မာတိကာသို့ ခုန်သွားရန်

ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၂)

ဝီကီရင်းမြစ် မှ
5933ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၂)အရှင်ကေလာသ ဓမ္မာစရိယ

ဓမ္မအမေးအဖြေများ

ပေါင်းချုပ် (အမှတ် ၂)

အရှင်ကေလာသ

ဓမ္မာစရိယ၊ B.A. (Philo) M.A. (Buddhism)

ဘိက္ခုနီ ရှိသင့် မရှိသင့်
အမျိုးသမီးတွေ ဗုဒ္ဓဖြစ်ခွင့် ရှိသလား
ဘိုးတော်တွေကို ကိုးကွယ်သင့်သလား
ဘာသာခြားကို လက်ထပ်ရင်
ဗုဒ္ဓခြေတော်ရာ ဘယ်လိုစ
လိင်တူ ဆက်ဆံမှုနဲ့ ဗုဒ္ဓဝါဒ
ဗမာသည် သာကီမျိုးလား
ဗုဒ္ဓစွယ်တော်သမိုင်း သိရဲ့လား
DNA နဲ့ ဗုဒ္ဓဝါဒ ဆန့်ကျင်သလား
ဗုဒ္ဓဝါဒနဲ့ ဒီမိုကရေစီ ဘယ်လိုလဲ
ဗုဒ္ဓဝါဒနဲ့ လူဝင်စား
အကြားအမြင်ကို ယုံသလား
ဘာသာခြားကို လက်ထပ်ရင်
ရဟန်းနဲ့ ဆေးလိပ် ကွမ်းယာ

... အဲဒါလေးတွေကို ဆွေးနွေးထားပါတယ်။

ပုံနှိပ်ရာဇဝင်
254 N Wickiup Rd,
Apache Junction, AZ 85119
Tel: (480)-288-0789
www.kelasa.org

---

စာဖတ်သူထံမှ ပေးစာ

မြန်မာ့မြေတွင် ရာစုနှစ်ပေါင်းများစွာ အခြေခိုင်ခဲ့ပြီး ဖြစ်သည့် ဗုဒ္ဓဝါဒ အဆုံးအမများနှင့် အတူ အမျိုးဘာသာကို မြတ်နိုးစိတ်မှာ အဖွား၏ သင်ပြမှုကြောင့် ကျွန်တော်၏ နှလုံးသား၌ ငယ်စဉ်အခါကပင် အမြုတေ ပမာစွဲမြဲနေခဲ့သည်။ ကျောင်းနေစဉ် ကဗျာဆရာကြီးဇော်ဂျီ၏

‘သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း၊
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက်ဝင်းလျက်၊ ကျန်စေသတည်း’

ဟူသော စာကို သင်ရပြန်သဖြင့် မိမိမရှိသည့်နောက် မိမိတို့နိုင်ငံ လူမျိုး၊ ကိုးကွယ်ရာ ဗုဒ္ဓသာသနာနှင့် သစ္စာတရားတို့ လောကတွင် ထွန်းပြောင် ကျန်ရစ်စေရမည်ဟူသော တာဝန်များကိုပါ နားလည်လာရသည်။

ထို့ကြောင့် အရွယ်ရောက်၍ ဘဝလက်တွဲဖော်ကို ရှာသောအခါလည်း ‘လူမှာအမျိုး၊ ကြက်မှာအရိုး’ဟူသော အဖွား၏ သွန်သင်မှုအတိုင်း ကျွန်တော့်နှလုံးသား လိုအပ်ချက်နှင့် ကျွန်တော်၏ မွေးရာပါတာဝန်ကို ဖြည့်စွမ်းပေးနိုင်မည့်သူမျိုးကိုသာ ဦးစားပေး စဉ်းစားခဲ့ပါသည်။

ယခုသော် တည်ငြိမ်သည့် အိမ်ထောင်မှုတစ်ခုဖြင့် ဘဝကို ကြိုးစားရုန်းကန်ရင်း ကျွန်တော်တို့ ဇနီးမောင်နှံ၏ မေတ္တာဖူးပွင့်များ ဖြစ်သော သားနှစ်ယောက်အား ကျွန်တော်တို့၏ တာဝန်ကို လွှဲပြောင်းပေးအပ်ဖို့ကိုပါ စဉ်းစားနေရပါပြီ။ ကျွန်တော့်ရင်သွေးများကသာ ကျွန်တော့်အဖွား ပေးအပ်ထားသော နှလုံးသားအမွေနှင့် ဆရာဇော်ဂျီညွှန်ပြသော မွေးရာပါတာဝန်များကို အနာဂတ် မျိုးဆက်သစ်များသို့ ဆင့်ကမ်းသယ်ဆောင်သွားနိုင်မည် မဟုတ်ပါလား။

သို့ဖြစ်၍ ကျွန်တော်တို့သည် အခွင့်သာတိုင်း တရားဓမ္မ နာကြားခြင်းနှင့် ဓမ္မစာပေများ ဖတ်ရှုခြင်းများဖြင့် ကျွန်တို့နှလုံးသား၌ ဗုဒ္ဓအဆုံးအမများ လွှမ်းခြုံနေအောင် ကြိုးစားပြီး ရောက်ရာအရပ်တွင် ကျေးဇူးတော်ရှင် ပညာရှိ ဆရာတော် သံဃာတော်များကို မပြတ်ဆည်းကပ်ပါသည်။

၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် ကျွန်တော်၏ ဒုတိယမြောက် ပါရဂူဘွဲ့သင်တန်း အတွက် ကော်နဲလ်တက္ကသိုလ် (Cornell University) တည်ရှိရာ နယူးယောက်ပြည်နယ် အီသာကာ (Ithaca) မြို့မှ ဖိနစ်စ်မြို့ရှိ အရီဇိုးနားပြည်နယ်တက္ကသိုလ် (Arizona State University) သို့ ပြောင်းရွှေ့ရသောအခါ နယူးယောက်မြို့၊ ဓမ္မရံသီကျောင်း ဆရာတော် ဦးပါမောက္ခ၏ ညွှန်ကြားချက်ဖြင့် ဖိနစ်စ်မြို့၊ အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်ကေလာကို ချဉ်းကပ်ခွင့်ရခဲ့ပါသည်။

ဆရာတော်နှင့် တွေ့သောနေ့က ‘ပုဂ္ဂိုလ်စွဲတွေ မျှော်လင့်ချက်တွေနဲ့ နာမည်ကြီးလို့ ဆည်းကပ်ခြင်းမျိုး မဟုတ်ဘဲ သံဃာကို သံဃာဆိုတဲ့ အသိနဲ့ ဆည်းကပ် ကိုးကွယ်မှ အကျိုး ပိုပြီး ဖြစ်ထွန်းတယ်’ ဟူသော ဩဝါဒကို ယနေ့တိုင် အမှတ်ရနေပါသည်။ ထို့နောက် တနင်္ဂနွေနေ့တိုင်း ဆရာတော်၏ ကျောင်းကိုသွား၍ နေ့ဆွမ်းကပ်လှူခဲ့သည်မှာ ယခုဆိုလျှင် လေးနှစ်ပြည့်ပါတော့မည်။ ကျွန်တော်တို့ မိသားစု အားလုံး အပတ်တိုင်း ဘုန်းကြီးကျောင်းကို ရောက်ဖြစ်ပါသည်။

ကျွန်တော်တို့၏ တူညီသော ရည်ရွယ်ချက်မှာ..
၁) ကျွန်တော်တို့ မိသားစု ကုသိုလ်ရဖို့ အပြင် အဖွားပေးအပ်သော အမွေကို ကျွန်တော်တို့ ကိုယ်တိုင်ခံယူပြီး မြန်မာ့မြေမှာ မွေးသည့် မြန်မာလူမျိုး ဖြစ်သည့်အတိုင်း ဆရာဇော်ဂျီညွှန်ကြားသည့် မြန်မာလူမျိုးတိုင်း၏ မွေးရာပါတာဝန်ကိုပါ ကျေပွန်စွာ ထမ်းဆောင်ရန်
၂)ကျွန်တော်တို့ပေးအပ်သသည့်အမွေကိုဆက်ခံမည်ဖြစ်သော ယုခအချိန် ၄-နှစ် နှင့် ၆-နှစ် အရွယ်ရှိ သားနှစ်ယောက်ကို ဗုဒ္ဓဝါဒ အဆုံးအမနှင့် နီးစပ်နေစေရန် ဖြစ်ပါသည်။

လုံးဝကွဲပြားခြားနားသည့် အတွေးအခေါ်နှင့် ယဉ်ကျေးမှုအသိုင်းအဝိုင်းတွင် ကြီးပြင်းလာရမည့် သားနှစ်ယောက်၏ ဦးနှောက်ထဲမှာ ယခုအချိန်ကပင် ဗုဒ္ဓမြတ်စွာ၏ သူတစ်ပါးကို ရန်မပြုလိုသော ငြိမ်းချမ်းသော အဆုံးအမများ ကိန်းဝပ်နေစေချင်ပါသည်။ ယခုအခါ သားနှစ်ယောက်မှာ နာရီဝက်လောက်ထိ တရားထိုင်တတ်နေပြီး အနာဂတ်အမူစရိုက်နှင့် ပတ်သက်၍ အတော်အတန် မျှော်လင့်ဖွယ် တွေ့လာရသဖြင့် လေ့ကျင့်သင်ကြားပေးသော ဆရာတော် အရှင်ကေလာသအား ကျွန်တော်တို့ အထူးပင် ကျေးဇူးတင်ပါသည်။

ဤစာကို ရေးသားရန် တွန်းအားပေးသည်မှာလည်း အထက်ပါ ခံစားချက်များနှင့် ထိုကျေးဇူးတရားကြောင့်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့မှာ ဆရာတော်နှင့် ခင်မင်နီးစပ်သည်နှင့်အမျှ ဆရာတော်ရေးသားသော စာများကိုလည်း ဖတ်ဖြစ်ပါသည်။ ကျွန်တော်မအား၍ ဇနီးသည်ဖတ်လျှင် ဇနီးက ကျွန်တော့်အား ပြောပြပါသည်။

အထူးသဖြင့် Burmeseclassic.com မှ ဓမ္မအမေးအဖြေများမှာ ဘာသာရေး ဗဟုသုတအပြင် အမျိုးသားရေး လောကအရေးစသည့် အကြောင်းအရာ စုံလင်သဖြင့် စာပေ ဟင်းလေးအိုးကြီးသဖွယ် ဖြစ်ပါသည်။ ထို့ပြင် ဆရာတော်၏ အရေးအသားမှာ ကျမ်းကိုး ခိုင်လုံသည်သာမက အကြောင်းအရာ လေးနက်သော်လည်း ရှင်းလင်းနားလည်လွယ်ပြီး တစ်ခါတစ်ရံဖတ်နေရင်း ပြုံးမိစေသော စကားပြောင်များဖြင့် အသိပညာတစ်ခုကို ဝေငှခြင်းမှာ အလွန်နှစ်သက်ဖွယ် ဖြစ်ပါသည်။

ဓမ္မအမေးအဖြေများကို ဖတ်ရှု၍ ရရှိသော ဗဟုသုတဖြင့် မိဘဘိုးဘွားတွေထံမှ မိမိတို့ ရရှိထားသည့် အဖိုးအနဂ္ဃ ထိုက်တန်သော နှလုံးသားအမွေကို ဆက်ခံပြီး မွေးရာပါ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်သည့် အမိမြန်မာမြေဖွား ရွှေမြန်မာများ တိုးပွားလာပါစေဟု ဆန္ဒပြုပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

Dr.ထွန်းလင်း မိုးမမြတ်သန္တာအောင်
ဖိနစ်စ်မြို့၊ အရီဇိုးနားပြည်နယ်။

---

စကားမြွက်

ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် ‘ဥပ္ပန္နံ ဥပ္ပဇ္ဇမာနန္တိ = ဖြစ်ပြီး စိတ်သည် ဖြစ်ဆဲလော’စသည်ဖြင့် အမေးအဖြေပုံစံနဲ့ ဟောကြားခဲ့တာ ယနေ့ မဟာယမိုက်ကျမ်းကြီးအဖြစ် ဘုန်းကြီးတို့ တွေ့မြင်ကြရပါတယ်။ တတိယသံဂါယနာခေတ်မှာ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ် ဟောကြားတဲ့ ကထာဝတ္ထုကျမ်းလည်း ဗုဒ္ဓဝါဒဆိုင်ရာ ဂိုဏ်းဂဏအသီးသီးရဲ့ ပြဿသနာအထွေထွေကို အရင်းအမြစ်ကနေ ဝေဖန်ဆွေးနွေးပြီး ထေရဝါဒအစစ်အမှန်ကို ဖော်ထုတ်တဲ့ ဓမ္မအမေးအဖြေကျမ်းပါပဲ။

အဲဒီနောက်နှစ်တစ်ရာခန့် အကြာ (ဘီစီ၁-ရာစု)မှာ နောက်ထပ် ဓမ္မအမေးအဖြေကျမ်းကြီးတစ်စောင် ပေါ်လာတယ်။ ကျမ်းနာမည်က ‘မိလိန္ဒပဥှ’တဲ့။ မိလိန္ဒအမည်ရှိတဲ့ ပညာရှိဘုရင်မင်းတရားက မေးမြန်းတာတွေနဲ့ ရဟန္တာကြီး အရှင်နာဂသေန အရှင်မြတ်က ဖြေကြားတာတွေကို စုပေါင်းမှတ်တမ်းတင်ထားတဲ့ ကျမ်းမြတ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဗုဒ္ဓစာပေမှာလည်း ကျမ်းတတ် မထေရ်ကျော်တွေရဲ့ အမေးအဖြေတွေကို စုပေါင်းထားတဲ့ ကျမ်းမြတ်တွေများစွာရှိပါတယ်။ ဥပမာ ဘိုးတော်ဘုရားရဲ့ အမေးကို မောင်းထောင်သာသနာပိုင်ဆရာတော် ဖြေဆိုတဲ့ ‘အမေးတော်ဖြေ’၊ ကြည့်ကန်ရှင်ကြီးရဲ့ အမေးတွေကို ကျီးသဲဆရာတော်ဖြေဆိုတဲ့ ‘စွယ်စုံကျော်ထင်ကျမ်း’၊ လန်ဒန်ပါဠိဒေဝီ (Mrs. Rys David)မေးတာကို လယ်တီဆရာတော် ဖြေကြားတဲ့ ‘နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်’ကျမ်းမြတ်တွေက ထင်ရှားပါတယ်။

မျက်မှောက်ခေတ်မှာလည်း ပညာရှင်ဆရာတော်တွေရဲ့ ဓမ္မအမေးအဖြေကျမ်းစာတွေရှိကြပါတယ်။ အကြောင်းအရာမျိုးစုံလို့ ဖတ်ရှုသူတွေ မငြီးငွေ့ခြင်း၊ မိမိသိလိုတဲ့ အကြောင်းအရာကို ရွေးချယ်ဖတ်ရှုနိုင်ခြင်းစတဲ့ အကြောင်းတွေကြောင့် ‘ဓမ္မအမေးအဖြေ’ကျမ်းတွေဟာ ဓမ္မအမှန်ကို ကောင်းစွာနားလည်လိုသူတွေအား များစွာအထောက်အပံ့ ပြုနိုင်လို့ ဗုဒ္ဓသာသနာဆိုင်ရာ ကျမ်းစာနယ်ပယ်မှာ ‘ဓမ္မအမေးအဖြေ’ကျမ်းစာတွေ ဆက်လက်ရှင်သန်နေကြပါလိမ့်ဦးမယ်။ burmeseclassic.com ဝက်ဘ်ဆိုဒ်ရဲ့ ဓမ္မအမေးအဖြေကဏ္ဍကို စဖွင့်ကတည်းက ယနေ့ထိ ဗုဒ္ဓဓမ္မနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရပ်စဲမသွားဘဲ အဆက်မပြတ် မေးနေကြတာကိုပဲ ဝမ်းလည်းသာ ကျေးဇူးလည်းတင်ပါတယ်။ ဒီစာကို ရေးချိန်ထိ ဒီကဏ္ဍကို မေးခွန်းတွေ ရောက်လာမစဲ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီလို မေးနေကြတာကိုပဲ ဘုန်းကြီးက ကျိတ်ပြီး ကျေနပ်နေပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဓမ္မကို စိတ်ဝင်စားတဲ့ ဓမ္မမိတ်ဆွေတွေ ရှိနေတယ်ဆိုတဲ့ အသိကြောင့်ပါ။ အဲဒီ အမေးလေးတွေကို ကြိုးစားပြီး ဖြေပေးနေရတာကိုလည်း ဘုန်းကြီးက နှစ်သက်နေပါတယ်။ အရပ်ဒေသမျိုးစုံမှာ ဗုဒ္ဓဓမ္မကို စိတ်ဝင်စားကြသူတွေ ရှိနေကြတာ အတွက်လည်း အားတက်မိပါတယ်။ ဒီကဏ္ဍရှိနေသေးသရွေ့ အခွင့်သာရင် ဘုန်းကြီးတို့လည်း ဆက်လက်ဖြေဆိုပေးနေဦးမှာပါ။

ဗုဒ္ဓဓမ္မနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရပ်စဲမသွားဘဲ အဆက်မပြတ် မေးမြန်းနေကြတဲ့ မေးခွန်းရှင်တွေကို ကျေးဇူးအထူးတင်ပါတယ်။ အမေးတွေ ရှိလို့ အဖြေတွေ ဖြစ်လာရတာပါ။ အဲဒီအမေးလေးတွေကို ကြိုးစားပြီး ဖြေပေးနေရတာဟာ ဘုန်းကြီးဘဝမှာ နှစ်သက်မြတ်နိုးတဲ့ ဝါသနာတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်လာနေပါတယ်။ ဓမ္မကို စိတ်ဝင်စားသူများ ဆက်လက်မေးမြန်းကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

ဘုန်းကြီးအနေနဲ့ အကြောင်းအရာ လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ ဖြေဆိုတဲ့အခါမှာ ခပ်ပေါ့ပေါ့ မလုပ်ဘဲ ကျမ်းဂန်နဲ့ မလွတ်အောင် အထူးကြိုးစားပြီး ဖြေပါတယ်။ ပုဂ္ဂိုလ်ရေး အယူအဆ အချို့ကိုတော့ မနှစ်သက်တာ ရှိနိုင်ပါတယ်။ အဲဒါမျိုးကျတော့ ဘုန်းကြီးလည်း ယူဆခွင့်ရှိလို့ ယူဆပြီး ဖတ်သူကလည်း ကွဲလွဲခွင့်ရှိလို့ ကွဲလွဲတာလို့ပဲ မှတ်ထားလိုက်ပါ။ ဒါပေမယ့် အကြောင်းအရာ မှားယွင်းပြီး ရှုပ်ထွေးစေမယ့်အရာမျိုး မပါမိအောင်တော့ သတိထားပါတယ်။ ဆိုလိုတာက ရေးတာ ပြောတာ များလာတဲ့အခါ ကျမ်းဂန်လွတ်သွားပြီး မိမိအယူအဆကို အထူးချဲ့ထွင် ဟောပြောရင်းနဲ့ အစွန်းရောက်ပြီး ဗုဒ္ဓမြွက်ကြား အမှန်တရားနဲ့ ဝေးသွားတာမျိုး မဖြစ်ရအောင် ဘုန်းကြီးအနေနဲ့ အထူးသတိထားကြောင်းပါ။ ဒါလည်းပဲ အားလုံးကောင်းပြီ မှန်ပြီလို့ ဘုန်းကြီး မယူဆပါဘူး။ အမှန်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားထားပါတယ်လို့ပဲ ပြောခွင့်ရှိပါတယ်။

ဘုန်းကြီးရဲ့ ဆန္ဒမှာ အစကတည်းက ‘ဓမ္မအမေးအဖြေများ’ စာအုပ်ကို ထူထူခံ့ခံ့ ထုတ်ချင်ခဲ့တာပါ။ ဒါမှလည်း စာအုပ်ကို မြတ်နိုးစွာ သိမ်းဆည်းထားလိုသူများအဖို့ ပိုပြီးအဆင်ပြေမယ်လို့ ယူဆပါတယ်။ ဒါကြောင့် တစ်အုပ်ကို စာမျက်နှာ ငါးရာခန့်စီ ပေါင်းပြီး ခံ့ညားတဲ့ အရွယ်အစားအပြင်အဆင်နဲ့ ပြန်လည်ထုတ်ဝေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းစာသားတွေက အတူတူပဲ ဖြစ်လို့ ယခင်ထုတ်ဝေပြီး ဓမ္မအမေးအဖြေစာအုပ်များ အတွဲစုံရှိထားပြီးသားဖြစ်နေရင်တော့ လုံလောက်ပါတယ်။

အမှာစာ ရေးပေးကြတဲ့ Dr. ထွန်းလင်းမိုး မမြတ်သန္တာအောင်တို့ ဇနီးမောင်နှံနှင့် စာအုပ်ဖြစ်အောင် ဆောင်ရွက်ပေးတဲ့ ကိုမိုးကိုကိုနဲ့ မဖြူဖြူအေး ဇနီးမောင်နှံတို့ရဲ့ စေတနာကို ကျေးဇူးတရားအဖြစ် နှလုံးသားနဲ့ မှတ်တမ်းတင်ပါတယ်။

ဟောဒီ ဓမ္ဓအမေးအဖြေလေးတွေကို ဖတ်ပြီး ဗုဒ္ဓဓမ္မအနှစ်သာရတွေကို အမှန်အတိုင်း နားလည်ခြင်းဖြင့် ကောင်းစွာ လိုက်နာကျင့်သုံးပြီး အမျိုးဘာသာကို ထိန်းစောင့်လိုစိတ်များ တိုးပွားနိုင်ကြပါစေ။

ဩဂုတ်၂၈၊၂၀၁၅-ခုနှစ်။
အရှင်ကေလာသ၊ ဖိနစ်စ်မြို့၊ အရီဇိုးနား
USA

---

လမ်းဖြောင့်သို့ ...

ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက်လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ရှောင်ကွင်းဖဲကြဉ်၍။
သုမဂ္ဂံ၊ ကောင်းသောလမ်းခရီးသို့။
ဥဇုံ၊ ဖြောင့်ဖြောင့်မတ်မတ်။
ယန္တု၊ လိုက်သွားနိုင်ကြပါစေကုန်သတည်း။

အဟဉ္စ၊ ငါသည်တမူလည်း။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက်လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ဖဲကြဉ်ရှောင်ကွင်း၍။
ဥဇုံ၊ ဖြောင့်ဖြောင့်။
သုမဂ္ဂဂေါ၊ လမ်းမှန်လမ်းကောင်းသို့လိုက်သွားနိုင်သည်။
ဘဝေ၊ ဖြစ်ရပါလို၏။

(ပရမတ္ထစက္ခုကျမ်းနိဂုံး)

၁၄၄။ ဘိက္ခုနီရှိသင့် မရှိသင့်

အရှင်ကေလာသ

ဧပြီ ၃၀၊၂၀၁၀။

ဆရာတော် အရှင်မြတ်များဘုရား

ယိုးဒယားနိုင်ငံ ဘိက္ခုနီကျောင်းတိုက်တခုမှာ ဘိက္ခုနီ (အမျိုးသမီး ရဟန်း)အများကြီးကိုတွေ့ရပြီး အဲဒီဘိက္ခုနီတွေကို ယိုးဒယား ဘုန်းကြီးတွေက လက်မခံကြောင်း အင်တာနက် သတင်းတွေမှာ ဖတ်ရှုရပါသည် အရှင်ဘုရား။ မြန်မာနိုင်ငံမှာလည်း ဘိက္ခုနီတွေကို အသိအမှတ် မပြုဟု သိရပါသည်။ သီရိလင်္ကာမှာတော့ အချို့သံဃာတွေက လက်ခံပြီး အချို့က လက်မခံဟု သိရပါသည်။ ဘုရားရှင်လက်ထက်၌ ဘိက္ခုနီတွေ ရှိခဲ့တဲ့အတွက် အဘယ်ကြောင့် ယခုခေတ်မှာ ဘိက္ခုနီတွေကို အသိအမှတ် မပြုသည်ကို ရှင်းပြပေးစေလိုပါသည်။ နောက်ပြီး ဘိက္ခုနီ သာသနာဖြစ်ပေါ်လာတဲ့အတွက် ဗုဒ္ဓသာသနာတိုးတက်မည်လား ဆုတ်ယုတ်မည်လားဆိုသည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။

သိန်းသိန်းအေး (ကွန်ပျူတာတက္ကသိုလ်)

အုပ်စုနှစ်ခု

အမျိုးသမီးတွေ ဘိက္ခုနီပြုခွင့်ရှိ မရှိဆိုတာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် အချေအတင်ငြင်းခုံမှုတွေ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ရာစုနှစ်တွေက ရှိခဲ့ဖူးတယ်။ ယခုလည်း မကြာမီက ဘိက္ခုနီသံဃာ ပြန်လည် ရှင်သန်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ထေရဝါဒနိုင်ငံတွေမှာ အငြင်းပွားဆဲ ရှိပါတယ်။ ထေရဝါဒကျမ်းဂန်အရ အမျိုးသမီးတွေ ရဟန်းပြုခွင့် ရှိမရှိ၊ ဘိက္ခုနီသံဃာ ပေါ်ပေါက်လာတာဟာ ဗုဒ္ဓသာသနာရဲ့ အန္တရာယ်လား၊ မြတ်ဗုဒ္ဓအလို မည်သို့ရှိနိုင်တယ်ဆိုတာတွေကို ဝေဖန်ဆွေးနွေးကြရင်း ဘိက္ခုနီမရှိသင့်အုပ်စုနဲ့ ရှိသင့်အုပ်စု ကွဲနေပါတယ်။ ရှိသင့်အုပ်စုက ဆက်လက်ပြီး လှုပ်ရှားလို့ ယိုးဒယားနဲ့ သီရိလင်္ကာမှာ ဘိက္ခုနီတွေ တွေ့ရတာပေါ့။ ကျန်အုပ်စုကလည်း ကျမ်းထွက်နဲ့ ယုတ္တိအရ မရှိသင့်အဆိုကို ဆုပ်ကိုင်ထားဆဲပါပဲ။

အုပ်စု ကွဲနေတာဟာ ဗုဒ္ဓသာသနာအတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အမေးရှိတော့ အဖြေလည်း ရှိသင့်လို့ အုပ်စုနှစ်ခုရဲ့ အဆိုတွေကိုလေ့လာပြီး နှစ်ဖက်နားလည်ထားပုံကို အကျဉ်းမျှ ပြောပြလိုပါတယ်။

ဘိက္ခုနီသံဃာ ကွယ်ချိန်

ဘိက္ခုနီသံဃာ ကွယ်ပျောက်ရတာဟာ နိုင်ငံရေး လူမှုရေးနဲ့ ယဉ်ကျေးမှု အခြေခံတွေကြောင့်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်လို့ ပြည်တွင်းမှာ သံဃာတွေ စာပေပို့ချ တရားအားထုတ်ပြီး ငြိမ်းချမ်းစွာ မနေနိုင်တဲ့အတွက် ကျောင်းတိုက်ကြီးတွေ ဖရိုဖရဲ ဖြစ်ရတာ၊ ဒကာဒကာမတွေနဲ့ ဘိက္ခုတွေရဲ့ ထောက်ပံ့မှု အားနည်းတာ၊ ဝိနည်း သိက္ခာပုဒ်တွေ ကျပ်တည်းလွန်းတာ၊ တစ်ချိန်တည်းမှာ အညတိတ္တိယ (ဘာသာခြား)တွေရဲ့ ထိုးနှက်မှု ခံရတာတွေကြောင့်လို့ အဓိပ္ပာယ် ဖော်နိုင်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ အေဒီ ၁၀ ရာစုလောက်ထိ ဘိက္ခုနီတွေ တည်ရှိခဲ့တဲ့ အထောက်အထား ရှိတယ်လို့ ပညာရှင်တို့ ခန့်မှန်းကြပါတယ်။ သီရိလင်္ကာဘုရင် ပဉ္စမ ကဿပမင်း (အေဒီ ၉၂၉-၉၃၉)ရဲ့ မိဖုရား ဝဇိရာဒေဝီက ထေရဝါဒဘိက္ခုနီတွေကို ကျောင်းတိုက်ဆောက် လုပ်လှူဒါန်းတဲ့ မှတ်တမ်း (မဟာဝံသ၅၂း၆၃)ရှိပါတယ်။

ပဉ္စမ မဟိန္ဒမင်းလက်ထက် (အေဒီ ၁၀၁၇) အိန္ဒိယတောင်ပိုင်းက တမီလ် လူမျိုးတို့ သီရိလင်္ကာကို ဝင်ရောက် တိုက်ခိုက်တဲ့အခါ ဗုဒ္ဓသာသနာ အကြီးအကျယ် ဖျက်ဆီးခံရလို့ (မဟာဝံသ ၅၅း၂၀-၂၃) အန္တရာယ် ကပ်ဘေးဆိုးကြီးနဲ့ ကြုံရပြီးတဲ့ နောက် ဘိက္ခုနီတွေ ရှားပါးသွားရာကနေ အေဒီ ၁၁ ရာစု နောက်ပိုင်းမှာ ဘိက္ခုနီသံဃာ အဆက်ပြတ်သွားခဲ့ပုံပါပဲ။

ဘိက္ခုနီ မရှိသင့်

... အကြောင်းပြချက် ၁

မြတ်ဗုဒ္ဓ ချမှတ်တဲ့ ဂရုဓမ်ရှစ်ပါးလို့ ခေါ်တဲ့ အရေးကြီး စည်းမျဉ်းရှစ်ခုကို လက်ခံလိုက်တာနဲ့ တောင်းပန်သူ မိထွေးတော် ဂေါတမီဟာ ဘိက္ခုနီ ဖြစ်သွားတယ်။ ဂရုဓမ်ရှစ်ခုအနက် ခြောက်ခုမြောက်က ‘သိက္ခာပုဒ် ခြောက်မျိုးကိုနှစ်နှစ်ကြာ ကျင့်သုံးပြီးသူ သိက္ခမာန်သည် နှစ်ဖက်သော (ဘိက္ခု ဘိက္ခုနီ)သံဃာ၌ ရဟန်းခံရမည်’တဲ့။ ရဟန်းအဖြစ်ကို မရသေးတဲ့ သကျမင်းသမီး ငါးရာကိုတော့ မြတ်ဗုဒ္ဓက ‘ဘိက္ခုတို့သည် ဘိက္ခုနီမတို့ကို ရဟန်းပြုပေးရန် ခွင့်ပြု၏ (ဝိ၊၄၊၄၄၇)’လို့ ထပ်ဆင့် စည်းမျဉ်း (အနုပညတ်)ကို သတ်မှတ်ပေးလို့ ဘိက္ခုသံဃာကပဲ ရဟန်းပြုပေးခွင့် ရသွားတယ်။ အဲဒီ ထပ်ဆင့်ပညတ်ကို သကျမင်းသမီး ငါးရာအတွက်ပဲ သီးခြားပညတ်တာ ဖြစ်တယ်။ ဒီလို ပညတ်တာကို ဗုဒ္ဓကိုယ်တိုင်ပဲ လုပ်နိုင်ခွင့်ရှိတယ်။ သာကီဝင် မင်းသမီးငါးရာတို့ ဘိက္ခုနီ ဖြစ်ပြီးတာနဲ့ ဒီအနုပညတ်ပျက်ပြယ်သွားတယ်။

... အကြောင်းပြချက် ၂

‘ဘိက္ခုနီဟူသည် ဘိက္ခု ဘိက္ခုနီ နှစ်ဖက်လုံး၌ ရဟန်းခံထားသော ရဟန်းမတည်း’ (ဝိ၊၁၊၂၂၃)လို့ ပါဠိတော်မှာ ရှိတယ်။ ဒါကို ဋီကာ (ဝဇိရ၊ဋီ၊၉၂) မှာ ‘ဘိက္ခုထံမှာပဲ ပဉ္စင်းခံတဲ့ ဘိက္ခုနီ၊ ဘိက္ခု ဘိက္ခုနီ နှစ်ဖက်လုံးထံမှာ ပဉ္စင်းခံတဲ့ ဘိက္ခုနီလို့ နှစ်မျိုးရှိပေမယ့် သကျမင်းသမီး ငါးရာလို ဘိက္ခုထံမှာပဲ ပဉ္စင်းခံတဲ့ ဘိက္ခုနီမျိုးကို ပယ်ပြီးဖြစ်လို့ ဒီနေရာမှာ ဘိက္ခု ဘိက္ခုနီ နှစ်ဖက်လုံးထံမှာ ပဉ္စင်းခံထားတဲ့ ဘိက္ခုနီတွေကိုပဲ ယူရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပါဠိတော်မှာ အဲဒီလို ဖော်ပြတာ ဖြစ်တယ်’လို့ ဖွင့်ဆိုပါတယ်။ ဒီအဆိုဟာ သကျမင်းသမီး ငါးရာတို့ ဘိက္ခုနီ ဖြစ်ပြီးတာနဲ့ ဘိက္ခုတွေက ဘိက္ခုနီတွေကို ရဟန်းပြုပေးခွင့် ပြုတယ်ဆိုတဲ့ ပညတ်ချက် ပျက်ပြယ်သွားတာကိုထင်ရှားစေတယ်။

ဒါကြောင့် နောက်ထပ် ဘိက္ခုနီပြုသူ မှန်သမျှ ဆဋ္ဌမ ဂရုဓမ်နဲ့ အညီ သိက္ခမာန်အဖြစ် နှစ်နှစ်နေပြီးမှ ဘိက္ခုနီသံဃာထံမှာ ဦးစွာရဟန်းခံ၊ ပြီးရင် ဘိက္ခုသံဃာထံမှာ ရဟန်းခံရတယ်။ အဲဒီလို နှစ်ကြိမ် ရဟန်းခံပြီးမှ ဘိက္ခုနီဖြစ်ခွင့်ရှိတယ်။

... အကြောင်းပြချက် ၃

မိဖုရား အနုဠာဒေဝီ ရဟန်းပြုလိုကြောင်း ဒေဝါနံပိယတိဿမင်းက အရှင်မဟိန္ဒကို လျှောက်တဲ့အခါ ‘ငါတို့အား မာတုဂါမကို ဘိက္ခုနီ ပြုပေးရန် မအပ်ပါ၊ ဒါကြောင့် ငါရဲ့ နှမတော်ဖြစ်တဲ့ သံဃမိတ္တာထေရီကို ပင့်ပါ (ဝိ၊ဋ္ဌ၊၁၊၅၇)’လို့ မိန့်ပါတယ်။ ဒီလို မိန့်တာဟာ ဘိက္ခုနီသံဃာထံမှာ ရဟန်းမခံရသေးတဲ့ အမျိုးသမီးတွေကိုဘိက္ခုတွေက တိုက်ရိုက် ရဟန်းပြုခွင့် မရှိဘူးဆိုတာက လွဲလို့ အခြားအဓိပ္ပာယ် တစ်မျိုးနဲ့ ဖွင့်ဆိုတာကို အဋ္ဌကထာဋီကာ ကျမ်းကြီးတွေမှာ မတွေ့ရဘူး။ ဒါကြောင့် ဘိက္ခုသံဃာက အမျိုးသမီးတွေကိုဘိက္ခုနီပြုပေးတာဟာ လုံးဝမဖြစ်နိုင်။ ‘မာတုဂါမကို ဘိက္ခုနီတွေမှ တစ်ပါး အခြားသောသူသည် ရှင်ပြုပေးခြင်းငှာ မအပ်’ (ဝိ၊ဋ္ဌ၊၃၊၂၄၈)ဆိုတဲ့ စကားအရ ဘိက္ခုတွေဟာ အမျိုးသမီးတွေကို သာမဏေတောင် မပြုပေးကောင်းဘူး။

... အကြောင်းပြချက် ၄

ဘိက္ခုနီသံဃာမရှိတော့တဲ့ ယခုအချိန်မှာ ဘိက္ခုသံဃာကပဲ အမျိုးသမီးတွေကို ဘိက္ခုနီ ပြုပေးနိုင်တယ်လို့ သာဝက (ယနေ့ခေတ် သံဃာ)တွေက ဆိုခဲ့ရင် ဒါဟာ မြတ်ဗုဒ္ဓ ချမှတ်ခဲ့တဲ့ မူလပညတ်ချက်လည်းဖြစ်၊ ယနေ့တိုင် တည်ရှိဆဲလည်းဖြစ်တဲ့ ဆဋ္ဌမ ဂရုဓမ်ကို ချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့် ဘိက္ခုတွေက အမျိုးသမီးတွေကို ဘိက္ခုနီပြုပေးခွင့်ရှိတယ်ဆိုတဲ့ ယူဆချက်ဟာ မှားယွင်းပြီး ဗုဒ္ဓသာသနာအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်တယ်။

ထေရဝါဒ ဝိနည်းသည် မြတ်ဗုဒ္ဓဟောကြားတဲ့ အပြင်အဆင် မရှိ ပြောင်းလဲခြင်းမရှိ ပညတ်တော်မူရင်း အတိုင်း ယနေ့တိုင် ထိန်းသိမ်းထားတဲ့ ဝိနည်းတော်ဖြစ်လို့ အခြားမည်သည့် ဂိုဏ်းက ဝိနည်း သို့မဟုတ် ဘိက္ခုနီကိုမှ ဘိက္ခုနီအစစ်လို့ အသိအမှတ် မပြုနိုင်။ ဒါကြောင့် အခြားဂိုဏ်းမှာ ဘိက္ခုနီပြုလို့ ထေရဝါဒ ဘိက္ခုနီဖြစ်မလာနိုင်။

ဘိက္ခုနီ ရှိသင့်

... ချေပချက် ၁

‘ဘိက္ခုထံမှာပဲ ပဉ္စင်းခံတဲ့ ဘိက္ခုနီမျိုးကို ပယ်ပြီးဖြစ်လို့ ’ဆိုတဲ့ ဋီကာအဆို တစ်နည်း ပုဂ္ဂိုလ်တစ်ဦးရဲ့ ယူဆချက် တစ်ခုတည်းနဲ့ ‘ဘိက္ခုတို့သည် ဘိက္ခုနီမတို့ကို ရဟန်းပြုပေးရန် ခွင့်ပြု၏’ဆိုတဲ့ အနုပညတ်ဟာ သကျမျိုးမင်းသမီးတွေ ရဟန်းပြုပြီးတာနဲ့ ပျက်ပြယ်ပြီး ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်မှာ စဉ်းစားစရာတွေရှိတယ်။

ဗုဒ္ဓကိုယ်တိုင် အဲဒီပညတ်ချက်ကို ပြန်လည် မရုပ်သိမ်းခဲ့ဘူး။ ပါဠိတော် စာသွားအရလည်း ‘ဒီလိုပဲလုပ်၊ အခြား မည်သည့် နည်းနဲ့မျှ မလုပ်ရ’လို့ ဆိုတာမှ မဟုတ်ဘဲ။ ဘိက္ခုနီတွေ မပေါ်ခင်တုန်းက အမျိုးသမီးတွေကို ရဟန်းပြုပေးဖို့ မြတ်ဗုဒ္ဓအနေနဲ့ ဘိက္ခုတွေကို ခွင့်ပြုနိုင်တာကိုက ဘိက္ခုသံဃာကို လုပ်ပိုင်ခွင့် ပေးအပ်တဲ့ သဘောပဲ မဟုတ်လား။ အထူးသဖြင့် ယခုလို ဘိက္ခုနီသံဃာ မိရှိတော့တဲ့ အချိန်မျိုးမှာ အဲဒီအနုပညတ်အရပဲ ဘိက္ခုသံဃာထံမှာ သိက္ခမာန် နှစ်နှစ် ကျင့်ပြီး ဘိက္ခုနီပြုပေးနိုင်တယ်လို့ အဓိပ္ပာယ်ယူခွင့်မရှိနိုင်ဘူးလား။

... ချေပချက် ၂

ရဟန်းတွေ ဝါတွင်းကာလ ခရီးသွားတာနဲ့ ပတ်သက်ပြီး ‘သိက္ခာကို ဆောက်တည်လိုသော သာမဏမိန်းမက ပင့်ဖိတ်လျှင် (၇ ရက်ကြာ) ခရီးသွားကောင်း၏ (ဝိ၊၃၊၂၀၅)’လို့ ပါဠိတော်မှာ ရှိတယ်။ သိက္ခာကို ဆောက်တည်လိုတယ်ဆိုတာ သိက္ခမာန်လုပ်လိုတာလို့ ဆိုနိုင်ရင် ဘိက္ခုက အမျိုးသမီးကို သိက္ခမာန် လုပ်ပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ဒီလိုဆိုရင် ဘိက္ခုနီပြုဖို့ အရေးတကြီးလိုအပ်တဲ့ သိက္ခမာန်အဖြစ်ကို ဘိက္ခုတွေက ပြုမပေးကောင်းဘူးလို့ ဆိုနိုင်အံ့လော။ ဒါကတော့ ဝိနယ စည်းကမ်းကို အခြေခံတဲ့ လစ်ဘရယ်ကျ (ပွင့်လင်းပြီး မတင်းလွန်း) တဲ့ ယူဆချက်ပါ။ ထေရဝါဒီတွေအနေနဲ့ မဇ္ဈိမပဋိပဒါ ကျင့်စဉ်နှင့်အညီ အလျှော့အတင်းကို နှစ်သက်နိုင်ရင် ယခုလိုဘိက္ခုနီတွေမရှိတော့တဲ့ အခြေအနေမျိုးမှာ အမျိုးသမီးတွေကို ဘိက္ခုနီပြုပေးပြီး ဗုဒ္ဓသာသနာ တည့်တံ့ ပြန့်ပွားရေးမှာ အားသွန်ခွန်စိုက် ပါဝင်လာခွင့်ပြုပြီး စိတ်ပိုင်းဘဝလေ့ကျင့်မှုကို မြှင့်တင်ပေးရင် ငြင်းဆိုနိုင်တဲ့ အကြောင်းရှိပါ့မလား။

... ချေပချက် ၃

အနုဠာဒေဝီ မိဖုရားနဲ့ နန်းတွင်းသူတွေ ဘိက္ခုနီ ပြုလိုကြောင်း ဒေဝါနံပိယတိဿရဲ့ လျှောက်ထားချက်ကို အရှင်မဟိန္ဒ မိန့်ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဋီကာကျမ်းကြီးတွေမှာ အခြားအဓိပ္ပာယ် တစ်မျိုးနဲ့ မဖွင့်ဆိုဘူးလို့ မရှိသင့်အုပ်စုက ဆိုတယ်။ ကောင်းပြီ၊ အဲဒီလိုဖွင့်ဆိုချက်မရှိသလို ‘အမျိုးသမီးတွေကို ဘိက္ခုတွေက တိုက်ရိုက် ရဟန်းပြုခွင့်မရှိဘူးလို့ပဲ မှတ်ရမယ်’လို့ကော ဘယ်အဋ္ဌကထာ ဋီကာကျမ်းအရ ဆိုနိုင်သလဲ။ ဒါကြောင့် အဲဒီလို အထူးမဖွင့်လို့ပဲ ဒီနေရာမှာ ဘိက္ခုနီသံဃာပြန်လည် ရှင်သန်လာတာကို နှစ်သက်သူတွေအနေနဲ့ သင့်တော်တဲ့ ယူဆချက်တစ်ရပ်ကို စဉ်းစားနိုင်ဖို့ အခွင့်အလမ်း ပွင့်သွားတာပဲ။ အဲဒီယူဆချက်က ‘အိန္ဒိယမှာ ဘိက္ခုနီသံဃာ တည်ရှိသေးလို့ နှမတော် သံဃမိတ္တာကို ပင့်ဖိတ်စေလိုတဲ့အတွက် အရှင်မဟိန္ဒက အဲဒီလို မိန့်ကြားတာဖြစ်တယ်။ မြတ်ဗုဒ္ဓတားမြစ်လို့ မဟုတ်ဘူး’လို့ ပါပဲ။

... ချေပချက် ၄

‘အမျိုးသမီးတွေ ဘိက္ခုနီအဖြစ် မရခဲ့ရင် ဗုဒ္ဓသာသနာဟာ နှစ်တစ်ထောင် ရှည်နိုင်ပေမယ့် ဘိက္ခုနီအဖြစ် ရခဲ့ရင်တော့ နှစ်ငါးရာပဲ ကြာမယ် ... ခုတော့ ကြိုတင်ပြီး ကန်ပေါင် ကန်ရိုးနဲ့ တူတဲ့ ဂရုဓမ်ရှစ်ပါးကို ဘိက္ခုနီတွေအတွက် ပညတ်လိုက်ပြီ (ဝိ၊၄၊၄၄၆)’လို့ မြတ်ဗုဒ္ဓ မိန့်ဆိုတာဟာ (မဟိသာသကဂိုဏ်းက ထိန်းသိမ်းထားတဲ့ ဝိနည်းပါဠိတော်မှတစ်ပါး ကျန်ဂိုဏ်းအားလုံးက ထိန်းသိမ်းထားတဲ့ ဝိနည်းပါဠိတော်မှာ ဒီဖော်ပြချက် ပါသတဲ့) မိထွေးတော် ဂေါတမီ ဘိက္ခုနီ ဖြစ်ပြီးမှ မိန့်ဆိုတာ ဖြစ်တယ်။ ‘ဂရုဓမ်ကို ကြိုတင် ပညတ်ထားလိုက်တဲ့အတွက် နှစ်ငါးရာမလျော့တော့ဘဲ ပဌမမိန့်ဆိုချက်အတိုင်း နှစ်တစ်ထောင်ပင် တည်လိမ့်မယ်ဟူလို (ဝိ၊ဋ္ဌ၊၄၊၁၂၇)’ဆိုတဲ့ ဖွင့်ဆိုချက်အရလည်း ဘိက္ခုနီတွေ ရှိပေမယ့် ဗုဒ္ဓသာသနာဟာ သက်တမ်းစေ့အောင် တည်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။ ဘိက္ခုနီတွေဟာ ဗုဒ္ဓသာသနာအတွက် တကယ် အန္တရာယ်ရှိရင် အရှင်အာနန္ဒာ တောင်းပန်ရုံနဲ့လည်း မြတ်ဗုဒ္ဓ လိုက်လျောမှာ မဟုတ်ဘူး။ အမျိုးသမီးတွေ ဘိက္ခုနီပြုနိုင်တယ်လို့ ယူဆတာဟာ မှားယွင်းပြီး ဗုဒ္ဓသာသနာအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်တယ်လို့ မရှိသင့်အုပ်စုက ဘာကြောင့်ဆိုနိုင်ရသလဲ။

... ယုတ္တိဆက် ၁

အိန္ဒိယဗုဒ္ဓဘာသာ (ခန့်မှန်းခြေ အေဒီ တစ်ရာစုလောက်ထိ) မှတ်တမ်းတွေအရတော့ ဘိက္ခုတွေနဲ့ ဘိက္ခုနီတွေ နီးစပ်လွန်းလို့ သာသနာ ဆုတ်ယုတ်ပျက်စီးတာမျိုး မဖော်ပြဘူး။

‘တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မ ပဋိပတ်ကွာ၊ ဤငါးဖြာသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း (အံ၊၂၊၁၅၈)’။ ‘ဘိက္ခု၊ ဘိက္ခုနီ၊ ဥပသကာ၊ ဥပါသိကာဟူသော ပရိသတ်လေးပါးသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ သိက္ခာ၊ သမာဓိ၊ အပ္ပမာဒကို အလေးဂရု မပြုသော် တထာဂတ မရှိသည့်နောက် သဒ္ဓမ္မသည် ကြာကြာမတည်တံ့နိုင် (အံ၊၂၊၂၉၉)’လို့ပဲ ဗုဒ္ဓဟောတော်မူတယ်။

မြတ်ဗုဒ္ဓဟာ ဘုရားဖြစ်ပြီးစ လောကကို တရားမဟောဖို့ ကြံစည်မိတယ်ဆိုတာလည်း သဒ္ဓမ္မရဲ့ အင်မတန် ရတောင့်ရခဲဖြစ်ပုံ ဖော်ပြလိုရင်းပါပဲ။ ဘိက္ခုနီတွေကို ရဟန်းပြုခွင့်ပေးဖို့ အလျင်စလို ခွင့်မပြုတာလည်း တန်ဖိုးကြီးမားတာကို ဖော်ပြချင်လို့ပဲ ဖြစ်မှာပါ။ ‘(ပညာတည်း ဟူသော) နားရှိသူများအတွက် နိဗ္ဗာန်တံခါးကို ငါဘုရား ဖွင့်ထားပါပြီ (ဝိ၊၃၊၁၀)’လို့ ဟောတော်မူတာဟာ အမျိုးသားတွေကိုသာ မရည်ရွယ်တာတော့ သေချာပါတယ်။

... ယုတ္တိဆက် ၂

ကမ္ဘာပေါ်မှာ မကြာသေးတဲ့ ရာစုနှစ်တွေကစပြီး အမျိုးသမီးတွေဟာ မဲပေးခွင့်၊ တန်းတူလစာ၊ စစ်မှုထမ်းခွင့်နဲ့ နောက်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်ခွင့်တွေကိုတောင် တောင်းဆိုပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ စတင်ခဲ့တာယခုအခါ အရှိန် မြင့်နေပါပြီ။ မိန်းမ ဖြစ်ခြင်းဆိုတဲ့ အကြောင်းကြောင့် ခွဲခြားဆက်ဆံတာမျိုးကို အလယ်အလတ်လမ်းစဉ်နဲ့ ကျော်ကြားတဲ့ ဗုဒ္ဓဘာသာက လက်ခံသင့်သလား။ ယခုအခါ တိဗက်၊ ထိုင်ဝမ်၊ တရုတ်နဲ့ ဗီယက်နမ်လို နိုင်ငံတွေမှာ ဘိက္ခုနီတွေဟာ ဘိက္ခုတွေနဲ့ အတူ ထွန်းကားနေပါတယ်။ (စကားမစပ်၊ သူတို့ လိုက်နာတဲ့ ဝိနည်းက ရှေးဦး ဗုဒ္ဓဝါဒ ဂိုဏ်းကွဲတွေဖြစ်တဲ့ မူလသဗ္ဗတ္ထိဝါဒနဲ့ ဓမ္မဂုတ္တကဂိုဏ်းက ထိန်းသိမ်းထားတဲ့ ဝိနည်းဖြစ်ပြီး ထေရဝါဒ ပါဠိဝိနယနဲ့ အားလုံးနီးပါး တူညီပါသတဲ့။)

ယခုခေတ်မှာ ကမ္ဘာအရပ်ရပ်က လူတွေ ဗုဒ္ဓဓမ္မကို စိတ်ဝင်စားပြီး တရားအားထုတ် ကျင့်ကြံမှုတွေ တိုးပွား များပြားလာနေပါတယ်။ ‘လူဝတ်ကြောင်ဟာ ရဟန္တာဖြစ်သွားရင် ရဟန်းပြုရင် ပြု၊ မပြုရင် ပရိနိဗ္ဗာန် စံရတယ် (ဒီ၊ဋ္ဌ၊၃၊၉၇)’ဆိုတဲ့ စကားအရ ငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက် ကြိုးစားလို့ ရဟန္တာဖြစ်သွားတဲ့အခါ လူဝတ်ကြောင်မှာ မနေနိုင်ခဲ့ရင် အလိုလို သက်တမ်း ကုန်ရတော့မှာလား .. ဒါမှမဟုတ် သက်တမ်းကုန်တော့မယ့်လူပဲ ရဟန္တာဖြစ်ရတော့မှာလား ...

ဘယ်လို ထင်မြင်သလဲ

ဘိက္ခုနီ မရှိသင့်ဘူးလို့ ဆုံးဖြတ်သူတွေကလည်း မရှိနိုင်တဲ့ အကြောင်းပြချက်ကိုပဲ ရှာဖွေ ပြောဆိုကြမှာပဲ။ ရှိသင့်တယ်လို့ ယူဆသူတွေကလည်း ရှိသင့်တဲ့ ယုတ္တိကိုပဲ စဉ်းစားပြီး ပြောဆိုကြမှာပဲ။ ခေတ်ရဲ့ တောင်းဆိုမှုက ဘယ်လိုလဲ။ ခေတ်သစ် ဘိက္ခုနီတွေဟာ ဗုဒ္ဓသာသနာအတွက် ဘာလုပ်နေကြသလဲ။ မဟာကရုဏာရှင် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိခဲ့ရင် ‘မာတုဂါမတွေ ကိုယ့်ဟာကိုယ် အေးအေးပဲနေကြ’လို့ မိန့်တော်မူမည်လား။ ပညာရှင်တို့ မိမိဖာသာ စဉ်းစားကြရုံပါပဲ။

... ပုဂ္ဂိုလ်ရေးအတွေး ၁

နှစ်ဖက်သော ပညာရှင်တွေရဲ့ တင်ပြချက်တွေကို လေ့လာပြီးတဲ့အခါ ဒီနေရာမှာ ပါဠိမုတ္တက (ပါဠိတော်မဟုတ်တဲ့)အဆုံးအဖြတ် ဆိုတာကို စဉ်းစားမိပါတယ်။ မြတ်ဗုဒ္ဓ ပညတ်တော်မူရင်းအရ ရဟန်းတစ်ပါးဟာ မြေကိုမတူးကောင်း၊ မတူးခိုင်းကောင်းဘူး။ ဒါကြောင့် ‘ရေကန်တူးပါ’လို့ လူသာမဏေကို ခိုင်းရင် အာပတ်သင့်တယ်။ ဒါပေမယ့် အေဒီ ငါးရာစု သီရိလင်္ကာနိုင်ငံမှာ ဘုန်းကြီးကျောင်းတိုက်တွေ တိုးတက်လာတာနဲ့အမျှ ရေတွင်း ရေကန်လှူဒါန်းသူတွေ ပေါများလာတဲ့အခါ ခေတ်ရဲ့ တောင်းဆိုမှုအရ ‘ရေကန်ကို သိပါ’လို့ ဆိုပြီးခိုင်းရင် အပ်တယ်လို့ ဝိနည်းဘောင်အတွင်းကပဲ ရဟန်းသံဃာနဲ့ အပ်စပ်နဲ့ နည်းလမ်းကို တီထွင်ရတယ်။ တူးပါဆိုဆို သိပါပြောပြော မြေကိုတူးတာပါပဲ။ ဒါပေမယ့် ပရိယာယ်နဲ့ပဲ ရဟန်း အာပတ်လွတ်ပါတယ်။ အဲဒီလို နည်းလမ်းမျိုးတွေ မရှိနိုင်ဘူးလား...

... ပုဂ္ဂိုလ်ရေးအတွေး ၂

ဆယ်စုနှစ် ငါးခုလောက် အလွန်က အင်္ဂလိပ်စာကို တိရစ္ဆာန်စာဆိုပြီး ဘုန်းကြီးတွေကို သင်ခွင့်မပြုဖို့ ပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းကိုးတွေနဲ့ အကျိတ်အနယ် စကားစစ်ထိုးခဲ့ကြတဲ့ ထေရဝါဒီ ပညာရှင် ရဟန်းရှင်လူတွေဟာ ဒေါက်တာဆိုတဲ့ ရှေ့ဆက်ပုဒ်ပါမှ ခေတ်မီတယ်လို့ ယူဆလာတဲ့ ယနေ့ခေတ် သံဃာတော်တွေကို တွေ့ရင် ဗုဒ္ဓသာသနာ ပျက်ပါပြီဆိုပြီး ဝမ်းနည်းပက်လက် ဖြစ်နိုင်ပေမယ့် ခုအခါမှာတော့ ပြင်ပကမ္ဘာရဲ့ ရိုက်ခတ်မှုနဲ့ အတူ ကျယ်ပြောလာတဲ့ ခေတ်အမြင်အရ အတော်များများ နားလည်ပေးနိုင်ပါပြီ။

ထေရဝါဒ ဘိက္ခုနီသာသနာလည်း မကြာတော့တဲ့ နောင်တစ်ချိန်မှာ အဲဒီလို ဖြစ်လာလေမလား ...။ ပရိယတ္တိ နယ်ပယ်မှာရော ပဋိပတ္တိမှာပါ ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါးက အချိန်တန်သေးဘူးလို့ မိန့်ဖူးပါတယ်။ ဆရာတော်ကြီး မိန့်သလိုဆိုရင်တော့ ထေရဝါဒသံဃာတော်တွေ အများစု သဘောတူ လက်ခံတဲ့ အချိန်ထိ စောင့်ရာဦးမယ် လိုပဲဆိုနိုင်ပါလိမ့်မယ်။

၁၄၅။ အိုဗာစတေးနဲ့ အဒိန္နာဒါန

မေ ၂၈၊၂၀၁၀။

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

၁) နိုင်ငံရပ်ခြားတွင် တရားမဝင် နေထိုင်သူများသည် အဒိန္နာဒါနကံ မြောက်ပါသလား။

၂) လောင်းကစား ပြုခြင်းသည် အကုသိုလ် ဖြစ်ခြင်းအကြောင်းတွင် ပါဝင်ပါသလားဘုရား။ ကာယဒုစရိုက် သုံးပါးတွင် လောင်းကား ပြုခြင်းအား တားမြစ်ချက်ကိုမတွေ့ရပါဘုရား။ တပည့်တော်သိသောငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးသီလများတွင်လည်း တားမြစ်ချက် မပါပါ။ ရဟန်းသီလတွင် လောင်းကစား မပြုရ တားမြစ်ချက် ပါပါသလား။ ရဟန်းများ ထီထိုး၊ ချဲထိုးလျှင် အာပတ်သင့်ပါသလား ဘုရားဘုရား။ လောင်းကစားပြုလုပ်မှုကြောင့် ရရှိသည့်အပြစ်များကို သိလိုပါသည်။

အေးမြတ်ကို၊ ရန်ကုန်

၁။ ခိုးမှုမြောက်ခြင်း

ခိုးယူရာမှာကံမြောက်ဖို့အင်္ဂါငါးရပ်ရှိတယ်။
(၁) လူဇာတ်ရှိသူအခြားတစ်ယောက်ပိုင်ဆိုင်တဲ့ ဥစ္စာဖြစ်ခြင်း
(၂) သူတစ်ပါးပိုင်တဲ့ ဥစ္စာဖြစ်တယ်လို့ စိတ်ထဲကသိနေခြင်း
(၃) တစ်မတ်၊ တစ်မတ်ထက်ပိုသောဥစ္စာဖြစ်ခြင်း
(၄) ခိုးယူလိုတဲ့ စိတ်ရှိခြင်း
(၅) ခိုးယူပုံ၂၅မျိုးအနက်တစ်မျိုးမျိုးနဲ့ ခိုးယူခြင်း

ဒီငါးမျိုးထဲမှာ နံပါတ်သုံးကတော့ ရဟန်းတစ်ပါး ပါရာဇိကကျစေနိုင်တဲ့ အနည်းဆုံး သတ်မှတ်ချက်ကိုပြလိုတာဖြစ်ပါတယ်။ အမှန်တော့ဘယ်လောက်ပဲခိုးခိုးကျန်တဲ့ အင်္ဂါလေးရပ်နဲ့ ညီရင် ခိုးမှုမြောက်တယ်။

ခိုးယူပုံ ၂၅ မျိုး

နားလည်ရုံ ချုပ်ပြီး ပြောပြပါမယ်။ (၁) ကိုယ်မပိုင်တဲ့ ဥယျာဉ် ခြံ ကျောင်းကန် လယ်ယာစသည်ကိုတရားဆင် ယူခြင်း (၂) သူတစ်ပါး ထည့်ပေးလိုက်တဲ့ ဆောင်းပါးပစ္စည်းကို ယူထားခြင်း (၃) သူတစ်ပါး အပ်နှံထားတဲ့ ဘဏ္ဍာ၊ အိမ်ဂရမ်စသည်ကို မအပ်ပါဘူးလို့ ငြင်းဆိုခြင်း (၄) ဣရိယာပုတ်ကို ဖျက်ပြီးခိုးယူခြင်း (၅)နေရာရွှေ့ပြီးခိုးယူခြင်း (၆)သူ့ကျွန်သူ့မယားသူ့တိရစ္ဆာန်တွေကို တရားဆင်ယူ (၇) သူတစ်ပါး ထည့်ပေးလိုက်တဲ့ ကျွန် ကျွဲနွားစသည်ကို ယူ (၈) သူတစ်ပါး အပ်နှံထားတဲ့ ကျွန်ကျွဲနွား စသည်ကိုမအပ်ပါဘူးလို့ ငြင်းဆို (၉)ယူဆောင်လာတဲ့ ကျွန် ကျွဲနွားစသည်ကို ဣရိယာပုတ် ဖျက်ပြီး ယူ (၁၀) ယင်းတို့ကိုရှိနေတဲ့ နေရာကအခြားနေရာသို့ရွှေ့ပြီး ယူခြင်း

(၁၁) ကိုယ်တိုင် ခိုးယူခြင်း (၁၂) သူတစ်ပါးကို ခိုးခိုင်းခြင်း (၁၃) ပစ္စည်းဝတ္ထုကိုပစ်လွှတ်၍ခိုးယူခြင်း (၁၄) အဆင်ပြေတဲ့ အချိန်နေ့ရက်မှာ ခိုးချေလို့ စေခိုင်းပြီး ခိုးခြင်း (၁၅) ပိုင်ရှင်အား မရတော့ပြီဟု ဝန်ချစေ၍ခိုးယူခြင်း (၁၆) ခိုင်းဆဲခဏမှာ ခိုးမှုမြောက်ခြင်း (မိမိ ခိုင်းသူဟာ အခက်အခဲမရှိဘဲခိုးယူနိုင်ရင်) (၁၇)လယ်မြေ အိမ်ခြံတို့ရဲ့မှတ်တိုင်ကိုရွှေ့ပြီး ခိုးခြင်း (၁၈)လူအများနဲ့ တိုင်ပင်ညီညွတ်ပြီးခိုးခြင်း (၁၉) အချိန်နေ ရာစသည်ကိုချိန်းချက်၍ခိုးခြင်း (၂၀)ခြေဟန်လက်ဟန် ပြ၍ခိုးခြင်း (၂၁)ချိန်ခွင်၊ တင်းတောင်း၊ လဲလှယ်နှုန်းကို မမှန်ပြုခြင်း (၂၂) အတင်းအကြပ်လုယူခြင်း (၂၃)ပစ္စည်းနဲ့ အရပ်ကိုသတ်မှတ်ပြီးခိုးခြင်း (ဥပမာ- ညအမှောင်မှာရွှေသားအထင်နဲ့ ခိုးယူခဲ့ပေမယ့်ငွေသားမှန်း သိလို့ ပြန်ထားရင် ကံမမြောက်၊ ရတာအကုန်ယူဆိုပြီးပြန် မထားရင် ကံမြောက်) (၂၄) မြက် သစ်ရွက် စသည်နဲ့ ဖုံးလွှမ်းပြီး ခိုးခြင်း (၂၅) နာမည်ကမ္ပည်းပြောင်းပြီးခိုးယူခြင်း

အိုဗာစတေးများ

ခိုးယူပုံ၂၅မျိုး အနက် (၁၃)ခုမြောက် ခိုးယူပုံမှာ သုင်္ကဃာတ (အခွန် ရှောင်ခြင်း)ဆိုတာ ပါတယ်။ နားလည်အောင် ပြောပြရရင် ... လူတစ်ယောက် သိန်းနှစ်ဆယ်တန် စိန်ထုပ်ကို တစ်ဖက်နိုင်ငံက ဝယ်လာပြီး နယ်စပ်မှာ မြန်မာအခွန်ဌာကို ပေးရမယ့် ဆယ်သိန်းကိုတစ်နည်းနည်းနဲ့ ရှောင်တယ် (ဥပမာ ... အဲဒီ စိန်ထုပ်ကို မြန်မာနိုင်ငံဖက်မှာ ရှိနေသူဆီ အခွန်ကောက်သူတွေ မသိအောင် ပစ်ပေးလိုက်တယ်။ ကိုယ်နဲ့တော့ ဘာပစ္စည်းမှ ပါမလာလို့ အခွန်ဆောင်စရာမလိုဘူး)။

နိုင်ငံခြားက အိုဗာစတေးနဲ့ ပတ်သက်ရင် ပထမ ကံမြောက်အင်္ဂါရပ် ငါးပါးနဲ့ ညီးရဲ့လားလို့ စဉ်းစားပြီး၊ ခိုးပုံ ၂၅ မျိုးထဲမှာ ထည့်သွင်းကြည့်နိုင်တယ်။ သူတို့နိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်မပေးတဲ့ အတွက် အိုးဗာစတေး ဖြစ်သွားရာကနေ သူတို့နိုင်ငံရဲ့ (လောကီ) ဥပဒေအရ ဗီဇာကြေး (သို့မဟုတ် လူခွန်)ကို တရားဝင် ပေးခွင့်မရှိတော့လို့ သုင်္ကဃာတ (အခွန်ရှောင်)ခိုးခြင်းနဲ့ ငြိနိုင်ဖွယ်ရှိတယ်။ ဒါပေမယ့် လာစစ်လို့ မိရင် ပြန်ပို့ခံရမှာကို ကြောက်တာက လွဲလို့ ခိုးလိုတဲ့ စိတ်မှ မရှိဘဲ။ ကိုယ့်ရည်ရွယ်ချက်ကနိုင်ငံခြားမှာ အလုပ်လုပ်ပြီး ငွေရှာရုံပါပဲ။ ပစ္စည်း ဝယ်ရင် သူတို့နိုင်ငံကို အခွန်ပေးတာပဲ။ ဗီဇာကြေး တောင်းရင် ပေးမယ်လို့ စိတ်ထဲမှာရှိနေရင် ကံမမြောက်ပါဘူး။ ဗီဇာကြေးမပေးချင်လို့၊ မပေးနိုင်လို့ ဗီဇာကြေးကိုရှောင်ပြီး ခိုးနေရင်တော့ ကံမြောက်တယ်။

၂။ လောင်းကစား

အာဇီဝဋ္ဌမကသီလ ၈ ပါးမှာ သုရာမေရယ မပါပေမယ့် အရသာဆိုတဲ့ ကာမအာရုံကို မှားယွင်းစွာ ကျင့်သုံးမှုဖြစ်လို့ ကာမေသု မိစ္ဆာစာရမှာ သွင်းတယ် (ဋီကာကျော်၊ စာ-၁၇၂)။ လောင်းကစားကို ဘယ်ဒုစရိုက်မှာ သွင်းယူတယ်ဆိုတာကိုတော့ မတွေ့ဖူးဘူး။ ဒါပေမယ့် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ အာရုံတွေရဲ့ ခံစားမှုနောက်ကို မှားယွင်းစွာ လိုက်တာဖြစ်လို့ ကာမေသုမိစ္ဆာစာရမှာပဲ သွင်းယူနိုင်ဖွယ်ရှိပါတယ်။

လောင်းကစားသူတွေဟာ ဝတ်ထားတဲ့ အဝတ်ကိုတောင် ချွတ်ပြီး လောင်းတဲ့အထိ အပျော်ကြူးတယ် (သုတ္တနိ၊ဋ္ဌ၊၁၊၁၅၄)။ လောင်းကစားလုပ်ရင် ကုသိုလ်ကောင်းမှုတွေ အကျိုးပေးခွင့် မကြုံတော့ဘူး (အဘိ၊ဋ္ဌ၊၂၊၄၂၀)။ အရက်သောက်လိုက်တာနဲ့ အကုသိုလ်ဆိုးကျိုးတွေ ဝင်လာဖို့ တံခါးခွင့်လိုက်သလို လောင်းကစားလုပ်သူလည်း လိမ်ညာခိုးဝှက်ဖို့ ဝန်မလေးတော့ဘူး။ ဒါကြောင့် ကုသိုလ်ဖြစ်အောင် ကျင့်ကြံနေထိုင်သူ ဗုဒ္ဓဝါဒီအဖို့ လောင်းကစားမှုကို လုံးဝ တားမြစ်ပြီးသားပဲလို့ မှတ်ပါ။

ရဟန်းသီလ

ရဟန်းသီလထဲမှာ လောင်းကစား မလုပ်ရဘူးရယ်လို့တော့ အတိအကျ မတွေ့ဖူးသေးဘူး။ ဒါပေမယ့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် ပါပြီးဖြစ်လို့ ဒီကိစ္စ ဆိုဖွယ် မရှိနိုင်ပါဘူး။ ရဟန်းတွေ ထီမထိုးရ ချဲမထိုးရလို့ သိက္ခာပုဒ် တိုက်ရိုက်လည်း မတွေ့ဖူးဘူး။ ငွေကြေး မကိုင်ရ၊ စီးပွားရေး အရောင်းအဝယ် မလုပ်ရဆိုတဲ့ နိဿဂ္ဂိယ သိက္ခာပုဒ်ထဲမှာတော့ သွင်းယူနိုင်ဖွယ် ရှိတယ်။

လူတွေလောင်းကစား မလုပ်အောင်ဗုဒ္ဓတရားနဲ့ လမ်းညွှန်ဖို့တာဝန်ရှိတဲ့ ရဟန်းမြတ်အနေနဲ့ လူရှေ့မှာ ချဲတွက်နေရင်၊ လူတွေနဲ့ ရောပြီး ထီကိစ္စ၊ ချဲကိစ္စကို အားပေးနေရင် အဘယ်သင့်နိုင်ပါ့မလဲ။ အဲဒီလို ရဟန်းတွေနဲ့ တွေ့ရင် ဆရာတင်ပြီး မကိုးကွယ်ပါလေနဲ့။ ဩောင်း .. နမော၊ ဒူရေ ဒူရေ..ဝေးဝေးကရှောင်ပါလေ။

၁၄၆။ ဘာသာရေး စတန့်လော

မေ ၂၈၊၂၀၁၀။

ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊

တရား စာအုပ်တစ်ခုတွင် ‘ရှေးဘဝနောက်ဘဝရှိ၏ဟု ယူဆခြင်းသည် ဗုဒ္ဓဝါဒအရ ဒိဋ္ဌိအယူဖြစ်ကြောင်း’ ဥပမာများနှင့် ရှင်းလင်း ရေးထားသည်ကို ဖတ်ရှုရပါသည်။ စာအုပ်အမည်မှာ ‘ရှေးဘဝ နောက်ဘဝ ဗုဒ္ဓမဝေဖန်နှင့် အခြားဆောင်းပါးများ (ဒုတိယအကြိမ်)’ဖြစ်ပါသည်။ ထိုစာအုပ်တွင် ရှေးဘဝနောက်ဘဝရှိခြင်း မရှိခြင်း၊ ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်၊ တစ်ချို့တွင်ရှိပြီးတစ်ချို့တွင်မရှိခြင်းတို့သည် ဗုဒ္ဓလက်ထက်တော်က အခြားသော မိစ္ဆာဒိဋ္ဌိတို့၏ အယူဝါဒဖြစ်၍ မြတ်ဗုဒ္ဓလက်ခံတော် မမူကြောင်း ရှင်းပြထားပါသည်။

ဗုဒ္ဓဝါဒ အစစ်အမှန်အရ ယခုမျက်မှောက်ဘဝ အပြင် ယခင်ဘဝများနှင့် နောင်ဘဝများ ရှိသည်ဟု တပည့်တော် နားလည်ထားပါသည်။ ရှေး (အတိတ်)ဘဝနှင့် နောင် (အနာဂတ်)ဘဝကို ဗုဒ္ဓငြင်းပယ်သည်ဆိုခြင်းနှင့် ပတ်သက်၍ ဖော်ပြပါစာအုပ်၌ ရှင်းပြသလို ဟုတ် မဟုတ် သိလိုပါသည် အရှင်ဘုရား။

ဟိန်းထက်အောင်

ဗုဒ္ဓဝါဒီရဲ့ ယုံကြည်မှု (၁၀)မျိုး

မြတ်ဗုဒ္ဓ ဟောကြားတတဲ့ ထိုထို နိကာယ်ပါဠိတော်တွေမှာ သမာဒိဋ္ဌိ (မှန်သောအမြင်)ဆိုတာကို ဒီလိုဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ ဗုဒ္ဓဝါဒီတွေရဲ့ အခြေခံယုံကြည်ချက် (၁၀)မျိုးလို့လည်း ခေါ်နိုင်ပါတယ်...

(၁) အလှူဒါနပြုရင် ကောင်းကျိုးကိုခံစားရတယ်၊
(၂) ပူဇော်မှုရဲ့အကျိုးရှိတယ်၊
(၃) လက်ဆောင်ပေးကမ်းပူဇော်မှုရဲ့အကျိုးရှိတယ်၊
(၄) ကုသိုလ်အကုသိုလ်တို့ရဲ့ကောင်းကျိုးဆိုးပြစ်ရှိတယ်၊
(၅) မိခင်ကိုလုပ်ကျွေးရင် ကောင်းကျိုးရတယ်၊ ပြစ်မှားရင် ဆိုးကျိုးရတယ်၊
(၆) ဖခင်ကိုလုပ်ကျွေးရင် ကောင်းကျိုးရတယ်၊ ပြစ်မှားရင် ဆိုးကျိုးရတယ်၊
(၇) လူတို့မမြင်နိုင်တဲ့ ငရဲ၊ ပြိတ္တာ၊ နတ်၊ သိကြား၊ ဗြဟ္မာဆိုတဲ့ ဩပပါတိကသတ္တဝါတွေရှိတယ်၊
(၈) ဒီမျက်မှောက်ဘဝရှိတယ်၊
(၉) သေပြီးနောက်ဘဝတမလွန်လောကရှိတယ်၊
(၁၀) ကောင်းစွာကျင့်ကြံနေကြတဲ့ သမဏဗြဟ္မဏတွေ ရှိတယ်၊ ၎င်းတို့က ဒီဘဝ တမလွန်ဘဝကို ကိုယ်တိုင် သိမြင်ပြီး လူတွေကို ပြန်လည် ဟောပြတယ် (မ၊၁၊၃၅၈။ သံ၊၂၊၅၂၆။ အံ၊၁၊၂၇၂)။

တရားစာအုပ် မဟုတ်

‘ရှေးဘဝ နောက်ဘဝရှိ၏ဟု ယူဆခြင်းသည် ဗုဒ္ဓဝါဒအရ ဒိဋ္ဌိအယူဖြစ်ကြောင်း’ မေးခွန်းရှင် အနေနဲ့ အမှန်တကယ် ဖတ်ရတယ်ဆိုရင် အဲဒီစာအုပ်ဟာ ‘သုံးဆယ့်တစ်ဘုံဝါဒ ဗုဒ္ဓလက်မခံ’လို့ ဆိုတာနဲ့ အတူတူ ဖြစ်ပါတယ်။ ဒါဆိုရင် ဘုန်းကြီး ထပ်ရှင်းစရာ မလိုတော့ပါဘူး။ လူသေ လူဖြစ်ဝိနိစ္ဆယကျမ်းကိုပဲ ရှာဖွေ ဖတ်ရှုပါလေ။ အကယ်၍ ‘တရား’ဆိုတဲ့ စကားလုံးကို ‘ဗုဒ္ဓရဲ့တရား’လို့ ရည်ရွယ်ခဲ့ရင် မေးခွန်းရှင် အနေနဲ့ ထိုစာအုပ်ကို တရားစာအုပ်လို့ မခေါ်သင့်ဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရှင်တော်မြတ်က အဲဒီလိုမှ မဟောဘဲ။ ဒါကြောင့်ဗုဒ္ဓတရားမှ မဟုတ်ဘဲ။

စာပေ လွတ်လပ်မှု သဘောအရ ရေးသူဟာ ရေးခွင့်ပေမယ့် ဗုဒ္ဓ မဟောတာကို ဟောသယောင်တော့ မလုပ်နဲ့ ပေါ့။ ဦးပွဟာ ဗုဒ္ဓဟောတဲ့ သုံးဆယ့်တစ်ဘုံ၊ နောက်ဘဝဆိုတာတွေကို မယုံဘူး။ ဗုဒ္ဓသိတာထက် ဦးပွက ပိုသိတာမို့ ဦးပွရဲ့ ဝါဒပါလို့ လုပ်ပေါ့။ ဘာကြောင့် ဗုဒ္ဓရဲ့ ခြေမွှေးတော်မှာ ခိုကပ်ပြီးမြတ်ဗုဒ္ဓကို စော်ကားနေရတာလဲ။

ဘာသာရေး စတန့်လော

တစ်ခါက ဘုန်းကြီး လူထွက် တစ်ယောက်က သူ့စာအုပ်ကို ‘ဂေါတမ ဗုဒ္ဓသည် မြန်မာပြည်သား’လို့ စာအုပ်ခေါင်းစဉ် တပ်မယ်လို့ ပြောနေသံကို ကြားတော့ မိတ်ဆွေ ဘုန်းကြီးက ‘ဘာဖြစ်လို့လဲ’လို့ မေးတယ်။ ဒီတော့ သူပြောပုံက ‘လူတွေ စိတ်ဝင်စားအောင်လို့ပါ’။ ‘ဒီလိုလုပ်လိုက်ရင် လူတွေ ဒီစာအုပ်ကို မဝယ်ရင်တောင် အနည်းဆုံးတော့ ဘာလဲဆိုပြီး ကိုင်ကြည့်ချင်မှာပေါ့’တဲ့။ နာမည်ကြီးအောင်၊ စာအုပ်ကိုရောင်းရအောင်အဲဒီလို စတန့်ထွင်တာလေးတွေ ရှိတတ်ပါတယ်။

‘အကြံကုန် ဂဠုန်ဆားချက်’ ဆိုတဲ့အတိုင်း လူတွေဟာ ဆင်းရဲချွတ်ခြုံကျလာတဲ့အခါ ကြံမိကြံရာ လုပ်တတ်တဲ့ သဘောရှိပါတယ်။ ဒီထက် မပိုနိုင်ပါဘူး။ ဘာကြောင့်ဆို ထိုစာရေးသူအနေနဲ့ ဗုဒ္ဓ မဟောတာကို ဟောပါတယ်လို့ အမျိုးမျိုး လုပ်ကြံပြီး လိုရာဆွဲ ရေးရတော့မှာပဲ။ အဲဒီလိုရေးနေဆဲမှာ သူ့စိတ်ထဲမှာ ဘယ်လိုရှိနေမလဲ။

၁၄၇။ ဘဝလမ်းညွှန်

ဇူလိုင် ၁၄၊၂၀၁၀။

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ စာရေးတံမဲ လှူဒါန်းခြင်းစသည်ကို ပြုပါက အပါယ်တံခါး ပိတ်သည်ဟု ဆိုရာတွင် သေပြီးနောက် အပါယ်မကျခြင်းလော၊ တစ်သံသရာလုံး အပါယ်တံခါး ပိတ်သွားခြင်းလောဆိုသည်ကို သိလိုပါသည်။ ထို့ပြင် ဒါနထက် သီလက သာသည်၊ သီလထက် ဘာဝနာကသာသည်၊ သမထထက်ဝိပဿနာက သာသည်ဟုလည်း မှတ်သားဖူးပါသည်။ ဗုဒ္ဓသာသနာသည် ဒါနလား၊ သီလလား၊ သမထလား၊ ဝိပဿနာလားဆိုသည်ကို ကွဲပြားစွာသိလိုပါသည် အရှင်ဘုရား။

အေးမြတ်ကို၊ ရန်ကုန်

ကြည်ညိုစိတ်

သေခါနီးမှာ စိတ်ကြည်လင်ပြီး မိမိလုပ်ဖူးတဲ့ ကောင်းမှုတစ်ခုကို သတိရနိုင်ရင် ဘဝကူးကောင်းဖို့ အထောက်အပံ့ ပြုပါတယ်။ ပုထုဇဉ်ဘာဝ အမှားအယွင်း သို့မဟုတ် အနန္တရိယကံ (မိဖသတ်ခြင်းစတဲ့ ကုစားလို့မရတဲ့ ကံ) မဟုတ်တဲ့ သာမန် အကုသိုလ်တွေကို လုပ်မိတတ်တာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံ သေခါနီး အထူးရည်ညွှန်းပြီးပြုတဲ့ ကုသိုလ်က အဲဒီလုပ်ထားမိတဲ့ အကုသိုလ်ထက် အင်အား ကောင်းသွားပြီး ဘဝကောင်းကို ပေးစွမ်းနို်င်တယ်လို့ ဗုဒ္ဓဒဿနမှာ ရှိပါတယ်။ သံဝေဇနိယ လေးဌာနကို ဘုရားဖူးသွားသူဟာ ကြည်ညိုသဒ္ဓါစိတ်တွေ တဖွားဖွားဖြစ်တယ်။ အဲဒီစိတ်နဲ့ သေလွန်ရင် သုဂတိရောက်တယ် သို့မဟုတ် အပါယ်တံခါးပိတ်တယ်လို့ မြတ်ဗုဒ္ဓဟောတော်မူပါတယ်။

ဒုတိယဘဝ

အပါယ်တံခါးပိတ်ဆိုတဲ့ အဓိပ္ပာယ်က သေပြီးနောက်ဆင်းရဲတဲ့ ဘဝမျိုးကို မရောက်ဘူးလို့ ဆိုလိုတယ်။ ဝါဆိုသင်္ကန်းစတဲ့ အလှူတွေကို လှူဆဲခဏမှာ ဖြစ်ပေါ်တဲ့ တဒင်္ဂ စိတ်ကြည်နူးမှုကို မကြာမကြာ ပြန်သတိရနေမယ်၊ တစ်သက်လုံး အမှတ်ရသွားစေပြီး စိတ်ကို အလွန် ညစ်ကျုစေတဲ့ အကုသိုလ်ကံတွေကို မကျူးလွန်မိအောင်လည်း နေမယ်ဆိုရင် အဲဒီလူဟာ ယခုဘဝ ကွယ်လွန်ပြီး ဒုတိယဘဝမှာ အပါယ်ကျနိုင်ခြေ နည်းသွားမယ်။ ဒါပေမယ့် ဘဝသံသရာ တစ်လျှောက်လုံး အပါယ်တံခါး ပိတ်တယ်လို့တော့ မဆိုနိုင်ဘူး။ ယခင် လုပ်ထားဖူးတဲ့ အကုသိုလ်ကံကြွေးတွေဟာ ယင်းတို့ကို အရိယမဂ်နဲ့ မဖြတ်နိုင်သေးသရွေ့ ဘဝသံသရာမှာ မြုပ်ချည်ပေါ်ချည်ဖြစ်အောင် လုပ်ပေးနေအုံးမှာပဲ။ ဒါကြောင့် ဝါဆိုသင်္ကန်း လှူထားလို့ အပါယ်တံခါး ပိတ်ပြီဆိုပြီး ဒုစရိုက်တွေကိုမလုပ်မိပါစေနဲ့။

ကောင်းမှု ၆ မျိုး

သရဏဂုံနဲ့ ငါးပါးသီလမြဲခြင်း၊ စာရေးတံမဲ အလှူ၊ အမြဲတမ်း သံဃာ့ဆွမ်း အလှူ၊ ဝါဆိုသင်္ကန်းနဲ့ သောက်ရေကန် အလှူတွေဟာ အလှူရှင်ရဲ့ စိတ်ကို ပိုပြီး ဆွဲဆောင်တတ်တဲ့ သဘောရှိလို့ ကျမ်းဂန်မှာ အထူး ဖော်ပြတာ ဖြစ်မယ်လို့ ထင်ပါတယ်။ သေခါနီးမှာဘုရားပန်းလေးကပ်လှူပြီး အဲဒီအာရုံနဲ့ သေသွားလို့ ဘဝကောင်းတစ်ခုရဲ့ တံခါးပွင့်သွားတဲ့ သာဓကတွေကို ထောက်ရင် မိမိရဲ့ စိတ်အာရုံမှာ အထူးစွဲထင်သွားတဲ့ ဘယ်အလှူမဆို အပါယ်တံခါးကို ပိတ်စေနိုင်တဲ့ သတ္တိရှိပုံရပါတယ်။ ဒါကြောင့် အလှူရှင်ဟာ မလှူမီ လှူဆဲ လှူပြီးကာလတွေမှာ မိမိရဲ့အလှူကို အာရုံယူပြီး စိတ်ကြည်နူးနိုင်အောင် ကြိုးစားသင့်ပါတယ်။ မိမိရဲ့ကောင်းမှုကို မေ့ပျောက်မပစ်သင့်ဘူး။

ဒါန

ဒါနဟာ သစ္စာဓမ္မ လမ်းစဉ်ကို လျှောက်လှမ်းရာမှာ ပထမဆုံး အခြေခံ ကိုယ်ကျင့်တရား ဖြစ်တယ်။ ဒါနပြုသူဟာ မိမိနှစ်သက် မြတ်နိုးတဲ့ ပစ္စည်းကို စွန့်လွှတ်ဖြစ်အောင်လှုံ့ဆော်တဲ့ သတ္တိ (စေတနာ)က ကောင်းကျိုး ပေးတယ်လို့ ယုံကြည်တယ်။ လှူဒါန်းလိုက်ရလို့ ကုန်မသွားဘူး၊ ငါတို့ အရင်းအနှီးစုတာ (နိဓိကဏ္ဍ)ပဲလို့ နားလည်ပြီး အောင်မြင်စွာ လှူဒါန်းနိုင်အောင် လေ့ကျင့်တယ်။ ပြီးတော့ ဘဝပြဿနာ အထွေထွေကို ဖြစ်ပေါ်စေတဲ့ အလိုရမ္မက်ဆိုးကို နှိမ်နင်းတဲ့ သဘောလည်း ပါတယ်။ ဒါ့အပြင် ပစ္စည်းဥစ္စာဆိုတာ အစိုးမရဘူး၊ ပျက်စီး ဖောက်ပြန်တတ်တဲ့ သဘာဝရှိလို့ အဲဒီပစ္စည်းဥစ္စာထဲက ဒါနဆိုတဲ့ အနှစ်သာရကို ထုတ်ယူတာလည်း ဖြစ်တယ်။

သီလ

သီလဆိုတာက ကိုယ်နှုတ်စိတ်ကို အလိုမလိုက်ဘဲ ထိန်းစောင့်တာ။ ဒီလို စောင့်ထိန်းရင်း ဘဝဒုက္ခကို ဖြစ်ပေါ်စေတဲ့ စိတ်ဆိုး အမျက် ဒေါသကို အဒေါသလို့ ခေါ်တဲ့ မေတ္တာနဲ့ ထိန်းချုပ်တယ်။ ဒုက္ခရောက်နေသူနဲ့ တွေ့တဲ့အခါမျက်နှာလွှဲ မသွားလိုဘဲလက်တွေ့ ကူညီတတ်တဲ့ ကရုဏာ၊ အဆင်ပြေနေသူတွေအပေါ် ဝမ်းသာနိုင်တဲ့ မုဒီတာ၊ ဆင်းရဲ ချမ်းသာမခွဲခြားတဲ့ ဥပေက္ခာဆိုတဲ့ တရားသုံးပါးနဲ့ မေတ္တာကိုထောက်ကန်ထားပြီး ဒေါသကို ထိန်းနိုင်ရင် သီလ လုံတယ်။ လူ့ဘဝဆိုတာ ရောဂါတမျိုးမျိုးနဲ့ နှိပ်စက်ခံရတဲ့ သဘာဝရှိလို့ သီလကျင့်စဉ်ဆိုတာ အသက်ရှင်နေတဲ့ လူ့ဘဝဆီက ထုတ်ယူတဲ့ အနှစ်သာရပဲ။

ဘာဝနာ

ဘာဝနာဆိုရာမှာ သမထနဲ့ ဝိပဿနာလို့ နှစ်မျိုး ရှိတယ်။ ဒီနှစ်မျိုးလုံးက စိတ်ကို စည်းကမ်း သတ်မှတ်၊ လေ့ကျင့် သင်ကြားပေးတဲ့ နည်းစနစ်ချည်းပါပဲ။ သမထရဲ့ပန်းတိုင်က စျာန်တရားကို ရဖို့၊ ဝိပဿနာကတော့ သဘာဝမှန်ကို သိမြင်လို့ ကိလေသာ အမြစ်ပြတ်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ထူးကို ရဖို့ ဖြစ်ပါတယ်။ စျာန်ရရုံနဲ့ ကိလေသာ အမြစ်မပြတ်လို့ ဘဝသံသရာက မလွတ်သေးဘူး။ ဒီဘဝမှာ စိတ်ငြိမ်းချမ်းဖို့ ဘာဝနာတစ်ခုခုကို ပွားများသင့်တာချည်းပဲ။ ဒါကြောင့် သင်္ဂြိုဟ်ကျမ်းမှာ ‘ဘာဝေတဗ္ဗံ ပနိစ္စေဝံ၊ ဘာဝနာ ဒွယ မုတ္တမံ = မွန်မြတ်တဲ့ ဒီဘာဝနာနှစ်မျိုးကို ပွားများကြပါလ္လေ’လို့ တိုက်တွန်းပါတယ်။

သုံးမျိုးပေါင်း တစ်ခု

အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကို လေ့လာကြည့်ရင် ဒါနသီလဘာဝနာသုံးမျိုးလုံးက ဗုဒ္ဓဝါဒီတို့ရဲ့ ဘဝလမ်းညွှန် ကျင့်စဉ်ဖြစ်ကြောင်း နားလည်နို်င်ပါတယ်။ သာမန် သမုတိသစ္စာ နယ်မှာတော့ ဘယ်အရာက အရေးကြီးတယ် မကြီးဘူးလို့ ဆိုခွင့် ရှိနိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးလို့ အဲဒါကိုပဲလုပ်၊ ကျန်တာကိုမလုပ်နဲ့ ဆိုတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘူး။ ဒါကြောင့် ဗုဒ္ဓဝါဒဟာ ဒါနလား၊ သီလလား၊ ဘာဝနာလားလို့ မေးခွင့်မရှိဘူး။ ဘာကြောင့်ဆို ဒီကျင့်စဉ် သုံးမျိုးလုံးက တစ်ခုနဲ့ တစ်ခု အမှီသဟဲ ပြုပြီးသုံးမျိုးပေါင်း ကျင့်စဉ်တစ်ခုဖြစ်နေလို့ပါပဲ။

ဒါနသီလာ၊ ဘာဝနာ၊ နင်သာပြုသင့်သည်။
ဇာတိဇရာ၊ မရဏာ၊ မကြာနင်တွေ့မည်။
တရားမလျော်၊ ကျင့်မတော်၊ သေသော်မချောင်ဖြစ်တတ်သည်။

၁၄၈။ သင်္ခါရ၊ ဥပါဒါနာက္ခန္ဓာ၊ ဓမ္မာနုပဿနာ

ဇူလိုင် ၁၄၊၂၀၁၀။

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

(၁) အဝိဇ္ဇာပစ္စယာ သင်္ခါရာ စသည်ဖြင့် ဆိုရာတွင် သင်္ခါရဟူသည် ပစ္စပ္ပန် ဘဝခန္ဓာကို ရစေသည့် အတိတ်က အားထုတ်မှု (အတိတ်ကံ)ကို ဆိုလိုပြီး ယင်းသည် ဥပါဒါနပစ္စယာ ဘဝေါ အရတွင်ပါသည့် ကမ ဘဝနှင့် သဘောချင်းတူသည်ဟု ယူဆပါသည်။ တစ်ဖန် ပဉ္စုပါဒါနာက္ခန္ဓာတွင် ပါဝင်သည့် သင်္ခါရုပါဒါနာက္ခန္ဓာကိုလည်း အတိတ်ကံကြောင့် ရသည့် အကျိုးဟုယူဆပါသည်။ မှန်နိုင်ပါသလား။

(၂) ဓမ္မာနုပဿနုပဿနာ၏ အကျယ် ရှင်းပြချက်ကို မလေ့လာဖူးပါ။ သို့ဖြစ်၍ ဓမ္မာနုပဿနာအကြောင်းကို ရှင်းပြပေးစေလိုပါသည်။

ဝေယံ

မေးခွန်း (၁)ကို မရှင်းပါ။ ဒါပေမယ့် မေးခွန်းနဲ့ ပတ်သက်နိုင်တယ်လို့ ယူဆရတာလေးတွေကို ဘုန်းကြီး ဉာဏ်မီသမျှ ပြောပြလိုက်ပါတယ်။ ဘုန်းကြီး အကြံပေးလိုတာက ပုဂ္ဂိုလ်အချို့ရဲ့ မိမိဟောပြောမှုသည်သာ မှန်လှချည့်ရဲ့လို့ ချဲ့ထွင် ဟောပြောတာတွေကို နာယူလေ့လာရုံမကဘဲ အခြေပြုသင်္ဂြိုဟ်၊ သင်္ဂြိုဟ်ဘာသာဋီကာ၊ မြို့ပြင်ကြီး သင်္ဂြိုဟ်အရကောက်၊ ပရမတ္ထသရူပဘေဒနီ (ဝိသုဒ္ဓါရုံဆရာတော်)၊ လယ်တီဒီပနီကျမ်းစာတော်များစတာတွေကိုလည်း ရှာဖွေဖတ်ရှုသင့်ကြောင်းပါ။

သင်္ခါရ

(၁) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ = အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်။ အဝိဇ္ဇာဆိုတာ သဘာဝမှန်ကို မသိတဲ့ မောဟစေတသိက်။ သင်္ခါရဆိုတာ (၁) ကာမကုသိုလ် ၈၊ ရူပကုသိုလ် ၅ ပါးနဲ့ အတူဖြစ်တဲ့ ကုသိုလ်စေတနာ ၁၃ ပါး (ပုညာဘိသင်္ခါရ) (၂) အကုသိုလ်စိတ် ၁၂ နဲ့ အတူဖြစ်တဲ့ စေတနာ ၁၂ပါး (အပုညာဘိသင်္ခါရ) (၃) အရူပကုသိုလ်၄ပါးနဲ့ အတူဖြစ်တဲ့ စေတနာ ၄ ပါး (အာနေဉ္ဇာဘိသင်္ခါရ)။ သတ္တဝါတွေဟာ အဝိဇ္ဇာ မကင်းနိုင်လို့ အဲဒီသင်္ခါရသုံးမျိုးကို ပြုလုပ်မိတယ်။ အဝိဇ္ဇာ အကြောင်းခံနဲ့ အကုသိုလ်မှုကို ပြုကြသလို အဝိဇ္ဇာကိန်းနေသူ ပုထုဇဉ်တို့ လောကီကုသိုလ်ကိုပြုရင်လည်း အတွင်းမှာ အဝိဇ္ဇာကိန်းနေတဲ့အတွက် အဝိဇ္ဇာကြောင့်ပြုတယ်လို့ပဲဆိုရတယ်။ ဒီမှာပါတဲ့ သင်္ခါရက အကျိုးသင်္ခါရ။

သင်္ခါရပစ္စယာ ဝိညာဏံ = သင်္ခါရကြောင့် ဝိညာဏ်ဖြစ်။ ဒီမှာပါတဲ့ သင်္ခါရဆိုတာ မဂ်ပယ်ထားတဲ့ အကုသိုလ်က အဟောသိကံ၊ ကုသိုလ် အဘိညာဉ်၊ ပဋိသန္ဓေအခါ ဥဒ္ဓစ္စသဟဂုတ်ကြဉ်သော ဖော်ပြပါ ကုသိုလ် အကုသိုလ်စိတ် ၂၉နဲ့ အတူဖြစ်တဲ့ စေတနာ၂၉ပါး။ ဝိညာဏ်ဆိုတာ အဲဒီစေတနာ၂၉ ပါးကြောင့် ဖြစ်ရတဲ့ လောကီဝိပါက် ၃၂ ပါး။ အဲဒီစေတနာ၂၉ ပါး သင်္ခါရတရားဟာ ပဋိသန္ဓေအခါမှာ ပဋိသန္ဓေဝိပါက် စိတ် ၁၉ ပါးနဲ့ ပဝတ္တိအခါမှာတော့ အခြေအနေအရ စက္ခုဝိညာဏ်စတဲ့ အခြားသော ဝိပါက်စိတ်တွေကို ဖြစ်ပေါ်စေတယ်။ ဒီမှာပါတဲ့ သင်္ခါရက အကြောင်းသင်္ခါရ။

(အဖွင့်ကျမ်းတွေမှာ သင်္ခါရကို သရုပ်ကောက်ယူပုံ ခြားနားမှုလေးတွေ ရှိတယ်။ ဒီမှာတော့ ပရမတ္ထသရူပဘေဒနီကျမ်း (တွဲ ၁၊ စာ ၃၃၆။ ၃၄၅)နဲ့ အညီကောက်ယူထားတာပါ။)

မယူရ

အနိစ္စာ ဝတ သင်္ခါရာ မှာပါတဲ့ သင်္ခတ သင်္ခါရ၊ ဝိပါက် ကဋတ္တာရုပ်ဟူသော အဘိသင်္ခတသင်္ခါရ၊ ကာယိက စေတသိက ဝီရိယဟူသော ပယောဂါဘိသင်္ခါရ၊ ယမိုက်ပါဠိတော်မှာ လာတဲ့ အဿာသ ပဿာသ (ထွက်လေ ဝင်လေ)ဟူသော ကာယသင်္ခါရ၊ ဝိတက် ဝိစာရဟူသော ဝစီသင်္ခါရ၊ ကြွင်းတဲ့ စေတသိက်ဟူသော စိတ္တသင်္ခါရတို့ကို ဒီနေရာမှာ သင်္ခါရလို့ မယူရ (ယင်း၊၃၃၆)။

ဥပါဒါနာက္ခန္ဓာ

စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးကိုခန္ဓာလို့ သာမန်ပြောရင် ရုပ် ၂၈ သည် ရူပက္ခန္ဓာ၊ ဝေဒနာ စေတသိက်သည် ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်သည် သညာက္ခန္ဓာ၊ ကျန် စေတသိက် ၅၀ သည် သင်္ခါရက္ခန္ဓာ၊ စိတ် ၈၉ (အကျယ် ၁၂၁)သည် ဝိညာဏက္ခန္ဓာ၊ နိဗ္ဗာန်ကိုတော့ ခန္ဓာလို့ မဆိုရ။ ဥပါဒါနာက္ခန္ဓာလို့ ပြောရင်တော့ လောကီတရားလောက်ကိုပဲ ယူရတယ်။ ဒါကြောင့် ရုပ် ၂၈ သည် ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနာသည် ဝေဒနုပါဒါနက္ခန္ဓာ၊ သညာသည် သညုပါဒါနက္ခန္ဓာ၊ ကျန်စေတသိက် ၅၀ သည် သင်္ခါရုပါဒါနက္ခန္ဓာ၊ လောကီစိတ် ၈၁ သည် ဝိညာဏုပါဒါနက္ခန္ဓာ။ (နိဗ္ဗာန်က ဥပါဒါနက္ခန္ဓာထဲမှာ ပါကိုမပါတော့ဘူး။)

‘‘ခန္ဓာဖွဲ့နိုင်သမျှ လောကီ လောကုတ္တရာတရား အားလုံးကို ပြတော်မူလိုတဲ့အတွက် ခန္ဓာကို မြတ်ဗုဒ္ဓ ဟောတော်မူတယ်။ ကမ္မဋ္ဌာန်းအာရုံအနေနဲ့တော့ လောကီခန္ဓာများသာ ဖြစ်နိုင်လို့ ဥပါဒါနက္ခန္ဓာလို့ အမည် တစ်မျိုးနဲ့ ဟောတော်မူရပြန်ပါတယ် (ပရမတ္ထဒီပနီ၊ စာ၊၃၆၂)’’။

ဓမ္မာနုပဿနာ

ဓမ္မာနုပဿနာရဲ့ အဓိပ္ပာယ်ကို တရားကြာကြာ ထိုင်ဖူးမှ နားလည်နိုင်တယ်။ အမြွက်လောက် ပြောပြပါမယ်။ ဓမ္မပုဒ်အရ ရုပ် နာမ်နှစ်မျိုးလုံးကို ယူရတဲ့အတွက် ကာယ၊ ဝေဒနာ၊ စိတ္တ သုံးမျိုးလုံး ပါသွားပြီ။ ဥပမာ ခန္ဓာငါးပါးထဲက ဤခန္ဓာကိုယ်ကို ရှုရင် ကာယာနုပဿနာ၊ ဤခန္ဓာကိုယ်ဟာ ရုပ်တရားဖြစ်လို့ ဓမ္မာနုပဿနာလည်း မည်တယ်။ ဝေဒနာက္ခန္ဓာကို ရှုရင် ဝေဒနာနုပဿနာ၊ ဝေဒနာဟာ နာမ်တရားဖြစ်လို့ ဓမ္မာနုပဿနာ။ သညာနဲ့ စိတ္တတို့လည်း နည်းတူပါပဲ။

ရှုမှတ်ပုံအနေနဲ့တော့ ခြားနားတာပေါ့။ ဝေဒနာနုပဿနာအနေနဲ့ ရှုတဲ့အခါ နာတယ် (ဒုက္ခ)၊ မနာဘူး (သုခ)၊ နာလည်းမဟုတ် မနာလည်းမဟုတ် (အဒုက္ခမသုခ) လို့ ရှုတယ်။ ဓမ္မာနုပဿနာအနေနဲ့ ရှုရင်တော့ ဝေဒနာရဲ့ သဘာဝကို မခွဲခြားဘဲ ဝေဒနာကို အရှုခံအနေနဲ့ပဲ မြင်တဲ့အပြင်ဝေဒနာတို့ရဲ့ ဖြစ်မှုပျက်မှုမျှကိုပဲ သိနေတယ်။

နောက်တစ်မျိုး ပြောရင် ... အားထုတ်မှု ရင့်ကျက်လာလို့ နာကျင်မှုကို ကျော်လွှားနိုင်တဲ့အခါ အဲဒီနာကျင်မှုကို သုခ၊ ဒုက္ခ၊ အဒုက္ခ မသုခရယ်လို့ တုံ့ပြန်မှု မလုပ်တော့ဘဲ ဝေဒနာကို အရှုခံအဖြစ်သာ သိမြင်ပြီး နာကျင်မှုဝေဒနာရဲ့ ခဏတိုင်း ဖြစ်ပျက်နေတာကိုပဲ သိနေတယ်။ ကမ္မဋ္ဌာန်းအာရုံအပေါ်တုံ့ပြန်မှုမရှိမှသာအဲဒီလို ရှုမှတ်နိုင်တယ်။ ဒီလိုရှုမှတ်တာကို ဓမ္မာနုပဿနာလို့ ခေါ်တယ်။ နာကျင်မှု၊ တောင့်တင်းမှု၊ ကိုက်ခဲမှုအဖြစ်ရှုမှတ်ရင်တော့ဝေဒနာနုပဿနာအဆင့်ပေါ့။

ဆရာတော် အရှင်သီလာနန္ဒ ရေးသားပြီး Wisdom Publication က ထုတ်ဝေတဲ့ The Four Foundations of Mindfulness ကျမ်းကိုလည်း လေ့လာသင့်ကြောင်းပါ။

၁၄၉။ အွန်လိုင်းချစ်သူ

ဇူလိုင် ၂၄၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

တပည့်တော်သည် အွန်လိုင်းကနေပြီး လူတစ်ယောက်နှင့် ချစ်မိခဲ့ပါသည်။ အစကတော့ သူက အိမ်ထောင်ရှိတာကို မပြောပါ။ နောက်ပိုင်းမှ သူ့မှာ အိမ်ထောင်ရှိကြောင်းကို ပြောပါသည်။ သို့ရာတွင် တပည့်တော်က သူ့ကို ဆက်ချစ်နေမိပါသည်။ သို့အတွက် တပည့်တော်မှာ ကာမေသုမိစ္ဆာစာရကံ မြောက်ပါသလား၊ သိလိုပါသည် အရှင်ဘုရား။

နှင်းနှင်း

---

ကံမြောက်အင်္ဂါ

ကာမေသု မိစ္ဆာစာရ ကံမြောက်ဖို့ အင်္ဂါရပ် ၄ ချက် ရှိကြောင်း (ဤကျမ်း ၄၃၅ အဖြေမှာ) ပြောပြထားပြီး ဖြစ်ပါတယ်။ ထပ်ပြောရရင် ၁)မသွားလာကောင်းသည့် အမျိုးသမီးသို့မဟုတ် အမျိုးသား ဖြစ်ခြင်း ၂) ယင်းတို့၌ မှီဝဲလိုစိတ်ရှိခြင်း ၃) မှီဝဲရန် လုံ့လပြုခြင်း ၄) မဂ်ချင်း ထိတွေ့မှုကိုသာယာခြင်းဟု ကံမြောက်ရန် အကြောင်းလေးချက်ရှိ၏ (မ၊ဋ္ဌ၊၁၊၂၀၃)’တဲ့။

ဒီဖော်ပြချက်အရ ဆိုရင် ကာယကံမြောက် လိင်ဆက်ဆံမှုရှိမှ ကာမေသုမိစ္ဆာစာရ ဖြစ်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီတော့ အွန်လိုင်းကနေ ချစ်နေကြိုက်နေရုံမျှနဲ့ ကာမေသုမိစ္ဆာရတော့ မဖြစ်သေးဘူးလို့ ဆိုနိုင်ကောင်းပါတယ်။

စာရိတ္တပျက်ယွင်းသူ

သူရောကိုယ်ပါ လွတ်လပ်သူဖြစ်ရင်၊ သို့မဟုတ် အင်္ဂါရပ် ၁ မှာပါတဲ့ အမျိုးသမီး အမျိုးသားတွေ မဟုတ်ကြရင် ဘာမှ ပြောစရာမရှိပါဘူး။ အွန်လိုင်းက အဖော်ရှာရင်လည်း သင်္ကြန်ပွဲ ဘုရားပွဲ မင်္ဂလာဆောင်ပွဲ စတဲ့ အပြင်လောကမှာ ရှာသလိုပဲဖြစ်လို့ အပြစ် မဆိုသာပါဘူး။ မေးခွန်းပါ အကြောင်းအရာကို ကြည့်ပြီး ဝေဖန်ရရင် ..

(၁) မိမိမှာ အိမ်ထောင်ရှိရက်နဲ့ အခြားတစ်ယောက်ကို ရှာဖွေ ချစ်ချင်သူအနေနဲ့ ယခု ကံမမြောက်သေးပေမယ့် စာရိတ္တ ပျက်ယွင်းနေပြီလို့တော့ ဆိုနိုင်ပါတယ်။ ဘာကြောင့်ဆို ကိုယ့်မှာ မပြတ်သေးတဲ့ ကာမပိုင်ရှိပြီးသား ဖြစ်နေတာကိုး။ ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်လို့ တုန့်ပြန်ပါတယ်ဆိုရင်တောင် ကိုယ်ပါဖောက်ပြန်သူ ဖြစ်သွားတာပါပဲ။

(၂) မိမိကို ပိုင်ဆိုင်သူဟာ မိမိကို မပြတ်နိုင်ဘူး၊ ချစ်နေသေးတယ် ဆိုရင်တော့ သူ့ရဲ့ခံစားချက်ကို ကိုယ်ချင်းစာနမှု အပြည့်နဲ့ ပိုပြီး ထည့်သွင်း စဉ်းစားရမှာပေါ့။ သူအနေနဲ့ ဖောက်ပြန်နေရင်တောင် ကိုယ်က လူကြီးလူကောင်း ပီသစွာ နေထိုင်ပြသင့်သေးတာပဲ။ အရင်ဆုံး အဲဒီဖောက်ပြန်သူကို တရားဝင် ကွာရှင်းပြီးမှ အသစ်ရှာရင် ပိုပြီး အန္တရာယ် မကင်းနိုင်ဘူးလား။

မသိလို့ ချစ်မိသူ

(၁) အဲဒီလို ပုဂ္ဂိုလ်မျိုးကို ချစ်မိသူအနေနဲ့ သူလိုလူနဲ့ အတူနေလို့ အနာဂတ်မှာ ယုံကြည် စိတ်ချရတဲ့ အိမ်ထောင်ရေး ဘဝတစ်ခုကို ရနိုင်ဖို့ မျှော်လင့်ချက် နည်းပါတယ်။ သူ့အနေနဲ့ ဒီဝါသနာကို စွန့်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်လက်ထဲကို ရရင်ကော ဒါမျိုး မလုပ်နိုင်ဘူးလို့ အမှန်တကယ် ယုံကြည်စိတ်ချပါသလား။

(၂) တစ်နည်းနည်းနဲ့ ကိုယ့်ရဲ့ ဆွဲဆောင်မှုကြောင့် ကိုယ့်ဖက်ကို ပိုမို စိတ်ညွတ်လာလို့ အိမ်ထောင်ဟောင်းကို ကွာရှင်းပြီး ကိုယ်နဲ့ အတူနေဖြစ်တယ်ဆိုရင် သို့မဟုတ် လက်ထပ် ဖြစ်တယ်ဆိုရင် အဲဒီလို ဖြစ်လာတာဟာ ကိုယ့်ပယောဂ (ကိုယ့်ရဲ့ကြိုးပမ်းမှု) မကင်းလို့ အင်္ဂါရပ် ၂၊ ၃၊ ၄ တွေနဲ့ ငြိပြီး ကံမြောက်နိုင်ပါတယ်။

(၃) အိမ်ထောင်ရှိမှန်း သိရက်နဲ့ ဆက်ချစ်နေခွင့်တော့ ရှိသင့်ပါတယ်။ ဒါပေမယ့် သူ့ကို ပိုင်ဆိုင်လိုတဲ့ စိတ်နဲ့တော့ မချစ်ကောင်းဘူး။ အပြော အဆို အသုံးအနှုန်းကအစ မိတ်ဆွေအဆင့်ထက် မပိုသင့်တော့ဘူး။ ဘာကြောင့်ဆို သူ့မှာ ပိုင်ဆိုင်သူရှိနေတာကိုး။

ဆင်ခြင်နိုင်ပါစေ။

ဆိပ်လူးပျား

မိမိတို့ တစ်ဦးတစ်ယောက်တည်း အကြောင်း အပေါင်းသင့်ရာ မှီခို ကပ်ရပ်၍ ရမည့်စည်းစိမ်ကို ပျားရည်နှင့်ရောသော အဆိပ်သည် ခံတွင်၌ တစ်ခဏမျှချို၍၊ ဝမ်းသို့ ရောက်လျှင် သေမည်ကဲ့သို့ ထင်မှတ်ပြီးလျှင် အလွန်သတိထား၍ ကြဉ်ရှောင်အပ်သည်။

(ရာဇဓမ္မသင်္ဂဟကျမ်း၊ စာ-၁၅၇) ၏

---

၁၅၀။ ယုံကြည်မှုလွန်ရောဂါ

ဩဂုတ် ၁၆၊၂၀၁၀။

---

ဆရာတော် အရှင်ဘုရား၊

ရိုသေစွာ လျှောက်ထားအပ်ပါသည်။ နှစ်အတန်ကြာ အလွန်က အလုံ ရပ်ကွက်တစ်ခု၏ တရားပွဲတစ်ခု၌ ဒေါက်တာ မင်းတင်မွန် ဟောကြားခဲ့သော တရားတစ်ပုဒ်တွင် ယခု အခြားသော တရားရှုမှတ်နည်းများသည် ခန္ဓာ၏ ဖြစ်ပျက်မှုများကို အမှန်မမြင်နိုင်ဘဲ ဃနလေးပါး ဖုံးကွယ်နေသည်ဟု ဆိုပါသည်။ ဖားအောက်တရားသည်သာလျှင် သမာဓိကို စတုတ္ထစျာန် အထိ ထူထောင်ပြီးမှ ရရှိသည့် ဉာဏ်အလင်းဖြင့် ထိုးဖောက်သဖြင့် ခန္ဓာ၏ဖြစ်ပျက်မှုကို အမှန်အတိုင်း မြင်နိုင်သည်ဟု အတိအလင်း ဟောကြားသွားခဲ့ပါသည်။ ထိုသို့ဆိုလျှင် မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် မဟာစည်ဆရာတော်ဘုရားကြီးတို့၏ တရားတော်များမှာ မှားယွင်းနေသည်ဟု ဆိုလိုရာရောက်ပါသည်။

ထိုကိစ္စအား တပည့်တော် နားလည် သဘောပေါက်အောင် ရှင်းလင်းဟောကြားပေးပါ အရှင်ဘုရား။

ရိုသေစွာဦးခိုက်လျက်

ဦးကျော်မင်း

---

‘မပွ’သင့်ဘူး

သတိပဋ္ဌာနသုတ်ကို လေ့လာခြင်းဆိုတဲ့ သင်တန်းတစ်ခုမှာ ကမ္မဋ္ဌာန်းဆရာက ထင်ရှားတဲ့ ဆရာတော်တစ်ပါးရဲ့အမည်နာမကို ထုတ်ဖော်ပြီး အဲဒီဆရာတော်ရဲ့ နည်းနဲ့ တရားထိုင်လို့ တရားထူးကို မရနိုင်ပါဘူးလို့ ပယ်ပစ်တာကို ဘုန်းကြီး ကိုယ်တိုင် ကြားဖူးခဲ့တယ်။ ဘုန်းကြီးကတော့ အဲဒီလိုဝေဖန်တာကို မကြိုက်ဘူး။ ‘ငါ့ဟာမှ အမှန်၊ သူ့ဟာက အမှား။ ငါ့ဆရာမှ မှန်တယ်’လို့ တရားစွဲ ဆရာစွဲ စွဲနေရင်လည်း အဲဒီ ‘အစွဲ’ကြောင့်ပဲ ဆရာရော တပည့်ပါ တရားထူးနဲ့ ဝေးပါလိမ့်မယ်။

ဝိပဿနာကမ္မဋ္ဌာန်းကို သင်ကြားတော်မူကြတဲ့ ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်တွေ အားလုံးဟာ တစ်နည်းနည်းနဲ့ မဟာသတိပဋ္ဌာနသုတ်တော်ကိုပဲ အခြေခံပြီး ဟောကြာတာချင်း တူပေမယ့် မိမိတို့ရဲ့ စရိုက်နဲ့ အကြိုက်အရ လက်တွေ့ အသုံးချပုံ ခြားနားချက်တော့ ရှိနိုင်တာပဲ။ သတ္တဝါတို့ရဲ့ စရိုက်ဆိုတာကို ဘုရားပဲသိနိုင်တယ်။ အဂ္ဂသာဝကကြီးတွေတောင် မသိနိုင်ဘူး။ ဒါကြောင့် အဂ္ဂသာဝကကြီးတွေနဲ့ တရားထိုင်တာ အဆင်မပြေလို့ ဘုရားကိုယ်တိုင်နဲ့ တွေ့မှ တရားထူးကို ရသွားသူတွေ ရှိဖူးတယ်။ မိမိတို့ရဲ့ ပါရမီကံ ပဋ္ဌာန်းဆက်အရ မိလိန္ဒမင်းဟာ အရှင်နာဂသိန်နဲ့၊ အသောကမင်းဟာ နိဂြောဓသာမနေနဲ့ အဆင်ပြေသွားသလို တစ်ဆရာမဟုတ် တစ်ဆရာနဲ့တော့ အဆင်ပြေပြီး တရားတွေ့ကြမှာပဲ။ အဲဒါကို ငါ့ဆရာကမှ မှန်တာ၊ သူ့ဆရာက လိုသေးတယ်လို့ ‘မပွ’သင့်ပါဘူး။

လောကမှာ ထောက်ခံနဲ့ ကန့်ကွက်ဆိုတာ ရှိသင့်ပါတယ်။ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓသာသနာတော်နဲ့ ပတ်သက်ရင် ထောက်ခံဖြစ်ဖြစ်၊ ကန့်ကွက်ဖြစ်ဖြစ် တစ်ခုတည်းသော ဓမ္မခရီးကို သွားကြရင်း သဝေထိုးပြီး ခလုတ်တိုက်လွန်းရင် ကိုယ်ပဲပရိသတ် လျော့မှာပါ။ ဒီလိုဖြစ်ရင် သဒ္ဓမ္မသုံးဖြာ သာသနာတော်ရဲ့ စည်ပင်ဖွံ့ဖြိုးမှုကို အထောက်အပံ့ ပြုနိုင်ပါ့မလား။

ဒီလို ဆင်ခြင်ပါ

ငယ်ငယ်က ကြားဖူးခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အမှတ်ရတယ်။ ဘုန်းကြီးတို့ တောရွာမှာ ဆန်းကျမ်းကို အင်မတန် ကျွမ်းကျင်တဲ့ ဆန်းဆရာတော်ဆိုတာ ရှိပါသတဲ့။ ဆန်းဆရာတော်နဲ့ ချောင်းဖျားဆရာတော်တို့ တောရွာတစ်ခုကို နောက်ပါတပည့် တစ်ယောက်စီနဲ့ အတူ ခရီးသွားကြခိုက်မှာ နောက်က တပည့် နှစ်ယောက်က သက်တော် ၇၀ အရွယ် မိမိတို့ရဲ့ ဆရာတော်တွေ လမ်းလျှောက်တာကို ကြည့်ပြီး ငါ့ဆရာတော်က ပိုပြီး လမ်းလျှောက်နိုင်တယ်၊ သူ့ဆရာတော်က ပိုလျှောက်နိုင်တယ်နဲ့ ခပ်တိုးတိုး ငြင်းကြသတဲ့။ အဲဒါကို မသိမသာ ကြားမိကြတဲ့ ဆရာတော် နှစ်ပါးဟာ တဖြည်းဖြည်းနဲ့ လမ်းလျှောက် ပိုမြန်လာရာကနေ နောက်ဆုံးတော့ သင်္ကန်းကို ဒူးခေါင်းရောက်အောင် ပင့်ရတဲ့ အထိပါပဲတဲ့။

ဒီပါးစပ်ရာဇဝင်ဟာ ဖြစ်ရပ်မှန် ဟုတ်မဟုတ် မသိဘူး။ ဒါပေမယ့် ပရိသတ်ရှေ့ကို ရောက်နေသူ (နာမည်ကြီးနေသူ)တို့ ကိုယ့်ကိုယ်ကို ဆင်ခြင်ဖို့ အင်မတန် ကောင်းတဲ့ သင်္ခန်းစာပဲလို့တော့ ဘုန်းကြီးထင်တယ်။

ဆရာတော် ဦးဗုဓ် ဆိုပုံ

ဗုဓ်သုံးဆူ ဗုဓ်မှာဆုံးတယ်လို့ ထုံးတင်ကြ ဥပမာငယ်’ လို့ ချီးကျူးခံရတဲ့ ဆရာတော် ဦးဗုဓ်ဆိုရင် ဗုဒ္ဓစာပေလောကမှာ မသိသူ မရှိပါဘူး။ နိဿယကျမ်းပေါင်း များစွာ ရေးသွားတော်မူတဲ့ အင်မတန် ဉာဏ်ကြီးကျယ် ထက်မြက်တဲ့ ဆရာတော်ပါ။ ဒီနေရာမှာ အလျင်းသင့်လို့ ဆရာတော်ရေးတဲ့ ခုဒ္ဒသိက္ခာ နိဿယကျမ်းမှာ ဖော်ပြတဲ့ အဆိုအမိန့် တစ်ရပ်ကို ထုတ်ပြလိုက်ပါတယ်။

ခုဒ္ဒသိက္ခာကျမ်း နိဂုံးမှာ

တေန ဓမ္မသိရကေန၊ တမပဏိယ ကေတုနာ။
ထေရေန ရစိတာ၊ ဓမ္မဝိနယညုပ သံဟိတာ။

‘သီဟိုဠ်ကျွန်း၏ အလံတံခွန် သဖွယ်ဖြစ်လျက် ဓမ္မဝိနယနှင့် ပတ်သက်ပြီး ချီးမွမ်းခြင်းခံရသည့် ထိုဓမ္မသိရိမထေရ်သည် (ဤခုဒ္ဒသိကာကျမ်းကို) ရေးစီရင်ပြီ (၃၇၅-ဂါထာ)’လို့ ရေးခဲ့တယ်။

အဲဒီလို ရေးတာနဲ့ ပတ်သက်ပြီး နိဿယရေးသူ ဆရာတော်ဦးဗုဓ် ဝေဖန်ခဲ့ပုံက ‘အရှင်ဓမ္မသိရိ မထေရ်က မိမိကိုယ်ကိုမိမိ ဓမ္မဝိနယညူ (ဓမ္မနှင့် ဝိနယကို ကျွမ်းကျင်သူ) အဖြစ် ချီးမွမ်းခံရကြောင်း ဖော်ပြပေမယ့် မူလဋီကာကိုရေးတဲ့ အရှင်အာနန္ဒာက အဲဒီအရှင်ဓမ္မသိရိကိုရည်ရွယ်ပြီး မိမိအောက် နိမ့်ကျသူအနေနဲ့ ‘ကေစိ’လို့ ဖော်ပြတယ်။ ဝဇိရဗုဒ္ဓိဋီကာ ကျမ်းပြုအရှင်ဝဇိရဗုဒ္ဓိကတော့ အဲဒီ မူလဋီကာကျမ်းကို ပြုစုသူ အရှင်အာနန္ဒာကို အာစရိယ (ဆရာအရှင်)လို့ တလေးတစား ခေါ်ဝေါ်ပြီး သူရေးတဲ့ ဋီကာကျမ်းမှာ အရှင်အာနန္ဒာရဲ့ ဝိနည်းဆိုင်ရာ အယူအဆအချို့ကို ဖော်ပြခဲ့တယ်။ ဒါပေမယ့် အဲဒီ (အရှင်အာနန္ဒာရဲ့ ဝိနည်းဆိုင်ရာ) ယူဆချက်တွေကို နှောင်းခေတ် ဋီကာကျမ်းပြု ပုဂ္ဂိုလ်တွေ မနှစ်သက်တာ ပိုများတယ်။ ဒါကြောင့် ပညာရှင်တွေဖြစ်တဲ့ ဋီကာကျမ်းပြု ပုဂ္ဂိုလ်တွေဟာ တစ်မျိုးစီ သာလွန်ကြတာပါပဲ’တဲ့။

ဦးဗုဓ်အဆိုကို ကောက်ချက်ချရင် အရှင်ဓမ္မသိရိက သူ့ကိုယ်သူ ဓမ္မဝိနယကို ကျွမ်းကျင်သူဖြစ်ကြောင်း ချီးမွမ်းခံရတယ်လို့ ဆိုပေမယ့် နောက်ပေါ် အရှင်အာနန္ဒာက ကိုယ့်လောက် မဟုတ်သေးပါဘူးဆိုတဲ့ သဘောနဲ့ အရှင်ဓမ္မသိရိကို ‘ကေစိ’ ထိုးခဲ့တယ်။ အဲဒီလိုပဲ ထိုအရှင်အာနန္ဒာရဲ့ ဝိနည်းအယူအဆတွေကို အရှင်ဝဇိရဗုဒ္ဓိက လေးစားပေမယ့် နှောင်းခေတ်ပုဂ္ဂိုလ်အများစုကတော့ အထင်မကြီးကြပြန်ဘူးတဲ့။

အင်း .. ဆရာတော် ဦးဗုဓ် ကိုယ်တိုင်လည်း ပြည်ဆရာတော် (ဦးကျည်းညို)နဲ့ အပြန်အလှန် အဲဒီလို ‘ကေစိ’ထိုးခဲ့ကြတဲ့ မှတ်တမ်းတွေ ရှိကြောင်းပါ။ ဒီတော့ ပညာရှင်တွေမှာ မိမိတို့ နားလည်ယူဆထားတာနဲ့ ပတ်သက်လို့ ယုံကြည်မှု လွန်ကဲတဲ့ ရောဂါတစ်မျိုး ရှိတတ်ပုံပဲလို့ တွေးမိစရာပါ။

---

၁၅၁။ ကမ္ပည်းထိုး ကြွားမျိုး မဟုတ်သင့်

ဩဂုတ် ၁၈၊၂၀၁၀။

---

ဆရာတော်အရှင်သူမြတ်ဘုရား၊

ပြည်ပသာသနာပြုနှင့် ပတ်သက်ပြီး သိလိုသည်များကို လျှောက်ထား လိုပါသည်။ တပည့်တော်၏ မေးခွန်းတွင်အမှားပါက မေတ္တာရှေ့ထား၍ ခွင့်လွှတ်တော်မူပါဘုရား။

ပြည်ပ ဘုန်းကြီးကျောင်းအချို့တွင် ဂေါပကအဖွဲ့က သံဃာတော်များအား အလွန် ကန့်သတ်ချုပ်ချယ်ထားပြီး ကြည်ညိုစွာ ပစ္စည်းလေးပါး လှူဒါန်းသူများရှိပါလျက် သံဃာတော်များအား ကျောင်းမှ နှင်ထုတ်သည်ကိုပင် တွေ့မြင်နေရပါသည်။ ယင်းသို့သော ဂေါပကဆိုးများ မည်သို့ငရဲကြီးနိုင်သည်ကို သိလိုပါသည်။

ပြည်ပ ကျောင်းများ၌ ဝါဆိုနှင့်ကထိန်သင်္ကန်းများ ကပ်လှူရာတွင် သင်္ကန်းအစား သင်္ကန်းတစ်စုံ၏ တန်ဖိုးဖြင့် ဝတ္ထုငွေကို လှူဒါန်းရပါသည်။ ဝတ္ထုငွေကို လှူဒါန်းခြင်းမှာ သင်္ကန်းအစစ်ကို လှူဒါန်းသည်နှင့် မခြားထပ်တူ ကုသိုလ်အကျိုးကို ရရှိနိုင်ပါသလား။

သံဃာတော်များ Face Book တွင် Account ဖွင့်၍ မိတ်ဆွေရှာခြင်း၊ ဝက်ဘ်ဆိုဒ်နှင့် ဘလော့ဂ်များတွင် ရုပ်ရှင်မင်းသားကဲ့သို့ ဟန်အမျိုးမျိုးဖြင့် အလှဓာတ်ပုံများ တင်ခြင်းတို့ကို ပြုနေကြသည့် သံဃာတော်များအား ကိုးကွယ်ဆည်းကပ်သင့်ပါသလား။

ကျောင်းတစ်ကျောင်း၌ ကောင်းမှုရှင်အမည်များကို ပန်ကာဒလက် ငါးခုတွင် ၅၃ လုံးနှင့် ကျောင်းတွင်း ကျောင်းပြင် မျက်စိကျိန်းလောက်အောင် တွေ့မြင်ရပါသည်။ ကမ္ပည်းထိုးသော အလှူနှင့် မထိုးသောအလှူ ကွာဟချက်ရှိနိုင်ပါသလား။

တပည့်တော် အပါအဝင် အခြားသော သိလိုသူများအတွက် ကရုဏာရှေ့ထား၍ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

ကိုမျိုး

---

ကျောင်းပြဿနာ

သေချာပြီး စမ်းသပ်ခံတဲ့ ရိုးသားခြင်းနဲ့ အပြစ်မရှိခြင်း ကိုယ့်နှလုံးသားထဲမှာ တည်ရှိနေသရွေ့ ကောင်းကျိုးရလဒ် ဖြစ်ပေါ်မြဲပါ။ လူဆိုတာ ကိုယ့်စိတ်ကို ကိုယ်အသိဆုံးပဲ မဟုတ်လား။ မမှန်ကန်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ သူတစ်ပါး ဆင်းရဲဒုက္ခ ရောက်အောင် လုပ်ထားမိရင် ဘယ်သူမဆို ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ဆိုးကျိုးတစ်ခုရမှာတော့ သေချာပါတယ်။ အချိန်ကာလ တစ်ခုထိ စောင့်ကြည့်ရုံပါပဲ။ ဂေါပကဆိုးရယ်လို့ မဟုတ်ပါဘူး။ ဘုန်းကြီးဆိုးတွေလည်း ဒီအတိုင်းပါပဲ။ ငရဲကြီးဆိုတာကို အဲဒီလိုပဲ နားလည်ထားလိုက်ပါ။

ပုဂ္ဂိုလ်ရေးအမြင်ကို ပြောပါရစေ.. အစွဲကင်းတဲ့ အခြေခံစည်းမျဉ်းနဲ့ အဖွဲ့တစ်ခုက ဘဏ္ဍာငွေ အလုံအလောက်နဲ့ သံဃိက ကျောင်းဖြစ်ရင် တည်မြဲနိုင်ပါတယ်။ စွမ်းနိုင်တဲ့ ဆရာတော်က ပုဂ္ဂလိက လုပ်နိုင်ရင်လည်း မဆိုးပါဘူး။ လူတစ်ယောက်က သို့မဟုတ် မိသားတစ်စုက နာမည်ခံပြီး ဘုန်းကြီးကျောင်း တည်ထောင်ရင် မအောင်မြင်နိုင်ဘူး။ ဘာကြောင့်ဆို နာမည်ခံထားသူဟာ ဘုန်းကြီးကျောင်း လုပ်ထားတဲ့ အိမ်ကို ငါ့အိမ်လို့ မသိစိတ်မှာရော (တစ်ခုခု အလိုမကျတော့ဘူးဆိုရင်) သိစိတ်မှာပါ စွဲလမ်းနေရာကနေ တဖြည်းဖြည်း ဘုန်းကြီးကျောင်းဆိုတဲ့ အသိစိတ် လုံးဝ ပျောက်ကွယ်သွားတတ်လို့ပါ။ ဒါကြောင့်ပဲ ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှု ပမာဏလည်း အားနည်းသွားရတာပါ။

ဝါဆိုကထိန်

ရှားပါးတဲ့ အရာနဲ့ သံဃာကို ထောက်ပံ့ရင် မွန်မြတ်ကြောင်း ဦးစွာ ယုံကြည်ထားပါ။ ဗုဒ္ဓလက်ထက်မှာ သံဃာတွေ သင်္ကန်း မပေါများဘူး။ ဒါကြောင့် လူတွေက သင်္ကန်းကိုအမြတ်တနိုး လှူကြတယ်။ မြန်မာနိုင်ငံမှာ သံဃာအရေအတွက်များလို့ ဝါဆိုနဲ့ ကထိန်ခေတ်မှာ သာမန်စာသင်သား သံဃာတစ်ပါးအနေနဲ့ သင်္ကန်းတစ်စုံ ရဖို့ဆိုတာ အင်မတန် မျှော်လင့်ရတဲ့ အရာ ဖြစ်ကြောင်း ကိုယ်တွေ့ပါ။ ဒီတော့ ဝါဆိုသင်္ကန်းကို ဆိုင်က သွားဝယ်ပြီး ကြည်ညိုတဲ့ သံဃာကို ဝါဆိုနဲ့ ကထိန် သင်္ကန်း လှူဒါန်းခွင့်ရတဲ့ မြန်မာနိုင်ငံက လူတွေအဖို့ မဆိုသာပါဘူး။

ပြည်ပကျောင်းတွေမှာတော့ သံဃာက တစ်ပါးစ နှစ်ပါးစပဲ ရှိတယ်။ ဝါဆိုမှာ သင်္ကန်းအစုံ ၅၀ လောက်၊ နောက်သုံးလ အကြာ ကထိန်မှာ အစုံ ၅၀ လောက် ရပြန်တော့ တစ်နှစ်ကို ဘုန်းကြီးတစ်ပါး သင်္ကန်းအစုံ ၁၀၀ မလိုဘူး။ ဒါကြောင့် လူတွေလည်း ကောင်းမှုရစေ၊ အစဉ်အလာကိုလည်း ထိန်းစေဆိုတဲ့ သဘောနဲ့ သတ်မှတ်တဲ့ ဝတ္ထုငွေကို လှူဒါန်းပြီး ဘုန်းကြီးကျောင်းမှာ ရှိပြီးဖြစ်တဲ့ သင်္ကန်းကိုပဲ ဝါဆို ကထိန်သင်္ကန်းအနေနဲ့ ထပ်ခါထပ်ခါ လှူကြရတာဖြစ်ပါတယ်။

အဲဒီ ဝတ္ထုငွေတွေကို ဘာလုပ်သလဲ။ အမှန်တော့ ဝါဆိုသင်္ကန်း ကထိန်သင်္ကန်း အလှူဖြစ်လို့ ဘုန်းကြီးနဲ့ ပဲ ဆိုင်တယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်း ချောမွတ်စွာ လည်ပတ်နိုင်အောင် တာဝန်ရှိ အဖွဲ့ကို လွှဲအပ်လေ့ရှိတယ်။ ဘုန်းကြီးတွေက သင်္ကန်းတစ်စုံက ရရှိတဲ့ အလှူဝတ္ထု (သို့မဟုတ် အဖွဲ့က လှူဒါန်းသလောက်)ကိုပဲ အလှူခံကြပါတယ်။ သင်္ကန်းအလှူ့ရှင်တွေ အနေနဲ့တော့ စိတ်ထားကိုပဲ ဘုန်းကြီးညွှန်းလိုတယ်။ ‘သမေ စိတ္တေ သမံ ဖလံ = စိတ်ထားတူရင် အကျိုးပေး တူတယ်’ဆိုတဲ့ ဒေသနာအရ မိမိတို့အလှူဟာ ဝါဆိုသင်္ကန်းအလှူ ကထိန်သင်္ကန်းအလှူပဲလို့ စိတ်ထားရှိရင် ကျမ်းဂန်က ညွှန်းဆိုတဲ့ အကျိုးနဲ့ အလွန်ကြီး မဝေးနိုင်ရာပါဘူး။

ဘုန်းကြီးကြော်ငြာ

ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးချရင်တော့ ဘာပဲဖြစ်ဖြစ် အဆိုးမဆိုသာပါဘူးလေ။ အတွေ့အကြုံလေးတစ်ခု ပြောရရင် .. ဘုန်းကြီးရဲ့ မိတ်ဆွေ၊ အမေရိကန်လူမျိုး၊ နာမည်က James Mcshea တဲ့။ တစ်နေ့ သူ Print လုပ်လာတဲ့ စာရွက်ကို ပြတယ်။ ဘုန်းကြီးတစ်ပါးရဲ့ ဓာတ်ပုံ။ အောက်မှာ ရေးထားတဲ့ စာရဲ့ လိုရင်းက အမေရိကကို အလည်လာချင်တယ် စပွန်စာ လုပ်ပေးနိုင်မလားတဲ့။ သူ့ကို ဘယ်မှာ သိတာတုန်း မေးတော့ Face Book မိတ်ဆွေပါတဲ့။ ကိုယ့်ပြည် ကိုယ့်ရွာရဲ့ ဘဝပေး အခြေအနေအရ ထွက်ပေါက်ရှာတဲ့ အဲဒါမျိုးလေးတွေကိုတော့ ဘုန်းကြီး ကိုယ်ချင်းစာပါတယ်။

ဝက်ဘ်ဆိုဒ်တွေ ဘလော့ဂ်တွေမှာ ရဟန္တာအသွင်မျိုးနဲ့ တရားထိုင်ပြတဲ့ ဓာတ်ပုံတွေကို တွေ့ဖူးပါတယ်။ နှစ်ဆယ့်တစ်ရာစု ဆန်းချိန် ယနေ့ခေတ် မြန်မာနိုင်ငံက နာမည်ကျော် ဘုန်းကြီးအချို့ရဲ့ တရားပွဲကြော်ငြာတွေလို ဟန်ရေးပြ ဓာတ်ပုံတွေကိုလည်း တွေ့ဖူးသားပဲ။ ကိုးကွယ်သင့် မကိုးကွယ်သင့် ဘုန်းကြီးမဖြေလိုဘူး။ ကိုယ့်ဟာကိုယ် ချင့်ချိန်ရုံပဲ။ သေချာတာက ဟန်ထုတ်လွန်းသူတွေ တစ်နေ့ ဟန်အိုးကွဲပြီး ဟန်ကွဲပြတ်လို့ သေတတ်ကြကြောင်းပါ။

အလှူကမ္ပည်း

‘ပေးသောလက်ကို လူမမြင်စေနဲ့ ’ဆိုတာဟာ ဗုဒ္ဓဝါဒ အဆုံးအမ မဟုတ်ဘူးလို့ စိတ်ထဲ မြဲမြဲမှတ်ထားပါ။ ဗုဒ္ဓဝါဒအရ ကောင်းမှုရှင် ကမ္ပည်းထိုးရာမှာ ရည်ရွယ်ချက် နှစ်ခုရှိတယ်..

(၁) မိမိနဲ့ မိမိရဲ့ သားစဉ်မျိုးဆက် အဲဒီကုသိုလ်နဲ့ ပတ်သက်ပြီး အပရ စေတနာ (ကိုယ့်အလှူကို ပြန်သတိရပြီး ကြည်နူးနှစ်သက်မှု) ထက်သန်နေဖို့။ ဆိုပါတော့.. အနည်းဆုံး အဖိုးအဖွားတွေ တည်သွားတဲ့ ဘုရားပျက်ကို မြေးမြစ်တွေ ဆက်လက်ပြီး ထိန်းသိမ်းနိုင်တာပေါ့။ ရှေးခေတ်က လှူနိုင်ဒါန်းနိုင်သူတွေမှာ မိမိတို့လှူဒါန်းထားတဲ့ အလှူဒါနအားလုံးကို စာရင်းလုပ်ထားတဲ့ ပုညပေါတ္ထက (ကောင်းမှု စာရင်းစာအုပ်) ဆိုတာတောင်ရှိတယ်။

(၂) သူတော်ကောင်းတို့ သာဓု ခေါ်နိုင်ဖို့။ ကမ္ပည်းထိုးသူအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ထိုးထိုး (ကြွားချင်လို့ပဲ ထိုးထိုး ကျော်ချင်လို့ပဲ ထိုးထိုး) မိမိအနေနဲ့ သာဓုခေါ်ရုံပါပဲ။ ဒါသူတော်ကောင်း အလုပ်ပါ။ သူများ အလှူကြောင့် ကိုယ့်စိတ်ထဲ ဘာလို့ အကုသိုလ်အဖြစ် ခံမှာလဲ။

အလှူဖိတ်စာထဲက ဘယ်သူ ဘာကျွေးမယ်ဆိုတဲ့ စာရင်းမှာ သူ့နာမည်ကို မထည့်ပါနဲ့ တဲ့၊ လှူတာတော့ လှူမှာပါတဲ့။ လူတစ်ယောက်က အဲဒီလို ပြောဖူးပါတယ်။ သူ့ဆန္ဒဖြစ်လို့ သူ့ကိုတော့ ဘာမှ ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီလိုလုပ်ရုံနဲ့ မိရိုးဖလာလွန် ဗုဒ္ဓဝါဒီတော့ ဖြစ်မသွားနိုင်ပါဘူး။ အဲဒီ အယူအဆမျိုးကို အတုလည်း မယူသင့်ဘူး။ ဘာကြောင့်လဲ.. သိလား။ ဆက်ဖတ်ကြည့် ..

ဝှေးစေ့ထမ်း ပြိတ္တာ

ကုမ္ဘဏ္ဍပြိတ္တာ (ရာဝင် စဉ့်အိုးလောက်ရှိတဲ့ ဝှေးစေ့ကြီးကို ထမ်းသွားနေရတဲ့ ပြိတ္တာ) တစ်ယောက် နေပူကျဲကျဲမှာ ယမ်းတန်း ယမ်းတန်းနဲ့ လမ်းလျှောက်လာရင်း အလွန်ရေဆာလာသတဲ့။ တစ်နေရာ ရောက်တော့ မန်ကျည်းပင်အောက်မှာ ဝါးပိုးဝါးနဲ့ လုပ်ထားတဲ့ တစ်တိုင်စင်ပေါ်က ရေအပြည့်နဲ့ ရေချမ်းအိုးကို တွေ့သတဲ့။ အုန်းမှုတ်ခွက်နဲ့ ရေကို အငမ်းမရ ခပ်သောက်နေဆဲ ရေချမ်းစင်က စာကို ဖတ်ကြည့်မိတော့ ‘တရားသူကြီး..ကိုရည်စူး၍ သားသမီးမြေးမြစ်ကောင်းမှု’တဲ့။ ဒါနဲ့ ဩ .. ဒါငါ့သား သမီးတွေရဲ့ ကုသိုလ်ပဲလို့ ဝမ်းသာအားရဖြစ်ပြီး သာဓု သုံးကြိမ်ခေါ်မိသတဲ့။ အဲဒီအခိုက်မှာပဲ ကုသိုလ်အမျှရပြီး အဲဒီ ဝှေးစေ့ထမ်း ပြိတ္တာဘဝက လွတ်မြောက်သွားပါသတဲ့။

---

၁၅၂။ ဖီလင်နှစ်ခု

ဩဂုတ် ၁၉၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

၁) သံဃာ့ဂုဏ်တော်ကိုးပါး၊ ဥဇုပ္ပဋိပန္န ဘာသာပြန်၌ ‘သာဌေမာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူကြပါပေ၏’ ဟု ပါရှိရာတွင် သာဌေမာယာ၏ အဓိပ္ပာယ်ကိုသိလိုပါသည်။

၂) ဩကာသမူကွဲ အမျိုးမျိုးရှိရာတွင် ရတနာသုံးပါး မိဘဆရာသမား အပြင် ခင်ပွန်းကြီးဆယ်ပါးကိုပါ ထည့်လျှင် သင့်လျော်ပါသလား၊ သို့မဟုတ် ခင်ပွန်းကြီးဆယ်ပါးကို သီးခြားရှိခိုးသင့်ပါသလား။

၃) ပစ္စည်းဝယ်ရာ၌ တစ်ခါတစ်ရံ လက်ဆောင်ပစ္စည်းများ ရတတ်ပါသည်။ ရသင့်သည်ထက်လည်း ပိုပါလာတတ်သည်။ ထိုသို့ပိုပါလာသည့် ပစ္စည်းများကို ပြန်မပေးပါက အဒိန္နာဒါနကံ မြောက်ပါသလား။

ရှိခိုးဦးတင်ပါသည် အရှင်ဘုရား။

မီးငွေ

---

သာဌေမာယာ

(၁) သာဌေမာယာမှာ သာဌေ နှင့် မာယာ တစ်ခုစီ။ သာဌေ ဆိုတာ သာဌေယျ (= စဉ်းလဲခြင်း)။ သူတစ်ပါးတို့ အထင်ကြီးအောင် မရှိတဲ့ ဂုဏ်ကို ဖော်ပြခြင်း။ လူတွေ အထင်ကြီးအောင် လူမြင်ကွင်းမှာ မအိပ်ဘဲ ထိုင်ပြတာ။ စာမတတ်ဘဲ တတ်ယောင်ဆောင်တာတွေပေါ့။ လူတွေ အထင်ကြီးအောင် တိပိဋက ပါဠိမြန်မာကျမ်းကြီးတွေကို မြင်ကွင်းမှာ ပြထားတဲ့ စာမသင်ဖူးတဲ့ တောထွက်ကိုယ်တော်ကြီးတစ်ပါးကို တွေ့ဖူးတယ်။ မသိသူတွေကတော့ ဒီဘုန်းကြီး သိပ်စာတတ်တယ်ပေါ့။ ဒီနည်းနဲ့ လာဘ်ပေါအောင် ဘုန်းကြီးအောင် လုပ်တာဟာ သာဌေယျမာယာ (= လှည့်ပတ်ခြင်း၊ အပြစ်ကို ဖုံးကွယ်ခြင်း)။ ယုံကြည်လို့ ခဏ အပ်ထားတဲ့ ပစ္စည်းကို မသမာနည်းနဲ့ ကိုယ့်လက်ထဲပါအောင် လုပ်ပြီး မသိယောင်ဆောင်နေတယ်။ အဲဒါမာယာ

ဩကာသနဲ့ ခင်ပွန်းကြီး

(၂) ငယ်ငယ်က အလှူပွဲတစ်ခုမှာ အုပ်စုတစ်စုက ‘ကာယကံ၊ ဝစီကံ မနောကံ’လို့ သံပြိုင်ဆိုခိုက် အခြားအုပ်စုက ‘ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ’လို့ အသံမြှင့် ဆိုကြသံကို ကြားဖူးခဲ့ချိန်ကစပြီး ဩကာသဖီလင်ရှိနေခဲ့တာပါ။ ဒါကြောင့် အလှူပွဲတွေမှာ ဩကာသကို သူတစ်မျိုး ငါတစ်ပေါက်ဆိုသံ ကြားတိုင်း စိတ်မသက်သာပါဘူး။ နိုင်ငံတော်အခမ်းအနားတွေမှာ ဩကာသမူရင်းကို သံပြိုင်ညီညာ ဆိုသံ ကြားရခိုက်မှာတော့ နှစ်သက်မိပါရဲ့။ နိုင်ငံတော်မူလို့ ဆိုနိုင်တဲ့ အဲဒီ ဩကာသဟာ သုံးမရအောင် မှားနေတာမှ မဟုတ်ဘဲ။ ဩကာသအသစ်ထွင်လို့ ကွဲရုံကလွဲလို့ အကျိုးမရှိနိုင်ပါဘူး။ (ဒီနေရာမှာ အစိုးရကို မကြိုက်တာနဲ့ ဩကာသကိုပါ ဆွဲမထည့်စေချင်ဘူး။)

အခြား ဖီလင်တစ်ခု။ ခင်ပွန်းကြီးဖီလင်။ ရဟန်းသံဃာဟာ မိဘကို ဓမ္မဝိနယနှင့်အညီ ပြုစုစောင့်ရှောက်ကောင်းတယ်။ ဒါပေမယ့် ပွဲတင်ပြီး ရှိခိုးစရာမလိုဘူး။ မိဘကသာ ယနေ့ပြုသစ်စ မိမိတို့ရဲ့သား ကိုရင်ငယ်ကိုတောင် ရှိခိုးရတယ်။ ဒီဖီလင်က ဘုန်းကြီးအချို့ပွဲတင် ကန်တော့တာတွေ့လို့ မကြာခင်ကမှ ခိုးလိုခုလုဖြစ်နေတဲ့ ဖီလင်ပါ။ ဒါကြောင့် သာသနာရေးဌာနက ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ပြဋ္ဌာန်းစာအုပ်ထဲက ဩကာသမူရင်းကိုပဲ ရအောင် လုပ်ပါလို့ ညွှန်းချင်တယ်။ အခြား ဩကာသဆိုပုံ အစီအရင်တွေကို နှစ်သက်ရင်တော့ သက်ဆိုင်ရာတွေမှာ ရှာဖွေနားထောင် ဖတ်ရှုဖို့ပါပဲ။

၂၀၀၇ စက်တင်ဘာလ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံက ဓမ္မကထိက ဆရာတော်ကြီးတွေ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားခြင်းရဲ့ အပြစ်ကို အလေးပေး ဟောကြားကြတာကတော့ အင်မတန် လေးစားဖွယ်ဖြစ်လို့ ချွင်းချက်ပါ။ လူတစ်ယောက်အနေနဲ့ ခင်ပွန်းကြီး ဆယ်ပါးကို ပွဲတင်ပြီး ရှိခိုး ပူဇော်တာကိုလည်း ကုသိုလ်ရကြောင်း ဖြစ်တဲ့အတွက် သင့်မြတ်လို့ ဒီဖီလင်ထဲ မထည့်ပါဘူး။

ပစ္စည်းပိုပါလာရင်

(၃) ခိုးလိုတဲ့ စိတ်ရှိရင် အဒိန္နာဒါနကံ မြောက်ပါတယ်။ မီနီကွန်ပျူတာ တစ်လုံးလက်ဆောင်ပေးတာ စနစ်မှားယွင်းလို့ နှစ်လုံးရတယ်ဆိုပါစို့။ တစ်လုံးက တရားမှ မဝင်ဘဲ။ ပြန်ပေးသင့်ပါတယ်။ ဘုန်းကြီးတို့ မြို့က Ph. D နှစ်ထပ်ကွမ်းရတဲ့ ဒကာလေးတစ်ယောက် Home Deport က ပစ္စည်းဝယ်ရာမှာ တစ်ခုပိုပါလာတာ (ပိုပါလာတယ်ဆို ရသင့်တာထက် ပိုရတာပဲပေါ့)ကို ဒကာလေးက အိမ်ကိုရောက်ပြီးမှ သိလို့ နောက်တစ်နေ့ ဖြတ်ပိုင်းပြပြီး ပြန်ပေးတာကို Return ကောင်တာ အမျိုးသမီးက အတော်အံ့ဩနေပါသတဲ့။

ဓီရတ္ထုဝတရေအညာဏံ။
လောကသားတို့..မသိခြင်းသည် စက်ဆုပ်ဖွယ် အစစ်ကြီးဖြစ်ပါပကော။

---

၁၅၃။ အရိယာအစစ် တစ်ဆယ့်ရှစ်

ဩဂုတ် ၂၄၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

သဥပါဒိသေသသုတ် (အံ၊၃၊၁၈၆)အရ အနာဂါမ်သုံးမျိုး၊ သောတာပန် သုံးမျိုး ခွဲခြား ဟောတော်မူသည်ကို တွေ့ရပါသည်။ သကဒါဂါမ်ကို ထပ်မံခွဲပြသည်ကို မတွေ့ရပါ။ ယခင်က သောတာပန် တစ်မျိုး၊ အနာဂါမ် တစ်မျိုးဟုသာ သိထားခဲ့ပါသည်။ ဖော်ပြပါ သုတ္တန်ပါ အနာဂါမ်နှင့် သောတာပန် အမျိုးအစားတို့၏ အဓိပ္ပာယ်အကျယ်ကို သိလိုပါသည်။ သကဒါဂါမ်ပုဂ္ဂိုလ်ကို ထပ်မံခွဲခြား ပြမပြကိုလည်း သိလိုပါသည်။

ဝိမုတ္တိသုခ

---

သောတာပန် သုံးမျိုး

(၁) သတ္တက္ခတ္တုပရမ။ လူ့ဘုံမှာ ရှစ်ကြိမ်မြောက် ပဋိသန္ဓေ မနေသူ။ ‘လူ့ဘုံမှ နတ်ဘုံသို့၊ နတ်ဘုံမှ လူ့ဘုံသို့ ကူးပြောင်းခြင်း (မိဿကဘဝ) အဖြစ်ဖြင့် သုဂတိဘဝ ခုနစ်ခုကို ဆိုလို၏ (ဝိသုဒ္ဓိ၊ဋီ၊၂၊၅၃၁)’အရ လူ့ဘုံ၌သာ နတ်ဘုံ၌သာ ထပ်ခါထပ်ခါဖြစ်မူ တစ်ကြိမ်မက ဖြစ်နိုင်ခွင့်ရှိကြောင်း ဆိုလိုရိပ်ထင်ပါတယ်။ ဉာဏ်ပညာ မထက်မြက်တဲ့ ယောဂီပုဂ္ဂိုလ်တွေ ဒီလိုသောတာပန်မျိုးဖြစ်နိုင်တယ်။

(၂)ကောလံကောလ။ နှစ်ကြိမ်သုံးကြိမ်စသည်မှ ခြောက်ကြိမ်ခြောက်ဘဝထိ ပဋိသန္ဓေနေရတဲ့ သောတာပန်။ ဖြစ်ရာဘဝမှာ ချမ်းသာ မြင့်မြတ်တဲ့ အမျိုးမှာသာဖြစ်သူ။ ဉာဏ်ပညာအလယ်အလတ်ရှိတဲ့ ယောဂီပုဂ္ဂိုလ်တွေ ဒီလိုသောတာပန်မျိုးဖြစ်ရတယ်။

(၃) ဧကဗီဇိဧက = တစ်ကြိမ်။ ဗီဇိ = ပဋီသန္ဓေမျိုးစေ့။ ကာမဘုံမှာ နောက်ထပ် တစ်ကြိမ်သာ ပဋိသန္ဓေနေရတဲ့ သောတာပန်ပုဂ္ဂိုလ်။ ဝိပဿနာဉာဏ် ထက်မြက်တဲ့ ယောဂီပုဂ္ဂိုလ်တွေ ဒီလိုသောတပန်မျိုးဖြစ်တယ်။ အထက်မဂ် သုံးပါးတို့ရဲ့ ဝိပဿနာဉာဏ်ကြောင့် အဲဒီလို သောတာပန်သုံးမျိုး ဖြစ်လာရကြောင်းပါ (ဝိသုဒ္ဓိ၊ဋီ၊၂၊၅၃၁)။

သကဒါဂါမ် ငါးမျိုး

(၁) ဤလူ့ဘုံမှာ သကဒါဂါမ်ဖြစ်၊ အထက်မဂ်ကို ဆက်ပွား၊ ဤလူ့ဘုံမှာ ရဟန္တာဖြစ်

(၂) ထိုနတ်ဘုံမှာ သကဒါဂါမ်ဖြစ်၊ အထက်မဂ်ကို ဆက်ပွား၊ ထိုနတ်ဘုံမှာ ရဟန္တာဖြစ်

(၃) ဤလူဘုံမှာ သကဒါဂါမ်ဖြစ်၊ အထက်မဂ်ကို ဆက်ပွား၊ ထိုနတ်ဘုံမှာ ရဟန္တာဖြစ်

(၄) ထိုနတ်ဘုံမှာ သကဒါဂါမ်ဖြစ်၊ အထက်မဂ်ကို ဆက်ပွား၊ ဤလူ့ဘုံမှာ ရဟန္တာဖြစ်

(၅) ဤလူ့ဘုံမှာ သကဒါဂါမ်ဖြစ်၊ ထိုနတ်ဘုံမှာ အထက်မဂ်ကို ဆက်ပွား၊ ဤလူ့ဘုံမှာ ပြန်မွေးဖွား၊ အထက်မဂ်ကို ဆက်ပွား၊ ရဟန္တာဖြစ်။ (အဘိ၊ဋ္ဌ၊၃၊၄၈)။

ဤလူ့ဘုံသို့ တစ်ကြိမ်သာ ပဋိသန္ဓေနေလာဖြစ်ပြန်ပြီး ရဟန္တာဖြစ်မည့်သူကို သကဒါဂါမ်လို့ ခေါ်တဲ့အတွက် အမှတ်ငါးကို ဒီနေရာမှာယူ (ဝိသုဒ္ဓိမဂ္ဂ၂၊၃၅၂)။

အနာဂါမ် ငါးမျိုး

ကာမဘုံကို မလာတော့တဲ့အတွက် အနာဂါမိအနာဂါမိဖိုလ်ကို ရပြီးသူကို အနာဂါမ်ပုဂ္ဂိုလ်လို့ ခေါ်တယ်။ သုဒ္ဓါဝါသဘုံမှာဖြစ်တဲ့ အနာဂါမ်ပုဂ္ဂိုလ်တွေကို ငါးမျိုးခွဲပြတယ်။

(၁) ရောက်နေတဲ့ သုဒ္ဓါဝါသဘုံရဲ့ သက်တမ်းထက်ဝက်မှာ ရဟန္တာဖြစ်သွားတဲ့ အနာဂါမ်

(၂) ရောက်နေတဲ့ သုဒ္ဓါဝါသဘုံရဲ့ သက်တမ်းထက်ဝက် လွန်ပြီး ဒုတိယထက်ဝက်မှာ ရဟန္တာဖြစ်သွားတဲ့ အနာဂါမ်

(၃) အလွယ်တကူ ဆင်းရဲငြိုငြင်ခြင်းမရှိဘဲ ရဟန္တာဖြစ်တဲ့ အနာဂါမ်

(၄) ဆင်းရဲငြိုငြင်စွာ အားထုတ်ပြီးမှ ရဟန္တာဖြစ်တဲ့ အနာဂါမ်

(၅) ရောက်နေတဲ့ ဘုံကနေမြင့်ရာ သဒ္ဓါဝါသဘုံတွေမှာဖြစ်ပြီး နောက်ဆုံး အကနိဋ္ဌဘုံမှာ ရဟန္တာဖြစ်မယ့် အနာဂါမ် (ဝိသုဒ္ဓိ၊၂၊၃၅၂)။

ရဟန္တာ ငါးမျိုး

နောက်ဆုံး အရိယမဂ်ဖြစ်တဲ့ အရဟတ္တမဂ်ကို ရရှိပြီးဖြစ်လို့ လောကရဲ့ ပူဇော်အထူးကို ခံထိုက်သူကို ရဟန္တာလို့ ခေါ်တယ်။ ရဟန္တာငါးမျိုးရှိတယ်။

(၁) အရဟတ္တဖိုလ်ပညာဖြင့်သာ လွတ်မြောက်တဲ့ ရဟန္တာ (ပညာဝိမုတ္တ)

(၂) အရူပစျာန်နှင့်အရဟတ္တဖိုလ်ပညာတို့ဖြင့် လွတ်မြောက်တဲ့ ရဟန္တာ (ဥဘတောဘာဂဝိမုတ္တ)

(၃) ဝိဇ္ဇာသုံးပါးရတဲ့ ရဟန္တာ (တေဝိဇ္ဇ)

(၄) အဘိညာဉ်ခြောက်ပါးရတဲ့ ရဟန္တာ (ဆဠာဘိည)

(၅) ပဋိသမ္ဘိဒါလေးပါးရတဲ့ ရဟန္တာ (ပဋိသမ္ဘိဒါပတ္တ) (အဘိ၊ဋ္ဌ၊၃၊၄၈)။

မှတ်ချက်။။ အဘိ၊ဋ္ဌ၊၃၊၄၅-၅၃ အရ သောတာပန် ၂၄၊ သကဒါဂါမ် ၁၂၊ အနာဂါမ် ၄၈၊ ရဟန္တာ ၁၂၊ ပေါင်း အရိယာပုဂ္ဂိုလ် ၉၆ မျိုးပြားပုံကို ကျယ်မှာစိုးလို့ ချန်ထားခဲ့ကြောင်းပါ။

သဒ္ဓါဗလဝ၊ ဒုလ္လဘ၊ ရအောင် ခဲကြမင်း။
အရတော်ခိုက်၊ လူတသိုက်၊ ခဲလိုက်ကြကုန်မင်း။ ထူးမြတ်စွာလှ၊ လူ့ဘဝ၊ နှမြောကြကုန်မင်း။

---

၁၅၄။ ဗုဒ္ဓဝါဒီတွေ နတ်ကိုးကွယ်ရင်

ဩဂုတ် ၂၅၊၂၀၁၀။

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

တပည့်တော်သည် ဘုရားကို တကယ်ယုံကြည်၍ ကိုးကွယ်ပါသည်။ မိဘများမှာ ဗုဒ္ဓဘာသာဝင် ဖြစ်ကြသော်လည်း နတ်ကိုးကွယ်မှုကို အရမ်းယုံကြည်စွဲလမ်းကြပါသည်။ တပည့်တော်လည်း နတ်ကိုးကွယ်မှုကို မလုပ်ဖို့ တိုက်တွန်းနေပါသည်။ တပည်တော် သိလိုသည်မှာ.. နတ်ကိုးကွယ်သည့် အစွဲအလမ်းကြောင့် အပါယ်ငရဲကို ကျရောက်နိုင်ပါသလား။ ဝိပဿနာလုပ်ရင်းနှင့် နတ်ကို ဆက်လက်ကိုးကွယ်နေပါက တရားတွေ့နိုင်ပါသလား။ နတ်ကိုးကွယ်မှု ဘယ်လို စတင်ခဲ့သည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။

အောင်ကျော်မိုး (UAE)

---

ကိုးကွယ်မှု အစ

အသိပညာ မထွန်းကားခင်က ရှေးဦးလူတွေဟာ ငလျင်၊ မိုးကြိုး၊ မုန်တိုင်းစတဲ့ သဘာဝဘေး အန္တရယ်တွေနဲ့ ကြုံရတဲ့အခါ ကြောက်စိတ်ကြောင့် အားကိုးရာ ရှာကြရင်းနဲ့ သစ်ပင်၊ တော၊ တောင်၊ နတ်ကွန်းတွေမှာ စူပါတန်ခိုးနဲ့ ပြည့်စုံတဲ့ စိုးပိုင်သူပုဂ္ဂိုလ်ရှိမယ်လို့ မှန်းဆ ပူဇော်ပသရင်း ကိုးကွယ်မှု စတင်ခဲ့ကြောင်း ဗုဒ္ဓကျမ်းမြတ်မှာ ဆိုတယ် (ဓမ္မပဒ၊၁၈၈ ဂါထာ)။ တဖြည်းဖြည်း ဒေသဆိုင်ရာ တန်ခိုးရှင် အငယ်စားတွေ၊ နယ်ပိုင်မြို့ပိုင် တန်ခိုးရှင်တွေ၊ ကမ္ဘာလောကကို ဖန်ဆင်းသူတွေအထိ ကိုးကွယ်ခံတန်ခိုးရှင်တွေကို စိတ်ကူးပုံဖော်ခဲ့ကြတယ်။

ဒါကြောင့် ဗုဒ္ဓဝါဒ ဒဿနအရ ကိုးကွယ်မှုအစ ကြောက်စိတ်ကလို့ ဆိုနိုင်တယ်။ မေးခွန်းမှာပါတဲ့ နတ်ဆိုတာကို လူတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်ပေါ်အောင် လုပ်ပေးနိုင်တယ်လို့ လူ့နှလုံးသားထဲမှာ သမိုင်းမတင်မီခေတ်ကပင် စွဲနေတဲ့ ဖော်ပြပြီး တန်ခိုးရှင်မျိုးလို့ပဲ နားလည်ပါရစေ။ ဗုဒ္ဓကျမ်းဂန်မှာပါတဲ့ နတ်ပြည်ခြောက်ထပ်က နတ်အယူအဆနဲ့ မတူဘူးလို့ မှတ်ထားဖို့ပါ။

မြန်မာ နတ်ကိုးကွယ်မှု

မြန်မာနိုင်ငံမှာ အင်မတန် ရှေးကျတဲ့ အချိန်ကပင် နတ်ကိုးကွယ်မှု ရှိခဲ့ပုံပါပဲ။ အေဒီ ၃၄၄-၃၈၇ (ဒီထက် နောက်ကျဖွယ်ရှိတယ်) သေလည်ကြောင်မင်း လက်ထက်လောက်မှာ ရွာကြီး ၁၉ ရွာစုပေါင်းပြီး သီရိပစ္စယာမြို့ကို တည်ထောင်တယ်။ မြို့သူမြို့သားတွေ ကိုးကွယ်တာက ယနေ့ခေတ် တောင်ပေါ်တိုင်းရင်းသားတွေလို ဒေသဆိုင်ရာ နတ်တွေပါပဲ။ တစ်ရွာကို နတ်တစ်ပါး။ ဒီတော့ သူတို့နတ်က အစစ်၊ ငါတို့နတ်က အမှန်နဲ့ အငြင်းပွားကြ ရန်ဖြစ်ကြလို့ လိမ္မာသူတွေက တစ်နိုင်ငံလုံး (တစ်နည်း ကျေးရွာအားလုံး)ကို စည်းရုံးနိုင်ဖို့ အဲဒီနတ်တွေအားလုံးထက်တန်ခိုးပိုကြီးတဲ့ တောင်ပိုင်နတ်ဆိုတာကို တီထွင်ကြတယ်။

တစ်နည်းဆိုရင် လူမျိုးစုအားလုံး ကိုးကွယ်နိုင်မယ့် ကိုးကွယ်စရာ အသစ်တစ်ခုကို ရှာဖွေလိုက်ခြင်းပါပဲ။ သီရိပစ္စယာဟာ နောင်အခါ ပုဂံမြို့တော် ဖြစ်လာတယ်။ ပုဂံခေတ် (အေဒီ ဆယ့်တစ်ရာစု)မှာ တစ်နိုင်ငံလုံး ကိုးကွယ်တဲ့ နတ် သုံးကျိပ်ခြောက်ယောက် ရှိသတဲ့ (Maung Htin Aung, Folk Elements in Burmesse Buddhism,p. 63, 73)။

လက်နက် မသုံးဘူး

အနော်ရထာမင်း လက်ထက် ပုဂံမှာ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းလင်းလာပေမယ့် နတ်ကိုးကွယ်မှု ပပျောက်မသွားခဲ့ဘူး။ ဗုဒ္ဓဝါဒအနေနဲ့ မိမိရောက်ရာဒေသက တည်ရှိပြီး ယုံကြည်မှုတွေကို သုတ်သင်ရှင်းလင်းပစ်ဖို့ လက်နက်နဲ့ အတင်းအကြပ် လုပ်ရိုးထုံးစံမရှိလို့ ယနေ့တိုင် နတ်ကိုးကွယ်မှု အမြစ်မပြတ်နိုင်သေးဘူးလို့ ဆိုနိုင်လေမလား။ ဒါပေမယ့် နှောင်းခေတ်မှာ ပညာရှင် ရဟန်းတွေဟာ နတ်ကိုးကွယ်မှုကို အလေးအနက် ကဲ့ရဲ့ရှုတ်ချတော်မူခဲ့ကြပါတယ်။ အင်းဝခေတ်စာဆို အရှင်မဟာသီလဝံသရေးတဲ့ သံဝေဂခန်းပျို့ (ပိုဒ်၊၂၅) မှာဆိုပုံက ..

‘အမွှေးအကြိုင်၊ မုန့်စိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍၊ ပုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငနတ်တို့ ကို၊ မပြတ်ကိုးကွယ်၊ အနရာယ်လည်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိလျှင်း၏’ တဲ့။

ငရဲကျသလား

သရဏဂုံသုံးပါးနဲ့ ကံကံရဲ့အကျိုးကို ယုံကြည်နေသရွေ့ မိရိုးဖလာဗုဒ္ဓဝါဒီတစ်ယောက်ဟာ နတ်ကို ကိုးကွယ်ရုံနဲ့ ငရဲ မကျနိုင်သေးပါဘူး။ ဒါပေမယ့် သရဏဂုံတော့ ညစ်နွမ်းနိုင်တယ်။ အရှင်သီလဝံသ မိန့်သလို ‘ကြက်ဝက်လဲ၍’ ပူဇော်မယ်၊ နွားလည်ပင်းကို လှီးပြီး တန်ခိုးရှင် နှစ်သက်အောင် လုပ်မယ်ဆိုရင်တော့ သူ့သက်သတ် အကုသိုလ်ကြောင့် ကျိန်းသေ အပြစ်ရောက်မယ်။ နတ်ကနားပွဲက ဗုဒ္ဓဘာသာပါလို့ဆိုသူတွေ အဲဒီပွဲအတွင်း အရက်သောက်၊ မမှန်တာပြော၊ ကြာခို၊ သူ့သက်သတ်မှုတွေရှိခဲ့ရင် အဲဒီအကုသိုလ်ရဲ့ဆိုးကျိုးနဲ့ တွေ့ရမယ်။ သေရင်လည်း အပါယ်ကို ရောက်မှာပေါ့။

ဘာလုပ်သင့်သလဲ

နတ်ကတော် တစ်ယောက် ဝိပဿနာတရားစခန်းကို ရောက်လာတယ်ဆိုရင် အသိစိတ်ရင့်ကျက်လာလို့ပဲ။ ကြိုးစားပြီးအားထုတ်ရင် တရားတွေ့နိုင်တာပေါ့။ ကိုယ့်ဝါဒအပေါ် အင်မတန် အစွဲအလမ်းကြီးတဲ့ ဘာသာခြားတွေ တရားစခန်းတစ်ခုခုမှာ တရားထိုင်မိရာကနေ တရားတွေ့ပြီး ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သွားကြတာတွေ အများကြီးရှိပါတယ်။

ဒါကြောင့် နတ်ကိုးကွယ်မှုကို အရမ်းယုံကြည်တယ်ဆိုတဲ့ မိဘတွေအတွက် အကောင်းဆုံးကတော့ အခွင့်သာတိုင်း ရိပ်သာတစ်ခုခုမှာ တရားထိုင်ဖြစ်အောင် တိုက်တွန်းပေးဖို့ပါပဲ။ အစွဲဆိုတာကို အင်မတန် ချွတ်ရခက်ပါတယ်။ တရားတွေ့တဲ့ တစ်နေ့မှာ အဲဒီနတ်ရုပ်တွေ၊ နတ်ပွဲတွေကို (အားလုံး မစွန့်နိုင်တောင်) သုံးပုံနှစ်ပုံလောက် လျှော့ပစ်နိုင်ပါလိမ့်မယ်။ တရားမတွေ့ဘူးဘဲထား၊ သေခါနီးမှာ မှီခိုရာလေးတစ်ခုတော့ရသွားပါလိမ့်မယ်။

---

၁၅၅။ အမျိုးသမီး ဗုဒ္ဓဖြစ်ခွင့်ရှိ

ဩဂုတ် ၂၉၊၂၀၁၀။

---

ဆရာတော် အရှင်မြတ်ဘုရား၊

ပွင့်တော်မူပြီးသမျှ ဗုဒ္ဓတိုသည့် ဘာလို့ ယောကျ်ားချည်း ဖြစ်ရတာပါလဲ။ မိန်းမတစ်ယောက်ဟာ ကြိုးစားမယ်ဆိုရင် ရဟန္တာတောင် ဖြစ်နိုင်ပါလျက်နဲ့ ဘာလို့ ဘုရားကျတော့ မဖြစ်နိုင်ရတာပါလဲ အရှင်ဘုရား။ သဗ္ဗညုတဉာဏ်ဟာ မိန်းမတို့ရဲ့ အရာမဟုတ်ဘူးဆိုတဲ့ သဘောပါလား။ အခြား ဘာသာတရားတွေကို ကြည့်ရင်လည်း ခရစ်ယန်မှာ သခင်ယေရှု၊ အစ္စလာမ်မှာ တမန်တော် မိုဟာမက်တို့ဟာ ယောကျ်ား၊ ဟိန္ဒူမှာလည်း လူဝင်စား နတ်ဘုရားမှန်သမျှဟာ ယောကျ်ားတွေ ဖြစ်ပါသည်။ ဘာသာရေး ခေါင်းဆောင်မှန်သမျှ ဘာကြောင့်ယောကျ်ားတွေချည်းဖြစ်ရပါသနည်း။ မေတ္တာရှေ့ထား၍ဖြေကြားပေးစေလိုပါသည်။

ဧကရီ

---

ယောကျ်ားတံခွန်

Reader's Digest (၁၉၉၃ ခန့်) ဆောင်းပါးတစ်ပုဒ်မှာ မိန်းကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ ယောကျ်ားလေးတွေထက် ထူးချွန်ကြပေမယ့် တီထွင်သူ၊ သိပ္ပံပညာရှင်စတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် အများစုဟာ ဘာလို့ ယောကျ်ားတွေဖြစ်ရသလဲတဲ့။ အဖြေရဲ့လိုရင်းက Aggressiveness (ရန်လိုမှု၊ တစ်နည်း တုံးတိုက်တိုက်ကမ်းတိုက်တိုက်၊ လုပ်ရဲရင် ခံရဲတယ်ဆိုတဲ့ ကျားတို့ရဲ့သဘာဝ)နဲ့ မိန်းကလေးတွေကို ခွင့်မပြုလိုတဲ့ ယဉ်ကျေးတဲ့ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကြောင့်လို့ ဆိုတယ်။

အမျိုးသမီး စစ်ဗိုလ်ချုပ်ကြီးဆိုတာမျိုးက ရာဇဝင်မှာ ရှားသားပဲလေ။ ညသန်းခေါင် ရန်သူ့လက်ထဲက ဘုရင်ကို ကယ်တင်ရဲတဲ့ သတ္တိချင်းတူရင်တောင် ယောကျ်ားတွေက အောင်မြင်ဖို့ အခွင့်အလမ်း ပိုမများနိုင်ဘူးလား။

ပုခက်လွှဲတဲ့ လက်

နပိုလီယံ၊ ဟစ်တလာ၊ အိုင်စတိုင်းတို့လို ပုဂ္ဂိုလ်ကျော်တွေကို ပုခက်သခင်တွေ မွေးဖွားခဲ့တယ်။ ဗုဒ္ဓဘုရားလို ဘာသာရေးခေါင်းဆောင်တွေကိုလည်း သူတို့ကပဲ မွေးဖွားရတာ။ ဘာကြောင့်ဆို သဘာဝနိယာမက ပေးအပ်တဲ့ မွေးဖွားခြင်းဆိုတဲ့ တာဝန်ကို ထမ်းဆောင်ရမှာက ပုခက်လွှဲတဲ့ လက်ပိုင်ရှင်တွေပဲ မဟုတ်ပါလား။ ဒါပေမယ့် ပုခက်ထဲက ကလေးငယ်ရဲ့ကံကြမ္မာကို ၎င်းတို့ မစိုးပိုင်နိုင်ပါဘူး။

‘ဝိတိုရိယာ၊ ရွှေဘွဲ့သာသည်၊ ဣန္ဒာနီမြတ် နတ်ဆွေတည်း (မဃဒေဝ၊ ပိုဒ်၊၅၈၂)’လို့ စာဖွဲ့ခံရတဲ့ ဘုန်းမီးနေလ အလွန်ထွန်းတောက်ခဲ့သူ နေမဝင် အင်ပါယာရဲ့ ဘုရင်မဟာ ကြံ့ဦးခေါင်းက ချိုတစ်ချောင်းလို အခေါ်မလို ဖော်မပိုဘဲ တောထဲမှာ တစ်ကိုယ်တည်း တရားကျင့်နိုင်တဲ့ အခွင့်အရေးကို မရနိုင်ပါဘူး။

ဗုဒ္ဓ မိန့်မြွက်

ဗုဒ္ဓကြန်အင်အားလုံးနဲ့ ပြည့်စုံရဲ့လားလို့ သံသယဖြစ်နေကြတဲ့ ပုဏ္ဏား ၃၂၀ ယောက်လောက်ကို ဗုဒ္ဓဟာ မိမိရဲ့ အင်္ဂါဇာတ်ကို လှစ်ပြခဲ့ရတယ် (မ၊၂၊၃၄၄။ မိလိန္ဒ၊၁၈၈)။ အမျိုးသမီးဗုဒ္ဓ ဖြစ်နေရင် အဲဒီလိုလုပ်ဖို့ကို သမုတိသစ္စာနယ်က လူအများစု ခွင့်ပြုနိုင်ပါ့မလား။ မိမိရဲ့ စွန့်လွှတ်မှုကြောင့် ကမ္ဘာမြေပေါ်မှာ ငြိမ်းချမ်းမှုရနိုင်မယ်လို့ ယုံကြည်ပြီး မိန်းမအဖြစ်နဲ့ တစ်ကိုယ်တည်း ထွက်တော်မူ နန်းကခွာဖို့တောင်မလွယ်ဘူး။

ဒါကြောင့် ဗုဒ္ဓဖြစ်မယ့်သူဟာ ယောကျ်ားသွင်ပြင်နဲ့ ပြည့်စုံရတယ်လို့ ကျမ်းမြတ် (ဗုဒ္ဓဝံသ၊၂၊၃၁၁)မှာ ဆိုတယ်။ ‘အမျိုးသမီးသည် ပူဇော်ထူးကို ခံထိုက်သူ သမ္မာသမ္ဗုဒ္ဓ ဖြစ်လာနိုင်သည့် အကြောင်းမရှိ (မ၊၃၊၁၁၀။ အံ၊၁၊၃၀။ အဘိ၂၊၃၄၉)’လို့လည်း မြတ်ဗုဒ္ဓမိန့်တော်မူတယ်။

သမ္မုတိသစ္စာ

ဗုဒ္ဓအဘိဓမ္မာအရ ယောကျ်ားမှာ ရုပ် ၂၇ မျိုး၊ မိန်းမမှာ ရုပ် ၂၇ မျိုးစီ ရှိတယ်။ အဲဒီအထဲမှာ ရုပ် ၂၆ မျိုးက ကျားမ အတူတူ။ မတူတာက ဘာဝရုပ်တစ်ခုတည်း။ ဘာဝရုပ်ဆိုတာ ပဋိသန္ဓေတည်ဦးစ အချိန်မှာ အဝိဇ္ဇာ၊ တဏှာ၊ ကံဆိုတဲ့ သတ္တိသုံးမျိုးက ဖြစ်ပေါ်စေတဲ့ တစ်ကိုယ်လုံး ပျံ့နှံ့နေတဲ့ ရုပ်ဗီဇပါပဲ။ မိန်းမဆိုရင် ဣတ္ထိဘာဝရုပ်၊ ယောကျာ်းဆိုရင် ပုံဘာဝရုပ်။ အဲဒီခြားနားတဲ့ ရုပ်ဗီဇနှစ်မျိုးကြောင့် အချိန်တန်လို့ သန္ဓေသားကို ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ရွှေပန်းကြိုးပါတာနဲ့ မပါတာလို့ ကွဲပြားသွားရတယ်။ မွေးဖွားလာတော့လည်း ကိုယ်လုံးသဏ္ဌာန်၊ ပြောဆိုပြုမူပုံတွေ ခြားနားရတယ်။ ဒီလိုနဲ့ မိန်းမပဲ ယောကျ်ားပဲလို့ လူတွေကခေါ်ဝေါ်လိုက်ကြတာ။ ဒါက လောက သတ်မှတ်ချက်အမှန်တရား

သဘာဝသစ္စာ

ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါး၊ မျက်စိနားနှာ လျှာ ကိုယ် အဆင်း အသံ အနံ့ အရသာ၊ အူသိမ် အူမ အဆုတ် အသည်း နှလုံးစတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ ဒွါရပေါက်တွေက ထွက်တဲ့ အညစ်အကြေးတွေကအစ လူ့ခန္ဓာကိုယ်အနေနဲ့ ကျားမ အတူတူပါပဲ။ ရုပ်အစု (ရုပ်ခန္ဓာ)တူသလို စိတ် ၈၉၊ စေတသိက် ၅၂ဆိုတဲ့ နာမ်အစု (နာမ်ခန္ဓာ)လည်း တူပါတယ်။ လူသာမန်တိုင်းမှာရှိတဲ့ လိုချင်တပ်မက်၊ စိတ်ဆိုး၊ ထောင်လွှား၊ မနာလိုစိတ်တွေဟာ ဒီဂရီ အနိမ့်အမြင့်ပဲ ကွာမယ်၊ မထူးပါဘူး။ အဲဒီရုပ်တွေ၊ နာမ်တွေရဲ့ အိုမင်းရင့်ရော်၊ ပြောင်းလဲ၊ မတည်မြဲတဲ့ ဖြစ်စဉ် သဘာဝတွေလည်း အတူတူပါပဲ။ ဒါတွေဟာ ဘယ်သူမှ ငြင်းမရတဲ့ သဘာဝအတိုင်းရှိနေတဲ့ အမှန်တရားပါ။

အားတက်ဖွယ်

သမ္မုတိသစ္စာ အနေနဲ့ မိန်းမ၊ ယောကျ်ားရယ်လို့ ခွဲခြားထားပေမယ့် သဘာဝသစ္စာအရ အတူတူပါပဲ။ ပြောပြထားခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ကံ အကြောင်း သုံးပါးဟာ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာ ဖြစ်စဉ်မှာ အခရာပဲ။ အကြောင်း သုံးပါးထဲက ကိုယ့်လုပ်အားဖြစ်တဲ့ ကံက ဦးတည်မောင်းနှင်တဲ့အတိုင်း ရံခါ ဣတ္ထိဘာဝရုပ်နဲ့၊ ရံခါ ပုံဘာဝရုပ်နဲ့ ဖြစ်ကြရတာ။ လက်ရှိမှာ ဘယ်လိုဖြစ်နေစေ၊ ပိုမို ပြည့်စုံတဲ့ အခြေအနေ၊ အဆင့်အတန်းမျိုးကို မျှော်လင့်ပြီး ကိုယ့်လုပ်အားကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ လူတိုင်း အခွင့်အရေးရှိတယ်။ ဒီတော့ မိန်းမဖြစ်၊ ယောကျ်ားဖြစ်ဆိုတာကို ခန္ဓာဖြစ်စဉ် သံသရာမှာ ဖြုံစရာ မလိုပါဘူး။ ကိုယ့်လုပ်အားကို ယုံကြည်တဲ့ ဗုဒ္ဓဝါဒီတွေအဖို့ ဒီလွတ်လပ်မှုဟာ အင်မတန် အားတက်ဖွယ်ပါပဲ။

ဗုဒ္ဓမျိုးစေ့တွေ

မဟာယာန ဒဿနအရ သတ္တဝါတိုင်းမှာ Buddha nature = ဗုဒ္ဓဖြစ်လာမယ့် အခြေခံ၊ သို့မဟုတ် ဗုဒ္ဓဗီဇ (ဗုဒ္ဓမျိုးစေ့) ရှိလို့ ယခု ဘယ်ဘဝမျိုးဖြစ်နေစေ နောက်ဆုံး တစ်ချိန်မှာ ဗောဓိဉာဏ်ကို ရပြီး ဗုဒ္ဓဖြစ်လာမှာပဲ။ ထေရဝါဒရဲ့ ပရမတ္ထအမြင်နဲ့ ဆိုရင် သတ္တဝါတွေဟာ ဗြဟ္မာ့ဘုံနဲ့ ဝက်စားကျက် တစ်လှည့်စီပေါ့။ လောကမှာ အဖေအမေ အစ်ကိုညီမ ဇနီးခင်ပွန်း မတော်စပ်ဖူးသူရယ်လို့ မရှိဘူး၊ မိန်းမမဖြစ်ဖူးသူ၊ ယောကျ်ားမဖြစ်ဖူးသူရယ်လို့လည်း မရှိဘူးတဲ့။ ဒါဟာ ဆန္ဒရှိရင် ယောကျ်ားရော မိန်းမပါ ဗုဒ္ဓဖြစ်နိုင်တယ်ဆိုတဲ့ သဘောပဲ။

ဒါပေမယ့် လက်တွေ့ အများအကျိုးပြု လုပ်ငန်းခွင်မှာ ပိုမိုပြည့်စုံကျယ်ပြန့်စွာ ဆောင်ရွက်ခွင့်ရတဲ့ ယောကျ်ားသွင်ပြင်က ရှေ့တန်းကို ရောက်သွားတယ်လို့ ဆိုရမှာပါ။

---

၁၅၆။ ဘိုးတော်တွေကို ကိုးကွယ်ရင်

စက်တင်ဘာ ၁၊၂၀၁၀။

---

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

ဘိုးတော် ဦးမင်းခေါင်လို ဘိုးတော်တွေ လောကမှာ တကယ်ရှိပါသလား။ ရှိရင် ၎င်းတို့အနေနဲ့ ယခု ဘယ်ဘုံမှာ ရှိနိုင်ပါသလဲ။ သူတို့ကို ကိုးကွယ်လို့ ရရှိနိုင်တဲ့ အကျိုးအပြစ်ကို သိလိုပါသည်။

သမာဓိနှင့် ဝိပဿနာ ဘယ်လိုထူးခြားပါသလဲ။ သမာဓိကို ကျင့်ပြီးမှ ဝိပဿနာကို ကျင့်ရတာလား၊ ဝိပဿနာ သက်သက်ကိုပဲ ကျင့်လို့ ရပါသလား။

လောကီမှာ အိမ်ထောင် သားမွေးပြုရင်းနဲ့ တရားကျင့်လို့ ရနိုင်ပါသလား၊ ရနိုင်တယ်ဆိုရင် အဆင့်အမြင့်ဆုံး ဘယ်အဆင့်ထိ ရနိုင်ပါသလဲ။ သိလိုစိတ် ပြင်းပြပါသဖြင့် သနားသောအားဖြင့် ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

အောင်ကျော်မိုး (UAE)

---

ဘိုးတော်တွေ ဘယ်မှာလဲ

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် (ပဋိသံ၊၃၉၁) အရ ဝိဇ္ဇာဓရ (ဝိဇ္ဇာဓိုရ်) ပုဂ္ဂိုလ်တွေဟာ ၎င်းတို့ရဲ့ ဝိဇ္ဇာ အတတ်ပညာနဲ့ တန်ခိုးပြနိုင်ကြောင်း သိရတယ်။ အဲဒီ အတတ်ကို ဂန္ဓာရီ ဝိဇ္ဇာအတတ်လို့ ခေါ်ပြီး ဒီအတတ်မျိုးနဲ့ အာယုသိဒ္ဓိ ဖြစ်အောင် (အသက်ရှည်အောင်)လည်း လုပ်နိုင်ကြောင်း၊ ရတနာသုံးပါးရဲ့ ဂုဏ်ကို မိမိကိုယ်မှာ အမြဲထုံထားပြီး တန်ခိုးကြီး နတ်တွေနဲ့ ခင်မင်ရင်းနှီးအောင် လုပ်ရင် ဒီအတတ်မျိုးကို ရနိုင်ကြောင်း၊ နတ်အချို့ထက်ပင် တန်ခိုးကြီးနိုင်ကြောင်း လယ်တီဆရာတော်ကြီး မိန့်ခဲ့ပါတယ် (ဝိဇ္ဇာမဂ္ဂဒီပနီကျမ်းမျာရှုပါ)။

ဒါကြောင့် အဲဒီလို ထူးဆန်းတဲ့ အတတ်ပညာကို တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ လောကမှာ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် ဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့နဲ့ ပတ်သက်ပြီး ဘုန်းကြီးမှာ ကိုယ်တိုင်သိ အတွေ့အကြုံ မရှိဖူးပါ။ ၎င်းတို့ဟာ ပုထုဇဉ်တွေပဲ ဖြစ်ဖွယ်ရှိလို့ ကောင်းတာကို လုပ်ခဲ့ရင် သုဂတိဘုံမှာရှိနိုင်ပြီး လိမ်ညာကြာခိုလုပ်ခဲ့ရင်တော့ ဒုဂ္ဂတိဘုံမှာရှိမယ်လို့တော့ ဆိုနိုင်ရာပါတယ်။

၎င်းတို့ကို ကိုးကွယ်ရင်

ဗုဒ္ဓဘာသာအရ ကိုးကွယ်ခြင်းဆိုတာ ကို်းကွယ်ခံအရာကကို ချဉ်းကပ်ပူဇော်ပြီး ဝန်ချဆုတောင်းလိုက်ရုံနဲ့ ကိုးကွယ်သူကို ချက်ခြင်း ချမ်းသာအောင် သူဌေးဖြစ်အောင် လုပ်ပေးခြင်း၊ မျက်မပြင်ကို မြင်အောင်လုပ်ပေးခြင်း စတာတွေနဲ့ ကယ်တင်ခြင်းဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ ကိုးကွယ်ခံဗုဒ္ဓ၊ ဓမ္မနဲ့ သံဃာက သင်ကြားချက်တွေကိုပေးတယ်၊ ကိုးကွယ်သူတွေက အဲဒါတွေကို လိုက်နာကျင့်သုံးတာကိုပဲ ကိုးကွယ်ခြင်းလို့ ဆိုပါတယ်။ အပြင်က အားကိုးစရာကို ဂရုမစိုက်ဘဲ ကိုယ့်လုပ်အား (ကမ္မ)ရဲ့ ကောင်းကျိုးဆိုးကျိုးကို ဘယ်သူမှ မတားဆီးနိုင်ဘူး (ဝိ၊ဋ္ဌ၊၂၊၅) လို့ပဲ ယုံကြည်တယ်။ မိမိကိုယ်ကို ဗုဒ္ဓဘာသာလို့ ခံယူထားရင် အဲဒီအဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အညီမိမိလုပ်အားကို အခြေခံပြီး အကျိုးအပြစ်ဆိုတာကို မိမိဘာသာ နားလည်လိုက်ပါ။

သမာဓိနဲ့ ဝိပဿနာ

သမာဓိကိုပဲ အဆင့်မြင့်အောင်လုပ်တဲ့ သမာဓိပဓာနလမ်းစဉ် (သမထ) နဲ့ သတိနဲ့ ရှုနေတဲ့ သတိပဓာန (ဝိပဿနာ)လမ်းစဉ်လို့ နှစ်မျိုးရှိတယ်။ ပထမလမ်းစဉ်က စျာန်ကိုရမယ်၊ အဆင့်အမြင့်ဆုံးမှာ အဘိညာဉ်တန်ခိုးတွေနဲ့ ပြည့်စုံမယ်။ ဒုတိယလမ်းစဉ်ကတော့ ဖြစ်ပျက်ကို မြင်မယ်၊ လက္ခာဏာရေးသုံးပါးထင်မယ်၊ အရိယမဂ်ကိုရမယ်။ ပထမလမ်းစဉ်နဲ့ သမာဓိကို ထူထောင်ပြီးမှ သို့မဟုတ် စျာန်ကိုရပြီးမှ ဝိပဿနာကို ကူးပြောင်းလို့လည်း ရတယ်။

ဝိပဿနာ သက်သက်လည်း ဖြစ်ပါတယ်။ ထိုက်သင့်တဲ့ သမာဓိတော့ ရှိရမှာပေါ့။ အာရုံခံ တံခါးတွေက ရရှိတဲ့ အာရုံမှန်သမျှကို သတိနဲ့ သိနေအောင်လုပ်ရင်းနဲ့ ခဏတိုင်းမှာ စိတ်ကိုတည်ငြိမ်နေအောင်လုပ်တယ်။ ဆိုပါတော့ .. ဝင်လေ ထွက်လေကို အခြေခံ (မူလ) အာရုံအနေနဲ့ မှတ်နေစဉ် နာကျဉ်ကိုက်ခဲတာ ထင်ရှားလာရင် ထင်ရှားတဲ့နေရာမှာ စိတ်ကိုထားပြီး မှတ်တယ်။ အဲဒီလိုနည်းနဲ့ စိတ်ဟာ အာရုံတစ်ခုပြီးတစ်ခုပေါ်မှာ တည်နေတယ်။ အဲဒါကို ခဏိကသမာဓိလို့ ခေါ်တယ်။ အဲဒီသမာဓိမျိုးနဲ့လည်း နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အရိယမဂ်ကိုရနိုင်ပါတယ်။

သောတာပန်မိခင်

ဝိသာခါကျောင်းအမကြီးဟာ အသက်ရနှစ်မှာ သောတာပန်အရိယာဖြစ်နေပြီ။ အရွယ်ရောက်တော့ အိမ်ထောင်ပြုတယ်။ ကလေးတွေ နှစ်ကျိပ်တောင် မွေးသတဲ့။ အိမ်ထောင်သားမွေးဘဝနဲ့ သကဒါဂါမ်ထိဖြစ်နိုင်တယ်။ ဝိသာခသူဌေးကြီးဟာ မြတ်ဗုဒ္ဓ သီတင်းသုံးနေတဲ့ ဇေတဝန်ကျောင်းမှာ တရားသွားထိုင်ရင်းနဲ့ အနာဂါမ်ဖြစ်တဲ့နေ့ ညနေပြန်လာတော့ လက်ကမ်းပြီး ကြိုတဲ့ သူဌေးကတော်ရဲ့ လက်ကို မကိုင်တော့ဘူးတဲ့။ ဒါကြောင့် အနာဂါမ်၊ ရဟန္တာတွေကတော့ အိမ်ထောင်သားမွေး မပြုတော့ဘူးလို့ မှတ်ပါ။

---

၁၅၇။ ရပ်ပြစ် ရှစ်ပါး

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ဩကာသကန်တော့ချိုးမှာ ပါသည့် ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပတ္တိတရား လေးပါး၊ ဗျသနတရား ငါးပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါး တို့ကို သိလိုပါသည် အရှင်ဘုရား။

သိန်းဇော်

---

ရပ်ပြစ်ရှစ်ပါး

ရပ်ပြစ်ဆိုတာ အရိယမဂ်ကိုရဖို့ အခွင့်အလမ်းတွေ ပိတ်နေလို့ အပြစ်ရှိတဲ့ အရပ်၊ မနေသင့်တဲ့ အရပ်လို့ ဆိုလိုတယ် (အံ၊၃၊၆၀)။

  1. ငရဲဘုံ၌ ဖြစ်သူ
  2. တိရစ္ဆာန်ဘုံ၌ ဖြစ်သူ
  3. ပြိတ္တာဘုံ၌ ဖြစ်သူ
  4. အသညသတ်ဘုံ၊ အရူပဘုံတို့၌ ဖြစ်နေသူ
  5. မဇ္ဈိမဒေသ (ဗုဒ္ဓဝါဒပြန့်ပွားသည့်နေရာ)၌ ဖြစ်သော်လည်း အသိဉာဏ်နည်းပါးပြီး ရဟန်းသံဃာမရှိသည့်အရပ်၌ မွေးဖွားရသူ
  6. မဇ္ဈိမဒေသ (ဗုဒ္ဓဝါဒပြန့်ပွားသည့်နေရာ)၌ ဖြစ်သော်လည်း ကံ ကံ၏အကျိုးကို မယုံကြည်သူ (မိစ္ဆာဒိဋ္ဌိ) ဖြစ်နေသူ
  7. မဇ္ဈိမဒေသ (ဗုဒ္ဓဝါဒပြန့်ပွားသည့်နေရာ)၌ ဖြစ်သော်လည်း ဆွံ့အနားမကြား၊ အကောင်းအဆိုးကို နားမလည်သူ (ဉာဏ်ရည်မမီသူ) ဖြစ်ခြင်း
  8. မဇ္ဈိမဒေသ (မြို့ကြီး ပြကြီး)မှာ မွေးဖွားပြီး အသိဉာဏ်ပြည့်စုံသော်လည်း ဗုဒ္ဓမပွင့်သည့်အရပ် (ဗုဒ္ဓသာသနာ မထွန်းကားသည့်အရပ်)။

ပေါင်းရပ်ပြစ် ၈ ပါး။

မှတ်ချက်။
သုတ်ပါထေယျအဋ္ဌကထာနဲ့ ဇိနာလင်္ကာရဋီကာတွေမှာ ရပ်ပြစ်ရှစ်ပါးယူပုံ အနည်းငယ် ခြားနားတယ်။

ရန်သူမျိုး ၅ ပါး

ဥစ္စာ စည်းစိမ် ပျက်စီးကြောင်းတရား ငါးပါးလို့ ကျမ်းဂန်မှာ ဆိုတယ်။

  1. မီး
  2. ရေ
  3. မင်း
  4. ခိုးသားဓားပြ
  5. မချစ်မနှစ်သက်အပ်သည့်အမွေခံဆိုး (အံ၊၂၊၂၂၆။ ထေရီ၊၅၀၇ ဂါထာ)။

ဝိပတ္တိတရား ၄ ပါး

မပြည့်စုံမှု လေးမျိုး။ ဒီလေးမျိုးကြောင့် ကုသိုလ်ကံ အကျိုးပေးခွင့်ကို ပိတ်စေ၊ သို့မဟုတ် နှောင့်နှေးစေတယ်။

  1. ဂတိဝိပတ္တိ=အပါယ်လေးဘုံ၌ ဖြစ်ရခြင်း
  2. ဥပဓိဝိပတ္တိ = ချွတ်ယွင်းသော ရုပ်ရည်ကို ရခြင်း
  3. ကာလဝိပတ္တိ = မင်းဆိုးမင်းညစ်တို့၏ အုပ်ချုပ်ခိုက်နှင့် ကြုံကြိုက်ခြင်း
  4. ပယောဂဝိပတ္တိ = မကောင်းမှုဖြင့် သက်မွေးဝမ်းကျောင်း ပြုရခြင်း (အဘိ၊ဋ္ဌ၊၂၊၄၂၁)။

ဗျသနတရား ၅ ပါး

ပျက်စီး ဆုံးရှုံ့းမှု ငါးမျိုး။

  1. ဉာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း
  2. ဘောဂဗျသန = ပစ္စည်းဥစ္စာ ပျက်စီးခြင်း
  3. ရောဂဗျသန = ရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
  4. သီလဗျသန=ကိုယ်ကျင့်တရား ပျက်စီးခြင်း
  5. ဒိဋ္ဌိဗျသန= ကောင်းမှန်သောဘာသာအယူဝါဒ ပျက်စီးခြင်း (ဒီ၊၃၊၁၉၆)။

မိစ္ဆာဒိဋ္ဌိ ၆၂ ပါး

မိစ္ဆာဒိဋ္ဌိ ၆၂ မျိုးမှာ

(က) ပုဗ္ဗန္တာနုဒိဋ္ဌိ (ရှေ့အဖို့ကို ကြံဆ၊ ရှေ့အဖို့ကို စွဲယူခြင်း) ၁၈ မျိုးနှင့်
(ခ) အပရန္တာနုဒိဋ္ဌိ (နောက်အဖို့ကို ကြံဆ၊ နောက်အဖို့ကိုစွဲယူခြင်း)၄၄မျိုး။ ပေါင်း ၆၂။

(က) ပုဗ္ဗန္တာနုဒိဋ္ဌိ ၁၈ မျိုးမှာ

  1. သဿတဒိဋ္ဌိ (တည်မြဲအယူ)၄မျိုး
  2. ဧကစ္စသဿတဒိဋ္ဌိ (အချို့တည်မြဲအယူ)၄
  3. အန္တာနန္တဒိဋ္ဌိ (အဆုံးရှိ အဆုံးမရှိအယူ) ၄
  4. အမရာဝိက္ခေပ (အဆုံးမရှိ လွှင့်ပစ်သောအယူ)၄
  5. အဓိစ္စသမုပ္ပန္န (အကြောင်းမဲ့အယူ)၂။

ပေါင်း၁၈မျိုး။

(ခ) အပရန္တာနုဒိဋ္ဌိ ၄၄ မျိုးမှာ

  1. ဥဒ္ဓမာဃတနိကသညီဝါဒ (သေပြီးနောက်သညာရှိအယူ)၁၆
  2. ဥဒ္ဓမာဃတနိကအသညီဝါဒ (သေပြီးနောက်သညာမရှိအယူ) ၈
  3. ဥဒ္ဓမာဃတနိက နေဝသညီနာသညီဝါဒ (သေပြီးနောက် သညာရှိသည်မဟုတ်၊ မရှိသည်မဟုတ်အယူ)၈
  4. ဥစ္ဆေဒဝါဒ (ပြတ်စဲအယူ)၇
  5. ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ (ပျော်ရွှင်မှုစံပြုအယူ)၅။

ပေါင်း၄၄။

မှတ်ချက်။
အကျယ်သိလိုရင် ဗြဟဇာလသုတ် (ဒီ၊၁၊၁-၄၂ ထိ) မြန်မာပြန်မှာ ဖတ်ရှုနိုင်ပါတယ်။

---

၁၅၈။ ဘီလူးစီးခြင်း

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

လူတွေ အိပ်ပျော်နေတဲ့ အချိန် တစ်ခါတလေ အသိစိတ် ရှိနေပေမယ့် အိမ်မက် မက်သလို မဟုတ်ဘဲ လှုပ်လို့ မရ၊ အော်လို့ မရ ဖြစ်တတ်ပါသည်။ တော်တော်ကြာမှ ခန္ဓာကိုယ်ကို ပြန်လှုပ်လို့ ရလာတတ်ပါသည်။ အထူးသဖြင့် ပက်လက်အနေအထားဖြင့် အိပ်ပျော်သွားလျှင် ဖြစ်တတ်ပါသည်။ အဲဒီလို ဖြစ်တာကို ဘီလူးစီးတာလို့ ပြောကြပါသည်။ အဲဒါ ဟုတ်ပါသလား၊ သိလိုရေးနှင့် မေးလျှောက်အပ်ပါသည်ဘုရား။

ငွေလေး

---

အဲဒီလို ဖြစ်တာဟာ များသောအားဖြင့် အပြင်က အကြောင်းတရားတွေနဲ့ ပတ်သက်ဖွယ် မရှိနိုင်ပါဘူး။ သွေးသား လည်ပတ်မှု၊ စိတ်သို့မဟုတ် ယဉ်ကျေးမှု အစွဲအလမ်း၊ အိပ်ပျော်နေတဲ့ ကိုယ်ဟန်အနေအထားတွေနဲ့ ပတ်သက်ဖွယ် ရှိတယ်။ လူတစ်ထောင်မှာ တစ်ယောက်တောင် ဘီလူးအစစ် ဝင်စီးခံရတာမျိုး မြင်မှ မမြင်ဖူးကြဘဲ။ တစ်ဆင့်စကားပဲ ရှိပါတယ်။ ဒါကြောင့် ဘီလူးစီးတယ်ဆိုတာ ထင်မြင်ချက် စိတ်မှန်းနဲ့ ပြောနေကြတာပဲ ဖြစ်မှာပါ။

အသိစိတ် ရှိနေတယ် ဆိုပေမယ့် လှုပ်လို့မရ၊ အော်လို့မရတဲ့အတွက် အဲဒီအသိစိတ်ဟာ ပုံမှန်အသိစိတ် မဖြစ်နိုင်ဘူး။ အားနည်းတဲ့ အသိစိတ်၊ တစ်နည်းပြောရင် ပုံမှန်သိစိတ် မဖြစ်ခင် ရှောင်တခင် ဖြစ်ပေါ်လာတဲ့ အကြိုသိစိတ်ပဲ ဖြစ်မယ်။ ဗုဒ္ဓအဘိဓမ္မာနဲ့ ပြောရင် ဝီထိစိတ် ဖြစ်ခါနီးရှေးက ဘဝင်စိတ် အနည်းငယ်သာ ဖြစ်ခြင်းမျိုးပေလော။

---

၁၅၉။ ဖုတ်ဝင်ခြင်း၊ ကြေးစည်တီးခြင်း

စက်တင်ဘာ ၇၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

တပည့်တော် ငယ်ငယ်က ဘေးအိမ်က လူမမာသည်ဟာ အစားအစာတွေကျွေးရင် လူတွေအိပ်မှစားကြောင်းသိရပါသည်။ အဲဒါကိုလူတွေက ဖုတ်ဝင်သည်ဟု ဆိုပါသည်။ တပည့်တော်သိလိုသည်မှာ ပရလောကသားသည် လူတစ်ယောက်ကို ဒုက္ခပေးနိုင်ပါသလား၊ လူသေကောင်ကို ပရလောကသားက ကပ်သည်ဆိုခြင်းမှာ ဖြစ်နီိုင်ပါသလား။

ကောင်းမှုပြုပြီးနောက် ကုသိုလ်အမျှဝေသောအခါ ကြေးစည်တီးရန် မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့ပါသလား။ မတီးဘဲ ဒီအတိုင်း အမျှဝေတာနဲ့ မည်ကဲ့သို့ ထူးခြားသည်ကို သိလိုပါသည်။

အောင်ကျော်မိုး

---

ပြိတ္တာရဲ့ ပိတ်စ

မြတ်ဗုဒ္ဓ လက်ထက်က ရဟန်းတစ်ပါး သုသာန်ကို သွားပြီး မပျက်စီးသေးတဲ့ လူသေအလောင်းက ပိတ်စကို ပံ့သကူ သင်္ကန်းချုပ်ဖို့ ခွာယူတယ်။ အဲဒီအလောင်းမှာ ကပ်နေတဲ့ ပြိတ္တာက ‘အရှင်ဘုရား၊ တပည့်တော်ရဲ့ ပစ္စည်းကို မယူပါနဲ့’လို့ ပြောတာကို ရဟန်းက ဂရုမစိုက်ဘဲ ယူပြီး ကျောင်းကို ပြန်လာတယ်။ အဲဒီအလောင်းကောင်ဟာ ရဟန်းနောက်က ထက်ကြပ်မကွာ လိုက်လာတယ်။ ရဟန်းက ကျောင်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်စဉ် အလောင်းကောင်ဟာ ကျောင်းရှေ့မှာပဲ အရုပ်ကြိုးပြတ် လဲကျသွားသတဲ့။ ဒီလိုဖြစ်ဖူးတဲ့အတွက် ပံ့သကူဆောင် ရဟန်းတွေဟာ ကိုယ်နေမပျက်သေးတဲ့ လူသေအလောင်းက ပိတ်စကို ပံ့သကူမကောက်ရဘူး။ (ဝိ၊၁၊၇၃)။

ဖုတ်ဝင်တယ်ဆိုတာ အဲဒါမျိုး ဖြစ်လေမလား။ ယုံကြည်လောက်တဲ့ သုသာန်ဓုတင်ဆောင် မထေရ်တွေ ပြောပြတဲ့ ပရလောကသားတွေနဲ့ ပတ်သက်တဲ့ အံ့ဩဖွယ်ဖြစ်ရပ်ဆန်းတွေအကြောင်းကိုလည်း ကြားဖူးပါတယ်။ ဒါပေမယ့် လူသေအလောင်းက ပြန်ထလာပြီး လှုပ်ရှားမှုတွေ လုပ်တာမျိုးကိုတော့ ကိုယ်တွေ့တစ်ခါမှ မကြုံဖူးပါ။

မမြင်ဖူးတဲ့ ခွေးမကြီး

ဘုန်းကြီးငယ်ငယ်က ရှင်ပြုခါနီးဆဲဆဲ ဘုန်းကြီးကျောင်းသားဘဝနဲ့ တစ်နေ့မှောင်ရီပျိုးစအချိန် ညနေစာစားပြီး ဘုန်းကြီးကျောင်းကို အိပ်ဖို့ အိမ်က ပြန်လာတော့ ကျောင်းရှေ့က တောင်စောင်းမှာ အိပ်နေတဲ့ တိရစ္ဆာန်တစ်ကောင်ကို မြင်လို့ ဘာလဲလို့ အတူပါလာတဲ့ ကျောင်းနေဖက် လူဝိတ်ကြီးနဲ့ အတူ ပြေးလိုက်သွားတော့ ပိန်ရှည်ရှည် ခွေးမကြီးတစ်ကောင် တွေ့တယ်။ ယခုအချိန် မြင်ယောင်နေသလောက် ဘုန်းကြီးအထင် ခြောက်ပေလောက် ရှည်မယ်။ နို့ပျဉ်းတွဲလောင်းနဲ့ ဘုန်းကြီးကျောင်းဖက်ကို ကျောခိုင်းအိပ်နေရင်း ဟောဟဲ.. ဟောဟဲနဲ့ လျှာထုတ်ပြီး အသက်ပြင်းပြင်း ရှူနေတယ်။ ‘ဟာ.. ဘယ်ကခွေးမကြီး မသိဘူး၊ အကြီးကြီးပဲ။ လာကြည့်ကြဟေ့ .. လာကြည့်ကြ’လို့ လူဝိတ်ကြီးက အသံပြဲကြီးနဲ့ အော်လိုက်တော့ ဆရာတော်ကြီး တံခါးကိုဖွင့်ကြည့်ရင်း စိတ်လှုပ်ရှားနေတဲ့ဟန်နဲ့ ဘုန်းကြီးတို့ နှစ်ယောက်ကို လက်ယပ်ခေါ်တယ်။ ရောက်လာနေတဲ့ ကျောင်းသားတွေကိုလည်း ကျောင်းအောက်ကို ဆင်းခွင့်မပေးတော့ဘူး။

ခဏကြာတော့ ညနေက ရောက်တယ်လို့ ယူဆရတဲ့ အသက် ၅၀ ခန့် တစ်ရွာသား ဧည့်သည်တစ်ယောက် ကျောင်းပေါ်တက်လာတယ်။ အဲဒီဧည့်သည် ထိုင်တောင် မထိုင်သေးခင်မှာ ဆရာတော်က ‘ခင်ဗျားဗျာ .. ကျုပ်က ကလေးတွေနဲ့ နေရတာ .. ခင်းဗျား ကိုယ့်ဟာတွေကို နိုင်အောင် ထိန်းထားပေါ့။ ကလေးတွေ တစ်ခုခုဖြစ်ရင် ကျုပ်မှာ တာဝန်ရှိတယ်’လို့ မျက်နှာမကြည်မသာနဲ့ ပြောတယ်။ ဧည့်သည်က ‘မှန်ပါ့ဘုရား’ဆိုပြီး အောက်ကို ခပ်သုတ်သုတ်ဆင်းသွားတာ တွေ့ရတယ်။ မနက်လင်းတော့ ဘာမှမတွေ့တော့ဘူး။ ဒါလေးက ကိုယ်တွေ့ပါ။ ဒီလူသားနဲ့ ပရလောကသားတစ်ခုခု အပေးအယူ ရှိနိုင်လေမလား။

ကြေးစည်တီးခြင်း

မိမိနေရာမှာ ကိုယ်စီတရား အားထုတ်နေကြတဲ့ သံဃာတော်တွေကို တစ်နေရာတည်းမှာစည်းဝေးဖို့ ကြေးစည်တီး၊ အုန်းမောင်းခေါက်တာတွေကတော့ မြတ်ဗုဒ္ဓလက်ထက်ကပင် ရှိနိုင်ပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၈၄၊၄၂၇)။ သဒ္ဒဒါန (အသံအလှူ)ပြုတဲ့အနေနဲ့လည်း ကြေးစည်ခေါင်းလောင်းတွေတီးလေ့ရှိပါတယ် (စရိယပိဋက၊ဋ္ဌ၊၂၉၉)။ ပတ္တိဒါန (အမျှဝေခြင်း)ကို ပြုတဲ့အခါလည်း မိမိရဲ့ ကုသိုလ်အမျှကို အားလုံးကြားစေ အမျှယူနိုင်စေဆိုတဲ့ သဘောနဲ့ ကြေးစည်ခေါင်းလောင်း ထိုးပါတယ်။ အဲဒီလို လုပ်ရမယ်လို့ မြတ်ဗုဒ္ဓဟောခဲ့တာကိုတော့ မတွေ့ဖူးဘူး။

ဒါပေမယ့် စာပေအရ ဒီအစဉ်အလာဟာ အလွန်ရှေးကျတဲ့အချိန်ကပင် ရှိခဲ့ဟန်တူပါတယ်။ ပတ္တိဒါန ကုသိုလ်ပြုရာမှာ ကြေးစည်တီးခြင်း မတီးခြင်းဟာ အဓိကမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်.. ယနေ့ခေတ်ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ ညအချိန်ဘုရားပေါ်က ဆည်းလည်းသံ၊ အလှူပေးပြီးနောက် ကြေးစည်သံတွေကို ကြားရင် စိတ်ဆင်းရဲပါသလား။ ရာစုနှစ်တွေချီပြီး တည်ရှိပြီးဖြစ်တဲ့ အစဉ်အလာကို မငြင်းပယ်သင့်ပါဘူး။

---

၁၆၀။ ယမမင်းကို အမျှဝေမယ်

စက်တင်ဘာ ၁၄၊၂၀၁၀။

---

ဆရာတော် အရှင်မြတ်ဘုရား၊

ယမမင်း၊ ငရဲထိန်း စသော ငရဲဘုံသားမှားများ၏ ပဋိသန္ဓေစိတ်ကို သိလိုပါသည်။ ယမမင်းနှင့် ငရဲထိန်းတို့သည် ငရဲ၏အပူကို မခံစားရဟုဆိုပါသည်၊ အဲဒါ မှန်ပါသလား။ ယမမင်းနှင့် ငရဲထိန်းတို့သည် မည်သည့်နတ်မျိုး၌ ပါဝင်ပါသနည်း။ ၎င်းတို့သည် ကုသိုလ်ပြုခွင့်မရှိဘဲ လူသားတို့၏ ကုသိုလ်အမျှကိုရရှိလျှင် ထိုဘဝမှကျွတ်လွတ်နိုင်ပါသလား။

ရိုသေလျက် ဇင်မော်ဦး

---

ပဋိသန္ဓေစိတ်

ယမမင်းဆိုတာ စတုမာရာဇ်နတ်မျိုးဝင် ဝေမာနိကမျိုး ပြိတ္တာမင်းပါ။ ကောင်းကျိုးတစ်ခါ မကောင်းကျိုးတစ်လှည့် ခံစားရတယ်။ တရားစောင့်တယ်။ ဝက်သတ်ပြီး အလှူပေးခြင်းမျိုးလို အကုသိုလ်ရောတဲ့ ကုသိုလ်ကံကြောင့် ဖြစ်ရတာ။ ယမမင်းဟာ တရားအားထုတ်ရင် မဂ်ဖိုလ်ကို ရနိုင်သတဲ့။ ဒါကြောင့် မဟာဝိပါက်စိတ် ၈ ပါးထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေရဖွယ်ရှိတယ်။

ငရဲထိန်း

ငရဲထိန်းဆိုတာလည်း ယမမင်းနဲ့ အမျိုးဇာတ်တူလို့ ရောနှော ကုသိုလ်ကံကြောင့် မဟာဝိပါက်စိတ် ၈ ပါးထဲက တစ်ခုခုနဲ့ပဲ ပဋိသန္ဓေနေပြီး ယမမင်းရဲ့ အခြံအရံ ဖြစ်ရဖွယ်ရှိပါတယ်။ ဒါပေမယ့် ၎င်းတို့မှာ အမြဲ သူတစ်ပါးကို နှိပ်စက်ကလူပြုနေရလို့ ဉာဏဝိပ္ပယုတ် (ဉာဏ်မပါတဲ့) ပဋိသန္ဓေဖြစ်နိုင်ပြီး တရားထူးရဖို့ အခွင့်အလမ်းပိတ်နေပါလိမ့်မယ်။

