မာတိကာသို့ ခုန်သွားရန်

ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၃)

ဝီကီရင်းမြစ် မှ
5934ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၃)အရှင်ကေလာသ ဓမ္မာစရိယ

ဓမ္မအမေးအဖြေများ

ပေါင်းချုပ် (အမှတ် ၃)

အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A. (Philo) M.A. (Buddhism)

ဗုဒ္ဓဘာသာတွင် အမျိုးသမီးကို နှိမ့်ချသလား
သူတစ်ပါးရဲ့ ကုသိုလ်ကို ဘယ်လို ဓားပြတိုက်သလဲ
ခင်ပွန်းကြီးဆယ်ပါး ဘုရားဟောလား
မိစ္ဆာကာမ လေးပါးကို သိသလား
ဘုန်းကြီး ကားမောင်း ကောင်းသလား
တစ်ရာ့ရှစ်ကွက် စက်လက္ခဏာ အသေးစိတ်
မြတ်ဗုဒ္ဓနဲ့ ဝက်ပျိုသားဆွမ်း လေ့လာချက်
ရွှေတိဂုံစေတီနဲ့ လေးဆူဓာတ်တော် ပြဿနာ
ဩကာသ ကန်တော့ချိုးကို ဘယ်တုန်းက ရေးသလဲ
မဟာနာမ်မင်း မိမိကိုယ်ကို သတ်သေသလား
စာသူခိုးများ အဒိန္နကံ ထိုက်သလား
ခဏိကသမာဓိဆိုတာ ဘာလဲ
ဗုဒ္ဓဝါဒမှာ မသန်စွမ်းသူကို ခွဲခြားသလား
ဗွိုင်ယေဂျာနဲ့ နတ်ဗိမာန်ကို မြင်နိုင် မမြင်နိုင်
ဘုန်းကြီး ပရိတ်ရွတ်စဉ် လူက လိုက်ရွတ်ကောင်းသလား
... အဲဒါလေးတွေကို ဆွေးနွေးထားပါတယ်။

ပုံနှိပ်ရာဇဝင်
254 N Wickiup Rd,
Apache Junction, AZ 85119
Tel: (480)-288-0789
www.kelasa.org

---

စာဖတ်သူထံမှ ပေးစာ

လူတိုင်း မွေးသည့်အချိန်မှစ၍ ဘာမျှ သိကျွမ်း တတ်မြောက် လာသည် မဟုတ်ပါ။ တစ်ဦးနှင့်တစ်ဦး သိကျွမ်းတတ်မြောက် ကြပုံချင်းလည်းမတူပါ။ အသိပညာကို ရှာဖွေဆည်းပူးကြသူတို့ သည် မိမိ သိလိုသည်များကို နည်းမျိုးစုံဖြင့် ရှာဖွေ ဆည်းပူး ကြရသည်။ ဗုဒ္ဓဒေသနာတော်လာ အကြောင်းအရာများကို လေ့ လာလျှင် လူမှုရေး၊ ပညာရေး၊ စီးပွားရေး စသည့် အကြောင်း အရာ ပေါင်းစုံကို သိခွင့် ရရှိသည်။ သို့သော် ပိဋကတ်စာပေ ကျွမ်းကျင်မှုမရှိလျှင် ပြည့်စုံစွာ သိရှိရန် ခဲယဉ်းသည်။ စာဖတ် သူသည် ဘာသာရေးနယ်ပယ်မှ ရဟန်းတစ်ပါးဖြစ်ခြင်းကြောင့် ဘာသာရေးဆိုင်ရာ ဗဟုသုတများကို ရှာဖွေရသည်။ ဖတ်ရှုရ သည်။ မိမိ သိသည်များကို ပြန်လည် မျှဝေရသည်။ သို့သော် ဓမ္မစာပေများကို အချိန်တိုအတွင်း သိရရှိရန်မှာ မလွယ်ကူပေ။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ နိဿယ စသည်များ၌ ရှာဖွေရသည်။ စုဆောင်းရသည်။ များစွာ အချိန်ကုန်ပါသည်။ သို့ကြောင့် အကြောင်းအရာ မျိုးစုံကို အချိန်တိုတိုဖြင့် သိနိုင်သော ဘာသာရေးဆိုင်ရာ အမေးအဖြေစာအုပ်များကို လက်လှမ်းမီသမျှ ရှာဖွေဖတ်ရှုရတော့သည်။

ရဟန်းပညာရှင် စာဆိုရှင် များစွာသည် အမေးအဖြေပုံစံ များဖြင့် ကျမ်းစာများကို ရေးသားထားပြီး ဖြစ်သည်။ ယင်းစာအုပ်များကို ရှာဖွေလေ့လာကြရသည်။ စာဖတ်သူလည်း သမန္တ စက္ခုဒီပနီစသော ကျမ်းစာကြီးများကို ဖတ်ရှုလေ့လာခဲ့ပါသည်။ အကိုးသာဓက အလွန်ပြည့်စုံစွာ ရေးသားပြတော်မူထားသည်။ ခေတ်အခါလိုက်၍ အမေးအဖြေကျမ်းများ များစွာ ပေါ်ထွက်ခဲ့ သည်။ ပေါ်ထွက်ဆဲပေါ်ထွက်ဦးမည်လည်းဖြစ်သည်။

ခေတ်စနစ်များ ပြောင်းလာသည်နှင့် လူတို့၏ အတွေးအခေါ်များလည်း ပြောင်းလဲလာသည်။ ယင်းသို့ ပြောင်းလဲလာခြင်း နှင့်အတူ ဘာသာရေးဆိုင်ရာ အတွေးအခေါ်များလည်း ဒွိဟဖြစ် စရာ မေးမြန်းစရာတွေ များလာသည်။ လေ့လာသူများ သန္တာန် တွင် ရှင်းလင်းစွာ သိလိုစိတ်များ ပြင်းပြလာသည်။ ထို့ကြောင့် မိမိတို့ နီးစပ်သည့် ဘာသာရေးဆိုင်ရာ ဆရာများထံတွင် မေး မြန်း စူးစမ်းကြရသည်။ ခေတ်နှင့်အညီ ဖြေရှင်းပေးထားသော ကျမ်းစာများကို ရှာဖွေဖတ်ရှုကြရသည်။

စာဖတ်သူ ရည်ညွှန်းလိုသော ကျမ်းစာများအနက်နှစ်ခုမှာ အရှင်ကေလာသ၊ ဓမ္မာစရိယ၊ B.A. (Philo) M.A. (Buddhism) ဖြေကြားသော ဓမ္မအမေးအဖြေများ အမှတ် (၁) (၂) (၃) (၄) နှင့် ဗုဒ္ဓဝါဒ အမေးအဖြေကျမ်း (သာသနာ့အလံကိုတီထွင်သူ အမေရိကန်လူမျိုး Henry S. Olcott ရေးသားပြီး ဤကျမ်းပြုသူ အရှင်ကေလာသ မြန်မာပြန်)တို့ ဖြစ်သည်။ မိမိကိုယ်တိုင်လည်း ယင်းစာအုပ်များကို ဖတ်ရှုပြီး သိမ်းဆည်းထားရုံမက ပြန့်ပွား ရေးအတွက် လမ်းညွှန်မှုကို ပြုနေခဲ့သူ၊ ဗုဒ္ဓ အဆုံးအမကို လေ့လာမှုအတွက် ဝါသနာထုံသူများ လက်ထဲသို့မြန်မြန်ရောက်ရှိရန် ဖြန့်ဝေပေးနေသူလည်း ဖြစ်သည်။

ယခု ဓမ္မအမေးအဖြေများ ပေါင်းချုပ် (၁) နှင့် (၂) မှာ ယ ခင်ထုတ်ဝေပြီးအမှတ် (၁)မှ (၄)ထိကို (၂)တွဲပေါင်းလိုက်ပြီး အတွဲ (၅) အစား ပေါင်းချုပ် (၃) အဖြစ် ထုတ်ဝေခြင်း ဖြစ်ပါ သည်။ တစ်တွဲလျှင် စာမျက်နှာ ၅၀၀-ကျော် ပါရှိသည်။ ထူထူ ခန့်ခန့် ဖြစ်၍ အိမ်ကျောင်းစာကြည့်တိုက်များတွင် သိမ်းဆည်း ထားရန် အလွန်သင့်လျော်သွားပါသည်။

အဖြေကိုသိလို၍ မေးမြန်းစူးစမ်းကြသူများမှ နိုင်ငံအသီးသီး လူမျိုးအထွေထွေ ဘာသာအယူဝါဒ အစုံစုံတို့မှ ဖြစ်သဖြင့် ရှုမြင်ပုံအမျိုးမျိုးကို ရှုထောင့်စုံမှ ဖြေကြား ရှင်းလင်းထားသော ဓမ္မရေးရာအဖြေများကို အားရပါးရ ဖတ်ရှုကြရမည်ဖြစ်သည်။

ခေတ်မီသော အတွေးအမြင်၊ အရေးအသား၊ ရေးနည်းတို့ ဖြင့် ဓမ္မ၊ လောက နှစ်ဖြာသော သံသယများစွာကို ဖြေရှင်ပေး နိုင်သဖြင့် ဖတ်ရှုလေ့လာခွင့်ရသူအတွက် အချိန်မကုန် လူမပင် ပန်းဘဲ ဓမ္မအမြုတေကို ရရှိပါလိမ့်မည်။ သံသရာ အဆက်ဆက်က ငြိတွယ်ခဲ့သော သံသယ ဆူးခလုတ်များကိုလည်း ဉာဏ် အမြင်ရှင်းစွာ နားလည်ခွင့် ရရှိသွားပါလိမ့်မည်။ တစ်ဖန် ဗုဒ္ဓဝါဒ က ရည်ညွှန်းသည့် ဝိမုတ္တိသုခဟူသည်ကို အနည်းဆုံး ရှင်း လင်းစွာ မှန်းဆသွားနိုင်မည်မှာ မလွဲမသွေဟုဆိုပါရစေ။

စာဖတ်သူသည် ဆရာတော်၏ ဓမ္မအမေးအဖြေစာအုပ်များ ဖြင့် မိမိ သိလိုနေသည်များကို သိနားလည်ခွင့် ရခဲ့သည်သာမ က မိမိအား မေးမြန်းလာသူများ၏ ဓမ္မမေးခွန်းများကိုဖြေကြား နိုင်ရန်အတွက်ပါ များစွာ အထောက်အပံ့ ပြုခဲ့ပါသည်။ သို့ဖြစ် ခြင်းကြောင့် ဤဓမ္မအမေးအဖြေကျမ်းစာမှာ စာဖတ်သူတို့၏ စာ အုပ်စင်တွင် ထာဝစဉ် ရှိထားသင့်ကြောင်း အကြံပြုပါသည်။ သင့်စာအုပ်စင်မှ ဤကျမ်းစာသည်သင်၏ သံသယဒွိဟများကို ကူညီ ဖြေရှင်းပေးနိုင်မည့် ဆရာကောင်းတစ်ဆူသဖွယ် ခံစားရ မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

အရှင်ရေဝတ (သာသနာ့ပျိုးခင်း)
မဟာဓမ္မာစရိယ M.A. (Buddhism)

---

စကားမြွက်

ဗုဒ္ဓဓမ္မရေးရာ မေးခွန်းတွေကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှ စပြီး ဆက်တိုက် အချိန်ရတိုင်း ဖြေဆိုခဲ့ရာ ယခု ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအထိ ၉-နှစ် နီးပါး ဖြေဆိုလာခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ကာလအတွင်း ဘုန်းကြီးအနေနဲ့ ထူးခြားချက်-ခုကိုသတိပြု မိပါတယ်။ ပထမ .. ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းမြတ် တွေကို မွှေနှောက် ရှာဖွေရလေ မိမိမှာ မပြည့်စုံသေးဘူးလို့ ခံစားလာရလေ ဖြစ်ခြင်းပါပဲ။ ဒုတိယ .. ယခင် ယူဆချက် အချို့ကို နောက်မှ တွေ့ရတဲ့ သာဓကနဲ့ ပြန်ညှိရတာမျိုး၊ စိတ်ထဲ မှာ အမှန်လို့ စွဲမိနေတာ အချို့ဟာ ကျမ်းဂန်နဲ့ မကိုက်ညီ ဆို တာမျိုးတွေကို တွေ့ရခြင်း ဖြစ်ပါတယ်။ တတိယ .. အဲဒီ အကြောင်းကြောင့်ပဲ ယခင် ဖြေပြီးတဲ့ အဖြေတွေမှာ မပြည့်စုံဘူးလို့ ထင်တာတွေ့ရင် အခြားဆင်တူမေးခွန်းတစ်ခုမှာ ရရှိလာတဲ့ ကျမ်းကိုး ကျမ်းညွှန်းအသစ်နဲ့ နားလည်ပုံအသစ်ကို ဖြည့်စွက် ပြီးဖြေဆိုမှုများ ပါဝင်လာရခြင်း ဖြစ်ပါတယ်။

သာမဏေဘဝနဲ့ ဆရာဘုန်းကြီးရဲ့ အိပ်ယာဘေးမှာ ပုံနေ တဲ့ ဆရာဘုန်းကြီး ဖတ်လက်စ ပါဠိတော် အဋ္ဌကထာကျမ်း တွေကို ကြည့်ပြီး ကိုယ်လည်း အဲဒီ ကျမ်းစာတွေကို ဖတ်ပြီး နားလည်ချင်စိတ် ပြင်းပြင်းပြပြ ဖြစ်ဖူးပါတယ်။ ဒါကြောင့် ယခုလို ပရိသတ်နည်းနည်းနဲ့ နေရချိန်မှာ အချိန်ရသရွေ့ဝါတွင်း သုံးလတိုင်းမှာ နိကာယ် တစ်ခုစီကို ပါဠိ အဋ္ဌကထာ ဋီကာနဲ့ တိုက်ဆိုင်ပြီး ဖတ်ဖြစ်ပါတယ်။ အဲဒီလို ဖတ်ဖြစ်ဖို့ အတွက် အခြားတွန်းအားတစ်ရပ်မှာ နိုင်ငံစုံက မေးခွန်းတွေပါပဲ။

ဒါကြောင့် ဘုန်းကြီး ပြောနေကျအတိုင်း ဓမ္မရေးရာ မေး ခွန်းတွေ မပြတ်မလပ် မေးမြန်းကြတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ် တွေကို အထူးကျေးဇူးတင်ပါတယ်။ ဓမ္မမိတ်ဆွေတို့ရဲ့မေးခွန်း တွေကို အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဖြေနိုင်ဖို့ ဘုန်းကြီး အနေနဲ့ ကျမ်းဂန်မှာ ရှာဖွေ ဖတ်ရှုနေရတာကို ပျော်ပါတယ်။ ကိုယ်တိုင်လည်း ဓမ္မကျမ်းစာတော်တွေနဲ့ မျက်ခြေမပြတ် ရှိနေ ရတာကို အလွန် နှစ်သက်ပါတယ်။ ဓမ္မမေးခွန်းနဲ့ ဆိုင်တဲ့ အကြောင်းအရာကို မွှေနှောက် ရှာဖွေရင်းနဲ့ အခြား အကြောင်း အရာသစ် တစ်ခုကိုပါ နားလည်သွားရတာမျိုး ကြုံတိုင်း မေး ခွန်းရှင်တွေကို အမှတ်ရဆဲ ကျေးဇူးတင်မြဲရှိပါတယ်။

မဖြေဘဲ ချန်ထားခဲ့တဲ့ မေးခွန်းအချို့နဲ့ ပတ်သက်ပြီး မေး ခွန်းရှင်တွေကို ဘုန်းကြီး တောင်းပန်ပါတယ်။ နောက်တစ်ခုက ဘုန်းကြီး အနေနဲ့ အများ ကောင်းကျိုး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ကြတဲ့ ဘုန်းသမ္ဘာနဲ့ ပြည့်စုံကြတဲ့ ထိုထို ဆရာ တော်တွေကို စိတ်ထဲမှာ ကြည်ညိုရင်းစွဲ ရှိပါတယ်။ ထင်ထင် ပေါ်ပေါ် လုပ်လာတဲ့ အခါ၊ လုပ်တာတွေများလာတဲ့ အခါပုထုဇဉ် ဘာဝ မှားတတ်ပါတယ်။ မှားရဲလို့လည်း ထင်ပေါ် ကျော်ကြား လာကြတာပေါ့။ ဒါကြောင့် အဲဒီလို ဆရာတော် အချို့ရဲ့ လုပ် ဆောင်ချက်၊ ရေးသား ဟောကြားချက်တွေကို ဝေဖန်မှုနဲ့ ပတ် သက်တဲ့ မေးခွန်းအတော် များများကိုဓမ္မနဲ့ များစွာမပတ် ပတ်သက်လို့ သို့မဟုတ် အငြင်းပွားဖွယ်ရှိလို့ ချန်ထားခဲ့တာ အတွက် မေးခွန်းရှင်တွေအနေနဲ့ နားလည်ပေးနိုင်မယ်လို့ ယူ ဆပါတယ်။ ဒါတောင် ဗုဒ္ဓဓမ္မနဲ့ တိုက်ရိုက် ပတ်သက်တယ်လို့ ယူဆတဲ့ မေးခွန်းအချို့ကို ‘ဆိုရေးရှိက ဆိုသင့်လှ’အရ ရှေ့ မျက်နှာ နောက်ထားပြီး ‘ခပ်စပ်စပ်’ ဖြေမိတာမျိုး ရှိပါတယ်။ သက်ဆိုင်ဖွယ် ရှိသူတို့ ဖတ်မိရင်လည်း ဖြေသူရဲ့ အငြိုးမဲ့ စေ တနာမှန်အတွက် ခွင့်လွှတ်ပြုံးလေး ပေးစေချင်ပါတယ်။

မေးခွန်းတွေကို ဖြေဆိုရာမှာ အခြားပုဂ္ဂိုလ်တို့ရဲ့ ပြောဆို ရေးသားတဲ့ တစ်ဆင့်ခံအဆိုကို မဆိုမိအောင်အထူး ရှောင်ပါတယ်။ ဆက်စပ်တဲ့ မူရင်း ကျမ်းဂန်ထဲက အထောက်အထား အတိအကျကိုသာ ကြိုးပမ်းပြီး ရအောင် ရှာဖွေပါတယ်။ မသေ ချာသေးရင် ရှိသမျှ ဗဟုသုတလေးနဲ့ အကြမ်းမျှ ဖြေလိုက်ပေ မယ့် သေချာတဲ့ အခါ ပြန်ဖြေပေးပါတယ်။ အဲဒီလို ကျမ်းညွှန်းကို သေချာဖို့မူထားရင်းက လွဲဖြစ်အောင်လွဲနေတာကို တွေ့ရ တဲ့ အခါတိုင်း ဓမ္မအမေးအဖြေ စာတော်ဖတ် ပရိသတ်ကို အလွန်အားနာပါတယ်။ အဲဒါတွက်လည်း တောင်းပန်ပါတယ်။

နောက်ဆုံး အနေနဲ့ အမှာစာ ရေးပေတဲ့ အရှင်ရေဝတ (သာသနာ့ပျိုးခင်း)၊ အချို့ မေးခွန်းတွေကို ပြည့်ပြည့်စုံစုံ ဖြေနိုင် ဖို့စာအုပ်စာတမ်းတွေကို ခက်ခက်ခဲခဲရှာပေးတာ စာအုပ်ဖြစ် မြောက်အောင် ဆောင်ရွက်ပေးတာတွေ အတွက် ကိုမိုးကိုကိုနဲ့ မဖြူဖြူအေး မိသားစုနဲ့ ပေမူကျမ်းစာတွေကို စေတနနဲ့ ရှာဖွေ ပေးတဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ ဒေါ်နီနီနိုင်တို့ကို ကျေးဇူးတင်ကြောင်းဆိုပါရစေ။

ဇန်နဝါရီ၁၆၊၂၀၁၆-ခုနှစ်။
အရှင်ကေလာသ၊ ဖိနစ်စ်မြို့၊ အရီဇိုးနား
USA

---

လမ်းဖြောင့်သို့ ...

ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက်လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ရှောင်ကွင်းဖဲကြဉ်၍။
သုမဂ္ဂံ၊ ကောင်းသောလမ်းခရီးသို့။
ဥဇုံ၊ ဖြောင့်ဖြောင့်မတ်မတ်။
ယန္တု၊ လိုက်သွားနိုင်ကြပါစေကုန်သတည်း။

အဟဉ္စ၊ ငါသည်တမူလည်း။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း။
ဝင်္ကဉ္စ၊ လမ်းကောက်လမ်းညစ်ကိုလည်းကောင်း။
ဝိဝဇ္ဇေတွာ၊ ဖဲကြဉ်ရှောင်ကွင်း၍။
ဥဇုံ၊ ဖြောင့်ဖြောင့်။
သုမဂ္ဂဂေါ၊ လမ်းမှန်လမ်းကောင်းသို့လိုက်သွားနိုင်သည်။
ဘဝေ၊ ဖြစ်ရပါလို၏။

(ပရမတ္ထစက္ခုကျမ်းနိဂုံး)

၃၂၃။ စေတီပိုင် သံဃာပိုင်

စိတ်ထဲမှာ မရှင်းတာလေး တစ်ခုရှိနေလို့ မေးလျှောက်ခွင့် ပြုပါ အရှင်ဘုရား၊

စက်ရေတွင်း တူးမည်ဆိုပြီး မိတ်ဆွေ၊ သူငယ်ချင်း တစ်ချို့ဆီမှ အလှူငွေ အလှူခံထားပါသည် ဘုရား။ အခုတပည့်တော်မှာ ငွေကြေး အကျပ်အတည်း ဖြစ်နေပါတယ် ဘုရား။ အဲဒီ အလှူခံ ထားသောငွေတွေကို ဥပမာ..ဘုရားတည်၊ ကျောင်းဆောက်တဲ့ နေရာမျိုးတွေမှာ ပြန်ပြီး လှူမယ်ဆိုရင် လှူကောင်းပါသလား ဘုရား။ အခု တပည့်တော်ရဲ့ စိတ်ထဲမှာ မရှင်းသည့်အတွက် ကရုဏာထားပြီး ဖြေကြားပေးစေချင်ပါသည် အရှင်ဘုရား။

အောင်ဇော်

---

အများသုံး စက်ရေတွင်း တူးဖို့ ရည်ရွယ်ချက်နဲ့ ကိုယ်က ဦးဆောင်ပြီး နှိုးဆော် အလှူခံတာဟာ ကောင်းမြတ်ပါတယ်။ ကုသိုလ်ပြုတဲ့ အခါ သူများကိုပါ အလှူပါဝင်အောင် စည်းရုံးပြီး လုပ်ရင် ခြွေရံပေါများတဲ့ အကျိုးကို ရတတ်တယ်လို့ ဓမ္မကထိက ဆရာတော်တို့ ဟောတော်မူကြပါတယ်။ အခု ငွေကြေး အကျပ်အတည်းဖြစ်နေတယ်လို့ ဆိုတယ်နော်။ အဲဒီအလှူငွေတွေက စက်ရေတွင်းတူးဖို့ ကောက်ခံထားတယ် ဆိုတာကို အိမ်မက်ထဲမှာပါ မက်အောင် နှလုံးသွင်းထားပါ။ စက်ရေတွင်းတူးဖို့ အလှူငွေကို ဘုရားတည် ကျောင်းဆောက် လုပ်ကောင်းပါတယ်။ ဒါပေမယ့် အများဆီက အလှူခံထားတဲ့ ငွေဖြစ်လို့ အဲဒီလိုလှူမှာကို အများလက်ခံဖို့တော့ လိုလိမ့်မယ်။

ဒါပေမယ့် စေတီပိုင်နဲ့ သံဃာပိုင် (စေတီအတွက် သံဃာအတွက် အလှူခံထားတာ)ဆိုရင်တော့ အခြားမှာ အရမ်းအသုံး မပြုရဘူး။ ကျမ်းဂန်မှာ ပစ္စည်းအလိုက်၊ အနည်းအများ ပမာဏအလိုက် လမ်းညွှန်ချက်တွေ ထွေပြားလို့ ပရိယတ္တိတတ်ကျွမ်းတဲ့ သံဃာတော်တွေနဲ့ တိုင်ပင်ပြီး လုပ်သင့်ကြောင်းပါ။ စေတီပိုင် သံဃာပိုင်ဖြစ်ပေမယ့် နာဂစ်မုန်တိုင်းလို လူအများသဘာဝ ကပ်ဘေးနဲ့ ကြုံတဲ့အခါမျိုးမှာတော့ အဲဒီစေတီပိုင် သံဃာပိုင်ဆိုတဲ့ (ဥပမာ..ပိုလျှံအလှူငွေ)နဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ရင် ဘုရားဆန္ဒနဲ့ မဆန့်ကျင်ရာပါဘူး။

၃၂၄။ ပုံနှိပ်အရည်အသွေး

ခွင့်ပြုပါ အရှင်ဘုရား၊

ပုဗ္ဗဏှသုတ်၏ အဓိပ္ပာယ်မှန်ကို သိလိုပါသည်။ အိတ်ဆောင် ပရိတ်တော်စာအုပ်နှင့် ဗီစီဒီ၌ ရွတ်ပြမှုတွင် အနည်းငယ် ကွာဟမှုရှိနေပါသည်။ ဘယ်ဟာ အမှန်ဆိုသည်ကို ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

ခင်မောင်

---

ဘုန်းကြီးအနေနဲ့ စာအုပ် လေးငါးအုပ် ပုံနှိပ်ခဲ့ရာမှာ ငွေကြေး အလုံအလောက် သို့မဟုတ် လိုတာထက်တောင် ပိုပေးခဲ့ရဖွယ် ရှိပေမယ့် တစ်အုပ်မှ စိတ်တိုင်းမကျဖူးပါ။ မြန်မာနိုင်ငံက ပုံနှိပ်လောကဟာ တော်တော်ဆိုးပါတယ်။ ဆင်ဆာဖြတ်ခံရလို့ အမြီးဖဲ့ ခေါင်းဖဲ့လုပ်ခံထားရတဲ့ သနားစရာ စာမူလေးကို ပုံနှိပ်ထုတ်ဝေသူတွေက ပစ်စလက်ခတ်လုပ်လိုက်ပြန်တော့ စာတစ်အုပ်ရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းဆိုတာ ချိုနဲ့လားလို့တောင်မေးရမယ့် အနေမျိုးပါ။ တရားစွဲဖို့ သို့မဟုတ် အလျော်ပြန်တောင်းဖို့ မဖြစ်နိုင်တော့လည်း စာရေးသူမှာ ဝမ်းနည်းပက်လက်နဲ့ ငြိမ်ခံနေလိုက်ရတာကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ အိတ်ဆောင်စာအုပ်နဲ့ ဗွီစီဒီ ရွတ်ဖတ်မှု မတူတာဟာ အဲဒီလို အကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ ရွတ်ဖတ်သူကိုယ်တိုင် ပါဠိစာပေနဲ့ မရင်းနှီးလို့ အသံထွက် မှားနေတာလည်း ဖြစ်နိုင်တယ်။

ပုဗ္ဗဏှသုတ် ကိစ္စမှာတော့ တစ်ချို့ဆရာတော်တွေက ရွတ်ဖတ် မေတ္တာပို့ပြီးမှ ဖိတ်ထားတဲ့ နတ်တွေကို ပြန်ပို့တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ’ဂါထာကို နောက်ဆုံးမှာ ထားရွတ်တာကိုလည်း ကြားဖူးပါတယ်။ ဒါလည်း လက်ခံနိုင်ဖွယ် ရှိပေမယ့် ဘုန်းကြီးသာဆိုရင်တော့ ရှိပြီး ပရိတ်ကြီး မူဟောင်း စာအုပ်ကလေးထဲက ရှေးဆရာကြီးများရဲ့စီစဉ်ထားမှုကိုတော့ မပြင်လိုဘူး။

ကမ္ဘာအေး၊ သာသနာရေးဦးစီးဌာနက ထုတ်ဝေတဲ့ ဆဋ္ဌမူ ပရိတ္တပါဠိ စာအုပ်ငယ်ကို အကျအပေါက် အနည်းဆုံး ပရိတ်ကြီးစာမူလို့ ဘုန်းကြီး ယူဆပါတယ်။ စျေးလည်း ပေါပါတယ်။ ဘုန်းကြီးကိုယ်တိုင် နားထောင်ကြည်ညိုတဲ့ ပရိတ်ခွေကတော့ မင်းကွန်း တိပိဋကဆရာတော်ကြီး ပထမ ရွတ်ထားတဲ့ ပရိတ်ကြီး ၁၁-သုတ်တိပ်ခွေ (စီဒီ)ပါပဲ။ အာဋာနာဋိယသုတ်အကျယ်၊ ဗောဇ္ဈင်သုတ်အကျယ် ရွတ်ဆိုထားတာကလွဲလို့ ဆဋ္ဌမူ ပရိတ္တပါဠိနဲ့ အားလုံးအတူတူပါ။

၃၂၅။ ဒုက္ခ ဒုက္ခ ..

ရိုသေစွာ မေးလျှောက်အပ်ပါသည်ဘုရား၊

တပည့်တော်က ထိုင်ဝမ်မှာနေတဲ့ နိုင်လင်းဦးပါ ဘုရား။ နဂိုက ထိုင်ဝမ်အိမ်မှာ ဆင်းတုတော်တစ်ဆူ ကိုးကွယ်ထားပါသည်။ နောက် ရန်ကုန်အိမ်က ကြေးဆင်းတုတော်ကို ထိုင်ဝမ်သို့ပင့်၍ ကိုးကွယ်ရန် အကြောင်းဖန်လာပါသည်။ ဘုရားစင်တွင် ဆင်းတုတော်နှစ်ဆူ မကိုးကွယ်ကောင်းဘူးဟု ဆိုကြပါသည်။ တပည့်တော်က သုံးဆူဖြစ်စေရန် ရွှေတိဂုံဘုရားမှ ဆင်းတုတော်တစ်ဆူထပ်ဝယ်၍ သုံးဆူကိုးကွယ်လိုက်ပါသည်။

ထိုသို့ ထိုင်ဝမ်အိမ်တွင် ဆင်းတုတော်သုံးဆူ ကိုးကွယ်ပြီးမှ တပည့်တော်စိတ်ထဲ တစ်မျိုးဖြစ်သွားပါသည် ဘုရား။ မှားသွားပြီလားစု သံသယ ဝင်လာပါသည် ဘုရား။ တပည့်တော် အရက်ပိုသောက်လာပါတယ်။ ဆေးလိပ် ပိုသောက်လာပါတယ်။ အရင်ကလို မြတ်စွာဘုရားကို ကြည်ညိုတဲ့ စိတ်တွေ နည်းပါးလာတယ်။ သဒ္ဓါတရားတွေ ချွတ်ယွင်းလာတယ်။ တပည့်တော် ပျက်စီးချိန်တန်ပြီဟု ထင်ပါတယ်ဘုရား။ တပည့်တော်ဟာ လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့သူပါ ဘုရား။ နောက်ပင့်တဲ့ ဆင်းတုနှစ်ဆူကို ပြန်စွန့်ဖို့ ဆိုတော့လည်း မစွန့်ချင်ပါဘုရား။ တပည့်တော် ဘာလုပ်ရမှန်းမသိလို့ လမ်းညွှန်ဩဝါဒပေးရန်လျှောက်ထားအပ်ပါသည် အရှင်ဘုရား။

နိုင်လင်းဦး (တိုင်ပေ၊ ထိုင်ဝမ်)

---

ဒီလို မြဲမြဲမှတ်

မိမိအိမ်က ဘုရားကျောင်းမှာ ဘုရားသုံးဆူ မတင်ကောင်းဘူး၊ မကိုးကွယ်ကောင်းဘူးလို့ ရမ်းသန်းပြောသူတွေရော၊ ပြောတာကို နားယောင်ပြီး ယုံမိသူတွေပါ ဗုဒ္ဓမြတ်စွာဘုရားကို ပြစ်မှားရာရောက်တယ်။ ငရဲကြီးတယ်။ မိမိသာ ဆန္ဒရှိခဲ့ရင် ဗုဒ္ဓဆင်းတု သုံးဆူမက အဆူတစ်ရာမကလည်း ကိုးကွယ်ခွင့် ရှိပါတယ်။ ဘုန်းကြီး ရောက်ဖူးတဲ့ အိမ်တစ်အိမ်မှာ ဘုရားခန်းကလည်း အကျယ်ကြီးပဲ။ မတ်ရပ်တွေရော ထိုင်တော်မူရော လျောင်းတော်မူတွေပါ ဆင်းတုပုံစံ မျိုးစုံ၊ (အိန္ဒိယ၊ ကက်ရှ်မီးယားက ရခဲ့တယ်ဆိုတဲ့)ဗုဒ္ဓ ပရိနိဗ္ဗာန်စံနေတဲ့ ဆင်းတုပုံပါ မကျန်တွေ့ရတယ်။ လက်မလောက်ကစပြီး လူတစ်ရပ်လောက် မြင့်တဲ့ ရပ်တော်မူပုံအထိ သပ်ပြန်နံပေါင်း ဘုရား အဆူသုံးရာကျော်တယ်။ ဘယ့်နှယ်ရှိစ။

ကိုးကွယ်စရာကို အကြောင်းပြုပြီး ဘေးဖြစ်တဲ့ အထဲမှာ ဗုဒ္ဓဘာသာ မပါဘူးဆိုတာကို ဦးခေါင်းသုံးလုံး ဖြစ်တဲ့အထိ ဦးနှောက်ထဲမှာ စွဲနေအောင် မြဲနေအောင် စူပါဂလုနဲ့ ကပ်ထားသလိုမှတ်ထားပါလေ။

သင်ကြိုက်လို့ပါ

‘စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားပြီး သံသယဝင်လာတယ်၊ သဒ္ဓါတရား ချွတ်ယွင်းလာတယ်’ဆိုတာက ကိုယ့်မှာ ဘာသာရေး ယုံကြည်ချက် မခိုင်လို့ပါပဲ။ ဒါကြောင့် မိမိကိုးကွယ်တဲ့ ဘာသာအကြောင်းကို လေ့လာပါဦး။ ဒီဘာသာသာကို မကြိုက်တော့ဘူးဆိုရင်တော့လည်း ဗုဒ္ဓဝါမှာက ကြိုက်ပါ ကိုးကွယ်ပါလို့ အတင်းအကြပ်တစ်အိမ်ဝင်တစ်အိမ်ထွက် ဆွယ်လည်း မဆွယ် စည်းလည်း မစည်းရုံးပါဘူး။ မကြိုက်ရင် စွန့်လိုက်ရုံပဲ။

‘အရက်ဆေးလိပ်ပိုသောက်လာတယ်ဆိုတာ’ သင်ကြိုက်တတ်လို့ ဖြစ်ပါလိမ့်မယ်။ ကိုယ်ဆေးလိပ် အရက်ကြိုက်လို့ သောက်တာကို အရုပ်အတု အဆင်းအတုမျှသာ ဖြစ်တဲ့ ကြည်ညိုဖွယ် သက်မဲ့ နောက်တိုး ဆင်းတုတော်လေးတွေကို လက်ညှိုးထိုးရင် ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်မှာပေါ့။ ဆိုင်မှ မဆိုင်တာကြီး။ အင်း.. ‘ဩဝါဒပေးပါ’လို့ ဆိုတယ်နော်။ စိတ်တော့ မရှိပါနဲ့။ စကားရိုင်းရိုင်းပြောရင် မှတ်မိသတဲ့..ရင်းနှီးတဲ့ စိတ်ထားနဲ့ ခပ်ကြမ်းကြမ်းလေး ပြောရရင် ရိုက်တဲ့ လူကို မကိုက်ဘဲ တုတ်ကို လိုက်ကိုက်သလို ဖြစ်နေမှာပေါ့။ ဆေးလိပ်နဲ့ အရက်ကြောင့်ပဲ ပျက်စီးမှာ။ ဘုရားဆင်းတုသုံးဆူ ကိုးကွယ်လို့ ဘာမှမဖြစ်ဘူး။

ဗုဒ္ဓဝါဒီ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ အဲဒီဘုရားသုံးဆူရှေ့မှာ ဆေးလိပ်အရက်ဖြတ်ပါ့မယ်လို့ သစ္စာအဓိဋ္ဌာန်ပြုပြီး ‘အရဟံ’ဂုဏ်တော်ကို ပုတီးပတ်ရေပေါင်း ‘တစ်သောင်း နှစ်ထောင် နှစ်ဆယ့်ရှစ်ပတ်’ (ချဲဂဏန်း အတိတ် ကောက်မနေနဲ့ အုံး၊ ဘာမှမဟုတ်ဘူး..‘သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ’ကို ဘာသာပြန်ထားတာပါ) စိပ်လိုက်ပါ။

၃၂၆။ ဗုဒ္ဓအားလုံး ဂုဏ်ရည်တူ

အရှင်ဘုရား၊

မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုးပါး (အရဟံ အစ ဘဂဝါအဆုံး) ဟာပွင့်ခဲ့ပြီးသော ဘုရား၏ ဂုဏ်တော်ကိုရည်ညွှန်းတာလား၊ ဒါမှမဟုတ် မပွင့်သေးသော မြတ်စွာဘုရားကို ရည်စူးတာလား သိချင်ပါတယ် ဘုရား။ ဂုဏ်တော်များကို ပွင့်ခဲ့ပြီးသော ဘုရားများ ဟောကြားခဲ့ကြပါသလား။

စန်းစန်း

---

‘ပွင့်ခဲ့ပြီးသော ဘုရားများ’ဆိုတာကို ဗုဒ္ဓဘုရား သို့မဟုတ် ဗုဒ္ဓဖြစ်ပြီးသူများလို့ အဓိပ္ပာယ်ယူလိုက်မယ်။ ဗုဒ္ဓဝါဒမှာက အရဟတ္တမဂ်ဉာဏ်အပြင် သဗ္ဗညုတဉာဏ်ကိုပါ ရပြီးမှ ‘ဗုဒ္ဓ’ သို့မဟုတ် ‘ဗုဒ္ဓဘုရား’ သို့မဟုတ် ‘မြတ်စွာဘုရား’လို့ ဆိုခွင့်ရှိတယ်။ ဗုဒ္ဓဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်မှန်ရင် အားလုံး ဂုဏ်ရည်တူဖြစ်ကြောင်း အင်္ဂုတ္တရပါဠိတော် (အံ၊၁၊၃၂၇)နဲ့ အဲဒီရဲ့အဖွင့် အဋ္ဌကထာများရဲ့အာဘော်အရဆိုခွင့်ရှိတယ်။ ဒါကြောင့် ယခင်ယခု ဗုဒ္ဓဘုရား အားလုံးဟာ အဲဒီ (လက်သည်းကွင်းထဲပါ) ဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံတယ်လို့ မှတ်ပါ။

ဒီဂုဏ်ရည် ကိုးပါးကိုတော့ ယခုဘုရား ဟောလို့ သိရတာပေါ့။ ဗုဒ္ဓဖြစ်ပြီးတဲ့ နောက်ဘုရားတစ်ဆူ လောကမှာ ပေါ်လာရင်လည်း ဒီကိုးပါးကိုပဲ ဟောအုံးမှာ။ ‘မပွင့်သေးသော မြတ်စွာဘုရား’ဆိုတာ မြတ်စွာဘုရား သို့မဟုတ် ဗုဒ္ဓမဖြစ်သေးဘူးလို့ ဆိုလိုရင် ..ဗုဒ္ဓမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဂုဏ်တော်ကိုးပါးရှိမှာလဲ။ ဒါမှမဟုတ်..နောင်တစ်ချိန်လောကမှာ ပွင့်ထွန်းလာဦးမယ့် ဗုဒ္ဓဖြစ်ပြီးသား ပုဂ္ဂိုလ်လို့ ဆိုလိုရင်တော့ ပြောပြီးသားအတိုင်းပဲပေါ့။

၃၂၇။ မြန်မာ့ဘုရားလောင်း

အရှင်ဘုရား၊

၁။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ဗုဒ္ဓလောင်းလျာသည် မြန်မာဖြစ်ဖူးပါသလား။

၂။ ဂေါတမနှင့်ဗုဒ္ဓတို့၏ ဗျာဒိတ်ပေါင်းစုံဖတ်ချင်ပါသည်။

၃။ သာသနာတွင်းကာလ ပစ္စေကဗုဒ္ဓါ ရှိပါသလား၊ ရှိလျှင် ဘာကြောင့်ပါလဲ။

၄။ ဂေါတမ ဗုဒ္ဓသာသနာ ပွင့်ထွန်းချိန်၌ စကြဝဠာ အနန္တတွင် အခြားသာသနာများ ရှိပါသလား။

Angel Lay

---

၁) ဂေါတမဗုဒ္ဓအနေနဲ့ ပြောရရင်.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်အချိန်က ဗုဒ္ဓမြတ်စွာ ပွင့်တော်မူပါတယ်။ ဒါကြောင့် ‘မြန်မာအစ တကောင်းက’အဆိုအရ မြန်မာစချိန်မှာ ဗုဒ္ဓပွင့်နေပြီ။ ဗုဒ္ဓလောင်းလျာအနေနဲ့ ဆိုရင် အဲဒီထက်များစွာ ရှေးကျပါလိမ့်မယ်။ ဒီတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုရင် ပိုပြီးအလှမ်းဝေးသွားနိုင်တာပေါ့။

၂) ဂေါတမဆိုတာ ဗုဒ္ဓရဲ့အနွယ်နာမည် (Family Name)ပါ။ အရဟတ္တမဂ်ဖိုလ်ဉာဏ်ကို ရပြီးနောက် ဂေါတမဟာ ဗုဒ္ဓအမည်ကို ရသွားတာပဲ။ ‘ဗျာဒိတ်ပေါင်းစုံ’ရဲ့ အဓိပ္ပာယ်ကို နားမလည်ပါ။ ဂေါတမဗုဒ္ဓဖြစ်လာမယ့် သုမေဓာ ရှင်ရသေ့ဟာ ဒီပင်္ကရဗုဒ္ဓထံမှ ‘ဘုရားတစ်ဆူ ဧကန်ဖြစ်မယ်’ဆိုတဲ့ ဗျာဒိတ် (ကြိုတင်မိန့်ကြားချက်)ကို ကြားခဲ့ရတယ်။

၃) ဗုဒ္ဓသာသနာ ထွန်းလင်းနေချိန်မှာ ပစ္စေကဗုဒ္ဓမရှိကောင်းပါ။

၄) ဂေါတမဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်ကရော သမိုင်းတစ်လျှောက်မှာပါ ခေတ်ပြိုင် ဘာသာတရားတွေ အများကြီး ရှိခဲ့ပါတယ်။ ယခုလည်း ရှိနေဆဲပါပဲ။ နောင်လည်း ရှိနေဦးမှာပဲ။ ဗကဗြဟ္မကြီးဟာ ဗုဒ္ဓနဲ့ ဝါဒ မတူဘူးဆိုမဟုတ်လား။ ဒါကြောင့် ဒီကမ္ဘာမှာ သာမက စကြဝဠာ အနန္တမှာလည်း ဘာသာခြားတွေ အများကြီးရှိနိုင်တာပေါ့။

၃၂၈။ သုတဗုဒ္ဓ

ဆရာတော်ဘုရား..

တရားနာ ဖိတ်စာတစ်ခုတွင် ပိဋကတ်သုံးပုံဆောင် ရဟန်းတော်များကို ‘သုတဗုဒ္ဓ ဘုရားတစ်ဆူ’ ဖြစ်သည်ဟု မြတ်စွာဘုရား ဟောတော်မူကြောင်း ဖတ်ရပါသည်။ ပိဋကတ်သုံးပုံကို အာဂုံ ရွတ်ပြနိုင်သည်နှင့်ပင် ဗုဒ္ဓဘုရားတစ်ဆူ ဖြစ်သွားနိုင်ပါသလား။ ထိုရဟန်းသည် ကိလေသာမကုန်သေးသည့် ပုထုဇဉ်ရဟန်းသာ ဖြစ်သည် မဟုတ်ပါလား။ မြတ်စွာဘုရားရှင်က တကယ်ပဲ ထိုသို့အတိအကျ ဟောတော်မူခဲ့ပါသလား။ သုတဗုဒ္ဓရဲ့ အဓိပ္ပာယ်မှန်ကို ကျမ်းဂန်အတိအကျ ကိုးကား၍ ရှင်းပြပေးတော်မူရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ မှားတာရှိလျှင် ခွင့်လွှတ်ပါဘုရား။

မောင်မြတ်နိုး၊ အင်ဒီယာနာ

---

ကျမ်းအဆို

‘သံဃာ့အလယ်၌ တရားဟောသော ရဟန်းသည် အနက်ကို မှန်စွာယူ၊ သဒ္ဒါတို့ကို မှန်စွာတင်ပြခဲ့သော် ထိုရဟန်းအား သာဓုခေါ်ပြီး ဤသို့သော ရဟန်းကို ဖူးမြင်ရခြင်းမှာ အရတော်ပေစွဟု ချီးမွမ်းရမည် (ဒီ၊၃၊၁၀၇)’။ ‘အကြောင်းမူ ထိုရဟန်းသည် သာဝက (တပည့်) မဟုတ်၊ သုတဗုဒ္ဓ မည်သောကြောင့်တည်း။ ဤသို့လျှင် ဗုဒ္ဓသည် ပရိယတ္တိအရာ၌ ဗဟုသုတ များသော ရဟန်းကို မိမိအရာ (ဗုဒ္ဓအရာ)၌ ထားတော်မူ၏ (ဒီ၊ဋ္ဌ၊၃၊၉၆)’။ ‘ပရိယတ္တိသဒ္ဓမ္မ (ပိဋကတ်သုံးပုံ)ဆိုင်ရာ၌ ဆရာကိစ္စကို ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း ထိုပရိယတ္တိသဒ္ဓမ္မ၌ စွဲမြဲစွာ စိတ်တည်နေခြင်းကြောင့်လည်းကောင်း ထိုရဟန်းသည် ဗုဒ္ဓအမည်ကိုရ၏ (ဒီ၊ဋီ၊၃၊၉၂)’။

အရည်အချင်း

အဲဒီ ကျမ်းဆိုတွေကို အသေအချာ ဖတ်ရှုကြည့်ရင် ပိဋကတ်သုံးပုံ အာဂုံရေးဖြေစာမေးပွဲကို အောင်ရုံလောက်၊ ဘွဲ့လက်မှတ်ရရုံလောက်နဲ့ သုတဗုဒ္ဓအမည်ကိုမရနိုင်။ အတ္ထုပေတ = အနက်ကိုမှန်စွာယူ၊ ဗျဉ္ဇနုပေတ = သဒ္ဒါတို့ကို မှန်စွာတင်ပြနိုင်ပြီး ပရိယတ္တိသဒ္ဓမ္မဆိုတဲ့ ပိဋကတ်သုံးပုံဆိုင်ရာမှာ ဆရာကိစ္စကို ဆောင်ရွက်နိုင် (ဆရာလုပ်နိုင်)သူ၊ ပိဋကတ်ထဲမှာ စိတ်ကို စွဲမြဲစွာ မြှုပ်နှံထားနေနိုင်သူ ဖြစ်မှသာ သုတဗုဒ္ဓအမည်ကို ရခွင့်ရှိကြောင်း မှတ်သင့်တယ်။ ဒါကြောင့် ဖိတ်စာပါ ပုဂ္ဂိုလ်အနေနဲ့ ဖော်ပြပါ အရည်အချင်း ရှိရဲ့လား သို့မဟုတ် သူ့နှလုံးသားမှာ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင် ကိန်းဝပ်နေသေးရဲ့လားဆိုတာ ကိုယ့်ဟာကိုယ်သိနေပါလိမ့်မယ်။ ဒါပေမယ့်..ကြည်ညိုသူ ဥပါသကာ တစ်ယောက်အနေနဲ့တော့ ထိုရဟန်းဟာ အဲဒီ အရည်အချင်းရှိလို့ပဲ စာမေးပွဲကို အောင်ခဲ့တာလို့ ယုံကြည်ပြီး ပူဇော်သက္ကာပြုနိုင်ရင် အကျိုးမယုတ်ပါဘူး။

ဗုဒ္ဓလေးမျိုး

၁) သဗ္ဗညုဗုဒ္ဓ = ပါရမီဆယ်ပါး အပြားသုံးဆယ်ကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ကျင့်ပြီး သိစရာဉေယျဓမ္မကိုအလိုလို သိလျက် သဗ္ဗညုဉာဏ်ကို ရပြီးဗုဒ္ဓဖြစ်သွားသူ။

၂) ပစ္စေကဗုဒ္ဓ = နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်လျက် သစ္စာဓမ္မကို အလိုလိုသိပြီး (သဗ္ဗညုဗုဒ္ဓမရှိသည့် ခေတ်တစ်ချိန်မှာ)ဗုဒ္ဓဖြစ်သွားသူ။

၃) စတုသစ္စဗုဒ္ဓ = သဗ္ဗညုဗုဒ္ဓစတဲ့ အခြားသူတစ်ယောက်ရဲ့ အကူအညီနဲ့ အရဟတ္တမဂ်ဉာဏ်ကိုရပြီး သစ္စာလေးပါးကို သိလျက် ဗုဒ္ဓဖြစ်သွားသူ။

၄) သုတဗုဒ္ဓ = ပရိယတ္တိအရာမှာ ဗဟုသုတ များတော်မူကြတဲ့ ပုဂ္ဂိုလ်တွေ (သံ၊ဋ္ဌ၊၁၊၂၄)၊ တစ်နည်း သင်ယူလေ့လာ၍ ရရှိထားတဲ့ အကြားအမြင် (သုတမယဉာဏ်)နဲ့ သိထိုက် နားလည်ထိုက်သော ခန္ဓာ အာယတနစသည်တို့ရဲ့ အကြောင်းကို သိထားပြီးသူ (သံ၊ဋီ၊၁၊၇)။

အဖြေ

စဉ်းစားနိုင်ဖို့ လမ်းစလေးတွေ ဘုန်းကြီးဖော်ပေးထားပါတယ်။ ကိလေသာ မကုန်သေးတဲ့ ပုထုဇဉ်ရဟန်းလည်း ပရိယတ္တိအရာမှာ ဗဟုဿုတ များသူဖြစ်ရင် (ဖော်ပြပါ အရည်အချင်း နှစ်မျိုးနဲ့ ပြည့်စုံရင်) ဗုဒ္ဓလေးမျိုးထဲက နောက်ဆုံးဖြစ်တဲ့ ‘သုတဗုဒ္ဓ’ထဲမှာ ပါလို့ ‘ဗုဒ္ဓ’အမည်ကို ရခွင့်ရှိတယ်လို့ မှတ်ပါ။ တိုက်ရိုက် ဗုဒ္ဓနှုတ်ထွက် မူရင်းပါဠိတော် အတိအကျကို မတွေ့ဖူးသေးပေမယ့် ဗုဒ္ဓအလိုကို သိတော်မူကြတဲ့ အဋ္ဌကထာ ဋီကာ ဆရာမြတ်တွေရဲ့ အဆိုအမိန့်ဖြစ်လို့ ဗုဒ္ဓဘုရားဟောကြားတဲ့ တရားကဲ့သို့ မှတ်သားနိုင်ပါတယ်။

ဒါပေမယ့်

မေးခွန်းထဲကလို ‘ပိဋကတ်သုံးပုံကို အာဂုံပြန်ဆိုနိုင်သော ရဟန်းသည် သုတဗုဒ္ဓ ဘုရားတစ်ဆူ ဖြစ်တော်မူ၏’လို့ ရေးတာကိုတော့ ဘုန်းကြီးလည်း ဘဝင်မကျပါဘူး။ ဘာကြောင့်ဆို ပိဋကတ်သုံးပုံ အာဂုံရေးဖြေစာမေးပွဲ အောင်ရင်ပဲ အဲဒီ ရဟန်း ဘုရားဖြစ်သွားပြီလို့ သာမန်လူ တစ်ယောက်အနေနဲ့ လွဲမှားစွာ နားလည်သွားနိုင်လို့ပါ။ မသိ နားမလည်လို့ လူအချို့အဲဒီလိုယူဆနေရင်တောင် အမှန်ကို နားလည်အောင် မိမိက ရိုးသားစွာ မရှင်းပြသင့်ဘူးလား။

အောက်တိုဘာ ၂၈၊ ၂၀၁၅။

---

၃၂၉။ ပန်းတိုင်မတူ

Burmese Classic မှအမေးအဖြေများကို ဖတ်ရသည်မှာ လွန်စွာ ဗဟုသုတ ရပါသည်။ ယခုကဲ့သို့ လုပ်ဆောင်ပေးသော အဖွဲ့သားများနှင့် ဖြေကြားသော ဆရာတော်များကို ကျေးဇူးအထူးတင်ပါသည်။ မေးမြန်းလိုသည်မှာ..

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ကာယဂတာသတိသည် ပဌမစျာန်ကိုသာ ရစေနိုင်၏ဟု ဆိုပါသည်။ သို့ရာတွင် တစပဉ္စက ကမ္မဋ္ဌာန်းဖြင့် သောတာပန်မှသည် ရဟန္တာထိဖြစ်သွားကြသည်ကို အဋ္ဌကထာတို့၌ များစွာ တွေ့ရပါသည်။ တစပဉ္စက ကမ္မဋ္ဌာန်းသည်လည်း ကာယဂတာသတိတွင် ပါဝင်သဖြင့် သောတာပန်မှသည် ရဟန္တာဖြစ်သည့်တိုင် တရားထူးကို ရသော်လည်း စျာန်ရအောင် အားထုတ်မည်ဆိုပါက ကာယဂတာသတိဖြင့် အားထုတ်လျှင် ပဌမစျာန်ကိုသာ ရနိုင်သည်ကို ဆိုလိုပါသလားဆိုတာကို ကွဲကွဲပြားပြားသိလိုပါသည်။

အရှင်ဝါသဝ

---

အဆိုနှစ်ရပ်

ရူပစျာန်ကို ရစေနိုင်တဲ့ သမထကမ္မဋ္ဌာန်း ၂၆ မျိုးထဲမှာ ‘ကသိုဏ်း ၁၀ ပါးနဲ့ အာနာပါနကိုပွားရင် ပဉ္စမစျာန်ထိ ရနိုင်တယ်။ အသုဘ ၁၀ ပါးနဲ့ ကာယဂတာသတိကို ပွားရင် ပဌမစျာန်ကိုသာ ရနိုင်တယ်။ မေတ္တာ ကရုဏာ မုဒိတာတို့က ပဒုတစစျာန်တွေကို ရစေနိုင်တယ်။ ဥပေက္ခာကတော့ ပဉ္စမစျာန်ကိုပဲ ဖြစ်စေနိုင်တယ်’လို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း (ဘာဝနာဘေဒ၊ ကမ္မဋ္ဌာန်းပိုင်း)မှာ ဆိုတယ်။ သံကိစ္စသာမဏေဟာ တစပဉ္စက ကမ္မဋ္ဌာန်းနဲ့ ခေါင်းရိတ်လို့ မပြီးခင်မှာ ရဟန္တာ ဖြစ်သွားတာလည်း အဋ္ဌကထာ (ဓမ္မပဒ၊ဋ္ဌ၊၁၊၄၂၆) ကျမ်းထွက်ပါပဲ။ အဲဒီ အဆိုနှစ်ရပ်ကို အဖြေရှာကြည့်ရင် ..

လမ်းနှစ်မျိုး

ထေရဝါဒအရ ဘာဝနာ (အကြိမ်ကြိမ်အဖန်ဖန် အားထုတ်ခြင်း) သို့မဟုတ် တရားအားထုတ်ပုံ နှစ်မျိုး ရှိတယ်။ သမထနဲ့ ဝိပဿနာလို့။ သမထနည်းနဲ့ အားထုတ်ရင် ပန်းတိုင်က စျာန်နဲ့ အဘိညာဉ်တွေကို ရရှိခြင်း၊ ဝိပဿနာနည်းနဲ့ အားထုတ်ရင်တော့ မဂ်ဖိုလ်ကိုရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (စာ-၂၃၈)အရ သမထကို အားထုတ်ပြီးမှ ဝိပဿနာရှုခြင်း၊ ဝိပဿနာရှုပြီးမှ သမထကို အားထုတ်ခြင်း၊ နှစ်မျိုးလုံး တစ်ပြိုင်နက် အားထုတ်ခြင်း၊ ဝိပဿနာသက်သက်ကိုပဲ အားထုတ်ခြင်းလို့ လေးမျိုး ရှိကြောင်းလည်း နားလည်ရပါတယ်။ ယောဂီဟာ ကိုယ်နှစ်သက်ရာကို ရွေးချယ်ပြီးအားထုတ်နိုင်ပါတယ်။

အဖြေ

တစပဉ္စက ကမ္မဋ္ဌာန်းဖြင့် သောတာပန်မှသည် ရဟန္တာထိ ဖြစ်သွားတယ်’ဆိုရာမှာ တစပဉ္စကလို့ ခေါ်တဲ့ ကာဂတာသတိကို ပွားများအားထုတ်ပြီး ပဌမစျာန်ရ၊ အဲဒီ စျာန်မှထပြီး သင်္ခါရကို ရှုပွားလို့ အရိယာအဖြစ်ကို ရောက်သွားတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် သမထနည်းနဲ့ စျာန်သက်သက်ကို ရဖို့အားထုတ်သူ (သမထယာနိကပုဂ္ဂိုလ်) အတွက်တော့ ကာယဂတာသတိကို ပွားများရင် ပဌမစျာန်လောက်ကိုပဲ ရနိုင်ပြီး အထက်ဖြစ်တဲ့ ဒုတစစျာန်တွေကို မရနိုင်ဘူးလို့ အဘိဓမ္မမတ္ထသင်္ဂကျမ်းမှာ မိန့်ဆိုလိုတာ ဖြစ်ပါတယ်။ သောတာပန်ဖြစ်ခြင်းနဲ့ ပဌမစျာန်ကို ရခြင်း တစ်ခြားစီဖြစ်ကြောင်းမှတ်ထားလိုက်ရင် ရှင်းပါတယ်။

အောက်တိုဘာ ၂၈၊ ၂၀၁၅။

---

၃၃၀။ ကလောင်သရမ်းသူ

အရှင်ဘုရား၊

လော့စ်အိန်ဂျလိစ်မှာ ထုတ်ဝေတဲ့ မြန်မာမဂ္ဂဇင်းတစ်ခုမှာ Role of Women in Burmese Culture ဆိုတဲ့ ခေါင်းစဉ်နဲ့ ‘မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အခြားအာရှယဉ်ကျေးမှုတွေနဲ့ မတူဘဲ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ယောကျ်ားတွေနဲ့ တန်းတူ အခွင့်အရေးရှိပေမယ့် ဘာသာရေးနယ်ပယ်မှာတော့ ခွဲခြားထားတာကို တွေ့ရတယ်။ မြန်မာ ဗုဒ္ဓဝါဒီတွေဟာ ယောကျ်ားတွေသာ နိဗ္ဗာန်ကို ရနိုင်ပြီး မိန်းမတွေကျတော့ နိဗ္ဗာန်ကိုရဖို့ ယောကျ်ားဘဝဖြစ်ရမယ်လို့ ယုံကြည်ကြတယ် (The Burmese Buddhists believe that only men can obtain an opportunity to reach Nirvana. Women have to be reincarnated as men to have such pribilege of ataining Nirvarna.)’လို့ အမျိုးသမီးတစ်ယောက် အင်္ဂလိပ်လို ရေးထားတာ တွေ့ရပါတယ်။ အဲဒီ ရေးသားချက်ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ တပည့်တော် နားလည်ထားသည်နှင့် မတူတဲ့ အတွက် ထိုအမျိုးသမီး၏ ရေးသားချက် မှန်မမှန် ရှင်းလင်းပေးစေချင်ပါသည် အရှင်ဘုရား။

Aung Sann Oo (Phoenix, AZ)

---

သရမ်းတယ်

မြန်မာနိုင်ငံသား မဟုတ်သူ သို့မဟုတ် ဗုဒ္ဓဝါဒီ မဟုတ်သူတွေဟာ ဘုရားအထက်ပစ္စယာလို နေရာတွေမှာ ‘အမျိုးသမီးများ မတက်ရ’လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို လက်ညှိုးထိုးပြီး ‘ဒါ.. ‘‘နာ’’တို့နဲ့ မတူဘူး၊ အမျိုးသမီးတွေကို နှိမ်တာပဲ၊ ဗုဒ္ဓဘာသာမကောင်းဘူး’လို့ ဝေဖန်လေ့ရှိတယ်။ အဲဒီမဂ္ဂဇင်းမှာ ရေးတယ်ဆိုတဲ့ အဲဒီ အမျိုးသမီးလည်း မြန်မာပြည်ကို ရောက်ဖူးတဲ့ အထဲမှာ ပါပုံရတယ်၊ သို့မဟုတ် မြန်မာလူမျိုးတောင် ဖြစ်နေမလား။ ဘုရားတွေမှာ တွေ့ရလေ့ရှိတဲ့ ‘မ မတက်ရ’ ဆိုင်းဘုတ်တွေနဲ့ ပတ်သက်ပြီး အတော် မျက်စိနောက်နေပုံပဲ။ ဒါပေမယ့်အဲဒီလို ဆိုင်းဘုတ်လောက်ကိုသာ ကြည့်ပြီး ဗုဒ္ဓဝါဒမှာ အမျိုးသမီးတွေကို နှိမ်တယ်လို့ ရေးရင် ‘အတော့်ကို ကလောင်သရမ်းတာပဲ၊ ဗုဒ္ဓဘာသာအကြောင်းကို ဘာမှ သိပုံမရဘူး၊ ဗုဒ္ဓဘာသာ မကောင်းဘူးဆိုတာကို သက်သေပြဖို့ အတော် လက်ယားနေပုံရတယ်’လို့ပဲ ဘုန်းကြီးတို့က ဆိုမှာပဲ။

ဘာ့ကြောင့်

အိုဘယ့် ဆောင်းပါးရေးသူ .. ‘မိန်းမတွေဟာ နိဗ္ဗာန်ကိုရဖို့ ယောကျ်ားဘဝဖြစ်ရမယ်လို့ ဘယ်ကျမ်းဂန်မှာ ဖတ်ဖူးပါသလဲ။ သို့မဟုတ် ဘယ်ဆရာတော် ဟောကြားတာကို ကြားဖူးပါသလဲ။ ဗုဒ္ဓဘုရားက အဲဒီလို ဟောပါသလား’လို့ ဘုန်းကြီးတို့က ပြန်မေးပါတယ်။ ဓာတ်ပုံထဲက ဆိုင်းဘုတ်က ဂေါပကတွေ ရေးတာ ဖြစ်မှာပေါ့။ ဂေါပကတွေက ဗုဒ္ဓဝါဒီ (ဗုဒ္ဓဘာသာဝင်ပါလို့ ကိုယ့်ကိုယ်ကို ဆိုလေ့ရှိသူ)တွေ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် အဲဒီ ဂေါပကတွေဟာ ဗုဒ္ဓဝါဒ (ဗုဒ္ဓဟောကြားတဲ့ တရား)မှ မဟုတ်ဘဲ။ ဆောင်းပါးရေးသူဟာ ဂေါပကနဲ့ ဗုဒ္ဓဝါဒဆိုတာကို ခွဲခြားပြီး နားလည်ပုံမရဘူး။ ဂေါပကတွေ ရေးတဲ့ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြီး ဗုဒ္ဓဝါဒကိုပါ ရောချရင် လွဲမှာပေါ့။ ဗုဒ္ဓကျမ်းဂန်မှာပါတဲ့ အဆိုအမိန့်ကို မကိုးကားဘဲ ဗုဒ္ဓဝါဒီအချို့ရဲ့ ဒေါသ ပုံရိပ်ကို ကြည့်ပြီး ဗုဒ္ဓဝါဒတစ်ခုလုံးကို အဆိုးမြင်သဘောထားနဲ့ Time မဂ္ဂဇင်းမှာ ဆောင်းပါးရေးတဲ့ မိန်းမလိုဖြစ်နေမှာပေါ့။

မခွဲခြားဘူး

‘အမျိုးသမီးတွေ တရားအားထုတ်ရင် အရှင်ဘုရားတို့ သိတဲ့ တရားထူး (အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း)ကိုရနိုင်ပါသလား’လို့ အရှင်အာနန္ဒာက ရှင်တော်ဗုဒ္ဓကိုမေးလျှောက်တဲ့ အခါ ဗုဒ္ဓက ‘အမျိုးသမီးတွေ တရားအားထုတ်ရင် (အမျိုးသားတွေ ရတဲ့) အရိယာအဆင့် အားလုံးကို ရတာပေါ့’လို့ ဖြေကြားပါတယ် (ဝိ၊၄၊၄၄၃)။ အမျိုးသမီးတွေအနေနဲ့ ၎င်းတို့ဆန္ဒရှိရင် ခေါင်းတုံးတုံး၊ သင်္ကန်းစည်း၊ သိမ်ထဲဝင်ပြီး ရဟန်းခံဖို့ ခွင့်ပြုခဲ့တာ ဗုဒ္ဓဘုရားပါပဲ (ဝိ၊၄၊၄၄၇)။ တရားဟောတဲ့ နေရာ၊ ပညာဉာဏ်၊ တန်ခိုး ဣဒ္ဓိပါဒ်လို နေရာတွေမှာ ဘိက္ခုနီတွေကို ဘိက္ခုတွေနဲ့ တန်းတူထားပြီး အတော်ဆုံး အသာဆုံး ဧတဒဂ်ဘွဲ့တွေ ပေးအပ်တာလည်း ဗုဒ္ဓဘုရားပါပဲ (အံ၊၁၊၂၂-၂၃)။ အဲဒီခေတ်အချိန်က မြတ်ဗုဒ္ဓရဲ့ လုပ်ရပ်ဟာ ခေတ်ရှေ့ကို ဘယ်လောက် ပြေးနေသလဲဆိုတာ စဉ်းစား၍သာကြည့်တော့။

ကမ္ဘာတစ်လွှားမှာ မိန်းမ အခွင့်အရေးဆိုပြီး ထအော်ကြတာက သိပ်မကြာသေးပါဘူး။ ဒါလည်း ‘မိန်းမတို့သည် (ဘုရားကျောင်းထဲ၌) တရားဟောပြောရသော အခွင့်မရှိကြ။ ယောကျ်ားကို မိန်းမဖို့ ဖန်ဆင်းသည် မဟုတ်၊ မိန်းမကို ယောကျ်ားဖို့ ဖန်ဆင်း၏။ ပညတ်တရားစီရင်သည်အတိုင်း မိန်းမတို့သည် ယောကျ်ား၏ အုပ်စိုးခြင်းကို ဝန်ခံကြရမည် (၁ကော၊၁၄း၃၄)’ဆိုတဲ့ ဘုရားသခင်ရဲ့ အမိန့်ကို ဖီဆန်ချင်လို့ ဖြစ်လေမလား။

ဖြစ်နိုင်မလား

ဗုဒ္ဓဘုရားတစ်ဆူ ဖြစ်ဖို့မှာတော့ ယောကျ်ားဘဝဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ဒါလည်းပဲ ကြောင်းကျိုးဆီလျော်ပါတယ်။ မင်းသိဒ္ဓတ်နေရာမှာ ယသော်ဓရာ ဖြစ်ခဲ့ရင်.. ယသော်ဓရာက မွေးကင်းစ ကလေးနဲ့ ထီးနန်းကိုစွန့်၊ ဆန္နအမတ်ကိုနှိုးပြီး ညသန်းခေါင်အချိန် တောထွက်၊ ဥရုဝေလာမှာ တစ်ကိုယ်တည်း တရားကျင့်ဖို့ဆိုတာ လွယ်နိုင်မလား။ ဒီကိစ္စကို မင်းသမီး ယသော်ဓရာက လုပ်နိုင်တယ်ပဲထား၊ ဘုရားဖြစ်လာတဲ့ အခါ ပဉ္စဝဂ္ဂီနဲ့ ဗိမ္ဗိသာရတို့လို ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားမှာ မင်းသိဒ္ဓတ်ကိုလောက် impression ဖြစ်နိုင်ပါ့မလား။

အင်း..ပေါက္ခရသာတိနဲ့ အမ္ဗဋ္ဌတို့ ဆရာတပည့်အပါအဝင် ပုဏ္ဏားအယောက် ၅၀-ကျော်က မြတ်စွာဘုရားရဲ့ အင်္ဂါဇာတ်ကို မြင်ရမှ ဗုဒ္ဓအစစ်အမှန် ဖြစ်တာကို ယုံမယ်လို့ ပြောတဲ့အခါ မြတ်စွာဘုရားက မငြင်းဘူး၊ ယင်းတို့ အားလုံးကို ပြတော်မူရတယ်ဆို မဟုတ်လား (ဒီ၊ဋ္ဌ၊၁၊၁၀၂)။ ယသော်ဓရာသာဆို အဲဒီလိုလုပ်ဖို့ ဖြစ်နိုင်မလား။ လုပ်ရင်တောင် သဘာဝဥပဒေအရ လောကက လက်ခံဖို့ မဖြစ်နိုင်ဘူး။

သဘာဝဥပဒေ

အဲဒီလို မဖြစ်နိုင်တာဟာ ယဉ်ကျေးမှု စတင်ကတည်းက လူသားတို့ရဲ့ မသိစိတ်မှာ စွဲနေပြီးဖြစ်တဲ့ မတို့က ကျားတို့အပေါ် ကျားတို့က မတို့အပေါ် နားလည်မှုနဲ့ လက်ခံထားမှု ခြားနားလို့ပဲ။ နားလည်မှု ခြားနားပုံကိုကြည့်..အလွန်အေးတဲ့ အချိန် ယောကျ်ားတွေက ဘောင်းဘီရှည် ဝတ်ဆဲ အမျိုးသမီးတွေက ဘာလို့ ခေါင်းလောင်းလို တင်းကျပ်နေတဲ့ စကတ်တိုနဲ့ ဒူးခေါင်းတစ်ဝက်ဖုံးရုံ ဝတ်ရသလဲ။ လေဆိပ်မှာ မိခင်က ဆယ်နှစ်အရွယ်သားကို အမျိုးသမီးအိမ်သာကို အတူခေါ်သွားတော့ ဘေးက အမျိုးသမီးက ‘မင့်သားက မင်းနဲ့အတူ အမျိုးသမီးအိမ်သာကို ခေါ်သွားသင့်တဲ့ အရွယ် မဟုတ်တော့ဘူး’လို့ သတိပေးတာကို တွေ့ဖူးတယ်။ ဒါတွေဟာ သဘာဝတရားက အလိုလို ခြားနားပေးထားတဲ့ မြင်သာတဲ့ အတွင်းအပြင် အခြေခံတွေပဲ။ နယ်ပယ်နက်ရှိုင်းသလောက် ခြားနားသွားနိုင်တာပဲ။

ပရမတ်မျက်မှန်

ဘုန်းကြီးတို့ တောရွာမှာ ကွယ်လွန်သူ အမျိုးသမီးများ ဝတ်ခဲ့တဲ့ ထမီတွေကိုတောင် ခန်းစည်းလိုက်ကာ စပ်ချုပ်ပြီး ဘုန်းကြီးကျောင်းကို လှူလေ့ရှိတယ်။ ဗုဒ္ဓရဲ့ ဓမ္မအမှန်မှာ အရာရာကို အဲဒီကဲ့သို့ ပရမတ်မျက်မှန်နဲ့ပဲ ကြည့်ပါတယ်။ ဒါကြောင့် ‘ရွှေတိဂုံဘုရား အထက်ပစ္စယာပေါ်ကို မိန်းမ မတက်ရ’လို့ ဆိုရာမှာ ဗုဒ္ဓရှင်တော် ဟောကြားတဲ့ ဓမ္မမှန်နဲ့ မပတ်သက်နိုင်ပါဘူး။ သဘာဝရဲ့ သတ်မှတ်ချက်ကို အခြေခံဖွယ်ရှိတဲ့ ‘ရှေးရိုးစွဲနားလည်မှု’ကြောင့်လို့ ဆိုရင် ယုတ္တိနဲ့ မဝေးလွန်းပါဘူး။ အီရန်က အမျိုးသမီး တစ်ယောက် လက်တစ်ညှိုးစာ ဆံစုကို တစိမ်းယောကျ်ားကို ပြမိရင် ကြိမ်ဒဏ် ၇၅-ချက်ဆိုတဲ့ ပြစ်ဒဏ်မျိုးနဲ့ စာရင် မြန်မာ့ယဉ်ကျေးမှုက အများကြီးသာပါတယ်။

မလွန်နိုင်လို့

ဆောင်းပါးရေးတဲ့ အမျိုးသမီးက ‘အခြားအာရှ ယဉ်ကျေးမှုတွေ’လို့ ဆိုထားလို့ အာရှယဉ်ကျေးမှုကို အတော် သိကျွမ်းနားလည်ထားပုံပါပဲ။ ဘုန်းကြီးကတော့ အဲဒါလောက် မသိလို့ သီရိလင်္ကာ၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေလောက်ကို ‘အရှေ့တောင်အာရှ ယဉ်ကျေးမှု’လို့ ရည်ညွှန်းပြီး ဒီယဉ်ကျေးမှုတွေလည်း ဗုဒ္ဓဝါဒဩဇာ သက်ရောက်မှုရှိတယ်လို့ ဆိုပါရစေ။ ချုပ်ပြောရရင် မြန်မာ့ယဉ်ကျေးမှုမှာ ဗုဒ္ဓဝါဒအရ ကျားမ မခွဲခြားပေမယ့် သဘာဝက ပေးအပ်ထားတဲ့ အသိကို မလွန်နိုင်တာတွေ ရှိနိုင်တယ်။ ဘုန်းကြီးရဲ့ အမြင်အရ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ရင် မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ လူ့မှုရေးမှာရော ဘာသာရေးမှာပါ မဆိုးပါဘူး။ ပညာဗဟုသုတ ပိုမိုတိုးတက်လာတဲ့ ခေတ်တစ်ချိန် မြန်မာ့လူထု အမြင်လည်း ဒီ့ထက် ပြောင်းလာနိုင်စရာတော့ ရှိပါတယ်။

ရှာရှာဖွေဖွေ ဖတ်ရှုမေးမြန်းတဲ့ တပည့်ကျော် အောင်ဆန်းဦးကို ကျေးဇူးတင်ကြောင်းပါ။

နိုဝင်ဘာ ၉၊ ၂၀၁၅။

---

၃၃၁။ ဂျေဝင်တဲ့ သောတာပန်

အရှင်ဘုရားအား ရိုသေစွာ ရှိခိုး၍ မေးလျှောက်ပါ၏ ဘုရား၊ သောတာပန်သည် ကိလေသာ၁၀-ပါးထဲတွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိုသာ ပယ်သတ်နိုင်သေးသည်။ အချို့သော စာပေများတွင် ဣဿာ၊ မိစ္ဆရိယကိုပါ ပယ်သတ်သည်ဟု ဖတ်ရှုဖူးပါသည်။ တပည့်တော် သိချင်သည်မှာ ပုထုဇဉ်တို့တွင် မိမိက ချစ်ခင်နှစ်သက်နေသော အမျိုးသားသည် အခြားသော အမျိုးသမီးနှင့် ပြောဆိုဆက်ဆံသည်ကို ကြားသိချိန်တွင် မနာလို ဝမ်းနည်း ဒေါသစိတ်သည် (jealousy)ဖြစ်ပါသည်ဘုရား။ သောတာပန်ဟု ယူဆရသော သူတို့တွင် ထိုသို့ မနာလိုစိတ် ဖြစ်ပါဦးမည်လားဟု သိလိုပါသည်ဘုရား။ ထိုသူသည် ရတနာသုံးပါးကို ယုံကြည်သက်ဝင်၍ ငါးပါးသီလလည်း မြဲပါသည်ဘုရား။

မိမိကိုယ်ကို တရားဘာဝနာ အတော်အတန် အားထုတ်ဖူး၍ တရားကို အတော်အတန် သိပြီးသူသည် သောတာပန် ဖြစ်မဖြစ် မည်သို့သိနိုင်ပါသနည်း ဘုရား။

ရိုသေစွာဖြင့်

May

---

ဂျေရှိတယ်

‘သောတာပတ္တိမဂ်ကို ပွားများပြီးပါက (ရရှိပြီးပါက) ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိုအကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်သဖြင့် အပါယ်မကျတော့ဘဲ ကာမသုဂတိဘုံသို့ ခုနစ်ကြိမ်သာ ပြန်လာသည့် သောတာပန်ပုဂ္ဂိုလ်ဖြစ်သွား၏ (အဘိဓမ္မတ္ထသင်္ဂဟ)’။ ဒီစာဆိုအရ သောတာပန် ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကိုပဲ ပယ်တယ်။ ဣဿာနဲ့ မိစ္ဆရိယကို မပယ်နိုင်သေးဘူး။ ‘သောတာပန်ဟာ ဣဿာနဲ့ မိစ္ဆရိယကိုပါပယ်သတ်သည်’လို့ ဘယ်စာပေသို့မဟုတ် ကျမ်းစာမှာ ဖတ်ဖူးပါသလဲ။ ဝိသာခါ ကျောင်းအမကြီး မြေးမတစ်ယောက် ဆုံးလို့ ပူဆွေးသောကဖြစ်ပြီး ငိုတယ် (ဥဒါန၊၁၉၀)ဆို မဟုတ်လား။ ‘ငိုတယ်’ဆိုတာ ဒေါသပဲ။ အဘိဓမ္မာသဘောအရ ဒေါသရှိရင် ဣဿာမစ္ဆရိယလည်း ရှိပြီးသားပဲ။ ဒါကြောင့် သောတာပန်ဖြစ်ပြီးတဲ့ အမျိုးသမီးဟာ မိမိချစ်သူက အခြားအမျိုးသားတစ်ယောက်အပေါ် စိတ်ဝင်စားနေတာကို သိရင် သာမန် အမျိုးသမီးတွေလိုပဲ မနာလိုစိတ် (ဣဿာ သို့မဟုတ် jealousy) ဒေါသစိတ် (ဝမ်းနည်းစိတ်တို) ဖြစ်ခွင့်ရှိတယ်၊ အဲဒီလိုဖြစ်လို့ အဲဒီသောတာပန် အမျိုးသမီးရဲ့ ဓမ္မကို အထင်မသေးသင့်ပါဘူး။ ရတနာသုံးပါးကို သက်ဝင်ရုံ ငါးပါးသီလမြဲရုံနဲ့လည်း ဒေါသနဲ့ သောက ပရိဒေဝတွေကို အကြွင်းမဲ့ မထိန်းချုပ်နိုင်သေးဘူး။ အမျိုးသားလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် သာမန် ပုထုဇဉ်တွေထက်တော့ စိတ်ကို ထိန်းနိုင်ဖွယ်ရှိပါတယ်။

ဒါပေမယ့် ဗြိတိသျှ စစ်သားတစ်ယောက်ကို သားလှီးဓားနဲ့ ထိုးသတ်ပြီး သွေးစွန်းတဲ့ လက်နဲ့ ‘Eye for eye, tooth for tooth. = ကိုယ့်မျက်လုံးကို ဖောက်ရင် သူ့မျက်လုံးကို ပြန်ဖောက်မယ်၊ ကိုယ့်သွားကို ချိုးရင် သူ့သွားကို ပြန်ချိုးမယ်’လို့ လန်ဒန်က လမ်းမပေါ်မှာ ကြွေးကြော်သွားသူတွေထက်တော့ သရဏဂုံနဲ့ ငါးပါးသီလမြဲသူတွေက ပိုပြီးသာသင့်ပါတယ်။

စမ်းသပ်ပုံ

သီဟိုဠ်၌ ဗုဒ္ဓသာသနာ အထွန်းကားဆုံးအချိန် (အေဒီ ၅၀၀-ရာစု မတိုင်မီ နှစ်များ)က ဖြစ်ရပ်တစ်ခု .. အရှင်မဟာနာဂမထေရ်ဟာ ပိဋကတ်စာပေ အလွန်တတ်ကျွမ်း၊ တရားဘာဝနာလည်း အားထုတ်သူဖြစ်လို့ ရဟန္တာဖြစ်ပြီးပြီလို့ ထင်မှတ်နေတယ်။ ဒါပေမယ့် ထိုအရှင်ရဲ့ တပည့်ဖြစ်သူ အရှင်ဓမ္မဒိန္နမထေရ်ကတော့ အမှန်တကယ် ရဟန္တာဖြစ်နေပြီး ဆရာဖြစ်သူမှာ ပုထုဇဉ်အဆင့်မျှသာ ဖြစ်ကြောင်း သိတော်မူသတဲ့။ ဒါနဲ့ တစ်နေ့မှာ တပည့် အရှင်ဓမ္မဒိန္နက ရန်ပြုဖို့လာတဲ့ ဆင်ရိုင်းသဏ္ဌာန် ဖန်ဆင်းပြပါရန် ဆရာကို တောင်းပန်၊ ဆရာက ဖန်ဆင်းပြ၊ ကိုယ်တိုင်ဖန်ဆင်းတဲ့ ဆင်ကိုပဲ ဆရာအရှင်ကြောက်ရွံ့မှု ဖြစ်သွားတဲ့အခါ ရဟန္တာမည်သည် ကြောက်ရွံ့ပါသလားလို့ တပည့်ကမေးမှ ဆရာဖြစ်သူမှာ အမြင်မှန်ရပြီး ပြန်တရားအားထုတ်လို့ ရဟန္တာဖြစ်သွားတယ် (ဝိသုဒ္ဓိမဂ္ဂ၊၂၊၂၇၀)။ ဒီဖြစ်ရပ်အရ ရဟန္တာဖြစ် မဖြစ်ကို ကြောက် မကြောက်နဲ့ စမ်းသပ်တာ (အနာဂါမ်နဲ့ ရဟန္တာတွေက ဒေါသကို အကြွင်းမဲ့ ပယ်ပြီးဖြစ်လို့ မကြောက်တော့ဘူး)၊ အချို့ ယောဂီတွေအနေနဲ့ တရားထူး မရသေးပေမယ့် ရတယ်လို့ ထင်မှတ်နေတတ်တာ၊ ယောဂီအချို့ မိမိရထားတဲ့ တရားအဆင့်ကို မသိနိုင်တာတွေ ရှိတယ်လို့ နားလည်ရတယ်။

ခန့်မှန်းနိုင်

သောတာပန်လည်း ထိုနည်းအတိုင်းပါပဲ။ ကိုယ်သောတာပန်ဖြစ်နေတာကိုသိတာလည်း ရှိမယ်၊ မသိတာလည်း ရှိနိုင်တယ်။ ဘေးလူ တစ်ယောက်အနေနဲ့တော့ ‘တရားဘာဝနာ အတော်အတန် အားထုတ်ဖူး၍ တရားကို အတော်အတန် သိပြီးသူ’ဟာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အမှန်တကယ် ပယ်ရဲ့လား၊ ဘယ်လို ဘယ်လောက်အထိပယ်သလဲ၊ ငါးပါးသီလကိုအသက်ဟူသော အကြောင်းကြောင့်ပင် မချိုးဖောက်သူ ဟုတ်ရဲ့လား’ဆိုတဲ့ ပေတံတွေနဲ့ စမ်းသပ်ပြီးခန့်မှန်းနားလည်ရမှာပေါ့။

နိုဝင်ဘာ ၂၅၊ ၂၀၁၃။

---

ဝိပါကော ကမ္မဇော ကာယေ၊ ကမ္မံ ပုန ဝိပါကဇံ။

ကာယေ၊ နာမ်ရုပ်နှစ်ပါး အပေါင်းကိုယ်၌။ ဝိပါကော၊ အကျိုးရုပ်နာမ်သည်။ ကမ္မဇော၊ ကံကြောင့်ဖြစ်၏။ ပုန၊ တစ်ဖန်။ ကမ္မံ၊ အကြောင်းကံသည်။ ဝိပါကဇံ၊ အကျိုးရုပ်နာမ်ကြောင့်ဖြစ်ပြန်လေ၏။

၃၃၂။ ပဋ္ဌာန်းမြန်မာပြန်

ဆရာတော်အရှင်သူမြတ်ဘုရား၊

တပည့်တော်အား သနားသောအားဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့သော မဟာပဋ္ဌာန်းတော်ကြီး မြန်မာပြန်ကို ဖတ်ရှုလေ့လာနိုင်မည့် စာအုပ်၊ အင်တာနက်စာမျက်နှာ၊ Download Link များရနိုင်ပါကညွှန်ကြားပေးပါရန် လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ တပည့်တော်ထံတွင် ပိဋကတ်သုံးပုံ မြန်မာပြန် pdf ဖိုင်တော့ ရှိပါသည် ဘုရား။ ပိဋကတ်သုံးပုံတွင် ဘယ်နေရာမှာ ဖော်ပြထားလဲဘုရား။

ရိုသေလေးမြတ်စွာဖြင့်

တပည့်မောင်လှမိုး

---

မတွေ့ဖူး

ပိဋကတ်သုံးပုံ မြန်မာပြန်တွေထဲမှာ ပဋ္ဌာန်းမြန်မာပြန်ဆိုတာမျိုးတော့ အပြင်မှာ မတွေ့ဖူးဘူး။ မြန်မာနိုင်ငံ သာသနာ့ဂန္ထဝင်ကျမ်းပြုပုဂ္ဂိုလ်ကျော်တွေ ဖြစ်ကြတဲ့ တောင်ဖီလာဆရာတော်၊ နန်းကျောင်းဆရာတော်၊ ထန်းတပင်ဆရာတော်တို့က ပဋ္ဌာန်းပါဠိတော်ကို နိဿယပြန်နည်းနဲ့ မြန်မာပြန်ခဲ့ကြတာတွေတော့ ရှိတယ်။ အဲဒီကျမ်းတွေကို ပဋ္ဌာန်းအရကောက်လို့လည်း ခေါ်ကြောင်း ပိဋကတ်တော်သမိုင်းကျမ်းမှာ ဖော်ပြတယ်။ အဲဒီ နိဿယပြန်ကျမ်းတွေထဲမှာ ထန်းတပင်ဆရာတော် အရှင်နန္ဒမေဓာ ပြုစုတဲ့ ပဋ္ဌာန်းအရကောက် သို့မဟုတ် ပဋ္ဌာန်းနိဿယကျမ်းကတော့ ယခုခေတ်မှာ ပထမကြီးတန်းဖြေမယ့် ရဟန်းသာမဏေငယ်များအတွက် ပြဋ္ဌာန်းကျမ်းစာဖြစ်လို့ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ Online မှာ pdf ဖိုင်အနေနဲ့လည်း ရနိုင်လောက်ပါတယ်။ ကိုယ့်ဟာကိုယ် ရှာကြည့်ပေါ့။ ပဋ္ဌာန်းဆိုတာ အဘိဓမ္မာခုနစ်ကျမ်းရဲ့နောက်ဆုံးကျမ်းပါ။

အခြေခံရှိမှ

ဆိုစရာတစ်ခုရှိတယ်..စာရေးဆရာကြီးဇေယျ ရေးတဲ့ ‘မြန်မာ့မျက်ပွင့် စာဓလေ့’ စာအုပ်ထဲက ဆရာကြီးကို လူငယ်တစ်ယောက်က ဘယ်စာအုပ်ကို ဖတ်သင့်ပါသလဲ၊ ဆရာကြီးကော ဘယ်စာအုပ်မျိုးကို ဖတ်ပါသလဲလို့ မေးတဲ့အခါ ဆရာကြီးက မည်သည့် စာအုပ်ကိုဖတ်ပါလို့ မညွှန်ကြားဘဲ ကိုယ်စိတ်ဝင်စားတဲ့ စာမျိုးစုံကို ဖတ်သင့်ကြောင်း၊ ယခု မိမိမှာ သဒ္ဒနီတိ နိဿယကျမ်းကို ဖတ်နေကြောင်း ပြောပြပုံအကြောင်းကို ဖတ်မိစဉ် ‘သဒ္ဒနီတိလို ပါဠိသဒ္ဒါကျမ်းကြီးရဲ့ မြန်မာနိဿယကို ဖတ်ရှုလေ့လာတဲ့ ဆရာကြီးရဲ့ ပါဠိစာပေဗဟုသုတကို သာမန်ဘုန်းကြီးတွေ လိုက်မီမှာ မဟုတ်ဘူး’လို့ ဘုန်းကြီးစဉ်းစားမိဖူးတယ်။ အင်း.. ‘မဟာပဋ္ဌာန်း ကျမ်းတော်ကြီး မြန်မာပြန်’ သို့မဟုတ် နိဿယ သို့မဟုတ် အရကောက်ကို စိတ်ဝင်တစား ဖတ်ရှုလေ့လာဖို့ဆိုရင်လည်း အဘိဓမ္မာအခြေခံ ရှိကိုရှိရမယ်။

အရကောက်

ပဋ္ဌာန်းဆိုတာက မြန်မာပြန်ပေမယ့် အဘိဓမ္မာ အခြေခံမရှိရင် နားလည်ဖို့ခက်တယ်။ ဥပမာ..

‘ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု ပစ္စယေန ပစ္စယော’ ဆိုတဲ့ ပဋ္ဌာန်းပါဠိတော်ကို နမူနာအနေနဲ့ မြန်မာပြန်ကြည့်ရင် ..

ရင်းမြစ်အကြောင်းတရားဟူသည် ရင်းမြစ်တရားတို့က ရင်းမြစ်နှင့်အတူဖြစ်ပေါ်ကုန်သော တရားများအားလည်းကောင်း၊ ယင်း (ရင်းမြစ်တရားများ)ကြောင့်ဖြစ်သော ရုပ်တရားများအားလည်းကောင်း ရင်းမြစ်အကြောင်းတရားဖြင့် ကျေးဇူးပြုခြင်းတည်း’လို့ပဲ ပါဠိတော်ရှိတိုင်း တိုက်ရိုက် မြန်မာပြန်လို့ရတယ်။ ဒီမြန်မာပြန်ကို သာမန်တစ်ယောက် နားမလည်ဖို့ သေချာတယ်။

‘ရင်းမြစ်ဆိုတာ ဘာလဲ၊ ရင်းမြစ် ဘယ်နှစ်မျိုး ရှိသလဲ၊ ယင်းနှင့်အတူဖြစ်တဲ့ တရား ဘယ်လောက်ရှိသလဲ၊ ယင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရုပ်တရား ဘယ်လောက်ရှိသလဲ’။ ဖြေနိုင်ဖို့အတွက်တော့ ဆူးလေဘုရားမှာ အဘိဓမ္မာသင်တန်း သွားတက်ဖို့ပဲ အကြံပြုရတော့မှာ။ ဒါကြောင့် အပြည့်အစုံ ရှင်းလင်းဖော်ပြတဲ့ နိဿယပြန်ကျမ်းတွေကို ‘အရကောက်’လို့ ခေါ်ခဲ့ကြတာဖြစ်ဖွယ်ရှိတယ်။

နိုဝင်ဘာ ၂၆၊ ၂၀၁၃။

---

၃၃၃။ မေတ္တေယျဗုဒ္ဓ ပွင့်ချိန်

အရှင်ဘုရားအား ရိုသေစွာရှိခိုး၍ မေးလျှောက်ပါ၏၊ ယခုမှစ၍ ရေတွက်သော် နှစ်ပေါင်း မည်မျှကြာလျှင် အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူပါမည်လဲ ဘုရား။ ယခု ဘဝမှသေလွန်၍ ဒုတိယဘဝတွင် သုဂတိဘုံ၌ ကျင်လည်ရသည်ရှိသော် မည်သည့်ဘုံတွင် ဖြစ်ပါက နောင်ပွင့်မည့် ဘုရားကို ဖူးတွေ့နိုင်ပါမည်လဲ ဘုရား။ အရိမေတ္တေယျ မြတ်စွာဘုရား ရှင်အား ဖူးတွေ့နိုင်အောင် မည်သည့် ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ်ရမည်ကိုဖြေကြားပေးတော်မူပါဘုရား။

Princess

---

မေတ္တေယျ

ရဟန်းတို့၊ (ဤဘဒ္ဒကမ္ဘာတွင်) အနှစ်ရှစ်သောင်း အသက်ရှည် သော လူတို့ခေတ်၌ (အရဟံအစ ဘဂဝါအဆုံး ဂုဏ်တော်ကိုး ပါးနှင့် ပြည့်စုံသော)မေတ္တေယျမည်သော ဘုရားရှင် ပွင့်တော်မူ လတ္တံ့ (ဒီ၊၃၊၈၃။ ဗုဒ္ဓဝံသ၊၃၈၂)’။ ‘ဘုရားရှင်တို့ မည်သည် လူ့သက်တမ်း တိုးလာချိန် (တက်ကပ်)၌ ပွင့်လေ့မရှိဘဲ သက် တမ်း လျော့သွားချိန် (ဆုတ်ကပ်)၌သာ ပွင့်ရိုးထုံးစံရှိ၏။ ထို့ ကြောင့် လူ့သက်တမ်းသည် အသင်္ချေယျ (အလွန့်အလွန် ရှည် လျားချိန်)ထိ တိုးတက်သွားပြီးနောက် တစ်ဖန် ပြန်ဆုတ်လာ ချိန် လူ့သက်တမ်း အနှစ်ရှစ်သောင်းမှာ (မေတ္တေယျဗုဒ္ဓ) ပွင့် တော်မူမည်ဟု မှတ်ရမည် (ဒီ၊ဋ္ဌ၊၃၊၃၉)’။ ဒါကတော့ မြတ်ဗုဒ္ဓ ဟောတော်မူတဲ့ မူရင်းပါဠိတော်နဲ့ ယင်းကို အဓိပ္ပာယ်ဖွင့်တဲ့ အဋ္ဌကထာကျမ်းရဲ့အဆို။ ဒါဖြင့်ရင် ဒီလိုမှန်းဆနိုင်တယ်..

နှစ်ပေါင်းမည်မျှ

ဗုဒ္ဓကျမ်းစာတွေမှာ ဖော်ပြတဲ့ စကြဝဠာဗေဒ (Cosmology) အရ ကမ္ဘာ့သက်တမ်းကိုတက်ကပ်နဲ့ ဆုတ်ကပ်လို့ သုံးတယ်။ ဘုန်းကြီးတို့ရဲ့ ဂေါတမဗုဒ္ဓဟာ လူ့သက်တမ်း နှစ်တစ်ရာမှာ ပွင့်တော်မူတယ်။ ဖော်ပြပြီး အဋ္ဌကထာကျမ်းဆိုအရ ဘုရားပွင့် တာဟာ လူ့သက်တမ်း လျော့သွားတဲ့ ဆုတ်ကပ်ကာလ။ ဒါကြောင့် ယခုဆုတ်ကပ် အချိန်ပေါ့။ ထပ်ဆုတ်အုံးမယ်၊ ယေဘုယျ ဆယ်နှစ်လောက်သာ အသက်ရှည်တဲ့ အထိ ဆုတ်သွားမယ်။ အဲဒီနောက် လူတွေ အနေအထိုင် ဆင်ခြင်၊ ကိုယ်ကျင့် တရားတွေကို ပြုပြင်ကြလို့ သက်တမ်း ပြန်တိုးလာမယ်၊ အသင်္ချေယျ (ဘုရားတစ်ဆူက တစ်နေ့ သေရဦးမယ်လို့ ဟော တာကို မယုံကြည်နိုင်လောက်အောင် သက်တမ်းရှည်တဲ့ ကာ လ)အထိ တိုးသွားမယ်။ အဲဒီနောက် မတည်မြဲမှု သဘာဝအရပဲ ပြန်ဆုတ်ဦးမယ်၊ အဲဒီလို ဆုတ်သွားလိုက်တာ ဟော .. လူ့ သက်တမ်း အနှစ်ရှစ်သောင်းလည်း ရောက်ရော မေတ္တေယျဗုဒ္ဓ ပွင့်တော်မူမယ်။

မသေချာဘူး

အရိမေတ္တေယျဘုရားကို ဖူးခွင့်ရဖို့ အချို့နတ်ပြည်တွေတောင် မသေချာဘူး။ ပဌမစျာန် ဗြဟ္မာ့ဘုံလောက်က စောင့်မှ သေချာ မယ့် သဘောရှိတယ်။ ဘာကြောင့်ဆိုရင် .. အေဒီ ၁၂-ရာစု အချိန်က ဝိနယသင်္ဂဟအဋ္ဌကထာကျမ်းကြီးကို ရေးသားတော် မူတဲ့ သီဟိုဠ်ဆရာတော် အရှင်သာရိပုတ္တရာမထေရ်က ‘ကျမ်းပြု ကုသိုလ်ကြောင့် ဒုတိယဘဝမှာ တာဝတိံသာ နတ်ပြည်မှာ သူတော်ကောင်း နတ်ဖြစ်လျက် နတ်အဖြစ်နှင့်ပင် သောတာပတ္တိ ဖိုလ်ကို ရပြီး အရိမေတ္တေယျဘုရား ပွင့်ချိန်မှာ ထိုဘုရားရှင်၏ တရားကို နာယူပြီး အရဟတ္တဖိုလ်ကို ရပါလို၏’လို့ ဆုတောင်း ပါတယ်။ ဒီဆုတောင်းကို မြန်မာနိုင်ငံသား ဋီကာကျမ်းပြု အကျော် တောင်ဖီလာဆရာတော်က ‘သောတာပန်တို့ မည်သည် ကာမဘုံမှာ ခုနစ်ဘဝသာ နေရခြင်း၊ တာဝတိံသာနတ်တို့၏ အသက်နှင့် ဘဝပေါင်း အထောင်မက နေပြီးမှသာ မေတ္တေယျ ဘုရားရှင်ပွင့်နိုင်ခြင်းတို့ကြောင့် မသင့်မြတ်ဘူး’တဲ့။

ဆုတောင်းပုံ

တောင်ဖီလာဆရာတော်လည်း အရိမေတ္တေယျ ဘုရားရှင်ကို ဖူးမြင်လိုသူဖြစ်ပါတယ်။ ဆရာတော်ဆုတောင်းပုံက ‘ဤကျမ်း စာ ရေးရသောကုသိုလ်နှင့် (ပြုဖူးသော) အခြားကုသိုလ်များ ကြောင့် ဤဘဝခန္ဓာ ကုန်ဆုံးပြီးနောက် ဒုတိယဘဝတွင် ဟိမ ဝန္တာတော၊ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလိုဏ်ဂူနှင့် မဉ္ဇူသကနတ် ပန်းပင်အနီးမှာ အလွန်အသက်ရှည်သော ဗုဒ္ဓဝါဒီ ဘုမ္မစိုး နတ် အဖြစ်ဖြင့် ဗုဒ္ဓသာသနာကို စောင့်ရှောင်နိုင်သူ ဖြစ်ရပါလို၏။ သာသနာပကာလ၌မူ ပစ္စေကဗုဒ္ဓါတို့ကို ပြုစုလုပ်ကျွေးရလျက်၊ ယင်း (ဘုမ္မစိုးနတ်)ဘဝဖြင့်ပင် အရိမေတ္တေယျဘုရား ပွင့်တော် မူခါနီးထိနေရလျက်၊ ဘုရားပွင့်သည်နှင့် လူ့ဘဝမှာ ပြန်မွေးဖွား ရလျက်၊ ထိုဘုရားရှင်ထံမှ (ဘုရားဖြစ်မည်ဟူသော) ဗျာဒိတ် စကားကိုရပြီးနောက် နောင်အခါ ဗုဒ္ဓဘုရား ဖြစ်ရပါလို၏’တဲ့။

ကိုယ်တိုင်ရွေး

ဒီနေရာမှာ လူ့ပြည်ကအချို့သော ဘုမ္မစိုးနတ်တွေဟာ တာဝတိံ သာနတ်တွေထက် တောင်များစွာ အသက်ရှည်ခွင့်ရှိလို့ တောင် ဖီလာဆရာတော်က လူ့ပြည်က ဘုမ္မစိုးနတ်ဖြစ်ဖို့ ဆုတောင်းခဲ့ တာ ဖြစ်နိုင်တယ်။ ဗြဟ္မာ့ပြည်မှာ ဖြစ်ဖို့တော့ ရူပစျာန်တွေကို လက်တွေ့ အားထုတ်ရလိမ့်မယ်။ ဖော်ပြပါ ဆရာတော်တွေ ဆိုရင် ကျမ်းစာရေးရတဲ့ ကုသိုလ်ရဲ့ အကျိုးအတွက် အရိမေတ္တေယျဘုရားကို ဖူးမြော်ဖို့ ဦးတည်ချက်ပေးခဲ့ကြတာ။ ကိုယ့် အနေနဲ့လည်း မည်သည့် ကုသိုလ်ကိုမဆို ပြုပြီးနောက် အရိ မေတ္တေယျဘုရားကို ဖူးမြော်ဖို့အတွက် ရည်စူးထားရင် တစ်ခု သော အချိန်တစ်ခုသောဘဝမှာ ဆန္ဒပြည့်ပါလိမ့်မယ်။

(အရိမေတ္တေယျ မြတ်စွာဘုရားအကြောင်းကို မေးခွန်း အမှတ်-၅၁ (ဤကျမ်း၊ စာ-၁၉၉)မှာ အပြည့်အစုံ ဆွေးနွေးထား ပါတယ်။)

ဒီဇင်ဘာ ၃၊ ၂၀၁၃။

---

၃၃၄။ အရက်နဲ့ အနုပညာ

အရှင်ဘုရားအား ရိုသေစွာမေးလျှောက်ပါ၏၊

ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခေတ်သစ်မှာ လူငယ် အများစုရဲ့ အကျင့်စာရိတ္တ ပိုပြီးပျက်စီးလာကြသည်ဟု ထင်ပါတယ်။ အရက်သေစာ သောက်စားမူးယစ်မှုမှာ တောရောမြို့ပါ အလွန် ခေတ်စားလာနေပါတယ်။ ကိုရီးယား မင်းသမီးတွေကို အတုယူပြီး မြန်မာမိန်းကလေးတွေလည်း လူမြင်ကွင်းကိုတောင် မရှောင်ဘဲ ဘီယာဆိုင်မှာ ထိုင်နေကြသည်ကို တွေ့မြင်လာရပါတယ်။ မြန်မာရုပ်ရှင် ဗွီဒီယိုအများစုမှာလည်း အရက်သောက် ရင် မည်သည့်အပြစ်မျှ မရှိတော့သကဲ့သို့ ထင်ရလောက်အောင်၊ အရက်သောက်မှ ခေတ်မီသည်ဟု ထင်မှားလောက်အောင်၊ အရက်သောက်မှ သတ္တိရှိလာတယ်ဟု ထင်သွားလောက်အောင် မင်းသားတွေရော မင်းသမီးတွေပါ ဟန်အမျိုးမျိုးနဲ့ အရက်မူး ခန်းတွေကို အလေးပေး ဖော်ပြလာကြပါသည်။ ကြာရင် မြန် မာတစ်နိုင်ငံလုံး အရက်ရောဂါ စွဲသွားမည်ကို စိုးရိမ်ရပါသည်။ လူငယ်တွေရဲ့ စာရိတ္တမြှင့်တင်ရေးအတွက် ဗုဒ္ဓဘာသာအရ မည် သို့ ပါဝင် ကူညီဆောင်ရွက် ပေးနိုင်သလဲဆိုတာကို ဖြေကြား ပေးစေလိုပါသည် အရှင်ဘုရား။

ဦးထွန်းရွှေ (တောင်ဥက္ကလာ)

---

ခေတ်ရေစီး

အရက်သောက်တာကို စာရိတ္တပျက်ပြားမှုဆိုလို့ အရက်ဝိုင်း ဘီ ယာဝိုင်းနဲ့ ညကလပ်ဆိုတဲ့ နေရာတွေမှာ အူမြူးနေကြတဲ့ မြီး ကောင်ပေါက်ကစပြီး သက်ကျားအိုထိ လိင်စုံ အရွယ်စုံ တစ် သိုက်က တောင်ဥက္ကလာက မေးခွန်းရှင်ကို ‘ဦး Antique (ဦး ပိဋကတ်အိုးကွဲ) ကြီးရယ် .. အရက်သောက်မှ ခေတ်မီတာ၊ လူရာဝင်တာ၊ ဂုဏ်သရေရှိ လူကြီးလူကောင်း မိတ်ဆွေရတာ၊ အရက်သောက်တာ အပြစ်လား၊ ကမ္ဘာပေါ်က ခေါင်းဆောင် တွေလည်း အရက်သောက်တာပဲ၊ မြန်မာရုပ်ရှင် ဗွီဒီယိုတွေမှာ ကြည့်ပါလား၊ ဟိုမင်းသားရဲ့ အရက်မူးပုံက ဘယ်လောက်မိုက် လဲ၊ စတိုင်ပျံပဲ’ ဆိုပြီး လှောင်ပြောင်နေကြလေမလား။ ခုတ လော အနုပညာသည်တွေ မူးယစ်ဆေးသုံးစွဲမှု သတင်းအစအန တွေလည်း အနံ့ရနေတော့ ရွှေမြန်မာတို့ရဲ့ ခေတ်ရေစီးက ရှေ့ ကိုရောက်လွန်းမက ရောက်နေပြီလား။ ခရိုနီခေတ်လွန် မြန်မာ့ ခရိုနီခေတ်လွန် အနုပညာက ဘယ်ဆီကို ဦးတည်နေပြီလဲ။

ကိုင်မကြည့်နဲ့

မေးခွန်းအရဆို နှင်းခဲအောက်က ပြူထွက်စအညှောက်လို မြန် မာ့ဒီမိုကရေစီခေတ်နုမှာ အမြင်သာဆုံး ပြောင်းလဲမှုက ကောင် လေးတွေ ကောင်မလေးတွေ ဘီယာဆိုင် အရက်ဆိုင်တွေမှာ ထိုင်တတ်နေတာများလား .. စိတ်မကောင်းပါဘူး။ လူတစ်စု စီးပွားရေးကြောင့် အများစု မွဲတေ၊ လူငယ်တွေ အလုပ်လက်မဲ့ များပြား၊ လူမှုရေးနဲ့ ပညာရေးနိမ့်ကျ၊ ဆင်ခြင်တုံတရား မဖွံ့ဖြိုး၊ ကိုယ့်ကိုယ်ကို အလိုလို သိမ်ငယ်စိတ်ဝင်၊ သူများကို အထင် ကြီး၊ သူများ ဘာလုပ်လုပ် အဟုတ်ထင်၊ လိုက်လုပ် .. ဒီလို များလား။ စာရေးဆရာ ဦးသိန်းဖေမြင့် ငယ်စဉ်က မျက်နှာဖြူ အရာရှိ သူတို့အိမ်ကို လာတော့ သူ့အဖေ သူကြီးအပါအဝင် တစ်ရွာလုံး ပျာပျာသလဲ ဖြစ်နေကြလို့ ဘယ်လိုလူလဲ ဆိုပြီး အဲဒီလူ စွန့်ထားတဲ့ ‘ချီး’ကို သွားကြည့်ဆို မဟုတ်လား။ ဒါက အမျိုးသား ရေးလှုပ်ရှားမှု အနုပိုင်းကာလက ဖြစ်ရပ်။ တော် ပါသေးရဲ့..အဲဒါကြီးကို ကိုင်မကြည့်လို့။

စာရိတ္တမြှင့်ဖို့

ယခင်မေးခွန်း တစ်ချို့မှာလည်း ဒီကိစ္စကို ဆွဲထည့်ပြီး စေတနာ ဗလပွနဲ့ ဘုန်းကြီး နည်းနည်း ပြောဖူးပါတယ်။ ဘာသာရေး တစ်ခုတည်းနဲ့ တော့ မဖြစ်နိုင်ဘူး။ ပြည်နယ်အရီဇိုးနား တက္ကသိုလ် (ASU)က မြန်မာပြည် ပညာရေးကို ပြုပြင်ဖို့ အကြံပေး အဖွဲ့ထဲမှာပါတဲ့ မြန်မာလူမျိုး ပါမောက္ခကြီး Dr.ဦးစိုးဝင်းမြင့်က ‘ဘုန်းဘုန်းရေ .. ပြင်စရာတွေ များလွန်းလို့ ဘယ်ကစပြီး ဘယ်လို အကြံပြုရမှန်းတောင်မသိဘူး ဖြစ်နေတယ်’လို့ မကြာ ခင်က ပြောဖူးပါတယ်။ ကဏ္ဍတိုင်းမှာ ဒီလိုပဲဖြစ်နေမှာ။ စီးပွား ရေးပျက်ကပ်ရဲ့ ဝဲဂယက်နဲ့ အတူရွေ့နေတဲ့ ခေတ်ရေစီး ဆိုတာလည်း မသန့်ရှင်းပေဘူး။ ဒါကို သုတ်သင် ဖို့ဆိုရင် အရပ်ကူပါ လူလှောက်ပါ လုပ်ရလိမ့်မယ်။ အစိုးရ၊ အရပ်ဖက်လူ့အဖွဲ့ အစည်း၊ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များနဲ့ မြင်သိ နားလည်သူ မှန်သမျှ ဝိုင်းဝန်းပြီး ပါဝင်ဆောင်ရွက်ရပါလိမ့်မယ်။

စံမင်းသား

အဲဒီ အထဲမှာ စာပေနဲ့ ရုပ်ရှင်အနုပညာဟာ ထိပ်ဆုံးကပဲလို့ ဘုန်းကြီးလည်း ယုံကြည်ပါတယ်။ ဘာကြောင့်ဆို သဘာဝအရ မရင့်ကျက်သေးတဲ့ လူငယ်တို့ရဲ့ နှလုံးသားဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်ကို အတုခိုးဖို့ လွယ်ကူတတ်လို့ ပါ။ တစ်ချိန်က သရုပ်ဆောင်တစ်ဦး လွယ်အိတ်ကြိုးကို ထုံးပြီး ကျောင်းတက်ပြ တာနဲ့ ကျောင်းသား ငါးဆယ်ရာနှုန်းမက အဲဒီလို လိုက်လုပ်တာကို အမှတ်ရကြမှာပေါ့။ တုတ်တံလေးနဲ့ သကြားလုံးကို ငုံပြီး ဟန်သစ်ထွင်ပြရင် အဲဒီလိုမျိုး သကြားလုံး စွံပြီးသား နေမှာ။

ဒီနေရာမှာ အသက် ခုနစ်ဆယ်အရွယ် ဒကာကြီး ဦးဝင်း စိန်ပြောတာကို အမှတ်ရတယ် ‘တပည့်တော်တို့ ရန်ကုန်တက္ကသိုလ် တက်တုန်းက ကျောင်းသူတွေ သဘောကျအောင်လို့ ကျောင်းသားတွေက သူ့ထက်ငါ အပြိုင်အဆိုင် ကောင်းကောင်း နေပြကြတယ်။ ခုနဲ့ တော့ တခြားစီပါ’တဲ့။ ဒါဖြင့် ယခုလို နိုင်ငံ့ သားကောင်းတွေ လိုအပ်ချိန်မှာ ယခင်ကတက္ကသိုလ်ပရိဝုဏ်ရဲ့ အဲဒီလို ‘စံမင်းသား’မျိုးကို ‘ရင်ဘတ်နဲ့ ရင်းပြီး’ များများ ပုံ ဖော်ကြည့်ရင် မကောင်းဘူးလား။

ကဲကဲထည့်

အနုပညာဖန်တီးမှုဆိုတာ ကြက်သွန်ဥကို ပါးပါးလှီးရသလိုပဲ။ ပါးလွန်းရင် ပေါက်ပြဲဖို့ လွယ်ကူတဲ့ အတွက် အထူး ဂရုတစိုက် လုပ်ဖို့ လိုပါတယ်။ အနုပညာပစ္စည်းဟာ ထုတ်လုပ်သူရဲ့ စေတ နာနဲ့ ဆင်ခြင်တုံတရားကို အခြေခံပြီး ချော့ကလက်လည်း ဖြစ် နိုင်တယ်၊ အခန့်မသင့်ရင် အဆိပ်လည်း ဖြစ်သွားနိုင်တာပဲ။ မဆလခေတ်က ရေးတဲ့ အနုပညာသည် ပြည်သူ့အတွက်လား၊ ပြည်သူသည် အနုပညာအတွက်လား ဆိုတဲ့ ဆွေးနွေးမှုကို နည်းနည်းလေ့လာဖူးပေမယ့်စာအများစုက မဆလထောက်ပို့ ပစ္စည်းဖြစ်လို့ မယုံရဲဘူး။

ဘုန်းကြီး နားလည်မိသလောက်တော့ ပြည်သူတွေကြားမှာ ပေါက်ဖွားပြီး ပြည်သူရှိမှ ရှင်သန်နိုင်တဲ့ စာပေ ရုပ်ရှင် ဂီတ စတဲ့ အနုပညာဟာ ပြည်သူကို အမှီသဟဲပြုရလို့ ပြည်သူ့အပေါ် သစ္စာရှိဖို့ အရေးကြီးတယ် ဆိုတာပါပဲ။ ဒါကြောင့် ‘ရင် တွင်း ဖြစ်’ခံစားချက်မှာ စေတနာအမြုတေလေး ခပ်ကဲကဲ ထည့်ပြီး ‘မူးခန်း’တွေကို လျှော့၊ အတုယူဖွယ် စံနမူပြ ‘စံပြ’ခန်းလေး တွေကို တိုးမြှင့်ပေးသင့်ပါတယ်။

စာတမ်းရေး

ဘာသာရေးအရ ပါဝင်ဆောင်ရွက်ဖို့ ဆိုရင်တော့ ဆရာတော် သံဃာတော်တွေလို ဘာသာရေး ခေါင်းဆောင်တွေ ဟောပြော သင်ကြား၊ လူကြီးလူငယ် ပရိသတ်နဲ့ ဆုံခွင့်ရတဲ့ ဓမ္မကထိက မထေရ်ကျော်တွေက လူငယ်တွေ ဘာသာရေး အဆုံးအမနဲ့ မစိမ်းအောင် စည်းရုံး။ ဒါ့အပြင် ဗုဒ္ဓဝါဒ ထွန်းကားတဲ့ သီရိ လင်္ကာ၊ လာအို၊ ယိုးဒယား၊ ကမ္ဘေားဒီးယားစတဲ့ နိုင်ငံတွေရဲ့ ကောင်းမွန်တဲ့ စီစဉ်ဆောင်ရွက်မှု အချို့ကို ပုံစံယူသင့်တယ်လို့ သာမန်ပဲဆိုပါရစေ။ စာသင်ကျောင်းတွေမှာ ဆရာကောင်းတွေ ရဲ့ ကောင်းစွာ လေ့ကျင့် သင်ကြားပေးမှုလည်း အလွန် အရေး ကြီးပါတယ်..ဘုန်းကြီး ဉာဏ်မီသမျှလေးပါ။

ဒီကိစ္စမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အမြင်ကတော့ နယ်ပယ် ကျယ်ပြန့်လို့ ဒီထက်ပိုပြီး ထိရောက်ပါလိမ့်မယ်။ လူ ငယ် စာရိတ္တမြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဆွေး နွေးငြင်းခုံမှု (Debate)တွေလုပ်၊ ကမ္ဘာပေါ်က နည်းလမ်းကောင်း တွေကို ရှာဖွေပြီး သုတေသနပြုတဲ့ စာတမ်းတွေ များများ ပေါ် ထွက်လာနိုင်ရင် ပိုပြီးပြည့်စုံပါလိမ့်မယ်။

ဒီဇင်ဘာ ၈၊ ၂၀၁၃။

---

၃၃၅။ ဘဲကြက်

ရိုသေစွာမေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

အိမ်ထောင်ရေးမှာ မိန်းမနှင့် ယောကျ်ား ချစ်ကြိုက်ဖို့သာ အဓိက ဖြစ်တယ်၊ မည်သူ့ကိုမဆို ချစ်ခွင့် လက်ထပ်ခွင့် ရှိတယ်၊ ချစ်ပါလျက်နဲ့ လူမျိုး၊ ဘာသာ မတူလို့ လက်မထပ်ရဘူးဆိုရင် လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ စသည်ဖြင့် လူမှုကွန်ယက် မီဒီယာတွေမှာ ဆွေးနွေး ရေးသားနေကြတာတွေကို ဖတ်ရှုရပါ သည်။ ဘီဘီစီလို အသံလွှင့်ရုံတွေကလည်း အဲဒီလို အယူအဆ တွေကိုဖြန့်ဖြူးဖို့ ရည်ရွယ်သလိုထင်ရတဲ့ လမ်းဘေးက လူငယ် အချို့နဲ့ တွေ့ဆုံမေးမြန်းခြင်း ဆိုသည်တို့ကို ကြားနေရပါသည်။ အိမ်ထောင်ရေး ဒါမှမဟုတ် လက်ထပ်ထိမ်းမြားခြင်း ဆိုတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာမှာ မည်သို့ သတ်မှတ်ချက် ရှိပါသနည်း။ အမျိုးကို စောင့်ရှောက်ခြင်းနဲ့ ပတ်သက်၍လည်း မြတ် စွာဘုရားရဲ့ မည်သို့သော ဟောကြားချက်တွေ ရှိပါသလဲ။ သနားကရုဏာ ပြုပြီး ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

ဆရာတော်ဘုရားအား ရိုသေစွာဦးတင်လျက်

ဘလော့ဂါနေမျိုးထွန်း၊ တံတားဖြူ

---

လွတ်လပ်

‘တစ်ရောင်တည်းသော သွေးမှာ အမျိုးဇာတ်ဆိုတာ မရှိ၊ အသားရောင် အဖြူအမည်းကြောင့် အကောင်းအဆိုး မဖြစ်နိုင် (န ဇစ္စာ ဝသလော ဟောတိနဇစ္စာ ဟောတိ ဗြာဟ္မဏော။ သုတ္တနိ၊၂၉၉)’လို့ ဗုဒ္ဓဝါဒက ဆုံးမပါတယ်။ လူမျိုး အသားရောင် ဆိုတာက လောကရဲ့ သတ်မှတ်ချက်ပါ။ ‘အမျိုးဇာတ် အသီး သီး အရပ်ဒေသ အမျိုးမျိုးမှ လာကြတဲ့ ရဟန်းတော်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးကြလို့ တပည့်တော်လည်း ရဟန်း တော်တွေကို ကြည်ညိုရတာပါ (ထေရီ၊၄၁၂)’လို့ ရောဟိနီ ထေရီမက မှတ်ချက် ပေးဖူးပါတယ်။

အဲဒီလို လူကို လူလို့ ပဲ မြင်တဲ့ ဗုဒ္ဓဝါဒမှာ အိမ်ထောင်ပြု တာနဲ့ ပတ်သက်ပြီးဘာမှ တားမြစ်ချက် မရှိပါဘူး။ ဗုဒ္ဓဝါဒီဟာ မည်သူ့ကိုမဆို လက်ထပ်ခွင့် ရှိတယ်။ လက်ထပ်ထားသူကိုလည်း ငါ့ရဲ့ ဗုဒ္ဓဝါဒကို မဖြစ်မနေယုံရမယ်လို့ အတင်းအကြပ်မ ဆိုဘူး။ ကျားမနှစ်ဦး ချစ်ကြိုက်ပါလျက် လူမျိုးနဲ့ ကိုးကွယ်တဲ့ ဘာသာမတူလို့ မိဘတွေ သဘောမတူတာက ဗုဒ္ဓဝါဒနဲ့ မပတ် သက်ဘူး။ ဗုဒ္ဓဝါဒကို ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စသည်ကို အခြေခံတဲ့ အခြားသော အကြောင်းတွေ တွေးမြင်ပုံတွေကြောင့်ပဲ ဖြစ်ဖို့ရှိတယ်။

သီဒါမည်

မြန်မာ့ယဉ်ကျေးမှုမှာ ‘သားတို့ရုပ်ရည် သီဒါမည်’ဆိုတာ အသက်အရွယ် မပိုင်းခြားဘူး။ သားသမီးနဲ့ မိဘဟာ ရာသက်ပန် တစ်သွေးတည်း တစ်သားတည်းပဲ။ ၁၈-နှစ်ပြည့်တာနဲ့ မိဘ အိမ်မှာ မနေတော့ဘူး၊ မိဘတွေ ကိုယ်တိုင်က အိမ်ပေါ်က ဆင်းတော့လို့ သားသမီးတွေကို နှင်ချတဲ့ ယဉ်ကျေးမှုမျိုးမှ မဟုတ် ဘဲ။ ဒါကြောင့် အထူးသဖြင့် သားသမီးတွေရဲ့ အိမ်ထောင်ရေး လို ကိစ္စမျိုးမှာ မိဘတွေ ပါဝင်ပတ်သက်လေ့ရှိတယ်။ မိဘတွေ အိမ်ထောင်ရေး ဖောက်ပြန်တာ တွေ့ရင်လည်း သားသမီးတွေက လူ့အခွင့်အရေးပါ ဆိုပြီး လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး။ ကန့်ကွက်တယ်၊ ပေါက်ကွဲတယ်ဆိုတာမျိုး ရှိတယ်။

ဒါကြောင့်လူ့အခွင့်အရေး ဆိုတာကို နေရာတိုင်းမှာ စံနှုန်း တစ်ခုတည်း သတ်မှတ်ပြီး မပြောသင့်ဘူး။ မြန်မာ့လူ့ဘောင်မှာ သားသမီးတို့ရဲ့ အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး မိဘတွေ သဘော မတူခွင့် ရှိတယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးအနေနဲ့ ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ်ခွင့်လည်း ရှိသင့်တာပဲ။ အမှား အမှန်ဆိုတာကိုတော့ တစ်ကန့်စီထားပြီး ဆွေးနွေးရလိမ့်မယ်။

သီအိုရီ

အမြင်အကြား အနံ့အထိအတွေ့နဲ့ ယုယမှုတွေကို ငြိတွယ်စွဲ လမ်းပြီး ဣတ္ထိနဲ့ ပုရိသတို့ အချင်းချင်း နှစ်ကိုယ့် တစ်ကိုယ် ပေါင်းစည်းဖို့ ကြိုးစားတာကို အချစ်လို့ မဆိုနိုင်ဘူးလား။ လောကီ စာရေးဆရာတို့ မည်သို့ အဓိပ္ပာယ်ဖွင့်စေ ပန်းတိုင်ကသူနဲ့ ကိုယ်နဲ့ ပေါင်းစပ်ဖို့ပဲလေ။ ဒါအတွက် တစ်ဦးဦးက လျှော့ပေး လိုက်တဲ့ အခါ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုလို့ ဆိုပြန်မှာပေါ့။ စွဲငြိအား ပြင်းထန်သလောက် အချစ်ဒီဂရီ မြင့်နိုင်လို့ အချစ်ကို စွမ်းအား သို့မဟုတ် သတ္တိလို့ ဆိုရင် လက်ခံနိုင်ပေမယ့် အမှန်တရားလို့ တော့ မယူဆဘူး။

တပ်မက်မှုကို အခြေခံတဲ့ အချစ်ဟာ မှန်နိုင်မှားနိုင်တယ်။ ဘာကြောင့်ဆို စွဲငြိတပ်မက်မှုတိုင်းမှာ မဆင်ခြင်နိုင်ခြင်း၊ မရှက် မကြောက်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းဆိုတဲ့ အခြေခံတွေ ရှိနေလို့ ပဲ။ ဒါကြောင့် အချစ်ဒီဂရီ မြင့်ချိန် တစ်ဦးဦးက မိမိရဲ့ ပတ်ဝန်းကျင်ကို စွန့်လွှတ်ခွဲထွက်ပြီး ‘ချစ်လို့ ’ဆိုတဲ့ အကြောင်း ပြချက် တစ်ခုတည်းနဲ့ ဇနီးမောင်နှံ ဖြစ်သွားခဲ့ရင် အခြေအနေ တိုင်းမှာ မှန်ပြီလို့ မဆိုနိုင်ဘူး။ လက်တွေ့မှာ အိမ်ထောင်ပြုတာဟာ လူနှစ်ယောက်တည်းပဲ ပေါင်းစည်းတာမျိုးမဟုတ်ဘဲ အဲဒီ လူနှစ်ယောက်ရဲ့ မိသားစု၊ အဲဒီမိသားစုရဲ့ ပတ်ဝန်းကျင်နဲ့ ပါ ပတ်သက်ရတာမျိုးပါ။ ဒါကြောင့် ‘ယောကျ်ားနဲ့ မိန်းမချစ်ကြိုက် ဖို့သာ အဓိက’လို့ ဆိုရင် မပြည့်စုံဘူး။

ဘဲကြက်

ဘဲဥကို ကြက်မနဲ့ ဖောက်တာကို ငယ်ငယ်က တွေ့ဖူးတယ်။ ပေါက်လာတဲ့ ဘဲကြက်လေးတွေဟာ မိခင်ကြက်မနဲ့ အနေ အထိုင် အစားအသောက် စရိုက်မတူ။ ဘဲလေးတွေက ကြက် မကြီး ရှာပေးတာကို ဂရုမစိုက်ဘဲ ရေမြောင်းထဲ ဒိုင်ဗင်ထိုးချ ရင် ကြက်မကြီးက ကလောက်ကတဲလို့ အော်တယ်။ အဲဒီလို သုံးကြိမ်ခန့် ဖောက်ပြီးရော ကြက်မကြီး ခပ်ကြောင်ကြောင် ဖြစ်သွားတာပဲ။ သူ့ကလေးတွေကိုခေါ်ရင် လည်ပင်းပိုရှည်လာ တာ၊ မကြာခဏ အသံကျယ်နဲ့ အော်ပြေးတာ၊ ပြေးသွားပြီးမှ သိုင်းကသလို ပြန်ဆုတ်ပြေးလာတာမျိုး ဖြစ်သွားတယ်။

ဘာသာမတူတဲ့ ဇနီးနဲ့ ဇနီးရဲ့မိသားစု ပတ်ဝန်းကျင်မှာနေ ထိုင်ရတဲ့ မြန်မာပြည်မှာ ထင်ရှားခဲ့တဲ့ ဗုဒ္ဓဝါဒီ ဆရာဝန်ကြီး တစ်ဦး (ဘုန်းကြီးနေတဲ့ မြို့မှာ) ရှိတယ်။ ကွယ်လွန်ခါနီး ဘုန်း ကြီးနဲ့ တွေ့တော့ သူ့ဘကြီးတွေ အဒေါ်တွေက ဘုန်းကြီးနဲ့ သီလရှင်တွေတဲ့။ ဒီတစ်ခါ ကျန်းမာလာရင် ဗုဒ္ဓတရားကို ထိထိ ရောက်ရောက်ကျင့်မယ်တဲ့။ ဒါပေမယ့် အဲဒီအချိန်မှာသူ့ရောဂါ အခြေအနေက သေမိန့်ကျပြီးသားလို့ ဆိုရမယ့် အနေမျိုး။ စိတ် တောင် မကောင်းဘူး။ ဘဝနိဂုံးချုပ်ခါနီး ကောင်းမှုတစ်ခု ပြု လိုကြောင်း တစိမ်းတစ်ယောက်ကို ဖွင့်ပြောပေမယ့် မအောင် မြင်ခဲ့ဘူးလို့ တစ်ဆင့်စကား သိရတယ်။

အမျိုးစောင့်

သကျနိုင်ငံဖက်က အရိပ်ကြဲ သစ်ပင်အောက်မှာ သီတင်းသုံး ခိုက် ဒီဖက်ခြမ်းက အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဘာ လို့ မထိုင်တာလဲလို့ ဝိဋဋူဘမင်းက မေးတော့ဗုဒ္ဓက ‘ဆွေမျိုး တို့ရဲ့ အရိပ်ဆိုတာ အေးချမ်းပါတယ် (ဉာတကာနံ ဆာယာ နာမသီတလာ (ဇာ၊ဋ္ဌ၊၄၊၁၅၅)’တဲ့။ ဗုဒ္ဓရဲ့အမျိုးစောင့် တရား က ဒီမျှပဲ။ ဒါပေမယ့် အများကြီး အဓိပ္ပာယ် ပိုပါတယ်။ နယ်ချဲ့ကို တော်လှန်တယ်ဆိုတဲ့ တစ်ချိန်က ဝံသာနုရက္ခိတ (အမျိုး စောင့်)ဆိုတာကြီးနဲ့ ပြည်သူကို စည်းရုံးခဲ့ကြတယ် မဟုတ်ပါ လား။ ဘာလို့ တော်လှန်ရသလဲ၊ ဘာလို့ အမျိုးကို စောင့်ရ သလဲ။ အင်း .. ဘယ်လောက်ပဲ လူမျိုးစုံ (Variety) ဆိုဆို၊ ဂလိုဘယ်လိုက် ပြောပြော၊ လူ့အခွင့်အရေး အော်အော်၊ လက် တွေ့မှာ အဖြူတွေကဘည်း ဖြူမှဖြူ၊ တရုတ်ကလည်း ရုတ်မှ ရုတ်၊ ကုလားကလည်း လားမှလားပဲ။ အသ္မိမာန် (Ego) မကင်း သေးသူမှန်ရင် မသိစိတ်မှာ ဒီတိုင်းပဲ ရှိနေကြမှာ။ ကိုယ့်အမျိုးကို စွဲလမ်းမှုဟာ လူမျိုးတိုင်းမှာ ရှိတယ်။ ဒါ သဘာဝပဲ။ ကျီးကန်းအုပ်ထဲ ဆက်ရက်ဝင်ကြည့်ပါလား၊ ဝိုင်း ‘တွတ်’ပစ်မှာပဲ။

အမြွက်မျှ

ကဲ .. သိပ် ဗုံးပေါလအော မပြောချင်တော့ဘူး။ ကြုံမှ ထပ် ပြောကြသေးတာပေါ့။ လိုရင်းက ဗုဒ္ဓဝါဒအရ လွတ်လပ်ပေမယ့် လူမှု၊ နိုင်ငံ၊ ယဉ်ကျေးမှုအရ စောင့်ရမယ်လို့ ပါ။ စည်းကမ်းရှိတဲ့ လွတ်လပ်ခြင်း ဖြစ်သင့်ပါတယ်။ ဒါလောက်ဆိုရင် ချစ်ဖို့သာ အဓိက ဖြစ်သင့်သလား၊ ဘာသာ မတူသူကို လက်ထပ်သင့် သလား၊ အမျိုးစောင့် ဆိုတွေတာနဲ့ ပတ်သက်ပြီး ဘုန်းကြီးရဲ့ ရင်တွင်းက ခံစားချက် သို့မဟုတ် ရပ်တည်ချက်ကို နားလည် နိုင်လောက်ပြီ။ ကြာနီကန်ဆရာတော်ရဲ့ လေယူလေသိမ်းနဲ့ ‘သိပါတယ်၊ လူလည်တွေပါ’လို့ ပဲဆိုပါရစေ။

ဒီဇင်ဘာ ၂၄၊ ၂၀၁၃။

---

ကြမ္မာလည်းသင့်၊ ဘုန်းလည်းပွင့်လျက်၊ အကျင့်လည်းပြည့်၊ ခွင့်ညီ လှည့်က၊ ထွန်းစည့်ဝင်းရှိန်၊ တေဇာထိန်၍..

