်းတစ်ခုကို သိန်းပေါင်း ဘယ်လောက် ရန်ပုံငွေလှူတယ်ဆိုရင် နတ်လူသာဓုခေါ်မှာပေါ့။ အာဏာမြဲချင်လို့ လူထုဆီက အတင်းအဓမ္မ ကောက်ခံပြီး မိမိလှူသလို အယောင်ဆောင်လို့ ကုသိုလ်မရပါဘူး။ စွန့်ကြဲခြင်းဆိုတဲ့ မင်းကျင့်တရားနဲ့တော့ဝေးပါသေးတယ်။
ဖြောင့်မတ် (အဇ္ဇဝံ)
ဖြောင့်မတ်ဆိုတာ မကောက်ကျစ်ဘူး။ မင်းမှာသစ္စာ လူမှာကတိတဲ့။ အုပ်ချုပ်သူဟာ ပေးထားတဲ့ ကတိအတိုင်းလုပ်မှ လူထုက ယုံကြည်တယ်။ အာဏာတည်မြဲရေးအတွက် ပုဏ္ဏားညို ပုဏ္ဏားဝါတွေ မြှောက်ပင့်တိုင်း လိမ်တာ ဝါဒဖြန့်တာမျိုး မလုပ်ရဘူး။ ဝယ်ပေးမယ်လို့ မိဘလုပ်သူက ကတိပေးထားပါလျက် သုံးလေးနှစ်သား ကလေးဆိုပြီး ကတိအတိုင်း မလုပ်ရင် ဒီမိဘကို ဒီကလေး မယုံတော့ဘူး။ မိဘကို မယုံရင် တစ်ခြားလူပြောတာကို ယုံသွားမှာပေါ့။
နူးညံ့ (မဒ္ဒဝံ)
နူးညံ့ဆိုတာ သိမ်မွေ့တဲ့ အဓိပ္ပာယ်ပါ။ မာန်မာန အငြိုးအတေး အရင်းခံနဲ့ မလုပ်ဘူး။ အတွေးအမြင် ခံယူချက်မတူတဲ့ လူတွေ စုပေါင်းပြီးပြဿနာကို စာပွဲပေါ်မှာ ဖြေရှင်းတယ်။ မိမိတို့ တိုင်းပြည်တိုးတက်ရေးဆိုတဲ့ တူညီတဲ့ ဦးတည်ချက်နဲ့ အတွေးအမြင် မတူညီတဲ့ လူတွေ စုပေါင်းပါဝင်လာနိုင်အောင်လဲ ဆောင်ရွက်တယ်။ ဒါဟာ သိမ်မွေ့နူးညံ့ခြင်းရဲ့ သင်္ကေတပေါ့။ တစ်ဖက်သားကို လုံးဝ ပြောဆိုခွင့်မပေးဘဲ လမ်းဘေးက အမှိုက်သရိုက်ပါဆိုပြီး ကိုယ်နိုင်နေလို့ မျက်လုံးမှိတ်ပြီး တစ်ဖက်သတ် ‘ဟောင်’နေရင် နောက်ဆုံးကိုယ်ပဲ ‘အဲဒါ’ဖြစ်သွားတတ်တယ်။
စိတ်လေ့ကျင့် (တပံ)
စိတ်ဓာတ်ရေးရာ ခွန်အားရှိအောင်လို့ စိတ်ကို လေ့ကျင့်ပေးတာ။ ဝန်ကြီးချုပ်ဟောင်း ဦးနု ပြောတာရှိတယ်။ သူဟာ ပြဿနာ သောင်းခြောက်ထောင်ကို တစ်နေကုန် ဖြေရှင်းရပြီးနောက် ညနေပိုင်းမှာ ဦးနှောက်ခြောက် စိတ်ဓာတ်တွေကျပြီး ဘာမှ မလုပ်ချင်တော့ဘူးတဲ့။ အဲဒီအခါမျိုးမှာ ညစာစားပြီးတဲ့ နောက် ခဏအနားယူ၊ ဘုရားခန်းထဲဝင်ပြီး အဓိဋ္ဌာန်ပုတီး စိပ်လိုက်ရင် တိုင်ခြေရောက်နေတဲ့ စိတ်ဓာတ်ဟာ တိုင်ထိပ်ပေါ် ပြန်ရောက်သွားပြီး အကြံဉာဏ်ကောင်းတွေ ရလာသတဲ့။ ဒါပေမယ့် ယတြာအတွက် ပိတ်ဖြူပိတ်နက်တွေကို ပခုံးမှာ လွယ်ပြတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါက စိတ်ပိုင်းဘဝ တိုးတက်အောင် လုပ်တာ မဟုတ်ဘူး။ ဝိသမ လောဘဇောတွေ ကြွလာအောင် လုပ်တာ။
ဒေါသနည်း (အက္ကောဓံ)
‘ဓားဓားချင်း လှံလှံချင်းပဲ’ဆိုတဲ့ ကမူးရှူးထိုး နွားသိုးစိတ်ဓာတ်မျိုး မရှိရဘူး။ ‘ကဏန်း ပုတ်သင်၊ ကိုင်းပင် နွားသိုး၊ လိပ်မျိုး ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်’တဲ့။ ရှေ့လည်းမတက် နောက်ကလည်း မလိုက်ရင် ကဏန်းလိုလူပဲ။ အထက်ကလူ မငြိုငြင်ရင် ပြီးရော ‘ဟုတ်၊ ဟုတ်’နဲ့ ပြောတိုင်းခေါင်းညိတ်ရင် ပုတ်သင်။ ဟိုလူပြောဟုတ်နိုး ဒီလူပြောဟုတ်နိုး၊ အခွင့်အရေးကို မျှော်ပြီး ဟိုပူးဒီကပ်ရင် ကိုင်းပင်။ အထက်ကလူ အကြိုက်မျှောလိုက်ပြီး အခွင့်အရေးပေါ်ရင် မလွတ်တမ်း ‘ဗပ်ခနဲ’ ဟပ်ယူရင် လိပ်။ ရှေ့ထွက် ‘ဟောင်’ပြီးမှ ချုံထဲပြေးဝင်ရင် ခွေးအလိုလူမျိုး။ ဒီလူခြောက်မျိုး အကြီးအကဲဖြစ်လာရင် မည်သည့်ကိစ္စမှ မအောင်မြင်နိုင်လို့ နာယက မဖြစ်ထိုက်ဘူး။
မညှဉ်းဆဲ (အဝိဟိံသာ)
အုပ်ချုပ်ခံ လူထုကို မနှိပ်စက်ရဘူး။ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးရမယ်တဲ့။ စီးပွားရေး ကျပ်တည်းအောင် ဖန်တီးပြီး တိုင်းပြည်မှာ လူတွေ မနေနိုင်အောင် မနေချင်အောင်လုပ်ရင် နှိပ်စက်တာပဲ။ အဓမ္မလုပ်အားပေး ခေါ်တာမျိုး။ အမျိုးမျိုး အကြောင်းပြပြီး လူထုဆီက ငွေကောက်ခံတာမျိုး။ ဘိုးဘွားပိုင်ခြံမြေတွေကို ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ သိမ်းပိုက်တာမျိုး။ မိမိဆန္ဒမပါဘဲ လူစုလူဝေးကို အတင်းအကြပ် ချီတက်ခိုင်းတာမျိုး။ ဆိုလိုတာက လူထုကို ကိုယ်ရောစိတ်ပါ ဆင်းရဲအောင်လုပ်တာ။
သည်းခံ (ခန္တီ)
မိဘများလိုပဲ အုပ်ချုပ်သူ လူတန်းစားဟာ အုပ်ချုပ်ခံများအပေါ် သည်းခံခွင့်လွှတ်ရသတဲ့။ မိဘဆိုတာ မိမိစကားကို နားမထောင်ဘဲ ပုန်ကန်တဲ့ သားသမီးများပင် ဖြစ်ပေမယ့် အပြစ်မယူဘူး။ အချိန်တန်ရင် သနားသည်းခံပြီး ခွင့်လွှတ်တာပဲ။ အုပ်ချုပ်သူတွေဟာ မိမိကိုမကြိုက်လို့ ဆန့်ကျင်သူတွေကို မတန်တဲ့ အပြစ်ကို မပေးကောင်းဘူး။ စုတ်ချာတဲ့ မူဝါဒကို ဝေဖန်လို့ စာရေးဆရာ စာမရေးရ၊ အနုပညာသည် အနုပညာအလုပ်ကို မလုပ်ရ၊ ဆရာဝန် ဆေးမကုရ၊ ဘုန်းကြီးတွေ ဆွမ်းခံမထွက်ရ၊ မြို့ကို စာလာမသင်ရဆိုရင် ဒီအစိုးရဟာ ခရုခွံထဲက ပုန်းနေတဲ့ စိတ်ထားမျိုးပဲ။ ‘နှလုံး စိတ်ဝမ်းမကြီး’ဘူးပေါ့။
မဆန့်ကျင် (အဝိရောဓန)
လူထုဆန္ဒကို မဆန့်ကျင်တာ။ အုပ်ချုပ်သူ အစိုးရဟာ လူထုအများစုရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပဲ။ ပါဠိဝေါဟာရ ‘အဝိရောဓန’ မြန်မာလို ‘မဆန့်ကျင်’ဆိုတာ ဒီမိုကရေစီပဲ။ လူထုက ခင်ဗျားတို့ကို မကြိုက်ပါဘူးလို့ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ရင် အာဏာကို လူထုလက်ထဲ ပြန်အပ်ရတယ်။ နေရာကုလားထိုင်ကို ဖယ်ပေးရတယ်။ မဖယ်ပေးရင် လူထုပိုင်တဲ့ ပစ္စည်းကို မတရားရယူတာဖြစ်လို့ အလိုလိုနေရင်း ‘အာဏာသူခိုး’ ဖြစ်သွားပြီ။ အဲဒီလိုဖြစ်ရင် နိုင်ရာကိုညှဉ်းတတ်တဲ့ ရိုင်းစိုင်း ရက်စက်တဲ့ တောရိုင်း တိရစ္ဆာန်တွေလို တောနက်ကြီး ဥပဒေနဲ့ ထင်ရာစိုင်းဖို့ ဝန်မလေးတော့ဘူး။ ဥပဒေမဲ့ အာဏာရလာတဲ့ လူတွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ အများဆန္ဒ သို့မဟုတ် လူထုဆန္ဒ ဆိုတာနဲ့ ဥပဒေစိုးမိုးရေးဆိုတာတွေ မရှိနိုင်ပါဘူး။
အုပ်ချုပ်သူ အစိုးရဟာ အဲဒီဆယ်မျိုးထဲက တစ်မျိုးလောက်ကို ကျင့်နိုင်ရင် ကိုလူထုက နားလည်ပေးမှုနဲ့ တုံ့ပြန်နိုင်ကောင်းပါရဲ့။
---
၁၂၄။ ယူနီဗာစီတီ
ဇန်နဝါရီ ၇၊၂၀၀၈။
လျှောက်ထားလိုပါသည်ဘုရား၊
ဇာတ်နိပါတ်တော်တွေကို ဖတ်ရှုတဲ့အခါ မင်းသားတွေ သူဌေးသားတွေ တက္ကသိုလ်ကို ပညာသင်သွားပြီး တော်တဲ့ ကျောင်းသားတွေ ပါမောက္ခချုပ်ရဲ့ သမီးချောနှင့် အိမ်ထောင်ပြုပြီး ပြည်တော်ပြန်ပုံ ဖော်ပြချက်တွေကို ဖတ်ရှုရပါသည်။ အဲဒီတက္ကသိုလ်က ဘယ်လောက် ကြီးကျယ်ပြီး ဘယ်အချိန်က ဘယ်မှာရှိခဲ့သည်ဆိုတာကို သိလိုပါသည်ဘုရား။ အရှေ့တိုင်းမှာ တချိန်တခါတုန်းက အဲဒီလောက် ကြီးကျယ်တဲ့ တက္ကသိုလ်တွေရှိခဲ့တယ်ဆိုတာကို ဂုဏ်ယူချင်လို့ပါဘုရား။
တိုင်းချစ်
တက္ကသိုလ်
တက္ကသိုလ်ဆိုတာ ဂန္ဓာရတိုင်း (ယနေ့ ပါကိစ္စတန်နိုင်ငံထဲက နယ်တစ်ခု)ရဲ့ မြို့တော်ဖြစ်ပါတယ်။ ဗာရာဏသီမြို့ကနေ ဇနာနှစ်ထောင် အဝေးမှာရှိတယ် (ဇာတက၊ဋ္ဌ၊၁၊၄၁၉)။ ဒါပေမယ့် အဲဒီခရီးကိုတစ်နေ့တည်း ရောက်နိုင်တယ်လို့လည်း ဆိုပြန်တယ် (ဇာတက၊ဋ္ဌ၊၂၊၄၂)။ ခိုးသားတွေထူပြောတဲ့ တောနက်ခရီးဖြစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၂၁)။ တက္ကသိုလ်မြို့ဟာ ဗာရာဏသီနဲ့ သာမက အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးနဲ့ ကုန်သွယ်ရေး မြို့တော်လည်းဖြစ်တယ် (ဇာတက၊ဋ္ဌ၊၁၊၃၂၆)။ တက္ကသိုလ်မြို့ အမည်နာမကို မူရင်းပါဠိတော် (ဝိ၊၂၊၇)တွေမှာလည်း တွေ့ရလို့ မြတ်ဗုဒ္ဓ မပွင့်မီကပင် တည်ရှိတဲ့ ရှေးဟောင်းမြို့လို့ ဆိုနိုင်ရာပါတယ်။
ဇာတ်တော်တွေထဲမှာတော့ ဗုဒ္ဓဝါဒမတိုင်မီတုန်းက ပညာသင်ရာ ဗဟိုဌာနအဖြစ် ဖော်ပြတယ်။ အဋ္ဌကထာကျမ်းတွေမှာတော့ ဗုဒ္ဓခေတ်မှာလည်း မင်းညီမင်းသားတွေနဲ့ အခြားထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ တက္ကသိုလ်မှာ ပညာသင်ယူကြတယ်လို့ ဆိုတယ်။ ကောသလဘုရင် ပသေနဒီ၊ လိစ္ဆဝီခေါင်းဆောင် မဟာလိ၊ မလ္လာမင်းသား ဗန္ဓုလတို့ဟာ တက္ကသိုလ်မြို့မှာ ပညာအတူသင်ခဲ့ကြတဲ့ မိတ်ဆွေတွေဖြစ်တယ်။
ဇီဝကဆေးဆရာကြီး (ဝိ၊၃၊၃၇၉)၊ အင်္ဂုလိမာလ၊ အဝန္တိတိုင်းသား ဓမ္မပါလ၊ ကဏှဒိန္ဒနှင့် ယသဒတ္တတို့လည်း တက္ကသိုလ်မြို့မှာပညာ သင်ယူခဲ့ကြတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၁၄)။ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရနဲ့ ခေတ်ပြိုင်တက္ကသိုလ်မြို့ရဲ့ အကြီးအကဲကတော့ ပုက္ကုသာတိ (ဇာ၊ဋ္ဌ၊၁၊၄၃၂)။ ဒီပဝံသကျမ်း (အခန်း ၃၊၃၁ ဂါထာ)မှာတော့ ဒီပင်္ကရမင်းကို ဆက်ခံသူဘုရင် ဆယ့်နှစ်ယောက်က တက္ကသိုလ်ကို အုပ်ချုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒိဗျာဝဒါနကျမ်း (အင်္ဂလိပ်ပြန်၊ စာ၊၃၇၁)မှာ ဗိန္ဓုသာရ (အသောကမင်းကြီးရဲ့ ဖခင်)မင်းရဲ့ အင်ပါယာဟာ တက္ကသိုလ်မြို့အထိ ရောက်ပါသတဲ့။ တက္ကသိုလ်မြို့မှာ သူပုန်တွေထလို့ နှိမ်နင်းဖို့ သားတော် အသောကကို စေလွှတ်ခဲ့ဖူးတယ်လို့ ဆိုတယ်။
တက္ကသိုလ်မြို့ဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ရဝလပိန္ဒိ (Rawalpindi) ခရိုင်က တက္ကသိလာ (Taxila) မြို့ ဖြစ်တယ်လို့လည်း ခေတ်သစ်အိန္ဒိယ ပညာရှင်တွေက ဆိုပါတယ်။
ယူနီဗာစီတီ
ယူနီဗာစီတီ (University) ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို ရှေးမြန်မာဆရာကြီးတွေက တက္ကသိုလ်လို့ မြန်မာမှုပြုခဲ့ကြပါတယ်။ ယူနီဗာစီတီဆိုတဲ့ ဝေါဟာရကို ဝိဇ္ဇာပညာရပ်ဆိုင်ရာ ကောလိပ်တစ်ခုနှင့် နည်းပညာ၊ ဆေး၊ ဥပဒေစတဲ့ သက်မွေးဝမ်းကျောင်း ပညာသင်ပေးတဲ့ ကျောင်းပေါင်းများစွာကို စုပေါင်းထားတဲ့ အဆင့်မြင့် ပညာသင်ယူရာ ဌာနလို့ အကြမ်းအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဖော်ပြပြီးအရ ယူနီဗာစီတီကို တက္ကသိုလ်လို့ တိုက်ရိုက် ဘာသာပြန်လို့ မပြည့်စုံပါဘူး။
ဒါပေမဲ့ ခေတ်သစ်မှာ တက္ကသိုလ်ဆိုရင် ယူနီဗာစီတီကို ခေါ်တယ်လို့ လူတိုင်းနားလည်ပါတယ်။ ယူနီဗာစီတီဆိုတာ အသိပညာ အတတ်ပညာကို လွတ်လပ်စွာ သင်ကြားပေးပြီး အနာဂတ် နိုင်ငံ့သားကောင်းတွေကို မွေးထုတ်ပေးတဲ့ ကျောင်းတော်သာ၊ အတွေးအခေါ်တွေကို ထောင်ချမထားတဲ့ ကန့်သတ်ချုပ်ချယ်မှု ကင်းလွတ်နယ်မြေ ဖြစ်တယ်လို့ ယေဘုယျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
ဂုဏ်ယူဖွယ်
ဘာပဲဖြစ်ဖြစ် တက္ကသိုလ်မြို့မှာ ရှေးဟောင်း ပညာသင်ယူရာဌာနကြီး (ယူနီဗာစီတီ) တစ်ခုရှိခဲ့မှာ သေချာပါတယ်။ အဲဒီဌာနကြီးမှာ ဝေဒကျမ်းတွေ၊ ဗိသုကာနှင့် ဆေးပညာ ခွဲစိတ်ပညာတွေ ပါဝင်တဲ့ သိပ္ပံဘာသာတွဲ ၁၈ မျိုးကို သင်ပေးတယ်။ မျက်လှည့်ပညာ၊ အလပ္ပာယ် (မြွေနိုင်) ပညာ စသည်ကိုလည်း သင်ပေးတယ်။ ကျောင်းသားတွေဟာ ပုံမှန်အားဖြင့် ရွှေစင်ငွေသား (ကဟာပဏ) တစ်ထောင် ကျောင်းဝင်ကြေးပေးရတယ်။ အဖိုးအခပေးတဲ့ ကျောင်းသားတွေကတော့ ဆရာရဲ့ မိသားစုလို နေထိုင်ရတယ် (ဇာ၊ဋ္ဌ၊၄၊၃၉၅)။
ခေတ်သစ်ယူနီဗာစီတီဖွဲ့စည်းပုံနဲ့ ထပ်တူ မဖြစ်နိုင်ပေမယ့် ခေတ်သစ်တက္ကသိုလ်တွေရဲ့ ရှေ့ပြေးဖြစ်လို့ ‘တက္ကသိုလ်အစ အာရှက’ဆိုတဲ့ အတွေးနဲ့ အရှေ့တိုင်းသားတွေ ဂုဏ်ယူစရာ ဖြစ်နိုင်ပါတယ်။
လောဘကို သမာဓိရေစင်ဖြင့်၊ ဒေါသကို သီလရေစင်ဖြင့်၊ မောဟကို ပညာရေစင်ဖြင့်ငြှိမ်းရသည်။
---
၁၂၅။ ဥပပါတ်ပဋိသန္ဓေ
ဖေဖာ်ဝါရီ ၁၆၊၂၀၀၉။
ဆရာတော် အရှင်မြတ်ဘုရား၊
ဥပပါတ်ပဋိသန္ဓေ အကြောင်းသိလိုပါသည် ဘုရား။ သိကြားမင်း၏ ဧရာဝဏ်ဆင်နှင့် ပတ်သက်၍ နတ်ပြည်မှာ တိရစ္ဆာန်ရှိသလား ဆိုတာကိုလည်း သိလိုပါသည်။ တပည့်တော် ဆိုလိုတာက တိရစ္ဆာန်အနေနဲ့ ဥပပါတ်ပဋိသန္ဓေရှိနိုင်သလား ဟု ဖြစ်ပါသည်။ ဥပပါတ်ပဋိသန္ဓေဆိုတာကို ယနေ့ခေတ်မှာ လက်တွေ့မမြင်ဖူးသဖြင့် မည်သို့နားလည်ရမည်ဆိုတာကို ဖြေကြားပေးစေချင်ပါသည်။
နေခြည်ဝင်း
ယောနိ လေးမျိုး
ယောနိဆိုတာကို အမျိုးဇာတ်လို့ ဘာသာပြန်ပါတယ်။ ဒီနေရာမှာ မွေးဖွားပုံလေးမျိုးလို့ အဓိပ္ပာယ်ယူရင် သင့်ပါလိမ့်မယ်။
၁) ဇလာဗုဇ = အမိဝမ်းမှ မွေးတဲ့ သတ္တဝါ။ လူတွေ၊ ကျွဲနွား တိရစ္ဆာန်တွေနဲ့ ဝေလငါးလိုမျိုး မွေးတာ။
၂) အဏ္ဍဇ = ဥကပေါက်တဲ့ သတ္တဝါ။ ကြက်၊ ငှက်၊ မိကျောင်း၊ ဒိုင်နိုဆောတွေလိုမျိုး။ (ဒီနှစ်မျိုးပေါင်းကို ဂဗ္ဘသေယျက = အမိဝမ်းမှာကိန်းတဲ့ သတ္တဝါလို့ ပေါင်းပြီးခေါ်တယ်)။
၃) သံသေဒဇ = ငြိတွယ်တဲ့ နေရာမှာ ဖြစ်တဲ့ သတ္တဝါ။ ရေအိုးထဲမှာ ကြာနေတဲ့ ရေထဲမှာတွေ့ရတဲ့ လောက်လန်းလေးတွေ၊ ငါးပုပ်ထဲက ပိုးလောက်တွေ၊ ငယ်ငယ်က မြွေတစ်ပိုင်းဖြစ်ပြီး အမြီးရမ်းနေတဲ့ ပုံလုံသီး (ပဲလင်းမြွေသီး)ကို တွေ့ဖူးတယ်။
၄) ဩပပါတိက = ဥပပါတ် = ဒီဘဝကနေ နောက်ဘဝတစ်ခုမှာ ဘွားကနဲ့ ပြန်ဖြစ်တဲ့ သတ္တဝါ။ ကမ္ဘာဦးအခါက ဗြဟ္မာ့ဘုံက စုတေလာသူတွေဟာ ဤမြေပြင်မှာ ဘွားကနဲ့ လူလာပြန်ဖြစ်သတဲ့။ ဒီလူ့ဘုံကသေလို့ နတ်ဗြဟ္မာဖြစ်ခွင့်ရှိသူတွေလည်း တစ်ခါတည်း ၁၆ နှစ်မသားတွေ ဘွားကနဲ့ သွားဖြစ်ပါသတဲ့။ (စကားမစပ်၊ နို့တိုက်စရာမလိုဘူးပေါ့)။
ဧရာဝဏ်ဆင်
တိရစ္ဆာန်အနေနဲ့ နတ်ပြည်မှာ မွေးဖွားသူ မရှိဘူး။ ဒါကြောင့် နတ်ပြည်မှာ ကြွက်၊ ယင်ကောင်၊ မြွေ၊ ပိုးဟပ်၊ ပင့်ကူတွေ မရှိဘူး။ နတ်တို့ အစားအစာ နတ်သုဒ္ဓါ ဘယ်လောက်ကောင်းသလဲဆိုတာ မသိနိုင်ပေမဲ့ နတ်ပြည်မှာ beef နဲ့ Seafood တွေ မရတာတော့ သေချာတယ်။
‘နတ်ပြည်၌ ဧရာဝဏ (ဧရာဝဏ်)စသောနတ်သားများသည် ဆင်အသွင်မြင်အသွင်ကို ဖန်ဆင်းကြ၏။ တိရစ္ဆာန်အသွင်နှင့် တွေ့ရသည့် နတ်များကို မြင်၍ အန္ဓက (နိုင်ငံသား) ရဟန်းအချို့က နတ်ပြည်မှာ တိရစ္ဆာန်ရှိကြောင်း ယုံမှတ်ကြ၏ (အဘိ၊ဋ္ဌ၊၂၊၂၇၃)’။
‘ဧရာဝဏ်ဆင် ဆိုတာလဲ နတ်သားပါပဲ။ နတ်ပြည်လောကမှာ တိရစ္ဆာန်မှ မရှိဘဲ။ သိကြားမင်း ဥယျာဉ်ကို ထွက်တဲ့ အခါ ဧရာဝဏ်နတ်သားက နတ်အသွင်ကိုစွန့်ပြီး ဆင်အသွင်နဲ့ သိကြားမင်းကို ဆောင်ကြဉ်းပေးတာပါ (သာရတ္ထ၊ဋီ၊၁၊၂၆၈)’။