အမျှဝေရကျိုး

အကုသိုလ်ကံ နည်းနည်းနဲ့ ငရဲသို့ ရောက်လာသူတွေအပေါ် ၎င်းတို့ လုပ်ဖူးတဲ့ ကုသိုလ်ကံကို အမှတ်ရအောင် ယမမင်းက စစ်မေးရတယ်။ ငါးကြိမ်စစ်မေးပါလျက် ကိုယ်လုပ်ဖူးတဲ့ ကုသိုလ်ကို အမှတ်မရနိုင်ရင် ‘ဒီလူဟာ ကုသိုလ်ပြုစဉ်က ငါ့ကို အမျှဝေဖူးခဲ့သလား’လို့ ယမမင်းကိုယ်တိုင် ဆင်ခြင်ကြည့်ပြီး အမျှဝေခဲ့ဖူးရင် ယမမင်းက ၎င်းအား သတိပေးတဲ့အတွက် အမှတ်ရသွားပြီး ငရဲမှ လွတ်သွားသတဲ့။ ဒီလိုဆိုရင် ယမမင်းကို အမျှဝေရကျိုးနပ်တာပေါ့။ တရားထူးရနိုင်တဲ့ ယမမင်းဟာ ကုသိုလ်ပြုခွင့် မရှိဘူးလို့ မဆိုနိုင်ပါဘူး။ ယမမင်းနဲ့ အမျိုးဇာတ်တူတဲ့ ငရဲထိန်းတွေလည်း ဒီအတိုင်းပဲဖြစ်မှာပါ။

ငရဲသား

ငရဲသားကတော့ အဟိတ်ပဋိသန္ဓေ ၂ ထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေလို့ တရားထူးကို မရနိုင်၊ ကိုယ်တိုင် ကုသိုလ်ပြုခွင့်လည်း မရှိ၊ လူတွေဝေတဲ့ ကုသိုလ်အမျှကိုလည်း သာဓုမခေါ်နိုင်ဘူး။ ၎င်းတို့ရဲ့ အကုသိုလ်ကံ အရှိန်ကုန်မှ ငရဲဘဝက လွတ်တယ်။ ပိုမို နားလည်ဖို့ ဤကျမ်း၊ စာ-၁၅ရဲ့အဖြေကိုလည်းရှုပါ။

၁၆၁။ နတ်ပူးခြင်း

အောက်တိုဘာ ၁၀၊၂၀၁၀။

---

ဆရာတော် အရှင်မြတ်ဘုရား၊

နတ်ပူးဝင်တယ်ဆိုတာ တကယ်ရှိပါသလားဘုရား။ နတ်ကနားတစ်ချို့ မှာ လူတွေက နတ်ဝင်တယ်ဆိုပြီး ကကြတဲ့ အချိန်မှာ သူတို့ရဲ့ သိစိတ် မရှိဘူးလို့ ပြောကြပါတယ်။ ဒီလိုမှန်ရင် သူတို့ရဲ့ သိစိတ် ဘယ်ကို ရောက်နေပါသလဲ။ မိမိရဲ့ ရုပ်ခန္ဓာကြီးကို တစ်ခြားနာမ်တစ်ခု ရောက်လာတာပါလား အရှင်ဘုရား။ တစ်ချို့လူတွေဟာ တိရစ္ဆာန် အရှင်တွေကို စားသောက်တာတွေ ရှိကြောင်းလည်း သိရပါတယ်။ အဲဒါတွေဟာ တကယ်ဟုတ်မဟုတ်သိလိုပါသည် အရှင်ဘုရား။

ငွေလေး

---

အရှင်မောဂ္ဂလ္လာန်၊ အရှင်အာနန္ဒာ

အခါတစ်ပါးမှာ အရှင်မောဂ္ဂလ္လာန် ဗိုက်နာတော်မူလို့ အဘိညာဉ် တန်ခိုးနဲ့ ဆင်ခြင်လိုက်တဲ့ အခါ မာရ်နတ်ကြီး ဗိုက်ထဲက အူကြားမှာဝင်ကပ်နေတာကို သိလိုက်ရတယ်။ ဒီတော့ အရှင်မြတ်က ‘မာနတ်ကြီး၊ ငါ့ဗိုက်ထဲကထွက်ခဲ့ပါ။ ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့သာဝကတွေကို နာကျင်အောင်ပြုရင် ဆင်းရဲဒုက္ခ ရောက်တတ်တယ်’လို့ ဆိုတယ်။ မာနတ်ကတော့ ‘သူ့ဆရာ ဗုဒ္ဓတောင် ငါ့ကို ဒါလောက်မြန်မြန်မသိနိုင်တာ သူလိုသာဝက အနေနဲ့ ဘယ်သိနိုင်မလဲ။ မမြင်ဘဲ ရမ်းပြောတာပဲဖြစ်မယ်’လို့ တွေးပြီး မထွက်ဘဲနေတယ်။ အရှင်မောဂ္ဂလ္လာန်က မာနတ်ရဲ့စိတ်ထဲမှာ ဘာကို တွေးနေတယ်ဆိုတာကိုပါ ပြောလိုက်တော့မှ ယုံပြီး မာနတ်ကြီး ဗိုက်ထဲကထွက်လာသတဲ့ (မ၊၁၊၄၀၇)။

မြတ်ဗုဒ္ဓက မိမိဟာ ဣဒ္ဓိပါဒ်လေးပါးကို ပွားများထားတဲ့ အတွက် အာယုကပ် သက်တမ်းကုန်အောင် နေနိုင်တယ်လို့ မိန့်တော်မူတဲ့အခါ အရှင်အာနန္ဒာက ‘အာယုကပ် သက်တမ်းကုန်တဲ့ အထိ ပရိနိဗ္ဗာန်စံ တော် မမူပါနဲ့ ’လို့ မြတ်ဗုဒ္ဓကိုပြန်မလျှောက်နိုင်အောင်လည်း အရှင်အာနန္ဒာရဲ့စိတ်ကို မာရ်နတ်က နှောင့်ယှက်ထားသတဲ့ (ဒီ၊၂၊၈၆)။ ဒီပါဠိတော်အရ မာရ်နတ်ဟာ အရိယာပုဂ္ဂိုလ်ကြီးတွေကို တောင်နှောင့်ယှက်နိုင်တဲ့ သဘောရှိတယ်။

ဂန္ဓဗ္ဗနတ်

နတ်ဆိုတဲ့ ဝေါဟာရထဲမှာ နတ်ပြည်ခြောက်ထပ် သုဂတိဘုံ (ကောင်းတဲ့ဘုံ)ကနတ်တွေ၊ မြေ၌တည်သောနတ် (ဘုမစိုးနတ်)တွေ ပါဝင်တယ်။ ဘုမစိုးဆိုတာ ‘တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုး (သစ်ပင်စောင့်)နတ်နှင့် ဂန္ဓဗ္ဗနတ်စသော နတ်တွေ’ ဖြစ်ပါတယ်။ ‘ဂန္ဓဗ္ဗနတ်မများသည် များသောအားဖြင့် မိန်းမတို့ ကိုယ်၌ ပူးဝင်ခိုကပ်လျက် ထိုမိန်းမတို့ ခိုင်းစေရာကို ပြုတတ်ကြ၏ (သင်္ဂြိုဟ်ဘာသာဋီကာ၊ စာ၂၉၅)’။ ဖော်ပြပါကျမ်းစာအရ နတ်တွေက လူ့ကိုယ်မှာကပ်နေပြီး လူခိုင်းရာကို လုပ်ပေးနိုင်တယ်လို့ နားလည်ရတယ်။

မှတ်တမ်းတစ်ခု

ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းတိုက်မှာနေစဉ်က နတ်တော် လပြည့်နေ့တိုင်း မဟာသမယသုတ်ကို ရွတ်ဖတ်တဲ့ အစဉ်အလာ စတင်ခဲ့ပုံနဲ့ ပတ်သက်ပြီးကြားဖူးခဲ့တာက .. စစ်ကိုင်းရွှေဟင်္သာ ဆရာတော်ဖြစ်လာမယ့် စွယ်တော်ကျောင်း ဆရာတော်လေး (အဲဒီအချိန်က စွယ်တော်ကျောင်းဘုန်းကြီး)ရဲ့ အမိန့်နဲ့ ကျောင်းရှေ့က ညောင်ပင်ကြီးကို ခုတ်လှဲတဲ့ အတွက် ညကျရင် ၂၂ ဧက ကျယ်ဝန်းတဲ့ ကျောင်းဝင်းထဲက နတ်လမ်းတွေမှာ ထူးခြားတဲ့ အသံဗလံတွေကို ကြားရလို့ သံဃာတော်တွေ အားလုံး စည်းဝေးပြီး ဒုတိယစံကျောင်းဆရာတော်ကြီးကိုယ်တိုင် သူတော်ကောင်း နတ်မင်းကြီးတွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းတဲ့ အခါ လေးစားလောက်တဲ့ ဆရာတော်တစ်ပါး (ဘွဲ့အမည် မမှတ်မိ)ကို နတ်မင်းကြီးတစ်ပါး ဝင်ပူးပြီး ကူညီပေးပါမည့် အကြောင်းပြန်ကြားသတဲ့။

အဲဒီ ဖြစ်ရပ်ကို အကြောင်းပြုပြီး နှစ်စဉ်နတ်တော်လပြည့်နေ့တိုင်း တစ်တိုက်လုံးသံဃာတွေ စုပေါင်းပြီး မဟာသမယသုတ်ကို ရွတ်ဆိုလာခဲ့တာ ယနေ့တိုင်ပါပဲ။ ဒါဖြင့်ရင် ပရလောကသားက လူကိုဝင်ပူးပြီး သူ့ကိုယ်စား လူကိုစကားပြောခိုင်းတယ်လို့လည်း ဆိုနိုင်လိမ့်မယ်။

ကျွဲဖြစ်ဖူးတယ်

ဘုန်းကြီး အသက်ကိုးနှစ်လောက်မှာ ရွာကို အသက်ငါးဆယ်အရွယ် မျက်လှည့်ဆရာတစ်ယောက် ရောက်လာတယ်။ နာမည်က ဥက္ကလာစိန်တဲ့။ သူပြတာတွေထဲက ရေဇလုံထဲမှာ ကူးနေတဲ့ ငါးသေးသေးလေးတွေကို အကောင်လိုက် အစိမ်းစားပြတာကို အမှတ်ရတယ်။ ကလေးနှစ်ယောက်ကို ကျွဲလုပ် တိုက်ပြမယ်ဆိုပြီး ရှေ့ဆုံးမှာ ထိုင်ကြည့်နေတဲ့ ဒုံးဖယ် (ဘုန်းကြီးရဲ့ ငယ်စဉ်က Nick Name) နဲ့ ငပိတောက် (နာမည်ရင်း မမှတ်မိ)ကို ပွဲခင်းထဲခေါ်ထုတ်၊ ခေါင်းချင်းဆိုင်ထားပြီး ခေါင်းနှစ်ခုပေါ်မှာ ပိတ်ဖြူစကို အုပ်လိုက်တယ်။ အဲဒိနောက် မျက်လှည့်ဆရာဟာ ယခု အမှတ်မရနိုင်တော့တဲ့ စကားလုံးတွေကို တရစပ် ရွတ်ဆိုပြီး ဘုန်းကြီးတို့ နှစ်ယောက်ရဲ့ ခေါင်းကို ကိုင်ထားတယ်။ နှစ်မိနစ်လောက် ကြာတော့ သူဘာပြောတယ်၊ ကိုယ်ဘာလုပ်တယ်ဆိုတာကို ဘုန်းကြီးမသိတော့ဘူး။

သတိရလာတော့ အမေ ငိုနေပြီး ပါးစပ်ကလည်း တောင်စဉ်ရေမရ ပြောရင်း ဘုန်းကြီးခေါင်းမှာ သန်းရှာသလို နေရာအနှံ့ လိုက်ရှာနေတာ တွေ့ရတယ်။ ဘေးကလူတွေ ပြောလို့ သိရတာက ဘုန်ကြီးတို့ နှစ်ယောက် ကျွဲနှစ်ကောင် ခတ်နေသလို ‘ခွမ်းခနဲ ခွမ်းခနဲ’ မြည်အောင် ခေါင်းချင်း ဆောင့်နေကြတုန်း ဘုန်းကြီးရဲ့ အမေက ငါ့သား ခေါင်းကွဲပါပြီဆိုပြီး အတင်းဝင်ဆွဲလို့ ပွဲပျက်သွားသတဲ့။ ဒါပေမယ့် ဘုန်းကြီး သတိရတဲ့ အချိန်မှာ ခေါင်းမှာ ဒဏ်ရာ မရှိဘူး၊ နာလည်း မနာဘူးဗျ။ ယနေ့ထိတော့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို မစဉ်းစားတတ်ဘူး။

နတ်ပူးစဉ် သိစိတ်

ဒီခန္ဓာကိုယ်နဲ့ သိစိတ်ကွဲသွားရင် သေပြီ။ ဒါကြောင့် အဲဒီလိုတော့ မဖြစ်နိုင်တဲ့ အပြင် အခြားနာမ်တစ်ခု ဒီခန္ဓာကိုယ်ကို ရောက်နေတယ်လို့လည်း မဆိုနိုင်ဘူး။ ဖြစ်နိုင်တာက.. လူတစ်ယောက် မသိစိတ် (ဘဝင်စိတ်)ဖြစ်နေတုန်း အခြားလောကသားက အဲဒီလူကို သူလုပ်ချင်တာကို ခိုင်းစေတယ်လို့ ဆိုနိုင်လေမလား။ ဥပမာ ရုပ်သေးရုပ်လိုပေါ့။ ပရလောကသားက သူလုပ်တာကို လူလုပ်တယ်လို့ မြင်အောင် ကြည့်သူရဲ့ မျက်စိကို လှည့်စားပစ်တာလား။

ဒါမှမဟုတ် မသိစိတ်ဖြစ်နေတုန်း အဲဒီလူရဲ့ကိုယ်ခန္ဓာကို ပရလောကသားက သူမြင်စေချင်တဲ့ ပုံစံနဲ့ လူတွေကို လုပ်ပြတာလား။ ဗုဒ္ဓဝါဒီတွေ တမလွန်နဲ့ ပရလောကကို ယုံကြည်ကြလို့ အဲဒီယုံကြည်ချက်အရ စိတ်စွဲလမ်းလို့ ဒီလို ဖြစ်ရပ်ဆန်းတွေ ဖြစ်ရတာလား။ (စကားမစပ်၊ ညောင်တုန်းမှာနေတုန်းက မူဆလင်ကုလားမကြီးတစ်ယောက်တစ္ဆေပူးတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးကိုလည်း ကြုံဖူးတယ်။) လောကမှာ ငါဉာဏ်မမီတာတွေ အများကြီးပါပဲလားလို့ တွေးပြီး ဦးနှောက်ခြောက်သွားတယ်ဗျို့။

၁၆၂။ လူ့သက်တမ်းနဲ့ ဘုရားရှင်

အောက်တိုဘာ ၁၇၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

အရှင်ဘုရား ဖြေကြားသော ‘အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ ခေတ်၌ မေတ္တေယျမည်သော ဘုရားရှင်သည် ပွင့်တော်မူလတံ့’ ဟူသောအဖြေနှင့် ဘုရားရှင်တို့ပွင့်ရာတွင် လူတို့သက်တမ်း အလွန်တိုတောင်းသော ကာလမှာဖြစ်စေ၊ သက်တမ်း ရှည်လွန်းသော ကာလမှာဖြစ်စေ ဘုရား မပွင့်ပေါ်ဟူသော အဆိုနှင့် ကွဲလွဲနေပါသဖြင့် မည်သို့ မှတ်သားရမည်ကိုသိလိုပါသည် အရှင်ဘုရား။

မင်းမျိုး

---

ဗုဒ္ဓသက်တမ်းတွေ

ဒီပင်္ကရဗုဒ္ဓ အစ တိဿဗုဒ္ဓ အဆုံးရှိတဲ့ ဘုရားကိုးဆူက လူ့သက်တမ်း တစ်သိန်းတမ်းမှာ ပွင့်တယ်။ မင်္ဂလအစ ဖုဿအဆုံးရှိတဲ့ ဗုဒ္ဓရှစ်ဆူက အနှစ်ကိုးသောင်းသက်တမ်း၊ ရေဝတနဲ့ ဝေဿဘူ မြတ်စွာဘုရားက ခြောက်သောင်း၊ ဝိပဿီဗုဒ္ဓက ရှစ်သောင်းတမ်း၊ သိခီ ခုနစ်သောင်း၊ ကကုသန္ဓ လေးသောင်း၊ ကောဏာဂမန သုံးသောင်း၊ ကဿပ နှစ်သောင်း၊ ဂေါတမဗုဒ္ဓ (ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓ)က တစ်ရာ သက်တမ်းမှာ ပွင့်တော်မူကြတယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၄၉။ ဒီ၊၂၊၃)။

လူ့သက်တမ်း အနှစ်တစ်သိန်းမှာ ပွင့်တော်မူတဲ့ ဘုရားတွေဟာ သက်တော် အရှည်ဆုံး ဖြစ်ပါတယ်။ တစ်သိန်းတမ်းရဲ့ အထက်မှာ ဘုရားတွေ မပွင့်ပါဘူး။ အကြောင်းက လူတွေ ကိုယ်ကျင့်တရား ကောင်းတာလို့ အသက်ရှည်လွန်းတဲ့ အတွက် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးမထင်လွယ်လို့။ တစ်ရာတမ်းရဲ့အောက်မှာလည်း ဗုဒ္ဓဘုရားတွေ ပွင့်တော်မမူဘူး။ အကြောင်းက လူတွေ လောဘ ဒေါသ မောဟ ထူပြောလွန်းတဲ့ အတွက် တရားဟောမရနိုင်လို့။ ဘုရားရှင်တွေဟာ လူ့သက်တမ်း အသင်္ချေယျကပ်ကနေ တဖြည်းဖြည်း ဆုတ်လာချိန်မှာ ပွင့်တယ် (ဒီ၊ဋ္ဌ၊၃၊၃၉)။ အစားအစာနဲ့ ရာသီဥတုအရ ရှည်ခွင့်ရှိတဲ့ သက်တမ်းရဲ့ငါးပုံလေးပုံပဲ သက်တော်ရှည်တယ် (ဒီ၊ဋ္ဌ၊၂၊၇)။

အရိမေတ္တေယျ

‘ရဟန်းတို့၊ (ဤဘဒ္ဒ ကမ္ဘာတွင်) အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ (အရဟံအစ ဘဂဝါအဆုံး ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံသော) မေတေယျမည်သော ဘုရားရှင်သည် ပွင့်တော်မူလတံ့ (ဒီ၊၃၊၆၃။ ဗုဒ္ဓဝံသ၊၃၈၂)’။ ပါဠိတော်တွေအရ နောင်ပွင့်တော်မူမယ့် အရိမေတ္တေယျဘုရားဟာ လူ့သက်တမ်း ရှစ်သောင်းတမ်းမှာ ပွင့်တော်မူမှာ ဖြစ်လို့ သက်တော်ရှည်ဗုဒ္ဓလို့ ဆိုနိုင်ပါတယ်။

၁၆၃။ ကထိန်အနှစ်ချုပ်

နိုဝင်ဘာ ၈၊၂၀၁၀။

---

ဆရာတော်အရှင်သူမြတ်ဘုရား၊

တပည့်တော်တို့ စင်္ကာပူမှာ ဒကာဒကာမတွေက ဘုန်းကြီးတစ်ပါးကို ကြည်ညိုပြီး အိမ်တစ်လုံးကို ဘုန်းကြီးကျောင်းအဖြစ် ငှားထားပါသည်။ ထိုဘုန်းကြီးမှာ ထိုကျောင်း၌ ဝါမဆိုပါ။ သို့သော် သီတင်းကျွတ်တဲ့အခါ ကထိန်ပွဲပြုလုပ်ရန် ကြေညာပါသည်။ တပည့်တော်သိလိုသည်မှာ

၁) ကျောင်းတစ်ခုမှာ ဝါဆိုသံဃာမရှိဘဲ ကထိန်ပွဲ ပြုလုပ်ကောင်းပါသလား အရှင်ဘုရား
၂)သံဃာဘယ်နှစ်ပါး ဝါဆိုမှ ကထိန်ခင်းခွင့် ရှိပါသနည်း
၃)ကထိန်မခင်းကောင်းဘဲ ကထိန်ခင်းပါက ဘုန်းကြီးနှင့် ဒကာဒကာမတွေမှာ အပြစ်ရှိပါသလား။

ရိုသေစွာဖြင့် အောင်ဦး

---

ကထိန်ခင်း

ကထိန်ဆိုတာ ပါဠိစကားလုံး ‘ကထိန’ပါပဲ။ အဓိပ္ပာယ်က အကျိုးပေး ခိုင်မြဲတဲ့ အလှူ၊ မြတ်ဗုဒ္ဓ ချီးမွမ်းတဲ့ အလှူ။ ဒကာဒကာမတွေက ကထိန်လျာ သင်္ကန်းကို လှူတယ်၊ ရဟန်းတွေက ကထိန်ခင်းတယ်လို့ ခွဲမှတ်။ ရဟန်းလေးပါးက သိမ်ထဲမှာ ကမ္မဝါစာ (ပြန်တမ်း) ဖတ်ပြီး ကထိန်ခင်းမယ့် သင်္ကန်းကို သင်္ကန်းရှားပါးတဲ့ ရဟန်းအား ပေးစဉ် အဲဒီ ရဟန်းက ‘ဤသင်္ကန်းဖြင့် ကထိန်ခင်းပါ၏၊ ’လို့ ဆိုပြီး လက်ခံတယ်။ အဲဒီနောက် သံဃာကို စုဝေးပြီး ဒီရဟန်းက ‘အရှင်ဘုရားတို့၊ သံဃာတော်များအတွက် ကထိန်ခင်းပါပြီ၊ ဝမ်းမြောက်ကြပါ’လို့ ပြောတဲ့အခါ အခြားရဟန်းတွေက ‘ဝမ်းမြောက်ပါ ‘လို့ တစ်ပါးစီ ဆိုကြတယ်။ အဲဒီလိုလုပ်တာကို ကထိန်ခင်းတယ်လို့ ခေါ်တယ်။

သတ်မှတ်ချက်

ဝါဆိုလပြည့်နေ့မှာ ဝါဆိုပြီး သီတင်းကျွတ်လပြည့်မှာ ဝါကျွတ်တဲ့ ရဟန်းပဲ ကထိန်ခင်းကောင်းတယ်။ ဝါခေါင်လပြည့်နေ့မှာ ဝါဆိုပြီး တန်ဆောင်မုန်း လပြည့်နေ့မှာ ဝါကျွတ်တဲ့ ရဟန်း ကထိန်မခင်းကောင်းဘူး။ သီတင်းကျွတ် လပြည့်နေ့က တန်ဆောင်မုန်း လပြည့်နေ့ထိ တစ်လအတွင်း တစ်ကျောင်းမှာ တစ်ကြိမ်ပဲ ကထိန်ခင်းရတယ်။ ဘုန်းကြီးက လူတွေကို ကထိန်သင်္ကန်း လှူပါလို့ မတိုက်တွန်းကောင်းဘူး။ အလှူရှင်က စေတနာပေါက်လို့ အလိုလို လှူဒါန်းတဲ့ သင်္ကန်းကိုသာ ကထိန်ခင်းရတယ်။ သင်္ကန်းကို ခံယူမယ့်ရဟန်း အပါအဝင် အနည်းဆုံး သံဃာငါးပါးရှိမှ သိမ်ထဲမှာ ကမ္မဝါစာ ဖတ်လို့ ရတယ်။ ကထိန်ခင်းတာတော့ ရဟန်းတစ်ပါးတည်းပါပဲ။ အပိုသင်္ကန်းတွေနဲ့ ထီး၊ ဖိနပ်၊ ဆပ်ပြာစတဲ့ ကထိန်အသုံးအဆောင်တွေကိုတော့ ကထိန်အရံလို့ ခေါ်တယ်။

တစ်ပါးတည်း

ကျောင်းမှာ သံဃာတစ်ပါးပဲ ဝါဆိုပြီး အဲဒီတစ်ပါးကို ကထိန်သင်္ကန်း လှူရင် အခြားကျောင်းက သံဃာလေးပါးပင့်၊ အဲဒီလေးပါးက သိမ်ထဲမှာ ကမဝါစာနဲ့ သင်္ကန်းကိုပေးပြီး ကထိန်ခင်းကောင်းတယ် (ဝိ၊ဋ္ဌ၊၃၊၃၈၈)။ မပင့်လိုရင် မိမိက သံဃာလေးါရှိတဲ့ နေရာကို ကထိန်သင်္ကန်းကို ယူသွာပြီးတော့လည်း ကထိန်ခင်းကြတယ်။ ‘ရဟန်းငါးပါးရှိမှ ကထိန်ခင်းရတယ်’ဆိုရာမှာ သိမ်အတွင်းမှာ သံဃာလေးပါး ကမ္မဝါစာ ဖတ်ပြီး ကထိန်ခံရဟန်းအား သင်္ကန်းပေးတာကို ရည်ရွယ်ပြီးပြောတာ (ဝိနယဝိနိစ္ဆယ၊ဋီ၊၂၊၂၃၁)။ ဒါကြောင့် မိမိတို့ကျောင်းမှာ ဝါဆိုလပြည့်နေ့ ဝါဆိုဝါကပ်တဲ့ ဘုန်းကြီး တစ်ပါးရှိရင် ကထိန်သင်္ကန်း လှူလို့ ရပြီလို့ မှတ်ပါ။

ဝါဆိုသံဃာမရှိ

အခြားကျောင်းမှာ ဝါဆိုပြီး ဝါကျွတ်မှ ဒီကျောင်းကို ရောက်လာတဲ့ သံဃာတွေကိုလည်း ကထိန်င်္ကန်းလှူကောင်းတယ်။ ဒီလိုလှူရင် ကထိန်ခံထိုက်တဲ့ ရဟန်းဟာ မိမိဝါဆိုခဲ့တဲ့ ကျောင်းမှာပဲ ကထိန်ခင်းရတယ်။ အကြောင်းက နာနာသီမာဖြစ်လို့ (=သိမ်မတူလို့)ပါပဲ။ (သာရတ္ထ၊ဋီ၊၃၊၃၃၅)။ ဒါပေမယ့် အဲဒီသံဃာတွေ ကထိန်ခင်းမှုကြောင့် ရရှိတဲ့ သိက္ခာပုဒ်အချို့ ကင်းလွတ်ခြင်းစတဲ့ အကျိုးငါးမျိုးကိုတော့ မရနိုင်ဘူး (ဝိနယဝိနိစ္ဆယ၊ဋီ၊၂၊၂၃၁)။

အကုသိုလ်လား

ဒီအနှစ်ချုပ်ကို ဖတ်ကြည့်ပြီးရင် မေးခွန်း ၁ နဲ့ ၂ အတွက် ရှင်းပြီလို့ ယူဆပါတယ်။ အလှူ့ရှင်အနေနဲ့ ကထိန်သင်္ကန်းရယ်လို့ မဟုတ်ပါဘူး၊ မည်သည့် အလှူဒါနမျိုးမဆိုကို စေတနာ သန့်သန့်နဲ့ လှူဒါန်းရင် အကုသိုလ် မဖြစ်နိုင်ပါဘူး။ တစ်ခုတော့ ရှိတယ် .. ကထိန်ကို အလှူခံတဲ့ ဘုန်းကြီးဟာ ဒီဖက်ကျောင်းမှာ ကထိန်ခင်းခဲ့ပြီးမှ ကထိန်မနုတ်ဘဲ (= ခိုင်လုံတဲ့ အကြောင်းနဲ့ ခင်းပြီးကထိန်ကို ပြန်မရုတ်သိမ်းဘဲ) နောက်တစ်ကျောင်းမှာ တစ်ဖန်ထပ်ပြီး ကထိန်ကို အလှူခံရင်တော့ အဲဒီဘုန်းကြီးအာပတ်သင့်တယ်။

၁၆၄။ တန်ခိုးပြမယ်

နိုဝင်ဘာ ၈၊၂၀၁၀။

---

ဆရာတော် အရှင်မြတ်ဘုရား၊

လောကီစျာန်များအဘိညာဉ်များကို စိတ်ဝင်စားပါသည်။ ထိုစိတ်စွမ်းအားများသည် လောကကောင်းကျိုးကို ဆောင်ရွက်ရန် ဖြစ်နို်င်ပါသလား အရှင်ဘုရား။ ဆိုလိုသည်မှာ.. မိုးနည်းလျှင် အဘိညာဉ်တန်ခိုးဖြင့် မိုးရွာသွန်းစေခြင်းမျိုး ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်သလားဆိုတာကို ဖြေကြားပေးစေလိုပါသည်။

မိုးဇော်အောင်

---

မြတ်ဗုဒ္ဓလက်ထက်က အရှင်ပိလိန္ဒဝစ္ဆ မထေရ်ဟာ ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်ကို ရွှေဖြစ်စေ လို့ အဓိဋ္ဌာန်ပြုလိုက်တာနဲ့ နန်းတော်တစ်ခုလုံး ရွှေဖြစ်သွားဖူးတယ်။ ရှေးခေတ်သီဟိုဠ်မှာ ဗြဟ္မဏတိဿ သူပုန်ဘေးဖြစ်စဉ် တန်ခိုးကြီးတဲ့ ရဟန္တာတစ်ပါးက စမ်းချောင်းတစ်ခုကို နို့ရည်ဖြစ်အောင် တန်ခိုးနဲ့ လုပ်တဲ့အခါ ညနေရောက်တော့ ရေပြန်ဖြစ်သွားသတဲ့။ အဲဒါကို ထောက်ပြပြီး ဗုဒ္ဓသာသနာ နှောင်းပိုင်းခေတ်မှာ ထေရဝါဒမှ သွေဖည်လိုကြတဲ့ ဗုဒ္ဓဝါဒဂိုဏ်းကွဲအချို့က ဘုရားရဟန္တာတွေဟာ အရာခပ်သိမ်းကို လိုသလိုဖန်တီးနိုင်တယ်လို့ ယူဆခဲ့ကြဖူးတယ်။

မစွမ်းနိုင်

အမှန်တော့ အရာခပ်သိမ်းကို အဘိညာဉ်တန်ခိုးနဲ့ ပြီးအောင်လုပ်လို့ မရနိုင်ဘူး။ ရုပ်နာမ်တရားတို့ရဲ့ အနိစ္စကို နိစ္စဖြစ်အောင် တန်ခိုးနဲ့ မလုပ်နိုင်ဘူး။ သတ္တဝါတွေ မအိုနဲ့၊ မနာနဲ့ လို့ မလုပ်နိုင်ဘူး။ ကံ ကုန်လို့ သေမယ့် သတ္တဝါကို မသေအောင် တန်ခိုးနဲ့ မလုပ်နိုင်ဘူး။ သဘာဝနိယာမကို ပြောင်းပြန် ဖြစ်သွားအောင်လည်း မလုပ်နိုင်ဘူး။ ဒါကြောင့် သစ်ရွက်တွေ မကြွေဘဲ အမြဲစိမ်းနေစေ၊ အမြဲတမ်း လဆန်းချည်း ဖြစ်နေစေ၊ ကမ္ဘာမြေ ၂၃ ဒီဂရီ မတိမ်းစောင်းစေနဲ့၊ ဒီရေ အတက်အကျ မရှိစေနဲ့၊ ဆောင်းရာသီချည်းဖြစ်နေစေလို့ တန်ခိုးနဲ့ မဖန်တီးနိုင်ဘူး။

တန်ခိုးဖြင့်

လူတစ်ယောက်ကို ရည်ရွယ်ပြီး ဖန်ဆင်းရာမှာတော့ သူ့ရဲ့ ကံအလိုက် ဖြစ်နိုင်တယ်။ ရွှေရမယ့် ကံတရား ရှိနေသူတွေကို ရွှေရအောင် လုပ်ပေးနိုင်တယ်။ နန်းတော်တစ်ခုလုံးကို ရွှေဖြစ်သွားတာ၊ ရေက နို့ရည်ဖြစ်သွားတာတွေက ရုပ်ဖြစ်စဉ် ပြောင်းသွားတဲ့ သဘောပါပဲ။ အဲဒီလို အချို့ကို တန်ခိုးနဲ့ လုပ်နိုင်ပေမယ့် သဘာဝနိယာမကို ပြောင်းပြန် ဖြစ်အောင်တော့ မလုပ်နိုင်ဘူးလို့ ထေရဝါဒီတို့ ယုံကြည်ကြတယ်။

၁၆၅။ ကံအနှစ်ချုပ်

နိုဝင်ဘာ ၂၀၊၂၀၁၀။

---

ဆရာတော်အရှင်သူမြတ်ဘုရား၊

ပြုလုပ်ထားသော ကုသိုလ် အကုသိုလ်ကံများသည် အလျင်းသင့်သလို (random)အကျိုးပေးတာပါလား ဘုရား။ ဥပမာ ယခုပြုလုပ်သော ကံသည် ယခုဘဝမှာ ဖြစ်စေ၊ နောင်ဘဝ တစ်ခုခုမှာ ဖြစ်စေ အကျိုးပေးမည်ဟု ဆိုလိုပါသလား။ အကုသိုလ်ကို ကုသိုလ်ဖြင့် ချေဖျက်လို့ ရနိုင်ပါသလား။ ယခင်က မသိနားမလည်လို့ ပြုလုပ်မိသည့် အကုသိုလ်ကို ယခုပြုလုပ်သော ကုသိုလ်များဖြင့် ကျေနိုင်ပါသလား။ ကဋတ္တာကံနှင့် အဟောသိကံများ အကြောင်းကိုလည်း သိလိုပါသည်။

မင်းမျိုးသန့် (ရန်ကုန်)

---

ကံဆိုတာ

စေတနာ (စိတ်ထဲက လိုလား၊ တက်ကြွ)နဲ့ လုပ်ဖြစ်သွားတဲ့ အလုပ်ကို ကံခေါ်တယ်။ အတိအကျဆိုရင် ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ အလုပ်ကောင်း အလုပ်ဆိုးတစ်ခုခု ပြုဖြစ်သွားအောင် လှုံ့ဆော်တဲ့ သတ္တိကို ကံလို့ ခေါ်တာ (အံ၊၂၊၃၆၃)။ ဘုရား ရဟန္တာတို့မှတစ်ပါး ကျန်သတ္တဝါ အားလုံးတို့ရဲ့ စေတနာပါတဲ့ အလုပ်တိုင်းဟာ ကံဖြစ်တယ်။ ဘုရားရဟန္တာတွေ ကျတော့ ကံရဲ့ အမြစ်ဖြစ်တဲ့ အဝိဇ္ဇာနဲ့ တဏှာကို ပယ်ပြီးဖြစ်လို့ ကံသစ် မဖြစ်တော့ပေမယ့် ဤဘဝခန္ဓာ တည်ရှိသရွေ့ ယခင်ကံတွေရဲ့ အကျိုးဆက်ကို တွေ့ကြုံခံစားရသေးတယ်။

ကံရဲ့ အကျိုးဆက်ကို မည်သူမျှ မလွတ်နိုင်ဘူး။ မည်သည့် ဗြဟ္မာ ဘုရား နတ်သိကြားစတဲ့ တန်ခိုးရှင်မှလည်း လွတ်အောင် လုပ်မပေးနိုင်ဘူး။ အဖဘုရားသခင်ဆိုတာ ရှိခဲ့ရင်တောင် ဒီကံစက်ကွင်းက မလွတ်ဘူး။ ဒါဟာ နိယာမ (အမှန်တရားသို့မဟုတ် သီအိုရီ)ပါပဲ။

လုပ်ဆောင်ပုံ

ကံရဲ့ လုပ်ဆောင်ပုံ လေးမျိုးရှိတယ်။
၁) အကုသိုလ်ကြောင့် ခွေးဘဝမှာ ပဋိသန္ဓေ နေရပေမယ့် ပဝတ္တိအခါ ကျန်းမာရေး အာမခံတွေနဲ့ လူတစ်ယောက်လို အဆင့်မီမီ နေရအောင်၊ ကုသိုလ်ကြောင့် ဘုရင့်အိမ်မှာ မွေးရသော်ငြား လူစဉ်မမီအောင်လုပ်တယ်
၂) ရှေးကုသိုလ်အကုသိုလ်ကံတွေ အကျိုးပေးခွင့် သာအောင်၊ အကျိုးပေး ထက်သန်အောင်၊ အကျိုးပေးချိန် ကြာမြင့်အောင်လုပ်တယ်
၃) ရှေးကုသိုလ်၊ အကုသိုလ်ကံတွေ အကျိုးပေးခွင့် မရအောင်၊ အကျိုးပေး မဖွံ့ဖြိုးအောင် နှောင့်ယှက်တယ်
၄) ကံတစ်ခုဟာ အခြားကံတစ်ခု လုံးဝ အကျိုးမပေးအောင် လုပ်ပစ်တယ်၊ ဥပမာ အဇာတသတ်ကို ဖြားယောင်းတဲ့ မကောင်းကံက ဒေဝဒတ်ရဲ့ စျာန်တန်ခိုးတွေကို ဖျက်ဆီးပစ်တာမျိုး။ ဒီလိုပဲ အကုသိုလ်ကိုလည်း ကုသိုလ်က တားဆီးနိုင်တာပဲ။

အကျိုးပေးစဉ်

ကံရဲ့ အကျိုးပေးအစဉ် လေးမျိုးရှိတယ်။
၁) မဟဂ္ဂုတ်ကံ (စျာန်ရသူ) တွေနဲ့ ပဉ္စာနန္တရိယကံ ကျူးလွန်သူတွေ ဒုတိယဘဝမှာ ကျိန်းသေ အဲဒီ စျာန်ရဲ့ အကျိုးနဲ့ ပြစ်မှားမှုရဲ့ အပြစ်ကိုရတယ်
၂) အဲဒီကံမျိုး မရှိရင် သေခါနီးအာရုံပြုမိတဲ့ ကံ သို့မဟုတ် သေခါနီးပြုမိတဲ့ ကံက အကျိုးပေးတယ်
၃) အဲဒီကံအကျိုးမပေးရင် ဘဝတစ်လျှောက်လုံးမှာ အများဆုံး လုပ်လေ့လုပ်ထရှိတဲ့ ကောင်းကံ မကောင်းကံတွေက အကျိုးပေးတယ်
၄) အဲဒီကံအကျိုးမပေးရင် ရှေးဘဝတွေက ပြုခဲ့တဲ့ ကံတွေသို့မ ဟုတ် ယခုဘဝမှာ အဲဒီသုံးမျိုးမဟုတ်ဘဲ သာမန်အနေနဲ့ ပြုလုပ်ဖူးတဲ့ (ဥပမာ - သွားရင်း လာရင်း ကြုံလို့ ကူညီ လှူဒါန်း၊ ကြက် ငှက်သတ် စတဲ့) ကံတွေ (ကဋတ္တာကံဆိုတာ ဒါမျိုး) အကျိုးပေးတယ်။

အချိန်ကာလ

ကံအကျိုးပေးတဲ့ အချိန်ကာလ လေးမျိုးရှိတယ်။
၁) စိတ်ဖြစ်စဉ်အရ ဇော ၇ ကြိမ်ဖြစ်ရာမှာ ပဌမဇော အခိုက်ဖြစ်တဲ့ စေတနာဟာ ဒီဘဝ မှာ လက်ငင်း အကျိုးပေးတယ်။
၂) သတ္တမဇောစေတနာက ဒုတိယဘဝမှာ အကျိုးပေးတယ်
၃) အလယ်ဇော ၅ ကြိမ်မှာ ဖြစ်တဲ့ စေတနာက တတိယဘဝကနေ နိဗ္ဗာန်မရမချင်း ဘဝသံသရာမှာ အကျိုးပေးတယ်။
၄) ဒီစေတနာသုံးမျိုးဟာ ဆိုင်ရာဘဝတွေမှာ အကျိုးမပေးရင် အဟောသိကံ ဖြစ်သွားတယ်။ တစ်နည်းဆိုရင် အားကောင်းတဲ့ ကံ စေတနာတစ်ခု အကျိုးပေးရင် ကျန်တဲ့ ကံတွေက အကျိုးမပေးဘူး။ သွားလာစားသောက်ရင်း ပြုမိတဲ့၊ ရုပ်နာမ်ဖြစ်စဉ်မှာ သတ္တိမထင်ရှားလို့ ကံမမြောက်ဘဲ ပြီးပြီးပျောက်ပျောက် ဖြစ်သွားတဲ့ ကုသိုလ် အကုသိုလ်စေတနာတွေကိုလည်း အဟောသိကံလို့ ခေါ်တယ်။

အဖြေ

ဒီဖော်ပြချက်တွေကို ဖတ်ပြီးရင်
၁) ကံ ဘယ်လို အကျိုးပေးတယ် ဆိုတာ ရိပ်မိလောက်ပြီ။
၂) အကုသိုလ်ကို ကုသိုလ်နဲ့ ကျေနိုင်ပါသလား ဆိုတာကိုလည်း ဒေဝဒတ်ရဲ့ ဖြစ်ရပ်နဲ့ မှန်းနိုင်လောက်ပြီ။
၃) အဟောသိကံဆိုတာ အကျိုးမပေး သို့မဟုတ် အကျိုးပေးချိန်မရှိပေမယ့် အကျိုးပေးရာကာလ သုံးမျိုးထဲမှာ မပါတဲ့ ကံတစ်မျိုးအနေနဲ့ ထည့်ပြီး ကံအကျိုးပေးရာကာလ လေးမျိုးလို့ ဆိုတာ။ ဒါက အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို အခြေခံတဲ့ ကံအကြောင်း အနှစ်ချုပ်ပါပဲ။ ဘိက္ခု ဗောဓိရေးတဲ့ The Comprehensive Manual of Abhidhamma, ၂၀၈ ကိုလည်း ဖတ်သင့်တယ်။

ကံလက်သမား

ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ။
ကံသည် သတ္တဝါတွေကို အယုတ်အမြတ် (အနိမ့်အမြင့်)အားဖြင့် ခြားနားအောင်ပြု၏ (မ၊၃၊၂၄၄)။

၁၆၆။ စိတ်ဖြစ်စဉ်

ဆရာတော်အရှင်သူမြတ်ဘုရား၊

စိတ်ဖြစ်စဉ် သို့မဟုတ် စိတ်ရဲ့ အစဉ်အတန်းကို သိလိုပါသည် အရှင်ဘုရား။ အဲဒီ စိတ်ရဲ့ အစဉ်အတန်းထဲမှာ ပါဝင်သည့် ဇော ၇ ချက်မှာ ဘယ်ဇောတွေက ဘယ်ဘဝတွေမှာ အကျိုးပေးတယ် ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

မြင့်စိန်

---

စိတ်ရဲ့ ခဏ

(၁) လူတွေမှာ သိစိတ်တွေ မဖြစ်မီ မသိစိတ်တွေ ဖြစ်နေရာမှာ
(၂) ဗြုန်းဆို မျက်စိပသာဒရုပ်မှာ အမြင်အာရုံတစ်ခု ထင်လာခိုက်
(၃) မသိစိတ်အစဉ်ပြတ်ပြီးထင်လာဆဲ အာရုံကိုဆင်ခြင်၊
(၄) မြင်သိစိတ်ဖြစ်၊
(၅) အဲဒီ မြင်သိအာရုံကို ခံယူပြီး
(၆) စုံစမ်းစစ်ဆေးရာမှာ
(၇) နှစ်သက်စရာ သို့မဟုတ် မနှစ်မြို့စရာအနေနဲ့ ဆုံးဖြတ်၊
(၈) အဲဒီ အာရုံရဲ့ ကောင်းခြင်း ဆိုခြင်းဆိုတဲ့ အရာသာကို ခံစားပြီးနောက်
(၉) အဲဒီ ခံစားဆဲအာရုံနဲ့ပဲ
(၁၀) မသိစိတ်ဆက်ဖြစ်တယ်။

သရက် ဥပမာ

(၁) လူတစ်ယောက် သရက်ပင်အောက်မှာ ခေါင်းမြီးခြုံ အိပ်ပျော်နေတုန်း
(၂)အနီးအနားမှာ သရက်သီးတစ်လုံး ဗုံးခနဲကြွေကျသံကြောင့်
(၃) နိုးသွားပြီးတဲ့ နောက်
(၄) ခေါင်းမြီးခြုံကို အသာလှစ်၊ မျက်စိကို ဖွင့်ကြည့်
(၅) သရက်သီးကို မြင်တော့ အသာကောက်ယူ
(၆) နမ်းကြည့် ညှစ်ကြည့်တဲ့ အခါ
(၇) မှည့်နေတာ သိလိုက်ရလို့
(၈) ကိုက်ခဲစားသောက်၊
(၉) ခံတွင်းထဲက တံတွေး သလိပ်တွေနဲ့ အတူ မျိုချပြီး
(၁၀) အဲဒီနေရာမှာပဲ ပြန်အိပ်ပျော်သွားတယ် (အဘိ၊ဋ္ဌ၊၁၊၃၁၁)။

ကုဋေကုဋာ

ဥပမာနဲ့ ဥပမေယျ နံပါတ်စဉ်နှင့် တွဲပြီး စိတ်ဖြစ်စဉ်ကို စဉ်းစား နားလည်ကြည့်ပါ။ အမှတ် (၃)က (၉)ထိ ၇ မျိုးကိုပဲ စိတ်ဖြစ်စဉ် (ဝီထိစိတ်)လို့ ခေါ်တယ်။ အမှတ် (၈) ခဏဟာ သာမန်အနေမှာ ၇ ကြိမ်၊ အမှတ် (၉)က ၂ ကြိမ်၊ ပေါင်း ၁၄ ကြိမ်ဖြစ်တယ်။ စိတ်ဖြစ်စဉ်တစ်ခုမှာ ဘဝင် ၃ ကြိမ်နဲ့ စုစုပေါင်း စိတ်အစဉ် ၁၇ ကြိမ် ဖြစ်လေ့ရှိတယ်။ အလင်းရဲ့ မြန်နှုန်းထက် အဆပေါင်း များစွာ မြန်တယ်။ ကျမ်းဂန်အရ လျှပ်တစ်ပြက်အတွင်း စိတ်တွေ ကုဋေကုဋာချီပြီး ဖြစ်ပေါ်ချုပ်ပျောက်နေကြောင်းသိရတယ်။

ဖန်ဆင်းရှင်

အာရုံရဲ့ အရသာကို ခံစားဆဲ ခဏဖြစ်တဲ့ အမှတ်စဉ် (၈)ကို ဇောလို့ ခေါ်ပါတယ်။ ဒီခဏဟာ အင်အား အကောင်းဆုံးဖြစ်လို့ ဒီခဏမှာ ရှိနေတဲ့ စေတနာ (လှုံ့ဆော်၊ တက်ကြွ) သတ္တိတွေဟာ လောကရဲ့ ဖန်ဆင်းရှင်ပါပဲ။ ပဌမဇော အခိုက်မှာ ဖြစ်တဲ့ စေတနာဟာ ဒီဘဝမှာ လက်ငင်း အကျိုးပေးတယ်။ သတ္တမဇော စေတနာက ဒုတိယဘဝမှာ၊ အလယ် ဇော ၅ ချက်မှာရှိတဲ့ စေတနာက တတိယဘဝကနေ နိဗ္ဗာန်မရမချင်း ဘဝသံသရာမှာ အကျိုးပေးတယ်။

၁၆၇။ ဝိပဿနာနဲ့ မဂ်စိတ်

နိုဝင်ဘာ ၂၀၊၂၀၁၀။

---

ဆရာတော် အရှင်သူမြတ်ဘုရား၊

မသိလို့ မေးလျှောက်အပ်ပါသည်။ မဂ်စိတ်ကျခါနီးရင် အိပ်ချင်စိတ်ဖြစ်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တထဲက တစ်ခုခုကို ထင်ထင်ရှားရှားမြင်တယ်ဆိုတာ ဟုတ်ပါသလား။ တစ်ချို့သော ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သောတာပန် ဖြစ်နေမှန်းကို မသိဘူးဆိုတာ ဟုတ်ပါသလား။ မဂ်စိတ် ဖိုလ်စိတ်တွေ ဘယ်လိုဖြစ်တယ်ဆိုတာကို ရှင်းပြပေးစေလိုပါသည်။

သဲသဲ

---

နည်းနှစ်မျိုး

တရား အားထုတ်ပုံ နှစ်မျိုး ရှိတယ်။
(၁) ကမဋ္ဌန်းအာရုံ ၄၀ ထဲက တစ်ခုခုနဲ့ သမာဓိ ထူထောင်ပြီး နောက်ဆုံး စျာန်သမာပတ်တွေ၊ အဘိညာဉ်တွေရအောင်လုပ်တဲ့ သမထနည်း
(၂)သင့်တင့်တဲ့ သမာဓိ၊ သို့မဟုတ် စျာန်သမာဓိတွေနဲ့ ဦးစွာ စိတ်ဖြစ်စဉ်ကို စင်ကြယ်အောင် လုပ်ပြီးနောက် ခန္ဓာငါးကို အနိစ္စ ဒုက္ခ အနတ္တလို့ ရှုမှတ်ရင်း သဘာဝမှန်ကို သိမြင်အောင်အားထုတ်တဲ့ ဝိပဿနာနည်းတို့ပါပဲ။

ဝိပဿနာနည်းနဲ့ပဲ မဂ်စိတ်တွေကို ရရှိနိုင်ပြီး မဂ်စိတ်တွေနဲ့ပဲ သဘာဝမှန်ကို သိမြင်ပြီး ဒုက္ခမှ လွတ်မြောက်နိုင်တယ်။ ဝိပဿနာနည်းနဲ့ မဂ်စိတ် ဖိုလ်စိတ်တွေ ဖြစ်ပေါ်အောင် အားထုတ်ပုံ အဆင့်ဆင့်ကို အဘိဓမ္မတ္ထသင်္ဂဟကျမ်းနှင့်အညီ တတ်စွမ်းသမျှ ပါဠိကို ဖြုတ်ပြီး အနှစ်ချုပ်ဖော်ပြလိုက်ပါတယ်။

စောင့်ထိန်း

ဝိပဿနာနည်းရဲ့ ပထမဆုံးအဆင့်က ကိုယ်မှု နှုတ်မှု စိတ်မှုတွေမှာ ဒုစရိုက်မဖြစ်အောင် စောင့်စည်းထိန်းချုပ်ခြင်း။ သီလသိက္ခာပုဒ်တွေကို ကျင့်သုံးတာ၊ မျက်စိနား နှာ လျှာကိုယ်စိတ်ကိုထိန်းချုပ်တာ၊ သက်မွေးဝမ်းကျောင်း စင်ကြယ်အောင် စောင့်စည်းတာ၊ တရားသဖြင့်ရရှိတဲ့ ပစ္စည်းကိုသတိနဲ့ အသင့်နှလုံးသွင်းပြီး သုံးဆောင်တာလို့ စောင့်စည်းပုံ လေးမျိုးနဲ့ ကိုယ်နှုတ်စိတ်ကို စင်ကြယ်အောင်လုပ်ရတယ်။

စိတ်ဖြူစင်

ဒုစရိုက်တွေကို ရှောင်လို့ စိတ်အစဉ် သန့်ရှင်းနေတဲ့ အခါ စိတ်ထဲမှာ ကိန်းဝပ်နေတဲ့ ကာမအလို၊ စိတ်ဆိုးဒေါသစတဲ့ အညစ်အကြေးတွေကို စင်ကြယ်အောင် လုပ်ရတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ဂုဏ်တော်ပွား၊ ထွက်လေ ဝင်လေမှတ်၊ အသုဘရှုစတဲ့ သမထနည်းတွေနဲ့ အတော်အတန် စိတ်တည်ကြည်တဲ့ (ဥပစာရသမာဓိ) အဆင့်၊ ဒါမှမဟုတ် စျာန်အဆင့်သို့ ရောက်သည်ထိ အားထုတ်ရတယ်။ စိတ်ရဲ့အတားအဆီး တွေကင်းဆိတ်နေမှ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်တဲ့အခါ ဉာဏ်ဖြစ်စဉ်တွေ တိုးတက် နိုင်တယ်။

ရုပ်နာမ်သိ

အဲဒီ နှစ်ဆင့်ကို အောင်မြင်စွာ လေ့ကျင့်ပြီးတဲ့ အခါ ဤရုပ်ခန္ဓာကိုယ်မှာ တည်မြဲတဲ့ အတ္တမရှိဘူးဆိုတာကို သိမြင်အောင် နာမ်ရုပ်ကို ရှုရတယ်။ အာရုံကို သိတာ ဝိညာဏ်၊ ကိုယ်နှုတ်စိတ်နဲ့ ပြုပြောကြံတာ သင်္ခါရ၊ ခံစားတာ ဝေဒနာ၊ မှတ်သားတာ သညာ၊ ဖောက်ပြန်တတ်တဲ့ ဤခန္ဓာကိုယ်က ရုပ်လို့ ရှုတယ်။ ရှုပါများတဲ့ အခါ သတ္တဝါ ပုဂ္ဂိုလ် ငါ သူတစ်ပါး ယောကျ်ားမိန်းမ မရှိ၊ ရုပ်နာမ်ပဲ ရှိတယ်လို့ ပိုင်ပိုင်မိမိနားလည်သွားတယ်။ ဒီအဆင့်ကို ဝိပဿနာရဲ့အစလို့ ဆိုနိုင်လိမ့်မယ်။

သံသယကင်း

အဲဒီလို အားထုတ်ပါများရင် ရုပ်နာမ်တရားတွေဟာ အကြောင်းမဲ့ ဖြစ်ပေါ်လာတာ မဟုတ်၊ အကြောင်းကြောင့် ဖြစ်ပေါ်လာရတာ၊ ဗြဟ္မာ ထာဝရဘုရားစတဲ့ တန်ခိုးရှင်တွေ ဖန်ဆင်းလို့ ဖြစ်ပေါ်လာတာ မဟုတ်၊ အဝိဇ္ဇာ အာသဝတွေကြောင့် ဖြစ်ရတာ၊ လောဘ ဒေါသ မောဟ ကံ စိတ် ဥတု အာဟာရစတဲ့ အကြောင်းတရားတွေကြောင့် သဘာဝဖြစ်စဉ်အတိုင်း ဖြစ်နေတာလို့ နားလည်ပြီး တဖြည်းဖြည်း သံသယတွေ ကင်းရှင်းသွားတယ်။ ဒီအဆင့်မှာ ဒိဋ္ဌိ (အတ္တဒိဋ္ဌိ)နဲ့ ဝိစိကိစ္ဆာ (သံသယ)တွေကို ဘာဝနာ အရှိန်နဲ့ အတော်ကြာကြာ ပယ်ထားနိုင်တဲ့ အပြင် ခိုင်မြဲတဲ့ သီလသမာဓိရှိလို့ ကမပထမြောက်တဲ့ ဒုစရိုက်မှုကို မပြုတော့ဘူး။

မဂ်ဖိုလ်ကို မရသေးပေမယ့် ဒုတိယဘဝမှာ သုဂတိသေချာလို့ ဒီအဆင့်ကို စူဠသောတာပန်လို့ ခေါ်တယ်။ ရခဲလှတဲ့ လူ့ဘဝမှာလူဖြစ်ကျိုး နပ်ဖို့ အနည်းဆုံး ဒီအဆင့်လောက် ရောက်အောင်လုပ်ထားသင့်တယ်။

ဖြစ်ပျက်ထင်

ဒီဆင့်မှာ ရုပ်နာမ် ခန္ဓာတွေကို အနိစ္စ ဒုက္ခ အနတ္တလို့ သုံးသပ်တယ်။ ဒီသုံးပါးကို မဂ်ဖိုလ်ကိုရောက်ဖို့ယာဉ်နဲ့ တူလို့ လက္ခဏာယာဉ်လို့ ခေါ်တယ်။ ခန္ဓာငါးပါးသည် .. ဖြစ်ပြီး ပျက်သွားမြဲဖြစ်လို့ အနိစ္စပါတကား၊ ကြောက်ဖွယ်ဖြစ်လို့ ဒုက္ခပါတကား၊ အနှစ်သာရ ရှာမရလို့ အနတ္တပါတကားလို့ အကြိမ်ကြိမ် အဖန်ဖန် ပွားများတယ်။ ပွားပါများရင် ခဏတိုင်းမှာဖြစ်ပျက်ကိုမြင်တဲ့ ဉာဏ် (ဥဒယဗ္ဗယ)ဖြစ်ပေါ်လာတယ်။

အရောင်အလင်း၊ နှစ်သက်၊ ကိုယ်စိတ် အေးမြ၊ ကမ္မဋ္ဌာန်းအာရုံမှာ သက်ဝင်၊ နောက်မဆုတ်လို၊ တစ်ကိုယ်လုံးချမ်းမြေ့၊ ဉာဏ်အမြင်စူးရှ၊ သတိအလွန် အားကောင်း၊ ဖြစ်ပျက်ကို လွယ်ကူစွာ ဆင်ခြင်၊ ဝိပဿနာကိုသာယာ ဆိုတဲ့ တရားဆယ်မျိုးလည်း ဒီအဆင့်မှာဖြစ်ပေါ်တယ်။

လမ်းမှန်လိုက်

လမ်းမှန်ကိုလိုက်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဖော်ပြပြီးဆယ်မျိုးကို တဏှာ မာန ဒိဋ္ဌိတွေရဲ့ တည်ရာဖြစ်လို့ မဂ်ဖိုလ်ကို ရနိုင်တဲ့ လမ်းမှန် မဟုတ်ကြောင်း၊ ဝိပဿနာကို ညစ်နွမ်းစေကြာင်း သိမြင်ပြီး ယင်းဆယ်မျိုးကို ဂရုမစိုက်ဘဲ ရုပ်နာမ်ကို လက္ခဏာရေးသုံးပါး တင်၍သာ ရှုတယ်။ ဒီအဆင့်မှာ လမ်းမှန်နဲ့ လမ်းမှားကို ခွဲခြားပြီးသိတဲ့ မှန်ကန် စင်ကြယ်တဲ့ ဉာဏ်အမြင်ဖြစ်ပေါ်တယ်။

နိဗ္ဗာန်တံခါးပွင့်

ဝိပဿနာ ညစ်နွမ်းကြောင်းတွေကို လွန်မြောက်ပြီးနောက် အရှိန် မလျှော့ဘဲ ဝိပဿနာကိုသာ ဆက်လက် ပွားများပြန်ရာ ရရှိထားတဲ့ ဒီရုပ်နာမ် တရားတွေအပေါ် ဖြစ်ပျက်၊ အပျက်၊ ကြောက်စရာ၊ အပြစ်၊ ငြီးငွေ့၊ လွတ်မြောက်လို၊ မမြဲဆင်းရဲ အနှစ်မဲ့၊ မုန်းချစ်မထင်၊ လွတ်မြောက်မှုကို စိတ်ညွတ် ဆိုတဲ့ ဉာဏ်အမြင် ၉ မျိုး ထင်မြင်လာတယ်။ ဒီဉာဏ်တွေနဲ့ မဂ်ဖိုလ်ကိုဆိုက်ရောက်သွားတာ။

မဂ်စိတ်ဖြစ်ပြီ

ဒီလိုနဲ့ အနိစ္စ ဒုက္ခ အနတ္တလို့ ဆက်လက် ပွားများပြန်ရာ ပုထုဇဉ်အဖြစ်နဲ့ နိဗ္ဗာန်ကို မြင်တဲ့ စိတ် (ဂေါတြဘူစိတ်)ချုပ်သည်နှင့် ဒိဋ္ဌိနှင့် ဝိစိကစ္ဆာကို အကြွင်းမဲ့ အမြစ်ဖြတ်ပစ်တဲ့ ပထမ အရိယမဂ် (သောတပတ္တိမဂ်)စိတ်လင်းလက်သွားတယ်။ မဂ်စိတ်ဟာ ဒုက္ခကိုသိခြင်း၊ သမုဒယကို ပယ်ခြင်း၊ နိရောဓကို ဆိုက်ရောက်ခြင်း၊ မဂ္ဂကို ကိုယ့်သန္တာန်မှာ တည်ရှိစေခြင်းဆိုတဲ့ ကိစ္စလေးခုကို တစ်ပြိုင်နက် လုပ်တယ်။ မဂ်စိတ်ချုပ်တာနဲ့ ဖိုလ်စိတ်ပေါ်လာတယ်။

သောတာပန်

ပထမ အရိယမဂ်စိတ် ဖြစ်ပြီးသူကို သောတာပန်လို့ ခေါ်တယ်။ အနာထပိဏ်ရဲ့ သမီးအငယ်ဆုံး သုမနဒေဝီဟာ မိမိက သကဒါဂါမ်ဖြစ်ပြီး ဖခင်ဟာ သောတာပန်မျှသာ ဖြစ်သေးတာကို သိတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၈)။ တစ်ခါ ဗုဒ္ဓရဲ့ နောင်တော် မဟာနာမမင်းဟာ သကဒါဂါမ် ဖြစ်ပြီး (မ၊ဋ္ဌ၊၁၊၃၆၆) နေပေမယ့် မိမိမှာ ဘယ်ကိလေသာတွေကို မပယ်ရသေးဘဲ ကျန်နေတယ်ဆိုတာကို မသိဘူးလို့ ဆိုတယ် (မ၊၁၊၁၂၆)။

ခုနစ်နှစ်အရွယ် သောတာပန် အရိယာတွေလည်း ပယ်ပြီး ကိလေသာ မပယ်ရသေးတဲ့ ကိလေသာ ဆိုတာတွေကို သိချင်မှသိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အချို့ ကိုယ့်ကိုယ်ကို သိပြီး အချို့ မသိဘူးလို့ ဆိုနို်င်လေမလား။

၁၆၈။ ပြုအသစ် ဖြစ်အဟောင်း

နိုဝင်ဘာ ၂၀၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ကြမ်းပိုးရှိတဲ့ အိပ်ရာကို ခါချပြီး နေပူလှမ်းပါသည်။ မမြင်လို့ လက်နှင့် ဖိမိပြီး ကြမ်းပိုးအချို့ သေတာလည်း ရှိပါသည်။ ထိုအတွက် အကုသိုလ် ဖြစ်ပါသလား။ မသိနားမလည်သော နွားပေါက်ကလေးအဖြစ်နဲ့ မိခင် နွားမသောက်မယ့်ရေကိုနောက်အောင်လုပ်မိသောကြောင့် ဘုရားရှင် ပရိနိဗ္ဗန်ပြုခါနီး ရေနောက်ကိုသာ သောက်သုံးရလောက်အောင် အပြစ် ရှိသင့်ပါသလား။ ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

မောင်သုည

---

သက်ပိုင်ခွင့်

လူ့အခွင့်အရေး အယူအဆဟာ ဘာသာရေး ကျမ်းတွေက ဆင်းသက် တာလား၊ နိုင်ငံရေးသုခမိန်တွေ တီထွင်တာလားဆိုတာကို မသိပါဘူး။ ဒါပေမယ့် ဗုဒ္ဓဝါဒအရ သတ္တဝါအချို့ကို လူ့အစားအစာအဖြစ် ဘုရား သခင်ကဖန်ဆင်းပေးထားတယ်ဆိုတာမျိုး လုံးဝမရှိတဲ့ အတွက်မည် သည့် သတ္တဝါတစ်ဦးရဲ့ အသက်ကိုမဆို မည်သူမျှ ပိုင်ဆိုင်ခွင့် မရှိဘူး၊ ကိုယ့်အသက်ကို ကိုယ်ပိုင်တာဟာ သတ္တဝါအားလုံးရဲ့ သဘာဝ အခွင့် အရေးဖြစ်တယ်ဆိုတဲ့ ဒဿနကို အရင် ကိုင်ထားမယ်။

အပြစ်နည်းစေ

မြတ်ဗုဒ္ဓဟာ ရဟန်းသံဃာတွေရဲ့ တစ်ကိုယ်ရေ သန့်စင်မှုကို အရေး တကြီး ညွှန်ကြားပါတယ်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ မိမိနေထိုင်တဲ့ ကျောင်းတွေကို ရှင်းနေအောင် လှည်းကျင်းထားဖို့လည်း ညွှန်ကြားပါတယ်။ အဲဒီလို ရှင်းလင်းတဲ့ အခါ အသက်ရှင်ဆဲ ပင့်ကူ၊ ပိုးကောင် တွေကို တွေ့ရင် ညင်ညင်သာသာ ယူပြီး လွတ်ရာကို လွှင့်ပစ်ဖို့လည်း ကျမ်းတွေမှာ ဖွင့်ဆိုတယ်။ ဒါကြောင့် ပိုးမျှင်တွေ အုံနေရင် မရှင်းနဲ့၊ ကြမ်းပိုးတွေကို မွေးထားပြီး သွေးဒါနပြု၊ ခြင်မထောင်ဘဲ အိပ်၊ ယင် ကောင်ပိုးဟပ်ကိစ္စမရှိဆိုရင် မြတ်ဗုဒ္ဓရဲ့အာဘော်နဲ့ မညီဘူး။ အကုသိုလ်အပြစ် ကင်းတဲ့၊ သို့မဟုတ် အကုသိုလ် အပြစ်နည်းတဲ့ သန့်ရှင်း ရေးလုပ်နည်း ရှိနိုင်ကောင်းပါတယ်။

ကြမ်းပိုးကို ခါချနေတုန်း စိတ်ထဲမှာ ညတုန်းက ကိုယ့်ကို ကိုက်တယ်ဆိုတဲ့ အငြိုးနဲ့ ခွေးကောင်တွေ ဒါလောက်ရှိတာ သေကွာလို့ တမင် တကာ သေအောင် ကြံရွယ်ပြီး အားရပါးရ ဆေးနဲ့ ဖြန်း တုတ်နဲ့ ရိုက်လို့ ကြမ်းပိုးတွေ အတုံးအရုံး သေရင်တော့ ကမ္မပထမြောက်တယ်။ ကြမ်း ပိုးက ကြမ်းပိုး၊ လူက လူပဲလေ။ စက္ခုပါလမထေရ်ရဲ့ ဖြစ်ရပ်အရ အမှတ်တမဲ့ ဖိမိလို့ ဖြစ်သွားတာမျိုးကတော့ အပြစ်မရှိနိုင်ဘူး

အဟောင်းကြွေး

စေတနာနဲ့ လုပ်မိတဲ့ အလုပ်မှန်ရင် ကံသစ်တွေချည်းပါပဲ။ ဘယ်ဘဝ မျိုးမှာမဆို၊ အရိပ်လိုထက်ကြပ်မကွာရှိနေမှာပဲ။ ဘုရားသခင်က မိမိကို မယုံတဲ့ လူတွေကို ဆူနာမီနဲ့ သတ်ပစ်တယ် ဆိုရင်လည်း အဲဒီ အကုသိုလ်ဟာ ဘုရားသခင်ဆီမှာ နွားနောက် လှည်းဘီးပါသလို ရှိနေမှာ ပဲ။ လူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် စေတနာပါရင် အပြစ်ဟာ အပြစ်ပါပဲ။ ဒါကြောင့် ငရဲ တိရစ္ဆာန်စတဲ့ အပါယ်ဘုံတွေမှာ နစ်ပြီဆိုရင် ပြန်ပေါ်ဖို့ ခက်ခဲကြောင်း ကျမ်းဂန်တွေမှာ ဖွင့်ဆိုပါတယ်။

အမှန်မှတ်ဖို့

ဘုရားရှင် ပရိနိဗ္ဗာန်ပြုခါနီးမှာ ရေနောက်ကိုသာ သောက်သုံးတော်မူရတယ်လို့ နားလည်နေရင် မမှန်ဘူး။ အဓိပ္ပာယ်မှန်က ‘မြတ်ဗုဒ္ဓက ရေ သောက်မယ်လို့ မိန့်တာကို အရှင်အာနန္ဒာက လှည်းတွေ ဖြတ်ထားလို့ မြစ်ရေ နောက်နေတဲ့ အတွက် ရှေး (ကကုဓာ) မြစ်ကျမှ သောက်ရန် လျှောက်ပေမယ့် မြတ်ဗုဒ္ဓရဲ့ဆန္ဒအရ ရေသွားခပ်တဲ့ အခါ ရေတွေ ကြည် နေတာတွေ့ရလို့ အရှင်အာနန္ဒာအံ့ဩသွားတယ် (ဒီ၊၂၊၁၀၇)’လို့ ဖြစ် ပါတယ်။ ဘုရားရှင် ရေသောက်လိုတဲ့ အချိန်မှာ အခိုက်အတံ့ အနေနဲ့ ရေနောက်နေတယ်လို့ ဆိုရင် မှန်နိုင်ပါတယ်။

စိတ်မှာထင်တိုင်း ဉာဏ်မပိုင်းဘဲ မနှိုင်းမရှု ကျင့်မပြုလင့် ပြုပြုသမျှ ထိုကမကို ပြကြသောသူ အမွေယူ၏၊ နတ်လူတို့တွင် ပြုပြင်မရ ဤလောက၌ ကမနှစ်မျိုး ထိုအကျိုးဖြင့် ကောင်းဆိုးခံကာ သတ္တဝါဟူသမျှ ကျင်လည်ကြ၏။

(မဃဒေဝ၊ ပိုဒ်-၂၄၆)


၁၆၉။ ခိုလှုံသူ

စက်တင်ဘာ ၇၊၂၀၁၀။

---

ဆရာတော်ဘုရား၊

မင်းပြစ် မင်းဒဏ် သင့်သူများအား သင်္ကန်းဝတ်မပေးရဟု ဆိုပါသည်။ သို့ဖြစ်လျှင် ပြည်တွင်း အရေးအခင်းကြောင့် ထွက်ပြေးလာသူများသည် ရဟန်းပြုခွင့် ရှိပါသလား၊ ထွက်ပြေးခဲ့ရသည့် ရဟန်းတော်များလည်း ဆက်လက်ပြီးရဟန်းဖြစ်ခွင့်ရှိပါသလား။

ပံသု

---

ရဟန်းပြုခွင့်မရှိ

‘နူနာ၊ ထွတ်မြင်းနာ၊ ယားနာ၊ ချောင်းဆိုး သွေးပါနာ၊ ရူးသွပ်နာဆိုတဲ့ အနာကြီး ငါးမျိုးရှိသူ။ မင်းခစား၊ ကြွေးမြီရှိသူ၊ ကျွန်၊ အသက်နှစ်ဆယ် မပြည့်သူ၊ မိဘ ခွင့်မပြုသူ၊ လူမဟုတ်သူ၊ ယောကျာ်းမစစ်သူ၊ ကိုယ်ပိုင် သပိတ်သင်္ကန်းမရှိသူ၊ ဥပဇ္ဈာယ်ဆရာမရှိသူတွေကို ရဟန်းပြုမပေး ရ (ဝိ၊၃၊၁၀၁)’။ ‘နိုင်ငံကျော်ခိုးသားဓားပြ၊ အချုပ်ပြေး (ထောင်ပြေး)၊ ဖမ်းမိန့် သတ်မိန့် ထုတ်ခံထားရသူ (ဥပဒေနဲ့ မလွတ်ကင်းသူ)၊ ကြိမ်ဒဏ်ထိ ထားသူတွေကိုလည်း ရဟန်းပြုမပေးရ (ဝိ၊၃၊၁၀၅)။

ဗုဒ္ဓသာသနာနဲ့ ရဟန်းသံဃာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အဲဒီလို တားမြစ်ချက်ထုတ်ပြန်ရတာ။

ပတ်သက်သူတွေ

ခိုးသားဓားပြ၊ အချုပ်ပြေးနဲ့ ဖမ်းမိန့်ထုတ်ခံထားရသူလို့ သုံးမျိုးပဲ ဒီမေး ခွန်းနဲ့ ပတ်သက်နိုင်ပါတယ်။ ကိုလိုနီခေတ်တော်လှန်ရေးခေါင်းဆောင် ဆရာစံဟာ အင်္ဂလိပ်အစိုးရ အလိုအရ သူပုန်ဆိုလည်း ဟုတ်တာပဲ၊ ဓားပြလို့ စွပ်စွဲရင်လည်း ရတာပဲ။ ဖမ်းမိန့် ထုတ်ခံရတဲ့ ဆရာစံကို ပြည်တွင်းမှာရှိတဲ့ ဆရာတော်ကြီးတစ်ပါးက တောကျောင်းမှာ တိတ်တဆိတ် ရဟန်းခံပေးလို့ မရဘူး။

ဒါပေမယ့် ဆရာစံ ယိုးဒယားကို ထွက်ပြေး၊ ယိုးဒယား ဘုရင်က သူ့နိုင်ငံမှာ ခိုလှုံခွင့်ပေးရင် ယိုးဒယားမှာ ရဟန်းခံခွင့်ရှိတယ်။ ဘုန်းကြီး ဝတ်နဲ့ ပြည်တွင်းကို တိတ်တဆိတ် ပြန်လာရင်လည်း ရဟန်းအဖြစ် မဆုံးရှုံးနိုင်ဘူး။ ဘာကြောင့်ဆိုရင် ..

ဒီလိုလုပ်လို့ မရ

သိမ်ထဲမှာ ဝိနည်းနဲ့ အညီ ကမ္မဝါစာ သုံးကြိမ်ဖတ်ပြီးလို့ ရဟန်းဖြစ်တာနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ရဟန်းအဖြစ်ကို ဟစ်တလာ မူဆိုလီနီလို အာဏာရှင် က လူမထွက်ရင် သတ်ပစ်မယ်ဆိုလို့ ရဟန်းဟာ လူထွက်လိုစိတ် မရှိ ဘဲ ကြောက်လို့ သင်္ကန်းကို ချွတ်ပြီး ပုဆိုးအင်္ကျီ ဝတ်လိုက်ရပေမယ့် ၁) မေထုန်မှီဝဲ ၂)တစ်မတ်ထက်ပိုတဲ့ ပစ္စည်းကို ခိုး ၃)လူသတ် ၄) လူတွေကို စျာန်မဂ်ဖိုလ် မရဘဲ ရသယောင် လုပ်ပြဆိုတဲ့ အပြစ်ကြီး လေးမျိုးကိုမကျူးလွန်သမျှ ရဟန်းဟာ ရဟန်းပါပဲ

ပြည်ပမှာ ခိုလှုံနေရတဲ့ ရဟန်းကို သူ့ဆန္ဒမပါဘဲ ရဟန်းမဟုတ် အောင် ဘယ်သူမှ မလုပ်နိုင်ဘူး။


၁၇၀။ ကာမကိုပိုင်သူ

ရိုသေစွာလျှောက်ထားအပ်ပါသသည်၊

တပည့်တော်တို့သူငယ်ချင်း နှစ်ယောက်သည် နိုင်ငံခြားမှာ အလုပ်လုပ်ရင်း မိဘတွေ မသိဘဲ အခြားမိတ်ဆွေတွေကို သက်သေပြုပြီး တရား ရုံးမှာ နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီး အကြင်လင်မယား အဖြစ် ပေါင်းသင်း နေထိုင်ကြပါသည်။ တပည့်တော်တို့ အသက်လည်း ပြည့်ပါ သည်။ ထိုသို့ ပြုခြင်းအတွက် ကာမေသုကံ မြောက်မမြောက် သိလိုပါသည် အရှင်ဘုရား။

ဇော်မင်းအောင်

---

ပျိုအို

အမိစောင့်၊ အဖစောင့်၊ ဖမိနှစ်ဦးစောင့်၊ အစ်မ ညီမစောင့်၊ အစ်ကို မောင်စောင့်၊ ဆွေမျိုးစောင့်၊ လူမျိုးစောင့်၊ သီတင်းသုံးဖော် စောင့်။ အဲဒီလိုစောင့်ရှောက်ခံ အရွယ်ရောက် အမျိုးသမီးရှစ်ယောက်ကို အိမ် ထောင်မကျသေးရင် ကာမပိုင်ယောကျာ်း မရှိလို့ အပျိုလို့ ခေါ်တယ်။ အိမ်ထောင်မကျဖူးသေးတဲ့ အရွယ်ရောက် ယောကျာ်းဆိုရင် လူပျိုပေါ့။ အိမ်ထောင်ကျဖူးပေမယ့် လက်ရှိမှာ အိမ်ထောင်မရှိရင်တော့ လူလွတ် (Single)သို့မဟုတ် အအိုတွေပေါ့။

မိဘစတဲ့ ပုဂ္ဂိုလ်တွေ စောင့်ရှောက်တယ်ဆိုရာမှာ သူတစ်ပါးတို့ မစော်ကားအောင် အနိုင်မကျင့်အောင် ကာကွယ်ထားရုံပါပဲ။ ဒါပေမယ့် စောင့်ရှောက်သူတွေက စောင့်ရှောက်ခံသူတွေရဲ့ ကာမကို မပိုင်ကြပါဘူး။ ကာမကိုပိုင်တာက ကာယကံရှင်ပါပဲ။ ကိုယ်ပိုင်တဲ့ ကာမကို လွတ်လပ်သူအချင်းချင်း ပေးလို့ ကာမေသု မိစ္ဆာစာရ မဖြစ်ဘူး

တစ်ခြားစီ

နိုင်ငံခြားမှာ အလုပ် လုပ်နေတယ်ဆိုရင်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေရလို့ စောင့်ရှောက်ခံလို့တောင် မဆိုနိုင်တော့ဘူး။ နှစ်ဦးလုံး အိမ်ထောင် မရှိကြရင် အပျိုလူပျို၊ လူလွတ် သို့မဟုတ် Single တွေ ဖြစ်လို့ မိဘတွေမသိဘဲ နှစ်ဦးသဘောတူ လက်ထပ်ပေမယ့် ကာမေသု ကံမဖြစ်ပါဘူး။ နှစ်ဖက်မိဘ သဘောမတူလို့ ဖြစ်ရတဲ့ နောက်ဆက်တွဲ ပြဿနာကိုတော့ တစ်ခြားစီ မှတ်ပေါ့။

ဘုရားနှင့် သူတောင်းစား

---

ဒကာ ပုဏ္ဏား၊ ငါတို့ဘုရားမည်သည်မှာ သူတောင်းစားနှင့် အလားတူသည်။ အဦးကိုလှူလျှင်လည်း အလှူခံကောင်း၏။ စား၍ ထက်ဝက်ကို လှူလျှင်လည်း အလှူခံကောင်း၏။ စား၍ အကြွင်းအကျန်ကို လှူလျှင်လည်း အလှူခံကောင်း၏။ (ပရမတ္ထစက္ခုကျမ်း၊ စာ-၆၈)


၁၇၁။ မဟာယာနလော

ရိုသေစွာ လျှောက်ထားအပ်ပါသည်၊

အရိမေတ္တေယျ ဘုရားလောင်းဆိုတာ မဟာယာန အယူဝါဒဖြစ်ကြောင်း ၁၉၉၈၊ ရတနာမွန်မှာ ဟံသာသီရိက ဖြေထားတာကို ဖတ်ရပါသည်။ ဘုရားငါးဆူ၏ ဘာသာကိုလည်းရှင်းပြပေးစေလိုပါသည်။

ထားထားမိုး

---

ဗုဒ္ဓနှုတ်ထွက်

‘ရဟန်းတို့၊ (ဤဘဒ္ဒကမ္ဘာတွင်) အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ (အရဟံအစ ဘဂဝါအဆုံး ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံ သော)မေတေယျမည်သော ဘုရားရှင်သည် ပွင့်တော်မူလတံ့ (ဒီ၊၃၊၈၃။ ဗုဒ္ဓဝံသ၊၃၈၂)’။ မေတ္တေယျဘုရားလောင်းဟာ ယခုအခါမှာ တုသိတာ နတ်ပြည်မှာ နတ်အပေါင်း ခြံရံပြီး စံနေတယ် (မဟာဝံသ၅၀း၄၇)။

သုတ်ပါထေယျ (ဒီ၊၃)နဲ့ ဗုဒ္ဓဝံသဆိုတာ ထေရဝါဒ အစဉ်အလာ အရ မြတ်ဗုဒ္ဓရဲ့ နှုတ်ထွက် ပါဠိတော်တွေ ဖြစ်ပါတယ်။ မဟာဝံသဆို တာလည်း ထေရဝါဒီတို့ အလွန်လေးစားတဲ့ သီဟိုဠ်က မဟာဝိဟာရ ကျောင်းတိုက်မှာ အေဒီငါးရာစု မတိုင်ခင်ကပင် ရေးခဲ့တဲ့ ကျမ်းပါပဲ။ (ဤကျမ်း၊ စာ- ၁၉၉ရဲ့ အဖြေကို ပြန်ဖတ်ကြည့်ပါ။)

ဘုရားငါးဆူ

ဤဘဒ္ဒကမ္ဘာမှာ ပွင့်တယ်လို့ ထေရဝါဒီတို့ ယုံကြည်တဲ့ ဘုရားငါးဆူရဲ့ ဘာသာစကားကို ဆိုလိုရင် .. အဲဒီ ဗုဒ္ဓဘုရား ငါးဆူရော၊ အခြားဗုဒ္ဓ ဘုရားတွေပါ ဟောကြားတဲ့ ဘာသာစကားက မာဂဓီလို့ ခေါ်တဲ့ ပါဠိဘာသာပါပဲ။ မာဂဓီဘာသာကို ကမ္ဘာဦးလူသားတွေ၊ ဗြဟာတွေနဲ့ ဗုဒ္ဓဘုရား တွေ ဟောပြောတဲ့ ဘာသာစကား ဖြစ်တယ်လို့ ထေရဝါဒီတို့ ယုံ ကြည်ကြပါတယ် (ရူပသိဒ္ဓိ၊၄၁။ မူလသိက္ခာ၊ဋီ၊၄၅၉။) ကလေးငယ် တစ်ယောက် ဘယ်ဘာသာစကားကိုမှ အပြင်ကသင်ယူ ပြောဆိုခြင်း မရှိဘဲလူသူမနီးတဲ့ တောထဲမှာ ကြီးပြင်းခဲ့ရင်လည်း ပါဠိဘာသာစကား ကိုပဲပြောပါသတဲ့ (စာချဆရာတော်တွေပြောတဲ့ စကား)။

အဲဒီဗုဒ္ဓဘုရားငါးဆူရဲ့ ဘာသာ အယူဝါဒကိုရည်ရွယ်ရင်တော့ ဗုဒ္ဓ ဘုရားတွေ ဟောကြားတဲ့ တရားအားလုံးက အတူတူပါပဲ။ ဘာတွေလဲ ဆိုရင် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ အနတ္တနဲ့ နိဗ္ဗာန်ပါပဲ

ပဋိစ္စသုမုပ္ပါဒ်၊ ကံ၊ သံသရာ၊


၁၇၂။ ဥပုသ်နေ့

ဒီဇင်ဘာ ၈၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ခေတ်ပညာတတ် တစ်ဦးက လပြည့်၊ လကွယ်နဲ့ လဆန်း လဆုတ် ၈ ရက်နေ့တွေမှာ ဥပုသ်စောင့်တာဟာ ဘုရားဟော မဟုတ်၊ ထို့ကြောင့် လိုက်နာဖွယ်မလို၊ စောင့်လိုစိတ် မရှိဘဲ ဥပုသ်နေ့ဖြစ်၍သာ စောင့်ရရင်လည်း အကျိုးမရှိ၊ စိတ်ရှိရင် မည်သည့်နေ့မှာ မဆိုဥပုသ်စောင့်နိုင်တယ် ဟုဆိုပါသည်။ တပည့်တော် သိလိုသည်မှာ..

၁) လပြည့်၊ လကွယ်၊ ဆန်းဆုတ် ၈ ရက်နေ့တွေမှာ ဥပုသ်စောင့်သည့် ဓလေ့ မည်သို့စတင်ခဲ့ပါသနည်း၊ ဘုရားဟောရှိပါသလား။

၂) ဘုရားဟော မရှိလျှင် (အသုဘတွင် ရေအိုးခွဲသည့် ဓလေ့ကဲ့သို့) ဘုရားဟောလည်း မဟုတ်၊ မဖြစ်မနေလည်း မလိုအပ်၊ စွဲနေသည့် ဓလေ့ (အစွဲအလမ်း)သာ ဖြစ်သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်တဲ့ ဓလေ့ကို လိုက်နာဖွယ်မလိုဟု ဆိုလျှင် သင့်ပါမည်လား။

ကျော်စွာညွန့်

---

ဘုရားဟော

‘ရဟန်းတို့ .. အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော၊ ကျင့်သုံးအပ်သော ဥပုသ် သည် အကျိုးကြီး၏။ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ ခြင်းရှိ၏ (အံ၊၃၊၈၉)’။ ‘တစ်ဆယ့်လေးရက်မြောက်နေ့၊ တစ်ဆယ့်ငါး ရက်မြောက်နေ့၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့၊ ပါဋိ ဟာရိ ယပက္ခနေ့တို့၌ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို ကျင့် သုံးခြင်းဖြင့် ကိုယ်ကျင့် သီလကောင်းသောသူသည် ကောင်းမြတ်သည့် ဘဝ၌ ပျော်မွေ့ရ၏ (ဇာ၊၂၊၁၉၆။ သံ၊၁၊၁၄၆)’။ ‘ပါဋိဟာရိယပက္ခ နေ့ ဆိုတာ ဥပုသ်ကြိုနှင့် ဥပုသ်ထွက်နေ့။ ဥပမာ .. ရှစ်ရက် ဥပုသ်ကြို ၇ ရက်၊ ဥပုသ်ထွက် ၉ ရက်။ ၁၄ ရက် ဥပုသ်ကြို ၁၃ ရက်၊ ဥပုသ် ထွက် ၁၅ရက်ကိုဆိုလို၏ (ဇာ၊ဋ္ဌ၊၆၊၁၄၈)’။

ဒါတွေက အင်္ဂုတ္တရပါဠိ၊ ဇာတကပါဠိနဲ့ သံယုတ္တပါဠိတွေမှာ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ဥပုသ်နေ့နဲ့ ဆိုင်တဲ့ အဆိုတွေ ဖြစ်ပါတယ်။ ဒီပါဠိတော် တွေအရ ဥပုသ်စောင့်တာကို ဗုဒ္ဓချီးမွမ်းတယ်၊ လပြည့်လကွယ် ဆန်း ဆုတ် ၈ ရက်တွေမှာ ဥပုသ်စောင့်တာဟာ ဘုရားဟော ကျမ်းဂန်မှာပါတယ်လို့ မိမိကိုယ်ကို ဗုဒ္ဓဝါဒီပါလို့ ခံယူထားသရွေ့ မှတ်သင့်ပါတယ်။

မဖြစ်မနေလိုအပ်

ဗုဒ္ဓဝါဒ လမ်းစဉ်မှာ သမထဖြစ်စေ၊ ဝိပဿနာဖြစ်စေ ဘာဝနာတစ်ခုခုကို လုပ်တော့မယ်ဆိုရင် သီလဝိသုဒ္ဓိ (သီလစင်ကြယ်မှု)လိုတယ်။ သီလဆို တာ စိတ်ရဲ့ အညစ်အကြေးတွေကို ရှင်းထုတ်ပစ်ဖို့ ကိုယ်နှုတ်စိတ်ကို စည်းကမ်း သတ်မှတ်တဲ့ ပထမဆုံးအဆင့်၊ အဲဒီအဆင့် ပြည့်စုံပြီးမှ စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြယ်မှု) ဖြစ်အောင် လုပ်နိုင်တယ်။ အဲဒါပြီးရင် ပညာ (ဉာဏ်စဉ်) ပေါ်လာပါတယ်။ ပြောနေကျ အတိုင်းဆိုရင် သီလ၊ သမာဓိ၊ ပညာပေါ့။ ဒါကြောင့် ဗုဒ္ဓဝါဒလမ်းစဉ်ကို လိုက်နာသူ ဖြစ်ချင်ရင် အနည်းဆုံး တစ်ပတ် တစ်ရက်လောက် မဖြစ်မနေ ဥပုသ်စောင့်ပါလေ။ အခွင့်သာရင် ဥပုသ်ရက်ရှည်စောင့်ပါလေ။

ညစာမစားတာကို ကိုယ့်ကိုယ်ကိုညှဉ်းပန်းတာလို့ မမြင်သင့်ဘူး။ ရဟန်းတွေ ညနေချိန်ဆွမ်းခံထွက်ရင် အခက်အခဲရှိတယ်၊ ညစာမစား ရင် ပလိဗောနည်းလို့ ရဟန်းအလုပ်အတွက် အချိန်ပိုရတယ်၊ အလိုဆန္ဒကို ထိမ်းနိုင်တယ်၊ မငိုက်မျဉ်းဘူး၊ အဲဒီလို အကျိုးတွေရှိလို့ ဗုဒ္ဓ ညွှန် ကြားခဲ့တာ။ အင်း .. ရေကိုတောင် မသောက်ရဘူးဆိုတဲ့ အထိတော့ အစွန်း မရောက်ပါဘူး။ ပေါ့ပါးတဲ့ အစားအစာ၊ ဥပမာ .. သစ်သီးဖျော် ရည်၊ ဆီးဖြူ၊ သျှစ်သျှားစတဲ့ သစ်သီးအချို့ကို စားကောင်းတယ်။

လွဲမှားတဲ့ အယူ

၁) ဥပုသ်နေ့မှာ ဥပုသ်စောင့်တာဟာ ဖော်ပြပါ ပါဠိတော်ကျမ်းဂန် အဆိုအရ ဗုဒ္ဓလက်ထက်ကပင် လိုက်နာ ကျင့်သုံးလာခဲ့တဲ့ အစဉ်အလာ ဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝိသာခါ၊ အနာထပိဏ်တို့ ဥပုသ်စောင့် တဲ့ သာဓကတွေလည်းရှိတယ်။ ဒါကြောင့် အမှတ် ၂)မေးခွန်းကိုဖြေ စရာ မလိုတော့ဘူး။ ဆိုဖွယ်တော့ ရှိတယ် .. ဗုဒ္ဓဝါဒီအနေနဲ့ ဥပုသ် စောင့်တာကို အသုဘမှာ ရေအိုးခွဲတဲ့ ကိစ္စနဲ့ ထပ်တူပြုရင် မနှစ်သက်နိုင်ဘူး။ အဲဒီလို ထပ်တူပြုပြီး ဥပုသ်စောင့်တာကို မဖြစ်မနေလိုအပ်တဲ့ ကိစ္စမဟုတ်၊ ‘စွဲနေသည့် ထုံးစံတစ်ခုသာ’ ဖြစ်တယ်လို့ ယူဆရင် ဗုဒ္ဓ ဝါဒရှုထောင့်အရ အင်မတန်လွဲမှားတယ်။ ဒါပေမယ့်..

‘ခေတ်ပညာတတ်တစ်ဦး’ ပြောသလို ဥပုသ်နေ့မှာ သူများတွေ ဘုန်းကြီးကျောင်း သွားလို့ ကိုယ့်အသက်အရွယ်နဲ့ မသွားဘဲနေရင် သူများပြောခံရမှာကို စိုးရိမ်လို့ လိုက်သွားရတာမျိုး၊ သီလယူတယ် ဆိုရုံမျှ၊ ဘာမှလည်း အလေးအနက်မရှိ၊ ကျောင်းမှာ ဟိုလူ့ ဒီလူ့ အတင်း ပြော၊ အိမ်ပြန်ရောက်တော့မေ့ပြီး ညနေစာစားမိတဲ့ ဥပုသ်မျိုးကတော့ ဘယ် အကျိုးရှိပါ့မလဲ။ ဥပုသ်နေ့ မဟုတ်ပေမယ့် စိတ်ပါတဲ့ နေ့မှာ ဥပုသ်စောင့်ရင် အကျိုးရှိတယ် ဆိုတာတော့ မှန်ပါတယ်။ ဘာလုပ်လုပ် စိတ်ပါ လက်ပါဖြစ်မှ (စေတနာပါမှ) အကျိုးပေးတာပါ။ အမှာစကား လေးတော့ ပါးလိုက်ပါရစေဦး၊ ဆက်ဖတ်ကြည့်ပါ..

အစွန်းနှစ်ပါး

ရန်ကုန်တုန်းက ကျောင်းဒကာမကြီးရဲ့ အိမ်မှာ ဘုရားခန်းဆိုတဲ့ နေရာမှာ ခြေချစရာ နေရာမရှိဘူး။ မြင်းဖြူစီးနေတဲ့ လူရုပ်၊ ခေါင်းပေါင်းနဲ့ ပုလွေ မှုတ်နေသူ၊ ထမီ နီဖြူကွက်ကျားနဲ့ မိန်းမရုပ်၊ လူတစ်ပိုင်း ကျွဲတစ်ပိုင်း အရုပ်တွေ။ အဲဒီအရုပ်တွေရဲ့ရှေ့မှာ အုန်းငှက်ပျောပွဲ၊ ဘဲအကောင်လိုက်ပွဲ၊ အရက်ပုလင်းတွေ၊ အမွှေးနံ့သာတွေ စုံနေတာပဲ။ အဲဒါတွေရှိလို့ စီး ပွားဖြစ်တယ်လို့ ဒကာမကြီးရဲ့ ဦးနှောက်မှာ စွဲနေတယ်။

ပြီးတော့.. အင်းစိန်၊ ကျန်းမာရေးမှူး သင်တန်းကျောင်းရဲ့ ဝန်ထမ်း အိမ်ယာမှာ ဆွမ်းခံစဉ်က အဲဒီကျောင်းမှာ စာသင်တဲ့ ဆရာတစ်ဦးနဲ့ ဆုံ ဖူးတယ် .. ဥပုသ်နေ့မှာ ရုံးပိတ်သင့်ကြောင်း စပြောမိလို့ ဥပုသ်စောင့် တာ၊ ပရိတ်ရွတ်တာတွေကို ဗုဒ္ဓမဟောဘူး၊ ဟိန္ဒူကလာတဲ့ အစွဲအလမ်း ဆိုတာကစပြီး ဥပဂုတ်ဆိုတာ အလကားဟာကြီး၊ သေရင် သရဏဂုံ မတင်ဘူးဆိုတာအဆုံး ဘုန်းကြီးကို လက်ချာပေးပါတယ်။

အရည်အချင်း

9/ 11 ပြီးစတုန်းက Time မဂ္ဂဇင်းထဲက ချီကာဂို တက္ကသိုလ်ဘာသာရေး ဆွေးနွေးခန်း ဆောင်းပါးမှာ ပါမောက္ခတစ်ဦးက ၎င်းတို့ရဲ့ ကျမ်းတော် မှာပါတဲ့ ‘အသင်တို့သည် မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့၏ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ၎င်းတို့၏ လက်ချောင်းများ၏ အဆစ်များကို တခုစီ ဖြတ်တောက်ကြ လေကုန်’ ဆိုတဲ့ စာပိုဒ်ဟာ မှန်ကန် မျှတကြောင်း အကျောက်အကန် ငြင်းဆိုတာကို ဖတ်ဖူးတယ်။ သူတို့ရဲ့ယုံကြည်မှုကို လေးစားတဲ့ အနေနဲ့ ဘာမှတော့ ဝေဖန်ဖွယ် မရှိပါဘူး။

နားလည်ရတာက ‘ယုံကြည်မှုနဲ့ အစွဲအလမ်း ဆိုတာကို ခေတ် ပညာ၊ ဘွဲ့ဒီဂရီ၊ ငွေကြေး၊ ရာထူးတွေနဲ့ မတော်လှန်နိုင်ဘူး။ လက်တွေ့ ကျတဲ့ ဆင်ခြင်တုံတရားဝန်ခံတတ်မှုပွင့်လင်းရိုးသားရင် ဆိုင်ရဲတဲ့ သတ္တိဆိုတဲ့ အခြေခံအရည်အချင်းတွေနဲ့ တစ်ခုသော ပေတံ သို့မဟုတ် စံနမူကို ကိုင်စွဲပြီး ရှင်းထုတ်မှ ဖြစ်နိုင်တယ်’ဆိုတာပါပဲ။

လေ့ကျင့်ဖွယ်

လုံးဝ မှန်တယ်လို့ မဆိုနိုင်ရင်တောင် အနည်းဆုံး အမှန်နဲ့ နီးစပ်တဲ့ အဖြေတစ်ခုကို ရဖို့ဆိုရင် ပြောပြထားတဲ့ အစွန်းနှစ်ပါးကို ရှောင်ပြီး ဖော် ပြပြီးအရည်အချင်းတွေပြည့်ဝလာအောင် လေ့ကျင့်သင့်ပါတယ်။


၁၇၃။ မွေးရာပါ သောတာပန်

ဒီဇင်ဘာ ၃၁၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

သောတာပန်ပုဂ္ဂိုလ်များ သေလွန်လျှင် သုဂတိဘုံသို့သာ ရောက်ပြီး သောတာပန် သကဒါဂါမ် အနာဂါမ်နတ်နှင့်ဗြဟာများဖြစ်ကြောင်း သိရ ပါသည်။ လူ့ဘုံလည်း သုဂတိဘုံပင်ဖြစ်၍ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဖြစ်ဖြင့် ဤလူ့ဘုံတွင် ပြန်လည်မွေးဖွားသူ ရှိမရှိ၊ ရှိသည်ဆို ပါက သောတာပန်၊ သကဒါဂါမ် အနာဂါမ်ကလေးဖြစ်ကြောင်း မိဘများက မည်သို့ သိနိုင်ပါသနည်း။

မင်းမျို့သန့် (ရန်ကုန်)

---

ဒီလိုပြင်မှတ်

သောတာပန်က ကာမသုဂတိ ၇ ဘုံ (လူ့ဘုံ နတ်ပြည် ၆) မှာ ၇ ကြိမ် ပြန်ဖြစ်နိုင်တဲ့ အတွက် သောတာပန်နတ်သားဆိုရင် နတ်ပြည်မှာ တရား အားထုတ်လို့ သောတာပန်ဖြစ်လာသူ၊ သို့မဟုတ် သောတာပန်အဖြစ် နဲ့ နတ်ပြည်မှာ မွေးလာသူ ဖြစ်နိုင်တယ်။ သကဒါဂါမ်နတ်သား ဆိုရင်လည်း အဲဒီ ၇ ဘုံမှာ တစ်ကြိမ်ပြန်ဖြစ်ခွင့်ရှိလို့ ဒီအတိုင်းပါပဲ။ အနာဂါမ် နတ်သား ဆိုရင်တော့ အခြားဘုံက နတ်ပြည်မှာ ပြန်မွေးလာသူ မဖြစ် နိုင်ဘူး၊ နတ်ဘဝနဲ့ တရားအားထုတ်ပြီး အနာဂါမ်ဖြစ်သွားသူပဲဖြစ်ရတယ်။ ဘာကြောင့်ဆို ဒီဘဝအနာဂါမ်ဖြစ်ပြီးရင် နောက်ဘဝမှာ အဲဒီ ၇ ဘုံမှာ ပြန်မမွေးတော့ဘဲ သုဒ္ဓါဝါသ ၅ ဘုံထဲက တစ်ဘုံဘုံမှာပဲ ပြန်ဖြစ် လို့ ပါ။ လူသားတစ်ဦး သောတာပန်၊ သကဒါဂါ အရိယာဖြစ်ပြီးရင် ဤ လူ့ဘုံမှာ သောတာပန်၊ သကဒါဂါမ်အဖြစ်နဲ့ ပြန်မွေးဖွားခွင့် ရှိတယ်။ ဤ လူ့ဘုံမှာ အနာဂါမ် ဖြစ်ပြီးရင်တော့ အနာဂါမ်အဖြစ်နဲ့ ဤလူ့ဘုံနဲ့ နတ် ၆ ဘုံမှာ ပြန်မမွေးဖွားတော့ဘူး။

သာဓက မရှိ

သောတာပန် အနာထပိဏ်သူဌေး ကွယ်လွန်တော့ တုသိတာနတ်ပြည် မှာ နတ်သား သွားဖြစ်တယ် (မ၊၃၊၃၀၅)။ သိကြားမင်း၊ ဝိသာခါ ကျောင်းအမကြီးနဲ့ အနာထပိဏ်သူဌေး ဒီသုံးယောက်ဟာ သက်တမ်း တူပါသတဲ့ (ဒီ၊ဋ္ဌ၊၂၊၃၃၂)။ (တာဝတိံသာနတ်ပြည်က သိကြားမင်းက မိမိထက် အဆင့်မြင့်တဲ့ တုသိတာက ဝိသာခါ အနာထပိဏ်တို့နဲ့ တန်းတူ အသက်ရှည်ပုံပါပဲ။ ဒါမှမဟုတ် တုသိတာမှာလည်း သိကြားမင်း ရှိ လေသလား။) ဝိသာခါ အနာထပိဏ်တို့ဟာ လူ့ဘဝတုန်းက သောတာ ပန်ဖြစ်လို့ နတ်ဖြစ်တော့လည်း သောတာပန်ပါပဲ။

လူ့ပြည်မှာ သောတာပန်အဖြစ်နဲ့ မွေးဖွားတဲ့ ကျမ်းထွက်နဲ့ လက်တွေ့ သာဓကကိုတော့ ရှာဖွေဆဲပါ။ ဗုဒ္ဓလက်ထက်က ၇ နှစ်အရွယ် သောတာပန်ဆိုတာက အင်မတန် ရတောင့်ရခဲပါ။ သက်တော် ထင်ရှား မြတ်ဗုဒ္ဓနဲ့ တွေ့ရတာ၊ သဒ္ဓါတရားနဲ့ ပြည့်စုံတာ၊ ဗုဒ္ဓထံမှ သူတော် ကောင်းတရားကို နာယူခွင့်ရတာတွေဟာ ဒုလ္လဘ (ရတောင့်ရခဲ) ဖြစ်ပါတယ်။ အနည်းဆုံး သူတို့တွေဟာ ယခင်ဘဝတွေမှာ စူဠသောတာပန် အဆင့်လောက်ရှိသူ ဖြစ်ဖို့ သေချာပါတယ်။

အကျင့်သီအိုရီ

အရိယာပဂ္ဂိုလ် မှန်ရင် သောတာပန်ကစပြီး လောဘ၊ ဒေါသ၊ မောဟ တွေငြိမ်းအောင် ကျင့်ကြံကြတာဟာ သူတို့ရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တယ်၊ ဒါအတွက်ပဲ ဗုဒ္ဓဝါဒီတို့ ဒါန၊ သီလ၊ ဘာဝနာကို လုပ်ကြတယ် ဆို တဲ့ အမြင်ကို ဦးဏှောက်ထဲ ထည့်လိုက်ပါ။

အဲဒီ လက်တွေ့ကျင့်စဉ် သီအိုရီကို အခြေခံပြီး လူ့ဘုံမှာ သောတာပန် အရိယာဖြစ်ပြီးရင် အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ စိတ်ဟာ များသော အားဖြင့် ဒီတရားသုံးပါး ငြိမ်းအောင်ကျင့် ပိုမို ကျင့်နိုင်ဖွယ်ရှိတဲ့ ဗြဟ္မာ ပြည်လို အထက်ဘဝတွေကိုပဲ ကိုင်းညွတ်နေမယ်လို့ ယူဆရတယ်။ ဒါကြောင့် သောတာပန်အဖြစ်နဲ့ ဤလူ့ဘဝကို ရောက်မလာကြတာလား၊ ငယ်ငယ်ကပင် ငါးပါးသီလမြဲပြီး အရွယ်ရောက်တဲ့ အခါ တရားဓမ္မနဲ့ ပျော်မွေ့သွားသူတွေကို ရှားရှားပါးပါး ကြားဖူးကြမှာပါ။ သူတို့တွေကို မွေးရာပါ သောတာပန်လို့ ဆိုနိုင်ဖွယ်ရှိမလား၊ စဉ်းစားစရာပါ။


၁၇၄။ အဘိဓမ္မာ ဘုရားဟော

ဒီဇင်ဘာ ၃၁၊၂၀၁၀။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ဗုဒ္ဓဖြစ်ပြီးနောက် သတ္တသတ္တာဟ (ခုနစ်ရက်ခုနစ်လီ)စံနေသည်ဟုဆို ရာ၌ ပဉ္စသတ္တာဟ (ခုနစ်ရက်ငါးလီ)သာ ပိဋကတ်တော်မှာ လာကြောင်း သိရပါသည်။ စတုတ္ထ သတ္တာဟ၌ သိကြားမင်း ဖန်ဆင်းသော ရတနာ စံကျောင်းမှာ သီတင်းသုံးခြင်းနှင့် ပဋ္ဌာန်းတရားကို ဆင်ခြင်သည် ဆို ခြင်းတို့မှာ နောက်ပေါ်ကျမ်းများက ချဲ့ကား ရေးသားခြင်းဖြစ်ကြောင်း၊ ပထမ သံဂါယနာတင်စဉ်က အဘိဓမ္မာ မပါ၍ အဘိဓမ္မာသည် ဘုရား ဟောမဟုတ်ကြောင်း ဝေဖန်မှုများကိုလည်း ကြာဖူးပါသည်။ ထိုဝေဖန် မှုများကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

နေမျိုးဦး

---

ဒီလိုပြင်မှတ်

ပိဋကတ်တော်မှာ ပဉ္စသတ္တာဟ (ရက်သတ္တ ငါးပတ်)ပဲ ပါတယ်ဆိုရင် (အဲဒါ ရမ်းပြောတာ)မမှန်ဘူး။ အမှန်ကလေးပတ်ပဲ ပါတယ်။ ရတနာ စံကျောင်း (ရတနဃရ)ကို သိကြားမင်း ဖန်ဆင်းတယ်လို့ မဆိုဘူး၊ နတ်တို့ ဖန်ဆင်းတယ်လို့ ပဲ ဆိုတယ် (ဒေဝတာ ရတနဃရံ မာပေသုံ)။ စတုတ္ထ သတ္တာဟမှာ ဆင်ခြင်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် ပဋ္ဌာန်း ကျမ်း တစ်ခုတည်းကို ဆင်ခြင်တာ မဟုတ်ဘူး၊ အဘိဓမ္မာ ခုနစ်ကျမ်း လုံးကို ဆင်ခြင်တာ။

ဓမ္မအမေးအဖြေ စာတော်ဖတ် ပရိသတ်တွေ မေးခွန်းလောက်ကို ဖတ်မိပြီး စိတ်ထဲ စွဲမိစွဲရာ စွဲသွားမှာ စိုးလို့ အဲဒါလေးကိုတော့ အမှန် ပြင်ပြီး အရင် မှတ်ထားစေချင်တယ်

ခုနစ်ရက် ခုနစ်လီ

ဘုရားဖြစ်ပြီးစမှာ မြတ်ဗုဒ္ဓဟာ ဘယ်ကိုမှ မကြွသေးဘဲ ဗောဓိပင်အနီး ဝန်းကျင်မှာပဲ ရက်သတ္တရ-ပတ်သီတင်းသုံးတယ်လို့ ဆိုရာမှာ ဝိနည်း မဟာဝါပါဠိတော် (ဝိ၊၃၊၁-၇)အရ ပလ္လင်္က (ဗောဓိပင်ရင်းမှာ)၊ အဇပါလ (ဆိတ်ကျောင်းညောင်ပင် အောက်မှာ)၊ မုစလိန္ဒ (ကျည်းပင် အောက် မှာ)၊ ရာဇာယတန (လင်းလွန်ပင် အောက်မှာ)လို့ သတ္တာဟ လေးခု (ရက်သတ္တလေးပတ်)ဖော်ပြတာတွေ့ရတယ်။

မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါနအဋ္ဌကထာ (မ၊ဋ္ဌ၊၂၊၈၉။ ဥဒါန၊ဋ္ဌ၊၄၇)စတဲ့ ကျမ်းတွေမှာတော့ ပလင်္ကသတ္တာဟနဲ့ အဇပါလသတ္တာဟ အကြားမှာ အနိမိသ (ဗောဓိပင်နဲ့ ရွှေပလင်ကို ကြည့်ရှု)၊ ရတနစင်္ကမ (စင်္ကြန်လျှောက်)၊ ရတနဃရ (နတ်တို့ ဖန်ဆင်းတဲ့ ရတနာအိမ်)လို့ သတ္တာဟ သုံးခု ဖော်ပြတယ်။ ရတနဃရမှာ ခုနစ်ရက် သီတင်းသုံး ခိုက်အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်တယ်လို့လည်း အဋ္ဌကထာကျမ်း မြတ်တွေမှာ ဖော်ပြတယ်။

‘အဋ္ဌကထာဆိုတာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် မထေရ်စဉ် ဆက်ပို့ချလာခဲ့တဲ့ သံဂါယနာ သုံးတန်တင်တဲ့ ပို့ချစဉ်ဖြစ်လို့ (သာရတ္ထ၊ဋီ၊၁၊၁၉)’ အဲဒီကျမ်းတွေကို ထေရဝါဒီတို့က ဗုဒ္ဓနှုတ်ထွက် ပါဠိ တော်ကျမ်းရင်းလိုပဲ လေးစားကြပါတယ်

မယုံကြည်သူတွေ

အနောက်တိုင်းက ဗုဒ္ဓဝါဒကို လေ့လာသူအချို့ဟာ အဋ္ဌကထာ ကျမ်း တွေကို အထင်မကြီးကြဘူး။ အဓိပ္ပာယ်က အဋ္ဌကထာကျမ်းပြု ပုဂ္ဂိုလ် တွေဟာ သူတို့လောက် မတတ်ဘူး မသိဘူးပေါ့။ မြတ်ဗုဒ္ဓရဲ့သဗ္ဗညုတ ဉာဏ်ကိုလည်း မယုံကြဘူး။ မြတ်ဗုဒ္ဓကို သာမန် ပညာရှိ လူပုဂ္ဂိုလ် အဆင့်လောက်ပဲ လက်ခံလို့ မြတ်ဗုဒ္ဓကိုတောင် သူတို့လောက် မဖြစ်ဘူးလို့ ထင်နေကြမှာပဲ။ အမှန်တော့ ယမိုက်တို့ ပဋ္ဌာန်းတို့လို ကျမ်း မြတ်တွေရဲ့ သိမ်မွေ့နက်နဲတဲ့ အဓိပ္ပာယ်ကို သူတို့လိုလူတွေ အနား တောင် သီနိုင်ခဲ့ပုံ မပေါ်ဘူး။ အဲဒီလိုပုဂ္ဂိုလ်အချို့က အဘိဓမ္မာကို ဘုရား မဟောဘူးလို့ တစ်ချိန်က အရေးရမ်းခဲ့ကြတာတွေရှိတယ်။

ငယ်စဉ်အခါ သူတို့ရဲ့ မိဘနဲ့ ပတ်ဝန်းကျင်က သူတို့ကို Brain Wash လုပ်ထားတဲ့ အတိုင်း ဘုရားသခင်က ဖန်ဆင်းလို့ လူဖြစ်လာတယ်ဆိုတာကိုတော့ မျက်စိမှိတ်ပြီး သူတို့ယုံနိုင်ကြတယ်။

သူတို့အပြော

ဒါပေမယ့် အဘိဓမ္မာကို အမှန်တကယ် ထဲထဲဝင်ဝင် လေ့လာဖူးသူအချို့ ကျတော့လည်း မြတ်ဗုဒ္ဓရဲ့ ဉာဏ်တော် ကြီးကျယ်ပုံကို အံ့ချီးမကုန် ဖြစ်သွားကြတယ်။ လန်ဒန်ပါဠိအသင်း အတွင်းရေးမှူး Iggleden က ‘ဒါလောက် ကြီးကျယ် များပြားပြီး ရှေ့နောက် အစဉ် မဆန့်ကျင်ဘဲ ပြေပြစ်တဲ့ (အဘိဓမ္မာ) ကျမ်းစာတွေကို ဗုဒ္ဓရဲ့ ဉာဏ်တော်မှတစ်ပါး အခြားသူတွေ မဟောကြားနိုင် (Introductory Notes on the Abhidhammatthasangaha)’တဲ့။ ဂျာမန် ရဟန်းတော် ဘိက္ခုဉာဏပေါဏိက မထေရ်ကလည်း ‘အက္ခရာနဲ့ အနက်အဓိပ္ပာယ်ကိုခွဲခြမ်း စိတ်ဖြာရာမှာ အင်မတန် တော်ကြတဲ့ သာဝကတွေဟာ ဗုဒ္ဓလက်ထက်ကပင် ဓမ္မ (ဟောကြားချက်) တွေကို အဘိဓမ္မအသွင်နဲ့ အသေးစိတ် စီစဉ်ခဲ့ကြ တာကို အနုပဒသုတ် (မ၊၃၊၇၉)အရ သိနိုင်တယ်။ ...ဒါကြောင့် မြတ် ဗုဒ္ဓဟာ အဘိဓမ္မာနဲ့ ပတ်သက်တာတွေကို အရှင်သာရိပုတ္တရာလို အကျဉ်းမျှ ဟောပြောတာကို ဂမ္ဘီရဉာဏ်နဲ့ အကျယ်တဝင့် ချဲ့ထွင် နား လည်နိုင်တဲ့ ပုဂ္ဂိုလ်ကို လွှဲအပ်ခဲ့တယ်ဆိုတာဟာ အင်မတန် ဖြစ်နို်င်တယ် (Abhidhamma Studies, p. 25)’တဲ့။

ဘုရားဟော

‘အနီးနေတပည့်၊ အတူနေတပည့်တို့ကို အဘိဓမ္မာနှင့် ဝိနယကို သင်ကြားရန် စွမ်းနိုင်ရမည် (ဝိ၊၃၊၉၃)’လို့ ဥပဇ္ဈာယ်ပြုပြီး ရဟန်းခံပေး ခွင့်ရှိတဲ့ ရဟန်းရဲ့ အင်္ဂါရပ်ကို မြတ်ဗုဒ္ဓ သတ်မှတ်တယ်။ ကိုးကွယ်ခံ ပုဂ္ဂိုလ်တို့ ပြည့်စုံရမယ့် အင်္ဂါရပ် ဆယ်ပါးထဲက တစ်ခုကိုလည်း ‘ရဟန်းသည် ဓမ္မကိုမြတ်နိုး၏၊ နာလိုဖွယ်စကားကို ဆိုတတ်၏၊ အဘိဓမ္မာနှင့် ဝိနည်းတို့ကို ကျင့်သုံးခြင်းဖြင့် ထူးခြားစွာ ဝမ်းမြောက်၏ (ဒီ၊၃၊၂၂၂)’လို့ မြတ်ဗုဒ္ဓဟောတော်မူတယ်။

အရှင်ဥပါလိကို မြတ်ဗုဒ္ဓ မိန့်တဲ့ စကားက ‘သုတ္တန်၊ အဘိဓမ္မာ၊ ဝိနယပိဋက တစ်ခုလုံးနှင့် အင်္ဂါကိုးပါး ရှိတဲ့ ဗုဒ္ဓအဆုံးအမတို့သည် သင်၏ ဓမ္မသဘင်ဖြစ်၏ (အပဒါန၊၁၊၄၈)’တဲ့။ အဘိဓမ္မာဆိုတဲ့ စကား လုံးဟာ ပါဠိတော်မူရင်းကျမ်းတွေမှာ အဲဒီလိုတိုက်ရိုက်ပါတဲ့ အတွက် အဘိဓမ္မာကို ဘုရားဟောမဟုတ်ဘူးလို့ ဘယ်သူဆိုနိုင်အံ့နည်း

တရားစောင့်သူကို တရားက စောင့်၏

လောက၌ တရားကို မစောင့်မကျင့်ဘဲ တရားကိုကင်း၍ ချမ်းသာ တိုးပွားသော မည်သည် မရှိ။ လောက၌ မည်သည့် အရပ် ဆုတ် ယုတ်ပျက်စီးသည်ဆိုလျှင် ထိုအရပ်၌ ဧကန်တရားပျက်သည်။ အကြင်အရပ်၌ တိုးပွား ဖြစ်ထွန်းလျှင် ထိုအရပ်၌ ဧကန် တရားရှိ သည်။ ထိုအရပ်သူတို့ တရားကို စောင့်သည်ဟူ၍လည်း အမြဲ ယုံကြည်စိတ်ချရလိမ့်မည်။

(ရာဇဓမ္မသင်္ဂဟကျမ်း၊ စာ-၁၆၉)


၁၇၅။ ထီပေါက်ကုသိုလ်

အရှင်ဘုရား..ရိုသေစွာ မေးလျှေက်ထားပါ၏၊

အဘယ် ကုသိုလ်ကြောင့် လူအချို့ သိန်းဆုကြီး ပေါက်ကြပါသနည်း။ သိန်းဆု ပေါက်စေသည့် ကုသိုလ်ပြုနည်း ရှိလျှင် ညွှန်ပြပေးစေလိုပါ သည် အရှင်ဘုရား။

လဲ့လဲ့လှိုင်

---

ဓာတ်ဗူးမဲ

သာမဏေဘဝနဲ့ ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်မှာ နေစဉ် တစ်နှစ်မှာ စတုတ္ထစံကျောင်းဆရာတော်ကြီးက တစ်နှစ်တာ အတွင်း မိမိရရှိတဲ့ အလှူပစ္စည်းတွေကို သီတင်းကျွတ်ပြည့်နေ့မှာ တစ် တိုက်လုံးရှိသံဃာတွေကို မဲဖောက်လှူဒါန်းတယ်။ အဲဒီနှစ်က မဲတွေထဲ မှာ ဓာတ်ဗူးနှစ်လုံး ပါတယ်။ ဘုန်းကြီးက ဓာတ်ဗူး သိပ်လိုချင်နေတာ။ ဒါနဲ့ ဦးဇယန္တ ကိုယ်တော်က ဂုဏ်တော်ကွန်ချာကို ပုတီးစိတ်ရင် မဲပေါက်တယ်ဆိုလို့ နှစ်ည မအိပ်မနေ ကြိုးစားပြီး ပုတီးစိပ်တယ်။ လပြည့်နေ့ မဲဖောက်တဲ့ အခါ ဘုန်းကြီး မပေါက်ဘူး။ အဲဒါကို ခုပြန်တွေး ကြည့်တော့ ရယ်ချင်တယ်။ စိတ်ပိုင်းဘဝ အလုပ်ဆိုတာမျိုးက အဲဒီလို တစ်ခုခုကို လိုချင်မှ ချက်ခြင်းထလုပ်လို့ ရတာမျိုးမဟုတ်ဘူး။

အရင်းအနှီး

အကျိုးတစ်ခု ရဖို့ဆိုရင် နည်းများမဟူ အရင်းအနှီးတော့ စိုက်ရတာချည်းပဲ။ အောင်မြင် ကျော်ကြားမှုရဲ့ နောက်ကွယ်မှာ အချိန်၊ လုပ် ဆောင်ချက်၊ ကြိုးပမ်းမှုစတဲ့ အရင်းအနှီးတွေ အများကြီး လိုတယ်။ လုံးဝ ပြီးပြည့်စုံတဲ့ ဗုဒ္ဓအဖြစ်ကိုရဖို့ ဖြည့်ဆည်းရတဲ့ ပါရမီ အရင်းအနှီးက လူသာမန်တို့ လုပ်ဖို့ မလွယ်ဘူး။ အဲဒီလိုပဲ ထီကို တစ်ခါတည်းနဲ့ တစ်စောင်တည်း ထိုးပြီး ပေါက်သွားသူတွေမှာ ထူးခြား ပေါ်လွင်တဲ့ ယခင်ယခု အကြောင်းကံတွေနဲ့ ဖြောင့်မတ် ရိုးသားတဲ့ အခြေခံစိတ်ထား အရင်းအနှီးတွေ ရှိနေနိုင်ကောင်းပါတယ်

မဲကောင်းသူ

လေဏဂိရိ (ဂူတောင်)မှာ သီတင်းသုံးတဲ့ တိဿမထေရ်ငယ်ဟာ အလွန် မဲကောင်းသတဲ့။ အခါတစ်ပါး စေတိယတောင်မှာ ဂိရိဘဏ္ဍလို့ ခေါ်တဲ့ ဘုရားပူဇော်ပွဲ ကျင်းပချိန် အလှူပေးတဲ့ မဏ္ဍပ်ကို သွားပြီး ဘယ် ပစ္စည်းက အကောင်းဆုံးလဲမေးတော့ သင်္ကန်းလျာပိတ်စ နှစ်ခုက အကောင်းဆုံး ဖြစ်ကြောင်း သိရတဲ့ အခါ မထေရ်က ဒါတွေက ကျုပ် အတွက်ပဲလို့ ဆိုသတဲ့။ ဒီလို ပြောတာကို အမတ်တစ်ဦး ကြားမိလို့ ဘုရင်ကို အသိပေးတဲ့ အခါ ဘုရင်က ဒီပိတ်စနှစ်ခုကို မထေရ်ကြီးတွေ ကိုလှူမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် ရှေ့ကကြွတဲ့ မထေရ်ကြီးတွေကို မလှူမိဘဲ မထေရ်ငယ်ကိုပဲ လှူမိသတဲ့။ ဘုရင် မေးလျှောက်တဲ့ အခါ မိမိ ဖြည့်ဆည်းပြီးဖြစ်တဲ့ ကျင့်ဝတ်ထူးအကြောင်းကို မထေရ်ငယ်က မိန့် ကြားသတဲ့။ မဲကောင်းပေါက်တဲ့ အဲဒီကျင့်ဝတ်က..

သံဃာ့အလှူ

မိမိ ခြေသလုံးနဲ့ လှည့်လည် ဆွမ်းခံလို့ ရရှိတဲ့ မွန်မြတ်တဲ့ ဆွမ်းဘောဇဉ်ကို နာမကျန်းတဲ့ ရဟန်းသူနာပြု ရဟန်းအာဂန္တုခရီးသွား ရဟန်းတွေနဲ့ ပြုသစ်စ ရဟန်းတွေကို အရင် လှူတယ်။ ပြီးမှ မထေရ် ကြီးတွေကစပြီး ကြီးစဉ်ငယ်လိုက် သံဃာတွေကို အနည်းငယ် စတိ သဘောမျိုး မဟုတ်ဘဲ သူတို့ အလိုရှိသလောက် လှူဒါန်းတယ်။ ကျန် တာကိုမှ မိမိသုံးဆောင်တယ်။ သပိတ်ထဲမှာ ကုန်သွားရင် ဆွမ်းခံထပ် ထွက်ပြီး တစ်ဖန် သံဃာကို လှူဒါန်းပြီး အကျန်ကိုမှ ကိုယ်သုံးဆောင် ရတယ်။ ဒီကျင့်ဝတ်ဟာ ရင့်ကျင့်ပြီး သီလသိက္ခာကို ကျင့်သုံးနေတဲ့ ပတ်ဝန်းကျင်မှာပဲ အောင်မြင်နိုင်တယ်။ အလိုက်သိတဲ့ မထေရ်တွေက အကျင့်ရှင်ကုသိုလ်ရရုံ လိုအပ်သလောက်ပဲ အလှူခံပေးကြတယ်။

ဒီနည်းနဲ့ ၁၂ နှစ် ကျင့်ရတယ်။ ပြည့်မယ့်နေ့မှာ ပင်ပန်းစွာ ဆွမ်း ခံလှည့်ခဲ့ရပြီး သပိတ်ထဲမှာ ဆွမ်းမကျန်အောင် အလှူခံသွားကြတာကို တွေ့လို့ သဒ္ဓါတရားပျက်မိရင် အစကနေ ပြန်ကျင့်ရတယ်။ ဒီကျင့်ဝတ်ကို စာလို ‘သာရဏီယကျင့်ဝတ်’ (မ၊ဋ္ဌ၊၂၊၂၉၅)တဲ့။

ထူးခြားသူတွေ

လူတွေအနေနဲ့တော့ ဆွမ်းရပ် ကိုယ်တော်တွေကို မပျက်အောင် ဆွမ်း လောင်းတာစေတိယင်္ဂဏဝတ်ပြု (စေတီတံမြက်လှည်း)တာ၊ သံဃဝေ ယျာဝစ္စ ဆောင်ရွက်တာတွေကို ဒီကျင့်ဝတ်နဲ့ အလားတူ ယူနိုင်ခွင့် ရှိ ပါတယ်။ အချို့ဆိုရင် နှစ်ပေါင်း သုံးဆယ် တစ်နေ့မှ မပျက်ကွက်ဘဲ ဆွမ်းဝတ် ပြုကြတာတွေ ရှိတယ်။ ပန်းတနော်မြို့က ဦးအောင်ချစ်ဖေ ဒေါ်သောင်းကြည် မိသားစုဆိုရင် ရွှေဟင်္သာတောရကျောင်တိုက်မှာ နှစ် စဉ်မပျက် ဝါတွင်းကာလ တစ်လတိတိ သံဃာတွေကို ကိုယ်တိုင်ထင်း ခွဲ၊ ချက်ပြုတ်ပြီး ဆွမ်းဒါန ပြုလာတာ ဘုန်းကြီး ငယ်ငယ်က ဒီမိသား စုရဲ့ ၁၄ နှစ်ပြည့်အလှူနဲ့ ဆုံဖူးတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေမှာ ထူးခြားတဲ့ စွမ်းရည်တစ်မျိုး ရှိကောင်းရှိနေနိုင်ပါတယ်

ချားသမဲမပါ

ဒီလိုအကျင့်မျိုးကို ကျင့်သူဟာ ကိုယ်တိုင်လည်း အလိုရမ္မက် နည်းပြီး ကိုယ်ကျင့်သီလနဲ့ ပြည့်စုံရတယ်။ ပတ်ဝန်းကျင်လည်း သန့်ရတယ်။ ဒါ ကြောင့် အလိုလောဘ အရည်ရွှန်းနေတဲ့ ချားသမဲတွေ ဒီကျင့်ဝတ်ကို ကျင့်လို့ အောင်မြင်မှာမဟုတ်ဘူး။

နိဗ္ဗာန်

ရဟန္တာ ပုဂ္ဂိုလ်တို့အား စုတိကမ္မဇရုပ် ချုပ်သည်မှ နောက်၌ လူရဟန္တာ ဖြစ်ခဲ့လျှင် ဥတုဇအဋ္ဌကလာပ် ဓာတ်တော်စုမျှသာ အကြွင်းအကျန် ရှိ တော့သည်။ ထိုဥတုဇအဋ္ဌကလာပ် ဓာတ်တော်စုမှ တစ်ပါး ထိုရဟန္တာ တို့၏ သန္တာန်မှ နိဗ္ဗာန်သို့ ကူးတက်ယှက်နွယ်၍သွားသော တရားဟူ၍ တစ်စုံတစ်ခု အမြွက်လေးမျှ မရှိပြီဟု သိအပ်၏။ နတ်ရဟန္တာ ဗြဟ္မာ ရဟန္တာ ဖြစ်ခဲ့လျှင် ဥတုဇအဋ္ဌ ကလာပ် ဓာတ်တော်အစုမျှပင် အကြွင်း အကျန် မရှိပြီ။ စုတိကမ္မဇရုပ် ချုပ်ရာတွင် အကုန် ချုပ်ဆုံး ကွယ် ပျောက်လေ၏ဟုသိအပ်၏။

(နိဗ္ဗာနဒီပနီ၊ စာ-၇၃)။

၁၇၆။ ဗုဒ္ဓ်-ခရစ်စ်

ဇန်နဝါရီ ၁၀၊၂၀၁၁။

---

ဆရာတော် အရှင်မြတ်ဘုရား၊

တပည့်တော်သည် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အမျိုးသမီးကို လက်ထပ်မည် ဖြစ်ပါသည်။ တပည့်တော်မေးလျှောက်လိုသည်မှာ.. အိမ်မှာ ဗုဒ္ဓဆင်းတုတော် မရှိဘဲ ဘုရားဝတ်ပြုလို့ ရပါသလား။ ဆိတ်ငြိမ်ခန်း တစ်ခုကို ဝင်ပြီး ပုတီးစိပ်ရင် ဖြစ်နိုင်ပါသလား။ ဗုဒ္ဓဆင်းတုတော်မရှိဘဲ ဆွမ်းတော်၊ ပန်းတော်၊ သောက်တော် ရေချမ်း ကပ်လို့ ရပါသလား အမှားရှိလျှင် ခွင့်လွှတ်ပါဘုရား။ ကျေးဇူးတင်ပါသည်။

မလိ်ခ

---

ဆိုခွင့်ပြုပါ

ဗုဒ္ဓဝါဒီ (ဗုဒ္ဓကို ယုံကြည်သူ)ဖြစ်ဖို့ အိမ်မှာ ဘုရားကျောင်းတွေ ဗုဒ္ဓဆင်းတုတွေ ထားဖို့ မလိုပါဘူး။ ပုတီးစိပ်ဖို့၊ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်ဖို့လည်း ဗုဒ္ဓဆင်းတုမလိုပါဘူး။ ဗုဒ္ဓဝါဒက ကိုယ့်ကိုယ်ပဲ အားကိုးတဲ့ ဝါဒ ဖြစ်လို့ ကိုယ့်နှလုံးသားမှာ ဗုဒ္ဓရဲ့ အဆုံးအမ ရှိနေရင် ဘယ်သူ့ကိုပဲ လက်ထပ်ထပ် ရပါတယ်၊ ဖြစ်ပါတယ်။ မေးခွန်းရှင်လိုချင်တဲ့ အဖြေက ဒါပဲဖြစ်မယ်လို့ ထင်ပါတယ်။ မှန်ပါတယ်.. ဒါပေမယ့် ဒီအဖြေမျိုးက ဗုဒ္ဓ ဝါဒကို လေ့လာကျင့်သုံးနေတဲ့ နိုင်ငံခြားသားကို ဖြေရင်တော့ သင့်မြတ်တယ်။ ဗုဒ္ဓဝါဒီပါလို့ ဆိုတဲ့ ဗမာလူမျိုးတစ်ဦး အတွက်တော့ မပြည့်စုံ သေးဘူး။ မှားရင် ခွင့်လွှတ်ပါလို့ ဆိုတယ်နော်။ ကောင်းပြီ၊ ခွင့်လွှတ်ပါတယ်။ ဘုန်းကြီး ခွင့်လွှတ်ပြီးဖြစ်လို့ ဘုန်းကြီးရဲ့ အမြင်အရ ဆိုသင့်တယ်လို့ ယူဆတာလေးကိုတော့ ဖြည့်စွက်ခွင့်ပေးပါ။

တာဝန်

မေးခွန်းရှင်ဟာ ဗုဒ္ဓဘာသာ မဟုတ်သူနဲ့ အခု မညားရသေးဘူး။ ညား မယ်၊ လှုပ်ရှားနေပြီပေါ့။ ညားပြီးတာနဲ့ ကိုယ်ပိုင်အိမ်ရှိပြီးဖြစ်ရင် ကိုယ့် အိမ်မှာ ညားခါစဇနီး မကြိုက်လို့၊ သို့မဟုတ်ဇနီးကို မဆန့်ကျင်ရဲလို့ သို့မဟုတ် မဆန့်ကျင်ချင်လို့ ဘုရားကျောင်းဆောင်၊ ဘုရားဆင်းတု မထားတော့ဘူး၊ ပုတီးစိပ်ရင် တောင် Closet လိုချောင်ထဲဝင်ပြီး စိပ်ရ မယ့် အနေမျိုး ဖြစ်မနေဘူးလား။ မညားခင် ကတည်းက အဲဒါလောက် တောင် အလျှော့ပေးထားမှတော့ ညားပြီးရင် ဖြစ်လာမယ့် ကိုယ့်အနာ ဂတ်ကို ပြန်မစဉ်းစားသင့်ဘူးလား။ လူဆိုတာအမျိုးကို စောင့်ရတယ်။ အဲဒီ အမျိုးဆိုတာက ဗမာမှန်ရင် ဗုဒ္ဓဝါဒအခြေခံတဲ့ ယဉ်ကျေးမှုနဲ့ ကင်း လို့ မရဘူး။ အဲဒီ မျိုးချစ်စိတ်နဲ့ ပဲ ဘုန်းကြီးတို့ ကျွန်အဖြစ်က လွတ်ခဲ့ တာလေ။ ‘စောင့်လေမျိုးနွယ်’ဆိုတဲ့ အတိုင်း ဘဝပေးတာဝန်အရ ကိုယ် သာမက ကိုယ်တို့် ရရှိလာမယ့် ကိုယ့်ရင် သွေးလေးတွေ၊ ကိုယ့်မိဘ ဆွေမျိုး အသိုင်းအဝိုင်းကိုပါ ထည့်သွင်းပြီး မစဉ်းစားသင့်ဘူးလား။

ဒီဖက်က

ဒီကိစ္စမျိုးမှာ ဘုန်းကြီး မြင်ဖူး တွေ့ဖူးသမျှ များသောအားဖြင့် ဗုဒ္ဓဝါဒီ တွေဖက်က အင်မတန် သဘောထား ကြီးလေ့ရှိပါတယ်။ မှန်ပါတယ်၊ သဘောထား ကြီးလို့လည်း ကိုယ်ကိုယ်တိုင် ‘ပါ’ မသွားရင်တောင် ကိုယ့်သားသမီးတွေတော့ ‘ပါ’သွားကြတာ များပါတယ်။ ဗုဒ္ဓဘာသာက စည်းရုံးရေး ညံ့တာကိုးလို့ ဆိုနိုင်တယ်။ ဟုတ်တယ်၊ ညံ့ကြောင်း ဝန်ခံ ပါတယ်။ ဘာကြောင့်ဆို ကလေးတွေကို ငယ်ငယ်က ကိုယ့်ယုံကြည် မှုက လွဲရင် ကျန်တာတွေ အားလုံး အမှားဆိုတာမျိုး၊ ယုံကြည်မှု မတူ သူတွေရဲ့ဘုရားကျောင်းကိုသွားရင် ဘုရားသခင်က ဒဏ်ခတ်လိမ့်မယ် ဆိုတာမျိုးလုံးဝ Brain Wash မလုပ်လို့ ပါပဲ။ ဘုန်းကြီးကျောင်းကိုသွား ရင် သင်ရတာက သကလဝဋ္ဋ (အလုံးစုံသောသံသရာ ဝဋ်ဆင်းရဲ) နဲ့ ပဲ ပြီးသွားကြတာပဲ မဟုတ်ပါလား။ ဗုဒ္ဓဝါဒက စိတ်ကို ဆုံးမတဲ့ ဝါဒပါ။ အပျော်အပါး နည်းတယ်။ ပျင်းခြောက်ခြောက်ကြီး။ ဒါကြောင့်လည်း ခဲတစ်ပိဿာနဲ့ လဲတစ်ပိဿာလို ဖြစ်နေသလားမဆိုနိုင်။

ဟိုဖက်က

မကြာခင်က ဗုဒ္ဓဝါဒီမဟုတ်တဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျနေသူ တစ် ဦးဆီကရတဲ့ သတင်းအချက် အလက်ကြောင့် စပ်ဖျဉ်းဖျဉ်းဖီလင်လေး တစ်ခုရှိနေတယ်။ ဘာလဲဆိုရင် .. အဲဒီလူပြောပုံအရ သူ့မိန်းမကတော့ ယုံကြည် ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး ကိုယ်ကြိုက်ရာ ကိုယ်လုပ်ဖြစ်လို့ အိမ်မှာ ဗုဒ္ဓဆင်းတု ကိုးကွယ်တာ အိုကေပါတယ်တဲ့။ ဒါပေမယ့် တစ် ညမှာ သူ့မိန်းမဖက်က ဘာသာရေး ဆရာတွေကို အိမ်ကို ဖိတ်ပြီး ပါတီလုပ်သတဲ့။ ထုံးစံအတိုင်း သီဆိုကခုန်၊ သောက်စားမှုတွေ ပါတာပေါ့။ အဲဒီလူတွေ ဗုဒ္ဓဆင်းတုကို မြင်တော့ ဖယ်ပစ်ဖို့ သူ့မိန်းမနားကို ကပ်ပြောသတဲ့။ ဒါနဲ့ပဲ အိမ်က ဘုရားကျောင်းရော ဗုဒ္ဓဆင်းတုပါ ပြုတ်သွားရောလားလို့ ဘုန်းကြီးမေးတော့ မပြုတ်ပါဘူးတဲ့။

ပြုံးမိရဲ့

သူက ဆက်ပြောသေးတယ် .. သူ့သား (အသက် ၈ နှစ်)ကို ဗမာတွေ က မင်း ဘယ်ဘာသာလဲ မေးတော့ ဒီကောင်က ‘Buddha-Christ’ လို့ ဖြေသတဲ့။ ဘုန်းကြီး ပြုံးလိုက်မိပါတယ်။ ဒီတော့ အလွန် လျှော့လျှော့ ပေါ့ပေါ့နဲ့ တစ်နည်းဆိုရင် နားလည်ပေးခြင်းနဲ့ ပြောရရင် ကိုယ်လည်း အနည်းဆုံး ‘ဗုဒ္ဓ်-ခရစ်စ်’တော့မဖြစ်သင့်ပေဘူးလား။

---

၁၇၇။ နားလည်မှု မှန်စေ

ဇန်နဝါရီ ၁၄၊၂၀၁၁။

---

အရှင်ဘုရား၊

အရှင်ဘုရား ဓမ္မအမေးအဖြေ အမှတ် ၁၈၄ (ဤ ကျမ်း၊ စာ-၆၀၁)အရ မွေးရာပါ အရိယာများ ရှိနိုင်သည်ဟု နားလည်မိပါသည်။ သစ္စာလေးပါး တရားကို မကျင့်ကြံဘဲ အရင် ဘဝပါရမီနှင့် မွေးကတည်းက အလိုအလျောက် အရိယာသူတော်စင် ဖြစ်လာသည်ဆိုလျှင် ဘုရားဟောနှင့် မညီဟု ထင်ပါသည်။ အဖြေအမှတ် ၁၆၁ (ဤကျမ်း၊ စာ-၅၅၃) တွင် ဧကဗီဇိ သောတာပန်သည် တစ်ဘဝသာ ဇာတိဖြစ်တော့သည် ဆိုလျှင် သုံးဘဝမျှ ကျန်သော သကဒါဂါမ်ထက်ကျန်သော ဇာတိဘဝ ပိုနည်းနေ၍ ရှင်းလင်းခြင်း မရှိပါ။ စေတနာရှေ့ထားပြီးထပ်မံ ရှင်းလင်းပေးရန် တောင်းပန်ပါသည်။

Meow Meow

---

နားလည်မှု မမှန်

ဝိသာခါနှင့် အနာထပိဏ်တို့ ကွယ်လွန်ပြီးနောက် သောတာပန် နတ်သား ဖြစ်တယ်ဆိုတာ ကျမ်းဂန်ထွက်ပဲ (ကျမ်းကိုးကို အဲဒီအဖြေမှာ ပြပြီးသား)။ သုဒ္ဓါဝါသဆိုတာ အနာဂါမ်တွေ ပြန်မွေးဖွားတဲ့ ဘုံပဲ။ အနော်မာ သောင်ကမ်းမှာ မင်းသိဒ္ဓတ်ကို သင်္ကန်းလာကပ်တဲ့ ဃဋိကာရ ဗြဟ္မာ ဟာအနာဂါမ်ပဲ။ ဒါပေမယ့် ‘မွေးရာပါအရိယာများ ရှိနိုင်သည်ဟုနား လည်မိသည်’လို့ အားလုံးကို သိမ်းကျုံးပြီး ဆိုရင် အဲဒီနားလည်မှု မမှန်ဘူး။ ဘုန်းကြီးလည်း အဲဒီ အဓိပ္ပာယ်မျိုးနဲ့ မဖြေဖူးဘူး။ ဘာကြောင့်ဆို ရဟန္တာ အရိယာအဖြစ် ပြန်မွေးတာ မရှိလို့ ပါပဲ။

မွေးရာပါ သောတာပန်

သောတာပန်တွေ ကွယ်လွန်ရင် ဒီလူ့ပြည်မှာ ပြန်မွေးခွင့်ရှိလို့ မွေးရာပါ သောတာပန် (လူသား) ရှိမရှိ ဆိုတာကိုတော့ ဘုန်းကြီး ကျမ်းဂန်မှာ မတွေ့ဖူးသေးဘူး။ ဒါပေမယ့် .. ခုနစ်နှစ်အရွယ် ရဟန္တာတွေဟာ မွေးရာပါ သောတာပန် မဟုတ်ရင်တောင် အနည်းဆုံး မွေးရာပါ စူဠသော တာပန်အဆင့် (သောတာပတ္တိမဂ်ကို မရသေးလို့ သောတာပန်အရိယာ မဖြစ်သေးဘူး) ရှိနိုင်တယ်။ ယနေ့ခေတ် ဤလူ့ပြည်မှာ ငယ်ငယ်ကပင် ငါးပါးသီလ မြဲပြီး ကြီးတော့တည်း တရားဘာဝနာနဲ့ (ဟန်ဆောင် ပန်ဆောင် မဟုတ်ဘဲ) တကယ် ပျော်မွေ့သွားသူတွေ (လူအဖြစ်၊ ရဟန်း အဖြစ်နဲ့)ရှိတာကို ဘုန်းကြီး တွေ့ဖူးတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ မွေးရာ ပါ သောတာပန် (အရိယာ) ဖြစ်ချင် ဖြစ်နေမလား၊ စူဠသောတာပန် အဆင့်နဲ့ မွေးလာတယ်လို့ ဆိုနိုင်လေမလားလို့ ၁၈၄ အဖြေမှာ ဘုန်း ကြီးတွေးပြခဲ့တာပါ။

ဒီလိုပြင်မှတ်

‘သုံးဘဝမျှ ကျန်သော သကဒါဂါမ်’လို့ ဆိုတယ်နော်။ အဲဒီ အဆိုကို ဘယ်က ရသလဲ။ အဲဒီအဆို မမှန်ဘူး။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (ဝိသုဒ္ဓိ၊ဋီ၊၂၊၅၃၁)ရဲ့အာဘော်အရ သကဒါဂါမ် အနာဂါမ်အဖြစ်နဲ့ ကာမသုဂတိ ၇ ဘုံ ကလွဲရင် ကျန်တဲ့ ရူပအရူပဘုံတွေမှာ ဘဝများစွာ ဖြစ်နို်င်သေးတယ်။ သောတာပန် ခုနစ်ဘဝ ဆိုတာလည်း လူဖြစ်လိုက် နတ်ဖြစ်လိုက် (မိဿကဘဝ) မဟုတ်ဘဲ လူ့ဘုံတွင်သာ နတ်ဘုံတွင်သာ သောတာပန် အဖြစ်နဲ့ ဆိုရင် ဘဝမဆုံးသရွေ့ ပြန်ဖြစ်နိုင်သတဲ့ (ပရမတ္ထသရူပဘေဒနီ ၂၊၆၄၇)။ ဘဝဇာတ်ဆုံးခန်းတိုင်ဖို့အတွက်တော့ အထက်မဂ်အထက် ဖိုလ်အဆင့်ကိုရအောင်အားထုတ်ရအုံးမယ်လို့ အမှန်ပြင်မှတ်ပါ။

ခြားနားခြင်း

ဧကဗီဇိ သောတာပန်ဆိုတာကာမသုဂတိရဘုံကိုတစ်ကြိမ်သာလာ သူ၊ သကဒါဂါမ် ဆိုတာလည်း ဒီကာမသုဂတိ ၇ ဘုံကို တစ်ကြိမ်သာ လာဖွယ်ရှိသူ။ (တစ်ဘဝပဲ မွေးတော့မယ့်သူလို့ မဆိုဘူးနော်။) သကဒါ ဂါမ်ဟာ သောတာပန် အဆင့်တုန်းက ပယ်ပြီးတဲ့ ကိလေသာ (ဒိဋ္ဌိနှင့် ဝိစိကိစာ) မှတစ်ပါး ဘယ်ကိလေသာကိုမှ အမြစ်ပြတ် မပယ်နိုင်ပေ မယ့် ကျန်နေတဲ့ ကိလေသာတွေကို ခေါင်းပါး (နည်းပါး၊ ပါးသွား) အောင် လုပ်ပစ်တယ်။ ဧကဗီဇိပုဂ္ဂိုလ်က သောတာပန် အဆင့်မျှဖြစ်လို့ သူပယ်ပြီးတဲ့ ကိလေသာကလွဲရင် ကျန်ကိလေသာတွေဟာ သကဒါ ဂါမ်ထက်ပိုများတယ်လို့ အဲဒီပုဂ္ဂိုလ်နှစ်မျိုးရဲ့စွမ်းရည်ခြားနားချက်ကို မှတ်သင့်တယ်။

အဖြေနှစ်ခုကို သေသေချာ ပြန်ဖတ်ကြည့်သင့်ကြောင်း အကြံပြုပါတယ်။ ကျေးဇူးတင်ပါတယ်။

---

၁၇၈။ နတ်သာဓုခေါ်တဲ့ ဂါထာ

အရှင်ဘုရား၊

ဘုရားရှင်က မထေရ်အိုကြီးကို ဟောကြားသော တစ်ပုဒ်သော ဂါထာ တော်ရဲ့ဘာသာပြန်ကိုဖြေကြားပေးတော်မူပါ အရှင်ဘုရား။

အဓိစေတသော အပ္ပမဇ္ဇတော၊
မုနိနော မောနပထေသု သိက္ခတော။
သောကာန ဘဝန္တိ တာဒိနော၊
ဥပသန္တဿ သဒါ သတီမတော။

မထေရ်အိုကြီးမှာ ထိုဂါထာတော်ကို အဖန်ဖန် ဆင်ခြင်ရင်း တော ထဲတွင် တစ်ပါးတည်း ရဟန္တာ ဖြစ်သွားကြောင်း ကြားဖူးပါသည်။ ထိုဂါ ထာတော်ကို နတ်ဒေဝါတို့က ပဲ့တင်သံဖြင့် ဟိန်းနေအောင် သာဓုခေါ်ကြ ပါသည်။ တပည့်တော်မသည် အရှင်ဘုရား၏ အဖြေကို ကြားနာလိုပါ သည် အရှင်ဘုရား။

ကဲကဲ

---

ဧကုဒါန

မထေရ်အိုရဲ့ဘွဲ့က ဧကုဒါနတဲ့။ မြတ်ဗုဒ္ဓက အရှင်သာရိပုတ္တရာ မထေရ် ကြီး အရဟတ္တဖိုလ်သမာဓိနဲ့ သီတင်းသုံးနေတာကို အကြောင်းပြုပြီး ဖော်ပြပါ ‘အဓိစေတသော’ဂါထာ (ပါဠိကဗျာ)ကို ရွတ်ဆိုပြီး ဥဒါန်းကျူး သံကိုကြားလိုက်ရဆဲ ခဏမထေရ်အိုရဲ့ နှလုံးသားမှာ အဲဒီဥဒါန်း ဂါထာကို ထူးထူးခြားခြား ခံစားသွားမိတဲ့ အတွက် တောမှာ တစ်ပါးတည်း တရား အားထုတ်ရင်း အဲဒီဂါထာကိုပဲ ဥဒါန်းကျူး ရွတ်ဆိုလေ့ရှိသတဲ့။ သမာဓိရင့်ကျင့်ပြီး ဝိပဿနာပွားလို့ ရဟန္တာဖြစ်သွားတဲ့ နောက်မှာလည်း တပည့်တွေကို ဒီဂါထာနဲ့ပဲ ဩဝါဒ ချွေတတ်ရာကနေ ဧကုဒါန (ဥဒါန်း ဂါထာတစ်ပုဒ်တည်းကို ရွတ်တဲ့ အရှင်မြတ်)လို့ အမည်တွင်သွား ခဲ့သတဲ့ (ထေရ၊ဋ္ဌ၊၁၊၁၉၁။) ဒီလိုဖြစ်ရတာကလည်း အရှင်မြတ်မှာ အဲဒီဂါထာ ပုဒ်နဲ့ ပတ်သက်ဖူးတဲ့ ပဋ္ဌာန်းဆက်ရှိခဲ့တာကိုး။ ရှိခဲ့ပုံကဒီလို..

နတ်စစ်သူကြီး

အရှင်မြတ်လောင်းလျာဟာ အတ္ထဒဿီဘွဲ့တော်ရှိတဲ့ ဘုရားရှင်လက် ထက်မှာ နတ်စစ်သူကြီး ဖြစ်ခဲ့သတဲ့။ အဲဒီဘုရားရှင် ပရိနိဗ္ဗာန်စံတဲ့ အခါ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကုသိုလ် မပြုလိုက်မိတာကို နောင် တရပြီး ဘုရားရှင်ရဲ့ ဓာတ်တော်ကို ဌာပနာထားတဲ့ စေတီတော်ကို ငါးနှစ်ပတ်လုံး ပူဇော်ဝတ်ပြုတယ်။ ဒီကုသိုလ် ရိက္ခာထုပ်နဲ့ သံသရာ ခရီးသွားခဲ့ပြီး ဤကမ္ဘာမှာကဿပဘုရားနဲ့ ဆုံခွင့်ရခဲ့တယ်။ ကဿပ ဘုရားရှင်က တပည့်တွေကို ‘အဓိစေတသော’ဂါထာတော်နဲ့ ဩဝါဒပေး သံကို ကြားနာရတဲ့ အခါ သဒ္ဓါတရား ပြင်းပြသွားပြီး ကိုယ်တိုင် ရဟန်း ပြုရင်း အသက်ထက်ဆုံးဓမ္မနဲ့ နေခဲ့တယ်။

ဂေါတမဗုဒ္ဓ လက်ထက် ရောက်တော့ သာဝတ္ထိမြို့မှာ လူပြန်ဖြစ်တယ်။ မြတ်ဗုဒ္ဓ ဇေတဝန်ကျောင်းတိုက်ကို အလှူခံတဲ့ နေ့မှာ ဗုဒ္ဓရဲ့ဘုန်း သမ္ဘာကို ကြည်ညိုပြီး ရဟန်းပြု၊ ကမဋ္ဌာန်းနည်း ရယူပြီး တောမှာ တရားကျင့်နေရင်း ဗုဒ္ဓကို ဖူးမြော်ဖို့ ဇေတဝန်ကျောင်းသို့ ရောက်သွား ခိုက် မြတ်ဗုဒ္ဓရဲ့ အဲဒီဂါထာနဲ့ ဥဒါန်းကျူးသံကို ကြားရတဲ့ အခါ ဘဝ ဟောင်းက ကြားနာဖူးတဲ့ ပါရမီအရှိန်နဲ့ အဲဒီဂါထာရဲ့ အဓိပ္ပာယ်ကို အထူးစွဲငြိသွားခဲ့တာ။

နတ်သာဓုခေါ်

တောထဲမှာ တစ်ပါးတည်း သီတင်းသုံးရင်း ဥပုသ်နေ့တွေမှာ ကိုယ်တိုင် တရားဟောမယ်လို့ ကြေညာပြီး ဒီဂါထာကိုပဲ ထပ်ခါထပ်ခါ ဟောကြား ရာမှာနတ်တွေ တရားနာပြီး သာဓုခေါ်ကြသတဲ့။ တစ်နေ့မထေရ်မြတ် သီတင်းသုံးတဲ့ တောကို ပိဋကတ်သုံးပုံဆောင် မထေရ်နှစ်ပါး နောက်ပါ တပည့်တွေနဲ့ အတူ ကြွလာတယ်။ အရှင်မြတ် တောင်းပန်လို့ တိပိဋက မထေရ်တွေ သုတ္တန်များစွာနဲ့ တရားဟောပေမယ့် နတ်တွေသာဓုမခေါ် ကြဘဲ အရှင်မြတ်ကဒီဂါထာကို ဟောမှ နတ်သာဓုသံ ကြားရသတဲ့။

ဒါလောက် များများ ဟောတာတောင် နတ်တွေ သာဓုမခေါ်ဘဲ ဒီ မထေရ်အို ဟောတဲ့ ဂါထာလေး တစ်ပိုဒ်ကိုတော့နတ်တွေ သာဓုခေါ်ရ သလဲလို့ တိပိဋကနှစ်ပါးရဲ့ တပည့်တွေက ဗုဒ္ဓကို မေးလျှောက်ကြတဲ့ အခါ ဗုဒ္ဓ ‘ဘယ်လောက်ပဲ စာပေကိုသင်ယူ တတ်ကျွမ်းထားစေကာမူ တရားရှိသူ မဟုတ်သေးဘူး၊ တစ်ဂါထာလောက်ပဲ သင်ယူထားပြီး သစ္စာကို ထိုးထွင်းသိရင် အဲဒီပုဂ္ဂိုလ်ကိုပဲ တရားရှိသူလို့ ဆိုရကြောင်း’ မိန့်တော်မူပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၂၄)။

နောက်တစ်ပါး

ဗုဒ္ဓရှင်တော်မြတ် ဆေးဆရာကြီး ဇီဝကအိမ်ကို ဆွမ်းစားကြွနေစဉ် တရားအားထုတ်ပြီး ကျောင်းမှာ ကျန်နေခဲ့တဲ့ ရဟန္တာဖြစ်လုဆဲ အရှင် စူဠပန္ထကမထေရ်ကို အားပေးတဲ့ အနေနဲ့လည်း ဒီဂါထာကို မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တယ် (ပဋိသံ၊ဋ္ဌ၊၂၊၂၈၈)။ နောက်တော့ အရှင် စူဠပန်လည်း ‘အဓီစေတသော’ဂါထာ ခရေဇီပုဂ္ဂိုလ်ဖြစ်သွားပုံရတယ်။

အရှင်မြတ်ဟာ ဘိက္ခုနီတွေကို ဩဝါဒပေးတိုင်း ဒီဂါထာ တစ်ပုဒ် ကိုပဲ အသုံးပြုသတဲ့။ ဒါနဲ့ အရှင်စူဠပန် ဩဝါဒပေးလှည့် တစ်နေ့မှာ ဘိက္ခုနီမတွေအချင်းချင်း ‘အရှင်စူဠပန်ကတော့ရွတ်နေကျ ဂါထာကိုပဲ ရွတ်အုံးမှာပဲ၊ ဘာမှလည်း ထူးမှာမဟုတ်ပါဘူး’လို့ ပြောဆိုသံကို ကြားတဲ့အခါ အရှင်မြတ်ရဲ့ တရားဟောလိုစိတ် နိုးကြွသွားပြီး သုတ္တန်များစွာကို ဟောပစ်လိုက်ရာမှာ အချိန်အနည်းငယ် လင့်သွားတဲ့ အတွက် မြို့တံခါး ပိတ်ခါနီးကျမှ ကျောင်းပြန်ကြရလို့ ဘိက္ခုနီမတွေကို လူတွေ ကဲ့ရဲ့တာနဲ့ မိုးချုပ်တဲ့အထိ ဩဝါဒ မပေးဖို့ ဗုဒ္ဓက သိက္ခာပုဒ် ပညတ် တော်မူရတယ် (ဝိ၊၂၊၇၈)။

နိဿယ

အဓိစေတသော၊ စိတ်အားလုံးထက် လွန်သော အရဟတ္တဖိုလ်စိတ် (အဓိစိတ္တ)နှင့် ပြည့်စုံပေသော။ အပ္ပမဇ္ဇတော၊ သစ္စာလေးရပ် တရား မြတ်ကိုတပ်အပ်သိကြောင်း ကောင်းသောအလုပ် (အဓိသီလ)တို့၌ မေ့လျော့ ပေါ့ဆခြင်း မရှိပေသော။ မောနပထေသု၊ အရဟတ္တဖိုလ်ဉာဏ် ဟုဆိုအပ်သော မောန၏အကြောင်း ဗောဓိပက္ခိယတရား (အဓိပညာ) တို့၌။ သိက္ခတော၊ ကျင့်သုံးပြီးဖြစ်ပေသော။

ဥပသန္တဿ၊ ရာဂစသည်မှ ကင်းငြိမ်းပြီး ဖြစ်၍ ငြိမ်သက်သော ကိုယ်စိတ်ရှိပေသော။ သဒါ၊ အခါခပ်သိမ်း။ သတီမတော၊ ဝီရိယဓာတ် လွန်ကဲလတ်၍ အမှတ်သတိ မပြတ်မလပ် ရှိပေသော။ တာဒိနော၊ ဆို ပြီးထိုဂုဏ်အလုံးစုံနှင့်ကုံလုံပြည့်ဝပေသော။

မုနိနော၊ အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်အား။ သောကာ၊ နှစ် သက်အပ်သော အရာနှင့် ကင်းကွာရခြင်း စသော အကြောင်းကြောင့် ဖြစ်ရသော စိတ်၏ အနှောင့်အယှက် ပူဆွေးသောကတို့သည်။ န ဘဝန္တိ၊ မဖြစ်ကြကုန်။

မြန်မာပြန်

စိတ်အားလုံးတို့ထက် လွန်သော အရဟတ္တဖိုလ်စိတ်နှင့် ပြည့်စုံသူ၊ မမေ့မလျော့သူ၊ အရဟတ္တဖိုဉာဏ်ဟုဆိုအပ်သောမောန၏ အကြောင်း ဗောဓိပက္ခိယတရားတို့၌ကျင့်သုံးပြီးသူ၊ ငြိမ်သက်သောကိုယ်စိတ်ရှိသူ၊ အခါခပ်သိမ်း သတိရှိသူ၊ တာဒိဂုဏ်နှင့် ပြည့်စုံသူ ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်မှု သောကတို့မဖြစ်ကုန်။ (ထေရဂါထာ-မြန်၊ စာ- ၁၇)။

---

၁၇၉။ မာရ်နတ် မိုက်သေးလား

မဟာယာနကျမ်းလာအရ အရှင်ဥပဂုတ်မထေရ်က ဆုံးမလိုက်မှုကြောင့် မာရ်နတ်သည် ဗုဒ္ဓဝါဒီဖြစ်သွားကြောင်း၊ မာရ်နတ်သည် ဘုရားလောင်း ဖြစ်ကြောင်း အရှင်ဘုရား၏ အရှင်ဥပဂုတ်နှင့် ပတ်သက်သော အဖြေ တွင် ဖတ်ရှုရပါသည်။ စွန်းလွန်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိ (စာ၄၉)တွင်မာရ်နတ်ကို သူတော်ကောင်းကြီးအဖြစ် ဖတ်ရှုရပါသည်။ သို့ ဖြစ်မူ မာနတ်သည် ယခုအခါ သူတော်ကောင်း ဖြစ်နေပြီးလား၊ လူမိုက်ပဲ ဖြစ်နေသေးသလား ဟူသည်ကို သိလိုပါသည် အရှင်ဘုရား။

Boneless

---

မိုက်ပြစ်

အဇာတသတ်မင်းကိုအဖေသတ်တဲ့ လူမိုက်လို့ ပဲအများသိကြတယ်။ ဒါ ပေမယ့် နောင်အခါ မိမိအမှားကို ပြင်လို့ ဘုရားကို ကြည်ညိုသွားခဲ့တယ်။ ပုထုဇဉ်အဖြစ်နဲ့ ဗုဒ္ဓကို ကြည်ညိုတဲ့ အထဲမှာ အဇာတသတ်ကို ဘယ်သူမှမမီတဲ့ အပြင်နောင်အခါ ဝိဇိတာဝီ ဘွဲ့အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓ ဖြစ်မယ်လို့ ဆိုတယ် (ဒီ၊ဋ္ဌ၊၁၊၂၁၂)။ ဒေဝဒတ်ကိုလည်း လူမိုက်ကြီး လို့ ပဲ သိကြတယ်။ အမှန်ကဒေဝဒတ်ဟာ သူ့ဘဝ ဆုံးခါနီးမှာ အမှားကို ဝန်ခံပြီး ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သွားတဲ့ အတွက် ငရဲက လွတ်ပြီးရင် တစ်ချိန်မှာ အဋ္ဌိဿရ အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်မယ် (မိလိန္ဒ၊၁၁၈။ ဓမ္မပဒ၊ဋ္ဌ၊၁၊၉၅။)

ရဟန္တာ အရှင်အင်္ဂုလိမာလ ဆွမ်းခံထွက်စမှာ ခဲနဲ့ပေါက်ခံရသလို မိုက်စဉ်က မမှန်ကန်တဲ့ သူတို့ရဲ့ လုပ်ဆောင်ချက် မိုက်ပြစ်တွေ လူ အများရဲ့ နှလုံးသားမှာ စွဲကျန်နေတာကြောင့် အဲဒီပုဂ္ဂိုလ်တွေနဲ့ ပတ် သက်ရင် လူတွေက မကောင်းဘူးလို့ပဲ အထင် မြဲနေကြတာ။

သူတော်စစ်

လောကမှာ အတွင်းစိတ်က မှားမှန်းသိလျက်နဲ့ မျက်စိကို စုံမှိတ်ပြီး ကိုယ်မှန်သယောင် ဟန်ဆောင်နေကြတဲ့ သူတော်ကြောင်တွေနဲ့ စာရင် အဇာတသတ်၊ ဒေဝဒတ်တို့လို ပုဂ္ဂိုလ်တွေက ပိုပြီး လေးစားစရာပါပဲ။ မာရ်နတ်ကော ဘာလဲ..

ပြောင်းလဲခြင်း

ဘုန်းကြီးတို့ ယုံကြည်တဲ့ ထေရဝါဒကျမ်းဂန် အရကတော့ မာရ်နတ်ဟာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူချိန်ထိ မိုက်တုန်းပဲ။ မာရ်နတ် ဗုဒ္ဓဝါဒီ ဖြစ်သွားတယ်ဆိုတာ မဟာယာနကျမ်းရဲ့ အဆိုဖြစ်လို့ တစ်နည်း ဗုဒ္ဓ ဝါဒ ဂိုဏ်းကွဲတစ်ခုရဲ့ ယုံကြည်မှု ဖြစ်လို့ ဘုန်းကြီးအနေနဲ့ အမှားအမှန် မဆုံးဖြတ်နိုင်ဘူး။ စွန်းလွန်းဆရာတော် ဆိုတာလည်း ပဋိပတ္တိ သာသနာဝင်မှာ အင်မတန်ထင်ရှားလို့ ဆရာတော်ကြီးမိန့်တဲ့ စကားကလည်း လေးနက်ပါတယ်။ ဒီတော့ မာရ်နတ်ကြီး ခုနေအခါမှာ ဗုဒ္ဓဝါဒီ သူတော်ကောင်း ဖြစ်နေပြီလို့ပဲ ဆိုရန် ရှိလေမလား။ ဆုံးစမထင်တဲ့ စကြဝဠာ ကြီးတောင်ပြောင်းလဲ ရွေ့လျားနေသေးတာပဲ။ စကြဝဠာထဲက အမှုန် အမွှားလေးမျှဖြစ်တဲ့ မာရ်နတ်လို သတ္တဝါတစ်ဦးလည်း ပြောင်းလဲသွား နိုင်တာပဲ။ တစ်သက်လုံး မိုက်မနေတန်ရာပါဘူး။

လျှောက်ကြည့်ပါ

ယနေ့ခေတ်မှာ ပဋိပတ္တိကို ကျင့်သုံးမှု အင်မတန် ထွန်းကားပါတယ်။ တရားထူးရနေတဲ့ သူတော်ကောင်း မထေရ်ကြီးတွေ ရှိပါတယ်။ ကံကောင်းလို့ အဲဒီလို မထေရ်ကြီးတွေနဲ့ ဆုံတွေ့ခွင့် ရတဲ့ အခါ မာရ်နတ်ဟာ အလင်းလား အမိုက်လား ဆိုတာ မေးလျှောက်ကြည့်ဖို့ မမေ့ပါလေနဲ့ လို့ ပဲအကြံပြုပါရစေ။

---

၁၈၀။ သားကြောဖြတ်ခြင်း

ဇန်နဝါရီ ၂၆၊၂၀၁၁။

---

အရှင်ဘုရား၊

ကလေးမယူချင်လို့ သားကြောဖြတ်တာ ငရဲကြီးပါသလား၊ မည်သို့သော အပြစ်များရှိပါသလဲ သိချင်ပါသည်။ ဖြေကြားပေးပါ အရှင်ဘုရား။

Burmese

---

‘သားကြောဖြတ်’ဆိုတာကို ဘုန်းကြီးအတိအကျ နားမလည်ပါ။ ဒီလို ပါ.. အမျိုးသမီးလား၊ အမျိုးသားလား၊ နှစ်ဦးလုံးလားဆိုတာနဲ့ ဘာကို ဘယ်လိုလုပ်ပစ်တယ် ဆိုတာကိုမသိပါ။ ကိစ္စမရှိ။ ဒီလိုတော့ဆိုနိုင်မယ် ထင်တယ်။ မိဘလောင်းတို့ သံဝါသပြုရာမှ အောင်မြင်တဲ့ ဖိုမျိုးဥ (Spermatozoa)နှင့် မမျိုးဥ (Ova)တို့ မိခင်လောင်းရဲ့ သားအိမ်ကြော (Fallopian Tube)အတွင်းမှာ ပေါင်းစပ်မှု မဖြစ်အောင်လုပ်တာလို့ တော့ ဆိုနိုင်မယ်ထင်တယ်။ အဲဒီလိုဆိုနိုင်ရင် ..

ဗုဒ္ဓဝါဒအလို ပဋိသန္ဓေတည်တာနဲ့ တစ်ပြိုင်နဲ့ ရုပ်နာမ်နှစ်မျိုးလုံး ဖြစ်နေပြီ သို့မဟုတ် အသက်ဝင်နေပြီလို့ ဆိုပါတယ်။ ဒါကြောင့် အောင် မြင်တဲ့ မျိုးဥနှစ်ခုပေါင်းစပ်လို့ သန္ဓေဦးစဖြစ်တာနဲ့ သက်ရှိလူသားဖြစ် နေပြီ။ အဲဒါကို ဖျက်ဆီးရင် လူသတ်တယ်လို့ ဆိုတယ်။ ဒါကြောင့် မျိုး အောင်ဥနှစ်ခုပေါင်းစပ်ပြီးတာနဲ့ မဖျက်ဆီးကောင်းတော့ဘူး။

ဒါပေမယ့် အဖရဲ့မျိုးဥ၊ သို့မဟုတ် အမိရဲ့မျိုးဥ သက်သက်ကိုတော့ သွေးသားထဲက ဇီဝသဘောရှိတဲ့ ဆဲလ်တွေလို့ပဲ ယူဆတယ်။ သက်ရှိ လို့ မယူဆဘူး။ ဒါကြောင့် အဲဒီ မျိုးဥနှစ်ခုကို မိခင်လောင်းနဲ့ ဖခင် လောင်းတို့က ကိုယ့်ဟာကိုယ် မအောင်မြင်အောင် လုပ်ထားရင်၊ သို့မဟုတ် မျိုးအောင်ဥတွေ မဆုံစည်းစေနိုင်တဲ့ ဆေးကို သုံးစွဲထားရင်၊ သို့ မဟုတ်မျိုးဥနှစ်ခု မဆုံစည်းနိုင်အောင် ခေတ်နည်းနဲ့ ကာကွယ်ထားရင် ဗုဒ္ဓတရားတော်အရ အပြစ်မရှိနိုင်ဘူးလို့ ဘုန်းကြီးယူဆတယ်။

ပညာရှိ ဆရာတော်တွေနဲ့ ဆုံရင် ပြန်မေးကြည့်ပါ။ မေးခွန်းအမှတ် ၃၅ ရဲ့အဖြေ (ဤကျမ်း၊ စာ-၁၂၆)ကိုလည်းဖတ်ကြည့်သင့်တယ်။

---

၁၈၁။ ကြည်ညိုစိတ်ရှိလို့

အရှင်ဘုရား၊

အလုပ်ရုံးခန်းအတွင်း တရားခွေ ဖွင့်ထားပြီး အလုပ်လုပ်ရင်း တရား နာပါက တရားကို မလေးစားရာ ရောက်ပါသလား။ ညအိပ်ချိန်တွင် တရားခွေဖွင့်ပြီး ဝင်လေထွက်လေမှတ်ရင်း အိပ်ပျော်သွားတတ်ပါသည် ဘုရား။ ထိုသို့ အိပ်ပျော်သွားခြင်းမှာ မကောင်းသည့် အတွေးများဖြင့် အိပ်ပျော်သွားတာထက် ကောင်းသည်ဟု ထင်ပါသည်။ သို့ရာတွင် ဆရာတော်တစ်ပါး ဟောသည့်တရားတွင် တရားခွေဖွင့်ပြီး အိပ်ခြင်းမှာ တရားကို မလေးစားရာကျသည်ဟု ဆိုပါသည်။ သို့ဖြစ်၍ တရားခွေဖွင့်ပြီး ဆက်အိပ်သင့် မအိပ်သင့် ဖြေကြားပေးစေလိုပါသည်ဘုရား။

နှင်းနှင်း

---

ဟန်ဆောင်

ကမ္ဘာအေးမှာ နေတုန်းက ကြံရည်ဆိုင်မှာ အရက်ရောင်းတယ်လို့ မထင်အောင် ညနေရောက်ရင် ကြာနီကန် တရားခွေ ဖွင့်ထားတာကို ကြုံဖူးတယ်။ အခန်းထဲမှာ မဟုတ်တာ လုပ်နေတာကို ဖုံးကွယ်ဖို့ တရားခွေ ဖွင့်ထားတာကိုလည်း ကြားဖူးတယ်။ ကိုယ့်ကို ဘေးကလူ အထင်ကြီးအောင် ချီးမွမ်းစကား ဆိုအောင်လို့ ဘာသာရေး လုပ်ပြတဲ့ အနေနဲ့ တရားနာပြမျိုးလည်း ရှိနိုင်တာပဲ။

အဲဒါမျိုးတွေကတော့ လုံးဝ မသင့်ပါဘူး။ ဓမ္မအဂါရဝ (တရားကို မရိုသေ)ဆိုတာ အဲဒါမျိုးကိုယူရင် ပိုပြီးသင့်မြတ်မယ်လို့ ဘုန်းကြီးယူဆတယ်။ စေတနာကောင်းနဲ့ လုပ်တာမှမဟုတ်ဘဲ။

ဒီကအသက်

အမေရိကလိုတိုးတက်တဲ့ နေရာတွေမှာ လူတွေအလုပ်ရှိမှ အသက်ရှူ ဖြောင့်တယ်။ အလုပ်ဟာ အသက်လို့ ဆိုရမလောက်ပဲ။ လင်မယား နှစ်ယောက်လုံး အလုပ်လုပ်မှ လိပ်ပတ်လည်ရုံ ရှိတယ်။ အလုပ်လက်မဲ့ ဖြစ်ရင် ဘဝပျက်သွားနိုင်လို့ အလုပ်ပြုတ်မှာကို လူတွေ သိပ်ကြောက်တယ်။ လင်မယား နှစ်ယောက်လုံး အလုပ်လုပ်ရတယ်။ ညလုပ်တဲ့ ခင်ပွန်းဖြစ်သူ အိမ်ပြန်ရောက်ချိန် ဇနီးက နေ့အလုပ်သွားနှင့်ပြီ။ ကိစ္စရှိရင် စာရေးပြီး မှာထားခဲ့ရတယ်။ ဘုန်းကြီးအလိုအရ အဲဒီလို လူ့ပတ် ဝန်းကျင်အခြေအနေမှာ တရားနာဖော်ရတာကိုပဲ ဝမ်းသာနိုင်ပါတယ်။

ကြည်ညိုစိတ်

အိပ်ရာမှာ လဲလျောင်းနေတဲ့ နာမကျန်းသူ မဋ္ဌကုဏ္ဍလီကို မြတ်ဗုဒ္ဓက ကိုယ်တော်မြတ်ရဲ့ ရောင်ခြည်တော်ကို ဖူးမြော်စေရာမှာ သတ္ထုအဂါရဝ (ဘုရားကို မရိုသေမှု) မဖြစ်အောင် အတင်းအကြပ် မထိုင်ခိုင်းပါဘူး။ ဘုရားကို ကြည်ညိုစိတ်နဲ့ ကွယ်လွန်တဲ့ မဋ္ဌကုဏ္ဍလီဟာ နတ်သား ဖြစ်ရတယ်။ ဒါကြောင့် ‘နတ္ထိ စိတ္တေ ပသန္နမှိ၊ အပ္ပကာ နာမ ဒက္ခိဏာ = စိတ်ထဲက ကြည်ညိုနေရင် ကောင်းမှုဆိုတာ နည်းတယ်လို့ မရှိဘူး’ (ဝိမာန၊၆၆)လို့ သိကြားမင်း ဥဒါန်းကျူးတာဖြစ်ပါတယ်။

ဓမ္မရဲ့ အဓိပ္ပာယ်မှာ ထွက်လေ ဝင်လေကို မှတ်တာလည်း အကျုံး ဝင်တယ်။ ထွက်လေ ဝင်လေကို လျောင်းပြီး မှတ်ရင် ဓမ္မအဂါရဝလို့ မဆိုဘူး။ ဒါကြောင့် ကြည်ညိုစိတ်နဲ့ အိပ်ရာမှာ လဲလျောင်းပြီး တရား မှတ်လို့၊ တရားနာလို့ အပြစ် မဖြစ်တန်ရာပါဘူး။ တစ်ခုတော့ ရှိတယ်၊ တရား မှတ်ရင်လည်း မှတ်၊ တရားနာရင်လည်း နာပေါ့။ နှစ်ခုလုံး တစ်ပြိုင်နက် ဆိုရင်တော့ အိပ်ပျော်သွားတာက လွဲလို့ အကျိုး သက် ရောက်မှု နည်းနိုင်တယ်။

အကောင်းဆုံး

ဓမ္မကထိက ဆရာတော်က လူတွေ ကုသိုလ် ပိုရအောင် စေတနာ ကောင်းနဲ့ ညွှန်ကြားတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အားလပ်လို့ အချိန် ရရင်တော့ အချိန်နည်းရင် နည်းပါစေ၊ ဆရာတော် မိန့်သလို ဗီဒီယိုဖွင့်၊ ဒါမှမဟုတ် တိပ်ခွေဖွင့်၊ နေရာမှာ စနစ်တကျထိုင်၊ လက်အုပ်ချီပြီး နာ နိုင်ရင်တော့ အကောင်းဆုံးပေါ့။

လူတို့ကြမ္မာ ကောင်းသောခါက
ဂင်္ဂါဖျားရေ တက်သောထွေသို့
ရှိလေစမြဲ..ကြမ္မာမွဲလည်း
ဆင်းရဲတတန်ရေကျပြန်သို့..
(သုဝဏ္ဏသျှံသူဌေးခန်း)

---

၁၈၂။ အလျှော့အတင်း

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ကပ္ပိယ မပါသော ဆွမ်းရပ်ကိုယ်တော်များအား ပိုက်ဆံလှူခြင်းသည် အပ်စပ်ပါသလား အရှင်ဘုရား။ အပ်စပ်အောင် မည်သို့ လှူရမည်ကိုသိ လိုပါသည် အရှင်ဘုရား။

ရိုသေလျက် ဝတ်ရည်ကျော်

---

နှစ်မျိုး

(၁) ရန်ကုန် ၁၅ လမ်းထိပ်က ထမင်းဆိုင်မှာ ရဟန်းဒကာကြီး ဆွမ်းကပ်လို့ ဆွမ်းစားနေတုန်း ဆံပင် တစ်လက်မကျော် အရှည်နဲ့ တော ထွက်လို့ ယူဆရတဲ့ ဘုန်းကြီးတစ်ပါး ဆွမ်းလာရပ်တော့ ထမင်းဆိုင်က မိန်းကလေးက အကြွေစေ့ကိုချွင်ကနဲ သပိတ်ဖုံးပေါ် ပစ်တင်လိုက်တာကို တွေ့ရဆဲခဏ ရင်ထဲအောင့်သွားခဲ့ဖူးတယ်။

(၂)မြို့ကြီးက စာသင်တိုက်တွေမှာ ဗုဒ္ဓစာပေကို သင်ယူနေကြတဲ့ တောမြို့ တောရွာက ကိုရင်လေးတွေ၊ ပဉ္စင်းငယ်တွေ တစ်အိမ်ဝင်တစ်ထွက် ဆွမ်းခံကြွနေကြတာတွေ ရှိတယ်။ သူတို့လေးတွေက မိဝေးဖဝေးမို့ ဆင်းရဲနိုင်ပေမယ့် ဟိုကိုယ်တော်ကြီးလို ဘယ်တော့မှ မလုပ်ဘူး။ အဲဒီလို ဆွမ်းရပ် ကိုယ်တော် နှစ်မျိုးကို ခွဲခြားစေချင်တယ်။ လမ်ဘေးက ဘုန်းကြီးကိုတော့ လမ်းဘေးမှာပဲ ပြောပါဆိုတဲ့ သဘောပါ။

ဘုန်းကြီး ငွေကိုင်တဲ့ ကိစ္စ မေးခွန်းအမှတ် (၇၂၊ ဤကျမ်း၊ စာ၂၇၂)မှာဘုန်းကြီးရဲ့ အာဘော်ကို ပြောပြီးသားပါ။ ဒီမေးခွန်းနဲ့ များများ မပတ်သက်နိုင်ပေမယ့် ချဉ်ဖြုံ့ဖြုံ့ ဖီလင်လေး တစ်ခုရှိနေတာနဲ့ အခွင့် သာခိုက် နည်းနည်းတော့ ပြောလိုက်ချင်သေးတယ်..

သိက္ခာပုဒ်

ဒကာတစ်ဦးက လောင်းလှူစရာ ဟင်းကုန်သွားလို့ ဟင်းဝယ်လုပ်တာကို ဆွမ်းကြွ ကိုယ်တော်က ပိုက်ဆံကို အလှူခံသွားလို့ ရဟန်းအားလုံး ကဲ့ရဲ့ ခံရတာကြောင့် ငွေမကိုင်ရ သိက္ခာပုဒ်ကို မြတ်ဗုဒ္ဓ ပညတ်တော်မူတယ်။ လူ့ဘောင်ကို စွန့်ခွာခဲ့ကြတဲ့ မြတ်ဗုဒ္ဓနဲ့ ခေတ်ပြိုင် အိန္ဒိယက ရသေ့ရဟန်းတွေ ငွေကို မကိုင်ကြဘူး။ သူတို့က ထွန်းကားစ ဗုဒ္ဓဝါဒနဲ့ အပြိုင်အဆိုင်လည်း ဖြစ်တယ်။ ခြိုးခြံကျင့်သူကို လူတွေက အကြည်ညို ပိုလေ့ရှိတာလည်း သဘာဝပဲ မဟုတ်လား။

ဒီသိက္ခာပုဒ်အရ ငွေကြေးကို မကိုင်ရ၊ အနီးမှာ ချထားတာကိုတောင် မသာယာရလို့ ဆိုပေမယ့် ကပ္ပိယ ညွှန်းပြီး အလှူခံခွင့်တော့ ရှိနေတယ်။ ဘုန်းကြီးကိုယ်စား ကပ္ပိယက အလှူခံ၊ ပြီးမှ ဘုန်းကြီးက ကိုယ်လိုချင်တာကို ကပ္ပိယဆီမှာ တောင်းပါလို့ ဆိုလိုတယ်။ ပိုက်ဆံကို စာအိတ်ထဲမှာ ထည့်ကပ်တာနဲ့ ဒီအတိုင်း အချပ်လိုက်ကပ်တာ အတူတူ ပါပဲ။ မအပ်ပါဘူး။ ဘုန်းကြီးတွေ ငွေကြေးနဲ့ အရောင်းအဝယ် (စီးပွားရေး) လုပ်တာတော့ ဘယ်လိုမှ မသင့်မြတ်လို့ ဒုတိယ ပညတ်ချက်ပေါ့။

ပိုက်ဆံ

ခုခေတ်မှာ ငွေကြေးကြောင့် ပျက်စီးသွားတဲ့ ရဟန်းတွေများသား။ ဗုဒ္ဓ သာသနာ ထွန်းကားစ ပုဂံခေတ်မှာတောင် ငွေဖျက်ခံရတဲ့ ရဟန်းတွေ ရှိဖူးတယ်။ မင်းတုန်းမင်းက ရဟန်းတွေကို ဒေါင်းတံဆိပ်ပိုက်ဆံ လှူလို့ ဝိနည်းနဲ့ မညီတဲ့အတွက် ရွှေကျင် သာသနာပိုင် ဝိသုဒ္ဓါရုံဆရာတော်က ဘုန်းကြီးတွေ ဒေါင်းခွပ်ခံရပြီ ဆိုပြီး ကန့်ကွက်တဲ့ အနေနဲ့ ‘ဒေါင်းမေတ္တာစာ’ကို သွင်းခဲ့ဖူးတယ်။ နိုင်ငံခြားမှာ ဘုန်းကြီးကျောင်း ပြဿနာဖြစ် ရတာ ဘုန်းကြီးတွေ ငွေအလှူခံလို့ ဆိုတဲ့ ဆရာတော်အချို့ရဲ့ အမြင်လည်း ယခုရှိနေတယ်။

ဖော်ပြပြီး ဝိနည်းစည်းကမ်း နှစ်ခုအရရော ပိုက်ဆံ ငွေကြေး ကြောင့် ပျက်စီးရတဲ့ ရဟန်းတွေကြောင့်ပါ ဆရာတော်ကြီးတွေက ရင်တွင်းက စေတနာမှန်နဲ့ ငွေကြေးကို အလှူမခံဖို့ တိုက်တွန်းကြတာပါ။

ဖြစ်တာပါပဲ

ကိုရင် ငယ် ပဉ္စင်းငယ်တွေဆီက ငွေလိမ်ယူတဲ့ ကပ္ပိယတွေကြောင့် ဖြေရှင်းရခက်လို့ ခုခေတ် မြန်မာပြည်က စာသင်တိုက်တွေမှာ ရှားသွားပြီ။ အမှန်တော့ ပြဿနာဖြစ်တာက ဘုန်းကြီး ငွေကိုင်မှရယ်လို့ မဟုတ်ပါဘူး။ ကပ္ပိယ ငွေကိုင်ရင်လည်း ပြဿနာတော့ ရှိတာပါပဲ။ ခုခေတ်မှာ ပိုတောင်ဆိုးနိုင်တယ်။ ကပ္ပိယကြောင့် ဆရာဘုန်းကြီးနဲ့ တပည့်ရဟန်း ကွဲတာ၊ လူအချင်းချင်း ကွဲတာတွေရှိတယ်။ စားတော့ ကပ္ပိယ၊ လျော်တော့ ဘုန်းကြီးဖြစ်ရတာတွေ မြင်ရကြားရတယ်။ မင်းကွန်းတိပိဋက ဆရာတော်ကြီးက သူ့ရဲ့ဥပဋ္ဌာကအဖွဲ့ကို ဗိမ္ဗိသာရမင်းရဲ့ဆွေမျိုးပြိတ္တာ တွေအကြောင်း ဟောတာကိုလည်း ကြားနာဖူးသားပဲ။ အဖွဲ့အတွင်း အလားတူ ပြဿနာရှိမှာစိုးလို့ ဖြစ်နိုင်တာပေါ့။

နားလည်မှု

ဘုန်းကံကြီးမားတဲ့ ဆရာတော်တွေက ကပ္ပိယနဲ့ ခန့်ခန့်ကြီး သွားလာ နိုင်ပေမယ့် သာမန် ရဟန်းတစ်ပါး အနေနဲ့တော့ လိုက်နာဖို့ ခက်သား။ ဒါကြောင့် ပညာသင်နေတဲ့ ကိုရင်ငယ် ပဉ္စင်းငယ်တစ်ပါးကို ဆွမ်းခံကြွရင်း ဗလာစာအုပ် ခဲတံဖိုးလေးတွေ လှူလိုက်တာကတော့ မအပ်စပ်ပေမယ့် အခြေအနေအရ မကင်းနိုင်တဲ့ အတူတူ နားလည် မပေးသင့်ဘူး လား။ အဲဒီလိုပဲ အထင်ကရ ဆရာတော်ကြီးတွေ ပြဿနာနည်းအောင် ကိုယ်တိုင် ထိန်းချုပ်ပြီး ပရဟိတ လုပ်ဆောင်တာကိုကော ယနေ့လို အခါမှာ နားလည်မပေးနိုင်ဘူးလား။ ပရိသတ်နဲ့ နေရင် ရှောင်ရခက်ကြီး ဖြစ်လို့ တစ်နည်းမဟုတ် တစ်နည်း ငွေကြေးနဲ့ ပတ်သက်ရတာချင်း အတူ ဟန်မဆောင်ဘဲ ရိုးရိုးသားသား နေပြရင် ပိုမကောင်းဘူးလား ဆိုတဲ့ သဘောပါ။

ပြုံးရာကပြူး

ပြည်ပမှာ ရှိနေတဲ့ စာပေမသင်ဖူးတဲ့ ရဟန်းအချို့ဟာ ဓမ္မစာပေသင်ပြ၊ တရားဟော၊ ဝိပဿနာတရား အားထုတ်နည်း သင်ပြပြီး လူတွေကို မစည်းရုံးနိုင်ရှာတော့ကာ ဝိနည်းကို အလွန်ပြောရင်း ‘ကိုယ်ပဲ အစစ် အမှန်’ဆိုတာမျိုးနဲ့ လူတွေကို ဆွယ်တာတွေ့ရတယ်။ ဆွမ်းစား အလှူ အတန်းက ရတာလေးတွေကို ဂေါပကကို လွှဲပေးသတဲ့။ အစတော့ ဂေါပကတွေ ပြုံးပေါ့။ တစ်နှစ်ကို မြန်မာပြည်ပြန်ဖို့ သုံးလေးကြိမ်လေ ယာဉ်လက်မှတ် ဝယ်ခိုင်းတော့မှ ဂေါပကတွေ ပြုံးရာကနေ ပြူးသွားတယ်။ ကာလံဒေသံကို လျစ်လျူရှုပြီး ယဉ်ကျေးမှုတွေ သုံးနှင့်လေးလို ခြားနားတဲ့ နိုင်ငံရပ်ခြားမှာ ငွေမကိုင်ဘဲ နေပြရုံနဲ့ကော ဘယ်လောက် စစ်နိုင်ပါ့မလဲ။ ရဟန်းရဲ့သိက္ခာ စင်ကြယ်မှု အတိုင်းအတာကို ကိုယ့်ဟာကိုယ် အသိဆုံးပဲလေ။

အပ်စပ်အောင်

သိက္ခာပုဒ်ရဲ့ အာဘော်ကိုလည်း မှန်းဆနိုင်ရာပါပြီ။ သာမန် အခြေအနေမှာ ကပ္ပိယဆိုတာလည်း အမြဲတမ်း အဆင်မပြေနိုင်ဘူးလို့လည်း နားလည်လောက်ပါပြီ။ အဲဒီတော့ ဘာလုပ်သင့်သလဲ .. ကပ္ပိယ မရှိလို့ မအပ်စပ်တဲ့ အတွက် လှူလိုတဲ့ စေတနာ မရှိရင် မလှူပါနဲ့။ စိတ်ထား တတ်ရင် အကျိုး မယုတ်ဘူးလို့ ယုံကြည်ယူဆလို့ လှူလိုသပ ဆိုရင် တော့ .. ‘အချပ်လိုက်နဲ့ စာအိတ် အတူတူ’ ဆိုပေမယ့် စာအိတ်ထဲမှာ ထည့်ပြီး ကပ်လှူတာက ခန့်တယ်၊ ဣန္ဒြေရတယ်လို့ ဆိုပါရစေ။

---

၁၈၃။ ဘုရားကျောင်း

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ရန်ကုန်မြို့ရှိတိုက်ခန်းများတွင် ဘုရားစင်ကို အလျင်းသင့်သလိုထားရ ပါသည်။ ဘုရားစင်ကို တောင်ဖက်နှင့် အရှေ့ဖက်မှာသာ ထားကောင်း သည်ဟု အဆိုရှိသဖြင့် တိုက်ခန်းအနေအထားအရ အနောက်ဖက် နှင့် မြောက်ဖက်မှာ ဘုရားစင် ထားလျှင် သင့်မသင့် ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

မင်းမျိုးသန့်

---

ဘုရားကျောင်း

ဘုရားက ကျောင်းမှာ သီတင်းသုံးတယ်ဆိုရင် မြန်မာစကားလုံး အသုံး အနှုန်း ခန့်ပြီး ကြည်ညိုဖွယ်ဖြစ်လို့ အဆောင်သေးရင် သေးပါစေ ဘုရားကျောင်းလို့ ပဲ သုံးနှုန်းစေချင်တယ်။ ဘုန်းကြီးတို့ သဘောကတော့ စိတ်ထဲမှာ ကြည်ညိုနေဖို့ပဲ အဓိကဖြစ်လို့ ဘုရားကျောင်း ထားဖို့ အရှေ့အနောက် မရွေးလိုဘူး။ အဆင်ပြေသလို ထားရတာပဲ။

ရှောင်သင့်တာကတော့ အပေါ်ထပ်ကိုတက်တဲ့ လှေကားအောက် တည့်တည့်၊ အိမ်သာနဲ့ မျက်နှာချင်းဆိုင် နေရာမျိုးတွေမှာ ဆိုရင်တော့ မရိုသေရာ ရောက်လို့ ရှောင်သင့်တယ်။ လင်မယား အတူနေတဲ့ အိမ် ခန်းထဲ ဆိုရင်လည်း မသင့်မြတ်နိုင်ဘူး။ တီဗွီထားတဲ့ ဧည့်ခန်းဆိုရင် တော့ ဘုရားကျောင်းကို ဒါမှမဟုတ် ဖြစ်နိုင်ရင် အနည်းဆုံး ဘုရား ဆင်းတုတော်ကို အကာအရံလေးနဲ့ ထားသင့်တာပေါ့။ ဘုရားရှင်ကို ကိုယ်စားပြုပြီးကိုးကွယ်တာပဲလေ။

---

၁၈၄။ ကာဠနဂါး

ဖေဖော်ဝါရီ ၇၊၂၀၁၁။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ကြားဖူးခဲ့သော ဒဏ္ဍာရီများအရ ကာဠနဂါးသည် ဘုရားတစ်ဆူ ပွင့်မှ တစ်ကြိမ် အိပ်ရာမှ နိုးထသည်ဟု ဆိုပါသည်။ အအိပ်မက်သူကိုလည်း ကာဠနဂါးနှင့် ခိုင်းနှိုင်း ပြောဆိုလေ့ ရှိပါသည်။ အပြင်လောကတွင် ကာဠနဂါး တကယ်ရှိမရှိဆိုတာကို သိလိုပါသည် အရှင်ဘုရား။

မင်းမျိုးသန့် (ရန်ကုန်)

---

ဖြစ်စဉ် (၁)

မြတ်ဗုဒ္ဓရဲ့ ဘဝခရီးမှာ နဂါမျိုးတွေနဲ့ ပတ်သက်နေတာကို တွေ့ရတယ်။ ဗုဒ္ဓလောင်းလျာ ရဟန်းမြတ်ဟာ သူဌေးသမီးသုဇာတာ လှူဒါန်းတဲ့ ရွှေခွက်ကို နေရဉ္ဇရာမြစ်ထဲ ရေဆန် မျှောလိုက်စဉ် အတောင် ရှစ်ဆယ် လောက် ဆန်တက်သွားပြီး ရေဝဲစုပ်လို့ မြုပ်ဆင်းသွားလိုက်တာ ကာဠနဂါးမင်းရဲ့ဗိမာန်ထိရောက်သွားတယ်။

အဲဒီမှာ ရှိတဲ့ ရှေးဘုရားတို့ သုံးဆောင်ခဲ့တဲ့ ရွှေခွက် သုံးခုရဲ့ အောက်မှာ သွားထပ်တဲ့ အတွက် ‘ကိလိ ကိလ္လိလို့ မြည်သံကို ကြားမှ ကာဠနဂါးမင်းက နိုးသတဲ့ (ဇာ၊ဋ္ဌ၊၁၊၇၀)။ တတိယသံဂါယနာ ခေတ်မှာ အသောကမင်းကြီးက ဗုဒ္ဓဘုရားကို မြက်မြင် တွေ့ဖူးတဲ့ ဒီကာဠ နဂါးမင်းကို ခေါ်ယူပြီး ဗုဒ္ဓဘုရားရဲ့ ပုံတော်ကို ဖန်ဆင်းခိုင်းခဲ့ကြောင်းလည်း သိရတယ် (ဝိ၊ဋ္ဌ၊၁၊၃၃)။

ဖြစ်စဉ် (၂)

ဗောဓိဉာဏ်ကို ရပြီးစ မြတ်ဗုဒ္ဓဟာ မဟာဗောဓိပင်အနီးက ကျည်းပင် အောက်မှာ ခုနစ်ရက် သီတင်းသုံးခိုက် အခါမဲ့ မိုးကြီး အဆက်မပြတ် ရွာတယ်။ လေထဲမှာ ရေငွေ့တွေပါလို့ သိပ်အေးတယ်။ အဲဒီတော့ အဲဒီ ကျည်းပင်အနီးက ရေကန်မှာနေတဲ့ တန်ခိုးကြီးတဲ့ နဂါးမင်းက မြတ်ဗုဒ္ဓကို အအေးအပူ မှက်ခြင်တို့ မထိတွေ့ပါစေနဲ့ ဆိုပြီး မြတ်ဗုဒ္ဓရဲ့ကိုယ်ကို ခုနစ်ပတ် ရစ်ပတ်ပြီး ခေါင်းပေါ်မှာ ပါးပျဉ်းကို ဖြန့်မိုးထားလိုက်တာ တိုက်ခန်းထဲမှာနေရသလိုပါပဲ (ဝိ၊၃၊၄။ ဝိ၊ဋ္ဌ၊၃၊၂၄၀)။

ဖြစ်စဉ် (၃)

အခါတစ်ပါးနဂါးတစ်ကောင်ဟာလုလင်ပျိုအသွင်ဖန်ဆင်းပြီး ရဟန်း ဝတ်တယ်။ ရဟန်းတွေမရှိခိုက် အိပ်မောကျသွားစဉ် နဂါးပြန်ဖြစ်သွား လို့ ‘သင်ဟာ ဒီဘဝနဲ့ တရားထူးကို မရနိုင်၊ လပြည့်လကွယ် နေ့တွေ မှာ ဥပုသ်စောင့်ပါ၊ နဂါးဘဝက လွတ်ပြီး လူ့ဘဝကို ရပါလိမ့်မယ်’လို့ ဆုံးမပြီး ပြန်လွှတ်လိုက်ရတယ်။ အဲဒီ အချိန်ကစပြီး ရဟန်းခံတဲ့ အခါ ‘လူသားစင်စစ်ဖြစ်ရဲ့လား’လို့ မေးမြန်းရတယ် (ဝိ၊၃၊၁၂၁)။

ဖြစ်စဉ် (၄)

မြတ်ဗုဒ္ဓနဲ့ နောက်ပါရဟန်း ငါးရာတို့ တာဝတိံသာ နတ်ပြည်ကို ကြွစဉ် ပါတီပွဲလုပ်နေတဲ့ နန္ဒောပနန္ဒနဂါးမင်းက မိမိအပေါ်မှ ရဟန်းတွေဖြတ် သွားတာကို စိတ်မာန်ဆိုးပြီး မြင်းမိုရ်တောင်ကို ခုနစ်ပတ် ရစ်ပြီး နတ်ပြည်ကို မမြင်အောင် ပါးပျဉ်းနဲ့ ဖုံးထားတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ ခွင့်ပြုချက်နဲ့ အရှင်မောဂ္ဂလ္လာန်က နဂါးမင်းထက် ပိုကြီးတဲ့ နဂါးအသွင် ဖန်ဆင်းပြီး ခပ်ကြမ်းကြမ်း ဆုံးမရတယ် (ဝိသုဒ္ဓိ၊၂၊၃၀)။

အဲဒီဖြစ်ရပ်ဟာ မြတ်ဗုဒ္ဓရဲ့ ခုနစ်ခုမြောက် အောင်ခြင်းအဖြစ် သမိုင်းတွင်ကျန်ရစ်တယ်။

ကျမ်းထွက်

နဂါးဟာ တိရစ္ဆာန်မျိုး ကမ္မဇိဒ္ဓိ (မွေးရာပါတန်ခိုး) ရှိတယ်။ ဇာတ်တူမျိုးနဲ့ မေထုန်မှီဝဲခိုက်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခိုက်မှာ နဂါးရဲ့ သဘာဝကို ဖုံးမရဘူး (ဝိ၊၃၊၁၂၁)။ ရှေးဟောင်း ပါဠိတော်နဲ့ အဋ္ဌကထာ ကျမ်းမြတ်တွေမှာ နဂါးဆိုတဲ့ သတ္တဝါတစ်မျိုးကို ဖော်ပြတာ သေချာလို့ ဒဏ္ဍာရီလို့ တော့ မဆိုနိုင်ဘူး။ အရှင်မောဂ္ဂလာန်လို တန်ခိုးရှိရင် လက်တွေ့ ပြနိုင်လိမ့်မယ်။ ဆေတန်နဲ့ အပေါင်းပါတွေဟာ အာကာ သမှာ အတောင်နဲ့ ပျံဝဲနေကြပြီး လူတွေကို ဖျားယောင်းတယ် ဆိုတာ ထက်တော့သာပါတယ်။

၁၈၅။ ဝဋ်အမြဲ ငရဲအပ

ဇန်နဝါရီ ၁၀၊၂၀၁၁။

---

ရိုသေစွာ လျှောက်ထားခွင့်ပြုပါ အရှင်ဘုရား၊

ဝဋ်အမြဲ ငရဲအပဟူသော စကားသည် အဘိဓမ္မာသဘောနှင့် ကိုက်ညီမှု ရှိပါသလားဘုရား။ မြန်မာနိုင်ငံက နာမည်ကျော်ဓမ္မကထိဆရာတော်တစ်ပါးက ထိုစကား မမှန်ဟု ဟောသည်ကို မှတ်သားဖူးပါသည်။ ထိုဆရာတော်က ဘုရားရှင်ရဲ့ ဝိပါက်တော် ၁၂ ပါးကို ကိုးကားပြီး ‘ငရဲလည်း မပသလို ဝဋ်လည်း လိုက်တယ်’ဟု ဆိုပါသည်။ တပည့်တော် အထင်အရ အရှင်အင်္ဂုလိမာလဟာ နောက်ဆုံးဘဝမှာ လူပေါင်းများစွာကို သတ်ပါလျက် ငရဲမကျသောကြောင့် သူလုပ်သော အကုသိုလ်ကံ သည် အဟောသိကံ ဖြစ်သွားတယ်ဟု ထင်ပါသည်။ ထိုအချက်နှင့် ပတ်သက်၍ ဆရာတော်၏ ယူဆပုံကိုသိလိုပါသည် အရှင်ဘုရား။

သက်ဝေ

---

စကားပုံ

‘ဝဋ်ဆိုတာ သံသရာ၊ သံသရာလည်တာ ကံ ကိလေသာကြောင့်၊ ကံ ကိလေသာဆိုတာ စေတနာ ဦးဆောင်တဲ့ စေတသိက်တွေ (နေတ္တိ၊၉၄)’။ ‘သံသရာဆိုတာခန္ဓာတွေ အစဉ်မဖြတ်ဖြစ်နေတာ (အဘိ၊ဋ္ဌ၊၂၊၁၄၂)’။ ဒီစာတွေအရ ကံ ကိလေသာကြောင့် ခန္ဓာ အစဉ်မပြတ် လည် ပတ်တယ်၊ ခန္ဓာအဆက်မပြတ် လည်နေတာကို ဝဋ်ခေါ်တယ်လို့ နားလည်ရတယ်။ အမှန်တော့ အကြောင်းဖြစ်တဲ့ ကမ္မသတ္တိကပဲ လည်တာ ဖြစ်လို့ ဝဋ်ဆိုရင် ကံကိုလည်းယူနိုင်တယ်။ ထမင်းချက်တယ် ဆိုရာမှာ ဆန်ကိုချက်တယ်လို့ ယူရသလိုပေ့ါ။

ငရဲအပဆိုတာ ငရဲမှ အပဖြစ်သွား၊ ငရဲမှာ မဖြစ်၊ မဖြစ်လို့ မမြဲ။ အမှန်တော့ ငရဲဆိုတာလည်း ခန္ဓာပါပဲ။ ဒါပေမယ့် အကျိုးပေးခြင်း မပေး ခြင်းကိုရည်ညွှန်းပြီး ‘ဝိပါက်အမြဲ၊ ငရဲမမြဲ’လို့ အဓိပ္ပာယ်ယူခဲ့ရင် ..

တစ်နည်း ထမင်းချက်တယ်ဆိုသလို တင်စားပြီးပြောတဲ့ အနေနဲ့ ‘ကံအမြဲ၊ ငရဲမမြဲ’လို့လည်း အဓိပ္ပာယ်ဖွင့်နိုင်ခဲ့ရင် ..

‘အားကြီးတဲ့၊ နီးစပ်တဲ့ ကုသိုလ်တွေက အားနည်းတဲ့ ဝေးတဲ့ အကုသိုလ်ရဲ့ အကျိုးကို တားတာ၊ အားနည်းတဲ့ ဝေးတဲ့ ကုသိုလ်ရဲ့ အကျိုးကိုလည်း အားကြီးတဲ့ နီးတဲ့ အကုသိုလ်က တားတာတွေရှိနိုင်ပေမယ့် ပြုထားတဲ့ ကမ္မသတ္တိကတော့ ပျောက်မသွားဘဲ ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး၊ အကျိုးနှစ်မျိုးလုံးကို ပေးမြဲဖြစ်တယ်’လို့ အဓိပ္ပာယ်ဖွင့်နိုင်လိမ့်မယ်။

ဝဋ်အမြဲ

ဝဋ်အမြဲဆိုတာကို ‘ကံအမြဲ’လို့ ဖွင့်ထားလို့ ကံအကျိုးပေး ပြေးမလွတ်ဘူးလို့ နားလည်နိုင်တယ်။ သံသရာတစ်ကွေ့မှာ လုပ်ဖူးမိတဲ့ ကံရဲ့ အကျိုးပေးပုံချင်းက သတ္တဝါအားလုံး အတူတူပါပဲ။ ဖြည့်ဆည်းခဲ့တဲ့ ပါရမီ ကုသိုလ် တစ်းလုံးတစ်ခဲတည်း ဖူးပွင့်လာလို့ ဒီဘဝမှာ အားလုံး ပြီးပြည့်စုံတဲ့ ဗုဒ္ဓဖြစ်ရတယ်။ ဗုဒ္ဓအဖြစ်နဲ့ ပြုလုပ်တဲ့ ပရဟိတကုသိုလ်အား လုံးဟာ အဟောသိကံတွေ ဖြစ်သွားပေမယ့် နုစဉ်က လုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကံရဲ့ အကျိုးက မြဲတာကြောင့် ပဝတ္တိကျိုးအနေနဲ့ ဝိပါက်တော် ၁၂ ပါးဆိုတာကို ရှောင် မလွတ်ဘူး။ ဒါဆိုရင် ‘ကမ္မဝိပါကော နာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ= ကံအကျိုးပေးကို မည်သူမျှ မရှောင်လွှဲ နိုင် (ဝိ၊ဋ္ဌ၊၂၊၅)’ဆိုတဲ့ အဋ္ဌကထာနဲ့ ကိုက်ညီတာပေါ့။

ငရဲအပ

ကောသလမင်းရဲ့မဟေသီ မလ္လိကာမိဖုရား။ ဗုဒ္ဓကို အင်မတန်ကြည် ညိုတယ်။ သူများနဲ့ မတူတဲ့ ကုသိုလ်တွေ အများကြီး လုပ်တယ်။ ဒါပေမယ့် ရေချိုးခန်းထဲမှာ ကိုယ်လက်သန့်စင်တုန်း မွေးထားတဲ့ ခွေးလေး က ဖောက်ပြန်တာကိုသာယာမိသတဲ့။ အဲဒီလို လုပ်တာကို မင်းကြီးက အပေါ်ထပ်ကနေ မြင်သွားသတဲ့။ ဒါပေမယ့် မလ္လိကာက အကင်းပါးတော့ ဘုရင်ကိုတောင် မမှန်ရာနဲ့ စွပ်စွဲလိုက်နိုင်သေးတယ်။ ခပ်နုံနုံ ဘုရင်က ယုံနိုင်ပေမယ့် မလိကာ ကိုယ်တိုင်တော့ ငါမဟုတ်တာ လုပ် တာကို ရှင်တော် ဗုဒ္ဓတော့ သိတော့မှာပဲ ဆိုပြီး စိတ်မကောင်း ဖြစ်တယ်။ သေခါနီးမှာ အဲဒါကို စွဲလမ်းမိလို့ တစ်ပတ်လောက် ငရဲကျသွား ခဲ့တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၇၀)။ ဒီစာအရ အဆင်မသင့်ရင် နတ်ပြည်လည်း ‘ပ’ သွားနိုင်တာပဲ။

အဟောသိကံ မဟုတ်ရင် အင်္ဂုလိမာလ

လူကြမ်းအဖြစ်နဲ့ အင်္ဂုလိမာလရဲ့ လူသတ် လက်ညှိုးဖြတ်တဲ့ ကံတွေက အဟောသိကံ ဖြစ်မသွားပါဘူး။ ရဟန္တာ အရှင်အင်္ဂုလိမာလဖြစ်သွားတဲ့ အခါမှာတော့ ပဋိသန္ဓေကို ဖြစ်စေတဲ့ အဝိဇ္ဇာနဲ့ တဏှာကို အရဟတ္တ မဂ်နဲ့ ဖြတ်ပြီးဖြစ်လို့ အဲဒီအကုသိုလ်ကံရဲ့ အကျိုးကို နောင်ဘဝတွေမှာ မခံစားရတော့လို့ ‘ငရဲအပ’ ဖြစ်သွားပေမယ့် ပဝတ္တိကျိုးက ပြင်းထန် လွန်းပါတယ်။ အရှင်မြတ် ဆွမ်းခံလို့ မရတဲ့ အပြင် ခဲနဲ့ ပေါက်လို့ ခေါင်း တောင် ကွဲတယ်ဆို မဟုတ်လား။ ‘ဝဋ်အမြဲ’ဆို အဲဒါ ဖြစ်ပါလိမ့်မယ်။ စဉ်းစား ကြည့်၊ အင်္ဂုလိမာလ ဖြစ်ရပ်တစ်ခုနဲ့ ပဲ ဝဋ်အမြဲ ငရဲအပဆိုတဲ့ အဓိပ္ပာယ် ပေါ်နေသလားလို့။ ဝဋ်အမြဲဖြစ်လို့ ဘဝမခြားဘဲ ခံကိုခံရပေမယ့် ငရဲတော့ လွတ်သွားတယ်လေ။

ဒီစကားပုံကတော့ သာမန်အနေနဲ့ အခုပြောပြထားတဲ့ အဓိပ္ပာယ် ဖြစ်ဖို့များပါတယ်။

ဆန်းနိုင်မှ

တွေးရိုး တွေးစဉ်ကို လွန်ပြီး အဆန်းထောင် ခပ်ကြောင်ကြောင် တွေးကြည့်ရင် .. အဝိဇ္ဇာ တဏှာလို့ ခေါ်တဲ့ ဝဋ်မြစ်မပြတ်သေးသူ အတွက် တော့ လုပ်ထားတဲ့ ကုသိုလ်၊ အကုသိုလ်အကျိုးကို တစ်ချိန်ချိန် ခံရမှာ ဖြစ်လို့ ‘ဝဋ်လည်း အမြဲ၊ ငရဲလည်း မပ’လို့ ဆိုရင်လည်း မှန်တော့မှန်မယ် ထင်ပါရဲ့။

ပန်းပေါင်းနံ့သာ၊ ထုပ်ပဝါ၊ လှိုင်စွာမွှေးပျံ့လှ။
ပုံပြနည်းလောင်း၊ သူတော်ကောင်း၊ ပေါင်းမိပါယ်မကျ။ (သုတရတနာ)

၁၈၆။ သေခွင့်

ဖေဖော်ဝါရီ ၁၃၊၂၀၁၁။

---

မရှင်းတာလေးရှိ၍ မေးခွင့်ပြုပါ အရှင်ဘုရား၊

အနောက်နိုင်ငံ အချို့တွင် Euthanasiaကို တရားဝင် ခွင့်ပြုနေပါသည်။ ဗုဒ္ဓရဲ့ တရားတော်အရ Euthanasiaကို Suicideလို့ ယူဆပါသလား။ ဆရာဝန်များနှင့် ခွင့်ပြုသူ တရားသူကြီးများတွင် အပြစ်ရှိမရှိ ဖြေကြား ပေးစေလိုပါသည်။ အချို့က အိပ်နေရင်း သေလျှင် ဘာမှ မခံစားရ၍ ကောင်းတယ်လို့ ဆိုပါသည်။

ဆရာတော်တစ်ပါး ဟောကြားသော တရားတစ်ပုဒ်တွင် အိပ်နေရင်း သေပါက မောဟနှင့် သေတာဖြစ်လို့ အပါယ်ကို သွားရတယ်လို့ ဆိုပါသည်။ တပည့်တော်မ အနေဖြင့် ဘယ် လို ညှိပြီး ယူရမည်ကိုလည်း သိလိုပါသည်။ သိပ္ပံအလိုရ သစ်ပင်များတွင် အသက်ရှိသည်ဟု ဆိုပါသည်။ မြတ်စွာဘုရားရှင်၏ သက်ရှိ အဓိပ္ပာယ်ဖွင့်ဆိုပုံကို သိလိုပါသည်။

အရှင်ဘုရား၏ ဓမ္မအမေးအဖြေတစ်ခုတွင် ခန္ဓာထဲမှ ပိုးများကို ဇီဝ သဘောရှိသောရုပ်ဟု ဆိုပါသည်။ တပည့်တော်မ၏ စိတ်တွင် မရှင်းပါ ၍ အနည်းငယ်ပိုပြီး ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား

ချယ်ရီဝင်း

---

ဒီက ဥပဒေ

အမေရိကန်က ပြည်နယ် နှစ်ခုမှာ ‘ဂုဏ်သိက္ခာနှင့် သေခြင်း ဥပဒေ (Death with Dignity Act)’ကို ပြည်သူ အများစုရဲ့ ဆန္ဒအရ ပြဋ္ဌာန်း ပေးလိုက်တယ်။ ၁၉၉၇ ခုနှစ်က အော်ရီဂန်ပြည်နယ်မှာ ပထမဆုံး အတည်ပြုတယ်။ နောက်တစ်နှစ်အကြာ (၁၉၉၈)မှာ အဲဒီပြည်နယ်နဲ့ ကပ် နေတဲ့ အနောက်မြောက်ဖျားက ဝါရှင်တန် ပြည်နယ်မှာလည်း ထောက် ခံ ၅၉၊ ကန့်ကွက် ၄၁ နဲ့ အဲဒီ ဥပဒေကိုပဲ အတည်ပြုလိုက်တယ်။ အဲဒီ ဥပဒေအရ လူတစ်ယောက်ဟာ ရောဂါကြောင့်ခြောက်လနဲ့ ခြောက်လ အောက်ပဲ အသက်ရှည်တော့မယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်လို့ အဲဒီ လူက ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုတဲ့အခါ ဆရာဝန်တွေက ကူညီပေး ခွင့် ရှိတယ်။ သေခွင့် တောင်းပြီး ၁၅ ရက်အကြာမှာ ဆရာဝန်တွေက နှုတ်နဲ့ ဖြစ်စေ၊ စာရေးလို့ ဖြစ်စေ အကြောင်းပြန်ရတယ်။ နောက်ဆုံး ဖောင်ဖြည့်၊ လူနာ လက်မှတ်ထိုး၊ အိပ်မောကျ သေဆုံးသွားမယ့် ဆေးရည်ကိုတိုက်၊ မိနစ်၃၀အတွင်း အသက်ရှူရပ်သွားအောင် ဆရာဝန် တွေက တရားဝင် လုပ်ပေးခွင့် ရှိတယ်။ လူနာ တစ်ဦးဆိုရင် ဆေးသောက်ပြီးတာနဲ့ ‘ဗေသိုဗင်ရဲ့ ကိုးခုမြောက် သံစုံတေး (Beethoven's Ninth)’ကိုနားထောင်ရင်းသေပြသွားတယ်။

သူတို့ ယူဆပုံ

အခု မေးခွန်းထဲမှာ ပါတဲ့ Euthanasia (ယူဟနေးရှား) = ညင်သာစွာ ဇီဝိန်ခြွေပေးခြင်း သို့မဟုတ် Mercy Killing = ကရုဏာနှင့် အဆုံးစီရင် ပေးခြင်းဆိုတာ ဒီဥပဒေနဲ့ ပတ်သက်တယ်။ သေဖို့ သေချာနေတဲ့ လူက အဆုံးစီရင် ပေးဖို့ တောင်းပန်လို့ ကူညီပေးတာကို သူတို့က မျှတတယ်လို့ ယူဆတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်သေတာဟာ အခွင့်အရေး တဲ့။ ကိုယ့်ကိုယ်ကို သတ်သေခွင့်ဟာ လူ့အခွင့်အရေးပဲပေါ့။ အဲဒီအခွင့် အရေးလှုပ်ရှားသူတွေရဲ့ဆောင်ပုဒ်က ‘သေခွင့်ပေးပါ (Give us right to die.)’။ ‘ကင်ဆာ ဖြစ်ရင် အကောင်းဆုံး ကုသမှုက ကိုယ့်ကိုယ်ကို သတ်သေခြင်း’တဲ့။ သူတို့ ယူဆပုံလေးတွေကို ကြည့်ဦး..

လူနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အခါ အဲဒါကို သင် ကြည့် ရက်သလား။ ဇနီး၊ ခင်ပွန်း၊ မိဘဆွေမျိုးစတဲ့ သူတစ်ပါးကိုပဲ အမှီပြုပြီး နေရတဲ့ အခါ အခွံထဲက သေခါနီး ခြောက်ကပ်နေတဲ့ ကနုကမာကောင် လိုပဲ။ ပိုက်ကသွင်းတဲ့ အစာနဲ့ နေရပြီး ကိုယ့်ဟာကိုယ် မထနိုင်တော့တဲ့ အခါ အသက်ရှင်လျက် သချုႋင်းဂူထဲမှာ နေရသလိုပဲတဲ့။ အဲဒီ အခြေ အနေနဲ့ ဆက်နေရင် မိသားစုကိုရော ကိုယ်တိုင်ပါ သိပ်ပြီး နာကျင်ရတယ်။ မြန်မြန် သေလိုက်ရင် တစ်ခုသော အချိန်ကာလပါပဲ။ မိသားစု ဆွေမျိုး မိတ်ဆွေတွေက ကိုယ့်ကို ချစ်တာကို ယုံတယ်။ ယုံလို့လည်း သူတို့ဆီက သေခွင့်ကို တောင်းတာပါတဲ့ ..

ယဉ်ကျေးမှု

ဒီဥပဒေနဲ့ ပတ်သက်ပြီး အခြားပြည်နယ်တွေမှာ ပြဋ္ဌာန်းသင့် မပြဋ္ဌာန်း သင့် ငြင်းခုံဆဲ ရှိပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်အရ ဒီလိုလုပ်တာ ပါဆိုရင် ဖြေရတာ သိပ်လွယ်ပေါ့။ ‘သင်လုပ်တာဟာ သင့်တာဝန်ပဲ’လို့ ကံကို ယုံကြည်တဲ့ ဗုဒ္ဓဝါဒနဲ့တော့ အဲဒါလောက်လွယ်လွယ် မဖြစ်နိုင်ဘူး။ အများသဘော ဆိုတိုင်းလည်း မမှန်ဘူး ဆိုတာကိုတော့ သတိချပ်စေ ချင်တယ်။ ဗုဒ္ဓမပွင့်ခင်က အိန္ဒိယတိုက်ငယ်က လူအားလုံးနီးပါးဟာ ဖန်ဆင်းရှင်ကို ‘Yes’လုပ်ကြပေမယ့် မြတ်ဗုဒ္ဓပွင့်တော်မူမှ ‘No’ လုပ်ပစ်တာ။ ဘုန်းကြီး မကြာခဏ ပြောပါတယ်။ ယဉ်ကျေးမှုက သုံးနှင့်လေး လို ကွာတယ်လို့။ အနောက်တိုင်းက နှုန်းစံအားလုံးကို အရှေ့တိုင်းမှာ အသုံးချလို့ မဖြစ်နိုင်သလို၊ အရှေ့ဖက်က တွေးခေါ် ရှုမြင်ပုံ အားလုံးလည်း အနောက်တိုင်းမှာ အသုံးဝင်ဖွယ် မရှိပါဘူး။ သူ့တို့ရဲ့ ယဉ်ကျေးမှုနဲ့ တွေးခေါ်ပုံတွေက ရာစုနှစ်တွေ ချီပြီး အမြစ်တွယ်နေလို့ ပြုပြင်၊ ငြင်းဆို၊ အကြောင်းပြဖို့ခက်တယ်။

အပြစ်ရှိလား

မသေစေချင်ဘဲ တစ်နည်းပြောရင် သေစေလိုတဲ့ စေတနာမရှိဘဲ ဆေးကျွေးတယ်လို့ မဆိုနိုင်ပါဘူး။ ငါ ဒီဆေးကို ကျွေးရင် သူတော့ မိနစ် ပိုင်းအတွင်း အသက်ရှူ ရပ်သွားမှာပဲဆိုတဲ့ အသိက ကိုယ့်စိတ်ထဲမှာ ရှိကိုရှိနေလို့ နောက်ဆုံးမှာ သေပစေတော့ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ် လား။ သေချင်နေသူဟာ တစ်ချိန်က ရည်းစားလုဖက် ဖြစ်ဖူးရင် တော့ မသေစေချင်ဘူး၊ စေတနာ မပါဘူးဆိုတဲ့ စကားကိုပိုပြီးစဉ်းစားရလိမ့် မယ်။ ဒါကြောင့်သေချင်နေသူကိုခွက်ထည်းအဆိပ်ရည်ထည့်၊ အနားကို တိုးပေး၊ စုပ်တံပိုက်ကို ပါးစပ်ထဲ ထည့်ပေးစတဲ့ လုံ့လပြုမှုတွေ ကြောင့် ဗုဒ္ဓဒေသနာတော်အရ လုပ်ပေးသူဟာ လူသတ်ကံ မြောက်တယ်။ ဆေးသောက်သူလည်း ဝေါဟာရပဲ ကွာမယ်၊ ကိုယ့်ဟာကိုယ် သတ်သေတာပါပဲ။ ဗုဒ္ဓဝါဒ ဒဿနအရတော့ ဒီလိုပဲဖြစ်နိုင်တယ်။

သနားလို့ သေဆေး ကျွေးလိုက်တယ် ဆိုတာမျိုးက စကားလုံး လှပေမယ့် လုပ်ဆောင်မှု အတူတူပါ။ အပြစ်လွတ်အောင် အများလက်ခံအောင် ပရိယာယ်နဲ့ ရှောင်လွှဲခြင်း တစ်မျိုးပါပဲ။ အောင်မြင်စွာ ဆုတ်ခွာ သွား .. အရှုံးပေး ဆုတ်ခွာသွား .. လိုရင်းက ဆုတ်ခွာသွားတာပါပဲ။ ဘုန်းကြီးအထင် ရောဂါကို မခံစားနိုင်လို့၊ ရောဂါ ကျွမ်းနေလို့၊ ရူးသွပ် နေလို့ သေချင်နေသူတွေဟာ ပုံမှန်စိတ်ထားတော့ မဟုတ်တန်ရာဘူး။

အိပ်ရင်း သေရင်

မောဟဆိုတာ သစ္စာလေးပါးကို မသိတာ။ အိပ်တဲ့ စိတ်မှ မဟုတ်ဘဲ။ ဗုဒ္ဓ အဘိဓမ္မာအရ အိပ်မောကျတယ်ဆိုတာ ဘဝင်စိတ်ဖြစ်တာ။ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နဲ့ သေစိတ် (စုတိစိတ်)ဆိုတဲ့ စိတ်သုံးမျိုးဟာ အတူတူပဲ။ ဒါကြောင့် အိပ်မပျော်ခင်၊ တစ်နည်း ဘဝင်စိတ် မဖြစ်ခင် နောက်ဆုံးဖြစ်တဲ့ သိစိတ် (ဝီထိစိတ်)ကိုပဲ ယူသင့်တယ်။

ဥပမာ မဟာစည်ဆရာတော်ကြီးဟာ ပျံတော်မူခါနီး မေ့မျောသွားတယ်။ မေ့နေချိန်မှာ ဘဝင်စိတ် ဖြစ်နေလို့ အဲဒီမတိုင်ခင် စက္ကန့်ပိုင်းက ဖြစ်ခဲ့တဲ့ နောက်ဆုံး သိစိတ် (ဝီထိစိတ်)မှာ ဖြစ်ခဲ့တဲ့ ဇောစိတ်အာရုံနဲ့ ပဲ ပျံလွန်တော်မူဖွယ် ရှိပါတယ်။ ဆရာတော်ကြီး ဦးသီလာနန္ဒ ကော်မာ (coma) ဖြစ်နေချိန်မှာ ဒီကဆရာဝန်တွေ ပြောသလို အကြားနဲ့ အတွေ့ကို သိနိုင်ဖွယ်ရှိတယ် ဆိုတဲ့ အတိုင်း မှန်ရင်တောင် ဘေးက တပည့်တွေ လျှောက်တဲ့ အသံကို ကြားဆဲ၊ နှိပ်နယ်ဝတ်ပြုတဲ့ ထိတွေ့မှုကို သိဆဲမှာ ဝီထိစိတ် ဖြစ်နေတယ်လို့ ဆိုခွင့်ရှိတယ်။ စုတိစိတ် ဖြစ်ခါနီး နောက်ဆုံး သိစိတ်မှာ မောဟ မွှန်နေမှ အကုသိုလ်စိတ်တွေ ဖြစ်နေမှ ငရဲကျမယ်ထင်ပါတယ်။

သစ်ပင်ရဲ့ ခန္ဓာ

ဗုဒ္ဓအဘိဓမ္မာအရ ရုပ်သက်နဲ့ နာမ်သက်လို့ နှစ်မျိုးရှိရာမှာ သစ်ပင်မှာ ရုပ်သက်ပဲ ရှိတယ်။ နာမ်သက် မရှိဘူး။ သတ္တဝါတွေမှာ ရုပ်သက်ရော နာမ်သက်ပါရှိတယ်။ သစ်ပင်မှာ ရူပက္ခခန္ဓာ တစ်ပါးပဲရှိတယ်။ သတ္တဝါ တွေမှာက ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ ခန္ဓာငါးပါး ရှိတယ်။ မြတ်ဗုဒ္ဓအလိုအရ ခန္ဓာငါးပါးရှိမှ သက်ရှိလို့ ယူတယ်။ တစ်နည်း ဆိုရင် အာယု=နာမ်သက် (ဇီဝိတိန္ဒြေ စေတသိက်)၊ ဥသာ =အငွေ့ (ရုပ်သက်ခေါ်တဲ့ ဇီဝိတရုပ်)၊ ဝိညာဏ် = သိစိတ် .. ဒီသုံးခု အတူရှိနေ တဲ့ ရုပ်ခန္ဓာကို သက်ရှိလို့ ခေါ်တယ်။ သစ်ပင်မှာက ရုပ်သက်ခေါ်တဲ့ ဇီဝိတရုပ်ပဲရှိလို့ သက်ရှိမဟုတ်ဘူး။

ဇီဝသဘော

ဇီဝသဘောဆိုတာ ရှင်သန်ခြင်း၊ လှုပ်ရှားခြင်း သတ္တိရှိတာကို ဆိုလိုတယ်။ ဥပမာ သုက်ပိုး၊ အဆပေါင်း များစွာ ချဲ့ကြည့်မှ အဲဒီ ပိုးဆိုတဲ့ အရာတွေရဲ့ ရှင်သန်၊ လှုပ်ရှားသတ္တိကို မြင်နိုင်တယ်။ ဒီပိုးတွေမှာ အာယုနဲ့ ဥသာ ရှိပေမယ့် သိစိတ်မရှိဘူး။ တစ်နည်း ပြောရင် နာမ် သက်ဆိုတဲ့ ဇီဝိတိန္ဒြေ စေတသိက်နဲ့ ရုပ်သက်ဆိုတဲ့ ဇီဝိတရုပ် နှစ်ခုပဲ ရှိတယ်။ ခန္ဓာဖွဲ့ရင် ရူပက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာ နှစ်ပါး။ ဒါကြောင့် သက်ရှိလို့ မဆိုနိုင်ဘူး။ လှုပ်နေတိုင်း သက်ရှိ မဟုတ်ဘူး။ အိမ်မြှောင်ပြီးပြတ် လှုပ်နေတာဟာ ခန္ဓာဟောင်းက စိတ်ဝိညာဉ်ရဲ့ သတ္တိကြောင့်၊ ခေတ် စကားနဲ့ ဆိုရင် အဲဒီအထဲရှိနေတဲ့ အာရုံကြောတွေ မသေသေးလို့။ ပြတ်ခါစ မခြောက်ခင်မှာ ဇီဝသဘောရှိတဲ့ ရုပ်လို့ ဆိုဖွယ်ရှိတယ်။ သက်ရှိ တော့ မဟုတ်ဘူး။

၁၈၇။ အသက်တန်ဖိုး

ဖေဖော်ဝါရီ ၁၈၊၂၀၁၁။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည်၊

တပည့်တော်တို့ လမ်းထဲမှာ လူတွေ (ကလေး၊ လူကြီး၊ ဗိုက်ကြီးသယ် တွေ)ကို ခဏခဏ ထွက်ကိုက်နေတဲ့ ခွေးတစ်ကောင် ရှိပါသည်။ ထို ခွေးကို သတ်ချင်လို့ မဟုတ်ဘဲ အများအကျိုးအတွက် ဖယ်ရှားလိုက် ပါက အပြစ်ရှိမရှိ ဖြေကြားပေးစေလိုပါသည်။

Craker

---

မြွေမင်းသား

မကြာသေးခင်က ဝါရှင်တန်ဒီစီက လာလည်တဲ့ ဧည့်သည်တွေနဲ့ ဖိနစ်စ် မြို့ရဲ့ အရှေ့ဖက်မှာရှိတဲ့ Globeလို့ခေါ်တဲ့ မေမြို့လို တောင်ပေါ်မြို့ ကလေးက ပြတိုက်တစ်ခုကို သွားကြတော့ လမ်းမှာ ဘုန်းကြီးတို့ ရှေ့က ကားသုံးစီးတန်းစီပြီး ဘီးလိမ့်ရုံမောင်းနေတာနဲ့ ကြုံတယ်။ ဘာဖြစ်လဲ ကြည့်လိုက်တော့ မြွေတစ်ကောင် လမ်းလယ်မှာ ကရွတ်ခွေလို ခွေနေ တာကို တွေ့လို့ တဲ့။ ရှေ့ဆုံးက ဘိုမကြီးကမြွေလန့်သွားမှာစိုးလို့ ဟွန်း တောင် မတီးဘူး။ ကားစက်သံ ကြားမှ ကောင်စုတ်က လျှာထုတ်ပြီး သူ့ခေါင်းက ကားဖက်ကို ရမ်းလာလို့ ကားကို နောက်ဆုတ် ပေးရ သေးတယ်။ လူတွေ အုံကြည့်လာတော့မှ ကိုယ်တော်ချောက ခပ်တည် တည်နဲ့ လမ်းဘေးကို မင်းကြီး ကြွသလိုကြွတော်မူတယ်။ အဲဒါကြည့် ပြီး အင်း.. မြွေမင်းသားနှယ်၊ ကံကောင်းလိုက်တာ .. လို့ ပဲစိတ်ထဲက ဆိုမိတယ်။ ကားစီးနိုင်တဲ့ လူက လမ်းပေါ်က တိရစ္ဆာန်ကို ‘သေချင် လား၊ နင်းကြိတ်လိုက်ရ’ဆိုတဲ့ အမြင်မျိုးမရှိဘူး။

စည်းကမ်း

ခွေးကြောင် မွေးရတာ ကလေး မွေးရသလိုပဲ။ ခွေးကို ညွှန်းပြီး Your son, your daughter လို့ ခွေးရှင်ကို ပြောရင် ကြိုက်တယ်။ ခွေး မွေး တာနဲ့ ခွေးအဖေ ခွေးအမေတွေလို့ ဆိုရမလောက်ပဲ။ ခွေး မကျန်းမာ ရင် ကုသဖို့ အာမခံ ဝယ်ရတယ်။ စည်းကမ်းကို လိုက်နာအောင် ခွေးကို သင်တန်း ပို့ရတယ်။ ခွေးကို အိမ်မှာ ကျိတ်ပြီး မနှိပ်စက်ရဘူး။ ခွေးလည်ပင်းမှာ ခွေးရဲ့ နာမည်၊ အိမ်လိပ်စာ၊ ဖုန်းနံပတ်တွေ ပါတဲ့ ကတ်ပြားကို ဆွဲထားရတယ်။ ခွေးနဲ့ လမ်းလျှောက်တဲ့ အခါ လမ်းမှာ ခွေးချေးပါလို့ မရှင်းခဲ့ရင် နေရာအလိုက် ဒေါ်လာသုံးရာထိ ဒဏ်ရိုက်ခံရ နိုင်တယ်။ ညလူအိပ်ချိန်မှာ စွတ်ဟောင်လို့ အိမ်ဘေးလူက ရဲကို တိုင်ရင်လည်း ဒဏ်ပဲ။ ကိုယ့်ခွေး လူကို ကိုက်ရင်တော့ လေးငါး ဆယ်နှစ် အကြွေးဆပ်ရင် ဆပ်၊ မဆပ်ရင် ရှိတာ ပြောင်ပြီသာမှတ်။ ဘယ်သူ့အပြစ်

စာချဘုန်းကြီး ငယ်ဘဝက ကျောင်းမှာ ထမင်းကျန်ဟင်းကျန်လာစား နေတဲ့ ခွေးကို ရွာက ကျောင်းလာတက်တဲ့ ကျောင်းသားက သူ့ဖိနပ်ကို ကိုက်လို့ ဖမ်းပြီးနှုတ်သီးကိုပေတံနဲ့ ရိုက်တော့ ခွေးချစ်တတ်တဲ့ ကိုရင် ငယ်က ‘ခွေးက ကိုက်စရာတွေ့ရင် ကိုက်မှာပဲ။ မကိုက်အောင်မင်း ဖိနပ်ကိုသိမ်းထားပေါ့’တဲ့။ ဒီမေးခွန်းကိုဖတ်ပြီးကိုရင် လေးရဲ့ စကားကို အမှတ်ရတယ်။ ဆေးဘူး၊ မီးလောင်လွယ်တဲ့ အရည်တွေမှာ ‘ကလေးတွေလက်လှမ်း မမီတဲ့ နေရာမှာသိမ်းထားပါ’ ဆိုတာ ဖတ်ဖူးမှာ ပေါ့။ ကလေးဆိုတာ လူနော်။ ဒါပေမယ့် အသိဉာဏ် ရှိသေးတာမှ မဟုတ်ဘဲ။ သောက်မိလို့ အနာရယ်ဖြစ်ရင် ကိုယ်ပဲဒုက္ခရောက်မှာ။ ယင်ကောင်၊ ပရွက်ဆိတ်၊ ပိုးဟပ်တွေကိုလည်းဒီသဘောပဲနားလည်ပါ။

ကိုယ်က ဖြစ်သလိုနေလို့ ယင်ကောင်လာရင် ယင်ကောင့် အပြစ် လား၊ ကိုယ့်အပြစ်လား။ အဆိပ်ပုလင်းကို သောက်စရာ အထင်နဲ့ သောက်ပစ်လို့ ကလေးသေရင် ကလေးအပြစ်လား၊ သင့်အပြစ်လား။ ဆင်ခြေပါ

‘သတ်ချင်လို့ မဟုတ်ဘဲ အများအကျိုးအတွက်’တဲ့။ အများအကျိုး အတွက် သတ်ရင်လည်း သတ်တာပါပဲ။ ဆိုပါတော့ ခွေးကို သတ်လိုက် တာ ချက်ကောင်းကို မထိလို့ ဆန့်ငင်ဆန့်ငင် ဖြစ်နေရင် ‘တယ် .. အသက်ပြင်းတဲ့ ကောင်၊ သေကွာ’ ဆိုပြီး နှစ်ဆရှိတဲ့ အင်အားနဲ့ ထပ်ကြိုး စားရမယ်။ ဒီလိုဖြစ်ရင် သတ်ချင်လို့ မဟုတ်ပါဘူးလို့ ဆိုနိုင်အုံးမလား။ ဒီတော့ သင့်ရဲ့ အများကောင်းကျိုး ဆိုတဲ့ စကားနဲ့ သင့်စေတနာကြောင့် ရရှိမယ့် အပြစ်ကို ချင့်ချိန် ကြည့်ပေါ့။ ဒါလောက်ဆို ဘုန်းကြီးရဲ့ အာ ဘော်ကို ရိပ်မိလောက်ပါပြီ။

ပြောပြထားတဲ့ ဓလေ့စရိုက်၊ စည်းကမ်းရှိ၊ တာဝန်သိ ဆိုတာတွေကို တိုးတက်လိုသူအားလုံး ပါဝင်လိုက်နာပြီး တဖြည်းဖြည်း လေ့ကျင့် ယူသင့်ကြောင်းနဲ့ ဒီလိုခွေးမျိုးနဲ့ ပတ်သက်လို့ ကိုယ်တိုင်ခံစားမှု ရှိနေရင်တော့ ဆင်ခြေမပေးပါနဲ့လို့ ဆိုလိုကြောင်းပါ။

၁၈၈။ နိဗ္ဗာန်ဆိုတာ

မတ် ၂၉၊၂၀၁၁။

---

ဆရာတော် အရှင်မြတ်ဘုရား၊ နိဗ္ဗာန်အကြောင်းကို သိလိုပါသည်အရှင် ဘုရား။ နိဗ္ဗာန်ဆိုတာ ဘယ်လိုပါလဲ။ နိဗ္ဗာန်မှာ သက်ရှိတွေ ရှိပါသလား။ တပည့်တော် နားလည် သလောက်မှာ နိဗ္ဗာန်ကို ရပြီးရင် ပြန်လည် မွေးဖွားခြင်း မရှိဘဲ ဘဝကုန် ဆုံးသွားပြီဟု ဖြစ်ပါသည်။ နိဗ္ဗာန် မှာ လူတွေ လောဘ၊ ဒေါသ၊ မောဟမရှိဘဲ နေထိုင်ကြပါသလား။ နိဗ္ဗာန်မှာ ကိုယ်ခန္ဓာလည်း မရှိ၊ စိတ်လည်း မရှိဟု ဆိုပြန်ရာ ရှုပ်ထွေး နေပါသဖြင့် ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

ဇင်ထွန်း

---

ဗုဒ္ဓဝါဒီ ဖြစ်ရင်

နိဗ္ဗာန်ဆိုတာ ဝိပဿနာလို့ ခေါ်တဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့် လေ့ကျင့်အားထုတ်မှုရဲ့ နောက်ဆုံးရလဒ် ဖြစ်ပါတယ်။ အဲဒီ ရလဒ် ကိုယ်တို့ ကိုယ်စီမှာ မရှိသေးရင် ရှင်းပြဖို့နဲ့ ရှင်းပြတာကို နားလည်ဖို့ အခက်အခဲ ရှိတယ်။ နိဗ္ဗာန်ဟာ လောကီနယ်က လူသာမန်တို့ ခေါ်ဝေါ်သုံးစွဲနေကြတဲ့ ဝေါဟာရရဲ့ အခြားတစ်ဖက်မှာ ရှိတယ်လို့ သုတေသီတို့ ဆိုလေ့ရှိပါတယ်။ ဒါပေမယ့် လောကမှာ နိဗ္ဗာန်ကို သိမြင် ဆိုက်ရောက်ပြီး ဖြစ်ကြတဲ့ အမှန်ကိုသာ ဆိုတတ်တဲ့ ဘုရားရဟန္တာ အရိယာ ပုဂ္ဂိုလ်ထူးတွေ အမှန်တကယ် ရှိခဲ့ရှိဆဲလည်းဖြစ်လို့ ဗုဒ္ဓရဲ့ မဂ္ဂင် ရှစ်ပါးကျင့်စဉ်ကို ယုံကြည်ကြတဲ့ အရှေ့အနောက်က ဗုဒ္ဓဝါဒီတွေဟာ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား အမှန်တကယ် တည်ရှိတယ်လို့ ယုံကြည်ကြပါတယ်။

ကျမ်းထွက်နိဗ္ဗာန်

ရှေးဦး ပါဠိတော် ကျမ်းဂန်အဆို တစ်ခုကို အကျဉ်းမျှ ထုတ်ပြရရင် ... ‘နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ပဲ သိနိုင်တယ်၊ ပကတိမျက်စိနဲ့ မမြင် နိုင်ဘူး (အနုမြူကို ခွဲခြမ်းနိုင်တဲ့ မိုက်ခရိုစကုပ်တွေနဲ့လည်း မမြင်နိုင်ဘူး) စိတ်စေတသိက်တွေလို ဥပါဒ်ဌီဘင် (ဖြစ်တည်ပျက်သဘော)မရှိ၊ ဆိုက်ရောက်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိတယ်၊ ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ ဓာတ်ကြီး လေးပါးရဲ့ အထောက်အပံ့မရှိ၊ အရှည် အတို အထူအပါး ကောင်းဆိုး သဘောမရှိ၊ စုတိဝိညာဉ် ချုပ်တဲ့ အခါ နိဗ္ဗာန်ရဲ့အရှိန်ကြောင့်ရုပ်နာမ် အသစ်မဖြစ်တော့ဘဲမီးငြိမ်းသလိုငြိမ်း သွားတဲ့ အတွက်နောက်ထပ် ခေါ်ဝေါ်စရာ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ အမည် နာမတွေ မကျန်တော့ပေမယ့် အငြိမ်း (သန္တိ) သဘာဝရှိတဲ့ သတ္တိကတော့ ကျန်ခဲ့တယ်၊ အဲဒီ သတ္တိဟာ နိဗ္ဗာန်ပဲ’ (ဒီ၊၁၊၂၃၁။ ဒီ၊ဋ္ဌ၊၁၊၃၂၅ကရရှိတဲ့ နားလည်မှုပါ)။

သက်ရှိတွေ ရှိသလား

ရုပ်တရားတွေရဲ့အပူအအေးစတာတွေကြောင့်ပြောင်းလဲတဲ့ သဘာဝ၊ စိတ်ရဲ့ အာရုံကို သိတဲ့ သဘာဝ၊ စေတသိက်ရဲ့ စိတ်ကို အရောင်ခြယ် သတဲ့ သဘာဝတွေဟာ Time and Space အရ ဘယ်တော့မှ မပြောင်း လဲတဲ့ သဘာဝနိယာမ ဖြစ်လို့ ဒီတရား သုံးမျိုး (စိတ်၊ စေတသိက်၊ ရုပ်)ကိုပရမတ်လို့ ခေါ်တယ်။ အဲဒီရုပ်နဲ့ နာမ်ပရမတ်တွေထဲမှာနိဗ္ဗာန် မပါဘူး။ နိဗ္ဗာန်က သနိ သဘာဝရှိတဲ့ သီးခြား ပရမတ်တစ်ခုပဲ။ အဘိဓမ္မာ မာတိကာပါဠိတော်လာ ‘ဗဟိဒ္ဓါ ဓမ္မာ (ကိုယ်ခန္ဓာ ပြင်ပရှိ တရား တွေ)’ အရမှာ နိဗ္ဗာန် ပါဝင်လို့ နိဗ္ဗာန်ဟာ ခန္ဓာကိုယ်ထဲမှာ အနှစ် အမတေ အနေနဲ့ ရှိမနေဘူး။ ပြောပြထားတဲ့ အတိုင်း ရုပ်ထူး နာမ်ထူး မဟုတ်လို့ သက်ရှိတွေနေထိုင်တဲ့ နေရာဌာနလည်းမဟုတ်ဘူး။

ပုဂ္ဂိုလ်မရှိ

နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဥပလဗ္ဘတိ၊ ရအပ်၏။ ဣတိ၊ ထို့ကြောင့်။ နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို။ ပဋိသံဝေဒီ၊ ခံစား စံစား၍နေသော ပုဂ္ဂိုလ်ကိုလည်း။ ဥပ လဗ္ဘတိ၊ ရအပ်ပါသလော။ ဣတိ၊ ဤသို့မေးပါ၏။ ဧဝံ၊ ဤသို့ရအပ်၏ ဟူ၍။ နဝတ္တဗ္ဗေ၊ မဆိုနိုင်။ ဣတိ၊ ဤသို့ ဖြေပါ၏ (ကထာဝတ္ထု၊၄၆)။ အဓိပ္ပာယ်က နိဗ္ဗာန်မှာ နိဗ္ဗာန်သက်သက်ပဲ ရှိတယ်။ နိဗ္ဗာန် ချမ်းသာကို ခံစားစံစားနေတဲ့ ပုဂ္ဂိုလ်ထူး ရုပ်ထူးတွေ မရှိဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

နိဗ္ဗာန်ကို တပ်အပ်မြင်ပုံ

အပရာပရံ၊ ရှုမှတ်မှု အဆင့်ဆင့် အဆက်ဆက်။ မနသိကရောတော၊ နှလုံးသွင်း ရှုလျက် သိနေသော။ တဿ၊ ထိုဝိပဿနာကို ကြိုးစား အားထုတ်နေသူ၏။ တံ စိတ္တံ၊ ထိုရှုမှတ်လျက် သိနေသော စိတ်သည်။ (အပရာပရံ၊ အစဉ်မပြတ်တရစပ်။ မနသိကရောတော၊ ရှုလျက်သိနေ စဉ်မှာပင်။) ပဝတ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်ကို။ သမတိက္ကမိတွာ၊ ကျော်လွန်၍။ အပ္ပဝတ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်၏ ဆန့်ကျင်ဘက် သဘောသို့ (တစ်နည်း) မပြတ်ဖြစ်နေသော ရုပ်နာမ် အလျဉ် ပြတ်စဲပြီး ချုပ်ငြိမ်းခြင်း သဘောသို့။ ဩက္ကမတိ၊ သက်ရောက် သွား၏။

သမ္မာပဋိပန္နော၊ မြင်ရုံမျှ ကြားရုံမျှ စသည်ဖြစ်အောင် မမေ့မလျော့ မပြတ်ရှုသိလျက် မှန်ကန်စွာ ကျင့်ခဲ့သည်ဖြစ်၍။ အပ္ပဝတ္တံ၊ မပြတ်ဖြစ် နေသော ရုပ်နာမ်အလျဉ်၏ ပြတ်စဲလျက် ချုပ်ငြိမ်းခြင်း သဘောသို့။ အနုပ္ပတ္တော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အသိဉာဏ်ထူးဖြင့် ဆိုက် ရောက်သွားသော ပုဂ္ဂိုလ်ကို။ နိဗ္ဗာနံ သစိကရောတီတိ၊ နိဗ္ဗာန်ကို မျက် မှောက်ပြုသည်ဟူ၍ (တစ်နည်း) နိဗ္ဗာန်ကို တပ်အပ် သိမြင်သူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ (မိလိန္ဒ၊၃၁၁)။

အာမခံပါတယ်

တစ်သက်လုံး လှုပ်ရှားနေရတဲ့ လှုပ်ရှားနေရဦးမယ့် ဘဝအမောတွေကို ခေတ္တခဏနားပြီး ရိပ်သာတစ်ခုကို သုံးလလောက် သို့မဟုတ် အနည်းဆုံး တစ်လကြာစီ သုံးခါလောက် ဝင်ကြည့်ပါလား။ နိဗ္ဗာန်ကို တပ်အပ် မမြင်ခဲ့ရင်တောင် အနည်းဆုံး နိဗ္ဗာန်ရဲ့ အဓိပ္ပာယ်ကို ရေးတေးတေးတော့ နားလည်သွားဖို့သေချာကြောင်း ဘုန်းကြီးအာမခံပါတယ်။

၁၈၉။ ဗုဒ္ဓခြေတော်ရာ

ဧပြီ ၃၀၊၂၀၁၁။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ မြန်မာနိုင်ငံတွင် ရှိနေသော အထက်စက်တော်ရာနှင့် အောက်စက်တော်ရာ မြတ်စွာဘုရား၏ ခြေတော်ရာများသည် မြတ်ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်က မြန်မာနိုင်ငံ ကိုကြွရောက်ခဲ့သည့် သာဓက ဖြစ်နိုင်ပါသလား၊ မြန်မာနိုင်ငံသို့ ဗုဒ္ဓဝါဒ ရောက်ရှိပျံ့နှံ့လာပုံ အကြောင်းကိုလည်း သိလိုပါသည် အရှင်ဘုရား။

ဇော်မင်းအောင်

---

သုတေသီအမြင်

သမိုင်းရာဇဝင်တွေဟာ နှစ်ကာလ ရှည်ကြာလာတဲ့ အခါ လက်တွေ့ ဖြစ်ရပ်မှန်နဲ့ နားလည်ခံစားမှု တစ်ထပ်တည်းမကျဘဲ ဖြစ်သွားတတ်တယ်။ အထူးသဖြင့် ပါဠိတော် အဋ္ဌကထာ ကျမ်းတွေလို ရှေးကျပြီး ခိုင်လုံတဲ့ မှတ်တမ်းတွေ မရှိဘဲ ပါးစပ်ရာဇဝ င်သက်သက်လောက်ပဲ ရှိခဲ့ရင် အဲဒီ သဘောတွေဖြစ်ဖို့ အခွင့်အလမ်း ပိုသာတယ်။ မှုခင်းကို တိုက်ရိုက်မြင် ရသူနဲ့ သတင်း နားထောင်ပြီး သိရသူ နှစ်ဦးရဲ့ ခံစားမှု မတူနိုင်သလို ပါဘဲ။ အနောက်တိုင်းက သုတေသီတွေက ပါးစပ်ရာဇဝင်နဲ့ တင်ပြတာကို နှစ်နှစ်ခြိုက်ခြိုက် လက်မခံဘူး။ သမိုင်း ဖြစ်ရပ်မှန်မှာ ယုံကြည်မှု အခြေခံနဲ့ ပြောဆိုမှုတွေ မပါရဘူး၊ ခေတ်ပြိုင်သို့မဟုတ် အလွန်မကွာ လှမ်းတဲ့ ခေတ်အချိန်က ရေးထိုးတဲ့ ကျောက်စာစတဲ့ သက်သေသာဓက တစ်ခုခုရှိရမယ်လို့ သူတို့က ယူဆတယ်။

ဗုဒ္ဓခြေတော်ရာ

မြတ်ဗုဒ္ဓဟာ လူ့သားက မွေးဖွားတဲ့ လူ့အသွေးအသား လူ့ခန္ဓာကိုယ် ဖြစ်ပေမယ့် ဘဝပေါင်း များစွာ ဖြည့်ဆည်းထားတဲ့ ပါရမီ စွမ်းအင်တွေ ရဲ့အစုအပုံသို့မဟုတ် ‘ပါရမီကိုယ်’ဖြစ်တာကြောင့် ‘အစရိယမနုဿ’ သို့မဟုတ် ‘လူသားလွန်’ပုဂ္ဂိုလ်ထူး ဖြစ်တယ်လို့ ဗုဒ္ဓဝါဒီတို့ ယုံကြည်ပါတယ်။ ကျမ်းဂန်မှာဖော်ပြတာက ‘(၁)ဗုဒ္ဓရဲ့ အသားအရေဟာ ဝါဂွမ်း လို နူးညံ့လို့ (၂) ခွန်အား အလွန်ကောင်းတဲ့ သိန္ဓောမြင်းဟာ ကြာရွက် ပေါ်မှာ ခြေရာမထင်အောင် ဖြတ်ပြေးနိုင်သလို ဗုဒ္ဓဟာ အားတော် ကြီးလွန်းလို့ (၃) ကြည်ညိုသူတို့ သံဃာတော်တွေရဲ့ အရိပ်ကို ရှောင်သလို ဗုဒ္ဓရဲ့ ခြေတော်ရာကို တွေ့တဲ့ အခါ လူအများရဲ့ နှောင့်နှေးမှု မဖြစ်စေ ချင်လို့ မြတ်ဗုဒ္ဓ မြေကြီးကို နင်းတဲ့ အခါ ခြေရာ မထင်ဘူး၊ မြင်လိုသူ ကိုပဲ ပြတော်မူတယ် (အံ၊ဋ္ဌ၊၂၊၂၈၈)’တဲ့။

ဖူးရသူတွေ

ရှင်တော်ဗုဒ္ဓကြွလှမ်းစဉ်မှာ ခြေတော်ရာမထင်လို့ ခြေတော်ရာကို ဖူးမြင် ရသူမရှိတဲ့ အတွက် ရှားရှားပါးပါး ဖူးမြင်ရသူတွေကို ကျမ်းဂန်မှာမှတ် တမ်းတင်ခဲ့တယ်။ စာရင်းလုပ်ကြည့်ရင် ...ခုနစ်ပြည်ထောင် မင်းတွေကို ဗုဒ္ဓဓာတ်တော် ဝေငှပေးတဲ့ ဒေါဏပုဏ္ဏား (အံ၊၁၊၃၃၅)၊ သမီးကို မြတ်ဗုဒ္ဓနဲ့ လက်ဆက်စေချင်တဲ့ မာဂဏ္ဍီပုဏ္ဏား လင်မယား (သုတ္တနိ၊ဋ္ဌ၊၂၊၂၈၈)၊ ဗုဒ္ဓကို ဖူးတွေ့ဖို့ အသည်းအသန် လိုက်ရှာနေကြတဲ့ ဗာဝရီ ရသေ့ရဲ့ (အဲဒီအချိန်မှာ ရသေ့ဝတ်နေပြီ) တပည့်ရသေ့တွေ (သုတ္တနိ၊ဋ္ဌ၊၂၊၂၉၉)၊ တံမြက်မလှည်းဘဲ နိရောဓသမာပတ် ဝင်စားမိတဲ့ အရှင် သာရိပုတ္တရာ (ဝိ၊ဋ္ဌ၊၄၊၁၇၆)၊ သောတာပန် ဖြစ်လာမယ့် ကြက်ဖမ်း မုဆိုး (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၇)စတဲ့ ကံထူးရှင်တွေဖြစ်ပါတယ်။

ပဒစေတီ’လို့ အဋ္ဌကထာကျမ်းတွေမှာ ဖော်ပြတဲ့ အတိုင်း ဗုဒ္ဓဆင်း တု ထုလုပ်ကိုးကွယ်မှု မထွန်းကားခင်က ဗုဒ္ဓဝါဒီတွေဟာ ဗုဒ္ဓရဲ့ ခြေ တော်ရာပုံစံကို ထုလုပ်ကိုးကွယ်ခဲ့ကြပုံ ရတယ်။ ဗုဒ္ဓဂယာက ဗုဒ္ဓပဒစေ တီတော်တွေဆိုရင်လည်း အတော်ရှေးကျတဲ့ ကာလကပင်ရှိခဲ့ပုံပါပဲ။

သီဟိုဠ်စက်တော်ရာ

မဟာဝံသကျမ်းအရ မြတ်ဗုဒ္ဓဟာ သီဟိုဠ်ကျွန်းကို သုံးကြိမ် ကြွတဲ့ အနက် နောက်ဆုံးအကြိမ် ကလျာဏီအရပ်ကို ကြွစဉ် သုမနကူဋ (ယနေ့ သိရိပဒစေတီ တည်ရှိတဲ့ ၇၃၆၀ ပေ မြင့်တဲ့ သမနကူဋ) တောင် ထွတ်ပေါ်မှာ ခြေတော်ရာတစ်ဆူ ထားခဲ့တယ် (မဟာဝံသ၊၁းရ၇)။

သီဟိုဠ်ပါးစပ်ရာဇဝင်အရ ဒီခြေတော်ရာကို ဝဋ္ဋဂါမဏိမင်းကြီး (၁၀၄-၇၆ ဘီစီ) တိုင်းပြည်က ပုန်းရှောင်နေစဉ် ပထမဆုံး ဖူးတွေ့ခဲ့ရ ကြောင်း၊ အဲဒီနောက်သီဟိုဠ်ဘုရင် အဆက်ဆက်သွားရောက် ဖူးမြော် ခဲ့ကြကြောင်း သိရတယ်။ သိရိပဒစေတီနဲ့ ပတ်သက်တဲ့ သမိုင်းဝင် ကျောက်စာကို ဝိဇယဗာဟုမင်း (၁၀၆၅-၁၁၁၉ အေဒီ) ရေးထိုးခဲ့ကြောင်း ပါမောက္ခပရနဝိတန (Paranavitana)က ဆိုတယ်။ ခရီးသည် မာကိုပိုလို (၁၂၅၄-၁၃၂၄ အေဒီ)လည်း ဒီတောင်ထွတ်ပေါ်ကို ရောက် ပြီး ခြေတော်ရာကို တွေ့ခဲ့ရသတဲ့။ မဟာဝံသကျမ်းဟာ အေဒီ ငါးရာစု မတိုင်ခင်ကပင် သီဟိုဠ်ဘာသာနဲ့ ရှိနေတဲ့ ကျမ်းဖြစ်လို့ သီဟိုဠ် စက် တော်ရာရဲ့သမိုင်းတန်ဖိုးက ကြီးမားပါတယ်။

နမ္မဒါ၊ သစ္စဗန္ဓ

အရှင်ပုဏ္ဏဟာ မြတ်ဗုဒ္ဓထံက ဩဝါဒထူးကို ခံယူပြီး သာဝတ္ထိမြို့ ဇေတဝန် ကျောင်းကနေ နှုတ်ကြမ်း လူကြမ်းတွေ များတဲ့ သုနာပရန္တတိုင်း ဝါဏိဇရွာကို ခြေကျင် ကြွပါတယ်။ အရှင်မြတ် ဟောပြောလို့ လူအချို့ ယဉ်ကျေးသွားတဲ့ အခါဒီရွာကို ဗုဒ္ဓကိုယ်တိုင်ကြွတယ်။ ရွာကို မဝင်ခင် သစ္စဗန္ဓတောင်ပေါ်မှာ အရင် နားပြီး အဲဒီမှာနေတဲ့ ရသေ့ကို အရင် ချေချွတ်၊ ပြီးရွာထဲမှာ ဆွမ်းခံကြွပြီး အပြန်မှာတောင်နဲ့ ရွာအကြားမှာရှိတဲ့ နမဒါမြစ်ကမ်းမှာ ခြေတော်ရာတစ်ဆူနဲ့ သစ္စဗန္ဓတောင်သို့ အပြန်မှာ ရဟန္တာဖြစ်ပြီးတဲ့ ရသေ့တောင်းပန်လို့ တောင်ပေါ်က ကျောက်သားပေါ် မှာခြေတော်ရာ တစ်ဆူပြတော်မူတယ် (မ၊ဋ္ဌ၊၄၊၂၃၉။ သံ၊ဋ္ဌ၊၃၊၂၅)။

အပရန္တနဲ့ သုနာပရန္တဟာ အတူတူ ဖြစ်နိုင်တဲ့ အပြင် ‘သုနာပရန္တ’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အရရော ပထဝီကျမ်းတွေ အဆိုအရပါ ဒီဒေသဟာ အိန္ဒိယရဲ့ အနောက်ဖျားမှာ ရှိနိုင်တယ်လို့ မော်လမြိုင်မြို့ တောင်ပေါက် ဆရာတော်က ဆိုတယ် (ဗုဒ္ဓသာသနိကပဌဝီဝင်၊ စာ၂၁၇)။ အရှင်ပုဏမထေရ် သာဝတ္ထိမြို့ကနေ သုနာပရန္တတိုင်းကို ခြေ ကျင် ကြွနိုင်တာကို ထောက်ရင် တောင်ပေါက် ဆရာတော်ရဲ့ အဆိုကို ဘုန်းကြီးနှစ်သက်တယ်။

မြန်မာနဲ့ ဗုဒ္ဓဝါဒ

သာသနာလင်္ကာရစာတမ်း (ယင်း၊ စာ-၂၁)အရ အရှင်ပုဏ္ဏ ကြွရောက် တဲ့ သုနာပရန္တတိုင်းဟာ ယခု စက်တော်ရာ နှစ်ဆူရှိနေတဲ့ ဒေသဖြစ်ပါတယ်။ မိခင်ဖြစ်ဖူးသူကို တရားလာဟောတဲ့ ဗုဒ္ဓသာဝက ရဟန္တာအရှင် ဂဝံပတိ တောင်းပန်လို့ ဗုဒ္ဓဖြစ်ပြီး ရှစ်နှစ်အကြာမှာ မွန်တို့ ဌာနေ ရာမည တိုင်းကိုလည်း မြတ်ဗုဒ္ဓ ကြွတော်မူတယ် (ယင်း၊ စာ-၅၆)။ ဒီစာအရ မြန်မာနိုင်ငံကို ဗုဒ္ဓကြွရောက်ခဲ့တယ်လို့ ဆိုဖွယ်ရှိပါတယ်။

အသောကမင်း (ဘီစီ သုံးရာစု)ရဲ့ ကိုးတိုင်းကိုးဌာန သာသနာပြု အဖွဲ့ဝင် အရှင်သောဏနဲ့ အရှင်ဥတ္တရ မထေရ်တို့ သုဝဏဘူမိ (သထုံ) မှာ သာသနာပြုတယ်။ သာသနာနှစ် ၁၆၀၀ (အေဒီ ၁၀၄၄၊ ခန့် သို့မဟုတ် သောဏ ဥတ္တရပြီး နောက်နှစ်ပေါင်း ၁၃၆၅ အကြာ)မှာ မြန်မာ နိုင်ငံ အလယ်ပိုင်း ပုဂံကို ဗုဒ္ဓသာသနာ ရောက်ရာက (ယင်း၊ စာ-၅၈) ယနေ့ထိဗုဒ္ဓသာသနာတည်တံ့သွားပါတယ်။

၁၉၀။ လက်တွေ့ ရှိရဲ့လား

ဧပြီ ၃၀၊၂၀၁၁။

---

ဆရာတော် အရှင်ဘုရား၊

ကျွန်တော်လို့ပဲ သုံးပါရစေ ဆရာတော်။ ကျွန်တော်ဟာ ဘာသာမဲ့ တစ် ယောက်ပါ။ အရင်ကတော့ ခရစ်ယန် ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာ တွေအပေါ် မကောင်းမြင်ပြီး တိုက်ခိုက်လိုစိတ် မရှိပါဘူး။ မသိသေးတာကို ရှာဖွေနေသူပါ။ ကျွန်တော့် ခံယူချက်နဲ့ ပတ်သက်ပြီး ဆရာတော်တို့ကို ဖွင့်ဟပြီး မေးလိုပါတယ်။ ကျွန်တော် ဘာသာမဲ့ ဖြစ်သွားရတဲ့ အကြောင်းရင်းကိုလည်း သိသွားမှာပါ။ ကျွန်တော်သိချင်တာတွေကို ရှင်း ရှင်းလင်းလင်း မြင်နိုင်အောင်နံပါတ်စဉ်တပ်ပြီး မေးလိုပါတယ်။

၁။ လူအများစုဟာ ကိုယ့်မိဘရဲ့ ဘာသာဝင်တွေပဲ ဖြစ်လာကြပြီးတော့ အခြား ဘာသာတွေကို သေချာ မလေ့လာတော့ဘဲ ကိုယ့်ရှိရင်း မိဘရဲ့ ဘာသာကိုပဲ ယူကြတာဟာ ဖြစ်သင့် မဖြစ်သင့် ဆရာတော်ရဲ့ အယူအဆကို သိချင်ပါတယ်။

၂။ ဘာသာတရား အများစုရဲ့သမိုင်းတွေဟာ Science နဲ့ Nature အရ မဖြစ်နိုင်တာတွေ တော်တော်များများ ပါတာကို တွေ့ရတယ်။ အားလုံးက ခုလက်ရှိမှာ မဖြစ်တော့တာ တွေ့ရတယ်။ ခရစ်ယန်မှာလည်း ကျမ်းစာထဲက ဘုရားဟော အဖြစ်အပျက်တွေမှာ ပါတဲ့ သဘာဝ သိပ္ပံနဲ့ မညီတာတွေက ခုလက်ရှိမှာ မဖြစ်ဘူး။ တစ်ခြား ဘာသာတွေမှာလည်း ဒီလိုပဲ တွေ့ရတယ်။ တစ်ချို့လူကြီးတွေ အပြောအရ စိတ်ကူးနဲ့ လှပခမ်းနားအောင် ရေးခဲ့တာလို့ ပြောတဲ့ အတွက်ဆရာတော်ရဲ့အယူ အဆမှာကော သဘာဝ သိပ္ပံနဲ့ မညီတဲ့ အဖြစ်အပျက် ဖော်ပြချက်တွေကို ဘယ်လို ထင်မြင်ပါသလဲ။

၃။ ဘာသာတရားတွေ အများကြီးရှိတဲ့ အနက်က လူအားလုံးလိုလို သူ့ ယုံကြည်ချက်နဲ့ သူ ရှိနေကြတယ်။ အားလုံးဟာ တကယ်တမ်း သက်သေ အထောက်အထား အတိအကျမရှိဘူးလို့ ကျွန်တော်ယူဆတယ်။ သက်သေ အထောက်အထား မရှိတဲ့ အရာကို ကျွန်တော်တို့က အသေ အချာ ရှိတယ် ဖြစ်တယ်ဆိုပြီး မှန်းပြီး ယုံကြည်ကိုးကွယ်နေကြတယ် လို့ ထင်မိပါတယ်။ ဘာသာ အားလုံးကလည်း ကိုယ့်ဘာသာက လွဲလို့ ဘယ်ဘာသာရဲ့ ဘုရားကိုမှ မယုံကြပါဘူး။ မွေးစကတည်းက မသိ တတ်စ ကတည်းက မိဘက သွန်သင်လာသလို ဒီဘာသာကိုပဲ စွဲသွား ပြီး ကိုးကွယ်နေတယ်လို့ ထင်မိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးဆရာတော် တို့ရဲ့အယူအဆကို သိချင်ပါတယ်။

၄။ နံပတ် တစ် မေးခွန်းကို ဆက်ပြီး စဉ်းစားကြည့်ရင် ဘာသာ အားလုံးကို လေ့လာပြီးသွားရင်လည်း အားလုံးဟာ သူ့ကျမ်းစာအုပ်တွေနဲ့ သူ့သမိုင်းတွေနဲ့ ရှိနေတာ တစ်ကြောင်း၊ သေချာတဲ့ သက်သေ အတိ အကျမရှိတာတစ်ကြောင်း၊ ယုတ္တိကိုကြည့်ရင်လည်း ဘာသာအားလုံးဟာ တန်ခိုးတွေ အစွမ်းတွေ သဘာဝနဲ့ ဆန့်ကျင်နေတာတွေ ပြည့်နေ တာတွေ တစ်ကြောင်း၊ သူ့ဘာသာဖက်က ကြည့်ရင် သူ့အရာနဲ့ သူ ကောင်းနေမှာပဲ ဖြစ်တာတစ်ကြောင်းကြောင့် ဘာသာမဲ့ပဲ ဖြစ်သွားမယ်လို့ ထင်မိပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဆရာတော်ရဲ့ အယူအဆ နဲ့ ဆရာတော်ကတော့ ဘာသာကြောင့် များပြားလှတဲ့ ဘာသာတွေ ကျမ်းစာအုပ်တွေ အဖြစ်အပျက်တွေထဲက ဆရာတော် ကိုးကွယ်တဲ့ ဘာသာသာရဲ့ သမိုင်းတွေ အဖြစ်အပျက်တွေကိုပဲ ရွေးချယ် ယုံကြည်ခဲ့သလဲ ဆိုတာကို သိချင်ပါတယ်။

ဒီမေးခွန်းတွေက ကျွန်တော့်ရင် ထဲမှာရှိနေပြီး ဘယ်လိုမှမသိနိုင် သေးတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ မယုံကြည်တာလည်း မဟုတ်၊ ယုံတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စာတွေမှာ အမှားပါခဲ့ရင် ခွင့် လွှတ်ဖို့ တောင်းပန်ပါတယ်။ ကျွန်တော့် မေးခွန်းတွေကို အသိအမှတ် ပြုပြီး ပြန်လည်ဖြေကြားခဲ့ရင်တော့ အလွန် ဝမ်းသာမှာပါ။ ဆရာတော် တို့ကို ကျေးဇူးအထူး တင်ပါတယ်။ ကျွန်တော့်ရဲ့ နာမည်ကို မထည့် တာကိုလည်း နားလည်ခွင့်လွှတ် ပေးစေချင်ပါတယ်။

ဘာသာမဲ့တစ်ဦး

---

အင်္ဂလိပ်မှာအိုင်နဲ့ ယူပဲရှိတယ်။ ကျေးကျွန်က ဘုရင်ကို ပြောရင်လည်း အိုင် ယူပါပဲ။ မြန်မာမှာကတော့ ကြည်ညို ရိုသေလို့ ဖြစ်စေ၊ တစ်ဖက် သားနဲ့ ဆက်ဆံရာမှာ ရည်မွန် ယဉ်ကျေးတဲ့ အနေနဲ့ ဖြစ်စေ ရဟန်း သံဃာကို ‘တပည့်တော်’လို့ သုံးလေ့ သုံးထရှိပါတယ်။ ပြောသူရဲ့ ရင်တွင်းက စိတ်ထားသာ ပဓာနဖြစ်လို့ ဒါလောက်ကတော့ မထောင်းသာဘူးလို့ ယူဆပါတယ်။

၁။ ဗုဒ္ဓကတော့ သင့်မိဘ ဘိုးဘွားတွေ ယူခဲ့တဲ့ အယူဝါဒ ဖြစ်လို့၊ ကျမ်းမြတ်တွေမှာပါလို့ ဆိုရုံနဲ့ ယုံကြည် လက်ခံ ကိုးကွယ်မှု မလုပ်ဖို့၊ ယုံကြည်မှု တစ်ရပ်ဟာ ကိုယ့်ကိုရော သူ့ကိုပါ ဒုက္ခ မဖြစ်စေတဲ့ အပြင် ကိုယ်တိုင် လေ့လာကျင့်သုံးပြီး အကျိုးရှိမှ လက်ခံဖို့မိန့်ဆို ညွှန်ကြား ထားလို့ ဒီ့အတွက် အဖြေက ရှင်းပါတယ်။

၂။ ဘုန်းကြီးကျောင်းကို လာနေတဲ့ ခရစ်ယန်မြန်မာအမျိုးသမီး တစ်ဦးက ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားဟာ မွေးပြီးတာနဲ့ လမ်းလျှောက် စကားပြောတာကတော့ သဘာဝနဲ့ ဆန့်ကျင်လို့ သိပ်ကိုမဖြစ်နိုင်ပါဘူးတဲ့။ အဲဒီတော့ ဘုန်းကြီးက ခရစ်တော်ဟာ သေနေတဲ့ လာဇရုကို ‘ဟေ့ လာဇရု၊ ထွက်ခဲ့’လို့ ခေါ်လိုက်တာနဲ့ ရုပ်အလောင်းဟာ အုတ်ဂူ ထဲက အသက်ရှင်လျက် ထွက်လာတယ် ဆိုတာကကော ဖြစ်နိုင်ပါသလားလို့ ပြန်မေးရတယ်။ မိမိတို့ ကြည်ညို ကိုးကွယ်တဲ့ ပုဂ္ဂိုလ်ကို ဂုဏ်ပြု မွှမ်းဆို ခြယ်သရင်း ကာလ ရွေ့လျောလာတဲ့အခါ အဲဒီလို ဖြစ် သွားတယ်လို့ ယူဆရတယ်။

ဗုဒ္ဓဝါဒမှာက ဘဝသံသရာ ဆိုတာကို ယုံကြည်လို့ ဘဝသံသရာ တစ်လျှောက် ပေးဆပ်မှု များစွာနဲ့ ရင်းနှီးခဲ့ရတဲ့ မင်းသိဒ္ဓတ်ရဲ့ ‘ပါရမီ ကိုယ်’မှာ အားလုံးဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။

၃။ ဗုဒ္ဓဘုရား တည်ရှိခဲ့တယ်ဆိုတဲ့ ကိုးဆယ်ရာနှုန်း သေချာတဲ့ သက်သေ အထောက်အထား ရှိတာကိုတော့ အဆောက်အအုံဟောင်းတွေ၊ ကျောက်စာတွေအရ ရှေးဟောင်း သုတေသန ပညာရှင်တို့ အသိ အမှတ် ပြုထားပါတယ်။ မဂ္ဂင်ရှစ်ပါးနဲ့ သစ္စာလေးပါး ကျင့်စဉ်ဟာ လူသား လောကအတွက် အကျိုးရှိတယ်ဆိုတာကိုလည်း ဗုဒ္ဓဝါဒီ မဟုတ် သူတွေတောင် အသိအမှတ်ပြုထားတာတွေကို ဖတ်ဖူးမယ်လို့ ယူဆပါတယ်။ ‘ငါ့ဟာပဲ မှန်တယ်၊ သူ့ဟာတွေ အားလုံးမှားတယ်’ ဆိုတာမျိုး ကိုတော့ ဗုဒ္ဓဝါဒ ဒဿနမှာ ‘ဒိဋ္ဌိဂတသမ္ပယုတ် အကုသိုလ်’လို့ နာမည် ပေးပြီး လက်မခံဘူး။ ငယ်စဉ်ကပင် ဒါမှ ဒါပဲလို့ မျက်စိမှိတ်ပြီး ပုံသွင်း တာမျိုးလည်း မရှိဘူး။ ဒါကြောင့် အယူသည်းတဲ့ ဘာသာဝင်တွေနဲ့ ဆုံ စည်းတဲ့ အခါဗုဒ္ဓဝါဒီဖက်က လျှော့ပေးရမှုများတာကို တွေ့ဖူးမှာပေါ့။

၄။ ဗုဒ္ဓဝါဒက ဖော်ပြတဲ့ တန်ခိုး အစွမ်း ဆိုတာတွေက မွေးရာပါတွေ မဟုတ်ဘူး။ ကြိမ်ဖန်များစွာ လေ့ကျင့်အားထုတ်မှ ရနိုင်တဲ့ ဟာမျိုး။ လူ အများစုလည်း ရနိုင်တယ်။ ဗုဒ္ဓဟောကြားတဲ့ ကမဋ္ဌာန်းဘာဝနာတစ်ခု ခုကိုထိထိရောက်ရောက် အားထုတ်မိရင် ဒီအစွမ်းရဲ့သဘောကို ရိပ်မိ နိုင်တယ်။ အတော်အတန် သမာဓိ အားကောင်းနေချိန်မှာ ကိုယ်ခန္ဓာဟာ ဝါဂွမ်းဆိုင်လို ပေါ့ပါးနေတယ်။ လေအေးလေး ကိုယ်ကို လာထိရင်တောင် လွင့်မျောနေတယ်လို့ ထင်ရတယ်။ အဲဒီအချိန်မှာ ရရှိတဲ့ နှစ်သက်မှုကို ဖော်ပြဖို့ စကားလုံး မရှိဘူး။ ‘နေဝသညာ နာသညာ = သညာ မရှိသည်လည်း မဟုတ်၊ ရှိသည်လည်း မဆိုနိုင်’ဆိုတဲ့ သဘောကို ဘယ်ဘာဝနာမှ မရှိဖူးသူ တစ်ယောက်ကို စကားလုံးနဲ့ ရှင်းပြလို့ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဘာဝနာအလုပ် လုပ်ရင်း ကိုယ်ခန္ဓာ ပျောက်သွားတာမျိုး၊ ဒါပေမယ့် ဘာမှ မရှိတော့တာမျိုးလည်း မဟုတ် ပြန်ဘူး၊ စကားလုံးနဲ့ ရှင်းပြလို့ကို မဖြစ်နိုင်ဘူး ဆိုတဲ့ ကိုယ်တိုင်သိ အတွေ့အကြုံမျိုး ရှိဖူးကြည့်သင့်တယ်။ ဗုဒ္ဓဝါဒ ဒဿနတစ်ခုလုံးဟာ အဲဒီလက်တွေ့ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုကျင့်စဉ်မှာ အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဗုဒ္ဓဝါဒကတော့ သီအိုရီ သက်သက် မဟုတ်ဘူး။ လက်တွေ့ လုပ် ခိုင်းအတဲ့ အတွက် ကိုယ့်အား ကိုယ်ကိုးရတဲ့ ဝါဒမျိုးပါ။ ခရစ်ယန် ဘာသာဝင်ဟောင်း ဖြစ်တယ် ဆိုလို့ ခရစ်ယန်တို့ရဲ့ ကျမ်းမြတ်တွေမှာ စိတ်ကို လေ့ကျင့်တဲ့ ကျင့်စဉ်တွေရှိခဲ့ရင် လက်တွေ့ ကျင့်ကြည့်ပါလား။ ကိုယ့်ကိုယ် ‘ဘာသာမဲ့’လို့ နာမည်တပ်ထားတာကိုက ဘာသာမဲ့ ဆိုတဲ့ ဒဿနတစ်မျိုးကို ယုံကြည်နေတာ မဟုတ်ဘူးလား။ အဲဒီ ယုံကြည်မှု မှာကော ဘယ်လို လက်တွေ့ ကျင့်ကြံမှုတွေ ရှိပါသလဲ။ ဘာမှ မရှိရင် တော့ ဘာသာရေး ဝါဒီတစ်ယောက်ရဲ့အမြင်အရ ‘အိပ်၊ စား၊ မေထုန်’ အဆင့်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်သင့်ဘူးလို့ ထင်မိကြောင်းပါ။

စည်းစိမ်အရပ်ရပ်တတ်သမျှအတတ် မသိတတ်မူ ဘေးရန်ဟူ၊ သိတတ်မူကမိတ်။ (ဒီပဲရင်းဆရာတော်)

၁၉၁။ ထူးဆန်းမြေ

ဧပြီ ၃၀၊ ၂၀၁၁။

---

ဆရာတော်အား ရိုသေစွာ မေးလျှောက်အပ်ပါသည်၊ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ထုထည်သည် တန်ခိုးတော်ကြောင့် ယခုအချိန်ထိ ဤကုန်းမြင့်ပေါ်တွင် တည်ရှိနေသလား၊ ဒါမှမဟုတ် သိပ္ပံနည်းအရ metrial balance ကြောင့် တည်ရှိနေသလား ဆိုသည်ကို ကြောင်းကျိုး ဆီလျော်စွာ သိလိုပါသည်။

ရိုသေလျက်...တင်ထွန်းလင်း

---

ဗဟုသုတ

အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ပြည်နယ်၊ စန်တာခရုဇ် (Santa Cruz) မြို့ အနီးက Mystery Spot လို့ ခေါ်တဲ့ ထူးဆန်းတဲ့ မြေနေရာကို ဘုန်းကြီး နှစ်ခေါက် ရောက်ဖူးတယ်။ အဲဒီက တာဝန်ရှိသူတွေ ရှင်းပြပုံအရ ပေ ၁၅၀ ပတ်လည် လောက်ရှိပြီး ဒီနေရာမှာ ရူပဗေဒ နိယာမတွေ အသုံးမဝင် ဖြစ်နေပြီး ကမ္ဘာ့ဆွဲငင်အား (Gravity) တွေလည်း ပုံမှန်မဟုတ်ဘူးတဲ့။ သူတို့ အပြောအရ အခြားကမ္ဘာက လူတွေ အဲဒီတည့်တည့် မြေကြီးအောက်မှာ တစ်ခုခု မြှုပ်ထားလို့၊ ဒါမှမဟုတ် ကာဘွန်ဒိုင်အောက်ဆိုက်တွေ စိမ့်ထွက်နေလို့ အဲဒီလို ဖြစ်ရတာလို့ ဆိုတယ်။ ပျဉ်ချပ်ပေါ် တင်ထားတဲ့ ဖန်ဂေါ်လီလုံးကလေးက အနိမ့်ကနေ အမြင့်ကို သူ့အလိုလို လိမ့်တက်သွားတာ၊ ရေချိန်ညီ သမံတလင်းပေါ်မှာ အရပ်တူသူ နှစ်ယောက် ယှဉ်ရပ်ရင် တောင်စောင်းဖက်က လူက သိသိသာသာကြီး အရပ်ပိုရှည်လာတယ်လို့ ထင်ရတာ၊ ကြိုးရှည်ရှည်နဲ့ တွဲလောင်းချ ချည်ထားတဲ့ သံဘောလုံးကို စက်ဝိုင်းပုံ လှည့်လိုက်ပေမယ့် တဖြည်းဖြည်း ဘဲဥပုံ ဖြစ်လာပြီး နောက်ဆုံး နာရီချိန်သီး သွားသလို ဖြစ်သွားတာတွေကို မြင်ခဲ့ရတယ်။

လောကမှာ ကိုယ် ဉာဏ်မမီတာတွေ အများကြီး ရှိပါသေးလား ဆိုတာကို ဆင်ခြင်နိုင်ဖို့ ဒီဗဟုသုတလေးကို မျှဝေလိုက်တာပါ။

ကျိုက်ထီးရိုး

ဒါလောက် ထုထည်ကြီးမားတဲ့ ကျောက်တုံးတစ်ခုဟာ အောက်ခံ ကျောက်ဆောင်ကြီးရဲ့ ကမ်းပါးယံမှာ အပ်ချည်မျှင်ကို ဟိုဖက် ဒီဖက် ကန့်လန့်ဖြတ် ဆွဲထုတ်လို့ ရတဲ့ အထိ တဲတဲလေး တင်ရုံမျှ တင်နေတာ၊ ဒါဟာ ငလျင် မိုးကြိုး မုန်တိုင်းတွေကို မဖြုံဘဲ ရာစုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီး ဖြစ်တာ၊ အဲဒီ ကျောက်တုံးပေါ်မှာ လူနှစ်ရပ်မက မြင့်တဲ့ အုတ်သား စေတီတော်ကို ထပ်မံ တည်ထားနိုင်တာတွေကြောင့် တကယ့် အံ့ချီးဖွယ်ပါပဲ။ ဘုန်းကြီး အနေနဲ့တော့ ဉာဏ်မမီဘူး။ အပြင်က အပေါ်ယံအမြင် သက်သက်နဲ့ ပြောရရင် ချိန်ခွင်လို ဟိုဖက် ဒီဖက် အလေးချိန်လုံးဝညီမျှနေလို့ ပါပဲ။

ဒါပေမယ့် အဲဒီကုန်းမြေ ပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့ လျှို့ဝှက်စွမ်းရည် တစ်ခုခုတော့ ရှိမယ်လို့လည်း ဘုန်းကြီး ထင်တယ်။ သိပ္ပံထွန်းကားတဲ့ ဒေသက သူတို့တောင် ဂြိုဟ်သားတွေ တစ်ခုခု မြှုပ်ထားတယ်လို့ ယူဆကြသေးတာပဲ၊ ဘုန်းကြီးတို့ကော အဲဒီ ကျောက်တုံးထဲမှာ ဌာပနာ (ထည့်သွင်း)ထားတဲ့ ဗုဒ္ဓရဲ့ဓာတ်မွေတော်ကို ကြည်ညို မြတ်နိုးကြတဲ့ မမြင်နိုင်တဲ့ ဗုဒ္ဓဝါဒီ နတ်ဒေဝါတွေရဲ့စောင့်ရှောက်မှုကြောင့် ဖြစ်ရတယ်လို့ ဆိုခွင့် မရှိနိုင်ဘူးလား။

၁၉၂။ ဝိဇ္ဇာ ဇော်ဂျီ

သိချင်တာလေးကိုလျှောက်ထားပါသည် အရှင်ဘုရား၊

ဘာသာရေး ကျမ်းစာတွေ အထူးသဖြင့် ဇာတ်တော်တွေမှာ ဝိဇ္ဇာ၊ ဇော်ဂျီတွေ အကြောင်းကို ဖတ်ရှုရပါသည်။ ၎င်းတို့သည် သုံးဆယ့်တစ်ဘုံ အတွင်း ဘယ်ဘုံဌာနတွင် နေထိုင်ကြပါသနည်း။ သူတို့အကြောင်းကိုလည်း သိချင်ပါသည် အရှင်ဘုရား။

ဝေလင်းအောင်

---

ဝိဇ္ဇာငါးမျိုး

လယ်တီဆရာတော်ကြီးရဲ့ဝိဇ္ဇာမဂ္ဂဒီပနီကျမ်းမှာ ဝိဇ္ဇာငါးမျိုးပြတယ်...

၁) ဝေဒဝိဇ္ဇာ = ဗေဒင်လေးပုံ၊
၂) မန္တဝိဇ္ဇာ = လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ နက္ခတ်ကျမ်း၊ ဂါထာမန္တန်ကျမ်း၊ ဆေးကျမ်းတွေ၊
၃) ဂန္ဓာရီဝိဇ္ဇာ = အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာကျမ်းတွေရဲ့အစီအရင် နဲ့ နတ်သိကြားတွေရဲ့ တန်ခိုး၊ အဘိညာဉ်တန်ခိုးတွေလို အစွမ်းထက်တဲ့ တန်ခိုး (ဒီတန်ခိုးကနတ်အချို့ရဲ့ တန်းခိုးထက်တောင်စွမ်းလို့ နတ်တွေ မနာလိုဖြစ်တတ်သတဲ့)၊
၄) လောကိယဝိဇ္ဇာ = အဘိညာဉ်တန်ခိုး (ဒီတန်ခိုးကိုဗုဒ္ဓသာသနာ မရှိတဲ့ နေရာ အချိန်အခါတွေမှာလည်း အချို့ရသေ့ရဟန်းတွေရတယ်)၊
၅) အရိယဝိဇ္ဇာ = အရိယဝိဇ္ဇာဉာဏ်ငါးပါး။

ဝိဇ္ဇာဓိုရ်

ဝိဇ္ဇာဓိုရ်တွေဟာ (သူတို့ရဲ့) အတတ်ပညာကို လှုပ်နှိုးပြီး ရေးခြစ်မထင် ဟင်းလင်းပြင်မှာ ဆင်ရုပ်ပုံတွေ မြင်းရုပ်ပုံတွေ ဖန်ဆင်း ပြတယ်’ (= ဝိဇ္ဇာဓရာ ဝိဇ္ဇံ ပရိဇပ္ပေတွာ အာကာသေ အန္တလိက္ခေ ဟတ္ထိမ္ပိ ဒေဿန္တိ အဿမ္ပိ ဒေဿန္တိ။ ပဋိသံ၊၃၉၁)။ ဒီပါဠိတော်အရ ဗုဒ္ဓကျမ်းဂန်မှာ ဝိဇ္ဇာဓိုရ်ဆိုတဲ့ စကားလုံး ရှိတဲ့ အတွက်ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ဒီစကားလုံးနဲ့ ရင်းနှီးဖွယ်ရှိပါတယ်။

ဝိဇ္ဇာဓရဆိုတဲ့ ဝေါဟာရမှာ ဝိဇ္ဇာနဲ့ ဓရလို့ နှစ်ပုဒ်ရှိတယ်။။ ဝိဇ္ဇာ = အတတ်ပညာ၊ ဓရ = ဆောင်တယ်၊ ရှိတယ်။ အဲဒီ ပုဒ်ရင်း အဓိပ္ပာယ်အရ အတတ်ပညာ ရှိသူမှန်ရင် ဝိဇ္ဇာဓရ (ဝိဇ္ဇာဓိုရ်) လို့ ခေါ်ခွင့်ရှိတယ်။ ဒီလိုဆိုရင် လောကမှာ ဝိဇ္ဇာတွေ အများကြီး ရှိနိုင်သလို ဝိဇ္ဇာဓိုရ်တွေလည်း များမှာပေါ့။

အရိယဝိဇ္ဇာ

အနိစ္စဝိဇ္ဇာ (မမြဲအသိ)၊ ဒုက္ခဝိဇ္ဇာ (ဆင်းရဲအသိ)၊ အနတ္တဝိဇ္ဇာ (ကိုယ်ကောင်မဲ့အသိ)၊ မဂ္ဂဝိဇ္ဇာ (မဂ်အသိ)၊ ဖလဝိဇ္ဇာ (ဖိုလ်အသိ)လို့ အရိယဝိဇ္ဇာဉာဏ် ငါးမျိုး။ ဒီဉာဏ်ငါးမျိုးက ဗုဒ္ဓသာသနာ အတွင်းမှာပဲ ရနိုင်တယ်။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်နဲ့ ပဲရနိုင်တယ်။ ဗုဒ္ဓသာသနာ အပြင်မှာ မရှိ။ ဒီလိုဆိုပြန်တော့ အရိယဝိဇ္ဇာ ငါးမျိုးနဲ့ ပြည့်စုံကြတဲ့ ဘုရား ရဟန္တာတွေကိုလည်း ဝိဇ္ဇာဓိုရ်လို့ ခေါ်နိုင်စရာပါပဲ။ ဘုန်းကြီးသိရတဲ့ ဝိဇ္ဇာသို့မဟုတ် ဝိဇ္ဇာဓိုရ်အကြောင်းကတော့ ဒီမျှပါ။

ရဟန်းမဟုတ်

ဝိဇ္ဇာဓိုရ်တစ်ယောက်ဟာ ညအချိန်ဘုရင့်နန်းတော်ကို လာပြီး မိဖုရားနဲ့ ဖောက်ပြန်တာကို ဘုရင် သိသွားတဲ့ အတွက် အပြစ်ပေးခံရမှာကို ကြောက်လို့ ဝိဇ္ဇာဓိုရ်က ကောင်းကင်က ပျံပြေးတဲ့အခါ ဘုရင်က ဝိဇ္ဇာဓိုရ်ကို အဘိညာဏ်ရတဲ့ ရဟန်းလို့ ထင်မှားပြီး သူ့နိုင်ငံတွင်းက ရဟန်း အားလုံးကို နှင်ထုတ်လို့ ပစ္စေကဗုဒ္ဓါ တစ်ဆူက ဖောက်ပြန်သူဟာ ရဟန်း မဟုတ်ကြောင်း ရှင်းပြရသတဲ့ (ဇာ၊ဋ္ဌ၊၃၊၂၈၈)။

ဒါကတော့ ဂန္ဓာရီဝိဇ္ဇာကို တတ်ကျွမ်းသူ ဖြစ်နိုင်တယ်။ ဒီလို ဝိဇ္ဇာဓိုရ်တွေဟာ ရသေ့ ရဟန်းတွေလို ဝတ်ဆင်ပုံရပြီး တန်ခိုးစွမ်းရည် ရှိကြပေမယ့် အချို့မှာ ကိုယ်ကျင့်တရား ကောင်းပုံမရဘူး။

ဇော်ဂျီ

မြန်မာအဘိဓာန်ကျမ်းအရ ဇော်ဂျီရဲ့ ရင်းမြစ်က သက္ကတ စကားလုံး ယောဂီ။ (ပါဠိမှာလည်း ယောဂီဝေါဟာရ ရှိသားပဲ။) ဗုဒ္ဓဝါဒ အဓိပ္ပာယ် ကတော့ ယောဂီဆိုတာ ကမ္မဋ္ဌာန်းရှုမှတ်သူ။ ရွှေဟင်္သာမင်းပျို့မှာ ‘ဘုန်းတောင်းအများ၊ ပုဏ္ဏားဇော်ဂီ၊ တပသီက၊ စသည်မလွတ်’ (ပိုဒ်-၉၃)လို့ တွေ့ရတယ်။ ဇော်ဂီကနေ ဇော်ဂျီဖြစ်လာပုံရတယ်။ ဒါပေမယ့် ဇော်ဂျီဆိုရင်တော့ မြေလျှိုး မိုးပျံနိုင်သူ၊ တန်ခိုးရှိသူလို့ ယေဘုယျ နားလည်ကြတယ်။ ဒါကြောင့် ဝိဇ္ဇာဓိုရ်နဲ့ ဇော်ဂျီဟာအဓိပ္ပာယ် တစ်စိတ်တစ်ပိုင်း တူနိုင်ပေမယ့် ဝိဇ္ဇာဓိုရ်ဆိုရင် ပိုမိုကျယ်ပြန့်တယ်လို့ ဆိုနိုင်စရာပါ။

လူသားတွေ

ပြောပြထားတဲ့ အဓိပ္ပာယ်အရ အရိယဝိဇ္ဇာဓိုရ်တွေက လူနတ်ဗြဟ္မာရှိ နိုင်တယ်။ ဇော်ဂျီလည်း အရိယာ ဇော်ဂျီရှိနိုင်တာပဲ။ အခြား ဝိဇ္ဇာဓိုရ်နဲ့ ဇော်ဂျီတွေကတော့ လူသားတွေပဲ ဖြစ်ဖို့ များပါတယ်။ ဂန္ဓာရီဝိဇ္ဇာလို အတတ်ပညာတွေဟာ လောကမှာ ရှားရှားပါးပါးရှိတော့ ရှိပုံရပါတယ်။ ဘုန်းကြီးလည်း ကိုယ်တိုင် ဘာအတွေ့အကြုံမှ မရှိဖူးလို့ ဒီပညာရပ်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူး။

ဗုဒ္ဓသာသနာ့ အသံကို ပုံဖော်ပေးတဲ့ အမေရိကန်လူမျိုး ဟင်နရီစတီးလ်အော်လ်ကော့ရဲ့ စိတ်ပိုင်းဘဝဟာ ဂန္ဓာရီဝိဇ္ဇာကို တတ်ပုံရတဲ့ ရုရှားအမျိုးသမီးဗလာဗာစကီနဲ့ စခဲ့တယ်လို့ အဆိုရှိတယ် (The White Buddhist, p. 81)။

၁၉၃။ မိုးတား နံဘုရား

ဆရာတော် အရှင်ဘုရား၊

တပည့်တော်တို့၏ ဘာသာရေး အသိဉာဏ်ကို လင်းလက်လာစေသည့် အတွက် ရိုသေစွာ ကန်တော့ပါသည် အရှင်ဘုရား။

အချို့ဒေသများ၌ အလှူမင်္ဂလာပွဲများအတွင်း မိုးမရွာစေရန် ငှက်ပျောပွဲ အုန်းပွဲတင်၍ မိုးနတ်တို့အား ပူဇော်ပသသည်ကို တွေ့ရပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဗုဒ္ဓဝါဒနှင့် ကိုက်ညီပါသလား။ မိုးတား အယူအဆ မည်သို့ပေါ်ပေါက်ခဲ့ပါသနည်း။

နောက် မေးခွန်းတစ်ခုမှာ ဗုဒ္ဓဆင်းတုတော်များကို မိမိ၏ မွေးနံအလိုက် အညွန့်နံသစ်သားဖြင့် ထုလုပ်ကိုးကွယ်ပါက ပိုမိုအကျိုးကြီးပြီး အနိမ့်နံသားဖြင့် ထုလုပ်ပါက ခိုက်တတ်သည်ဟူသော အယူအဆ မှန်ကန်ပါသလား။ ဘုရားဆင်းတုမှန်လျှင် အတူတူဟုယူဆပါသည်။

မင်းမျိုးသန့် (ရန်ကုန်)

---

အဓိပ္ပာယ် ၂ မျိုး

‘မိုးတား’ကို အဓိပ္ပာယ်နှစ်မျိုး ယူနိုင်တယ် ..
(၁) Modernized Oriental Technique of Accurate Astrology ရဲ့ အတိုကောက် MOTAA အသံထွက် မိုးတား၊ အဓိပ္ပာယ်က စစ်မှန်သော ခေတ်သစ် အရှေ့တိုင်း နက္ခတ္တပညာ
(၂) ရွတ်ဖတ်သရဇ္ဈာယ်မှု၊ ပူဇော်ပသမှုတွေနဲ့ ပွဲလမ်းသဘင် အချိန်အခါအတွင်း မိုးမရွာအောင် တားဆီးခြင်း။ ဒီမေးခွန်းကို ဒုတိယ အဓိပ္ပာယ်နဲ့ နားလည်ပြီးဖြေဆိုတာ ဖြစ်ပါတယ်။

အစဉ်အလာ

ကောသလမင်းဟာ လင်ရှိမယားကို ပိုင်ဆိုင်ချင်လို့ လင်ဖြစ်သူကိုသတ် လိုတဲ့ အတွက်လူသားတစ်ယောက် မရနိုင်တဲ့ အရုဏဝတီမြေညက်ကို ရှာဖို့ လွှတ်လိုက်တဲ့ အခါ အဲဒီယောကျ်ားဟာ ပါလာတဲ့ အစားအစာကို မြစ်ဘေးမှာ လှူဒါန်း အမျှဝေပြီး နတ်ဒေဝါတွေကို ကူညီဖို့ တောင်းပန်တဲ့ အတွက် အဲဒီရှားပါးပစ္စည်းကို ရသွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၈၃)။ သူတော်ကောင်းစိတ်ဓာတ်ရှိကြတဲ့ နတ်တွေကို တိုင်ကြားပြီး လိုရာကို ဆုတောင်းတဲ့ ဓလေ့ဗုဒ္ဓဝါဒကျမ်းတွေမှာ ရှိပါတယ်။

ဘုန်းကြီး ရဟန်းတစ်ဝါရအချိန် အင်းစိန်က ဘုန်းကြီးပျံပွဲ တစ်ခုမှာ အလောင်းကို မီးရှို့မယ့်နေရာသို့ ရွှေ့ဖို့ နတ်လိုဝတ်ထားသူတွေက မှန်ခေါင်းကို ရွှေ့နေဆဲမှာပဲ အခေါင်းရဲ့ အပေါ်တည့်တည့်က တွဲလောင်းကျနေတဲ့ မီးဆိုင်းရဲ့ မီးကြိုး ရှော့ဖြစ်ပြီး ဖြုန်းကနဲ ပေါက်ကွဲသံနဲ့ အတူ မီးလောင်လို့ လူတွေ ထိတ်လန့်ကုန်တယ်။ တာလဘတ်အမိုး အနည်းငယ် မီးကျွမ်းသွားတယ်။ ဘုရားပွဲတော်အတွင်း အခါမလင့်မိုး ရွာတာနဲ့လည်း ကြုံဖူးကြမှာပေါ့။

ကြီးကျယ်ခမ်းနားတဲ့ ပွဲတွေ ကျင်းပတဲ့ အခါ အဲဒီလို တိုက်ဆိုင်မှုတွေ မဖြစ်အောင် အရပ်လေးမျက်နှာကို စောင့်ကြပ်တဲ့ နတ်မင်းကြီးတွေကို တိုင်တည်ပြီး မေတ္တာပို့ ဆုတောင်းကြတာ ဖြစ်ပါတယ်။ ငှက်ပျောပွဲ အုန်းပွဲဆိုတာကတော့ မရှိမဖြစ် မဟုတ်ပါဘူး။ သူတော်ကောင်းတွေရဲ့မေတ္တာနှလုံးသား၊ နတ်ဒေဝါတွေရဲ့ တန်ခိုးစွမ်းအားနှစ်ရပ် ပေါင်းစပ်ပြီး လူသားတို့ ဉာဏ်မမီနိုင်တဲ့ ဖြစ်ရပ်ဆန်းတွေ လောကမှာ ဖြစ်ပေါ်လေ့ ရှိတတ်ပါတယ်။

နံဘုရား

ဘုရင်ခေတ်က မိဖုရားတစ်ပါးဟာ ပိုးဟပ်ကို မျိုမိတယ်ထင်ပြီး အိပ်မပျော် စားမဝင် ဖြစ်နေသတဲ့။ ဒါနဲ့ လိမ်မာပါးနပ်တဲ့ ဆေးဆရာက မစင်ခွက်ထဲမှာ ပိုးဟပ်အသေကောင်ကို မိဖုရား မသိအောင် ထည့်ပြီး ဝမ်းနုတ်ဆေး ကျွေးသတဲ့။ ဝမ်းသွားတော့ ဆရာက မိဖုရားကို ပြတယ်။ ပိုးဟပ်ပါသွားပြီ၊ မယုံရင် ကြည့်ပေါ့။ လူအချို့ရဲ့ စိတ်ဟာ အဲဒီသဘော ရှိတတ်လို့ လောကသမ္မုတိ (လူသားတို့ရဲ့ ပညတ်ချက်) နယ်မှာ အညွန့်၊ အနိမ့် ဆိုတာတွေ ဖြစ်လာဖွယ်ရှိပြီး တစ်ခါတစ်ရံ တိုက်ဆိုင်မှု ကောင်းဆိုး ရလဒ်နဲ့ ကြုံရတာလို့ ဆိုနိုင်လေမလား။ ကိုယ့်စိတ်ကို ကိုယ်ယုံရင် ကိစ္စမရှိနိုင်ပါဘူး။

ကြည်ညိုတဲ့ သဒ္ဓါတရားနဲ့ ပူဇော်ကိုးကွယ်ရင် နည်းများမဟူ ကုသိုလ်ရစမြဲပါ။ ‘ကုသလာ အနဝဇ္ဇ သုခ ဝိပါကလက္ခဏာ = ကုသိုလ်ဆိုတာ အပြစ်မရှိ၊ ကောင်းကျိုးကို ပေးတယ် (အဘိ၊ဋ္ဌ၊၁၊၈၂)’တဲ့။ ကုသိုလ်မှန်ရင် မကောင်းကျိုးကို ကာကွယ် ပယ်ရှားတတ်တဲ့ သတ္တိထူးရှိပါတယ်။ နေ့နံ မကိုက်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ကိုးကွယ် ပူဇော်ခြင်းဆိုတဲ့ အကြောင်းကြောင့် ဆိုးကျိုးဖြစ်ခွင့်ကို အားသာစေတယ်ဆိုရင် အဲဒီအဘိဓမ္မာစကားနဲ့ မကိုက်ညီဘူး။

နှလုံးသား အမြုတေ

My religion is very simple. My religion is kindness. Dalai Lama

ကျုပ်ရဲ့ ဘာသာတရားက ရှင်းပါတယ်။ ကျုပ်ရဲ့ ဘာသာတရားဟာ ကြင်နာခြင်းပါပဲ။

ဒလိုင်းလားမား

၁၉၄။ တမလွန်ဘာဝနာ

အရှင်ဘုရား၊ စိတ်ထဲမှာ မတင်မကျ ဖြစ်နေသည့် အကြောင်းအရာတစ်ခုကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။

ဤလူ့ဘဝ၌ မြတ်စွာဘုရား၏ ဂုဏ်တော်များကို ပွားများလျှင် ကုသိုလ်ရပါသည်။ ထိုအတူ သေလွန်ပြီးနောက် တမလွန်ဘဝ၌ ဂုဏ်တော်များကို ပွားများနိုင်ပြီး ထိုကုသိုလ်ကြောင့် တမလွန်ဘဝမှ ကျွတ်လွတ်နိုင်ပါသလား။ ဖြေကြားပေးစေလိုပါသည်။

မိုးနှင်း

---

ဂတိ

ကတိနဲ့ ဂတိကို အဓိပ္ပာယ်ခွဲမှတ်ပါ။ ကတိဆိုတာ Promise သို့မဟုတ် သဘောတူညီချက်၊ ဝန်ခံချက်။ ဂတိဆိုတာ ဗုဒ္ဓဝါဒီတို့ ယုံကြည်တဲ့ သတ္တဝါတစ်ဦး ကွယ်လွန်ပြီးနောက် ပြန်ဖြစ်ရမယ့် ဒေဝ (နတ်၊ ဗြဟ္မာ)၊ မနုဿ (လူ)၊ နိရယ (ငရဲ)၊ ပေတ (ပြိတ္တာ)၊ တိရစာန (တိရစ္ဆာန်)လို့ ဘဝငါးမျိုး။ သေလွန်ပြီးနောက် မကျွတ်လွတ်သော ဘဝဆိုတာ ယေဘုယျဆိုရင် အဲဒီ ငါးမျိုးထဲက ပေတဂတိ (ပြိတ္တာဘဝ)ကို ရည်ရွယ်တယ်လို့ နားလည်လိုက်မယ်။ ဒီနားလည်မှုနဲ့ ဖြေရရင် ...

ကုသိုလ်ရ

ပေတဂတိ (ပြိတ္တာဘဝ)ကိုရောက်နေသူဟာ ဒီလူ့ဘဝက လူတွေလုပ်နေတာ၊ သူ့အတွက် လုပ်ပေးနေတာတွေကို မြင်နိုင် ကြားနိုင် သိနိုင်ပါတယ်။ ဒါကြောင့် ပြိတ္တာဘဝမှာ ဒီလူ့ဘဝက လူတွေလို လှုပ်ရှားမှုနဲ့ တုံ့ပြန်မှုတွေအပေါ် ခံစားချက်၊ နားလည်မှုနဲ့ မှတ်သားမှုတွေရှိတယ်လို့ ဆိုခွင့်ရှိတယ်။ ဒီဘဝက ရွတ်ဆိုပွားများခဲ့တဲ့ ဂုဏ်တော်တွေကို ဘဝခြားလို့ မေ့သွားတယ်ဆိုစေဦး၊ ဒီဘဝတုန်းက ပွားများခဲ့ အထုံပါရမီဟာ လုံးဝ Negative ဖြစ်မသွားတန်ရာပါဘူး။ ဒါကြောင့် ဗုဒ္ဓဂုဏ်တော်ကို ရွတ်ဆိုပွားများတဲ့ ပြိတ္တာတွေ ရှိတယ်လို့ ဆိုရင် သင့်မြတ်ပါတယ်။

မခွဲခြားဘူး

ဗုဒ္ဓဂုဏ်တော်ကို ရွတ်ပွားပူဇော်လို့ ကုသိုလ်ရဖို့ ဘယ်ဘဝမျိုး ဖြစ်ရမယ်လို့ သတ်မှတ်ချက် မရှိတဲ့ အတွက် မကျွတ်မလွတ်တဲ့ ဘဝမှာ ပွားများရင်လည်း ကုသိုလ်ဟာ ကုသိုလ်ပါပဲ။ ကြည်ညိုစိတ်အမှန်နဲ့ ရွတ်ပွားရင် အဲဒီဘဝထက် မြင့်တဲ့ ဘဝကိုလည်း ရောက်သွားနိုင်တာပါပဲ။ ဒါပေမယ့် ဂတိသမ္ပတ္တိနဲ့ (မဂ်ဖိုလ်ကို ရနိုင်တဲ့ ဘဝအဖြစ်) မပြည့်စုံလို့ (အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းအရ ပြိတ္တာဆိုတာ အပါယ် ပဋိသန္ဓေပဲ လေ) အဆင့်မြင့် ဘာဝနာမျိုး၊ ဥပမာ မဂ်ပေါက်ဖိုလ်ဝင် ဘာဝနာမျိုး၊ ဗြဟ္မာ့ဘုံသို့ရောက်နိုင်တဲ့ ဘာဝနာမျိုးတော့ မဖြစ်နိုင်ဘူး။

၁၉၅။ ကာမေသု ...

ဇွန် ၁၇၊ ၂၀၁၁။

---

၁) လင်မယားပင် ဖြစ်သော်လည်း အမျိုးသမီးက ဆန္ဒမရှိဘဲ အတူနေလျှင် ကာမေသုမိစ္ဆာစာရကံ မြောက်ပါသလား။
၂) လင်မယားချင်း ပုံမှန်မဟုတ်သော နေရာများ၌ မေထုန်သံဝါသပြုကောင်းပါသလား။
၃) ငါးပါးသီလ၌ ပါသော ကာမေသုမိစ္ဆာရ ဟူသည် ကာမပိုင်ရှိသူကို ပြစ်မှားမှုကို ဆိုလိုတာလား၊ အဆင်း အသံ အနံ့ အရသာ အတွေ့ဟူသော အာရုံငါးပါးကို အလွန်အကျူးလိုက်စားမှုကို ဆိုလိုသည်လား သိလိုပါသည် အရှင်ဘုရား။

အေးမြတ်ကို

---

(၁) အတူနေ ဆိုတာကို အဓိပ္ပာယ်နှစ်မျိုး ယူကြည့်မယ် ..
(က) တစ်အိမ်တည်းမှာ လင်မယားအဖြစ် ကိုယ်လက်နှီးနှောခြင်းမရှိဘဲ အများအမြင် ကောင်းရုံ အတူတူနေပြခြင်း
(ခ) အမျိုးသမီးက သဘောမတူငြင်းဆန်စဉ် ခင်ပွန်းက အတင်းအကြပ် မေထုန်မှီဝဲခြင်း သို့မဟုတ်မှီဝဲဖို့ ကြိုးစားခြင်း။ နှစ်မျိုးထဲမှာ (က)အဓိပ္ပာယ်နဲ့ ဆိုရင် လောကပြစ်ရှိနိုင်ပေမယ့် ကံမမြောက်ဘူး (ခ) အဓိပ္ပာယ်နဲ့ ဆိုရင်တော့ လူမသိလို့ လောကပြစ်လွတ်ဖွယ်ရှိပေမယ့် ကံမြောက်နိုင်တယ်။

ဒီလိုပါ ... ကာမကို ပိုင်တာက ကာယကံရှင်တွေပဲ ဖြစ်လို့ ကိုယ်ပိုင်တဲ့ ကာမကို လွတ်လပ်သူ အချင်းချင်း ပေးခွင့်ရှိတယ်။ ဒါပေမယ့် လင်နဲ့ မယားမှာ တစ်ယောက်က ဆန္ဒမရှိရင် သို့မဟုတ် သူ့ကာမကို မပေးချင်ရင် အတင်းအကြပ် မရယူသင့်ဘူး။

(၂) ကျမ်းဂန် (ဝိ၊ဋ္ဌ၊၁၊၂၃၂)မှာ မဂ် (မေထုန်ပြုကျင့်တဲ့ လမ်းကြောင်း) သုံးမျိုး ပြတယ်။ အဲဒါတွေက မုခ = ပါးစပ်၊ ပဿာဝ = အင်္ဂါဇာတ်၊ ဝစ္စ =စအို။ ဒီကိစ္စမှာလင်နဲ့ မယားနှစ်ဦး သဘောတူရင် သို့မဟုတ် အကြိုက်တူရင် ဘုန်းကြီးအထင် အပြစ်ဖြစ်ဖွယ်၊ သို့မဟုတ် ကံမြောက်ဖွယ် မရှိဘူး။ တစ်ဦးရဲ့ဖီလင်ကို အခြားတစ်ဦးက နားလည်မှုတော့ ရှိရလိမ့်မယ်။

(၃) ကျမ်းဂန်တွေ (မ၊ဋ္ဌ၊၁၊၂၀၃။ အဘိ၊ဋ္ဌ၊၂၊၃၈၅။ ပဋိသံ၊ဋ္ဌ၊၁၊၂၀၄) အရ ငါးပါးသီလထဲက ‘ကာမေသု မိစ္ဆာစာရ’ ပုဒ်မှာပါတဲ့ ကာမေသု- ဆိုတာ မေထုန်ကိစ္စ သို့မဟုတ် ကျားနှင့်မ လိင်ဆက်ဆံမှု၊ မိစ္ဆာစာရ-ဆိုတာ မှားယွင်းဖောက်ပြန်စွာ ပြုကျင့်တာလို့ ပဲ ယူရတယ်။ ဒါကြောင့် ‘ကာမေသု မိစ္ဆာစာရ’ ဆိုတာကို ကာမပိုင်ရှိသူကို ကျူးလွန်ခြင်းလို့ တိုက်ရိုက် ယူရတယ်။ ကာမဂုဏ်လို့ သာမန်ဆိုရင်တော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိလို့ ယူနိုင်တယ်။

နှလုံးသားထဲမှ တွေးကြံသည့်အတိုင်း ပြောဆို၊ ပြုမူနိုင်ပါစေ။
မျက်နှာသည် နှလုံးသား၏ ပြတင်းပေါက်ဖြစ်ပါစေ။
(အမည်မသိစာဆို)

၁၉၆။ လိင်တူချင်း

ဇူလိုင် ၄၊ ၂၀၁၁။

---

ဆရာတော် အရှင်မြတ်ဘုရား၊

၁) ဂေး (Gay = ယောကျ်ားချင်း ကြိုက်သူတွေ)ကို ဘယ်လို မြင်ပါသလဲဘုရား။ ဘာကြောင့်ပါလဲဘုရား။
၂) သူတို့ကို ဗုဒ္ဓဘာသာ ရှုထောင့်အရ ဘယ်လို ပြောလို့ ရမလဲ၊ ဘာကြောင့်ပါလဲ။
၃) ဗုဒ္ဓဘာသာအရ ကိုယ်ဘာဖြစ်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ် ဆိုတာကို ဘယ်သူမှ အတိအကျ မသိပေမယ့် ဂေးတွေကို အရင် ဘဝက သူများ သားမယားကို စော်ကားခဲ့သူတွေလို့ နှိမ့်ချပြီး ဆက်ဆံတာဟာ သင့်တော်ပါသလား။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အနေနဲ့ အဲဒီအပေါ်ကို ဘယ်လို တုံ့ပြန်ဖြေရှင်းရင် သင့်မြတ်ပါသလဲ အရှင်ဘုရား။

ဒေါက်တာဟိန်းထက်အောင်

---

သဘာဝဖြစ်စဉ်

ယဉ်ကျေးမှု ရှေးကျတဲ့ အိန္ဒိယလူမျိုးတွေဟာ လိင်ဆက်ဆံတာကို သဘာဝဖြစ်စဉ်အနေနဲ့ ပဲရှုမြင်ပြီး အတော်ပွင့်လင်းတယ်လို့ ဘုန်းကြီး ထင်တယ်။ ကလေး မွေးဖွားမှုအတွက် လူမမြင်အောင် မှီဝဲရတဲ့ ရွံရှာဖွယ်အလုပ်လို့ ယူဆပုံမပေါ်ဘူး။ ဟိန္ဒူဘုရားကျောင်း ကျောက်ထွင်းပန်းပုတွေမှာ ကိုယ့်ကိုယ်ကို အာသာဖြေတာ အပါအဝင် လိင်ဆက်ဆံမှုပုံစံ အနေအထားမျိုးစုံကို သရုပ် ဖော်ထားတာကို ကြည့်ရင် သူတို့ရဲ့ ဘာသာတရား အဆုံးအမအရ ကန့်သတ်ဘောင် အတွင်းက လိင်ဆက်ဆံမှုကို အပြစ်ရှိတယ်လို့ ယူဆပုံမပေါ်ဘူး။

ဒီကိစ္စကို ရှက်စရာအနေနဲ့ အလွန်ကြီး ဟန်ဆောင်စရာတော့ မလိုပါဘူး။ ရှင်တော်ဗုဒ္ဓတောင် ဒီကိစ္စနဲ့ ပတ်သက်တဲ့ အချို့နေရာတွေမှာ စကားလုံး အတိအကျ သုံးပြီး ခရေစေ့တွင်းကျ မြွက်ဟတော်မူခဲ့တာကို ဝိနည်းပါဠိတော်တွေမှာ တွေ့ရတယ်။

ရင့်ကျက်ရင်

လူသား အနေနဲ့ ရရှိထားတဲ့ ဒီခန္ဓာကိုယ်မှာ လိင်ကိစ္စသာမကဘဲ တံခါးပေါက်ခြောက်ခုက ဝင်လာတဲ့ ကြည့်ရှုစရာ၊ အစားအစာ၊ အမွှေးနံ့သာ၊ အသံ၊ အထိအတွေ့၊ စိတ်ကူးဆိုတဲ့ အာရုံတွေကို ခံစားပြီး သာယာပျော်ရွှင်မှုတွေ ရှိတယ်။ လောဘ (တပ်မက်မှု)ရဲ့ သားကောင် ဖြစ်တဲ့ သတ္တဝါတွေဟာ ဒီခန္ဓာကိုယ်ကို အမှန်အတိုင်း မမြင်နိုင်လို့ အဲဒီအာရုံတွေကို ဆာလောင်ကြတယ်။ ဆာလောင်တဲ့ အတိုင်း အဝိဇ္ဇာကြောင့် မှားယွင်းစွာ ပြုမူမိရာကနေ စိတ်ပိုင်းဘဝ တိုးတက်မှုကို တုံ့နှေးစေတဲ့ အကုသိုလ်ကို ကျူးလွန်ကြတယ်။ ဒါပေမယ့် စိတ်ပိုင်းဘဝ ရင့်ကျက်လို့ အဝိဇ္ဇာကို ဝိဇ္ဇာ (ပညာ)နဲ့ အစားထိုးနိုင်ရင် ကလေးတစ်ယောက် အရွယ်ရောက်တဲ့အခါ အရုပ်ကလေးတွေနဲ့ မဆော့တော့သလို ဒီအာရုံတွေကို စွန့်နိုင်တယ်။ အသိပညာနဲ့ နားလည်မှုဟာ စိတ်ကိုရော ကိုယ်ခန္ဓာကိုပါထိခိုက်စေတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ဖို့ တွန်းအား ပေးတယ်။

သိက္ခာပုဒ်

ဗုဒ္ဓဝါဒကျမ်းဂန်မှာ ဘယ်သူ့ကို အိမ်ထောင်မပြုရ ဘယ်သူ့ကို ပြုရမယ်၊ ဘယ်ပုံစံ ဘယ်အပြုအမူလို့ သတ်မှတ်တဲ့ လမ်းညွှန်ချက်ကို မတွေ့ဖူးဘူး။ ဗြဟ္မစာရီ မဟုတ်သူတွေအဖို့ လိင်ဆက်ဆံတာကို မတားမြစ်ပါဘူး။ သဘာဝအရလည်း လိင်ဆက်ဆံမှုမှာ အပြစ် မရှိနိုင်ပါဘူး။ အပြစ်ရှိတာက အဲဒီကိစ္စကို အဆုံးစွန် ပျော်ရွှင်မှုလို့ ယုံကြည်ပြီး အဲဒီကိစ္စအပေါ် တပ်မက်စွဲလန်းနေတာ၊ အဲဒီကိစ္စရဲ့ကျေးကျွန် ဖြစ်နေတာတွေပါပဲ။ ငါးပါးသီလထဲက တတိယ သိက္ခာပုဒ်က ၁၉ ရာစု အင်္ဂလန် ဝိတိုရိယခေတ်မှာ ခရစ်ယန်သမ္မာကျမ်းကို အခြေခံတဲ့ လိင်တူဆက်ဆံတာနဲ့ ပတ်သက်တဲ့ ကျဉ်းမြောင်းတဲ့ အတွေးအမြင်လို ဘုရားသခင် ပေးတယ်ဆိုတဲ့ ပြစ်ဒဏ်နဲ့ ခြိမ်းခြောက်မှုမျိုး မဟုတ်ဘဲ လိင်ကိစ္စအပေါ် မှားယွင်းတဲ့ တပ်မက်မှုရဲ့ အန္တရာယ်ကို သတိနဲ့ ရှောင်ခွာဖို့ ကိုယ့်ကိုယ်ကို ကြိုးပမ်းခြင်းသာ ဖြစ်ပါတယ်။ ကျားမ နှစ်ဦးလုံး အရွယ်ရောက်ပြီးသူ၊ လွတ်လပ်သူဖြစ်ရင် အပြစ်မရှိနိုင်ဘူး။ ကိုယ်လုပ်တဲ့ အပြုအမူကြောင့် အခြားတစ်ယောက်ကို ထိခိုက်ရင်တော့ မှားယွင်းတဲ့ အတွက် အပြစ်ရှိမှာပဲ။

ကျမ်းထွက်

ဦးလေး ဒေါ်လေး တူ တူမစတဲ့ မသင့်လျော်သူတွေအပေါ် တပ်မက်စိတ် ဖြစ်တာက အဓမ္မရာဂ (မတရားတဲ့ တပ်မက်မှု)၊ ယောကျ်ားအချင်းချင်း မိန်းမအချင်းချင်း တပ်မက်စိတ် ဖြစ်တာက မိစ္ဆာဓမ္မ (သဘာဝလွန် တပ်မက်မှု)’ (ဒီ၊ဋ္ဌ၊၃၊၃၅)။ ‘မိစ္ဆာဓမ္မဆိုတာ (သဘာဝမှ) ဖောက်ပြန်ပြီး ဝိသဘာဂ (လိင်မတူသူ)ချင်းမဟုတ်မူဘဲ တပ်မက်ခြင်း (ဒီ၊ဋီ၊၃၊၃၀)’လို့ ဖွင့်ဆိုပါတယ်။ ရုပ်ပိုင်းဘဝ အဆုံးစွန် တိုးတက်နေတဲ့ မျက်မှောက်ခေတ်အခါမှာ အစားအသောက်၊ အနေအထိုင်၊ ဆေးဝါးနဲ့ ကံအကြောင်းတရားတွေကြောင့် လူ့ခန္ဓာကိုယ်ရဲ့ ဗီဇသဘာဝတွေ ဖောက်ပြန်ပြီး လိင်တူချင်း တပ်မက်တာတွေ ထင်ရှားလာရခြင်း ဖြစ်ဖွယ်ရှိပါတယ်။

အမှန်တော့ လိင်တူ လိင်မတူ နှစ်မျိုးလုံးပဲ ဒီခန္ဓာကိုယ်ကို အသုံးပြုရပြီး ဘဝတဏှာကို တိုးမြင့်စေတဲ့ ခွန်းအားပြင်း တပ်မက်မှုရဲ့သရုပ်သကန် ပေါ်လွင်တဲ့ ပြုမူဆောင်ရွက်ချက်တွေ ဖြစ်လို့ ဘဝသံသရာမှာ ချည်နှောင်တာချည်း ပါပဲ။ ကျားချင်း၊ မချင်း၊ သို့မဟုတ် ကျားနဲ့ မနှစ်ယောက်သား ချစ်ကြိုက်ကြရင် အဲဒါဟာ လူသားတို့ရဲ့ တူညီတဲ့ အားနည်းမှု၊ ပရမတ္ထသဘာဝနဲ့ ဒီခန္ဓာကိုယ်ရဲ့ အနှစ်မရှိတဲ့ သဘာဝကို နားမလည်မှုတို့ကြောင့် ဖြစ်ရတာပဲ။

မနှိမ့်ချသင့်ဘူး

လိင်တူ လိင်ကွဲမဟူ အဲဒီကိစ္စအပေါ် တပ်မက်မှု၊ အဲဒီတပ်မက်မှု အခြေခံနဲ့ အတ္တလွန်ဆန္ဒ ပြင်းထန်လို့ ပြုမိတဲ့ အကုသိုလ်ကံကြောင့်သာ အပြစ်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် လိင်တူဆက်ဆံသူ သို့မဟုတ် အဲဒီ ပုံသဏ္ဌာန် ဟန်ပန်နဲ့ နေထိုင်ကြသူတွေကို ငါတို့နဲ့ မတူလို့၊ အရင် ဘဝက ကြာခိုဖူးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အထင်သေး၊ နှိမ့်ချဆက်ဆံ၊ လူရာ မသွင်းတာတွေမလုပ်သင့်ဘူး။ မိမိကိုယ်တိုင် အခြားပုံစံနဲ့ ကာမအာရုံရဲ့ ကျေးကျွန်တွေ ဖြစ်နေကြလို့ သူတစ်ပါးကို လက်တစ်ချောင်းထိုးဆဲမှာ ကိုယ့်ကို လက်သုံးချောင်း ပြန်ထိုးနေပါလိမ့်မယ်။ လူတွေဟာ အဝိဇ္ဇာကြောင့် အဲဒီလို ပြုလုပ်ကြပြီး ပျော်ရွှင်မှု အစစ်အမှန်ကို ဘယ်လို ရနိုင်တယ်ဆိုတာကို ရှာဖွေကြဖို့ပဲ လိုပါတယ်။

ဘယ်ပုံစံပဲ ဖြစ်ဖြစ် လိင်ဆက်ဆံတာဟာ အစားအစာ၊ အရက်၊ မူးယစ်ဆေး၊ စည်းစိမ်ဥစ္စာ၊ အာဏာစတာတွေကို တပ်မက်တဲ့ တဏှာနဲ့ အတူတူဖြစ်လို့ အကုသိုလ်ကို ဖြစ်ပေါ်စေတာ ချည်းပါပဲ။ အဲဒီတပ်မက်မှုဟာ သတ္တဝါတွေကို သံသရာမှာ ကျင်လည်စေဖို့ ချည်နှောင်ထားလို့ ဘယ်လို တပ်မက်မှုမျိုးကိုမဆို ဗုဒ္ဓဝါဒက အားမပေးပါဘူး။

တွေးပြီးဖြေ

ဘုန်းကြီး ပြောပြထားတာကို အစအဆုံး ဖတ်ပြီး အနှစ်ချုပ်ကို ပြန်တွေးကြည့်ရင် မေးခွန်း သုံးခုလုံးရဲ့ အဖြေနဲ့ ပတ်သက်လို့ အနီးစပ်ဆုံး အတွေးအမြင် တစ်ရပ် ရနိုင်လောက်ပြီလို့ ယူဆပါတယ်။ ကိုယ်အပါ အဝင် သတ္တဝါမှန်ရင် ရုပ်သွင်၊ အမူအယာ၊ စိတ်ထား၊ အရည်အချင်း တစ်ခုခုတော့ မပြည့်စုံဘဲ ရှိနေတတ်တာကြောင့် သူတစ်ယောက်ရဲ့ မပြည့်စုံမှု အပြစ်အနာအဆာကို ကြည့်ပြီး အရင် ဘဝက ဘာလုပ်ခဲ့လို့၊ ဘယ်လိုဖြစ်လို့ ဆိုတဲ့ မေးငေါ့ တင်းဆို ငြင်ငြို နှုတ်မြွက် သဘောထားဟာ မိမိရဲ့ပုဂ္ဂိုလ်ရေးအရည်ချင်းကို ယုတ်လျော့စေကြောင်းပါ။

ကုံးချောစကား သတိထား

ပြစ်တင်ပြညွှန် ကျိုးလိုဟန်ှင့် ဆန်ကန်နှုတ်ထား စကားသွယ်ဝိုက် ချင်းအကြိုက်ဖြင့် ကုံးတိုက်ပြုသည် သူ့ဖျက်ရည်ကို ရိပ်ခြည်ဩဇ တခွန်ဟက ခဏချက်ခြင်းသိစေမင်း (ဂမ္ဘီသာရပျို့၊ ပိုဒ်-၁၈)။

197. The Path Finder

Dear Sayadaw,

Humbly much respects to you. My knowledge is that before a new Buddha appeared, the old Buddha's Dhamma, Sangha and all of his relics will disappear. It also is said that the life-span of some Brahmas are eons long. Then, an Ariya Brahma of Buddha Gotama can still be alive when Buddha Metteyya comes?

If there are previous Buddha's Ariyas in the world, it is possible that ascetic Siddhattha may discuss the Dhamma with them. Then, it is impossible that he has no teacher when he attained Enlightement. Your answer to Q 190 says that some Sotapana Ariyas can also be reborn many times. It can make me confused too, because they can meet another Buddha maintaining their earlier Ariya status. Then, how can we say different Buddhas cann't influence one other?

Si Thu

---

Can be alive

I hope you know that the Brahma Ghatikārawho offered lotus robe to Prince Siddhattha at the beach of Anoma was a Non-returner (Anāgāmi). That means when the Prince destined to be a Buddha was born, a disciple of another Buddha existed outside this world. So the answer is yes, that is, a Brahma who is an Ariya, can be alive when Buddha Metteyya appeared in this earth.

Lokadhātu

Buddha says it is impossible that two Buddhas should be born in "same one Lokadhātu (Anguttara, Vol. I, p. 22)". The Commentary on Anguttaranikāya describes that there can not appear another Buddha in this world as long as there are previous Buddha's relics before a future Buddha's becoming. So we can say there would be no Ariyas on this earth when Metteyya arrived.

(Vol. I, p. 358). Here we should understand the word Lokadhātu clearly. According to Visuddhimagga (Vol. I, p. 199), Tāvatimsā celestial realm above, Avici hell underneath and four great planets around are all included in a Cakavāla. A Cakavāla itself is caled a Lokadhātu (Ekam cakavālamekālokadhātu).

Middle Land

Majjhimanikāya Commentary states that, though all ten thousand Cakavāla (which also is to be called Buddha kyetta or Jātikhetta or boundary for the region where a Buddha can be born) should be included in the word "same one Lokadhātu" , here it should be limited only to this Cakavāla (Vol. IV, p. 85) and Dighanikya commentary comments that it should also be confined only to the Middle Land (Vol. II, p. 252). Therefore, we can conclude that "Ekissā lokadhātuyā same one Lokadhātu" means "the Middle Land" in this issue.

It seems to me

Depending on above mentioned comments, it seems to me that no Buddha's relics would be seen on this earth while Buddha Metteyya comes into existence. But, in some Brahma worlds there can be long life Ariya Brahm as like Ghatikāra and so. A Bodhisatta may have some discussions about Dhamma when he was in same abode with them too. We can say that an Ariya Brahma may help Prince Siddhattha physicaly donating food or robe or medicine or place to live in, but not philosophicaly teaching him a Dhamma. Answering Q 190, I quoted some ideas that Sotāpanna and Sadkāgāmi can be reborn in Deva worlds as a deva and human world as a human being many times (but not up and down from human to deva, again from deva to human) until they reached Arahatship. However, it should be understood that their end will be.

No teacher

Do you know prince Siddhattha learnt some practices from the sages like Ālāra and Udaka before his Enlightenment? Still he was no teacher for the Middle Way which he discovered and is his own method. Also he might have some discussions about it as a Brahma or a higher deva while he was going in Sansāra as a Boddhisatta. Would you like to be insistent in saying it is impossible that Buddha Gotama has no teacher?

၁၉၈။ တမလွန်မှ နှောင့်ယှက်သူ

တပည့်တော်မ ရိုသေစွာ မေးလျှောက်ပါသည် အရှင်ဘုရား၊

၁)ကံနိမ့်တယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ ကံနိမ့်ချိန်မှာ နတ်တွေ၊ သရဲတွေက လူတွေကို ဝင်ပူးနိုင်ပါသလား။ ပြိတ္တာဘုံက တစေ၊ သရဲတွေက သူတို့နေရာမှာ ကိုယ်စားထားဖို့ ဒီလောက လူသားကို အသက် အန္တရာယ် ပြုတယ်ဆိုတာ ဟုတ်ပါသလား။

၂) ရတနာသုံးပါးကို ဆည်းကပ်သူ၊ သရဏဂုံ တည်သူများကို နတ်ဆိုး၊ နတ်ကောင်းများက စမ်းနိုင်ပါသလား။

၃)ပြိတ္တာတွေကို အိမ်မက်ထဲမှာ သာမက အပြင်မှာပါ မြင်ဖူးပါသည်။ အရင်ဘဝက ပတ်သက်ခဲ့ဘူးတဲ့ မကျွတ်လွတ်သူတွေက တပည့်တော်မ ဆီက ကုသိုလ်အမျှ လိုချင်လို့ လာတာလို့ အချို့က ပြောပါသည်။ တပည့်တော် ပေးတဲ့ ကုသိုလ်အမျှကို ရလို့ လာတောင်းတာလို့လည်း ပြောပါသည်။ အဲဒါတွေ မှန်ပါသလားဘုရား။

၄)တပည့်တော်မ ဘုရားတရား အလုပ်ကို လုပ်ဖြစ်ပါသည်။ ငယ်ငယ်ကတော့ အိမ်မက်ဆိုးတာ၊ သေတဲ့လူကို မြင်မက်တာတွေကြောင့် လုပ်ဖြစ်ခဲ့ပေမယ့် ယခုတော့ အသိစိတ်နှင့် လုပ်ဖြစ်ပါသည်။ ဘုရားတရား အလုပ်မလုပ်ဖြစ်တဲ့ အချိန်မှာ စိတ်ထဲက မသိုးမသန့်ဖြစ်ပါသည်။ ဘာကြောင့်ပါလဲ အရှင်ဘုရား။

မီးငွေ

-------------------

၁) ကံနိမ့်တယ်ဆိုတာ အကုသိုလ်ကံ အကျိုးပေးခွင့် သာချိန်လို့ ဆိုနိုင်ဖွယ်ရှိပါတယ်။ မေတ္တသုတ် နိဒါန်း (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၊၁၁၇) အရ ဆိုရင် သူတို့နေထိုင်တဲ့ ပိုင်နက်အတွင်းမှာ ရဟန်းတွေနေထိုင်တဲ့အခါ သူတို့ အနေအထိုင် ကျဉ်းမြောင်းသွားလို့ မနေနိုင်အောင် လုပ်တာပဲ။ နတ်ပူးတာနဲ့ ပတ်သက်လို့ မေးခွန်း ၁၇၀၊ ၁၇၂ ရဲ့အဖြေတွေကို ဖတ်ရင် အတွေးအမြင်သစ်ရနိုင်ပါတယ်။

သူတို့နေထိုင်တဲ့ နေရာကို ဖျက်ဆီးတာမျိုး လုပ်ရင် (ဥပမာ သစ်ပင်ကို ခုတ်ပစ်ရင်) ပြိတ္တာဘုံသားတွေက လူတွေကို အန္တရာယ်ပြုနိုင်တယ်။ လူအချင်းချင်းလည်း သူ့ကို ကိုယ်က စော်ကားနှောင့်ယှက်လုပ်ရင် မိတ်ဆွေပျက်နိုင်တာပဲ။ ဇာတ်တော်ထဲက မိတ္တဝိန္ဒကဟာ ငရဲသားရဲ့ခေါင်းပေါ်က မီးစကြာကိုပန်းထင်ပြီးတောင်းလို့ ငရဲသားက ပေးလိုက်တဲ့အခါ ငရဲသားက ငရဲမှလွတ်ပြီး မိတ္တဝိန္ဒကက ဆက်ခံရတယ်လို့ ဆိုတယ် (ဇာ၊ဋ္ဌ၊၄၊၃)။ ဘဝခြားသူ ပြိတ္တာက သူ့ကိုယ်စားထားဖို့ ဒီဘဝလူသားကို ခေါ်ယူတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အစွဲအလမ်း တစ်မျိုးပဲ ဖြစ်နိုင်တယ်။

၂) အရှင်မောဂ္ဂလ္လာန်ကို မာရ်နတ် လာစမ်းဖူးတယ် (မ၊၁၊၄၀၇)။ အရှင်သာရိပုတ္တရာ သမာပတ်ဝင်စားနေတုန်း ဦးခေါင်းကို လာထုတဲ့ နတ်လည်းရှိတယ် (ဝိသုဒ္ဓိ၊၂၊၉)။ ဒီအရှင်မြတ်နှစ်ပါးဟာ မြတ်ဗုဒ္ဓပြီးရင် အကြီးမြတ်ဆုံးဖြစ်ပါတယ်။ နတ်လောကမှာလည်း နတ်ကြမ်း နတ်ကြမ်း နတ်ယဉ် နတ်ပြက် နတ်နုံ နတ်စုတ်တွေရှိပုံပဲ။

၃) ပရလောကသားကို ရံဖန်ရံခါ မြင်လေ့ကြားလေ့ရှိတဲ့ လူနှစ်ယောက်ကို ဘုန်းကြီးတွေ့ဖူးပါတယ်။ တစ်ယောက်က မြန်မာအမျိုးသမီး။ တစ်ယောက်က မျက်နှာဖြူအမျိုးသား။ အသက် ၂၅နှစ်။ ညကျရင် အရင်ဘဝက ဆရာဖြစ်ဖူးတဲ့ ပရလောကသားက သူ့ဆီလာပြီး ကောက်ကြောင်း ပန်းချီကို သင်ပေးသတဲ့။ ဘယ်ပန်းချီကျောင်းမှ မတက်ဘဲ သူဆွဲထားတဲ့ ပန်းချီတွေက ဆွဲတတ်သူရေးဆွဲတဲ့အတိုင်းပါပဲ။

ဆွေမျိုး တော်စပ်ဖူး မတော်စပ်ဖူး နှစ်မျိုးလုံး ဖြစ်နိုင်တာပါပဲ။ မိမိဆီက ကုသိုလ်အမျှကို ရချင်လို့လည်း ဖြစ်နိုင်တယ်။ အခြားရည်ရွယ်ချက်နဲ့လည်း ဖြစ်နိုင်တာပါပဲ။ အခါတစ်ပါး ဘုရင် ဗိမ္ဗိသာရမင်းဟာ အလှူပြုပြီးနောက် အမျှမဝေဘဲနေလို့ ဆွေမျိုးဖြစ်ဖူးတဲ့ ပြိတ္တာတွေက မင်းကြီးသိအောင် ညကျရင် အသံဗလံတွေ လုပ်တယ်လို့ ဆိုတယ် (ပေတဝတ္ထု၊ဋ္ဌ၊၁၈)။

၄) ဘာမဆို အကြောက်တရားနဲ့ လုပ်ရတာမျိုးက မကောင်းဘူး။ စေတနာနဲ့ လုပ်ချင်လို့ လုပ်တာက ပိုကောင်းတယ်။ နေ့စဉ်မှန်မှန် ဘုရားရှိခိုး မေတ္တာပို့ လုပ်နေရင် အလေ့အကျင့် ဖြစ်သွားပြီး မလုပ်တဲ့နေ့မှာ စိတ်ထဲ လုပ်ချင်တဲ့စိတ်တွေ ပြင်းပြနေတတ်တယ်။ မလွှဲသာတဲ့ အကြောင်းကြောင့် လုပ်ချင်တာကို မလုပ်လိုက်ရတဲ့အခါမျိုးမှာ စိတ်ညစ်တယ်ဆိုတဲ့ အနေမျိုးတော့ မဖြစ်သင့်ဘူး။ ကောင်းတဲ့အလေ့အကျင့်ဖြစ်လို့ ဆက်လက်ပြီးထိန်းသိမ်းထားပါလေ။

မေတ္တာကောင်းမှာ၊ ရန်တကာ၊ ပယ်ခွာရေချမ်းအိုး။

သဒ္ဓါကောင်းမှာ၊ နောင်ဘို့ပါ၊ ချမ်းသာဆင့်ဆင့်တိုး။ (သုတရတနာ)


---

၁၉၉။ စုံသင်္ချာ

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ဒေဝဒတ်ကဲ့သို့သော သာသနာဖျက် ပုဂ္ဂိုလ်များ ယခင်ပွင့်တော်မူခဲ့ပြီးသော ဘုရားအဆူဆူ လက်ထက်တွင် ရှိမရှိ သိလိုပါသည်ဘုရား။

ကျော်လင်းထက်

-------------------

စုံသင်္ချာဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ မျက်စိနှစ်ကွင်း၊ နားနှစ်ခု၊ နှာခေါင်း နှစ်ပေါက်၊ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်း၊ နှလုံးသား နှစ်ခြမ်း၊ ကျောက်ကပ် တစ်စုံ။ ပါးစပ်လည်း အဝင်အထွက် နှစ်ပေါက်ပဲ။ ကုန်ကုန်ပြောရင် ကပ္ပာယ်အိတ်တောင် တစ်စုံပဲလေ။ အဖိုအမ၊ အဆိုးအကောင်း၊ အကျိုးအပြစ်၊ အနိမ့်အမြင့်၊ အရှည်အတို၊ အဖြူအမည်း၊ အလင်းအမှောင်၊ နေ့ညဆိုတာတွေဟာ သဘာဝပါ။ ဘုရားပန်းတင်ရင်တောင် ပန်းအိုးနှစ်ခုဆို ပိုကြည့်ကောင်းတယ်လို့ ဆိုလေ့ရှိတယ်။

အဲဒီလိုပဲ လောကမှာ အုပ်စုနှစ်ခု ရှိမြဲဖြစ်ပါတယ်။ အများက ဘယ်လောက်ကောင်းတယ်ဆိုစေ မကောင်းဘူးလို့ ထင်မြင်တဲ့ အုပ်စုတစ်ခုဟာ ရှိမြဲပါပဲ။ မြတ်ဗုဒ္ဓလောက် ကောင်းတဲ့ ပုဂ္ဂိုလ် ရှိနိုင်ပါဦးမလား။ ဒါပေမယ့် မကောင်းဘူးလို့ မြင်တဲ့အတွက် ဆန့်ကျင်သူတွေက မြတ်ဗုဒ္ဓကို အမျိုးအမျိုး လုပ်ကြံစွပ်စွဲ ပြုကြခဲ့တာပဲ။ သဘာဝလောက အတွင်းမှာပဲ တည်ရှိခဲ့ကြတဲ့ ယခင်ပွင့်တော်မူပြီး ဘုရားရှင်တွေမှာလည်း ဒီလောကဓံမျိုး ရှိဖို့သေချာပါတယ်

မမေးဘဲဆိုသော် ကြောင်တတ်သည်။

မအေးဘဲမျိုသော် လောင်တတ်သည်။


---

၂၀၀။ ရှင်မာလဲ၊ မေတ္တေယျ၊ ဝေဿန္တရာ

ဆရာတော် အရှင်မြတ်ဘုရား၊

အရိမေတ္တေယျ မြတ်စွာဘုရားလောင်း ပြောပြခဲ့တဲ့ ကုသိုလ်တွေထဲက မဟာဝေဿန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင် နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်သမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကိုခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ပဋိသမ္ဘိဒါ ပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲ ရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲ မထေရ်အား အရိမေတ္တေယျ ဘုရားလောင်းက ပြောပြတော်မူခဲ့ကြောင်း သိရပါတယ်။

တပည့်တော် သိလိုသည်မှာ မဟာဝေဿန္တရာ ဇာတ်တော်ကြီးကို ဂါထာတွေနှင့် ရေးထားတဲ့ စာအုပ်က ဘယ်လိုစာအုပ်မျိုးပါလဲ။ ဘယ်နေရာမှာ ဝယ်ယူရရှိနိုင်ပါသလဲ သိလိုပါသည် အရှင်ဘုရား။

Neuro

-------------------

ရှင်မာလဲ

ရှင်မာလဲက သီဟိုဠ်သား တန်ခိုးကြီးတဲ့ ရဟန္တာလို့ ဆိုတယ်။ ငရဲပြည်ကိုကြွ၊ ငရဲသားတွေကို တရားဟောပြီး လူ့ပြည်ကိုပြန်ရောက်တဲ့အခါ ဆင်းရဲသားတစ်ဦး လှူဒါန်းတဲ့ ကြာပန်းခိုင်ကို ခံယူပြီး မင်းသိဒ္ဓတ်ရဲ့ဆံတော်ကို ဌာပနာထားတဲ့ စူဠာမဏိစေတီကို ကပ်လှူဖို့ တာဝတိံသာနတ်ပြည်ကို ကြွတော်မူတယ်။ တာဝတိံသာနတ်ပြည်မှာ သိကြားမင်းနဲ့ တရားဓမ္မ ဆွေးနွေးပြီးနောက် အရိမေတ္တေယျဘုရားလောင်းနဲ့ တွေ့ဆုံတယ်။ ဘုရားလောင်းက လူသားတွေ စိတ်ပိုင်းဘဝ တိုးတက်ပြီး ကုသိုလ်ကောင်းမှုတွေ လုပ်အောင် တိုက်တွန်း ဟောကြားဖို့ အရှင်မြတ်ကို ညွှန်ကြားလိုက်တယ်။ အရှင်မြတ် လူ့ပြည်ကို ပြန်ရောက်တဲ့အခါ ငရဲပြည်နဲ့ နတ်ပြည်အတွေ့အကြုံကို လူသားတွေကို ဟောကြားတဲ့အတွက် အရှင်မြတ်ကို လူတွေက လက်ဝဲတော်ရံ အရှင်မောဂ္ဂလ္လာန်လို ကြည်ညိုကိုးကွယ်ကြတယ် (Thai Tellings of Phra Malaiby Bonne Pacala Brereton, p. 22)။

ဒီသီဟိုဠ်သား ရဟန္တာအရှင်မြတ် ပေါ်ထွန်းချိန်နဲ့ ဒီအရှင့်အကြောင်း သို့မဟုတ် ဒီအရှင့်ဖြစ်ရပ်နဲ့ နီးစပ်တဲ့ အခြားမထေရ်တစ်ပါးရဲ့ အကြောင်းအရာကို ထေရဝါဒ ပိဋကတ်မှာ မတွေ့ဖူးမိသေးဘူး။

စကားမစပ်၊ ဂျပန်မဟာယာနလောကမှာ အဝလောကိတေသွာရ (ကွန်ယင်)ပြီးရင် ဒုတိယနာမည်ကြီးတဲ့ ဘုရားလောင်းကိတ္တိဂဗ္ဘလည်း ငရဲပြည် နတ်ပြည်တွေကို သွားလည်ပြီး အပြန်မှာ ကိုယ်တိုင်ရရှိခဲ့တဲ့ အတွေ့အကြုံကိုလူ့ပြည်ကလူသားတွေကို ပြန်လည်ဟောကြားတယ် (The Seeker's Glossary of Buddhism, p. 319) ဆိုလို့ ရှင်မာလဲရဲ့ လုပ်ဆောင်ချက်နဲ့ တူနေတာကတော့ ထူးခြားတာပဲ။

ယိုးဒယား၊ လာအို

ရှင်မာလဲ (Phra Malai) ကိုးကွယ်မှု အစဉ်အလာဟာ မြန်မာနိုင်ငံမှာ အရှင်ဥပဂုတ္တ ကိုးကွယ်မှုလောက်ခေတ်မစား၊ လူသိမများပေမယ့် ယိုးဒယားနဲ့ လာအိုနိုင်ငံတွေမှာ ယနေ့ခေတ် အလွန်ထင်ရှားတယ်။ ရှင်မာလဲရဲ့ ငရဲပြည်နဲ့ နတ်ပြည် အတွေ့အကြုံတွေကို လူ့ပြည်ကလူတွေကို ဟောပြောနေတဲ့ သရုပ်ဖော်ပန်းချီကားတွေကို ယိုးဒယား၊ လာအိုရဲ့ ဘုရားစေတီ ဘုန်းကြီးကျောင်း နံရံတွေမှာ ပေါပေါများများတွေ့ရတယ်။ အဲဒီနိုင်ငံတွေမှာ ရှင်မာလဲကို ပူဇော်တဲ့ပွဲတော်ကိုလည်း ကျင်းပကြတယ်။

အရိမေတ္တေယျဘုရားကို ဖူးတွေ့လိုသူတွေဟာ ဂါထာတစ်ထောင်ရှိတဲ့ ဝေဿန္တရာဇာတ်တော်ကို နာယူရမယ်လို့ ရှင်မာလဲက ဟောကြားတဲ့အတွက် ပွဲတော်အတွင်း သံဃာတော်တွေက ဝေဿန္တရာဇာတ်တော်ကို ညလုံးပေါက်ရွတ်ဖတ်ကြသတဲ့ (The Journal of the Walters Art Museum,Vol. 64/65, p. 157)။

မန်းရှင်မာလဲပွဲ

ဘုန်းကြီး သိရသလောက် မြန်မာနိုင်ငံ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးဖက်တွေမှာတော့ ရှင်မာလဲပွဲအကြောင်းကို ကျက်မိကြဟန် မတူဘူး။ ဒါပေမယ့် မန်းနဲ့ စစ်ကိုင်းလို အချို့အရပ်မှာတော့ သိကြပုံပေါ်တယ်။ ဆင်ဖြူရှင် ဘုရင့်နောင် လက်ထက် ယိုးဒယားနိုင်ငံက ဇင်းမယ်နဲ့ လင်းဇင်းအရပ်တွေကို တိုက်ခိုက်အောင်မြင်ရာမှာ အဲဒီက သိမ်းယူခဲ့တဲ့ လူအချို့ စစ်ကိုင်းနဲ့ မန္တလေးဝန်းကျင်မှာ နေထိုင်သွားခဲ့ကြဖူးတယ်။ ဒီ့အတွက် ရာဇဝင်သဲလွန်စကတော့ ‘လင်းဇင်းက ရခဲ့သော လူတစ်ထောင်ကျော်ကိုလည်း အကြီးနှင့်အစုအကွက်ချ၍ အမှုတော်ကို ထမ်းရသည် (မှန်နန်း ၂၊၃၇၉)’တဲ့။ ဒါကြောင့် စစ်ကိုင်းက လင်းဇင်းရပ်ကွက်၊ မန္တလေးက ရွာဟိုင်းစျေး ရွာဟိုင်းသုသာန်ဆိုတာတွေဟာ ဘုန်းကြီးအထင် ယိုးဒယားနဲ့ ပတ်သက်မှုရှိနိုင်တယ်။

ဒီ့ထက် ပိုမိုရှေးကျတဲ့ ပျို့ကဗျာမှတ်တမ်း မရသေးသရွေ့ စစ်ကိုင်းနဲ့ မန္တလေးနယ်တွေမှာ တွေ့ရတဲ့ ရှင်မာလဲကြာပန်းပွဲဆိုတာဟာ အဲဒီတုန်းက အဲဒီလူတွေနဲ့ စတင်ခဲ့တဲ့ ယဉ်ကျေးမှု ဖြစ်နေလေမလားလို့ မှန်းဆခွင့်ရှိပါတယ်။

အနာဂတဝင်

အနာဂတဝင်ဆိုတာ အနာဂတ်မှာပွင့်မယ့် အရိမေတ္တေယျ ဘုရားရှင်ရဲ့အကြောင်းပါ။ ဘုန်းကြီးမှာ အနာဂတဝင်ကျမ်း သုံးမူရှိတယ်။ 1886 ခုနှစ်ထုတ် Journal of the Pāli Text Society စာမျက်နှာ ၃၇ မှာပါတဲ့ ၁၄၂ ဂါထာရှိ ပါဠိမူ၊ Udaya Meddegama ဘာသာပြန်တဲ့ အင်္ဂလိပ်ဘာသာပြန်မူ၊ ပုသိမ်မြို့ ဇမ္ဗူ့မင်္ဂလာပုံနှိပ်တိုက်မှ ၁၂၆၆ ခုနှစ်ရိုက် မြန်မာဘာသာ အနာဂတဝင်ကျမ်းရင်းမူဟောင်း (ရေးသူမဖော်ပြ)။ သုံးမူလုံးမှာ အနာဂတဝင်ကို မြတ်ဗုဒ္ဓက အရှင်သာရိပုတ္တရာကို ဟောတာ၊ ဤကမ္ဘာရဲ့ ဆုတ်ယုတ်ပုံ တိုးတက်ပုံ၊ အရိမေတ္တေယျဘုရားလောင်း ဖွားမြင် တောထွက် ဘုရားဖြစ်၊ ဘုရားရှင်ရဲ့ ခမည်းတော် မယ်တော်၊ တပည့်တွေရဲ့အမည်နာမတွေ အသေးစိတ်နဲ့ အဲဒီဘုရားကို ဖူးမြင်ခွင့်ရှိမယ့် ကုသိုလ်ကောင်းမှုကို ဖော်ပြမှုစတဲ့ အနှစ်ချုပ်ကတော့ အားလုံးနီးပါးတူပါတယ်။

သုံးမူလုံးမှာ ဝေဿန္တရာဇာတ်တော်ကို ကြားနာသူတွေ အရိမေတ္တေယျဘုရားကို ဖူးရမယ်ဆိုတဲ့ ဖော်ပြချက်ကို မတွေ့မိပေမယ့် ရှင်မာလဲအကြောင်းကိုရေးတဲ့ စာတွေမှာတော့ အရှင်မြတ်တာဝတိံသာနတ်ပြည်မှာ အရိမေတ္တေယျဘုရားလောင်းနဲ့ တွေ့စဉ် ဘုရားလောင်းက မိမိဘုရားဖြစ်တဲ့အခါ မိမိနဲ့ တွေ့ဆုံလိုသူတွေဟာ ဝေဿန္တရာဇာတ်တော်ကို နာကြားရမယ်လို့ ညွှန်ကြားလိုက်ကြောင်း ဆိုကြတယ် (Thai Tellings of Phra Malai, p. 22)။

ဝေဿန္တရာ

မြန်မာတို့ သိတာက ဇာတ်ကြီးဆယ်ဘွဲ့ထဲက နောက်ဆုံးဇာတ်တော်။ သားသမီးနဲ့ မိဖုရားကိုတောင် လှူဒါန်းတဲ့ အလွန်ရက်ရောတဲ့ ဒါနဘုရင်မင်းကြီးပေါ့။ မဟာဝေဿန္တရာလို့ ဆိုတယ်နော်၊ စူဠဝေဿန္တရာဇာတ်ရှိသေးလို့လား။ ဆဋ္ဌမူပါဠိတော်အရတော့ စူဠမဟာလို့ ခွဲခြားမဆိုဘူး။ ဝေဿန္တရာအမည်နဲ့ ဇာတ်တော်တစ်ခုပဲရှိတယ်။ စုစုပေါင်း ဂါထာပုဒ်ရေက ခွန်ရှစ်ခြောက် (၇၈၆)ကြီးဗျို့။ တစ်ထောင်မပြည့်ဘူး။

အရိမေတ္တေယျ ဘုရားကို ဖူးချင်စိတ်နဲ့ အဲဒီဇာတ်တော်ကို ရွတ်ဖတ်လိုရင် ဇာတကပါဠိတော် ဒုတိယအုပ်၊ (ဇာ၊၂၊၃၁၂) မှာ ‘ဝေဿန္တရဇာတကံ’ ဆိုတာကိုတွေ့နိုင်ပါရဲ့။

ပြည့်မျက်စိကို မကန်းစေရာ ဟူသည်ကား ပညာရှိ သမားကြီး ဟူးရားကြီးတို့၏ စကားကိုလွန်၍မကျင့်ရာ။

မင်းဖလောင်းလက်ထက်ရေး ရခိုင်စစ်ပညာကျမ်း (ပေမူ၊နာ-ဝမ်း၊၆)


---

၂၀၁။ ဇာတ်လမ်းဟောင်း

အရှင်ဘုရား၊

အင်တာနက် ဘလောဂ့်တစ်ခုမှာ ဗိမ္ဗိသာရမင်းကြီးဟာ အမ္ဗပါလီနှင့် ဇာတ်လမ်းဖြစ်ခဲ့ကြောင်း ဖတ်ရှုရပါသည်။ ထိုအချိန်က မင်းကြီးအနေနှင့် သောပန်တည်ပြီးပြီလား။ မင်းကြီးမှာ အခြားမိဖုရားတွေရှိသဖြင့် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား။ ကျေးဇူးတင်ပါသည်။

ကျော်ဇေယျ

-------------------

ဘုရင်ဗိမ္ဗိသာရဟာ တောထွက်လာတဲ့ ဗုဒ္ဓလောင်းလျာကို ရာဇဂြိုဟ်မြို့အနီးက ပဏ္ဍဝတောင်ခြေမှာ သွားတွေ့တယ် (သုတ္တနိ၊၃၄၀)။ အဲဒီတုန်းက ဗိမ္ဗိသာရအသက် ၂၄၊ နန်းစံ ၉ နှစ်။ မြတ်ဗုဒ္ဓက ဗိမ္ဗိသာရထက် သက်တော် ၅ နှစ်ကြီးတယ်။ သူတို့နှစ်ဦးက ငယ်သူငယ်ချင်းတွေပါပဲ။ သူတို့ရဲ့ဖခင်တွေလည်း အချင်းချင်း ရင်းနှီးကြတယ်။ ဗိမ္ဗိသာရဟာ အသက် ၁၅နှစ်မှာ မင်းဖြစ်ပြီး၊ နန်းစံ ၁၆နှစ် (အသက် ၃၁)ရှိစဉ် ရာဇဂြိုဟ်မြို့နားက လဋ္ဌိဝနမှာဗုဒ္ဓရဲ့တရားကိုနာရပြီး သောတာပန်ဖြစ်သွားတယ်။ သက်တော် ၆၇၊ နန်းသက် ၅၂၊ ဗုဒ္ဓရဲ့သောတာပန်တပည့်အနေနဲ့ ၃ရနှစ်အကြာမှာနတ်ရွာစံတယ် (မဟာဝံသ၊၂း၂၅-၂း၃၀)။

‘ဗိမ္ဗိသာရမင်း ငယ်စဉ်က ဝေသာလီမြို့သူ အလှမယ် အမ္ဗပါလီနဲ့ ငြိစွန်းခဲ့လို့ ဝိမလကောဏ္ဍည သတို့သား (နောင်အခါ ရဟန်းပြု၊ ရဟန္တာဖြစ်)ကိုဖွားမြင်တယ် (ထေရ၊ဋ္ဌ၊၁၊၁၈၂)’။ ဒီအရှုပ်ဇာတ်က သောတာပန်မဖြစ်ခင် (အသက် ၃၁ မတိုင်ခင်) ဖြစ်ဖွယ်ရှိပါတယ်။ အသက်ငယ်ငယ်နဲ့ မင်းဖြစ်တဲ့ ဗိမ္ဗိသာရဟာ မြတ်ဗုဒ္ဓရဲ့တရားကို နာရချိန်မှာ အတော်ရင့်ကျက်နေပါလိမ့်မယ်။ ဒါကြောင့်လည်း သောတာပန်ဖြစ်သွားခဲ့တာပေါ့။ သောတာပန်တွေက ငါးပါးသီလ မြဲပါတယ်။ အရိယာဖြစ်ပြီးရင် ဒီဘဝမှာ အကုသိုလ်ရဲ့အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် ပဋိသန္ဓေကျိုး မလာတော့ဘူး။ အင်္ဂုလိမာလဖြစ်ရပ်ကိုကြည့်ပေါ့။


---

၂၀၂။ မုသားဖြူ၊ ဖျော်ဖြေသူ

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

၁) ကာယ ဝစီ မနောဟု ကံသုံးပါးတွင် ဘယ်ကံက အပြစ်အကြီးဆုံး ဖြစ်ပါသလဲ။ မျက်စိဖြင့် မြင်ရုံ ကြားရုံနှင့် ကောင်းဆိုး နှစ်မျိုးကို စိတ်တွင်ကြံစည်မိသွားပါက ကံမြောက်ပါသလား။

၂) မလွှဲမရှောင်သာသဖြင့် သူတစ်ပါးကောင်းကျိုးကို ဖြစ်စေသည့် White Lie (မုသားဖြူ)ကို တမင်ရည်ရွယ်၍ ပြောဆိုမိပါက မုသာဝါကံ မြောက်ပါသလား။

၃) အပေါင်းအသင်းအချို့ သူတစ်ပါးအကြောင်း မကောင်းပြောလာသည့်အခါ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ခင်မင်မှုကိုမဖျက်လို၍ အလိုက်သင့် ‘အင်း’လိုက်မိပါက အကုသိုလ်အပြစ်ရှိပါသလား။

၄) ဝတ္ထုရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်ရုပ်ဆောင်များသည် မရှိကို အရှိလုပ်၍ရေးသား သရုပ်ဆောင်ကြရာ၌ မုသာဝါဒကံ ထိုက်ပါသလား။

၅) ဝတ္ထုရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်ရုပ်ဆောင်များသည် ကြည့်ရှုသူတို့အား အချစ်၊ အမုန်း၊ ဝမ်းနည်း၊ ဝမ်းသာစသည့် ခံစားမှုအမျိုးမျိုးကို ဖြစ်ပေါ်စေပါသည်။ ဇာတ်ဝတ္ထုဖန်တီးသူနှင့် ပရိသတ်တို့မှာ မည်သည့် အကုသိုလ်အပြစ်ရှိပါသနည်း။

မင်းခေါင်

-------------------

၁။ မနောကံသုံးမျိုးရှိတယ် ...အဘိဇ္ဈာ=သူများပစ္စည်းကိုမြင်တဲ့အခါ ငါ့ပစ္စည်းဖြစ်ရင် ကောင်းမယ်လို့ စွဲလန်းတဲ့စိတ်။ တပ်မက်နှစ်သက်မိရုံနဲ့ ကံမမြောက်ဘူး။ ဗျာပါဒ = ဒီကောင်သေရင် အေးတာပဲဆိုပြီး သက်ရှိတစ်ခုရဲ့အသက်နဲ့ ခန္ဓာပြိုပျက်စေလိုတဲ့စိတ်။ စိတ်ဆိုးရုံနဲ့ ကံမမြောက်ဘူး။ မိစ္ဆာဒိဋ္ဌိ=အယူဝါဒမှားယွင်းမှု သုံးမျိုး...နတ္ထိက (ကုသိုလ် အကုသိုလ်ရဲ့ အကျိုးကို လက်မခံ)၊ အကြိယ (ကု၊ အကုကို ပြုခြင်းဆိုတဲ့ အကြောင်းကို လက်မခံ)၊ အဟေတုက (အကြောင်း အကျိုးနှစ်မျိုးလုံးကို လက်မခံ)ဆိုတဲ့ သုံးမျိုးသာ မနောကံမြောက်တယ်။

သတ်တာ လိမ်တာတွေက စိတ်သက်သက်နဲ့ မဖြစ်နိုင်လို့ ကိုယ်နှုတ်ပါမှ ကံမြောက်တာ။ မနောကံဆိုတာ ကံသုံးမျိုးလုံးနဲ့ ဆိုင်တယ်။ ဒါပေမယ့် ဖော်ပြပြီး သုံးမျိုးကတော့ စိတ်ထဲမှာပဲ ကံမြောက်သွားလို့ မနောကံလို့ သီးခြားခေါ်ရတာ။ ကံသုံးမျိုးအနက် ဘယ်ကံမဆို ကုသိုလ်အကုသိုလ်စိတ်နဲ့ အတူဖြစ်တဲ့ စေတနာ အားကောင်းမကောင်းအလိုက်သာ အကျိုးအပြစ်ကြီးကြောင်း မှတ်သင့်တယ်။ နေ့တိုင်း ဗုဒ္ဓဂုဏ်တော်တွေကိုပွားများနေသူနဲ့ ပြိုင်ဖက်ကိုဘယ်လိုသုတ်သင်ရမလဲလို့ အမျိုးမျိုးလှည့်ကြံစည်နေသူနှစ်ဦးရဲ့အကျိုးအပြစ်ကိုယှဉ်ကြည့်ပေါ့။

၂။ အကြောင်းအရာ မမှန်ခြင်း၊ မမှန်တဲ့အတိုင်း သူတစ်ပါးကို သိစေလိုခြင်း၊ ကိုယ်နှုတ်တွေနဲ့ သူ့ကို သိအောင်လုပ်ခြင်း၊ လိမ်ခံရသူအနေနဲ့ မှားယွင်းစွာ နားလည်သွားခြင်းဆိုတဲ့ အင်္ဂါလေးချက် (ဒီ၊ဋ္ဌ၊၁၊၇၁)နဲ့ ကိုက်ညီရင် မုသားဖြူ မုသားမည်း အားလုံးကံမြောက်တာပဲ

မလုပ်ချင်ရင် မအားဘူးလို့ လွယ်လွယ်နဲ့ ငြင်းလိုက်တာမျိုး၊ တစ်ယောက်နဲ့ စကားပြောနေတုန်းမနှစ်သက်သူဆီက ဖုန်းလာတော့ကားမောင်းနေလို့ပါဆိုပြီးအနီးကလူကို ပခုံးကိုတွန့်ပြတာမျိုး၊ ကလေးဆိုပြီး မမှန်ကတိပေးတာမျိုး၊ ရှေ့မှာကောင်းတယ်ပြောပြီးနောက်ကွယ်မှာမေးငေါ့တာမျိုး...အဲဒါမျိုးတွေကိုရိုးသားပြီးသိက္ခာရှိတဲ့ ဘဝတစ်ခုနဲ့ နေလိုရင် ရှောင်ရမယ်။ အတုမြင်အတတ်သင်တတ်တဲ့ ကလေးတွေလိမ်တတ်တာဟာ မိဖတွေရဲ့မုသားဖြူက စခဲ့တာပဲ။

တိုးတက်တဲ့နိုင်ငံတွေမှာ ကလေးတွေ မလိမ်အောင်၊ အမှန်ကို ပြောရဲအောင် အထူးလေ့ကျင့်သင်ကြားပေးတယ်။ ဒါကြောင့် မုသားဖြူကို ရှောင်နိုင်ဖို့လေ့ကျင့်ပါလေ

ရှင်တော်ဗုဒ္ဓရဲ့လုပ်ဆောင်ပုံတစ်ခုက ...ကွယ်လွန်သူမလ္လိကာ မိဖုရား ဘယ်ဘုံကို ရောက်သလဲဆိုတာ သိချင်လို့ ဗုဒ္ဓဆီကို ဘုရင်ကောသလလာတော့ ချို့တဲ့ဘဝမှာ အခိုက်အတံ့ဖြစ်နေရတဲ့ မိဖုရားကြီးရဲ့ တမလွန်ဘဝကို မိန့်တော်မမူလိုတာကြောင့် မြတ်ဗုဒ္ဓဟာ ဘုရင်ကို တစ်ပတ်လောက်အတွေ့မခံဘဲနေခဲ့တယ်။

၃။ အဲဒီအခြေအနေမှာ စကားထစ်အနေတာ အကောင်းဆုံးပဲ။ စာရေးဆရာ ရွှေဥဒေါင်း ဂျန်ပန်တွေ ဖမ်းခံရလို့ စစ်မေးခံရတဲ့အခါ တစ်ခုခုပြောဖို့ အားယူပေမယ့် စကားထစ်လို့ ပါစပ်က ဘာစကားလုံးမှထွက်မလာဘူးတဲ့။ ဒါပေမယ့် အတူဖမ်းခံရသူ နှစ်ယောက်လုံး အင်္ဂလိပ်လို ပြန်ပြောလို့ စပိုင်ထင်ပြီး ပစ်သတ်ခံရသတဲ့။ ပုရစ်တို့ ဖားတို့ဟာအသံကြောင့် သေကြရတာ။ နှုတ်ထွက်ကို ထိန်းအရင် အကောင်းဆုံးပါပဲ။

၄။ အဖြေက မေးခွန်းထဲမှာ ပါနေတယ်။ မရှိကို အရှိလုပ်ရေးတာလို့ စာဖတ်သူ မေးခွန်းရှင်က သိနေတာပဲ။ အဲဒီတော့ မုသာဝါဒနောက်ဆုံးအင်္ဂါရပ်နဲ့ ကိုက်ညီပါ့မလား

၅။ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်လမ်းအပါအဝင် ကခုန်သီဆိုဖြေဖျော်မှုမှန်သမျှ တရားအားထုတ်နေသူ ယောဂီအဖို့ ဆူးငြောင့်ခလုတ်ပါပဲ။ ဇာတ်လမ်းဖန်တီးသူတွေနဲ့ သရုပ်ဆောင်တွေရဲ့ တပ်မက်၊ စိတ်ဆိုး၊ ပူဆွေးရုပ်ပုံတွေက တကယ်မဟုတ်လို့ သူတို့ကိုယ်တိုင်မှာ အကုသိုလ်စိတ်မဖြစ်ဘူးလို့ ဆိုဖွယ်ရှိတယ်။ အတုမှန်းသိလျက်နဲ့ မုန်းတီး၊ မျက်ရည်ကျ၊ လွမ်းဆွတ်ဖြစ်ရတဲ့ ကြည့်ရှုသူတွေကတော့ တကယ်ဖြစ်လို့ သူတစ်ပါးလုံ့လပါတဲ့ (သသင်္ခါရိက) အကုသိုလ်စိတ်ဖြစ်နိုင်တယ်။

သူတစ်ပါးတို့ကို အဲဒီ အကုသိုလ်စိတ်ဖြစ်အောင် လှုံ့ဆော်သူတွေအနေနဲ့လည်း အကုသိုလ်ဖြစ်ခွင့် ရှိနိုင်တာပဲ။ စိတ်ဆိုတာ ကုသိုလ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အကုသိုလ်ဖြစ်နေတာပါ။ ပုဂ္ဂိုလ်ရေးအမြင်အရ စိတ်သာ ပဓာနဖြစ်လို့ အလုပ်တိုင်းမှာ စေတနာကောင်းလေးတွေ အရင်းခံရှိနေရင် အကျိုးရှိတယ်လို့တော့ ဆိုနိုင်မှာပါ။

ဗုဒ္ဓဝါဒရှုထောင့်အရမှာ သူတစ်ပါးကို ကျေးကျွန်သဖွယ် ဖျော်ဖြေပေးရတဲ့ သဘင်၊ ကချေသည်အလုပ်တွေကို အားမပေးဘူး။ ဒါပေမယ့် ယနေ့ခေတ်မှာ ငွေကြေးချမ်းသာသူတွေပဲ အဲဒီအလုပ်ကို ပိုမိုလုပ်နိုင်လို့ ခေတ်ပြောင်းပြန်ဖြစ်နေတယ်ဆိုတာကိုတော့ ဘာသာရေးဝါဒီရော လူမှုရေးဝါဒီတွေပါ လက်ခံထားရလိမ့်မယ်။


---

၂၀၃။ လေလွင့်စိတ်

မေးလျှောက်လိုပါသည် အရှင်ဘုရား၊

မောဟ၏အဓိပ္ပာယ်ကို တွေဝေခြင်းဟု နားလည်ပါသည်။ မှန်ပါသလား။ တပည့်တော်မှာ မောဟစိတ် ထူပြောသဖြင့် အတိတ်ကိုလည်း တွေး၊ အနာဂတ်ကိုလည်း တွေးရင်း အတွေးတွေ များလွန်းနေပါသည်။ ထိုအတွေးတွေ ပျောက်သွားအောင် မည်သို့ပြုရမည်ကို သိလိုပါသည်။

နှင်း

-------------------

မောဟရဲ့ အဓိပ္ပာယ်ရင်းက မသိခြင်း။ အဘိဓမ္မာနည်းအရ လောကရဲ့အမှန်တရား (သစ္စာ)လေးပါးကို မသိတာ၊ ရှေ့ဘဝခန္ဓာ၊ ယခုဘဝခန္ဓာ၊ ယင်းနှစ်မျိုးလုံးနဲ့ ကြောင်းကျိုးဖြစ်စဉ်ကို မသိတာလို့ မသိမှု ရှစ်မျိုးပြတယ်။ ဒီနေရာမှာ ဗဟုသုတ၊ အတတ်ပညာမရှိလို့ မသိတာ မတတ်တာကို မောဟလို့ မယူရဘူး။ ရဟန္တာတွေတောင် ပဋိသမ္ဘိဒါပတ္တ (အဘိညာဉ်နဲ့ အတူသီသန့်ဖြစ်ပေါ်လာတဲ့ ဉာဏ်ထူး)မရှိရင် ပိဋကတ်သုံးပုံကိုသင်မှတတ်သိတယ်။

ဒီသဘောကြောင့် အရှင်သာရိပုတ္တရာတောင် ရဟန်းငယ်တစ်ပါးကို ကမ္မဋ္ဌာန်းပေးမှားဖူးတယ်။ အတွေးတွေများတယ်ဆိုတာက မောဟကြောင့်မဟုတ်ဘူး။ ဥဒ္ဓစ္စ (ပြာပုံကို လေနဲ့ မှုတ်လိုက်သလို စိတ်တွေ ပျံ့လွင့်နေတဲ့ သဘော)ကြောင့်ဖြစ်ပါတယ်။

စိတ်ချမ်းသာမှု (သုခ)ကိုရဖို့ အဲဒီ ဥဒ္ဓစ္စ (လေလွင့်စိတ်)တွေ မရှိရဘူး။ စိတ်တည်ငြိမ်မှု (သမာဓိ)ရှိရင် လွင့်နေတဲ့ပြာတွေကိုရေနဲ့ ဖြန်းချလိုက်သလို စိတ်ဟာ အလိုလို တည်ငြိမ်သွားတယ်။ အာရုံအမျိုးမျိုးကို လိုချင်စိတ်နဲ့ ကြံစည်စိတ်ကူးမှု (ကာမစန္ဒ) ကြောင့် စိတ်မတည်ငြိမ်မှုဖြစ်ရတာ။ ဒီတော့ လေလွင့်စိတ်ကို တားဆီးဖို့ ဘာဝနာတစ်ခုခုကို လုပ်ရတယ်။ ဥပမာဂုဏ်တော်ပွား၊ မေတ္တာပို့၊ သုတ္တန်တွေကို ရွတ်ဖတ်သရဇ္ဈာယ် ... စသည်ပေါ့။ (သမာဓိ ကာမစန္ဒဿ ပဋိပက္ခော... သုခံ ဥဒ္ဓစ္စကုက္ကုစ္စဿ (ဝိသုဒ္ဓိမဂ္ဂ၊၁၊၁၃၇)။

အင်း...ပုံမှန်ထက်လွန်ကဲနေရင်တော့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းလို့ ဖြစ်နိုင်တယ်။ ဥပမာ ဦးနှောက်မှာ ဓာတ်သဘာဝတစ်ခုလိုအပ်နေလို့။ အဲဒီလိုဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်ဆေးစား လုပ်ရလိမ့်မယ်။


---

၂၀၄။ အစွမ်းစစ်

မေးခွန်းမှာ အမှားပါခဲ့လျှင် ခွင့်လွှတ်ပါ အရှင်ဘုရား၊

တပည့်တော်မ သိလိုသည်မှာ သံဃာတော်တွေက မိမိကိုယ်ကို အစွမ်းရှိတယ်၊ ကုသဖို့ ဆေးမရှိတဲ့ အေအိုင်ဒီအက်စစ်နဲ့ ကင်ဆာလို ရောဂါတွေကို မန်းပေးလိုက်တာနဲ့ ပျောက်သွားတယ်၊ စီးပွားရေးကောင်းအောင်လုပ်ပေးနိုင်တယ်လို့ ကြော်ငြာကောင်းပါသလား။

အခုရက်ပိုင်းတွေမှာ လူတွေရဲ့စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲတွေကို ဖြေရှင်းပေးတဲ့ ဆရာတော်တစ်ပါး ရှိတယ်လို့ သိရပါသည်။ ရဟန်းသံဃာတွေ အဲဒီလို လောကီကိစ္စအလုပ်တွေကို လုပ်ကောင်းပါသလား။ အဲဒီလို လောကီလူမှုကိစ္စတွေကို ဆောင်ရွက်သည့် ရဟန်းတွေကို ထေရဝါဒ ရဟန်းလို့ကော ခေါ်နိုင်ပါသလား။ ကရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

အေမီနိုင်

-------------------

အစွမ်း

အစွမ်းရှိတယ်ဆိုတာကို နှစ်မျိုး စဉ်းစားကြည့်မယ် ... ၁) ခေတ်ပညာတတ် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာဘဝက ရဟန်းဝတ်လာသူတွေမှာ ရှိနိုင်တဲ့ အတတ်ပညာအစွမ်း ၂) မိမိမှာ တရားအားထုတ်ထားလို့ ရရှိတဲ့ အဘိညာဉ်တန်ခိုးဆိုတဲ့ စိတ်အစွမ်း။ နံပတ်တစ်က ဒုက္ခရောက်နေသူကို ဝိနည်းဘောင်အတွင်းက ကူညီခွင့်ရှိတယ်။ ကူညီလိုတဲ့အခါ မိမိအကြောင်းကို အမှန်အတိုင်း ပြောပြခွင့်လည်း ရှိတာပေါ့။ နံပတ်နှစ်က လူတွေကို ပြောပြပုံနှစ်မျိုးရှိတယ်...

၁) မိမိမှာ တကယ်မရှိဘဲ လူအထင်ကြီးအောင် လာဘ်ပေါအောင် မဂ်ဖိုလ်ဉာဏ်ထူးနဲ့ အဘိညာဉ်အစွမ်းရှိတယ်လို့ လိမ်ပြောတာ ၂) အမှန်တကယ်ရထားတဲ့ အဲဒီဉာဏ်ထူးတွေကို လူနဲ့ သာမဏေကို ပြောမိတာ။ နံပတ်တစ်ပုံစံနဲ့ ပြောတဲ့ရဟန်းက အလိုလို လူဖြစ်သွားပြီး အလယ်က ဖြတ်လိုက်တဲ့ ထန်းပင် နောက်ထပ်အညွန့်သစ် ပြန်မထွက်တော့သလို တစ်ဖန် ရဟန်းပြန်ဝတ်ခွင့် မရှိတော့ဘူး။ အမှတ်နှစ်ရဟန်းက ကုစားလို့ရတဲ့ ပါစိတ်လို့ခေါ်တဲ့ အာပတ်သင့်တယ်။

မဖြစ်နိုင်ဘူး

လူတွေရဲ့စီးပွား၊ ကျန်းမာ၊ လူမှုအခက်အခဲကို ကူညီပေးနိုင်တယ်ဆိုတော့ အဲဒီဆရာတော်ကတယ်စွမ်းတာပဲ။ ဒါပေမယ့်ဘုန်းကြီးအတွေ့အကြုံအရ ရဟန်းသံဃာအများစုဟာ (ကြီးမှဝတ်လာတဲ့ တောထွက်မဟုတ်ခဲ့ရင်) အဲဒီ ပညာရပ်နယ်ပယ် သုံးခုမှာ အတော်အားနည်းပါတယ်။ ဘုန်းကြီးကိုယ်တိုင် ဒီအတိုင်းပါပဲ။ ရဟန်းအများစု လူတွေကို စီးပွားရေးအကြံပေးတာ၊ ကျန်းမာရေးညွှန်ကြားတာ၊ အလုပ်ရအောင် အလုပ်သွင်းပေးတာမျိုးတွေ လုပ်မပေးနိုင်ကြပါဘူး။

လူမှုရေးကူညီချက်အနေနဲ့ မိမိရဲ့သီလ သမာဓိ ပညာဆိုတဲ့ ဂုဏ်ရဲ့ကြီးမြင့်ခြင်းနဲ့ အသက်အရွယ်ကြီးရင့်ခြင်းဆိုတဲ့ အရှိန်အဝါနှစ်မျိုးနဲ့ အဆင်မပြေတဲ့ လင်နဲ့မယား၊ သားသမီးနဲ့မိဘစာတာတွေကို နားဝင်အောင် ဖျောင်းဖျပေးနိုင်တာမျိုးတော့ ရှိကောင်းပါတယ်။ မြတ်ဗုဒ္ဓတောင် ကောသလမင်းနဲ့ မလ္လိကာတို့ အဆင်ပြေအောင် နားချဖူးတယ်။

လောကီအလုပ်

ဒီစကားက ကျယ်ပြန့်ပါတယ်။ ရဟန်းတစ်ပါးအနေနဲ့ အခကြေးငွေနဲ့ ဆေးကုစားတယ်ဆိုတာမျိုး၊ စုန်းချွတ် နတ်ဝင် ပွဲတင် ချဲထိုး ဒိုင်ကိုင် ဂဏန်းပေးဆိုတာမျိုးတွေကတော့ ဗုဒ္ဓသာသနာနဲ့ ဘယ်လိုမှ မအပ်စပ်နိုင်ပါဘူး။ ဘုန်းကံကြီးမားတဲ့ ဆရာတော်တွေ မိမိရဲ့ဘုန်းရှိန်နဲ့ အများကောင်းကျိုးဆောင်ရွက်တာ၊ ဥပမာ ဆေးရုံစာသင်ကျောင်းတွေကို ဦးဆောင်ပြီး ဆောက်လုပ်တာ၊ မိဘမဲ့ကလေးတွေကို စောင့်ရှောင့်တာစတဲ့ ဆောင်ရွက်မှုတွေလည်း လောကီအလုပ်ပါပဲ။ အဲဒီလို လောကီအလုပ်မျိုးကိုတော့ ဗုဒ္ဓရှင်တော်မြတ်ရှိရင်တောင် ခေတ်အခါလိုအပ်ချက်အရ ခွင့်ပြုတော်မူမှာပါ။

ထေရဝါဒရဟန်း

ထေရဝါဒ ရဟန်းစစ် ငါးပါးက သိမ်ထဲမှာ ကမ္မဝါစာဖတ်ပြီး ရဟန်းဖြစ်လာခဲ့ရင် ဆေးကုရုံ၊ ဗေဒင်ဟောရုံ၊ ပယောဂချွတ်ရုံလောက်နဲ့ ရဟန်းအဖြစ် မဆုံးရှုံးသေးဘူး။ သူ့ဟာသူ ရဟန်းလို့ ဝန်ခံနေသရွေ့ ထေရဝါဒရဟန်းပါပဲ။ ထေရဝါဒရဟန်းတော်တစ်ပါးရဲ့အစွမ်းဆိုတာ ဆေးကု ဗေဒင်ဟော ယတြာချေလို့ ဒါမှမဟုတ် ကျေးကျွန်အလုပ်သမားတွေလို လူခိုင်းတာလုပ် လူ့အလုပ်တွေကို လုပ်ပေးရာကနေ နာမည်ကြီးလို့ စွမ်းရတာဟာ မှန်ကန်တဲ့အစွမ်းမဟုတ်ပေဘူး။ သီလ သမာဓိ ပညာ ကျင့်စဉ်ကို တိုးတက်အောင် လေ့အားထုတ်လို့ ရရှိတဲ့ ပကတိရိုးသားဖြူစင်မှုကြောင့် ဖြစ်ရတဲ့ အစွမ်းသာလျှင် အစွမ်းစစ် အစွမ်းမှန်ဖြစ်ကြောင်းပါ။


---

၂၀၅။ သာကီဗမာ

အောက်တိုဘာ ၃၁၊၂၀၁၁။

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

‘သာကီမျိုးဟေ့ ဒို့ဗမာ’ဟူသောစကားအရ သာကီမျိုး မြတ်စွာဘုရားနှင့် ဆွေမျိုးတော်စပ်သည့် မြန်မာတို့မှာ ဂုဏ်ယူဖွယ် ဖြစ်ပါသည်။ ဘုရားရှင်၏ သာကီမျိုးသည် အိန္ဒိယလူမျိုးများနှင့် တူပါသလား။ ကောသလတိုင်း မဂဓတိုင်းသားများမှာ အာရိယန်လူမျိုးများဖြစ်ပြီး ဘုရားရှင်၏ သာကီမျိုးနှင့် ရုပ်ရည်၊ ယဉ်ကျေးမှု မတူဟု ဖတ်ဖူးပါသည်။ ဘုရားရှင်သည်အိန္ဒိယနိုင်ငံအတွင်း ပွင့်ထွန်းသောကြောင့် အိန္ဒိယလူမျိုးဖြစ်မည်ဟုယူဆပါသည်။ ဆရာတော်၏ အယူအဆကိုသိလိုပါသည်။

မောင်သက်ဝေ (မန္တလေး)

-------------------

ပထမဆုံးမင်း

ယဉ်ကျေးမှု ဖြစ်တည်ပြီးနောက် ဇမ္ဗူဒီပကျွန်းမှာ ပထမဆုံးမင်းက ကုသဝတီပြည့်ရှင် မဟာသမတမင်း။ ၎င်းကစပြီး ဘုရားလောင်း မင်းသိဒ္ဓတ်တိုင်အောင် မင်းပေါင်းသုံးသိန်း သုံးသောင်း လေးထောင့်ငါးရာ့ခြောက်ကျိပ်နဲ့ ကိုးယောက်ရှိကြောင်း မဟာဝံသကျမ်း (၂း၁-၂၁)အဆိုကို ကိုးကားပြီး မှန်နန်း (၁၊ စာ-၃၂)မှာဆိုတယ်။ မဟာသမတမင်း ၆ ဆက်မြောက် ဥပေါသထမင်းရဲ့သားတော် မန္ဓာတုမင်းက ဂေါတမဘုရားလောင်း။ သုဒ္ဓေါဒနမင်းကြီးနဲ့ သားတော်မင်းသိဒ္ဓတ်တို့ရဲ့ ဆွေစဉ်အစက အဲဒီမန္ဓာတုမင်းက ဆင်းသက်တဲ့ ဩက္ကာကမင်း။ သာကီမျိုးအစ ဒီဩက္ကာကမင်းကပဲ

ခုခေတ် အိန္ဒိယအလယ်ပိုင်းဒေသလို့ ဆိုနိုင်တဲ့ မဇ္ဈိမဒေသမှာ တစ်ချိန်ကအဲဒီ သကျ (သာကီ)မျိုးတွေ အုပ်စိုးခဲ့ကြောင်း ဗုဒ္ဓဝါဒအဖွင့်ကျမ်းတွေမှာဆိုတယ်။

မြန်မာအစ

မြန်မာရာဇဝင်ကျမ်းတွေအဆိုအရ သံသယပုရ၊ ရဋ္ဌပုရ၊ သင်္ဃဿရဋ္ဌ၊ သင်းတွဲလို့ အမည်ကွဲလေးခုရှိတဲ့ တကောင်းပြည်ဟာ မြန်မာတို့ရဲ့ အဦးအစပဲ။ တကောင်းကို တည်ထောင်သူက အဘိရာဇာမင်းတဲ့။ ဒီမင်းက မဇ္ဈိမဒေသ ကပိလဝတ္ထုနိုင်ငံသားဖြစ်ပြီး ဗုဒ္ဓခေတ် မတိုင်မီအချိန်က ပဉ္စာလရာဇ်မင်းကို စစ်ရှုံးလို့ မြန်မာပြည်အလယ်ပိုင်းကို တိမ်းရှောင်လာတဲ့ သာကီမျိုးဖြစ်သတဲ့။ တကောင်းဆက် ၃၃ ယောက်မြောက် ဘိန္တကမင်းလက်ထက် တရုတ်ဖျက်လို့ တကောင်းပျက်ပြီး အုပ်စုသုံးခုကွဲသွားတယ်။ တစ်ဖန်ဗုဒ္ဓလက်ထက် (ဘီစီ ၆ ရာစု) မှာ ဝိဋဋူဘဖျက်လို့ ဒုတိယအကြိမ် ကပိလဝတ္ထုပျက်စီးတဲ့အခါ သာကီမျိုး ဓဇရာဇာမင်းဟာ မြန်မာနိုင်ငံကို တိမ်းရှောင်လာပြန်လျက် ယခင်အုပ်စုလက်ကျန်သကျမျိုး နာဂဆိန်မိဖုရားနဲ့ လက်ဆက်ပြီး အညာပုဂံပြည် (မှန်နန်းသုံးဝေါဟာရအတိုင်း)ကို တည်ထောင်တယ်။ အဲဒီလိုနဲ့ ပဉ္စာတကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်လို့ ဖြစ်လာခဲ့တာ။

ဒါတွေက ဘကြီးတော်မင်းလက်ထက် (မြန်မာနှစ်၊၁၁၉၁)မှာ မုံရွေး ဇေတဝန်ဆရာတော် ဦးဆောင်တဲ့ ပညာရှင် ၁၃ ဦး ရေးသားတဲ့ မှန်နန်းရာဇဝင်မှာ ဖော်ပြတဲ့ သာကီဗမာနဲ့ မဇ္ဈိမဒေသ မဟာသမ္မတ၊ သာကီတို့ ဆက်စပ်ပုံ အနှစ်ချုပ်ပါ။ ဒီရာဇဝင်အရ ခုခေတ် ကျွန်ုပ်တို့အားလုံးဟာ ပထမ၊ ဒုတိယ သာကီမျိုးဆက်တွေလို့ ဆိုနိုင်တာပေါ့။

သူ့အမြင်

အိန္ဒိယအလယ်ပိုင်း မဇ္ဈိမဒေသက မဟာသမ္မတ၊ သာကီယတို့နဲ့ ဗမာသာကီတို့ ဆက်နွယ်ပုံ မြန်မာရာဇဝင်အဆိုနဲ့ ပတ်သက်ပြီး အရှင်ဉာဏာဘိဝံသရဲ့ ရာဇာဓိရာဇဝိလာသိနီကျမ်းကို သုံးသပ်သူ အင်္ဂလိပ်သမိုင်းဆရာမ Dr. အမ်အိပ်ချ် ဗို့ဒ်က ‘ပထမဦးဆုံးနဲ့ သကျမျိုးတို့ရဲ့ အဦးဆုံးဘုရင်ကို မဟာသမ္မတမင်းလို့ ဆိုတယ်။ ပြီးတော့ ဒဏ္ဍာရီဆန်ဆန် ဘုရင်မင်းတွေရဲ့ အမည်နာမတွေကို အစီအရီဖော်ပြပြီး အဲဒီအစဉ်အဆက်ဟာ မျက်မှောက်ခေတ် အုပ်ချုပ်နေသူ ဘုရင်မင်းမှာ အဆုံးသတ်တာပါပဲ (Pali Literature of Burma, p. 75)’တဲ့။ ဒီဖက်ကအမြင်အရ ဒီအမျိုးသမီးသရော်တာလားလို့ ထင်စရာပါပဲ။

သုတေသနပြုသူ ဗို့ဒ်အနေနဲ့ သုံးသပ်ခွင့်ရှိပါတယ်။ ဘာလို့ဆို ‘And all the days that Adam lived were nine hundred and thirty years: and he died = အာဒံသည် အသက်နှစ်ပေါင်း ကိုးရာ သုံးဆယ် စေ့သော် သေလေ၏’ (ကမ္ဘာဦး၊၅း၅) ဆိုတဲ့ ခရစ်ယန် ကမ္ဘာဦးကျမ်းအဆိုကို ဖတ်ရတဲ့အခါ အဲဒီဘာသာဝင် မဟုတ်သူ ဒီဖက်သားတို့ ခံစားရသလိုဖြစ်လို့ နေမှာပေါ့။

နေမျိုးတွေ

ဗြိတိသျှစွယ်စုံကျမ်းအရ ဂျပန်ရဲ့ပထမဆုံး မင်းဧကရာဇ် Jimmuဟာ အေဒီ ၇-ရာစုမှာ ဂျပန်နိုင်ငံတော်ကို တည်ထောင်ခဲ့တယ်ဆိုတဲ့ နေနတ်သမီး Amaterasuက မွေးဖွားသတဲ့။ ခုခေတ်မှာတော့ ဘုရင် ဟီရိုဟီတိုအပါအဝင် ဂျပန်တွေအားလုံး အဲဒီနေနတ်သမီးရဲ့အမျိူးတွေလို့ ယုံကြည်ကြတယ်။ အေဒီ၁၈၇ဝမှာအတည်ပြုခဲ့တဲ့ ဂျပန်နိုင်ငံတော်အလံရဲ့ အလယ်ကနေလုံးနီဟာ ၎င်းတို့အနေနဲ့ နေမျိုးနေနွယ်ဖြစ်ကြောင်း ရည်ညွှန်းတာလို့ ဆိုတယ်။

လူတစ်ယောက် နာမည်ကောင်းရလို့ ထင်ရှားလာပြီဆိုရင် အဲဒီလူရဲ့ ဆွေမျိုးပါဆိုတဲ့ ဘုစုခရုတွေပေါမှ ပေါဖြစ်သလိုပေါ့။ ဆယ်စုနှစ်တစ်ခုကျော် အလွန်လောက်က လူကြီးရဲ့အမျိုးပါဆိုပြီး လိမ်စားတဲ့ အမျိုးသမီးတစ်ဦးကိုတောင် မြန်မာသတင်းစာတွေမှာ ဖတ်လိုက်ရတယ်။ လောကမှာ နေလောက် ထင်ရှားတဲ့အရာမရှိပါဘူး။ ဒီတော့ လူမျိုးတိုင်းနီးပါးနေနဲ့ နေနဲ့ ဆွေမျိုးတော်ချင်ကြမှာပေါ့။

ချန်ခဲ့မယ်

နီပေါနဲ့ အိန္ဒိယတို့ရဲ့ ဗုဒ္ဓမွေးဖွားတဲ့ လုမ္ဗိနီအရပ်ကို သူ့ဖက်ပါ ကိုယ့်ဖက်ပါ ငြင်းခုန်သံကို ခုတိုင် ရံခါရံခါ ကြားရဆဲပါ။ ဒါကြောင့် ဘုန်းကြီးအနေနဲ့ မြတ်ဗုဒ္ဓကို နေပါလီလား၊ အိန္ဒိယန်းလား၊ ဘားမီးစ်လား၊ ဘားမီးစ်တွေ ဗုဒ္ဓနဲ့ ဆွေမျိုးစပ်သလား ပြောနိုင်စွမ်းမရှိပါဘူး။ ဒီကိစ္စကိုတော့ မနုဿဗေဒစတဲ့ လူ့သမိုင်းပညာရှင်တွေ ဝေဖန်ဖို့ ချန်ခဲ့ပါရစေ။ ဒါပေမယ့်...

ပြောပြထားတာတွေကို ဂရုတစိုက်ဖတ်ပြီးရင် သာကီဗမာအယူအဆနဲ့ ပတ်သက်ပြီး တွေးတောဖို့ သဲလွန်စလေးတစ်ခုတော့ ရသွားလိမ့်မယ်လို့ ထင်ပါတယ်။ တစ်ခုတော့ရှိတယ်.. လူ့မျိုးဆက်တွေ ကြာညောင်းခဲ့ပြီဖြစ်လို့ အသားရောင်၊ မျက်နှာပေါက်၊ ဘာသာစကား၊ ယုံကြည်မှု၊ ယဉ်ကျေးမှုတွေတူရုံ သို့မဟုတ် ခြားနားရုံနဲ့တော့ မဆုံးဖြတ်နိုင်ဘူးလို့ ထင်မိကြောင်းပါ။


---

၂၀၆။ ရေစက်ချခြင်း

အရှင်ဘုရား၊

မရှင်းတာလေးတစ်ခု မေးလျှောက်လိုပါသည် အရှင်ဘုရား၊ အလှူလုပ်ပြီးလို့ ရေစက်ချတဲ့အခါမှာ နာရေးဆိုရင် ခွက်ထဲကရေကို အကုန်ချရတယ်၊ မွေးနေ့စတဲ့ မင်္ဂလာအလှူဆိုရင် ရေကို အကုန်မချဘဲ ချန်ထားရတယ်လို့ လူအချို့ပြောဆိုသည်ကို ကြားဖူးပါသည်။ ထိုစကားမှန်မမှန်သိလိုပါသည် အရှင်ဘုရား။

မြင့်စိန်

-------------------

မျက်ကွယ်

သံဃာအုပ်စု ကွဲနေတုန်း လူတွေ သင်္ကန်းလှူတာနဲ့ ပတ်သက်ပြီး ‘လူတို့သည် တစ်ဖက်သံဃာ (အုပ်စု)၌ ရေကို လှူကုန်၏။ (ထို)တစ်ဖက်သံဃာ (အုပ်စု)၌ပင် ‘‘သံဃာအား လှူပါ၏’’ဟု သင်္ကန်းကို လှူကုန်၏။ ဤသင်္ကန်းသည် နှစ်ဖက်သော သံဃာ (သံဃာအုပ်စုနှစ်ခုလုံး)၏ သင်္ကန်းသာလျှင် ဖြစ်၏ (ဝိ၊၃၊၄၂၃)’လို့ ဖော်ပြတယ်။ သံဃာအုပ်စု နှစ်ခုရှိရာမှာ တစ်စုထံမှာ ရေကိုသွန်းချ (ရေစက်ချ)ပြီး သံဃာအားလှူပါ၏လို့ဆိုရင် အဲဒီသင်္ကန်းဟာ သံဃာအုပ်စုနှစ်ခုလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီနေရာမှာ သင်္ကန်းအစား ရေကို ကြားခံပစ္စည်းအနေနဲ့ မျက်ကွယ်သံဃာကိုပါ ရည်မှန်းပြီး လှူတယ်လို့ အဓိပ္ပာယ်သက်ရောက်တယ်။

မျက်မှောက်

မဟာသေဋ္ဌိ သုဝဏ္ဏဘိင်္ကာရံ အာဒါယ ဒသဗလဿ ဟတ္ထေ ဥဒကံ ပါတေတွာ ဇေတဝနဝိဟာရံ အဒါသိ = (အနာထပိဏ်) သူဌေးကြီးဟာ ရွှေခွက်ထဲက ရေကို ရှင်တော်ဗုဒ္ဓရဲ့ လက်ပေါ် သွန်းချပြီး ဇေတဝန်ကျောင်းတော်ကို လှူဒါန်းတယ် (ဇာ၊ဋ္ဌ၊၁၊၁၀၈)’။ ဒီစာသားအရ ရေခွက်ထဲက အလှူရေကို ဘုရားလက်တော်မှာ သွန်းချပြီး ကျောင်းဆောင်ကို အပ်နှင်းတယ်လို့ နားလည်ရတယ်။ ဝေဿန္တရာမင်းက သားတော် သမီးတော်တွေကို လှူဒါန်းပုံကို ‘ဗြာဟ္မဏဿ ဟတ္ထေ ဥဒကံ ပါတေတွာ = (ဇူဇကာ) ပုဏ္ဏားရဲ့လက်ထဲမှာ ရေကိုသွန်းချ၍ (စရိယာပိဋက၊ဋ္ဌ၊၉၃)’တဲ့။ ကလေးတွေကို လက်နဲ့ကိုင်ပြီး ပုဏ္ဏားလက်ထဲကိုအပ်မည့်အစား ပုဏ္ဏားရဲ့လက်ထဲကိုရေကို လောင်းချလိုက်တာပဲ။

ကိုင်တွယ်ရွှေ့မဖို့မဖြစ်နိုင်တဲ့ အဆောက်အအုံဥယျာဉ် စတာတွေကို သာဟတ္ထိကဒါန (ကိုယ်ထိလက်ရောက်ဖြစ်) မြောက်အောင်တိုက်ရိုက် (မျက်မှောက်) လှူလိုတဲ့အခါလည်း အဲဒါတွေအစား ကြားခံပစ္စည်း ရေကို အသုံးပြုတယ်လို့ ဆိုနိုင်တယ်။ ဥပမာဆန်အိတ် ၁၀၀ကို ကိုင်မပြီးကပ်ရရင် မခက်ဘူးလား။ ဒါကြောင့် ဆန်အိတ်အစား ရေကိုခွက်ထဲသွန်းချရတာ။ အမှန်က ရေကို သံဃာ့ကိုယ်စား ဘုန်းကြီးတစ်ပါးရဲ့လက်ထဲသွန်းချရင် ပိုတောင်ကျမ်းဂန်နဲ့ ညီအုံးမှာ။

ကြားခံပစ္စည်း

ရေဆိုတာ အလှူပစ္စည်းတွေကို ကိုယ်စားပြုတဲ့ ကြားခံပစ္စည်းပါပဲ။ ဒါကြောင့် ‘ရေစက်ချခြင်းမှာ ဆုတောင်းခြင်း၊ အမျှဝေခြင်းသာ ဖြစ်သည်’လို့ ဆိုရင် မပြည့်စုံဘူး။ ဘာလို့ဆို ‘ရေစက်’ဆိုတာ (ကိုယ်စားပြုထားတဲ့) အလှူပစ္စည်း၊ ‘ချခြင်း’ဆိုတာလှူခြင်းဖြစ်နေလို့ပဲ။ ဒီတော့ရေစက်ချပြီးမှ ဆုတောင်းနဲ့ အမျှဝေလုပ်ရမှာကိုး။ အဓိပ္ပာယ်က တစ်ခြားစီပါ။

အစဉ်အလာ

ကိုယ်တိုင်ဆက်ကပ်ဖို့လွယ်ကူတဲ့ ဆွမ်း၊ သင်္ကန်း၊ ဆေး၊ ဘောပင်၊ ဗလာစာအုပ် ကပ်လှူရင် ရေစက်ခွက်မလိုတော့ဘူးလားလို့ မေးစရာရှိတယ်။ ဘုန်းကြီးအနေနဲ့ ‘ရေစက်ခွက် မလိုပါဘူး’ဆိုတာမျိုးတော့ မကြိုက်နိုင်ဘူး။ တဖြည်းဖြည်းအလှူ့ရှင်တွေရှေ့က ရေစက်ခွက်ပျောက်သွားမှာကို မနှစ်သက်လို့ပါ။ ဘာပဲဖြစ်ဖြစ် အစဉ်အလာကောင်းကို ထိန်းသိမ်းခြင်း၊ ကိုယ့်အလှူကို လေးစားခြင်း၊ ရေခွက်ထဲကရေကို မတွန့်တိုသလို အလှူပစ္စည်းကို လွတ်လွတ်စွန့်ခြင်းဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ အလှူလုပ်တဲ့အခါ ရေစက်ခွက်ကလေးကို ကိုယ့်ရှေ့မှာ အဆင်သင့် ပြင်ဆင်ထားစေချင်တယ်။

အဖြေ

ရေစက်ချဆိုတဲ့ အဓိပ္ပာယ်ကို အဲဒီလို အမှန်အကန် နားလည်လိုက်ရင် ‘နာရေးမှာ ရေကို အကုန်ချ၊ အလှူမှာ ရေကို ချန်ချ’ ဆိုတဲ့ ပြဿနာ မရှိနိုင်တော့ဘူး။

၂၀၇။ ယမမင်းစစ်တမ်း

နိုဝင်ဘာ ၃၊၂၀၁၁။

-------------------

ရိုသေစွာ လျှောက်ထားအပ်ပါသည် ဆရာတော်ဘုရား၊

သတ္တဝါတို့သည် ရုပ်နှင့်နာမ် ကွဲသွားပါက သေသည်။ သေသည်နှင့် တစ်ပြိုင်နက် စက္ကန့်မလပ်ဘဲ ကံစီမံရာအလိုက် အခြားဘုံဘဝသစ်မှာ တစ်ချိန်တည်း ဖြစ်ရသည်ဟု မှတ်ယူထားပါသည်။ သို့ရာတွင် ဖြစ်ရပ်မှန်ဟုဆိုသော အချို့စာများ၌ ယမမင်းစေခိုင်း၍ သွားရောက်ခေါ်ယူစဉ် လူမှား ခေါ်သဖြင့် ပြန်ပို့ရကြောင်း၊ ငရဲခံနေရသည့် ရပ်ကွက်ထဲမှ မိတ်ဆွေအချို့နှင့် တွေ့သဖြင့် ၎င်းတို့က မိမိတို့ကိုယ်စား ကုသိုလ်ပြုပေးရန် အမျှဝေရန် မှာကြောင်းဖတ်ရပါသည်။

ယမမင်းသည် ကုသိုလ် အကုသိုလ် မကွဲပြားသူများကို စစ်ဆေးပြီး သက်ဆိုင်ရာ ဘုံဌာနသို့ပို့ပေးကြောင်းလည်း မှတ်သားဖူးပါသည်။

၁)ရုပ်နှင့်နာမ်ကွဲသွားပါက သေပြီဖြစ်သဖြင့် ထိုသို့ပြန်ခေါ်သွားလို့ မရဟုဆိုလျှင် မှန်ပါသလား။

၂)ယမမင်းက ခေါ်ယူသတိပေးနိုင် မပေးနိုင်။

၃)ယမမင်းထံ အစစ်ခံရသော ဘုံဘဝသည် မည်သည့် ဘုံဘဝမျိုးလဲ။

၄)ယမမင်းသည် တိမ်မြုပ်နေသော ကံဟောင်းကို ဖော်ဆောင်လို့ ရ မရ၊ သို့မဟုတ် ကံဆိုးကံကောင်း အစီအစဉ်တည့်ပေးလို့ ရမရ။

၅)ယမမင်း ငြင်းဆိုခံရသည်နှင့် တပြိုင်နက် အစစ်ခံရသည့် ဘဝမှစုတေပြီး အခြား ဘုံဌာနသစ်မှာ တစ်ပြိုင်တည်းဖြစ်သည်ဟု မှတ်ရပါမည်လား။

၆)ယမမင်းက ဒီကိုမလာနဲ့ ဟိုကိုသွားစသည်ဖြင့် စေခိုင်းသော အရာသည် မည်သည့်အရာပါနည်း။ ဥပမာကံကို စေခိုင်းဖြင့် ယင်း ကံက သတ္တဝါအား ဘဝသစ်ကို ပို့ဆောင်ပေးသည်ဟု ဆိုနိုင်ပါသလား။

ရှိခိုးဦးခိုက်ပါသည် အရှင်ဘုရား။

မင်းခေါင်

-------------------

စက္ကန့်မခြား

ငယ်ငယ်က သင်ရတဲ့ သင်္ဂြိုဟ်ကျမ်းမှာ ‘စုတိစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ၊ တသိံ နိရုဒ္ဓါဝသာနေ တဿာနန္တရမေဝ ပဋိသန္ဓိသင်္ခါတံ မာနသံ ဥပ္ပဇ္ဇ မာနမေဝ ပတိဋ္ဌာတိ ဘဝနရေ = စုတိစိတ် ချုပ်ပြီးနောက် စုတိစိတ်ရဲ့ အခြားမဲ့မှာပဲ အခြား ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ် သွားဖြစ်တယ်’လို့ ဆိုမဟုတ်လား။ ဒီတော့ ‘သေသည်နှင့် တစ်ပြိုင်နက် စက္ကန့်မလပ်ဘဲ ကံ စီမံရာအလိုက် အခြားဘုံဘဝသစ်မှာ တစ်ချိန်တည်းဖြစ်ရသည်’ ပေါ့။ ဖြစ်ရပ်မှန် ကိစ္စကို ပြီးမှ စဉ်းစားပါမယ်။ ကျမ်းတတ် ဆရာတော်အချို့ရဲ့ ဒေဝဒူတသုတ်လာ ယမမင်း စစ်ခန်းနဲ့ ပတ်သက်လို့ Negative နဲ့ ဝေဖန်သံကို ကြားဖူးပေမယ့် ဉာဏ်မီသလောက်နဲ့ Positive ဖက်က စဉ်းစားကြည့်ပါမယ်။

ပြိတ္တာမင်း

‘ယမမင်းဟူသည် (စတုမဟာရာဇ် နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်း ဖြစ်၏။ တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ်ခံစားရပြီး တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။ တရားစောင့်သော မင်းဖြစ်၏။ (ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း တစ်ယောက်စီရှိ၏ (မ၊ဋ္ဌ၊၄၊၁၈၃)’။ ‘မိဿကကုသိုလ် (ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်းစသည်) ကြောင့် ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရားအားထုတ်ပါက မဂ် ဖိုလ်ကို ရနိုင်၏ (အံ၊ဋီ၊၂၊၁၁၄)’။ ဒီစာတွေအရ ယမမင်းဟာ ပြိတ္တာမင်း ဖြစ်တဲ့ အတွက် သူ့ကို တွေ့သူတွေ သို့မဟုတ် သူ့ရဲ့ စစ်ဆေးမှုကို ခံရသူတွေလည်း ပြိတ္တာမျိုးပဲဖြစ်မယ်လို့ ယူဆရတယ်။

စစ်မေးခြင်း

အကုသိုလ်ကံ နည်းနည်းနဲ့ ငရဲသို့ ရောက်လာသူတွေကိုပဲ ၎င်းတို့ လုပ်ဖူးတဲ့ ကုသိုလ်ကံကို အမှတ်ရအောင် ယမမင်းက စစ်မေးတယ်လို့ ဆိုတယ်။ ဒီတော့ ယမမင်းနဲ့ တွေ့သူတွေဟာ ငရဲမှလွတ်နိုင်တဲ့ ကုသိုလ်ကံရှိနေသူ ဖြစ်ရမှာပေါ့။ အကုသိုလ်ကံကြီးပြီး ပြစ်မှုထင်ရှား သူတွေကတော့ ၎င်းတို့ရဲ့ အကုသိုလ်ကံအလိုက် ရောက်သင့်တဲ့ ငရဲဘုံဌာနကို ‘စက္ကန့်မလပ်ဘဲ’ ရောက်သွားပါလိမ့်မယ်။ ကုသိုလ်ကံတွေ ရှိနေပါလျက် သေခါနီး နှလုံးသွင်း မှားမိသူအချို့ဟာ အခိုက်အတံ့အားဖြင့် အပါယ်ဘဝ တစ်ခုကို ရောက်သွားတတ်တယ်။ ကောသလမင်းရဲ့ မိဖုရားမလ္လိကာ တိရစ္ဆာန်ဘဝကို ရောက်သွားသလိုပေါ့။

အဲဒီလို ကုသိုလ်နဲ့ အကုသိုလ် အင်အားညီနေတဲ့ ပုဂ္ဂိုလ်အချို့ တကယ်လို့ ပြိတ္တာဘဝကို ရောက်မယ်ဆိုရင် ယမမင်းရဲ့ စစ်မေးခြင်း သို့မဟုတ် သတိပေးခြင်း ဆိုတာမျိုး ဖြစ်နိုင်တာပေါ့။ အင်း၊ တိရစ္ဆာန် ဖြစ်သွားရင်တော့ ယမမင်းရဲ့ စစ်မေးခွင့် ရမယ်မထင်ဘူး။ အခြားသော ကုသိုလ်ကံ အရှိန်ကြောင့်ပဲ တိရစ္ဆာန်ဘဝက လွတ်ဖွယ်ရှိတယ်။

အဖြေများ

၁။ ဆေးရုံရောက်ပြီး သေပြီလို့ ပြောခံရပြီးမှ ပြန်ရှင်လာသူ တစ်ယောက်ရဲ့ သူ့အတွေ့အကြုံကို ပြန်ပြောပုံက ‘လေနဲ့ အတူ လွင့်မျောသွားသလို ဝေးလံတဲ့ လမ်းတစ်လျှောက် ခေါင်းလောင်းသံ တစာစာ မြည်သံလိုလို ကြားရတယ်။ ဂျပန်ဆည်းလည်းသံလို ပါပဲ။ အဲဒီတုန်းက အဲဒီအသံ တစ်ခုတည်းကိုပဲ ကျွန်ုပ် ကြားနေရတယ် (Raymond A Moody, Jr. M.D. Life After Life, p. 20)’ တဲ့။ အဲဒီ ဖြစ်ရပ်မျိုးတွေက ဂတိနိမိတ် ထင်လောက်အောင် သေလုနီးပါး မေ့မျောနေပြီးမှ ကံအားလျော်စွာ မသေဘဲ သတိပြန်ရလာသူတွေလို့ ဘုန်းကြီးထင်တယ်။

၂။ ယမမင်းဟာ သူ့ဆီကို ရောက်လာတဲ့ ဘဝတူတွေကို စစ်မေးတယ် သို့မဟုတ် သတိပေးတယ်လို့ ယူရင် သင့်နိုင်ပါတယ်။

၃။ ယမမင်းဟာ ပြိတ္တာမင်း ဖြစ်လို့ စစ်မေးခံရသူလည်း ပြိတ္တာမျိုးဝင် ဖြစ်ဖွယ်ရှိတယ်။

၄။ ယမမင်းက ကံဆိုးကို ကံကောင်းသွားအောင် တည့်ပေးတယ်လို့ မဟုတ်ဘူး။ သေခါနီးသူကို တရားနာခိုင်း၊ သူလုပ်ဖူးတဲ့ အလှူဒါနကို အာရုံပြုခိုင်းသလို သတိပေးရုံပဲလို့ ထင်ပါတယ်။

၅။ ယမမင်းတောင် ငြင်းပြီဆိုမှဖြင့် အဲဒီဘဝကနေ အမြန်ဆုံး လစ်ရတော့မှာပေါ့။

၆။ ယမမင်းက စေခိုင်းတယ်ဆိုတာထက် ယမမင်းက မကူညီနိုင်တော့တဲ့ အခါ တရားခံဟာ ကံစီမံရာအတိုင်း ခံသွားရတယ်လို့ နားလည်လိုက်ရင် မဆိုးပါဘူး။ ‘ကမ္မဝိပါကော နာမ နသက္ကာ ကေနစိ ပဋိဗာဟိတုံ = ကံရဲ့ အကျိုးပေးကို ဘယ်သူမျှ တားဆီးလို့ မရ’ဆိုတဲ့ ကျမ်းဂန် (ဝိ၊ဋ္ဌ၊၂၊၅)ရှိသားပဲ။

မေးခွန်းရှင်ဟာ ရဟန်းတော် တစ်ပါးဖြစ်ခဲ့ရင် ဒေဝဒူတသုတ် (မ၊၃၊၂၁၆) မူရင်းနဲ့ အဖွင့် အဋ္ဌကထာ၊ ဋီကာတွေကို ဖတ်ရှုပြီး ပြန်သုံးသပ်ဖို့လည်းတိုက်တွန်းပါတယ်။

၂၀၈။ ဆွမ်းတော်ကပ်ရင်

ရိုသေစွာ မေးလျှောက်အပ်ပါသည် ဆရာတော်ဘုရား၊

တပည့်တော်မက ကျောင်းတက်နေပါသဖြင့် ကျောင်းမသွားခင် နံနက် ၈ နာရီလောက်မှာ ဆွမ်းတော်ကို ထမင်းနဲ့ ဘီစကွတ်ကပ်ပြီး ညနေ ၅ နာရီအချိန် ကျောင်းက ပြန်ရောက်မှ ဆွမ်းတော်ကို စွန့်လေ့ရှိပါ သည်။ အန်တီတစ်ယောက်က ဆွမ်းတော်ကပ်တဲ့ အခါ သက်ရှိ ဘုန်းကြီးတစ်ပါးကို ဆွမ်းကပ်သလိုမျိုး ထမင်းဟင်း ပူပူနွေနွေးနဲ့ ၁၅ မိနစ်လောက် ကပ်ပြီးမှ ပြန်စွန့်ရကြောင်းနဲ့၊ သစ်သီးကပ်ရင်လည်း အလုံးလိုက်မကပ်ဘဲ ခွဲခြမ်းပြီး ကပ်ရကြောင်း ပြောပြဖူးပါသည်။ အဲဒါ မှန်ပါသလား။ ဆွမ်းတော်ကပ်တာနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

အိမ့်အိမ့်

-------------------

ဆွမ်းတော် ကပ်တာနဲ့ ပတ်သက်လို့ အန်တီ တစ်ယောက် ပြောဖူးတယ်ဆိုတဲ့ စကား မှန်ပါတယ်။ ဒါပေမယ့် ကျောင်းသူ မေးခွန်းရှင် အနေနဲ့ ဒီလိုလုပ်ရင် ပြေလည်နိုင်ပါတယ်...နံနက် ၈ နာရီလောက်မှာ ဆွမ်းတော်ကို ထမင်းနဲ့ ဘီစကွတ် ကပ်ပြီးနောက် ကျောင်းမသွားခင် ၁၀ မိနစ် သို့မဟုတ် အနည်းဆုံး ၅ မိနစ်လောက် အချိန်ယူပြီး ဘုရားရှေ့မှာ ခဏထိုင်ပြီးတော့ အလွတ်ရထားဖွယ်ရှိတဲ့ (မရသေးရင် ရအောင်လုပ်၊ ဆွမ်းတော်တောင် ပုံမှန် ကပ်နိုင်သေးတာပဲ) ငါးပါးသီလ ယူ၊ မေတ္တာပို့၊ ဂုဏ်တော် ဘုရားရှိခိုး၊ သမ္ဗုဒ္ဓေလို ဂါထာလေးတွေကို (ရွတ်နိုင်ရင်) ရွတ်၊ ဆုတောင်း အမျှဝေ လုပ်ပါ။ တိုတိုနဲ့ လိုရင်းပေါ့။ အဲဒါလေးတွေ လုပ်ပြီးရင် ကပ်ထားတဲ့ ဆွမ်းတော်ကို ပြန်စွန့်၊ စွန့်ပြီးရင် စားချင်ရင် စားလိုက် ...ဖြစ်တယ်၊ ကျောင်းက ပြန်ရောက်မှ စားဖို့ ရေခဲသေတ္တာထဲ ထည့်ရင်လည်း ထည့်ထားခဲ့ပေါ့။

အဲဒီတော့ ဆွမ်းတော်လည်း ကပ်ပြီးပြီ၊ ဘာသာတရား အလုပ် စိတ်ပိုင်းဘဝ လေ့ကျင့်မှုအနေနဲ့ အနည်းဆုံး ရွတ်ဖတ် ပွားများခြင်း ဆိုတဲ့ ဘာဝနာ တစ်မျိုးကိုလည်း လုပ်ပြီးပြီဖြစ်လို့ အဲဒီနေ့အတွက် ကြည်လင် လန်းဆန်းတဲ့ စိတ်နဲ့ ကျောင်းမှာ စာသင်ရရင် ပိုပြီး ပျော်စရာမကောင်းဘူးလား။ ကျောင်းတက်တဲ့ ရက်တွေမှာတော့ ခပ်တိုတို၊ ခပ်သုတ်သုတ်ပေါ့။

အင်း...ကျောင်းအား ရက်တွေမှာတော့ အဲဒီအန်တီပြောသလို ပိုမိုပြည့်စုံအောင် ဆွမ်းတော်ပန်းတော်ကပ်ခြင်း အလုပ်ကို အနည်းဆုံး နှစ်ပတ်တစ်ကြိမ် လောက်လုပ်နိုင်ရင်တော့ တောင်ဖီလာဆရာတော်ကို လျှပ်တစ်ပြက် ပညာပေးလိုက်တဲ့ ရွှေဥမင်ဆရာတော်ရဲ့ အာဘော်နဲ့ ပြောရရင် ‘လောကတွင်အလွန့် အမျိုးသမီး’ဖြစ်သွားမှာပေါ့...