(အမည်မသိစာဆို)

၃၃၆။ ခုရိုးမှနောင်ဖြောင့်

အရှင်ဘုရား၊

ရိုသေစွာမေးမြန်းလျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ အချို့သော သမီးရည်းစား လင်းမယားစုံတွဲများမှာ ကြုံတွေ့ရတဲ့ အရာတစ်ခုကို မေးမြန်းလိုပါသည် အရှင်ဘုရား။ မိန်းကလေး တစ်ယောက်က သူ့ရည်းစား သို့မဟုတ် သူ့ခင်ပွန်းကို သူ့အပြင် အခြားမိန်းမတွေနဲ့ ရည်းစားဖြစ်ဘူးသလားလို့ မေးပါတယ်။ ယောကျ်ားလေးက သူ့ရည်းစား ငြိုငြင်မှာစိုးလို့ ရည်းစားရှိခဲ့ဖူး ပေမယ့် မရှိဘူးလို့ ငြင်းပါတယ်။ မိန်းကလေးက အဲသည် လောက်နဲ့ မကျေနပ်ဘဲ သူပိုပြီး ယုံကြည်နိုင်အောင် ဘုရားရှေ့ သွားပြီး ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေဆိုပြီး ယောကျ်ားလေးကို သစ္စာဆိုခိုင်းပါတယ်။ ယောကျ်ားလေးဟာ သစ္စာမဆိုချင်ပေမယ့် အမှန်အတိုင်း ဝန်ခံလိုက်ရင် မိန်းကလေး စိတ်ဆင်းရဲပြီး အဆင်မပြေ ဖြစ်မှာစိုးရိမ်တဲ့ အတွက် ဘုရားရှေ့မှာ သစ္စာဆိုရင် သစ္စာစူးနိုင်ပါသလား ဘုရား။ သူတစ်ပါး စိတ်ချမ်းသာအောင် ကိုယ့်စိတ်မပါပဲ လိုက်လျောပေးတဲ့ သဘောပါဘုရား။

Hero Man

---

အသစ်တစ်ယောက်ငြိုငြင်မှာ စိုးလို့ ဇာတ်လမ်းဟောင်းရှိဖူးတာကို မရှိဖူးပါဘူးလို့ စေတီဘုရားရှေ့မှာ မုသားဆိုတဲ့ သဘောလို့ နားလည်လိုက်မယ်။ အဲဒီနားလည်မှုနဲ့ ဆွေးနွေးရရင် ..

သစ္စာစူး

သစ္စာရဲ့ အဓိပ္ပာယ်က အမှန်တရား။ သီဟိုဠ်သား စက္ကနခေါ်တဲ့ လူငယ်ဟာ သူ့မိခင် နေမကောင်းတာကို ယုန်သားနဲ့ ကုသရ မယ်ဆိုလို့ ယုန်ဖမ်းထွက်ခဲ့တယ်။ ယုန်ကလေး ပိုက်မှာငြိစဉ် သနားစဖွယ် အော်သံကိုလည်း ကြားရော ‘ငါ့မိခင် အသက်ရှင်ဖို့ သူတစ်ပါး အသက်ကို သတ်တာဟာ မသင့်မြတ်ဘူး’လို့ ဆင်ခြင်ပြီး ပြန်လွှတ်လိုက်သတဲ့။ အိမ်ပြန်ရောက်တော့ အစ်ကိုက ညီကို အပြစ်တင်တယ်။ ဒီတော့ စက္ကနက ‘မွေးကတည်း က ယနေ့အချိန်ထိ သေစေလိုစိတ်နဲ့ သူ့အသက်ကို မသတ်ဖူးပါ၊ ဤမှန်သော စကားကြောင့် ရောဂါ ပျောက်ကင်းပါစေ’လို့ သစ္စာပြုတဲ့ အခါမိခင်ရဲ့ရောဂါပျောက်ကင်းသွားသတဲ့ (အဘိ၊ဋ္ဌ၊၁၊၁၄၈)။ သစ္စာစူးတယ်ဆိုတာ အဲဒါမျိုး။ ‘ရှစ်ပါးသီလကို သုံးလတိတိ မပျက်မကွက် စောင့်ထိန်းခဲ့ပါတယ်၊ ဤ မှန်သော သစ္စာစကားကြောင့် အခက်အခဲကို ကျော်လွှားနိုင်ပါစေ’ဆိုတာ မျိုးလုပ်နိုင်အောင်ကြိုးစားပါ။

လိမ်တာပဲ

အခုကိစ္စက ဘုရားရှေ့သွားပြီး မမှန်တာကို ဆိုတဲ့ အမှား စကားဖြစ်လို့ ‘သစ္စာဆို’လို့ မခေါ်ဘူး။ လူတစ်ဖက်သားကို သာ မက ဘုရားကိုပါ လိမ်ညာတာပဲ။ အပြောခံမှာ ရိုးသားမှန်ကန် သလောက်လိမ်သူမှာ အပြစ်ကြီးတယ် (မောဟဝိစ္ဆေဒနီ၊၂၅၇) ဆိုတဲ့ စကားအရ ဒီကိစ္စမျိုးကို ဘုရားရှေ့မှာ မလုပ်မိပါစေနဲ့။ အကုသိုလ် အပြစ်ကြီးတယ်။ ဟိုတစ်ယောက်က သူ့ဟာသူ သိသွားခဲ့ရင်လည်း ပြဿနာ ဒီ့ထက် ပိုကြီးနိုင်တာပဲ။ ‘သူတစ်ပါး စိတ်ချမ်းသာအောင် ကိုယ့်စိတ်မပါဘဲ လိုက်လျောပေးတဲ့ သဘော’ဆိုတာ လိမ်ညာဖို့အတွက် လှပတဲ့ အကြောင်းပြ စကား လုံးပါ။ လိုရင်းက ငြိုငြင်မှာ စိုးလို့ သူ့ကို လိမ်တာပဲ။ ရှင်တော် ဘုရားတောင် ကြားညပ်ရတယ်။ ဒီကိစ္စမျိုးမှာ ဘာလို့ အဲဒီလို စိုးရွံ့နေမလဲ။ ခုရိုးမှ နောင်ဖြောင့်မှာ။ ပွင့်ပွင့်လင်းလင်းပဲ ဖြစ် သင့်တယ်။ နောက်မှ အလိမ်ပေါ်ရင် ပိုဆိုးမှာပေါ့။

မရိုးခဲ့လို့

ခပ်ငယ်ငယ်က ဖတ်ဖူးတဲ့ သခင်ဘသောင်းရဲ့ ‘ပန်းသာမစာအု’ ကိုအမှတ်ရတယ်..မင်္ဂလာဦးညမှာ မောင်ဒေဝက ‘အု’နဲ့ မင်္ဂလာ မဆောင်ခင် အစ်မကြီး တစ်ယောက်နဲ့ နှစ်ည သုံးည ကျူး လွန်ဖူးလို့ မိမိအနေနဲ့ ခြောက်ပြစ်ကင်း မဟုတ်ကြောင်း အမှန်ကို ဖွင့်ပြောတဲ့ အတွက် သူ့အမေ အတန်တန် စာရေးပြီး မှာ ထားလျက်နဲ့ ‘အု’ကလည်း မိမိမှာ အိမ်ထောင်ကျဖူးကြောင်း ဝန်ခံတဲ့ အခါ အုကခွင့်လွှတ်နိုင်ပေမယ့် မောင်ဒေဝကတော့ အဲဒီ ညမှာပဲ အုကိုစွန့်ပစ်ထားခဲ့သတဲ့ ..နှစ်ယောက်လုံး ယခင် မရိုး ခဲ့ကြလို့ ယခု အချစ်ခရီး မဖြောင့်တာပဲ။ ဒါကြောင့် ပွင့်လင်းမှုဟာ အလွန် အရေးကြီးပါတယ်။ ခေတ်သစ်မှာ အချစ်မွှန်ပြီး ချစ်ဖို့သာအဓိက ချစ်ရရင် ပြီးရောဆိုတဲ့ အချစ်ကို ကိုးကွယ် သူတွေမောင်ဒေဝနဲ့ ပန်းသာမစုအုကို နမူနာ ယူကြပေါ့။

ပွင့်လင်းရင်

လာအိုမနဲ့ ညားနေတဲ့ မွန်လေးတစ်ယောက် ဘုန်းကြီးကျောင်းကို ရောက်တယ်။ ကလေးတစ်ယောက် ရပြီ။ ဘယ်မှာ တွေ့ ကြတုန်း မေးတော့ ကြင်ဖော်ရှာပေးတဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်မှာ တွေ့တာတဲ့။ စိတ်ဝင်စားလို့ အဲဒီ ဝက်ဘ်ဆိုဒ်ကို လေ့ လာကြည့်တဲ့ အခါ .. ရည်းစား သို့မဟုတ် အိမ်ထောင် ရှိဖူး၊ တစ်ကိုယ်တည်း၊ ကလေးရှိ သို့မဟုတ် မရှိ၊ အရက်ဆေးလိပ် သုံးစွဲတာ မကြိုက် သို့မဟုတ် ကြိုက်၊ ဘာသာရေးနဲ့ နိုင်ငံရေး လူချင်းတွေ့မှ ဆွေးနွေး..စသည်။ ၈၅-ရာနှုန်းလောက်က မိမိ ရဲ့ ကိုယ်ရေးကို အမှန်အတိုင်း ဖော်ပြတယ်လို့ ဘုန်းကြီးယူဆတယ်။ ကိုယ်နဲ့ အကြိုက်တူ စရိုက်တူကို ရွေးပေါ့။ အဲဒီလို ပွင့် လင်းနေတဲ့ ခေတ်မှာ ဘုရားရှေ့ရည်းစားကို ညာပြောတယ်ဆိုတဲ့ အတွေးမျိုး မရှိသင့်တော့ဘူး။

မုသားအစ

မုသားအစ အကြောက်တရားကလို့ ဘုန်းကြီးထင်တယ်။ ငယ် စဉ်အခါ အရိုက်ခံရမှာ အဆူခံရမှာ ကြောက်လို့ လိမ်ညာတယ်။ အရွယ်ရောက်တော့ နာမည်ပျက်မှာ သိက္ခာကျမှာ ကြောက်လို့၊ ဒဏ်ရိုက်မှာ ထောင်ကျမှာ ကြောက်လို့ စတဲ့ အကြောက်မျိုးစုံ ကြောင့် လိမ်ညာတယ်။ အာဏာရှိတဲ့ လူက အပြစ်မဲ့သူကို အပြင်းအထန် ရိုက်တော့ မဟုတ်ဘဲ ဟုတ်တယ်လို့ လိမ်လိုက်ရ တာပဲ။ ခေတ်သစ်မှာ အမှန်ကို ပြောရဲတဲ့ သတ္တိအမှန်ပြောတာကို လက်ခံနိုင်တဲ့ နားလည်မှုတွေ ရှိဖို့ ငယ်စဉ်ကပင် လေ့ကျင့် ဖို့အချိန်တန်ပါပြီ။

ဒီဇင်ဘာ ၂၆၊ ၂၀၁၃။

---

၃၃၇။ ရိပ်သာမှတ်စု

ဆရာတော်ဘုရား၊

တပည့်တော်မအား သနားသောအားဖြင့် ကူညီ ဖြေရှင်းပေးစေ လိုပါသည် အရှင်ဘုရား။ လွန်ခဲ့သော၄-နှစ်ခန့်က တပည့်တော်မ သီလရှင် ဝတ်ဖူးပါသည်။ တပည့်တော် တရားစာအုပ်ဖတ် နေချိန်တွင် တပည့်တော်ကို ဆရာတော်တစ်ပါးက အလုပ်ခိုင်း ပါသည်။ တပည့်တော်မရဲ့ မျက်နှာခပ်တည်တည် ဖြစ်နေသော ကြောင့် အခြား ရဟန်း၂-ပါးက ဟာသများပြောပါသည်။ ထို ရဟန်း ၂-ပါးမှာ အလုပ်လုပ်ရာမှာ ပျော်ရွှင်စေလိုသောကြောင့်သာ ထိုသို့ ပြောခြင်းဖြစ်ပါသည်။ ဒါပေမယ့် တပည့်တော်မက တော့ အလုပ်လည်း သိပ်မရှိဘူးဆိုပြီး ထပြန်ခဲ့ပါသည်။ ရဟန်း ၂-ပါးက မပြန်နဲ့ အုံး၊ လုပ်စရာ ရှိသေးတယ်ဆိုတော့ အဲဒါကို ဦးဇင်းတို့ပဲ လုပ်လိုက်ပါတော့လို့ ပြောပြီးပြန်လာခဲ့ပါသည်။

နောက်တစ်ခုမှာ ဘုန်းကြီးကျောင်း ဆောက်ရန် အုတ်ခဲ သယ်စဉ် မနိုင်မနင်းဖြစ်ပြီး ပြုတ်ကျတော့မည့် အချိန်တွင် အနီး မှာတွေ့ရတဲ့ ရဟန်းတစ်ပါးအား ကူညီပါလို့ ဆိုပေမယ့် မကူ ညီတဲ့ အတွက် ထိုရဟန်းကို အတော်စိတ်တိုခဲ့ဖူးပါသည်။

နောက်တစ်ခုကတော့ ရဟန္တာဓာတ်တော်များဟု ဖတ်ရ သည့်အခါ ဖြစ်နိုင်ပါ့မလားဟု သံသယစိတ် ဝင်ဖူးပါသည်။ ထို စိတ်ထားများအတွက် အလွန် ရတက်မအေး ဖြစ်နေရပါသည်။ ငရဲကြီးရှစ်ထပ်သို့ မသွားချင်ပါဘုရား။ ယခု တပည့်တော် ဝိပဿနာတရား အားထုတ်ပါသည်။ ထိုအကုသိုလ်များသည် မဂ်တား ဖိုလ်တား အန္တရာယ်များ ဖြစ်မည်ကို စိုးရိမ်ပါသည်။ ပြေ ပျောက်စေနိုင်သည့် ကုသိုလ်တရားများကို ဟောကြားပေးစေ လိုပါသည်ဘုရား။

အင်ကြင်းမေ

---

အတွေ့အကြုံ

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပညာတတ် ဒကာမကြီး တစ်ယောက် ပြောပြဖူးပုံက.. အဲဒီရိပ်သာမှာ တစ်ညအိပ်ပြီးနောက်နေ့မှာ တစ်ကျောင်းလုံး သန့်ရှင်းရေး လုပ်ရတယ်။ ရောက်ခါစဖြစ်လို့ အကြောင်း မသိတဲ့ အတွက် မလုပ်ရဲ မကိုင်ရဲဖြစ်နေတာကိုတာဝန်ရှိ ဆရာတော်ကြီးတစ်ပါးက သူ့ကိုလက်ညှိုးထိုးပြီး မာမာ ထန်ထန် ဆူပူကြိမ်းမောင်းသတဲ့။ အချို့ရိပ်သာတွေမှာ ဆရာ တော်တွေဖက်က ဖြစ်တတ်တဲ့ အဲဒီလို ချို့ယွင်းချက်ကိုလည်း ကိုယ်တိုင်တွေ့ဖူးလို့ လူတွေရိပ်သာဝင်တုန်း ဒေါသခံစားချက် ဖြစ်သံ ကြားရင် စိတ်မသက်သာဘူး။

မဂ်ဖိုလ်မတား

ရဟန်းတွေက အလုပ်လုပ်ဖို့ ပြောတာကို ခပ်တည်တည် မျက် နှာထားပြမိလို့ ထိုရဟန်းတွေက ဟာသပြောတဲ့အခါ သီလရှင်ရဲ့ စိတ်မှာ ပုံမှန်ပဲဆိုရင် ဘာမှမဖြစ်ဘူး။ စိတ်ဆိုး အငြိုးသိုမိရင် တော့ ဒေါသခြံရံတဲ့ အကုသိုလ်စိတ်ဖြစ်တယ်။ ဟာသလုပ်တာကို မကျေနပ်လို့ မဟုတ်ဘဲ တကယ်ပဲ လုပ်စရာအလုပ် သိပ် မရှိတော့ဘူး ထင်ပြီး ကျေကျေနပ်နပ်နဲ့ ထပြန်ခဲ့တာ ဖြစ်ရင် အကုသိုလ် မဖြစ်ဘူးလို့ ပြောရလိမ့်မယ်။ စိတ်ထဲ ခုနေရင်တော့ အကုသိုလ်ပဲ။ ဒီအကုသိုလ်ကြောင့် ရရှိထားဆဲ သတိ ပဋ္ဌာန် အမှတ်တွေ အားနည်းသွားနိုင်ပေမယ့် မဂ်ဖိုလ်ကို မရနိုင်လောက်အောင်တော့ မကြီးကျယ်နိုင်ပါဘူး။

ဘာဖြစ်လို့

‘ဦးဇင်းတို့ပဲ လုပ်လိုက်ပါတော့’လို့ ပြောတာဟာ ခုနက ဟာသ လုပ်ခံရတဲ့ အတွက် စိတ်တိုလို့ မဟုတ်ရင် အကုသိုလ် မဖြစ်ပါဘူး။ ရဟန်းကိုပဲ စိတ်တိုတို လူကိုပဲ စိတ်ဆိုးဆိုး အဲဒီလို ဖြစ် ပြီဆိုရင် ဒေါသခြံရံတဲ့ အကုသိုလ်တွေပဲ။ အုတ်ခဲတွေ ခေါင်းပေါ် က သို့မဟုတ် လက်ထဲက လွတ်ကျရင် ခြေကျိုးလက်ကျိုး ဖြစ် နိုင်တာမို့ ကူညီပါ ဆိုတာကိုတောင် မြင်ရက်ကြီးနဲ့ အဲဒီရဟန်း မကူညီနိုင်ရတာ ဘာကြောင့်လဲ။ ရန်ဖြစ်ထားကြလို့ လား။ မိတ် ဟောင်း ဆွေဟောင်းတွေလား။ အတူတူ ဒုလ္လဘဝတ်တဲ့ အထဲ ကလား။ သာမန်ဆို အဲဒီလို မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။ ရဟန်းအနေနဲ့ သင့်လျော်တဲ့ နည်းနဲ့ ကူညီပေးသင့်တာပေါ့။

ဉာဏ်ရှိစေ

ရဟန္တာဓာတ်တော်များ’ဆိုတာကို သံသယဖြစ်မိရုံနဲ့ ငရဲကြီးရှစ် ထပ်က သင့်ကို အလျင်စလို မဖိတ်ကြားသေးပါဘူး။ မပူပါနဲ့၊ ရတက်အေးပါ။ အတုအလိမ်တွေ များလွန်းတဲ့ ယနေ့ ခေတ် ကြီးမှာ သံသယဖြစ်လည်း ဖြစ်သင့်တာပဲ။ ‘ရဟန္တာ’သို့မဟုတ် ‘ဓာတ်တော်ကြွေတယ်’ဆိုတာမျိုးတွေ ကြားရင် တဆင့်စကားကို အတည်မယူနဲ့။ ရင်းမြစ်ကို လေ့လာပြီး ကိုယ့်ဉာဏ်ထဲမှာ သက်ဝင်နိုင်မှ လက်ခံသင့်တယ်။

လေ့ကျင့်ပါ

ဝိပဿနာတရား အားထုတ်တာဟာ ကောင်းတဲ့ အလုပ် ဖြစ်လို့ သာဓုပါ။ ဒါဟာ စိတ်ဆိုး စိတ်ကောက်တွေကို လျော့အောင် လုပ်ဖို့ ကြိုးတာပဲ။ ဒါကြောင့် ရိပ်သာဘုန်းကြီးကျောင်းမှာဖြစ် စေ၊ အိမ်မှာဖြစ်စေ အဲဒီလို စိတ်ဆိုး စိတ်ညစ်စရာ အာရုံတွေနဲ့ ကြုံလာရင် ဒါဟာငါ့အတွက် ငါ့စိတ်ကို လေ့ကျင့်ဖို့ အခွင့်အရေး ပဲလို့ ခံယူပြီး မေတ္တာပို့နိုင်အောင် အလေ့အကျင့်လုပ်ပါ

ဒီဇင်ဘာ ၂၈၊ ၂၀၁၃။

---

ပညာရှာသော်အခါ မနှောင်းနှင့်၊ ဥစ္စာရှာသော်အလာ မနှောင်းနှင့်။

၃၃၈။ တရားထိုင်သူ့ စိတ်ထား

တပည့်တော်ရိုသေစွာ မေးမြန်းအပ်ပါတယ် အရှင်ဘုရား..

တပည့်တော် အကြောင်းမကောင်းခဲ့လို့ အကျင့်မကောင်းတဲ့ အဖေမျိုးနဲ့ ကြုံဆုံခဲ့ရပါတယ်။ အဖေ့ကို အရမ်းမုန်း နေပါတယ်။ မိဘကျေးဇူးကို ဆပ်ဖို့ရည်ရွယ်ပြီး အဖေနဲ့ အမေကို Australia ရောက်အောင် ကြိုးစားပြီး ခေါ်ခဲ့ပါတယ်။ ‘အဖေဟာ အဖေပါပဲ၊ အစားထိုးလို့ မရဘူး’လို့ ကိုယ့်ကိုယ်ကို ဆုံးမပြီး အတတ်နိုင် ဆုံး ပြုစုပေမယ့် အဖေဟာ သူ့အကျင့်အတိုင်း ငွေယူပြီး အိမ် က ထွက်သွားခဲ့ပါတယ်။ ယူသွားတဲ့ ပိုက်ဆံကုန်လို့ အဆင် မပြေရင် အိမ်ကို ပြန်လာပါတယ်။ ဒါမျိုး လုပ်တာဟာ တပည့် တော်သိတတ်စ အရွယ်ကစပြီး ယခုအသက် ၄၅-နှစ်အရွယ် ထိအကြိမ်ကြိမ် အခါခါပါ။

သွေးတိုးရောဂါရှိတဲ့ အမေအိုကို ပြုစုရင်း တပည့်တော် အဖေ့ကို စိတ်နာခဲ့ရပါတယ်။ ယခု အမေဆုံးသွားပါပြီ။ အမေ သည်းခံနိုင်ခဲ့ပေမယ့် တပည့်တော် သည်းမခံနိုင်ပါ ဘုရား။ ယခု တပည့်တော် ဝိပဿနာတရား အားထုတ်ဖို့ တရားစခန်း ဝင်ရန်အတွက် စာရင်း ပေးထားပါတယ် ဘုရား။ အဖေ့ကို ပြစ် မှားခဲ့တဲ့ အကုသိုလ်တွေ၊ အခုလက်ရှိ အဖေ့ကို မုန်းနေတဲ့ စိတ်တွေက ကံကြီးထိုက်နေပါသလား။ တရားအားထုတ်လို့ ရနိုင်ပါ့မလား။ အဖေ့ကို မုန်းတီးတဲ့ စိတ်တွေကိုတော့ ပြင်လို့ မရနိုင်တော့ပါဘူး။ မည်သို့ ပြုကျင့်ရမည်ကို သနားသောအား ဖြင့်ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

လဲ့လဲ့စိမ်း၊ ဩစတြေးလျ

---

ဆူးတွင်းပစ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀-ကျော်က စစ်ကိုင်းမြို့ မြောက်ဖက် သာစည်ရွာသား အသည်ကြီးတစ်ဦးဟာ ကျောင်းသွားဖို့ ပျင်းလွန်းတဲ့ သားငယ်ကို စိတ်ဆိုးပြီး လမ်းဘေး ဆူးခြုံထဲ ပစ်ချ ထားခဲ့သတဲ့။ သားငယ်ဟာ အဖေကို စိတ်နာပြီး အိမ်မပြန် တော့ဘဲ ခြေဦးတည့်ရာ ထွက်သွားပြီး ဘုန်းကြီးကျောင်း တစ်ခုမှာ သာမဏေဝတ်၊ စာသင်၊ စာတတ်လာတော့ စာနဲ့ ပျော် သွားပြီး စာပေထူးချွန်တဲ့ ပဉ္စင်းငယ်ဖြစ်မှ အဖေနဲ့ ပြန်တွေ့တဲ့ အခါ အဖေက ‘အမောင့် အမိလည်း မျှော်တလှပြီ၊ ရပ်ရွာသို့ ပြန်ပါဦး’လို့ တောင်းပန်တာကို ခွင့်လွှတ်ပြီးအဖေနဲ့ အတူ ရွာကို ပြန်ခဲ့သတဲ့။ အဘိဓာန်ဋီကာကျမ်းပြု ပညာရှင် စတုရင်္ဂဗလအမတ်ကြီး မေးတာကို ဖြေကြားတဲ့ ‘ဆူးတွင်းပစ်ဆရာတော်’ ဆိုတာ အဲဒီပဉ္စင်းငယ်ပဲပေါ့။

ယနေ့ ပဋိပတ္တိနယ်မှာ အလွန်ထင်ရှားတဲ့ ဖားအောက် ဆရာတော်ကြီးလည်း ငယ်စဉ်အခါ ငိုလွန်းလို့ ဖခင်က ညွှန်ထဲ ပစ်ချတာကို ခံခဲ့ရတဲ့ အတွက် ယခုအချိန် တရားထိုင်ရင် ခါး နာကြောင်းနဲ့ အဲဒီလို ပစ်ချခံရပေမယ့် ဖခင်ကို မနာကျည်းဘဲ ‘မိမိပြုဖူးတဲ့ ယခင် ဝဋ်ကြွေးကြောင့် ခံရတာ’လို့ ပဲ ဆင်ခြင်ပြီး နောင်အခါ ဖခင်ကို ကောင်းမွန်စွာ စောင့်ရှောက်ခဲ့ကြောင်း ဆရာတော်ရဲ့ တပည့်မထေရ်တစ်ပါး မိန့်ဖူးပါတယ်။

ထုတ်ပစ်

အရမ်းမုန်းနေတာ၊ စိတ်နာနေတာတွေဟာ မကောင်းတဲ့ စိတ်ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ အဲဒီ စိတ်ဆိုးတွေကို ‘အဖေဟာ အဖေပါပဲ’ဆိုတဲ့ ဆင်ခြင်တုံတရားနဲ့ပဲ ဖြေနိုင်အောင် ဆက်လက် ပြီး တဖြည်းဖြည်း လေ့ကျင့်ပါ။ အကျင့်မကောင်းတဲ့ အဖေဆိုးနဲ့ ကြုံရတာဟာ ‘မိမိပြုဖူးတဲ့ ယခင် ဝဋ်ကြွေးကြောင့်’လို့ ဖားအောက် ဆရာတော်ကြီးလို ဖြေနိုင်ရင် ပိုမကောင်းဘူးလား။ ပိုက်ဆံကုန် အဆင်မပြေလို့ အိမ်ကို အဖေပြန်လာခဲ့ရင် စိတ်ကို ဒုန်းဒုန်းချပြီး ‘အင်း .. ငါ့ဝဋ်ကြွေး မကုန်သေးပေဘူး’လို့ ဖြေ ပါ။ ‘အဖေ့ကိုမုန်းတဲ့ စိတ်ကို ပြင်မရတော့ဘူး’ဆိုတာမျိုး မဖြစ် သင့်ချေဘူး။ ၄၅-နှစ်တောင် သည်းခံခဲ့ပြီးပြီပဲ။ အဖေလည်း အသက် ၇၀-နားနီးရော့ပေါ့။

ဘယ်သူ့ကိုပဲ မုန်းမုန်း နှလုံးသားထဲ ‘အမုန်းတရား’ စူး ဝင်နေရင် တရား မရနိုင်ဘူး။ မာန (အလှ၊ ပညာ၊ စည်းစိမ်၊ အရွယ်၊ ကျန်းမာ ဆိုတာတွေကြောင့် စိတ်ကြီးဝင်နေတာ)တွေ ရှိ နေရင်လည်း တရားမတွေ့နိုင်ဘူး။ သည်းခံခြင်း ခွင့်လွှတ်ခြင်း နှိမ့်ချခြင်းဆိုတာတွေကို ရှေ့တန်းတင်ပြီး တရားထိုင်ရတယ်။

မုန်းစိတ်မဲ့

အဖေကိုသတ်တဲ့ အဇာတသတ်ဟာ ယခုဘဝမှာ မဂ်ဖိုလ်ကို မရတော့ဘူး။ ယခင်ဘဝက မိဘကို ကိုယ်ထိလက် ရောက် ရိုက်နှက်ဖူးတာမျိုးကတော့ ယခုဘဝမှာ မဂ်ဖိုလ်ကို မတားမြစ်ဘူး။ ဥပမာ အရှင်မောဂ္ဂလ္လာန်။ ယခုဘဝမှာ မိဘကို နာကျင် အောင် လုပ်ဖူးရုံမျိုးလည်း နောင်မလုပ်တော့ဘူးလို့ စိတ်ထား ပြီး အလေးအနက် ကန်တော့ တောင်းပန်ရင် မဂ်ဖိုလ်ကို မတားမြစ်နိုင်ဘူး။ ဒါပေမယ့် အဲဒီ အကုသိုလ်ရဲ့ အကျိုးကိုတော့ ဘဝသံသရာမှာ ရှောင်လွှဲလို့ မရဘူး။ ဒါကြောင့် အဖေ ကိုယ် ကျင့်တရားပျက်တာကို စိတ်ထဲမှာ နာကျည်းရုံနဲ့ မဂ်ဖိုလ်ကိုမ တားမြစ်နိုင်ဘူးလို့ မှတ်ပါ။ ဒါပေမယ့် တရားထိုင်ဆဲမှာ အဲဒီ ‘မုန်းစိတ်’ ဖြစ်မနေအောင်တော့ ထိန်းရမယ်။ ထိန်းနည်းက တရားမထိုင်ခင် အဖေ့မျက်နှာကို စိတ်အာရုံမှာ ပေါ်လာအောင် လုပ်ပြီး လူမမယ်ဘဝမှာ အဖေ့ရဲ့ပြုစု ယုယမှုတစ်ခုခုကို သတိ ရအောင်ကြိုးစားရင်း အလေးအနက် စူးစူးစိုက်စိုက်မေတ္တာပို့။ နှစ်ရက် သုံးရက်လောက်ဆို တင်းနေတဲ့ စိတ်တွေ လျော့ကျ သွားပြီး တရားအမှတ်တွေ တက်လာလိမ့်မယ်။

ကြွေးလျှော်

အနောက်ဖက်က တစ်ချို့လူတွေကို မိဘကျေးဇူး အကြောင်း ပြောရတာ အတော်ခက်တယ်။ ဘုန်းကြီးအသိ James Mcshea ဆိုရင် သူ့အဖေက သူတို့ မောင်နှမကို သူတို့အရွယ် မရောက် ခင်တာဝန်မဲ့ စွန့်ပစ်သွားလို့ လုံးဝကျေးဇူးမတင်နိုင်ပါဘူးတဲ့။ ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်ကြီးတစ်ပါး ကနေဒါ တရားစခန်း တစ်ခုမှာ မိဘကျေးဇူးကို ရှင်းပြစဉ် အရွယ်မရောက်ခင် သူ့အဖေရဲ့ မုဒိန်းကျင့်တာကို ခံရဖူးတဲ့ အမျိုးသမီးတစ်ယောက် ထပြီး သူ့ခံစားချက်ကို ပေါက်ကွဲတာမျိုးလည်း ကြုံရ ကြားရပါတယ်။ ကိုယ့်အဖေက အဲဒီ အမျိုးသမီးရဲ့ အဖေလောက်တော့ မဆိုးသေးဘူး မဟုတ်လား။ ဆိုးတယ်ပဲထား၊ ဗုဒ္ဓအဆုံးအမ အရတော့ ကြွေးဟောင်းကိုသာ ကျေအောင်ဆပ်သင့်ပြီး ကြွေး သစ်ပြန်မယူပါနဲ့ လို့ ပဲ အကြံပြုပါရစေ။

ဇန်နဝါရီ ၁၀၊ ၂၀၁၄။

---

နွားသတ်သူသို့

သတ်စားဖြတ်စား၊ ပြုငြားတတ်မူ၊ လူတွင်မိုက်လှ၊ လူ့ဗာလတည့်။ (လယ်တီဂန္ထဝင်ကျော်များသမိုင်း၊၁၅၆)

၃၃၉။ ကုသိုလ်ဓားပြမှု

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။

တပည့်တော်ရဲ့စိတ်ထဲမှာ မတင်မကျအားမလို အားမရဖြစ်နေ တဲ့ ဆူးငြောင့်တစ်ခုကို နုတ်ပေးစေလိုပါသည် အရှင်ဘုရား။ နာဂစ် မုန်တိုင်းကြီး မြန်မာနိုင်ငံအောက်ပိုင်းကို ကြမ်းကြုတ်စွာ ဝင်ရောက် တိုက်ခတ်စဉ်က မြန်မာလူမျိုး လူတစ်သိန်းလောက် သေပြီး သိန်းပေါင်းများစွာ အိုးအိမ်မဲ့ အစာရေစာမဲ့ ဖြစ်သွားခဲ့ရ ပါသည်။ အဲဒီအခါမှာ ဘုန်းကြီးရှေ့မှာ ယောဂီတဘက်ကိုလည် ပင်းမှာ ပတ်ပြီး အလှူဒါန ပြုပြကြတဲ့ ယူနီဖောင်းဝတ်တို့ အလွန်ရက်စက်ခဲ့ကြပါသည်။ အဲဒီလူတွေဟာ ကိုယ်တိုင် မကူညီ သည့်အပြင် ကူညီလိုသူကိုလည်း ပိတ်ပင်ခဲ့ကြသည်။ လှူဒါန်း သည်ကိုလည်း ဖြတ်စားခဲ့ကြပါသည်။

ဒါ့ပြင် ကမ္ဘာအရပ်ရပ်က ဘာသာမတူတဲ့ အလှူ့ရှင်တွေ နည်းများ မဆိုပါဝင်လှူဒါန်းနိုင်ပါလျက် သိန်းပေါင်း သောင်းနဲ့ ချီ ပြီး ချမ်းသာတဲ့ ဘုရားဂေါပကအဖွဲ့တွေ (ဥပမာ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့)နှင့် ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့တွေ တစ်ပြား တစ်ချပ်မှ ပါဝင်လှူဒါန်းသည်ဆိုတဲ့ သတင်းအစအနကို မတွေ့ ရပါ။ မေတ္တာပို့တာ ဗုဒ္ဓဘာသာ၊ လှူဒါန်းတာ အမျှဝေတာ ဗုဒ္ဓဘာသာလို့ ဂုဏ်ယူစွာ ဆိုကြပါလျက်နဲ့ ဘာကြောင့် အဲသလို ဖြစ်ရသည်ကိုသိလိုပါသည် အရှင်ဘုရား။

အောင်အောင်၊ ကနေဒါ

---

ပိတ်ပင်ရင်

ဝစဂေါတ္တ ပရိဗိုဇ်က ဗုဒ္ဓကို ‘ရဟန်းဂေါတမနှင့် ရဟန်းဂေါတမ ရဲ့ တပည့်တွေကို လှူမှပဲ အကျိုးများတယ်၊ အခြား သူတွေကို မလှူနဲ့၊ လှူရင် အကျိုးမများဘူးလို့ ဟောကြားတာ မှန်ပါသ လား’လို့ မေးလျှောက်တဲ့ အခါ ဗုဒ္ဓက ‘ဝစ္ဆ .. မမှန်ပါဘူး။ အလှူ့ရှင်ကို မလှူနဲ့ လို့ တားမြစ်သူဟာ..
၁)အလှူရှင်ရဲ့ကုသိုလ်ကို အန္တရာယ်ပြုသူ
၂)အလှူခံတို့ရဲ့ ပစ္စည်းလာဘ်လာဘကို ဓားပြတိုက်သူ
၃)အဲဒီနှစ်မျိုးကို မပြုခင်ကတည်းက မိမိရဲ့ဂုဏ်သတင်းကို မိမိကိုယ်တိုင် ဖျက်ဆီးပစ်သူ ဖြစ်တယ်..
ဝစ္ဆ .. သတ္တဝါလေးတွေ စားသုံးပါစေဆိုပြီး ခွက်ဆေးရေ လက်ဆေးရေကို ရေမြောင်းထဲ ပစ်ချရင် တောင် ကုသိုလ်ရတယ်။ လူကိုပေးကမ်းလှူဒါန်းရင် အဘယ်ဆိုဖွယ်ရှိပါ့လဲ (အံ၊၁၊၁၈၀။ အံ၊ဋ္ဌ၊၂၊၁၄၃)’လို့ ဖြေပါတယ်။

ရှင်တော် ဗုဒ္ဓက သူများအလှူကို ပိတ်ပင်သူကို ကိုယ့်ဂုဏ် သတင်းကို ကိုယ်ဖျက်သူ၊ သူများရဲ့ကုသိုလ်ကို အဓမ္မလုယူတဲ့ ဖြတ်တိုက်ဓားပြ (ပါရိပန္ထိက)လို့ မိန့်ပါတယ်။

ဖြတ်စားရင်

ဖုဿမြတ်စွာဘုရားလက်ထက်မှာ ဗိမ္ဗိသာရဖြစ်လာမယ့် မင်းမှုထမ်းရဲ့ဆွေမျိုး အလုပ်သမားတွေဟာ ဘုရားအမှူးရှိတဲ့ သံဃာ တွေကို လှူဒါန်းဖို့ ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို ဦးဦးဖျားဖျားနှိုက်စား (ဖြတ်စား)ခဲ့ကြလို့ သေတဲ့ အခါပြိတ္တာဖြစ် ရတယ်။ ကိုးဆယ့်တစ်ကမ္ဘာကြာအောင် ပြိတ္တာဖြစ်ပြီး ဂေါတမဗုဒ္ဓ လက်ထက်ထိ မကျွတ်နိုင်ဘဲ ဗိမ္ဗိသာရရဲ့ ကုသိုလ်အမျှကို မျှော်လင့်တကြီးနဲ့ စောင့်နေကြစဉ် မင်းကြီးကကုသိုလ်ကို အမျှဝေမှ အဲဒီဘဝက လွတ်သွားကြတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၆၆)။ နာဂစ် ကူညီခံတွေထဲမှာ အရိယာပုဂ္ဂိုလ် မပါဘူးလို့ ဘယ်သူ ဆိုနိုင်မလဲ။ ပါခဲ့ရင် အရိယာတို့ရဲ့ အလှူကို ဖြတ်စားရာ ရောက်လို့ ဗိမ္ဗိသာရဆွေမျိုးတွေနဲ့ ပိန်မသာ လိမ်မသာပဲနေမှာ။ လောကမှာ ငွေနဲ့ အာဏာရာထူးကို မက်မောလွန်းသူတွေဟာ သမိုင်းကိုလည်း မကြောက်၊ ငရဲဆိုလည်း ချိုနဲ့ လားလို့ မေးတဲ့ အထိ အကုန်လုပ်ရဲတာပါပဲ။

သူတို့အလှူ

နာမည်ကျော် ကလင်တန်ဖောင်ဒေးရှင်း၊ ဘီလ်ဂိတ်ဖောင်ဒေး ရှင်းနဲ့ ရာပေါင်းများစွာသော ခရစ်ယန်ဖောင်ဒေးရှင်းတွေလို ကမ္ဘာ့ အလှူရှင်ကြီးတွေဟာ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ၊ အသားရောင် မခွဲခြားဘဲလူသားအချင်းချင်း စာနာရမယ်ဆိုတဲ့ လူဆန်တဲ့ အသိတစ်ခုနဲ့ သတ္တဝါတွေရဲ့အကျိုးရှိဖို့ကိုပဲရည်ရွယ်ပြီး ကမ္ဘာတစ်လွှားက ဆင်းရဲသားတွေရဲ့ ကျန်းမာရေး ပညာရေးနဲ့ စားဝတ်နေရေးတွေကို ကူညီလှူဒါန်းပေးနေကြတယ်။ သူတို့ဟာ ကံကံရဲ့ အကျိုးဆိုတာကို နားမလည်ကြပေမယ့် သူတို့ရဲ့ လုပ်ပုံက ဗုဒ္ဓကျမ်းဂန်မှာ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အလှူဒါနလုပ်နည်း တွေနဲ့ ညီညွတ်မှု ရှိနေတယ်။ သူတို့ရဲ့နှလုံးသားဟာ ဗုဒ္ဓရဲ့ဆန္ဒ နဲ့လည်း မဆန့်ကျင်လို့ သူတို့ရဲ့ ကုသိုလ်လုပ်ရပ်ကို မလေးစားဘဲ မနေနိုင်ပါဘူး။ အောက်ပါ ဗုဒ္ဓကျမ်းဆိုတွေနဲ့ ညှိကြည့်ပါ..

အလှူပါရမီ

အယုတ် အမြတ် အလတ် ဖြစ်ကုန်သော အလှူခံပုဂ္ဂိုလ်တို့ကို မြင်လျှင် အောက်သို့ မျက်နှာပြုထားသော အိုးကဲ့သို့ (အိတ်သွန် ဖာမှောက်) မကြွင်းမရှိ ဒါနဝတ္ထုကို လှူလော့ဟု ငါဘုရားသည် မိမိကိုယ်ကိုဆုံးမခဲ့၏ (ဗုဒ္ဓဝံသ၊၁၁၉-ဂါထာ)’။

ဒါနဟူသည် သတ္တဝါတို့အား ဘေးကင်းစေခြင်း၊ သတ္တဝါတို့၏ အသက်စည်းစိမ်အိုးအိမ်ကို သတ်ဖြတ်လုယက်ဖျက် ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သတ္တဝါတို့အား ဘေးရန်အမျိုးမျိုးမှ ကာကွယ် စောင့်ရှောက်ခြင်းပင် ဖြစ်၏ (စရိယာပိဋက၊ဋ္ဌ၊၂၉၇)’။

တဏှာမာနဒိဋ္ဌိ မဖြစ်စေ ဘဲ သတ္တဝါတို့အပေါ် သနားခြင်း၊ နည်းလမ်းကျွမ်းကျင်ခြင်း ရှေ့သွားပြုပြီး ဆောင်ရွက်သည့် ပေး ကမ်းခြင်းစသော ဂုဏ်ကျေးဇူးများသည် ပါရမီမည်၏ (စရိယာပိဋက၊ဋ္ဌ၊၃၆၉)’။ ‘ကရုဏာ (သနားခြင်း)နှင့် ဥပါယကောသလဉာဏ် (နည်းလမ်း ကျွမ်းကျင်မှု)ခြံရံမှဒါနသည် ပါရမီမြောက်ပြီး မခြံရံလျှင် ပါရမီမမြောက် (သီ၊ဋီ၊သစ်၁၊၂၅၂)’။

အဲဒီ စာတွေအရ အမှန်တော့ သူတို့ရဲ့ ကူညီလှူဒါန်းမှုဟာ ပါရမီမြောက်သင့်တဲ့ အလှူမျိုးပါပဲ။ ဆက်ပြောရရင် ‘ဂုဏ်ရှိသော ပုဂ္ဂိုလ်ကိုသာ ရှာဖွေ၍ မလှူဒါန်းဘဲ ကရုဏာသက်ဖွယ် (သနားစဖွယ်)ကောင်းသော ဒုက္ခိတ သတ္တဝါ အားသော်လည်း အလှူကြီးကိုပေးလှူသင့်၏ (သံ၊ဋီ၊၁၊၁၉၈)’ဆိုတဲ့ ဋီကာဆရာကြီး အရှင်မဟာဓမ္မပါလရဲ့ စကားကို နားထောင်ပြီး ကျယ်ပြန့် တဲ့ လူသားပီသမှုအမြင်နဲ့ လူတိုင်းလည်း ဘုရားလောင်းဖြစ်ခွင့် ရှိလို့ ဘုရားလောင်း စိတ်ဓာတ်နဲ့ ပရဟိတ ဆောင်ရွက်မှုကို အားပေးသင့်ကြောင်းပါ။

မဆန့်ကျင်

မြန်မာဗုဒ္ဓဝါဒီ တစ်ယောက်က ‘ဝိစေယျ ဒါနံ ဒါတဗ္ဗံ = ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူရမယ်’လို့လည်း ဘုရားဟော ရှိတယ် မဟုတ်လားလို့ မေးရင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဖြေပုံက ‘အလှူခံအယုတ် အလတ် အမြတ်မရွေးဆိုတဲ့ ဗုဒ္ဓဝင် ပါဠိတော်စကားက ဗုဒ္ဓလောင်းလျာများအတွက် ဖြစ်ပြီး ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်လာ အလှူခံပုဂ္ဂိုလ်တွေကို အဆင့် သတ်မှတ်ပြီး ခွဲခြားတာက သာမန် နတ်လူတို့အတွက် ရည်ရွယ်ဟောတော်မူခြင်း ဖြစ်သောကြောင့် ဆန့်ကျင်မှု မရှိ (မဟာ ဗုဒ္ဓဝင်အနုဒီပနီ၊ တွဲ ၁၊ စာ-စော်)’တဲ့။

မစိုးရိမ်ဆရာတော်ကြီး ဖြေပုံကတော့ ထူးခြားတယ် ‘အဲဒါက ဉာဏ်နုသူများအတွက် ဟောထားတဲ့ တရားပဲ။ ဉာဏ်ရင့် သူတွေ ဆိုတာက လယ်လုပ်တတ်သူနဲ့ တူတယ်။ လယ်လုပ် တတ်သူဟာ မြေဩဇာကောင်းတဲ့ နေရာစိုက်စိုက် မြေဩဇာ မကောင်းတဲ့ နေရာစိုက်စိုက် နောက်ဆုံး တောင်ထိပ်တက်ပြီး လယ်လုပ်အုံး အသီးနှံ ထွက်လာတာပဲ။ ဒါကြောင့် လယ်လုပ် တတ်သူအဖို့ မြေနေရာရွေးဖို့ မလိုဘူး။ ဉာဏ်နုသူတွေကတော့ လယ်မလုပ်တတ်သူနဲ့ တူတယ်။ လယ်မလုပ်တတ်သူဟာ မြေဩဇာကောင်းတဲ့ နေရာကို ရွေးချယ်ပြီးလုပ်မှ အသီးအနှံ ရတယ်။ ဒါကြောင့်လှူတဲ့ တန်းတဲ့ နေရာမှာ ပုဂ္ဂိုလ်ရွေးချယ်ပြီး လှူ ကြဖို့ ဝိစေယျ ဒါနံ ဒါတဗ္ဗံ-ကို ဟောတာဘဲ (ဘဒ္ဒန္တသူရိယာဘိဝံသထေရုပ္ပတ္တိကထာ၊ စာ-၁၁၅)’။

ဘာကြောင့်

ဘာကြောင့် ဆိုတာတော့ ဘုန်းကြီးလည်း မသိဘူး။ သက်ဆိုင် သူတို့ပဲသိမှာ။ အင်း..ဘုန်းကြီးတို့ကိုယ်တိုင်လည်း အဲဒီဘုရားဂေါပက ဘုန်းကြီးကျောင်းဂေါပက ဆိုတာတွေနဲ့ တစ်နည်း မဟုတ်တစ်နည်း ပတ်သက်နေတော့ အပြစ်တင်ရင်လည်း ခံရ မှာပဲ။ ဂေါပကအဖွဲ့တွေ နာဂစ်ဒုက္ခသည်တွေကိုကူညီ ထောက် ပံ့တဲ့ သတင်းအစအနကို ဘုန်းကြီးလည်း မတွေ့မိဘူး။ ဒီကိစ္စ မှာ ရဟန်းသံဃာတစ်ပါး အနေနဲ့ စေတီပိုင် သံဃာပိုင်ပစ္စည်း တွေကို စီမံဆုံးဖြတ်ဖို့ဆိုရင် နည်းလမ်းရှာဖွေရမှာ ဖြစ်ပေမယ့် လူတွေအနေနဲ့ တော့ မခက်ခဲနိုင်ဘူး။ ရွှေတိဂုံဘုရားထဲမှာ ဌာပနာထားတဲ့ လေးဆူသော ဓာတ်တော်တို့ရဲ့ ပိုင်ရှင် ဗုဒ္ဓလေးဆူ သာ နာဂစ်အချိန်ကရှိနေမယ်ဆိုရင် ‘စေတီတော်ကို ပြုပြင်မွမ်းမံဖို့ လှူထားတဲ့ (အဲဒီလောက် များပြားဖွယ်ရှိတဲ့) ငွေတွေထဲက ပိုလျှံတဲ့ ငွေအချို့ကို အလှူရှင်တွေ စိတ်ချမ်းသာစေတဲ့ နည်းနဲ့ နာကျင်ခါးသီးစွာ ခံစားခဲ့ကြရတဲ့ နာဂစ် ဒုက္ခသည်တွေကို လှူဒါန်းဖို့ ငါဘုရားခွင့်ပြုတယ်’လို့ မိန့်တော်မူမှာ သေချာပါတယ်။

အကယ်၍ အဲဒီ ဘုရားပိုင်ငွေတွေကိုလုပ်ပိုင်ခွင့်ရှိသူ တစ်ဦး သို့တည်းမဟုတ် အာဏာပိုင်အဖွဲ့အစည်း တစ်ခုက ၎င်းတို့ ရဲ့ကိုယ်ကျိုးအတွက် အပိုင်စီးထားလို့ လုပ်ချင်လျက်လုပ်သင့်လျက် မလုပ်ခဲ့ရတာ ဆိုရင်တော့ ရှင်တော် ဗုဒ္ဓက အဲဒီလူတွေကို ဝစဂေါတ္တကို မိန့်တော်မူသလို ဖြတ်တိုက်ဓားပြ (ပါရိပန္ထိက)တွေလို့ ဆိုလေမလား။

ဇန်နဝါရီ ၂၀၊ ၂၀၁၄။

---

၃၄၀။ ဘုရားဆေး

အရှင်ဘုရား .. တပည့်တော်မရဲ့ အဖေဟာ ရိုးသားပေမယ့် အတိတ်ကံနည်းလို့ ဘဝမှာ အလွဲလွဲအချော်ချော်နဲ့ အမြဲ ကြုံရ ပြီး ယခုအသက်ငါးဆယ်နား ကပ်လာချိန်ထိ နေသားမကျ စီးပွားရေးလုပ်ရင်လည်း အဆင်မပြေ ဖြစ်နေပါသည်။ ရာထူး အာဏာ ရှိသော်လည်း မမြဲ၊ မြဲပြန်လည်း သူများလက်အောက်မှာ သိမ်သိမ်ငယ်ငယ်နဲ့ ပဲရှိနေရပါတယ်။

တပည့်တော်မရဲ့ အဖွားက အမေ့ကို မကြည်ဖြူတဲ့ အပြင် အဖွားက လောဘကြီးသူမို့ သူ့သား (အဖေ့)အပေါ်မှာ ‘ချမ်းသာ ပေမယ့် မိဘကို မသိတတ်ဘူး၊ ကံကြီးထိုက်တယ်’ဆိုပြီး အမြဲ ပြောပါတယ်။ အဖေရဲ့ မောင်နှမသားချင်တွေလည်း အဖေ့ကို အဲဒီလို ပြောကြပါတယ်။ တပည့်တော်မ သိသလောက် အဖေဟာ မိဘကို မထောက်ပံ့နိုင်တာက လွဲလို့ မိဘကို တစ်သက် လုံး ဒုက္ခမပေးခဲ့တဲ့ သူပါ။ အဖေအနေနဲ့ သူ့ရဲ့မိသားစု (တပည့်တော်မတို့ မိသားစု)အတွက် ရုန်းကန်နေရလို့ မထောက်ပံ့နိုင် တာသာ ဖြစ်ပါတယ်။ အဖေ့မှာ အမြဲတမ်း ဘာလုပ်လုပ် အဆင်မပြေ ဖြစ်ရတာမို့ သမင်းမွေးရင်း ကျားစားရင်း ဖြစ်နေရတဲ့ အတွက် သူ့မိသားစုအတွက်သာ ဦးစားပေးရတာ ဖြစ်ပါတယ်။ အဖေရှာသမျှ အဖေ့အတွက် အဆင်ပြေအောင် လုပ်ပေးရင်းနဲ့ ကုန်တာများပါတယ်။

တပည့်တော်မက ဘုရားဆေး တရားဆေးကို ဗေဒင် ယတြာထက် ပိုယုံကြည်ပါတယ်။ အဖေကို စီးပွားရေးတစ်ခု အတည်တကျနဲ့ တည်တည်ငြိမ်ငြိမ် ရှိအောင် အဓိဋ္ဌာန်ဝင်ပြီး လုပ်ပေးချင်ပါတယ်။ အဖေ့မှာ ရှိခဲ့ဖူးသမျှ ဝဋ်ကြွေးတွေ ကျေပြီး အဖေ့ရဲ့ ရိုးဂုဏ်လေးနဲ့ သက်သောင့်သက်သာ နေနိုင်အောင် ဘယ်လိုဘုရားဆေးတရားဆေးနဲ့ ကုသရမယ်ဆိုတာကို သင်ကြား မျှဝေပေးပါ အရှင်ဘုရား။

ကျေးဇူးတင်လျက် ဖေ့သမီး

---

မေးခွန်း

‘အဖေဟာ ရိုးသားပေမယ့် ဘဝတစ်လျှောက် အဆင်မပြေဘူး။ အဖေရဲ့အမေ (အဖွား)နဲ့ အဖေ့ညီအစ်ကို မောင်နှမတွေကတော့ အဖေဟာ ချမ်းသာလျက် မိဘကို ပြန်မကြည့်လို့ ကံကြီးထိုက်တယ်လို့ ထင်နေပြီး အမေ (အဖွားရဲ့ချွေးမ)ကိုလည်း ယင်းတို့က အမြင်မကြည်။ အမှန်က အဖေ့မိသားစုမှာ အဖွားထင်သလို မချမ်းသာဘဲ ရရစားစား အဆင့်သာဖြစ်လို့ သူ့မိသားစု (အဖေ့ မိသားစု)ကိုပဲ ထောင်ပံ့နိုင်တာ။ ဒါကြောင့် အဖေ ချမ်းသာဖို့ သမီးက ဘယ်လို ဘုရားဆေးနဲ့ ကုစားရမလဲ’လို့ မေးလိုတာ ဖြစ်ရင် ဒီလိုပြန်တွေးကြည့်ရအောင်..

စွမ်းရည်မြှင့်

ဘုန်းကြီးရဲ့ နားလည်မှုအရ ‘အမိသတ်၊ အဖသတ်၊ ရဟန္တာ သတ်၊ သက်ရှိဗုဒ္ဓကို သွေးခြည်ဥအောင် လုပ်၊ သိမ် အတွင်းရှိ သံဃာကိုကွဲအောင်လုပ်ဆိုတဲ့ ကံငါးမျိုး’ကိုကျူးလွန်မှ ကံကြီး ထိုက်တယ်။ မိဘကို ငွေကြေးမထောက်ပံ့ရုံနဲ့ ကံကြီး မထိုက်ဘူး။ ကိုယ့်မှာ ပြည့်စုံပိုလျှံလျက် မပြည့်စုံတဲ့ မိဘကို မထောက်ပံ့ရင်တော့ ဝတ္တရား မကျေပွန်ရာ ကျတယ်။ ပြည့်စုံရုံလောက် ဆိုရင် တောင်ကိုယ်ဖန်ဆင်းတဲ့ ကိုယ့်မိသားစုအရေးကို ဦးစားပေးသင့်တာလည်း အမှန်ပါပဲ။ မြန်မာ့ယဉ်ကျေးမှုအရ မိဘတွေ အနေနဲ့ အပြင်ပန်းအရ ပြည့်စုံနေတယ်လို့ ထင်တဲ့ သားသမီး တွေဆီက မျှော်လင့်ခွင့်ရှိတာလည်း မမှားဘူး။ အဲဒီ ဘက်နှစ်ခု အကြား နားလည်နိုင်မှုနဲ့ အနစ်နာခံနိုင်မှု စွမ်းရည်က လွဲပြီးအခြားအရာနဲ့ ကုစားနိုင်ဖို့ ခက်တယ်။ ဘာလို့ဆို ပြည့်စုံလို့ ပေးရင် တောင်နည်းနည်းပဲ ပေးတယ်လို့ ဖြစ်လာနိုင်သေးတယ်။

အလိုမပြည့်

ဦနော လောကော အတိတ္တော တဏှာဒါသော = လူအပေါင်းသည် အလိုမပြည့် (ယုတ်လျော့လျက်သာရှိ၏)၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ ကျွန်တည်း (မ၊၂၊၂၅၆)’လို့ အရှင်ရဋ္ဌပါလမိန့်တော် မူဖူးပါတယ်။ ဆိုပါတော့ .. ‘ရာထူး အာဏာလည်းမြဲ၊ ထည်ထည်ဝါဝါ (သိမ်သိမ်ငယ်ငယ် မဟုတ်ဘဲ)လည်းရှိ’ ခဲ့ရင် ကော ကျေနပ်နိုင်မယ်လို့ ထင်ပါသလား။ တစ်သက်လုံး ရာထူး အာဏာကို ဆုပ်ကိုင်ထားပြီး မောက်ကြွနိုင်ခဲ့သူတွေကို မေးကြည့် စမ်းပါ ‘ကိုယ့်လူတို့ အလိုဆန္ဒ ပြည့်ဝခဲ့ပါရဲ့လား’လို့။ ‘No’လို့ ဖြေပါလိမ့်မယ်။ ‘ကောင်းတာကို လုပ်ပေးလျက်နဲ့ လူတွေက တို့ကို မကောင်းမြင်ကြတယ်’လို့ တစ်ခုခုကို မကျေနပ်တာ မပြည့်စုံတာ ညည်းတာတွေ သူတို့ဆီက ကြားရပါလိမ့်မယ်။

ဒါကြောင့် မှန်းသလောက် မအောင်မြင်တာမျိုး ကြုံလာရင် ‘လောကမှာကိုယ့်လောက် မဖြစ်သူတွေ အများကြီးပါ’လို့ ဆင်ခြင်ပြီး သန္တုဋ္ဌိ (ရောင့်ရဲခြင်း)နဲ့ ကိုယ့်စိတ်ကို ဖြေနိုင်မှ ‘ရိုးဂုဏ် လေးနဲ့ သက်သောင့်သက်သာ’နေနိုင်မှာ။ ပစ္စည်း မချမ်းသာပေမယ့် စိတ်ချမ်းသာမယ်ဆိုတဲ့ သဘောပါ။

ဘုရားဆေး

ဘာပဲဖြစ်ဖြစ် .. အလိုမပြည့်နိုင်တဲ့ လောကအတွက် ဘုရား ဆေးလေး တစ်ခွက်တော့ ရှိသင့်တာပဲ။ ‘ကုသိုလ်ထူး တစ်ခု ပြုပြီးနောက် မိမိ ဖြစ်လိုရာမှာ စိတ်ကိုထား .. အဓိဋ္ဌာန်ပြု .. ပွားများရင် မိမိမှာသီလနှင့် ပြည့်စုံပါက တောင့်တတာကိုရနိုင် ကြောင်း’ ရှင်တော်ဗုဒ္ဓ ဟောကြားပါတယ်။ ဒါကြောင့် ကိုးပါး သီလ (အိမ်ထောင်ရှိရင် အာဇီဝဋ္ဌမကသီလ) နဲ့ ‘ဗုဒ္ဓါနုဿတိ (ဘုရားဂုဏ်တော်ကိုးပါး) ပုတီးစိပ်ပါ’၊ သို့မဟုတ် ဘုရားမှာ ဆွမ်း ပန်း ရေချမ်း နှစ်သက်ရာ ကပ်လှူပါ။ နေ့ရက်၊ အချိန်၊ နေရာတွေကို အဓိဋ္ဌာန်ပြု (မပျက်မကွက်လုပ်မယ်လို့ ဆုံးဖြတ် ချက်ချ) နိုင်တယ်။ ဥပမာ .. တစ်ပတ်ကို ငါးရက်၊ နံနက် ကိုးနာရီ၊ အိမ်ကဘုရားမှာ ..စသည်။ တစ်ပတ်အောင်မြင်ရင် တစ်လ၊ နှစ်လ၊ သုံးလ .. ဆက်တိုးသွား။ အောင်မြင်ပြီးတဲ့ အခါ ‘မိမိ ဖြစ်လိုရာမှာ စိတ်ကိုထား .. အဓိဋ္ဌာန်ပြု .. ဆုတောင်း ပါ’။ ကောင်းမှုအတွက် ကောင်းကျိုး ရှိမြဲဆိုတဲ့ ဗုဒ္ဓဝါဒ ယုံကြည်မှုအရ ကောင်းတဲ့ အလုပ်ဟာ သင့်ဘဝ အောင်မြင်ရေး အတွက် ဘုရားဆေး တရားဆေးပါပဲ။

နောက်တစ်ဆင့် .. အားလပ်တဲ့ အချိန် ပရဟိတဆောင်ရွက်တဲ့ နေရာတွေမှာ လုပ်အားပေး၊ တတ်စွမ်းသမျှ ကူညီ ထောက်ပံ့။ ဒီလိုနဲ့ အများအကျိုးဆောင်ရင်းကိုယ့်အကျိုးလည်း အောင်မြင်ပါလိမ့်မယ်။

ဇန်နဝါရီ ၁၃၊ ၂၀၁၄။

---

၃၄၁။ မေတ္တာကျည်နဲ့ ပစ

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ တပည့်တော်မသည် အာစိဏ္ဏကံဖြစ်အောင် နေ့စဉ်နေ့တိုင်း သံဃာတော် အရှင်သူမြတ်တို့ကို ဆွမ်းမပြတ် လုပ်ကျွေးလှူဒါန်း ပါသည်။ ယခုဆိုလျှင် ဆွမ်းတင်မက ဆွမ်းဟင်းပါအနည်းဆုံး နှစ်မျိုး ထပ်တိုးပြီး လှူလာသည်မှာ တစ်နှစ်ကျော်လာခဲ့ပါပြီ ဘုရား။ တပည့်တော်မက တရုတ်စစ်စစ်ပါဘုရား။ ကံကံ၏အကျိုး တရားကို လေးနက်စွာ ဗုဒ္ဓတရားတော်နှင့်အညီ ကျေးဇူးရှင် သံဃာတော် အရှင်မြတ်တို့၏ လမ်းညွှန်မှုကြောင့် အမည်ခံ ဗုဒ္ဓ ဘာသာအဖြစ်မှ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လာခဲ့ရပါသည် အရှင်ဘုရား။ တပည့်တော်တို့ မိသားစုက သိပ်ပြေလည်လှတာ မဟုတ် ပါဘုရား။ တစ်ခါတလေ နောက်နေ့စားဖို့အတွက်တောင် ပူပန်နေရတာမျိုးပါ ဘုရား။ ဘယ်လိုအနေအထားဖြစ်နေနေ နေ့စဉ် ဆွမ်းဆွမ်းဟင်းလှူဒါန်းမှု မပျက်စေရအောင်ကြိုးစား လှူခဲ့ကြပါတယ် အရှင်ဘုရား။ ရက်တော်တော် များများမှာ မနက်ပိုင်း လှူတာ သဒ္ဓါပိုပိုသွားလို့ ညနေစာကို မိသားစု ကြက်ဥကြော် စားခဲ့ပေမယ့် တစ်ချက်ကလေးမှ ယခုအချိန်ထိ သဒ္ဓါ မညှိုးခဲ့တာ မှန်သောသစ္စာပါဘုရား။

ဒီလောက် မရှိလျက်နဲ့ လှူနိုင်တဲ့ တပည့်တော်တို့ရဲ့ အလှူကို အမြဲပီတိဖြစ် ဂုဏ်ယူမိပါတယ်ဘုရား။ လူတစ်ထောင် တစ်ယောက်ပြုနိုင်ခဲတဲ့ ထိုကုသိုလ်ကောင်းမှုကိုလည်း အရှင်ဘုရား တို့အား အမျှပေးဝေပါတယ် ဘုရား။ တပည့်တော်မ ကြည်နူးလွန်းလို့ ဒါနကုသိုလ်ကိုအရင် လျှောက် ထားတာပါဘုရား။

ယခု အဓိက လျှောက်ထားလိုတာကတော့ တပည့်တော်မ ၂၀၁၃-ခုနှစ်၊၁၁-လ၊၁၇-ရက် (၃၇)နှစ်ပြည့် မွေးနေ့မှစ၍ ပဋ္ဌာန်းအကျဉ်းနဲ့ အကျယ်ကို နေ့စဉ် ညနေ ၆-နာရီတိုင်း ရွတ် ဖတ်ပူဇော်လာသည်မှာ ယနေ့ထိ မပျက်ပါဘုရား။ ထူးခြားသည်မှာ တပည့်မ၏ လည်ပင်းကို ညှစ်ထားသလို ခံစားရခြင်း၊ မေးရိုး အကြောတစ်ဝိုက် ညောင်းပြီး တင်း၍ ကိုက်လာခြင်း၊ ခေါင်းတစ်ခုလုံး ထုံကျဉ်နေခြင်း၊ အိပ်မပျော်တော့ဘဲ သေတော့မည် ဟု ခံစားနေရခြင်း၊ အလိုလို ကြောက်ရွံ့စိတ် ဖြစ်ပေါ်နေခြင်းများ ခံစားနေရပါသည် ဘုရား။ လွန်ခဲ့သော ဆယ်နှစ်ခန့်ကလည်း ပဋ္ဌာန်းအကျယ်ကို နေ့စဉ်မပျက် တစ်နှစ်ကျော်ခန့်ရွတ်ခဲ့စဉ်ကလည်း ထပ်တူဖြစ်ပေါ်ခဲ့ဖူးပါသဖြင့် ဆက်မရွတ်ဖြစ်ဘဲ ရပ်နားခဲ့ရာ ပြန်ကောင်းသွားခဲ့ပါသည်။

တပည့်တော်မ အကုသိုလ် အလွန်ကြီးခဲ့သည်ဟု ယူဆပါသည်။ အတိတ်ဘဝများက အလွန်မြင့်မြတ်သည့် ပဋ္ဌာန်းဒေသ နာတော်မြတ်ကြီးအားလည်း ကောင်း၊ ပူဇော်သည့် ပုဂ္ဂိုလ်များ အားလည်းကောင်း စော်ကားခဲ့မိသည့် အကုသိုလ်အကြောင်း တရားများရှိမည်လား မသိပါဘုရား။ ကံကောင်းလို့ လူဖြစ်လာ တော့လည်း အမည်ခံ ဗုဒ္ဓဘာသာဘဝသို့ ရောက်ခဲ့ပြီးမှ ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သူ ခင်ပွန်းသည်ကြောင့် တပည့် တော်မရော တပည့်တော်မရဲ့ မိဘဆွေမျိုးများပါ မိမိလုပ်သည့် ကံတည်းဟူသော အကြောင်းကြောင့် အကျိုးဖြစ်ရသည်ကို ယုံကြည်သည့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာရပါသည်။

အကုသိုလ် ကြီးလှသည့် တပည့်တော်မ၏ ဝေဒနာများကို ကုစားနိုင်မည့် နည်းလမ်းကို သနားသောအားဖြင့် မေတ္တာရှေ့ ထား၍ ညွှန်ကြားပေးတော်မူပါ အရှင်ဘုရား။

စာကြွင်း။။ တပည့်တော်မတို့သည် သံဃာအစရှိသော အလှူခံပုဂ္ဂိုလ်များကို အချိန်မရွေး ငွေပိုရှိလျှင် ဝတ္ထုငွေ၊ ဆွမ်းဆန် စိမ်း၊ ကြက်သွန်ဖြူနီကစ တတ်အားသရွေ့နေ့စဉ်လှူဒါန်းရသော ကုသိုလ်ကြောင့် နေ့စဉ်စားဖို့ ပူပန်နေရသော်လည်း အာစိဏ္ဏကံ ကုသိုလ်ကြောင့် ဆန်ဆီများမှာ အလိုလိုပြည့်စုံခြင်း၊ မမျှော်လင့်ဘဲ လက်ဆောင်ရခြင်း၊ ကုန်ခါနီးလျှင် မမျှော်လင့်ဘဲ နည်းပေါင်း စုံဖြင့် ပိုက်ဆံဝင်ခြင်း၊ ကိုယ်တိုင် ဝယ်မစားနိုင်သော အရာများ၊ မစားဖူးသော အရာများ သူတစ်ပါး ပေးလာ ကျွေးလာ ခြင်းတို့သည် ဒါန၏ လက်တွေ့ အကျိုးတရားများဟု အကြွင်းမဲ့ ယုံကြည်ပါသည် အရှင်ဘုရား။ အကျိုးများမည် ဆိုပါလျှင် တပည့်တော်မတို့၏ ကိုယ်တွေ့များကို ပြန်လည်မျှဝေနိုင်ပါကြောင်း လျှောက်ထားပါသည် အရှင်ဘုရား။

ရိုသေစွာဦးတင်လျက်

မသေခင်တတ်နိုင်သမျှ အမြတ်ယူသွားမည့်

တပည့်တော်မ မစန်းစန်းဝင်း (တရုတ်အမည်ကျန်းကျီမြင့်) အမှတ် ၅၈၊ ၄-လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

---

သာဓုပါ

သူတော်ကောင်းမတို့ ကြည်နူးလွန်းလို့ ရင်ထဲက လှိုက်လှိုက် လှဲလှဲ မျှဝေတဲ့ ပတ္တိဒါန ကုသိုလ်မွန်ကို ဘုန်းကြီးတို့ သာဓုခေါ် ပါတယ်။ သာဓု .. သာဓု.. သာဓု။ သဒ္ဓါတရားလည်းကောင်း၊ စိတ်ထားလည်း ဖြောင့်သူတို့မှာ ဉာဏ်နဲ့ ဝီရိယလေး ကူပေး လိုက်ရင် မပြည့်စုံတဲ့ ရက်တာမရှည်နိုင်ပါဘူး။ ကြိုးစားပြီးလုပ်ပါ။ ဗုဒ္ဓရဲ့ အဆုံးအမကို သောတာပန်တို့ရဲ့ သဒ္ဓါတရားနဲ့ တူစွာ လိုက်နာ ကျင့်သုံးနိုင်တာကို ဘုန်းကြီးတို့လည်း အတုယူနိုင် အောင် ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ်။

နာနာပစ်

ဘုရားရေ .. ဖြစ်မှဖြစ်ရလေ၊ ပဋ္ဌာန်းအကျဉ်းနဲ့ ပဋ္ဌာန်းအကျယ် ကိုရွတ်ဖတ်ပူဇော်လို့ သေတော့မလိုခံစားရတယ်လို့။ ဝီရိယ ပြင်းထန်လွန်းလို့ သို့မဟုတ် အရင်ကတည်းက ကြာကြာထိုင်ရ ခက်တဲ့ အခြေအနေရှိနေလို့ ပဋ္ဌာန်း ရွတ်ချိန်ကျမှ တိုက်ဆိုင် သွားတာများလား။ ဆရာတော်ဘုရားတွေဟောတဲ့ တရားတွေ ရေးသားတဲ့ စာတွေမှာတော့ ပဋ္ဌာန်းရွတ်ပြီးမှ စီးပွားရေး အောင်မြင်လာတာတို့၊ မမျှော်လင့်ဘဲ အိမ်ပိုင်ယာပိုင် ဖြစ်သွား တာတို့၊ ရောဂါပျောက်သွားတာတို့ပဲ ကြားဖူးပါတယ်။ ဣရိယာပုတ် ပြောင်းပြီး ရွတ်ကြည့်ပါလား။ ဥပမာ .. ထိုင်ချည်း မရွတ်ဘဲ မတ်တတ်ရပ် ဒါမှမဟုတ်လမ်းလျှောက်ပြီးလည်းရွတ် ကြည့်။ အသံကို နည်းနည်းလျှော့။ ဆက်တိုက် မရွတ်ဘဲ ဝေဒနာပေါ်လာရင် ခဏနားလိုက်၊ ပြီးမှ ဆက်ရွတ်။ သမာဓိရရင် စိတ်ထဲကရွတ်လည်း ဖြစ်တာပဲ။

ကိစ္စမရှိ .. ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်လို့ ဘယ်တော့မှ ‘မာလကစျာန်မကြွနိုင်ဘူး’လို့ လုံးဝယုံကြည်ပြီး ဆက်သာ ရွတ်ပါ။ ပဋ္ဌာန်းရွတ်တုန်း ဘေးက ဝင်လာနိုင်တဲ့ အနှောင့်အယှက်တွေ ဖြစ်တဲ့ မေးရိုးတွေ ညောင်းတာတင်းတာ၊ ခေါင်းတစ်ခုလုံး ထုံကျဉ်တာ၊ အိမ်မပျော်ဘဲ ကြောက်စိတ်ဝင် တာတွေ မဖြစ်လာအောင် ကာကွယ်ပေးမယ့် အစွမ်းထက်တဲ့ ကျည်ဆံတွေ ဘုန်းကြီး အခု ပေးမယ်။ ပဋ္ဌာန်းမရွတ်ခင် အဲဒီ ကျည်ဆံနဲ့ ပစ်မှတ်တွေကို ထိအောင် နာနာပစ်၊ ဘယ်ကောင်မှ မကပ်နိုင်တော့ဘူး..

ကျည်ဆံ

ဟောဒီမှာ ကျည်ဆံ၄-မျိုး..
၁)အဝေရာဟောန္တု=ရန်သူ ကင်းဝေးကြပါစေ
၂)အဗျာပဇ္ဇာဟောန္တု=စိတ်ဆိုးဒေါသ ဗျာပါဒ ကင်းကြပါစေ
၃) အနီဃာ ဟောန္တု = နှိပ်စက်ညှဉ်းပန်း ခံရခြင်း ကင်းကြပါစေ
၄) သုခီ အတ္တာနံ ပရိဟရန္တု = နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အချိန်မရွေး ထည့်ပစ်နိုင်အောင် နှလုံးသား ခါးပိုက်ထဲ ထည့်ဆောင်ထား။ ဒီကျည်ဆံက ဝေးဝေးသွားတယ်၊ ဘယ် လောက် ပစ်ပစ်မကုန်ဘူး။ ဘယ်ကိုပစ်ရမှာလဲ..

ပစ်မှတ်

ဟောဒီမှာ ပစ်မှတ် ၁၂-ခုရှိတယ်။

ပထမအုပ်စု (မရည်ညွှန်း) ၅ မျိုး ..
၁)သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး
၂)သဗ္ဗေ ပါဏာ = အသက်ရှူသူအားလုံး
၃)သဗ္ဗေ ဘူတာ = ဖြစ်ဆဲသတ္တဝါအားလုံး
၄)သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ်အားလုံး
၅)သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = ခန္ဓာရှိသူအားလုံး။

ဒုတိယအုပ်စု (ရည်ညွှန်း) ၇ မျိုး ..
၁)သဗ္ဗာ ဣတ္ထိယော =မိန်းမအားလုံး
၂)သဗ္ဗေ ပုရိသာ = ယောကျ်ားအားလုံး
၃)သဗ္ဗေ အရိယာ = =အရိယာပုဂ္ဂိုလ်အားလုံး
၄)သဗ္ဗေ အနရိယာ = အရိယာမဟုတ်သူအားလုံး
၅)သဗ္ဗေဒေဝါ = နတ်ဗြဟ္မာအားလုံး
၆)သဗ္ဗေ မနုဿာ = လူသားအားလုံး
၇)သဗ္ဗေ ဝိနိပါတိကာ =အပါယ်ဘုံသားအားလုံး။

ပစ်ကြည့်

သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး .. အဝေရာ ဟောန္တု = ရန်သူကင်းကြပါစေ၊

သဗ္ဗေ သတ္တာ = သတ္တဝါ အားလုံး .. အဗျာပဇ္ဇာ ဟောန္တု =စိတ်ဆိုး ဒေါသ ဗျာပါဒ ကင်းကြပါစေ၊

သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး .. အနီဃာ ဟောန္တု = နှိပ်စက်ညှဉ်းပန်း ခံရခြင်း ကင်းကြပါစေ၊

သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး .. သုခီ အတ္တာနံ ပရိဟရန္တု = နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ။
(ကျည်ဆံ၄-တောင့် ရှိပြီ)။

သဗ္ဗေ ပါဏာ = အသက်ရှူသူ အားလုံး .. အဝေရာ ဟောန္တု = ရန်သူကင်းကြပါစေ၊

သဗ္ဗေ ပါဏာ = အသက် ရှူသူအားလုံး .. အဗျာပဇ္ဇာ ဟောန္တု=စိတ်ဆိုး ဒေါသ ဗျာပါဒ ကင်းကြပါစေ၊

သဗ္ဗေ ပါဏာ = အသက်ရှူသူ အားလုံး .. အနီဃာ ဟောန္တု = နှိပ်စက်ညှဉ်းပန်း ခံရခြင်း ကင်းကြပါစေ၊

သဗ္ဗေ ပါဏာ = အသက်ရှူသူအားလုံး .. သုခီ အတ္တာနံ ပရိဟရန္တု = နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ။
(နှစ်ခုပေါင်း ကျည်ဆံ ၈-တောင့်ရှိပြီ)။

အဲဒီအတိုင်းပစ်မှတ် ၁၂-ခုလုံးကိုကျည်ဆံ ၄-တောင့်စီနဲ့ ပစ်ကြည့်။ စုစုပေါင်းကျည်ဆံ ၄၈-တောင့်သုံးရမယ်။

အရပ် ၁၀-ခု

၁)ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ်
၂)ဒက္ခိဏာယ ဒိသာယ = တောင်အရပ်
၃)ပစိမာယ ဒိသာယ = အနောက်အရပ်
၄)ဥတ္တရာယ ဒိသာယ = မြောက်အရပ်
၅)ပုရတ္ထိမာယ အနုဒိသာယ = အရှေ့တောင်
၆)ဒက္ခိဏာယ အနုဒိသာယ = အနောက်တောင်
၇)ပစိမာယ အနုဒိသာယ = အနောက်မြောက်
၈)ဥတ္တရာယ အနုဒိသာယ = အရှေ့မြောက်
၉)ဟေဋ္ဌိမာယ ဒိသာယ = အောက်အရပ်
၁၀)ဥပရိမာယ ဒိသာယ = အထက်အရပ်

အရပ်နှင့် ပစ်မှတ်တွဲ

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး ..အဝေရာ ဟောန္တု = ရန်သူကင်းကြပါစေ၊

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး.. အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆိုး ဒေါသ ဗျာပါဒ ကင်းကြပါစေ၊

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး .. အနီဃာ ဟောန္တု = နှိပ်စက်ညှဉ်းပန်း ခံရခြင်း ကင်းကြပါစေ၊

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး .. သုခီ အတ္တာနံ ပရိဟရန္တု = နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
(ကျည်ဆံ၄-တောင့် ရှိပြီ)။

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ ပါဏာ = အသက် ရှူသူအားလုံး.. အဝေရာဟောန္တု = ရန်သူကင်းကြပါစေ၊

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ ပါဏာ = အသက်ရှူသူအားလုံး .. အဗျာပဇ္ဇာ ဟောန္တု = စိုးရိမ်သောက ဗျာပါဒ ကင်းဝေးကြပါစေ၊

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ ပါဏာ = အသက်ရှူသူအားလုံး..အနီဃာဟောန္တု=နှိပ်စက်ညှဉ်းပန်းခံရခြင်းမှ ကင်းဝေးကြပါစေ၊

ပုရတ္ထိမာယ ဒိသာယ = အရှေ့အရပ် .. သဗ္ဗေ ပါဏာ = အသက်ရှူသူ အားလုံး .. သုခီ အတ္တာနံ ပရိဟရန္တု = နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ။
(နှစ်ခုပေါင်း ကျည်ဆံ ၈-တောင့်ရှိပြီ)။

စုစုပေါင်း

ပစ်မှတ် ၁၂-ခုကို ပစ်ပြီးရင် အရှေ့အရပ်မှာ ကျည်ဆံ ၄၈- တောင့် ဖြစ်မယ်။ ကျန်တဲ့ အရပ် ၉-ခုမှာလည်း ၄၈-တောင့်စီ ပစ်ရမှာပဲ။ ဒီတော့ ပစ်မှတ် ၁၂-ခုနှင့် အရပ် ၁၀-ကို တွဲပစ် ရာမှာ စုစုပေါင်း ကျည်ဆံ၄၈၀-ရှိမယ်။

အရပ်နဲ့ မတွဲဘဲ ပစ်ခဲ့တဲ့ ကျည်ဆံ၄၈-တောင့်နဲ့ ပေါင်းရင် စုစုပေါင်း ကျည်ဆံ ၅၂၈-တောင့်။ ပဋ္ဌာန်း မရွတ်ခင် အဲဒီ ကျည်ဆံ ၅၂၈-တောင့်ထဲက အနည်းဆုံး ၁၅၀-လောက်စီ ပစ်ပြီးမှ ရွတ်ရင် နာကျင်ထုံကိုက် ဝေဒနာတွေ တဖြည်းဖြည်း သက်သာ ပျောက်ကင်း သွားပါလိမ့်မယ်။ ကြိုးစားကြည့်ပါ ..

အောင်မြင်ပါစေ။

ဇန်နဝါရီ ၂၀၊ ၂၀၁၄။

---

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား..

၃၄၂။ သပိတ်ကျန်

မေးစရာလေး တစ်ခုကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ နာမည်ကြီးသည့် ဆရာတော်အချို့မှာ ၎င်းတို့ သုံးပြီးသား ဆွမ်း ဟင်းကျန်၊ သောက်ပြီးသား ကော်ဖီ လဘက်ရည် စသည်ကို ဘုန်းကြီးကျောင်းသားနှင့် လူဒကာတို့အား ပေးစွန့်ပြီး စားခိုင်း သောက်ခိုင်းသည်ကို တွေ့ရပါသည်။ ကျောင်းသားနဲ့ လူဒကာ တွေကလည်းဆရာတော်ကြီး သုံးဆောင်ပြီးသား ဆွမ်းကျန်ကို စားလျှင် ဘေးရန်ကွာရှင်း ရောဂါကင်းတယ်လို့ အယူရှိပြီး စွန့်သည့် ဆွမ်းစသည်ကို စားသုံးလေ့ရှိကြပါသည်။

တပည့်တော်မ အနေဖြင့် ထိုကိစ္စကို လက်ခံရန် ခက်ခဲ နေပါသည်။ သုံးပြီးသား ဆွမ်းဟင်းကျန်စသည်ကို စားသောက် ပါက အမှန်ပဲ အန္တရာယ် ကင်းနိုင်ပါသလား၊ ဆရာတော်မှာ တီဘီလို ကူးစက်ရောဂါမျိုး ရှိနေမှန်းမသိလို့ ကူးလျှင် မခက်ဘူးလားလို့လည်း ကြံကြံဖန်ဖန် တွေးမိနေပါသည် အရှင်ဘုရား။ တပည့်တော်မ ဆရာတော် သံဃာတော်တွေရဲ့သီလဂုဏ်ကို လေးစား ရိုသေပါသည် အရှင်ဘုရား။ မှားလျှင်လည်း ခွင့်လွှတ်ပါ အရှင်ဘုရား။

သန်းသန်းနု၊ ပုသိမ်

---

စဉ်းစားနိုင်ဖို့ အတွေးစလေးတွေ ဖော်ပေးထားပါတယ်။ အဖြေနဲ့ မဆိုင်ဘူးလို့ တော့ မဆိုပါနဲ့။ ဖတ်ပြီးမှ မိမိဘာသာပဲ အဖြေကို စဉ်းစားပါ။ လူတစ်ဦးရဲ့ ယုံကြည်မှုဆိုတာကို ဒဲ့ကြီး ပြောရတာခက်သား..

ဆွမ်းမြတ်

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး ပါဝါမြို့က ရွှေပန်းထိမ်သည့်သား စုန္ဒရဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးစဉ် စုန္ဒကပ်လှူတဲ့ ‘သူကရ မဒ္ဒဝ’ဆွမ်းဟာ အထွတ်မြတ်ဆုံးပဲ။ ဒါပေမယ့် အဲဒီဆွမ်းထဲမှာ နတ်တွေက နတ်ဩဇာတွေထည့်လို့ ဗုဒ္ဓမှတစ်ပါး မည်သူမျှ အစာမကြေနိုင်တဲ့ အတွက် ဗုဒ္ဓက အဲဒီဆွမ်းကို ရဟန်းတွေကိုရော လူတွေကိုပါ မစားသုံးစေဘဲ တွင်းတူးပြီး မြေမြှုပ်ခိုင်းတယ်။

ဒီတော့ ရှင်တော်ဗုဒ္ဓ သုံးဆောင်လို့ ကျန်တဲ့ ဆွမ်းမြတ် တောင် အခါခပ်သိမ်း အန္တရာယ်မကင်းဘူးဆိုတာကို နားလည် နိုင်တယ်။ သိတော်မူမြင်တော်မူပြီး အင်မတန် တာဝန်သိတတ် လွန်းတဲ့ မြတ်ဗုဒ္ဓ ဖြစ်ပေလို့သာ အခြားသူတို့ ချမ်းသာရာ ရခဲ့ တာ။ မိမိမှာ တန်ခိုးရှိတယ်ဆိုတာကို ပြချင်လွန်းတဲ့ သာမန် ပုဂ္ဂိုလ်သာဆို .. ရော့၊ နတ်ထမင်း နတ်သုဒ္ဓါ မင်းတို့ မစားဖူးဘူး၊ စားကြည့်ကြဆိုပြီး ကျွေးလို့ အကုန်ကိစ္စချောမှာ။

ကျမ်းထွက်

ဘုရားလက်ထက်က ဝနဝါသီတိဿ သာမဏေ ဖြစ်လာမယ့် သန္ဓေသားကြောင့် မိခင်ဟာ ရဟန်းငါးရာတို့ သုံးဆောင်ပြီး နောက် ကျန်တဲ့ အစားအစာကို ရွှေခွက်ထဲ ထည့်ပြီး ယောဂီ ဝတ်ရုံနဲ့ ပရိသတ်စွန်မှာ ထိုင်စားချင်တဲ့ ဆန္ဒ (ချဉ်ခြင်း) ဖြစ်သတဲ့။ ဧတ္တကာနံ ဘိက္ခူနံ = ထိုငါးရာမျှသော ရဟန်းတော်တို့၏။ ဥစ္ဆိဋ္ဌပါယာသံ = သုံးဆောင်၍ ကျန်သော စားသောက်ဖွယ် ကို။ ပရိဘုဉ္ဇေယျံ=စားချင်ပါ၏ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၃၄)။

ဒီနေရာမှာ ဓမ္မကထိက ဆရာတော်အချို့ တရားထဲ ထည့်ဟောသလို မိခင်ဟာ အရှင်သာရိပုတ္တရာသုံးဆောင်တဲ့ သပိတ် ထဲက ဆွမ်းကျန်ကို ရွှေခွက်နဲ့ ခံပြီး စားချင်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ နားလည်ပါ။ အရှင်သာရိပုတ္တရာ အမှူးပြုတဲ့ ရဟန်းငါးရာရဲ့ ဘုဉ်းပေးကြွင်း သို့မဟုတ် ‘ဘုန်းကြီးပွဲကျ’ကို စားချင်တာပါ။ ရဟန်းသံဃာ အများစုတာ သာမန် လူအများစု ထက် စားသောက်ပုံစည်းကမ်းရှိလို့ ကျန်တဲ့ ဆွမ်းပွဲကျဆွမ်း ဟင်းသန့် လေးတွေကို စားသုံးတာမျိုးကတော့ ကိစ္စမရှိဘူးလို့ ဘုန်းကြီးယူဆပါတယ်။

ငယ်စဉ်က

ဘုန်းကြီးရဲ့ ငယ်ဆရာက သိပ်သန့်တယ်။ ဆရာ သင်ပေးလို့ ဘုန်းကြီးလည်း တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းတဲ့ အတွက် ငယ်စဉ်က ပွေးဝဲဒက် ဘာမှ မဖြစ်ဖူးဘူး။ ဒါတောင် သတိ အလစ်မှာ တစ်ခါ ခံလိုက်ရသေးတယ် .. ညောင်တုန်းမြို့ ရွှေ ဟင်္သာတောရတိုက်မှာ နေစဉ် အသက်ရွယ်တူ ကိုရင် တစ်ပါး (မှတ်မိသေးတော့တယ်..ဘွဲ့ရှင်ဝါယာမတဲ့၊ မိုးမိတ်က)ဘုန်း ကြီးရဲ့ရေလဲသင်းပိုင်ကို ဘုန်းကြီးမသိဘဲ ယူသုံးလို့ သူ့ဆီက ယားနာကူးပြီး လေးငါးလလောက် ပေါင်ခြံကို ဗာစကေဘီ လိမ်းလိုက်ရတယ်။

စာသင်တိုက်တွေမှာ ကိုရင်ငယ် ရဟန်းငယ်တွေ နေရာ ကျပ်လို့ ပူးကပ်နေရတဲ့ အတွက် တီဘီ၊ တုပ်ကွေး၊ အသဲရောင်၊ ယားနာလိုဟာတွေ ကူးစက်ဖို့ အင်မတန် ကွယ်ကူတယ်။ ခေါင်းဆောင် မထေရ်တို့ ကျန်းမာရေးဗဟုသုတ ကြွယ်ဝသင့် ရုံမက ကလေးတွေကိုလည်း သင်ကြားပေးသင့်တယ်။ ရံဖန်ရံခါ ကျန်းမာရေး ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ပင့်ဖိတ်ပြီး ပညာပေး ဟောပြောမှုတွေလည်း လုပ်သင့်တယ်။ အဲဒီကိုရင် ငယ်လေးတွေဟာ နောင်တစ်ချိန် အဲဒီလို ‘နာမည်ကြီးသည့် ဆရာတော် အချို့’ ဖြစ်လာမယ့် လောင်းလျာတွေပါ။ သူတို့ ကျန်းမာရေးပညာ ချို့တဲ့ ခဲ့ရင် ..

ဘုန်းကြီးကိုရင် ဘဝ စာသင်တိုက်မှာနေစဉ်က ကြားဖူးခဲ့ တဲ့ ဖြစ်ရပ်တစ်ခုက..ဆရာတော်ကြီးတစ်ပါးမှာ ကိုယ်ရေ မသန့်တဲ့ ရောဂါ (Leprosy) ရှိနေသတဲ့။ ၉-နှစ်အရွယ်ကပင် သာမဏေပြုခဲ့ပြီး အဲဒီလောက် သီလသိက္ခာကို ထိန်းစောင့်ခဲ့တဲ့ ဆရာတော်ကြီးမှာ ဘာကြောင့်များ ဒီရောဂါ ရှိရသလဲလို့ ဆရာတော်ကြီး နေတဲ့ ကျောင်းက သံဃာတွေကို စုံစမ်းကြည့်ရာမှာ ဘုန်းကြီးကျောင်းမှာနေပြီး ကျောင်းတက်ရင်း ကမြင်းကြောထတဲ့ ကပ္ပိယ ကျောင်းသားတွေဆီက ကူးစက်ခဲ့ကြောင်း သိရလို့ အလွန် စိတ်မကောင်းဖြစ်ရပြီး ကိုယ်တိုင်လည်း အဲဒီလို ကူးစက်မခံရအောင် သတိထားပြီး နေထိုင်ဖို့ အသိတရား ရခဲ့တယ်။

ကြေကွဲဖွယ်

အထက် ဗမာပြည်က နာမည်ကျော် ကျောင်းတိုက်တစ်ခုကို အုပ်ချုပ်တဲ့ ဆရာတော်ကြီး တစ်ပါး ကြုံရပုံလည်း ကြားရသလောက် ကြေကွဲစရာပါ။ ကိုယ့်မှာ လေးလုံးရောဂါ ရှိနေတာကို မသိတဲ့ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းက မြာပွေသူတစ်ယောက် ဒုလ္လဘလာဝတ်တော့ ဆရာတော်က မိမိသုံးတဲ့ သင်တုန်းဓားနဲ့ ဆံချပေးသတဲ့။ အဲဒီ ဓားကို ဆရာတော် ပြန်သုံးတော့ ဆရာတော်လည်း လေးလုံးထိပြီး အသက်ပေးလိုက်ရသတဲ့။

ဆရာတော် ရိတ်တဲ့ ဓားဆိုပြီး သူ့တပည့်တွေ အမြတ်တနိုး နဲ့ အဲဒီဓားကို ဆက်သုံးရင်တော့ မတွေးဝံ့စရာပါပဲ။ ပြီးတော့ ဆရာတော် အသက်ရှိစဉ် ဆရာတော်ရဲ့သင်္ကန်းကို လျှော်ဖွတ်တဲ့ တပည့်ရဲ့လက်မှာ ထိခိုက် ပွန်းရှထားတာ ရှိနေရင် တောင် အဲဒီ တပည့် မလွယ်ဘူး။ ဆရာတော် သံဃာတော်တွေ အထူး သတိပြုရမယ့် အချက်ပါပဲ။

ကမ္ဘာအေးမှာ နေတုန်းက ဘုန်းကြီးတို့ အဆောင်မှာ တည်းနေတဲ့ ပရိတ်စွမ်းတယ်ဆိုတဲ့ ဧည့်ဆရာတော်ဆီကို မိသားစုတစ်ခု ပလတ်စတစ်ပုံးမှာ ရေအပြည့်နဲ့ ရောက်လာတယ်။ ပရိတ်ဆရာတော်က ပုံးဖုံးကို ဖွင့်ပြီးသူ့ရဲ့လက်ခလယ် နဲ့ ရေကိုတောက်၍ တောက်၍ ပရိတ်ရွတ်တယ်။ အဲဒီတုန်းက ပရိတ်ဆရာတော်ဟာ တုပ်ကွေး နာလန်ထစဖြစ်လို့ သူလုပ်တာ ကြည့်ရင်း ဘုန်းကြီး အသည်းယားခဲ့ဖူးတယ်။

သင်ကြားမှု

မြန်မာပြည်က USAကို လာလည်တဲ့ ဧည့်ကိုယ်တော်တစ်ပါး ဟိုက်ဝေး လမ်းမကြီးဘေးက Rest Area (အိမ်သာ)မှာ အလေး သွားပြီးနောက် (ကျားမ သီးခြားစီသွားရတဲ့ အိမ်သာတိုင်းမှာ အောက်ခြေက ၁-ပေခွဲလောက် ဖွင့်ထားလို့ ဘိုအိမ်သာမှာထိုင် နေသူရဲ့ ခြေထောက်ကို ကပ်နေတဲ့ တစ်ဖက်ခန်းက မြင်နေရ ပြီး ‘ဗွမ်းကနဲ’ ဗုံးကြဲသံကိုပါ ကြားရလို့ အလေးလား အပေါ့ လား ဆိုတာကို သိတယ်၊ မရယ်ပါနဲ့ ..မှတ်မိစေချင်လို့ ပါ)အိမ် သာကအထွက် လက်ကို ရေမဆေးလို့ သူ့နောက်က လူမည်း တစ်ယောက် အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်နေတာကို ဘုန်း ကြီး ကိုယ်တိုင် တွေ့ဖူးတယ်။ ကာယကံရှင်တော့ သိလိုက်ပုံ မပေါ်ဘူး။ ဒါပေမယ့် ကာလာ တူနေတော့ သူ့အတွက် ဘုန်း ကြီးပါ မျက်နှာပူရတာပေါ့။ တိုးတက်ပြီး နိုင်ငံတွေမှာ ကလေး တွေကို အိမ်သာ တက်ပြီးရင် ‘သေးပေါက်ပေါက် မပေါက် ပေါက်၊ အီးပါပါ မပါပါ’ လက်ကိုဆပ်ပြာနဲ့ ဆေးကို ဆေးဖို့ အိမ်မှာရော ကျောင်းမှာပါ သင်ပေးတယ်။ အင်း .. လူမည်း ဆိုပြီး အထင်မစမောနဲ့ ဗျို့။ ဒီကိစ္စမှာ သူတို့က ငယ်ငယ်ကပင် လေ့ကျင့်ထားလို့ ကိုယ့်ထက်သန့်တယ်။

စားသောက်ဆိုင် လုပ်သားတွေ လူရှေ့မှာ ဆံပင်ကို ကိုင် ရင်၊ နှာခေါင်း နားရွက်တွေ နှိုက်ရင် အဲဒီလူ အလုပ်ပြုတ်ပြီး သားပဲ။ တိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့ လူတိုင်း ကျန်းမာအောင် ကျန်းမာရေး သတိရှိဖို့ လိုပါတယ်။ ဒါ ကြောင့် ဘိုးတော်ဘုရားခေတ်က အယူအဆတွေကို မြောင်းထဲ ပစ်လိုက်ပြီး အတွေးအမြင်သစ်တွေ စသင့်ပါပြီ။

ကိုယ့်သဘော

အဲဒီ ဆရာတော်ကြီးလည်း ဓာတ်လေးပါးနဲ့ ဒီခန္ဓာပါပဲ။ ပိုထူး နိုင်ပါ့မလား။ နှပ် ချွဲ သလိပ် သွားရည်တွေက အတူတူပဲရှိမယ် တွက်ပါတယ်။ ဘုန်းကြီးက ကျော်ကြားသူ ဆရာတော်ကြီးရဲ့ သီလဂုဏ် သမာဓိဂုဏ် ရှုထောင့်က တင်ပြခြင်း မဟုတ်ပါဘူး။ ကျန်းမာရေးရှုထောင့် သက်သက်က သုံးသပ်ပြခြင်းသာ ဖြစ်ပါတယ်။ ဘုန်းကြီး ကိုယ်တိုင်လည်း ဒီနေရာမှာ ဒီရှုထောင့်ကိုပဲ နှစ်သက်လို့ ပါ။ ဓမ္မအမေးအဖြေ စာတော်ဖတ် ပရိသတ်အနေ နဲ့ တော့ ‘လက်ခံရန် ခက်ခဲနေပါသည်’ဆိုသူတွေကတော့ ရှောင် ရုံပဲ။ အားနာလို့ လေးစားလို့ မျက်စိမှိတ် လုပ်စရာ မလိုပါဘူး။ ဆရာတော်ရဲ့ အစွန့်ကို သောက်သုံးတာ ရောဂါကင်းတယ်လို့ တကယ် ယုံကြည်ရင် အရင်ကလည်း လုပ်ဖူးတယ် အကျိုး သက်ရောက်မှုလည်းရှိတယ်ဆိုရင် ကိုယ့်သဘောပါပဲ။

ဇန်နဝါရီ ၂၄၊ ၂၀၁၄။

---

၃၄၃။ ခင်ပွန်းကြီးဆယ်ပါး ဇာစ်မြစ်

ဆရာတော် အရှင်သူမြတ်တို့ဘုရား .. ရိုသေစွာ လျှောက်ထား အပ်ပါသည် အရှင်ဘုရား။

ခင်ပွန်းကြီးဆယ်ပါးကို ဘုရားဟော ကျမ်းဂန်မှာ ဟော ကြားပါသလား။ ခင်ပွန်းကြီးဆယ်ပါး၏ ဇာစ်မြစ်ကို ကျမ်းကိုး အခိုင်အလုံနှင့် အကျယ်တဝင့် ရှင်းပြပေးစေလိုပါသည် အရှင် ဘုရား။ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားထားလျှင် တရားထိုင်၍ တရားထူးမရဟု ဆိုပါသည်။ ရဟန်းတစ်ပါးအနေနဲ့ တရားထူး ရလိုလျှင် ခင်ပွန်းကြီးဆယ်ပါးလုံးကို ပွဲတင်ပြီး ရှိခိုးကန်တော့ရ မလို ဖြစ်နေပါသည်။ ယခုအခါ လူအတော်များများနှင့် ရဟန်း တော် အချို့ပါ ပွဲကြီးပွဲငယ် တင်ပြီး ခင်ပွန်းကြီးဆယ်ပါးကို ပူဇော် ကန်တော့နေကြသည်မှာ အမှန်ထက် အမှားဘက်ကို ဦးတည်နေသည်ဟု ထင်ပါသည်။

ကျမ်းကိုးသာဓက ပြည့်စုံခိုင်လုံစွာ ဖြေကြားပေးသည့် burmeseclassic.com ၏ ဓမ္မအမေးအဖြေကဏ္ဍကို စွဲမြဲစွာ မလွတ် တမ်း လေ့လာဖတ်ရှုလျက်ပါဘုရား။ ကျေးဇူးတင်ပါသည်။

ထွတ်နုလှိုင်၊ ညောင်ဦး

---

သဲလွန်စ

ငယ်စဉ်က ဘုန်းကြီးမမြင်ဖူးတဲ့ အဖွား (ဖခင်ရဲ့အမေ) ဖတ်ခဲ့တဲ့ ‘ဘုရားရှိခိုးမူမှန်’ စာအုပ်ငယ်ထဲက ယနေ့ထိ အလွတ်ရနေတဲ့ ကဗျာတိုမှာ ‘သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပစ္စေကာနှင့်၊ သင်္ဃာအများ၊ ထွဋ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊ ကျေးဇူး ကြီးလှ၊ မိနှင့်ဘတည့်၊ ပြသတတ်သင်၊ ပြုပြင်ဆုံးမ၊ ဟော ထတရား၊ စောင့်ထားသီလ၊ ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊ ကြီးလှကျေးဇူး၊ ခေါင်အထူး’တဲ့။

ကဗျာကို ဆိုပြီးတိုင်း ကျေးဇူးကြီးသူ ဆယ်ယောက်ကို လက်ချိုးပြီး ရေတွက်ပြရတယ်။ ဘယ်သူ ဘယ်တုန်းက ရေးတယ်ဆိုတာ မသိပေမယ့် ဒီကဗျာကရတဲ့ သဲလွန်စက ဒီဆယ် ယောက်ကို မူဂပက္ခဇာတ်တော်မှာ ပြတယ်ဆိုတဲ့ အချက်ပါပဲ။

နိဿယဟောင်း

ဒါနဲ့ မူဂပက္ခ (တေမိယ)ဇာတ် ပါဠိတော် (ဇာ၊၂၊၁၅၀)ကို လေ့ လာတဲ့ အခါ ဖော်ပြပါ ကျေးဇူးကြီးသူ ဆယ်ယောက် ဖော်ပြ ချက်ကို မတွေ့ရဘဲ မိတ်ဆွေကို မပြစ်မှားခြင်းရဲ့ အကျိုးကို ဖော်ပြတဲ့ ဂါထာဆယ်ပုဒ်ကိုပဲ တွေ့ရတယ်။ အဋ္ဌကထာကို ကြည့်တော့ အဲဒီဂါထာတွေနဲ့ ပတ်သက်ပြီး ‘ဒသ မိတ္တပူဇ ဂါထာ နာမ အာရဘိ (ဇာ၊ဋ္ဌ၊၆၊၁၆)’လို့ တွေ့ပါတယ်။ အဲဒီ ပါဠိကို အရှင်ဥပါလိရေး တေမိယဇာတ် အဋ္ဌကထာ နိဿယ ဟောင်းမှာ ဒီလိုနိဿယပြန်ပါတယ်..