ဂတိ (လားရာဌာန) လေးမျိုး နဲ့ ယောနိ
ဘုမ္မဇိုးနတ်မှတစ်ပါး နတ်ဗြဟ္မာတွေ၊ နိဇ္ဈာမတဏှိက ပြိတ္တာမျိုးတွေနဲ့ ငရဲဘုံသားတွေမှာ ဥပပတ်ပဋိသန္ဓေတစ်မျိုးပဲ ရှိတယ်။ လူ့ဘုံ၊ တိရစ္ဆာန်၊ ပြိတ္တာနဲ့ ဘုမ္မဇိုးနတ်တွေမှာ ယောနိလေးမျိုးလုံး ရှိနိုင်တယ်။
‘ဘုမ္မဇိုးဖြတ်၊ ကြွင်းနတ်နိစ္ဈာ၊ ငရဲရွာ၊ တစ်သာဥပပတ်။ အကြွင်းဂတိ၊ လေးယောနိ၊ ရ၏ပုံသေမှတ် (ပရမတ္ထသရူပဘေဒနီ)’။
ဧရာဝဏ်ဆင်အကြောင်း လေ့လာကြည့်ရင်း တိရစ္ဆာန်ဘဝနဲ့ ဥပပတ်ပဋိသန္ဓေနေတဲ့ အကြောင်းကို ကျမ်းဂန်မှာ ရှားရှားပါးပါး တွေ့ရပါတယ်။ သားချစ်စိတ်နဲ့ ကွယ်လွန်တဲ့ အမျိုးသမီးတစ်ယောက် ဥပပတ်ပဋိသန္ဓေနဲ့ ဘွားကနဲ မြေခွေးမဖြစ်သွားပြီး သားဖြစ်သူ ရတနာထုပ်ကို ပိုက်ပြီး ပြန်လာစဉ် လမ်းမှာ အန္တရာယ်ဖြစ်မှာကို မြင်လို့ ဒီလမ်းကိုဆက်မသွားဖို့ သားရှေ့လာပြီး တားမြစ်ပါသတဲ့ (ဇာ၊ဋ္ဌ၊၂၊၃၄၈)။ နောက် ဇာတ်တော်တစ်ခုမှာ ပဒုမဝတီမိဖုရားဟာ ကြာပန်းမှာ သံသေဒဇ သန္ဓေတည်တယ်။ ဥကပေါက်တဲ့ လူတွေလဲ ရှိတတ်ပါသတဲ့။
ဥပပတ်ပဋိသန္ဓေ
ဥပပတ်ပဋိသန္ဓေနဲ့ မွေးဖွားလာသူကို ဘုန်းကြီးကိုယ်တိုင် မမြင်ဖူးပေမယ့် ဗုဒ္ဓဒေသနာမှာ ပါလို့ ဘုန်းကြီးတော့ ယုံတယ်။ လက်တွေ့ပြဖို့ဆိုရင် နတ်ပြည်ကို ရောက်ရင်လည်း ရောက်ဖူးမှ ဖြစ်မလိုရှိတယ်။ အတွေ့အကြုံလေးတစ်ခုတော့ ပြောပြစရာရှိတယ်။
ရိုမန်ကက်သိုလစ်ဘုရားကျောင်းက ဘုန်းကြီးရဲ့မိတ်ဆွေဟောင်း Tucson မြို့မှာနေတဲ့ ဘာသာဗေဒပညာရှင် ဒေဗရာ (Dr. Debrah) ဟာ ဗုဒ္ဓဘာသာပါလို့ သူ့ကိုယ်သူ လူသိရှင်ကြား ပြောတဲ့ အမျိုးသမီးပါ။ မြန်မာပြည်မှာ သုံးပတ်ကြာ တရားထိုင်ဖူးလို့ မြန်မာယဉ်ကျေးမှုကို အတော်အတန် သိတယ်။ လွန်ခဲ့တဲ့ အပတ်က ဘုန်းကြီးဆီကို ရောက်လာတယ်။ ဘုန်းကြီးဆီ မလာခင်တစ်ပတ်က အတူနေတဲ့ သူ့မိခင်အသက် ၉၈ နှစ်ဆုံးတာနဲ့ ပတ်သက်ပြီး ဒါနလုပ်ချင်လို့တဲ့။ အမည်မပြောတတ်တဲ့ သက်သတ်လွတ် ဆွမ်းဟင်းလေးတွေနဲ့ အလှူငွေ $ 100 လှူပါတယ်။ သူပြောတာက မေတ္တာသုတ်ကို ရွတ်ပြီးလို့ အိပ်ရာဝင်ဖို့ ပြင်နေတုန်း သူ့အမေကို တွေ့တာ နှစ်ကြိမ်ရှိပြီတဲ့။ ပြုံးပြီးနှုတ်ဆက်မယ်လုပ်တော့ ပျောက်သွားလို့ စိတ်ကူးယဉ်လိုလို တကယ်လိုလို ဝေခွဲမရ ခံစားမိတယ်တဲ့။ မြန်မာပြည်မှာတုန်းကလည်း ကျောင်းနားက ဘာသာခြားအမျိုးသမီးတစ်ဦး ကွယ်လွန်လို့ သူ့ခင်ပွန်းက ကျောင်းထိုင် ဆရာတော်ကို လာလျှောက်တာကို ကြားဖူးပါတယ်။
စဉ်းစားဖို့ပါ။ အဲဒီဘဝတစ်ခု တကယ်ရှိခဲ့ရင် သေပြီးတာနဲ့ အဲဒီလို လာပြနိုင်တာဟာ ဥပပတ်ပဋိသန္ဓေကြောင့် ဖြစ်နိုင်တာပေါ့။
---
၁၂၆။ မြင့်သောနေရာ မြတ်သောနေရာ
ဖေဖော်ဝါရီ ၂၂၊၂၀၀၉။
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ဥစ္စာသယန မဟာသန မြင့်သောနေရာ မြတ်သောနေရာဟူသည် အဘယ်ကို ဆိုလိုပါသနည်း။ ထိုနေရာနှစ်ခု၏ အဓိပ္ပာယ်ကို သိလိုပါသည် အရှင်ဘုရား။ အလွန်အေးသည့် နိုင်ငံခြားတိုင်းပြည်များ၌ မွေ့ယာမရှိဘဲ အိပ်ရန် အလွန်ခက်ခဲပါသည်။ သို့ဖြစ်၍ ရှစ်ပါးသီလကို မည်သို့ ဆောက်တည်ရမည်ကို သိလိုပါသည် အရှင်ဘုရား။
လင်းလင်း
မြင့်သောနေရာ မြတ်သောနေရာဟူသည်
မြင့်သောနေရာ (ဥစ္စာသယန) ဆိုတာ အတိုင်းအတာထက် မြင့်တဲ့ အိပ်ရာနေရာ၊ မြတ်သောနေရာ (မဟာသယန) ဆိုတာ သီလစောင့်သူတို့ မအပ်တဲ့ အခင်း (မွေ့ယာစသည်)လို့ အဓိပ္ပာယ်ဖွင့်ပါတယ် (အံ၊ဋ္ဌ၊၂၊၁၇၁)။ အင်္ဂုတ္တရပါဠိမှာ ထုတ်ပြသလောက်ဆိုရင် ‘အခြေရှည်သော ညောင်စောင်း၊ အခြေမှာ သားရဲရုပ်တွေ တပ်ထားတဲ့ ပလ္လင်၊ မွေးရှည် ကော်ဇောကြီး၊ ဆန်းပြားတဲ့ သားမွေးအခင်း၊ အဖြူရောင် သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွတ်အခင်း၊ ရုပ်ပုံခြယ် သားမွေးအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုး အခင်း၊ ပိုးချည်အခင်း၊ သားမွေးအခင်းကြီး၊ ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထား ခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင်ရေအခင်း၊ အနီရောင်မျက်နှာကြက်၊ အုံးနီနှစ်ဖက်ရှိ နေရာ (အံ၊၁၊၁၈၂)’။ အဲဒါတွေကို မြင့်သောနေရာ မြတ်သောနေရာလို့ ဆိုပါတယ်။
အဲဒီအထဲက ‘ပိုးမွေးသက်သက် အခင်းကို ခုတင်ညောင်စောင်းမှာ ခင်းပြီးသုံးကောင်းတယ်။ မွေးရှည်ကော်ဇောကြီးကို ကြမ်းခင်းအနေနဲ့ သုံးရင် အပ်တယ်။ အခြေမြင့်တဲ့ ညောင်စောင်းကို အခြေကို ဖြတ်သုံးရင် အပ်တယ်။ လဲမသွတ်တဲ့ အခင်း (မွေ့ယာ)တွေလဲ အပ်တယ်လို့ ဖွင့်ဆိုပါတယ် (အံ၊ဋ္ဌ၊၂၊၁၇၁)’။
ဥပုသ်စောင့်ခြင်းရဲ့ ရည်ရွယ်ချက်
မြတ်ဗုဒ္ဓလက်ထက်က အဲဒီပစ္စည်းတွေဟာ တန်ဖိုးကြီးလို့ အာဏာနဲ့ ဥစ္စာရှိတဲ့ လူတွေပဲ သုံးနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေဖြစ်တယ်။ ယခုမြန်မာနိုင်ငံမှာ ရေခဲသေတ္တာနဲ့ ကားတွေလိုပဲ။ အဲဒီတော့ ရိုးရှင်းတဲ့ ဘဝနဲ့နေဖို့ ရဟန်းပြုတာဖြစ်လို့ သဒ္ဓါကောင်းသူတွေလှူရင်တောင် သဒ္ဓါတရားနည်းသူတွေက ဘုန်းကြီးတွေလည်း လူတွေလိုပဲလို့ ကဲ့ရဲ့နိုင်တယ်။ စိတ်ပိုင်းအရလည်း အဲဒီပစ္စည်းတွေကို အသုံးပြုဆဲမှာ လောဘမာန ဦးစီးတဲ့ ကာမအာရုံတွေ နိုးကြွနိုင်တာပဲ။ ဒါကြောင့် ဗုဒ္ဓက အဲဒီပစ္စည်းတွေကို တားမြစ်တော်မူတာ ဖြစ်ပါတယ်။ လူတွေ ရှစ်ပါးသီလကို ဆောက်တည်တဲ့ ရည်ရွယ်ချက်က အနည်းဆုံး အထုံပါရမီဖြစ်ဖို့နဲ့ ကုသိုလ်စိတ်တွေ အဖြစ်များအောင် လေ့ကျင့်ဖို့ ရည်ရွယ်ချက်နဲ့ ရိုးရှင်းခြိုးခြံတဲ့ ဘဝကလေးနဲ့ အခိုက်အတံ့ နေကြည့်တာပါ။ ဒီရည်ရွယ်ချက်ကို အခြေခံပြီး ဘယ်လိုဟာကို သုံးသင့်မသုံးသင့်ဆိုတာ ဆင်ခြင်နိုင်ပါတယ်။
ဒီလိုဆိုရင် သင့်နိုင်တယ်
အမေရိက တရားစခန်းအချို့မှာ ဆိုဖာအတွင်း ထည့်တဲ့ ရေမြှုပ်ကို တစ်ယောက်အိပ် အရွယ်အစားဖြတ်ပြီး ခုတင်ပေါ်မှာ ထားတယ်။ အပေါ်က ပိတ်ဖြူစ ခင်းလိုက်တော့ အိပ်ရတာ အဆင်ပြေပါတယ်။ အအေးဒဏ်လည်း ကာကွယ်၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ဘူးပေါ့။ အချို့က အိမ်က ယူလာတဲ့ Sleeping bag နဲ့ ကော်ဇောပေါ်မှာပဲ အိပ်ခွင့်ပြုတယ်။ အအေးဒဏ်ကို ခံနိုင်ရုံ ရိုးရှင်းတဲ့ အိပ်ယာဆိုရင် ရှစ်ပါးသီလစောင့်သူအဖို့ သင့်နိုင်ပါတယ်။ တစ်ခါတစ်ရံပဲ ဥပုသ်စောင့်တာဖြစ်လို့ အအေးမကြမ်းတဲ့ ရာသီမှာ ဘုရားခန်းထဲက ကော်ဇောပေါ်မှာ ပိတ်စ ခင်းပြီး အိပ်နိုင်ရင်တော့ ဥက္ကဋ္ဌပုဂ္ဂိုလ် (ခပ်ပြင်းပြင်းကျင့်သူ)ဖြစ်မှာပေါ့။
---
၁၂၇။ ဘာသာရေးကြောင့် ဘေးမဖြစ်သင့်
မေ ၁၊၂၀၀၉။
ဆရာတော် အရှင်မြတ် ဘုရား၊
ဇန်နဝါရီ ၁၅ ရက်စွဲနှင့် အေအက်ဖ်ပီ သတင်းတစ်ပုဒ်အရ ဘင်လဒင်၏ အသံသွင်းတိပ်ခွေမှာ ဘာသာရေးစစ်ပွဲ (Religious War) ဆင်နွှဲမည်ဟု ဆိုကြောင်း ဖော်ပြထားပါသည်။ တပည့်တော်သည် ဘာသာရေးစစ်ပွဲဟူသောအသံကို ကြားရတိုင်း စိတ်မချမ်းမြေ့ ဖြစ်မိပါသည်။ ဘာသာရေးမှာ စစ်ပွဲဆိုတာ ရှိပါသလား။ ရှိကော ရှိသင့်ပါသလား။ ဘာသာရေးရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။ ဗုဒ္ဓဘာသာ၌ ဘာသာရေးကို အကြောင်းပြု၍ စစ်ပွဲဆင်နွှဲရန် တိုက်တွန်းမှု လှုံ့ဆော်မှု ရှိပါသလား။ ဘုရားတပည့်တော် အလွန် သိချင်သော အကြောင်းအရာဖြစ်၍ သနားသောအားဖြင့် ဖြေကြားပေးပါဘုရား။
အောင်ထွန်းရွှေ၊ ဒူဗိုင်းမြို့
မုက္ခပါဌ်တွေကို ဖန်တီးသူ
ရှေးဦးလူတွေဟာ သဘာဝ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံစဉ်မှာ အားကိုးရာ ရှာဖွေရင်း သစ်ပင် တောတောင် ပင်လယ် သမုဒ္ဒရာ ရေမြေ နေလ နက္ခတ်တာရာတွေကို ကိုးကွယ်ခဲ့ကြတယ်။ စိတ်ကူးယဉ်ပုံဖော် ပန်းချီရုပ်တုတွေကို ပူဇော်ပသခဲ့ကြတယ်။ အဲဒီလို ကိုးကွယ်ကြရင်း အပူအအေး ရွေ့ရှားမှု ရပ်တည်မှုစတဲ့ စွမ်းအင်တွေသာဖြစ်တဲ့ သဘာဝယန္တရားကြီးကို ဆက်ကာဆက်ကာ လည်စေတဲ့ စကြဝဠာကမ္ဘာမိုးမြေကို အုပ်စိုးပိုင်သသူ စူပါတန်ခိုးရှင်တစ်ဦး ဧကန်ရှိရမယ်လို့ စွဲလမ်းပုံဖော်ရာကနေ အဲဒီစိတ်ကူးထဲက တန်ခိုးရှင်ဟာ လူတွေရဲ့နှလုံးအိမ်မှာ သံငါးမျှားချိတ်လို စူးဝင်သွားခဲ့ပါတယ်။
နောက်ဆုံးမှာ လူတွေကပဲ ပြုပြင်ဖယ်ရှားလို့ မရတဲ့ အပြည့်စုံဆုံး မုက္ခပါဌ်ကျမ်းမြတ်ဆိုတာတွေကို ဖန်တီးခဲ့ကြတာပဲ။ အဲဒီမုက္ခပါဌ်တွေမှာ ညွှန်ကြားထားတာရှိရင် အဲဒီဘာသာဝါဒမှာ စစ်ပွဲဆိုတာ ရှိနေမှာပဲ။ အမှန်သော် ဘာသာရေးရဲ့ ရည်ရွယ်ချက်က လူတွေကို စိတ်ပိုင်းဘဝ ဖွံ့ဖြိုးအောင် လေ့ကျင့်ပေးဖို့၊ ယုံကြည်မှု အသားရောင် လူမျိုးဇာတ် မခွဲခြားဘဲ လူကိုလူလို့ မြင်တတ်အောင် သင်ကြားဖို့ပဲ ဖြစ်သင့်ပါတယ်။ ဒီနေရာမှာ ဘာသာရေး သင်ကြားချက်နဲ့ လူကို ခွဲခြားထားရလိမ့်မယ်။
မုက္ခပါဌ်တော်များရဲ့ ညွှန်ကြားချက်
၁ ရာ ၁၅း၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။ ၃။ ယခု သွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ ရှင်းရှင်း ဖျက်ဆီး၍ ယောကျ်ား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည်အတိုင်း ၄။ ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့် ခြေသည်သူရဲ နှစ်သိန်း၊ ယုဒစစ်သူရဲ တစ်သောင်း ရှိကြ၏။
ကိုရ်အာန် ၄း၃၄ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်အံ့၊ ထိုသို့တိုက်ခိုက်ရာတွင် ထိုသူသည် အသတ်ခံရသည်ဖြစ်စေ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူ့အား မကြာမြင့်မီအတွင်း ကြီးကျယ်မြင့်မြတ်သော အကျိုးကို ပေးသနားတော်မူအံ့။ ကိုရ်အာန် ၈း၁၂။ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ၎င်းတို့၏ လက်ချောင်းများ၏ အဆစ်များကို တခုစီဖြတ်တောက်ကြလေကုန်။
ဝါဒရေးရာ စိန်ခေါ်တဲ့ သဘောထား
နာမည်ကျော် ဗြိတိသျှလူမျိုး တွေးခေါ်ရှင်ဘာထရန်ရပ်ဆယ်လ်က ‘သမိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ဘာသာတရားတွေထဲမှာ ကျုပ်ကတော့ ဗုဒ္ဓဘာသာကိုပဲ နှစ်သက်တယ်။ အထူးသဖြင့် ဒီဝါဒရဲ့ ရှေးအကျဆုံးပုံစံကိုပေါ့။ ဘာကြောင့်ဆို ဒီဝါဒရဲ့သမိုင်းမှာ အတင်းအကြပ် ဘာသာသိမ်းသွင်းတာ ဘာသာရေးနှိပ်ကွပ်တာတွေ မတွေ့ရသလောက်ဖြစ်လို့ပါပဲ’ လို့ ဆိုခဲ့ပါတယ်။ နှစ်ခြင်းခရစ်ယန်ဘုန်းကြီးရဲ့သား နောင်အခါ လန်ဒန်ပါဠိအသင်းကို တည်ထောင်သူ ပါမောက္ခ ရေးစ်ဒေးဗဒ်ကလည်း ‘ဗုဒ္ဓဝါဒီတွေရဲ့ ကြီးမြတ်အထက်တန်းကျမှု နှစ်ပရိစေဒကို ရှည်လျားစေခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ ဗုဒ္ဓဝါဒသမိုင်းတစ်လျှောက်လုံး ကျုပ်သိရသမျှ ဗုဒ္ဓဝါဒီတွေက အခြားမည်သည့် ဘာသာဝါဒီတွေကိုမှ အကြမ်းဖက်ပြီး ဘာသာကူးပြောင်းခိုင်းတယ်ဆိုတဲ့ မှတ်တမ်းမရှိပါဘူး’တဲ့။
ဘာကြောင့် ဗုဒ္ဓဝါဒီတွေဟာ အဲဒီလို အတင်းအကြပ်ကိစ္စ မလုပ်တာလဲဆိုရင် မြတ်ဗုဒ္ဓရဲ့ ‘လာလှည့် ရှုလှည့်၊ ကြိုက်ရင် ဆက်လုပ်၊ မကြိုက် ကိုယ့်သဘောပဲ’ဆိုတဲ့ ဝါဒရေးရာ စိန်ခေါ်တဲ့ သဘောထားကြောင့်ပါပဲ။
ဗုဒ္ဓဝါဒမှာ စစ်ဆိုတာ လုံးဝမရှိ
ဗုဒ္ဓဝါဒမှာက မိမိဟောပြောတာကို မယုံကြည်သူတွေအပေါ် တိုက်ခိုက်ဖို့ သတ်ပစ်ဖို့ လက်နက်ဆွဲကိုင်တယ်ဆိုတာမျိုးကို အင်မတန် ကြီးမား မိုက်မဲတဲ့ အကုသိုလ်အလုပ်လို့ နားလည်ပါတယ်။ ဗုဒ္ဓဝါဒရဲ့ လောကကို ရှုမြင်ပုံက ‘ဟေတုံ ပဋိစ္စ သမ္ဘူတံ၊ ဟေတု ဘင်္ဂါ နိရုဇ္ဈတိ = အကောင်းအဆိုးဆိုတဲ့ ဖြစ်စဉ်တစ်ခုဟာ အကြောင်းကြောင့် ဖြစ်ရတာ၊ အကြောင်းချုပ်ရင် အဲဒါတွေ ငြိမ်းတာပဲ’လို့ ဖြစ်ပါတယ်။
‘အကြောင်း’ဆိုတာ ငါမှငါပဲ ဆိုတဲ့ အတ္တလွန်ကဲမှု၊ စိတ်ဆိုးအငြိုးကြီးမှုနဲ့ ဆင်ခြင်တုံတရားမဲ့မှုဆိုတဲ့ ကိုယ်တွင်း (အဇ္ဈတ္တ) စိတ်ခံစားမှုနဲ့ အဲဒီခံစားမှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးတဲ့ ပြင်ပ (ဗဟိဒ္ဓ) အခြေအနေတွေဖြစ်ပါတယ်။ ဒီလို ယုံကြည်တဲ့အတွက်ကြောင့် ဗုဒ္ဓဝါဒဆိုတဲ့ အမည်နာမ သို့မဟုတ် ဗုဒ္ဓဝါဒ ပန့်ပွားရန်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စစ်ပွဲဆိုတာ မရှိနိုင်ဘူး။ ရှိလည်း မရှိခဲ့ပါဘူး။ လူမျိုးရေး စီးပွားရေး နိုင်ငံရေး အရင်းခံနဲ့ ဗုဒ္ဓဝါဒီတွေ ပါဝင်တဲ့ စစ်ပွဲမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကြောင့်တော့ လုံးဝမဖြစ်နိုင်ဘူး။
ဘာသာရေးမှာ စစ်ပွဲရှိသင့်သလား
ဒီအဖြေအတွက် ဗုဒ္ဓဝါဒကတော့ ရှင်းပါတယ်။ Absolutely No ပါပဲ။ ဖော်ပြပါ ကျမ်းမြတ်တွေကို ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးအုပ်စုကြီး နှစ်ခုမှာပါတဲ့ ပညာတတ် မိတ်ဆွေနှစ်ယောက်မကကို ဒီမေးခွန်းမျိုး မေးဖူးပါတယ်။ အီရန်ကလာတဲ့ အင်ဂျင်နီယာ ဒုက္ခသည်တစ်ဦးရဲ့အဖြေက ‘ဘုရားသခင်ကိုယ်တိုင် ခွင့်ပြုထားတာဖြစ်လို့ ကိုယ့်နိုင်ငံနဲ့ လူမျိုးကို ကျူးကျော်လာရင် စစ်ဆိုတာ တိုက်ရမှာပဲ’တဲ့။
‘ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး’ သီအိုရီက ယဉ်ကျေးမှုဦးပိုင်းကာလကပင် ရှိနေခဲ့လို့ ဘာသာရေးအမြင်ထဲမှာ မထည့်လိုပါဘူး။ ဒါပေမယ့် ဘာသာမတူ ယုံကြည်မှုမတူသူတွေကို အတင်းအကြပ် ဘာသာကူးပြောင်းခိုင်း၊ မရရင် ကွပ်မျက်ပစ်တဲ့ ရာဇဝင်တွေက အင်မတန်ရှည်လျားစွာ ရှိခဲ့တယ် ရှိနေတယ် မဟုတ်ပါလားလို့ဆိုတော့ သူတို့ reason တွေ များစွာ ပေးကြပေမယ့် ဘုန်းကြီးကတော့ သူတို့အနေနဲ့ မေးခွန်းကို ရှောင်လွှဲနေတယ်၊ အကြောင်းပြချက် မမှန်ဘူးလို့ ခံစားနေမိတဲ့အတွက် ဆက်မမေးဘဲ ဆိတ်ဆိတ်ပဲ နေခဲ့ပါတယ်။
အောင်မြင်သူ
To conquer oneself is a greater task than conquering others.