၂၀၉။ ပီပြင်အောင်လုပ်

မရှင်တာလေးမေးလျှောက်လိုပါသည် အရှင်ဘုရား၊

ဥပုသ်စောင့် ပုတီးစိပ်ရင် ဘယ်လို အကျိုးထူးများ ရရှိပါသလဲ အရှင် ဘုရား။ တပည့်တော်ရဲ့အမေ အဒေါ်တွေဟာ ဥပုသ်နေ့မှာ ဥပုသ်စောင့်ရင်းနဲ့ လောဘ၊ ဒေါ်သ၊ မောဟတွေ အားပေးတဲ့ အလုပ်တွေကို လုပ်တတ်ကြပါတယ်။ ကိုရီးယားကားလာချိန်မှာ တီဗွီလည်း ကြည့်ကြပါတယ်။ အဲဒီလို လုပ်ရင် သီလကျိုးပေါက်ပါသလား သို့မဟုတ် အပြစ်ရှိပါသလား။ အချို့က အဲဒီလို ဥပုသ်တန်းလန်းနဲ့ အကုသိုလ်များနေရင် ဥပုသ်မစောင့်တာကတောင် ပိုကောင်းဦးမယ်လို့ ပြောပါတယ်။ သူတို့ပြောတာ မှန်ကန်ပါသလား။

ရင် ရင်

-------------------

ဥပုသ်စောင့် ပုတီးစိပ် နှစ်မျိုးလုံးက စိတ်ပိုင်း လေ့ကျင့်မှုတွေပါပဲ။ စိတ်ပိုင်းဘဝကို တည်ငြိမ်အောင်လေ့ကျင့်ရာမှာ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင် ဖြစ်သင့်တယ်။ လောကီ အနှောင်အဖွဲ့တွေကို ခေတ္တခဏ ခွာရှောင်ထားနိုင်မှုလည်း အရေးပါတယ်။ အဆင်ပြေတဲ့ ဘုန်းကြီးကျောင်း၊ ဘုရားတန်ဆောင်းတွေမှာ တစ်ညနှစ်ည သွားနေပြီး ဥပုသ်စောင့်ပုတီးစိပ်လုပ်ရင် ပိုကောင်းတယ်။ ဘာကြောင့်ဆို ဥပုသ်သီလ ယူပြီး အိမ်ပြန်သွားလို့ သားသမီးမြေးမြစ်တွေကို ထမင်းခူးပေးရင်း မေ့ပြီး ကိုယ်ပါ ညနေစာ စားမိတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး ကြုံဖူး ကြားဖူးလို့ပါ။ ဘာပဲလုပ်လုပ် ထိရောက်ပီပြင်မှ အကျိုးရှိတယ်

လေ့ကျင့်မှု နှစ်မျိုးလုံးက လောဘ၊ ဒေါသ၊ မောဟတွေကို အဖြစ်နည်းအောင် ထိန်းဖို့ ရည်ရွယ်တယ်။ ကုသိုလ်ရဖို့ လုပ်တယ်လို့ ဆိုနိုင်သလို စိတ်ပိုင်းလေ့ကျင့်မှု အားကောင်းတဲ့ ဗုဒ္ဓဝါဒီဟာ အဲဒီနည်းနဲ့ အလုပ်နဲ့ မိသားစုတာဝန်နဲ့ နစ်မွန်း လှောင်ပိတ်နေတဲ့ စိတ်ရဲ့ တင်းကျပ်မှုကို လျော့အောင်လုပ်တာ စိတ်ကို ထွက်ပေါက်ပေးတာလို့လည်း ဆိုနိုင်တယ်။ ရုပ်ပစ္စည်း ထွန်းကားတဲ့ အနောက်ဖက်က လူတွေကတော့ တစ်လတစ်ကြိမ် လောက် မြို့ပြရဲ့ လင်းလက်မီးရောင်ကို ခွာပြီး ဝေးလံတဲ့ တောထဲက သတ်မှတ် (ခွင့်ပြု)တဲ့ နေရာတွေမှာ ဖယောင်းတိုင်မီး၊ သစ်သားထင်းမီးတွေနဲ့ ချက်ပြုတ် စားသောက်ရင်း တစ်ညအိပ် နှစ်ညအိပ်သွားနေကြတယ်။

ဥပုသ်သီလ ရှစ်ပါးသို့မဟုတ် ကိုးပါးထဲမှာ ‘နစ္စ ဂီတ ဝါဒိတ’ဆိုတာ အဆို အက ဇာတ်လမ်း ရုပ်ရှင်တွေ မကြည့်ဘဲ နေပါ့မယ်လို့ ဆိုတာဖြစ်လို့ သီလယူထားပြီး အဲဒါတွေကို မရှောင်ရင် သီလကျိုးပေါက်တာပဲ။ သီလရှစ်ပါး သို့မဟုတ် ကိုးပါးထဲမှာ ပထမ ငါးပါးထဲက တစ်ပါးပါး ကျိုးပျက်ရင် အားလုံး ပျက်သွားတယ်။ နောက်ဆုံး သီလသုံးပါး သို့မဟုတ် လေးပါးထဲမှာ တစ်ပါးပျက်ရင်တော့ ကျန်ခုနစ်ပါး သို့မဟုတ် ရှစ်ပါး မကျိုးဘူးလို့ မှတ်ဖူးပါတယ်။ အင်း ... ‘ဥပုသ် မစောင့်တာကတောင် ကောင်းဦးမယ်’လို့ ဆိုနိုင်ပေမယ့် (ခုခေတ်အခါမှာ) ‘ဥပုသ် စောင့်တယ်’ဆိုတာနဲ့ပဲ ကျေနပ်စရာကောင်းလှပါပြီ။

လောဘကြီးမှာ ပေးကမ်းရာ အာသာကိုယ်သို့ လိုက်တတ်သည်။ ဒေါသကြီးမှာ ချီးမွမ်းရာ အာသာကိုယ်သို့ လိုက်တတ်သည်။ (သုတရတနာ)

၂၁၀။ မီဒီယာနှင့် ဆင်ခြင်စရာ

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

မကြာမီက အမေရိကန်နိုင်ငံတွင် သံဃာအများစုရုံးပြီး ဘာသာရေးပွဲတော်တစ်ခု ကျင်းပစဉ်က ဓာတ်ပုံများကို အင်တာနက် ဝက်ဘ်ဆိုဒ်များ မှတစ်ဆင့် ကြည့်ရှုရာ အချို့သံဃာများကို အမျိုးသမီးက နှိပ်နယ်ပေးနေသည့် ဓာတ်ပုံများကို တွေ့မိပါသည်။ အမျိုးသမီးတစ်ဦးက သံဃာကို အဲဒီလို လုပ်ပေးကောင်းပါသလား။ သံဃာသည် အမျိုးသမီးများနှင့် မည်သို့ နေထိုင်ဆက်ဆံရမည်ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

ကျော်မျိုး

-------------------

မည်သို့နေထိုင်

အခါတစ်ပါး ‘မ’မြင်တိုင်း ကြိုက်တတ်တဲ့ ကောသမ္ဗီပြည့်ရှင် ဥဒေနမင်း (ဣတ္ထိလောလော ဟိ သော ရာဇာ)က အရှင်ပိဏ္ဍောလ ဘာရဒွါဇ မထေရ်ကို လျှောက်ဖူးတယ် ‘ငယ်ရွယ်သူ ရဟန်းပျိုတွေဟာ မိန်းမ ဟူဘိ ထိုဣတ္ထိတို့ရဲ့ အာရုံကို ပယ်စွန့်ပြီး ဘယ်လိုနည်းနဲ့ နေနိုင်ပါသလဲ’တဲ့။ အရှင်မြတ်က ‘အရွယ်အလိုက် အမိ၊ အစ်မ၊ နှမ၊ သမီး အမှတ်နဲ့ ပြောဆိုဆက်ဆံတဲ့ အတွက် နေနိုင်ပါတယ်’လို့ ဖြေတယ်။ ဘုရင်က ‘စိတ်ဆိုတာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းတတ်လို့ အဲဒီလို သတိမကပ်နိုင်ရင် ကော’တဲ့။ ‘ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း စတဲ့ ၃၂ ကောဋ္ဌာသကို ပွားများ ရှုမှတ်ပါတယ်’။ ‘လေ့ကျင့်ပွားများထားတဲ့ ရဟန်းတွေကိုတော့ ဖယ်ထားပေါ့၊ မရှုမှတ်နိုင်တဲ့ ရဟန်းတွေက ဘယ်နှယ်လုပ်မလဲ’။ ‘မျက်စိ နား နှာစတဲ့ အာရုံတံခါးတွေကို စောင့်စည်းပါတယ်။ မြင်မိရင် တောင် ခြေလက်၊ မျက်နှာ၊ ပြုံးပုံရယ်ပုံ၊ ဟန်ပန်မူယာတွေ နောက်ကို မလိုက်ဘဲ မြင်ရုံမျှ၊ ကြားရုံမျှနဲ့ အဲဒီအာရုံတွေ ရပ်စဲသွားအောင်စိတ်ကို လေ့ကျင့်ပါတယ်၊ ဒါတွေက တို့ဆရာ ဗုဒ္ဓမြတ်ရှင်ရဲ့ လမ်းညွှန်ချက်တွေပါပဲ’လို့ အရှင်မြတ်က ဖြေကြားခဲ့ပါတယ်။ (သံ၊၂၊၃၂၉)။

သတိလွတ်ရင်

ရဟန်းတစ်ပါးဟာ မိမိရဲ့ အတွင်းစိတ်ကို အဲဒီလို သတိနဲ့ ထိန်းချုပ်ဖို့ ရှင်တော်ဗုဒ္ဓက သင်ကြားတော်မူပါတယ်။ အဲဒီ အမှတ်သတိ လွတ်ရင် ရဟန်းဟာ ပျက်စီးမှု နှစ်မျိုးနဲ့ ကြုံရတာပါပဲ။ လူထွက်ရင် ထွက်၊ မထွက်ရင် ဂုဏ်သတင်း ပျက်တတ်တယ်။ အပြင် ဗဟိဒ္ဓမှာလည်း ဘိက္ခုပစ္စတ္ထိက (ရဟန်းကို မကြည်ညိုသူ၊ သို့မဟုတ် ရဟန်းကို တစ်ခုခုလုပ်ချင်လို့ သို့မဟုတ် ရဟန်းဆီက တစ်ခုခုလိုချင်လို့ ကြည်ညိုယောင်ဆောင်သူ)တွေ လောကမှာအများကြီး ရှိတယ်။ အဲဒီလို လူတွေက ရဟန်းကို နာမည်ဖျက်လိုတဲ့ အခါ သတိလွတ်ရင် ဗုဒ္ဓသားရတနာ ရဟန်းမြတ်တို့ ခံရတတ်တဲ့ မျက်မြင်သာဓကတွေရှိတယ်။

အမြင်မရှင်း

မှောင်ထဲမှာ ကောင်းကောင်း မမြင်ရလို့ ကြောင်မြီးရှည် အထင်နဲ့ ရိုက်လိုက်ရာမှာ အမြီးမဆိုစလောက်နဲ့ ယုန်သူငယ် ဖြစ်နေတယ်။ ဒီလို အဖြစ်မှားရခြင်းရဲ့အကြောင်းရင်းက ‘အမြင်မရှင်း’လို့။ အခုလို အင်တာနက် သတင်းမီဒီယာ မြန်ဆန်လွန်းတဲ့ ခေတ်ကြီးမှာ သတိလွတ်ပြီး အဲဒီလို အမြင်မရှင်းစရာ ဖြစ်သွားနိုင်တဲ့ ကိစ္စမျိုးကို သူသူကိုယ်ကိုယ် အထူးဆင်ခြင်ရမှာတော့ သေချာတယ်။ ဘာလို့ ဆို သူလည်း အကုသိုလ်ပွားလို့ အကျိုးမရှိ၊ ကိုယ်လည်း နေရင်းထိုင်ရင်း အထင်လွဲခံရလို့ အကျိုးယုတ်နိုင်တယ်။ အမှန်တော့ မေးခွန်းမှာ ပါတဲ့ အတိုင်း သံဃာအများ စုရုံးချိန်ဖြစ်လို့ ခွင့်မလွှတ်နိုင်တဲ့ အနေမျိုးတော့ မဖြစ်နိုင်တန်ရာပါဘူး။ အမျိုးသမီး နှိပ်နယ်ပေးတာကို မအပ်စပ်မှန်း ရဟန်းတော်တွေ သိတော်မူကြပါတယ်။

၂၁၁။ သမီးတို့ဒုက္ခ

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

တပည့်တော်မ ဆယ်ကျော်သက်အရွယ်မှာ မိဘနှစ်ဦး အိမ်ထောင်ကွဲခဲ့ပါသည်။ ဆွေမျိုးသားချင်းနှင့် အရင်းနှီးဆုံးမိတ်ဆွေများသာ အဖြစ်မှန်ကို သိပေမယ့် နောက်မှ သိကျွမ်းလာသူတွေကိုတော့ အသက် ၄၀ အရွယ် မိခင်က မိမိခင်ပွန်း ဆုံးသွားပြီးလို့ အသိပေးထားခဲ့ပါသည်။ မိခင်နှင့် ကျန်ရစ်ခဲ့သည့် တပည့်တော်တို့ သမီးသုံးဦးကလည်း မိခင်ပြောသလိုပဲ လိုက်ပြောခဲ့ပါသည်။ ဘာကြောင့်ဆုံးသွားသလဲလို့ မေးရင်တော့ စိတ်ကူးတည့်ရာ ပြောတဲ့ အနေနဲ့ လေဖြတ်ပြီး ဆုံးသွားတာဟု ပြောခဲ့ပါသည်။ တပည့်တော်မ အသက်အရွယ် ရလာတဲ့ အခါ အဲဒီလို ပြောတာကို အပြစ်ရှိတယ်လို့ ခံစားမိပါသည်။

ယခု တပည့်တော်မရဲ့ဖခင်မှာ အမှန်ပင်လေဖြတ်နေပါသည်။ ထိုသို့ဖြစ်ခြင်းမှာ တပည့်တော်မရဲ့ ဝစီပြစ်ကြောင့်ဟု ခံစားနေရသဖြင့် ဘုရားရှိခိုးတိုင်း မေတ္တာပို့ပြီးဝန်ချ တောင်းပန်ပါသည်။ ဖခင်ဆီကိုယ်တိုင် သွားရောက် ကန်တော့တောင်းပန်ဖို့ ကြိုးစားပေမယ့် ဖခင် လက်မခံတာကြောင့် မသွားဖြစ်ခဲ့ပါ။ ယခု တပည့်တော်မ အိမ်ထောင်ပြုဖို့ စီစဉ်တဲ့ အခါ ခင်ပွန်းလောင်းကို ပွင့်ပွင့်လင်းလင်း ပြောထားပြီး ဖြစ်ပေမယ့် ဖခင်ကို ကွယ်လွန်သူ အနေနဲ့ ထည့်ဖို့ ဝန်လေးနေပါသည်။ ဆယ်နှစ်ကျော်ကြာ ရင်အုပ်မကွာ ပြုစောင့်ရှောက်လာခဲ့သည့် မိခင်ရဲ့ ဆန္ဒကိုလည်း ငဲ့ညှာရန်ရှိပါသည်။ မိခင်ရဲ့ဆန္ဒအတိုင်းပြုပါက အပြစ်ရှိနိုင် မရှိနိုင်သိလိုပါသည် အရှင်ဘုရား။

Leo Cancer

-------------------

ဗုဒ္ဓဝါဒီဖြစ်လို့

ဗုဒ္ဓဝါဒမှာ ‘ဝစီဘေဒ ထိတိုင်းရှ’လို့ ယုံကြည်တဲ့ အတွက် မသေသေးတဲ့ ဖခင်ကို ‘အဖေ သေပြီ၊ လေဖြတ်သွားပြီ’လို့ မပြောသင့်တာ မှန်တယ်။ အဲဒီတုန်းက မိခင်ရဲ့အရှိန်နဲ့ ဖခင်ကို စိတ်ဆိုးနေခဲ့တာကိုး။ ဒါပေမယ့် ဖခင်တကယ်လေဖြတ်တာ သမီးတွေပြောတဲ့ စကားကြောင့်မဟုတ်နိုင်ပါဘူး။ ဝန်ချတောင်းပန်လိုကြောင်းဖခင်ကိုဖွင့်ပြောပြီးဖြစ်လို့ သမီးတွေဖက်က စိတ်ပြေသွားတာကို ဖခင် သိပါလိမ့်မယ်။ ခွင့်လွှတ်လည်း ခွင့်လွှတ်မှာပါ။ စေတနာအမှန်နဲ့ တောင်းပန်တာကို မကျေနပ်တဲ့ ဖခင်မျိုး မရှိနိုင်တန်ရာဘူး။ ရှိရင်လည်း သမီးတွေဖက်က တာဝန်ကျေတယ်လို့ ဘုန်းကြီးယူဆပါတယ်။ တတ်လည်းတတ်နိုင်၊ လိုလည်းလိုအပ်၊ ပြဿနာလည်း မဖြစ်နိုင်ရင် သမီးတစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူ ဒုက္ခရောက်နေတုန်း ကူတောင် ကူညီသင့်တယ်။ စိတ်သာ ပဓာနဖြစ်လို့ လက်ထပ်ဖိတ်စာမှာ ကွယ်လွန်လို့ ထည့်လည်း အပြစ်ကြီးမယ်တော့ မထင်ဘူး။ ဖခင်နဲ့ အဆက်အသွယ်ရှိနေရင် တိုးတိုးတိတ်တိတ်ရှင်းပြထားပေါ့။ သမီးတွေရဲ့ ဒုက္ခ မသေးပါလား။

သူတို့ယူဆပုံ

ဘုန်းကြီးဆီ လာနေတဲ့ အမေရိကန် အဖြူတစ်ယောက်က ဂျိမ်း (မ်)စ် တဲ့၊ အိုင်းရစ်စ်လူမျိုး။ ‘မာတာပိတုဥပဋ္ဌာနံ’နဲ့ မိဘကျေးဇူးအကြောင်းကို ရှင်းပြတော့ ကိုယ့်လူက လက်မခံဘူး။ သူ့အဖေဟာ သူ့အသက် ၁၂၊ သူ့နှမ အသက် ၁၀ နှစ်ကို စွန့်၊ အခြားမိန်းမ နောက်ကို ပါသွားခဲ့ပြီး နောက်ဆယ်နှစ် အကြာမှာ လေဖြတ်သွားသတဲ့။ သူမွေးတဲ့ သားသမီးတွေ အပေါ်ဘာတာဝန်မှ မကျေခဲ့လို့ အဲဒီလိုအဖေမျိုးကို ကိုယ်က ပြန်ပြီး စောင့်ရှောက်ပေးစရာ မလိုဘူးတဲ့။ Nursing Home (အစိုးရနဲ့ အခြား အဖွဲ့အစည်းတွေရဲ့ အဲဒီလို ရောဂါသည်တွေကို ထောက်ပံ့ရေး ဌာန)ကို ပို့ထားလိုက်တာ သေတဲ့ အထိ တစ်ကြိမ်မှ သွားမတွေ့ဘူးတဲ့။ မိဘတွေ အိမ်ထောင် ကွဲတာကို အကြောင်းပြုပြီး အဖေ သို့မဟုတ် အမေကို မုန်းစိတ်ဝင်နေတဲ့ နောက်ထပ် လူအချို့လည်း တွေ့ဖူးတယ်။ အမေရိကမှာ အိမ်ထောင်ကွဲနှုန်း များလွန်းလို့ ဂျိမ်း (မ်)စ်လို လူတွေ အများကြီး ရှိမှာပဲ။ သူတို့ကတော့ ခပ်မိုက်မိုက်ပါပဲ။ အစွန်းရောက်လို့ အဲဒါမျိုးကိုတော့ ဘုန်းကြီးမကြိုက်ဘူး။

‘ထွီ’သွားမိတယ်

ဒါပေမယ့် စပ်မိလို့ နည်းနည်း ရှည်လိုက်အုံးမယ်။ မြန်မာရုပ်ရှင်တွေမှာ လို အရက်ကျွန် ဖြစ်နေတဲ့ အဖေကို သားက သို့မဟုတ် သမီးက အရက် ဝယ်ပေးတာမျိုးတော့ မဖြစ်သင့်ဘူး။ ဟုတ်တယ်၊ အရက်သမား ဇာတ်ညွှန်းရေး ဆရာ ဒါရိုက်တာတွေရဲ့ ဂန္တဝင်မြောက် လက်ရာတွေမှာ သမီးရဲ့ မင်္ဂလာဦးညမှာ ယောက္ခမနဲ့ သားမက် အရက်အတူတူ သောက်တာ၊ ရည်းစားမက ရည်းစားထီးကို အရက်ငှဲ့ပေးတာတွေကို တွေ့တော့စိတ်မကောင်းဘူး။ ဒါလည်းအစွန်းတစ်မျိုးပါပဲ။

တစ်ခါ စာပေဟောပြော ပွဲတစ်ခုမှာ စာရေးဆရာတစ်ယောက်က လူငယ်တွေ နှလုံးသားလှပြီး ကိုယ်ကျင့်တရား ကောင်းဖို့ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောတာ ဟုတ်လှချည်ရဲ့လို့ စိတ်ထဲ ချီးမွမ်းနေတုန်းပဲ ညနေက သူတို့အဖွဲ့ရဲ့ ယမကာဝိုင်းအကြောင်း ထည့်ပြောတယ်။ စိတ်ထဲ ‘ထွီ’သွားမိတာတော့ အမှန်ပဲ။ ‘ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ’ ဆိုတဲ့ စာရေးဆရာရဲ့ စာတွေစကားတွေကို ဖတ်ချင်နာယူချင်တဲ့ စိတ်တွေကုန်သွားတာပဲ။

အစွန်းနှစ်ခုရှောင်

ဝေလာမသုတ် (အံ၊၁၊၁၃၀)အရ ရှိခိုးဦးညွတ်၊ အရိုအသေပေး၊ ပူဇော်လှူဒါန်းမှုတွေပြုလို့ အကျိုးရတဲ့ ကိစ္စမှာ အလှူခံရဲ့ ကိုယ်ကျင့်တရား သို့မဟုတ်သီလလည်း အရေးပါတယ်။ လူတစ်ယောက်အနေနဲ့ အနိမ့်ဆုံး ငါးပါးသီလလုံမှ အဲဒီလူကို လေးစားချင်တယ်။ မိဘဆိုတာလည်း မိဘရဲ့ တာဝန်ဝတ္တရား ကျေပွန်ရတဲ့ အပြင် ကိုယ်ကျင့်သီလ ကောင်းတဲ့ စံပြ မိဘမျိုးဖြစ်သင့်တာ အမှန်ပဲ။ ဒါပေမယ့်အကြောင်းမလှလို့ မိဘနှစ်ပါး အိမ်ထောင် ကွဲပြန်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်ထိုက်တဲ့ ကိုယ့်ကံပါပဲ။ အနေနီးလို့ မိခင်နဲ့ တစ်သဘောတည်း ဖြစ်ရာကနေ သမီးတွေလည်း မိမိတို့ကို ပစ်ထားခဲ့တဲ့ ဖခင်အပေါ် စိတ်နာနေတာကို ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့်သေတဲ့ အထိမုန်းသွားလောက်အောင် အစွန်းမရောက်သင့်တာလည်း အမှန်ပါပဲ။

၂၁၂။ နေလွဲညစာ မစားခြင်း

အရှင်ဘုရား၊

အရှင်ဘုရားတို့ ရဟန်းတွေမှာ အာပတ်သင့်ထားတာတွေ ရှိခဲ့ရင် မိမိထက်ဝါကြီးတဲ့ ရဟန်းထံမှာ အာပတ်ဖြေရတယ်ဆိုတာတော့ အကြမ်းဖျဉ်း သိထားပါတယ်ဘုရား။ ရဟန်းတွေ အာပတ်ဖြေတဲ့ အခါရွတ်ဆိုတဲ့ အဓိပ္ပာယ်ကို သိချင်ပါတယ်။ အဲဒီလို အာပတ်ဖြေရင် ဘယ်လို အပြစ်မျိုးကို ကြေစေနိုင်ပါသလဲဘုရား။ တပည့်တော်နေတဲ့ နေရာဝန်းကျင်မှာ ရဟန်းများ သီလမရှိကြလွန်းလို့ အာပတ်ဖြေတာကိုပဲ အကြောင်းပြ ဗရုတ်သုတ်ခတွေ လုပ်ကြလွန်းလို့ ပါဘုရား။ တပည့်တော် အလွန်သိချင်ပါသည်ဘုရား။ တစ်ဖန် ရဟန်း၊ ကိုရင် နေလွဲညစာ စားပါက ဘယ်လို အပြစ်မျိုးရပြီး အာပတ်ဖြေပါက ပြန်လည် ကြေအေးနိုင်ပါသလား။ မြတ်စွာဘုရားက အဘယ်အကြောင်းများကြောင့် ရဟန်းတော်များအား နေလွဲညစာကို ရှောင်ကြဉ်ခိုင်းခဲ့ပါသလဲဘုရား။

မောင်မျိုးမျိုး

-------------------

ဒီလိုပြင်မှတ်

အာပတ်သင့်နေတဲ့ ရဟန်းဟာ မိမိထက် ဝါကြီးတဲ့ ရဟန်းထံမှာ အာပတ်ဖြေရတယ်လို့ မှတ်မိနေရင် မမှန်ဘူး။ ဝါကြီးတဲ့ ရဟန်း အာပတ်သင့်နေရင် ဘယ်နှယ်လုပ်မလဲ။ ဝါငယ်တဲ့ ရဟန်းထံမှာပဲ အာပတ်ဖြေရမှာပေါ့။ ကြီးကြီးငယ်ငယ် ရဟန်းအချင်းချင်း အာပတ်ဖြေလို့ ရပါတယ်။ အာပတ်သင့်တဲ့ ရဟန်း အချင်းချင်းဖြစ်စေ၊ အာပတ်သင့်တဲ့ ရဟန်းက မသင့်တဲ့ ရဟန်းထံမှာဖြစ်စေ အာပတ်ဖြေလို့ ရတယ်။ ရဟန်းတော်တွေကတော့ အာပတ်ဖြေတယ်လို့ မသုံးပါဘူး။ ‘ဒေသနာကြားတယ်’လို့ သုံးနှုန်းပါတယ်။ အဓိပ္ပာယ်က ပွင့်ပွင့်လင်းလင်း ‘ဖွင့်ပြောတာ (အာဝိကရောမိ)’ ဖြစ်ပါတယ်။ အာပတ်သင့်သူက ‘သင့်ထားတဲ့ အာပတ်တွေကို ဖွင့်ပြောပါတယ်’တဲ့။ ဖွင့်ပြောခံရဟန်းက ‘အာပတ်သင့်တာကို သိပါရဲ့လား’တဲ့။ သိပါတယ်ဆိုတော့ ‘နောင်အခါ မသင့်အောင် စောင့်စည်းပါအရှင်’တဲ့။ လိုရင်းက အာပတ်ဖြေတယ်ဆိုတာ သင့်ထားတဲ့ အာပတ်ကိုဖွင့်ပြောတာပါပဲ။

အာပတ်ခုနစ်မျိုး

အပြစ်ကြီးစဉ်အရ ...
၁) ပါရာဇိက (အာပတ်သင့်ပြီးရင် သင်္ကန်းဝတ်ထားပေမယ့် ရဟန်း မဟုတ်တော့ဘူး၊ ရဟန်းပြန်ဝတ်ခွင့်ကို မရှိတော့ပေမယ့် လူသာမဏေအဖြစ်နဲ့ တရားအားထုတ်ရင် တရားထူးရနိုင်တယ်)၊
၂)ထုလစ္စယ (ဒေသနာကြားရင် ပြေပေနိုင်မယ့် အကုသိုလ်ကြီးလေးတဲ့ အာပတ်)၊
၃)သံဃာဒိသေသ (အာပတ်ကို ဖုံးထားတဲ့ ရက်နှင့်အမျှ ကိုယ့်ကိုယ်ကို နှိမ့်ချနေကြောင်းနဲ့၊ ရဟန်းတွေ နှစ်သက်အောင် နောက်ထပ် ၆ ရက် ရဟန်းတွေနဲ့ ခွဲပြီးနေပါကြောင်း သံဃာကို ပန်ကြား၊ ပြီးမှ နောက်ဆုံး ရဟန်းအပါး ၂၀ ရှေ့မှာ အာပတ်ဖြေရတယ်)၊
၄) နိဿဂ္ဂိယပါစိတ် (ဒေသနာလည်းကြား၊ မအပ်တဲ့ နည်းနဲ့ ရထားတဲ့ ပစ္စည်းကိုလည်း စွန့်မှစင်ကြယ်)၊
၅)ပါစိတ် (ဒေသနာကြားရုံနဲ့ စင်ကြယ်)၊
၆)ပါဋိဒေသနီ (ဒေသနာကြားရုံ)၊
၇)ဒုက္ကဋ် (ဒေသနာကြားရုံပဲ)။

အဲဒီတော့ အမှတ် ၁ (ပါရာဇိက) အာပတ်ပဲ ဒေသနာကြားရုံ၊ သံဃာ ကျေနပ်အောင်လုပ်ရုံနဲ့ မကြေစေနိုင်ဘူး၊ ကျန်အာပတ် ၆ မျိုးက ဒေသနာကြားရင် ကြေစေနိုင်တယ်လို့ မှတ်ဖို့ပါ။

နေလွဲညစာ

ရာဇဂြိုဟ်မြို့အနီး ဝေဠုဝန်ကျောင်းမှာ မြတ်ဗုဒ္ဓ သီတင်းသုံးစဉ်က ရဟန်းငယ်အုပ်စုတစ်ခု ပွဲသွားကြည့်ရင်း ဆွေမျိုးတွေကျွေးတဲ့ ညစာကိုစားမိကြလို့ ရဟန်းတွေ လူတွေကဲ့ရဲ့ကြတဲ့ အခါ ‘နေလွဲညစာ စားတာဟာ မကြည်ညိုသေးသူတို့ ကြည်ညိုလာဖို့၊ ကြည်ညိုပြီးသူတို့ ပိုမို ကြည်ညိုလာဖို့’ အကြောင်းမဖြစ်နိုင်တဲ့ အတွက် ‘နေလွဲညစာ မစားကြနဲ့’လို့ ပညတ်တော်မူတယ် (ဝိ၊၂၊၁၁၄)။ ကိုရင်တွေစောင့်တဲ့ ၁၀ ပါးသီလထဲကနောက်ငါးခုမှာ တစ်ခုပျက်ရင် ကျန်ကိုးပါး မပျက်ဘူး။ ညစာစားတာက နောက်ငါးခုမှာ ပါတယ်။ ဒါကြောင့် ညစာစားလို့ သီလ ပျက်တဲ့ အခါ ရဟန်းတစ်ပါးဆီမှာ သီလပြန်ယူရင် ကြေသွားတယ်။ ရဟန်းကတော့ အမှတ် ၅ (ပါစိတ်အာပတ်) ထဲမှာပါလို့ ဒေသနာကြားရင် ကြေတယ်။ ညစာစားတာဟာ လူသာမန်အဖို့ အပြစ်မရှိပေမယ့် ရဟန်းသာမဏေတွေကျတော့ ရှိပြီး သိက္ခာပုဒ်ကို ချိုးဖောက်လို့ အပြစ်ရှိတယ်။ အဲဒါမျိုးကို ပဏ္ဏတ္တိဝဇ္ဇ (ပညတ်ချက်ကြောင့်ဖြစ်တဲ့ အပြစ်)လို့ ဝိနယကျမ်းဂန်မှာဆိုတယ်။

ရဟန်းတို့ ချမ်းသာဖို့

အရှင်မဟာဥဒါယီ မထေရ်က မြတ်ဗုဒ္ဓကို လျှောက်တယ် ‘ရှင်တော်မြတ်ဘုရား၊ ကြည်ညိုသူ ဥပါသကာတွေက တပည့်တော်တို့အား နေမွန်းလွဲချိန်၊ ညအချိန်တွေမှာ လှူဒါန်းတဲ့ မွန်မြတ်တဲ့ ဆွမ်းဘောဇဉ်ကို ရှင်တော်ဘုရားက ခွင့်မပြုတဲ့ အခါ ရှင်တော်မြတ်ကို ရိုသေမြတ်နိုးလို့သာ လိုက်နာ ကျင့်သုံးခဲ့ကြပေမယ့် မနှစ်သက်နိုင်ခဲ့ပါ။ သို့ရာတွင် ရဟန်းတော်တွေ ညဉ့်အချိန် ဆွမ်းခံ ကြွကြတဲ့ အတွက် မစင်တွင်း၊ ဆူးတွင်း၊ ညွှန်တွင်းထဲသို့ ကျကြတယ်။ အိပ်နေတဲ့ နွားမကိုလည်း တက်နင်းမိကြတယ်။ တစ်ခါမှာ တပည့်တော်ကိုယ်တိုင် ညအချိန် ဆွမ်းခံလှည့်လည်နေတုန်း လျှပ်စစ်လက်စဉ် ခွက်ဆေးနေတဲ့ မိန်းမတစ်ယောက် တပည့်တော်ကို မြင်လိုက်ရလို့ ဟယ် ဘီလူးကြီး ဘီလူးကြီးဆိုပြီး လန့်အော်တဲ့ အပြင်ရဟန်းတွေကိုလည်း ကဲ့ရဲ့စကားဆိုပါတယ်။

ယခု အချိန်မှာ တပည့်တော်ဟာ ရဟန်းတွေ နေလွဲညစာမစားဖို့ ရှင်တော်မြတ်တားမြစ်ရခြင်းရဲ့ရည်ရွယ်ချက်ကို အမှန်အတိုင်း ဆင်ခြင်မိပါပြီ။ ရှင်တော်မြတ်ဟာ တပည့်သာဝကတွေ ဖြစ်ကြတဲ့ ရဟန်းတော်တွေရဲ့ ကောင်းကျိုးချမ်းသာနဲ့ ကုသိုလ်တရားတို့ကို များစွာ ဆောင်တော်မူပါတယ် မြတ်စွာဘုရား’တဲ့။ (မ၊၂၊၂၁၁)။

ဗရုတ်သုတ်ခ

ဗုဒ္ဓဝါဒီ မဟုတ်ပေမယ့် ဘုန်းကြီးဆီ အဝင်အထွက်ရှိတဲ့ ကာမေသု ကျူးလွန်သူတစ်ယောက် ပြောပုံက ‘(သူတို့)ဘုန်းကြီးက သူ့ကိုယ်စား ဘုရားသခင်ထံမှာ တောင်းပန်လိုက်ရင် ဒီအပြစ် ပြေပါတယ်’တဲ့။ အာပတ်ဖြေလိုက်ရင် ပြီးတာပဲဆိုပြီး ရဟန်းတော်ဟာ လူမြင်ကွင်း မရှောင်နေလွဲညစာစားပြရင် အဲဒီကာမေသုဆရာလို ဖြစ်နေမှာတော့ အမှန်ပဲ။ အာပတ်ဖြေတဲ့ အခါ ‘အာယတိံ သံဝရ = နောင်တစ်ဖန် အာပတ်မသင့်အောင်စောင့်စည်းမယ်’ဆိုတဲ့ စိတ်ထား အရေးကြီးပါတယ်။

ဒါပေမယ့် ... ဗရုတ်သုတ်ခလို့ မြင်သူအနေနဲ့လည်း (မိမိကိုယ်ကို ဗုဒ္ဓဝါဒီပါလို့ ဆိုခဲ့ရင်) ခံစားချက်တစ်ခုကြောင့် ရဟန်းတစ်ပါးကို သို့မဟုတ် ရဟန်းတွေကို မကြည်ညိုနိုင်တော့တဲ့ အခါ ဖြစ်တတ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြစ်ရှာမှုမျိုးတော့ မဖြစ်သင့်ဘူး။

၂၁၃။ ကမ္ဘာသားနဲ့ ပလူတိုသား

ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ဖို့ ဗုဒ္ဓဘာသာကို လေ့လာနေပါသည်။ ဤမေးခွန်းသည် ကျွန်တော်အသိချင်ဆုံး မေးခွန်းဖြစ်ပါသည်။

၁) ဘုရားဖြစ်ဖို့ ပါရမီဖြည့်နေသော ဘုရားလောင်းများသည် ဝိပဿနာတရားကို ကျင့်ကြပါသလား။
၂) ပဋ္ဌာန်းဒေသနာကို လူ့ပြည်မှာ ဟောကြားဖို့အချိန်မလုံလောက်သဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွရောက်ဟောကြားခြင်းနှင့် ပတ်သက်၍ သံသယဖြစ်မိပါသည်။ အဘယ်ကြောင့်ဆိုသော် လူ့ပြည်၌ နှစ် ၁၀၀ မှာ နတ်ပြည်တွင် တစ်ရက်သာ ကြာပါ သည်။ နတ်ပြည်၌ ဝါတွင်း သုံးလလုံးလုံး သီတင်းသုံးသည် ဆိုလျှင် လူ့ပြည်နှင့် နှစ်ပေါင်း ၉၀၀၀ ကင်းကွာမည် ဖြစ်သည်။ သံသယကင်းအောင်ဖြေရှင်းပေးရန် လေးစားစွာ မေးလျှောက်ပါသည်။

Sai Sia Wan

-------------------

သဝေထိုးသူ

အင်းစိန်၊ အောင်ဆန်းမြို့မှာနေစဉ် လူတစ်ယောက် တွေ့ဖူးတယ်။ ဒီလူက ဘယ်စာအုပ်ကိုဖတ် သို့မဟုတ် ဘယ်သူ့ဆီက ဩဝါဒခံထားတယ် မသိ၊ သူ့မိန်းမသေတော့ သရဏဂုံမတင် ဘုန်းကြီးမပင့်ဘဲ ကုလား မသာချသလို မနက်သေ ညနေ သင်္ဂြိုဟ်ပစ်တယ်။ အရွယ်ရောက်သား သုံးယောက်က ဆွေးမျိုးမိတ်ဆွေတွေကိုအကြောင်း မကြားလိုက်ရလို့ မိခင်အတွက် စိတ်မကောင်းကြဘူး။ ဒါပေမယ့် အဲဒီ လူကတော့ သူမှ ဗုဒ္ဓဘာသာစစ်တယ်လို့ ထင်နေတာ။ ဆွမ်းခံအိမ်ကိုလာပြီး ဘုန်းကြီးကို တစ်ကြိမ် ဆွမ်းလောင်းဖူးတယ်။ အရိုအသေမပြု၊ ဘုန်းကြီးကို လူလိုပဲ ခေါ်ဝေါ် ဆက်ဆံတယ်။ အဲဒီလို လုပ်ပြချင်လို့လည်း လာခဲ့တာလို့ ယူဆပြီး ဆွမ်းခံအိမ်က ဒကာကကြီးက သူလာတာကို မကြိုက်ဘူး။

ဘုန်းကြီးကတော့ အဲဒီလူလို အခြောက်တိုက် သဝေထိုးနေသူ မဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲဆုံးမပါတယ်။ တာဝတိံသာနဲ့ ဝါတွင်း သုံးလကိစ္စ သံသယဖြစ်နေတယ်ဆိုတဲ့ ဗုဒ္ဓဘာသာ စစ်လိုသူကိုလည်း ကိုယ့်ကိုယ်ကို ဆုံးမဖို့စေတနာကောင်းနဲ့ ဦးစွာသတိပေးပါရစေ။

နှစ်မျိုးလုံး

၁။ ဗုဒ္ဓလောင်းလျာတွေဟာ ပါရမီဖြည့်စဉ် သာသနာပ အချိန်မှာတွေတော့ သမထလောက်ပဲ ကျင့်ဖွယ်ရှိပြီး၊ ဗုဒ္ဓတစ်ဆူဆူနဲ့ တွေ့တဲ့ အချိန်မှာတော့ သမထရော ဝိပဿနာပါကျင့်ဖွယ်ရှိတယ်။ ဒါပေမယ့်ဗုဒ္ဓဖြစ်ဖို့ ရည်ရွယ်ထားတဲ့ အနုသယဓာတ်ခံ ရှိနေလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ထူးကိုသိမြင်တဲ့ အဆင့်ထိ မတက်လှမ်းခဲ့ဘူးလို့ ဆိုနိုင်အံ့ထင်ပါတယ်။

အမှန်က ဒီလို

၂။ လူ့ပြည်မှာ ဟောဖို့ အချိန် မလုံလောက်လို့ ကြွတာ မဟုတ်သလို၊ ပဋ္ဌာန်းတရားလောက်ကို ဟောဖို့ ကြွတာလည်း မဟုတ်ဘူး။ မယ်တော်မိနတ်ကို အထူးရည်ရွယ်ပြီး အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောဖို့ တာဝတိံသာကို ကြွတာလို့ ပြင်မှတ်ထား။ ဗုဒ္ဓကိုယ်တိုင်က သက်တော် ၈၀ ပဲ ရှည်ခဲ့တယ် ဆိုတာကိုတော့ ကြားဖူးမှာပေါ့။ တွေးတာကိုက ပြောင်းပြန်ကြီး ဖြစ်နေလို့ပါ။ လူတို့ရဲ့ သက်တမ်းနဲ့ ဝါတွင်းသုံးလကြာ တာဝတိံသာနတ်ပြည်မှာ သီတင်းသုံးတယ်လို့ ပြင်မှတ်လိုက်။

လူ့ပြည်က နှစ်တစ်ရာဟာ တာဝတိံသာမှာ တစ်နေ့နဲ့ တစ်ညဉ့် (ဟုတ်ပါတယ်၊ တစ်ရက်ပါပဲ)ကြာတယ်။ လူ့ပြည်က ၃၆၅၀၀ ရက်ဟာ တာဝတိံသာ တစ်ရက်ပေါ့။ လူ့ပြည် ရက်ပေါင်း ၉၀ဟာ တာဝတိံသာမှာ ဘယ်လောက်ကြာမလဲ။ ဆိုပါတော့ ခန့်မှန်းခြေ သုံးမိနစ်ခွဲလောက်ပဲ ကြာမယ်။ တာဝတိံသာတို့ရဲ့ သုံးမိနစ်ခွဲ အချိန်ဟာ လူ့လောကမှာ ရက်ပေါင်း ၉၀ တောင် ကြာတာဖြစ်လို့ လူသားဗုဒ္ဓ အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောဖို့ အချိန်လုံလောက်ပါတယ်။

ပလူတို ဂြိုဟ်သားတွေ (ရှိမယ်ဆိုရင်ပေါ့)ရဲ့ တစ်နှစ်ဟာ လူသား ၂၄၈ နှစ်ကြာတယ်။ လူ ၉၀၅၂၀ ရက်ဟာ ပလူ ၃၆၅ ရက်။ ဒီတော့ လူတစ်ရက်မှာ ပလူသား ၄ မိနစ်ကျော်ပဲ ကြာမယ်။ အင်း.. ပလူသားတို့ အိမ်သာ တစ်ခါတက်ရင် လူ့တစ်ရက်နီးပါးပဲ။

လုပ်ကြည့်အုံး

သိပ္ပံအဆိုနဲ့ ဘယ်လိုမှ မညီညွတ်နိုင်တဲ့ ခရစ်မပေါ်ခင် ၄၀၀၄ ခုနှစ်မှာ ယောကျ်ားရဲ့ နံရိုးနဲ့ လူသားမိန်းမကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ် ဆိုတာကို အမေရိကန် သမတဟောင်း ဂျော့ဘုချ်လို လူတွေ အပါအဝင် ဒီကမ္ဘာပေါ်က လူအချို့ဟာ မျက်စိမှိတ် ယုံနေကြတယ်။ ဗုဒ္ဓတာဝတိံသာမှာ သုံးလကြာ ဆိုတာကို မယုံနိုင်တာနဲ့ ဗုဒ္ဓဝါဒကို သံသယရှိပြီး ဗုဒ္ဓဝါဒီ မစစ်နိုင်တော့ဘူးဆိုရင် လူဖြစ်ရှုံးပါလိမ့်မယ်

အမှန်တကယ် ဗုဒ္ဓဝါဒီစစ်ချင်ရင် ရိပ်သာဝင်ပြီး သုံးလလောက် တရားလေး ဘာလေး ထိုင်ကြည့်ပါအုံး။ ဗုဒ္ဓဝါဒမှာ လက်တွေ့ အသုံးကျတဲ့ ကျင့်စဉ်တွေ အမှန်တကယ်ရှိပါတယ်

ဉာဏ်အမြင်နဲ (နည်း)၊ သဒ္ဓါကဲ၊ အလွဲအလွဲဖြစ်တတ်သည်။

၂၁၄။ ယုဂ်လေးမျိုး

ဆရာတော် အရှင်ဘုရား၊

ယခုအခါ ဘန်ကောက်မြို့ကြီး ရေမြုပ်နေပါပြီ။ မြို့တောက်ကို နေရာရွှေ့ဖို့တောင် ပြင်ဆင်နေပါပြီ။ ရန်ကုန်မြို့ကြီးလည်း ရေမမြုပ်ဟုမဆိုနိုင်ပါ။ ထိုအခြေအနေကြောင့် မိတ်ဆွေတစစ်ယောက်က ယခုအချိန်အခါသည်ကလိယုဂ်ဆုတ်ကပ်ဖြစ်၍ ၂၀၁၂မှာ ကမ္ဘာပျက်ကိန်း ကြံမည်ဆိုခြင်းမှာ မှန်နိုင်ကြောင်း ပြောပါသည်။ ကလိယုဂ်ဆိုတာ ဘာပါလဲ။ ၎င်းအပြောအရ ကလိယုဂ်လေးမျိုးရှိသည်ဟု ဆိုပါသည်။ ကလိယုဂ်ုဆုတ်ကပ် အကြောင်းနှင့် ကလိယုဂ်လေးမျိုးအကြောင်းကို ရှင်းပြပေးစေလိုပါသည်။

မိုးမြင့် (ထိုင်း)

-------------------

ဒီလိုပြင်မှတ်

ကလိယုဂ် လေးမျိုးရှိသည်’လို့ မှတ်ထားမိရင် မမှန်ဘူး။ ‘ယုဂ်လေးမျိုး’ဆိုမှ မှန်တယ်။ ကတယုဂ်၊ တေတာယုဂ်၊ ဒွါပရယုဂ်၊ ကလိယုဂ်လို့ ယုဂ်လေးမျိုး ရှိကြောင်း ကျန်းဂန်မှာ ဆိုတယ်။ (ကတ တေတာ ဒွါပရ ကလိဝသေန စတုယုဂံ။ ဓာန်၊ဋီ၊ စာ-၆၇။) ယုဂ်ဆိုတာ ပါဠိစကားလုံး ယုဂပါပဲ။ ယုဂဆိုတာ သင်္ချာကို ဖော်ပြတဲ့ စကားလုံး။ နှစ်ခုစီပါတဲ့ တစ်စုံ သို့မဟုတ် အစုံလို့ အဓိပ္ပာယ်ရတယ်။ သူတော်ကောင်းတရား ထွန်းကားမှု ဆုတ်ယုတ်မှုဆိုတဲ့ အချိန်ကာလ နှစ်မျိုးနဲ့ သတ်မှတ်တဲ့ ခေတ်ကြီးလေးပါးလို့ ဆိုရင် မှန်နိုင်တယ်။

သက်တမ်း

နှစ်ပေါင်း ၁၇၂၈၀၀၀ ခေတ်ကို ကတယုဂ်၊ နှစ်ပေါင်း ၁၂၉၆၀၀၀ကို တေတာယုဂ်၊ နှစ်ပေါင်း ၈၆၄၀၀၀ ကိုဒွါပရယုဂ်၊ နှစ်ပေါင်း ၄၃၂၀၀၀ကို ကလိယုဂ်လို့ ခေါ်ကြောင်း အဘိဓာန်ဋီကာ (စာ၊၆၇)မှာ ဆိုတယ်။ ကတယုဂ်သက်တမ်းမှာ လူအများစု အခြေလေးချောင်း ထောက်ထားသလို သစ္စာတည်၊ ကျေးဇူးသိ၊ လူကြီးမိဘကို လေးစား၊ တရားစောင့်ဆိုတဲ့ လူ့အရည်အချင်းတွေ ရှိတယ်။ တေတာယုဂ်မှာ သူတော်ကောင်းလေးပုံ သုံးပုံရှိတယ်။ ဒွါပရယုဂ်မှာ သူတော်ကောင်းနဲ့ သူယုတ်မာ တစ်ဝက်စီ။ ကလိယုဂ်မှာသူတော်ကောင်းတစ်စု သူယုတ်မာသုံးစု။

ကလိယုဂ်

ယခု ရောက်ဆဲခေတ်က ကလိယုဂ်ခေတ်။ လူအများစု ကိုယ်ကျင့်တရား ပျက်ယွင်းလို့ ဒီခေတ်ကို မကောင်းမှုတွေ စုရုံးတဲ့ အိမ် (သဗ္ဗပါပေ ကမန္ဒိရ)နဲ့ တူပါသတဲ့။ ရောက်ဆဲ ကောဇာနှစ်မှာ တြိသတ်တြိနော (၃၇၃၉)သင်္ချာကိုထပ်ပေါင်းရင် ရောက်ဆဲကလိယုဂ်နှစ်ဖြစ်တယ်။

ဒါကြောင့် ယခုရောက်ဆဲ ကလိယုဂ်နှစ် ၅၁၁၂ (၁၃၇၃+၃၇၃၉)။ ရောက်ဆဲ ကလိယုဂ် ၅၁၁၂ မှာ နှစ်ပေါင်း ၂၆၀၀ (သာသနာ ၂၅၅၅ + ဝါတော် ၄၅)ကို နုတ်ရင် မြတ်ဗုဒ္ဓ ပွင့်တော်မူတဲ့ ကလိယုဂ်နှစ်က ၂၅၁၂ ပေါ့။ ဘာကြောင့် တြိသတ်တြိနော သင်္ချာကို ပေါင်းထည့်ရတယ်ဆိုတာကိုတော့ ဝေဒကျမ်းတတ် ပုဂ္ဂိုလ်မြတ်တို့ ရှင်းပြပါကုန်။ ဆုတ်ကပ်ဆိုတာ တရားဆုတ်လို့ သက်တမ်းတိုတဲ့ ခေတ်အချိန်လို့ ဆိုလိုပါတယ်။ ဗုဒ္ဓကျမ်းစာ အလိုအရ အနာဂတ်မှာ လူတွေ ကိုယ်ကျင့်တရား ကောင်းပြီး သက်တမ်း ပြန်ရှည်လာမယ့် ခေတ်အချိန်တစ်ခု ဧကန်ရှိနေသေးတယ်

မဖြစ်နိုင်

ကလိယုဂ် ဆုတ်ကပ်ဖြစ်လို့ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုရင် ယခု အချိန် ကမ္ဘာကြီး ပူစပြုနေလောက်ပါပြီ။ နောက်ထပ် နေတစ်စင်း စထွက်လာလို့ သို့မဟုတ် ရေတွေကြီးလာလို့ လူတွေ ရုန်းရင်း ဆန်ခတ်ဖြစ်နေလောက်ပြီ။

၂၁၅။ ဗုဒ္ဓစွယ်တော်

ဇန်နဝါရီ ၁၃၊ ၂၀၁၂။

---

ရိုသေစွာမေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

ယခုအခါ တပည့်တော်တို့ မန္တလေးကို ဗုဒ္ဓမြတ်စွယ်တော် ကြွရောက်လျက်ရှိပါသည်။ စွယ်တော်လေးဆူရှိရာဝယ် တစ်ဆူမှာ နတ်ပြည်၊ တစ်ဆူမှာ နဂါးပြည်၊ တစ်ဆူမှာ သီဟိုဠ် (သီရိလင်္ကာ)၊ တစ်ဆူမှာ တရုတ်ပြည်မှာ ဟု သိရပါသည်။ နတ်ပြည်၊ နဂါးပြည်၊ သီဟိုဠ်တို့သို့ စွယ်တော်ရောက်ရှိပုံကို ဘာသာရေးစာပေများတွင် လေ့လာရပါသော်လည်း တရုတ်ပြည်သို့ စွယ်တော်ရောက်ရှိပုံကို သေချာစွာ မသိရပါ။ ဘယ်ပုံဘယ်နည်း တရုတ်ပြည်သို့ စွယ်တော်ရောက်ရှိသွားသည်ကို ပြည့်စုံစွာ သိလိုပါသည်။ စွယ်တော်မြတ်၏ အရွယ်ပမာဏကိုလည်း ကျမ်းဂန်လာတိုင်း ဗဟုသုတအဖြစ် ဖြေကြားပေးစေလိုပါသည်။

ရိုသေလျက် မောင်သက်ဝေ (မန္တလေး)

---

သီရိလင်္ကာ

ရှေးကျတဲ့ ပါဠိတော်မှတ်တမ်းတွေမှာ ဗုဒ္ဓရဲ့ အလောင်းတော်ကို မီးပူဇော်ပြီးတဲ့အခါ စွယ်တော်ဓာတ်လေးဆူ ကြွင်းတဲ့အနက် နဂါးပြည်မှာ တစ်ဆူ၊ နတ်ပြည်မှာ တစ်ဆူ၊ ကလိင်္ဂတိုင်း (အိန္ဒိယ၊ ဩရိဿပြည်နယ်)မှာ တစ်ဆူ၊ ဂန္ဓာရတိုင်းမှာ တစ်ဆူ ပူဇော်ထားတယ်လို့ ဆိုတယ် (ဒီ၊၂၊၁၃၈)။ လူ့ပြည်မှာ ဗုဒ္ဓစွယ်တော်ဓာတ် နှစ်ဆူရှိတယ်လို့ မှတ်နိုင်တယ်။ ကလိင်္ဂတိုင်းသားတို့ နှစ်ပေါင်း ၈၀၀ လောက် ပူဇော်ကြပြီးနောက် အေဒီ ၄ ရာစုမှာ မကြည်ညိုသူတွေရဲ့ အန္တရာယ်ကြောင့် အဲဒီစွယ်တော်ဓာတ်ကို ဟေမမာလာအမည်ရှိတဲ့ ကလိင်္ဂမင်းသမီးက သီရိလင်္ကာကို သက်စွန့်ဆံဖျား ပင့်ဆောင်ခဲ့လို့ (ဓာတုဝံသကျမ်း၊ ဓာတုနိဓာနကထာခန်း) ယနေ့ထိ သီရိလင်္ကာသားတို့ ပူဇော်ခွင့်ရခဲ့တာ နှစ်ပေါင်း ၁၆၀၀ နီးပါးကြာပြီ။ (‘ဘာသာရေးစာပေမှာ လေ့လာရတယ်’ ဆိုတာကို သေချာအောင်နည်းနည်းတည့်ပေးလိုက်တာပါ။)

ပါကစ္စတန်

ဂန္ဓာရတိုင်းဆိုတာ ယနေ့ အနုမြူလက်နက်ရှိတယ်ဆိုတဲ့ ပါကစ္စတန်ပါပဲ။ တရုတ်မှတ်တမ်းအရ စွယ်တော်ဓာတ်တစ်ဆူကို ရှေးခေတ် ဥဒယန (Udayāna) နိုင်ငံ (ယခု ပါကစ္စတန်နိုင်ငံအတွင်း)မှာ ပူဇော်ထားတယ်။ အဲဒီနိုင်ငံမှတစ်ဆင့် ခိုတန် (Kotan) နိုင်ငံကို ပင့်ဆောင်ခဲ့ကြောင်း ဆိုတယ်။ (ဘာကြောင့် ဘယ်သူကပင့်ကြောင်း မသိရ)။ ခိုတန်နိုင်ငံဆိုတာ ယခု တရုတ်နိုင်ငံ ဇင်ကျီယန် (Xinjian) ပြည်နယ်၊ ဟေတီယံ (Hetian) ခရိုင်ကို ခေါ်တယ်။ အေဒီ ၅ ရာစုကွီ (Qi) မင်းလက်ထက်မှာ ခိုတန်နိုင်ငံကို ခရီးသွားခဲ့သူ တရုတ်ရဟန်းတော် ဖာဟီယန် (၄၂၄-၄၉၈ အေဒီ)က စွယ်တော်ဓာတ်ကို ကွီမြို့တော် နန်ကျင်း (Nanjing) သို့ ပင့်ဆောင်ခဲ့တယ်။ (အန္တရာယ်ကြောင့် ပင့်ခဲ့တာလား၊ ခိုတန်သားတို့ သဘောတူရဲ့လားဆိုတာကို မသိရ။)

ပီကင်းသို့

ဆွီ (Sui) မင်းလက်ထက်မှာ မြို့တော် ချန်းအန် (Chang-an) ကို ပင့်တယ်။ နောက်ထပ် မင်းဆက်ငါးခုအတွင်းမှာတော့ တိုင်းပြည်မငြိမ်သက်တာကြောင့် တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းခဲ့ရတယ်။ လီယို (Liao) မင်းလက်ထက်မှာ ယန်ကင်း (Yenjing) ယခုအခေါ် ပီကင်း (Beijing) မြို့ကို ပင့်ခဲ့တယ်။ လီယိုမင်းဆက် ဒိုဇွန် (Dao-zong) မင်းရဲ့ ရာဇဝင်ကျမ်းမှာ ဇီယန်ယန်း (Xian-yong) ဘုရင် (၁၀၇၁ အေဒီ) နန်းစံ ၇ နှစ်နှင့် ၈ လအကြာမှာ ဗုဒ္ဓရဲ့ဓာတ်တော်ကို ဇွာဟိုဇီယန် (Zhaoxian) စေတီထဲမှာ ဌပနာပုံအကြောင်း မှတ်တမ်းတင်ထားတာကို တွေ့ရတယ်။ အေဒီ ၈ ရာစု လင်းဂွန် (Ling-guang) ကျောင်းတိုက်ကို တည်ထောင်တဲ့အခါ ဒီစေတီဟာ အဲဒီကျောင်းဝင်းအတွင်း အပါအဝင် ဖြစ်သွားပြီး နှစ်ပေါင်းများစွာ ဘုရားဖူးတွေနဲ့ စည်ကားခဲ့တယ်။

သမိုင်းတန်ဖိုး

အေဒီ ၁၉၀၀ အတွင်း နယ်ချဲ့တို့ ပီကင်းကို ကျူးကျော်တိုက်ခိုက်တဲ့အခါ ဇွာဟိုဇီယန်စေတီတော် ပျက်စီးသွားခဲ့တယ်။ စစ်ပြီးတဲ့နောက် အပြိုအပျက်တွေကို ရှင်းလင်းတဲ့အခါ အဲဒီကျောင်းတိုက်က ရဟန်းတွေက မြေအောက်ခန်းမှာ ကျောက်သေတ္တာတစ်ခုတွေ့ပြီး အဲဒီအထဲကရတဲ့ စန္ဒကူးသားကြုတ်မှာ ‘သကျမုနိဗုဒ္ဓ၏ စွယ်တော်ဓာတ်၊ တီအန်ဟွီ (Tien-hui) မင်း နန်းစံ ၇ နှစ်၊ ၄ ခုမြောက်လ ၂၃ ရက်မှာ ရှန်ဟွီ (Shan-hui) ရေးသည်’ဆိုတဲ့ စာတန်းကို တွေ့ကြရတယ်။ စန္ဒကူးသေတ္တာမှာ ရေးထွင်းသူ ရှန်ဟွီဆိုတာ ဟန်မင်းဆက်မှာ ထင်ရှားတဲ့ ရဟန်းတော် ဖြစ်ပါတယ်။ မင်းဘွဲ့အမည် တီအန်ဟွီ (Tien-hui) လို့ခေါ်တဲ့ ဟန်မင်းကို အေဒီ ၉၆၃ လို့ဆိုတယ်။

စန္ဒကူးသေတ္တာမှာ ရေးထွင်းထားတဲ့ ရက်စွဲဟာ ရာဇဝင်အဆိုနဲ့ အနည်းငယ်ကွဲလွဲပေမယ့် ဒီဓာတ်တော်ဟာ အဲဒီစေတီထဲမှာ နှစ်ပေါင်း ၈၃၀ လောက် ကိန်းဝပ်ခဲ့တာ သေချာတယ်။ မူလက ဂန္ဓာရတိုင်းမှာ ရှိခဲ့တဲ့ စွယ်တော်ဖြစ်လို့ ပါဠိတော်မှတ်တမ်းနဲ့ ကိုက်ညီတာကလည်း မငြင်းသာတဲ့အချက်ပါ။

သိရသမျှ

အဲဒီနောက် ၁၉၆၄ မှာ တရုတ်ဗုဒ္ဓါဝီတွေက ခန့်ညားထယ်ဝါတဲ့ လက်ရှိ စွယ်တော်စေတီကို ပြန်လည်တည်ဆောက်ပြီး စေတီခန်းမရဲ့ အလယ်မှာရှိတဲ့ ကျောက်သားပလင်ပေါ်က ရွှေသားစေတီငယ်ထဲမှာ စွယ်တော်ဓာတ်ကို ထည့်သွင်းပူဇော်ထားတဲ့အတွက် အများပြည်သူတို့ ဖူးမြော်ခွင့်ရကြတယ်။ ဒါကတော့ Wikipedia နဲ့ အခြား အင်တာနက်မီဒီယာက ရတဲ့ သိရသမျှ စွယ်တော်ဓာတ်အကြောင်းပါ။

ဘယ်အရွယ်

စွယ်တော်ဓာတ်ဟာ အဖြူရောင်အဆင်းရှိတယ် (ဒီ၊ဋ္ဌ၊၂၊၂၅၀)၊ (မြတ်လေးပန်းငုံလို) လုံးတယ် (ဇိနာလင်္ကာရ၊ ဋီ၊၁၉၈) ဆိုတာလောက်ကိုပဲ တွေ့မိပြီး ဘယ်အရွယ်အစားဆိုတာကိုတော့ ထေရဝါဒက အလေးဂရုပြုတဲ့ ကျမ်းဂန်မှာ ရှာဖွေဆဲပါ။ အနောက်တိုင်းသွားပညာရှင်တွေကတော့ အရွယ်အစားအနည်းငယ်ပိုကြီးလို့ ဗုဒ္ဓရဲ့သွားတော်ဖြစ်ကြောင်း သံသယရှိကြသတဲ့။ ပြီးတော့ ဂန္ဓာရတိုင်းကနေ ပီကင်းကို ရောက်လာရတဲ့ စွယ်တော်ဓာတ်ရဲ့ သမိုင်းစဉ်က မရှင်းဘူး၊ ကြည်ညိုသူရဟန်းရှင်လူတို့ရဲ့ ယုံကြည်မှုကို အခြေခံတဲ့ သမိုင်းစဉ်ဖြစ်လို့ မသေချာတဲ့ ဆက်ခံမှုကွက်လပ်တွေ ရှိနေတယ်လို့လည်း ဆိုတယ် (John S.Strong, Relics of The Buddha, p. 187, 205)။ ဒါပေမယ့် ရှင်တော်ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ပြီး တရားကိုသိမြင်ထားတဲ့ ဗုဒ္ဓဝါဒီတစ်ယောက်အဖို့ သာသနာ့ဘေးအန္တရာယ်နဲ့ ကြုံရတဲ့အခါ တန်ဖိုးမဖြတ်နိုင်တဲ့ ဓာတ်တော်မွေတော်တွေကို မင်းသမီးဟေမမာလာလို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်လေ့ရှိတယ်ဆိုတဲ့ သီအိုရီကို လက်ခံထားရင် ပိုပြီးသဒ္ဓါတရား ထက်သန်နိုင်ကြောင်းပါ။

---

၂၁၆။ ရဟန္တာဖြစ်လို့ သေတာလား

အရှင်ဘုရား၊ မသိလို့ မေးလျှောက်ခွင့်ပြုပါ။

အရိယာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးပါလဲ။ သောတာပန်နဲ့ အရိယာကွာခြားမှု ရှိပါသလား။ ရဟန္တာဖြစ်သွားပြီးနောက် သာသနာ့ဘောင်ထဲသို့ မဝင်လျှင် သေလွန်ရတယ်ဆိုတာ ဟုတ်ပါသလား။

ကောင်းသီဟ

---

အရိယာ

မဂ်ဉာဏ် (လေးပါး) ဖိုလ်ဉာဏ် (လေးပါး)နဲ့ ကိလေသာတွေကို အကြွင်းမဲ့ပယ်ပြီးတဲ့ပုဂ္ဂိုလ်၊ အကျိုးမဲ့တဲ့အရာတွေကို မပြုလုပ်တော့တဲ့သူ၊ နတ်ဗြဟ္မာနှင့်တကွသော သတ္တလောကရဲ့ ဆည်းကပ်ကိုးကွယ်မှုကို ခံထိုက်သူကို အရိယာလို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓနဲ့ (မဂ်ဖိုလ်ဉာဏ်ကိုရပြီးတဲ့) ဗုဒ္ဓသာဝကတွေကို ဆိုလိုပါတယ် (မ၊ဋ္ဌ၊၁၊၂၁။ မ၊ဋီ၊၁၊၆၂။)။ မဂ်ဉာဏ် ၄ မျိုးထဲက ပထမဆုံး (သောတာပတ္တိ) မဂ်ဉာဏ်ကို ရပြီးသူကို သောတာပန်အရိယာလို့ ခေါ်ပါတယ်။ ဒါကြောင့် သောတာပန်ဆိုရင် အရိယာပုဂ္ဂိုလ်ပဲလို့ မှတ်လိုက်ပါ။

မဟုတ်ဘူး

မယ်တော်မာယာ ကွယ်လွန်တာဟာ ဗုဒ္ဓလောင်းလျာကို မွေးဖွားခြင်းကြောင့် မဟုတ်ဘဲ ဗုဒ္ဓလောင်းလျာကိုယ်တိုင်က မိမိကို မွေးဖွားပြီးနောက် ခုနစ်ရက်အကြာမှာ ကံကုန်ကွယ်လွန်မယ့် မယ်တော်ကို ရွေးချယ်ခဲ့ခြင်းသာ ဖြစ်ပါတယ် (ဇာ၊ဋ္ဌ၊၁၊၅၉)။ အဲဒီလိုပဲ လူ့ဘဝနဲ့ ရဟန္တာဖြစ်သွားခဲ့ရင် အဲဒီပုဂ္ဂိုလ်ဟာ အဲဒီလို ရဟန္တာဖြစ်ခြင်းဆိုတဲ့အကြောင်းကြောင့် သေတာမဟုတ်ဘူး။ ပစ္ဆိမဘဝိက (ဒီဘဝဟာ သူ့အဖို့ နောက်ဆုံးပဋိသန္ဓေနေခြင်း) ဖြစ်လို့ ဒီဘဝခန္ဓာ မကုန်ဆုံးခင်မှာ ရဟန္တာအဖြစ်ကို ရရှိသွားပြီး မကြာခင်မှာပဲ သူ့ရဲ့ကုသိုလ်ပါရမီလည်း ကုန်ဆုံးတဲ့အတွက် ကွယ်လွန်ရတာ ဖြစ်ပါတယ်။ ကုသိုလ်ကံ မကုန်သေးတဲ့ပုဂ္ဂိုလ်တွေကတော့ လူ့ဘဝနဲ့ မနေတော့ဘဲ ဧကန် ရဟန်းပြုကြပါတယ်။ (ဒီ၊ဋ္ဌ၊၃၊၉၇။ ဒီ၊ဋီ၊၃၊၉၃)။

ဆုံးမတစ်ခု

ရဟန်းသင်္ဃာ၊ အရိယာကို၊ လူသာမဏေတို့၊ ချို့ချို့ငဲ့ငဲ့၊ ကဲ့ရဲ့ကျီစား၊ လှည့်စားမပြု၊ တုဘက်မဆို၊ ရိုသေကြစေ၊ မြွေပွေးမြွေဟောက်၊ မထိစောက်သို့၊ ရွံ့ကြောက်စေ။

(ရှင်မဟာသီလဝံသ)

---

၂၁၇။ ဗုဒ္ဓဘာသာကောင်း

အရှင်ဘုရား၊

တပည့်တော်မတို့မိသားစုက တရုတ်ဖြစ်လို့ တရုတ်ရိုးရာ ကွန်ယင်မယ်တော်နဲ့ အန်းကုန်းကြီးတွေကို ကိုးကွယ်ကြပါသည်။ ဒါပေမယ့် ဗုဒ္ဓဘာသာစာတွေကို ဖတ်တဲ့အခါ ဘုရား၊ တရား၊ သံဃာကလွဲပြီး အခြားကိုးကွယ်စရာကို ရှာရင် သရဏဂုံပျက်တယ်ဟု သိရပါသည်။ နတ်၊ ဘိုးတော်တွေကို ကိုးကွယ်ရင်လည်း သရဏဂုံပျက်တယ်လို့ သိရပါသည်။ ကွန်ယင်မယ်တော်နဲ့ အန်းကုန်းတို့က ထေရဝါဒမှာ ပါတာလား။ နတ်တွေလား။ သူတို့ကို ကိုးကွယ်ရင် သရဏဂုံပျက်ပါသလား။

လူတစ်ယောက်ရဲ့ကောင်းကျိုးဆိုကျိုးဟာ အဲဒီလူရဲ့ ကောင်းကံမကောင်းကံနဲ့ဆိုင်တယ်လို့ ယုံကြည်တဲ့အတွက် တပည့်တော်မဟာ ဝါသနာပါပေမယ့် ဗေဒင်ဆရာ၊ အကြားအမြင်ဆရာတွေဆီကို မသွားတော့ပါဘူး။ အိမ်နေရာ အကောင်းအဆိုးကို ဖော်ပြတဲ့ ဖုန်းရွှေအဆိုတွေကကော ထေရဝါဒနဲ့ ညီညွတ်ပါသလား။

ထေရဝါဒဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကျင့်ကြံနေထိုင်ရမယ်ဆိုတာကိုလည်း ပြောပြပေးစေလိုပါသည်။ အိမ့်အိမ့်

---

ဆောက်တည်ပုံ ၄ မျိုး

သရဏဂုံခံယူ (ဆောက်တည်) ပုံ ၄ မျိုးရှိတယ်...

၁) ‘ယနေ့မှစပြီး ငါ့ကိုယ်ကို ရတနာသုံးပါးအား လှူဒါန်းပါတယ်’လို့ ကိုယ်ခန္ဓာကို ပေးစွန့်ပြီး ခံယူခြင်း

၂) ‘ယနေ့မှစပြီး ရတနာသုံးပါးဟာ ငါ့ကိုးကွယ်ရာပဲ’လို့ အားကိုးရာအနေနဲ့ ခံယူခြင်း

၃) ‘ယနေ့မှစပြီး ရတနာသုံးပါးဟာ ငါ့ဆရာပဲ’လို့ တပည့်အနေနဲ့ ခံယူခြင်း

၄) ‘ယနေ့မှစပြီး ရတနာသုံးပါးကိုပဲ ရှိခိုးအရိုအသေပြုပါတယ်’လို့ ရိုသေပူဇော်ရာအနေနဲ့ ခံယူခြင်း။

အဲဒီ ၄ မျိုးထဲက တစ်မျိုးမျိုးနဲ့ ခံယူလိုက်ရင် သရဏဂုံတည်ပါပြီ။ အမှတ် ၄ မှာလည်း ဆွေမျိုးဖြစ်လို့ ရှိခိုးခြင်း၊ ကြောက်လို့ ရှိခိုးခြင်း၊ ဆရာဖြစ်လို့ ရှိခိုးခြင်း၊ မြင့်မြတ်လို့ ရှိခိုးခြင်းလို့ လေးမျိုးရှိပြန်ရာ ‘အယံ လောကေ အဂ္ဂဒက္ခိဏေယျော = ဗုဒ္ဓဆိုတာ လောကမှာ အမြတ်ဆုံးအလှူကို ခံထိုက်သူ’လို့ မြင့်မြတ်သူအနေနဲ့ ရိုသေရှိခိုးပြီး ခံယူမှ သရဏဂုံမြောက်တယ်။ ကျန်ပုံစံ ၃ မျိုးနဲ့ ခံယူလို့ သရဏဂုံမမြောက်ဘူး။ ရတနာသုံးပါးကို အထွတ်အမြတ်အနေနဲ့ ခံယူမှ သရဏဂုံမြောက်ပြီး (အညတိတ္တိယကို ရတနာသုံးပါးထက်) မြင့်မြတ်တဲ့အရာအနေနဲ့ ခံယူမှ သရဏဂုံပျက်တယ် (သေဋ္ဌဝသေနေဝ ဟိ သရဏံ ဂဏှာတိ၊ သေဋ္ဌဝသေန စ ဘိဇ္ဇတိ။ ဒီ၊ဋ္ဌ၊၁၊၂၀၆)။

သရဏဂုံ မပျက်

အဲဒီပုံစံ ၄ မျိုးနဲ့ သရဏဂုံတည်ပြီးသူဟာ အခြားဘာကိုမှ ရှိမခိုး၊ မပူဇော်ရတော့ဘူးလား၊ ရှိခိုးခြင်း ပူဇော်ပသခြင်း လုပ်ရင်ကော သရဏဂုံပျက်သလားလို့ မေးစရာရှိတယ်။ ကျမ်းဂန်အဆိုက ‘ဘာသာတစ်ပါးမှာ ဘုန်းကြီးလုပ်နေတဲ့ ဆွေမျိုးကို ဒါ ငါ့ဆွေမျိုးပဲဆိုတဲ့အသိနဲ့ ရှိခိုးရုံနဲ့ သရဏဂုံမပျက်ဘူး။ ဘုန်းကြီးမဟုတ်တဲ့ သာမန်လူ (ဘာသာခြား)ကို ရှိခိုးတာတော့ ပြောစရာတောင် မလိုဘူး (ဒီ၊ဋ္ဌ၊၁၊၂၀၈)’တဲ့။ ဒီအဆိုအရ မိဘရိုးရာရှိခဲ့တဲ့ ပူဇော်အရိုအသေပြုစရာတွေကို ဖြတ်လိုက်ရင် ဆိုးကျိုးတစ်ခုခု ဖြစ်လာလေမလားလို့ စိုးရိမ်ပြီး ‘ရိုးရာပါပဲလ္လေဆိုတဲ့အသိနဲ့ ရှိခိုးဦးတင်ရင် သရဏဂုံမပျက်ဘူးလို့ မှတ်နိုင်တယ်။ ရတနာသုံးပါးကို အထွတ်မြတ်ဆုံးနေရာမှာထားသရွေ့ သရဏဂုံမပျက်ဘူးလို့လည်း မှတ်နိုင်တယ်။

မညှိုးနွမ်းဘူး

ပုထုဇ္ဇဉ်တွေရဲ့ သရဏဂုံညှိုးနွမ်းနိုင်တဲ့အကြောင်းတွေက...

၁) အညာဏ = ရတနာသုံးပါးရဲ့ ဂုဏ်ရည်ကို မသိခြင်း
၂) သံသယ = ဗုဒ္ဓအစစ် ဟုတ်ပါ့မလားလို့ သံသယရှိခြင်း
၃) မိစ္ဆာဉာဏ = ဗုဒ္ဓမှာ အရဟံဂုဏ်ရှိတာ မဖြစ်နိုင်ဘူး စသည်ဖြင့် မှားယွင်းစွာ ကြံဆခြင်း
၄) မရိုသေပြုခြင်း (ဒီ၊ဋ္ဌ၊၁၊၂၀၉။ ဒီ၊ဋီ၊၁၊၂၈၂)။
ဒီစာအရ မိမိရဲ့ သရဏဂုံဆောက်တည်မှုမှာ စိတ်ထဲက ဂုဏ်ကို နားလည်၊ သံသယမဲ့၊ လွဲမှားစွာ မကြံ၊ ကိုင်းရှိုင်းဆိုတဲ့ အရည်အချင်းလေးရပ်နဲ့ အမှန်တကယ်ပြည့်စုံရင် မိရိုးဖလာတွေ အိမ်ပေါ်မှာ ရှိနေရုံနဲ့ သရဏဂုံမညှိုးနိုင်ဘူးလို့တောင် ဆိုနိုင်တယ်။ ဒါပေမယ့် ဘုရားကျောင်းမှာ အရက်ပုလင်းတင်တာမျိုး၊ မဖွယ်မရာ ကျွဲခေါင်းရုပ်လိုဟာတွေကို ဘုရားဆင်းတုနဲ့တန်းတူထားတာမျိုးကတော့ မရိုသေရာကျလို့ သရဏဂုံညစ်နွမ်းမှာပေါ့။

မပြည့်ဝသူ

ဘာသာတရားတစ်ခုကို ယုံကြည်မိပြီးရင် သားစဉ်မြေးဆက် နှလုံးသားထဲ စိမ့်ဝင်နေလေ့ရှိတယ်။ ဒါကြောင့် သီဟိုဠ်ဆရာတော်ကြီး ဘိက္ခုနာရဒမထေရ်တို့လို သာသနာပြုပုဂ္ဂိုလ်ကျော်တွေဟာ သူတစ်ပါးရဲ့ ယုံကြည်မှုကို အလွန်လေးစားကြပြီး လူတွေကို ဗုဒ္ဓဘာသာထဲ ကူးပြောင်းဖို့ မဆွယ်ကြပါဘူး။ ဓမ္မသက်သက်ကိုပဲ ဟောကြားကြပါတယ်။ တရုတ်ဒကာတွေ အိမ်က ကွန်ယင်နဲ့ အုန်းကုန်းဆင်းတုတွေကို အသည်းအသန် ဖယ်ခိုင်းပြီး ဒါ ‘နာ’ လုပ်တာလို့ ဆိုလေ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ ဆုံဖူးပါတယ်။ ဗုဒ္ဓဝါဒဟာ အခြားယုံကြည်မှုတွေနဲ့ အတူတူလက်တွဲသွားနိုင်လို့ သဘောထားပြည့်ဝတယ်လို့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ယနေ့အနောက်တိုင်းသားပညာရှိတို့ ချီးမွမ်းနေကြချိန်မှာ အဲလိုလုပ်ရင် သဘောထားသေးသိမ်ရာ မကျပေဘူးလား။

ကွန်ယင်၊ အန်းကုန်း

ကွန်ယင်၊ အန်းကုန်းက ထေရဝါဒ မဟုတ်ဘူး။ အေဒီ ၁ ရာစုလောက်မှာ ထင်ရှားလာတဲ့ ဗုဒ္ဓဝါဒဂိုဏ်းကွဲ မဟာယာနက လာတာ။ ကွန်ယင်ရဲ့ မူရင်းက အဝလောကိတေသွာရ (လောကရဲ့ ငိုရှိုက်သံကို ကူညီဖို့ စောင့်ကြည့်နေတဲ့ ကရုဏာရှင်) ဘုရားလောင်း။ မူရင်းကျမ်းတွေမှာ ပုံလိင် (masculine)နဲ့ ရည်ညွှန်းပေမယ့် နှောင်းခေတ်မှာ ဣတ္ထိလိင် (feminine) ပုံစံနဲ့ သရုပ်ဖော်ကြသတဲ့ (Seeker's Glossary of Buddhism, p.)။ အန်းကုန်းရဲ့မူရင်းကို ဘုန်းကြီး သိတဲ့အခါ မျှဝေပါမယ်။ အမှန်တော့ အဲဒီဘုရားလောင်းတွေက စစ်တိုက်တဲ့လူမိုက်တွေ မဟုတ်ပါဘူး။ လေးစားထိုက်တဲ့ သူတော်ကောင်းတွေပါ။

ပညာရပ်လို့ပဲမှတ်

ကံကိုယုံတယ်၊ ဗေဒင်အကြားအမြင် ဘိုင့်ဘိုင်ဆိုလို့ ဝမ်းသာပါတယ်။ ဗေဒင်ဆိုတာကို ဗုဒ္ဓဓမ္မရဲ့ အပြင်ဖက်က ပညာရပ်တစ်ခုလို့ နားလည်ပါ။ ကောဏ္ဍညပုဏ္ဏားဟာ မွေးကင်းစ မင်းသိဒ္ဓတ်ကိုကြည့်၊ လက်ညှိုးတစ်ချောင်းထောင်၊ ဘုရားဧကန်ဖြစ်မယ်လို့ဆိုပြီး မင်းသိဒ္ဓတ်ထက်အရင် တောထွက်ခဲ့တယ်ဆို မဟုတ်လား။ ဖုန်းရွှေဆိုတာကိုလည်း ဆင်ကြန်အင် မြင်းကြန်အင်ကို ဖွင့်ဆိုတဲ့ ဆင်ကျမ်း၊ မြင်းကျမ်းတွေလို အိမ်ကြန်အင်ကို ဖော်ပြတဲ့ တရုတ်ရိုးရာအိမ်ကျမ်းလို့ မှတ်ပါ။ ယုံတာ မယုံတာက ကိုယ့်စိတ်ပါ။

ဗုဒ္ဓဘာသာကောင်း

ရတနာသုံးပါး၊ ကံကံရဲ့အကျိုးကို ယုံကြည်၊ ယုံကြည်တဲ့အတိုင်း ထေရဝါဒက သင်ကြားတဲ့ဓမ္မကို လိုက်နာကျင့်သုံးရင် ထေရဝါဒီ ဖြစ်နိုင်ပါတယ်။ ကျင့်သုံးပုံက ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား’တဲ့။ အဲဒီသုံးခုကို ထပ်ချဲ့ရင် မဂ္ဂင်ရှစ်ပါး ဖြစ်လာတယ်။ မဂ္ဂင်ကျင့်စဉ်ကို တစိုက်မတ်မတ် ကျင့်နေရင် သောတာပန်ဖြစ်ခွင့်ရှိတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာကောင်းဖြစ်ချင်ရင် မဂ္ဂင်ရှစ်ပါးအဖွင့်ကို ရှာဖတ်ဖို့ အကြံပြုပါရစေ။ (ဤကျမ်း၊ စာ-၂၆၁က သရဏဂုံမှတ်စုကို ပြန်ဖတ်ပါ။)

အစမထင်

ဗီဇရုက္ခာဒိကာနံဝ၊ ပုဗ္ဗကောဋိ န နာယတိ (ဝိသုဒ္ဓိမဂ္ဂ၊၂၊၂၃၇)
ဗီဇရုက္ခာဒိကာနံဝ၊ မျိုးစေ့အပင်တို့၏။ ပုဗ္ဗကောဋိ၊ ရှေ့ဖြစ်သော အစွန်းကို။ န နာယတိ ဣဝ၊ ဘယ်အပင် ဘယ်မျိုးကစ၍ ဖြစ်သည်ဟူ၍ မသိနိုင်သကဲ့သို့။ ကမ္မဝိပါကာနံ၊ ကံဟူသောမျိုး အဗျာကတအကျိုးပင်တို့၏။ ပုဗ္ဗကောဋိ၊ ရှေ့ဖြစ်သော အစွန်းကို။ န နယာတိ၊ ဘယ်ဟာကစ၍ ဖြစ်သည်ဟူ၍ မသိနိုင်။

---

၂၁၈။ ဗုဒ္ဓကျိန်းစက် ထိုစိတ်တွက်

ဖေဖော်ဝါရီ ၁၁၊၂၀၁၂။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

မြတ်စွာဘုရား ကျိန်းစက်နေစဉ် နိရောဓသမာပတ်ကို ဝင်စားနေပါသလား အရှင်ဘုရား၊ သို့မဟုတ် သာမန်အိပ်နေသမျိုး ဖြစ်ပါသလား၊ ထိုအခိုက် အဘယ်စိတ်မျိုးဖြစ်နေသည်ကို သိလိုပါသည်။ နိရောဓသမာပတ်နှင့် ဖလသမာပတ်တို့၏ ကွဲပြားခြားနားပုံကိုလည်း တပည့်တော်တို့လို လူဝတ်ကြောင်တွေ နားလည်နိုင်အောင် ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

ထွန်းလင်း

---

စိတ်သုံးမျိုး အတူတူ

ခန္ဓာငါးပါးရှိတဲ့ သတ္တဝါအားလုံး ဘဝင်စိတ် (sub-consciousness) နဲ့ အိပ်ကြတယ်။ ဒါကြောင့် မြတ်စွာဘုရား ကျိန်းစက်နေတုန်းမှာလည်း ဘဝင်စိတ်ပဲ ဖြစ်နေမှာပေါ့။ မြတ်စွာဘုရားဟာ ‘သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက် အသင်္ခါရိကစိတ်’နဲ့ ပဋိသန္ဓေနေခဲ့တာဖြစ်လို့ (မန်လည်ဆရာတော်၊ ပဥှာဝီမံသနကထာကျမ်း၊ စာ-၃၃လည်းရှု) မြတ်စွာဘုရား ကျိန်းစက်နေခိုက်လည်း အဲဒီစိတ်ပဲ ဖြစ်နေဖွယ်ရှိတယ်။ ဘဝတစ်ခုရပြီးဆိုရင် အဲဒီဘဝရဲ့အစဆုံးဖြစ်တဲ့ ပဋိသန္ဓေစိတ်၊ ပြီးရင် အိပ်နေတုန်းဖြစ်တဲ့ ဘဝင်စိတ်၊ ပြီးရင် သေတဲ့စိတ် (စုတိစိတ်)၊ ဒီစိတ်သုံးမျိုးဟာ အတူတူပဲလို့ အဘိဓမ္မာကျမ်းတွေမှာ ဆိုတယ်။

ပဋသန္ဓိဘဝင်္ဂဉ္စ၊ ဧကမေဝေက ဇာတိယံ။
စုတိစာရမဏဉ္စဿ၊ ဧဝမေဝ ယထာရဟံ။

(အဘိဓမ္မာဝတာရ၊၉၃-ဂါထာ)။

ပရိနိဗ္ဗာန်စံခါနီးမှာ မြတ်ဗုဒ္ဓဟာ သမာပတ်ရှစ်ပါးကို အကြိမ်ကြိမ် ဝင်စားပြီး နောက်ဆုံးအကြိမ် ဝင်စားပြီးတဲ့အခါ စတုတ္ထစျာန်မှ ထခဲ့တယ်။ အဲဒီနောက်မှာ ဘဝင်စိတ် ဖြစ်တယ်။ အဲဒီဘဝင်စိတ်သည်ပင် ပရိနိဗ္ဗာနစုတိစိတ်ပါပဲ (ဘဝဂ ဩတိဏ္ဏဿ တတ္ထေဝ ပရိနိဗ္ဗာနံ။ ဒီ၊ဋ္ဌ၊၂၊၁၈၆)။ အဲဒီစုတိစိတ်ဆိုတာလည်း ပဋိသန္ဓေစိတ်ဖြစ်တဲ့ သောမနဿသဟဂုတ်ဉာဏသမ္ပယုတ် မဟာဝိပါက်အသင်္ခါရိကစိတ် (အဗျာကတ၊ ဒုက္ခသစ္စာ)ပါပဲ။ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝကတွေကစပြီး ပိုးရွခြပုန်းတွေထိ သတ္တဝါအားလုံး (သက်ဆိုင်ရာ) ဘဝင်စိတ်နဲ့ပဲ သေလွန်ကြရတယ် (ဒီ၊ဋ္ဌ၊၂၊၁၈၆)။

နိရောဓသမာပတ်

စတုက္ကနည်း (လေးမျိုးယူတဲ့နည်း)အရ ရူပစျာန်လေးပါးနဲ့ အရူပစျာန်လေးပါးပေါင်းရှစ်ပါး (သမာပတ်ရှစ်ပါးလို့ ခေါ်တယ်)ကို ရထားတဲ့ အနာဂါမ်နဲ့ ရဟန္တာပုဂ္ဂိုလ်တွေ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ဘဝမှာ ခံစားလိုရင် နိရောဓသမာပတ်ကို ဝင်စားတယ်။ ဝင်စားပုံက ... ဦးစွာ ရူပပထမစျာန်ကို ဝင်စားပြီး အဲဒီစျာန်မှာရှိတဲ့ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဝိပဿနာတင်ပြီးရှုတယ်။ ခုနစ်ခုမြောက်စျာန် (အာကိဉ္စညာယတနစျာန်) ကို ဝင်စားပြီးနောက်...

၁) သင်္ကန်း၊ ကျောင်းစသည်တို့ မပျက်စီးပါစေသတည်း
၂) သံဃာတွေအလိုရှိရင် သမာပတ်မှ အလိုလို ထပါစေသတည်း
၃) မြတ်စွာဘုရား ခေါ်တော်မူလျှင် သမာပတ်မှ အလိုလို ထပါစေသတည်းလို့ အဓိဋ္ဌာန်ခြင်း
၄) ၇-ရက်အတွင်း သေနိုင် မသေနိုင် ဆင်ခြင်ခြင်း ... ဆိုတဲ့ ကိစ္စလေးမျိုးကို အရင်လုပ်ရတယ်။
နောက်ဆုံးစျာန် (နေဝသညာနာသညာယတနစျာန်)ကို နှစ်ကြိမ် ဝင်စားပြီးတဲ့အခါ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တွေ ချုပ်သွားတယ်။ ကမ္မဇရုပ်နဲ့ ဥတုဇရုပ်ပဲ ရှိနေတယ်။ အဲဒါကို နိရောဓသမာပတ်ဝင်စားတယ်လို့ ခေါ်တယ်။ ဒီသမာပတ်ကို ဝင်စားခိုက် သိစိတ်မရှိဘူး၊ အသက်မရှုဘူး (အဘိဓမ္မတ္ထသင်္ဂဟ၊ ဋီကာကျော်)။

ဖလသမာပတ်

သောတာပန်၊ သကာဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ခေါ်တဲ့ အရိယာပုဂ္ဂိုလ်တွေ မိမိရပြီးတဲ့ ဖိုလ်စိတ်နဲ့ နေတာ (သောတာပန်ဆိုရင် သောတာပတ္တိဖိုလ်စိတ်နဲ့ ... စသည်)ကို ဖလသမာပတ်ဝင်စားတယ်လို့ ခေါ်တယ်။ ဘုရင်တွေ မင်းစည်းစိမ်ခံစားသလို၊ နတ်တွေ နတ်ချမ်းသာကို ခံစားသလို အရိယာပုဂ္ဂိုလ်တွေဟာ မျက်မှောက်ဘဝမှာ နိဗ္ဗာန်ချမ်းသာကို ခံစားလိုတဲ့အခါ သတ်မှတ်ချိန်တစ်ခုအတွင်း အလိုရှိတဲ့ခဏတိုင်းမှာ ဖလသမာပတ်ကို ဝင်စားကြတယ်။

ဝင်စားပုံက ... ဆိတ်ငြိမ်ရာအရပ်ကို ချဉ်းကပ်၊ သင်္ခါရတရားတွေကို ဖြစ်ပျက်ရှု၊ အဲဒီလိုရှုနေရင်း အဲဒီရှုဆဲ သင်္ခါရတရားတွေကို အာရုံပြုတဲ့ ဂေါတြဘူစိတ်ရဲ့အခြားမဲ့မှာ မိမိရရှိပြီးဖြစ်တဲ့ ဖိုလ်စိတ်အလိုက် ကိလေသာတွေ ချုပ်ငြိမ်းသွားတယ်။ ထိုခဏမှာ အခြားဘယ်အာရုံမှမရှိ၊ နိဗ္ဗာန်ကိုပဲ အာရုံပြုနေတယ်။ ဖလသမာပတ်ဝင်စားတယ်ဆိုတာ အဲဒါပါပဲ (ပဋိသံ၊ဋ္ဌ၊၁၊၂၄၇)။

ခြားနားပုံ

နိရောဓသမာပတ်နဲ့ ဖလသမာပတ် ခြားနားချက်က ... နိရောဓသမာပတ်ကို ဝင်စားနိုင်တဲ့ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်တွေဟာ အနာဂါမိဖလသမာပတ်၊ အရဟတ္တဖလသမာပတ်လောက်ကို ဝင်စားတဲ့သာမန်အဆင့်မှာ စိတ်စေတသိက်နဲ့ စိတ္တဇရုပ်တွေ ချုပ်မသွားဘူး။ အထူးအဓိဋ္ဌာန်ပြီး ပြင်ဆင်စရာတွေ မလိုတဲ့အတွက် အချိန်လည်း တိုတောင်းဖွယ်ရှိတယ်။ ဖလသမာပတ်ကို သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်လေးယောက်လုံး ကိုယ့်အဆင့်နဲ့ကိုယ် ခံစားနိုင်တယ်လို့ အကြမ်းဖြင်း မှတ်သားနိုင်ပါတယ်။

---

၂၁၉။ မှားယွင်းမှုဟူသည်

ဆရာတော်ဘုရား၊

တပည့်တော်ကို မေးခွင့်ပြုပါ အရှင်ဘုရား။ လူပုဂ္ဂိုလ်က သံဃာတစ်ပါးအား ဝိနည်းနှင့် ညီသည် မညီသည်ကို ပြောခွင့်ရှိပါသလား။ သံဃာ၏ပြောဆိုနေထိုင်ပုံကို ဝေဖန်ပြုပြင်ခွင့်ရှိပါသလား။ တပည့်တော် ဖတ်ထားဖူးသည်မှာ အရိယာလူသော်မှ ယခုဝတ်စ ကိုရင်ငယ်ကို မဝေဖန်ရ၊ ဆရာမလုပ်ရ၊ အရိယာဘိက္ခုနီသော်မှ ပုထုဇဉ်ရဟန်းအား ဆုံးမခွင့်မရှိဟု ဖြစ်ပါသည်။ အချို့ကလည်း လူတွေက ရဟန်းတွေကို ပြုပြင်ခွင့်ရှိသည်ဟု ဆိုပါသည်။ ထိုသို့သော လူပုဂ္ဂိုလ်များ အကုသိုလ်မဖြစ်စေရန် အမှန်ကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

ချိုမာ

---

ဝေါဟာရပြင်

လေးပါးနဲ့ လေးပါးထက် အများကို သံဃာလို့ ခေါ်တယ်။ ဒါကြောင့် သံဃာတစ်ပါးလို့ သုံးမယ့်အစား ရဟန်းတစ်ပါးလို့ သုံးနှုန်းရင် ပိုပြီးတိကျတယ်။ ဘာကြောင့်ဆို ‘သံဃော ဟိ ဒုဿီလော နာမ နတ္ထိ = သံဃာမှာ သီလမဲ့သူရယ်လို့ မရှိဘူး’တဲ့။ ဒုဿီလ (သင်္ကန်းဝတ်ရုံမျှဖြစ်တဲ့) ရဟန်းတစ်ပါးကိုပင် (မလွှဲသာလို့ ကြုံဆုံခဲ့ရရင်) ‘သံဃဿ ဒေမ = သံဃာအား လှူပါ၏’လို့ အာရုံပြုလိုက်နိုင်ရင် အကျိုးကြီးသတဲ့ (မ၊ဋ္ဌ၊၄၊၂၂၅)။ (လူမိုက်ကို အားပေးတာလားလို့ မမေးပါနဲ့၊ သီလရှိသူကို ရွေးချယ်တတ်ရမှာက ကိုယ့်တာဝန်ပါ။ မကြည်ညိုရင် ရှောင်ရုံပါပဲ။)

ပြောဆိုခွင့်ရှိ

‘အရိယာလူသော်မှ ယခုဝတ်စ ကိုရင်ငယ်ကို မဝေဖန်ရ’လို့ ဘယ်မှာ ဖတ်ထားဖူးပါသလဲ။ အရိယာဖြစ်ပြီးတဲ့လူပုဂ္ဂိုလ်ဟာ ယနေ့ပြုသစ်စသာမဏေငယ်ကို ရှိခိုးဦးညွတ်ရတယ် (သုတ္တနိပါတ၊၃၁၁)ဆိုတာနဲ့ ရောနေတာဖြစ်ပါလိမ့်မယ်။ ‘အရိယာဘိက္ခုနီက ပုထုဇဉ်ရဟန်းကို ဆုံးမခွင့်မရှိ’ဆိုတာလည်း အသက်ကြီးဘိက္ခုနီတွေက ရှင်ငယ်ရဟန်းငယ်တွေကို အရိုအသေပေးရတယ်ဆိုတဲ့ ဂရုဓံရှစ်ပါးထဲက တစ်ခုနဲ့ ရောသွားဟန်တူပါတယ်။ ရှိခိုးအရိုအသေပေးတာနဲ့ အကြံပေးတာ ဆုံးမတာ တစ်ခြားစီပါ။ ပုထုဇဉ်ကိုရင်ငယ်က ရဟန္တာကြီးအရှင်သာရိပုတ္တရာကို သင်္ကန်းဝတ်တာနဲ့ ပတ်သက်ပြီး အကြံပေးဖူးတာ (သံ၊ဋ္ဌ၊၁၊၁၁၄)ရှိတယ်။ မြတ်ဗုဒ္ဓလက်ထက်က ခပ်ရှုပ်ရှုပ်အရှင်ဥဒါယီကိုယ်တော်ကြီး အမျိုးသမီးငယ်တစ်ယောက်နဲ့ အခန်းထဲမှာ နှစ်ယောက်ချင်းထိုင်ပြီး စကားပြောနေတာကို ဝိသာခါကျောင်းအမကြီး တွေ့သွားလို့ ‘အရှင်ဘုရားတို့က ရိုးရိုးသားသားဆိုပေမယ့် မသင့်မြတ်ဘူးဘုရား’လို့ သတိပေးဖူးတယ်။

ခြွင်းချက်က လူတစ်ယောက်က ရဟန်းတစ်ပါးကို ဝိနည်းသိက္ခာပုဒ်နဲ့ ဝေဖန်တဲ့အခါ အဲဒီလူဟာ ‘အာဂတဖလ = အရိယာမဂ်ကို ရပြီးသူ’ ဖြစ်ရမယ်လို့ ဝိနယပါဠိတော် (ဝိ၊၁၊၂၈၅) မှာ ဆိုတယ်။ ဒါပေမယ့် ယနေ့ခေတ်အခြေအနေအရ ဗုဒ္ဓဝါဒီစစ်ဖြစ်ပြီး စကားအရာမှာ အများယုံကြည်လေးစားလောက်တဲ့ အနေမျိုးဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဆုံးမသူနဲ့ ဆုံးမခံ

မင်းဆရာတောင်ဖီလာဆရာတော် လှူဒါန်းတဲ့သင်္ကန်းပရိက္ခရာတွေကို တောပျော်ရွှေဥမင်ဆရာတော်က ‘သာဓု သာဓု ရွှေစည်းခုံကို လှူပါ၏’လို့ ငြင်းပယ်တာကို အနီးမှရှိနေတဲ့ ဖိုးသူတော်ကပ္ပိယက ဘဝင်မကျလို့ တောင်ဖီလာ ပြန်ကြွတဲ့အခါ ‘သဒ္ဓါလို့ လှူဒါန်းတာကို လက်မခံရင် သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပတ် (အလှူ့ရှင်ရဲ့သဒ္ဓါတရားကို ဖျက်ဆီးရာကျလို့ ရတဲ့အပြစ်) သင့်တယ်မဟုတ်လား’လို့ မေးတဲ့အခါ ရွှေဥမင်က ‘ငါ့မှာ တုံ့ပြန်လှူဒါန်းစရာမရှိလို့ သူတော့်ဆရာကို ဓမ္မဒါန (ဘုရင်လှူဒါန်းတဲ့အဆောင်အယောင်တွေကို သာယာမနေဘဲ ကိုယ့်အတွက် တရားအားထုတ်သင့်ပြီဆိုတဲ့ အဆုံးအမတရားအလှူ) ပြုလိုက်တာပါ’လို့ မိန့်ကြားသတဲ့။

ရွှေဥမင်ရဲ့ အဆုံးအမကြောင့် မင်းကိုးကွယ်ခံတောင်ဖီလာဆရာတော်ဟာ အပြန်မှာ ဘုရင်လှူဒါန်းတဲ့ကျောင်းကို ပြန်မကြွတော့ဘဲ တရားအားထုတ်ဖို့ တောကျောင်းကို တစ်ခါတည်း ကြွသွားတယ်လို့ဆိုတယ်။ ဆုံးမတဲ့ပုဂ္ဂိုလ်က စေတနာပါ၊ ခံယူတဲ့ပုဂ္ဂိုလ်လည်း တရားပြည့်ဝလို့ ပုဂ္ဂိုလ်နှစ်ဦးအကြား အဖုအထစ်မရှိခဲ့ဘူး။ ရွှေဥမင်ဆုံးမပုံက ညင်သာလွန်း ပညာရှိလွန်းတော့ အနီးနေသူတော်ကပ္ပိယတောင် မရိပ်မိလိုက်ရှာဘူး။ မင်းပရိသတ်အခြံအရံနဲ့အတူ ကြည်ညိုလေးစားလို့ လာရောက်တွေ့ဆုံသူ တောင်ဖီလာရဲ့ အလှူကိုငြင်းတဲ့အခါ သူတော်ခမျာ ကြားထဲက တောင်ဖီလာကိုအားနာ၊ ကိုယ့်ဆရာကို အားမရဖြစ်ပြီး နောက်ဆုံး ဆရာကို ဝိနည်းနဲ့ ကိုင်ပြောမိတဲ့အထိပါပဲ။ ရွှေဥမင်ဆရာတော်က မိမိရဲ့ရည်ရွယ်ချက်ကို ရှင်းပြတော့ သူတော်လည်း လက်ခံရတာပေါ့။

ကိုယ်တိုင် အရင်ဆုံး

ဘုန်းကြီးရဟန်းဆိုတာ ပုထုဇဉ်မျှသာပါ။ ပုထုဇဉ်တိုင်းမှာ မောဟရှိနေလို့ မှားယွင်းမှု မကင်းနိုင်ကြဘူး။ အလုပ်လုပ်နေရင် ဘေးကလူတွေ ပိုပြီး မြင်သာတယ်။ ဘယ်သူမှားမှား ဘယ်လိုမှားမှား ထောက်ပြခွင့်ရှိတာပါပဲ။ တစ်ဖက်သား ခံသာဖို့တော့ အရေးကြီးတာပေါ့။ အသက်အရွယ်ရလာပြီဆိုရင် အခြားလူကို အကြံပေးဖို့ စိတ်သန်သလောက် အခြားလူက မိမိကို ခင်ဗျားလိုသေးတယ်လို့ ပြောတာကိုတော့ နည်းနည်းလေးတောင် မကြားချင်ဘူး။ ပညာ သတိဆိုတဲ့ ချွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုနိုင်အောင် မနည်းအုပ်ယူရတယ်။ မြတ်ဗုဒ္ဓဟောကြားပုံက...

‘အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထည မနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။

ကိုယ်ကိုယ်တိုင်အရင်ဆုံး အကျင့်ကောင်းနဲ့ ပြည့်စုံအောင်နေ။ ပြီးမှ သူတစ်ပါးကိုဆုံးမ။ သူများရဲ့အကြောင်းတွေနဲ့ ကိုယ့်ကိုယ်ကို ညစ်နွမ်းအောင် မလုပ်ပါနဲ့’တဲ့။ (ဓမ္မပဒ၊ဂါထာ ၁၅၈)။

---

220. REBIRTH WITHOUT A SOUL

Dear Sayadaw,

I am studying in a Seventh Adventist (Christian) University. In my philosophy class, I also have to learn about different philosophies from different religions. Though I am a Buddhist, I do not much about Buddhist teaching. According to my instructor (a Christian), Buddha thought that nothing is permanent and the belief of Buddhism is that there is no self, no soul and no body. She has a question for that. The question is that why Buddhism believes in reincarnation or rebirth if there is no self, no soul and no body? How do the death people reborn? She does not find the answer for that question and she said the idea is not logical and it does not make sense. I would like to know whether her lectures are correct or not and I also would like to request Sayadaws to give me some explanations regarding to my instructor's question.

With much respects, Eh Dah

---

Soul-idea

There are two kinds of soul - individual and universal or divine. The individual soul is called Jiva-atta. It is an unchanging, eternal and immortal entity and controls the whole mind and body activities. When the body is destroyed by death it is separated and looks for new one. As soon as it finds out one it is transformed into a being and a new life begins again. It is supposed to be the essence of man. The Universal soul is called Parama-atta. It is a God or Creator or Governor or a Divine essence. Jiva-attais created by Parama- atta, another words, the former is a tiny part of the latter. Immortal soul and God are absolutely necessary to prove the existence of eternal heaven and hell.

Just process

Buddhism denies al eternal things mentioned above. It teaches that every thing is changeable and not eternal and there is no immortality inside or outside this world.

What we cal a being is mind and body or five aggregates namely; materiality, feeling, perception, and mental formations. Al kinds of consciousness and mental states are caled mind. One mind-moment consists of three sub-moments: arising, presence and dissolution. What we caled body is a compound of twenty-eight types of matter. The duration of matter consists of seventeen such mind-moments. Immediately after one moment of mind or matter there occurs another arising of the subsequent one. So, mind and body or aggregates are constantly changing.

It is like the flame of a lamp or the stream of a river that is a succession of sparks that folow upon one another with such rapidity that we cannot perceive them separately. The arising of one moment means the passing away of another moment and vice versa. No eternal entity between these rapid moments of mind and material phenomena.

Think about how you were last seven years ago. We cannot say that I am the same person as I was the last moment. Every moment there is birth, every moment there is death. In the course of one life-time there is momentary death and rebirth without a soul. Life is Must process.

Rebirth

As the process of one life-span is possible without a permanent entity passing from one moment to another, so a series of life-processes is possible without anything to transmigrate form one existence to another. The force of tanhᾱ– the attachment to live - is produced a new being under the guidance of Kamma energy.

Re-birth is the arising of new aggregates (khandhᾱnam pᾱtubhᾱvo) caused by the last generative thought of a dying person. The last thought-moment of this life perishes conditioning another thought-moment in a subsequent life. With this mind and body one does a deed and by reason of this deed another mind and body is reborn into next existence. In one sense it is a new being, in another it is not (na ca sonaca añño), like reflection in a mirror.

Noreincarnation

This doctrine of rebirth is different from the idea of reincarnation which implies the transmigration of a soul and its invariable material rebirth.

A simile

We may illustrate this process by a series of billiard balls. "If another ball is rolled against the last stationary ball, the moving ball will stop dead, and the foremost stationary ball will move on. The first moving ball does not pass over, it remains behind, it dies; but it is un-deniably the movement of that ball, its momentum, its Kamma, and not any newly created movement, which is reborn in the foremost ball." (Dr. Ᾱnanda K. Kumᾱraswᾱmi, Buddha and the Gospel of Buddhism, p.106.) See also: H. S. Olcott, The Buddhist Catechism, Q. No. 231-240.

Buddha' sMethod

If any questio has to be considered, it has to be considered peacefully and democratically in the way taught by the Buddha.

J. Nehru

၂၂၁။ ပုထုဇဉ် သောတာပန်

အမှားပါရင် ခွင့်လွှတ်ပါဘုရား၊

တပည့်တော် သိလိုသည်မှာ သောတာပန် တစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်၊ ပုထုဇဉ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်ကို ကွဲကွဲပြားပြား သိလိုပါတယ် အရှင်ဘုရား။ စူဠသောတာပန်ရဲ့ စိတ်သွင်ပြင်ကိုလည်း သိလိုပါသည်။

ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲလျှင် ဘယ်လိုကောင်းကျိုးတွေ ရသလဲဆိုတာကိုလည်း ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။
သက်စုဝင်း၊ နည်းပြ၊ ကွန်ပျူတာ။


အဓိပ္ပာယ်ဖွင့်

စိတ်နေစိတ်ထား’ ဆိုတာကို စိတ်အခြေအနေ၊ ‘အမူအကျင့်’ ဆိုတာကို စရိုက်လို့ အဓိပ္ပာယ်ယူမယ်။ စိတ်အခြေအနေဆိုတာ သိစိတ်တစ်ခု ဖြစ်တာနဲ့ နောက်ကလိုက်ပြီး စိတ်ကို အရောင်ဆိုးပေးတဲ့ စေတသိက် ၅၂ ပါး။ လူတွေ ကောင်းခြင်း ဆိုခြင်းဖြစ်ရတဲ့ လက်သည်က အဲဒီစေတသိက်တွေထဲမှာပါတဲ့ ကိလေသာ (ညစ်ကျုတဲ့ စေတသိက်)တွေပေါ့။ လူတစ်ယောက်မှာ သာမန်ထက် အဖြစ်များတဲ့ စေတသိက်တွေကို တော့ စရိုက်လို့ ခေါ်တယ်။ လူအသီးသီးမှာ မတူညီတဲ့ စရိုက်ခြောက်မျိုး ရှိတယ်။ ရာဂစရိုက် (တပ်မက်စိတ် ပြင်းပြ)၊ ဒေါသစရိုက် (အငြိုးသို၊ စိတ်ဆိုး၊ စိတ်ကောက်လွယ်)၊ မောဟစရိုက် (ဘာကိုမှ တိတိကျကျ မဆုံးဖြတ်နိုင်၊ တွေဝေစိတ်ထား အဖြစ်များ)၊ သဒ္ဓါစရိုက် (ယုံကြည်လွယ်)၊ ဗုဒ္ဓိစရိုက် (အသိပညာ အတတ်ပညာသင်ယူ သင်ပြလိုမှု အားကောင်း)၊ ဝိတက်စရိုက် (ကြံစည်တွေးတောမှုကို ဦးစားပေး)လို့ ပါပဲ။

သောတာပန်

သောတာပန်ဆိုတာ ငါကောင်သူကောင် ထင်မှားမှု (သက္ကာယဒိဋ္ဌိ)၊ ရတနာသုံးပါးနဲ့ ကံကံရဲ့အကျိုးကို မယုံကြည်တဲ့ မှားယွင်းတဲ့ အမြင်စတဲ့ မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးကို မဂ်စိတ်နဲ့ အကြွင်းမဲ့ ပယ်ပြီးသူ။ ငါးပါးသီလကို လုံးဝ မချိုးဖောက်တဲ့ အတွက် အပါယ်တံခါး ပိတ်တယ် (ဒိဋ္ဌိဝိစိကိစ္ဆာ ပဟာနေန ပဟိနာပါယဂမနော)။ အဲဒီလို စိတ်ပိုင်းဘဝနဲ့ ပြည့်စုံသူဟာ အပြင်မျက်နှာမှာ မြင်ရတဲ့ အတိုင်း (ဥဇု = ဖြောင့်မတ်)၊ အတွင်းစိတ်ထဲ မှာ ရှိတယ် (သုဟုဇု = သိပ်ဖြောင့်မတ်)။ ရတနာသုံးပါးကို စိတ်နဲ့ တောင် မပြစ်မှားဘူး။ လောဘရှိသေးလို့ အိမ်ထောင်သားမွေးပြုတယ်။ ဒေါသ မကုန်သေးလို့ စိတ်လှုပ်ရှားတာမျိုး၊ ဝိသာခါကျောင်းအမကြီးလို မြေးမလေးဆုံးလို့ ငိုတာမျိုးတွေ ရှိတယ်။ မာန ကျန်သေးလို့ အပြိုင်အဆိုင်လေးတွေ ရှိနိုင်တယ်။ စရိုက်ခြောက်မျိုးထဲက တစ်ခုခု ပေါ်လွင်နေတာမျိုးလည်း ရှိတတ်တယ်။ ဒါပေမယ့် ပုထုဇဉ်တွေလောက် မပြင်းထန်နိုင်ဘူး။ တစ်ကိုယ်ကောင်း မဆန်တာ၊ အမှန်ကို မြတ်နိုးတာ၊ လူသားဆန်တာတွေကတော့ ထူးခြားနေလိမ့်မယ်။

ပုထုဇဉ်က ကိလေသာတွေကို မထိန်းချုပ်နိုင်ဘူး။ စိတ်အလိုကို လိုက်တယ်။ အပြင်ပန်း ငြိမ်းချမ်းနေပေမယ့် အတွင်းမှာ စိတ်ရိုင်းတွေ သောင်းကျန်းနေလေ့ရှိတယ်။ စရိုက်အလိုက် ထင်ရှားတဲ့ ကိုယ်အမူ နှုတ်အမူတွေကို တွေ့ရနိုင်တယ်။

စူဠသောတာပန်

ဝိပဿနာ ဘာဝနာကို အားထုတ်ရင်း ကင်္ခါဝိတရဏဝိသုဒ္ဓိ (ယုံမှားမှု ၁၆ မျိုး၊ မိစ္ဆာဒိဋ္ဌိ ၆၂ မျိုး ကင်းစင်သွားတဲ့) ဉာဏ်အဆင့်ကို ရောက်သူဟာ ဗုဒ္ဓသာသနာမှာ ထောက်တည်ရာ ရသွားပြီး သုဂတိရောက်ဖို့ သေချာလို့ သောတာပန်ငယ် (စူဠသောတာပန်)လို့ ခေါ်တယ် (အဘိဓမ္မာဝတာရ၊ ၁၂၆၀-ဂါထာ)။ ကိသေလာကို မဂ်ဖိုလ်ဉာဏ်နဲ့ မဖြတ်နိုင်သေးပေမယ့် မဂ်ဖိုလ်ဉာဏ်ထူးကို ရဖို့ သေချာနေသူ။ စူဠသောတာပန်ရဲ့ စိတ်သွင်ပြင်က လောကီစိတ်သာ ဖြစ်နေသေးပေမယ့် သောတာပန်လို သွင်ပြင်မူရာမျိုးရှိတယ်။ သောတာပန်ရဲ့ ကိုယ်ကျင့်တရားက ကျောက်ဆောင်မှာ စိုက်ထားတဲ့ ကျောက်တိုင်လိုဆိုရင် စူဠသောတာပန်က မြေကြီးမှာ စိုက်ထားတာမျိုးလို့ ဆိုနိုင်တယ်။

ငါးပါးသီလအကျိုး

သူ့သက် မသတ်ရင် ကိုယ်အင်္ဂါ ပြည့်စုံ၊ ခွန်အားဗလကောင်း၊ လူချစ် လူခင်ပေါ၊ ရောဂါကင်း၊ သတ္တိစွမ်းရည်ရှိ။ အဒိနာဒါန ရှောင်ရင် အများ မသုံးနိုင်တာကို ကိုယ်သုံးစွဲနိုင်၊ ရရှိပြီး ဥစ္စာတွေ ကိုယ့်ဆီမှာ တည်မြဲ၊ မိမိစည်းစိမ်ကို ရန်သူငါးမျိုး မနှိပ်စက်နိုင်။ ကာမေသုမိစ္ဆာစာရ မလုပ် ရင် ရန်သူကင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝ၊ တည်ငြိမ်။ အမှန် ပြောတတ်သူ ရုပ်ဣန္ဒြေ ကြည်လင်၊ ကိုယ့်ကို လူအများ ယုံကြည်၊ ခံ တွင်းက အနံ့မထွက်။ သုရာအိုးနား မကပ်သူ လူရိပ်လူကဲ နားလည် လွယ်၊ သတိကောင်း၊ ဒေါသနည်း၊ မကောင်းတာကို လုပ်မိဖို့ ရှက်၊ ဆင်ခြင်တုံတရားနဲ့ နေတတ်၊ အရာရာကို ဆင်ခြင်နိုင်။ ငါးပါးသီလ မြဲ ရင် တမလွန်မှာ အပါယ်လေးဘုံကို မရောက်ဘူး။ သုဂတိဘဝ သေချာတယ်။ (ခုဒ္ဒကပါဌ၊ဋ္ဌ၊၂၄မှာ ဖော်ပြတာကို ချုံးထားပါတယ်)။

၂၂၂။ ကျင့်ဖို့အဓိက

ရိုသေစွာ လျှောက်ထားအပ်ပါသည်၊

မြတ်စွာဘုရား ဟောကြားတဲ့ တရားတွေကို ကျင့်ရိုး ကျင့်စဉ်အတိုင်း လိုက်ကျင့်သွားပါက အရိယာ.. သောတာပန်.. အနာဂါမ် .. အစရှိသ ဖြင့် သတ်မှတ်ထားကြသည်များကို မှတ်ဖူးပါသည်။ အနိမ့်ဆုံးကစပြီး အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်အောင် မည်သို့အစဉ်အတိုင်း ကျင့်ရမည်ကိုတစ် ဆင့်ချင်းရှင်းပြပေးလိုပါသည်။

မောင်တက်တူ


သမားရိုးကျ

‘ကျင့်ရိုး ကျင့်စဉ်အတိုင်း လိုက်ကျင့်သွားပါက’ဆိုလို့ ဗုဒ္ဓဝါဒမှာ ကျင့်ရိုး ကျင့်စဉ် သမားရိုးကျ မဟုတ်တဲ့ အခြား ဖြတ်လမ်းကျင့်စဉ် တစ်မျိုးမှ မရှိဘဲ။ ‘အရိယာ .. သောတာပန် .. အနာဂါမ် အစရှိသဖြင့်’ ဆိုတဲ့ စကားအရ အရိယာ အရင် ဖြစ်မယ်၊ ပြီး သောတာပန်၊ (ပြီး မထည့်ဘဲ ထားခဲ့တဲ့ သကဒါဂါမ်)၊ ပြီး အနာဂါမ်၊ ပြီး ‘အစရှိသဖြင့်’နဲ့ သွင်းယူနိုင်တဲ့ ရဟန္တာဖြစ်မယ်လို့ အဓိပ္ပာယ် ထွက်တယ်။ ဒါပေမယ့် အဲဒီလေး မျိုးကိုပဲ အရိယာ လို့ခေါ်တာ။ အရိယာဆိုတာ အဆင့်တစ်ခု မဟုတ်ဘူး။ သောတာပတ္တိမဂ်ကို ရပြီးမှ သောတာပတ္တိဖိုလ်ကို ရတယ် စသည်ဖြင့် အစဉ်အတိုင်းပဲ မှတ်နိုင်တယ်။ သောတာပန်ဖြစ်အောင်ကျင့် ချင်ရင် ရိပ်သာဝင်၊ ဝိပဿနာကမ္မဋ္ဌာန်း ရှုမှတ်ရုံပါပဲ။

စ လယ် ဆုံး

ဗုဒ္ဓဝါဒရဲ့ ပထမဆုံး အဆင့်က (ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး၊ ပါတိမောက္ခ စတဲ့)သီလ၊ အဲဒီသီလရှိမှသမထ ဝိပဿနာပွားများတဲ့ ဒုတိယဆင့်ကို တက်နိုင်တယ်၊ နောက်ဆုံး အဆင့်ကတော့ မဂ်ဖိုလ် ဉာဏ်ထူးကို ရရှိခြင်းပါပဲ ‘သာသနဿ သီလံ အာဒိ၊ သမထဝိပဿနာ မဂ္ဂါ မဇ္ဈံ၊ မဂ္ဂဖလ နိဗ္ဗာနာနိ ပရိယောသာနံ (သံ၊ဋ္ဌ၊၁၊၁၅၈)’။

တစ်နည်း ဒီလိုလည်း ဆိုနိုင်တယ်... ဗုဒ္ဓဝါဒမှာ အလွယ်ကူဆုံးက ဒါန၊ ဒါကြောင့် ပထမဆင့်အနေနဲ့ ကြုံတိုင်း စွမ်းနိုင်သမျှ အလှူဒါနပြုပါ လေ။ မြန်မာ ဗွီဒီယိုရုပ်ရှင်တိုင်း နိီးပါးမှာ မင်းသားတွေ အရက်သောက် ခန်း ပါလို့ အဟုတ်ထင်ပြီး မယောင်မိပါစေနဲ့။ အနည်းဆုံး ငါးပါးသီလ လေးလည်း အဖြစ်နိုင်ဆုံး ထိန်းစောင့်ပေါ့။ ရံဖန်ရံခါ နိီးရာ ဘုန်းကြီး ကျောင်း သို့မဟုတ် တစ်ဆူသောဘုရား (နံဘုရား ဟုတ်ဟုတ်၊ မဟုတ် ဟုတ်)ကိုသွားပြီး ဘာဝနာတစ်ခုခုကိုလည်း ပွားသင့်တာပဲ။

၂၂၃။ ပြီးလိမ်းသန့်စင် စိတ်ကြည်လင်

ဆရာတော် အရှင်ဘုရား၊

ရှစ်ပါးသီလခံယူထားပြီးနောက် ခေါင်းလျှော်၊ အုန်းဆီလိမ်းပါက ဝိလေပန သိက္ခာပုဒ်ကျိုးပါသလား ဘုရား။ တပည့်တော်တို့က မိန်းကလေး တွေဆိုတော့ ခေါင်းလျှော်ပြီး အုန်းဆီမထည့်လျှင် အမြင် မကောင်းဘူး ထင်လို့ ပါဘုရား။ သီလကျိုးမယ်ဆိုလျှင် ရှောင်နိုင်အောင်လို့ ဖြေကြားပါ ဘုရား။ သီလယူပြီးမှ အပြည့်အဝမရမှာ စိုးရိမ်လို့ ပါ အရှင်ဘုရား။

ဆည်းဆာခင်


အခြေခံ လိုအပ်လို့

အချိန်တို (ဆိုပါတော့ ၂၄ နာရီ) ဥပုသ်စောင့်တဲ့ အခါမျိုးမှာ ရေချိုး၊ ခေါင်းလျှော်၊ အုန်းဆီလိမ်းစတဲ့ ကိုယ်ခန္ဓာ သန့်စင်ကိစ္စကို သီလမယူခင် လုပ်ထားသင့်တယ်။ ဘုန်းကြီးသာဆိုရင် ဖြစ်နိုင်ရင် အလေး (ကျင်ကြီး) သွားတဲ့ ကိစ္စမျိုးကိုတောင် ကြိုပြီး ရှင်းထားမှာ။ အဲဒီလိုလုပ်ရင် ကိုယ့် အလုပ်ကို ပိုမို လေးစားရာ ရောက်တယ်လို့ ဘုန်းကြီး ယူဆတယ်။ သီလမယူခင် အနည်းဆုံး ခြေလက် ဆေးကြောတာလောက် လုပ်သင့်တယ်။ သီလယူပြီးတာနဲ့ တရားထိုင် ပုတီးစိပ် သို့မဟုတ် ကိုယ့်သီလ ကိုပြန်ပြီး အာရုံပြုလုပ်ရမယ်လေ။ သီလယူပြီးမှ ကိုယ်လက် သန့်စင် တာကို ဘုန်းကြီးတော့ မကြိုက်ဘူး။ ကိုယ်ခန္ဓာ သန့်ရှင်းနေခြင်းဟာ စိတ်ကြည်လင်မှုကို အထောက်အပံ့ ပြုနိုင်လို့ ပါ။ မလွှဲသာလို့ ဖြစ်စေ၊ ဥပုသ်ရက်ရှည် စောင့်ထားလို့ ဖြစ်စေ သီလယူပြီးမှ အခြေခံလိုအပ်တဲ့ ဖြီးလိမ်း ပြင်ဆင်ရရင်လည်း လူမှုရေး အလှပြင်ဖို့ မရည်ရွယ်လို့ ဝိလေ ပန သီလမကျိုးပေါက်တန်ရာဘူး။

အလယ်အလတ်

သာမန်တစ်ယောက် ဥပုသ်သီလ စောင့်ခြင်းရဲ့ ရည်ရွယ်ချက်က ရှုပ်ပွေ လှတဲ့ လောက လူ့ဘောင်ကို ခေတ္တခဏ ခွာရှောင်ပြီး ခြိုးခြံတဲ့ ဘဝနဲ့ စိတ်ကို ထိန်းသိမ်းရင်း စိတ်ပိုင်းဘဝကို လေ့ကျင့်ဖို့ဖြစ်ပါတယ်။ ဘုန်း ကြီးရဲ့ အမြင်အရ အဲဒီရည်ရွယ်ချက် မပျောက်ရင် အလွန်ကြီး တင်း ကျပ်ပြီး ဥပုသ်စောင့်လိုတဲ့ အမျိုးကောင်းသားတွေရဲ့ ဆန္ဒကို မတွန့် ဆုတ်စေသင့်ဘူး။ ဒါကြောင့် ကျန်းမာရေးကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင် ကိုငဲ့၍ဖြစ်စေ အချို့ကိစ္စကို လျှော့ပေးသင့်တယ်လို့ မြင်ပါတယ်။

အထူးသဖြင့် တရားရိပ်သာကြီးတွေမှာ အများနဲ့ နေရတဲ့ အခါ ကိုယ့်ဆီက ကိုယ်နံ့ မကောင်းရင် အများသူငါကိုပါ အနှောင့်အယှက် ဖြစ်စေ လို့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါတယ်။ မိသားစုနဲ့ ဝေးနေချိန် ကျန်းမာရေးလည်း အရေးပါလို့ မဖြစ်မနေ ဆေးသောက်ရ မယ်ဆိုရင် ‘စည်းကမ်းကိုတော့ လုံးဝ မလျှော့ပေးနိုင်ဘူး၊ ဥပုသ်ထွက် ပြီး အိမ်ပြန်ပါ’လို့ မဆုံးဖြတ်ဘဲ ယာဂုလို သစ်သီးလို ပေါ့ပါးတဲ့ အစား အစာမျိုးကို ခွင့်ပြုတန်သလောက်ခွင့်ပြုသင့်ပါတယ်။

၂၂၄။ ဘဝင်စေတသိက်

ရိုသေစွာ လျှောက်ထားအပ်ပါသည်၊

စာတစ်အုပ်တွင် ‘ဆားနှင့်ရေ တသားတည်းရောသည်မှန်သော်လည်း ဆားသည် ရေမရှိဘဲ တည်နိုင်သလို ရေသည် ဆားမရှိဘဲ တည်နိုင်၏။ သို့သော် စိတ်နှင့် စေတသိက်တွင် စိတ်သည် စေတသိက် မရှိဘဲ မတည်နိုင်၊ စေတသိက်လည်းစိတ်မရှိဘဲမတည်နိုင်’လို့ ဆိုပါသည်။ စေတသိက်သည် စိတ်မရှိဘဲ တည်နိုင်ကြောင်း လက်ခံပါသည်။ သို့သော် စိတ်သည် စေတသိက်မရှိဘဲ တည်နိုင်မတည်နိုင် သိလိုပါသည်။

ဘဝင်စိတ်တွင် မည်သည့် စေတသိက်များ ပါဝင်ပါသနည်း။ ပြီးတော့ အရူပဗြဟ္မာများတွင် မည်သည့်စေတသိက်များ ရှိနေပါသနည်း။
ရိုသေစွာလျက် ထွန်းလင်း


ခွဲခြား၍မရ

ဥပမာယ မိဓေကိစ္စေ ဝိညူ ပုရိသာ ဘာသိတဿ အတ္ထံ အာဇာနန္တိ (ဥပမာပေးလိုက်ရင် ဆိုလိုတဲ့ အဓိပ္ပာယ်ကို ပညာရှိတွေ နားလည်ကြတယ်၊ ဒီ၊၂၊၂၆၄)’လို့ ရှင်တော် ဗုဒ္ဓ ဟောကြားရာမှာ ဝိညူ (ပညာရှိ) လို့ ဆိုတဲ့ အတွက် တစ်ခါတစ်ရံ လူသာမန်အဖို့ ဥပမာကြောင့် ရှုပ်သွား တာမျိုးလည်း ရှိနိုင်ကောင်းပါတယ်။ ဒီနေရာမှာ ‘တည်’လို့ ဆိုမယ့် အစား ‘ခွဲခြား၍မရ’လို့ ဆိုရင် ပြေလည်သွားလောက်တယ်။ စိတ်ရှိလို့ စေတသိက် ဖြစ်လာတာ။ စေတသိက်ဟာ စိတ်နှင့် တစ်ပြိုင်နက် ဖြစ် ပြီး တစ်ပြိုင်နက်ချုပ်တယ်။

သစ်ပင်ကို ဖယ်လိုက်ရင် သစ်ရိပ် ပျောက်သွားသလိုပါဘဲ။ ဒီလို ပြောလိုက်ရင် ‘စိတ်သည် စေတသိက်မရှိဘဲ တည်နိုင် မတည်နိုင်’ ဆို တာကို ရှင်းဖွယ် မလိုတော့ဘူး။ စိတ်ဖြစ်မှ စေတသိက်က ဖြစ်လာ တာ။ စိတ်မရှိရင်တော့ သေပြီပေါ့။

ဘဝင်စေတသိက်

ဥပေက္ခာသန္တီရဏ ၂၊ မဟာဝိပါက် ၈၊ ရူပဝိပါက် ၅၊ အရူပဝိပါက် ၄၊ ပေါင်း ၁၉ ပါးကို ဘဝင်စိတ်လို့ ခေါ်တယ်။ သတ္တဝါအားလုံးဟာ မိမိတို့ ရောက်ရှိတဲ့ ဘုံဘဝနဲ့ အကျိုးပေး အခြေအနေအရ အဲဒီအထဲက တစ် ခုခုနဲ့ ပဋိသန္ဓေနေကြ၊ အိပ်ကြ၊ သေကြတယ်။

ဥပေက္ခာသန္တီရဏမှာ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြိယ၊ မသိကာရ၊ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခလို့ စေတသိက် ၁၀ ပါး။ မဟာဝိပါက်စိတ် ၈ ခုမှာ ဖော်ပြပြီး ၁၀ ပါး၊ ဆန္ဒ၊ ပီတိ၊ ဝီရိယ၊ သောဘဏသာဓာရဏ စေတသိက် ၁၉ နဲ့ ပညာ စေတသိက်၊ ပေါင်း ၃၃ ပါး။ ရူပဝိပါက် ၅ ခုမှာ ဖော်ပြပြီး ၃၃၊ ကရုဏာ၊ မုဒိတာ၊ ပေါင်း ၃၅။ အရူပဝိပါက်လေးခုမှာအဲဒီ ၃၅ ထဲက ဝိတက္က၊ ဝိစာရ၊ ပီတိ၊ ကရုဏာ၊ မုဒိတာကို နုတ်၊ ပေါင်း စေတသိက် ၃၀။ ဘဝင်စိတ်နဲ့ အတူဖြစ်နေခိုက်ဘဝင် စေတသိက်တွေပေါ့။ ဗြဟ္မာ့စေတသိက်

အရူပဗြဟ္မာတွေက ပဋိသန္ဓေအခါမှာ အရူပဝိပါက်လေးခုနဲ့ စေတသိက် ၃၀။ ပဝတ္တိအခါမှာတော့ လောဘမူ ၈၊ မောဟမူ ၂၊ မနောဒွါရာဝဇ္ဇန ၁၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အရူပကုသိုလ် ၄၊ အရူပကြိယာ ၄၊ သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာ ၇၊ စုစုပေါင်းစိတ် ၄၂ နဲ့ အဲဒီ စိတ်တွေနဲ့ အတူဖြစ်တဲ့ (စေတသိက် ၅၂ ပါးထဲက) ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စကြဉ်တဲ့ စေတသိက် ၄၈ ပါး။ အဲဒီ စေတသိက်တွေဟာ အရူပဘုံမှာဖြစ်တဲ့ စိတ်တွေဖြစ်တာနဲ့ တစ်ပြိုင်နက် အတူဖြစ်လာ လို့ အရူပဗြဟ္မာတွေရှိနေတတ်တဲ့ စေတသိက်ပါပဲ။

စျာန်စိတ်တွေနဲ့ နေကြတာဖြစ်လို့ အရူပဘုံက ပုထုဇဉ် ဗြဟ္မာတွေ စိတ်မဆိုး၊ မနာလိုဝန်တိုခြင်း မရှိကြတော့ဘူး။

၂၂၅။ DNA နဲ့ ဗုဒ္ဓဝါဒ

မတ် ၈၊၂၀၁၂။

ဝိကာလဘောဇန သိက္ခာပုဒ်အရ ယနေ့ မွန်းလွဲချိန်မှစပြီး နောက်နေ့ အရုဏ်တက်ချိန်ထိ မစားရဟု နားလည်ပါသည်။ ဤသိက္ခာပုဒ်သည် မြတ်စွာဘုရား ဟောတော်မူသည့် တစ်နပ်စား ဟူသော အဓိပ္ပာယ်နှင့် မည်သို့ ကွဲပြားပါသနည်း။ ရဟန်းတော်များမှာ အရုဏ်ဆွမ်း နေ့ဆွမ်း ဟု နှစ်နပ်ဘုဉ်းပေးကြရသောကြောင့် မေးလျှောက်ခြင်းဖြစ်ပါသည်။

သိပ္ပံပညာ ထွန်းကားသည့် ယနေ့ခေတ်တွင် လူတို့၏ တီထွင် ဖန် တီးမှုဖြင့် Clone ဟု ခေါ်သော ဗီဇမျိုးပွားမှုများ၊ ဖန်ပြွန်သန္ဓေသား၊ အမျိုးမတူသော သတ္တဝါနှစ်ခု၏ မျိုးကိုယူပြီး စပ်သော သတ္တဝါအသစ်များ ဖြစ်လာနိုင်ပါသည်။ ဥပမာ မိုက်ကယ် ဂျက်ဆင်၏ ဆံပင်စသော DNA ကိုယူပြီး ရုပ်ရည်စရိုက်စသည်ဖြင့် သူနှင့် ချွတ်စွပ်တူသော ဒုတိယ မိုက်ကယ် ဂျက်ဆင်ကို ဆင့်ပွားယူလို့ ရနိုင်ပြီဟု ဖတ်ရှု မှတ်သားမိပါ သည်။ အဆိုပါ မျိုးဗီဇဆိုင်ရာ ခေတ်သစ်၏ သိပ္ပံတိုးတက်မှုကို ဗုဒ္ဓဝါဒ ရှုထောင့်မှ မည်သို့ ယူဆကြောင်း ဒိဋ္ဌိကင်းစင်စွာ လက်ခံ နားလည် နိုင်ရန် ဖြေကြားပေးစေလိုပါသည်။

ရှိခိုးဦးတင်လျက် မင်းခေါင်


တစ်ထပ်စား

ဗြဟ္မဇာလ သုတ်တော်မှာ ‘ဧကဘတ္တိကော = ဗုဒ္ဓသည် တစ်ထပ်သာ စား၏ (ဒီ၊၁၊၅)’လို့ ဟောတော်မူပါတယ်။ ‘နံနက်စာ၊ ညနေစာလို့ အစာ စားပုံ နှစ်မျိုးရှိရာမှာ မွန်းမတည့်မီ အတွင်းကို နံနက်စာ၊ မွန်းလွဲချိန် မှစပြီး နောက်နေ့ အရုဏ်တက်ချိန်ထိကို ညစာလို့ သတ်မှတ်တဲ့ အတွက် မွန်းမတည့်မီ အတွင်းမှာ ဆယ်ကြိမ် စားပေမယ့် တစ်ထပ်စား လို့ ပဲ ဆိုရတယ် (ဒီ၊ဋ္ဌ၊၁၊၇၈)’။ ဒီအဆိုအရ မနက်စာနဲ့ နေ့လယ်စာ နှစ်မျိုးလုံးကို အရုဏ်တက်ချိန်မှစပြီး မွန်းမလွဲမီအတွင်း စားတာဖြစ်လို့ တစ်ထပ်စားလို့ ပဲယူပါ။

ဒီလိုဆိုသင့်

‘မိုက်ကယ် ဂျက်ဆင်၏ ဆံပင်စသော DNAကို ယူပြီး ရုပ်ရည် စရိုက် စသည်ဖြင့် သူနှင့် ချွတ်စွပ်တူသော ဒုတိယ မိုက်ကယ် ဂျက်ဆင်ကို ဆင့် ပွားယူလို့ ရနိုင်ပြီ’လို့ ဆိုရင် နားလည်ပုံမမှန်ဘူး။ ဆံပင်ဟာ DNA မဟုတ်ဘူး။ သက်ရှိတွေ သစ်ပင်တွေရဲ့ ကလာပ်စည်းထဲမှာ ရှိတဲ့ မျိုး ဗီဇလက္ခဏာဆောင် အချောင်းကလေးနှစ်ခု (back bones နဲ့ phosphate လို့ ခေါ်တဲ့ ဓာတုပစ္စည်း နှစ်မျိုး)ကို DNA လို့ ခေါ်တာ။ အဲဒီနှစ်ခုကို မျိုးဗီဇ ပွားယူတဲ့ သိပ္ပံနည်းနဲ့ သက်ရှိပြန်ဖြစ်အောင် လုပ်နိုင်တယ်။ အဓိပ္ပာယ် က လူတစ်ယောက်ရဲ့ ဆံပင်၊ အရိုးစသည်ရဲ့ အထဲက ထုတ်ယူရရှိတဲ့ အဲဒီပစ္စည်းနှစ်ခုနဲ့ အဲဒီလူနဲ့ ပုံစံတူအခြားတစ်ယောက်ဖြစ်အောင် လုပ် နိုင်တယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် သဘာဝအရ အားလုံး ချွတ်စွပ် တော့ မတူနိုင်ဘူး။

အမြွာပူးတွေ

ဥပမာ အမြွာပူးတွေ။ အကြောင်းတစ်ခုနဲ့ မျိုးအောင် ဥတစ်လုံး (ကလလ ရေကြည်တစ်ခု) နှစ်ခြမ်း ကွဲသွားရာကနေ အမြွာပူး ဖြစ်လာတယ်။ တစ်ခုတည်းသော မျိုးအောင်ဥက ကွဲထွက်ပြီးနောက်တစ်ခုဖြစ်လာလို့ အဲဒီ အမြွာပူးတွေဟာ DNA တူတယ်။ ဒါပေမယ့် အချင်းမှ တစ်ဆင့် မိ ခင်ရဲ့အာဟာရကို ခံယူမှုကွာခြားခြင်းစတဲ့ အကြောင်းကြောင့် ရှည်တို၊ ပိန်ဝမတူနိုင်။ သန္ဓေသားရဲ့လက်တွေထိတဲ့ နေရာအလိုက် လက်ဗွေ ပုံစံလည်း မတူဘူး။ အပြင်ပန်းရုပ်သွင်တောင် တစ်ထပ်တည်း မတူနိုင် ရင် စိတ်နေစိတ်ထားနဲ့ စရိုက်တွေဘယ်လိုလုပ်ချွတ်စွပ်တူနိုင်ပါ့မလဲ။ မိုက်ကယ်ဂျက်ဆင်ရဲ့ DNA နဲ့ ပွားယူလိုက်တဲ့ မျိုးပွား လူသားဟာ သာမန်တော့ မိုက်ကယ်နဲ့ ခွဲမရအောင် ရုပ်သွင်ပုံဟန် တူမှာပါပဲ။ ဒါပေမယ့် သီချင်းသည်မဟုတ်ဘဲ ဖောက်ထွင်း ဝိဇ္ဇာဖြစ်ချင်ဖြစ်နေမယ်။

သံသေဒဇ

၁) ဇလာဗုဇ = လူ၊ ကျွဲနွား၊ ဝေလငါးလို အမိဝမ်းမှ မွေးခြင်း
၂) အဏ္ဍဇ = ကြက်ငှက်၊ မိကျောင်း၊ ဒိုင်နိုဆောလိုဥကပေါက်ဖွားခြင်း
၃) သံသေဒဇ = ပန်းအိုးထဲက ရေထဲမှာတွေ့ရတဲ့ လောက်လန်းလေးတွေ၊ ငါးပုပ်ထဲက ပိုးလောက်တွေလို ငြိတွယ် (စိုစွတ်)တဲ့ နေရာမှာ ဖြစ် တည်ခြင်း
၄)ဥပပါတ် = နတ်တွေလို ဒီဘဝကနေ နောက်ဘဝတစ်ခုမှာ ဘွားကနဲ့ ပေါ်လာခြင်းလို့ ဗုဒ္ဓ အဘိဓမ္မာအရ သတ္တဝါတွေရဲ့ မွေးဖွားပုံ လေးမျိုးရှိတယ်။

မျိုးဗီဇတွေကို ခေတ်မီပစ္စည်း ကိရိယာတွေနဲ့ ခွဲထုတ် ရယူပြီး ဓာတ်ခွဲခန်းမှာ တဖြည်းဖြည်း ကြီးလာအောင် ဓာတုဆေးပေါင်းရည်နဲ့ စိမ်ထားတာမျိုးကို ‘လူလုပ်တဲ့ သံသေဒဇ’လို့ ဘုန်းကြီး ယူဆတယ်။ ဒါကြောင့် ဖန်ပြွန်သန္ဓေသား၊ မျိုးဗီဇပွားခြင်း ဆိုတာတွေက ဗုဒ္ဓဝါဒနဲ့ မစိမ်းပါဘူး။ ရှင်းလို့ ရပါတယ်။

ဒိဋ္ဌိကင်းဖို့

‘သတ္တဝါတွေဟာ ကမ္မသတ္တိရဲ့ တွန်းအား၊ တဏှာရဲ့ စီမံဖန်တီးတဲ့ လမ်းညွှန်မှုတွေနဲ့ အသီးသီးရဲ့ ပြောင်းလဲဖြစ်စဉ် စက်ဝန်းပေါ်မှာ နှောင် ကြိုးရှိနေတဲ့ ပုတီးလုံးလေးတွေလို ထပ်ခါထပ်ခါ ဖြစ်ရတယ်။ သေဆုံး ခါနီး စိတ်အစဉ် အားနည်းနေချိန် ဇောစိတ်ဟာ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အလိုဆန္ဒရဲ့ အာရုံမှာ ငြိတွယ်ပြီး ဘဝတည်ရှိလိုတဲ့ တပ်မက်မှုနဲ့ အတူ အတွေးအာရုံ အားလုံးကို အရာဝတ္ထုသစ်အဖြစ် လှုပ်ရှားလာစေဖို့ ဖော် ဆောင်ပေးတဲ့ အတွက် ပြောပြထားတဲ့ မွေးဖွားပုံလေးမျိုးထဲက တစ်ခုခု နဲ့ နတ်ရယ်၊ လူရယ်၊ တိရစ္ဆာန်ရယ်လို့ ဖြစ်ပေါ်လာတယ်’ဆိုတဲ့ ဗုဒ္ဓဝါဒ သီအိုရီဟာ DNA ဆိုဆို Clone ပြောပြောနဲ့ မျဉ်းပြိုင်ပါပဲ။

ရွှံ့ခဲ သို့မဟုတ် သွေးခဲ သို့မဟုတ် လူ့နံရိုးကို ‘လူဖြစ်စေ သတည်း’ ဆိုတဲ့ ဖန်ဆင်းရှင် ဝါဒီတို့ရဲ့ကျမ်းမြတ်အဆိုနဲ့ နှိုင်းယှဉ်လိုက်ရင် ပဲ ‘ဒိဋ္ဌိ ကင်းစင်’နိုင်ကောင်းပါတယ်။

၂၂၆။ ရွှေရောင်မေတ္တာ ထိန်ထိန်သာ

မတ် ၁၄၊၂၀၁၂။

ဆရာတော် အရှင်ဘုရား၊

ရိုသေစွာ လျှောက်ထားပါတယ်။ မြန်မာပြည်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသော ရဟန်းတော်များသည် ရိုက်နှက် ဖမ်းဆီးခြင်း၊ အတင်း အကြပ်သင်္ကန်းချွတ်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်းများ ခံခဲ့ရပါတယ်။
၁)ထိုသို့ခံရသော ရဟန်းတော်များသည် လူသာမန်ဖြစ်သွားပါသလား၊
၂)၂၀၀၇ ခုနှစ်မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန် ရေးသည် ဝိနည်းတော်နှင့် ကိုက်ညီပါရဲ့လား။ မကိုက်ညီပါက ပါဝင် သော ရဟန်းတော်များသည် မည်သို့သော အပြစ်ရှိပါသနည်း။

၃) အမိန့်ပေးခဲ့သော၊ ကာယကံမြောက် ရိုက်နှက်၊ ဖမ်းဆီးထောင်ချခဲ့ သော သူများသည် မြတ်စွာဘုရား တရားတော်အရ အပြစ်ရှိပါသလား၊ မည်သို့သော အပြစ်ရှိပါသနည်း။

၄)ဘုရားရှင်လက်ထက်က ထိုသို့သော ပြဿနာများ ရှိခဲ့ဖူးပါသလား။
ရိုသေလေးစားလျက် ကိုထွေး


ရဟန်းပါပဲ

၁) ‘သာမန် လူပြန်ဖြစ်သွား’ဆိုတာကို ဘုန်းကြီးဝေါဟာရနဲ့ သိက္ခာကျ (သိက္ခာပျက်စီး)လို့ နားလည်မယ်။ ဒီအဓိပ္ပာယ်အရ သမ္ပတ္တိ (ပြည့်စုံမှု) ငါးမျိုးကို မလျှော့စေဘဲ (တရားဝင်) သိမ်ထဲမှာ ရဟန်းဖြစ်ပြီးတဲ့ ဘုန်း ကြီးတစ်ပါးဟာ လူပြန်ဖြစ်သွားစေနိုင်တဲ့ အပြစ်လေးမျိုးကို မကျူးလွန် သရွေ့၊ ဘုန်းကြီး လုပ်လိုစိတ် မရှိတော့လို့ ကိုယ့်ဆန္ဒ ကိုယ့်ဆုံးဖြတ် ချက်နဲ့ ကိုယ်တိုင် သိက္ခာကို မစွန့်သရွေ့ မည်သူကမျှ မည်သို့မျှ အဲဒီ ဘုန်းကြီးကို လူဖြစ်သွားအောင် လုပ်လို့ မရဘူး။ အာဏာနဲ့ အတင်း အကြပ် ပိတ်ဖြူ ဝတ်ပေးလိုက်ရုံနဲ့ လူပြန်ဖြစ်မသွားဘူး။ (စကားမစပ်၊ ဒီ ဖော်ပြချက်နဲ့ ဗုဒ္ဓဝါဒရဲ့ လူ့အခွင့်အရေး သဘောထားကို ရိပ်မိနိုင်တယ်။)

လူဖြစ်သွားစေနိုင်တဲ့ အကြောင်းလေးမျိုးက အထီးအမတွေနဲ့ မေ ထုန်မှီဝဲခြင်း၊ နီလကဟာပဏမျိုး (အသပြာ)ရဲ့ တစ်မတ်နဲ့ တစ်မတ် အထက်ကို ခိုးခြင်း၊ ကိုယ်ဝန်ကို ဖျက်ခြင်း အပါအဝင် လူ့အသက်ကို သတ်ခြင်း၊ စျာန်မဂ်ဖိုလ်ကို မရဘဲရတယ်လို့ လိမ်ခြင်းတို့ပါပဲ။

ရွှေဝါရောင်

၂) ‘ရွှေဝါရောင်တော်လှန်ရေး’။ ‘ရွှေဝါရောင်’ ဆိုတာ ဘုန်းကြီးတွေကို ရည်ရွယ်တယ်။ ဒီနေရာမှာ ဘုန်းကြီး လေးပါးနဲ့ လေးပါး အထက်ကို သံဃာလို့ ခေါ်တာကို မှတ်ထားသင့်တယ်။ ရွှေဝါရောင် အမည်ရနိုင်တဲ့ ဘုန်းကြီးတွေက လေးပါးမကတဲ့ အတွက် ရွှေဝါရောင်ဆိုတာ သံဃာကို ရည်ရွယ်တာလို့ အတိအကျ အဓိပ္ပာယ် ဖွင့်ဆိုမယ်။ ‘တော်လှန်ရေး’ဆို တာက 'revolution' ကိုမြန်မာမှုပြုထားတာဖြစ်ရင် Dictionary.com ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က an overthrow or repudiation and the thorough replacement of an established government or political system by the people governed = တည်ရှိပြီး အစိုးရ သို့မဟုတ် နိုင်ငံရေးစနစ် ကိုအုပ်ချုပ်ခံတွေက ဖြုတ်ချ သို့မဟုတ် ငြင်းဆိုပြီး အစားထိုးခြင်း’တဲ့။ ‘သံဃာ’နဲ့ ‘တော်လှန်ရေး’ ဆိုတာက ရည်ရွယ်ချက် မတူလို့ ဝေါ ဟာရအရ မလိုက်ဖက်ဘူးလို့ ထင်ရပေမယ့် သံဃာအနေနဲ့ ကြိုက်ခြင်း မကြိုက်ခြင်း၊ သဘောတူခြင်း၊ မတူခြင်းဆိုတဲ့ မိမိရဲ့ သဘောဆန္ဒကို ထုတ်ဖော်ပြသခွင့်ရှိတာလည်း အမှန်ပါပဲ။

သကျတွေကို မျိုးဖြုတ်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ ဝိဋဋူဘမင်းသား စစ် တပ်ကြီးနဲ့ ချီတက်သွားတာကို သိတော်မူတဲ့ အခါ ဗုဒ္ဓဟာ နှစ်နိုင်ငံနယ် စပ်ကို တစ်ပါးတည်း ကြွပြီး မင်းသားရဲ့ပိုင်နက်ထဲက အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ မထိုင်ဘဲ သကျမျိုးတို့ပိုင်နက်မှာ ရှိတဲ့ အရိပ်မဲ့ သစ် ပင်အောက်မှာ ထိုင်ပြီး မင်းသားအလာကို စောင့်နေတယ်။ အဲဒီ အခြေ အနေကို တွေ့မြင်ရတော့ မိုက်ပေမယ့် ဆင်ခြင်တုံတရား ရှိပုံရတဲ့ မင်း သားဟာ မိမိလုပ်ရပ်ကို ဗုဒ္ဓ မနှစ်သက်ဘူး သို့မဟုတ် ဆန္ဒပြတယ်လို့ နားလည်သွားပြီး ရှင်တော်ဗုဒ္ဓကို လေးစား နားလည်ပေးတဲ့ အနေနဲ့ သုံးကြိမ်တိုင်တိုင် ရှေ့မဆက်ဘဲ အဲဒီနေရာကပဲ ပြန်ဆုတ်ခဲ့ဖူးတယ်။

ဝိနည်းနဲ့ ညီရဲ့လား

၃) ပရိမဏ္ဍလလို့ ခေါ်တဲ့ သေခိယသိက္ခာပုဒ်နဲ့ အညီ သင်္ကန်းကို ကောင်း စွာ ဝတ်ရုံပြီး လမ်းမပေါ်မှာ မေတ္တသုတ်ကိုရွတ် သို့မဟုတ် မေတ္တာပို့ ဆောင်ပုဒ်ကို ဆိုရုံနဲ့ စိတ်ထဲမှာ မည်သို့ ရည်ရွယ်ချက်ရှိစေ၊ အပြင်ပန်း အရလည်း မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြစေ ဝိနည်းနဲ့ ဆန့်ကျင်တယ်လို့ မဆိုနိုင်ရာဘူး။ ပုထုဇဉ်ဖြစ်တဲ့ အတိုင်း စိတ်လှုပ်ရှားပြီး အသံကို ဌာန် ကုန်မြှင့်မိရင် တောင် ပရိတ်ကိုရွတ်ဆိုတာ ဖြစ်လို့ အာပတ် မသင့်ဘူး။ လမ်းလျှောက်ဆဲမှာ ပရိတ်မေတ္တာနဲ့ မပတ်သက်တာကို အသံပြဲကြီးနဲ့ အော်မိပြောမိရင်၊ မျက်လွှာကိုချ ရှေ့ကိုလေးတောင်ခန့်မျှ မကြည့်မိရင် ဒုက္ကဋ်အာပတ် သင့်တယ်။ ဒီအာပတ်က ရဟန်းရဲ့ အသက်ကို စွန့်ရ လောက်အောင် အပစ်မကြီးဘူး။

ပြုသူရဲ့ အပြစ်

‘လမ်းပေါ်ထွက်ရင် သတ်စေ’လို့ အရာရှိက အရာခံကို အမိန့်ပေးတယ် ဆိုပါစို့။ အရာခံဟာ ဘုန်းကြီးတွေ လမ်းပေါ်ထွက်တာနဲ့ ‘ဒိုင်း’ခနဲ ပစ် လိုက်လို့ ဘုန်းကြီး တစ်ပါးပါး ပျံလွန် သို့မဟုတ် ဒဏ်ရာရရင် ခိုင်းသူ၊ ခိုင်းခံ နှစ်ဦးလုံး အပြစ်ရှိတယ်။ သတ်ခိုင်းသူ၊ သတ်သူရဲ့ စိတ်ထဲမှာ ‘ဘုန်းကြီးတွေ’လို့ အသိရှိနေလို့ သံဃာကို သတ်ခိုင်းခြင်း၊ သတ်ခြင်းလို့ အဓိပ္ပာယ် သက်ရောက်တယ်။ အလှူဒါန ပြုလုပ်ရာမှာ ‘သံဃော ဟိ ဒုဿီလော နာမ နတ္ထိ’ ဆိုတဲ့ အတိုင်း သံဃာကို ရည်မှန်းပြီး လုပ်ရင် အကျိုးကြီးမြတ်သလို သံဃာဆိုတဲ့ အသိနဲ့ သတ်ရတာဖြစ်လို့ အရိယာ ကိုသတ်တဲ့ လူနဲ့ အလားတူတဲ့ အပြစ်မျိုးလို့ ဆိုနိုင်တယ်။

အလားတူဖြစ်ရပ်

၄) မြတ်ဗုဒ္ဓ လက်ထက်က သံဃာတွေ ရည်ရွယ်ချက် တစ်ခုနဲ့ စီတန်း လမ်းလျှောက်ပြီး ပရိတ်ရွတ်တာမျိုးကို ပါဠိမှတ်တမ်းမှာ မတွေ့ဖူးသေးဘူး။ ဘုန်းကြီးတွေကို အကြည်ညိုပျက်အောင် အခြားလူတွေကို ဆွယ် တရားဟောလေ့ရှိတဲ့ ဝဍ္ဎလို့ ခေါ်တဲ့ လိစ္ဆဝီ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကို သံဃာတွေက ဆွမ်းမခံဘဲ ပယ်ထားတာမျိုးတော့ ရှိဖူးတယ်။ စူဠ ဝံသကျမ်းအရ သမိုင်းဝင် သံဃာ့မြေကို အာဏာနဲ့ သိမ်းယူတဲ့ သီဟိုဠ် ဘုရင် (ဒုတိယ ဒါဋ္ဌောပတိဿမင်း၊ အေဒီ ၆၅၀-၆၅၈)ကို ဆန္ဒပြတဲ့ အနေနဲ့ ရဟန်းတွေ ဆွမ်းခံကြွစဉ် နန်းတော်ရှေ့ရောက်ရင် ပုံမှန် လှန် ထားတဲ့ သပိတ်ကို မှောက်ပြကြသတဲ့ (အခန်း၄၃၊ ဂါထာ၃၄)။

၂၂၇။ စိတ်ထိန်းနည်း

ရိုသေစွာမေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

၁) နတ်တွေ လူ့ပြည်ဆင်းပြီး အလှူပေးကြောင်း မှတ်သားဖူးပါသည်။ နတ်ဘုံတွင် ဒါန၊ သီလ၊ ဘာဝနာလုပ်လို့ ရနိုင်မရနိုင် သိလိုပါသည်။

၂)သူတစ်ပါးပစ္စည်းကို စိတ်ထဲကယူမိရင် ငါးပါးသီလပျက်သလား။

၃) မိဘများထံ အလှူငွေ ပေးပို့၍ဖြစ်စေ၊ အွန်လိုင်းမှ တစ်ဆင့် ဖြစ်စေ လှူဒါန်းရသဖြင့် ကိုယ်တိုင် မလုပ်ရသော တပည့်တော်၏ အလှူဒါနမှာ အကျိုးရှိနိုင်ပါသလား။ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်းကိုတော့ ပုံမှန် ပြုလုပ်နိုင်ပါသည်။

၄) ကောင်းမှုတွေ လုပ်နေရင်းနဲ့ မကောင်းစိတ်တွေ ဝင်လာတတ်သဖြင့် ကိုယ့်ကိုယ်ကို အားမရ ဖြစ်မိပါသည်။ မကောင်းစိတ်တွေ မဖြစ်အောင် မည်သို့ စိတ်ကို ထိန်းချုပ်ရမည်ကို သိလိုပါသည်။

ကောင်းမြတ်ဇော်၊ စင်္ကာပူ


၁) နတ်တွေ လူ့ပြည်ဆင်း အလှူပေးရုံ မကဘူး။ ဝိဓူရဇာတ်မှာ သိ ကြားမင်း လူ့ပြည်ဆင်းပြီး ဥပုသ်စောင့်တဲ့ သာဓကလည်း ရှိပါတယ်။ နတ်ဘုံ နတ်ဘဝဆိုတာ ယခင်ဘဝ ကုသိုလ်ကြောင့် အရာရာပြည့်စုံလို့ ပျော်ရွှင်စရာ ကာမအာရုံတွေများလွန်းတဲ့ အတွက် ဒါန၊ သီလ၊ ဘာဝနာ လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ‘အစရာဂဏေန သဗ္ဗဒါ ပရိဝါရိယ မာနဿ ကာမဂုဏာကိဏဿ တဗ္ဗိရဟိတ ဋ္ဌာနဿ အဘာဝါ = နတ်သမီးတွေ အမြဲ ဝန်းရံနေတဲ့ ကာမအာရုံတောမှာ ကာမမဲ့ ဆိတ်ငြိမ်နေရာဆိုတာ ရှားသား (မူလဋီ၊၂၊၂၃၃)’တဲ့။

ဒါပေမယ့် လုပ်လို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ သုဓမ္မာ ဓမ္မာရုံမှာ တရားနာနိုင်၊ စူဠာမဏီစေတီမှာ ပန်းဆီမီး ပူဇော်ရင်း ဗုဒ္ဓါနုဿတိနဲ့ ပုတီးလည်း စိပ်နိုင်လောက်ပါတယ်။ ထက်သန်နေ တဲ့ သဒ္ဓါတရား ဓာတ်ခံလေးကိုတော့ မပျောက်ပျက်အောင် ခုကတည်း က အလေ့အကျင့် လုပ်ထားပေါ့။

၂) သိက္ခာပုဒ် တစ်ခုစီရဲ့ အင်္ဂါရပ်တွေထဲမှာ ‘ကျူးလွန်ခြင်း’ဆိုတာ ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ နှုတ်နဲ့ မကျူးလွန်သရွေ့ ကံမမြောက်ပါဘူး။ မကောင်းစိတ်ကို ကောင်းစိတ်အဖြစ် ပြောင်းပြီး အမြန်ဆုံး ဆေးပစ် လိုက်ရင် စင်ကြယ်နိုင်ပါတယ်။

၃)ကွယ်လွန်သူကို ရည်မှန်းပြီး ကျန်ရစ်သူတွေကတောင် ကုသိုလ်အမျှ ဝေနိုင်သေးတာပဲ။ မိမိရဲ့ အလှူဝတ္ထုနဲ့ မိဘ မွေးချင်းတွေ လုပ်တဲ့ ကုသိုလ်ကို ဝမ်းမြောက် သာဓုခေါ်ခွင့်ရှိရင် မိမိပြုသလိုပါပဲ။ ဆက်လုပ်ပါ။ ဆွမ်းတော်၊ ပန်းတော်၊ သောက်တော်ရေ ကပ်လှူတယ် ဆိုတာတွေလည်း ဗုဒ္ဓါနုဿတိ အာရုံကို ပီပြင်စေတဲ့ နေ့စဉ်ကောင်းမှု အထူး ဖြစ် တဲ့ အတွက် မပျက်မကွက် ဆက်လက်ပြီး ဆောင်ရွက်ပါ။

၄) သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိစတဲ့ သမထ တစ်မျိုးမျိုးကို ဖြစ်စေ ထပ်ခါထပ်ခါ ပွားများနေရင် ကုသိုလ် တွေ အဖြစ်များပါလိမ့်မယ်။ ‘ပါပသိံ ရမတေ မနော = စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့တယ်’ ဆိုတဲ့ အတိုင်း သူသူ ကိုယ်ကိုယ် ပုထုဇဉ် တို့ရဲ့နေ့စဉ်ဘဝမှာ အကုသိုလ်စိတ်တွေ ဖြစ်နေတတ်တာပါပဲ။

မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်ပေါ်အောင်၊ ဖြစ်ပြီး အကုသိုလ်ကို ပျောက်သွားအောင်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်ပေါ်အောင်၊ ဖြစ်ပြီး ကုသိုလ်တွေ ပိုမို ဖြစ်လာအောင် ပေါ့ပေါ့နေလို့ မရဘူး။ လုံ့လ အားထုတ် ပြုရတယ်။ ‘စိတ္တံ ဂုတ္တံ သုခါဝဟံ = စောင့်ရှောက်ထားတဲ့ စိတ်ဟာ ချမ်းသာမှုဆီ ဆောင်ကြဉ်းတယ်’လို့ ရှင်တော်ဗုဒ္ဓ ဟောကြား ပါတယ်။ လိုက်နာကျင့်သုံးနိုင်ပါစေ။

ဓမ္မသတ်တရား ရှိပါငြားလည်း တိမ်းပါးငဲ့ကွက် လက်ဆောင်ဖျက်သည်။
(တောင်ဖီလာဆရာတော်)

၂၂၈။ သဗ္ဗေ ဓမ္မာ အနတ္တာ

အရှင်ဘုရား၊

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ ... သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ ... သဗ္ဗေ ဓမ္မာ အနတ္တာတိ တို့ကို မြန်မာလို ပြန်ဆိုပေးစေလိုပါသည်။ အထူးသဖြင့် ဓမ္မာ-၏ အဓိပ္ပာယ်နှင့် အနတ္တာဟု ပြောင်းလဲသွားပုံတို့ကို ရှင်းလင်းပေး တော်မူပါ အရှင်ဘုရား။ ဓမ္မာ၏ အဓိပ္ပာယ်မှာ အလွန်နက်ရှိုင်း ကျယ် ပြန့်မည်ဟု ထင်ပါသည်။ အဓိပ္ပာယ်ကို ကျမ်းဂန်နှင့်အညီ ဖွင့်ဆိုရှင်းပြ စေလိုပါသည် အရှင်ဘုရား။

ရှိခိုးဦးတင်လျက်
ဒကာကြီး ဦးအောင်ကို


မြန်မာပြန်

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ = ‘(ရုပ်နာမ်ဓမ္မ)သင်္ခါရ အားလုံးတို့သည် အမြဲမရှိကုန်’ဟု...သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ = ‘(ရုပ်နာမ်ဓမ္မ)သင်္ခါရအား လုံးတို့သည် ဆင်းရဲကုန်၏’ဟု ... သဗ္ဗေ ဓမ္မာ အနတ္တာတိ = ‘သဘာဝတရား အားလုံးတို့သည် အတ္တ မဟုတ်ကုန်’ ဟု ... ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ = ‘ဝိပဿနာ ပညာဖြင့် ရှုမြင်နိုင်သောအခါ ထို (ရုပ်နာမ်ဓမ္မသင်္ခါရ)တို့၌ ငြီးငွေ့၏၊ ဤ ငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။ (ဓမ္မပဒ၊၁၇၈-၁၇၉ဂါထာ)။

သင်္ခါရ

အနိစ္စာတိနဲ့ ဒုက္ခာတိ စာပိုဒ်တွေမှာ ပါတဲ့ ‘သင်္ခါရာ’ပုဒ်ကို ဆဋ္ဌသံဂါ ယနာတင် ဆရာမြတ်တို့က ရုပ်နာမ်ဓမ္မလို့ အပိုထည့်သွင်းပြီး ဘာသာ ပြန်တော်မူကြတယ်။ ရုပ်နာမ်ဓမ္မဆိုတာ စိတ်အကျဉ်း ၈၉ (အကျယ် ၁၂၁)၊ စေတသိက် ၅၂နဲ့ ရုပ် ၂၈။ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဖြစ်လို့ ဒီသုံးမျိုးကို သင်္ခတလို့လည်း ခေါ်တယ်။ အဲဒီ သင်္ခတဓမ္မဟာ မတည်မြဲလို့ အနိစ္စ၊ နှိပ်စက်တတ်လို့ ဒုက္ခ။ ဒီလိုဖြစ်နေ တာ မကောင်းလို့ ဟိုလိုဖြစ်အောင် လုပ်ကြည့်လို့ မရ၊ ကိုယ့်အလိုကျ ဖြစ်ချင်ပေမယ့်ဖြစ်လို့ မရ၊ အဲဒီလို ကိုယ့်အလိုသို့မလိုက်လို့ အနတ္တ

သဗ္ဗေ ဓမ္မာ

အနတ္တာတိ စာပိုဒ်မှာတော့ ‘သဗ္ဗေဓမ္မာ’လို့ ဆိုတယ်။ ‘သဘာဝတရား အားလုံး’လို့ ဘာသာပြန်တယ်။ လောကမှာ မပြုမပြင် ပင်ကိုအတိုင်း တည်ရှိတဲ့ ပရမတ္ထဓမ္မနဲ့ ခေါ်ဝေါ် သတ်မှတ်ထားတဲ့ ပညတ္တိဓမ္မလို့ နှစ် မျိုးရှိတယ်။ သတ္တဝါတို့ရဲ့ အိုခြင်း နာခြင်း သေခြင်း၊ ကမ္ဘာမြေရဲ့ ဆွဲငင် အား စတာတွေဟာ တန်ခိုးရှင်ရဲ့ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ သူ့ အလိုလို တည်ရှိတဲ့ သဘော။ လူ၊ မိန်းမ၊ ယောကျ်ား၊ မောင်ဖြူ၊ မောင် မည်းစတဲ့ အမည်နာမတွေက ပညတ်ချက်တွေ။ အဲဒီ နှစ်မျိုးလုံးလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေပါပဲ။

အနတ္တနယ်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထဓမ္မ ၄ မျိုးလုံး ပါတဲ့ အတွက်၊ တစ်နည်းဆိုရင် နိဗ္ဗာန်ကိုပါ အနတ္တထဲမှာ ထည့် လိုတဲ့ အတွက် ဓမ္မာလို့ ဟောတော်မူတယ် (သဗ္ဗေ ဓမ္မာတိ နိဗ္ဗာနမ္ပိ အန္တောကတွာ ဝုတ္တာ၊ ပဋိသံ၊ဋ္ဌ၊၁၊၅၈။)နိဗ္ဗာန်ဟာ အသင်္ခတဓမ္မ ဖြစ် လို့ အနတ္တပဲ ဖြစ်တယ်၊ အနိစ္စ၊ ဒုက္ခတော့ မဟုတ်ဘူး။ ဒီဖွင့်ဆိုချက် အရ အတ္တဝါဒီ (ဝိညာဉ်ကောင်ရှိ အယူရှိသူ)တွေက နိဗ္ဗာန်ဟာ အတ္တနဲ့ အတူတူပါပဲလို့ ပြောလာရင်လည်း မဟုတ်ဘူးလို့ ငြင်းဆိုတယ်။

လေးနက်မှု

ဒီဂါထာ သုံးပုဒ်အရ ရှုတုန်းက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပေမယ့် ဒုက္ခကို ငြီးငွေ့သွားတယ်လို့ နားလည်ရတယ်။ ဒီတော့ အနိစ္စလို့ ရှုပြီး ဒုက္ခကို ငြီးငွေ့၊ ဒုက္ခလို့ ရှုပြီး ဒုက္ခကို ငြီးငွေ့၊ အနတ္တလို့ ရှုပြီးတော့လည်း ဒုက္ခကိုပဲ ငြီးငွေ့ဆိုတဲ့ လက္ခဏာရေး သုံးပါးရဲ့ အချင်းချင်း ကွင်းဆက် အဓိပ္ပာယ်ကို တွေ့နိုင်တယ်။ အနတ္တထဲမှာ ဒုက္ခနဲ့ အနိစ္စရှိတယ်၊ ဒုက္ခ ထဲမှာ အနိစ္စနဲ့ အနတ္တရှိတယ်၊ အနိစ္စထဲမှာပဲ ဒုက္ခနဲ့ အနတ္တရှိတယ်ပေါ့။ အဲဒီ သုံးမျိုးထဲက တစ်ခုခုကို ရှုပြီး ဒုက္ခကို ငြီးငွေ့သွားတာပဲ။ ငြီးငွေ့မှုကြောင့် ဝိရာဂ (မတပ်မက်မှု)ဖြစ်တဲ့ အခါ ဝိသုဒ္ဓိ (ကိလေသာစင်ကြယ်) ပြီး ဝိမုတ္တိသုခ (လွတ်မြောက်မှုချမ်းသာ)ကိုရတယ်။

၂၂၉။ သင်္ကြန်နေ့ထူး အရက်မူး မရူးမမိုက်သင့်

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ပြီးခဲ့တဲ့ မြန်မာ့သင်္ကြန်မှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ငယ်ရွယ်သူ မြန်မာ မိန်း ကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အနေအထိုင် သရုပ်ပျက်ပုံကို အင် တာနက်သတင်း မီဒီယာတွေမှာ လှိုင်လှိုင်ကြီး တွေ့ရတော့ ယိုသူမရှက် မြင်သူရှက် ဖြစ်ခဲ့ရပါသည်။ ၎င်းတို့မှာအုပ်ထိန်းသူ မိဘမောင်ဘွားတွေ ရှိမှရှိရဲ့လား၊ ရှိခဲ့ရင်လည်း ဘာလို့ မဆုံးမနိုင်ရတာလဲလို့ တွေးနေမိခဲ့ပါ သည်။ မြန်မာနိုင်ငံသည် နိုင်ငံရေး ပွင့်လင်းလာခြင်းနှင့်အတူ စီပွားရေး အရ ပြင်ပကမ္ဘာနှင့် ထိတွေ့မှု ပိုများလာမည် ဖြစ်သဖြင့် အဲဒီလို သရုပ်ပျက်မှုတွေနဲ့ ပတ်သက်ကြီး ဆရာတော်၏အမြင်ကို သိလိုပါသည်။

ယခုအခါ နိုင်ငံနှင့်အဝန်းမှာ မြန်မာလူငယ်အများစု အရက်သေစာ သောက်စားမှု များပြားလာခြင်း၊ မိန်းကလေးတွေတောင် ဘီယာဆိုင် မှာထိုင်ခြင်းများတွေ့နေရခြင်းတို့မှာ အနာဂတ်မြန်မာနိုင်ငံ၏ မကောင်း သော လက္ခဏာများ ဖြစ်သည်မှာသေချာပါသည်။ ယင်းတို့ကို ဘာသာတရားအရ မည်သို့ ဆုံးမနိုင်သည်ကို တင်ပြပေးစေလိုပါသည်။

မိုးမိုးအေး၊ စင်္ကာပူ


ဟိုတုန်းက

သင်္ကြန်ရဲ့အဓိပ္ပာယ်ကို ပညာရှင်တွေ ဖွင့်ဆိုထားပြီးသားပါ။ လိုရင်းကတော့ မင်္ဂလာရှိတဲ့ နေ့ထူး ရက်မြတ်ပါပဲ။ ငယ်ငယ်က တောရွာမှာ သင်္ကြန် သုံးရက်လုံး ဘုန်းကြီးကျောင်းက ရပ်တော်မူ ဆင်းတုကြီးကို ရတနာလှည်းယာဉ်ပေါ် တင်ပြီး ရွာထဲလှည့်လည် အပူဇော်ခံတာ၊ လူ တွေက နံနက်မှာ ဆွမ်း၊ ညချမ်းမှာ ပန်းဆီမီး ကပ်လှူပူဇော်ပြီး ပရိတ် ပဋ္ဌာန်းတွေ ရွတ်ဖတ်ကြတာတွေကို အမှတ်ရမိတယ်။ နေ့လယ်နေ့ခင်း အချိန်လောက်ပဲ ကလေးနဲ့ လူငယ် လူလတ်ပိုင်းအချို့ ရိုးရာပျော်ပွဲ ရွှင် ပွဲနဲ့ အတူအချင်းချင်း ရေပက်ကြတယ်။ မင်္ဂလာရှိတဲ့ ရက်မြတ် အခါမှာ မိမိတို့ ယုံကြည်မှုအရ ကောင်းတယ်လို့ ယူဆတဲ့ အလုပ်ကို လုပ်ကြ တာလို့ ဆိုနိုင်အံ့ ထင်ပါတယ်။ အဲဒီတုန်းက အဲဒီနေရာမျိုးမှာ သင်္ကြန် ရက်အတွင်း အရက်၊ ဖဲ၊ လောင်းကစား မကြားစဖူးပါ။

ပြုံးနေဆဲမဲ့

အသက် ၂၀ ကျော်အရွယ် ရန်ကုန်ရောက်မှ ‘ရေပက်ခံထွက်၊ သရုပ် ပျက်၊ အရက်မူး၊ ကားတိုက်’ ဆိုတာတွေကို ကြားဖူးတယ်။ အမှန်က မြို့ကြီးသားဆိုတာ တောသားတွေရဲ့ စံပြဖြစ်သင့်တာပဲ။ ရန်ကုန်လို မြို့ ကြီးသားတွေတောင် ‘သင်္ကြန်နေ့ထူး၊ အရက်မူး၊ မြူးတူးရူးမိုက် ပျော် ကြသည်’ဆိုလို့ ခုတော့ တောမှာလည်း မြို့ကို အတုခိုးပြီး ‘ခြစား’နေ လောက်ပါပြီ။ ကောင်းတာကို မကောင်းတာနဲ့ လဲချင်စိတ် ဖြစ်သွားရ တာကတော့ အလွန်ဝမ်းနည်းဖွယ်ပါ။

အင်္ဂလန်ကလာတဲ့ အီးမေးလ် တစ်ခုမှာ မြန်မာ့ဝတ်စုံနဲ့ လုံလုံခြုံခြုံ ဝတ်ထားတဲ့ လုံမပျိုတွေ ရေပက်နေကြပုံကို တွေ့ရလို့ ပြုံးနေဆဲမှာ ရန်ကုန် အီးမေးလ်တွေကို ဖွင့်ကြည့်တော့ မိမိ ကွန်ပျူတာကို ‘ဗိုင်း ရပ်စ်’ဝင်တာများလားတောင် ထင်မိတယ်။

မိလ္လာရေ

အဲဒီလောက်ထိ ပျက်စီးနေတဲ့ ဝတ်စားဆင်ယင်မှုနဲ့ မိန်းကလေးတွေရဲ့ ရုန့်ရင်း လော်လည်တဲ့ အနေအထိုင်ကို ခေတ်ရေစီးပါလို့ ဆိုခွင့်သာခဲ့ရင် တောင် စီးနေတဲ့ ရေက မိလ္လာရေပဲ ဖြစ်မှာပါ။ ပုံမှန်တော့ မဖြစ်နိုင်ဘူး။ ပြည်တွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမတည်ငြိမ်လို့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်၊ သူတစ်ပါးကို အထင်ကြီးစိတ် ဖြစ်မှန်း မသိ ဖြစ်သွားခဲ့ခြင်းပေလော။ တလောက ဆိုရင်းကရင်း အဝတ်ကို ချွတ်ပြလေ့ရှိတဲ့ အမေရိကန် ကချေသည်မ လေဒီဂါဂါကို လူငယ်တွေ သူ့သရုပ်ပျက်ကို အတုခိုးမှာစိုးလို့ တောင်ကိုရီးယားက ပြည်ဝင်ခွင့်မပြုဘူးတဲ့။ သူတို့တောင် အဲဒီလိုကြီး။ ဒါကြောင့် ကိုရီးယားရူး ရူးနေတဲ့ မြန်မာတွေသတိနဲ့ ရူးကြပေါ့။

ဘာသာရေး

ဘုန်းကြီးကတော့ ‘ဗုဒ္ဓဘာသာ မြန်မာ’ဆိုတာကြီးကို မကြိုက်ဘူး။ ဗုဒ္ဓ ဘာသာနိုင်ငံ ဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ဘဝင်မကျဘူး။ ပစ္စုပ္ပန် တည့်တည့်နဲ့ ဆိုရရင် ဘာပဲဖြစ်ဖြစ် မြန်မာ့မြေမှာမွေးတဲ့ မြန်မာ လူငယ်တွေ အမှန်ကိုသိဖို့က မြန်မာအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ‘ဖုံးသင့် တာကို လုံလုံခြုံခြုံ ဖုံးထားတာဟာ မိန်းကလေးတွေရဲ့ အလှတရား။ မိဘမောင်ဘွားတွေ အမြင်မရိုင်းစေနဲ့ ’ဆိုတဲ့ အတွေးအမြင်ဟာ မြန်မာ့ မြေမှာတည်ရှိဆဲ ယဉ်ကျေးမှုရဲ့အနှစ်သာရပါပဲ။ ဒါဟာ ဘာသာအား လုံးနဲ့ ဆိုင်လည်းဆိုင်၊ လက်လည်း ခံနိုင်ပါတယ်။ ဒါကြောင့် ဒီအတွေး အမြင်ကို မြတ်နိုးတတ်ဖို့ ဗုဒ္ဓလည်း ဗုဒ္ဓ၊ ခရစ်လည်း ခရစ်၊ မူဆလင်လည်း မူဆလင် သူ့နည်းသူ့ဟန်နဲ့ လူငယ်တွေကို ဆုံးမသင့်တာပါပဲ။

ထောင့်စုံမှ

ဘုန်းကြီး အမြင်အရ ဘာသာရေး တစ်ခုတည်းနဲ့ တော့ မိလ္လာရေကို သောက်သုံးရေ ဖြစ်အောင် လုပ်ဖို့လွယ်မယ်မထင်ဘူး။ လွတ်လပ်ရေး ကြိုခေတ် အမျိုးသားကျောင်းက ကျောင်းဆရာတွေ ငါးပါးသီလ လုံရတယ်။ ယနေ့ခေတ်မှာ အဲဒီလို ဆရာကောင်းတွေက လူငယ်တွေကို လေ့ကျင့်ပေးမှု ရှိရဲ့လား။ စာပေရုပ်ရှင်သဘင်စတဲ့ အနုပညာနယ်မှာ နာမည်ရနေသူတွေဟာ မိမိရဲ့ကျော်ကြားမှုနဲ့ လူငယ်တွေကို လမ်းမှန် ရောက်အောင် ပါဝင်ပြီး မကူညီသင့်ဘူးလား။ ပြည်သူက သတိထားမိ နေပြီဖြစ်တဲ့ အနုပညာသည် မိန်းကလေး တစ်ဦးအနေနဲ့ အရှေ့အပေါ် ပိုင်းရပ်ဝန်းကို တစ်ဝက်ဖော်ပြီး ဘောင်းဘီဖင်ကပ်နဲ့ သင်္ကြန်မဏ္ဍပ်ကို ပေါ်တက်ပြီးမူးပြရင် စတုဒိသာ ကျွေးမယ့်ထမင်းအိုးထဲ အဆိပ်ခပ်သလို ဖြစ်မနေဘူးလား။ ဒါမျိုးကို ဝိုင်းဝန်းပြီး မဖျောင်းဖျသင့်ဘူးလား။

ရှောင်ဆောင်ရန်

အင်း ... နိုင်ငံနဲ့ အဝန်းဆိုတော့ အရက်ပြဿနာလည်း မသေးပေဘူး။ လမ်းဘေးက သူတော်ယောင်တွေ အရက်သောက်တာနဲ့ သူတော် ကောင်း အစစ်တွေလည်း ခံနေရတာပဲ။ ဘုန်းကြီး အနေနဲ့ တော့ လူ ငယ်တွေရဲ့ နှလုံသားကိုများစွာ ဖမ်းစားနိုင်တဲ့ အနုပညာ ဖန်တီးမှုကိုပဲ အလေးထားပြီး ဆိုပါရစေ။ ‘ဘီယာဆိုတာ အရက်မဟုတ်ပါ’လို့ ငွေ ပေးပြီး ကြော်ငြာခိုင်းသူရော၊ ငွေရလို့ ကြော်ငြာသူပါ ၎င်းတို့ရဲ့ သား သမီးတွေကိုတော့ အဲဒီလို ဆုံးမမယ်မထင်ဘူး။ အဲဒီ ကြော်ငြာမျိုးကျ တော့ ‘ဆင်ဆာ’လူကြီးတွေလည်း ကော်ဖီသောက်ထားပုံပဲ။

မျက်မှောက် ဗွီဒီယို ရုပ်ရှင်တွေရဲ့ ယေဘုယျလက္ခဏာ သုံးရပ်က ‘၁) လမ်းလျှောက်လာတဲ့ မိန်းကလေး တစ်ဦးကို မူးနေတဲ့ ကျားသုံး လေးကောင်က ဝိုင်းဖဲ့ခြင်း ၂) ရည်းစားပူမိပြီး အရက်သောက်ခြင်း ၃) ဝိုင်းဖွဲ့ စားသောက်ခြင်း’တဲ့။ ဘုရားရေ ... မိန်းမ ဒါရိုက်တာလုပ်တဲ့ ဗွီဒီယို ရုပ်ရှင်တွေလည်း အရက်သောက်ခန်း၊ ဝိုင်းဖဲ့ခန်းတွေ ပါတာပဲ။ ရုပ်ရှင်ဆိုင်ရာမှာ လူကြီးဖြစ်နေသူတွေ အမူးသမား သရုပ်ဆောင်ပြတာ မျိုးကလည်း မမိုက်ဘူးဗျို့။ ရရှိတဲ့ အနုပညာကြေးနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ မကာမိ သို့မဟုတ် မလိုက်ဖက်ဘူး ထင်လို့ ပါ။

မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြည်သူလေးစားခံရတဲ့ အနုပညာ သည်တစ်ဦးက ‘ကျွန်တော် ဘန်ကောက် ရောက်တော့ ဘီယာ သွား ဝယ်တယ်ဗျာ’ဆိုတာမျိုးလည်း မလုပ်သင့်ဘူးလို့ ဘုန်းကြီးယူဆတယ်။ (‘ဟန်မဆောင်ဘူး၊ ဗြောင်ပဲလ္လေလို့ ပြန်ပြောရင် ကိုယ့်အပြစ်ကို ဖုံး ကွယ်တာလို့ပဲ ခွန်းတုံ့ ဆိုပါရစေ။) နှလုံးသား နုသေးတဲ့ လူငယ်တစ် ယောက် မိမိကို အတုယူပြီး အရက်သောက်ဖို့ အားတက်သွားတယ်ဆို ရင် မိမိဟာ ပြည့်သူ့မေတ္တာနဲ့ ထိုက်တန်ပါ့မလား...

၂၃၀။ လောကီစျာန် မမြဲပုံ

အရှင်ဘုရား၊

၁။ ရဟန္တာပုဂ္ဂိုလ်သည် ကိလေသာ စင်ကြယ်သောကြောင့် အမျိုးသမီး ၏ မမြင်သင့်တာကိုမြင်ရသည့် အတွက်ရဟန္တာအမြစ်မှ လျှောမကျနိုင် ဟူသောအဆိုကို ကျမ်းဂန်ကိုးကား၍ ဖြေကြားပေးစေလိုပါသည်။ ၂။ လောကီစျာန်ကို ရသူများသည်အကြောင်း မညီညွတ်လျှင် ထိုစျာန် မှလျှောကျနိုင်ကြောင်းကိုလည်း ကျမ်းဂန်သာဓက သိလိုပါသည်။

ကျော်ပေါ

---

၁) ကိလေသာ ၁၀ ပါးလုံးကို အကြွင်းမဲ့ ပယ်လိုက်တဲ့ အတွက် အရဟန္တ (ရဟန္တာ) ဖြစ်သွားပါတယ် (ကမ္မဋ္ဌာန်းပိုင်း၊ အဘိဓမ္မတ္ထသင်္ဂဟ)။ ဒါကြောင့် ရဟန္တာ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ လိင်ကိစ္စ အပါအဝင် ကာမ အာရုံအားလုံး မရှိတော့ဘူး။ အခါတစ်ပါးမှာ ရဟန္တာကြီး အရှင်အနုရုဒ္ဓါ မထေရ်ဟာ ခရီးသွားရင်း တည်ခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးရဲ့ အခန်းမှာ ကျိန်းရတယ်။

ဒီအမျိုးသမီးဟာ သပ္ပာယ်လှပတဲ့ အရှင်မြတ်ကို တပ်မက်သွားလို့ ညအချိန် အခန်းထဲဝင်ပြီး ‘အဝတ်ထဘီကို ချွတ်၍ အရှင်အနုရုဒ္ဓါ၏ ရှေ့မှ စင်္ကြန်လည်း လျှောက်၏။ ရပ်လည်း ရပ်၏။ ထိုင်လည်း ထိုင်၏။ အိပ်လည်းအိပ်၏’။ အရှင်မြတ်ကား မတုန်လှုပ်။ (ဝိ၊၂၊၂၉)။

၂) ဝေဟင်က ဆွမ်းခံကြွလာမယ့် လောကီစျာန်ရ ရှင်ရသေ့ကို စောင့် ရင်း ပြတင်း ပေါက်နားက ညောင်စောင်းပေါ်မှာ လဲလျောင်းနေစဉ် မှေးခနဲ အိပ်ပျော်သွားတဲ့ မိဖုရားဟာ ကြွလာတဲ့ ရှင်ရသေ့ရဲ့ သစ် ခေါက်ဆိုး သင်္ကန်းသံကြောင့် လန့်နိုးပြီး ကပျာကသီအထ နူးညံ့တဲ့ အဝတ်အစားတွေ ကိုယ်ပေါ်က လျှောကျသွားတာကို မြင်မိတဲ့ ရသေ့ ခမျာ စျာန်သမာဓိတွေ ဆုံးရှုံးသွားလို့ ဇော်ဂျီရုပ် ကြိုးပြတ်သလို ဖြစ် သွားတယ်။ အဲဒီမိဖုရားရဲ့အမည်က မုဒုလက္ခဏာတဲ့ (ဇာ၊ဋ္ဌ၊၁၊၃၂၂)။ ပုထုဇဉ် ကိုရင်ငယ် တစ်ပါးကတော့ ဝေဟင်မှာ စျာန်ယာဉ်စီးခိုက် ရေကန်ထဲရေချိုးနေတဲ့ မိန်းမငယ်ရဲ့သီချင်းသံမှာ နစ်မျောမိလို့ ရထား တဲ့ လောကီစျာန် လျှောပြီး အတောင်ကျိူးတဲ့ ကျီးကန်းငှက်လို ဖြစ် သွားသတဲ့ (အဘိ၊ဋ္ဌ၊၂၊၂၈၀)။

၂၃၁။ ပထမဆုံးသိမ်

ဇန်နဝါရီ ၉၊၂၀၁၂။

---

လျှောက်ထားပါရစေ အရှင်ဘုရား၊

အဘယ်ကြောင့် သိမ်သမုတ်ရပါသနည်း။ မြတ်စွာဘုရား လက်ထက်က သိမ်သမုတ်ပါသလား။ ဗုဒ္ဓသာသနာမှာ ပထမဆုံး သမုတ်သောသိမ်ကို သိလိုပါသည် အရှင်ဘုရား။

ဘုန်းနိုင်

---

သိမ်ဆိုတာ

ရဟန်းခံ၊ ဥပုသ်ပြု၊ ကထိန်ခင်းစတဲ့ ရဟန်းတွေချည်းသာ ဆောင်ရွက် တာကို ဗုဒ္ဓသာသနာသုံး ဝေါဟာရနဲ့ ‘ကံကြီးကံငယ်’လို့ ခေါ်တယ်။ ရှင် တော် ဗုဒ္ဓက ‘တစ်နေရာတည်းမှာ စုဝေးနေကြတဲ့ ညီညွတ်တဲ့ ရဟန်း တွေပဲ’ အဲဒီ ကံကြီးကံငယ်ကို ပြုရမယ်လို့ မိန့်တော်မူတဲ့ အခါ ဘယ်လောက် အတိုင်းအတာနဲ့ စုဝေးမှ ညီညွတ်ပါသလဲလို့ ရဟန်းတွေက မေးလျှောက်ကြတဲ့ အတွက် တောင်၊ ကျောက်၊ တော၊ သစ်ပင်စတဲ့ ရှစ် မျိုးနဲ့ နယ်နိမိတ်ကို စနစ်တကျ ပိုင်းခြားပြီးနေရာကိုသတ်မှတ်ဖို့ ညွှန် ကြားပါတယ်။ အဲဒီလိုသတ်မှတ်ထားတဲ့ နေရာကို ‘သိမ်’လို့ ခေါ်တာပါ ပဲ။ သိမ်ရှိမှ သာသနာ့မျိုးဆက်ဖြစ်တဲ့ ရဟန်းသံဃာ အသစ်တွေ ဖြစ် လာနိုင်လို့ သိမ်ဟာဗုဒ္ဓသာသနာမှာအရေးကြီးတယ်။

ဘာကြောင့်

အာဏာပိုင်တွေက နယ်နိမိတ် သတ်မှတ်ထားပြီးဖြစ်တဲ့ မြို့တွေ၊ ရွာ တွေဟာ အလိုလိုသိမ်ဖြစ်နေပြီး သံဃာ့ကံတွေကို ဆောင်ရွက်နိုင်တယ် (ဝိ၊၃၊၁၅၀)။ ဒါပေမယ့် သံဃာတွေ ကံဆောင်တဲ့ အခါ သံဃာအားလုံး တစ်နေရာတည်းမှာ စုဝေးရလို့ နယ်နိမိတ် ကျယ်ဝန်းတဲ့ မြို့တွေ ရွာ ကြီးတွေမှာ တစ်ပြိုင်နက် သံဃာတွေ စည်းဝေးဖို့ ခက်တယ်။ ဒါ့အပြင် သံဃာတွေ ကံပြုနေတုန်း အခြားမြို့ရွာက သံဃာတွေ ကား၊ ရထား၊ လေယာဉ်တွေနဲ့ ဝင်လာ ဖြတ်သွားခိုက် မကြုံဖို့လည်း ပိုခက်နိုင်တယ်။ ဒါကြောင့် အဲဒီ ရွာသိမ်ကြီးထဲမှာပဲ တစ်နေရာတည်း စုဝေးနိုင်လောက် တဲ့ နေရာ၊ ဥပမာ မိမိတို့ နေထိုင်တဲ့ ဘုန်းကြီးကျောင်းဝင်း အတွင်း မှာပဲ ဖော်ပြပြီး ရှစ်မျိုးထဲက တစ်ခုခုနဲ့ နယ်နိမိတ် ပြန်ပိုင်းခြားပြီး ကမ္မဝါစာ (ပုံစံကျပြန်တမ်း)နဲ့ သမုတ် (သတ်မှတ်)ရတာဖြစ်ပါတယ်။

အစဉ်အလာ

‘ရွှေလက်ထက်တော်၌ ဂိဇ္ဈကုဋ်တောင်ခြေရင်း သိမ်နဲ့ မဒ္ဒကုစ္ဆိမိဂဒါဝုန် သိမ်တို့သည် လက်ဦးဖြစ် ပင်တည်း’ဆိုတဲ့ အစဉ်အလာအဆိုနဲ့ ပတ် သက်ပြီး ဆင်ခြင်ဖွယ်ရှိတယ်။ မဒ္ဒကုစ္ဆိကို လေ့လာတဲ့ အခါ ... မဒ္ဒကုစ္ဆိဆိုတာ ဂိဇ္ဈကုဋ်တောင်ခြေက ဘေးမဲ့ဥယျာဉ် ဖြစ်ပြီး ဝေဒေဟီ မိဖုရားဟာ အဲဒီဥယျာဉ်မှာ အဇာတသတ် ဖြစ်လာမယ့် ကိုယ်ဝန်ကို ဖျက်ဖို့ ကြိုးစားဖူးတာကြောင့် မဒ္ဒကုစ္ဆိလို့ တွင်သွားခဲ့တာ (သံ၊ဋ္ဌ၊၁၊၇၃)။

အရှင်ဒဗ္ဗမထေရ်က ဒီဥယျာဉ်မှာ ဧည့်သံဃာတွေအတွက် နေရာ ပြင်ပေးတာ (ဝိ၊၁၊၂၄၅)၊ ဒေဝဒတ်လုပ်ကြံလို့ ခြေထောက်မှာ ဒဏ်ရာ ရသွားတဲ့ ဘုရားရှင်ဟာ ဇီဝကရဲ့သရက်တောကျောင်းကိုမကြွခင်မဒ္ဒ ကုစ္ဆိမှာ ညကျိန်းပြီး အနားယူတာ (သံ၊၁၊၂၅) တွေကို ထောက်ရင် သံဃာသီတင်းသုံးတဲ့ မဒ္ဒကုစ္ဆိကျောင်းတော့ ရှိတယ်။

မဟာသိမ်

ရာဇဂြိုဟ်မြို့ကို ဝန်းရံထားတဲ့ ကျောင်းတိုက်ကြီး ၁၈ ခုလုံးကိုပေါင်း ပြီး အရှင်သာရိပုတ္တရာက တစ်ခုတည်းသော မဟာသိမ် (ဧရာမသိမ်) အနေနဲ့ သမုတ်ခဲ့တယ် (ဝိ၊ဋ္ဌ၊၂၊၃၃၁)။ ကျောင်းတိုက်တွေရဲ့ အတွင်း မှာရှိနေတဲ့ ရာဇဂြိုဟ် တစ်မြို့လုံးဟာ သိမ်ပါပဲ။ ဥပုသ်ပြုခြင်း စတဲ့ သံဃာ့ကံကို ဆောင်ရွက်တဲ့ အခါ သိမ်တွင်းရှိ သံဃာအားလုံး တစ်ပါးနဲ့ တစ်ပါး နှစ်တောင့်ထွာအတွင်းမှာ ရှိနေရတယ်။

ဒါကြောင့် တစ်ခါမှာ အရှင်မဟာကဿပဟာ ရာဇဂြိုဟ်မြို့အနီး ကျောင်းတိုကကြီး ၁၈ ခုထဲက တစ်ခုဖြစ်တဲ့ အန္ဓကဝိန္ဒတောကျောင်း ကနေ ဝေဠုဝန်ကျောင်းကို ဥပုသ်ပြုဖို့ ကြွတော်မူတယ် (ဝိ၊၂၊၁၄၇)။ အရှင်မဟာကပ္ပိနလည်း မဒ္ဒကုစ္ဆိကျောင်းမှာ သီတင်းသုံးခိုက် ဥပုသ်ပြုဖို့ သွားသင့် မသွားသင့် စဉ်းစားနေတုန်း ဂိဇ္ဈကုဋ်တောင်ပေါ်မှ ရှင်တော် ဗုဒ္ဓ တန်ခိုးနဲ့ ကြွလာပြီး ဥပုသ်ပြုရာသို့ သွားဖြစ်အောင် သွားဖို့ တိုက်တွန်းတာကို ခံရဖူးတယ် (ဝိ၊၃၊၁၄၄)။

အဦးဆုံး

ရာဇဂြိုဟ်ဝန်းကျင် ကျောင်းတိုက်ကြီး ၁၈ ခုက သံဃာတွေ အားလုံးဟာ သိမ်ကြီးတစ်ခုရဲ့ ပရိဝုဏ်အတွင်းမှာ နေကြရတာဖြစ်တော့ သံဃာ့ ကံပြုတိုင်း ရဟန်းတွေဟာ သံဃာစုဝေးတဲ့ နေရာကို အရောက် သွား ကြရတယ်။ နေရာထိုင်ခင်း ကျယ်ဝန်းပြီး သံဃာအများ မျှတဖွယ်ရှိတဲ့ ဘုရင်ဗိမ္ဗိသာရ လှူဒါန်းတဲ့ ဝေဠုဝန်ကျောင်းတိုက်ဟာ သံဃာစုဝေးတဲ့ နေရာတစ်ခု ဖြစ်နိုင်တယ်။ ဂိဇ္ဈကုဋ်တောင်ခြေနဲ့ မဒ္ဒကုစ္ဆိ မိဂဒါဝုန်တို့လည်း ဖြစ်နိုင်တာပဲ။ သိမ်အနေနဲ့ ကတော့ ‘သာရိပုတ္တရာ မဟာသိမ်’ပဲ အဦးဆုံးသိမ် ဖြစ်မယ်လို့ ယူဆပါတယ်။

သူကောင်းဖြစ်ငြား မူထားကောင်းလျက် အပေါင်းဖျက်သည်။ (တောင်ဖီလာဆရာတော်)

၂၃၂။ နတ်နှင့် အရက်

ဘုန်းဘုန်းဘုရား၊

ဆရာတော်တစ်ပါး ဟောကြားတဲ့ တရားထဲမှာ နတ်တွေလည်း အရက်သောက်တယ်လို့ နာကြားဖူးပါသည် ဘုန်းဘုန်း။ အဲဒါနဲ့ ပတ် သက်ပြီး စိတ်ထဲမှာ မရှင်းမရှင်း ဖြစ်နေပါသဖြင့် နတ်တွေ အမှန်ပဲ အရက်သောက်သလားဆိုတာကို ကျမ်းဂန်စကားနဲ့ အတိအကျ ဖြေကြား ပေးစေလိုပါသည်ဘုန်းဘုန်း။

ဘုန်းဘုန်းကျန်းမာပါစေ။

ဦးချလျက် သမီးစုမြတ်နွယ်

---

ယက္ခတွေ

ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကုဋ်တောင်မှာ မြတ်ဗုဒ္ဓ သီတင်းသုံးခိုက် ဝေဿဝန် နတ်မင်းက ‘ရှင်တော် ဘုရား၊ တန်ခိုးကြီးတဲ့ ယက္ခအချို့ဟာ ရှင်တော် ဗုဒ္ဓအား မကြည်ညိုပါကုန်။ ... ရှင်တော် ဗုဒ္ဓက အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဉ်ဖို့ ဟောကြားထားပါလျက် ၎င်းတို့က အရက်သေစာကို မရှောင်ကြဉ်ဘဲ နေထိုင်ကြပါ၏ (ဒီ၊၃၊၁၅၈)’လို့ လျှောက်ဖူးတယ်။ ဒီပါဠိတော်စကားအရ ယက္ခအချို့ ဗုဒ္ဓကို မကြည်ညို တဲ့ အပြင် အရက်လည်း သောက်တယ်လို့ ဆိုခွင့်ရှိပါတယ်။ အရက် သောက်တဲ့ အတွက်ယင်းတို့ဟာ ငါးပါးသီလလည်း မမြဲနိုင်တော့ဘူး။

ယက္ခပုဒ်ကို အချို့နေရာမှာ နတ်၊ အချို့နေရာမှာ ဘီးလူးလို့ ဘာ သာပြန်တယ်။ ဖော်ပြပါပါဠိတော်က ယက္ခပုဒ်ကိုတော့ ဆဋ္ဌသံဂါယနာ မြန်မာပြန် ပိဋကတ်မှာ ဘီလူးလို့ ဘာသာပြန်ပါတယ်။ စတုမဟာရာဇ် ဝင် လူ့ပြည်နဲ့ ဆက်စပ်နေတဲ့ နတ်ဘီလူး၊ နတ်မိစ္ဆာ၊ နတ်ဆိုး၊ နတ် ကြမ်းတွေကို ယက္ခလို့ ခေါ်ဟန်တူပါတယ်။

အစဉ်အလာ

အစဉ်အလာအရတော့ ‘အထက် နတ်ပြည်တို့၌ မိမိတို့၏ အကြောင်း ကောင်းမှုတို့၏ အာနုဘော်ဖြင့်သာစည်းစိမ်အခြံအရံတို့သည် ပြည့်စုံစွာ ဖြစ်သောကြောင့် ပါဏာတိပါတ၊ အဒိနာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာပါန ဟူသော ဒုဿီလကံ ငါးပါးတို့သည် မဖြစ်ကုန်’လို့ မှတ်သားရပါတယ်။ ဒီစကားအရ အထက်နတ်ပြည်တွေမှာ ငါးပါးသီလ မြဲတယ်လို့ ဆိုနိုင်ပါတယ်။ ဘယ် အထက်နတ်ဘုံက စမလဲ။ တာဝတိံ သာကလော၊ ယာမာကလောဆိုတာတော့ စဉ်းစားရအုံးမယ်။

တာဝတိံသာ နတ်ပြည်ကို အစိုးရတဲ့ သိကြားမင်းဟာ အသူရာ တွေနဲ့ စစ်တိုက်ကြောင်း ဆိုတယ် (သံ၊၁၊၂၂၁)။ စစ်တိုက်တဲ့ သိကြား မင်း (ထိုအချိန်က သောတာပန်ဖြစ် မဖြစ်မသိ) ကိုယ်တိုင် သတ်ချင်မှ သတ်မိမှာဖြစ်ပေမယ့် စစ်ပွဲဆိုတဲ့ အတိုင်းသူ့ရဲ့စစ်သားတွေက ရန်သူ့ စစ်သားတွေကို သတ်တာတွေ ရှိနိုင်တယ်။ ဒါကြောင့် တာဝတိံသာ နတ် အားလုံးငါးပါးသီလမြဲတယ်လို့တော့ မဆိုနိုင်ဘူး။

မတုနဲ့ အုံး

အင်း ... မြန်မာလူငယ်တွေမှာသာမက နတ်ပြည်မှာတောင် အရက်ပြဿနာ ရှိနေသလားပဲ။ နတ်တွေလည်း အရက်သောက်တာပဲ ဆိုပြီး အတုတော့မယူနဲ့ ဗျို့။ အဲဒီနတ်တွေက နတ်ကောင်း မဟုတ်၊ နတ်ဆိုး နတ်မိစ္ဆာတွေဆိုတာကိုလည်း သတိပြုအုံး။

၂၃၃။ ဆိုကြွင်းနဲ့ အတူ

ဆရာတော် အရှင်ဘုရား၊

တပည့်တော်သည် တောရကျောင်း တစ်ကျောင်းအား နိဿဂ္ဂိအာပတ် သင့်သည်ဟု အထင်ရှိပါသည်။ နိဿဂ္ဂိအာပတ်သင့်သော ကျောင်းအား တစ်ဖန်အပ်စပ်အောင် ပြန်လုပ်လို့ ရပါသလား။ ရသည်ဆိုလျှင် မည်သို့ ဆောင်ရွက်ရမည်ကိုသိလိုပါသည်။ ၎င်းတောရကျောင်းကိုဆောက် လုပ်ခဲ့သူ ပထမဆရာတော်မှာပျံလွန်တော်မူသွားပြီ ဖြစ်ပါသည်။ ကျေး ဇူးပြု၍ တပည့်တော်၏ သံသယကို ပယ်ဖျောက် ပေးစေလိုပါသည် အရှင်မြတ်ဘုရား။

Bele Boon

---

နိဿဂ္ဂိအာပတ်

နိဿဂ္ဂိ = စွန့်ခြင်း။ အာပတ် = ဝိနည်းပြစ်။ ပစ္စည်းကို စွန့်ပစ်ရတဲ့ အပြင် ပါစိတ်လို့ ခေါ်တဲ့ ဝိနည်းပြစ်လည်း သင့်ရောက်လို့ နိဿဂ္ဂိအာ ပတ်လို့ ခေါ်တယ်။ နိဿဂ္ဂိအာပတ် သင့်စေတဲ့ သိက္ခာပုဒ် သို့မဟုတ် ဝိနည်းဥပဒေသုံးဆယ်ရှိတယ်။ ဒါကြောင့် သိက္ခာပုဒ်အလိုက်စွန့်ပုံစွန့် နည်းနဲ့ စွန့်ရတဲ့ ပစ္စည်းလည်း အမျိုးမျိုးရှိတယ်။

ဖြစ်နိုင်ခြေ ၄ မျိုး

မေးခွန်းအရ ဘာကြောင့် နိဿဂ္ဂိအာပတ် သင့်တယ်ဆိုတာ မထင်ရှားဘူး။ ဒါကြောင့်ဖြစ်နိုင်ခြေ ၄-မျိုးကို ဖော်ပြရရင် ...

၁) ပျံလွန်တော်မူ ပထမ ဆရာတော်အနေနဲ့ အဲဒီကျောင်းကို လူ တွေဆီက ငွေအလှူခံ၊ သစ်သံ သွတ်ဘိလပ်မြေ စသည်ကိုကိုယ်တိုင် ဝယ်ပြီး ဆောက်လုပ်ခဲ့ရင် အဲဒီကျောင်းဟာ သီတင်းသုံးဖော် ငါးဦး (ဘိက္ခု၊ ဘိက္ခုနီ၊ သာမဏေ၊ သာမဏေရီ၊ သိက္ခမာန်)လုံး မအပ်၊ ပြန် အပ်အောင်လုပ်လို့ ရတဲ့ နည်းလမ်းမရှိ။

၂) ဆရာတော်ဟာ လူတွေဆီက ငွေအလှူခံ၊ ဆောက်ပြီးသား အဆောင်နဲ့ ခြံဝင်းကိုဝယ်ပြီး ဘုန်းကြီးကျောင်း လုပ်ခဲ့ရင်လည်း ငါးဦးလုံး မအပ်။ ဒါပေမယ့် ... အဲဒီ အဆောင်နဲ့ ခြံကို မူလပိုင်ရှင်အား ပြန်ပေး၊ အဲဒီငွေကို ပြန်ယူပြီး ကပ္ပိယအနေနဲ့ အဲဒီအဆောင်နဲ့ ခြံကိုအပ်အောင် လုပ်ပေးလို့ ရတယ်။ (ဥပမာ၊ ဘုန်းကြီးက ပိုင်ရှင်ကို အာလယပြတ် ပြန်ပေးလိုက်။ ပိုင်ရှင်နဲ့ ကပ္ပိယက နားလည်မှုနဲ့ အရောင်းအဝယ်လုပ် ပြီးဘုန်းကြီးကို အဲဒီကျောင်းနဲ့ ခြံကို ပြန်လှူတာမျိုး)။

၃) ဆရာတော်ဟာ လူတွေဆီက ငွေအလှူခံ၊ ကပ္ပိယကို ဆောက် ပြီးသားအဆောင်နဲ့ ခြံဝင်းကိုပြပြီး ဝယ်ခိုင်းရင် မူလက ငွေကို အလှူခံ မိလျက်သား ဖြစ်နေလို့ ငါးဦးလုံးမအပ်။ ဒါပေမယ့်...အမှတ် (၂)ပုံစံ အတိုင်း အပ်အောင်လုပ်လို့ ရတယ်။

၄) ဆရာတော်ဟာ လူတွေဆီက ငွေကို အလှူမခံ၊ ဒါပေမယ့် အလှူရှင်နဲ့ အတူ အဆောက်အအုံ ပိုင်ရှင်ဆီသွားပြီးရဟန်းကိုယ်တိုင် အရောင်အဝယ်ကိစ္စ (စျေးဆစ်၊ စျေးဆိုင်စသည်)ကို ဆောင်ရွက်ရင် အဲဒီ ကျောင်းဟာ အဲဒီဆရာတော် မအပ်ပေမယ့် အခြားသီတင်းသုံးဖော်တွေ အပ်တယ်။ (ဆရာတော်သုံးနိုင်ဖို့ဆိုရင် အမှတ်၂-ပုံစံအတိုင်းပဲလုပ်ရ ပါလိမ့်မယ်။ ဝိ၊ဋ္ဌ၊၂၊၂၇၇ လာ ပတ္တစတုက္က အဆုံးအဖြတ်ကို မှီးပါတယ်။ မကိုက်ညီလျှင် ဝိနည်းတတ်သိ ပညာရှိတို့ ဝေဖန်ပါကုန်။)

မသုံးကောင်း

ရွှေငွေနဲ့ ကိုယ်တိုင် ဝယ်ယူတဲ့ ပစ္စည်းသာ မအပ်တာ မဟုတ်ဘူး၊ လူ မြင်လောက်တဲ့ အချိန်နေရာမျိုးမှာ ခုတင်ပေါ် မအိပ်ဘဲ ကုလားထိုင်နဲ့ ထိုင်ပြလို့ လူတွေ အထင်ကြီးပြီး လှူတဲ့ (လူတွေကို အထင်ကြီးအောင် လုပ်ပြလို့ ရလာတဲ့) ပစ္စည်း၊ ပြီးတော့ လာတဲ့ လူကို ပန်း သစ်သီး စ သည်နဲ့ မဟာယာနဘုန်းကြီးတွေလို ကြိုးကွင်းဓာတ်ပုံ အဆောင်စတဲ့ လက်ဆောင်ပစ္စည်း ပေးပြီး တုံ့ပြန်လက်ဆောင် အနေနဲ့ရတဲ့ ပစ္စည်း တွေကို ရဟန်းတို့ မအပ်စပ်၊ အပ်စပ်အောင်လုပ်လို့လည်း မရဘူး။

ခေတ်နဲ့ အညီ

ဆိုကြွင်းလေးတစ်ခု ... ပတ်ဝန်းကျင် နေရာဒေသ အခြေအနေပေးရင် သင်္ကန်း၊ အိပ်ရာ၊ ခုတင်၊ ခေါင်းအုံး၊ စာအုပ်၊ ကွန်ပျူတာစတဲ့ အမြဲသုံး ပစ္စည်း လေးတွေကို ဝိနည်းနဲ့ ညီအောင် အလေ့အကျင့် လုပ်သင့်ပါတယ်။ သံဃာအများနဲ့ သက်ဆိုင်တဲ့ ကျောင်းအဆောက်အအုံ သိမ် ကျောင်းလို ဟာမျိုးကတော့ ဝိနည်းနဲ့ ညီအောင် အလှူ့ရှင် သို့မဟုတ် ကပ္ပိယတွေက ရိုးသားတဲ့ စေတနာနဲ့ လုပ်ပေးနိုင်ရင် အသင့်မြတ်ဆုံးပေါ့။ ဒီသိက္ခာပုဒ်ကိုလိုက်နာ ကျင့်သုံးရာမှာ ခါးတောင်းကျိုက်ပြီး ငါမှ ငါဆိုရင် အများနဲ့ အဆင်ပြေဖို့ ခက်နိုင်တယ်။ ‘ဝိနည်းဟာ ဝိနည်းပဲ၊ အများ မိုးခါးရေ သောက်တိုင်း ကိုယ်ပါ လိုက်မသောက်နိုင်ဘူး’ ဆိုခဲ့ ရင် အညင်သာဆုံး အနေနဲ့ ‘ဟန်မဆောင်ပါနဲ့ ’လို့ ပဲ ခွန်းတုံ့ ဆိုပါရစေ။ ပုထုဇဉ်ရဟန်း တစ်ပါးအနေနဲ့ သာမန်ပတ်ဝန်းကျင်နဲ့ အခြေအနေမှာ ၂၂ရလုံး လုံဖို့ခက်ကြောင်း ရဟန်းမြတ်တို့ မသိဘဲနေပါ့မလား။

၂၃၄။ ဒါနအမြွက်

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ပညာပါသော အလှူနှင့် ပညာမပါသော အလှူကို ခွဲခြား ရှင်းပြ ပေးစေ လိုပါသည် အရှင်ဘုရား။ ပညာပါသော အလှူဖြစ်အောင် မည်သို့ပြုကျင့် ရမည်ကိုလည်း သင်ကြားပေးတော်မူပါ အရှင်ဘုရား။

ရိုသေစွာရှိခိုးလျက် မျိုးသိမ်း

---

ပညာပါ မပါ

ဒါနကို ကျင့်စဉ်အနေနဲ့ ယုံကြည်ပြီးသား ဗုဒ္ဓဝါဒီအတွက် ဒါနအကြောင်းကို အမြွက်မျှ ပြောပြရရင် .. ‘အလှူဒါနပြုသူရဲ့သန္တာန်မှာ အဲဒီအလှူကိစ္စ ဖြစ်ပေါ်အောင် စိတ်ထဲက လှုံ့ဆော်ပေးတာကို ဒါနခေါ်တယ် (အဘိ၊ဋ္ဌ၊၁၊၂၀၂)’။ ‘လှူဖွယ် ပစ္စည်းဝတ္ထု ရရှိချိန်ကစပြီး ကိုယ်လုပ်မယ့် အလှူကို စဉ်းစားပြီး ဝမ်းမြောက်နေရတယ်။ လှူဆဲမှာလည်း စိတ်တက်ကြွ နေရတယ်။ လှူပြီးပြန်တော့လည်း မေ့မေ့ပျောက်ပျောက် မဟုတ်ဘဲ ကိုယ့်အလှူကို မကြာမကြာ ဆင်ခြင်ရတယ်။ ဒီသုံးချက်နဲ့ ပြည့်စုံရင် အောင်မြင်တဲ့ ဒါနပါပဲ (အံ၊၂၊၂၉၆)’။ ဒီအဆိုနှစ်ရပ်အရ အလှူဖြစ် အောင်လှုံ့ဆော်မှုမှာ ဆင်ခြင်တုံတရားရှိရင် ‘ပညာပါသောအလှူ’၊ မဆင် မခြင် ဖြစ်ကတတ်ဆန်းဆိုရင် ‘ပညာမပါသောအလှူ’လို့ ဆိုနိုင်တယ်။

အမြတ်တန်း

အဲဒီ လှုံ့ဆော်မှုနဲ့ အတူ ဖြစ်တဲ့ အလှူလုပ်လိုတဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်၊ လုံ့လစိုက်မှုနဲ့ ဆင်ခြင်တုံတရားတွေရဲ့ အညံ့၊ အလယ်၊ ထက်သန် အခြေအနေတွေဟာ ဒါနရဲ့ အကျိုးကို ခြားနားစေတယ်။ ဂုဏ်သတင်း ကြီးချင်လို့ လှူရင် အညံ့၊ တစ်ခုခု ပြန်ရဖို့မျှော်ကိုးရင် အလယ်၊ ‘ဘာမှ မမျှော်လင့်ဘဲ ဒါနဟာ သူတော်ကောင်းတွေပြုရမယ့် အလုပ်’ဆိုတဲ့ အသိနဲ့ လှူရင် အမြတ်။ ဘဝစည်းစိမ်ကို တောင့်တပြီးလှူရင် အညံ့၊ ဘဝ သံသရာမှ လွတ်မြောက်ရေးကို မျှော်လင့်ရင် အလယ်၊ အများသတ္တဝါ တွေရဲ့ ကောင်းကျိုးအတွက် သက်သက်နဲ့ ကိုယ်ကျိုးစွန့်ပြီး လှူရင် အမြတ်ဆုံးလို့လည်း ဆိုတယ်။ ဒါကြောင့် အမြတ်တန်းစား အလှူ ဖြစ် နိုင်ရင်လည်း ‘ပညာပါသော အလှူ’လို့ ဆိုခွင့်ရှိတယ်။

အလှု့ရှင်

ဆင်ခြင်စရာလေးတွေ ... တစ်မနက်မှာ ဘုန်းကြီးနဲ့ ရင်နှီးတဲ့ ဗုဒ္ဓဝါဒီ မဟုတ်သူတစ်ယောက် ခြေကျိုးနေတဲ့ ရုံးသုံးစာပွဲဟောင်း တစ်ခုယူ လာပြီး ပြောပုံက ‘အိမ်မှာ အသစ်တစ်ခု ဝယ်လို့၊ ဒါကို ဘုန်းကြီး ကျောင်း လာပို့တာ၊ အကောင်းကြီး ရှိသေးတယ်’ တဲ့။ (အမေရိကမှာ ခုတင်၊ ကူရှင်၊ ရေခဲသေတ္တာပျက်လို ပစ္စည်းဟောင်းကို စွန့်ပစ်ရတာ ခက်တယ်)။ ...လပွတ္တာရဟန်းဒကာအိမ်ကနေ ဘုန်းကြီး (အဲဒီတုန်း က ရဟန်းသုံးဝါ) ရန်ကုန် ပြန်ခါနီး တစ်ညနေမှာ ရဟန်းအမရဲ့ မိတ် ဆွေ အမျိုးသမီး လာနှုတ်ဆက်ရင်း ပြောပုံက ‘ဟောဒီ သက်သာ ဆပ်ပြာထုပ်တွေ (နှစ်ထုပ်) ဝယ်ထားတာ ကြာပြီ၊ အိမ်မှာလည်း မသုံးဘူး၊ ဦပဉ္စင်းသုံးဖို့ ယူသွားလိုက်’တဲ့။ အနီးမှာ ရှိနေတဲ့ ရဟန်းအမက နှစ်သက်ပုံမရ။ နောက်နေ့မနက် စျေးကအပြန် ကတ်လိုက် (ဆယ့်နှစ် ထုပ်)ဝယ်လာပြပြီး ‘မောင်ပဉ္စင်း တစ်နှစ်လုံးသုံးလို့ ရတယ်၊ မကုန်ရင် အခြားဘုန်းကြီးတွေပါ လှူပေါ့’တဲ့။

‘ကိုယ်က အကောင်းကို သုံးပြီး သူများကို မကောင်းတာ စွန့်ရင် အဲဒီလူဟာ အလှူဝတ္ထုရဲ့ ကျွန်နဲ့ တူလို့ အလှူ့ကျွန်၊ ကိုယ်သုံးနေတာ ကိုပဲ လှူရင် တော့ အလှူ့မိတ်ဆွေ၊ ကိုယ်သုံးတာထက် အကောင်း အသစ်ကို လှူရင် အဲဒီ လူကတော့ အလှူဝတ္ထုရဲ့ သခင်နဲ့ တူလို့ အလှူ့ရှင် (ဒါနပတိ) (ဒီ၊ဋ္ဌ၊၁၊၂၆၆)’တဲ့။ ဒီလို အလှူ့ရှင်အနေနဲ့ လှူရင်လည်း ‘ပညာပါသော အလှူ’ဖြစ်မှာပဲ။

ငါးမျိုးလှူ

‘သဒ္ဓါပွား လေးစားရာ ချိန်ခါမှတ် မကပ်ငြိ မထိပါး ငါးမျိုးလှူ သူတော် ကောင်း (အံ၊၂၊၁၅၂)’။ ဒါနနဲ့ ဒါနရဲ့ အကျိုးကို ယုံကြည်ပြီး လှူရတယ်။ အလှူကို လေးစားရတယ် .. ဥပမာ အဦး အသစ်ကို လှူခြင်း၊ တိရစ္ဆာန် သူတောင်းစားတွေကို စွန့်သလို မလုပ်ခြင်း၊ အလှူခံဆီက တစ်ခုခု ပြန်ရနိုး မမျှော်ကိုးခြင်း။ လှူဒါန်းဖို့ ကြုံလာရင် လက်မနှေးရဘူး။ လှူပြီးနောက် ကြိုးနဲ့ ဆွဲထားသလို အလှူဝတ္ထုအပေါ် တွယ်တာ မနေဘဲ ပြတ်သားရတယ်။ ဥက္ကဋ္ဌ ဖြစ်ချင်လို့၊ သီရိသုဓမ္မဘွဲ့ ရချင်လို့ လှူတာ မျိုးလည်း မဖြစ်ရဘူး။ အဲဒီ သူတော်ကောင်း လှူနည်း ငါးမျိုးနဲ့ လှူနိုင် ရင်လည်း ‘ပညာပါသော အလှူ’ ဖြစ်ပါလိမ့်မယ်။

၂၃၅။ အရှိအတိုင်း

တပည့်တော်တို့ နေထိုင်သော တိုင်းပြည်တွင် ဗုဒ္ဓဘာသာ မြန်မာဘုန်း ကြီးကျောင်း တစ်ကျောင်းတည်းတွင် ရဟန်းတစ်ပါးသာ ရှိပါသည်။ ထိုရဟန်းသည် မေတ္တာတရား ခေါင်းပါးတဲ့ အပြင် စကားမတည် လိမ် လည်ပြောမှု၊ ကုန်းတိုက်ပြီး မိတ်ခွဲမှု၊ ကြမ်းတမ်းစွာ ဆဲရေးမှု၊ ပြိန်ဖျင်းသော စကားကို ဆိုမှု ဟူသော ဝစီဒုစရိုက် လေးပါးကို ရေလဲ သုံးလျက်ရှိပါသည်။ ထိုရဟန်းသည်

၁) သီလဖြူစင်ပါသလား၊ တိုင်းတစ်ပါးရောက် သာသနာ့ခေါင်း ဆောင်စံပြပုဂ္ဂိုလ်အဖြစ် ကိုးကွယ်သင့်ပါသလား။

၂) ပြည်ပတွင် မွေးဖွား ကြီးပြင်းမည့် မျိုးဆက်သစ် ကလေးများအား သာသနာ့အမွေကို ဆင့်ကမ်းနိုင်ပါမည်လား။

မေတ္တာထား၍ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်။

ရိုသေလျက်မစူး

---

မေးပါရစေ

အဲဒီတိုင်းပြည်က တစ်ခုတည်းသော အဲဒီကျောင်းမှာ သီတင်းသုံးတဲ့ တစ်ပါးတည်းသော အဲဒီရဟန်းရဲ့ ဂုဏ်ရည်တွေက မေးခွန်း ဒုတိယ စာပိုဒ်ဖော်ပြချက်အရ ‘ဒေါသကြီး လိမ်ညာ ကုန်းတိုက် နှုတ်ကြမ်း အတင်းပြော’ဖြစ်လို့ မေးခွန်း ၁) ကိုရော ၂) ကိုပါ ‘နိုး’လို့ ပဲ ဖြေရတော့မှာပါ။ ‘မေတ္တာထား၍’လို့ ပါနေတဲ့ အတိုင်း အဲဒီလိုမျိုး လူတစ်ယောက်ကို စံပြကိုးကွယ်ခံ မဆိုထားဘိ၊ သင့်အိမ်ထောင်ဘက် အနေနဲ့ ကော ရွေးသင့်သလားလို့ မေးစမ်းပါရစေ။

လေ့ကျင့်ပါ

သင်အပါအဝင် လူအများ အင်မတန် ကြည်ညိုလှပါတယ်ဆိုတဲ့ နာမည် ကျော်တစ်ယောက်နဲ့ တစ်လလောက် အတူတူ ထဲထဲဝင်ဝင် နေကြည့် ရင် ‘ဆိုသလောက် မဟုတ်သေးပါဘူး’လို့ သင့်စိတ်ထဲမှာ အတွေးတွေ ဝင်လာနိုင်တယ်။ အသက်လောက် ချစ်ပါတယ်ဆိုပြီး ယူခဲ့တဲ့ သင့်ရဲ့ အိမ်ထောင်ဖက်မှာတောင် ရက်လကြာလေ ချွတ်ယွင်းချက် တွေ့လေ မဟုတ်လား။ အင်း .. ဘုန်းကြီးကတော့ အဲဒီ လူ့သဘာဝကို အရှိ အတိုင်း လက်ခံနိုင်ဖို့ အဲဒီလို အတွေးမျိုးတွေ လျော့ပါးအောင် လေ့ကျင့်တယ်။ လေ့ကျင့်မှု တစ်ကြိမ် အောင်မြင်တိုင်း ‘ငါ မဆိုးသေးဘူး’လို့ တွေးပြီး ပီတိဖြစ်ရတယ်။ မအောင်မြင်တဲ့ အကြိမ်လည်း ရှိပါတယ်။

ဥပါလိထုံး

ဆရာကောင်းနဲ့ မဆုံဖူးလို့၊ ဆုံမိသည့်တိုင် ဗီဇအရ စိတ်ဓာတ်ရေးရာ ညံ့နေလို့၊ လိုချင်စိတ်လွှမ်းမိုးလို စိတ်တွေမွှန်နေလို့၊ ‘အမျိုးယုတ်သူ ထမင်းဝ’ ဖြစ်နေလို့ သင်္ကန်း ဝတ်ထားပေမယ့် လူ့အကြံ လူ့စရိုက် မပျောက်တဲ့ ရဟန်းတွေ ရှိနိုင်ပါတယ်။ အဲဒီလို ရဟန်းတွေနဲ့ (ဘယ်မှာ မဆို၊ အဲဒီနိုင်ငံမှာမှမဟုတ်) ကြုံဆုံလာရင် ..