‘ဒသမိတ္တပူဇဂါထာ နာမ၊ ခင်ပွန်းဆယ်ပါးတို့အား ပူဇော် သော ဂါထာမည်သည်ကို။ အာရဘိ၊ အားထုတ်၏။ ဇာတ်ဝိသော ဓနကျမ်း၌ကား .. ဒသမိတ္တပူဇဂါထာ နာမ၊ ခင်ပွန်းတို့အား ပူ ဇော်အပ်သည်ကို ဆိုရာဖြစ်သော ဆယ်ပါးသော ဂါထာတို့ကိုဟူ ၍အနက်ပေး၏’။ (ပေမူ၊ ခေါ-ကျော)

ဒီနိဿယအရ ‘ဒသမိတ္တပူဇဂါထာ’ဆိုတဲ့ ပါဠိစကားတွဲကို

‘၁)ခင်ပွန်းဆယ်ပါးတို့အား ပူဇော်သော ဂါထာ

၂) ခင်ပွန်းတို့အား ပူဇော်အပ်သည်ကို ဆိုရာဖြစ်သော ဆယ်ဂါထာ’လို့ ယူဆပုံနှစ်မျိုးတွေ့နိုင်တယ်။

‘ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြဂါထာ၊ ခင်ပွန်းပူဇော်ကျိုးပြ ဆယ်ဂါထာ’လို့ အဓိပ္ပာယ် နှစ်မျိုးဖြစ်ပါတယ်။

ဇာတ်ဝိသောဓန

နိဿယဟောင်းမှာ ညွှန်ပြတဲ့ ဇာတ်ဝိသောဓန (နိဂုံးဖော်ပြချက် အရ ဒသဇာတကဝိသောဓန)ကျမ်းကို ဋီကာကျော်ရဲ့ အဖွင့် နာမည်ကျော် မဏိသာရမဉ္ဇူသာဋီကာ (သက္ကရာဇ် ၈၂၈-တွင် ရေးပြီး)ကို ရေးတဲ့ အရှင်မဟာအရိယဝံသ ရေးပါတယ် (သာသနာလင်္ကာရစာတမ်း၊ စာ-၁၄၅။ Pali Literature of Burma, p.42)။ ဒီကျမ်းမှာ အောက်ပါအတိုင်းဆိုတယ် ..

ဒသမိတ္တ ပူဇဂါထာ နာမ၊ ခင်ပွန်းတို့အား ပူဇော်အပ်သည်ကို ဆိုရာဖြစ်သော ဆယ်ပါးသော ဂါထာတို့ကိုဟုပေး။ ခင်ပွန်း ဆယ်ပါးမဟုတ်။ ဂါထာဆယ်ပါးဟူလိုသည်။ သူတချို့ကား ခင် ပွန်းဆယ်ပါးဟုပေး၍ ဆယ်ပါးသရုပ်ကို ‘‘ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။ မာတာပိတု ဂုရုသဒ္ဓါ၊ ဓမ္မဒေသက ဒါယကာ’’ဟု ရေးကြကုန်၏။

ကျမ်းကြီးတို့၌ မလာ။ သုံးစွဲပြီးသော သစ်ပင်ကိုမျှ မပြစ် မှားအပ်ဟူသည်နှင့် မတန်။ မှီ၍ အသက်မွေးအပ်သော နင့်သခင် မင်းကြီးသားကား ငါတည်း၊ ထိုသို့နှင့် အရှင့်သား ဖြစ်သော ငါကား မပြစ်မှားအပ်သော သူတည်း၊ မပြစ်မှားအပ်သူကို ပြစ်မှား သောသူကား သူယုတ်တည်းဟု ပြစ်မှားခြင်းအပြစ်ကို တခွန်းတည်းဖြင့် ထိတ်လန့်စေ၍ မပြစ်မှားသော အကျိုးကို ဆယ်ဂါ ထာဖြင့် ဟောမိန့်သောငှာ ဤဆယ်ဂါထာကို ဆိုသည်။ ဤသို့ ဖြစ်တုံမူကား ယခင် ရေသော ဆယ်ပါးကိုသာ ယူချေသော် ဘုရားလောင်းဘို့ လွတ်ရာခဲ့’။

(ပေမူ၊ ကိ-ကျော၊ ကီ-ဝမ်း) ဤကျမ်းအရ ‘ခင်ပွန်းဆယ်ပါး မဟုတ်၊ ဂါထာဆယ်ပုဒ်လို့ ပဲ ယူရမယ်။ အရိပ်ခိုဖူးတဲ့ သစ်ပင်တောင် ခင်ပွန်းဖြစ်ခွင့် ရှိတာပဲ။ ဆယ်မျိုးသာယူရင် ဘုရားလောင်း တေမိမင်းသား တောင် ခင်ပွန်းထဲ မပါဘဲဖြစ်နေမယ်’တဲ့။

နိဿယသစ်

ဒန့်တိုင်ဆရာတော် အရှင်ဂုဏရံသာလင်္ကာရ ရေးတဲ့ တေမိယဇာတ်အဋ္ဌကထာနိဿသစ် (ပုံနှိပ်မူ၊ စာ၊၁၀၃)မှာ ‘ဒသမိတ္တပူဇ (န)ဂါထာ နာမ၊ ဆယ်ပါးသော ခင်ပွန်းတို့အား ပူဇော်ရာသော ဂါထာမည်သည်ကို။ တနည်းကား၊ ဘုရားအစရှိသော တကျိပ်သော အဆွေခင်ပွန်းကောင်းတို့အား မပြစ်မှားရာသော ဆယ် ပါးသော ဂါထာမည်သည်ကို။ အာရဘိ၊ အားထုတ်၏’လို့ ပြန်ဆို ပါတယ်။ ဒီအရ ‘ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြဂါထာ၊ ခင်ပွန်း ဆယ်ပါး ပူဇော်ကျိုးပြ ဆယ်ဂါထာ’လို့ ယူလိုဟန်ရှိပါတယ်။

ဂါထာဆယ်ပုဒ်ထဲက ပထမဂါထာမှာ ပါတဲ့ ‘မိတ္တာနံ’ပုဒ် အဖွင့်အဋ္ဌကထာ (ဇာ၊ဋ္ဌ၊၆၊၁၇)ကို နိဿယပြန်ရာမှာတော့ ..

မိတ္တာနန္တိ၊ မိတ္တာနံဟူသည်ကား။ ဗုဒ္ဓါဒီနံ၊ သဗ္ဗညုဘုရားအစ ရှိကုန်သော။ ကလျာဏမိတ္တာနံ၊ အဆွေခင်ပွန်း ကောင်းတို့အား။ နဒုဗ္ဘတိ၊ မပြစ်မှား။

ဗုဒ္ဓါဒီနံအာဒိသဒ္ဒါဖြင့် ပစ္စေကဗုဒ္ဓါ၊ သာဝက၊ အဂ္ဂသာဝက၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံးပါး၌ ယုံကြည်သောသူ၊ ပစ္စည်း ဝတ္ထု ပေးကမ်းပေသောသူ၊ တရားဟောပေသောသူ၊ ဤသို့ ကိုးယောက်သော ကလျာဏမိတ္တကိုယူ။ ထို့ကြောင့် အဋ္ဌကထာ ဆရာတို့သည် .. ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓါ သာဝကာ အဂ္ဂသာဝကာ စ မာတာပိတု ဂရုသဒ္ဓါ ပစ္စယဒါယကာ ဓမ္မဒေသနာ-ဟူ၍ ဆိုတော်မူကုန်၏’ (ယင်းနိဿယ၊ စာ-၁၀၆) လို့ ခင်ပွန်းဆယ်ပါးသရုပ်ကို ထုတ်ပြတယ်။

ဒါပေမယ့် နိဿယသစ် ဖော်ပြတဲ့ ခင်ပွန်းကောင်းဆယ်ပါး ပြ ပါဠိစာသားမျိုး အဋ္ဌကထာတွေမှာ ပါဖွယ်မရှိ။ ဘာကြောင့် ဆို စာလုံးရေ မပြည့်လို့ ဂါထာလည်း မဟုတ်၊ အဋ္ဌကထာတို့ ရဲ့ဝါကျအဆင့်ကိုလည်း မမီလို့ ပါပဲ။ နောက်တစ်ခုက ‘သဒ္ဓါစ၊ ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သော သူတို့လည်းကောင်း’လို့ ဆို ခြင်းမှာ ယုတ္တိမရှိ။ ရတနာသုံးပါးကို ယုံကြည်သူ (ဗုဒ္ဓဝါဒီ)ကိုသာ မိတ်ဆွေကောင်းလို့ သတ်မှတ်ခြင်းမှာ ဗုဒ္ဓရဲ့ဆန္ဒတော်နဲ့ မကိုက် ညီနိုင်။ ဂန္ထဝံသကို ဂန္ဓဝံသလို့ ရေးဖတ်မိသလို သတ္ထာကို သဒ္ဓါ လို့ အသံထွက်မှားရာကနေ အတည်ဖြစ်သွားတာမျိုးလား။

အံ့ဖွယ်တိုက်ဆိုင်မှုမှာ နိဿယဟောင်းမှာ ‘မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ’စာပိုဒ်ရဲ့နိဿယပြန်ဆိုမှုကို မတွေ့ရခြင်းပါဘဲ။ ပေကူးစဉ်က ကျန်ခဲ့ပုံပဲ။ ဒါကြောင့် နိဿယ ဟောင်းမှာ ခင်ပွန်းဆယ်ပါးသရုပ်ကို ပြမပြ မသိရ။

ရှေးစာဆို

နာမည်ကျော် ဇာတ်ကြီးဆယ်ဘွဲ့ကျမ်း (စာ၊၈၅)မှာ အဆွေ ခင်ပွန်းကောင်းကို မပြစ်မှားသူတို့ ရရှိတဲ့ အကျိုးတွေကို ‘မိတ္တ ပူဇာ ဆယ်ဂါထာ’နဲ့ တေမိမင်းသားက သုနန္ဒာရထားထိန်းကို ဟောကြောင်းနဲ့ မေတ္တာပွားရမယ့်သူ တကျိပ် (ဆယ်ယောက်) သရုပ်ကို ဖော်ပြပြီး ‘ဤတကျိပ်ကုန်သော သူတို့သည် အဖန် တလဲလဲ ချစ်ခြင်း မေတ္တာကိုသာ ပွားစေအပ်သောကြောင့် အဆွေခင်ပွန်း မည်ကုန်၏’လို့ ဆိုတယ်။ ကန်တော်မင်းကျောင်း မေတ္တာစာအဖြေ မှာလည်း ‘မပြစ်မှားရာသော ခင်ပွန်းတို့ကား ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာ ..တကျိပ်တည်း (စာပိုဒ်အမှတ်၊၅၃)’ လို့ ဆယ်ပါးသရုပ်နှင့်တကွ ဖော်ပြတယ်။

ဇာတ်ကြီးဆယ်ဘွဲ့၊ မေတ္တာစာအဖြေ၊ နိဿယသစ်နဲ့ နိဿ ယဟောင်းတို့က ‘ခင်ပွန်းဆယ်ပါး ပူဇော်ကျိုးပြဂါထာ၊ ခင်ပွန်း ဆယ်ပါး ပူဇော်ကျိုးပြ ဆယ်ဂါထာ’၊ ဇာတ်ဝိသောဓနကျမ်းက ‘ခင်ပွန်းပူဇော်ကျိုးပြ ဆယ်ဂါထာ’လို့ ယူတာတွေ့ရတယ်။

ကာလစဉ်

ဇာတ်ကြီးဆယ်ဘွဲ့ ကျမ်းထဲက တေမိယဇာတ်ကို သက္ကရာဇ် ၁၁၄၈-တွင် ရေးပြီး။ ကန်တော်မင်းကျောင်း မေတ္တာစာအဖြေကို ရေးသူ တောင်တွင်းမင်းကျောင်း ဆရာတော်မှာ ၁၁၂၄-ခုနှစ် သက်တော် ၂၇-ခန့်တွင်ပျံလွန်။ တေမိဇာတ် အဋ္ဌကထာနိဿယသစ်ကို ဆင်ဖြူရှင်မင်း (သက္ကရာဇ် ၁၁၂၅ နန်းတက်)လက် ထက် ပင်းတလဲမြို့ စီရင် စု လှည်းကူးရွာဇာတိ ဒန့်တိုင်ဆရာ တော် ရှင်ဂုဏာလင်္ကာရ (နိဿယနိဂုံးဂါထာအရ ရှင်ဂုဏရံသာ လင်္ကာရ)ရေး။ ယင်း နိဿယဟောင်းကို နိဂုံးဂါထာအရ ရှင်ဥပါလိထေရ် (ပင်းယခေတ်၊) ရေး။ ဇာတ်ဝိသောဓနကျမ်းကို သက္ကရာဇ် ၈၂၈-ပတ်ဝန်းကျင်တွင်ရေး။

အဲဒီ ၅-ကျမ်းထဲမှာ ပါဠိမြန်မာနှစ်ဘာသာနဲ့ ရေးတဲ့ ဇာတ်ဝိသောဓနကျမ်းဟာ ‘ခင်ပွန်းဆယ်ပါး’လို့ သုံးနှုန်းတဲ့ အစော ဆုံးကျမ်း ဖြစ်ဖွယ်ရှိပေမယ့် အဲဒီအယူအဆကိုတော့ လက်မခံ ခဲ့ဘူး။ နိဿယနှစ်စောင်နဲ့ နှောင်းခေတ်ကျမ်းပြုပုဂ္ဂိုလ်တွေဟာ ဇာတ်ဝိသောဓနရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့ကြဘူး။

ဇာစ်မြစ်

ဘုန်းကြီးမှာ Hefnz Bechert နဲ့ Heinz Braun ဆိုသူတို့ တည်း

ဖြတ်ပြီးP.T.S. က ထုတ်ဝေတဲ့ Pali Niti Texts of Burma စာအုပ်ကလေးရှိတယ်။ ဒီရဲ့နိဒါန်းမှာဓမ္မနီတိ၊ လောကနီတိနဲ့ မဟာရဟနီတိ ကျမ်းတွေကို နှိုင်းယှဉ်လေ့လာမှုအရ ဓမ္မနီတိ ကျမ်းဟာ လောကနီတိနှင့် မဟာရဟနီတိတို့ထက် ရှေးကျ ကြောင်း၊ မဟာရဟနီတိကျမ်းကို အရှင်မဟာသီလဝံသ ရေးတယ်ဆိုတဲ့ အဆိုမှန်ရင် ဓမ္မနီတိကျမ်းဟာ အေဒီ ၁၅-ရာစု နှောင်းပိုင်းထက် နောက်မကျနိုင်ကြောင်း၊ ယင်း နီတိကျမ်းရဲ့ သုံးပုံတစ်ပုံလောက်ဟာ သက္ကတကျမ်းတွေဖြစ်တဲ့ ဗျာသသုဘာ သိတသင်္ဂဟ နဲ့ ဗျာသဟာရ ကျမ်းတွေထဲက ဖြစ်ကြောင်းနဲ့ ကျမ်းရေးသူ အမည်ကို မသိနိုင်ကြောင်းဆိုတယ် (Ibid, p.p. lvi, lxxiii)။ အစောဆုံး နီတိကျမ်းဖြစ်တဲ့ ‘ဓမ္မနီတိ’မှာ ပညာရှိတို့ မပြစ်မှားသူ ဆယ်မျိုးကို ဒီလိုဖော်ပြပါတယ် ..

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကော။

မာတာပိတာ ဂရု သတ္ထာ၊ ဒါယကော ဓမ္မဒေသကော။ ပဏ္ဍိတေဟိ ဣမေ ဒသ၊ နဒုဗ္ဘ န္တီတိ ဇာနိယာ’။

(ဓမ္မနီတိ၊၃၃၄-ဂါထာ၊မူရင်းအတိုင်း)

ရှင်မဟာသီလဝံသထက် သက်တော်အနည်းငယ် ကြီးဖွယ် ရှိတဲ့ အရှင်မဟာအရိယဝံသ အပါအဝင် အဲဒီခေတ် မတိုင်ခင် ကမြန်မာ့ဂန္ထဝင်ကျမ်းပြုပုဂ္ဂိုလ်ကျော်တွေရေးတဲ့ ကျမ်းစာ စာ ရင်းမှာ ဓမ္မနီတိကျမ်းကို မတွေ့ရ။ ဘိုးတော်ဘုရား လက်ထက် ပထမ ဗားကရာဆရာတော် အရှင်ဓမ္မာဘိနန္ဒထေရ်က ဓမ္မနီတိ ပါဠိကို မြန်မာနိဿယပြန်ပြီး (၁၁၄၅-ကဆုန်လတွင် ရေးပြီး) ယင်း နိဿယထဲကအချို့ကို ရွေးထုတ်ပြီးအများသူငါ အလွယ် တကူ ဖတ်ရှုနိုင်အောင် စဉ့်ပါဆရာတော် (အဆိုပါမင်း လက် ထက်)က လေးဆစ်ချိုးကဗျာ ‘ဓမ္မနီတိချိုး’ကို ရေးခဲ့ပေမယ့် ‘ပညာရှိတို့ မပြစ်မှားထိုက်သူ ဆယ်မျိုးပြဂါထာ’မပါခဲ့ဘူး။

ဘယ်လိုရ

ဆဋ္ဌသံဂါယနာမူ ဇာတကအဋ္ဌကထာမှာ ‘ဒသ မိတ္တပူဇ ဂါထာ (ဇာ၊ဋ္ဌ၊၆၊၁၆)’လို့ ဒသနဲ့ မိတ္တပူဇာဂါထာကို ခွဲပြီး စာစီလို့ အဓိပ္ပာယ် ရှင်းဖွယ်ရှိပါတယ်။ ဒါပေမယ့် ‘ဒသမိတ္တပူဇ ဂါထာ’လို့ ပါဠိစကားတွဲ (သမာသ်ပုဒ်)အနေနဲ့ တစ်လုံးတည်း ကြံပြီး မြန် မာပြန်ကြတဲ့ အဲဒီပိဋကတ်ကျမ်းတတ် ဆရာမြတ်တွေဟာ ပါဠိ တော်နဲ့ နိကာယ်အဋ္ဌကထာ ဋီကာ ကျမ်းကြီးတွေမှာ မတွေ့ရ တဲ့ ‘ခင်ပွန်းဆယ်ပါး’ အယူအဆကို ဘယ်လိုရသလဲ ဘယ်က ရသလဲ ဆိုတာကို အတိအကျ ဆိုနိုင်ဖို့ ခက်သား။ ဘုန်းကြီး တွေးမိတာလေးကိုတင်ပြရရင် ..

မဏိမဉ္ဇူသာလိုပါဠိဘာသာ ဋီကာကျမ်းကြီးကိုရေးသား တော်မူတဲ့ အရှင်မဟာအရိယဝံသကတော့ ‘ကျမ်းကြီးတို့၌ မလာ’လို့ ရဲရဲကြီး ဆိုခဲ့ပါတယ်။ ဒါပေမယ့်နှောင်းခေတ် ကျမ်းပြု ပုဂ္ဂိုလ်တွေဟာ သက္ကတကိုလည်း တတ်ကျွမ်းနိုင်တာ ဖြစ်လို့ သက္ကတကျမ်းမှ တိုက်ရိုက်ဖြစ်စေ၊ ယင်းတို့ခေတ်မှာ ရှိနေပြီလို့ ယူဆရတဲ့ ပါဠိဘာသာပြန် ဓမ္မနီတိကျမ်းမှ ဖြစ်စေ ‘မပြစ်မှား အပ်တဲ့ ခင်ပွန်းဆယ်ပါး’ဆိုတဲ့ ‘အမှတ်စွဲလေး’ ရှိနေကြပုံရတယ်။ နိဿယသစ်ကျမ်းပြု အရှင်ဂုဏရံသာလင်္ကာရကျတော့ မှတ်ထားဖူးတာ ကြာနေလို့ ဖြစ်စေ၊ ငယ်စဉ်အခါ ဆရာသမား များဆီက တစ်ဆင့်ကြားကို မှတ်မိနေလို့ ဖြစ်စေ၊ ‘ဓမ္မနီတိ’ စ ကား တစ်ပိုင်းတစ်စကိုပဲ အဋ္ဌကထာစကားလို့ ထင်မှတ်ပြီး မပြည့်စုံတဲ့ ‘ခင်ပွန်းဆယ်ပါး သရုပ်ပြပါဠိ’ကို ၎င်းရဲ့ နိဿယ ထဲမှာ ရေးခဲ့ပုံရတယ်။ နောင်အခါ ပါဠိတတ်သူတွေက အဲဒါ လေးကိုပဲ ‘အဟံ ဝန္ဒာမိ သဗ္ဗဒါ’နဲ့ အနားကွပ်ပေးမှာပေါ့။

ခြားနားပုံ

ခိုင်လုံတဲ့ သံဂါယနာတင်ကျမ်းဂန် မရှိလို့ ခင်ပွန်းဆယ်ပါး ဖော် ပြပုံ အရေအတွက်တူပေမယ့် ဆယ်ပါးသရုပ်ယူဆပုံတစ်ကျမ်း နဲ့ တစ်ကျမ်း ခြားနားနေတာကို တွေ့ရတယ်..

၁)ဗုဒ္ဓ (မူကွဲမရှိ)

၂)ပစ္စကဗုဒ္ဓ (မူကွဲမရှိ)

၃)ရဟန္တာ (မူအများ)၊ သာဝက (နိဿယသစ်)၊ သံဃာများ (ဘုရားရှိခိုးမူမှန်)၊

၄)အဂ္ဂသာဝက (မူအများ)၊ ရဟန္တာ (ဘုရားရှိခိုးမူမှန်)

၅)အမိ (မူကွဲမရှိ)

၆)အဘ (မူကွဲမရှိ)

၇)ဂရု = အလေးအမြတ်ပြုအပ်သူ (မူကွဲမရှိ)

၈)အတတ်ပညာသင်ပေးသူ (မူအများ)၊ အသက်ကြီးသသူ (ကန်ဖြေ)၊ ရတနာသုံးပါး၌ သဒ္ဓါယုံကြည်သောသူ (နိဿယသစ်)

၉) ဒါယကာ (မူအများ)၊ သီလစောင့်သူ (ဘုရားရှိခိုးမူမှန်)

၁၀)ဓမ္မဒေသက (မူကွဲမရှိ)။

စဉ်းစားစရာတွေ .. အမှတ်-၇) အရ ဆရာတော် ဘုရား ကြီးတွေ ပါနိုင်သလို ဒလိုင်းလားမားတို့ မာသာထရီဇာတို့ကော ပါခွင့်မရှိဘူးလား။ အမှတ်-၈) အရ အသက်ကြီးတိုင်း ခင်ပွန်းကြီး ဖြစ်နိုင်သလား။ ဒါကြောင့် ခင်ပွန်းဆယ်မျိုးကို မပြစ်မှား သင့်သူ၊ မေတ္တာပို့ရမယ့်သူ၊ ကျေးဇူးရှိသူလို့ ဆိုနိုင်ပေမယ့် အဲဒီ အထဲက အချို့ကိုတော့ လူဖြစ်စေ ရဟန်းဖြစ်စေ ‘အဟံ ဝန္ဒာမိ သဗ္ဗဒါ (=အမြဲရှိခိုးပါ၏)’လို့ မဆိုထိုက်ဘူး။

ကျမ်းဆိုမရှိ

ပကိဏ္ဏက ဝိသဇ္ဇနာကျမ်း (တွဲ ၁၊ စာ ၃၀၄၊၃၀၆)မှာ လုံးတော် ဆရာတော်က အောက်ပါအတိုင်း ဆုံးဖြတ်ပါတယ်.. ‘ခင်ပွန်းသည် ဆယ်ပါးသာ မဟုတ်ရာ။ အများပင် ရှိရာ၏။ မူဂပက္ခ အမည်ရှိသော တေမိယဇာတ်တော်တွင် သုနန္ဒာ ရထား ထိန်းကို ဘုရားအလောင်းတော် တေမိမင်းသား ဆုံးမရာ၌ မိမိ ကိုယ်ကိုပင် သုနန္ဒာရထားထိန်း မပြစ်မှားသင့်သည်ကို အကြောင်း ပြု၍ ဟောတော်မူသည့် အရာ၌လည်း ခင်ပွန်းဆယ်ပါး ဟူ၍ မလာ။ ခင်ပွန်းကိုမပြစ်မှားသသူတို့၌ အကျိုးရှိရာသည်ကို ဟော တော်မူသည့် ဒေသနာ ဆယ်ဂါထာဟူ၍သာ လာသည်။ ခင်ပွန်းဆယ်ပါးဟူ၍ ဂါထာစီကုံးလျက် ရှိကြသည်မှာ ဗဟုသုတရှိသူတို့ စီကုံးရေးထားဟန်ရှိ၏။ ဂါထာသီကုံး ရေးသားထား သော ပုဂ္ဂိုလ် ၁၀-ယောက်တို့လည်း ခင်ပွန်းပင်မှတ်ရာ၏။ ယင်းသည့် ၁၀-ယောက်မှတပါးလည်း ခင်ပွန်းရှိသေး၏ဟု မှတ်ရာ၏’။ လုံးတော်အရ ‘ဒသ၊ ဆယ်ပုဒ်ကုန်သော။ မိတ္တ ပူဇဂါထာ နာမ၊ ခင်ပွန်းကိုပူဇော်သူတို့၌ (အကျိုးရှိသည်ကို ဟောတော်မူသည့်) ဂါထာ မည်သည်တို့ကို’လို့ ဒသနဲ့ ဂါထာကို တွဲပြီး ‘မိတ္တ ပူဇာဆယ်ဂါထာ’လို့ပဲအဓိပ္ပာယ် ယူရမယ်။

လုံးတော်ဆရာတော်နဲ့ ဇာတ်ဝိသောဓနကျမ်းတို့က ‘ခိုင်လုံတဲ့ ကျမ်းဆို မရှိ’တဲ့ အတွက် ‘ခင်ပွန်း ပူဇော်ကျိုးပြ ဆယ်ဂါ ထာ’လို့ ပဲ ယူပါတယ်။ ဒါကြောင့် ခင်ပွန်းကြီးဆယ်ပါး ဆိုတာ ဘုရားဟော မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းမှတ်ဖို့ပါ။

တရားထူး

ခိုးသားဘဝတုန်းက ဗုဒ္ဓဘုရားကို လက်ညှိုးဖြတ်ဖို့ လိုက်ခဲ့ဖူးတဲ့ အင်္ဂုလိမာလရဲ့ဖြစ်ရပ်အရ ဗုဒ္ဓ ပစ္စကဗုဒ္ဓ အဂ္ဂသာဝက ရဟန္တာ သာဝက အမိအဘတို့ကို အနန္တရိယကံ ထိုက်သွားတဲ့ အထိ မဟုတ်ဘဲ သာမန်ကိုယ်နှုတ်စိတ်နဲ့ ပြစ်မှားမိတာမျိုးက တောင်း ပန်ရင် တရားထူးကိုမတားမြစ်နိုင်ပါဘူး။

သီလစောင့်သူ၊ သီလရှိတဲ့ အတတ်ပညာ သင်ပေးသူတို့ ကိုလည်း ဆိုးဆိုးဝါးဝါး မဟုတ်ရင် တောင်းပန်လို့ ရနိုင်ပါတယ်။ အလေးအမြတ်ပြုအပ်သူ ဓမ္မဒေသက ပစ္စယဒါယကာ အသက်ကြီးသူရတနာသုံးပါး၌ သဒ္ဓါယုံကြည်သူဆိုတာတွေက တော့ သီလမရှိရင် လေးစားစရာ ဟုတ်ပေမယ့် အမြတ်မပြုနိုင် လို့ သာမန် စာရင်းထဲ ဝင်သွားပြီး အင်္ဂုလိမာလ လက်ညှိုးဖြတ် ခံရသူတွေနဲ့ တူနိုင်ဖွယ်ရှိပါတယ်။

မပိုမလို

တရားအားထုတ်ရာမှာ အနှောင့်အယှက် မဖြစ်အောင် ပြစ်မှား ဖူးရင် ကျေပါစေလို့ ခင်ပွန်းများကို တောင်းပန်စကား ဆိုတာ မျိုးက ကိစ္စမရှိပါဘူး။ အဲဒီဆယ်မျိုးကို လူရောရဟန်းပါ ပွဲကြီး ပွဲငယ် တင်တာကျတော့ မမှားဘူးလို့ ဆိုနိုင်ပေမယ့် ဖော်ပြပါ ဆယ်မျိုးထဲမှာ အဝန္ဒနိယ (ရဟန်းတို့ ရှိမခိုးထိုက်သူ)တွေ ပါ နေလို့ ရဟန်းအဖို့ အားလုံးမှန်လည်း မဟုတ်ဘူး။ ပြီးတော့ ဒါ ကြီးကိုပဲ ခါးတောင်းကျိုက်ပြီး ခမ်းနားကြီးကျယ်စွာ လုပ်ပြနေ ရင်လည်း နည်းနည်း ပိုရာကျမှာပေါ့။ နည်းမှန်လမ်းမှန် တရား ကျင့်စဉ်ဖြစ်ဖို့သာ ပိုအရေးကြီးသင့်ပါတယ်။

ဖေဖော်ဝါရီ ၉၊ ၂၀၁၄။

---

၃၄၄။ စကားတစ်ခွန်းကြောင့်

ဆရာတော် အရှင်သူမြတ်ဘုရား .. ရိုသေစွာ လျှောက်လိုက်ပါ သည်ဘုရား။

မန္တလေးမြို့ အတုမရှိရွှေကျောင်းမှာ ကျင်းပတဲ့ သံဃာ့အစည်း အဝေးမှာ ပိဋကတ်သုံးပုံ အေကတ်ဒဿ ဘုန်းကြီး ပြောသွား တဲ့ စကားနဲ့ ပတ်သက်ပြီး ခုတလော ဖေ့ဗွက်မှာ ပွက်လော ရိုက်နေပါတယ်။ အတော် ညစ်ညမ်းစွာ ဆဲဆို တိုင်းထွာနေကြ ပါသည်။ လူတွေ အများကြီး အကုသိုလ် ဖြစ်ကြသည်ဟု ထင် ပါသည်။ ထိုဆရာတော်ကတော့ အဲဒီလို ဖြစ်တာကိုပဲ ငါတော့ နာမည်ကြီးသွားပြီဆိုပြီး ကျိတ်ကြိုက်နေမည်လား မသိပါ။

သို့ရာတွင် အများသူငါ အကုသိုလ် ပွားရတဲ့ အလုပ်ဖြစ် သောကြောင့် မကောင်းပါ။ ထို့ပြင် ဘုန်းကြီးတစ်ပါးဟာ အဲဒီလို မျက်ကန်းမျိုးချစ်စိတ် ထားသင့်ပါသလား။ အဲဒီလို မျက်ကန်း မျိုးချစ်ရှိခဲ့တဲ့ ရဟန်းတော်များ သာသနာ့သမိုင်းမှာ ရှိခဲ့ဘူးပါသလား။ ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါ စေခြင်းအကျိုးငှာ တောင်းပန်ပါ၏။

ဖေ့ဗွက်ကြည့်သူတစ်ဦး

---

ဖားပုရစ်

ဘုန်းကြီးကို မွေးတဲ့ နေရာက ဆင်းရဲသား လယ်သမားနဲ့ တံငါ သည်တွေနေတဲ့ ရွာ။ ပညာရေး လူမှုရေး စီးပွားရေး အို ..ဘာ အရေးမှ သုညအထက်မှာ မရှိပါဘူး။ ဗုဒ္ဓမြတ်စွာ သာသနာ တော်မှာ ကောင်းစွာနေတဲ့ ရဟန်းဘဝရဲ့ အကျိုးအနေနဲ့ ‘ဖား ပုရစ်’အဆင့်ကနေ အမြီးပြုတ်ပြီး မတ်တတ်ရပ်ရုံဖြစ်လာခဲ့တာ ပါ။ တစ်ခါတစ်ရံ ငါဟာ ‘Ego’ (အသ္မိမာန်)များလို့ ပဲ အဲဒီလိုနေ ရာမျိုးမှာ ဖြစ်ရလေသလားလို့ ကိုယ့်ဟာကိုယ် တွေးမိပါရဲ့။

ဒါပေမယ့် အဲဒီတုန်းက ဘဝလေးကိုပဲ ယနေ့ထိ မြတ်နိုးဆဲ ပါ။ မတတ်နိုင် သို့မဟုတ် မဖြစ်နိုင်လို့ ဘဝတူတွေကို မကူညီ နိုင်ရင် သာနေပေါ့။ ဘဝမှန်ကို အမှတ်ရတိုင်း ‘ဖားပုရစ်တို့မည် သည် ကိုယ့်အသံကြောင့်ပဲ ကိုယ့်အသက်ကို စွန့်ရတယ်’လို့ သံဝေဂယူပြီး ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ အမြဲဆင်ခြင်ပါတယ်။ သူများတွေ ဖြစ်ရင်လည်း နားလည်ပေးနိုင်အောင် ကြိုးစားဆဲပါ။ ပုထုဇဉ်ဘာဝ အခြေအနေတိုင်းမှာ မပြည့်စုံနိုင်သေးတာ အတွက်တော့ ကိုယ့်ကိုယ်ကို အားမရမိဘူး။ ဒါက အဖြူရောင် ရင်တွင်းဖြစ် ခံစားချက်ကြောင့် ပြောပြလိုက်ရတာပါ။

ပွင့်လင်းလို့

ခုခေတ်က မြို့ပြတွေမှာ သတင်းမီဒီယာတွေ အလျင်အမြန် တိုးတက်ပြီး ပွင့်လင်းလာနေပါတယ်။ ရန်ကုန်လောကမှာ ဆိုရင် အဲဒီ ‘ဖေ့ဗွက်’ ဆိုတဲ့ အရာက သတင်းမီဒီယာတစ်ခုလိုလိုဖြစ် နေပြီး ‘ဖေ့ဗွက်’မှာ တစ်ယောက်က ထပွက်လိုက်ပြီ ဆိုရင် မလွတ်လပ်ခဲ့လို့ သတင်းငတ်ဖူးတဲ့ ရန်ကုန် ပရိသတ်အများစုဟာ ဘာကြောင့် ဆိုတာကို မစုံစမ်းတော့ဘဲ အဟုတ်ထင်ပြီး လွယ်လွယ်နဲ့ လက်ခံပစ်လိုက်တာပဲ။ ယုန်သူငယ်က ကမ္ဘာကြီး ပြိုပြီလို့ ထအော်တာကို ယုံသွားကြပြီး တစ်တောလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွားသလိုပေါ့။

ဒါကြောင့် ပရိသတ် အသိုင်းအဝိုင်း တစ်ခုကို ကိုယ်စားပြု သူတွေ အပြောအဆို အထူး ဆင်ခြင်ရပါလိမ့်မယ်။ ပြောပြီးရင်လည်း ကိုယ်ပြောတာအတွက် တာဝန်ယူရဲတဲ့ သတ္တိရှိဖို့ ပြင်ဆင် ထားရလိမ့်မယ်။ ပြောမှသာ ပြောရတာပါ၊ အားလုံးက ကိုယ့်ထက် သိပြီးသား တတ်ပြီးသား ဖြစ်နေမှာပါ။ အင်း .. အသ္မိ မာန်များတဲ့ လူ့သဘာဝအရ လူတွေဟာ သိတော့ သိပြီးသား၊ ဒါပေမယ့် လုပ်တော့လည်း တလွဲချည်း ဖြစ်နေတာပါပဲ။

ကိုယ့်သမိုင်း

တစ်ခါတစ်ရံ စကားတစ်ခွန်းဟာ ကိုယ့်သမိုင်း ဖြစ်သွားတတ်တယ်။ ‘အမှားကို ထပ်တလဲလဲပြောရင် အမှန် ဖြစ်သွားတာပဲ’ ‘ဘာသာရေးဆိုတာ ဘိန်းပဲ’ဆိုတဲ့ အာဏာရှင် ဟစ်တလာနဲ့ မော်စီတုန်းတို့ရဲ့ စကားမျိုးတွေလိုပေါ့။ မြန်မာ့ ခေတ်သစ် ရာဇ ဝင်မှာလည်း ‘ဓားကိုဓားချင်း လှံကိုလှံချင်း တုံ့ပြန်မယ်’ ‘စစ် သားဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင် မပစ်ဘူး’ ဆိုတာမျိုးတွေပေါ့။ သူ့စကားကြောင့် သူ့ဆွေ သူ့မျိုးတွေ ပွင့်လင်းတဲ့ လူ့အသိုင်းအဝိုင်းထဲကို ဝင်ဖို့ မလွယ်နိုင်ဘူး။ တစ်ခွန်းသော သူ့ရဲ့ စကားကြောင့် သူ့သမိုင်းရော သူ့ဆွေစဉ် မျိုး ဆက်ပါ ဆိတ်သုံးသွားရတာပဲ။

စကားတစ်ခွန်းကြောင့်ပဲ အသက်သေတာ၊ ဘဝပျက်ရတာ တွေအများကြီးပါ။ ပညာရှိကြီး ပလေတိုကျတော့ ‘ကျုပ်သိတာက ကျုပ်ဘာမှ မသိသေးဘူး ဆိုတာပါပဲ’တဲ့။ ‘ခုနစ်နှစ်သား လေးကတောင် တရားပြဆုံးမလာရင် ဦးခေါင်းနဲ့ ပန်ဆင်ပြီးနာ ယူပါ့မယ်’ဆိုတဲ့ အရှင်သာရိပုတ်ရဲ့ စကားမျိုးကျတော့ ကြက်သီးမွေးညင်း ထလောက်အောင် နှစ်သက်စရာကောင်းပါတယ်။ ပိဋကတ်ထဲမှာ အဲဒီလို နှစ်လိုဖွယ် အဆိုအမိန့်တွေ အများကြီး ရှိပါတယ်။ အဲဒါတွေမှီငြမ်းပြုပြီး ပညာရှိပီပီ ကင်မရာရှေ့မှာ လှပချောမွတ်အောင် ပြောရမှာပေါ့။

ရဟန္တာ့စကား

စစ်ပွဲမှာ လူ့အသက် ထောင်ပေါင်းများစွာ ပျက်စီးသွားရလို့ စိတ်မချမ်းသာ ဖြစ်နေတဲ့ ဒုဋ္ဌဂါမဏိမင်းကြီးကို အားပေးစကား ဆိုဖို့ကြွလာကြတဲ့ ရဟန္တာရှစ်ပါးက..

‘မင်းကြီး၊ ယင်းအပြုအမူ (စစ်ပွဲမှာလူသတ်မှု)ကြောင့် (မင်း ကြီး၏) နတ်ပြည်ရောက်ကြောင်း လမ်းကို မပိတ်ပင်ပါ။ အရှင် မင်းတရားသည် လူတစ်ယောက်နှင့် တစ်ဝက်ကိုသာ သတ် ဖြတ်ခဲ့ပါ၏။ တစ်ယောက်သည်ရတနာသုံးပါးကိုဆည်းကပ်ပြီး နောက် တစ်ယောက်မှာ ငါးပါးသီလကို ဆောက်တည်ထားပြီး ဖြစ်ပါ၏။ ကျန်ပုဂ္ဂိုလ်များမှာ မိစ္ဆာဒိဋ္ဌိများနှင့် ဒုဿီလပုဂ္ဂိုလ်များ ဖြစ်ကြပြီး တောရိုင်း တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြပါ၏။ သို့တစေ မင်းကြီးမူကား နည်းလမ်းများစွာဖြင့် ဗုဒ္ဓရှင်တော်မြတ်၏ တရား ဓမ္မကို ထွန်းပြောင်စေပါလိမ့်မည်၊ သို့ဖြစ်၍ မင်းကြီး၏ နှလုံး သားမှ (ထိုအတွေးကို)ထုတ်လွှင့်ပစ်ပါ’တဲ့။

အမှန်လော

အထက်ပါ မဟာဝံသကျမ်း (၂၅း၉၈-၁၁၂)ရဲ့ဖော်ပြချက်နဲ့ ပတ် သက်ပြီး ခေတ်သစ် ဗုဒ္ဓဝါဒီပညာရှင် Dr.ဝါလ်ပိုလာ ရာဟုလာ ရှုမြင်သုံးသပ်ပုံခဲ့ပုံက ဒီလို..

‘ယင်း အကြံပြုချက်သည် ဗုဒ္ဓရှင်တော်မြတ်၏ တရားဓမ္မ အနှစ်သာရနှင့် လုံးဝဆန့်ကျင်သည်။ မည်သည့်ပုံစံ၊ ရည်ရွယ်ချက်၊ ဗုဒ္ဓသာသနာတည်တံ့ရန် သို့မဟုတ် ဗုဒ္ဓသာသနာကိုကာ ကွယ်ရန် သို့မဟုတ် ဗုဒ္ဓသာသနာကို ပြန့်ပွားစေရန်အတွက်ပင် ဖြစ်စေကာမူ လူ့အသက်ကို သတ်ဖြတ်ခြင်းမှာ ဗုဒ္ဓတရားတော် အရ လုံးဝမျှတမှု မရှိချေ။ စိတ်ဝင်စားဖွယ် အကောင်းဆုံးမှာ စစ်ပွဲအတွင်း လူသားတစ်ယောက်နှင့် တစ်ဝက်သာ အသတ်ခံရ သည်ဟူသော ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ရေတွက် ဖော်ပြမှု ဖြစ်သည်။ ဘီစီ နှစ်ရာစုအချိန်က ရဟန္တာ အရှင်မြတ် များသည် ယင်းသို့ မှားယွင်းသည့် အတွေးအမြင် တစ်ရပ်ကို အမှန်ပင်မြွက်ဆိုခဲ့သလော ဟူသည်ကို မသိရချေ။

သို့ရာတွင် အေဒီ ငါးရာစုတွင် ထင်ရှားလှသည့် မဟာဝံသ ကျမ်းပြုဆရာသည် အမျိုးသားသမိုင်း ကျမ်းကြီးတွင် ယင်း ဂါထာများကို ထည့်သွင်း ရေးသားခဲ့သည် ဟူသောအချက်မှာ သံသယဖြစ်နိုင်စရာ အကြောင်းမရှိချေ။ ထိုအချက်သည် ပညာရှင် မဟာဝံသ ကျမ်းပြုဆရာနှင့် ထိုအချိန်က တာဝန်ရှိသည့် အခြားပုဂ္ဂိုလ်များသည် ယင်းဖော်ပြချက်အား ရဟန္တာအရှင်မြတ် များက ဖော်ပြသည်ဟူသည်ကို မငြင်းဆိုခဲ့ကြဘဲ ယင်းသို့သော သမိုင်းကျမ်းကြီးတွင် ထည့်သွင်းခဲ့ကြောင်း သက်သေပြခဲ့သည်။ ထိုပညာရှင် ပုဂ္ဂိုလ်များသည် ရဟန္တာများ အနေဖြင့် ဗုဒ္ဓသာသနာတော် တည်တံ့ခြင်းအတွက် သတ်ဖြတ်ခြင်းမှာ မျှတသည်ဟု ယူဆထားပုံရသည် (History of Buddhism in Ceylon, p. 228’)။

ငုံ့မကြည့်နဲ့

အရှင်ရာဟုလာရဲ့ သုံးသပ်ချက်ကို ဖတ်ထားမိရင် မြန်မာဗုဒ္ဓဝါဒီ တို့ မိမိကိုယ်ကို ဆင်ခြင်ဖို့ သတိရလာပါလိမ့်မယ်။ ဒီပညာရှင်ရဲ့ မျိုးချစ်စိတ်နဲ့ ဗုဒ္ဓသာသနာကို မြတ်နိုးစိတ်ဟာ ဘုန်းကြီးတို့ အောက် မညံ့တန်ရာပါဘူး။ ခုခေတ်က မြန်မာ့မြေမှာ ‘ဖေ့ဗွက်’ ခေတ်စားသလို ကမ္ဘာ့သတင်း မီဒီယာတွေလည်း အထူးတိုး တက်အားကောင်းနေပါတယ်။ ဒါကြောင့် မှတ်တမ်းတင်ဗွီဒီယို ကင်မရာရှေ့က ဗုဒ္ဓဝါဒီတွေ သတိထားဖို့ အထူးလိုအပ်ပါတယ်။ မိမိကိုယ်ကို ပြုပြင်မှုအတွက် အလေ့အကျင့်လုပ်ဖို့ သတိရနိုင် သူဟာ ပိဋကတ်ဆောင်စာမေးပွဲကို မအောင်ပေမယ့် လူလိမ္မာ ပညာရှိပါပဲ။ ပိဋကတ်သုံးပုံ ဆိုတာသည်ပင် ကိုယ့်ကိုယ်ကို ဆုံးမဖို့ သင်ကြားတဲ့ ကျမ်းစာတွေပဲ မဟုတ်ပါလား။

ဖေဖော်ဝါရီ ၉၊ ၂၀၁၄။

---

၃၄၅။ ဗုဒ္ဓရဲ့မစင်အိုး

ဘုန်းဘုန်းဘုရား၊

ရိုသေစွာ မေးလျှောက်ပါရစေ အရှင်ဘုရား..

ကျွန်ုပ်တို့ရဲ့ဂေါတမမြတ်စွာဘုရားကို လူသားစင်စစ်က ဖြစ်လာသည့် ဘုရားဟု ဆိုသောကြောင့် လူသားစစ်များကဲ့သို့ အညစ်အကြေး ဥပမာ .. ကျင်ကြီး ကျင်ငယ်စွန့်ခြင်း ကိစ္စရှိပါသလား ဘုရား။ ရှိသည်ဆိုလျှင် ထိုအညစ်အကြေးများမှာ သာမန် လူပုဂ္ဂိုလ်များကဲ့သို့ မကောင်းသော အနံ့များ ထွက်ပါသလား။ ကျမ်းကိုး အတိအကျဖြင့် သိလိုပါသည် အရှင်ဘုရား။

မန်းရွှေနိုင်

---

အိမ်သာဝင်

‘အခါတစ်ပါး မြတ်စွာဘုရားဟာ နံနက် စောစောထပြီး အိမ်သာ (ဝစ္စကုဋိ)ကို သွားတယ် (ဝိ၊၄၊၁၆)’။ အိမ်သာကို သွားတာဟာ ကျင်ကြီးကျင်ငယ်စွန့်ဖို့ပဲ။ ‘ဗုဒ္ဓရှင်တော်မြတ်သည်နံနက် စောစော အိပ်ယာမှထပြီးအလုပ်အကျွေးပြုသူတပည့်သာဝက တို့အား ချီးမြှောက်ရန်နှင့် ကိုယ်ခန္ဓာ ကျန်းမာစေရန် လုတ် ကျင်း (ပါးစပ်ဆေး)ခြင်း စသည့် ကိုယ်လက် သန့်စင်မှုကို ပြု တော်မူ၏ (ဒီ၊ဋ္ဌ၊၁၊၄၅)’။ ဗုဒ္ဓဟာဗုဒ္ဓဖြစ်မယ့်နေ့နေရဉ္ဇရာမြစ် ထဲမှာ ရေချိုးပြီးနောက် သိကြားမင်း ဆက်ကပ်တဲ့ ဖန်ခါးသီး ကိုစားပြီး ဝမ်းကိုစင်ကြယ်အောင်လုပ်တယ် (ဇာ၊ဋ္ဌ၊၁၊၉၁)။ (ဝမ်းချူတဲ့ သဘောမျိုး စဉ်းစားနိုင်ပါတယ်)။ မြတ်စွာဘုရားပရိ နိဗ္ဗာန်စံတော်မူခါနီးမှာ ဝမ်းတော်လား (ဝမ်းလျှော)ပါတယ် (ဒီ၊၂၊၂၀၅)။ ဒါကြောင့် ဗုဒ္ဓဟာ လူသာမန်တွေလိုပဲ ကျင်ကြီး ကျင်ငယ် စွန့်ပါတယ်။

ဝက္ကလိ

မြတ်စွာဘုရားရဲ့ သပ္ပာယ်မှုကို ကြည်ညိုလွန်းလို့ အချိန်ရှိတိုင်း မြတ်စွာဘုရားကို ဖူးမြော်ဖို့လာနေတဲ့ သာဝတ္ထိမြို့သား ဝက္ကလိ ကိုဗုဒ္ဓက ‘ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန = ဤအကောင်ပုပ်ကို မြင်ရသဖြင့် သင့်အတွက် အဘယ် အကျိုးရှိ မည်နည်း (သံ၊၂၊၉၈)’လို့ မိန့်တော်မူပါတယ်။ ဒါကတော့ ဗုဒ္ဓရဲ့ ကိုယ်ခန္ဓာလည်း မစင်ကြယ်ကြောင်း မြတ်ဗုဒ္ဓကိုယ်တိုင်ရဲ့ မြွက် ဆိုချက်ပါပဲ။ ‘မြတ်စွာဘုရား၏ ကိုယ်တော်မှာ ရွှေအဆင်းရှိ သော်လည်း မစင်ကြယ်သော အရာများ အမြဲယိုစီးနေ သောကြောင့် အကောင်ပုပ်ဟု ဟောတော်မူခြင်း ဖြစ်၏ (သံ၊ဋ္ဌ၊၂၊၂၈၈)’။ ဒီဖွင့်ဆိုချက်အရ ပိုရှင်းသွားတာပေါ့။

မစင်အိုး

မြတ်စွာဘုရား ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် နတ်တို့သနင်း သိကြားမင်းကြီးဟာ မြတ်စွာဘုရားရဲ့ သတ္ထု. သရီရ.ဝဠဉ္ဇန.ဘာဇန (မြတ်စွာဘုရား ကျင်ကြီး ကျင်ငယ်စတဲ့ အညစ်အကြေးစွန့်တဲ့ အိုး)ကိုမျက်နှာရှုံ့မဲ့ခြင်းမရှိဘဲ နံ့သာအိုး လို ဦးခေါင်းပေါ် တင်ယူသွားပြီး ဆေးကြော သုတ်သင်ဖူးတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၇၅)။

ဒီနေရာမှာ လူတွေရဲ့ အနံ့ကို ယူဇနာတစ်ရာ အဝေးကပင် မခံနိုင်ဘူးလို့ ကျမ်းဂန်မှာဖော်ပြတဲ့ နတ်တို့သနင်းသိကြားမင်း အဖို့ မြတ်ဗုဒ္ဓ စွန့်ပစ်ထားတဲ့ အညစ်ကြေး အိုးကို ‘မျက်နှာ မရှုံ့ဘဲ’ ယူဆောင်သွားတယ် ဆိုတာဟာ အိုးထဲက စွန့်ပစ် ပစ္စည်းတွေမှာ မကောင်းတဲ့ အနံ့ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ‘နံ့သာအိုး’ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အဓိပ္ပာယ်ကလည်း ‘အနံ့ မကောင်းတဲ့ အိုး’ အညစ်အကြေး စွန့်တဲ့ အိုး မစင်အိုး သို့မ ဟုတ်ကျင်ငယ်အိုးပါပဲ။

၃၄၆။ အနေကဇာတင်

ဆရာတော် အရှင်ဘုရား၊

အနေကဇာတင်ခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။ အိမ်ကဇနီး ဗေဒင်သွားမေးရာမှာ ဗေဒင်ဟော ကြားသည့် ဆရာတော်က သဲကို စေတီပုံ ပြုလုပ်ပြီး ထိုသဲပုံ စေတီကိုပင် အမွှေးနံ့သာ ဆီမီးပန်းပေါက်ပေါက်တို့ဖြင့် သွန်း လောင်း၍ အနေကဇာတင်ရန် ညွှန်ကြားလိုက်ပါသည်။ ဘုရား ဗုဒ္ဓ ဆင်းတုတော်များနှင့် စေတီတော်များအား အနေကဇာတင် သည်ကိုသာ တွေ့ဖူးပါသည်။ အချိန်ပိုင်းခဏမျှ သာယာယီပြု လုပ်ထားသည့် သဲပုံစေတီကို အနေကဇာတင်သင့် မတင်သင့် သိလိုပါသည် အရှင်ဘုရား။

ဗိုလ်ကြီးမြင့်အေး..မင်္ဂလာဒုံ

---

အာရုံပြု

‘မြေ့ပရမေ၊ ပလင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီး နှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်း ကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်း တော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ငြမ်းပါကို’။

ယခု ၂၀၁၄-ကနေ နောက်ကို ပြန်ပြီးရေတွက်ရင် လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၆၀၂-နှစ်အချိန်က တစ်ခုသော ကဆုန်လပြည့် ညရဲ့ နောက်ဆုံးအချိန် အရုဏ်မတက်ခင်မှာ ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်ဟာ ဗောဓိညောင်ပင်အောက်မှာ ထိုင်ပြီး တရားဘာ ဝနာရှုမှတ်ရင်း ကိလေသာရန်သူတွေကို အောင်မြင်ပြီး သဗ္ဗညု ဗုဒ္ဓအဖြစ်သို့ ရောက်ပါတယ်။ ဘုရားဖြစ်ပြီးစ အချိန်မှာပဲ စိတ် ထဲက ဒီလိုဆင်ခြင်ပါတယ်..

အနေက ဇာတိ သံသာရံ၊
သန္ဓာ ဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊
ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

တသန္ဓေဓေ ခန္ဓာတွေ အိုသေဆင်းရဲကြီးလှသည်။
ခန္ဓာအိမ်တည် ဘယ်သူမည် ငါသည်ကြိုးပမ်းရှာခဲ့ပြီ။
ရှာဖွေနည်းမှန် မြင်နိုင်ဉာဏ် ဧကန်မသိဖြစ်ခဲ့ပြီ။
ဘဝများစွာ သံသရာ လည်ကာ ကျက်စားသွားခဲ့ပြီ။

ဂဟကာရက ဒိဋ္ဌောသိ၊
ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊
ဂဟကူဋံ ဝိသင်္ခတံ။

တဏှာ ယောကျ်ားလက်သမား ငါကား နင့်ကိုတွေ့ပေပြီ။
တစ်ဖန်ထပ်ခါ အိမ်ခန္ဓာ နင်သာ မပြုနိုင်တော့ပြီ။
ခပ်သိမ်းကိလေ အခြင်တွေ ငါလေ ဖျက်လိုက်ပြီ။
အဝိဇ္ဇာမှတ် အိမ်အထွတ် ဖြုတ်ဖြတ်ဖြိုချပြီ။

ဝိသင်္ခါရ ဂတံ စိတ္တံ၊
တဏှာနံ ခယ မဇ္ဈဂါ။

ပြုပြင်ကင်းလတ် နိဗ္ဗာန်ဓာတ် မချွတ်ငါရပြီ။
တဏှာကုန်ရာ ရဟတ္တာ ဖိုလ်ပါဆိုက်ခဲ့ပြီ’

စိတ်တော်နဲ့ ဆင်ခြင်တာတွေထဲမှာ အစောဆုံးဖြစ်လို့ အဲဒီ ဂါထာ ၂-ပုဒ်ခွဲကို ‘ပဌမဗုဒ္ဓဝစန’လို့ ခေါ်ပါတယ်။ အဲဒီနောက် အရုဏ်တက်ပြီးလို့ လပြည့်ကျော် တစ်ရက်နေ့ရောက်တဲ့ အခါမှာ တော့ဒီလို နှုတ်တော်ကနေ ရွတ်ဆိုတယ်..

ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော စျာယတော ဗြာဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတုဓမ္မံ။

ကိလေကင်းရန် ဗြာဟ္မဏံ ဖန်ဖန်အားထုတ်ခါ။
ဗောဓိပက္ခံတိ သတ္တံ ဧကန် ဖြစ်ပေါ်လာ။
ပဋိစ်သမုဒ် ကြောင်းကျိုးထုတ် မရှုပ်ရှင်းပြီးရာ။ ယုံမှားကင်္ခါ အားလုံးမှာ ထိုခါပျောက်ပြီသာ။

ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော စျာယတော ဗြာဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ခယံ ပစ္စယာနံ အဝေဒိ။

ကိလေကင်းရန် ဗြာဟ္မဏံ ဖန်ဖန်အားထုတ်ခါ။
ဗောဓိပက္ခံတိသတ္တံ ဧကန် ဖြစ်ပေါ်လာ။
အကြောင်းကုန်မူ အေးနိဗ္ဗူ အပူချုပ်ပြီးရာ။
ယုံမှားကင်္ခါ အားလုံးမှာ ထိုခါပျောက်ပြီသာ။

ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော စျာယတော ဗြာဟ္မဏဿ။
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယောဝ ဩဘာသ ယမန္တလိက္ခံ’

ကိလေကင်းရန် ဗြာဟ္မဏံ ဖန်ဖန်အားထုတ်ခါ။
ဗောဓိပက္ခံ တိသတ္တံ ဧကန် ဖြစ်ပေါ်လာ။
မာရ်စစ်ခပင်း ပယ်သတ်ရှင်း ကောင်းခြင်းထိုအခါ။
တောက်ပနေမင်း ကောင်းကင်ရှင်း လင်း၏ပုံသို့သာ။

ဘုရားဖြစ်ပြီးနောက် ပဌမဆုံးနှုတ်မြွက်ရွတ်ဆိုတာ ဖြစ်တဲ့အတွက် ဒီဂါထာ ၃-ပုဒ်ကိုလည်း ‘ပဌမ ဗုဒ္ဓဝစန’လို့ ပဲ ခေါ်ပါတယ်။ အရုဏ်မတက်ခင် ဗုဒ္ဓဟူးနေ့မှာ စိတ်ဆိုဂါထာ ၂-ပုဒ်ခွဲ၊ အရုဏ် တက်ပြီးနောက် ကြာသပတေးနေ့မှာ နှုတ်မြွက်ဂါထာ ၃-ပုဒ်လို့ ခွဲပြီးမှတ်ထားနိုင်တယ်။

---

ရွတ်ဖတ်

အဲဒီ အချိန်က ရှင်တော်ဗုဒ္ဓရဲ့ ဆင်ခြင်ပုံ မြွက်ဟပုံတွေကို စိတ် ထဲ ပေါ်လာအောင် အာရုံယူပြီး အသစ်ထုလုပ်စ ဆင်းတု ဒါမှ မဟုတ် မိမိအိမ်မှာ ကိုးကွယ်ဖို့ ပင့်လာတဲ့ ဆင်းတုသစ်ကို အဲဒီ ‘ပဌမ ဗုဒ္ဓဝစန ၅-ဂါထာ’နဲ့ ရွတ်ဖတ် ပူဇော်တာကိုပဲ ‘အနေက ဇာတင်’လို့ ဆိုတာ ဖြစ်ပါတယ်။ ကျမ်းဂန်နဲ့လည်း မဆန့်ကျင် အကျိုးလည်း ဖြစ်ထွန်းလို့ ဒီအစဉ်အလာ ဖြစ်သွားခဲ့တာလို့ ယူဆရပါတယ်။ ဘိုးတော်ဘုရားက မောင်းထောင်သာသနာပိုင်ကို ဆင်းတုမဟုတ်တဲ့ အုတ်စေတီကို အနေကဇာတင်သင့် မတင်သင့် မေးလျှောက်ဖူးတဲ့ အတွက် အဲဒီခေတ် မတိုင်ခင်ကပင် အနေကဇာတင် အစဉ်အလာရှိခဲ့ပုံပဲ။

လူအချို့ ပြောသလို အနေကဇာတင်ပြီး ဗုဒ္ဓကို အသက် သွင်းတာ မဟုတ်ဘူး။ အဲဒီလို အနေကဇာတင်ပြီးမှ ကိုးကွယ် ရမယ်လို့လည်း ကျမ်းဂန်မှာ မရှိဘူး။ ဘုရားစျေးတန်းက ပင့် လာ၊ ဖုန်အညစ်အကြေးတွေကို သုတ်သင်၊ ဆွမ်းပန်း ရေချမ်း ကပ်လှူပူဇော်ပြီး ‘သက်ရှိဗုဒ္ဓလို စိတ်ထားနဲ့ ကိုးကွယ်ရင်လည်း အကျိုးရှိ’တာပါပဲ။ စိတ်သာပဓာနပါ။

---

ဌာပနာ

ဒါပေမယ့် အနေကဇာတင်တာဟာ ဗုဒ္ဓာတုတော်ကို သက်တော် ထင်ရှား မြတ်ဘုရားကဲ့သို့ အာရုံယူပြီး ပူဇော်တာ ဖြစ်လို့ ဗုဒ္ဓ ဆင်းတု ဌာပနာမရှိတဲ့ သဲပုံစေတီ သက်သက်ကို အနေကဇာ တင်ဖွယ် မလိုလောက်ပါဘူး။ ဒါကြောင့် အဲဒီ သဲပုံစေတီထဲမှာ ခပ်သေးသေး ဗုဒ္ဓဆင်းတုကို ယာယီ ဌာပနာထားရင် ပိုပြီး အဓိပ္ပာယ်ပြည်စုံသွားမယ်လို့ ယူဆပါတယ်။

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄။

---

၃၄၇။ ဖားကိုမြွေကိုက်ရင်

အရှင်ဘုရား၊

အချို့သော ဘာသာတရားအရ ကြက်ဝက် ဘဲအမဲ စသည်ကို ဘုရားသခင်က လူသားတို့၏ အစားအစာ အဖြစ် ဖန်ဆင်းပေး ထားသည်ဟု ဆိုပါသည်။ ထိုအယူအဆမှာ မှန်သလို ဖြစ်နေပါ သည်။ အကြောင်းမှာ ဖားကို မြွေကိုက်ခြင်း၊ မြွေကို သိန်းငှက် က ကိုက်ချီခြင်းတို့မှာ သဘာဝအရ လိုအပ်ချက်ကြောင့် သူ့ အလုပ်ကို သူလုပ်ခြင်းသာ ဖြစ်ပြီး ထိုဖြစ်ရပ်များအတွက် မည် သူမျှ လွတ်အောင် လုပ်ပေးရန် မလိုအပ်ခြင်းတို့ကြောင့် ဖြစ်ပါ သည်။ ဥပမာ ဖားကို မြွေပါးစပ်မှ လုယူပြီး လွတ်အောင် ကူညီ ပေးပါက ဖားမှာ မြွေရဲ့အစာပင် ဖြစ်၍ မြွေရဲ့ အခွင့်အရေးကို ပိတ်ပင်ရာကျသည်ဟု ထင်ပါသည်။ ဗုဒ္ဓဘာသာ ကျမ်းဂန်နှင့် မည်သို့ညှိနှိုင်းပါမည်နည်း။

ဧရာဝတီသား

---

မဆန်းဘူး

အဲဒီ အချို့ဘာသာတရားရဲ့ ကျမ်းမြတ်တွေမှာပဲ တိရစ္ဆာန်တွေကို ယဇ်ပူဇော်ခိုင်းတာ၊ လူကိုတောင် ယဇ်ပူဇော်ဖို့ သင်ကြား တာတွေကို ရှာပြီး ဖတ်ကြည့်အုံးပေါ့။ ဘုန်းကြီး ဖတ်ဖူးတာလေးက ] Leviticus 27:28: Notwithstanding no devoted thing, that a man shall devote unto the Lord of all that he hath, both of man and beast, and of the field of his possession, shall be sold or redeemed: every devoted thing is most holy unto the Lord. 29: None devoted, which shall be devoted of men, shall be redeemed; but shall surely be put to death. ဝတ်ပြု၂ရး၂၈။ သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ ကိုယ်ပိုင်းရင် လယ် ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို ၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန် သန့်ရှင်းရ မည်။ 29/ လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင် နောက်တစ်ဖန် မရွေးရ၊ သတ်ရမည်’တဲ့။

အဲဒီလို ဆုံးမတဲ့ ဘာသာတရားအဖို့ တိရစ္ဆာန်တွေကို လူ အတွက် ဖန်းဆင်းပေးတယ်လို့ ဆိုတာမဆန်းပါဘူး။

---

မခိုင်လုံ

‘ကြက် ဝက် ဘဲ အမဲ’ကို လူ့အစာအဖြစ် ဖန်ဆင်းပေးထားတယ်ဆိုရင် လူသားကိုကြိုက်တဲ့ ကျားခြင်္သေ့တွေ အတွက်လူကို ကျားစာအဖြစ် ဖန်ဆင်းပေးတာလည်း ဖြစ်သင့်တာပဲ။ ဒီလို ဆိုရင် သင့်သားငယ် ဧရာဝတီရေစပ်ဆင်းလို့ မိကျောင်းဆွဲတာ မြင်ရင် လက်ပိုက် ကြည့်နေပေါ့။ သင့်သား အသက်ရှင်ဖို့ မိ ကျောင်းကို ဖမ်းလားဆီးလားလုပ်ရင် ‘လိုအပ်ခြင်းကြောင့် လုပ်တယ်’ဆိုတဲ့ သင့်အကြောင်းပြချက် မခိုင်လုံဘူး။ မိကျောင်းဟာ သဘာဝဥပဒေအရ လိုအပ်လို့ လုပ်တာပဲ မဟုတ်လား။ မိကျောင်း ရဲ့အခွင့်အရေးကို မပိတ်ပင်ပါနဲ့ လို့လည်း ဆိုမှာပေါ့။

---

ကူညီပါ

‘(ရဟန်းသည်) စပါးကြီးမြွေ ရေမြွေ စသည်တို့ ဖမ်းခံနေရတဲ့ ဖားစသည်ကို အသက်ဘေးမှ လွတ်မြောက်ဖို့ လုပ်ပေးကောင်း ၏ (ဝိနယဝိနိစ္ဆယ၊ဋီ၊၁၊၁၂၉)’တဲ့။ ဒါကတော့ ရဟန်းတို့ ဝိ နည်းမှာပါတာ။ ရဟန်းတစ်ပါးဟာ အဲဒီလိုဒုက္ခသည် သတ္တဝါကို ကူညီပေးတဲ့ အတွက် အာပတ် မသင့်ပါဘူးတဲ့။ ဘုန်းကြီး တောင် လုပ်ကောင်းရင် လူတစ်ယောက်အနေနဲ့လည်း ဖားကို မြွေပါးစပ်က လုပြီးဖားရဲ့ အသက်ကို ကယ်တင်ကောင်းတာ သေချာပါတယ်။ သားရဲရဲ့ ပါးစပ်ထဲမှာသေပြီးရင်တော့ သား ကောင်ကို ကမ္မဿကာပြုနိုင်တယ် (ဝိ၊ဋ္ဌ၊၁၊၃၂၇)။

---

သင်္ခန်းစာယူ

ဂဠုန် တစ်ကောင်ဟာ နဂါးကို ဖမ်းမလို့ လိုက်ရင်း ရေစပ်ကို ရောက်တဲ့ အခါ ဘုရားလောင်းရသေ့ ရေချိုးနေခိုက် ကြုံတယ်။ အဲဒီအခါ နဂါးဟာ လွတ်နိုင်မယ့်လမ်းစ မတွေ့တော့တဲ့ အဆုံး ရသေ့ဝတ်တဲ့ လျှော်တေ သင်္ကန်းခေါက် ကြားထဲမှာ ပတ္တမြား လုံးလို ဟန်ဆောင်ပြီးပုန်းနေလိုက်တယ်။ အဲဒီတော့ဂဠုန်ဟာ သူတော်စင်တို့ဝတ်တဲ့ အဝတ်ကိုလေးစားကြောက်ရွံ့လွန်းလို့ အတင်း ဝင်ရောက် မဖွေရှာဘဲ ရသေ့ထံမှာ ‘သင်္ကန်းကြားထဲ ဝင်ပုန်းနေတဲ့ နဂါးကို ဖမ်းပြီး စားလိုပါတယ်’လို့ ခွင့်တောင်းတယ်။ ရသေ့က ‘သင်ဟာ ဒီလို သူတော်စင်ကို ရိုသေလေး မြတ်တဲ့ ကုသိုလ်ကံကြောင့် နတ်ပြည်ရောက်ပြီး နတ်တို့ရဲ့ အစာကို စားရလိမ့်မယ်’လို့ ဆုံးမတဲ့ အခါ ရန်သူနှစ်ဦး သင့် မြတ်ပြီးအတူတူနေသွားကြသတဲ့ (ဇာ၊ဋ္ဌ၊၂၊၁၃)။

ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာ လူတွေရဲ့ နှလုံးသား ပျော့ ပျောင်းလာအောင် အဲဒီလိုဆုံးမပါတယ်။ ကြိုက်ရင် ယူပေါ့။

စကားမစပ် .. သားကောင်ကို ရရင် ပြီးရောလို့ သင်္ကန်းထဲ အတင်း ဝင်မရှာဘဲ သူတော်စင်ရဲ့ အဝတ်မျှကိုပင်အလွန် လေး စားနိုင်တဲ့ တိရစ္ဆာန်ဂဠုန်ရဲ့စိတ်ဓာတ်ကလည်းဗုဒ္ဓဘာသာပါလို့ ကိုယ့်ကိုယ်ကို တံဆိပ်နှိပ်ပြီး ကျောင်းတိုက်ကြီးတွေထဲကို အတင်းစီးနင်းလုယက်ချေမှုန်းသူတွေထက်မသာဘူးလား။

---

၃၄၈။ သမ္မာသမ္ဗုဒ္ဓ ဗုဒ္ဓ

ဆရာတော် အရှင်ဘုရား၊

ဘုရားဂုဏ်တော်ကိုးပါးတွင် သမ္မာသမ္ဗုဒ္ဓေါနှင့် ဗုဒ္ဓေါဂုဏ်တော် နှစ်ပါး၏ အဓိပ္ပာယ်ခြားနားချက်ကို သိလိုပါသည် အရှင်ဘုရား။ သမ္မာသမ္ဗုဒ္ဓေါ = မဘောက်ပြန် သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိမြင်တော်မူသော မြတ်စွာဘုရားဟု အဓိပ္ပာယ် နားလည် ထားပါဖြင့် သမ္မာသမ္ဗုဒ္ဓေါမှာ သစ္စာလေးပါးကိုလည်း သိခြင်းပါ ဝင်သည်ဟု ထင်ပါသည်။ ထို့ကြောင့် ဂုဏ်တော်နှစ်ပါးကို တစ် မျိုးတည်းပေါင်းပြီး ဂုဏ်တော်ရှစ်ပါးဟု ရေတွက်လျှင် မှန်မမှန် သိလိုပါသည် အရှင်ဘုရား။

ဒကာမကြီးလှနုစိန် ..ဂျမေကာ

---

ရှေးဦးစွာ သမ္မာသမ္ဗုဒ္ဓနဲ့ ဗုဒ္ဓပုဒ်တို့ကို အဋ္ဌကထာ ဋီကာကျမ်း တွေမှာ ဖွင့်ဆိုပုံတွေကို ထုတ်နုတ်ပြီး ပြောမယ်။ နောက်ဆုံး ဂုဏ်တော်နှစ်ခု ဘယ်လိုထူးတယ် ဆိုတာကို ရှင်းသွားမှာပေါ့။ ဒါကြောင့် အောက်ပါဖော်ပြချက်တွေကို သည်းခံပြီး ဆုံးအောင် ဖတ်ကြည့်ရမှာပေါ့ ..

---

သမ္မာသမ္ဗုဒ္ဓ (ကျဉ်း)

‘သိရမည့်တရား (သစ္စာလေးပါး ဉေယျတရား)ကို မှန်စွာလည်း သိတော်မူ၏။ ကိုယ်တိုင်လည်း သိတော်မူ၏။ အကြွင်းအကျန် မရှိအောင်လည်းသိတော်မူ၏။ ထူးသောဉာဏ်ဖြင့် သိရမည်ဖြစ် သော သစ္စာလေးပါး တရားတို့ကို ရှေးအဖို့၌ ဝိပဿနာပညာ ဖြင့်၊ ရဆဲခဏ၌မဂ်ပညာဖြင့်၊ နောက်အဖို့၌ သဗ္ဗညုတဉာဏ် စသည်ဖြင့် သိတော်မူ၏။ ဒုက္ခသစ္စာကို ပိုင်းခြားသိရမည့်တရား၊ သမုဒယသစ္စာကို ပယ်ရမည့် တရား၊ နိရောဓသစ္စာကို မျက် မှောက်ပြုမည့် တရား၊ မဂ္ဂသစ္စာကို ပွားများရမည့် တရားဟု သိတော်မူ၏’။ ဖော်ပြပါ သစ္စာတရား အကျဉ်းသိပုံ အဋ္ဌကထာ နဲ့ ဋီကာဖွင့်တွေအရ ..

သမ္မာသမ္ဗုဒ္ဓေါ = အဘိညေယျာ၊ ပရိညာနှင့်၊ ပဟာတဗ္ဗ၊ သစိကဟု၊ မဂ္ဂဘာဝနာ၊ လေးသစ္စာကို၊ ဆရာမဆို၊ အလိုလို လျှင်၊ ဟိတ်ဖိုလ်နှိုင်းထောက်၊ မဖောက်မပြန်၊ မှန်စွာသိငြား၊ ရှင် တော်မြတ်ဘုရား..ရှင်တော်မြတ်ဘုရား’လို့ မှတ်ပါ။

---

သမ္မာသမ္ဗုဒ္ဓ (ကျယ်)

‘မျက်စိသည် ဒုက္ခသစ္စာ၊ ယင်းကို ဖြစ်ပေါ်စေသည့် ရှေးဘဝ တဏှာသည်သမုဒယသစ္စာ၊ ထိုသစ္စာ ၂-ပါးတို့မဖြစ်ခြင်းသည် နိရောဓသစ္စာ၊ ယင်းကို သိနိုင်သောအကျင့် (မဂ္ဂင်ရှစ်ပါး)သည် မဂ္ဂသစ္စာ’ဟုသိတော်မူ၏။

ထိုအတူ ‘အကြည်ဓာတ်၆၊ အာရုံ၆၊ ဝိညာဏ်၆၊ ဖဿ ၆၊ ဝေဒနာ ၆၊ သညာ ၆၊ သေဉ္စတနာ ၆၊ တဏှာ ၆၊ ဝိတက် ၆၊ ဝိစာရ ၆၊ ခန္ဓာ၅၊ ကသိုဏ်း၁၀၊ အနုဿတိ၁၀၊ အသုဘ သညာ၁၀၊၃၂-ကောဋ္ဌာသ၊ အာယတန၁၂၊ ဓာတ်၁၈၊ ဘဝ ၉၊ စျာန် ၄၊ အပ္ပမညာ ၄၊ အရူပသမာပတ် ၄၊ ပဋိစ္စသမုပ္ပါဒ် ပဋိလုံ၊ အနုလုံ’ရဲ့ပုဒ်တစ်ခုစီနဲ့ ယှဉ်ပြီးသိ၏။

ဥပမာ .. ဇရာမရဏသည် ဒုက္ခသစ္စာ၊ ဇာတိသည် သမု ဒယသစ္စာ၊ ယင်း၂-ပါးလုံးချုပ်ခြင်းသည်နိရောဓသစ္စာ၊ နိရော ဓကိုသိသော အကျင့် (မဂ္ဂင်ရှစ်ပါး)သည် မဂ္ဂသစ္စာ စသည်။ ယင်းသို့တရားအားလုံးကို မှန်စွာလည်းသိ၊ ကိုယ်တိုင်လည်း သိသောကြောင့် သမ္မာသမ္ဗုဒ္ဓမည်၏ (ဝိသုဒ္ဓိ၊၁၊၁၉၅)’။ ဖော်ပြပါ သစ္စာတရား အကျယ်သိပုံ အဋ္ဌကထာဖွင့်အရ..

သမ္မာသမ္ဗုဒ္ဓေါ = ဆအဇ္ဈတ္တာ၊ ဆဗာယတနံ၊ ဝိညာဏ် ဖဿာ၊ ဝေဒနာတည်း၊ သညာစေတနာ၊ တဏှာ ဝိတက္က၊ ဝိစာ ရနှင့်၊ ခန္ဓ ကသိ၊ နုဿတိ အသုဘ၊ ကောဋ္ဌာသ အာ၊ ဓာတ် ဘဝါကိုး၊ လေးမျိုးစျာနာ၊ ပမညာအရူပ၊ ပဋိစ္စဟု၊ ဧကေကပုဒ်၊ ထုတ်၍ ဝေဖန်၊ လေးသစ္စံကို၊ မကျန်ကိုယ်တိုင်၊ သိနိုင်ပေတတ် ရှင်တော်မြတ်ဘုရား..ရှင်တော်မြတ်ဘုရား’လို့ မှတ်ပါ။

---

ဗုဒ္ဓ

‘သိရမည်ဖြစ်သည့် ဉေယျဓံတရား အားလုံးကို ဝိမောက္ခန္တမည် သော အရဟတ္တဖိုလ်ဉာဏ်၊ ထိုဉာဏ်ကိုရသည်နှင့် တပြိုင်နက် ပြည့်စုံသွားသော သဗ္ဗညုဉာဏ်စသော ဗုဒ္ဓဉာဏ်တော် အားလုံး နှင့် သိသင့်သိထိုက်သော ဉေယျဓံတရားတို့ကို ကိုယ်တိုင်လည်း သိ၊ အခြားသတ္တဝါတို့ကိုလည်း သိစေတော်မူသောကြောင့် ဗုဒ္ဓ မည်၏’။ ဒါကတော့ အဋ္ဌကထာ ဋီကာဖွင့်ကို ရောသမမွှေထား တဲ့ အဓိပ္ပာယ်ပါ။ အဋ္ဌကထာကျမ်းမြတ်မှာ ဗုဒ္ဓအဓိပ္ပာယ်ကို ပိုမို နားလည်စေရန် အောက်ပါ မဟာနိဒ္ဒေသပါဠိတော် စကားရပ် ကိုလည်း ထုတ်ပြပါတယ်..

‘သစ္စာတရားတို့ကို ကိုယ်တိုင်လည်းသိ သူတစ်ပါးတို့ကိုလည်း သိစေတတ်သောကြောင့် ဗုဒ္ဓမည်၏။ သူတစ်ပါးတို့ ထံမှ (သင်ယူ၍) သိရသည် မဟုတ်ဘဲ ကိုယ်တိုင် သိတော်မူသော ကြောင့် ဗုဒ္ဓမည်၏။ သဗ္ဗညုတဉာဏ်ကို ရသဖြင့် ပွင့်လင်းသော ကြောင့် ဗုဒ္ဓမည်၏။ အာသဝေါတရားတို့ ကုန်သောကြောင့် ဗုဒ္ဓ မည်၏။ ကိလေသာ မလိမ်းကျံသောကြောင့် ဗုဒ္ဓမည်၏။ ရာဂ ဒေါသမောဟ ကင်းသောကြောင့် ဗုဒ္ဓမည်၏။ တစ်ကြောင်း တည်းသော နိဗ္ဗာန်ခရီးသို့ ကြွတော်မူသောကြောင့် ဗုဒ္ဓမည်၏။ သစ္စာလေးပါးကို ကိုယ်တိုင်သာ ထိုးထွင်း၍ သိသောကြောင့် ဗုဒ္ဓမည်၏။ ဗုဒ္ဓဟူသောအမည်ကို အမိ အဖ အစ်မ အဆွေခင်ပွန်း ဆွေမျိုးသားချင်း သမဏဗြာဟ္မဏ နတ်ဗြဟ္မာတို့က ပေးအပ် သည် မဟုတ်။ ယင်းသည် ဗောဓိပင်ရင်း၌ အရဟတ္တမဂ်ဖိုလ် ဉာဏ်နှင့်ယင်းကို ရပြီးနောက်ပြည့်စုံသွားသည့် သဗ္ဗညုဉာဏ် တို့ကိုအထွတ်တပ်၍ ရရှိသော အမည်ဖြစ်၏ (မဟာနိ၊၁၉၂)’။ အဲဒီအဖွင့်တွေအရ ..

ဗုဒ္ဓေါ = ဝိမောက္ခန္တိက၊ ဉာဏ်တေဇဖြင့်၊ ဉေယျငါးဖြာ၊ မဟာသမုဒ္ဒ၊ ကြွင်းရမထင်၊ ထဲလင်းစင်အောင်၊ သိမြင်တတ်ငြား၊ ရှင်တော်မြတ်ဘုရား..ရှင်တော်မြတ်ဘုရား’လို့ နားလည်ပါ။

စကားချပ်။။ ဉေယျဓံတရား ငါးပါးဟူသည်
၁) သင်္ခါရ = ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အနေဉ္ဇာဘိသင်္ခါရ
၂) ဝိကာရ = ကာယဝိညတ် ဝစီဝိညတ် ရူပဿ လဟုတာ မုဒုတာ ကမ္မည တာ
၃) လက္ခဏ = ဥပစယ သန္တတိ ဇရတာ အနိစ္စတာ
၄) နိဗ္ဗာန=အသင်္ခတဓာတ်
၅)ပညတ္တိ=ပုဂ္ဂိုလ်သတ္တဝါတော တောင်ရေမြေသမုဒ္ဒရာစသည့်နာမပညတ် (ပဋိသံ၊၄)။

---

သမ္မာသမ္ဗုဒ္ဓ ဗုဒ္ဓ

သမ္မာသမ္ဗုဒ္ဓပုဒ်ဖြင့် မြတ်စွာဘုရား၏ သစ္စာလေးပါးကို အကျဉ်း အားဖြင့်လည်း ကောင်း၊ အကျယ်အားဖြင့်လည်း ကောင်း ထိုး ထွင်း၍သိခြင်း ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို ပြ၏။ ဗုဒ္ဓ ပုဒ်ဖြင့်မူ ထိုသစ္စာလေးပါးမှ အခြားတစ်ပါးသော ဉေယျဓံတရား တို့အား သိခြင်းကိုလည်းပြ၏။ တစ်နည်းကား သမ္မာသမ္ဗုဒ္ဓပုဒ် ဖြင့် မြတ်စွာဘုရား၏ ပဋိဝေဓဉာဏ် အစွမ်းကိုပြ၏။ ဗုဒ္ဓပုဒ်ဖြင့် မြတ်စွာဘုရား၏ ဒေသနာဉာဏ် အစွမ်းကိုလည်းပြ၏ (ဝိသုဒ္ဓိဋီ၊၁၊၂၄၉။ သာရတ္ထ၊ဋီ၊၁၊၂၉၅)’။

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်နဲ့ ပဋိဝေဓဉာဏ်အစွမ်း တစ်ခုကိုပဲ ပြတယ်။ ဗုဒ္ဓဂုဏ်တော်နဲ့ တော့ ပဋိဝေဓဉာဏ်စွမ်းကိုရော ဒေသ နာဉာဏ်စွမ်းကိုပါပြတယ်လို့ အဓိပ္ပာယ်ထူးပုံကို မှတ်ဖို့ပါ။

---

အနှစ်ချုပ်

‘သစ္စာလေးပါးလို့ ဆိုရင် ပရမတ္ထတရားတွေပဲ ပါတယ်။ ဉေယျဓံ တရားငါးပါးလို့ဆိုရင်တော့ ပရမတ္ထတရား အားလုံးနဲ့ ပညတ် တရားအားလုံး ပါတယ် (အနုဒီပနီ၊၃၇)’လို့ လယ်တီဆရာ တော်ကြီးရဲ့ မိန့်တော်မူပုံအရ ဗုဒ္ဓဂုဏ်တော်မှာ သမ္မာသမ္ဗုဒ္ဓဂုဏ် တော်ထက် ပိုပြီး အရာကျယ်တယ်လို့ ဂုဏ်တော်နှစ်ခုရဲ့ ခြား နားပုံကို အတိုချုပ် မှတ်ပါ။

---

ပြင်ဆင်ရန်

စပ်မိလို့ ပြောရအုံးမယ် .. ဆဋ္ဌသံဂါယနာ စာမူအရ ‘ပစိမေန ဒေသနာ ဉာဏာနုဘာဝေါ။ ပီတိ ဥပရိ ဝုစ္စမာနော ဝိသေသော ဇောတီယတိ’လို့ မဟာဋီကာမှာရော သာရတ္ထဋီကာမှာပါ ပုံနှိပ် ထားတာကို တွေ့ရပါတယ်။ အမှန်က ‘ဣမိနာ ပန ဗုဒ္ဓပဒေန ဒေသနာဉာဏာနုဘာဝေါပိ၊ တေနာဟ အညေပိ သတ္တေ ဗောဓေသီတိ အာဒိ (ဝိမတိ ၁၊၅၈)’ဆိုတဲ့ ဝိမတိဋီကာ ဖွင့်ဆိုပုံကို ထောက်ရင် ‘ပစိမေနဒေသနာဉာဏာနုဘာဝေါပီတိဥပရိဝုစ္စမာနော .. ’လို့ ပါဌ်မှန် ဖြစ်သင့်ကြောင်း တင်ပြပါတယ်။ ပါဠိ ကျွမ်းကျင်ပညာရှင်တို့ဆင်ခြင်ပါကုန်။

---

၃၄၉။ ငရဲထိန်းဘဝ

ရိုသေစွာမေးလျှောက်ပါ၏၊

ငရဲသားတွေကို သတ်ဖြတ်ရတဲ့ ငရဲထိန်းတွေ၊ ငရဲခွေးတွေဟာ ဘယ်လို အကုသိုလ်ကြောင့် ထိုဘဝမျိုးမှာ ဖြစ်ကြရတာပါလဲ။ ထိုငရဲထိန်းများသေရင် ငရဲသားများကို နှိပ်စက်တဲ့ အကုသိုလ် ကြောင့် ငရဲသား ပြန်ဖြစ်ပါသလားဘုရား။

Skyper Aung

---

ဒီလိုပါ

ငရဲထိန်းဆိုတာ ငရဲသားတွေထဲက ငရဲသားပဲဖြစ်မယ်လို့ ယူဆတယ်။ ငရဲဘုံ ငရဲဘဝဆိုတာကို ဤလူ့ဘုံနဲ့ နှိုင်းယှဉ်ပြီး စဉ်း စားကြည့်။ လူ့ဘုံမှာ လူတွေရဲ့စရိုက်နဲ့ အဆင့်အတန်းမတူကြ သလို ငရဲဘုံမှာလည်း ကွဲပြားနိုင်တာပဲ။ ဥပမာ .. ငရဲဆင်းရဲ သား၊ ငရဲလူချမ်းသာ၊ ငရဲသားအရာရှိ၊ အခွင့်ထူးခံ ငရဲသား၊ ခရိုနီငရဲသား .. ဘာညာပေါ့။ အင်း .. နည်းနည်းတော့ ပေါက် လောက်ပြီ။ ဥပမာ .. ထောင်သားတွေကို ရိုက်တဲ့ ထောင်အာ ဏာပါးကွက်သားကို ထောင်ထိန်းလို့ ခေါ်သလို အဲဒီလို ငရဲသား မျိုးကို ငရဲထိန်းလို့ ခေါ်နိုင်တာပဲ။

---

ငရဲထိန်း

ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့် နှိပ်စက်ညှဉ်း ပန်းသူ ငရဲထိန်းများရှိ၏ (အဘိ၊၄၊၄၃၀)။ ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီးနှိပ်စက်ကလူမပြုနိုင် (သံ၊ဋီ၊၂၊၈၆)။ ငရဲ ထိန်းများလည်း ယမမင်းနှင့် အမျိုးဇာတ်တူ၏ (သင်္ဂြိုဟ်ဘာသာဋီကာ၊၂၈၄)။ ယမမင်းဟူသည် (စတုမဟာရာဇ်နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်းဖြစ်၏ (မ၊ဋ္ဌ၊၄၊၁၈၃)။ မိဿကကုသိုလ် (ဥပမာ .. ဝက်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့် ယမမင်းဖြစ်ရ၏။ သို့ရာတွင်ယမမင်းသည် တရားအားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏ (အံ၊ဋီ၊၂၊၁၁၄)။

---

ဘဝတူ

အဲဒီ စာတွေထဲမှာ ငရဲသားနဲ့ ယမမင်းကို အမျိုးဇာတ်တူ ဆို မဟုတ်လား။ လူ့ဘုံမှာ လူတွေဟာ မြင်သာထင်သာတဲ့ အုပ်စု ဖြစ်သလို ငရဲဘုံမှာလည်း ငရဲရုပ်သွင် ငရဲအပြုအမူတွေနဲ့ မြင် သာတဲ့ အုပ်စုဟာ ငရဲဘုံသား ဖြစ်မယ်။ စရိုက် အဆင့်အတန်း ကွဲပြားနိုင်လို့ အလိုတော်ရိ ငရဲထိန်းတွေက ငရဲသားတွေကို ချောင်းမြောင်း ရိုက်တာ၊ နှိပ်စက်တာ၊ ခွေးတွေနဲ့ ရှူးတိုက် ကိုက်ခိုင်းတာမျိုးတွေ မရှိနိုင်ဘူးလား။

မိဿကကုသိုလ်ကြောင့် ငရဲမှာ အကြီးအကဲ (ယမမင်း) ဖြစ်ဆို မဟုတ်လား။ ငရဲထိန်း ငရဲသားဆိုရင်တော့ အကုသိုလ် သက်သက်ကြောင့် ဖြစ်ရမှာပေါ့။ အကုသိုလ် ပြုစဉ် စေတနာ (အားတက်သရော လုပ်မလုပ်) ပယောဂ (လုံ့လစိုက်ရ မစိုက်ရ) ဝတ္ထု (အကြီးအငယ်) အသင်္ခါရိက (ကိုယ့်ဆန္ဒနဲ့ ကိုယ်လုပ်) သသင်္ခါရိက (ဖိအားပေးလို့ လုပ်ရ)အလိုက် ငရဲသား အနိမ့်အမြင့် ကွဲပြားသွားလေသလားလို့ စဉ်းစားမိပါတယ်။

---

ခက်ပေမယ့်

မှန်ပါတယ်..ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ အပါယ် ဘုံသား အများစုဟာ အဲဒီဘုံဘဝကို ရောက်ပြီးရင် ပြန်ပေါ်ဖို့ ခက်တဲ့ သဘောရှိတယ်။ တောနက်ကြီး ဥပဒေနဲ့ ကြီးနိုင် ငယ် ညှင်း လောကထဲက သားရဲ တိရစ္ဆာန်တွေကိုပဲ ကြည့်လေ။ သူတို့ရဲ့အလုပ်က နေ့စဉ်အကုသိုလ်အလုပ်ပဲ။ ဒါပေမယ့် လိမ္မာပြီး ကောင်းကျိုးပြုတတ်တဲ့ တိရစ္ဆာန်လေးတွေလည်း ရှိသေး ပြန်တာပဲ။ ဒါကြောင့် အပါယ်ဘုံသား အမျိုးမျိုးရှိနိုင်လို့ အချို့ ငရဲမှာ ပြန်ဖြစ်၊ အချို့ အဲဒီဘဝက လွတ်မြောက်ခွင့်လည်း ရှိနိုင် တာပါပဲ။ ဗုဒ္ဓဝါဒအရမှာ ထာဝရငရဲဆိုတာမရှိပါဘူး။

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄။

---

၃၅၀။ ကောသလမင်း

ဆရာတော်ဘုရား၊

အိမ်မက်ကြီး ၁၆ ချက်ဖြင့် မြန်မာ့ယဉ်ကျေးမှုနယ်မှာ နာမည် ကြီးသော ကောသလမင်းရဲ့ ဘဝဇာတ်အကြောင်းကို သိလိုပါ သည် အရှင်ဘုရား။ ထိုမင်း၏ မိသားစုအကြောင်း၊ ဆောင်ရွက်ပုံနှင့် ကျွန်ုပ်တို့၏ မြတ်စွာဘုရားနှင့် မည်သို့ ပတ်သက်မှု ရှိခဲ့ သည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။ ထိုမင်းရဲ့ သေခါနီး နောက်ဆုံးအချိန်ဟာ အာဏာရှင်တို့ရဲ့ နိဂုံးအချိန်ကို ထင်ဟပ် စေသောကြောင့် အလွန် စိတ်ဝင်စားဖွယ်ကောင်းပါသည်။

ဒေါ်မိမိခိုင်..နော်ဝေနိုင်ငံ

---

မွေးရပ်

သာဝတ္ထိဘုရင် မဟာကောသလ မင်းကြီးရဲ့သား။ မင်းသားဆို တော့ သာဝတ္ထိမြို့က ထီးနန်းမှာပဲ မွေးမှာပေါ့။ မိခင် အမည် မထင်ရှား။ ‘သာဝတ္ထိယံ ဟိ မဟာကောသလရညော ပုတ္တော ပသေနဒိကုမာရော နာမ (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၁၅)’ဆိုတဲ့ မှတ်တမ်း အရ ငယ်မည် ပသေနဒီကုမာရ။ ‘အမ္ဗဋ္ဌသုတ်မှာ ပေါက္ခရသာ တိ ပုဏ္ဏားကို ပသေနဒီကောသလမင်းကဥက္ကဋ္ဌာမြို့ကိုအပိုင် စား ပေးကြောင်း၊ ဒိဗျာဝဒါနကျမ်းမှာ အဂ္ဂိဒတ္တ (Aggidatta) မင်းကအပိုင်စား ပေးကြောင်းဆိုတဲ့ အတွက်ပသေနဒီနဲ့ အဂ္ဂိဒတ္တအတူတူ (See Buddhist India, T.W. Rhys Davids, p.10)’။

ဒီအဆိုကိုလက်ခံနိုင်ရင် ငယ်မည်အဂ္ဂိဒတ္တမင်းသား။ ဝေသာလီ မြို့ကလိစ္ဆဝီမင်းသားမဟာလိနဲ့ ကုသိနာရုံမြို့ကမလ္လမင်းသား ဗန္ဓုလတို့ဟာ တက္ကသိုလ်မှာ ပညာအတူသင်ဖူးတဲ့ သူငယ်ချင်း တွေ (ညွှန်းပြီး)။

ထီးနန်းရ

ပညာစုံလို့ အမိနိုင်ငံကို ပြန်ရောက်တဲ့ အခါ ပသေနဒီကုမာရရဲ့ ပညာပြည့်ဝမှုကိုနှစ်သက်ပြီးဖခင်ကထီးနန်းကိုလွှဲပေးလိုက်တယ်။ လေးသည်တော်ကြီး သူငယ်ချင်း ဗန္ဓုလ အမိနိုင်ငံကို စွန့်ပြီးသာဝတ္ထိမှာ ခိုလှုံလာတဲ့ အခါ USA ကအိုင်စတိုင်းကိုကြို ဆိုသည့်အလား ခမ်းနားစွာ ကြိုဆိုပြီး စစ်သေနာပတိ ခန့်ပစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၁၆)။ ဒါက မြတ်ဗုဒ္ဓ သာဝတ္ထိကို မရောက်ခင်က ဖြစ်ခဲ့တာလိုပဲ။ ပညာရှင် ပေါက္ခသာတိကို ဥက္ကဋ္ဌာမြို့ (ဒီ၊၁၊၈၁)၊ ပုဏ္ဏားပညာရှိ စင်္ကီကို ဩပါသာဒမြို့ (မ၊၂၊၃၇၅)ကိုအပိုင်စားပေးတာတွေထောက်ရင် ပညာရှိလူတော် လူကောင်းတွေကို တန်ဖိုးထားတတ်တဲ့ သဘောရှိတယ်။

တရားရုံးမှာ အမတ်တွေ လာဘ်စားပြီး အမှား ဆုံးဖြတ် တာကို တွေ့တော့ ‘ငါ့ရှေ့တောင် ဒါလောက်၊ ကွယ်ရာဆိုဒီလူ တွေ မလွယ်ဘူး၊ ဝိဋဋူဘကို ရှင်းခိုင်းမှ ဖြစ်မယ်လို့ အကြံဖြစ် ဖူး (သံ၊ဋ္ဌ၊၁၊၁၂၈)’ဆိုလို့ လာဘ်စားတာကို နှိပ်ကွပ်လိုစိတ် ရှိပုံရပေမယ့် တိတ္ထိတို့ဆီက ငွေတစ်သိန်း လာဘ်စားပြီး ဇေတ ဝန်ကျောင်း အနောက်ဖက်ကပ်လျက်မှာ တိတ္ထိကျောင်း တည် ဆောက်ခွင့်ပြုတာ (ဇာ၊ဋ္ဌ၊၂၊၁၅၅)ကြည့်ပြန်ရင် ကိုယ်တိုင်က ခေါင်မလုံလို့ မအောင်မြင် လောက်ဘူး။ စားဖွယ် သောက်ဖွယ်ကို အလိုရှိသူတိုင်းအတွက် ပသေနဒီရဲ့ အလှူဇရပ်တွေကို ထာ ဝစဉ်ဖွင့်ထား (ဥဒါန၊၁၄)လို့ သဒ္ဓါတရား ရှိပုံရတယ်။ ယုံကြည် မှုမှာလည်း သဘောထားကြီးပုံပဲ။ ဗုဒ္ဓဝါဒီဖြစ်ပြီးနောက်လည်း အခြားသမဏဗြဟ္မဏတွေကို မပစ်ပယ်ခဲ့ဘူး (ဥဒါန၊၁၅၆)။

မိသားစု

ပသေနဒီ အလွန်ချစ်တဲ့ သက်တော်ရှည် အဖွားတစ်ယောက် ရှိတယ်။ တူတော်တွေ ရှိတာထောက်ရင် ညီအစ်ကိုတွေလည်း ရှိမယ်လို့ ပဲယူဆတယ်။ ဘုရင်မျိုးဆိုတော့ ဘကြီးဘထွေးတွေလည်း အများကြီး ရှိနိုင်တာပဲ။

နှမ ၂-ယောက်ရှိတယ်..၁)ဗိမ္ဗိသာရမင်းရဲ့မိဖုရားကြီး အဇာတသတ်ရဲ့ မိခင် ဝေဒေဟီ။ ကောသလဒေဝီလည်း ခေါ်တယ် (ဒီ၊ဋ္ဌ၊၁၊၁၂၇။ ဇာ၊ဋ္ဌ၊၂။ ၂၆၂)။ ဗိမ္ဗိသာရက ကောသလထက်အသက်ကြီးလို့ ဝေဒေဟီဟာကောသလရဲ့အစ်မဖြစ် လေမလား။ ကောသလမင်းလည်း ဗိမ္ဗိသာရရဲ့ နှမကို ယူထား လို့ ဒီမင်းနှစ်ပါးက နှစ်ထပ်ကွမ်း သမီးယောက်ဖတွေ။ နာမည် ကျော်အဇာတသတ်ဟာ ကောသလမင်းရဲ့ တူအရင်း။

၂) နှမ နောက်တစ်ဦးက မင်းသမီး သုမနာ။ ပသေနဒီ ကောသလမင်းသာဝတ္ထိမှာ ဗုဒ္ဓနဲ့ ပထမအကြိမ်တွေ့စဉ်ကပင် ဘိက္ခုနီ ပြုလိုခဲ့ပေမယ့် အသက်ကြီးနေတဲ့ အဖွားအိုကို ငဲ့ပြီး မလုပ်ဖြစ်ခဲ့။ အသက်၁၂၀-မှာ အဖွားကွယ်လွန်တော့ သုမနာလည်း ဘိက္ခုနီပြု၊ ရဟန္တာဖြစ်။ အဖွားဆုံးတော့ ပသေနဒီဟာ အလွန် စိတ်ထိခိုက်သွားလို့ ဗုဒ္ဓဆီ သွားပြီး ဖြေသိမ့်တရား နာယူခဲ့ရတယ်။ အဖွား ပိုင်ဆိုင်ခဲ့တာ အားလုံးကိုလည်း ဗုဒ္ဓအမှူး ပြုတဲ့ သံဃာကိုလှူဒါန်းခဲ့တယ် (ထေရီ၊ဋ္ဌ၊၂၂။ သံ၊၁၊၉၇)။

အရင်းနှီးဆုံး

ကောသလမင်း ရှင်တော် ဗုဒ္ဓကို ပထမဆုံးအကြိမ် တွေ့တာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ (ဣတော ပုဗ္ဗေ တထာဂတဿ အဒိဋ္ဌတ္တာ။ သံ၊ဋ္ဌ၊၁၊၁၁၉)။ အနာထပိဏ်နဲ့ ဇေတမင်း သားတို့ ဇေတဝနဝိဟာရကို ဆောက်လုပ်ပြီးမှ တွေ့တာဆိုပေ မယ့် ရှင်တော် ဗုဒ္ဓရဲ့ သာသနာပြုဘဝ အစောပိုင်း ကာလပါပဲ။ တိဗက်မှတ်တမ်းတွေမှာတော့ ဗုဒ္ဓရဲ့ သာသနာပြု ဒုတိယနှစ်မှာ တွေ့တာလို့ အတိအကျ ဆိုတယ် (The Life of the Buddha Woodville Rockhill, p. 49)။

အဲဒီ အချိန်ကစပြီး ဗုဒ္ဓသာဝကအဖြစ် ခံယူရင်း မြတ်ဗုဒ္ဓနဲ့ ဆရာအရှင်လိုရော မိတ်ဆွေလိုပါ ရာသက်ပန်ရင်းနှီးခဲ့တယ်။

ရှင်တော် ဗုဒ္ဓနဲ့ သက်တူ ရွယ်တူဖြစ်လို့ ဆက်ဆံမှုဟာ အလွန် နီးစပ်ပွင့်လင်းပြီး ဗုဒ္ဓကိုအလွန်လည်းသံယောဇဉ်ရှိ ပုံရတယ်။ တစ်နေ့သုံးကြိမ် ဗုဒ္ဓကိုသွား၍ဖူးတယ် (သံ၊ဋ္ဌ၊၁၊၁၅၃)။ ဗုဒ္ဓ တာဝတိံသာကို ကြွစဉ် ဗုဒ္ဓနဲ့ မခွဲနိုင်လို့ ဆင်းတု တော်ထားခဲ့ရကြောင်း တရုတ်မှတ်တမ်းတွေမှာ ဆိုတယ် (Ro- mantic Legend ofthe Buddha, Kegan Palul, p. xliv)။ ရှင်တော်ဗုဒ္ဓရဲ့ အကြံပေးချက်ကို အသေးအမွှားကအစ အလေးအနက် ခံယူခဲ့တယ်။ ကောသလအစားကြီးတာနဲ့ ပတ်သက်ပြီး..

ဝိတ်ချဂါထာ

ဆန်တစ်စိတ်ချက်နဲ့ အဲဒီနဲ့ ညီမျှတဲ့ ဟင်းလျာတွေ ကုန်အောင် စားနိုင်တယ် (သံ၊၁၊၈၂)။ သူစားတဲ့ ထမင်းပန်ကန်ပြား (ပရိဘောဂပါတိ)ဟာ လှည်းဘီးလောက်ရှိသတဲ့ (သံ၊ဋ္ဌ၊၁၊၁၅၉)။ အစားကြီးလို့ ဝိတ်တက်ပြီး ဗုဒ္ဓရှေ့မှာ မအီမသာ ဖြစ်နေတော့ မြတ်ဗုဒ္ဓက ဘုရင်ကို ရည်ရွယ်ပြီး ဝိတ်လျှော့ဂါထာကို ရွတ်ဆိုတယ်။ ဒါကိုဘုရင်ကြီး ရိပ်မိသွားလို့ တူတော်မောင် သုဒဿန (အခြား တူတစ်ယောက်)ကို ဘုရားထံမှာ အဲဒီဂါထာ သင်ခိုင်း ပြီး မိမိ ပွဲတော်တည်တိုင်း ပြန်ပြန် ရွတ်ပြခိုင်းတဲ့ အတွက် ဘုရင်ကြီး ဝိတ်ကျသွားသတဲ့။ ကြုံလို့ ဝိတ်ချလိုသူတွေ ဘုရား ဟောတဲ့ ဝိတ်ချဂါထာကိုပေးအုံးမယ်..