မိမိကိုယ်ကို မိမိ အောင်မြင်ရန်မှာ အခြားသူများကို အောင်မြင်ခြင်းထက် ပိုမိုကြီးမားသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်၏။
---
၁၂၈။ ဗြဟ္မာနတ်ပြည် စေတီတည်
ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
ဗြဟာနတ်ပြည် စေတီတည် မည်သည့်အုတ်နှင့် တည်လိမ့်နည်း ဟု အမေးစကား ကြားသာ ကြားဖူးရာ အဖြေမသိဘဲ ဖြစ်နေပါသောကြောင့် ဖြေကြားပေးစေလိုပါသည်ဘုရား။
အရှင်ဝိမလသာရ
စူဠာမဏိစေတီ
တောထွက်လာတဲ့ အလောင်းမင်းသိဒ္ဓတ်ဟာ အနောမာမြစ်ကမ်းကို ရောက်တော့ ပါလာတဲ့ သန်လျက်နဲ့ ဥသျှောင်နှင့်တကွ ဆံထုံးကို အရင်းက ဖြတ်လိုက်တယ်။ အဲဒီသျှောင်ထုံးကို ‘ငါသည် ဗုဒ္ဓ ဧကန် ဖြစ်မယ်ဆိုရင် ဒီဆံပင် မြေကြီးပေါ် ပြန်မကျပါစေနဲ့’ လို့ အဓိဋ္ဌာန်ပြီး မိုးပေါ်ကို မြှောက်တင်လိုက်ရာမှာ သိကြားမင်းက ဗုဒ္ဓလောင်းလျာရဲ့ သျှောင်ကေသာကို တာဝတိံသာ နတ်ပြည်ကို ယူသွားပြီး စူဠာမဏိစေတီ တည်တယ်၊ သုံးယူဇနာမြင့်တယ်၊ ရတနာခုနစ်ပါးနဲ့ တည်တယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၂၂)။ မြင်းမိုရ်တောင်ရဲ့ထိပ်မှာ ဣန္ဒနီလာကျောက်နဲ့ တည်တယ်၊ သုံးယူဇနာ မြင့်တယ် (ထူပဝံသ၊ စာ ၁၆။ ဒါဌာဝံသ ၃၅ ဂါထာ)။ တာဝတိံသာနတ်ပြည်မှာ တည်တယ်၊ ယူဇနာသုံးဆယ် မြင့်တယ် (ဇိနာလင်္ကာရ၊ဋီ၊ စာ၂၆၁)။
ဒုဿစေတီ
ပဒုမုတ္တရဘုရား လက်ထက်က အချစ်ဆုံး သူငယ်ချင်းဟောင်း ဖြစ်ဖူးတဲ့ ဃဋိကာရဗြဟ္မာ (ဒီဗြဟ္မာက အနာဂါမ်ဖြစ်ပြီးသား၊ ဂေါတမဗုဒ္ဓလက်ထက်မှာ အဝိဟာဘုံမှာနေတယ်။ သံ၊၁၊၈၅။ မ၊၂၊၂၄၂) ယူလာပြီး ဆက်ကပ်တဲ့ ပရိက္ခရာရှစ်ပါးထဲက သင်္ကန်းကို ဝတ်ရုံပြီး တောထွက်လာတဲ့ အလောင်းတော် မင်းသိဒ္ဓတ်ရဟန်းအသွင်ကို ယူလိုက်တယ်။ အဲဒီနောက် မင်းဝတ်စုံကို ကောင်းကင်သို့ မြှောက်တင်လိုက်ရာမှာ ဃဋိကာရဗြဟ္မာကြီးကပဲ ဒီဝတ်စုံကို ယူသွားပြီး ဗြဟ္မာ့ပြည်မှာ ဒုဿစေတီတည်တယ်၊ ရတနာမျိုးစုံနဲ့ တည်တယ်၊ ဆယ့်နှစ်ယူဇနာမြင့်တယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၂၃။ ထူပဝံသ၊ စာ၁၆)။
အခါတစ်ပါး အဘိညာဉ် တန်ခိုးရှင် အရှင်ဘဒ္ဒဇိမထေရ်ဟာ ဗြဟ္မာ့ပြည်က ဒုဿစေတီကို ထန်းတစ်ဖျားအမြင့်ရှိတဲ့ အရပ်ထိ လူ့ပြည်ကို တန်ခိုးနဲ့ ယူလာပြီး လူပရိသတ် ရဟန်းပရိသတ်ကို မြင်အောင် ပြဖူးသတဲ့ (မဟာဝံသ၊၃၃း၁၁)။
ကမ္မဇစေတီ
နတ်တွေ ဗြဟ္မာတွေဆိုတာ ကံကြောင့်ဖြစ်တဲ့ ကမ္မဇဗိမာန်ကိုယ်စီမှာ နေကြတယ်။ ဗြဟ္မာတွေက ကာမစည်းစိမ်ကို မခံစားကြဘူး။ နတ်တွေကတော့ ကာမစည်းစိမ်ကို ခံစားကြတယ်။ နိမ္မာနရတိနတ်တွေလို အချို့နတ်တွေဟာ ရှိမြဲစည်းစိမ်ထက် ပိုပြီး ခံစားလိုတဲ့အခါ ကိုယ့်ဟာကိုယ် စိတ်တိုင်းကျ ဖန်ဆင်းပြီး စည်းစိမ်ခံစားကြတယ်။ နတ်တို့သနင်း သိကြားမင်းဟာ ဆင်စီးလိုတဲ့အခါ နတ်သားတစ်ယောက်က ဆင်လို ဖန်ဆင်းပြီး ပို့ဆောင်ပေးရတယ်။ နတ်တွေ ဗြဟ္မာတွေရဲ့သဘာဝက အဲဒီသဘောမျိုးရှိပါတယ်။
ဒါကြောင့် ဗြဟ္မာ့ပြည် နတ်ပြည်တွေမှာ လူ့ပြည်မှာလို စေတီကို အုတ်နှင့်တည်စရာ မလိုပါဘူး။ မိမိတို့အလိုရှိသလို ရတနာမျိုးစုံနဲ့၊ ဒါမှမဟုတ် ဣန္ဒနီလာကျောက်နဲ့ လိုသလောက် အမြင့်ပမာဏနဲ့ ဖန်ဆင်းပြီး အဲဒီ နိမ္မိတ (ဖန်ဆင်းထားတဲ့) ထူပထဲမှာ မင်းသိဒ္ဓတ်ရဲ့သျှောင်ကေသာတွေ ဝတ်ရုံတွေကို ထည့်သွင်းပြီး ပူဇော်ကိုးကွယ်ကြတယ်လို့ ယူနိုင်ပါတယ်။ ကမ္မဇစေတီလို့ ခေါ်နိုင်ကောင်းပါတယ်။
၁။ ဗြဟ္မာနတ်ပြည်စေတီတည် အုတ်သည်မလိုတည်း။
၂။ ကံကြောင့်ဖြစ်သည်စိတ်ဖြင့်တည်စေတီထွန်းသတည်း။
---
၁၂၉။ လူတိုင်း အသုံးချတရား
မရှင်လင်းတာမေးလျှောက်ပါရစေ အရှင်ဘုရား၊
သောက်ဆေးစားခြင်း ဆေးထိုးခြင်းတို့သည် ကိုယ်တွင်းရှိ ပိုးများကို သတ်ခြင်းဖြစ်ရာ ပိုးသေသည်ဖြစ်သောကြောင့် ပါဏာတိပါတကံ ဖြစ်မဖြစ် သိလိုပါသည်ဘုရား။
အရှင်ဝိမလသာရ
ပိုးမျိုးပေါင်း ရှစ်သောင်း
ဗုဒ္ဓနဲ့ ခေတ်ပြိုင် တိတ္ထိဆရာကြီးအချို့ဟာ ရေထဲက ပိုးတွေသေမှာစိုးလို့ ရေးနွေမရှိရင် အိမ်သာတက်ပြီးတောင် ရေမသုံးဘဲ နေသတဲ့။ ဒါဆိုရင် မလွန်လွန်းဘူးလား။ ဗုဒ္ဓဝါဒ မဇ္ဈိမပဋိဒါသဘောထားအရတော့ တရားဓမ္မတစ်ခုဟာ နေ့စဉ်ဘဝမှာ လူတိုင်းအသုံးချနိုင်ရမယ်လို့ သင်ကြားပါတယ်။ ဗုဒ္ဓဟာ ဒေဝဒတ်လှိမ့်ချတဲ့ ကျောက်တုံးနဲ့ ထိတဲ့အတွက် ပဲ့ထွက်လာတဲ့ ကျောက်တုံးစ ထိခိုက်မိလို့ ရှင်တော်ဗုဒ္ဓရဲ့ခြေမတော်မှာ သွေးစိမ်းတည်တဲ့အခါ ဆေးဆရာကြီး ဇီဝကရဲ့ ခွဲစိတ်ကုသမှုကို ခံယူတော်မူတယ်။
အဲဒီလို ဆေးကုသမှု ခံယူတဲ့အခါ အနည်းဆုံးတော့ အနာမှာမှီတွယ်နေတဲ့ ပိုးဆိုတဲ့အရာတွေ ပျက်စီးမှာကို ဗုဒ္ဓသိတော်မူပါတယ်။ ဘာကြောင့်ဆို ဝမ္မိကသုတ်အရ ခန္ဓာကိုယ်မှာ ပိုးမျိုးပေါင်း ရှစ်သောင်း (အသီတိ ကိမိကုလသဟဿာနိ) ရှိတယ်လို့ ဗုဒ္ဓကိုယ်တိုင် ဟောတော်မူထားလို့ပါပဲ။
ကျင်ကြီးကျင်ငယ် စွန့်ရင်
အမှန်တော့ ဗုဒ္ဓမြတ်စွာဘုရားဟာ ကိုယ်တွင်းမှာ ရှိနေတဲ့ အဲဒီပိုးလို့ သုံးနှုန်းခေါ်ဝေါ်တဲ့ အရာတွေကို သတ္တဝါသက်ရှိအနေနဲ့ ယူဆတော်မမူခဲ့ပါဘူး။ ဒါကြောင့် ဆေးကုသမှုကို ခံယူတာပေါ့။ ခန္ဓာကိုယ်ထဲက ကူးစက်တတ်ပြီး လူကိုမကျန်းမာအောင် ဒုက္ခပေးတဲ့ ပိုးဆိုတာတွေကို ဇီဝအခြေခံရှိတဲ့ ဆဲလ်အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ ယူဆသင့်ပါတယ်။ ကျင်ကြီးကျင်ငယ်မှာလည်း ပကတိမျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးကတော့ ရှိနေတာပဲ။ ခန္ဓာကိုယ်ထဲက ပိုးတွေသေမှာကို စိုးရိမ်နေရင် ကျင်ကြီးကျင်ငယ်ကိုတောင် လွတ်လွတ်လပ်လပ် စွန့်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားကြိုက်တဲ့ မဇ္ဈိမပဋိဒါနဲ့ပဲ နေလိုက်ပါ။ စာမျက်နှာ ၃၇၉ ပါ မေးခွန်းရဲ့အဖြေကို ပြန်ဖတ်ကြည့်ဖို့လည်း တိုက်တွန်းပါတယ်။
၁၃၀။ မြေကြီးလိုကျင့်
နိုဝင်ဘာ ၂၆၊ ၂၀၀၉။
---
ဘုန်းဘုန်းဘုရား ...ရိုသေစွာလျှောက်ထားခွင့်ပြုပါ အရှင်ဘုရား၊ လောကမှာ လူတယောက်ကို ဥက္ခောပြုထားလိုက်တယ် ဆိုလို့ ရှိလို့ ရှိရင် အဲဒီလူနဲ့ ပတ်သက်ပြီး ဖြစ်ချင်ရာဖြစ်ပါစေ ဘာမှ မပြောတော့ဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ မနှစ်သက်တော့တဲ့ အတွက် ပစ်ထား လိုက်တဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဥပေက္ခာဆိုတာ လုပ်ရခက်တဲ့ ပါရမီလို့လည်း ဆိုပြန်တယ်။ အဲဒါကို တပည့်တော် နားမလည်တော့ပါ။ ဥပေက္ခာပြုထားတယ်ဆိုတာနဲ့ ဥပေက္ခာပါရမီဆိုတာ ဘယ်လို ကွာခြား ပါသလဲ..ဖြေကြားပေးစေချင်ပါသည်။
ခင်ခင်ကြီး... သာကေတ
---
ဥပေက္ခာပြုထား
အမြင်ကပ်လို့ မုန်းလို့ မနှစ်သက်လို့ ဥက္ခောပြုထားလိုက်တယ်ဆိုရာမှာ အဓိပ္ပာယ်က အဆိုးနဲ့ တုံ့ပြန်လာတဲ့ လောကအပေါ် အမုန်းခံစားချက်နဲ့ လက်လျှော့ အရှုံးပေးပြီး ဘာမှ မတုန့်ပြန်ဘဲ ပစ်ထားလိုက်တယ်လို့ နားလည်ရတယ်။ ဒါကြောင့် ‘ဥပေက္ခာပြု’ ဆိုရာမှာ ဒေါသ (စိတ်ဆိုး အမျက်ထွက်မှု) မြုပ်နေတယ်၊ ရှိနေတယ်။ တစ်ချိန်တည်းမှာ အကောင်း နဲ့ တုံ့ပြန်လာမယ့်လောကကိုတော့ အမြင်မကပ်ဘူး၊ ချစ်တယ်၊ ကြိုက်တယ်၊ ဒါကြောင့် ဥပေက္ခာပြု မထားဘူး၊ ဂရုစိုက်မယ်၊ လက်ခံ သိမ်း ပိုက်ထားမယ်ဆိုတဲ့ အနုနယ (တပ်မက်၊ စွဲလမ်းမှု) သဘောကိုလည်း အဲဒီစကားလုံးထည်းမှာပဲ အလိုလိုတွေ့ရပြန်တယ်။
အဲဒီလို ပဋိဃနဲ့ အနုနယ ရှိနေရင် ဥပေက္ခာပါရမီ မဟုတ်ဘူး။ ဒါကြောင့် ဥပေက္ခာ ပြုထားလိုက်တယ်လို့ ပြောဆိုတဲ့ အခါ ‘ဖြစ်ချင်ရာ ဖြစ်၊ ပစ်ထားလိုက်တယ်’လို့ သာမန်ပဲ နားလည်ရင် မရှုပ်တော့ဘူး။
ဥပေက္ခာပါရမီ
ဥပေက္ခာဆိုတဲ့ ပါဠိဝေါဟာရမှာ ဥပ နဲ့ ဣက္ခ လို့ ပုဒ်နှစ်ခု ပါတယ်။ ဥပ (သမံ ကတွာ) = အညီအမျှပြု၍၊ မခွဲခြားဘဲ။ ဣက္ခ = ရှုတယ်၊ မြင်တယ်၊ ခံယူတယ်။ အဓိပ္ပာယ်က လောဘနဲ့ တွယ်ကပ်ထားခြင်း ဒေါသနဲ့ ငြင်းပယ်ပစ်ခြင်း မရှိဘဲ၊ တစ်နည်း နှစ်သက်ခြင်း မနှစ်သက်ခြင်း မရှိဘဲ ခံယူတယ်လို့ ဖြစ်ပါတယ်။ ပါရမီဆယ်ပါးမှာ အခက်ခဲဆုံးနဲ့ အောင်မြင်ပြီး အထွတ်အထိပ် ပန်းတိုင်ကို ရောက်လိုသူတွေအဖို့ အလို အပ်ဆုံး ကျင့်စဉ် ဖြစ်ပါတယ်။ ဘာတွေကို တွယ်ကပ်ပြီး ဘာတွေကို ငြင်းပယ်သလဲ ဆိုရင် လောက လူသားတွေ ကြုံတွေ့ရမြဲ ဖြစ်တဲ့ အကောင်း အဆိုး ဘဝလောကဓံတွေကိုပါပဲ။
လူ့ဘဝဆိုတာ သူသူငါငါ ပန်းခင်းလမ်းနဲ့ ခရောင်းလမ်း နှစ်မျိုး ပေါ်မှာ တစ်လှည့်တစ်ပြန်စီ ပင်ပန်းကြီးစွာ လျှောက်နေကြရတာပါ။ အကောင်းကို တွေ့ရင် သာယာမက်မောပြီး တွယ်ကပ်ထားချင်တယ်။ အဆိုးကို တွေ့ရင် စိတ်ဆိုး ဒေါသဖြစ်ပြီး ငြင်းပယ်လိုတယ်။ ဥပေက္ခာ ကျင့်စဉ်အရ အဲဒီသဘော နှစ်မျိုးရဲ့နောက်ကို မလိုက်ဘဲနဲ့ အဲဒီနှစ်မျိုးနဲ့ ပတ်သက်ပြီး တူညီတဲ့ ခံစားမှုနဲ့ အလယ်က သွားရတယ်။ ဘယ်လောက်ပဲ အကောင်းနဲ့ တွေ့စေ မြောက်မသွားဘဲ၊ ဘယ်လောက်ပဲ အဆိုးနဲ့ တွေ့စေ စိတ်မပျက် လက်လျှော့ မသွားဘဲ သွားမြဲလမ်းကို မှန်မှန်ဖြောင့်ဖြောင့် တည်တည်တံ့တံ့ ခိုင်ခိုင်ခံ့ခံ့ သွားနိုင်တဲ့ ခံနိုင်ရည် ရှိရင် ပါရမီဖြစ်တာပါပဲ။
မြေကြီးတူစွာ
မြေကြီးဟာ ကျလာတဲ့ ကောင်း မကောင်း နှစ်မျိုးကို အညီအမျှပြုပြီး ခံယူတယ်။ အနုမြူဗုံး ဖောက်တော့လည်း မြေကြီးပေါ်မှာ။ ရနံ့လှိုင်တဲ့ ပန်းတွေ ကြွေကျတော့လည်း မြေကြီးပေါ်မှာ။ ပန်းနံ့သာပဲ ကျလာလာ၊ မစင် အညစ်အကြေးပဲ ကျလာလာ နှစ်မျိုးလုံးကို ဒီကမ္ဘာမြေက အညီ အမျှခံယူတယ်။ အဲဒီလိုပဲ ဘဝပတ်ဝန်းကျင်က ပေးအပ်တဲ့ အကောင်း နဲ့ အဆိုး သဘာဝနှစ်မျိုးနဲ့ ကြုံတွေ့ ခံစားရတဲ့ အခါ အဆိုးအပေါ်မှာ ပဋိဃ = စိတ်ဆိုးခြင်း၊ အကောင်းကိုလည်း အနုနယ = တွယ်တာ တပ်မက်ခြင်း မရှိဘဲ မြေကြီးလို မခွဲမခြား အညီအမျှထားတဲ့ ကျင့်စဉ်ဟာ ဥပေက္ခာပါပဲ။ ကဲ့ရဲ့ ပြစ်ဆိုသံ ကြားရင် ငြင်းပယ်ခြင်း၊ တုံ့ပြန် တွန်းကန်ခြင်း မရှိဘူး။ ချီးမွမ်းသံ ဂုဏ်ပြုသံတွေ ကြားရင်လည်း သာယာကြည်နူးပြီး တက်ကြွ မြောက်ကြွားခြင်းမရှိဘူး။ ကောင်းချင်တိုင်း ကောင်းနေပါစေ အနုနယ မဖြစ်၊ ဆိုးချင်တိုင်း ဆိုးနေပါစေ ပဋိဃ မဖြစ်ဘဲ ပုံမှန်ညီမျှပဲ ခံယူတယ်။
သိပ်ပြီး အောင်မြင်ကျော်ကြားကြီးပွားတိုးတက်လို့ ချီးမွမ်းမြှောက် ပင့် ခံရတဲ့ အခါ မြောက်ကြွ မြောက်ကြွ မဖြစ်ဘူး။ မြှောက်ပင့်တဲ့ ဖက်ကို မကပ်ငြိဘူး။ သိပ်ပြီး ကဲ့ရဲ့ ခံရတဲ့ အခါလည်း စိတ်ဆိုး ဒေါသမဖြစ်ဘူး။ အလယ်ကပဲ သွားတယ်။ ကောင်းလည်း ပျက်တာပဲ၊ ဆိုးလည်း ပျက်တာပဲလို့ ဆင်ခြင်ပြီး အကောင်းအဆိုးကို အညီအမျှပြုရင်း အစွန်း နှစ်ပါးကို ရှောင်တယ်။ မြင်မြတ်တဲ့ ပုဂ္ဂိုလ်တွေ အထက်တန်းကို ရောက်သွားသူတွေဟာ အဲဒီ ပဋိဃ အနုနယ ဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ပြီးပန်းတိုင်ကို အရောက်တက်လှမ်းသွားကြတာ။
ဥပေက္ခာ ဩဝါဒ
ဘိက္ခုတို့၊ (မကြည်ညိုသူတွေက) ဗုဒ္ဓ ဓမ္မ သံဃာ၏ အပြစ်ကို ပြောကြ လျှင် ရန်ငြိုးဖွဲ့ခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြ လင့်။ အမျက်ထွက် နှလုံးမသာ ဖြစ်ကြမည်ဆိုလျှင် သင်တို့မှာသာလျှင် (စျာန်မဂ်ဖိုလ်၏) အန္တရာယ်ဖြစ်ရာ၏။ သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို (လည်း) သိနိုင်ကြမည် မဟုတ်။ (စိတ်ထဲက အပြစ်မယူ ဘဲ) မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်။
ဘိက္ခုတို့၊ (ကြည်ညိုသူတွေက) ဗုဒ္ဓ ဓမ္မ သံဃာ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုကြလျှင် သင်တို့သည် နှစ်သက် ဝမ်းသာခြင်းဖြင့် မြောက်ကြွား တက်ကြွ မဖြစ်ကြလင့်။ ထောင်လွှား မြောက်ကြွ ဖြစ်မည်ဆိုလျှင် သင် တို့မှာသာလျှင် (စျာန်မဂ်ဖိုလ်၏) အန္တရာယ်ဖြစ်ရာ၏။ (စိတ်ထဲက မသာ ယာဘဲ) ဟုတ်သည်ကို ဟုတ်သည့်အတိုင်း ဝန်ခံရမည်။
ချမ်းသာဆင်းရဲ၊ သဘောကွဲလည်း၊ လက်စွဲချိန်ခွင်၊
လေးတူတင်သို့၊ ပုံပြင်နှုန်းယူ၊ မြေအတူလျှင်၊
လျစ်လျူဆောင်ဆောင်၊ အကျဉ်းထောင်လျက်၊
အမောင်စိတ်ဇော၊ ကြည်စေလေဿး (ပါရမီ၊ ပိုဒ်၁၄၂)။
---
၁၃၁။ လဥလဖြုန်း လကိုးလုံး
နိုဝင်ဘာ ၂၇၊၂၀၀၉။
---
ဘုန်းဘုန်းဘုရား၊
သမီးရဲ့ စာတမ်းအတွက် ရှင်ဥတ္တမကျော် တောလားကဗျာကို လေ့လာ နေပါသည်။ သမီး သိလိုသည်မှာ တောလားစာကိုယ်၏ အဆုံးမှာပါသည့် အချစာပိုဒ်ကိုးခုမှ ထူးခြားသည့် အသုံးအနှုန်းများနှင့် ပတ်သက် ပြီး စာဆိုရှင်ဥတ္တမကျော်၏ ရည်ရွယ်ချက်ကို သိလိုပါသည်ဘုရား။
ရွှေမိ Ithaca, NY
---
တောလားအချ စာပိုဒ်များ
စာဖတ်သူတွေ နားလည်နိုင်ဖို့ မေးခွန်းရှင် ပြောတဲ့ တောလားအချ စာပိုဒ်ကိုးခုဆိုတာကိုအရင် ဆုံးထုတ်နုတ်ပြပါရစေ။
...သီမျိုးခိုင်ညှာလပြွတ်တည်း။
...ဘီလူးသွားကို လဖြဲတည်း။
...တောကြက်တောင်ပံ လဖြုန်းတည်း။
...မုဆိုးချုံက လချောင်းတည်း။
...မိုးမှာရွှေကြယ် လဥတည်း။
...ရွှေဖောင်မြစ်ညာ လဆန်တည်း။
...တရားဓားသို့ လထစ်တည်း။
...ပြုစုပျိုးထောင် လမွေးတည်း။
...မြဲစွာဖြစ်လိမ့် လမှန်တည်း။
‘လဥတည်း၊ လပြွတ်တည်း၊ လထစ်တည်း’ စသည်ဖြင့် ပဟေဠိ ဆန်ဆန် သို့မဟုတ် ဂါမ္မဒေါသ (စကားရိုင်း) ဖြစ်နေတဲ့ စကားလုံးတွေကို ထည့်သွင်းခဲ့တဲ့ စာဆိုရဲ့ ရည်ရွယ်ချက်ကို မေးတယ်လို့ ယူဆပါတယ်။ အဲဒီ စကားလုံး အသုံးတွေက စာဆိုရဲ့ မွေးရာပါ ညဉ်တစ်ခု ကြောင့် နှလုံးသားထဲက အံကျလာခဲ့တာလို့ ပညာရှင်တို့ ဆိုတာကို မှတ်မိနေပါတယ်။ မောင်သုတ (ဗိုလ်ကြီး ဘသောင်း)ရဲ့ ‘ညီမလေးသို့ ပေးစာများ’၊ သို့မဟုတ် ဒဂုန်ဦးစန်းငွေရေးတဲ့ ‘မြန်မာစာ မြန်မာသဒ္ဒါ’ ဆောင်းပါးတွေမှာ ဖတ်ဖူးခဲ့တာဖြစ်မယ်လို့ ထင်ပါတယ်။
ဣတ္ထိဗီဇံကို ရှိခိုးသူ
စာဆိုရှင်ဥတ္တမကျော်က မြန်မာ ၈၁၅ ခုနှစ်ဖွား၊ တောင်တွင်းကြီးမြို့နယ်၊ မြို့လုလင်ရွာသား။ ငယ်စဉ်က တောင်တွင်းကြီးမြို့ ထူပါရုံဆရာတော် ဦးသီလာစာရဆီမှာ စာသင်တယ်။ ပါရမီတော်ခန်းပျို့ကို ရေးတဲ့ အရှင် သီလဝံသနှင့် ငယ်စဉ်အခါ စာအတူသင်ရတဲ့ ဆရာတူတပည့်။ အသက် ၁၅နှစ်အရွယ် သာမဏေဘဝနဲ့ ‘ဣတ္ထိဗီဇံ အဟံ ဝန္ဒာမိ’လို့ ဘုရား ရှိခိုးသတဲ့။ တိုက်ရိုက်အဓိပ္ပာယ်က ‘မိန်းမအစေ့ကို ကျွန်ုပ် ရှိခိုးပါ၏’။ သူများတွေလို ရိုးရိုး ရှိမခိုးဘဲ အဲဒီလို အရွဲ့တိုက်ပြီး ဘုရားရှိခိုးတာကို ဆရာဘုန်းကြီးက ခေါ်ယူစစ်မေးတဲ့ အခါ ရှင်ဥတ္တမက ‘မယ်တော်မာယာ ဣတ္ထိမှ ဖွားမြင်တော်မူသော သိဒ္ဓတ္ထမင်းသား ဘုရားမျိုးစေ့ဗီဇကို ရှိခိုး ပါ၏’လို့ ကျမ်းကိုးတွေနဲ့ ဖြေရှင်းတယ်။ ဆရာဘုန်းကြီးက နှစ်သက်သွားပြီး ‘ငါ့တပည့် မောင်ဥတ္တမ ကျော်ပေစွ’လို့ ပြောဆိုရာကနေ နောင် အခါ ‘ရှင်ဥတ္တမကျော်’ လို့ အမည်နာမ တွင်သွားခဲ့သတဲ့။
ပါးရိုက် ဆွမ်းဖိတ်သူ
အသက် ၄၀ အရွယ် (သက္ကရာဇ် ၈၅၅) အင်းဝမြို့တော်ကို ကြွလာစဉ် မောင်ကျဘမ်းနဲ့ တွေ့တော့ အင်းဝမြို့မှာ ဆွမ်းဖိတ်လို့ ရနိုင်သလားလို့ မေးတဲ့ အခါ ‘ဆွမ်းတစ်အုပ်မျှကို ဘယ်အိမ်မှာမဆို ပါးရိုက်ဖိတ်တော့ ရပါတယ်’လို့ ပြောလိုက်တယ်။ အရှင်ဥတ္တကျော်က အရွဲ့တိုက်တဲ့ အနေနဲ့ မောင်ကျဘမ်းရဲ့ဇနီးကို ပါးရိုက်ပြီး ဆွမ်းဖိတ်တယ်။ မောင်ကျဘမ်းက စိတ်မာန်ဆိုးပြီး သူ့မယားကို ‘နင့်လင်စားဖို့ မြန်မြန်ချက်’လို့ ဆိုပြန်ရာ ဆွမ်းစားပြီးတဲ့ အခါ ထပ်မံ အရွဲ့တိုက်ပြီး ‘ဟဲ့ ဒကာမ လာ၊ ငါ့နောက် လိုက်ခဲ့။ နင့်လင်က နင့်ကို ငါနဲ့ ပေးစားပြီးပြီ’လို့ ဆိုပြီး ဆွဲခေါ်သတဲ့။ မောင်ကျဘမ်းက သူ့မယားကို ပါးရိုက်မှု လက်ဆွဲမှုတွေနဲ့ သံဃာ့ရုံးမှာ တရားစွဲပေမယ့် အမှုသွားအရ အရှင်ဥတ္တမကျော်ကပဲ အနိုင်ရသတဲ့။ အရှင်ဥတ္တမကျော်မှာ အဲဒီလို အရွဲ့တိုက်တတ်တဲ့ ဗီဇညဉ်ရှိတယ်။
လ အသုံးအနှုန်း