ပနေ ဒိသွာနကာသာဝံ၊

ဆ*ိတံမီဠှမက္ခိတံ။

သိရသ္မိံအဉ္ဇလိံကတွာ၊

ဝန္ဒိတဗ္ဗံဣသိဒ္ဓဇံ။ (အပဒါန၁၊၅၂)။

မစင်ကပ်နေတဲ့ စွန့်ပစ်ခံ သင်္ကန်းကို လမ်းမှာ မြင်ရရင် တောင် အဲဒီ ဣသိတံခွန် (ရဟန္တာရဲ့ အောင်လံ) သင်္ကန်းကို လက် ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးပါ၏’လို့ ဝိနည်း ဧတဒဂ်ရ အရှင် ဥပါလိရဲ့ထုံးအတိုင်း ကျင့်သုံးနိုင်ပါစေ။

၂၃၆။ ဗုဒ္ဓဝါဒနှင့် ဒီမိုကရေစီ

ဇူလိုင် ၁၈၊၂၀၁၂။

---

မေးမြန်းအပ်ပါသည် အရှင်ဘုရား၊

ဒီမိုကရေစီစနစ်အရ အရှုံး သို့မဟုတ် အနိုင်ဟူသော ဖြစ်စဉ်တစ်ခု ပေါ် ပေါက်လာရန် အများဆန္ဒနဲ့ လက်ခံ ဆုံးဖြတ်ကြောင်း သိထားပါသည်။ အများသဘောနဲ့ ဆုံးဖြတ်သည့် အရာအားလုံးကို အကောင်း သို့မ ဟုတ် အမှန်ဟု လက်ခံနိုင်ပါသလား။ ကောင်းခြင်း ဆိုးခြင်းကို ဗုဒ္ဓဘာ သာမှာ မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုပါသနည်း။ ဒီမိုကရေစီ ကျင့်စဉ်သည် ဗုဒ္ဓဝါဒနဲ့ ညီညွတ်မှုရှိပါသလား။ ဆရာတော်၏ အမြင်ကို သိလိုပါသည် အရှင်ဘုရား။

မေမိုးသူ

---

နွားပြင်းထချိန်

ချောင်းမြောင်းအင်းကန်တွေ ခန်းခြောက်တဲ့ နွေနှောင်းရက်ကျန်ကာလ ညနေခင်းအချိန် တစ်ရွာလုံးက နွားတွေ ရွာဦးက ရေကန်ဟောင်းကို ရေသောက်ဖို့ အလုအယက် ပြေးဆင်းကြတဲ့ အခါ နေရာလုရင်း နွားနှစ် ကောင် ဝှေ့ကြစဉ် နွားအုပ်ကြီးဟာ ဝှေ့နေတဲ့ နွားနှစ်ကောင်ကို ဂရုမ စိုက်ဘဲ နွားထီးအချို့ ချိုသွေး ဟန်ရေးပြ၊ နွားမတွေက ကန်စပ်ကို ပြေးဆင်းပြေးတက် လုပ်နေကြတယ်။ ဒါပေမယ့် ရှုံးတဲ့ နွား ဦးတည်ရာ မဲ့ ပြေးလည်းပြေးရော နွားအုပ်ကြီးတစ်ခုလုံး အထီးရောအမပါမကျန် အဲဒီကောင်ကို တရကြမ်း လိုက်ပြီး ဝှေ့ကြတယ်။ အဲဒါကို ဒေသစကား နဲ့ ‘နွားပြင်းထတယ်’လို့ ခေါ်တယ်။

အလိုက်ခံရတဲ့ ကောင် ကံမကောင်းလို့ လဲကျရင် နွားအုပ်ကြီး ဝိုင်း ဝှေ့လို့ ဗိုက်ပေါက်ပြီး သေရော။ အဲဒီ အမဲကိုတော့ ‘နွားပြင်းသား’တဲ့။ (ဂေါဝ ဘိယျော ပလာယိနံ၊ သံ၊၁၊၂၂၃ အဖွင့် အဋ္ဌကထာကို ရှုပါ။) ဒီနေရာမှာပြေးတဲ့ နွားကိုပဲအမှားလို့ ဆိုနိုင်အံ့လော။

မိုက်ပေစွ

မကြာခင်က James Brown ရေးတဲ့ The Life And Times of Nelson Mandela (နယ်လ်ဆင် မန်ဒဲလားရဲ့ ဘဝနဲ့ ကာလ) စာအုပ်ငယ်ကို ဖတ် ပြီးတဲ့ အခါ အနှောင်အဖွဲ့ သို့မဟုတ် အကျဉ်းအကျပ် ကာလအတွင်း လူတစ်ယောက်ရဲ့ ယေဘုယျမြင်ကွင်းကိုလည်း နွားပြင်းလိုက်ခံရသလို ခံစားမိတယ်။ ဒါကို ကိုယ်တိုင် ဘဝအတွေ့အကြုံနဲ့ အသက်အရွယ်အရလည်း ပိုပြီး နားလည်လာတယ်။ အတ္တရှိ (ငါကောင် သူကောင်မြဲ) ဝါဒ ကြီး လွှမ်မိုးနေတဲ့ လောကကို အတ္တမဲ့ (ငါကောင် သူကောင် မရှိ)လို့ တော်လှန် ဟောကြားမယ့် ရှင်တော်ဗုဒ္ဓဟာ ဗုဒ္ဓဖြစ်ခါစမှာ ‘အန္ဓီဘူတော = (လောကကြီး)မိုက်ပေစွ’လို့ သုံးသပ်ခဲ့ပါတယ်။ အဝိဇ္ဇာလွှမ်းတဲ့ ပုထု ဇဉ် ကမ္ဘာဟာ ဘွဲ့ဒီဂရီ ရာထူးဂုဏ်သိန် ဘယ်လောက်ပဲ ကြီးစေ မြင့် စေ ‘မလင်း’လှဘူး ဆိုတာတော့ သေချာပါတယ်။ မလင်းလို့ ပဲ အုပ်စု တွေကွဲပြီး သူငါစွဲတွေ ဖြစ်ရာကနေ တိုက်ပွဲတွေဆီထိ ဦးတည်ကြရတယ် မဟုတ်ပါလား။ ဓီ.. ဗျာပကံတမော (=ထွီ.. တစ်လောကလုံး ဖုံးလေတဲ့ အမှောင်)။ အမှောင်လောကမှာ သင်္ချာကိန်းခန်းများလေတိုင်း ဘယ်သို့လျှင် အမှန်လို့ ဆိုနိုင်ပါ့မလဲ။ အဖွဲ့ဝင် ၁၉၂ နှစ်ငံ ရှိတဲ့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီမှာ အစွန်းရောက် ဘာသာရေး အုပ်စုတွေ အင်အားများနေရင် အဲဒီလူ့အခွင့်အရေးဟာ မျှတတဲ့ လူ့အခွင့်အရေးဖြစ်ဖို့ မသေချာနိုင်တော့ဘူး။

အကောင်းအဆိုး

ရှင်တော်ဗုဒ္ဓက ‘ကောင်းခြင်းဆိုတာ (ကိုယ့်ကိုရော သူ့ကိုပါ ပျက်စီး အောင်မလုပ်တဲ့ အတွက်)အပြစ်မဲ့ပြီး ကိုယ်စိတ်ချမ်းသာမှုကို ဖြစ်စေ တဲ့ သဘောရှိတယ်’လို့ ဟောကြားပါတယ်။ ပလေတိုကတော့ အမျိုးမျိုး မေးခွန်းထုတ် အပြန်အလှန် ဆွေးနွေးပြီးနောက် ‘ကောင်းခြင်းဆိုတာ အသုံးတည့်တဲ့ နည်းလမ်းတစ်ခုနဲ့ ရှာဖွေရဦးမယ့်အရာ’လို့ ဆိုတယ်။ ဒါဖြင့်ရင် မှားမှန်ကောင်းဆိုးဆိုတာ ကြမ်းထော်လှတဲ့ ကျောက်ဖြုန်း မြေနဲ့ တူတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ယုံကြည်မှုနဲ့ ယဉ်ကျေးမှုအစွဲအလမ်း တွေပေါ်မှာ ရှင်သန်ရတဲ့ မြက်နုနုလို အရာမျိုးပေလော။ သင်က အခြား အုပ်စုတစ်ခုကို မိစ္ဆာဒိဋ္ဌိတွေလို့ ဆိုဆဲမှာ ယင်းတို့ကလည်း သင့်ကို အလားတူဆိုမြဲရှိမှာကို သတိပြုပါ။

သူတို့စကား

ပါရှားမှာ ဇိုရိုးစတား၊ ဂရိမှာ ပိုက်သဂိုးရပ်စ်၊ တရုတ်မှာ ကွန်ဖြူးရှပ်နဲ့ လောင်ဇီး၊ အိန္ဒိယမှာ မဟာဝီရ (ဂျိန်း)နဲ့ ဗုဒ္ဓတို့ ပေါ်ထွန်း တဲ့ ဘီစီ ၆ ရာစုမှာ ‘အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ပတ္တနားမြို့အနီး လိစ္ဆဝီလူမျိုးတို့ရဲ့ ဝေသာလီ မြို့ပြနိုင်ငံမှာ ပြည်သူ့ရွေးချယ်ခံ ကိုယ်စားလှယ်တွေက တင်မြှောက်တဲ့ သမတကအုပ်ချုပ်တယ်(J. Nehru, Glimpsesof World History, p. 26)’။ ဝေသာလီကို ဝဇ္ဇီနိုင်ငံလို့လည်း ခေါ်တယ်။ အခြားလူ မျိုးစုတွေ ရှိသေးပေမယ့် အဲဒီအချိန်က လိစ္ဆဝီတွေက ဦးဆောင်တယ်။ ‘ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွင် အာဏာတည်သည်။ ထို့ကြောင့် ထို အာဏာကို ပြည်သူ့ထံမှာ ရွေးကောက်ပွဲများတွင် နိုင်ငံရေး အဖွဲ့ပေါင်း စုံကတောင်းခံ၍ ယူရသည် (Dr.မောင်မောင်)’။

ဒီအဆိုနှစ်ရပ်အရ ဝဇ္ဇီနိုင်ငံကို ဒီမိုကရေစီလို့ ဆိုနိုင်ခဲ့ရင် ...

လမ်းပြခုနစ်ရပ်

‘ဝဇ္ဇီနိုင်ငံသားတွေဟာ .. အကြိမ်ကြိမ် ဆွေးနွေးကြတယ်၊ မျက်နှာချင်း ဆိုင် ပွင့်ပွင့်လင်းလင်းညှိနှိုင်းကြတယ်၊ အာဏာရှိ အာဏာမဲ့ နိုင်ငံသား အားလုံး စည်းကမ်းကို လိုက်နာကြတယ်၊ သက်ကြီးတွေကို စောင့် ရှောက်ကြတယ်၊ မိန်းမငယ်တွေကို ဥစ္စာဓနနဲ့ အာဏာရှိန်ကို ပြပြီး မဖျက်ဆီးကြဘူး၊ အများပူဇော် ကိုးကွယ်တဲ့ အရာကို မဖျက်ဆီးကြဘူး၊ ရဟန္တာ သူတော်စင်တွေကို တရားနဲ့ အညီ ကာကွယ်ထားတယ်၊ သူတို့ အဲဒီလို ကျင့်ကြံနေကြသရွေ့ .. မဆုတ်ယုတ်နိုင်ဘူး (ဒီ၊၂၊၆၁)’လို့ ဟောကြားတာကို ထောက်ရင် ရှင်တော်ဗုဒ္ဓ အနေနဲ့ ဝဇ္ဇီနိုင်ငံကို အကောင်းမြင်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

လာပြန်ပြီဟေ့

လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က မြန်မာ စာရေးဆရာအချို့က ဗုဒ္ဓဝါဒမှာ ဆိုရှယ်လစ် သဘောတရားတွေ ပါရှိကြောင်း ရေးသားကြတာကို အမှတ်ရသေးတယ်။ ဒါပေမယ့် ‘နောင်တစ်ခါ လာပြန်ပြီဟေ့’လို့ တော့ အပြစ်တင် မစောပါနဲ့။ ဘာကြောင့်ဆို တစ်ချိန်တည်းမှာ ‘ဖက်ဆစ်တို့ တန်ခိုး ထွားနေသော အချိန်ကာလ (၁၉၂၀-၁၉၃၀)အတွင်း အီတာလျံ စာပေမှာ ယေဘုယျအားဖြင့် ဖက်ဆစ်စနစ်ကို အကျိုးပြုသော ဝါဒဖြန့်ချိ ရေး သဘောတရားတို့နှင့် လုံးထွေးရစ်ပတ် ရှိနေခဲ့၏’ဆိုတဲ့ မောင်ထင် ရဲ့ ကမ္ဘာ့စာပေအညွှန်း (အီတာလျံ)’အဆိုကိုလည်း အမှတ်ရမိလို့ ပါ။

မိမိရန်သူ၊ ဖြစ်ဘိမူလည်း၊ ကြည်ဖြူမေတ္တာ ပို့ရမည်။ ရန်သူကင်းရာ၊ ဆယ်မျက်နှာ၊ မေတ္တာပရိတ်ဆို့ရမည်။ မြက်မှိုက်ပုံတု၊ မကောင်းမှု၊ ကုသိုလ်မီးနှင့်ရှို့ရမည်။

၂၃၇။ မိုက်မလင်းနိုင်လို့

ရိုသေစွာ မေးမြန်းလိုပါသည် အရှင်ဘုရား၊

ရဟန်းတစ်ပါး သာသနာ့ဘောင်မှာ မပျော်ပိုက်လို့ လူဝတ်လဲခဲ့ပါက ရဟန်းဘဝတွင် အလှူခံရရှိခဲ့သော ဝတ္ထုငွေကြေးများ၊ ကျောင်းဆောက် ရန်အလှူခံထားသော ငွေကြေးများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကွန် ပျူတာ၊တယ်လီဖုန်းအစရှိသည့် ရဟန်းဘဝ၌ ပိုင်ဆိုင်ခဲ့သော ပစ္စည်း များကို လူ့ဘဝ၌ သုံးစွဲခွင့်၊ ပိုင်ဆိုင်ခွင့် ရှိပါသလား။ ဘယ်လို အကျိုး အပြစ်ရှိသည်ကို ရှင်းပြပေးပါ အရှင်ဘုရား။

ကိုဖြိုး

---

လှူဒါန်းပုံ

လှူတယ်ဆိုတာ လှူသူက အလှူခံသူကို အပြီးအပိုင် ပေးစွန့်လိုက် တာပဲ။ မြန်မာနိုင်ငံက ကျောင်းအလှူမျိုးဆိုရင် မြေဂရန်နဲ့ တကွ တစ်ခါ တည်း အားလုံးကို ပုံပြီး အလှူခံလက်ထဲ အပ်နှံလိုက်လို့ ပိုပြီး ပြတ်သားတယ်။ အိမ်ခြံမြေကို အကြွေးနဲ့ ဝယ်ရတဲ့ နိုင်ငံတွေမှာနဲ့ လုံးဝ မတူဘူး။ ဒီနေရာမှာ လှူဒါန်းပုံ အမျိုးမျိုး ရှိတဲ့ အနက် အနည်းငယ်ကို အကြမ်းမျှဖော်ပြရရင် ...

ပုဂ္ဂလိက

အာယသ္မတော ဒေမိ (= အရှင်ဘုရားကို လှူပါ၏)’လို့ ရဟန်းတစ်ပါးကို လှူခြင်း။ ဥပမာ.. ရဟန်းဒကာမက သူ့ရဟန်းကိုလှူတဲ့ ကျောင်းဖြစ်ရင် အဲဒီကျောင်းဟာ သူပိုင်ဖြစ်တဲ့ အတွက် သူကြိုက်သလို လုပ်ခွင့်ရှိတယ်။ သူ့ကျောင်းကို ဘယ်ရဟန်းကိုမှ ပြန်လှူလိုစိတ် မရှိရင် လူဝတ်လဲပြီးမှတောင် ဘုန်းကြီးကျောင်း လှူဒါန်းလိုသူတွေကို ရောင်းပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် ကျောင်းရံပုံငွေနဲ့ ကျောင်းသုံး ပရိဘောဂတွေက သံဃိက (သံဃာကို လှူထားတာ)ဖြစ်ရင် သူနဲ့မဆိုင်။ အဲဒါမျိုးတွေကို မတရားယူ သွားရင် တော့သူ့မှာလောကပြစ်၊ သံသရာပြစ် နှစ်မျိုးလုံး မလွတ်ဘူး။

သံဃိက

သံဃဿ ဒေမိ (= သံဃာအား လှူပါ၏)’လို့ သံဃာကို ရည်ရွယ်ပြီး လှူခြင်း။ ဒီအလှူပစ္စည်းမျိုးကို လူထွက်တဲ့ အခါ ယူသွားခွင့်မရှိ။ ရဟန်း အဖြစ်နဲ့ ပင် ရိုရိုသေသေ အသုံးပြုရတယ်။ ပျက်စီးသွားရင် ပြန်လျော် ပေးရတယ်။ စေတနာနဲ့ ဖျက်ဆီးရင် တန်ဖိုးအလိုက် အပြစ်ကြီးတယ်။

စကားမစပ်၊ မြန်မာပြည်က ကြွလာတဲ့ ကျမ်းတတ် ဆရာတော် တစ်ပါး ဆွမ်းအကပ်ခံတဲ့ အခါ အလှူ့ရှင်တွေကို ‘သံဃဿ ဒေမ (= သံဃာအား လှူဒါန်းပါ၏)’လို့ မဆိုခိုင်းဘဲ ‘ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယောဟောတု (=ဤကောင်းမှုသည်နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ် ပါစေ)’လောက်ပဲဆိုခိုင်းတာ တွေ့ရတယ်။ အကြောင်းပြပုံက ‘သံဃိက လှူတဲ့ ဆွမ်းကိုစားရတာ စိတ်မသန့်လို့ ’တဲ့။ ‘သံဃေ ဒိန္နေ မဟပ္ဖလံ (= သံဃာကိုလှူရင် အကျိုးကြီးတယ်)’လို့ ဘုရားဟောရှိ မဟုတ်ပါလားလို့ ဘုန်းကြီးက မေးတော့ ‘အလှူပစ္စည်း အခြေအနေကို ကြည့်ပြီး ဆုံး ဖြတ်ရတယ်’လို့ ၎င်းက ဆိုခဲ့ကြောင်းပါ။ ကြိုက်ရင် ယူပေါ့။

စေတိယ သန္တက

စေတိယဿ ဒေမိ (= စေတီ ဆင်းတုအား လှူပါ၏)’လို့ စေတီတော်၊ ဘုရားဆင်းတုတော်ကို ရည်ရွယ်လှူဒါန်း။ ဒီပစ္စည်းမျိုးလည်း ရဟန်းနဲ့ မဆိုင်။ ဒီနေရာမှာ အရွယ်အစားငယ်လို့ ရွှေ့ပြောင်းနိုင်တဲ့ ရဟန်းပိုင် စေတီနဲ့ ဆင်းတုကို ရဟန်းအဖြစ်နဲ့ တစ်နေရာကို ရွှေ့ပြောင်းရင် ဖြစ် စေ၊ လူထွက်ရင် ဖြစ်စေ ယူသွားခွင့် ရှိနိုင်တယ်။ ဒါပေမယ့် အဲဒီ ဘုရား စေတီကို လှူထားတဲ့ ရတနာစိန်ရွှေကို အလွဲသုံးစား လုပ်ရင်တော့ သံသရာပြစ် ရှိတယ်။ ဒါကြောင့် နာမည်ကြီး သို့မဟုတ် ဘုန်းကြီးတဲ့ စေတီ ဘုရားဆင်းတု ပိုင်ရှင်တွေ အလှူခံတဲ့ အခါ ဘုရားပစ္စည်း ကိုယ့် ပစ္စည်းကွဲကွဲပြားပြား ဖြစ်သင့်တယ်။

နှလုံးသွင်း

အဲဒီတော့ မေးခွန်းထဲက ကွန်ပျူတာ၊တယ်လီဖုန်း ဆိုတာတွေလည်း ရဟန်းဝတ်နဲ့ တုန်းကသူ့ကိုယ်ပိုင်ဖြစ်ခဲ့ရင် လူဝတ်နဲ့ ဆက်လက်အသုံး ပြုခွင့် ရှိတယ်။ သူ့မှာ လူတွေ ကဲ့ရဲ့ခံရတာက လွဲလို့ သံသရာပြစ် ရှိ မယ်လို့ မထင်ဘူး။ ဒါပေမယ့် အဆင့်အတန်း ရှိပြီး ယောကျ်ားမာနနဲ့ ကိုယ့်ပညာ ကိုယ့်အစွမ်းကို ယုံကြည်တဲ့ ရဟန်း လူထွက်တွေကတော့ သင်္ကန်းနဲ့ သိက္ခာကိုကြည်ညိုလို့ လှူထားတဲ့ ပစ္စည်းတွေကို ဘာတစ်ခုမှ ယူသွားလေ့ မရှိပါဘူး။ သူများ သဒ္ဓါလို့ လှူထားတာတွေကို အကုန် ‘မ’သွားတဲ့ ပုဂ္ဂိုလ်နဲ့ ကံမကောင်းလို့ ဆုံတွေ့ရင်လည်း ‘သဗ္ဗေ သတ္တာ ကမ္မဿကာ’လို့ ပဲ နှလုံးသွင်းလိုက်ပါ။

ရာဇဝင်

ပုဂံခေတ်က မြန်မာနိုင်ငံကို သာသနာပြုဖို့ ကြွလာတဲ့ သီဟိုဠ်သား ဘုန်းကြီးတစ်ပါး မြန်မာ နန်းတွင်း ကချေသည်မ တစ်ယောက်ကို စွဲလမ်းပြီး လူထွက်မယ်လုပ်တော့ အတူနေရဟန်းတွေ ဝိုင်းကန့်ကွက်လို့ မြန်မာနိုင်ငံက တစ်ဆင့် မလေးရှားကို သွားပြီး မလေးရှား ဘုရင်ကို စာသင်ပေးရာမှာ ဘုရင်က ကြည်ညိုလို့ ပတ္တမြားတစ်သပိတ် လှူသတဲ့။ အချိုရှာသကာတွေ့သွားတဲ့ အဲဒီကိုယ်တော် အဲဒီပတ္တမြားတွေနဲ့ သူဌေး လုပ်သွားတဲ့ မှတ်တမ်းရှိပါတယ်။

ဘုန်းကြီး ဆိုတာလည်း ‘မိုက်မလင်းနိုင်လို့ ’ထဲမှာ ပါနေသေးတဲ့ ပုထုဇဉ်သားဆိုတော့ အဲဒါမျိုးတွေကြုံရတဲ့ အခါ အသင့်နှလုံးသွင်းနဲ့ နား လည်ပေးနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။

မိုက်မလင်းနိုင်လို့၊

မြိုက်ခင်းညာဆီမှာ၊

ခါတော်မီသီမဝေ့နိုင်ဘု၊

ဒီကွေ့တွင်နေကုန်မျောပြန်ရ၊

အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဘွေ။

(လယ်တီဆရာတော်)

၂၃၈။ ဆင်စွယ်ပုတီး

ရိုသေလေးမြတ်စွာ မေမြန်းအပ်ပါသည်ဘုန်းဘုန်း၊

သမီးမှာ မိခင်မကွယ်လွန်မီပေးခဲ့တဲ့ ဆင်စွယ်ပုတီး တစ်ကုံးရှိပါသည်။ သမီး အဲဒီပုတီးနဲ့ စိပ်လာသည်မှာလည်း နှစ်နှစ်ကျော်ပါပြီ။ မကြာခင်ကမှ နီးစပ်တဲ့ မိတ်ဆွေတစ်ယောက်က ဆင်စွယ်ပုတီးနဲ့ ပုတီးစိပ်ရင် ကုသိုလ်ထက် အကုသိုလ် ပိုများနိုင်သည်ဟု ဆိုလာပါသည်။ ဆင်စွယ်ပုတီးရဖို့အတွက် ဆင်သေရခြင်းမှာ ပုတီးစိပ်သူနှင့် သက်ဆိုင်သလိုလို သူက ပြောပါသည်။ ဆင်စွယ်ပုတီးနှင့် ပုတီးစိပ်ပါက အပြစ်ရသလား ဆိုသည်ကို သိလိုပါသည်ဘုန်းဘုန်း။ သမီးက ဘုန်းဘုန်းရဲ့အကြံပေးချက်အတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်ထားပါသည်။

ရွှေစင်အိ

---

အရှင်ဥပါလိ

နိကာယ်အဋ္ဌထာတွေရဲ့ နိဒါန်းတွေမှာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် သုံးလအကြာ ပထမ သံဂါယနာတင်ပုံ အစီအစဉ်ကို ဖော်ပြရာမှာ ‘ဝိနယပိဋကကို ဖြေဆိုမယ့် အရှင်ဥပါလိမထေရ်ဟာ ‘ဒန္တခစိတ’ယပ်တောင်ကို ကိုင်ပြီး ဓမ္မာသနပလ္လင်ပေါ်မှာ ထိုင်တယ်’လို့ ဆိုတယ်။ ‘ဒန္တခစိတံ’ပုဒ်ကို ဋီကာဟောင်း (အဦးဆုံး ရေးတဲ့ ဋီကာကျမ်း)တွေမှာ ‘ဒန္တေဟိ ကတံ = သွား (အစွယ်)တွေနဲ့ လုပ်ထားတဲ့ ’လို့ သာမန်ပဲ ဖွင့်ဆိုပေမယ့် နောက်ရေးတဲ့ ဋီကာကျမ်း (သီ၊ဋီ၊သစ် ၁၊၇၄) မှာတော့ ‘ဟတ္ထိ ဒန္တေဟိ ကတံ = ဆင်စွယ်တွေနဲ့ လုပ်ထားတဲ့ ’လို့ အတိအကျ ဖွင့်ဆိုတယ်။ မြန်မာနိဿယကျမ်းတွေမှာလည်း ‘ဒန္တခစိတံ = ဆင်စွယ်ဖြင့် ပြုလုပ်ထားအပ်သော’လို့ ဘာသာပြန်တော်မူကြတယ်။

ဒါဖြင့်ရင် ပထမသံဂါယနာတင်စဉ်က ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိ မထေရ်ကြီးဟာ ဆင်စွယ်ယပ်တောင်ကို အသုံးပြုတော်မူတယ်လို့ ယူဆခွင့်ရှိတယ်။ စကားမစပ်၊ ယနေ့ခေတ် မြန်မာနိုင်ငံက တိပိဋက ဆရာတော်တွေလည်း ဆင်စွယ်ယပ်တောင်ကို အသုံးပြုကြတာပဲ။

ဆင်စွယ်ပုတီး

ဆင်စွယ်ရဖို့ ဆင်အချို့ မတရားသေတာ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆင်ဆိုတာ မင်းအင်္ဂါ (မင်းတို့ရဲ့ အသုံးအဆောင်) ဖြစ်လို့ ရှေးတုန်းကပင် သတ်ချင်တိုင်း သတ်ပစ်ဖို့တော့ မလွယ်နိုင်ဘူး။ ရှေးတုန်းက ဘုရင်တွေဆိုရင် စစ်ပွဲမှာအသုံးပြုတဲ့ စီးတော်ဆင်သေတဲ့ အခါလူတစ်ယောက်လို သင်္ဂြိုဟ်ကြတယ်။ ယနေ့ခေတ်မှာလည်း နိုင်ငံအစိုးရက ဆင်တွေကို ကောင်းစွာ ကာကွယ်စောင့်ရှောက်ထားပါတယ်။ ဒါကြောင့် ဆင်စွယ်ပုတီးဆိုတဲ့ အကြောင်းတစ်ခုတည်းနဲ့ ဆင်တွေ သေတယ်လို့ တရားသေ မဆိုနိုင်ပါဘူး။ သေရိုးသေစဉ် သေမှ ဆင်စွယ်ကို ရနိုင်ဖွယ်ရှိပါတယ်။

ပုတီးနဲ့ မဆိုင်

ဘယ်ပုတီးနဲ့ စိပ်စိပ်ပုတီးစိပ်ရင်း မဟုတ်တာလုပ်ဖို့ စဉ်းစားနေရင် ကုသိုလ်ထက် အကုသိုလ် ပိုများမှာပေါ့။ အကုသိုလ် သို့မဟုတ် အပြစ်ဖြစ်တာပုတီးနဲ့ မဆိုင်နိုင်ပါဘူး။ ဒါကြောင့် မိခင်အမွေပေးခဲ့ အဲဒီဆင်စွယ်ပုတီးကို မြတ်နိုးစွာ သိမ်းထားပြီး မိခင်လိုပဲ ပုတီးစိပ်နိုင်ဖို့ ကြိုးစားပါလို့ အကြံပြုပါတယ်။

၂၃၉။ သဒ္ဓါလွန်းပေမယ့်

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

မကြာမီက တပည့်တော် ဖတ်မိသော အင်္ဂလိပ်ခေတ် မြန်မာနိုင်ငံမှ ဝိပဿနာ တရားအားထုတ်မှုတွင် အလွန်ထင်ရှားသော ဆရာတော်တစ်ပါး၏ ထေရုပ္ပတ္တိတွင် ထိုဆရာတော်သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွရောက်ခိုက် မြတ်စွာဘုရားကို ကြည်ညိုလွန်းသော စိတ်ဖြင့် လက်ညှိုးကို ဖြတ်ပြီး မီးပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ အင်္ဂလိပ်ဘာသာ ဆောင်းပါးတစ်ခု၌လည်း ထိုင်းနိုင်ငံမှ ဘုန်းကြီးတစ်ပါးသည် ရာဂစိတ်တွေ မဖြစ်အောင် ကပ္ပယ်အိတ် (ဝှေးစေ့)ကို ထုတ်ပစ်ကြောင်း ဖတ်ရပါသည်။ ထိုဆရာတော်နှစ်ပါး၏ လုပ်ဆောင်ချက်များသည် မြတ်စွာဘုရား ဟောကြားသည့်နှင့် ညီညွတ်ပါသလား။ ဘုရားရှင်အနေဖြင့် ထိုကဲ့သို့သော လုပ်ရပ်များကို ခွင့်ပြုနိုင်ပါမည်လား ဆိုသည်ကို သိလိုပါသည် အရှင်ဘုရား။

ဒကာကြီးမောင်ရှိန်

---

ပူဇော်ခြင်း

ရန်ကုန်မြို့၊ ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်က ၁၉၇၁-ခုနှစ် ရိုက်နှိပ်တဲ့ သမုပ္ပါဒနိရောဓဂကျမ်း (ပထမတွဲ) နိဒါန်းအရ ကျမ်းပြုသူ ဆရာတော်ဟာ ‘တစ်ဖန် သီဟိုဠ်နိုင်ငံသို့ ဆက်ကြွပြီး သီဟိုဠ်တွင် ငါးနှစ်ကြာ သီတင်းသုံးသည်။ သီဟိုဠ်၌ သီတင်းသုံးစဉ် သီဟိုဠ် ဒက္ခိဏသာခါ ဗေဓိပင်အား အလွန်ကြည်ညိုသဖြင့်မြတ်စွာဘုရား၏ ဂုဏ်ကို အာရုံပြုလျက် လက်ဝဲ လက်ညိုးကို ဖြတ်၍ ဆီဆွတ်သော အဝတ်ဖြင့် ပတ်ပြီးလျှင် ဒက္ခိဏသာခါ ဗောဓိပင်မြတ်အား ဆီမီးပူဇော်သည်’လို့ ဖော်ပြထားပါတယ်။ ဆရာတော်ဟာ မိမိရဲ့လက်ညှိုးကို မိမိကိုယ်တိုင် လှီးဖြတ်သလား၊ ဆရာဝန်က လှီးဖြတ်ပေးသလား ဆိုသည်နဲ့ ထိုခေတ်အခါက အဲဒီလို ကိုယ်တိုင် တရားဝင်လုပ်ခွင့် သို့မဟုတ် တစ်ယောက်ယောက်က လုပ်ပေးခွင့်ရှိသလားဆိုသည်ကို ဘုန်းကြီး မသိပါ။

ဖြတ်သူ

ဗုဒ္ဓလက်ထက်က ရဟန်းတစ်ပါး သာသနာမှာ မပျော်မွေ့နိုင်လို့ သူ့ကြောင့်ပဲဆိုပြီး အင်္ဂါဇတ်ကို ဖြတ်ပစ်သတဲ့။ အဲဒီတော့ ဗုဒ္ဓက မလိမ္မာတဲ့ အဲဒီရဟန်းဟာ အမှန်တကယ် ဖြတ်ရမယ့် ကိလေသာစိတ်ကို မဖြတ်နိုင်ဘဲ ဘာမှမဆိုင်တဲ့ အင်္ဂါဇာတ်ကို ဖြတ်ရသလားလို့ အပြစ်တင်ပြီး ‘ရဟန်းသည်မိမိ၏ အင်္ဂါဇာတ်ကိုမဖြတ်ရ၊ ဖြတ်လျှင် ထုလ္လစဉ်းအာပတ်သင့်၏’လို့ သိက္ခာပုဒ် ပညတ်တော်မူပါတယ် (ဝိ၊၄၊၂၄၆)။ အင်္ဂါဇာတ်ကို ဖြတ်တာနဲ့ ပတ်သက်ပြီး စကားကြွင်းကို ‘နားရွက်၊ နှာခေါင်း၊ လက်ချောင်း စသည်ကို ဖြတ်ရင်တော့ ဒက္ကဋ်အာပတ်သင့်တယ်’လို့ အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၃၊၄၅)မှာဖွင့်ဆိုတယ်။

ဒီကျမ်းစာ စကားအရ လက်ညှိုးကို ဖြတ်မိတဲ့ ဆရာတော်ဟာ ဒုက္ကဋ်အာပတ် သင့်ပါလိမ့်မယ်။ ရှင်တော်ဗုဒ္ဓ သက်တော်ထင်ရှားရှိခဲ့ရင်လည်း ဒီကိစ္စကို အားပေးတော်မူမယ်လို့ မထင်ဘူး။ ‘ငါ့တပည့်၊ ဒီလိုတော့ မလုပ်နဲ့ လ္လေလို့ မိန့်တော်မူပြီး ‘ဓမ္မကိုမြင်မှ ငါဘုရားကို မြင်မှာပေါ့’လို့ မိန့်တော်မူလေမလားဘဲ။

သုပ္ပိယာ

ရတနာသုံးပါးကို အင်မတန်ကြည်ညိုတဲ့ ဗုဒ္ဓလက်ထက်က ဗာရာဏသီမြို့သူ ဒကာမပါ။ သူ့ခင်ပွန်းလည်း သူ့လိုပဲ။ အထူးသဖြင့် နာမကျန်းတဲ့ သံဃာတွေကို ဆွမ်းဝတ် ပြုစုတယ်။ တစ်နေ့ ဝမ်းလျှောနေတဲ့ ရဟန်းတစ်ပါးကို အသားဟင်းချို ပို့ပေးဖို့ ကတိ ပေးခဲ့ပေမယ့် အဲဒီနေ့က သားမသတ်ရနေ့ ဖြစ်လို့ အသားဝယ်မရတဲ့အခါ ပေါင်းသားကို လှီးပြီး ဟင်းချိုချက်၊ ရဟန်းခမျာလည်း မသိတော့ သောက်မိ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးရှင်တော်ဗုဒ္ဓက ‘ရဟန်းတို့၊ လူသားကို မစားရ၊ အသားကိုစုံစမ်းပြီးမှ စားရမည်’လို့ သိက္ခာပုဒ် ပညတ်တော်မူတယ်။ မဘုဉ်းပေးတော့ မလှူတော့ဘူးပေါ့။ ရဟန်းတွေကို တားမြစ်တော်မူတဲ့ ရှင်တော်ဗုဒ္ဓကိုယ်တိုင်လည်း လက်ညှိုးဖြတ် ပူဇော်တာမျိုးကို လက်ခံတော်မူမယ်လို့ မထင်ဘူး။

ဝှေးသင်း

လိင်စိတ်ဖောက်ပြန်နေသူကို ပဏ္ဍုက်လို့ခေါ်တယ် (ပဍတိ ဝိကလ ဘာဝံ ဂစတီတိ ပဏ္ဍကော၊ ပါစိတျာဒိယောဇနာ၊ စာ- ၂၅၈)။ ငါးမျိုးရှိတယ်.. အာသိတ္တ=သူတစ်ပါးရဲ့အင်္ဂါဇာတ်ကို ခံတွင်းဖြင့်စုပ်ယူပြီး ကျေနပ်သူ၊ ဥသူယ=သူတစ်ပါးရဲ့မေထုန်မှုကို ကြည့်ပြီး ကျေနပ်သူ၊ ဩပက္ကမိက=ဝှေးစေ့ထုတ်ထားသူ၊ ပက္ခ=တစ်လနှစ်ကြိမ်လိင်စိတ်ဖောက်ပြန်သူ၊ နပုံး = မွေးကတည်းက ကျားမ မကွဲပြားသူ။ (အာ၊ ဥ၊ ဩ၊ ပက်၊ နပုံးစွက်၊ ငါးချက်ပဏ္ဍုက်တည်း)။ ပထမနှစ်မျိုးကို ရဟန်းပြုပေးခွင့် ရှိတယ် (မစုပ်ရင်၊ မကြည့်ရင် ကိစ္စမရှိဆိုတဲ့ သဘောဖြစ်မယ် ထင်တယ်)။ ကျန်သုံးမျိုးကို ရဟန်းပြုပေးခွင့် မရှိ။ ပြုပေးပေမယ့် ရဟန်းမဖြစ်ဘူး။ ရဟန်းဖြစ်ပြီးမှ (အဆိုပါ ယိုးဒယား ဘုန်းကြီးလို) ဝှေးစေ့ကို သင်းပစ်ရင်လည်း လူထုတ်ပစ်ရတယ်။ ခြွင်းချက်က ပက္ခမျိုးတွေလိင်စိတ်ပုံမှန်ဖြစ်ခိုက်ရဟန်းပြုခွင့်ရှိသတဲ့ (ဝိ၊၃၊၁၁၉။ ဝိ၊ဋ္ဌ၊၃၊၂၉၇)။

၂၄၀။ လူဦးရေတိုးမှုနှင့် ဗုဒ္ဓဝါဒ

ရတနာသုံးပါးအား ဦးထိပ်ထား၍ ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား။

တပည့်တော်သည် ဗုဒ္ဓဘာသာကို မိရိုးဖလာ မဟုတ်ဘဲ ယုံကြည်စွာ ကိုးကွယ်ပါသည်။ ဤမေးခွန်းကို မေးလျှောက်ရသည်မှာ ဝိကိစ္ဆာကြောင့်ဖြစ်ရသော သံသယ အကုသိုလ်ကို ကျော်လွန်လို၍သာ ဖြစ်ပါသည် အရှင်ဘုရား။ ဘုရားရှင်က လက်သည်းခွံပေါ်မှာ သဲပွင့်များကို တင်ပြီး လူနတ်ဗြဟ္မာဟူသော သုဂတိဘုံမှာ ပြန်ဖြစ်သူနဲ့ ငရဲတိရစ္ဆာန်ဟူသော ဒုဂ္ဂတိဘုံမှာ ဖြစ်ပြန်ရသူကို နှိုင်းယှဉ်လိုက်ရင် လက်သည်းခွံပေါ်က သဲပွင့်နှင့် မြေကြီးပေါ်က သဲပွင့်ကဲ့သို့ ကွာခြားသည်ဟု ဟောကြားကြောင်း မှတ်သားဖူးပါသည်။ လူ့ဘုံမှာ ဖြစ်ရတာဟာ ဗြဟ္မာ့ပြည်က ကျလာတဲ့ အပ်တစ်ချောင်းနဲ့ လူ့ဘုံကအပ် တစ်ချောင်း ထိစပ်ဖို့ မကွယ်ကူသလို ခက်ခဲကြောင်းလည်း နာကြားဖူးပါသည်။ သို့ဆိုလျှင် ယနေ့ ကမ္ဘာပေါ်မှလူဦးရေတဖြည်းဖြည်း တိုးပွားလာနေတာဟာ သာသနာတွင်းကာလ ဖြစ်လို့ပါလား။ ဗုဒ္ဓတရားတော်အရ အဘယ်ကြောင့် ထိုကဲ့သို့ လူဦးရေ တစတစ တိုးပွားလာရကြောင်းကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

ကျော်ကျော်

---

ဟောကြားပုံ

ရှင်တော်ဗုဒ္ဓ သာဝတ္ထိမြို့မှာ သီတင်းသုံးခိုက် လက်သည်းခွံပေါ်မှာ သဲကိုတင်ပြီး ‘ရဟန်းတို့၊ လူလောကမှသေ၍ လူပြန်ဖြစ်သော သတ္တဝါတို့သည် (လက်သည်းခွံပေါ်မှ မြေကဲ့သို့) နည်းလှကုန်၏။ လူအဖြစ်မှတပါး (အပါယ်ဘုံတို့၌) ဖြစ်ကြသော သတ္တဝါတို့သည်သာလျှင် (မြေကြီးပေါ်က မြေကဲ့သို့) အလွန် များကုန်၏ (သံ၊၁၊၄၅၄)’လို့ မိန့်တော်မူပါတယ်။ ရှင်တော်ဗုဒ္ဓတရားဟောတဲ့အခါ ဒေသနာကို တန်ဆာဆင်တာ၊ ထင်းကနဲ ရှင်းလင်းသွားအောင် ဥပမာဆောင်တာတွေ ရှိတယ်။ ဒီသုတ္တန်မှာ ဆုံးမလိုရင်းက လူ့ဖြစ်လာရတဲ့ တန်ဖိုးကို နာယူသူ ရဟန်းတွေရှင်းရှင်းပြတ်ပြတ် မှတ်မိသွားစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသုတ္တန်ရဲ့ နောက်နားမှာပဲ ‘ရတောင့်ရခဲ လူ့အဖြစ်ကို ရခိုက်မှာ မပေါ့ကြနဲ့ ’လို့ ဟောတော်မူတာဖြစ်ပါတယ်။

နှလုံးသွင်း

ယခုခေတ်အချိန်ဟာ ကလိယုဂ်ဆုတ်ကပ်ကြီး ဖြစ်လို့ မကြာခင်ကမ္ဘာကြီး ပျက်တော့မယ် ဆိုတာမျိုးကို ဗုဒ္ဓဝါဒက လက်မခံဘူး။ ယခုခေတ်လူတွေ ယခင်ခေတ်က လူတွေလောက်ကိုယ်ကျင့်တရား မကောင်းဘူးဆိုတာမျိုးကလည်း ယိုးမယ်စွဲ သက်သက်ပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားတဲ့ ယခုခေတ်လူတွေကတောင် အသိဉာဏ်ဆင်ခြင်တုံတရား ပိုမြင့်ဖွယ်ရှိတယ်။ ဒါကြောင့်လောကကြီး ဆုတ်ယုတ်လာလို့ လောဘ ဒေါသတွေ များလာလို့ မျက်မှောက်ခေတ်မှာ လူဖြစ်သူတွေ နည်းသွားမယ်လို့ ထင်နေရင် နည်းလမ်းမကျဘူး။ ဘာကြောင့်ဆိုမည်မည်သည့် ကိလေသာကိုမျှ မပယ်နိုင်သေးသူ ပုထုဇဉ်လောကအဖို့ ကောင်းခြင်း ဆိုးခြင်းဆိုတာ ယခင်ယခုနောင် ကာလသုံးပါးလုံး အတူတူပါပဲ။ ဒီယုံကြည်ချက် နှလုံးသွင်းကိုရင်မှာပိုက်ပြီး ဆက်လက်စဉ်းစားကြည့်မယ်ဆိုရင် ...

ဘဝသုံးမျိုး

ဗုဒ္ဓဝါဒဟာ ဒီကမ္ဘာမြေလောက်ကိုသာ မြင်တဲ့ ဝါဒ မဟုတ်ဘူး။ ဒီကမ္ဘာမြေရဲ့ အပြင်မှာ စကြဝဠာတွေ အနန္တ (မရေတွက်နိုင်)၊ အဲဒီ စကြဝဠာတွေမှာနေထိုင်တဲ့ သက်ရှိတွေ အနန္တ များပြားတယ်လို့ ယုံကြည်တယ်။ အဲဒီ ယုံကြည်မှုအရကာမ (အပါယ်၊ လူ၊ နတ်)၊ ရူပ (ရုပ်ရှိဗြဟ္မာ)၊ အရူပ (ရုပ်မဲ့ဗြဟ္မာ)ဆိုတဲ့ ဘဝတွေရှိတယ်။ ဒီကမ္ဘာမြေမှာပဲ မြေပေါ်မြေအောက်နဲ့ ရေအောက်တွေမှာသတ္တဝါအနန္တ (မရေတွက်နိုင်အောင်)ရှိပါတယ်။ သူတို့ထဲမှာ လူပြန်ဖြစ်ဖို့ အခွင့်အလမ်း သာသူတွေ အများကြီး ရှိနိုင်တာပဲ။ အဲဒီသတ္တဝါတွေဤလောက လူ့ဘောင်ကို လာရောက်ခွင့် မရှိဘူးလို့ ဆိုနိုင်အံ့လား။ မကြာခင်က ကြည့်မိတဲ့ Documentary တစ်ခုအရ ဒီကမ္ဘာမြေပေါ်က သက်ရှိတွေဟာ ဥက္ကာခဲတွေလို အခြားဂြိုဟ်တစ်ခုကနေ ပဲ့ကျလာတဲ့ အပိုင်းအစနဲ့ အတူပါလာတဲ့ ဇီဝသဘောပါတဲ့ ဆဲလ်ကနေ လူနှင့်တကွ ကမ္ဘာ့ဂြိုဟ်သား သတ္တဝါတွေအဖြစ် တဖြည်းဖြည်း တိုးတက် ပြောင်းလဲခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ သိပ္ပံမှန်းဆချက်နဲ့ ကောမနီးစပ်ဘူးလို့ ဆိုနိုင်မလား။

အခွင့်အလမ်း

ယနေ့ မိမိကိုယ်ကို ဗုဒ္ဓဝါဒီပါ ဆိုသူတွေရဲ့ ဒါန သီလ ဘာဝနာ လက်တွေ့ကျင့်ကြံမှု အတိုင်းအတာကို ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ ကိုယ့်စိတ်ထဲမှာ အရိုးခံစိတ်မှန်ထားပြီး နှိုင်းယှဉ်ကြည့်ရင် ... အင်း၊ သူတို့ထဲမှာလည်း ငါတို့ မိရိုးဖလာ ဗုဒ္ဓဝါဒီဆိုသူထက် ဖြစ်စေ၊ အစစ်အမှန်ဗုဒ္ဓဝါဒီပါ ဆိုသူတွေထက် ဖြစ်စေ မညံ့သူတွေ အများကြီး ရှိပါလားလို့ အမှန်အတိုင်း မြင်နိုင်လိမ့်မယ်။ ရှင်တော်ဗုဒ္ဓကလည်း ‘ငါ့ကို မယုံသူတွေအားလုံးပြန်လမ်းမဲ့ ထာဝရငရဲကိုသွားပေတော့’လို့ လုံးဝမဟောကြားပါဘူး။ ဒါကြောင့် ဗုဒ္ဓကို မဆည်းကပ်မိသူတွေအနေနဲ့ အဆင့်မြင့်တဲ့ သမထ ဝိပဿနာကို အားထုတ်ခွင့် မသာရင်တောင် အနည်းဆုံးတော့ အလှူဒါန၊ ကိုယ်ကျင့်သီလဆိုတဲ့ ကိုယ်ပိုင်ဥစ္စာလေးတွေနဲ့ ဘဝသံသရာမှာ လူ့လောကဆိုတဲ့ သုဂတိဘုံဌာနကို ရောက်ဖို့အခွင့်အလမ်း ရှိနိုင်ပါသေးတယ်။

အတက်အကျ

ကမ္ဘာ့လူဦးရေဟာ ဒီရေလိုပဲ အတက်အကျ ရှိတယ်၊ တသမတ်တည်း မဟုတ်ဘူးလို့ သီအိုရီတစ်ခုက ဆိုတယ်။ ပိရမစ်တွေကို တည်ဆောက်ချိန်က အီဂျစ်ဒေသက လူဦးရေဟာ ယနေ့ခေတ် အဲဒီဒေသ လူဦးရေထက် အဆများစွာ ပိုများသတဲ့။ ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာ လူဦးရေ ကိုးကုဋေ ရှိတယ်ဆို မဟုတ်လား။ ကမ္ဘာပေါ်မှာ တစ်ခါတစ်ရံ စစ်ပွဲ၊ ကူးစက်ရောဂါ၊ ငတ်မွတ်၊ ငလျင်၊ ဆူနာမီ၊ မီးတောင်ပေါက်၊ ဥက္ကာကျ... စတဲ့ သဘာဝ ကပ်ဆိုးကြီးတွေနဲ့ ကြုံရမှုတွေရှိတတ်တာကြောင့် ဖော်ပြပါ သီအိုရီဟာ လက်ခံနိုင်တဲ့ အခြေအနေ ရှိတာပေါ့။ ဒါကြောင့် ယခင်က နည်းပြီး ယခုတော့ တိုးလာတယ်ဆိုတာမျိုးက ဖြစ်ရိုးဖြစ်စဉ်ပဲလို့ကော စဉ်းစားခွင့်မရှိဘူးလား။

သာပါတယ်

အဲဒီတော့ နည်းရာကနေ တိုးလာတယ်လို့ ဆိုဆို (ဆင့်ကဲပြောင်းလဲဖြစ်စဉ်အရဆိုရင် ကမ္ဘာ့လူဦးရေဟာသုညက စခဲ့တယ်လို့တောင်ဆိုရမှာပဲ)၊ မတိုးမလျော့ဘဲ ကန့်သတ်အရေအတွက် အတွင်းက လူပြန်ဖြစ်တယ်ဆိုဆို အထက်ပါရှင်တော်ဗုဒ္ဓရဲ့ ဟောကြားချက်ဟာ သွေးခဲတစ် ခု သို့မဟုတ် လူ့နံရိုးတစ်ချောင်းကို အသုံးပြုပြီး ဖြစ်စေ သတည်းဆိုတဲ့ တစ်ခွန်းတည်းနဲ့ လူကို ဖန်ဆင်းတယ် ဆိုတာထက်တော့ ဒဿနအရရော ယုတ္တိအရပါ အများကြီး သာလွန်တယ်လို့ နားလည်ပြီး ဗုဒ္ဓဝါဒီဘဝလေးကို ထိန်းသိမ်းထားလိုက်ပါ။

၂၄၁။ မိသားစုအလှူ

ရိုသေစွာ မေးမြန်းအပ်ပါသည် အရှင်ဘုရား၊

တပည့်တော်မ နေ့စဉ်နံနက်တိုင်း တန်းဆွမ်းကြွ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်း လောင်းလှူပါသည် အရှင်ဘုရား။ ထိုသို့ လောင်းလှူရာတွင် တပည့်တော်မ ကိုယ်တိုင် ချက်ပြုပ်ပြီး ခင်ပွန်းကိုဖြစ်စေ၊ သားသမီးတွေကို ဖြစ်စေ လောင်းလှူခိုင်းပါသည်။ ထိုဒါနတွင် တပည့်တော်မ ကုသိုလ်နှင့် လှူဒါန်းသူကုသိုလ် မည်သည်က အကျိုးပိုများပါသနည်း။ တပည့်တော်မ မည်သို့လှူလှူ ခင်ပွန်းသည် ရမရသိလိုပါသည် အရှင်ဘုရား။ လှူပြီးပါကလည်း ဆုမတောင်းတတ်၍ ‘နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ရပါလို၏’ဟုသာ ဆုတောင်းသဖြင့်ပြည့်စုံမပြည့်စုံသိလိုပါသည် အရှင်ဘုရား။

ဦးတင်ကန်တော့လျက်

ဒါယိကာမစန်းစန်းဝင်း၊ လမ်းမတော်၊ ရန်ကုန်။

---

လှူဒါန်းနည်း

သူတော်ကောင်းတို့ရဲ့ လှူပုံလှူနည်းက ‘ရိုရိုသေသေလှူ၊ ကိုယ်တိုင်လှူ၊ စိတ်ပါလက်ပါလှူ၊ စွန့်ပစ်သကဲ့သို့ မလှူဘူး၊ အကျိုးရှိလိမ့်မည်ဟု အယူရှိ၍လှူ (မ၊၃၊၇၄)’တဲ့။ ‘ရိုသေဆိုတာ အလှူဝတ္ထုကို ဖြစ်ကတတ်ဆန်း မလုပ်ဘူး။ အလှူခံပုဂ္ဂိုလ်ကိုလည်း သပ်ရပ်ကောင်းမွန်တဲ့ နေရာထိုင်ခင်း ပေးပြီး လှူဒါန်းတယ်။ ကိုယ်တိုင်ဆိုတာ ကိုယ့်လက်နဲ့ လှူရတယ်၊ အိမ်ဖော်အစေအပါးတွေကို မခိုင်းဘူး။ စွန့်ပစ်မယ့်အတူတူ ဘုန်းကြီးကျောင်းကို လှူလိုက်ဆိုရင် မှန်တဲ့ အလှူပေးနည်း မဟုတ်။ ကံရဲ့အကျိုးကိုယုံကြည်ရတယ် (မ၊ဋ္ဌ၊၄၊၅၄)။

ဆက်ထိန်းပါ

တန်းဆွမ်းကြွ သံဃာတွေကို နေ့စဉ်နံနက်တိုင်း ဆွမ်းရော ဆွမ်းဟင်းပါ လောင်းလှူနိုင်တာဟာ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ ကုသိုလ်ဒါနပါ။ ဆက်လက်ပြီး ကြိုးစားနိုင်ပါစေ။ အဲဒီအလေ့အကျင့်ကို သားမြေးမြစ်တွေကိုလည်း လုပ်တတ်အောင် လုပ်ချင်အောင် သင်ကြားပြီး အမွေပေးခဲ့ပါ။ အဲဒါဟာ အနှိုင်းမဲ့ ကြီးမြတ်တဲ့ သာသနာပြု ကုသိုလ်ပါ။ ကိုယ်တိုင်ချက်ပြုတ်ပြီး ခင်ပွန်းနဲ့ သားသမီးတွေကို လှူဒါန်းဖို့ စီမံပေးတာမျိုးကလည်း မိသားစုအတူတူ ဝိုင်းလုပ်တဲ့ ကုသိုလ်ပါပဲ။ ခင်ပွန်းနဲ့ သားသမီးတွေအနေနဲ့ ဖော်ပြပြီး သူတော်ကောင်းတို့ရဲ့ လှူနည်းအတိုင်း လိုလိုလားလား ကူညီဆောင်ရွက်ရင် မိသားစုအားလုံး ထပ်တူကုသိုလ်ရနိုင်ပါတယ်။

မှန်ပါတယ်

ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ရပါစေ’ဆိုတာ အရိုးဆုံး ဂန္တဝင်ဆုတောင်းပါ။ ဒါလောက်ဆို လုံလောက်ပါတယ်။ ဆန္ဒရှိရင်တော့ ကုသိုလ်ပြုပြီးတိုင်း မိသားစု ကျန်းမာရေး၊ အကြံအစည် ... စသည်အတွက် အထူးရည်ရွယ်ပြီးတော့လည်း ဆုတောင်းကောင်းပါတယ်။

၂၄၂။ လက်အုပ်ချီပါ

သီလရှင်နှင့် လူဝတ်ကြောင် အမျိုးသမီး မည်သူက ပိုပြီး မြင့်မြတ်ပါသလဲ အရှင်ဘုရား။ ရိုသေစွာလျှောက်ထားပါစေ အရှင်ဘုရား။ တပည့်တော် သိမြင်မှတ်သားဖူးသည်မှာ သားငယ်လေး ကိုရင် ဝတ်ပြီးလျှင်ပြီးချင်း ဘာသာရေးအရ မြင့်မြတ်သည်ကို ကြည်ညိုသောအားဖြင့် မိဘနှစ်ပါးက ပြုသစ်စ သားကိုရင်ကို ရှိခိုးဦးချကြပါသည်။ လူသာမန်တို့ထက် သီလတရားကို ကျင့်ကြံနေကြသော သီလရှင်လေးများ၏ မေးဖျားကို ကိုင်ပြီးနှုတ်ဆက်သည့်အမူအရာ သို့မဟုတ် ချစ်ခင်မှုကိုဖော်ပြသည့် အမူအရာမျိုးကို ပြုမူသင့်ပါသလား။ ထိုသို့ပြုမူပါက အပြစ်ရှိပါသလား။ ရှိ။ သည်ဆိုလျှင် မည်သို့သောအပြစ်မျိုး ဖြစ်မည်ကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။ ဆရာတော် ရှင်းရှင်းလင်းလင်း နားလည်စေရန် ဓာတ်ပုံကို ထည့်ထားသော်လည်း ဓာတ်ပုံတွင် ပါသူများကိုထိခိုက်ရန် မရည်ရွယ်ပါကြောင်း။

ရိုသေစွာဖြင့်ကိုမျိုး (burmeseclassic အထွေထွေ တာဝန်ခံ)

---

သီလရှင်

သီလကို အမြဲ ထိန်းစောင့်တဲ့ အတွက် သီလရဲ့ ပိုင်ရှင် သီလရဲ့ အရှင်သခင်ဟာ သီလရှင်ပါပဲ။ သွင်ပြင်ကို ကြည့်ပါ။ လှပပျိုမျစ်ဆဲ အရွယ်မှာ အမျိုးသမီးတို့ရဲ့ အလှတန်ဆာ ဆံကေသာကို ရိတ်ပယ်၊ စိန်ရွှေ ရတနာ ပုတီးလက်ကောက် မဆင်မြန်း၊ နှုတ်ခမ်းနီ မိတ်ကပ် မခြယ်သဘဲ ဖန်ရည်စွန်း အဝတ်ကို ဝတ်ရုံပြီး ရိုးရှင်းတဲ့ ဘဝလေးနဲ့ ပျော်မွေ့ကြသူတွေ။ သာမန်တို့ လုပ်နိုင်အံ့လော။ စောင့်ထိန်းတဲ့ သီလက ရှစ်ပါး သို့မဟုတ်ကိုးပါးသို့မဟုတ် ဆယ်ပါးမျှသာ ဖြစ်ပေမယ့် အမှန်တော့ သွင်ပြင်ကိုက မြင့်မြတ်နေပါတယ်။ ဘိက္ခုသံဃာ (ရဟန်းအဖွဲ့အစည်း)ကသာ သဘောတူ ခွင့်ပြုမယ်ဆိုရင် အသက်နှစ်ဆယ် ပြည့်ပြီးသူတွေက ဘိက္ခုနီ (ရဟန်းမိန်းမ)၊ မပြည့်သေးသူတွေက သာမဏေရီ (သာမဏေမ)တွေဖြစ်နေကြမှာ။

သဒ္ဓါတရား

သီလရှင် အများစုဟာ သဒ္ဓါတရား သိပ်ကောင်းကြတယ်။ ဆွမ်းဆန်တော်ကို ကိုယ်တိုင်အလှူခံ၊ ကိုယ့်ဆွမ်းကို ကိုယ်တိုင်ချက်ပြီး ပရိယတ္တိစာပေကို ကြိုစားပြီး သင်ယူကြတယ်။ ပြဋ္ဌာန်းကျမ်းစာ၊ စည်းမျဉ်းစည်းကမ်းတွေ တူညီတဲ့ ပဌမပြန်စာမေးပွဲကိုသာ တန်းတူဖြေဆိုခွင့်ရှိရင် အများစုဟာ ရဟန်းတွေထက် သာလွန်မှာ သေချာတယ်။ အချို့ သီလရှင်ကျောင်းတိုက်တွေဆိုရင် စာချဆရာကောင်းကောင်း မရှိဘူး။ စည်းကမ်းအရဖြစ်စေ အခြေအနေအရဖြစ်စေ စာချဆရာတော်တွေရှိတဲ့နေရာဆီ သွားပြီးတော့လည်း စာမတက်နိုင်ရှာကြဘုူး။ ဝမ်းနည်းစရာပါ။ သီလရှင်တစ်ပါးအဖြစ် ခက်ခဲစွာ ရပ်တည်ကြရပါလျက် ရဟန်းသံဃာတွေကို ဆွမ်းဝတ်မပြတ်လောင်းလှူတာ၊ ပဉ္စင်းအမအဖြစ် ခံယူပြီး သာသနာကို ထောက်ပံ့တာတွေရှိတယ်။ အင်မတန်ကြည်ညိုလေးစားထိုက်သူတွေပါ။

အဲဒီလို နားလည်လို့ သီလရှင်ကျောင်းတိုက်ကို သွားရောက်လေ့လာကြည်ညိုအားပေးတဲ့ ကာယကံရှင် အမျိုးသမီးကို ဘုန်းကြီးတို့ အင်မတန် လေးစားပါတယ်။ ‘ကြည်ညိုထိုက်သူ၊ ကြည်ညိုမူ၊ မှတ်ယူ မင်္ဂလာ’လို့ပဲ ဆိုပါရစေ။ နောင်လည်း မကြာမကြာ သွားရောက်အားပေးဖို့ နှိုးဆော်ပါတယ်။ မိမိတို့ သာသနာ စည်ပင်သာအောင် မိမိတို့ကပဲအားပေးရမယ်မဟုတ်ပါလား။

ဤလေးသီးကို

ဘုန်းကြီး အခုThe Definitive Book of Body Languageကို ဖတ်နေတယ်။ အပြင်ကိုယ်ကာယ အပြုအမူတွေကို အဓိပ္ပာယ်ဖွင့်ဆိုပြီး အချို့အပြုအမူတွေရဲ့ မြင်ရသူအပေါ် သက်ရောက်မှု ခြားနားပုံကို နိုင်ငံနဲ့ လူမျိုးအလိုက် ဖော်ပြတဲ့ စာအုပ်ပါ။ ဥပမာ ခြေထောက်နဲ့ ထိုးညွှန်ပြခံရတဲ့အခါ မြန်မာတို့ရဲ့ ခံစားမှုက ဘယ်လို၊ အခြားလူမျိုးက ဘယ်လို ... စသည်ပေါ့။ မြန်မာ့ Body Language အရသူငယ်ချင်း မိတ်ဆွေ သို့မဟုတ် ချစ်သူရည်စား အချင်းချင်း ခေါင်းကို ပွတ်သပ်တာ၊ မေးဖျားကို ကိုင်တာတွေက ချစ်ခင်ကြင်နာမှုရဲ့ သင်္ကေတနိုင်ဖြစ်ပေမယ့် သိနားလည်တဲ့ အရွယ်မှာ ချစ်လို့ဆိုပြီး မိမိတို့ လေးစားတဲ့ အဖေ့ခေါင်း မေးဖျားစသည်ကို သားသမီးကကိုင်ရင် အမြင်မတော်ဘူးလို့ ယူဆတယ်။

အဲဒီလိုပဲ အရိုအသေခံပုဂ္ဂိုလ်တွေရဲ့ ခေါင်း၊ မေးဖျား၊ ပခုံးစသည်ကို ချစ်ကြည်ညိုသော်ငြား မကိုင်ကောင်းဘူးလို့ ယူဆတယ်။ ရဟန်း၊ သာမဏေ၊ သီလရှင် ဆိုတာတွေက ငယ်ပေမယ့် မြန်မာတို့က ရိုသေလေးစားစရာ လက်အုပ်ချီစရာ ပုဂ္ဂိုလ်အနေနဲ့ ယူဆကြတယ်လေ။ ဒါကြောင့် ‘မင်း မြွေ ရဟန်း မီး ဤလေးသီးကို ငယ်သော်လည်း မပေါ့ရ’လို့ ဆုံးမကြတယ်။ ဒါလေးကိုတော့ သတိထားပေါ့။

ဆင်ခြင်စရာ

ငယ်စဉ်အခါ ရွာမှာတုန်းက ‘ဟေ့ ... ကိုရင်၊ ဟိုပန်းကန်ကို ခဏယူခဲ့စမ်း’လို့ ဒကာတစ်ဦးက ဆွမ်းစားကျောင်းမှာ သံဃာ့ဆွမ်းပြင်တာဝန်ကျတဲ့ သာမဏေကို အသံ ခပ်ကျယ်ကျယ်နဲ့ စေခိုင်းတဲ့အခါ ဆရာတော်က ထိုဒကာ အိမ်ပြန်ခါနီး ခုဇ္ဇုတ္တရာအကြောင်း ပြောပြတာကို ဘုန်းကြီး မှတ်မိနေတယ်။

နန်းတွင်းသူ အမျိုးသမီးတစ်ယောက် ခါးကုန်းတော်မူတဲ့ ပစ္စေကဗုဒ္ဓါကိုမြင်တဲ့အခါစောင်ပိုင်းကို သင်္ကန်းဝတ်သလို ကိုယ်မှာပတ်၊ အဲဒီပစ္စေကဗုဒ္ဓါလို လမ်းလျှောက်ပြပြီး ပြောင်လှောင်တယ်။ ဒီအမျိုးသမီးပဲ ကဿပဘုရားလက်ထက်မှာ သာမဏေရီတစ်ပါးကို သူဝတ်မယ့် လက်ကောက်ကို ယူခိုင်းဖူးပြန်တယ်။ အဲဒီ အကုသိုလ်နှစ်ခုကြောင့် ဂေါတမဗုဒ္ဓလက်ထက်မှာ ခါးကုန်းတဲ့ ဥတ္တရာ (ခုဇ္ဇုတ္တရာ) အမည်နဲ့ အစေအပါး (ကျေးကျွန်) ဖြစ်လာသတဲ့ (အ၊ဋ္ဌ၊၁၊၃၃၈)။ ဘဝတစ်ခုမှာ ပစ္စေကဗုဒ္ဓါတွေကို ပြုစုလုပ်ကျွေးဖူးတဲ့ ကုသိုလ်ကြောင့် ခုဇ္ဇုတ္တရာ ဘဝမှာသောတာပန်တော့ဖြစ်သွားပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၄၄)။

အချုပ်ကတော့ ကြည်ညိုလေးစားစရာ ပုဂ္ဂိုလ်နဲ့ ထိုက်တန်တဲ့ အပြုအမူမျိုးကို အဲဒီ သီလရှင်လေးတွေကို ပြသခြင်းဖြင့် သူတို့လေးတွေရဲ့ဘဝကိုမြှင့်တင်ရာလည်း ကျ၊ ကိုယ်တိုင်လည်း သာသနာပြုကုသိုလ်ရ၊ မြင်ရသူတို့လည်းအတုယူဖွယ်ဖြစ်လို့ အားလုံးပြုံးပျော်နိုင်မည်ဖြစ်ကြောင်းပါ။

ဝါသနာထွတ် ကောင်းရာညွတ်သား သူမြတ်တို့နှင့် အကြိမ်သင့်၍ ဆိုခွင့်ဆိုရာ ရှိသောခါမူ သုဘာသိတ ပိယဓမ္မာ သစ္စာဟုတ်မှန် အင် လေးတန်နှင့်ပြ ညွှန်ထုံးကောင်း မကြားတောင်းကို ကျိုးကြောင်းညီစွာ ဉာဏ်ပညာဖြင့် စိတ်ဖြာခွဲဝေယှဉ်နိုင်စေ (ဂမ္ဘီသာရပျို့၊ ပိုဒ်-၈)။

၂၄၃။ စက်ဝန်းသံသရာ

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

တရားတစ်ပုဒ်တွင် ‘သူသူငါငါဆိုတာ မရှိဘူး၊ မိမိပြုတဲ့ ကုသိုလ်၊ အကုသိုလ်တွေက နောင်ဘဝမှာ အကျိုးသွားပေးတာ၊ လူတစ်ယောက်ဟာ သေပြီးနောက် ဝိညာဉ်က ဟိုဘက်ဘဝကို ရောက်သွားတာ မဟုတ်ဘဲ ဒီဘက်ဘဝက လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးအနေနဲ့ ဟိုဘက်ဘဝမှာ အခြားခန္ဓာကိုယ်တစ်ခုသွားဖြစ်တာ၊ ဥပမာ.. စင်္ကာပူက မြန်မာပြည်ကို ငွေလွှဲတဲ့ အခါ စင်္ကာပူငွေတွေက မသွားဘဲ မြန်မာပြည်မှာ ထိုငွေနှင့် တူညီတဲ့ ပမာဏကို ထုတ်ယူနိုင်သလိုပဲ’ဟု နာယူရပါသည်၊ အဲဒီလို နာကြားမိပြီးနောက် ‘ယခုဘဝမှ လုပ်ထားတဲ့ အဆိုးအကောင်းတွေကို နောက်ဘဝမှာ နောက်ခန္ဓာက ခံစံရမှာပဲ’ဆိုတဲ့ အသိနှင့် ခပ်ပေါ့ပေါ့အတွေးတွေ ဖြစ်နေမိပါသည်။ အဲဒီအတွေး မမှန်မှန်းသိပါသဖြင့် ရှင်းလင်းဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

လင်းထက်

---

နားလည်မှု

နှစ်လလောက် ဆက်တိုက် တရားထိုင်လိုက်ပြီးရင် ဒီခန္ဓာကိုယ်မှာ အကောင်အထည်အနေနဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ထာဝရတည်မြဲတဲ့ အရာဘာမှမရှိဘူးဆိုတဲ့ ရေးရေးရိပ်ရိပ် အသိတစ်ခုကို အဲဒီ တရားထိုင်ခြင်းမှတစ်ဆင့် လက်တွေ့ရရှိနိုင်တယ်။ ‘သူသူငါငါ မရှိဘူး’ဆိုတာ အဲဒီလို ဝိပဿနာဉာဏ်နဲ့ သိတာမျိုးကို ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ‘လုပ်ဆောင်ခြင်းအမှုကံကိုလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာမရှိ။ အကျိုးကိုခံစားသူလည်းမရှိ။ အကြောင်းကြောင့်ဖြစ်ရတဲ့ အကျိုးတရားအဆက်ဆက်မျှသာ ဖြစ်တယ် (ဝိသုဒ္ဓိ၊၂၊၂၃၇)’ဆိုတဲ့ သီအိုရီအရ ‘မိမိလုပ်ဆောင်ဖန်တီးတဲ့ ကုသိုလ် အကုသိုလ်တွေရဲ့အကျိုးအနေနဲ့ နောင်ဘဝမှာ ပြန်ဖြစ်ရတယ်’လို့ နားလည်ရင် နားလည်မှုမှန်တယ်။ တံဆိပ်လို

ထေရဝါဒအလိုအရ ဒီဘဝ ဒလိုင်းလားမား သေရင် နောင်ဘဝမှာ အဲဒီ ဒလိုင်းလားမားရဲ့ ဝိညာဉ်ကောင်က နောက်ထပ် ဒလိုင်းလားမားသစ်ပဲ ပြန်ဖြစ်တယ်လို့ မယုံကြည်ဘူး။ တစ်နည်းပြောရင် ဒလိုင်းလားမားဟာ ဒီဘဝမှာ ဒလိုင်းလားမား ပြန်ဖြစ်နိုင်တဲ့ အလုပ်တွေကို လုပ်ခဲ့ရင် နောင်ဘဝမှာ ဒလိုင်းလားမားလို ပုဂ္ဂိုလ် ပြန်ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီဘဝက ဒလိုင်းလားမားတော့ မဟုတ်ဘူး။ အင်း ...ဒီဘဝ ဒလိုင်းလားမားရဲ့ ခန္ဓာမရှိဘဲ နောင်ဘဝ ခန္ဓာတစ်ခု မဖြစ်နိုင်လို့ ဒီဘဝက ဒလိုင်းလားမား မဟုတ်ဘူးလို့လည်း မဆိုနိုင်ပြန်ဘူး။ ပုံစံခွက်နဲ့ ရိုက်လိုက်တဲ့ တံဆိပ်လိုပါပဲ။ iPhone တွေ iPad တွေမှာပါတဲ့ Talking Tomဟာ သင်ပြောသလို လိုက်ပြောတယ်။ အဲဒီ အသံဟာ သင်လုပ်တဲ့ သင့်ရဲ့အသံပဲ၊ ဒါပေမယ့် သင့်အသံမဟုတ်ဘူး။

တမလွန်

သတ္တဝါတိုင်းရောက်ရာဘဝ ရရာအာရုံကို သာယာတပ်မက်လို့ မိမိဘဝ မိမိခန္ဓာကို တည်မြဲစေချင်တဲ့ အတွက် ကောင်းတာရော မကောင်းတာပါ လုပ်ဖြစ်ကြတယ်။ တစ်ဘဝလုံး ကိုယ်လုပ်ထားတာတွေ၊ လုပ်စဉ်က အခြေအနေတွေ၊ တစ်ဖန်ဖြစ်ရမယ့်ဘဝ အခြေအနေတွေဟာ သေခါနီးစိတ်အစဉ်မှာ ထင်ပေါ်လာတယ်။ ဖျောက်လို့ မရဘူး။ အဲဒီအာရုံတွေကို စိတ်ထဲမှာ စွဲယူထားတာကို တဏှာလို့ ခေါ်တယ်။ သေခါနီးမှာ အဲဒီအာရုံတွေကို တဏှာပြဋ္ဌာန်းတဲ့ ဇောစိတ်က ဆုပ်ကိုင်ထားတယ်။ ဒီဘဝ ရုပ်နာမ်ခန္ဓာ ချုပ်တာနဲ့ အဲဒီစွဲနေဆဲအာရုံနဲ့ပဲ ဌာနသစ်ဘဝသစ်မှာတည်မှီရာရုပ်နဲ့ အတူပဋိသန္ဓေစိတ်ဖြစ်တယ်။ ဒီလိုနဲ့ အသစ်ဖြစ်တဲ့ ခန္ဓာငါးပါး ပြန်စတယ်။ အဲဒီ ပဋိသန္ဓေစိတ်ဖြစ်ရတာဟာ ဖြစ်စဉ်ကို မသိတာရယ်၊ တစ်ဘဝလုံး သူလုပ်တဲ့ အလုပ်တွေရယ်နဲ့ တဏှာ (စွဲမက်ခြင်း)တွေကြောင့်ပါပဲ။

နှစ်မျိုးလုံး

‘အဲဒီ အသစ်ဖြစ်တဲ့ ခန္ဓာငါးပါးဟာ ၎င်းအား တဏှာကရယူပေးခဲ့တဲ့ ယခင်ဘဝ သတ္တဝါနဲ့ အတူတူလားဆိုတော့ အတူအတူ မဟုတ်ဘူး။ အခြားတစ်မျိုးလည်း မဟုတ်ပြန်ဘူး။ ‘န စ သော န စ အညော = အတူတူ မဟုတ်၊ အခြားတစ်မျိုးလည်း မဟုတ် (မိလိန္ဒ၊၄၁)’။ မျက်မှောက်ဘဝမှာပင် ခန္ဓာတွေဟာ အမြဲတမ်း ပြောင်းလဲနေတယ်။ အသက်နှစ်ဆယ်ကို ရွှေတိုးဟာ လေးဆယ်အရွယ်မှာ ပုဂ္ဂိုလ်ရဲ့သွင်ပြင်အရ တူပေမယ့် သူ့ခန္ဓာကိုယ်ရဲ့ အဆက်မပြတ်အဟောင်းပျက်အသစ်ပေါ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက် ပြောင်းလဲမှုအရ တစ်ခြားစီဖြစ်သွားတယ်။ အဲဒီလိုပဲ သတ္တဝါသစ်ဟာ တူညီတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမယ့် ပြောင်းလဲခဲ့တဲ့ ပုံစံ သို့မဟုတ် ခန္ဓာတို့ရဲ့ အသစ်ဖြစ်တည်မှုအရ လွန်ခဲ့သော ဘဝရှိ အပြုအမှု အတွေးအမြင်တွေရဲ့ အကျိုးဆက်ကို မျှတစွာ ပြန်လည်ရရှိတယ်။

သံသရာ

သတ္တဝါတို့ရဲ့ ရုပ်ပုံလွှာတွေဟာ အမြဲတမ်း ပြောင်းလဲနေရပေမယ့် ပုတီးလုံးလေးတွေလိုနှောင်ကြိုးရှိနေတဲ့ ဘဝရဲ့အစဉ်အတန်းတစ်ခုကတော့ မပြတ်မစဲဘဲ သွားတယ်။ အဲဒီဖြစ်စဉ်ဟာ အခြားတစ်မျိုး မဟုတ်ဘဲ အမြဲတမ်း တစ်ခုတည်းသော အစဉ်အတန်းပါပဲ။ ဒါကြောင့် ဒီအစဉ်အတန်း (ရုပ်နာမ်ဖြစ်စဉ်)ဟာ သတ္တဝါအသီးသီးရဲ့ အခြေခံ ရွေ့လျားဖြစ်စဉ်ပါပဲ။ ကမသတ္တိရဲ့ တွန်းအား၊ တဏှာရဲ့ စီမံဖန်တီးတဲ့ လမ်းညွှန်မှုတွေနဲ့ ဦးတည်ချက်ရှိတဲ့ သဘာဝ ဘက်တော်သားအနေနဲ့ အဲဒီဖြစ်စဉ်ကပဲ ဆောင်ကြဉ်းသွားပြီး များစွာသော ပြောင်းလဲမှုစက်ဝန်းပေါ်မှာ ထပ်ခါထပ်ခါ ဖြစ်ရတယ်။

မွေးဖွားမှုတိုင်းမှာ အဲဒီ သတ္တဝါဟာ ယခင် သို့မဟုတ် လာမယ့် ဆက်ခံဘဝ အခြေအနေနဲ့ မတူ ခြားနားတယ်။ အပြင်ဖိအားဖြစ်တဲ့ ကံစွမ်းအင်ကပဲ မျက်နှာဖုံးစွပ် သို့မဟုတ် ရောင်ပြန်ဟပ် ပေးလိုက်တယ်။ ဒီလိုနဲ့ ပညာရှိတစ်ဦးရဲ့ရုပ်ပုံလွှာဟာအနုပညာရှင်၊ တွေးခေါ်ရှင် စသည်အနေနဲ့ ဘဝသံသရာအလျဉ်မှာ နောက်ထပ် တစ်ဖန် ဖြစ်ဖြစ်နေကြရတယ်။

အဖြေ

ဖော်ပြပါအတိုင်း ကမ္မသတ္တိနဲ့ ဘဝသံသရာ ဖြစ်ပုံကို ဖတ်ပြီးရင် ‘သူသူငါငါမရှိ၊ နောင်ဘဝမှာအကျိုးသွားပေးတယ်’ဆိုတဲ့ သဘောကိုအကြမ်းမျှ နားလည်သွားမယ်လို့ ယူဆတယ်။ ‘ဒီဘက်ဘဝက လုပ်တာတွေကို နောင်ဘဝခန္ဓာက ခံလိမ့်မယ်’လို့ ဆိုရာမှာ နောင်ဘဝခန္ဓာဆိုတာ ဒီဘဝနဲ့ ‘အတူတူလည်း မဟုတ်၊ တစ်ခြားလည်း မဟုတ်’တဲ့ အတွက် ‘ဦးတည်ချက်ရှိတဲ့ သဘာဝ ဘက်တော်သားအနေနဲ့ တစ်ခုတည်းသောဖြစ်စဉ်က ဆောင်ကြဉ်းသွားတဲ့ တူညီသောပြောင်းလဲမှုစက်ဝန်းပေါ်မှာ ထပ်ခါ ထပ်ခါ ဖြစ်ရစဉ်’ နားခိုစရာလေး ရဖို့ မိမိရဲ့ လက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့က အဓိကပါ။

၂၄၄။ ဥပုသ်နဲ့ အလုပ်သွား

ဆရာတော်ဘုရား၊ သိချင်တာလေး မေးခွင့်ပြုပါ အရှင်ဘုရား။

ဥပုသ်ယူခြင်းကြောင့် ရရှိသောအကျိုးနှင့် ဥပုသ်အကြောင်းကို ပြောပြပေးစေချင်ပါတယ် ဘုရား။ ဥပုသ်ယူရင် ငါးပါးသီလ မယူဘဲ ရှစ်ပါးသီလ ယူရပုံ၊ ဥပုသ်နှင့် အလုပ်သွားခွင့် ရှိမရှိကိုပါ ရှင်းပြပေးပါလို့ ရိုသေစွာ လျှောက်ထားပါတယ်။ အမှားပါရင် ခွင့်လွှတ်ပေးပါဘုရား။

အေးခိုင်

---

ဥပုသ်

ဥပေါသထဆိုတဲ့ ပါဠိဝေါဟာရကို ဥပုသ်လို့ မြန်မာလို ခေါ်တာဖြစ်လို့ ‘ဥပုသ်’ဆိုတာ ဗုဒ္ဓသာသနာသုံး ဝေါဟာရအစစ်ပါ။ အယူဝါဒမတူသူတွေက ဒီဝေါဟာရကို ယူသုံးရင် ဆင်နားရွက်ကို ခွေးမှာတပ်သလို ပြည့်စုံတဲ့ အဓိပ္ပာယ်မဖြစ်နိုင်ဘူး။ ‘ဥပုသ်’ရဲ့အဓိပ္ပာယ်မှန်က ၁)ရှစ်ပါးသီလ (ဒီ၊ဋ္ဌ၊၁၊၁၂၇) ၂) ဥပုသ် (အဲဒီ ရှစ်ပါးသီလ)ကို စောင့်သုံးခြင်း (မ၊ဋ္ဌ၊၄၊၅၀)တဲ့။ ရှစ်ပါးသီလကိုရော အဲဒီ ရှစ်ပါးသီလကို စောင့်သုံးတာကိုပါ ဥပုသ်လို့ ခေါ်ကြောင်းနားလည်ပါ။

အကျိုး

ရှင်တော်ဗုဒ္ဓ သာဝတ္ထိမြို့ ဝိသာခါ ကျောင်းအမကြီးလှူတဲ့ ပုဗ္ဗာရုံကျောင်းမှာ သီတင်းသုံးစဉ် ဥပုသ်စောင့်ဖို့လာတဲ့ ကျောင်းအမကြီးကို ဗုဒ္ဓက ဥပုသ်သုံးမျိုးရှိကြောင်း မိန့်တော်မူပါတယ်။

  1. နွားကျောင်းသားဥပုသ်၊ နွားကျောင်းသားဟာ နွားစားကျက်ကို စဉ်းစားသလို အစားအသောက်အကြောင်းကို စဉ်းစားရင်း ဥပုသ်နေ့ကို ကုန်လွန်သူ၊
  2. တက္ကတွန်းဥပုသ်၊ တက္ကတွန်းအယူရှိသူတွေလို အချို့သတ္တဝါကို သတ်ဖြတ်ခြင်းမှရှောင်ကြည်၍ အချို့ကိုမရှောင်သူတွေရဲ့ဥပုသ်၊
  3. အရိယဥပုသ်၊ ရှစ်ပါးသီလဆောက်တည်ပြီးဗုဒ္ဓဓမ္မ သံဃသီလဂုဏ်တို့ ဆင်ခြင်နေသူတို့ရဲ့ ဥပုသ်။ အဲဒီ သုံးမျိုးအနက် အရိယဥပုသ်သည်သာ လူမင်းစည်းစိမ်နတ်စည်းစိမ်တို့ကို ပေးစွမ်းနိုင်တယ်။ (အံ၊၁၊၂၀၆)။

အလုပ်မှာ

ရှစ်ပါးသီလထဲမှာ ငါးပါးသီလ အကျုံးဝင်ပြီးဖြစ်လို့ ဥပုသ်သီလယူရင် ငါးပါးသီလယူစရာ မလိုဘူး။ ဥပုသ်သီလနဲ့ အလုပ်သွားနိုင်တယ်။ ဒါပေမယ့် မိမိအလုပ်ရဲ့အခြေအနေအရ စောင့်ထားတဲ့ ဥပုသ်သီလ သန့်ရှင်း မသန့်ရှင်း ဆိုတာမျိုးတော့ ဖြစ်နိုင်တယ်။ အလုပ်လုပ်ရင်း အရိယဥပုသ်မျိုးဖြစ်အောင် ကျင့်ကြံနိုင်ရင် အကောင်းဆုံးပေါ့။

နင့်ကိုနင်နှစ် နင့်အပြစ် နင်ဖြစ်ခံရမည်။ နင်မဆုံးမ နင့်တာပ ဘယ်ကခံလိမ့်မည်။ (ထွဋ်ခေါင်ဆရာတော်)

၂၄၅။ ရှေးကပြုဖူး

Burmeseclassic.com ရဲ့ ဓမ္မအမေးအဖြေကဏ္ဍကို ကြုံရင် ကြုံသလိုဝင်ရောက်ဖတ်ရှုပါသည်။ ဖတ်လိုက်တိုင်းမှာ နှလုံးသွင်းစရာတွေနှင့် အတူရင်ထဲကို စိတ်ကောင်းတွေ ဝင်လာပါသည်။ ဖြေကြားပေးတဲ့ ဆရာတော်များကို ကျေးဇူးအထူးတင်ပါသည်။ တပည့်တော် မေးလျှောက်လိုသည်မှာ ... တပည့်တော်တို့ ကျေးရွာလေးမှာ ဘုန်းကြီးကျောင်းခုနစ်ကျောင်း ရှိရာတွင် တပည့်တော်တို့ ကိုးကွယ်သည့်ကျောင်းက အပြည့်စုံဆုံး ဖြစ်ပါသည်။ ကျောင်းထိုင် ဆရာတော်လည်း ကြည်ညိုဖွယ် အဆင်းသဏ္ဌန်နှင့် ပြည့်စုံပြီး အနေအထိုင် သေသပ်ကျစ်လျစ်ပါသည်။ ထို့ကြောင့်မြို့မှာ ချမ်းသာနေကြတဲ့ ရွာသားတွေဟာအဲဒီကျောင်းကိုပဲ လာရောက်ပြီး အလှူဒါနပြုကြပါသည်။ အဲဒီကျောင်းဒကာတစ်ယောက်အနေနဲ့ တပည့်တော်ပီတိဖြစ်မိပါသည်။

သို့ရာတွင် တပည့်တော်၏ စိတ်ထဲ၌ ရေများရာ မိုးရွာဆိုသလို ခံစားရပြီး (လှူသူရဲ့ စိတ်သာ အဓိကလို့ ဆိုပေမယ့်) မပြည့်စုံတဲ့ ကျောင်းကိုလှူရင် ပိုပြီး အဓိပ္ပာယ်ရှိမလားလို့ စဉ်းစားမိပါသည်။ မရှိတဲ့ ကျောင်းကို လှူရတာ ပိုပြီး မြတ်တယ်လို့လည်း စိတ်ထဲမှာ ထင်နေပါသည်။ တစ်ခါတစ်ရံ ကိုယ်က မရှိတဲ့ ကျောင်းလေးမို့ လှူလိုက်ပြန်တော့ အဲဒီကျောင်းက ဆရာတော်ကို ကြည့်ပြီး သဘောမကျတာလေးတွေ တွေ့ရာကနေ ငါလှူတာကုသိုလ်ရမှ ရပါ့မလားလို့လည်း တွေးမိပါသည်။

အဲဒါအတွက် အကျိုးအပြစ်ကို ဖြေကြားဆုံးမပေးပါ အရှင်ဘုရား။ ဦးခိုက်လျက် မျိုးသီဟရာဇ

---

ပြည့်စုံခြင်း

‘ဂုဏ်ရှိသူကို လူမြင်တယ်’ဆိုတာ လူ့သဘာဝပဲ။ မင်္ဂလသုတ်တော်မှာလည်း ‘ပုဗ္ဗေကတပုည=ရှေးကပြုဖူး ကုသိုလ်ထူး’ကို ရည်ညွှန်းချက် ရှိတယ်။ ‘ကြည်ညိုဖွယ် အဆင်း၊ အနေအနေအထိုင် ကျစ်လျစ်’ဆိုတာတွေက ရှေးဘုန်းရှေးကံရဲ့ အထောက်အပံ့တွေပေါ့။ ကိုယ်တိုင်အဲဒီလို မြင်ပြီး ကြည်ညိုနိုင်တာကိုပဲ စဉ်းစားကြည့်လေ။ အရှင်သီဝလိဟာ ရှင်တော်ဗုဒ္ဓပြီးရင် လာဘ်အပေါများဆုံး။ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့တောင် အရှင်မြတ်ရဲ့ ဘုန်းကံကို မယှဉ်နိုင်ဘူး။ ဝနဝါသီတိဿ မထေရ်ဆိုရင်လည်း သာမဏေဘဝနဲ့ပင် သုံးမကုန်အောင် လာဘ်လာဘ ပေါများတယ်။ ဒါကြောင့် ပုဂ္ဂိုလ်တစ်ဦးရဲ့ ရှေးဘုန်း ရှေးကံကို ပြိုင်ဆိုင်နိုင်ဖို့ ခက်တယ်လို့ နားလည်ပါ။

အဓိပ္ပာယ်ရှိ

အချို့မှာ အမှန်တကယ် စာပေပရိယတ္တိ ပို့ချသင်အံနေပါလျက်၊ ကိုယ်ကျင့်သီလ ပြည့်စုံကြပါလျက် နေရာဒေသ၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေအနေအရ မပြည့်စုံတာမျိုးလည်း ရှိတတ်တယ်။ ‘လှူရတာ ပိုပြီး အဓိပ္ပာယ်ရှိ’ချင်ရင် အလှူ့ရှင် ဒကာ ဒကာမတွေက အဲဒါမျိုးတွေကို ရွေးပြီး မြင်တတ်ဖို့ပါပဲ။ ‘အဲဒါမျိုးကို လှူမှ ပိုမြတ်တယ်’လို့တော့ မဆိုသင့်ချေဘူး။ ‘မြတ်တဲ့ အလှူ’ဆိုတာမျိုးက ‘လှူသူရဲ့စိတ်သာ အဓိက’ဖြစ်ကို ဖြစ်လို့ပဲ။ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကိုပဲ လှူလှူ မပြည့်စုံတဲ့ ပုဂ္ဂိုလ်ကိုပဲ လှူလှူ အလှူခံဖက်က သီလနဲ့ ပြည့်စုံပြီး အလှူ့ရှင်ဖက်က စေတနာပြတ်ရင် မြတ်တယ်လို့ ဆိုနိုင်တယ်။

မတွန့်စေနှင့်

ဒါနဟူသည် ပြုအံ့ရည်သော် မလည်မသုန် သဒ္ဓါဟုန်ဖြင့် မတုန်မလှုပ် ထိန်းအုပ်မစ္ဆေ မတွန့်စေနှင့်’တဲ့။ မလှူခင်မှာ မိမိလှူမယ့် ပုဂ္ဂိုလ်၊ နေရာစသည်ကို သေချာအောင် အရင်ဆုံးလေ့လာပြီး ကိုယ့်ကိုယ်မှာ သဒ္ဓါတရားတွေ လွှမ်းထုံနေအောင်လုပ်ရတယ်။ အဲဒီလိုမဟုတ်ရင် လှူပြီးမှ ‘သဘောမတွေ့တာလေးတွေ မြင်တယ်’ဆိုတာမျိုးဖြစ်ပြီး တွန့်သွားတတ်တယ်။ အင်း .. တစ်ခါတစ်ရံ လေ့လာပြီးမှ လုပ်ပါလျက် မိမိရဲ့ သဒ္ဓါတရားကို ထိခိုက်စေတာမျိုးလည်း ရှိနိုင်တာပဲ။ အဲဒီလို ဖြစ်ခဲ့ရင်တောင် ‘လှူမှ လှူမိလေခြင်း’လို့ ပူပန်ဝမ်းနည်းမဖြစ်စေဘဲ ‘ဒီတစ်ကြိမ် ငါ့အလှူ မအောင်မြင်ဘူး၊ နောက်တစ်ကြိမ် အောင်မြင်တဲ့ အလှူဖြစ်စေရမယ်’လို့ သန္ဒိဋ္ဌာန်ချတတ်အောင် လေ့ကျင့်ပါ။

၂၄၆။ မဖြောင့်လမ်းဆိုး ရှေ့မတိုးနဲ့

စက်တင်ဘာ ၂၀၊၂၀၁၂။

-------------------

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

တပည့်တော်တို့မြို့မှာ နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများက အဓမ္မဝါဒအဖြစ် သတ်မှတ်ထားသော ဝါဒများကို မသိနား မလည်သော လူငယ်များအား ဗုဒ္ဓ ဟောကြားခဲ့သော တရားအမှန် ဖြစ်သည်ဆိုကာ ဝါဒဖြန့် စည်းရုံးနေသော ပုဂ္ဂိုလ်များရှိပါသည် ဘုရား။ သို့ဖြစ်ပါသော ကြောင့် မသိနားမလည်သော ဗုဒ္ဓဘာသာဝင်လူငယ်များ ဆင်ခြင်နိုင်ရန် အလို့ငှာ မည်သည့် ခုနှစ်တွင် မည်သည့်ဝါဒများအား အဓမ္မဝါဒအဖြစ် သတ်မှတ်ခဲ့သည်ကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။ အဓမ္မဝါဒ အဖြစ် သတ်မှတ် ထားသော ဝါဒပေါင်းမည်မျှ ရှိသည်ကိုလည်း ဗုဒ္ဓ ဘာသာ လူငယ်လူရွယ်များ သိရှိရန်အတွက် ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။ အသေးစိတ်ကို ရှာဖွေလေ့လာနိုင်ရန်ကိုလည်း ညွှန်ပြပေး တော်မူပါဘုရား။

ရိုသေလျက်ဗုဒ္ဓဘာသာဝင်တစ်ဦး

-------------------

မေးသင့်တဲ့ မေးခွန်းလို့ ယူဆတဲ့ အတွက် ဘုန်းကြီး လက်လှမ်းမီ မှတ် မိသမျှ အဓမ္မအနေနဲ့ ဆုံးဖြတ်ခံရတဲ့ ဝါဒတွေကို ကြိုးစားပြီး ရှာဖွေ တင်ပြလိုက်ပါတယ်။ အဟောအပြော ကောင်းတိုင်း နာမည်ကြီးတိုင်းလည်း ဟောပြောတာတွေ အားလုံးအမှန်ပဲလို့ မျက်စိမှိတ် မယုံမိအောင် ကိုယ့်ကိုယ်ကို သတိချပ်နိုင်မယ့် လမ်းစလေးတွေ ရသွားစေချင်လို့ ပါ။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ဝိနိစ္ဆယကျမ်းစာတွေကို ဖတ်ပါ။

ကျောက်သင်္ဘော

ဘုန်းကြီး ကိုရင် ဘဝနဲ့ ပထမလတ်တန်း အောင်တဲ့ နှစ်က ရွာမှာအင်မတန် စာဖတ်တဲ့ အသက်ခြောက်ဆယ်ကျော် အရွယ် ဆေးဆရာ ဦး မောင်ဝဟာ လက်သန်းလောက်ဝါးခြမ်းပြား နှစ်ခုနဲ့ အနှောင့်ကိုညှပ် ချုပ်ထားပြီး ကိုင်ပါများလို့ မည်းနေတဲ့ စာအုပ်ငယ်ကို သဲသဲမဲမဲ ဖတ် နေ တတ်တယ်။ စာအုပ်နာမည် ‘မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်’၊ ရေးသူ ‘ကျောက်ဆည်မြို့၊ ကျောက်သင်္ဘော ဆရာတော်ဘုရားကြီး’တဲ့။ သူ့ဆီ က ခဏယူဖတ်ကြည့်တော့ နားမလည် သို့မဟုတ် ကိုယ်နားလည်တာ နဲ့ မတူဘူး။ (ဒါပေမယ့်တောက အဖိုးအိုတောင် ဒါလောက်စိတ်ဝင်တ စားဖတ်နေတာ ဘာကြောင့်လဲလို့တော့ အခုပြန် စဉ်းစားမိတယ်။)

စာအုပ်ပါ အကြောင်းအရာကို ကျမ်းဂန် တတ်သိတော်မူတဲ့ ဆရာ ဘုန်းကြီးနဲ့ ဆရာဦးမောင်ဝ ဆွေးနွေးတဲ့ အခါ ဆရာဘုန်းကြီးက အသံ ကျယ်ပြတ်ပြတ်နဲ့ ‘ဒကာကြီး ... နိဗ္ဗာန်ကို လိုချင်တာ တဏှာမဟုတ်ဘူး၊ ကုသိုလ် ဆန္ဒလို့ ခေါ်တယ် .. မှတ်ထား။ စိတ်ကို စိတ်အတိုင်း ထားရမယ်လို့လည်း ဘုရားမဟောဘူး။ ပေါက်တတ်ကရ စာတွေ ဖတ် ပြီး ယောင်မနေနဲ့ ’လို့ ဆေးဆရာ ဦးမောင်ဝအား မိန့်သံကို မှတ်မိနေပါတယ်။ ၁၉၈၀ပြည့်နှစ်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပေါ်လာတဲ့ နောက် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၁)က အဲဒီ ကျောက် သင်္ဘောဝါဒကို ပထမဆုံးအဓမ္မဝါဒလို့ ဆုံးဖြတ်လိုက်တယ်။

လူသေလူဖြစ်

လူသေလူဖြစ်ဝါဒကို အဓမ္မဝါဒအဖြစ်ဒီဝါဒနဲ့ ပတ်သက်သူတွေ လက်မှတ် ထိုးတဲ့ နေ့ (၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ)က ဘုန်းကြီး ကမ္ဘာအေး၊ ဇမ္ဗုဒီပကျောင်းဆောင်အောက်ကို သွားပြီး နားထောင်ခဲ့တယ်။ ကျောင်း ဆောင်ပတ်လည်မှာ လူတွေ အများကြီးပဲ။ ‘ဝေဖန်မှု သိပ်များပြီး သဒ္ဓါ တရားနည်းရင် ကောက်ကျစ်စဉ်းလဲတဲ့ ပုဂ္ဂိုလ် ဖြစ်သွားတတ်ပြီး ဆေး ကြောင့်ဖြစ်တဲ့ ဆေးလွန်နာကို ကုသဖို့ခက်သလို ဒီလူစားမျိုးက ပြော ဟောရ ခက်တယ်’ဆိုတဲ့ အသံချဲ့စက်နဲ့ မိန့်ကြားတဲ့ အလှည့်ကျ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တခမာဝုဓရဲ့ ဩဝါဒကို ယနေ့တိုင် မှတ်မိနေပါတယ်။ အဲဒီတုန်းက ဘုန်းကြီးက ရဟန်းတစ်ဝါရ (အသက် ၂၁-နှစ်)။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)က ဒုတိယ မြောက် အဓမ္မဝါဒအဖြစ်ဆုံးဖြတ်တာပါ။

တောင်တွင်းကြီး အရှင်ဥက္ကဋ္ဌရေးတဲ့ ‘လူသေလူဖြစ်’ စာအုပ်ကို တော့ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရတိုက်မှာ နေစဉ် ဓမ္မာစရိယဘွဲ့ ရတဲ့ နှစ် (၁၉၇၉)မှာသာမဏေအဖြစ်နဲ့ ဦးဉေယျဓမ္မ (မာန်အောင်)ဆီက ငှားပြီး ဖတ်ဖူးခဲ့တယ်..

‘လူသေသော် လူမဖြစ်လျှင် လ ဘာဖြစ်မှာတုန်း ရွှေပျက်လျှင် မြေထွက်နွယ်အဝင်ပေမို့ တကယ်ပင် ရွှေပြန်ဖြစ်တယ်ကွယ် လောကစံထုံး’တဲ့။

အဲဒီဝါဒနဲ့ အဲဒီစာအုပ်ကို နှစ်ဖက်လှ ကေတုမာလာဘိဝံသ အမည်ခံ ဆရာ ဦးကျော်လွင်က ‘ခေတ်သစ် သောနုတ္တိုရ်’စာတမ်းနဲ့ ပြန်ချေ တာကိုလည်း ယနေ့တိုင် နှစ်သက်ဆဲပါ..

‘လူသေသော် လူမဖြစ်လျှင် လ ပါယ်နတ်စစ် နိဗ္ဗူတာ မှန်စွာပဖြစ်ထုံး။ ရွှေနှင့်လူ လုံးလုံးပင် ခန်မတူလို့ စံတစ်မူမှားရာက မှောက်ပေပေါ့ နာမ်တစ်ဆူကြားမှာ ပျောက်တယ်ကွယ် သားမျောက်ကတုံး’တဲ့။

ကြောင်ပန်းတောရ

ဘုတလင်မြို့အနီး ကြောင်ပန်းတောရကျောင်းတိုက်က ဆရာတော်တွေ ဟောပြော ရေးသားချက် ဖြစ်လို့ ကြောင်ပန်းတောရဝါဒ ခေါ်ကြောင်း မှတ်သားရပါတယ်။ ဒီဝါဒကို ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၃)က တတိယ မြောက် အဓမ္မဝါဒအဖြစ် ၁၉၈၂၊ ဧပြီလမှာ ဆုံးဖြတ်ခဲ့တယ်။ သစ်တုံး သစ်တိုင် စသည်ဟာ နာမ်၊ နာမ်သည်ပင် သစ်တုံး သစ်တိုင် စသည်ပဲ တဲ့။ ဓမ္မအမှန်က သစ်တုံး သစ်တိုင်ဆိုတာ အသိခံ အာရုံတရား၊ အဲဒါ တွေကိုသိတာက နာမ်စိတ် (အာရမဏိက)လို့ ဖြစ်ရမှာ။ ဒီဝါဒမှာ စောဒကပုဂ္ဂိုလ်တွေ တင်တဲ့ အချက်တွေထဲက တစ်ဝက်လောက်ကိုတော့ ကျမ်းဂန်နဲ့ ညီလို့ ဓမ္မမှန်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ကျောက်ပုံတောရ

၁၉၈၂-ခုနှစ်၊ နိုဝင်ဘာလထဲမှာ လေးခုမြောက် အဓမ္မဝါဒအဖြစ် ဆုံး ဖြတ်လိုက်တယ်။ ကျောက်ပုံတောရဆရာတော် အမည်ခံ အကျင့်ပျက် ဘုန်းကြီးလူထွက် ဦးစံရင် နှင့် အပေါင်းပါတစ်စုရဲ့ ဝါဒဖြစ်ကြောင်း သိရတယ်။ တောင်ဥက္ကလာပမြို့မှာ ကမ္ဘာ့ဝိပဿနာအမည်နဲ့ ဌာနချုပ်ဖွင့် ထားပြီး ကျေးရွာက မသိနားမလည်သူတွေကို စည်းရုံးတယ်။ ဒီဝိပဿနာဂိုဏ်းဝင် ဘုန်းကြီးတွေ အမျိုးသမီးကို ရှိခိုးကြသတဲ့။ ဝိနည်းဓိုရ် အဖွဲ့ထဲမှာ ပါခဲ့တဲ့ ဘုန်းကြီးတို့ ရွာနားက ကျမ်းဂန်တတ် ဆရာတော်ကြီး ဦးဓမ္မသာရာဘိဝံသ ပြောပြလို့ ဒီဝါဒကို မှတ်မိနေတယ်။ တော် တော်ကြမ်း တော်တော်ဆိုးတဲ့ ဝါဒပါ။ ‘ဓမ္မကထိက (တရားဟောသူ) အား ကိုယ့်မိန်းမကို လှူရင် အင်မတန် မွန်မြတ်’သတဲ့။ ‘တရားဟော မယ့်နေ့မှာ အလှူခံထားတဲ့ မိန်းမနဲ့ သံဝါသပြုရင် ဥပုသ်ဆွမ်း စားတာ’ ဆိုပဲ။ ပြီး .. ဒီဌာန ချုပ်မှာ ၉-ရက် သင်တန်းတက်ပြီးရင် အလိုလို သောတာပန်ဖြစ်သွားရောတဲ့။

ရေတာရှည်

ဒီဝါဒနဲ့ ပတ်သက်ပြီး ဘုန်းကြီးမှာ မှတ်မှတ်ရရ ပြောပြစရာ မရှိဘူး။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကညင်အိုင် အရှင်မာလာဝရရဲ့ အယူ အဆ ဖြစ်ပြီး ပဉ္စသီလနှင့် သရဏဂုံကို ငြင်းပယ်ခြင်း၊ မဇ္ဈိမပဋိပဒါ လက်သစ်ကို ဟောပြောခြင်း၊ ရှင်တော်ဗုဒ္ဓရဲ့ဓမ္မဝိနယကိုပယ်ခြင်းစတဲ့ အကြောင်းတွေကြောင့် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ကြောင်း ဝိနိစ္ဆယစာ အုပ်မှာ ဖော်ပြတယ်။ ဒီဝါဒမှာ ‘ဒါနပြုရန် သီလဆောက်တည်ရန် မလို၊ မိန်းမနဲ့ ယောကျ်ား အတူရှိနေတာဟာ အရိယာ’စတဲ့ ဟောပြောမှုတွေ ရှိတယ်။ ငါးခုမြောက်အဓမ္မဝါဒ ဖြစ်ပါတယ်။ ဒီဝါဒအပါအဝင် အောက် မှာ ဖော်ပြမယ့်ဝါဒနှစ်ခုကိုလည်း ၁၉၈၃-ခုနှစ်အတွင်းမှာ အဓမ္မဝါဒ အဖြစ်ဆုံးဖြတ်ခဲ့တာ တွေ့ရတယ်။

ဓမ္မနီတိ၊ မိုးညို

သာကေတမြို့နယ်၊ ဓမ္မနီတိဗိမာန်ကျောင်း ဦးပညာဝံသရဲ့ ဟောပြော ချက်ကို ဓမ္မနီတိဝါဒ။ ကိုယ်တိုင်က ကတုံးပြောင် ဖန်ရည် စွန်းအဝတ်ကို ဝတ်ထားပါလျက် ရှင်တော်ဗုဒ္ဓကို ဆဲသတဲ့။ သူ့သက်သတ်ရင် အကုသိုလ်မဖြစ်၊ ဘုရားရှိခိုး ပုတီးစိပ်ရင် အဝီစိ ရောက်သတဲ့။ တော် တော်မိုက်တဲ့ ဝါဒပဲ။

နောက်တစ်ခုက မိုးညို (မြောက်ဥက္ကလာပဝါဒ)၊ မိုးညို ဦးသူရိယခေါ် ဦးထွန်းရှိန်ရဲ့ရေးသား ဟောပြောချက်။ ဒီဝါဒက ဓမ္မအမှန်ကို ယဉ်ယဉ်လေးနဲ့ သွေဖည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုလို့ ကြောက်စရာ ကောင်းတယ်။ ဓမ္မအမှန်က သမထ၊ ဝိပဿနာ နှစ်မျိုးလုံးနဲ့ မဂ်ဖိုလ်ဉာဏ် ထူးကို ရနိုင်ကြောင်း ဆိုပေမယ့် ၎င်းတို့က သမထယာနိက (သမထတရား အားထုတ်သူ)တွေ မဂ်ဖိုလ်ကို မရနိုင်ဘူးတဲ့။ ဓမ္မမှန်က အနုသယ ကိလေသာဟာ ပဋိသန္ဓေ တည်တာနဲ့ ကိန်းပြီးသား ဖြစ်ပေမယ့် ၎င်းတို့က မွေးခါစကလေးမှာ အနုသယမရှိဘူးတဲ့။

ထွန်းတုံးလက်ကျန်

ရေစကြိုမြို့နယ်၊ ကျောင်းဖြူရွာသား၊ ဒေသခံဘုန်းကြီးနဲ့ မတည့်လို့ လုပ်ချင်တာလုပ်ပြီး သူ့ကိုယ်သူ သောတာပန်လို့ ဆိုတဲ့ ဦးထင် အမည် ရှိသူရဲ့ ဟောပြောချက်။ သူက ‘လူ့ပြည်မှာ ပိဋကတ်သုံးပုံမရှိ၊ ကံကို ယုံရင် သရဏဂုံတည်ပြီး အပါယ်မကျတော့ဘူး၊ တရားနာလို့ ကုသိုလ် မရဘူး’တဲ့။ သူကွယ်လွန်ပြီဖြစ်လို့ သူ့တပည့်တွေက သူတို့ဆရာ ဟော ပြောတာတွေကို စစ်ဆေးဖို့ နိုင်ငံတော်သမတ ဦးစန်းယုနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို တင်ပြလာလို့ စစ်ဆေးပေးတာလို့ ဆိုတယ်။ ဘာကြောင့် ‘ထွန်းတုံးလက်ကျန်’အမည် တွင်ရသလဲဆိုတာ ဘုန်းကြီး မတွေ့မိသေးပါ။ ၁၉၈၅-ခုနှစ်က ဆုံးဖြတ်ချက်။

စမ်းကလေး

ကမ္ဘာအေး၊ နိုင်ငံတော်ပရိယတ္တိမှာ ဘုန်းကြီး အင်္ဂလိပ်စာ နည်းပြလုပ် နေစဉ်ကာလ ၁၉၉၈-ခုနှစ်၊ ဖေဖော်ဝါရီ (တပို့တွဲ)လရဲ့ ညနေခင်း တစ် ချိန် မိတ်ဆွေဆရာတော် ဘုန်းကြီးပန် (ဦးပဏ္ဍိတာဘိဝံသ-ရေစကြို) နှင့်အတူ မြို့ထဲက ပြန်လာတော့ ကျောက်မျက်ရတနာဘေးက နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ဝင်းထဲကိုဝင်တဲ့ လမ်းတစ်လျှောက် လူတွေ ပြည့်ကျပ်နေတာ တွေ့လို့ မေးကြည့်တော့ စမ်းကလေး ဆရာတော် တန်းခိုးပြတာကို မြင်ချင်လို့ လာစောင့်နေတာတဲ့။

ညောင်လေးပင်မြို့နယ်၊ စမ်းကလေးကျေးရွာ၊ အရှေ့ကျောင်းဆရာ တော်ဦးနန္ဒောဘာသရဲ့ဟောပြောချက်တွေကို အဓမ္မဝါဒအဖြစ် ဝိနည်း ဓိုရ် အမှတ် (၁၁)က ထိုနေ့က ဆုံးဖြတ်ချက်ချပါတယ်။ ဒီဆရာတော်နဲ့ တပည့်တွေက 'စမ်းကလေးဆရာတော်ရဲ့တရားကို နာပြီးရင် ၁၀- မိနစ်၊ ၁၅-မိနစ်အတွင်း သောတာပန် ဖြစ်တယ်၊ ဆရာတော်ရဲ့ ခန္ဓာ ကိုယ်က ရောင်ခြည် ထွက်တယ်’လို့ ဝါဒဖြန့်ပြီး မိမိတို့ဆီကို လူလာ အောင်စည်း ရုံးခဲ့ကြတာ ဖြစ်ပါတယ်။

မိုးကုတ်ဝါဒ

နာမည်ကျော် မိုးကုတ်ဆရာတော်ကြီးရဲ့ ဟောစဉ်တရားတွေထဲက ဟောပြောချက် အချို့နဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့ အတွက် နိုင်ငံတော် ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂^၂၀၀၅)က ‘မှားလို့ လုံးဝ ပယ်ဖျက်ရမယ့် အချက်အချို့၊ တစ်စိတ်တစ်ဒေသ ပြင်ဆင်ပေးရမယ့် အချက်အချို့၊ မှား နေသည်ကို ပြင်ဆင်ပေးရမယ့် အချက်အချို့၊ မပြည့်စုံလို့ ဖြည့်စွက် ရမယ့် အချက်အချို့’ကို ထောက်ပြခဲ့ ပါတယ် (အဓမ္မဝါဒအဖြစ် ဆုံးဖြတ်တာတော့ မဟုတ်ပါဘူး)။ ဥပမာ .. ‘ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသ နာကို အသေအချာ ကြားနာပြီးနောက် ကိလေသာ ကြားမခိုစေဘဲ ဝိပဿနာတရားကို အားထုတ်ရင် နံနက်အားထုတ် ညနေ နိဗ္ဗာန်တရား ထူးကိုရတယ်’ဆိုတဲ့ ဟောပြောချက်မှာ ဇဋာသုတ္တန်စသည်နဲ့ မညီလို့ အဓမ္မဝါဒဖြစ်တဲ့ အတွက်လုံးဝပယ်ဖျက်ပစ်ရမယ်ဆိုတာမျိုး။

အောင်ဆန်းတောရ

အထက်ပါမိုးကုတ်ဝါဒကိုပင် ထပ်ဆင့်ဟောပြောတဲ့ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရ တပ်ဦးကျောင်း ဆရာတော် ဦးသဒ္ဓမ္မကိတ္တိသာရ ရေးတဲ့ ‘ပဋိစ္စသမုပ္ပာဒ်ဖြတ်လမ်း (၁၀)ရက်စခန်း အထူးသင်တန်းကျမ်း’ပါ အချက်အချို့ကို အဓမ္မ (ဘုရားဟောတရား မဟုတ်)လို့ ဝိနည်းဓိုရ်အဖွဲ့အမှတ် (၁၄^၂၀၀၆)က ဆုံးဖြတ်တယ်။ ဥပမာ.. သာမန် ယောဂီတွေကို ‘တရား အားထုတ်ကြပါ၊ မနက် တရားအားထုတ်ရင် ညနေ တရားထူးရမယ်၊ ညနေ တရားအားထုတ်ရင် မနက် တရားထူး ရမယ်’လို့ ဟောပြော တာမျိုး၊ ‘ဆန္ဒရဟန်းသည် ၄၅-နှစ်ကြာ တရား အားထုတ်သော်လည်း ပဋိစ္စသမုပ္ပာဒ်ကို မနာရလို့ နိဗ္ဗာန်တရားထူးကို မရဘူး’ဆိုတာမျိုးတွေကို အဓမ္မဝါဒလို့ ဆုံးဖြတ်ပါတယ်။ အင်း.. ဖြတ်လမ်းဆိုတာတွေကို သတိထားဗျို့။

ခေမိန္ဒဝါဒ

မိုးညှင်းမြို့၊ မဟာသတိပဋ္ဌာန်ရိပ်သာဆရာတော် ဦးခေမိန္ဒရဲ့ဟောပြော ချက်။ ‘ဝင်လေထွက်လေကို တမင်ချုပ်ပြီး မရှိအောင်လုပ်ပြီး ကျင့်ရ မည်’၊ ‘ဝင်လေထွက်လေကို ရှုတာဟာ ဒိဋ္ဌိပဲ’ ‘လက္ခဏာရေးသုံးပါးကို ရှုလို့ နိဗ္ဗာန်မရ’ ‘အကြောင်းအကျိုးမဲ့ ပဋိစ္စသမုပ္ပာဒ်’စတဲ့ အချက်ပေါင်း ၄၃-ချက်ပါ ဟောပြောချက်တွေဟာ ထေရဝါဒကျမ်းဂန်နဲ့ လုံးဝ ဆန့် ကျင်ကြောင်း စောဒက ဆရာတော်တွေက စွဲချက်တင်ရာမှာ အချက် အားလုံးကို အဓမ္မဝါဒအဖြစ် ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၅^၂၀၀၆)က ဆုံးဖြတ် တော်မူတယ်။ တမင်သက်သက် (ထင်ပေါ်လိုခြင်း သို့မဟုတ် သာသနာကို ပျက်စီးစေလိုခြင်းစတဲ့) ရည်ရွယ်ချက်တစ်ခုနဲ့ ဓမ္မမှန်ကို ပြောင်းပြန်လုပ်ပြီး ဟောပြောနေရော့သလားလို့တောင် ထင်မိစရာပါ။

မြစ်ကြီးနား ဝိစိတ္တသာရ

ဖော်ပြပါ မိုးညှင်းဦးခေမိန္ဒရဲ့ တပည့်။ ‘အတိတ်၊ အနာဂတ် မရှိ၊ နတ် ဗြဟ္မာဘုံဆိုတာ မရှိ၊ တိရစ္ဆာန်ကို သတ်လျှင် အပြစ်မရှိ၊ ရပ်ကွက်ပိုင် နိုင်ငံပိုင် ပစ္စည်းကို ခိုးလျှင် အပြစ်မရှိ၊ လူဆိုတာ ကံကြောင့်ဖြစ်တာ မဟုတ် မိဘကြောင့်ဖြစ်တာ၊ နိဗ္ဗာန်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အတ္တ’ စတဲ့ ဗုဒ္ဓဝါဒအစစ်အမှန်နဲ့ သုံးနှင့်လေးလိုဆန့်ကျင်တဲ့ ဟောပြောချက် ၃၁-ချက်ကို အဓမ္မဝါဒအဖြစ် ဝိနည်းဓိုရအမှတ် (၁၆^၂၀၀၉)က ဆုံး ဖြတ်တော်မူတယ်။

ဆူးလေဦးမြင့်သိန်း

ဒီပုဂ္ဂိုလ်ရဲ့ဟောပြောချက်တွေလည်း ပိဋကတ်ကျမ်းဂန်နှင့် ဆန့်ကျင်တဲ့ အတွက် သီးခြားဝိနည်းဓိုရ်အဖွဲ့နဲ့ စစ်ဆေးဆုံးဖြတ်သင့်ပေမယ့် မိမိဝါဒ အနေနဲ့ တာဝန်ယူ ဖြေရှင်းမယ့်သူ မရှိလို့ ၁၉၈၃-ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာ ထုတ်ပြန်ပြီး ယင်းဝါဒ မပြန့် ပွားအောင် ကာကွယ်ခဲ့ကြောင်း သိရပါတယ်။ သူ့ရဲ့ ရေးသားချက်၊ ဟောပြောချက်တွေကိုတော့ စာအုပ်စာတမ်း မပြည့်စုံလို့ ဘုန်းကြီး အတိအကျ မပြောပြနိုင်ပါ။ မကြာခင်က ရေပန်းစားခဲ့တဲ့ ‘ပစ္စုပ္ပန်ကမ္မဝါဒ’ ဆိုတာကြီးနဲ့ ပတ်သက်တာကိုတော့ တစ်ဆင့်စကား ကြားဖူးပါတယ်။

ဦးမြတ်သိန်းထွန်း

ရွာမှာတုန်းက ဦးမြတ်သိန်းထွန်း ရေးတဲ့ စာအုပ်ထူထူ တစ်အုပ်ကို တွေ့ဖူးခဲ့ပါတယ်။ အသက်ငယ်သေးတော့ ကောင်းကောင်း မဖတ်ဖူးခဲ့ဘူး။ ဆရာဘုန်းကြီး ပြောပြပုံအရ အဲဒီစာအုပ်ထဲမှာ ဖော်ပြထားတွေက ဂါမဒေါသ ရောက်တယ် (စကားရိုင်းတွေ ဖြစ်နေတယ်)လို့ သိရတယ်။ ညစ်ညမ်း စကားလုံးတွေ များလွန်းလို့ အတော်ကာမရာဂ အားသန်တဲ့ ပုဂ္ဂိုလ် ဖြစ်ဖွယ်ရှိတယ်လို့ ဆရာဘုန်းကြီး မှတ်ချက်ပြုသံကို မှတ်မိနေတယ်။ ကျောက်ပုံတောရဝါဒ ပုံစံမျိုးပေလော။ ဒီဝါဒကိုလည်း တာဝန် ယူဖြေရှင်းမယ့် သူမရှိလို့ ဆူးလေဦးမြင့်သိန်းနဲ့ မရှေးမနှောင်း (၁၉၈၃- ခုနှစ် အတွင်း)မှာပဲ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြား လွှာထုတ်ပြန်ပြီး ဒီဝါဒမပြန့်ပွားအောင် တားမြစ်ခဲ့ကြောင်း သိရတယ်။

ဆန္ဒမွန်

လမ်းဆိုး လမ်းယုတ် လမ်းကောက် လမ်းညစ်ကို ရှောင်ကွင်း၍ မှန် သောလမ်းကို ဖြောင့်စွာ လိုက်သွားနိုင်ပါစေ။


၂၄၇။ တစ်စားပွဲတည်း

သိလိုသည်များကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ အမှားပါလျှင်လည်း ခွင့်လွှတ်ပါဘုရား။

နိုင်ငံခြား တိုင်းပြည်တစ်ခုတွင် ရင်းနှီးခဲ့သော ဦးပဉ္စင်းတစ်ပါးနှင့် ပြန် တွေ့ကြစဉ် ဦးပဉ္စင်း ကြွလိုတဲ့ နေရာများကို လိုက်ပို့ပြီးနောက် ဆွမ်း စားချိန်မှာ စားသောက်ဆိုင် တစ်ခုသို့ ဝင်ကြပါသည်။ ဦးပဉ္စင်းဘုဉ်း ပေးလိုတဲ့ ဟင်းလျာကိုမှာ ပေးပြီး တပည့်တော်လည်း ကြိုက် တာကို မှာပါသည်။ ဟင်းပွဲများ ရောက်လာသောအခါ တပည့်တော် မှာလိုက်သော ဟင်းလျာအချို့ကို ဦးပဉ္စင်း၏ ပန်းထဲထည့်၍ ကပ်ပါ သည်။ ဦးပဉ္စင်းမှာသော ဟင်းလျာများကိုလည်း ဦးပဉ္စင်းအား ကပ်ပါ သည်။ ဦးပဉ္စင်း ဆွမ်းကိစ္စ ပြီးသောအခါ ဟင်းပွဲများကို တပည့်တော်အား စားစေချင်၍ စွန့်ပါသည်။ တပည့်တော်သည် ထိုဦးပဉ္စင်းနှင့်အတူ စားပွဲ တစ်လုံးတည်းတွင် ထိုင်ပြီး စားခဲ့မိပါသည်။ စားသောက်ဆိုင် အတွင်း နေရာ အခက်အခဲမရှိပါဘဲ ထိုဦးပဉ္စင်းအား သီးသန့်စားပွဲမှာ မကပ်မိ သည့်အတွက် တပည့်တော်မှာ အပြစ်ရှိ မရှိသိ လိုပါသည် အရှင်ဘုရား။

ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်အောင် ကြိုးစားနေပါ၍ ဖတ်သင့်သော စာအုပ်များကိုလည်း ညွှန်ကြားပေးစေလိုပါသည် အရှင်ဘုရား။

Vi Paris

-------------------

အကပ်ခံခြင်း

‘ရေဒန်ပူမှ တစ်ပါး မပေးမကပ်တဲ့ အာဟာရကို စားသုံးသော ရဟန်း ပါစိတ်အာပတ် သင့်၏’ဆိုတဲ့ သိက္ခာပုဒ်အရ ရဟန်းဟာ လူသာမဏေက လက်နဲ့ ဆက်ကပ်မှ စားသုံးရတယ်။ လူသာမဏေက ဆွမ်းပန်း ကန် ဆွမ်းခွက်စသည်ကို လက်ဖြင့်ရှေ့ကို တိုးပေးရင် အကပ်မြောက် ပြီ။၊ ခေါင်းပေါ်က အစားအစာကို လှူလိုလို့ ညွတ်စောင်းပေးရင်လည်း မိမိရဲ့လက်နဲ့ ယူစားကောင်းတယ်။ ဒီသိက္ခာပုဒ်အရ ကပ်ထားပြီးသား အစားအစာရှိတဲ့ ဆွမ်းခွက်ထဲကို အပြင်က ရထရေဏုမြူ (မျက်စိနှင့် မြင်နိုင်တဲ့ မြူ)ပမာဏရှိတဲ့ အရာတစ်ခုကျလာရင် ပဲအကပ်မပျက်အောင် အဲဒီမြူကပ်နေတဲ့ အစားအစာကို ဖယ်ပစ်ရတယ်။

ရိုသေခြင်း

သီလ သမာဓိ ပညာဂုဏ်၊ တည်ကြည်တဲ့ သွင်ပြင်၊ သိမ်မွေ့တဲ့ အနေ အထိုင် စတာတွေကြောင့် ရဟန်းသံဃာကို မြန်မာဗုဒ္ဓဝါဒီတို့ အရိုအသေ ပေးလာကြတာ ရာစုနှစ်တွေ ကြာခဲ့ပြီ။ အချို့ ကျေးရွာတွေမှာ ရဟန်း သံဃာတစ်ပါး ရပ်ထဲရွာထဲကြွပြီဆိုရင် လမ်းမှာတွေ့တဲ့ လူတိုင်း ဘုန်း ကြီးကို ထိုင်ရှိခိုးတာပဲ။ ဘုန်းကြီး အရိပ်ကို မနင်းရဲဘူး။ အဝေးက ရှောင်သွားတယ်။ သူတို့တွေဆိုရင် ဘုန်းကြီးနဲ့ တစ်ခုံတည်း အတူထိုင် စားဖို့ ဆိုတဲ့ ကိစ္စ ထည့်တောင် တွေးရဲမှာ မဟုတ်ဘူး။ ရိုသေထိုက်သူကို ရိုသေတာဖြစ်လို့ အင်မတန် ကောင်းမြတ်တဲ့ မင်္ဂလာ တစ်ပါးပါ။ ဆက်ပြီးတော့လည်း ထိန်းသိမ်းထားရလိမ့်မယ်။ ဒါပေမယ့် ရိုသေစိတ် ရှိရင် လမ်းမှာထိုင်ပြီး ရှိမခိုးရုံနဲ့၊ မတော်တဆ ဘုန်းကြီးအရိပ်ကို နင်းမိရုံနဲ့ အပြစ်မရှိနိုင်ပါဘူး။

အခြေအနေ

အရာရာတိုင်းမှာ ကာလဒေသနဲ့ လိုက်လျောညီထွေရှိအောင် လုပ်သင့်တယ်။ ကိုးကားနိုင်တဲ့ ကျမ်းဂန်အဆိုက ဒီလိုပါ .. ‘လူတစ်ယောက်ဟာ ကိုယ့်ဟာကိုယ် ကတုံးရိတ်၊ သင်္ကန်းဝတ်ပြီး ဘုန်းကြီးလိုနေရင် လိင်ခိုး (အသွင်ကိုခိုးပြီး ဟန်ဆောင်သူ) ဖြစ်သွားပြီး ရာသက်ပန်သာ သနာ့ဘောင်ထဲကို ဝင်ခွင့် မရှိတော့ဘူး။ ဒါပေမယ့် အဲဒီလူဟာ မင်း ပြစ်မင်းဒဏ်၊ ငတ်မွတ် ခေါင်းပါးစတဲ့ မလွှဲသာတဲ့ အကြောင်းကြောင့် အဲဒီလို လုပ်ခဲ့ရပြီး အဲဒီဘဝကိုလည်း မသာယာဘဲ သံဃာကို အမှန်အတိုင်း ဖွင့်ပြောရင် အပြစ်မရှိဘူး။ မိမိအလိုရှိချိန်မှာ သာသနာ့ဘောင်မှာ ပြန်နေနိုင်ခွင့် ရှိတယ် (ရာဇဒုဗိက္ခကန္တာရ ရောဂဝေရီဘယေန ဝါ၊ ဝိ၊ဋ္ဌ၊၃၊၁၁၃)’။ စိတ်ထဲက မပါဘဲ လုပ်မိရုံ၊ မလုပ်မိရုံနဲ့ လောကပြစ်ရှိ နိုင်ပေ မယ့် သံသရာပြစ်လွတ်နိုင်တာမျိုး တွေရှိတယ်။

အဖြေ

ရဟန်းသံဃာတွေ ဆွမ်းကိုအကပ်ခံပြီး ဘုဉ်းပေးရပုံ၊ ဒကာ ဒကာမ တွေရဲ့ရဟန်းသံဃာတွေကို ရိုသေလေးစားမှုအပြင် အခြေအနေအချိန် အခါ ဆိုတာတွေကို တစ်စေ့တစ်စောင်း စဉ်းစားကြည့်ပြီးနောက် မေး မေးခွန်းကိုဖြေရရင် ...

‘မိမိ မှာထားတဲ့ ဟင်းလျာထဲက ဘုန်းကြီးကို ကပ်တာ (ဒါလည်း ဆွမ်းလောင်းသလိုပဲလေ)၊ ဘုန်းကြီးအတွက် မှာတဲ့ ဟင်းလျာကိုလည်း ဘုန်းကြီးကို ကပ်တာ’ဖြစ်လို့ ဘုန်းကြီး အာပတ် မသင့်နိုင်ပါဘူး။ ‘ဆွမ်းကိစ္စပြီးတဲ့ အခါ ဘုန်းကြီးက သူ့ဟင်းလျာကို စွန့်တာ’ကလည်း ဘာမှ မဖြစ်ဘူး။ ကိုယ့်ပန်းကန် ကိုယ်ခွက် ကိုယ့်ဇွန်းနဲ့ သီးခြားစီ ဆို ရင် တစ်ခုံတည်း ထိုင်မိရုံနဲ့ ဘုန်းကြီးလည်း အာပတ်မသင့်၊ လူလည်း အပြစ် မရှိနိုင်တန်ရာပါဘူး။ အင်း .. နေရာ အလွတ်ရှိရင် တော့ ‘ရိုသေ ခြင်း’ဆိုတဲ့ အခြေအနေအရ တစ်ခုံစီထိုင်ရင် ပိုသင့်မြတ်တာပေါ့။

ဖတ်သင့်

အထွေထွေ ဗုဒ္ဓဘာသာ ဗဟုသုတအနေနဲ့ ဆိုရင် သာသနာတော် ထွန်း ကားပြန့်ပွားရေးက ထုတ်ဝေတဲ့ ‘ဗုဒ္ဓဘာသာကောင်းတစ်ယောက်’ စာ အုပ်ကို ညွှန်းပါရစေ။ စာအုပ်နာမည်က အိမ်နေလူများစု သည်းခြေ ကြိုက် မဟုတ်နိုင်ပေမယ့် မကြီးလွန်း မကျယ်လွန်းဘဲ ရိုးရိုးလေးနဲ့ မှန်ကန်တဲ့ အတွေးအမြင်ကို ပေးနိုင်တာ သေချာပါတယ်။ ဘုန်းကြီးက တော့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဝိပဿနာ ကျမ်းစာတော်တွေကို အဖတ်အရှု များပါတယ်။ အင်္ဂလိပ်ကျမ်းစာအနေနဲ့ သီဟိုဠ်ဆရာ တော် အရှင်နာရဒရဲ့ A Manual of Buddhism နှင့် အမေရိကန် ဗုဒ္ဓဝါဒီ ဟင်နရီ အက်စ် အိုလ်ကော့တ်ရဲ့ The Buddhist Catechism ကျမ်းစာ တွေကထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ငုံမိပြီး ဖတ်ရတာလည်း မခက်လွန်းလို့ ဘုန်းကြီးဆိုရင် ထပ်ခါထပ်ခါ ပြန်ဖတ်ပါတယ်။


၂၄၈။ တရားနာရင်းအိပ်

ဆရာတော်ဘုရား၊

တပည့်တော်သည် အင်တာနက်မှ တရားခွေများကို ဒေါင်းလုဒ်လုပ်ပြီး မိတ်ဆွေ သူငယ်ချင်းများသို့တယ်လီဖုန်းမှ တစ်ဆင့် ပို့ပေးပါသည်။ သို့သော် အချို့သော သူများသည် တရားဖွင့်ပြီး အိပ်ကြသည်။ အိပ်ဆေး သဘောမျိုး အသုံးပြုကြသည်။ တပည့်တော်အနေဖြင့် နောက် နောင်ကို ထိုသို့သော လူများကို တရားခွေများ ဆက်လက် ပို့ပေးသင့် ပါသလား ဘုရား။

ဌေးဝင်း..ခေတ္တမလေးရှား

-------------------

သူတို့ဇွဲ

ဒီစာကို ရိုက်မယ်လုပ်တုန်း အပြင်က တံခါးခေါက်သံကြားလို့ အထဲက ကြည့်လိုက်တော့ သားသားနားနား ဝတ်စားဆင်ထားတဲ့ မျက်နှာဖြူ နှစ်ယောက်ကို တွေ့တယ်။ တစ်ခြားသူ ဟုတ်ရိုးလား .. သာသနာပြု တွေ (ဒီနေ့ ဒီမှာ တနင်္ဂနွေနေ့)။ အချိန်မရှိတာနဲ့ တံခါးကို ဖွင့်မပေး လိုက်ဘူး။ ဘေးနှစ်အိမ်နဲ့ ရှေ့အိမ်တွေကတော့ ခြံထဲတောင် အဝင်ခံပုံ မပေါ်ဘူး။ ဒါပေမယ့်.. သူတို့တွေ သိပ်ဇွဲကောင်းတယ်။ ဖိနစ်စ်မြို့ရဲ့နွေ ရာသီ အပူရှိန် ၁၁၆၊၁၁၈၊ တစ်ခါတစ်ရံ ၁၂၀ ဒီဂရီ ဖာရင် ဟိုက် လောက်မှာ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ပြီး တရားဟောနိုင်ကြတယ်။ ထောက်ပံ့ငွေ ရပါသလားလို့ မေးကြည့်ဖူးပါတယ် .. သူတို့ ပိုက်ဆံ တစ်ပြားမှ မရပါဘူး၊ ယုံကြည်လို့ စေတနာနဲ့ လုပ်တာပါတဲ့။ ကဲ .. ‘တရားဖွင့်ပြီး အိပ်တာ’လောက်ကို စိတ်ဓာတ် ကျသင့်သလား။ အနည်းဆုံးတော့ ကိုယ်ပို့တဲ့ တရားခွေကို သူလက်ခံရုံမက ဖွင့်ပြီး နား ထောင်တယ်လေ။

ခွင့်လွှတ်

ဓမ္မကထိက ဆရာတော် အချို့က ချက်ပြုပ် လျှော်ဖွတ်နေရင်း သို့မ ဟုတ်တစ်ခုခု လုပ်ရင်းနဲ့ တရားနာတာ၊ အိမ်ပြီး တရားနာတာတွေဟာ တရားကို မရိုသေရာကျတယ်လို့ ဟောပြောတာကို ဘုန်းကြီးလည်း ကြားဖူးတယ်။ ဒါပေမယ့် ချွင်းချက်တော့ ရှိသင့်တယ်။ မလေးရှား စင်္ကာပူလို အမေရိကလိုနေရာမျိုးမှာ တရားခွေဖွင့်ပြီး တီဗွီရှေ့ ဒူးတုပ် နာဖို့ဆိုတာ ခက်နို်င်တယ်။ ဘုန်းကြီးရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရဆိုရင် တရားပွဲတွေမှာတော့ သေသေချာချာ ဒူးတုပ် နာယူပေါ့။ အသံလောက် ရုပ်သံလောက် ဆိုရင်တော့ ရတဲ့ အချိန်လေးမှာ ကြုံသလို တရားနာယူ ကြရတာဖြစ်လို့ ခွင့်လွှတ်ပျော်ပါတယ်။ ကားမောင်းရင်း၊ ကလေးထိန်း ရင်း တရားနာတာ အပြစ်မရှိသင့်ပါဘူး။ မအားရင်းက အဲဒီလို တရား နာယူလိုစိတ် ရှိတာလေးကိုပဲ ကျေးဇူးတင်ရအုံးမှာ။

အိမ်မှာ နားနားနေနေနဲ့ ကုသိုလ်ရအောင် နာယူတာမျိုးကျတော့ ဓမ္မကထိက ဆရာတော်တွေ သင်ကြားသလို တကယ့် အာရုံစူးစိုက်ပြီး ဒူးတုပ်နာယူပေါ့။ ဒါလည်းလုပ်သင့်တာပဲ။

ဆက်လုပ်

တရားဓမ္မကို ဖြန့်ဖြူးပေးတာဟာ ဓမ္မဒါနပါပဲ။ ဓမ္မဒါနဆိုတာ ဒါနအား လုံးမှာ အမြတ်ဆုံးဆို မဟုတ်လား။ လိုက်မမီနိုင်အောင် အရှိန်အဟုန် ပြင်းစွာ စီးဆင်းနေတဲ့ အင်တာနက်နဲ့ သတင်းမီဒီယာခေတ်ကြီးမှာ မိမိ နှစ်သက်တဲ့ တရားခွေတွေကို ဒေါင်းလုဒ် များများလုပ် များများပို့ပြီး ဆက်လက် သာသနာပြုဖို့ တိုက်တွန်းပါတယ်။ နာယူတာ မနာယူတာ သူ့ကိစ္စပါ။ ပို့တာကို လက်ခံရုံနဲ့ကို ကျေနပ်စရာပါ။ တရားနာတဲ့ အဆင့် မှာတော့ ဘယ်လိုပဲ နာနာခွင့်ပြုလိုက်ပါ။ ဘုန်းကြီးရှေ့ ဒူးတုပ်မထိုင်နိုင် တဲ့ လူကို ကုလားထိုင်မှာ ထိုင်ခွင့်ပြုသလိုပေါ့။ နာယူသူရဲ့ နှလုံးသားထဲကို တစ်လုံးရောက် နှစ်လုံးရောက်နဲ့ ကြာရင် တရားနာသူဟာ တရား ဗဟုသ ကြွယ်ဝလာပါလိမ့်မယ်။

ဉာဏ်ရှိလျှင် ခွေးမစင်ပုံထဲ၌ နိဗ္ဗာန်ခဲ တောင်ပါသေး၏။ (ပရမတ္ထစက္ခုကျမ်း၊ စာ-၁၉၉)


၂၄၉။ ပတ္တိဒါန

ဆရာတော်ဘုရား၊ ရိုသေစွာ လျှောက်ထားအပ်ပါသည်။ ကောင်းမှုပြု၍ အမျှဝေရာတွင် ပြုပြီးပြီးချင်း အမျှတစ်ခါဝေပြီး နောက်အတော်ကြာ မှာ ထိုကောင်းမှုအား ပြန်သတိရ၍ အမျှဝေပါက ပထမ အခေါက် အတိုင်း အမျှရပါသလား။ အမျှဝေသူလည်း ကုသိုလ်အတူတူ ရနိုင်ပါ သလားဘုရား။

ဝါဝါအောင်

-------------------

လျော့မသွား

အရင် ဆုံးပစ္စည်းတစ်ခုကို လှူဒါန်းမယ်။ အဲဒီလို လှူဒါန်းဖြစ်အောင်စိတ် ထဲကလှုံ့ဆော်မှု (စေတနာ)ကို ပတ္တိ (ရထားတဲ့ ကုသိုလ်)လို့ ခေါ်တယ်။ အဲဒီကုသိုလ်ရဲ့ အဖို့ကို အထူးရည်ရွယ်သူကိုဖြစ်စေ၊ သတ္တဝါအများကို ဖြစ်စေ ‘မိမိနှင့် ထပ်တူရပါစေ’လို့ ဝေငှဆဲမှာ ဖြစ်နေတဲ့ စိတ်ကို ‘ပတ္တိ ဒါန’ သို့မဟုတ် ‘အမျှဝေ’လို့ ခေါ်တယ်။ စေတနာနဲ့ ပတ္တိဆိုတာ အတူတူ။ စေတနာဆိုတဲ့ စိတ်စွမ်းအားကို အမျှဝေတယ်လို့ အဓိပ္ပာယ် နား လည်ရမှာပေါ့။ အဲဒီလို အမျှဝေလိုက်လို့ ကုသိုလ်ရှင်ရဲ့ ကုသိုလ်က လျှော့မသွားဘူး။ ထွန်းထားတဲ့ ဖယောင်းတိုင်မီးက နောက်တစ်ချောင်းကို မီးကူးယူပေမယ့် မူလဖယောင်းတိုင်ရဲ့ မီးအရှိန် မလျော့တဲ့ အပြင် နောက်ထပ် အရောင်အလင်း အကူအညီရလို့ ပိုလင်းသွားသလို အလှူ့ ရှင်မှာ ပတ္တိဒါန ကုသိုလ်အပိုရတယ်။

ပရေဟိ ဒိန္နာယ ပတ္တိယာ ဝါ အညာယ ဝါ ပုညကြိယာယ ဝါ (အဘိ၊ဋ္ဌ၊၁၊၂၀၃)’စကားအရ ဒါနကုသိုလ်ကိုသာမက ဒုက္ခရောက်သူကို ကူညီတာ၊ အများအကျိုး ဆောင်ရွက်တာ၊ ရတနာသုံးပါးရဲ့ ဝေယျာဝစ္စ ဆောင်ရွက်တာ၊ သီလကုသိုလ် ဘာဝနာကုသိုလ်တွေကိုပါ အမျှဝေရင် ပတ္တိဒါနကုသိုလ်ရတယ်။

ရည်စူး မရည်စူး

ပတ္တိဆိုတဲ့ မိမိရဲ့ကုသိုလ်စေတနာကို အမျှဝေရာမှာ ပြိတ္တာဖြစ်နေသူကို သီးခြား ရည်စူးခြင်း၊ အဲဒီလို သီးခြားမဟုတ်ဘဲ သတ္တဝါအများကိုရည် စူးခြင်းလို့ နှစ်မျိုးရှိတယ်။ ပဌမအမျိုးအစားမှာ နာမည်ထုတ်ဖော်တဲ့ ရည်စူးသူ ပြိတ္တာတို့က သာဓုခေါ်နိုင်ရင် ၎င်းတို့ ချက်ခြင်း အကျိုးခံစား ရတယ်။ ဗိမ္ဗိသာရမင်းက ဆွေမျိုးဟောင်း ပြိတ္တာတွေကို အထူးရည်စူး ပြီး အမျှဝေလိုက်တဲ့ အခါ အဲဒီပြိတ္တာတွေ ချက်ခြင်း အဲဒီဘဝက ကျွတ် သွားကြတယ်လို့ ကျမ်းဂန်မှာဆိုတယ်။ တစ်ခါ သူတော်ကောင်းတွေပို့ သတဲ့ ကုသိုလ်အဖို့ကို ခံယူပါတယ်လို့ နှုတ်မြွက် သာဓုခေါ်နိုင်ရင် မရည် စူးတဲ့ ကုသိုလ်အဖို့ကိုလည်း ခံယူသူ သို့မဟုတ် သာဓုခေါ်သူ ရနိုင်တယ်လို့ ဘုန်းကြီး ယူဆပါတယ်။

အဖြေ

အမျှဝေခြင်း (ပတ္တိဒါန) ကုသိုလ်အကြောင်းကို ဖော်ပြပါအတိုင်း အကြမ်း မျှနားလည်ပြီး မေးခွန်းကို ဖြေရရင် .. ကိုယ်လုပ်ထားတဲ့ ကုသိုလ် စေတနာဆိုတာ ကုန်ခမ်းသွားတတ်တဲ့ အရာမျိုး မဟုတ်လို့ အဲဒီ ကုသိုလ်ကို ဘယ်အချိန်ဝေဝေ ဘယ်လောက်ဝေဝေ ကုသိုလ်စွမ်းအင်က ထပ်တူ ပါပဲ။ မေးခွန်းမှာ ‘အမျှဝေသူ’ဆိုတာကို အမျှကိုခံယူသူလို့ ဆိုလိုရင် .. အဲဒီပုဂ္ဂိုလ်က သာဓုခေါ်ခွင့်ရရင် အမျှကုသိုလ်ကို ပေးဝေသူနဲ့ ထပ်တူရတယ်လို့ မှတ်ယူသင့်ကြောင်းပါ။


၂၅၀။ ဓာရဏပရိတ်

ရိုသေစွာကန်တော့ပါတယ် အရှင်ဘုရား၊

တပည့်တော်မ သိချင်တာက ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းက စူဠ သုဘဒ္ဒါအတွက် ဆင်စွယ်ပေးဖို့ ဘုရားလောင်းကိုယ်တိုင် ဆင်စွယ်ဖြတ် တာကြောင့် သေသွားပါတယ်။ ဘုရားလောင်းဟာ ကိုယ့်ကိုယ်ကိုသတ် သေတာဖြစ်လို့ အဖန် ၅၀၅ ကမ္ဘာ ဝဋ်ခံရပါသလားဘုရား။ နောက်ပြီး ဓာရဏပရိတ် အကြောင်းကိုလည်း သိလိုပါတယ်။ ဓာရဏပရိတ်ကို ရွတ်ရင် သူများ မကောင်းကြံတာကို မခံရဘူးလို့ ကြားဖူးပါတယ် ဘုရား။ ရွတ်ရုံနဲ့ တကယ်ပဲ အဒီအကျိုးကို ရနိုင်သလားဆိုတာ သိလိုပါတယ်။ ဓာရဏပရိတ်ရဲ့ အနက် အဓိပ္ပာယ်ကိုလည်း သိလိုပါတယ်။ ဆရာတော်ကျန်းမာပါစေ။

မေမီ

-------------------

နားလည်မှု မှန်စေ

ဒုက္ခ .. ဆဒ္ဒန်ဆင်မင်းအကြောင်း အတော် နားလည်မှု လွဲနေသေးတာ ပဲ။ ဇာတ်ဝတ္ထုအမှန်က ဒီလိုပါ .. ဆဒ္ဒန်ဆင်မင်းဟာ မိမိအားမြားနဲ့ ပစ် ခွင်းသူဟာ မိမိအောက်မှာ ရှိနေတာကို သိလိုက်တာနဲ့ သတ်တော့မယ် ဆိုပြီးနှာမောင်းနဲ့ မြေအောက်တွင်းခေါင်းကိုနှိုက်တဲ့ အခါ သောနုတ္တရ မုဆိုးက အထက်က ညွှန်ကြားတဲ့ အတိုင်းသင်္ကန်းစလေးကို နှာမောင်း ထဲ ထည့်ပေးလိုက်တယ်။ မြားဒဏ်ရာကြောင့် အလွန် နာကျင်နေတဲ့ ဆင်မင်းဟာ သင်္ကန်းစကိုမြင်တော့ ‘အရဟတ္တဓဇော နာမ သဗိပဏ္ဍိတေဟိ အဝဇ္ဈရူပေါ၊ အညဒတ္ထု သက္ကာတဗ္ဗော ဂရု ကာတဗ္ဗောယေဝ = ရဟန္တာတို့ရဲ့ အောင်လံ (ကို ဆောင်ထားသူ = ရှင်ရဟန်း)ဆိုတာကို သူ တော်ကောင်း ပညာရှိတွေက မနှိပ်စက် မသတ်ဖြတ်ကောင်းပေဘူး၊ အမှန်တော့ ပူဇော်ရိုသေပဲ ပြုရမှာ’လို့ ဆင်ခြင်ပြီး အကြောင်းရင်းကို စုံစမ်းတော့ ဘာမဟုတ်တာလေးကို ငြိုးမာန်သိုသူ မင်းသမီးသုဘဒ္ဒါရဲ့ လုပ်ကြံမှုဖြစ်ကြောင်းသိသွားတယ်။ ဒါနဲ့ ‘မုဆိုး၊ ငါမသေခင်အစွယ်ကို ဖြတ်လော့’လို့ ဆိုတယ်။ မုဆိုးက ပြတ်အောင် မဖြတ်နိုင်တဲ့ အခါ ဆင်မင်းဟာ ပါးစပ်ထဲက သွေးကို အန်ထုတ်ပြီး ကိုယ်တိုင်ပဲ ဖြတ်ပေး၊ မုဆိုးကို အိမ်ပြန်ဖို့ ဖြတ်လမ်းကို ပြောပြီးတဲ့ နောက် အခြားဆင်တွေ စုရုံးရောက်မလာခင် ဆိပ်လူးမြား ဒဏ်ရာနဲ့ ပဲ ကွယ်လွန်တယ် (ဝိသ ပီတေန သလေန ဝိဒ္ဓေါ ကာလကတော၊ ဇာ၊ဋ္ဌ၊၅၊၅၅)။

ကိုယ့်ကိုယ်ကို သတ်သေတာ မဟုတ်၊ မုဆိုးပစ်တဲ့ မြားဒဏ်ရာ ကြောင့် သေတာဖြစ်လို့ ၅၀၅ ကမ္ဘာကိစ္စ မစဉ်းစားနဲ့ တော့။

ဓာရဏပရိတ်

ဓာရဏပရိတ်တော်မှာပါတဲ့ ဗုဒ္ဓဂုဏ်တော်တွေကို ထေရဝါဒကျမ်းဂန်မှာ အာဝေဏိက ဂုဏ်တော်အနေနဲ့ ဖော်ပြပေမယ့် ဒီပရိတ်တော်ရဲ့ ဖွဲ့စည်းပုံ အသွားအလာက ထေရဝါဒထက် မဟာယာနသုတ္တန်နဲ့ ပိုတူတယ်လို့ သုတေသီတွေ ဝေဖန်ထားတာရှိတယ်။ ရှင်တော်ဗုဒ္ဓကိုယ်တိုင် ဒီပရိတ် တော်ကို မိမိရဲ့ အကာအကွယ်အတွက် ရွတ်ဖတ်ဖို့ အရှင်အာနန္ဒာကို တိုက်တွန်းတာမျိုး၊ ‘ဤပရိတ်ကို ရွတ်ဖတ်သူဆီသို့ မကောင်းမှု အားလုံး မရောက်နိုင်ဘူး’လို့ ဗုဒ္ဓကိုယ်တိုင် ဖော်ပြချက်မျိုးတွေဟာ မဟာ ယာနတို့ ယုံကြည်တဲ့ သူရင်္ဂမသုတ္တန်ရဲ့ အသွားအလာနဲ့ ပိုတူတယ်လို့ သုံးသပ်ကြတယ်။

ထပ်ခါထပ်ခါရွတ်

ဘာပဲဖြစ်ဖြစ် .. ပရိတ်တော်ရဲ့ အစပိုင်းက ဗုဒ္ဓဂုဏ်တော်တွေ ဖြစ်လို့ ဒီပရိတ်ကိုရွတ်တာဟာ ဗုဒ္ဓါနုဿတိဂုဏ်ကို ပွားများ တာပဲ။ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်တော်မူတဲ့ ရှင်တော်ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ကြိမ် ဖန်ထပ်ထပ် ပွားများနေရင် အဲဒီစကားလုံးတွေမှာ တဖြည်းဖြည်း စွမ်း အင်တွေ တိုးလာပါလိမ့်မယ်။ ရွတ်ပွားရုံနဲ့ အကျိုးရတယ်ဆိုတာ အဲဒီ စွမ်းအင်ရဲ့ သတ္တိပါပဲ။ ဓာရဏပရိတ်ကို ရွတ်ဖတ်သူဟာ ‘န ဧကဟာရကော = ဘယ်သူမျှ တစ်ရက်ကလေးတောင် မကောင်းမကြံနိုင်ဘူး’ လို့ အဲဒီပရိတ်တော်ထဲမှာပဲ ပါတယ်လေ။ တစ်ရက်တည်း၊ တစ်ကြိမ်တည်း ရွတ်ရုံနဲ့ တော့ ဘယ်ဖြစ်ပါ့မလဲ။ ထပ်ခါထပ်ခါ ရွတ်၊ ယုံယုံ ကြည်ကြည် ရွတ်။ အကျိုးပေးပါလိမ့်မယ်။ ဓာရဏပရိတ်ရဲ့ အနက် အဓိပ္ပာယ်ကို ပရိတ်စာအုပ်တွေမှာ ရလွယ်နိုင်ပါတယ်။

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။ ဣဓ၊ ဤလောက၌။ ပုရိသဿ၊ ယောကျ်ား၏ သေဋ္ဌံ၊ မြတ်သော။ ဝိတ္တံ၊ ဥစ္စာကား။ သဒ္ဓါ၊ သဒ္ဓါတရားလျှင် တည်း။ သဒ္ဓါတရားရှိသူ သံသရာမှာ မဆင်းရဲမနွမ်းပါး ဥစ္စာမရှားနိုင်ဟုဆိုလိုသည်။


၂၅၁။ အိမ်ပိုင်ဂါထာ

တပည့်တော်မ ရိုသေစွာရှိခိုးပါ၏။ တပည့်တော်မ အိမ်ပိုင်လေးတစ်လုံး အရမ်းလိုချင်ပါတယ်။ ရအောင်လည်း ကြိုးစား စုဆောင်းနေပါတယ်။ လက်ရှိတော့ အစိုးရပေးတဲ့ တိုက်ခန်းမှာ နေထိုင်ပါတယ်။ တပည့်တော်မ သိလိုတာက အိမ်မှာရှိတဲ့ ပင့်ကူမျှင်လေးတွေကို ရှင်းလင်းမိပါတယ်။ အဲဒါ သူများအိမ်ကို ဖျက်ဆီးသလိုများ ဖြစ်နေပါသလား။ မိမိ ကိုယ်တိုင်ရော အကုသိုလ်ဖြစ်ပါသလား။ အိုးပိုင်အိမ်ပိုင်ရရန် ဘယ်လို ကုသိုလ်မျိုးကို ပြုရပါမလဲဘုရား။

မေးသူအမည်မသိ

-------------------

ခြင်၊ ယင်၊ ပင့်ကူ၊ ပိုးဟပ်၊ ကြမ်းပိုး ဆိုတာမျိုးက ကြိုတင် ကာကွယ် ထားရင် ရနိုင်တဲ့ အရာမျိုးပါ။ ခဏခဏ လှည်းကျင်း ဆေးဖြန်းပြီး သုတ်သင်ထားရင် တစ်ခါပဲ ရှင်းရပါလိမ့်မယ်။ ရှင်းနေတုန်း သက်ရှိကို တွေ့ရင်တော့ သေကွဆိုပြီး နင်းချေ မပစ်နဲ့ ပေါ့။ နင့်ထိုက်နဲ့ နင့်ကံ၊ ငါ တို့နှင့် အတူနေလို့ မရဘူးလို့ ကြင်နာစိတ်ရှေ့သွားပြုပြီး လွတ်တဲ့ တစ် နေရာကို လွှင့်ပစ်ပေါ့။ ပင့်ကူအိမ်ကိုရှင်းတဲ့ အကုသိုလ်ကြောင့် အိုးအိမ် မပိုင်နိုင်ဘူးလို့တော့ မဆိုနိုင်ရာပါဘူး။ ဗုဒ္ဓဝါဒရဲ့သဘောက ကံ ဉာဏ် ဝီရိယပြည့်စုံမှ ဖြစ်နိုင်တာမျိုး။ ဒါကြောင့်အိမ်ပိုင်ချင်ရင် အလုပ်ကိုကြိုး စားလုပ်၊ shopping ထွက်တဲ့ အခါ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ကို ထိန်း၊ မဖြုန်းနဲ့ လို့ တိုတိုပဲ အကြံပြုပါရစေ။ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေ အိမ်ပိုင် မြန်မြန်ဖြစ်ချင်ရင် အောက်ပါဂါထာကို မြဲမြဲရွတ်

‘ဩောင်း နမော ဗုဒ္ဓဿ .. မြန်မာရုပ်ရှင်ဗွီဒီယို ၉၀ ရာနှုန်းထဲက လို လင်စုတ် လင်နာ လင်ဗလချာတွေ အရက်သောက်ဖို့ လုံးဝအမြည်း ပြင်မပေး၊ အရက် ထည့်မပေး၊ ဒါမျိုး လုံးဝ အလိုမလိုက်။ ဒီယောကျ်ားမျိုးကို လုံးဝ အထင်မကြီး။ အရက်မူးလာရင် ဆွဲလိမ် ပစ်မယ်၊ ဆွဲဆောင့်ပစ်မယ်၊ တုတ်နဲ့ ရိုက်မယ်၊ ထမင်း မကျွေးဘူး။ အမူးပြေရင် ပူညံပူညံ လုပ်မယ်၊ ကြိမ်းမောင်းမယ်။ ဩောင်း နမော..အမူးသမား လူ့ငနွား ရှားစေ..ဝေးစေ..သွားဟ’။


၂၅၂။ သူတို့က အဲဒီလိုကြီး

အရှင်ဘုရား၊

တပည့်တော်မက ဗုဒ္ဓဘာသာဝင်ပါ။ တစ်ခါတစ်ရံ တပည့်တော်မရဲ့ သူ ဌေးက တပည့်တော်မတို့ကို ခရစ်ယန်ကျောင်းကို ခေါ်သွားပါတယ်။ တပည့်တော်မရဲ့ စိတ်ထဲမှာ ဘာမှ ခံစားချက် မရှိပါဘုရား။ ဒါပေမယ့် သိချင်တာက အဲလို လိုက်သွားရင် အပြစ်ရှိလား အရှင်ဘုရား။ ပြီး သူတို့ ပြောတဲ့ စကားကို နားထောင်တယ်။ သူတို့နဲ့ အတူ သူတို့ရဲ့ သီချင်းကို လိုက်ဆိုဖြစ်တယ်။ တပည့်တော်မရဲ့ခံယူချက်က လူကြီးသူမ တစ်ယောက်ကို လေးစားရုံပါ အရှင်ဘုရား။ အဲဒါ အပြစ်ရှိတယ်လို့ ယူဆ ပါသလားဘုရား။

မိုးမမ မျိုးဖေသန်း

-------------------

ဤကျမ်း၊ စာမျက်နှာ ၂၆၃-၂၆ရကို ပြန်ဖတ်ကြည့်ပါ။ အဲဒါကို ဖတ် ကြည့်ပြီးတဲ့ အခါ ဗုဒ္ဓဝါဒီ တစ်ယောက်အနေနဲ့ မိမိနှလုံးသားမှာ ရှိနေရမယ့် အရည်အချင်းကို နားလည်သွားပါလိမ့်မယ်။ အဲဒီမှာ ပြောပြထား တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဝါဒီဟာ ခရစ်ယန်ကျောင်းကိုပဲ သွားသွား၊ မူဆလင် ဗလီကိုပဲ တက်တက် (၎င်းတို့က လက်ခံရင် ပေါ့) အပြစ်မရှိပါဘူး။ ဗုဒ္ဓဝါဒီမှန်ရင် ‘နှလုံးစိတ်ဝမ်းကြီးပါတယ်’။

အင်း... ဘုန်းကြီးလည်း အမေရိကကို ရောက်တော့မှ အမျိုးမျိုး တွေ့ရ ကြုံဆုံရတဲ့ အနက်...ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းရင်းသူအမျိုး သမီးတစ်ယောက်ပြောပုံကို နားနဲ့ ဆတ်ဆတ်ကြားရပုံက ‘ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သွားတာကို ‘ကျမ’တို့ ဘုရားက မကြိုက်ဘူး၊ ငရဲ ကြီးတယ်’တဲ့။ ခရစ်ယန်ကျောင်းမှာ လူမှုရေးအရ သီချင်းလိုက်ဆိုပါတယ်ဆိုတဲ့ ကျောင်းအမရေ.. သူတို့ကတော့ အဲဒီလိုကြီးဗျို့။


၂၅၃။ ဆေးမင်ကြောင်

မရှင်းတာလေး မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား၊

ဆေးမင်ကြောင် အရုပ်ထိုးထားသူများ သိမ်ဝင်ပြီး ရဟန်းခံလို့ ရပါသလား။ အရုပ်အမျိုးမျိုးအပေါ် မူတည်ပြီး ရဟန်းအဖြစ်ကို ရနိုင်ခွင့်၊ မရ နိုင်ခွင့်များ ကွဲပြား သေးပါသလား။ နောက်တစ်ခုက လိင်တူဆက်ဆံဖူးတဲ့ အမျိုးသားများ သိမ်ဝင်ပြီး ရဟန်းခံလို့ ရပါသလား။ အမေး မတော်တာများ ပါခဲ့လျှင် ခွင့်လွှတ်ပါ အရှင်ဘုရား။

Bele Boon

-------------------

ဤကျမ်း၊ စာမျက်နှာ၅၁၀-၅၁၄ အဖြေမှာ ရဟန်းပြုခွင့် မရှိသူတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ အဲဒီအထဲမှာ ဆေးမင်ကြောင် ထိုး ထားသူ မတွေရဘူး။ ဒါကြောင့် ခေတ်ပုံစံအရ လူင်ငယ်တစ်ယောက် ရဟန်းမပြုခင် ဆေးမင်ကြောင် ထိုးထားပေမယ့်သိမ်ဝင် ရဟန်းခံခွင့် ရှိပါတယ်။ ဘုန်းကြီး ကိုရင်ဘဝနဲ့ တုန်းက မော်လမြိုင်က ဇာတိရွာကို ကြွလာတဲ့ ဆရာတော်ကြီး တစ်ပါးကို ချိုးရေ ခပ်ပေးစဉ် ဆရာတော် ရေချိုးခိုက် ပေါင်မှာ ထိုးကွင်းမင်ကြောင်ကို တွေ့ရလို့ ဘုန်းကြီးတောင် ဆေးမင်ကြောင် ထိုးချင်စိတ် ပေါက်ခဲ့ဖူးတယ်။

သူများ အင်္ဂါဇာတ်ကို စုပ်သူ၊ သူများ မေထုန်ကိစ္စကို ကြည့်ရရင် ကျေနပ်သူ၊ ဝှေးသင်းထားသူ၊ လဆန်းလဆုတ် တစ်ကြိမ်စီ ရာဂစိတ် ငြိမ်နေသူ၊ ကျားမ မပီပြင်သူလို့ ရဟန်းပြု မပေးကောင်းတဲ့ ပဏ္ဍုက်ငါးမျိုး ရှိရာမှာ ပထမ ၂ မျိုးကို ရဟန်းပြုပေးကောင်းတယ် (ဝိ၊ဋ္ဌ၊၃၊၂၉၇)လို့ ပဲ ဆိုတယ်။ အဲဒီ ဖော်ပြချက်အရဆိုရင် လိင်တူလိင်ကွဲ ဆက် ဆံဖူးရုံနဲ့ ယောကျ်ားတစ်ယောက်ကို ရဟန်းပြု မပေးရဆိုတဲ့ သတ်မှတ်ချက်မရှိဘူးလို့ ဘဲဆိုရလိမ့်မယ်။


၂၅၄။ စိတ်ရောဂါရှင်

တပည့်တော်မ ပြောမှားဆိုမှားရှိလျှင် ခွင့်လွှတ်ပါ အရှင်ဘုရား။ မေးလျှောက်စရာလေး ရှိလို့ ပါဘုရား။ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန် ငါးရာ ငါးကမ္ဘာ အဖန်ဖန် ခံစားရတယ်ဆိုတာ ဟုတ်ပါသလား။ စိတ်ဝေဒနာရှိသူတွေ ကိုယ့်ကိုယ်ကို သတ်သေရင် သေပြီးနောက် အဲဒီစိတ် ဝေဒနာကို မခံစားရတော့ဘူးလား ဘုရား။ ကိုယ့်ကိုယ်ကိုသတ်သေသူ တွေခံစားရမယ့် အပြစ်က ဘာတွေပါလဲ။ ကိုယ့်ကိုယ်ကိုသတ်သေသူတွေ လူ့ဘုံလူ့ဘဝကို ရဖို့မဖြစ်နိုင်တော့ဘူးလား ဘုရား။ ဆရာတော်ရဲ့ အဖြေကိုစောင့်မျှော်နေပါ့မယ်။ ကိုယ်ရောစိတ်ပါကျန်းမာပါစေ။

Backy Ze

-------------------

အဖန် ၅၀၅ ကိစ္စကို ဤကျမ်း၊ စာမျက်နှာ ၃၁၇-၃၁၈ မှာ ဆွေးနွေး ထားပါတယ်။ ဗုဒ္ဓအဘိဓမ္မာအရ စိတ်မနှံ့သူ၊ စိတ်နှံ့သူ ဘယ်သူမဆို ဒီဘဝ ခန္ဓာကုန်ဆုံးတာနဲ့ နောက်ဘဝသစ်ပြန်စတာပဲ။ အဲဒီဘဝသစ်ဟာ မိမိရဲ့ ယခင်ဘဝ ကောင်းမှု မကောင်းမှုကိုပဲ အကြောင်းခံတဲ့ အတွက် စိတ်မနှံ့သူသေရင် စိတ်နှံ့သူ စိတ်မနှံ့သူ နှစ်မျိုးလုံး ပြန်ဖြစ်နိုင်ခွင့် ရှိ ကောင်းပါတယ်။

ရဟန်းဝိနည်းအရတော့ ရူးနေသူဟာ သူ့အသက်ကို သတ်ပေမယ့် အာပတ်မသင့်ဘူး။ လူလို ကြောင်းကျိုး ဝေဖန်တတ်မှု မရှိတဲ့ တိရစ္ဆာန်တွေ သူ့အသက်ကို သတ်တော့ သူ့သက်သတ်ကံ မြောက်တယ်။ ဒါ ကြောင့်ပဲ အပါယ်ဘုံကို ရောက်ပြီဆိုရင် အဲဒီဘဝက ပြန်တက်ဖို့ ခက်ကြောင်း ကျမ်းဂန်တွေမှာ ဆိုတာပေါ့။ ဒီတော့ စိတ်မနှံ့ပေမယ့် သေစေ လိုတဲ့ စေတနာရှိတဲ့ အတွက် စိတ်မနှံ့သူလည်း သူ့တစ်ပါးကိုပဲ သတ်သတ်၊ ကိုယ့်ကိုယ်ကိုပဲ သတ်သတ် သူ့သက်သတ်ကံ မြောက်တယ်။ ဒါကြောင့် အပါယ်ငရဲ ကျခြင်းအပြင် ‘ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့ တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်’စတဲ့ အပြစ်တွေကို ရတယ်လို့ ဖြေဆိုခွင့်ရှိ ကြောင်းပါ။ ချမ်းမြေ့ပါစေ...


၂၅၅။ ဗုဒ္ဓနှင့်မိဘ

မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား၊

မြတ်စွာဘုရားနဲ့ မိဘ ဘယ်ပုဂ္ဂိုလ် ကျေးဇူး ပိုကြီးမားသလဲ ဆိုတာကို သိလိုပါ သည် အရှင်ဘုရား။ မနှိုင်းအပ်ဘူးဆိုတာကို သိပေမယ့် သိလိုရေးနှင့် မေးလျှောက်ရခြင်းဖြစ်ပါသည် အရှင်ဘုရား။

Mysea

-------------------

သေပြီးနောက် ငရဲကို ကျိန်းသေ ကျစေတဲ့ ကံငါးမျိုး (ပဉ္စာနန္တရိယကံ) အရ မိဘကို သတ်သူနဲ့ ဗုဒ္ဓရဲ့ ခြေမကို သွေးစိမ်းတည် အောင်လုပ်သူ အပြစ်အတူတူ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓနဲ့ မိဘတို့ရဲ့ ကျေးဇူးကိုလည်း အတူတူလို့ပဲ ယေဘုယျ ဆိုရလိမ့်မယ်။ မိဘဆိုတာက ဒီသား ဒီသမီး အတွက်ပါပဲ။ မြတ်စွာဘုရားကျတော့ မိဘဆွေမျိုး ရန်သူမိတ်ဆွေ မခွဲ ခြားဘဲ လောကအားလုံးရဲ့အကျိုးစီးပွားကို လမ်းညွှန်လို့ ပိုပြီးကြီးမား ကျယ်ပြန့်တယ်။ ဒါပေမယ့် အကျိုးနဲ့ အပြစ်ဆိုတဲ့ အရည်အချင်းကျတော့ မြစ်ရေနဲ့ သမုဒ္ဒရာရေ အငန်ဓာတ်ချင်း တူသလိုပါပဲ။

နောက်တစ်မျိုး ပြောရရင် လောကမှာ ကိုယ်ကျင့်သီလ ပြည့်စုံ၊ သားသမီးကို ချစ်မြတ်နိုးပြီး တာဝန်ကျေတဲ့ မိဘတွေရှိတယ်။ အကျင့် ပျက်၊ နှိပ်စက်၊ သားသမီးအပေါ် တာဝန်မဲ့၊ လမ်းမှား ပို့ပေးတဲ့ မိဘ မျိုးလည်း ရှိကြတာပဲ။ ဒီနှစ်မျိုးမှာ ပထမ မိဘမျိုးရဲ့ ကျေးဇူးက ပိုကြီး မှာပေါ့။ ဒုတိယ မိဘမျိုးကျတော့ မြတ်စွာဘုရားနဲ့ တန်းတူထားရမှာ ခက်သားလို့ စဉ်းစားဖွယ် ရှိနေပေမယ့် လူလားမြောက်အောင် စောင့် ရှောက် ကျွေးမွေးခြင်းဆိုတဲ့ ကျေးဇူးရဲ့ အငန်သတ္တိကတော့ တူနိုင်တယ်လို့ ဆိုဖွယ်ရှိကြောင်းပါ။

တရားလက်လွတ် ငှက်တောင်ကျွတ် ဝဋ်နှင့်မကင်းပြီ။ (ထွဋ်ခေါင်ဆရာတော်)

256. Jesus to the East?

December 3, 2012.

Dear Sayadaw,

I have watched some documentary videos from Youtube which prove that Jesus was traveling in India during his missing years or some videos demonstrate that he was a Buddhist monk. Those videos are made by the credible sources such as BBC or Indian government. It becomes controversial among the religious people. Do Sutta or Vinaya Pitaka say anything about Jesus being a Buddhist monk or traveling in India? Do you believe this is true or do you have any other ideas based on this controversial issue?

Regards, eh Dah

Tucson GOC

Mid fall of 2003, I visited Greek Orthodox Church in Tucson, Arizona. There I met a responsible monk and had a conversation with him. When I asked him to explain about the Church I am not familiar with, he told me the creation theory first, then the coming of Messiah Jesus and GOC, and concluded saying Roman Catholic group betrayed Christians.

Conversation

After listening to his long lecture, I got a chance to have him some questions. 'Reverend, did you mean God created the world in 4004 BC?' 'Yes, exactly'. 'Is it coped with what the modern scientists say today?' 'No, we don't care what they say. Their knowledge is very narrow and what they say is totally wrong.' 'Thank you, Reverend,' said I and continued 'May I ask you just one another question, if you don't mind?' 'Sure'. 'Could you explain about the life of Jesus Christ between the age of 12 and 30, please?' 'Did you want me to say Jesus went to India or Tibet to learn Buddhism?' asked he with glare eyes. 'No, I am sorry, Sir. I just wanted to know where he was and what he was doing during these years.' 'He was just a carpenter in Nazareth, the capital of Israel.' 'Thank you, Sir.' Then we stopped conversation and I covered my yellow robe with the black long coat which every one must wear to enter the main GOC.

Controversy

This book generated immediate attention and enduring controversy. It challenged the longstanding tradition that Jesus stayed in Israel all his life. Perhaps the biggest problem was no one could confirm the existence of the documents or even that Notovitch visited the Tibetan monastery where he stayed some months. In some books written by later researchers, it is said that the follow up visits by various investigators shortly after the publication could not verify Notovitch’s claim (Ref: Lost years of Jesus, Elizabeth Clare).

No evidence

We should understand and respect him. No one can be satisfied with accepting the founder of their religion to be a disciple of a different religious teacher. There also is no evidence that we can say Jesus Christ arrived in India or no name equivalent to him in Tipitaka scriptures which belong to our Theravada Buddhist tradition. Joseph the husband of Mary, of whom was born Jesus before they came together, was a carpenter. And Luke says, 'He (Jesus) went down with them (his parents) and came to Nazareth, and was subject unto them (Luke 2:51)'. If Jesus lived together with his parents there, I think that what the Greek Orthodox monk said is very possible.

Original source

I think the original source of this issue may be based on the book entitled 'The Unknown Life of Jesus Christ' written by Nicolas Notovitch over a hundred years ago. I got a copy of this book when I was in Burma (1999). According to introduction, Notovitch traveled in Tibet after the Russo-Turkish war of 1877-78 and there he contended a chief lama who made available to him an old manuscript relating to the travels of Jesus in India and Tibet. Then he translated it from Pali (as much as I can remember, not from Sanskrit) and published the book mentioned. Some other Internet sources assume that the author was probably born a Jew but converted to Russian Orthodoxy and also a journalist and wrote some political books in both Russian and French.

၂၅၇။ ဗျာဒိတ်ခံခွင့်

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

၁။ သောတာပန်တွေ သေပြီးနောက် နတ်ပြည်ကို တန်းရောက်တယ်လို့ ပြောပါတယ်။ နောက်ထပ်လည်း ကာမဘုံမှာ ၇ ဘဝပဲ ကျင်လည်တော့ မယ်လို့ ကြားဖူးပါတယ်။ သောတာပန်တွေ သေပြီးနောက် နတ်ပြည်ကို မသွားဘဲ လူ့ပြည်မှာ ပြန်ပြီး ကျင်လည်တာ ရှိပါသလား။ ဘာကြောင့် ပါလဲ။ လူ့ပြည်ကို မကျင်လည်တော့ဘူး ဆိုရင်လည်း ဘာကြောင့်ဆိုတာကို သိလိုပါသည်။

၂။ နောက်ပွင့်မယ့် အရိမေတ္တေယျ ဘုရားလောင်းဟာ ဂေါတမ မြတ် စွာဘုရားထံမှာ ဗျာဒိတ်ခံယူ မယူသိလိုပါသည်။ ဘာကြောင့်ပါလဲ။ မည် သူတွေ ဂေါတမ မြတ်စွာဘုရားထံမှ ဘုရားဖြစ်မည်ဟူသော ဗျာဒိတ်ကို ခံယူခဲ့ဖူးပါသလဲ အရှင်ဘုရား။

ကျေးဇူးတင်ပါသည်။

Shadow Man

ဖြေပြီးသား

၁။ သောတာပန် တည်ပြီးနောက် နတ်ပြည်ကို တန်းရောက်တယ်လို့ ဗုဒ္ဓအဘိဓမ္မာမှာ မဆိုပါဘူး။ ဤကျမ်း (စာ၊၆၀၁-၆၀၃)ကို ပြန်ဖတ် ကြည့်ရင် ဒီမေးခွန်းရဲ့အဖြေအတွက် လုံလောက်မယ်လို့ ယူဆပါတယ်။

မတွေ့ဖူးပါ

၂။ လူတို့ရဲ့အသက်ရှစ်သောင်းတမ်းဖြစ်မယ့် နောင်တစ်ချိန် ဒီကမ္ဘာပေါ်မှာ အရိမေတ္တေယျဘွဲ့အမည်နဲ့ ဗုဒ္ဓဘုရားတစ်ဆူ ပွင့်တော်မူဦးမယ် ဆိုတဲ့ ဂေါတမဗုဒ္ဓရဲ့ မြွက်ဟချက်ကို ကျမ်းဂန် (ဒီ၊၃၊၆၃)မှာ တွေ့ဖူးပေမယ့် မေတ္တေယျ သို့မဟုတ် အခြား အမည်တစ်ခုရှိတဲ့ ဘုရားလောင်းက ဂေါတမဗုဒ္ဓထံမှာ ဗျာဒိတ်ခံတယ်ဆိုတဲ့ အဆိုမျိုး၊ သို့မဟုတ် တစ်စုံ တစ်ယောက်ကို ဂေါတမဗုဒ္ဓက နောင်အခါ ဤမည်သော ဘွဲ့အမည်နဲ့ ဗုဒ္ဓ ဖြစ်လာမယ်ဆိုတဲ့ မြွက်ဟချက်မျိုးကိုတော့ မတွေ့ဖူးသေးပါ။

ဂေါတမဗုဒ္ဓ လောင်းလျာဟာ ဒီပင်္ကရာ မြတ်စွာဘုရားမှစပြီး လေး သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ပွင့်တော်မူကြတဲ့ ဘုရားရှင် ၂၁ ဆူထံမှာ ဗျာဒိတ်ခံခဲ့တယ်။ နောက်ဆုံး ဒီဘဒ္ဒကမ္ဘာမှာ ဂေါတမဗုဒ္ဓ မတိုင်ခင် ပွင့်တော်မူကြတဲ့ ဘုရားသုံးဆူ ထံမှာလည်း ဗျာဒိတ်ခံခဲ့တာပဲ။ ဒါကြောင့် ကျမ်းဂန်မှာ မတွေ့ဖူး သို့မဟုတ် ကျမ်းဂန်မှာ မပါပေမယ့် အရိမေတ္တေယျ ဗုဒ္ဓလောင်းလျာလည်း ဂေါတမဗုဒ္ဓထံမှ ဗျာဒိတ်ခံယူခဲ့ ဖွယ်ရှိတယ်၊ ဗျာဒိတ်ခံခွင့် အင်္ဂါရပ်တွေနဲ့ ပြည့်စုံပြီးဖြစ်တဲ့ အခြားပုဂ္ဂိုလ် အချို့လည်း ဂေါတမဗုဒ္ဓထံမှာ ဗျာဒိတ်ရဖွယ်ရှိတယ်လို့ ယူဆကြောင်းပါ။

ဗျာဒိတ်ခံခွင့်

ဗုဒ္ဓထံမှာ ဗျာဒိတ်ခံယူသူ ပြည့်စုံရမယ့်အင်္ဂါရှစ်ရပ်ရှိတယ်..
၁။ လူဇာတ်စင်စစ်ဖြစ်ခြင်း
၂။ ယောကျ်ားစင်စစ်ဖြစ်ခြင်း
၃။ ထိုဘဝ မှာပင်အလိုရှိရင် အရဟတ္တမဂ်ဖိုလ်ကိုရနိုင်တဲ့ ကုသိုလ်ထူး ရှိခြင်း
၄။ ဗုဒ္ဓဘုရား တစ်ဆူကို မျက်မြင်ဒိဋ္ဌ၊ ဖူးတွေ့ရခြင်း
၅။ ကမ္မဝါဒီ (ကံကံရဲ့ အကျိုးကိုယုံကြည်သူ)ရှင်ရသေ့ဖြစ်ခြင်း
၆။ စျာန်သမာတ်ရှစ်ပါးအဘိညာဉ်ငါးပါးနှင့် ပြည့်စုံခြင်း
၇။ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရှင်အား ကိုယ်အသက်ကိုစွန့်လှူရဲတဲ့ ကုသိုလ်ထူးရှိခြင်း
၈။ စကြဝဠာတိုက်လုံး ပြည့်နေတဲ့ မီးကျီးလှံသွားကို ပမာမထား ကူးခတ်သွား၍ပင် သဗ္ဗညု ဗုဒ္ဓအဖြစ်ကိုရယူလိုတဲ့ အထိဆန္ဒပြင်းပြခြင်း။

၂၅၈။ မပစ်ကြနဲ့

အရှင်ဘုရား၊

ပဋ္ဌာန်းကို ရွတ်ဖတ်တဲ့ နေရာမှာ အသံထွက်တာကို မရှင်းမလင်းဖြစ်နေ လို့ လျှောက်ထားမေးမြန်းအပ်ပါသည်ဘုရား။

‘ပစ္စရော’မှာ ပါတဲ့ ‘ပစ်’ကို ကြာနီကန်ဆရာတော်က ‘ပြစ်’ (အင်္ဂလိပ် လို အနီးစပ်ဆုံး ပေါင်းကြည့်ရင် Pyit)လို့ အသံထွက်ပါတယ် ဘုရား။ မင်းကွန်းဆရာတော်ဘုရားကြီးကတော့ ‘ပစ်’ (အင်္ဂလိပ်လို အနီးစပ်ဆုံး ပေါင်းကြည့်ရင် Pit)လို့ အသံထွက်ပါတယ်ဘုရား။ မည်သည့် အသံထွက်က မှန်သည်ကိုသိလိုပါသည်ဘုရား။

သုံးကြိမ်ဦးခိုက်အပ်ပါသည်ဘုရား။

သန်းထွန်းဦး

‘ယ’ ‘ရ’ကွဲစေ

‘ပစ္စရော’ မဟုတ်ဘူး။ ‘ပစ္စယော’ပါ။ ပါဠိရွတ်ဖတ် သရဇ္ဈာယ်တာကို ဝါသနာပါရင် အရင်ဆုံး ‘ယ’နဲ့ ‘ရ’ကို ကွဲအောင်မဖြစ်မနေ အသံထွက် လေ့ကျင့်ပါ။ ဥပမာ..သရဏ=ကိုးကွယ်ရာ၊ သယန=အိပ်ရာ.. ယနဲ့ ရအဓိပ္ပာယ်ဘယ်လောက် ခြားနားသလဲ။ မြန်မာက ‘ပက်’ ‘ပင်’ ‘ပတ်’ကိုတော့ ‘ပျက်၊ ပျင်၊ ပျတ်’လို့ အသံမထွက်ဘဲ ‘ပစ်’ကျမှမျက် နှာလိုက်ပြီး ‘ပျစ်’ဖြစ်သွားတယ်။ ပါဠိမှာတော့ မျက်နှာလိုက်လို့ မရဘူး။ ခကို စသတ် ‘ခစ်’လို့ အသံထွက်သလို ပကိုစသတ်လည်း ‘..’ ပါပဲ။ မြန်မာလို ဘယ်လောက် ‘ပစ်ပစ်’ ရတယ်။ ပါဠိကျတော့ ‘မပစ် မခတ်’ပါနဲ့။ ဘုန်းကြီးအနေနဲ့ အလွန်ကြီး မပြင် မတည်းဖြတ်ဘဲ ရှေးမူအတိုင်းကိုပင် အဖြတ်အတောက် အသံထွက် အလွန် မှန်ကန် ပီသစွာ ရွတ်ဖတ် သရဇ္ဈာယ်တော်မူတဲ့ မင်းကွန်း ဆရာတော်ကြီးရဲ့ ပရိတ်ခွေ တွေကိုပဲ အတုယူပြီး ရွတ်ဖတ်ပါတယ်။

ပါဠိအသံထွက်နဲ့ ပတ်သက်ပြီး ဖီလင်တစ်ခု ရှိနေတာကြာပြီဖြစ်လို့ အခုလိုမေးတော့ Emotion ဖြစ်ပြီး နည်းနည်း ရှည်လိုက်ပါဦးမယ်..

ပါဠိဖီလင်

ပါဠိဘာသာရဲ့ မူရင်းက မဇ္ဈိမဒေသ (အိန္ဒိယအလယ်ပိုင်း)ဖြစ်ပြီး အဲဒီ ကနေ အိန္ဒိယတောင်ပိုင်း၊ သီရိလင်္ကာ၊ အဲဒီနောက် မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအိုဘက်သို့ ခရီးဆန့်ခဲ့ကြောင်းနဲ့ သဒ္ဒနီတိကျမ်း (အေဒီ ၁၂ ရာစု)ကို မရေးမီ နှစ်တစ်ရာခန့် အလွန်က မြန်မာနိုင်ငံသို့ ပါဠိစာပေရောက်ရှိကြောင်း သုတေသီတို့ ဆိုပါတယ်။ မြန်မာတို့ပါဠိစာ ပေကို သင်ယူခွင့်ရခဲ့တာ နှစ်တစ်ထောင်လောက်လို့ ခန့်မှန်းနိုင်တာပေါ့။

မြန်မာနိုင်ငံမှတစ်ပါး ပါဠိဘာသာ သွားလေရာနိုင်ငံအားလုံးမှာ ပါဠိ အသံထွက် အလွန် နီးစပ်စွာ တူညီကြပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကမှ ပါဠိဘာသာကို လေ့လာ တတ်မြောက်လာကြတဲ့ ပြင်သစ်နဲ့ အင်္ဂလိပ်တို့ရဲ့ Roman အင်္ဂလိပ်အက္ခရာနဲ့ ရေးထားတဲ့ ပါဠိ စာကို အသံထွက်ပြီး ၎င်းတို့ ဖတ်နိုင်ကြတယ်။ မြန်မာတွေရဲ့ ပါဠိအသံ ထွက်က ဗုဒ္ဓရဲ့ ပါဠိအသံထွက်နဲ့ တူတယ်လို့ သိကြားမင်းကတောင် ထောက်ခံကြောင်း မြန်မာပညာရှိတို့ မွှန်းဆို ရေးသား ပြောဆိုကြပေ မယ့် ဘာကြောင့် အခြားသူတွေနဲ့ အဲဒါလောက် တစ်ခြားစီ မတူမညီ ဖြစ်နေရသလဲဆိုတာတော့ တကယ်ပဲစဉ်းစားစရာပါ။

ဘုန်းကြီး တွေးမိတာကတော့ .. (အရီဇိုးနားပြည်နယ်တက္ကသိုလ် (ASU)မှာ ပညာသင်နေတဲ့ စင်္ကာပူမွေး တရုတ်ကလေးက တရုတ် စကား မတတ်ပါဆိုလို့ ခင်ဗျားရဲ့ First Language (မိခင်ဘာသာစကား) က ဘာလဲလို့ မေးတော့ English တဲ့။ ဝါကျမှန်မှန် အသုံးအနှုန်းမှန်မှန် ရေးတတ်ပေမယ့် သူ့အင်္ဂလိပ် အသံထွက်နဲ့ လေယူလေသိမ်းက ဒီက (အမေရိက) လူတွေနဲ့ တခြားစီ။ ဆိုပါတော့ Theကို ဒယ်လို့ အသံ ထွက်တယ်။ ပြီး ..Did you eat .. LA? တဲ့။ ဝါကျအဆုံးကအဲဒီ ‘လား’ ဆိုတာကြီးကလည်းပါသေး။ ဒါကြောင့်သူတို့ကို Senglish လို့ ပြောကြ တာပေါ့။ မြန်မာပါဠိသံကလည်း Senglish ဖြစ်နေလေသလား။

ဘာကြောင့်မှား

ဆရာတော်အချို့ အသံကောင်းပေမယ့် အဖြတ်အတောက်နဲ့ ပါဠိအသံထွက် မမှန်ကြဘူး။ မမှန်ရခြင်းရဲ့အကြောင်းနှစ်ရပ်က..

၁) ပါဠိစာပေကို တတ်ကျွမ်းပေမယ့် ငယ်စဉ်အခါ ရွာဦးကျောင်းမှာ သင်ယူခဲ့ရသလို နှုတ်ကျိုးနေတဲ့ အတိုင်း ရွတ်ဖတ်လို့။ ဒီပုဂ္ဂိုလ်မျိုးက ဂရုတစိုက် မလေ့လာလို့ ပြင်ဖို့ မသိ သို့မဟုတ် သတိမရ၊ သို့မဟုတ် သိလျက်နဲ့ နှုတ်ကျိုးနေတာကို ပြင်ဖို့ခက်၊ သို့မဟုတ် ဒါလေးပဲ ရေးကြီးခွင် ကျယ်ပြင်စရာမလိုဘူးလို့ ခပ်ပေါ့ပေါ့ပဲ ယူဆပြီးနေလိုက်လို့ မှားတာ။

၂) ပါဠိစာပေကို ကျကျနန မသင်ယူဖူးတဲ့ အတွက် အဖြတ်အတောက်ကို မသိနားမလည်လို့။ ဒီပုဂ္ဂိုလ်မျိုးက ငယ်စဉ်က ပုံစံအတိုင်း ရွတ်နေရင်း ပရိသတ်ရှေ့ကို ရောက်လာတဲ့ အချိန် သူများဆီမှာ နည်း မခံချင်၊ ကိုယ်တိုင်လည်း ဘယ်လို အမှန်ပြင်ရွတ်ရမယ်ဆိုတာကို မသိ၊ သိအောင်လည်း မကြိုးစား၊ အမှန် ပြင်သင့်တယ် ပြင်ရမယ်လို့ တောင် တွေးမိပုံမရဘဲ ပစ်ထားလိုက်လို့ မှားရတာ။

ဖြစ်စေ ချင်

နာမည်ကြီး ဓမ္မကထိကအချို့ ‘ယူပါယဒနံ .. ယသာယဒနံ .. ဣဒမ္ပိ ဗုဒ္ဓေ ယဒနံ ပဏီတံ’လို့ အသံထွက်တာ ကြားတော့ အလွန်ပဲ နားဝင် မချိုလှဘူး။ အရပ်ထဲမှာပြောတော့ Senglish နဲ့ ယူပါယုံ (ရူပါရုံ)၊ ပျင်ညာ (ပညာ)၊ ယဒနာ (ရတနာ)၊ ပစ္စည်း (ပျစ်စည်း).. ရပါတယ်။ ဒါပေမယ့် ပရိတ်ပဋ္ဌာန်း ဓမ္မစကြာလို ဗုဒ္ဓဝစန ပါဠိတော်တွေကို ရွတ်ဖတ်တဲ့ အခါ မြန်မာ့နည်းနဲ့ ပုဒ်ပါဌ် အဖြတ်အတောက်နဲ့ အသံထွက် ကလေးတော့ မှန်မှန်ကန်ကန်ပီပီသသဖြစ်စေ ချင်ကြောင်းပါ။

၂၅၉။ သတ်မိရင် အပြစ်

ဆရာတော် အရှင်မြတ်ဘုရား၊ ဦးထိပ်ပန်ဆင် ရိုသေစွာ မေးလျှောက် အပ်ပါသည်။

၁) ဘုရားရှင်လက်ထက်က အင်္ဂုလိမာလဟာ လူသတ်လက်ညှိုး ဖြတ်ပြီးနောက် ဘုရားနှင့်တွေ့လို့ ရဟန်းပြုပြီးတဲ့ အခါ ရဟန္တာဖြစ်သွား ပါသလား။ အဲဒီ အကုသိုလ်ကံတွေက အကျိုးမပေးတော့ဘဲ အဟောသိကံ ဖြစ်သွားပါသလား။

၂) ခုခေတ်လူအချို့ ကြက်ဘဲဆိတ်နွား သတ်လာခဲ့ပြီးမှ တရားရ၊ ငါးပါးသီလလုံ၊ ဝိပဿနာတရား အားထုတ်ရင် ကွယ်လွန်တဲ့ အခါ အဲဒီ အကုသိုလ် ကံတွေ နောင်ဘဝမှာ ပြန်ခံရအုံးမှာလား။

၃) အကောင်အကြီးအသေး (ဥပမာ ခွေးနဲ့ ကြက်)ကို သေစေလိုတဲ့ စိတ်နဲ့ သတ်တာချင်းအတူတူ အပြစ် အလေးအပေါ့ ကွားခြားပါသလား။

၄) ခြင်၊ ယင်၊ ကြမ်းပိုးတွေလို သေးသေးလေးတွေကို သတ်မိခဲ့ပေ မယ့် နောက်ထပ်မလုပ်ဘဲ ငါးပါးသီလ၊ ဝိပဿနာ ဘာဝနာတွေနဲ့ သေ သွားရင် နောင်ဘဝမှာ အဲဒီအကုသိုလ်တွေ ကင်းလွတ်သွားပါသလား။

၅) သေစေချင်တဲ့ စိတ်နဲ့ တစ်ကြိမ်သတ်တာနဲ့ အကြိမ်ကြိမ် သတ်တာ အပြစ်အလေးအပေါ့ ကွာခြားပါသလား။

၆) သေစေချင်တဲ့ စိတ်နဲ့ ပဲလူကိုသတ်တာနဲ့ တိရစ္ဆာန်ကိုသတ်တာ အကုသိုလ်ပြစ်က အတူတူပဲလား။

ဆရာတော်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ။ ဒကာအောင်

၁။ အင်္ဂုလိမာလ ရဟန္တာ ဖြစ်သွားပါတယ်။ ပဋိသန္ဓေကျိုး (အမိဝမ်းထဲမှာ ကတည်းက ပေးတဲ့ အကျိုး)နဲ့ ပဝတ္တိကျိုး (မွေးဖွားပြီးချိန်မှ သေ သည်ထိ ပေးတဲ့ အကျိုး)လို့ ကံအကျိုးပေးပုံ နှစ်မျိုးရှိတယ်။ အင်္ဂုလိ မာလဟာ ရဟန္တာဖြစ်သွားလို့ နောင်ဘဝ တစ်ဖန် ပြန်မဖြစ်တော့တဲ့ အတွက် ပဋိသန္ဓေကျိုး မရှိနိုင်နိုင်တော့ဘူး။ ဒါပေမယ့် သူတစ်ပါးရဲ့ လက်ညှိုးတွေကို လိုက်ဖြတ်တဲ့ အကုသိုလ်ကြောင့် ရဟန်းပြု၊ ရဟန္တာ ဖြစ်ပြီးနောက် ဆွမ်းခံကြွစဉ်ခဲနဲ့ ဝိုင်းပစ်ခံရတဲ့ ပဝတ္တိကျိုးကို ခံရတယ်။

၂။ သူ့သက်သတ်ဖြတ်သူ တရားသံဝေရ၊ ငါးပါးသီလထိန်း၊ ဝိပဿနာ တရားအားထုတ်ရင် ငါးပါးသီလ လုံတဲ့ အတွက် ကွယ်လွန်ပြီးနောက် ပဋိသန္ဓေကျိုး အနေနဲ့ ဒုတိယဘဝမှာ သုဂတိဘဝကို ရခွင့်ရှိပေမယ့် ပဝတ္တိအခါ သူ့သက်သတ် ကံကြောင့် မပြည့်စုံတာတွေ ရှိနိုင်တယ်။ တစ်မဂ်တစ်ဖိုလ်ကို မရသေးသရွေ့ ဒီလိုပဲ ဘဝသံသရာမှာ ပဋိသန္ဓေ ကျိုးရော ပဝတ္တိကျိုးပါ ခံနေရဦးမှာပါ။

၃။ ပယောဂ (သတ်ဖို့ လုံ့လစိုက်ရတာ) မတူလို့ အကြီးကို သတ်တာနဲ့ အသေးကို သတ်တာ အပြစ်မတူဘူး။ ခြင်ကိုသတ်ရင် တစ်ခါတစ်ရံ သတ်မိမှန်းတောင် မသိလိုက်တော့၊ ပိုးဟပ်ကို သတ်တော့ လုံ့လပို စိုက်ရတယ်။ ခွေးတစ်ကောင်ကို သတ်ရင် ပိုပြီး သိသာတာပေါ့။

၄။ အဘိဓမ္မာအရ အကောင်အကြီးအသေးမဟူ သေစေလိုတဲ့ စိတ်နဲ့ သူတစ်ပါးအသက်ကို သတ်မိရင် ဘဝသံသရာမှာ တစ်ချိန်ချိန် တစ်မျိုးမျိုးနဲ့ အကုသိုလ်အကျိုးပေးလိမ့်အုံးမယ်။

၅။ သေစေလိုတဲ့ စိတ်နဲ့ တစ်ကြိမ်သတ်ရင်လည်း ထပ်ခါထပ်ခါ အကျိုးပေးခွင့်ရှိတယ်။ အကြိမ်များစွာ သတ်ရင်လည်း အကြိမ်ကြိမ် အကျိုးပေးခွင့်ရှိတယ်။ တစ်ကြိမ်သတ်တာနဲ့ အကြိမ်များစွာ သတ်တာ ဖြစ်လို့ အလေးအပေါ့လည်း ကွာသင့်တာပဲ။

၆။ လူနဲ့ တိရစ္ဆာန် အရည်အချင်းမတူဘူး။ လူအချင်းချင်းတောင်သီလ ရှိသူကို သတ်တာနဲ့ သီလမရှိသူကို သတ်တာ အပြစ် အလေးအပေါ့ ကွာတယ်။ ဒါကြောင့်ပြန်ပြီးခံရမယ့် အပြစ်က မတူနိုင်ဘူး။

၂၆၀။ သီချင်းဆို၍ တရားဟောခြင်း

ဆရာတော် အရှင်ဘုရား၊ ယခုခေတ် ဓမ္မကထိက တရားဟော ဆရာ တော်အချို့မှာ တရားဟောစဉ် သီချင်းဆိုသည်ကို တွေ့ရပါသည်။ ထိုသို့ သီချင်းဆိုပါက နစ္စဂီတ သိက္ခာပုဒ်အရ အာပတ်သင့် ပါသလား၊ မြတ်စွာဘုရား လက်ထက်က ရဟန်းတော်များလည်း သီချင်းသံဖြင့် တရား ဟောကြားကြပါသလား၊ ဖြေကြားတော်မူပါ အရှင်ဘုရား။

မျက်ခြယ်

အပြစ်ငါးပါး

အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဂီတသံနဲ့ တရားဟောသူမှာ အပြစ် ငါးမျိုးရှိ ကြောင်း မြတ်စွာဘုရား ဟောတော်မူပါတယ်။ အဲဒီငါးမျိုးက..

၁) မိမိအသံကို မိမိသာယာနေခြင်း
၂) သူတစ်ပါးတို့ကလည်း မိမိအသံကို သာယာတတ်ခြင်း
၃) သီချင်းဆိုတဲ့ ဘုန်းကြီးလို့ လူတွေကဲ့ရဲ့ခံရခြင်း
၄) အသံကောင်းဖို့ ဂရုစိုက်ရလွန်းလို့ သမာဓိပျက်ခြင်း
၅) နောင်လာနောင်သားတို့ မိမိကို အတုခိုးတတ်ခြင်းတို့ဖြစ်ပါတယ်။ (အံ၊၂၊၂၁၉)

သိက္ခာပုဒ်

မြတ်ဗုဒ္ဓလက်ထက်က ဆဗ္ဗဂ္ဂီလို့ ခေါ်တွင်တဲ့ ရဟန်းတွေ သံရှည်ဆွဲပြီး ဓမ္မကို ရွတ်ဆိုကြလို့ လူတွေက ‘ဘုန်းကြီးတွေလည်း တို့လိုပဲ သံရှည်ဆွဲပြီး ရွတ်ဆိုကြတာပဲ’လို့ ကဲ့ရဲ့တဲ့ အခါ မြတ်စွာဘုရားက ‘တရားစာကို ဂီတသံနဲ့ သံရှည်ဆွဲ မရွတ်ဆိုရ’လို့ သိက္ခာပုဒ် ပညတ်တော်မူပါတယ်။ ဓမ္မစာကိုတောင် သီချင်းလို အသံဆွဲပြီး မရွတ်ရတဲ့ အတွက် လူ တွေဆိုတဲ့ သီချင်းကို တရားပွဲမှာ ထည့်ဆိုတာမျိုး မလုပ်ကောင်းတာတော့သေချာပါတယ်။

၂၆၁။ ကုသိုလ်ရေးပေမို့

ဆွမ်းတော်တင်ခြင်းနှင့် ပတ်သက်၍ မေးလျှောက်ပါရစေဘုရား။

အချို့သော ဗုဒ္ဓဘာသာအိမ်များတွင် ဆွမ်းတော်ပန်းကန် သေးသေး၊ သောက်တော်ရေခွက် သေးသေးဖြင့်သာ စတိသဘော ကပ်လှူကြပါ သည်။ အချို့သော အိမ်များတွင် မိမိနေ့လည်စာ မစားမီ ပြင်ဆင် ထားသည့် ထမင်းကို စားပွဲလိုက်ကပ်ပြီး ပြန်စွန့်စားကြသလို မိမိစား မည့်ပန်းကန်တွင် ထမင်းဟင်းများထည့်ကာ ခေတ္တကပ်လှူပြီး ပြန်စွန့် စားကြသည်ကို တွေ့ဖူးပါသည်ဘုရား။

ဒူးရင်းသီး၊ ကျွဲကောသီး၊ နာနတ်သီးကဲ့သို့သော သစ်သီးများ ဆက် ကပ် လှူဒါန်းရာတွင်လည်း အချို့က ဘုန်းကြီး အချိုပွဲကပ်သလို လှီး ချွတ်ပြင်ဆင်လျက် စားရန်အသင့် ကပ်လှူသော အိမ်များရှိသလို သစ် မမှည့်မီကတည်းက အလုံးလိုက် ဘုရားကျောင်းတွင် ကပ်လှူထားပြီး သုံးလေးရက် စသည်ဖြင့် ရက်အတန်ငယ်ကြာပြီး မှည့်တော့မှ စွန့်ကာ စားကြသည်ကိုလည်း တွေ့မြင်ဖူးပါည်ဘုရား။ ၎င်းကဲ့သို့ ဆွမ်းကပ်လှူ သင့်မလှူသင့်နှင့် ဆွမ်းတော်ကပ်လှူသင့်သည့် နည်းမှန်လမ်းမှန်များကို ညွှန်ကြား ပေးတော်မူပါဘုရား။

ကိုမျိုး

ကိုယ်စားပြု

ထေရဝါဒ ဗုဒ္ဓဝါဒီတို့ရဲ့ အဆုံးအမအရ ဗုဒ္ဓဆင်းတုကို ကိုးကွယ်ပူဇော် တာ၊ ဆွမ်းပန်း ရေချမ်းစသည် ကပ်လှူတာတွေက မိမိ စိတ်အာရုံ စူး စိုက်ထားတဲ့ ရည်ရွယ်ချက်တွေကို ကိုယ်စားပြုတဲ့ သင်္ကေတပါ။ ဥပမာ ဗုဒ္ဓဆင်းတုတော်ဆိုတာ တစ်ချိန်တစ်ခါက ကမ္ဘာ့သမိုင်းမှာ အစစ်အမှန် သက်တော်ထင်ရှား ရှိခဲ့ဖူးတဲ့၊ အဲဒီလို ရှိခဲ့ဖူးကြောင်း မဟာအသောက မင်းရဲ့ ဧရာမကျောက် စာတိုင်ကြီးတွေက သက်သေပြနေတဲ့ ရှင်တော် ဗုဒ္ဓကို ကိုယ်စားပြုရုံ သက်သက်ပါပဲ။ အဲဒီ ကိုယ်စားပြု သင်္ကေတကို ကပ်လှူတဲ့ ဆွမ်းစသည်ဟာလည်း အလှူ့ရှင်အနေနဲ့ ‘သက်ရှည် ဆင်း လှချမ်းသာရဗလ ဉာဏ်ပညာ’အကျိုးငါးမျိုးကို ရည်ရွယ်တဲ့ သင်္ကေ တပဲဖြစ်တယ်လို့ ဦးစွာ နားလည်ယုံကြည်ထားလိုက်ပါ။

ကြီးသေးမဟူ

အိမ်တွေမှာ ဗုဒ္ဓကိုယ်စားပြု ကိုးကွယ်တဲ့ ဆင်းတုတော်တွေက များ သောအားဖြင့် ဉာဏ်တော် ၆ လက်မ၊ ၉ လက်မ လောက်ပဲ ရှိတတ် ပါတယ်။ အဲဒါကြောင့်ပဲ ပန်းကန်သေးသေး ခွက်သေးသေး ဖြစ်နေရ သလား။ ဘုရားကျောင်းရဲ့နေရာ၊ လုပ်နိုင်တဲ့ အချိန်၊ အလှူဝတ္ထုအခြေ အနေအရ သေးနေရခြင်းလည်း ဖြစ်နိုင်လို့ ဒါလောက်တော့ ခွင့်လွှတ် သင့်ပါတယ်။ ဆွမ်းတော်ကပ်ဖို့ စိတ်ဆန္ဒရှိ နေတာကိုပဲ လေးစားရ မှာပါ။ နေရာကျယ်၊ ဆွမ်းပြင်မယ့် အချိန်လည်းရှိ၊ လုပ်နိုင်တဲ့ အလှူဝတ္ထု အင်အားလည်းရှိ၊ သဒ္ဓါတရားလည်း ထက်သန်နေရင်တော့ ဆင်းတု သေးပေမယ့် သက်တော်ထင်ရှား ဘုရားအမှတ်နဲ့ ‘ဘုန်းကြီးဆွမ်းကပ် သလို’လည်း အမြဲတမ်း သို့မဟုတ် ရံဖန်ရံခါ လုပ်နိုင်ပါတယ်။

ဒါကြောင့် ပဲခူး ရွှေသာလျောင်းလို ဉာဏ်တော်ကြီးမားတဲ့ ဗုဒ္ဓဆင်း တုတော်ကို ကပ်လှူရာမှာလည်း ပြောပြထားတဲ့ အခြေအနေအရပဲကြီး ကြီးသေးသေး နှစ်မျိုးလုံး ကပ်လှူခွင့် ရှိသင့်ပါတယ်။ အရေးကြီးတာ က မဖြစ်မနေ ကျိတ်မှိတ်ပြီး လူမြင်ကောင်းအောင်လို့ ‘စတိသဘောနဲ့ ’ သေးသေးလေးပဲ လုပ်မယ်’လို့ စိတ်ထားရင်တော့ အကျိုးလည်း စတိ သဘောပဲ ဖြစ်မှာပေါ့။

ထက်သန်ဆန္ဒ

‘ပြင်ဆင်ထားသည့် ထမင်းဟင်းကို စားပွဲလိုက်ကပ်’ရာမှာ အမှန် တကယ် ဘုရားအတွက် ရည်မှန်းထားရတယ်။ ပြီး အနည်းဆုံး ဆယ်မိ နစ်ထက်မနည်း အချိန်ယူသင့်တယ်။ ‘ယခု ငါသည် ရှင်တော်ဗုဒ္ဓကို ဆွမ်းကပ်လှူနေတယ်’လို့လည်း စိတ်ထဲမှာရှိနေရမယ်။ ဆွမ်းကပ်ထား ဆဲမှာ စားပွဲနားထိုင်ပြီး ‘ဣတိပိ သောဘဂဝါ’အစချီတဲ့ ဗုဒ္ဓဂုဏ်တော် ကိုပွားနေနိုင်ရင် အကောင်းဆုံးပေါ့။ မိမိထမင်း စားခါနီး ‘မိမိစားမည့် ပန်းကန်တွင် ထမင်းဟင်းများ ထည့်ကာ ခေတ္တကပ်လှူပြီး ပြန်စွန့်စား’ တာမျိုးကိုတော့ လေးစားခံ့ညားမှု အားပျော့တယ်လို့ ယူဆလို့ အကြိုက်ကြီး မဟုတ်ဘူး။ ဒါပေမယ့် စိတ်စေတနာ ထက်သန်ရင် တော့ အကျိုးရှိနိုင်ကောင်းပါတယ်။

အလုံးလိုက်

သစ်သီးဆွမ်း ကပ်လှူရာမှာ ‘ဘုန်းကြီး ဆွမ်းကပ်သလို အခွံနွှာ လှီး ဖြတ်’ပြီးမှ ကပ်လှူတာက ပိုပြီးလက်တွေ့သဘော ဆောင်ပါတယ်။ ဒူး ရင်းသီး ဖရဲသီးလိုဟာမျိုးကို ဘုရားရှေ့မှာ အလုံးလိုက် တင်ထားတာ မျိုး၊ မှည့်မှ စားလို့ ရတဲ့ ငှက်ပျောသီးလို သစ်သီးကို မမှည့်ခင် ဘုရား ကျောင်းမှာ တင်တာမျိုးတွေ မသင့်မြတ်ပါဘူး။ အဲဒီအသီးတွေကို ဘုရားဘယ်လို ဘုဉ်းပေးပါ့မလဲ။ မှည့်လို့ စားချိန်တန်မှ ဘုရားကျောင်း ကစွန့်ရင်၊ ကိုယ်စားမယ်လို့လည်း စိတ်ထဲက အာလာယမပြတ်ခဲ့ရင် ပိုဆိုးတာပေါ့။ မှည့်မှ ဘုရားကျောင်းက စွန့်ပြီး ကိုယ်စားမယ်လို့ ရည် ရွယ်ထားသို့မဟုတ် စိတ်ထဲရှိနေတာကိုကနည်းလမ်းမကျဘူး။

ခြွင်းချက်

ငယ်စဉ်က ပွဲလမ်းအခမ်းအနားတစ်ခု (မိုးကုတ်ဖက်က ဒကာဒကာမ တွေရဲ့ အလှူအဒါန်းပွဲလို့ ထင်တယ်)မှာ သခွားမသီး၊ ဖရဲသီး၊ ကျွဲကော သီးလို အခွံမျိုးနဲ့ အသီးတွေရဲ့အပြင်ခွံကို ပန်းမျိုးစုံ ပုံဖော်ပြီး နက်ဖြန် နံနက်အတွက် ရည်ရွယ်ပြီး ညကတည်းက ဘုရားဆင်းတုနှင့် စေတီမှာ ကပ်လှူပူဇော်ထားမျိုးကို တွေ့ဖူးတယ်။ အဲဒါမျိုးကိုတော့ မိမိတတ်ကျွမ်း တဲ့ အနုပညာတစ်မျိုးနဲ့ ရှင်တော်ဗုဒ္ဓကို အလွန်ကြည်ညို ရိုသေစွာ ပူ ဇော်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ချီးမွမ်းအားပေးသင့်ပါတယ်။

၂၆၂။ ကဗျာရေးတဲ့ ရဟန္တာ

ဆရာတော်ဘုရား၊

တပည့်တော်သည် မေးခွန်းများကို ကိုယ်တိုင်ကျင့်သုံးလို၍ မေးပါသည်၊ မသိ၍လည်း မေးပါသည်၊ ထင်တာကို မှန်မမှန် သိလို၍လည်း မေးပါ သည်ဘုရား။

ပထမမေးခွန်းမှာ မိမိထက် သီလနည်းသူများကို အထင်မသေးရန် ဘယ်လို စိတ်မျိုးထားရမည်လဲဘုရား။ (တပည့်တော် စဉ်းစားမိသည်မှာ ဆရာတော်တို့က ၂၂၇ ဝိနည်းသိက္ခာပုဒ်များနှင့် နေနေတာမို့ သာမန် ငါးပါးသီလသာရှိသူ လူသာမန်တွေကို အထင်သေးပါသလား။ မသေးဘူးဆိုလျှင် ဘယ်လိုစိတ်နဲ မသေးပါသလဲသိပါရစေဘုရား။) ဒုတိယမေးခွန်းမှာ လူတစ်ယောက် တရားစခန်းကို အကြိမ်များစွာ ဝင် ခဲ့ပြီး၊ တရားကိုလည်း နေ့စဉ် နှစ်ရှည်ထိုင်နေပါလျက် ဆေးလိပ် မဖြတ် နိုင်ပါ။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရင်း ကွမ်းစားတတ်လာပါသည်။ တရား ထိုင်ခြင်းနှင့် ဆေးလိပ်ဖြတ်နိုင်ခြင်း ဆိုင်မဆိုင် သိလိုပါသည်ဘုရား။ ဆိုင်သည်ဆိုက ဘယ်လိုဆိုင်သည်။ မဆိုင်က ဘယ်လိုမဆိုင်သည်ကို ဖြေကြားပေးစေလိုပါသည်ဘုရား။

တတိယမေးခွန်းမှာ အပြစ်တစ်ခုကို စိတ်ဖြင့် ကြံစည်ခြင်း၊ နှုတ်ဖြင့် ပြောဆိုခြင်း၊ ကိုယ်ထိလက်ရောက် လုပ်မိခြင်းဟု ၃ မျိုး ရှိသည့် အနက် ဘယ်သည်က ဘာကြောင့် အပြစ်ပိုကြီးသည်ကို ရှင်ပြပေးစေ လိုပါသည်ဘုရား။

နောက်ဆုံး မေးခွန်းကတော့ တရားတစ်ပုဒ်ထဲမှာ သစ်ပင်ရဲ့ အရိပ် ကျေးဇူးကိုသိ၍ ထိုသစ်ပင်ရဲ့ အကိုင်းအခက်ကို မချိုးဖဲ့ကောင်းဘူးလို့ ကြားနာပြီး နောက်ပိုင်း တပည့်တော်ရဲ့ အိမ်နောက်ဖေးက သစ်ပင်ရဲ့ သူများခြံဖက်ကို ကျော်နေတဲ့ အကိုင်းတွေကို ခုတ်ဖို့ ခက်ခဲနေပါသည် ဘုရား။ ထိုသစ်ပင်နှင့် ပတ်သက်၍ ဘယ်လိုစိတ်ဖြင့် ဘယ်သို့ ဆောင် ရွက်ရမည်ကို သိလိုပါသည်ဘုရား။

ရိုသေစွာဖြင့် ဇော်အုန်း

၁။ မေတ္တသုတ်မှာ ‘နာတိမညေထ = တစ်ယောက်သည် အခြားတစ် ယောက်ကို အထင်မသေးပါနဲ့’လို့ ရှင်တော်ဗုဒ္ဓဟောထားတာကို လိုက် နာကျင့်သုံးပြီး သူတစ်ပါးကို အထင်မသေးမိအောင်ကိုယ့်ကိုယ်ကို ဆုံး မတဲ့ စိတ်နဲ့ ပဲ နေပါတယ်။ ပုထုဇဉ်တို့ရဲ့ သဘာဝအတိုင်း ရဟန်းတို့ရဲ့ သိက္ခာပုဒ် ၂၂၇ ပါးကို စောင့်ထိန်းလို့ ဆိုပြီး မစောင့်တဲ့ လူကို အထင် သေးတဲ့ ဘုန်းကြီးဆိုတာမျိုးလည်းရှိကောင်းရှိနိုင်ပါတယ်။ ‘မပြည့်တဲ့ အိုး ဘောင်ဘင်ခတ်’ဆိုတဲ့ အတိုင်း စာမသင်ဖူးတဲ့ ဘုန်းကြီးအချို့ မသိ နားမလည်သူတွေ အထင်ကြီးအောင် အပြင်ပန်းအရ အခြားဘုန်းကြီး တွေထက် ထူးခြားတဲ့ ပုံစံနဲ့ မိမိကမှ တကယ့်အစစ်အမှန် ဆိုတာမျိုး လုပ်ပြရင်း ပရိသတ် စုမိလာတဲ့ အခါ ကိုယ့်ကိုယ်ကို အထင်ကြီးသွား တာမျိုးတွေ တွေ့ဖူးလို့ ပါ။

၂။ ရှင်တော်ဗုဒ္ဓမှ လွဲပြီး အခြားသော ရဟန္တာ အရှင်မြတ်ကြီးတွေဟာ မွေးရာပါ ဝါသနာဗီဇကို မစွန့်နိုင်ကြဘူး။ ကဗျာရေးဖို့ ဝါသနာပါတဲ့ အရှင်ဝင်္ဂီသတို့လို ရဟန္တာကြီးတွေက ပါဠိကဗျာတွေ ရေးဖွဲ့တော်မူသွား ကြတယ်။ ခပ်ကြမ်းကြမ်း ပြောဆိုတတ်တဲ့ အရှင်ပိလိန္ဒဝစ္ဆတို့ကျတော့ ရဟန္တာဖြစ်ပြီးလည်း မမှန်တာတွေ့ရင် ဘာမဖြုန်တဲ့ ခပ်ပြတ်ပြတ်သမား ပါပဲ။ ဆေးလိပ်စွဲတာက မွေးရာပါ ဗီဇဝါသနာ မဟုတ်ဘူး။ သုံးစွဲလာ တာ နှစ်ကာလ ကြာမြင့်သွားပြီဖြစ်လို့ ဆေးလိပ်မှာပါတဲ့ စွဲလမ်းစေ တတ်တဲ့ ဓာတ်က သောက်သုံးသူကို ပြန်ဖြတ်ဖို့ ခက်ခဲစေတဲ့ သဘော ရှိပါတယ်။ တရားထိုင်ခြင်းနဲ့ ဆေးလိပ်ပြတ်ခြင်း ဆိုင်မဆိုင်ဆိုတာ တရားထိုင်လို့ ရရှိထားတဲ့ စိတ်ကိုထိန်းနိုင်တဲ့ အဆင့်နဲ့ ပဲ နှိုင်းယှဉ်ခွင့် ရှိမယ်ထင်ပါတယ်။

ဆိုပါတော့ .. ဆေးလိပ်ဖြတ်ရင်း ကွမ်းစွဲသွားတယ်ဆိုတာ ဆေးလိပ်မသောက်ရလို့ ဖြစ်လာတဲ့ ဒုက္ခဝေဒနာကို မကျော်လွှားနိုင်လို့ မဟုတ်လား။ ဆေးလိပ်ထဲက ဓာတ်သဘာဝကြောင့် သောက်သုံးသူရဲ့ ရုပ်ပိုင်းဘဝ ဖောက်ပြန်ရာကနေ ဆေးလိပ်စွဲတယ် ဆိုတာ ဖြစ်သွားလို့ ကမ္မဋ္ဌာန်းရှုမှတ်တဲ့ အခါ နာကျင်တဲ့ ဝေဒနာကို နာကျင်တဲ့ အတိုင်း ရှုမှတ် နိုင်တဲ့ အဆင့်ကို ရောက်ခဲ့ရင် တရားထိုင်တဲ့ အကျိုးအနေနဲ့ စိတ်ကို ထိန်းနိုင်ခြင်းဆိုတာလည်း ဖြစ်သင့်တဲ့ အတိုင်းဆေးလိပ်မသောက်ရလို့ ဖြစ်ပေါ်လာတဲ့ ဝေဒနာကိုလည်း ဝေဒနာအတိုင်းရှုမှတ်နိုင်သင့်တာပေါ့။

၃။ မနောကံသုံးမျိုးရှိတယ်..