မနုဇဿ သဒါ သတီမတော၊
မတ္တံ ဇာနတော လဒ္ဓ ဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊
သဏိကံ ဇီရတိ အာယုပါလယံ။

ရပ်သွားထိုင်လျှင် လျောင်းစဉ်တွင် မြဲယှဉ်သတိ ရှိနေပါ။
သင့်မြတ်ဘောဇဉ် စားဆဲပင် ဆင်ခြင်နှိုင်းချင့် ကျင့်ပေရာ။
ပါးရှားဝေဒနာ ကင်းရောဂါ မာမာစွမ်းကျန်း လန်းလေသာ။
ဝိတ်ကျပေါ့သွက် နေမခက် အစာကျက်၍ သက်ရှည်မှာ။

သာသနာပြု

ဗုဒ္ဓနဲ့ အင်မတန် ရင်းနှီးတဲ့ အတွက် ဗုဒ္ဓသာသနာ နာမည်ပျက် မယ့် ကိစ္စမျိုး မဖြစ်အောင် ပါဝင် ကာကွယ်ပေးတာကို တွေ့ရတယ်။ လူဝတ်နဲ့ ပါလာတဲ့ ကိုယ်ဝန်ကို ဘိက္ခုနီမက မွေးတဲ့ အခါ အဲဒီဘိက္ခုနီမ အနှောင့်အယှက်မဖြစ်အောင် ထိုကလေးကို မင်းကြီးက မွေးစားတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၉၇)။ ရဟန်းအချို့ အစိရဝတီမြစ်ထဲ ရေကူးပြီး ဆော့နေကြတာ တွေ့တော့ ဒီကိစ္စကို လူတွေ ကဲ့ရဲ့နိုင်လို့ ဗုဒ္ဓ သိသွားစေချင်တာနဲ့ အဲဒီ ရဟန်းတွေ နဲ့ ပဲတင်လဲခဲတစ်တုံး ဗုဒ္ဓကို လှူဖို့ ထည့်ပေးလိုက်သတဲ့။ ဒါနဲ့ ဒီ ကိစ္စကို မြတ်ဗုဒ္ဓ သိသွားပြီး သိက္ခာပုဒ် ပညတ်တာပေါ့ (ဝိ၊၂၊၁၄၈)။ အကုသိုလ်ကြောင့် အမျိုးသမီးတစ်ယောက် နောက်က လိုက်နေသလို ထင်ခံရတဲ့ ကုဏ္ဍဓာန ရဟန္တာကြီးကိုလည်း လူ တွေ အမြင်ရှင်းအောင် ကူညီပေးဖူးတယ် (အံ၊ဋ္ဌ၊၁၊၂၀၃)။ ဒါတွေကို ဗုဒ္ဓသာသနာပြု စာရင်းထဲထည့်ရင် မငြင်းသာပါဘူး။

သူ့ကောင်းမှု

ပြည်သူတွေရဲ့အလှူက မိမိထက်သာတာကို ရှက်ပြီး မင်းကြီး အကြံအိုက်နေစဉ် မလ္လိကာ စီမံပေးပုံက .. ဘုရား အမှူးရှိတဲ့ သံဃာ သီတင်းသုံးဖို့ နံပဲသားပျဉ်နဲ့ မဏ္ဍပ်ငါးရာ၊ မဏ္ဍပ် အလယ်မှာ လှေဆယ်စီး၊ မင်းသမီးအချို့က နံသာကို သွေးပြီး အဲဒီလှေထဲ ထည့်ပေး၊ သံဃာတွေ ကြွလာတဲ့ အခါ မင်းသမီး အချို့က နံသာရေကို မွှေပေးပြီး မဏ္ဍပ်တစ်ခုလုံး နံ့သာနံ့ ထုံ အောင်လုပ်၊ ဆင်ယဉ်ငါးရာက သံဃာတွေကို ထီးဖြူနဲ့ မိုး၊ မင်း သမီးတစ်ဦးက သံဃာနှစ်ပါးစီကိုယပ်ခပ်ပေး။ ဆင်၊ ထီးဖြူ၊ မင်းသမီး ဆိုတာကို ပြည်သူတွေမှာ ဘယ်ရှိပါ့မလဲ။ ဒါနဲ့ ပဲ မင်းကြီးက သာသွားရတာပေါ့။ ဒီအလှူရဲ့ စုစုပေါင်း တန်ဖိုးက ၁၄- ကုဋေတဲ့ (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၉)။ အဲဒါကို ‘အသဒိသဒါန (အတု မရှိအလှူ)’လို့ ခေါ်တယ်။ ကောသလရဲ့ထူးခြားတဲ့ အလှူပါပဲ။

ပသေနဒီဟာ ဇေတဝန်ကျောင်းတိုက်ရဲ့ အရှေ့ဖက်မှာ ဗုဒ္ဓ အတွက် ရာဇိကာရာမအမည်နဲ့ ကျောင်းတိုက်တစ်ခု လှူဒါန်းခဲ့တယ် (ဇာ၊ဋ္ဌ၊၂၊၁၄)။ တရုတ်မဟာခရီးသည်ကြီး ဟူယင်ဆန် (Hiouen Thsang)က ဗုဒ္ဓအတွက် ကောသလ လှူဒါန်းတဲ့ ဓမ္မာရုံ နေရာ၊ ယင်းနဲ့ ကပ်လျက်မှာ မဟာပဇာပတိ ဂေါတမီကို မင်း ကြီး လှူဒါန်းတဲ့ ကျောင်းတော်ရာတွေ တွေ့ရကြောင်း ဆိုတယ်

(Beal, Buddhist Records of Western Worldii, p. 2)။

အမတ်တွေ

အသဒိသအလှူနဲ့ ပတ်သက်ပြီး ကာဠနဲ့ ဇုဏှလို့ အမတ်နှစ် ဦးအနက် ကာဠအမတ် စဉ်းစားပုံက ‘ဒီဘုန်းကြီးတွေ အစာ ကောင်းတွေကို စားပြီး သွားအိပ်နေကြမှာ။ ၁၄-ကုဋေကြီးများ တောင်။ မင်းဘဏ္ဍာတွေ အဓိပ္ပာယ်မရှိ ကုန်သွားတာပဲ။ နှမြော စရာကြီး’တဲ့။ ဇုဏှ ကတော့ ‘မင်းဖြစ်လို့ သာလှူနိုင်တာပဲ။ သာ မန်တို့ မလှူနိုင်ဘူး။ သာဓုခေါ်ပါတယ်’တဲ့။ ရှင်တော် ဗုဒ္ဓကလည်း မင်းကြီးရဲ့ ထမင်းရည်ချောင်းစီး အလှူကို လူတွေ နှစ် သက်ကြရဲ့လားလို့ ဆင်ခြင်တဲ့ အခါ ကာဠကို မြင်မိတာနဲ့ သင့် မြတ်တဲ့ အနုမောဒနာတရားကို ဟောရင် ကာဠအမတ် ဒုက္ခ ဖြစ်နိုင်လို့ လေးပါဒရှိတဲ့ ဂါထာလေး တစ်ပုဒ်ပဲ ဟောတော်မူခဲ့ သတဲ့။ နောက်တော့ ကောသလ သိသွားပြီး ကာဠကို အလုပ် ဖြုတ်၊ ဇုဏှကို ပြည့်စည်းစိမ်ကို ခုနစ်ရက်ပေး။ ကောသလက ဘုရားကိုလျှောက်။ ဘုရားက ‘လူမိုက်တွေဟာ သူများရဲ့အလှူကို ဝမ်းမသာနိုင်ဘူး (ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ)’လို့ ဟော တော်မူတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၂၂)။

အဲဒီအချိန်က အနည်းဆုံး ကောသလရဲ့လုပ်ရပ်ကို ကျိတ်ပြီး မကြိုက်ဘူး ဖြစ်နေသူတွေ ရှိတယ်လို့ သုံးသပ်နိုင်တယ်။ မင်းကြီးဟာ ဖခင်ရဲ့အမတ်ကြီးဖြစ်ခဲ့တဲ့ အဂ္ဂိဒတ္တကိုလည်း သိပ်လေးစားတယ်။ ဒီအမတ်လည်း အသက်အရွယ်အရ သူ့ပိုင် ဆိုင်မှုအားလုံးကို ဆင်းရဲသားတွေကိုစွန့်၊ ရသေ့ရဟန်းပြုပြီး တောထွက်သွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၅၇)။ သူပုန်ကို နိုင်ခဲ့တဲ့ သန္တတိ အမတ်ကတော့ အောင်ပွဲခံ ပထမနေ့မှာပဲ အဲဒီပွဲ အတွက် ကိုယ်ခန္ဓာ လှပအောင်ဆိုပြီး မစားမသောက်ဘဲ နေတဲ့ ကချေသည်မ လဲကျ သေဆုံးတာကို ကြည့်ရင်း သံဝေဂဖြစ်ပြီး ရဟန်းပြု၊ ရဟန္တာဖြစ်သွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၅၀)။

ကျေးဇူးသိ

ငယ်စဉ်က ဖခင်မဟာကောသလရဲ့ မင်းဆရာဖြစ်ဖူးတဲ့ ပဏ္ဍိတ် ဗာဝရီပုဏ္ဏားကြီးဆီမှာ ပညာသင်ဖူးတယ်။ ကောသလ ထီးနန်း ရတဲ့ အခါ ဗာဝရီကို မင်းဆရာ ပြန်ခန့်ပေမယ့် ဗာဝရီဆရာ ကြီးကတောထွက်မှာ ဖြစ်လို့ လက်မခံ။ ဒါပေမယ့်မင်းကြီးက မင်းဥယျာဉ်မှာပဲ သီတင်းသုံးဖို့ တောင်းပန်လို့ ခေတ္တ သီတင်း သုံး။ ဗာဝရီရသေ့ကြီး မြို့မှာ မပျော်လို့ နေရာရွှေ့တော့လည်း အမတ်နှစ်ဦးကို လိုက်သွားစေပြီး ဆရာ သီတင်းသုံးဖို့ သင်္ခမ်း ကျောင်း ဆောက်လုပ်လှူဒါန်းတယ် (သုတ္တနိ၊ဋ္ဌ၊၂၊၂၉၅)။ ဒါ လေးကတော့ ကျေးဇူးသိတတ်တယ်လို့ ဆိုနိုင်တဲ့ အချက်ပါ။

မိဖုရား ၆-ပါး

၁) ဗိမ္ဗိသာရရဲ့ နှမ (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၄၃)။ နာမည် မထင်ရှား။ ဂုဏ်သိက္ခာအရ ယူထားတာ ဖြစ်ဖွယ်ရှိ။ ဗိမ္ဗိသာရရဲ့ ညီမဖြစ် လို့ ပသေနဒီနဲ့ အသက်အရွယ် မတိမ်းမယိမ်း ဖြစ်နိုင်ပြီး မိဖု ရားတွေအနက် အသက်ကြီးပြီး၊ ရိုးရိုး အေးအေး နေတတ်သူ ဖြစ်ဖွယ်ရှိတယ် (ဒါကထင်မြင်ချက်မျှသာ)။

၂) ပန်းထိမ်သည်ရဲ့ သမီး ဆင်းရဲသူ မလိကာ။ ဆင်းရဲသားဘဝက လာခဲ့ရပေမယ့် သွက်လက်ပါးနပ်ပြီး ဘုန်းကံပါရ မီလည်း ရှိလို့ ပသေနဒီရဲ့ ယုံကြည်လေးစားမှုကို အထူးခံရတဲ့ အဆင့်အမြင့်ဆုံး မိဖုရားကြီး (သံ၊ဋ္ဌ၊၁၊၁၂၉)။ ဗုဒ္ဓနဲ့ တွေ့ပြီးမှ ရတဲ့ ဇနီးဖြစ်လို့ အသက်အရွယ် ငယ်ပုံရတယ်။

၃) သာကီမျိုး မဟာနာမမင်းရဲ့ ကိုယ်လုပ်တော် ကျွန်မက မွေးတဲ့ သာကီကပြား ဝါသဘခတ္တိယာ။ ဗုဒ္ဓနဲ့ ရင်းနှီးတာ အတန် ကြာပြီးမှ ဗုဒ္ဓနဲ့ ဆွေမျိုးစပ်ချင်လို့ လက်ထပ်ခဲ့တာဖြစ်တဲ့ အတွက်မလ္လိကာနဲ့ အသက်အရွယ်အလွန် မကွာနိုင်။ နောင်အခါ ကောသလထီးနန်းကိုရသွားတဲ့ မင်းသားဝိဋဋူဘရဲ့မိခင်။

၄) သာဝတ္ထိမြို့သူ သူဌေးသမီး ဥဗ္ဗီရီ၊ ချောမောလှပလို့ သိမ်းပိုက်ထားတာ။ ‘ဇီဝန္တီ’ အမည်ရှိတဲ့ သမီးတော်တစ်ပါးကို မွေးပြီးမှ တရားဝင်မိဖုရား ဖြစ်ခဲ့ပေမယ့် သမီးတော် ဆုံးသွား ပြီးနောက် ဘိက္ခုနီပြုပြီး ရဟန္တာ ဖြစ်သွားတယ် (ထေရီ၊ဋ္ဌ၊၅၅)။

၅) သောမာနဲ့ ၆) သကုလာ၊ ညီအစ်မ နှစ်ယောက်။ ရှင်တော်ဗုဒ္ဓ ဥရုညာမြို့မှာ သီတင်းသုံးခိုက် ကောသလမင်း ဗုဒ္ဓထံ သွားစဉ် ဗုဒ္ဓအား သတင်းမေးပါကြောင်း မင်းကြီးနဲ့ စကား ထည့်လိုက်ပုံကို ထောက်ရင် နှစ်ယောက်လုံး ဗုဒ္ဓနဲ့ နီးစပ်တယ် လို့ ယူဆရတယ် (မ၊၂၊၃၂၇)။

သောမာထေရီနဲ့ သကုလာထေရီလို့ အပဒါန်နဲ့ ထေရီဂါထာ တွေမှာ တွေ့ရပေမယ့် မွေးရပ်မြေ မတူလို့ ဖော်ပြပါ ဘုရင့် မိဖုရားနှစ်ပါး မဟုတ်လောက်ဘူး။

သား ၃-ပါး

၁) ဇေတဝန်ဥပယျာဉ်ကို မူလကပိုင်ဆိုင်သူ ဇေတမင်းသား။ ဗုဒ္ဓ သီတင်းသုံးဖို့ ကျောင်းနေရာအဖြစ် မိမိဥယျာဉ်ကို အနာထပိဏ်အား ရောင်းပြီးနောက် ကိုယ်တိုင် သဒ္ဓါတရား ဖြစ်လာ ပြီး ကျောင်းတိုက်မုခ်ဦးကို လှူဒါန်းသူ (ဝိ၊ဋ္ဌ၊၄၊၆၃)။ မင်းကြီး တိုက်ပွဲ အောင်မြင်တုန်း မွေးတာ (မ၊ဋ္ဌ၊၁၊၆၂)လို့ ဆိုတယ်။ ဗုဒ္ဓသာဝတ္ထိ ရောက်ချိန်မှာ အရွယ်ရောက်နေပြီ။

၂) ဗြဟ္မဒတ္တမင်းသား။ ဗုဒ္ဓနဲ့ တွေ့ပြီးနောက် ရဟန်းပြု။ ရဟန္တာဖြစ် (ထေရ၊ဋ္ဌ၊၂၊၁၁၃)။ ဒီမင်းသားနှစ်ပါးက ဗိမ္ဗိသာရရဲ့ ညီမက မွေးတာဖြစ်နိုင်ပြီး ထီးနန်းကို စိတ်ဝင်စားပုံ မရဘူး။

၃) ဝါသဘခတ္တိယာနဲ့ ရတဲ့ ဝိဋဋူဘ။ ကျွန်မ ကပြားရဲ့သား ဖြစ်လို့ ဘဝအစပိုင်းမှာ မျက်နှာငယ်ခဲ့ပေမယ့် အရွယ်ရောက်တဲ့ အခါ စစ်သူကြီးရာထူးရ။ နောင်အခါ ဘုရင်ကို လုပ်ကြံပြီး ထီးနန်းကို ရသွားသူ။ အသက်အငယ်ဆုံးသား ဖြစ်ဖွယ်ရှိ။

သမီး ၂-ပါး

၁) မလ္လိကာနဲ့ ရတဲ့ သမီးတော်။ မွေးကင်းစမှာ သမီးမွေးရမလားလို့ မင်းကြီး စိတ်မကောင်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ဗုဒ္ဓ ဘုရားရဲ့ အမျိုးသမီးဂုဏ်ပြု တရားကြောင့် ဒီသမီးကို အချစ်ပို သွားသတဲ့။ တူတော်အဇာတသတ်နဲ့ ကာသိကျေးရွာ ပိုင်ဆိုင်မှု အငြင်းပွားတဲ့ စစ်ပွဲမှာ အဇာတသတ်ကို လက်ရဖမ်း၊ ထီးနန်းကို စွန့်ပါတယ်လို့ ကတိပေးမှ ပြန်လွှတ်၊ သမီးတော် ဝဇိရ ကုမာရီနဲ့ ပေးစားပြီး အငြင်းပွားတဲ့ ရွာကိုပဲ မင်္ဂလာလက်ဖွဲ့ ပေးကြောင်း ဆိုတယ် (ဇာ၊ဋ္ဌ၊၂၊၂၆၃)။ အဇာတသတ်နဲ့ ပေး စားတာကို ထောက်ရင် ဝဇိရကုမာရီဟာ မလ္လိကာနဲ့ ရတဲ့ သမီးတော် ဖြစ်လေမလား။

၂)မိဖုရားဥမ္ဗီရီနဲ့ ရတဲ့ သမီးတော် ဇီဝန္တီမင်းသမီး။ ဒီမင်းသမီး က အသက်မရှည်ခဲ့ဘူး (ထေရီ၊ဋ္ဌ၊၅၅)။

ပိုင်ဆိုင်မှု

မင်းကြီးရဲ့တန်ဖိုးထားတဲ့ ပစ္စည်းတွေထဲမှာသေတအမည်ရှိတဲ့ ဆင်ဖြူတော် (အံ၊၂၊၃၀၃)က ထိပ်ဆုံးက။ နောက်စီးတော်ဆင် နှစ်စီးက ပုဏ္ဏရိက ဆင်ဖြူတော် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၈၂)နဲ့ ပါဝေယျကဆင် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၂၀)။ ပြီး နန်းတော်မှာ မင်းကြီးဆီ သတင်းစကားကို ယူပေးတဲ့ ကြိုးကြာငှက်မလေး တစ်ကောင်လည်း ရှိတယ် (ဇာ၊ဋ္ဌ၊၃၊၁၂၃)။ ကောသမင်းကို ဆင်ဖြူနှစ်စီး ရှင်လို့ ခေါ်နိုင်လေမလား။ မင်းကြီး တန်ဖိုးထားတဲ့ အခြား ပစ္စည်းတစ်ခုက သိကြားမင်း ပေးတယ်တဲ့ ပတ္တမြား ဥသျှောင်။ တစ်ခါမှာ ဒီပစ္စည်း ပျောက်သွားဖူးတယ်။ ဒါပေမယ့် အရှင်အာနန္ဒာရဲ့အကူအညီနဲ့ ပြန်ရသတဲ့ (ဇာ၊ဋ္ဌ၊၁၊၄၀၃)။

ခံယူစွမ်း

ကောသလဟာ မလ္လိကာကို မိမိထက် ကြံရည်ဖန်ရည် ရှိတယ် လို့ ယူဆပြီး အရေးကြီးရင် မလ္လိကာနဲ့ တိုင်ပင်ပြီး သူအကြံ ပေးရင် လက်ခံတယ်။ တိရစ္ဆာန်တွေကို ယဇ်ပူဇော်တော့မယ့် ဆဲဆဲ မလိကာ အကြံပေးလို့ ဗုဒ္ဓဆီ အချိန်မီ ရောက်သွားတဲ့ အတွက် သတ္တဝါတွေ ချမ်းသာသွားတယ် (သံ၊၁၊၇၅)။ အသဒိ သဒါနပြုတော့လည်း မလ္လိကာရဲ့အကြံအတိုင်းပဲ (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၂၀)။ ဒါပေမယ့် တစ်ခါမှာ မလ္လိကာ လူပါးဝတာကို ခံလိုက် ရသေးတယ်။ မလ္လိကာ ရေချိုးအိမ်ထဲမှာ ခွေးထီးလေးနဲ့ အဝှါပြု တာကို မင်းကြီး အမှတ်မထင် တွေ့သွားလို့ ယမ်းပုံမီးကျ ဖြစ် တဲ့ အခါ မလ္လိကာက ခပ်တည်တည်နဲ့ ‘ဒီပြတင်းပေါက်က ဝင်ရင် မင်းကြီးကိုလည်း ဒီအတိုင်းပဲ မြင်ရမှာပဲ၊ ဝင်ကြည့်ပါလား’ ဆိုတော့ မင်းကြီးလည်း ဝင်ရောမလ္လိကာက ‘မင်းကြီး ဆိတ်မ နဲ့ ဖြစ်နေပြီ’လို့ လှမ်းအော်လိုက်တယ်။ မင်းကြီး ယုံသွားသတဲ့ (ဓမ္မပဒ၊ဋ္ဌ၊၂၊၇၂)။ ချစ်လို့ ခံလိုက်ရတာ များလား။

နှာရှည်မင်း

တစ်နေ့ကောသလ ဆင်စီးပြီး မြို့ကိုလှည့်စဉ် ချောမောလှပတဲ့ အမျိုးသမီးငယ် တစ်ယောက်ကို တွေ့ပြီး စွဲသွားသတဲ့။ မင်း ချင်းတစ်ယောက်ကို စုံစမ်းခိုင်းတော့ အိမ်ထောင်ရှိတယ်။ ဒါနဲ့ သူ့ယောကျ်ားကို အနားခေါ်၊ အလုပ်ခန့်ပြီး မရနိုင်တဲ့ ပစ္စည်းကို ရှာခိုင်းတယ်။ ကံကောင်းစွာ ရခဲ့ပေမယ့် ဘုရင်က ညနေ ဂိတ် တံခါးကို စောပိတ်ခိုင်းထားလို့ မင်းကြီးဆီ အရောက်မသွားနိုင်။ ကောသလကြီး အဲဒီ ‘မချော’အကြောင်း တွေးပြီး အိမ်မပျော် ဖြစ်နေလို့ အိမ်မက် ၁၆-မျိုးကို မက်တာ အဲဒီညကပေါ့။ မိဖုရား တွေ တစ်ပြုံတစ်မ၊ တစ်နိုင်ငံလုံး လွတ်လပ်တဲ့ အမျိုးသမီးတွေ အများကြီး ရှိပါလျက် လင်ရှိမယားကိုမှ ကြိုက်နိုင်ရက်တဲ့ အတော်နှာရှည်တဲ့ ဘုရင်ကောသလပါပဲ။

လက်မနှေး

အာဏာရှင်တွေဟာ ပြိုင်လာသူလို့ ထင်ရင် လက်မနှေးတတ်ဘူး။ သက်ဦး ဆံပိုင်ခေတ်ဆိုတော့ ပိုဆိုးမှာပေါ့။ ဒီခေတ်မျိုး မှာ ကိုယ်လက်နှေးရင်လည်း ကိုယ်ခံရမှာပဲ။ ကောသလဟာ ခြစားအကျင့်ပျက်တဲ့ အမတ်တွေ ကုန်းချောတာကို ယုံစား လိုက်မိလို့ ဗန္ဓုလနဲ့ သားသုံးကျိပ်ကို လုပ်ကြံ သတ်ပစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၁၇)။ ဗန္ဓုလလိုသစ္စာရှိတဲ့ သူငယ်ချင်းလူစွမ်း ကောင်းကို သတ်ပစ်တာဟာ သူ့ဘဝ တစ်သက်တာမှာ အမှား ဆုံးလို့ ထင်တယ်။ ဗန္ဓုလကတော် မလ္လိကာက ထိုလုပ်ရပ် အတွက် ‘သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို’လို့ ဆိုတဲ့ အခါ မင်းကြီး အလွန် စိတ်ထိခိုက်ခဲ့တယ်။ ဒီလုပ်ရပ်ကြောင့်ပဲ သူ့ဘဝ ကျဆုံးခဲ့ရတာပဲ။

နောက်ဆုံးနေ့

အဇာတသတ်ကို သမီးတော် ဝဇိရကုမာရီနဲ့ ပေးစားပြီး ၃-နှစ် အကြာ တစ်နေ့ .. အဲဒီနေ့က ကောသလဟာ သကျနိုင်ငံဖက် က မေဒါဠုမ္ပရွာကြီးမှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓဆီကို အခြွေအရံ နည်းနည်းနဲ့ ဖူးမြော်ဖို့ လာခဲ့တယ်။ အဲဒီမှာ သကျမျိုးကို ရှင်းပစ်ဖို့ ဘုရင်လုပ်ချင်နေတဲ့ ဝိဋဋူဘဟာ ဦးလေးတော်နဲ့ ညီအစ် ကိုဝမ်းကွဲတွေကို သတ်ခဲ့လို့ စိတ်ခုနေတဲ့ အမတ် ဒီဃကာရာယနနဲ့ ပေါင်းပြီး ကောသလ ထီးနန်းကို သိမ်းပိုက်တယ်။

ကောသလ မင်းလည်း နန်းကို မပြန်ရဲတော့ဘဲ တူတော် အဇာတသတ်ဆီမှာ စစ်ကူတောင်းဖို့ မဂဓနိုင်ငံကို ပြေးခိုက် အချိန်အခါမဟုတ်လို့ ရာဇဂြိုဟ်မြို့ထဲ မဝင်နိုင်ဘဲ မြို့တံခါးအနီးမှာ အိပ်ရစဉ် လေပူမိပြီး ကွယ်လွန်တယ်။ အဇာတသတ် ကြားသိ တဲ့ အခါ သူ့ဦးလေးတော်ရဲ့ အလောင်းကိုကောင်းစွာ သဂြိုဟ်ခဲ့ ပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၁။ ၂၂၅)။ တိဗက်မှတ်တမ်း (W. Rockyil, The Life of the Buddha)လာ ကောသလ ကွယ်လွန်ပုံ အသေး စိတ်ကိုတော့ ဘုန်းကြီးရဲ့ အဲဒီကျမ်းဘာသာပြန်မှာ ဖတ်ပါ။)

ပသေနဒီဟာ တစ်မဂ်တစ်ဖိုလ်ကို ရသွားတယ်ဆိုတဲ့ မှတ် တမ်းစာပေမှာ မထင်ရှားဘူး။ ဒသဗုဒ္ဓဒီပနီကျမ်း အစမှာဖော် ပြတဲ့ ဘုရားလောင်း ၁၀-ပါး စာရင်းအရ ပသေနဒီဟာ နောင် အခါ ဗုဒ္ဓဘုရားတစ်ဆူ ဖြစ်လာပါလိမ့်မယ်။

မတ် ၁၅၊ ၂၀၁၄။

---

၃၅၁။ မဟာပဋ္ဌာန်း

အရှင်ဘုရား၊ တပည့်တော်မ ရိုသေစွာ လျှောက်တင်ပါတယ် ဘုရား။ တပည့်တော်မနဲ့ ခင်ပွန်းတို့ဟာ ပဋ္ဌာန်းကျမ်းကြီး ငါးတွဲလုံးကို နေ့စဉ် မပျက်မကွက် ရွတ်ဖတ်ပြီး မြတ်စွာဘုရားကို ပူဇော်နေပါတယ် ဘုရား။ ထိုသို့ ရွတ်ဆိုရာ၌ အဓိပ္ပာယ်ကို နားလည်နိုင်စေရန် ပဋ္ဌာန်းကျမ်းကြီးရဲ့ မြန်မာပြန်ကို ရလိုပါ သည် အရှင်ဘုရား။ ပဋ္ဌာန်းရွတ်ပြီးတဲ့ အခါ ဆုတောင်းလို့ ရပါ သလား အရှင်ဘုရား။ ပဋ္ဌာန်းရွတ်တဲ့ အခါ ရှောင်ရန် ဆောင်ရန် တို့ကိုလည်း သိလိုပါသည် အရှင်ဘုရား။

မိုးယုပ

---

မြန်မာပြန်မရှိ

နေ့စဉ်ပဋ္ဌာန်းပါဠိတော်ကို အတူတူ ရွတ်ဖတ်ပြီး ဗုဒ္ဓမြတ်စွာကို ပူဇော်ကြတဲ့ ဇနီးမောင်နှံရဲ့ကုသိုလ်ကို သာဓုခေါ်ပါတယ်။ အဘိ ဓမ္မာကို မသင်ဖူးလို့ ပါဠိတော်ရဲ့ အဓိပ္ပာယ်ကို နားမလည်ရင် တောင် အနည်းဆုံး သဒ္ဓါတရားကို တိုးပွားစေတဲ့ အတွက်သဒ္ဓါ ပြဋ္ဌာန်းတဲ့ ဉာဏသမ္ပယုတ်ကုသိုလ်ဖြစ်ပါတယ်။ ဆက်လုပ်ပါ။

ပိဋကတ်သုံးပုံ မြန်မာပြန်ထဲမှာ မဟာပဋ္ဌာန်းကျမ်းရဲ့ မြန်မာပြန် မရှိဘူး။ (အရကောက်ကိုပဲ မြန်မာပြန်လို့ အမည်ပေး တာကို အချို့တော့ ရှိတယ်။) ပစ္စယနိဒ္ဒေသ လောက်ကိုတော့ နိဿယရေး သို့မဟုတ် မြန်မာပြန်ရင် ရနိုင်ပေမယ့် အဘိဓမ္မာ အခြေခံမရှိရင် အဲဒါလေးကိုတောင် နားလည်မယ် မထင်ဘူး။ တည်ပုဒ် တစ်ခုစီရဲ့ အဓိပ္ပာယ် သို့မဟုတ် အရကောက်ကို အရင် သိထားပြီးမှပဋ္ဌာန်းပါဠိတော်မှာပါတဲ့ နည်းအတိုင်းလိုက်ပြီး ပါဠိစီသွားရတာမျိုးပါ။ အဲဒါတွေကို မြန်မာပြန်ဖို့ဆိုရင် တင်း တောင်းထဲက စပါးစေ့ကိုကောက်ပြီး အပ်ကြိုးနဲ့ သီရသလိုအလွန်အသေးစိတ်ပါ လိမ့်မယ်။ (မေးခွန်းအမှတ် ၃၃၃၊ ဤကျမ်း၊ စာ-၁၀၉၈ရဲ့အဖြေကိုလည်း ပြန်ဖတ်ကြည့်ပါ။)

ရွတ်နေဆဲမှာ မဟာပဋ္ဌာန်း ပါဠိတော်ရဲ့ ကြီးမား ကျယ်ပြန့် လေးနက်ပုံကို ဒီလိုနားလည်ကြည့်ပါ ..

သမန္တနဲ့ မဟာ

၁။ သမန္တပဋ္ဌာန်း (ပဋ္ဌာန်းကျမ်းငယ်)မှာ..
၁)ဓမ္မာနုလောမ
၂)ဓမ္မပစ္စနီယ
၃)ဓမ္မာနုလောမပစ္စနီယ
၄)ဓမ္မပစ္စနီယာနုလောမလို့ အပိုင်းကြီး၄-ပိုင်းရှိတယ်။

တစ်ပိုင်းစီမှာ
၁) တိကပဋ္ဌာန်း
၂)ဒုကပဋ္ဌာန်း
၃)ဒုက တိကပဋ္ဌာန်း
၄) တိကဒုကပဋ္ဌာန်း
၅) တိကတိကပဋ္ဌာန်း
၆) ဒုကဒုကပဋ္ဌာန်းလို့ ပဋ္ဌာန်းကျမ်းငယ် ၆-ကျမ်းစီပါတယ်။

ဒါကြောင့် အပိုင်းကြီး လေးပိုင်းမှာ စုစုပေါင်း ၂၄-ကျမ်း (၄ x ၆=၂၄)ရှိတယ်။

၂။ မဟာပဋ္ဌာန်း (ပဋ္ဌာန်းကျမ်းကြီး)ဆိုတာက အဲဒီ ၂၄-ကျမ်း သော သမန္တပဋ္ဌာန်း ကျမ်းတွေကို ပေါင်းထားတဲ့ ကျမ်းကြီးကို ခေါ်တာ။ နည်းလမ်းတွေများလွန်းလို့ ရှေ့မှာ ‘အနန္တနယ (နည်း စုံပြွမ်း)’ပုဒ်နဲ့ အထူးပြုပြီး ရှေးဆရာမြတ်တွေက ‘အနန္တနယ သမန္တမဟာပဋ္ဌာန်းကျမ်းကြီး’လို့လည်း ခေါ်ဆိုကြပါတယ်။

တစ်သိန်းမက

မဟာပဋ္ဌာန်း ကျမ်းကြီးကို ယနေ့ခေတ်မှာ အုပ်ရေ ငါးအုပ်သာ တွေ့ရပေမယ့် ဒါဟာမူရင်းကို အလွန့်အလွန် အကျဉ်းချုပ်ထား လို့ ပါပဲ။ ဘုရား ဟောတော်မူခဲ့တဲ့ အတိုင်းတစ်လုံး မကျန်ကို ကျမ်းစာအုပ်အနေနဲ့ အစအဆုံးပုံနှိပ်မယ်ဆိုရင် လက်ရှိဆဋ္ဌမူ စာအုပ်အရွယ်အစားလောက် အုပ်ရေ (သို့မဟုတ်အတွဲ)ပေါင်း တစ်သိန်းကျော်တောင် ဖြစ်သွားမယ်လို့ ပညာရှင်တို့ ခန့်မှန်း တာကို မှတ်ဖူးတယ်။

ရွတ်နေဆဲမှာ မိမိဟာ အဲဒီလောက် ကြီးမားကျယ်ပြန့်တဲ့ ကျမ်းစာမြတ်ကို ဖတ်ရှုခွင့်ရတဲ့ အသိပညာနဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံသူဖြစ်နေပါလားလို့ တွေးပြီး ဂုဏ်ယူဝမ်းမြောက်ပါ။

ဆုတောင်းပါ

ပဋ္ဌာန်းကို ရွတ်ဖတ် ပူဇော်တာဟာ ကြီးမြတ်တဲ့ ကုသိုလ် အလုပ်တစ်ခုကို လုပ်တာဖြစ်လို့ အဲဒီ မိမိပြုတဲ့ ကုသိုလ်ထူးရဲ့ အကျိုးကို ဦးတည်ချက် ပြုသည့်အနေနဲ့ ဆုတောင်းခွင့် ရှိပါတယ်။ ဆုတောင်းပါ။

လိုက်နာရန်

ပါဠိပုဒ်ပါဌ်ကို အသံထွက်နဲ့ အဖြတ်အတောက် မှန်အောင် ရွတ် ဖို့က အရေးအကြီးဆုံးပါ။ ‘ယူပါယဒနံ၊ ယသာယဒနံ၊ အဟာယ ပျစ်စယေးန၊ အိန္ဒိယ ပျစ်စယေးန၊ သမ်းဗရွတ်တ ပျစ်စယေး န’လို့ ဆိုနေရင် ကုသိုလ် ရဖွယ်ရှိပေမယ့် သက်ရောက်မှု နည်းနိုင်ပါတယ်။ ဒါကြောင့် မသေချာရင် ပါဠိအသံထွက်ကိုမှန် အောင်သင်ပေးနိုင် သင်ပေးလိုတဲ့ ဆရာတော်တွေကို မေးမြန်း ပြီးမှ ဖတ်ဖို့အကြံပြုပါတယ်။

မတ် ၃၀၊ ၂၀၁၄။

---

ဇောစိတ်သန်သန် ကုသိုလ်မှန် နင်ကြံပြုရမည်။ (ထွဋ်ခေါင်ဆရာတော်)

၃၅၂။ ငါးအလှမွေးခြင်း

အရှင်ဘုရား၊

တပည့်တော်မ အလှမွေးငါး မွေးတာနဲ့ ပတ်သက်ပြီး အကျိုး အပြစ်များကို သိချင်ပါတယ်ဘုရား။ အဲဒီ ၁ ပေပတ်လည်၊ ၂ ပေ ပတ်လည် မှန်ကန်ထဲမှာ ငါးမွေးခြင်းဟာ သူတစ်ပါးကို ချုပ်နှောင်ထားသလို ဖြစ်နေပါသလား ဘုရား။ အကုသိုလ် ဖြစ် ပါသလားဘုရား။ ဝါသနာအရ မွေးတာနဲ့ ပြန်ရောင်းစားဖို့ မွေး တာ အကုသိုလ်အပြစ် ထူးခြားသလား ဆိုတာကို ဖြေကြားပေး တော်မူပါဘုရား။

လင်းအိမ်

---

မည်းမည်းလေး

၁၁၀ ဒီဂရီ ဖာရင် ဟိုက်လောက် ပူပြင်းခြောက်သွေ့လှတဲ့ အရီ ဇိုးနားရဲ့နွေနေ့လယ်ခင်းတစ်ချိန် ..ကျောင်းကိုပြန်လာရင်းနဲ့ US-60 Free Way အထွက်နဲ့ အလွန်မဝေးတဲ့ လမ်းဘေးမှာ ရွက်ဖျင်တဲလေး ထိုးပြီး မျက်နှာဖြူ အဖိုးအို လင်မယား ဗန်း သေးသေး လေးငါးခုချပြီး ပစ္စည်းတစ်မျိုးကို ခင်ကျင်းပြသနေ တာကို တွေ့တယ်။ ကတ်ထူစက္ကူနဲ့ ဘာဆိုတာ ရေးထားပေ မယ့် နားမလည်ဘူး။ လမ်းဘေး ကားထိုးရပ်ပြီး လာကြည့်သူ သုံးလေးဦးလည်း တွေ့တယ်။ ဒါမျိုး တွေ့ရခဲလို့ သိချင်လွန်း တာနဲ့ ရပ်ပြီး သွားကြည့်တော့ ဗန်းထဲမှာ အငယ်ဆုံး မင်း ကွတ်သီးခန့် အကြီးဆုံး ကွန်ပျူတာ မောက်စ်ခန့်ရှိတဲ့ လိပ် ပေါက်စ မည်းမည်းလေးတွေ။

လက်စသပ်တော့ အိမ်မှာ အလှမွေးမယ့် လိပ်ကလေးတွေကို မျိုးဖောက်ပြီး ရောင်းနေတာ။ မျိုးဖောက်ထားဆဲ သဲဗန်း တွေနဲ့ ဖောက်ပြီးသား ဗန်းတွေထဲက ပေါက်စလေးတွေရဲ့ သက်တမ်း၊ အပူချိန်နဲ့ အစိုဓာတ် ဘယ်လောက် လို၊ ဘာကို ကျွေး၊ ဘယ်လို ဂရုစိုက်ဆိုတာကို အဖွားကြီးက ရှင်းပြတယ်။ တစ်ကောင်ချင်း ၅.၉၉ဒေါ်လာ၊ ကြီး ၁ သေး ၁ ဝယ်ရင် ၉.၉၉ ဒေါ်လာတဲ့။ လာကြည့်သူ ၂ နှစ်ယောက်က ဝယ်တယ်။

ဘုန်းကြီးတွေး

အဖိုးအိုအဖွားကို ကြည့်ပြီး အင်း .. သေခါနီးမှ ‘အကုသိုလ် အလုပ်နဲ့၊ နေ့ပုပ်လို့ ရက်ဟုန်’နေကြတာပဲလို့ တွေးမိတယ်။ ဒါ ပေမယ့် ဒါက ဘုန်းကြီးတစ်ပါးရဲ့ အမြင်ကိုး။ အမှန်တော့ .. ဒီလိပ်ပေါက်လေးတွေဟာ ဒူးရင်းသီး အကြီးစားလောက်ရှိတဲ့ လေးထောင့်ပုံ သဲခြင်းထဲ ပါသွားပြီး အိမ်ရောက်တော့ စနစ်တ ကျ စီမံထားတဲ့ အစာကို အချိန်မှန်စား၊ နေမကောင်းရင် ဆေး ခန်းသွားပြ (တိရစ္ဆာန်မွေးရင် တိရစ္ဆာန်အတွက် ဆေးအာမခံပါ ဝယ်ထားလေ့ရှိတယ်)၊ သူတို့ဘဝက အငြိမ့်သားပဲ။ လူအချို့ ထက်တောင် သာနိုင်တယ်။ သဲဗန်းထဲ ပေါက်၊ သဲခြင်းထဲ ကြီး ပြင်းလာရတဲ့ အဲဒီ လိပ်ကလေးတွေကို ရေကန်ထဲ ပစ်ချရင် ရေနစ် မလားတောင် မသိဘူး။

လိပ်ပေါက်စလေးကတော့ သဲဗန်းထဲမှာ မွေးဖွားပြီး ပိုင်ရှင် က သူကို ပြုစုစောင့်ရှောက်တယ်။ ဒါကို အပူရှာတာ အကု သိုလ်အလုပ်လို့ ဆိုရင် ..လူတွေကျတော့ မိခင်ကဝမ်းနဲ့ လွယ် ပြီး မွေးဖွားပြီး မိဘတွေက လူလားမြောက်အောင် ကျွေးမွေး စောင့်ရှောက်တယ်။ ဒါလည်း အပူရှာတာပဲ မဟုတ်လား။ သူ တို့ကြောင့်ပဲ အကုသိုလ်လည်း ဖြစ်ကြတာပဲလေ။ ဒါကြောင့် လိပ်ဖန်တီးသူ အဖိုးအို လင်မယားကိုရော လိပ်ပေါက် ဝယ်သူ တွေကိုပါ အကုသိုလ်ရှာသူလို့ ဝေဖန်ရင် မမျှတဘူးလို့ ဘုန်းကြီး ထင်တယ်။ အင်း .. ရောင်းမစွံလို့ လိပ်ပေါက်စလေးတွေကို သတ်ပစ်ရင်တော့ ကိုယ်ဝန်ဖျက် မိခင်လို အခြားခေါင်းစဉ်တစ် ခုနဲ့ ဆွေးနွေးမှာပေါ့။

ဆင်ဖြူအလှူ

ဆင်မုဆိုးတွေ ဆင်ဖမ်းရင်း ဆင်ဖြူကို မိတော့ ကျုံးသွင်းပြီး ယဉ်အောင် သင်ကြားပြီးနောက် ဘုရင်ကို ဆက်သတယ်။ ဘုရင်က ဆင်ဖြူကို ဂရုတစိုက် မွေးမြူပြီး ထိန်းသိမ်းထားတယ်။ ဒီကိစ္စမှာ ဆင်ဖမ်းသူအနေနဲ့ ဖမ်းစဉ်မှာ လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ အကုသိုလ်တွေ ခြံရံခဲ့ရလို့ အကုသိုလ် ဖြစ်နိုင်တယ်။ ဘုရင်အနေနဲ့ ကတော့ မွေးမြူခြင်း စောင့်ရှောက်ခြင်း သက်သက်ဖြစ်လို့ အကုသိုလ် မဖြစ်လောက်ဘူး။ ဘုရင်ဖမ်း ခိုင်းလို့ ဖမ်းရတာဆိုရင် တော့ခေါင်းစဉ် ပြောင်းသွားမှာပေါ့။

ဒါကြောင့် ပစ္စယဆင်ဖြူတော်ဟာ ဘုရင့်ဆင်ရုံတော်မှာ မွေးတာ မဟုတ်ခဲ့ရင်တောင် ဝေဿန္တရမင်းကြီးရဲ့ ဆင်ဖြူတော် အလှူဟာ အကုသိုလ် မခြံရံသင့်ပါဘူး။

ငါးကန်မွေးသူ

အလှမွေးကန်ထဲက ငါးဟာ အဲဒီကန်မှာပဲ ဘဝစခဲ့ရလို့ ကန်ထဲ ချောင်းထဲ သွားလွှတ်ရင် အန္တရာယ် မကင်းနိုင်ဘူး။ အစာရှာ စားတတ်ဖို့လည်း ခက်မယ်။ ချုပ်နှောင်ထားတာနဲ့ တူပေမယ့် သူ့အတွက် သပ္ပာယမျှတလို့ပဲ အသက်ရှည်တာ မဟုတ်လား။ အကုသိုလ် ဖြစ်မဖြစ်တော့ စိတ်ထားနဲ့လည်း ဆိုင်ပါလိမ့်မယ်။ စီးပွားဖြစ် မွေးရာမှာ ချောင်းကန်ထဲမှာ ရှိတဲ့ ငါးကို ဖမ်းလာပြီး ကန်ထဲ ထည့်ရင်တော့ ဖမ်းသူ အကုသိုလ် ဖြစ်တယ်။ အဲဒီ ကန်ထဲမှာပဲ ခေတ်နည်းနဲ့ သားပေါက်လေးတွေ လုပ်ရင် တော့ လိပ်မျိုးဖောက်တဲ့ အဖိုးအိုအဖွားအိုနဲ့ တူလေမလား။

ဖော်ပြပြီးပုံစံ (ခေတ်နည်း)နဲ့ လိပ်သို့မဟုတ် ငါးမျိုးပေါက် ရောင်းတာ ဝယ်တာကို ဒုစရိုက် ဒုရာဇီဝထဲ သွင်းရတာ ဘုန်း ကြီး အနေနဲ့ တော့ ခပ်ခက်ခက်ပဲဗျို့။ ပိဋကတ်စာပေ တတ် ကျွမ်းတဲ့ ဆရာတော်ကြီးတွေရဲ့ အဆုံးအမကိုလည်း ကြားနာ မှတ်ယူသင့်ပါတယ်။

ဧပြီ ၂၊ ၂၀၁၄။

---

၃၅၃။ မြန်မာ့ငါးပါးသီလ

အရှင်ဘုရား..

တပည့်တော်မသည် ဘာသာရေးကို ထိရောက်အောင် မလုပ်နိုင် သေးချိန်မှာ ငါးပါးသီလကို လုံအောင် စောင့်ထိန်းလိုစိတ် ပြင်းပြလျက် ရှိပါသည်။ သို့ရာတွင် အစိုးရဝန်ထမ်း ဖြစ်သည့် အတွက် အစိုးရလစာနှင့် မလုံလောက်သောကြောင့် အပိုဝင်ငွေကို ရှာကြံရပါသည်။ ဥပမာ တစ်ခုလိုတာကို နှစ်ခုလို့ အထက်ကို တင်တောင်းရတာမျိုး၊ တစ်ပိဿာထွက်တာကို ၇၀-ကျပ်သားပဲ ထွက်တယ်လို့ စာရင်း တင်ရတာမျိုးဖြစ်ပါသည်။ ဝန်ထမ်းတွေ အဆင်ပြေအောင် ရှာကြံပေးသည့် လူကြီးရဲ့ စေတနာကိုလည်း မထီမဲ့မြင် မပြုလိုပါ။ လူကြီးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက် လျှင် တပည့်တော်မမှာ ရုံးမှာ လုပ်စရာမရှိဘဲ ဘေးကို ရောက် သွားနိုင်တဲ့ အတွက် လုပ်ပေးနေရပါသည်။ သို့ရာတွင် တပည့် တော်မ ရရှိသည့် အပိုဝင်ငွေကို သီလပျက်မည် စိုး၍ မသုံးဘဲ သိမ်း၍သာ ထားဖြစ်ပါသည်။ အဲဒီလို ပြဿနာကြားမှာ ငါးပါး သီလလုံအောင် ဘယ်လိုနေထိုင်ရမည်ကို ညွှန်ကြားပေးစေလို ပါသည် အရှင်ဘုရား။

အေးသီတာဝင်း

---

မြန်မာပြည်က လက်ရှိ အစိုးရဝန်ထမ်း အားလုံးနီးပါးရဲ့ ထုံးစံ အတိုင်း စာရင်းလိမ်တင်ပြီး အပိုဝင်ငွေ ရှာရတယ်။ ဒီလို လုပ် တာကို ဝန်ထမ်းလစာနဲ့ မလုံလောက်လို့ လူကြီးကလည်းမသိ ချင်ယောင်ဆောင်နေတယ်။ အဲဒီနည်းနဲ့ ရလာတဲ့ အပိုဝင်ငွေကို အဒိန္နာဒါန သိက္ခာပုဒ် ပျက်မှာစိုးလို့ မသုံးဘဲ သိမ်းထားတယ်။ ဒီအခြေအနေမှာ ငါးပါးသီလကို ဘယ်လို စောင့်ထိန်းရမလဲ။ မေးခွန်းကို အဲဒီလို ကောက်ချက်ချပြီး ဆွေးနွေးရရင် ..

မုသားအင်္ဂါ

မုသာဝါဒ (မုသားပြောခြင်း)မှာ အင်္ဂါရပ် နှစ်ခုရှိတယ် .. မပြော ဆိုမီ ပြောဆဲနဲ့ ပြောပြီးခဏမှာ အမှားကို အမှားမှန်း သိနေပါ လျက် ၁) တစ်ဖက်သားအား အလွဲအမှားကို သိသွားစေလို ခြင်း ၂)မိမိပြောဆိုတင်ပြသော အကြောင်းအရာကို တစ်ဖက် သား နားလည်အောင် ကိုယ်နှုတ်တို့ဖြင့် အားထုတ်ခြင်း။ မိမိ (မေးခွန်းရှင်)ဟာတစ်ပိဿာကို ၇၀-ကျပ်သားလို့ စာရင်း မတင်မီ တင်ဆဲ တင်ပြီးစမှာ မိမိရဲ့ရေးသားချက်ဟာ မမှန်ဘူး လို့ သိနေလျက် အဲဒီအမှားကိုပဲ တစ်ဖက်သားအား အသိပေး လိုခြင်း၊ ကြည့်ရှု စစ်ဆေးခွင့်ရှိသူ နားလည်အောင် ကိုယ်အမူ အရာ (ရေး၊ ရိုက်၊ ဖိုင်တွဲ)ဖြင့် အားထုတ်ခြင်း ဖြစ်ခဲ့ရလို့ သိက္ခာပုဒ်ကျိုးပေါက်တယ်။ ဒါပေမယ့်..

‘အမှားကို အသိပေးလိုခြင်း’ဆိုတဲ့ အချက်ကို နည်းနည်း စဉ်းစားခွင့်တော့ရှိတယ်။ ခိုင်းလို့ လုပ်ရတာမျိုး အများသဘော ကိုမလွန်နိုင်လို့ လုပ်ရတာမျိုးဖြစ်ရင် ‘သသင်္ခါရိက အကုသိုလ်’ ဖြစ်လို့ အကျိုးပေးအားနည်းမယ်။ အဲဒီလိုမဟုတ်ရင် ‘အသင်္ခါ ရိကအကုသိုလ်’ဖြစ်လို့ အကျိုးပေး အားကောင်းမယ်။

အဒိန္နအင်္ဂါ

ခိုးခြင်းမြောက်ဖို့ အဓိက အင်္ဂါရပ် သုံးခုရှိတယ် .. ၁) မိမိဥစ္စာ မဟုတ်မှန်း သိခြင်း ၂) ခိုးယူလိုသော စိတ်ရှိခြင်း ၃) ခိုးယူ ခြင်း။ ရရှိလာတဲ့ အပိုဝင်ငွေတွေကို စားပွဲပေါ်တင်ပြီး မေးခွန်း တွေကို ဖြေကြည့်ပါ .. ဒီငွေတွေဟာ မိမိဥစ္စာ (မိမိ ရသင့်သ လောက်ရတာ)မဟုတ်မှန်း သိနေပါသလား။ ဒီလိုလုပ်ရင် ဒါရ မယ် ဒီလောက်ရမယ် ဆိုတာကို သိနေခဲ့ပါသလား။ ဘာပဲဖြစ် ဖြစ် (ကွယ်ရာမှာ ငါ့ကို ခင်ကြီးကျယ်လို့ ပြောနေကြပါအုံးမယ် ဆိုပြီး)တစ်ပိဿာကို ၇၀ ကျပ်သား၊ တစ်ခုလိုတာကိ နှစ်ခုဆို တဲ့ စာရင်းကိုတော့ ကိုယ့်လက်နဲ့ သွင်းဖြစ်ခဲ့တယ် မဟုတ် လား။ အဖြေတွေက Yes ဆိုရင် ခိုးခြင်းရဲ့ အင်္ဂါသုံးရပ်နဲ့ မညီဘူးလို့ ငြင်းဖို့ခက်သား။

‘မသုံးဘဲ သိမ်းထားတယ်’ဆိုတာကို နည်းနည်း သုံး သပ်ကြည့်ရင် ..ဆိုပါစို့၊ လူသုံးဦးအနက် နှစ်ဦးက ခိုးချင်လို့ ခိုးတယ်။ တစ်ဦးက မခိုးချင်ဘဲ ပါခဲ့ရတယ်ဆိုရင် ဒီလူဟာ ခိုးခြင်း အင်္ဂါရပ် အမှတ် ၂) မပြည့်စုံတဲ့ အတွက် ခိုးခြင်း မမြောက်ဘူး လို့ ဆိုနိုင်သေးတယ်။ ဒါပေမယ့် ခိုးရာပါ ဝေစုကိုယူရင် သိမ်း ဆည်းထားရင် (ပုထုဇဉ်ဘာဝ နောက်ပိုင်းမှာ စိတ်ပါသွားနိုင်လို့) အဲဒီအင်္ဂါရပ် ပြည့်စုံသွားမယ်လို့ပဲ ဘုန်းကြီး ယူဆတယ်။

ရဟန်း သိက္ခာပုဒ်မှာတော့ ပစ္စည်းတစ်ခုကို ခိုးလိုစိတ်နဲ့ ကိုင်ကြည့်ပြီး နေရာရွှေ့မိတာနဲ့ (စိတ်ပြောင်းပြီး အဲဒီပစ္စည်းကို ပြန်ထားခဲ့ရင်တောင်)ခိုးခြင်း မြောက်သွားပြီ။

သမ္မပ္ပဓာန်

ယနေ့မြန်မာ့စီးပွားရေး ပျက်ကပ်ရဲ့ဝဲဂယက်ကြောင့် မြုပ်ချည် ပေါ်ချည်ဖြစ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အူမ မတောင့်လို့ သီလစောင့်နိုင်ဖို့ ခက်တယ်။ မေးခွန်းရှင်ရဲ့ လက်ရှိ အစိုးရဝန် ထမ်း အခြေအနေကိုတော့ အသင်္ခါရိက အကုသိုလ် (စိတ်ပါ လက်ပါ ကျူးလွန်)အဆင့်ကနေ သသင်္ခါရိက အကုသိုလ် (မလွှဲ သာလို့ ကျုးလွန်ရ)အဆင့်ကို လျှော့ချနိုင်တာကိုပဲ (ခိုးတာတော့ ခိုးတာပဲလို့ အပြစ်မတင်သင့်ဘဲ) မဆိုးဘူးလို့ဘဲ ဆိုရမှာပေါ့။ မဖြစ်သေးတဲ့ အကုသိုလ် ဖြစ်မလာအောင် သို့မဟုတ် လျော့ပါး အောင် လုပ်တာကိုပဲ ကောင်းသော အားထုတ်မှု (သမ္မပ္ပဓာန်) လို့ ဆိုနိုင်အံ့ ထင်ပါတယ်။

လမ်းလေးခွဆုံရာမှာ ‘ရိုးသားကြိုးစား လုပ်အားဖြင့် နိုင်ငံ တည်’ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကို တွေ့ရတိုင်း မြို့တည်နန်း တည် ဥမင်လိုဏ်ခေါင်းတွေ တည်ဖောက်နိုင် လောက်အောင် ချမ်းသာပြီးဖြစ်တဲ့ အဲဒီလူတစ်စုဟာ ဂယက်ထဲက ပြည်သူတွေ ကို၎င်းတို့ရဲ့ စည်းစိမ်တွေရဲ့လေးပုံ တစ်ပုံလောက်ကလေး တောင် ခွဲဝေမပေးနိုင်သေးသရွေ့ အဲဒီ ဘုတ်ကြီးတွေဟာ လူ ရယ်စရာ လူအများ စိတ်ဆိုးစရာ ဖြစ်နေအုံးမှာပဲလို့ စိတ်ထဲ မချိတင်ကဲ ခံစားခဲ့မိဖူးပါရဲ့။

ဒါကြောင့် ငါးပါးသီလကို လုံအောင်စောင့်ချင်ရင် ဆိုင်းဘုတ် ဟောင်းကြီးတွေကို ဖြုတ်ချပစ်နိုင်စွမ်း ရှိတဲ့ လူစွမ်းကောင်းကို အားပေးဖို့ မမေ့ပါနဲ့။

ဘယ်လိုစောင့်

ရုံးပိတ်ရက်မှာ ငါးပါးသီလကို အထူးခံယူပြီး အဓိဋ္ဌာန်နဲ့ စောင့် ကြည့်ပေါ့။ (ရုံးဖွင့်ရက်မှာတော့ ခုနက ပြောပြတဲ့ သမ္မပ္ပဓာန် ကုသိုလ် လောက်ပေါ့။) တစ်ပတ်ကို ၂-ရက်၊ တစ်လကို ၈- ရက်၊ တစ်နှစ်ကို ၉၆-ရက်။ ဒီတော့ အဓိပ္ပာယ်က တစ်နှစ်မှာ ၃-လနဲ့ ၆-ရက်။ မနည်းပါဘူး။ ကြိုးစားကြည့်ပေါ့။

ဘုရားရေ .. ဒီအတိုင်းဆို မြန်မာ့ ငါးပါးသီလက ရုံးပိတ် ရက်ကျမှ စောင့်ရမယ့် အနေမျိုးဗျို့။

ဧပြီ ၂၊ ၂၀၁၄။

---

၃၅၄။ မိစ္ဆာကာမလေးပါး

တပည့်တော် ဖတ်ရတဲ့ မိစ္ဆာကာမ လေးပါးမှာ အနင်္ဂေဆိုတဲ့ ပါဠိစကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို သိချင်လို့ပါ အရှင်ဘုရား။ အခြားစာလုံးတွေကိုတော့ အဓိပ္ပာယ်နှင့်တကွ ရှင်းပြထားလို့ နားလည်ပါတယ် အရှင်ဘုရား။ ဒါပေမယ့် အနင်္ဂေကို အခါ မဟုတ်သည်၌ သွားလာခြင်းလို့ ပဲဖော်ပြထားပြီး ဘယ်လိုဆိုတာ ရှင်းပြမထားတော့ အကာလေ ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်တူနေပါတယ် အရှင်ဘုရား။ အနင်္ဂေ နဲ့ အကာလေဆိုတဲ့ စကားလုံး နှစ်လုံးရဲ့ ခြားနားချက်ကို ဖော်ပြပေးစေ လိုပါသည် အရှင်ဘုရား။

Shadow Man

---

မေးခွန်း အမှတ်-၂၆၀ (ဤကျမ်း၊ စာ-၈၃၄)နဲ့ ပတ်သက်ပြီး ဘုန်းကြီးရဲ့အဖြေ မပြည့်စုံကြောင်း ထောက်ပြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မိစ္ဆာစာရလေးပါး (သို့မဟုတ် မိစ္ဆာကာမလေးပါး)လို့ အဓိပ္ပာယ်ရနိုင်တဲ့ ဖော်ပြချက်ကို ပါဠိတော် အဋ္ဌကထာတွေမှာတော့ မတွေ့ဖူးသေးပါ။ ကျီးသဲ လေးထပ် ဆရာတော်စတဲ့ ပညာရှင်ဆရာ မြတ်တို့ရဲ့ မိစ္ဆာစာရ လေးပါးကို ဖော်ပြတဲ့ ရည်ညွှန်းကျမ်း မူရင်းကတော့ ‘ဆဂတိဒီပနီ’ကျမ်း ဖြစ်ပါတယ်။ အချို့မှာ ကိုးကားထားတဲ့ ပါဠိစာသား မမှန်တာ၊ အနက်အဓိပ္ပာယ် မှားယွင်းနေတာတွေကို တွေ့ရလို့ အဲဒါလေးတွေကိုညှိပေးလိုက်ပါတယ်။

ဆဂတိဒီပနီ

‘ဆဂတိဒီပနီကို သီဟိုဠ်ကျွန်း အနုရာဓမြို့နေ အသမဃောသ ဆရာ စီရင် သည်’လို့ ပိဋကတ်တော်သမိုင်း စာကိုယ် အမှတ်၃၆၇ မှာ ဆိုတယ်။ ဒါပေမယ့် Pali Literature of Ceylon နှင့် Handbook of Pali Literature ကျမ်းတွေမှာ ဒီကျမ်းကိုရော ကျမ်းပြုပုဂ္ဂိုလ်ကိုပါ ဖော်ပြချက်မတွေ့မိပါ။ သက္ကတကနေ ပါဠိ ဘာသာ ပြန်ထားတာဖြစ်လို့ ပါဠိစာပေသမိုင်းထဲ မထည့်သွင်းခဲ့ တာများလား။ ဒီကျမ်းရဲ့ နိဒါန်းမှာ ‘မူရင်းဆဂတိဒီပနီကျမ်းကို သက္ကတ ဘာသာနဲ့ ရေးထားလို့ သီဟိုဠ်ကျွန်း အပြင်ပမှာ နေ ကြသူတွေ သိနိုင်ခဲတဲ့ အတွက် အသမဃောသထေရ်က မာဂဓီ ဘာသာ ပြန်ဆိုကြောင်း’ဆိုပါတယ်။ ဒါကြောင့် ဒီကျမ်းရဲ့ ပါဠိ အသွားအလာမှာ အတော်ထူးခြားနေတာကို သတိပြုမိပါတယ်။ နိဂုံးမှာ ကျမ်းပြုသူအကြောင်းကို မဖော်ပြလို့ ကျမ်းပြုခေတ်ကို မခန့်မှန်းနိုင်ပါ။ သီဟိုဠ်မှာ ရေးပေမယ့် ရတနာပုံခေတ်မှာ ဒီ ကျမ်း မြန်မာနိုင်ငံကို ရောက်ပြီးနေတာ သေချာတယ်။

ဒီကျမ်းမှာ ကာမေသု မိစ္ဆာစာရလေးပါး ရှိကြောင်းကို အောက်ပါအတိုင်း ဆိုပါတယ်..

ရည်ညွှန်းမူရင်း

ဝုတ္တမ္ပိစေတံ - စတ္တာရော ကာမေသု မိစ္ဆာစာရာ၊ ကတမေ စတ္တာရော´ အကာလော အဒေသော အနင်္ဂေါ အဓမ္မော စာတိ။ တတ္ထ အကာလော နာမ မရဏာသန္နာ ဂဗ္ဘိနီ ဗာလာနံ ပါယန္တီ အနိစန္တီ အစန္ဒီ ယောနိ ဒုက္ခဒေါမနဿ သဟဂတာတိ၊ အယံ အကာလော နာမ။ အဒေသော ဓာတု စေတိယံ ပဋိမာ ပေါတ္ထကံ အာစရိယံ ဥပဇ္ဈာယံ မာတု ပိတု သန္နိဝါသဋ္ဌာနံ၊ အယံ အဒေသော နာမ။ အနင်္ဂေါတိ ဌပေတွာ ယောနိမဂ္ဂံ မုခဝစ္စမဂ္ဂါဒိကံ အနဂ နာမ။ အဓမ္မောတိ သဗ္ဗာ ပရပရိဂ္ဂဟိတာ ဣတ္ထိမာတာ ဘဂိနိ အာဒယော စ သဗ္ဗေ ပဗ္ဗဇိတာ စ၊ ဣမေ အဓမ္မာ နာမ (ဆဂတိဒီပနီကျမ်း၊ ပေမူ၊ ဖံ-ဝမ်း၊ ဖံ-ကျော)။

မြန်မာပြန်။။ ကျမ်းဂန်တို့၌ ဤသို့ဆို၏ - ကာမေသုမိစ္ဆာ စာရ လေးမျိုးရှိ၏။ ယင်းတို့မှာ မမှီဝဲသင့်ချိန်၌ မှီဝဲခြင်း၊ နေရာ ဒေသ မဟုတ်သည်၌ မှီဝဲခြင်း၊ အင်္ဂါမဟုတ်သည်၌ မှီဝဲခြင်း၊ ဓမ္မနှင့် မလျော်သူတို့၌ မှီဝဲခြင်းတို့တည်း။ ထိုတွင် မမှီဝဲသင့် ချိန်၌ မှီဝဲခြင်းဟူသည် သေခါနီးနေသူ၊ ကိုယ်ဝန်ရှိသူ၊ ကလေး ငယ်အားနို့တိုက်သူ၊ (မေထုန်ကို) အလိုမရှိသူ၊ အမစိတ် မရှိသူ (နပုံး)၊ အင်္ဂါဇာတ်တွင် ဆင်းရဲနာကျင် ဖြစ်နေသူတို့၌ မှီဝဲခြင်း တည်း။ နေရာဒေသ မဟုတ်သည်၌ မှီဝဲခြင်းဟူသည် (ဗုဒ္ဓ၊ ရဟန္တာတို့၏) ဓာတ်တော် ကိန်းဝပ်သည့် စေတီ (ရင် ပြင်၊ ပရိ ဝုဏ်အတွင်း)၊ ဆင်းတုတော် (ရင် ပြင်၊ ပရိဝုဏ်အတွင်း)၊ စာပေ သင်ကြားသည့် နေရာ (စာသင်ခန်းမ)၊ စာသင်ဆရာ အနီးကပ် ဆုံးမပဲ့ပြင်သူတို့၏ အနီး (မြင်လောက်သည့်အရပ်)၊ မိဘနှစ်ပါး တို့ နေထိုင်သည့် နေရာတို့၌ မှီဝဲခြင်းတည်း။ အင်္ဂါမဟုတ်သည် ၌ မှီဝဲခြင်းဟူသည် ယောနိမဂ် (အင်္ဂါဇာတ်)မှလွဲ၍ ပါးစပ်စအို စသည်တို့၌ မှီဝဲခြင်းတည်း။ ဓမ္မနှင့်မလျော်သော မိန်းမများ၌ မှီဝဲ ခြင်းဟူသည် ကာမပိုင်ရှိသော မိန်းမများ၊ မိခင်၊ အစ်မနှမ စ သည်နှင့် ရဟန်းပြုသူ အားလုံး (ဘိက္ခုနီ သာမဏေမ သိက္ခမာန် သီလရှင် ယောဂီ)စသည်တို့၌ မှီဝဲခြင်းတည်း။

ဝန်ခံချက်

ဆဂတိဒီပနီနိဿယ (မည်သည့်ပုဂ္ဂိုလ် စီရင်ကြောင်းမသိ)ကို စာကြည့်တိုက်စာရင်းမှာ တွေ့ပေမယ့် ကျမ်းစာကို ရှာမရလို့ ကိုယ်တိုင် ကြိုးစားပြီး ဘာသာပြန်ထားတာပါ။ အစန္ဒိကပုဒ်ကို ဋီကာ (ဒီ၊ဋီ၊၁၊၁၃၁)မှာ ဣတ္ထိယတို့ကို အလိုမရှိသူ (အဖိုစိတ် မရှိသူ)လို့ ဖွင့်ပါတယ်။ ဒါကြောင့် ‘အစန္ဒီ’ကို အမစိတ် မရှိသူ (နပုံး)လို့ ဘာသာပြန်လိုက်တာပါ။ ‘ကျမ်းဂန်တို့၌ ဤသို့ဆို၏’ ဆိုတာ သာသနာဝင်ကျမ်းကို ညွှန်းတာ ဟုတ်မှ ဟုတ်ရဲ့လား။ သက္ကတဘာသာနဲ့ ရှိနေတဲ့ ကျမ်းတွေကိုညွှန်းတာများလား။

ဝေဖန်သူ

ဒီကျမ်းကို သံဂါယနာတင် ကျမ်းကြီး မဟုတ်လို့ ပညာရှိတို့ အလွန်ကြီးလေးစားကြပုံမရဘူး။ ဒါကြောင့်မောင်းထောင် သာ သနာပိုင် ဆရာတော် စီရင်တဲ့ သီလက္ခန်ဋီကာသစ်မှာ ဆဂတိ ဒီပနီကျမ်းမှ စာသားကိုယူပြီး ဧကေဝါဒ (ကျမ်းပြုသူက ကိုယ့် ထက် ညံ့တယ်လို့ ယူဆထားတဲ့ ပုဂ္ဂိုလ်ရဲ့ အယူအဆ)အနေနဲ့ ဖော်ပြပြီး အောက်ပါအတိုင်း ဝေဖန်ထားပါတယ်..

ယေ ပနေကေ ဝဒန္တိ ‘စတ္တာရော ကာမေသု မိစ္ဆာစာရာ အကာလော အဒေသော အနင်္ဂေါ အဓမ္မော စာ’တိ။ တေ ဝိပ္ပဋိ ပတ္တိမတ္တံ ပတိ ပရိကပ္ပေတွာ ဝဒန္တိ။ န ဟိ သာဂမနီယဋ္ဌာနေ ပဝတ္တာ ဝိပ္ပဋိပတ္တိ မိစ္ဆာစာရော နာမ သမ္ဘဝတိ (သီ၊ဋီ၊သစ်၊၁၊၃၃၄)။

မြန်မာပြန်။။ ဆရာအချို့က ကာမေသု မိစ္ဆာစာရတို့သည် အကာလ = သွားလာအပ်သောအခါ မဟုတ်သည်၌ သွားလာ ခြင်း၊ အဒေသ=သွားလာအပ်သောအရပ်မဟုတ်သည်၌သွား လာခြင်း၊ အနင်္ဂ = အင်္ဂါမပြည့်စုံခြင်း၊ အဓမ္မ = အတင်းအဓမ္မ ဗလက္ကာရဖြင့် မှီဝဲခြင်းဟူ၍ လေးမျိုးရှိ၏ဟု ဆိုကြ၏။ ယင်းမှာ ဖောက်ပြန်၍ ကျင့်ကာမျှကို စွဲ၍ ကြံဆ၍ ဆို (ခြင်းဖြစ်)ကုန်၏။ အမှန်သော် သွားလာကျူးလွန်အပ်သည်နှင့်တကွဖြစ်သော အရပ် (ဌာန သို့မဟုတ် ဝတ္ထု သို့မဟုတ် သိက္ခာပုဒ်အရ အပြစ် လွတ်သည့်ယောကျ်ား မိန်းမ)၌ဖြစ်သည့် ဖောက်ပြန် (ထုံးစံမှ သွေဖည်)၍ကျင့်ခြင်းသည် မိစ္ဆာစာရမဖြစ်သင့်။

မှတ်ချက်

ညောင်ရမ်းဆရာတော်ဘုရား ရေးစီရင်တဲ့ သီလက္ခန်ဋီကာသစ် နိဿယ၊ ဒုတိယတွဲ၊ စာ-၃၁၀ အတိုင်း မြန်မာပြန်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အနင်္ဂကို ‘အင်္ဂါမပြည့်စုံခြင်း’၊ အဓမ္မကို ‘အတင်းအဓမ္မ ဗလက္ကာရဖြင့် မှီဝဲခြင်း’လို့ နိဿယပြန်ခြင်းမှာ မူရင်းကျမ်း (ဆဂတိဒီပနီ)ရဲ့ အာဘော်နဲ့ မကိုက်ညီပါ။ ဆရာ တော်က ‘ယေ ပနေကေ။ ပ။ မိစ္ဆာစာရော နာမ သမ္ဘဝတိဟူသောဝါကျသည် ဋီကာဟောင်း၌ မရှိ’လို့ မှတ်ချက် ပြုထား တာ ထောက်ရင် နိဿယရေးစဉ်က ဆရာတော်ကြီးရဲ့ အနားမှာ ဆဂတိဒီပနီကျမ်း ရှိပုံမရ။ ဋီကာဟောင်းဆိုတာ အေဒီ ၇- ရာစု အစောပိုင်း လောက်ကပင် ဝိသုဒ္ဓိမဂ္ဂမဟာဋီကာကျမ်းပြု အရှင်မဟာဓမ္မပါလရေးခဲ့တဲ့ ကျမ်းပဲ။

နားလည်မှု

မောင်းထောင်ဆရာတော်က မှားယွင်းစွာ ကျင့်ခြင်း (မိစ္ဆာစာရ) နဲ့ ဖောက်ပြန်စွာကျင့်ခြင်း (ဝိပ္ပဋိပတ္တိ)နှစ်မျိုး မတူဘူးလို့ ယူဆတယ်။ ရှေ့နားမှာ ဝိပ္ပဋိပတ္တိအရ အဗြဟ္မစရိယ (မေထုန်မှီဝဲ ခြင်း)နဲ့ ကာမေသု မိစ္ဆာစာရ (မမှီဝဲ ကောင်းသူတွေနဲ့ မှီဝဲခြင်း) နှစ်မျိုးကိုယူထားတယ် (သာပနေသာ ဒုဝိဓာပိဝိပ္ပဋိပတ္တိ)။ ဒါ ကြောင့်ဆရာတော်အရ မှီဝဲကောင်းသူ (သာဂမနီယဋ္ဌာန)နဲ့ မေ ထုန်ပြုရင် ဖောက်ပြန်စွာကျင့် (ဝိပ္ပဋိပတ္တိဖြစ်)ပေမယ့် မိစ္ဆာစာရ မဖြစ်ဘူးလို့ နားလည်ရတယ်။

ဒီနှစ်မျိုးလုံးပဲ သီလစတဲ့ ဂုဏ်ရှိခြင်း မရှိခြင်း၊ အတင်း အကျပ် ပြုခြင်း မပြုခြင်း၊ အလိုတူခြင်း မတူခြင်း၊ ကိလေသာ စိတ်ဆန္ဒပြင်းပြမပြင်းပြနဲ့ လုံ့လပြုမှုအားကောင်း အားနည်း အလိုက် အပြစ်ကြီး အပြစ်ပေါ့ ကွဲပြားကြောင်းလည်း ဆရာ တော်က ရှင်းပြခဲ့ပါတယ် (သီ၊ဋီ၊သစ်၊၁၊၃၃၄ရှု)။

ဥပမာ .. ရာဂစိတ် (တပ်ခြင်း)တူတဲ့ မှီဝဲကောင်းသူ ကျားမ နှစ်ဦးရဲ့ ပဿာဝ (အင်္ဂါဇာတ်) မဟုတ်တဲ့ မဂ် (ပါးစပ် စအို)နဲ့ သံဝါသပြုမှုဟာ ဆဂတိဒီပနီအရ အနင်္ဂ (အင်္ဂါမဟုတ်သည်၌ မှီဝဲ ခြင်း)ဖြစ်လို့ ကာမေသုမိစ္ဆာစာရဖြစ်တယ်။ မောင်းထောင်ဆရာ တော် အလိုအရမူ ဝိပ္ပဋိပတ္တိ (ထုံးစံက သွေဖည်ပြီး လုပ်တာ) ဖြစ်ပေမယ့် ကာမေသု မိစ္ဆာစာရလို့ မဆိုသင့်။ ထိုအတူ မှီဝဲ ကောင်းသူဖြစ်ပြီး (ဥပမာ ကိုယ့်ဇနီး) အလိုတူတဲ့ ကိုယ်ဝန် ဆောင်၊ ကလေး နို့တိုက်သူတွေလည်း မောင်းထောင်အလိုအရ ကာမေသု မိစ္ဆာစာရမဖြစ်ဘူးလို့ ယူဆခွင့်ရှိပါတယ်။

ဆဂတိဒီပနီကျမ်းအရ ကလေး နို့မပြတ်ခင် ကိုယ့်ဇနီးနဲ့ သံဝါသပြုမိရင် ပဲ ကာမေသု မိစ္ဆာစာရဖြစ်သွားနိုင်လို့ ဘုန်းကြီး အနေနဲ့ မောင်းထောင်ဆရာတော်ရဲ့ ဆုံးဖြတ်ချက်ကို နှစ်သက် ပါတယ်။ မီးတွင်းကာလ လွန်ရင် သို့မဟုတ် ဆေးပညာအရ ခွင့်ပြုချိန် ရောက်ရင် ကလေး နို့မပြတ်သေးပေမယ့် အကြင် လင်မယားတို့မှာ ထိုကိစ္စအတွက် ဆန္ဒတူရင် အပြစ်မရှိဘူးလို့ ဘုန်းကြီးတို့ယူဆကြောင်းပါ။

ဧပြီ ၈၊ ၂၀၁၄။

---

၃၅၅။ တစ်ပုဒ်တစ်ပါဒ

ဗုဒ္ဓဘာသာဝင်တွေ အများစုသိတဲ့ လောဘနည်း ရောင့်ရဲခြင်း ဆိုတဲ့ သဘောတရားဟာဗုဒ္ဓအလိုကျ ဖြစ်ပါသလား ဆိုတာကို ခပ်ကျယ်ကျယ် မိန့်မြွက် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

တင်ဟန်မြင့်

---

လောဘ

ဗုဒ္ဓဖြစ်ပြီးနောက် ပထမဆုံး ဟောကြားတဲ့ ဓမ္မစကြာသုတ် ဆို တာကို ကြားဖူးမှာပေါ့။ အဲဒီ သုတ်ထဲမှာ ‘လောကမှာ ဒုက္ခဆို တာ ရှိတယ်။ အဲဒီ ဒုက္ခကို ဖြစ်စေ တဲ့ အကြောင်းတရား ရှိတယ်။ အဲဒီ အကြောင်းတရား မရှိတော့ရင် ဒုက္ခ ငြိမ်းသွားတယ်။ ဒုက္ခငြိမ်းအောင်လုပ်တဲ့ နည်းလမ်းလည်း ရှိတယ်’လို့ ဟောပါတယ်။ ဒုက္ခရှိတယ် ဆိုတာကို ငြင်းနိုင်ရဲ့လား၊ မငြင်းနိုင် လို့ သစ္စာလို့ ခေါ်တယ်။ ဒီသစ္စာလေးမျိုးထဲမှာ ဒုတိယသစ္စာဟာ မေးခွန်းထဲက လောဘပါပဲ။ တဏှာလို့လည်း ခေါ်တယ်။ ဗုဒ္ဓဝါဒဟာ လောဘ သို့မဟုတ် တဏှာ ကုန်သွားစေမယ့် နည်းလမ်းကို သင်ကြားပါတယ်။

ပိဋကတ်သုံးပုံမှာ အဲဒီ သစ္စာလေးမျိုးကို နည်းပေါင်း များစွာနဲ့ ဟောကြားတယ်။ ဒါကြောင့် သစ္စာလေးပါး တစ်ပါးပါးကို ပယ်ရင် ပိဋကတ်သုံးပုံဆိုတာ အလကားပါလို့ ဆိုလိုက်တာပဲ။

ရောင့်ရဲ

သန္တုဋ္ဌိ စ၊ ရောင့်ရဲ လွယ်ခြင်းသည်လည်း။ မင်္ဂလံ၊ မင်္ဂလာပေ တည်း’ဆိုတာ ဗုဒ္ဓဘုရား ဟောကြားတဲ့ မင်္ဂလသုတ်ထဲကပါ။ အဲဒီမင်္ဂလာတရားအရပဲ ရောင့်ရဲလွယ်ရမယ်ဆိုတာဟာ ဗုဒ္ဓရဲ့ အလိုကျဖြစ်ကြောင်း ရှင်းပါတယ်။ ဗုဒ္ဓဝါဒီအနေနဲ့ ဒီမင်္ဂလာ တ ရားကို ကလေးဘဝကပင် ကြားဖူးနိုင်တယ်။

လက်မခံ

ရုပ်ဝါဒ ထွန်းကားတဲ့ ယနေ့ခေတ်မှာ ရုပ်ပစ္စည်းကိုပဲ ကိုးကွယ် လိုကြတဲ့ အနောက်တိုင်းသား သိပ္ပံသက်သက်သမား အချို့က လောဘကို ဒုက္ခရဲ့ အကြောင်းတရားလို့ ဗုဒ္ဓဟောကြားတာကို လက်မခံလိုကြဘူး။ ယင်းတို့က လူဟာလောဘ မရှိရင် အောင် မြင်မှုကိုမရနိုင်၊ တစ်ကိုယ်ရေအောင်မြင်မှု မရှိရင် လူ့အဖွဲ့ အစည်းလူမျိုးနှင့်နိုင်ငံလည်း မတိုးတက်နိုင်ဘူးလို့ ဆိုတယ်။

သေချာတာက အားလုံးဖန်ဆင်းရှင်ရဲ့အလိုကျဖြစ်တယ် ဆိုတဲ့ ယဉ်ကျေးမှု အသိုက်အမြုံထဲမှာ လူလားမြောက်ခဲ့ကြတဲ့ အဲဒီဝေဖန်သူတွေဟာ ဗုဒ္ဓရဲ့သင်ကြားချက်ကို မပြည့်မစုံဖတ်ရှု လေ့လာပြီး ရှုထောင့်တစ်ခုကနေ ဝေဖန်တယ်ဆိုတာပါပဲ။

ဆန္ဒရှိရင်

အမှန်က ‘လောဘနည်းလေ ဒုက္ခနည်းလ္လေဆိုလို့ ‘ဒုက္ခနည်းဖို့ ဘာမှ ပိုင်ဆိုင်အောင် မလုပ်နဲ့ ’လို့ ဗုဒ္ဓဝါဒက မသင်ကြားပါဘူး။ လောကီသစ္စာ အဆင့်မှာ ‘ဆန္ဒဝတော ကိံ နာမ န သဇ္ဈတိ = ဖြစ်လိုတဲ့ ဆန္ဒကို အဓိပတိတပ်ပြီးလုပ်ရင် မိုးစွန်တမွတ်ကြယ် ကိုဆွတ်နိုင်တယ်’လို့ ဗုဒ္ဓဟောကြားပါတယ်။ ကြီးပွားချမ်းသာ ရေးအတွက် ဗုဒ္ဓဟောကြားတဲ့ သုတ္တန်တွေလည်း အများကြီးပါ။ သမုဒ္ဒရာထဲ ရေနစ်နေတာတောင် အရှုံးမပေးဘဲ လိုချင်တာကို ရဖို့ ဘယ်နတ် ဘယ်ဖန်ဆင်းရှင်ကိုမှ အားမကိုးဘဲ ကိုယ့် လုံ့လကိုယ့်စွမ်းအင်နဲ့ ကူးခတ်ဖို့ဗုဒ္ဓဝါဒကအားပေးပါတယ်။

သစ္စာပါ

ဒါပေမယ့် တစ်သက်လုံး လောဘနဲ့ ရှာဖွေ စုဆောင်းထားတဲ့ ပစ္စည်းတွေ ကိုယ့်မျက်စိအောက်မှာ တစ်ခဏချင်း ပျက်စီးခြင်း ဆိုတာမျိုးနဲ့ ကြုံရတဲ့ အခါ တစ်ချို့ ရူးသွားတယ်၊ တစ်ချို့ ကိုယ့် ကိုယ်ကို သတ်သေတယ်။ ဒါမျိုးတွေကို ဒုက္ခမဟုတ်ဘူးလို့ ဆို နိုင်သလား။ မဆိုနိုင်ရင် သဘာဝအရပဲ လောကီသုခရဲ့ နောက် ကွယ်မှာ ဒုက္ခရှိနေတယ် ဆိုတာကို လက်ခံပြီးသားပေါ့။ ဒါ ကြောင့် လောကုတ္တရသစ္စာ အဆင့်မှာတော့ ဒုက္ခမှ လွတ်လိုသူ အဖို့လောဘကို ပယ်ကိုပယ်ရမယ်လို့ ဗုဒ္ဓဟောကြားပါတယ်။

အသုံးချမှ

အင်း .. သင့်ပတ်ဝန်းကျင်မှာ ဗုဒ္ဓဝါဒီ အမည်ခံထားကြတဲ့ ဘုန်းကြီးတွေ လောဘတကြီး အလှူခံနေကြတာ၊ လူတွေလောဘတကြီးနဲ့ ရာထူးအာဏာ စည်းစိမ် ယစ်မူးနေကြတာတွေကို တွေ့ပြီး ဗုဒ္ဓဘာသာဆိုတာ အလကားပါလို့ ဆိုရင် သဘောထား သေးသိမ်ရာ ကျတယ်။ ဗုဒ္ဓဝါဒက လိုက်နာ ကျင့်သုံးနိုင်သူ အတွက်သက်သက်ပါ။ ‘ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ’ ဆိုသူတွေအတွက် ဗုဒ္ဓဝါဒ အသုံးမဝင်ပါဘူး။

ဗုဒ္ဓဝါဒ ကျမ်းစာတွေမှာ လိုက်နာ ကျင့်သုံးသူတွေကို အစွန်း ရောက်စေမယ့် သင်ကြားချက်မျိုး လုံးဝမရှိဘူး ဆိုတာကို တော့တစ်ပုဒ် တစ်ပါဒလောက် ကျကျနနလေ့လာဖူးရင် ကျေ ကျေနပ်နပ်သိသွားနိုင်ပါတယ်။

ဧပြီ ၁၁၊ ၂၀၁၄။

---

၃၅၆။ တူးအင်ဝမ်း

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား၊

ပြီးခဲ့သော အောက်တိုဘာလက တပည့်တော်မသည် ချစ်သူနှင့် နှစ်ဦးသဘောတူ ခိုးရာလိုက်ပြေးခဲ့ပါတယ်။ ခိုးပြေးပြီး နှစ်ပတ် အကြာမှာ သူက တာဝန်ယူလိုစိတ် မရှိ၍ ရှောင်ပြေးသွားပါတယ်။ ဘုန်းကြီး ဝတ်မည်ပြောပြီး နောက်ပိုင်း အဆက် အသွယ် မလုပ်ခဲ့ပါ။ သုံးလလောက်အကြာမှာ ချစ်သူအသစ် တစ် ယောက်နဲ့ တရားဝင် လက်ထပ်သွားပါတယ်။ တပည့်တော်မက သူ့ကို အရှက်တကွဲ မဖြစ်စေ လို၍ ဘယ်သူ့ကိုမှ အသိမပေးဘဲ နေခဲ့ပါတယ်။ ဒါပေမယ့် တပည့်တော်မက သူ့ကို ယနေ့အချိန်ထိ မေ့မရ ဖြစ်နေပါသည်။ ဒီလိုအဖြစ်မျိုး ဖြစ်ပြီး လူတစ်ယောက်ကို မေ့နိုင်ဖို့ မလွယ်ပါ။ အချိန်တိုင်းမှာ သူ့အကြောင်း ကိုတွေးနေမိပါတယ်။

တပည့်တော်မ သိလိုသည်မှာ လက်ထပ်ပြီးသား ယောကျ်ား တစ်ယောက်ကို ယခုကဲ့သို့ စိတ်ထဲက ချစ်စိတ် မကုန် နိုင်ဖြစ်နေခြင်းမှာ ငါးပါးသီလထဲက ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ကို ကျူးလွန်ရာ ရောက်ပါသလား။ တပည့်တော်မအပေါ် ယခုလို ပြုမူခဲ့သူ တစ်ယောက်အနေနဲ့ ဝဋ်လည်ပြီး တူသော အကျိုးကို ပြန်လည်ခံစားရမှာပါလား အရှင်ဘုရား။

င်္မAncis Khim

---

နှစ်ဦး သဘောတူ ခိုးရာ လိုက်ပြေးပြီးမှ နှစ်ပတ် အကြာမှာ ယောကျ်ားဖြစ်သူ ရှောင်ပြေးသွားတယ်။ သုံးလလောက် ကြာတော့ ရှောင်ပြေးသူ ယောကျ်ားဟာ အခြားမိန်းမတစ်ယောက် နဲ့ တရားဝင် လက်ထပ်တယ်။ ကျန်ခဲ့သူ အမျိုးသမီးက စိတ်ထဲမှာ ထိုယောကျ်ားကို ဆက်ချစ်နေရင် ငါးပါးသီလ ကျိုးပါသ လားလို့ ဆိုလိုရင် ..

ဘာ့ကြောင့်

ယောကျ်ား တစ်ယောက်က မိန်းမနှစ်ယောက်နဲ့ ဖြစ်တဲ့ ပြဿနာ။ တူးအင်ဝမ်း။ စိတ်မရှိပါနဲ့၊ စဉ်းစားပြီးမှ ဆက်ပြောနိုင်မှာ ဖြစ်လို့ .. ဒီလို အရင် စဉ်းစားကြည့်မယ် .. ကိုယ့်ကိုချစ်လို့ ကိုယ့်မျက်နှာကို တစ်ကမ္ဘာထင်ပြီး ကိုယ့်နောက်ကို ခိုးရာလိုက် လာတဲ့ ကြင်သစ်စဇနီးကို နှစ်ပတ်အကြာမှာ ဒီယောကျ်ားဘာ လို့ စွန့်ပြေးရသလဲ။ ဖြစ်တောင့်ဖြစ်ခဲ သို့မဟုတ် ရိုးရိုး မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ တွေးမိတွေးရာ တွေးမိသလောက် ဖြစ်နိုင် ခြေက .. ၁) ထို ယောကျ်ား ရူးနေလို့ သို့မဟုတ် ဗိုင်ပိုလာလို စိတ်ရောဂါ တစ်ခုခုရှိလို့ ၂) ညားပြီးမှ ဇနီးမှာ ကုမရတဲ့ ကူး စက်ရောဂါရှိတာကို သိလိုက်ရတဲ့ အချိန်ဒီမိန်းမနဲ့ ဆက်နေရင် ကိုယ်ပါ သေမယ်ထင်လို့ ၃) အချစ်မပါဘဲ (မချစ်ဘဲ) အခြေ အနေအရ မလွှဲသာလို့ ခိုးပြေးလိုက်ရပေမယ့် ပိုင်ရှင်ဟောင်း ရှိနေလို့ ၄)ချစ်လျက်နဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်းရဲ့ ဖိအားကို မလွန်ဆန် နိုင်လို့ သို့မဟုတ် အဟောင်းထက် ရုပ်ရည် ရာထူး ဓနသာသူ အသစ်ကို ပိုအထင်ကြီးမိလို့။

ဒီအကြောင်း လေးမျိုးအနက် ပထမ အကြောင်းကြောင့်ဆို ခွင့်လွှတ်နိုင်တယ်။ ကျန်အကြောင်းကြောင့်ဆို ဆက်လက် စဉ်း စားစရာတွေ ရှိတယ်။

နံပါတ်နှစ်

ဒုတိယအကြောင်းရဲ့ဇာစ်မြစ်က မိန်းကလေးဖက်က မရိုးသား ခဲ့လို့။ မညားခင်က ဘဝမှန်ကို ဖွင့်ပြောထားရမှာ။ ဒီလိုကြောင့် စွန့်ပြေးခဲ့ရင် အသက်ဘေးကြောင့် ပြေးတာဖြစ်လို့ ပြေးသူကို ကိုယ်ချင်း စာသင့်တယ်လို့ ဆိုနိုင်ရင်တောင် ကိုယ်တိုင်သိအောင် မစုံစမ်းနိုင်ခဲ့မိတာ ကိုယ်ညံ့လို့ ပဲဆိုပြီး တာဝန်သိတတ်သူ ယောကျ်ား တစ်ယောက်အဖို့ မိန်းကလေးရဲ့ အရှက်နဲ့ သိက္ခာကို ငဲ့ညှာသင့်သေးတာ အမှန်ပဲ။ သိရက်သားနဲ့ ဇွတ်ကြီး ခိုးရာလိုက်ပြေးခဲ့ကြတာ ဆိုရင်တော့ ယောကျ်ားအနေနဲ့ တာဝန်ကျေဖို့ သတ္တိရှိသင့်တယ်။ ကိုယ်က ဖွင့်ပြော မထားခဲ့တာ ဖြစ်လို့ မိန်းကလေးအနေနဲ့တော့ ကံကိုပဲပုံချရမှာပေါ့။

နံပါတ်သုံး

ဒုတိယ အကြောင်းတရားရဲ့ ဇာစ်မြစ်က ယောကျ်ားမရိုးဖြောင့် လို့။ ဒါကရာသက်ပန်ကိစ္စမျိုးဆိုတော့ နောင်မရှုပ်အောင် တစ် ခါတည်း ရှင်းပြထားရမှာ။ ဒါကြောင့်ဖြစ်ရင် ယောကျ်ားဟာ မိမိ ရဲ့ မူလပိုင်ရှင်ကို သစ္စာဖောက်ပြီး ချစ်သူသစ်နဲ့ ခိုးပြေးလို့ ကာမေသု မိစ္ဆာစာရ ဖြစ်တယ်။ ချစ်သူသစ်အနေနဲ့ ကိုယ်ခိုးရာ လိုက်ပြေးသူမှာ ပိုင်ရှင်ရှိမှန်း မသိခဲ့ရင် ကာမေသု မဖြစ်ဘူး။ ပိုင်ရှင် ရှိနေမှန်း သိလျက်နဲ့ ဆိုရင်တော့ မိန်းကလေးရော ယောကျ်ားပါ နှစ်ယောက်လုံး ကာမေသုမိစ္ဆာစာရဖြစ်တယ်။

ဟို .. လက်ထပ်ခံရတဲ့ မိန်းကလေးက ပိုင်ရှင်ဟောင်း မဟုတ်ဘဲ ကိုယ်လက်ထပ်သူဟာ အခြားမိန်းမ တစ်ယောက်ရဲ့ လင်ယောကျ်ား ဖြစ်တယ်ဆိုတာကို သိလျက်နဲ့ ဆိုရင် သူလည်း ကာမေသုပဲ။ မသိရင်တော့ ကာမေသု မဖြစ်တန်ရာဘူး။

နံပါတ်လေး

နောက်ဆုံး အကြောင်းကြောင့်ဖြစ်ရင် စွန့်ခဲ့သူကို အတော် သစ္စာမဲ့ တာဝန်မဲ့သူလို့ အစွန့်ခံရသူက အပြစ်တင်ရင် ဘုန်းကြီး အနေနဲ့ အပြစ်မတင်ပါနဲ့လို့ တားမြစ်ရဲမှာမဟုတ်ဘူး။ ဒီကိစ္စမှာ ဟိုမိန်းကလေးက သိနေရင် နှစ်ယောက်လုံး ကာမေသု မိစ္ဆာ စာရကံ မြောက်တယ်။ မသိရင်တော့ ယောကျ်ားပဲ ကာမေသု ဖြစ်တယ်။ ဒါမျိုးလုပ်တဲ့ လူက ပရိသတ်ထဲ ဝင်ရဲရင် အတော် သတ္တိကောင်းတာပဲ။ သားသမီးတွေကို ဘယ်လို ဆုံးမမလဲ။ ဒီဘဝ ဥစ္စာဓန ချမ်းသာရင်တောင် မိမိကျိုးလွန်ခဲ့တဲ့ သစ္စာမဲ့ အကုသိုလ် လုပ်ရပ်ကို မှန်ကိုကြည့်တိုင်း တစ်သက်လုံး အမှတ်ရနေမှာပါ။ သေခါနီး အဲဒါကြီးကို သတိရနေမှဖြင့်.. ဗုဒ္ဓဝါဒီ တစ်ယောက်အဖို့တော့ တွေးကြောက်စရာကြီး။

ဆက်ချစ်ခွင့်

စွန့်ပစ်ခံရသူ မိန်းကလေးအနေနဲ့ စိတ်ထဲမှာ ဆက်ချစ်ခွင့်ရှိတယ်။ ဘယ်လောက်ပဲ ကြာကြာပေါ့။ ကာမေသု မဖြစ်။ သူက ကိုယ့်ကို စွန့်ပြီးအခြားသူနဲ့ တရားဝင်လက်ထပ်ပြီး ဖြစ်လို့ သူ့ကို ကိုယ်မပိုင်တဲ့ အတွက်ကိုယ်ထိလက်ရောက် ချစ်ခွင့်မရှိဘူး။

ဝဋ်လည်

ကာမေသု မိစ္ဆာစာရ ကျူးလွန်သူအနေနဲ့ တစ်နည်းနည်းနဲ့ ဝဋ် ပြန်လည်တယ်ဆိုတာမျိုးကတော့ တွေ့ရ ကြုံရမှာပါ။ ကိုယ့်မှာ အပြစ်မရှိတာ သေချာရင် ကိုယ်မေတ္တာ မပျက်သရွေ့ ကိုယ့် ဖက်မှာ ကောင်းကျိုးနဲ့ မဝေးရှိဘဲ ရှိနေမှာပါ။ ဆုတောင်းနေ စရာမလိုပါဘူး။

ဧပြီ ၁၁၊ ၂၀၁၄။

---

၃၅၇။ ဟိုအစောင့် ဒီအစောင့်

စိတ်ထဲ ဘဝင်မကျ ဖြစ်နေတဲ့ အတွက် သိချင်တာလေးတွေကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား၊

၁။ တပည့်တော်တို့ ငယ်ငယ်က ရွာတွေမှာ သီတင်းကျွတ်လ ပြည့် မီးထွန်းပွဲ ရောက်ရင် အိမ်၊ အိပ်ခန်း၊ မီးဖိုချောင်၊ လှေ ကား၊ မြေကြီး၊ နွားတင်းကုပ်၊ ရေတွင်း၊ သစ်ပင် အစရှိတဲ့ နေ ရာတွေမှာ မီးထွန်းကြပါတယ်။ နောက်ဆုံး အိမ်သာမှာပါ မီး ထွန်းကြတာကို တွေ့ဖူးပါတယ်။ လူကြီးမိဘတွေ ပြောတာက မီးထွန်းတဲ့ နေရာတွေမှာရှိတဲ့ နတ်တွေ မြတ်စွာဘုရားကို မီးပူ ဇော်လို့ ရအောင်သူတို့ အတွက်ထွန်းပေးတာတဲ့။ အဲဒီလို ဆိုရင် လူတွေထက်မြင့်တဲ့ ဘုံတွေမှာနေတဲ့ နတ်တွေက လူတွေ ဖန် တီးထားတဲ့ နေရာအဆောက်အဦနဲ့ လူတွေအပေါ်မှာ မှီခိုနေရ တဲ့ သဘောနဲ့ ဘယ်နေရာ ဘယ်အဆောက်အအုံမဆို နတ်တွေ ရှိနေတယ်ဆိုတဲ့ သဘောသက်ရောက်မနေဘူးလား ဘုရား။

၂။ မိုးစောင့်နတ် မြေစောင့်နတ် အစရှိသည့် စောင့်တဲ့ နတ်တွေ အပြင် လူတွေ ဖန်တီးပြုလုပ်ထားတဲ့ နေရာ အဆောက်အအုံ တိုင်းမှာပါဆိုင်ရာ အစောင့်အရှောက်တွေနတ်တွေ ရှိနေတယ် လို့လည်း ဗုဒ္ဓဘာသာအများစု လက်ခံယုံကြည်နေတာတွေ တွေ့ ရပါတယ်။ အဲဒါ ဖြစ်နိုင်ပါသလား ဘုရား။ ဖြစ်နိုင်တယ်ဆိုရင် ဘာကြောင့် နတ်ပြည်မှာ မနေဘဲ သူတို့ဘုံဗိမာန်မဟုတ်တဲ့ နေ ရာတွေကို လိုက်စောင့်ရှောက်နေရတာလဲ။ လူတွေ ဖန်တီးထား တဲ့ အရာအားလုံးပေါ်မှာ စောင့်ရှောက်နေနိုင်ပါ့မလား။

၃။ တပည့်တော် သိထားမိသလောက် နတ်တွေဟာ လူတွေရဲ့ အနံ့ကို ကြောက်လို့ နံလွန်းလို့ မြတ်စွာဘုရားဆီတရားလာနာ ရင် တောင်မှ လူတွေအိပ်တဲ့ အချိန်သန်းခေါင်ကျော်မှသာလာနာ ကြတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက နတ်ပြည်ဟာ လူ့ ပြည်ထက် ကိလေသာ ပျော်စရာအာရုံတွေ များလွန်းလို့ နတ် တွေဟာ မေ့အားကြီးကြတယ်လို့လည်း မှတ်သားဖူးပါတယ်။ အဲဒီလိုဆိုရင် မကောင်းခြောက်ပါး ကောင်းခြောက်ပါးလို့ ဆိုတဲ့ လူတစ်ယောက်ချင်းစီကို စောင့်ရှောက်နေတဲ့ ကိုယ်စောင့်နတ် က ဘယ်လို စောင့်ရှောက်ပါသလဲ။ လူတိုင်းကို စောင့်ရှောက် နိုင်ပါ့မလား။ လူတစ်ယောက်အတွက် အချိန်ပြည့် ဘော်ဒီဂတ် တစ်ယောက်လို လိုက်စောင့်နေတဲ့ နတ်ရယ်လို့ ရှိနိုင်ပါသလား။ မကောင်းခြောက်ပါး ကောင်းခြောက်ပါး ဆိုတာဘယ်လိုပါလဲ။ သံသယရှင်းစေရန် ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါသည်။

Shadow Man

---

ဉာဏ်အလင်း

၁။ စေတီတွေ ဗုဒ္ဓဆင်းတုတွေမှာ ဘုရားမီး ထွန်းညှိတာဟာ နတ်တွေ အဲဒီ စေတီဆင်းတုကို မြင်နိုင်အောင် သို့မဟုတ် ပူ ဇော်နိုင်အောင်လို့ လုပ်တာမဟုတ်ဘူး။ အဲဒီလိုပဲ သီတင်းကျွတ် လပြည့်နေ့ ဆီးမီးထွန်းတာ ဘုရား တာဝတိံသာ နတ်ပြည်က အဆင်း ဘုရားနောက်ကပါလာတဲ့ နတ်ဗြဟ္မာတွေ လူတို့ထွန်း ညှိတဲ့ ဆီမီးတိုင်တွေနဲ့ ဘုရားကို ပူဇော်နိုင်အောင်လို့ မဟုတ်သ လို သူတို့တွေ လမ်းမမြင်ဘဲ တစ်ယောက်နဲ့ တစ်ယောက် တိုက်မိပြီး လဲကျမှာ စိုးလို့ မီးထွန်းပေးတာလည်း မဟုတ်ဘူး။ ဆီမီးပူဇော်ခြင်း မီးညှိထွန်းခြင်းရဲ့ ရည်ရွယ်ချက်အမှန်က မြတ် စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်အလင်းရောင်ကို ကိုယ်စား ပြု အထိမ်းအမှတ်ပြု ပူဇော်ခြင်းသာ ဖြစ်ပါတယ်။

အိမ်သာထဲထိ လိုက်ပြီး မီးထွန်းတာကတော့ လူတွေ ပို တာပါ။ ကြည်ညိုလွန် ရောဂါလို့ ခေါင်းစဉ် တပ်နိုင်လေမလား။ ဘုရားရှိရင် အဲဒီလို မလုပ်ကြနဲ့ လို့ တားမြစ်မှာ သေချာတယ်။ ဒါနဲ့ ဓနိ၊ သက်ငယ်၊ သစ်ရွက်မိုးတဲ့ အိမ်တွေမှာ အိမ်ထဲမှာ ဘုရားမီးထွန်းရင် အထူးသတိထားပါ။ အိမ်ကို မီးလောင်ရင် ဆင်း တုတော်ကိုပါ မီးပူဇော်ပြီးသား ဖြစ်သွားနိုင်တယ်။ ဆင်းတုက သက်ရှိမှ မဟုတ်ဘဲ။

ဒီနတ်မျိုး

၂။ စာတုမဟာရာဇ်တာဝတိံသာစတဲ့ နတ်ပြည်ခြောက်ထပ် မှာနေတဲ့ နတ်တွေက သူ့ဗိမာန်မှာပဲ နေမှာပေါ့။ ဒီလို နတ်တွေ အနေနဲ့ အိမ်ရှေ့က နတ်စင်လို ဂိုဒေါင်လို နေရာကို ဒေါ်လာတစ် သိန်းနဲ့ ပင့်တောင် လိုက်မယ်မထင်ဘူး။ ဒါပေမယ့် မြေနဲ့ တစ် စပ်တည်းတည်ရှိတဲ့ ဗိမာန်တွေမှာ နေတဲ့ စာတုမဟာရာဇ်နတ် မျိုးဝင် ဝေမာနိက ပြိတ္တာတွေရှိတယ်။ သူတို့ကို သစ်ပင်မှာနေ ရင် ရုက္ခစိုး၊ မြေမှာနေရင် ဘုမ္မစိုးလို့ ခေါ်တယ်။ ဒီနတ် အများ စုက သက်တမ်းရှည်ပြီး လူတွေထက် ကုသိုလ်ကံသာတယ်။ စုတ်စုတ် ပြတ်ပြတ်တွေ မဟုတ်ဘူး။ အချို့ အဆောက် အအုံ တွေ (ဥပမာ .. ဗုဒ္ဓဓာတ်တော် ကိန်းဝပ်နေတဲ့ စေတီပျက်လို မျိုး)မှာ စောင့်ရှောက်တာဟာ ဒီနတ်မျိုးဖြစ်နိုင်တယ်။

လူတွေ ဖန်တီးတဲ့ အမှိုက်ပုံလိုဟာ ကျတော့ အဲဒီမှာ ရှာ စားတဲ့ အညံ့စား ပြိတ္တာတွေ ရှိချင်ရှိနိုင်တာပဲ။ မကြိုက်သူတွေ အနားကပ်လာရင် ခြောက်လွှတ်မှာပေါ့။

အစောင့်နတ်

၃။ ‘နတ်တွေ မေ့အားကြီးတယ်’လို့ မှတ်မိနေရင် မမှန်ဘူး။ ‘တစ်ခါတစ်ရံ အပျော်လွန်ပြီး စားချိန်မှာ မစားလိုက်မိလို့ သေ တဲ့ နတ်အချို့နဲ့ အချင်းချင်းစိတ်ဆိုးပြီး ဒေါသမျက်လုံးနဲ့ ကြည့် ရုံနဲ့ သေတဲ့ နတ်အချို့ ရှိတယ်’လို့ ပြင်မှတ်ထား။ အပျော်လွန် စိတ်ဆိုးလွန်လို့ မေ့မြောပြီးသေတဲ့ နတ်တွေ။

ကိုယ်စောင့်နတ်ဆိုတာ လူ့ခန္ဓာကိုယ်မှာ မှီကပ်နေတဲ့ နတ် တစ်မျိုးလို့ မယူဆဘူး။ သင့်တော်တဲ့ နေရာမှာ နေပြီး လူတစ် ယောက်ရဲ့သီလသမာဓိကြောင့် အဲဒီလူအရေးကြုံတဲ့ အခါကူညီတဲ့ နတ်ဆိုတာမျိုးတော့ ရှိနိုင်တယ်။ မဟာဇနက မင်းသားကို မဏိမေခလာ ကယ်သလိုမျိုးပေါ့။ ဒါပေမယ့် လူကို ကူညီ နိုင်တဲ့ နတ်ဟာ လူထက် ဘုန်းကံနိမ့်တဲ့ နတ်မျိုးတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ ဖြစ်နိုင်သလို လူ့ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ တန်ခိုးကြီး ဝေမာနိက ပြိတ္တာမျိုးဝင် နတ်တွေလည်း ဖြစ်နိုင်တယ်။

နီးစပ်တဲ့ ဘဝတစ်ခုမှာ ဆက်စပ်ပတ်သက်ခဲ့မှုအရ နတ် တစ်ယောက်က လူတစ်ယောက်ကိုပဲ အထူးစောင့်ရှောက်တာ မျိုး ရှိနိုင်တယ်။ လူအများကို ကူညီစောင့်ရှောက်တဲ့ နတ်တစ် ယောက်က ကြုံကြိုက်လို့ သို့မဟုတ် မိမိရဲ့လုပ်ဆောင်ချက် မှန် ကန်ပြီး ကိုယ်ကျင့်တရားကောင်းလို့ မိမိကိုကူညီတာမျိုးလည်း ရှိနိုင်တာပဲ။ (မေးခွန်းအမှတ်-၇၅ ရဲ့အဖြေကို ပြန်ဖတ်)။

သင်္ချာမဲ့ကိန်း

‘ထွေရာလေးပါး’ ‘ပြဿနာပေါင်းသောင်းခြောက်ထောင်’ ‘တွေ့ ကရာသုံးဆယ်’လို့ ပြောတဲ့ အခါ လေး၊ သောင်းခြောက်ထောင်၊ သုံးဆယ် ဆိုတဲ့ ကိန်းဂဏန်းတွေက အရေအတွက် သင်္ချာကို မညွှန်းသလို ‘မကောင်းခြောက်ပါး ကောင်းခြောက်ပါး’ဆိုတာလည်း မကောင်းတာ ခြောက်မျိုး ကောင်းတာ ခြောက်မျိုးလို့ ဆိုလိုဟန်မတူဘူး။ မြန်မာစာအဖွဲ့ကထုတ်ဝေတဲ့ ဆိုရိုးစကား အဖွင့်စကားပုံ အဖွင့်တွေမှာရှာကြည့်ပေါ့။

ဧပြီ ၁၈၊ ၂၀၁၄။

---

၃၅၈။ ဓမ္မအိပ်ဆေး

ဆရာတော် အရှင်ဘုရား၊ တပည့်တော်ရဲ့ မိခင်က အသက် ၈၃-နှစ်ပါ။ အိပ်ခါနီး ပဋ္ဌာန်းခွေကို ဖွင့်ပေးမှ အိပ်ပျော်တတ်ပါ သည်။ အိမ်မှာ ဆွမ်းခံ ကြွနေတဲ့ ဘုန်းဘုန်းကြီးက အိပ်ခါနီး ပဋ္ဌာန်းခွေကို ဖွင့်ရင် နားမထောင်ပဲ ဖွင့်တဲ့ အတွက် မရိုသေရာ ကျလို့ ငရဲကြီးတယ်လို့ တပည့်တော်အား ပြောလာပါသည်။ မိခင်ကြီးကို အိပ်ပျော်စေချင်တဲ့ စိတ်နဲ့ ပဋ္ဌာန်းခွေကို ဆက်ပြီး ဖွင့်ပေး နေသင့်ပါသလား။ မရှင်းလင်းပါသဖြင့် ဖြေကြားပေး စေလိုပါသည် အရှင်ဘုရား။

အောင်သွေး

---

ကြံကြံဖန်ဖန်

ဘယ့်နှယ်ဘုန်းဘုန်းကြီးက အဲဒီလိုပဲပြောရသလား။ ဒါဖြင့်ရင် ကြီးပြီးမှ ဘုန်းကြီးဝတ်လာလို့ ဘုန်းဘုန်းကြီးလို့ ခေါ်တာလို့ ပဲ ထင်လိုက်တော့မယ်။ ဘုန်းဘုန်းကြီးတွေက မသိသူတွေကို သိပ် ဆရာလုပ်ချင်တတ်တဲ့ သဘောရှိတယ်။ အချို့ ဘုန်းဘုန်း ကြီးတွေကို တွေ့ဖူးတယ်။ လူရှေ့ရောက်ရင် ဒါကို ကျုပ်လည်း သိတယ် ဆိုတာမျိုး၊ ဒါလောက်တော့ ကျုပ်လည်း ရွတ်နိုင် ဖတ်နိုင်တယ် ဆိုတာမျိုး လုပ်ပြလေ့ရှိတာကို အကြိမ် များများ ကြုံဖူးခဲ့တယ်။ ဒါပေမယ့် အဲဒါတွေက သိပ်ပြဿနာ မရှိဘူး။ ဓမ္မရေးရာနဲ့ ပတ်သက်ပြီး မဟုတ်တာတွေကို ဆရာလုပ်ပြီ ဆို ရင် မှားရာက မှောက်သွားနိုင်ပါတယ်။

သတိထားစရာပဲ။

နောင်အခါလည်း သံသယရှိရင် ဘုန်းဘုန်းကြီး ပြောတိုင်း မလုပ်သေးဘဲ နီးစပ်ရာ စာသင်တိုက် တစ်ခုကို သွားပြီး စာချ စာသင်ဆရာတော်တွေကိုမေးကြည့်ဖို့အကြံပြုပါတယ်။

ဒုဋ္ဌဂါမဏိ

သီဟိုဠ် ဘုရင်ဒုဋ္ဌဂါမဏိမင်းဟာ ဒမိဠသူပုန်ကြီး ၃၂-ယောက်ကို တိုက်ခိုက် အောင်နိုင်ပြီး သီဟိုဠ်ဘုရင်အဖြစ် အဘိသိက် ခံပြီးတဲ့ အခါ ပျော်လွန်းလို့ တစ်လလောက် အိပ်မပျော်နိုင် ဖြစ် နေသတဲ့။ အဲဒီတော့ သံဃာရဲ့ တာဝန်ပေးချက်အရ အဘိဓမ္မာ ဆောင် ရဟန်းတော် ၈-ပါး နန်းတော်ကို ကြွလာပြီး ဦးစွာ မင်းကြီးကို ရှစ်ပါးသီလ ယူခိုင်းတယ်။ အဲဒီနောက် မင်းကြီးကို သလွန်ပေါ်မှာ လဲလျောင်း ခိုင်းပြီး ‘စိတ္တယမိုက်’ကို ရွတ်ဖတ် ကြသတဲ့။ ခဏကြာတော့ မင်းကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတယ်။ ဒီနောက် သံဃာတွေက မင်းကြီးကို မနှိုးဘဲ ပြန် ကြွသွားကြတယ်။ နောက်တစ်နေ့နံနက် နေထွက်ချိန် မင်းကြီး နိုးလာတော့ ‘သံဃာတော်တွေကော’လို့ မေးတဲ့ အခါ အမတ် တွေက ‘မင်းကြီးအိပ်ပျော်သွားလို့ ပြန်ကြွတော်မူကြပြီ’လို့ ဖြေ အတွက် မင်းကြီးက ‘ငါ့ရဲ့ ဘေးတော်မြတ် ဖြစ်တဲ့ ရှင်တော် ဗုဒ္ဓရဲ့ သားတော် ဖြစ်တဲ့ ရဟန်းတော်လေးတွေ မသိတဲ့ ဆေး မရှိဘူး။ အရှင်မြတ်တွေဟာ အိပ်ဆေးကိုတောင် သိတော်မူကြ တာပဲ’လို့ မိန့်သတဲ့ (ဒီ၊ဋ္ဌ၊၂၊၂၃၃)။

ဆက်ဖွင့်

ဒုဋ္ဌဂါမဏိ ဖြစ်ရပ်မှာ .. ရဟန်းတော်တွေ ကိုယ်တိုင် မင်းကြီး ဆီ ကြွလာကြတယ်။ မင်းကြီး အိပ်နေတဲ့ ဘေးမှာ ထိုင်ပြီး ပရိတ်ရွတ်ပေးတယ်။ အဲဒါကို မင်းကြီးက မျက်လုံးကို မှိတ်ပြီး နာယူနေရင်း အိပ်ပျော်သွားသေးတာပဲ။ အဲဒီတော့ အိပ်ခါနီးမှာ အသံခွေ၊ ရုပ် သံခွေလောက်ကို နာယူသူ အနေနဲ့ အပြစ်မရှိပါဘူး။ ဆက်ပြီး ဖွင့်ပေးပါ။ ကုသိုလ်တိုးပွားပါတယ်။

ဓမ္မအိပ်ဆေး

ဒီနေရာမှာ နောက် မှတ်သားစရာ တစ်ခုက အိပ်မပျော်သူတွေ ‘စိတ္တယမိုက်’ကို နာယူရတယ်လို့ ဖြစ်ပါတယ်။ ၆-ခုမြောက် အဘိဓမ္မာကျမ်းပါ။ ပထမကြီး ဖြေမယ့် သံဃာတွေ အာဂုံနဲ့ ရေးဖြေအတွက် ပြဋ္ဌာန်းထားတဲ့ ကျမ်းပါ။ ယမိုက်ပါဠိတော် သုံး အုပ်ရှိတဲ့ အနက် ဒုတိယအုပ်မှာ ပါပြီး စာမျက်နှာ စုစုပေါင်း ၂၇-မျက်နှာ (စာ၊၂၈၉-၃၁၆ရှိတယ်။)ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်သလို စာအုပ်ကို ကြည့်ပြီး ရွတ်နိုင်တယ်။ အိမ်မှာ ပထမ ကြီးတန်း ဖြေမယ့် ဆွမ်းကြွ ကိုယ်တော် ရှိရင်လည်း ရွတ်ပေး ဖို့လျှောက်ထားရင် ရနိုင်တယ်။

စက်တင်ဘာ ၇၊ ၂၀၁၅။

---

၃၅၉။ ကြော်ညာပါဂျဲရိုး

အရှင်ဘုရား၊

ရဟန်းတော်များ ကားမောင်းလို့ ရပါသလား ဘုရား။ ငယ်ဖြူ ဆရာတော်ဆိုသည်မှာ ဘာကိုဆိုပါသလဲဘုရား။

White Blue

---

လူတွေလိုပဲ

‘ရဟန်းများ ကားမမောင်းရ’လို့ ရှင်တော်ဗုဒ္ဓ ပညတ်ထားတဲ့ သိက္ခာပုဒ်မရှိ။ မြတ်စွာဘုရားလက်ထက်က ကားမှ မရှိသေး တာ။ ဒါကြောင့် ‘ဘုန်းကြီးကားမောင်းလို့ ရသလားလို့ မေးရင် ကားမောင်းလို့ အာပတ်သင့်စရာ သိက္ခာပုဒ် မရှိဘူး’လို့ ဘဲ ခပ် တိုတိုပဲ ဖြေရမှာ။ ဒါပေမယ့် ကားကို ဇိမ်ခံပစ္စည်းတစ်ခု အဖြစ် နားလည်ထားကြတဲ့ မြန်မာနိုင်ငံတွင်းမှာတော့ လူအများစုက ‘သေယျထာပိ ကာမဘောဂိနော = ကာမအာရုံတွေ ခံစားနေ ကြတဲ့ ငါတို့ လူတွေလိုပဲ ရဟန်းတွေလည်း ကားမောင်းပြီး ဇိမ်ခံနေကြတာပဲလား’လို့ မျက်စိ စပါးမွှေး စူးကြလိမ့်မယ်။ ‘ဒီ ကိုယ်တော်က လူလိုပဲ၊ ဘုန်းကြီးအစစ် ဟုတ်ရဲ့လား’လို့လည်း ကဲ့ရဲ့ကြမှာ သေချာတယ်။ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကား တဲ့ မြန်မာပြည်လို နေရာမျိုးမှာ အဲဒီလို ရှုမြင်တဲ့ ဒကာဒကာမ တွေကို အပြစ်မဆိုသာဘူး။ ဒါပေမယ့် နည်းနည်းတော့ ရှေ့ ဆက် စဉ်းစားကြည့်ရဦးမယ်..