အရှင်ဥတ္တမကျော် အင်းဝကို ရောက်လာချိန်မှာ အရှင်မဟာသီလဝံသ နှင့် အရှင်မဟာရဋ္ဌသာရတို့ရဲ့ ပျို့ကဗျာတွေက ထီးပေါက် နန်းရောက် ရေပန်းစားနေတယ်။ သူတို့ရဲ့ ပျို့ကဗျာတွေမှာ ‘ကျင့်ချင်ရေသို့ လငတ်တည်း’ (ပါရမီ၊ အပိုဒ်ရ၂)။ ‘အခေါင်မြုတေ လထိတည်း (ယင်း၊ အပိုဒ် ၁၂၂)။ တရားဆီမီး လညှိတည်း (ဆုတောင်းခန်း၊ အပိုဒ်၂)။ သက်ရင့် မကြီး လမီတည်း (ကိုးခန်းပျို့၊ ပိုဒ် ၄၁)။ လူတွင်ဆူးသို့ လပုံတည်း (ယင်း၊ ပိုဒ်၉၂)။ အဲဒီလို နားခလုတ်တိုက်ဖွယ်ရာ လအက္ခရာအသုံး တွေနဲ့ ပတ်သက်ပြီး စာရေးသူတွေကိုရော စာဖတ်သူတွေကိုပါ အရှင် ဥတ္တမကျော်က နှစ်သက်ပုံ မပေါ်ဘူး။ အဲဒါကြောင့် ဆရာတော်ရဲ့ အရွဲ့ တိုက်တတ်တဲ့ ဝမ်းတွင်းပါညဉ်အတိုင်း တောင်တွင်းလာတောလား ၉ ပုဒ်မှာ လအက္ခရာကို လှိုင်လှိုင်ကြီးသုံးပြလိုက်တာလို့ ယူဆရပါတယ်။
လ ကိုးလုံး အဓိပ္ပာယ်
အမှန်တော့ အဲဒီ လအက္ခရာတွေက အရွဲ့တိုက်တာထက် ပိုပြီး အထူး အဓိပ္ပာယ် မရှိနိုင်ပါဘူး။ လပြွတ်၊ လဖြဲ၊ လထစ် စသည်ဖြင့် ဆိုရာမှာ လနှင့် ပြွတ်၊ လနှင့် ဖြဲ၊ လနှင့် ထစ်ကို ရှေ့နောက်ပြန်ရုံ တေ့လွဲလေး လှည့်စားပြီး အရွဲ့တိုက်ထားခြင်းသာ ဖြစ်ပါတယ်။ သ၊ လ၊ က အက္ခရာ တွေက မိတ်တူ စကားများဖြစ်လို့ လဲလှယ် သုံးနိုင်တယ်။ ဥပမာ ဖြစ် လတည်း = ဖြစ်သတည်း။ ဖြစ်လျှင် ကတည်း = ဖြစ်သတည်း။ လ အတွက် အထူးအဓိပ္ပာယ် မရှိ။ လဟာ စကားပို စကားမျှောင်မျှသာ။ ဒါကြောင့် ဘီလူးသွားကို လဖြဲတည်း စသည်ဖြင့် ဆိုရာမှာ ဘီလူးသွား ကိုဖြဲလတည်း = ဖြဲသတည်း စသည်ဖြင့် မှတ်ဖို့ပါ။
ဆရာတော်ရဲ့တောလားဟာ စာ၊ စာပေ၊ ပတ်ဝန်းကျင်နဲ့ စာဆိုကို ပေါ်လွင်စေတာရယ်၊ ဆရာတော် ခြယ်သထားတဲ့ ထူးခြားတဲ့ ဆေးပန်း ပန်းချီ လ-ကိုးလုံးရယ်ကြောင့် ယနေ့ထိ အဆင့်မြင့် တောလားကဗျာ အနေနဲ့ ရှင်သန်နေတာ ဖြစ်ဖွယ်ရှိပါတယ်။
မှတ်မိတာလေးကို ပြောပြလိုက်ရလို့ ကျမ်းညွှန်း အတိအကျ မပေးလိုက်နိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်။
ဓီရတ္ထု ရူပံ အသုစိ၊ ရမန္တေ ယတ္ထ ဗာလိယာ။
ရူပံ၊ ဓာတ်လေးပါးဆောင် ဤရုပ်ကောင်သည်။ အသုစိ၊ ပင်ကိုယ် သူ့သဘောဝယ် မစင်ကြယ်ပါတကား။ ဓီ၊ စက်ဆုပ် ရွံရှာဖွယ်သည်။ အတ္ထု၊ ဖြစ်စွတကား။ ယတ္ထ၊ ယင်းသို့ မစင်မကြယ် ထွီ ဖွယ်ဖြစ်သော ရုပ်ကောင်၌၊ ဗာလိယာ၊ ပညာအန္ဓ အမိုက်မတို့သည်။ ရမန္တေ၊ မွေ့ လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကုန်၏တကား။
(မဟာဗုဒ္ဓဝင် ၆း၂၊ စာ-၂၆)
---
၁၃၃။ မဟာယာန ရဟန္တာ
ဒီဇင်ဘာ ၂၃၊၂၀၀၉။
---
ဆရာတော် အရှင်ဘုရား၊
အင်တာနက် ဝက်ဘ်ဆိုက်အချို့မှာ မဟာယာန ရဟန်းတွေ သီလရှင် တွေရဲ့ ဓာတ်တော်များကို ဖော်ပြထားပါသည်။ တပည့်တော် သိလို သည်မှာ မဟာယာန ရဟန်းတော်တွေ သီလရှင်တွေ ရဟန္တာ ဖြစ်နိုင် ပါသလား၊ ဓာတ်တော်ကော ကျန်နိုင်ပါသလား။ ဝိပဿနာမှလွဲ၍ အခြား မည်သည့်နည်းနဲ့မျှ ရဟန္တာ မဖြစ်နို်င်ဟု မှတ်သားဖူးပါသည်။ မဟာယာန ရဟန္တာတို့ရဲ့ ဓာတ်တော်အကြောင်း (ပါဠိ)ကျမ်းဂန်မှာ ပါ သလားဆိုသည်ကို သိလိုပါသည်။ နောက်တစ်ခုက ထေရဝါဒီ (လူဥပါ သကာ) တွေက မဟာယာန ဘုန်းကြီးတွေကို ရှိခိုးသင့်ပါသလား။ ထေရဝါဒကျမ်းဂန်တွင်လာသော မဟာယာန ဝိနည်းများသည် ရဟန္တာ များနှင့် ပတ်သက်နိုင်သလား ဆိုသည်ကိုလည်း သိလိုပါသည်။
ဦးတင်လျက်ရဲလင်း
---
မေးခွန်းကို မဖြေခင် ရဟန္တာ၊ ဓာတ်တော်ဆိုတဲ့ ဝေါဟာရနှစ်ခုရဲ့ ထေရ ဝါဒက နားလည်တဲ့ အဓိပ္ပာယ်ကို နားလည်သင့်တယ်။ အဲဒီ အဓိပ္ပာယ် အောက်မှာ မေးခွန်းရဲ့ အဖြေကို မိမိဖာသာ စဉ်းစားကြည့်နိုင်အောင် အတွေးစတွေ ပေးလိုက်ပါတယ်။
ရဟန္တာ
ထေရဝါဒ ပါဠိကျမ်းဂန်တွေရဲ့ အာဘော်အရ ရဟန္တာဆိုတာ ဒိဋ္ဌိ (ငါ ကောင်သူကောင် စွဲလမ်း)၊ ဝိစိကိစာ (ဓမ္မ၌ယုံမှား)၊ ဒေါသ (စိတ်ဆိုး၊ စိုးရိမ်)၊ မာန (မာန်ထောင်)၊ လောဘ (တွယ်တာ၊ တပ်မက်)၊ မောဟ (သစ္စာကို မသိ)၊ ဣဿာ (မနာလို)၊ မစ္ဆရိယ (ဝန်တို)၊ ဥဒ္ဓစ္စ (ပျံ့လွင့်) စတဲ့ ကိလေသာ သံယောဇဉ်တွေကို အရဟတ္တမဂ်စိတ်နဲ့ နောက်တစ် ဖန်ပြန်မဖြစ်အောင် လုံးဝအကြွင်းမဲ့ ပယ်ပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ မဂ်စိတ်နဲ့ မပယ်ရသေးပေမယ့် သမထ သို့မဟုတ် ဝိပဿနာကို အဆက်မပြတ် အားထုတ်လို့ အကုသိုလ်စိတ်တွေ နှစ် ပေါင်းများစွာ မဖြစ်တဲ့ အတွက် ကိုယ့်တိုင်ရော ပတ်ဝန်းကျင်ကပါ ရဟန္တာလို့ အထင်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒီလို ပုဂ္ဂိုလ် တွေမှာ သာယာတပ်မက်တာ၊ အပြင်းအထန် ရယ်ရွှင်တာ၊ မနှစ်သက် လို့ ပူဆွေး စိတ်ပျက် စက်ဆုပ်ရွံရှာတာ၊ ထိတ်လန့် ကြောက်ရွံ့တာ၊ သူတစ်ပါး အကျိုးမဲ့ ဖြစ်အောင် ပြောဆိုတာ၊ ဘုရားနဲ့ တရားကျမ်း ဂန်တွေ ဝိနည်းသိက္ခာတွေကို မရိုသေတာ၊ ကိုယ်လက်ဣန္ဒြေ မတည် ငြိမ်တာတွေ အခိုက်အတန့်အားဖြင့် ငြိမ်းနေတယ်။ ဒါကြောင့် ၎င်းတို့ ကိုယ်တိုင် အဓိမာန (မဂ်ဖိုလ်ကိုရပြီလို့ ထင်ခြင်း) ဖြစ်နေတတ်တယ်။
ဓာတ်တော်
မြတ်ဗုဒ္ဓရဲ့ ရုပ်အလောင်းတော်ကို မီရှို့ပြီးတဲ့ အခါ သရီရတွေ (သရီရာနိ) ပဲ ကျန်တယ်လို့ မူရင်းပါဠိတော် (ဒီ၊၂၊၁၃၄)မှာ ဆိုတယ်။ သရီရတွေ (သရီရာနိ) ဆိုတာ ဓာတ်တော်တွေပါပဲ (ဒီ၊ဋ္ဌ၊၂၊၁၉၆)။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အရိုးတွေကိုပဲ ‘သရီရတွေ’လို့ ဆိုတာပါ (ဒီ၊ဋီ၊၂၊၁၈၉)။ ဒါကြောင့် ဓာတ်တော်တွေဆိုတာ အမှန်တော့ ‘အရိုးတွေ’ ပါပဲ။ မီးရှို့ပြီးနောက် ကြွင်းကျန်တဲ့ မြတ်ဗုဒ္ဓရဲ့ အရိုးတော်တွေက သက် တော်ရှိစဉ်က အဓိဋ္ဌာန်ထားခဲ့လို့ အလုံးလေးတွေ ဖြစ်သွားတယ်။ ဗုဒ္ဓ ဓာတ်တော်ဆိုတာ အဲဒါပါပဲ။
အဂ္ဂသာဝကကြီး နှစ်ပါးအပါအဝင် အခြားသော ရဟန္တာတွေရဲ့ ဓာတ်တော်တွေကတော့ မြတ်ဗုဒ္ဓလို မဟုတ်ဘဲ ပကတိ အရိုးအတိုင်း ပါပဲလို့ မဟာစည် ဆရာတော်ကြီးက ကိုယ်တိုင် ဖူးတွေ့ရတဲ့ အရှင် သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလ္လာန်တို့ရဲ့ ဓာတ်တော်တွေကို ကိုးကားပြီး မိန့်ပါတယ် (သလ္လေခသုတ်တရား၊ အင်္ဂလိပ်ပြန်၊ စာ- ၃၆)။
အကဲဖြတ်နိုင်တယ်
ဘုရား ရဟန္တာတို့ရဲ့ သင်္ဂြိုဟ်ကြွင်း အရိုးတော်တွေကို လောကရဲ့ ရိုသေစရာ ပူဇော်ဖွယ်အနေနဲ့ ဓာတ်တော်လို့ သတ်မှတ်တယ်။ သာမန် ပုထုဇဉ်ရဟန်း သို့မဟုတ် လူတွေရဲ့အရိုးကတော့ အရိုးပဲပေါ့။ အဲဒီလို ခွဲမှတ်လိုက်ရင် ဓာတ်တော်လို့ သုံးနှုန်းနိုင်ဖို့ ရဟန္တာဖြစ်ခြင်း မဖြစ်ခြင်း အပေါ်မှာ တည်နေတယ်။ ထေရဝါဒအလိုအရ ရဟန္တာဆိုတာ ဖော်ပြပြီး အဓိပ္ပာယ်အတိုင်းပါပဲ။
သတင်းမှာဖော်ပြတဲ့ ဓာတ်တော်ရှင်တွေနဲ့ မကွယ်လွန်မီက အတူ သွားလာ နေထိုင်ဖူးရင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု အဆင့် အတန်းကို အမှန်အတိုင်း အကဲဖြတ်နိုင်မှာပါ။ အဲဒီလောက် လူအများ ကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်တွေမှာ ထူးခြားပြီး ရင့်ကျက်တဲ့ စိတ်ပိုင်း ဆိုင်ရာလေ့ကျင့်မှု တွေရှိမယ်လို့တော့ဆိုနိုင်ပါတယ်။
အကျိုးမယုတ်နိုင်
မဟာယာန ခေါင်းစဉ်အောက်မှာ ဂိုဏ်းကွဲတွေ အများကြီးရှိတယ်။ ဂျပန်က ဂျို်ဒိုရှင်ဂိုဏ်းဝင်မဟာယာနဘုန်းကြီးတွေက စီးပွားရေးလုပ်၊ အိမ်ထောင်ပြု၊ အရက်သောက်တယ်။ အဲဒီလို ဘုန်းကြီးတွေတော့ မည်သည့်နည်းနဲ့မျှ ရဟန္တာ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်သားမွေး မပြုဘဲ (အနည်းဆုံး) ငါးပါးသီလရှိတဲ့ မဟာယာန ရဟန်းမျိုးလည်း ရှိတယ်။ သူတို့အနေနဲ့ သမထနည်းနဲ့ စွဲစွဲ မြဲမြဲ တရားအားထုတ်ရင် ကိလေသာတွေ တဒင်္ဂငြိမ်းလို့ အပြောအဆို ကိုယ်လက်ဣန္ဒြေ တည်ငြိမ်တာ ကြောင့် လူအများက ရဟန္တာလို့ အထင်ခံရနိုင်တယ်။ တကယ် ဟုတ် မဟုတ်တော့ ကိုယ်တိုင်ပဲ သိကြမှာပေါ့။
ကိလေသာကို မဂ်စိတ်နဲ့ မပယ်သတ်နိုင်လို့ ပုထုဇဉ်အဆင့်ပင် ရှိ နေသေးပေမယ့် အဲဒီလို ပုဂ္ဂိုလ်တွေကို စိတ်ထဲမှာ ကြည်ညိုပြီး အရို အသေပြုမိသူ တစ်ယောက်အဖို့ အကျိုးမယုတ်တန်ရာပါဘူး။
မဟာယာနဝိနည်း
မဟာယာနရဟန္တာတို့ရဲ့ ဓာတ်တော်အကြောင်း ထေရဝါဒ (ပါဠိ)ကျမ်း ဂန်မှာ မတွေ့ဖူးပါ။ ထေရဝါဒ ကျမ်းဂန်မှာလာတဲ့ မဟာယာနဝိနည်း ဆိုတာမျိုးလည်း မရှိဘူး။ ဆိုနိုင်တာက မဟာယာနရဟန်းတွေ ရဟန်း မိန်းမတွေ (မြန်မာတို့သိတဲ့ မဟာယာန သီလရှင်ဆိုတာသူတို့အလို အရ ရဟန်းမိန်းမတွေပါပဲ) ကြက်သွန်ဖြူ မစားတာကို ထောက်ရင် ထေရဝါဒ ဘိက္ခုနီဝိနည်းမှာ လာတဲ့ လလုဏသိက္ခာပုဒ် (ရဟန်းမိန်းမ တွေ ကြက်သွန်မစားရ ဝိနည်း) သူတို့မှာ ရှိပုံရတယ်။
တစ်မဂ်တစ်ဖိုလ်ကို ရဖို့ ရဟန်းဝိနည်းကို ကျင့်စရာမလိုဘဲ ငါးပါး သီလလောက်လုံရင် ဖြစ်နိုင်လို့ အိမ်ရာ မထောင်တဲ့ မဟာယာနဘိက္ခု ဘိက္ခုနီတွေဟာ အကယ်၍ အကျင့်မှန်ကို ရခဲ့ရင် အရိယာအဆင့်ကို ရောက်နိုင်တယ်လို့ ဘုန်းကြီးယူဆပါတယ်။
ဝိပဿနာမှလွဲ၍
မဟာသတိပဋ္ဌာန သုတ်မှာ သတိပဋ္ဌာန်လေးပါးဟာ နိဗ္ဗာန်ကို မျက် မှောက်ပြုဖို့ တစ်ကြောင်းတည်းသော လမ်းပဲလို့ မြတ်ဗုဒ္ဓ ဟောတော် မူပါတယ်။ ဒါကြောင့် သတိပဋ္ဌာန် ဝိပဿနာနဲ့ပဲ မဂ်ဖိုလ်ကို မျက် မှောက်ပြုနိုင်တယ်လို့ ထေရဝါဒီတို့ဆိုခွင့်ရှိပါတယ်။
---
၁၃၄။ ဗုဒ္ဓကျမ်းထွက် စကြဝဠာဗေဒ
ဒီဇင်ဘာ ၁၄၊၂၀၀၉။
---
ဆရာတော်ဘုရား၊
ရိုသေစွာ လျှောက်ထားအပ်ပါသည်။ ကမ္ဘာပျက်သည်နှင့် ပတ်သက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြာခဲ့သည်များရှိလျှင် သိလိုပါသည်။ ဖြေကြား ပေးတော်မူပါဘုရား။
ရိုသေလေးစားလျက်
ဝတ်ရည်ကျော်
---
ပျက်ခြင်း ဖြစ်ခြင်း
‘ကာလ ကြာမြင့်၍ နေခုနစ်စင်း ထွက်ပေါ်လာသောအခါ ဤမဟာ ပထဝီမြေနှင့် မြင်းမိုရ်တောင်သည် မီးတောက်မီးလျှံဖြင့် လောင်ကျွမ်း ၏။ မီးတောက် မီးလျှံသည် လေဟုန် ပင့်တင်သဖြင့် ဗြဟ္မာ့ပြည်တိုင် အောင် တက်၏။ လောင်ကျွမ်းသွားသော ဤမဟာပထဝီမြေနှင့် မြင်း မိုရ်တောင်၏ ပြာကိုမျှ မီးသွေးကိုမျှ မမြင်ရတော့ချေ။ ...ဤမဟာပထဝီ မြေကြီးရော မြင်းမိုရ်တောင်ပါ လောင်ကျွမ်းပျက်စီးကုန်လတံ့၊ ဘာတခု မျှမရှိကုန်တံ့ (အံ၊၂၊၄၇၆)’။
‘လောက ပျက်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရ (ဗြဟ္မာ့)ဘုံ၌ ဖြစ်ကြ၏။ သူတို့သည် ထိုဘုံ၌ စျာန်စိတ်ကြောင့် ဖြစ်ကုန်၏။ ပီတိလျှင် အစာရှိကုန်၏။ ကောင်းကင်၌ ကျက်စားကုန်၏။ ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။ ... ရှည်သောကာလ လွန် လတ်သော် ဤလောကသည် ဖြစ်တည်၏၊ လောက ဖြစ်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံမှ စုတေ၍ ဤလူ့ ဘုံသို့ လာကုန်၏။ သူတို့သည် ဤလူ့ဘုံ၌ ဥပစာရ စျာန်စိတ်ကြောင့် ဖြစ်ကုန်၏။ ပီတိလျှင် အစာရှိကုန်၏။ ကောင်းကင်၌ ကျက်စားကုန်၏။ ရှည်စွာသော ကာလပတ်လုံးတည်ကုန်၏ (ဒီ၊၃၊၆၉)’။
ဖြစ်ပျက် ကာလ
‘ကမ္ဘာ၏ အသင်္ချေယျကပ် လေးမျိုး ရှိ၏။ (၁) သံဝဋ္ဋကပ် = ပျက်ဆဲ ကမ္ဘာ။ (၂) သံဝဋ္ဋဋ္ဌာယီကပ် = ပျက်ပြီးအတိုင်း တည်နေဆဲ ကမ္ဘာ။ (၃) ဝိဝဋ္ဋကပ် = ဖြစ်နေဆဲ ကမ္ဘာ။ (၃) ဝိဝဋ္ဋဋ္ဌာယီကပ် = ဖြစ်ပြီး နောက် တည်နေဆဲ ကမ္ဘာ။ ဤကပ်လေးမျိုး၏ အချိန်ကာလကို ဤမျှ လောက်သော နှစ်ပေါင်း အရာ အထောင် အသိန်းတို့ ကာလပတ်လုံး ရှည်တယ်လို့ ရေတွက်ရန်မလွယ်ကူ (အံ၊၁၊၄၆၀)’။
ကမ္ဘာပျက်နေတဲ့ အချိန်၊ အပျက်အတိုင်း ကမ္ဘာသစ်တစ်ခု မဖြစ် သေးဘဲ တည်နေတဲ့ အချိန်၊ ကမ္ဘာဖြစ်နေတဲ့ အချိန်၊ ကမ္ဘာဖြစ်ပြီးနောက် တည်နေတဲ့ အချိန်တွေဟာ နှစ်ပေါင်း သန်းပေါင်းများစွာကြာတယ်လို့ ယေဘုယျ ဆိုနိုင်ပါလိမ့်မယ်။ ဖော်ပြပြီး စကားရပ်တွေက ပါဠိတော်မှာ တိုက်ရိုက် ဆိုထားတာ ဖြစ်လို့ မြတ်ဗုဒ္ဓရဲ့ နှုတ်ထွက် စကားတွေ ဖြစတယ်လို့ ဆိုနိုင်ပါတယ်။
ကမ္ဘာ မပျက်မီ
ဗုဒ္ဓရဲ့ နှုတ်ထွက်စကားတွေကို အဓိပ္ပာယ်မှန်ကောက်ယူပြတဲ့ ကျမ်းကို အဖွင့်ကျမ်းလို့ ခေါ်ပါတယ်။ အဋ္ဌကထာကျမ်းတွေ၊ ဋီကာကျမ်းတွေပေ့ါ။ ဗုဒ္ဓဟောတဲ့ မူရင်းပါဠိတော်ကို ဖွင့်ရင် အဋ္ဌကထာ၊ အဲဒီ အဋ္ဌကထာကို ထပ်ဖွင့်ရင် ဋီကာလို့ ခေါ်ပါတယ်။ အဲဒီ အဖွင့် ကျမ်းတွေမှာ ဖော်ပြပြီး သုတ္တန်တွေကို အခြေခံတဲ့ ဗုဒ္ဓခေတ် cosmology (စကြဝဠာဗေဒ)ကို ဖော်ပြတာတွေကို ဆက်ပြီးအနည်းငယ် ပြောပြပါမယ်။
ကမ္ဘာပျက်ချိန် မရောက်မီ နှစ်တစ်သိန်းလောက်က နတ်တွေရဲ့လှုံ့ ဆော်မှုကြောင့် လူတွေ ကောင်းမှုပြု၊ စျာန်တွေ ပွားကြလို့ ကမ္ဘာပျက် ရာမှာ မပါနိုင်တဲ့ အာဘဿရစတဲ့ အထက်ဗြဟ္မာ့ဘုံတွေမှာ ဖြစ်ကြရတယ်။ ငရဲဘုံသားတွေလည်း အပရာပရိယ ဝေဒနီယကုသိုလ်ကံ (ပြု ထားဖူးတဲ့ ကုသိုလ်) ကြောင့် လွတ်မြောက်ပြီး ကင်းလွတ် ဘုံတွေကို ရောက်ကုန်တယ်။ ဒါကြောင့် ပျက်ခါနီးမှာ ဒီကမ္ဘာမြေပေါ်မှာ လူ နတ် တိရစ္ဆာန်တွေ မရှိတော့ဘူး (ဝိသုဒ္ဓိ၊၂၊၄၆)။ ဒါကြောင့် လူသားတို့ အနေနဲ့ ကမ္ဘာပျက်စဉ်ခံစားရနိုင်တဲ့ ဒုက္ခကို ကြောက်စရာမလိုဘူး။
ပျက်ပုံ တည်ပုံ
ဒီကမ္ဘာမြေဟာ တစ်ချိန်မှာ မီးလောင်၊ ရေလွှမ်း၊ လေပြင်းတိုက် ဆိုတဲ့ ပျက်ပုံ သုံးမျို်းနဲ့ ပျက်စီးလိမ့်မယ်။ ကမ္ဘာပေါ်က လူသားတွေ လောဘ လွှမ်းမိုးလွန်းရင် မီးလောင်ပြီး ပျက်တယ်။ ဒေါသ အားကြီးရင် ရေလွှမ်း ပြီး ပျက်တယ်။ မောဟ ထူပြောရင် လေပြင်းတိုက်လို့ ပျက်တယ်။ မီးကြောင့် ခုနစ်ကြိမ်ပျက်ပြီးတိုင်း ရေကြောင့် တစ်ကြိမ်စီ ပျက်တယ်။ အဲဒီလိုနဲ့ မီးရှစ်ကြိမ် ပြီးနောက် ၆၄ ကြိမ်မြောက်မှာ ရေအစားလေ ကြောင့် တစ်ကြိမ်စီ ပျက်စီးတယ်။ ပျက်ပြီးအတိုင်း နှစ်သန်းပေါင်း များစွာကြာပြီးနောက် ကမ္ဘာသစ်ဖြစ်ထွန်းချိန်ရောက်တဲ့ အခါ ထု ထည်ကြီးမားတဲ့ ရေက အရင်ဆုံး ဖြစ်တည်တယ်။ အဲဒီရေထုကို လေ ထုက ပတ်လွှမ်းထားတယ်။ တဖြည်းဖြည်း ရေတွေ လျော့သွားပြီး ကုန်းမြေတွေ ပေါ်လာတယ်။ အဲဒီနောက် ဗြဟ္မာ့ဘုံမှ စုတေလာသူတွေ ရေပြင် မြေပြင်မှာ ငြိတွယ်ရာကနေ သက်ရှိတွေ စလာခဲ့တယ်။ (ဝိသုဒ္ဓိ၊၂၊၅၂။ ပဋိသံ၊ဋ္ဌ၊၁၊၃၃၃)။
ဘယ်လို သိသလဲ
သမထဘာဝနာကို အဆင့်မြင်အောင် ပွားများရင် မည်သူမဆို ရနိုင်တဲ့ အဘိညာဉ်ငါးမျိုးထဲမှာ ပုဗ္ဗေနိဝါသာနုဿတိဆိုတာ ပါတယ်။ အတိတ် ဘဝတွေကို ကမ္ဘာနဲ့ ချီပြီး မြင်နိုင်တဲ့ ဉာဏ်ထူးဖြစ်ပါတယ်။ ဗုဒ္ဓ နဲ့ ဗုဒ္ဓ သာဝကတွေ၊ ပစ္စေကဗုဒ္ဓတွေအပြင် သာသနာပ ရသေ့တွေလည်း ရနို်င်တယ်။ စွမ်းရည်တော့ မတူကြဘူး။ သာသနာပ ရသေ့တွေက ကမ္ဘာ ပေါင်း ၄၀ လောက်ပဲ မြင်နိုင်တယ်။ ဗုဒ္ဓရဲ့ မြင်နိုင်စွမ်းက ကမ္ဘာပေါင်း ဘယ်မျှလို့ အကန့်အသတ် မရှိဘူး၊ အလိုရှိသမျှ မြင်နိုင်စွမ်း ရှိတယ်။ (ဝိသုဒ္ဓိ၊၂၊၄၆)။
အဲဒီလို သိမြင်နိုင်တာကို အဘိညာဉ်ခန်းတွေမှာ မြတ်ဗုဒ္ဓ ကိုယ်တိုင် ဟောတော်မူထားတာတွေလည်း များစွာ ရှိပါတယ်။ ဒါကြောင့် ဖော်ပြ ပြီး စကြဝဠာ ဖြစ်တည်ပုံကို အဘိညာဉ်စွမ်းအင်နဲ့ သိမြင်ပြီး ဟော တော်မူခဲ့တာ ဖြစ်ကြောင်းပါ။ (စာမျက်နှာ ၂၈၇ မှာပါတဲ့ မေးခွန်းရဲ့ အဖြေကိုလည်းဖတ်ကြည့်စေချင်တယ်။)
လဋုကိကာပိ ခေါ အမ္ဗဋ္ဌ သကုဏိကာ သကေ ကုလာဝကေ ကာမလာပိနီဟောတိ။ သကံခေါ ပနေတံအမ္ဗဋ္ဌ သကျာနံယဒိဒံ ကပိလဝတ္ထု (ဒီ၊၁၊၈၆)။
အမ္ဗဋ္ဌ .. ဘီလုံးငှက်မသည်ပင် ကိုယ့်အသိုက်၌ လွတ်လပ်စွာ အော် မြည်နိုင်၏။ အမ္ဗဋ္ဌ .. ကပိလဝတ္ထုသည် သကျလူမျိုးတို့ ပိုင်သော တိုင်းနိုင်ငံဖြစ်၏။
---
၁၃၅။ ရဟန္တာရဲ့ ထူးခြားချက်
ဒီဇင်ဘာ ၂၁၊၂၀၀၉။
---
ရိုသေစွာမေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
(၁) ရဟန္တာတို့၏ အရိုးဆက်သည် ချိတ်ဆက်လော တေ့ဆက်လောဟူ သည်ကိုသိလိုပါသည်။
(၂) ရဟန္တာပုဂ္ဂိုလ်များ သုက်လွတ်ခြင်း ရှိမရှိ သိလိုပါသည်။ ပါရာဇိက ဝတ္ထုများ၌ ရဟန္တာပုဂ္ဂိုလ်များ သုက်လွတ်သေးဟုတွေ့ရပါသည်။
ရိုသေလျက်ရဲမင်း
---
(၁) အရိုးဆက်ပုံ သုံးမျိုး
ကျမ်းဂန်မှာ အရိုးဆက်ပုံသုံးမျိုး ဖော်ပြတယ်
၁) သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့အရိုးက ကွင်းဆက်၊ သံခြေကျင်း ဆက်သလို (သင်္ခလိကာနိဝိယ)။
၂) ပစ္စေကဗုဒ္ဓတို့ရဲ့ အရိုးက ချိတ်ချက်၊ ချွန်းချိတ်ချင်းဆက်သလို (အင်္ကုသကာနိဝိယ)။
၃) ကျန်လူတွေအားလုံးရဲ့အရိုးက တေ့ဆက်၊ ထိပ်တစ်ခုနဲ့ တစ်ခု ထိပြီးဆက်တယ် (ကောဋိယာကောဋိအာဟစ္စ) (ဒီ၊ဋ္ဌ၊၂၊၁၆၅)။