၁) အဘိဇ္ဈာ = သူများပစ္စည်းကို ငါ့ပစ္စည်း ဖြစ်ရင် ကောင်းမယ်လို့ စွဲ လန်းနေတဲ့ စိတ်။ (ဒါပေမယ့် တပ်မက် နှစ်သက်မိရုံနဲ့ ကံမမြောက်ဘူး။)
၂) ဗျာပါဒ = ဒီကောင်သေရင် အေးတာပဲဆိုပြီး သက်ရှိတစ်ခုရဲ့ အသက်နဲ့ ခန္ဓာကိုယ် ပြိုပျက်စေလိုတဲ့ စိတ်။ (ဒါပေမယ့် စိတ်ဆိုးရုံနဲ့ ကံမ မြောက်ဘူး။)
၃) မိစ္ဆာဒိဋ္ဌိ = အယူဝါဒ မှားယွင်းမှု သုံးမျိုး .. နတ္ထိက (ကုသိုလ် အကုသိုလ်ရဲ့အကျိုးကိုလက်မခံ)၊ အကြိယ (ကသိုလ်၊ အကုသိုလ်ကို ပြုခြင်းဆိုတဲ့ အကြောင်းကိုလက်မခံ)၊ အဟေတုက (အကြောင်းအကျိုး နှစ်မျိုးလုံးကိုလက်မခံ).. အဲဒီသုံးမျိုးသာ မနောကံမြောက်တယ်။ သတ်တာ လိမ်တာတွေက စိတ်သက်သက်နဲ့ မဖြစ်နိုင်လို့ ကိုယ် နှုတ်ပါမှ ကံမြောက်တယ်။ မနောကံဆိုတာ ကံသုံးမျိုးလုံးနဲ့ ဆိုင်တယ်။ ဒါပေမယ့် ဖော်ပြပြီး သုံးမျိုးကတော့ စိတ်ထဲမှာပဲ ကံမြောက်သွားလို့ မနောကံလို့ သီးခြားခေါ်ရတာ။ ကံသုံးမျိုးအနက်ဘယ်ကံမဆို ကုသိုလ် အကုသိုလ်စိတ်နဲ့ အတူဖြစ်တဲ့ စေတနာ အားကောင်းမကောင်း အလိုက် သာ အကျိုးအပြစ်ကြီးကြောင်း မှတ်သင့်တယ်။ နေ့တိုင်း ဗုဒ္ဓဂုဏ်တော် တွေကိုပွားများနေသူနဲ့ ပြိုင်ဖက်ကို ဘယ်လိုသုတ်သင်ရမလဲလို့ အမျိုး မျိုးလှည့် ကြံစည်နေသူ နှစ်ဦးရဲ့ အကျိုးအပြစ် ဖြစ်နိုင်ခြေကို ယှဉ် ကြည့်ပေါ့။

၄။ နွေရာသီနေကျဲကျဲပူနေတဲ့ ကွင်းပြင်လယ်ကိုဖြတ်လာရင်းပူလည်း ပူ ရေလည်းဆာနေခိုက် ကုက္ကိုပင်ကြီးကို မြင်တော့ အသာဝင်ထိုင်ပြီး ရေချမ်းစင်က ရေကိုသောက်ရင်း ရုတ်တရက် တစ်ချက် ဝှေ့ရမ်းလိုက် တဲ့ လေအေးလေးကြောင့် အပန်းပြေသွားရသူ တစ်ယောက်အဖို့ ကိုယ် လိုလူ အခြား တစ်ယောက်အတွက် အဲဒီသစ်ပင်ကိုရော ရေချမ်းစင် ကိုပါစောင့်ရှောက်သင့်တယ်။

ဒါပေမယ့် သစ်ပင်ရဲ့ အရိပ်ကျေးဇူးကို သိတယ်ဆိုတာ အခြေအနေအပေါ်မှာ တည်ပါလိမ့်မယ်။ ဗုဒ္ဓဝါဒီတွေဟာ ဗောဓိညောင်ပင်ကို ရှင် တော်ဗုဒ္ဓ သဗ္ဗညုတဉာဏ်ကို ရတဲ့ သစ်ပင်ဆိုတဲ့ အသိနဲ့ ရိုသေပူဇော် ကြပါတယ်။ ဒါပေမယ့် ဗောဓိညောင်ကိုင်းက စေတီကို ဖြစ်စေ၊ ဓာတ် တော်ကိန်းဝပ်တဲ့ ဗုဒ္ဓဆင်းတုကိုဖြစ်စေ ထိခိုက်စေမယ်ဆိုရင် ခုတ်ဖြတ် ကောင်းပါတယ်။ ဒါကြောင့် သူများခြံဖက်ကို ကျော်နေတယ်ဆိုတဲ့ သစ် ကိုင်းကို ခုတ်ပစ်ဖို့ မခက်ခဲသင့်ပါဘူး။

၂၆၃။ ပြိတ္တာမှတ်စု

ဘုန်းဘုန်းဘုရား၊

ပထမဦးစွာ ဘုန်းဘုန်း ကျန်းမာချမ်းသာစွာ သာသနာ့ဝန်ကို ထမ်း ဆောင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါသည်။

စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာလေးတွေကို မေးမြန်းလိုပါသည် အရှင်ဘုရား။ ပေတဝတ္ထုထဲမှာ နေ့စံညခံ ပြိတ္တာတွေ အကြောင်းကို ဖတ် ဖူးပါသည်။ ဒါပေမယ့် သူတို့တွေဟာ စံရတဲ့ အချိန်မှာ နတ်အသွင် ဗိမာန်ထက် စံစား၊ ညရောက်မှ ငရဲခံရတာမျိုးပါ။ တပည့်တော် မရှင်း တာက ကောင်းမှုများ လုပ်ခဲ့သဖြင့် စံစားရသည့် နတ်အသွင်မဟုတ်ဘဲ လူ့အသွင် စံစားရသည့် ပြိတ္တာမျိုး ရှိပါသလား။ လူလို နေနိုင်တယ်၊ နတ်လိုနေနိုင်တယ်လို့ ကုသိုလ်ပမာဏပေါ် မူတည်ပြီး ကွဲပြားနိုင်ပါ သလား ဘုရား။ လူအဖြစ် နေရလျှင်လည်း တကယ့် အသက်ရှင် နေသေးသူတို့အား ထိတွေ့ကိုင်တွယ်နိုင်ပါသလား။ အသက်ရှင်သူတို့၏ စိတ်ကို ဖတ်နိုင်စွမ်းရော ရှိပါသလား။ အကယ်၍ ထိုပြိတ္တာဘဝတွင်ပင် စံစားရသည့် နေ့အချိန်၌ ပါဏာတိပါတကံ ကျူးလွန်ခဲ့လျှင် ထိုစံစားရ သည့် ကံများ ချက်ခြင်း ပျောက်ကွယ်သွားနိုင်ပါသလား။ မေးခွန်းနှင့် ပတ်သက်၍ ကျမ်းကိုးများ ရှိလျှင်လည်း ညွှန်ပြပေးစေလိုပါသည် အရှင်ဘုရား။ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု

လေးစားလျက်..ဆုရည်ဖြိုး

ပြိတ္တာ ၄ မျိုး

အဖြေကို မစဉ်းစားခင် ကျမ်းဂန်မှာပြဆိုတဲ့ ပြိတ္တာလေးမျိုးအကြောင်းကို အကျဉ်းမျှသိသင့်တယ်...

၁) ပရဒတ္တူပဇီဝိကပြိတ္တာ=သူတစ်ပါး ပေးတဲ့ အစာနဲ့ နေရာကိုမှီပြီး အသက်ရှင်ရတဲ့ ပြိတ္တာ (ဆွေမျိုးတွေက ရည်မှန်းပြီး အလှူဒါနပြုတာကို သာဓုခေါ်ရင် စားစရာနေစရာကိုရရှိနိုင်တဲ့ ပြိတ္တာမျိုး)
၂) ခုပ္ပိပါသပြိတ္တာ=အမြဲဆာလောင်မွတ်သိပ်နေရတဲ့ ပြိတ္တာ
၃) နိဇ္ဈာမတဏှိကပြိတ္တာ= တစ်ကိုယ်လုံး အမြဲတမ်း လောင်ကျွမ်းခံနေရတဲ့ မီးပြိတ္တာ
၄) ကာလကဉ္စိကပြိတ္တာ=အသုရကာယ်ဆိုတာ ဒီပြိတ္တာမျိုး မှတ်စရာတစ်ခုက နိယတဗျာဒိတ်ခံပြီးတဲ့ ဗုဒ္ဓလောင်းလျာတွေဟာ အမှတ် ၂၊၃၊၄ ပြိတ္တာမျိုးတွေမှာ မဖြစ်တော့ဘူး (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၁၆)။

ပေတဝတ္ထုထဲမှာ အမှတ် (၁) ပြိတ္တာမျိုး အများစု ပါဝင်တယ်။ အမှတ် (၂)ကအနည်းငယ်ပဲ ပါပြီး ၃၊၄ အမျိုးအစား မပါဘူး။

ရုပ်သဏ္ဌာန်

ပြိတ္တာအများစုဟာ နှပ်တံတွေးစတဲ့ လူ့အညစ်အကြေးကို စားသောက် ရလို့ ရုပ်သွင်လည်း ဆိုးဝါး ကြမ်းတမ်းတယ် (ပေတဝတ္ထု၊ဋ္ဌ၊၉၄)။ ကြမ်းတမ်းတဲ့ ရုပ်သွင်ကို ကမ္မဇိဒ္ဓိ (ကံကြောင့်ရရှိတဲ့ တန်ခိုး)နဲ့ ဖြစ်စေ၊ ဆေးမြစ်တစ် မျိုးရဲ့ အစွမ်း (မ၊ဋ္ဌ၊၃၊၁၈၇)နဲ့ ဖြစ်စေ မိမိကိုယ်ကို ဖုံးကွယ်ပြီး နေကြတယ်။ ယင်းတို့ သေဆုံးတဲ့ အခါ အဲဒီကြမ်းတမ်းတဲ့ ကိုယ်ခန္ဓာကိုဖုံးကွယ်မထားနိုင်၊ ပကတိရုပ်သွင်အတိုင်းလည်း မထား ခဲ့နိုင်လို့ တိရစ္ဆာန်၊ ပိုးမွှားစသည်ရဲ့ကိုယ်ခန္ဓာနဲ့ ထားခဲ့ရတယ်။

ကျမ်းဂန်အဆိုက ‘မင်းကြီး၊ သေသွားတဲ့ ပြိတ္တာတို့၏ ကိုယ်ခန္ဓာကို ပိုးကောင် အသွင်၊ ပေါက်ဖတ်အသွင်၊ ခြပုန်းအသွင်၊ ပိုးနှံကောင် အသွင်၊ ကင်းခြေများအသွင်၊ ငှက်အသွင်၊ သမင်အသွင်တို့ဖြင့် တွေ့မြင် နိုင်ပါ၏ (မိလိန္ဒ၊၂၈၃)’တဲ့။

ခြောက်လှန့်

အကုသိုလ် အကျိုးကြောင့် ၎င်းတို့ ရုပ်သွင် ဆိုးဝါးပြီး အချို့ အရွယ် အစား အလွန်ကြီး၊ အချို့ အလွန်သေးတဲ့ အပြင် အချို့မှာ အခြားပြိတ္တာ တွေရဲ့ နှိပ်စက်တာကို ခံရ သို့မဟုတ် ရောဂါတစ်ခုခုကို ခံစားနေရတယ်။ ဒါကြောင့် ရံခါ ယင်းတို့ရဲ့ ပကတိသွင်ပြင်ကို လူသားတို့ မြင်ရ စဉ် အလိုလို ထိတ်လန့်သွားရတာကို လူတွေက ခြောက်လှန့်တာလို့ ထင်ကြတာ။ ဒါပေမယ့် သူစိလောမ ပြိတ္တာကြီးက မြတ်ဗုဒ္ဓကို ခြောက် လှန့်တာ၊ မေတ္တသုတ် နိဒါန်းအရ တရားအားထုတ်နေတဲ့ ရဟန်းတွေ မနေနိုင်အောင်လုပ်တာတွေကို ထောက်ရင် မကြိုက်လို့ တမင် ခြောက် လွှတ်တာမျိုးလည်း ရှိနိုင်တာပဲ။

နေ့စံညခံ

‘စံရတဲ့ အချိန်မှာ နတ်အသွင် ဗိမာန်ထက်စံစား ညရောက်မှ ခံရတာ မျိုး’ဆိုတာကို ‘နေ့စံညခံပြိတ္တာ’လို့ နားလည်မယ်။ ဥပမာ .. ဗာရာဏ သီမင်းဟာ ပြိတ္တာမနဲ့ ပေါင်းသင်း နေထိုင်ပြီး ညတစ်ညအခါမှာ အဲဒီ မိန်းမ ခွေးတွေ ဝိုင်းစားခံရတာကို မြင်မှ မင်းကြီး ထိတ်လန့်ပြီး မြို့ တော်ကို ပြန်သွားသတဲ့ (ပေတဝတ္ထု၊ဋ္ဌ၊၁၄၀)။ ဒီဖြစ်ရပ်အရ ဘဝခြား ပေမယ့် ကုသိုလ်ကံ အတော်အတန် ပါလာတဲ့ ပြိတ္တာအချို့ လူသား ပကတိနဲ့ အကြင်လင်မယားအဖြစ် ပေါင်းသင်း နေထိုင်နိုင်ကြောင်း မှတ်သားရတယ်။

အဖြေများ

၁) ‘ခံစားရသည့်အခါ နတ်အသွင် မဟုတ်ဘဲ လူ့အသွင် ခံစားရသည့် ပြိတ္တာမျိုး ရှိသလား’ဆိုတာကို ‘လူ့ရုပ်လူ့သွင်နဲ့ ဖြစ်နေတဲ့ ပြိတ္တာမျိုး ရှိသလား’လို့ ဆိုလိုရင် .. ယင်းတို့ရဲ့ကမ္မဇိဒ္ဓိအစွမ်းနဲ့ လူတွေကိုလူ့ရုပ် သွင်မျိုး ပြနိုင်တယ်။ စည်းစိ်မ်ကိုလည်း လူ့အသွင်နဲ့ စံစားလို့ ရနိုင်ဖွယ် ရှိတယ်။ ဒါပေမယ့် လူ့ဘဝတော့ မဟုတ်ဘူး။ ပြိတ္တာဆိုတာ အပါယ်ဘုံ သားပဲ ဖြစ်ပါတယ်။
‘အလွန်ကြုံလှီ၊ နံရိုးပြိုင်းပြိုင်း ထွက်သော မိန်းမ၊ သင်ကား အဘယ်သူနည်း (ဟု အရှင်သာရိပုတ္တရာက မေး၏)။ အရှင်ဘုရား .. တပည့်တော်ကား ပြိတ္တာမ ဖြစ်ပါ၏’ဟု ဖြေ၏ (ပေတဝတ္ထု၊၉၅ ဂါထာ)။ ဒီဝတ္ထုအရ အဘိညာတန်ခိုးရှင် အရှင်သာရိပုတ္တရာဟာ ပြိတ္တာမကို လူ မိန်းမရုပ်သွင်နဲ့ မြင်တာဖြစ်နိုင်တယ်။

၂) ‘လူလိုနေနိုင်တယ် နတ်လိုနေနိုင်တယ်လို့ ကုသိုလ် ပမာဏပေါ်မူ တည်ပြီး ကွဲပြားနိုင်ပါသလား’ဆိုတာကို ‘ကုသိုလ်ကံ အားကောင်း အားနည်းအလိုက် တစ်ချို့ပြိတ္တာက လူလိုနေနိုင်ပြီး တစ်ချို့ကျတော့ နတ်လိုနေနိုင်သလား’လို့ ဆိုလိုရင် .. ဇနီးကို စွဲလမ်းပြီးသေတဲ့ လူငယ် တစ်ယောက် ပစ္စေကဗုဒ္ဓကို လုပ်ကျွေးဖူးတဲ့ ကုသိုလ်ကြောင့် တန်ခိုး ကြီးတဲ့ နတ်ပြိတ္တာ ဖြစ်သွားလို့ လူ့ဘဝမှာရှိနေတဲ့ ဇနီးဟောင်းကို တန်ခိုးနဲ့ မိမိဗိမာန်သို့ ခေါ်ဆောင်ပြီး ပေါင်းသင်းနေထိုင်တယ် (ပေတဝတ္ထု၊ဋ္ဌ၊၁၃၅)။

ဒီဝတ္ထုအရ နတ်ပြိတ္တာဟာ လူသားအစစ်ဖြစ်တဲ့ ဇနီး ဟောင်းမိန်းမ နဲ့ လင်မယားအဖြစ် ပေါင်းသင်းပြီး လူလိုနေနိုင်ကြောင်း တွေ့ရတယ်။ အချို့ ပြိတ္တာတွေ အဲဒီလို မလုပ်နိုင်လို့ ကုသိုလ်ကံအလိုက် ကွဲပြားခြား နားဖွယ်တော့ရှိတယ်။

၃) ‘လူ့အဖြစ်နေရလျှင်လည်း တကယ့်အသက်ရှင်နေသေးသူတို့အား ထိတွေ့ ကိုင်တွယ်နိုင်ပါသလား’ဆိုတာ ‘လူ့အသွင်နဲ့ မြင်ရတဲ့ ပြိတ္တာကို ဒီဘဝက လူသားတို့ ထိတွေ့လို့ ရ မရ’လို့ အဓိပ္ပာယ် ယူလိုက်မယ်။ ပြိတ္တာနဲ့ အကြင်လင်မယား ပြုတဲ့ ဖော်ပြပါ ဝတ္ထုဖြစ်ရပ် အရယင်းတို့ကို ထိတွေ့လို့ ရနိုင်တယ်။ ဒါပေမယ့်သူတို့မှာရှိတဲ့ ကမ္မဇိဒ္ဓိ (ကံကြောင့်ဖြစ် တဲ့ တန်ခိုး)ရဲ့ စွမ်းရည်အလိုက် အကန့်အသတ် (အချို့ရ အချို့မရဆို တာမျိုး)တော့ရှိနိုင်တယ်။

၄) ‘အသက်ရှင်သူတို့၏ စိတ်ကို ဖတ်စွမ်းနိုင်ပါသလား’ ဆိုတာ ‘ပြိတ္တာတွေ လူတို့ရဲ့စိတ်ကြံကိုသိနိုင်ပါသလား’လို့ ဆိုလိုရင် .. ၎င်းတို့ ရရှိတဲ့ ကမ္မဇိဒ္ဓိ စွမ်းရည် အနိမ့်အမြင့် ရှိနိုင်ခြင်းဆိုတဲ့ ယုတ္တိအရ အချို့ ဖတ်စွမ်းနိုင်ပြီး အချို့ မဖတ်စွမ်းနိုင်ဘူးလို့ ဆိုနိုင်လေမလား။ ဖြစ်ရပ် သာဓကအတွက် ပေတဝတ္ထုကို ဖတ်ရှုဆဲပါ။

၅) ‘ပြိတ္တာဘဝတွင် ခံစားနေရသည့် နေ့အချိန်တွင် ပါဏာတိပါတကံ ကျူးလွန်ခဲ့လျှင် ထိုစံစားရသည့် ကံများ ချက်ခြင်း ပျောက်ကွယ်သွား နိုင်ပါသလား’ဆိုတာ ‘နေ့စံ ပြိတ္တာတွေ ပါဏာတိပါတကံ ကျူးလွန်ရင် အဲဒီစည်းစိ်မ် ပျောက်ကွယ်သွားပါသလား’လို့ ဆိုလိုရင် .. ကမ္မသတ္တိရဲ့ ချက်ခြင်း အကျိုးပေးခြင်း မပေးခြင်းဆိုတဲ့ ယုတ္တိအရ လက်ရှိစည်းစိမ် ချက်ခြင်း ပျောက်ချင်ပျောက်သွားမယ်၊ ပျောက်ချင်မှလည်း ပျောက် သွားမယ်။ ဝတ္ထုဖြစ်ရပ် ရှာဖွေဆဲပါ။ ဒါပေမယ့် သူ့သက်သတ်ကံတော့ ဘယ်တော့မှ ပျောက်မသွားနိုင်ဘူး။

၂၆၄။ အပျော်လိမ်

သိချင်တာလေးရှိလို့ မေးလျှောက်ပါရစေ အရှင်ဘုရား၊

ငါးပါးသီလ လုံခြုံသူဟာ သေပြီးနောက် ငရဲမကျနိုင်ဘူးလို့ ဟောတာကို ကြားနာ ဖူးပါတယ် ဘုရား။ တပည့်တော်မက လိမ်တဲ့ သီလက လွဲရင် ကျန်တဲ့ လေးပါးကို လုံခြုံပါတယ် ဘုရား။ သူတစ်ပါး ထိခိုက်လောက် အောင်တော့ မလိမ်ဖူးပါ ဘုရား။ တစ်ခါတလေ စရင်း နောက်ရင်းနဲ့ အပျော်သဘော လိမ်မိနောက်မိပါတယ်ဘုရား။ အဲဒီလိုလုပ်ရင် ငရဲကျ နိုင်သလားဆိုတာ သိချင်ပါတယ်ဘုရား။

မေမီ

---

ဖြေကြားချက်

အကြောင်းအရာ မမှန်ခြင်း၊ လိမ်ညာလိုစိတ် ရှိခြင်း၊ အဲဒီစိတ်နဲ့ ပြုမူ ပြောဆိုခြင်း၊ မိမိစကားကို တစ်ဖက်သား နားလည်သွားခြင်း ဆိုတဲ့ အင်္ဂါလေးရပ်နဲ့ ပြည့်စုံရင် မုသာဝါဒကံ မြောက်တယ်။ ‘ကံမြောက်’ ဆို တာ အပါယ်ငရဲ ရောက်ကြောင်းဖြစ်တယ်လို့ ဆိုလိုတာ။

အတ္ထဘဉ္ဇကော ဝစီပယောဂေါ၊ ကာယပယောဂေါ ဝါ = မုသာဝါဒ (မမှန် စကား) ဆိုတာ သူတစ်ပါး အကျိုးကို ပျက်စီးစေလိုတဲ့ နှုတ်မှု သို့မဟုတ် (ကိုယ်အမူအယာနဲ့ လိမ်ရင်)ကိုယ်မှု (ပဋိသံ၊ဋ္ဌ၊၁၊၂၀၅)၊ သော ပရဿ အတ္ထဘေဒ ကရောဝ ကမပထော ဟောတိ = အဲဒီ မုသာဝါဒဟာ သူတစ်ပါး အကျိုးပျက်အောင်လုပ်မှ ကံမြောက်တယ်၊ အကျိုးမယုတ်ရင် ကံတော့ဖြစ်တယ် (ကံမမြောက်ဘူး) (ဋီကာကျော်၊ ၁၇၄)’လို့ ကျမ်းဂန်တွေမှာဆိုတယ်။

‘ကံတော့ဖြစ်တယ်၊ ကံမမြောက်ဘူး’ဆိုပေမယ့်.. မိမိကိုသူတစ် ပါးတို့ အယုံအကြည် မဲ့သွားတတ်လို့၊ မိမိရဲ့ စိတ်ပိုင်းဘဝ စင်ကြယ် မှုအတွက် အသေးအမွှား ကိစ္စကိုပင် လေ့ကျင့်သင့်လို့ မကြာခဏ မမှန် တဲ့ အကြောင်းအရာနဲ့ နောက်ပြောင်တာကို ရှောင်သင့်ကြောင်းပါ။

၂၆၅။ ငရဲသက်

တပည့်တော်လျှောက်ထားလိုသည်မှာ

(၁) နတ်ဗြဟ္မာတွေနဲ့ ငရသားတွေဟာ (လူကြီးအရွယ်) ဗြုန်းဆို မွေးဖွားလာပြီး၊ ပြောင်းမလဲ၊ အရွယ်ခန္ဓာကိုယ်နဲ့ သေသွားရင်လည်း (အလောင်းမရှိ)ဗြုန်းဆို ပျောက်သွားတာလား ဘုရား။

(၂) နတ်ပြည် တစ်ရက်၊ လူ့ပြည်မှာ နှစ်တစ်ရာလို့ ဆိုကြပါတယ်။ ငရဲပြည်မှာကော လူ့သက်တမ်းနှစ်နဲ့ ဘယ်လိုပါလဲဘုရား။

(၃) လူတွေက အပြင်မှာ ပြောတဲ့ စိတ်နဲ့ အတွင်းက ကြံစည်နေတဲ့ စိတ် မတူဘူးလို့ ပြောကြပါတယ်။ နိုးထနေစဉ် စိတ်နဲ့ အိပ်ပျော်နေစဉ်စိတ် တစ်ဆက်တည်းလား၊ စိတ်ဘယ်နှစ်မျိုး ကွဲပြားပါသလဲဘုရား။

ဒကာအောင်

---

နတ်သေရင်

(၁) နတ်ယောကျ်ားတွေက အသက် (၂၀) အရွယ်၊ နတ်မိန်းမတွေက အသက် (၁၆) နှစ်အရွယ်နဲ့ ဗြုန်းဆို မွေးဖွားတယ်။ ဆံဖြူ သွားကျိုး မရှိ။ သေတဲ့ အထိ အဲဒီအရွယ်ပါပဲ။ သေတော့လည်း အလောင်းမကျန် ဗြုန်းဆို ပျောက်သွားတယ်။ (ဒီ၊ဋ္ဌ၊၂၊၂၁)။ ဥပပါတ် ပဋိသန္ဓေနေ ကြတဲ့ သတ္တဝါမျိုး ဖြစ်လို့ ဗြဟ္မာတွေ၊ ငရဲသားတွေလည်း ဒီအတိုင်းပဲ ဖြစ်ဖွယ်ရှိပါတယ်။

ကံမကုန်သရွေ့

(၂) နတ်တွေရဲ့ သက်တမ်းက ယင်းတို့ရဲ့ ဘုံဌာနအလိုက် လူ့သက် တမ်းနဲ့ ကွာခြားပုံမတူလို့ ‘တာဝတိံသာနတ်တွေရဲ့ တစ်ရက်ဟာ လူ့ ပြည်မှာ နှစ်တစ်ရာ ကြာတယ်’လို့ ဆိုမှ မှန်တယ်။ အဲဒါလောက် မကြာ တဲ့ နတ်တွေ၊ အဲဒီထက် ပိုကြာတဲ့ နတ်တွေ ရှိတယ်။ ဓမ္မဟဒယဝိဘင်း ပါဠိတော် (ဝိဘင်္ဂ၊၄၃၈)မှာ လူ့ဘုံ နတ်ဘုံသားတွေရဲ့ သက်တမ်းကို အတိအကျ ဟောကြားပေမယ့် အပါယ်လေးဘုံသားရဲ့ သက်တမ်းကို အတိအကျ ဟောတော်မူခြင်းမရှိ။ အဲဒီလို မဟောရခြင်းရဲ့ အကြောင်း ကို ‘နိရယေတာဝက မမေဝ ပမာဏံ။ ယာဝ ကမံန ခီယတိ၊ တာဝ န စဝန္တိ = ငရဲ၌ အကုသိုလ်ကံသည်သာ အသက်အတိုင်းအရှည် ပမာ ဏတည်း။ အကုသို်ကံ မကုန်သရွေ့ မသေကြကုန်’လို့ အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၅၀၄)မှာဖွင့်ဆိုတယ်။

ပြင်ချိုတွင်းခါး

(၃) အဘိဓမ္မာအရ အပြင်စိတ်၊ အတွင်းစိတ်လို့ မရှိဘူး။ အပြင်က ပြော တာက နှုတ်၊ အတွင်းက ကြံစည်တာက စိတ်။ စေတနာ မမှန်တာကို ‘မတူဘူးလို့ ’ပြောကြတာ။ အမှန်တော့အတူတူပါပဲ။ ဥပမာအပြော ချိုပေမယ့် အတွင်းစိတ်ကြံက မရိုးသားရင် ရရှိမယ့် အကျိုးဆက်က သူ ရောကိုယ်ပါ မကောင်းနိုင်လို့ အဲဒီချိုတဲ့ အပြောလည်း ခါးတာပေါ့။

တစ်ဆက်တည်း

စိတ်ဆိုတာ ဥပါဒ်ဌီဘင် (ဖြစ်တည်ပျက်) အစဉ်အတန်းပါပဲ။ ဒါကြောင့် နိုးနေစဉ် စိတ်နဲ့ အိပ်နေစဉ် စိတ်ဟာ တစ်ဆက်တည်းပါ။ ဒါပေမယ့် တူတော့ မတူဘူး။ နိုးနေတုန်းမှာ ဝီထိစိတ် (မြင်သိ၊ ကြားသိ၊ နံသိ၊ လျက်သိ၊ ထိသိ၊ ကြံသိစိတ်)တွေ ဖြစ်တယ်။ အိပ်နေတုန်းမှာ ဘဝင် စိတ် (အဲဒီခြောက်မျိုး မဟုတ်တဲ့ စိတ်) ဖြစ်တယ်။ ပဋိသန္ဓေနေစဉ်၊ မေ့ မျောနေစဉ်၊ သေစဉ်ဖြစ်တဲ့ စိတ်လည်းဘဝင်စိတ်ပါပဲ။

ဗုဒ္ဓအဘိဓမ္မာမှာ စိတ်ကို ဘုံဌာန၊ လုပ်ဆောင်ချက်၊ ကောင်း မကောင်း၊ ခံစားမှုစသည်အလိုက်အမျိုးမျိုး ခွဲခြားပြပါတယ်။ စိတ်ကို တစ်ခုချင်းစီလက်ချိုးရေတွက်ရင် ၈၉ခု၊ တစ်နည်း ၁၂၁ ပါး ရှိတယ်။ စိတ်တစ်ခုယုတ်ကိုးဆယ်၊ အကျယ်၁၂၁ပါးလို့ မှတ်ပါ။

၂၆၆။ အလေးအနက်လုပ်

ဆရာတော် ဘုရား၊ တပည့်တော်မ သိချင်တာလေး ရှိလို့ မေးလျှောက် ပါရစေ ဘုရား။ ဥပုသ်သီလကို သံဃာတော်များထံ (သို့မဟုတ်) သီလ တောင်းပြီးမှ ယူနိုင်ပါသလား ဘုရား။ ကိုယ့်ဘာသာ သီလ လုံခြုံရင် ရော (သီလ မတောင်းခံဘဲ) ဥပုသ်သီလ စောင့်တည်ရာ ရောက်ပါ သလားဘုရား။ ဥပုသ်စောင့်နေစဉ် သီလပေါက်ရင် ငရဲကျတယ်လို့ ကြား ဖူးပါတယ်ဘုရား။ မှန်ပါသလားဘုရား။ ပြီးခဲ့တဲ့ အပတ်က တပည့် တော်ဥပုသ်ယူထားတဲ့ ညနေက အမှတ်တမဲ့ ပုရွက်ဆိတ်တွေကိုတက် နင်းမိပါတယ်ဘုရား (တမင်သေစေလိုတဲ့ စိတ်မ ပါပါဘုရား)။ သီလ ပျက်ပါသလား ဘုရား။ နောက်တစ်ခုက ဗုဒ္ဓဟူးနေ့ ခေါင်းလျှော်ရင် ဘာဘ်တိတ်တယ်လို့ ကြားဖူးပါတယ်ဘုရား။ မှန်ပါသလားဘုရား။

မေမီ

---

ဖြေကြားချက်

မဟာဇနက မင်းသားဟာ သမုဒ္ဒရာထဲ သင်္ဘောပျက်လို့ လက်ပစ် ကူး ရစဉ် နေမွန်းလွဲချိန် အနီးအနား မျောပါလာတဲ့ စားစရာ သစ်သီး သစ် ရွက်တွေကို မစားဘဲ ဥပုသ်စောင့်တယ်။ အဲဒီတုန်းက မင်းဇနကရဲ့အနီး အနားမှာ သီလတောင်းခံမယ့် သံဃာမရှိပါဘူး။ ဒါပေမယ့် ဗုဒ္ဓဝါဒီ တစ် ယောက်အနေနဲ့ ဘုန်းကြီးဆီမှာ သီလတောင်းခံတာဟာ ပိုမို လေးနက် ပါတယ်။ ဘုန်းကြီး မလွယ်ကူရင် ဗုဒ္ဓဆင်းတု ရှေ့မှာလည်း ကိုယ့်ဟာ ကိုယ် ‘အဟံဘနေ’က စဆိုပြီး ငါးပါး၊ ရှစ်ပါး၊ ကိုးပါး သီလတွေ ဆောက်တည်နိုင်ပါတယ်။ ဗုဒ္ဓဆင်းတု မရှိရင် တောင် ဆိတ်ငြိမ်တဲ့ နေ ရာမှာထိုင်၊ ဗုဒ္ဓကို အလေးအနက် အာရုံပြုပြီး အဲဒီအတိုင်း ဆိုပြီး ခံယူ ဆောက်တည်သင့်တယ်။ အလေးအနက်လုပ်တဲ့ သဘောပါ။

မနက်က ကိုယ့်ဟာကိုယ် ဗုဒ္ဓဆင်းတုရှေ့မှာ ဥပုသ်သီလယူထား ပြီး ညနေ မိတ်ဆွေတွေလာစဉ် မေ့လို့ ရောယောင် ထမင်းစားမိရင် အဲဒီလို မေ့လို့ သီလကျိုးရင် (ငရဲကျတယ် ဆိုတာထက်) အပြစ်ရှိတယ် လို့ ဆိုရင် ပိုကောင်းတယ်။ ‘အပြစ်ရှိတယ်’ဆိုတာ သူ့သက်သတ်တာမျိုး တော့ မဟုတ်ဘူး။ ဗုဒ္ဓကိုပေးထားတဲ့ ကတိကိုဖျက်လိုက်ရလို့ မိမိမှာ စိတ်ဓာတ်ရေးရာ စွမ်းအင်လျော့ကျသွားတာကို ဆိုလိုတယ်။

မျက်မမြင် ရဟန္တာ အရှင်စက္ခုပါလမထေရ် လမ်းလျှောက်စဉ် ပိုး ကောင်တွေကို အမှတ်တမဲ့ နင်းမိလို့ သေတာ အပြစ်မဖြစ်ဘူးလို့ ဓမ္မပဒမှာ ဆိုတယ်။ ဒါကြောင့် သေစေလိုတဲ့ စေတနာမရှိရင် သီလ မပျက်နိုင်ဘူး။ ‘လာဘ်တိတ်’ဆိုတာကို ‘ကျက်သရေမဲ့’ အဓိပ္ပာယ်ယူရင် ‘အလက္ခိံ ကုရုတတ္တနာ= ကျက်သရေမဲ့ခြင်း ဆိုတာကို ကိုယ့်ဟာ ကိုယ်ပဲ လုပ်တယ် (ဇာ၊၁၊၁၄၃)’လို့ ဗုဒ္ဓကျမ်းဂန်မှာ ပြညွှန်တယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့ ခေါင်းလျှော်ရင် လာဘ်တိတ်တယ်လို့ ဗုဒ္ဓဝါဒက မယူဆဘူး။

The prestige you acquire by being able to tell your friends that you know famous men proves that you are yourself of small account.

(W. Somerset Maugham, The Summing Up, p. 7.)

နာမည်ကြီးသူတွေကို သိပါတယ်လို့ သင့်ရဲ့ မိတ်ဆွေတွေကို ပြောနိုင် လို့ ရရှိတဲ့ (သင့်ရဲ့) ဂုဏ်သိက္ခာဟာ သင့်ကိုယ်တိုင် ကျတော့ အသုံး မကျသူ ဖြစ်တယ်ဆိုတာကို ပြတာပဲ။

၂၆၇။ ဆင်ဆင်ခြင်ခြင်

အရှင်ဘုရား၊

သီလလုံသူကို ဘယ်သူကမှ မကောင်းကြံစည်လို့ မရဘူးလို့ ကြားဖူးပါတယ် ဘုရား။ တပည့်တော်မ တွေးမိတာက လွန်ခဲ့သော အချိန်တွေ က အိန္ဒိယနိုင်ငံမှာ မူဆလင်ဘုရင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ဘာသာစွဲနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ကြားဖူးပါတယ်ဘုရား။ ဒါကြောင့် သီလလုံခြုံသူကို သူများ မကောင်းကြံလို့ မရဘူးဆိုတာ ဒွိဟ ဖြစ်စရာ ဖြစ်နေပါတယ်ဘုရား။ သီလလုံသူကို သူများ မကောင်း မကြံနိုင်ဘူး ဆိုတဲ့ စကားမှန်မမှန် သိချင်ပါတယ်ဘုရား။

နောက်တစ်ခု တပည့်တော်မ သိချင်တာက အိမ်ထဲမှာ ခြေသည်း၊ လက်သည်းညှပ်ရင် အိမ်လာဘ်တိတ်တယ်ဆိုတဲ့ အယူအဆနဲ့ ဆံပင်ညှပ်ရင် ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆတွေ မှန်ပါသလားဘုရား။ တပည့်တော်မ မေးလျှောက်တာတွေကို စိတ်ရှည်စွာ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဘုရား။

မေမီ

---

ပြောသတိ

မေးခွန်း ပထမပိုင်းကို ‘အိန္ဒိယမှာ ဘုန်းကြီးတွေ မူဆလင်တွေရဲ့ အသတ်ကို ခံကြရတာဟာ ဘုန်းကြီးတွေ သီလမလုံသောကြောင့်’လို့ အဓိပ္ပာယ် ယူခွင့်ရှိတယ်။ ဒီလိုယူခွင့်ရှိတာကို ‘သီလလုံခြုံသူကို သူများ မကောင်းကြံလို့ မရဘူးဆိုတာ ဒွိဟဖြစ်စရာ’ ဆိုတဲ့ စကားက ထောက် ခံနေတယ်။ (စကားမစပ်၊ ဒွိဟဆိုတာ ပါဠိစကား၊ မယုံကြည်ခြင်းလို့ အဓိပ္ပာယ်ရတယ်နော်။) မြတ်စွာဘုရားဟာ လောကမှာ သီလအစင် ကြယ်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒေဝဒတ် လုပ်ကြံခံရလို့ ခြေမတော် မှာ သွေးစိမ်းတည်ခဲ့ရတယ်။ အရှင်မောဂ္ဂလာန် ဆိုတာလည်း အဂ္ဂသာဝက (ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်က ဗုဒ္ဓပြီးရင် အကြီးမြတ်ဆုံးပုဂ္ဂိုလ် နှစ်ပါးအနက်တစ်ပါး) ဖြစ်ပါတယ်။ ဒါပေမယ့် ခိုးသားတွေသတ်ခံရလို့ ပရိနိဗ္ဗာန်စံတယ်။ ဒါတွေကိုတော့ ကြားဖူးမှာပေါ့။ အင်း .. ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားနဲ့ အဂ္ဂသာဝကတွေလည်း သီလ မရှိလို့ အဲဒီလို လုပ်ခံ ရတာလို့ ဆိုလိုရာ မရောက်ပေဘူးလား။ အဲဒီလို အဓိပ္ပာယ် သက် ရောက်သွားရင် သင့်မြတ်နိုးပါ့မလား။

ပြေးမလွတ်

ကမ္မ ဝိပါကော နာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ = ကံအကျိုးပေးကို မည်သူမျှ ပြေးမလွတ်နိုင် (ဝိ၊ဋ္ဌ၊၂၊၄)’တဲ့။ ဝဋ်ကြွေးဆိုတာ သီလ ရှိသူ မရှိသူ မခွဲခြားပါဘူး။ ဆုံခွင့်ကြုံရင် မဖြုန်းတမ်းပါပဲ။ အရှင်မောဂ္ဂလာန်လို တန်ခိုးရှင်တွေက ကြိုသိလို့ တစ်ကြိမ် နှစ်ကြိမ် ရှောင် လွှဲလို့ ရနိုင်ပေမယ့် နောက်ဆုံးတော့ ဖမ်းမိတာပဲ။ လူကြမ်းဘဝတုန်း က လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ရဟန္တာ အရှင်အင်္ဂုလိမာလ ခံရတာလည်း ဒီအဓိပ္ပာယ်ပါပဲ။ သီလဆောက်တည်တဲ့ ရည်ရွယ်ချက်ကိုက မိမိ ရဲ့စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြယ်ခြင်း)အတွက်ပါ။

ဆံတစ်မျှင်

ခန္ဓာကိုယ်က အလှပစ္စည်း (ဥပမာ ပိတုန်းရောင်ကေသာလို့ တင်စားရ တဲ့ ဆံပင်နဲ့ ခြေသည်း လက်သည်း စသည်)တွေဟာ ခန္ဓာကိုယ်က ကွာကျတာနဲ့ စွဲမက်စရာအစား ရွံစရာတွေ ဖြစ်ကုန်တယ်။ ကိုယ်စား မယ့်ဟင်းပန်းကန်ထဲ ဆံချည်တစ်မျှင်တွေ့မိတာနဲ့ တီကောင်ကိုဆား တို့သလို ဖြစ်မသွားဘူးလား။ ဒါကြောင့် အစားအသောက် ရောင်းသူ အဖို့ အရောင်းခန်းထဲမှာ ခေါင်းဖီးဆံညှပ်လုပ်ရင် လာဘ်တိတ်မှာ သေ ချာတယ်။ အဲဒီလိုပဲ ခြေသည်း လက်သည်းကိုလည်း လူမမြင်ကွယ်ရာ မှာ ညှပ်ရင် ပိုမကောင်းဘူးလား။ သတိမေ့ပြီး ကိုယ်ညှပ်ထားတဲ့ ခြေ သည်း လက်သည်း အပိုင်းအစတွေကို ဧည့်သည် မြင်သွားရင် မိမိကို အထင်သေးသွားပြီး အခွင့်အရေးတွေ ပိတ်သွားနိုင်တာပေါ့။ အထူးသ ဖြင့် မိန်းကလေးတွေဆိုရင် ပိုပြီး ဆင်ခြင်ရလိမ့်မယ်။

သမ္မုတိသစ္စာ

ရဟန်းတွေ ဆံပင်ကို ရိတ်ဖြတ်ဖို့ ရှင်တော်ဗုဒ္ဓက သိက္ခာပုဒ် ချမှတ်ခဲ့ ပါတယ်။ ဆံပင်ကို အလုံးစုံ ရိတ်ပယ်ထားတဲ့ ရဟန်းတွေတောင် ဘုန်းနိမ့်ပါသလား။ ရှည်လွန်းလို့ ညှပ်ရုံလောက်ကတော့ စဉ်းစားစရာ မလိုပါဘူး။ တစ်ခုတော့ရှိတယ်၊ မင်္ဂလာဆောင်ပွဲကို ကတုံးရိတ်လာတဲ့ သတို့သမီးကော ဘုန်းကံ မြင့်နိုင်ပါ့မလား။ ဒါကြောင့် အခြေအနေ အချိန်အခါအရ လောကသား တစ်ယောက်အနေနဲ့ လောကသမ္မုတိသစ္စာ ကိုလည်း မလွန်သင့်ကြောင်းပါ။

၂၆၈။ တရားမှတ်သေရင်

သနားသောအားဖြင့် ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား၊ တချို့သော ပုဂ္ဂိုလ်ကြီးတွေ သေခါနီး ဝေဒနာခံစားနေရတဲ့ အချိန်မှာ တရားမှတ်ပြီး ချမ်းသာတဲ့ ဘဝကို ရရှိသွားကြတာကို ဖတ်မှတ်ဖူးပါတယ် အရှင်ဘုရား။ သို့ဖြစ်ပါက ကိုယ့်ကိုယ်ကို သတ်သေသူတစ် ယောက်အနေနဲ့ (ချက်ခြင်း သေစေတဲ့ နည်းမဟုတ်တဲ့ အတွက်)တရား မှတ်တာမျိုး၊ ဂုဏ်တော်ပွားတာမျိုး၊ ဘုရားအာရုံပြုတာမျိုး လုပ်နိုင်ပါက ဘဝကောင်းကို ရနိုင်မရနိုင်သိလိုပါတယ် အရှင်ဘုရား။

မင်းသွေးအောင်

---

ဖြေကြားချက်

ကိုယ့်ကိုယ်ကို သတ်သေတဲ့ လူလည်း သေခါနီးမှာ ဝေဒနာ ရှုတာကို ဖြစ်စေ၊ ဂုဏ်တော်ပွားခြင်း စသည်ကို ဖြစ်စေ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ရင် ဘာဝနာအာရုံနဲ့ သေတာဖြစ်လို့ ဘဝကူးကောင်းဖွယ် ရှိပါတယ်။ ဒါပေ မယ့် ကိုယ့်ကိုယ်ကို သတ်ခြင်းကြောင့် ဖြစ်တဲ့ အကုသိုလ်ကံကတော့ အရိပ်လို လိုက်နေမှာပေါ့။ ဘဝသံသရာမှာ အကျိုးပေးခွင့်တော့ ကြုံလာ ပါလိမ့်အုံးမယ်။

နယူးယောက်မြို့မှာ နိုင်းအလင်းဗင်း (၉။ ၁၁) အစ္စလာမ် အကြမ်း ဖက်မှု ဖြစ်ခါစတုန်းက ဒကာတစ်ယောက် ပြောဖူးပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း သေဆုံးသွား သူတွေမှာ မြန်ဆန်လွန်းလို့ သေခါနီး ကမ္မနိ မိတ်၊ ဂတိနိမိတ်တွေ မထင်နိုင်လောက်ဘူးတဲ့။ သူပြောသလို မဟုတ်ပါဘူး။ စိတ်ဖြစ်စဉ်က အဲဒီဖြစ်ရပ်ထက် အဆပေါင်းများစွာ မြန်ဆန်လွန်း လို့ နိမိတ်လေးမျိုး ထင်ပါတယ်။ ဒါကြောင့် ဆွဲကြိုးချသေတာလို ချက် ခြင်းသေတဲ့ လူလည်း မသေခင် အာရုံကောင်းတစ်ခုကို စွဲယူလိုက်နိုင်ရင် ကောင်းတာကို မျှော်လင့်ခွင့်ရှိပါတယ်။

၂၆၉။ ရှာဖွေဆဲ

အရှင်မြတ်ဘုရား၊

‘ရေကြောင့် ညွန်ဖြစ်ရသည်။ ရေကြောင့်ဖြစ်သော ထိုညွန်ကို ရေဖြင့် သာလျှင် ဆေးကြော သန့်စင်ရသည်။ ထို့အတူ စိတ်ကြောင့် သာလျှင် စိတ်ညစ်ထေးမှု ဖြစ်ရသည်။ စိတ်ကြောင့် ဖြစ်ရသည့် စိတ်အညစ် အကြေးကိုစိတ်ဖြင့်သာလျှင် စင်ကြယ်စေရသည်’ဟူသော တရားတော် သည် မြတ်စွာဘုရား ဟောကြားသည့် ပါဠိတော်အစစ်ဟုတ်ပါသလား။ ဟုတ်သည်ဆိုလျှင် ကျမ်းညွှန်းကိုသိလိုပါသည် အရှင်ဘုရား။

ကျော်စွာညွန့်

---

ဖြေကြားချက်

ဖော်ပြပါ မြန်မာပြန်ရဲ့ မူရင်းက..

ဇလေန ဘဝတိ ပက၊
ဇလေနေဝ ဝိသုဇ္ဈတိ။
စိတ္တေန ဘဝတိ ပါပံ၊
စိတ္တေနေဝ ဝိသုဇ္ဈတိ’ ဆိုတဲ့ ပါဠိဂါထာ ဖြစ်နိုင်ပါတယ်။ ‘ရစနာဂါထာ (ဆရာတော် တစ်ပါးပါး ရေးတဲ့ ပါဠိကဗျာ)’ ဖြစ်မလားလို့ ဘုန်းကြီး ယူဆပါတယ်။ ဓမ္မကထိက ဆရာတော်တွေ ဒီပါဠိ ဂါထာကို ကိုးကားပြီး ဟောပြောသည်ကို မကြာခဏ ကြားနာဖူးပါတယ်။ အချို့ရေးသားကြတာ (ဘလော့ဂ်၊ ဝက်ဘ်ဆိုဒ်တွေမှာ) ကိုလည်း ဖတ်ဖူးပါတယ်။ အချို့ ဆရာတော်တွေဆိုရင် မြတ်စွာဘုရားဟော အနေနဲ့ ပင် ဟောပြော ရေးသားကြပါတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ မူ ရင်းပါဠိတော် အဋ္ဌကထာ ဋီကာတွေမှာ အနည်းဆုံး အဓိပ္ပာယ်တူတဲ့ စုဏိယပါဠိ (ပါဠိစကားပြေ) စာသားမျှပင် တွေ့နိုင်မလားလို့ ရှာဖွေဆဲ ရှိပါတယ်။

၂၇၀။ ကုသိုလ်တံခါး

ဇန်နဝါရီ ၂၉၊၂၀၁၃။

ဆရာတော်ဘုရား၊

တပည့်တော် သိချင်တာလေးကို မေးမြန်းချင်ပါတယ် ဘုရား။ တပည့် တော်အမေက ရပ်ဝေးတစ်နေရာမှာ ဆေးသွားကုရင်း သေဆုံးသွားပါတယ်။ အလောင်းကိုတော့ ရွာကို ပြန်ယူလာပေမယ့် သူ့ရဲ့အရိပ်နိမိတ် ကတော့ ရွာမှာ ဘာမှမတွေ့ရဘူး။ တပည့်တော်သိချင်တာက အကယ် ၍ အမေရဲ့ ဝိညာဉ်က သေခဲ့တဲ့ နေရာမှာပဲ ကျန်ရစ်ခဲ့မယ် ဆိုရင် ရွာမှာ အသုဘ၊ ရေစက်ချ၊ အမျှဝေနေတာကို အမေ ကြားနိုင်မလား။ နောက်တစ်ခုကတော့ အမေ မဆုံးခင်က လှူဒါန်းချင်တဲ့ ဆန္ဒတွေရှိခဲ့ပါတယ်။ အဲဒီအတွက် အမေ့အား ရည်စူးပြီးတော့ လှူဒါန်း လိုက်မယ်ဆိုရင် အမေ ကုသိုလ် ရနိုင်မလား။ ဘဝခြား ပြောင်းလဲသွားတဲ့ အမေ့ကို ကုသိုလ်ရအောင် ငြိမ်းချမ်းသောဘဝနဲ့ နေရအောင် သားသမီးတွေ အနေနဲ့ ဘာလုပ် ပေးသင့်သလဲဆိုတာကို ပြောကြားပေးဘုရား။

ရိုသေရှိခိုးလျက် စောအဲဒါး

---

စွဲရာအာရုံ

ဒီဘဝရဲ့ ရုပ်သက်၊ နာမ်သက်နဲ့ သိစိတ်ဆိုတဲ့ သုံးမျိုး ချုပ်တာနဲ့ ဒီ ခန္ဓာကိုယ်ဟာ ထင်းတုံးလို ဖြစ်ကျန်ရစ်ပြီး အဲဒီသုံးမျိုး ရှင်သန်နေချိန် တစ်သက်တာပတ်လုံး ကိုယ်နှုတ်စိတ်တွေရဲ့ လှုပ်ရှားလည်ပတ်မှုနဲ့ ရရှိ စုဆောင်းထားပြီး ဖြစ်တဲ့ ကမ္မစွမ်းအင်က အခြား ဘဝသစ် တစ်ခုကို ချက်ချင်း ပြန်စစေပါတယ်။ ဖယောင်းတိုင်ဟောင်းရဲ့ မီးလျံမှတစ်ဆင့် ဖယောင်းတိုင်သစ်မှာ အခြားမီးလျံတစ်ခု ညှိယူလိုက်သလိုပါပဲ။ လူတစ် ယောက် သေတဲ့ ဖြစ်စဉ်မှာ ဝိညာဉ်ကျန်ခဲ့တယ်လို့ ဗုဒ္ဓဝါဒက မယူဆဘူး။ ဒါကြောင့် ‘အမေရဲ့ဝိညာဉ်ကသေခဲ့တဲ့ နေရာမှာပဲကျန်ရစ်မယ်’ လို့ မဆိုသင့်နိုင်ဘူး။ သူသေခါနီး နောက်ဆုံး စိတ်အာရုံမှာ ဆေးကုသ နေတဲ့ ပတ်ဝန်းကျင်ကလူ၊ နေရာ၊ အသုံးအဆောင်တွေ လွှမ်းမိုးနေရင် အဲဒီပတ်ဝန်းကျင်က ဘဝတစ်ခုမှာ ဖြစ်သွားနိုင်တယ်။ ရပ်ရွာအာရုံစိုး မိုးနေခဲ့ရင်တော့ သူသေတာနဲ့ တစ်ပြိုင်နက်ပဲ (အလောင်း ရွာကို မရောက်ခင်)ရွာမှာ အရိပ်အယောင်တွေ တွေ့ရဖွယ်ရှိတယ်။

အရှုံးမရှိ

သေခါနီးမှာ အဲဒီ နှစ်မျိုးလုံးကို မစွဲလမ်းဘဲ ဘဝတစ်သက်တာမှာ မိမိ ပြုထားဖူးတဲ့ ဒါန သီလ ဘာဝနာကုသိုလ်အာရုံ တစ်ခုခုမြဲနေရင် တော့ အဲဒီနှစ်မျိုးလုံးထက် မြင့်တဲ့ ဘဝကို ရောက်သွားနိုင်တယ်။ ဒါ့အပြင် လူဟာ အတ္တဆန်လွန်းတဲ့ စေတနာ ဦးဆောင်ပြီး အခြားလူတစ်ယောက်ကို နစ်နာပျက်စီးအောင် လုပ်ထားဖူးရင် အဲဒီလုပ်ဆောင်ချက်ကို အပြင်ပန်းက ငါမှန်တယ်လို့ ဘယ်လောက်ပြောပြော ‘လုပ်ထည့်လိုက် တာပဲ’လို့ မသိစိတ်ထဲမှာ အလိုအလို သိမ်းထားပြီးသား ဖြစ်နေတတ်တယ်။ သေခါနီးမှာ အဲဒါလေးကိုဖျတ်ကနဲ သတိရပြီး အဲဒီအာရုံလွှမ်း မိုးခံရ လို့ ဖြစ်စေ၊ ပြင်းထန်လွန်းတဲ့ သားသမီး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု စတဲ့ စွဲလမ်းစရာ အာရုံတွေမှာ ငြိနေလို့ ဖြစ်စေ နိမ့်ရာသို့လည်း လျှော ကျသွားနိုင်တာပဲ။ စွဲလမ်းရာ အာရုံတစ်ခုခုက ကူးယူပေးလိုက်တဲ့ ဘဝ သစ်မှာ သွားပျော်ရတော့မှာ။ ပုထုဇဉ်ဆိုတာ ဂတိမမြဲဘူး။ ဒါကြောင့် ရွာမှာလား၊ ဆေးရုံနားမှာလား၊ အမေ ကြားနိုင်မလား မကြားနိုင်ဘူး လားလို့ စဉ်းစားနေစရာ မလိုဘူးပေါ့။ ဒီတော့ ‘ဘဝပြောင်းတဲ့ မိဘ တွေကို ရည်စူးပြီး သားသမီးတွေက ကုသိုလ်အမျှ ပေးဝေရမယ် (အံ၊၂၊၃၇)’လို့ ဗုဒ္ဓ ဟောကြားတဲ့ အတိုင်း ကွယ်လွန်တဲ့ နေရာမှာရော ဇာတိရပ်ရွာမှာပါ အလှူဒါန၊ ရေစက်ချ၊ အမျှဝေတာတွေ လုပ်သင့်တယ်။ သူဘယ်မှာရှိရှိ ကြားနိုင်လို့ သာဓုခေါ်ခွင့်ရရင် ကိုယ့်တာဝန် ကျေတာ ပေါ့။ သူသာဓုမခေါ်နိုင်ရင်လည်း မိမိတို့မရှုံးပါဘူး။

သာဓုခေါ်ခွင့်

သတ္တဝါတွေ သေပြီးတာနဲ့ ဒေဝ (နတ်၊ ဗြဟ္မာ)၊ မနုဿ (လူသား)၊ နိရယ (ငရဲ)၊ ပေတ (ပြိတ္တာ)၊ တိရစ္ဆာန်ဆိုတဲ့ လားရမယ့် ဂတိငါးမျိုးအနက် တစ်ခုမှာ ချက်ချင်း သွားဖြစ်ပြီးသား။ ပေတဂတိအရ ပြိတ္တာလေးမျိုး ရှိတဲ့ အနက် ပရဒတ္တူပ ဇီဝိကပြိတ္တာ = သူတစ်ပါးပေးတဲ့ အစားအစာနဲ့ နေရာကို မှီပြီး အသက်ရှင်ရတဲ့ ပြိတ္တာတစ်မျိုးရှိတယ်။ ဒီပြိတ္တာတစ်မျိုးက လူတွေရဲ့အနီး ပတ်ဝန်းကျင်မှာ နေနိုင်ပြီး ကမ္မဇိဒ္ဓိ (ကံကြောင့်ဖြစ်တဲ့ တန်ခိုးစွမ်အင်)ရှိလို့ လူတွေက သူတို့ကို မမြင်နိုင်ဘဲ သူတို့ကပဲ လူတွေကို မြင်နိုင်တယ်။ ကွယ်လွန်သူကို ရည်စူးပြီး ကျန်ရစ်သူ မိသားစုက ကောင်းမှုပြု အမျှဝေတဲ့ အခါ အဲဒီပြိတ္တာမျိုးပဲ သာဓုခေါ်နိုင်ပြီး ဒီကုသိုလ် အမျှကို တိုက်ရိုက်ခံစားခွင့် ရနိုင်ကြောင်း ကျမ်းဂန်မှာ ဆိုပါတယ်။ အမေ့ဆန္ဒ

ဒီလိုဆိုတော့ ငါ့အမေဟာ ‘ပရဒတ္တူပ’ဖြစ်နေမှ ငါ့ရဲ့ ကုသိုလ်အမျှကို ရမှာပဲဆိုပြီး နောက်ဆန် မတင်းပါနဲ့။ ပုထုဇဉ်တို့ရဲ့ အတ္တ ထန်ပြင်းတဲ့ သဘာဝကြောင့် လူတိုင်း လမ်းမှားနိုင်တာပဲ။ ဘာပဲဖြစ်နေန အမေဖြစ် ချင်တဲ့ ဆန္ဒကိုဖြစ်အောင်လုပ်ပေးတယ်ဆိုတာ သားသမီကောင်းတို့ရဲ့ အလုပ်ပဲ။ ဒါကြောင့် ‘အမေ မဆုံးခင်က လှူဒါန်းချင်တဲ့ ဆန္ဒတွေ’ကို မဖြစ်မနေ အကောင်အထည် ဖော်ပေးရမှာပေါ့။ ပြောပြထားတဲ့ အတိုင်း တာဝန်အရ လုပ်ရမယ့်ကိစ္စ ဖြစ်လို့လည်း လုပ်ဖြစ်အောင်လုပ်ပါ။ ပရိယတ္တိစာသင်တိုက်ကြီးတွေကို ထောက်ပံ့ပါ။ စာချစာသင်သံဃာတွေ ကိုပစ္စည်းလေးပါး လှူပါ။ အင်း.. ပဋိပတ္တိဌာနတွေကိုလည်း မမေ့ပါနဲ့။ ဆေးရုံ၊ စာသင်ကျောင်း ဆိုတာကိုလည်း (လူထုဆီက တောင်းယူတဲ့ အခွန်ဘဏ္ဍာနဲ့ အစိုးရကပဲ လုပ်ပေးရမှာလို့ ပစ်မထားဘဲ) တတ်စွမ်း သမျှ ကုသိုလ်ဒါန ပါဝင်ပါ။ သေသူမိခင်ကို အကြောင်းပြုပြီး မိမိမှာ ကုသိုလ်တံခါးကြီးပွင့်သွားတာပေါ့

၂၇၁။ ချင့်ချင့်ချိန်ချိန်

တပည့်တော် တရုတ်နိုင်ငံမှ ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါ သည် အရှင်ဘုရား၊

တပည့်တော်သည် ငယ်စဉ်ကပင် ၅၅၀ ဇာတ်နိပါတ်၊ ဇာတ်ကြီးဆယ်ဘွဲ့ စသည့် ဗုဒ္ဓစာပေများကို လက်လှမ်းမီသလောက် ဖတ်ရှုခဲ့ပါသည်။ မှတ်သားထားမိသည်တို့အနက် ၂၈ ဆူ ဗုဒ္ဓဝင်တွင် မြတ်ဗုဒ္ဓ ဂေါတမ ရှင်တော်ဘုရားသည် လူ့သက်တမ်း သုံးသောင်းထက်တွင် ပွင့်တော်မူ သော ကောဏာဂုံ မြတ်စွာဘုရားလက်ထက်၌ ပဗ္ဗတမင်းကြီးဘဝဖြင့် စိနတိုင်းမှ ဖြစ်သော ပိုးဖဲများကို ထိုဘုရားရှင်အား ကပ်လှူသည်ဟု ဖြစ်ပါသည်။ အဆိုပါ စိနတိုင်းမှာ ယခုတရုတ်နိုင်ငံဟု သိရပါသည်။

သို့ဆိုပါက တရုတ်ပြည်ကြီးသည် ယင်းကာလကတည်းက တည်ရှိ ပါသလား။ ယင်းခေတ် လူသားတို့၏ ယဉ်ကျေးမှုအခြေအနေ မည်သို့ ရှိပါသနည်း။ တပည့်တော် တရုတ်ပြည် သမိုင်းဆိုင်ရာတွင် မတွေ့ရပါ ဘုရား။ လူငယ်ဘာဝ အရာရာကို စူးစမ်းလိုသော စိတ်ဖြင့် မကြံစည် အပ်သော လောကအရာကို မေးမြန်းလျှောက်ရခြင်းဖြစ်ပါသည်။

အောင်မျိုးမြတ်

---

ယနေ့အမြင် ၁

ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်စ် (ဘီစီ ၆၃၀၀ အထက်)နဲ့ အိန္ဒိယနိုင်ငံက ဗာရာဏသီမြို့ (ဘီစီ ၁၂၀၀ အထက်)တွေဟာ ကမ္ဘာ ပေါ်မှာ ရှေးအကျဆုံး မြို့တွေမှာ ပါဝင်ပြီး ထိုအချိန်ကပင် ဒီနာမည်နဲ့ ဒီမြို့ တည်ရှိခဲ့ကြောင်း မှတ်တမ်းတွေမှာ ဆိုတယ်။ ဝိကိပီဒီယာ အွန် လိုင်းစွယ်စုံကျမ်းအရ တရုတ်ပြည်အလယ်ပိုင်းဟေနန်(Henan) ပြည် နယ်လောင်ယန်း(Luoyang) မြို့ရဲ့ သက်တမ်းကို ဘီစီနှစ်ထောင် အထက်၊ ပီကင်းမြို့ကို ဘီစီတစ်ထောင်အထက်လို့ ဆိုပါတယ်။ ဒါကြောင့် ယနေ့သိပ္ပံခေတ် သုတေသနပြုယုံကြည်မှုအရ ဘီစီငါးထောင် (လွန်ခဲ့ တဲ့ နှစ်ပေါင်း ခုနစ်ထောင်) မတိုင်ခင်က လူသားတွေ ကမ္ဘာ့နေရာ အနှံ့ မှာ မြို့ပြနိုင်ငံ တည်ထောင်ပြီး အခြေချ နေထိုင်ခဲ့တယ်လို့ ယေဘုယျ ဆိုနိုင်ရာပါတယ်။

ယနေ့အမြင် ၂

တစ်ချိန်က (မြို့ပြယဉ်ကျေးမှုထွန်းကားသည့် လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ် ထောင်ထက် များစွာရှေးကျသော အချိန်က) ဒီကမ္ဘာပေါ်မှာ ဒိုင်နိုဆော လို့ ခေါ်တဲ့ ဧရာမ ကမ္ဘာ့ကင်းချောလိပ် ပုတ်သင်ကြီးတွေ ရှိခဲ့ပြီး ကမ္ဘာ့ မြေမျက်နှာပြင်ကို အာကာသထဲက လွင့်မျောလာတဲ့ မဟာဥက္ကာခဲ သို့ မဟုတ် အသေးစား ဂြိုဟ်တစ်ခုနဲ့ တိုက်မိလို့ အဲဒီ အကောင်ကြီးတွေ မျိုးပြုန်းသွားတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြတယ်။

ဒါဖြင့်ရင် ဒီကမ္ဘာမြေရဲ့ဖြစ်တည်ပြီး သကတ်တမ်းတစ်လျှောက်မှာ အဲဒီလို မဟာတိုက်မိခြင်း ဖြစ်စဉ် ဘယ်နှစ်ကြိမ်ရှိပြီလို့ ဘယ်သူ အတိ အကျ ဆိုနိုင်သလဲ။ သက်တမ်း ရှည်လျားလှပြီဖြစ်တဲ့ ဒီကမ္ဘာ့မြေပြင်မှာ အဆိုပါ မျိုးပြုန်း အကောင်းကြီးတွေနဲ့ လူသားအဖြစ် ဆင့်ကဲဖြစ်စဉ် ကြားမှာ ဖြစ်စေ၊ ဒါမှမဟုတ် တိုးတက်ပြီး လူသားတွေ အနေနဲ့ ဖြစ်စေ၊ သို့တည်းမဟုတ် သက်ရှိမစခင် ဖြစ်စေ အဆိုပါလို မျိုးပြုန်းဖြစ်စဉ်ကြီး အကြိမ်ကြိမ် မရှိဖူးဘူးလို့ ဆိုနိုင်အံ့လော။

ကျမ်းဂန်အမြင် ၁

အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ ထရီနီတီကောလိပ် (Trinity College) ဒုကျောင်းအုပ် ဘုန်းတော်ကြီး James Ussher (၁၆၅၆ အေဒီ)က အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ်ဒေသမှာ သူရှာဖွေ တွေ့ရှိတဲ့ မူရင်းဘိုင်ဘယ်လ် ကျမ်းမြတ်တွေနဲ့ ညှိနှိုင်းတိုက်ဆိုင်ပြီး ‘သက်ရှိအားလုံးနဲ့ တောတောင်ရေမြေ အပါအဝင် ဒီကမ္ဘာမြေကို ထာ ဝရဘုရားသခင်ဟာ ဘီစီ ၄၀၀၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ ဖန်ဆင်းခဲ့ကြောင်း’ ဖော်ပြတဲ့ ဘိုင်ဘယ်လ်ကျမ်းကို ၁၇၀၁အေဒီမှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ (သူကွယ်လွန်ပြီးမှ ပုံနှိပ်ဖြန့် ချိခဲ့ပုံရပါတယ်။) ဒီအတိုင်းပဲ ယနေ့ခေတ် အဲဒီဂိုဏ်းဝင် ခရစ်ယန်ဝါဒီ အများစုလည်း ယုံကြည်ကြဖွယ်ရှိပါတယ်။

ကျမ်းဂန်အမြင် ၂

သာဝတ္ထိမြို့က၊ ဇေတဝန်ကျောင်းတော်ရာဟာ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဟူသော ဘုရားခုနစ်ဆူတို့ရဲ့ ကျောင်းတော်ရာ ဖြစ်ခဲ့ကြောင်း အေဒီ ၅၀၀၇ာစုကျမ်းဂန်တွေ (အံ၊ဋ္ဌ၊၃၊၁၀၉ စသည်)မှာ ဆိုတယ်။ ၂၈ ဆူ ဘုရားရှင်အကြောင်းကို မှတ် တမ်းတင်တဲ့ အဋ္ဌကထာကျမ်းတွေကိုလည်း အေဒီ ၅၀၀ ရာစုမှာပဲ ပါဠိဘာသာနဲ့ ရေးပါတယ်။ ယခု ချိုင်းနီးစ် သို့မဟုတ် တရုတ် သို့မ ဟုတ် ပေါက်ဖော်လို့ ခေါ်တဲ့ လူမျိုးတွေ နေထိုင်တဲ့ နိုင်ငံကို အဲဒီအချိန် (၅၀၀ အေဒီ)က ပါဠိလို စိနလို့ ခေါ်ဟန်တူပါတယ်။ အဲဒီကျမ်းတွေကိုပဲ အခြေခံဖွယ်ရှိတဲ့ ရွှေတိဂုံစေတီထဲမှာ ဒီကမ္ဘာမှာ ပွင့်တော်မူပြီး ဘုရား လေးဆူဖြစ်တဲ့ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဗုဒ္ဓတို့ရဲ့ ဓာတ်တော်တွေရှိကြောင်း အယူအဆကို မောင်ဆုရှင် ရေးတဲ့ ‘မြတ် ဘုရား ရွှေတိဂုံ’ကျမ်းမှာ ဖတ်ဖူးတာကိုလည်း အမှတ်ရပါတယ်။

ဗုဒ္ဓဝါဒီ အနေနဲ့ ကတော့ ဒီအဆိုတွေဟာ သီလသမာဓိပညာ စွမ်း အင် ကြီးမားကြတဲ့ ဗုဒ္ဓမတ္တညု (ဗုဒ္ဓရဲ့ အာဘော်ကို သိတော်မူကြတဲ့) ဆရာမြတ်တွေ မိန့်ဆိုထားတာဖြစ်လို့ ချွင်းချက်မဲ့ ယုံကြည်ကြပါတယ်။

Possibility

မက်ဆိုပိုတေးမီးယား၊ အိန္ဒုဖြစ်ဝှမ်း၊ တရုတ် သို့မဟုတ် ယန်စီဖြစ်ဝှမ်း ဒေသတွေရဲ့ ယဉ်ကျေးမှုတွေ သမိုင်းစဉ်တွေဟာ ခေတ်ကာလ အလွန်ကြီး မကွာကြဘူး။ အနည်းဆုံး အင်မတန် ရှေးကျတဲ့ အထဲမှာ ပါတယ် လို့ တော့ ဆိုနိုင်တယ်။ ဒါပေမယ့် ကျမ်းဂန်နဲ့ ညီနိုင်ဖွယ်ရှိတဲ့ ခေတ် ကာလအနေနဲ့ မဆိုနိုင်ဘူးလို့ တော့ ဆိုခွင့်ရှိပါတယ်။ အင်း .. ယနေ့ အမြင်၂ အရကမ္ဘာမြေရဲ့ကာလတစ်ခုမှာ သက်ရှိမျိုးပြုန်းကွက်လပ် တွေ မရှိဘူးလို့ မဆိုနိုင်ခဲ့ရင် ကျမ်းဂန်အမြင် ၂ က ပိုပြီး possibility အားကောင်းပါသေးတယ်လို့ ဘုန်းကြီးတို့ဖက်က ဆိုခွင့်ရှိတယ်။ အဖြေ

အဖြေအတွက် အပေါ်မှာ စဉ်းစားရာတွေ ပေးထားပါပြီ။ ဒါကြောင့် ဂေါတမဗုဒ္ဓ လောင်းလျာက ကောဏာဂုံမြတ်စွာဘုရားကို စိနတိုင်းဖြစ်ပိုးဖဲ လှူတယ်ဆိုတဲ့ အေဒီ ၅၀၀ ရာစု ဗုဒ္ဓဝါဒ အဋ္ဌကထာ ကျမ်းမြတ်တွေ အဆိုရဲ့ သတင်းအစအနကို ဇီမင်းဆက် (Xia Dynasty) ကနေ မော်စီ တုန်းထိ တရုတ်သမိုင်းမှာ ရှာမတွေ့လို့ ဆိုပြီး .... (ကိုယ့်ဟာကိုယ် ဆက်တွေးဆက်ပြောပါ)။

၂၇၂။ သေစေညွှန်းခွင့်

အရှင်ဘုရား၊

တပည့်တော် သိလိုတာကတော့ အသားသတ်သမားဟာ ငရဲကြီးပါ သလား ဘုရား။ သားသတ်သမားစာ သူ့သမာအာဇီဝ အလုပ်ကို ဝမ်း ရေးအတွက် လုပ်ကိုင်စားသောက်နေခြင်း ဖြစ်ပါတယ်ဘုရား။ သူဟာ သူ့စိတ်အလိုအရ သတ်ဖြတ်ခြင်းလည်း မဟုတ်၊ သူများကို သေစေလို စိတ်နဲ့ သတ်ဖြတ်ခြင်းလည်း မဟုတ်၊ သူ့ပျော်ရွှင်မှုအတွက် သတ်ဖြတ် ခြင်းလည်းမဟုတ်သဖြင့် သူ့ရဲ့ အလုပ်အတွက် ငရဲကြီးပါသလား။

ဒုတိယ မေးခွန်းကတော့ စာသောက်ဆိုင်ဖွင့်တဲ့ လူတစ်ယောက်ဟာ သားငါးတွေကို ကိုယ်တိုင်မှာရတယ် ဘုရား။ စျေးကနေ ပံ့သကူ ဝယ်လို့ မရပါဘူး။ ဒီလိုမှာတဲ့ အတွက် သူက သတ်ခိုင်းသလို ဖြစ်နေလို့ အပြစ်ဖြစ်ပါသလား။ တရုတ်ဆိုင်တွေလို ငါးကန်ထားပြီး ရောင်းတာမျိုး မဟုတ်သော်လည်း အသားငါးကို ရောင်းဖို့ ကြိုမှာတဲ့ အတွက် သတ် ခိုင်းရာကျပါသလားဘုရား။

Ryan Aung

---

အိုလူသားရယ်

Meat = Animal Cruelty တဲ့။ Google မှာ ရှာပြီး အဲဒီ ဗွီဒီယိုလေးကို ကြည့်လိုက်ပါ။ ‘သေနတ်ပြောင်းနဲ့ နွားတစ်ကောင်ရဲ့ ခေါင်းကို ချိန်ပြီး ခလုတ်ကို ဖြုတ်သူ သို့မဟုတ် အလုပ်ခွင်သုံး ကတ်ကျေးနဲ့ နွားမြီးကို အရှင်လတ်လတ် အရင်းက ဖြတ်သူ’ကို ‘သူ့စိတ်အလိုအရ သတ်ခြင်း ဖြတ်ခြင်း လုပ်ရသည် မဟုတ်၊ သေစေလိုစိတ်နဲ့ လုပ်ရသည်လည်း မဟုတ်’လို့ သင်မို့လို့ ပြောထွက်တယ်။ အဲဒီ နွားတွေက ပြန်ပြောမှာပေါ့ ‘အမယ်လေး၊ အိုလူသားရယ် .. သင့်ကလေးရဲ့ ခြေမကို ခြင်ကိုက်ရင် တောင် ဘယ့်နှယ် ရှိစ’လို့။ မမြင်လို့ နင်းမိတတဲ့ အတွက် သေသွားတာ မျိုးမှမဟုတ်ဘဲ။ အသက်ရှင်နေတယ်လို့ သိလျက်နဲ့ သေသွားအောင်လို့ (ဒါဟာ သေစေလိုတဲ့ စေတနာပဲလေ) ခေါင်းကို အသေအချာ ချိန်ပြီးမှ သေနတ်နဲ့ ပစ်ရတာမဟုတ်လား။

သေစေညွှန်းခွင့်

အသားရဖို့ ကြက်၊ ဝက်၊ ဘဲ၊ နွား၊ သိုး၊ ဆိတ် စသည်ကို သတ်တဲ့ လူကို အသားသတ်သမားလို့ ခေါ်ရင် အဲဒီလူ ငရဲကျတယ်၊ သို့မဟုတ် ငရဲကြီးတယ်။ ‘သမ္မာအာဇီဝ’ဆိုတာ ဗုဒ္ဓသင်ကြားတဲ့ မဂ္ဂင်ရှစ်ပါးထဲက ‘သမ္မာအာဇီဝ’ကို ဆိုလိုရင် အဓိပ္ပာယ်မှန်က ‘သမ္မာ = မှန်သော။ အာဇီဝ = သက်မွေးဝမ်းကျောင်း’ ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိရဲ့ ဇနီး သားသမီးစတဲ့ မိသားစုစားဝတ်နေရေးအတွက် အခြားသောသက်ရှိ တစ်ခုကို ဖျက်ဆီးတာ၊ နာကျင်ထိခိုက်အောင် လုပ်တာတွေဟာ ဘယ် နည်းနဲ့ မှ ‘သမ္မာ’မဖြစ်နိုင်ဘူးလို့ ဗုဒ္ဓဒဿနမှာ ယူဆပါတယ်။

ဖော်ပြပြီး သတ္တဝါတွေကို လူသားတွေရဲ့အစာအတွက် ဘုရား သခင်က ဖန်ဆင်းပေးတာ ဆိုရင်တော့ ရင်းမြစ်မတူလို့ ဒီနေရာမှာ ဆွေး နွေးဖွယ် မလိုပါဘူး။ ဘုန်းကြီးတို့ ဗုဒ္ဓဝါဒအရတော့ အသက်ဟာ အသက်ပါပဲ။ သတ္တဝါတစ်ခုရဲ့ အသက်ကိုဗြဟ္မာဘုရား နတ်သိကြား အပါ အဝင် ဘယ်သူ့မှာမှ ဘယ်အကြောင်းကြောင့်မဆို ‘သေစေ’လို့ အမိန့် ပေးခွင့်မရှိပါဘူး။

ဆိုင်ဖွင့်သူ

ဆိုင်ဖွင့်သူက ကြက်မွေးသူကို ‘ကြက် ဆယ်ကောင် ပေါ်ပေးပါ’လို့ ဆိုရင် ကြိုမှာမှာ နောက်မှာမှာ ကိုယ်ရဲ့ နှုတ်ထွက်စကားကြောင့် သတ္တဝါ သေလို့ သတ်ခိုင်းတာပါပဲ။ အမျိုးသမီးတစ်ယောက် စျေးကိုသွားစဉ် ဒီနေ့ အသားဟင်းလေးချက်မယ်လို့ စဉ်းစားလာရင်း အသားရောင်းတဲ့ ဆိုင်လည်း တွေ့ရော၊ ငါးဆယ်သား ဝယ်လိုက်တယ်။ ဒါမျိုးကို ဘုန်း ကြီးတို့ ထေရဝါဒရှု ထောင့်က ပံ့သကူ (သို့မဟုတ် ပဝတ္တမံသ = ပေါ် ပြီးသား အသား)လို့ ယူဆတယ်။ အာဇီဝဝိသုဒ္ဓိ (သက်မွေးဝမ်းကျောင်း စင်ကြယ်မှု)ကိုကျင့်ကြံနေတဲ့ ဗုဒ္ဓဝါဒီ ဆိုင်ဖွင့်သူဖြစ်ချင်ရင်တော့ ခုနလို အသားဟင်းမျိုးကို ဖြစ်အောင်စီမံရမှာပဲ။

ပြာဖုံးမီးလို

နဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလ မနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါပကော။

ညှစ်ခါစ နို့ရည်သည် ရုတ်ရက် မခဲမသိုး အခိုး မလွှတ်သေးသကဲ့သို့ (ကျူးလွန်ခါစ) ပြုပြီးစ ဖြစ်သော မကောင်းမှုသည်လည်း ရုတ်တရက် အခိုးမလွှတ်သေး (အကျိုး မပေးသေး)။ မကောင်းမှု၏ အကျိုး အခိုး လွှတ်သည်ရှိသော် ပြာဖုံးထားသော မီးကဲ့သို့ လူမိုက်ကို အစဉ် လိုက်၍လောင်ကျွမ်း၏

၂၇၃။ လူဝင်စား

ဖေဖော်ဝါရီ ၇၊၂၀၁၃။

မေးလျှောက်တဲ့ မေးခွန်းတွေကို စိတ်ရှည်စွာ မိန့်ကြားပေးတာကို ကျေးဇူးအထူး တင်ပါတယ်ဘုရား။ သိချင်တာလေး တစ်ခုကို မေး လျှောက်ခွင့်ပြုပါ။ တပည့်တော်မရဲ့ အဒေါ်တစ်ယောက်ကို လူဝင်စားလို့ ဘွားဘွားက ယုံကြည်နေပါတယ် ဘုရား။ အဒေါ်ကို ကိုယ်ဝန်ဆောင် တုန်းက ဆုံးသွားတဲ့ သူ့အစ်ကိုက ဘွားဘွားကို အိမ်မက်ပေးတာရယ်၊ ဆုံးသွားတဲ့ သူ့အကိုရဲ့ အကြိုက်နဲ့ အဒေါ်ဟာ အကြိုက်ချင်း တူသလို အကြောင်းအရာ တော်တော်များများကို မှတ်မိတာရယ်ကြောင့်ပါ ဘုရား။ လူဝင်စားဆိုတာ ရှိမရှိဆရာတော်၏ အမြင်ကို ဖြေကြားပေးလိုပါသည် အရှင်ဘုရား။

မေမီ

---

လူပြန်

‘လူပြန်’။ လူပြန်တော် မဟုတ်ဘူး။ ဗုဒ္ဓဝါဒအရ နတ် ဗြဟ္မာ၊ လူ၊ ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်လို့ သတ္တဝါတွေ သေပြီးနောက် ပြန်ဖြစ်ရမယ့် ဘဝငါး မျိုးအနက်လူသေလို့ လူပြန်ဖြစ်လာခွင့်ရသူကို ဒီနေရာမှာ ‘လူပြန်’လို့ ခေါ်ကြည့်တာပါ။ လူပြန်ဖြစ်လာသူ တစ်ယောက်က လက်ရှိ လူ့ဘဝက နေလွန်ခဲ့တဲ့ ဘဝ (အတိတ်ဘဝ)ကိုအမှတ်ရပြီး ပြန်ပြောနိုင်ရင် ‘လူဝင် စား’ပေါ့။ ဗုဒ္ဓဝါဒဒဿနအရ ဘဝသံသရာဆိုတာရှိလို့ လူဝင်စားဆိုတာကို မငြင်းဘူး။ ယခင်ဘဝအကြောင်း ပြန်ပြောနိုင်သူကို ဗုဒ္ဓဝါဒမှာ ဇာတိဿရ ဉာဏ်ရသူလို့ ခေါ်တယ်။ ဇာတကဝတ္ထုတွေအရ အချို့ဆိုရင် ဘဝများစွာကို သတိရနိုင်တယ်။ ဇာတ်ကြီးဆယ်ဘွဲ့ထဲက တေမိမင်း သားဟာ ခိုင်လုံတဲ့ သာဓကပါပဲ။ မျက်မှောက်ခေတ်မှာ တမလွန်ဘဝကို သတိရသူတွေအကြောင်း သိပ္ပံနည်းကျ သုတေသနပြုပြီး မှတ်တမ်း တင်ထားတာတွေရှိတယ်။

လူတိုင်း

ဘုန်းကြီး ၁၂ နှစ် အရွယ်က ဘုန်းကြီးတို့ ရွာအနီးမှာ သင်္ဘောနစ်လို့ လူ ၁၀ ယောက်ထက်မနည်း သေသွားတယ်။ ရွာက လူတွေ သွားပြီး အလောင်းတွေကို သင်္ဂြိုဟ်ရသေးတယ်။ မကြာခင် ရွာသူတစ်ယောက် မှာ သမီးကလေးမွေးပြီး အဲဒီသမီးလေး စကား ပြောတတ်တာနဲ့ ကျန် ရစ်သူ ခင်ပွန်း သားသမီးနဲ့ ၎င်းတို့ရှိနေတဲ့ ကျေးရွာရဲ့ နာမည်တွေကို ပြောတယ်။ သင်္ဘောနစ်စဉ်က သေဆုံးသူတွေထဲမှာ သူပြောတဲ့ ကျေး ရွာသူ တစ်ယောက်လည်း ပါတယ်။ အုန်းမှုတ်ခွက်ထဲ သဲထည့် ထမင်း ချက်ဟန်ပြုပြီး ‘ကိုကျော်ခင်’ရေ ထမင်းစားတော့မယ်လို့ သူ့ခင်ပွန်းကိုခေါ်ရင်း တစ်ယောက်တည်း တတွတ်တွတ် ပြောနေတာကို ဘုန်းကြီး ခုထိ အမှတ်ရတယ်။ အဲဒီတုန်းက ဘယ်သူမှ ဓာတ်ပုံရိုက်၊ မှတ်တမ်း တင်၊ သွားရောက် လေ့လာမှုတွေတော့ မရှိခဲ့ဘူး။ တောရွာမှာက အဲဒါ မျိုးတွေကို ဖြစ်ရိုးဖြစ်စဉ်လို သဘောထားပြီး ခပ်ပေါ့ပေါ့ပဲ။

အမှန်တော့ လူ့ဘဝမှာ ပြန်မွေးလာသူတိုင်းကို ‘လူဝင်စား’လို့ ဆို ခွင့်ရှိတာပဲ။ လူအချို့ဟာ ယခင်ဘဝဖြစ်ရပ်အချို့ကို ငယ်ရွယ်စဉ်မှာ အတော်အတန် အမှတ်ရလို့ ပြန်ပြောင်း ပြောပြပြီး အရွယ် ရောက်လာတဲ့ အခါ အားကြီးတဲ့ မျက်မှောက်အာရုံရဲ့ လွှမ်းမိုးမှုကြောင့် မေ့ပျောက် သွားတာ ဖြစ်နိုင်တယ်။ ဒီတစ်ဘဝတည်းရဲ့ ငယ်စဉ်ဖြစ်ရပ် အတော် များများကိုတောင် အရွယ်ကြီးရင့်လာတာနဲ့အမျှ အမှတ်မရနိုင်တော့ဘူး။

သိမသိ

ဥပပါတ် ပဋိသန္ဓေနေကြတဲ့ နတ် ဗြဟ္မာ ပြိတ္တာ ငရဲသား အဖြစ်နဲ့ ပြန် မွေးလာရင်၊ ရေနစ် လက်နက်ထိ အသတ်ခံရ သစ်ပင်ပေါ်ကကျ စသည်ကြောင့် ရုတ်တရက်သေဆုံးရသူတွေ ကုသိုလ်ကံ အကျိုးပေးခွင့် ကြုံလို့ ဒီလူ့ဘဝကို ပြန်ရောက်လာခဲ့ရင် ရှေးဘဝကို သတိပြန်ရတတ် ကြောင်း ဆိုပါတယ်။ အမိဝမ်းမှာ ကလလရေကြည်နဲ့ နေရစဉ် စိတ် စွမ်းအင် အလွန် နည်းတာ၊ ကိုယ်ဝန်ဆောင် မိခင် မကျန်းမာတာ မစောင့်စည်းတာတွေကြောင့် ဖြစ်စေ၊ ရောဂါဖိစီးလို့ တွေဝေမိန်းမောပြီး သေရရင် ဖြစ်စေ ပြီးခဲ့တဲ့ ဘဝကို သတိမရနိုင်ကြောင်း လယ်တီ ဆရာ တော်က မိန့်တော်မူပါတယ် (နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်၊ စာ-၃၂)။ လူ့ဘဝမှာ လူပြန်ဖြစ်သူတွေအနက် အချို့ ယခင်ဘဝကို သိပြီး အချို့ မသိဘူးလို့ မှတ်နိုင်တယ်။

သူတို့ဆီမှာ ၁၉၅၂ လောက်က အမေရိကန်လူမျိုး အိပ်မွေ့ချ ကျွမ်းကျင်သူ Morey Bernsteinဟာ The Search for Bridey Burphy ဆိုတဲ့ စာအုပ်ကို ရေးလိုက်တယ်။ အမေရိကမှာ လူဝင်စား ဖြစ်လာတဲ့ အိုင်းရစ်စ် အမျိုးသမီး Bridey Burphy အမည်ရှိသူရဲ့ အကြောင်း။ အဲဒီစာအုပ်က အမေ ရိကမှာ Best Seller ဖြစ်သွားပြီး ၁၉၅၆ ခုနှစ်မှာ အကယ်ဒမီဆုရ Teresa Wright အမည်ရှိ မင်းသမီးနဲ့ ရုပ်ရှင်တောင် ရိုက်ခဲ့တယ်။ အဲဒီ လို နာမည်ကျော်လို့ သုတေသီတွေ အိုင်ယာလန်နိုင်ငံကို လိုက်သွားပြီး အသေးစိတ် လေ့လာတဲ့ အခါ တိုက်ဆိုင်တာတွေရှိပေမယ့် ကွာဟချက် တွေ အတော်များတယ်လို့ ဝေဖန်ကြတယ်။

ခရီးထွက်တုန်း အိမ်မှာ ဘာရှိတယ် ဆိုတာကိုတောင် အတိအကျ ပြောနိုင်ရဲ့လား။ မှတ်မိတာကို ပြောရတာဖြစ်လို့ ကွဲလွဲနိုင်တာပေါ့။ လူသေရင် သဲဖြစ်သွားတယ် (become dust) လို့ ယုံကြည့်သူတို့ရဲ့ ကမ္ဘာမှာ ‘လူဝင်စား’ဆိုတာ အတော် ထူးဆန်းနေ လိမ့်မယ်။ Tom Shroder ရဲ့ Old Souls ကိုလည်း ဖတ်သင့်ကြောင်းပါ။

ပို့ပါ ထိုသို့

အနုဋ္ဌဟံ အဝါယာမံ၊ သုခံ ယတြာဓိ ဂစ္ဆတိ။
သုဝီရ တတ္ထ ဂစ္ဆာဟိ၊ မဉ္စ တတ္ထေဝ ပါပယ။ (သံ၊၁၊၂၁၈)။

အကြင်အရပ်မှာ လုံ့လမပြု၊ အလုပ်မလုပ်ဘဲ ချမ်းသာသုခကို ရနိုင်လျှင် ချစ်သားသုဝီရ.. ထိုအရပ်သို့ သွားပါ။ ငါသိကြားကိုလည်း ထိုအရပ်သို့ပို့ပါ။

၂၇၄။ ဥမ္မာဒန္တီလို

အရှင်ဘုရား၊

တပည့်တော် ရုပ်ရူပကာနှင့် ပတ်သက်ပြီး ဘယ်လို ပါရမီမျိုး ဖြည့်ရ မလဲဆိုတာ သိချင်ပါတယ် ဘုရား။ အခွင့်သင့်ရင် ဖြေကြား ပေးတော် မူပါ အရှင်ဘုရား။

ရှိန်းကို

---

မေးခွန်းရဲ့ အဓိပ္ပာယ်ကို ရုပ်ရည်ချောမော လှပချင်ရင် ဘယ်လိုပါရမီ ဖြည့်ရမလဲလို့ ယူဆလိုက်မယ်။ အဲဒီလို ဆိုလိုခဲ့ရင် ဗုဒ္ဓဝါဒ ရှုထောင့်နဲ့ လုပ်သင့်ပုံကိုလည်း အမြွက်မျှ ပြောပြလိုက်ပါတယ်..

သင်္ကန်းလှူ

ဥမ္မာဒန္တီ ဘာကြောင့် စံတင်ရအောင် ချောမောလှပသလဲ။ အဖြေက ‘ဃနရတ္တဝတ္ထဒါနဿ နိဿန္ဒေန = ထူထဲသောဝတ်ပန်းပုဆိုး အဝတ်ကို လှူဖူးလို့ ’တဲ့။ ကဿပဘုရားရှင်လက်ထက် ဥမ္မာဒန္တီ မဖြစ်ခင်ဘဝတစ်ခုမှာ ဆင်းရဲသူ လုံမပျိုဘဝနဲ့ သုံးနှစ်အခိုင်းအစေ လုပ်ပြီး ခက်ခက် ခဲခဲရရှိတဲ့ အဲဒီ ‘ဝတ်ပန်းပုဆိုး’ကို အသုံးပြုခါနီး ဆဲဆဲ လမ်းမှာ ရှောင်တခင် ဖူးတွေ့လိုက်ရတဲ့ သင်္ကန်း မပြည့်စုံသူ ရဟန်းတော်အား စေတနာသုံးတန် ပြဋ္ဌာန်းပြီး လှူဒါန်းခဲ့ဖူးတယ်။ အဲဒီနောက် မိန်းမပျို ဆုတောင်းပုံက ..

‘၁) ဘဝေ ဘဝေ ဥတ္တမရူပဓရာ ဘဝေယျံ = ဘဝတိုင်း သူများ ထက်သာလွန်တဲ့ အလှပိုင်ရှင်ဖြစ်ရလို၏၊

၂)မံ ဒိသွာ ကောစိ ပုရိသော သကဘာဝေန သဏ္ဌာတုံ မာသက္ခိ = ငါ့ကိုမြင်မိသူ ယောကျ်ားသားတိုင်း ဂဏာမငြိမ်ဖြစ်သွားပါစေ၊

၃) မယာ အဘိရူပတရာ နာမ အညာ မာ ဟောတု = (တစ် လောကလုံး) ငါ့ထက်သာလွန် လှပသူ မိန်းမသား မရှိပါစေနဲ့ ’တဲ့။

အမှတ် ၁) ဆုတောင်းကတော့ သင့်ပါတယ်။ ဘဝသံသရာမှာ ကိုယ်ဖြစ်ချင်တာကို ဆုတောင်းခွင့် ရှိတယ်ဆိုပေမယ့် ကျန်တဲ့ ဆု တောင်း နှစ်ခုကိုတော့ ဘုန်းကြီး မကြိုက်ဘူး။ ဒီနေရာမှာ ပြလိုရင်းက အဝတ်ပုဆိုး လှူဒါန်းတာနဲ့ အလှူဒါန ပြုပြီးနောက် သင့်မြတ်တဲ့ ဆု တောင်းမှုတစ်ခု ပြုရတယ်ဆိုတာကို ပြောပြချင်တာပါ။ မင်္ဂလသုတ်မှာ ‘ပုဗ္ဗေ စ ကတပုညတာ = ရှေးက ပြုဖူးတဲ့ ကုသိုလ်ထူး ရှိပါစေ’ ဆိုတာဒါမျိုးပေါ့။

ဒါကြောင့် ဝေးလံတဲ့ အရပ်ကလာပြီး မြို့ပြမှာ ပရိယတ္တိစာပေ သင် အံနေကြတဲ့ ရဟန်း သာမဏေ လေးတွေကို အခါအခွင့် သင့်တိုင်း သင်္ကန်းပရိက္ခရာ လှူဒါန်းနိုင်အောင် ကြိုးစားပါ

ဆွမ်းဝတ်ပြု

‘သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ’ဆိုတဲ့ အကျိုးငါးမျိုး ထဲက ‘ဆင်းလှ’ ဆိုတာ ရုပ်ရည်ရူပါ ချောမောလှပစေတဲ့ အကျိုးပေါ့။ အဲဒီ အကျိုးကို ရရှိစေတဲ့ အလှူက ‘ဆွမ်းအလှူ’ ဖြစ်ပါတယ်။ ဒီတော့ ရုပ်ရည် ချောမော လှပချင်ရင် သံဃာတော်တွေကို မကြာမကြာ ဆွမ်း ကပ်လှူပါ။ အထူးသဖြင့် ကတ္တရာလမ်းပေါ်မှာ ဖိနပ်မပါ ထီးမဆောင်းဘဲ ကိုရင် လေးတွေ ဆွမ်းခံ ကြွနေတာတွေ့ရင် ကြည်ညိုစိတ် ဝင်နိုင်အောင် ကိုယ့်စိတ်ကို ပြုပြင်ပါ။ အဲဒီ သာသနာ့ ဖူးပွင့်လေးတွေအတွက် တစ် ဇွန်းစာမျှသော ဆွမ်းကို လောင်းလှူချင်စိတ် ပေါ်အောင် လေ့ကျင့်ပါ။ ပရိယတ်စာပေကို သင်ကြားနေကြတဲ့ ကိုရင် ငယ် ပဉ္စင်းငယ်တွေ အိမ်ကို ဆွမ်းလာဖိတ်ရင် လက်ခံဖို့ အိမ်တံခါးကို အမြဲဖွင့်ထားနိုင်အောင် အတတ်နိုင်ဆုံး ဆင်ခြင်ပါ။

ရုပ်ချောဂါထာ

ဣစေယျုံစေ ပိယံရူပံ၊ ပိယံ မုခံ ဘဝေ ဘဝေ။
ဒုမနံ ပရိဝဇ္ဇေယျုံ၊ ဘာဝေယျုံ သုမနံ သဒါ။

ဘုန်းကြီးရဲ့ ဆရာဘုန်းကြီးက ဓမ္မကထိက (တရားဟော ဆရာတော်) ဖြစ်တော့ ငယ်စဉ်သာမဏဘဝနဲ့ သူ့ရဲ့ ဓမ္မကထိက မှတ်စုစာအုပ်က လေးကို ဖတ်မိရင်း အဲဒီ ရစနာဂါထာ (လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးဖွဲ့တာလို့ ထင်တယ်)လေးကို အလွတ်ရမိနေတာကနေ့ထိပါပဲ။ အဲဒီဂါထာက ရုပ်ရူပကာလှပချောမောစေတဲ့ ဂါထာပဲ။ တစ်နေ့ ခုနစ်ကြိမ် ရွတ်။ ဂါထာရဲ့ အဓိပ္ပာယ်က ‘ဘဝတိုင်း ချစ်ဖွယ် ကိုယ်ခန္ဓာမြတ်နိုး ဖွယ် ရုပ်သွင် မျက်နှာနဲ့ ဖြစ်ချင်ရင် (လောဘ ဒေါသ မောဟ ဦးစီးတဲ့) စိတ်ဆိုး စိတ်ယုတ် စိတ်ပုပ်စိတ်ညစ် စိတ်ဗရပျစ်တွေကို မဖြစ်အောင် တတ်နိုင်သမျှ အားထုတ်၊ (ဗြဟ္မစိုရ် လေးပါး ဦးစီးတဲ့) ဖြူစင်စိတ်ထား မြတ်မြတ်တဲ့ နှလုံးသားရှိအောင် အကြိမ်ကြိမ်လုပ်ပါ’တဲ့။

---

၂၇၅။ တမလွန်သူ့ဆီသို့

တပည့်တော်၏ ဖခင်မှာ ကားတိုက်ခံရပြီး ယင်းဒဏ်ရာနှင့်ပဲ ဆုံးသွားပါ သည်ဘုရား။ လွန်ခဲ့တဲ့ တစ်လလောက်က ဆုံးသွားခဲ့တာပါ ဘုရား။ ကောင်းမှုကိစ္စ ပြုစရာရှိတာတွေလည်း အကုန်လုပ်ပြီးပါပြီဘုရား။ ယခု အချိန်တိုင်အောင် အိမ်မက် ခဏခဏပေး၍ မကျွတ်သေးကြောင်း နေစရာမရှိကြောင်း ပြောပြီး နေစရာတောင်းနေပါသည်ဘုရား။ တပည့် တော် ဘယ်လိုလုပ်ပေးရင် ဖခင် နေစရာ ရနိုင်ပါသလဲ။ တပည့်တော်က ဘယ်လို နေစရာပေးနိုင်ပါသလဲ ဘုရား။ တပည့်တော် လုပ်ပေးလို့ ရသမျှ လုပ်ပေးပါ့မယ် ဘုရား။ နည်းလမ်းများ အစုံအလင် ဖြေကြား ပေးတော်မူပါဘုရား။

ကျော်ဇင်

---

အကယ်၍

ခဏခဏ အိမ်မက်ပေးတိုင်းလည်း အဖေ မကျွတ်သေးဘူးလို့ တထစ် ချမပြောနိုင်ရာပါဘူး။ အဖေ ဆုံးပါးခါစမှာ ကိုယ့်စိတ်ထဲ အဖေ့အာရုံ လွှမ်းမိုးနေလို့၊ အလုပ်ပင်ပန်း အိပ်ရေးပျက်ပြီး သွေးလေ ချောက်ချားလို့လည်း ဖြစ်နိုင်စရာ ရှိပါတယ်။ ဒါပေမယ့် .. အိမ်မက်ပေးတယ်၊ ထူး ထူးခြားခြား အရိပ်အယောင်တွေ တွေ့ရတယ်ဆိုတာမျိုးက ဥပစ္ဆေဒက (ကားတိုက်သေဆုံးတာလို သက်တမ်း မပြည့်ခင် ရှောင်တခင် သေဆုံး ခြင်း)ဖြစ်ရပ်တွေမှာ တွေ့ရလေ့ရှိတယ်။

ပုထုဇဉ်တို့ရဲ့ စိတ်ဆိုတာလည်း အစွဲအလမ်း ကြီးသား။ ဘုန်း ကြီးတို့အမေ မဆုံးခင်က သူ့မိဘ သူ့ခင်ပွန်းတို့ ခေါင်းချတဲ့ အဲဒီသုသာန် မှာပဲ ခေါင်းချမယ်လို့ မကြာမကြာ ပြောဖူးတယ်။ (အကယ်၍ တစ်နေ ရာရာမှာ သေဆုံးလို့ သူဖြစ်ချင်သလို မလုပ်နိုင်ခဲ့ရင် ..)။ မသေခင်က ရထားတဲ့ သင်္ကန်း အသစ်ကလေးကို စွဲလမ်းမိတဲ့ ဘုန်းကြီးတစ်ပါး သင်္ကန်းမှာ သန်းဖြစ်တဲ့ အကြောင်းကိုလည်း ကြားဖူးမှာပေါ့။ ဒါကြောင့် ကွယ်လွန်ခါနီး သက်ရှိ သက်မဲ့ တစ်ခုခုကို စွဲလမ်းခဲ့မိသွားတာလည်း ဖြစ်နိုင်လို့ မပြောနိုင်ဘူးလည်း မဟုတ်ပြန်ဘူး။

ဒီလိုလုပ်

ကွယ်လွန်သူကို ရည်စူးတဲ့ ကျန်ရစ်သူတို့ရဲ့ ကုသိုလ်အထူးသည်သာ ထိုကွယ်လွန်သူတို့ရဲ့ နေထိုင်စရာ အဝတ်တန်ဆာ ရိက္ခာနဲ့ စည်းစိမ်ဥစ္စာပင် ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓ ဟောကြားပါတယ်။ ဒါကြောင့် ကျန်ရစ်သူ သားသမီးတို့ ဝတ္တရားရှိတဲ့ အတိုင်း အဖေကို ရည်စူး၍ပင် ထူးခြားတဲ့ ကုသိုလ် ကောင်းမှုတစ်ခု ထပ်လုပ်ပေးပါ။ ကုသိုလ်တစ်ခုကို လုပ်ခါနီးတိုင်းမှာ ဖေဖေ ‘ဦးကြင်’ ကျွန်တော်တို့နဲ့ ကုသိုလ်အတူ ပြုကြရအောင်လို့ အလေးအနက် ဖိတ်ခေါ်ပါ။ ကုသိုလ်လုပ်ပြီးလို့ အမျှ ဝေတဲ့ အခါလည်း .. ဖေဖေ ‘ဦးကြင်’အား ဤကုသိုလ်ကို အမျှပေးဝေ ပါ၏၊ ဖေဖေ ရောက်ရာဘဝမှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါလို့ နာမည် ထုတ်ဖော် ရည်ညွှန်းပြီး အမျှဝေပါ။ ဘယ်လို ကုသိုလ်တွေကို လုပ်နိုင်သလဲဆိုရင် ..

ဒါတွေလုပ်

၁) အဖေမသေခင်ကလုပ်ဖို့ ဆန္ဒပြုခဲ့နိုင်ဖွယ်ရှိတဲ့ ကုသိုလ်မျိုးကိုလုပ် သင့်တယ်။ (ဥပမာ မြေးရှိရင် မြေးရှင်ပြု၊ မြေး မရှိရင်လည်း သီလရှင် မဝတ်နိုင်ရင် တောင် စိတ်ကို ကြည်နူးစေနိုင်တဲ့ ယောဂီဝတ်ရုံလေးနဲ့၊ ဒါမှမဟုတ် ကိုယ်တိုင်ရှင်ရဟန်းအဖြစ်နဲ့)။

၂) အဖေ မသေခင်က ဆန္ဒပြုခဲ့ဖွယ် မရှိသော်လည်း ယခု လုပ်လိုက်ရင် အဖေ့အနေနဲ့ ကျေနပ် အားရသွားဖွယ်ရှိတဲ့ အခြား ကုသိုလ်ထူး တစ်ခု လုပ်သင့်တယ်။ (ဥပမာ ပရိယတ္တိစာသင်တိုက်တွေမှာ စာသင် စာချ သံဃာတွေအတွက် ဘောလ်ပင်၊ ဗလာစာအုပ်၊ ခဲတံ၊ စာသင် သားသုံး ပရိယတ္တိစာအုပ်နဲ့ ပရိက္ခရာ (အသုံးအဆောင်)တွေ မဲဖောက် လှူဒါန်းတာမျိုး)။

၃) ကိုယ့်အိမ်မှာ ကိုယ့်မိသားစုချည်း ဖြစ်စေ၊ မစွမ်းနိုင်ရင် စွမ်းနိုင်သူ အိမ်နီးချင်းကို ခေါ်၍ဖြစ်စေ၊ အိမ်မှာ ဆွမ်းကြွကိုယ်တော် (ရှိရင်) ပင့် ဖိတ်ပြီး ဖြစ်စေ တစ်ပတ် ဆယ်ရက်လောက် ပဋ္ဌာန်းပစ္စယနိဒ္ဒေသ သို့မဟုတ် ဓမ္မစကြာတို့ကို ရွတ်ပွားသင့်တယ်။ ပြီးတော့..

မိသားစုအချင်းချင်းဖြစ်စေ၊ အခြားသူကိုဖြစ်စေ ဖခင်ရဲ့မကွယ် လွန်မီက အငှားပစ္စည်း ပြန်ပေးစရာ သို့မဟုတ် အကြွေး ဆပ်စရာ (ရှိခဲ့ရင်) အဲဒါတွေ (ဘာပစ္စည်းပဲဖြစ်ဖြစ်)ကို အဖေ့ကိုယ်စား ပြန်ပေး သင့်တယ်

အောင်မြင်ပါစေ..

---

၂၇၆။ တမလွန်သူ့ဆီသို့

တပည့်တော်မရဲ့ မောင်လေး ကွယ်လွန်းပြီးစ သပိတ်သွပ်ကပ်ပြီး တရား နာနေတဲ့ အချိန်မှာ တပည့်တော်မ တစ်သက်မှာ တစ်ခါသာ ရဖူးတဲ့ အပုပ်နံ့ ရပါတယ်ဘုရား။ မောင်လေး ဒုဂ္ဂတိဘဝကနေ အသိလာပေး တာဖြစ်နိုင်တာကို တပည့်တော်မ မသိခဲ့ပါဘူးဘုရား။ အမျှဝေတုန်းကလည်း ငိုပြီး အမျှဝေခဲ့မိပါတယ်ဘုရား။ နာရေးကိစ္စကို အခုမှ နီးနီး ကပ်ကပ် ကြုံဖူးတာဖြစ်လို့ အဲဒီအနံ့မျိုးကို နာရေးရှိသူတိုင်း ရတတ်တယ်လို့ ထင်မိပါတယ်ဘုရား။ နောက်နေ့ မိသားစုဝင်တွေနဲ့ စကား စပ်မိမှ တပည့်တော် တစ်ယောက်ပဲ အဲဒီအနံ့ ရတာကို သိရပါတယ် ဘုရား။ အဲဒီနောက်ပိုင်း မောင်လေးအတွက် ရည်စူးကုသိုလ် ပြုတိုင်း အနံ့ အသက် တစ်စုံတရာ မရတော့ပါဘူးဘုရား။

တပည့်တော်မ သိချင်တာက သူအနံ့လာပေးတုန်းက သေချာ စူး စူးနစ်နစ် အမျှမဝေခဲ့မိလို့ နောက်တခါအနံ့ မပေးတော့တာလား။ ဒါမှ မဟုတ် ကောင်းသုဂတိရောက်သွားလို့ များလား သိချင်ပါတယ်ဘုရား။

မမ

---

မရှိတော့လို့

ဒီဖြစ်ရပ်မျိုးကို အရင် ကလည်း ကြားဖူးပါတယ်။ ရန်ကုန်တုန်းက ဆရာတော်တစ်ပါးရဲ့သူ့ကိုယ်တွေ့ ဖြစ်ရပ်ပြောပြတာကိုလည်း မှတ်မိနေ ပါတယ်။ ပထမအကြိမ် ကုသိုလ်ပြု အလှူပေး အမျှဝေတုန်းက သူအဲဒီ ဘဝနဲ့ အဲဒီနေရာကို ရောက်လာလို့ ဖြစ်ဖွယ်ရှိတာပေါ့။ ကိုယ်ပဲ အဲဒီလို ထူးဆန်းဖြစ်ရပ် ကြုံရတာက ကိုယ်နဲ့ သူနဲ့ နီးစပ်ခြင်း၊ မနီးစပ်ရင် တောင် ကိုယ့်မှာ အဲဒီလို ပရလောကနဲ့ ပတ်သက်နိုင်တဲ့ ထူးခြားတဲ့ ဘဝပေး စွမ်းရည်ရှိခြင်းတို့ကြောင့် ဖြစ်ဖွယ်ရှိတယ်။ နောက်တစ်ခါ မတွေ့ရတာက သူအဲဒီဘဝမှာ မရှိတော့လို့ ဖြစ်နိုင်ပါတယ်။ တစ်နည်း ဆိုရင် ကျန်ရစ်သူတို့ ပြုတဲ့ ကုသိုလ်ကို သာဓုခေါ်ခွင့်ရလို့ တည်ငြိမ်တဲ့ နေရာသစ်တစ်ခု ရသွားတယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ငါ့ဆွေမျိုးတွေ ငါ့ကို စူးစူးနစ်နစ် အမျှမဝေဘူးဆိုပြီး စိတ်ဆိုးတဲ့ အတွက် အနံ့ မပေးတာလို့ တော့ဆိုနိုင်မယ် မထင်ဘူး။

ကျမ်းစာအဆို

‘(ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဖက် လမ်းဆုံလမ်းခွ အိမ်ခြံစပ်တံခါးတံခါးပေါင်တို့၌ ရပ်တည်ကြ၏။ (ပြိတ္တာဘုံ၌) လယ်ထွန်ခြင်း၊ နွားကျောင်းခြင်း မရှိ။ ကုန်သွယ် ရောင်းဝယ်မှု မရှိ။ ဤလူ့ ဘုံရှိ (ဆွေမျိုး မိတ်ဆွေတို့) ပေးဝေအပ်သော ကုသိုလ်ဖြင့် တမလွန် ဘဝသို့ ပြောင်းသွားသော ပြိတ္တာတို့သည် မျှတကုန်၏။ ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေ သကဲ့သို့ လူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာများထံသို့ ရောက်၏ (ခုဒ္ဒကပါဌ၊၈)’။

---

၂၇၇။ အကြားအမြင်

အကြားအမြင်နဲ့ ပတ်သက်ပြီးသိချင်တာလေးရှိလို့ ပါ ဘုရား၊ ရှမ်းပြည်တောင်ပိုင်းက ဒေသတစ်ခုမှာ အမျိုးသမီး နတ်ဝင်သည် တစ် ယောက်က သေသွားတဲ့ သူ ဘယ်ရောက်နေတယ် ဆိုတာကို သေသူ ဝင်ပူးပြီးတော့ ဟောနိုင်တယ်လို့ သိရပါတယ် ဘုရား။ သွားတွေ့ဖူးသူ အားလုံးနီးပါးကတော့ တိုက်ဆိုင် မှန်ကန်မှုရှိတယ်လို့ ပြောကြပါတယ် ဘုရား။ အမှန်တကယ် သေသူ ဝင်ပူးပြီး ပြောခြင်း ဟုတ် မဟုတ်နဲ့ ဟုတ်မှန်တယ် ဆိုပါက ဘယ်လိုအကြောင်းတွေကြောင့်လဲ ဆိုတာသိ ချင်ပါတယ် ဘုရား။ တပည့်တော်မ ဖတ်ဖူးတဲ့ ဦးအေးမောင်ရေးသည့် ‘သေသည်၏ အခြားမဲ့၌ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များ’ စာအုပ် ထဲက တမလွန်ဘဝ ရောက်နေသူနဲ့ ဆက်သွယ်ပေးနိုင်တယ် ဆိုတဲ့ ပုဂ္ဂိုလ်မျိုးပါလားဘုရား။

Pure Coffeeex

---

‘အကြားအမြင်’ဆိုတာနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်အချို့ရဲ့ ဗုဒ္ဓဝါဒရှုထောင့် အရ ငြင်းပယ်သို့မဟုတ် လက်ခံတဲ့ ဝေဖန်သုံးသပ်မှုအချို့ကို လေ့လာ ထားပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ ဘုန်းကြီးရဲ့ပုဂ္ဂိုလ်ရေး အမြင်ကိုလည်း ပြောပြလိုတဲ့ ဆန္ဒဖြစ်ပေါ်လာလို့ နည်းနည်းသည့်ခံ ကြိုးစားပြီး ဆုံးအောင်ဖတ် ကြည့်စေချင်ပါတယ်။

အခြားနည်း

ဗုဒ္ဓဝါဒအရ ‘ယထာကမ္မူပဂဉာဏ်’ကို ရသူဟာ ဘယ်ကံရဲ့ အကျိုးပေး ကြောင့် သတ္တဝါတွေ ဘယ်ဘုံဘဝမှာ ဘယ်လို ဖြစ်နေတယ်ဆိုတာကို လမ်းပေါ်မှာ သွားလာနေသူတွေကို အိမ်ပြတင်းပေါက်က ထိုင်ကြည့်နေ ရသလို မြင်နိုင်တယ်။ ဒါကြောင့် အဲဒီ ဉာဏ်ကိုရရင် ‘အကြားအမြင်’ ရသူလို့ ဆိုခွင့်ရှိတာ မှန်တယ်။ အဲဒီဉာဏ်ကို ရဖို့ မြတ်ဗုဒ္ဓရဲ့ သိက္ခာ သုံးပါးကျင့်စဉ်ကို ကျင့်ကိုကျင့်ရတာလည်း ဟုတ်တာပဲ။

ဒါပေမယ့် အဲဒီဉာဏ်ကိုရမှသာ အကြားအမြင်ရသူလို့ ဆိုရင်တော့ မပြည့်စုံတော့ဘူး။ ဘာကြောင့်ဆို ဗုဒ္ဓလက်ထက်ကပဲ လူငယ် ဝင်္ဂီသရဲ့ ဖြစ်ရပ်အရ အဲဒီဉာဏ်ကိုမရဘဲ အခြားစွမ်းရည် တစ်မျိုးနဲ့လည်း သတ္တ ဝါတွေ ရောက်နေတဲ့ ဘဝကို သိနိုင်တာကို တွေ့ရလို့ ပါ။ အဓိပ္ပာယ်က မြင်နိုင်ကြားနိုင်တဲ့ စွမ်းရည်ပမာဏသာ ကွာရင် ကွာမယ် အခြားနည်းနဲ့ အကြားအမြင်ရတာမျိုးလည်း ရှိနိုင်တယ်လို့ ဖြစ်ပါတယ်။

သူ့စွမ်းရည်

သာဝတ္ထိမြို့သား (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၄၉ အရ ရာဇဂြိုဟ်မြို့သား) ဝင်္ဂီသ (ဝင်ဂီသ) အမည်ရတဲ့ လူငယ်ဟာ သုံးနှစ်အလွန်က လူသေရဲ့ ခေါင်းခွံ ကိုပင် လက်သည်းဖျားနဲ့ ခြစ်ပြီး ခေါက်ကြည့်ရုံနဲ့ အခု အဲဒီလူ ဘယ်ဘဝ ရောက်နေတယ်ဆိုတာကို ပြောနိုင်သတဲ့။ အဲဒီတော့ ပုဏ္ဏားလူ လည်တွေက ‘ဒီကောင့်ကို ပြပြီး လုပ်စားလို့ ရတယ် (သက္ကာ ဣမံ နိဿာယ လောကံ ခါဒိတုံ)’လို့ ကြံပြီး ဝါဒဖြန့်လိုက်ကြတာ ‘ဝင်္ဂီသနဲ့ တွေ့ရင် ငွေဝင် လာဘ်တိုးရုံမက သေရင် နတ်ပြည်ရောက်တယ်’ဆိုတဲ့ အထိပဲ။ တစ်ထောင်ဆိုလည်း ရော့၊ တစ်သောင်းဆိုလည်း အင့်လို့ ပေးလာတဲ့ လူတွေထဲမှာ မင်းမှူးမတ်နဲ့ သူဌေးတွေရှေ့ဆုံးက ပါသတဲ့။ ဗုဒ္ဓနဲ့ တွေ့တဲ့ အခါ ဗုဒ္ဓက ဝင်္ဂီသကို ခေါင်းခွံတစ်ခု ပေးပြီး ဟောခိုင်းတယ်။ ဝင်္ဂီသကခြစ် ခေါက်ကြည့်ပြီး ‘ဒီခေါင်းပိုင်ရှင်ကငရဲမှာ’လို့ ဖြေ တော့ဗုဒ္ဓက ‘ကောင်းစွ၊ မင်းမြင်တာ မှန်တယ် (သာဓု သုဒိဋ္ဌံ တယာ) (အံ၊ဋ္ဌ၊၁၊၂၀၉)’လို့ မိန့်တော်မူတယ်။

သိရသမျှ

ဝင်္ဂီသဆီမှာ လူတွေ တရုန်းရုန်း ဖြစ်ရတာဟာ သေသူတွေရဲ့ ရောက် ရာဘဝကို ပြောနိုင်တာအပြင် တမလွန်မှာ ရှိနေတဲ့ သေပြီး သူတွေနဲ့ ဆက်သွယ် စကားပြောတာ၊ ကျန်ရစ်သူတွေနဲ့ သေသူအကြား ရှိခဲ့တဲ့ လျှို့ဝှက်ကိစ္စနဲ့ ပတ်သက်ပြီး လူအများ ယုံကြည် လောက်အောင် ပြောပြနိုင်တာ တွေကြောင့်လည်း ဖြစ်ဖွယ်ရှိတယ်။ ဗုဒ္ဓကတောင် ဝင်္ဂီသ မြင်တာ မှန်တယ်လို့ မိန့်တော်မူတာ ထောက်ရင် သူ့စွမ်းရည်ဟာ မခေဘူး။ ကျမ်းဂန် (အပဒါန၊ဋ္ဌ၊၂၊၂၅၄)မှာတော့ ဝေဒကျမ်းလာ ‘ဆဝသီ သမန္တာန်’ကို တတ်လို့ အဲဒီလို ဟောနိုင်တာလို့ သာမန်ပဲဆိုတယ်။ အဲဒီ မန္တာန်က ဘာ၊ ဘယ်လို စီရင် ရတယ် ဆိုတာကို မဖော်ပြဘူး။ ဝင်္ဂီသဟာ သူ့စွမ်းရည်ကို သက်မွေးဝမ်းကျောင်းအတွက် အသုံးချခဲ့တာပဲ။

ကြားခံလူ

ယနေ့ခေတ်မှာလည်း ကမ္ဘာတစ်လွှား ‘အကြားအမြင်ရ ကြားခံလူ (psychic medium)’လို့ ခေါ်တဲ့ ဝင်္ဂီသလိုလူတွေ ရှိကြတယ်။ ဒီဘက် ကမ္ဘာက ခေတ်သစ် ဝင်္ဂီသတွေကတော့ သူတို့ရဲ့ စွမ်းရည်ကို လျော့ မသွားအောင် ထိန်းသိမ်းထားပြီး ကိုယ့်ကိုယ်ကို လူ အများသိအောင် စာရေး၊ ရုပ်မြင်သံကြား သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြီး အဲဒီ မွေးရာပါ စွမ်းရည်ကို မိမိတို့ရဲ့ သက်မွေးဝမ်းကျောင်း ဘဝထဲ ရောက် လာအောင် ကြိုးစားကြတယ်။

ကမ္ဘာနဲ့ အဝန်း နာမည်ကြီးသူတွေအနက် တစ်ဦးက နယူးယောက် မြို့သား ဂျွန်အက်ဒ် ဝပ် (John Edward) ဖြစ်ပါတယ်။ မွေးတုန်းက ရိုမန်ကက်သလစ်၊ နောက်တော့ အဲဒီယုံကြည်မှုကို စွန့်ခဲ့ကြောင်း သိရတယ်။ ဒီလူက ပရလောကသား (သူ့အခေါ် other side က ပုဂ္ဂိုလ်) တွေနဲ့ ဆက်သွယ်ပြီး စကားပြောနိုင်ပါသတဲ့။ ဒီလူရဲ့ အကြားအမြင် ဟောပြောချက်ကို CNN မှာ တွေ့ဖူးကြမှာပေါ့။

နောက်တစ်ဦးက သူ့ကိုယ်သူ Spirit Whisperer လို့ ဆိုတဲ့ ဩစတြေးလျနိုင်ငံသား ဂျွန် ဟော်လန် (John Holland)။ ဒီလူကတော့ သူ့ ဆီကိုလာမေးတဲ့ လူတွေကိုလည်း အခကြေးငွေယူပြီး ဟောပေးသတဲ့။ ဝိညာဉ်တွေ သူ့ဆီလာပြီး သူ့နားရွက်နားမှာ တိုးတိုးလေး ကပ်ပြောတယ်လို့ သူက ဆိုတယ်။ ဒီလူတွေဟာ ဆယ်ခုမေးရင် ရှစ်ခုထက် မနည်းတော့ မှန်အောင်ဖြေနိုင်ကြသတဲ့။

သိပ္ပံပညာရှင်တွေက ‘ဒီလူတွေဟာ သိပ်ပြီးတော့ sensitive ဖြစ်တယ် (အမြင်၊ အကြား၊ အတွေးစတဲ့ အာရုံတွေ သူများထက် ပိုပြီး အားကောင်းတယ်)’လို့ မှတ်ချက်ပေးရုံက လွဲပြီး အဲဒီလူတွေရဲ့ စွမ်း ရည်ကိုသိပ္ပံနည်းနဲ့ မစမ်းသပ်နိုင်သေးဘူးတဲ့။

ဝင်ပူးခြင်းလော

ဗုဒ္ဓဝါဒမှာအချို့က လွဲပြီးလူသားတိုင်း မတွေ့မြင်နိုင်တဲ့ တမလွန်ဘဝမျိုး ရှိတယ် ဆိုတာကို ယုံကြည်တယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့ မာရ်နတ်က သောတာပန် အရိယာဖြစ်သူ အရှင်အာနန္ဒာရဲ့ နှလုံးအိမ်ကို ဖမ်းဆုပ် ထားတယ် (မုခေန ဟတ္ထံ ပဝေသေတွာ ဟဒယံ မဒ္ဒတိ၊ ဒီ၊ဋ္ဌ၊၂၊၁၄၅) ဆိုတာကို ခေတ်ဝေါဟာရနဲ့ အဓိပ္ပာယ်ယူရင် အရှင်အာနန္ဒာကို မာရ် နတ်ကြီး ဝင်ပူးတဲ့ သဘောပါပဲ။ ဒါကြောင့် ဝင်ပူးတယ် ဆိုရင်လည်း လက်ခံနိုင်ဖွယ်ရှိတယ်။ မာရ်နတ်ကြီးပဲ သေလာအမည်ရှိတဲ့ ဘိက္ခူနီမရဲ့ နားရွက်နားကို ကပ်ပြီး ‘သိပ်ချောတာပဲ’လို့ ပြောတယ် (သံ၊၁၊၁၃၅) ဆိုတာလည်း ရှိနေတော့ မမြင်နိုင်သူ ပရလောကသားနဲ့ ဆက်သွယ် စကားပြောတယ်လို့ ဆိုရင်ကော ငြင်းလို့ သင့်ပါ့မလား။

သတိချပ်

ဒီနေရာမှာ သူသူငါငါတို့ သတိထားရမှာက..

၁) နတ်ဝင်သည် သို့မ ဟုတ် အကြားအမြင်ရသည် ဆိုသူတွေအနေနဲ့ မလိမ် မညာဘူး၊ ရိုးသားတယ်ပဲထား၊ ဝင်ပူး သို့မဟုတ် ကပ်ပြော လာတဲ့ ပရလောကသား အများစုဟာ ပုထုဇဉ်တွေပဲ ဖြစ်ဖွယ်ရှိလို့ ပြောတိုင်း မမှန်နိုင်ဘူးလို့ မှတ်ထားပါ။

၂) ဒါ့အပြင် ဘယ်လောက် ရိုးပါတယ်ဆိုတဲ့ လူတွေတောင် နာမည်ကြီး လာတဲ့ အခါ ရရှိတဲ့ အရှိန်အဝါနဲ့ စီးပွားဖြစ်ထွန်းမှုကို သာယာ မက်မောပြီး အမှန်တစ်ပဲ အလွဲတစ်ပိဿာ ဖြစ်မှန်းမသိ ဖြစ်နေတတ်တယ်။

ဒါကြောင့် နာမည်ကြီး လို့ ဆိုပြီး မိမိရဲ့ ဘဝနဲ့ ဓနကို ဘယ်တော့မှ ပုံမအောမိပါလေနဲ့

လိမ္မာမြင်သိ ပညာရှိ ဗုဒ္ဓဝါဒီဖြစ်ရင် အဲဒီလို အကြားအမြင် ဆရာ တွေကို မျက်စိစုံမှိတ် ယုံကြည်ပြီး ရာထူးတက်မယ် သူဌေးဖြစ်မယ် ဆိုတဲ့ အမျှော်စိတ်စွဲနဲ့ ၎င်းတို့ နောက်လိုက်ရင်း အချိန်ကုန် လူပန်း ဥစ္စာဖြုန်း နလပိန်းတုံး မလုပ်ဘဲ ‘ကံဆိုတာ အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းမယ်’ဆိုတာကို ဦးနှောက်ထဲ သံမှိုနှက်သလို စွဲထားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရင်း ဇွဲ လုံ့လ သတ္တိ ဆင်ခြင်တုံ တရား ထိုလေးပါးနဲ့ သာ ဘဝလောကဓံကို ကျော်လွှားဖို့ ကြိုးစား သင့်ကြောင်းပါ။

---

၂၇၈။ အဖြေမဲ့မေးခွန်း

တပည့်တော် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ နည်းနည်းပါးပါးလေ့ လာမိသလောက် ကံကံရဲ့အကျိုးကို ယုံမှားသံသယ မရှိပါဘုရား။ သို့ ပေမယ့် တခြားသော ဖန်ဆင်းရှင် ကယ်တင်ရှင် ဝါဒများသည် လက် တွေ့တွင် ကျိုးကြောင်းဆီလျော်မှု နည်းနေသည်ဟုလည်း ခံစားမိပါ သည်။ (ဥပမာ မြေမှုန်ကနေ အာဒမ်ဖြစ်လို့ ရလျှင်၊ မြေကြီးကိုပင် စားစ ရာအဖြစ် ဖန်တီးနိုင်ခဲ့လျှင် လူများ လုပ်ကိုင်စားသောက်ရန် မလိုတော့ ပြီ၊ အာဒမ်ရဲ့နံရိုးကနေ ဧဝဖြစ်လို့ ရလျှင် နှစ်ချောင်းထုတ်ပြီး နှစ်ယောက် ဖန်းဆင်းခိုင်းလို့ ရရပေမည်။)တပည့်တော် မရှင်းသည်မှာ ဗုဒ္ဓဝါဒကျမ်း ဂန်၌ သံသရာမှ လွတ်ကြောင်းဖြစ်သော သစ္စာလေးပါးကျင့်စဉ် စသည်ကို တိတိကျကျ ရှင်းပြပါသော်လည်း သတ္တဝါများသံသရာထဲဘယ် ကစလို့ ရောက်ရှိလာပုံကို မတွေ့ဖူး၊ မဖတ်ဖူးမိပါ၍ သနားသဖြင့် ဖြေကြား ရှင်းပြပေးစေလိုပါသည်ဘုရား။

Dolphin Mg Mg

---

ကျမ်းစာဆို

‘ထို့နောက် ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန် ဆင်း၍ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏ (ကမ္ဘာဦးကျမ်း ၁၊၇)။ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် လူထည်းက ထုတ်သော နံရိုးဖြင့် လူ မိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့လေ၏ (ယင်း ၁၊၂၂)’။ ‘ထို (အလာဟ်) အရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူ၏ (ကုရ်အာန် ၉၆း၂)။ ထိုမှတစ်ပါးစင်စစ် ဧကန်ငါ (အလာဟ်) အရှင်မြတ် သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည် (ယင်း ၁၅၊၂၆)’။

(စကားမစပ်အခန်း ၉၆ နဲ့ အခန်း၁ ၅အဆိုတွေ ဆန့်ကျင်နေသလားပဲ)။

ကမ္ဘာပေါ်မှာထင်ရှားတဲ့ ဘာသာတရားတွေ စတင်ရာ အဲဒီ ကျမ်း စာတွေအရ လူသတ္တဝါတွေဟာ ဘုရားသခင် ဖန်ဆင်းချိန်က စတင်ခဲ့တယ် တစ်နည်းဆိုရင် သက်ရှိနဲ့ စကြဝဠာအစ ဖန်ဆင်းရှင်ကလို့ ဆိုပါတယ်။ မဟာဗြဟ္မာ၊ ယေဟောဝါ၊ ထာဝရ၊ အလ္လာ၊ ခိုဒါ စတဲ့ အမည် နာမအားလုံးကို ဒီနေရာမှာ ဖန်ဆင်းရှင်လို့ ဆိုလိုပါတယ်။

ဗုဒ္ဓကျမ်းဆို

‘ဤစဉ်ဆက်မပြတ် လည်ပတ်မှုဖြစ်စဉ် မွေးသေစက်ဝန်း (ဘဝသံသ ရာ)သည် အစမထင်ဘဲရှိ၏အဝိဇ္ဇာ (မသိမှု)ဖြင့်မြှေးယှက်ကြကုန်လျက် တဏှာ (စွဲလမ်းမှု)ဖြင့် တုပ်နှောင် ဖွဲ့ချည်ထားခြင်း ခံနေကြရသော သတ္တဝါတို့၏ အဦးအစ မူလရင်းမြစ်ကို မသိမြင် နိုင် (သံ၊၁၊၃၈၅)’။

ဗုဒ္ဓဝါဒအရ အကြောင်းဟာအကျိုးကို ဖြစ်ပေါ်စေပြီး အဲဒီအကျိုးကပဲ တစ်ဖန် အကြောင်းတရား ဖြစ်လာလို့ သက်ရှိလောက ဒါမှမဟုတ် အခြား ဘယ်အရာမဆိုရဲ့ ရှေးဦးအစ မူလရင်းမြစ် အကြောင်း တရားဆို တာကို မသိမြင်နိုင်ဘူး။ ဘဝသံသရာ အလျဉ်ဟာ အဝိဇ္ဇာ တဏှာဆိုတဲ့ ညွန်ရေတွေနဲ့ ဖြည့်တင်းထားသရွေ့ စက်ဝန်းလို မရပ်မစဲ လည်ပတ်နေတယ်။ စက်ဝန်းထဲက သတ္တဝါတွေရဲ့အဦးအစကို ရှာမတွေ့နိုင်ဘူး။

ယုတ္တိနည်း

သတ္တဝါ တစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခု ဖြစ်ပေါ်လာဖို့ အဲဒီ သတ္တဝါ အရာဝတ္ထုတွေ မပေါ်ပေါက်မီ ရှေးကတည်းက တည်ရှိနေနှင့် ပြီးဖြစ်တဲ့ ဖန်ဆင်းရှင် ရှိရမယ်လို့ ယူဆရင် အဲဒီဖန်ဆင်းရှင် ကိုယ်တိုင်လည်း သူ့ကိုဖန်ဆင်းဖို့ နောက်ထပ်ဖန်ဆင်းရှင် တစ်ယောက်ရှိကိုရှိရ မယ်လို့ ယုတ္တိနည်းကျ ယူဆခွင့်ရှိပါတယ်။ အဲဒီလိုဖြစ်ရင် ဖန်ဆင်းရှင် တွေ အစအဆုံး မရှိနိုင်တော့ဘူး။ တကယ်လို့ အဲဒီ ဖန်ဆင်းရှင်ဟာ အဆုံးအစ မရှိ၊ ဒါ့ကြောင့် သူ့ကို ဖန်ဆင်းဖို့ ရှေးဦး အကြောင်းဖြစ်တဲ့ နောက်ထပ်ဖန်ဆင်းရှင်တစ်ယောက်မလိုပါဘူးလို့ ဆိုရင် တော့ ‘ဖန် ဆင်းရှင်မှာ ဆုံးစမရှိသလို ဘဝသံသရာလည်း ဆုံးစ မရှိပါဘူး’လို့ ပဲ ဆိုရပါလိမ့်မယ်။

နောက်တစ်မျိုး ပြောရရင် အကယ်၍ အဲဒီ အဦးအစ မူလရင်းမြစ် ဖြစ်တဲ့ အကြောင်းတရား (ဆိုပါစို့ အဲဒီ ဆုံးစမဲ့ ဖန်ဆင်းရှင်)ဟာ တစ် စုံတစ်ဦးသော တန်ခိုးရှင်ရဲ့ ဖန်ဆင်းခြင်းကိုမျှ မခံရဘဲ တည်ရှိနိုင်တယ် ဆိုရင် စကြဝဠာထဲမှာရှိတဲ့ အခြားသော သဘာဝတရားတွေလည်း ဖန် ဆင်းခြင်း မခံရဘဲ မတည်ရှိနိုင်စရာ အကြောင်းရှိပါ့မလား။ ဖန်ဆင်းမှု ကင်းလွတ်နယ်ပယ်တစ်ခု ဧကန်ရှိရပါလိမ့်မယ်

သိပ္ပံ မဖြေနိုင်

သိပ္ပံပညာရှင်တွေဟာ သက်ရှိ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုရဲ့ မူလအစ ကိုတစ်ခုပြီး တစ်ခုရှာဖွေရင်း အကြောင်းတရားက အကျိုးတရားပြန် ဖြစ်သွားပြီး နောက်ဆုံးတော့ ဆိုခဲ့ပြီး အကျိုးတရားလည်း အခြားအကျိုးတရားတစ်ခုကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား အသစ်ဖြစ်သွား ပြန်တာကို တွေ့ရတယ်။ ရှာဖွေရင်း မူလမှတ်ကိုပဲ ပြန်ရောက်သွားတာ ကိုတွေ့ရတယ်။ သက်ရှိတွေ၊ သစ်ပင်တွေ၊ ဂြိုဟ်တွေ၊ ဒြပ်ဝတု္ထနဲ့ စွမ်း အင်တွေရဲ့မူလအကြောင်းတရားတွေကိုရှာဖွေတွေ့ရှိကြပြီး ဖြစ်ပေမယ့် မိမိတို့ ကိုယ်တိုင် ဖြစ်ပေါ်တည်ရှိမှုရဲ့ မူလရင်းမြစ် ရှေးဦး အကြောင်း တရားကိုတော့တွေ့ရှိနိုင်စွမ်းမရှိကြသေးပါဘူး။ ဥပမာ DNA ..။ အဲဒီ DNA ဒြပ်ဝတ္ထုနှစ်ခုရဲ့ အကြောင်းတရားက ဘာလဲ။

အဖြေမရှိ

ဗုဒ္ဓမြတ်စွာကတော့ သတ္တဝါတွေရဲ့ ရှေးဦး မူလရင်းမြစ် အကြောင်း တရားကို မသိမြင်နိုင်ဘူး သံသရာအစ မရှိဘူးဆိုတာကို ပဋိစ္စသမုပ္ပါဒ် ဒေသနာနဲ့ ရှင်းပြထားပြီး ဖြစ်ပါတယ်။ အဲဒီလို အစမရှိတာကို အစ မရှိဘူးလို့ အမှန်အတိုင်း သိမြင်လို့ ပဲ ဗုဒ္ဓမြတ်စွာကိုသဗ္ဗညုတ (အလုံးစုံ သိ)ဉာဏ်တော်ရှင်လို့ ဆိုနိုင်တာပါ။

ဒါကြောင့် မူလရင်းမြစ် အကြောင်းတရား တစ်ခုမရှိဘဲ သတ္တလော က ဘယ်လိုစတင် ဖြစ်ပေါ်လာသလဲ သို့မဟုတ် ‘သတ္တဝါများ သံသရာ ထဲဘယ်ကစလို့ ရောက်ရှိလာသလဲ’ ဆိုတာနဲ့ ပတ်သက်လို့ ဗုဒ္ဓါဒီတစ် ယောက်ရဲ့ အဖြေက ရှင်းပါတယ် ‘ဒီမေးခွန်းအတွက်အဖြေမရှိပါ’တဲ့။ အချိန်နဲ့ အာကာသ (Time and Space)ဟာ တစ်ခုစီ သီးခြား မဟုတ် ဘဲတစ်ခုနှင့်တစ်ခုကြောင်းကျိုးဆက်ဖြစ်စဉ်နဲ့ အမှီသဟဲပြုနေတယ် ဆိုတဲ့ Relitivity သဘောတရားကို စဉ်းစားနိုင်ရင် ဘဝသံသရာ အစမရှိ ဆိုတာကို ရိပ်စားမိနိုင်လောက်ပါတယ်။

ဗုဒ္ဓ ဆုံးမ

အာကာသရဲ့ အဆုံးကို သိမြင်ဖို့ ခဲယဉ်းတယ်။ အချိန်ရဲ့ သက်တမ်းကို နားလည်ဖို့လည်း မလွယ်ဘူး။ ဒီ့ထက်အချိန်နဲ့ အာကာသဆိုတဲ့ အရာ မရှိတော့ရင် အချိန်အာကာသဆိုတာကို နားလည်ဖို့ပိုပြီး ခဲယဉ်းသွား တော့တယ်။ အဲဒီလိုပဲ မူလရင်းမြစ် အစဦးအကြောင်းတရားကို အခြေ ပြုပြီး ဟောဒီ ကမ္ဘာလောက ဖြစ်ပေါ်လာပုံကို နားလည်ဖို့ ခက်ခဲပါတယ်။ အနှီမူလရင်းမြစ် အကြောင်းတရားရဲ့စတင်ဖြစ်တည်ပုံကို နား လည်ဖို့ဆိုရင် ပိုပြီး မခဲယဉ်းဘူးလား။ ဒါကြောင့် ဗုဒ္ဓရှင်တော်မြတ်က ‘လောကစိန္တာ ဘိက္ခဝေ အစိန္တေယျာ = ရဟန်းတို့၊ လောကအရာကို မကြံစည်ကြနှင့် (အံ၊၁၊၃၉၂)’လို့ မိန့်မှာတော်မူတာ ဖြစ်ပါတယ်။ လောကအကြောင်း စကြဝဠာအကြောင်းကို ကြံစည်စဉ်းစားဖို့က သိပ္ပံ ပညာရှင်တွေအတွက်ပဲ ချန်ထားသင့်လေမလား။

လူတွေ စိတ်ဝင်စားနိုင်ပေမယ့် ဝိမုတ္တိ (ဒုက္ခမှလွတ်မြောက်မှု)နှင့် မပတ်သက်ခြင်း၊ မေးခွန်းကိုက လူတစ်ယောက်ရဲ့ အဆင့်မမီတဲ့ နား လည်မှုရဲ့ ရလဒ် ဖြစ်နေခြင်းတို့ကြောင့် အဲဒီလို မေးခွန်းမျိုးကို ဗုဒ္ဓ ကိုယ်တိုင် မဖြေကြားခဲ့ပါဘူး။ ဒါကြောင့် သက်ရှိ ဘယ်ကစ ဆိုတာနဲ့ ပတ်သက်တဲ့ သီအိုရီတွေ ယုံကြည်မှုတွေကို စဉ်းစားနေမယ့်အစား ဒုက္ခမှလွတ်မြောက်မှုအတွက် ကျင့်စဉ်နဲ့ အဲဒီကျင့်စဉ်ကို ကျင့်ဖို့က ပိုအရေးမကြီးဘူးလား။ မြားမှန်သူ ပထမဆုံးလုပ်ရမှာက ခန္ဓာကိုယ်ထဲ က မြားကိုအရင် ဆုံးဖယ်ရှားပစ်ဖို့ပဲလေ။

---

၂၇၉။ တောင်းပန်ပါ

အရှင်ဘုရား၊

တပည့်တော် မိဘနှစ်ပါးကို လုပ်ကျွေးတဲ့ သားတစ်ယောက်ပါ ဘုရား။ အရင် ငယ်ငယ်တုန်းက ငြူစူမိတာ ရှိခဲ့ပါတယ် ဘုရား။ အဲဒီ အပြစ် အတွက်တရားအားထုတ်ပါက မဂ်ဖိုလ်ရမရ သိလိုပါတယ်ဘုရား။

သက်သန်းထွန်း

---

မဂ်ဖိုလ်မရ

တရား အားထုတ်ပေမယ့် မဂ်ဖိုလ်ကို မရအောင်တားဆီးတဲ့ အန္တရာယ် ငါးမျိုး ကျမ်းဂန်မှာ ပြတယ်။ ကမ္မန္တရာယ် = ပဉ္စာနန္တရိယ ကံငါးမျိုးကို ကျူးလွန်သူ။ ကိလေသန္တရာယ် = နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ၊ ဥဘတော ဗျည်း၊ ပဏ္ဍုက်။ ဝိပါကန္တရာယ် = အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေနေသူ။ ပညတ္တိဝီတိက္ကမန္တရာယ် = ဝိနည်းသိက္ခာပုဒ် ကျူးလွန်မိပြီး မကုစားတဲ့ ရဟန်းတော်များ။ အရိယူပဝါဒန္တရာယ် = အရိယပုဂ္ဂိုလ်တွေကို အမျိုး ဇာတ်စသည်နဲ့ စွပ်စွဲကဲ့ရဲ့တင်းဆိုလုပ်သူ။

အဲဒီငါးမျိုးအပြင် ဗုဒ္ဓနဲ့ ဗုဒ္ဓဟောကြားတာကို မယုံသူတွေ၊ မဂ်ဖိုလ် ရကြောင်းအကျင့်ကို မကျင့်လိုသူ၊ လောကီ လောကုတ် ပညာမဲ့သူတွေလည်း မဂ်ဖိုလ်နဲ့ မပတ်သက်နိုင်ဘူး (ဝိသုဒ္ဓိ၊၁၊၁၇၁)။

ကုစားဝန်ချ

လယ်တီဆရာတော်ရဲ့ အလိုအရ အန္တရာယ်ငါးမျိုးထဲမှာ ရဟန်းတွေ ဝိနည်းပြစ်ကို ကုစားရင်၊ အရိယာတွေအပေါ် ပြစ်မှားမိတာကို တောင်း ပန်ရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မတားမြစ်ဘူး၊ ကျန်တဲ့ သုံးမျိုးမှာတော့ အဲဒီလိုခြွင်းချက်မျိုးမရှိဘူးလို့ ဆိုတယ် (အနုဒီပနီ၊၆၆)။

ပဉ္စာနန္တရိယကံ ငါးမျိုးမှာပါတဲ့ မိဘနှစ်ပါးသတ်တဲ့ အပြစ်ကို ကျူး လွန်မိရင် တော့ no excuse ပါပဲ။ ဒါပေမယ့် မိဘနဲ့ သားသမီး နေ့စဉ် ဆက်ဆံရေးမှာ ပုထုဇဉ်ဘာဝ စိတ်မထိန်းနိုင်လို့ ကိုယ်နှုတ်စိတ်နဲ့ ပြုမူ၊ ပြောဆို၊ စိတ်ကူးမိတာလောက်ကတော့ အနူးအညွတ် တောင်းပန်ရင် မဂ်ဖိုလ်ရဲ့အန္တရာယ်ကို မတားနိုင်ရာပါဘူး

သံသရာ ဟူသည်

မင်းကြီး ဤအရပ် ဤဘုံ၌ ဖြစ်၍ ဤအရပ် ဤဘုံ၌ပင်လျှင် သေ၏။ ဤအရပ် ဤဘုံ၌သေ၍ တစ်ပါးသောအရပ် တစ်ပါးသော ဘုံ၌ ဖြစ် ပြန်၏။ ထိုအရပ် ထိုဘုံ၌ သေ၍ တစ်ပါးသော အရပ် တစ်ပါးသော ဘုံ၌ဖြစ်ပြန်၏။ မင်းကြီး ဤသို့လျှင် သံသရာသည်ဖြစ်၏။

(မိလိန္ဒ-မြန်၊ စာ၊၈၈-၈၉)။

---

280. Enough

Dear Sayadaw,

Referring to the answers of question No. 14 dated 15 Sep 2007, I would like to request you to elaborate more about 'Doing Sangha Kam'.

Moreover, general talking about meditation among three monks in 'Thain' can be 'Dividing of unity of Sangha'?

And please help me explain the meaning of reference guidance like Vi 4, 367.

APM

---

Schism

The answer for Question No. 14 is just to give readers some knowledge about 'The Kamma of Causing Schism in the Order (Sangha-bhedaka-kamma)' which is on of five unintervenable weighty deeds (Pancāntariya-kamma) and to let them know that that is Sangha-kamma (= the work of monks) which only monks can gather together in a Sima hall and do and so it can be committed only by monks; still the ordinary householders, going back and forth between the two sides and reporting good or bad news to one another, can cause the division of united monks.

I think the explanations I gave in such a small web page are enough for general readers. If you want to know more about it, please go farther to read the particular Vinaya Pitaka translations.

Not sure

I am sorry I am not sure of the meaning of second question.

Abbreviation

"Vi 4, 367" is an abbreviation of one of the original Pali Texts and the page I quoted from. Most researchers add additional pages in front of their book, showing the abbreviations they wil use. I add the abbreviations in my answers Must for the persons who can read the original Pali Text and easily can pick up the Text and page I show. For ordinary readers, it is better to leave it. There are two main Burmese Tipitaka abbreviation systems; one is like in Shatthasangayana Canon and the other in the Tipitaka Pali-Myanmar Distionary. Here I prefer the first one to the second. Vi 4 is contracted of Vinaya Pitaka Vol. 4, which is caled Culavagga Pali, and the number 367 is for the page of it.

---

၂၈၁။ သူတောင်းစားနဲ့ ဘုန်းကြီး

ရှေးဦးစွာ ဆရာတော်အား ရှိခိုးပါတယ် ဘုရား။ တပည့်တော် သိချင် တာက လမ်းဘေးမှာတောင်းရမ်းတဲ့ အဒေါ်ကြီး အဖွားကြီး အရွယ်သူ တောင်းစားတွေနဲ့ နာမည်ကြီးပြီး ဒကာတွေများတဲ့ ဘုန်းကြီးတွေကို လှူဒါန်းရာမှာ ကုသိုလ်ရတာချင်း တူပါသလား။ မည်သည့် ပုဂ္ဂိုလ်ကို လှူဒါန်းရင် ကုသိုလ်ပိုရတယ်ဆိုတဲ့ အဆုံးအမများ ရှိရင် သိလိုပါတယ် ဘုရား။ နောက်တစ်ခုမှာ မသာတစ်ခေါက် လိုက်ပို့လို့ ရတဲ့ ကုသိုလ်က ကျောင်းဆယ်ခါ ရောက်ပြီး ရတဲ့ ကုသိုလ်နဲ့ ညီတယ်ဆိုတဲ့ စကား မှန်ပါသလား။ အဲဒီစကားရဲ့အဓိပ္ပာယ်ကိုသိလိုပါသည်။

Eh Dah

---

ဟာမိုနီ

အင်း .. သူတောင်းစား အဖွားအိုနဲ့ နာမည်ကျော် ဘုန်းကြီးလို့ ဆို လိုက်တော့ ဘုန်းကြီးရဟန်းဖြစ်စက ‘သောင်းပြောင်းထွေလာ’စာ စောင်မှာ စာရေးဆရာ သော်တာဆွေ ရေးတာကို အမှတ်ရတယ်။ သူ့ ခေါင်းအုံးစွပ်နဲ့ သူ့ဇနီးရဲ့ အတွင်းခံအဝတ်ကို ရောပြီးလျှော်လို့ သူ့ဇနီး က အဝတ်လာလျှော်တဲ့ မိန်းကလေးကိုဆူတော့ ‘အမြောက်ထဲထည့် ပစ်တုံးက ကျည်ဆံ၊ နောက်တော့ ဘုရားပန်းအိုး၊ လူတွေဟာတယ်လည်း အစွဲသန်ကြပါလား’လို့ သူတွေးသတဲ့။ သူ့စာကို ဖတ်ဆဲ ဘုန်း ကြီးလည်း ‘အမြောက်ဆံကို ပန်းအိုးလုပ်တာ လူအများ လက်ခံနိုင်ပေ မယ့် ဇနီးအတွင်းဝတ်ကို ခေါင်းပေါင်းပြီး စာရေးသူလမ်းကို ထွက်ရဲပါ့ မလား..’လို့ ဆန့်ကျင်ဘက် အမြင်မျိုးဖြစ်ဖူးတယ်။

အချိန်အခါ နေရာဒေသ အခြေအနေအရ တန်ဖိုးနိမ့်မြင့် သတ်မှတ် ပြီး လက်ခံခြင်း ငြင်းပယ်ခြင်း ပြုရတာဟာ လိမ်မာတဲ့ သဘာဝ စွမ်း ရည်နဲ့ လောကကို ဟာမိုနီ (လိုက်လျောညီထွေ) ဖြစ်အောင် လုပ်တာ ပဲလေ။ ကိစ္စမရှိ။

အဆင့်ဆင့်

သီလရှိသူဟာ ကံရဲ့အကျိုးကို ယုံကြည်ပြီး ကြည်လင်တဲ့ သဒ္ဓါတရားနဲ့ တရားသဖြင့်ရတဲ့ ပစ္စည်းကို သီလရှိသူအား လှူဒါန်းမှ အလှူရဲ့အကျိုး ကြီးတယ် (မ၊၃၊၂၉၆)’။ ‘ရိုရိုသေသေ၊ စိတ်ပါလက်ပါ၊ ကိုယ်တိုင်ရဲ့ လက်ဖြင့်၊ လွှင့်ပစ်သလို မဟုတ်ဘဲ၊ ကံ ကံရဲ့အကျိုးကို ယုံပြီး လှူရင် အလှူခံပုဂ္ဂိုလ်ရဲ့ သီလ သမာဓိ ပညာ ကျင့်သုံးမှု အဆင့်အလိုက် အကျိုးကြီးတယ် (အံ၊၃၊၁၉၆)’။

ဥပမာသီလမဲ့သူ၊ သီလရှိသူ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ပုဂ္ဂိုလ်တွေကိုအဆင့်အလိုက်စဉ်ထားရင် အဆင့်မြင့်သူကို လှူဒါန်းတာက ပိုအကျိုးရှိတယ်။ ဗုဒ္ဓဝါဒမှာလူတစ်ယောက်ရဲ့တန်ဖိုးကို ရာထူး၊ အာဏာ၊ စည်းစိမ်၊ ကျော်ကြားမှုတွေနဲ့ မဆုံးဖြတ်ဘူး။ ကိုယ် ကျင့်သီလ ကောင်းခြင်း ဆိုးခြင်းနဲ့ပဲ တန်ဖိုးဖြတ်တယ်။

ဒက္ခိဏေယျ

ပုဂ္ဂလိက (တစ်ဦးချင်း)အလှူရဲ့ အလှူစင်ကြယ်မှု (ဒက္ခိဏာဝိသုဒ္ဓိ)ဖြစ်ရာ မှာသောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ပြီးတဲ့ လူသာမဏေတို့ပါ ခွင့်ရှိတယ်။ သံဃိကဒါန (သံဃာကို ရည်ညွှန်းတဲ့ အလှူ)ထဲမှာတော့ ရဟန်းတွေကိုပဲ သံဃာလို့ ယူရတယ်။ သံဃာလို့ ဆိုရာမှာ ရဟန်း တစ်ပါးတည်းလည်း သံဃာထဲမှာ အကျုံးဝင်တာပဲ။ အဲဒီတစ်ပါးဟာ ပုထုဇဉ်ဆိုရင်တော့ ဒက္ခိဏေယျ (မြတ်သော အလှူခံ) မဟုတ်ဘူး (အနုဒီပနီ၊၂၇)’။ ဒီစာအရ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် လူပုဂ္ဂိုလ်တွေဟာ ဒက္ခိဏေယျ၊ ရဟန်းတစ်ပါးကိုလည်း သံဃာအမှတ် နဲ့ လှူရင် ဒက္ခိဏေယျဖြစ်ကြောင်း နားလည်ရတယ်။

ကုသိုလ်ပိုရ

အဲဒီ နားလည်မှုနဲ့ ဒီလို တွေးကြည့်နိုင်တယ် .. လမ်းဘေးက သူ တောင်းစား အဖွားကြီးဟာ သောတာပန်ဖြစ်ရင် ဒက္ခိဏေယျ။ နာမည် ကျော် ဘုန်းကြီးဟာ ပုထုဇဉ် သီလဝန္တ (သီလရှိသူ)ဖြစ်ပြီး အဲဒီဘုန်း ကြီးတစ်ပါးကိုပင် သံဃာဆိုတဲ့ အသိနဲ့ လှူရင် ဒက္ခိဏေယျပဲ။ ပုထုဇဉ် ဒုဿီလ (သီလမဲ့) ဘုန်းကြီးတစ်ပါးတည်း ဖြစ်ပေမယ့် သံဃာဆိုတဲ့ အသိနဲ့ လှူရင် ဒက္ခိဏေယျထဲ ပါခွင့်ရှိတယ် (သံဃော ဟိ ဒုဿီလော နာမ နတ္ထိ။ မ၊ဋ္ဌ၊၄၊၂၂၅)။

ဒါပေမယ့်သီလဝန္တ ပုထုဇဉ်ဘုန်းကြီးတစ်ပါးကို ပုဂ္ဂိုလ်စွဲနဲ့ ခင်မင် လို့ လှူရင် ကုသိုလ်ရပေမယ့် ဒက္ခိဏေယျ မဖြစ်ဘူး။ ပုထုဇဉ် သီလမဲ့ ဘုန်းကြီးကိုပဲ ပုဂ္ဂိုလ်စွဲနဲ့ ခင်မင်လို့ လှူရင် အကျိုးမရှိဘူး။ သူတောင်း စားသီလမဲ့ အဖွားကြီးဆိုရင်လည်း အလှူရဲ့အကျိုးမရှိဘူး။

မသာအိမ်

မသာအိမ်ကိုသွားတဲ့ အခါ အဲဒီ မသာရုပ်၊ ကျန်ရစ်သူတွေရဲ့ သောကခြုံ နှလုံးသားကို မြင်တွေ့ ကြုံသိရလိုက်ရခိုက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဟာ ဘုန်းကြီးကျောင်းကို ဥပုသ်စောင့်ဖို့ သွားတဲ့ အတွေ့အကြုံထက် များစွာ သို့မဟုတ် ဆယ်ဆပိုပြီး လူတစ်ယောက်ရဲ့ စိတ်ကို သက် ရောက်မှု ဖြစ်စေ နိုင်တယ်။ ဒါကြောင့် မသာအိမ်ကို တစ်ခေါက်သွား ခြင်းနဲ့ ဘုန်းကြီးကျောင်းကို ဆယ်ခေါက်သွားခြင်း အကျိုးတရားချင်း တူနိုင်တာပေါ့။

၂၈၂။ ယုဂနဒ္ဓပဋိပဒါ

ဆရာတော် အရှင်မြတ်ဘုရား၊

မသိ၍ မေးလျှောက်ရခြင်း ဖြစ်ပါသည် ဘုရား။ ပုဂ္ဂိုလ်တစ်ယောက် သည် ပဌမမဂ်ကို ကျင့်စဉ်က ရရှိခဲ့သော စျာန်အဆင့်တစ်ခုခု ရှိခဲ့လျှင် နောက်အဆင့်မဂ်ကို ကျင့်သည့်အခါ ၎င်းစျာန်သည် ဆက်လက်လိုက် ပါလာသာလား သို့မဟုတ် ထပ်မံ ကျင့်ယူရပါသလားဘုရား။

ရိုသေလျက်တရားသိလိုသူ

---

ကျင့်စဉ်

ကိလေသာကို ပယ်နိုင်တဲ့ ယုဂနဒ္ဓပဋိပဒါ (အစုံတွဲယှဉ်ကျင့်စဉ်) လေးမျိုးရှိတယ်..

၁)သမာဓိကို အားထုတ်ပြီးမှ ဝိပဿနာရှုခြင်း
၂)ဝိပဿနာ ရှုပြီးမှ သမာဓိကို အားထုတ်ခြင်း
၃) သမထ ဝိပဿနာကို တစ်ပြိုင်နက် ရှုခြင်း (ဥပမာ- ပဌစျာန်ကို ဝင်စား၊ အဲဒီ စျာန်မှထပြီး သင်္ခါရကိုရှု။ သင်္ခါရကို ရှုပြီး ဒုတိယစျာန်ကို ဝင်စား။ ထိုနည်းအတိုင်း ရူပ အရူပ စျာန်ရှစ်ပါးကို တစ်ခုစီ ဝင်စား၊ တစ်ခုစီရဲ့ အခြားမဲ့မှာ သင်္ခါရကို ရှုခြင်း)
၄) ဩဘာသ (အလင်း ရောင်)စသော ဝိပဿနာ ညစ်ညူးကြောင်း ဆယ်မျိုးကြောင့် ဖြစ်တဲ့ တဏှာ မာန ဒိဋ္ဌိကို ပယ်၍ ဝိပဿနာ စိတ် အစဉ်သို့ သက်ဝင်ပြီး အားထုတ်ခြင်း (ပဋိသမ္ဘိဒါမဂ္ဂ၊၂၃၈-စသည်)။

စျာန်နှစ်မျိုး

စူးစူးစိုက်စိုက် ရှုခြင်း၊ နီဝရဏတရားတွေကို ရှို့ပစ် (ဖျောက်ပစ်)ခြင်း ဆိုတဲ့ သတ္တိနှစ်ခုရှိလို့ အထက်ပါ ကျင်စဉ်ကို ကျင့်နေတဲ့ ယောဂီရဲ့ သန္တာန်မှာဖြစ်ပေါ်လာတဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စေတသိက်ငါးပါးကို ‘စျာန်’လို့ ခေါ်တယ်။ စျာန်နှစ်မျိုး ရှိတယ်၊ အာရမ္မဏူပစျာန်နဲ့ လက္ခဏူပစျာန်။ ရူပ အရူပစျာန်တွေက ကသိုဏ်း အသုဘ စတဲ့ အာရုံကိုရှုလို့ အာရမ္မဏူပစျာန်အမည်ရတယ်။ လောကီစျာန်လို့လည်း ခေါ်နိုင်တယ်။ အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာရေး သုံး ပါးကိုရှုလို့ မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ အဲဒီ စေတ သိက် ငါးပါးကိုတော့ လက္ခဏူပစျာန်လို့ ခေါ်တယ်။ လောကုတ္တရာ စျာန်လို့လည်း ခေါ်နိုင်တယ်။

ယောဂီနှစ်မျိုး

မဂ်ဖိုလ်ကိုရဖို့ အားထုတ်တဲ့ ယောဂီနှစ်မျိုးရှိတယ်။ စျာနလာဘီ (စျာန် ရသူ)နဲ့ သုက္ခဝိပဿက (စျာန်မရသူ)။ စျာနလာဘီပုဂ္ဂိုလ်တွေမှာ စျာန် နှစ်မျိုးလုံးရနိုင်တယ်။ သုက္ခဝိပဿကပုဂ္ဂိုလ်တွေကတော့ မဂ်ခဏမှာ ယှဉ်တွဲပြီး ဖြစ်ပေါ်တဲ့ လက္ခဏူပစျာန်ကိုပဲ ရနိုင်တယ်။ ဒါကြောင့် ‘အပ္ပနာသို့ မရောက်သော လောကုတ္တရမဂ်ရယ်လို့ မရှိဘူးဆို’တဲ့ (အဘိ၊ဋ္ဌ၊၁၊၂၇၄)စကားနဲ့ ‘ပဌမတော့ စျာန်ကို မနှစ်သက်ဘဲ ဝိပဿ နာပဲ ရှုပေမယ့် မဂ်စိတ်ဖြစ်တဲ့ အခါမှာတော့ ယုဂနဒ္ဓပဋိပဒါ (အစုံတွဲ ယှဉ်ကျင့်စဉ်)အရ စျာန်ကို နှစ်သက်မှု မရှိဘူးလို့ မဆိုနိုင်တော့ဘူး (အံ၊ဋီ၊၁၊၁၁၉)’ဆိုတာတွေက လက္ခဏူပစျာန်ကို ရည်ရွယ်တာဖြစ်ပါ လိမ့်မယ်။ (အပ္ပနာနဲ့ စျာန်ဆိုတာ အဓိပ္ပာယ်တူ ဝေါဟာရဖြစ်ပါတယ်။)

လျှောမကျ

အထက်ပါ ရှင်းလင်းချက်တွေအရ တရားအားထုတ်သူ ယောဂီနှစ်မျိုး လုံးအနေနဲ့ ရရှိပြီး မဂ်အခိုက်အတံ့မှာ ဖြစ်ခဲ့တဲ့ လက္ခဏူပစျာန်တွေ ဆုတ်ယုတ် မသွားနိုင်ပါဘူး။ ဘာကြောင်ဆို မဂ်စိတ်ရဲ့ မပြောင်းမလဲ တည်တံ့ခိုင်မြဲတဲ့ သတ္တိကြောင့်ပါပဲ။ ဒါကြောင့် ပဌမမဂ်နဲ့ ယှဉ်ပြီး ဖြစ်ခဲ့တဲ့ လက္ခဏူပစျာန်လို့ ခေါ်တဲ့ စေတသိက်တွေဟာ အရည်အချင်း နိမ့်ကျ မသွားဘဲ အထက်မဂ်တွေနဲ့ ယှဉ်ပြီးဖြစ်တဲ့ အခါ ပိုမို အားကောင်းသွားတယ်လို့ ဆိုနိုင်ဖွယ်ရှိပါတယ်။ ဘုန်းကြီးအထင်အရ အာရမဏူပစျာန် တွေကတော့ လောကီ စျာန်တွေ ဖြစ်လို့ စျာနလာဘီ ယောဂီအနေနဲ့ ဆဠာဘိည သို့မဟုတ် ပဋိသမ္ဘိဒါပတ္တ ရဟန္တာမဖြစ်ခင် အောက်မဂ် အောက်ဖိုလ် အခိုက်မှာ ယောဂီရဲ့ ပုဂ္ဂလဇ္ဈာသယ အလိုက် ပြန်ကျင့် ယူရတာမျိုး ဖြစ်နိုင်ဖွယ်ရှိပါတယ်။

၂၈၃။ နတ်နဲ့ ဖန်ဆင်းရှင်

ဆရာတော် အရှင်ဘုရား၊

လောကမှာ လေနတ်သား၊ မီးနတ်သား၊ မိုးနတ်သားဆိုတာ ရှိပါ သလား။ မိုးမရွာရခြင်း အကြောင်းတွေထဲမှာ နတ်တွေ မေ့လျော့လျှင်လည်း မိုးမရွာဘူးလို့ ကြားဖူးပါတယ် ဘုရား။ ကျမ်းဂန်မှာ ဘယ်လို ဆိုထားပါသလဲ။ ရေ လေ မီး မိုး ဆိုတာ ဓာတ်ကြီးလေးပါး အစု အဝေးပဲ မဟုတ်ပါလား ဘုရား။ ဓာတ်လေးပါး အစုအဝေးဖြစ်တဲ့ ရေ မြေ တောတောင်ဆိုတာ ဖန်ဆင်းရှင်တို့ ဖန်ဆင်းအပ်တဲ့ အရာမဟုတ် ဘဲ နတ်တွေက မိုးကိုရွာစေတယ် ဆိုတာဟာ ဖန်ဆင်းတဲ့ သဘော သက်ရောက်နေပါတယ်ဘုရား။ ဓာတ်လေးပါး ဖောက်ပြန်သဖြင့် မိုးရွာ ခြင်း၊ မရွာခြင်း ဖြစ်ရတာ မဟုတ်ပါလား ဘုရား။ နတ်တွေနဲ့ အဘယ် သို့ သက်ဆိုင်ပါသလဲ။ နတ်တွေက ဖန်ဆင်းတယ်ဆိုရင် မအိုခြင်း၊ မနာ ခြင်းကိုလည်း နတ်တွေက ဖန်ဆင်းနိုင်သလို ဖြစ်မနေဘူးလား ဘုရား။ အမှားပါရင် ခွင့်လွှတ်ပါ အရှင်ဘုရား။

Skyperaung

---

မိုးနတ်သား

မဟာသမယသုတ်မှာ ‘အာပေါစ ဒေဝါ ပထဝီ၊ တေဇော ဝါယော တဒါ ဂမုံ = ထိုအခါ၌ အာပေါ (ရေ)နတ် ပထဝီ (မြေ)နတ် တေဇော (မီး)နတ် ဝါယော (လေ)နတ်တို့သည် (မြတ်စွာဘုရားထံသို့) ရောက်လာကုန်၏’၊ ‘ထနယံ အာဂပဇ္ဇုန္နော=ပဇ္ဇုန္နနတ်သည်မိုးထစ်ချုန်းစေလျက် (မြတ် စွာဘုရားထံ) လာရောက်၏ (ဒီ၊၂၊၂၀၉)’လို့ ဆိုတယ်။ အင်္ဂုတ္တရပါဠိ အရ မိုးမရွာနိုင်တဲ့ အန္တရာယ်ငါးမျိုးရှိတယ်..
၁)ကောင်းကင်မှာတေ ဇောဓာတ်ဖောက်ပြန်လို့
၂)ကောင်းကင်မှာ ဝါယောဓာတ် ဖောက်ပြန် လို့
၃)ရာဟုအသူရိန်က မိုးရေကို လက်ဝါးနဲ့ ခံယူထားလို့
၄)မိုးတိမ်ဝဿဝလာဟက (အမည်ရတဲ့)နတ်တွေ မေ့နေလို့
၅)လူတွေ တရားမစောင့်လို့ (အံ၊၂၊၂၁၂)။

ရေချိုးမယ်

တစ်ခါက ကောသလတိုင်းမှာ အကြီးအကျယ် မိုးခေါင်တယ်။ သာဝတ္ထိ မြို့ရှိ ဇေတဝန်ကျောင်းဘေးက ရေကန်ကြီးတောင် ရေခန်းသွားတယ်။ အဲဒီအတွင်း တစ်နေ့မှာ ဗုဒ္ဓက မိုးမရွာ ရေရှားမှန်း သိလျက် အရှင် အာနန္ဒာကို ရေချိုးဖို့ ရေသနုပ်ကို ယူခိုင်းတယ်။ အဲဒီတော့ သိကြားမင်း မနေနိုင်တော့ဘဲ ဝလာဟက (မိုး)နတ်သားကို မိုးရွာခိုင်းလိုက်တယ်။ မိုးနတ်သားလည်း တိမ်ပုဆိုးကိုဝတ်ပြီး မိုးသီချင်းကို သီဆိုရင်း အရှေ့ လောကဓာတ်ဆီသို့ ရှေ့ရှုပြေးလိုက်စဉ် ရေအိုးထဲက ရေကို သွန်ချ လိုက်သလို မိုးကြီး သည်းထန်စွာ ရွာချလို့ ကောသလတိုင်း တစ်ခုလုံး ရေလျှံ၊ ဇေတဝန်ဘေးက ရေကန်ကြီးလည်း ခဏချင်း ရေပြည့်သွား တဲ့ အခါ ဗုဒ္ဓလည်း အဲဒီရေကန်မှာ ရေချိုးတော်မူတယ် (ဇာ၊ဋ္ဌ၊၁၊၃၄၈)။ အဲဒီတော့ ..

ဖော်ပြပြီး သာဓကတွေအရ လေနတ် မီးနတ် မိုးနတ် ဆိုတာတွေကို ဗုဒ္ဓကျမ်းဂန်မှာ အသိအမှတ်ပြုကြောင်း မှတ်သင့်ပါတယ်။ တန်ခိုးစွမ်း ရည် ဆယ်မျိုး ရှိတယ် .. အဓိဋ္ဌာနိဒ္ဓိ (စျာန်ရ ပုဂ္ဂိုလ်တွေ အဓိဋ္ဌာန်ပြီး ပြတဲ့ တန်ခိုး၊ ဒီတန်ခိုးနဲ့ လနေကိုတောင် လက်နဲ့ ထိကိုင်နိုင်တယ်၊ ရှင်တော်ဗုဒ္ဓက ဆွေမျိုးတော်တွေကို ပေါက္ခရဝဿမိုး ရွာပြတာ ဒီတန် ခိုးနဲ့)၊ ကမဇိဒ္ဓိ (နတ်တွေနဲ့ အချို့သော ဝိနိပါတိက အသူရာတွေလို ကံ ကြောင့် အလိုလိုရတဲ့ တန်ခိုး)စသည် .. (ဆယ်မျိုး အပြည့်အစုံကို ပဋိသမ္ဘိဒါမဂ္ဂ၊၃၈၅-မှာ ရှုပါ)။ ကမ္မဇိဒ္ဓိနဲ့ လေတိုက်အောင် လုပ်နိုင်ရင် လေနတ်၊ ပူအောင်လုပ်နိုင်ရင် မီးနတ်၊ မိုးရွာအောင်လုပ်နိုင်ရင် မိုးနတ် လို့ အကြမ်းဖြင်း ဆိုနိုင်လေမလား။

ခြားနားချက်

နတ်ဆိုတာ သုံးဆယ့်တစ်ဘုံ အတွင်းက သတ္တဝါတစ်မျိုး ဖြစ်လို့ အိုနာ သေရှိတယ်။ အိုခြင်း နာခြင်းဆိုတာတွေက ခန္ဓာငါးပါးရှိမှ ဖြစ်နိုင်တာ။ သူတို့ရဲ့တန်ခိုးတွေလည်း မတည်မြဲဘူး၊ အကန့်အသတ်ရှိတယ်။ ဖန်း ဆင်းရှင်ကတော့ မအိုမနာမသေဘဲ ထာဝရမြဲနေသူ၊ အနန္တစကြဝဠာကို ဖန်ဆင်းတဲ့ သူ့ရဲ့ မဟာတန်ခိုးကို ဘယ်လိုရတယ်ဆိုတာ မသိဘူး။ အဲဒီတော့ နတ်တွေရဲ့လုပ်ပုံနဲ့လည်း မတူနိုင်တော့ဘူး။ ဓာတ်လေးပါး ဖောက်ပြန်လို့ မိုးရွာခြင်း မရွာခြင်း ဖြစ်တယ်ဆိုရင် နတ်တွေက မိမိ တို့ရဲ့မွေးရာပါ ကမ္မဇိဒ္ဓိနဲ့ အဲဒီဓာတ်လေးပါး ဖောက်ပြန်အောင် မလုပ် နိုင်ဘူးလား။

၂၈၄။ ရည်စူးဒါန

ကွယ်လွန်သူအတွက် ရည်စူးဒါနပြုပေးရာမှာ လူ့ဘုံနှင့် တိရစ္ဆာန်ဘုံကို ရောက်သွားသူမှအပ ကျန်သောဘုံကို ရောက်သွားသူတွေ သာဓုခေါ်နိုင်တယ်လို့ သိရပါတယ်ဘုရား။ ကွယ်လွန်သူဟာ အပါယ်လေးဘုံထဲက ပြိတ္တာဘုံကို ရောက်သွားပြီး ကျန်ရစ်သူ မိသားစုက သူ့အတွက် ရည် စူးပြီး လုပ်ပေးတဲ့ ကောင်းမှုတွေကို သာဓုခေါ်နိုင်ခဲ့မယ်ဆိုရင် သူ့မှာလည်း လုပ်ခဲ့ဘူးတဲ့ ကုသိုလ်တွေ ရှိမယ်ဆိုရင် သုဂတိဘုံကို ရောက် သွားနိုင်ပါသလားဘုရား။ ကျန်ရစ်သူမိသားစုက ပြုပေးတဲ့ ကောင်းမှု အတွက် သာဓုခေါ်နိုင်ပေမယ့် အကုသိုလ်ကံများတဲ့ အတွက် သုဂတိဘုံ ကိုမရောက်နိုင်ဘဲ ရောက်ဆဲဘုံမှာ ဆက်ဖြစ်နေမယ်ဆိုရင် အဲဒီဘုံမှာ ဘယ်လို နေထိုင်ရသလဲဆိုတာ သိချင်ပါတယ် ဘုရား။ အနေအစား ပြည့်စုံတယ်ဆိုရင်လည်း ဘယ်လိုနည်းနဲ့ ပြည့်စုံတာပါလဲဘုရား။

Pure coffeeex

---

ဘယ်သူရ

‘သေသူကိုရည်ညွှန်းပြီး ကုသိုလ်ဒါနပြုရင် အဲဒီလူရကော ရပါသလား’။ ‘အချို့ရတယ်၊ အချို့မရဘူး’။ ‘ဘယ်သူတွေရပြီး ဘယ်သူတွေမရတာ တုန်း’။ ‘ငရဲသား နတ် တိရစ္ဆာန် ဖြစ်သွားသူတွေနဲ့ ဝန္တာသိကပြိတ္တာ (အစာကိုအန်ထုတ်ရသူ)ခုပ္ပိပါသပြိတ္တာ (အမြဲဆာလောင်နေသူ)နိဇ္ဈာမ တဏှိကပြိတ္တာ (ဝမ်းခေါင်း ပြောင်ပြောင် တောက်လောင်နေသူ) ဆိုတဲ့ ပြိတ္တာသုံးမျိုးထဲ တစ်ခုခု ဖြစ်သွားသူ မရ၊ ပရဒတ္တူပဇီဝီပြိတ္တာမျိုး (သူ တစ်ပါး ပေးကမ်းသည်ကို မှီ၍ အသက်ရှင်ရသူ)တွေပဲ ရတယ်။ ဒါ ပေမယ့် ကျန်ရစ်သူ တို့ရဲ့ ရည်စူးဒါနကို သိမှရတယ်၊ မသိရင် မရဘူး (မိလိန္ဒ၊၂၈၄)’။ မေးခွန်းမှာ ‘သာဓုခေါ်နိုင်တယ်’ဆိုတာကို ‘ကုသိုလ် အမျှကို ရနိုင်တယ်’လို့ ဆိုလိုရင် ‘ကွယ်လွန်သူအတွက် ရည်စူးဒါန ပြုပေးရာမှာ လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံကို ရောက်သွားသူမှအပ ကျန်ဘုံကို ရောက်သွား သူတွေ သာဓုခေါ်နိုင်တယ်’ဆိုတဲ့ နားလည်ထားမှုကို အဲဒီ ကျမ်းဂန်စကားနဲ့ ပြန်ပြီး ညှိယူပါ။

အမျှမျှော်သူ

တိရောကုဋ္ဋ သုတ္တန်အရ ဗိမ္ဗိသာရမင်းရဲ့ ဆွေမျိုးဖြစ်ဖူးတဲ့ ပြိတ္တာတွေဟာ မင်းကြီးဆီက ကုသိုလ်အမျှကို မျှော်လင့်နေကြဆဲမှာ မင်းကြီးကလည်း သူတို့အတွက် အထူးရည်စူးပြီး ကုသိုလ်ဒါန ပြုပေးလိုက်တဲ့ အချိန် အဲဒီပြိတ္တာတွေက သာဓုလည်း ခေါ်လိုက်ရော အဲဒီဘဝဆိုးကနေ ချက်ခြင်း လွတ်မြောက်သွားကြောင်း (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၆၉) ဆိုပါတယ်။ လွတ်မြောက်သွားတယ်ဆိုတော့ မကောင်းတဲ့ အခြေအနေတစ်ခုကနေ ကောင်းတဲ့ အခြေအနေတစ်ခုဆီ ရွေ့သွားတာပဲဖြစ်မှာပေါ့။ သူတို့ကိုယ် တိုင်ကလည်း အဲဒီ ဘဝအခြေအနေကို မနှစ်သက်ဘဲ အခြားဘဝ တစ် ခုကို တောင့်တလို့၊ အဲဒီလို တောင့်တနိုင်တဲ့ ဉာဏ်လည်းရှိလို့ ရွေ့သွားတယ်လို့ ဆိုနိုင်အံ့ထင်ပါတယ်။ ယခင်ဘဝ တစ်ခုမှာ ဘုရားတစ်ဆူကို ဆွမ်းကပ်ဖို့ အခွင့်အရေး ရခဲ့ကြတဲ့ အတွက် သူတို့ဟာ ခေသူတွေ မဟုတ်ဘူး ဆိုတာကိုတော့ မှတ်သင့်တယ်။

သာဓုခေါ်ပါ

ဆိုပါစို့၊ ရှင်ပြုပွဲတစ်ခုကို ဖိတ်လို့ သွားတယ်။ အလှူရှင်က အမျှမျှယူတော် မူကြပါကုန်လော့လို့ ဆိုဆဲကိုယ်ကလည်း ငါ့ကိုကုသိုလ်အမျှဝေတာ ပဲလို့ နားလည်ပြီး ဝမ်းပန်းတသာ သာဓုခေါ်ရင် မိမိစိတ်ထား ထက် သန်သရွေ့ အဖို့ရတဲ့ ကုသိုလ်ရဲ့ စွမ်းအင် ကြီးနိုင်တယ်။ နတ်တွေ ဗြဟ္မာတွေလည်း အဲဒီလိုတော့ ဖြစ်နိုင်စရာရှိတယ်။ ငရဲနဲ့ တိရစ္ဆာန်ဘုံ တွေမှာတော့ ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေကြောင့် သိမြင်နားလည်မှု မရှိလို့ ကုသိုလ်ဖြစ်ခွင့် အင်မတန် နည်းပါလိမ့်မယ်။ ဗုဒ္ဓရဲ့တရားသံကို ကြည် ညိုနိုင်တဲ့ ဖားတိရစ္ဆာန်မျိုးက ရှားသား။

ဒါကြောင့် ရည်စူးဒါန မဟုတ်ပေမယ့် အသိဉာဏ်ရှိသူအဖို့ သာဓု ခေါ်ခွင့်ရချိန် လှိုက်လှိုက်လှဲလှဲ သာဓုခေါ်နိုင်ရင် ပတ္တာနုမောဒန (အမျှကို ဝမ်းသာစွာခံယူခြင်း) ကုသိုလ်ကို ရကြောင်းလည်း မှတ်ပါ။

ဖြစ်ဆဲဘုံမှာ

သတ္တဝါတိုင်းမှာ ရောက်ဆဲဘဝကို တပ်မက်တဲ့ ဘဝနိကန္တိလို့ ခေါ်တဲ့ တဏှာရှိတယ်။ အဲဒီ တဏှာကြောင့် သတ္တဝါတိုင်း ရောက်ဆဲဘဝမှာ ပျော်တယ်။ နောက်ချေးပိုးဟာ နောက်ချေးတုံးကို ဗိမာန်လို့ ထင်နေ မှာပဲ။ လူ့အမြင်အရ နှစ်သက်စရာမဟုတ်နိုင်ပေမယ့် သူတို့က အဲဒါမျိုး ကိုပဲ နှစ်သက်မှာ။ ဒါကြောင့် ဘဝနိကန္တိ ပြင်းပြလို့ ဖြစ်စေ အကုသိုလ် များလို့ ပဲဆိုဆို သာဓုခေါ်ခွင့်ရပေမယ့် ရောက်ဆဲဘဝမှာ ဆက်ဖြစ်နေရင် အဲဒီဘဝအနေနဲ့ စည်းစိမ်ဥစ္စာလို့ ယူဆရတဲ့ အရာတွေကို ရသွားနိုင် ပါတယ်။ ဥပမာ- သစ်ပင်ဟာနေစရာ ဗိမာန်ဆိုရင် သစ်ဗိမာန်ကို ရမှာ ပဲ။ တံတွေးစတဲ့ အညစ်အကြေးကို စားရင် အညစ်အကြေးကို ဗုံးပေါ လအောရမှာပဲ။

ယာစကော အပ္ပိယော ဟောတိ= တောင်းတတ်သူသည်မုန်းခံရ၏။ ယာစံ အဒဒ မပ္ပိယော= တောင်းသည်ကို မပေးသူလည်း မုန်းခံရ၏။

(ဝိ၊၁၊၂၂၃) ချေးငှားတတ်သူသည် မုန်းခံရ၏။

ချေးငှားသည်ကို မချေးငှားသူလည်း မုန်းခံရ၏။

၂၈၅။ ရဟန်းပြုကျိုး

ဝိနည်းသိက္ခာပုဒ်အရ အာပတ်သင့်ထားရင် ရဟန်းဟာ တရားထူး တရားမြတ်ကို မရတော့တဲ့ အပြင် အပါယ်သို့ပါ ကျရတယ်တဲ့။ ရဟန်းရှင် တွေဟာလည်း အာပတ်ရှောင်ဖို့ သိပ်မလွယ်ပါဘူး။ တပည့်တော် သိချင်တာ ရဟန်းပြုခြင်းရဲ့ အကျိုးကျေးဇူးကို ပြောပြပေးစေလိုပါတယ်။ တပည့်တော် စာလည်း သိမ်မတတ်ဘူး။ ကြားဖူးတာလေးရှိလို့ ဒီ အကြောင်းကို သိချင်တဲ့ အတွက် ပေးမိတာပါ။ မှားတာရှိရင် ခွင့်လွှတ် တော်မူပါ အရှင်ဘုရား။ ကန်တော့ပါတယ် အရှင်ဘုရား။

Tar Win

---

ဒီလိုမှတ်

‘အာပတ်သင့်တဲ့ ရဟန်း တရားထူး တရားမြတ်ကို မရတော့တဲ့ အပြင် အပါယ်သို့ပါ ကျရတယ်’လို့ ဘယ်မှာ ဖတ်မိ သို့မဟုတ် နားထောင်မိ သို့မဟုတ် ကြားမိပါသလဲ။ အဲဒီလို နားလည်မှတ်မိနေရင် မပြည့်စုံဘူး။ အာပတ်သင့်ထားမှန်း သိလျက် ဒေသနာမကြား (မိမိ အာပတ်သင့် ကြောင်း၊ နောက်တစ်ကြိမ် အာပတ်မသင့်အောင် ထိန်းစောင့်မည် ဖြစ် ကြောင်း အခြားရဟန်း တစ်ပါးကို ပြောကြားခြင်း မပြု)ဘဲ အာပတ် မသင့်သလို ဖုန်းကွယ် ဟန်ဆောင်ရင် သိလျက် မမှန်စကားဆိုတာနဲ့ အတူတူဖြစ်လို့ တရားထူး ရခြင်းကို အနှောက်အယှက် ပြုနိုင်တယ်။ အဓိပ္ပာယ်က သင့်တဲ့ အာပတ်ကို ဒေသနာမကြား သို့မဟုတ် မကုစားဘဲ ဖုံးထားမှ မဂ်ဖိုလ်ရဲ့ အန္တရာယ်ရှိတယ်လို့ ပြင်မှတ်ဖို့ပါ။

အပြစ်ကြီး

ဒါပေမယ့် ပါရာဇိကအာပတ် လေးပါးကို ကျူးလွန်ရင်တော့ ဒေသနာ ကြားလို့ မရတော့ဘူး။ လူထွက် သို့မဟုတ် ကိုရင် ဘဝနဲ့ နေမှ စင် ကြယ်တယ်။ လူထွက်ပြီးနောက် လူ သို့မဟုတ် သာမဏေအဖြစ်နဲ့ တရားအားထုတ်ရင်လည်း တရားထူးကို ရနိုင်တယ်။ သံဃာဒိသေသ် အာပတ်သင့်ရင် အစ အလယ်အဆုံးမှာ အခြားသံဃာတွေနဲ့ ကုစားရတယ်။ အဲဒီနှစ်မျိုးကို ဂရုက (အပြစ်ကြီး)အာပတ်လို့ ခေါ်တယ်။ အာရဒ္ဓ ဝိပဿက (ပြင်းပြင်းထန်ထန် တရားအားထုတ်တဲ့ ရဟန်း) မဟုတ်ရင် ရဟန်း တစ်ပါးအနေနဲ့ ကျန်တဲ့ ခုဒ္ဒက (အပြစ်သေး) သိက္ခာပုဒ် အချို့ ကြောင့် အာပတ်သင့်နိုင်ပေမယ့် ဒေသနာကြားရင် စင်ကြယ်တယ်။

ရဟန်းပြုကျိုး

သာမညဖလသုတ်မှာ အဇာတသတ်မင်းက ရဟန်းပြုခြင်းရဲ့ အကျိုးကို မေးတဲ့ အခါ ဗုဒ္ဓက ‘သင့်ရဲ့ ကျွန်တစ်ယောက် ရဟန်းပြုသွားရင် ပြန် ခေါ်ပြီး ကျွန်လုပ်ခိုင်းအုံးမလား’လို့ ပြန်မေးတော့ မင်းကြီးက ‘No’တဲ့။ ဗုဒ္ဓက အဲဒါ ရဟန်းပြုရကျိုးပဲတဲ့။ နောက်ထပ် ကျန်သေးလားဆိုတော့ ‘အဲဒီ ရဟန်းကို မင်းကြီး ရှိခိုးမလား’ဆိုတော့ ‘Yes’တဲ့။ အဲဒါ နောက် အကျိုးတစ်ခုပဲတဲ့။ ပြီးတော့ကောဆိုတော့ ‘အဲဒီ ရဟန်း တရားအား ထုတ်ရင် မဂ်ဖိုလ်ကို ရတယ်၊ အဲဒါ နောက်ဆုံး အကျိုးပဲ’တဲ့ ဗုဒ္ဓက။ အနှောင်အဖွဲ့ကင်းပြီးပေါ့ပါးလွတ်လပ်တဲ့ ဘဝနဲ့ သီလ သမာဓိ ပညာ ကျင့်စဉ်ကို ကောင်းစွာ ကျင့်နိုင်ဖို့ ရဟန်းပြုတယ်လို့ မှတ်ဖို့ပါ။

၂၈၆။ ကုသိုလ်ပြုနည်း

အရှင်သူမြတ်ဘုရား၊

ရတနာမြတ်သုံးပါးနှင့် မိဘဆရာသမားတို့ကို ဦးထိပ်ထား၍ မေး လျှောက်အပ်ပါသည်ဘုရား။

ကောင်းမှုပြုရာတွင်၊ အထူးသဖြင့် အလှူဒါနပြုသည့် အခါမျိုးတွင် ‘ဉာဏ် ယှဉ်၍’ ပြုရသည်၊ သို့မှသာ ‘ဉာဏသမ္ပယုတ်’ကုသိုလ် ဖြစ်သည် စသည်ဖြင့် ဆုံးမဩဝါဒကို မှတ်သားဖူးပါသည်။ ထိုသို့ ဉာဏ်ယှဉ်ရာတွင် နှစ်မျိုးရှိကြောင်းလည်းနားလည်ရပါသည်။ တစ်မျိုးမှာ လက္ခဏာရေး သုံးပါးကိုဆင်ခြင်၍ သို့မဟုတ် ဝိပဿနာရှု၍ လှူရမည်ဖြစ်ပြီး၊ နောက် တစ်မျိုးမှာ အလှူခံပုဂ္ဂိုလ် (ဥပမာ ဘုရားရှင်၊ သံဃာ၊ သီလဝန္တပုဂ္ဂိုလ် စသည်)၏ ဂုဏ်ကိုရည်မှန်လျက်၊ အမှန်တကယ်လိုအပ်သည့် ဝတ္ထုကို လိုအပ်သည့်အချိန် လိုအပ်သည့်နေရာတွင် လှူခြင်းဖြစ်သည်ဟု ဆင်ခြင် ပြီးလှူရမည်ဟူ၍ဖြစ်ပါသည်။

တပည့်တော်အနေနဲ့ မသဲကွဲဘဲ ဖြစ်နေပါ၍ ထို ‘ဉာဏ်ယှဉ်၍’ ပြု ရမည့် ‘ဉာဏသမ္ပယုတ်’ကုသိုလ် ပြုပုံပြုနည်းကို ပြည့်ပြည့်စုံစုံ ဖြေ ကြားပေးတော်မူပါဘုရား။

ကျော်စွာညွန့်

---

သုံးထပ်ကွမ်း

‘လက္ခဏာရေးသုံးပါးကို ဆင်ခြင်သို့မဟုတ် ဝိပဿနာရှု’ဆိုရာမှာ ဆင် ခြင်တာ ရှုတာတွေဟာ ဉာဏ်ပါပဲ။ ဒါကြောင့် အဲဒီလို ဆင်ခြင် ရှုမှတ်ပြီး အလှူဒါနပြုရင် ဉာဏ်ပါနေတဲ့ အတွက် ဉာဏသမ္ပယုတ် ဒါနကုသိုလ်ဖြစ် လို့ မှန်ကန်တဲ့ အလှူပါပဲ။ ဘုရားအစရှိတဲ့ သီလဝန္တ ပုဂ္ဂိုလ်သူမြတ်တွေ ရဲ့ ကိုယ်မှာတည်ရှိတဲ့ သီလ သမာဓိ ပညာ ဂုဏ်ရည်ကို ရည်မှန်းနိုင်တယ် ဆိုတာလည်း ဉာဏ်ရှိလို့ ပါပဲ။ အဲဒါအပြင် ကောင်းမှုရှင်အနေနဲ့ ကံရဲ့ စွမ်းအားနဲ့ အကျိုးတရားကို ယုံကြည်လိုက်ရင် ကမ္မဿကတာ ဉာဏ်လည်း ပါသွားတာပဲ။

ဒါဖြင့် ‘သီလဝန္တပုဂ္ဂိုလ်တို့ရဲ့ ဂုဏ်ရည်ကို အာရုံပြုရင်း အလှူခံ အလှူပေး အလှူဝတ္ထုတွေကို လက္ခဏာရေး ဆင်ခြင်၍ ကမ္မဿကတာ ဉာဏ် ရှေ့သွားပြုပြီး’ လှူဒါန်းလိုက်ရင် ပိုပြီး ပြည့်စုံသွားလို့ ဉာဏသမ္ပ ယုတ်သုံးထပ်ကွမ်းလို့တောင် ဆိုနိုင်လေမလား။

အကျိုးကြီး

ပဋိပဒါသုတ် (သံ၊၂၊၂၄၆)အရ ကာမရူပ အရူပဆိုတဲ့ ဘဝသုံးပါးမှာ လည်စေဖို့ ရည်ရွယ်တာမှန်သမျှကို မိစ္ဆာပဋိပဒါ (အကျင့် မမှန်ဘူး)လို့ ဟောတော်မူတယ်။ အဲဒီလိုရည်ရွယ်ပြီး အဘိညာဉ်ငါးပါး သမာပတ်ရှစ် ပါးကို ပွားများရင် တောင် မမှန်ဘူးတဲ့။ ဒါကြောင့် ကုသိုလ် အဆောက် အအုံကို ပြုလုပ်ကြရာမှာ ဝဋ်မှ ထွက်မြောက်ရာ နိဗ္ဗာန်ကို အထူးပြု ရည်ညွှန်းမှသာ သမ္မာပဋိပဒါ (အကျင့်မှန်)လို့ ဒီသုတ္တန်အရ နားလည်ရတယ်။ ‘ဣဒံ မေ ဒါနံ အာသဝက္ခယာ ဝဟံ ဟောတု=မေ၊ ငါ၏။ ဣဒံ ဒါနံ၊ ဤအလှူသည်။ အာသဝက္ခယာ၊ အာသဝေါတရားတို့၏ ကုန်ခြင်း တို့ကို။ ဝဟံ၊ ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်စေသတည်း (မိုးထိ နိဿယ ၁၊ စာ-၅၁)’လို့ ဝဋ်မှကင်းလွတ်တဲ့ နိဗ္ဗာန်ကို ရည်ရွယ်ပြီး ယာဂုလေး တစ်ဇွန်းမျှ လှူနိုင်ရင် အကျိုးကြီးမြတ်ကြောင်း အဋ္ဌကထာ ကျမ်းမြတ်မှာဖွင့်ဆိုပါတယ် (သံ၊ဋ္ဌ၊၂၊၁၈)။

ဣဒံ မေ သီလံ .. ဣဒံ မေ ဘာဝနံ ..’လို့ မိမိပြုတဲ့ ကုသိုလ် အလိုက် အထူးပြုပြီး ဆိုနိုင်တယ်။ သုံးမျိုးလုံး ပေါင်းပြီး ‘ဣဒံ မေ ပုညံ..’လို့ ဆိုရင်လည်း သင့်ပါတယ်။

ဒါနမှတ်စု

‘အထူးသဖြင့် ဒါနပြုသည့်အခါ’လို့ ဆိုတဲ့ အတွက် ဒါနမှတ်စုကို အနည်း ငယ်ဖြည့်စွက်ရရင် .. အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုလှူသူရဲ့စေတနာဤ သုံးဖြာစင်ကြယ်ပြည့်စုံရင် အလှူဒါနတိုင်းအကျိုးကြီးမားတယ် (ဓာန်ဋီ၊၄၂၂)။ ကရုဏာ (အကြင်နာ၊ ကိုယ်ချင်းစာ၊ ငဲ့ညှာထောက်ထားခြင်း) နဲ့ ဥပါယကောသလ္လဉာဏ် (ဒါနပြုနည်းနားလည်ခြင်း)ခြံရံတဲ့ ဝိဝဋ္ဋဂါမိ (ဝဋ်မှထွက် မြောက်တဲ့ နိဗ္ဗာန်ကို ရည်မှန်းတဲ့) အလှူသည်သာ ပါရမီ မြောက်တယ် (သီ၊ဋီ၊သစ်၊၂၅၂)။

ကုသိုလ်

ကုသိုလ်ဆိုတာကို ပြန်ဆက်ရရင် .. အပြစ်မဲ့ခြင်း၊ အပူအပင်ကင်းခြင်း၊ ကျန်းမာခြင်း၊ ကောင်းကျိုးပေးခြင်း၊ ဆင်ခြင်တုံတရား ရှိခြင်းဆိုတဲ့ သတ္တိငါးမျိုးကို ကုသိုလ်လို့ ခေါ်တယ် (ဒီ၊ဋ္ဌ၊၃၊၆၇)။ ပြုလုပ်ပုံနဲ့ ဉာဏ် ရှိမရှိအရ လူသာမန်တို့ နေ့စဉ်ဘဝမှာ လုပ်နိုင်တဲ့ ကုသိုလ်ကို (၆)မျိုး ပြတယ်။ ကိုယ့်သဘောနဲ့ ပြု၊ သူတစ်ပါးကိုအတုလိုက်ပြု၊ ကိုယ်တိုင်ပြု၊ ခိုင်း၍ပြု၊ ကံကံရဲ့အကျိုးကို နားလည်ပြီး ဉာဏ်ယှဉ်၍ပြု၊ ကံ ကံရဲ့အကျိုးကို နားမလည် ဉာဏ်မပါဘဲပြု။ အဲဒီ (၆)မျိုးအနက် ကိုယ့်စိတ် သဘောနဲ့ ကိုယ်တိုင် အသိဉာဏ် ရှေ့သွားပြုပြီး ကုသိုလ်တွေ (ဒါန သီလဘာဝနာ)ကိုပြုရတယ် (အဘိ၊ဋ္ဌ၊၁၊၂၀၅)။

၂၈၇။ အကြည်ဓာတ်နဲ့ စိတ်ဝိညာဉ်

တပည့်တော် လေးစားစွာ လျှောက်ထားအပ်ပါတယ်ဘုရား၊ စိတ်များကို အကြည်ရုပ် (ပသာဒရုပ်)များက ထုတ်လုပ်သည်ဟု မှတ် သားရပါတယ်ဘုရား။

(၁)ဘဝင်စိတ်ကို ဟဒယဝတ္ထုကပင် ထုတ်လုပ်ပါသလားဘုရား။ (၂) ဥပမာ မျက်စိတွင် စက္ခုပသာဒရုပ်များ မြောက်များစွာ ရှိပါသလား သို့မဟုတ် တစ်ခုစီပဲရှိပါသလား။ မြောက်များစွာရှိလျှင် ယင်းတို့သည် မပြတ် ဖြစ်ပျက်လျက်ရှိရာ ပဋိသန္ဓေ နေကတည်းက အရေအတွက် အတိုင်း ကြီးသည်ထိ ရှိနေပါသလား။ သို့ဟုတ် နည်းလိုက် များလိုက် အခြေအနေပေါ် (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) မူတည်၍ အရေအတွက် အမြဲပြောင်းလဲနေပါသလား။ သို့မဟုတ် အသက်ကြီးလာလေ နည်းလာ လေဖြစ်ပါသလား။

ကျေးဇူးအထူးတင်စွာ ကန်တော့လျက်

တပည့်တော်ဒေါ်ရူပါ

---

မပြည့်စုံ

မျက်စိထဲ၊ နားထဲ၊ နှာခေါင်းထဲ၊ လျှာပေါ်၊ တစ်ကိုယ်လုံးမှာရှိတဲ့ ပသာဒ ရုပ်ငါးမျိုးနဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာဆိုတဲ့ အပြင် အာရုံတွေနဲ့ ဆုံတဲ့ အခါ ဆိုင်ရာစိတ်တွေ ဖြစ်တယ်။ မျက်စိထဲက အကြည်ရုပ်က အဆင်းရုပ်ကို ဖမ်းယူရင် မြင်သိစိတ်၊ နားထဲက အကြည် ရုပ်ကအသံရုပ်ကိုဖမ်းယူရင် ကြားသိစိတ်။ အဲဒီလိုပဲနံသိစိတ်၊ လျက် သိစိတ်၊ ထိသိစိတ်တွေ ဖြစ်ပေါ်တယ်။ ပသာဒရုပ်အပြင်သိစရာရုပ်တွေ နဲ့ အခြားသိစရာစိတ်တွေကို သိစိတ်နဲ့ စိတ်ကူးပြီးတော့လည်း သိစိတ် တွေ ဖြစ်တယ်။ အဲဒီ ခြောက်မျိုးကို ဒွါရ (တံခါးပေါက်) ခြောက်ခုလို့ ခေါ်တယ်။ အဲဒီ ဒွါရခြောက်မျိုး မရှိဘဲ (ဒါရဝိမုတ်)လည်း သိစိတ်တွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ‘စိတ်များကို ပသာဒရုပ်များက ထုတ်လုပ် သည်’လို့ သာမန်မှတ်သား မိနေရင် မပြည့်စုံဘူး။

မပတ်သက်

(၁) ဘဝင်စိတ်ဟာ အိပ်ပျော်စဉ် မေ့မျောစဉ် အချိန်တွေမှာ ဖြစ်လို့ ပသာဒရုပ်တွေ သိစိတ်တွေ သို့မဟုတ် ဒွါရခြောက်ပါးနဲ့ မပတ်သက်ဘူး။ ဒါကြောင့် အဘိဓမ္မာဝေါဟာရနဲ့ ဒွါရဝိမုတ်စိတ်လို့ ခေါ်တယ်။ ပဋိ သန္ဓေအခိုက်မှာ သေတဲ့ အချိန်မှာ ဖြစ်တဲ့ စိတ်နဲ့ ဘဝင်စိတ် အတူတူပဲ။ ဟဒယဝတ္ထုမှာ စိတ်အမျိုးမျိုး ဖြစ်ပေါ်အာင်ထုတ်လုပ်နိုင်တဲ့ စွမ်းရည် မရှိဘူး။ စိတ်ဝိညာဉ် တည်မှီတဲ့ နေရာအနေနဲ့သာ အဋ္ဌကထာ ကျမ်း ဂန်တွေမှာ ဖွင့်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝင်စိတ် ဖြစ်တာဟာ ဟဒယဝတ္ထုနဲ့ တိုက်ရိုက် မပတ်သက်ဘူး။ အိပ်ပျော်ခြင်း၊ မေ့မျောခြင်း တို့နဲ့သာ ပတ်သက်တယ်။

ငယ်မှုန်တွေ

(၂) ‘စက္ခုပသာဒရုပ်သည် မျက်ဖြူဝန်းအတွင်း မျက်နက်ဝန်း အလယ် လူရိပ်ထင်သည့် နေရာတွင် မျက်ကြည်လွှာ ခုနစ်ထပ်တို့ကို ပျံ့နှံ့ပြီး တည်ရှိ၏။ ယင်း (စက္ခုပသာဒရုပ် ပျံ့နှံ့သည့် နေရာ)သည် သေးငယ် သိမ်မွေ့ပြီး သန်းဦးခေါင်းပမာဏမျှရှိ၏ (အဘိ၊ဋ္ဌ၊၁၊၃၄၅)’။ ဒီစာအရ မျက်နက်ဝန်းထဲက သန်းဦးခေါင်းလောက်ရှိတဲ့ နေရာမှာ စက္ခုပသာဒ ရုပ်တွေများစွာ ပျံ့နှံ့ပြီး တည်ရှိတယ်လို့ သိရတယ်။ ဒီနေရာမှာ များစွာ သို့မဟုတ် မြောက်များစွာဆိုတာကို ဘုန်းကြီးအနေနဲ့ အရေအတွက် သဘောမျိုး မဟုတ်ဘဲ အားကောင်း အားနည်းလို့ နားလည်ပြီး ပြော ရရင် .. ကံ စိတ် ဥတု အာဟာရ အပေါ်မူတည်ပြီး အားကောင်း အား နည်း ဖြစ်နိုင်တာပေါ့။ ကလေးဘဝမှာ စက္ခုပသာဒရုပ် အားမကောင်း လို့ ကလေးဘဝကတည်းက မျက်မှန်တပ်ရတာပဲ မဟုတ်လား။

‘မပြတ်ဖြစ်ပျက်’ ဆိုတာ တစ်ကိုယ်လုံး သို့မဟုတ် ရုပ်နာမ်တို့ရဲ့ အနိစ္စ သဘာဝပဲ။ အဘိဓမ္မာသဘောအရ ခုနက သင်ဟာ ယခု သင် မဟုတ်တော့ဘူး။ ဒါကြောင့် ‘မပြတ်ဖြစ်ပျက်နေခြင်း’ဆိုတဲ့ အကြောင်း တစ်ခုတည်းနဲ့ စက္ခုပသာဒ အားနည်း အားကောင်း မဖြစ်နိုင်ဘူးလို့လည်း မှတ်သင့်တယ်။

သန်းဦးခေါင်း

ဦကာသိရမတ္တ = သန်းဦးခေါင်းလောက် (နေရာ)’ဆိုတာလည်း လူ တွေအတွက် သို့မဟုတ် ယေဘုယျ အဆိုပဲ ဖြစ်နိုင်တယ်။ ဘာကြောင့် ဆိုရင် ..

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက နယူးဇီလန်မှာ Colossal Squid လို့ ခေါ်တဲ့ ကမ္ဘာအကြီးဆုံး ပြည်ကြီးငါး တစ်ကောင် ဖမ်းမိခဲ့တယ်။ အမြီှးကနေ ခေါင်းပိုင်း လက်ချောင်းတွေအထိ အရှည် ၂၆ ပေ၊ အလေး ချိန် ၁၀၉၁ ပေါင် ရှိပြီး သမုဒ္ဒရာအောက် ပေပေါင်း ၆၅၀၀ ထိ ငုပ်နိုင် သတဲ့။ ပေါင်လုံးခန့်ရှိတဲ့ လက်ချောင်းတွေမှာ တံစဉ်လိုကွေးပြီး ချွန် ထက်တဲ့ ဆုံလည်သွားစွယ်တွေပါတယ်။ ဒီလိုပြည်ကြီးငါးတစ်ကောင် ရဲ့ လိင်တံက ခြောက်ပေခွဲလောက် ရှည်သတဲ့။ အဲဒီပစ္စည်း မပါလို့ ကျွမ်းကျင်သူတွေက ဒီကောင့်ကို အမလို့ပဲ ယူဆကြသတဲ့။

ဒီကောင့် မျက်လုံးကို ရှာမတွေ့ပေမယ့် တွေ့ရှိပြီး Gaint Squid တွေထက် ဒီကောင်က ပိုကြီးလို့ ဒီကောင့် မျက်လုံးဟာ အချင်း ဆယ် လက်မထက် ပိုကြီးနိုင်တယ်လို့ ခန့်မှန်းကြတယ်။ (အခု နယူးဇီလန် အမျိုးသားပြတိုက် Te Papa မှာ ဆေးရည်စိမ်ပြီး သဘာဝပုံစံနဲ့ ပြသ ထားတယ်။ ဒါပေမယ့်ပိုက်နဲ့ ဖမ်းစဉ်က သတ္တဝါကြီး ရုန်းကန်လို့ ပွန်းပဲ့ ရာတွေတော့ ရှိနေတယ်။)

အဲဒီလို ကမ္ဘာ့ မျက်လုံးအကျယ်ဆုံး သတ္တဝါတွေမှာ စက္ခုပသာဒ ရုပ် ပျံ့နှံ့တဲ့ နေရာဟာ ‘သန်းဦးခေါင်း’ ပမာဏ မကနိုင်တော့ဘူး။ အနည်းဆုံး လိမ္မော်သီးတစ်လုံးစာတော့ရှိတော့မှာပဲ။

၂၈၈။ သတ္တာဝါသ ဘုံကိုးဝ

ဆရာတော် အရှင်သူမြတ်ဘုရား၊

ရိုသေစွာ မေးလျှောက်အပ်ပါသည် ဘုရား။ ရှေးဟောင်း ရေစက်ချ စာချိုးတွင် ပါသည့် ‘သတ္တဝါသ ဘုံကိုးဝနှင့် ဝိညာဏဌိတိ တည်ရှိခုနစ် ပါး’၏ အဓိပ္ပာယ်ကို သိလိုပါသည် အရှင်ဘုရား။

ခင်ယင်းမာ

---

ဝိညာဏဌိတိ ၇ ပါး

ပဋိသန္ဓေဝိညာဏ်တို့ရဲ့ တည်ရာဌာနကို ‘ဝိညာဏဌိတိ’လို့ ခေါ်တယ်။ ‘တည်ရှိခုနစ်ပါး’ဆိုတော့ ခုနစ်မျိုးရှိတယ်။ ဝိညာဏဌိတိသုတ် (အံ၊၂၊၄၂၇)မှာလာတယ်။ အဲဒါတွေက..

(၁) နာနတ္တကာယ နာနတ္တသညီ= ရုပ်သွင်ရောပဋိသန္ဓေစိတ်ပါမတူ။ ဥပမာ- လူ၊ နတ်ခြောက်ဘုံမှ နတ်အချို့နှင့် ဝေမာနိကပြိတ္တာ။ ပေါင်း ၇-ဘုံ (ဝေမာနိကကို နတ်ခြောက်ဘုံထဲက စာတုမဟာရာဇ်ထဲမှာ သွင်းပြီးရ-ဘုံဆိုတယ်)။

(၂) နာနတ္တကာယ ဧတ္တသညီ = ရုပ်မတူ ပဋိသန္ဓေစိတ်တူ။ ဥပမာ အကုသလဝိပါက် သန္တီရဏပဋိသန္ဓေစိတ်တစ်ခုသာ ရှိတဲ့ အပါယ်လေး ဘုံနှင့် ပထမစျာန် ဝိပါက်စိတ် တစ်ခုသာရှိတဲ့ ပထမစျာန် သုံးဘုံ။ ပေါင်းရ-ဘုံ။

(၃) ဧကတ္တကာယ နာနတ္တသညီ = ရုပ်သွင်တူ ပဋိသန္ဓေစိတ် မတူ။ ဥပမာ - ဒုတိယစျာန်ဝိပါက်နှင့် တတိယစျာန်ဝိပါက် ပဋိ သန္ဓေစိတ် နှစ်ခုနဲ့ ပဋိသန္ဓေနေကြတဲ့ ဒုတိယစျာန်၃-ဘုံ။

(၄) ဧကတ္တကာယ ဧကတ္တသညီ = ရုပ်သွင်ရော ပဋိသန္ဓေစိတ်ပါတူ။ ဥပမာ - စတုတ္ထစျာန်ဝိက်စိတ်နဲ့ ပဋိသန္ဓေနေကြတဲ့ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ပေါင်း၃-ဘုံ။

ပါဠိတော်မှာ အဲဒီသုံးဘုံသာပြပေမယ့် အဋ္ဌကထာမှာ ဝေဟပ္ဖိုလ် ဘုံကိုပါ ထည့်ယူဖို့ ဖွင့်ဆိုတယ်။ အချို့ဆရာက ဗုဒ္ဓမပွင့်တဲ့ အချို့ကမ္ဘာ တွေမှာ သတ္တဝါ ဆိတ်သုံးလို့ သုံဒ္ဓဝါသငါးဘုံကို ဝိညာဏဌိတိနဲ့ သတ္တာ ဝါသ နှစ်မျိုးလုံးမှာမထည့်ဘူး။ မဟာသိဝမထေရ်ကတော့ မူလပဏ္ဏာသ၊ မဟာသီဟနာဒသုတ် (မ၊၁၊၁၁၆)အဆိုကို ကိုးကားပြီး နှစ်မျိုးလုံး မှာ ထည့်သွင်းကြောင်း၊ အရှင်မြတ်ရဲ့အဆိုမှာ ပါဠိတော်နဲ့ မဆန့်ကျင် တဲ့ လို့ သင့်မြတ်ကြောင်း အဋ္ဌကထာ (အံ၊ဋ္ဌ၊၂၊၁၆၅)မှာ မိန့်မှာ ပါတယ်။

(၅)အာကာသာနဉ္စာယတန=အာကာသာနဉ္စာယတနအရူပဝိပါက်ပဋိ သန္ဓေဝိညာဉ်တည်ရာဘုံ
(၆) ဝိညာဏဉ္စာယတန = ဝိညာဏဉ္စာယတန အရူပဝိပါက် ပဋိသန္ဓေ ဝိညာဉ်တည်ရာဘုံ
(၇) အာကိဉ္စညာယတန = အာကိဉ္စညာယတန အရူပဝိပါက် ပဋိသန္ဓေ ဝိညာဉ်တည်ရာဘုံ

ဘုံကိုးဝ

သတ္တာဝါသသုတ် (အံ၊၃၊၂၀၁)အရ သတ္တဝါတွေ နေထိုင်ရာဖြစ်ရာဌာန ကိုးမျိုး။ ဖော်ပြပြီး ဝိညာဏဌိတိ ခုနစ်မျိုးထဲမှာ အသည သတ္တ ၁- ဘုံနှင့် နေဝသညာနာသညာယတန ၁-ဘုံကို ထပ်ထည့်ရင် ‘ဘုံးကိုးဝ’ သို့မဟုတ် ဘုံကိုးမျိုးဖြစ်သွားတယ်။ ရှေးဆရာတို့ရဲ့ဆောင်ပုဒ်က..