လက်တွေ့

ဘုန်းကြီး အရီဇိုးနားကို ရောက်စတုန်းက မြန်မာပြည်က မှတ် ပုံတင်ပြီး ပို့တဲ့ စာလာလို့ အဲဒီစာကို စာတိုက်မှာ သွားယူရ တိုင်း စာတိုက်က ဝေးလို့ လူကို အကူအညီ ခေါ်ရတယ်။ လူ တိုင်းနီးပါး နေ့ဘက်ဆို အလုပ်သွားနေကြလို့ အဲဒီစာကို ဖတ် ရဖို့ နှစ်ပတ်ကနေ တစ်လထိ စောင့်ခဲ့ရတယ်။ တစ်ခါတစ်ရံ မေ့ပြီး စာကို သွားမရွေးမိတာမျိုးလည်း ကြုံဖူးတယ်။ ကိုယ့် ဟာကိုယ်ကား မမောင်းရင် ကျောင်း၊ သင်တန်းဆိုတာတွေကို မစဉ်းစားနိုင်ဘူး။ အမေရိကမှာ နယူးယောက်မြို့ကလွဲရင် ကျန် တဲ့ နေရာတွေမှာ ရထားနဲ့ ဘတ်စ်တွေကို အားကိုးဖို့ မဖြစ် နိုင်ဘူး။ လူတစ်ချို့ ဘုန်းကြီးကျောင်းနဲ့ မိုင် ၅၀ လောက်ဝေးတဲ့ နေရာမှာနေလို့ သံဃာကို ဆွမ်းစားပင့်ရင် ကြိုပို့ချိန် ၄-နာရီ လောက်ကိုပါ ထည့်စဉ်းစားရတယ်။ ဒါကြောင့် အမေရိကလို နေရာမှာ နေကြတဲ့ ဒကာဒကာမ အများစုက ရဟန်း ကား မောင်းတာကို ‘တို့မှ မလုပ်ပေးနိုင်တာ’လို့ နားလည်ပေးဖို့ အဆင်သင့် ရှိကြတယ်။

ဆိုက်ကား

သာမဏေဘဝ (အသက် ၁၇-နှစ်)နဲ့ ပထမကြီးတန်း ဖြေဖို့ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းတိုက်ကို လာတော့ သင်္ဘောက အဆင်းမှာ ဆရာဘုန်းကြီးက ဆိုက်ကားတစ်စီး ငှားပြီး ကိုရင် နှစ်ပါးရဲ့ စာအုပ်သေတ္တာ နှစ်လုံးနဲ့ ဖိနပ်တွေကို တင်ပြီး ‘လင်္ကာရကျောင်းရှေ့မှာ ချထားခဲ့ပါ’ဆိုပြီး ဆိုက်ကားခကို တစ်ခါတည်း ပေးလိုက်တယ်။ ပြီးမှ ဘုန်းကြီးတို့က သင်္ကန်းရုံပြီး ဖိနပ်မစီးဘဲ ကျောင်းကိုခြေကျင်သွားကြတယ်။

စည်းကမ်းအရ ရွှေဟင်္သာတောရ သံဃာတွေ ဆိုက်ကား မစီး ရ၊ မြို့ရွာတွင်းမှာ ဖိနပ်မစီးရတဲ့ အတွက် အဲဒီလို လုပ်ရတာ။ (ဆိုက်ကား မစီးပေမယ့် ဆိုက်ကားခ ပေးရင်ပဲ အာပတ်သင့်ပြီ။) ‘လူတွေကို ညှဉ်းဆဲရာ မရောက်အောင်’သို့မဟုတ် ‘ကြည် ညိုဖွယ်ဂုဏ်ကို ဆောင်စေဖို့’ ရည်ရွယ်ပြီး ဆရာမြတ်တို့ အဲဒီလို စည်းကမ်း ချမှတ်ထားပုံရပါတယ်။ အမှန်တော့ ‘ရဟန်းတွေ ဆိုက်ကားမစီးရ’ဆိုတဲ့ ဝိနည်းပညတ်ချက် မရှိ။ ခြေဖဝါး မခံ နိုင်ရင် ဖိနပ်လည်း နေရာမရွေးစီးလို့ ရပါတယ်။

ကြော်ညာပါဂျဲရိုး

ရန်ကုန် နွေခေါင်ခေါင်မှာ ကတ္တရာလမ်းပေါ် ဖိနပ်မစီးဘဲ ဆွမ်းခံ နေတဲ့ သာမဏေလေးတွေကို ကရုဏာရှင် မြတ်ဗုဒ္ဓ တွေ့ရင် ‘ကိုရင် တို့၊ ကျန်းမာရေးနဲ့ မညီညွတ်လို့ ဖိနပ်စီးကြ’လို့ မိန့် တော်မူဖွယ် ရှိပါတယ်။ ကတ္တရာလမ်းပေါ် ကြက်ဥ ဘဲဥကျကွဲ ရင် မကြာခင်ကျက်သွားတဲ့ ဘုန်းကြီးတို့နေတဲ့ ဖိနစ်စ်မြို့ရဲ့နွေ ရာသီမျိုးဆိုရင် ဖိနပ်စီး ထီးဆောင်းတောင် ဆွမ်းခံဖို့ မလွယ်ဘူး။ ဒါကြောင့် ပုဂ္ဂိုလ် အချိန်အခါ နေရာဒေသ စသည်အရ မဖြစ်မနေလိုအပ်လို့ လုပ်ရရင် နားလည်ပေးလို့ ရသင့်ပါတယ်။

အင်း..ပါဂျဲရိုးတွေရဲ့ရှေ့မှာ ‘ဘာညာ သာရကာ ပဏ္ဍိတ ကြော်ညာတံဆိပ်’တွေနဲ့ စာရင် အမေရိကလို နေရာမှာ မဖြစ် မနေ လိုအပ်လို့ လုပ်ရတာကို ‘တော်ပါသေးရဲ့’လို့ ဆိုရင် လွန် ဖွယ်မရှိနိုင်ဘူး။

ငယ်ဖြူ

ယေဘုယျအားဖြင့် အသက် ၂၀-မပြည့်ခင် သာမဏေဝတ်၊ ဗုဒ္ဓစာပေစာသင်၊ အသက်၂၀-ပြည့်တဲ့ အခါ ရဟန်းခံပြီး လူ မထွက်ဘဲ ဆက်တိုက် ရဟန်းပြုရင် ငယ်ဖြူဆရာတော်လို့ ခေါ်တယ်။ အသက် ၂၂-၂၅ အတွင်းလောက်က ဆက်တိုက် ရ ဟန်းပြုခဲ့ရင် ကြီးလာတဲ့ အခါ အများစုက ငယ်ဖြူဆရာတော်လို့ နားလည်ဖွယ်ရှိပေမယ့် သူ့အကြောင်းကို သိတဲ့ ရဟန်းတွေရဲ့ မသိစိတ်မှာ သူကအသက်လွန်မှ ရဟန်းပြုခဲ့တာလို့ ရှိနေတတ်တယ်။ အသက် ၂၅-၃၀ အတွင်း ရဟန်းပြုရင်တော့ အိမ် ထောင် မကျဖူးရင်တောင် ငယ်ဖြူလို့ ခေါ်ရခက်သား။ အနည်း ဆုံး လူအကြောင်းကို နောကျေလာတဲ့ သူလို့ အခြားရဟန်း တွေက ပြောလေ့ရှိတယ်။ အဲဒီနောက်မှ ဆိုရင်တော့ ငယ်ဖြူ မဟုတ်တော့ဘူး။ ငယ်ဖြူရဲ့ဆန့်ကျင်ဘက် စကားလုံးကတော ထွက်။ အမှန်တော့ ‘တောထွက်’ဆိုတာ ကောင်းတဲ့ အနက် အဓိပ္ပာယ်ရှိလို့ ဂုဏ်ယူစရာဝေါဟာရပါ။

ဇွန် ၁၇၊ ၂၀၁၄။

---

၃၆၀။ စိတ်ငြိမ်ဂါထာ

ဆရာတော်ဘုရား၊

တပည့်တော်မရဲ့ အသက် ၂၄-နှစ်ပါ။ အလုပ် လုပ်နေပေမယ့် အလုပ်ကို စိတ်မဝင်စားနိုင်ပါ။ အလုပ်လုပ်တယ်ဆိုတဲ့ Status လေး ရှိချင်တာရယ်၊ ဝင်ငွေလေး ရှာချင်တာရယ်ကြောင့် လုပ်ရတာပါ။ ဝင်ငွေကလည်း မကောင်းပါဘူး။ အလုပ်လည်း မလုပ်တတ်ပါဘူး။ ငယ်ငယ်ကတည်းက ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင်နေလာတာ ဖြစ်လို့ သူများဆီမှာ ဝန် ထမ်းလုပ်နေရတာ ဆက်ဆံရေး မပြေမလည် ရှိပါတယ်။ တပည့်တော်မ လမ်းပျောက်နေပါတယ်။ စိတ်လည်း တအားရှုပ် ထွေးပါတယ်။ သူများတွေနဲ့ ကိုယ့်ကိုယ်ကိုနဲ့ ယှဉ်ကြည်တဲ့ အခါ အားမရတာတွေ ဖြစ်ပါတယ်။ ပြီးတော့လည်း ခုအလုပ်က လ စာနည်းတော့ နိုင်ငံခြားထွက်ချင်စိတ်ကလည်း ပေါ်လာပါတယ် ဘုရား။ ဖြစ်ချင်တာတွေ များနေပါတယ်။ အမှန်တော့ တပည့် တော် လမ်းပျောက်နေတာ တပည့်တော်မ သိပါတယ် ဘုရား။ အဲဒီလို စိတ်ရှုပ်ထွေးမှု မရှိအောင် စိတ်တည်ငြိမ်အောင် ဘာလုပ်သင့်ပါသလဲ ဘုရား။ တရားထိုင်သင့်ပါသလား ဘုရား။ အကြံ ဉာဏ်ပေးရန်တောင်းပန်ပါတယ် အရှင်ဘုရား။

လင်းအိမ်

---

လောကမှာ ပညာတတ် (ဘွဲ့ဒီဂရီရှိ)ခြင်းနှင့် ပညာရှိ (ကြောင်း ကျိုးသိမြင်)ခြင်းဟာ တစ်ကိုရည် အစွမ်းအစပါပဲ။ ဒီအစွမ်းအစကို အားကောင်းအောင် ထက်မြက်အောင် တဖြည်းဖြည်း လေ့ကျင့်ယူရင် ရတယ်။ ဓနဥစ္စာနဲ့ အောင်မြင်မှုဆိုတဲ့ တိုးတက်မှု တွေကို အဲဒီနှစ်မျိုးနဲ့ ရှာဖွေနိုင်တယ်။ အဲဒီနှစ်မျိုးရှိမှ တိုင်းပြည် အုပ်ချုပ်သူ ဖြစ်သင့်တယ်။ အဲဒီနှစ်မျိုး မရှိသူတွေရဲ့လက်ထဲကို လက်နက် ရောက်သွားရင် ပိုဆိုးပေါ့။ သူများနဲ့ ယှဉ်လို့ ကိုယ့် ကိုယ်ကို အားမရတဲ့ အခါ ကိုယ့်ဝီရယနဲ့ ကြံဆစွမ်းကို နှစ်ဆ တိုးပစ်ရတယ်။ ပိုးစုန်းကြူးတောင် သူ့အဆင်းနဲ့ သူ့အလင်းနဲ့ သူ့အလှနဲ့ ပဲ။ ကျောင်းအမကို ရှယ်ဂါထာ တစ်ပုဒ်ပေးလိုက်မယ်။ ဒီဂါထာကို အသံထွက် မှန်အောင်ကျက်ပြီး နေ့တိုင်း ရွတ်။ သံ နေသံထားနဲ့ ပီပီသသရွတ်။ အောင်မြင်ပါလိမ့်မယ်။

ဂါထာ

မတိယာ တေ မတေ ယာတိ၊ မတေဒိနာ မနာဒိ တေ။
မနာနေသာ မသာနေနာ၊ မသာဒိသိ မသိ ဒိသာ။

တေ ဘဂဝါ၊ ထိုရှင်ပင်ဘုရားသည်။ မတိယာ၊ ပညာတော်ဖြင့်။ မတေ၊ ပညာရှိဘောင်၌။ ယာတိ၊ ထင်ပေါ်ကျော်စောခြင်းသို့ ရောက်၏။ မတေဒိနာ၊ ပညာဖြင့်သုံးသပ်နိုင်သော။ တေ၊ အရှင် ဘုရားသည်။ (မေ = မမ၊ အကျွန်ုပ်အား။) မနာဒိ၊ နှစ်သက် ရာရာ တတ်ပညာကို လျင်စွာမနှေး ပေးတော်မူပါစေသတည်း။ မနာနေသာ၊ ပညာအပေါင်းကို ရှာသောငါသည်။ အ-သာနေန၊ အလွယ်တကူ။ မသာဒိသိ၊ ပညာဖြင့် သုံးသပ်နိုင် ဥဒါဟရုဏ် ပုံဆောင်နိုင်သော။ ဒိသာ၊ တတ်သိမြော်မြင် ပညာ့ရှင်သည်။ အသိ၊ ဖြစ်ပါစေသတည်း။

ဖတ်နည်း

မတိယာ =မတိယာ (မှန်) မ.တိယာ (မှား)
မတေ =မတေ (မှန်) မ.တေ (မှား)
ယာတိ =ရာတိလို့ရကောက်သံနဲ့ မဖတ်မိစေနဲ့။
မတေဒိနာ =မတေဒိနာ (မှန်) မ.တေဒိနာ (မှား)
မနာဒိ =မနာဒိ (မှန်) မ.နာဒိ (မှား)
မနာနေသာ =မနာနေသာ (မှန်) မ.နာနေသာ (မှား)
မသာနေနာ =မ.သာနေနာ(မှန်) မသာနေနာ (မှား)
မသာဒိသိ =မသာ.ဒိသိ (မှန်) မ.သာဒိသိ (မှား)
မသိ =မသိ (မှန်) မ.သိ (မှား)

ဘုရားရှိခိုပြီးမှ ဒီဂါထာကိုရွတ်။ ပုတီးလည်းစိပ်။

---

၃၆၁။ ရိပ်သာဝင်ပါ

ဆရာတော်ဘုရား၊

ရိုသေစွာ လျှောက်ထားအပ်ပါသည်။ မဂ်ဖိုလ်ရရန်အတွက် လိုအပ်သော သမာဓိအခြေအနေတွင် အိမ်မှာနေရင်း တရားမှတ်လျက် တရားထူးရသွားကြသော ဘုရားလက်ထက်က ကုရုတိုင်းသားတို့၏ တရားရခိုက် ဖြစ်ပေါ်သော သမာဓိသည် ယခုခေတ် ရိပ်သာဝင်ပြီး တရားကို ထိရောက်စွာကျင့်၍ တရားရကြသော ယောဂီတို့၏ သမာဓိနှင့် တူပါသလား ဘုရား။ အကြောင်းမှာ ယခုခေတ် ဆရာတော်အချို့က ‘တရားဆိုတာ ရိပ်သာဝင်ပြီးကျင့်မှ တရားကျင့်တာ မဟုတ်’ဟု ဟောပြောကြသောကြောင့် လူအချို့မှာ ရိပ်သာဝင်စရာ မလိုဟု နားလည်ပြီး ကုရုတိုင်းသားတို့ကဲ့သို့ အိမ်မှာပင် ကျင့်နေကြပါသည်။ ကုရုတိုင်းသားတို့မှာ ဘုရားပွင့်သည်နှင့် ကြုံရသော ကုသိုလ်ပါရမီကြောင့် တရားလွယ်လွယ်နှင့် ရခြင်းဖြစ်ပါသလား။ ယခုခေတ်မှာ ထိုပါရမီမျိုး မရှိဘဲ ကိစ္စများမြောင်လှသည့် အိမ်မှာ နေရင်း တရားအားထုတ်လျှင် တရားမတက်ဘဲ မဂ်ဖိုလ်ကို ရနိုင်သည့် အခွင့်အလမ်း ဆုံးရှုံးသွားနိုင်ပါသလားဘုရား။

ကျော်မင်း

---

မယှဉ်နိုင်

အိမ်မှာပဲ ကျင့်ကျင့် ရိပ်သာမှာပဲ နေနေ၊ ဘုရားလက်ထက်က ဖြစ်ဖြစ် ယခုပဲ ဖြစ်ဖြစ် တရားရနိုင်တဲ့ သမာဓိအဆင့်ကတော့ အတူတူပါပဲ။ မြတ်စွာဘုရားဆိုတာ ကျွတ်ထိုက်သူ မကျွတ်ထိုက်သူကို ခွဲခြားသိရုံမက ဣန္ဒြေအနုအရင့်ကို သိတော်မူတဲ့ပြင် ဝေနေယျပုဂ္ဂိုလ်တွေရဲ့ စရိုက်နဲ့ ကိုက်ညီတဲ့ ကမ္မဋ္ဌာန်းတရားကိုလည်း ပေးနိုင်စွမ်း ရှိတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားထံမှ တရားနာယူပြီး အိမ်မှာနေရင်း တရားမှတ်လို့ တရားထူးကို ရကြတာ ဖြစ်နိုင်ပါတယ်။ မိမိတို့အနေနဲ့ ထိုပုဂ္ဂိုလ်တွေနဲ့ ယှဉ်လို့တော့ မရနိုင်ဘူး။

ရိပ်သာ

ရိပ်သာမှာနေရင် သတ်မှတ်ထားတဲ့ အချိန်မှာ အိပ်ရ ထရတယ်။ သတ်မှတ်ချိန်မှာ သွားစားရုံပဲ။ ဒါကြောင့် တရားမှတ်ချိန် များများရှိတယ်။ ဇနီး ခင်ပွန်း သားသမီး မြေး ဧည့်သည်တယ်လီဖုန်း အလုပ်စသည်ရဲ့ အငွေ့အသက်မရှိလို့ စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြမှု) ဖြစ်လွယ်တယ်။ ဒါကြောင့် ရိပ်သာမှာဆိုရင် တရားထူးရဖို့ အခွင့်အလမ်း ပိုသာတာပေါ့။ ‘ရိပ်သာဝင်ပြီး ကျင့်မှ တရားကျင့်တာ မဟုတ်’လို့ ဟောတဲ့ ဆရာတော်ရဲ့ တရားဆိုတာကို ‘အိမ်မှာ နေရင်းလည်း တရားမှတ်နေလို့ ရတယ်’လို့ သာမန်ပဲ နားလည်ရင် သင့်တယ်။ မေးခွန်းထဲကအတိုင်း ‘ရိပ်သာကို ဝင်စရာမလို၊ အိမ်မှာပဲကျင့်’လို့ ယူရင်တော့ အစွန်းရောက်တဲ့ သဘောပဲ။

တစ်ယူသန်

လောကမှာ ‘ဗုဒ္ဓဟောတဲ့ တရားအတိုင်းနေရင် အိမ်မှာ ဘုရားဆင်းတု ထားစရာမလိုဘူး။ ဆင်းတုရှေ့ မဟုတ်တာ လုပ်တာက ပိုပြီး အပြစ်ကြီးအုံးမှာ။ မကြိုက်တာတွေ့လို့ ပြောမိရင် အကုသိုလ်ဖြစ်လို့ ဘုန်းကြီးကျောင်းကိုလည်း သွားစရာ မလိုဘူး။ လူသိအောင် ရိပ်သာသွားမှ တရားရမှာတဲ့ လား။ တရားရှာကိုယ်မှာ တွေ့’လို့ အသံကောင်းဟစ်ပြီး မာန်ထောင်ရင်း ကိုယ်မှ ဗုဒ္ဓဘာသာ အစစ်လို့ ထင်နေသူတွေ ရှိတယ်။ အဲဒါမျိုးကြီးကိုတော့ မေးခွန်းရှင် ယူဆသလို ‘မဂ်ဖိုလ်ကို ရနိုင်တဲ့ အခွင့်အလမ်း ဆုံးရှုံးသွား’နိုင်လို့ ဘုန်းကြီးအနေနဲ့ မကြိုက်နိုင်ဘူး။

ဝိသာခါလို

ဘုရားလက်ထက်က ကောသလမင်းတောင် အားရင် အားသလို ဘုရားကို သွားဖူးပြီး တရားနာပါတယ်။ ဝိသာခါ အနာထပိဏ်တို့လည်း ဇေတဝန်ကျောင်းကို တစ်နေ့နှစ်ခေါက်ရောက်တယ်ဆို မဟုတ်ဘား။ သူတို့လည်း ဘုရားဆီမှာ တရားနာ၊ တရားမှတ်ကြတာကလွဲလို့ တခြားမဖြစ်နိုင်ပါဘူး။

ဇန်နဝါရီ ၂၇၊ ၂၀၁၄။

---

၃၆၂။ တရားရှိခိုးဂါထာ

ဆရာတော်ဘုရား၊

တပည့်တော်မ ဩဇီကို ရောက်တာ တစ်နှစ်ကျော်ပါပြီ။ ရောက်ကတည်းက ဘီလူးတွေကို အိမ်မက် မက်တာ ခုချိန်ထိပဲ ဘုရား။ တပည့်တော်နေတဲ့ အိမ်ခေါင်မိုးမှာ သူတို့ ထိုင်နေတယ်လို့ ခဏခဏ မက်တယ်ဘုရား။ ပြီးခဲ့တဲ့ ညက ထပ်မက်တော့ သူတို့က တပည့်တော်မ အနားကို ကပ်တယ်။ တပည့်တော်မက သရဏဂုံရွတ်လို့ သူတို့ လွင့်ထွက်သွားတယ်။ တပည်တော်မကို စိတ်ဆိုးတယ်တဲ့။ လွန်ခဲ့သော ဘဝတစ်ခုမှာ တပည့်တော်မက ဘီလူးကိုးကွယ်တယ်။ သူတို့ကို သတိရမလားလို့ သူတို့စောင့်နေတာ။ သူတို့ကို မကိုးကွယ်လို့ သူတို့ စိတ်တိုတယ်။ နင်တို့ မိသားစုကို သေကြေပျက်စီးအောင်လုပ်မယ်လို့ ပြောတယ်ဘုရား။ တပည့်တော်မ အိမ်မက်ထဲမှာပဲ သူတို့ကို တောင်းပန်တယ်တဲ့။ ငါက ရတနာသုံးပါးကို ယုံကြည်တယ်။ သာသနာ အကျိုးပြု အလုပ်တွေကို လုပ်ချင်သေးတယ်။ ငါ့မိသားစုကို မနှောင့်ယှက်ပါနဲ့ လို့ ပြောတယ်။ ဒါဆိုရင် ခွင်လွှတ်မယ်လို့ ပြောတယ် ဘုရား။ တပည့်တော်မ လန့်နိုးလာတယ်။ ကြောက်လည်း ကြောက်တယ်။ အခုတော့ ပရိတ်တရားခွေတွေကိုပဲ မနက်တစ်ကြိမ် ညတစ်ကြိမ် ဖွင့်တယ် ဘုရား။ တခြား ဘာတွေ လုပ်ရမလဲဘုရား။ တပည့်တော်မသားလေးက ၁၁-ပဲ ရှိသေးတယ် ဘုရား။ ဘီလူးတွေကိုလည်း အိမ်မက် မမက်ချင်ဘူး။ တပည့်တော်မ ဘာလုပ်ရမလဲ မသိတော့ဘူး ဘုရား။ တပည့်တော်မအား နည်းလမ်းပြ ဆုံးမပေးတော်မူပါဘုရား။

မေသင်္ကြန်

---

ကတိတည်

သူတို့က ‘ခွင့်လွှတ်မယ်’လို့ ပြောပြီးသားပဲ။ ကြောက်စရာမလိုပါဘူး။ သူ့ကို ကိုယ်ပြောလိုက်တဲ့ အတိုင်း ကိုယ်က ရတနာသုံးပါးကို ယုံကြည်ခြင်းနဲ့ သာသနာ အကျိုးပြု အလုပ်တွေ လုပ်ခြင်း ဆိုတဲ့ ကိစ္စနှစ်ခုကို တတ်စွမ်းသမျှ လုပ်နေရင် သူတို့လည်း သူတို့ရဲ့ကတိ တည်ပါလိမ့်မယ်။ ပရိတ်ခွေ ဖွင့်တဲ့ အလုပ်ကို မနက် လုပ်ရင် ညနေမှာ ဆရာတော် တစ်ပါးပါးရဲ့ တရားခွေကို နာယူနိုင်ရင် ပိုမကောင်းဘူးလား။ ဘယ်ဆရာတော်ရဲ့တရားခွေကို နာရမလဲလို့ မေးရင် သံဃာတော်အများစု လေးစားတဲ့ ဆရာတော်၊ ဒါမှမဟုတ် သင်ဆည်းကပ်နေတဲ့ သံဃာတော်က ညွှန်းဆိုတဲ့ ဆရာတော်ဖြစ်သင့်တယ်။

စိတ်အဓိက

စိတ္တေန နီယတေ လောကော = လူအပေါင်းသည်စိတ်၏ ဆွဲဆောင်ခြင်းကို ခံရ၏ (သံ၊၁၊၃၆)’လို့ ဘုရား ဟောပါတယ်။ အန္တရာယ်မပြုနိုင်မှန်း သိရက်နဲ့ အိမ်မြှောင်မြီးပြတ်ကို ကြောက်တာ၊ ငယ်စဉ်အခါ အိမ်ခြံဝက အပြာရောင် မျက်လုံးနှစ်ခုကို တွေ့တဲ့ အခါ ‘ကြောင်သရဲ’ဆိုတာကို အမှတ်ရပြီး ခြံစည်းရိုးနားကို မသွားရဲတာ၊ ရှေ့မှာ သေနတ်နဲ့ ချိန်ထားတာကို မြင်ရက်နဲ့ ဇွတ်တိုးသွားတာမျိုးတွေကို မြင်ဖူး ကြားဖူးမှာပေါ့။ ဒါတွေဟာ ဖော်ပြပါ ဗုဒ္ဓဒေသနာထဲ အကျုံးဝင်နိုင်ပါတယ်။ ဒါကြောင့် ကြုံလာတဲ့ အာရုံကို အသိဉာဏ်နဲ့ ဆင်ခြင်ပြီး လက်ခံခြင်း ငြင်းပယ်ခြင်းပြုရင်း စိတ်ကိုစိတ်နဲ့ပဲပုံစံသွင်းယူရတယ်။

အောက်ပါဂါထာကို အိပ်ရာဝင်ခါနီး ခုနစ်ခေါက်စီရွတ်ပြီး အိပ်ကြည့်။ အိမ်မက်ကောင်းတွေ မက်လိမ့်မယ်..

ပါရံ.ပါရံ ဝရံ ဉေယျံ၊ ဇေယျံ သေဋ္ဌံ သုခါ ဝဟံ။
သဗ္ဗ ဗုဒ္ဓေဟိ ပူဇေယျံ၊ သေဋ္ဌံ ဓမ္မံ နမာ.မဟံ။

အပါရံ၊ နိဗ္ဗာန်တည်းဟူသော ကုန်းတစ်ဖက်သို့ မရောက်သေးသော သတ္တဝါအပေါင်းကို။ ပါရံ၊ နိဗ္ဗာန်တည်းဟူသော ကုန်းတစ်ဖက်သို့ ရောက်စေတတ်သော။ ဝရံ၊ မြတ်သော (နိဗ္ဗာန် မဂ်ဖိုလ်)ကို။ ဉေယျံ၊ သိစေတတ်သော။ ဇေယျံ၊ (ကိလေသာ) ရန်ကို အောင်ကြောင်းလည်းဖြစ်သော။ သေဋ္ဌံ၊ မြင့်မြတ်သော။ သုခါဝဟံ၊ ချမ်းသာကို ဆောင်တတ်သော။ သဗ္ဗဗုဒ္ဓေဟိ၊ ခပ်သိမ်းသော ဘုရားရှင်တို့သည်။ ပူဇေယျံ၊ ပူဇော်ထိုက်သော။ သေဋ္ဌံ၊ အထူးသဖြင့် ချီးမွမ်းအပ်သော။ ဓမ္မံ၊ တရားတော်ကို။ အဟံ၊ ငါသည်။ နမာမိ၊ ရှိခိုးပါ၏။

(အောင်ကုန်းဆရာတော်၏ ဓမ္မစေတီကျမ်းမှ)

တရားရှိခိုး

ဒုက္ခငြိမ်းရာ (နိဗ္ဗာန်)သို့ရောက်စေနိုင်ခြင်း၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ထူးကို ရစေခြင်း၊ စိတ်ရဲ့ အညစ်ကြေးတွေ ကင်းစင်သွားခြင်း၊ ချမ်းသာကို ဆောင်ခြင်း၊ ဗုဒ္ဓဘုရားတို့ ကိုယ်တိုင် ပူဇော်ခြင်းဆိုတဲ့ ဓမ္မရဲ့ ဂုဏ်သတ္တိတွေကို အာရုံပြုပြီး တရားတော်ကို ရှိခိုးတဲ့ ဂါထာပါ။ တရားကို အမှန်တကယ် ကျင့်သုံးရင် ဖော်ပြတဲ့ အကျိုးတွေ ရမှာကို ဗုဒ္ဓဘုရားကိုယ်တိုင် အာမခံထားတာ ရှိပါတယ်။

ဂုဏ်ယူစေ

အဲဒီလို ဂုဏ်သတ္တိရှိတဲ့ တရားကို ကိုးကွယ်တဲ့ ဗုဒ္ဓဝါဒီပါလို့ (ကိုယ့်ကိုယ်ကို) ပြောသူက ရန်လိုမုန်းထားတာ မိုက်မဲတာကို တွေ့တဲ့ အခါ အဲဒီတရားနဲ့ မဆိုင်းဘူးလို့ ဆိုရင် မျှတတယ်။ ဒါပေမယ့် ‘ကိုယ့်မျက်လုံးကို ဖောက်ရင် သူ့မျက်လုံးကို ပြန်ဖောက်ရမယ်’။ ‘ငါတို့ရဲ့ ဂေါ့ဒ်ကို မယုံသူတွေကို တွေ့တဲ့ နေရာမှာ လည်ကုပ်ကို ဓားနဲ့ နုပ်နုပ်စဉ်းရမယ်’လို့ (ဒါ ကျမ်းစာတွေထဲက အတိုင်းပါ) သင်ကြားတဲ့ ကျမ်းစာကိုပဲ ယုံသူတွေက အကြမ်းဖက်တာကို အဲဒီ အဆုံးအမနဲ့ မဆိုင်ဘူးလို့ ငြင်းရင် လက်ခံနိုင်ပါ့မလား။ မည်သည့် ခေတ်အချိန်က မည်သည့်လူမျိုးကို ရည်ရွယ်သည်ဆိုစေ အဲဒီတရားမျိုးကို ဟောသူဟာ သူတော်ကောင်း မဖြစ်နိုင်ဘူးလို့ .. အထပ်ထပ် ဆင်ခြင်ပြီး မိမိကိုးကွယ်တဲ့ ဓမ္မကိုဂုဏ်ယူတတ်ပါစေ

ဩဂုတ် ၇၊ ၂၀၁၄။

---

၃၆၃။ မယ်တော်နှင်နည်း

ဆရာတော်ဘုရား၊

တပည့်တော် ရိုသေစွာ လျှောက်ထား မေးမြန်လိုပါတယ် ဘုရား။ တပည့်တော်ရဲ့ သူငယ်ချင်း တစ်ယောက်ဟာ လူဝင်စား လို့ ပြောပါတယ် ဘုရား။ သူဟာ အိန္ဒိယလူမျိုး ဘုရားလူကြီး ဘဝကနေ သူတို့ရဲ့ အိန္ဒိယ ဘုရားကျောင်းကို အစွဲအလမ်းလွန်ပြီး သေတဲ့ အခါမှာ အဲဒီဘုရားကျောင်းမှာ မြွေဖြစ်ပြီး (အဲဒီ မြွေဘဝက) သေလွန်တဲ့ အခါမှာ အခု သူ့အမေဝမ်းထဲ ဝင်စားတာလို့ သူငယ်ငယ်တုန်းက သူ့အဒေါ်ကို တစ်ယောက်ယောက်ကို (အပြင်က)ဝင်ပူပြီး အသိပေးဖူးတယ်လို့ ပြောပါတယ် ဘုရား။ သူ့မှာ သူ့ကို စောင့်ရှောက်နေတဲ့ အိန္ဒိယ မယ်တော်တစ်ပါး ရှိနေပါတယ် ဘုရား။ ဒါကလည်း အကျိုးအကြောင်း ခိုင်လုံလို့ ယုံကြည်ခြင်းပါ ဘုရား။ သူဒုက္ခရောက်တော့မယ်ဆို အသိပေးသလို မကြိုက်တာလုပ်မိရင်လည်း အပြစ်ပေးပါတယ် ဘုရား။ အဲဒီလိုမျိုး အစောင့်အရှောက်တွေက ကိုယ့်ကို ဒုက္ခမပေးနိုင်အောင် ဘယ်လို ကာကွယ်ပြီး သူတို့ကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး မေတ္တာပို့ရပါသလဲဘုရား။ တပည့်တော်မကို အကောင်းဆုံး ညွှန်ကြားပေးပါဘုရား။

သဲစု

---

လူဝင်စား အကြောင်းကို မေးခွန်းအမှတ်-၂၇၃ (ဤကျမ်း၊ စာ-၈၅၉)မှာ လေ့လာနိုင်ပါတယ်။

အစောင့်ရှိသူ

ကံထူးသူ အချို့မှာ အထူးစောင့်ရှောက်တဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ် သို့မဟုတ် စွမ်းအင်တစ်ခု ရှိတတ်တယ်ဆိုတာမျိုးက ဘဝသံသရာကို ယုံကြည်တဲ့ ဗုဒ္ဓဝါဒမှာ မထူးဆန်းဘူး။ တပုဿနဲ့ ဘလိကတို့ကို ဆွေမျိုး တော်ဖူးတဲ့ နတ်သားက ပွင့်တော်မူစ ဗုဒ္ဓဆီ ပို့ပေးတယ်၊ သုဝဏ္ဏသာမ မြားဆိပ် ပြယ်အောင် မယ်တော် ဖြစ်ဖူးတဲ့ နတ်သမီးက သစ္စာပြုတယ် ဆိုတာမျိုးတွေ ရှိတယ်။ အချို့အစောင့်တွေက အဆင့်မြင့်ပြီး အချို့်က အဆင့်နိမ့်တဲ့ အပြင် ဗုဒ္ဓဓမ္မကို မနှစ်သက်ဘူး။ အနာထပိဏ် ကုသိုလ်ပြုတာကို မကြိုက်နိုင်တဲ့ အိမ်တံခါးစောင့် နတ်ကိုကြည့်ပေါ့။

ပထမဆင့်

‘ဒုက္ခရောက်မှာကို အသိပေးတာ’က ကောင်းတာပဲ။ ‘မကြိုက်တာ လုပ်ရင် အပြစ်ပေးတယ်’ဆိုရာမှာတော့ စဉ်းစားစရာ ရှိတယ်။ ဥပမာ..မယ်တော်မကြိုက်လို့ ဝက်သားကိုရှောင်ရတာလောက်က ကိုယ့်မှာ ရောဂါတောင် ကင်းလို့ မဆိုးပါဘူး။ နွားသားကို မကြိုက်ရင်လည်း ကြီးမားတဲ့ အမြော်အမြင်နဲ့ နွား မေတ္တာစာကို ရေးတော်မူတဲ့ လယ်တီဆရာတော်ကြီးရဲ့ အလိုကျဖြစ်လို့ Very Good ပါသေးတယ်။ ဘုရားကို ဆွမ်းပန်းကပ်တာ၊ ဘုန်းကြီး ဆွမ်းလောင်တာ၊ ဘုရားရှိခိုးတာ၊ တရားထိုင်တာ၊ ဘုန်းကြီးကျောင်း သွားတာကို မကြိုက်တာမျိုး ဆိုရင်တော့ ကိုယ်က ဗုဒ္ဓဓမ္မကို ယုံကြည်သူဖြစ်လို့ ဘုရားဂုဏ်တော် ကိုးပါးကို ဝတ်ထားပြီး အသံထွက်ရွတ်ပါ။ သူ့နာမည်ကို ဖော်ထုတ်ပြီးတော့လည်း အထူး မေတ္တာပို့၊ ကုသိုလ်ကို အမျှဝေပါ။ တစ်လလောက် လုပ်ကြည့်ပါ။ အဲဒီကာလမှာ ကိုယ်က ငါးပါးသီလလုံစေ။ မထူးခြားသေးရင်တော့..

ဒုတိယဆင့်

လူတစ်ယောက်ရဲ့ ယုံကြည်မှုကို အနှောင့်အယှက်ပေးတဲ့ အိန္ဒိယမယ်တော် အနေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရာကျလို့ မိမိတို့နဲ့ အတူ တစ်မိုးတစ်ရံတည်းမှာ မရှိသင့်တော့တဲ့အတွက် မစောင့်ရှောက်ရင်လည်း နေရော ခပ်ပြတ်ပြတ် လုပ်ရလိမ့်မယ်။ ဘယ်လို လုပ်မလဲ .. အကျင့် သိက္ခာနဲ့ ပြည့်စုံတဲ့ ဆရာတော် လေးပါး၊ လေးပါးထက် မနည်းကို အိမ်ပင့်ပြီး ‘ပဗ္ဗာဇနိယ ကမ္မဝါ’ကို ဖတ်ဖို့ လျှောက်ထားပါ။ အဲဒီကမ္မဝါစာက အနီးမှာရှိတဲ့ ကချိကချောက်ဟာတွေကို နှင်ထုတ်တဲ့ နေရာမှာ သိပ်စွမ်းတယ်။ အိုကေ သွားပါလိမ့်မယ်။

ဩဂုတ် ၇၊ ၂၀၁၄။

---

၃၆၄။ အဆင့်ရှိခြင်း မရှိခြင်း

ဆရာတော်ဘုရား၊

ဗုဒ္ဓဘာသာ ဖြစ်ပြီး ဟိန္ဒူနတ် ကိုးကွယ်သူကို ဗုဒ္ဓဘာသာလို့ ခေါ်လို့ ရပါသေးလား။ နိဗ္ဗာန်လမ်း အရောက်မသွားချင်ဘူး။ သိပ်ဝေးတယ်၊ စျာန်ဗြဟ္မာဖြစ်ရတာဘဲ ကြိုက်တယ်လို့ ပြောသူ တစ်ယောက်ဟာ ဘုရားကို ယုံကြည်ကိုးကွယ်သူ ဖြစ်နိုင်ပါသလား အရှင်ဘုရား။ ဗုဒ္ဓဘာသာဝင်လို့ သတ်မှတ်နိုင်ပါလား သိချင်ပါတယ်။ ကျေးဇူးပြု ဖြေကြားပေးပါ (သို့မဟုတ်) အဖြေပါသော တရားကို ညွှန်ပြပေးပါဘုရား။

ရိုသေစွာဖြင့်
သီတာ

---

ဒီလိုနားလည်

မိမိကိုယ်ကို အမည်နာမတစ်ခု တံဆိပ်ခတ်နှိပ်ထားရင် အဲဒီအမည်နာမနဲ့ လိုက်ဖက်အောင် လုပ်နိုင်ရတယ်။ ဥပမာ .. ဒေါက်တာလို့ ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်လိုက်တာနဲ့ အဲဒီအမည်နဲ့ ထိုက်တန်တဲ့ အရည်အချင်းတစ်ခု ကိုယ့်မှာ ရှိကိုရှိမှ။ မရှိရင် အဲဒီသတ်မှတ်မှုဟာ တန်ဖိုးမရှိဘူး။ လူဆိုတာသည်ပင် သတ်မှတ်ချက် တစ်ခုပဲ။ လူဟာ မိမိရဲ့ သတ်မှတ်ချက်စံနဲ့ ကိုက်ညီအောင် အစစ်အမှန်ဘဝနဲ့ နေထိုင်မှ လူ့ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာရှိခြင်း၊ တည်ငြိမ်လေးနက်ခြင်းဆိုတဲ့ အရည်အသွေးရှိနိုင်တယ်ဆိုတဲ့ သဘောကိုအရင်ဆုံး နားလည်ပါ။

ဘယ်အဆင့်လဲ

‘ဗုဒ္ဓဘာသာဖြစ်ပြီး ဟိန္ဒူနတ် ကိုးကွယ်သူ’ဆိုတာကို နှစ်မျိုး စဉ်းစားကြည့်မယ်..

၁) လူတစ်ယောက်ဟာ သရဏဂုံလည်း ခံယူတယ်၊ ဒါန သီလ ဘာဝနာကိုလည်း လုပ်တယ်၊ တစ်ချိန်တည်းမှာ ဟိန္ဒူနတ်ကိုလည်း ကိုးကွယ်တယ်လို့ အဓိပ္ပာယ်ဆိုလိုရင် အဲဒီလူကို ‘ဗုဒ္ဓဘာသာ’လို့ ခေါ်ခွင့်ရှိပါတယ်။ ဒါပေမယ့် မစင်ကြယ်တဲ့ သရဏဂုံရှိတဲ့ ဗုဒ္ဓဘာသာဝင်လို့တော့ သတ်မှတ်ချက် အဆင့်လျှော့သွားတယ်။ တိရစ္ဆာန်အသက်ကို သတ်ပြီး ဟိန္ဒူနတ်ကို ယဇ်ပူဇော်ရတာမျိုး လုပ်ရင် အဆင့်ပိုနိမ့်သွားရုံမကငရဲကိုပါ ရောက်မယ်။

၂) ဗုဒ္ဓဝါဒီများတဲ့ ပတ်ဝန်းကျင်မှာမွေးလို့ ဗုဒ္ဓဝါဒီပါလို့ ဆိုပေမယ့် ဗုဒ္ဓဘာသာရဲ့ အဆုံးအမကို ဘာတစ်ခုမှ သိလည်းမသိ၊ လိုက်နာကျင့်သုံးမှုလည်း မရှိဘဲ မိဘရိုးရာ ဟိန္ဒူနတ်ကိုပဲစိတ်ထဲမှာ အလေးသာနေရင် ‘ဗုဒ္ဓဘာသာဖြစ်ပြီး’ဆိုတဲ့ စကားဟာ အဓိပ္ပာယ် မရှိဘူး။ မိမိဆိုင်မှာ စျေးမဝယ်မှာ စိုးရိမ်လို့၊ ဗုဒ္ဓဝါဒီများတဲ့ နေရာမှာ လူတောတိုးချင်လို့၊ ရာထူးရချင်လို့ အပြင်ပန်းက ဗုဒ္ဓဝါဒီပါလို့ ဆိုရင် သူ့ကိုရော ကိုယ့်ကိုပါ သစ္စာဖောက်တာပဲ။ ဘုန်းကြီးရဲ့ ကိုယ်တွေ့အရ ဒီလိုလူမျိုးဟာ ဗုဒ္ဓဘာသာ အမည်ကိုသုံးပြီး ကိုယ်ကျိုးအတွက် လုပ်စားတတ်တယ်။

ကြိုက်ရာယူ

ဝိပဿနာ တရားအားထုတ်ရင် နိဗ္ဗာန်လမ်းကို သွားသူ၊ သမထတရား အားထုတ်ရင် စျာန်စိတ်နဲ့ ဗြဟ္မာ့ဘုံကို သွားသူလို့ လူပြိန်း နားလည်အောင် ဗုဒ္ဓဝါဒရဲ့ အဓိကကျင့်စဉ် နည်းနှစ်မျိုးကို ပြောနိုင်ပါတယ်။ အဲဒီ လမ်းနှစ်မျိုးလုံးကို ဗုဒ္ဓဘုရား ဟောကြားပါတယ်။ ကိုယ်ကြိုက်ရာလမ်းကို ရွေးနိုင်တယ်။ ဒါကြောင့် နိဗ္ဗာန်လမ်းကို မပယ်သရွေ့၊ စျာန်စိတ်နဲ့ ဗြဟ္မာ့ဘုံကို မပယ်သရွေ့ အဲဒီလူဟာ ဗုဒ္ဓဝါဒီအစစ်ပါပဲ။ မေးခွန်းဖော်ပြပုံအရ ‘ဝိပဿနာလမ်းထက် သမထလမ်းကို ပိုနှစ်သက်သူ’လို့ နားလည်ရပြီး ဒါလည်းသူ့ရဲ့ရွေးချယ်မှုပဲဖြစ်လို့ ဗုဒ္ဓဝါဒီအဆင့် လျော့ကျမသွားပါဘူး။

ဩဂုတ် ၇၊ ၂၀၁၄။

---

၃၆၅။ တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်

‘ဩောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်’ ဘုရားရှိခိုး၌ပါသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော်များကို အသေးစိတ် သိလိုပါသည်ဘုရား။ ထိုစက်လက္ခဏာများသည် မြတ်စွာဘုရား၏ ခြေတော်၌ မည်ကဲ့သို့ တည်နေပါသနည်း။

ဦးမြသိန်း

---

ဗုဒ္ဓစက်

စက်ဆိုတာပါဠိလို စက္က၊ မြန်မာလိုအဝိုင်းအဝန်းလို့ အဓိပ္ပာယ်ရတယ်။ ဒီတော့ ဗုဒ္ဓရဲ့ခြေဖဝါးတော်မှာပါတဲ့ စက်ဝိုင်းပုံကို ဗုဒ္ဓစက်လို့ ခေါ်မှာပေါ့။ တစ်ရာ့ရှစ်ကွက် ဆိုတာကတော့ အဲဒီ စက်ဝိုင်းကို စနစ်တကျ ပတ်ဝန်းနေတဲ့ အခြံအရံ မင်္ဂလာအမှတ်အသား ၁၀၈-မျိုးပါပဲ။ မဟာပဒါနသုတ် (ဒီ၊၂၊၂၇)ရဲ့အဖွင့် အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၃၇) မှာ စက်လက္ခဏာ ၃၉-ခုလောက် တွေ့မိပါတယ်။ အနာဂတဝံသအဋ္ဌကထာ (ပေမူ၊ မ-ဝမ်း၊ မကျော)နဲ့ ဇိနာလင်္ကာရဋီကာ (သုဓမ္မမဝတီ ပုံနှိပ်မူ၊ စာ-၁၈၉) မှာတော့ ၁၀၈-မျိုးဖော်ပြပါတယ်။ အဲဒီစက်ဝိုင်းနဲ့ အကွက်တွေ ဘယ်လို တည်နေသလဲ၊ ၁၀၈-မျိုးက ဘာတွေလဲဆိုတာကို ပထမ ကျော်အောင်စံထား ဆရာတော်ရဲ့ ‘စက္ကင်္ဂဝိနိစယဒီပနီ’ ကျမ်းကို အထည်ကိုယ်ပြုပြီး အင်းဝ အရှင်ဥတ္တမသိက္ခာ စီရင်တဲ့ ပါဒစက္ကသာရကျမ်းနဲ့ တောင်ခွင်ဆရာတော်ရဲ့ ‘စက္ကလက္ခဏသင်္ခေပ’ကျမ်းတွေနဲ့ တိုက်ဆိုင်ပြီး ဖော်ပြလိုက်ပါတယ်။

ပါဒနက်သန်

ပါဒနက်သန်’လို့ ခေါ်တဲ့ အောက်ပါ ၁၂-ဂါထာကို ပင်းယခေတ် စာဆို အဘိဓာန်ဋီကာကျမ်းပြု စတုရင်္ဂဗလအမတ် စီရင်ခဲ့ပါတယ်။ ကျက်မှတ်လိုသူ အတိအကျ သိလိုသူတို့ လွယ်ကူစေရန်နဲ့ တိမ်မြုပ်နေတဲ့ ပါဒနက်သန် ဂါထာတော်တွေကို ဖော်ထုတ်ရန် ရည်ရွယ်ပြီး ပါဠိကိုရော ကျော်အောင်စံထားဆရာတော် ရေးသားတဲ့ နိဿယကိုပါ အစအဆုံး ဖော်ပြပါတယ်။ ဒီပါဠိနဲ့ အနက်ကိုဖတ်ရင် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတွေကို နားလည်သွားပါလိမ့်မယ်။

၁။ ပါဒေသု ယဿ ဇာတာနိ၊ ဒွေစက္ကာနိ သကမ္မတော။
နာနာကာရေ ဟိ ပုဏ္ဏာနိ၊ ဝန္ဒေတံ ပုရိသုတ္တမံ။

ယဿ ပုရိသုတ္တမဿ၊ အကြင်မြတ်စွာဘုရား၏။ ပါဒေသု၊ ခြေတော်တို့၌။ သကမ္မတော၊ ကောင်းမှုတော်ကြောင့်။ ဇာတာနိ၊ ဖြစ်ကုန်သော။ နာနာကာရေဟိ၊ အထူးထူးသောအကန့်အကွပ် ပုံတောင်းတို့ဖြင့်။ ပုဏ္ဏာနိ၊ ပြည့်ကုန်သော။ ဒွေ၊ နှစ်ပါးကုန်သော။ စက္ကာနိ၊ စက်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ တံ ပုရိသုတ္တမံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ ဝန္ဒေ = ဝန္ဒာမိ၊ ရှိခိုးပါ၏။

ကျော်အောင်စံထားမူအရ ဒီဂါထာနောက်မှာ ပါတဲ့ ‘ဧကေက ပါဒ စက္ကမှိ’စတဲ့ သုံးဂါထာမှာ မူရင်းကျမ်းပြုသူ စတုရင်္ဂဗလရဲ့စာ မဟုတ်ကြောင်း ဆိုပါတယ်။ ပါဒစက္ကသာရနဲ့ တောင်ခွင်မူမှာတော့ ဒီ အမှတ်-၁ ဂါထာကိုပါ မဖော်ပြဘဲ ပါဒနက်သန် ၁၁-ဂါထာသာဖော်ပြပါတယ်။

၂။ သတ္တီ စ သိရိဝစော စ၊ နန္ဒိယာဝဋ္ဋမေဝ စ။
သောဝတ္တိကော ဝဋံသော စ၊ ဝဍ္ဎမာနဉ္စ ပီဌကံ။

(သတ္တီ-၌ဆန်းကြောင့် ဒီဃ)။

ယဿ မဟေသိနော၊ အကြင်မြတ်စွာဘုရား၏။ ပါဒေသု၊ ခြေတော်တို့၌။ သတ္တိ စ၊ လှံမလည်းကောင်း။ သိရိဝစော စ၊ အိမ်မွန် (အသရေရှိသော အိမ်)လည်းကောင်း။ နန္ဒိယာဝဋ္ဋမေဝ စ၊ ဇလပ်ပန်းလည်းကောင်း။ သောဝတ္တိကော၊ လည်ရေး သုံးဆင့်လည်းကောင်း။ ဝဋံသော စ၊ ဦးဆောက်ပန်းလည်းကောင်း။ ဝဍ္ဎမာနဉ္စ၊ ထမင်းပွဲလည်းကောင်း။ ပီဌကံ၊ ရွှေသလွန် (ရွှေအင်း ပျဉ်)လည်းကောင်း။

သောဝတ္တိကောတိ သောဝတ္တိအင်္ဂေါ (ဒီ၊ဋီ၊၂၊၃၇)အဖွင့်အရ လည်ရေးသုံးဆင့်ရှိသောကိုယ်အင်္ဂါလို့ ဆိုတဲ့ အတွက်အရစ်သုံးခုပါလည်ပင်းပုံ ဖြစ်ဖွယ်ရှိပါတယ်။ ပါဠိပဒကျမ်းညွှန်းမှာတော့ သောဝတ္တိကော-ကို ‘စကြာရုပ်ပုံ စက်လက္ခဏာ’လို့ ဆိုတယ်။ ကျော်အောင်စံထားက ဝဍ္ဎမာန-ကို ထမင်းပွဲလို့ ယူတယ်။ တိပိဋက ပါဠိမြန်မာ အဘိဓာန်မှာလည်း ယင်းပုဒ်ကို ‘ထမင်းအုပ်၊ ဘုရားရှေ့၌ထားသော ရွှေအုပ်ယွန်းအုပ်’လို့ ဆိုတယ်။ ပါဒနက်သန်လင်္ကာမှာလည်း ‘ထမင်းပွဲတည်ဟန်’လို့ ဆိုတယ်။ ပါဒစက္ကသာရနဲ့ တောင်ခွင်ကတော့ ဝဍ္ဎမာန-ကို ဦးပေါင်း၊ ပိဋ္ဌကံ-ကို ပါဒစက္ကသာရမှာ အင်းပျဉ်နဲ့ တူသော ထမင်းပွဲ၊ တောင်ခွင်က စာပွဲတည်ခင်းအင်းပျဉ်ဝန်းလို့ ဆိုပါတယ်။

၃။ အင်္ကုသဉ္စေဝ ပါသာဒေါ၊ တောရဏံ ဆတ္တမေဝစ။
ခဂ္ဂေါ စ တာလဝဏ္ဍဉ္စ၊ မောရဟတ္ထကဗီဇနီ။

အင်္ကုသဉ္စေဝ၊ ချွန်းတောင်းလည်းကောင်း။ ပါသာဒေါ စ၊ ပြာသာဒ်လည်းကောင်း။ တောရဏံ၊ တံခါးတိုင်လည်းကောင်း။ ဆတ္တမေဝ စ၊ ထီးဖြူလည်းကောင်း။ ခဂ္ဂေါစ၊ သန်လျက်လည်းကောင်း။ တာလဝဏ္ဍဉ္စ၊ ထန်းရွက်ယပ်လည်းကောင်း။ မောရဟတ္ထကဗီဇနီ၊ ဥဒေါင်းမြီးယပ်လည်းကောင်း။

ဒီစက်လက္ခဏာတွေနဲ့ ပတ်သက်လို့ ကျော်အောင်စံထားနဲ့ တောင်ခွင်တို့ ခြားနားချက်မရှိ။

၄။ ဥဏှီသံ မဏိ ပတ္တဉ္စ၊ ဒါမံ နီလုပ္ပလံ တထာ။
ရတ္တံ သေတုပ္ပလဉ္စေဝ၊ ပဒုမံ ပုဏ္ဍရိကံ တထာ။

ဥဏှီသံ၊ သင်းကျပ်တော်လည်းကောင်း။ မဏိ၊ ပတ္တမြားလည်းကောင်း။ ပတ္တဉ္စ၊ သပိတ် (ခွက်)လည်းကောင်း။ ဒါမံ၊ ပန်းဆိုင်းလည်းကောင်း။ နီလုပ္ပလံ၊ ကြာညိုလည်းကောင်း။ တထာ၊ ထိုမှ တပါး။ ရတ္တုပ္ပလံ၊ ကြာနီလည်းကောင်း။ သေတုပ္ပလဉ္စေဝ၊ ကြာဖြူလည်းကောင်း။ ပဒုမံ၊ ကြာပဒုမ္မာလည်းကောင်း။ တထာ၊ ထိုမှတပါး။ ပုဏ္ဍရိကံ၊ ကြာပုဏ္ဍရိုက်လည်းကောင်း။

အနာဂတဝံသ အဋ္ဌကထာမှာ ပဒုမ္မာကြာ မပါဘဲ ပုဏ္ဍရိုက်ကြာကို အဖြူအနီခွဲပြကြောင်း၊ မဏိနှင့်ပတ္တကို တစ်ခုစီခွဲယူရမည်ဖြစ်ကြောင်း၊ သုံးလိင်ဆန်ပတ္တသဒ္ဒါသည် သပိတ်ဟူသော ခွက်အထူးကို ဟောကြာင်း၊ ဘုရားခြေတော် ဖြစ်တဲ့အတွက် သပိတ်ပုံလည်း ရှိနိုင်ကြောင်း ကျော်အောင်စံထား ဆုံးဖြတ်တယ်။ တောင်ခွင်က ဥဏှီသ = ရွှေသင်းကျပ်ဖျားနှင့်တကွ မကိုဋ်၊ ပတ္တ=စားခွက်အထူးလို့ ဆိုတယ်။ ပါဒစက္ကမှာခွက်လို့ သာမန်ပဲဆိုတယ်။

၅။ ပုဏ္ဏဂ္ဃဋော ပုဏ္ဏပါတိ၊ သမုဒ္ဒေါ စက္ကဝါဠကံ။
ဟိမဝါစ သိနေရူစ၊ သူရိယော စန္ဒိမာ တထာ။

(သိနေရူ-၌ဆန်းကြောင့်ဒီဃ)။

ပုဏ္ဏဂ္ဃတော၊ မုံညင်းစသည်ဖြင့် ပြည့်သော အိုးလည်းကောင်း။ ပုဏ္ဏပါတိ၊ မုံညင်းစသည်ဖြင့် ပြည့်သော ဖလားလည်းကောင်း။ သမုဒ္ဒေါ၊ သမုဒ္ဒရာလည်းကောင်း။ စက္ကဝါဠကံ၊ စကြဝဠာလည်းကောင်း။ ဟိမဝါစ၊ ဟိမဝန္တာတောင်လည်းကောင်း။ သိနေရု စ၊ မြင်းမိုရ်တောင်လည်းကောင်း။ သူရိယောစ၊ နေလည်းကောင်း။ တထာ၊ ထိုမှတပါး။ စန္ဒိမာ၊ လလည်းကောင်း။

အချို့ဆရာတွေ ‘ပုဏ္ဏဂ္ဃတော၊ ရေပြည့်အိုး။ ပုဏ္ဏပါတိ၊ ရေပြည့်ဖလား’လို့ ယူတာဟာ ‘သိဒ္ဓတ္ထာဒိ ပုဏ္ဏဃဋပုဏ္ဏပါတိယော’ ဆိုတဲ့ ဋီကာ (ဒီ၊ဋီ၊၂၊၃၇)နှင့် မညီကြောင်း ကျော်အောင်စံထား ဆုံးဖြတ်ပါတယ်။ ပါဒစက္ကတောင်ခွင်တို့အထူးမဆို။

၆။ နက္ခတ္တာ စတုရောဒီပါ၊ ဒွိသဟဿ ပရိတ္တကာ။
စက္ကဝတ္တိ သေတသင်္ခေါ၊ မစာနံ ယုဂဠံ တထာ။

နက္ခတ္တာ၊ နက္ခတ်တို့လည်းကောင်း။ ဒွိသဟဿ ပရိတ္တကာ၊ ကျွန်းငယ်အရံ နှစ်ထောင်နှင့် တကွကုန်သော။ စတုရော ဒီပါ၊ လေးကျွန်းတို့လည်းကောင်း။ စက္ကဝတ္တိ၊ စကြာမင်းလည်းကောင်း။ သေတသင်္ခေါ၊ ခရုသင်း ဖြူလည်းကောင်း။ တထာ၊ ထိုမှတပါး။ မစာနံ၊ ငါးတို့၏။ ယုဂဠံ၊ အစုံလည်းကောင်း (မစ္ဆာနံ ယုဂဠံ၊ ငါးကြင်းပွတ်လည်းကောင်း)။

မစ္ဆာနံ-ဟု သာမန်ရှိသည်ကို ဆရာစဉ်ဆက်အရ ငါးကြင်း ဟုဆိုကြောင်း၊ အရံကျွန်းငယ်ငါးရာနဲ့ အတူတစ်ကျွန်းကို တစ်ကွက်၊ လေးကျွန်းကို လေးကွက်ရေးပြီး အရံကျွန်းငယ်များ အတွက်သီးခြားရေးရန် မလိုကြောင်း ကျော်အောင်စံထားဆုံးဖြတ်ပါတယ်။

၇။ စက္ကံ သတ္တ မဟာဂင်္ဂါ၊ မဟာသေလာ မဟာသရာ။
သုပ္ပဏ္ဏကော သံသုမာရော၊ ဓဇော ပဋာကမေဝစ။

စက္ကံ၊ စက် (စကြာ)လည်းကောင်း။ သတ္တ မဟာဂင်္ဂါ၊ သီဒါ ခုနစ်တန်လည်းကောင်း။ မဟာသေလာ၊ တောင်စဉ် ခုနစ်ထပ်လည်းကောင်း။ မဟာသရာ၊ အိုင်ကြီး ခုနစ်အိုင်လည်းကောင်း။ သုပ္ပဏ္ဏကော၊ ဂဠုန်လည်းကောင်း။ သံသုမာရော၊ မိကျောင်းလည်းကောင်း။ ဓဇော၊ တံခွန်လည်းကောင်း။ ပဋာကမေဝ စ၊ ကုက္ကားလည်းကောင်း။

စက္က-အရစကြာရတနာမဟုတ်၊ လက်နက်စကြာဖြစ်ပြီး ယင်းကို စက်ဝန်းပုံ ရေးရမည်ဖြစ်ကြောင်း၊ အချို့ ပါဒနက်သန်မူမှာ ဓဇပဋာကံ သို့မဟုတ် ဓဇပ္ပဋာကံ-ရှိခြင်းမှာ မသင့်ကြောင်း၊ ဓဇနှင့် ပဋာကသည် တံခွန် မျိုး ၅-ပါးတွင် သီးခြားဖြစ်၍ တစ်ပါးစီယူပြီး စက်တော်ပုံကိုလည်း တစ်ခုစီ ရေးသင့်ကြောင်း၊ အနာဂတဝံသအဋ္ဌကထာမှာ တစ်ခုတည်း ယူပေမယ့် ဇိနာလင်္ကာရမှာ တစ်ခုစီယူကြောင်း၊ ယင်းသို့ (တစ်ခုစီ) ယူရင် ၁၀၈-ကွက်ဖြစ်ဖို့ စကြဝဠာနှင့် ဟိမဝန္တာကို တစ်ခုတည်း ယူရမည်ဖြစ်ကြောင်း ကျော်အောင်စံထား ဆုံးဖြတ်ပါတယ်။ ပါဒစက္ကနဲ့ တောင်ခွင်က ‘ဓဇပဋာက မေဝ စ’ပါဠိကို ယူသော်လည်း စက်လက္ခဏာကိုမူ တစ်ခုစီယူပြီး ကိန္နရီနဲ့ ကိန္နရာကိုပဲ တစ်ခုတည်းယူပါတယ်။

၈။ ပါဋကီ ဟရိဗီဇနီ၊ ကေလာသပဗ္ဗတော တထာ။
သီဟရာဇာ ဗျဂ္ဃရာဇာ၊ ဝလာဟောစ ဥပေါသထော။

ပါဋကီ၊ ရွှေသံလျင်းလည်းကောင်း။ ဟရိဗီဇနီ၊ ရွှေဖြင့်ပြီးသော သားမြီးယပ်လည်းကောင်း။ ကေလာသပ္ပတော၊ ကေလာသတောင်လည်းကောင်း။ တထာ၊ ထိုမှတပါး။ သီဟရာဇာ၊ ခြင်္သေ့မင်းလည်းကောင်း။ ဗျဂ္ဃရာဇာ၊ ကျားမင်းလည်းကောင်း။ ဝလာဟော စ၊ ဝလာဟကမြင်းလည်းကောင်း။ ဥပေါသထော၊ ဥပေါသထဆင်မင်းလည်းကောင်း။

ဒီစက်လက္ခတွေမှာ ကျော်အောင်စံထားနဲ့ တောင်ခွင်တို့ အထူးမဆို။ ပါဒစက္က၌ မောရဗီဇနီ-လို့ ပါဌ်ရှိပေမယ့် ကျမ်းဂန်နဲ့ မညီဆိုပြီး ရွှေသားမြီးယပ်လို့ ပဲဆိုတယ်။

၉။ ဗာသုကီ နာဂရာဇာ စ၊ ဟံသောစ ဥသဘော တထာ။
ဧရာဝဏော မကာရော စ၊ ဟရိနာဝါ စတူမုခါ။

(စတူ-၌ဆန်းကြောင့်ဒီဃ)။

ဗာသုကီ နာဂရာဇာ စ၊ ဗာသုကီနဂါးမင်းလည်းကောင်း။ ဟံသောစ၊ ဟင်္သာမင်းလည်းကောင်း။ ဥသဘော၊ နွားမင်းဥသဘလည်းကောင်း။ တထာ၊ ထိုမှတပါး။ ဧရာဝဏော၊ ဧရာဝဏ်ဆင်လည်းကောင်း။ မကာရောစ၊ ရွှေမကန်းလည်းကောင်း။ ဟရိ နာဝါ၊ ရွှေလှေလည်းကောင်း။ စတုမုခါ၊ မျက်နှာလေးခုတို့လည်းကောင်း။

ဗာသုကီနဲ့ ဝါသုကီမှာ အတူတူ ဖြစ်ကြောင်း၊ အချို့ ပါဒနက်သန်မူမှာ ဆဒ္ဒန္တော နာဂရာဇာ-ဟုရှိပေမယ့်ယင်းသည် ဇိနာလင်္ကာရ၊ အနာဂတဝံသဋ္ဌတို့၌ မဆို၊ စတုရင်္ဂဗလအမတ် ရေးရင်းလည်း မဟုတ်၊ ရှေးဆရာတို့ စပ်ဆိုသည့် လင်္ကာမှာ ‘ဥပေါသထာယဉ်မွန်၊ ဆဒ္ဒန်တခြား’ကို ကြည့်ပြီး နှောင်းခေတ် ပုဂ္ဂိုလ်တို့ ပြင်ထားခြင်း ဖြစ်ကြောင်း၊ ဟရိနာဝါနဲ့ စတုမုခါကိုလည်း တစ်ခုစီယူပြီး ရွှေလှေပုံနဲ့ ခေါင်းလေးခုပါတဲ့ ဗြဟ္မာပုံ တစ်ကွက်စီ ရေးရမည်ဖြစ်ကြောင်း၊ တစ်ပေါင်းတည်း ယူပြီး မျက်နှာလေးခုရှိသော ရွှေလှေဟု မယူရကြောင်း ကျော်အောင်စံထား ဆုံးဖြတ်ပါတယ်။ တောင်ခွင်က ကျော်အောင်စံထားနဲပ သဘောတူပါတယ်။ ပါဒစက္ကမှာတော့ မျက်နှာလေးပါး ရှိသော ရွှေလှေလို့ ဆိုပါတယ်။

၁၀။ သဝစကာ တထာဂါဝီ၊ ကိန္နရော ကိန္နရီပိစ။
ကရဝိကော မယူရော စ၊ ကုဉ္ဇရာဇာ တထေဝစ။

တထာ၊ ထိုမှတပါး။ သဝစကာ? သားငယ်ရှိသော။ ဂါဝီ၊ နွားမလည်းကောင်း။ ကိန္နရော၊ ကိန္နရာဖိုလည်းကောင်း။ ကိန္နရီပိစ၊ ကိန္နရာမလည်းကောင်း။ ကရဝိကော၊ ကရဝိတ်လည်းကောင်း။ မယူရော စ၊ ဥဒေါင်းလည်းကောင်း။ တထာ၊ ထိုမှတပါး။ ကုဉ္ဇရာဇာဧဝစ၊ ကြိုးကြာလည်းကောင်း။

ကျော်အောင်စံထားနဲ့ ပါဒစက္က၌ ကိန္နရီနဲ့ ကိန္နရာကို တစ်ခုစီ ယူပေမယ့် တောင်ခွင်က တစ်ခုတည်းယူပါတယ်။

၁၁။ စက္ကဝက္ကဒိဇော စေဝ၊ ဇီဝဇိဝက နာမကာ။
ဆကာမာဝစရာ ဒေဝါ၊ ဗြဟ္မလောကာစ သောဠသ။

စက္ကဝက္ကဒိဇော စေဝ၊ စက္ကဝက်ငှက်လည်းကောင်း။ ဇီဝဇိဝက နာမကာ၊ ဇီဝဇိုးမည်သောငှက်တို့လည်းကောင်း။ ဆကာမာဝစရာ ဒေဝါ၊ နတ်ပြည်ခြောက်ထပ်တို့လည်းကောင်း။ သောဠသ ဗြဟ္မလောကာ စ၊ ဗြဟ္မာ့ပြည် တစ်ဆယ့် ခြောက်ထပ်တို့လည်းကောင်း။

ဇီဝဇီဝကနာမာကာ-ဟု ဗဟုဝုစ်နှင့် ရှိသောကြောင့် ရှေးဆရာတို့ ငှက်အစုံကို ယူကြောင်း၊ အနာဂတဝံသအဋ္ဌကထာနဲ့ ဇိနာလင်္ကာရဋီကာမှာ စက္ကဝက္ကနှင့် ဇီဝဇီဝက-ပုဒ်တို့ကို ရာဇသဒ္ဒါနှင့် တွဲပြသဖြင့် ငှက်မင်းလို့ ယူလိုပုံရကြောင်း ကျော်အောင်စံထားအမှာ ပြုထားပါတယ်။

၁၂။ ဧတာနဋ္ဌုတ္တရသတ-လက္ခဏာနိမဟေသိနော။
ပါဒေသု ယဿ ဒိဿန္တေ၊ ဝန္ဒေတံ ပုရိသာသဘံ။

ဣတိ၊ ဤသို့။ ဧတာနိ အဋ္ဌုတ္တရသတလက္ခဏာနိ၊ ဤတစ်ရာ့ရှစ်ပါးသော လက္ခဏာတော်တို့သည်။ ယဿ မဟေသိနော၊ အကြင်မြတ်စွာဘုရား၏။ ပါဒေသု၊ ခြေတော်တို့၌။ ဒိဿန္တေ၊ ထင်ကုန်၏။ ပုရိသာသဘံ၊ ယောကျ်ားမြတ် ဖြစ်တော်မူသော။ တံ မဟေသိံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ ဝန္ဒေ = ဝန္ဒာမိ၊ ရှိခိုးပါ၏။ (ပါဒစက္က၌ တူ၊ တောင်ခွင်မူမှာ ‘ဧတာနိဋ္ဌုတ္တရသတမင်္ဂလာနိ မဟေသိနော’လို့ မူကွဲရှိပါတယ်)။

ရေတွက်ပုံ

တစ်ရာ့ရှစ်ကွက်ကို ကျော်အောင်စံထား ရေတွက်ပုံမှာ ..

၁) လှံမမှ တံလျင်းအထိ ၁၀၊
၂) ထီးဖြူမှ ကြာနီထိ ၁၀၊
၃) ကြာဖြူမှ နေထိ ၁၀၊
၄) လမှ စကြာအထိ (အရံကျွန်းငယ် ငါးရာစီ နှင့်တကွကျွန်းကြီးလေးကျွန်းကိုတစ်ကျွန်းစီယူ၍) ၁၀၊
၅) သီတာရ၊ တောင်စဉ်ရ၊ အိုင်ရပေါင်း၂၁၊
၆) ဂဠုန်မှဆင်ထိ (တံခွန်နှင့် ကုက္ကားကိုတစ်ပေါင်းတည်းပြု၍) ၁၀၊
၇)ဗာသုကီနဂါးမှကိန္နရီမအထိ (မျက်နှာလေးခုရှိဗြဟ္မာနှင့်ရွှေလှေကို တစ်ခုစီယူ၍) ၁၀၊
၈)ကရဝိတ်မှဇီဝဇိုးထိ ၅၊
၁၁)နတ်ပြည် ၆-ကွက်၊
၁၂)ဗြဟ္မာ့ပြည် ၁၆-ကွက်၊ ပေါင်း၁၀၈ကွက်။

ဆရာတော်က တံခွန်နဲ့ ကုက္ကားကို တစ်ခုစီယူဖို့ ဆုံးဖြတ်ပေမယ့် ရေတွက်တဲ့အခါ အနာဂတဝံသအဋ္ဌကထာနဲ့ အညီ တစ်ခုတည်း ယူပါတယ်။ ကိန္နရီဖိုနဲ့ ကိန္နရီမကိုလည်း (ကိန္နရောကိန္နရီ-လို့ ယင်းအဋ္ဌကထာ၌ ဖော်ပြပုံအရ) တစ်ခုစီယူလို့ ဗုဒ္ဓစက်တော် ၁၀၈-ကွက် ညီပါတယ်။ ဆရာတော့် အလိုဆိုရင် တံခွန်နဲ့ ကုက္ကားကိုတစ်ခုစီယူ၊ စက္ကဝဠာနဲ့ ဟိမဝန္တာကိုတစ်ခုတည်းယူရမယ်။ တံခွန်နဲ့ ကုက္ကားကိုတစ်ခုစီယူတဲ့ တောင်ခွင် အလိုကတော့ စက္ကဝဠာ ဟိမဝန္တာကို တစ်ခုစီယူပြီး ကိန္နရီ ကိန္နရာကိုပဲ တစ်ခုယူရမယ်။ တံခွန်ကုက္ကားကို တစ်ခု၊ မျက်နှာလေးခုရှိ ရွှေလှေကို တစ်ခုယူတဲ့ ပါဒစက္ကကတော့ ဥပေါသထဆင်၊ ဆဒ္ဒန်ဆင်လို့ တစ်ခုစီယူကြောင်းပါ။

တည်နေပုံ

ကျော်အောင်စံထား အလိုအရ ‘စက်တော်ကား ခြေတော်ကို လေးဖို့ပြု၍ သုံးဖို့ ဖမျက်တော်အောက်၌ တည်သည် (စက္ကင်္ဂဝိနိစယဒီပနီ၊ ပေမူ၊ ကော-ဝမ်း)’။ ဤဖော်ပြချက်အတွက် ဆရာတော် ကျမ်းကိုး မပြခဲ့ပါ။ ပုံတောင်းကို မြအဆင်း၊ ယင်းအလယ်၌ ငွေအဆင်းနဲ့ အပေါက် (ဝင်ရိုးပေါက်)ပုံ (ယင်းဝင်ရိုးပေါက် အလယ်မှာလည်း အညိုစက် ပါရမည်)၊ ပုံတောင်းထိပ်တွင် ရွဲလုံးများ စီပြီး ကြိုးသဏ္ဌာန် ပတ်ဝိုင်း၊ ပြီးမှ ပုံတောင်းပတ်လည်ရှိ အကန့် ၁၀၀၀-ကို အနီရောင် (တစ်ကန့်နဲ့ တစ်ကန့်မရောအောင်ရွဲလုံးများကို စီတန်းထားသလို ရေးရမည်)၊ အကန့်ရဲ့အဆုံးအကွပ်ကိုသန္တာရောင် (ရွဲလုံးပေါက်လျက်ရေးရေးရမည်)၊ ၁၀-ကန့် ၁၀-ကန့် အကြား ဝဲယာ၌ ပန်းဆိုင်းဆွဲထားသည့် သန္တာရိုးတပ် ထီးဖြူ (အားလုံးပေါင်း ပန်းဆိုင်း ၂၀၀၊ ထီးဖြူ ၁၀၀ ရှိမည်)၊ အနားကွပ်အတွင်းနှင့် ပုံတောင်းအနား အတွင်းတို့၌ စီလျက် ခံတွင်း၌ ပုလဲလုံး ဆွဲထားသည့် ခြင်္သေ့ပုံရေးဆွဲရမည် (ကျော်အောင်စံထား ဆရာတော်ဟာ ဤဖော်ပြချက်တိုင်း အတွက် အဋ္ဌကထာ၊ ဋီကာကျမ်းအဆိုများကို ထုတ်နုတ်ပြီး ကိုးကားခဲ့ပါတယ်)။

လက္ခဏာစဉ်

လှံမ၊ အိမ်မွန်စတဲ့ လက္ခဏတော် ၁၀၈-မျိုးကို စက်တော်ဝန်းကျင်စက်တော်အနီးမှ စ၍ရေးရန် ညွှန်ကြားတဲ့အပြင် ရေးပုံကို ကျော်အောင်စံထား ဆရာတော်က အသေးစိတ် ဆိုပါတယ် ‘အစမှ စ၍ မရေးအပ်။ စကြဝဠာ ဟိမဝန်စသည် ကျမ်းဆိုစဉ်ကားဟုတ်၏၊ ရေးစဉ်မဟုတ်။ အရေးကိုကား ကြပတေ့ စကြဝဠာကဲ့သို့ စက်ဝန်းသားပြီးလျှင် တောင်စဉ်တတန် သီတာတတန်ခြားကာ၊ သမုဒ္ဒရာ ဟိမဝန်စသည် သဏ္ဌာန်ပြကာ ရေးအပ်သည်။ စကြာမင်း၏ အခြံအရံ ဆင်မြင်းစသည်ကိုလည်း စကြာမင်းနှင့် အနီးအစပ် ရေးအပ်သည်။ ကြွင်းသည်တို့ကား သင့်ရာသင့်ရာ ရေးအပ်သည်။ ယခုအခါ အရေးတို့ကား သဘောသို့ မလိုက်၊ ကျမ်းဆိုစသည်ကို လိုက်သည် (စက္ကင်္ဂဝိနိစယဒီပနီ၊ ကော်-ဝမ်း)’။

စက်တော်ရှိခိုး

အတိုင်းမသိ၊ ကျေးဇူးရှိသည်၊ မုနိသကျ၊ ဂေါတမ၏၊ ပါဒမြတ်ကျော်၊ ဖဝါးတော်၌၊ ထွန်းပေါ်ကျစ်လစ်၊ တစ်ရာ့ရှစ်ကို၊ စင်စစ်ကောင်းထွေ၊ လျည့်လျည့်ရေအံ့၊ ချီထွေအစ..
လှံမ အိမ်မွန်၊ မကျန်ပွင့်ချပ်၊ ဇလပ်ပျံ့မွှေး၊ လည်ရေးသုံးဆင့်၊ လှတင့်သွန်းသွန်း၊ ဦးဆောက်ပန်းက၊ စသည်မကွဲ၊ ထမင်းပွဲတည်ဟန်၊ ရွှေသလွန် ချွန်းတောင်း၊ ရောင်မောင်းပြာသာဒ်၊ အထွတ်မြင့်ခိုင်၊ တံခါးတိုင်နှင့်၊ အပြိုင်ထီးဖြူ၊ အတူ သန်လျက်၊ ထန်းရွက်ယပ်ဝန်း၊ တခန်းတင်ကြောင်း၊ ဥဒေါင်းမြီးယပ်၊ သင်းကျပ်တခြား၊ ပတ္တမြား ရောင်ဖိတ်၊ သပိတ် ပန်းဆိုင်း၊ တုနှိုင်းမရ.. (၁၈)
ပွင့်လှထွားထွား၊ ငါးပါးကြာမျိုး၊ ရေအိုး ဖလား၊ ထူးခြား သမုဒ္ဒရာ၊ စကြဝဠာသဏ္ဌာန်၊ ဟိမဝန် မြင်းမိုရ်၊ ထိုထို နေလ၊ နက္ခတ်စသား၊ ဒီပလေးခု၊ ဇမ္ဗုဒီပါ၊ ပြုဗ္ဗာဥတ္တရ၊ အပရဂေါယဉ်၊ တလျဉ်အံ့ဖွယ်၊ ကျွန်းငယ်နှစ်ထောင်၊ ဘုန်းခေါင် စကြာမင်း၊ ခရုသင်းဖြူဆွတ်၊ ငါးကြင်းပွတ်စကြာ.. (၂၂)
သီဒါ ခုနစ်တန်၊ သတ္တရဘန်၊ တောင်စဉ် ခုနစ်ထပ်၊ ကြပ်ကြပ်မြင့်ခိုင်၊ ခုနစ်အိုင်တသုန်.. (၂၁)
ဂဠုန်တကြောင်း၊ မိကျောင်းရေသား၊ ကုက္ကားတံခွန်၊ မင်းတန် သံလျင်း၊ မကြွင်းတသီး၊ သားမြီးကေသာ၊ ကေလာသဘ၊ သီဟကျားမြင်း၊ ဆင်မင်းမြတ်စွာ၊ ဥပေါသထာယဉ်မွန်၊ ဆဒ္ဒန်တခြား၊ နဂါး ဝမ်းဘဲ၊ မကွဲတူကွ၊ ဥသဘမကျန်၊ ဧရာဝဏ် မကန်း၊ ထူးဆန်းအံ့ဖွယ်၊ တင့်တယ်လှထွေ၊ ရွှေလှေလျှံဝါ၊ မျက်နှာလေးပါး၊ နွားသားမိစစ်၊ အဖြစ်များစွာ.. (ကုက္ကားတံခွန် ၁၊ ဥပေါသထဆဒ္ဒန် ၁လို့ ယူပြီး ၁၈)
ကိန္နရာကိန္နရီ၊ တူပြီကရဝိတ်၊ ထိတ်ထိတ်သောင်းသောင်း၊ ဥဒေါင်းကြိုးကြာ၊ သံသာစက္ကဝက်၊ ငှက်၏အမျိုး၊ ဇီဝဇိုးအစုံ၊ ခြောက်ဘုံနတ်ရွာ၊ ဆကာမာနှင့်၊ ဗြဟ္မာနတ်ရပ်၊ ဆယ်ခြောက်ထပ်က၊ စေ့စပ်မကြွင်း၊ ခပင်းများစွာ၊ ရံစကားနှင့်၊ စကြာခြေမွန်.. (ကိန္နရာကိန္နရီ၁လို့ယူပြီး ၂၉)
တင့်တယ်ဟန်ကို၊ ထက်စွန်မိုးဖျား၊ သိကြားဗြဟ္မာ၊ ထုရေးရှာလည်း၊ ဘယ်မှာတမျှ၊ အတုရချိမ့်၊ အသမသမာ၊ သုံးလူ့ချာ၏၊ ရတနာထွန်းဝင်း၊ နီဆင်းစင်သန့်၊ အကန့်တထောင်၊ ရွှေရောင် ခြယ်ကာ၊ သန္တာအကွပ်၊ ထိန်လျှပ် မြကောင်း၊ ပုံတောင်းပြိုးပြက်၊ ခြေတော်စက်ကို၊ စုံမက်မြတ်နိုး၊ ရှိလျှင် ခိုးသည်၊ ကောင်းကျိုးလျင်ဆော၊ ရောက်စေသော်။

ဆရာမြတ်တို့ရဲ့ အဆုံးအဖြတ်ကို ကြည့်ပြီး ၁၀၈-ကွက် အရေအတွက် မပိုမလျော့အောင် ပေါင်းယူလို့ ဖြစ်နိုင်တာကို ပေါင်းယူလိုက်ပါတယ်။

ဘယ်သူရေး

ဒီလင်္ကာနဲ့ ပတ်သက်ပြီး ပထမ ကျော်အောင်စံထား ဆရာတော်က ‘ဤစက်တော်ရှိခိုးကို ရှင်ရဋ္ဌသာရ ဆိုသောဟူ၏။ ရှေးရှိခိုးသည် စက်တော်ရာ ရှိခိုးသာဖြစ်၍ ခြေတော်စက်ရှိခိုးဖြစ်အောင်အဆုံးတွင်လောင်းစွက်ပြင်သည်’လို့ မှတ်ချက်ပြုခဲ့ပါတယ်။ မူရင်းစာကို ဆရာတော်က အဆုံးနားမှာ အနည်းငယ် ပြင်ဆင်ထားပုံပါပဲ။ တောင်ခွင်ဆရာတော်လည်း မိမိအာဘော်နဲ့ ညီအောင် ဒီလင်္ကာကိုပဲ အနည်းငယ် ဖြည့်စွက် ပြင်ဆင်ခဲ့ပါတယ်။ တောင်ခွင်မူစက်တော်ရှိခိုးကဒီလိုပါ..

အတိုင်းမသိ ကျေးဇူးရှိသား၊ မုနိသကျ၊ ဂေါတတမ၏၊ ပါဒမြတ်ကျော်၊ ဖဝါးတော်၌၊ ထွန်းပေါ်ကျစ်လစ်၊ တစ်ရာ့ရှစ်ကို၊ စိစစ်လျင်ထွေ၊ လျဉ်းလဉ်းရေပိမ့်၊ ချီလေအစ..
လှန်မ အိမ်မွန်၊ သုံးတန်ဖွင့်ချပ်၊ ဇလပ်ပျံ့မွှေး၊ လည်ရေးသုံးဆင့်၊ လှတင့်ထွန်းတောက်၊ ဦးဆောက်ပန်းက၊ ဖြူဆွရောင်မောင်း၊ ဦးခေင်းမကွဲ၊ စားပွဲတည်ခင်း၊ အင်းပျဉ်ဝန်းနှင့်၊ ချွန်းတောင်းပြာဿာဒ်၊ အထွဋ်မြင့်ခိုင်၊ တံခါးတိုင်က၊ ဖြူဆွပြိုးပြက်၊ ထီးသန်လျက်နှင့်၊ ထန်းရွက်ယပ်ဝန်း၊ ရွှန်းရွှန်းရောင်မောင်း၊ ဥဒေါင်းမြီးယပ်၊ သင်းကျပ်ရွှေပြား၊ ပတ္တမြားကျောကမျက်၊ စားခွက်ရောင်ပြေး၊ မုလေးပန်းဆိုင်း၊ တုနှိုင်းမရ..
ပွင့်လှအပြား၊ ငါးပါးကြာမျိုး၊ ပြည့်သည့်အိုးနှင့်၊ ပြည့်ဖြိုး ဖလား၊ ရေးငြားသမုဒ္ဒရာ၊ စကြဝဠာ တောင်မွန်၊ ဟိမဝန်တောချောင်၊ မြင်းမိုရ်တောင်နှင့်၊ ထွန်းပြောင်နေလ၊ နက္ခတ္တက၊ ဒီပလေးသွယ်၊ ကျွန်းငယ်ရံဆောင်၊ ဘုန်းခေါင်စကြာမင်း၊ ခရုသင်းဖြူနှစ်၊ ဗွေရစ်လက်ယာ၊ ရွှေဝါအဆင်း၊ ငါးမင်းစုံလျက်၊ လက်နက်စက်နှင့်..
ရေတွက်သင်္ချာ၊ ဂင်္ဂါခုနစ်တန်၊ တောင်မွန်ခုနစ်လုံး၊ အိုင်ထုံး ခုနစ်ကွက်..
ငှက်ဂဠုန်မင်း၊ မြစ်တွင်းကိန်းအောင်း၊ မိကျောင်း ရေသား၊ တံခွန်ကျားနှင့်၊ ကုက္ကားတံခွန်၊ မင်းတန်သံလျင်း၊ အဆင်းရွှေလား၊ သားမြီးလေဆောင်၊ ငွေတောင်ကေလာသ၊ သီဟဗျဂ္ဃ၊ ဝဠာဟကမြင်း၊ ဆင်မင်းမြတ်စွာ၊ ဥပေါသထာရည်မွန်၊ ဆဒ္ဒန်တူပြီ၊ ဗာသုကီမည်ရင်း၊ နဂါးမင်းနှင့်၊ ဟင်္သာရွှေလား၊ နွားဥသဘမွန်၊ ဧရာဝဏ်တစ်ခန်း၊ ရွှေမကန်းတစ်ထွေ၊ ရွှေလှေလျှံဝါ၊ ဗြဟ္မာထွဋ်ဖျား၊ သားနှင့်တကွ၊ နွားမနို့ညှစ်၊ အချစ်မြဲစွာ..
ကိန္နရာဖိုမ၊ သဒ္ဒမဆိတ်၊ ကရဝိတ် တွန်ညောင်း၊ ဥဒေါင်း ကြိုးကြာ၊ သံသာစက္ကဝက်၊ စုံလျက်ဇီဝဇိုး၊ မိုးဝဘုံသာ၊ ဆကာမာနှင့်၊ ဗြဟ္မာဘုံရပ်၊ ဆယ့်ခြောက်ထပ်လည်း၊ ယှဉ်စပ်မကင်း၊ ခပင်းများစွာ၊ ရံစကာနှင့်၊ စကြာခြေမွန်၊ တင့်တယ်ဟန်ကို၊ ထက်စွန်မိုးဖျား၊ သိကြားဗြဟ္မာ၊ တုရေး လာလည်း၊ ဘယ်မှာတမျှ၊ အတုရချိမ့်၊ အသမသမာ၊ သုံးလူ့ ချာ၏၊ ရတနာလျှံဝင်း၊ နီဆင်းစင်သန့်၊ အကန့်တစ်ထောင်၊ ထွန်းပြောင်သိင်္ဂါ၊ သန္တအကွပ်၊ ထိန်လျှပ်ပုံတောင်း၊ ညိုမောင်း ကျောက်မျက်၊ ခြေတော်စက်ကို၊ စုံမက်မြတ်နိုး၊ ရှိလျှင် ခိုးသည်၊ အကျိုးကောင်းလွန်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ထုတ်ချောက် ရောက်စေသော။ (စက္ကလက္ခဏသင်္ခေပကျမ်း)။

ပါဒစက္ကသာရ၌ ဒီစက်တော်ရှိခိုးလင်္ကာကို မတွေ့မိ။

ဇူလိုင် ၄၊ ၂၀၁၄။

၃၆၆။ အသောကရဲ့ ဆွယ်တရား

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

အိန္ဒိယဧကရာဇ် သီရိဓမ္မာ အသောကမင်းကြီးနှင့် သီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿမင်းတို့သည် အရှင်မဟိန္ဒ သီရိလင်္ကာကို ရောက်ပြီးမှ မိတ်ဆွေ ဖြစ်ခဲ့ကြသလား၊ မရောက်မီကပင် မိတ် ဆွေ ဖြစ်ခဲ့ကြသလား ဆိုသည်ကို သိလိုပါသည်။ သီရိဓမ္မာ အသောကမင်းကြီးက ဒေဝါနံပိယတိဿမင်းအား ပေးသော လက်ဆောင်ပဏ္ဏာ နှစ်မျိုး အကြောင်းကိုလည်း သိလိုပါသည် အရှင်ဘုရား။

ရှင်စန္ဒ၊ ညောင်တုန်း

---

မရောက်ခင်

ကျမ်းဂန် ဆိုပုံအရ သီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿမင်းက သီဟိုဠ်ထွက် ရှားပါးပစ္စည်းတွေနဲ့ ရတနာတွေကို အိန္ဒိယဘုရင် အသောကထံ ပို့လိုက်တဲ့ အခါ အသောကမင်းဟာ သီဟိုဠ် ဘု ရင်ကို ရင်းနှီးခင်မင်သွားပြီး အပြန်အလှန်အနေနဲ့ မင်းမြှောက် တန်ဆာ ငါးပါးအပါအဝင် အခြားသော မင်္ဂလာ လက်ဆောင် ပစ္စည်းတွေ အများအပြားကို ပြန်ပေးလိုက်တယ်။ ယင်းတို့နှစ် ဦးက တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူး မတွေ့ဖူးကြဘဲ အဲဒီလို လက်ဆောင် ပဏ္ဏာတွေ အပြန်အလှန်ပေးပြီး မိတ်ဆွေ ဖြစ်နေကြတယ်။ အရှင်မဟိန္ဒသီရိလင်္ကာကိုရောက်ပြီး ဒေဝါနံ ပိယတိဿမင်းနဲ့ တွေ့တဲ့ နေ့က သီဟိုဠ်ဘုရင်ဟာ အသောက မင်းပေးတဲ့ မင်းမြှောက်တန်ဆာနဲ့ အဘိသိက်ခံ (ယခင်ကအဘိ သိက်ခံပြီး ဖြစ်ပေမယ့် အသောကပေးတဲ့ မင်းမြှောက်တန်ဆာ အသစ်နဲ့ ထပ်ခံ)ပြီးလို့ တစ်လပဲ ရှိသေးသတဲ့ (ဝိ၊ဋ္ဌ၊၁၊၅၆)။ ဒါကြောင့် မင်းနှစ်ပါးဟာ အရှင်မဟိန္ဒ သီရိလင်္ကာကို မရောက် ခင်ကပင်မိတ်ဆွေတွေ ဖြစ်နေကြပြီးသားပါ။

ပဏ္ဏာနှစ်မျိုး

၁။ အာမိသပဏ္ဏာ=ပစ္စည်းလက်ဆောင်..

(၁)မင်းမြှောက်တန်ဆာ ငါးပါး (ထီးဖြူ၊ စာမရီသားမြီးယပ်၊ သန်လျက်၊ မကိုဋ်၊ ရတနာခြေနင်း)
(၂)အဘိသိက်အခြံအရံမင်္ဂလာလက်ဆောင်များ (လက်ယာရစ် လည်တဲ့ ခရုသင်း၊ ဂင်္ဂါမြစ်ရေ၊ မျက်နှာချေပေါင် ဒါမှုန့်၊ ဦး ဆောက်ပန်း၊ ရွှေရေတကောင်း၊ လက်ယာရစ်လည်တဲ့ ရွှေခွက်၊ ထမ်းစင်၊ မင်းသမီး၊ ယောက်မ၊ လျှော်ဖွတ်ရန် မလိုတဲ့ ဝတ်လဲ သစ်၊ လက်သုတ်ပဝါ၊ စန္ဒကူးရွှေ၊ အရုဏ်ရောင်မြေညက်၊ မျက် စဉ်း၊ ဆေးဖန်ခါးသီး၊ ဆေးသျှိသျှားသီး .. ဒီပဝံသကျမ်းအရ အဲဒါတွေအပြင်နဖူးသင်းကျစ်၊ ဦးရစ်ပေါင်း၊ ရတနာဆောက်လုံး ချည်၊ အနောတတ်ရေစင်၊ အမြိုက်ဆေးလုံး၊ သလေးစပါးတွေလည်း ပါတယ်။)

၂။ ဓမ္မပဏ္ဏာ=တရားလက်ဆောင်..

အဟံ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
ဥပါသကတ္တံ ဒေသေသိံ၊ သကျပုတ္တဿ သာသနေ။ ဣမေသု တီသု ဝတ္ထူသု၊ ဥတ္တမေ ဇိန သာသနေ။
တွမ္ပိ စိတ္တံ ပသာဒေဟိ၊ သဒ္ဓါ သရဏ မုပေဟိ။

ဘုရား တရား သံဃာအား ငါးကား ကိုးကွယ်၏။ သကျရှင်မြတ် ငါဆည်းကပ် လူနတ်သိအောင် ကြေညာ၏။ သုံးဖြာဆိုပြီး ဝတ္ထုသီး သင်လည်း ကြည်ရွှင်ဂွမ်းဆီထိ။ သဒ္ဓါယုံမှတ် ထိုသုံးရပ် စိတ်မှာ ကပ်၍ နေပါဘိ။

သီဟိုဠ်မှ

သီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿက အသောကမင်းကို အရင် လက်ဆောင်ပေးတယ်။ ပေးတာတွေက..
(၁) လက်ကိုင်တုတ် လုပ်ရန် သင့်မြတ်တဲ့ ထူးဆန်းတဲ့ ဝါးပင် သုံးမျိုး (ငွေရောင်အဆင်းရှိတဲ့ နွယ်ဝါး၊ ရောင်စုံပန်းပွင့်ပုံတွေနဲ့ အလှဆင်ထားသလို သဘာဝအတိုင်း ဖြစ်နေတဲ့ ပန်းဝါး၊ ခြေ နှစ်ချောင်း ခြေလေးချောင်း သတ္တဝါပုံတွေနဲ့ အလှဆင်ထားသ လို သဘာဝအတိုင်း ဖြစ်နေတဲ့ ငှက်ဝါး။ ဒီဝါးတွေကို ဒေဝါနံပိယတိဿမင်းရဲ့ ဘုန်းကံကြောင့် ဆာတဝါဟတောင်က ရတာ လို့ ဆိုတယ်။)
(၂)ထူးဆန်းတဲ့ ပုလဲရှစ်မျိုး (မြင်းသဏ္ဌာန်ပုလဲ၊ ဆင်.. ရထား .. သျှိသျှားသီး .. လက်ကောက် .. လက်စွပ် .. ရေခံတက်သီး သဏ္ဌာန်ပုလဲ၊ ပကတိပုလဲ။ ဒါလည်းပဲ မင်းကြီးရဲ့ ဘုန်းကံ ကြောင့်ပဲ သမုဒ္ဒရာထဲက ရတာလို့ ဆိုတယ်)။
(၃)ဒါတွေအပြင်အခြား အဖိုးတန်ရတနာများ။

သမိုင်းအမြင်

သီဟိုဠ်ဘုရင်ဟာ ထိုအချိန်က အလွန် ဘုန်းမီးနေလ တောက်ပြီး နာမည်ကျော်နေတဲ့ အိန္ဒိယဘုရင် အသောကနဲ့ မိတ်ဆွေဖွဲ့ လိုနေခဲ့တယ်။ ဒါကြောင့် ထူးခြားတဲ့ အဲဒီပစ္စည်းတွေကို လက်ဆောင်ပေးပြီး အသောကနဲ့ မိတ်ဖွဲ့တဲ့ အခါ စစ်မတိုက်ဘဲ ဓမ္မ ဝိဇယနိုင်ငံကို တည်ထောင်လိုနေတဲ့ အသောကလည်း နှစ်သက်သွားပြီး လက်ဆောင်ပစ္စည်းတွေပြန်ပေးတဲ့ အပြင်မိမိရဲ့ အရှိန်နဲ့ မတွေ့မြင်ဖူးတဲ့ သီဟိုဠ်ဘုရင်ကို ဗုဒ္ဓဝါဒီဖြစ်ဖို့ ဆွယ်ရုံ မက နောင်အခါ သားတော်ရင်း အရှင်မဟိန္ဒကိုယ်တိုင် သီရိ လင်္ကာကို ရောက်လာတဲ့ အထိပါပဲ (အရှင်ကေလာသ၊ မြန်မာ ပြန်၊ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း၊ အခန်း-၄ကိုရှု)။

စက်တင်ဘာ ၁၄၊ ၂၀၁၄။

---

၃၆၇။ ဝစီပိတ်နဲ့ ပဝါရဏာ

ဆရာတော် ဦးကေလာသဘုရား၊

ဆရာတော်၏ ဓမ္မအမေးအဖြေစာအုပ် အမှတ် (၄) ထုတ်ဝေ ရန် ပြင်ဆင်နေကြောင်း ကြားသိရသည့်အတွက် အလွန်တရာ ဝမ်းမြောက်မိပါသည်ဘုရား။ Burmeseclassic ဓမ္မအမေးအဖြေ ပရိတ်သတ်ကြီးကလည်း တပည့်တော်နှင့် ထပ်တူဝမ်းမြောက် ပါလိမ့်မည် ဘုရား။ တပည့်တော် ရင်ထဲတွင် ဘာသာရေးနှင့် ပတ်သက်၍ မရှင်းသည့်အချို့ ရှိပါသည်ဘုရား။ မေးသင့် မမေး သင့် ချင့်ချိန်ရင်း နောက်ဆုံးတွင် မမှားနိုင်ဟု ယူဆ၍ မေး လျှောက်ပါသည်ဘုရား။

ရဟန်းတော် အချို့၏ ဝစီပိတ်အကျင့်သည် ရိုးရိုးကျင့်စဉ် ထက် ပိုမိုမြင့်မြတ်ပါသလား ဘုရား။ ဘုရားဟော တရားတော် နှင့်အညီ ရှင်းပြပေးတော်မူပါ ဘုရား။ မီးလွတ်ကိုယ်တော် (မီး နှင့် မချက်ပြုတ်သော ဆွမ်းနှင့် ဆွမ်းဟင်းကိုသာ ဘုဉ်းပေးသူ) ဟုဆိုသော ရဟန်းတော်အချို့ကို တွေ့ဖူးပါသည်။ ရဟန်းတော် များ မီးလွတ် ဘုဉ်းပေးရမည်ဟု ဘုရားဟောဝိနည်း ရှိပါသ လား၊ ပို၍ မြင့်မြတ်ပါသလားဘုရား။

ရေဆွမ်းကိုယ်တော် (ရေကိုသာ ဘုဉ်းပေးသူ) ကိုလည်း တွေ့ဖူးပါသည်။ ရေသက်သက်ကိုသာ အဟာရအဖြစ် မှီဝဲပြီး တရားထူးရရန် ကျင့်ကြံအားထုတ်နိုင်ပါမည်လား ဘုရား။ တပည့်တော် အနေဖြင့် ဘုရားဟောတွင် အလယ်အလတ် လမ်းစဉ် ကိုသာ လိုက်ရမည်ဟု ကြားဖူးပါသည်။ ဆရာတော်ရှင်းပြပေးရန် မေးလျှောက်အပ်ပါသည်ဘုရား။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ ပါဘုရား။

ကိုမျိုး (Burmeseclassic အထွေထွေတာဝန်ခံ)

---

တိတ္ထိအကျင့်

မြတ်စွာဘုရား လက်ထက်က ကောသလတိုင်း ကျေးရွာတစ်ခု မှာ ဝါဆိုကြတဲ့ ရဟန်းတွေ ‘ညီညွတ်ခြင်း၊ ငြင်းခုံခိုက်ရန် မရှိ ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း ရှိဖို့’ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကား မပြောကြစတမ်းလို့ အချင်းချင်း ကတိစကားဆိုပြီး ဝါတွင်းသုံး လ ကုန်တဲ့ ထိ ‘ဝစီပိတ်’ နေကြသတဲ့။ ဝါကျွတ်လို့ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ မြတ်ဗုဒ္ဓကို ဖူးမြင်ကြတဲ့ အခါ ဝါတွင်းသုံး လ ‘ဝစီပိတ်’ ကျင့်ခဲ့ကြကြောင်း လျှောက်တယ်။ အဲဒီ ရဟန်း တွေကို မြတ်စွာဘုရားက ‘ရဟန်းတို့၊ ဘာကြောင့် ဆိတ်တွေ နွားတွေလို၊ ရန်သူတွေလို အချင်းချင်း စကားမပြောဘဲ နေထိုင် ကြသလဲ။ ဒါမျိုးက တိတ္ထိတွေပဲ ကျင့်တာ’တဲ့။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး မြတ်စွာဘုရားက ရဟန်းတွေ မိမိကိုဆုံးမဖို့ အချင်းချင်း ဖိတ်ကြားကြရမယ်လို့ ပညတ်တော်မူတာပဲ (ဝိ၊၃၊၂၂၀)။ ယနေ့ခေတ် သီတင်းကျွတ် လပြည့်နေ့မှာ သံဃာတွေ စုပြီး ပဝါဏာပြု (တပည့်တော်ကို ဆုံးမပါလို့ အချင်းချင်း ဖိတ် ကြားခြင်းပြု)ကြရတဲ့ အကြောင်းက ‘ဝစီပိတ်’ကြောင့်ပဲ။

မထေရ်နှစ်ပါး

တစ်ပါးက .. ဘုရားလက်ထက်ကပဲ ဂင်္ဂါတိရိယမထေရ် (ဂင်္ဂါ မြစ်ကမ်းဆရာတော်)တဲ့။ ဒီမထေရ်က ‘အရဟတ္တံ အပ္ပတွာ န ကေနစိ သလပိဿာမိ = ရဟန္တာ မဖြစ်သေးသရွေ့ ဘယ်သူ နဲ့ မှ စကားမပြောဘူး’လို့ အဓိဋ္ဌာန်ပြီး တရားအားထုတ်တယ်။ နှစ်နှစ်လောက် အကြာမှာ အမျိုးသမီးတစ်ယောက်က ဒီမထေရ် စကားမပြောတတ်ဘူး ထင်ပြီး စုံစမ်းလိုတဲ့ အတွက် နွားနို့ကို လိုတာထက် ပိုလောင်းလှူစဉ် ‘ရပါပြီ ဒကာမ’လို့ ဆိုသတဲ့။ သုံးနှစ်လောက်အကြာမှာ ရဟန္တာ ဖြစ်သွားတယ်။ နောက်တစ် ပါးက .. မြန်မာနိုင်ငံ ပင်းယခေတ် မဏိသာရမဉ္ဇူသာဋီကာ ကျမ်းပြု အရှင်မဟာအရိယဝံသရဲ့ ဆရာ ‘ရေငုံဆရာတော်’။ ဒီ ဆရာတော်က စကားများများပြောရရင် အကုသိုလ်ဖြစ်တတ် လို့ စကားနည်းအောင် အချိန် အတော်များများ ရေကို ငုံထား လေ့သတဲ့။ ဒါပေမယ့် စာသင်လိုစိတ် ပြင်းပြတဲ့ အရှင်အရိယ ဝံသ ရဟန်းငယ်က ဇွဲမလျှော့ဘဲ လာနေတော့ ရေကို ထွေး ထုတ်ပြီး စကားပြောသတဲ့။

နှိုင်းယှဉ်ချက်

ပထမ ဖြစ်ရပ်မှာ စကားမပြောဘဲ နေကြစို့လို့ ရဟန်းအချင်း ချင်း ကတိပြုတဲ့ အတွက် ဒုက္ကဋ်အာပတ်သင့်တယ်။ ဒုတိယဖြစ် ရပ်မှာ ရဟန်းက ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပြီးနေတာ။ အခြား ရဟန်းတွေနဲ့ ကတိပြုခြင်းမရှိ။ ကိုယ်တိုင်ရဲ့ ရွေးချယ်မှု ဖြစ်ပြီး ကိစ္စရှိရင် ဆုံးဖြတ်ချက်ကို ပြင်နိုင်လို့ အာပတ် မသင့်လောက်ဘူး။ ယနေ့ခေတ် ရိပ်သာတွေမှာ ‘Noble Silence’လို့ စကား မပြောဖို့ စည်းကမ်း သတ်မှတ်တာလည်း ပရိသတ် ဆိတ်ငြိမ် အောင်၊ ရက်တိုတို အတွင်းမှာ တရားတက်အောင် ကမ္မဋ္ဌာန်း ဆရာတွေက သတ်မှတ်တာဖြစ်လို့ အပြစ်မဆိုသာဘူး။ ဒါပေ မယ့် အဲဒီလိုလုပ်ရမယ်လို့ ဗုဒ္ဓဟောကြားချက်ကို မတွေ့ဖူးပါ။

အဖြေ

‘ရိုးရိုး ကျင့်စဉ်ထက် ပိုမို မြင့်မြတ်ပါသလား’ဆိုတော့ ဗုဒ္ဓ မဟောကြားတဲ့ အတွက် ကျင့်စဉ်လို့ကို မဆိုနိုင်ဘူး။ ဘုန်းကြီးရဲ့ အမြင်အရ အာပတ် မသင့်ရင် တောင် ပထမဖြစ်ရပ်ရဲ့ အနှစ် သာရကို နှိုက်ကြည့်ရင် မြတ်ဗုဒ္ဓ ချီးမွမ်းတဲ့ အကျင့်မျိုး ဟုတ် မယ်လို့ မထင်ဘူး။ အမှန်တကယ် တရား အားထုတ်လိုစိတ်နဲ့ ဆိုရင် အဲဒီလို လုပ်နိုင်တာကို လေးစားဖွယ်လို့ ဆိုနိုင်ပေမယ့် လာဘ်ပေါ ဘုန်းကြီး နာမည်ကျော်ဖို့ ရည်ရွယ်ပြီး သူများနဲ့ မတူအောင် လုပ်ပြတာမျိုး ဖြစ်ရင် တော့ ‘တိတ္ထိတွေပဲ ကျင့်တာ’ လို့ ပဲဆိုရမလိုပါဘဲ။

မီးလွတ်ကိုယ်တော်’ ‘ရေဆွမ်းအရှင်’ဆိုတာတွေကိုလည်း ..
၁)သူ့ ရွေးချယ်မှုဖြစ်လို့ လုပ်ခွင့်တော့ ရှိနိုင်တယ်
၂) အဲဒီလို လုပ်ရမယ်မလုပ်ရဘူးလို့ ဗုဒ္ဓ ပညတ်ချက်မရှိ
၃)အမဲသားဆွမ်းကို ဘုဉ်းပေးပြီး တရားအားထုတ်တဲ့ ရဟန်းထက် ပိုမသာဘူး .. လို့ မှတ်ပါ။ ဘုန်းကြီးအထင် ဒါမျိုး အများစုက ထူးအောင် လုပ်ပြပြီး ကြွားဖို့မှ မဟုတ်ဘဲ။

အမေရိကကိုလည်း နာမည်မျိုးစုံနဲ့ ရောက်လာတာတွေနဲ့ ကြုံဖူးပါရဲ့။ ထူးတာ ကျော်တာကိုမှ လိုက်စားသူတွေ အလိမ် ခံရတာကိုလည်း ကြားဖူးရဲ့။ ဥပမာ .. ဘုရားအတွက် ဆိုပြီး အလှူခံသွားတယ်၊ သွားကြည့်တော့ ဘုရားမရှိ။

စက်တင်ဘာ ၂၀၊၂၀၁၄။

---

၃၆၈။ ကျမ်းညွှန်းပေးပါ

ဆရာတော်ဘုရား၊

လေးစားစွာ မေးမြန်းအပ်ပါသည်။ ရဟန်းတော် တစ်ပါးသည် မိမိသည် မဂ်အဆင့်တခုခု ရှိပါလျက် နှိမ့်ချသော သဘောဖြင့် ကိုယ့်ကိုယ်ကို ပုထုဇဉ်ဟု ပြောဆိုနေခြင်းသည် မုသားဖြစ် မဖြစ်နှင့် ထိုရဟန်းသည် မည်သည့် အတွက်ကြောင်း မုသားဖြစ် နေမှန်း သိလျက်နှင့် ထိုသို့ ပြောဆိုနိုင်သည်ကို ဖြေကြားပေး ပါရန် တောင်းပန် လျှောက်ထားအပ်ပါသည်။ အကယ်၍ ပြော ဆိုခွင့်ရှိလျှင်လည်း အကြောင်းကို သိလိုပါသည်ဘုရား။

အမှန်သိလိုသူ

---

‘အမှန်သိလိုသူ’အနေနဲ့ ‘အရိယမဂ် တစ်ခုခုကို ရထားတဲ့ ရ ဟန်းသည် နှိမ့်ချလိုစိတ်နဲ့ မုသားစကား ဆိုတယ်’ ဆိုတာမျိုး ဘယ်ကျမ်းဂန်မှာ တွေ့ဖူးပါသလဲ။ တွေ့ဖူးရင် မထေရ်ရဲ့ ဘွဲ့ အမည် သို့မဟုတ် ကျမ်းညွှန်းကို သိပါရစေ။ ဘုန်းကြီး မတွေ့ ဖူးသေးလို့ ပါ။ အဲဒီရဟန်းမျိုးကို ယခုအပြင်မှာ တွေ့တာဆိုရင် တော့ အဲဒီ ရဟန်း အမှန်ကို ပြောတာပဲ ဖြစ်မှာပါ။ အနိမ့်ဆုံး အဆင့် သောတာပတ္တိမဂ်ကို ရပြီးရင်ပဲ လူဖြစ်စေ ရဟန်းဖြစ် စေ အသက်ဟူသော အကြောင်းကြောင့်ပင် မုသားစကား မပြောတော့ဘူးဆိုတာ သေချာတယ်။ ဒါကြောင့် မဂ်တစ်ခုကို ရ ထားမှန်းသိလျက်နဲ့ ‘ပုထုဇဉ်ပါ’လို့ တော့ ပြောမယ် မထင်ဘူး။

ဘူတာရောစန (ဝိနည်း)သိက္ခာပုဒ်အရ ရဟန်းဟာ အစစ် အမှန် စျာန်မဂ်ဖိုလ်ကို ရနေပေမယ့်မိမိရရှိထားတဲ့ စျာန်မဂ် ဖိုလ်တရားကိုလူသာမဏေကို မပြောကောင်းဘူး။ ရဟန်းအချင်းချင်းတော့ ပြောကောင်းတယ်။ ဒါပေမယ့် ရဟန္တာတွေဟာ မိမိ အရဟတ္တဖိုလ်ကို ရပြီးဖြစ်ကြောင်း အခြားတစ်ယောက်ကို မပြောကြားလိုကြဘူး (သံ၊ဋ္ဌ၊၁၊၆၉)လို့ ဆိုတယ်။ မိလိန္ဒ မင်းက ‘အရှင်နာဂသေနသည် ပဋိသန္ဓေ နေပါဦးမည်လော’လို့ မေးတဲ့ အခါ အရှင်မြတ်က ဒီမေးခွန်းက မင်းကြီးအတွက် အကျိုးမရှိလို့ မမေးပါနဲ့။ င့ါမှာ ဥပါဒါန်ရှိသေးရင် ပဋိသန္ဓေနေဦး မှာပဲ၊ ငါ့မှာ ဥပါဒါန် မရှိတော့ရင် ပဋိသန္ဓေ မနေတော့ဘူးလို့ မင်းကြီးကို ပြောပြီးသားပဲ (မိလိန္ဒ၊၄၈)’လို့ သွယ်ဝိုက်ပြီး ဖြေကြားတယ်။

အမှန်တော့ ‘ဥတ္တမတ္ထံ အနုပ္ပတ္တော၊ နာဂသေနော ဝိသာရဒေါ = အရဟတ္တဖိုလ် အကျိုးထူးသို့ ရောက်ပြီး ပိဋကတ်၌ ရဲရင့်သော အရှင်နာဂသေနမထေရ်၊ မိလိန္ဒ၊၂၀)’အရ အရှင်နာဂ သေနဟာ ရဟန္တာပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါကြောင့် ‘ကျုပ်ကတော့ ပုထုဇဉ်ပဲ ရှိပါသေးတယ်’လို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ဘယ် တော့မှ ပြောမှာ မဟုတ်ဘူး။ အရှင်နာဂသေနအနေနဲ့ ရဟန္တာ မဖြစ်သေးရင်လည်း ‘ငါ ပဋိသန္ဓေ နေဦးမယ်’လို့ပဲ ဖြေမှာ။ ရဟန္တာတို့ရဲ့ဆန္ဒအတိုင်း ဖွင့်လည်းမပြောချင်တော့ သွယ်ဝိုက် ပြီး သိသွားအောင်တော့ လုပ်လိုက်တာပဲ။ အာပတ်လည်း လွတ်၊ သိလိုသူလည်း သိသွားတာပဲ။ အခြား အရိယာပုဂ္ဂိုလ် တွေလည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်။

စက်တင်ဘာ ၂၂။ ၂၀၁၄။

---

၃၆၉။ ဘုရားလောင်း မိခင်ရဲ့ သက်တမ်း

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

ဘုရာလောင်း မိခင်များဟာ အဘယ်ကြောင့် ဘုရားလောင်းမီး ဖွားသန့်စင်ပြီးလျှင် ၇-ရက်ဆိုလျှင် သက်တော် ကုန်ပါသနည်း ဘုရား။

ဘိုဘို

---

ဘုန်းကြီးဆီကို လာနေတဲ့ James Mcshea အမည်ရှိ မိတ်ဆွေ က ‘ဗုဒ္ဓရဲ့ မိခင်ဟာ အရွယ်လွန်ပြီးမှ ကလေး မွေးဖွားရတာ ဖြစ်လို့ မွေးရခက်တဲ့ အတွက် ဗုဒ္ဓကို မွေးပြီးတာနဲ့ ကွယ်လွန် သွားတာဖြစ်နိုင်တယ်’လို့ ဆိုဖူးတာကို အမှတ်ရတယ်။ ‘ပါရမီ’ ဆိုတာကို နားမလည်သူတွေက အဲဒီလို ထင်ကြမှာပဲ။ အမှန်က ဒီလိုမဟုတ်ပါဘူး..

ဗုဒ္ဓလောင်းလျာ သေတကေတု နတ်သားဟာ နတ်ဗြဟ္မာ တွေရဲ့ တောင်းပန်မှုအရ လူ့ပြည်မှာ ပဋိသန္ဓေ ယူတော့မယ်လို့ ဆုံးဖြတ်ပြီးနောက် ..
‘၁)ဗုဒ္ဓဖြစ်ထိုက်တဲ့ အချိန်
၂)ရှေးဘုရားတို့ ပွင့်ထွန်းရာ ဇမ္ဗူဒီပ္ကျွန်း
၃)ရှေးဘုရား တို့ပွင့်ထွန်းရာမဇ္ဈိမဒေသ
၄)ခတ္တိယမင်းမျိုး
၅) မိခင်ရဲ့ အသက် အပိုင်းအခြား’ဆိုတဲ့ ကြည့်ခြင်းကြီး ငါးပါးကို ကြည့်တယ်။ ငါးမျိုးထဲက အမှတ်-၅ အရ ဘုရား လောင်းအနေနဲ့ မိမိရဲ့မိခင်ဟာမိမိကို မွေးဖွားပြီးနောက်ခုနစ် ရက်အကြာမှာ သက်တမ်းကုန်ပြီး သူ့အလိုလိုကွယ်လွန်ရမယ့် မိခင်မျိုးကို ရွေးချယ်ရတယ်။ ဘုရားလောင်းကို မမွေးဖွားရင်လည်း ဒီမိခင်က အဲဒီနေ့ အဲဒီအချိန်မှာ ကွယ်လွန်မှာပဲ။

ဒါကြောင့် ဘုရားလောင်းကို ဖွားမြင်ပြီး ခုနစ်ရက်အကြာမှာ သေဆုံးရတာဟာ ဘုရားလောင်း မိခင်တိုင်းရဲ့ ဖြစ်မြဲ ထုံးစံ တစ်ခုပါပဲ။ အကြောင်းက ‘ဘုရားလောင်း၏ ကိန်းအောင်းရာ ဝမ်းတိုက်သည် စေတီထိုက်၍ အခြားပုဂ္ဂိုလ် တစ်ဦးဦး ထပ်မံ မကိန်းအောင်သင့်ခြင်း၊ ယောကျ်ားများ မသွားလာသင့်ခြင်း ကြောင့် (ဇာ၊ဋ္ဌ၊၁၊၆၁)’တဲ့။

စက်တင်ဘာ ၂၃၊ ၂၀၁၄။

---

370.No Kāmesu

Dear Phom Phom,

Hope you are well and happy.

For you, I have a question that I doubt and mentioned below. I humbly request you to give me an understandable answer. Is a woman who legally divorced her husband and was no longer associated with him at all, but living under financial support of her parents, still considered 'a girl under guardian or protection' though she got already married and had a child before? If she chose a new lover and had close relationships with him (like husband and wife) without her parents' consent, can she be of Kāmesu or Akusala?

Best wishes and paying respect,
John Aung

---

Source

Here is a story: Once, Saka, king of the gods, tried to test a courtesan's precepts. He took a shape of a young man and gave her a thousand pieces, saying, "I wil visit you." Then he disappeared for three years. But she kept waiting for his visit without ever accepting new costumers. As a courtesan, she became so poor and dificult to keep her promise that she finaly went to the Chief Justices and tell him how she should do. Then the Justices said "Because he does not come for three years, now you are free. Earn your wage as before." As soon as she left the court, she met a new man who ofered her a thousand for a visit.

As she was about to take it, the former young man (Ska) showed himself. And so she refused the new one, saying "Here is the man who gave me a thousand pieces three years ago. I must go with him." Then Saka taking his form as Deva king praised her goodness in the midst of the crowd assembled. (Jātaka-tha II , p. 341.)

To think

In Buddha's time, Ambapālī of Vesali, as a good and prestige Buddhist courtesan, served Buddha and his disciples until she entered the order as a Theri (female monk).

My Point

According to above mentioned stories, a courtesan (= a prostitute)can observe 'no adultery', the 3 rd precept very well, if she does not brake her promise to the scheduled man until the end of her duty. From this Buddhist point of view, we can say women are free and independent when her guardians (i.e., mother, father, or both, etc.) agree or let her free and her age is legal. Here, 'independent' means that she is not considered that she is under anyone's protection at that situation and she should have her right and freedom to be on her own choice.

No Kamesu

You said 'she divorced her husband legaly', so she is free to deal with her marriage regardless of financial support of her parents. I don't think that she should need her parents' approval for that to maintain her precept, because she got already married, having a child. So, if she chooses a free man as her new lover and has relationship with him, she gets no Akusala or no Kāmesu.

I think, however, it is better if she could consult her parents while living in same house and under their financial support
Must because of respect, but not because of precept.

ဒီဇင်ဘာ ၃၊၂၀၁၄။

---

၃၇၁။ သူငယ်ချင်းလို့ ပဲ

တပည့်တော်မ လျှောက်ထားသည့် အကြောင်းအရာကို မေတ္တာ တရား ရှေ့ထားပြီး နားထောင်စေချင်ပါတယ် ဘုရား။ သည်းခံ ပြီးတော့လည်း ဖတ်စေချင်ပါတယ်ဘုရား။

တပည့်တော်မ အခု စင်္ကာပူမှာ နေထိုင် အလုပ်လုပ်ပါတယ် ဘုရား။ နားနဲ့ မနာ ဖဝါးနဲ့ နာပါဘုရား။ တပည့်တော်မရဲ့ ချစ်သူနဲ့ Living Together နေထိုင်ခဲ့မိပါတယ်။ ၆-လ အကြာ သူပြန်ပြီး တခြားတစ်ယောက်နဲ့ မင်္ဂလာဆောင်ပါတယ် ဘုရား။ ၂-အကြာ ပြန်လာတော့လည်း တပည့်တော်မကလည်း မပြတ် သူကလည်း ချစ်ပါတယ်ဘုရား။ တပည့်တော်မတို့ ပြန်ပြီးနေ ခဲ့မိပါတယ်ဘုရား။ အကြောင်းတစ်ခုကြောင့် သူပြန်ပြီး ယူတာ ကိုလည်း တပည့်တော်မ သိပါတယ် ဘုရား။ သူကလည်း ပွင့် ပွင့်လင်းလင်း ပြောပြပါတယ်။ တပည့်တော်မတို့ နှစ်ယောက် အချင်းချင်း နားလည်စွာ လက်တွဲချင်ပါတယ်။ သူ လက်ထပ်ခဲ့တဲ့ မိန်းမကိုလည်း ပေါင်းပါ၊ တပည့်တော်မကိုလည်း ပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တပည့်တော်မ သိချင်တာက အဲဒီ လုပ်ရပ်ဟာ အဲဒီ မိန့်မအပေါ် အပြစ်ဖြစ်ပါသလား။ တပည့်တော်မ သူ နဲ့ ရပြီးရင် သူ့မိန်းမကိုလည်း အစ်မတစ်ယောက်လို ပြုစုလုပ် ကျွေးမှာပါဘုရား။ တပည့်တော်မ သိချင်တာ သူ့အပေါ် အပြစ် ဖြစ်ပါသလား။

သိချင်လွန်း၍ မေးမိတာပါဘုရား။ အမှားပါရင် ခွင့်လွှတ်ပါ အရှင်ဘုရား။

နှင်းဝေလှိုင်

---

အတူနေခြင်း

မြန်မာ့ယဉ်ကျေးမှုမှာ အလိုဆန္ဒတူ လွတ်လပ်တဲ့ မိန်းမ ယောကျ်ား အဖြစ်နဲ့ တစ်မိုးတစ်ရံတည်းမှာ တစ်ည အတူတူနေ (အတူအိပ်) ပြီးရင် (ရာသက်ပန် နေသည် ဖြစ်စေ၊ မနေသည် ဖြစ်စေ) အိမ်ထောင်ကျပြီးပြီလို့ ယူဆတယ်။ ဒီ ယူဆချက်အရ ခြောက်လကြာ အတူနေပြီးတဲ့ ချစ်သူနှစ်ယောက်ဟာ တရားရုံး မှာ လက်မှတ်မထိုးပေမယ့်၊ ဘုန်းကြီးကို မင်္ဂလာဆွမ်း မကပ် ပေမယ့် လင်မယားအရာ မြောက်တယ်။ ဒီလို အခြေအနေ ဖြစ် ပြီးမှ ယောကျ်ားက နောက်တစ်ယောက်ကို လက်ထပ်ရာမှာ ..
၁)ယောကျ်ားအနေနဲ့ လုံးဝ ကာမေသုကံ မြောက်တယ်
၂) အဲဒီ ယောကျ်ားကို လက်ထပ်တဲ့ မိန်းမကတော့ ထိုယောကျ်ား သူ့ချစ်သူနဲ့ အဲဒီအခြေအနေ ရှိပြီးတာကို သိလျက် လက်ခံခဲ့ရင် သူလည်း လုံးဝ ကာမေသုပါပဲ၊ မသိရင်တော့ ကာမေသုကံ မမြောက်ဘူး။

အခြေအနေအရ

ထိုယောကျ်ားဟာ (ဇာတ်လမ်းအဟောင်း ရှိပြီးဖြစ်လျက်) အသစ်မနဲ့ တရားဝင်လက်ထပ်ပြီး နှစ်လကြာနေပြီး ဖြစ်လို့ အဲဒါလည်း တစ်ဖန် အိမ်ထောင်ရှိ ယောကျ်ား မိန်းမလို့ ဆိုရပြန်တယ်။ အဲဒီလိုဖြစ်ပြီးမှ အသစ်နဲ့ အပြီးမသတ်ခဲ့ဘဲ အဟောင်း ဆီကို ပြန်လာပြီး အတူတူနေရာမှာ ‘သူက ပွင့်ပွင့်လင်းလင်း ပြောပြပေမယ့်’ (အဲဒီ ပွင့်လင်းမှုက ဒီနေရာမှာ အသုံးမတည့်ဘူး။ ဟို .. ဇာတ်လမ်းသစ်နဲ့ စာမျက်နှာသစ် မဖွင့်ခင်က ပွင့် လင်းခဲ့ရမှာ)..
၁) ထိုယောကျ်ားဟာ နှစ်ထပ်ကွမ်း (နောက်တစ်ကြိမ်) ကာမေသုကံကို ကျူးလွန်ရာ ရောက်တယ်။
၂) ထိုယောကျ်ားကို ပြန်လက်ခံတဲ့ ချစ်သူဟောင်းလည်း အသစ်နဲ့ မပြတ်ခဲ့ကြောင်း သိနေရင် (အဲဒီယောကျ်ားကို အကြောင်းပြု၍ပင်) ကာမေသုကံ ထိုက်သွားရတယ်။ ပြတ်ခဲ့ပြီလို့ ယုံကြည်လို့ ဖြစ်စေ၊ မသိလို့ ဖြစ်စေ အတူတူ နေရင်တော့ ကံမမြောက်ဘူး။

အပြစ်ဖြစ်သလား

ပါဝင်ပတ်သက်သူ ကာယကံရှင်တွေ အပြစ်ဖြစ် မဖြစ်ကတော့ အပေါ်မှာ ပြောထားတဲ့ အတိုင်းပါပဲ။ ‘မပြတ်နိုင်လို့ တပည့်တော်မကိုပါ လက်တွဲမယ်’လို့ သူကဆိုရင် ကိုယ်ကလက်ခံနိုင် ပေမယ့်သူနဲ့ ကိုယ်နဲ့ ကိုယ်ထိလက်ရောက်မဖြစ်ခင်မှာ ဟိုကျန် ခဲ့တဲ့ တစ်ယောက်ရဲ့ သဘောတူညီချက် သို့မဟုတ် နားလည် ခွင့်ပြုချက် ရှိရမယ်။ အဲ့တစ်ယောက် သဘောတူရင် ‘အစ်မ လိုဖြစ်စေ အမေလိုဖြစ်စေ ’ ဒါကတော့ ကိုယ့်သဘောပါ။ Love is blind. ဆို မဟုတ်လား။ သဘော မတူရင်တော့ နှစ်ယောက် လုံး ‘သူငယ်ချင်းလို့ ပဲ ဆက်၍ ခေါ်မယ်ခိုင်’လို့ ပြောကို ပြောရ တော့မယ်၊ ကာမေသုကံ မဖြစ်ချင်ရင်ပေါ့။

ရှားပါး ဖြစ်ရပ်

ရန်ကုန်၊ ကမ္ဘာအေးမှာနေတုန်းက ဘုန်းကြီးစန် (ယခုရွှေတိဂုံ ဘီအိုစီ ပိဋကတ်ကျောင်း ဆရာတော်) အခန်းကို လာတဲ့ မြောင်းမြသား အသက် ၅၀-လောက် ဒကာတစ်ယောက်နဲ့ ဆုံ ဖူးတယ်။ ပျော်ပျော် နေတတ်တယ်၊ ပွင့်လင်း ဖော်ရွေပြီး အပြောကောင်းတယ်၊ တကယ့် မင်းသား လူချောပဲ။ သူ့မှာ ဇနီး နှစ်ယောက်။ တစ်ယောက်က မြောင်းမြသူ အိမ်နီးချင်း၊ အရွယ် ရောက်စမှာ အချင်းချင်း ချစ်ခဲ့တာ။ သူ ရန်ကုန်မှာ ကျောင်း လာတက်တော့ သူ့မှာ ‘စာအု’ရှိတာ သိပေမယ့် အတန်းတူ မိန်းကလေး တစ်ဦးက ဆက်ကြိုက်တယ်။ ရွာက ငယ်ချစ်ကလည်း သိပေမယ့် စိတ်မဆိုး။ နောက်ဆုံး နှစ်ယောက်လုံးက သူ့ကို မပြတ်နိုင်၊ သူကလည်း နှစ်ယောက်လုံးကို မပြတ်နိုင်လို့ မင်္ဂလာဆွမ်းနှစ်ခါ ကပ်ရသတဲ့။ (သူ့အပြောနှစ်ဘက်မိဘတွေ သဘောတူဆိုပဲ။) ဘုန်းကြီးနဲ့ တွေ့တဲ့ အချိန်မှာ တစ်ဖက်ကို ကလေး သုံးယောက်စီ ရှိတယ်။ မြောင်းမြသူက မြောက်ဥက္ကလာကို ပြောင်းနေပြီး၊ ရန်ကုန်သူကတော့ ၃၆-လမ်းမှာ နေ သတဲ့။ နှစ်ဘက် ကလေးတွေလည်း အဆက်အသွယ် ရှိသတဲ့။ (သူများတွေ အဆင်ပြေချင်တော့လည်း အဲဒီလိုကြီးဗျို့)။

အဲဒီလို ရှားပါးဖြစ်ရပ်မို့လည်း ဘုန်းကြီး ခုထိ အမှတ်ရဆဲ ဖြစ်နေတာပေါ့။

ဒီဇင်ဘာ ၄၊ ၂၀၁၄။

---

၃၇၂။ လန်ဒန်နစ္စတန်

အရှင်ဘုရား၊

ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်တစ်ခု၏ စကားရည်လုပွဲ တစ် ခုတွင် ဗုဒ္ဓဘာသာမဟုတ်သူ လူတစ်ယောက်က ဗုဒ္ဓဘာသာမှာလည်း အစွန်းရောက်တွေ ရှိနေပြီလို့ ပြောသွားပါသည် ဘုရား။ ဗုဒ္ဓဘသာယုံကြည်သူကို အစွန်းရောက်ထဲ ထည့်သွင်းလို့ ရနိုင် ပါသလား။ ဘယ်လိုနည်းနဲ့ ထည့်သွင်းနိုင်သည်ကို ရှင်းပြပေး စေလိုပါသည်။

ချစ်ကို

---

အကြမ်းဖက်

အကြမ်းဖက် ဆိုတာကို နိုင်ငံရေး လူမျိုးရေး ဘာသာရေး စ သည်ကို အကြောင်းပြုပြီး မကျေနပ်၊ အမုန်းပွား၊ အငြိုးထား စိတ်များကြောင့် တုံ့ပြန်သို့မဟုတ် လက်စားချေတဲ့ အနေနဲ့ အပြစ်မဲ့ လူ့အသက်တွေကို မခိုင်လုံတဲ့ ကြောင်းပြချက်နဲ့ သတ် ဖြတ်ခြင်းလို့ ဘုန်းကြီးနားလည်ပါတယ်။ ဒီအဓိပ္ပာယ်နဲ့ ဆိုရရင် ‘မိမိ ရရှိထားတဲ့ အာဏာ၊ ဓနနဲ့ ဘဝကို မစွန့်လိုလို့ ဆန့်ကျင်သူ လက်နက်မဲ့ တိုင်းသူပြည်သားတွေကို ပစ်သတ်တာ၊ ဒုတိယ ကမ္ဘာစစ်ကာလက နာဇီတို့က မြို့ပြနေနက်နက်မဲ့ ဂျူးလူမျိုး အမြောက်အမြားကို သတ်ပစ်တာ၊ ယခု ဆီးရီးယားမှာ ယာဇီးဒီလူမျိုး ခရစ်ယန်တွေကို မူဆလင်တွေက လူမျိုးတုံး သတ်ဖြတ်တာ၊ အစိုးရရဲ့ နိုင်ငံရေး အယူအဆကို မကြိုက်လို့ လူတွေရှိနေတဲ့ အဆောက်အအုံကို လေယာဉ်နဲ့ ဝင်တိုက်တာ.. ဒါမျိုးတွေကိုပဲ အကြမ်းဖက်လို့ ဘုန်းကြီး ယူဆတယ်။ အပြစ် မရှိတဲ့ လက်နက်မဲ့ မြို့ပြလူထုကို လက်နက်ကိုင် တစ်ယောက် သို့မဟုတ် တစ်ဖွဲ့ကသတ်ဖြတ်ရင် အကြမ်းဖက်တာပဲ။

အဓိကရုဏ်း

နိုင်ငံရေးအုပ်စုဝင် အချင်းချင်း၊ မတူတဲ့ လူမျိုးနဲ့ ဘာသာရေး အုပ်စုများ အကြား၊ အပြန်အလှန် (သူလုပ် ကိုယ်လည်း ပြန် လုပ်)တိုက်ခိုက်တာမျိုးကို အဓိကရုဏ်း သို့မဟုတ် အချင်းချင်း သတ်ဖြတ်မှုလို့ ဆိုသင့်တယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် လက် နက်ကိုင်ပြီး အပြင်းအထန် တိုက်ခိုက်တာကို အကြမ်းဖက်တယ် သို့မဟုတ် အနည်းစုက အများစုကို အနိုင်ကျင့်တယ်လို့ မဆိုသင့်ဘူး။ မိမိထက် အင်အားများတဲ့ ဟံသာဝတီ စစ်တပ် ကြီး ငြာသံပေးပြီး ချီတက်လာတာကို တွေ့တော့ ဘုရင့်နောင် က ‘လူများတာကို မဖြုံဘူး၊ တိုက်ခိုက်မှုစွမ်းရည် ကောင်းရင် နိုင်တယ်’လို့ သူ့လူတွေကို ပြောတာ ဖတ်ဖူးတယ်။ အနည်းစုမှာ လက်နက်ကောင်းတွေ (တစ်နေရာရာက) ရထားရင် အိမ် မောကျနေတဲ့ အများစုတွေ မျိုးပြုတ်သွားနိုင်တာပဲ။ အောက်ပါ စာလေးကိုဖတ်ကြည့်စေချင်တယ်..