ဒီအဋ္ဌကထာ ကျမ်းစာတော် အရဆိုရင် သမ္မာသမ္ဗုဒ္ဓနဲ့ ပစ္စေက ဗုဒ္ဓက လွဲရင် ကျန်အားလုံးရဲ့ အရိုးဟာ တေ့တွဲ တွဲထားတဲ့ တေ့ဆက် တွေလို့ ဆိုနိုင်တယ်။ အဲဒီတော့ ဗုဒ္ဓရဲ့ အဂ္ဂသာဝကတွေ ဖြစ်တဲ့ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ရဲ့ အရိုးတွေလည်း သာမန်လို တေ့ဆက်ပါပဲ။ ဒါကြောင့် ရဟန္တာတွေရဲ့ အရိုးတွေဟာ တေ့ဆက် ဖြစ်ကြောင်းမှတ်နိုင်ပါတယ်။
(၂) ရဟန္တာ သုက်မလွတ်
‘သတိဖြင့် ဆင်ခြင်လျက် အိပ်ပျော်သော ရဟန်းအား သုက်လွတ်ခြင်း မရှိ။ ကာမဂုဏ်တို့၌ တပ်ခြင်း ကင်းခိုက်ဖြစ်သော ပုထုဇဉ်တို့အားလည်း သုက်မလွတ်။ ရဟန္တာအား သုက်လွတ်ရန် အကြောင်းအခွင့် မရှိချေ (အဋ္ဌာနမေတံ အနဝကာသော ယံ အရဟတော အသုစိ မုစ္စေယျ (ဝိ၊၃၊၄၀၉)’။ ဒီဝိနည်း မဟာဝဂ္ဂ ပါဠိတော်အရ ‘ပါရာဇိက ဝတ္ထုများ၌ ရဟန္တာတွေ သုက်လွတ်သေးကြောင်း ဖတ်ရသည်’ ဆိုတဲ့ ဖော်ပြချက်မှာ အမှတ်မှားခြင်း ဖြစ်နိုင်ပါတယ်။
ပုဗ္ဗသေလိယနှင့် အပရသေလိယ (ဗုဒ္ဓဝါဒဂိုဏ်းကွဲ) ဂိုဏ်းသားတို့က ရဟန္တာတွေ သုက်လွတ်သေးတယ်လို့ ယူဆကြတယ်။ ထေရဝါဒီတို့က ‘ရဟန္တာ ပုဂ္ဂိုလ်တွေမှာ ကာမရာဂကို အကြွင်းမဲ့ ပယ်ပြီးဖြစ်လို့ သုက် မလွတ်တော့ဘူး။ သမထဝိပဿနာကို အမြဲ အားထုတ်နေတဲ့ ပုထုဇဉ် ပုဂ္ဂိုလ်တွေလည်း ရာဂကို ပယ်ခွာလို့ သုက်မလွတ်ကြဘူး။ လောကီ စျာန်ရတဲ့ သာသနာပ ရသေ့သူတော်စင်တွေတောင် သုက်မလွတ်ဘူး (ကထာဝတ္ထု၊၁၃၃)’ဆိုပြီး အဲဒီအယူအဆကိုပယ်တယ်။
---
၁၃၆။ စေတီစောင့်
ဇန်နဝါရီ ၅၊၂၀၁၀။
---
ရိုသေစွာမေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
သေပြီးသူသည် ဘုရားတွင် စောင့်သောသူ ဖြစ်တယ်ဆိုတာ ရှိနိုင်ပါသလား။ ရှိခဲ့လျှင် ထိုသူသည်မည်သည့် အမျိုးအစားတွင်ပါဝင်ပါသနည်း။ ထိုသူကို ကျွတ်လွတ်အောင် မည်သည့်ကုသိုလ် ပြုလုပ်ပေးရပါမည် နည်း။ နောင်ဘုရားပွင့်မှ ကျွတ်လွတ်မည်ဆိုတာ မှန်သလား။ ဖြေကြား ပေးစေလိုပါသည် အရှင်ဘုရား။
မကြည်ပြာဝင်း၊ မကွေး။
---
ကိုယ့်ဆန္ဒသာ
သေပြီးသူဟာ ဘုရား (ဆင်းတု သို့မဟုတ် စေတီ)မှာ စောင့်သောသူ ဖြစ်တယ်ဆိုတာ ရှိနိုင်ပါတယ်။ ဝိပဿီဗုဒ္ဓ ပရိနိဗ္ဗာန်စံတဲ့ အခါ သရီရအလောင်းတော် တစ်ခုလုံးကို ဌာပနာပြီး စေတီတည်တယ်။ စေတီတော် က ခုနစ်ယူဇနာလောက် မြင့်လို့ စေတီတော် ထီးတင်ပွဲကို လာကြတဲ့ လူတွေက ပန်းနံ့သာစသည်နဲ့ ပူဇော်လိုတဲ့ အခါ စေတီစောင့် နတ်သား တစ်ယောက်က ပူဇော်သူတွေ ကြည့်နေစဉ်မှာပဲ သူတို့ရဲ့ ပူဇော်စရာ တွေကို စေတီတော်မှာ သတ်မှတ်တဲ့ နေရာ အရောက် ယူသွားပြီး အလှူရှင်တွေ ကိုယ်စား ပူဇော်ပေးရတယ်။
အညတရ ဥပါသကာ တစ်ယောက်လည်း ပိတ်ဖြူစလေး တစ် ပိုင်းနဲ့ စေတီကို ပူဇော်မယ်ဆိုပြီး ရောက်လာရာမှာ အဲဒီစေတီစောင့် နတ်သားက သူ့ရဲ့ ပိတ်ဖြူစလေးကို ပေးပေးဆို ယူသွားပြီး စေတီ ပေါ်က လွှမ်းခြုံ လှူဒါန်းလိုက်တယ်။ ဒီဥပါသကာဟာ အဲဒီစေတီစောင့် နတ်ရဲ့ လုပ်ဆောင်ပုံကို ကြည်ညို လေးစားသွားပြီး ‘ငါလည်း အနာ ဂတ်မှာ ခုလို ဘုရားရှင်တွေရဲ့ စေတီကို စောင့်တဲ့နတ် ဖြစ်ရပါလို၏’လို့ ဆုတောင်းတယ်။ ဆုတောင်းအတိုင်းပဲ ကဿပဗုဒ္ဓရဲ့ သရီရအလောင်း တော် ဓာတုစေတီကို စောင့်တဲ့ နတ်ဖြစ်တယ်။
စေတီကို စောင့်တဲ့ ကောင်းမှုကြောင့် ဂေါတမဗုဒ္ဓ လက်ထက်မှာ တော့ ဆင်ပေါက်ကလေးလို အင်မတန်ကိုယ်ခန္ဓာထွားကျိုင်းပြီး ကျစ် လစ်သန်မာတဲ့ အရှင်ဥပဝါဏမထေရ် ဖြစ်လာတယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန်စံ ခါနီး ဗုဒ္ဓရဲ့ မျက်နှာတော်ရှေ့က ထိုင်နေရာမှာ အရှင်မြတ်ရဲ့ ကိုယ်ခန္ဓာကို နတ်တွေတောင်ထွင်းဖောက် မမြင်နိုင်လို့ မြတ်ဗုဒ္ဓက အရှင်မြတ်ကို နေရာရွှေ့ပေးရသတဲ့။ (ဒီ၊ဋ္ဌ၊၂၊၁၇၁)။
ဒီသာဓကအရ ခုခေတ်မှာလည်း စေတီစောင့်နတ်ဖြစ်ဖို့ ဆုတောင်း အထူးပြုသူတွေ ရှိမယ်ဆိုရင် စေတီစောင့်နတ်ဆိုတာ ရှိနိုင်ပါတယ်။
ဒါပေမယ့် ထေရဝါဒ ဗုဒ္ဓဓမ္မရဲ့ သဘောမှန်အရ သေသူတိုင်း ဘုရားမှာ စောင့်သူဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်မျိုးတော့ ဘယ်ရှိပါ့မလဲ။ ကိုယ်တိုင်ဆန္ဒမရှိရင် စေတီစောင့်နတ်မဖြစ်နိုင်ပါဘူး။
မည်သည့် အမျိုးအစား
အင်းဝခေတ် ပုဂ္ဂိုလ်ကျော် တောင်ဖီလာဆရာတော်က ‘ဟိမဝန္တာရှိ ဂန္ဓ မာဒနတောင် ပတ္တမြားဂူအနီး မဉ္ဇူသကနတ်ပန်းပင်၌ သက်တမ်းရှည် ဗုဒ္ဓဝါဒီ ရုက္ခစိုးနတ် ဖြစ်ရလို၏’လို့ ဆုတောင်းဖူးပါတယ်။ ဒါကြောင့် စေတီစောင့်နတ်ဆိုတာလည်း တောင်ဖီလာဆရာတော် ဖြစ်လိုတဲ့ ရုက္ခ စိုးနတ်သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။ သစ်ပင်ကိုစောင့်ရင် ရုက္ခစိုးနတ်၊ စေတီကို စောင့်ရင့် စေတီစိုးနတ်လို့ ခေါ်နိုင်ကောင်းပါတယ်။ ယေဘုယျ အားဖြင့် ချမ်းသာပြည့်စုံတဲ့ နတ်ဖြစ်လို့ သုဂတိဘဝပါပဲ။
ဒီလိုနတ်မျိုးအတွက်တော့ လူတွေက ကျွတ်လွတ်အောင် လုပ်ပေး စရာ မလိုပါဘူး။ သက်တမ်းကုန်ရင် စေတီစောင့်နတ်ဘဝက စုတေပြီး သူ့ရဲ့ကုသိုလ်ကံအတိုင်း နောက်တစ်ဘဝဖြစ်ပါလိမ်မယ်။ တောင်ဖီလာ ဆုတောင်းမှာ ‘ဗုဒ္ဓဝါဒီ ရုက္ခစိုးနတ်’လို့ ဆိုတဲ့အတွက် ‘ဗုဒ္ဓဝါဒီ မဟုတ် တဲ့ ရုက္ခစိုးနတ်’တွေလည်း ရှိနိုင်တာပေါ့။
ကျွတ်လွတ်အောင်
ဖုဿဘုရားရှင် လက်ထက်က ဘုရင့်ဝန်ထမ်းအချို့ဟာ ဘုရားမှူးရှိတဲ့ သံဃာတော်တွေကို ကပ်လှူဖို့ ပြင်ဆင်ထားတဲ့ ဆွမ်းဟင်းတွေကို ဦးဦးဖျားဖျားခိုးပြီးခူးခပ်စားသောက်မိကြလို့ ပြီတ္တာဖြစ်ရတယ်။ သူတို့ဟာ သုဂတိ ဒုဂ္ဂတိ ဘဝတွေမှာ ကျင်လည်ပြီးနောက် ဂေါတမ ဗုဒ္ဓ လက်ထက်မှာ အဲဒီတုန်းက ဘုရင်က ဗိမ္ဗိသာရဘုရင် ဖြစ်လာပြီး ဝန်ထမ်းတွေက ပြိတ္တာဘဝမှာ ဖြစ်ကြတယ်။ ယခင်ဘဝတုန်းက အဲဒီလို ပဋ္ဌာန်းဆက်ရှိခဲ့ဖူးလို့ ဒီဘဝမှာ ဗိမ္ဗိသာရရဲ့အလှူဒါနပြုလုပ်ပေးဝေတဲ့ ကုသိုလ်အမျှကို ရယူပြီး ပြိတ္တာဘဝက လွတ်မြောက်သွားကြတယ်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၆၄)။
ပြိတ္တာဆိုတာ မပြည့်စုံ မချမ်းသာတဲ့ ဒုဂ္ဂတိဘဝဖြစ်လို့ လူတို့ ပြုလုပ်တဲ့ ကုသိုလ်အမျှကိ စောင့်မျှော်ကြရတာ။ ဒီသာဓကအရ ပြိတ္တာ အနေနဲ့ စေတီအနီးမှာ မှီခိုကပ်ပါး လုပ်နေရတဲ့ ပြိတ္တာဘဝဆိုရင်တော့ တစ်ယောက်ယောက်သို့မဟုတ် အထူးပဋ္ဌာန်းဆက်ဖူးသူ (သို့မဟုတ် အိမ်မက်ပေး၊ ကိုယ်ထင်ပြ ခံရတဲ့ အတွက် ပဋ္ဌာန်းဆက် ရှိဖူးမယ်လို့ ယူဆရသူ) က အထူးရည်မှတ်ပြီး ကုသိုလ် ပြုလုပ်ပေးရင် ကျွတ်သွား နိုင်ပါတယ်။
အချိန် မကန့်သတ်ဘူး
ဒုတိယပုဂ္ဂိုလ်မျိုး (ပြိတ္တာဘဝမျိုး) ဖြစ်နေရင် တော့ စေတီကိုပဲ စောင့် စောင့်၊ သစ်ပင်ကိုပဲ ပိုင်ပိုင်၊ ကျွတ်လွတ်ဖို့အတွက် နောင်ဘုရား ပွင့်တဲ့ ထိစောင့်စရာမလိုပါဘူး။ ကိုယ် (ဒီဘဝလူသား)က သူတို့ (ဘဝခြားနေ သူတွေ)ကို ကုသိုလ်အမျှမဝေမိလို့ သူတို့က ကိုယ့်ကိုသတိပေးလာတဲ့ အချိန်၊ သို့ဟုတ် ကိုယ်က နေ့စဉ်ကုသိုလ်မြဲလို့ ကိုယ်ပေးဝေတဲ့ ကုသိုလ်အဖို့ကို လိုချင်တဲ့ ဘဝခြားသူတွေက လာရောက် ဆုံစည်းမိလို့ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်နိုင်ခဲ့ရင် အချိန်မရွေး အဲဒီဘဝမှ လွတ် မြောက်သွားနိုင်ပါတယ်။
၁၃၇။ ဘုရားကျွန် ကျောင်းကျွန်
ဇန်နဝါရီ ၁၃၊၂၀၁၀။
---
မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
မြတ်စွာဘုရားနှင့် ရဟန်းသံဃာသည် ကျွန်ကို အလှူခံနိုင်ပါသလား၊ မြန်မာနိုင်ငံ ပုဂံခေတ်က ဘုရားကျွန် ကျောင်းကျွန်များ အကြောင်းကို သိလိုပါသည်အရှင်ဘုရာ။
မြမြစိန် (သီရိပစ္စယာ)
---
ကျွန်ကို အလှူမခံကောင်း
‘လောက၌ ကုသိုလ်ဟု သမုတ်သော်လည်း ကုသိုလ်မမည်သော အလှူ ဒါန ငါးမျိုးရှိ၏။ ယင်းတို့မှာ သေရေည် အရက်အလှူ၊ ကချေသဘင် အလှူ၊ နွားမအပေါင်း အလယ်၌ နွားလားဥသဘကို လွှတ်သောအလှူ၊ ပန်းချီဆေးရေးအလှူတို့ ဖြစ်၏’ (ပရိဝါ၊၂၃၁)။ ‘ပန်းချီဆေးရေးအလှူ ဆိုရာ၌ ကျောင်းဆောက်ရာမှာ ပန်ချီဆေးရေးအလှူကတော့ အပ်ပါတယ် (ဝိ၊ဋ္ဌ၊၄၊၁၇၄)’။
‘ဒါန မမြောက်သော အလှူဆယ်မျိုး ရှိ၏။ ယင်းတို့မှာ - သေရည် အလှူ၊ ကချေသဘင်အလှူ၊ နွားလားဥသဘအလှူ၊ မိန်းမအလှူ၊ ပန်းချီ ဆေးရေးအလှူ၊ အဆိပ်အလှူ၊ လက်နက်အလှူ၊ နှောင်အိမ် နှောင်ကြိုး အလှူ၊ ကြက် ခွေး ကြောင် စသော သားကောင်အလှူ၊ မမှန်သော ချိန်ခွင် အလေးစသည် အလှူတို့ဖြစ်၏’ (မိလိန္ဒ၊၂၇၀)။
‘မြတ်ဗုဒ္ဓသည် သားစိမ်း ငါးစိမ်းကို ခံယူခြင်း၊ မိန်းမငယ် ယော ကျ်ားငယ်များ၊ ကျွန်မိန်းမ ကျွန်ယောကျ်ားများကို ခံယူခြင်း၊ ကြက်ဝက် မြင်းဆင်တို့ကို ခံယူခြင်းတို့မှ ရှောင်ကြဉ်၏ (ဒီ၊၁၊၆၁)’။
ဖော်ပြပါ ပါဠိတော်တွေအရ မြတ်ဗုဒ္ဓနဲ့ တပည့် ရဟန်းသံဃာတွေဟာ ကျွန်ကို အလှူမခံကောင်းပါဘူး။
ရတနာသုံးပါးရဲ့ ကျွန်
သရဏဂုံ ဆောက်တည်ရာမှာ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှံခြင်း (အတ္တသံနိယျာတန)ဆိုတာ ပါတယ် (အံ၊ဋ္ဌ၊၁၊၃၀၄)။ ဂေါတမ ဗုဒ္ဓ လက်ထက်မှာ ဝိသာခါ ကျောင်းအမကြီး ဖြစ်လာမယ့် အမျိုးသမီးဟာ ကဿပဗုဒ္ဓ လက်ထက်က ကိကီမင်းကြီးရဲ့ သမီးအငယ်ဆုံး ဖြစ် ခဲ့တယ်။ သူ့နာမည်က သံဃဒါသီ (သံဃာ့ကျွန်မ) ဖြစ်ပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၅၀)။ မိမိကိုယ်ကို အရိယာ သံဃာတော်ရဲ့ ကျေးကျွန် အဖြစ်ခံယူပြီး အလုပ်အကျွေးပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒေဝါနံပိယ တိဿမင်းကြီးဟာ အိန္ဒိယက မဟာဗောဓိကိုင်းမြတ် သီဟိုဠ်ကိုရောက် ရှိပြီးနောက် အဲဒီဗောဓိကိုင်းကို ပူဇော်တဲ့ အနေနဲ့ သုံးရက်တိုင်တိုင် ဗောဓိပင်တံခါးစောင့်အဖြစ် ဆောင်ရွက်ပြီးနိုင်ငံတော်နဲ့ မိမိရဲ့ပိုင်ဆိုင်မှု အားလုံးကို ဗုဒ္ဓသာသနာတော်ကို လှူဒါန်းခဲ့တယ် (မဟာဝံသ ၁၉း၃၂)။ ဒီလုပ်ရပ်မျိုးဟာ နောင်အခါ အဆင့်မြင့် ဘာသာရေး လုပ်ဆောင်ချက် နဲ့ လူ့ဂုဏ်သိက္ခာ တန်ဖိုးအတွက် အထူးလုပ်ဆောင်မှု တစ်ရပ် ဖြစ် လာပြီး မင်း၊ မှူးမတ်၊ သူဌေးသူကြွယ်၊ ကုန်သည်၊ လယ်လုပ် လူတန်း စားမရွေး မိမိကိုယ်ကို ရတနာသုံးပါးရဲ့ ကျေးကျွန်အဖြစ် ခံယူကြတယ်။ မဟာဒါဌိက မဟာနာဂမင်း (အေဒီ ၆၇-၇၉)ဟာ မင်းကြီး၊ မိဖုရား၊ သားတော် နှစ်ယောက်၊ စီးတော် ဆင်နှင့် ထီးနန်းကို သံဃာ တော်အား လှူဒါန်းပြီး ကျွန်အဖြစ်မှ လွတ်မြောက်ဖို့ အသပြာတစ်သိန်း တန်ဖိုးနဲ့ သံဃာတော်များထံမှ ပြန်လည် ရွေးယူတယ် (မဟာဝံသ၊၃၄း၈၆-၈၈)။
တစ်ချိန်က အဲဒီလို ကိုယ့်ကိုယ်ကို ဘုရားကျွန် သံဃာ့ကျွန်အဖြစ် လှူဒါန်းမှုထင်ရှားခဲ့တယ်။
ဘုရားကျွန် အစ
အဲဒီအစဉ်အလာဟာ နောင်အခါ ဘုန်းကြီးကျောင်းတွေမှာ ကျွန်ကို လက်ခံတဲ့ အထိ ပြောင်းလဲသွားခဲ့ပုံ ရတယ်။ လူ့အဖွဲ့အစည်း တစ်ခုဟာ တိုးတက်လာတဲ့ အခါ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်လာလေ့ ရှိပါတယ်။ သမိုင်းသုတေသီတွေရဲ့ အလိုအရ မူလက ပြုပြင်ပြောင်းလဲမှုကို ငြင်းဆိုတဲ့ ထေရဝါဒ ရဟန်းသံဃာဟာ အရေအတွက် များပြား တိုးတက်လာတဲ့ အတွက် ကျင့်သုံးဆဲ ဝိနည်း သိက္ခာပုဒ် တစ်ချို့ကို ဘောင်အတွင်းက လိမ်မာပါးနပ်စွာ ပြုပြင်ပြောင်း လဲမှုတွေလုပ်ခဲ့ရတယ်လို့ ဆိုတယ်။
ဘုရင်မင်းတွေဟာ စစ်ရှုံးသုံ့ပန်းတွေကို သံဃာ့ဝေယျာဝစ္စ ဆောင် ရွက်ဖို့ ရည်ရွယ်ပြီး ကျေးကျွန်တွေအဖြစ် ဘုန်းကြီးကျောင်းကို လှူဒါန်း ကြတယ် (မဟာဝံသ၊၄၄းရ၃)။ အဲဒီလို လှူဒါန်းတဲ့ အခါ ဗုဒ္ဓဒေသနာ အရ ရဟန်းသံဃာဟာ ကျွန်ကို လက်မခံကောင်းတဲ့ အတွက် အလှူ ရှင်က ‘ကပ္ပိယကာရကကို လှူဒါန်းပါ၏၊ အာရာမိက (အရာမ်စောင့်)ကို လှူဒါန်းပါ၏’လို့ ဆိုပြီး သံဃာကို လှူဒါန်းရင် အပ်တယ် (မ၊ဋ္ဌ၊၂၊၁၁၃)’ လို့ ဗုဒ္ဓဒေသနာတော်နဲ့ မဆန့်ကျင်အောင်သတ်မှတ်ရပါတယ်။
အစေခံကို အိမ်ဖော်လို့ သုံးသလို ကိုယ်ကျင့်သိက္ခာအရ သင့်တော် တဲ့ ဝေါဟာရတစ်ခုဖြစ်နိုင်ပေမယ့် အစစ်အမှန်ကကျွန်ကို အလှူခံခြင်း ပါပဲ။ ဝိနယအဋ္ဌကထာ (ဝိ၊ဋ္ဌ၊၃၊၂၈၃)အရ အေဒီ ၅ ရာစုအချိန်က ဘုန်းကြီးကျောင်းတိုက်တွေမှာ ကျေးကျွန်တွေရှိခဲ့တာကတော့ သေချာတယ်။ ဘုန်းကြီးကျောင်းတိုက်ရဲ့ကပ္ပိယကာရက၊ အရာမ်စောင့်အနေနဲ့ သားစဉ် မြေးဆက် နှစ်ကာလတွေ ကြာလာတဲ့ အခါ ဘုရားကျွန် ကျောင်းကျွန်ဆိုတာတွေ ဖြစ်သွားပုံရတယ်။
ပုဂံ ဘုရားကျွန်
ပုဂံ လေးထောင့်ကန် အရပ်က မင်းသမီး အစောကြွမ်းကျောက်စာမှာ ‘တြိလောကစန္ဒာ နာမ မဟာဒေဝီ သုံးလူလမိဖုရား တောင်ပြင်သည် သမီး အစောကြွမ်း သခင်သည် သံသရာဆိုးငြမှ ထွက်ချင်ရကား ဤ ကောင်းမှု ဝန်ခပ်သိမ်းသောကာ (ငါ့သား ၂ ယောက်) ပဉ္စင်း ငပြည့်စုံ ၁၊ ငနိုင်ငံ ၁၊ သားစဉ် မြေးစဉ်လျှင် ဤရတနာသုံးပါးအား လှူသတေး။ အယင်းထိုမြို့ငါလည်းရတနာသုံးပါးကျွန်တည်း’လို့ ဆိုတယ်။
ဒီကျောက်စာအရ ပုဂံခေတ်မှာလည်း အရပ်သားတွေရော မင်းသား မင်းသမီးတွေပါ ရတနာသုံးပါးရဲ့ ကျေးကျွန်အဖြစ် ခံယူကြောင်း သိရတယ်။ ကျန်စစ်သားမင်းရဲ့ မိဖုရား သမ္ဘူလတောင် ကျောင်းကျွန် မျိုးရိုးဖြစ်ကြောင်း အဆိုရှိတယ်။ ရတနာသုံးပါးကို ကိုးကွယ်သူမှန်ရင် ရတနာသုံးပါးရဲ့ အလုပ်အကျွေးပါပဲ။
ပုဂံခေတ်က ကျောင်းကျွန်၊ ဘုရားကျွန်၊ ပိဋကတ်ကျွန်တွေကို ကျွန်သီးတော်လို့ ခေါ်ပါတယ်။ အသီးအခြား အမြတ်ထားအပ်တဲ့ ကျွန်လို့ အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။ ရဟန်းသံဃာတွေရဲ့ ဆွမ်းချက် ဆွမ်းပြင် စတဲ့ အလုပ် အကျွေး၊ ဘုရားကျောင်းကန်အတွင်း မြေတူး မြက်ထွင်၊ ဆွမ်းတော် ပန်းတော်ကပ်စတာတွေကို ဆောင်ရွက်ရတယ်။ သူတို့ တွေကို ကျွန်ပိုင်ရှင်က ရွေးယူရင်၊ တန်ရာတန်ကြေး လှူဒါန်းရင် ကျွန် အဖြစ်က လွတ်တယ်။ ဒါပေမယ့် သက်သက်သာသာနဲ့ ကုသိုလ်ရ ဝမ်းဝတဲ့ အလုပ် ဖြစ်လို့ ပုဂံခေတ်က ဘုရားကျွန် ဖြစ်ရခြင်းကို ဂုဏ်ငယ်တယ်လို့ ယူဆဟန် မတူဘူး။
တောင်းမစားရင် နူသလော
ဘုရားကျွန်တွေ ဘာကြောင့် တောင်းစားကြသလဲ ဆိုတာကိုတော့ ဆက်လက် လေ့လာရဦးမယ်။ နေထိုင်စရာမဲ့ homeless ဖြစ်သွားပြီး တောင်းစားရတယ်ဆိုတာ စွန့်စွန့်စားစား အလုပ်လုပ်လိုစိတ် မရှိဘဲ ဘဝကို လက်မြှောက် အရှုံးပေးတဲ့ သဘောပါပဲ။ သားစဉ်မြေးဆက် ကျွန်သီးတော် ဖြစ်နေရာကနေ ပတ်ဝန်းကျင်မှာ နိုင်ငံရေး လူမှုရေးနဲ့ စီးပွားရေးအခြေအနေ အပြောင်းအလဲ ဖြစ်ပေါ်တဲ့ အခါ ခိုကိုးရာမဲ့ ဖြစ်သွားရာကနေ တောင်းစားတဲ့ ဘဝကို ရောက်သွားတယ်လို့ ပဲ ယေဘုယျ ဆိုနိုင်ပါလိမ့်မယ်။
မတောင်းစားရင် နူနာစွဲတယ်ဆိုတာကိုတော့ ကံကြမ္မာကို ယိုးမယ် ဖွဲ့တဲ့ အယူသည်းခြင်းသာဖြစ်လို့ ဘုန်းကြီးလက်မခံပါဘူး။
---
၁၃၈။ ဂုဏ်တော်မှတ်စု
ဇန်နဝါရီ ၁၃၊၂၀၁၀။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော်တို့၏ အနက် အဓိပ္ပာယ်ကို ဓမ္မအမေးအဖြေအနေဖြင့် ဖတ်ရှုလိုသည် ဖြစ်၍ ရှင်းပြပေး စေလိုပါသည် အရှင်ဘုရား။
ဒကာလှိုင်မျိုး၊ ခေတ္တစင်ကာပူ။
---
ဗုဒ္ဓဂုဏ်တော် ကိုးပါး
အရဟံ= ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၊ စိတ်အညစ်အကြေး အားလုံးစယ်ကြယ်တော်မူသော မြတ်စွာဘုရား၊ ဆိတ်ကွယ်ရာမှာ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ= ဓမ္မကို ဆရာမရှိဘဲ ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နော၊ အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရား။
သုဂတော၊ အပြစ်ကင်းသော ဓမ္မကို ညွှန်ပြတော်မူသော မြတ်စွာဘုရား။
လောကဝိဒူ= သတ္တာ သင်္ခါရ ဩကာသဟူသော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
အနုတ္တရော ပုရိသ ဒမ္မသာရထိ = အတုမရှိသူဖြစ်၍မယဉ်ကျေးသော သတ္တဝါတွေကို ယဉ်ကျေးအောင်ဆုံးမတော်မူနိုင်သော မြတ်စွာဘုရား။
သတ္ထာ ဒေဝမနုဿာနံ= နတ်လူဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ= သစ္စာလေးပါးကို ကိုယ်တိုင်သိသူ တစ်ပါးကိုလည်းသိစေ တော်မူသော မြတ်စွာဘုရား။
ဘဂဝါ= ဘုန်းသမ္ဘာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
အဓိပ္ပာယ်အကျဉ်း
သမ္မာသမ္ဗုဒ္ဓ ဆိုရင် မင်းသိဒ္ဓတ်ဘဝနဲ့ ရသေ့အဖြစ်နဲ့ တုန်းကတော့ ဆရာတွေ ရှိဖူးတာပေါ့။ ဒါပေမယ့်သစ္စာလေးပါးကို သိတာက ဗောဓိ ပင်အောက်မှာ ကိုယ်ပိုင်အကျင့် လမ်းစဉ်နဲ့ သိခဲ့တာ။ ဒါကြောင့် ဆရာမရှိလို့ သမ္မသမ္ဗုဒ္ဓဂုဏ်နဲ့ ပြည့်စုံတယ်လို့ ဆိုရတယ်။