‘လူ့ပြည်နှင့်နတ်၊ သတ်လျှင် နာ-နာ၊ ပထမာစျာန်၊ လေးကန် ပါယ်ခွင်၊ သတ်လျှင် နာ-ဧး၊ ဒွေးစျာန်သုံးရပ်၊ ဧး-နာမှတ်၊ အသ ညတ်ပြီ၊ အသညီ၊ ကြွင်းပြီ နဝါဧး-ဧးသာ၊ အရူပါမှ၊ ဘုံလေးဝ၊ သတ္တဝါသာ၊ ဘုံးကိုးရွာကို၊ စိတ်ဖြာဝေဖန်အပ်သတည်း’တဲ့။

ဆောင်ပုဒ်ဖွင့်

‘၁) နာ-နာ ၂) နာ-ဧး ၃) ဧး-နာ ၄) ဧး-ဧး ၅) အသညသတ် ၆) အာကာ ၇) အာကိဉ် ၈) ဝိညာ ၉) နေဝသညာ (အရူပ ၄-ဘုံကို ၄- မျိုးယူ)’လို့ ဘုံကိုးဝကို အတိုကောက်မှတ်ပါ။

သတ် = ၇၊ ဒွေး = ၂၊ နဝါ = ၉။ နာနာ = နာနတ္တကာယ နာနတ္တသညီဧးဧး=ဧကတ္တကာယဧကတ္တသညီစသည်။

အသညတ်ပြီ၊ အသညီ’ဆိုတာ အသညသတ်ဘုံ။ ရူပ ၁၆-ဘုံထဲမှ ပစျာန် ၃၊ ဒုစျာန် ၃၊ အသညသတ် ၁မှကြွင်းတဲ့ ၉-ဘုံ (တစျာန် ၃၊ ဝေဟပ္ဖိုလ် ၁၊ သုဒ္ဓါဝါသ ၅)ကို ‘ကြွင်းပြီနဝါ ဧးဧးသာ’ လို့ မှတ်။ အရူပ ၄-ဘုံထဲမှာ ဝိညာဏဌိတိ အနေနဲ့ တော့ ၃-ဘုံ သတ္တာ ဝါသ အနေနဲ့ တော့ ၄-ဘုံလုံးကို ဆိုနိုင်လို့ ‘အရူပါမှ၊ ဘုံလေးဝ’လို့ ဒီဆောင်ပုဒ်မှာ ပေါင်းပြီးဆိုထားတယ်။

၂၈၉။ ရုပ်တုံးကြီးရဲ့ သံသရာ

မေ ၂၊၂၀၁၃။

---

ဆရာတော်တို့၏ ဓမ္မအမေးအဖြေကို ဖတ်ရှုရလို့ လောကီလောကုတ္တရာ ဗဟုသုတ များစွာ ရရှိပါသဖြင့် ဖြေကြားသူ ဆရာတော်များနှင့် ဤ ကဏ္ဍ ဖန်တီးသူတွေကို အလွန်ပင် ကျေးဇူးတင်ပါသည်။ ဓမ္မအမေး အဖြေကဏ္ဍလေး ထာဝစဉ်ရှင်သန်နေချင်ပါသည် အရှင်ဘုရား၊ တပည့် တော် ရိုသေစွာ မေးလျှောက်လိုသည်မှာအသညသတ်မည်သော ဗြဟ္မာ့ဘုံမှာ ရုပ်ပဲရှိသည်၊ နာမ်မရှိဟု သိရပါသည်။ သို့ဖြစ်ပါက ယင်းပုဂ္ဂိုလ် တို့ သေပြီးနောက်ပုဂ္ဂိုလ်သတ္တဝါ ပြန်ဖြစ်ခွင့်ရှိပါသလား။ ပြန်ဖြစ်ခွင့်ရှိ ခဲ့သော် မည်သည့် ဘုံဌာနမှာ ပြန်ဖြစ်လာနိုင်ပါသနည်း။ လူ့ဘုံမှာ ပြန် ဖြစ်လျှင် ဉာဏ်ထက်မြက်သည့် လူထူးလူချွန် ဖြစ်နိုင်ပါသလား။

ဝင်းထွန်းထွန်း

---

အသညသတ်

‘တိတ္ထိတို့ထံ ရဟန်းပြုသူ အချို့သည် ဝါယောကသိုဏ်းကို အခြေခံပြု တရား အားထုတ်ရင်း စတုတ္ထစျာန်ကို ရသွားပြီး ယင်းစျာန်မှထ၍ ‘‘စိတ်ကြောင့် ဒုက္ခဖြစ်ရ၏၊ စိတ်မရှိခြင်းသည် ချမ်းသာ၏’’ စသည်ဖြင့် စိတ်၏ အပြစ်ကိုရှုပွား၏။ ထိုသို့သော ရှုပွားမှု လွှမ်းခြုံ (အားကောင်း) သည့် စျာန်စိတ်ကြောင့် ဤလူ့ဘဝမှ စုတေသော် စိတ်တရားတို့ မရှိ သည့် အသညသတ်ဘုံ၌ ရုပ်ခန္ဓာ သက်သက်မျှ သွားဖြစ်၏။ ပစ်လွှတ် လိုက်သည့် မြားသည် အရှိန်ကုန်လျှင် ပြန်ကျလာသကဲ့သို့ စျာန်၏ အရှိန်ကုန်သော် ဤကာမဘုံ၌ ဖြစ်ပြန်၏ (ဒီ၊ဋ္ဌ၊၁၊၁၀၈)’။ ဝါယော ကသိုဏ်းနဲ့ စတုတ္ထစျာန်ရ၊ စိတ်ရဲ့ အပြစ်ကိုရှု၊ အဲဒီစျာန်စိတ်နဲ့ သေရင် အဆိုပါ ဗြဟ္မာ့ဘုံမှာ သိစိတ်မဲ့ ရုပ်တုံးကြီးသွားဖြစ်တယ်လို့ မှတ်ဖို့ပါ။

ဗြဟ္မာ သစ်ပင်

ရုပ်ပဲရှိတယ်၊ နာမ်မရှိဆိုလို့ သစ်ပင်တွေနဲ့ တူသလားဆိုတော့ မတူဘူး။ ဒီရုပ်တုံးကြီးက စျာန်စိတ်ရဲ့ သတ္တိကြောင့် ဖြစ်ရတဲ့ ပုဂ္ဂိုလ် သတ္တဝါပဲ။ ကမ္ဘာပေါင်း များစွာ သက်တမ်း ရှည်ကြာအောင် နာမ်စိတ်တွေ ချုပ် နေပေမယ့် စျာန်စွမ်းအင်ကုန်ရင် အဲဒီ ရုပ်တုံးကြီးပြန်လည် နိုးကြွပြီး ကံတည်းဟူသော နာမ်ဗီဇကြောင့် ဖြစ်ရတဲ့ ကမ္မနိယာမ နယ်ပယ်မှာ အာရမ္မဏ အနန္တရစတဲ့ ပဋ္ဌာန်း ပစ္စယသတ္တိတွေ ခြံရံပြီး ဘဝသံသရာ စက်ဝန်းထဲ ပြန်ရောက်လာတယ်။ သစ်ပင်တွေ ဖြစ်ပေါ် ရပ်တည်မှုက တော့စျာန်စွမ်းအင်ကြောင့်မှ မဟုတ်ဘဲ။ ဗီဇနိယာမ ဥတုနိယာမတွေရဲ့ သရုပ်သကန်အနေနဲ့ ရှင်သန်လှုပ်ရှားနေပြီး ရုပ်သက်မျှသာရှိတဲ့ ဇီဝ ပုံဆောင်ပစ္စည်းလို့ ဆိုနိုင်အံ့ထင်ပါတယ်။

ဘယ်ဆီမှာ

ဗြဟ္မာဇာလသုတ်အဖွင့်မှာ ‘စျာန်၏ အရှိန်ကုန်သော် ဤကာမဘုံ၌ဖြစ် ပြန်၏’လို့ ပဲ ဆိုတယ်။ ‘ရူပါဝစရ စုတိယာ၊ အဟေတု ရဟိတာ သိယုံ= ရူပစုတိခြောက်ခု နောက်အဟိတ်ပဋိသန္ဓေ မဖြစ်နိုင်’ဆိုတဲ့ အဘိဓမ္မတ္ထ သင်္ဂဟ အလိုအရ အဲဒီရုပ်တုံးကြီး စုတိပြီးနောက် အပါယ်ဘုံမှာ မဖြစ် နိုင်။ စျာန်အသစ်ကို မရတဲ့ အတွက် အခြားရူပဘုံတွေမှာလည်း မဖြစ် နိုင်။ ‘အသညိမှာစုတာ ကာမ-သုဂတိမှောပပဇ္ဇရေ = အသညသတ်ဘုံ မှ စုတေသူသည် ကာမသုဂတိဘုံ၌ ဖြစ်၏ (နာမရူပရိစ္ဆေဒ၊၄၄၉ ဂါ ထာ)’အရ ဆိုမူ ရုပ်တုံးကြီးရဲ့ စုတိနောက်မှာ ကာမပဋိသန္ဓေ ရှစ်ခု ဖြစ်နိုင်တယ်။

လူထူးလူချွန်

လူ့ဘဝတုန်းက တိတ္ထိတို့ထံမှာ ရဟန်းပြုသူပင် ဖြစ်ပေမယ့် စတုတ္ထ စျာန်ကို ရတဲ့ အထိ စိတ်စင်ကြယ်မှု အဆင့်မြင့်ခဲ့သူ ဖြစ်လို့ ကိုယ်ကျင့် သီလ မညံ့ပါဘူး။ ဒါကြောင့် အဟိတ် ရုပ်တုံးကြီးရဲ့ နာမ်ဗီဇက ထက် မြက် ထူးချွန်သူပဲလေ။ ဘာဝနာလမ်းစဉ် လွဲမှားခဲ့လို့သာ သံသရာစက် ဝန်းကြီး ရပ်တံ့တယ်လို့ ဆိုရမလောက် သက်တမ်းရှည်ကြာတဲ့ အသ ညသတ် ရုပ်တုံးကြီး သွားဖြစ်ရတာပဲ။ ဖော်ပြပြီး ကျမ်းစာတွေအရလည်း မဟာဝိပါက်စိတ်ရှစ်ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေခွင့်ရှိတာပဲ။ ဒါကြောင့် အသညသတ် ရုပ်တုံးတွေ ကွယ်လွန်ရင် လူ့ဘုံနတ်ဘုံတွေမှာ ဉာဏသမ္ပယုတ် ပဋိသန္ဓေနဲ့ ထူးချွန်သူ သို့မဟုတ် ဉာဏဝိပ္ပယုတ် ပဋိ သန္ဓေနဲ့ ထုံထိုင်းသူနှစ်မျိုးလုံး ဖြစ်နိုင်တယ်လို့ ဘုန်းကြီးယူဆတယ်။

ရှာဖွေဆဲ

ပို့ချချက်တစ်ခုမှာ ‘အသညသတ်ဘုံမှ စုတေသူသည် ကာမဘုံ၌ မဟာ ဝိပါက် ဉာဏဝိပ္ပယုတ်လေးခုနှင့် ဒွိဟိတ်ပဋိသေန္ဓသာ နေ၏၊ တိဟိတ် ပဋိသန္ဓေမနေ’လို့ ဖတ်ဖူးမိတာကို ထောက်ခံဖို့ ခိုင်လုံတဲ့ ကျမ်းဂန်ရှာ ဖွေဆဲပါ။

၂၉၀။ ငြိုးလေသူရဲ့ နိဂုံး

ဆရာတော်အရှင်သူမြတ်ဘုရား၊

မာဂဏ္ဍီနှင့် ဥတေနအကြောင်း အမျိုးမျိုး ရေးသားနေကြပါသည်။ တစ် ယောက်နှင့်တစ်ယောက် မတူကြပါ။ ကျေးဇူးပြု၍ ကျမ်းဂန်ပါဠိအတိုင်း အတိအကျ သိလိုပါသည်ဘုရား။ မာဂဏ္ဍီသည် ဘုရားရှင်ရှေ့တော်သို့ လိုက်ခဲ့ပါသလား။ ဘုရားရှင်သည် မည်သို့မိန့်၍ ငြင်းတော်မူခဲ့ပါသ နည်း။ အချို့က ခြေဖြင့်ပင် မထိလို။ အချို့က အသုဘကောင် စသည် ဖြင့် ရေးသားကြပါသည်။ ဖြစ်နိုင်လျှင် အရှည်မိန့်တော်မူပါဘုရား။

ကျေးဇူးတင်ဦးခိုက်လျက်

ခိုင်ခိုင်

---

မာဂဏ္ဍီ

ကုရုတိုင်း၊ ကမ္မာသဒမ္မ (ကမ္မာသဓမ္မလည်းရှိ) အမည်ရှိ ရွာကြီးအနီး တောတစ်ခုမှာ ဗုဒ္ဓသီတင်းသုံးစဉ် မာဂဏ္ဍီ အမည်ရှိ ထိုရွာသား ဇနီး မောင်နှံဟာ ရှင်တော်ဗုဒ္ဓရဲ့ ရုပ်သွင်ကို နှစ်ခြိုက်ပြီး ရုပ်ရည် အလွန် လှပတဲ့ ၎င်းတို့ရဲ့သမီးပျိုကို ရှင်တော်ဗုဒ္ဓနဲ့ ထိမ်းမြားမယ် အကြံနဲ့ သမီး ပျိုကို ကောင်းစွာဝတ်စား ဆင်ယင်ပြီး ဗုဒ္ဓရှေ့မှောက်ကို ခေါ်လာကာ အဖေ မာဂဏ္ဍီပုဏ္ဏားဟာ ဘယ်လက်နဲ့ သမီးငယ် မာဂဏ္ဍီရဲ့ လက်ကို ဆွဲ၊ ညာလက်နဲ့ ရေကရားကိုကိုင်ပြီး ‘ရုပ်ချောသူချင်း ဖြစ်ပါ၍ ဟောဒီ သမီးငယ်ကို သင်ရဟန်းရဲ့ ဇနီးမယားအဖြစ် ပေးပါ၏’လို့ ဆိုတဲ့ အခါ ဗုဒ္ဓက ထိုစကားကို မကြားယောင်ပြု၊ အခြားတစ်ယောက်ကို ပြောဟန် နဲ့ (သုတ္တနိ၊ဋ္ဌ၊၂၊၂၅၈)အောက်ပါအတိုင်း မိန့်တော်မူတယ်..

မထိလို

ဒိသွာန တဏှံ အရတိံ ရဂဉ္စ၊ နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။ ကိမေ ဝိဒံ မုတ္တကရီသပုဏ္ဏံ၊ ပါဒါပိနံ သမ္ဖုသိတုံ န ဣစေ။

(အဇပါလ ညောင်ပင်ရင် မှာ ထိုင်နေခိုက် မာရ်နတ်၏ သမီးပျိုများ ဖြစ် ကြသည့်)တဏှာ အရတီရဂါအမည်ရသော နတ်သမီးတို့ကို တွေ့စဉ် ကတောင် မေထုန်အကျင့်၌ ဆန္ဒရာဂ မဖြစ်ခဲ့။ (သင်တို့ သမီး၏) ကျင် ငယ် ကျင်ကြီးဖြင့် ပြည့်သော ဤအဆင်းကို မြင်ရ၍ ဆန္ဒရာဂ မဖြစ်ရုံ မကငါ၏ ခြေတို့ဖြင့်ပင် ထိတွေ့ရန် အလိုမရှိ။ (သုတ္တနိ၊၈၄၁-ဂါထာ)။ ဘာကြောင့်

ဗုဒ္ဓက အဲဒီဂါထာနဲ့ စပြီး တရားကို ဆက်လက် ဟောကြားတဲ့ အခါ ရှင်တော် ဗုဒ္ဓကိုမှ သမက်ဖမ်းလိုသူ မာဂဏ္ဍီ ဇနီးမောင်နှံတို့ မာဂဏ္ဍိယ သုတ္တန် (သုတ္တနိ၊၄၀၉)အဆုံးမှာ အနာဂါမ်ဖြစ်သွားကြတယ်။ ငြင်း ပယ်ခံရတဲ့ သမီးပျို မာဂဏ္ဍီကတော့ ဗုဒ္ဓအပေါ် အကြီးအကျယ် ရန်ငြိုး ဖွဲ့သွားခဲ့တယ်။ ဒါဖြင့် ရှင်တော်ဗုဒ္ဓဟာ အဲဒီလိုဖြစ်မှာကို မသိဘူးလား ဆိုတော့ သိတော်မူ တာပေါ့။ ဒါပေမယ့် သူ့မိဘနှစ်ပါး မဂ်ဖိုလ်ရမယ့် အရေးကြောင့် အဲဒီလို မညှာမတာ မိန့်တော်မူလိုက်ရတာပဲ (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၃၀) တဲ့။ အဲဒီလို မမိန့်ဆိုရင်လည်း အလှမာန်ဝင့်နေသူ အပယ်ခံ မာဂဏ္ဍီအနေနဲ့ တစ်ချိန်မှာ မိမိအပေါ်ရန်ပြုမှာကို ရှင်တော်ဗုဒ္ဓ သိတော် မူပြီးဖြစ်မှာပါ။

ဥတေန

အဖေ မာဂဏ္ဍီဟာသမီးငယ်ကို ညီတော်မောင် (စူဠမာဂဏ္ဍီ)ဆီမှာ အပ် ထားခဲ့ပြီး ဇနီးမောင်နှံ နှစ်ယောက်လုံး ရဟန်းပြု၊ ရဟန္တာ ဖြစ်သွားကြတယ်။ စူဠမာဂဏ္ဍီဟာ နတ်မိမယ်တမျှ လှပတဲ့ မိမိရဲ့ တူမငယ်ကို ဥတေန (ဥဒေနလည်းရှိ)မင်းကို ဆက်သခဲ့တယ်။ ဘုရင်ဥတေန မြှောက် စားခံရတဲ့ မာဂဏ္ဍီဟာ အကြီးဆုံးမိဖုရား ဖြစ်သွားတာပါပဲ။ အဲဒီနောက် ၎င်းတို့မြို့ကို ဗုဒ္ဓ ကြွလာတဲ့အခါ မာဂဏ္ဍီ မိဖုရားကြီးဟာ ငြိုးထားခဲ့တဲ့ အတိုင်း ဗုဒ္ဓကို လုပ်ကြံတယ်။ မအောင်မြင်တဲ့ အပြင် နောက်ဆုံး ဘုရင်အမျက်ရှလို့ ကိုယ့်အသားကြော်ကို ကိုယ်စားပြီး သေပွဲ ဝင်သွားခဲ့ရတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၄၃)။

---

၂၉၁။ ချိုးဖြူ တောင်ပံခတ်သံ

ဇန်နဝါရီ ၂၉၊၂၀၁၃။

---

ရိုသေစွာ လျှောက်ထားအပ်ပါတယ် အရှင်ဘုရား။ ဘုန်းဘုန်းတွေရဲ့ တ ရားဆုံးတဲ့ အခါဖြစ်စေ၊ တစ်ခုခု လှူရင် ဖြစ်စေ၊ သူများက အမျှဝေရင် ဖြစ်စေ ပရိသတ်က သာဓုခေါ်ကြပါသည်။ ဘာကြောင့် သာဓုခေါ်ပါ သနည်း။ ဗုဒ္ဓလက်ထက်က အဲဒီလို သာဓု ခေါ်ကြပါသလား။ သာဓုရဲ့ အဓိပ္ပာယ်ကိုလည်း သိလိုပါသည်။ သာဓုခေါ်ရင် ဘယ်လို အကျိုးကို ရပါသနည်း။ ကျေးဇူးအထူးတင်ပါသည် အရှင်ဘုရား။

နိုနိုအေး

---

ရှည်လှသာဓု

ရက်ကန်းသည် မိန်းကလေးကို ဗုဒ္ဓက ‘ဘယ်က လာသလဲ’မေးတော့ ‘မသိပါ’လို့ ဖြေတဲ့ အခါ ဗုဒ္ဓက ‘သာဓု သာဓု မိန်းကလေး .. ငါဘုရား မေးတာကို သင်ဖြေနိုင်ပေတယ်’လို့ မိန့်တော်မူတယ်ဆိုတဲ့ ဇာတ်လမ်းကို ကြားဖူးမှာပေါ့။ ဗုဒ္ဓကိုယ်တိုင်နဲ့ အခြားသော ရဟန္တာကြီးတွေဟာ ဓမ္မနဲ့ ပတ်သက်ပြီး နှစ်သက် သဘောကျတဲ့ အခါ အဲဒီလို သာဓုခေါ်ကြ ကြောင်း ဗုဒ္ဓစာပေမှာ သာဓကတွေ အများကြီးရှိတယ်။ ဗုဒ္ဓလက်ထက် ကပင် သာဓုရှိလို့ သာဓုရဲ့ သမိုင်းကြောင်းက ရှည်လှပြီ။ ဗုဒ္ဓ သာသ နာသမိုင်းနဲ့ ထပ်တူပါပဲ။ သာဓုရဲ့ အဓိပ္ပာယ်က ‘ကောင်းစွ’လို့ ဖြစ် ပါတယ်။ ကြိုက်နှစ်သက်တဲ့ တုံ့ပြန်ချက်ကို အင်္ဂလိပ်လို 'Good! Great! Excellent!'ဆိုတဲ့ အာမေဍိတ်မျိုး ဖြစ်မယ်လို့ ယူဆပါတယ်။ လေယူ လေသိမ်း အသံအနိမ့်အမြင့်ပေါ် မူတည်ပြီး ခြားနားမှုလည်း ရှိနိုင် ကောင်းပါတယ်။

ဆင့်ကမ်းသာဓု

သာဓုသံမှာ ‘အချွန်နှစ်ခွပါတဲ့ ဓားမြှောင်တွေနဲ့ အစွန်းရောက် အယူသည်း အကြမ်းဖက် စစ်သွေးကြွ’ဆိုတာမျိုး ဖြစ်လာဖို့ လူတွေကို လုံးဝ မသင်ကြားတဲ့ အပြင် သမိုင်းတစ်လျှောက်လုံး သာဓုသံကြောင့် သွေးမြေကျရတဲ့ မှတ်တမ်း မရှိခဲ့ဖူးလို့ ယနေ့ခေတ်မှာ ကမ္ဘာတစ်လွှား က ကိုယ့်ကိုယ်ကို ပြုပြင်ရဲတဲ့ ပညာတတ် လူတန်းစားတွေဟာ မစည်း ရုံးရဘဲ ၎င်းတို့ကိုယ်တိုင် သာဓုခေါ်နေကြတာ ဖြစ်တဲ့ အတွက် လူ့အသိုင်း အဝိုင်းမှာ ကိုယ်နဲ့ မတူသူအားလုံးနဲ့ အတူတူနေနိုင်ဖို့ ဆုံးမတဲ့ သာဓုသံဟာ ချိုးဖြူတောင်ပံခတ်သံပဲ ဖြစ်သင့်တယ်။

သူများတို့က အားမတန်သေးလို့ လူသူ မကြားအောင် ကိုယ့် အဆောင်ထဲမှာပဲ ကျိတ်ပြီး ကလေးတွေကို အပတ်စဉ် စုရုံး သင်ကြား လေ့ကျင့် လှုံ့နေကြဆဲမှာ ကိုယ်က အဖိုးအို အဖွားအိုတွေ အီမိုးရှင်းနဲ့ သာဓုခေါ်အောင် ‘လမ်းလေးခွ ဆုံရာမှာ’ အော်လန်ကြီးနဲ့ ‘သတည်းချ’ နေရင် အကျိုးမများနိုင်ဘူး။ ဒါကြောင့် အဖိုးမဖြတ်နိုင်တဲ့ သာဓုသံကို ကိုယ့်သားသမီးတွေရဲ့ နှလုံးသားထဲ စိမ့်ဝင်သွားစေရမယ်ဆိုတဲ့ နိုး ကြားတဲ့ အသိစိတ်ကိုသာ ယနေ့ကစပြီး လျောင်းထိုင် ရပ်သွား ဣရိ ယာပုထ်လေးပါးလုံးမှာ မပျင်းမရိ အရေးတကြီး အပူတပြင်းထပ်ကာ ထပ်ကာ ပွားများပါလေ။

ကြီးမြတ်သာဓု

ဗုဒ္ဓလက်ထက် သာဝတ္ထိမြို့က ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းဟာ ဇနီးချောကို စွန့်ပြီး ရဟန်းပြုသွားတယ်။ ပိုင်ရှင်မဲ့ အဲဒီ အမျိုးသမီးကို မုတ်ဆိတ်မွှေး ထူလပျစ်ကြီးနဲ့ (လို့ ယူဆရတဲ့) ဘုရင်ကောသလက သိမ်းပိုက်လိုက်တယ်။ တစ်နေ့မှာ ဘုရင်ဟာ ပန်း ကလပ်ထဲမှာ ကြာညိုပန်းတွေ ထည့်ပြီး နန်းတွင်းသူ တစ်ယောက်ကို တစ်ပွင့်စီ ဝေငှပေမယ့် အဲဒီအမျိုးသမီးက နှစ်ပွင့်ရသွားသတဲ့။ ဘုရင်ရဲ့ ရိုမန်တစ်ဆန်ဆန် လုပ်ရပ်ကြောင့် အမျိုးသမီးက ပျော်ပုံပြပြီးမှ ငိုပြန် တဲ့ အခါ ဘုရင်က စစ်မေးတော့ ‘ပျော်တာ နှစ်ပွင့်ရလို့ ငိုတာ ခင်ပွန်း ဟောင်းရဲ့ခံတွင်းက ထွက်တဲ့ ကြာညိုပန်းနံ့ကို အမှတ်ရလို့ ’တဲ့။ ဘုရင်က မယုံလို့ အဲဒီရဟန်းကို တရားဟောခိုင်း၊ အခန်းတစ်ခုလုံး ကြညို ပန်းနံ့ သင်းသွားတော့မှ ယုံသွားပြီး ဒီကိစ္စကို မြတ်စွာဘုရားကို မေး လျှောက်တဲ့ အခါ အဲဒီရဟန်းဟာ အတိတ်ဘဝက တရားနာစဉ် ရိုရို သေသေနဲ့ သာဓုခေါ်ခဲ့ဖူးတဲ့ ကုသိုလ်ထူးကြောင့် ဖြစ်ကြောင်း မိန့်တော် မူတယ် (အံ၊ဋ္ဌ၊၁၊၂၂)။

သဒ္ဓမ္မဒေသနာ ကာလေ၊ သာဓု သာဓူတိ ဘာသတော။

မုခတော ဇာယတေ ဂန္ဓော၊ ဥပ္ပလံ ဝယ ထောဒကေ။

တရားနာစဉ် ဝမ်းမြောက်ရွှင် နှုတ်တွင်သာဓုခေါ်ပါလေ။ ခေါ်သူ့ခံတွင်း ကြာနံ့သင်း မပျင်းမရိလုပ်ပါလေ။

---

၂၉၂။ နတ်မုတ်ဆိတ်

တပည့်တော်သည် ဓမ္မအမေးအဖြေများကို မကြာမကြာ ဖတ်ရှုခြင်းဖြင့် ဆရာတော်တို့၏ မေတ္တာကို ခံယူပါသည်။ ဆရာတော်တို့ အားလည်း မေတ္တာတုံ့ပြန် ပို့သပါသည် အရှင်ဘုရား။ ဓမ္မအမေးအဖြေကဏ္ဍကို ထည့်သွင်းပေးသည့် Web Master တွေကိုလည်း အထူး ကျေးဇူးတင် မေတ္တာပို့ပါသည်။

တပည့်တော် မြန်မာပြည်ကို ပြန်ရောက်ခိုက် မည်သည့်ကိစ္စကိုမှ မဆောင်ရွက်ခင် အရင်ဆုံး ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ပါ သည်။ အကြောင်းမှာ (၁)တပည့်တော် အလုပ်လုပ်သည့် ယူအေအီး နိုင်ငံမှာ မိမိနေသည့် အိမ်မှာပင် ဗုဒ္ဓဆင်းတုကို တင်ထား ကိုးကွယ်ခွင့် မရှိသဖြင့် ဗုဒ္ဓဆင်းတုတော်များကို တဝကြီး ဖူးမြင်လိုခြင်း (၂) ဂုဏ် တော်ကိုးပါးကို ၂၀၇ ပတ် ပုတီးစိပ်အပြီးမှာ ဗုဒ္ဓဓာတ်တော်များ စုပေါင်းရာ မြန်မာ့ကျက်သရေဆောင် ဒဂုံဆံတော်ရှင် စေတီတော်မြတ် ကြီးသည် အစွန်းရောက် စစ်သွေးကြွတို့၏ ဘေးရန်မှ ကင်းဝေးပြီး ကမ္ဘာမကျေဘူးဆိုတဲ့ အမိမြန်မာပြည်မှာ ကာလရှည်ကြာတည်တံ့နိုင်ပါ စေလို့ ဆုတောင်းလိုခြင်း (၃) တစ်ဦးတည်းသော ညီဝမ်းကွဲ ပန်းပု ဆရာနှင့်တွေ့လိုခြင်းတို့ကြောင့်ဖြစ်ပါသည်။

၂၀၁၃၊ မေ ၁-ရက်က ရွှေတိဂုံဘုရား အရှေ့စောင်းတန်မှာ ညီနှင့်တွေ့စဉ် သူထုထားတဲ့ သိကြားမင်း ရုပ်တုမှာ မုတ်ဆိတ်မွှေး ပါ နေလို့ နတ်မှာ မုတ်ဆိတ်မွှေး မရှိမရှိ ညီတော်မောင်နှင့် ငြင်းခုံမိကြပါ သည်။ ထိုကိစ္စကို သနားသောအားဖြင့် ဆုံးဖြတ်ပေးစေချင်ပါသည် အရှင်ဘုရား။

ဒေါက်တာသိန်းထွဋ်အောင်

---

နတ်နှစ်မျိုး

မြေကို တည်မှီပြီးနေတဲ့ နတ်နဲ့ အာကာသမှာနေတဲ့ နတ်လို့ တည်ရှိတဲ့ နေရာကိုအခြေခံပြီး နတ်နှစ်မျိုးလို့ ပြောခွင့်ရှိပါတယ်။ မြေမှီနတ်ဆိုတာ ဒီကမ္ဘာမြေပေါ်မှာ ရှိတဲ့ နတ်တွေ။ ပြီးတော့ စာတုမဟာရာဇ်နဲ့ တာဝတိံသာ နတ်အချို့လည်း ပါတယ်။ ကမ္ဘာမြေကို မှီတဲ့ နတ်တွေကို သစ်ပင် တော တောင် လိုဏ်ဂူစတဲ့ ယင်းတို့ နေထိုင်ရာကို အစွဲပြုပြီးတော့လည်း ရုက္ခစိုး တောစိုး တောင်စိုး လိုဏ်စိုး စသည်ဖြင့် ခေါ်ခွင့် ရှိတာ ပါပဲ။ လူ့ဘုံနဲ့ စပ်နေတဲ့ အဲဒီ နတ်တွေက အမိဝမ်းကိန်း၊ သံသေဒဇ၊ ဥပပါတ်လို့ သန္ဓေသုံးမျိုး ရှိတယ်။ စာတုမဟာရာဇ် တာဝတိံသာစတဲ့ အထက်နတ်ပြည် ခြောက်ထပ်မှာတော့ ဥပပါတ်ပဋိသန္ဓေပဲ နေတယ်။

နတ်ရုပ်သွင်

သက္ကပဥှသုတ်၊ အာဋာနာဋိယသုတ်၊ ပါဠိတော်နှင့် အဋ္ဌကထာတွေကို လေ့လာနားလည်မှုအရ နတ်တွေရဲ့ ရုပ်သွင်နဲ့ အနေအထိုင်ကို အကြမ်း ဖြင့် ပုံဖော်ကြည့်ရင် .. ကံကြောင့်ဖြစ်တဲ့ မွေးရာပါ စွမ်းအင်ကြောင့် ယင်းတို့ရဲ့ ကိုယ်ခန္ဓာကို သူတစ်ပါးတို့ကို မြင်စေချင်မှ မြင်နိုင်တယ်။ အချွေအရံ နည်းများ၊ ရုပ်လှ ရုပ်ဆိုး၊ ကိုယ်ခန္ဓာ ကြီးသေး၊ အထက် နတ်ဘုံတွေမှာ ပိုမိုပြီး တောက်ပတဲ့ ဗိမာန်နဲ့ ကိုယ်ရောင် ကိုယ်ဝါတွေ ရှိ .. စတဲ့ ခြားနားမှုတွေ ရှိတယ်။ ဒါပေမယ့် ကျမ်းစာအရ ဒီနတ် နှစ်မျိုးလုံး ယေဘုယျအနေနဲ့ လူတွေနဲ့ တူတယ်လို့ တော့ဆိုနိုင်တယ်။

နတ်သားတွေမှာ ကျားလျားကြွကြွနဲ့ ကျားတို့ရဲ့ ကာယသွင်ပြင် ပီသတယ်။ နတ်သမီးလည်းသွယ်လျလျနဲ့ မတို့ရဲ့ရူပါသွင်ပြင်ပေါ်လွင်တယ်။ ပုရိသလိင်ဣတ္ထိယလိင် အင်္ဂါတွေလည်း လူ့တို့အတိုင်းပဲလို့ နား လည်ရတယ်။ သူတို့ပြုခဲ့တဲ့ ကုသိုလ်ထူးကြောင့် အစားအသောက် အသုံးအဆောင် လူတွေထက် သာလွန် ကောင်းမွန်ပြီး ဆံဖြူသွားကျိုး မရှိတာနဲ့ အမြဲတမ်းငယ်ရွယ် နုပျိုနေတာတွေကတော့ ထူးခြားတာပေါ့။ ဒါကြောင့် ကာမသုဂတိဘုံသားချင်းဖြစ်လို့ လူနဲ့ အလွန် မကွာခြားဘူးလို့ ကောက်ချက်ဆွဲနိုင်ရင် .. ကျမ်းဂန်ရဲ့ တိုက်ရိုက်အဆိုကို မတွေ့မိသေး ပေမယ့် ကျားတို့မှာ ရှိတတ်တဲ့ မုတ်ဆိတ်ကျင်စွယ်နဲ့ မတို့ရဲ့ အလှ လက္ခဏာဖြစ်တဲ့ ဆံစည်းဆံစုစတာတွေရှိတယ်လို့ ဆိုခွင့်ရှိပါတယ်။

နေမိအမြင်

လူသားဘဝနဲ့ နတ်ဘုံကို အလည်အပတ် ရောက်သွားခဲ့တဲ့ နေမိမင်း ကြီးမြင်တွေ့ရတဲ့ နတ်ဗိမာန်တွေ နတ်သားနတ်သမီးတွေရဲ့ခမ်းနားပုံ လှပ တင့်တယ်ပုံနဲ့ နတ်စည်းစိမ် အကြောင်းကို နေမိဘုံခန်းပျို့မှာ ကနုတ်ပန်းဆစ်ထုသလို အလွန်အသေးစိတ် ရေးခြယ်ခဲ့ပါတယ်။ ဝေဠုရိယဗိမာန်ရှင် နတ်သားကို သရုပ်ဖော်ရာမှာ..

‘ပလ္လင်ဝန်းထက်၊ ကြငှန်းတိုင်ဆီ၊ နောက်ခိုင်းမှီလျက်၊ ရောင်နီ ချစ်ချစ်၊ နေတက်သစ်သို့၊ လျှပ်စစ်ရောင်နွှယ်၊ ရောင်ခြည်ခြယ် လျက်၊ ကျင်စွယ်မုတ်ဆိတ်၊ မည်းမြိတ်မုတ်နား၊ သားရရားတည့်၊ မေးပါးအာစပ်၊ ကြာပွင့်ချပ်သို့၊ နှာရွပ်နှာယောင်၊ မော့မော့ထောင် လျက်၊ မျက်တောင်ခပ်လှည့်၊ ခံသို့မှည့်၍၊ မျှော်ကြည့်မလှုပ်၊ စောင့် ချုပ်ထိုင်နေ၊ ဣန္ဒြေနှင့်..’တဲ့။

ဒီဘုံခန်းပျို့ စာအရ အင်းဝခေတ်စာဆို အရှင်အဂ္ဂသမာဓိလည်း နတ်တွေမှာ မုတ်ဆိတ်မွှေး ရှိတယ်လို့ ယူဆကြောင်း သိရတယ်။ အဲဒီ ဗုဒ္ဓဝါဒကို အခြေပြုတဲ့ နားလည်မှုအရ အချို့ နတ်ပန်းပုရုပ်တုတွေမှာ မုတ်ဆိတ်မွှေး ထည့်ကြဟန်တူပါတယ်။

ပြဿနာ

ဘုရားရေ .. မုတ်ဆိတ် ပြဿနာက သိကြားမင်းစံရာ ဝတိံနတ်နန်းကို တောင်ရောက်သွားပါပကော။ အပ္ပမာဒ (အသင့်အနေအထားရှိနေခြင်း) ဗျူဟာနဲ့ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ပြီး အသူရာတွေကို အောင်မြင် စွာ အာဏာသိမ်းနိုင်ခဲ့တဲ့ သိကြားမင်းရဲ့ တာဝတိံသာ နိုင်ငံတော်က တော့ ခွဲထွက်ရေး တောင်းဆိုမှုတွေနဲ့ ရင် ဆိုင်လာရနိုင်တယ်။ အဲဒီ ပြဿနာအတွက် အပ္ပမာဒ နှစ်ဆတိုးဖို့ လိုမယ်ဗျို့။ အနာဂတ် လုံခြုံ ရေးအတွက် လီကွန်ယုဆီက အကြံဉာဏ်ယူသင့်ရင် ယူရလိမ့်မယ်။

---

၂၉၃။ ဗုဒ္ဓဦးခေါင်းခွံ

အရှင်ဘုရား၊၂၀၀၈ ခုနှစ်လောက်က တရုတ်ပြည် နန်ကျင်းမြို့တွင် မြတ်ဗုဒ္ဓ၏ ဦးခေါင်းခွံ ဓာတ်တော်ကို ဘုရားကျောင်းတစ်ခု၏ စေတီ ပျက်မှ တူးဖော်တွေ့ရှိရကြောင်း You Tubeတွင် ကြည့်ရှုရပါသည်။ မြတ်စွာဘုရား၏ ကိုယ်ခန္ဓာကို မီးသင်္ဂြိုဟ်ပြီးနောက် ဓာတ်တော် အချို့ မှာ မီးမလောင်ကျွမ်းပဲ ကြွင်းကျန်ရစ်ခဲ့သည်ဟု ဖတ်ဖူးပါသဖြင့်အဆိုပါ ဦးခေါင်းခွံ ဓာတ်တော်မှာ မီးမလောင်ကျွမ်းသည့် ဓာတ်တော်များတွင် ပါဝင်မည်ဟုယူဆပါသည်။ မီးမလောင်ပဲကြွင်းကျန်ရစ်သောဓာတ် တော်များမှာ ယခုအခါ ပျောက်ဆုံးသွားပါပြီလား သို့မဟုတ် မည်သည့် အရပ်ဒေသတွေမှာ ဖူးတွေ့နိုင်ပါသနည်း။ ကျမ်းဂန်တို့၌ ဖော်ပြသည်ကို သိလိုပါသည်။

ဘိုဘိုအောင်

---

မှတ်တမ်း

ဗုဒ္ဓဝံသပါဠိတော် ဓာတုဘာဇနီယကထာခန်းမှာ ရှင်တော်ဗုဒ္ဓကို မီး သင်္ဂြိုဟ်ပြီးနောက် ကြွင်းကျန်တဲ့ သာရီရိက (ခန္ဓာကိုယ်မှဖြစ်တဲ့)ဓာတ် တော်တွေနဲ့ ပရိဘောဂ (ဗုဒ္ဓအသုံးအဆောင်) ဓာတ်တော်တွေရဲ့ စာရင်းကို တည်ရှိတဲ့ အရပ်ဒေသနှင့်တကွ သံဂါယနာတင် မထေရ်မြတ်တို့က စနစ်တကျမှတ် တမ်းတင်ထားခဲ့ပါတယ်..

မီးကျွမ်း

ကြွင်းကျန်ခဲ့တဲ့ မီးကျွမ်းဓာတ်တော်တွေရဲ့ ‘အကြီးဆုံးမှာ ပဲနောက်စေ့မျှ ဖြစ်၍ ရွှေအဆင်း ရှိ၏။ အလတ်စားမှာ ဆန်ကျိုးစေ့မျှ ဖြစ်၍ ပုလဲ အဆင်း ရှိ၏။ အငယ်စားမှာ မုန်ညင်းစေ့မျှ ဖြစ်၍ ချရားစေ့ အဆင်းရှိ ၏။ အကြီးနှင့်အလတ်မှာ ငါးပြည်စီနှင့်အငယ်မှာ ခြောက်ပြည်ပမာဏ ရှိ၏ (၆-၈ ဂါထာ)’။ ယင်း ဗုဒ္ဓရဲ့ဓာတ်တော်တွေကိုထူပအတွင်း ထည့် သွင်းပြီး ‘အဇာတသတ်မင်း၏ နိုင်ငံ (မာဂဓ)၊ ဝေသာလီမြို့၊ ကပိလဝတ် မြို့၊ အလကပ္ပတိုင်း၊ ရာမရွာ၊ ဝေဋ္ဌဒီပကတိုင်း၊ မလ္လတိုင်း ပါဝေယျကမြို့၊ ကုသိနာရုံမြို့တို့၌ ဓာတုစေတီ တစ်ဆူစီ တည်ကြ၏’။ ထို့ပြင် ‘ဒေါဏ ပုဏ္ဏားက ဓာတ်တော်ဝေသော အိုး၊ မောရိယမြို့သူ မြို့သားတို့က မီး သင်္ဂြိဟ်သော စန္ဒကူးမီးသွေးတို့ကို ဌာပနာ၍လည်း စေတီတည်ကြ၏’။ ဗုဒ္ဓဓာတ်တော် ကိန်းဝပ်သည့် ယင်းစေတီ ဆယ်ဆူသည် လောက (တစ်ချိန်က အိန္ဒိယ)၌တည်ရှိ၏ (အမှတ်၁-၅ဂါထာ)’။

မီမကျွမ်း

‘သင်းကျစ်တော်နှင့် လကျ်ာညှပ်ရိုးသည် သီဟိုဠ်ကျွန်း၌၊ လက်ဝဲညှပ်ရိုး သည် ဗြဟ္မာ့ပြည်၌ တည်ရှိ၏။ လက်ယာအထက်စွယ်တော်သည် တာဝတိံသာနတ်ပြည်၌၊ လက်ယာအောက်စွယ်တော်သည် နဂါးပြည်၌၊ လက်ဝဲအထက် စွယ်တော်သည် ဂန္ဓာရတိုင်း၌ (ယခု တရုတ်ပြည်က စွယ်တော်)၊ လက်ဝဲအောက် စွယ်တော်သည် ကလိင်္ဂနိုင်ငံ၌ (ယခု သီဟိုဠ်က စွယ်တော်) တည်ရှိ ကြပြီး သွားတော်လေးဆယ်နှင့် ဆံတော် မွေးညှင်းတော်တို့ကိုမူ နတ်ဗြဟ္မာတို့က စကြဝဠာ အဆင့်ဆင့်သို့ တစ် ဆူစီ ယူဆောင်သွားကြ၏။ ဥဏ္ဏလုံ မွေးရှင်တော်မှာ ကောသလတိုင်း၌ တည်ရှိ၏ (အမှတ်၁၀-၁၂၊၁၄-ဂါထာ)’လို့ဖြစ်ပါတယ်။

ဦးခေါင်းခွံ

ဗုဒ္ဓရဲ့ ဦးခေါင်းခွံဟာ မီးမလောင်ကျွမ်းဘဲ ကျန်ရစ်ခဲ့တယ် ဆိုတာကို ထေရဝါဒရဲ့ပါဠိတော် မှတ်တမ်းမှာ မတွေ့ဖူးပါ။

---

၂၉၄။ ဘာသာစုံညီညွတ်ရေး

ဆရာတော်များထံ ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊

မကြာမီက မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပေါ် ရတာနဲ့ ပတ်သက်ပြီး ဘာကြောင့် အဲဒီလိုဖြစ် ရသလဲ၊ ဘယ်သူက စလုပ်တာလဲ၊ နောက်ထပ် မဖြစ်အောင် ဘယ်လိုလုပ်မလဲ စတဲ့ ဆွေးနွေး ပြောဆိုသံတွေကို ယခုတလော ကျယ်ကျယ် လောင် လောင် ကြားနေရပါသည်။ ဘာသာတရား အားလုံးဟာ ငြိမ်းချမ်း ရေးကို သင်ကြားကြတာချည်း ဖြစ်လို့ ဘာသာဝင်တွေ အားလုံး အတူ ယှဉ်တွဲ နေထိုင်ရေး ဆိုပြီးတော့လည်း လှုပ်ရှားမှုတွေကို တွေ့မြင်နေပါ သည်။ အဆိုပါခေါင်းစဉ်များနှင့် ပတ်သက်၍ဆရာတော်တို့က မည်သို့ ဆွေး နွေးလိုပါသနည်း။ ဘာသာရေးနှင့် ပတ်သက်သည့် အကြောင်း အရာ ဖြစ်သဖြင့် ဆရာတော်တို့ရဲ့ ထင်မြင်ချက်ကို သိခွင့်ရလျှင် အကျိုးရှိမည်ဟုလည်းယုံကြည်ပါသည်။

သတင်းသမားတစ်ဦး

---

ဝါဒရင်းမြစ်

ဘာသာအယူဝါဒတွေရဲ့ရင်းမြစ်က Holy Scriptures (ကျမ်းမြတ်) တွေ ပဲ။ အချို့ဘာသာအရ အဲဒီကျမ်းစာတွေကို ကောင်းကင်ဗိုလ်ခြေသခင် ထာဝရအရှင်က လူသား တမန်တော်ဆီက တစ်ဆင့် လူလောကကို ချ ပေးခဲ့တာဖြစ်လို့ ကမ္ဘာပေါ်မှာ အပြည့်အစုံဆုံးလို့ ယုံကြည်ပြီး ကျမ်းစာမှာ ပါတဲ့ အတိုင်း လိုက်နာကျင့်သုံးကြတယ်။ ဗုဒ္ဓဘာသာကတော့ သီလ သမာဓိ ပညာ ကျင့်စဉ်ကို ရွပ်ရွပ်ချွံချွံ အားထုတ်ရင်း ဗောဓိဉာဏ်ကို ရသွားတဲ့ အတွက်ဗုဒ္ဓပါလို့ ကိုယ့်ကိုယ်ကိုကြေညာခဲ့တဲ့ လူသားဘုရား ရဲ့ဟောကြားချက်တွေကိုမှတ်တမ်းတင်ထားတဲ့ ပဋိကတ်သုံးပုံ ကျမ်း စာတွေပေါ့။ အဲဒီ ကျမ်းစာတွေမှာလူတွေကို ငြိမ်းချမ်းအောင် ဘယ်လို သင်ကြားသလဲ ဆိုတာကို ဆန်းစစ်ကြည့်ပြီးမှ ‘ဘာသာတရား အား လုံးဟာ ငြိမ်းချမ်းရေးကို သင်ကြားတာချည်း’ဆိုတဲ့ စကားကို အပြည့် အဝလက်ခံရလိမ့်မယ်..

ကုရ်အာန်

(5:54) O ye who believe! Take not the Jews and the Christians for your friends and protetors: they are but friends and protectors to each other. (2:191) Fight in the cause of God those who fight you. And slay them wherever you catch them. (8:12) I will instil terror into the hearts of the unbelievers: Smite ye above their necks and smite all their finger-tips off them.

(၅း၅၄)အို.. ယုံကြည်သူတို့၊ ဂျူးများနှင့်ခရစ်ယန်များကိုအသင် တို့၏ မိတ်ဆွေ စောင့်ရှောက်သူအဖြစ် မပြုလုပ်ကြနှင့်။ ၎င်းတို့မှာ အချင်းချင်းသာ အဆွေခင်ပွန်းပြုပြီး စောင့်ရှောက်ကြ၏။ (၂း၁၉၁) အသင် တို့သည်အလာဟ်အရှင်မြတ်၏ လမ်းတော်၌အသင်တို့အား ဆန့်ကျင် လာသူတို့ကို တိုက်ခိုက်ကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုမိစ္ဆာဒိဋ္ဌိ တို့အား ဖမ်းမိရာအရပ်၌ သုတ်သင် ရှင်းလင်းကြလေကုန်။ (၈း၁၂) ငါ (အလာ)အရှင်မြတ်သည် မယုံကြည်သူတို့၏ စိတ်များ၌ကြောက်ရွံ့မှုကို ထည့်အံ့။ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ ထိုနည်းတူစွာ အသင် တို့ သည် ၎င်းတို့၏ လက်ချောင်းများ၏ အဆစ်များကို တခုစီ ဖြတ် တောက်ကြလေကုန်။

သမ္မာကျမ်း

Exodus 20:3: Thou shalt have no other gods before me. 20:4: Thou shalt not make unto thee any graven image, or any likeness of any thing that is in heaven above, or that is in the earth beneath, or that is in the water under the earth: 20:5: Thou shalt not bow down thyself to them, nor serve them: for I the Lord thy God am a jealous God, visiting the iniquity of the fathers upon the children unto the third and fourth generation of them that hate me.

ထွက် ၂၀း၃။ ငါမှတစ်ပါးအခြားသော ဘုရားကို မကိုးကွယ်နှင့်။ ၄။ အထက်မိုးကောင်းကင်၌လည်း ကောင်း၊ မြေကြီးအောက် ရေထဲ၌လည်း ကောင်းရှိသော အရာနှင့် ပုံသဏာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ်အဘို့ မလုပ်နှင့်။ ၅။ ဦးမချ ဝတ်မပြုနှင့်။ အကြောင်းမူကား သင် ၏ ဘုရားသခင် ငါထာဝရဘုရားသည်သင်၌ အပြစ်ရှိသည်ဟု ယုံလွယ် သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတအဆက် တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင် သော ဘုရားဖြစ်သတည်း။

မှတ်ချက်။။ ဘုန်းကြီးအနေနဲ့ အထက်ပါ ကျမ်းစာတွေထဲမှ နှစ်သက်ရာ အဆုံးအမတွေကို လိုက်နာကျင့်သုံးဖို့ ရည်ရွယ်ပြီး လေး စား ကြည်ညိုစိတ် မွေးမြူရင်း သူတော်ကောင်းစိတ်နဲ့ ဖတ်ရှုခဲ့ပေမယ့် တဖြည်းဖြည်း ကိုယ့်ကိုယ်ကို တစိမ်းဆန်ဆန်ကြီး သို့မဟုတ် ငါဟာ အခြား သူတစ်ယောက်ပဲလို့ ခံစားမိခဲ့တာတော့ အမှန်ပဲ။

ဓမ္မပဒ

ရန်ကို တုံ့ပြန်၍ ရန်ပြုခြင်းဖြင့် ဘယ်တော့မှ ရန်မငြိမ်းနိုင်။ ရန်မတုံ့ပြန် ခြင်းဖြင့်ကား ဧကန်ပင်ရန်ကို ငြိမ်းစေနိုင်၏။ ဤသည်မှာ ရှေး၌ ဖြစ် ၌ဖြစ်သော (သူတော်ကောင်းတို့၏)ထုံးတမ်းစဉ်လာဖြစ်၏။

မှတ်ချက်။။ ဗုဒ္ဓဘုရားရဲ့ ‘ဘိက္ခုတို့၊ ငါမှတစ်ပါး အခြားသော ဘုရားအမည်ခံသူများအား ကိုးကွယ်ဆည်းကပ်သူတွေကို တွေ့တဲ့ နေ ရာမှာ သတ်ဖြတ်ကြ’ဆိုတဲ့ ဩဝဒါမျိုးကို ဗုဒ္ဓကျမ်းဂန်မှာ လုံးဝ ရှာ မတွေ့ပါ။ ရှာတွေ့ခဲ့ရင်လည်း ဗုဒ္ဓအနေနဲ့ ဘယ်လောက်ပဲ ‘ရန်ကို ရန် ချင်း မတုံ့နှင်းနှင့်’ဆိုဆို၊ မေတ္တာကရုဏာပဲ ဟောဟော စကားလုံးလှ လို့ အသံကောင်းလို့ နားထောင်ရုံကလွဲပြီး တပည့် ရဟန်းသံဃာအား လုံးဟာ ဖော်ပြပါ ဓမ္မပဒတရားကို ယုံကြည်ကြတော့မှာ မဟုတ်ဘူး။ တစ်ဖက်မှာ ‘ရန်သူကို ချစ်ပါ၊ သူများကို မဆုံးဖြတ်ပါနဲ့ ’၊ တစ်ဖက်မှာ ‘ချကြ’ဆိုတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေမှာပေါ့။

ကျီးခင်ပုပ်

ကျမ်းမြတ်တွေမှာ ပါတဲ့ အတွေးအမြင်ကို ဦးနှောက် မဖွံ့ဖြိုးသေးတဲ့ ကလေးငယ် တစ်ယောက်စီကို သင်ကြည့်ပါ။ မည်သည့် ကလေးက ငြိမ်းချမ်းရေးကို ပိုနှစ်သက်မလဲ။ Holy ကျမ်းစာကို ကိုင်စွဲ၍ပင် အလယ်ခေတ်မှာ မယုံကြည်သူတွေကို သတ်ဖြတ်တဲ့ Inquisition ဂိုဏ်း တွေ .. ယခုခေတ်မှာ Jihadစစ်ပွဲ ဆင်နွှဲမယ်လို့ ကြွေးကြော်လေ့ရှိတဲ့ အယ်လ်ခိုက်ဒါ တာလီဗန် ဟာမတ်စ် ဟစ်စ်ဗိုလာလို စစ်သွေးကြွအုပ်စု တွေ .. ပေါ်လာရတယ်လို့ ဆိုရင် အတော် ဖြစ်နိုင်ခြေ ရှိပါတယ်။ ခုနစ် ရာစု အာရဗီဘာသာနဲ့ ရေးထားတဲ့ Holy ကျမ်းစာပါ စကားလုံးတွေကို အာရပ်လူမျိုးတွေ အဓိပ္ပာယ်ဖွင့်ဆိုတာဟာ မမှားတန်ရာပါဘူး။

ပြီးတော့ Jihad ဝေါဟာရနဲ့ စစ်ပွဲ ဆင်နွှဲခဲ့တာ အာဖရိက တစ် တိုက်လုံးပါ။ ဥရောပမှာ ခရူးဆိတ်စစ်ပွဲ။ အဲဒီကနေ ရုရှား အနောက် တောင်ပိုင်းနဲ့ အိန္ဒိယထိ ရောက်တာပဲ။ အရှေ့အလယ်ပိုင်းမှာ အင်အား ပြိုင် အခြား ဘုရားသခင်တစ်ဆူရဲ့ အထူးရွေးချယ်ခံ ဂျုးတွေနဲ့ တွေ့ တော့ ယနေ့ထိ ကျီးနှင့်ခင်ပုပ်ပဲ။

အတွေးမြင့်

နပိုလီယန် စစ်ပွဲတွေပြီးနောက် ၁၉ ရာစုအစပိုင်းမှာ လူတွေ အတွေး အခေါ် မြင့်လာတဲ့ အတွက် ခရစ်ယန် Inquisition တွေလည်း တဖြည်းဖြည်း လျော့ပါးသွားပုံရကြောင်း သုတေသီတို့ ဆိုတယ်။ ဒီအချိန်က စပြီး လူတွေရဲ့ မွေးရာပါ လူသားဆန်တဲ့ နှလုံးသားနဲ့ ကျမ်းမြတ်ကို နားလည်လိုက်နာတဲ့ အတွက်ခရစ်ယန်တို့ရဲ့ အတွေးအမြင်တွေ ကျယ် ပြန့်လာခဲ့လို့ မာသာထရီဇာလို မေတ္တာရှင်တွေကို တွေ့မြင်ကြရတယ်။ အယာတိုလာခိုမေနီ၊ ဆတ်ဒန်ဟူစိန်၊ ကဒါဖီ၊ ဘင်လာဒင် .. တရုတ် အနောက်တောင်ပိုင်း၊ ထိုင်းတောင်ပိုင်းနဲ့ အရှေ့တီမောက ခွဲထွက်ရေး ဝါဒီတွေ .. ကျတော့ ကျမ်းဂန်ကို အတိအကျ စွဲကိုင်ထားတဲ့ စာအုပ်ကြီးသမားတွေလို့ ဆိုနိုင်လေမလား။

အမေရိကန်တို့ရဲ့ ပယောဂကြောင့် အစ္စလမ်ဝါဒီ လေးသန်းကျော် သေဆုံးထားတဲ့ အတွက် ဘင်လာဒင်တို့ (အယ်လ်ခိုက်ဒါ) အုပ်စုက အမေရိကန်လူမျိုး လေးသန်း သတ်ပစ်ဖို့ အစီအစဉ်ရှိသတဲ့။ ဒီလူတွေ ဒီလို တုံ့ပြန်ဖို့ အငြိုးထားနေတာ Holy ကျမ်းစာရဲ့ တွန်းအားဖြစ်တယ် လို့ Athiests (ဖန်ဆင်းရှင်မဲ့ဝါဒီ)တွေက ဝေဖန်နေကြတယ်။ ခုဆို ယင်း တို့ရဲ့လက်ထဲကို အနုမြူလက်နက် ရောက်သွားမှာကို အမေရိကန်တွေ သေမလောက် စိုးရိမ်နေတယ်။ အနုမြူဗုံးကြောင့် တစ်နေ့တည်းမှာ လူ နှစ်သိန်းကျော် သေသွားတဲ့ ဂျပန်တွေက ဘာကြောင့် အမေရိကန်ကို အဲဒီလိုပြန်လုပ်ဖို့ စိတ်ကူးမရှိတာလဲလို့ စဉ်းစားစရာပါ။

ပြန်ကြည့်ရင်

အင်္ဂလိပ်တို့ နယ်ချဲ့တဲ့အခါ ဒေသခံတွေရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားတယ်။ ရွှေတိဂုံဘုရားပေါ် ဖိနပ်စီး မတက်နဲ့ဆို မတက်ဘူးဘဲ။ ဆရာတော်တွေကို အဂ္ဂမဟာပဏ္ဍိတဘွဲ့တောင် ပေးလိုက်သေးတယ်။ ဒါကို အုပ်ချုပ်ရေးပညာ တတ်ကျွမ်းတဲ့ အပြင် နှလုံးသား ပြည့်ဝတယ် လို့ ဆိုနိုင်တယ်။ ဒါကြောင့်လည်း ဗုဒ္ဓဝါဒီတွေ များတဲ့ မြန်မာ၊ ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ဗီယက်နမ်လိုနိုင်ငံတွေမှာ ယနေ့ထိ တစ်လျှောက်လုံး ဗုဒ္ဓနဲ့ ခရစ် ရန်ဖြစ်သံ မကြားရတာပေါ့။

ကြည့်.. အေဒီ ၁၃ရာစု၊ အိန္ဒိယကို မဟာမေဒင်တွေဝင်တော့ နှစ် ပေါင်း နှစ်ထောင် နီးပါး တရားဓမ္မဟောကြား ဆွေးနွေးငြင်းခုန်ပြီး အေးချမ်းစွာ အတူတူနေထိုင်လာခဲ့ကြတဲ့ ဗုဒ္ဓဝါဒီဘုန်းကြီးတွေနဲ့ ဟိန္ဒူ ဘုန်းကြီးတွေ အတုံးအရုံး သတ်ပစ်ခံရ၊ နာလန္ဒာလို တက္ကသိုလ်ကြီး တွေ မီးရှို့ခံကြရတာပဲ။ တာလီဗန်တို့ ဘာမိယန် ဗုဒ္ဓဆင်းတုကြီးကို ဖောက်ခွဲ ပစ်တာလည်း ‘ငါတို့ရှိတဲ့ နေရာမှာ နင့်ကို မလိုဘူး’ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ပါလား။ အဲဒီလို ‘ငါတို့ပဲ ရှိရမယ်’ဆိုတဲ့ အတွေး မျိုးနဲ့ အိမ်တွေ ဘုရားကျောင်းတွေမှာ ကျိတ်ပြီး စည်းရုံးတဲ့ အစွန်း ရောက်အချို့ရှိသရွေ့ တစ်ပါးသူနဲ့ အတူတူနေနိုင်ဖို့ မလွယ်ဘူး။

ပြန်ပေးဆွဲ

အစ္စလမ်နဲ့ ဂျူးဝါဒ ကျွမ်းကျင်သူ Karen Armstrong က ‘တို့တွေ ပြန်ပေးဆွဲ ခံထားရတဲ့ ဘာသာရေး လောကမှာ နေကြရတယ်။ ဒီလို ဖြစ် ရတာဟာ လူတွေရဲ့ အတ္တမာနနဲ့ လောဘကြောင့်’တဲ့ (We are living in a world that is were religion has been hijaked. This is becsude of human ego and human greed.)။ သူက ‘ဘာသာရေး ယုံကြည်သူ အများစုဟာ ပညာမတတ်ကြဘူး။ အချင်းအချင်း အကြင်နာရှိရမယ့် အစား အများစုက ငါတို့ အယူအဆပဲ မှန်တယ်လို့ ပြောနေကြတယ်’ လို့လည်း ဆိုတယ်။ ငယ်စဉ်က ကက်သိုလစ် သီလရှင်လုပ်ဖို့ စိတ်ကူး ရှိခဲ့သူ အဲဒီအမျိုးသမီး ဘယ်ဘာသာကို ရည်ရွယ်တယ် ဆိုတာတော့ မသိဘူး။ ဒါပေမယ့် သူပြောတဲ့ မေတ္တာတို့ ကရုဏာတို့ ဆိုတာတွေက ချက်ချင်းလုပ်ယူလို့ ရတဲ့ အရာမျိုးမဟုတ်ဘူး။ နှစ်ပေါင်းများစွာကြာ အောင်ကြိမ်ဖန်များစွာ အားထုတ်ထားမှ အောင်မြင်နိုင်တာမျိုး။

သတင်းဌာနတစ်ခုက ဖော်ပြတဲ့ ဗွီဒီယိုခွေမှာ ဦးပဉ္စင်းငယ်တစ်ပါး (လို့ ယူဆရသူ)က လူတစ်ယောက်ကို တုတ်နဲ့ ရိုက်နေတဲ့ ပုံ၊ အဲဒီပုံကို ထိုးပြပြီး မုတ်ဆိတ်မွှေး ရှည်ရှည်နဲ့ ဘိုစပ် (လို့ ယူဆရတဲ့) သတင်း ထောက်က မကြည်တဲ့ ဟန်နဲ့ ဗုဒ္ဓဝါဒီတွေကို အပြစ်တင်နေတာကို တွေ့ လိုက်ရစဉ် ဘုန်းကြီး စဉ်းစားမိပုံက .. ‘သတင်းသမား ဘိုမုတ်ဆိတ် သာဆို ဒီထက်တောင်ပိုဆိုးအုံးမှာ၊ ပရိတ်ပဋ္ဌာန်းလေးရွတ်ပြီး မေတ္တာ ပို့ဖူးဖွယ်ရှိတဲ့ ဒီရဟန်းငယ်နှယ် ဘာကြောင့် ဒါလောက်စိတ်ဆိုးနေရ တာလဲ၊ နီးစပ်ပတ်သက်သူတွေနစ်နာထားလို့ လား၊ ဘာသာမတူလို့ ဆိုတာထက်ပိုတဲ့ ပယောဂတစ်ခုတော့ရှိမှာပါ’လို့။

မနှိပ်ကွပ်ဘူး

နိုင်ငံရေးနဲ့ လူမှုရေးအသိပညာ မဖွံ့ဖြိုးသေးတဲ့ နေရာတွေမှာ ပြဿနာ စခဲ့တာပါ။ အုပ်စုနှစ်ခုလုံး အပြန်အလှန် အထိနာတာ ထင်ရှားလို့ ဗုဒ္ဓ ဝါဒီတွေက ဘာသာခြားလူနည်းစုကို နှိပ်ကွပ်တယ်ဆိုရင် မမျှတပါဘူး။ အမှန်တော့ တစ်နိုငံလုံးနဲ့ ယှဉ်ရင် လူနည်းစုလို့ ဆိုနိုင်ပေမယ့် ပြဿနာ ဖြစ်တဲ့ ဒေသတွေမှာတော့ နှစ်ဖက်အင်အား အလွန်ကြီး မကွာဘူး။ ဘုန်းကြီးကျောင်းလို ဘာသာရေး စုရပ်နေရာမှာ ဆုံပြီး ဘယ်လို ပြန် တိုက်ခိုက်မယ်ဆိုတဲ့ ကြိုတင် အစီအမံမျိုး ဗုဒ္ဓဝါဒီတွေဖက်မှာ လုံးဝမရှိ နိုင်ဘူး။ ဒါမျိုးကို လက်တွေ့လုပ်ဖို့ ဘုန်းကြီး ကိုးဆယ်ရာနှုန်း လက်ခံမှာ မဟုတ်ဘူး။ ကနောင်မင်းသား အမြောက်ဖောက်သံ ကြားတော့ လူသတ်လက်နက်တွေဆိုပြီး သံဃာတွေ ဆွမ်းမစားဘဲ နန်းတော်က ပြန်သွားကြဆို မဟုတ်လား။ ဘာမှပြင်ဆင်မထားဘဲ စိတ်ဆိုးမှ ဒေါသ ရှိန်နဲ့ ဒုတ်ဓားဆွဲသူတွေက ပိုပြီးတောင် အထိနာဖို့များတယ်။

လူ့အခွင့်အရေး

သီရိလင်္ကာဘုန်းကြီးတစ်ပါးက သူတို့နိုင်ငံက တိုက်ခိုက်မှုတွေဟာ ဗုဒ္ဓ ဘာသာခေါင်းစဉ်အောက်က မဟုတ်ဘဲလူမျိုးစုတွေအကြား ရာစုနှစ် တွေချီပြီး တည်ရှိခဲ့တဲ့ ခြားနားချက်ကြောင့်ပါတဲ့။ သူတို့နိုင်ငံမှာ ဘာသာ ခြားတွေကို ဗုဒ္ဓဝါဒီတွေက သတ်ဖြတ်နေကြောင်း ဝေဖန်တဲ့ ဒလိုင်း လားမားကို စိတ်ဆိုးပြီး သူက ‘ဘလိုင်းလားမား’တဲ့။ တိဗက်လားမား တွေ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေပြတာကော ဗုဒ္ဓဝါဒကို မထိခိုက်ဘူးလားတဲ့။ အမှန်တော့လူတွေဟာကိုယ့်ကို ထိလာပြီဆိုရင် လူ့အခွင့် အရေး ဂုဏ်သိက္ခာ ဆိုတာတွေကို ဂရုမစိုက်နိုင်တော့ဘူး။ လူ့အခွင့် အရေးရဲ့ ဘိုးအေယူအက်စ်တို့လည်း အာဖဂန် အီရတ် ကူဝိတ်နဲ့ ကမ္ဘာ့ဒေသ အချို့မှာ လုပ်ကြတာပဲ။ ဆောင်းပါးတစ်ခုမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ကမ္ဘာ့သတင်းမီဒီယာကို OIC က ငွေကြေးနဲ့ လွှမ်းမိုးနေကြောင်း ဝေဖန်ထားပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ဆိုတိုင်းလည်း အမှန်လို့ မယုံနိုင်တော့ဘူး။

လွတ်လပ်ခွင့်

မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်ရှိလို့ ပဲ ဆူလေဘုရားထက် မြင့်တဲ့ ဧရာမ ဗလီကြီးတွေ၊ စိန်ပေါလို ခရစ်ယန်ဘုရား ကျောင်းတွေ တကယ့် မြို့လယ်ကောင်မှာ ဆောက်နိုင်တယ် မဟုတ်လား။ မြို့တိုင်း ရွာတိုင်း နီးပါးမှာလည်း ကိုယ့်ဘုရားကျောင်းတွေ ဆောက်ထားခွင့်ရတယ်မဟုတ်လား။ ဗုဒ္ဓဝါဒီတွေ ကွာလာလမ်ပူနဲ့ ဂျာကာတာမြို့လယ်မှာ ဘုန်းကြီးကျောင်း တည်တာလောက် မခက်ပါဘူး။ ဆော်ဒီအာရေဗျက မက္ကာမြို့မှာ ရန်ကုန် စိန်ပေါဘုရားကျောင်းလိုတစ်ခု ဆောက်ကြည့်ပါ လား။ အခု .. ဘုန်းကြီးမှာ ကိုယ့်ကျောင်းဝင်းလေးကို ဘာသာရေး နေရာ အနေနဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးစားကြည့်ရာမှာ .. အိမ်နီးနား ချင်းတွေ သဘောတူရမယ်၊ လူနေဆောင်ဆောက်ရင် ၂၁ ပေထက် ပို မမြင့်ရ၊ ကားရပ်မယ့်နေရာ ရှိရမယ်၊ အဲဒီအထဲ မသန်စွမ်းသူတွေ အတွက် နေရာသီးသန့် အနည်းဆုံး နှစ်ခုပါရမယ်.. ဆိုတော့ မတတ်နိုင် လို့ ‘ကိုယ့်မြေမဟုတ်ဘူး’ဆိုတဲ့ အသိနဲ့ လက်လျှော့လိုက်ရတယ်။

အကြောင်းရင်း

လူ ၁၀-ယောက်ကို တစ်ပြိုင်နက် အစဖျောက်ပစ်နိုင်ခဲ့တဲ့ လက်သည် တွေဟာ ဒီပဲရင်းလူသတ်မှုလို လူသတ်နည်းကို စနစ်တကျ သင်ကြား လေ့ကျင့်ထားသူတွေပဲ ဖြစ်ရမယ်။ ရပ်ကွက်ထဲက အိမ်တွေကို မီး လိုက်ရှို့သူဟာ မျက်နှာစိမ်းတွေတဲ့။ ဒါကိုတော့ မျက်လုံးကြီးကြီးနဲ့ မြင် သင့်တယ်။ ဘယ်သူပဲ လှုံ့ဆော်လှုံ့ဆော်၊ စလုပ်စလုပ်၊ လုပ်ကြပြီဟေ့ ဆိုတော့ ဗုဒ္ဓတွေဖက်က ‘ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်’ဆိုတာကို ဘယ် သတိရနိုင်တော့မလဲ။ မူဆလင်တွေဖက်ကလည်း လူကြားကောင်းသာ ပြောမယ်..စိတ်ထဲမှာတော့ Jihad ပဲဖြစ်နေမှာ။

ဆွေမျိုး မိတ်ဆွေ နီးစပ်သူတွေ ထိပါးခံရ သတ်ဖြတ်ခံရတော့ ဗွီဒီယိုထဲက ဦးပဉ္စင်းလို ဘာကိုမှ မမြင်တော့ဘူး။ အဲဒီ အချိန်မှာ ပုလိပ်နဲ့ စစ်တပ်က လွဲလို့ ဘယ်သူမှထိန်းနိုင်မှာ မဟုတ်ဘူး။ ဘယ်အုပ်စုက စီပွားရေးသောင်း ကျန်းလို့ စရိုက်ကြမ်း ရိုင်းစိုင်းလို့ .. လို့ ဆိုရင် အဲဒီ လူကို တိုက်ရိုက်မထိသေးလို့ ပဲ။

ထပ်မဖြစ်အောင်

ပြောပြထားတဲ့ အတိုင်း ဘာသာတရားတွေရဲ့ နောက်ခံနဲ့ ယုံကြည်မှု အကြောင်းကိုအမြွက်မျှ နားလည်ရင်း နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ပြီး နောက်တစ်ဖန် ပြန်မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆက်ပြီး စဉ်းစားကြည့်ရင် .. ဒီကိစ္စကလွယ်မယောင်နဲ့ ခက်ပါတယ်။ ညထွက် ‘ကျတ်ကောင်’တွေကလည်း ချောင်းနေအုံးမှာ။ ပြီးတော့ Karen ပြော သလို လောဘ၊ မာနနဲ့ ဒိဋ္ဌိစွဲတွေ သူသူငါငါ ကင်းမှ မကင်းနိုင်ကြတာ။ လီကွန်ယုတို့ဆီကလို ဥပဒေနဲ့ ကြိုတင်တားဆီးလို့ ဖြစ်နိုင်တာကို ဥပဒေနဲ့ တားထားရလိမ့်မယ်။ ‘အခွင့်ထူးခံလိုသူ လူတစ်စု’ကို ချုပ်နိုင် မယ့် ဥပဒေစိုးမိုးမှု ရှိရမယ်။ ဒါက အရေးကြီးတဲ့ နှစ်ချက်။

ပြီးရင် တာလီဗန်တို့ ကိုးနှစ်ဆယ်နှစ် ကလေးတွေကို ဖော်ပြပါ ကျမ်းစာတွေကို အလွတ်ဆို နေ့တိုင်း နှုတ်သစ္စာ ပြုခိုင်းပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်ရဲသူ ဖြစ်လာအောင် လေ့ကျင့်ပေးသလို စာသင်ကျောင်း တွေမှာ မြန်မာ့ မြေမှာမွေးတဲ့ ဘာသာစုံ မျိုးဆက်သစ်တွေ အားလုံးရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းရေး မျိုးစေ့တွေ ထည့်ပေးရလိမ့်မယ်။

ယှဉ်တွဲနေထိုင်

ဒီကိစ္စလည်း မလွယ်ဘူး။ ခွပ်ပြီးစ ကြက်နှစ်ကောင်၊ တစ်ကောင်ကောင် မရှုံးသေးရင် အမောပြေတာနဲ့ ပြန်ခွပ်ဖို့ ဖြစ်လာနိုင်သလို လူသတ်နည်း ကျွမ်းကျင်တဲ့ ‘ညအုပ်စု’ရဲ့ သားကောင် အချိန်မရွေး ထပ်ဖြစ်သွား နိုင်တာပဲ။ ဒါကြောင့် တစ်ဖက်မှာ ဘာသာရေး အရှိန်အဝါရှိသူတွေက Jihad ရဲ့ ငြိမ်းချမ်းရေး သဘောဆောင်တဲ့ အခြား အဓိပ္ပာယ်တစ်မျိုးကို အများသူငါ မြင်သာအောင် ဟောပြော ရေးသားပြီး ‘ငါတို့ပဲ ရှိရမယ်၊ နင်တို့ကိုမလိုဘူး’ဆိုတဲ့ ဒဿနမျိုးကို မဖြန့်ဖြူးကြောင်း ပြည်သူတွေကို သတင်းပေးနိုင်ရင် .. ဗုဒ္ဓတွေကလည်း အိုဗားမား ပြောသွားသလို လူမျိုးစုံ ဘာသာမျိုးစုံယဉ်ကျေးမှု မျိုးစုံရှိတဲ့ နိုင်ငံမှာ အဲဒီမျိုးစုံတို့ ညီညွတ်နိုင်ရင် ဘယ်သူမှ အနိုင်မယူနိုင်တဲ့ ခွန်အားကြီးတစ်ရပ် ဖြစ် လာနိုင်ကြောင်း သဘောပေါက်ပြီး ယုံကြည်မှု မတူသူတွေကို ပိုမိုနား လည်မှု ပေးနိုင်ရင် .. အတူယှဉ်တွဲ ဆိုတဲ့ ကိစ္စ ဖြစ်လာနိုင်စရာ ရှိပါတယ်။ အချိန်တော့ယူရပါလိမ့်မယ်။

---

၂၉၅။ အကုသိုလ်အမျှ

အရှင်ဘုရား၊

ကုသိုလ်ကောင်းမှု တစ်ခု ပြုပြီးရင် ထိုကုသိုလ်ရဲ့အဖို့ကို လောကသားတို့ ရရှိအောင်ဆိုပြီး အမျှဝေကြပါတယ်။ ထိုကုသိုလ်အမျှကို အမျှခံယူ သူတို့ ဘာကို ဘယ်လို ရရှိသွားကြပါလဲ။ ကုသိုလ်ကို အမျှဝေသလို အကုသိုလ်အဖို့ကိုကော အမျှဝေလျှင် ရရှိပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါသည်။

မောင်မောင်

---

ဒါကိုဒီလို

သင် အလှူပွဲတွေ ဘာတွေကို သွားဖူးမှာပေါ့။ ရှင်ပြုပွဲ ဝါဆိုသင်္ကန်း ကပ်လှူပွဲ တစ်ခုခုဆိုပါတော့။ အဲဒီလို အလှူလုပ်တဲ့ နေရာကို ရောက်လည်း ရော .. ဘုရား တရား သံဃာတော်တွေ နဲ့ တွေ့၊ သူများတွေ စိတ်ထက်သန်စွာလှူနေတာ အလှူကိစ္စ ဆောင်ရွက်နေတာတွေကို မြင် ရ၊ အလှူပြီးတဲ့ အခါ အလှူ့ရှင်က ‘အမျှမျှ ယူတော်မူကြပါကုန်လော့’လို့ ဆိုဆဲ၊ သင်က သာဓုလည်း ခေါ်လိုက်ရော သင့်စိတ်ထဲမှာ ကြည်နူးပြီး ဝမ်းသာခြင်း၊ စိတ်တက်ကြွခြင်း ဖြစ်နေပါလိမ့်မယ်။ ဒါဟာ ချက်ခြင်း သင်ရသွားတဲ့ ကုသိုလ်စေတနာပါပဲ။ ပါဠိလို ပတ္တာနုမောဒန (သူများရဲ့ ကုသိုလ်အမျှကို ဝမ်းသာတဲ့ ကုသိုလ်)လို့ ခေါ်ပါတယ်။ အဲဒီစေတနာဟာ ယခုဘဝ နောင်ဘဝ ကောင်းကျိုး ချမ်းသာကို ဖြစ်စေတယ်လို့လည်း ဗုဒ္ဓဝါဒီတို့က ယုံကြည်ပါတယ်။ ဒီကုသိုလ်စေတနာဟာ နောက် ထပ် ကိုယ်တိုင် ကုသိုလ်ပြုဖြစ်အောင် တွန်းအားပေးလို့ ဒုံးပျံရဲ့ အပို လောင်စာအိုးနဲ့လည်း တူပါတယ်။

ဒီနေရာမှာ .. အလှူရှင်ကို မျက်နှာတော့ သွားပြလိုက်အုံးမှ၊ အနည်းဆုံး အိမ်မှာ ချက်ပြုတ်စရာ မလိုတော့ဘူးပေါ့ ဆိုပြီး ထသွား၊ အလှူနေရာကိုရောက်တော့ ဟိုယောင်ဒီယောင်နဲ့ ဘုန်းကြီး သီလပေးတဲ့ အချိန် အပြင်မှာ ဟိုလူ့တွတ်ထိုး ဒီလူ့ တွတ်ထိုးပြီး ပြန်ခဲ့ရုံထဲက ဆိုရင်တော့ ရှင်းပြလို့ နားလည်မှာ မဟုတ်ဘူးဆိုတာကိုတော့ သိစေ ချင်တယ်။

အကုသိုလ်

ကုသိုလ်ဆိုတာကောင်းတဲ့ ကံ (အလုပ်ကောင်း)၊ အကုသိုလ်ဆိုတာ ဆိုး တဲ့ ကံ (အလုပ်ဆိုး)။ ကံမှန်ရင် ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် အမျှဝေလို့ ရပါတယ်။ အကုသိုလ်က ဆိုးကျိုးကို ပေးတယ်လို့ ဗုဒ္ဓဝါဒီ တွေက ယုံကြည်ပါတယ်။ ဒီတော့ အကုသိုလ်ကို အမျှဝေတာကို သာဓု ခေါ်ရင် ဆိုးကျိုးကို ရမှာပေါ့။ သင့်အနေနဲ့ သူများကို ဆိုးကျိုးပေးချင်ရင် အသိုလ်ပြုပြီးတိုင်း အမျှဝေပါ။ ဆိုးကျိုးကို လိုချင်ရင် သူများအကုသိုလ် လုပ်တိုင်းသင့်မှာ သာဓုခေါ်ခွင့်လည်း ရှိပါတယ်။

မူဆလင်တွေရဲ့ အမေရိကန်တို့အပေါ် ၉။ ၁၁ အကြမ်းဖက် တိုက် ခိုက်မှုပြီးနောက် အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ လမ်းမတွေမှာ မူဆလင် တွေ မြူးတူးကခုန် အောင်ပွဲခံနေပုံကို သတင်းမီဒီယာတွေမှာ တွေ့ရ တာကို အမှတ်ရမှာပေါ့။ အဲဒါက ၉။ ၁၁ တိုက်ခိုက်ရေး သမားတွေရဲ့ လူသတ်လုပ်ရပ်ကို အီရတ်မူဆလင်တွေက ‘သာဓုခေါ်တာ’လို့ ဆိုနိုင်ရင် အဲဒီမြို့က လူတွေ အဲဒီအကုသိုလ် အကျိုးကို ခံကြရမှာပေါ့။

---

၂၉၆။ မသတ်မလိမ် စိတ်ကိုနှိမ်

အရှင်ဘုရား၊

ငါးပါးသီလထဲမှာ ပါတဲ့ ပါဏာတိပါတာ သိက္ခာပုဒ်အရ ဗုဒ္ဓဘာသာဝင် တွေအလားလုံး သက်သတ်လွတ် စားရမှာလား ဘုရား။ သက်သတ် လွတ် မစားရင် ပါဏာတိပါတကံကို ကျူးလွန်ရာ ရောက်ပါသလား။ မုသာဝါဒ သိက္ခာပုဒ်အရလည်း တစ်ခါတလေ မလိမ်လို့ မရတဲ့ အခြေ အနေမျိုးမှာမုသာဝါဒါကိုချိုးဖောက်ရာရောက်ပါသလား။

သူတစ်ပါးအသက်ကို သတ်ပြီးတော့ သေခါနီးကျမှ တရားရရင် ကောင်းတဲ့ ဖက်ကိုရောက်နိုင်ပလား။

ခွန်သန်းထွန်း (တောင်ကြီး)

---

ပါဏာတိပါတာ

သူ့တစ်ပါးအသက်ကိုသတ်ခြင်း။

၁) သက်ရှိကို အသက်ရှိမှန်းသိလျက် သေအောင်လုပ်ရင်

၂) သေစေလိုတဲ့ စိတ်ရှိရင် - ဥပမာ ညအိပ်နေတုန်း ကျောအောက် အခင်းပေါ်က ကြမ်းပိုးကို ကြမ်းပိုးမှန်းသိလို့ ညှစ်သတ်လိုက်တာမျိုး

၃) သေအောင်လုပ်ရင် သို့ဟုတ် သတ်ရင် - ဥပမာ ကိုယ်ဖြင့် (ကိုင် ပေါက်၊ အမြင့်မှ တွန်းချ)၍ သို့မဟုတ် ကိုယ်နှင့်စပ်ယှဥသည့် တုတ် ဖြင့်ရိုက် ဓားဖြင့်ခုတ် လှံဖြင့် ထိုး၍ သတ်တာ၊ အဝေးမှာ ရှိသူကို ကျောက်ခဲ လေးမြား သေနတ် စသည်ဖြင့် ပစ်၍ သတ်တာ၊ အခြား တစ်ယောက်ကို စေခိုင်းပြီး သတ်တာ၊ ရေတွင်းရေကန်စသည်မှာ အဆိပ်ခပ်ပြီးသတ်တာစတဲ့ နည်းတွေနှင့်သေအောင်လုပ်တာမျိုး

၄) သေရင် - အသတ်ခံရတဲ့ သတ္တဝါသေရင် .. အဲဒီ အချက် အလက် ငါးမျိုးနဲ့ ညီညွတ်တဲ့ လုပ်ရပ်ကို ပါဏာတိပါတ (သူ့ အသက်ကို သတ် ခြင်း)လို့ ထေရဝါဒ ဗုဒ္ဓဝါဒီတို့က ယူဆတယ်။

အဲဒီတော့ ငါးပါးသီလခံပြီးနောက် သက်သတ်လွတ်စား ချင်လည်း စား၊ မစားချင်လည်းနေ၊ သီလမပျက်ပါဘူး။

မုသာဝါဒါ

သီလရဲ့သဘောကိုက ကိုယ်နှုတ်စိတ်ကို စောင့်စည်းဖို့ ကိုယ့်ကိုယ်ကို ဘောင်ခတ်လိုက်တာ ဖြစ်လို့ စောင့်စည်းမှုဟာ အဓိကပဲ။ မည်သူမျှ မထွက်ရ ဆိုရာမှာ ငါ့အမျိုးမို့လို့ ထွက်စေဆိုရင် မမှန်သလို အခြေအနေကြောင့် လိမ်လိုက်ရတယ်ဆိုတာမျိုး မရှိဘူး။ အကြောင်းအရာ မမှန်ခြင်း၊ လိမ်ညာလိုစိတ်ရှိခြင်း၊ အဲဒီစိတ်နဲ့ ပြုမူပြောဆိုခြင်း၊ မိမိစကားကို တစ်ဖက်သား နားလည်သွားခြင်းဆိုတဲ့ အင်္ဂါလေးရပ်နဲ့ ပြည့်စုံရင် လိမ် တာပဲ။ သူ့သက်သတ်ရာမှာ မမြင်လို့ နင်းမိရင် အပြစ်မရှိသလို သူများ ဆီကမမှန်သတင်းကို ကိုယ်က အမှန်ထင်ပြီးပြောမိရင် အပြစ်မရှိဘူး။

ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ မမှန်ဘူးလို့ သိနေလျက်နဲ့ ပြောရ တဲ့ အခါမည်သည့်အကြောင်းကြောင့်ဖြစ်စေ မလိမ်လို့မရတဲ့ အခြေအနေမျိုးလို့ မပြောနိုင်တော့ဘူး။ ပုထုဇဉ်ကမ္ဘာမှာ မုသာဝါဒ နည်းဖို့ဆိုရင် ပရိသတ်တစ်ခုကို ရောက်သွားတိုင်း အရမ်းကာရော မပြာမိဘဲ စကားကို နည်းနိုင်သမျှနည်းအောင် နေတတ်ဖို့ လေ့ကျင့်ပါလေ။

မိုက်သူ့အလင်း

လင်းရင် မမိုက်တော့ဘူး။ ပဋိသန္ဓေကျိုးနဲ့ ပဝတ္တိကျိုးလို့ ကံရဲ့ အကျိုး ပေးပုံနှစ်မျိုးရှိတယ်။ သေခါနီးမှာ တရားရလို့ ပုထုဇဉ်အနေနဲ့ ကောင်း တဲ့ စိတ်နဲ့ သေရင် ဘဝကောင်းဆိုတဲ့ ပဋိသန္ဓေကျိုးကို ရနိုင်ပေမယ့် ဘဝသစ်မှာ ရံဖန်ရံခါ အဲဒီ အကုသိုလ်ကျိုးကို ခံရနိုင်တယ်။ ဘဝ တစ်လျှောက်လုံး မုဆိုးဖြစ်ခဲ့ပေမယ့် ဘဝနှောင်းပိုင်းမှာ သောတာပန် ဖြစ်သွားရင် ငရဲဘဝမှာ ပဋိသန္ဓေကျိုး မပေးတော့ဘူး၊ ဒါပေမယ့် နောင် ဘဝမှာ အရိယာအဖြစ်နဲ့ပဲ မုဆိုးဘဝက လုပ်ခဲ့တဲ့ အကုသိုလ်ကျိုးကို ခံစားရနိုင်တယ်။ အကယ်၍ သေခါနီးမှာ ရဟန္တာဖြစ်သွားရင်တော့ အဲဒီ အကုသိုလ်ကံ အားလုံး အကျိုးမပေးတော့ဘူး။

သတိရရ မြတ်ပုည ပြုကြကောင်းသင့်ပြီ။ (ထွဋ်ခေါင်ဆရာတော်)

၂၉၇။ မပြတ်မပြတ် ပြန်သုံးသပ်

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား။

တပည့်တော်၏ လုပ်ဖော်ကိုင်ဖက်များထဲမှ တစ်ဦးက ပါဏာတိပါတ သိက္ခာပုဒ်နှင့် ပတ်သက်၍ ‘The precept of no killing is ridiculous since the immune system is killing potential pathogens every day and the defination needs to be upgrated.’ ဟုဆိုပါသည်။ ထိုသူသည် အထိုက်အလျောက် စိတ်ကောင်းရှိပြီး သိပ္ပံပညာတွင် အတန်အသင့် တော်သူဖြစ်သော်လည်း ထေရဝါဒဗုဒ္ဓဘာသာ အဆုံးအမကို လေ့လာမှု၌ အားနည်းကြောင်း သူ၏ဆိုစကားအရ သိသာပြီး ဖြစ်ပါသည်။

တပည့်တော်အနေနှင့် အဏုဇီဝပိုးမွှားများ (ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါး၊ မှို)ကို အဘိဓမ္မာတရားတော်အရ ပါဏာတိပါတ သိက္ခာပုဒ်၌ အကျုံးသည့် သတ္တဝါဟု မသတ်မှတ်ကြောင်း မှတ်သားဖူးပါသည် အရှင်ဘုရား။ သို့သော်လည်း အတိအကျ မည်သို့ ရှင်းလင်းထားသည်ကို မသိပါ။ သို့ဖြစ်ပါ၍ အစဉ် ကရုဏာထားသောအားဖြင့် တပည့်တော် သိလိုသည်ကို ဖြေကြားပေးရင်း ထိုသူ၏ (အမှုမဲ့ အမှတ်မဲ့ပင်ဖြစ်သော်လည်း ဘာသာကို ထိခိုက်စေနိုင်သော) ပြောဆိုချက်ကို အကောင်းဆုံး ပြန်လည် ဖြေကြားပေးတော်မူပါဘုရား။

ကျော်စွာညွန့်

---

သဘာဝစနစ်

လူကို အန္တရာယ်ပြုနိုင်တဲ့ လူ့ခန္ဓာကိုယ် အပြင်က ကျူးကျော်ဝင်လာတဲ့ ပိုးဆိုတဲ့ အရာတွေကို ခုခံပြီး တွန်းလှန်တိုက်ခိုက်တဲ့ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေ သို့မဟုတ် ဆဲလ်တွေထဲက ပိုးတွေရဲ့ လှုပ်ရှားမှုကို Immune System လို့ ခေါ်ကြောင်း ဆရာဝန်မကြီး တစ်ဦးက ရှင်းပြ ပါတယ်။ ကျူးကျော်ဝင်ရောက်သူ၊ ခုခံတိုက်သူနှစ်မျိုးလုံးကို အဏုဇီဝပိုးလို့ပဲ ခေါ်နိုင်ရင် .. အဲဒီနှစ်မျိုးလုံးကို ဗုဒ္ဓဝါဒက သက်ရှိလို့ မယူဆဘူးလို့ မှတ်ထားပါ။

သက်မဲ့ရဲ့ အသက်

ဗုဒ္ဓအဘိဓမ္မာအရ ရုပ်သက်နဲ့ နာမ်သက်လို့ နှစ်မျိုးရှိရာမှာ သစ်ပင်မှာ ရုပ်သက်ပဲ ရှိတယ်။ နာမ်သက် မရှိဘူး။ သတ္တဝါတွေမှာ ရုပ်သက်ရော နာမ်သက်ပါ ရှိတယ်။ သစ်ပင်မှာ ရူပက္ခခန္ဓာ တစ်ပါးပဲရှိတယ်။ သတ္တဝါတွေမှာက ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ ခန္ဓာငါးပါး ရှိတယ်။ မြတ်ဗုဒ္ဓအလိုအရ ခန္ဓာငါးပါးရှိမှ သက်ရှိလို့ ယူတယ်။ တစ်နည်းဆိုရင် အာယု = နာမ်သက် (ဇီဝိတိန္ဒြေ စေတသိက်)၊ ဥသာ = အငွေ့ (ရုပ်သက်ခေါ်တဲ့ ဇီဝိတရုပ်)၊ ဝိညာဏ် = သိစိတ် .. ဒီသုံးခု အတူရှိနေတဲ့ ရုပ်ခန္ဓာကို သက်ရှိလို့ ခေါ်တယ်။ သစ်ပင်မှာက ရုပ်သက်ခေါ်တဲ့ ဇီဝိတရုပ်ပဲရှိလို့ သက်ရှိမဟုတ်ဘူး။

ဇီဝသဘော

ဒေဝဒတ်လုပ်ကြံလို့ ခြေမတော်မှာ ပြည်တည်တာကို ဆေးဆရာကြီး ဇီဝကရဲ့ ခွဲစိတ်ကုသမှုကို ဗုဒ္ဓ ခံယူခဲ့ပါတယ်။ ဘာကြောင့်ဆို အနာထဲက ပြည်ပုပ်မှာ မမြင်နိုင်တဲ့ ဇီအခြေခံရှိတဲ့ အရာတွေကို သက်ရှိအနေနဲ့ ယူဆတော်မမူလို့ပါပဲ။ ဒါကြောင့် လူကို မကျန်းမာအောင် ဒုက္ခပေးတဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ ပိုးလို့ သုံးနှုန်းခေါ်ဝေါ်တဲ့ အရာတွေကို သတ္တဝါ သက်ရှိအနေနဲ့ မယူဆဘဲ ဇီဝသဘောရှိတဲ့ ဆဲလ်အစိတ်အပိုင်း တစ်ခု အနေနဲ့ပဲ ယူဆတယ်။ ဇီဝသဘောဆိုတာ ရှင်သန်ခြင်း၊ လှုပ်ရှားခြင်း သတ္တိရှိတာကို ဆိုလိုတယ်။ ဥပမာ သုက်ပိုး၊ အဆပေါင်း များစွာ ချဲ့ကြည့်မှ အဲဒီ ပိုးဆိုတဲ့ အရာတွေရဲ့ ရှင်သန်၊ လှုပ်ရှား သတ္တိကို မြင်နိုင်တယ်။ ဒီပိုးတွေမှာ အာယုနဲ့ ဥသာ ရှိပေမယ့် သိစိတ်မရှိဘူး။ တစ်နည်းပြောရင် နာမ်သက်ဆိုတဲ့ ဇီဝိတိန္ဒြေ စေတသိက်နဲ့ ရုပ်သက်ဆိုတဲ့ ဇီဝိတရုပ် နှစ်ခုပဲ ရှိတယ်။ ခန္ဓာဖွဲ့ရင် ရူပက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာ နှစ်ပါး။ ဒါကြောင့် သက်ရှိလို့ မဆိုနိုင်ဘူး။ လှုပ်နေတိုင်း သက်ရှိ မဟုတ်ဘူး။ အိမ်မြှောင်ပြီးပြတ် လှုပ်နေတာဟာ ခန္ဓာဟောင်းက စိတ်ဝိညာဉ်ရဲ့ သတ္တိကြောင့်၊ ခေတ်စကားနဲ့ ဆိုရင် အဲဒီအထဲရှိနေတဲ့ အာရုံကြောတွေ မသေသေးလို့။ ပြတ်ခါစ မခြောက်ခင်မှာ ဇီဝသဘောရှိတဲ့ ရုပ်လို့ ဆိုဖွယ်ရှိတယ်။ သက်ရှိတော့မဟုတ်ဘူး။

ဆင်ခြင်ပါလေ

ဣနိဝါဒီ (ဣဿရ နိမ္မာနဝါဒီ = ဖန်ဆင်းရှင် တစ်ဆူတည်းသာ ရှိဟု ယုံကြည်သူ)တို့ အလိုအရ ကြက်ငှက် သားငါး ကျွဲနွားစတဲ့ တိရစ္ဆာန်တွေကို ဘုရားသခင်က လူသားတွေရဲ့ အစာအနေနဲ့ ဖန်ဆင်းပေးထားတာလို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်သတ်ရင် ဘာအပြစ်မှ မရှိဘူး။ ဗုဒ္ဓဝါဒမှာက ခန္ဓာငါးပါး ရှိတဲ့ သက်ရှိတိုင်းကို မသတ်တာကို အခြေခံ ကိုယ်ကျင့်သီလ အနေနဲ့ ယူဆတယ်။ လိုက်နာတာ မလိုက်နာတာက သင့်သဘော သို့မဟုတ် သူ့သဘောပါ။

အာရုံတစ်ခုကို စူးစိုက်ထားပြီး မိမိစူးစိုက်ထားတဲ့ အဲဒီနယ်ပယ်မှာ အတော်အသင့် ခရီးရောက်နေတဲ့ လူအချို့ဟာ ကိုယ်နားလည်ထားတာလေးကိုပဲ တရားသေ ကိုင်စွဲပြီး အဲဒါလေးမှ အမှန်၊ အဲဒါလေးနဲ့ တိုက်ဆိုင်ရင် သိပ်ကောင်းတယ်၊ မတိုက်ဆိုင်ရင် No လို့ ငြင်းဆိုလေ့ရှိတယ်။ တစ်ခါတစ်ရံ အဲဒီလို ဆိုလေ့ရှိရာကနေ စိတ်ထားကောင်းဟန်ရှိပေမယ့် လူအများနဲ့ အံမဝင်ခွင်မတဲ့ဘဲ ဖြစ်နေတတ်တယ်ဆိုတာကို ညအိပ်ရာဝင် မျက်လုံးမှိတ်ခါနီးမှာ မပြတ်ဆင်ခြင်ရင်း မိမိကိုယ်တိုင်ကိုပဲ upgrade လုပ်ဖို့ ကြိုးစားပါလေ

---

၂၉၈။ အရှင်ထွက်

အရှင်ဘုရား၊ လူအများက အဘဘိုးမင်ခေါင်ဟာ အခုအချိန်ထိ အသက်ထင်ရှား ရှိနေသေးတယ်လို့ ပြောနေကြပါတယ်။ ထွက်ရပ်ပါက် ကျင့်စဉ်တွေကို ကျင့်ပြီး အရှင်ထွက် ထွက်သွားလို့ မသေတာလို့လည်း ကြားဖူးပါတယ်ဘုရား။ အဲဒါ ဖြစ်နိုင်ပါသလား။ တပည့်တော်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါသည်ဘုရား။

ရဲသီဟ အရှင်မထွက်နိုင်

အာယုသုတ္တန် (သံ၊၁၊၁၀၉) မှာ ရှင်တော်ဗုဒ္ဓက ‘ရဟန်းတို့၊ အသက်ရှည်သူသည် နှစ်တစ်ရာဖြစ်စေ၊ ယင်းထက် အနည်းငယ်လွန်၍ဖြစ်စေ ရှည်၏’လို့ ဟောတော်မူပါတယ်။ အသက်နှစ်ရာ ရှည်သူရယ်လို့ လူသားအဖြစ်နဲ့ မရှိနိုင်ဘူး။ ဗုဒ္ဓခေတ်က အရှင်အနုဒ္ဓါမထေရ်က သက်တော် ၁၅၀၊ အရှင်ဗာကုလမထေရ်က ၁၆၀ အသက်ရှည်ခဲ့ကြောင်း ပါဠိမှတ်တမ်း ရှိပါတယ်။ ထိုအရှင်နှစ်ပါးဟာ သက်တော်အရှည်ဆုံး လူသားပုဂ္ဂိုလ် ဖြစ်ဖွယ်ရှိပါတယ်။ ဒီစာအရဆိုရင် ဘယ်ကျင့်စဉ်ကိုပဲ ကျင့်ကျင့် နှစ်ပေါင်း ၂၀၀ ပြည့်အောင် အသက်မရှည်နိုင်ဘူး။ ဖြစ်နိုင်ဖွယ်ရှိတာက လူ့ဘဝတုန်းက စိတ်စေတနာ အမှန်နဲ့ ဗုဒ္ဓသာသနာပြု၊ လမ်းခင်း၊ တံတားဆောက်၊ အများကောင်းကျိုးဆောင်ရွက်စတဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ခဲ့သူဖြစ်လို့ သက်တမ်းရှည်တဲ့ ဘုမ္မစိုးနတ် (ဤကမ္ဘာမြေပေါ်မှာ နေတဲ့ နတ်) သို့မဟုတ် ရုက္ခစိုး (သစ်ပင်မှာ နေတဲ့ နတ်)တွေ ဖြစ်နေရင် လူ့လောကနဲ့ ပတ်သက်ဖွယ်ရှိတယ်လို့ ဆိုနိုင်လေမလား။ (မေးခွန်း၊၁၅၆။ စာ-၅၆၂ ကိုပြန်ဖတ်ပါ။)

---

၂၉၉။ မကန့်သတ်

လောကနီတိကျမ်းမှာ လာတဲ့ ‘ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ စီးပွားရှာ၊ တတိယအရွယ်မှာ တရားရှာ’ဆိုတဲ့ စကားကို ဆရာတော်တစ်ပါးက ဘုရားဟော တရားမဟုတ်ဘူးလို့ ပြောပါတယ်၊ အခြားတစ်ပါးကတော့ ဘုရားဟောပါလို့ ဆိုပါတယ်ဘုရား။ အမှန်ကို သိချင်လို့ ဖြေကြားပေးစေလိုပါသည်။ နိဗ္ဗာန်ရဲ့ အဓိပ္ပာယ်ကိုလည်း အကျယ်သိလိုပါသည်။ ဘာသာခြားတွေ အများကြီးကြားမှာ နေရလို့ပါ ဘုရား။ ကျေးဇူးတင်ပါသည်။

ဖိုးသား ရှာဖွေဆဲ

ပဌမေ နဇ္ဇိတံ သိပ္ပံ၊ ဒုတိယေ နဇ္ဇိတံ ဓနံ။
တတိယေ နဇ္ဇိတော ဓမ္မော၊ စတုတ္ထေ ကိံကရိဿတိ။

ဆယ်စောင်တွဲ စာအုပ် မရှိလို့ Pali Niti Textsof Burma (p. 73) စာအုပ်ထဲက လောကနီတိမူကို ထုတ်ပြလိုက်ပါတယ်။ ပထမအရွယ်မှာ ပညာသင်ရမယ်၊ ဒုတိယအရွယ်မှာ စီးပွားရှာရမယ်၊ တတိယအရွယ်မှာ ဓမ္မအလုပ်လုပ်ရမယ်လို့ အချိန်အတိအကျ ပိုင်းခြားပြတဲ့ အလားတူ မူရင်း ပါဠိဂါထာ သို့မဟုတ် အဲဒီလို အဓိပ္ပာယ်ရှိတဲ့ စာပိုဒ်ကို မူရင်း ပါဠိတော်တွေမှာ ရှာဖွေဆဲဖြစ်ပါတယ်။

သူတို့အဆို

သုတေသီ စာရေးဆရာ အချို့က ‘ဗုဒ္ဓခေတ်က တတိယအရွယ်မှာ ခြိုးခြံတဲ့ အကျင့်ကို ကျင့်ပြီး မောက္ခကို ရှာကို ရှာဖွေရမယ်၊ အဲဒီလို ရှာဖွေတာဟာ Reality တစ်ခုဖြစ်တယ်ဆိုတဲ့ အယူအဆမျိုး ပညာတတ်လူတန်းစားလွှာကြားမှာ ရှိခဲ့တယ်’လို့ ရေးသားချက်မျိုး ဖတ်ဖူးတာကို အမှတ်ရပါတယ်။ အဲဒါက ရှေးဟောင်း ဗြာဟ္မဏတို့ရဲ့ ယုံကြည်မှု ဖြစ်လေမလား။

မကန့်သတ်

အောက်ပါပါဠိတော် (မ၊၃၊၂၃၈) စကားအရ ဗုဒ္ဓဝါဒမှာ တရားအလုပ် သို့မဟုတ် ကုသိုလ်အလုပ်လုပ်ဖို့ အဲဒီလို အသက်အရွယ် ပိုင်းခြားပြီး ကန့်သတ်ပြတာမျိုး ရှိမယ်လို့ မထင်ဘူး။

အဇ္ဇေဝ ကိစ္စမာ တပ္ပံ၊ ကောဇညာ မရဏံ သုဝေ။
နဟိနော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

နက်ဖြန်၌ သေရမည်ကို မည်သူ သိနိုင်အံ့နည်း။ ယနေ့ပင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှု အလုပ်ကို ပြလုပ်သင့်၏။ ငါတို့မှာ စစ်သည်ဗိုလ်ပါများသော သေမင်းနှင့် ချိန်းထားမှု မရှိသည်သာတည်း။

ဓမ္မအလုပ် ဆိုတာမျိုးက ဖြစ်နိုင်ရင် ငယ်ရွယ်ချိန်ကတည်းက လုပ်တာ ပိုကောင်းပါတယ်။ အရှင်ရာဟုလာ ကိုရင်ဝတ်တော့ သက်တော် ခုနစ်နှစ်ဆို မဟုတ်လား။ မြတ်စွာဘုရားက ငယ်ရွယ်ချိန်မှာ မင်းစည်းစိမ်ကို ခံစား၊ နောက်မျိုးဆက်အတွက် စည်းစိမ်ဥစ္စာ ရှာဖွေ၊ ပြီးမှ တတိယအရွယ်မှာ ရဟန်းပြုဖို့ မသင်ကြားခဲ့ဘူး။

နိဗ္ဗာန်

မေးခွန်းအမှတ် ၁၈၈ ရဲ့အဖြေ (စာမျက်နှာ-၆၄၁)ကို ပြန်ဖတ်ပါ။ burmeseclassic.com ဓမ္မအမေးအဖြေကဏ္ဍရဲ့ စာမျက်နှာမှာ အဲဒီအဖြေနဲ့ လုံလောက်ပါတယ်။

---

၃၀၀။ အလိုတော်ပြည့်ပါစေ

အရှင်ကေလာသ

ဇွန် ၄၊ ၂၀၁၃။

နာမည်ကျော် ဓမ္မကထိက ဆရာတော်ကြီးတစ်ပါးက ‘အလိုတော်ပြည့်’ နှင့် ပတ်သက်ပြီး သဘောမကျ မနှစ်သက်ဟန်နှင့် ဟောပြောသည်ကို ကြားရပါသည်။ ‘အလိုပြည့်’ဟူသော စကားမှာ ‘ဦနော လောကော = လောက လူသားတွေဟာ အလိုမပြည့်ကြဘူး’လို့ ဟောကြားထားသည့် ရဋ္ဌပါလသုတ္တန်စကားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည် မဟုတ်ပါလား။ ‘ဆုတောင်းဟူသော စကားလုံးသည် ထေရဝါဒဗုဒ္ဓသာသနာ အဆုံးအမနှင့် ညီညွတ်မှုမရှိဟု ယူဆပါသည်။ ဆုတောင်းသည့် အတိုင်း ဖြစ်သွားအောင် လုပ်ပေးနိုင်သည့် တန်ခိုးကြီးသော ဘုရား၊ စေတီ၊ ဘုန်းကြီးဆိုတာမျိုးရော ရှိနိုင်ပါမည်လား။ သစ်သီးကိုးမျိုးစသည်ကို ကိုးနာရီတိတိမှာ လှူဒါန်းမှ ဆုတောင်းပြည့်သည်ဆိုခြင်းမှာ ‘ဂိုဏ်း’ မဆန်လွန်းဘူးလား။ မေတ္တာရှေ့ထား၍ ဖြေကြားပေးချင်ပါသည်။

အရှင်သုမန (မန်း)

အဓိပ္ပာယ်မတူ

ဦနော လောကော အတိတ္တော တဏှာ ဒါသော =လူအပေါင်းသည် အလိုမပြည့် (ယုတ်လျော့လျက်သာရှိ၏)၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ ကျွန်တည်း (မ၊၂၊၂၅၆)’။ ဒီသုတ္တန်စကားက တပ်မက်မှု (တဏှာ) ရဲ့ ကျေးကျွန်သဖွယ် ဖြစ်နေကြရတဲ့ ပုထုဇဉ်လောကသားတွေဟာ သေတဲ့အထိ တစ်ခုခု လိုနေတာချည်း ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓရဲ့ ဟောကြားချက်ကို အရှင်ရဋ္ဌပါလက ကောရဗျမင်းကို မိန့်တော်မူတာဖြစ်ပါတယ်။ ‘အလိုတော်ပြည့်’ ဆိုတာက ဆောင်ရွက်ချက်ကိစ္စ သို့မဟုတ် တောင့်တတဲ့ ရည်မှန်းချက်တစ်ခု အောင်မြင်သွားတဲ့ သဘောမျိုးဖြစ်လို့ အာဘော်သို့မဟုတ် အဓိပ္ပာယ်မတူဘူးလို့ အရင် မှတ်ပါ။

အလိုပြည့်

‘ရဟန်းတို့၊ သမဏ ဗြဟ္မဏတို့အား အစားအစာ နေထိုင်စရာ စသည် လှူဒါန်းပြီး သူဌေးသူကြွယ်ဖြစ်ရလို၏ဟု ကာမဂုဏ်အာရုံ၌ ညွတ်သော စိတ်ကိုထား (ဒဟတိ)၊ .. စိတ်ကိုအဓိဋ္ဌာန်ပြု (အဓိဋ္ဌာတိ)၊ .. စိတ်ကို ထပ်ခါထပ်ခါဖြစ်စေ (ဘာဝေတိ)လျှင် တောင့်တသော ဘဝကိုရ၏။ သို့သော် သီလရှိသူအားသာ ဖြစ်နိုင်၏။ သီလရှိသူအား စင်ကြယ်သောကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံ၏ (အံ၊၃၊၇၃)’။ အဓိပ္ပာယ်က ကုသိုလ်ပြုပြီးနောက် ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို စိတ်ထဲမှာ အလေးအနက် အဓိဋ္ဌာန်ပြုရင် ကိုယ့်မှာ သီလရှိပါက တောင့်တတိုင်း ဖြစ်နိုင်တယ်လို့ပါပဲ။ ရှင်တော်ဗုဒ္ဓက မဂ်ဖိုလ်နိဗ္ဗာန်အတွက် မပွားများဘဲ ကာမအာရုံအတွက် တောင့်တတဲ့ အဒီစိတ်မျိုးကို ဟီန (အထက်တန်းမကျဘူး) လို့တော့ သတိပေးပါတယ်။

ဒါပေမယ့် အလိုမပြည့်နိုင်တဲ့ ယနေ့ကမ္ဘာက ပုထုဇဉ်တစ်ယောက်အဖို့ ကုသိုလ်ပြုပြီးနောက် မိမိတောင့်တရာမှာ စိတ်ကိုထား .. အဓိဋ္ဌာန်ပြု .. ပွားများရင် မိမိမှာ သီလနှင့်ပြည့်စုံပါက တောင့်တတာကို ရနိုင် သို့မဟုတ် ဆန္ဒအောင်မြင်နိုင် အလိုပြည့်နိုင်ကြောင်း ဟောကြားတာတော့ သေချာပါတယ်။ နောင်ဘဝအတွက်တောင် ဖြစ်နိုင်ရင် ဒီဘဝအတွက်လည်း မဖြစ်နိုင်ဘူးလို့ ဆိုနိုင်မလား။

ဆုတောင်းပါ

ကုသိုလ်ပြုပြီးရင် ဆုတောင်းဖို့ မမေ့ပါနဲ့။ ဆုတောင်းဖို့လိုတယ်။ ကျမ်းဂန်အတိအကျရှိလို့ အဲဒီအတိုင်းပဲ မြဲမြဲမှတ်ထားပါ။

(၁) ယဿ ပဉ္စဓမ္မာ အတ္ထိ န ပတ္ထနာ၊ တဿ ဂတိ အနိဗ္ဗဒ္ဓါ။ သဒ္ဓါ သီလ သုတ စာဂ ပညာဟူသော တရားငါးပါးရှိ၏။ ကုသိုလ်ကောင်းမှုလည်းပြုလုပ်ပါ၏။ ဒါပေမယ့် ဆုတောင်းမှု (ပတ္ထနာ)ကို မပြုရင် လားရာဂတိ မမြဲဘူး။ ဆုမတောင်းရင် ကောင်းမှု ပြုပေမယ့် ဦးတည်ရာမဲ့ လားချင်ရာကို လားမယ်ဆိုတဲ့ သဘောပေါ့။

(၂) ယဿ ပတ္ထနာ အတ္ထိ န ပဉ္စဓမ္မာ၊ တဿပိ ဂတိ အနိဗ္ဗဒ္ဓါ။ လိုချင်ဖြစ်ချင်တဲ့ ဆုကိုတော့ တောင်းပါ၏၊ အဲဒီ တရားငါးမျိုး မရှိရင်လည်း ဂတိမမြဲဘူး။ ဘာမှမလုပ်ဘဲ ဆုတောင်းရုံနဲ့တော့ ဘယ်ရနိုင်မလဲ။ နည်းများမဟူ ထိုက်တန်တဲ့ အရင်းအနှီး တစ်ခုကိုတော့ မှန်မှန်ကန်ကန် စိတ်ပါလက်ပါ လုပ်ရတယ်။

(၃) ယေသံ ဥဘယ မတ္ထိ၊ တေသံ ဂတိ နိဗ္ဗဒ္ဓါ။ သဒ္ဓါ သီလ သုတ စာဂ ပညာ တရား ငါးပါးနှင့်လည်း ပြည့်စုံ၏။ ကောင်းမှုလည်းပြု၏။ တောင်းဆုလည်းဆို၏။ ဒီလိုဆိုရင် အဲဒီလူ ဂတိမြဲတယ်။ ဆုတောင်းပြည့်တယ်ပေါ့။ ကောင်းကင်ကို ပစ်တင်လိုက်တဲ့ တုတ်ချောင်းဟာ အရင်းနဲ့ ကျလာမှာလား၊ အဖျားနဲ့ ကျလာမှာလား၊ အလယ်နဲ့ ကျလာမှာလား ဆိုတာကို မသတ်မှတ်နိုင်သလို သတ္တဝါတို့ရဲ့ ပဋိသန္ဓေယူမယ့်ဘဝ ဆိုတာဟာလည်း သတ်မှတ်ချက်မရှိဘူး။ ဒါကြောင့် ဦးတည်မှု သေချာအောင် ကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်ပြီးတဲ့အခါ ဆုတောင်းရပါတယ် (မ၊ဋ္ဌ၊၄၊၁၀၇)။ ဆုတောင်းတယ်ဆိုတာ ဘုရားအလောင်းတော်များရဲ့ ကျင့်စဉ်ပါ။ ဘုရားလောင်း သုမေဓာရှင်ရသေ့ ဆုတောင်းခဲ့ပုံက...

ဓမ္မနာဝံ သမာရုယှ၊ သန္တာရေဿံ သဒေဝကံ။
လူမျိုးပုံယင်၊ လှေပြည့်တင်၍၊ သင်္သရာကျယ်၊ မြစ်ပင်လယ်မှ၊ ဆယ်ကယ် အားသွန်၊ ပြည်နိဗ္ဗာန်သို့၊ မကျန်ပို့ရလို၏တည်း။
(ဆုတောင်းခန်းပျို့၊ ပိုဒ်၁၈၅)’တဲ့။

ဩကာသဆိုရင်ပဲ ရန်သူမျိုးငါးပါးမှ ကင်းရပါလို၏လို့ ဆုတောင်းနေပြီ မဟုတ်ပါလား။ ဆုတောင်းခြင်းကို ထေရဝါဒနှင့် မညီဘူးလို့ ‘ပ’ သို့လျှင်ဆိုနိုင်ပါ့မလဲ။

မဆန့်ကျင်

ဆုတောင်းတယ်ဆိုတာ ကိုယ့်အလုပ်ရဲ့ ဦးတည်ချက်ကို ဖော်ညွှန်းခြင်းသာဖြစ်လို့ ဆုတောင်းပြည့်ခြင်း မပြည့်ခြင်းဟာ စေတီရုပ်ပွားဆင်းတု ဘုန်းကြီးနဲ့ မဆိုင်ပါဘူး။ အဲဒီစေတီ အဲဒီဆင်းတုတော်မှာ ဆုတောင်းမှ ဆုတောင်းပြည့်တယ်လို့တော့ မစွဲလမ်းသင့်ဘူး။ သီလပြည့်စုံ စင်ကြယ်ခိုက် စင်ကြယ်တဲ့ ဒါနကိုပြုပြီး အဓိဋ္ဌာန်ပြုဆုတောင်းရင် စေတီဆင်းတုမပါဘဲလည်း ဆုတောင်းပြည့်နိုင်ပါတယ်။ ဒါပေမယ့် ‘ဆုတောင်းပြည့် ဘုရား’ဆိုတဲ့ နာမည်က အိပ်မောကျ သို့မဟုတ် အိပ်မပျော်တပျော်ဖြစ်နေတဲ့ ဗုဒ္ဓဝါဒီ တစ်ယောက်ကို အနည်းဆုံး လှုပ်နှိုးလိုက်နိုင်တယ်ဆိုရင် အကျိုးရှိတာပဲ။

အနာထပိဏ်သူဌေးဟာ သားမောင်ကာဠကို အသပြာပေးပြီး ဘုရားဆီကို သွားဖို့ ဖျားယောင်းခဲ့တဲ့ ထုံးရှိပါတယ်။ သာသနာပြု ပုဂ္ဂိုလ်တွေက ဂြိုဟ်ကြီးကိုးလုံးပူဇော်မှု လွှမ်းမိုတဲ့နေရာမှာ ဘုရားကိုးဆူပူဇော်မှုနဲ့ အစားထိုးပေးခဲ့တာကိုလည်း ဓမ္မနဲ့ မဆန့်ကျင်လို့ လက်ခံနိုင်တာပေါ့။ ဒါကြောင့် အခက်အခဲတွေနဲ့ မွမ်းကျပ်နေသူ တစ်ဦးကို ‘ဒီကုသိုလ်လေးပြု၊ ဘုရားဂုဏ်တော် ပွားများပြီး၊ အဓိဋ္ဌာန်ပြုဆုတောင်းပါလား’လို့ ဗုဒ္ဓဝါဒီအချင်းချင်း အကြံပေးတာဟာ ဓမ္မကို မဆန့်ကျင်နိုင်ပါဘူး

ဂူဘုရားကြီး

၂၀၀၈-ခုနှစ်၊ မေလတုန်းက အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်း တရားပွဲမှာ အလိုတော်ပြည့် ဆရာတော်ကြီး မိန့်ကြားခဲ့တာက .. ‘ဘုန်းကြီး ငယ်စဉ်က အလိုတော်ပြည့် ဂူဘုရားကြီးထဲမှာ အချိန်အတော်ကြာ အဓိဋ္ဌာန်ပြုပြီး တရားအားထုတ်ဖူးပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ပျက်စီးနေတဲ့ ဒီရှေးဟောင်း ဂူဘုရားကြီးကို ဘုန်းကြီး ဦးဆောင်ပြုပြင်ပြီး ထီးတော်တင်တယ်။ နိုင်ငံတော် အကြီးအကဲတွေရဲ့ အကူအညီနဲ့ ဘုရားပွဲတော်တွေလည်း ဦးဆောင် ကျင်းပပေးပါတယ်။ ဒါကို အကြောင်းပြုပြီး လူတွေက ဘုန်းကြီးကို အလိုတော်ပြည့်ဆရာတော်လို့ ခေါ်လာကြတယ်။ ဘုန်းကြီး ကိုယ့်ဟာကိုယ်ပေးတဲ့ နာမည်မဟုတ်ပါဘူး’တဲ့။

သစ်သီးကိုးမျိုး

ဆရာတော်ကြီးက ဆက်မိန့်ပါသေးတယ် ‘ဒီဘုရားကြီးမှာ ဘုရားဂုဏ်တော် ကိုးပါးကို ရည်မှန်းပြီး သစ်သီးကိုးမျိုး ပန်းကိုးမျိုး စသည်ကို မနက်ကိုးနာရီ အချိန်မှာ အထူးစီမံ လှူဒါန်းပြီး ဆုတောင်းတဲ့အခါ အကြံအစည်တွေ အောင်မြင်သွားကြတယ်လို့ လူအချို့က ဘုန်းကြီးကို ပြန်ပြောကြတယ်။ ဒါနဲ့ ကျမ်းဂန်နဲ့ မလွတ်တဲ့အတွက် အဓိဋ္ဌာန်ပြု ဆုတောင်းတာကို ပွဲတော်ရက်တွေမှာ ဘုန်းကြီးဦးဆောင်ပြီး လုပ်ပေးပါတယ်။ ဒါပေသည့် .. ဘုန်းကြီးက လူတွေ အလိုပြည့်သွားအောင် လုပ်ပေးတာ မဟုတ်ပါဘူး။ ငါးပါးသီလပေးပြီး ဘုရားရှိခိုးဂါထာကို တိုင်ပေးရုံပါပဲ။ မြေသား အုတ်သားနဲ့ တည်ဆောက်ထားတဲ့ အလိုတော်ပြည့်ဂူဘုရားကြီးက ဆန္ဒပြည့်ဝအောင်လုပ်ပေးတာလည်း မဟုတ်ရပါဘူး။ ဆုတောင်းသူရဲ့ စိတ်အဓိဋ္ဌာန်မှု စွမ်းအားနဲ့ သူ့ရဲ့ သီလစင်ကြယ်လို့ ဖြစ်ရတာပါ

.. ဒီတော့ယင် .. ကိုးမျိုးစီလုပ်ရတာကလည်း ဘုရားဂုဏ်တော် ကိုးပါးကို ရည်မှန်းရုံ သက်သက်ပါ။ မနက်ပိုင်းမှာ လူတွေရဲ့စိတ်ဟာ ကြည်လင်ပြီး ခွန်အားရှိလို့ မနက်ကိုးနာရီမှာ လုပ်ခိုင်းပါတယ်။ မနက်မှာ မအားလို့ ညလုပ်ရင် မရဘူးလားတဲ့ .. မရပါဘူး။ ဘုရားကို ညမှာ ဆွမ်းကပ်လို့မှ မဖြစ်ဘဲ။ သံပရာသီးကို ဘာကြောင့် မထည့်တာလဲတဲ့ .. မေးကြသေးတယ်။ ဒီတော့ ဘုန်းကြီးက ‘ဘုန်းကြီး မကြိုက်လို့ မကပ်ခိုင်းတာပါ’လို့ ပြောလိုက်တယ်.. (ပရိသတ်ရယ်ကြ)’။

အထူးစီမံတဲ့ ဒါန

သာသနာပ ကာလဝေလာမပုဏ္ဏားရဲ့ မဟာဒါနအလှူကို ဆောင်ရွက်ပုံ၊ ဘုရားလက်ထက်က ဘုရင်ကောသလရဲ့ အသဒိသဒါနအတွက် စီမံပုံ၊ ဘီစီသုံးရာစုမှာ အသောကမင်းက ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ကို ရည်မှန်ပြီး ရေတွင်းရေကန် ဆေးရုံ ဘုန်းကြီးကျောင်းတွေ ရှစ်သောင်းလေးထောင်စီ လှူဒါန်းပုံတွေ ဗုဒ္ဓစာပေမှာ ရှိပါတယ်။ သူတို့ကို အတုယူပြီး ရေတွင်းကိုးမျိုး ရေကန်ကိုးမျိုး မလှူနိုင်သေးလို့ အနည်းဆုံး သစ်သီးလေးလောက် ပန်းလေးလောက် ဆွမ်းလေးလောက်ကို ကပ်လှူနိုင်သူတို့အတွက် ဗုဒ္ဓဂုဏ်တော် ကိုးပါးကို ရည်မှန်းပြီး ကိုးမျိုးစီ အထူးစီမံလှူဒါန်းတာကို ‘ဂိုဏ်း’ဆန်တယ်လို့ မဆိုပါနဲ့လေ။ အလှူ့ရှင်မှာ သစ်သီးတွေပန်းတွေကို ကိုးမျိုးစီ ရအောင်ရှာဖွေရင်း မိမိရဲ့ အထူး ဒါနအောင်မြင်ဖို့ လုံ့လပြုနေစဉ်အတွင်း ကုသိုလ်စိတ်တွေနဲ့ တက်ကြွလန်းဆန်းနေတဲ့အတွက် halo efect (စိတ်ပညာအရ နှစ်သက်ဖွယ် တန်ပြန်သက်ရောက်မှု)တွေ သိပ်ပြီး အားကောင်းနေပါလိမ့်မယ်။ ဒီအင်အားဟာ ‘အလိုပြည့်’စေတဲ့ တွန်းအားတစ်ခု ဖြစ်နိုင်တာပေါ့။

ကုလား သူတောင်းစား

ဒီမေးခွန်းကို ဖြေရင်း ၁၉၉၈-ခုနှစ် နွေဦးမှာ ဘုန်းကြီး အိန္ဒိယကို ပထမအကြိမ် ဘုရားဖူးရောက်စဉ်က ဖြစ်ရပ်တစ်ခုကို အမှတ်ရလာတယ်။ ဝေသာလီမြို့အနီး နောက်ထပ်တူးဖော်တဲ့ ကျောက်တိုင်နေရာကို သွားတုန်းက အသက် ၈ နှစ် ၉ နှစ် လောက် ကောင်မလေး နှစ်ယောက်၊ ‘ယာနီဓ ဘူတာနိ သမာဂတာနိ’ကို ဆိုပြပြီး ‘ဘာဘာဂျီးချယ်ပြား’တဲ့။ လိုက်ပို့တဲ့ ကိုယ်တော်က ပိုက်ဆံလာတောင်းရင် မပေးဖို့ သတိပေးထားရင်းက အဲဒီ ရတနသုတ် တန်ခိုးနဲ့ ဘုန်းကြီးရဲ့ လက်ထဲက တစ်ခုတည်းသော ဆယ်ပြားစေ့ အကြွေလည်း ခွေးလှေးယားသီးလို ဖြစ်နေတာနဲ့ နှစ်ယောက်ကြားကို ပစ်ချလိုက်တယ်။ နှစ်ယောက်လုံး ‘ဝုန်း’ ကနဲ ပြေးအကောက်၊ အကြီးလို့ ယူဆရသူက ရသွားတော့ အငယ်က ဆတ်ကနဲလုရင်း အကြီးရဲ့မျက်နှာကို ကုတ်ဖဲ့။ စောစောက ချစ်စဖွယ် တွေ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ ‘ဂျေ’မျက်နှာသိုးကို ခုထိ မြင်ယောင်နေသေးတယ်။

ရဟန်းသံဃာ ပမာသူဖုန်းစားတဲ့။ ယခင်က ဘာကြီး ဖြစ်ခဲ့ဖြစ်ခဲ့ ယခု ဘာကြီး ဖြစ်နေနေ သူတစ်ပါးကို မှီခိုပြီး အသက်မွေးရသူ (ပရပဋိဗဒ္ဓဇီဝီ) ဖြစ်လို့ ပမာသူဖုန်းစား ဖြစ်ရတာ (သူတောင်းစားနဲ့ တူရတာ)ကိုက ရဟန်းသံဃာရဲ့ ကိုယ့်ရဲ့ Ego (ငါဆိုတဲ့ မာန် = အသ္မိမာန်) ကိုချိုးနှိမ်တဲ့ ဂုဏ်ရည်တစ်ရပ်ပါ။ ဒါပေမယ့် သူတောင်းစား စိတ်ဓာတ်နဲ့ သူတောင်းစားလိုတော့ မပြုကျင့်ရပေဘူး။

ဒီမိုကရက်တွေ

အမှန်တော့ အမေရိကန်က ဒီမိုကရက်တွေဟာ ပေါ်လစီအရ လူကြိုက်များနိုင်တယ်။ ဒါပေမယ့် ကိုယ့်လူတွေက နိုင်ငံရေး မဲဆွယ်ပြီဆိုရင် ထမီကို ခါးစောင်းတင်ပြီး အိမ်နှစ်ဆယ်ကြားအောင် ပြောတတ်တဲ့ ငါးစိမ်းသယ်မလို သူတစ်ပါးကို လက်ညှိုးထိုးပြီး ကဲ့ရဲ့တင်းဆို လုပ်တတ်လွန်းလို့ ထောက်ခံသူ ပရိသတ်ထဲမှာ ပညာတတ်လူတန်းစားလွှာတွေ လျော့သွားရတယ်။ တက္ကသိုလ် အသိုင်းအဝိုင်းနဲ့ မီဒီယာလောကသားတွေဆိုရင် ရီပတ်ပလီကန်တွေ များတယ်။ လောကမှာ ကိုယ့်ဂုဏ်ကို ဖော်ပြီး သူတစ်ပါးကို နှိပ်ပြောတတ်သူဟာ ‘ကြေးခွက်နှုတ်ခမ်းကွဲ’၊ ‘မောင်းအ’တွေလို အသံကျယ်ပေမယ့် နားထောင်လို့ မကောင်းချေဘူး။ ပရိသတ်ရှေ့ကိုရောက်နေသူဟာ ပုဂ္ဂိုလ်တစ်ဦး အထူးသဖြင့် ဂုဏ်ရည်တူတစ်ဦးကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကဲ့ရဲ့သရော်လုပ်ရင် နှစ်ဖက်လုံးမှာ အသိုင်းအဝိုင်းဆိုတာ ရှိတဲ့အတွက် ၁)ရန်သူ ပေါတယ် ၂) သူ့ပရိသတ် လျော့မှန်းမသိ လျော့သွားတယ် ၃) ပညာရှိတို့အားပေးမှုလည်း နည်းသွားတယ်။ သတိချပ်ပါကုန်။

ပွင့်လင်းခံသာ

ဒါကြောင့် ‘သဘောမကျ မနှစ်သက်ဟန်နဲ့ ဟောပြောသည်’ဆိုတဲ့ ‘နာမည်ကျော် ဓမ္မကထိက ဆရာတော်ကြီး’အနေနဲ့ ကိုယ့်ဘက်က အကြောင်းပြချက် ခိုင်လုံလွန်းနေရင်တောင် မိမိရဲ့ ဂုဏ်သိက္ခာအရ ပရိသတ်ရှေ့ ‘အလိုတော်ပြည့်’ရဲ့ကွယ်ရာမှာ ရိသဲ့သဲ့ပြောမယ့်အစား ‘အလိုတော်ပြည့်’နဲ့ ကိုယ်တိုင်တွေ့တဲ့အခါ အပြုသဘောနဲ့ တိုက်ရိုက် ကိုယ်က သိက္ခာကြီးရင် ဆုံးမ၊ ရွယ်တူသို့မဟုတ် ငယ်ရင် အကြံဉာဏ်ပေး သို့မဟုတ် ဆွေးနွေးရင် ဗုဒ္ဓသာသနာအတွက်ရော ဓမ္မကို ကျင့်သုံးနေကြသူ အချင်းချင်းဖြစ်တဲ့ ကိုယ်တို့ နှစ်ဦးလုံးအတွက်ပါ အကျိုးမယုတ် မိတ်မပျက်လို့ ပိုပြီး မသင့်မြတ်ပေဘူးလား။ ဒီနေရာမှာ ‘ပွင့်လင်း ညင်သာ’ဆိုတဲ့ နိုင်ငံရေးစကားလုံးကို အသုံးချလို့ ကောင်းကောင်းရတာပေါ့။

---

301. Free Thinker

Free Thinker ဆိုတဲ့ ဘာသာမဲ့တွေ သေပြီးနောက် ဖြစ်လာနိုင်သည့် ဘဝကို သိလိုပါသည် ဘုရား။ ဆရာတော်တစ်ပါးရဲ့ စာအုပ်မှာ ‘သံသယရှိတာကို ရှိလို့ရတယ်၊ သေချာ ဆန်းစစ်ပြီးမှ ယုံပါ၊ အဖေအမေက ဗုဒ္ဓဘာသာဖြစ်နေလို့ ကိုယ်က ဗုဒ္ဓဘာသာကို ကိုးကွယ်နေရတယ်ဆိုတာမျိုး မဖြစ်စေနဲ့’လို့ ရေးပါတယ်။ နောက်စာအုပ် တစ်ခုမှာတော့ ‘သံသယတွေ ရှိနေသေးရင် ဝီစိကိစ္ဆာနဲ့ ဒိဋ္ဌိမကင်းသေးဘူး’လို့ ရေးပါတယ်။ တပည့်တော်ဟာ တစ်ခါတလေ အစွန်းရောက်အောင် တွေးမိတတ်ပါတယ်။ လေ့လာရင်းနဲ့ အဖြေရတာတွေရှိသလို မရသေးတာလည်း ရှိတယ်။ တပည့်တော် သိလိုသည်မှာ သံသယစိတ်နဲ့ သေသွားရင် နောက်ဘဝမှာ ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ။ တပည့်တော်မှာ တွေးလို့ မရတာကလွဲလို့ မကောင်းမှုလုပ်တာ နည်းပါသည်။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

မောင်လူအ

---

လွဲရုံပဲပေါ့

Free Thinker အနေနဲ့ Free Think တဲ့အခါ သူ့ရဲ့ Thinking က ကိုယ့်ကိုရော သူ့ကိုပါ အပြစ်ရှိပြီး မကောင်းကျိုးကို ဖြစ်စေတဲ့ လုပ်ဆောင်မှုတွေကို ဖြစ်ပေါ်စေရင် အဲဒီ Free Thinker ရဲ့ Thoughts တွေဟာ လောကရဲ့ အဆိပ်အတောက် ဖြစ်လာနိုင်ကြောင်း ဦးစွာ မှတ်သင့်တယ်။ သူ့ဟာသူ ဘယ်လောက်ပဲ Free Think စေ ဗုဒ္ဓဝါဒရှုထောင့်အရတော့ ဒုစရိုက်ဆယ်ပါးကို မကျူးလွန်ရင် အပါယ်ဘုံကို မကျနိုင်ရာပါဘူး။ ဗုဒ္ဓ ဓမ္မ သံဃာဆိုတဲ့ ရတနာသုံးပါးကို မဆည်းကပ်ရုံနဲ့ ငရဲရောက်တယ်ဆိုတာမျိုး ဗုဒ္ဓဝါဒမှာ မရှိဘူး။ မသကာ မဂ္ဂင်ရှစ်ပါးကျင့်စဉ်နဲ့ လွဲရုံပဲပေါ့

နံရံမဲ့လှောင်ချိုင့်

တစ်ခုတော့ရှိတယ် .. အခုကောင်းတယ်ဆိုတာ အယင်က အလုပ်ကောင်းရဲ့ အကျိုးဆက်ဖြစ်လို့ နောင်အကောင်းဖြစ်လာဖို့ အခုအကောင်းတစ်ခုကို လုပ်ကိုလုပ်ရပါတယ်။ ဒါကြောင့် အစွဲအလမ်းမကြီးဘဲ အလယ်အလတ် သဘောထားနဲ့ အများကောင်းကျိုးကို ဆောင်ရွက်နိုင်တဲ့ Free Thinker အနေနဲ့ ကောင်းတဲ့ ဂတိနိမိတ်ကိုလည်း မျှော်လင့်နိုင်ပါတယ်။

ဒါပေမယ့် ကွန်မြူနစ်တွေလို လိုအပ်ရင် မိဘကိုပါ သတ်မယ်ဆိုတာမျိုး၊ ဘုရားသခင်အတွက်ဆို အသေခံဗုံးခွဲ တိုက်ခိုက်မယ်ဆိုတာမျိုးအထိ မိုက်ရူးရဲ အစွန်းရောက်အောင် Free Think ရင်တော့ အဲဒီ အစွန်းရောက် အစွဲအလမ်းကြီးက သူ့စိတ်ကို ထူးခတ်ထားသလို ဖြစ်နေလို့ လောလောဆယ်မှာပဲ အဲဒီ အစွဲအလမ်းလှောင်ချိုင့်အတွင်းမှာ နေရှိလျက် အလင်းရောင် မမြင်နိုင်တဲ့ မျက်ကန်းလို နေရရုံမက သေခါနီးမှာ နိမိတ်ကောင်းကို မျှော်လင့်နိုင်ဖွယ် မရှိဘူး

သံသယလား

ကြားနာတာ ဖတ်ရှုတာကို သံသယစိတ်နဲ့ မှိန်းနေရုံနဲ့ ဘာမှဖြစ်မလာနိုင်တဲ့အတွက် ဘုန်းကြီးအနေနဲ့ ‘ဆန်းစစ်’ ဆိုရာမှာ ကာလာမသုတ် ဒေသနာအရ လက်တွေ့လိုက်နာ ကျင့်သုံးကြည့်ဖို့ အဓိကကျတယ်လို့ ယူဆတယ်။ ‘သံသယတွေ’ ဆိုတာက ကျယ်ပြန့်တယ်။ ဆိုပါတော့ .. ဗုဒ္ဓ ဓမ္မ သံဃာလား၊ ပဋိစ္စသမုပ္ပါဒ်လား၊ ဘဝသံသရာလား၊ ကံနဲ့ ကံရဲ့အကျိုးလား..စသည်။ အားလုံး သို့မဟုတ် အချို့ကိုဆိုရင် အပေါ်က လူနဲ့ တူနေမှာပေါ့။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို တဒင်္ဂပယ်ခွာပြီး အကျိုးကို ယုံကြည်လို့ လုပ်ရပ်ကောင်းချင်း တူရင်တောင် အကျိုးပေးက အပေါ်လူထက်တော့ သာဖွယ်ရှိပါတယ်။ သောတာပန်အဖြစ်နဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အကြွင်းမဲ့ ခွာပစ်နိုင်ရင် အသာဆုံးပေါ့။

ဆင်ခြင်တုံ

‘အစွန်းရောက်’ဆိုတာမျိုးက ဘယ်ရှုထောင့်ကမှ ဗုဒ္ဓဝါဒနဲ့ မကိုက်ညီပါဘူး။ အစွန်းမရောက်ဖို့ဆိုရင် ပင်ကိုက ဆင်ခြင်တုံတရား ရှေ့သွားပြုဖို့ အရေးကြီးတယ်။ ပြီးရင် ‘ယောနိသော မနသိကာရ’နဲ့ ‘သဒ္ဓမ္မဿဝန’ များများ ရှိဖို့လည်း လိုတယ်။ Voices behind the Veil စာအုပ်ထဲမှာ ဖော်ပြတဲ့အတိုင်း ကိုရ်အာန်ကျမ်းထဲက ဘုရားသခင်အတွက် အသေခံမယ်ဆိုတဲ့ စာပိုဒ်တွေကို နေ့တိုင်း ရွတ်ဆိုရင်း ၎င်းတို့ရဲ့ ဆရာများထံမှ Brain Wash လုပ်ခံရတို့ အစွန်းရောက် စစ်သွေးကြွတွေ ဖြစ်လာတာဟာ ဆင်ခြင်တုံတရားမဲ့လို့ မဟုတ်ပါလား။

No unkind word

There was never an occasion when the Buddha flamed forth in anger, never an incident when an unkind word escaped his lips.

Dr. S. Radhakrishnan

အကြင်နာမဲ့ စကားလုံး

ဗုဒ္ဓသည် စိတ်ဆိုးဒေါသဖြင့် ပြုမူဆောင်ရွက်သည့် အခြေအနေမျိုး မရှိဖူးပါ။ ရှင်တော်မြတ်ရဲ့ နှုတ်တော်မှ ထွက်ဆိုသော မဆင်မခြင် ပြောဆိုသည့် အကြင်နာမဲ့ စကားလုံးတစ်လုံးမျှ မတွေ့ဖူးပါ။

---

၃၀၂။ နှလုံးသားအမွေ

ဇွန် ၁၃၊၂၀၁၃။

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား၊

တပည့်တော်တို့ ဇနီးမောင်နှံမှာ ရတနာသုံးပါးနှင့် အလွန်နီးစပ်သည့် မိဘနှစ်ပါးမှ မွေးဖွားခဲ့ကြသည့်အတိုင်း ရတနာသုံးပါးက သင်ပြပေးသော တကိုယ်ရေ နှလုံးသားငြိမ်းချမ်းရေး ကျင့်စဉ်ကို လိုက်နာကျင့်သုံးခွင့်ရသဖြင့် ရတနာသုံးပါး၏ ကျေးဇူးတန်ဖိုးကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ကြပါသည်။ နှစ်ယောက်လုံး လူပျိုအပျိုဘဝကတည်းက ဒါန သီလ ဘာဝနာ ကုသိုလ်များကို မေ့လျော့ခြင်း မရှိခဲ့ကြပါ။ ယခုအခါ ဘာသာတရားနှင့် ယဉ်ကျေးမှုခြားနားသည့် တိုင်းတပါးတွင် နေထိုင်ရသဖြင့် တပည့်တော်တို့၏ ၄ နှစ်၊ ၆ နှစ်အရွယ် သမီးငယ်နှစ်ယောက်အား ဗုဒ္ဓသာသနာက သင်ပြသည့် နှလုံးသား အမွေကို ပေးအပ်ဖို့ ခက်ခဲနေပါသဖြင့် ရတက်မအေး ဖြစ်မိပါသည်။ ထိုအတွက် ဆရာတော်တို့ထံမှ အကြံဉာဏ်ကောင်းများ ရလိုပါသည် အရှင်ဘုရား။

Dr. ဝင်းကိုကို သီရိရွှေစင် ခေတ္တ..ပါရီ

---

ကြိုးစားပါ

‘ဘာသာတရားအားလုံး ကောင်းတာကို သင်ကြားတာချည်း ဖြစ်လို့ သူ့ဟာသူ ကြိုက်တဲ့ ဘာသာကို ယူပါစေ’ဆိုတဲ့ လူတွေအထဲ ပါမသွားတာကိုပဲ ကျေနပ်လှပါပြီ။ ‘ငါမှတစ်ပါး အခြားကို ကိုးကွယ်ရင် အမှုကြိတ်ပစ်မယ်၊ အမှန်ဆုံးဖြစ်တဲ့ တို့ကျမ်းထဲက ဘုရားသခင်ရဲ့ ဥပဒေအတိုင်း နိုင်ငံကို မအုပ်ချုပ်ရင် ခွဲထွက်မယ်’လို့ ရောက်ရာအရပ်မှာ တောင်းဆိုတဲ့ နိုင်ငံရေးဘာသာတရားတွေ(Political Religions) နဲ့ ဘဝနေနည်း အဆုံးအမ သက်သက်ဖြစ်တဲ့ ဗုဒ္ဓဝါဒကို အတူတူပါလို့ ဘယ်လိုလုပ်ပြီး အပြောခံနိုင်ပါ့မလဲ။ အဲဒီလို ဟောပြောသူတွေကိုလည်း ကိုယ်ကန်းလို့ သူများကို အကန်းဖော်ရှာတယ်လို့ပဲ ဆိုရလိမ့်မယ်။ ဘာသာတရားတွေက ကိုယ့်လမ်းနဲ့ ကိုယ်သွားနေကြတာပါ။ သူတို့ဟာ သူတို့ကောင်းပေမယ့် ကိုယ်မကောင်းနိုင်ဘူး။ ကိုယ်ကောင်းတာကို သူတို့ မကောင်းနိုင်ဘူးဆိုတာလည်း သေချာတယ်။ ဒါကြောင့် ကိုယ့်ဘာသာတရားရဲ့ တန်ဖိုးကို နားလည်တဲ့ မေးခွန်းရှင်တို့ကို လေးစားပါတယ်။ အောင်မြင်အောင် ကြိုးစားဖို့လည်း တိုက်တွန်းပါတယ်။

‘အကြံဉာဏ်ရလိုပါသည်’ဆိုလို့ ရယ်စရာပြောရအုံးမယ်.. တိုင်းရင်းသူ ဘာသာခြားနဲ့ အကြောင်းပါပြီး သူ့ကလေးကို ဗုဒ္ဓဝါဒ အဆုံးအမတွေကို သင်ပေးမယ်လို့ တွေ့တိုင်း ပြောလေ့ရှိတဲ့ ဗုဒ္ဓဘာသာ လူငယ်တစ်ယောက် ၅-နှစ်အရွယ် သားတော်မောင်ကို ‘ထ သောရာဇာသုံ ဒသမုနိ သုဒ္ဓါ ဒဒေးယျ’ရဲ့ အဓိပ္ပာယ်ကို ရှင်းပြသည်ဆိုပဲ။ ရှင်းပြရင်း လည်သွားလို့ ဘုန်းကြီးဆီ ည ၉း၃၀ လောက် ဖုန်းဆက် အကူအညီတောင်းဖူးပါတယ်။ ဒီလူငယ်လည်း သူ့သားကို ဘာကို အဓိကသင်ပြီး ဘယ်လိုစည်းရုံးရမယ်ဆိုတာနဲ့ ပတ်သက်လို့ အခက်အခဲရှိနေပုံပါပဲ။

ဘဝအစ

အဲဒီအရွယ် ကလေးတွေကို မိဘတွေအနေနဲ့ အိမ်မှာ သင်ရတာ လက်ဝင်နိုင်ပါတယ်။ ဒါပေမယ့် သည်းခံပြီး လုပ်ကိုလုပ်ရမှာက မိဘတို့ရဲ့ တာဝန်ပါ။ ဘုန်းကြီးကျောင်းမရှိတဲ့ နေရာဖြစ်ရင် ရဟန်းသံဃာဓာတ်ပုံတွေ ဗုဒ္ဓဆင်းတုတော် သို့မဟုတ် ဗုဒ္ဓရုပ်ပုံပန်းချီကားတွေနဲ့ ရင်းနှီးနေအောင်၊ အဲဒီအရာတွေဟာ မိမိတို့နဲ့ ပတ်သက်မှုရှိပြီး အထင်အမြင်သေးရမယ့်အရာတွေ မဟုတ်ဘဲ အထက်တန်းကျ ဂုဏ်ယူလေးစားရမယ့် အရာတွေအနေနဲ့ သိနေအောင် .. ဥပမာ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်၊ သောက်တော်ရေ ကပ်တဲ့အခါ သူတို့ကို ပါဝင်စေခြင်းမျိုး၊ ကိုယ်တိုင်က လေးစားပြတာမျိုး..လုပ်သင့်တယ်။

အတော်အတန် နားလည်နိုင်တဲ့ အချိန်မှာ လောကမှာ မိမိမှတစ်ပါး အားကိုးစရာ မရှိ၊ မိမိသည်သာ မိမိရဲ့ ဖန်ဆင်းရှင်၊ သက်ရှိ သက်မဲ့ကို ဖန်ဆင်းသူ လောကသားတို့ရဲ့ ပြစ်မှုကို တာဝန်ယူသူ (God) ဆိုတာလုံးဝမရှိ၊ မိမိလုပ်တဲ့ အဆိုးအကောင်းရဲ့ အကျိုးဆက်ကို မိမိသည်သာ ခံရစံရမယ်..ဆိုတဲ့ သဘောကို အခွင့်သာတိုင်း လက်တွေ့နမူနာလေးတွေနဲ့ ထပ်ခါထပ်ခါ နားသွင်းပါ။ God ကို ယုံတဲ့ ဧရာမ အသိုင်းအဝိုင်းကြီးရဲ့လွှမ်းမိုးမှုအောက်မှာ နေရတော့ ဒါဟာအရေးအကြီးဆုံး အခြေခံပဲ။ နတ်ပြည်၊ နိဗ္ဗာန်၊ ဘဝသံသရာ ဆိုတာတွေကို မလှမ်းပါနဲ့အုံး။ အတ္တရှိတယ်လို့ ယုံကြည်တဲ့ လောကကြီးကို ဗုဒ္ဓဘုရားရှင်က အတ္တမရှိပါလို့ ဟောပြောရသလို အလွန်တော့ ခက်ခဲလိမ့်မယ်။

ရှောင်ရန်

အိမ်မှာ အဖွားက ရှစ်နှစ်အရွယ် မြေးကလေးကို မိဘကို သတ်ရင် မြေမျိုမယ် မိုးကြိုးပစ်မယ်လို့ သင်တာကို မြေးက ကျောင်းမှာ ကစားဖော်တွေကို ပြောတဲ့အခါ ကျောင်းသားတွေ ဝိုင်းပြီး ရယ်တာကိုခံရတဲ့အတွက် မကျေနပ်လို့ ဆရာမတွေကို သွားပြောတော့ ဆရာမတွေလည်း ရယ်ကြသတဲ့။ အဲဒီတော့ ကလေးက ရှက်သွားပြီး မိမိကို မမှန်တာ ပြောရမလားဆိုပြီး အဖွားကို စိတ်ဆိုးသတဲ့။ သူ့အဖွားကို အယုံအကြည်နည်းသွားတဲ့အပြင် ဘုန်းကြီးကျောင်းကိုတောင် ခေါ်မရဖြစ်နေသတဲ့။ အမှန်တော့ ဒီက ဆရာ ဆရာမ ဆိုသူတွေလည်း သဘောထားပြည့်ဝသလို ဟန်ဆောင်ထားပေမယ့် ဘာသာရေး အစွဲအလမ်းတော့ ရှိကြမှာပေါ့။ ငါးပါးသီလလို့ ပြောရင် လက်ခံနိုင်ပေမယ့် အဲဒါ ဗုဒ္ဓက ဆုံးမတာလို့ ပြောရင် လှိုက်လှဲလှဲ အားပေးချင်မှ အားပေးမှာ။ ကိုယ်က အရှေ့တိုင်း မျက်နှာပေါက်ဆိုတော့ ပိုတောင်ဆိုးနိုင်တယ်။

ဒါကြောင့် အဲဒီလို ရှုပ်ထွေးစေမယ့် အကြောင်းအရာ ဝေါဟာရမျိုးကို ရှောင်ပြီး သူတို့နှလုံးသားမှာ ရတနာသုံးပါးရဲ့ တန်ဖိုးကို နားလည်နေအောင် လက်တွေ့လုပ်ပြပြီး သူတို့ကိုလည်း လုပ်ခိုင်းဖို့က ပိုအရေးကြီးပါတယ်။ အဲဒီအရွယ်မှာ နမော တဿဗုဒ္ဓံ သရဏံ ဂစ္ဆာမိဓမ္မံ .. သံဃံ .. လောက်ဆို လုံလောက်ပါတယ်။ သမ္ဗုဒ္ဓေတို့ ပဋ္ဌာန်း ၂၄ ပစ္စည်းတို့လိုဟာတွေက အဓိပ္ပာယ်လည်း မသိတော့ မရွတ်ဘဲနေရင် မကြာခင် မေ့သွားနိုင်တာမို့ သိပ်ပြီး ဦးစားပေးစရာ မလိုဘူး။ ငါတို့က ထူးခြားတယ်၊ အထက်တန်းကျတယ် သို့မဟုတ် သူတို့ထက် ပိုသာတယ်လို့ သူတို့စိတ်ထဲမှာ စွဲနေမြဲနေအောင် လုပ်ထားဖို့ပဲလိုတယ်။

အတွေ့အကြုံ

ဘုန်းကြီးတို့ ကျောင်းကို ဆွမ်းလာပို့နေတဲ့ ဇနီးမောင်နှံမှာ သားနှစ်ယောက် ရှိတယ်။ ဆွမ်းစပို့တုန်းက အငယ်ကောင်က တစ်နှစ်ကျော်၊ အကြီးကောင်က သုံးနှစ်ကျော်။ ခုဆို သူတို့မိသားစု ဆွမ်းလာပို့တာ သုံးနှစ်ကျော်ပြီ။ တစ်ပတ်မှ မပျက်ဘူး။ ဒါလောက် စေတနာကောင်းတဲ့ သူတို့ကို ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲလို့ စဉ်းစားရင်း ဂိုအင်ကာကြီး သင်ကြားတဲ့ ကလေးတရားစခန်း ဗွီဒီယိုတစ်ခုကို ကြည့်မိရာကနေ ဒီကလေးနှစ်ယောက်ကို တရားထိုင်ခိုင်းဖို့ အကြံရပါတယ်။ ကလေးတွေရဲ့အခြေအနေကိုကြည့်တော့ .. အခန်းထဲကို ဝင်တာနဲ့ ပြေးလွှား ခုန်ပေါက်ပြီး ဟိုဆွဲချ ဒီကန်ထုတ်နဲ့ ဖင်ကို လောက်ကိုက်နေတဲ့ မျောက်ကလေးတွေလိုပဲ။ ဒီနှစ်ကောင်ကို တရားထိုင်ခိုင်းမယ့် ကိစ္စ လွယ်တော့မလွယ်ဘူး။

ဒါပေမယ့် တိရစ္ဆာန်တွေတောင် အစာပြပြီး လေ့ကျင့်ရင် ရသေးတာပဲဆိုပြီး ဟေ့ .. ကိုကို .. ဝတုတ် .. လာလာ .. ဘုန်းဘုန်းရှေ့ လာထိုင်.. လေးငါးကြိမ်မကခေါ်လို့ လာထိုင်တော့ ဖင်တောင် ကြမ်းကို မထိသေးဘူး၊ ပက်လက်ကြီး ပစ်လှဲချလိုက်တာ ခြေထောက်က ဘုန်းကြီးမျက်နှာနားမှာ ဝဲနေတယ်။ ကိစ္စမရှိ .. ရပါတယ်။ နောက်တော့ အမေလုပ်သူက လမ်းမှာ ကားပေါ်မှာ ဘုန်းကြီးကျောင်းကို ရောက်ရင် ဘာတွေလုပ်ရမယ်၊ အဲဒီလို လုပ်နိုင်ရင် မွေးနေ့မှာ ဘာတွေ ဝယ်ပေးမယ်ဆိုတာမျိုးတွေနဲ့ အရင်ဆုံး သူတို့စိတ်ကိုနှိုးဆော်ထားလို့ နောက်တော့ ဘုန်းကြီးရှေ့မှာ ငြိမ်ငြိမ်လေး ထိုင်တတ်လာတယ်။ နောက်တစ်ဆင့်..ထိုင်ပြီး မျက်လုံးမှိတ်တတ်လာတယ်။ နောက်တစ်ဆင့်..ထိုင်၊ မျက်လုံးမှိတ်၊ အသက်ရှူ လုပ်တတ်လာတယ်။ နောက်တစ်ဆင့် .. ဝင်လေ(In) ..ထွက်လေ(Out) ဆိုတာကို စိတ်နဲ့ဆိုတတ်လာတယ်။ ဒီလိုဖြစ်လာဖို့ တစ်နှစ်နီးပါး အချိန်ယူရတယ်။ ဟော.. ခုဆို မိနစ်၃၀ လောက် တရားထိုင်ခိုင်းပစ်လို့ ကိုယ့်လူတွေ ဘာမှ မဖြစ်တော့ဘူး။ မငိုက်ဘူး၊ မဆော့ဘူး၊ ကောင်းကောင်းလုပ်တယ်။ တရားထိုင်ပြီးရင်တော့ မျောက်ပဲပေါ့။ ကလေးပဲ ဥစ္စာ။ ဒါပေမယ့် ဘုန်းကြီးကျောင်းကို ရောက်ရင် ပထမဆုံး လုပ်ရမှာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုဖို့နဲ့ တရားထိုင်ဖို့ဆိုတာ အလိုလိုသိနေပြီ။ မိဘတွေကလည်း အားပေးတော့ လုပ်ပေးရတာ ကျေနပ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဒီငယ်စဉ်ဘဝ အတွေ့အကြုံဟာ အရွယ်ရောက်တဲ့အခါ သူတို့ဘဝကို အတော်အတန် သက်ရောက်နိုင်မယ်လို့ ဘုန်းကြီး ယုံကြည်နေပါတယ်။

နီးစပ်ပါစေ

နှလုံးသား အမွေကို အမှန်တကယ် ပေးချင်ရင် ပီယာနို၊ ရေကူး၊ ကရာတေး သင်တန်းတွေ တက်နေရလို့ ကျောင်းစာတွေများလို့ဆိုတဲ့ အကြောင်းပြချက်တွေ မရှိသင့်ဘူး။ အပန်းဖြေခရီးထွက်ဖို့တောင် အချိန်ရှိသေးတာပဲ။ ကိုယ်နေတဲ့ မြို့မှာ ဘုန်းကြီးကျောင်းရှိရင် ဘယ်လောက် ဝေးဝေး အနည်းဆုံး တစ်လတစ်ကြိမ် ကလေးကိုပါ ခေါ်ပြီး ဘုန်းကြီးကျောင်းကို သွားဖြစ်အောင် သွားသင့်တယ်။ ကိုယ်တိုင်လည်း သာသနာပြု သူတို့ကိုလည်း အမွေပေးရင်းပေါ့။ ဘုန်းကြီးကျောင်းမှာ ကလေးအတွက် ဘာသာရေးသင်တန်းတွေရှိရင်လည်း မလွတ်စေနဲ့။

တစ်ခါမှာ .. ပွဲလမ်းသဘင်ရှိမှ ဘုန်းကြီးကျောင်းကို ရောက်လာတတ်တဲ့ ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ဘုန်းကြီး ပခုံးကို ကိုင်ပြီး စကားလာပြောတော့ အဖေလုပ်သူက ခပ်ထန်ထန်နဲ့ ‘ဟေ့ကောင်၊ ဘုန်းကြီးဆိုတာ လူမဟုတ်ဘူးကွ’ဆိုပြီး လှမ်းဆွဲတော့ သားဖြစ်သူက ‘လူမဟုတ်တော့ ဘာလဲ’တဲ့။ ဒီတော့ ကလေးအဖေ လူရှေ့မှာ အဖြေရကျပ်သွားပြီး ကလေးကို ရှက်ရမ်းရမ်းတယ်။ ကျောင်းမှာ ဆရာဆရာမတွေက သူတို့ရဲ့ပခုံးကို ကလေးတွေကိုင်ပြောတာကို နှစ်သက်တာကိုး။ အမှန်က ကလေးခမျာ ဘုန်းကြီးကို တစ်ခါတစ်ရံမှ တွေ့ရတာဖြစ်တော့ ကျောင်းက ဆရာဆရာမတွေလိုပဲ ထင်နေပုံရတယ်။ အဖေက အဲဒီလိုလုပ်တော့ ဘုန်းကြီးနဲ့ ပိုဝေးသွားမှာပေါ့။ ဘုန်းကြီးကို အဖေက တောင်းပန်၊ နောက်မှ သားကို ရှင်းပြရင် ပိုမကောင်းဘူးလား။ အဲဒီလိုမဖြစ်စေချင်ရင် အစကတည်းက ရဟန်းသံဃာနဲ့ နီးစပ်အောင် လုပ်ထားပေါ့။ ကလေးက နားလည်နေရင် ဘယ်လုပ်ပါ့မလဲ။ အချို့မိဘတွေဟာ ကိုယ်တိုင်လည်း ရဟန်းသံဃာနဲ့ မနီးစပ်ခဲ့တော့ ဘုန်းကြီးကျောင်းကို သွားရမှာကို ဝန်လေးနေတတ်တယ်။ အဲဒီလိုမျိုးတော့ မဖြစ်ပါစေနဲ့။

ကိုယ့်မှာရှိမှ

အနောက်နိုင်ငံတွေမှာ နေရာတကာ ကလေးကိုဦးစားပေးတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ကျောင်းမှာကိုက နာခံပြီး ရိုသေ ကိုင်းညွတ်ဖို့ထက် စည်းကမ်းကို လိုက်နာတတ်ဖို့ ငြင်းခုံတတ်ဖို့ လုပ်ရဲကိုင်ရဲဖို့ အလေးပေးပြီး သင်ပေးတယ်။ သိပ်ကောင်းပါတယ်။ ဒါပေမယ့် အချို့မြန်မာပြည်က လာသူတွေဟာ အဲဒါလေးလောက်ကို နားလည်ပြီး ဒါမှ မှန်တယ် ဟုတ်တယ်အထင်နဲ့ အလွန်အကျွံ ဖြစ်နေတာတွေကိုလည်း တွေ့ရတယ်။ ဘုန်းကြီးရောက်စက ဘုန်းကြီးနေတဲ့ ကျောင်းမှာ ကလေးဆော့မယ့် အခန်းပိုမရှိတော့ ဘုန်းကြီးနေတဲ့ အခန်းထဲ ကလေးတွေ ဝင်ဆော့ကြတယ်။ အခန်းထဲရှိတာ အကုန်ဖွ၊ စာအုပ်တွေကို ဆွဲချ၊ ဆုတ်ဖြဲ (ဘုန်းကြီး မြတ်မြတ်နိုးနိုးသိမ်းထားတဲ့ The Light of Asia စာအုပ်ကလေး အဲဒီတုန်းက သူတို့ သောက်တဲ့ ဖျော်ရည်ဖိတ်ကျလို့ ပျက်စီးသွားတာပေါ့၊ နှမြောလိုက်တာ။) ပြီး .. ဘုန်းကြီးအိပ်တဲ့ ခုတင်ပေါ်တက်ပြီး ခုန်တယ်။ လေးယောက်လုံး ခုန်တော့ ခုတင်ကျိုးတာပေါ့။ အမေလုပ်သူက အခန်းကို ချောင်းကြည့်ပြီး ခုတင်ကျိုးနေတာကို မြင်ရက်နဲ့ ဘာမှမပြောဘဲ ပြန်လှည့်သွားတယ် (တကယ်ပါ)။ ဘုန်းကြီးလည်း စာပွဲပေါ် ထိုင်ပြီး စာရေးသယောင် စာဖတ်သယောင် လုပ်နေလိုက်ရတယ်။ မိဘတွေကိုယ်တိုင်က ရိုင်းနေတော့ ဘာမှမပြောနိုင်ဘူး

ဖော်ပြပါ မိဘမျိုးတွေနဲ့ အိုဗားမား လေယူလေသိမ်းနဲ့ အင်္ဂလိပ်လို ပြောတတ်လို့ ဆိုပြီး သူ့သားကို လူ့ရှေ့ ထုတ်ပြပြီး ကြွားလေ့ရှိတဲ့ မိဘမျိုးတွေ (မရယ်နဲ့ ..တကယ်ရှိပါတယ်) ဘုန်းကြီးကျောင်းကို သွားပေမယ့် သူတို့ ကလေးတွေကို နှလုံးသားအမွေ ပေးနိုင်မယ်လို့ ဘုန်းကြီးမယူဆဘူး။ အမွေဆိုတာ ကိုယ့်မှာရှိမှ အမှန်တကယ် ပေးချင်စိတ်လည်း ရှိမှ သူများကို ပေးဖို့ ဖြစ်နိုင်တာပါ

ဆုံးမပါ

လိုအပ်တာထက် ပိုရင် အဆိုးဖက်ကို များသွားနိုင်တယ်။ တန်ဆေးလွန်ဘေးဆို မဟုတ်လား။ ဒီဖက်မှာက မိဘတွေ အိမ်ထောင်ကွဲတာများတော့ အဖေ့ဆီသွားရင် အဖေက အလိုလိုက်၊ အမေ့ဆီသွားရင် အမေက အလိုလိုက်လို့ ကလေးတွေ ကြည့်ရတာ ပုံမှန်နဲ့ မတူတော့ဘူး။ ဒါကြောင့် ကလေးတွေကို အကုန်လုံး အနောက်တိုင်းစံနဲ့ ပစ်ထားလို့ မရနိုင်ဘူး။ စည်းကမ်းကို လိုက်နာ၊ လုပ်ရဲကိုင်ရဲ၊ ငြင်းခုံတတ်ဆိုတာတွေက သီအိုရီအရ ကောင်းပါတယ်။ ဒါပေမယ့် ဘာတစ်ခုမှ မဆုံးမဘဲ အားလုံးကို အလိုလိုက်၊ လုပ်ချင်ရာလုပ်၊ သူတို့အလိုအတိုင်းဆိုပြီး ပစ်ထားရင် ဘယ်လိုလုပ် နည်းလမ်းကျမလဲ။

မမှန်တာကို မလုပ်သင့်တာကို အကျိုးအကြောင်းနဲ့ နားလည်အောင်ရှင်းပြရင် ကလေးပေမယ့် လက်ခံပါတယ်။ နောက်ဆစ်ဆင့်က ဒါကိုလုပ်ရင် ဟိုဟာကို ရမယ်၊ မလုပ်ရင် ဆောရီးပဲဆိုတဲ့ ဆုပေးဒဏ်ပေး အဆင့်ပေါ့။ စည်းကမ်းချိုးဖောက်တဲ့ ကလေး မဆော့ရ၊ တစ်နေရာမှာ ရပ်နေဆိုတာမျိုး သူတို့ကျောင်းတွေမှာလည်း ရှိတာပဲ။ ဒီအဆင့်မှာ ကလေးကို ကတိတည်ဖို့ လိုတယ်။ ပေးမယ်ဆိုရင် ပေးကို ပေးရမယ်။ မပေးဘူးနဲ့ ငြိရင်လည်း ပေးချင်ရင်တောင် မျိုသိပ်ထား။

ပြန်ချုပ်

ဒါတွေကတော့ ဘုန်းကြီးပတ်ဝန်းကျင်မှာ တွေ့ကြုံရတဲ့ ဘုန်းကြီးနားလည် ဉာဏ်မီသလောက် ရှောင်ရန်ဆောင်ရန်လေးတွေပါ။ ဒီ့ထက် ကျယ်ပြန့်နိုင်ပါတယ်။ ပြန်ချုပ်ရရင် ‘လောကကိုဖန်ဆင်းသူ တန်ခိုးရှင်ဟာ ကိုယ်ပဲ၊ ကိုယ်လုပ်တာရဲ့ အကောင်းအဆိုးကို ကိုယ်ရမယ်’ဆိုတဲ့ အတွေးအမြင်ကို အမြုတေအနေနဲ့ သူတို့နှလုံးသားမှာ ထည့်ထားဖို့ရယ်၊ အဲဒီအတွေးအမြင်ကို ဂုဏ်ယူလေးစားနေဖို့ရယ်၊ ဗုဒ္ဓအဆုံးအမကို အထောက်အပံ့ပြုမယ့် အလေ့အကျင့်လေးတွေ လုပ်ပေးဖို့ရယ်၊ ရတနာသုံးပါးနဲ့ နီးစပ်အောင် လုပ်ပေးဖို့နဲ့ ဆုံးမသင့်တာကို မှန်ကန်တဲ့ နည်းနဲ့ ဆုံးမဖို့ရယ်ဆိုတာတွေ အရေတကြီး လိုအပ်တယ်လို့ အကြံပေးလိုကြောင်းပါ။

၃၀၃။ အကြင်နာ သူ့ဆီသို့

ဇွန် ၂၀၊၂၀၁၃။

---

ဦးခိုက်၍ မေးလျှောက်အပ်ပါသည် အရှင်မြတ်တို့ဘုရား။

တပည့်တော်မသည် အမှန်တကယ် သိလိုပါသဖြင့် သနားသော အားဖြင့် ဖြေကြားပေစေချင်ပါသည် ဘုရား။ တပည့်တော်မ၏ ညီမငယ်မှာ Leukemia ရောဂါ ရှိနေကြောင်းသိတာ နှစ်နှစ်လောက် ရှိပြီဖြစ်သော်လည်း လွန်ခဲ့သည့် အပတ်က အတော် နေမကောင်းဖြစ်လို့ ဆရာဝန်နှင့် တွေ့တော့ နောက်ထပ် သုံးလလောက်သာ အသက်ရှင်နိုင်တော့မည်ဟု ဆိုပါသည်။ ညီမငယ်လည်း ဒီကိစ္စကို သိပြီးဖြစ်ပါသည်။ ညီအမနှစ် ယောက်သာ မွေးချင်းရှိသဖြင့် မိသားစုအားလုံး နေ့စဉ်သောကရောက် နေရပါသည်။ ဒီဘဝ ကုသိုလ်ကံ ဒီမျှသာလို့ ပဲ ဖြေသိမ့်နေရပါတော့သည်။ ညီမငယ်က ပျော်ပျော်ရွှင်ရွှင် နေပြလေ မိသားစု စိတ်မကောင်း လေ ဖြစ်ရပါသည်။ မကြာမီ သူ့ဘဝ ကုန်ဆုံးတော့မယ်လို့ သိနေတဲ့ ညီမငယ်ရဲ့စိတ်ထဲမှာ အမှန်တကယ် ဘယ်လိုဖြစ်နေမလဲ၊ နေ့ရက်နီး ကပ်လာတဲ့ အခါ ညီမငယ်ရဲ့ မျက်နှာထား ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာကို လက်ချိုးပြီး စိတ်လှုပ် ရှားစွာဖြင့် စောင့်မျှော်နေရပါသည်။ နေ့ရက်တို့ကို ဆွဲထား၍ရလျှင် ဆွဲထားချင်ပါသည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် မိသားစုတွေက ညီမငယ် အပေါ် မည်သို့ ပြောဆိုဆက်ဆံပြီး ဘာတွေ လုပ်ပေးသင့်ပါသနည်း။ လူ တစ်ယောက် ဘဝရဲ့နိဂုံးဖြစ်တဲ့ သေတယ်ဆိုတာ ဘယ်လိုပါလဲ၊ ညီမ ငယ် ဘဝကူးကောင်းဖို့ မည်သို့ ဆောင်ရွက်ပေးရမလဲ ဆိုတာတွေကို ပဲ အချိန်ရှိတိုင်း စဉ်းစားနေမိပါသည်။ သက်သာရာ ရစေနိုင်သော ဓမ္မ ဒေသနာတစ်ခုကို နာကြားမှတ်သားလိုပါသည် အရှင်ဘုရား။

ခင်ခင်အေး၊ မော်လမြိုင်တက္ကသိုလ်

---

မျှဝေလိုတယ်

မွေးခြင်းနဲ့ သေခြင်းဆိုတာ လူတိုင်းကြုံရမှာ ဖြစ်ပေမယ့် လက်တွေ့ကြုံ လာရင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို အများစု နားမလည်ကြဘူး။ မသက်ဆိုင်တုန်းက ပြုံးနိုင်ပေမယ့် သက်ဆိုင်လာတဲ့ အခါမှာတော့ ဗာဗီကျုဆိုင်က အာလူးမီးအုံးလို အထဲမှာ ကျိတ်ပြီး ပူဆွေးနေတတ်ကြတယ်။ ခြေမကိုင်မိ လက်မကိုင်မိ တုန်ချိချိနဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိနိုင်တော့ဘူး။ ဒါကြောင့် အဲဒါအတွက် နားလည်မှုနဲ့ ကြိုတင် ပြင် ဆင်ထားမှုတွေ လိုတာပေါ့။ ဘယ်လောက်ပဲ အောင်မြင် ကျော်ကြား လူသိ များစေ၊ အာဏာတန်ခိုး ထွားစေထန်စေ၊ ဥစ္စာစည်းစိမ် ပေါစေ ချောစေ၊ ဒီတောင်ကို မကျော်နိုင်တော့ဘူးလို့ ကိုယ့်ဟာကိုယ် သိနေတဲ့ အခြေအနေတစ်ရပ်ကို တစ်နေ့တော့ သင်ရော ငါပါအားလုံး လက်တွေ့ ကြုံကြရအုံးမှာ။

ကိုယ့်အလှည့်မရောက်ခင် ကိုယ့်ရှေ့ကလူကို စောင့်ရှောက်ရမယ့် မွေးရာပါ တာဝန်ရှိလို့ သူ့အပေါ် ကိုယ်က ဘယ်လို နှလုံးသွင်းနဲ့ ဘာ တွေလုပ်ပေးရမလဲ၊ ဘယ်လို ထိတွေ့ဆက်ဆံရမလဲ၊ လူတစ်ယောက်ဟာ ဒီဘဝခန္ဓာ ကုန်ဆုံးချိန် နီးကပ်လာတဲ့ အခါ ဘယ်လို အရိပ် လက္ခဏာတွေ ဖြစ်လာသလဲ၊ နောက်ဆုံး ထွက်သက်ကို ဘယ်လို ရှူ သွားသလဲ .. ဆိုတာတွေကို Leukemia (သွေးကင်ဆာ) လူနာတစ်ဦးနဲ့ အနီးကပ်နေခဲ့ဖူးလို့ ရရှိတဲ့ ဘုန်းကြီးရဲ့အတွေ့အကြုံနဲ့ နားလည်ခဲ့ရပုံ မှတ်တမ်းတိုလေးကို တိုက်ဆိုင်လာလို့ ထပ်မံမျှဝေလိုက်ပါတယ်။

နှစ်လတစ်ပတ်

သူမသေခင် နှစ်လလောက်မှာ သာမန်အမြင်အရတော့ တွေ့ရင် ပြုံးပြုံး ရွှင်ရွှင်ပါပဲ။ တစ်ယောက်တည်း နေပြီး တွေတွေလေး ငေးနေတာတွေ့ လို့ ဘုန်းကြီးမေးကြည့်တဲ့ အခါ သူကပြုံးပြီး ‘ဘဝရဲ့အဆုံးဟာ ဘယ် လိုလဲ၊ သေပြီးနောက် ဘာဆက်ဖြစ်အုံးမလဲ ဆိုတာကို စိတ်ရောက် သွားလို့ ပါ’တဲ့။ ဒီတော့ ‘ငါ့ညီ .. အဲဒါတွေ မစဉ်းစားဘဲ ဂုဏ်တော် ပုတီးကလေး ထိထိမိမိ စိပ်နေလိုက်ရင် ရောဂါ သက်သာနိုင်တာပေါ့’လို့ ဆိုမိတယ်။ ကျောင်းကိုလာရင် ပတ်ဝန်းကျင်နဲ့ သီးခြား ဖြစ်နေချင်တာ၊ ကိုယ်ခန္ဓာ တဖြည်းဖြည်း အားနည်းလာတာတွေကို တွေ့ရတယ်။ အိပ်ရာပေါ်မှာ အနေများတယ်။ အများအားဖြင့် အရင်တုန်းက ပြုခဲ့တာ လေးတွေ၊ သူ့ရဲ့ စိတ်ပိုင်းအရ အရေးပါတဲ့ ဘဝအတွေ့အကြုံနဲ့ ဆက်စပ် ပတ်သက်မှုတွေ၊ မိသားစု အကြောင်းတွေကို ပြန်ပြီး မကြာခဏ စဉ်းစားနေမယ်လို့ ဘုန်းကြီးထင်တာပဲ။

မသေခင် တစ်ပတ်လောက်က ဆေးရုံခန်း ခုတင်ပေါ်က မထနိုင် တော့တဲ့ အချိန် သူ့အနီးအနားမှာ တစ်ယောက်ယောက် အမြဲတမ်းရှိနေ ဖို့မျှော်လင့်နေပုံရတယ်။ အထူးသဖြင့် ဘုန်းကြီးကိုတွေ့တဲ့ အချိန်မျိုးမှာ သူက ဘုန်းကြီး ပြန်သွားမှာကို စိုးရိမ်တယ်။ သူ အိပ်ရာက နိုးလာ ချိန်မှာ အခန်းထဲမှာ စကားမပြောဘဲ ဘုန်းကြီးထိုင်နေတာကို တွေ့ရင် တောင် သူကြည့်တဲ့ အကြည့်အရ အင်မတန် သက်သာရာ ရသွားပုံပဲ။ ဘာမှ မပြောဘဲ ဘုန်းကြီးက သူ့လက်ကလေးကို ညင်ညင်သာသာ ထိ တွေ့လိုက်တာနဲ့ သူကျေနပ်သွားတာကို တွေ့ရတယ်။ ဒါကြောင့်ဒီလို အခြေအနေမှာ ယုယမှု ပြဖို့အနီးအနားမှာ မိသားစုတစ်ယောက် အရေး တကြီး ရှိနေသင့်တယ်။ မာတာ ယထာ နိယံ ပုတ္တ ပါဠိနဲ့ အနက်ကို သူကြားရုံရွတ်တဲ့ အခါ သူ့အာရုံစူးစိုက်မှု အနေအထားအရ အားလုံးကို နားလည်ပုံ မရပေမယ့် သူအလွန်နှစ်သက်တယ်လို့ ယူဆရတယ်။

ညင်သာစေ

အစားအသောက်စားပေးဖို့ ပြောပေမယ့် စိတ်မဝင်စားဘူး။ သူ့ရဲ့ခန္ဓာ ကိုယ် တဖြည်းဖြည်း အလုပ်မလုပ်တော့လို့ ဖြစ်နို်င်တယ်။ ဘာစားချင် သလဲလို့ မေးရင် တွင်တွင် ခေါင်းခါတယ်။ အစားအစာနဲ့ သူ့ကို ဆွဲဆောင်လို့ မရတော့ဘူးလို့ ခံစားရတယ်။ အထူးသဖြင့် အစာမကျေ လွယ်တဲ့ အသား၊ အသီး အရွက်လိုဟာမျိုးကို စိတ်မဝင်စားဘူး။ အရည်နဲ့ ရေခဲမုန့်လိုမျိုးကို ပိုပြီး နှစ်သက်တာ တွေ့ရတယ်။ ရေခဲတုံး လေးတွေကို တကျွတ်ကျွတ် ဝါးနေတယ်။ ဘေးကလူ အနေနဲ့ တော့ အဲဒါကို ကြည့်ပြီး စိတ်မကောင်းဘူး။ ဒါပေမယ့် နေကောင်းတုန်းကလိုတော့ ဘယ်ဖြစ်နိုင်မလဲ။ စားဖို့ ယူလာရင်လည်း ငြင်းတာပါပဲ။ သူနာပြု တွေကတော့ စားလိမ့်မယ်လို့ ၎င်းတို့ ယူဆတဲ့ အစားအစာတွေကို ဆက်လက် ကျွေးနေတာပါပဲ။ မစားဘူး ငြင်းရင်လည်း ထားခဲ့ပြီး အချိန်တန်မှ လာသိမ်းသွားတာပဲ။ အတင်းအကြပ်တော့ မကျွေးဘူး။

တစ်နေ့မှာ ခပ်စိမ်းစိမ်း သူ့မိတ်ဆွေ တစ်ယောက် လာနှုတ်ဆက် တာကို မမှတ်မိဖြစ်နေလို့ ဘေးတစ်ဦးက အသံကျယ်ကျယ်နဲ့ ဘယ်သူ ဘယ်ဝါ၊ ဘယ်တုန်းက၊ ဘယ်မှာတွေ့ကြောင်း ပြောနေလို့ လာကြည့် နေတဲ့ ဆရာဝန်မက လူနာကို အဲဒီလို ဖိအားမပေးဖို့၊ မေးတာတွေကို တည်တည် ငြိမ်ငြိမ်နဲ့ ဖြေဖို့၊ သူ့ကိုနှုတ်ဆက်တဲ့ အခါ အချိုသာဆုံး လေသံနဲ့ သင့်နာမည်ကို ပြောဖို့ သတိပေးပါတယ်။ လူနာ သတင်းမေးသူတို့ သတိထားစရာပါပဲ။ ‘မိဘတွေကို နောက်ဆံ မတင်းနဲ့၊ လုပ်ဖူးတဲ့ ကုသိုလ်ကို အာရုံပြုနာ်’လို့ ဆိုသူကိုလည်း အဲဒီလို မပြောဖို့ ဘုန်းကြီး သတိပေးရသေးတယ်။ စကားလုံးတွေ လှတယ်လို့ ယူဆရပေမယ့် ဘုန်းကြီးတော့ အဲဒီအပြောမျိုးကို မကြိုက်ဘူး။ ဘာလို့ ဆို ‘ကိုယ့်လူက မကြာခင် ကြွတော့မှာကိုး၊ ကိုယ်ကတော့ Very Good ပဲ’ဆိုတဲ့ လေယူ လေသိမ်းမျိုးဖြစ်နေလို့ ပါ။

လောကမှ ခွဲခွာဖို့ စတင်နေပြီး မတည်ငြိမ်မှုတွေ တွေဝေမှုတွေ ဖြစ်နေချိန်မှာ ဖြစ်သင့်တာက သတင်းမေးသူလည်း သူ့လို ဝေဒနာမျိုး ဖြစ်ခွင့်ရှိတယ် ဖြစ်နိုင်တယ် သူ့လိုပဲသေရမယ့် လူပါလို့ လူနာရဲ့ စိတ်ထဲ မှာ နားလည်နိုင်တဲ့ ကိုယ်ချင်းစာမှုနဲ့ ချစ်ခင်မှုကိုပြသဖို့နဲ့ သူ့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အခြားအသင့်မြတ်ဆုံး စကားလုံးတွေ အတတ်နိုင်ဆုံး ဂရုစိုက်ရပေလိမ့်မယ်။

နောက်ဆုံးရက်

နောက်ဆုံးအချိန် မတိုင်ခင် တစ်ရက် နှစ်ရက်လောက်မှာ ကိုယ်ခန္ဓာ တစ်ဖြည်းဖြည်း စတင်ပြောင်းလဲသွားတယ်။ လူနာမှတ်တမ်းအရ သွေး ဖိအား လျော့နည်းလာတာ၊ နှလုံးခုန်နှုန်း တစ်ခါတစ်ရံ မြန်ပြီး တစ်ခါ တစ်ရံ နှေးနေတာ၊ ကိုယ်အပူချိန် မြင့်တက်လာတာကို တွေ့ရတယ်။ အဲဒီနောက်တော့ တစ်နေ့ထက် တစ်နေ့ ဆုတ်ယုတ်သွားတော့တာပဲ။ လက်ဖျား ခြေဖျားတွေကို ထိကြည့်ရင် လူကောင်းတွေလို နွေးမနေ တာကို သတိပြုမိတယ်။ သွေးလည်ပတ်မှု နှေးကွေးလို့ ဖြစ်မှာပေါ့။ အရေ ပြားတွေ ကိုယ်ခန္ဓာထဲ မြုပ်ဝင်ပြီး အညိုရောင် သန်းနေတယ်။ မျက်နှာ ဖြူလျော်ညှိုးချုံးပြီး ဖယောင်းရုပ်သွင်လို ထင်ရတယ်။ လက် သည်းခွံ အောက်မှာ ဖျော့တော့ပြီး ပြာလာတယ်။ နေကောင်းစဉ်က အသုံးပြုတဲ့ အနည်းငယ်လေးတဲ့ ခြုံစောင်ကို တွန်းချနေလို့ သူနာပြု တွေကပေါ့ပါးတဲ့ ခြုံလွှာလေးကို ပြောင်းပြီးလွှမ်းပေးတယ်။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ အာရုံ ခံတံခါး ခြောက်ခု လုံး ဗုဒ္ဓစာပေမှာတော့ အားလုံး တစ်ပြိုင်နက်နီးပါး ချုပ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ဆရာဝန်တွေကတော့ နားနဲ့ ကိုယ်ဟာ နောက်ဆုံး ထိ ရှိနေသေးတဲ့ အာရုံခံတံခါး ဖြစ်သတဲ့။ ဒါကြောင့် လူနာကို မကြား စေချင်တဲ့ စကားလုံး မှန်သမျှကို အနားမှာ မပြောမိစေနဲ့ လို့ ဆရာဝန် အဖွားအိုက လက်ညှိုးမတ်နဲ့ သူ့နှုတ်ခမ်းအစုံကို ထိပြီး သတိပေးတယ်။ လူနာ မေ့မျော (ကော်မာဖြစ်) နေရင် တောင်နေကောင်းတုန်းက သူ မကြားချင်တဲ့ စကားတွေကို မပြောမိပါစေနဲ့ တဲ့ ဆရာဝန် ပြန်သွား တဲ့ အခါ သူနာပြုမက ပြောတယ်။

အကြင်နာတွေ

နောက်ဆုံးအချိန် နီးလာတာနဲ့ အမျှ အသက်ရှူပုံ မမှန်တော့ဘူး။ တစ်ခါ တစ်ရံမြန်မြန်ရှူတယ်၊ တစ်ခါတစ်ရံအလွန် နှေးကွေးသွားတယ်။ မကြာခဏ အသက်ရှူရပ်သွားပြီးမှ အသက်ပြန်ရှူလာတယ်။ ထွက်လေ ဝင်လေကို ရှူတဲ့ အခါ ဟိုက်လိုက် ရှိုက်လိုက် ဖြစ်နေတယ်။ အသက် ရှူတဲ့အခါ အသံမြည်တယ်၊ တစ်ခါတစ်ရံ ချောင်းဆိုးပေမယ့် ဘာမှတော့ ပါမလာဘူး။ အဆုတ်နဲ့ လည်ချောင်း အထက်ပိုင်းတွေမှာ အကျိအချွဲ တွေ တစ်နေတာကြောင့်လို့ သူနာပြုမက ဆိုတာပဲ။ အဲဒီလို ကြားရတဲ့ အခါ စိတ်ထဲမှာ မသက်မသာ ဖြစ်ရလို့ ဆေးထိုးပေးဖို့ ပြောတဲ့ အခါ ‘လူနာက နာကျင်တာကို မသိနိုင်တော့တဲ့ အတွက် ဘာမှ လုပ်စရာ မလိုပါဘူး၊ စောင့်ပဲ ကြည့်နေပါ၊ လူနာကို အနည်းငယ် ဘေးသို့ စောင်း ပေးလိုက စောင်းပေးနိုင်တယ်။ ဒါမှမဟုတ် ခေါင်းအုံးတွေနဲ့ ခေါင်းကို တည့်မတ်ပေးနိုင်တယ်’တဲ့။

နှစ်ပေါင်း နှစ်ဆယ်ကျော် အတွေ့အကြုံရှိတဲ့ အင်ဒိုနီးရှန်း သူနာ ပြုမ ရှင်းပြတာတွေလည်း မှတ်သားစရာ ကောင်းတယ် .. အချို့က သေခါနီး နေ့ရက်တွေ အချိန်တွေမှာ စွမ်းအား ပိုမို အားကောင်းသလို ဖြစ်လာပြီး တုံ့ပြန်မှုတွေ ရှိနိုင်တယ်။ အချို့ဆို ထထိုင်ပြီး ချစ်သူခင်သူ တွေနဲ့ စကားကောင်းကောင်းပြောတာ၊ အစားအသောက် စားတာတွေ လုပ်နိုင်သတဲ့။ အဲဒီလို ဖြစ်ခဲ့ရင်တော့ ကျန်ရစ်သူ မိသားစုတွေအဖို့ တစ်ဦးကိုတစ်ဦး မေတ္တာတုံ့ပြန်တဲ့ ခံစားမှုတွေ၊ သူ့ဆီသို့ ရောက်သွား မယ့် ကိုယ့်ရဲ့ ကြင်နာမှုတွေကို ထုတ်ဖော်ခွင့်ရလို့ အဲဒါမျိုး ကြုံလာရင် တော့ ဘုရားသခင်က နောက်ဆုံးအနေနဲ့ လူသားတစ်ဦးကို ပေးအပ် တဲ့ ကောင်းမြတ်တဲ့ ဆုလာဘ်ပါပဲတဲ့။

ဒါတွေလုပ်ပါ

အဲဒီ အခါမျိုးမှာ ဘာလုပ်ရမလဲဆိုရင် နွေးထွေးယုယတဲ့ လက်တွေနဲ့ အချင်းချင်း ထိတွေ့ပါ၊ သင့်မြတ်တဲ့ ဝေါဟာရတွေနဲ့ အားပေးစကား ဆို ပါ။ လူနာ နှစ်သက်တဲ့ ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးပေးပါ။ ဘာသာရေး နည်းတွေနဲ့လည်း လူနာရဲ့ စိတ်ဓာတ် ခွန်အားကို ရရှိ စေနိုင်တယ်တဲ့။ ဗုဒ္ဓဝါဒအရဆိုရင် တရားမှတ်ဖူးသူကို အမှတ်သတိ ရှိ နေအောင် လမ်းကြောင်းပေးတာမျိုး၊ သူမြင်သာအောင် သူ့ကိုယ်စားကုသိုလ်အထူး ပြုပေးတာမျိုး၊ အနီးအနားမှာ ဘုရားဝတ်ပြုပြီး ကြေးစည် လေး နောင်ဒူဝေ တီးပြတာမျိုး၊ စိတ်ကို ရင့်ကျက်စေတဲ့ တရားတိပ် ခွေတွေ ဖွင့်ထားတာမျိုး ဖြစ်ပါလိမ့်မယ်။

ဒါမှမဟုတ် နံရံပေါ်မှာ သူနှစ်သက်တဲ့ ဓာတ်ပုံတွေကို ပြသထားပါ တဲ့။ ဘုန်းကြီး အမြင်အရတော့ စိတ်ကို ရွှင်လန်း တက်ကြွစေတဲ့ ဗုဒ္ဓ ရုပ်ပွား ဆင်းတု၊ ဓာတ်ပုံ ပန်းချီကားတွေကို မြင်သာတဲ့ နေရာမှာထား သင့်တယ်။ ဗုဒ္ဓဘာသာ မဟုတ်ရင်လည်း စိတ်ဓာတ်ခွန်အားကို ရရှိစေတဲ့ ဘာသာရေး သင်္ကေတတွေ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆုတောင်း ရွတ် ဖတ်မှုတွေ လုပ်ပေးသင့်တာပေါ့။ ဒါပေမယ့် သူမကြိုက်ရင်တော့ တိတ် တိတ်ဆိတ်ဆိတ်ပဲ နေပါစေတဲ့။ ကိုယ်လိမ်းဆီ (lotion)နဲ့ ဖြစ်ဖြစ်၊ အဲဒါ မပါဘဲဖြစ်ဖြစ် လက်တွေ ခြေတွေကို ခံသာရုံ နှိပ်နယ်ပေးရင်လည်း အချိန်ပိုင်းသာ ကျန်တော့တဲ့ မိမိရဲ့ မြတ်နိုးသူကို သက်သာရာ ရစေပြီး နှစ်သက်စဖွယ်ဖြစ်စေ နိုင်တယ်တဲ့။

သေခါနီးမှာ ကျင်ကြီးကျင်ငယ်ကို မထိန်းနိုင်တာကတော့ ပုံမှန်လို့ ဆိုပါတယ်။ တစ်ချို့လည်း အဲဒါမျိုး မဖြစ်ဘူးတဲ့။ ဆေးရုံ ဆေးခန်းတွေ မှာ အဲဒါမျိုးကို သူနာပြုတွေက ကူညီပေးတယ်။ အိမ်မှာဆိုရင်တော့ နာ မကျန်းသူကို ပြုစုခွင့်ရတာဟာ မြင့်မြတ်တဲ့ ကုသိုလ်ပဲလို့ ယုံကြည်ပြီး ပြုစုရမှာပေါ့။ ဘုန်းကြီး မြင်တွေ့ရတာကတော့ ကျင်ငယ်အိုးထဲမှာ ကျင် ငယ်ရေ တဖြည်းဖြည်း နီကျင့်ကျင့်အရောင်ကို ပြောင်းသွားတာပါပဲ။

အဲဒါပါပဲ

ဘဝရဲ့ နောက်ဆုံး မိနစ်ပိုင်းတွေမှာတော့ ပုံမှန်မဟုတ်တဲ့ အသံ မြည်တဲ့ အသက်ရှူတာတွေနဲ့ အတူ စောစောက တွေ့ရတဲ့ အရိပ်လက္ခဏာတွေ နည်းနည်း ပိုပြင်းလာတယ်။ ခြေတွေလက်တွေ ခရမ်းရောင် သန်းလာတယ်။ ကိုယ်ခန္ဓာ အောက်ပိုင်းမှာ အစွန်းအကွက် လိုဟာတွေ တွေ့ရတယ်။ မျက်လုံးတွေ မလှုပ်ရှားတော့ဘူး။ အမြင်အာရုံလည်း မရှိတော့ဘူး။ ပတ်ဝန်းကျင်ကိုလည်း မတုံ့ပြန်တော့ဘူး၊ အဲဒါ သူ မကြာခင် သွားတော့မယ့် လက္ခဏာပဲတဲ့ အင်ဒိုနီးရှန်း သူနာပြုမက ဆိုတယ်။ ဆယ်စက္ကန့်လောက်စီမကြာမကြာ အသက်ရှူ ရပ်သွားလိုက်ပြန်ရှူလိုက် ဖြစ်နေရာကနေ လုံးဝပြန်မရှူတော့ဘူး။ တစ်ပြိုင်နက်မှာ နှလုံး မခုန်တော့ဘူး။ လက်ကောက်ဝတ်နဲ့ မေးဖျားမှာ သွေးစမ်းလို့ မရတော့ဘူး။ နှုတ်နဲ့ ပြောတာ ထိတွေ့တာတွေကို မတုံ့ပြန်တော့ဘူး။ မေးဖျား တိုဝင်သွားပြီး ပါးစပ် နည်းနည်း ပွင့်ဟသွားတယ်။ သေတယ်ဆိုတာ အဲဒါပဲပေါ့။ ဒီမှာတော့ နှာခေါင်းရှေ့မှာ မှန်အသေးကို ထားကြည့်ပြီး အသက်ရှူ ရပ်မရပ်စမ်းကြည့်လေ့ရှိသတဲ့၊ ဒါပေမယ့် မသေချာဘူးလို့လည်း သူနာပြုမက ပြောပြတယ်။

ဒီ့နောက်တွင်

မိမိရဲ့ ချစ်သူခင်သူ မြင်ကွင်းအောက်က ပျောက်ကွယ်သွားတဲ့ အခါ သင်ဟာ နက်နက်ရှိုင်းရှိုင်း ခံစားရနိုင်တယ်။ ပူပန်မှုတွေ ပြောင်းလဲမှု တွေနဲ့ ရင် ဆိုင်ရနိုင်တယ်။ အမှန်တော့ ဘဝတစ်ခု ပြိုကွဲသွားခြင်း ဖြစ် နိုင်ပေမယ့် အားနည်းသွားတာတော့ မဟုတ်ပေဘူး။ အထည်းကျန်တယ်လို့ ခံစားနေရပေမယ့်လည်း အမှန်တော့ အထည်းကျန်တာ မဟုတ်ပါဘူး။ လူတိုင်းဟာ မတူခြားနားတဲ့ ပူဆွေးမှုတွေနဲ့ ပတ်သက် ကြရတာ ချည်းပါဘဲလေ။ သောကနဲ့ နာကျင်ရပေမယ့် ရက်လကြာရင် တဖြည်းဖြည်း ပြန်လည် အသားကျ သွားပါလိမ့်မယ်။

မျှော်လင့်ချက်နဲ့ ဆန္ဒတွေရဲ့ကျယ်ဝန်းနက်ရှိုင်းတဲ့ ဒီဖက်တစ်နေရာ မှာ အခြားတစ်ဖက်အတွက် ငြိမ်သက် အသိတရားတွေ၊ ပြီးတော့ နှင်း မှုန်အောက်က နှစ်သက်စဖွယ်မျိုးစေ့တွေလို နှလုံးသားကိုင်းညွတ်မှုရဲ့ အိမ်မက်တွေ လူတိုင်းမှာ ရှိနေတာပါပဲ။ အဲဒီ ထုထည်ကြီးမားတဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို အကောင်းနဲ့ အကောင်အထည် ဖော်ဖြစ်ဖို့က မျက်မှောက်အခြေအနေမှာ သင့်ရဲ့ကောင်းသောအလုပ်နဲ့ မှန်တဲ့ စိတ် ကူးယဉ်မှုတွေပါပဲ။ ကျန်းမာပျော်ရွှင်နိုင်ပါစေ..