လန်ဒန်နစ္စတန်

လန်ဒန်နစ္စတန် အမည်ရှိ စာအုပ်မှာ ဂျီဟဒ် အကြမ်းဖက် အဖွဲ့ အစည်းတစ်ခုရဲ့အဆိုကို ဒီလိုဖော်ပြတယ် ‘အခြားနိုင်ငံတစ်ခု အတွင်းဝင်ရောက်အခြေချ နေထိုင်ခြင်း၏ ပန်းတိုင်မှာ ဂျီဟဒ် (အစ္စလမ်မစ်နိုင်ငံ အဖွဲ့ဝင်တွေလို ဘာသာရေးစစ်ပွဲ ဆင်နွဲမှု) တာဝန် လှုပ်ရှားလာရန်နှင့် မိစ္ဆာဒိဋ္ဌိ (၎င်းတို့၏ ဝါဒကို မယုံ ကြည်သူ)တို့အားလွှမ်းမိုးမှု ရယူရန်ဖြစ်၏။ အခြားနိုင်ငံတစ်ခု အတွင်း အခြေချ နေထိုင်ခြင်းနှင့် ဂျီဟဒ်မှာ အတူတူ သွား၏။ တစ်ခုသည် အခြားတစ်ခု၏ အကျိုးဆက်ဖြစ်ပြီး ယင်း (အခြား တစ်ခု)၌ တည်မှီ၏။ ယင်း နှစ်မျိုးအနက် တစ်ခု၏ ဆက်လက် တည်တံ့မှုမှာ အခြားတစ်ခု တည်ရှိနေခြင်းကို အမှီပြု၏’ (Me lanie Phillips, Londonistan, p. 20)တဲ့။

အစွန်းရောက်

အထက်ပါ ဖော်ပြချက်တွေက မေးခွန်းနဲ့ ပတ်သက်ပါတယ်။ ဘာကြောင့်ဆို အကြမ်းဖက်၊ အဓိကရုဏ်း ဆိုတာ တွေက ‘အစွန်းရောက်’တဲ့ အတွေးအမြင်ကြောင့် ဖြစ်ရလို့ ပါ။ ဗုဒ္ဓဝါဒ (ထေရဝါဒ မဟာယာန နှစ်မျိုးလုံး)ရဲ့ ကျမ်း ဂန်တွေမှာ အစွန်းရောက် ဟောကြားချက်မျိုး မပါတာ လုံးဝ သေချာတယ်။ ‘ဗုဒ္ဓကို မယုံသူ ဗုဒ္ဓဝါဒီ မဟုတ် သူကို မုန်းရမယ်၊ မည်သည့် လူမျိုးကို မိတ်ဆွေအပြစ် မပေါင်းသင်းနဲ့၊ ဗုဒ္ဓဝါဒ ပြန့်ပွားရေး အတွက်သို့မဟုတ် ဗုဒ္ဓဝါဒီတွေနှိပ်စက်ခံရလို့ လက်စားချေတဲ့ အနေနဲ့ စစ်ပွဲဆင်နွှဲရမယ်’လို့ မည်သည့်ဗုဒ္ဓဝါဒ ကျမ်းစာတွင်မှ မသင်ကြားသလို ဗုဒ္ဓဘာသာ အမည်နဲ့ စစ်ပွဲ ဖြစ်ပွားခဲ့တာမျိုးလည်း ကမ္ဘာ့သမိုင်းမှာ ရှာတွေ့မှာ မဟုတ်ဘူး။ ‘ပြောတိုင်း မယုံနဲ့၊ ကိုယ့်လုပ်ရပ်ကို ပညာရှိတို့ ကဲ့ရဲ့ရင် အဲဒီ ယုံကြည်မှုကို စွန့်ပါ’လို့ ပဲ ဗုဒ္ဓ သင်ကြားပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓကို စံနမူ အဖြစ် အတုယူလေ .. ဗုဒ္ဓဝါဒကျမ်းစာ သင်ကြားချက်တွေကို အတိအကျ လိုက်နာလေ၊ အစွန်းမရောက်လေပါပဲ။

ဒါလေးကို ဖတ်ပြီးရင် ဗုဒ္ဓဘာသာ ယုံကြည်သူကို အစွန်း ရောက်ထဲ ထည့်သွင်းလို့ ရနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာကိုယ် အဖြေရှာနိုင်လောက်ပြီလို့ ယူဆပါတယ်။ သူတို့က ဘာလဲ

ဒါပေမယ့်..ဒီလိုတော့ နားလည်ထားသင့်တယ်။ ဗုဒ္ဓဝါဒ ဝတ်ရုံ အောက်မှာ အခြားမည်သည့် ယုံကြည်ချက် မတူသူ လူမျိုးကွဲ သူကိုမျှ အမုန်းတရား ပွားအောင် စည်းရုံး လှုံ့ဆော်ရင် မမှန်ဘူး။ မိမိတို့ဗုဒ္ဓဝါဒီ မျိုးဆက်သစ်တွေရဲ့နှလုံးသားမှာ ငြိမ်းချမ်း တဲ့ ဗုဒ္ဓဝါဒ အနှစ်သာရ အစစ်အမှန် ကိန်းဝပ်အောင်၊ ယုံကြည် မှုနဲ့ အမျိုးအနွယ် မတူသူတွေအပေါ် လူသားအနေနဲ့ ရှုမြင် တတ်အောင် သင်ကြားဖို့သာ အဓိက ကျကြောင်းပါ။ အဲဒီလို မဟုတ်ရင် မေးခွန်းပါ ဘီဘီစီက ပုဂ္ဂိုလ်လို လူတွေက ဗုဒ္ဓဝါဒီ တွေကိုလည်း အစွန်းရောက်တွေထဲ ဆွဲသွင်းလိမ့်မယ်။ အစွန်း ရောက်တစ်စုကြောင့်မူလဆင်အားလုံး ထိခိုက်ရသလိုပေါ့

ကမ္ဘာ့လူဦးရေ သန်း ၆-ထောင်ခန့်မှာ ဗုဒ္ဓဝါဒီ (လို့ ဆိုနိုင် သူ)သန်း၃၀၀-ကျော်လောက်က အရှေ့တိုင်းမှာ ရှိကြတယ်။ ၁၉၇၀-ပြည့်လွန် နှစ်တွေကစပြီး အနောက်တိုင်း ပညာရှင် လောကမှာ ဗုဒ္ဓဝါဒ ရေပန်းစားလာလို့ မယုံကြည်သူတွေက ဗုဒ္ဓဝါဒီတို့ရဲ့ ပြောဆို ပြုမူတာတွေကို စောင့်ကြည့်ပြီး မှားတာနဲ့ ဒင်းတို့လည်း အတူတူပါလို့ လက်ညှိုးထိုးဖို့ အဆင်သင့်ပဲ။ ဒါကြောင့် မိမိတို့ ပြောဆို ပြုမူတာတွေနဲ့ ပတ်သက်ပြီး ပြည်ပ ကမ္ဘာရဲ့ တုံ့ပြန်မှုကို ဗုဒ္ဓဝါဒီတို့ လုံးဝ ဂရုစိုက်သင့်တယ်။ ပြည်ပကမ္ဘာမှာ မိမိတို့ ဗုဒ္ဓဝါဒအကြောင်းကို ကောင်းစွာ မသိသူ သို့မဟုတ် မယုံကြည်သူတွေ အများကြီးရှိလို့ ပါ။ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားက ‘အနောက်တိုင်းက လူတွေကျုပ် ကိုလက်ခံတာ ကျုပ်ဗုဒ္ဓဝါဒီဖြစ်လို့ မဟုတ်ဘူး၊ ကျုပ်က ကိုယ်ချင်းစာတရား (Compassion)နဲ့ လူကို လူလိုပဲ မြင်ခြင်း (Humanism)ကို မြှင့်တင်ဖို့ ဟောကြားလို့ ပါ’တဲ့။ အင်မတန် မှတ် သားစရာကောင်းတဲ့ အယူအဆပါ။

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅။

---

၃၇၃။ ဖိုးတစ်လုံးကဲ

အရှင်ဘုရား၊

တပည့်တော်နှင့် တစ်ခန်းတည်း နေသည့် အသက် ၆၀-ကျော် လူကြီးတစ်ယောက်က နာမည်ကြီးသော ဆရာတော်တစ်ပါး၏ အမည်ကို ရည်ညွှန်းပြီး ၎င်းသည် ထိုဆရာတော်မှ လွဲ၍ အခြား မည်သည့် ဘုန်းကြီးကိုမျှ ရှိမခိုးဟု ဆိုပါသည်။ ၎င်း၏ စကားအရ ဆိုလျှင် ထိုဆရာတော်မှလွဲ၍ အခြားဆရာတော် သံဃာတော်များမှာ ဘုန်းကြီး မဟုတ်ဟု အဓိပ္ပာယ်ရှိနေပါသည်။ ထိုသို့ ပြောဆိုသဖြင့် ထိုပုဂ္ဂိုလ်သည် မည်သည့် အကုသိုလ် အပြစ်ရှိနေပါသနည်း။

ထူးမောင်

မိုးခါးရေ မသောက်

တောထွက်ကိုယ်တော်ကြီး တစ်ပါးက ‘သူများကိုယ့်ကို အာရုံစိုက်တာ ခံချင်ရင် သူများနဲ့ မတူအောင်နေမှ’တဲ့။ သူ့နည်းက .. ဆွမ်းစားအိမ်မှာ အလှူရှင်က နဝကမ္မ ကပ်လှူလာရင် မျက်လွှာချပြီး အလွန် အလိုလောဘ နည်းတဲ့ ဟန်နဲ့ ‘ဦးပဉ္စင်းက ဝတ္ထုငွေကို အလှူမခံပါဘူး။ လိုအပ်တဲ့ ပစ္စည်းဝတ္ထုကို လှူချင်ရင် လှူပေါ့’ဆိုတော့ အလှူ့ရှင်က အလိုက်သိစွာနဲ့ ‘အလိုရှိတာကို အလှူခံပါဘုရား’ပေါ့။ နောက် နှစ်ရက်ခန့် ကြာတော့ ကျောင်းကနေ ဖုန်းဆက်တယ် ‘ကျောင်းမှာ ကွန်ပျူတာ လိုတယ်’တဲ့။ ပြီး ‘သာဓုသာဓု’ (ဟိုကလှူပါ့မယ်လို့ ပြန်ပြောပုံရတယ်)၊ ကွန်ပျူတာလှူရင် ပရင်တာလည်း ပါမှနော်’တဲ့။ ကြုံလို့ ဘုန်းကြီးက အခြေအနေ အချိန်အခါ နေရာဒေသနဲ့ လိုက်လျောညီထွေ ရှိရင် အများနဲ့ မဆန့်ကျင်လို့ သူရောကိုယ်ပါ စိတ်ချမ်းသာကြောင်း အရိပ်အမြွက်ပြောကြည့်တော့ ‘သူများ မိုးခါးရေသောက်တိုင်း ကိုယ် မသောက်နိုင်ဘူး’တဲ့။

ဟန်ဆောင်ခြင်း

‘မိုးခါးရေ မသောက်ချင်ရင် နင့်ဟာနင် ပရိတ်သတ်နဲ့ ဝေးတဲ့ နေရာကို သွားနေပါလား’လို့ ဟိုတစ်ဖက်သားက ဆိုလာမှာပေါ့ (ဟုတ်တယ်လေ..ပရိတ်သတ်ထဲမှာ နေရင် တစ်ဖက်သားဆိုတာကို မဖြစ်မနေ ထည့်စဉ်းစားရမှာပေါ့)။ ကိုယ့်အခြေအနေ အရ ကိုယ့်ကို လူအထင်သေးမှာ ကြောက်လို့ သို့မဟုတ် သူများနဲ့ မတူဖို့ ရည်ရွယ်ပြီး မြင်သာအောင် သို့မဟုတ် လူရှေ့ ရောက်မှ လုပ်ပြပြီး အများနဲ့ ဆန့်ကျင်ဘက် ဖြစ်နေရင် ဒါမျိုးကို ကြောင်းကျိုး မြင်သိသူတို့ မချီးမွမ်း မလေးစားနိုင်ဘူး။ ဒါမျိုး လုပ်ပြရုံနဲ့ သင့်ရဲ့ စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြယ်မှု)အဆင့် ဘယ်လောက် ပိုပြီး တိုးတက် သွားပါသလဲလို့လည်း မေးခွန်းထုတ်ကြလိမ့်မယ်။ ဒါပေါ့ .. နိဗ္ဗာန်ရဖို့ တကယ် ကျင့်တဲ့ အခါ အသက်နဲ့ လဲပြီး စိတ္တဝိသုဒ္ဓိ ဖြစ်အောင် ကြိုးစားစမ်းပါ။ ပထမဆုံး ချီးမွမ်းမှာက အဲဒီ ကြောင်းကျိုး သိသူတွေပဲ ဖြစ်မှာ။ လူ့ ပတ်ဝန်းကျင်နဲ့ နေတဲ့ အခါတော့ ကိုယ့်ကို အကြောင်းပြု၍ အများကို မထိခိုက်အောင် တော်ရုံတန်ရုံအခြေအနေမှာ ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီထွေ ရှိသင့်တာပဲ။

ပုံပြင်တစ်ခု

ငယ်စဉ်ကအဖိုး (ဆရာဘုန်းကြီးလူထွက်)ပြောပြဖူးတဲ့ ပုံပြင် တစ်ခုက..ဗာလနဲ့ ပဏ္ဍိတလို့ လူငယ်နှစ်ယောက်ကုန်းသွယ် ကိစ္စနဲ့ ခရီးသွားကြသတဲ့။ သင်္ဘောဆိုက်လို့ မြို့တစ်မြို့ကို ရောက်စဉ် အဲဒီမြို့မှာ ယောကျ်ားတွေ အားလုံး ခြေတစ်ချောင်း ကျိုးနေတာကို တွေ့တော့ ပဏ္ဍိတ စဉ်းစားပုံက ‘ယောကျ်ား အားလုံး ခြေတစ်ချောင်း ကျိုးနေတာဟာ ထူးခြားတဲ့ အကြောင်းတစ်ခု ရှိရမယ်၊ ငါလည်း မကျိုးပေမယ့် ကျိုးဟန်ဆောင်ပြီး အခြေအနေကို လေ့လာရမယ်’တဲ့။ ဒါပေမယ့် ဗာလ ကတော့ ‘ငါလို ခြေထောက် နှစ်ချောင်းလုံး ကောင်းသူဟာ ဒီမြို့မှာ နာမည်ကြီးပြီး ဘုရင်ဖြစ်လာနိုင်တယ်။ ငါတော့ မုတ်ဆိတ်မွှေး ပျားစွဲတာပဲ’လို့ စဉ်းစားပြီး ကြွားကြွားဝင့်ဝင့်နဲ့ သွားလာသတဲ့။ အမှန်တော့ ဒီမြို့သားတွေက ဘုရင့်အမိန့်နဲ့ ခြေတစ်ချောင်းကို ချိုးထားရတာ။ ဗာလ အကြောင်းကို ဘုရင်သိသွားတဲ့ အခါ ဗာလလည်း ခြေတစ်ချောင်း ချိုးခံရတာပေါ့။ ဒီလိုနဲ့ ပဏ္ဍိတဟာ အခြေအနေနဲ့ လိုက်လျောအောင် ပြုမူခဲ့လို့ ကိုယ့်မြို့ရွာကို ခြေမကျိုးဘဲ ပြန်လာနိုင်ခဲ့သတဲ့။

ဆိုးကျော်ကြီး

အဆိုးဖက်မှာ နာမည်ကျော်တဲ့ ဘုန်းကြီး လူထွက်ကြီး တစ်ယောက်က မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီးဆီမှာ သရဏဂုံကို ဆောက်တည်ရမှ အားရကျေနပ်တယ် ဆိုပဲ။ ၁၉၈၈ (အရေးအခင်း အတွင်း)မှာ သူ့စကားကို နားနဲ့ ဆတ်ဆတ် ကြားရစဉ် ‘သူလို လာဘ်စား ခြစားနေသူအနေနဲ့ ဘုရားဆီမှာ ဆိုရင်ကော တကယ်သရဏဂုံ တည်နိုင်ပါ့မလား’လို့ ဘုန်းကြီး တွေးနေခဲ့ဖူးတယ်။ မေးခွန်းပါ အသက် ၆၀-ကျော် ပုဂ္ဂိုလ်ကြီးလည်း အနှီဘုန်းကြီးလူထွက် ဆိုးကျော်ကြီးလိုပဲ နေမှာ။ ဒီလို လူမျိုးက ဘုရား သက်တော်ထင်ရှား ရှိရင်တောင် ‘တို့က ဗုဒ္ဓဘုရားကိုပဲ ရှိခိုးတယ်၊ ကျန်တဲ့ ရဟန္တာတွေက အလကားပါ’လို့ ပြောမယ့် လူစားမျိုး။ အမှန်တော့ အဘဗ္ဗ (ဘယ်လောက် တရား ထိုင်ထိုင် တရားထူး မရနိုင်သူ) ဆိုတာ သူလို လူမျိုးပေါ့။ ဗမာတွေ အချင်းချင်း အတင်းပြောလွန်းတဲ့ အတွက် မကောင်းလို့ ဗမာများတဲ့ ပရိသတ်ထဲကို မဝင်ဘူးလို့ ကြေညာလေ့ရှိတဲ့ ပြည်ပရောက် ဗမာအချို့လို နေမှာ။ ကိုယ်ကတော့ မကောင်းတဲ့ ဗမာတွေထဲ မပါဘူး၊ သို့မဟုတ် ကိုယ်ကမှ အင်မတန် ကောင်းတဲ့ တော်တဲ့ ဗမာလို့ ကိုယ်ကိုယ်ကို အထင် ရောက်နေသူတွေ ဒီဖက်မှာ မကြာခဏ ကြုံရတတ်ပါတယ်။

ဒုမင်္ဂလကြီး

အဲဒီ ပုဂ္ဂိုလ်ကြီး အနေနဲ့ သူကြည်ညိုတဲ့ ဘုန်းကြီးက လွဲပြီး အခြား ရဟန်းတွေကို မည်သို့ သတ်မှတ်စေ၊ သံဃာမှာ မနစ် နာပါဘူး။ ပထမဆုံး နစ်နာမှာက အဲဒီ ပုဂ္ဂိုလ်ကြီးပဲ ဖြစ်လိမ့် မယ်။ ဗုဒ္ဓဝါဒီပါလို့ ဆိုရင်းက ပူဇော် ရိုသေထိုက်သူကို ကျောခိုင်းနေလို့ (မင်္ဂလသုတ်အရ) သူဟာ အနည်းဆုံး သက်ရှိ ဒုမင်္ဂလကြီး ဖြစ်သွားတယ်။ စိတ်ထဲမှာ မကြည်ညိုစိတ် သို့မ ဟုတ် မြင်ပြင်းကပ်တဲ့ စိတ်သို့မဟုတ် ဒေါသစိတ်၊ ဒီစိတ်နဲ့ အတူ ဖြစ်တဲ့ မနာလိုဝန်တို အမျိုးမျိုး ထင်ကြေးပေးဆိုတာတွေဖြစ်တယ်၊ ဒါတွေ အားလုံး အကုသိုလ် စိတ်တွေချည်းပဲ။ ဒီစိတ် ပြင်းထန်သလောက် သူ့အကုသိုလ် ပြင်းထန်မှာပဲ။

ဒါကြောင့် ဗုဒ္ဓဝါဒီအနေနဲ့ အလိုလိုနေရင်း အကုသိုလ်မဖြစ် သင့်ပါဘူး။ ရဟန်းတစ်ပါးနဲ့ တွေ့လို့ ဦးညွတ်ဖို့ ကြုံလာရင် .. ‘လေးပါးနဲ့ လေးပါးထက် အပိုအလွန်ရှိတဲ့ ရဟန်းအပေါင်းဟာ သံဃာမည်တယ်လို့ (အဲဒီလိုသံဃာရဲ့အဓိပ္ပာယ်ကိုနားလည် ၍) သံဃာကို ဦးစွာ အာရုံပြု။ ပြီးမှ .. ‘သံဃော နာမ ဒုဿီလော နတ္ထိ = သံဃာမှာ ဒုဿီလ (အကျင့်ပျက်သူ)လို့ မရှိပါဘူး။ သိက္ခာသုံးရပ်ကို တတ်စွမ်းသမျှ ကျင့်ကြံနေကြတာပဲ’လို့ စိတ်ထဲက ဆိုပြီး အသင့်နှလုံးသွင်း ဆင်ခြင်တတ်အောင်နဲ့ အဆိုပါပုဂ္ဂိုလ်ကြီးရဲ့စိတ်မျိုးရှိ မနေမိအောင်ကိုယ့်ကိုယ်ကို ဆုံးမဖို့လေ့ကျင့်ရင်း ရှိခိုးဦးညွတ်ဖို့ ဝန်မလေးပါလေနဲ့။

ဇန်နဝါရီ ၂၃၊ ၂၀၁၅။

၃၇၄။ မြတ်ဗုဒ္ဓရဲ့ နောက်ဆုံးဆွမ်း

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

သက်သတ်လွတ် စားတဲ့ မိတ်ဆွေ တစ်ယောက်က မြတ်စွာ ဘုရားလည်း သက်သတ်လွတ်ဟု ဆိုပါသည်။ ဒါပေမဲ့ မြတ်စွာ ဘုရားဟာ ပရိနိဗ္ဗာန်စံခါနီး ဝက်သားဆွမ်းကို ဘုဉ်းပေးသည် ဟု တပည့်တော် မှတ်သားဖူးပါသည်။ မြတ်စွာဘုရားဟာ အမှန်ပဲ ဝက်သားဆွမ်းကို ဘုဉ်းပေးမပေး ကရုဏာဖြင့် ဖြေကြား ပေးစေလိုပါသည် အရှင်ဘုရား။

မြင့်မြတ်

သက်သတ်မလွတ်

‘တပ်မက်ခြင်း၊ မုန်းတီးခြင်းတို့သည်သာ လူတို့၏ အညှီအဟောက် ဖြစ်၏။ အသားဟူသော စားဖွယ်မှာ အညှီအဟောက် မဟုတ်။ အသားငါး မစားခြင်း၊ အဝတ် မဝတ်ခြင်း စသည်ဖြင့် သတ္တဝါတွေကို စင်ကြယ်အောင် မလုပ်နိုင် (သုတ္တနိ၊၃၁၅)’။ ‘ဖြစ်နှင့်ပြီးအသား (မဝယ်မီ ပေါ်ပြီးအသား)ကို ဝယ်ယူ ချက် ပြုပ်ထားတဲ့ သောတာပန် သီဟစစ်သူကြီး ကပ်လှူတဲ့ ဆွမ်းကို မြတ်ဗုဒ္ဓ ဘုဉ်းပေတယ် (အံ၊၃၊၃၁)’။ ‘ဇီဝက၊ မမြင်ခြင်း မကြားခြင်း ယုံမှား မရှိခြင်းဟူသော အကြောင်းသုံးပါး (နှင့် ပြည့် စုံလျှင် ထို)အသားကိုသုံးဆောင် ကောင်း၏ (ဇီဝကသုတ် (မ၊၂၊၃၂)’။ ဒေဝဒတ်ကရဟန်းများအား ရာသက်ပန်ငါးအမဲကို စားခွင့် မပြုဖို့ဗုဒ္ဓကိုလျှောက်တဲ့ အခါဗုဒ္ဓက ‘ဒေဝဒတ်၊ မသင့်။ မြင်ကြားယုံမှားဆိုတဲ့ အစွန်း သုံးပါးမှလွတ်တဲ့ ငါးအမဲကိုငါ ခွင့်ပြု၏ (ဝိ၊၄၊၃၅၈)’လို့ မိန့် တော်မူပါတယ်။

ဒီဖော်ပြချက်တွေအရ ထေရဝါဒအလို ရဟန်းတော်တွေကို မြတ်ဗုဒ္ဓ အသားကို မတားမြစ်တာ၊ မြတ်ဗုဒ္ဓ ကိုယ်တိုင် သက် သတ်လွတ်မဟုတ်တာ သေချာတယ်လို့ ဆိုနိုင်တယ်။

နောက်ဆုံးဆွမ်း

မြတ်ဗုဒ္ဓဟာ ပရိနိဗ္ဗာန်စံခါနီး ကုသိနာရုံမြို့သို့ ကြွစဉ် လမ်းခရီး အကြားပါဝါမြို့မှာခေတ္တနားခိုက်ပါဝါမြို့သား စုန္ဒအမည်ရှိပန်း ထိမ်သည့်ရဲ့သား ကပ်လှူတဲ့ သူကရမဒ္ဒဝကို ဘုဉ်းပေးပြီးတဲ့ အခါ ‘မြတ်စွာဘုရားအား ကြမ်းတမ်းသော အနာရောဂါ ကပ် ရောက်ပြီး သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးသွန် ရောဂါဝေဒနာတို့ဖြစ်ပေါ်လာကုန်၏ (ဒီ၊၂၊၁၀၅)’။ ဒီဖြစ်ရပ်ဟာ ဘီစီ ၄၈၃ (လွန်ခဲ့တဲ့ နှစ်ပေါင်း၂၄၉၈) အချိန်က ဖြစ်ပါတယ်။

အယူအဆ ငါးမျိုး

သူကရမဒ္ဒဝ-ကိုအေဒီငါးရာစုအဋ္ဌကထာ (အဖွင့်ကျမ်း)တွေ မှာအောက်ပါအတိုင်း အဓိပ္ပာယ် ငါးမျိုးဖော်ပြတယ်..

သူကရမဒ္ဒဝ-ဟူသည်

(၁) မနုပျိုလွန်း မအိုလွန်းသော ပံ့သ ကူရသည့် တောဝက်သားတည်း။ ယင်းသည် နူးညံ့ ညက် ညော၏ (မနုမအိုတောဝက်ပျို၏ အလိုလိုဖြစ် မသတ်ညှစ်သည့် ပြေပြစ်သန့်ပြန့် နူးညံ့သော အသား)။
(၂) အချို့က ယင်းသည် နို့ထွက် ပစ္စည်း ငါးမျိုးနှင့် ရောချက်ထားသည့် နူးညံ့သော ထ မင်းဟု ဆို၏။
(၃) အချို့ကမူ ရသာယနကျမ်းနှင့် အညီ စီမံ ချက်ပြုပ်ထားသော အစားအစာဟုဆို ၏’ (ဒီ၊ဋ္ဌ၊၂၊၁၅၉)။

သူကရမဒ္ဒဝ-ဟူသည်

(၁) ပံ့သကူရသည့် တောဝက်၏ အလွန်နူးညံ့သော အသားတည်းဟု မဟာအဋ္ဌကထာ၌ဆို၏။
(၂) အချို့က ဝက်သား မဟုတ်၊ ဝက်တို့ တူးဆွ နင်းနယ်သော အရပ်၌ ပေါက်သောမျှစ်နုဟုဆို၏။
(၃) အချို့ကဝက်တို့ တူးဆွ နင်းနယ်သောအရပ်၌ ပေါက်သော မှိုငုံတည်းဟု ဆို၏။
(၄) အချို့ကရသာယန (ဆေး)ဟုဆိုကြ၏ (ဥဒါန၊ဋ္ဌ၊၃၆၁)။

အဲဒီ အဓိပ္ပာယ် ငါးမျိုးအနက် တောဝက်ပျိုသား ဆွမ်းဆို တဲ့ ပထမအဆိုကို ထေရဝါဒီတို့က အတည် ယူပါတယ်။ ဒါ ကြောင့် မြတ်ဗုဒ္ဓဟာ ပရိနိဗ္ဗာန်စံခါနီးမှာ နံပါတ်တစ် အဓိပ္ပာယ် ရှိတဲ့ သူကရမဒ္ဒဝကို ဘုဉ်းပေးတယ်လို့ မှတ်ဖို့ပါ။

ထောက်ခံသူ

ဒီဃနိကာယ်ကို အင်္ဂလိပ်ဘာသာပြန်သူ Maurice Washe ကလည်း ထေရဝါဒ အဋ္ဌကထာတွေမှာ ဖွင့်တာနဲ့ အညီ ပထမ အဓိပ္ပါယ်ကိုပဲ အတည်ယူပါတယ်။ ပြီးတော့ သူက ‘အသားစား တာနဲ့ ပတ်သက်ပြီးစာရေးဆရာ အချို့က ထေရဝါဒကို ဝေဖန် ပြစ်တင်မှု ရှိတယ်။ ဘယ်လိုပဲဆိုစေ သတ္တဝါတွေကို ကရုဏာ ထားတဲ့ အနေနဲ့ သက်သတ်လွတ် စားပါတယ်ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့ တော့ မခိုင်လုံပါဘူး’တဲ့။ ‘ဂျပန်ရှိရှင် ဗုဒ္ဓဝါဒ (မဟာယာနဂိုဏ်းကွဲ)ကို တည်ထောင်သူ ရှင်ရန် ရွှန်နင် (Shinran Shonin)ဟာ သက်သတ်လွတ် စားတာ၊ အိမ်ထောင် မပြုဘဲ နေတာတွေဟာ ကိုယ့်ကိုယ်ကို ညှဉ်းဆဲခြင်း (အတ္တကိလမထ)ဖြစ်တယ်ဆိုပြီး အဲဒီစည်းကမ်းတွေကို ပယ်ဖျက်ခဲ့တယ်’လို့လည်း သူက ဆိုတယ် (Maurice Washe, The Long Discourseds of the Buddha, Foot Note, p. 572)။

ထေရဝါဒအလို အဖြေကတော့ ဒီမှာတင် ပြီးပါပြီ။ ဒါပေ မယ့် .. ထည့်သွင်း စဉ်းစားစရာက အေဒီ ငါးရာစု အဋ္ဌကထာ ကျမ်းတွေမှာ ဝါဒကွဲ ငါးမျိုးတောင် ဖော်ပြတာ ထောက်ရင် သူကရမဒ္ဒဝ ဆွေးနွေးမှုဟာ အတော်နက်ရှိုင်းခဲ့ပုံရတယ်။ တိဗက်မှတ်တမ်းမှာ ဖော်ပြတဲ့ အောက်ပါ ဗုဒ္ဓဝင် ဝါဒကွဲလေး ကိုဖတ်ကြည့်ပါ။

တိဗက်မှတ်တမ်း

ထိုည မကုန်မီ အချိန်တွင် ရွှေပန်းထိမ်သည် ကုန္ဒ (စုန္ဒ) သည် အရသာနှင့် ပြည့်စုံသော အစားအသောက် များစွာကို ပြင်ဆင်၏။ နောက်နေ့ နံနက်၌ ဗုဒ္ဓရှင်တော်မြတ်ကြွလာသောအခါ ဗုဒ္ဓအတွက် အထူးပြင်ဆင် စီမံထားသော ဆွမ်းဖြင့် ဗုဒ္ဓ၏ သံ သပိတ်ထဲသို့ လောင်းထည့်ပြီး ယင်း (သပိတ်)ကို ဗုဒ္ဓ၏ ရှေ့၌ မိမိ၏ လက်ဖြင့် ချ၏။ သို့ရာတွင် ကောက်ကျစ်သော ရဟန်း တစ်ပါးသည် ဗုဒ္ဓရှင်တော်မြတ်အား လှူဒါန်းသည့် သပိတ်နှင့် ဆွမ်းဟင်းလျာကို ယူပြီး ရင် ခွင်ဖြင့် ဖုံးဝှက်ထား၏။ ဗုဒ္ဓရော စုန္ဒပါ နှစ်ဦးလုံး ထိုသို့ပြုသည်ကို မြင်လိုက်ကြသော်လည်း မည်သို့မျှ ပြောဆိုခြင်း မပြုချေ။ သို့ဖြင့် စုန္ဒသည် နောက်ထပ် သံသပိတ် တစ်လုံးတွင် အရာသာနှင့် ပြည့်စုံသော ဆွမ်းကို ဖြည့်ပြီးဗုဒ္ဓအားလှူဒါန်း၏။ စုန္ဒသည် ဗုဒ္ဓနှင့်ရဟန်းတော်များ အား အရသာရှိသော ဆွမ်းခဲဖွယ်တို့ဖြင့် လှူဒါန်းပြီး မိမိလက်ဖြင့်ပြုစုလုပ်ကျွေး၏။

အင်္ဂလိပ် ဘာသာပြန်သူ Rock Hill က ‘ဗုဒ္ဓပရိနိဗ္ဗာန် စံခြင်း၏ အကြောင်းဖြစ်သည့် ဝမ်းတော် လားခြင်းကို ဖြစ်စေ သည် ဆိုသော ဝက်သားဆွမ်းအား ဤကျမ်းစာ၌ မဖော်ပြခြင်းမှာ ထူးခြား၏ (Ibid, p. 133. Foot Note)’လို့ မှတ်ချက် ပေးခဲ့တယ်။ (အမှန်မှာ Rock Hill ဆိုသလို ဝက်သားဆွမ်းကို ဘုဉ်းပေးလို့ မြတ်ဗုဒ္ဓ ဝမ်းတော် လားသည်လို့ ထေရဝါဒီတို့ မယုံကြည်ပါဘူး။)

သုတေသနအမြင်

Journal of the American Oriental Society, Vol. 102, No. 4 မှာ ပါတဲ့ R. Gordon Wasson ရေးတဲ့ The Last Meal of the Buddha အမည်ရှိ စာတမ်းအရ သုတေသနဆရာဟာ အိန္ဒိယရှိ ထိုထိုအရပ်သို့ သွားရောက်ပြီး ယနေ့ခေတ် လူအချို့ရဲ့ အစား အစာနဲ့ ဗြာဟ္မဏတို့ရဲ့ အစဉ်အလာကိုပါ လေ့လာ၍ ထောင့်စုံ အောင် ဆွေးနွေးသုံးသပ်လျက် ‘ဝက်တို့ တူးဆွ နင်းနယ် သောအရပ်၌ ပေါက်သော မှိုနု’ဆိုတဲ့ ဥဒါနအဋ္ဌကထာမှာ ဖော်ပြတဲ့ အချို့ဆရာတို့ အဆိုအား ထောက်ခံထားပုံကို အကျဉ်း ချုပ်ဖော်ပြလိုက်ပါတယ်..

ဒေသခံတို့ အဆို

အိန္ဒိယအရှေ့မြောက်ရှိ ဗီဟာပြည်နယ်ရှိ ဆန်တောလ် (Santal) လူမျိုးတွေ နေထိုင်တဲ့ အရပ်မှာ ပူတက သို့မဟုတ် ပူတိကလို့ ခေါ်တဲ့ (မှိုတစ်မျိုး)ရှိတယ်။ ဒေသခံတွေဟာ ယင်းမှိုမျိုးဟောင်းနွမ်းသွားတဲ့ အခါ ယနေ့ထိ မြေကြီးမှာ မြှုပ်နှံလေ့ရှိတယ်။ ဘာကြောင့်ဆို ဒီမှိုမျိုးက ဟောင်းနွမ်းသွားရင် လူသေနံ့ ထွက်ပြီး အလွန် အနံ့ပြင်းလို့။ တောမှာ ထိုမှိုမျိုး ပေါက်ရောက်လေ့ရှိတဲ့ သစ်ချုံတွေ အောက်မှာ ဝက်တွေ မြေကြီးကို တူးဖော်ထားတာ ကိုတွေ့ရလေ့ရှိတယ်လို့လည်း ပြောပြကြတယ်။

အဲဒီသဲလွန်စဟာ မြတ်ဗုဒ္ဓရဲ့နောက်ဆုံးဆွမ်းကို မှိုမျိုးလို့ ယူဆတဲ့ ဥဒါနအဋ္ဌကထာလာ အညေ (အချို့ဆရာ)တို့ အဆိုကို ထည့်သွင်းစဉ်းစားဖို့ ဖြစ်လာစေတယ်။

ဇာတ်မြင့်တို့ မှိုမစား

ခရစ်နှစ်အစပိုင်းမှာ ရေးသားခဲ့တဲ့ ဒွိဇခေါ်ဇာတ်မြင့်ပုဏ္ဏားတွေ လိုက်နာကျင့်သုံးတဲ့ မနုဓမ္မသတ် (Laws of Manu) အခန်း ၅၊ အပိုဒ်-၅ နဲ့ အခန်း ၅၊ အပိုဒ်-၁၉ (အဲဒီ စာပိုဒ်တွေရဲ့ အင်္ဂလိပ်မူရင်းကို Sacred Books of the East, Vol. XXV ကျမ်း၊ စာ-၁၇၀၊၂၀၁၊၄၀၂တွေမှာတွေ့နိုင်တယ်) မှာ..

‘နှစ်ကြိမ်မွေး (ဒွိဇ) ဇာတ်မြင့် ပုဏ္ဏားတို့သည် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ မှိုနှင့် (မသန့်သော)အခြေခံများမှ ပေါက်ရောက်သည့် (အပင်များ အားလုံး)ကို မစားသောက်ရ။ မှိုမျိုး၊ ရွာဝက် (အိမ်မွေးဝက်)၊ ကြက်သွန်ဖြူ၊ ရွာကြက် (အိမ်မွေးကြက်)၊ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်မြိတ်ကို စားသောက်သော နှစ်ကြိမ်မွေး (ဇာတ်မြင့် ပုဏ္ဏား)သည် အပယ်ခံ (ဇာတ်နိမ့်)တစ်ယောက် ဖြစ်သွားလိမ့်မည်။’

လို့ မှိုမျိုးကို မစားဖို့ တားမြစ်တယ်။ ဟိန္ဒူတွေက မှိုကို စားရင် ခွေးသား စားတာနဲ့ တူကြောင်း ဆိုတယ်။ ဆာ ဝီလျံဂျုန်းစ်ကလည်း ‘မနုဓမ္မသတ် အဖွင့်ကျမ်းမှာ ရှေးခေတ် ဟိန္ဒူများသည် မြေကြီး၌ဖြစ်စေ သစ်ပင်၌ဖြစ်စေ ပေါက်သည့် မှိုမျိုးကို စားသောက်သူအား ပုဏ္ဏားများကို သတ်ဖြတ်သူ၏ အပြစ်နှင့်တူကြောင်းနှင့် မှိုသည် စက်ဆုပ်ဖွယ် အကောင်းဆုံး ဖြစ်ကြောင်း ယူဆ၏’လို့ ဆိုတယ် (The Works Sir Williatrr Jones, Vol V, pp 160-161, London, 1807)။

အဲဒီ ဖော်ပြချက်တွေအရ ဟိန္ဒူဇာတ်မြင့် သုံးမျိုးနဲ့ ပုဏ္ဏား တွေမှိုမျိုး အားလုံးကို မစားကြဘူး။

စုန္ဒရဲ့ မှိုဆွမ်း

သုဒ္ဓမျိုးဝင် ဇာတ်နိမ့်ဖြစ်သူ ပါဝါမြို့သား ရွှေပန်းထိမ်သည် စုန္ဒ ကတော့ ဇာတ်မြင့်တို့ စည်းကမ်းကို မသိလို့ သို့မဟုတ် လိုက် နာဖွယ်မလိုလို့ မှိုကိုစားသုံးတဲ့ အတွက်မြတ်ဗုဒ္ဓ ပါဝါမြို့ကို ရောက်ချိန် ထိုဒေသမှာ လှိုင်လှိုင် ရနိုင်တဲ့ လတ်ဆတ်တဲ့ မှိုမျိုး ဆွမ်းနဲ့ မြတ်ဗုဒ္ဓနဲ့ နောက်ပါ သံဃာတော် အားလုံးကို ကပ်လှူတယ်လို့ ဆိုရင် မငြင်းသာဘူး။ စုန္ဒကမှိုမျိုးဆွမ်းကို ကပ်လှူတဲ့ အခါ မြတ်ဗုဒ္ဓအနေနဲ့ ချက်ခြင်း သတိထား မိနိုင်တယ်လို့လည်း ဆိုခွင့်ရှိတာပဲ။

ဗုဒ္ဓ မိန့်ကြားပုံ

စုန္ဒအိမ်မှာ ဆွမ်း မဘုဉ်းပေးမီး မြတ်ဗုဒ္ဓက စုန္ဒကို.. ‘စုန္ဒ၊ သူကရမဒ္ဒဝကို ငါဘုရားအား ဆက်ကပ်လော။ အခြား ဆွမ်း၊ မုန့်များဖြင့် သံဃာတော်များအား ကပ်လှူလော။ ကြွင်းကျန်သော သူကရမဒ္ဒဝကို မြေကြီး၌ တွင်းတူး၍မြှုပ်နှံလော’ လို့ မိန့်တော်မူတယ်။ ‘(စွန့်ပစ်ရုံ မဟုတ်ဘဲ) မြေကြီး၌ တွင်းတူး၍ မြှုပ်နှံလော’ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်ဟာ ထူးခြားတယ်။ မြတ်ဗုဒ္ဓ အနေနဲ့ အစားအသောက်နဲ့ ဇာတ်ခွဲခြားမှုမှ လုံးဝ လွန်မြောက်ပြီး ဖြစ်ပေမယ့် ငယ်စဉ်ဘဝ မိမိ ကြီးပြင်းခဲ့ တဲ့ ဇာတ်မြင့်တို့ရဲ့မှိုမျိုးအားလုံးကိုမစားရဆိုတဲ့ စည်းမျဉ်းကို သိကျွမ်းပြီးသား မဖြစ်နိုင်ဘူးလား။ ရဟန်း ပရိသတ်ထဲမှာ အနိမ့်ဆုံးသောတာပန် အဆင့်ရှိကြပေမယ့် ဇာတ်မြင့်တွေ အများဆုံးဖြစ်တယ်ဆိုတဲ့ အချက်ကိုမစဉ်းစားသင့်ဘူးလား။

ဗုဒ္ဓဝင်ကျမ်းများ

တရုတ်ဘာသာ ဗုဒ္ဓဝင် လေးကျမ်းနှင့် သက္ကတဗုဒ္ဓဝင် တစ်ကျမ်း၊ အဲဒီ ဗုဒ္ဓဝင် ငါးကျမ်းလုံးအရ မြတ်ဗုဒ္ဓ ပါဝါမြို့မှာ ရပ်ခြင်းနှင့် ဆွမ်းလှူဒါန်းသူ စုန္ဒအမည်ကို ဖော်ပြပေမယ့် သူကရမဒ္ဒဝအကြောင်းကို လုံးဝ ဖော်ပြခြင်း မရှိ။ ဘာကြောင့်ဆို တရုတ်တွေအနေနဲ့ မှိုနှင့်ပတ်သက်ပြီး စဉ်းစားဖွယ်မလို၊ တရုတ်တို့ မှာ စားကောင်းတဲ့ မှိုမျိုး အားလုံးကို စားသုံးလို့ မြတ်ဗုဒ္ဓက မိမိသာမှိုမျိုး (ပူတိက)ကိုကြေညက်နိုင်တယ်ဆိုပြီးအကျန်ကို မြေမှာကျင်းတူး မြှုပ်နှံဖို့ မိန့်တော်မူတာကို နားလည်ပုံ မရလို့ ဖြစ်နိုင်တယ်။

ဆွေးနွေးခဲ့ကြ

ပါဝါမြို့မှာ မြတ်ဗုဒ္ဓ ရှောင်တခင် ဘုဉ်းပေးတော်မူရတဲ့ ပူတိက (မှိုမျိုး) ဟင်းလျာနဲ့ ပတ်သက်ပြီး ထိုအချိန်က မြတ်ဗုဒ္ဓ နာမ ကျန်း ဖြစ်နေခြင်းနဲ့ ပရိနိဗ္ဗာန် စံတော့မည်ဆိုတဲ့ အသိကြောင့် ဖုံးဖုံးဖိဖိ ဖြစ်ခဲ့နိုင်တယ်။ ဒါကြောင့်ပဲ ရာဇဂြိုဟ် သံဂါယာနာမှာလည်း ဒီအကြောင်း အရေးတကြီး ပြောဆိုခဲ့ကြပုံမရ။

ပါဝါမြို့ ဖြစ်ရပ်ကိုနှောင်းပိုင်းခေတ်တွေမှာ ပိုမိုဆွေးနွေး လာကြပြီး နောက်ဆုံး ‘သူကရမဒ္ဒဝ’ဆိုတဲ့ ဝေါဟာရသစ်ကို တီထွင်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါဟာ မှန်နိုင်ပေမယ့် နားလည်မှုကို အားနည်းစေခဲ့တယ်။ အဋ္ဌကထာနှစ်စောင်မှာပါတဲ့ မြတ်ဗုဒ္ဓရဲ့ နောက်ဆုံးဆွမ်း (သူကရမဒ္ဒဝ)အကြောင်း ဝါဒကွဲတွေက ဒီအချက်ကိုဖော်ပြနေသလိုပဲ။

(သုတေသန စာတမ်းထဲက အဓိက ကျတာလောက်ကို အာဘော်မိရုံ ဖော်ပြလိုက်ခြင်းမျှသာ။ ယုတ္တိကို ဆင်ခြင်၍ မိမိ ဘာသာစဉ်းစားပြီး အဖြေရှာရန်သာ)။

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅။

ဂတိငါးပါး ဆုံလည်နွား သွား၍မဆုံးပြီ။ (ထွဋ်ခေါင်ဆရာတော်)

၃၇၅။ နှစ်ဆယ့်တစ်ရာစု ဗုဒ္ဓဝါဒီ

တပည့်တော် မေးလျှောက်လိုပါတယ်ဘုရား၊

လွန်ခဲ့တဲ့ အပတ်က တပည့်တော်ရဲ့ အဖိုး ကွယ်လွန်သွားခဲ့ပါတယ်ဘုရား။ ရက်မလည်ခင် တစ်ပတ်အတွင်းမှာ ဘုရားပန်း အသစ် မလဲရဘူးဆိုပြီးအချို့က ပြောပါတယ်ဘုရား။ အသုဘ ချချိန်မှာလုပ်ကြတဲ့ ဗာဟီရများစွာကို အဆင်ပြေသလိုလုပ်ခွင့် ပေးနိုင်ပါတယ် ဘုရား။ ဒါပေမယ့် ရက်မလည်ခင် ဘုရားပန်း မလဲရဘူးဆိုတာတော့ ဘာကြောင့်လဲဆိုတာ မသိပါဘုရား။ ဒါကြောင့် ရက်မလည်ခင် ဘုရားပန်း လဲကောင်း မလဲကောင်း ရှင်းပြပေးစေလိုပါတယ်ဘုရား။ ကျေးဇူးတင်ပါတယ်ဘုရား။

ရတနာအောင်

လောကသမ္မုတိကျမ်း

ရန်ကုန်မှာ ဆေးကုလာရင်း ပျံလွန်တော်မူတဲ့ ငယ်ဆရာ ဘုန်းကြီးရဲ့ အလောင်းကို ခေါင်းထဲထည့်ပြီး ကားနဲ့ ရွာကို ပြန်ယူလာရာမှာ လမ်းမှာ ခေါင်းကို သင်္ကန်းနဲ့ အုပ်ပြီး ဝှက်ယူလို့ လမ်းတစ်လျှောက် ရပ်ချင်တဲ့ နေရာ ရပ်ပေမယ့် ပြဿနာ မရှိခဲ့ဘူး။ ဒါပေမယ့် ရွာကိုလည်း ရောက်ရော ‘အလောင်းကို ဘုန်းကြီးကျောင်းဝင်းထဲ မယူရ၊ ရွာရဲ့အနောက်ဖက်ကပဲ သင်္ဂြိုဟ်မယ့် နေရာဆီကို သယ်ယူရမယ်၊ အနည်းဆုံး ရွာနဲ့ ဝါးဆယ် ပြန်ကွာ (ပေ ၁၀၀) ဝေးတဲ့ နေရာက ယူရမယ်၊ သယ်ယူ လာတဲ့ အလောင်း တစ်နေရာမှာ ရပ်ပြီးရင် နေရာ ပြန်မရွှေ့ဘဲ အဲဒီ နေရာမှာပဲ မီးရှို့ သင်္ဂြိုဟ်ရမယ်’ဆိုတဲ့ စည်းကမ်းတွေကို ရွာလူကြီးတစ်ယောက်က ပြောလာတယ်။

ဒုက္ခ .. ဒီအလောင်းကြီးကို ရန်ကုန်ကတောင် ယူလာခဲ့ တာ၊ ဘာလို့ ကျောင်းဝင်းမှာ ထားလို့ မရတာတုန်း ဆိုတော့ သူက ‘လောကသမ္မုတိကျမ်းမှာ တားမြစ်ထားလို့ ပါ’တဲ့။

ဆွမ်းမကျွေးရ

လောကသမ္မုတိ ကျမ်းဆိုတာရှိကောရှိရဲ့လားလို့ အဲဒီတုန်းက သံသယ ဖြစ်ခဲ့တယ်။ နောက်တော့ ရှာဖွေ လေ့လာရင်းနဲ့ ပိဋကတ်တော်သမိုင်းကျမ်းမှာ မဟာသံဃနာထစီရင်တဲ့ လောကသမ္မုတိကျမ်း ဆိုတာကို တွေ့ရတယ်။ ဒါနဲ့ ဖတ်ကြည့်ချင်လို့ ရှာဖွေရင်းမကြာမီကမှ အဲဒီကျမ်းရဲ့ပေမူကိုရတယ်။ စာမျက်နှာ သိပ်မများပါဘူး။ ဖတ်ရသလောက် လူသေအလောင်းကို ပြင်ဆင်ပုံ၊ သင်္ဂြိုဟ်ပုံ၊ ဘယ်လိုသေရင် ဘယ်လိုလုပ်ရမယ်၊ အလောင်းကို ဘယ်အရပ်ကထုတ်ယူမယ်၊ သင်္ဂြိုဟ်မယ့်တွင်းကို ဘယ်လိုတူးမယ် ဆိုတာမျိုးတွေကို အတော် အသေးစိတ် ညွှန်ကြားထားတာကို တွေ့ရတယ်။ ဒါပေမယ့် ဘုရားဟော ကျမ်းဂန်တော့ မဟုတ်ဘူး။ အစဉ်အလာ ယုံကြည်လာခဲ့တာကို မှတ်တမ်းတင်ထားတဲ့ ကျမ်းဖြစ်ပုံရတယ်။

အဲဒီကျမ်းရဲ့အဆိုတစ်ရပ်ကို ဖတ်ကြည့်ပါ..

‘မွေးပြီးမှ အချင်း မကျွတ်နိုင်၍ (မိခင်) သေသော် ညဉ့်မသိပ်ရာ၊ ဆွမ်းမကျွေးရာ၊ အကူမခံရာ။ ခံချေသော် သိပ်ချေသော် အမိအဘ အဆွေအမျိုးတို့ အသက် စည်းစိမ် ဆုတ်ယုတ်ရာ၏ (ကီ-ကျော)’။

ရှေးထုံးပေမယ့်

ဖော်ပြပါ အစဉ်အလာတွေက တောမှာတော့ ယနေ့တိုင် စွဲလမ်းနေကြဆဲဖြစ်မယ်လို့ ထင်ပါတယ်။ အမှန်တော့ ဒါတွေဟာ လူ့ယဉ်ကျေးမှုနဲ့ အတူ စတင်လာခဲ့တဲ့ အစွဲအလမ်း ဟောင်းကြီးတွေ ဖြစ်နိုင်တယ်။ ‘ရှေးထုံးကို မပယ်အပ်’လို့ ဆိုတော့ ဆိုတာပဲ။ ဒါပေမယ့် ကူးစက်ရောဂါကြောင့် ချက်ခြင်း မြေမြှုပ်လိုက်ရတယ် ဆိုရင် လက်ခံနိုင်ပေမယ့် အကြောင်း မညီညွတ်လို့ ကလေးမွေးရင်းသေဆုံးတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ချက်ခြင်း သင်္ဂြိုဟ်ရမယ် ဆွမ်းမကျွေးရ ဆိုတာမျိုးကတော့ ယုတ္တိမခိုင်လုံလို့ လက်မခံနိုင်တဲ့ အတွက် အဲဒီလို ရှေးထုံးမျိုးကိုတော့ ပယ်သင့်တာ အမှန်ပဲ။

ဒါကြောင့် ဘုန်းကြီး အမြင်တော့ ရက်မလည်ခင် ဘာ ကြောင့် ဘုရားပန်း မလဲကောင်းတာလဲဆိုတာ အတွက် ယုတ္တိ ရှာမရလို့ အဲဒီအယူအဆကို ဘုန်းကြီးငြင်းပါတယ်။ ဘုရားပန် ညှိုးနေရင် အချိန်မရွေးလဲနိုင်တယ်။ ဘုရားပန်းလဲတာနဲ့ အဖိုး သေတာ တစ်ခြားစီပါ။ ဘုရားပန်းလဲလို့ ရတဲ့ ကုသိုလ်ကို ဆုံးခါစ အဖိုးကိုအမျှဝေလိုက်ရင် ပိုတောင်မပြည့်စုံဘူးလား။

တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဗုဒ္ဓဘာသာ ပရိသတ်ကိုဟောပြောရာမှာ ‘နှစ်ဆယ့်ရာစု ဗုဒ္ဓဝါဒီဖြစ်အောင် ကြိုစားကြပါ’လို့ ဟောပြောတာကို အမှတ်ရပါသေးရဲ့။

မတ် ၁၃၊ ၂၀၁၅။

တဏှာ၏ နောက်တကောက်ကောက် လိုက်ထောက်မသင့်ပြီ။ တဏှာမြစ်မ ပင်လယ်ဝ နစ်ကြလေကုန်ပြီ။ (ထွဋ်ခေါင်ဆရာတော်)

၃၇၆။ အစွဲသံသရာ

ရိုသေစွာ မေးလျှောက်ပါရစေဘုရား၊

ဘယ်ဘက် အောက်မျက်ခမ်း လှုပ်ခြင်းဟာ ငိုရလိမ့်မယ်ဆိုတဲ့ နိမိတ်ဖြစ်ကြောင်းဖတ်မှတ် သိရှိရပါတယ်ဘုရား။ တပည့်တော် အတွက် တော်တော် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပါတယ် ဘုရား။ အဲဒီလို တိုက်ဆိုင်ပါများတော့ အောက်မျက်ခမ်း လှုပ်တိုင်း တပည့်တော်မှာ ငိုရတော့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြီး ဖြစ်နေရပါတယ်ဘုရား။ အဲဒါကိုပျောက်အောင်၊ ရှောင်လွှဲနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးတော်မူပါဘုရား။

နီနီ

အသားလှုပ်

ကိုယ်စောင့်နတ် ဆိုတာမျိုးက ထူးခြားပြီး ရှေးဘုဉ်းရှေးကံ ရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ရှိနိုင်တယ်လို့ ဆရာတော်တွေ မိန့်တာကို ကြားဖူးပါတယ်။ တစ်ခါတစ်ရံ မသိစိတ်မှာ အလိုလိုတွန့်ဆုတ်နေလို့ မလုပ်လိုက်မိတာကြောင့် အန္တရာယ်က သီသီကလေး လွတ်မြောက်သွားတဲ့ သဲထိတ်ရင် ဖို ဖြစ်ရပ်မျိုး ကြုံဖူးသူတွေ လောကမှာ ရှိနိုင်ပါတယ်။ ဘုန်းကြီး ကိုယ်တိုင် အဲဒါမျိုးကြုံဖူးပါတယ်။ ကြုံတွေ့သူရဲ့ ကိုယ်ကျင့်တရား ကျန်းမာရေးနဲ့ စိတ်အခြေအနေတွေအရ ဒါမျိုးကို ကိုယ်စောင့်နတ်က သတိပေး တာလို့ ကင်ပွန်းတပ်ခွင့်တော့ ရှိပါတယ်။

တူညီတဲ့ ဆိုးကျိုးကောင်းကျိုးနှစ်ကြိမ် သုံးကြိမ်လောက် တိုက်ဆိုင်လာရင် အဲဒီမျက်ခမ်းလှုပ်ရင် အဲဒီလိုဖြစ်တော့မယ် လို့ မသိစိတ်မှာ အလိုလိုစွဲ လမ်းသွားတတ်တယ်။ အဲဒီစွဲလမ်းမှုကို အခြေခံပြီး အသားလှုပ်ကျမ်းအိမ်မက်တိတ္ထုံကျမ်း ဆိုတာမျိုးတွေ ပေါ်လာပုံရတယ်။

အစွဲအလမ်း

‘အခါတစ်ပါး ဘုန်းကြီးကျောင်းတစ်ခုမှာ အလှပန်းချီတွေ ရေးဆွဲရာမှာ ဖွတ်တစ်ကောင်မီးမှုတ်နေတဲ့ ပုံပါတယ်။ ထိုအချိန်က စပြီး ကျောင်းတိုက်ထဲမှာ ရဟန်းတွေ အငြင်းပွားကြတယ်။ ဧည့်သည် ရဟန်းတစ်ပါး ကြွရောက်လာတဲ့ အခါအဲဒီ ပန်းချီကားကို ဖျက်ခိုင်းလိုက်တယ်။ အဲဒီ အချိန်ကစပြီး အငြင်းပွားမှုလည်း ငြိမ်းသွားတယ် (ဒီ၊ဋ္ဌ၊၁၊၈၉)’။ ဒါမျိုးကို မြတ်ဗုဒ္ဓငြင်း ပယ်ပေမယ့် လူတွေမှာ အဲဒီ ယုံကြည်မှုမျိုး ရှိတယ်လို့ တော့ အနည်းဆုံး အဲဒီကျမ်းဂန်အရ ဆိုနိုင်တာပေါ့။

ဒီဖက်က မိတ်ဆွေအချို့လည်း ၁၃-ရက်လည်း ဖြစ်မယ်၊ သောကြောနေ့လည်း ဖြစ်မယ်ဆိုရင် အဲဒါ မဟာပြဿဒါးပဲလို့ ယုံကြည်ကြတယ်။ ဒီက လက်ဝှေ့ကျော်အချို့ အကြောင်းတစ်ခုနဲ့ ကိုယ့်ရဲ့ Halo Effect (စိတ်ဓာတ်လန်းဆန်းတက်ကြွမှု)ညံ့တယ်လို့ ယူဆရင် စိန်ခေါ်ပွဲကို ချက်ချင်း ဖျက်ပစ်တာမျိုး ရှိကြောင်း သိရတယ်။

နားလည်မှု

အင်းစိန်၊ အောင်ဆန်းမြို့မှာနေတုန်း ဆွမ်းခံအိမ်က ဒကာမကြီး ဒေါ်ခင်ရွှေ သူ့သားရဲ့မွေးနေ့အလှူမှာ ရတနသုတ်ကို ရွတ်မယ် ပြောတော့ ပရိသတ်နောက်ကွယ်က စိတ်မသက်မသာဖြစ်နေတာကို သတိပြုမိလို့ အလှူပွဲပြီးမှ ဘာဖြစ်လဲ မေးတော့ ရတနသုတ်ကို ရွတ်ရင် အိမ်ကနတ်တွေ စိတ်ဆိုးမှာ ကြောက်လို့ တဲ့။ အဲဒါ တကယ်ကြုံခဲ့ဖူးတာ။ အဲဒီအချိန်ကစပြီး ကိုယ်က ဘာမှ မစွဲလမ်းပေမယ့် ကာယကံရှင်ရဲ့ ယုံကြည်မှုနဲ့ စိတ်အခြေအနေကို ကြည့်ပြီးမှ တဖြည်းဖြည်း လက်ခံအောင် ရှင်းပြသင့်တယ် လို့ နားလည်သွားခဲ့တယ်။ ဘာကြောင့်ဆို သားစဉ် မြေးဆက် အရိုးစွဲအောင် ဆုပ်ကိုင်လာတဲ့ မျက်ကန်း ယုံကြည်မှုတစ်ခုကို ရုတ်တရက် ဆွဲထုတ်ပစ်ဖို့ ဆိုတာ ကာယကံရှင်ဖက်မှာ အသိပညာ ဆင်ခြင်တုံတရား အင်မတန် အားကောင်းပြီး ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုပါလိမ့်မယ်။ ဒီလိုမဟုတ်ရင် သူ့ရဲ့အခွင့်အရေးနဲ့ သူ့ရဲ့ခံစားချက်ကို ထိခိုက်နိုင်လို့ ပါပဲ။

ရှောင်လွှဲရန်

မျက်ခမ်း လှုပ်ခြင်းနဲ့ စိုးရိမ်မှုကို ဖြစ်စေ တဲ့ အကြောင်းတရားရဲ့ ဆက်စပ်မှုကိုလက်တွေ့သိပ္ပံနည်းနဲ့ ဘယ်လိုမှသက်သေမပြနိုင်ပါဘူး။ ဒါကြောင့်တိုက်ဆိုင်မှုဟာ တိုက်ဆိုင်မှုပဲလို့ ဘုန်းကြီး တော့ ယုံကြည်တယ်။ ဗုဒ္ဓဝါဒ အဆုံးအမ၊ လိုက်နာကျင့်သုံးမှု၊ ကိုယ်ကျင့် တရားတွေနဲ့လည်း တစ်ခြားစီပါ။ ဒါကြောင့် အကောင်းဆုံးအဆင့်မြင့်မြင့် အကြံပေးရရင် ဗုဒ္ဓဝါဒီတစ်ဦးအနေနဲ့ မိမိရဲ့ ကောင်းကျိုး ဆိုးကျိုးအတွက် မိမိရဲ့ အသိပညာ ဆင်ခြင်တုံတရားသာ ပဓာနဖြစ်လို့ ဒါမျိုးတွေကို ဂရုမစိုက်ပါနဲ့လို့ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုခု ဖြစ်တော့မှာပဲလို့ စိတ်ထဲမှာ မသက်မသာဖြစ်နေတဲ့ သာမန်တစ်ယောက်ဆိုရင် တော့ .. ကောင်းမှုထူး တစ်ခု လုပ်လိုက်ပါ။ ဥပမာ တစ်ပတ် အဓိဋ္ဌာန်နဲ့ ဥပုသ် သီလ စောင့်တာမျိုး၊ ဘုရားကျောင်းကန် သွားပြီး ဝေယျာဝစ္စ ကုသိုလ်တစ်ခု လုပ်တာမျိုးပေါ့။

ဒါနဲ့ တောင်အစွဲအလမ်းကို မလွန်မြောက်နိုင်သေးဘူးဆို ရင် .. ငယ်ငယ်က ဘုန်းကြီးရဲ့ မိခင်ပြောတဲ့ ရယ်စရာ Blind Faith တစ်ခုက ‘လက်ညှိုးကို တံတွေးဆွတ်၊ ဖနောင့်မှာ အဲဒီ လက်ညှိုးကို တို့ပြီး လှုပ်တဲ့ မျက်ခမ်းကို ပြန်ထိရင်း ဖွ .. လွဲပါစေ ဖယ်ပါစေလို့ ဆို’တဲ့။ စမ်းကြည့်ပေါ့။

မတ် ၁၃၊ ၂၀၁၅။

၃၇၇။ သူရဿတီရဲ့ နေရာ

တပည့်တော်နေအိမ်ရှိ ဘုရားစင်ကိုရှင်းရင်း အရှင်သီဝလိ ရုပ်တု ပြုတ်ကျ ပျက်စီးသွားပါတယ်။ ပြန်တင်ရမလား။ လွှင့်ပစ်ရမလား မသိပါ။ စူပါကော် ကပ်တာလည်း ခက်ခဲနေပါတယ်။ ငရဲလည်း မကြီးချင်ပါ။ လွှင့်ပစ်ရင် သင့်တော်ပါ့မလား။ နောက်မေးခွန်းက ရဟန်းတော်ကြီး နှစ်ပါးရုပ်တုကို ဘုရားစင် ပထမဆင့်ဖြစ်တဲ့ ဘုရားဆင်းတုတော်တွေနဲ့ အဆင့်အတူ ထားလျှင် သင့်တော်မလား။ ဘုရားစင် ဒုတိယဆင့်မှ သူရဿတီ မယ်တော်နဲ့ အတူထားလျှင် သင့်တော်မလား အကြံပြုပါဘုရား။

Dolly Decent

ပြန်ဖတ်

စေတီနဲ့ ဘုရားပုံပါတဲ့ ပြက္ခဒိန်ဟောင်း၊ ပျက်စီးသွားတဲ့ ရုပ်တု ဆင်းတုဟောင်းတွေကို ဘယ်လို လုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဓမ္မအမေးအဖြေ အမှတ်-၃၂၀ (ဤကျမ်း၊ စာ ၁၀၀၈-၁၀၁၀)မှာအကြံပြုထားပြီး ဖြစ်ပါတယ်။

ကိုးကွယ်ခံဂုဏ်ရည်

ဗုဒ္ဓဝါဒအရ ကိုးကွယ်သူတွေရဲ့ရှိခိုးပူဇော်ခြင်းကိုခံယူနိုင်ဖို့အဲဒီ ရဟန်းတော်ကြီး နှစ်ပါးဆိုတာ အပါအဝင်ဖြစ်တဲ့ သံဃာမှာ အရည်အချင်း ၉-မျိုးနဲ့ ပြည့်စုံတယ်..

၁)သုပ္ပဋိပ္ပန္န (ကောင်းစွာ ကျင့်ခြင်း)
၂)ဥဇုပ္ပဋိပန္န (ဖြောင့်စွာကျင့်ခြင်း
၃)ဉာယပ္ပဋိပ္ပန္န (နိဗ္ဗာန်ရရန်ကျင့်ခြင်း)
၄) သာမီစိပ္ပဋိပန္န (အရိုအသေခံ ထိုက်အောင် ကျင့်ခြင်း)
၅)အာဟုနေယျ (အဝေးကယူလာတာကို အလှူခံထိုက်ခြင်း)
၆)ပါဟုနေယျ (ဧည့်သည်အတွက် ပြင်ဆင်ထားတာကို အလှူခံထိုက်ခြင်း)
၇)ဒက္ခိဏေယျ (မြတ်သောအလှူကိုခံထိုက်ခြင်း)
၈)အဉ္ဇလီကရဏီယ (လက်အုပ်ချီခံထိုက်ခြင်း)
၉)အနုတ္တရံ ပုညက္ခေတ္တံ လောကဿ (လောက၏ ကောင်းမှုပြုတဲ့ နေရာဖြစ်ခြင်း)။

မရောမယှက်

သူရဿတီ မယ်တော် ဆိုတာကို ဘုန်းကြီး အတိအကျ မရှင်းပြနိုင်ဘူး (သုတေသနပြု လေ့လာရအုံးမယ်)။ ဗုဒ္ဓဝါဒ ရှုထောင့်အရ သူရဿတီမယ်တော်မှာ အထက်ပါဂုဏ်ရည် ၉-ရပ်မရှိနိုင်ဘူးလို့ ဘုန်းကြီး ယုံကြည်တယ်။ ဘာကြောင့်ဆို ဖော်ပြပါ ဂုဏ်ရည်ကိုးရပ်က မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံမှ ပြည့်စုံနိုင်လို့ ပါ။ ဗုဒ္ဓဝါဒီ တစ်ယောက်အနေနဲ့ ထိုဂုဏ်ရည်ကိုးရပ်နဲ့ မပြည့်စုံ တဲ့ လက်အုပ်ချီစရာလို့ ယုံကြည်ယူဆနေတဲ့ အရာတွေကို ဘုရားကျောင်းမှာ တင်ပြီး ကိုးကွယ်စရာ မလိုဘူး။ အစွဲသံသရာကို မလွန်မြောက်နိုင်သေးရင်တော့ လွတ်ရာ ကျွတ်ရာမှာ ထားပြီးမရောမယှက် (သီးခြား)ဖြစ်သင့်တယ်။

ဒါကြောင့် အောက်ထပ်မှာ ထားတယ်ဆိုတဲ့ သူရဿတီ မယ်တော်နဲ့ ဟိုရဟန်းတော်ကြီး နှစ်ပါးရဲ့ ဆင်းတုဆိုတာကို မရောယှက်ရင် သင့်မြတ်တယ်။ အဲဒီ ရဟန်းတော်ကြီး နှစ်ပါး ကိုတော့ အရိယာသံဃာကို ရည်မှတ်ပြီး ဘုရားဆင်းတု ရှိတဲ့ဆီ ရွှေ့ထားလိုက်ပါ။

မတ် ၁၃၊ ၂၀၁၅။

၃၇၈။ ပရိတ်ကြီး ရင်းမြစ်များ

ဆရာတော် အရှင်ဘုရား၊

တပည့်တော်မသိတာလေး တစ်ခုလောက် မေးလျှောက်ပါရစေ ဘုရား။ ပရိတ်ကြီး (၁၁)သုတ်ထဲက မင်္ဂလသုတ်၊ မေတ္တသုတ်၊ ရတနသုတ်တို့ကိုသာ ခုဒ္ဒကပါဌပါဠိတော်၌ တွေ့ရပါသည်။ ကျန်သော ပရိတ်ကြီး (၈)သုတ် ဘယ်ပါဠိတော်ထဲ၌ ပါရှိပါသနည်း ဘုရား။ ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။

ဦးအောင်သန်းဝင်း
Calrkston, Michigan, USA

---

ရဟန်းတစ်ပါး မြွေကိုက်ခံရလို့ မြွေမင်းလေးမျိုးကို မေတ္တာပို့ဖို့ ဗုဒ္ဓ သင်ကြားပုံကို ဖော်ပြတဲ့ ခန္ဓသုတ် အပြည့်အစုံက ဝိနယ ပိဋကစူဠဝဂ္ဂပါဠိတော် (ဝိ၊၄၊၂၄၅)မှာ လာတယ်။ ‘ပရိတ္တံ တံ ဘဏာမ ဟေ’ထိ ဂါထာတွေတော့ မပါဘူးပေါ့။ ဒီအမွှမ်းဂါထာတွေက ပရိတ်တော်တွေကို စီစဉ်ခဲ့ကြတဲ့ ရှေးပညာရှိတို့ရဲ့ လက်ရာဖြစ်ပါတယ်။

ဥဒေတယံ’ ဂါထာပျံကို မအံရွတ်မိ သတိချွတ်ယွင်း ညွတ်မိလျှင်း၏’လို့ တဏှာစိတ်ကြောင့် ဥဒေါင်းငှက်မင်း ညွတ်ကွင်းမိပုံ အကြောင်းဖြစ်တဲ့ မောရဇာတ်ဟာ ပရိတ်ကြီးမှာ မောရသုတ် ဖြစ်လာတယ်။ ဇာတကပါဠိ၊ ပထမတွဲ၊ စာမျက်နှာ ၃၈-၃၉ (ဇာ၊၁၊၃၈-၃၉)။

ဝဋ္ဋသုတ်က စရိယာပိဋက ပါဠိတော်၊ ဝဋ္ဋပေါတကစရိယ (တောမြိုင်လယ်တွင် ငုံးငယ်မီးရှောင် အကျင့်)ခန်းရဲ့ နောက်ဆုံး ဂါထာ ၄-ပုဒ်ပါ (စရိယာ၊၄၁၅)။

သံယုတ်ပါဠိတော် ပဌမအုပ်၊ စာမျက်နှာ -၂၂၀ (သံ၊၁၊၂၂၀)မှာ ဓဇဂ္ဂသုတ် ပါတယ်။ အမွှန်းဂါထာ နှစ်ပုဒ်မှ တစ်ပါး ကျန်တာအားလုံးက ပါဠိတော်တိုက်ရိုက်ပါ။

အာဋာနာဋိယသုတ်မှာ ‘ဝိပဿိဿ စ နမတ္ထု’မှ ‘ဟိတံ ဒေဝမနုဿာနံ’ထိ ဂါထာ ၆-ပုဒ်ကို သုတ်ပါထေယျ ပါဠိတော် စာမျက်နှာ-၁၅၉ (ဒီ၊၃၊၁၅၉)၊ ‘သဗ္ဗီတိယော ဝိဝဇ္ဇန္တု’ဂါထာက ဗုဒ္ဓဝံသပါဠိတော် သုမေဓာ ဆုတောင်းခန်း ဂါထာအမှတ်-၁၇၉ (ဂါထာရဲ့ စတုတ္ထပါဒကို ဆီလျော်အောင် ပြုပြင်ထား)နဲ့ ‘အဘိဝါဒန သီလိဿ’ဂါထာက ဓမ္မပါဒပါဠိ ဂါထာအမှတ်-၁၀၉ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ ရှေးပညာရှိတို့ ဖြည့်စွက်ထားတဲ့ ဘုရားဂုဏ်တော်ဖွင့်တွေပါ။

အင်္ဂုလိမာလသုတ်က အရှင်အင်္ဂုလိမာလရဲ့ အကြောင်း အတ္ထုပ္ပတ်ကို ဖော်ပြတဲ့ မဇ္ဈိမပဏ္ဏာသ ပါဠိတော်စာမျက်နှာ ၃၀၆ (မ၊၂၊၃၀၆)မှာ လာတယ်။ ပရိတ်ကြီးမှာက အရှင်အင်္ဂုလိမာလ သစ္စာပြုပုံ စာသားလေးလောက်ကို ထုတ်ယူထားတာ။

ဗောဇ္ဈင်္ဂသုတ်ကတော့ မဟာဝဂ္ဂသံယုတ် ပါဠိတော် စာမျက်နှာ-၇၁၊၇၂၊၇၃ (သံ၊၃၊၇၁၊၇၂၊၇၃)မှာ ပဌမ ဂိလာနသုတ်ဒုတိယဂိလာနသုတ်တတိယဂိလာနသုတ်လို့ ပါဠိ စကားပြေအနေနဲ့ လာပါတယ်။ ပရိတ်ကြီးမှာတော့ ရွတ်ဖတ်လို့ ကောင်းအောင် ရှေးပညာရှိတို့ ဂါထာအနေနဲ့ ရေးဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။

ပရိတ်ကြီးရဲ့ ပုဗ္ဗဏှသုတ်မှာ ‘ယံကဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ’က ရတနသုတ် ဂါထာပါပဲ။ ‘သုနက္ခတ္တံ သုမင်္ဂလံ’ ကနေ ‘သဟ သဗ္ဗေဟိ ဉာတိဘိ’ထိ နောက်ဆုံး ဂါထာသုံးပုဒ်နဲ့ တစ်ဝက်က အင်္ဂုတ္တရပါဠိပထမအုပ် (အံ၊၁၊၂၉၉)က ယူထားတာ။ ဒီပါဠိတော်မှာ ပုဗ္ဗဏှသုတ် နာမည်နဲ့ပဲ တွေ့ရတယ်။ ကျန်တာတွေကတော့ ရှေးပညာရှိတို့ရဲ့ စာဖြစ်ပါတယ်။

မတ် ၁၆။ ၂၀၁၅။

---

၃၇၉။ ဓမ္မံ သရဏံ ဂစ္ဆာမိ

တပည့်တော် သိချင်တာလေး ဖြေကြားပေးပါ အရှင်ဘုရား။ လောကုတ္တရာတရား ကိုးပါးကို အကျဉ်းမျှ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

ကျော်ဝင်း

---

လောကုတ္တရာတရား ကိုးပါး

သောတာပတ္တိမဂ်သကဒါဂါမိမဂ်အနာဂါမိမဂ်အရဟတ္တမဂ် ဆိုတဲ့ မဂ်လေးပါး၊ သောတာပတ္တိဖိုလ်သကဒါဂါမိဖိုလ်အနာဂါမိဖိုလ်အရဟတ္တဖိုလ်ဆိုတဲ့ ဖိုလ်လေးပါး၊ နိဗ္ဗာန်တစ်ပါး။ ပေါင်း ကိုးပါးကို လောကုတ္တရာ (လောကီတရားတွေထက် မြင့်မြတ် သာလွန်တဲ့) တရား ကိုးပါးလို့ ခေါ်တယ်။ တစ်နည်း အဲဒီ ကိုးပါးထဲမှာ ပိဋကတ်သုံးပုံဆိုတဲ့ ပရိယတ္တိကို ထပ်ထည့်ရင် လောကုတ္တရာတရား ဆယ်ပါး။

ဓမ္မံ၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်တန်သော တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ (အဟံ၊ ကျွန်ုပ်သည်။) ဂစ္ဆာမိ၊ သိမှတ်ပါ၏’လို့ နှုတ်တက်နေအောင် လုပ်ထားပါ။

မတ် ၁၆၊ ၂၀၁၅။

---

၃၈၀။ လေးဆူဓာတ်ပုံ ပြဿနာ

ဆရာတော် အရှင်သူမြတ်ဘုရား၊ သိလိုရေးနှင့် မေးလျှောက်အပ်ပါသည် အရှင်ဘုရား။

ရွှေတိဂုံစေတီတော်၌ ဤကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့၏ ဓာတ်တော်များ ရှိနေသည်ဟု မှတ်သားဖူးပါသည်။ သို့ရာတွင် တရားဟောဆရာတော်တစ်ပါး ဟောကြားသော တရားတစ်ခု၌ ‘ရွှေတိဂုံဘုရားအတွင်း ကကုသန် ကောဏာဂုံ ကဿပဟူသော ဘုရားသုံးဆူတို့၏ ဓာတ်တော်များ ရှိနေသည်ဆိုခြင်းမှာ စဉ်းစားစရာရှိတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားရှင်တို့ရဲ့ ဓာတ်တော်များမှာ တန်ခိုးကြီးလွန်းသောကြောင့် ကမ္ဘာမြေကြီးသည် ဘုရားတစ်ဆူ၏ ဓာတ်တော်ထက် ပိုပြီး မထမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်’ဟု ဆိုပါသည်။ ထိုဟောပြောချက်ကို သဘာဝယုတ္တိအရ တပည့်တော် မနှစ်သက်နိုင် ဖြစ်နေပါသည်။

တပည့်တော်ရဲ့စိတ်ထဲမှာ စူးဝင်နေသောသံသယ ဆူးကို နုတ်ပေးစေချင်ပါသည် အရှင်ဘုရား။

ဒေါ်ခင်ခင်မြင့် (ဆွစ်ဇာလန်)

---

စကားခင်း

မြတ်ဘုရား ရွှေတိဂုံဟာ မြန်မာ့မြေမှာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်လို့ သမိုင်းတန်ဖိုး ကြီးပါတယ်။ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားလက္ခဏာ ဂုဏ်ဆောင် ဖြစ်ပါတယ်။ မြန်မာတို့ ကျွန်ဘဝမှ လွတ်ရေးအတွက် ရွှေတိဂုံဘုရားကို ဗဟိုပြုပြီး စုရုံးခဲ့ကြတယ်။ ရွှေတိဂုံဘုရားနဲ့ ပတ်သက်ပြီး သမိုင်းသင်္ကေတတွေ အများကြီးပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ မွေးဖွားသူတိုင်း ဒီသမိုင်းအမွေကို စောင့်ရှောက်ဖို့ တာဝန် ရှိတယ်။ ညှိုးနွမ်းအောင် သိမ်ငယ်အောင် ပြောဆိုပြုမူတာမျိုးကို သတိထားရမယ်။ တစ်ချို့ကို သမိုင်းနဲ့ ယုတ္တိကိုချည်း ပုံအောလို့ မဖြစ်နိုင်ဘူး။ ယနေ့ ထိုင်းလူမျိုး အများစုဟာ ဘေးလူအမြင် သာမန်မျှဖြစ်တဲ့ ခပ်ကြမ်းကြမ်းပြောရင် ဘာမဟုတ်တဲ့ ဘုရင်ဆိုတာကို ဘုရားလို ကိုးကွယ်ပြီး ဆတ်ဆတ်ထိမခံ ဆိုမဟုတ်လား။

ဒါက ဒီမေးခွန်းကို မဖြေခင် ဒီပြဿနာအတွက် ဘုန်းကြီးရဲ့ ခံယူထားပုံကို သိစေချင်လို့ စကား ခင်းတာပါ။ အဲဒီ ခံယူချက်ကို အခြေပြုပြီး ကျမ်းဂန်နဲ့ ညှိကြည့်မလို့ပါ။

ဘုရားနှစ်ဆူ

လောကဓာတ်တစ်ခုတည်း၌ သမ္မာသမ္ဗုဒ္ဓဘုရား နှစ်ဆူတစ်ပြိုင်နက် ပွင့်ရိုးထုံးစံ မရှိ (အံ၊၁၊၂၉)’လို့ မြတ်ဗုဒ္ဓဟောတော်မူတာကို မိလိန္ဒမင်းက ဘဝင်မကျဘူး။ ဒါနဲ့ ‘လောကဓာတ်တစ်ခုမှာ ဘုရားနှစ်ဆူ ပွင့်ရင် ဓမ္မအလင်းရောင် ပိုပြီး မထွန်းပြောင်နိုင်ဘူးလား’လို့ အရှင်နာဂသေနကို မေးတဲ့အခါ အရှင်မြတ်က ‘တစ်သောင်းသော လောကဓာတ်ဟာ ဘုရားတစ်ဆူကိုသာ ဆောင်နိုင်ပါတယ်။ ဘုရားနှစ်ဆူ တစ်ပြိုင်နက် ပွင့်လျှင် လောကသည် တုန်လှုပ်၍ ဖရိုဖရဲ ဖြစ်သွားနိုင်တယ် (မိလိန္ဒ၊၂၃၁)’လို့ ဖြေကြားပါတယ်။ ဒီအဖြေကို ကျမ်းညှိကြည့်ရင် ‘ဗုဒ္ဓဆိုတာ အဒုတိယ (အနှိုင်းမဲ့)၊ အစရိယမနုဿ (လူသားလွန်ပုဂ္ဂိုလ်) (အံ၊၁၊၂၂)’ဖြစ်လို့ ဘုရားတွေ အများကြီး ဖြစ်နေရင် ‘အံ့ဖွယ်ပုဂ္ဂိုလ်ထူးလို့ မဆိုနိုင် (အနစရိယတ္တာ)တဲ့ အပြင်ပုထုဇဉ် ကိုးကွယ်သူ့ ကမ္ဘာမှာ အပြိုင်အဆိုင်အုပ်စုတွေ ကွဲပြားပြီး ဗုဒ္ဓရဲ့ ဂုဏ်ရည်ကို လျော့စေနိုင်တဲ့အတွက် ဘုရားတစ်ဆူရဲ့ သာသနာကွယ်ပြီးမှ အခြားဘုရားတစ်ဆူ ပွင့်တယ် (ဒီ၊ဋ္ဌ၊၃၊၈၄)’လို့ ဖြစ်ပါတယ်။

ဓာတုပရိနိဗ္ဗာန်

သာသနာကွယ်’ဆိုတာကို ဓာတုပရိနိဗ္ဗာန်နဲ့ ပိုင်းခြားတယ်။ လောကမှာ ပိဋကတ်သုံးပုံ၊ ရဟန်းသံဃာနဲ့ ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးသူ လုံးဝမရှိတော့ရင်၊ ဗုဒ္ဓရဲ့ ဓာတ်တော်တွေကို ကြည်ညိုပူဇော်မယ့်သူကိုလည်း ရှာမရတော့ရင် ကမ္ဘာတစ်လွှားက စေတီတွေထဲမှာ ရှိနေတဲ့ ဗုဒ္ဓရဲ့ ဓာတ်တော်တွေ အားလုံး ဗောဓိမဏ္ဍိုင် (ဗုဒ္ဓဂယာ)မှာ ပြန်စုပြီး အလိုလို မီးကျွမ်းမယ်။ ဒီလိုဖြစ်တာကို ဓာတုပရိနိဗ္ဗာန်လို့ ခေါ်တယ်။ အဲဒီနောက် သာသနာ ကွယ်ပြီ။ ကျမ်းစာအဆိုက ‘ဓာတ်တော်များ တည်ရှိနေလျှင် ဗုဒ္ဓဘုရားတို့ တည်ရှိနေသေးသည်သာ ဖြစ်၏။ ထို့ကြောင့် ဓာတ်တော်များ တည်ရှိနေသည့် ကာလအတွင်း အခြား ဘုရား တစ်ဆူ မပွင့်နိုင်။ ဓာတုပရိနိဗ္ဗာန် စံပြီးသော်ကား ထိုဘုရား၏ သာသနာ ကွယ်ပြီးဖြစ်၍ အခြားဘုရား တစ်ဆူ ပွင့်ထွန်းနိုင်၏ (အဘိ၊ဋ္ဌ၊၂၊၄၁၂)’တဲ့။

ဘုရားတစ်ဆူရဲ့ သာသနာ ပျောက်ကွယ်ပြီးမှ နောက်ဘုရားတစ်ဆူ ပွင့်နိုင်လို့ ရွှေတိဂုံစေတီထဲမှာ ပွင့်ပြီး ဘုရားသုံးဆူနဲ့ ပတ်သက်တာတွေ ရှိတယ်ဆိုတာကို မဖြစ်နိုင်ဘူးလို့ မေးခွန်းပါ တရားဟောဆရာတော်က ယူဆပုံရတယ်။ ဒါပေမယ့် ဒီကိစ္စ ဆန်းစစ်ဖို့ လိုလိမ့်မယ်။ တေဇောဓာတ် လောင်သွားလို့ ဓာတ်တော်တွေ မရှိနိုင်တော့ပေမယ့် ဗုဒ္ဓတစ်ဆူနဲ့ ပတ်သက်တဲ့ စေတီထိုက်တဲ့ ပရိဘောဂ (အသုံးအဆောင်)လို အခြားအရာ (သို့မဟုတ် စေတီ)အချို့ တည်ရှိခွင့်ရှိကြောင်း ကျမ်းဂန်အထောက်အထားကို တွေ့ရလို့ ဖြစ်ပါတယ်။

စေတီလေးမျိုး

ဓာတုစေတီ သို့မဟုတ် သာရီရိကစေတီ (ဓာတ်တော်များ)၊ ဥဒ္ဒိဿကစေတီ (ဆင်းတုများ)၊ ပရိဘောဂစေတီ (ဗောဓိပင်နှင့် အဆောင်ပစ္စည်းများ)၊ ဓမ္မစေတီ (ပဋိစ္စသမုပ္ပါဒ် စသည်ကို ရေးထားတဲ့ ကျမ်းစာ)လို့ စေတီလေးမျိုးရှိတယ် (သာရတ္ထ၊ဋီ၊၁၊၁၇၂)။ ဂေါတမဗုဒ္ဓ ပွင့်ဆဲမှာ ကဿပဗုဒ္ဓနဲ့ ပတ်သက်တဲ့ ပူဇော်စရာ (စေတီ)တွေ တည်ရှိတာကို တွေ့ရတယ်။ အာဠဝီမြို့နားက ညောင်ဗိမာန်မှာ နေတဲ့ အာဠဝက ဘီလူးဟာ ကဿပဘုရားထံက သူ့မိဘတွေသင်ယူထားတဲ့ မေးခွန်းရှစ်ခုနဲ့ အဖြေကို ငယ်စဉ်အခါ ကျက်မှတ်ထားခဲ့ပေမယ့် ကာလကြာတဲ့အခါ အဖြေတွေကို မေ့ကုန်လို့ မေးခွန်းလောက်ကိုပဲ ရွှေပြားပေါ်မှာ ရေးကူးပြီး ဗိမာန်ထဲမှာ သိမ်းထားတယ်။ ဂေါတမဗုဒ္ဓကို မေးလျှောက်တာ အဲဒီမေးခွန်းတွေပဲ (သံ၊ဋ္ဌ၊၁၊၂၉၉)။

ကဿပဗုဒ္ဓ ဟောကြားတဲ့ စာသားကို ရေးထားတဲ့ အဲဒီ ရွှေပြားဟာ ဓမ္မစေတီပါပဲ။ ဂေါတမဗုဒ္ဓ လက်ထက်မှာ ရှိနေတယ်မဟုတ်လား။ အောက်ပါ ဖြစ်ရပ်ကို ဖတ်ကြည့်ပါ။

ကဿပရွှေစေတီ

မြတ်ဗုဒ္ဓဟာ သာဝတ္ထိမှ ဗာရာဏသီကို ကြွခိုက် လမ်းအကြားမှာရှိတဲ့ တောဒေယျရွာအနီး နတ်စင်မှာ သီတင်းသုံးစဉ် အရှင်အာနန္ဒာအား မလှမ်းမကမ်းမှာ တွေ့ရတဲ့ လယ်သမားကို ခေါ်ခိုင်းလိုက်တယ်။ ဘုရားရှေ့ကို ရောက်တော့ လယ်သမားက ဗုဒ္ဓကို ရှိမခိုးဘဲ နတ်စင်ကို ရှိခိုးတယ်။ မြတ်ဗုဒ္ဓက ‘ပုဏ္ဏား၊ ဘာလို့ ဒီနေရာကို ရှိခိုးသလဲ’လို့ မေးတဲ့အခါ ‘အစဉ်အလာအရ တပည့်တော်တို့ ရှိခိုးလာခဲ့တာပါ’တဲ့။ မြတ်ဗုဒ္ဓက ‘သင်ဟာ ရှိခိုးထိုက်တဲ့ နေရာကို ရှိခိုးတာပဲ’လို့ မိန့်တော်မူတယ်။ ထို့နောက် ရဟန်းတွေရဲ့ သံသယကို ဖျောက်လိုရင်းနဲ့ မြတ်ဗုဒ္ဓက နတ်စင်ရဲ့အောက်မှာ ကဿပဗုဒ္ဓရဲ့ရွှေစေတီ ရှိကြောင်း မိန့်တော်မူတဲ့အခါ သံဃာတွေ တောင်းပန်လို့ အဲဒီ ရွှေစေတီကို ဗုဒ္ဓက တန်ခိုးနဲ့ ထုတ်ဖော်ပြတော်မူတဲ့အတွက် ရဟန်းရှင်လူတို့ ပူဇော်တာ ၇-ရက်ကြာတယ်။

ကျမ်းဂန်မှာ ဆိုပုံက ‘ထို ရွှေစေတီဟာ ဗုဒ္ဓရဲ့ တန်ခိုးနဲ့ မူလနေရာ (မြေအောက်)ကို ပြန်ရောက်သွားပြီး ထိုရွှေစေတီနေရာမှာ ကျောက်စေတီကြီး တစ်ဆူကျန်နေခဲ့တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၆၃)’တဲ့။

သကဋ္ဌာနမေဝ ဂတံ = မူလနေရာ (နတ်စင်အောက် မြေကြီး)သို့ ပြန်သွားတယ်’ဆိုတဲ့ စကားအရ ကဿပဗုဒ္ဓရဲ့ အလောင်းတော်ကို ဌာပနာထားတဲ့ ရွှေစေတီကြီးဟာ ဂေါတမဗုဒ္ဓရဲ့ ရှေ့မှောက်မှာ ရဟန်းရှင်လူတို့ ခုနစ်ရက်ကြာ ဖူးမြော်ကြရကြောင်း နားလည်ရတယ်။ ဒါဖြင့် ကဿပဗုဒ္ဓရဲ့ သရီရ (ကိုယ်ခန္ဓာ) စေတီဟာ ဂေါတမဗုဒ္ဓ ပွင့်ဆဲမှာ မြေကြီးအောက်မှာ မြုပ်နေတယ်လို့ မဆိုနိုင်ဘူးလား။

မွေတော်လေးဆူ

ရွှေတိဂုံစေတီထဲမှာ ကကုသန်ဘုရားရဲ့တောင်ဝှေး၊ ကောဏာဂုံဘုရားရဲ့ရေစစ်၊ ကဿပဘုရားရဲ့ရေသနုပ် (ရေလဲသင်းပိုင်)၊ ဂေါတမဘုရားရဲ့ ဆံတော်ဓာတ်တွေ ကိန်းဝပ်တယ်လို့ မောင်ဆုရှင်ရေးပြီး စာပေဗိမာန်က ထုတ်ဝေတဲ့ ‘မြတ်ဘုရား ရွှေတိဂုံ’ကျမ်းမှာ ဖတ်ရတယ်။ ဂေါတမဗုဒ္ဓရဲ့ ဆံတော်ဓာတ်မှလွဲပြီး ကျန်တာတွေက အသုံးအဆောင် (ပရိဘောဂ)တွေ ဖြစ်ပါတယ်။ ဗုဒ္ဓဓာတ်တော်တွေ မဟုတ်ဘူး။ ဒါကြောင့် ပရိဘောဂ စေတီအနေနဲ့ဆိုရင် ကိုးကွယ်သူမရှိတော့ရင်တောင် သို့မဟုတ် မကြည်ညိုသူတို့ရဲ့ ဖျက်ဆီးခြင်းကို မခံရသရွေ့ လောကမှာ တည်ရှိနိုင်တယ်လို့ ချွင်းချက်နဲ့ မှတ်ထားရင် ယောနိသောမန သိကာရ ဖြစ်မလားလို့ပါ။ ကဿပဗုဒ္ဓရဲ့ သရီရ (ကိုယ်ခန္ဓာ) စေတီကိုတောင် ဂေါတမဗုဒ္ဓရဲ့ ရှေ့မှောက်မှာ ဖူးမြင်ရသေးတာပဲ။

ယုတ္တိတစ်ခု

ဥဒ္ဒိဿက စေတီထိုက်တဲ့ ဗုဒ္ဓဆင်းတု သုံးဆူကို ကကုသန်၊ ကောဏာဂုံ၊ ကဿပလို့ ဘွဲ့အမည်တပ်လိုက်တာနဲ့ ဖူးမြင်သူတို့ရဲ့စိတ်ထဲမှာ ခြားနားချက်ကို ခံစားရတယ်။ ဆင်းတုရှေ့က အလှူခံပုံးမှာ ဘယ်ဘုရားကို လှူရင် ဘာဖြစ်တယ်လို့ ပြောလိုက်ရင် ဒီထက်တောင် ပိုပြီး ခြားနားသွားနိုင်တယ်။ လောဘ မောဟ မကင်းတဲ့ ပုထုဇဉ်ရဲ့စိတ်က အဲဒီသဘောမျိုးပါ။ ဒါကြောင့် ယခုဘုရားနဲ့ ပတ်သက်တာ လုံးဝမရှိတော့မှ နောင်ဘုရားတစ်ဆူ ပွင့်တယ်လို့ ခြွင်းချက်မဲ့ဆိုရင် ဘုရားရှင်တို့ရဲ့ ဘွဲ့အမည်ကို ပလ္လင်မှာ အမည်ကမ္ပည်းရေးထိုးပြီး ပူဇော်ကိုးကွယ်ဖို့တောင် စဉ်းစားရမလို ဖြစ်မနေဘူးလား။

အဖြူနှလုံးသား

ရခိုင်တွေက ရှေးခေတ် ရခိုင်ဒေသကို မြတ်စွာဘုရား ကြွခဲ့တယ်လို့ ယုံကြည်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က ရန်ကုန်သား ကုန်သည်ညီနောင်တို့ ဗုဒ္ဓဂယာကို ရောက်တယ်လို့ မြန်မာဗုဒ္ဓဝါဒီ အများစုရဲ့ နှလုံးသားမှာ ရှိတယ်။ ရန်ကုန်နဲ့ ဂျပန်လောက်ဝေးတဲ့ ဗုဒ္ဓဂယာကနေ သူတို့နိုင်ငံကို ဗုဒ္ဓဘုရား သုံးကြိမ်ကြွခဲ့တဲ့အပြင် ခြေတော်ရာ တစ်ဆူတောင် ထားခဲ့တယ်လို့ သီဟိုဠ်လူမျိုးတို့ ယုံကြည်တယ်။ တိဗက်သမိုင်းကို ဖတ်တော့ တိဗက်ကိုလည်း ဗုဒ္ဓဘုရားကြွခဲ့တာပဲ။ ယနေ့ ဥရောပတိုက်သားအချို့က ၎င်းတို့ဆီ ယေရှုခရစ်တော် ကြွခဲ့တယ်ဆိုပဲ။ ဒါက ယုံကြည်သူ လူမျိုးအသီးသီးရဲ့ ပုဂ္ဂိုလ်ရေးကိစ္စပါ။

ဒါကြောင့် ရွှေတိဂုံစေတီတော်ထဲက လေးဆူသော ဓာတ်မွေတော်ကို မြန်မာတို့ နှလုံးသားမှာ ဆက်လက်သိမ်းဆည်းထားသင့်ပါတယ်။ မြန်မာတို့ ရှင်သန်ဖို့အတွက်လိုအပ်တဲ့ အဖြူနှလုံးသားဖြစ်လို့ပါ။ အင်း .. သုတေသီတို့က သုတေသန စကားပြောရင်လည်း ယုံကြည်သူတို့က ပြုံးနေရုံပါပဲ။

ဧပြီ ၁၆၊ ၂၀၁၅။

---

၃၈၁။ ဗုဒ္ဓဆင်းတု ဘယ်လိုစ

ဗုဒ္ဓသည် တပည့်များအား ရုပ်ပွားဆင်းတု ထုလုပ်ကိုးကွယ်ရန် ညွှန်ကြားခဲ့ပါသလား။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ရုပ်ပွားဆင်းတုများ ကိုးကွယ်ပူဇော်ခြင်းများ ရှိခဲ့ပါသလား။ ဗုဒ္ဓရုပ်ပွားဆင်းတုများကို မည်သည့်တိုင်းပြည်တွင် မည်သည့်အချိန်က စတင်ခဲ့ကြောင်း သိလိုပါသည် အရှင်ဘုရား။

နန်းနွယ် (တောင်ကြီး)

---

အတိအကျ မသိ

ဗုဒ္ဓဆင်းတုတော် ထုလုပ်ကိုးကွယ်မှုဟာ ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုတော်မူခဲ့တဲ့ အတွေးအမြင် ဟုတ်မဟုတ်ဆိုတာ အတိအကျဆိုဖို့ ခဲယဉ်းပါတယ်။ ထေရဝါဒပိဋကတ်မှာ မြတ်ဗုဒ္ဓက မိမိရဲ့ဆင်းတုကို ထုလုပ်ကိုးကွယ်ရမယ်လို့ တိုက်ရိုက် မြွက်ဟတာ မရှိပါဘူး။ ဓာတ်တော် မွေတော်တွေကို စေတီတည်ထားကိုးကွယ်ဖို့တော့ ခွင့်ပြုခဲ့ပါတယ် (ဒီ၊၂၊၁၁၀)။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့ နေနဲ့ ၎င်းတို့ရဲ့ သင်္ဂြိုဟ်ကြွင်းကို စေတီတည်ကိုးကွယ်တဲ့ အဲဒီ ခေတ်ချိန်က အိန္ဒိယ ဓလေ့ထုံးစံအရ အဲဒီလို မိန့်တော်မူတာ ဖြစ်နိုင်တယ်။

ဒါပေမယ့် မြတ်ဗုဒ္ဓအနေနဲ့ ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို တားလည်း မတားမြစ်ပါဘူး။ ဗုဒ္ဓဆင်းတုကို ကိုးကွယ်လိုတဲ့ အတွေးအမြင်ဟာ ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ ဗုဒ္ဓရဲ့ တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်ကနေ စိတ်ဓာတ်ခွန်အားကို ရလိုတာကနေ စတင်ခဲ့တာ ဖြစ်နိုင်ပြီး ထေရဝါဒပိဋကတ်မှာရော သမိုင်းအရပါ ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ငါးရာခန့်ထိ အိန္ဒိယမှာ ဗုဒ္ဓဆင်းတု တည်ရှိခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။

အိန္ဒိယ ဂရိ

အိန္ဒိယမှာ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်တာဟာ အသောကခေတ်မှာ မရှိသေးဘူး၊ ဒါပေမယ့် စုဆောင်းရရှိတဲ့ အထောက်အထားတွေ ဘီစီ ၁-ရာစုထက်တော့ နောက်မကျနိုင်ဘူးလို့ ပညာရှင် ကာရ်န် (Karn)ကဆိုတယ် (Maunal of Indian Buddhism, p. 95)။ ဗုဒ္ဓဆင်းတု ကိုးကွယ်မှု မတိုင်မီက ကြည်ညိုသူတွေဟာ ကြာပန်းပုံကို ဖြစ်စေ၊ မြတ်ဗုဒ္ဓရဲ့ ခြေရာတော်ပုံကို ဖြစ်စေ ပူဇော်ကိုးကွယ်ခဲ့ကြပါတယ်။ ဗုဒ္ဓဝါဒ အစောပိုင်း ကာလမှာ ရုပ်ပွားဆင်းတု ကိုးကွယ်တာကို ဗုဒ္ဓဝါဒီအချို့ နှစ်သက်ကြဟန်မတူဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရဲ့ထူးခြားတင့်တယ်တဲ့ ရုပ်သွင်တော် ပျက်ယွင်းသွားနိုင်လို့ ဖြစ်ဖွယ်ရှိပါတယ်။ ဂရိနဲ့ ဆက်သွယ်မိချိန်ကျမှ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်မှု ပြန့်နှံ့လာတယ်လို့ သမိုင်းသုတေသီတို့ ယုံကြည်ကြပါတယ်။

နှောင်းခေတ်မှာ ဗုဒ္ဓဆင်းတုထုလုပ်မှု အနုပညာနဲ့ ပတ်သက်ပြီး အိန္ဒိယလူမျိုးတွေကို ဂရိတို့က ကူညီအားပေးခဲ့ကြတယ်။ ဒီအချိန်ကစပြီး အခြားနိုင်ငံတွေမှာလည်း ရုပ်ပွားဆင်းတုကိုးကွယ်မှု ခေတ်စားလာတယ်။ မိမိနိုင်ငံလူမျိုးအသီးသီးရဲ့ ရုပ်သွင်ပုံဟန်တွေနဲ့ ဗုဒ္ဓဆင်းတုတွေ ထုလုပ်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာ တစ်နိုင်ငံတည်းမှာပင် သမိုင်းခေတ်အလိုက် ပုံသဏ္ဌာန် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သီဟိုဠ်လား

ဒါပေမယ့် ဒေဝါနံပိယဿမင်း (၃၀၆-၂၂၆ ဘီစီ)ဟာ ထူပါရာမ စေတီတော်ကို တည်စဉ်က အင်မတန် သပ္ပာယ်တဲ့ ကျောက်ဆင်းတုတော် (သိလာပဋိမာ)ကြီး တစ်ဆူ ထုလုပ်ခဲ့ကြောင်း မဟာဝံသကျမ်းမှာဆိုတယ် ..