ဝိဇ္ဇာစရဏမှာ ဝိဇ္ဇာနဲ့ စရဏ။ ပု၊ ဒိ၊ အာလို့ ဝိဇ္ဇာ သုံးပါးရှိတယ်။ ပု (ပုဗ္ဗေနိဝါသာနုဿတိ) = အတိတ်ဘဝ ဖြစ်စဉ်တွေကို သိတယ်။ ဒိ (ဒိဗ္ဗစက္ခု)=အဝေးမှာရှိတာတွေကိုသိမြင်နို်င်တယ်။ အာ (အာသဝက္ခယ) = စိတ်အညစ်အကြေးကို စင်ကြယ်စေတဲ့ ဉာဏ်။ ဒါတွေ အားလုံး က နေရင်းထိုင်းရင်း အကုန်သိနေတာ မဟုတ်ဘူး။ သမာပတ် ဝင်စားပြီး ဆင်ခြင်ကြည့်မှသိတာ။ အဲဒီဝိဇ္ဇာကိုလည်း ဘာမှမလုပ်ဘဲရတာ မဟုတ်ဘူး။ စရဏကို ကျင့်လို့ ရခဲ့တာ။ စရဏ (ကျင့်စရာ) က တော့ ၁၅ ပါးရှိတယ်။ သီလ စောင့်ထိန်းတာ၊ မျက်စိ နားနှာစတဲ့ ဣန္ဒြေကို ထိန်းသိမ်းတာ၊ အတိုင်းအတာနဲ့ ဆင်ခြင်ပြီးစားတာ၊ နိုးကြား တာ၊ ဟိရိ (အရှက်)၊ ဩတ္တပ္ပ (အကြောက်)၊ သုတ၊ ပညာ၊ ယုံကြည် ချက်၊ သတိ၊ လုံ့လ၊ ပထမစျာန်၊ ဒု တ စစျာန်။
သုဂတ၊ မြတ်ဗုဒ္ဓဟာဟုတ်မှန်၊ ကျိုးရှိ၊ သူတစ်ပါးမနှစ်သက်သော စကားကို အချိန်အခါ ကြည့်ပြီး မိန့်ဆိုတယ်။ ဟုတ်မှန် ကျိုးရှိ သူတစ် ပါးနှစ်သက်မူ အချိန်အခါမရွေး မြွက်ဆိုတယ်။ မမှန် ကျိုးမဲ့ မနှစ်သက်၊ မမှန် ကျိုးမဲ့ နှစ်သက်၊ ဟုတ်မှန် ကျိုးမဲ့ မနှစ်သက်တဲ့ စကားတွေကို မြတ်ဗုဒ္ဓ မမိန့်မြွက်ဘူး (မ၊၂၊၅၇)။
လောကဝိဒူ = သတ္တဝါ သင်္ခါရ ဩကာသဆိုတဲ့ လောကသုံမျိုးကို သိတယ်။ သတ္တဝါကို သိရာမှာ လူနတ်ဗြဟ္မာ ငရဲသား တိရစ္ဆာန် ပြီတ္တာ အသုရကာယ် အမျိုးမျိုးတို့ရဲ့ ယခင် ယခု နောင် ဖြစ်စဉ်တွေကို သိတယ်။ ဩကာသဆိုတာ ဘုံဌာန။ အပါယ် လေးဘုံ၊ လူ့ဘုံ၊ နတ် ခြောက်ဘုံ၊ ဗြဟ္မာ နှစ်ဆယ်ဆိုတဲ့ သုံးဆယ့်တစ်ဘုံကို သိမြင်တော်မူတယ်။ အဲဒီ သတ္တ ဩကာသ ဆိုတာတွေက ရုပ်နာမ် အစုအဝေးကို ခေါ်ဝေါ် သမုတ်ထားတာ။ အမှန်တော့ ရုပ်ကလာပ်စည်းတွေ နာမ် ကလာပ်စည်းတွေ ကုဋေပေါင်း များစွာနဲ့ ဖွဲ့စည်းထားတာလို့ ပရမတ္ထ သဘာဝကို သိတော်မူတယ်။
တရားဂုဏ်တော် ခြောက်ပါး
သွက္ခာတော ဘဂဝတာ ဓမ္မော= အစ အလယ် အဆုံးသုံးပါးလုံး၌ ကောင်းစွာ ဟောကြားထားသော တရားတော်။
သန္ဒိဋ္ဌိကော= လက်တွေ့ကျင့် လက်ငင်း အကျိုးရသောတရားတော်။
အကာလိကော= အချိန်အခါမရွေး အကျိုးပေးသောတရားတော်။
ဧဟိပဿိကော= လာပါ ကျင့်သုံးကြည့်ပါဟု အစမ်းသပ်ခံနိုင်သော တရားတော်။
ဩနေယျိကော=အမြဲတမ်းဆောင်ထားရမည့်တရားတော်။
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ၊ ပညာရှိတို့သာ လက်တွေ့သိမြင်နိုင်သော တရားတော်။
အဓိပ္ပာယ်အချုပ်
အစ အလယ် အဆုံး သုံးပါးလုံးမှာ ရှေ့စကားနဲ့ နောက်စကား ညီနေ တာ၊ ဓမ္မကို နာယူကျင့်ကြံသူတွေကို အဆိပ်အတောက် ဖြစ်စေ တဲ့ အယူအဆ အဓိပ္ပာယ်မျိုးတွေ တစ်ရွေးတစ်မျှင်မျှ မပါဘူးလို့ အာမခံနိုင် တာဟာ သွာက္ခာတဂုဏ်ပါပဲ။
သူများက ဟောပြောလို့ ယုံလိုက်ရတဲ့ တရားမျိုး မဟုတ်ဘူး။ ဘယ်သူမဆို ကိုယ့်ဟာကိုယ်ကျင့်မှ ရနိုင်တဲ့ တရားမျိုးဖြစ်လို့ သန္ဒိဋ္ဌိက။ မဂ်လေးပါးကို ရပြီးတာနဲ့ ဖိုလ်လေးပါး မဂ်လေးပါးကို ရပြီး တာနဲ့ ဖိုလ်လေးပါး အကျိုးကို ချက်ခြင်းရလို့ အကာလိက။ မဂ်ဖိုလ်ကို အသာထား၊ ဒီတရားကိုကျင့်တာနဲ့ ကောင်းကျိုးတစ်ခုတော့အခါမလင့် ရနိုင်လို့ အကာလိက။ စမ်းသပ် ခံနိုင်လို့ ဧဟိပဿိက။ ဗုဒ္ဓ ရှင်တော် မြတ်က မိမိ ဟောကြားတဲ့ သတိပဋ္ဌာန် ကျင့်စဉ်ဟာ ဉာဏ်ထူးကိုရဖို့ ဆင်းရဲဒုက္ခ ငြိမ်းဖို့ သောက ပရိဒေဝကို လွန်မြောက်ဖို့ တစ်ကြောင်း တည်းသောလမ်းပဲလို့ ဟောပါတယ်။
လွယ်လွယ်နဲ့ ရနိုင်တဲ့ တရားမျိုး မဟုတ်၊ စိတ်ထဲမှာ စွဲနေ မြဲနေအောင် ကြိုးစားအားထုတ်မှ ရနိုင်တဲ့ တရားမျိုးဖြစ်လို့ ဩပနေယျိက။ ကိုယ်တိုင် ကျင့်ကြံလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ထူးကို ရသွားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်စီ ခံစားနိုင်တဲ့ တရား၊ တစ်ယောက်က အစားပြုပြီး ခံစား လို့ မရ၊ ခံစားနိုင်အောင် တစ်ယောက်ယောက်က ပြုပြင် ဖန်တီးပေးလို့လည်း မရတဲ့ တရားမျိုး ဖြစ်လို့ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
သံဃာ့ဂုဏ်တော် ကိုးပါး
သုပ္ပဋိပန္နော= ကောင်းစွာကျင့်သော အရိယာသံဃာ။
ဥဇပ္ပဋိပန္နော= ဖြောင့်မတ်စွာ ကျင့်သော အရိယာသံဃာ။
ဉာယပ္ပဋိပန္နော= နိဗ္ဗာန်သို့ရောက်ရန်ကျင့်သော အရိယာသံဃာ။
သာမီစိပ္ပဋိပန္နော= ရိုသေမှုကို ခံယူထိုက်အောင်ကျင့်တော်မူသော အရိယာသံဃာ။
အာဟုနေယျော= အဝေးမှဆောင်ယူလာသော အလှူကိုခံယူထိုက် သောအရိယာသံဃာ။
ပါဟုနေယျော= ဧည့်သည်တို့အတွက်စီမံထားသော ပစ္စည်းဝတ္ထုကို အလှူခံထိုက်သောအရိယာသံဃာ။
ဒက္ခိဏေယျော= မြတ်သောအလှူကို ခံထိုက်သော အရိယာသံဃာ။
အဉ္ဇလိကရဏီယော= လက်အုပ်ချီခြင်းကို ခံထိုက်သော အရိယာ သံဃာ။
အနုတ္တရံပုညက္ခေတ္တံလောကဿ= လောက၏ ကောင်းမှုပြုရာ အတုမဲ့ လယ်ယာမြေကောင်းနှင့်တူသော အရိယာသံဃာ။
အဓိပ္ပာယ်အချုပ်
စရဏနဲ့ ဝိဇ္ဇာကို ရအောင် ကျင့်ကြံ အားထုတ်နေရင် သုပ္ပဋိပန္နပါပဲ။ အလယ်အလတ် လမ်းစဉ်ကို ကျင့်ရင် ဥဇုပ္ပဋိပန္န။ (မိမိကို သူတစ်ပါး အထင်ကြီးအောင်၊ ဒကာဒကာမ ပေါအောင်လို့ သီမရှိဘဲ သီလရှိယောင် ဆောင်၊ စာမတတ်ဘဲ စာတတ်ယောင်ဆောင်ရင် ဖြောင့်စွာကျင့်သူမ ဟုတ်လို့ ဒီအထဲ မပါနိုင်ဘူး။) သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ကို ကြားမလပ်အောင် မပြတ်မစဲ အားထုတ်ရင် ဉာယပ္ပဋိပန္န။ လူတွေရဲ့ အရိုအသေ ပြုတာကို ခံထိုက်အောင် မေတ္တာပို့ခြင်း ဂုဏ်တော်ပွားများ ခြင်းစတဲ့ ဘာဝနာ တစ်ခုခုနဲ့ နေရင် သာမိစိပ္ပဋိပန္န။
အထက်ပါ ဂုဏ်ရည် လေးမျိုးနဲ့ ပြည့် စုံပြီးဖြစ်တဲ့ ပရမတ္ထသံဃာ အမည်ရတဲ့ အရိယာ ဖြစ်ပြီးတဲ့ သံဃာနဲ့ ကျင့်ကြံဆဲ သမ္မုတိသံဃာ နှစ်မျိုးသည် အာဟုနေယျ (အဝေးမှာ ယူဆောင်လာတဲ့ အလှူဝတ္ထုများ ကိုခံထိုက်ခြင်းစတဲ့ ကျန်တဲ့ ဂုဏ်လေးမျိုးနဲ့လည်း ပြည့်စုံတယ်။) သကျတွေ ယူဆပုံ
မြတ်ဗုဒ္ဓ ကပိလဝတ္ထုမြို့မှာ သီတင်းသုံးစဉ်အခါ သာကိယတွေက ‘တရားထူးကို ရပြီးသူက ပိုမြတ်တယ်။ တရားထူးကို အရင် ရသူက နောက်မှ ရသူထက် ပိုမြတ်တယ်။ ဒါကြောင့် ပုထုဇဉ်ဖြစ်တဲ့ ရဟန်း သာမဏေက အရိယာဖြစ်ပြီးတဲ့ လူပုဂ္ဂိုလ်တွေကို ရှိခိုးရမယ်’လို့ ငြင်း ခုံကြတယ်။ ဒီတော့ မြတ်ဗုဒ္ဓက ‘လူ့အသွင်ဟာ ပူဇော်ခံ အရာဝတ္ထု မဟုတ်လို့ လူပုဂ္ဂိုလ်ဟာ အနာဂါမ်ပင်ဖြစ်နေပေမယ့် ပြုသစ်စ ပုထုဇဉ် ရဟန်း သာမဏေကို ရှိခိုးရတယ်။ ဥဒေါင်းငှက်ဟာ ဟင်္သာငှက်ကို လိုက်မမီနိုင်သလိုပါပဲ (သုတ္တနိ၊ဋ္ဌ၊၁၊၂၈၂)’လို့ မိန့်တော်မူပါတယ်။
သံဃံ သရဏံ
ကြုံလို့ သံဃာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် မှတ်စုလေးကို ပေးလိုက် ပါအုံးမယ်။ ‘သံဃာဆိုတဲ့ ပုဒ်က သာမန်ဆိုရင်တော့ ပုဂ္ဂိုလ်အပေါင်းလို့ အဓိပ္ပာယ်ရတယ်။ ဒါပေမယ့် ဒီနေရာမှာ ဒက္ခိဏေယျသံဃာ = အရိယာ ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်အပေါင်းနဲ့ သမ္မုတိသံဃာ = ပုထုဇဉ်အရိယာမခွဲခြား ဘဲ သိမ်ဝင် ရဟန်း အားလုံးလို့ နှစ်မျိုး မှတ်ရမယ် (ကင်္ခါ၊ဋ္ဌ၊၈၅။ ကင်္ခါ၊ဋီကာဟောင်း၊၁၃၁)’။
‘အမှန်တော့ သမ္မုတိသံဃာထဲမှာ ဒက္ခိဏေယျ သံဃာလည်း ပါတာပဲ။ ဒါပေမယ့် သရဏဂုံ ထိုက်ခြင်း၊ ရှိခိုးပူဇော်ထိုက်ခြင်း၊ သံဃာနုဿတိ (သံဃာ့ဂုဏ်ကို အာရုံပြုခြင်း)တွေမှာ အတုမဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ဒက္ခိဏေယျ သံဃာအနေနဲ့ သီးခြား မှတ်ရတာပါ။ ပုထုဇဉ်သံဃာဟာ ပုညခေတ္တ (ကောင်းမှုပြုရာဌာန) ဖြစ်ပေမယ့် အနုတ္တရ (အတုမဲ့)တော့ မဖြစ်နိုင်ဘူး (ပရမတ္ထဒီပနီ၊၁၄)’။
‘သရဏဂုံ၊ ရှိခိုးခံ၊ သံဃာ့ဂုဏ်နေရာမှာတော့ ရဟန်းကိုပဲသံဃာ လို့ ယူရမယ်။ ပုဂ္ဂလိကအလှူရဲ့ အလှူစင်ကြယ်မှု (ဒက္ခိဏာဝိသုဒ္ဓိ) ဖြစ် ရာမှာတော့ သောတာပန်သကဒါဂါမ် အနာဂါမ်လူသာမဏေကိုလည်း ယူနိုင်ပါတယ်။ သံဃိကဒါန (သံဃာကို ရည်ညွှန်းတဲ့ အလှူ) ထဲမှာတော့ ရဟန်းတွေကိုပဲ သံဃာကို ယူရတယ် (အနုဒီပနီ၊၂၇)’။
ဆက်၍ ဆွေးနွေးပါကုန်
ပရမတ္ထဒီပနီနဲ့ အနုဒီပနီကျမ်းပြု လယ်တီဆရာတော်ကြီးရဲ့ အလိုအရ ‘သံဃံ သရဏံ ဂစ္ဆာမိ’ထဲက သံဃအရမှာ အရိယာဖြစ်ပြီးတဲ့ လူတွေ မပါနိုင်ဘူး။ ဒါပေမယ့် အရိယာ လူပုဂ္ဂိုလ်ကို လှူဒါန်းရင် အဲဒီအလှူဟာ စင်ကြယ်တဲ့ အလှူဖြစ်ပါတယ်တဲ့။
ဘုန်းကြီးအနေနဲ့ ဒီမှတ်စုလေးနဲ့ အစဖော်ပေးလိုက်ပါတယ်။ ပညာ ရှိပုဂ္ဂိုလ်မြတ်တွေ ဆက်လက်ပြီး သုတေသနပြုပါကုန်။
---
၁၃၉။ ဝက်ဘလောက် ကုန်းကောက်လို့ မကုန်
ဇန်နဝါရီ ၁၃၊၂၀၁၀။
---
ဆရာတော်အရှင်သူမြတ်ဘုရား၊
ယခုတလော အင်တာနက်စာမျက်နှာများတွင် တရားဓမ္မနှင့်ပတ်သက် ပြီး ဝက်ဘ်ဆိုက်နှင့် ဘလော့ဂ် တော်တော်များများ တွေ့မိပါသည်။ တော်တော်များများမှာ အလကားရ (ငွေမကုန်)သော ဝက်ဘ်ဆိုက်များ ဖြစ်ပါသည်။ ဓမ္မဥပဒေ၊ တရားဓမ္မကို ဆန်းစစ်တိုင်းတာခြင်း စသော အမည်နာမဆန်းများဖြင့် တစ်ဦးကို တစ်ဦး လက်လွတ်စပယ်ပြောဆိုနေ သည်ကို ဖတ်ရှုရပါသည်ဘုရား။ တပည့်တော်သိလိုသည်မှာ
- တရားဓမ္မများကိုမည်သို့တိုင်းတာနိုင်ပါသလဲဘုရား၊
- သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တရားဓမ္မကိုစော်ကားမိလျှင် မည်သို့အပြစ်ရနိုင်ပါသနည်းဘုရား၊
- ဓမ္မကိုစည်းမဲ့ ကမ်းမဲ့ လိုရာဆွဲလက်လွတ်စပယ် အသုံးပြုသူများအား ရှင်တော်မြတ်ဘုရားက မည်သို့ဆုံးမတော်မူပါသနည်း ဘုရား။ တပည့်တော်သည် လူတစ်ဦးစီ၏ လွတ်လပ်စွာ ရေးသားခွင့်ကို အကြွင်းမဲ့ ထောက်ခံပါသော်လည်း ဗုဒ္ဓဓမ္မကို ယင်းသို့ လက်လွတ် စပယ်ရေးသားသည်ကို မရှုစိမ့်နိုင်ပါ။
ကရုဏာရှေ့ထားပြီးရှင်းပြပေးတော်မူပါ အရှင်ဘုရား။ ရိုသေလျက်ကိုဝင်းမင်း
---
ထင်ပေါ်လိုခြင်း ရောဂါ
ပုထုဇဉ်မှန်ရင် သူသူ ကိုယ်ကိုယ် ရူးသွပ်တဲ့ ရောဂါတစ်မျိုး ရှိတတ်ပါတယ်။ နည်းနည်း ရူးတာနဲ့ များများ ရူးတာပဲ ကွာမှာပါ။ အနောက်တိုင်း စာရေးဆရာတစ်ယောက်က လူဟာ စိတ်ထင်တိုင်း အထင်ကြီး ခွင့် ရပြီဆိုရင် အဲဒီလူဟာ ရူးသွပ်သွားတော့တာပဲလို့ ရေးဖူးပါတယ်။ ရူးခြင်းအစ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းကပါပဲ။ လူအထင်ကြီးခံရဖို့ ကြိုးစားရင်း ရူးရင် ရူး မရူးရင် ကိုယ့်ကိုယ် သတ်သေတဲ့ သာဓကတွေ ကိုလည်း ကြားဖူးကြမှာပါ။
တစ်ခါမှာတပည့်ကျော် ခရစ်စ်နဲ့ တောင်တက်သွားတော့ချောက်နက် တစ်ခုနားကို ရောက်ခိုက် နာမည်ကြီးအောင် ဘာလုပ်မလဲလို့ သူမေးဖူးတာကို သတိရလို့ ဘုန်းကြီးက ‘ဟေ့ ခရစ်စ်၊ ကားကို ခဏ ရပ်ကွာ’ဆိုပြီးကားပေါ်က ဆင်းပြီးနောက် မင်းနာမည်ကြီးချင်သလား လို့ မေးလိုက်တယ်။ သူကအားတက်သရောနဲ့ ‘Of course ’တဲ့။ ‘ဒါဖြင့် ဟောဒီချောက်ထဲသာ ဒိုင်ဗင်ထိုးချလိုက်ကိုယ့်လူရေ။ မင်း မနက်ဖြန် စီအင်နင်မှာ ပါမှာပဲ’လို့ ဘုန်းကြီးက ခပ်တည်တည် ပြောတော့ ခရစ်စ် အူတက်မတတ်ရယ်ပါတယ်။
ထင်ပေါ်ချင်တာဟာ လူ့သဘာဝပဲဖြစ်လို့ အပြစ်တင်စရာလို့ တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် မိမိသူတစ်ပါးနှစ်ဦးသားကို မထိခိုက်ဘဲရိုး သားပြီး စေတနာမှန်တော့ ရှိသင့်ပါတယ်။
ကောင်းတဲ့ လက္ခဏာ
အင်တာနက်မှာ အခမဲ့ ဘလောက်တွေ ဝက်ဘ်ဆိုဒ်တွေ ဖန်တီးပြီး မြန်မာလို စာရေးခွင့် ရလာတာဟာ မြန်မာစာပေ တိုးတက်ဖို့ အထောက်အပံ့ ပြုနိုင်လို့ ကောင်းပါတယ်။ စာဖတ်သူတွေက ကိုယ့်ဟာ ကိုယ် စဉ်းစားပြီး ရွေးချယ် ဖတ်ရှုကြဖို့ပါပဲ။ အမည်နာမက အဓိက မဟုတ်ပါဘူး။ သူ့ဟာသူ ခေါ်ချင်ရာ ခေါ်ပေါ့။ သူ့စာကို ဖတ်ပြီး အမှား အမှန်ကိုသိနိုင်ဖို့ ကိုယ့်မှာ ဆင်ခြင်တုံတရား ရှိဖို့ပဲလိုပါတယ်။
ဒါပေမယ့် လွတ်လပ်ပြီဆိုပြီး လမ်းပေါ်မှာ ဆေးခြောက် လှန်းသလို မသမာတဲ့ နည်းနဲ့ ကိုယ့်ဘလောက် ကိုယ့်ဝက်ဆိုဒ်ကို လူလာအောင် လုပ်တာကိုတော့ အားမပေးပါဘူး။
ဗုဒ္ဓဘာသာကိုသာ မဟုတ်ပါဘူး။ ဘာသာအားလုံးရဲ့ အားနည်း ချက်တွေကို ထောက်ပြပြီး ဟုတ်တာရော မဟုတ်တာပါ ရောသမမွှေ ထားတာတွေ အင်္ဂလိပ်ဘာသာနဲ့ အများကြီး ရှိပါတယ်။ ဗုဒ္ဓဘာသာကို ရှုတ်ချတဲ့ ဝက်ဘ်ဆိုဒ် ရာနှုန်းကတောင် နည်းချင် နည်းနေအုံးမှာ။ မေးခွန်းရှင် ပြောသလို ခုတော့ မြန်မာလိုလည်း အဲဒီလို ဘလောက်မျိုး ရှိလာပြီပေါ့။ ရှိနိုင်ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်နှလုံးသားမှာ ထည့် ထားရမှာက လောကမှာ စိန်ရွှေတို့ရဲ့ တန်ဖိုးကို မသိသူတွေ အများ ကြီးရှိသလို လေ့လာဆည်းပူးထားတဲ့ အသိပညာနဲ့ သိမြင်နားလည်ပြီး တန်းဖိုးဖြတ်တတ်သူတွေလည်းအများကြီးပါပဲလို့။
၁။ ဘယ်လို တိုင်းတာမလဲ
Sam Harris ရေးတဲ့ The End of Faith ဆိုတဲ့ စာအုပ်ကလေးကိုဖတ် မိပါတယ်။ ကမ္ဘာလောကကို ဖန်ဆင်းသူတန်ခိုးရှင်ရဲ့ ရက်စက်ပုံတွေနဲ့ ဖန်းဆင်းရှင်ကို ဖန်ဆင်းသူဟာ လူမျိုးရေး နိုင်ငံရေး ပြင်းထန်တဲ့ လူ တွေပဲ ဖြစ်တယ် ဆိုတာကို ကျမ်းစာထဲက စာပိုဒ်တွေကို အတိအကျ ကိုးကားပြီး ကြောင်းကျိုးပြ ဝေဖန်တဲ့ စာအုပ်ပါ။ စာအုပ်မှာ ညစ်ညမ်း စွာ ဆဲဆိုတာ အသားလွတ်ကြီး စွပ်စွဲတာတွေ မပါဘူး။ ဒါကြောင့် သူများရဲ့ယုံကြည်မှုကို ရဲရဲတောက်ဝေဖန်တဲ့ စာအုပ်ပင်ဖြစ်ပေမယ့် လွတ်လပ် အတွေးရှိကြတဲ့ ပညာရှင်တွေ စာရေးဆရာတွေက ကောင်း ချီးပေးကြတဲ့ အတွက် The New York Times Best Seller ဖြစ်သွားတဲ့ပြင်၂၀၀၅ခုနှစ်မှာ PEN ဆုရစာအုပ်ဖြစ်သွားခဲ့ပါတယ်။
တရားဓမ္မကို တိုင်းတာဖို့ ကိုယ်တိုင်မှာ လွတ်လပ်အတွေး ရှိဖို့နဲ့ တိုင်းတာမယ့်အရည်အချင်း လိုပါတယ်။ စာတစ်အုပ်တည်းကိုဖတ်ပြီး ဓမ္မအရည်အချင်းကို တိုင်းတာရင် မမှန်နိုင်ဘူး။ ရေးသူရဲ့ ဖော်ပြချက်ဟာ မူရင်းကျမ်းဂန် ဖော်ပြချက်အတိုင်း ဟုတ်ရဲ့လား သူ့ရင် ထဲက ခံစားချက်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုတာလားလို့ ဆန်းစစ်ရတယ်။ ကိုယ် ဉာဏ်မမီရင် အမှန်တကယ် တတ်သိသူတွေကို မေးမြန်းပြီး အမှန်ကို နားလည်အောင် လုပ်ရတယ်။ ပညာရှိယောင် ဆောင်ပြီး ရမ်းဖြီးတာ တွေလောက်နဲ့ မကျေနပ်သင့်ဘူး။
၂။ အပြစ်ရှိသလား
ညအခါ မစင်ကို ခိုးစားတဲ့ ဆရာ ဇမ္ဗုကတောင် မြတ်ဗုဒ္ဓနဲ့ မတွေ့ခင် သူ့ကိုယ်သူ ဘုရားအမည်ခံခဲ့တာပဲ။ မသိနားမလည်သူတွေက မြှောက် စားလို့ ကိုယ့်ဟာကိုယ် မြောက်တက်လာပြီး အမှန်တကယ် မသိ နားမလည်ဘဲ သိယောင်ဆောင်ပြီး ရေးရင် ပြောရင် တကယ်သိတဲ့ ပညာရှိတွေက ထောက်ပြတဲ့ အခါ ဇမ္ဗုကလို အရှက်ရမှာပေါ့။
ကံရဲ့အကျိုးကို မယုံကြည်လို့ မိုက်ရိုင်း ဝေါဟာရတွေနဲ့ ရေးသား ပြောဆိုသူတွေရဲ့ကံ (သူ့လုပ်ရပ်)အတွက် တမလွန်ကျိုးကို မပြလိုပါဘူး။ ဒါပေမယ့် သားကို လူသေလူဖြစ် တရားဟောတဲ့ လူတစ်ယောက်ကို တော့ တွေ့ဖူးတယ်။ အဲဒီသား ဆယ်တန်းနှစ်မှာ မူးယစ်ဆေးစွဲတယ်။ အိမ်ဂရမ်ကို ခိုးပြီး အိမ်ကို ပေါင်တယ်။ သူ့အဖေကို ယောက်ဖလို့ ခေါ်တယ်။ သူ့အမေ မျက်မပြင်ကို မအေနှမနဲ့ ဆဲဆိုတယ်။ လက်တွေ့ အကျိုးကတော့ အဲဒီလိုလူလုံးမလှ ဖြစ်ခွင့်ရှိတာပါပဲ။
နောက်တစ်ချက်က သူ့ကို မဟုတ်မဟတ် ရေးသားပြောဆိုပြီဆိုမှ ဖြင့် ကိုယ် ပြင်းထန်သလောက် အတိုင်းအတာနဲ့ သက်ရောက်လာမယ့် သူ့ရဲ့တုံ့ပြန်မှုကိုပြန်ရမှာပဲ။ ဝေဖန်သူဟာ အဲဒီတန်ပြန်သက်ရောက် မှုကို ခံယူဖို့ သတ္တိစွမ်းအင် မွေးထားရလိမ့်မယ်။ ဒါက လောကပြစ်ပါ။ သံသရာပြစ် အနေနဲ့တော့ ကိုယ် စိတ်ထားယုတ်ရင် ယုတ်သလောက် အကျိုးပေးဆိုးမှာပါ။
၃။ မြတ်ဗုဒ္ဓ ဘယ်လို ဆုံးမ
‘ဓမ္မကို အဓမ္မလို့ ပြတဲ့ ပုဂ္ဂိုလ်တွေဟာ လူအများရဲ့ အကျိုးမဲ့အောင် စိတ်နှလုံး မငြိမ်းချမ်းအောင် လုပ်ရာရောက်တယ်။ ဒီပုဂ္ဂိုလ်ဟာ မိမိရဲ့ နှလုံးသားထဲမှာလည်း စိတ်ပုပ် စိတ်ယုတ်တွေကို အများကြီး သို လှောင်ထားရတယ် (အံ၊၁၊၇၀)’။ ‘ချစ်၊ ကြောက်၊ မုန်း၊ မသိ ဆိုတဲ့ နှလုံးသား အကျည်းတန်မှု လေးမျိုးကြောင့် ဓမ္မကို ပုတ်ခတ်သူရဲ့ အသိုင်းအဝိုင်းဟာ တဖြည်းဖြည်း ဆုတ်လလို ပျက်စီးသွားတယ် (ဒီ၊၃၊၁၄၇)’လို့ မြတ်ဗုဒ္ဓဆုံးမပါတယ်။