ဤသည်မယား၊ ဤသည်သား၊ မီးပွားမှန်တော့သည်။ (ထွဋ်ခေါင်ဆရာတော်)

၃၀၄။ လူ့ခန္ဓာရှိ အရိုးပေါင်း

အရှင်ဘုရား လူ့ခန္ဓာကိုယ်မှာ အရိုးပေါင်း မည်မျှရှိပါသလဲ။ ဗုဒ္ဓသာသနာ ဝင်ကျမ်းများ၌ ဖော်ပြသည်မှာ လောကီအနာတမီကျမ်းတို့၌ ဖော်ပြ သည်နှင့် တူညီပါသလား။ တရားရိပ်သာတစ်ခုသို့ ရောက်သွားစဉ် လူ့ ခန္ဓာကိုယ်အရိုးစု အစစ်ဟုယူဆရသည့် ကြိုးနှင့် သီထားသည့် အရိုးစု ပုံကို တွေ့ရလို့ သိချင်စိတ် ဖြစ်ပေါ်လာပြီး ဒီမေးခွန်းကို မေးလျှောက် ရခြင်း ဖြစ်ပါသည်။ နောက်ပြီး ကမ္မဋ္ဌာန်းထိုင်းခြင်းနှင့် အဲဒီအရိုးစုနှင့် မည်သို့ သက်ဆိုင်ပါသနည်း။

ရဲမောင်မောင်

---

ဗုဒ္ဓကျမ်းစာ

‘လက်ရိုး ၆၄၊ ခြေရိုး ၆၄၊ အသားရိုးနု၆၄၊ ဖနောင့်ရိုး ၂၊ ဖမျက်ရိုး ၄၊ မြင်းခေါင်းရိုး ၄၊ ပုဆစ်ရိုး ၄၊ ပေါင်ရိုး ၂၊ ခါးရိုး ၂၊ ကျောက်ကုန်းရိုး ၁၈၊ လည်ကုပ်ရိုး ၇၊ နံရိုး ၂၄၊ ရင် ဖုံးရိုး ၁၄၊ ဟဒယဝတ္ထရိုး ၁၊ ညှပ်ရိုး ၂၊ လက်ပြင်ရိုး ၂၊ မောင်းရင်းရိုး ၂၊ မောင်းဖျား လက်ဖျံရိုး ၄၊ မေးရိုး ၂၊ နှာခေါင်းရိုး ၁၊ မျက်ကွင်း ရိုး ၂၊ နားရိုး ၂၊ နဖူးရိုး ၁၊ ထိပ်ရိုး ၁၊ ဦးခေါင်းခွံရိုး ၉၊ ပေါင်း အရိုးစု ၃၀၀ မျှလောက် လူ့ခန္ဓာကိုယ်မှာ ရှိတယ်’လို့ ဝိသုဒ္ဓိမဂ်ကျမ်း (ဝိသုဒ္ဓိ၊၁၊၂၄၆) မှာ ဖော်ပြပါတယ်။ အတိအကျ ပေါင်းကြည့်ရင် ၃၀၂ ခု ဖြစ်တာကို တွေ့ရတယ်။ ‘မျှလောက်’ဆိုတာ အဲဒီ အဓိပ္ပာယ်ပါ။ ဝိသုဒ္ဓိမဂ်တစ်နေရာ (ဝိသုဒ္ဓိ၊၁၊၁၂၂) မှာတော့ ‘အတိရေကတိသတ အဋ္ဌိကသမုဿယံ = သုံးရာမကသော အရိုးတို့ ပေါင်းစု ရာ’လို့ ဆိုပါတယ်။

ဒါကြောင့် ဗုဒ္ဓကျမ်းဂန်အရ အတိအကျ မဆိုနိုင်ဘဲ သုံးရာ၊ သုံးရာထက် နည်းနည်းပိုတယ်လို့ မှတ်နိုင်ပါတယ်။

ဘိုင်အိုအရ

ခေတ်သစ် ဘိုင်အိုလိုဂျီအရ လူကြီးမှာ ၂၀၆၊ ကလေးတွေမှာတော့ ဦး ခေါင်းနဲ့ တင်ပဆုံလိုနေရာတွေမှာ အချို့အရိုးတွေ မဆက်သေးလို့ ၂၇၀ လို့ ယေဘုယျ သတ်မှတ်တယ်။ မွေးကင်းစမှာ ၃၀၀ ကျော်ထိတောင် ရှိပြီး ပုဂ္ဂိုလ်အလိုက် အတိုးအလျော့လည်း ရှိနိုင်တယ်လို့ ဆိုတယ်။ အရွယ်ရောက်လူကြီးအများစုရဲ့ အရိုးစု ၂၀၆ ခု ရေတွက်ပုံက ‘ခေါင်းရိုး ၂၈ (ခေါင်းခွံပိုင်းအရိုး ၈၊ ရှေ့မျက်နှာရိုး ၁၄၊ နားရွက်ရိုး ၆)၊ မြင်းခွာ သဏ္ဌာန် လည်မျိုရိုး ၁၊ ကျောရိုး ၂၆ (လည်ကုပ်ရိုး ၇၊ ကျောက် ကုန်းရိုး ၁၂၊ ခါရိုး ၅၊ ခါးရိုးဆက် ၁၊ မြီးညှောင့်ရိုး ၁)၊ နံရိုး ၂၄၊ ခြေရိုး ၆၀၊ လက်ရိုး ၆၀၊ တင်ပဆုံရိုး ၁ (ဆက်နေတဲ့ အရိုး ၃ခု)၊ အဆစ်ရိုး ၆’လို့ ဖြစ်ပါတယ်။ ရေတွက်ပုံအလိုက် ကွာဟချက်ရှိနိုင်တယ်။

ရိုးနုတွေ

ရှေးခေတ်ကလည်း လူသေအရိုးကိုပဲ ကြည့်ပြီး ရေတွက်တာ ဖြစ်နိုင် ပေမယ့် အရေအတွက် မတူတာ၊ အမည်နာမ သတ်မှတ်ပုံ ခြားနားတာ ကိုတွေ့ရပါတယ်။ အဋ္ဌကထာကျမ်းတွေမှာ ဖော်ပြတဲ့ အသားရိုးနု ၆၄၊ ဟဒယဝတ္ထုရိုး ၁ ဆိုတာတွေက အသက်ရှင်နေတဲ့ လူ့ခန္ဓာကိုထဲက အသားနဲ့ ရောနေတဲ့ အရွတ်လို အရိုးနုတွေကို ရည်ရွယ်တာ ဖြစ်လေမ လား။ အသေးစိတ်အမည်နဲ့ ဖော်ပြသည်ကိုကျန်းဂန်မှာ ရှာဖွေဆဲပါ။

မည်သို့ဖြစ်စေ ဗုဒ္ဓခေတ်မှာ ဦးခေါင်းကိုတောင် အောင်မြင်စွာ ခွဲ စိတ်ကုသနိုင်တဲ့ ဖြစ်ရပ်မှတ်တမ်းတွေ ရှိတာကြောင့် အဲဒီခေတ် အနာ တမီကိုလည်း လေးစားရလိမ့်မယ်။

ကမ္မဋ္ဌာန်း

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ၃၂ ခုကို ရှုမှတ်တဲ့ ကောဋ္ဌာသ ကမ္မဋ္ဌာန်း ဆိုတာရှိတယ်။ အဲဒီ အထဲမှာ အဋ္ဌိ = အရိုးဆိုတာ ပါတယ်။ အရိုးကို ရှုတဲ့ အခါ အသေးစိတ် ရှုမယ်ဆိုရင် ဖော်ပြ ပြီးဖြစ်တဲ့ ခန္ဓာကိုယ်ထဲက ၂၀၆ သို့မဟုတ် ၃၀၀ ကျော်မျှသော အရိုးတွေကို စိတ်မျက်စိ သို့မ ဟုတ် စိတ်အာရုံထဲမှာ မြင်အောင်ရှုရတယ်။ ခန္ဓာကိုယ်ထဲက အရိုး တွေကို စိတ်အာရုံနဲ့ ယူပြီး ရှုမှတ်ရတာ လွယ်ကူအောင်လို့ အဲဒီ အရိုးစု ပုံကို အချို့တရားဌာနတွေမှာ ပြထားတာ ဖြစ်ဖွယ်ရှိပါတယ်။

၃၀၅။ အရှင်အနုရုဒ္ဓါ၊ အရှင်မဟာကဿ ပြင်ဆင်ချက်

အရှင်ဘုရား၊ နိုင်ငံတော်ဗုဒ္ဓသာသနာ့ မဟာဗုဒ္ဓဝင်ကျမ်းမှာ အရှင်ကောဏ္ဍည၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်နှင့် အရှင်အာနန္ဒာတို့ အကြောင်းကို ဖော်ပြရာ၌ ပရိနိဗ္ဗာန်စံပုံကို အသေးစိတ် ဆိုသော်လည်း အရှင်အနုရုဒ္ဓါ အရှင်မဟာကဿပတို့ ပရိနိဗ္ဗာန်စံပုံနှင့် ပတ်သက်၍မူ တစွန်းတစမျှ မသိရပါ။ ဖြစ်နိုင်လျှင် ထိုမထေရ်နှစ်ပါး၏ ထူးခြားချက် အချို့နှင့် ပရိနိဗ္ဗာန်စံပုံကို ဖော်ပြပေးစေချင်ပါသည်။

မအတုလဉာဏီ

---

မှတ်စုတို

အရှင်အနုရုဒ္ဓါဟာ ဗုဒ္ဓရဲ့ ခမည်းတော်ဖြစ်တဲ့ ဘုရင်သုဒ္ဓေါဒနရဲ့ ညီတော် သုက္ကောဒနမင်းရဲ့သားတော်ဖြစ်ပြီး မဟာနာမမင်းသားရဲ့ညီတော် (မ၊ဋ္ဌ၊၁၊၃၆၆)ဖြစ်ပါတယ်။
တစ်နည်း အမိတောဒန (ဗုဒ္ဓခမည်းတော် သုဒ္ဓေါဒနရဲ့ ညီတော်အငယ်ဆုံး)ရဲ့သား (အံ၊ဋ္ဌ၊၁၊၁၄၈) အရှင်အာနန္ဒာ ရဲ့ အစ်ကိုတော်ဖြစ်ပါတယ်။ (နိကာယ် အဋ္ဌကထာကြီး နှစ်စောင်အဆို ကွဲနေတာ တွေ့ရတယ်။) သေချာတာကတော့ ဗုဒ္ဓနှင့် ညီအစ်ကို ဝမ်း ကွဲ တော်စပ်တဲ့ အပြင် ထင်ရှားတဲ့ ဗုဒ္ဓသာဝကလည်း ဖြစ်ခြင်းပါပဲ။ ရဟန်းဖြစ်စ ပထမဝါမကျွတ်ခင်မှာ အဘိညာဉ်တန်ခိုးစွမ်းအင်ကို ရရှိတယ်။ ဒီ့နောက် အရှင်သာရိပုတ္တရာထံမှ ကမ္မဋ္ဌာန်းတရားကို သင်ယူပြီး စေတိတိုင်း ပါစီနဝံသဒါယ အမည်ရတဲ့ ဘေးမဲ့တောမှာ တရားကျင့်ကြံ နေစဉ် ဗုဒ္ဓထံမှ မဟာပုရိသတို့ရဲ့ အတွေးအကြံရှစ်မျိုး တရားကို နာရပြီးနောက် ရဟန္တာ ဖြစ်သွားပါတယ်။ နောင်အခါ အဘိညာဉ်အရာမှာ ဧတဒဂ်ဘွဲ့ကို ရပါတယ်။

ထူးခြားချက်

ကုသိနာရုံမှာဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး တစ်ချိန်လုံး စောင့်ကြည့်နေပြီး ဗုဒ္ဓရဲ့ နောက်ဆုံး ဝင်လေထွက်လေ ချုပ်ငြိမ်းသွားချိန်ကို အရှင်မြတ် အတိအကျ သိတော်မူခဲ့တယ်။ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးစ အချိန်မှာ ရဟန်းရှင်လူ ငြိမ်သက်အောင် အဓိပ္ပာယ် ပြည့်ဝတဲ့ ဂါထာနှစ်ပုဒ်ကို ရွတ်ဆိုသူပါ။ သောကရောက်နေတဲ့ မလ္လာမင်းတို့ကိုလည်း နှစ်သိမ့်တရားဟောကြား ပါတယ် (ဒီ၊၂၊၁၂၉)။ ပထမသံဂါယနာမှာ ဦးဆောင် ပါဝင်ခဲ့ပြီး သံဂါ ယနာပြီးတဲ့ အခါအင်္ဂုတ္တရ နိကာယ်ကို တာဝန်ယူပို့ချခဲ့ပါတယ် (ဒီ၊ဋ္ဌ၊၁၊၁၅)။ အရှင်မြတ်ဟာ ရဟန်းဖြစ်ပြီးနောက် ၂၅ နှစ်ပတ်လုံး မကျိန်း စက်ဘူး။ ပစိမယံမှာပဲ ကျိန်းစက်တာကတော့ နှစ်ပေါင်း ၃၀ (ထေရ၊၉၀၄-ဂါထာ)။ ကျောနဲ့ ကြမ်းခင်း ထိပြီး မကျိန်းစက်တာက နှစ်ပေါင်း ၅၀ဖြစ်ကြောင်း (ဒီ၊ဋ္ဌ၊၂၊၃၂၈)ကြည်ညိုဖွယ်လေ့လာရပါတယ်။

ပရိနိဗ္ဗာန်စံ

‘ငါသည် ဝဇ္ဇီတိုင်းသားတို့၏ ဝေဠုဝဂါမ (ဝါးတောရွာ) ဝါးချုံအောက်၌ အသက်ကုန်ခြင်းကြောင့် အာသဝေါကင်းသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့ (ထေရ၊၉၁၉-ဂါထာ)’။ ဝေဠုဝရွာဟာ အရှင်မြတ်နောက်ဆုံး ဝါကပ်တဲ့ နေရာ ဖြစ်ကြောင်း အဋ္ဌကထာမှာ ဖွင့်ဆိုတယ် (ထေရဂါထာ၊ဋ္ဌ၊၂၊၃၄၇)။ ဝဇ္ဇီတိုင်းရဲ့ မြို့တော်က ဝေသာလီပဲဖြစ်လို့ ဝေသာလီမြို့ တောင် ဖက်နားက ဗုဒ္ဓရှင်တော်မြတ် နောက်ဆုံး ဝါကပ်တော်မူခဲ့တဲ့ ဝေဠုဝရွာ မှာပဲ အရှင်မြတ်လည်း နောက်ဆုံး ဝါကပ်တော်မူခဲ့ပုံပါပဲ။ ဗုဒ္ဓ ပရိ နိဗ္ဗာန်စံပြီးနောက် အရှင်အာနန္ဒာတစ်ပါးတည်း ဒီရွာကို ကြွရောက်ပြီးလည်း တရားဟောဖူးပါသေးတယ် (အံ၊၃၊၅၄၂)

အရှင်မြတ် သက်တော် ၁၅၀ မှာ ပရိနိဗ္ဗာန်စံတယ် (ဒီ၊ဋ္ဌ၊၂၊၆)။ အရှင်မြတ်ရဲ့သက်တော်က ဗုဒ္ဓနဲ့ သိပ်မကွာနိုင်တာ၊ ဗုဒ္ဓထက် တစ်ဝါပဲ နောက်ကျပြီး ရဟန်းပြုတာတွေကြောင့် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် အနည်းဆုံး နောက်ထပ်နှစ်ပေါင်း ၇၀-လောက် ကြာတဲ့ အထိ အင်္ဂုတ္တရ နိကာယ်ကို ဦးဆောင် ပို့ချပြီး နေထိုင်ခဲ့ဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ပါဠိတော်နှင့် အဋ္ဌကထာ မှတ်တမ်းတွေမှာ အရှင်မြတ်ကို မည်သို့ သင်္ဂြိုဟ်၊ မည်သူတွေ တက်ရောက်ဆိုတာတွေကို မတွေ့ရဘူး။

ရောဟိနီ

အရှင်မြတ်မှာ ရောဟိနီခေါ်တဲ့ နှမတစ်ယောက် ရှိတယ်။ အရှင်မြတ် မိဘဆွေမျိုးတွေကို သွားတွေ့ချိန်မှာရောဟိနီက မတွေ့လိုပါလို့ ငြင်းရာ မှာ သူ့မှာဖြစ်နေတဲ့ ကိုယ်ရေပြား ရောဂါကြောင့် ရှက်လို့ ဖြစ်ကြောင်း အရှင်မြတ်သိရတဲ့ အခါ ရောဟိနီရဲ့ အဆင်တန်ဆာအချို့ကို ရောင်းပြီး ဗုဒ္ဓနဲ့ သံဃာတော်တွေ သီတင်းသုံးရန် ကျောင်းဆောက် လှူဒါန်းဖို့ အရှင်မြတ်က တိုက်တွန်းတယ်။ ရောဟိနီလည်း အစ်ကို ညွှန်ကြားတိုင်း လုပ်တယ်။ ဒီနောက် ရောဟိနီဟာ ရောဂါပျောက်ကင်းရုံမက သောတာပန်လည်း ဖြစ်သွားပြီး အရှင်မြတ်ထက် စောစီးစွာ ကွယ်လွန်ခဲ့ပုံရပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၉၁)

ပြင်မှတ်ပါ

အရှင်မဟာကဿပ အကြောင်းကို မေးခွန်းအမှတ် ၉၃ မှာ ပြန်ဖတ် ပါ။ အဲဒီမှာ ကျမ်းကိုးတွေ သွက်သွက်ချာ လွဲနေတာတွေ့ရလို့ တောင် ပန်ခြင်းနှင့်အတူ အခု ပြန်ပြင်ပေးလိုက်ပါတယ်။ ‘သက်တော် ၁၂၀ ရှည်တယ် (ဒီ၊ဋ္ဌ၊၂၊၆။ သံ၊ဋ္ဌ၊၂၊၁၆၁)။ နှစ်ပေါင်း ၁၂၀ ပတ်လုံး ခုတင် ညောင်စောင်းပေါ်မှာ ကျောချပြီး ကျိန်းစက်တော်မမူ (ဒီ၊ဋ္ဌ၊၂၊၃၂၈)’။ ဤဖွင့်ဆို ချက်နှစ်ခု အရမူ မွေးကတည်းက နိသဇ္ဇဓုတင် ဆောက်တည်ရမလို ဖြစ်နေလို့ ပညာရှိတို့ ယုတ္တိကိုစဉ်းပါကုန်။

အသက်တိုတဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်တို့က နှစ် ပေါင်း ၃၀၊ အသက် ၁၅၀ ရှည်တဲ့ အရှင်အနုရုဒ္ဓါက နှစ် ၅၀ ကျော ချပြီး မကျိန်းစက်ဆိုတော့ အသက် ၁၂၀ ရှည်တဲ့ အရှင်မဟာကဿပ မထေရ်က နှစ်ပေါင်း ဘယ်လောက်ဖြစ်ရင် ယုတ္တိနှင့် နီးစပ်မလဲ။ ဘုန်း ကြီးအထင် ‘ဝီသဝဿသတံ’မှာ ‘ဝီသ’များပိုနေသလားလို့။ ‘ဝီသ’မပါ ဘဲ ‘ဝဿသတံ=နှစ်ပေါင်းတစ်ရာ’ဆိုရင် ပိုနီးစပ်နိုင်တာပေါ့။

ကဿပသံယုတ်၊ ဩဝါဒသုတ်အဖွင့် (သံ၊ဋ္ဌ၊၂၊၁၆၁)အရ မြတ် ဗုဒ္ဓအနေနဲ့ အရှင်မဟာကဿပ အသက် ၁၂၀ ရှည်မည် ဖြစ်ကြောင်း သိမြင်တော်မူပုံကိုသာ ဖွင့်ဆိုခြင်းဖြစ်၍ ထိုအဖွင့်ကို ကြည့်ပြီး ပထမ သံဂါယနာမှာ အရှင်မြတ်ရဲ့ သက်တော် ၁၂၀ ရှိ ပြီလို့ ဖော်ပြခြင်းမှာ မမှန်ကန်။ အရှင်မဟာကဿပလည်း ဗုဒ္ဓနဲ့ အသက်အရွယ် အလွန်ကြီး မကွာနိုင်သဖြင့် ပထမသံဂါယနာ တင်ချိန်မှာ သက်တော် ၈၀ ပတ်ဝန်း ကျင် (နည်းနည်းပို၊ နည်းနည်းလျော့)ပဲဖြစ်နိုင်လို့ သံဂါယနာအပြီးမှာ သံယုတ္တနိကာယ်ကို နှစ်ပေါင်း ၄၀ လောက် ပို့ချပြီး သာသနာ့တာဝန် ကိုထမ်းဆောင်ခဲ့ဖွယ်ရှိပါတယ် (ဒီ၊ဋ္ဌ၊၁၊၁၅)

၃၀၆။ အလှူပွဲ ကြက်ကြော်

ဇွန် ၂၃၊၂၀၁၃။

---

ဘုရားကို သစ်သီးဆွမ်း ကပ်လှူရာတွင် အကုန်လုံးကို အခွံခွာရပါသ လား။ ဥပမာ .. ကြက်မောက်သီး၊ ငှက်ပျောသီး၊ မင်းကွတ် သီးလို အသီးများကို ဘယ်လို ကပ်လှူရပါသလဲ။ အခွံခွာပြီးမှ ဆွမ်းတော်ကပ် လှူရပါသလား။ မိတ်ဆွေတစ်ဦးက မင်းကွတ်သီးကို ဘုရားနှင့် ရဟန်း သံဃာများအား ကပ်လှူလို့ မကောင်းဘူးလို့ ပြောပါသည်။ မှန်ကန်ပါသ လား အရှင်ဘုရား။ မည်သည့်သစ်သီးကို မဆိုဘုရားဆွမ်း တော်ကပ်၊ သံဃာတော်များအားလည်း ကပ်လှူကောင်းပါသလား။ မကပ်ကောင်း သော သစ်သီးကပ်လှူကောင်းသော သစ်သီးဟုခွဲခြား သတ်မှတ်ချက် ရှိပါသလား ဖြေကြားပေးစေချင်ပါသည် အရှင်ဘုရား။

စောထွန်းအောင်ကျော်၊ လှိုင်းဘွဲ့မြို့နယ်၊ ဥဒေါင်းရွာ။

---

အဓိကပါ

ပန်း ရေချမ်း ဆွမ်း ဆီမီးစတာတွေကို ဗုဒ္ဓဘုရားကို ရည်မှန်းပြီး ကပ် လှူရာမှာစေတီဆင်းတု ဆိုတာတွေက ကိုယ်စားပြုထားတဲ့ ကြားခံဖြစ် တဲ့ ပူဇော်စရာဝတ္ထု သက်သက်ပါ။ စိတ်ထဲမှာ နားလည်ထားရမှာက ‘တစ်ချိန်က သမိုင်းမှာ အမှန်တကယ် အသက် ထင်ရှားရှိခဲ့ပြီး လော ကကို သစ္စာတရား ဟောကြားတော်မူတဲ့ သဗ္ဗညုတဉာဏ်ရှင် မြတ်စွာ မြတ်စွာဘုရားကို ကပ်လှူတယ်’လို့ ဖြစ်ပါတယ်။ ဒီတော့ သက်တော် ထင်ရှား မြတ်စွာဘုရားဟာ မိမိကပ်လှူတဲ့ အသီးဆွမ်းကို ဘယ်လို ဘုဉ်းပေးရင် သင့်တော်မလဲလို့ ကိုယ့်ဟာကိုယ် ဉာဏ်နဲ့ စဉ်စားပြီး ပြုပြင်လှီးဖြတ် ဆက်ကပ်ဖို့ အဓိကပါ။

စဉ်းစားပုံ

သက်ရှိ ဆရာတော်ကြီး တစ်ပါးကို ကြက်မောက်သီးကို ဒီအတိုင်း ကပ်လှူတယ်ဆိုပါတော့။ ဆရာတော် ကိုယ့်ဟာကိုယ် အခွံ စားရတော့ မှာ။ အချိန်ကို ကြည့်ပြီး ငါးလုံးလောက် စားချင်တာ နှစ်လုံးလောက်နဲ့ ပြီးသွားမှာပေါ့။ ဒါကြောင့် ကိုယ်က သပ်ရပ်သန့်ရှင်းအောင် ဂရုတစိုက် နဲ့ စိတ်ရှည်လက်ရှည် ခွာပြီး ကပ်လှူရင် ပိုမကောင်းဘူးလား။ အလှူမှာ အုန်းသီးဒူရင်းသီး ပိန္နဲသီး ကျွဲကောသီး ဖရဲသီး သရက်သီးလိုဟာတွေကို အလုံးလိုက်ကပ်လို့ သင့်တော်ပါ့မလား။ ငှက်ပျောသီးမှာ သီးမွှေး ကျတော့ ရှည်လွန်းလို့ နှစ်ပိုင်းလောက် ဖြတ်သင့်တယ်။ ဖီးကြမ်းသီး ကတော့ အလုံးလိုက်လည်း သင့်ပါတယ်။ အသီးတွေရဲ့ အနေအထား အလိုက်သင့်မြတ်အောင် ပြင်ဆင်ကပ်လှူဖို့သာ လိုရင်းပါ။

ဝိနည်းမရှိ

မင်းကွတ်သီးကို ရဟန်းမစားရဘူးလို့ ဝိနည်းမှာ မတွေ့ဖူးဘူး။ ညနေ မှာ ဖျော်ရည် ဖျော်မသောက်ကောင်းတဲ့ သစ်သီးအချို့က လွဲလို့ မစား ကောင်းတဲ့ သစ်သီးရယ်လို့ တောင် မယ်မယ်ရရ သတ်မှတ်ချက် မတွေ့ ဖူးဘူး။ ဒညင်းသီးထက်ဆိုးနိုင်အုံးမလား။ ဘုဉ်းပေးကြတာပဲ။ ရဟန်း စားကောင်းရင် ဘုရားကိုလည်း ကပ်ကောင်းတာပေါ့။ အင်း .. သံပရာ သီးကို တစ်လုတ်စာစီ အစိတ်ကလေးတွေ လှီးပြီး ဆွမ်းတော်ကပ်တယ် ဆိုပါစို့။ အဲဒါကို ဘုရား ဘုဉ်းပေးရင် သွားကျိန်းလို့ ဆွမ်းဘုဉ်း ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ရှောက်သီး၊ မရမ်းသီးစိမ်း၊ မန် ကျည်းသီးတွေကျတော့ သူ့အတိုင်းကြီး ဆွမ်းတော်ကပ်လို့ သင့်တော် ပါ့မလား။ အဲဒီလိုသာ ကိုယ့်ဟာကိုယ် ဉာဏ်ကစားကြည့်ပါ။ အဆင်ပြေ သွားပါလိမ့်မယ်။

ငါးခူပြုံး

ကြုံလို့ ပြောရအုံးမယ် .. အလှူတွေမှာ လက်သီးဆုပ်လောက် ရှိတဲ့ ကြက်ပေါင်ကြော်တွေ၊ ပုစွန်တုပ်ကြီးတွေ၊ ငါးကောင်လုံး ကြော်တွေ ပန်းကန်ထဲမှာ ရဲနေတာပဲ။ စားချင်စရာကြီး။ ဒါပေမယ့် စားရင် ဘုန်း ကြီး ဣန္ဒြေ မရနိုင်ဘူး။ ဇွန်းခက်ရင်းနဲ့ ဆို မကျွမ်းကျင်လို့ အခန့်မသင့် ရင် ချော်ပြီး အတုံးလိုက်ကြီး စားပွဲပေါ် ရောက်သွားနိုင်တယ်။ ရောက်လည်း ရောက်သွားဖူးတယ်။ ရဟန်း ၂-ဝါရ ကားနဲ့ ရွာကိုပြန်စဉ် ရိုးမတောင်ပေါ်မှာ ဆွမ်းဝယ်စားတုန်းက။ ဆာဆာနဲ့ နှစ်တုံးသော ကြက်တောင်ပံရိုးထဲက တစ်တုံးကို ဇွန်းနဲ့ ပန်ကန်ထဲထည့်၊ ခက်ရင်းနဲ့ ထိုးကြည့်လိုက်တာ ‘တိန်’ကနဲ့ မြည်သံနဲ့ အတူ တောင်ပံရိုး ကြမ်းခင်း ပေါ် ‘ပျံဆင်း’သွားတယ်။ ဆိုင်ရှင် ဒကာမက အရှက်ပြေတစ်တုံးလေး လောက်များ ထပ်ထည့်ပေးအုံးမလား မှတ်တာ၊ မမြင်ယောင် ဆောင် နေတယ်ဗျို့။ ဒီအတွေ့အကြုံနဲ့ အလှူပွဲတွေမှာ အဲဒီလိုမဖြစ်အောင် ယနေ့ ထိ သတိထား တတ်သွားတာ။

အလှူ့ရှင်တွေ အနေနဲ့ တော့ ဘုန်းကြီးကို စားစေချင်တာ သေချာပါတယ်။ ဒီဖက်က မစားရဲတာလည်း အမှန်ပါပဲ။ အလှူ့ရှင်နဲ့ မရင်းနှီးလို့ သို့မဟုတ် ကိုယ့်ထက်ကြီးတဲ့ မထေရ်တွေ ပါနေလို့ ဟိုလိုလုပ်ပါ ဒီလို လုပ်ပါလည်း ပြောခွင့် မသာဘူး။ အဲဒါကြီးကို လက်နဲ့ ကိုင်ပြီး ပါးဖြဲနား ဖြဲလည်း မလုပ်ရဲတာနဲ့ (လုပ်ရင် လက်မှာသာမက ပါးတွေ မေးတွေ မှာပါ ဆီရွှဲသွားနိုင်တာမို့) နောက်ဆုံးတော့ မထိရဲတော့ဘူး။ တစ်ချို့က မေးသေးတယ် .. ဘုန်းဘုန်း အသား မဘုဉ်းပေးဘူးလားတဲ့။ ဖြေရ ခက်ကြီးနော်။ ဒါနဲ့ Yesလည်း မဟုတ် Noလည်း မလုပ်ဘဲ ငါးခူပြုံး လေးပေးပြီး ပြန်ခဲ့ရတယ်။

ဒီလိုလုပ်

အမှန်တော့ အထာကို မသိလို့ နည်းနည်းလေး လွဲနေတာပါ။ ဒီတော့ .. အိုကေ၊ ပွဲလှအောင်လို့ အဲဒီ အတုံးကြီးတွေ ထည့်ပါ။ ရပါတယ်။ ဒါပေမယ့် အချို့သော မထေရ်တွေ အဲဒီလို အပြုံးတစ်မျိုးနဲ့ ပြန်စရာ မလိုအောင် တစ်လုတ်စာစီ အတုံးလေးတွေ တုံးတစ်ပြီး သီးခြား ပန်း ကန်နဲ့ ထည့်ကပ်လိုက်ရင် Very Good သွားမှာပေါ့။ ဟိုဟာကြီးတွေက ဘုန်းကြီးတွေပြီးတဲ့ အခါ ကျန်နေသေးရင် (များသေားအားဖြင့် ကျန်နိုင် ပါတယ်၊ ဆွမ်းဝိုင်းမှာ မထေရ်ကြီးတွေ များရင် ပေါ့ ..) ဧည့်သည် ကိုလည်းကျွေး၊ ကိုယ်လည်း ‘ဘုဉ်းပေး’ပေါ့။

၃၀၇။ ဆေးလိပ် ကွမ်းယာ ရှောင်ကြဉ်ပါ

ဇွန် ၃၀၊၂၀၁၃။

---

ဆရာတော် အရှင်ဘုရား၊

တပည့်တော်ကွမ်းယာကို ဆေးဖြင့်စားဖူးပါသည်။ အလွန်မူး ပါသည် ဘုရား။ အရက်မူးသည်ထက် ဆိုးဝါးပါသည်။ အဆိုပါ ဆေးပြင်းပြင်း ဖြင့် ကွမ်းယာကို ရဟန်းသံဃာတော်များ စားသုံး သည့်အခါ တပည့် တော်ကဲ့သို့ မူးလိမ့်မည်ထင်ပါသည် ဘုရား။ ဆေးဖြင့် ကွမ်းယာ စား သုံးခြင်းဖြင့် အာပတ်သင့်နိုင်ပါသလား။ ကရုဏာရှေ့ထား၍ ဖြေကြား ပေးတော်မူပါဘုရား။

ကိုမျိုး

---

ကွမ်းစားတာကို မေးပေမယ့် ကွမ်းထဲမှာပါတဲ့ ဆေး (သို့မဟုတ် ဆေး ရွက်ကြီး) အကြောင်းကိုပါ လေ့လာရင်းနဲ့ ဆေးလိပ်နဲ့ ကွမ်းကို တစ်ပါ တည်းပြောရတဲ့ အနေမျိုးဖြစ်သွားပါတယ်။

ဆေးလိပ်

အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဓူမံ ပါတုံ = မကျန်းမာသော ရဟန်း အခိုးကို သောက်ရှူရန်ခွင့်ပြု၏ .. ဓူမနေတ္တံ၊ အခိုးတံကို ခွင့်ပြု၏ (ဝိ၊၃၊၂၉၇)’။ ဝေယံဘုံသာ ဆရာတော် ရေးတဲ့ မဟာဝါပါဠိတော် နိဿယ (စာ-၇၄)မှာ ‘ဓူမနေတ္တံ’ကိုပန်းတူ၊ ဆေးတံလို့ ဘာသာပြန်ပါတယ်။ ‘ဓူမဝဋ္ဋိ = အခိုးရှိသော အလိပ် (ဆေးလိပ်)ကို မွန်းမတည့်မီ အတွင်းအကပ်ခံပြီး သောက်ရှူကောင်း၏ (ဝိ၊ဋ္ဌ၊၃၊၁၁၈)’။

ဓူမဝဋ္ဋိ’နဲ့ ပတ်သက်ပြီးမှတ်ချက်တစ်ခုက .. ‘ဓူမဝဋ္ဋိ =ဆေးလိပ် ဟူရာ၌ ယခုခေတ် သောက်နေကြသော ဆေးလိပ်မျိုး မဟုတ်။ ရောဂါနှင့် သင့်လျော်သော ဆေးကို ဖက်စသည်ဖြင့် လိပ်၍ ထားအပ်သော ဆေးအလိပ်တည်း။ ဆေးလုံးဟုလည်း ရှေးနိဿယ၌ အနက်ပြန်သည် (မဟာဝါဘာသာဋီကာ၊၄၅၄)’လို့ ဖြစ်ပါတယ်။ ဤဖော်ပြချက်အရ အဋ္ဌကထာမှာ ဖော်ပြတဲ့ ဆေးလိပ်ဆိုတာ ယခုခေတ် အသုံးပြုကြတဲ့ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေ မပါဘူးလို့ ထင်ရတယ်။

မရှင်းဘူး

ဒီမှတ်ချက်နဲ့ ပတ်သက်ပြီး ဘုန်းကြီး နားလည်းပုံအရ ဖက်ထဲထည့် မယ့်ဆေးဟာ အရွက်လား အမှုန့်လား သစ်ခေါက်လားဆိုတော့ အားလုံးဖြစ်နိုင်တဲ့ သဘောပါပဲ။ ဒါကြောင့် အရွက်ထဲမှာ ပါနိုင်တဲ့ ဆေးရွက် သို့မဟုတ် ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီး ပါဠိကျမ်းဂန်မှာ တိုက်ရိုက် ဖော်ပြချက်ကို လိုက်ရှာနေပါတယ်။ မတွေ့သေးပါ။ ဦးဟုတ်စိန် အဘိ ဓာန်မှာ ဆေးရွက်ကြီးကို ‘ဓူမပတ္တ’လို့ ဖော်ပြပေမယ့် အဲဒီပုဒ်ကို တိပိဋက ပါဠိမြန်မာအဘိဓာန်နဲ့ P.T.S. အဘိဓာန်တွေမှာ မတွေ့ရဘူး။ ဒါဖြင့် ရင် ပါဠိတော် အဋ္ဌကထာ ဋီကာမှာ ဆေးရွက်ကြီး ဝေါဟာရမပါတဲ့ သဘောလား။ ဒါပေမယ့် ဆေးရွက်ကြီးကို ဆေးဘက်ဝင် အရွက်ထဲမှာ ထည့်နိုင်ရင်တော့ ဖက်နဲ့ သို့မဟုတ် စက္ကူနဲ့ လိပ်ပြီး သောက်ရှူလို့ ရ ဖွယ်ရှိပါတယ်။

နောက်တစ်မျိုး

ဓူမဝဋ္ဋိ’ကို ဖွင့်ဆိုတဲ့ မှတ်ချက် နောက်တစ်ခုက .. ‘ဆေးလိပ်ကို အကြောင်းမရှိဘဲ သောက်ချင်ရုံမျှဖြင့် နေလွဲအခါ၌ မသောက်ကောင်း။ လေနာခြင်းစသော သင့်လျော်သော အကြောင်းရှိလျှင် သောက်ကောင်း ၏။ နံနက်အခါ၌ကား အကပ်ခံ၍ သောက်လျှင် မည်သည့်အပြစ်မျှ မရှိ ပါ။ သို့သော်လူမြင်သူမြင် မသောက်ဖို့ရန်ကား ဆရာကြီး သမားကြီးတို့ တားမြစ်လေ့ရှိကြသည်။ ဆေးလိပ်သောက်မှုသာမက နေလွဲအခါ ဆေး ဝါးမှု ကွမ်းစားမှုများ၌လည်း ဤသဘောပင်တည်း။ (ပါစိတ်ဘာသာဋီကာ ၁၊၃၁၉)’လို့ ဖြစ်ပါတယ်။ ဒီမှတ်ချက်မှာ လူမြင်အောင် မသောက် ဖို့ ညွှန်ကြားတာ၊ ဆေးဝါးခြင်း၊ ကွမ်းစားခြင်းနဲ့ ရောပြတာတွေအရ ယခုခေတ်အသုံးပြုတဲ့ ဆေးလိပ်ကိုပါ ‘ဓူမဝဋ္ဋိ’ထဲ ထည့်ယူလိုပုံပါပဲ။

အပ်နိုင်တယ်

ထိမ်တော ဝိနည်းအဆုံးအဖြတ် (စာ-၅၇၄)မှာလည်း ဖော်ပြပါပါဠိတော် နဲ့ အဋ္ဌကထာကို ကိုးကား၍ပင်ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေးလုံး၊ ဆေး လိပ် ဝေါဟာရတွေကို သုံးပြီး ဆေးလိပ်ကို ဂိလာနပုဂ္ဂိုလ်အား ခွင့်ပြု ကြောင်း ပြဆိုပါတယ်။ ဒါကြောင့် ဆေးလိပ်ထဲမှာထည့်တဲ့ ဆေးရွက် ကြီးကိုသုံးရင် ရဟန်းတွေ အာပတ်မသင့်ဘူးလို့ ဆိုနိုင်ဖွယ်ရှိပါတယ်။

ကွမ်းယာ

ကွမ်းရွက်ကို ဆေးအဖြစ် သတ်မှတ်ပါတယ် (ဝိ၊ဋ္ဌ၊၃၊၁၀၂)။ ကွမ်းသီးလုံးကို သပိတ်ထဲမှာ အလှူခံခွင့်ရှိတယ် (ဝိနယဝိနိစ္ဆယဋီကာ၊၂၊၁၆။ ၁၉၀၂-ဂါထာအဖွင့်)။ သပိတ်ထဲမှာ အလှူခံခွင့်ရှိတာ စားကောင်း လို့ ပေါ့။ ထုံးလည်း ဆေးဖက်ဝင်လို့ အပ် စပ်ဖို့ များပါတယ်။ အသီး (ကွမ်းသီး)၊ အရွက် (ကွမ်းရွက်)၊ အမှုန့် (ထုံး)စသည်ပါတဲ့ အားလုံးကို တမ္ဗူလ (ကွမ်းယာ) လို့ ခေါ်တယ် (တမ္ဗူလံ နာမ ဖလပတ္တစုဏ္ဏာဒိ ယောဂ သမူဟာနံနာမံ (ဓာန်၊ဋီ၊၅၈၉)

အဲဒီ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး သုံးမျိုးပေါင်းဖြစ်တဲ့ ကွမ်းယာဟာ ဆေးဖက်ဝင် အသီးအရွက်တွေကို ပေါင်းထားတာဖြစ်လို့ ဝိနည်း အရ အပြစ်မရှိနိုင်ဘူး။ ဒါကြောင့် ဂိလာန (နာမကျန်းတဲ့) ရဟန်းတွေ ဆေးဝါး အဖြစ်နဲ့ ကွမ်းယာနဲ့ ဆေးကို အကပ်ခံပြီး ငုံ၊ ရှုခွင့်ရှိကြောင်း နားလည်ရပါတယ်။

ကွမ်းသမိုင်း

ကွမ်းနဲ့ ကွမ်းအစ် ဝေါဟာရတွေကို အေဒီငါးရာစု အဋ္ဌကထာ ကျမ်း (ဇာ၊ဋ္ဌ၊၂၊၂၈၉။ ဇာ၊ဋ္ဌ၊၆၊၂၀၇)တွေမှာတွေ့ရလို့ ကွမ်းစားတဲ့ ထုံးစံဟာ အိန္ဒိယမှာ အတော် ရှေးကျချိန်ကပင် ရှိခဲ့ပုံပါပဲ။ ကောဇာ ၆၀၃ ခုနှစ်၊ မိဘုရားစော ရေးထိုးတဲ့ ကူနီဘုရား ကျောက်စာမှာ စာသင် တိုက်ရှိ ရဟန်းတွေအတွက် ကွမ်းဖိုးနဲ့ ကွမ်းသီးဖိုးအဖြစ် စပါးတွေ လှူဒါန်းကြောင်း ဖော်ပြလို့ ပုဂံခေတ်မှာ ရဟန်းများ ကွမ်းကို စားသုံး ကြောင်း သိရတယ်။ အမတ်ကြီး ရာဇသင်္ကြန်ကို သီဟသူက ကွမ်း တံ တွေးနဲ့ ထွေးတာ၊ ရခိုင်ဘုရင်မင်းထီးလည်း ကွမ်းစားပြီး နန်းတော် တိုင်မှာ ထုံးတို့မိလို့ မိမိထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း မိမိလက်ညှိုးကို ကိုယ်တိုင် ဖြတ်တာတွေကို ထောက်ရင် ရှေးခေတ်ကတည်းက ဘုရင်ရော ဆင်းရဲသားတွေပါ ကွမ်းစားကြောင်း သိရတယ်။

ဆေးလိပ်

သမိုင်းမတင်မီ ခေတ်က ဌာနေအမေရိကန်(Native American) တွေ တည်ဆောက်ခဲ့တဲ့ သချုႋင်းဂူတွေမှာ ဆေးဆံတွေ တွေ့ရသတဲ့။ ၁၄၉၂ မှာ ကိုလံဗတ် အမေရိကတိုက်ကို ရောက်ပြီးနောက် ဆေးရွက်ပင် စိုက်ပျိုးမှုဟာ ဌာနေအမေရိကန်တို့ဆီက တစ်ဆင့် တစ်ဖြည်းဖြည်း ဥရောပတိုက်နဲ့ ကမ္ဘာတစ်လွှားကို ပြန့်နှံ့သွားကြောင်း ဆိုပါတယ်။ အမေရိကန်တို့ရဲ့ ရှေးဦး အခြေခံစီးပွားရေးဟာ ဗာဂျီးနီးယား ပြည်နယ် မှာ ဆေးရွက်စိုက်ပျိုးမှုနဲ့ စတင်ခဲ့တယ်။ ဒါကြောင့် ဆေးရွက်ကြီးစိုက် ပျိုးမှုနဲ့ ဆေးလိပ်သောက်တဲ့ အလေ့ဟာ အနောက်နိုင်ငံတွေမှာလည်း ရှေးအခါကပင်ရှိတယ်လို့ ဆိုနိုင်တယ်။

၁၉၄၅ ခုနှစ်၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု (ယခု ယူကရိန်းနိုင်ငံ) ယော်လ်တာမြို့မှာ ကြီးသုံးကြီး တွေ့ဆုံတဲ့ မှတ် တမ်းတင်ဗွီဒီယိုမှာ ဗြိတိသျှ ဝန်ကြီးချုပ်ချာချီက ညာလက်နဲ့ ဆေးပြင်း လိပ်ကို မကြာမကြာဖွာ၊ ပြာကို ဘေးနားခါချ (ဆေးလိပ်ခွက်မတွေ့မိ)၊ အမေရိကန် သမ္မတ ရုစဗဲလ်က ဘယ်လက်နဲ့ စီကရက်ဖွာနေတုန်း ဆေးတံသမား အိမ်ရှင် ကွန်မြူနစ် စတာလင်ကတော့ လက်ယှက်ပြီး ခပ်တည်တည် ထိုင်နေတာကို တွေ့ရလိမ့်ယ်။ သုံးယောက်လုံးမှာ ဟန် တစ်မျိုးစီနဲ့ လျှို့ဝှက်ချက်တွေ စိတ်ဖိစီးမှုတွေ ကိုယ်စီရှိနေတဲ့ ပုံပါပဲ။

အရှေ့နဲ့ အနောက် ဘယ်သူက အရင် ဆေးလိပ်သောက် သလဲ ဆိုတာကိုတော့ ပညာရှင်တွေအတွက် ချန်ထားခဲ့ပါတယ်။

ယနေ့ခေတ်

ဆေးလိပ်နဲ့ ကွမ်းယာဟာ ရာစုနှစ်တွေချီပြီး လူ့အသိုင်းအဝိုင်းမှာ နေ ရာယူခဲ့ပေမယ့် ယနေ့ခေတ်မှာ လူတွေရဲ့အမြင်ပြောင်းလဲသွားပြီ။ ဆေး လိပ်ထဲမှာပါတဲ့ ဓာတ်တစ်မျိုးက ကုသဖို့ဆေးမရှိတဲ့ ကင်ဆာရောဂါကို ဖြစ်စေလို့ ကမ္ဘာတစ်ဝန်းလုံးမှာ ဆေးလိပ်မသောက်ဖို့ လူတွေကို ပညာ ပေးနေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူနဲ့ ပတ်သက်ပြီး လူအများစုရဲ့ ခံစားချက်လည်း တဖြည်းဖြည်းနဲ့ အဆိုးဖက်ကို များလာနေ တဲ့ အတွက် ဝိနည်းအရ အပြစ်မရှိဘူးလို့ ဆိုရင်တောင် ဒကာဒကာမတို့ ရဲ့စံပြပုဂ္ဂိုလ် ဖြစ်သင့်တဲ့ ရဟန်းတော်တွေ ဆေးလိပ်စွဲနေရင် ဖြတ်၊ ဆေး လိပ်မသောက်ရင်လည်း မစမ်းမိဖို့ အထူးသတိထား သင့်ပါတယ်။

ကွမ်းဟာ မူးယစ်ဆေးလို လူကိုစွဲစေတဲ့ အစွမ်းရှိလို့ ကွမ်းစားသူဟာ ပညာတတ် အသိုက်အဝန်းရဲ့အထင်သေးတာကို ခံရတယ်။ သွား လာရင်း ကွမ်းစားသူတွေ ကြုံရာမှာ ကွမ်းတံတွေးကို ထွေးချတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေလို့ သိပ်ပြီး အရုပ်ဆိုးပါတယ်။ ဒါကြောင့် အများ နားလည်မှုအရ ကွမ်းစားသူရဲ့ လူ့အဆင့်အတန်းလည်း ဝါးလုံး ခေါင်းထဲမှာ လသာရုံက လွဲလို့ (ကိုယ့်ဩဇာ လွှမ်းမိုးတဲ့ ပရိသတ် ကလေး လောက်မှာတော့ ဟိုက်ဟန်နဲ့ စတိုင်တစ်မျိုး ဖြစ်နေဖွယ် ရှိ ပေမယ့်) လူတော မတိုးနိုင်တော့ဘူး။ ကွမ်းစားတဲ့ မြန်မာအမျိုးသမီး တွေလည်း ကွမ်းကြောင့် မိမိရဲ့အလှကို အကျည်းတန် အရုပ်ဆိုး ဖြစ် မသွား စေသင့်တော့ဘူး။

ယနေ့ခေတ်မှာ မြန်မာ့မြေတစ်ဝန်း ခေတ်စားလာနေတဲ့ အရက်၊ ဆေးလိပ်နဲ့ ကွမ်းကိုဝိုင်းဝန်းတားဆီးဖို့ ဆရာတော် ရဟန်းသံဃာ တော်တွေမှာလည်း အထူး တာဝန်ရှိတာကြောင့် ကိုယ်တိုင်က စံပြဖြစ် ပြီး လူငယ်တွေကို စည်းရုံးပညာပေးဖို့ အချိန်တန်နေပါပြီ။

၃၀၈။ မဟာပြုံးနဲ့ အပြုံးခံမလား

ဇူလိုင် ၂၊ ၂၀၁၃။

---

ဆရာတော်ဘုရား .. တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးက ဆရာတော် ဦးဝီရ သူရဲ့ ဓာတ်ပုံကို ကြည်ညိုဖွယ် မဟုတ်ဘဲ ကွန်ပျူတာနဲ့ ပြုပြင်ထားတဲ့ ရုပ်ကြမ်းပုံနဲ့ The Face of Buddhist Terror လို့ ဖော်ပြတဲ့ ဆောင်းပါးကို ဆရာတော်တို့ ဖတ်ပြီးဖြစ်မည်လို့ ယူဆပါသည်။ တပည့်တော်တို့လည်း အဲဒီဆောင်းပါးကို ဖတ်ရပြီးနောက် ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ အလွန် စိတ်မချမ်းသာ ဖြစ်ရပါသည်။ ထိုဆောင်း ပါးနှင့်ပတ်သက်၍ ဆရာတော်တို့ မည်သို့တုံ့ပြန်လိုပါ သနည်း။

မစိန်စိန်

---

အဆိပ်မဟုတ်

USA က မဂ္ဂဇင်းမှာတော့ ဓာတ်ပုံကို စာမျက်နှာ-၄၃ မှာပဲ တွေ့ရတယ်။ မျက်နှာဖုံးမှာ မဟုတ်ဘူး။ ဆောင်းပါးရဲ့ အပေါ်ယံ ဖော်ပြမှု အနေနဲ့ ဘုန်းကြီး နားလည်ပုံ အချို့က ‘ဘာမဇ္ဈိမပဋိပဒါလဲ၊ ဘာသူ့ သက်မသတ်ရ သီလလဲ၊ နင်တို့ ဗုဒ္ဓဘာသာလည်း မူဆလင်နဲ့ ခရစ်ယန် တွေလို အစွန်းရောက်ပြီး အကြမ်းဖက်တာပါပဲ။ နင်တို့ ဘုန်းကြီးတွေလည်း ဘင်လာဒင်လို အကြမ်းဖက်ဖို့ လူတွေကို လှုံ့ဆော်တာပါပဲ။ ဘာသာရေးဆိုတာ အဆိပ်ပဲ’လို့ အခြားဘာသာတွေကိုပါ ဝှေ့ရမ်းရင်း ပုဂ္ဂိုလ်တစ်ဦးကို ကိုင်ပြပြီး ဗုဒ္ဓဘာသာ တစ်ခုလုံးကို စွပ်စွဲစော်ကားလိုတဲ့ သဘောတွေ တွေ့ရတယ်။ လူတစ်ယောက်ရဲ့ လုပ်ဆောင်မှုဟာ အခါခပ်သိမ်း မပြည့်စုံနိုင်လို့ အဲဒီပုဂ္ဂိုလ်နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်ကို ဝေဖန်ရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘာသာတရား တစ်ခုလုံးကို ရည်ရွယ်ပြီး အဲဒီလို ပြောတာတော့ မတရားဘူးလို့ ယူဆပါတယ်။

ဘိုင်ဘယ်လ်နဲ့ ကိုရ်အာန် ကျမ်းတွေထဲက စာပိုဒ်တွေကို ကိုးကားပြီး အဲဒီစကားတွေဟာ ကိုးကွယ်သူကို အကြမ်းဖက်ဖို့ ဖြစ်လာစေတယ်လို့ လေ့လာသူတို့ ထောက်ပြကြသလို ဗုဒ္ဓကျမ်းစာထဲက ဗုဒ္ဓမိန့် ကြားတာကို ကိုးကားပြီး ‘ဗုဒ္ဓဝါဒလည်း အကြမ်းဖက်ဖို့ သင်ကြားတယ်’ လို့ ဆိုနိုင်ရင်တော့ သူပြောတာတွေကို လက်ခံနိုင်စရာ ရှိတာပေါ့။

အမုန်းရင်းမြစ်

ဗုဒ္ဓဝါဒီ တစ်ဦးအနေနဲ့ ပြန်ရှင်းပြခွင့်ရှိပါတယ် .. ကျမ်းဂန်က သူတစ်ပါး အသက်ကိုမသတ်ဖို့ သင်ကြားပေမယ့် ကိုယ့်ကိုထိလာတဲ့အခါ သာမန်လူသားအနေနဲ့ ဒေါသမွှန်ပြီး ‘ငါက ဗုဒ္ဓဘာသာ၊ ငါးပါးသီလ ထိန်းရမယ်’ဆိုတဲ့ အသိတရား ကင်းလွတ်လို့ စိတ်ကို မထိန်းနိုင်တဲ့ အတွက် လက်လွန်ကုန်ကြရတာပါလို့။ ဒါကြောင့် ဒီအကြမ်းဖက်မှုတွေကို ဗုဒ္ဓဝါဒကြောင့် ဖြစ်ရတယ်လို့ချည်း တစ်ဖက်သတ် အပြစ်တင်လို့ မဖြစ်နိုင်ဘူး။ ရန်ဖြစ်လို့ အထိနာကြပြီဆိုရင် နှစ်ဖက်လုံးမှာ အမုန်းတရားဆိုတာ ဖြစ်လာစမြဲပါ။ ဘယ်သူ့ကို ဘယ်သူက အမုန်းတရားတွေ ပွားနေတယ် ပွားအောင် လုပ်နေတယ်လို့ တစ်ဖက်တည်းကိုပဲ အပြစ်ဆိုခွင့် မရှိဘူး။ ဘာသာတရားနဲ့လည်း မဆိုင်တော့ဘူး။

ဟုတ်ပါတယ် .. ယုံကြည်မှုတူရာ ပေါင်းစည်းသွားတဲ့ သဘောတော့ ရှိတာပေါ့။ ဒီလိုဖြစ်လို့သာ ဘာသာရေးကို အဆိပ်လို့ ဆိုရင် လူမျိုးစု တစ်ခုကလာတဲ့ ဆောင်းပါးရေးသူနဲ့ ၎င်းရဲ့ မိသားစုကိုက အဆိပ်လိုဖြစ်နေမှာပဲ။

လူတစ်စု

ခရစ်စတိုဖာ ဟစ်ချင်းစ် ဆိုသူက God is not great စာအုပ်ကို ရေးတော့ သတင်းစာဆရာတွေက စာရေးသူကို သူရဲကောင်းဆိုပြီး ဝိုင်းဝန်း လက်ခုပ်တီးပေးကြတယ်။ အဲဒီ စာအုပ်လည်း Best Seller ဖြစ်သွားတယ်။ အာရှက လူက ဘာသာရေးဟာ ဘိန်းနဲ့ တူတယ်လောက်ပဲ ပြောပေမယ့် ဒီလူကျတော့ ဘာသာရေးဟာ အားလုံးရဲ့ အဆိပ်အတောက်ပဲတဲ့။ ပြီးရင် သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့မှာ ဗုဒ္ဓဝါဒ လူသတ်သမား (Buddhist Murderer) တွေက လူနည်းစုတွေကို သတ်ဖြတ်လို့ ဗုဒ္ဓဝါဒလည်း လူသတ်တာပါပဲတဲ့။ အဲဒီလို မိမိတို့ရဲ့ လက်ရှိဘာသာတရားကို လက်မခံနိုင်ဖြစ်နေရာကနေ ဘာသာတရား အားလုံးကို မကောင်းမြင်ပြီး အပေါ်ယံအကြောင်းတစ်ခုနဲ့ ဗုဒ္ဓဝါဒကိုပါ အကြမ်းဖက်မှုထဲ ဆွဲထည့်လိုတဲ့ အုပ်စုတစ်ခု ကမ္ဘာတစ်လွှားမှာ ရှိနေတယ်။

ကိုယ့်ကိုယ်ကို အလွန် အထင်ကြီးလေ့ရှိတဲ့ သတင်းစာ သမားဆိုသူ ခပ်များများဟာ ဒီလိုလူအုပ်စုထဲမှာ ပါနေလေ့ရှိတယ်။ ဒါကြောင့် အားလုံးကို တုတ်ကြမ်းနဲ့ ရမ်းထားတာ ထောက်ရင် အခင်းဖြစ်ပွားစေတဲ့ အဆိုပါဆောင်းပါးကို ရေးတဲ့ လူလည်း ထိုလူစုရဲ့ယူဆပုံနဲ့ တူလို့ ‘အကန်းဖော်ရှာသူ’လို့ ဘုန်းကြီးတို့က ပြန်ချေခွင့်ရှိပါတယ်။

မပေါ့နဲ့

ဆောင်းပါး ရေးသူရော မဂ္ဂဇင်းအဖွဲ့ပါ ကိုယ့်အပြစ်လွတ်အောင် (သို့မဟုတ် စည်းကမ်းရှိလို့ လုပ်နေကျအတိုင်း) မေးမြန်းခဲ့တာတွေကို တိပ်ခွေနဲ့ ဖမ်းထားနိုင်တယ်။ ဒါကြောင့် ကာယကံရှင် ပြောတဲ့ အတိုင်း မရေးဘူးဆိုတာ စကားပြန်ရဲ့ အမှားကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဆရာတော် သံဃာတော်တို့မှာ သတင်းမီဒီယာနဲ့ တွေ့ပြီး အရေးကြီးတဲ့ စကား ပြောတော့မယ်ဆိုရင် ခပ်ပေါ့ပေါ့ မလုပ်ဘဲ အမှန်အတိုင်း တိတိကျကျ ဘာသာပြန်နိုင်တဲ့ ကိုယ့်အထဲကလူ လိုပါတယ်။ မသေချာရင် မပြောပါနဲ့။ လာမေးသူဟာ ဘယ်အကြံအစည် ရှိတယ်ဆိုတာကို မသိနိုင်ဘူး။ အများစုဟာ မိမိနဲ့ နိုင်ငံမတူ၊ ယုံကြည်မှုနဲ့ ယဉ်ကျေးမှုတွေ ကွဲပြားတဲ့အတွက် မည်သူ့ကိုမျှ မည်သည့်အခါမျှ ကိုယ့်ကို နှစ်သက်သူလို့ လွယ်လွယ်နဲ့ လက်ခံပြီး ဘယ်တော့မှ ကိုယ့်နှလုံးသားထဲက အရှိတရား အားလုံးကို ယုံကြည်စွာ ဖွင့်မချမိပါလေနဲ့။ သူတို့က မျက်နှာပေး သိပ်ကောင်းပြီး ဟန်ဆောင်တာ ပိရိလွန်းတယ်။

သူတို့ဘဝ

ကလေးတွေကို ပြောရဲ ဆိုရဲအောင် စည်းကမ်း လိုက်နာအောင် လေ့ကျင့်ပေးတယ် ဆိုတာမျိုးတွေက ဒီဘက်ရဲ့ ကောင်းတဲ့ ရှုထောင့်ပေါ့။ ဒါကြောင့် တည်ငြိမ် ကောင်းမွန်သူတွေ ရှိတာကိုလည်း မငြင်းပါဘူး။ ဒါပေမယ့် ၎င်းတို့ရဲ့ သုတေသနအရပဲ ငါးဆယ် ရာနှုန်းထက် မနည်းတဲ့ ကလေးတွေဟာ Singal Mother တွေနဲ့ လူလားမြောက်ရလို့ အရွယ်ရောက်တဲ့ အခါ စိတ်ထိခိုက် လွယ်တယ်။ အပြောင်းအလဲ သိပ်မြန်တယ်။ သူ့စကားကြောင့် တစ်ဖက်လူ ဘယ်လို ခံစားသွားရမယ်ဆိုတာကို မစဉ်းစားဘူး။ ကိုယ်ရရင် ပြီးရော။ အားနာတယ်ဆိုတဲ့ စကားလုံးမရှိ။ တစ်ခုခု စိတ်ထဲ ရောက်နေပြီဆိုရင် နောက်လူက ဘာပြောပြော မကြားတော့ဘူး။ အပြင်ပန်းအရ သပ်ရပ်သားနားပြီး ဘာဘွဲ့ရ၊ ဘာအရာရှိ ဆိုပေမယ့် တစ်ခါတစ်ရံ ကလေးစိတ်မျိုးနဲ့ စက်ရုပ်လို လူတွေလည်း အများကြီးပါပဲ။ အဲဒီလို လူတွေ ဆုံးဖြတ်ရင် ရာနှုန်းပြည့် မမှန်နိုင်တော့ဘူး။

ဒီတော့ ဆောင်းပါးရေးသူ အပါအဝင် အဆိုပါ မဂ္ဂဇင်းရဲ့ လက်ရှိ တည်းဖြတ်အဖွဲ့ထဲက အဆုံးအဖြတ် ပေးနိုင်သူတွေထဲမှာ ဖီလင်မဲ့ လူ့စက်ရုပ်တွေ မပါဘူးလို့ အာမမခံနိုင်ဘူး။ ဒါကြောင့် ယခင်က မြန်မာနိုင်ငံသို့မဟုတ် ဗုဒ္ဓဝါဒနဲ့ ပတ်သက်ပြီး မည်သို့ရေးခဲ့သည်ဖြစ်စေ ၎င်းတို့ရဲ့ယခုဆုံးဖြတ်ချက်ကိုတော့ လက်ခံဖို့မဖြစ်နိုင်ဘူး။

သတိထား

သူတို့ ယဉ်ကျေးမှုက နင်ကျွေးလို့ ငါစားတာ၊ ငါပြန်ကျွေးစရာ မလိုဘူးတဲ့။ သူတို့ဆီမှာ အတုံ့အလှည့် ဆိုတာမျိုးက ရှိတော့ရှိတယ် ရှားတယ်လို့ ပြောရမယ့်အနေပါ။ ဒါကြောင့် ဘိုစုတ်တွေနဲ့ တွေ့တဲ့အခါ အကြောင်း မသိဘဲခင်လို့ သနားလို့ ဆိုပြီး ဘာတစ်ခုမှ အလကား မပေးပါလေနဲ့။ တန်ရာတန်ကြေးပိုက်ဆံ တောင်းပါ။ ဒုက္ခရောက်ရင်တော့ စေတနာနဲ့ ကူညီသင့်တာပေါ့။

အထူးသဖြင့် သနားလွယ် လက်ဖွာတဲ့ ရဟန်းတော်တွေ သတိထားသင့်တယ်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့ ဆိုပြီး အရေးပေး၊ ထဲဝင် ပြင်ထွက်၊ ပရောပရည် ဘယ်တော့မှ မလုပ်မိပါလေနဲ့။ စည်းခြားထားပါ။ ကိုယ့်ဖက်က အားနည်းချက်ကို သူတို့ ကောင်းကောင်း သိတယ် ဗျို့။ အဲဒီ ဆောင်းပါးကို ရေးတဲ့ မျက်နှာဖြူမ ဆိုရင် ကိုယ်တော်တို့ ကျွေးတာကို အဝစားပြီး ကိုယ်တော်တို့ ခေါင်းကိုသာမက ရှင်တော် ဗုဒ္ဓရဲ့ မဏိတော်ကိုပါ ကလောင်သွားနဲ့ ခေါက်သွားတယ် မဟုတ်လား။ သင်ခန်းစာ ယူတော်မူကြပါ။

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက်လည်း လမ်းဘေးထွက်ပြီး ဟော်လန်ကြီးနဲ့ မအော်ဘဲနဲ့ သူများတွေလို အဆောင်ထဲမှာ သိုသိုသိပ်သိပ် ဖြစ်သင့်တယ်။ အထူးသဖြင့် ယခုလို အချိန်အခါ မျိုးမှာပေါ့။

အခွင့်အရေး

မူဆလင်တွေ World Trade Center ကို လေယျာဉ်နဲ့ ဝင်တိုက်လို့ လူပေါင်း ၃၇၀ဝလောက်လည်း သေရော၊ ဘုချ်အစိုးရက ချက်ခြင်း လက်တုံ့ပြန်တဲ့ အနေနဲ့ အာဖဂန်ကို သွားတိုက်လို့ အရပ်သားတွေ သေတဲ့အခါ မူဆလင်အများစုနဲ့ ရုရှားကပဲ လူ့အခွင့်အရေး အော်တယ်။ ကျန်တဲ့ ကမ္ဘာက အတော် နှုတ်ဆိတ်နိုင်အားတာကို သတိပြုမိတယ်။ အင်း .. သူ့ကို မထိသေးရင် လူ့အခွင့်အရေး၊ သူ့ကို ထိရင်တော့ သူ့အခွင့်အရေးဖြစ်သွားတာပဲ။ ကူညီရေး ဘာညာလာပြီး၊ နောက်ဆုံး ကူညီခံတွေမှာတော့ ဆင်ပါးစပ်ကို ကော်ဖီဇွန်းနဲ့ နှမ်းပက်သလောက်ပဲ။ သူတို့ကပဲ မြိုးမြိုးမြက်မြက် ယူသွားကြတာပါ။ ဒီတော့ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အခွင့်အရေးဟာ ကိုယ့်အခွင့်အရေးပါပဲ။ အကြမ်းတော့ မဖက်မိပါစေနဲ့။ စိတ်ကိုထိန်းပြီး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း တစိုက်မတ်မတ် စုပေါင်းစွမ်းအားနဲ့ တရားဝင်လာအောင် အချိန်ယူပြီး လုပ်ဆောင်သွားရမယ့် အနေမျိုးရှိပါတယ်။

မြေခွေးငပု

အရေးတကြီး စဉ်းစားနိုင်ဖို့ Thos C. Thrum ရဲ့ ‘ဟာဝေယန်လူထုပုံပြင်များ’ စာအုပ်ထဲက ပုံပြင်တစ်ခုကို မြန်မာမှု မွမ်းမံပြီး မျှဝေလိုက်ပါတယ်။ ခေါင်းစဉ်က ‘မြေခွေးငပု’တဲ့ ..

အင်မတန် ကောက်ကျစ် ရက်စက်တဲ့ မြေခွေးငပုဟာ အကြံတစ်ခုနဲ့ ရုတ်တရက် မထင်မရှား ဗျာဒိတ်ကျွန်းကို သွားပြီး သူ့လူတစ်ယောက်ကို တောဝက်ယောင် ဆောင်စေလျက် မျောက်စိတ်တိုရဲ့ အိမ်က ကြေးဆည်းလည်းကို ခိုးခိုင်းသတဲ့။ သူ့ကြေးဆည်းလည်း ခိုးခံရတာကို မျောက်စိတ်တို သိသွားပြီး တောဝက်နဲ့ ရန်ဖြစ်တယ်။ မျောက်စိတ်တိုဖက်က မျောက်အုပ်ကြီးပါလာ၊ တောဝက်ကလည်း တောထဲက ဝက်တွေကို အကူအညီတောင်း၊ နောက်ဆုံးအုပ်စုလိုက် ရန်ပွဲကြီးဖြစ်သွားလို့ မျောက်တွေလည်း အမြီးပြတ်၊ တောဝက်တွေလည်း အသိုက်ပျက်သတဲ့။ ဒါနဲ့ မျောက်စိတ်တိုရဲ့ စိုက်ခင်းက အသီးအရွက်ကို ဝေစုရတဲ့ ကြံ့သူတော်လည်း စိတ်မကောင်းဖြစ်ပြီး မျောက်တွေဖက်က ကာဆီးကာဆီး လုပ်သတဲ့။ ဒီတော့ ဘေးက ညာသံပေးတဲ့ ဆင်အုပ်ကြီးကရော တောဝက်ရိုင်းတွေကပါ ကြံ့သူတော်ကို အော်သူအော် ဆဲသူဆဲသတဲ့။

အဲဒီအချိန်မှာ မြေခွေးငပုဟာ သူတို့ ဝရုန်းသုန်းကားဖြစ်နေတာတွေကို ချုံပုတ်အောက်မှာ ပုန်းကြည့်ရာကနေ ဒီကောင်တွေ ဒီလိုဖြစ်မှ ဗျာဒိတ်ကျွန်းက ရတနာသိုက်ကို ငါ တူးနိုင်မှာလို့ တွေးပြီး ပါးစပ်တစ်ခြမ်းနဲ့ မဟာပြုံး ပြုံးရင်း ယစ်ရည်ခွက်ကို ငှဲ့နေလေသတဲ့။ ပုံပြင်က ဒီမျှသာ။ သင်ခန်းစာ .. ပြဿနာ ငြိမ်းချင်ရင် ပြဿနာကို ဖန်တီးသူ မြေခွေးငပုကိုလည်း တရားပြဖို့ လိုကြောင်းပါ။

သူတော့်နှလုံး

ဟုတ်သောအကြံ မှန်သောအကျင့် သင့်သော အယူ ဖြူသော နှလုံးသူတော့်ထုံးကို စွဲသောသောထွေ မှန်လှစေ။ (ရှင်မဟာရဋ္ဌသာရ)

---

၃၀၉။ ကံကြမ္မာယိုးမယ်ဖွဲ့

ယခုဘဝချမ်းသာခြင်း၊ အဆင်းလှခြင်း၊ ပညာရှိခြင်း.. စသော အကျိုးတို့သည် ယခင်ဘဝက ကောင်းမှုအကြောင်းကြောင့် ဖြစ်ရပါသည်။ ထို့အတူ ယခုဘဝ ဆင်းရဲခြင်း၊ အဆင်းမလှခြင်း၊ ပညာနည်းခြင်း .. စသည်တို့သည်လည်း ယခင်ဘဝက မကောင်းမှု အကြောင်းကြောင့် ဖြစ်ရပါသည်။ ယခုဘဝ၏ အကျိုးတို့သည် ယခင်ဘဝ၏ အကြောင်းတို့နှင့် သက်ဆိုင်ခဲ့ပါမူ ထိုနည်းတူစွာ ယခုဘဝ ကောင်းမှုပြုခြင်း၊ ကောင်းမှုမပြုခြင်းတို့ သည်လည်း ပြီးခဲ့သော ဘဝများနှင့် သက်ဆိုင်ပါသလား ဘုရား။ ယခုဘဝတွင် ဒီအချိန်၌ ဘာဖြစ်မည်၊ ဒီအချိန်ရောက်လျှင် ဘယ်လို ခံစားရမည် စသည်အားဖြင့် ဒီဘဝ၏ ဖြစ်နေသမျှသော ကောင်းကျိုးဆိုးကျိုးများစွာတို့သည် ယခင်ဘဝနှင့် ဆက်နွယ်ခဲ့ပါမူ ကံအသစ်ကို မည်သို့ ဖန်တီး၍ ရနိုင်မည်ကို သိလိုပါ၏ ဘုရား။ တပည့်တော် ထပ်၍ သိလိုသည်မှာ ယခင်ဘဝက ပြုခဲ့ဖူးသော ကံအကြောင်းတို့သည် ယခုဘဝတစ်ခုလုံးကို လွှမ်းမိုးနိုင်ပါသလား ဘုရား။ ဖြေကြားပေးစေလိုပါသည်။

Samar Par

---

မမှန်မပြည့်စုံ

‘ယခုဘဝချမ်းသာခြင်း၊ အဆင်းလှခြင်း၊ ပညာရှိခြင်း.. စသော အကျိုးတို့သည် ယခင်ဘဝက ကောင်းမှုအကြောင်းကြောင့် ဖြစ်ရပါသည်။ ထို့အတူ ယခုဘဝဆင်းရဲခြင်း၊ အဆင်းမလှခြင်း၊ ပညာနည်းခြင်း .. စသည်တို့သည်လည်း ယခင်ဘဝက မကောင်းမှု အကြောင်းကြောင့် ဖြစ်ရပါသည်’ လောက်ကိုပဲ နားလည်နေရင် မမှန်။ ဘာကြောင့်ဆို ဒီဘဝ ကောင်းခြင်း ဆိုးခြင်းဆိုတာ အတိတ်ကံ အကြောင်း တစ်ခုတည်းကြောင့် ဖြစ်ရတယ်လို့ တထစ်ချ မဆိုနိုင်လို့။ ‘ယခုဘဝ၏ အကျိုးတို့သည် ယခင်ဘဝ၏ အကြောင်းတို့နှင့် သက်ဆိုင်ခဲ့ပါမူ’ဆိုတဲ့ စကားရပ်မှာ မပြည့်စုံ။ ‘ယာဒိသံဝပ္ပတေဗီဇံတာဒိသံ လဘတေ ဖလံ= အကြောင်းမျိုးစေ့နှင့် တူညီသော အကျိုးကိုရ၏ (သံ၊၁၊၂၂၉)’လို့ ဟောတော်မူရာမှာ တူညီတဲ့ အကျိုးကို ပေးတာမှန်ပေမယ့် အကျိုးပေးပုံ အမျိုးမျိုးရှိတဲ့အတွက် ‘သက်ဆိုင်မှု’လည်း ခြားနားလို့ ပါ။

မသက်ဆိုင်

ပဋိသန္ဓေကျိုးနဲ့ ပဝတ္တိအကျိုးလို့ အကျိုးပေးပုံ နှစ်မျိုးရှိတယ်။ ဆိုပါတော့ .. ပဋိသန္ဓေကျိုးအနေနဲ့ မင်းအိမ်မှာ မွေးလို့ မင်းသား။ ဒါပေမယ့် ပဝတ္တိအခါ မိတ်ဆွေယုတ်နဲ့ ပေါင်းသင်းမိလို့၊ ကိုယ်တိုင်က ဆင်ခြင်ဉာဏ်နည်းလို့၊ သောက်စား မူးယစ်ကြူးလို့ .. စတဲ့ အကြောင်းတွေကြောင့် ညစ်ကျုတဲ့ စိတ်တွေနဲ့ မကောင်းတာကို လုပ်ခြင်းဆိုတာ ဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်ရင် ပဝတ္တိအခါမှာ ကောင်းကျိုးကို မရနိုင်တော့ဘူး။ မင်းသား ပေမယ့် မင်းဖြစ်ချင်မှ ဖြစ်တော့မယ်။ အဲဒီလိုပဲ ပညာရှိကို အပေါင်းအသင်း လုပ်ခြင်း၊ ကြားမြင်သုတရှိခြင်း၊ အသင့်နှလုံးသွင်း တတ်ခြင်း၊ လုံ့လပြုခြင်း .. စတဲ့ ပစ္စုပ္ပန် အကြောင်းတရားတွေနဲ့ ပဋိသန္ဓေကျိုးကို တိုးတက်အောင်နဲ့ ခိုင်မာအောင် လုပ်နိုင်တယ်။ ဆင်းရဲသားရဲ့ အိမ်မှာ မွေးပေမယ့် ချမ်းသာနိုင်တာဟာ ဒီသဘောကြောင့်ပါ။

မဟာဇနက

‘ယခုဘဝတွင် ဒီအချိန်၌ ဘာဖြစ်မည်၊ ဒီအချိန်ရောက်လျှင် ဘယ်လို ခံစားရမည် စသည်အားဖြင့် ဒီဘဝ၏ ဖြစ်နေသမျှသော ကောင်းကျိုးဆိုးကျိုး များစွာတို့သည် ယခင်ဘဝနှင့် ဆက်နွယ်ခဲ့ပါမူ’လို့ နားလည်နေရင် မမှန်။ ကံအကျိုးပေးကို အချိန် အတိအကျနဲ့ သတ်မှတ် ပိုင်းခြားနိုင်ခြင်း မရှိ။ ယခင်ဘဝနှင့်ချည်း ပတ်သက်နေတယ်လို့လည်း မဆိုနိုင်။ ဘာကြောင့်ဆို အရာခပ်သိမ်းဟာ အတိတ် အကြောင်းကြောင့်ချည်း ဖြစ်ရသည် မဟုတ်။ ပစ္စုပ္ပန်မှာ ဉာဏ်နဲ့ ဝီရိယရှိမူ အတိတ်အကြောင်း တရားကို ပစ္စုပ္ပန်ကံသစ်က ကျော်လွှားနိုင်ကြောင်း သာဓကဝတ္ထုများစွာ ရှိပါတယ်။ မဟာဇနက မင်းသားကိုကြည့်၊ ပဋိသန္ဓေကျိုးက မင်းသား၊ ကောင်းကျိုးပေးခွင့်မကြုံခိုက် သင်္ဘောနစ်လို့ ဒုက္ခရောက်တယ်၊ အလျှော့မပေး၊ ကြိုးစား၊ ဉာဏ်ကို လွှာသုံး၊ နောက်ဆုံး မင်းပြန်ဖြစ်တယ်။ ကောင်းတာကို လုပ်နေသရွေ့ ကောင်းတဲ့ ကံသစ်ကို ဖန်တီးနေတာပဲ။ အဲဒီလိုပဲ မကောင်းတာကို လုပ်နေရင်တော့ မကောင်းတဲ့ ကံသစ်ပေါ့။

ဒါကြောင့် ‘လုံ့လမထူ ဉာဏ်မကူဘဲ အယူတချောင်း ကံတကြောင်းမျှ မကောင်းလည်း ကံကောင်းလည်းကံဟု ကံကိုချည်းသာ မကိုးရာဘူး (မဃဒေဝ၊ ပိုဒ်-၂၄၅)’လို့ ဆုံးမပါတယ်။

မလွှမ်းမိုးနိုင်

ယခင်ဘဝ အကြောင်း တရားရဲ့ အကျိုးဆက် အနေနဲ့ ယခုဘဝရဲ့ ပဝတ္တိအခါမှာ ကောင်းကျိုးသို့မဟုတ် ဆိုးကျိုးကို ရံဖန်ရံခါ တွေ့မြင်နိုင်တယ်။ ဒါပေမယ့် တစ်ဘဝလုံးကို မလွှမ်းမိုးနိုင်ဘူး။ ဥပမာ .. နောက်ဆုံးဘဝ (ပစ္ဆိမဘဝ)အဖြစ် ပဋိသန္ဓေနေလာတဲ့ အရှင်မောဂ္ဂလာန်ဟာ ရဟန္တာ ဖြစ်တဲ့ အထိ အထွတ်မြတ်ဆုံးသော ကုသိုလ်ကျိုးကို ခံစားရတယ်။ ဒါပေမယ့် မိဘကို ကျူးလွန်ဖူးတဲ့ အတိတ်ကံဟာ ဘဝရဲ့ နောက်ဆုံးအချိန်ကျမှ အကျိုးပေးခွင့် ကြုံလာပြီး ခိုးသားတွေ အသတ်ခံရလို့ ပရိနိဗ္ဗာန်စံ ပါတယ်။ အဲဒီလိုပဲ ယခုဘဝ လုပ်ပြီးဖြစ်တဲ့ ကံသစ်တွေနဲ့ ကံဟောင်းတွေကို တားဆီးထားနိုင်တယ်။ ဒါကြောင့် ‘ကံဟူသည် အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းသည်၊ အလုပ်မကောင်းလျှင် ကံမကောင်း’လို့ ဆုံးမပါတယ်။

အံမကြိတ်နဲ့

‘မကောင်းမှုပြုသူပင် ဖြစ်သော်လည်း မကောင်းကျိုးမပေးသေးသရွေ့ အာရုံကောင်းကို တွေ့မြင်နိုင်၏။ မကောင်းကျိုး ပေးချိန်၌မူ မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာလျှင် တွေ့မြင်ရတော့၏။ ကောင်းမှုပြုသူပင် ဖြစ်သော်လည်း ကောင်းကျိုး မပေးသေးသရွေ့ အာရုံဆိုးကို တွေ့မြင်နိုင်၏။ ကောင်းကျိုး ပေးချိန်၌မူ ကောင်းမှုပြုသူသည် ကောင်းကျိုးကိုသာလျှင် တွေ့မြင်ရတော့၏ (ဓမ္မပဒ၊၁၁၉၊၁၂၀-ဂါထာ)’။

တစ်ဘဝလုံး ဓားကိုဓားချင်း လှံကိုလှံချင်းလို့ ဟစ်ကြွေးပြီး လက်မထောင်နိုင်ခဲ့ပေမယ့် မကောင်းကျိုး မှည့်ရင့်ချိန်လည်း ရောက်ရော ဟော .. သျှစ်သျှားသီး တစ်ခြမ်းကလေးကိုပဲ ပိုင်ဆိုင်တော့တဲ့ အသောက မင်းကြီးလို ဖြစ်သွားတတ်တာပါပဲ။ အဲဒီ အခါမျိုးမှာ ခံနိုင်ရည် ရှိနိုင်ခဲတတ်တယ်။

ကံအကြောင်း အနှစ်ချုပ်ကို မေးခွန်း အမှတ်-၁၆၅ကို ပြန်ကြည့်ပါ။ ထို့ထက်အကျယ်သိလိုမူ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပထမစံကျောင်း ဆရာတော် ဘုရားကြီး ရေးစီရင် တော်မူတဲ့ ကံ ဉာဏ်ဝီရိယ အဖွင့်အကျယ်ကျမ်းမှာ ဖတ်ရှုလေ့လာပါကုန်။

---

၃၁၀။ ဆင်ခြင်ပါကုန်

ဆရာတော် အရှင်သူမြတ်ဘုရား၊

တပည့်တော် နာကြားဖူးတဲ့ တရားတော်များနှင့် ပတ်သက်ပြီး တပည့်တော်၏ စိတ်ထဲမှာ တစ်ခုခု မှားယွင်းနေတယ်လို့ သံသယ ရှိလို့ မေးလျှောက်ခွင့် ပြုပါဘုရား။ မြောက်ဦးဆရာတော်၏ ဖျာပုံမြို့တွင် ဟောကားသော တရားကို နာဖူးပါသည်။ သတိပဋ္ဌာန်တရား (အမှတ် ၁) ထဲမှာ ‘ဥဒ္ဓစ္စသည် ဒိဋ္ဌိနှင့် ယှဉ်တွဲနေတယ်’လို့ ဆိုပြီး အကုသိုလ်စိတ် နှစ်ပါးထဲက ဥဒ္ဓစ္စကို ဒိဋ္ဌိဂတ သမ္ပယုတ်လို့ ဟောကြားသည်ကို ကြားနာရပါသည်။ တပည့်တော် ဆူးလေ အဘိဓမ္မာ သင်တန်း တက်စဉ်က ဥပေက္ခာ သမ္ပယုတ်လို့ သင်ကြားဖူးပါသည်။ မည်သည်က မှန်ပါသနည်း အရှင်ဘုရား။

ကိုမျိုး

---

ဥပေက္ခာ

ပထမငယ်တန်းကို ဖြေဆိုမယ့်ကိုရင်ငယ် သူတော် သီလရှင်လေးတွေ အနည်းဆုံး ၇-ပိုင်း (၇-ကဏ္ဍ)လောက်ကို နှုတ်တိုက် အာဂုံဆောင်ဖို့ ပြဋ္ဌာန်းထားတဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဆိုတာရှိတယ်။ သင်္ဂြိုဟ်ကျမ်းလို့လည်း ခေါ်တယ်။ အဲဒီကျမ်းမှာ မောဟမူစိတ် နှစ်ပါးကို ‘ဥပေက္ခာ သဟဂတံ ဝိစိကိစ္ဆာ သမ္ပယုတ္တမေကံ၊ ဥပေက္ခာသဟဂတံ ဥဒ္ဓစ္စသမ္ပယုတ္တမေကန္တိ’ လို့ ဖော်ပြပါတယ်။ ဒါကြောင့် ‘ဥဒ္ဓစ္စသည် ဥပေက္ခာနှင့် ယှဉ်တွဲနေတယ်၊ ဥဒ္ဓစ္စသည် ဥပေက္ခာသမ္ပယုတ်’လို့ ဆိုမှမှန်တယ်။ မောဟမူစိတ် နှစ်ခုလုံးဟာ ‘လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဟိတ်သုံးပါး မရှိလို့ အလွန်အမင်း တွေဝေခြင်းနဲ့ မဆုံးဖြတ်နိုင်တာ ပျံ့လွင့်တာတွေ ဖြစ်နေတဲ့အတွက် မတည်ငြိမ်လို့ တပ်မက်စိတ်ဆိုးမရှိခြင်းဆိုတဲ့ အကြောင်းတွေကြောင့် ဥပေက္ခာသဟဂုတ်ပဲ ဖြစ်တယ်၊ အဲဒီ အကြောင်းတွေကြောင့်ပဲ ထက်မြက်ပြီး လှုံ့ဆော်တဲ့ သဘာဝ ကင်းမဲ့လို့ အသင်္ခါရိက၊ သသင်္ခါရိကသဘောလည်းမရှိဘူး (ဋီကာကျော်၊ စာ-၈၁)’တဲ့။

ဒီလိုမလုပ်နဲ့

အချို့ ဓမ္မကထိကတွေဟာ ပရိသတ်ရှေ့မှာ အတော့်ကို ရဲဝံ့စွာ ‘ရမ်းချ ရောချ’တာ မတိကျတာတွေကို တွေ့ရတယ်။ တစ်ချို့ဆိုရင် မိမိဟောမယ့် သုတ္တန်ရဲ့ မူရင်း ပါဠိတော်ကိုတောင် မကြည့်ခဲ့နိုင်တာကို တွေ့ရတယ်။ ပါဠိတော်ကို အလွဲလွဲ အချော်ချော် ရွတ်တာ၊ အနက်ပြန်တဲ့ အခါ စောက်ထိုး ပြောင်းပြန် ဖြစ်နေတာတွေကို တွေ့ရတယ်။ ဘုန်းကြီးတစ်ပါးဆိုရင် ပဉ္စကနိပါတ် အင်္ဂုတ္တရပါဠိတော်မှာ လာတဲ့ မဟာသာလပုတ္တသုတ်ကို ဟောတော့ ဟောတာပဲ။ ဒါပေမယ့် အဲဒီသုတ္တန်ရဲ့ အဖွင့် အဋ္ဌကထာ ဋီကာနဲ့ အဲဒီသုတ္တန်နဲ့ ပတ်သက်ဖွယ်ရှိတဲ့ အခြား သုတ္တန်တွေကို လေ့လာမိပုံမရဘူး။ ပိုဆိုးပုံက .. အဲဒီသုတ္တန်ရဲ့အမည်နာမကိုတောင် မှန်အောင် မပြောနိုင်ခဲ့ဘူး။ ကျမ်းဂန် တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါး ဟောတာ ရေးထားတာကို အပေါ်ယံ နားထောင် ဖတ်ရှုပြီး တစ်ဆင့် ဟောပုံရပါတယ်။ တစ်ချို့လည်း မိမိဟောတဲ့ သုတ္တန်ကိုတောင် အသံထွက် မမှန်ဘူး။ ဥပမာ .. ရထဝိနီတသုတ်ကို ရဋ္ဌဝိနိတသုတ်လို့ ဆိုတာမျိုး။

အသည်းယား

ဘုန်းကြီး သာဆိုရင် ဘယ်နည်းနဲ့ မှ အဲဒီလို လုပ်ရဲမှာ မဟုတ်ဘူး။ အဲဒါမျိုးတွေကို ကြားနာရ ဖတ်ရှုရတဲ့ အခါလည်း အလွန် အသည်းယားတယ်။ အသည်းယားတယ် ဆိုတာ ကြောက်တာပါ။ နာယူသူတွေက ကိုယ့်ကို အထင်ကြီး ယုံကြည် လေးစားနေတာကို အခွင့်ကောင်း ယူသလို ဖြစ်နေလို့ ပါ။ ပရိသတ်ခမျာ ကိုယ်ပြောတဲ့ အတိုင်း အမှားမှတ်သွားကြရင် ကိုယ့်မှာ အပြစ်ကင်းပါ့မလား။ ဒါဟာ ဗုဒ္ဓသာသနာ ပျက်စီးကြောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်ရှေ့မှာ မဝါမကြွားဘဲ ရိုးသားသင့်တယ်။ ရိုးသားခြင်းဟာ ရဟန်းရဲ့ ဂုဏ်ရည်ပါ။ မိမိအနေနဲ့ ပါဠိတော် အဋ္ဌကထာတွေကို အာဘော်မိအောင် မဖတ်တတ်ရင်တောင် မြန်မာပြန်တွေ၊ နိဿယတွေ၊ အခြားဆရာတော်တွေရဲ့ ဟောကြားချက်တွေကိုပါ သေချာကျန လေ့လာသင့်ကြောင်းပါ။ ဟောပြောသူတွေဟာ စာအုပ်နဲ့ မျက်နှာ မပြတ်အောင်လည်း အမြဲတမ်း စာဖတ်နေသင့်ကြောင်းပါ။

သိနေတယ်

အခါ တစ်ပါးမှာဆိုရင် ဓမ္မသင်္ဂဏီဆိုတဲ့ အဘိဓမ္မာ ပါဠိတော်ကြီးရဲ့ နာမည်ကို လူပရိသတ်ရှေ့မှာ သုံးတော့ သုံးလိုက်တာပဲ။ ဒါပေမယ့် ကိုယ်ဖော်ပြတဲ့ အဘိဓမ္မာသုံး ဝေါဟာရတွေရဲ့ တရားကိုယ် အရကောက်ကို မသိတာမျိုး၊ ပိုဆိုးတာက ဟီနနဲ့ ပဏီတ၊ ကဏှနဲ့ သုက္ကဆိုတဲ့ တွဲလုံးတွေကိုပင် မှန်အောင် မပြောနိုင်တာမျိုး တွေ့ရတယ်။ နာမည်ကြီး လူသိများရာမှာ ကုသိုလ်ပါရမီ ထူးခြားလို့ ဖြစ်ရတယ် ဆိုတာကို ဘုန်းကြီး လက်ခံပါတယ်။ နာမည်ကြီးချင်လို့ လူတိုင်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဝါးလုံးခေါင်းထဲမှာ သာတဲ့ လလိုတော့ မဖြစ်သင့်ချေဘူး။ ပါဠိရွတ်ဖတ်ပုံ အနက်ပြန်ပုံနဲ့ ယူဆပုံကို နားထောင်လိုက်ရင်ပဲ ဟောကြားသူရဲ့ ပိဋကတ် အရည်အချင်းကို ပညာရှိတို့ အကဲခတ်နိုင်တယ် ဆိုတာကို သတိထားတော်မူပါကုန်။

---

၃၁၁။ သတိချပ်ပါကုန်

ဩဂုတ် ၁၆၊ ၂၀၁၃။

---

အရှင်ဘုရား၊

နာမည်ကြီးနေတဲ့ ဆရာတော်တစ်ပါးရဲ့တရားတော်ရဲ့အောက်ပါဟောကြားချက်တွေဟာ မမှန်ကန်ဟု ယူဆပါသည်။ (တရားဟော ဆရာတော်၏ ဂုဏ်သိက္ခာကိုအားနာ၍ အမည်ကို မဖော်ပြလိုပါ။)အောက်ပါ အချက်များဖြစ်ပါသည်..

‘ဗြဟ္မာ ၂၀၊ နတ်ပြည် ခြောက်ထပ်၊ လူ့ဘုံ၊ အပါယ်လေးဘုံ။ ဗြဟ္မာ ၂၀ မှာလည်းပဲ ဉာဏ်နဲ့ ပဲ ခွဲလိုက်တဲ့ အခါကျတော့ သုဒ္ဓါဝါသ ၅ ဘုံဟာ သတ်သတ် ရှိတယ်တဲ့။ အနာဂါမ်ရဟန္တာ ဗြဟ္မာကြီးတွေရဲ့ ဘုံ နော်။ ၅ ဘုံရှိတယ်တဲ့။ ကျန်တဲ့ ၁၅ ဘုံကတော့ ပုထုဇဉ်တွေလို့ ဒီလို ပိုင်းလိုက်ရင် ရပါတယ်နော်။ ဒါက အရိယာ ပုထုဇဉ်နဲ့ ခွဲတဲ့ နည်းပေါ့ နော်။ တစ်ခြားနည်းတွေလည်း ရှိတာပေါ့။ ထားတော့နော်။

သုဒ္ဓါဝါသ ငါးဘုံဟာ ဖြင့်ရင် အနာဂါမ် ရဟန္တာတွေပဲ ဖြစ်သောကြောင့်တဲ့ အောက်ပြန်မလည်တော့ဘူးတဲ့။ နိဗ္ဗာန်ကိုပဲ ဆက်ဝင်တော့မယ်။ ကျန်တဲ့ ၁၅ ဘုံကတော့ ပုထုဇဉ်တွေလို့ မှတ်ရမယ် နော်။ .. ဘုရားဉာဏ်နဲ့ ကြည့်တော့ ဗြဟ္မာများသည် ဒီ ၅-ဘုံ ချန်ထားလို့ နော် ကုသိုလ်အရှိန်နဲ့ ဖြစ်တာတဲ့။ မဟာကုသိုလ် ခေါ်တယ်၊ စျာန်စျာန်နော်။ မနေ့က သင်ခဲ့ပြီနော်။

ဒေဝဒတ် ဥဒက အာဠာရ ရသေ့ကြီးတွေဆိုရင် စိတ်ကူးတွေ အကုန် ရပ်ပစ်လိုက်တာ။ သားရေး သမီးရေးတွေကို ဖယ်၊ တောင့်တ ကြောင့်ကြတွေကို ဖယ်ပြီးတော့ကာ အအေးဓာတ် ထွက်သွားတာ။ အေးစိမ့်ပြီးတော့ကာ အအေးဓာတ် အဟုန်ကြောင့် တစ်ကိုယ်လုံး ပျံ့နှံ့ပြီးတော့ကာ ပေ့ါပါးသွားလို့ ကောင်းကင်တောင် ပျံနိုင်ကြတယ်။ မဟာကုသိုလ်ဆိုတာ အအေးဓာတ် အရှိန်ဆိုတာ နားလည်ရမယ်နော်။ အဲဒီအရှိန်အဟုန်နဲ့ ဖြစ်ကြတာတဲ့ ..’

ဆရာတော်၏ ဟောကြားချက် မှန်ကန်ပါရဲ့လား ဘုရား။ ဆရာတော်၏ သီလ သမာဓိ ပညာဂုဏ်ကို ထိခိုက်စေလိုသည့် စေတနာမရှိပါ။ အမှန်ကိုသိလိုခြင်းသာဖြစ်ပါသည်။

ကြည်ညိုလေးစားလျက်

ကိုမျိုး

---

ပိုတယ်

‘ဗြဟ္မာ ၂၀၊ နတ်ပြည် ခြောက်ထပ်၊ လူ့ဘုံ၊ အပါယ်လေးဘုံ’ ဒီဖော်ပြချက်မှာ မှန်ကန်လို့ ဆိုဖွယ်မရှိပါ။ ‘ဗြဟ္မာ ၂၀ မှာလည်းပဲ ဉာဏ်နဲ့ ပဲ ခွဲလိုက်တဲ့ အခါကျတော့ သုဒ္ဓါဝါသ ၅ ဘုံဟာ သတ်သတ် ရှိတယ်တဲ့။ အနာဂါမ် ရဟန္တာ ဗြဟ္မာကြီးတွေရဲ့ ဘုံနော်’ .. ဒီအဆိုကို ဆန်းစစ်ရင် ‘ဉာဏ်နဲ့ ပဲ ခွဲလိုက်တဲ့ အခါ ကျတော့’ဆိုတဲ့ စကားက ပိုပါတယ်။ ဘာကြောင့်ဆို ဗြဟ္မာ့ဘုံ ၂၀ ရှိကြောင်း ဓမ္မဟဒယဝိဘင်း ပါဠိတော်မှာ မြတ်ဗုဒ္ဓဟောတော်မူထားလို့ ပါ။ ‘သုဒ္ဓါဝါသ ၅ဘုံဟာ သတ်သတ်ရှိတယ်တဲ့ ’လို့ မဆိုနိုင်ဘူး။ ဘာကြောင့်ဆို သုဒ္ဓဝါသ ငါးဘုံဆိုတာ ရူပ ၁၆ ဘုံထဲမှာ ပါနေလို့။ ‘အနာဂါမ် ရဟန္တာ ဗြဟ္မာကြီးတွေရဲ့ ဘုံနော်’ ဆိုတာမှန်တော့မှန်တယ်။ မပြည့်စုံဘူး။ ‘သုဒ္ဓါဝါသေသု ဇာယန္တိ၊ အနာဂါမိက ပုဂ္ဂလာ (အဘိဓမ္မာဝတာရ၊၅၄၁-ဂါထာ)’ အရ အနာဂါမ်တွေ က သုဒ္ဓါဝါသဘုံမှာ ပြန်မွေးဖွားပြီး အဲဒီဘုံတွေမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတယ်၊ ဒါကြောင့် သုဒ္ဓါဝါသဘုံမှာ အနာဂါမ် ရဟန္တာ ရှိတယ်လို့ ဆိုသင့်တယ်။

မမှန်ဘူး

‘ကျန်တဲ့ ၁၅ ဘုံကတော့ ပုထုဇဉ်တွေလို့ ဒီလိုပိုင်းလိုက်ရင် ရပါတယ် နော်’ဆိုတဲ့ စကားက မမှန်ဘူး။ ဘာကြောင့်ဆို ကျန် ၁၅ ဘုံမှာ ပုထုဇဉ်တွေအပြင် ဘုံအလိုက် အရိယာပုဂ္ဂိုလ် ရှစ်ယောက်လုံး ရှိနိုင်လို့ ပါ။ ‘ဒါက အရိယာ ပုထုဇဉ်နဲ့ ခွဲတဲ့ နည်း ပေါ့နော်’..ဒီစကားက မှားတယ်။ ဗြဟ္မာဘုံ နှစ်ဆယ်ကို ခွဲတဲ့ အခါ ရူပဘုံ အရူပဘုံ သို့မဟုတ် ပထမ စျာန်ဘုံ ဒုတိယစျာန်ဘုံ စသည်ဖြင့်သာ ခွဲခြားပါတယ်။ အရိယာဘုံ ပုထုဇဉ်ဘုံလို့ မခွဲခြားနိုင်ဘူး။ ဘာလို့ဆို ဘုံအလိုက် ပုထုဇဉ် အရိယာ ရောနှောနေလို့ ပါ။ ‘တစ်ခြားနည်းတွေလည်း ရှိတာပေါ့။ ထားတော့နော်’.. အင်း၊ ဒီစကားက ရောချတာ။ တစ်ခြားနည်း ရှိကို မရှိတော့တဲ့အတွက် ‘ထားတော့နော်’ လုပ်စရာကို မလိုဘူး။

မပြည့်စုံ

‘သုဒ္ဓါဝါသ ငါးဘုံဟာဖြင့်ရင် အနာဂါမ် ရဟန္တာတွေပဲ ဖြစ်သောကြောင့်တဲ့ အောက် ပြန်မလည်တော့ဘူးတဲ့။ နိဗ္ဗာန်ကိုပဲ ဆက်ဝင်တော့မယ်’.. ဒီစကား မပြည့်စုံဘူး။ ဘာကြောင့်ဆို ပြန်မလည်တာ သုဒ္ဓါဝါသဘုံ မက ပါဘူး။ ကျမ်းဆိုရှိပါတယ်..

ဝေဟပ္ဖလေ အကနိဋ္ဌေ၊ ဘဝဂ္ဂေစ ပတိဋ္ဌိတာ။ နပုနာ ညတ္ထ ဇာယန္တိ၊ သဗ္ဗေ အရိယ ပုဂ္ဂလာ (အဘိဓမ္မာဝတာရ၊၄၅၂-ဂါထာ)’အရ ဝေဟပ္ဖိုလ်ဘုံ၊ အကနိဋ္ဌဘုံနဲ့ ဘဝဂ်လို့ ခေါ်တဲ့ နေဝသညာနာသညာယတနဘုံတွေမှာ ဖြစ်ကြတဲ့ အရိယာပုဂ္ဂိုလ်အားလုံးလည်း တစ်ခြားဘုံကို မသွား သို့မဟုတ် ပြန်မလည်တော့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီဘုံတွေကို ထည့်ပြောမှ အဓိပ္ပာယ် ပြည့်စုံမှာပေါ့။

လုံးဝမှား

‘ကျန်တဲ့ ၁၅ ဘုံကတော့ ပုထုဇဉ်တွေလို့ မှတ်ရမယ် နော်’ .. ဒီဖော်ပြချက် လုံးဝ မှားကြောင်း ထင်ရှားပါပြီ။ ‘ဘုရားဉာဏ်နဲ့ ကြည့်တော့ ဗြဟ္မာများသည် ဒီ ၅-ဘုံ ချန်ထားလို့ နော်ကုသိုလ်အရှိန်နဲ့ ဖြစ်တာတဲ့ ’ .. ဒီစကားက ရှင်တော် ဗုဒ္ဓကို စော်ကားသလို ဖြစ်နေပါတယ်။ ဗြဟ္မာအားလုံး ဒီ ၅-ဘုံကို ချန်စရာမလိုဘဲ ရူပအရူပစျာန် ကုသိုလ်ရဲ့အရှိန်နဲ့ ဖြစ်တာပါပဲ။ ‘မဟာကုသိုလ် ခေါ်တယ်၊ စျာန်စျာန် နော်’ .. ဒီအဆို လုံးဝ မှားတယ်။ ဘယ့်နှယ်..ဗြဟ္မာ့ဘုံမှာ မဟာကုသိုလ် အရှိန်နဲ့ ဖြစ်နိုင်မှာတုန်း။ မဟာကုသိုလ်စိတ်က ကာမစိတ်ပဲ၊ စျာန်စိတ်မှ မဟုတ်ဘဲ။ ဗြဟ္မာ့ဘုံ ၂၀ဆိုတာ ရူပစျာန် အရူပစျာန်ကုသိုလ်ရဲ့အကျိုးကြောင့် ဖြစ်ရတာပါ။ မဟာကုသိုလ် ဆိုတာက ပဋိသန္ဓေကျိုးအနေနဲ့ လူဘုံ နတ်ဘုံမှာပဲ ဖြစ်ခွင့်ရှိတယ်။ ပဝတ္တိ ကျိုးအနေနဲ့ပဲ ဘုန်းကြီး အခြွေအရံများတဲ့ ဗြဟ္မာဆိုတာမျိုးကို ဖြစ်စေနိုင်ပါတယ်။

ရှုပ်သွားပြီ

‘ဒေဝဒတ် ဥဒက အာဠာရ ရသေ့ကြီးတွေဆိုရင် စိတ်ကူးတွေ အကုန် ရပ်ပစ်လိုက်တာ။ သားရေး သမီးရေးတွေကို ဖယ်၊ တောင့်တကြောင့်ကြတွေကို ဖယ်ပြီးတော့ကာ အအေးဓာတ် ထွက်သွားတာ’ .. ဒီအဆိုကို နားမလည်ပါ။ ဒေဝဒတ် မဟုတ်ဘူး၊ ဒေဝီလ ဖြစ်ပါလိမ့်မယ်။ အဲဒီ ရသေ့တွေ ဘာစိတ်ကူးတွေကို ဘယ်လို ရပ်ပစ်ခဲ့တာလဲ။ စျာန်ဝင်စားတယ်လို့ ဆိုလိုတာလား။ အအေးဓာတ် ဘယ်လို ထွက်သွားတာလဲ။ ‘အေးစိမ့်ပြီးတော့ကာ အအေးဓာတ်အဟုန်ကြောင့် တစ်ကိုယ်လုံးပျံ့နှံ့ပြီးတော့ကာ ပေ့ါပါးသွားလို့ ကောင်းကင်တောင် ပျံနိုင်ကြတယ်’.. ပို ရှုပ်သွားပြီ။ အအေးဓာတ် အဟုန်ကြောင့် ကောင်းကင်မှာ ပျံနိုင်သတဲ့လား။ စျာန်ရရင် ငှက်လို ကောင်းကင်ကို လွှားခနဲ ပျံတက်နိုင်တယ်လို့ နားလည်ထားပုံရတယ်။

နည်းခံအုံး

‘မဟာကုသိုလ်ဆိုတာ အအေးဓာတ် အရှိန်ဆိုတာ နားလည်ရမယ်နော်။ အဲဒီ အရှိန်အဟုန်နဲ့ ဖြစ်ကြတာတဲ့ ’ .. ဒုက္ခ၊ အတော့်ကို အလွဲတွေကို ဟောကြားနေတာပဲ။ အဲဒီလို တရား အတုအယောင် ဆင်တူယိုးမှား (သဒ္ဓမ္မပဋိရူပက)တွေ များလာရင် ဗုဒ္ဓသာသနာထဲမှာပဲ သံချေးတက်လာတဲ့ သဘောပဲ။ ဗုဒ္ဓသာသနာ ပျက်စီးကြောင်းဖြစ်လို့ သတိချပ်ပါကုန်။ အချို့ ဆရာတော်တွေမှာ ဒကာဒကာမတွေကို သိစေလို နားလည်စေလိုတဲ့ စေတနာကောင်း ရှိနိုင်ပေမယ့် မိမိမှာ မပြည့်စုံလို့ စေတနာက ဝေဒနာဖြစ်သွားရတာကိုတော့ ဝမ်းနည်းပါတယ်။ ရှေးကုသိုလ်ကြောင့် ပရိသတ်များလာတာနဲ့ အမျှ အလွန် သတိထားပြီး ဟောပြောရပါလိမ့်မယ်။ စိတ်တော့ မရှိပါနဲ့။ ဆွေးနွေး မေးဖြေ ထောက်ပြရမှာကလည်း တာဝန်ပါပဲ။

မေးခွန်းထဲမှာ ဖော်ပြထားတာတွေကို ဖတ်ကြည့်ပြီး အကျဉ်းချုပ် ကောက်ချက်ချရရင် ဟောကြားတဲ့ ဆရာတော်ဟာ ‘ပုဂ္ဂိုလ်အပြား၊ ဝါကရား၊ ခြားနားသိစိမ့်ငှာ’စတဲ့ ဘုံစိတ်ရနဲ့ ဘုံပုဂ္ဂိုလ်ရတွေကို ငယ်စဉ်အခါ ဆရာသမားထံ နည်းခံပြီး ကျကျနန မသင်ကြားဖူးတာ သေချာတယ်။ ဒါကြောင့် အဘိဓမ္မာလို နက်နဲတဲ့ ဗုဒ္ဓဓမ္မရေးရာကို ဟောမယ်ဆိုရင် အထူးသတိချပ်သင့်ပါတယ်။

---

၃၁၂။ ကုသိုလ်ထူး ခုနစ်မျိုး

ဩဂုတ် ၂၇၊ ၂၀၁၃။

---

ဘုန်းဘုန်းဘုရား၊

၁။ အပါယ်လေးပါးမှ လွတ်စေနိုင်သော ကုသိုလ်ခုနစ်မျိုး ရှိသည်ဟု ကြားဖူးပါသည်ဘုရား။

(၁)သရဏဂုံတည်ခြင်း ကုသိုလ်

(၂)ငါးပါးသီလမြဲခြင်း ကုသိုလ်

(၃)စာရေးတံမဲချခြင်း ကုသိုလ်

(၄)နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ဆွမ်းဝတ်ပြုခြင်း ကုသိုလ်

(၅)ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းလှူဒါန်းခြင်း ကုသိုလ်

(၆)ကျောင်း၊ တန်ဆောင်း၊ ဇရပ်၊ ဓမ္မာရုံဆောက်လုပ်လှူဒါန်းခြင်း ကုသိုလ်

(၇) ရေတွင်း ရေကန် လှူဒါန်ခြင်း ကုသိုလ် ဟူသော ကုသိုလ် ခုနစ်မျိုးကိုလှူဒါန်းလျှင် အမှန်တကယ် အပါယ်ပိတ်ပါသလား ဘုရား။ သမီး သိထားသည်မှာ မှန်ပါသလား ဘုရား။

၂။ စာရေးတံမဲချခြင်း ကိုသိုလ်ဆိုတာ ဘယ်လို အလှူမျိုးပါလဲ ဘုရား။ မည်သို့ပြုနိုင်ပါသနည်း။

၃။ သောတာပန်ဖြစ်သည်၊ ဒုက္ခနှင့်ဝိစိကိစ္ဆာပြီးသည်ဆိုတာ ဘယ်လိုမျိုးပါလဲဘုရား။ လမ်းညွှန်ဖြေကြားပေးစေလိုပါသည်ဘုရား။

သမီးအိဖြိုး ၄-ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်။

---

မှန်ပါတယ်

ဖော်ပြထားတဲ့ ကုသိုလ် ခုနစ်မျိုးကို ပြုသူဟာ အပါယ်တံခါး ပိတ်ကြောင်း အင်္ဂုတ္တရအဋ္ဌကထာ သဥပါဒိသေသသုတ် အဖွင့် (အံ၊ဋ္ဌ၊၃၊၂၆၅)မှာဖော်ပြချက်ရှိလို့ ‘သမီးသိထားသည်’မှာမှန်ပါတယ်။

(ဆောင်)

တိသရဏ၊ ငါးသီလ၊ ပြုကြအလှူမဲ။
ရေတွင်းကျောင်းကန်၊ လှူတုံပြန်၊ ပုံမှန်ဆွမ်းဝတ် မပျက်မြဲ။
ဝါဆိုကထိန်၊ သင်္ကန်းချိန်၊ တစ်ကြိမ်မပျက်ဘဲ။
အပါယ်မကျ၊ ခုနစ်ဝ၊ ထူးလှကုသိုလ်ပဲ။

သရဏဂုံ

သရဏဂုံ တည်တယ်ဆိုတာ ဗုဒ္ဓ ဓမ္မ သံဃ ဆိုတဲ့ ကိုးကွယ်စရာ သုံးမျိုးကို ကိုးကွယ် ဆည်းနေတာပါပဲ။ ဗုဒ္ဓဆိုတာ ဓမ္မကို ဟောကြားသူ။ ဓမ္မဆိုတာ အဲဒီဗုဒ္ဓ ဟောကြားတဲ့ ဓမ္မ၊ ဓမ္မထဲမှာ စိတ်ပိုင်းဘဝ ရင့်ကျက်ပြီး လောဘ ဒေါသ မောဟ ငြိမ်းအောင် ကျင့်ကြံရမယ့် နည်းလမ်းတွေ ပါတယ်၊ စစ်တိုက်ဖို့ အကြမ်းဖက်ဖို့ လုံးဝ မသင်ကြားဘူး။ သံဃဆိုတာ ဓမ္မကို ကိုယ်တိုင်ကျင့်သုံးရင်း ဓမ္မကို ထိန်းသိမ်းဖို့ ဘဝမြှုပ်နှံထားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီတော့ သရဏဂုံတည်ဆိုတာကို နောက်တစ်မျိုး အဓိပ္ပာယ်ဖွင့်ဆိုရင် တပ်မက်စိတ်ဆိုး ကြောင်းကျိုးမဆင်ခြင်နိုင်တဲ့ စိတ်အညစ်အကြေးတွေ ကင်းစင်အောင် လေ့ကျင့်နေတယ်လို့လည်း ဆိုနိုင်တာပေါ့။ ဒါကြောင့် အမှန်တကယ် သရဏဂုံတည်ရင် အပါယ်တံခါးပိတ်တာပေါ့။

ငါပါးသီလ

‘သူ့သက်မသတ်၊ သူ့ပစ္စည်း မတရားမယူ၊ အိမ်ထောင်ရေး မဖောက်ပြန်၊ မလိမ်၊ အဲဒီ လေးမျိုးလုံးကို တစ်ပြိုင်နက် ကျူးလွန် စေနိုင်တဲ့အထိ စိတ်ကို ညစ်ကျုစေတဲ့ သေအရက်နဲ့ မူးယစ်ဆေးကို မသုံး’ တာနဲ့ပဲ လူ့ဘဝ ဘယ်လောက် ငြိမ်းချမ်း မလဲဆိုတာ စဉ်းစားကြည့် ပေါ့။ ဒီငါးမျိုးကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ရင်လည်း အပါယ်တံခါး ပိတ်တာသေချာပါတယ်။

ကျန်တဲ့ ကုသိုလ် ငါးမျိုးမှာတော့ ခြွင်းချက် ရှိနိုင်တယ်။ ဆိုပါတော့ ရေတွင်း ရေကန်တော့ တူးပါရဲ့၊ စေတီ တန်ဆောင်းတွေ ဆောက်ပါရဲ့၊ သူများဆီက မတရား ယူထားတဲ့ ပစ္စည်းဖြစ်နေရင် သူများ ဇနီးမယားကို ကြာခိုသူဖြစ်နေရင် အပါယ်တံခါး မပိတ်နိုင်တော့ဘူး။

စာရေးတံမဲ

မဲချပြီး အလှူဒါနပြုတာ။ ဆိုပါတော့ မွေးနေ့အတွက် စာသင်တိုက် တစ်ခုမှာ စာသင်သား ရဟန်းသာမဏေ နှစ်ရာလောက်ကို မဲချပြီး လှူမယ်။ မွေးနေ့ရှင် အပါအဝင် ဆွေမျိုးမိတ်ဆွေ အလှူရှင် ၅၀ လောက်က စာသင်သားသုံး ကျမ်းစာတွေ၊ ဘောလ်ပင်၊ ခဲတံ၊ သင်္ကန်း၊ ဓာတ်ဘူး၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ နဝကမ္မစာအိတ်စတဲ့ အလှူပစ္စည်းမျိုးစုံ စီမံပြီး မဲလိပ်ကလေးတွေလုပ်၊ ခွက်မှာ ထည့်ပြီး သံဃာတစ်ပါးစီကို မဲလိပ်ကလေးတွေ ကပ်လှူတယ်။ စာအုပ်ပေါက်တဲ့ သံဃာ၊ သင်္ကန်းပေါက်တဲ့ သံဃာ၊ စုံလို့ ပေါ့။ ဗလာမဲလည်း ပါနိုင်တာပဲ။ သံဃာတစ်ပါး မဲလိပ်ကလေးကို ဖွင့်ပြီး ပေါက်မဲကို သိလိုက်ရတဲ့ အချိန် အလှူရှင်ရဲ့စိတ်ကြည်နူးမှုဟာ ထူးခြားပါတယ်။ လုပ်ကြည့်ပေါ့။

သောတာပန်

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ စိတ်အညစ်အကြေးကို အကြွင်းမဲ့ ပယ်ပစ်နိုင်မှုအဆင့် လေးမျိုးရှိတယ်။ သောတာပန်ဆိုတာ ပထမဆုံး အဆင့်ပေါ့။ ဝိပဿနာလို့ ခေါ်တဲ့ ကမ္မဋ္ဌာန်းထိုင်နည်းနဲ့ တရားထိုင်ရာကနေ အသိဉာဏ် ရင့်ကျက်သွားပြီး ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာလို့ ခေါ်တဲ့ စိတ်ရဲ့ အညစ်အကြေး နှစ်မျိုးကို လုံးဝ ပယ်ပစ်နိုင်ပြီဆိုရင် ‘သောတာပန် ဖြစ်သည်’ လို့ ဆိုတယ်။ ‘ဒုက္ခနှင့် ဝိစိကိစ္ဆာ’ မဟုတ်ဘူး။ ဒိဋ္ဌိနှင့် ဝိဝိကိစ္ဆာလို့ အသံထွက် ပြင်မှတ်ထားလိုက်။ ဒိဋ္ဌိဆိုတာ အယူမှားတာ၊ ဝိစိကိစ္ဆာဆိုတာ ကိုယ်ကျင့်တဲ့ ဓမ္မ၊ အဲဒီဓမ္မကို ဟောကြားသူအပေါ် မယုံကြည်နိုင်တာ။ သောတာပန်ဖြစ်ရင် အဲဒီနှစ်မျိုး မရှိတော့တာကို ‘ပြီးသည်’လို့ ဆိုတာဖြစ်ပါလိမ့်မယ်။

---

၃၁၃။ ခုနစ်ဆူ ဘုရားရှိခိုး

ဩဂုတ် ၂၈၊ ၂၀၁၃။

---

အရှင်ဘုရား၊ အာဋာနာဋိယ သုတ်တော်ထဲတွင် ပါရှိသော ဘုရားဂုဏ်တော်များကို ဂုဏ်တော် ၉ ပါးကဲ့သို့ ပါဠိနှင့် မြန်မာတွဲကွာ ပွားများချင်ပါတယ်ဘုရား။ ဥပမာ .. အရဟံ = ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား .. ထိုကဲ့သို့ ရှင်းလင်းစွာ ထုတ်နုတ် ဖော်ပြပေးတော်မူပါ အရှင်ဘုရား။ ထိုသုတ်တော်သည်ရှည်ပါသဖြင့် အလုပ်လုပ်နေရင်း တစ်သုတ်လုံးကိုပြီးအောင် မရွတ်နိုင်လို့ပါ အရှင်ဘုရား။ ကရုဏာရှေ့ထား၍ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ အရှင်ဘုရားတို့အားလည်းစိတ်က ရည်မှန်း၍ ရှိခိုးပါတယ်ဘုရား။

ထွန်းကျော်သူ

---

အစဉ်အလာ

မဟာပဒါနသုတ် (ဒီ၊၂၊၄၄) အဆုံးနားမှာ ဂေါတမဗုဒ္ဓ သုဒ္ဓါဝါသ ငါးဘုံကို ဒေသစာရီ ကြွစဉ်က ဝိပဿီအစ ကဿပအဆုံး လွန်ပြီးဘုရားခြောက်ဆူတို့ရဲ့ တပည့်ဖြစ်ဖူးတဲ့ ဗြဟ္မာတွေက အဲဒီ ရှေးဘုရားတို့ရဲ့ ရှေးဖြစ်ကို လျှောက်ထားပြီး ဘုရားခုနစ်ဆူ အား ရှိခိုးပုံ ပါရှိတယ်။ အာဋာနာဋိယသုတ် ပါဠိတော်မှာတော့ ဝေဿဝန် နတ်မင်းကြီးက ဘုရားခုနစ်ဆူအား ရှိခိုးပုံကိုဖော်ပြတယ်။ ခန္ဓသုတ်မှာလည်း ဘုရားခုနစ်ဆူအား ရှိခိုးကြောင်း ဆိုတယ်။ မြန်မာ့အစဉ်အလာမှာ ‘ဤခုနစ်ဆူကုန်သော ဘုရားရှင် အပေါင်းတို့သည်’လို့ ရှိခိုးကြပါတယ်။ ဒါကြောင့် ခုနစ်ဆူ ဘုရားရှိခိုးဟာ ထေရဝါဒအစဉ်အလာမှာ ထင်ရှားပါတယ်။

မူရင်း ၆-ဂါထာ

ပရိတ်ကြီး ၁၁-သုတ်ထဲက အာဋာနာဋိယသုတ်မှာ ‘ဝိပဿိဿ စ နမတ္ထု’မှ ‘ဟိတံ ဒေဝမနုဿာနံ’ထိ ၆-ဂါထာမှာ ဒီဃနိကာယ် သုတ်ပါထေယျပါဠိ (ဒီ၊၃၊၁၅၉)မှာ တိုက်ရိုက် လာတယ်။ ကျန်ပါဠိဂါထာတွေ ကတော့ ရှေးဆရာတို့ ရေးစီခဲ့တာ ဖြစ်ပုံရတယ်။ ၆-ဂါထာအနက် ပထမ ၄-ဂါထာက ဝိပဿီအစ ဂေါတမအဆုံး ဘုရားခုနစ်ဆူကို ရှိခိုးတဲ့ ဂါထာတွေ။ နောက် ၂-ဂါထာက အပူငြိမ်းပြီး ဖြစ်ကြတဲ့ ရဟန္တာအရှင်မြတ်တွေကို ရှိခိုးတာ။ အာဋာနာဋိယပရိတ်ရဲ့ ကျန်ဂါထာ အများစုလည်း ဘုရားရှင်တို့ရဲ့ ဂုဏ်တော်တွေကို ဖော်ပြ စီကုံးထားတာတွေပဲ။ ဒီနေရာမှာ ခုနစ်ဆူဘုရားရှိခိုးကိုပဲ ဖော်ပြလိုက်ပါတယ်..

ဘုရားရှိခိုးပုံ

၁။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
စက္ခုငါးပုံ ဉာဏ်တော်စုံ ဘုန်းဂုဏ်ကျက်သရေဖြိုး။
ဝိပဿီဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး..ရိုရှိခိုး။

၂။ သိခိဿပိစ နမတ္ထု၊ သဗ္ဗဘူတာနု ကမ္ပိနော။
အားလုံးသတ္တဝါ စောင့်ကြင်နာ မေတ္တာ လွှမ်းခြုံမိုး။
သိခီဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး..ရိုရှိခိုး။

၃။ ဝေဿဘုဿစ နမတ္ထု၊ နှာတကဿ တပဿိနော။
အရဟတ်ရေစင် ဆေးညစ်စင် မွှမ်းတင်အကျင့်စိုး။
ဝေဿဘူဗုဒ္ဓ မည်တော်ရ ကျွန်ကရိုရှိခိုး..ရိုရှိခိုး။

၄။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။
ဖျက်ဆီးနှိမ်နင်း မာရ်စစ်သင်း အောင်ခြင်း အမျိုးမျိုး။
ကကုသန္ဓ မြတ်ဗုဒ္ဓ ကျွန်ကရိုရှိခိုး.. ရိုရှိခိုး။

၅။ ကောဏာဂမနဿ နမတ္ထု၊ ဗြဟ္မဏဿ ဝုသီမတော။
မကောင်းမှုများ ပယ်ပြီးသား ကျင့်ထား မဂ်ဖိုလ်ရှိတယ်ကိုး။
ကောဏာဂမန မြတ်ဗုဒ္ဓ ကျွန်က ရိုရှိခိုး.. ရိုရှိခိုး။

၆။ ကဿပဿစ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
ခပ်သိမ်းကိလေသာ ကင်းလွတ်ကာ နိဗ္ဗာဝင်စံလျှိုး။
ကဿပဗုဒ္ဓမည်တော်ရကျွန်ကရိုရှိခိုး.. ရိုရှိခိုး။

၇။ အင်္ဂီရသဿနမတ္ထု၊ သကျပုတ္တဿသိရီမတော။
ယောဣမံဓမ္မံဒေသေတိ၊ သဗ္ဗဒုက္ခာမနူဒနံ။
ရောင်ခြည်ရွှန်းလက် သရေယှက် သကျဆွေတော်မျိုး။
ဆင်းရဲငြိမ်းစေ ဟောမြွက်ချွေ ဝေနေကောင်းကျိုးတိုး။
ဂေါတမဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး.. ရိုရှိခိုး။

ခုနစ်ဆူ ဗုဒ္ဓ ရွှင်တက်ကြွ ကျွန်က ရိုရှိခိုး..ရိုရှိခိုး။

၁။ သံဝါသေန သီလံ ဝေဒိတဗ္ဗံ။
အတူတူနေခြင်းဖြင့် သီလကို သိရ၏။
၂။ သံဝေါဟာရေန သောစေယျံ ဝေဒိတဗ္ဗံ။
ပြောဆိုခြင်းဖြင့်စင်ကြယ်မှုကို သိရ၏။
၃။ အာပဒါသု ထာမော ဝေဒိတဗ္ဗော။
ဘေးကြုံသော် ဉာဏ်စွမ်းအားကို သိရ၏။
၄။ သာကစ္ဆာယ ပညာ ဝေဒိတဗ္ဗာ။
ဆွေးနွေးကြည့်ခြင်ဖြင့် ပညာကို သိရ၏။
(သတ္တဇဋိလသံယုတ်)

၃၁၄။ မြန်မာ့ဂုဏ်ဆောင်

မြန်မာနိုင်ငံ နေရာအနှံ့မှာ စေတီပုထိုးများကို တွေ့မြင်ရပါသည်။ စေတီ ပုထိုးများသည် ဗုဒ္ဓသာသနာ တည်တံ့ရန် မည်သို့ အထောက်အပံ့ ပြုနိုင်ပါသနည်း။ ဗုဒ္ဓမြတ်စွာက သူ့ရဲ့တပည့် သာဝကတွေကို စေတီတည်ဖို့ တိုက်တွန်းခဲ့ပါသလား။ ဥပမာ ဆူးလေစေတီဆိုလျှင် လူအများသွား လာသည့် လမ်းဆုံလမ်းခွမှာ တည်ထားသဖြင့် မရိုမသေ မဖွယ်မရာ လုပ်မိလျှင် လူအများအား ကုသိုလ်ထက် အကုသိုလ်ကိုပင် ဖြစ်စေ နိုင် မည်ဟု ထင်ပါသည်။ စေတီတည်ထား ကိုးကွယ်ခြင်း၏ အကျိုးအပြစ် ကိုသိလိုပါသည် အရှင်ဘုရား။

William Aung

ပြန့်စေနှံ့စေဗျား

နယူးယောက်မြို့ရဲ့ မြောက်ဖက်နား (ယင်းတို့အခေါ် up-state)မှာ နယူး ယောက်ပြည်နယ်ရဲ့ ရုံးစိုက်မြို့တော် Albany (မြန်မာအများစုက အယ်လဘန်းနီလို့ အသံထွက်တယ်၊ ဒေသခံတွေရဲ့ အသံထွက်မှန်က အော(လ်)ဘနီ ဖြစ်ပါတယ်)ဆိုတာ ရှိတယ်။ အဲဒီမြို့ရဲ့ ပတ်ဝန်းကျင်မှာ မြန် မာတွေရှိလို့ မြန်မာဘုန်းကြီး ကျောင်းလည်း ရှိတဲ့ အတွက် ဘုန်းကြီး အလည်ရောက်စဉ်က ဒေသခံဆရာတော်ပို့ပေးလို့ ဂျပန် သီလရှင်တစ် ယောက် ဦးဆောင်ပြီး တည်ထားတဲ့ ကမ္ဘာအေးစေတီကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ပေ ၃၀ လောက် မြင့်မယ်လို့ ခန့်မှန်းပါတယ်။ မြို့နဲ့ သိပ်မဝေးတဲ့ တောင်ကုန်းပေါ်မှာ တည်ထားလို့ အလွန် ကြည်နူးစရာ ကောင်းပါတယ်။

အမေရိကမှာ ဆန်ဖန်ရန် တောင်ပုလုကျောင်း၊ လော့စ် အိန်ဂျယ် လိစ် အဇူဇာကျောင်း၊ တက္ကဆပ်စ် သီတဂူကျောင်းနဲ့ နယူးဂျာစီ မဟာ စည်ရိပ်သာ တွေမှာလည်း ခမ်းနားသပ္ပာယ်တဲ့ ကြည်ညိုဖွယ် စေတီ တော်ကြီးတွေကို ဖူးတွေ့နိုင်ပါတယ်။ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမြို့နဲ့ အရီဇိုးနားကဆီဒိုးနားမြို့တွေမှာရှိတဲ့ အမိတာဘာစေတီ (မဟာယာန) တွေကိုလည်း ဘုန်းကြီး သွားရောက် ကြည်ညိုဖူးပါတယ်။ ဘီစီ ၂ ရာစု၊ အရှင်မဟိန္ဒသီဟိုဠ်ကျွန်းကို ရောက်ပြီး မကြာခင် ထူပါရာမ စေတီ ကိုတည်ခဲ့တယ်။ ခုဆိုထူပါရာမစေတီဟာ သီရိလင်္ကာတို့ရဲ့ အသက် ပဲ။ အဲဒီစေတီတွေကို တည်ကြတဲ့ သာသနာပြုပုဂ္ဂိုလ်တွေဟာ လူသားကို အကျိုးမပြုဘဲနဲ့ တော့ ပင်ပင်ပန်းပန်းလုပ်ခဲ့ကြမှာ မဟုတ်ပေဘူး။ ဘာဖြစ်လဲ

မြန်မာဂုဏ်ဆောင် ရွှေတိဂုံစေတီပေါ်ကို တက်၊ ရေခွက်ကို ကိုင်ပြီး ဗုဒ္ဓ ဆင်းတုကို ရေသပ္ပာယ်ဆဲ ဗုဒ္ဓဝါဒီမဟုတ်သူ သမ္မတကြီး အိုဗားမားရဲ့ စိတ်ထဲမှာ အနည်းဆုံး ပျော်စရာ ကြည်နူးစရာ အနေနဲ့ တော့ ခံစားခဲ့ ရမှာဖြစ်လို့ ကံကံရဲ့အကျိုးကို မယုံ သို့မဟုတ် နားမလည်ပေမယ့် ၎င်း အနေနဲ့ အနည်းဆုံးသသင်္ခါရိက (သူများ အကြံပေးလို့ လုပ်ပြီး)ဉာဏ ဝိပ္ပယုတ် (ကမ္မဿကတာ သမ္မာဒိဋ္ဌိ မရှိတဲ့)ကုသိုလ်လေးတော့ ရသွား နိုင်မှာပါ။ အိုဗားမား လုပ်ပုံကိုကြည့်ပြီး ဘုန်းကြီး ခပ်ငယ်ငယ်က ခရီး သွားရင်း သင်္ဘောပေါ်မှာ အမှတ်မထင်ဆုံဖူးခဲ့တဲ့ ဦးနှောက်ကို တိမ်သ လာဖုံးနေတဲ့ အသက် ခုနစ်ဆယ်ကျော် ကွန်မြူနစ်ကျ အဖိုးကြီး တစ် ယောက်ပြောတာကိုအမှတ်ရမိတယ် .. ‘ကျနော်က ဗမာတွေအုတ်ပုံ မှာ ရွှေပြားကပ်တဲ့ အလုပ်ကို အရွံဆုံးပဲ’တဲ့။ အဲဒီ ပုဂ္ဂိုလ်ကြီး အနေနဲ့ လွတ်လပ်စွာ ပြောနိုင်ပါတယ်။ ပြောမှာပေါ့၊ သူက ‘ကွန်ကျ’ပဲလေ။

ပေါ်တော်မူ

စာတုမဟာပထေ တထာဂတဿ ထူပေါ ကာတဗ္ဗော = လမ်းလေးခွ ဆုံရာ၌ မြတ်စွာဘုရား၏ စေတီကို တည်ပါ (ဒီ၊၂၊၁၁၇)’တဲ့။ အဲဒါ ဘုရားဟောပဲ။ လမ်းလေးခွဆုံရာ ခွဆုံ သို့မဟုတ် အဝိုင်းမှာ တည် ထားတဲ့ ဆူးလေဘုရားနဲ့ တော့ တစ်ထပ်တည်းပဲ။ ဆူးလေစေတီတော် ကြီးကို တည်ခဲ့ကြတဲ့ ပထမ မြန်မာတွေ ဘယ်လောက် အမြော်အမြင် ကြီးခဲ့ကြသလဲ ဆိုတာကို စဉ်းစားပြီး ဂုဏ်ယူစေချင်တယ်။ ဆူးလေ ဘုရားဘေးကဟာတွေက နောက်မှပေါ်လာတဲ့ ‘ပေါ်တော်မူ အသနား ခံရုပ်’ တွေပါ။ ၁၉၁၀ အဆောက်အအုံ အမြင့်ဥပဒေ (Height of Buildings Act of 1910)ကိုလွှတ်တော်မှာ အတည်ပြုပြီး ဝါရှင် တန်ဒီစီ မြို့တော်က အဆောက်အအုံတွေ ပေ ၁၅၀ ထက် ပိုမမြင့်ရဘူးလို့ သတ်မှတ်လိုက်တဲ့ အခါ ၁၈၈၄ ခုနှစ်ကပင် တည်ဆောက်ပြီးခဲ့တဲ့ ပေ ပေါင်း ၅၅၅ ပေနဲ့ ၅ လက်မခွဲ (မင်းဖြူ မှန်မှန်ပြော)မြင့်တဲ့ ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်ထက် နှောင်းခေတ် ဘယ်အဆောက် အအုံမှ ပိုမမြင့်နိုင်တော့ဘူး။ ပထမ အမေရိကန်တွေကတော့ အဲဒီလို ပညာရှိကြတယ်ဗျို့။

အကျိုးလား

တေဿဝ၊ ထိုသရီရ ဓတ်တော်၏လျှင်။ တေဇေန၊ တန်ခိုးကြောင့်။ ဝသုန္ဓရာ၊ မြတ်သောဥစ္စာ ရတနာတို့၏ တည်ရာဖြစ်သော။ အယံ မဟီ၊ ဤမြေကြီးသည်။ အာယာဂသေဋ္ဌေဟိ၊ မြတ်သော ဓာတ်တော်တို့ကို ရို သေစွာပူဇော်ခြင်းတို့ဖြင့်။ အလင်္ကတာ=သောဘိတာ၊ တင့်တယ်၏ (ဒီ၊၂၊၁၃၈)’တဲ့။ စေတီကို ဖူးတွေ့ရတဲ့ အချိန် ဟို ‘ကွန်ကျကြီး’လို စိတ် ထားရှိသူ တွေအဖို့တော့ အကုသိုလ် ဖြစ်မှာပေါ့။ စိန် ရွှေ ကျောက်သံ ပတ္တမြားတွေနဲ့ မပူဇော်နိုင်ရင် တောင် အနည်းဆုံး ရေလေး တစ်ခွက်၊ ပန်းလေး တစ်ပွင့်၊ နံ့သာ အမွှေးရည်လေး တစ်စက်လှူဒါန်းပြီးပူဇော် နိုင်သူတွေအတွက်တော့ကုသိုလ်အတုံးအခဲရမယ့်နေရာပါ။

Wonderful it is to train the mind so swifely moving, seizing whatever it wants. Good is it to have a well-trained mind, for a well-trained mind brings happiness.

(The Dhammapada)

လျင်မြန်စွာ ရွေ့လျားပြီး အလိုရှိရာ အာရုံကို ဖမ်းယူတတ်သည့် စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ ပျော်ရွှင်မှုကို ယူလာနိုင်သော ကြောင့် စိတ်ကိုဆုံးမခြင်းသည်ကောင်း၏။

၃၁၅။ စရဏအကျိုး

ဘုန်းဘုန်း ဘုရား၊ တပည့်တော် ပရိတ်ကြီး ၁၁ သုတ်နဲ့ ပဋ္ဌာန်းကို တပတ်တကြိမ် မဖြစ်မနေ ရွတ်ဖတ်ပါသည်။ တပည့်တော် သိလိုသည် မှာ ခန္ဓသုတ်ကို ရွတ်ဖတ်ရင် မြွေ ကင်း ကင်းမြီးကောက်နဲ့ တောက် တဲ့ အာနီတွေရဲ့ အဆိပ်ကို ကင်းဝေးစေ နိုင်ကြောင်း သိရပါသည်။ ခန္ဓသုတ်ကို မြတ်စွာဘုရား ဟောတော်မူတာလား။ ခန္ဓသုတ်အကြောင်းကို သိလိုပါသည်။ ခန္ဓသုတ်သည် အမှန်တကယ်ပဲ အဆိပ်ကို ပျောက် ကင်းစေနိုင်ပါသလားသိလိုပါသည် အရှင်ဘုရား။

အေးပြည့်ဇင်

ဆက်လုပ်

ပျော်စရာတွေ အလွန်ပေါတဲ့ ခေတ်ကြီးမှာ ပရိတ်ကြီး ၁၁-သုတ်နဲ့ ပဋ္ဌာန်းကို တစ်ပတ်တစ်ကြိမ် ရွတ်ဖတ်နိုင်တာကို လေးစားပါတယ်။ အဲ ဒီအလေ့အကျင့်ကြီးကို မပျက်အောင် ကြိုးစားပြီး ဆက်လုပ်ပါ။

ခန္ဓသုတ်

ဗုဒ္ဓလက်ထက်က ရဟန်းတစ်ပါး မြွေကိုက်ခံရလို့ ပျံလွန်တာကို အကြောင်းပြုပြီး ဗုဒ္ဓက ရဟန်းတွေကို ဝိရူပက္ခဧရာပထဆဗျာပုတ္တကဏှာဂေါတမ အမည်ရှိ မြွေမင်းလေးမျိုးအား မေတ္တာပို့ပုံ သင်ကြား တော်မူရာကနေ ခန္ဓသုတ်ဆိုတာ ဖြစ်ပေါ် လာခဲ့တယ်။ ဒီမြွေမင်းလေး မျိုးကို မေတ္တာစိတ် ဖြန့်ထားရင် မြွေဆိပ်ကို ကာကွယ်ကြောင်းနဲ့ မိမိ ကိုယ်ကို ကာကွယ်ဖို့ အရံအတား အနေနဲ့ ဒီပရိတ်ကို ခွင့်ပြုတော်မူ ကြောင်းဝိနယပါဠိတော် (ဝိ၊၄၊၂၄၅)မှာရှင်တော်ဗုဒ္ဓ မိန့်ကြားပါတယ်။ ဒါကြောင့် ခန္ဓသုတ်ဟာ ဘုရားဟောအစစ် ဖြစ်ကြောင်း မှတ်ထား လိုက်ပါ။ ခန္ဓသုတ်ရဲ့ အနှစ်သာရက မေတ္တာပို့နဲ့ ခုနစ်ဆူဘုရား ရှိခိုး ဖြစ်ပါတယ်။ မေတ္တာပို့ဆိုတာ မေတ္တာကမ္မဋ္ဌာန်း ပွားများတာ၊ ဘုရား ရှိခိုးဆိုတာလည်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌန်း ပွားများတာပဲဖြစ်လို့ ထပ်ကာ ထပ်ကာ ပွားများမှ အောင်မြင်နိုင်တာမျိုး။ ကြိမ်ဖန်များစွာ လုပ်ရတဲ့ သမထကမ္မဋ္ဌာန်း ပွားများမှုတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ခုလုပ်ခုဖြစ် ဆိုတာမျိုး မဖြစ်နိုင်ဘူး။

တောက်တဲ့

ခန္ဓသုတ်ဟာ ဝိနယပါဠိတော်မှာ အတိအကျပါလို့ တိုပေမယ့်ကြီးကျယ် တဲ့ ပရိတ်တော်ပါ။ မြွေစတဲ့ အဆိပ်ကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်ကို ကာကွယ်မယ့် အရံအတားအနေနဲ့ အသုံးပြုဖို့ ဗုဒ္ဓကိုယ်တိုင် မိန့်ကြား တာဖြစ်လို့ ဒီသုတ်ရဲ့အစွမ်းကို သံသယဖြစ်ဖွယ် မလိုပါဘူး။ ဒီသုတ်ထဲ က မေတ္တာနဲ့ ဗုဒ္ဓါနုဿတိကို ဘာဝနာ မြောက်အောင် မလုပ်နိုင်ရင် တောင်ပုံမှန်ရွတ်ဖတ်ပူဇော်နေသူတစ်ယောက်အဖို့မြွေစတဲ့ အဆိပ်နဲ့ ပတ်သက်တဲ့ အန္တရာယ်နဲ့ ကြုံရတဲ့ အခြေအနေမှာ စိတ်ကို ခွန်အားရှိ စေတဲ့ အားကိုးစရာ ဖြစ်မှာတော့ သေချာပါတယ်။ ဒါပေမယ့် ရည်ရွယ် ချက်တော့ ကောင်းဖို့လိုပါတယ်။ ဆိုပါတော့.. တောက်တဲ့ တွေကိုဖမ်း ပြီး မွေးထား၊ ရောင်းစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခန္ဓသုတ်ကို ရွတ်ရင်တော့ ဒေဝဒတ် အဘိညာဉ်ရသလို ရှိပြီးသား စိတ်စွမ်းအင်တောင် ပျောက်သွားမှာပေါ့။

စရဏ

ဘုန်းကြီးမှာ အကြပ်အတည်းတစ်ခုနဲ့ ကြုံတိုင်းတစ်နည်းနည်းနဲ့ ကျော် လွန်ပြီး အကောင်းဆုံး မျှော်လင့်ချက်ဆီ ဦးတည်သွားစေတဲ့ ကုသိုလ် ပါရမီထူးတစ်ခု ရှိတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေတယ်။ တဲတဲ ကလေး အခြေအနေကနေ ခိုင်မာတဲ့ ထောက်တည်ရာဆီကို ရောက်ခဲ့ ရတဲ့ ဘဝ အတွေ့အကြုံတွေ ရှိလို့ ပါ။ ဒါပေမယ့် .. လွယ်လွယ်တော့ မဟုတ်ဘူး။

ပထမဆုံးက သတ္တိ .. ဘုန်းကြီးနေတဲ့ နေရာမှာ လူကြောက်လို့ သရဲကြောက်လို့ ဘုန်းကြီးနေသလို တစ်ဦးတည်း မနေရဲပါဘူးလို့ လာ ရောက် လည်ပတ်သူ အချို့ဆီက ကြားရတော့မှ အဲဒီ သတ္တိဆိုတာကို ဘုန်းကြီး ကိုယ်တိုင် နားလည်ရတာပါ။ ပြီးတော့.. ဖြစ်ရမယ် ဆိုတဲ့ တစ်ချောင်းတည်းသော စိတ်နဲ့ လုပ်ဆဲအလုပ်မှာပဲ စိတ်ကို မြှုပ်ထား လို့။ အဲဒီ သတ္တိနဲ့ အဲဒီ စိတ်ဓာတ် ခွန်အားကို ရင့်ကျက်စေတာကတော့ ‘စရဏ’ပါပဲ။ စရဏရဲ့ တိုက်ရိုက် အဓိပ္ပာယ်က ‘အကျင့်’။ ဒီနေရာမှာ အနည်းဆုံး ‘နမော တဿ’ကို ထပ်ခါထပ်ခါ ရွတ်နေရင် အဲဒါ စရဏ ပဲလို့ ဆိုလိုတယ်။ ခန္ဓသုတ် ရွတ်ရွတ်၊ ဘာရွတ်ရွတ်၊ ကိုယ်နှစ်သက် ရာပေါ့။ လုပ်ပါများလေ စရဏစွမ်းအား မြင့်လေပါပဲ။ အခက်အခဲကို ရင် ဆိုင်ဖို့ ‘စရဏ’တစ်ခု ရှိသင့်တယ်။

တိုက်ဆိုင်မှု

ပြီးခဲ့တဲ့ ဩဂုတ်လ ပထမနဲ့ ဒုတိယပတ်တုန်းက ဆန်အန်တိုနီ ယိုမြို့ (တက္ကဆပ်စ်)ကျောင်းမှာ သွားနေတယ်။ အပူရှိန် ၁၀၀ (ဖာရင် ဟိုက်) ပေမယ့် စိုထိုင်းဆများလို့ အတော်ပူတယ်။ လေးအေးစက် မရှိတော့ ချွေးထွက်ပြီး အိုက်စပ်စပ်နဲ့ ညဆို အတော် နေရခက်တယ်။ အရီဇိုး နားထက် အချိန် ၂ နာရီ စောလို့ ရောက်တဲ့ နေ့က ည ၁ နာရီ လောက်မှ အိပ်ရာပေါ် ရောက်နိုင်တယ်။ အိပ်ပျော်စ အချိန်မှာ နဖူးပေါ်ကို ‘ဗတ်’ခနဲ အရာစ်ခု ပြုတ်ကျလာလို့ လန့်နိုးပြီး ညာလက်နဲ့ ကပျာ ကယာ အောက်ကို ပုတ်ချလိုက်တယ်။ အထိအတွေ့အရ သက်ရှိဖြစ် မယ်ထင်တာနဲ့ မီးကိုဖွင့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဗျို့။ လက် သန်းလုံးလောက် ရှိတယ်။ မီးလင်းသွားတော့ အမြီးစွယ်ကို ‘ဖြတ်’ခနဲ လှုပ်ပြတာ မြင်ရလို့ ရုတ်တရက် ကျောချမ်းပြီး ကြက်သီးထ သွားတာ ပဲ။ ပြီးမှ ကတ်ထူစက္ကူနဲ့ ကော်ပြီး အပြင်ကိုပစ်ချလိုက်တယ်။

ဘုန်းကြီးလုပ်တဲ့ ‘စရဏ’ထဲမှာ အိပ်မလို့ မျက်စိမှိတ် လိုက်တာနဲ့ ပရိတ်ကြီးထဲက အတိုနှစ်သုတ်လောက်ကို အာရုံပြုတာ ပါဝင်တယ်။ ဘုန်းကြီးကတော့ အဲဒီညက ခန္ဓသုတ်ကို နှလုံးသွင်းမိလို့ ဘုန်းကြီးရဲ့ နဖူးနဲ့ လက်တွေ သက်သာခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ကျောင်း ဝင်း ၂၄ ဧက၊ အဝင်ဂိတ် တံခါးကနေ ကျောင်းဆောင်ရှိတဲ့ နေရာကို ၁၀ မိနစ် လမ်းလျှောက်ရတယ်။ ပတ်ဝန်းကျင်မှာ လူနေအိမ်ရှိပေမယ့် လှမ်းခေါ်လို့ မကြားနိုင်ဘူး။ ဝေးတယ်။ ကျောင်းမှာ ကပ္ပိယလည်း မရှိတော့ အော်တိုမစ်တစ် ဧကစာဖြစ်နေလို့ အရံအတားအနေနဲ့ ‘လုပ်မြဲ စရဏ’ကိုမပျက်အောင် ကြိုးစားခြင်းရဲ့ရလဒ် ဖြစ်နိုင်ပါတယ်။ အမှတ် ရဖွယ် တိုက်ဆိုင်မှုလို့ ဆိုလည်းဆိုပေါ့။

သူ့အပြော

ဌာနေအမေရိကန် သွေးပါတဲ့ ဘုန်းကြီးရဲ့ မိတ်ဆွေ Dustyin ဆိုတဲ့ လူငယ်က ဖားပြုပ်၊ ပုတ်သင်၊ မြွေ၊ အိမ်မြှောင်နဲ့ ကင်းလို အကောင်တွေ ကိုတွေ့ရင် သဲသဲလှုပ်နေပြီး အထူးသနားတတ်တယ်။ Eleven Protective Verses (ပရိတ်ကြီး ၁၁-သုတ် အင်္ဂလိပ် ဘာသာပြန်)ထဲက ခန္ဓသုတ်ကိုတွေ့တော့ အထူးစိတ်ဝင်စားပြီး ဘုန်းကြီးဆီမှာ အသံထွက် သင်တယ်။ ပြီး.. ညတိုင်းရွတ်သတဲ့။ ၆နှစ်ကျော်အကြာ .. မနက်ရ နာရီလောက် ဖုန်းဆက်ပြီး ‘ဘုန်းဘုန်း .. ခန္ဓသုတ် တကယ်စွမ်းတယ်’တဲ့။ ‘ဘာဖြစ်လို့ လဲ’ဆိုတော့ သူ့အနီးမှာ မြီးလှုပ်မြွေပွေး (Rattler Snake)တစ်ကောင် (အလွန်ရန်လိုပြီး အဆိပ်ပြင်းတဲ့ မြွေမျိုး)သူမသိ ဘဲ တစ်ညလုံး ခွေအိပ်နေပြီး မနက်ကျမှ အန္တရာယ်မပြုဘဲ အလိုလို ထွက်သွားသတဲ့ (ကိုယ့်လူက အေးတဲ့ ရာသီအိမ်ပြင်မှာ တဲထိုးပြီးအိပ် လေ့ရှိတယ်)။ ထပ်ခါထပ်ခါရွတ်မှ၊ အကြာကြီးရွတ်မှ ဖြစ်နိုင်ကြောင်းနဲ့ အဓိဋ္ဌာန်အကြောင်းတွေကို ပြောပြထားပြီး ဖြစ်လို့ သူတကယ် လုပ်ပုံရတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်တာပေါ့။

၃၁၆။ သရဲတွေကို မြင်သူ

ဆရာတော်တပါးသည် သုသာန်ထဲမှာ ဓုတင် ဆောက်တည်တုန်းက ပြိတ္တာတွေ အကြောင်းကို တရားပွဲ၌ ဟောပြောပါသည်။ လူပြိတ္တာ သီလရှင်ပြိတ္တာ ဘုန်းကြီးပြိတ္တာတွေကို အသွင်ပုံသဏ္ဌာန်၊ အရွယ်အစား များကို အတိအကျတွေ့မြင်ရပြီး ၎င်းတို့အား တရားဟောအမျှပေးဝေ ကြောင်း မိန့်ကြားပါသည်။ မြတ်စွာဘုရားရှင် လက်ထက်တော်က အဲဒီ လို ပြိတ္တာတွေကို မြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပိဋကတ်မှာ ရှိပါသလား။ ထို ပုဂ္ဂိုလ်တို့၏ လူထုပရိသတ်အား ဟောကြားချက်များ ရှိခဲ့ပါသလား။

နောက်ထပ် နှစ်ပေါင်း ၄၀ ကျော်ရင် ဝိမုတ္တိယောဂခေတ် ဖြစ်လို့ အရိယာပုဂ္ဂိုလ် မရှိနိုင်တော့ဘူးလို့လည်း ထိုဆရာတော်က ဆိုပါသည်။ ဝိမုတ္တိယောဂ ခေတ်ဆိုတာ ဘာကို ဆိုလိုပါသနည်း။ သနားသောအား ဖြင့်ဖြေကြားပေးစေချင်ပါသည်။

သိန်းအောင်

ရှင်မောဂ္ဂလ္လာန်

အခါတစ်ပါး အရှင်မောဂ္ဂလာန်နှင့် အရှင်လက္ခဏ ရဟန္တာကြီး နှစ်ပါးဟာ နံနက်ခင်းအချိန် ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံဖို့ ဂိဇ္ဈကုဋ် တောင်ပေါ် ကအဆင်း လမ်းခုလတ်ရောက်တော့ အရှင်မောဂ္ဂလ္လာန်က ပြုံးတော်မူ ရာမှာ အရှင်လက္ခဏက ‘ဘာကြောင့် ပြုံးတော်မူပါသလဲ’လို့ မေးတော် မူတာကို အရှင်မောဂ္ဂလ္လာန်က ‘ရှင်တော်ဗုဒ္ဓ ရှေ့တော်မှောက် ရောက် မှ ဒီကိစ္စကို ပြန်မေးပါ’လို့ မိန့်တော်မူတယ်။ မထေရ်နှစ်ပါး မြို့ထဲ ဆွမ်းခံလှည့်၊ ဆွမ်းဘုဉ်းပေးပြီးနောက် ဝေဠုဝန် ကျောင်းတော်မှာ သီ တင်းသုံးနေတဲ့ ရှင်တော် ဗုဒ္ဓထံ ရောက်တဲ့ အခါ အရှင်လက္ခဏက ထို အပြုံးကိစ္စကိုပြန်မေးရာမှာ အရှင်မောဂ္ဂလ္လာန်က..

‘ထိုအချိန်က ကောင်းကင်၌ သွားနေသော အရိုးစုပြိတ္တာကို မြင်ပါ ၏။ ထိုအရိုးစု ပြိတ္တာကိုပြိတ္တာလင်းတ၊ ပြိတ္တာကျီး ငှက်၊ ပြိတ္တာစွန်ရဲတို့ သည်လိုက်၍ လိုက်၍ နံရိုးကြားတို့၌ ထိုးဆိတ်ကုန်၏။ ထိုအရိုးစုပြိတ္တာ သည် နာကျင်သော အသံကိုပြု၏။ ထိုစဉ် ‘‘ဤကဲ့သို့သော သတ္တဝါမျိုး ရှိပေသေး၏’’ဟု စဉ်းစားပြီး ပြုံးမိခြင်းဖြစ်ပါ၏’လို့ ဖြေကြားပါတယ်။

အဲဒီလို ဖြေကြားတဲ့ အခါ (ပြိတ္တာကို မမြင်နိုင်တဲ့) အခြား ရဟန်း တွေက ‘အရှင်မောဂ္ဂလ္လာန်သည် စျာန်မဂ်ဖိုလ် တရားကို ဝါကြွားပြော ဆို၏’လို့ ကဲ့ရဲ့ရှုတ်ချကြတယ်။ ထိုအခါမြတ်ဗုဒ္ဓက ‘ရဟန်းတို့၊ ငါ၏ သာဝကတို့သည် ဉာဏ်အမြင် (ဒိဗ္ဗစက္ခု) ရှိပေစွ။ ငါဘုရားသည် ထို သတ္တဝါကို ရှေးက မြင်ခဲ့ဖူးသော်လည်း မပြောဆိုခဲ့ပေ။ ပြောဆိုခဲ့မူ သူ တပါးတို့သည် ငါ့အား မယုံကြည်နိုင်ရာ။ သို့ဖြစ်မူ ထိုမယုံကြည်သူတို့အား ဆင်းရဲရရန် ဖြစ်ရာ၏။ ရဟန်းတို့၊ မောဂ္ဂလ္လာန်သည် အမှန်ကို တွေ့မြင်သောကြောင့် အာပတ်မသင့်’လို့ မိန့်တော်မူပါတယ်။ (ဝိ၊၁၊၁၄၄။ ဝိ၊ဋ္ဌ၊၂၊၉၇။ သာရတ္ထ၊ဋီ၊၂၊၂၉၃)။

အန္တရာယ်ရှိ

အနှစ်ချုပ်ရင် ‘အရှင်မောဂ္ဂလ္လာန်ဟာပြိတ္တာတွေကို ဒိဗ္ဗစက္ခုဉာဏ်နဲ့ မြင်တယ်။ မြတ်စွာဘုရားရှေ့မှာ ပြိတ္တာကို မြင်တယ်လို့ ဆိုတဲ့ အခါ စျာန် မဂ်ဖိုလ်ကို ကြွားဝါတယ်ဆိုပြီး အခြားရဟန်းတွေက အရှင်မြတ်ကို ကဲ့ ရဲ့ကြပေမယ့် အမှန်ကိုမြင်တဲ့ အတွက်အရှင်မောဂ္ဂလ္လာန်အာပတ်မသင့်ဘူး’လို့ ဖြစ်ပါတယ်။ ပြိတ္တာတွေကို မြင်တယ်လို့ ဆိုခြင်းဟာ စျာန်မဂ် ဖိုလ်ကို ရတယ်လို့ ထုတ်ဖော် ပြောဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီတော့ကာ ‘လူပြိတ္တာ၊ ဘုန်းကြီးပြိတ္တာ၊ သီလရှင်ပြိတ္တာ’တွေကိုမြင်တယ်ဆိုတဲ့ ဓမ္မ ကထိက ကိုယ်တော်ကိုလည်း ‘စျာန်မဂ်ဖိုလ်ကို ကြွားဝါတယ်’လို့ ပရိ သတ် အနေနဲ့ စွပ်စွဲခွင့် မရှိဘူးလား။ စွပ်စွဲခွင့် ရှိခဲ့ရင် စတုတ္ထ သိက္ခာ ပုဒ်နဲ့ ငြိလာနိုင်ပြီး အငြင်းပွားစရာဖြစ်လို့ အဲဒါမျိုးတွေကို ရှောင်ကွင်းပြီး ဟောသင့်ကြောင်းပါ။

မြတ်ဗုဒ္ဓ ကိုယ်တိုင်တောင် အရှင်မောဂ္ဂလ္လာန်လို တန်ခိုးရှင် တစ် ယောက် သက်သေရှိမှမြွက်ဟတော်မူတယ်ဆို မဟုတ်လား။ ‘ဒိဗ္ဗစက္ခု ဉာဏ် မရဘဲလည်း သူတို့ပြရင် မြင်နိုင်တယ်။ ကိုယ်တိုင် လုပ်ကြည့်ပါ လား၊ မြင်မှာပေါ့’လို့ ဆိုခဲ့ရင် ဘုန်းကြီးအနေနဲ့ နားမျက်စိကြီးသူအချို့ ရဲ့ထင်မြင်ချက်ကို ကျမ်းဂန်နှင့်ညှိပြခြင်းသာဖြစ်ကြောင်း ဆိုပါရစေ။

ယုဂငါးမျိုး

ဗုဒ္ဓသာသနာရဲ့ ခေတ်ကာလ အပိုင်းအခြား ငါးမျိုးရှိတယ်။ ယုဂ သို့မ ဟုတ်ယုဂ်ငါးမျိုး လို့လည်း ခေါ်တယ်..

၁)ဝိမုတ္တိယုဂ=ဝိပဿနာမဂ်ဖိုလ်နိဗ္ဗာန်ကိုရနိုင်တဲ့ ခေတ်
၂)သမာဓိယုဂ=စျာန်သမာဓိမျှကိုသာကျင့်ကြံတဲ့ ခေတ်
၃)သီလယုဂ=သီလကိုသာ ကျင့်သုံးတဲ့ ခေတ်
၄)သုတယုဂ=ပရိယတ္တိမျှကိုသာ သင်ယူတဲ့ ခေတ်
၅)ဒါနယုဂ=ပေးကမ်းစွန့်ကြဲရုံမျှသာ ရှိတဲ့ ခေတ်

(ထေရ၊ဋ္ဌ၊၂၊၃၆၈)။

ဝိမုတ္တိယုဂခေတ်ဆိုတာ မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်တဲ့ ခေတ်ကာလ သာဖြစ်ပါတယ်။ မရနိုင်တဲ့ ခေတ်ကာလမဟုတ်ပါဘူး။ နှစ်ကာလအပိုင်းအခြား ဖော်ပြချက်ကိုတော့ မတွေ့မိတဲ့ အတွက် မဂ္ဂင်ရှစ်ပါးကို လိုက်နာကျင့်သုံး နေကြသရွေ့ ဝိမုတ္တိယုဂခေတ် ဖြစ်နေမှာပဲလို့သာ ဆို နိုင်အံ့ထင်ပါတယ်။

၃၁၇။ ဖြေသော်မပြေ

စက်တင်ဘာ ၉၊၂၀၁၃။

ဆရာတော် ဘုရား၊ မိန်းကလေး တစ်ယောက်သည် နှစ်ဘက်မိဘ သ ဘောမတူသူ တစ်ယောက်နှင့်ချစ်ကြိုက်ကာ လွန်ကျူးမိသဖြင့် ကလေး ကျန်ခဲ့ပါသည်။ ထိုလူမှာ နိုင်ငံခြားသို့ ရောက်သွားပါသည်။ ထိုလူ၏ မိဘများမှာ မိန်းကလေးနှင့် လွန်ကျုးမိသည့် ကိစ္စကို သိသွားသော်လည်း မိန်းကလေးကို တာဝန်ယူရန် မလိုကြောင်း အပြင်းအထန်ငြင်း ဆိုသည့်ပြင် မိန်းကလေးအား တွေ့သည့် နေရာတွင် သတ်ပစ်မည်ဟု ပင် ခြိမ်းခြောက်ပါသည်။ ထိုမိန်းကလေးနှင့် ပတ်သက်သူမှာလည်း မိဘများ၏ အလိုကျ တာဝန်မယူနိုင်ကြောင်း ပြောလျက် အဆက် အသွယ်ဖြတ်ပြီး မိန်းကလေးအား စွန့်ပစ်ခဲ့ပါသည်။

တစ်ဖက်မိဘများ၏ ထိုကဲ့သို့ မစာမနာ ပြောဆိုမှုများကို ထိတ်လန့်ခြင်း၊ သွေးတိုးရောဂါရှင် အသက် ၆၀ အရွယ် မိခင်အို၏ အသက်ကို ငဲ့ခြင်းတို့ကြောင့် ရက် ၆၀ ကျော်သာ ရှိသေးသည့် ရင်သွေးငယ်အား စွန့်လွှတ်ခဲ့ရပါသည်။ ထိုမိန်းကလေးမှာ ရင်သွေးကို စွန့်ရသည့် အတွက် စိတ်ဒဏ်ရာရပြီး ပူပန်သောက ဖြစ်နေရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ တပည့်တော်သိလိုသည်မှာ

၁။ မိန်းကလေးသည် ပါဏာတိပါတကံ မြောက်သည့်အတွက် ထိုအကုသိုလ်ကံကို မည်သို့ ဖြေဖျောက်နိုင်ပါမည်လဲ (မိန်းကလေးမှာ ရင်သွေးအား ရည်စူးပြီး ကောင်းမှုပြုခြင်း၊ အထူးသဖြင့် မိဘမဲ့ ကလေး များကို လှူဒါန်းခြင်းများ ပြုလုပ်ပါနေပါသည်)။

၂။ မိန်းကလေး ပြုလုပ်နေသည့် ကုသိုလ်များကို ရင်သွေးငယ် ရနိုင်ပါ သလား။

၃။ မိန်းကလေးကို စွန့်ပစ်ခဲ့သည် ထိုလူသည် မည်သို့သော အကုသိုလ်အပြစ်ကို ရနိုင်ပါသလဲ။

၄။ ထိုလူ၏ မိဘများသည်လည်း မည်သည့် အကုသိုလ် အပြစ် ဖြစ်နိုင်ပါသလဲ။

၅။ မိန်းကလေး လွန်ကျူးမိသည့်ကံသည် သံသရာမှာမည်သို့ အကုသိုလ် အကျိုးဆက် ဖြစ်နိုင်ပါသနည်း။ မိဘကို သတ်သည့်ကံနှင့် အလားတူပါသလား။ ကောင်းမှုပြုလျှင် အပါယ်မှလွတ်နိုင်ပါသလား။

ဆရာတော်ဘုရား ကျန်းမာပါစေ

မေသန့်ဖြူ

၁။ နိုးဘွာတေး

ပြုသူက တောင်းပန်ဝန်ချလို့ အပြုခံကကျေနပ်ရင် ခံသာပါတယ်။ ဥပမာ သောရေယျ သူဌေးသားဟာ မိမိအပြစ်ကို ရဟန္တာကြီးဆီ သွားပြီး ကန်တော့ တောင်းပန်တဲ့ အခါ ရဟန္တာကြီးက ခွင့်လွှတ်တဲ့ အတွက် အပြစ်ငြိမ်းတဲ့ အပြင်ကိုယ်တိုင်လည်းရဟန္တာဖြစ်သွားလို့ ဝဋ်ကြွေးလည်း ပြတ်တာပေါ့။ ဒါပေမယ့်သန္ဓေဖျက်တဲ့ ကိစ္စမျိုးက ‘ဘွာတေး’ခတ်ဖို့ မလွယ်ဘူး။ သူ့ကို တွေ့မှ မတွေ့တော့ဘဲ။ ဘဝသံသရာမှာ ပြန်ဆုံမိကြ လို့ ဒီကိစ္စကို ကိုယ့်ဟာကိုယ်ဖြစ်စေ သိနိုင်သူ တစ်ယောက်က ပြောပြလို့ ဖြစ်စေ အဖြစ်မှန်ကိုသိပြီး တောင်းပန် ခွင့်လွှတ်နိုင်ရင်၊ သို့မဟုတ် လူ့ဘဝကို မရောက်ခဲ့နိုင်ရှာတဲ့ ရင်သွေးဟာ ရောက်ရာဘဝက အဖြစ် မှန်ကို သိပြီး မိခင်လောင်းကို စာနာခွင့်လွှတ်နိုင်ရင် ‘ရန်ငြိုး’ ငြိမ်းသွား စရာရှိပါတယ်။ ရှင်တော်ဗုဒ္ဓနဲ့ တွေ့လို့ ရန်ငြိုး ပြတ်ခဲ့တဲ့ ကာဠယက္ခိနီ ဖြစ်ရပ်လိုပေါ့။

ရန်ငြိုး ငြိမ်းပေမယ့် မိခင်လောင်းမှာ လူသတ်မှုအတွက် အကျိုး ဆက်ကကျန်နေအုံးမှာ။

၂။ မသေချာ

အင်း .. သေသွားသူဟာ ဒီဘဝခန္ဓာကုန်ဆုံးတာနဲ့ နောက်ဘဝသစ်မှာ ချက်ခြင်း သွားဖြစ်တာပဲ။ အဲဒီဘဝသစ်ဟာ ဒီလူ့ဘဝနဲ့ နီးစပ်ဖွယ်ရှိတဲ့ ပရဒတ္တူပဇီဝီ (သူတစ်ပါး ပေးကမ်းတာနဲ့ အသက်ဆက်ရတဲ့) ပြိတ္တာ မျိုးမှာ ဖြစ်မှသာ ကျန်ရစ်သူတို့ရဲ့ရည်စူးဒါနကို သာဓုခေါ်နိုင်ပြီး အကျိုး ရကြောင်း ကျမ်းဂန်မှာ (မိလိန္ဒ၊၂၈၄) ဆိုတယ်။ ဒါကြောင့် သေသူကို ရည်မှန်းပြီး လုပ်ရတဲ့ ကုသိုလ်မျိုးက လုပ်သူအတွက် သေချာပေမယ့် ရည်စူးသူအဖို့တော့ ရေထဲက ငါးကို ခဲနဲ့ ပစ်သလို မသေချာဘူး။

၃။ ကြိုထိန်းမှ

အပေါ်မှာ ဖော်ပြတဲ့ ‘မိန်းကလေးနဲ့ လွန်ကျူးမိသည့် ကိစ္စ’ ဆိုတဲ့ စကားနဲ့ ပါဆက်စပ်ပြီး ဒီလိုဆိုနိုင်တယ်..

(၁) မိန်းကလေးက လွတ်လပ်နေသူ (မိဘတွေဆီက အချစ်ရေး အိမ် ထောင်ရးနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပိုင်ခွင့် ရထားသူ) ယောကျ်ားလေးက စောင့်ရှောက်ခံ (အချစ်ရေးကို ကိုယ့်ဟာကိုယ် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် မရှိသေးသူ)ဖြစ်ရင် မိန်းကလေး အနေနဲ့ သံသရာပြစ် ရှိတယ် (ကိုယ်တိုင်က လွတ်လပ်ပေမယ့် မလွတ်လပ်သူနဲ့ ပတ်သက်မိလို့)။

(၂) ယောကျ်ားလေးက လွတ်လပ်သူ မိန်းကလေးက စောင့်ရှောက်ခံ ဆိုရင် ယောကျ်ားလေး သံသရာပြစ်ရှိတယ်။

(၃) နှစ်ဦးလုံး ထိုကဲ့သို့ မိဘတွေဆီက လွတ်လပ်ခွင့်ကို မရသေးဘဲ စောင့်ရှောက်ခံဖြစ်နေကြရင် နှစ်ဦးလုံး သံသရာပြစ် မလွတ်နိုင်ဘူး။

(၄) နှစ်ဦးလုံးဟာ မိဘတွေဆီက အချစ်ရေး အိမ်ထောင်ရးနဲ့ ပတ် သက်ပြီး ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပိုင်ခွင့် ရထားရင် နှစ်ဦးလုံး သံသရာ ပြစ်မရှိဘူး။

လောကပြစ် အနေနဲ့ တော့ ထုံးတမ်းစဉ်လာ၊ တည်ဆဲ ဥပဒေတွေရဲ့ အဆုံးအဖြတ်ပဲ ဖြစ်မှာပေါ့။ ဒီနေရာမှာ ကလေး သေသွားခြင်းရဲ့ အဓိက တရားခံက မိခင်လောင်း ဖြစ်ပေမယ့် ကလေးကို သေစေတဲ့ အကြောင်း တရားတွေမှာ ယောကျ်ားလေးရဲ့ အပြုအမူ အပြောအဆိုလည်း ပါနိုင်တယ်။ ဒါ့အပြင် နှစ်ဖက်မိဘ အသိုင်းအဝိုင်းရဲ့ ပယောဂလည်း မကင်းနိုင်ဘူး။ ဒါကြောင့် ပါဝင်ပတ်သက်သူ အားလုံးမှာ အဲဒီ အကုသိုလ်ရဲ့သက်ရောက်မှုရှိနိုင်တယ်။

သို့အတွက် ဒီလို အကုသိုလ်မျိုးဆိုတာ မကျူးလွန်ခင် ကြိုတင်ပြီး နှစ်ဦးလုံး ဆင်ဆင်ခြင်ခြင် နေထိုင်ဖို့က အရွယ်ရောက်သူ ယောကျ်ား မိန်းမတို့ရဲ့ တာဝန်သာဖြစ်ပါတယ်။

၄။ အပြစ်မကင်း

အမှတ် (၃) ရှင်းလင်းချက်ကို သေချာဖတ်ကြည့်ပြီး ယောကျ်ားရဲ့ မိဘ များသာမက မိန်းကလေးရဲ့ မိဘများပါ ကလေးသေမှု အတွက် အပြု အမူ အပြောအဆို အကြံအစည် ပတ်သက်ရင် ပတ်သက်သလောက် သံသရာပြစ်ရှိနိုင်ကြောင်း နားလည်ပါ။

၅။ အတုံ့အလှည့်

မိဘကို သတ်သည့်ကံဆိုတာ မိမိရဲ့ မိဘအရင်းကို သတ်တာ။ အခုက မိမိရဲ့ သန္ဓေသားကို သတ်တာ။ ဗုဒ္ဓဝါဒ ရှုထောင့်အရ သားသမီးအရင်းကို သတ်တာဟာ ‘လူသတ်’ထဲမှာပဲ ပါတယ်။ ဒါကြောင့် သံသရာပြစ် အလေးအပေါ့မတူ။ သန္ဓေသားကို ရည်မှန်းပြီးအခုပြုလုပ်တဲ့ ကုသိုလ် အတွက် ပြုသူဟာ ပဋိသန္ဓေ ကောင်းကျိုးကို ရနိုင် (အပါယ်လွတ်နိုင်) ပေမယ့် ပဝတ္တိအခါ သန္ဓေဖျက် လူသတ်ကံရဲ့ သားကောင် ဖြစ်နိုင် သေးတယ်။ ပြုသူခံသူနှစ်ဦးဟာ တောင်းပန်ခွင့်လွှတ်ခွင့် မကြုံသရွေ့ ‘အမုန်း ကြိုး’နဲ့ ချည်ခံနေရမှာ ဖြစ်ပြီး ဒီလူသတ်ကံ အားကောင်းတဲ့ တစ်ချိန်ချိန်ကိုယ့်အလှည့် ရောက်လာဦးမှာ သေချာပါတယ်။

No Excuse

ကြုံလို့ နည်းနည်းရှည်လိုက်အုံးမယ်.. ဒီဘက်ကလူတွေက သံသရာပြစ်မှာ Excuse me လုပ်လို့ ရပေမယ့် လောကပြစ် မှာတော့ လွယ် လွယ်နဲ့ Excuse လုပ်လို့ မရဘူး။ ဒီလိုပါ..

ယင်းတို့ရဲ့ ဘာသာရေး ယုံကြည်ချက်အရ ‘အဖဘုရား သခင် .. ကိုယ်တော်ရှင်သည် အနန္တမေတ္တာ ကြီးမားသောကြောင့်ကျွန်ုပ်၏အပြစ်ကို ခွင့်လွှတ်တော်မူပါ’ဆိုရင် ဘုရားသခင်က ‘အိုကေ’ဖြစ်လို့ မကောင်း မှုကို ဘယ်လောက် လုပ်ထားစေကာမူ တောင်းပန်ရုံနဲ့ ကောင်းကင် ဘုံနဲ့ ဆိုးကျိုး အတွက် ပူစရာမလိုဘူး။ ဒါပေမယ့် နေ့စဉ်ဘဝမှာတော့ လူတစ်ယောက်ဟာ တစ်ခါ ထောင်ကျဖူးရင် တစ်သက်လုံး ဘာအလုပ် မှလျှောက်လို့ မရနိုင်တော့ဘူး။ အဲဒီ အရိပ်မည်းကြီးပါနေလို့ သူ့ဘဝ သေသွားတာပဲ။ တစ်ခါ လိမ်ဖူးရင် သွားပြီ၊ နောက်ထပ်ဘာမှ ပြောလို့ ပြင်လို့ မရတော့ဘူး။ ဒါကြောင့် ဒီဘက်က သာမန် လူအများစုဟာ ထောင်ကျမယ့် အလုပ်နဲ့ လိမ်ညာတာကို လွယ်လွယ်နဲ့ မလုပ်ကြဘူး။ အရိပ်လို

ဗုဒ္ဓဝါဒအရ လုပ်မိတဲ့ ကုသိုလ် အကုသိုလ်ကံဆိုတာပျောက် မသွားဘဲ ဘဝသံသရာမှာ ကိုယ့်နောက်က အရိပ်လို လိုက်နေတယ် (ဆာယာဝ အနုပါယိနီ)။ အဲဒီလိုက်နေတဲ့ ကံရဲ့အကျိုးပေးဆိုတာကို ဘုရားလည်း မတားနိုင်ဘူး။ အဲဒါ သဘာဝ ဥပဒေ။ အဲဒီ သဘာဝဥပဒေကို ကြောက် လို့ ‘တောင်းပန်ရင် ပြေတဲ့ ဆီ’ပြောင်းသွားတဲ့ ယုံကြည်မှုမခိုင်တဲ့ မြန်မာ အချို့တောင်ရှိဆို မဟုတ်လား။

၃၁၈။ မှန်ပါသည်၊ သို့သော် ..

ဆရာတော် အရှင်မြတ်ဘုရား၊

တပည့်တော်မက ဗုဒ္ဓဘာသာ မိဘနှစ်ပါးမှ မွေးဖွားလာသူ ဖြစ်သော ကြောင့် သိတတ်စ အရွယ်မှစပြီး ဘာသာရေး ရိုသေကိုင်းရှိုင်းခဲ့ပါသည် ဘုရား။ အသက်၁၈-နှစ်အရွယ်မှာနိုင်ငံရပ်ခြားကို တယောက်တည်း ထွက်လာခဲ့သော်လည်း ဘုရားရှိခိုး ဆွမ်းတော်ကပ် ပုတီးစိပ် အမြဲ မပြတ်လုပ်ခဲ့ပါသည် အရှင်ဘုရား။ တပည့်တော်မ သိလိုသည်မှာ.. (၁) ဘုရာစင်ရှေ့မှာ ထိုင်ပြီး ဘုရား မရှိခိုးပဲ သီလမယူပဲ သီလ လုံအောင် စောင့်ထိန်းနိုင်လျှင် ကော သီလလုံသူ သီလစောင့်သူ ဖြစ်ပါသ လား၊ သီလကုသိုလ် ရပါသလား။

(၂) ဘုန်းကြီးကျောင်းသို့ ဆွမ်းချက်ပို့ဖို့ ဝေးလွန်းသောကြောင့် စိတ် ထားမြင့်မြတ်သော ပုထုဇဉ်၊ သီလရှိသော ပုထုဇဉ်များကို ဆွမ်းလုပ် ကျွေးခြင်းအမှုသာ ယခုနောက်ပိုင်း ပြုမိပါသည်၊ ဒါနကုသိုလ် မြောက်ပါ သလားဘုရား။

(၃) နိုင်ငံရပ်ခြား နေသူများအဖို့ တချို့ ကျပ်တည်းသူများ ဘုန်းကြီး ကျောင်း သွားမလှူနိုင်ပါ၊ စေတီတည်ဖို့ ပိုက်ဆံ မထည့်နိုင်ပါ၊ မိဘများကို လစဉ်ထောက်ပံ့ငွေ ပို့ရပါသည်၊ ဒါနကုသိုလ် ဖြစ်ပါသလား။ (၄) ဘုရားစင်ရှေ့မထိုင်ပဲ မြတ်ဘုရား၏ အဆုံးအမကို လိုက်နာပြီး သီလလုံအောင် စောင့်ထိန်းနိုင်သူ ဖြစ်ကာ မြတ်ဘုရား၏ ဂုဏ်ကို အမြဲ ပွားများနေလျှင် ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်နိုင်ပါသလားဘုရား။

မေးသူအမည်မထင်ရှား

သလိုလိုလား

(၁) ဘုရားလောင်း မဟာဇနကမင်းသား သင်္ဘောပျက်လို့ သမုဒ္ဒရာထဲ မျောစဉ် ကောင်းကင်မှာ လပြည့်တာကို မြင်လို့ ဥပုသ်နေ့ကို အမှတ်ရပြီး ဥပုသ် စောင့်တယ် (ဇာ၊ဋ္ဌ၊၆၊၄၃)ဆို မဟုတ်လား။ သမုဒ္ဒရာထဲ ရေကူးရင်းတောင် သီလ စောင့်နိုင်သေးတာပဲ။ ဘယ်မှာ စောင့်စောင့် သီလလုံရင် သီလကုသိုလ် ရပါတယ်။ ဒါပေမယ့် .. နိုင်ငံသား ခံယူတဲ့ အခါ တရားသူကြီးရှေ့မှာ ဒီဘက်နိုင်ငံရဲ့ ဥပဒေကို လိုက်နာပါ့မယ် ဆိုတာကို စိတ်ထဲမှာ ‘မြုံထား’လို့ မရဘူး။ နှုတ်က မဖြစ်မနေ မြွက်ဆို ရတယ် မဟုတ်လား။ စိတ်ပိုင်းဘဝ လေ့ကျင့်မှုဆိုတာ အဲဒါထက် များစွာ အလေးအနက် ပြုပြီး လုပ်ရတယ်။ ဘုရားရှေ့မှာ ဘုန်းကြီးရှေ့မှာ နှုတ်က မြွက်ဆိုပြီး သီလယူတယ်ဆိုတာ ကိုယ့်အလုပ်ကို ပိုလေးနက် စေချင်လို့။ ဒါတောင် ညနေ အိမ်ပြန်အရောက် ကိုယ့် ဥပုသ်ကို မေ့ပြီး မြေးကို ထမင်းကျွေးရင်း ထမင်းစားမိတာမျိုးတွေ ရှိတယ်။ အိမ်မှာ ဘုရားကျောင်း မရှိလို့၊ ရှိပေမယ့် မထိုင်ချင်လို့ ထိုင်ရမှာ ရှက်လို့ ‘ဘုရားစင်ရှေ့မှာ ထိုင်ပြီး ဘုရား မရှိခိုး’တာလား .. ‘သီလမယူဘဲ’ ဆို တော့ ကိုယ့်ဟာကိုယ် စိတ်ထဲက မှတ်ပြီး ငါးပါးလိုလို ရှစ်ပါးလိုလို မပြတ်သားတဲ့ သီလမျိုးလား..

နီးချင်ရင် မဝေးပါ

(၂) အို .. ဒါလည်း ‘အိုကေ’ပါ။ ဒါနကုသိုလ် မြောက်ပါတယ်။ အိမ်က ခွေးလေးကိုပင် စေတနာနဲ့ ကျွေးမွေးရင် ဒါနလို့ ဆိုနိုင်တာပဲ။ ဒါပေမယ့် .. ‘တိရစ္ဆာန်၊ ပုထုဇဉ်သီလမဲ့၊ ပုထုဇဉ်သီလရှိ၊ ပုထုဇဉ်သီလရှိ သရဏဂုံလည်းတည်၊ အရိယာပုဂ္ဂိုလ် ၈၊ ပစ္စေကဗုဒ္ဓ၊ သဗ္ဗညုဗုဒ္ဓ’ဆိုတဲ့ အကျိုးပေး နည်းများအလိုက် အနိမ့်ဆုံးကနေ အမြင့်ဆုံးထိအလှူခံ ပုဂ္ဂိုလ် ၁၄ မျိုးနဲ့ .. ‘ကိုယ်တိုင် သီလရှိ၊ အလှူခံကလည်း သီလရှိ၊ တရား သဖြင့်ရတဲ့ အလှူပစ္စည်း၊ ကံကံရဲ့အကျိုးကိုယုံကြည်’ဆိုတဲ့ ဒါနရဲ့အင်္ဂါ လေးရပ်ကိုလည်း လေ့လာအုံးပေါ့။ ပြီးတော့..

‘သိတတ်စ အရွယ်မှစပြီး ဘာသာရေး ရိုသေကိုင်းရှိုင်းခဲ့သူ’ ဖြစ် ရင် ‘ဝေးလွန်းသောကြောင့်’ ဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံဘူး။ ဘာကြောင့်ဆို သွားချင်ရင် နီးလို့ ပါ။ ဘုန်းကြီးတို့ ကျောင်းနဲ့ တစ်နာရီ ခွဲလောက် ဝေးတဲ့ နေရာမှာ မြန်မာတစ်စု ရှိတယ်။ အဲဒီအထဲ အချို့က ဝေးလို့ ဆို ဘုန်းကြီးကျောင်းကို တစ်နှစ်တစ်ခေါက်တောင်အနိုင်နိုင်။ အင်း.. အဲဒါလောက်ပဲဝေးတဲ့ နေရာမှာ အဆိုတော်တွေ သီချင်းဆိုပွဲကျ တော့ ၎င်းတို့ရောက်အောင် သွားနိုင်တယ်။

ကော်ဖီတစ်ခွက်စာ

(၃) ဒါလည်းပဲ မေးစရာတောင် မလိုပါဘူး။ ကောင်းတဲ့ ဒါနအလုပ်ပါပဲ။ သာဓု.. သာဓု။ ဒါပေမယ့်.. သီချင်းဖျော်ဖြေပွဲ ဟေ့.. ဆိုအဲဒီ ‘ကျပ် တည်း’တွေပဲ ရှေ့ဆုံးက မဟုတ်ပါလား (မငြင်းပါနဲ့ ..လက်တွေ့ပါ)။

ကြုံလို့ ပြောရအုံးမယ် .. အမေရိကကို ရောက်လာကြတဲ့ ဗုဒ္ဓဘာ သာ မဟုတ်သူ ရုပ်ရှင်နဲ့ ဂီတနယ်က လူငယ်တွေဆို ‘ချတ်ချ်’ကို ရောက်အောင် သွားတယ်။ ပြီးတော့ .. သူတို့ ဖျော်ဖြေလို့ ပရိသတ်ဆီ က ရရှိတဲ့ အနုပညာကြေး ခေါ်ခေါ် အလှူငွေဆိုဆို အားလုံးကို တစ် ပြားမှမယူဘဲ ‘ချတ်ချ်’ကိုလှူသွားကြတယ် (အမှန်တော့ဒီက ချတ်ချ် ဆိုတာ အစိုးရဆီကနဲ့ သက်ဆိုင်တဲ့ အသင်းတော်ဆီကပါ အထောက် အပံ့ရှိလို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေထက် အများကြီး ခမ်းနား ပါတယ်)။ ဘုန်းကြီးတော့ အဲဒီလူငယ်တွေကို သိပ်လေးစားတယ်။

အင်း .. ‘ကိုးကွယ်သည့် ဘာသာ .. ဗုဒ္ဓ’လို့ ပတ်စ်ပို့ ဖောင်မှာ ဖြည့်ခဲ့ဖွယ်ရှိတဲ့ ဗုဒ္ဓဘာသာ အဆိုကျော်နဲ့ ရုပ်ရှင်က နာမည်ကြီးတွေ အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်း အဲဒီလို လုပ်သွားတာမျိုးကို ယနေ့ ထိ မကြားဖူးသေးဘူးဗျို့။ ရတာကိုအကုန် ‘မ’ သွားသံပဲ ကြားတယ်။ များသောအားဖြင့် ဘုန်းကြီး ကျောင်းဖက်ကို ခြေဦးတောင် မလှည့်ကြ ပါဘူး။ ဘုန်းကြီး ကျောင်းကို ရောက်ရင် တစ်ဆယ် ငါးကျပ် အိတ်ထဲ က ထုတ်ရတော့မှာလေ .. (မရယ်ပါနဲ့၊ ဒါလည်းပဲ လက်တွေ့ပါ)။ တစ် ချို့ဆို အဝေမတည့်လို့ ဂေါပကနဲ့ ရန်တောင်ဖြစ်သွားကြသတဲ့။

သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန် ဆောင်လည်း၊ ပြောင်လျက် ဝင်းလျက်၊ ကျန်စေသတည်း’ဆိုတဲ့ ဆရာ ဇော်ဂျီရဲ့ ကဗျာကို အမှတ်ရပါ။ ‘သိတတ်စ အရွယ်မှစပြီး ဘာသာရေး ရိုသေကိုင်းရှိုင်းသူ’ ဖြစ်ရတာဟာ သင့်မိဘများဆီက ရထားတဲ့ ‘နှလုံး သားအမွေ’ ကြောင့် မဟုတ်ပါလား။ အဲဒီ အမွေကို ‘စောင့်ရှောက်၊ ထောက်ပံ့၊ ရှင်သန်စေ၊ လှူပ်ရှားနေစေ’ဖို့ အနည်းဆုံး သင့်ရဲ့ ‘ကော်ဖီ တစ်ခွက်စာ’ လေးလောက်ကိုတော့ လက်မနှေးသင့်ပါဘူး။ နိုင်ငံခြားက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အများစုဟာ သင်ထင်သလောက် မပြည့်စုံကြဘူး။ တစ်နှစ်စာ လည်ပတ်နိုင်ဖို့ အတော်လေး ရုန်းကန်ကြ ရပါတယ်။

မစွန်းစေနဲ့

(၄) ဖြစ်ပါတယ်၊ ဖြစ်နိုင်ပါတယ်။ ‘ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ = တရားကို မြင်ရင် ဘုရားကို မြင်တယ်’ဆို မဟုတ်လား။ ဒါပေမယ့် .. ဒီကိုရောက်နေတဲ့ ဗုဒ္ဓဘာသာလို့ ယူဆရတဲ့ ‘မဆလ္လကျ အဖိုးကြီးတစ်ယောက် ပြောတာကိုတော့ အမှတ်ရတယ် .. ‘တပည့် တော်က ဘယ်ဘုန်းကြီး ကျောင်းကိုမှ မသွားဘူး။ ဗမာတွေက လူစုရင် စကား သိပ်ရှုပ်တယ် (သူကဖြင့် ဗမာဟုတ်ဟန်မတူ.. ဟုတ်ရင် တောင် သူ့အနေနဲ့ စကားမရှုပ်ဘူး .. လူကောင်း)၊ အိမ်မှာ ဘုရားစင် တောင် မထားဘူး၊ ရှုပ်လို့ (အိုး .. ဒုက္ခ)၊ ဘုန်းကြီးကျောင်းကို ရောက်တော့လည်း အလှူခံတာကိုပဲ တွေ့တယ် (ဘုန်းကြီး တရားဟောချိန် သူက အပြင်မှာ ဒူးနှံ့နေမှာ)၊ ဒါပေမယ့် အိမ်မှာ ပုတီးစိပ် တရားထိုင်တော့ လုပ်ပါတယ် (သာဓုပါ)’တဲ့။

အဲဒါမျိုးတော့ မဖြစ်စေနဲ့ ပေါ့။ ဘကြောင့်ဆို တစ်ပိဿာနဲ့ ငါးဆယ် သား အလေးကို ချိန်ခွင် တစ်ခုစီမှာ တင်ထားသလို ကြည့်မကောင်း ဖြစ်နေသလားလို့ ပါ။

I know for sure that what we dewll on is who we become. Oprah Winfrey (5/11 RD)

ယခု ဖြစ်နေတဲ့ ဘဝဟာ နောင် ဖြစ်လာမယ့် သူပဲ ဆိုတာကိုတော့ ကျွန်မအသေအချာ သိတယ်။

၃၁၉။ အတွေးနား သတိထား

ဆရာတော်အရှင်မြတ် ဘုရား၊

မြောက်ဦးဆရာတော်သီပေါမှာ ဟောကြားတဲ့ ‘ပဋိစ္စသမုပ္ပါဒ်’ခေါင်းစဉ် နဲ့ တရားတစ်ပုဒ် (အမှတ်စဉ် ၉၈)တွင် ‘ဘဝေ ဇယံ ဘယံ ဒိသွာ’အရ ဘုံဘဝဆိုတာ ဘေးရန်ပဲ၊ မသိသော စိတ်ကို အဝိဇ္ဇာ၊ မသိမှုကြောင့် ဘုံဘဝကို အထင်ကြီးတာက တဏှာ။ (ဘုန်းကြီးမေး) အဝိဇ္ဇာ တဏှာ ဆိုတဲ့ တရားကကော တခြားလား ကံတရားလား (ပရိသတ်ဖြေ) ကံတရားပါဘုရား။ (ဘုန်းကြီးထောက်ခံ) ကံတရား။ (ဘုန်းကြီး) သစ္စာဖွဲ့ ရင် ဘာသစ္စာဖြစ်လဲ (ပရိသတ်ဖြေ)သမုဒယသစ္စာပါဘုရား (ဘုန်းကြီး ထောက်ခံ)သမုဒယသစ္စာ’လို့ အမေးအဖြေ လုပ်ထားတာရာမှာ အဝိဇ္ဇာ နဲ့ တဏှာကို သမုဒယသစ္စာလို့ ဆိုထားပါတယ်။ တပည့်တော် နား လည်ထားတာက လောဘကိုသာ သမုဒယသစ္စာလို့ မိုးကုတ်ဆရာ တော်ကြီး ဟောကြားသည်ဟု ထင်ပါသည်။ ဆရာတော်တို့ ဖြေကြား ပေးစေချင်ပါသည်ဘုရား။

မိုးကုတ်ယောဂီ

ဝဋ်မြစ်

ဒုက္ခံ တေဘူမကံ ဝဋ္ဋံ၊ တဏှာ သမုဒယော ဘဝေ (အဘိဓမ္မတ္ထသင်္ဂဟ)’အရ တဏှာကိုပဲ သမုဒယသစ္စာလို့ မှတ်ပါ။ တရားကိုယ် အားဖြင့် မေဟစေတသိက်ဖြစ်တဲ့ အဝိဇ္ဇာကိုတော့ ‘တေဘူမက’ထဲမှာ ပါလို့ ဒုက္ခသစ္စာထဲ ထည့်လိုက်ပါ၊ မေးခွန်းထဲမှာ အဝိဇ္ဇာနဲ့ တဏှာကို ကံတရားလို့ ဟောထားတာကို တွေ့တယ်။ အဲဒါလည်း မမှန်ဘူး။ အဝိဇ္ဇာ တဏှာဆိုတာ သံသရာလည်ခြင်းရဲ့ အကြောင်းတရား သို့မ ဟုတ် ဝဋ္ဋမူလ (ဝဋ်မြစ်)သာ ဖြစ်ပါတယ်။ ကံတရား မဟုတ်ပါဘူး။ အဝိဇ္ဇာနဲ့ တဏှာကို မပယ်နိုင်လို့ ကံ (ကုသိုလ် အကုသိုလ်)တွေ လုပ်မိ ကြပြီး ဘဝသံသရာလည်ရတယ်လို့ ဆိုမှမှန်တယ်။

ဟန်မကျ

‘မသိမှုကြောင့် ဘုံဘဝကို အထင်ကြီးတာက တဏှာ’လို့ အဓိပ္ပာယ် ဖွင့်တာလည်း သိပ်မကောင်းဘူး။ ‘အထင်ကြီး’ဆိုတာ အတွက် ‘မာန’ ဆိုတဲ့ ပါဠိစကားလုံး ရှိပြီး ဖြစ်လို့ ပါ။ ‘မသိမှုကြောင့် ဘုံဘဝကို တပ် မက်တာ တဏှာ’လို့ ရိုးရိုးလေး ပြောရင် နားလည် တတ်သိသူတွေရဲ့ ‘အတွေးနား’ကို ခလုတ်မတိုက်နိုင်လို့ အန္တရာယ်ကင်းတာပေါ့။ ‘မသိ သော စိတ်ကို အဝိဇ္ဇာ’လို့ ဆိုထားတာလည်း သိပ်တော့ ဟန်မကျဘူး။ ‘အဝိဇ္ဇာရဲ့တရားကိုယ်က အကုသိုလ်စေတသိက် ၁၄ ပါးထဲက မောဟ စေတသိက်၊ အဓိပ္ပာယ်က မသိခြင်း’လို့ ဆိုရင် ရှင်းနေတဲ့ ဥစ္စာ။ သေချာစေ

ကြုံလို့ ပြောရအုံးမယ် .. ‘ဘဝေ ဇယံ ဘယံ ဒိသွာ’ဆိုတဲ့ စာသားလည်း ကျမ်းဂန်မှာရှိမယ်လို့ မထင်ဘူး။ ဘုန်းကြီးတော့ အဲဒီ စာသား မျိုး မတွေ့ဖူးသေးဘူး။ ဗြဟ္မနိမန္တနိကသုတ် (မ၊၁၊၄၀၅)ထဲက ‘ဘဝေ ဝါဟံ ဘယံ ဒိသွာ’ စာပိုဒ်ပေလား။ လူသေ လူဖြစ်တို့က ‘လောက သမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ’လို့ ကျမ်းဂန်မှာ မရှိတဲ့ ပါဠိ စာသားကို ကိုးကားတဲ့ အခါ ဝိနည်းဓိုရ် ဆရာတွေရဲ့ မျက်စိစပါးမွှေး စူးခံကြရတာပေါ့။ ဒါကြောင့် ပရိသတ်ရှေ့မှာ ဟောပြောသူ တစ် ယောက် အနေနဲ့ မိမိကိုးကားမယ့် ‘အာဂမယုတ္တိ’ဟာ ပါဠိတော်လား၊ အဋ္ဌကထာလား၊ ဋီကာလားဆိုတာ သေချာဖို့ အရေးကြီးကြောင်းပါ။ တစ်ချို့ဆို နီတိကျမ်းထဲက ဟာကို ဘုရားဟောပါလို့ အမှတ်မထင် ပြောတာတွေတောင် ကြားဖူးတယ်။

ဆင်ခြင်

လက်တန်း ဟောပြောရတာ ဖြစ်လို့ အမှားအယွင်း ပါနိုင်တာကို နား လည်ပါတယ်။ ဒါပေမယ့် .. မေးခွန်းထဲမှာ ပါတာတစ်ချို့က ခွင့်မလွှတ် နိုင်တဲ့ မှားယွင်းမှုမျိုး ဖြစ်နေလို့ ဆင်ခြင်နိုင်ဖို့နဲ့ ပြင်ဆင်နိုင်ဖို့ ပြောပြ လိုက်တာပါ။

၃၂၀။ ရုပ်ပုံဆင်းတုဟောင်းတွေ

ဆရာတော် အရှင်မြတ်ဘုရား၊

ဘုရားပုံတော်ဟောင်းများနှင့် ပတ်သက်ပြီး မေးလျှောက်ပါရစေဘုရား။ တပည့်တော်ထံတွင် နှစ်ပေါင်းများစွာမှ ဘုရားပုံတော်များနှင့် စေတီတော် ဘုရားပုံတော်ပါရှိသည့် ပြက္ခဒိန် အဟောင်းများ ရှိနေပါသည် ဘုရား။ ထိုပုံတော်နှင့် ပြက္ခဒိန် အဟောင်းများကို စွန့်ပစ်လျှင် ငရဲကြီးမှာ ကြောက်၍ မည်သို့ ပြုလုပ်ရမည် မသိပါ၍ ဖြေကြားပေးတော်မူပါဘုရား။

အချို့သူများသည် ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရား အစရှိသဖြင့် ဘုရားစေတီတော်များကို နောက်ခံထား၍ အလှဓာတ်ပုံရိုက်ခြင်း (အမူအယာအမျိုးမျိုးဖြင့်) များ တွေ့ရပါသည်ဘုရား။ ကိုးကွယ်ကြည်ညိုဖွယ်ရာ စေတီ၊ ဘုရားများကို အလှဓာတ်ပုံ နောက်ခံ Background အဖြစ်အသုံးပြုခြင်းဖြင့် အပြစ်ဖြစ် (ငရဲကြီး)နိုင်ပါသလားဘုရား။

ကိုမျိုး (Burmeseclassic အထွေထွေတာဝန်ခံ)

---

စေတီ၊ ဗောဓိညောင်ကိုင်း

ထေရဝါဒ အစဉ်အလာမှာ ရုပ်ပုံဆင်းတုတွေထက် ဓာတ်တော်ရှိတဲ့ စေတီနဲ့ ဗောဓိညောင်ပင်ကို ပိုပြီး အလေးဂရုပြုတယ်လို့ ပညာရှင်တို့ သုံးသပ်ချက်တွေ ရှိတယ် (History of Buddhism in Ceylon, p. 120ကို ကြည့်ပါ)။ အကြောင်းမဲ့ စေတီတော်ကို ဖြိုဖျက်ရင်၊ ဗောဓိကိုင်းကို ခုတ်ဖြတ်ရင် ဗုဒ္ဓဘုရားရှင်ကို ကိုယ်ထိလက်ရောက် ပြစ်မှားတာနဲ့ တူတယ်လို့ အဋ္ဌကထာမှာဆိုတယ် (အဘိ၊ဋ္ဌ၊၂၊၃၃၂)။ ဒါပေမယ့် ဗောဓိညောင်ကိုင်းဟာ စေတီတော်ကို အမြစ်ထိုးရင် ဖျက်ဆီးရင် ခုတ်ဖြတ်ခွင့် ရှိတယ် (ယင်း၊၃၃၂)။ ရှေးဟောင်းသုတေသန မှတ်တမ်းတွေအရ ဗုဒ္ဓရဲ့ ဓာတ်တော်အစစ်တွေ ကိန်းဝပ်နေတဲ့ အိန္ဒိယက စေတီတော်တွေ ပြိုကျပျက်စီးတဲ့အခါ ကြည်ညိုသူ ဗုဒ္ဓဝါဒီတွေက စေတီဟောင်းကို မဖျက်ဘဲ ငုံပြီး ထပ်မံ ပြုပြင်မွမ်းမံခဲ့ကြောင်း သိရတယ်။ ဒီဖော်ပြချက်အရ မရိုသေတဲ့ စိတ်နဲ့ အကြောင်းမဲ့ ဖျက်ဆီးရင် အကုသိုလ်ပြစ်ဖြစ်ပြီး ကြည်ညိုတဲ့ စိတ်နဲ့ လိုအပ်ရင် ခုတ်ဖြတ် ပြုပြင်ခွင့်ရှိတယ်လို့ ကောက်ချက် မချနိုင်ဘူးလား။

ဗုဒ္ဓရုပ်အလောင်းတော်

မြတ်ဗုဒ္ဓရုပ်အလောင်းတော်ကို နံ့သာထင်းပုံပေါ်မှာ အရှင်မဟာကဿပ မထေရ်ကြီးရဲ့ ဦးဆောင်ညွှန်ကြားမှုနဲ့ လိစ္ဆဝီမင်းတွေက မီးသင်္ဂြိုဟ်ခဲ့တယ်။ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စတဲ့ ရဟန္တာတွေရဲ့ ရုပ်အလောင်းတော်ကိုလည်း မီးသင်္ဂြိုဟ်ခဲ့တယ်။ လူအများစု ကြည်ညိုတဲ့ ပုထုဇဉ် ဆရာတော် သံဃာတော်တွေ ပျံလွန်တော်မူရင်လည်း မီးသင်္ဂြိုဟ်ရတာပဲ။ ဒီတော့ဘုရား ရဟန္တာတွေရဲ့ ရုပ်အလောင်းတော်တွေနဲ့ ပုထုဇဉ် ရဟန်းတို့ရဲ့ ရုပ်အလောင်းတွေကို မနှိုင်းယှဉ်ကောင်းပေမယ့် အနည်းဆုံး ပူဇော်ခံ သက်ရှိ ပုဂ္ဂိုလ်ထူးတွေတောင် အသက်နဲ့ ရုပ်ခန္ဓာ အတူမရှိလို့ ပရိနိဗ္ဗာန်စံ ပျံလွန်တော်မူတဲ့အခါ မီးသင်္ဂြိုဟ်ရတယ်ဆိုတဲ့ ဒဿနကို ထုတ်ယူလို့ ရနိုင်လောက်ပါတယ်။

ဓာတ်ပုံ၊ ဆင်းတုဟောင်းတွေ

ဖော်ပြပါ ယူဆချက်နှစ်ရပ်ကို အခြေခံပြီး ဗုဒ္ဓရုပ်ပုံ ပန်းချီကားဟောင်း၊ ဆင်းတုဟောင်းတွေနဲ့ ပတ်သက်ပြီး မရိုသေစိတ်နဲ့ မဟုတ်ဘဲ ကြည်ညိုစိတ်ရင်းအမှန်နဲ့ လိုအပ်ရင် ဖျက်ဆီးပေမယ့် အပြစ်မဖြစ်နိုင်ဘူးလို့ ဘုန်းကြီး ယူဆတယ်။ ဒီလို လုပ်သင့်တယ် ... ဥပမာ ဗုဒ္ဓရုပ်ပုံပါတဲ့ ပြက္ခဒိန်ဟောင်း၊ ဆွေးမြေ့နေတဲ့ ဗုဒ္ဓရုပ်ပုံပန်းချီကားဟောင်းတွေကို အမြင့်မှာ တင်ပြီးစုပေါင်းမီးပူဇော်နိုင်တယ်။ ကျိုးပျက်ဆွေးမြေ့နေတဲ့ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် မသပ္ပာယ်တဲ့ သစ်သားဆင်းတုတော်တွေကိုလည်း သေချာစီစဉ်ပြီး ဗုဒ္ဓါနုဿတိအာရုံနဲ့ ရိုရိုသေသေ မီးပူဇော်ရင် ကုသိုလ်တောင် ရနိုင်ပါလိမ့်မယ်။ ပစ်စလက်ခတ်လုပ်ပြီး အမှိုက်ပုံးထဲကို ထည့်ပစ်တာမျိုးတော့ မဖြစ်သင့်ချေဘူးပေါ့။ ကျိုးပျက်သွားတဲ့ ကြေးဆင်းတုလိုဟာတွေကိုတော့ အရည်ပြန်ဖျော်ပြီး ဆင်းတုတော်အသစ် ပြန်သွန်းနိုင်တယ်။ သေးရင် ဆင်းတုကြီးကြီးသွန်းတဲ့ နေရာမှာ သွားရောက်လှူဒါန်းနိုင်တယ်။ ကြေးဆင်းတုအသေးလေးတွေ များနေရင် အားလုံးကို ပေါင်းပြီး တစ်ဆူတည်း သွန်းလုပ်နိုင်တယ်။ စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဆင်းတုပျက်တွေ ကျတော့ မီးပူဇော်လို့ မရတဲ့အတွက် နည်းနည်း ခက်တယ်။ ဆင်းတုကြီးရင် သေးသေး ပြန်ထုလို့ ရနိုင်တယ်။ တည်ဆောက်ဆဲ အုတ်စေတီရဲ့ အထဲမှာ မြှုပ်နှံခွင့်ရှိမှ အဆင်ပြေနိုင်လိမ့်မယ်။

ဘုရားမှာ အမှတ်တရ

ခုနပြောပြတဲ့အတိုင်းပါပဲ။ စိတ်ထားသာ အဓိက ဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင် ရှိခိုးပူဇော်ဖို့အတွက်ဆိုရင် ဘုရားဆင်းတု၊ သို့မဟုတ် စေတီတော် သက်သက်ပဲ ဓာတ်ပုံရိုက်သင့်တယ်။ ဘုရားကို ရောက်ခိုက်မှာ အမှတ်တရအနေနဲ့ ရိုရိုသေသေ ပန်းရေချမ်း ကပ်လှူပူဇော်နေတဲ့ ဓာတ်ပုံတွေ ရိုက်လို့ အပြစ်မဖြစ်တန်ရာဘူး။ အင်း ... မိန်းကလေးတွေ ဒူးပေါ်နေတဲ့ စကတ်ကို ဝတ်ပြီး ရည်းစား၊ သို့မဟုတ် လင်ယောကျ်ားနဲ့ ကျီစယ်နေတဲ့ အတွဲပုံတွေကျတော့ စိတ်ထဲက ဘုရားကို ကြည်ညိုပါတယ်ဆိုရင်တောင် ဘုန်းကြီးတော့ မကြိုက်ဘူး။ ဘုရားစေတီကို သွားရာမှာ ဗုဒ္ဓဂုဏ်ကို အာရုံပြုဖို့နဲ့ ကုသိုလ်ယူဖို့က အဓိက မဖြစ်သင့်ဘူးလား။ လင်မယား သမီးရည်းစား မိသားစုတွေနဲ့ ‘ကဲ’ဖို့ဆိုရင် ငပလီလို ချောင်းသာလိုဟာမျိုး သွားပေါ့။ ရိုက်စမ်း၊ ဓာတ်ပုံတွေဘယ်လောက်ရိုက်မလဲ။

တတ် တွမ္မ ဆိ

---

ထို (သူ)သည်သင်ပင်ဖြစ်၏။ (ဟိန္ဒူ)

၃၂၁။ အိမ်ဦးနတ်

ဘုန်းဘုန်း ဘုရား၊ စာရှည်နေရင် ခွင့်လွှတ်ပြီး ဖတ်ပေးစေချင်ပါသည် ဘုရား။ တပည့်တော်မ Burmese Classic ဓမ္မအမေးအဖြေများမှ No. 91 Question ကိုဖတ်ပြီး ဘုရားပေါ် မိန်းမမတက်ရဆိုသော စည်းကမ်းချက်နှင့် ပတ်သက်၍ တော်တော် စိတ်ကျေနပ်သွားပေမယ့် အဲဒီလို အဓိပ္ပာယ်မရှိသော စည်းမျဉ်းတွေကြောင့် တပည့်တော်တို့ အမျိုးသမီးတွေ ကုသိုလ်ယူရာမှာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင် တစ်ခါတစ်ရံ အကုသိုလ်ပါ ဖြစ်ခဲ့ရပါသည်။ ဘုရားရှင် လက်ထက်က သုဇာတာသူဌေးသမီးက ကိုယ်တိုင် ဃနာနို့ဆွမ်း ကပ်လှူခဲ့ပါတယ်။ ဘုရားကိုတောင် အမျိုးသမီးကိုယ်တိုင် ဆွမ်းကပ်လှူနိုင်ခဲ့သေးပြီး ယခု ဘုရားရှင်ရဲ့ ဓာတ်တော်ကို ဌာပနာထားတဲ့ စေတီတွေမှာ အမျိုးသမီးများကိုယ်တိုင် ပန်း၊ ဆွမ်း၊ ရွှေသင်္ကန်းကပ်လှူခွင့်မရတာကို တော်တော်စိတ်နာမိပါတယ်။

အမျိုးသမီး တက်ခွင့်မရတဲ့ ကျိုက်ထီးရိုးစေတီတော်ကို ရွှေသင်္ကန်းကပ်လှူခွင့်ရတဲ့ ယောကျ်ားအချို့ထက် သီလ၊ သမာဓိ၊ ပညာနဲ့ ပိုပြည့်စုံတဲ့ မိန်းမက ကိုယ်တိုင် ကပ်လှူခွင့် မရတာဟာ တော်တော်ရင်နာစရာပါ။ မေမြို့က တန်ခိုးကြီးဘုရားတစ်ဆူမှာဆိုရင် မိန်းမတွေကို ပန်းတောင် ကိုယ်တိုင် ကပ်ခွင့်မပေးပါ။ တပည့်တော်ကတော့ ဘုန်းကံဆိုတာ ကျားမဆိုတဲ့ သွင်ပြင်နဲ့ ခွဲခြားတာမဟုတ်ဘဲ အကျင့်သိက္ခာသီလ ပြည့်စုံမှုနဲ့ပဲ တိုင်းတာရတာလို့ ယုံကြည်ပါတယ်။ အဲဒါမှန်ကန်ပါသလား။ တစ်ချို့မိန်းမတွေကိုယ်တိုင်က မိန်းမတွေဟာ ယောကျ်ားတွေထက် ဘုန်းနိမ့်တယ်၊ ဘုရားပေါ်ကို သူတို့တက်ရင် ငရဲကြီးတယ်လို့ သူတို့ လုံးဝ လက်ခံကြပါတယ်။ တပည့်တော်မက တတ်နိုင်သလောက် ရှင်းပြပေမယ့် သူတို့ လက်မခံပါ။

မိန်းမတွေကိုယ်တိုင် ကပ်လှူခွင့်ရအောင် ကူညီပေးဖို့ ဘုန်းဘုန်းတို့ကို မေတ္တာရပ်ခံပါတယ်။ ဘုန်းဘုန်းပြောသလို အနာဂတ်လူငယ်တွေ ဂေါပကလူကြီးဖြစ်လာမယ့်အချိန်ကျရင် ဒီလိုအခြေအမြစ်မရှိတဲ့ Rules တွေပျောက်သွားဖို့၊ နောက်ဆုံး တပည့်တော်မတို့ မသေခင် ဘုရားမှာ ကိုယ့်စိတ်တိုင်းကျ၊ ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာ ဆွမ်းတော် ပန်းတော် ကပ်လှူနိုင်ဖို့ အလွန်တောင့်တမိပါတယ်။ မြန်မာပြည်ကြီး မတိုးတက်တာ ဒီလို အသုံးမဝင်၊ အဓိပ္ပာယ်မရှိ၊ မမျှတတဲ့ Rules တွေများလွန်းလို့ပဲ ထင်ပါတယ်ဘုန်းဘုန်း။

ပြီးတော့ လင်ကို အိမ်ဦးနတ်လို ရိုသေပြုစုရမယ်လို့ ဘုရားဟောခဲ့ပါသလား ဘုန်းဘုန်း။ အရင်ခေတ်ကလို မိန်းမတွေက ယောကျ်ားလုပ်စာကိုပဲ ထိုင်စားနေရတာ မဟုတ်ဘဲ လင်ရော မယားပါ စီးပွားရှာနေရတဲ့ ခေတ်ကြီးမှာ ဒီစကားက မတရားဘူးထင်ပါတယ်။ မိန်းမက အပြင်မှာ အလုပ်မလုပ်ရင်တောင် အိမ်မှုကိစ္စတွေနဲ့ ယောကျ်ားလိုပဲ တော်တော် အလုပ်ရှုပ်တာပါ။ ဒါလေးကိုပါ ရှင်းပြပေးပါ ဘုန်းဘုန်း။

ရိုသေဂါရဝပြုလျက် Huang Mai Hua

---

စိတ်မနာပါနဲ့

ဘာသာရေးကျမ်းစာအချို့မှာ ‘မိန်းမတို့သည် ဘုရားကျောင်း၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသောအ ခွင့်မရှိကြ။ ယောကျ်ားကို မိန်းမဖို့ ဖန်ဆင်းသည်မဟုတ်၊ မိန်းမကို ယောကျ်ားဖို့ ဖန်ဆင်း၏။ ပညတ်တရား စီရင်သည်အတိုင်း မိန်းမတို့သည် ယောကျ်ား၏ အုပ်စိုးခြင်းကိုဝန်ခံကြရမည် (၁ကော၊၁၄း၃၄)’လို့ သင်ကြားပါတယ်။ ‘အမျိုးသမီးတွေ ပညာမသင်ရ’ဆိုတဲ့ ဘာသာရေးဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ အစွန်းရောက်အုပ်စုတွေအကြောင်းကိုလည်း ကြားဖူးမှာပေါ့၊ အဲဒီတော့ အမျိုးသမီးတွေကို ဘုန်းကြီးဝတ်ခွင့်၊ ပရိသတ်ကို တရားဟောခွင့်ပြုခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က ဗုဒ္ဓဘုရားရဲ့စေတနာကို နားလည်ပြီး ‘ငါတို့က တော်ပါသေးရဲ့’လို့ပဲ နဖူးပေါ် လက်ကလေးတင်ပြီး ဖြေလိုက်ပါ ကျောင်းအမရေ။ စိတ်နာတယ်ဆိုတာ အကုသိုလ်ပါ။

ခြင်ဆီစွဲ

အမလောကကို ကြည့်ရင် ငှက်ကလေးတွေ လိပ်ပြာလေးတွေကအစ ရောင်စုံလေးတွေနဲ့ ပျော့ပျောင်းနွဲ့နောင်းနေတာကို တွေ့နိုင်တယ်။ အထီးလောကမှာတော့ အန္တရာယ်ကြုံရင် သားငယ်ကို ရင်ဝယ်ပိုက်ထားရတဲ့ မိခင်တွေကို အသက်စွန့်ပြီး ခုခံကာကွယ်ဖို့ တောင့်တင်းတဲ့ ကြွက်သားနဲ့ ခွန်အားဗလတွေ ထင်ရှားတယ်။ ယဉ်ကျေးမှုအစပိုင်းမှာ မိန်းမတွေ အကျႌမဝတ်ပေမယ့် သဘာဝအရ ခြားနားလို့ ယနေ့ခေတ်မှာ အဲဒီလို မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်ပုံမှန်ဘဝနေထိုင်မှုနဲ့ လက်ရုံးရည်အရ ‘မ’တွေကို အားနွဲ့သူလို့ ဆိုရင် မှန်တာပဲ။ ကမ္ဘာ့နေရာအနှံ့က လူမျိုးတိုင်းမှာ သဘာဝကို အခြေခံတဲ့ အဲဒီလိုယူဆမှုဟာ ခြင်ဆီက တစ်ဆင့် အရိုးထိစွဲနေကြဆဲဖြစ်ပါတယ်။ ဒီအစွဲကြောင့်ပဲ ကျားနဲ့မကို ခြားနားစွာ ရှုမြင်နေကြတာ ဖြစ်နိုင်တယ်။

ဘုန်းမနိမ့်

ဒါပေမယ့် ကျက်သရေတို့ ဘုန်းကံတို့ဆိုတာ ကျားမမဟူ ပုဂ္ဂိုလ်တိုင်းမှာရှိတဲ့ အရည်အချင်းပါ။ ဒီအရည်အချင်းက ကြွက်သားတွေ ကာယဗလတွေနဲ့ မဆိုင်ဘူး။ ဟုတ်ပါတယ် .. ‘အကျင့်သိက္ခာ၊ သီလပြည့်စုံမှု’နဲ့ပဲ သတ်မှတ်ရတာမျိုးပါ။ ပိင်္ဂုတ္တရလုလင်ဟာ မိဘပေးစားလို့ ရုပ်ဆင်းကြန်အင်နဲ့ ပြည့်စုံပြီး ဘုန်းကျက်သရေရှိတဲ့ ဥဒုမ္ဗရာနဲ့ လက်ထပ်ခဲ့ရပေမယ့် အတူမအိပ်ရဲတဲ့အတွက် လစ်ပြေးခဲ့တယ်။ စွန့်ပစ်ခံ ဘုန်းသမ္ဘာရှင် မိန်းမငယ်ကတော့ ဝေဒေဟဘုရင် သိမ်းပိုက်ခံရလို့ မိဖုရားဖြစ်သွားကြောင်းနဲ့ ဘုန်းမြင့်သူနဲ့ ဘုန်းနိမ့်သူတို့မှာ မနီးစပ်နိုင်ကြောင်း ကျမ်းမြတ် (ဇာ၊ဋ္ဌ၊၆၊၁၈၇)မှာ ဆိုတယ်။ မန်လည်ဆရာတော်က ‘သဒ္ဓါ ပညာ၊ သမ္ဘာမမျှ၊ ဤလောက၌၊ မိန်းမရတနာ၊ ယုတ်မာ ယောကျ်ား၊ အတူထားလည်း နီးပါးမသီ၊ ရေနှင့်ဆီသို့ (မဃဒေဝ၊ ပိုဒ်-၂၅၈)’တဲ့။

ဘုန်းရှင်မနားကို ဘုန်းမဲ့ယောကျ်ား မကပ်နိုင်ဘူးဆိုတော့ ‘မိန်းမတွေဟာ ယောကျ်ားတွေထက် ဘုန်းနိမ့်တယ်’လို့ မူရင်းဗုဒ္ဓဝါဒက မယူဆဘူးလို့ နားလည်ပါ။ ကိုယ်တို့ ဣတ္ထိယတွေရဲ့ အခွင့်အရေးအတွက် ကိုယ်တို့ပဲ လှုပ်ရှားရမှာ။ အမှန်တော့ ဗုဒ္ဓဘုရားသာ သက်တော်ထင်ရှား ရှိနေသေးရင် ‘မာတုဂါမတွေ ရွှေသင်္ကန်းကပ်ဖို့ ကျိုက်ထီးရိုးဘုရားအနီးကို မကပ်နဲ့၊ အမျိုးသမီးကိုယ်တိုင် မေမြို့ဘုရားမှာ ပန်းမကပ်နဲ့’လို့ တားမြစ်မယ်လို့ ဘုန်းကြီး မယူဆဘူး။

Rules လား

မြန်မာပြည် မတိုးတက်တာ အကြောင်းတွေ အများကြီး ရှိနိုင်ပါတယ်။ အဲဒီအကြောင်းတွေထဲမှာ ရန်ကုန်မြို့တော်ခန်းမရှေ့က လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ‘ပန်းခြံ’ဖြစ်နေတာ၊ ‘ခရိုနီဘိုချီ’တွေ အင်အားကောင်းနေတာ၊ ယင်းတို့က ယင်းတို့ရဲ့ဘဝနဲ့ ဓနကို မစွန့်လိုတာတွေက ပိုအဓိကကျမယ်လို့ ထင်ပါတယ်။ အင်း.. အင်း၊ Rule ဆိုဆို Law ခေါ်ခေါ် .. (ဒီအကြောင်းပြောရင် ဘုန်းကြီးနည်းနည်းတော့ ကျောချမ်းတယ်)ကလည်း ရှိသင့်လျက်နဲ့ တင်ပြပုံနည်းမကျလို့ မမျှတဘူးထင်ပြီး အများစု လက်မခံရင် တစ်ဖက်သားက ကိုယ့်ကို အနိုင်ယူသွားမှာကို သတိချပ်သင့်တယ်ဗျို့။

အိမ်ဦးနတ်

ကျန်းဂန် (အံ၊၃၊၉၃)မှာ ဖော်ပြတဲ့ ဇနီးကျင့်ဝတ်ရှစ်မျိုးထဲမှာ လင်ကို ‘ရိုသေလေးစားခြင်း (ဒါလည်းပဲ လင်က ကိုယ်ကျင့်သီလကောင်းမှ၊ ကိုယ့်မိသားစုကို ကောင်းကောင်းရှာဖွေကျွေးမွေးမှ ဖြစ်သင့်တာမျိုးပါ။ အပြန်အလှန်သဘောမျိုးပါပဲ။ အရက်သမား၊ ဖဲသမား၊ ငပျင်းတစ်ယောက်ကို ဘယ်သူမှ မလေးစားနိုင်ပါဘူး)၊ ရှိပြီးဥစ္စာကို မဖြုန်းတီးခြင်း၊ မနာလိုစိတ် (ဂျေ) မပိုခြင်း’ဆိုတာမျိုးတော့ ပါတယ်။ လင်ကို အိမ်ဦးနတ်လို ကိုးကွယ်ခြင်းဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ မတွေ့မိဘူး။

သူ့ယောကျ်ားကို အိမ်ဦးနတ်ပါလို့ အနောက်တိုင်းက ခပ်ကြမ်းကြမ်းဣတ္ထိယတွေကို ပြောရင်တော့ ရယ်မှာပေါ့။ အရှေ့တိုင်းသူတစ်ဦးအနေနဲ့တော့ ‘မိသားစုအပေါ် အနည်းဆုံး လက်ရုံးရည်နဲ့ လုံခြုံမှုပေးနိုင်တဲ့အတွက် တင်စားပြီး အိမ်ဦးနတ်’လို့ ဆိုရင် သက်သာရာရနိုင်မယ်လို့ ယူဆပါတယ်။

၃၂၂။ သိရသ္မိံဂါထာ

အရှင်ဘုရား၊

‘သိရသ္မိံ ဂါထာ’ရဲ့ အနက်နှင့် အသံထွက်ကို သိလိုပါသည် အရှင်ဘုရား။

Skyper Aung

---

ဂါထာအနက်

‘သိရသ္မံ’ဆိုတာကို သိရသ္မိံ နဲ့ အစပြုတဲ့ ပါဠိဂါထာလို့ ယူဆပါတယ်။ သိရသ္မိံဂါထာကို ရွတ်ဖတ်ရင် အန္တရာယ်ကင်းတယ်၊ ဘေးကင်းတယ်၊ အကြံအစည် အောင်မြင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒီဂါထာက ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းမြတ်တွေမှာ မထင်ရှားဘူး။ ရှေးဆရာမြတ်တို့ ရေးစီခဲ့တဲ့ ပါဠိဂါထာ ဖြစ်ပုံရပါတယ်။ ‘ဘုရားရှိခိုးအမျိုးမျိုး မူဟောင်း’ စာအုပ်ငယ်မှာ ဖော်ပြတဲ့ အနက်ကို အဓိပ္ပာယ်ပေါ်အောင် အနည်းငယ် တည်းဖြတ်ပြုပြင်ပေးလိုက်ပါတယ်။

ဂါထာမူရင်း

(၁)သိရသ္မိံမေ ဗုဒ္ဓ သေဋ္ဌော၊ သာရိပုတ္တော စ ဒက္ခိဏေ။
ဝါမ အံသေ မောဂ္ဂလ္လာနော၊ ပုရတော ပိဋကတ္တယံ။

(၂)ပစိမေ မမ အာနန္ဒော၊ စာတုဒ္ဒိသာ ခီဏာသဝါ။
သမန္တာ လောကပါလာစ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ။

(၃)ဧတေသံ အာနုဘာဝေန၊ သဗ္ဗေဘယ ဥပဒ္ဒဝါ။
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

ဂါထာအနက်

(၁) ဗုဒ္ဓသေဋ္ဌော၊ သုတ သာဝက ပစ္စေကနှင့် ဗုဒ္ဓသမ္မာ လေးဗုဒ္ဓါတွင် ရောင်ဝါဂုဏ်နေသင်္ချေမက သာလွန်ထူးကဲလှသည့် သုံးလောက ဆီမီး ‘သမ္မာသမ္ဗုဒ္ဓ’ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ = မမ၊ ဗုဒ္ဓဂုဏ်ရည် စိတ်မှာတည်လျက် ယုံကြည်ပျောင်းပျ မာန်ကိုချ၍ တုပ်ကွပူဇော်ဘုရားတပည့်တော်၏။ သိရသ္မိံ၊ ပိတုန်းရောင်ဟန်နှုန်းဆောင်ဖန်သည့် ကေဆံတည်ရာ မြတ်ရာထားတင် ဦးထိပ်ပြင်၌။ တိဋ္ဌတု၊ ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားပယ်ခါ တည်လာတံ့လာ စောင့်ရှောက်တော်မူလာပါစေသတည်း။

သာရိပုတ္တော စ၊ အဂ္ဂသာဝက ဉာဏထိပ်ပန် လက်ယာရံဟု နှိုင်းတုမရှိ ပျံ့သိထင်စွာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်လည်း။ မေ = မမ၊ သံဃာ့ဂုဏ်ရည် စိတ်မှာတည်လျက် ယုံကြည်ပျောင်းပျ မာန်ကိုချ၍ တုပ်ကွပူဇော် ဘုရားတပည့်တော်၏။ ဒက္ခိဏေ၊ လက်ယာညာဖက် ပခုံးထက်၌။ တိဋ္ဌတု၊ ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားပယ်ခါ တည်လာတံ့လာ စောင့်ရှောက်တော်မူလာပါစေသတည်း။ မောဂ္ဂလ္လာနော၊ လက်ဝဲတော်ရံမောဂ္ဂလ္လန်ဟု မိုးပျံမြေလျှိုး တန်ခိုးစွမ်းအင် တူယှဉ်မရှိ မုနိအဂ္ဂါ ရဟန္တာ မထေရ်မြတ်ကြီးသည်။ မေ = မမ၊ သံဃာ့ဂုဏ်ရည် စိတ်မှာတည်လျက် ယုံကြည်ပျောင်းပျ မာန်ကိုချ၍ တုပ်ကွပူဇော် ဘုရားတပည့်တော်၏။ ဝါမအံသေ၊ လက်ဝဲဘယ်ဖက် ပခုံးထက်၌။ တိဋ္ဌတု၊ ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားပယ်ခါ တည်လာတံ့လာ စောင့်ရှောက်တော်မူလာပါစေသတည်း။ ပိဋကတ္တယံ၊ သုတ္တဝိနယာဘိဓမ္မာဟု သုံးဖြာမည်မှတ် ပိဋကတ်တော်မြတ်သည်။ မေ = မမ၊ ဓမ္မဂုဏ်ရည်စိတ်မှာတည်လျက် ယုံကြည်ပျောင်းပျ မာန်ကိုချ၍ တုပ်ကွပူဇော် ဘုရားတပည့်တော်၏။ ပုရတော၊ နဖူးမုခ ရင်လယ်ဝတွင် ရှေ့တစ်ခွင်၌။ တိဋ္ဌတု၊ ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားပယ်ခါ တည်လာတံ့လာ စောင့်ရှောက်တော်မူလာပါစေသတည်း။

(၂) အာနန္ဒော၊ ဧတဒဂ်ငါးတန် ဘွဲ့ထူးခံသည့် အာနန်ညီတော် မထေရ်ကျော်သည်။ မေ = မမ၊ သံဃာ့ဂုဏ်ရည် စိတ်မှာတည်လျက် ယုံကြည်ပျောင်းပျ မာန်ကိုချ၍ တုပ်ကွပူဇော် ဘုရားတပည့်တော်၏။ ပစ္ဆိမေ၊ နောက်ဟု သမုတ်လည်ကုပ် လက်ပြင်ကျောတစ်ခွင်၌။ တိဋ္ဌတု၊ ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားပယ်ခါ တည်လာတံ့လာ စောင့်ရှောက်တော်မူလာပါစေသတည်း။

ခီဏာသဝါ၊ အာသဝေါကုန် မြူမှုန်ကင်းပ ပတ္တပဋိသမ္ဘိဒါဘိညာ ခြောက်တန် ဂုဏ်လျှံပြောင်ညီး ရဟန္တာအရှင်ကောင်း အရှင်မြတ်ကြီးတို့သည်။ မေ = မမ၊ အရိယာဂုဏ်ရည်စိတ်မှာတည်လျက် ယုံကြည်ပျောင်းပျ မာန်ကိုချ၍ တုပ်ကွပူဇော် ဘုရားတပည့်တော်၏။ စာတုဒ္ဒိသာ = စတူသုဒိသာသု၊ အရှေ့အနောက်တောင်မြောက်အရပ်လေးဖက်ညှပ်၍ ထပ်ကြပ်မကွာ အရပ်လေးမျက်နှာတို့၌။ တိဋ္ဌန္တု၊ ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားပယ်ခါ တည်လာတံ့လာ စောင့်ရှောက်တော်မူလာပါစေကုန်သတည်း။

သဗြဟ္မကာ၊ ဘုန်းရောင်ပဝင်း သောင်းတိုက်လင်းသည့် ဗြဟ္မာမင်းကြီးနှင့်တကွ ဖြစ်ကြကုန်သော။ လောကပါလာစ၊ ဓတရဋ္ဌ ဝိရူဠှနှင့် ဝိရူပက္ခ ကုဝေရဟု မည်ရသညာ ဒိသာစောင့်ကြပ် နတ်မင်းမြတ်တို့သည်လည်းကောင်း။ ဣန္ဒာဒေဝါစ၊ နတ်တို့ ဦးနှိမ် ဝတိံပိုင်စိုး သိကြားနတ်မင်းမျိုးတို့သည်လည်းကောင်း။ မေ = မမ၊ ကုသိုလ်တေဇ နှိုင်းမရသည့်ကြီးထဂုဏ်ရည်စိတ်မှာတည်လျက် ချစ်ကြည်သဒ္ဓါ ငါးခန္ဓာကို ငါဟုသမုတ် အကျွန်ုပ်၏။ သမန္တာ၊ ဒိသာဆယ်ရပ် လှည့်ပတ်ဝဲယာ ထက်ဝန်းကျင်သော အရပ်မျက်နှာတို့၌။ တိဋ္ဌန္တု၊ ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားပယ်ခါ တည်လာတံ့လာ စောင့်ရှောက်တော်မူလာပါစေကုန်သတည်း။

(၃) ဧတေသံ၊ ဤဆိုခဲ့ကုန်ပြီးသော ဘုရားတရား သံဃာများနှင့် သိကြားဗြဟ္မာ နတ်များစွာတို့၏။ အာနုဘာဝေန၊ မေတ္တာရှိန်စော် အာနုဘော်ကြောင့်။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ဘယဥပဒ္ဒဝါ၊ ဘေးအမျိုးမျိုး ဥပါဒ်အသွယ်သွယ်တို့သည်လည်းကောင်း။ အနေက အန္တရယာပိ၊ များလှသောင်းသောင်းအန္တရာယ် အပေါင်းတို့သည်လည်းကောင်း။ အသေသတော၊ တစိုးတစိ အကြွင်းအကျန်မရှိသည်ဖြစ်၍။ ဝိနဿန္တု၊ နေခြည်ထိရောက် ဆီးနှင်းပေါက်သို့ ခန်းခြောက်ပျက်ပြယ် ပျောက်ကွယ်ကင်းဝေးကြပါစေကုန်သတည်း။

သိရသ္မိံဂါထာ အသံထွက်

သိရသ္မိံ = သီယ-သမိန်လို့ မဖတ်ရ၊ သိရ-သမိန် လို့ ဖတ်။
ဗုဒ္ဓသေဋ္ဌော = ဗုဒ္ဓ-သစ်ဌော
မောဂ္ဂလာနော = မောက်ဂံလာနော
ပုရတော = ပူယတောလို့ မဖတ်ရ၊ ပုရ-တောလို့ ဖတ်။
ပိဋကတ္တယံ = ပိတကတ်-တယံလို့ ဖတ်၊ (ဗိဒကတ်တရံလို့ မဖတ်ရ)။
ပစိမေ = ပျစ်ဆိမေလို့ အသံမထွက်ရ၊ ပစ် (ခစ်ကိုချစ်လို့ မဖတ်သလို) အသံထွက်။
စာတုဒ္ဒိသာ = စာတုတ်-ဒိသာလို့ ဖတ်၊ (စတု-ဒီသာလို့ မဖတ်ရ)။
ဣန္ဒာဒေဝါ = အိန်ဒါ-ဒေဝါ (အိန်ဒဒေဝါလို့ မဖတ်ရ)။
သဗြဟ္မကာ = သဗျံ-မကာလို့ မဖတ်ရ၊ သ-ဗြန် (bran)-မကာလို့ ပီအောင်ဖတ်။
ဘယဥပဒ္ဒဝါ = ဘရ-ဥပဒ်ဒဝါလို့ မဖတ်ရ။ ဘယ-ဥပဒ်-ဒဝါလို့ ဖတ်။
အနေက အန္တရာယာပိ = အန်တယာ-ယာပိလို့ မဖတ်မိစေနဲ့။
ဝိနဿန္တု = ဝိတ်နတ်သန်တု လို့ မဖတ်ရ၊ ဝိနတ်သန်တု ဖတ်။
အသေသတော = အသေ-သတောလို့ မဖြတ်ရ။ အ-သေသ-တောလို့ အသံကိုဖြတ်။