ဒေဝါနံ ပိယတိဿေန
သောပတိဋ္ဌာပိတံ ပုရာ
ထူပါရာ မေ ဥရုသိလာ
ပဋိမံ စာရု ဒဿနံ။ (မဟာဝံသ၊၃၆း၁၂၈)။

ထိုအချိန်ကစပြီး သီဟိုဠ်ဘုရင်အဆက်ဆက် ဒီဆင်းတုတော်ကို ပူဇော်လှူဒါန်းမှု ပြုခဲ့ကြတယ်။ မဟာဝံသ အဆိုကို လက်ခံနိုင်ရင် ကာရ်န်ရဲ့အဆိုကို ပြန်သုံးသပ်ရမလိုပါပဲ။

---

၃၈၂။ ဆွမ်းစားဆဲ မွန်းလွဲသွားရင်

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

အချို့ဆရာတော်များက ဆွမ်းဘုဉ်းပေးနေတုန်း ၁၂ နာရီကျော် (မွန်းလွဲ)သွားလျှင် ဆက်ဘုဉ်းပေးသော်လည်း အာပတ်မသင့် (သီလမကျိုး)ဟု ဆိုပါသည်။ အဲဒါ မှန်ပါသလား။ ကျမ်းကိုးအတိအကျဖြင့် သိလိုပါသည် အရှင်ဘုရား။

ကျော်ကျော်မြင့် (လော့စ်အိန်ဂျယ်လိစ်)

---

ကျမ်းဂန်အဆို

ရဟန်းတို့ရဲ့ဝိနည်းမှာ ဆိုပုံက ‘မွန်းမတ်မတ်တည့်ရာ အချိန်အခါလည်း ကာလ (ရဟန်းတို့ စားကောင်းသော အချိန်)၌ ပါဝင်၏။ ထိုမွန်းတည့် မတ်မတ် အချိန်မှစပြီး မစားသောက်ကောင်း။ မြန်မြန်စားသောက်လျှင် ဖြစ်နိုင်၏။ သို့ရာတွင် (ငါ စားသောက်သော အချိန်သည် မွန်းလွဲနေပြီလားဟု) သံသယဖြစ်လျှင် မစားသောက်ကောင်း။ မွန်းတည့်မတည့်သိရန် နေမှတ်တိုင် (နေနာရီ၊ စက်နာရီ) စသည်ကို သုံးစွဲသင့်၏။ ကာလအတွင်း၌သာ ဆွမ်းကိစ္စကို ပြုသင့်၏ (ဝိ၊ဋ္ဌ၊၃၊၉၈)’တဲ့။

နားလည်ပုံ

အဲဒီ အဋ္ဌကထာ (အဖွင့်ကျမ်း)ရဲ့ အဆိုကို ဘုန်းကြီးနားလည်ပုံက ‘မနက်အာရုံတက်ချိန်က စပြီး မွန်းတည့်ချိန်အတွင်းကို ကာလ (ရဟန်းတို့ စားကောင်းတဲ့ အချိန်)လို့ ခေါ်တယ်။ မွန်းတည့်မတ်မတ်အချိန် (မွန်းလွဲ ၁၂-နာရီတိတိ အချိန်)လည်း ကာလထဲမှာပါတယ်။ ဒါပေမယ့် ၁၂-နာရီကျော်တာနဲ့ မစားကောင်းတော့ဘူး။ မွန်းတည့်ချိန်တိတိမှာ စားကောင်းတယ်။ ဒါပေမယ့် လွန်တာနဲ့ မအပ်တော့ဘူး။ ဒါကြောင့် စားရင်းနဲ့ ၁၂-နာရီတိတိ ထိုးတာနဲ့ ဆက်မစားရတော့ဘူး။ မထိုးခင် အားလုံးပြီးစီးအောင် လုပ်ရမယ်’လို့ ဖြစ်ပါတယ်။ ဒီအဖွင့် နာရီကို ကြည့်ပြီး ဘုဉ်းပေးရလိမ့်မယ်။

လုပ်ထုံးအရ

ကျမ်းဂန်ကျွမ်းကျင်တဲ့ ဆရာတော်တစ်ပါးက ‘ဘုဉ္ဇနကာလေ ဝိကာလော ဟောတိ၊ အနာပတ္တိ’ (စားနေဆဲကာလ လွန်သွားလျှင် အာပတ်မသင့်)လို့ မိန့်ဖူးပေမယ့် ဘုန်းကြီးအနေနဲ့ အဲဒီစာသားကို ရှာမရနိုင်ပါ။ ဒါကြောင့် ‘ဂရုက လဟုကေသု ဂရုကေ ဌာတဗ္ဗံ (အလေးအပေါ့ ယှဉ်လာလျှင် အလေးဖက်မှာ ရပ်တည်ရမည်)'ဆိုတဲ့ ဝိနည်းဆုံးဖြတ်ပုံ လုပ်ထုံးလုပ်နည်းအရ ၁၂-နာရီကျော်တာနဲ့ ဝိကာလလို့ ယူဆခြင်းဟာ ပိုပြီး ဝိနည်းကို အလေးဂရုပြုရာရောက်လို့ ၁၂-နာရီထိုးတာနဲ့ ရပ်လိုက်တာဟာ အသင့်ဆုံးဖြစ်မယ်လို့ ယူဆပါတယ်။

---

၃၈၃။ မဇ္ဇနဲ့ ဆေးလိပ်ကွမ်းယာ

ဆရာတော်အရှင်သူမြတ်ဘုရား၊

သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပုဒ်တွင် ပါဝင်သော မဇ္ဇနှင့် ပမာဒဋ္ဌာန နှစ်မျိုး၌ ဆေးလိပ်နှင့် ကွမ်းယာ ပါမပါ သိလိုပါသည် အရှင်ဘုရား။

ပပမျိုးခင် (ဆေး၂)

---

မဇ္ဇအားလုံး

သုရာမေရယမဇ္ဇပမာဒဋ္ဌနာ-ကို သုရာမေရယမဇ္ဇပမာဒဋ္ဌာန-လို့ လေးပုဒ် မှတ်ရမယ်။ သုရာဆိုတာ သေရည်ငါးမျိုး။ မေရယဆိုတာ အရက်ငါးမျိုး။ သေရည်နဲ့ အရက်အပါအဝင် သောက်သုံးရင် မူးယစ်မေ့လျော့စေတတ်တဲ့ ကျန်တဲ့ ယစ်မျိုးဝင် ပစ္စည်းအားလုံးကိုလည်း ‘မဇ္ဇ’လို့ ယူရတယ်။ ထိုမူးယစ်ပစ္စည်းတွေကို သောက်သုံးဖို့ လှုံ့ဆော်တဲ့ စေတနာကိုတော့ ပမာဒဋ္ဌာနလို့ ခေါ်တယ် (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၇)။ သေရည်ဟာ မဇ္ဇ၊ အရက်ဟာ မဇ္ဇ၊ မူးယစ်စေတတ်တဲ့ အခြားသော အရည်၊ အခဲ၊ အတောင့်၊ အပြား၊ အမှုန့် အားလုံးလည်း မဇ္ဇ၊ အဲဒါတွေကို သောက်သုံးဖို့ လှုံ့ဆော်တဲ့ စိတ်ကို ပမာဒဋ္ဌာနလို့ မှတ်ဖို့ပါ။

ဆေးလိပ်

ဆေးလိပ်ဆိုတာကို အထူးသစ်ရွက် အထူးစက္ကူစသည်နဲ့ လိပ်ထားတဲ့ အလိပ်လို့ နားလည်ရတယ်။ ဒီအထဲမှာ ပါဝင်နိုင်တဲ့ ပစ္စည်းတွေက မတူနိုင်လို့ ခွဲပြောမှ ဖြစ်မယ်။ အထဲမှာ ပစ္စည်းက ဆေးရွက်ကြီးဆိုရင် လေ့လာချက်အရ ဂိလာန ရဟန်းများ အဲဒီဆေးလိပ်ကို ရှူဖွာခွင့် ရှိတယ်လို့ ဆရာမြတ်တို့ ဆုံးဖြတ်တော်မူကြတယ်။ ဒါပေမယ့် ဂိလာန မဟုတ်ရင် မရှုရ (ကျမ်းကိုးနဲ့ အသေးစိတ်ကို ဓမ္မအမေးအဖြေများ ၃၊ စာ၁၀၀၃ မှာ ရှုပါ)။ ယနေ့ခေတ် ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမည်းစသည်ကတော့ ခုနကလို သစ်ရွက် စက္ကူစသည်နဲ့ လိပ်သည်ဖြစ်စေ မလိပ်သည်ဖြစ်စေ မဇ္ဇထဲ ထည့်ရမယ်။ ယင်းတို့နဲ့ ပေါင်းစပ်ထုတ်လုပ်တဲ့ အမှုန့်၊ အခဲ၊ အတောင့်၊ အပြား၊ အရည် စတာတွေလည်း မဇ္ဇပါပဲ။ ဒါကြောင့် မေးခွန်းမှာပါတဲ့ ‘ဆေးလိပ်’က ဆေးရွက်ကြီးနဲ့ လိပ်ထားတဲ့ ဆေးလိပ်ကို ဆိုလိုရင် မဇ္ဇထဲ မပါဘူးလို့ ဖြေပါတယ်။

ကွမ်းယာ

ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးသုံးမျိုးကို တစ်မျိုးစီ ဖြစ်စေ သုံးမျိုးလုံး ပေါင်းထားတာကို ဖြစ်စေ ရဟန်းဝိနည်းမှာ တားမြစ်ချက်မရှိဘူး။ ဒါကြောင့် အဲဒီသုံးမျိုးနဲ့ လုပ်ထားတဲ့ ကွမ်းယာဟာ မဇ္ဇထဲမှာ မပါဘူးလို့ ယူဆရတယ်။ ကွမ်းယာနဲ့ ပတ်သက်တဲ့ ကျမ်းကိုးနဲ့ အသေးစိတ်ရှင်းလင်းချက်ကို ‘ဆေးလိပ်ကွမ်းယာ ရှောင်ကြဉ်ပါ’ ခေါင်းစဉ်နဲ့ ဓမ္မအမေးအဖြေများ ၃၊ စာ-၁၀၀၅ မှာ ဖတ်ရှုနိုင်ပါတယ်။

မနှစ်သက်

ဆေးလိပ်ရော ကွမ်းယာပါ ‘မဇ္ဇ’ထဲ မပါကြောင်း ဆိုခြင်းမျှသာ ဖြစ်ပါတယ်။ လူပရိသတ်ရှေ့မှာ တံတွေးတပျစ်ပျစ် ထွေးရတဲ့ ကွမ်းစား၊ ဆေးငုံနဲ့ အခိုးနံ့က အခြားသူကို အခံရခက်စေလို့ ဆေးလိပ်သောက်ဆိုတာတွေကို ဘုန်းကြီးအနေနဲ့ ပုဂ္ဂိုလ်ရေးအရ လုံးဝမကြိုက်ပါဘူး။ ဘိုးတော်ဘုရားခေတ်ကတော့ ဘုရင်၊ မိဖုရား၊ ဝန်ကြီးတွေက အစ ကွမ်းဆရာ၊ ဆေးလိပ်ဆရာတွေ ဖြစ်လို့ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကြောင့် ဂုဏ်သိက္ခာ ရှိရင် ရှိမှာပေါ့။ မျက်မှောက်ခေတ် တိုးတက်ပြီး ကမ္ဘာမှာတော့ ကွမ်းစားတာလို ဓလေ့စရိုက်တွေကို လူအများစု မနှစ်သက်တော့ဘူး။ လူရှေ့မှာ တံတွေးထွေး၊ ချွဲဟပ်တာဟာ လူမြင်ကွင်းမှာ မျက်စိ၊ နား၊ နှာခေါင်းကို နှိုက်သလိုပဲ။

အမ္မာဇန်တွေ

လပွတ္တာက အင်မတန် ကွမ်းစားတဲ့ ကွယ်လွန်သူ ရဟန်းဒကာမကြီး ပြောစကားတစ်ခု အမှတ်ရမိတယ် ‘တစ်ခါမှ နှုတ်ခမ်းနီမဆိုး၊ မိတ်ကပ် မလိမ်းဖူးဘူး။ ငယ်ငယ်ကဆို ပွဲလမ်းသဘင် သွားခါနီးကျရင် ကွမ်းကလေး မဆိုစလောက် ဝါးလိုက်တယ်။ ခံတွင်းနံ့လည်း သင်းတယ်၊ နှုတ်ခမ်းအရောင်လည်း ပြောင်းသွားတယ်။ တော်ရော့ပေါ့’တဲ့။ သူ့ခေတ်သူ့အခါကပေကိုး။ အခုက နှစ်ဆယ့်တစ်ရာစုထဲ ရောက်နေပြီ။ အမ္မာဇန်တောနက်က အဝတ်မဝတ်တဲ့ လူရိုင်းတွေအကြောင်း ဗွီဒီယိုမှာ ကွမ်းသီး၊ တောကွမ်းရွက်နဲ့ သစ်စေးတစ်မျိုးကို ရောပြီး ဝါးတဲ့အခါ သွားနဲ့ နှုတ်ခမ်း နီရဲသွားတာကို အဲဒီလူတွေက အလှတစ်မျိုးလို့ ယူဆတယ်ဆိုပဲ။ ဒကာမကြီးတို့ခေတ်က အမ္မာဇန်ခေတ်ပါ။

ဟာသမဟုတ်

တစ်ခါမှာ ဗမာမနဲ့ ကြိုက်နေတဲ့ ကိုလူဖြူက သူ ဗမာပြည်မှာ ရိုက်ယူလာတဲ့ ဓာတ်ပုံတွေထဲက လမ်းဘေးစျေးသည် မရွှေချောတစ်ယောက် ဧရာမ ငပိပုံဘေးမှာ မုဆိုးဒူးထောက်ထိုင်ပြီး ယင်ကောင်ကို ယပ်ခတ်ရင်း ကွမ်းဝါးထားလို့ နီရဲနေတဲ့ ပါးစပ်ကြီးပြဲအောင် ရယ်နေတဲ့ ပုံကို ဘုန်းကြီးကိုပြတယ်။ ပြီးတော့ ကိုယ့်လူက ဓာတ်ပုံရှင် နတ်မိမယ်ရဲ့ ပါးစပ်ကို လက်ညှိုးထိုးပြီး ‘Very instresting.’တဲ့။ (မရယ်ပါနဲ့၊ တကယ် ကြုံရတာပါ။) သူ့စိတ်ထဲ အမ္မာဇန်အလှမယ်လို့များ ထင်သွားမလား။

သူ့စိတ်ထဲမှာ

ဘုန်းကြီးတစ်ပါးက ပရိသတ်ရှေ့မှာ ကွမ်းတံတွေး ပျစ်ကနဲ ထွေးရင်း အင်မတန် ရင်းနှီးနီးစပ်တဲ့ လူဖြူတစ်ယောက်ကို ဘယ်တော့ ရည်းစားရမလဲလို့ ကျည်စယ်တဲ့အခါ လူဖြူက ‘ကိုယ်တော့်ပါးစပ်ထဲမှာ ဝါးနေတဲ့ ဟာတွေကိုစွန့်တဲ့အချိန်ကျမှ ရမယ်’လို့ ဟာသပြန်လုပ်တာကို အမှတ်ရတယ်။ ပုဂ္ဂိုလ်ရေး အခြေအနေမှန်ကို သိထားလို့ ကြည်ညိုရင်းစွဲ ရှိနိုင်ပေမယ့် ဒီလူရဲ့ ပတ်ဝန်းကျင်လူနေမှု အဆင့်အတန်းနဲ့ အတွေးအမြင်အရ ကွမ်းကိစ္စကိုတော့ ဒီလူဖီလင်မလာလောက်ဘူး။

ဓာတုကွမ်းဘူး

အမေရိက ပြည်နယ်အချို့မှာ တွေ့ရတဲ့ အိန္ဒိယသား ကုလားဆိုင်တွေမှာ ကွမ်းသီးမှု၊ ဆေးရွက်ခြောက်မှု၊ အာမွှေးစတာတွေကို ဓာတုပစ္စည်းနဲ့ ပေါင်းစပ်ပြီး ကြိတ်ထားတဲ့ ကွမ်းဘူးကို (တံဆိပ်မမှတ်မိ) အရွယ်အစားအမျိုးမျိုး ဝယ်လို့ရတယ်။ အမေရိကန် အမျိုးသား အစားအသောက် ထိန်းချုပ်ရေးဌာနက ခွင့်မပြုလို့ တရားမဝင်ရောင်းတာလို့ ဆိုတယ်။ အမေရိကမှာ နေတဲ့ ဗမာလူမျိုး ကွမ်းဆရာတွေ ကျန်းမာရေးအတွက် စိတ်မချရတဲ့ အဲဒီဓာတုကွမ်းဘူးကို ခိုးဝယ်ပြီး စားနေကြတယ်။ ဗမာပြည်က သူဌေးတစ်ယောက်တောင် အဲဒီကွမ်းဘူးမျိုး ထုတ်လုပ်ပြီး မြန်မာပြည်တွင်းမှာ ဖြန့်ဖို့ အိန္ဒိယကို သွားလေ့လာသတဲ့။

ဥပဒေနဲ့ စည်းကမ်းစိုးမိုးတဲ့ ထိုင်ဝမ်မှာတော့ ကင်ဆာဖြစ်လို့ ကွမ်းရိုးရာ အစဉ်အလာကို တော်လှန်ဖို့ အစိုးရက စီမံကိန်းတွေချပြီး ကြိုးစားနေတယ်။

ဧပြီ ၂၇၊ ၂၀၁၅။

---

ချမ်းသာဆင်းရဲ၊ ပေါရှားမြဲ၊ ဆုံကွဲချစ်စိုး၊ ရှင်သေမျိုး။
ချီးမွမ်းပြစ်တင်၊ ထောင်လဲချင်၊ ပျိုလျှင်အိုရိုး သံဝေမျိုး။ (ပထမမဟာဂန္ဓာရုံဆရာတော်)

---

၃၈၄။ အမျိုးသမီးနဲ့ နိဗ္ဗာန်

ဆရာတော် အရှင်ဘုရား၊

အမျိုးသမီးအခွင့်အရေး ဆွေးနွေးပွဲတစ်ခုမှာ အခြားနိုင်ငံသား ခံယူထားပြီး ကုလသမဂ္ဂအစီအစဉ်နဲ့ အမျိုးသမီးရေးရာဌာနခွဲမှာ လုပ်နေတဲ့ သူ့ကိုယ်သူ ဗုဒ္ဓဘာသာဟုဆိုသော မြန်မာအမျိုးသမီးတစ်ဦးက အမျိုးသမီးတွေ ရိပ်သာဝင်ပြီး ကမ္မဋ္ဌာန်းတရား အားထုတ်ပေမယ့် ဒီဘဝမှာ မိန်းမအဖြစ်နဲ့ နိဗ္ဗာန်ကို မရနိုင်တဲ့အတွက် ဒီဘဝ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ရင် Sexကို အရင်ပြောင်းရမယ်လို့ ဆိုလာပါသည်။ ထိုဟောပြောချက် မှန်ပါသလား၊ ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

တင်နွယ်ဝင်း (မင်းကြီးလမ်း၊ စမ်းချောင်း)

---

ကုလသမဂ္ဂ

ဗုဒ္ဓဘာသာအကြောင်းကို ဘာဆိုဘာမှ မသိဘဲ မလေ့လာဘဲ တစ်ဆင့်စကားကြား၍ အဲဒီလို ပြောတာလား၊ သို့မဟုတ် ဗုဒ္ဓဝါဒအကြောင်းကို မသိတဲ့ နာမည်ကြီးသူတစ်ယောက် ရေးထားတာကို ဖတ်မိ၍လား။ အင်း .. ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ နေရာမှာ အလုပ်လုပ်သူအနေနဲ့ အတော်တော့ နှုတ်သရမ်းတာပဲ။ အဲဒီအဓိပ္ပာယ်နဲ့ စာတမ်းရေးပြီး ကုလသမဂ္ဂကို တင်မှဖြင့် ဒုက္ခ။ သူလို ဝန်ထမ်းကြောင့် ဒီဆယ်စုနှစ်တွေမှာ နဂိုကပင် လူတွေအားကိုးယုံကြည်မှုနည်းနေတဲ့ ကုလသမဂ္ဂဟာ ပိုပြီး သိက္ခာကျသွားမှာပဲ။ ကုလသမဂ္ဂကိုယ်စားလှယ်ဆိုပြီး ဆီးရီးယားကိုသွားရင် လူနည်းစုခရစ်ယန်တွေ သတ်ခံရတယ်လို့ ဆိုတယ်၊ ချက်နဲ့ဆလိုဗက်ပြဿနာမှာဆို မူဆလင် လူနည်းစု သတ်ခံရတယ်လို့ တွင်တွင်ပြောတယ်။ မီဒီယာရဲ့ လွှမ်းမိုးခံသားကောင်အဖြစ် နှလုံးသားအကျဉ်းစံဘဝနဲ့ ငိုပြသူကိုပဲ တစ်ဖက်သတ်အမှန်လုပ်ပြီး သတင်းပို့လို့ ကုလသမဂ္ဂကိုပါ မယုံဘူးဆိုတာ ဖြစ်လာရတာပဲ။

တောင်းပန်သင့်

လွန်ခဲ့တဲ့ ၂-နှစ်လောက်က လော့ဆိန်းဂျယ်လိစ်မှာ ရိုက်နှိပ်ဖြန့်ချိတဲ့ စာစောင်မှာ အမျိုးသမီးတစ်ယောက်က ဗုဒ္ဓဘာသာအရ အမျိုးသမီးတွေ နိဗ္ဗာန်ကိုရချင်ရင် ယောကျ်ားဘဝကိုရအောင် အရင်လုပ်ရမယ်လို့ အင်္ဂလိပ်လို ရေးထားတဲ့ ဆောင်းပါးကို ဘုန်းကြီးနဲ့ နီးစပ်တဲ့ လူငယ်တစ်ယောက် ယူလာပြလို့ ဖတ်လိုက်ရသေးတယ်။ အဲဒီစာစောင်မှာ ရေးတဲ့ အမျိုးသမီးအနေနဲ့ ကုလသမဂ္ဂလိုနေရာက ထုတ်ဝေတဲ့ စာတမ်းရင်းမြစ် တစ်ခုခုကို ဖတ်မိ၍လားလို့ ဘုန်းကြီး အခု သံသယ ဖြစ်မိတယ်။ ဒီသံသယ မှန်ခဲ့ရင် ကျယ်ပြန့်စွာ ပြောဆိုရမယ့် ကိစ္စဖြစ်သွားနိုင်တယ်။ မသိဘဲ ရမ်းရေးတာမျိုးက အယ်ဒီတာမှာ တာဝန်ရှိတယ်။ စာဖတ်သူကို လေးစားရင် အနည်းဆုံး တောင်းပန်သင့်တယ်။ ဒီအကြောင်းကို ‘ကလောင်သရမ်းသူ’ ခေါင်းစဉ်နဲ့ ဓမ္မအမေးအဖြေများ ၄၊ စာ-၁၀၈၇ မှာ ငြင်းလိုက်ဖူးပါသေးတယ်။

အများကြီးပါ

မြတ်စွာဘုရားလက်ထက်က မိန်းမဘဝနဲ့ ဒီဘဝမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြတဲ့ အိမ်ထောင်သည်ရော အိမ်ထောင်သည်မဟုတ်သူပါ အမျိုးသမီးတွေ အများကြီးပါ။ ကချေသည်၊ ပြည့်တန်ဆာ အမျိုးသမီးတွေကစပြီး မိဖုရားကြီးများအထိ ရဟန္တာထေရီတွေ ဖြစ်သွားကြတယ်။ အချို့ဆို ဧတဒဂ် (ယနေ့ ၃၈၄။ အမျိုးသမီးနဲ့ နိဗ္ဗာန် ၁၂၆၅ ခေတ် အဂ္ဂမဟာပဏ္ဍိတလို အသာဆုံးလို့ ချီးမွမ်းခံရသူ) ဘွဲ့တောင် ရတယ်။ ဗိမ္ဗိသာရမင်းရဲ့ကတော် ခေမာမိဖုရားကြီးဆိုရင် ရဟန္တာထေရီ ဖြစ်ပြီးနောက် ကောသလမင်းမေးတဲ့ နက်နဲတဲ့ ဒဿနမေးခွန်းတွေကို ဖြေဆိုပုံကောင်းလွန်းလို့ အရှင်သာရိပုတ္တရာကဲ့သို့ ပညာအရာမှာ အထူးချွန်ဆုံး ဧတဒဂ်ဘွဲ့ရတယ်။ အလွှာစုံက အမျိုးသမီးတွေ ဒီဘဝမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြတယ်လို့ လုံးဝမှတ်ထားဖို့ပါ။

ဖိုးသုည

အဲဒါ မြတ်စွာဘုရား လက်ထက်က။ ယနေ့ခေတ် ရှိသလားဆိုတော့ .. ရှိတာပဲ။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တည်ရှိနေသရွေ့ လိုက်နာကျင့်သုံးသူ မဆိတ်သုဉ်းသရွေ့ မိန်းမ၊ ယောကျ်ားမဟူ နိဗ္ဗာန်ကို မျက်မှောက်ပြုနေကြမှာပဲ။ ဒါပေမယ့် မေးခွန်းထဲက အမျိုးသမီးလို ကျင့်စဉ်အကြောင်းကို ဘာမှမသိတဲ့ ကျင့်လည်းမကျင့်ဖူးတဲ့ Sex ကိုတောင် ပြောင်းရမယ်လို့ ဆိုနေတဲ့ ဖိုးသုညတစ်ယောက်ကို သောတာပန်ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးက ‘ကျမ သောတာပန်ပါ’လို့ လေကုန်ခံပြီးပြောပါ့မလား။

ဖတ်ရှုရန်

မြတ်ဗုဒ္ဓလက်ထက်က ရဟန္တာထေရီမကြီးတွေ ပရိနိဗ္ဗာန်စံခါနီးမှာ မိမိတို့ မဂ်ဖိုလ်တရားရရှိပုံကို မြတ်စွာဘုရားကို လျှောက်ထားကြလို့ ထိုအကြောင်းတွေကို အပဒါန်ကျမ်းကြီးမှာ မှတ်တမ်းတင်ထားတာကို ဖတ်မိရင် အမျိုးသမီးများစွာတို့ ဒီဘဝမှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြောင်း အလွန်ထင်ရှားစွာ တွေ့နိုင်ပါတယ်။

ဧပြီ ၂၇၊ ၂၀၁၅။

---

၃၈၅။ တစ်ဆယ့်လေးချက် ဓမ္မစက်

ဆရာတော် အရှင်ဘုရား၊

စက်ကြီး တစ်ဆယ့်သုံးပါး ဘုရားရှိခိုး၌ ပါသော ‘တစ်ဆယ့်လေးချက် ဓမ္မစက်’၌ တစ်ဆယ်လေးချက်ဆိုတာ ဘာလဲလို့ သိလိုပါသည် အရှင်ဘုရား။

မိုးသဇင် (အောင်မြေသာဇံ)

---

ဓမ္မစက် ၁၄-ပါး

သတိပဋ္ဌာနာဒိဓမ္မော ဧဝ ပဝတ္တနဋ္ဌေန စက္ကံ (သတိပဋ္ဌာန် စသော ဓမ္မသည်ပင် ဖြစ်တတ် လည်တတ်သောကြောင့် စက္ကမည်၏။ နေတ္တိ၊ဋ္ဌ၊၅၇)။ ဒီအဖွင့်အရ စက္က (စက်)ဆိုတာ ဖြစ်ခြင်း လည်ခြင်း။ ဓမ္မဆိုတာ သတိပဋ္ဌာန်စသော တရား။ စက်အရနဲ့ ဓမ္မအရ အတူတူဖြစ်ပြီး ‘စသော’အရ သမ္မပ္ပဓာန်စတဲ့ ဗောဓိပက္ခိယတရား ၃၇-ပါးကို ယူနိုင်တယ်။ သတိပဋ္ဌာန် ၄၊ သမ္မပ္ပဓာန် ၄၊ ဗိုလ် ၅၊ ဗောဇ္ဈင် ၇ စသည်ဖြင့် ၃၇-ပါးပြားပေမယ့် တရားကိုယ်အနေနဲ့ ‘ဧကဂ္ဂတာဝိတက်ဝီရိယပီတိဆန္ဒသဒ္ဓါသတိပဿဒ္ဓိဥပေက္ခာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝပညာစိတ္တ’လို့ စေတသိက် ၁၃-ပါးနဲ့ ယင်းနဲ့အတူဖြစ်တဲ့ စိတ် ဖြစ်ပါတယ်။ အဲဒါ ဓမ္မစက် ၁၄-ပါး (တစ်ဆယ့်လေးချက် ဓမ္မစက်)ပါပဲ။

မသတ်မှတ်

ဒါပေမယ့် ဒီစေတသိက် ၁၄-ပါးကိုပဲ ‘တစ်ဆယ့်လေးချက်’အရ ယူရမယ်လို့ ကျမ်းဂန်သတ်မှတ်ချက် အခိုင်အလုံမရှိပါဘူး။ ဒါကြောင့် မဟာသီဟနာဒသုတ် (မ၊၁၊၉၈)အရ ဒသဗလ ဉာဏ်တော် ၁၀၊ ဝေသာရဇ္ဇ ဉာဏ်တော် ၄၊ ပေါင်း ဓမ္မစက် ၁၄-ပါး။ ဒါကိုတော့ ‘မြတ်ဗုဒ္ဓရဲ့ ပဋိဝေဓဓမ္မစက်’လို့ အမည်ပေးနိုင်တယ် (မ၊ဋ္ဌ၊၁၊၃၃၃ အဖွင့်ကို ရှု)။ ထို့ပြင် ပွားများလေ့ကျင့်ရင် ဓမ္မစွမ်းအားကို ဖြစ်စေတဲ့ အခြား ၁၄-မျိုးသော တရားတွေလည်း ဓမ္မစက်အမည်ကို ရနိုင်တယ်။ ဥပမာ သူတော်ကောင်းဥစ္စာ ၇-ပါးနဲ့ ဗောဇ္ဈင် ၇-ပါး၊ ပေါင်း ၁၄-ပါး..စသည်။

စက္က (စက်)ကို အာဏာလို့လည်း ဘာသာပြန်တယ်။ ဒီလိုဆိုရင် ‘ဓမ္မစက်’ဆိုတာကို တရားနဲ့ညီသော အာဏာလို့ အဓိပ္ပာယ်ဖွင့်ပြီး အဂတိ ၄-ပါး၊ မင်းကျင့်တရား ၁၀-ပါးလို့ဆိုရင်လည်း မမှားလောက်ပါဘူး။ အခြားဖြစ်နိုင်စရာရှိတဲ့ ဓမ္မစက် ၁၄-ပါးနဲ့ စက်ကြီး တစ်ဆယ့်သုံးပါးအကြောင်းကို ဓမ္မအမေးအဖြေများ ၁၊ စာ-၁၃၉မှာ ရှင်းထားပါတယ်။

ဧပြီ ၂၇၊ ၂၀၁၅။

---

၃၈၆။ အဇာတသတ်ရဲ့သား

ဆရာတော်ထံ ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ ဤကမ္ဘာ၌ နောင်ပွင့်မည့် အရိမေတ္တေယျဘုရားအလောင်းသည် ဂေါတမဗုဒ္ဓလက်ထက်၌ အဇိတမည်သော မထေရ်ဖြစ်ပြီး အဇာတသတ်မင်း၏ သားတော်ဖြစ်ကြောင်း ဘာသာရေးစာစောင်တစ်ခု၌ ဖတ်ရပါသည်။ အဇိတရဟန်း၏ အကြောင်းအရာကို နိုင်ငံတော် မဟာဗုဒ္ဓဝင်ကျမ်းတွင် ရှာမတွေ့ပါ။ အဇိတရဟန်းတော်အကြောင်းကို ကျမ်းဂန်တွင် ဖော်ပြသည့်အတိုင်း သိလိုပါသည် အရှင်ဘုရား။

ရောဘတ်ဝင်းမောင် (ဆန်ဖရန်စစ္စကို)

---

အဇိတရဟန်း

မဂဓဘုရင် အဇာတသတ္တုမင်းနဲ့ ကဉ္စနဒေဝီမိဖုရားတို့မှာ အဇိတခေါ်တဲ့ သားတော် (မင်းသား) တစ်ပါးရှိတယ်။ အဇာတသတ္တုမင်းဟာ သာသနာ့အမွေကို ခံယူလိုတဲ့အတွက် အဇိတမင်းသားကို အသက် ၁၆-နှစ်မှာ ရှင်ပြုပေးတယ်။ မင်းသားဟာ ကြည်ညိုဖွယ် ရဟန်းတစ်ပါး ဖြစ်လာတယ်။ မြတ်စွာဘုရားနှင့်အတူ ကပိလဝတ္ထုကို လိုက်ပါပြီး နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးစဉ် မဟာပဇာပတိဂေါတမီဟာ မြတ်စွာဘုရားကို သင်္ကန်းလှူလိုလို့ မိမိကိုယ်တိုင် ယက်လုပ်ပြီး သင်္ကန်းနှစ်စုံ လှူဒါန်းရာမှာ မြတ်စွာဘုရားက တစ်စုံကိုသာ လက်ခံပြီး ကျန်တစ်စုံကို သံဃာအား လှူပါလို့ မိန့်တော်မူတယ်။ မဟာသာဝကကြီး ရှစ်ဆယ်အပါအဝင် သံဃာတော်များမှာ မိထွေးတော်ရဲ့ သင်္ကန်းကို အလှူမခံရဲဘဲ ရှိစဉ် အဇိတကိုယ်တော်က လက်ခံလိုက်တယ်။ ဒါကို ရဟန်းပရိသတ် ကဲ့ရဲ့တဲ့အတွက် မြတ်စွာဘုရားက အဇိတရဟန်းမှာ ဤကမ္ဘာမှာ နောက်ဆုံးပွင့်မယ့် အရိမေတ္တေယျဘုရားအလောင်း ဖြစ်ကြောင်း မိန့်တော်မူတယ်။

ဖော်ပြပါ အကြောင်းအရာကို အနာဂတဝံသပါဠိနဲ့ အနာဂတဝံသအဋ္ဌကထာ (ပေမူ၊ ဗဲ-ကျော၊ ဗော့-ဝမ်း)မှာ အကျယ်ပြဆိုထားပါတယ်။

အနာဂတဝံသ

ထိုကျမ်းနှစ်စောင်ရဲ့ကျမ်းပြုသူနဲ့ ကျမ်းပြုခေတ်ကို အကြမ်းမျှ ဆန်းစစ်ကြည့်ရင် ..

အနာဂတဝံသ ပါဠိမှာ ဂါထာဗန္ဓဖြစ်ပြီး ၈-ကြောင်းပေ ၁၁-မျက်နှာ၊ ဂါထာပုဒ်ရေ ၁၄၂-ပုဒ် ရှိတယ်။ အနာဂတဝံသ (မေတ္တေယျဗုဒ္ဓဝင်)ကို အရှင်သာရိပုတ္တရာ တောင်းပန်လို့ မြတ်စွာဘုရား ဟောတော်မူတယ်လို့ ကျမ်းအစမှာ ဆိုတယ် (ဓမ္မသေနာပတိ ဓီရောဥသေတွာ လောကနာယကံအနာဂတ ဇိနာ ရဗ္ဘအပုစ္ဆိ ကင်္ခမတ္တနော)။ ကျမ်းနိဂုံးမှာ ရေးသူအမည်မပါ။ ပိဋကတ်တော်သမိုင်းမှာလည်း ကျမ်းရေးသူအမည်ကို မဖော်ပြ။

ဂန္ထဝံသကျမ်းမှာတော့ ဝိမတိဝိဋီကာကို ရေးတဲ့ စောဠတိုင်းသား အရှင်ကဿပမထေရ် ရေးကြောင်း ဆိုတယ်။ Oskar Von ရဲ့ A Handbook of Pali Literature, p. 98 မှာလည်း ဂန္ထဝံသအဆိုကို ညွှန်းပြီး မူကွဲတွေ အများကြီး ရှိကြောင်းဆိုတယ်။

သမန္တဘဒ္ဒိကာ

သမန္တဘဒ္ဒိကာ အမည်ရှိတဲ့ အနာဂတဝံသအဋ္ဌကထာ (အနာဂတဝံသပါဠိရဲ့ အဖွင့်) ကျမ်းက ၁၁-ကြောင်းပေ စာမျက်နှာ ၁၄၀-ရှိတယ်။ ကျမ်းအစမှာ သီလဝန္တ မဟာဗောဓိမထေရ် တောင်းပန်၍ ရေးကြောင်းနဲ့ နိဂုံးဂါထာအရ ကာလဝါသိကျောင်းတိုက်အတွင်း ဓာတုသေနမင်း လှူဒါန်းတဲ့ တောင်ဖက်ပြဿာဒ်ဆောင် (ကာရိတေ ဓာတုသေနေနရညာလင်္ကာယ သာမိနာ) မှာနေတဲ့ မထေရ် စီရင်ကြောင်း သိရတယ်။ ဘွဲ့အမည် မတွေ့မိပါ။ ပိဋကတ်တော်သမိုင်း (စာကိုယ်-၃၃၄) မှာတော့ ဓာတုသေနမင်း လက်ထက် အရှင်မဟာဥပတိဿထေရ် ရေးကြောင်းနဲ့ ဂန္ထဝံသကျမ်းမှာလည်း ထိုအရှင်ပင် ရေးကြောင်း ညွှန်းဆိုတယ်။

ဂန္ထဝံသနဲ့ ယုတ္တိ

အနာဂတဝံသအဋ္ဌကထာကို နိဂုံးအရ ဓာတုသေနမင်းလက်ထက် (၄၅၉-၄၇၇ အေဒီ)မှာ ရေးတဲ့အတွက် အနာဂတဝံသပါဠိမှာ ယင်းထက် နောက်မကျနိုင်လို့ စောဠတိုင်းသား အရှင်ကဿပရေးတယ်ဆိုတဲ့ ဂန္ထဝံသကျမ်းရဲ့ အဆိုယုတ္တိမရှိနိုင်။ ဘာကြောင့်ဆို စောဠတိုင်းသား အရှင်ကဿပရဲ့ ဝိမတိဝိနောဒနီ ဋီကာကျမ်းမှာ ပထမ ပရက္ကမဗာဟုမင်း (အေဒီ ၁၁၅၃-၁၁၈၆)ရဲ့ဆရာ အရှင်သာရိပုတ္တရာရဲ့ သာရတ္ထဋီကာကို ဝေဖန်ထားတာကို တွေ့ရလို့ပါပဲ။

ခေတ်သစ် သုတေသီအချို့က အနာဂတဝံသအဋ္ဌကထာ ကျမ်းရေးသူကို ပထမ အဂ္ဂဗောဓိမင်း (အေဒီ ၅၇၈-၆၁၂)လက်ထက် မဟာနိဒ္ဒေသအဋ္ဌကထာကို ရေးတဲ့ အရှင်ဥပသေနနဲ့တောင် ထပ်တူပြုကြတယ် (Somapala, Handbook of Pali Lietrature , p. 132)။ ပိဋကတ်တော်သမိုင်းမှာဆိုတဲ့ အရှင်မဟာဥပတိဿဆိုတာ ဒီအရှင်ဥပသေန များလား။ သို့မဟုတ် ဓာတုသေနမင်းဟာ မောဂ္ဂလာနမင်း (အေဒီ ၄၉၅-၅၁၃)ရဲ့ဖခင် ဖြစ်လို့ ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာကို ရေးတဲ့ အရှင်မဟာနာမထက် အလွန်နောက်မကျတဲ့ အခြားမထေရ်တစ်ပါးလို့လည်း စဉ်းစားခွင့်ရှိတာပဲ။

ဘယ်ဂိုဏ်းက

အနုရာဓပုရဘုရင် ဓာတုသေနမင်း (ညွှန်းပြီး)ဟာ ‘မင်းမြှောက်တန်ဆာ အပြည့်အစုံနဲ့ မိမိနဲ့တူတဲ့ မေတ္တေယျဘုရားအလောင်းရုပ်တုတစ်ခု ထုလုပ်စေခဲ့တယ်’ (မဟာဝံသ၊၃၈း၆၈)။ သီဟိုဠ်ဘာသာနဲ့ ရေးတဲ့ အနာဂတဝံသ ဒေသနာကျမ်းကို အင်္ဂလိပ်ဘာသာပြန်သူ Udaya Meddegama က အေဒီ ၅-ရာစုမှာ သီဟိုဠ်ဘုရင်တိုင်း မေတ္တေယျဘုရားအလောင်း ဖြစ်ချင်ကြသတဲ့ (ယင်း၊ စာ-၆)။

ဒါပေမယ့် အချိန်ကာလ အလွန်ရှေးကျနိုင်တဲ့ ဒီအနာဂတဝံသပါဠိကို အရှင်မဟာဗုဒ္ဓဃောသ၊ အရှင်မဟာနာမ စတဲ့ နှောင်းခေတ် ပညာရှိတို့ရဲ့ အဋ္ဌကထာကျမ်းတွေမှာ ရည်ညွှန်းထားတာကို မတွေ့ဖူးဘူး။ အနာဂတဝံသအဋ္ဌကထာကျမ်းအနေနဲ့လည်း ဝိသုဒ္ဓိမဂ်စသည်ထက် အလွန်ကြီး နောက်မကျနိုင်လို့ စာပေသမိုင်းအရ အလွန်တန်ဖိုးကြီးနိုင်ပေမယ့် ဘာကြောင့် နှောင်းခေတ် ထေရဝါဒီ ပညာရှိတို့ အလေးဂရုမပြုခဲ့ကြသလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။ ထူးခြားတာက ဒီကျမ်းရဲ့ ပဏာမနဲ့ နိဂုံးတွေမှာ မဟာဝိဟာရဝါသီ မထေရ်တို့ရဲ့ ပို့ချစဉ်ကို မှီငြမ်းပြုမယ်ဆိုတဲ့ စကား မပါဘူး။ ဒါဟာ အဲဒီလို အလေးဂရုမပြုခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်လေမလားလို့ စဉ်းစားမိပါတယ်။

Oskar Von ကတော့ အနာဂတဝံသပါဠိဟာ ထေရဝါဒမဟုတ်တဲ့ အခြား ဗုဒ္ဓဝါဒ ဂိုဏ်းကွဲတွေမှာ ပိုမိုထင်ရှားတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

စိစစ်ချက်

အဇာတသတ် မင်းဖြစ်ပြီး ၈-နှစ်မြောက်မှာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတယ် (အဇာတသတ္တု ဗာတ္တိံသ၊ ရဇ္ဇံ ကာရေသိ ခတ္တိယော။ အဋ္ဌဝဿာဘိသိတ္တဿ၊ သမ္ဗုဒ္ဓေါပရိနိဗ္ဗုတော (ဒီပဝံသ၃း၆၀)။ ထေရဝါဒအစဉ်အလာအရ အဇာတသတ်ဟာ ဖခင် ဗိမ္ဗိသာရမင်းကို သတ်ပြီးမှ သားဦးကို ဖွားမြင်တယ်လို့ ယူဆရတယ်။ ဒါကြောင့် အဇာတသတ်ရဲ့သားတော် အဇိတမင်းသား အသက် ၁၆-နှစ်မှာ ဗုဒ္ဓထံမှာ ရှင်ပြုတယ်ဆိုတဲ့ စကားဟာ မသင့်မြတ်နိုင်။ မိထွေးတော် ဂေါတမီရဲ့ သင်္ကန်းကို အလှူခံမယ့် ရဟန်းဖြစ်ဖို့ဆိုရင် နောက်ထပ်လေးငါးနှစ်ထက်မနည်း လိုနိုင်လို့ ‘အဇာတသတ်ရဲ့သားအဇိတရဟန်း အယူအဆ’ဟာ ယုတ္တိအရ မဖြစ်နိုင်။ ဒါကြောင့်လည်း အနာဂတဝံသအဆိုကို ထေရဝါဒီတို့ မသိကျိုးကျွံ ပြုခဲ့တာဖြစ်နိုင်တယ်။

ဖြစ်နိုင်ဖွယ်

မြောက်ပိုင်းမှတ်တမ်းတွေအရ အဇာတသတ္တုဟာ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်မစံမီ ၅-နှစ်အလိုမှာ မာဂဓဘုရင်ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရုက်ခေးလ် (Rock Hill)က ‘ယင်းအချိန်ကာလဟာ အဇာတသတ္တုနဲ့ မြတ်ဗုဒ္ဓတို့ ပတ်သက်မှုတွေ အားလုံးဖြစ်ပျက်နိုင်ရန် တိုတောင်းလွန်းတယ်။ တောင်ပိုင်းမှတ်တမ်းများ (ဒီပဝံသအဆိုကို ရည်ညွှန်းတယ်)အရ ရှစ်နှစ်မြောက်ဆိုတာသည်ပင် တိုတောင်းနေသေးပေမယ့် သင့်မြတ်တယ် (ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများ၊ စာ-၁၆၇)’လို့ သုံးသပ်ဖူးပါတယ်။

အချိန်ကာလကို နောက်ထပ် ရှစ်နှစ်လောက် ဆွဲဆန့်လို့ရရင်တော့ အနာဂတဝံသနဲ့ ဓာတုသေနကျောင်း ဆရာတော်ရဲ့အဆိုကို လက်ခံနိုင်မှာပေါ့။

ဧပြီ ၂၉၊ ၂၀၁၅။

၃၈၇။ အာကာပျံဝဲ မြို့သံတွဲ

ဆရာတော် အရှင်ဘုရား၊

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဒွါရာဝတီဟု အမည်ဟောင်းရှိခဲ့သော ယနေ့ခေတ်သံတွဲမြို့သည် ဒွါဒသကနိပါတ် ဃဋပဏ္ဍိတ ဇာတ်တော်လာ မိုးပေါ်သို့ ပျံတက်ပြီး ရန်သူများ တိုက်ခိုက်၍ မအောင်မြင်နိုင်ဟု ဆိုသော ဒွါရာဝတီမြို့နှင့် တူပါသလား၊ ရှင်းပြပေးစေချင်ပါသည် အရှင်ဘုရား။

တပည့်ဝရသာမိ (မဂဓတက္ကသိုလ်)

---

မြို့သံတွဲ

သံတွဲဆိုတာကို သံ (မယ်န)နဲ့ ရိုက်ပြီး တွဲ (ချိတ်ဆွဲ)ထားတဲ့ မြို့လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ ငါးရာ့ငါးဆယ် နိပါတ်တော်မှာလာတဲ့ ရာဇဝင်အရ အဲဒီလို ဖွင့်တာလို့ ဆိုတယ်။ ဘုရားလောင်း ဃဋပဏ္ဍိတ ဦးဆောင်တဲ့ ညီနောင် မင်းသား တစ်ကျိပ်ဟာ ယောနကတိုင်း အယုဇ္ဈမြို့ကို အောင်မြင်ပြီးနောက် ဒွါရဝတီ (မူရင်းမှာ ဒွါရဝတီလို့ သံတိုနဲ့ ရှိပါတယ်)မြို့ကို တိုက်ခိုက်တဲ့အခါ မြို့တစ်ခုလုံး ကောင်းကင်သို့ ပျံတက်ပြီး သမုဒ္ဒရာထဲက ကျွန်းငယ်သို့ ရောက်သွားလို့ မအောင်မြင်နိုင်ဘူး။ ဒါပေမယ့် မြို့စောင့်ဘီလူးရဲ့ အကြံပေးချက်အရ ‘မြို့တံခါးလေးခုနဲ့ ထောင့်လေးခုမှာ သံမယ်န (ငုတ်တိုင်) စိုက်နှက်၍ မြို့ကို သံကြိုးနဲ့ ဆိုင်းပြီး’ တိုက်ခိုက်မှ အောင်မြင်တယ် (ဇာ၊ဋ္ဌ၊၄၊၈၃)။ အဲဒီလို သံမယ်နမှာ သံကြိုးနဲ့ ဆိုင်းတွဲပြီး တိုက်ယူရလို့ ‘သံတွဲမြို့’ အမည်တွင်တယ်။ သမုဒ္ဒရာထဲကမြို့ကျရောက်တဲ့ ကျွန်းငယ်ကိုတော့ မာန်အောင်ကျွန်း ခေါ်တွင်တယ်လို့ ရှေးဟောင်း ရခိုင် ရာဇဝင်တွေမှာ ဆိုတယ်။

ထောက်ခံသူ

‘သူ့ရန်သူကြံ၊ မိုးသို့ပျံ၊ နာမံဘယ်မြို့ ဘယ့်ကြောင့်နည်း’ဆိုတဲ့ မေးခွန်းကို ဖြေရာမှာ စာပေကျမ်းဂန် အလွန် နှံ့စပ်တော်မူတဲ့ ကျီးသဲ ဆရာတော်ဟာ အဲဒီ ရာဇဝင်ကိုပဲ အခြေခံခဲ့ဖွယ် ရှိပြီး ‘ဤအကြောင်းကား ဘုရားဟောတော်မူသော ဇာတ်၌ လာသည်။ ဒသကနိပါတ်၌ သံဂါယနာတင်သည် (စွယ်စုံကျော်ထင်၊ စာ-၁၇၀)’လို့ ထောက်ခံခဲ့ပါတယ်။

အာကာပျံဝဲ

‘အာကာပျံဝဲ မြို့သံတွဲ’ဆိုတဲ့ စကားကို ငယ်စဉ်အခါ သင်္ကြန်တွင်း ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်ကြတဲ့ အဖိုးအို အဖွားအိုတွေ ပြောစကားကိုကြားရစဉ် မြို့တစ်ခုလုံး အာကာဝေဟင်ကို ဘယ်လို ပျံဝဲသလဲဆိုတာကို အတော်ခေါင်းကိုက်ခံပြီး စဉ်းစားခဲ့ဖူးတယ်။ ဧရာမလေယာဉ်ပျံကြီး စီးရသလိုနေမှာပဲ..
ကိုရင်ဝတ်နဲ့ တန်းလွဲ ရွာမကျောင်းမှာ နေတော့ ရဟန်းလူထွက် ဆရာကြီး အဖိုးဦးစာရိန္ဒရဲ့အဖြေက..

‘မြို့ကြီးတစ်ခုလုံးတော့ ဘယ်လိုလုပ်ပြီး ထပျံမလဲ။ အုပ်ချုပ်တဲ့ ဘုရင်ရဲ့ဘုန်းကံ၊ မြို့သူမြို့သားတွေရဲ့ ကိုယ်ကျင့်တရား စသည် အကြောင်းကြောင့် ရန်သူတွေ ဝိုင်းလာတဲ့အခါ မြို့ကို ရှာမတွေ့ဘဲ ကောင်းကင်က လူသံလိုလို ကြားရလို့ မြို့ကြီးတစ်ခုလုံး ကောင်းကင်ကို ပျံတက်သွားတယ် အထင်နဲ့ ရန်သူတွေ ပြန်သွားတာ မဖြစ်နိုင်ဘူးလား’တဲ့။ အဖိုးရဲ့အဖြေက အတော်နီးစပ်ပြီး နှစ်သက်စရာ ကောင်းပါတယ်။

ဖြစ်နိုင်ခြေ

ယုတ္တိအရတော့ ဃဋပဏ္ဍိတဇာတ် ဖြစ်ရပ်ပါ ယောနကတိုင်းဟာ အိန္ဒိယတိုက်ငယ်ရဲ့ အနောက်မြောက်ဖျားမှာ ရှိတယ်။ ရခိုင်ဒွါရဝတီ (သံတွဲ)နဲ့ မာန်အောင် (မေဃဝတီ)မြို့တွေက အိန္ဒိယတိုက်ရဲ့အရှေ့တောင်ဖျားမှာ ရှိတာဖြစ်လို့ နေရာဒေသအတော် ကွာလှမ်းတဲ့အတွက် ခေတ်အမြင်နဲ့ အတူတူပါလို့ ဆိုဖို့ ခက်သား။ အိန္ဒိယအနောက်မြောက်ဖျား သမုဒ္ဒရာကမ်းခြေက ဂုဂျရတ်ဒေသမှာ ယနေ့တိုင် ဒွါရကာ (Dwarka)မြို့ဆိုတာရှိတယ်။ ဃဋပဏ္ဍိတမင်းသားတို့ တိုက်ခိုက်တာ အဲဒီမြို့များလား။

ဓညဝတီဆိုတာ ပဒုမနာရဒ ရေဝတ ဝိပဿီဘုရားလေးဆူပွင့်တဲ့ မြို့ရဲ့နာမည်။ ရမ္မာဝတီဆိုတာက ဒီပင်္ကရာနဲ့ ကောဏ္ဍညဘုရားနှစ်ဆူတို့ ပွင့်တဲ့မြို့။ ဒွါရဝတီဆိုတာလည်း
အပဒါန် (အပဒါန၊၁၊၂၂၃)နဲ့ ပေတဝတ္ထု (ပေတဝတ္ထု၊ဋ္ဌ၊၈၈စသည်)တွေမှာ ထင်ရှားတဲ့မြို့ပါပဲ။ မိုးကောင်းလို့ စိမ်းလန်းစိုပြေတဲ့ ဒေသကို မေဃဝတီလို့ လှပတဲ့ နာမည်ပေးမှာပေါ့။ ဒါကြောင့် ယုတ္တိအရဆိုရင် နှောင်းခေတ်မှာ ဗုဒ္ဓဘာသာဘုရင်တွေဟာ ဗုဒ္ဓဝင်နဲ့ ဇာတ်တော်မှာ ထင်ရှားတဲ့ အဲဒီနာမည်တွေကိုယူပြီး မိမိတို့ရဲ့မြို့တော်တွေကို အမည်ပေးခဲ့ပုံပါပဲ။

ဧပြီ ၂၂၊ ၂၀၁၅။

---

ရှင်ချောင်သေကြပ်၊ ရှင်ကြပ်သေချောင်။ ခုချောင်နောင်ကြပ်၊ ခုကြပ်နောင်ချောင်။ (ပထမမဟာဂန္ဓာရုံဆရာတော်)

၃၈၈။ ဘုန်းနိမ့်ကံမြင့်

အရှင်ဘုရား၊

ဘုန်းကံ၏ အဓိပ္ပာယ်ကို သိလိုပါသည် အရှင်ဘုရား။ ဘုန်းနှင့် ကံမှာ အဓိပ္ပာယ်တူပါသလား။ အိမ်အောက် အိမ်သာအောက် လမ်းအောက် စသည်ကိုဝင်လျှင် ဘုန်းကံနိမ့်သည်ဟု ဆိုခြင်းမှာ မှန်ကန်ပါသလား။ ဘုန်းကံနိမ့်ခြင်း မြင့်ခြင်း ဖြစ်နိုင်ပါသလား။ သနားသဖြင့် ဖြေကြားပေးစေချင်ပါသည်ဘုရား။

မောင်ထိန်လင်း (စင်္ကာပူ)

---

အရှိန်ငါးမျိုး

ဘုန်းကံဆိုတာ ပုဉ်းကံက ပြောင်းလာတာလို့ ယူဆတယ်။ ပုဉ်းကံဆိုတာလည်း ပုညကမ္မဆိုတဲ့ ပါဠိက ဆင်းသက်တဲ့ ဝေါဟာရ ဖြစ်နိုင်တယ်။ ပုဉ်း - ဘုန်းဆိုတာ ပုည = ကောင်းမှု၊ ကံဆိုတာ ကမ္မ = အလုပ်။ ဒီယူဆချက်အရ ပုညကမ္မ - ပုဉ်းကံ - ဘုန်းကံဆိုတာ အလုပ်ကောင်းလို့ အဓိပ္ပာယ်ဖွင့်ပြီး ဘုန်းနဲ့ ကံကို အတူတူပါလို့ ဖြေရင် သင့်နိုင်ပါတယ်။ ပုညကမ္မဆိုတာ လောကီလောကုတ္တရာ ကုသိုလ်အရှိန်ဖြစ်တဲ့ ပုညတေဇ (ကုသိုလ်အရှိန်)ပါပဲ။ ဗုဒ္ဓကျမ်းဂန်မှာ အရှိန်ငါးမျိုး ဖော်ပြတယ်..

၁) စရဏတေဇ (အကျင့်သီလရဲ့ အရှိန်)
၂) ဂုဏတေဇ (သမာဓိရဲ့ အရှိန်)
၃) ပညာတေဇ (ဝိပဿနာပညာရဲ့ အရှိန်)၊
၄) ပုညတေဇ (အရိယမဂ်ကုသိုလ် အရှိန်)နဲ့
၅) ဓမ္မတေဇ (ယင်းလေးမျိုးတို့ရဲ့တည်ရာ ပိဋကတ်သုံးပုံ၊ တစ်နည်း သုတပညာအရှိန်) (ပဋိသံ၊ဋ္ဌ၊၁၊၂၉၃)။

မဆိုင်ဘူး

အဲဒီ တေဇငါးမျိုးရဲ့ အစွမ်းကြောင့်ပဲ လောကမှာ ကောင်းကျိုးချမ်းသာဆိုတာ ဖြစ်ရတယ်။ ဖြစ်နိုင်တာ။ ဒီငါးမျိုးကို ဘယ်သူမှ နိမ့်အောင် မြင့်အောင် လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်ရတာ။ စရဏ ဂုဏ ပညာ မတောက်ပရင် ..ဆိုပါစို့၊ ဒုစရိုက်မှုကို ပြုလို့ သီလ မလုံရင် သမာဓိပညာအားနည်းတဲ့အတွက် ပုညအရှိန် မကောင်းနိုင်ဘူး။ ဒီအခါမှာ ကံနိမ့်တယ်ဆိုတာမျိုး ဖြစ်ခွင့်သာတာပေါ့။ ဒါကြောင့် ကံနိမ့်ခြင်း ကံမြင့်ခြင်းဟာ အိမ်အောက်ကို ဝင်တာ၊ လမ်းတံတားအောက်ကို သွားတာနဲ့ မပတ်သက်ပါဘူး။ ဒီလိုဖြေလို့ လူငယ်တစ်ယောက် ဘုန်းကြီးကို ပြန်မေးပုံက ‘ဒါဖြင့်ရင် ဘုန်းဘုန်းတွေ လှေကားအောက်ကို ဝင်ရင် ဘုန်းမနိမ့်ဘူးလား’တဲ့။ ဒါကတော့ ဒီလိုရှိပါတယ်..

လောကသစ္စာ

‘သင်္ကေတဝစနံ သစ္စံ၊ လောကသမ္မုတိ ကာရဏာ = လောကဝေါဟာရ၏ အကြောင်းဖြစ်၍ မှတ်သားပြီး ပြောဆိုခြင်းသည် မှန်၏ (မ၊ဋ္ဌ၊၁၊၁၄၃)’ဆို မဟုတ်လား။ ကြာနီကန် ဆရာတော် တရားထဲကလို မိန်းကလေး မန်ကျည်းပင်ပေါ် တက်ပြီး မန်ကျည်းရွက် ခူးနေတုန်း အဲဒီ အပင်အောက်ကို သိသိကြီးနဲ့ မောင်ပဉ္စင်း ကြွတော်မူလို့ သင့်ပါ့မလား။ ဒီလိုပါပဲ လောကရဲ့သတ်မှတ်ချက်အရ လောကနဲ့ အဆီအငေါ် မတည့်လို့ မသင့်မြတ်ဘူးလို့ ဆိုနိုင်တာမျိုးတော့ ရှိကောင်းပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်တစ်ဦးရဲ့ ဘုန်းနိမ့် ဘုန်းမြင့်နဲ့တော့ မဆိုင်ပါဘူး။

မေ ၄၊ ၂၀၁၅။

---

၃၈၉။ ရေစက်မချ အမျှမဝေရင်

ဘုန်းဘုန်းဘုရား၊

အလှူပေးပြီးနောက် ရေစက်မချ အမျှမဝေလျှင် အလှူမြောက်ပါသလား။ ရေစက်ချက်တဲ့အခါ ရေစက်ခွက်သည် မပါလျှင် မဖြစ်မနေလိုအပ်သောအရာဖြစ်ပါသလား။

ဝေဠု (မဲဆောက်)

---

တစ်ခြားစီ

ရေစက်ချနဲ့ အမျှဝေဆိုတာကို သီးခြားစီ နာလည်ရမယ်။ ရေစက်ချတဲ့ အစဉ်အလာဟာ ဝေဿန္တရာမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာပါ။ ဂေါတမ မြတ်ဗုဒ္ဓလက်ထက်မှာလည်း ရေစက်ချတာ ရှိတယ်။ ဒါကြောင့် ဒီအစဉ်အလာကို ကောင်းစွာ ထိန်းသိမ်းထားရမယ်လို့ ဘုန်းကြီးယုံကြည်တယ်။ ဒီယုံကြည်ချက်ကို အခြေပြုပြီး ကျမ်းဂန်အဆိုတွေကို ထုတ်နုတ်၍ ဘုန်းကြီးညှိပြ ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ (ဓမ္မအမေးအဖြေများ၊ အမှတ်၂၊ စာ-၆၈၆မှာ အကျယ်ရှုပါ။)
ရေစက်ချ

‘ရေ သို့မဟုတ် ရေစက်’ဆိုတာ (ဆွမ်းသင်္ကန်း စသည်ကို ကိုယ်စားပြုတဲ့) ကြားခံ အလှူပစ္စည်း။ ‘ချခြင်း’ဆိုတာ လှူဒါန်းခြင်း။ ဒါကြောင့် ‘ရေစက်ချခြင်းမှာ ဆုတောင်းခြင်း၊ အမျှဝေခြင်းသာ ဖြစ်သည်’လို့ ဆိုရင် မပြည့်စုံဘူး။ ရေချက်ချပြီးမှ တစ်နည်းဆိုရင် လှူဒါန်းပြီးမှ ဆုတောင်းခြင်း အမျှဝေခြင်း ဆိုတာတွေကို လုပ်တယ်။ အဲဒီလို အလုပ်မတူလို့ အဓိပ္ပာယ်လည်း တစ်ခြားစီဖြစ်ပါတယ်။

‘ရေစက် မချလည်း အလှူမြောက်တယ်’လို့ အချို့ဆရာတော်များ မိန့်တော်မူတာကို ကြားဖူးပါတယ်။ ဘုန်းကြီးအထင် အဲဒီစကားဟာ မှန်လည်းမှန်နိုင်တယ်။ မှားလည်းမှားနိုင်တယ်။ ဥပမာ ဆွမ်းကပ်တယ်ဆိုရင် ကိုယ်ထိလက်ရောက် ကပ်ပြီးဖြစ်လို့ ရေစက်မချလည်း အလှူမြောက်နိုင်စရာ ရှိတယ်။ ကျောင်းဆောင်လို၊ မီးစက်လို၊ ဆန်အိတ်လို မပြောင်းရွှေ့နိုင်တဲ့ အလှူဝတ္ထုမျိုးကျတော့ အဲဒီပစ္စည်းကို ကိုယ်စားပြုတဲ့ ကြားခံပစ္စည်း ‘ရေစက်’ကိုချကို ချရမယ်လို့ ဘုန်းကြီးယူဆတယ်။

‘ဘုန်းကြီးရဲ့လက်ထဲကို သွန်မချဘဲ ရေခွက်ထဲကို သွန်ချတာ ဘာထူးလို့လဲ’လို့ ဆိုစရာရှိပေမယ့် အနည်းဆုံး ရှေးအစဉ်အလာနဲ့ အလွန်ကြီးဝေးမသွားပါဘူးလို့ ဘဲဆိုပါရစေ။
မမေ့နဲ့

‘ရေစက်ခွက် မလိုတော့ဘူး’ဆိုတာမျိုးကို ဘုန်းကြီးတော့ မကြိုက်ဘူး။ တဖြည်းဖြည်း အလှူ့ရှင်တွေ ရှေ့က ရေစက်ခွက်တွေ ပျောက်ကုန်မှာကို မနှစ်သက်လို့ပါ။ သက္ကစ္စဒါန (လေးစွာ လှူခြင်း) ပြုသူအဖို့ အစဉ်အလာကောင်းကို ထိန်းသိမ်းခြင်း၊ ကိုယ့်အလှူကို လေးစားခြင်း၊ ရေခွက်ထဲက ရေကို မတွန့်တိုသလို အလှူပစ္စည်းကို လွတ်လွတ်စွန့်ခြင်း (မုတ္တစာဂီ)ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ အလှူလုပ်တဲ့အခါ ရေစက်ခွက်ကလေးကို ကိုယ်ရှေ့မှာ အဆင်သင့်ပြင်ဆင်ထားဖို့ မမေ့စေချင်ဘူး။
အမျှဝေ

အမျှဝေတာဟာ ပုညကိရိယဝတ္ထု (ကုသိုလ်ပြုကြောင်း) ဆယ်ပါးထဲမှာပါလို့ မိမိမှာ ပတ္တိဒါန (အမျှဝေခြင်း) အမည်နဲ့ ကုသိုလ်တစ်မျိုး ထပ်တိုးတယ်။ ကိုယ့်ကုသိုလ်ကို အမျှဝေလို့ ကြားနိုင်သူတို့ သာဓုခေါ်ရင် ကောင်းကျိုးရသွားတာလည်း အကျိုးတစ်ခုပဲ။ အဲဒီအကျိုးနှစ်ခုကို ရချင်ရင် အမျှဝေရမယ်။

ဧပြီလ ၂၀၊ ၂၀၁၅။

---

၃၉၀။ ဘာသာနှစ်ခု တစ်ပြိုင်နက်

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊

တပည့်တော်၏ ညီမသည် အလွန် ဘာသာတရား ကိုင်းရှိုင်းပြီး ရိပ်သာများ၌ အကြိမ်ကြိမ် တရားထိုင်ဖူးပြီး တရားအတွေ့အကြုံလည်းရှိပါသည်။ ဘာသာခြားအမျိုးသားနှင့် အိမ်ထောင်ကျပြီးနောက် ယခုအခါ အတော် ပြောင်းလဲသွားပြီး ဘာသာနှစ်ခုကို တပြိုင်နက် ကိုးကွယ်နိုင်သည့် သဘောမျိုး ဆိုလာပါသည်။ အကယ်၍ ဘာသာနှစ်မျိုးကို ကိုးကွယ်သည်ဆိုပါက တပည့်တော်၏ ညီမသည် သရဏဂုံ တည်နိုင်ပါဦးမည်လား၊ သိလိုပါသည် အရှင်ဘုရား။

နေမျိုးဇင် (Phoenix)

---

အဖြေရှာကြည့်

တရားထိုင်ဖူးတယ်ဆိုလို့ အပျိုတုန်းက ဗုဒ္ဓဘာသာ၊ အိမ်ထောင်ကျပြီးမှ ယောကျ်ားဘက်ကို ပါပြီး ဘာသာနှစ်ခု လုပ်ချင်တဲ့သဘော ဖြစ်မယ်။ ‘ဘာသာခြား’ဆိုတာကို ‘ဂေါ့ဒ်’ကို ယုံကြည်တဲ့ ဝါဒကြီး နှစ်ခုထဲက တစ်ခုကို ယုံကြည်သူလို့ ယူဆမယ်။ အဲဒီလို ယူဆပြီး ‘ဘာသာနှစ်ခုကို တပြိုင်နက် ကိုးကွယ်နိုင်သည်’ဆိုတဲ့ စကား သင့်မသင့်ကို အဲဒီ ဂေါ့ဒ်တွေရဲ့ နှုတ်တော်မှ ကမ္ဘာမြေပေါ်က လူသားတွေကို ချမှတ်ပေးလိုက်တဲ့ ကျမ်းစာမှာ အတိအကျပါတဲ့ သင်ကြားချက်တွေနဲ့ စဉ်းစားရင် ပိုပြီး အဖြေရှာရ လွယ်မှာပေါ့။ ဂေါ့ဒ်ဝါဒကြီး နှစ်ခုရဲ့ သင်ကြားချက် လမ်းညွှန်ချက် တစ်စွန်းတစ်စကို မြည်းစမ်းကြည့်ရအောင်။ ဖတ်ကြည့်..

(၁) ပထမဂေါ့ဒ်

အရင်ပေါ် ဂေါ့ဒ်က ‘ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်းရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်တု ဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်။ အကြောင်းမူကား သင်၏ ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္တအဆက်တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သော ဘုရားဖြစ်သတည်း (ထွက်မြောက်ရာကျမ်း၊ ၂၀း၃-၅)’လို့ ဆုံးမတယ်။

(၂) ဒုတိယဂေါ့ဒ်

နောက်ပေါ်ဂေါ့ဒ်က ‘အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ၎င်းတို့၏ လက်ချောင်းများ၏ အဆစ်များကို တခုစီ ဖြတ်တောက်ကြလေကုန် (ကိုရ်အာန် ၈း၁၂)’လို့ သင်ကြားတယ်။

အဲဒီ ကျမ်းမြတ်တွေရဲ့ သင်ကြားချက်ကို မမှိတ်မသုံ ယုံကြည်သူတွေဟာ အဲဒီ ဩဝါဒအတိုင်း လုပ်ခဲ့တဲ့ ဖြစ်ရပ်မှတ်တမ်းတွေ ယင်းတို့ကို ယုံကြည်သူတို့ရဲ့ သမိုင်းမှာ အထင်အရှားရှိတယ်။ ထိုဂေါ့ဒ်တွေချမှတ်တဲ့ ကျမ်းမြတ်တွေမှာ အဲဒီလို စာပိုဒ်မျိုးတွေ အများကြီးပါပဲ။ မည်သည့်ခေတ်က မည်သည့်အကြောင်းကြောင့် မည်သည့်ပုဂ္ဂိုလ်ကို ရည်ရွယ်ပြီး ချမှတ်သည်ဆိုစေ အဲဒီလို ဟောခဲ့တာတော့ လုံးဝသေချာတယ်။
ဗုဒ္ဓဝါဒ ဆုံးမပုံ

‘ပါဏာတိပါတ်သူ့သက်သတ်က ချို့တတ်အင်္ဂါမွဲပြာရုပ်သွင်’လို့ ဗုဒ္ဓဝါဒက သင်ကြားတယ်။ ယုံကြည်မှု မတူသူတွေကို သတ်ရမယ်လို့ လုံးဝမသင်ကြားဘူး။ ဗုဒ္ဓဝါဒ သင်ကြားမှုကြောင့် စစ်မက်ဖြစ်ပွားတယ်ဆိုတဲ့ သမိုင်းမှတ်တမ်း လုံးဝမရှိဘူး။ ဒါကြောင့် ဗုဒ္ဓဝါဒီတွေဟာ အခြားအရပ်က ဝင်ရောက်လာတဲ့ ဘာသာမတူသူတွေကို ရန်ရှာတယ်ဆိုရင်တောင် ဒါဟာ ဗုဒ္ဓဓမ္မနဲ့ လုံးဝ မပတ်သက်ဘူး။ ဖော်ပြပါအတိုင်း သင်ကြားပုံက မိုးနဲ့မြေကြီးလို ခြားနားလို့ ဘာသာနှစ်ခုကို တစ်ပြိုင်တည်းခံယူဖို့ မဖြစ်နိုင်ဘူး။ ထိုညီမအနေနဲ့ ဗုဒ္ဓ ဓမ္မ သံဃာကို မစွန့်သေးသရွေ့ သရဏဂုံ မပျက်ဘူးလို့ ဆိုနိုင်ပေမယ့် ခွန်အားမရှိတဲ့ သရဏဂုံတော့ ဖြစ်သွားတယ်။ ဒီလိုတော့ စိတ်ထဲမှာ ရှိနေသင့်တယ်..
မဆိုးသေးဘူး

လက်ရှိမှာသူ (သူ့ခင်ပွန်း)က သူ့ဘာသာတရားရဲ့ ဖော်ပြပါ အစွန်းရောက် သင်ကြားချက်မျိုးကို မလိုက်နာရင် .. သူ့ယုံကြည်မှုရဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ယုံကြည်မှုကို မလွှမ်းမိုး မချုပ်ချယ်ရင် .. မိသားစုကိုလည်း ကောင်းစွာ စောင့်ရှောက်ရင် ကောင်းသောအိမ်ထောင်ဘက်လို့ ဆိုခွင့်တော့ရှိတယ်။ ယုံကြည်မှုဆိုတာကို ပြောင်းဖို့ ခက်လို့ သူ့ယုံကြည်မှုနဲ့ပဲ နေပါစေ။ ယုံကြည်မှုနဲ့ လူမှုဘဝကို ခွဲခြားနိုင်အောင် ရာသက်ပန် ကြိုးစားနေရလိမ့်မယ်။ ကိုယ်ဟာ ကိုယ့်ယုံကြည်မှုက ဆုံးမတဲ့ အကျင့်ကောင်းကို ကျင့်ပြပြီး ကိုယ့်ယုံကြည်မှုမှာ တည်မြဲနိုင်ရင်တော့ မဆိုးသေးဘူးလို့ ဘဲဆိုပါရစေ။

မေ ၂၉၊ ၂၀၁၅။

---

၃၉၁။ အိပ်ရာဝင်ခါနီး ရှစ်ပါးသီလ

အရှင်ဘုရား၊ ဆရာတော် တစ်ပါးက ရှစ်ပါးသီလ သို့မဟုတ် ကိုးပါးသီလယူပြီး သီလနှင့် အိပ်လျှင် အကျိုးရှိကြောင်း သင်ကြားပါသည်။ အခြားတစ်ပါးကမူ အိပ်ရာဝင်ခါနီး ရှစ်ပါးသီလ ကိုးပါးသီလ ဆောက်တည်ခြင်းမှာ လူပျင်းအလုပ်ဖြစ်၍ အကျိုးမများဟု ဆိုပြန်ပါသည်။ တပည့်တော် ခေါင်းရှုပ်သွားပါသဖြင့် ဆရာတော်က ဖြေကြားပေးစေချင်ပါသည် အရှင်ဘုရား။

ခင်မာလွင် (Long Island)

---

နှစ်နာရီ သီလ

ဝိဇ္ဇာလယကျောင်းဆောင်တော်များ ရေချက်ချပွဲ အခမ်းအနားမှာ မင်းကွန်း တိပိဋကဆရာတော်ကြီးက ဤအချိန်အတွင်း ဆောက်တည်မယ်လို့ စိတ်ထဲက အချိန်ကာလကို ပိုင်းဖြတ်ပြီး ဆောက်တည်ဖို့ ညွှန်ကြားရင်း ပရိသတ်အား ကိုးပါးသီလ ချီးမြှင့်ဖူးတာကို အမှတ်ရတယ်။ ‘အချိန်ကာလ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်တဲ့ ကာလပရိယန္တ သီလ၊ ရာသက်ပန် ဆောက်တည်တဲ့ အာပါဏကောဋိက သီလလို့ ဥပုသ်သီလ ဆောက်တည်ပုံ နှစ်မျိုးရှိတယ် (ဝိသုဒ္ဓိမဂ္ဂ၊၁၊၁၂)။ ဒီနေ့ ဒီည ဒီအချိန်အတွင်း ဆောက်တည်မယ်လို့ အချိန်ကို သတ်မှတ်ပြီး ဆောက်တည်ရင် ကာလပရိယန္တသီလ (ဝိသုဒ္ဓိမဂ္ဂ၊ဋီ၊၁၊၃၃)’

အဲဒီ ကျမ်းဆိုအရ ဆရာတော်ကြီး မိန့်တော်မူတာ ဖြစ်ပါတယ်။ နှစ်နာရီကြာ အခမ်းအနားဆိုရင် အဲဒီသီလက နှစ်နာရီ ဥပုသ်သီလ ဖြစ်မှာပေါ့။ ဒါလည်း စိတ်ပါရင် အကျိုးရှိနိုင်တာပဲ။ ဘာမှန်းမသိ၊ သူများဆိုလို့ လိုက်ဆိုတာမျိုး ဆိုရင်တော့ သိပ်မထူးခြားပါဘူး။ အလှူပွဲ အခမ်းအနားတွေမှာ ဆရာတော်ကြီးများက စေတနာပိုပြီး ကာလပရိယန္တ ကိုးပါးသီလ ချီးမြှင့်တာကို လက်ခံပေမယ့် အခြေအနေကောင်း ရှိပါလျက် နှစ်နာရီပဲ တစ်နာရီပဲ ဥပုသ်စောင့်ကြည့်မယ်ဆိုတာမျိုးကိုတော့ လူပျင်းအလုပ်လို့ ယူဆတဲ့အတွက် ဘုန်းကြီး အားမပေးချင်ဘူး။

အိပ်ခါနီးသီလ

သာမန် အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ရာသက်ပန် ဥပုသ်သီလ ဆောက်တည်ဖို့ ခက်တယ်။ ဒါကြောင့် တစ်ရက်၊ ခုနစ်ရက်၊ တစ်လစသည် .. အဓိဋ္ဌာန်ပြီး ဥပုသ်သီလ ဆောက်တည်နိုင်တယ်။ အကြောင်း မညီညွတ်သေးလို့ နေ့အချိန် မဖြစ်နိုင်ရင် အမှန်စောင့်လိုစိတ်နဲ့ အနည်းဆုံး ညအိပ်ရာဝင်ခါနီး ဥပုသ်သီလခံယူပြီး အိမ်တာမျိုးကိုတော့ ဘုန်းကြီးအားပေးပါတယ်။ သီလယူပြီးနောက် အိပ်ရာပေါ်မှာ ကိုယ့်သီလကို အဖန်ဖန်ဆင်ခြင်ပြီး အိပ်ရင် သီလာနုဿတိ (ကိုယ့်သီလကို ဆင်ခြင်ခြင်း) ဘာဝနာလည်း ဖြစ်နိုင်တာပဲ။ အပျင်းပြေ သဘောမျိုး မဟုတ်ဘဲ ဆန္ဒာဓိပတိတပ်လုပ်ရင် အကျိုးလည်း ကြီးပါတယ်။ ရောဂါပျောက်ချင်လို့ စိတ်ဆိုး စိတ်ကောက်လို့ ဟန်ဆောင်ချင်လို့ဆိုတဲ့ မမှန်စိတ်ထားနဲ့ဆိုရင်တော့ နေ့ညမဟူ ဥပုသ်စောင့်လို့ အကျိုးမများနိုင်ပါဘူး။

ရှောင်ရန်

ဝကဇာတ်တော် (ဇာ၊ဋ္ဌ၊၂၊၄၀၇)မှာ ကျောက်ဆောင်တစ်ခုကို အမှီပြုနေထိုင်ပြီး သားကောင်ရှာမရတဲ့ ကျားသစ်တစ်ကောင်ဟာ ‘အလုပ်မရှိတဲ့အဆုံး ဥပုသ်စောင့်တာပဲ ကောင်းတယ်’ဆိုပြီး ဥပုသ်စောင့်ရင်း အိမ်သတဲ့။ ကျားသစ်ရဲ့စိတ်ကို သိလိုတာနဲ့ သိကြားမင်းက ဆိတ်ယောင်ဆောင်ပြီး လာပြသတဲ့။ ကျားသစ်နိုးပြီး တွေ့တော့ ‘ဥပုသ်ကို နောက်မှ စောင့်လည်း ရတာပဲ။ အစာရှိတုန်း ဖမ်းလိုက်ဦးမှ’ဆိုပြီး ဆိတ်ကို ဖမ်းဖို့ ကြိုးစားသတဲ့။ ဖမ်းမရတဲ့အခါ ‘အင်း၊ ငါ့ဥပုသ် မကျိုးသေးဘူး’ဆိုပြီး ပြန်အိပ်သတဲ့။ သမာဒါန ဒုဗ္ဗလ ဖြစ်လို့ (စောင့်ထိန်းမှုမှာ အားနည်းလို့)အဲဒါမျိုးတော့ မလုပ်သင့်ဘူး။

မေ ၂၈၊ ၂၀၁၅။

---

သူမိုက်ဆယ်ပါး၊ မုန့်ဆန်းစားနှင့်၊ မေးမှားမျိုးနွယ်၊ ရေဆယ်ဝံကူ၊ မီးယူသစ်ခုတ်၊ ပုန်းစလုပ်က၊ ပဲပြုတ်ဆေးပေါင်း၊ သမင်ရောင်း.. (ကန်တော်မင်းကျောင်းမေတ္တာစာအဖြေ၊ စာ-၁၆၇)

၃၉၂။ သမ္ဗုဒ္ဓေဂါထာ မူကွဲများ

ဆရာတော် အရှင်ဘုရား၊

သမ္ဗုဒ္ဓေဂါထာမှာ သီဟိုဠ်မူနှင့် မြန်မာမူဟု မူကွဲများ ရှိသည်ဟု သိရပါသည်။ ဖြစ်နိုင်လျှင် ထိုသမ္ဗုဒ္ဓေဂါထာ၏ မူကွဲများကို အဓိပ္ပာယ်နှင့်တကွ သိလိုပါသည်။ ထိုကဲ့သို့ မူကွဲပြားရာ၌ မည်သို့ ထူးခြားသည်ကိုလည်း ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

ရဲလွင်အောင်

---

မူကွဲဘယ်က

အောက်မှာဖော်ပြထားတဲ့ သမ္ဗုဒ္ဓေဂါထာမူကွဲကို ၁၉၈၃ ခုနှစ်၊ ဘန်ကောက်မှာထုတ်ဝေတဲ့ The Greater Royal Parittas (Maharjaparitra) အမည်ရှိ စာအုပ်က ရတာပါ။ မဟာနမက္ကာရနဲ့ အပြင်အောင်ခြင်းရှစ်ပါး ဘုရားရှိခိုးတွေကို သီဟိုဠ်ရေးအဖြစ် လက်ခံနိုင်ပေမယ့် သမ္ဗုဒ္ဓေမူကွဲကိုတော့ ယိုးဒယားမူဖြစ်မယ်လို့ပဲ ထင်ပါတယ်။ သီရိလင်္ကာထုတ်ဝေတဲ့ ဝတ်ရွတ်စဉ် (အင်္ဂလိပ်မူ)တွေမှာလည်း သမ္ဗုဒ္ဓေဂါထာကို မတွေ့မိပါ။

ယိုးဒယားမူ

(၁) သမ္ဗုဒ္ဓေအဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

ငါးသိန်းသောင်းတစ် နှစ်ထောင်စစ် နှစ်ရှစ်သမ္ဗုဒ္ဓေ။
လက်အုပ်စုံညီ ဖူးတင်ချီ ငါသည် ဦးညွတ်ပေ။
ဓမ္မ သံဃာ ရိုသေစွာ ခါခါရှိခိုးနေ။

နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

ရှိခိုးဦးချ ငါပြုရ ပုညကောင်းကျိုးဝေ။
အန္တရာယ်ဘေး ကင်းစင်ဝေး ငြိမ်းအေးနိုင်ပါစေ။

(၂)သမ္ဗုဒ္ဓေပဉ္စပဏ္ဏာသဉ္စ၊ စတုဝီသတိသဟဿကေ။
ဒသသတသဟဿာနိ၊ နမာမိ သိရသာ မဟံ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

သန်းတစ် သောင်းနှစ် လေးထောင်ဖြစ် တွက်စစ် ငါးဆယ့်ငါး။
ဘုန်းရောင်ထောင်နေ သမ္ဗုဒ္ဓေ ငါလေဦးညွတ်တွား။
ဓမ္မသံဃာ ရိုသေစွာ ဆယ်ဖြာချီလက်ထား။

နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

ရှိခိုးဦးချ ငါပြုရ ပုညကောင်းကျိုးပွား။
အန္တရာယ်ဘေး ကင်းစင်ဝေး ငြိမ်းအေးနိုင်စေသား။

(၃) သမ္ဗုဒ္ဓေနဝုတ္တရသတေ၊ အဋ္ဌစတ္တလီသသဟဿကေ။
ဝီသတိသတသဟဿာနိ၊ နမာမိ သိရသာမဟံ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

သန်းနှစ်သောင်းလေး ရှစ်ထောင်တွေး မှတ်ရေး တစ်ရာ့ကိုး။
ဘုန်းရောင်ထောင်နေ သမ္ဗုဒ္ဓေ ငါလေဦးညွတ်ကျိုး။
ဓမ္မသံဃာ ရိုသေစွာ ဆယ်ပြာလက်အုပ်မိုး။

နမက္ကာရာနုဘာဝေန၊ ဟိတွာသဗ္ဗေဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

ရှိခိုးဦးချ ငါပြုရ ပုညကောင်းကျိုးတိုး။
အန္တရာယ်ဘေး ကင်းစင်ဝေး ငြိမ်းအေးစုံပြည့်ဖြိုး။

မြန်မာမူ သမ္ဗုဒ္ဓေဂါထာ

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။

ငါးသိန်းသောင်း တစ်နှစ်ထောင်စစ် နှစ်ရှစ်သမ္ဗုဒ္ဓေ။
လက်အုပ်စုံညီ ဖူးတင်ချီ ငါသည်ဦးညွတ်ပေ။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

ဂင်္ဂါသဲတူ စံနိဗ္ဗူ ဆူဆူသမ္ဗုဒ္ဓေ။
လက်အုပ်စုံညီ ဖူးတင်ချီ ငါသည်ဦးညွတ်ပေ။
ဓမ္မသံဃာရိုသေစွာခါခါရှိခိုးနေ။

(၃) နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

ရှိခိုးဦးချ ငါပြုရ ပုညကောင်းကျိုးဝေ။
အန္တရာယ်ဘေး ကင်းစင်ဝေး ငြိမ်းအေးနိုင်ပါစေ။

ဘယ်က ဘာကြောင့်

ယိုးဒယားမူ သမ္ဗုဒ္ဓေဂါထာ အမှတ် (၁) ဂါထာအရ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ယိုးဒယားမူ ဂါထာ အမှတ် (၂) အရ ဘုရားပေါင်း ၁၀၂၄၀၅၅ ဆူ။ ယိုးဒယားမူ ဂါထာအမှတ် (၃) အရ ဘုရားပေါင်း ၂၀၄၈၁၀၉ ဆူ။ ဒုတိယအုပ်စု ဘုရားရှင်တို့ရဲ့ အရေအတွက်ကို လေ့လာကြည့်ရင် နှစ်ဆတိုး ဖြစ်တာကို တွေ့နိုင်တယ်။ ဥပမာ ပထမအုပ်စု ၅၁၂၀၂၈ ရဲ့ နှစ်ဆ ၁၀၂၄၀၅၅။ ဒုတိယအုပ်စုရဲ့ နှစ်ဆ ၂၀၄၈၁၀၉။ (တစ်ဆူနေပိုတာကို ရှေ့မှာ ရှင်းလိမ့်မယ်)။

အဲဒီ ဘုရားအရေအတွက်တွေ ဘယ်က လာသလဲ ဘာကြောင့် အဲဒီလို နှစ်ဆတိုးရသလဲဆိုတာကို သောတတ္ထကီ ကျမ်းအဆိုနဲ့ စဉ်းစားကြည့်နိုင်တယ်..

ဘုရားဖြစ်ဖို့ စိတ်နဲ့ ကြံစည်တာ ၇-အသင်္ချေကြာတယ်။ ဒီကာလအတွင်း ဘုရားပေါင်း ၁ သိန်း ၂ သောင်း ၅ ထောင် ပွင့်တယ် (ယင်းကျမ်း၊ ပေမူ၊ နဲ-ကျော)။ ဘုရားဖြစ်ဖို့ နှုတ်နဲ့ ဆုတောင်းတဲ့ ၉-အသင်္ချေကြာကာလအတွင်း ဘုရားပေါင်း ၃ သိန်း ၈ သောင်း ၇-ထောင် ပွင့်တယ် (နား-ဝမ်း)။ ကိုယ်နှုတ်စိတ်သုံးပါးနဲ့ ဘုရားဖြစ်ဖို့ ကျင့်တဲ့ ၄-အသင်္ချေနဲ့ ကမ္ဘာ ၁-သိန်း ကာလအတွင်း ဘုရားပေါင်း ၂၇ ဆူထံမှာ ပါရမီဖြည့်ပြီး ဆုတောင်းတယ် (ဖိ-ကျော)။ အဲဒီ ဘုရားတွေ အားလုံးကို ပေါင်းလိုက်ရင် ၅၁၂၀၂၇။ ဂေါတမဗုဒ္ဓကို ထည့်ရင် ၅၁၂၀၂၈။

ဘုရားသုံးမျိုးနဲ့ နှစ်ဆတိုး

၄-အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတဲ့ ပညာဓိက (ပညာလွန်ကဲတဲ့) ဘုရား၊ ၈-အသင်္ချေနဲ့ ကမ္ဘာ ၁-သိန်း ပါရမီဖြည့်ရတဲ့ သဒ္ဓါဓိက (သဒ္ဓါလွန်ကဲတဲ့) ဘုရား၊ ၁၆-အသင်္ချေနဲ့ ကမ္ဘာ ၁-သိန်း ပါရမီဖြည့်ရတဲ့ ဝီရိယာဓိက (ဝီရိယလွန်ကဲတဲ့) ဘုရား (စရိယာပိဋက၊ဋ္ဌ၊၃၂၀)လို့ ဘုရားသုံးမျိုးရှိရာမှာ ပညာဓိက ဘုရားဖြစ်တဲ့ ဂေါတမဗုဒ္ဓလောင်းလျာဟာ ဖော်ပြပြီး ဘုရားပေါင်း ၅၁၂၀၂၇ ဆူထံမှာ ပါရမီဖြည့်ခဲ့တယ်။

သဒ္ဓါဓိကဘုရားက ပညာဓိကရဲ့ နှစ်ဆဖြစ်လို့ ဘုရားပေါင်း ၁၀၂၄၀၅၄ ဆူထံမှာ၊ ဝီရိယာဓိကဘုရားက သဒ္ဓါဓိကရဲ့ နှစ်ဆဖြစ်လို့ ဘုရားပေါင်း ၂၀၄၈၁၀၈ ဆူထံမှာ ပါရမီဖြည့်ခဲ့ရတယ်။ သမ္ဗုဒ္ဓေဂါထာမှာတော့ ဂေါတမဗုဒ္ဓကိုပါ ထည့်ပြီး ဘုရားရှိခိုးတာဖြစ်တဲ့အတွက် ၅၁၂၀၂၈၊ ၁၀၂၄၀၅၅၊ ၂၀၄၈၁၀၉ လို့ သင်္ချာအရေအတွက် ပြောင်းသွားပါတယ်။

မြန်မာမူ သမ္ဗုဒ္ဓေ

မြန်မာမူ သမ္ဗုဒ္ဓေမှာတော့ ပညာဓိက ဘုရားဖြစ်တဲ့ ဂေါတမဗုဒ္ဓသက်သက်ကိုပဲ ရည်ရွယ်ပြီး ၅၁၂၀၂၈ သင်္ချာကိုပဲ အသုံးပြုတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ‘အနေကသတ ကောဋိယော’ဆိုတဲ့ အာဋာနာဋိယသုတ်နဲ့ အညီ အဆုံးမဲ့ကာလအတွင်း ပွင့်တော်မူပြီးတဲ့ ဘုရားတွေဟာ ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်တွေထက်တောင် များတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘အပ္ပကာ ဝါဠုကာ ဂင်္ဂါ’ဆိုတဲ့ ဂါထာတစ်ပိုဒ် ထပ်ဖြည့်ပြီး ဘုရားရှိခိုးတာ ဖြစ်နိုင်တယ်။ ဒါကြောင့် မြန်မာမူ သမ္ဗုဒ္ဓေက ပိုပြည့်စုံတယ်လို့ ဘုန်းကြီးယူဆပါတယ်။ ဓမ္မအမေးအဖြေများ (၁) စာ-၄၂၅လည်း ရှု။

ဇွန် ၂၊ ၂၀၁၅။

---

ဆင်ခြင်

ကထံ ဘူတဿ မေ ရတ္တဒိဝါ ဝီတိဝတ္တန္တီတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ (အံ၃၊၃၂၅)။

မေ၊ ငါသည်။ ကထံ ဘူတဿ၊ မည်သို့ ဖြစ်နေစဉ်။ ရတ္တိဒိဝါ၊ ညဉ့်နေ့တို့သည်။ ဝီတိဝတ္တန္တိ၊ ငါ့ကို လွန်၍ သွားကြသနည်း။ ဣတိ၊ ဤသို့။ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သူသည်။ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ မပြတ် ဆင်ခြင်ရမည်။

၃၉၃။ သောတာပန်ပြုတဲ့ မကောင်းမှု

ဘုန်းကြီးဘုရား၊

ရတနသုတ်မှာ ‘ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ’ = ထို (သောတာပန် ဖြစ်ပြီး)သူသည် မကောင်းမှုကို ပြုမိလျှင်ပင်’လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် သောတာပန် ပုဂ္ဂိုလ်ဟာ မကောင်းမှုအချို့ကို ပြုလုပ်သေးတယ်လို့ နားလည်မိပါတယ်။ ဒါဆိုရင် မိမိကိုသေနတ်နဲ့ ချိန်ထားတဲ့ သူခိုးနဲ့ ရင်ဆိုင် တွေ့တဲ့ အခါ ထိုသေနတ်ကို လုပြီး ပြန်ပစ်နိုင်တယ်လို့ အဓိပ္ပာယ်ယူ နိုင်ပါသလား။ သားသမီးတွေ ငတ်နေစဉ် ကျကျန်ရစ်တဲ့ သူ တစ်ပါးရဲ့ ငွေအိတ်ထဲက ငွေကို ယူနိုင်တယ်လို့ကော ဆိုနိုင်ပါ သလား။ ဖြေကြားပေးစေလိုပါသည်ဘုရား။

အရှင်ဝိမလသာရ (မဟာဗောဓိ၊ ရန်ကင်း)

---

အပြစ် ၆-မျိုး

‘ကိဉ္စာပိ သော ကမ္မ’ဂါထာရဲ့ အပေါ်မှာ သောတာပန်တို့ လုံးဝ မကျုးလွန်တဲ့ ရုန့်ရင်းတဲ့ အပြစ် ၆-မျိုး (ဆစ္စာဘိဌာန) ဆိုတာ ပါတယ်။ အဲဒီ ၆-မျိုးက အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဗုဒ္ဓအား သွေးထွက်အောင် လုပ်၊ သံဃာ သင်းခွဲနဲ့ အညသတ္ထာရုဒ္ဒေသ = ဗုဒ္ဓဘုရားမှ တစ်ပါး အခြားဆရာကို ညွှန်း (ကိုးကွယ်)ခြင်း (ဝိဘင်္ဂ၊၃၄၉)တဲ့။ သောတာပန် ဖြစ်ပြီးတဲ့ လူ ပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်ဟာ အဲဒီ အဘိဌာန ခြောက်မျိုးကို ဘယ် တော့မှ မပြုတော့ဘူး။ အရိယာသောတာပန်ဟာ နောင်ဘဝမှာ မိမိသောတာပန်ဆိုတာကို မသိသို့မဟုတ်မမှတ်မိရင် တောင် အရိယမဂ်ရဲ့မပြောင်းမလွဲတည်မြဲတဲ့ သဘာဝအရ အဲဒီအပြစ် ၆-မျိုးနဲ့ ပါဏာတိပါတစတဲ့ ကံငါးပါးကို မိမိရဲ့အသက်ဟူသော အကြောင်းကြောင့်ပင် မကျူးလွန်တော့ဘူး (ခုဒ္ဒက၊ဋ္ဌ၊၁၅၈။ ဒီ၊ဋ္ဌ၊၁၊၂၇၃)။

မတုံ့ပြန်ဘူး

ဒါကြောင့် မည်သည့် အခြေအနေမှာ မဆို မိမိအတွက် သို့မ ဟုတ်သားသမီးအတွက် သူတစ်ပါးပစ္စည်းကို လုံးဝခိုးယူခြင်း မပြု။ သူခိုး ဓားမြတွေက သေနတ်နဲ့ ချိန်ထားရင်လည်း အသက်ဘေး လွတ်အောင်ပြေးရင် သာပြေးမယ်၊ နီးရာမှာလက် နက် ရှိပေမယ့် တုံ့ပြန်ပြီး မသတ်ဖြတ်တော့ဘူးလို့ မှတ်ပါ။ တိဗက်မှတ်တမ်းလာ ဗုဒ္ဓဝင်အဆိုအရ သကျတို့ဟာ ဝိဋဋူဘရဲ့ စစ်တပ်ကို နှိမ်နင်းနိုင်တဲ့ အင်အားရှိပေမယ့် မဟာနာမမင်း အပါအဝင် ထိုအချိန်က အုပ်ချုပ်သူ လူကြီးပိုင်းမှာ သောတာပန် အရိယာတွေ အများစုဖြစ်လို့ ပြန်မခုခံဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဆိုတယ် (ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများ၊ အရှင်ကေလာသ မြန်မာပြန်၊ စာ-၂၁၁ ရှု)။ ဒီမှတ်တမ်းပါ ဒဿန ရဲ့ အနှစ်သာရဟာ ဗုဒ္ဓဝါဒရဲ့ အဆင့်အတန်းကို ဖော်ပြလို့ အင်မတန် ချစ်စရာ ကောင်းပါတယ်။

ပါပကမ္မ

သောတာပန်တွေပြုနိုင်တဲ့ ပါပကမ္မ (မကောင်းမှု)အချို့ရှိတယ်။ သောတာပန် ဖြစ်ပြီးတဲ့ ရဟန်း ပုဂ္ဂိုလ်အနေနဲ့ ဝိနည်းကို နား မလည်လို့ ပညတ်ချက်နဲ့ မညီတဲ့ တစ်မိုး တစ်ရံတည်းမှာ လူ သာမဏေ မာတုဂါမများနဲ့ အတူအိပ်မိခြင်း၊ အကျိုးမဲ့ ပိန်ဖျင်း စကားဆိုမိခြင်း၊ ရွှေငွေကိုသာယာခြင်းစတဲ့ အနုစားလောဘ နဲ့ ဒေါသတွေဖြစ်နိုင်တယ်။ ကမ္မပထမြောက်စေတဲ့ ငါးပါးသီလ ကျိုးပေါက်တဲ့ အကုသိုလ်မျိုးကို လုံးဝ မလုပ်ဘူး။ ပညတ်ကို မကျွမ်းကျင်တဲ့ ရဟန္တာတွေတောင် ဝိနည်းပြစ်ကြောင့် ဖြစ်ရတဲ့ အကုသိုလ်ကို ပြုမိတာတွေရှိတယ်။

လူ သောတာပန်တွေလည်း ပဋိသန္ဓေကျိုးကို ပေးစွမ်းတဲ့ အကုသိုလ်မျိုးကို လုံးဝ မကျူးလွန်ဘူးလို့ နည်းမှီပြီး မှတ်နိုင်တယ်။ သောတာပန် ဝိသာခါ ကျောင်းအမ မြေးမဆုံးလို့ ငို ကြွေးတဲ့ မှတ်တမ်း ရှိတယ်။ ငိုတယ်ဆိုတာ ဒေါသပဲ။ ဣဿာ နဲ့ မိစ္ဆရိယကို အကြွင်းမဲ့ မပယ်နိုင်သေးလို့ တစ်ခါတစ်ရံ အနု စား မနာလိုဝန်တိုခြင်းဆိုတာမျိုးတွေတော့ ဖြစ်နိုင်တယ်။

တစ်ခါက

ဖော်ပြပါ ရတနသုတ်ပါ စာသားကို ကိုးကားပြီး လွန်ခဲ့တဲ့ နှစ် ပေါင်းလေးငါးဆယ်လောက်က စာရေးဆရာကြီး ရွှေဥဒေါင်းက လုပ်သားသတင်းစာမှာ ‘ကျားနဲ့ ရင် ဆိုင်တွေ့တဲ့ အခါ ကိုယ့်မှာ သေနတ်ပါရင် သောတာပန် အရိယာက ပြန်ပစ်တယ်၊ သီလ မလို၊ အရက်သည် ဒုစရိုက် မဟုတ်၊ အရက်သောက်၍ ငရဲ မကြီး’လို့ ဆောင်းပါးတွေမှာ ထည့်ရေးခဲ့ဘူးတယ်။ အဲဒီ ရေး သားချက်တွေ ထေရဝါဒ ကျမ်းဂန်နဲ့ မညီဘူးလို့ အကြွင်းမဲ့ မှတ်ထားလိုက်ပါ။ ‘အရက်နဲ့ နွားနို့ ရောပြီး သောတာပန်ရဲ့ ပါးစပ်ထဲကို ထည့်ရင် ပါးစပ်ထဲကို နွားနို့ပဲ ဝင်ပြီး အရက်က မဝင်ဘူး (သစေပိဿ သုရဉ္စ ခီရဉ္စ မိေဿတွာ မုခေ ပက္ခိပန္တိ၊ ခီရမေဝပဝိသတိ၊ နသုရာ။ ဒီ၊ဋ္ဌ၊၁၊၂၇၃)’

မေ ၃၁၊ ၂၀၁၅။

---

၃၉၄။ စိတ်စွမ်းအား

အရှင်ဘုရား၊ တပည့်တော်ဖတ်ဖူးတာက လူဟာ မအိပ်ဘဲ ၁၁ ရက်ထိ နေနိုင်တယ်။ အဲဒီထက် ကျော်ရင် သွေးလေ ချောက် ချားပြီး မကောင်းသော ဆိုးကျိုးများ ပေးနိုင်တယ် ဘုရား။ တပည့်တော် သိချင်တာက မအိပ်တဲ့ ဓုတင်ဆောင် ရဟန်းများ ဘယ်လိုဆောင်လဲဆိုတာ ရှင်းပြပေးပါဘုရား။

အောင်ခန့်

---

နိသဇ္ဇဓုတင်

ဓုတင် ၁၃-မျိုးထဲမှာ မအိပ်ဘဲ ကျင့်တယ်ဆိုတဲ့ ဓုတင်လို့ မပါဘူး။ ကြမ်းခင်းမှာ ကျောချ လဲလျောင်းပြီး မအိပ်ဘဲ ထိုင် ရပ် သွား ဣရိယာပုထ် သုံးပါးနဲ့ နေပြီးကျင့်တဲ့ နေသဇ္ဇိကဓုတင် ဆိုတာတော့ရှိတယ်။ နိသဇ္ဇဓုတင်လို့လည်း ခေါ်တယ်။ ဒီဓုတင် ရဲ့ ရည်ရွယ်ချက်က တရားအားထုတ်နေတဲ့ ရဟန်းတော် တစ် ပါးအနေနဲ့ အိပ်ခြင်း ငိုက်မျဉ်းခြင်းဆိုတဲ့ စိတ်ရဲ့အနှောင်အဖွဲ့ကို ပယ်နိုင်ဖို့နဲ့ ကမ္မဋ္ဌာန်း အမျိုးမျိုးကို အားထုတ်နိုင်ဖို့ စသည် .. ဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ပင်ပန်းလာတဲ့ အခါ ထိုင်ခြင်း ရပ်ခြင်း ဣရိယာပုထ်တွေနဲ့ အိပ်လို့ ရတယ်။ တောင်ပုလုဆရာ တော်တို့ နှစ်ပေါင်းများစွာ နေသဇ္ဇိကဓုတင် ဆောက်တည်ခဲ့ ပါတယ်။ မြတ်ဗုဒ္ဓလက်လက်က ဓုတင်ဆောင် ဧတဒဂ်ရအရှင် မဟာကဿပဆိုရင် နှစ်ပေါင်း ၆၀-လောက် ကြမ်းခင်းမှာ ကျောချပြီး မကျိန်း စက်ခဲ့ဘူးလို့ မှတ်တမ်းရှိတယ်။

တစ်ခါတစ်ရံ စိတ်ရဲ့ စွမ်းအားဟာ အံ့ဩဖွယ် ကောင်းတယ်။ ဓုတင်ဆောင်မထေရ်တွေကိုအသာထားဦး၊ လူသာမန် မျှဖြစ်တဲ့ လက်ဘနွန် အမျိုးသမီး ဘရစ်ဂျီဂယ်ဗြယ် (Brigitte Gabriel)တောင် ဗုံးခိုကျင်းမှာ ၇-နှစ်ကြာ နေနိုင်ခဲ့တယ်ဆို မဟုတ်လား။ သူ့အကြောင်းကို နည်းနည်းဖတ်ကြည့်..

လက်ဘနွန်

၁၉၄၃-ခုနှစ် ပြင်သစ်ထံက လွတ်လပ်ရေး ရပြီးနောက် လက် ဘနွန် နိုင်ငံဟာ အရှေ့အလယ်ပိုင်းမှာ အကြွယ်ဝဆုံး အပွင့် လင်းဆုံး အလွတ်လွတ်ဆုံးနဲ့ ဥရောပဆန်တဲ့ တစ်ခုတည်းသော ခရစ်ယန်နိုင်ငံ။ အဲဒီ အချိန်က မယ်ရွန်နိုက် (Maronite) ခရစ်ယန်တွေ လူများစု။ ဒါပေမယ့် အိမ်နီးချင်း ဆီရီးယားနဲ့ ပါလက် စတိုင်းမှာ ရှီယာနဲ့ ဆွန်နီမူဆလင်တွေ အချင်းချင်းသတ်ဖြတ် ပြီး ခိုးဝင်လာတဲ့ အခါ မယ်ရွန်နိုက်တို့က နွေးထွေးစွာ လက်ခံခဲ့တယ်။ မယား လေးယောက် တစ်ပြိုင်နက်ယူတဲ့ မူဆလင်တွေ က ပေါက်ပွားနှုန်း မတရား မြန်လွန်းလို့ မကြာခင် လူများစု ဖြစ်လာတဲ့ အခါ ယင်းတို့က ခရစ်ယန်တွေကို ဂျီဟဒ် ကြေညာတဲ့ အတွက် ၁၉၅၈-နှစ်ကစပြီး ယနေ့ထိ ခရစ်ယန်တွေ လူမျိုး တုံး သတ်ဖြတ် ခံရတော့တယ်။ မယ်ရွန်နိုက် ခရစ်ယန် ဘရစ်ဂျီဟာ အရွယ်မရောက်ခင် မိဘမဲ့ ဖြစ်သွားပြီး ခါးသီးတဲ့ ဒုက္ခကို ခံစားခဲ့ရတယ်။ ယနေ့ သူ အမေရိကမှာ နေထိုင်တဲ့ အခါ သူ့ဘဝနဲ့ သူ့နိုင်ငံအကြောင်း စာအုပ်တွေ ရေးတယ်။ သူရေးတဲ့ ‘တို့ကိုမုန်းလို့ ’ (Because they Hate) စာအုပ်မှာ..

သူ့အကြောင်း

ယခင်က အားလပ်ရက်တွေမှာ အတူတူ ပျော်ပါး စားသောက် နေထိုင်ခဲ့ကြတဲ့ သဘောထား ကြီးပါတယ် ဆိုတဲ့ မိမိတို့ အိမ် ဘေးက ပညာတတ် မူဆလင်တွေအားလုံး ဂျီဟဒ်တွေနဲ့ ပူး ပေါင်းသွားကြပြီး ရန်သူ ဖြစ်သွားကြောင်း၊ သူတို့ အိမ်ကို မူဆင်တွေ ဖျက်ဆီးပစ်လို့ အိုးမဲ့အိမ်မဲ့ဘဝနဲ့ ဗုံးခိုကျင်းမှာ ၇- နှစ်ကြာ ပုန်းနေခဲ့ရကြောင်း၊ ကျင်းထဲမှာ စားစရာမရှိလို့ ဆူးပင် တွေကိုတောင် စားသောက်ခဲ့ရကြောင်း၊ ထိုအချိန်က သူ့မှာ သူ့ ယုံကြည်မှု (ဘာသာတရား)မှလွဲပြီး ဘာမှ အားကိုးစရာမရှိခဲ့ ကြောင်း၊ မိသားစုသုံးယောက် အနက်တစ်ယောက်က သောက် ရေနဲ့ စားစရာအတွက် အပြင်ကိုထွက်ရင် ပြန်လာမှာ မသေချာ လို့ ‘ဂွတ်ဘိုင်’လို့ အပြီး နှုတ်ဆက်သွားရကြောင်း.. ရင် နင့်ခါး သီးဖွယ် တင်ပြထားတယ်။ (အကျယ်သိချင်ရင် ‘တို့ကိုမုန်းလို့ ’ စာအုပ်ကိုရှာဖတ်ကြည့်ပါ။ US ၁၈-ဒေါ်လာ ပေးရတယ်။)

ဓုတင်ဆောင်တို့

အဲဒီမှာဘုန်းကြီး စိတ်ဝင်စားတာ အသက်၁၀-နှစ်လောက် အရွယ်က စပြီး ၇-နှစ်ကြာအောင် ဗုံးခိုကျင်းထဲမှာ ငတ်တစ်ချီ ပြတ်တစ်လှည့်နေနိုင်ခဲ့တဲ့ အချက်။ ဒါဟာမလုပ်ချင်ဘဲ လုပ်ရ ပေမယ့် ခိုင်ကျည်တဲ့ သူ့ယုံကြည်မှုနဲ့ အသက်ရှင်လိုတဲ့ သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့် မဟုတ်ပါလား။ ဓုတင်ဆောင် မထေရ် များကျတော့ ချမ်းသာစွာ နေနိုင်ပေမယ့် ကမ္မဋ္ဌာန်းဘာဝနာ ရှု မှတ်မှု တစ်ခုတည်းမှာ မိမိဘဝကို မြှုပ်နှံထားလိုတဲ့ အတွက် မိမိတို့ ဆန္ဒအရ အဲဒီလို ကျင့်ကြံတာဖြစ်လို့ မထေရ်တို့ရဲ့ စိတ် စွမ်းအင် ဘယ်လောက် ထက်မြက်မယ် ဆိုတာကို ခန့်မှန်းနိုင်တယ်။ အဲဒီ စိတ်ရဲ့ စွမ်းအားကြောင့်ပဲ သင့်တင့်စွာ အိပ်စက် အနားယူရုံနဲ့ ခွန်အားတွေပြည့်ပြီးရောဂါကင်းစွာနဲ့ သက်တမ်း စေ့နေနိုင်တယ်လို့ ဆိုရင် ယုတ္တိမရှိဘူးလား။

ဇွန်လ ၁၊၂၀၁၅။

---

၃၉၅။ မဟာနာမမင်း ကိုယ့်ကိုယ်ကို သတ်သေသလား

ဆရာတော် အရှင်ဘုရား၊

မဟာနာမ မင်းဟာ သကဒါဂါမ် တည်ပြီးဖြစ်ပါလျက် ဝိဋဋူဘ မင်းသားနှင့် ပွဲတော် အတူ မတည်ချင်၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည်မှာ အဘယ်ကြောင့်ပါနည်း။ သကဒါဂါမ်သည် အဲဒီလို မိမိကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်သင့်ပါသလား။ ဒါ့အပြင် အရိယာပုဂ္ဂိုလ် ဖြစ်နေပါလျက် အဘယ်ကြောင့် လူ့ အဆင့်အတန်း ခွဲခြားပါသနည်း။ မဟာနာမမင်းကြီးသည် မြတ် စွာဘုရားနှင့် မည်သို့ ဆွေမျိုးတော်စပ်သည်ကို ခိုင်လုံတဲ့ ကျမ်း ကိုးသာဓကဖြင့်သိလိုပါသည် အရှင်ဘုရား။

ဒေါ်ခင်စု (Daly City)

---

မမေးသင့်

‘မဟာနာမမင်းဟာ သကဒါဂါမ်တည်ပြီး ဖြစ်ပါလျက် ဝိဋဋူဘ မင်းသားနှင့် ပွဲတော် အတူမတည်ချင်၍ ကိုယ့်ကိုယ်ကို သေ ကြောင်းကြံသည်မှာ အဘယ်ကြောင့်ပါနည်း’ဆိုတဲ့ မေးခွန်း စဉ်း စားဖွယ် ရှိတယ်။ အဲဒီ အဓိပ္ပာယ်နဲ့ ဘယ်မှာ ဖတ်ဖူးတာလဲ။ ဘယ်ဆရာတော် သင်ကြားတာလဲ။ ရေးသား သို့မဟုတ် သင် ကြားတဲ့ ဆရာတော်က ခိုင်လုံတဲ့ ကျမ်းညွှန်း ပေးနိုင်ရဲ့လားလို့ ပြန်မေးပါရစေ။ ဘုန်းကြီး အနေနဲ့တော့ မဟာနာမင်းဟာ မြေး တော် ဝိဋဋူဘနဲ့ ထမင်းလက်ဆုံ စားရမှာ ကြောက်လို့ ကိုယ့် ဟာကိုယ် သတ်သေတယ် ဆိုတာမျိုး ထေရဝါဒ ကျမ်းဂန်မှာ မတွေ့ဖူးသေးပါ။ ဖြစ်ရပ်အချုပ်က ဒီလိုပါ..

မင်းပရိယာယ်

‘သာဝတ္ထိဘုရင် ကောသလမင်းက ဗုဒ္ဓ ဘုရားနဲ့ ဆွေမျိုးတော် ချင်လို့ သကျမျိုး မင်းသမီးတစ်ယောက် ဆက်သရန် ကပိလ ဝတ္ထုမှ သကျမင်းတွေထံ စာသဝဏ်ပို့လိုက်တဲ့ အခါသကျတွေ စည်းဝေး တိုင်ပင်ပြီး မဟာနာမမင်းနဲ့ နာဂမုဏ္ဍာ အမည်ရှိ ကျွန်မတို့က မွေးဖွားတဲ့ ဝါသဘခတ္တိယာ မင်းသမီးငယ်ကိုသာကီဝင် မင်းသမီးအဖြစ် ဆက်သဖို့ ဆုံးဖြတ်တယ်။ သကျမျိုး အစစ်အမှန် ဖြစ်ကြောင်း ကောသမင်းရဲ့ အမတ်တွေ ယုံကြည် အောင်လို့ ထမင်းလက်ဆုံ စားပြတဲ့ အနေနဲ့ မဟာနာမမင်းဟာ ထိုအမတ်တွေရဲ့ ရှေ့မှာ ဝါသဘခတ္တိယာ မင်းသမီးနဲ့ အတူ တစ်စားပွဲတည်း ထိုင်၊ စားစရာ အနည်းငယ် ပါးစပ်ထဲ ထည့် ခိုက် ကြိုတင် စီစဉ်ထားတဲ့ အတိုင်း လူငယ်တစ်ဦးက ရေးကြီး သုတ်ပျာနဲ့ လာခေါ်လို့ ဆက်မစားဘဲ ထလိုက်သွားတယ်။ ကောသလရဲ့ အမတ်တွေဟာ မဟာနာမ မင်းရဲ့ ပရိယာယ်ကို မရိပ်မိဘဲ ယုံကြည်သွားပြီး မင်းသမီးကို ကောသလထံ ဆက် သကြတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၂၂)။

မေးသင့်ပုံ

ဒီဖြစ်ရပ်အရဆိုရင် အဲဒီပရိယာယ် (လှည့်ကွက်)မှာ ပါဝင်ခဲ့တဲ့ မဟာနာမကို မရိုးသားဘူး သို့မဟုတ် လိမ်ညာသူတွေနဲ့ အပေါင်းပါဖြစ်တယ်လို့ ဆိုခွင့်ရှိတယ်။ သကဒါဂါမ်အရိယာအဖြစ် အဋ္ဌကထာ ကျမ်းတွေမှာ ရည်ညွှန်း ခံရတဲ့ မဟာနာမ သာ ကီဝင် မင်းဟာ ထိုကဲ့သို့ လိမ်ညာ လှည့်ဖြားခြင်းနဲ့ ပတ်သက် သင့်သလား၊ လူ့အဆင့်အတန်း ခွဲခြားသင့်သလားလို့ မေးရင် သင့်မြတ်တဲ့ မေးခွန်းဖြစ်မှာပါ။ အဖြေက ဒီလိုပါ..