‘တေ အဓမ္မံ ပုရက္ခတွာ အပါယေသု နိဗ္ဗတ္တန္တိ = အဓမ္မနဲ့ နေရင် တော့တစ်နေ့ဆင်းရဲနဲ့ ဧကန် ကြုံမှာပါပဲ (ဒီ၊ဋ္ဌ၊၃၊၁၅၀)’။ ဗုဒ္ဓလက် ထက်က လူ့ဆံပင်ကို ဝတ်ရုံလုပ်ပြီး ဝတ်တဲ့ အဇိတခေါ်တဲ့ ဆရာကြီး က ‘အလှူဒါနဆိုတာ လူမိုက်တွေရဲ့ အလုပ်ပါပဲ’လို့ မိုက်မဲမဲ ဟောပြော ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ မြေစောင့်လူယုတ် ဝဋ်ငုတ်လူမိုက်လို့ ခေါ်ပါတယ်၊ ဘဝသံသရာက လွတ်မြောက်ဖို့ အလွန့်အလွန် ကွာလှမ်းတယ် (ဒီ၊ဋ္ဌ၊၁၊၁၅၀)’။ ‘ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့ ကြောင်းကျိုး မြင်သိ ပညာရှိသူမှန်ရင် အဲဒီလို လူယုတ်မျိုးကို အဆိပ်ပြင်းတဲ့ မြီးလှုပ် မြွေပွေး (Rattler Snake)လို သဘောထားပြီး အဝေးကပင် ရှောင်ကြဉ် ပါလေ (ဒီ၊ဋ္ဌ၊၁၊၁၅၀)’လို့ အရှင်မဟာဗုဒ္ဓဃောကဆုံးမပါတယ်။
မန်လည်ဆရာတော်ကတော့ အဲဒီလူမျိုးတွေဟာ ဘုရားတစ်သိန်း လောက် ဟောလို့ တောင်မကျွတ်နိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။
မသိလျှင် တွယ်သိလျှင် ပြယ်သည်။ တွယ်လျှင် ဘေးပြယ်လျှင် အေးသည်။
---
၁၄၀။ မဇ္ဇိမပဋိပဒါနဲ့ပဲ နေပါ
ဇန်နဝါရီ ၃၀၊၂၀၁၀။
---
ရိုသေစွာမေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
သေစေလိုစိတ် မရှိဘဲ သတ်ဖြတ်လျှင် ကံမြောက်ပါသလား။ စိုက်ပျိုး ရေးခြံမှာ ပိုးသတ်ဆေး ဖြန်းလျှင် အပြစ် ဖြစ်ပါသလား။ အိမ်ကို ညစ် ပတ်စေသည့် ကြွက်သိုက်ကို ဖျက်လျှင် ဝဋ်လည်နိုင်သလား။ မိမိ အသက် ရှင်သန်နိုင်ရေးအတွက် သေစေလိုစိတ် မရှိဘဲ သူ့အသက်ကို သတ်လျှင် ကံမြောက်သလား။ နေမကောင်း၍ ဆေးသောက်လျှင် ပိုးမွှားများသေသောကြောင့် ကံမြောက်ပါသလား။
သန်းဇော်စိုး
---
ဒီလို အရင် နားလည်ထား
ပါဏာတိပါက သိက္ခာပုဒ်နဲ့ ပတ်သက်ပြီး သံသယရှင်းဖို့ဆိုရင် ဒါလေး တွေကိုအရင် ဆုံးဦးဏှောက်ထဲမှာထည့်လိုက်ပါ
(၁) သတ် (သေစေ) လိုတဲ့ စိတ်ရှိမှ ကံမြောက်တယ်။ ညအိပ်နေတုန်း ကျောအောက် အခင်းပေါ်က ကြမ်းပိုးကို ကြမ်းပိုးမှန်းသိလို့ ညှစ်သတ် လိုက်ရင် ကံမြောက်တယ်။ မိမိဝယ်လာတဲ့ ဒံပေါက်ထမင်းမှာ အဆိပ် သင့်နေမှန်း မသိဘဲ အခြားတစ် ယောက်ကို ကျွေးမိလို့ စားသုံးမိသူ သေဆုံးရင် စိတ်ကောင်းနှင့် ကျွေးခဲ့သူဟာ (သေသူရဲ့ မိဘဆွေမျိုးတွေ မျက်မုန်းကျိုးတာ၊ တရားစွဲခံရတာ စတဲ့ လောကပြစ် ရှိနိုင်ပေမယ့်) ပါဏာတိပါတကံ မမြောက်ဘူး။
(၂) အသက်ရှိနေမှန်းသိမှ ကံမြောက်တယ်။ လမ်းပေါ်က ပိုးကောင်ကို သစ်ရွက်ခြောက် အထင်နှင့် နင်းလိုက်မိလို့ ပိုးကောင် သေသွားရင် သက်ရှိမှန်း မသိခဲ့လို့ ကံမမြောက်ဘူး။ ပစ်လိုက်တာက သစ်သီးပဲ၊ ဒါ ပေမယ့် သားကောင်ကို သွားထိလို့ သားကောင် သေရင် ကံမမြောက်ဘူး။ သားကောင်ကို ပစ်ခဲ့တာမှ မဟုတ်ဘဲ။
(၃) သေအောင်လုံ့လပြုမှ ကံမြောက်တယ်။ လက်နဲ့ ကိုင်ပေါက်အမြင့် က တွန်းချ သို့မဟုတ် ကိုင်ထားတဲ့ တုတ်နဲ့ ရိုက် ဓားနဲ့ ခုတ် လှံနဲ့ ထိုး လေးမြား သေနတ်နဲ့ ပစ်ပြီး သတ်တာ၊ အခြားတစ်ယောက်ကို သတ် ခိုင်းတာ (စေခိုင်းရာမှာ ပုဂ္ဂိုလ်အချိန် နေရာ လက်နက်စသည်ကို အတိအကျ ခိုင်းရင်တော့ ခိုင်းတဲ့ အတိုင်း မဟုတ်ရင် ခိုင်းသူ ကံမမြောက်ဘူး)၊ ရေတွင်းရေကန် စသည်မှာ အဆိပ်ခပ်ပြီး သတ်တာတွေဟာ ကံမြောက်တယ်။
(၄) သတ်ခံရတဲ့ သတ္တဝါသေမှသာ ကံမြောက်တယ်။
ပိုးသတ်ဆေး ဖြန်းရင်
စိုက်ခင်းတစ်ခုကို ပိုးသတ်ဆေး ဖြန်းခိုက်မှာ သစ်ရွက်စားပိုးကို မြင်တယ်ဆိုပါစို့။ သက်ရှိမှန်းသိတယ်၊ အသက်ရှင်ဆဲလို့လည်း သိတယ်၊ ပြီးတော့ စိုက်ခင်းက အရွက်တွေ ပေါက်ပြဲနေတာ ဒီကောင်ကြောင့်၊ သေပေတော့ဆိုပြီး ဆေးကို ဖြန်းချလိုက်တယ်၊ ခဏကြာတော့ ပိုး ကောင် သေတယ်။ ပါဏာတိပါတ သိက္ခာပုဒ် ကျိုးပါပြီ။ ပိုးကောင် မတွေ့ဘူး၊ ဆေးဖြန်းထားလိုက်တယ်။ ပိုးကောင်က လာစားတယ်။ သေတယ်၊ ကံမြောက်တယ်။
ဆေးဖြန်းပြီ ဆိုကတည်းက သေစေလိုတဲ့ စေတနာ မရှိပါဘူးလို့ ငြင်းလို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ပါဏာတိပါတ သိက္ခာပုဒ်ကို အတိ အကျ လိုက်နာမယ် ဆိုရင်တော့ စိုက်ခင်းကို ပိုးသတ်ဆေး ဖြန်းရတဲ့ အလုပ်လို ဟာမျိုးတွေကတော့ စဉ်းစားစရာပါပဲ။
ကြွက်သိုက်ကို ဖျက်ရင်
ကြွက်ပေါက်လေးတွေနဲ့ အသက်ဝင် လှုပ်ရှားဆဲ ကြွက်သိုက်ဆိုရင် ဗုဒ္ဓဝါဒအရ ဝဋ်လည်မှာ သေချာပါတယ်။ အင်ဂျင်နီယာ တစ်ယောက် ပြောပြဖူးတယ်။ မြန်မာပြည်တုန်းက သူ့အိမ်ကို ခြကိုဝင်တော့ ဆေး ဖြန်းလို့ မနိုင်တော့ဘူး။ ဒါနဲ့ ခြရှင်းနည်း စာအုပ်ကိုရှာဖတ်ရာမှာ ခြံဝင်း ထဲက ခြဘုရင် မရှိတဲ့ ခြတောင်ပို့ကို သိသွားတယ်။ အဲဒီ ခြတောင်ပို့ကို အနက်နှစ်တောင်၊ အရှည် တစ်လံလောက် တူးလိုက်တော့ ဖီးကြမ်း ငှက်ပျောသီး လောက်ရှိတဲ့ ရွှံ့တုံးတစ်ခု ရတယ်။ ဒီရွှံ့တုံးရဲ့ တစ်ဖက် စွန်းမှာ အပေါက်ရှိပြီး အဲဒီအပေါက်ကနေ ခြကောင်ပေါက်တွေ စက္ကန် မလပ် ထွက်နေကြတာ လေယာဉ်ပျံအမြီးက အင်ဂျင်မီးခိုး ထွက်နေ သလိုပဲတဲ့။ မိနစ်ပိုင်းအတွင်း မြေပေါ်မှာ ခြတွေအများကြီး ဖြစ်ကုန်တယ်။ အဲဒီ ရွှံ့တုံးကို ဝါးခြမ်းပြားနဲ့ တဖြည်းဖြည်း ခြစ်ခြစ်သွားတော့ နောက်ဆုံး အရှည်သုံးလက်မ လောက်ရှိတဲ့ လက်မလုံးသာသာ ပျော့ စိစိနဲ့ လိမ်တွန့်လိမ်တွန့် ဖြစ်နေတဲ့ ခြဘုရင်မကို တွေ့သတဲ့။ အပြင်က အပူရှိန်နဲ့ မကြာခင်ပဲ ခြဘုရင်မလည်းသေ၊ ခြကောင်ပေါက် အမျှင်လည်း ပြတ်သတဲ့။ အဲဒီအချိန်ကစပြီး အိမ်မှာ ခြအစအန လုံးဝ မတွေ့ ရတော့ပေမယ့် ခြအိမ်ကိုဖျက်ဆီးမိတာအတွက် ရက်အတန်ကြာစိတ် မကောင်းဖြစ်နေမိသတဲ့။
ဒါနဲ့ တစ်လလောက် အကြာမှာ တိုက်ဆိုင်မှု ပြဿနာတစ်ခုနဲ့ ကြုံ ရတယ်။ သူ့အိမ်နဲ့ ခြံ (တန်ဖိုးသိန်းတစ်ထောင်မက)ကို နာရီပိုင်း ရက် ပိုင်းအတွင်း ဆုံးရှုံးလိုက်ရသတဲ့။ ကံရဲ့အကျိုးပေးကို ယုံကြည်တဲ့ အဲဒီ အင်ဂျင်နီယာကတော့ ခြဘုရင်မကို အစီအစဉ်တကျ ရှင်းပစ်လို့ ခိုက် တာလို့ တစ်ထစ်ချ ယုံကြည်နေကြောင်းပါ။ သက်ရောက်မှုရှိရင် အဲဒီရဲ့ တန်ပြန်သက်ရောက်မှု တစ်ခုမရှိနိုင်ဘူးလား။
အတ္တနဲ့ ပရ
ဝက်ကိုသင့်အစာအတွက် သတ်တာမျှတတယ်ဆိုရင် .. သင့်ကလေးကို ကျားမင်းက ဗိုက်ဆာလို့ ငါစားလိုက်ရတယ်လို့ ပြောလာရင် ကျား မင်းကို စိတ်မဆိုးပါလေနဲ့။ ဗုဒ္ဓဝါဒအရ မည်သည့် အကြောင်းကြောင့်နဲ့ မျှ အခြားသက်ရှိရဲ့ အသက်ကို သတ်ဖို့အခွင့်အရေး အခြား မည်သူတစ် ယောက်မှာမှ မရှိပါဘူး။ သင့်ကိုသင် သေဖို့ ကြောက်တယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ပြေးနေတဲ့ ပုရွက်ဆိတ်ကလေးလည်း သင့်လိုပါပဲ လားလို့ စဉ်းစားနိုင်ရင် အတ္တနဲ့ ပရမျှတကြောင်းပါ။
ဆေးသောက်ရင်
ဒေဝဒတ်လုပ်ကြံလို့ ခြေမတော်မှာပြည်တည်တာကို ဆေးဆရာကြီး ဇီဝကရဲ့ ခွဲစိတ်ကုသမှုကို ဗုဒ္ဓ ခံယူခဲ့ပါတယ်။ ဘာကြောင့်ဆို ပြည်ထဲက မမြင်နိုင်တဲ့ အရာကို သက်ရှိအနေနဲ့ ယူဆတော် မမူလို့ ပါပဲ။ ဒါကြောင့် လူကို မကျန်းမာအောင်ဒုက္ခပေးတဲ့ ကိုယ်တွင်းမှာရှိနေတဲ့ ပိုးလို့ သုံး နှုန်းခေါ်ဝေါ်တဲ့ အရာတွေကို သတ္တဝါ သက်ရှိအနေနဲ့ မယူဆဘဲ ဇီဝ အခြေခံရှိတဲ့ ဆဲလ်အစိတ်အပိုင်း တစ်ခုအနေနဲ့ ပဲ ယူဆသင့်ပါတယ်။
သိပ်ပြီး အတွေး ချဲ့လွန်းရင် ကျင်ကြီး ကျင်ငယ်ကိုတောင် လွတ် လွတ်လပ်လပ် စွန့်နိုင်မှာ မဟုတ်ဘူး။ ဗုဒ္ဓနဲ့ ခေတ်ပြိုင် တိတ္ထိဆရာကြီး အချို့ဟာ ရေထဲကပိုးတွေ သေမှာစိုးလို့ ရေးနွေးမရှိရင် အိမ်သာတက် ပြီးတောင် ရေမသုံးဘဲနေသတဲ့။ ဒါဆိုရင် မလွန်လွန်းဘူးလား။ အစွန်း မရောက်ဘဲ ဆင်ခြင်တုံတရားနဲ့ နေဖို့ကိုသာ ဗုဒ္ဓဓမ္မက ညွှန်ကြားပါတယ်။ ဒါကြောင့်ဘုရားကြိုက်တဲ့ မဇ္ဈိမပဋိဒါနဲ့ ပဲနေလိုက်ပါ။
၁၄၁။ ကမ္ဘာကြီး ပျက်စီးလုနီးပြီလော
ဖေဖော်ဝါရီ ၉၊၂၀၁၀။
---
ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊
၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မည်ဟု သူသူငါငါ ပြောဆိုနေတာကို ကြားနေရပါသည်။ တပည့်တော်သည် ဗုဒ္ဓဘာသာဝင် ဖြစ်သဖြင့် ထိုကိစ္စကို မယုံကြည်ပါ။ တစ်ချိန်တည်းတွင် ၂၀၁၂ မှာ ကမ္ဘာအရပ်ရပ်မှာ ဆိုးဝါးကြီးမားသည့် သဘာဝဘေးအန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့နိုင်သည်ဟုလည်း စိတ်ထဲမှာ အလိုအလို စွဲထင်နေပါသည် အရှင်ဘုရား။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆရာတော်၏ ထင်မြင်ချက်နှင့် ဩဝါဒကို သိလိုပါသည် အရှင်ဘုရား။
ဦးတင်လျက်
သူရနိုင် (Capital 8 Trading C, Ltd, Myanmar)
---
သိပ္ပံ နက္ခတ်
နှစ်ပေါင်း သိန်းချီကြာပြီးမှ တစ်ကြိမ်လောက် ဖြစ်လေ့ရှိတဲ့ ဘုန်းကြီးတို့ရဲ့ နေစကြဝဠာ (မြင်နေရတဲ့ နေအပါအဝင် ဂြိုဟ်ကိုးလုံး)ဟာ လာမယ့် ၂၀၁၂ မှာ မဟာဂေလက်ဆီရဲ့ အလယ်ကို ရောက်သွားမယ်လို့ သိပ္ပံဆရာတွေက ခန့်မှန်းနေကြပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ...
(၁) နေရဲ့ ရောင်ခြည် ပေါက်ကွဲမှုဟာ ပုံမှန်ထက် အရှိန်ပိုမြင့်ပြီး အနီးအနားက နေထက် အဆပေါင်း များစွာငယ်တဲ့ ကမ္ဘာလို ဂြိုဟ်ငယ်တွေကို သက်ရောက်မှုဖြစ်စေ နိုင်တယ်။
(၂) ၂၀၁၂ မှာပဲ နေနဲ့ ကမ္ဘာအကြားမှာ ဂြိုဟ်လေးလုံး တစ်တန်းတည်း ကျရောက်မှာ ဖြစ်လို့ ကမ္ဘာ့ဆွဲငင်အား ပြောင်းလဲနိုင်တဲ့ အတွက် ကမ္ဘာ့ဝင်ရိုး အနေအထား ပြောင်းသွားနိုင်တယ်။ ဆိုပါတော့ တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်း ဖြစ်သွားနိုင်တယ်။ အဓိပ္ပာယ်က ကမ္ဘာကြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားမယ်ပေါ့။ အိုင်စတိုင်းရဲ့ သီအိုရီတစ်ခုအရ အလာစကာပြည်နယ်ဟာ တစ်ချိန်က အီကွေတာဖြစ်ခဲ့ဖူးသတဲ့။
တောင်အမေရိက အလယ်ပိုင်းက နက္ခတ်ပညာ အဆင့်မြင်တယ်ဆိုတဲ့ မာယန်လူမျိုးတွေရဲ့ ပြက္ခဒိန်မှာ ၂၁ ရက်၊ ဒီဇင်ဘာ၊ ၂၀၁၂ ပဲရှိတာဟာ အဲဒီနောက် ဒီကမ္ဘာမြေ မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်သတဲ့။ တရုတ်လူမျိုးတွေ ရာစုနှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ကြတဲ့ ခေါင်းပန်းလှန်ဗေဒင်ကလည်း ၂၀၁၂ မှာ ကမ္ဘာပေါ်မှာ ကြီးမားဆိုးရွားတဲ့ ကပ်ဘေးတွေ ကျရောက်မယ်လို့ ဟောကြားပါသတဲ့။
ဘာသာရေး မဲဆွယ်မှု
ဘာသာရေး တီဗွီလိုင်းတစ်ခုမှာ ကမ္ဘာပျက်တော့မယ်ဆိုတဲ့ သက်သေသာဓကတွေကို အဲဒီလို အားရပါးရ ရှင်းပြပြီးနောက် ဟောပြောချက်ကို နိဂုံးချုပ်လိုက်ပုံက ‘မိတ်ဆွေ .. သင်ဘာလုပ်သင့်သလဲ။ ဘုရားသခင်ကို မမေ့ပါနဲ့။ အပြစ်ကို ခွင့်လွှတ်ဖို့ ဖဘုရားကို တောင်းပန်ပါ၊ ပြီးရင် ဆုတော် ပေးသနားဖို့လည်း ဆုတောင်းလိုက်ပါ’တဲ့။ Y2K တုန်းကလည်း သက္ကရာဇ် ၂၀၀၀ ပြည့်မှာ ကမ္ဘာပျက်မယ်လို့ ဟောပြောပြီး အဲဒီလို ဘာသာရေးဆွယ်တရား ဟောပြောမှုတွေ ရှိခဲ့ဖူးတယ်။
ပြီးခဲ့တဲ့ စနေနံနက်က ကင်းမျှော်စင် အုပ်စုတွေ တံခါးလာခေါက်တော့ သူတို့မှန်း သိတာနဲ့ ဒီကိစ္စကို သတိရလို့ အပြင်ထွက်တွေ့တော့ အလွန်စိုးရိမ်နေတဲ့ လေသံနဲ့ သူတို့ ပြောပုံက ‘ရှေ့တစ်ပတ် အင်္ဂါညမှာ ဒီအနားမှာ (လိ်ပ်စာပေးပါတယ်) ဆွေးနွေးပွဲရှိတယ်၊ လာဖြစ်အောင် လာပါ၊ နောက်တစ်နှစ်ကြာရင် ကမ္ဘာကြီးပျက်စီးတော့မယ်၊ အချိန်မရှိတော့ဘူး၊ တစ်နှစ်ဆိုတာ တိုလွန်းတယ်၊ ဘုရားသခင်နဲ့ တွေ့ဖို့ အချိန်မဆွဲပါနဲ့၊ လာဖြစ်အောင်လာပါ’တဲ့။
အဲဒီလို ဘာသာရေး အစွန်းရောက်တွေရဲ့ ပုံကြီးချဲ့ဟောပြောရေးသားမှုတွေကြောင့် မကြာခင် ကမ္ဘာပျက်မယ်လို့ အပြောများလာတာ ဖြစ်နိုင်တယ်။ မပူပါနဲ့ ... အနန္တမေတ္တာရှင်ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့ သတ္တဝါတွေရဲ့ ဖခမည်းတော်ဖြစ်လို့ သူ့ကို ကျောခိုင်းနေကြတဲ့ ဘုန်းကြီးတို့လို အမိုက်ကလေးတွေကို မိဘမေတ္တာနဲ့ ခွင့်လွှတ်ပြီး ချမ်းသာပေးပါလိမ့်မယ်။ တွန်တီးတွဲလ် ရုပ်ရှင်ကားကတော့ အရောင်းရဆုံး စံချိန်ဝင်သွားလို့ ၂၀၁၂ ကမ္ဘာပျက်အဆိုကြောင့် ထောတဲ့ လူတွေလည်း ထောကုန်ပြီ။ သူဌေးဖြစ်သွားတဲ့ အဲဒီရုပ်ရှင်ကား ထုတ်လုပ်သူတွေဟာ နောက်တစ်နှစ်ဆိုရင် ကမ္ဘာပျက်မယ့်အတူတူ ဒီအမြတ်ငွေတွေ ဘာလုပ်အုံးမှာလဲဆိုပြီး ဆင်းရဲတဲ့ နိုင်ငံက လူတွေကို ပေးပစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ ဘုန်းကြီးစဉ်းစားနေမိတယ်။
မဖြစ်နိုင်ပါဘူး
ဂျာနယ်ကျော် ဦးချစ်မောင်က ဒုတိယကမ္ဘာစစ် မဖြစ်မီက စာတစ်အုပ် ရေးခဲ့ပါတယ် ‘ကမ္ဘာကြီးပျက်စီးလုနီးပြီလော’တဲ့။ ရေးသူဟာ သတင်းစာဆရာ ဖြစ်တဲ့ အတိုင်း လက်တွေ့ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အုပ်စုဖွဲ့စစ်ရေးပြင်ဆင်မှုတွေ၊ အုပ်စုတစ်စုနဲ့ တစ်စုရဲ့ တင်းမာမှုတွေ၊ လတ်တလောဖြစ်ပျက်မှုတွေကို ကြည့်ပြီး ဒုတိယကမ္ဘာစစ် ဖြစ်နိုင်ခြေကို ခန့်မှန်းတဲ့ စာအုပ်ပါ။ ခန့်မှန်းတဲ့အတိုင်း ဒါပေမယ့် .. တူးသောင်ဇင်တွဲလ် ခန့်မှန်းချက်ကတော့ အားလုံးဟာ ထင်ကြေးတွေချည်းပါပဲ။ သိပ္ပံအဆို မှန်ခဲ့ရင်တောင် ဖြစ်နိုင်ခြေရှိတာက ကမ္ဘာ့အချို့နေရာတွေမှာ နေကြာကြာ ကြတ်နိုင်တယ်။ မေးခွန်းရှင် သိနေသလို ငလျင်၊ မုန်တိုင်းနဲ့ ရေလွှမ်းမိုးမှုတွေလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝုန်းကနဲ့ တောင်နဲ့ မြောက် ဝင်ရိုးစွန်း ပြောင်းလဲပြီး ကမ္ဘာပျက်တဲ့ အထိတော့ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ မဖြစ်နိုင်းဘူးလို့ ပဲ ယုံကြည်ထားလိုက်ပါ။ ပျက်မယ်ဆိုရင် ယခုအချိန်ကတည်းက ကမ္ဘာပေါ်မှာ ဆိုးဆိုးရွားရွား အရိပ်အယောင်တွေ စတင်နေလောက်ပါပြီ။
မဂ္ဂင်ယာဉ်စီး
အင်း .. ကမ္ဘာပျက်တယ်ပဲထား၊ တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ကြုံရမှာမို့ တစ်ကိုယ်တည်း အကြောက်လွန်နေစရာ မလိုပါဘူး။ အများနဲ့ သေရမှာဖြစ်လို့ ပျော်စရာကြီးပါ။ ‘မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်’လို့ တောင်မြို့ဆရာတော်ကြီး မပျံလွန်ခင် ရက်ပိုင်းလောက်အလိုက ရေးခဲ့သလို ‘မဂ္ဂင်ကျင့်စဉ်’နဲ့ လာမယ့် ဘေးကို ပြေးတွေ့ဖို့ ပြင်ဆင်ထားပါလို့ ပဲ ဘုန်းကြီးလည်း (သူများကို အားကျလို့)ဆွယ်တရားဟောလိုက်ပါရစေ။ (စာမျက်နှာ၂၈၇ နဲ့ ၄၈၀မှာ ဖော်ပြထားတဲ့ အဖြေတွေကိုလည်းဖတ်ကြည့်စေချင်တယ်။)
ဧည့်သည်
---
အချို့..ရောက်တော့အောင့်ပြုံး၊ ပြန်တော့ကျိတ်ပြုံး။ အချို့..ရောက်တော့ပျော်ပြုံး၊ ပြန်တော့လွမ်းပြုံး။ ပျော်လွမ်းပြုံးစရစေရမည်ငါကဧည့်သည်ဆင်ခြင်မည်။
---
၁၄၂။ သာသနာ့လုံခြုံရေး
မေ ၁၊၂၀၁၀။
---
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
သာသနာ့ဘောင်သို့ ဝင်ခွင့်မရသူ ... သို့မဟုတ် ရဟန်းပြုခွင့် မရှိသူ ဘယ်နှစ်ယောက်ရှိသည်ကို သိလိုပါသည် အရှင်ဘုရား။ ၎င်းတို့ကို မြတ်စွာဘုရားက အဘယ်ကြောင့် ရဟန်းပြုခွင့် မပေးသည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။
Dr. အောင်လွင် နယူဇီးလန်
---
မခွဲခြားပေမယ့် စိစစ်ခြင်း
မြတ်ဗုဒ္ဓဟာ လူသားဇာတ် မှန်ရင် ဇာတ်နိမ့်ဇာတ်မြင့် ဆင်းရဲချမ်းသာ မရွေး ဘယ်သူ့ကိုမဆို ရဟန်းပြုခွင့် ပေးခဲ့ပါတယ်။ ရဟန်းပြုခွင့် ရဖို့ မင်းမျိုးဖြစ်ရမယ်၊ သူကြွယ်မျိုး ဘာလူမျိုး ဖြစ်ရမယ်စတဲ့ ကန့်သတ်ချက် မရှိဘူး။ အင်မတန် လွတ်လပ်ပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ အနေနဲ့တော့ စိစစ်ရွေးချယ်ဖို့ မိန့်တော်မူခဲ့ပါတယ်။ ဘာကြောင့်ဆို ရဟန်းဆိုတာ မြင့်မြတ်တဲ့ ကိုယ်ကျင့်သီလ ရှိတဲ့ အတွက် အများပြည်သူတွေရဲ့ လေးစားမြတ်နိုးခြင်းကို ခံရတယ်။ ဆွမ်းဦးပူဇော်တာ၊ လက်အုပ်ချီမိုးရှိခိုးတာတွေကိုလည်း ခံရတယ်။ အဲဒီလို အရိုအသေခံ ရှိခိုးခံ ပုဂ္ဂိုလ်တွေဖြစ်လို့ သင့်တင့်တဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပြည့်စုံမှု (ဥပဓိ သမ္ပတ္တိ)ရှိဖို့၊ သူတစ်ပါးအနှောင်အဖွဲ့က လွတ်မြာက်ဖို့ဟာ အရေးကြီးလို့ အဲဒီလို စိစစ်ခဲ့တာ ဖြစ်ပါတယ်။ ဝိနည်း မဟာဝဂ္ဂပါဠိတော်မှာ ပါရှိတဲ့ ရဟန်းပြုပေးခွင့်မရှိသူတွေရဲ့စာရင်းကိုဖော်ပြရရင် ...
ရဟန်းပြုခွင့် မရှိသူများ
‘နူနာ၊ ထွတ်မြင်းနာ၊ ယားနာ၊ ချောင်းဆိုး သွေးပါနာ၊ ရူးသွပ်နာဆိုတဲ့ အနာကြီးငါးမျိုးရှိသူ။ မင်းခစား၊ ကြွေးမြီရှိသူ၊ ကျွန်၊ အသက်နှစ်ဆယ် မပြည့်သူ၊ မိဘခွင့်မပြုသူ၊ လူမဟုတ်သူ၊ ယောကျား မစစ်သူ၊ ကိုယ်ပိုင်သပိတ်သင်္ကန်းမရှိသူ၊ ဥပဇ္ဈာယ်ဆရာမရှိသူတွေကို ရဟန်းပြုမပေးရ (ဝိ၊၃၊၁၀၁)’။
‘နိုင်ငံကျော်ခိုးသားဓားပြ၊ အချုပ်ပြေး (ထောင်ပြေး)၊ ဖမ်းမိန့် သတ်မိန့် ထုတ်ခံထားရသူ (ခေတ်စကားနဲ့ဆိုရင် ဥပဒေနဲ့ မလွတ်ကင်းသူ)၊ ကြိမ်ဒဏ် ထိထားသူတွေကိုလည်း ရဟန်းခံ မပေးကောင်းဘူး (ဝိ၊၃၊၁၀၅)။
ဖော်ပြပြီး ပုဂ္ဂိုလ်တွေကို ရဟန်းပြုပေးရင် ပြုပေးတဲ့ ရဟန်း အာပတ်သင့်တယ်။ အပြုခံ ပုဂ္ဂိုလ်တွေက ရဟန်းမဖြစ်ဘူး။ ရောဂါပျောက် သို့မဟုတ် ခွင့်ပြု သို့မဟုတ် ညီညွတ်တဲ့ အချိန်ကျမှ ရဟန်းပြုပေးကောင်းတယ်။ မသိလို့ ရဟန်းပြုခဲ့ရင် သိတဲ့အချိန်မှာ အလိုလို သာမဏေ ဖြစ်သွားလို့ သိမ်ဝင်ပြီး သိက္ခာ ပြန်တင်ရတယ်။ ယခင်ရခဲ့တဲ့ သိက္ခာ (ဝါ)ကိုပြန်မရေတွက်ရဘူး။
... မှတ်စုတို
မင်းခစားဆိုရာမှာ ‘မင်း (သို့မဟုတ် အာဏာပိုင်)က ခွင့်ပြုလျှင် ရဟန်းပြုပေးကောင်း၏ (ဝိ၊ဋ္ဌ၊၃၊၂၇၈)’ဆိုတဲ့ အဋ္ဌကထာ စကားအရ ယခုခေတ် လခစား အမှုထမ်းတွေ ခွင့်ယူထားတဲ့ အချိန်အတွင်း ရဟန်းခံပေးကောင်းတယ်လို့ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ကြီးက ဆုံးဖြတ်ပါတယ် (မဟာဝါမြန်မာပြန်၊ စာ-၁၇၆)။ ကြွေးမြီဆိုတာ မိဘ ဘိုးဘွားလက်ထက်ကပင် တင်ခဲ့တဲ့ ကြွေး၊ ကိုယ်တိုင်ချေးယူတဲ့ ကြွေးတွေ။ အဲဒီကြွေးကို ဆွေမျိုးသားချင်းကဖြစ်စေ၊ တစိမ်းကဖြစ်စေ၊ ဆပ်ပေးဖို့ တာဝန်ယူရင် ရဟန်းခံပေးကောင်းတယ်။ တာဝန်ယူသူ မရှိရင် ရှင်ရဟန်း ပြုပေးမယ့် ပုဂ္ဂိုလ်က မိမိရဲ့ ပစ္စည်းလေးပါး ဒါယကာကို အဲဒီအကြွေးကို ဆပ်ပေးဖို့ ပြောပေးရင်လည်း ခွင့်ပြုပါတယ်။ ကျွန်ဆိုရာမှာ လုံးဝ ကျွန်အဖြစ်မှ လွတ်ပြီးမှ ရဟန်းခံပေးကောင်းတယ် (ဝိ၊ဋ္ဌ၊၃၊၂၈၃)။ ဖမ်းမိန့် သတ်မိန့် ထုတ်ခံထားရသူတွေနဲ့ ကြိမ်ဒဏ်ထိထားသူတွေလည်း အမိန့်ကို ရုပ်သိမ်းပြီးရင်၊ ကြိမ်ဒဏ်ရာ ပျောက်ပြီးရင် ရဟန်းပြုပေးကောင်းတယ် (ယင်း၊၂၈၃)။
ဗုဒ္ဓသာသနာနဲ့ မထိုက်သူများ
‘ပဏ္ဍုက်၊ ဥဘတောဗျည်း၊ လိင်ခိုးထေရ်ခိုးသူ၊ တိတ္ထိဘောင်သို့ ဝင်ရောက်သွားသူ၊ တိရစ္ဆာန်၊ အမိသတ်သူ၊ အဖသတ်သူ၊ မြတ်စွာဘုရားအား သွေးစိမ်းတည်စေသူ၊ သံဃာသင်းခွဲသူ၊ ရဟန္တာသတ်သူ၊ ဘိက္ခုနီမကို မေထုန်မှီဝဲ၍ ဖျက်ဆီးသူ (ဝိ၊၃၊၁၁၉)’။
သူများ အင်္ဂါဇာတ်ကို စုပ်သူ၊ သူများ မေထုန်ကိစ္စကို ကြည့်ရရင် ကျေနပ်သူ၊ ဝှေးသင်းထားသူ၊ လဆန်း လဆုတ် တစ်ကြိမ်စီ ရာဂစိတ် ငြိမ်နေသူ၊ ကျားမမပီပြင်သူလို့ ပဏ္ဍုက်ငါးမျိုး။ ကျားမအင်္ဂါဇာတ် နှစ်မျိုးလုံးပါရင် ဥဘတောဗျည်း။ ကိုယ့်ဖာသာ သင်္ကန်းဝတ်ပြီး ရဟန်းတို့နဲ့ ပေါင်းသင်း ဆက်ဆံမှုကို ခိုးယူရင် လိင်ခိုး ထေရ်ခိုး။ ဒီအုပ်စုမှာ ပါသူတွေက ရှင်ရောရဟန်းပါ လုံးဝ ပြုခွင့်မရှိဘူး။ ရှင်ရဟန်း အသွင်ရှိနေရင် ဖျက်ဆီးရတယ်။ ခြွင်းချက်က ပဏ္ဍုက် ၅ မျိုးထဲမှာ ပထမ ၂ မျိုးကို ရဟန်းပြုပေးကောင်းတယ် (ဝိ၊ဋ္ဌ၊၃၊၂၉၇)။
ရှင်ပြုခွင့် မရှိသူများ
‘လက်ပြတ်သူ၊ ခြေပြတ်သူ၊ လက်ခြေနှစ်မျိုးလုံးပြတ်သူ၊ နားရွက်ပြတ်သူ၊ နှာခေါင်း ပြတ်သူ၊ နာရွက်နှာခေါင်း နှစ်မျိုးလုံး ပြတ်သူ၊ လက်ချောင်း ခြေချောင်း ပြတ်သူ၊ လက်မခြေမ ပြတ်သူ၊ ဖနောင့်ကြော စသော အကြောမကြီး ပြတ်သူ၊ လက်ချောင်း ခြေချောင်း ပြတ်သူ၊ ခါးကုန်းသူ၊ ပုကွသူ၊ လည်ပင်းကြီးသူ၊ သံပူဖြင့် တံဆိပ်ခတ်ခံရသူ၊ ကြိမ်ဒဏ်ရိုက်ခံရသူ၊ တွေ့ရာ၌ သတ်စေဟု ကြေညာခံရသူ၊ ခြေဆွံ့သူ၊ မြင်းသရိုက်နာ ရှိသူ၊ ပရိသတ်ကို ဖျက်ဆီးတတ်သူ၊ မျက်စိကန်းသူ၊ လက်ကောက်သူ၊ ခြေခွင်သူ၊ ကိုယ်တစ်ခြမ်း သေသူ၊ ဆွံ့သူ၊ အိုမင်း မစွမ်းရှိသူ၊ ပဋိသန္ဓေအားဖြင့် ကန်းသူ၊ အသောသူ၊ နားထိုင်းသူ၊ ကန်းလည်း ကန်း အလည်းအသူ၊ ကန်းလည်းကန်း နားလည်းထိုင်သူ၊ အလည်းအနားလည်းထိုင်းသူ၊ ကန်း၊ အနားထိုင်းသူ (ဝိ၊၃၊၁၂၆)’။
‘ရှင်ပြုခွင့် မရှိရင် ရဟန်းပြုခွင့်လည်း မရှိတော့ဘူး။ ဒီပုဂ္ဂိုလ် ၃၂ မျိုးက ရဟန်းခံပေးရင် ရဟန်းတော့ ဖြစ်တယ်။ ဒါပေမယ့် ရဟန်းပြုပေးရာမှာ ပါဝင်တဲ့ ရဟန်းတွေ (ကာရကသံဃာ)နဲ့ ဥပဇ္ဈာယ်ဆရာမှာ အာပတ်သင့်တယ် (ဝိ၊ဋ္ဌ၊၃၊၃၁၃)’။
မှတ်ချက်ကလေး မြဲမြဲပိုက်
‘ရှင်ရဟန်းပြုပေးသော ပုဂ္ဂိုလ်သည် ရှင်လောင်း ရဟန်းလောင်းကို စိစစ်၍ ရှင်ရဟန်းပြုပေးရမည်။ စိစစ်၍ မှီရာ နိဿယည်းကို ပေးရမည်။ အကြောင်းမူ အမျိုးကောင်းသား တစ်ယောက်သည်ပင် ရှင်ရဟန်း အဖြစ်ကို ရရှိပါက သာသနာတော် သုံးရပ်လုံးကို တည်တံ့စေနိုင်သောကြောင့် ဖြစ်၏ (ဝိ၊ဋ္ဌ၊၄၊၇၂)’။ မှီရာနိဿယည်းကိုပေးတယ်ဆိုတာ ရှင်ရဟန်းပြုပေးသူက အပြုခံပုဂ္ဂိုလ် (ရှင်ရဟန်းသစ်)အား မိမိကို အမှီပြုနေထိုင်ခွင့် ပေးတာကို ဆိုလိုပါတယ်။ ဒီအဋ္ဌကထာ မှတ်ချက်ကလေးဟာ အဓိပ္ပာယ်အင်မတန်လေးနက်ပါတယ်။
တိုက်ဆိုင်လို့ ပြောလိုက်ပါရစေ .. ချမ်းသာပြည့်စုံပြီး အခြေအနေကောင်းတွေရှိလို့ ကျော်ကြားတဲ့ ဆရာတော်တွေထံမှာ ဒုလ္လဘ ရဟန်းခံလိုသူတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် .. ပေါများသော်ငြား အရည်အသွေး မပြည့်မီရင် တန်ဖိုးကျတတ်ပါတယ်။ ဒါကြောင့် ဘယ်နှစ်ရက်ပဲ ရဟန်းပြုပြု၊ ပြုပေးမယ့် ဆရာတော် သို့မဟုတ် တာဝန်ရှိသူအနေနဲ့ ဖော်ပြပါ အဋ္ဌကထာ မှတ်ချက်ကလေးကို နှလုံးသားမှာ မြဲမြဲပိုက်ပြီး အမေရိကလို နိုင်ငံမျိုးမှာ ရဟန်းပြုမယ့် ပုဂ္ဂိုလ်ဟာ ဝိနည်းခွင့်ပြုချက်နဲ့ ညီညွတ်ရဲ့လား အထူးသဖြင့် ဒီနိုင်ငံဥပဒေနဲ့ ငြိစွန်းမှု လွတ်ကင်းရဲ့လားဆိုတာကို မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။
ဘာကြောင့်ဆို တစ်ဦးရဲ့ ထင်ပေါ်ကျော်ကြားမှုကို အကြောင်းပြု၍ပင် ဗုဒ္ဓသာသနာတော်မှာ စွန်းထင်းတဲ့ ဖြစ်ရပ်တွေရှိဖူးလို့ပါ။ ဆိုပါစို့.. မိမိရဟန်းပြုပေးလိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဥပဒေနဲ့ မလွတ်ကင်းသူ ဖြစ်လို့ သင်္ကန်းဝတ်ကြီးနဲ့ လက်ထိပ်ခတ်ခံရပြီဆိုရင် ငါရောသူပါ အားလုံးအရှက်တကွဲ အကျိုးနည်းဖြစ်ရတာပါပဲ။ USA မှာက မှတ်တမ်းဝင်သွားပြီဆိုရင် အဝါရောင်ဝတ်ဦးပြည်းကတုံးတွေလို့ ပဲ နားလည်မှာပါ။
ဓမ္မစေတီမင်း အမိန့်ပြန်တမ်း
‘အရှင်ဘုရားတို့၊ ယနေ့မှစ၍ ရှင်သာမဏေပြုလိုပါသည်ဟု အရှင်ဘုရားတို့ အထံသို့ လာရောက်လျှင် သံပူကပ်သသူ၊ ခိုးမှုပြုသသူ၊ နှောင်အိမ်ဖောက်သသူ၊ မင်းအား ပြစ်မှားသသူ၊ အို၍ မစွမ်းနိုင်သသူ၊ ပြင်းစွာ အနာနှိပ်စက်သသူ၊ လက်ပြတ်ခြင်း အစရှိသော အင်္ဂါချို့သသူ၊ ကုန်းသော ကွသော ခွင်သော ကောက်သူ၊ သည်မှ တစ်ပါးလည်း ပရိသတ်ကို ဖျက်တတ်သူ၊ လူမြင်၍ ပြက်ရယ်ကဲ့ရဲ့ခြင်း ပြုစရာဖြစ်သော စိတ်ကြည်ညိုဖွယ်မရှိသောသူတို့ကို လက်ခံ၍ ရှင်သာမဏေ မပြုကုန်နှင့်။’
‘အရှင်ဘုရားတို့ အထံသို့ ပဉ္စင်းခံလိုပါသည်ဟူ၍ လာရောက်လျှင် အကျွန်ုပ်အားသော်လည်း အကြောင်းကြားစေ၊ ဟံသာပြည်၌ သီတင်းသုံးနေသော ဂိုဏ်းဆရာတို့အားသော်လည်း အကြောင်းကြားစေ၊ အကြောင်းမကြားမူ၍ မိမိတို့နေရာအရပ်၌သာ အရှင်ဘုရားတို့သည် ပဉ္စင်းခံခြင်းကို ပြုသည်ဖြစ်အံ့၊ ပဉ္စင်းလောင်းအမိအဖဆွေမျိုး အရှင်ဘုရားတို့ အလုပ်အကျွေး၊ ဒကာ ဥပသကာတို့အား မင်းဒဏ်စီရင်မည် (ကလျာဏီကျောက်စာမြန်မာပြန်၊ စာ-၁၀၆)’။
ပုဂ္ဂိုလ်ရေး အမြင်
အရေအတွက်များပြားလာရင် ကျစ်လျစ်သိပ်သည်းမှုလျော့နည်းသွားတတ်တဲ့ သဘာဝရှိပါတယ်။ ရဟန်းသံဃာဆိုတာ မိမိတို့ကိုယ်တိုင် မိမိတို့အတွက် ရိက္ခာကို မထုတ်လုပ်ပါဘူး။ အခြားပုဂ္ဂိုလ်တွေရဲ့ သဒ္ဓါတရားအပေါ် အမှီပြုပြီး ရပ်တည်ကြတယ်။ လူတွေ သဒ္ဓါတရားအားကောင်းတာနဲ့ အမျှ ရဟန်းသံဃာတွေ လာဘ်လာဘ ပေါများတာပေါ့။ ရဟန်းသံဃာတွေ မကြောင့်မကြ နေထိုင်ကြရတာကိုတွေ့တော့ ရေသာခိုချင်တဲ့ အချောင်သမားတွေဟာ သဒ္ဓါတရားအမှန် မရှိဘဲ သင်္ကန်းဝတ်လာကြတယ်။ အသောကမင်းလက်ထက်က ဒါမျိုးဖြစ်ဖူးပါတယ်။ အဲဒီလို မကြည်ညိုသူတွေရဲ့ အလဇ္ဇီ ဒုဿီလ အပြစ်အနာ အဆာတွေဟာ ဗုဒ္ဓသာသနာအပေါ် စွန်းထင်းကျန်နေခဲ့မြဲရှိပါတယ်။ ဒါကြောင့် စိစစ်ပြီး ရှင်ရဟန်း ပြုပေးတာဟာ ဗုဒ္ဓသာသနာတော် လုံခြုံရေးအတွက် အလွန်လိုအပ်လို့ အင်မတန်သင့်မြတ်ကြောင်းပါ။
---
၁၄၃။ လဇ္ဇီစောင့်တဲ့ ဗုဒ္ဓသာသနာ
ဖေဖော်ဝါရီ ၂၁၊၂၀၁၀။
---
ဆရာတော် အရှင်မြတ်ဘုရား၊
မကြာမီက တပည့်တော် ဖတ်ရှုရသော ဗုဒ္ဓဘာသာစာအုပ်တွင် ဗုဒ္ဓသာသနာကို အလဇ္ဇီပုဂ္ဂိုလ်များက ဖျက်ဆီးကြောင်း သိရပါသည်။ မည်သို့သော ပုဂ္ဂိုလ်ကို အလဇ္ဇီဟု ခေါ်ပါသနည်း။ ထိုပုဂ္ဂိုလ်တွေက ဗုဒ္ဓသာသနာကို မည်သို့ ပျက်စီးအောင် ပြုလုပ်ပါသနည်း။ ကရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။
အေးမြတ်သူ (ပြည်)
---
အလဇ္ဇီ သာသနာဖျက်
အလဇ္ဇီဆိုတာ အရှက်မရှိသူလို့ အဓိပ္ပာယ်ရတယ်။ အလဇ္ဇီပုဂ္ဂိုလ်ဟာ ပညာဗဟုသုတ ပြည့်စုံပေမယ့် ထင်ပေါ်ကျော်ကြား လာဘ်ပေါများတာကို နှစ်သက်လွန်းလို့ ကျမ်းဂန်မှာ ပါရှိတာကို ပြောင်းပြန်ယူပြီး ဓမ္မကို အဓမ္မ၊ ဝိနယ (ဝိနည်းအမှန်)ကို အဝိနယ (ဝိနည်းမဟုတ်)လို့ ဆိုရင်းနဲ့ နောက်လိုက်တွေကို များစွာ စည်းရုံးနိုင်တာမို့ ဗုဒ္ဓသာသနာတော်ကို အန္တရာယ်ကြီးစွာ ပြုတတ်ပါတယ်။ သံဃာ ကွဲပြားအောင်လည်း လုပ်နိုင်ပါတယ်။ အဓမ္မဝါဒီ (ဗုဒ္ဓဓမ္မ မဟုတ်ဘဲ ဟုတ်ပါတယ်လို့ ဟောပြောမှု)တွေ အားကောင်းလာရင် အစစ်အမှန်ဖြစ်တဲ့ ဓမ္မဝါဒီတွေ ကွယ်ပျောက် ဆုတ်ယုတ်တာပဲ။ သံဃာတွေအကြား ဂိုဏ်းဂဏတွေ ကွဲရင် အင်အားနည်းပြီး သာသနာပတို့ရဲ့ ရန်ကို စည်းလုံးညီညွတ်စွာ မခုခံနိုင်တဲ့ အတွက် နှစ်ဦးလုံး ဆုံးရှုံးပျက်စီးရတယ်။
ဘယ်လိုဖြစ်ရင် အလဇ္ဇီခေါ်သလဲဆိုရင် .. သိသိကြီးနဲ့ အာပတ်ကို ကျူးလွန်သူ၊ သင့်ပြီးအာပတ်ကိုမကုစားဘဲ လျှို့ဝှက်ထားသူ၊ အာဂတိ လိုက်စားသူဖြစ်နေရင် အဲဒီလိုရဟန်းကို အလဇ္ဇီလို့ ခေါ်ပါတယ် (ဝိ၊၄၊၂၇၄)။ ဒါတင်မကသေးပါဘူး...
မိစ္ဆာဇီဝ (အသက်မွေးမှု မမှန်ခြင်း)
ဟိတ်ဟန်ထုတ်ခြင်း (ကုဟန)၊ ဥပမာ .. ပစ္စည်းသစ်ကို လိုချင်လို့ အဟောင်းကို သုံးပြတာ၊ တန်ခိုးရှိတယ်လို့ ထင်အောင်လူတွေကို လုပ်ပြတာ၊ လူမြင်အောင် ထိုင်အိပ်ပြပြီး ဓုတင်ဆောင်တာ၊ ဘယ်ဆရာဝန် ဘယ်ဝန်ကြီးက ငါ့တပည့်၊ ငါ့ဆီမှာ တရားထိုင်သွားတာပဲလို့ (တမင်ရည်ရွယ်ပြီး) လူရှေ့မှာ လူအထင်ကြီးအောင် ဟစ်ပြတာမျိုးတွေ။ ဒကာဒကာမတွေကို မြှောက်ပင့်ပြောဆိုခြင်း (လပန)၊ ဥပမာ.. ပိုက်ဆံရှိသူကို အရေးပေး ပြောဆိုတာ၊ ဗိုလ်မှူး ဒေါက်တာလို့ မြှောက်ပင့်ခေါ်ဝေါ်တာတွေ၊၊ မိမိကို လှူအောင် စောင်းပါးရိပ်ခြည် ပြောခြင်း (နေမိတ္တိက)၊ ဥပမာ .. လိုချင်တဲ့ ပစ္စည်းကို ချီးမွမ်းပြတာ။ လှူအောင် အတင်းအကြပ် ပြောဆိုခြင်း (နိပ္ပေသိက)၊ ဥပမာ .. မလှူတဲ့ လူကို ကျောင်းအမကြီး ဘုရားအမကြီးလို့ ခေါ်တာ။ အဲဒီလိုလုပ်ပြီး အသက်မွေးမှု မမှန်ရင်လည်း အလဇ္ဇီထဲမှာ ပါတယ် (ဝိသုဒ္ဓိ၊၁၊၂၆-၂၈)။
လဇ္ဇီစောင့်တဲ့ ဗုဒ္ဓသာသနာ
အလဇ္ဇီရဲ့ ပြောင်းပြန်က လဇ္ဇီပါပဲ။ ရှက်တတ်သူလို့ အဓိပ္ပာယ်ရတယ်။ သိလျက် အာပတ်ကို မကျူးလွန်သူ၊ သင့်ပြီးအာပတ်ကို ဖုံးမထားဘဲ ကုစားသူ၊ အာဂတိ မလိုက်စားသူလို့ မှတ်ဖို့ပါ။ သီလသိက္ခာကို ဟန်ဆောင်မှု မပါဘဲ ရိုးသားစွာ ကျင့်ကြံသူ၊ သူတော်ကောင်း ပုဂ္ဂိုလ်လို့လည်း မှတ်နိုင်တယ်။ လဇ္ဇီပုဂ္ဂိုလ်ကတော့ အသက်ဟူသောအကြောင်းကြောင့်ပင် အဓမ္မကိုဓမ္မ၊ ဝိနယကို အဝိနယလို့ မဆိုဘူး။ လာဘ်ကို မမှု သာသနာကိုသာ ရှုတတ်လို့ အနာဂတ်မှာ ဗုဒ္ဓသာသနာကို လဇ္ဇီရဟန်းတို့ စောင့်ရှောက်မယ်လို့ မထေရ်မြတ်တို့ မိန့်ဆိုကြပါတယ်။
လဇ္ဇီ သူမွန် သီလဝန်ဖြစ်တဲ့ ရဟန်းတော်တွေကို စောင့်ရှောက်ပြီး သာသနာပြုနိုင်ပါစေ။
---