နုစဉ်က

ပထမဆုံး အကြိမ် မြတ်ဗုဒ္ဓ ကပိလဝတ္ထုကို ကြွစဉ်က မြတ် ဗုဒ္ဓထက် လပိုင်းမျှသက်တော်ကြီးတဲ့ မဟာနာမမင်းဟာသက် တော် ၃၆-နှစ်ခန့် ရှိပြီ။ ဝါသဘခတ္တိယာကို ကောသလမင်းက မိဖုရားမြှောက်တဲ့ ဖြစ်ရပ်က မြတ်ဗုဒ္ဓ သာဝတ္ထိမှာ သီတင်းသုံး ပြီးမှ ဖြစ်လို့ အနည်းဆုံး နောက်ထပ် သုံးလေးနှစ်လောက် ကြာနိုင်တဲ့ အတွက် မဟာနာမ မင်းဟာ အသက် ၄၀-လောက် ထိ သောတာပန် မဖြစ်သေးဘူးလို့ ဆိုရင် ယုတ္တိနဲ့ မဝေးလွန်းဘူး။ ဒါကြောင့်ပုထုဇဉ် အဖြစ်နဲ့ ရှိစဉ်က သမီးတော်ကို လှည့် ဖြားပြီး ကောသလထီးနန်းကိုပို့တဲ့ ကိစ္စမှာပါဝင်ပတ် သက် ခဲ့တယ်၊ လူ့အဆင့်အတန်း ခွဲတာလည်း အဲဒီ အချိန်က ဖြစ်တယ်လို့ ယူရင် ကျမ်းဂန်နဲ့ မဆန့်ကျင်နိုင်ဘူး။

သက်တမ်း

ကောသလမင်းနဲ့ ဝါသဘခတ္တိယာတို့ရဲ့ ဝိဋဋူဘမင်းသား ကော သလထီးနန်းကို လုတဲ့ အချိန်မှာ အဇာတသတ် မင်းဖြစ်နေပြီ။ နန်းကျဘုရင် ကောသလမင်းဟာ တူတော် အဇာတသတ်ဆီ စစ်ကူတောင်းဖို့သွားရင်း လမ်းမှာ ကွယ်လွန်တယ်ဆို မဟုတ် လား (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၂၅)။ ဒီဖြစ်ရပ်ဟာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် မစံခင် ၈-နှစ်အတွင်း ဖြစ်ပါတယ် (ဒီပဝံသ၊၃း၆၀)။ ဝိဋဋူဘဟာ နန်းတက်လို့ မကြာမီ သကျတို့ကို သတ်ဖြတ်တဲ့ အတွက် မဟာနာမမင်း ကွယ်လွန်ချိန်မှာ သက်တော် ၇၂-နှစ် ကျော် ပြီလို့ ဘုန်းကြီး ခန့်မှန်းတယ်။ ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ် တမ်းများ (မြန်မာပြန်၊ စာ-၁၄၂)အရတော့ ဝိရုဒ္ဓက (ဝိဋဋူဘ)ဟာ ကောသလမင်းရဲ့ အချစ်တော်မလ္လိကာရဲ့သားဖြစ်ပါသတဲ့။

ကွယ်လွန်ပုံ

‘ဝိဋဋူဘမင်းဟာ မဟာနာမ မင်းကလွဲပြီးနို့စို့ကလေးကအစ သကျမျိုး အားလုံးကို သတ်ဖြတ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၂၂)’။ ဒီစကားအရ ဝိဋဋူဘဟာ အသက်အရွယ် ကြီးရင့်နေတဲ့ အဖိုး ရင်း ဖြစ်သူကိုတော့ အသက်ချမ်းသာခွင့် ပေးခဲ့ပုံပဲ။ မဟာနာမ မင်း ဘယ်လိုကွယ်လွန်သလဲဆိုတာကို ပါဠိတော်အဋ္ဌကထာ တွေမှာ ဘုန်းကြီး ရှာဖွေဆဲပါ။ ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ် တမ်းများအရတော့ ‘မိမိ (မဟာနာမ)ရေထဲမှာ ငုပ်လျှိုးနေစဉ် အသက် မသေသေးသရွေ့ သကျတွေကို လွတ်မြောက်ရာသို့ ထွက်ပြေးခွင့် ပေးပြီး မိမိသေတာနဲ့ စတင် သတ်နိုင်ပြီ’လို့ ကမ်းလှမ်းတာကို ဝိဋဋူဘက သဘောတူပြီး ကတိအတိုင်း လုပ်ကြောင်း၊ မဟာနာမမင်းဟာ အသေခံပြီး မိမိရဲ့ ဆွေတော် မျိုးတော်တွေရဲ့ အသက်ကို စွမ်းနိုင်သမျှ ကယ်တင်ခဲ့ကြောင်း ဖော်ပြတယ်။ ဒီမှတ်တမ်းအရ မဟာနာမမင်းဟာဘုရားလောင်း ယုန်မင်းကဲ့သို့ သူတစ်ပါးတို့ရဲ့ ချမ်းသာဖို့ မိမိရဲ့ အသက်ကို စတေးခြင်းပေလော။

သုတ္တန်များ

မဟာနာမမင်းဟာ ဗုဒ္ဓဓမ္မကို သိလိုစိတ် ပြင်းပြတာ ထင်ရှားတယ်။ မြတ်ဗုဒ္ဓအပြင် အရှင်အာနန္ဒာစတဲ့ ဗုဒ္ဓသာဝက တွေနဲ့လည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့တယ်။ ဘုန်းကြီး ရှာတွေ့မိသ လောက် မဟာနာမနဲ့ ပတ်သက်တဲ့ သုတ္တန်ပေါင်း ၉-ခုထက် မနည်း ရှိတယ်။ အင်္ဂုတ္တရနိကာယ်မှာ ၄-သုတ် (အံ၊၂၊၂၅၁။ အံ၊၃၊၅၅။ အံ၊၃၊၅၃၀။ အံ၊၃၊၅၃၄)။ သံယုတ္တနိကာယ်မှာ ၄-သုတ် (သံ၊၃၊၃၂၁။ သံ၊၃၊၃၂၄။ သံ၊၃၊၂၈၄။ သံ၊၃၊၃၄၄။)။ မဇ္ဈိမနိကာယ်မှာ စူဠဒုက္ခက္ခန္ဓသုတ် (မ၊၁၊၁၂၆) ၁- သုတ်။ စူဠဒုက္ခက္ခန္ဓသုတ်ကို နာယူချိန်မှာ မဟာနာမမင်း သကဒါဂါမ်ဖြစ်နေပြီ (မ၊ဋ္ဌ၊၁၊၃၆၆)။ မွန်မြတ်တဲ့ ဆွမ်းနဲ့ ဆေး ပစ္စည်းကိုလှူဒါန်းရာမှာ ဧတဒဂ်ဘွဲ့ရတယ်။

တော်စပ်ပုံ

သုဒ္ဓေါဒန၊ သုက္ကောဒန၊ သက္ကောဒန၊ ဓောတောဒန၊ အမိတောဒနလို့ ညီအစ်ကိုငါးယောက်နဲ့ ညီမအငယ်ဆုံး အမိတာဒေဝီလို့ မင်းသမီး တစ်ယောက် ရှိတယ်။ ဗုဒ္ဓဖြစ်လာမယ့် မင်းသား သိဒ္ဓတ္ထနဲ့ နန္ဒမင်းသား (နောင်အခါ နန္ဒထေရ်)တို့က သုဒ္ဓေါဒနရဲ့ သားတော်တွေ။ မဟာနာမမင်းနဲ့ အနုရုဒ္ဓမင်းသား (နောင်အခါ အရှင်အနုရုဒ္ဓါ မထေရ်)တို့က သုက္ကောဒနရဲ့ သားတော်တွေ။ အရှင်အာနန္ဒာက အမိတောဒနရဲ့ သားတော်။ အမိတာဒေဝီမှာ တိဿ (နောင်အခါ တိဿမထေရ်)လို့ သားတော် တစ်ပါး ရှိတယ်။ အားလုံးထဲမှာမဟာနာမမင်းသားကအကြီးဆုံး (မ၊ဋ္ဌ၊၁၊၃၆၆)။ မဟာနာမ မင်းဟာ သကဒါဂါမ်အရိယာ ဖြစ်ပြီး ဗုဒ္ဓ ထက်တစ်လကြီးတယ် (ဝိ၊ဋ္ဌ၊၃၊၁၂၃)။ မဟာဗုဒ္ဓဝင်ကျမ်းမှာ မင်းကွန်းတိပိဋကဆရာတော်ကြီးက ဒီအဆိုကိုယူထားတယ်။

ဝါဒတစ်မျိုး

‘မဟာနာမ မင်းသားက အနုရုဒ္ဓ မင်းသားကို ငါ့ညီ၊ အခြား သော သကျမင်းသားတွေ ရဟန်းပြုနေကြတယ်၊ တို့အိမ်ကလည်း တစ်ယောက်ယောက် ရဟန်းပြုသင့်တယ်။ ငါ့ညီ လုပ် ရင် လုပ်၊ မလုပ်ရင် ငါလုပ်မယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၈၅)’၊ ‘အနုရုဒ္ဓါ မင်းသားဟာ အမိတောဒနမင်းရဲ့ သားတော်၊ မဟာနာမ မင်း သားရဲ့ညီငယ် ဖြစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၈၄)’။ ဒီဓမ္မပဒအဋ္ဌ ကထာရဲ့ အဆိုကို ‘မဟာနာမော စ သက္ကော အနုရုဒ္ဓေါ စ သက္ကော ဒွေ ဘာတိကာ ဟောန္တိ (= မဟာနာမ သာကီဝင်နှင့် အနုရုဒ္ဓ သာကီဝင်တို့သည် ညီအစ်ကို မင်းသားများ ဖြစ်ကြ၏ (ဝိ၊၄၊၃၃၅)’ဆိုတဲ့ ပါဠိတော်စကားက အားရှိစေတယ်လို့ ဘုန်း ကြီး ယူဆတယ်။ ဒါကြောင့် မဇ္ဈိမနိကာယ် အဋ္ဌကထာအလို မဟာနာမ မင်းဟာသုက္ကောဒနရဲ့သား၊ ဓမ္မပဒအဋ္ဌကထာအလို မဟာနာမဟာ အမိတောဒန မင်းရဲ့သား၊ အရှင်အနုရုဒ္ဓါရဲ့ အစ် ကိုလို့ ဝါဒကွဲ မှတ်ဖို့ပါ။ အရှင်အာနန္ဒာကိုလည်း အမိတောဒနရဲ့ သားလို့ ဆိုတဲ့ အတွက် ဒီအလို ယင်းသုံးဦးလုံး ညီအစ် အရင်း တွေလို့လည်း ဆိုနိုင်သွားပြန်တယ်။ ဗုဒ္ဓဖြစ်တော်စဉ် တိဗက် မှတ်တမ်းများ အရတော့ မဟာနာမကို ဒေါနောဒနမင်းရဲ့ သား၊ အရှင်အာနန္ဒာကို မဟာနာမရဲ့ သားလို့ ဆိုတဲ့ အတွက် အယူ အဆအတော်ကွဲပြားပါတယ် (Rockhill, p. 19)။

ဇွန် ၇၊ ၂၀၁၅။

---

ဗုဒ္ဓဓမ္မနဲ့ မဆိုင်

သူတို့ (မြန်မာတို့)လုပ်တာနဲ့ထေရဝါဒဗုဒ္ဓဓမ္မ ဆက်နွယ်မှု မရှိပါဘူး။ သူ တို့လုပ်တာက ထိတ်လန့်စရာပါ။ ဒါလည်း လူမျိုးစု အကြမ်းဖက်တဲ့ လုပ် ရပ်ပါ။ ဗုဒ္ဓဝါဒနဲ့ ပတ်သက်တယ်ဆိုတာက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင် တွေ အကြား မတူကွဲပြားတာကို ဘာသာရေး အမည်တပ်ပြီး ပြောဆိုကြ လို့ပါ။ အမှန်တော့ လူမျိုးစု ပြဿနာ၊ ပြင်ပက ဝင်လာသူတွေအပေါ် စိုးရိမ် တာ၊ အခြားတစ်ယောက်ကို မုန်းတီးတာတွေပါ။ ဒါပေမယ့် အဲဒီ (အမုန်း တရား)ကို ဗုဒ္ဓဓမ္မမှာ ရှာတွေ့မှာ မဟုတ်ပါဘူး။

(တူရကီလူမျိုး အမေရိကန်နိုင်ငံသား Chen Kuygur က မြန်မာ ဗုဒ္ဓဝါဒီတွေက မူဆလင်တွေကို လူမျိုးတုံး သတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး 'ယုံကြည်မှုရဲ့နိဂုံး The End of Faith 'စာအုပ်ကိုရေးသူ Dr.SamHarris ပြောတဲ့စကားပါ။ YouTube မှာကြည့်ရှုနားထောင်နိုင်ပါတယ်။)

---

၃၉၆။ လက်အုပ်စွမ်း

ဆရာတော်ဘုရား၊

တပည့်တော်ဟာ အသက် ခပ်ငယ်ငယ်ကပင် ရဟန်းအမ ဖြစ် ချင်စိတ် ပြင်းပြခဲ့ပါသည်။ ယခုအခါ ပထမကြီး အောင်မြင်ထား သည့် ကိုရင် တစ်ပါးကို ရဟန်းခံပေးချင်နေပါသည်။ အသက် ၄၅-နှစ် မပြည့်လျှင် ရဟန်းအမ မပြုကောင်းဘူးလို့ အချို့က ပြောကြပါသည်။ ယခုတပည့်တော်မရဲ့အသက်၂၇-နှစ်ပါ။ အမျိုးသမီးတစ်ယောက် အနေနဲ့ ရဟန်းဒကာမ အဖြစ်ခံယူရန်အသက်ကန့်သတ်ချက်ရှိပါသလားဘုရား။ တပည့်တော်ရဟန်း ဒကာမ အဖြစ်ခံယူလျှင် အပြစ်ရှိနိုင်ပါသလားဘုရား။

နှင်းကေခိုင် (မလေးရှား)

---

ဆက်လုပ်

အမျိုးသမီးတစ်ယောက်ဟာ မည်သည့် အရွယ်ရောက်မှပဉ္စင်း ခံပေးနိုင် သိက္ခာထပ်ပေး နိုင်တယ်လို့ သတ်မှတ် ချက်မရှိပါ။ မည်သည့် အသက်အရွယ်မှာမဆို ရဟန်းအမ ဘုရားအမဖြစ် နိုင်ပါတယ်။ ဖြစ်ကောင်းပါတယ်။ သာမဏေ တစ်ပါးကို ရဟန်း ပြုပေးတဲ့ ရည်ရွယ်ချက်က အဲဒီသာမဏေ ရဟန်းအဖြစ်နဲ့ သာသနာ့ဘောင်မှာ မျှတအောင် မိမိက သင်္ကန်း ဆွမ်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါးနဲ့ ထောက်ပံ့မယ် ဆိုတဲ့ သဘောပါ။ စာပေ သင်ကြားတော့ လိုအပ်တဲ့ ကျမ်းစာအုပ်၊ လျောက်ပတ် တဲ့ အသုံးအဆောင် .. စတာတွေ လှူဒါန်းတယ်။ စာပေတတ် မြောက်တဲ့ အခါ ဆက်လက် သာသနာပြုဖို့ ကျောင်းတိုက်တွေ ထည်ထောင်နိုင်အောင် ထောက်ပံ့ခြင်း အထိပါပဲ။ ရည်ရွယ်ချက် အင်မတန် မွန်မြတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ သာသနာကို ထောက်ပံ့လိုစိတ် ရှိတာဟာ ထူးခြားတဲ့ အထုံပါရမီ ရှိခဲ့ဖူးလို့ ပါပဲ။ ရည်ရွယ်ချက် အောင်မြင်အောင် ဆောင်ရွက်ဖို့ ဘုန်းကြီး အားပေးပါတယ်။

ရည်ရွယ်ချက်

‘သမီးပျိုတွေရှိတဲ့ အိမ်မှာ ရဟန်းငယ်တွေ ဆွမ်းခံဝင်တာဟာ ကြက်ဥခြင်းကို မြွေဝင်သလိုပဲ’လို့ စာရေးဆရာ တစ်ဦး ရေးဖူးတယ်။ (ကျမ်းညွှန်း မပေးနိုင်ပေမယ့် အသေအချာ မှတ်မိတာ က ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ လို့ ဆိုလေ့ရှိတဲ့ ပီမိုး နင်းပါ။) ‘အသက်ငယ်တဲ့ အမျိုးသမီး ရဟန်းအမ မပြုကောင်းဘူး’ဆိုတာ ရဟန်းသံဃာအပေါ် ဒီပုတ်ထဲက ဒီပဲပါလို မြင်လေ့ ရှိတဲ့ ဗုဒ္ဓသာသနာနဲ့ အလှမ်းဝေးတဲ့ အဲဒီလို သာမန် လူတစ်ဦး ရဲ့အမြင်ပါ။ အကောင်းထဲမှာ အဆိုးဆိုတာ ပါစမြဲဖြစ်လို့ သူတို့ ထင်သလို ဖြစ်နိုင်ပေမယ့် ရဟန်းမှာရော ရဟန်းအမမှာပါ သီလသိက္ခာနဲ့ ကိုယ်ကျင့်တရား စောင့်ထိန်းမှု ဆိုတာတွေရှိလို့ သူတို့ ထင်သလိုက ရှားပါတယ်။

မိမိရဲ့ရဟန်းလောင်းဟာ အနေအထိုင်အပြောအဆို ကျစ် လျစ်ပြီး စည်းကမ်းရှိတဲ့ စာသင်တိုက်မှာ စာပေသင်ကြားနေတဲ့ အရည်အချင်း ပြည့်မီသူတော့ ဖြစ်သင့်တာပေါ့။ ကိုယ့်ကို ကူညီဖူးလို့ ရင်းနှီးလို့ ရုပ်ချော အပြောကောင်းလို့ ဆိုတာမျိုး မဖြစ်သင့်ဘူး။ ‘ဗုဒ္ဓသာသနာ ပြန်ပွားဖို့ သူတစ်ပါးတို့ရဲ့သား သာမဏေကို ရဟန်းပြုပေးပြီး သာသနာ့အမွေကို ခံယူမယ်’လို့ ရည်ရွယ်ချက်ထားပါ။

ဆင်ခြင်ပါ

အရင် ဘဝက မောင်နှမ လင်မယား သမီးရည်းစား သားအဖ တော်ခဲ့ဖူးတယ် ဆိုပြီး နာမည်ကြီးတဲ့ ဘုန်းကြီးတိုင်း နီးပါးကို ဆရာတင်၊ ရဟန်းခံ၊ သိက္ခာထပ်ပေးလေ့ရှိတဲ့ အမျိုးသမီးတစ် ယောက်ကို မကြာခင်နှစ်တွေက ဘုန်းကြီး တွေ့ဖူးတယ်။ ပညာလည်း တတ် ရုပ်ရည်ရူပါလည်း သင့်တင့်ပြီး လှူနိုင်တန်းနိုင်တဲ့ အထဲကပါ။ လေးစားပါတယ်။ ဒါပေမယ့် များသော အားဖြင့် အရှေ့အပေါ်ပိုင်း ရပ်ဝန်းမှာ လေလုံမိုးလုံ မရှိဘဲ မကြာခဏ ရဟန်းသံဃာ ထိုင်တဲ့ ကုလားထိုင်နားကို ချဉ်းကပ်တာ၊ အမူအရာ အမျိုးမျိုးနဲ့ ချွဲပျစ်ပျစ်ပြောဆိုတာ.. အဲဒါမျိုးတွေကို သတိ ပြုမိတယ်။ ဘုန်းကြီးလည်း သူများနောက်က ခဏတစ်ဖြုတ် အဲဒီအိမ်ကို ပါသွားချိန်မှာ အဲဒါမျိုးကို တွေ့တော့ သူ့စိတ်ထဲ မည်သို့ရှိစေ မနှစ်သက်နိုင်ဖြစ်တာတော့ အမှန်ပဲ။ အထူးသဖြင့် ရဟန်းအမတွေ အဲဒါမျိုးကို ဆင်ခြင်ရမယ်။

လက်အုပ်စွမ်း

ကြာနီကန် ဆရာတော်ရဲ့ တရားတစ်ခုမှာ ဆရာတော် ပဉ္စင်း ငယ်ဘဝက ကျောင်းထိုင်ဘုန်းကြီး မသိအောင် ခိုးပြီး အငြိမ့်ပွဲ သွားကြည့်တော့ ပွဲခင်းထဲမှာ ဆွမ်းခံအိမ်က ဒကာမမိသားစုနဲ့ ပက်ပင်းတိုးသတဲ့။ သူတို့အိမ်ကို ဆွမ်းကြွတဲ့ ကိုယ်တော်မှန်း မှတ်မိလို့ သူတို့က ဝိုင်းပြီး လက်အုပ်ချီ အရိုအသေ ပေးကြသ တဲ့။ ဆရာတော်လည်း ရှက်ပြီး ပွဲမကြည့်တော့ဘဲ ကျောင်းကို ပြန်ခဲ့သတဲ့။ နောက်နေ့ ဆွမ်းခံကြွတော့လည်း ဒကာမတွေက အရိုအသေ မပျက်ဘူးတဲ့။ အဲဒီနောက်မှာ ဆရာတော်လည်း ဝါ သနာပါပေမယ့် အငြိမ့်ပွဲ သွားမကြည့်ရဲလောက်အောင် ဖြစ်သွား သတဲ့။ ဆရာတော်ဆက်ပြောပုံက ‘ဒီတော့တရားနာပရိသတ် ရေ၊ ဘောလုံးပွဲမှာ ဆွမ်းကြွကိုယ်တော်ကို တွေ့ရင် ဦးသာ ချ လိုက်ဗျို့၊ အဲဒီ ကိုယ်တော် နောက်တစ်ကြိမ် လာရဲမှာ မဟုတ် တော့ဘူး’တဲ့။ ဒကာကိုရော ဘုန်းကြီးကိုပါ ကြာနီကန် ဆရာ တော် ပညာပေးပုံ မှတ်သားဖွယ် ကောင်းပါတယ်။ လုပ်အုပ်ချီ ခြင်းဟာ တစ်ခါတစ်ရံ အစွမ်းထက်ပါတယ်။ မိမိက မိမိရဲ့ ရဟန်းကို ‘လက်အုပ်’နဲ့ ပြန်ဆုံးမနိုင်အောင်ကြိုးစားပါ။

ဇွန် ၉၊ ၂၀၁၅။

---

၃၉၇။ ဗွိုင်ယေဂျာနဲ့ နတ်ဗိမာန်

ဆရာတော် အရှင်ဘုရား၊ လွန်ခဲ့တဲ့ ၈-နှစ်လောက်က အမေရိ ကန် အာကာသစခန်းက ပစ်လွှတ်လိုက်တဲ့ ဗွိုင်ယေဂျာ အာ ကာသယာဉ်ဟာ ယခုအခါ နေစကြဝဠာရဲ့ အပြင်ကိုတောင် ရောက်သွားပြီလို့ ဆိုပါတယ်။ တပည့်တော် စဉ်းစားမိသည်မှာ ထိုအာကာသ ယာဉ်သည် ဤနေစကြဝဠာ အဝိုင်းအဝန်း အတွင်း၌သွားနေစဉ် (တွေ့ရဖွယ်ရှိတဲ့)နတ်ဘုံနတ်ဗိမာန်များကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာပေါ်ရှိ မြေပြင်စခန်းသို့ ပို့ပေးသည်ဟုကား မကြားစဖူးပါ။ သို့ဖြစ်၍နတ်ဘုံ နတ်ဗိမာန်ဆိုတာ တကယ်ရှိရဲ့ လားလို့ သံသယ ဖြစ်မိပါသည် အရှင်ဘုရား။ လွန်တာရှိရင် ဝန္ဒာမိပါဘုရား။

အောင်ခိုင် (ရန်ကုန်)

---

အဘိဓမ္မာ

ဗုဒ္ဓဝါဒမှာဖော်ပြတဲ့ နတ်ဘဝနတ်ဘုံဆိုတာ ‘ဘာသာယုံကြည်မှု မတူသူတွေကို အသေခံဗုံးခွဲ တိုက်ခိုက်တဲ့ အတွက် ပျားရည်မြစ်၊ ရေကြည် စမ်းချောင်းတွေ စီးနေတဲ့ ကောင်းကင်ဘုံမှာ ယင်ဖိုတောင် မသန်းဖူးသေးတဲ့ အပျိုစင် ၇၂-ယောက်နဲ့ ဆုချတယ်’ဆိုတာမျိုး မဟုတ်ဘူးလို့ ဦးစွာ မှတ်ထားပါ။ ဗုဒ္ဓဝါဒမှာ ဖော်ပြတဲ့ စကြဝဠာဗေဒဟာ ယုတ္တိနဲ့ ညှိယူရင် လက်ခံနိုင်တဲ့ အထိအလွန်နီးစပ်တယ်။ ဒီလို စဉ်းစားကြည့်မယ်..

ဗုဒ္ဓ အဘိဓမ္မာမှာ ရုပ်မရှိဘဲ နာမ်တရားပဲရှိတဲ့ အရူပဘုံဆိုတာ ရှိတယ်။ အရူပစျာန် လေးပါးကို ရတဲ့ အထိ သမထ ကမ္မဋ္ဌာန်းကို အားထုတ်ပြီး အဲဒီစျာန်စိတ်နဲ့ သေရင် အဲဒီ အရူပ ဘုံကို ရောက်တယ်။ ဗွိုင်ယေဂျာမှာ တပ်ဆင်ထားတဲ့ ကင်မရာ နဲ့ အဲဒီအရူပ ဗြဟ္မာအရူပဘုံတွေကိုတော့ ဖမ်းမရတာ သေချာတယ်။ နာမ်တရားကို အာထရာဆောင်းနဲ့လည်း ဓာတ်ပုံရိုက် လို့ မှ မရဘဲ။ ဓာတ်ပုံ ရိုက်မရတဲ့ အတွက် အဲဒီ နာမ်လောက တစ်ခုမရှိဘူးလို့ ငြင်းဆိုဖို့သင့်မှာ သက်သေရှိရဲ့လား။

သုခုမရုပ်နု

နတ်ရုပ် နတ်ခန္ဓာဆိုတာ မြေကြီးပေါ်မှာ မတ်တတ်ရပ်ရင် မြေကြီးထဲ စိမ့်ဝင်သွားတဲ့ထိ အင်မတန် သိမ်မွေ့ နူးညံ့တဲ့ သုခုမ ရုပ်နု ဖြစ်တယ်။ သိမ်မွေ့လွန်းလို့ လူတွေရဲ့ ပကတိ မျက်စိနဲ့ မမြင်နိုင်ဘူး။ ဘဝရဲ့ပဋိသန္ဓေကျိုးဖြစ်တဲ့ အဲဒီလိုရုပ်မျိုးရှိတာ ကိုပဲ ကံကြောင့်ဖြစ်တဲ့ တန်ခိုးလို့လည်း ဆိုနိုင်တယ်။ နတ်တို့ရဲ့ ရုပ် မြေကြီးထဲကို စိမ့်ဝင်သွားသလိုသူတို့ရဲ့ ကိုယ်ခန္ဓာထဲကို အခြားအရာတွေက ဝင်ရောက်ထိုးဖောက်ရင်လည်း အရာ မထင်ဘူး။ စပါးကြီးမြွေရဲ့ ဗိုက်ကို ဓားထက်ထက်နဲ့ ခွဲစိတ် လိုက်ရင် ပြန်စေ့သွားသလိုနေမှာပေါ့။ ဒါတောင်စပါးကြီးမြွေရဲ့ ရုပ်က ရုပ်ကြမ်းကြီး၊ နတ်တွေလို ရုပ်နုမျိုး မဟုတ်သေးဘူး။

နတ်ဗိမာန် ဆိုတာလည်း နတ်တွေရဲ့ ကုသိုလ်ကံ အထူး ကြောင့် ဖြစ်လာရတဲ့ အတွက် သုခုမ (ရုပ်နု)ပါပဲ။ မြေမှာရှိတဲ့ နတ်ဗိမာန်တွေကိုပင် လူတွေ တိရစ္ဆာန်တွေ မမြင်နိုင်လို့ ထိုး ဖောက်ဝင်ရောက်မိတဲ့ သဘောရှိတယ်။ အဆင့်တူ နတ်အချင်း ချင်းနဲ့ စျာန်အဘိညာဉ်ရ တန်ခိုးရှင်တွေပဲ မြင်နိုင်တယ်။

ရုပ်သံလှိုင်း

နောက်ပုံစံ တစ်ခုက ..စီအင်နင် (CNN)က ထုတ်လွှင့်လိုက်တဲ့ အရုပ်နဲ့ အသံကို မြန်မာနိုင်ငံ နေရာအနှံ့က ဖမ်းယူပြီး ကြည့်ရှု နားထောင်နိုင်တယ်။ ကမ္ဘာအထက် အမြင့်မိုင် ၂၇၀-လောက် က ကမ္ဘာကြီးကို လှည့်ပတ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာ သ စခန်းက အသံနဲ့ အရုပ်တွေကိုလည်း ကမ္ဘာမြေပေါ်က မြင်နိုင် ကြားနိုင်တယ်။ ဒီတော့ ရုပ်သံလှိုင်းတွေဟာ လေထဲမှာ ရော လေဟာနယ် (လေမရှိတဲ့ နေရာ)မှာပါ ပျံ့နှံ့နေတာပဲပေ့ါ။ ရုပ်သံလှိုင်းဆိုတာ ဩဠာရိက (ရုပ်ကြမ်း)ပဲ။ အဲဒီ ရုပ်သံလှိုင်း တွေကိုပင် ပကတိ မျက်စိနဲ့ မြင်နိုင်ရဲ့လား။ ဒါပေမယ့် လေ ယာဉ်ပျံတွေ ထိုးဖောက် ဖြတ်သွားနေကြတာပဲ။ အဘိဓမ္မာ ဒဿနအရ နတ်ရုပ်နတ်ခန္ဓာဟာ လေထုထဲပျံ့နှံ့နေတဲ့ ရုပ်သံ လှိုင်းတွေထက်များစွာ နူးညံ့သိမ်မွေ့တယ်။

ထိမှန်းမသိ

ဒါကြောင့် ဗွိုင်ယေဂျာဟာ နေစကြဝဠာအတွင်း ခရီးနှင်စဉ် အဲဒီ နတ်တွေ နတ်ဘုံဗိမာန်တွေကို ဓာတ်ပုံရိုက်လို့ မရနိုင်ဘူး။ နတ်တွေ နတ်ဗိမာန်တွေနဲ့ ထိမိရင် တောင် ဗွိုင်ယေဂျာက ထိ မှန်းမသိလိုက်ဘဲ ဖြတ်တောက်ထိုးဖောက်သွားမှာပဲလို့ ယူဆ ရင် ယုတ္တိနဲ့ မဝေးလွန်းပါဘူး။ သံသယကို ထုတ်ပစ်လိုက်။ အဲ ဒါကြီးရှိနေရင် တရားထိုင်ရခက်လိမ့်မယ်။

ဇွန် ၁၀၊ ၂၀၁၅။

---

၃၉၈။ ဘုန်းကြီးနဲ့ ဝါဒတစ်ပါး

ဆရာတော်ကို မေးခွန်းတစ်ခု မေးချင်ပါတယ်ဘုရား၊ ထေရဝါဒ မြန်မာဘုန်းကြီးတပါးက မဟာယာနနဲ့ ဆိုင်တဲ့ ဘာသာရေး စာများ ရေးနိုင်မနိုင်သိချင်ပါတယ် ဘုရား။ ဘုန်းကြီး က အတတ်ပညာ သင်ကောင်းတယ်လို့တော့ ကြားဘူးပါတယ် ဘုရား (မှန်မမှန်တော့ မသိပါဘုရား)။ တပည့်တော် တွေးကြည့်တာ အတတ်ပညာ သင်ကောင်းတယ်ဆိုရင် အတတ်ပညာ အဖြစ်မဟာယာန အကြောင်း သင်ပြကောင်းပါသလားဘုရား။

ဇော်အုန်းကေခင် (LA)

---

နှလုံးသွင်း

လွန်ခဲ့တဲ့ နှစ်ပေါင်းရဝ-လောက်က ရဟန်းတွေ အင်္ဂလိပ်စာကို မသင်ကောင်းဘူးလို့ ကျန်းဂန် အထောက် အထားတွေနဲ့ အသေအလဲ ကန့်ကွက်တဲ့ ဆရာတော်တွေ လူပုဂ္ဂိုလ်တွေရှိခဲ့ဖူးတယ်။ သင်ယူကောင်းတဲ့ ဘက်ကလည်း အထောက်အထား၊ ယုတ္တိတွေနဲ့ ချေပခဲ့ကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် လောက်က မှ သင်သင့်တယ်ဘက်မှာ မဲများလာတဲ့ သဘောရှိတယ်။ အချို့ ပြဿနာဟာ ဗုဒ္ဓကျမ်းဂန်နဲ့ ညှိယူလို့ ရပြီး အကျိုးရှိရင် အများ လက်ခံနိုင်တဲ့ အချိန်မှာ အပြစ်လို့ မယူဆတော့ဘူး ဆိုတဲ့ သဘောပါ။ ဒါက ဒီမေးခွန်းအတွက် စိတ်ထဲ ရှိထားရမယ့် ယောနိသောမနသိကာရ (သင့်တင့်စွာနှလုံးသွင်းမှု)။ ပြီးရင် ဝါဒတစ် ပါးနဲ့ အတတ်ပညာကို တစ်ခြားစီယူရမယ်။

တားမြစ်ချက်

ဝိနည်းအရ ရဟန်းတွေ မသင်ကောင်းတဲ့ ကျမ်းအချို့ ရှိတယ်။ ဥပမာ..လောကာယတကျမ်း။ ဒီကျမ်းအရကံ၊ ကံရဲ့အကျိုး၊ တမလွန်လောကမရှိ။ လက်ရှိဘဝမှာ ပျော်ရွှင်ရန်သာ အဓိက။ မိမိ ပျော်ရွှင်ခြင်းအတွက် မိဘကိုပင် သတ်နိုင်တယ် (မောဂ္ဂလ္လာန်နိဿယ၊ နိဒါန်း-ဖ)။ ဒီကျမ်းကို အလွန်ရှေ့ကျတဲ့ အချိန် က အိန္ဒိယ ရုပ်ဝါဒဂိုဏ်းကို စတင်သူ စာရုဝါက (ကျာရ်ဗာက) ဆရာစီရင်တယ်။ ဒီကျမ်းလာဝါဒကို ပျော်ရွှင်မှု စံပြုဝါဒလို့လည်း ခေါ်တယ် (အရှေ့တိုင်း ဒဿနာပညာ၊ အတွဲ ၁၊ စာ-၆၄)။ အဲဒီ ကျမ်းကို ဆဗ္ဗဂ္ဂီရဟန်းတွေ သင်ယူပို့ချကြတဲ့ အခါမြတ်ဗုဒ္ဓက ‘လောကာယတကျမ်းကို အနှစ်သာရ အနေနဲ့ ယူဆရင် သာသနာတော်မှာကြီးပွားနိုင် (တရားထူးကိုရနိုင်)မည်လော’လို့ မေး ပါတယ်။ ရဟန်းတွေက ဓမ္မကြီးပွားနိုင်ပါ မြတ်စွာဘုရား"တဲ့။ ဒါဖြင့် မသင်ကြနဲ့ လို့ မြတ်ဗုဒ္ဓမိန့်ပါတယ်။

ဒီနေရာမှာ ဆဗ္ဗဂ္ဂီတို့ဟာ လောကာယတကျမ်းဝါဒကိုနှစ် သက်ပြီး လိုက်နာကျင့်သုံးဖွယ်အနေနဲ့ သင်ယူပို့ချလို့ ဗုဒ္ဓဓမ္မ ကျင့်ကြံမှုကို ထိခိုက်နိုင်တဲ့ အတွက် မြတ်ဗုဒ္ဓ တားမြစ်တာလို့ ဘုန်းကြီး ယူဆတယ်။ သဘောက ဘုန်းကြီး ဖြစ်လျက်နဲ့ အချိန်ရှိတိုင်း ကွန်မြူနစ်ဝါဒ ‘အရင်းရှင်ကျမ်း’ နဲ့ ချည်း အချိန်ကုန် နေလို့ သင့်တော်ပါ့မလား။

ဝါဒတစ်ပါး

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အပါအဝင်နိကာယ်ငါးရပ် အဖွင့်ကျမ်းများကို ရေးသားတော်မူတဲ့ ထေရဝါဒအဋ္ဌကထာ ကျမ်းပြု ပုဂ္ဂိုလ် ကျော်ကြီး အရှင်မဟာဗုဒ္ဓဃောသကို ‘သကသမယ သမယန္တရ ဂဟဏဇ္ဈောဂါဟဏ သမတ္ထေန’ = မိမိအယူနှင့် ဂိုဏ်းတစ်ပါး အယူ ဟူသော တောရှုပ်၌ သက်ဝင်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံသော’လို့ ချီးမွမ်းပါတယ်။ ဒီအရှင်မြတ် အနေနဲ့ ဂိုဏ်း တစ်ပါးအယူသို့မဟုတ် ဝါဒတစ်ပါးကိုတတ်ကျွမ်းတာ သေချာတယ်။ မသင်ယူဘဲ တတ်ပါ့မလား။ ဒီတော့ ဝါဒတစ်ပါးဆိုတာကို မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့၊ ဥပမာ .. ဗုဒ္ဓဓမ္မ ပြန့်ပွားဖို့ ရည်ရွယ်ပြီး သင်ယူနိုင်တယ်လို့ မှတ်ဖို့ပါ။ မဟာယာနဆိုတာ ဗုဒ္ဓဝါဒ ဂိုဏ်းကွဲမျှ ဖြစ်လို့ မလေ့လာကောင်းစရာ အကြောင်း မရှိနိုင်ပါဘူး။ ကိုယ်သိပြီးတာကို ဟောပြော၊ ရေးသားပြီး အများကိုလည်း ဖြန့်ဖြူးနိုင်တာပေ့ါ။

အဲဒီလိုပဲ ဘာသာဝါဒ တစ်ပါးရဲ့ အကြောင်းကိုသိမှ ကိုယ့် ဘာသာရဲ့တန်ဖိုး ဆိုတာကိုလည်း နားလည်နိုင်မှာဖြစ်လို့၊ သူ တို့က ကိုယ့်ဘာသာအကြောင်း ပြောလာရင်လည်း ကိုယ်က သူတို့ ဘာသာအကြောင်း ပြန်ပြောနိုင်မှာ ဖြစ်လို့ ဘိုင်ဘယ်လ်၊ ကုရ်အာန် စတာတွေကိုလည်း ရဟန်းတစ်ပါးဟာ ဖတ်မှတ် လေ့လာပြီး ပြန်ပြောခွင့် နှို်င်းယှဉ်ချပြခွင့်ရှိပါတယ်။

အတတ်ပညာ

ရဟန်းတစ်ပါး မသင်ကောင်းတဲ့ အတတ်ပညာတွေ ရှိတယ်။ အကြမ်းမျှပြရရင် .. ဆင်စီးမြင်းစီးအတတ်၊ လေးပစ် အတတ်၊ အသက် သေကြောင်းဖြစ်တဲ့ လူသတ်လက်နက် လုပ်နည်း၊ လူ တွေကို ပြုစားတဲ့ ပညာ စသည် (ဝိနယဝိနိစ္ဆယ၊ဋီ၊၂၊၂၉၀)။ သင်ယူကောင်းတဲ့ အတတ်ကတော့ တောမှာနေရင် အချိန်ကို သိဖို့နက္ခတ်ပညာ၊ ဂိလာနရဟန်းကို ပြုစုစောင့်ရှောက်ဖို့ ဆေး ပညာ .. စသည်။ သာသနာနဲ့ လျောက်ပတ်ပြီး အသုံးတည့်တဲ့ အခြားခေတ်ပေါ် အတတ်ပညာတွေကိုလည်း တတ်ကောင်းပါတယ်။ ဥပမာ..ပေါင်းသင်း ဆက်ဆံရေးပညာ၊ ခေါင်းဆောင်မှု ပညာ၊ လူထုရှေ့ဟောပြောနည်းစသည်။

ဇွန် ၁၆၊ ၂၀၁၅

---

၃၉၉။ စာသူခိုးနဲ့ အဒိန္နာဒါန

ဘုန်းကြီးဘုရား၊

ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။ Face Book စာမျက်နှာများတွင် အချို့သော ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များသည် စာကြောင်း အတိုအထွာများကို ထုတ်နုတ်ပြီး အောက်ခြေမှာ မိမိ၏ နာမည်ကို ရေးလျက် share လုပ်နေကြပါသည်။ မသိသူ များ အနေဖြင့် ထိုစာကြောင်းများကို ထို FB အကောင့် ပိုင်ရှင် ရေးသော စာဟုပင် ထင်မှတ်မှားဖွယ် ရှိပါသည်။ ကိုယ်တော် တစ်ပါးလည်း ၎င်းစုဆောင်းသည် ဆိုသော စာအုပ်၌ဘုန်းကြီး ၏ ဓမ္မအမေးအဖြေ ဆောင်းပါး တစ်ခုလုံးကို အပြည့်အစုံဖော် ပြထားပါလျက် မူရင်းရေးသူ ဘုန်းကြီးဦးကေလာ၏ ဘွဲ့အမည် ကိုဖျောက်ထားပါသည်။ ထိုပုဂ္ဂိုလ်များသည် အဒိန္ဒာဒါနသိက္ခာ ပုဒ်အရအပြစ်ရှိမရှိ သိလိုပါသည်ဘုရား။

တပည့်ဇနိန္ဒ (ဗာရာဏသီ)

---

အလိမ်ပေါ်ရင်

သူများရေးတဲ့ စာကို ယူသုံးပါလျက် မူရင်းစာရေး ဆရာရဲ့ အမည်ကို မဖော်ပြရင် သူများရဲ့ စာကို ခိုးတဲ့ စာသူခိုးပဲပေါ့။ ဗုဒ္ဓ သာသနာမှာ ရဟန်းပြု၊ ဗုဒ္ဓဝါဒကိုသင်၊ တတ်ပြီးရင် ငါ့အယူပါလို့ ဟောပြောဖို့ ရည်ရွယ်ပြီး ရဟန်းပြုခဲ့သူ သုသီမလို ဝါဒသူခိုးလို့လည်း ဆိုနိုင်တာပေါ့။ ဘဝပေး အကျိုးကြောင့် ပုကွနေတဲ့ ဘုရားလောင်းလေးသည်တော် တိုက်ခိုက်ပေးလို့ နိုင်နေတာကို တဖြည်းဖြည်း မိမိရဲ့ အစွမ်းကြောင့်လို့ အထင်ရောက် ဘဝင် မြင့်ပြီး ဘုရားလောင်းကို ဘေးချိတ်ဖို့ ကြိုးစားတဲ့ ဘီမသေနလို အလိမ်ပေါ်ရင် လူပုံအလယ်မှာ အရှက်တကွဲနဲ့ ကြုံရတတ်တယ်။ အင်မတန်ဂုဏ်သိက္ခာနိမ့်ကျတဲ့ အလုပ်မျိုးပါ။

သူလို မလုပ်မိဖို့

ဘုန်းကြီး ရေးထားတဲ့ အတိုင်း စာဆယ်ကြောင်းထက် မနည်းကို ‘၏’ ‘သည်’ မလွဲ လုံးဝ ကူးယူထားပါလျက် ဘုန်းကြီးရဲ့ စာကို ရည်ညွှန်းချက် မပြုဘဲ အခြားပုဂ္ဂိုလ်ရဲ့ အမည် နှစ်ခုသုံး ခုကိုပဲ ဖော်ပြတာကို ဘလော့ဂ်တစ်ခုမှာ ဘုန်းကြီးကိုယ်တိုင် ဖတ်လိုက်ရစဉ် ဘုန်းကြီးစိတ်ထဲဖြစ်မိပုံက ‘ငါလိုတစ်ယောက် က သူလို မလုပ်မိဖို့ အရေးကြီးတယ်’ လို့ ပါပဲ။ ကျမ်းညွှန်း အမှန် ဝိ၊၃၊၁၁၇ လို့ ဖြစ်ရမှာကို သူလည်း ဘုန်းကြီးရဲ့ ရိုက်မှား ကျမ်းညွှန်း အတိုင်း ဝိ၊၁၊၁၁၇ လို့ လိုက်ပြီး လုပ် တော့ ပိုဆိုးတာပေါ့။ (အဲဒီ ကျမ်းညွှန်းနဲ့ ဂူးဂိုလ်မှာ ရှာရင် တောင်အခုအဲဒီသူခိုးကို ဖမ်းမိလောက်သေးတယ်။)ရင်းမြစ် ကျမ်းတူလို့ ယူဆပုံနဲ့ ဝေါဟာရအချို့ တူသွားတာမျိုးကို တော့ ခွင့်လွှတ်သင့်ပါတယ်။

စာသူခိုးတွေကို Criss Jami (အမည်ရှိသူ) ဆုံးမတဲ့ ဆောင်ပုဒ်က ‘When you have wit of your own, it's a pleasure to credit other people for theirs. ’တဲ့။ ‘သင့်မှာ ကိုယ်ပိုင် ဝိညာဉ်လေး တစ်ခု ရှိတော့မှ သူ့အတွေးအမြင် အတွက် သူတစ်ပါးကို တန် ဖိုး ထားချင်စိတ်ဖြစ်မယ်’လို့ မြန်မာပြန်နိုင်လေမလား။

လုံးဝ မဖြစ်စေ ရ

ဘုန်းကြီး ရေးတာတွေ အားလုံးကိုတော့ ကိုယ့်ဝီရိယနဲ့ ကြိုး စား ကြံဆပြီး ကိုယ့်ဦးနှောက်ထဲက ထုတ်ဖော်တာတွေချည်း ဖြစ်ကြောင်းလုံးဝ အာမခံပါတယ်။ စာတိုင်းနီးပါးမှာ ထူးခြားတဲ့ ယူဆချက် တစ်ခုပါတိုင်း မူရင်းကျမ်းရဲ့ စာမျက်နှာကို လက် သည်းကွင်းထဲ ထည့်ပေးထားတာကို ကြည့်ရင် စာဖတ်နာသူ တို့ရိပ်မိနိုင်ပါတယ်။

အဒိန္နာဒါန

ရဟန်းတစ်ပါး စာမေးပွဲကို ခိုးချပြီး ဖြေရင် အဒိန္နာဒါန ဖြစ်သ လားလို့ ဆိုတဲ့ မေးခွန်းကို စာချဆရာတော်တို့ ဖြေပုံက ‘စာကို ခိုးဖြေရုံနဲ့တော့ သူတစ်ပါး ပစ္စည်းဖြစ်ခြင်း ဆိုတဲ့ ခိုးမှုမြောက် စေတဲ့ အင်္ဂါရပ်တစ်ခုချို့တဲ့ လို့ အဒိန္နာဒါနမဖြစ်ဘူး။ ဒါပေမယ့် စာမေးပွဲ အောင်တဲ့ အတွက် ဂုဏ်ပြု ပူဇော်လို့ ရရှိတဲ့ အလှူ ပစ္စည်းက ဝိနည်း သတ်မှတ်ချက် တန်ဖိုးထက် ပိုရင် ရဟန်းဟာ အပြစ်ရှိနိုင်တယ်’လို့ ဖြစ်ပါတယ်။ (ကျမ်းညွှန်း အတိအကျ မရှိလို့ ယတိပြတ် မဆိုဘူးလို့ ယူဆပါတယ်။) ဒီလိုပဲ စာသူခိုး ဟာလည်း အဲဒီ ဆောင်းပါး၊ အဲဒီ စာအုပ်ကို အကြောင်းပြုပြီ စီး ပွားဖြစ်ရင် စာသူခိုးအဖြစ်မှ ပစ္စည်းသူခိုး အဖြစ်သို့ ပြောင်း သွားမှာပေါ့။

စာမေးပွဲမှာ ခိုးဖြေတာတို့ သူများစာကို ကိုယ့်စာလုပ်ပြီး ခိုးသုံးတာတို့ ဆိုတာတွေဟာ ရာသက်ပန် လိပ်ပြာ မလုံနိုင်တဲ့ ကိစ္စမျိုးဖြစ်လို့ လုံးဝရှောင်ပါလေ။

ဇွန် ၂၂၊ ၂၀၁၅။

---

၄၀၀။ မှတ်မိသမျှ သံဃာ့နာယကအဖွဲ့

ဆရာတော် ဘုရား၊ တပည့်တော် သိချင်တာက နိုင်ငံတော် သံဃနာယကအဖွဲ့ သမိုင်းကြောင်းနဲ့ ဘယ်လို ရွေးချယ်ဖွဲ့စည်း တာလဲ၊ တာဝန်က ဘာတွေလဲ စသည်ဖြင့် သိချင်ပါတယ် ဘုရား။ မြန်မာပြည်မှာ အမျိုးဘာသာ ကာကွယ်ရေး ဘုန်းကြီး အဖွဲ့ပေါ်ကတည်းက သိချင်တာပါဘုရား။ Politically incorrect မဖြစ်ချင်ပါဘုရား။

ဇော်အုန်းကေခင် (LA)

---

ခက်ခဲသော အလုပ်

သံဃာတွေ ‘ဂိုဏ်းပေါင်းစုံ’ဖို့ ဆိုတာ အတော် မလွယ်တဲ့ ကိစ္စ။ သက်သတ်လွတ်ဆာဒူး၊ ဝက်သားကြိုက်တဲ့ ဆရာတော်၊ အမဲသားကြိုက်တဲ့ ပါစတာနဲ့ မော်လဝီတို့ကို အိမ်ကို ‘ပင့်’ ‘ဖိတ်’ပြီး ‘ထမင်း’ ‘ဆွမ်း’ တစ်ဝိုင်းတည်း ကျွေးရသလို နေ မှာ။ သီရိလင်္ကာမှာ အဘယဂိရိ၊ ဇေတဝန၊ မဟာဝိဟာရဆိုတဲ့ သံဃာဂိုဏ်းကြီး သုံးဂိုဏ်းဟာ ရာစုနှစ်ပေါင်း များစွာ မပေါင်းစည်းနိုင်ခဲ့ဘူး။ ပထမ ပရက္ကမဗာဟုမင်း (အေဒီ၁၁၅၃-၁၁၈၆) လက်ထက်ရောက်မှ သုံးဂိုဏ်း ညီညွတ်သွားတယ်။ မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ ခေတ်ဦးလောက်မှာ မှော်ဘီသံဃာ့ အစည်းအဝေးဆိုတာ ရှိခဲ့ပေမယ့်မအောင်မြင်ဘူး။

စည်းရုံးရေး ကာလ

ဒါပေမယ့် မဆလခေတ် အားကောင်းချိန် ၁၉၈၀-ပြည့်နှစ် နှစ် ဦးပိုင်းလောက်က စပြီး ထိုအချိန်က ပြည်ထဲရေးနှင့် သာသနာ ရေး ဝန်ကြီး ဦးစိန်လွင်၊ သာသနာရေးဦးစီးဌာန ညွှန်ချုပ် ဦးကြည်ညွန့်နဲ့ လူပြန်တော်အချို့ ဦးဆောင်ပြီးနိုင်ငံတစ်ဝန်းလုံးရှိ စာသင်တိုက်တွေ၊ သုဓမ္မာရွှေကျင်စတဲ့ ဂိုဏ်းအသီးသီးရဲ့ဆရာ တော်ကြီးတွေဆီကို ဦးစွာ သွားရောက်ချဉ်းကပ်ပြီး ‘သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး’ ခေါင်းစဉ်နဲ့ နိုင်ငံတော် အဆင့်ထိ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရန် ‘သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း (မူကြမ်း)’ကိုရှင်းပြပြီး စည်းရုံး ကြလို့ သံဃာအများစုရဲ့သဘောတူညီမှုကို ရသွားခဲ့တယ်။

ပြဋ္ဌာန်း ဖွဲ့စည်း

အဲဒီနောက် တစ်နိုင်ငံလုံးရှိ ဂိုဏ်းအလိုက် မြို့နယ်အလိုက်သံဃာ့ ဆန္ဒနဲ့ ရွေးချယ် တင်မြှောက်ထားတဲ့ သံဃာ့ကိုယ်စား လှယ် ၁၂၁၈-ပါးကို နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ကမ္ဘာအေး ကုန်းမြေသို့ ပင့်ဖိတ်ပြီး ၁၉၈၀-ပြည့်နှစ်၊ မေ ၂၅ မှာ ပထမ အကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို အောင်မြင် စွာ ကျင်းပနိုင်ခဲ့တယ်။ ရွှေတိဂုံဘုရားနားက မဟာဝိဇယစေတီဟာ သံဃာ့ဂိုဏ်းပေါင်းစုံ ညီညွတ်ခြင်းကို အထိမ်းအမှတ်ပြုပြီး တည်တဲ့ ဘုရား။ ဒီအစည်းအဝေးကြီးမှာ ဆောင်ရွက်နိုင်ခဲ့တာ တွေက..

(၁) ‘သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း’ကို တရားဝင် ပြဋ္ဌာန်းတယ်။
(၂) ပြဋ္ဌာန်းပြီးစ စည်းမျဉ်းနဲ့ အညီကြွရောက်တဲ့ ကိုယ်စား လှယ် ၁၂၁၈-ပါးထဲက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အပါး ၃၀၀-ကိုရွေးချယ်ဖွဲ့စည်းတယ်။

အဲဒီ ၃၀၀ ကပဲ ‘သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်း’ကို အကောင်အထည် ဖော်နိုင်ရန် ‘သံဃာ့အဖွဲ့အစည်း လုပ် ထုံးလုပ်နည်းများ’ကို အတည်ပြုတယ်။

(၃) အဲဒီ စည်းမျဉ်း၊ အဲဒီ လုပ်ထုံးနဲ့ အညီ ဝန်ဆောင် သံဃာ ၃၀၀ ထဲက နိုင်ငံတော် သံဃာ့မဟာ နာယက ၃၃-ပါး ကိုပါ တစ်ခါတည်း ရွေးချယ်ဖွဲ့စည်းတယ်။ (နောက်ပိုင်းမှာအဖွဲ့ဝင်အရေအတွက် တိုးသွားပြီး ယခုနိုင်ငံတော် သံဃာ့မဟာ နာ ယကအဖွဲ့ဝင် ၄၇-ပါးရှိတယ်)။

ဖွဲ့စည်းပုံနှင့် တာဝန်

ဖော်ပြပါ ‘သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း’အရ..

၁)နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ (နဗဝ)
၂)နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မဟန)
၃)နိုင်ငံတော်ဩဝါဒါစရိယ (နိုင်ဩ)အဖွဲ့လို့ နိုင်ငံတော်အဆင့် အဖွဲ့ကြီး သုံးဖွဲ့ ရှိတယ်။ ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ မြို့နယ်၊ ပြည်နယ်၊ တိုင်း အဆင့်မှာလည်း ထိုနည်း အတိုင်း အဖွဲ့သုံးမျိုး။ တစ်မျိုးမှာ တစ်ဖွဲ့စီပဲ ရှိရတယ်။ အပေါ် ဆင့် တစ်ခုခုမှာ ပါဝင်ပြီး ဖြစ်ရင် အောက်ဆင့်တွေမှာ ထပ်မံ ပါဝင်ခွင့် မရှိ။

နိုင်ငံတော် ဩဝါဒါစရိယ အဖွဲ့ကို နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့က စာရင်းပြုစုပေးတဲ့ အတိုင်း နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့က အစည်းအဝေးခေါ်ပြီး အတည်ပြုပေးတယ်။ တိုင်း၊ မြို့နယ်စသည်မှာထိုနည်းအတိုင်း။

(၁) နဗဝ အဖွဲ့ဟာ မဟနရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင် ဖြည့်စွက် ပယ်ဖျက် အတည်ပြုခြင်းစသည်၊
(၂)မဟနအဖွဲ့ဟာ ပရိယတ္တိစာမေးပွဲများ ကျင်းပပေးခြင်း၊ ညွှန်ကြားလွှာ ထုတ်ပြန်ပြီး နဗဝထံ တင်ပြအတည်ပြုခြင်း၊ သံဃာ့ အဆုံးအဖြတ်များကို ကြည့်ရှုစစ်ဆေးခြင်းစသည်၊
(၃) မဟနကို တစ်ပါးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ နှုတ် ဖြင့်ဖြစ်စေ စာရေး၍ ဖြစ်စေ အခါအားလျော်စွာ ဩဝါဒ ပေး ခြင်း စသည် (ဤဆရာတော်များမှာ နဗဝ မဟန သံဃာ့အဖွဲ့ အစည်းတွင် ပါဝင်ခွင့်မရှိ)။

ဆောင်ရွက်ချက် အချို့

သံဃာ့ အငြင်းပွားမှုကိုသံဃာချင်းဆုံးဖြတ်ခြင်း (သံဃာ့ အမိန့်ကို မနာခံလို့ သံဃာ့နာယက၊ ဝိနည်းဓိုရ် စသည်က အာ ဏာပိုင်တွေကို တိုင်ကြားရင် အရေးယူကို ယူပေးရတယ်။ အဲဒါ အတွက် နိုင်ငံတော်ဥပဒေရှိတယ်။) ဥပမာ..ထိုအချိန်က ဗုဒ္ဓ ဝါဒ အမည်ခံပြီး မှားယွင်းတဲ့ ဓမ္မများကို ဖြန့်ဖြူးနေကြတဲ့ ဝါဒ အုပ်စုရ-စုကိ နှိမ်နင်းရန် ရည်ရွယ်ပြီး ၁၉၈၀၊ နိုဝင်ဘာ ၂၀- ရက်နေ့၊ နိုင်ငံတော် သံဃာ့မဟာနာယက ၃၃-ပါး စုံညီ အစည်းအဝေးမှာ လောကီ လောကုတ္တရာ စွယ်စုံရ ဆရာတော် တွေ ပါဝင်တဲ့ ‘နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့’ ၇-ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ကျောက်သင်္ဘော၊ လူသေလူဖြစ်၊ ကြောင်ပန်း တောရစတဲ့ ဝါဒတွေကို ဗုဒ္ဓဝါဒနဲ့ ဆန့်ကျင်ကြောင်းဆုံးဖြတ်တဲ့ အခါ ၎င်းတို့ရဲ့ ဟောပြော ရေးသားမှုတွေကို နိုင်ငံတော်က အမိန့်နဲ့ ပိတ်ပင် တားဆီး ပေးခဲ့တယ်။ ထို့ပြင် သံဃာ့ဝိနည်းနဲ့ မညီညွတ်သူများအား လူဝတ်လဲစေခြင်း၊ ဘုန်းကြီးကျောင်း ပိုင် ဆိုင်မှုကို ဆုံးဖြတ်ပေးခြင်းစသည်။

အမှတ်တရများ

သံဃာနာယကအဖွဲ့တွေ ဖွဲ့ပြီးခါစတုန်းက အခြေခံစည်းမျဉ်း၊ လုပ်ထုံးတွေနဲ့ အညီ ဆောင်ရွက်တတ်အောင်လို့ ရပ်ကွက် မြို့ နယ်အလိုက် သံဃာ့နာယက သင်တန်းတွေ ပို့ချတဲ့ ဆီ ကျောင်းထိုင် ဆရာတော် ဦးသုဇာတ နောက်က လိုက်ဖူးတာကို အမှတ်ရတယ်။ ၁၉၈၆-ခုနှစ်၊ ကမ္ဘအေး နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် စဖွင့်တဲ့ အချိန်၊ ဘုန်းကြီးတို့ တက်ခွင့် ရလို့ ၂-နှစ်အကြာ၁၉၈၈-ခုနှစ် အရေးအခင်း ကာလအတွင်း ကမ္ဘာအေး ဘုရားဝင်းထဲ လာရောက် ဟောပြောကြတဲ့ စာရေး ဆရာတွေအနက် နန်းညွန့်ဆွေက ဇမ္ဗုဒီပကျောင်းဆောင် ဘက် လက်ညှိုး ထိုးပြီး ပြည်သူ့ဘက် မပါတဲ့ ဆရာတော်တွေကို အတော် နိမ့်တဲ့ စကားလုံးတွေနဲ့ ကဲ့ရဲ့ ပြစ်တင်တာကိုလည်း သူ့ရဲ့ လေယူလေသိမ်း မျက်နှာထားနဲ့ တကွ ဘုန်းကြီး မှတ်မိနေပါသေးရဲ့။

အငြင်းပွားမှုအချို့

မြန်မာနိုင်ငံအတွင်း ဒီစည်းမျဉ်းနဲ့ အညီ ဖွဲ့စည်းတဲ့ ဂိုဏ်းပေါင်းစုံ ပါဝင်တဲ့ သံဃာအဖွဲ့အစည်း အဆင့်ဆင့်မှ လွဲပြီး အခြား စင်ပြိုင် သံဃာ့အဖွဲ့အစည်း မရှိစေရ (စည်းမျဉ်း၊ အပိုဒ်-၄)။ ဒီစည်းမျဉ်းကို ပြဋ္ဌာန်းချိန်ထိ တည်ရှိပြီး ဂိုဏ်း ၉-ဂိုဏ်းမှ လွဲ၍ ဂိုဏ်းသစ် ဖွဲ့စည်းခွင့်လည်း မရှိ။ ယခုအခါ အစိုးရရဲ့ နိုင်ငံရေး ပေါ်လစီပြောင်းလာတဲ့ အတွက်ဆရာတော်အချို့က ဂိုဏ်းသစ် ဖွဲ့စည်းမှုကို မနှစ်မြို့ပုံရပေမယ့် စင်ပြိုင်သံဃာ့အဖွဲ့တွေ ရှိသင့်တယ်လို့ ယူဆပြီးစည်းမျဉ်း၊ အပိုဒ်-၄ကိုတော့ မနှစ်သက်နိုင် ဖြစ်နေကြတယ်။

ဇွန် ၂၃၊ ၂၀၁၅။

---

အတင်းအကြပ် မလုပ်

(အသောကမင်း စိုက်ထူခဲ့သော) ကျောက်စာများ၌ အကြိမ်ကြိမ် ရည် ညွှန်းခဲ့သည့် ဓမ္မဟူသည် ဗုဒ္ဓ၏ဓမ္မဖြစ်၏။အသောကမင်းသည် ဗုဒ္ဓဝါဒကို ကောင်းစွာ လိုက်နာသူ ဖြစ်သွားပြီး ဗုဒ္ဓဓမ္မပြန့်ပွားရန် အစွမ်းကုန် ကြိုးစား၏။ သို့ရာတွင် အတင်းအကြပ် ဆောင်ရွက်သည် မဟုတ်ချေ။ လူအများ၏ နှလုံးသားကိုအောင်နိုင်ခြင်းဖြင့်သာ ဘာသာ ကူးပြောင်းမှုကို ဆောင်ရွက်၏။ အသောကမင်းကဲ့သို့ သည်းခံနိုင်သူ ဘာသာရေး ပုဂ္ဂိုလ်ကား ရှားမှရှားတည်း။

(J. Nehru, Glimpses of World History , p. 63)

---

၄၀၁။ သာသနာပိုင် ဆိုတာ ဘာလဲ

ဆရာတော်ဘုရား၊ သာသနာပိုင်ဆိုတာ ဘာလဲဘုရား။ ဘုန်းကြီး သတင်းတွေထဲမှာ သာသနာပိုင်ရာထူးအမည်ကို ကြားရ တတ်လို့ ပါ။ သာသနာပိုင် ဘယ်အချိန်က စတင်ခဲ့ပါသလဲ၊ သာ သနာပိုင်ရဲ့ လုပ်ပိုင်ခွင့်နှင့် အဆောင်အယောင်များကို သိလိုပါ သည်ဘုရား။

ဇော်အုန်းကေခင် (LA)

---

သာသနာနဲ့ မင်းများ

မြတ်ဗုဒ္ဓဟာ ဗိမ္ဗိသာရမင်း၊ ကောသလမင်း၊ အဇာတသတ်မင်း တို့ရဲ့ အထောက်အပံ့ကို ရတော်မူတယ်။ တတိယ သံဂါယနာ (ဘီစီ ၃-ရာစု)မှာ အရှင်မောဂ္ဂလိပုတ္တတိဿနဲ့ အသောကမင်း၊ မြန်မာနိုင်ငံ သာသနာ့သမိုင်းမှာ ရှင်အရဟံနဲ့ အနော်ရထာ၊ အရှင်ဥတ္တရာဇီဝနဲ့ နရပတိစည်သူ၊ ဒိသာပါမောက္ခနဲ့ ကျစွာမင်း၊ ရခိုင် မဟာသံဃရာဇာနဲ့ မင်းကြီးစွာစော်ကဲ .. စသည်ဖြင့် ကျမ်းဂန်တတ်ကျွမ်းပြီး အများကြည်ညိုတဲ့ ဆရာတော်တွေကို ဘုရင်နဲ့ တွဲပြီး တွေ့ရတယ်။ ဘုရင်ဟာ တိုင်းပြည်ကို အုပ်စိုး သလို ဘုရင် ကိုးကွယ်ခံရတဲ့ ဆရာတော်လည်း အရှန်အဝါ ကြီးပြီး သာသနာ့ရေးရာမှာ အဆုံးအဖြတ်ပေးသူ သံဃာ့ အကြီးအကဲ ဖြစ်သွားလေ့ရှိပါတယ်။

သာသနာပိုင် အစ

ပုဂံအလောင်းစည်သူမင်း လက်ထက်ရှင်အရဟံ ပရိနိဗ္ဗာန်ပြု သော် ‘ရှင်အရဟံ၏ အဆက်အနွယ်မဟာထေရ် (တစ်ပါး)ကို သာသနာပိုင် တင်မြှောက်၍ ကြွတော်မူသောအခါ ရွှေထမ်းစင် ဖြင့် ကြွတော်မူ၏’ဆိုတဲ့ ကျောက်စာ အရေးအသား၊ အင်းဝ ခေတ် နရပတိမင်းက သားတော် မင်းကြီးစွာအား ပြည်မြို့ကို အသုံးကံကျွေး ပေးရာ၌ ‘လူဖွေးဖွေးကို ငါ့သား စီရင် စေ၊ ရှင်ချင်းချင်းကို ငါ့ဆရာ စီရင် စေဟူသော အမိန့်တော်နှင့် ရှင်သဒ္ဓမ္မ ဌိတိ ဆရာတော်အား သာသနာပိုင် အပ်သည်’ ဆိုတဲ့ စာတွေကို ကိုးကားပြီး ပုဂံခေတ်လယ် လောက်ကပင် ‘သာသနာပိုင်’ ဆိုတဲ့ ဝေါဟာရ ရှိခဲ့ကြောင်း လယ်တီ ဦးလှပိုင်ရဲ့ ပုခန်းသာ သနာဝင်ကျမ်း (စာ၊၂၅၀)မှာဆိုပါတယ်။

‘သာသနာပိုင်’ကို ‘သာသနာပြု’လို့ အဓိပ္ပာယ် ယူတာထက် သာသနာကို ပိုင်သ စိုးမိုးသူ အကြီးအကဲလို့ အဓိပ္ပာယ် ဖွင့်ရင် ပိုကောင်းမယ်။ ဘာလို့ ဆို သာသနာအတွင်း အယူဝါဒ အငြင်းပွားမှု၊ သံဃာချင်း အငြင်းပွားမှု စတာတွေကို ဆုံးဖြတ် ခြင်း၊ အခါ အားလျော်စွာ ဓမ္မဝိနယ ပြန်တမ်း ထုတ်ပြန်ခြင်း .. စသည်ကို လုပ်ပိုင်ခွင့် ရှိလို့။ အရည်အချင်းက ပိဋကတ် တတ်ကျွမ်းခြင်း အပြင် အုပ်ချုပ်ရေး စွမ်းရည် ရှိခြင်း၊ ဆက်ဆံရေး ပြေပြစ်ခြင်း၊ အချုပ်က လောကဓမ္မ နှစ်ဌာန ကျွမ်းကျင် လိမ္မာ ခြင်းဖြစ်ပါတယ်။

အဆောင်အယောင်

သာသနာပိုင် ဆရာတော်ဟာ မင်းခမ်း မင်းနားနဲ့ ကြွချီရတယ်။ လူထမ်းတဲ့ ဝေါယာဉ်ကိုစီးတယ်။ မကြွချီခင်ပူဇော်တဲ့ အနေနဲ့ အမြောက်ကိုးချက် ပစ်ဖောက်တယ်။ အဲဒီ ဝေါယာဉ်ကို မှန်စီ ရွှေချ သိုင်းနှစ်ချက်၊ ကျိုင်းနှစ်ချက်၊ ယပ်မားနှစ်လက်၊ ရွှေထီး ရှစ်လက်၊ ထီးဖြူလေးလက်၊ ရှေ့ဝင်းလက်နက်ကိုင် အမှုထမ်း တစ်ရာနဲ့ အတူ မဟာဒါန်ဝန်နဲ့ စာရေးလုလင်တို့ ဝန်းရံပြီး လိုက်ပါရတယ်။ စျာပနကိုလည်း ဘုရင် ဦးဆောင်ပြီး မင်းညီ မင်းသားများကဲ့သို့ ခမ်းနားစွာပြုလုပ်ရတယ်။

အမှားနဲ့ အမှန်

ကောဇာ ၁၁၁၅-မှာ ကုန်းဘောင် မင်းဆက်ကို စတင်သူ အလောင်းမင်း ဦးအောင်ဇေယျဟာ သူကိုးကွယ်တဲ့ အတင်ဂိုဏ်းဝင် အတုလယသ မထေရ်ကို သာသနာပိုင် ခန့်ပြီး တစ်နိုင်ငံ လုံးရှိ သံဃာတွေကို သူ့ဆရာရဲ့ အတင်အယူအဆ နောက်ကို လိုက်ဖို့ အမိန့်ထုတ်တယ်။ ထိုအတင်ဝါဒမှာ ကျမ်းဂန်နဲ့ မညီတဲ့ အတွက် မလိုက်နာဘဲနေတဲ့ ကျမ်းဂန်တတ် ဗဟင်းဆရာတော်ကို ထောင်သွင်း အကျဉ်းချတယ်။ အဓိပ္ပာယ်က သံဃာ့ အကြီးအကဲသို့မဟုတ် သာသနာပိုင်ဖြစ်သွားရင် ဘုရင်ရဲ့အာဏာ အကူအညီ ရလို့ တစ်ခါတစ်ရံ အမှားဘက်က အားသာ နေတာရှိတယ်ဆိုတာပါပဲ။

အဖွဲ့လိုက်၊ တစ်ပါးတည်း

သက္ကရာဇ်၁၁၄၄၊ ဘိုးတော်ဘုရား လက်ထက်မှာတော့ ကျမ်းဂန် တတ်ကျွမ်းကြတဲ့ မင်းအိုဆရာတော်၊ မန်လည်ဆရာတော်၊ ဆုံထားဆရာတော်၊ မင်းရွာဆရာတော် လေးပါးကို ဘွဲ့တော် အသီးသီး လှူဒါန်းပြီး အဲဒီ လေးပါးကို သံဃာ့အရေး ကိစ္စတွေကို ဆောင်ရွက်ဖို့ သာသနာပိုင် ခန့်အပ်ကြောင်း ဆိုတယ်။ အဲဒီတော့ အဓိပ္ပာယ်က တစ်ခါတစ်ရံမှာ သာသနာပိုင်ဟာ တစ်ပါးတည်း မကဘဲ အဖွဲ့လိုက် ခန့်အပ်ခံရတဲ့ သာသနာပိုင်တွေလည်း ရှိတယ်လို့ နားလည်ရတယ်။ ဆရာတော်လေးပါးထဲမှာ ပိဋကတ်စာပေတတ်ကျွမ်းပြီး ပြောရေးဆိုရာ ကျွမ်းကျင်တဲ့ တစ်ပါးဟာဘုရင်က တိုက်ရိုက်မခန့်သော်လည်း ဦးဆောင်နေ ရာမှာ ရှိနေမယ်လို့ ယူဆရတယ်။

ယင်းနောက် ထိုဆရာတော်လေးပါးမှာ အသက် အရွယ် ကြီးသွားကြလို့ ‘ဉာဏာဘိ သာသနဓဇ မဟာဓမ္မရာဇဂုရု’ဘွဲ့ခံ မောင်းထောင် ဆရာတော် တစ်ပါးတည်းကို သာသနာပိုင် အဖြစ်ခန့်အပ်တယ်။ မောင်းထောင်သာသနာပိုင်လက်ထက်မှာ ယခင် သာသနာပိုင်ဟောင်း အတုလယသ မထေရ်ကို လူ ထုတ်လိုက်တယ်။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံပါပဲ။

သုဓမ္မဇရပ်

သာသနာပိုင် ဆရာတော်တွေ သာသနာ့မှုခင်းတွေကို ဆုံးဖြတ်တဲ့ နေရာကို သုဓမ္မာဇရပ် ခေါ်တယ်လို့ ယေဘုယျအနေနဲ့ နား လည်နိုင်ပါတယ်။ ဒါပေမယ့် ဘုရင်ခေတ်ကပထမပြန်စာတော် ပြန် အခမ်းအနားကို နန်းတော်တွင်း ဇေတဝန်ဆောင်မှာ မင်းခမ်းမင်းနားနဲ့ ကျင်းပပြီး ဖြေဆိုသူတွေဟာ စမြင်ဆောင် (နန်း တော်နဲ့ တွဲလျက်အမိုးအကာမဲ့အဆောင်)ပတ်လည်ရှိယာယီ ဆောက်ထားတဲ့ သုဓမ္မာဇရပ်တွေမှာ စာစစ်ခံရကြောင်း ဆိုတယ်။ ဒါကြောင့် အထူး ရည်ရွယ်ချက်တစ်ခုနဲ့ လူစည်းဝေး တဲ့ နေရာသို့မဟုတ် မဏ္ဍပ်ကိုပင် သုဓမ္မာဇရပ်လို့ ခေါ်ပုံရတယ်။

ဘုန်းကြီးကျောင်းထဲ၊ နန်းတော်ဝင်းထဲ စသည်မှာ ရှိနိုင် ပါတယ်။ သုဓမ္မာဇရပ်အနေနဲ့ အဆောင်သီးခြားဟုတ်ပုံတော့ မရဘူး။ သာသနာင်ပိုင် ဆရာတော်ရဲ့ ကျောင်းထဲမှာပဲ အများ စည်းဝေးဖို့ သတ်မှတ်ထားတဲ့ ခန်းမဆောင်တစ်ခု ရှိနိုင်တယ်။ အင်္ဂလိပ်ခေတ် သာသနာပိုင်မှာ တောင်တော် ဆရာတော် ဖြစ် ပြီး သာသနာ့ မှုခင်းတွေကို ကင်းဝန်မင်းကြီးရဲ့ အိမ်မှာဆုံး ဖြတ်ရကြောင်း ဆိုတယ်။ ဒါဆို သာသနာပိုင်တို့ စည်းဝေး သီး တင်းသုံးစဉ် အချိန်အတွင်း ကင်းဝန်မင်းကြီးရဲ့ အိမ်ကို သုဓမ္မာ ဇရပ်လို့ ခေါ်မှာပေါ့။

မှတ်ချက်၊၊ ကုန်းဘောင်ဆက် မဟာရာဇဝင်၊ မှန်နန်း ရာဇဝင်၊ တွင်း သင်း မဟာရာဇဝင်၊ ပုခန်းသာသနာဝင်ကျမ်း၊ လယ်တီဂန္ထဝင်ကျော် များသမိုင်း၊ သာသနဝံပ္ပဒီပိကာ (ပါဠိ)ကျမ်းတို့မှရတဲ့ဗဟုသုတများ ဖြစ်ကြောင်းပါ။

ဇွန် ၂၈၊၂၀၁၅။

---

၄၀၂။ သောတာပန်ရဲ့ ဝမ်းထဲ အရက်မဝင်နိုင်

သောတာပန် အရိယာကို ကြိုးကြာငှက်နဲ့ ခိုင်းနှိုင်းတာ ဟုတ်ပါ သလားဘုရား။ အရက်နဲ့နွားနို့ရောတိုက်ရင် အရည်မို့လို့ နှစ် မျိုးလုံး ရောပြီး ဝမ်းတွင်း ဝင်သွားသော်လည်း အရိယဓမ္မ ကြောင့် အရက်တန်ခိုး အဆိုးအာနိ သင်တို့သည် ပျက်ပြယ် လျက် နွားနို့အစွမ်းအာနိသင်သာ သက်ရောက်ရတယ်ဆိုတာ ဟုတ်ပါသလားဘုရား။

ဒကာအိုး (Phoenix)

---

မူရင်းကျမ်း အဆို

သဒ္ဓံ စရမေကတော ဝသံ၊ မိေဿာ အညဇနေန ဝေဒဂူ။ ဝိဒွါပ ဇဟာတိ ပါပကံ၊ ကောေဉ္စာ ခီရ ပကော ဝနိန္နဂံ။ ရေရောသော နို့ရည်ကို သောက်သောကြိုးကြာသည် ရေကို စွန့်သကဲ့သို့ (သစ္စာတရားကို)သိပြီးသော ပညာရှိသည်အကျိုး ရှိသည် မရှိသည်ကို မသိသူနှင့် အတူသွား အတူနေခြင်းဖြင့် ရောနှောသော်လည်း မကောင်းမှုကိုမူ စွန့်၏ (ဥဒါန၊၁၈၉)။ ကြိုးကြာငှက်ထံသို့ ရေရောထားသော နို့ရည်ကို ယူခဲ့မူ (ဥဒက မိဿိတေ ခီရေ ဥပနီတေ)ရေကို မသောက်မူဘဲ နို့ရည်ကိုသာ သောက်သုံးသကဲ့သို့ ‘သစ္စာမြင်သိ ပညာရှိ’သည် လူမိုက်များ နှင့် အတူနေသော်လည်း အကျင့်အားဖြင့် မရောနှောဘဲ ထို လူမိုက်များကို စွန့်၏ (ဥဒါန၊ဋ္ဌ၊၃၈၄)။

သစေပိဿ သုရဉ္စ ခီရဉ္စ မိေဿတွာ မုခေ ပက္ခိပန္တိ၊ ခီရ မေဝ ပဝိသတိ၊ န သုရာ။ ယထာကိံ၊ ကောဉ္စသကုဏာနံခီရ မိဿကေ ဥဒကေ ခီရမေဝ ပဝိသတိ၊ န ဥဒကံ (ဒီ၊ဋ္ဌ၊၁၊၂၇၃)။ အကယ်၍ အရက်နှင့် နွားနို့ကို ရောနှောပြီး သောတာ ပန် ပုဂ္ဂိုလ်၏ ပါးစပ်ထဲသို့ ထည့်လျှင်လည်း နို့ရည်သည်သာ ဝင်ပြီးအရက်မှာ ပါးစပ်ထဲသို့ မဝင်။ ဥပမာဆိုမူ ကြိုးကြာငှက် တို့သည် နို့ရည်နှင့် ရောသော ရေ၌ ရေကိုသာ သောက်သကဲ့ သို့တည်း။

အဓိပ္ပာယ် ယူပုံ

အဲဒီ ပါဠိတော်မှာ သစ္စာတရားကို သိပြီးသူဆိုတာ အနိမ့်ဆုံး သောတာပန် အရိယာ ပုဂ္ဂိုလ်ကို ယူခွင့်ရှိတယ်။ ပေးထားတဲ့ ဥပမာကို ဒီလို ယူရမယ် .. ခွက်တစ်ခုမှာ နို့ရည်ကို ရေနဲ့ ရောထည့်ယူလာပြီး ကြိုးကြာငှက်ကိုတိုက်ကျွေးရင် ကြိုးကြာ ငှက်ဟာ မွေးရပါ စွမ်းရည်အရ နို့ရည်ကိုပဲ သောက်နိုင်စွမ်း ရှိတယ်။ အဲဒါကို ‘ယောနိသိဒ္ဓ=မွေးရာပါ တတ်ကျွမ်းမှု’ (ဥပ မာ..ကုန်းမှာပေါက်တဲ့ ဘဲပေါက်ကလေးတွေကို ရေထဲ ပစ် ချရင် ရေမနစ်သလို)လို့ ဆိုပါတယ်။ ရေတစ်ခွက်နဲ့ နို့ရည်တစ် ခွက်ကို သီခြား ယူလာပြီး ကျွေးတဲ့ အခါ နို့ရည်ခွက်ကို ရွေးပြီး နို့ရည်ကို သောက်တာမျိုး မဟုတ်ဘူး။

အဖြေ

ထုတ်ပြထားတဲ့ မူရင်းကျမ်းတွေကို စူးစိုက်ပြီး ဖတ်၊ ခပ် ဖြန်းဖြန် မဖတ်နဲ့။ ဖတ်ပြီးရင် အဖြေက ဒီလို ထွက်လာမယ် .. သောတာပန်အရိယာကို ကြိုးကြာငှက်နဲ့ ခိုင်းနှိုင်းတယ်ဆိုတာ ဟုတ်တယ်။

ဒုတိယ မေးခွန်းအရ အရက် ဝမ်းဗိုက်ထဲ ရောက်သွား သော်လည်း သောတာပန်ဖြစ်လို့ အရက် မမူးဘူးလို့ အဓိပ္ပာယ် ယူရင် ဖော်ပြထားတဲ့ အဖွင့်ကျမ်းတွေရဲ့ အာဘော်မကျနိုင်ဘူး။ အဖွင့် (အဋ္ဌကထာ)အရဆိုရင် နို့ရည်နဲ့ အရက်ကို ရောထားတဲ့ ‘ရောရည် (မိဿက)’ ဖြစ်ပေမယ့် သောတာပန်ရဲ့ ဗိုက်ထဲကို ရေပဲ ဝင်သွားတယ်၊ အရက်က ဗိုက်ထဲကို ဝင်ကို မသွားဘူး (သောတာပတ္တိဖိုလ်ရဲ့ သတ္တိနဲ့ လည်ချောင်းဝမှာပဲ အငွေ့ပျံပြီး ပျောက်သွားတာများလား)။ ကြိုးကြာကျတော့ မွေးရာပါ စွမ်း ရည်နဲ့ ရေမပါစေဘဲ နို့ရည်ကိုပဲ သူ့နှုတ်သီးနဲ့ စုပ်ယူသွား နိုင်တယ်လို့ ဖြစ်ပါတယ်။

ဇွန် ၃၀၊ ၂၀၁၅။

---

အကြွယ်ဝဆုံးက မာန

လူတွေမှာ အကြွယ်ဆုံးက မာနပဲ။ မာနဟာ ချေးရတာလည်း သိပ် လွယ်တယ်။ တစ်ကျပ်သားချေးရင် တစ်ဆယ်သား ပြန်ဆပ်တယ်။

(စာဆိုအမည်မသိ)။

---

၄၀၃။ သမထ ဝိဿနာ ခဏိကသမာဓိ

ရိုသေစွာ လျှောက်ထားအပ်ပါသည် ဆရာတော် အရှင်ဘုရား၊

သမထတရားထိုင်နည်းမှာ မဟာယာနဖြစ်ပြီး ဝိပဿနာ နည်း နှင့် တရားထိုင်မှ ထေရဝါဒ ဖြစ်သည်ဟု မိတ်ဆွေ တစ်ဦးက ပြောလာပါသည်။ ယခုခေတ် ဆရာတော်များ ဟောကြား သင် ကြားနေသည့် ခဏိကသမာဓိနည်းဖြင့် မဂ်ဖိုလ်ကို မရနိုင်ဟုလည်း ထိုမိတ်ဆွေက ဆိုပါသည်။ ထိုမိတ်ဆွေ၏ အယူအဆ များမှာ မှန်ပါသလား ဘုရား။ ဖြစ်နိုင်လျှင် ဆရာတော့်ထံမှ ခိုင် လုံသော အဖြေကို ရလိုပါသည် အရှင်ဘုရား။ သနားသော အားဖြင့် ဖြေကြားပေးစေချင်ပါသည်။

ယောဂီဒေါ်ခင်လေးနွယ် (ဆစ်ဒနီ)

---

သမထ အဦးပြုသောနည်း

ဤသာသနာတော်၌ အချို့သော ယောဂီသည် ဥပစာရသမာဓိကို ဖြစ်စေ၊ အပ္ပနာသမာဓိကို ဖြစ်စေ ဦးစွာ ပွားများ၏၊ ဤ (သမာဓိနှစ်မျိုး)သည် သမထတည်း။ ယောဂီသည် ထိုသမထ ကိုရော ယင်းနှင့် ယှဉ်သော သင်္ခါရတရားတို့ကိုပါ အနိစ္စ စသည်ဖြင့်ရှု၏။ ယင်းသို့ရှုခြင်းသည် ဝိပဿနာတည်း။ (ဣဓေကစ္စော ပဌမံ ဥပစာရသမာဓိံ ဝါ အပ္ပနာသမာဓိံ ဝါ ဘာဝေတိ၊ အယံ သမထော။ သော တဉ္စ တံ သမ္ပယုတ္တဉ္စ ဓမ္မေ အနစ္စာဒီဟိ ဝိပဿတိ၊ အယံ ဝိပဿနာ။ မ၊ဋ္ဌ၊၁၊၁၁၂)။

ဒီနည်းအရ ဥပစာရ သမာဓိနဲ့ အပ္ပနာသမာဓိ တိုင်အောင် သမထကိုအားထုတ်ပြီးမှ ဝိပဿနာကို ကူးတယ်။

ဝိပဿနာ အဦးပြုသောနည်း

အချို့သောယောဂီသည်သမထ (ဆိုပြီးသမာဓိနှစ်မျိုး)ကိုမဖြစ် စေမူ၍သာလျှင် ဥပါဒါနက္ခန္ဓာ ငါးပါးကို အနိစ္စ စသည်ဖြင့် ရှု၏။ ယင်းသို့ ရှုခြင်းမှာ ဝိပဿနာတည်း။ ဝုဋ္ဌာနဂါမိနီ ဝိဿနာ၏ ပြည့်စုံခြင်းကြောင့် ထို (လောကုတ္တရာ အရိယမဂ်)၌ ဖြစ်ကုန် သော တရားတို့တွင် နိဗ္ဗာန်ကို အာရုံပြုသည်၏ အဖြစ်ဖြင့် သမာဓိဖြစ်၏။ ယင်းလောကုတ္တရာမဂ်ခဏ၌ဖြစ်သော သမာဓိ သည် သမထမည်၏။ (ဣဓေကစ္စော သမထံ အနုပ္ပာဒေတွာဝ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စာဒီဟိ ဝိပဿတိ၊ အယံ ဝိပဿနာ။ တဿ ဝိပဿနာ ပါရိပူရိယာ တတ္ထ ဇာတာနံဓမ္မာနံ ဝေါဿဂ္ဂါရမ္မဏတော ဥပ္ပဇ္ဇတိ စိတ္တဿ ဧကဂ္ဂတာ၊ အယံ သမထော (ယင်း၊ ညွှန်းပြီး)။

ဒီနည်းအရ ဝိပဿနာကို အထူးပြုအားထုတ်ပြီးမှသမထ သို့ကူးတယ်။

ဤအဖွင့်တွေအရ သမထရော ဝိပဿနာပါ နှစ်မျိုးလုံး ထေရဝါဒမှာရှိတယ်လို့ မှတ်ပါ။ ဒီလမ်းစဉ် နှစ်ခုလုံးကိုဘုရား ဟောတယ်။ ဘုရား ကိုယ်တိုင်လည်း ကျင့်ခဲ့တယ်။ သမထ သက်သက်၊ ဝိပဿနာ သက်သက်လည်း အားထုတ်နိုင်တာပဲ။ (ယုဂနဒ္ဓပဋိပဒါ ခေါင်းစဉ်နဲ့ ဓမ္မအမေးအဖြေ အမှတ် ၂၈၂-ကိုလည်း www.kelasa.org မှာသွားပြီး ဖတ်ကြည့်ပါ)။

သမထရဲ့ ပန်းတိုင်

ကာမဂုဏ်အလိုဆန္ဒစတဲ့ ဆန့်ကျင်ဘက် (နီဝရဏ)တွေကို ငြိမ် ဝပ်သွားစေလို့ သမထလို့ ခေါ်တယ်။ သမထဆိုတာ သမာဓိပါပဲ (ကာမစန္ဒာဒယော ပစ္စနီက ဓမ္မေ သမေတိဝိနာ သေတီတိ သမထော။ သမာဓိဿေတံ နာမံ။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၆)။ သမထဆိုတာ မြေကသိုဏ်းစတဲ့ ပညတ်အာရုံ တစ်ခုပေါ်မှာပဲ စိတ်ကို တည်တံ့နေအောင် အားထုတ်ရတယ်။ စိတ်တည်ကြည်လာရင် တပ်မက် အတွေး၊ မုန်းတီး စိတ်ထားတွေ မလာနိုင်ဘူး။ တွန့် ဆုတ် ပူပန်မရှိဘဲ ကျင့်နေဆဲ ကျင့်စဉ် အပေါ်မှာ သံသယတွေ ရှင်းသွားတယ်။ သမာဓိစွမ်းအားနဲ့ အဲဒီ ငါးမျိုးနဲ့ အခြားသော အညစ်အကြေးတွေကို အနယ်ထိုင်အောင် လုပ်ပေးနိုင်လို့ မျက်မှောက်ဘဝမှာ ချမ်းသာစွာနေထိုင်ရတယ်။

သမထချည်း သက်သက် အားထုတ်ရင် နောက်ဆုံး ပန်းတိုင်က သာမန်လူ မမြင်နိုင် မကြားနိုင်တာကိုမြင်ကြား၊ မလုပ် နိုင်တဲ့ ပုံပန်းသဏ္ဌာန်တွေ လုပ်နိုင်ခြင်း၊ ဘဝဟောင်းတွေကို မြင်နိုင်ခြင်း၊ သူတစ်ပါးရဲ့ စိတ်ကို သိနိုင်ခြင်းဆိုတဲ့ အဘိညာဉ် ငါးမျိုးကိုရရှိခြင်းပါပဲ (ဝိသုဒ္ဓိ၊၁၊၃၆၉)။

ဝိပဿနာရဲ့ ပန်းတိုင်

ဝိ-ဆိုတာ မတူ သို့မဟုတ် ထူးခြား။ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ ရှုမှတ်ပုံအခြင်းအရာ သုံးမျိုးကို မတူထူးခြားသောလို့ ဆိုတာ။ ပဿနာ-ဆိုတာ ရုပ်နာမ် တရားတွေကို ရှုမြင် သုံးသပ်ခြင်း။ ဒါကြောင့် ဝိပဿနာ-ဆိုတာ မတူ ထူးခြားတဲ့ ရှုမြင်သုံးသပ် ခြင်း။ တရားကိုယ် အနေနဲ့ ဝိပဿနာဆိုတာ ပညာပါပဲ (အနိစ္စတာဒိ ဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ ပညာယေတံ နာမံ။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၆)။ ဒါကြောင့် ပညာဟူသော သမ္မာဒိဋ္ဌိမဂ္ဂင် ဦးဆောင်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ကို ဝိပဿနာခေါ်တယ်လို့ နားလည်ပါ။

နောက်ဆုံး ပန်းတိုင်က သဘာဝတရား အစစ်အမှန်ဖြစ် ဖြစ်တဲ့ ခန္ဓာငါးပါး၊ အာယတန ၁၂ ပါး၊ ဓာတ် ၁၈ ပါးဆိုတဲ့ ရုပ်နာမ် နှစ်ပါးတို့ရဲ့ သဘာဝကို အမှန်အတိုင်း ဆင်ခြင်နိုင်ရာ ကနေ စိတ်အညစ်အကြေးအားလုံးကို ဖယ်ရှားပြီး နောက်ဆုံး မဂ်ဉာဏ်ဖိုလ်ဉာဏ်ထူးကို ရရှိပြီး အနှောင်အတွယ်မဲ့သွားခြင်း ဖြစ်ပါတယ်။

ကျင့်ပုံ အဆင့်ဆင့်

ဘယ်ကျင့်စဉ်ကိုပဲကျင့်ကျင့် နံပါတ်တစ်အခြေခံက သီလရှိရ မယ်။ သီလဆိုတာမျိုးက အကြာကြီး လုပ်စရာ မလိုဘူး။ အခု ဆောက်တည်ရင် အခုရပြီး မချိုးမဖောက်မချင်း သီလပြည့်စုံတယ်။ တရား မထိုင်ခင် သီလ မလုံခဲ့ပေမယ့် တရားထိုင်နေ တုန်းမှာ သီလရှိနေရင် ဖြစ်တယ်။ မိမိရဲ့ စောင့်ထိန်းသီလ စင် ကြယ်တာကို သီလဝိသုဒ္ဓိလို့ ခေါ်တယ်။ လူဆိုရင် အနည်းဆုံး ငါးပါးသီလ၊ စွမ်းနိုင်ရင် ရှစ်ပါး ကိုးပါးသီလ။ ရဟန်းဆိုရင် ဝိနည်း သိက္ခာပုဒ်တွေ။ သီလလုံဖို့ သဒ္ဓါတရား အားကောင်းရတယ်။ သီလစင်ကြယ်မှ သမာဓိမြန်မြန်ရတယ်။

စင်ကြယ်နေတဲ့ မိမိရဲ့သီလကို အကြောင်းပြု၍ စိတ်ထဲမှာ ကြည်နူးခြင်း၊ နှစ်သက်ခြင်းတွေဖြစ်ပြီး စိတ်ရော ကိုယ်ပါငြိမ်း ချမ်းတဲ့ အတွက် သမာဓိ အားကောင်းလာတယ်။ စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြယ်မှု) ဆိုတာ အဲဒီသမာဓိကို ပြောတာ။ စိတ္တဝိသုဒ္ဓိ ဖြစ်ဖို့ သီလဝိသုဒ္ဓိ ဖြစ်ရတယ်။ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာ ဥပစာရသမာဓိနဲ့ အပ္ပနာသမာဓိကို စိတ္တဝိသုဒ္ဓိလို့ ခေါ်ကြောင်း ဆိုထားတယ်။

သမာဓိ (စိတ္တဝိသုဒ္ဓိ)သုံးမျိုး

ဒါပေမယ့်အဘိ်ဓမ္မာ အဋ္ဌကထာကြီးမှာ ‘သုခကို အထည်ကိုယ် ယူ၍ ရင့်ကျက်သော် ခဏိကသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာ သမာဓိဟူသော သမာဓိသုံးမျိုး ပြည့်စုံလာ၏’လို့ သမာဓိသုံးမျိုး ပြဆိုတယ် (သုခံ ဂဗ္ဘံ ဂဏှန္တံ ပရိပါကံ ဂစန္တံ တိဝိဓံ သမာဓိံ ပရိပူရေတိ ခဏိဏသမာဓိံ ဥပစာရသမာဓိံ အပ္ပနာသမာဓိန္တိ။ အဘိ၊ဋ္ဌ၊၁၊၁၆၀)။ ဒါဖြင့်ရင် တစ်နည်း စိတ္တဝိသုဒ္ဓိ သုံးမျိုးလို့ ဆိုနိုင်တာပေါ့။

သမထကျင့်စဉ်ကို ကျင့်လို့ ပ၊ ဒု၊ တ၊ စစျာန်အဆင့် တစ် ခုခုကို ရောက်သွားတဲ့ သမာဓိကို အပ္ပနာသမာဓိ။ စျာန်မရခင် စျာန်ရဲ့ ရှေ့နားက သမာဓိကို ဥပစာရသမာဓိ လို့ ခေါ်တယ်။ သမထကို ကျင့်တဲ့ အခါ ဥပစာရသမာဓိ ဖြစ်ပြီးနောက် အပ္ပနာ သမာဓိ ဖြစ်တယ်။ ဒီနှစ်ခု တစ်ခုခုဖြစ်ရင် စိတ္တဝိသုဒ္ဓိ ဖြစ်ပြီ။ ထိုသမထနည်းအတိုင်း ဆက်လက် အားထုတ်သွားရင် နောက် ဆုံးအဆင့်က အဘိညာဉ်စွမ်းရည်ငါးမျိုးကို ရခြင်းပါပဲ။

ဝိပဿနာ သက်သက်

ဝိပဿနာသက်သက်ကျင့်ရာမှာ ဥပမာရသမာဓိ အပ္ပနာသမာဓိကို ရအောင် လုပ်စရာ မလိုဘူးလို့ အဋ္ဌကထာမှာ ဖွင့်ဆိုပေ မယ့် လုံးဝ သမာဓိ မပါဘူးလို့ တော့ အဓိပ္ပာယ် မယူရဘူး။ ခဏိသမာဓိ ပါကိုပါရတယ်။ ဘာကြောင့်ဆို ခဏိကသမာဓိမပါ ရင် ဝိပဿနာဉာဏ် ဖြစ်ကို မဖြစ်နိုင်လိုပဲ (သမထံ အနုပ္ပါဒေတွာ ဝါတိ အဝဓာရဏေန ဥပစာရသမာဓိံ နိဝတ္တေတိ၊ န ခဏိကသမာဓိံ။ န ဟိ ခဏိကသမာဓိံ ဝိနာ ဝိပဿနာ သမ္ဘဝတိ။ မ၊ဋီ၊၁၊၂၀၄။ ဝိသုဒ္ဓိမဂ္ဂ၊ဋီ၊၁၊၁၁)။

ခဏိကသမာဓိ

ဝိပဿနာဉာဏ်နဲ့ ရှုဆဲမှာလက္ခဏာသုံးပါးကို ထိုးထွင်း၍သိခြင်းဖြင့် ဖြစ်လာတဲ့ သမာဓိကို ခဏိက သာမာဓိလို့ ခေါ်တယ် (ဝိပဿနက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဝိသုဒ္ဓိမဂ္ဂ၊၁၊၂၈၁။) သဘာဝလက္ခဏာကို အမှန် အတိုင်း ဆင်ခြင်ဖို့အတွက် စိတ်ကို စုပေးတဲ့ ခဏိကသမာဓိဟာ ပရမတ်ကို အာရုံပြုတယ်။ ဥပစာရသမာဓိနဲ့ အပ္ပနာသမာ ဓိက ကသိုဏ်း စတဲ့ ပညတ်ကို အာရုံပြုတယ်။ ကမ္မဋ္ဌာန်း အာရုံချင်း မတူကြဘူး။

ခဏိကသမာဓိ-ဟူသည် ခဏမျှ ကမ္မဋ္ဌာန်းအာရုံ၌ တည် နေသော သမာဓိတည်း။ ထိုသာမာဓိသည် ကမ္မဋ္ဌာန်းအာရုံ၌ မပြတ်မလပ် တစ်ခုတည်းသော အခြင်းအရာဖြင့် ဖြစ်လျက် (ကာမစန္ဒ ဗျာပါဒ စသော)ဆန့်ကျင်ဘက် နီဝရဏတရားများ၏ လွှမ်းမိုးခြင်း မခံရဘဲ အပ္ပနာစျာန်သို့ ရောက်သကဲ့သို့ (တုပ်ဖွဲ့ ထားသကဲ့သို့) စိတ်ကို မတုန်မလှုပ် တည်နေစေ၏ (ခဏိက စိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ ဝိသုဒ္ဓိမဂ္ဂ၊ဋီ၊၁၊၃၄၂)။

အဲဒီ အဖွင့်တွေအရ ခဏိကသမာဓိ-ဆိုတာ ခဏ (တွေ)ရှိ သော သမာဓိလို့ အဓိပ္ပာယ် မှတ်နိုင်တယ်။ စျာနသမာဓိလို အကြာကြီး ဖြစ်မနေလို့ အားမကောင်းဘူး။ ခဏပဲ ဖြစ်လို့ အား နည်းတယ်။ ဒါပေမယ့် အဲဒီ ခဏတွေ များလာတဲ့ အခါ အားရှိ သွားပြီး ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာတယ်။ သမာဓိရဲ့ အဓိပ္ပာယ် တစ်မျိုးက သမ္ပိဏ္ဍန ပေါင်းစုခြင်း (fixes the mind immovably)။ ဝိပဿနာဉာဏ် အသိတွေကို တစ်စုတည်းဖြစ် အောင် စုပေးလိုက်တာဟာ ခဏိကသမာဓိ။ မှန်ဘီလူးနဲ့ နေရဲ့ အလင်းတွေကို စုယူလိုက်တဲ့ အခါ အဲဒီ အလင်းစု စွမ်းအားဟာ မီးတောက်စေသလို အဲဒီ စုစည်းပေးမှု (သမာဓိ)ဟာ ပွားများ ဖန် များလို့ စွမ်းအား မြင့်လာတဲ့ အခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူ သော အသိဉာဏ်ထူးကို ပွင့်လင်းစေတယ်လို့ နားလည်ကြည့် နိုင်ပါတယ်။

မမှန်ဘူးလို့ မှတ်

ခဏိကသမာဓိဆိုတာကို ခဏလေးဖြစ်တဲ့ သမာဓိလို့ အဓိပ္ပာယ် ယူပြီး အားမကောင်းတဲ့ ခဏလေးဖြစ်တဲ့ သမာဓိနဲ့ ဝိပဿနာ ဉာဏ်ကို မရနိုင်ဘူးလို့ ဆိုရင် ဖော်ပြပြီး ကျမ်းဂန် အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ ဆန့်ကျင်တဲ့ အတွက် မမှန်ဘူးလို့ စွဲမြဲစွာ မှတ်ထားရလိမ့်မယ်။

ကြိုက်ရာကို ရွေး

သမထကျင့်စဉ်က စိတ်ငြိမ်အောင် သမာဓိ ရင့်ကျက်အောင် အကြာကြီးလုပ်ရတယ်။ ကျန်းမာရေး ကောင်းဖို့လည်းလိုတယ်။ မီးပွတ်သမားဟာ မီးကျည်ကို ပွတ်နေတုန်း မောပေမယ့် မီး မပွင့်မချင်း နားထားလို့ မရသလို သမထ ကျင့်စဉ်မှာလည်း ယောဂီဟာ ပွားများဆဲ ကမ္မဋ္ဌာန်း အာရုံကို ရပ်ထားလို့ မရဘူး။ သမာဓိ အင်အား လျှောကျ မသွားအောင် ဆက်တိုက် အားထုတ်ရတယ်။ ဒါကြောင့် ကျန်းမာပြီး ခန္ဓာကိုယ် ခံနိုင်ရည် ရှိမှ သမထကျင့်စဉ် အောင်မြင်နိုင်တယ်။

သမထနည်းဟာ လူအများ တရား လမ်းကြောင်းပေါ်ကို မြန်မြန် ရောက်ဖို့ အထောက်အပံ့တော့ ဖြစ်စေတယ်။ ဒါမေယ့် နိဗ္ဗာန်ထိ ရောက်ဖို့ကျတော့သမထလောက်နဲ့ မဖြစ်နိုင်တော့ဘူး။ ဝိပဿနာ လမ်းစဉ်ကို လှမ်းမိဖို့ လိုတယ်။ ဝိပဿနာ ကျင့်စဉ်ကို မကျင့်ဘဲ မဂ်ဖိုလ်ဉာဏ်ထူးကိုမရနိုင်။

ဇွန် ၂၇၊ ၂၀၁၅။

---

၄၀၄။ တရားမှတ် တက်လာအောင်

သေက္ခယောဂီပါဘုရား၊

ကြိုးစားနေစဉ်အချိန်တွေမှာ အဇ္ဈတ္တဗဟိဒ္ဓအနှောင့် အယှက် တွေကိုဘယ်လို ကျော်လွှားရမယ်ဆိုတာ နည်းလမ်းရှာနေရပါတယ်ဘုရား။ ကျန်းမာရေးအရ ငါးပါးသီလနဲ့ ပဲဥပဇ္ဈာယ် ဆရာ ရဲ့ခွင့်ပြုချက်နဲ့ အိမ်မှာပဲ မိဘ၂ ပါးနဲ့ နေထိုင် ဝေယျာဝစ္စ ပြု ရင်း ကြိုးစားရပါတယ်။ မရှိမဖြစ် မသိမဖြစ်ဆိုတဲ့ စိတ်ကြောင့် ပါ။ ကာယရော ဉာဏမှာပါ ထင်တိုင်း မပေါက်လို့ အားမရှိ ဖြစ်နေပါတယ်။ သိလိုတာလေး မေးလျှောက်ခွင့်ပြုပါ။ အရှိတ ရားကို သိရှိဖို့ကြိုးစားနေစဉ်အချိန် ရွှင်လန်းအားရဖြစ်အောင် နည်းပေးတော်မူပါ။

ရိုသေလျက်မြ

---

နားလည်ခြင်း

သေက္ခ = ကျင့်ဆဲ၊ ယောဂီ = တရားအားထုတ်သူ။ သေက္ခ ဆိုတာ သောတာပန် သကဒါဂါမ် အနာဂါမ်လို့လည်း အဓိပ္ပာယ် ရတယ်။ အသေက္ခဆိုရင် ရဟန္တာ။ ဒီနေရာမှာတော့ ပုထုဇဉ် သေက္ခလို့ နားလည်ရမှာပေါ့။ ကြိုးစားနေစဉ် ဆိုတာကို ကြိုး စားပြီး ကမ္မဋ္ဌာန်း ထိုင်နေတုန်းလို့ နားလည်မယ်။ အဇ္ဈတ္တ ဆို တာ အတွင်း၊ ကိုယ်တွင်း။ ဒါကြောင့် တရားအမှတ် မတက် နိုင်အောင် ဖြစ်စေတဲ့ စိတ်အနှောင့်အယှက်လို့ နားလည်မယ်။ ဗဟိဒ္ဓဆိုတာ အပြင်။ ဒါကြောင့် တရားမှတ် မတက်နိုင်အောင် နှောင့်ယှက်တဲ့ အနီးပတ်ဝန်းကျင်ရှိ အသံဗလံ၊ မကြိုက်တဲ့ အနံ့၊ လုပ်စရာ အလုပ်လို့ နားလည်မယ်။ လုပ်ကို လုပ်ရမယ် ဆိုတဲ့ အသိနဲ့ မိဘကို လုပ်ကျွေးရင်း လုပ်တယ်လို့ ဆိုတာကို နှစ်သက်ပါတယ်။ သင့်တင့်တဲ့ ဆိတ်ငြိမ်မှုရှိရင် စနစ်တကျ တရားထိုင်နည်းကိုလည်း သင်ကြားထားပြီး ဖြစ်ရင် အိမ်မှာ ထိုင်လည်း ဖြစ်ပါတယ်။

အတွင်းနှောင့်အယှက်

ဒါကိုတော့ နီဝရဏလို့ ထပ်ဆင့် အဓိပ္ပာယ်ဖွင့်ရင် မဆိုးပါဘူး။ အဲဒီ တရားတွေကို တဒင်္ဂ (အခိုက်အတံ့) ငြိမ်းစေနိုင် ဖျက်ဆီး ပစ်နိုင်တာကတော့ သမထအကျင့်ပါ။ ကသိုဏ်း အသုဘ အာ နာပါနစတဲ့ ပညတ်အာရုံတွေထဲက ကိုယ်ရွေးချယ်ထားတဲ့ တစ် ခုခု ပေါ်မှာပဲ စိတ်ကို တည်တံ့နေအောင် အားထုတ်ရတဲ့ အကျင့်။ အားထုတ်ပါများလို့ စိတ်တည်ကြည်လာရင် တပ်မက် အတွေး၊ မုန်းတီး စိတ်ထားတွေ မလာနိုင်ဆိုတဲ့ အကျိုးကို ရတယ်။ ပျံ့လွင့်တွန့်ဆုတ်ငိုက်မျဉ်း ပျင်းရိမသိမိုက်မဲ မရှိဘဲ ကျင့်နေဆဲ ကျင့်စဉ်အပေါ်မှာ သံသယတွေ ရှင်းသွားတယ်။ သမာဓိ စွမ်းအားနဲ့ အဲဒီ အညစ်အကြေး ငါးမျိုးကို အနယ် ထိုင်အောင် လုပ်ပေးနိုင်လို့ မျက်မှောက်ဘဝမှာ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးကို ရကြောင်း ကျမ်းဂန်မှာ ညွှန်းဆိုပါတယ်။ ဒါကြောင့် သမထကို ခပ်ကဲကဲ လုပ်နိုင်ရင် အဇ္ဈတ္တ အနှောင့်အယှက်ကို ကျော်လွှားနိုင်ဖို့ အခွင့်သာကြောင်းအကြံ ပေးပါတယ်။

အပြင်အနှောင့်အယှက်

ပလိဗောဓ (ဗာဟီရကိစ္စတွေ များလွန်းခြင်း)။ မိဘရဲ့ ဝေယျာ ဝစ္စကို စိတ်ပါလက်ပါ ပြုစုရင်လည်း ကုသိုလ် စိတ်ဓာတ် ခွန် အား တစ်မျိုးဖြစ်လို့ အားလျော့စရာ အကြောင်း မရှိပါဘူး။ ဒါ ပေမယ့် ‘မရှိမဖြစ် မသိမဖြစ်ဆိုတဲ့ စိတ်ကြောင့်’ လုပ်တာပဲ။ လုပ်တဲ့ အခါ တင်းကျပ်ကျပ် ဖြစ်ကို ဖြစ်ရမယ်လို့ စိတ်ခွန် အားကို မြှင့်ထားရမယ်။ ဥပမာ .. သေချာတဲ့ နေ့ရက်၊ မပျက် နိုင်တဲ့ အချိန်ကို ရွေးပြီး အဓိဋ္ဌာန်နဲ့ လုပ်တာမျိုး။ လုပ်ဆဲမှာ လုံးဝ စိတ်အား ထက်သန်စွာ လုပ်ခြင်းမျိုး။ အခြား အပျော် အပါးနဲ့ မလိုအပ်ဘဲ အချိန်ဖြုန်းတီးမှုကို ဖြစ်နိုင်သမျှလျှော့ခြင်း။ ဓမ္မ ဘက်မှာ သဒ္ဓါယုံကြည်မှုကို တိုးမြှင့်ထားခြင်း။ ဒါတွေက အနှောက် အယှက်တွေကို နည်းစေမယ့် ကြိုးပမ်းမှုတွေ ဖြစ်ပါတယ်။ တရားထိုင်မယ့် လူတစ်ယောက် ရှောင်ရန် ဆောင်ရန် တွေကို သုတ္တန်တွေမှာ ဟောထားတာတွေ အများကြီး ရှိပေ မယ့်နေ့စဉ်ဘဝနဲ့ နေတဲ့ သာမန်တစ်ယောက် လက်လှမ်းမီနိုင် တာလောက်ပဲ ချုပ်ပြီးပြောပြရတာပါ။

ဇူလိုင် ၁၁၊ ၂၀၁၅။

---

ရမ္မက်ဖုံးလွှမ်း၊ လူတို့တမ်းကား၊ ချီးမွမ်းသောထွေ၊ ဆိုစပေက၊ ကြိုက်လေသည်ချည်း (အမည်မသိစာဆို)။

---

၄၀၅။ ရှေ့နောက် မညီညွတ်ခြင်း

ဆရာတော်ဘုရား၊

အချို့သော ဘာသာတရားများ၏ ကျမ်းစာများ၌ ဥပမာ ဘိုင် ဘယ်လ် ကိုရအန် စသော ကျမ်းများ၌ ရှေ့စကားနှင့် နောက် စကားဆန့်ကျင်သည့် ရေးသားချက်များ ပါရှိနေသည်ဟုကြား ဖူးပါသည်။ အဲဒါ ဟုတ်ပါသလားဘုရား။ တပည့်တော်ကတော့ ဘုရားသခင်ရဲ့အလွန် အင်မတန်ကြီးကျယ်သော အသိဉာဏ်နဲ့ ဟောတော်မူထားတာ ဖြစ်သောကြောင့် ရှေ့နောက် ဆန့်ကျင်မှု မဖြစ်နိုင်ဟုယုံကြည်ပြီး အဲဒီလိုရေးသားနေကြခြင်းမှာ သူတစ် ပါး၏ ဘာသာတရားကို ကဲ့ရဲ့လိုသောကြောင့် ဖြစ်သည်ဟုသာ ထင်နေပါသည်။ ဗုဒ္ဓဘာသာ၏ ပိဋကတ် သုံးပုံ၌လည်း အဲဒီလို ရှေ့နောက် ဆန့်ကျင်တဲ့ ရေးသား ဟောပြောချက်တွေ ရှိနေပါ သလော။ အဘယ်ကြောင့်ပါနည်း။ အလွန် သိလိုသော မေးခွန်း ဖြစ်၍ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

မောင်နေဇာ (ကျွန်းချောင်း)

---

သမ္မာကျမ်း

(က) ‘ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် နံဝိညာဉ်နှင့်လည်း ကောင်း၊ သစ္စာနှင့်လည်းကောင်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ (ယော ၄း၂၄)။ မိုးကောင်းကင်ကို ညွတ်သဖြင့် ဆင်းသက်တော်မူ၍ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏ (ဆာလံ ၁၈း၉)’။
(ခ) ‘အရိုးကိုချိုးသည့်အတွက် အရိုးချိုးခြင်းကိုလည်း ကောင်း၊ မျက်စိကို ဖျက်သည့်အတွက် မျက်စိ ဖျက်ခြင်းကိုလည်း ကောင်း၊ သွားကို ချိုးသည့်အတွက် သွားချိုးခြင်းကို်လည်း ကောင်း သူ့ကို နာကျင်စွာပြုသည့်အတိုင်း ကိုယ်တိုင်နာကျင် စွာ ခံရမည် (ဝတ်ပြုရာကျမ်း ၂၄း၂၀)။ သူ့မျက်စိကို ဖျက်လျှင် ကိုယ့်မျက်စိကို ဖျက်ခြင်း၊ သူ့သွားကို ချိုးလျှင် ကိုယ့်သွားကို ချိုးခြင်းကို် ခံစေဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့် ၍ပေးဦးလော့ (ရှင်မဿဲ၅း၃၈)’။

ဆန့်ကျင်ပုံ

(က)စာပိုဒ်၊ ပထမ အဆိုအရ ထာဝရဘုရားကိုဝိညာဉ်ကောင် လို့ ဆိုပြီးဖြစ်လျက် ဒုတိယအဆိုမှာ ခြေထောက်ရှိတယ် ဆိုတဲ့ အတွက် ရှေ့နောက် ဆန့်ကျင်တယ်။ (ခ) စာပိုဒ်၊ ပထမအဆို (သမ္မာကျမ်းဟောင်း အဆို)နဲ့ ဒုတိယအဆို (သမ္မာကျမ်းသစ်ရဲ့ အဆို) ဆန့်ကျင်တာကို တွေ့နိုင်တယ်။ ဘိုင်ဘယ်လ် ကျမ်းမှာ အဲဒါမျိုး ရှေ့နေက် ဆန့်ကျင်တဲ့ အချက်ပေါင်း ၁၅၀-ခန့် ရှိတယ်လို့ အထူး လေ့လာသူတို့ ထောက်ပြထားတာတွေ ရှိတယ်။ (အဲဒီ လေ့လာချက်တွေကို contradictions in bible လို့ ရိုက်၍ ဂူးဂိုလ်မှာ ရှာဖွေပြီး မိမိဘာသာ ဆက်လက် ဖတ်ရှု လေ့လာနိုင်ပါတယ်။)

ကုရ်အာန်ကျမ်း

(က) ထိုအလ္လာ အရှင်မြတ်သည် မိုးကောင်းကင်ကိုလည်း ကောင်း၊ ပထဝီမြေကိုလည်း ကောင်းခြောက်ရက်တွင် ပြီစီး အောင် ဖန်ဆင်းတော်မူခဲ့လေ၏ (အခန်း၁၀၊ အပိုဒ်၃)။ အသင် တို့သည် ကမ္ဘာမြေကို နှစ်ရက်နှင့် ဖန်ဆင်းတော်မူခဲ့သော အရှင် မြတ်အား သွေဖည်ငြင်းပယ်ခဲ့ကြလေသလော (အခန်း၄၁း၉)။ ကမ္ဘာမြေပေါ်ရှိ အားလုံးကို လေးရက်နှင့်အပြီး စီရင်ခဲ့၏ (၄၁း ၁၀)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်ကိုနှစ်ရက်နှင့် မိုးခုနစ် ထပ်ပြလုပ်တော်မူခဲ့၏။
(ခ) အလ္လာရှင်သည် သင်တို့အလို့ ငှာ မြေပေါ်တွင် ရှိသမျှ အရာ အားလုံးကို ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်သည် မိုး ခုနစ်ထပ်ကို ကျနစွာ ဖန်ဆင်းတော်မူ၏ (ကုရ်အာန် ၇၉း၃၀)။ အလ္လာအရှင်မြတ်သည် မိုးကောင်းကင်ကို စနစ်တကျ ဖန်ဆင်း တော်မူပြီးသည့် နောက်တွင် ပထဝီမြေကို ဖြန့်ခင်းတော်မူ၏ (ကုရ်အာန်၂း၂၉)။
(ဂ)အလ္လာအရှင်သည် ဦးစွာပထမ အာဒမ်အား မြေကြီးဖြင့် ဖန်ဆင်းတော်မူ၏ (၃း၅၉)။ ငါအရှင်သည် ရေဖြင့် သက်ရှိ သတ္တဝါ ခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့၏ (၂၁း၃၀)။ ထိုအလ္လာ အရှင် သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူခဲ့၏ (၉၆း၂)။

ဆန့်ကျင်ပုံ

(က) စာပိုဒ် ဖော်ပြချက်များအရ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကို ခြောက်ရက်နှင့် ပြီးအောင် ဖန်ဆင်းတယ်ဆိုရင် ရှစ်ရက်နဲ့ အပြီး ဖန်ဆင်း၏ (ကမ္ဘာမြေ ၂-ရက်၊ သက်ရှိသက်မဲ့ ၄-ရက်၊ ကောင်းကင် ၂-ရက်) ဟူသော အဆို မှားရမည်။
(ခ) စာပိုဒ် ဖော်ပြချက်အရ ကမ္ဘာမြေကို အရင် ဖန်ဆင်းတယ် ဆိုရင် ကောင်းကင်ကို အရင် ဖန်ဆင်းတယ်ဆိုတာ မှားရမယ်။
(ဂ) စာပိုဒ်အရ လူသားကိုမြေကြီးနဲ့ ဖန်ဆင်းသလော၊ ရေနဲ့ လော၊ သွေးခဲနဲ့ လော။ ကုရ်အာန်မှာ ရှေ့အဆိုနဲ့ နောက်အဆို ဆန့် ကျင်တဲ့ အချက်ပေါင်း ၁၂၁၊ သိပ္ပံနှင့် ဆန့်ကျင်တာ ၁၈-ချက်၊ ကမ္ဘာ့သမိုင်းနဲ့ ဆန့်ကျင်တာ ၁၄-ချက်ရှိနေတယ်လို့ မှတ်သား ရတယ်။ (contradictions in Quran လို့ ရိုက်ထည့်ပြီး ဂူးဂိုလ်မှာ ရှာပြီးလေ့လာကြည့်ပါ)။

သက်ရှိ သက်မဲ့ အရာအားလုံးကို ဖန်ဆင်းနိုင်တဲ့ တန်ခိုး ရှင် စွမ်းအင် အကြီးမားဆုံးသူ ဖြစ်လျက် ဒီသေးငယ်တဲ့ စာ အုပ်ကလေးမှာ ရှေ့နောက်ဆန့်ကျင်နေလို့ အဲဒီ ကျမ်းတွေဟာ သာမန် လူသားတစ်ယောက်က လူအများကို စည်းရုံးဖို့ ကြံစည်ပြီး ရေးခဲ့တာလို့ ဂေါ့ဒ် (ဖန်ဆင်းရှင်)ကို မယုံကြည်သူတွေ က ဝေဖန်ထားကြပါတယ်။ ဘုန်းကြီး နားလည်ပုံအရ သစ္စာ တရားဆိုတာ မည်သည့် အချိန်၊ မည်သည့်နေရာ၊ မည်သည့် လူမျိုးအတွက် မဆို မှန်ကန်ရမယ်လို့ ဖြစ်ပါတယ်။ ဟိုလူ့ကို မျက်နှာသာပေး၊ ဒီလူ့ကိုနှိမ် ဆိုတာမျိုး သာမန် လူကြီး လူ ကောင်းတွေတောင် မလုပ်ပါဘူး။

မိလိန္ဒပဥှကျမ်း

ပိဋကတ်ထဲမှာ ရှေ့နောက် ဆန့်ကျင်တာတွေကို ထုတ်ပြပြီး စာရင်း လုပ်ထားတာမျိုး တွေ့မလားလို့ contradictions in Tripitaka လို့ ရိုက်ထည့်ပြီး ဂူးဂိုလ်မှာ ရှာကြည့်ပါတယ်။ ရှာ မတွေ့မိသေးပါ။ ပဋ္ဌာန်းကျမ်းထက် ကျယ်ပြော နက်ရှိုင်းနိုင်ပါ့ မလား။ ရှေ့နောက် ဆန့်ကျင်တာမျိုးမှ မရှိဘဲ။ ဒါပေမယ့် လူ သာမန်တို့ ယူဆပုံနဲ့ မတူလို့ ရှေ့နောက် ဆန့်ကျင်တယ်လို့ ထင်ရတာ မျိုးတွေကို မိလိန္ဒပဥှကျမ်းမှာ စိစစ်ထားပါတယ်။ နမူနာတစ်ခုပြရရင် ..

အင်္ဂါဇာတ်ကို ပြရခြင်း

(မိလိန္ဒမင်း)။။ ‘ကိုယ်နှုတ်စိတ် တို့၌ စောင့်စည်းခြင်းသည် ကောင်း၏’လို့ မြတ်စွာဘုရား ဟောတော်မူပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားပဲ ပရိသတ် လေးပါးရဲ့ ရှေ့မှောက်မှာ သေလ ပုဏ္ဏားကို အင်္ဂါဇာတ်ကို ထုတ်ပြတယ်။ ပိဋကမှာ ပါတဲ့ ဒီအကြောင်းအရာဟာ ရှေ့နောက် မဆန့်ကျင်ဘူးလား။ ရှေ့စကား မှန်ရင် နောက်စကားမှားရမယ်။
(အရှင်နာဂသေနမထေရ်)။။ ရှေ့စကားလည်းမှန်တယ်။ နောက် စကားလည်း မမှားပါဘူး။ သေလပုဏ္ဏား အနေနဲ့ မြတ်ဗုဒ္ဓရဲ့ အင်္ဂါဇာတ်ကို မြင်ရပြီးတဲ့ နောက် သံသယ ရှင်းသွားရင် တရား ထူးကိုရမှာမို့ ရှင်တော်ဗုဒ္ဓက ပြရခြင်းဖြစ်ပါတယ်။ ပရိသတ် လေးပါးရှေ့မှာ ပြပေမယ့် သေလပုဏ္ဏားကိုပဲပြတာပါ။
(မိလိန္ဒ)။။ ဘယ်သူ့ကိုမျှ မပြသင့်တာကို ပြခြင်းဟာ မသင့်မြတ်ဘူးလေ။
(အရှင်နာဂသေနမထေရ်)။။ ကျွတ်ထိုက်သူ တစ်ဦးရဲ့ သစ္စာ တရားအတွက် နှလုံးသားကို ပြပါဆိုတောင် ကရုဏာရှင် မြတ် ဗုဒ္ဓအနေနဲ့ ထုတ်ပြမှာပါမင်းကြီး။

ဇူလိုင် ၉၊ ၂၀၁၅။

---

သင့်အတွက်ချည်း

It is better to do nothing than to do what is wrong. For whatever you do, you do to yourself.

မှားသည်ကိုလုပ်ခြင်းထက် ဘာကိုမျှ မလုပ်ခြင်းက ပိုကောင်း၏။ အကြောင်းမူသင်လုပ်သမျှ သင့်အတွက်သာ ဖြစ်သောကြောင့်တည်း။

၄၀၆။ သရဏဂုံနဲ့ သန္ဓေသား

ဘုန်းဘုန်းဘုရား၊

တပည့်တော်မရဲ့ သမီးငယ်မှာ ယခုအခါ ကိုယ်ဝန် သုံးလရှိနေ ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး များအနေဖြင့် မိမိရဲ့ သန္ဓေသားကို သရဂုံ ဆောက်တည် ပေးရသည်ဟု ကြားဖူးပါတယ်။ အဲဒါမှန်ပါသလား အရှင်ဘုရား။ မည်သို့ဆောက်တည် ရမည်ကိုလည်း သိလိုပါတယ် အရှင်ဘုရား။ စာရေးတာ မကျွမ်းကျင်၍ ဝေါဟာရ ရိုင်းစိုင်းသွားခဲ့လျှင် ခွင့်လွှတ်စေချင်ပါ အရှင်ဘုရား။

ဒကာမကြီးဒေါ်အေးကြင်၊ နော်ဝေနိုင်ငံ။

---

အတင်း မတိုက်တွန်း

ဗုဒ္ဓဘာသာကို ကိုးကွယ်သူ တစ်ယောက် အနေနဲ့ မိမိရဲ့ သန္ဓေ သားကို အဲဒီ သန္ဓေသား ကိုယ်စား မိမိခင်က သရဏဂုံ ဆောက်တည် ပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓ လက်ထက်က ဗောဓိ မင်းသားရဲ့ မိခင်က ဗောဓိမင်းသားကို သန္ဓေရှိစဉ်မှာ သရဏဂုံ ဆောက်တည်ပေးတယ်ဆိုတဲ့ ဖြစ်ရပ် မှတ်တမ်းရှိပါတယ် (မ၊၂၊၃၀၀)။ ဒါပေမယ့်အတင်းအကြပ် လုပ်ကိုလုပ်ရမယ် ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အထူးဖြင့် ဗုဒ္ဓသာသနာကို မြတ် နိုးပြီး မိမိတို့ရဲ့နှလုံးသားအမွေကို ဆက်ခံစေလိုတဲ့ ဆန္ဒရှိတဲ့ ဗုဒ္ဓဝါဒီ မိမိဘတွေ အဲဒီလို လုပ်လေ့ရှိပါတယ်။

အင်း .. ဗိုက်ထဲက ကလေးကို သရဏဂုံ ဆောက်တည် ပေးရုံနဲ့လည်း မလုံလောက်ပါဘူး။ ငယ်စဉ်အခါ ကောင်းစွာ မစောင့်ရှောက်နိုင်ရင် ကြီးလာတဲ့ အခါစူဠလိပ်ကိုရေထဲလွှတ် ချသလို လျှောခနဲဖြစ်သွားတာမျိုးလည်း ရှိတတ် ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်၊ ဆောင်ရွက်ပေးရမှာက မိဘတို့ရဲ့တာဝန်ဖြစ်ပါတယ်။ ဆောက်တည်ပုံက..

ကျားမ မသိရသေးမီ

ယော မေ အယံ ဘန္တေ ကုစိဂတော ကုမာရကော ဝါ ကုမာရိကာဝါ၊ သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။

ဥပါသကံ တံ ဘန္တေ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

ဘန္တေ၊ မြတ်စွာဘုရား။ ယော အယံ ကုမာရကော ဝါ၊ အကြင်သားငယ်သည်လည်းကောင်း။ ယာ အယံ ကုမာရိကာ ဝါ၊ အကြင်သမီးငယ်သည်လည်းကောင်း။ မေ၊ တပည့်တော်မ ၏။ ကုစ္ဆိဂတော၊ ဝမ်း၌ တည်နေပါ၏။ သော၊ ထိုသန္ဓေသား သားငယ်သမီးငယ်သည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုး ကွယ်ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်ပါ၏ အရှင်ဘုရား။

ဓမ္မဉ္စ၊ မဂ်လေးတန်ဖိုလ်လေးတန်နိဗ္ဗာန် ပရိယတ်ဆယ် တန်သောတရားမြတ်ကိုလည်းကောင်း။

ဘိက္ခုသံဃဉ္စ၊ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန် ရှစ်တန်ထင်စွာ ထေရ် သံဃာကိုလည်းကောင်း။ သရဏံ၊ ကိုး ကွယ်ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်ပါ၏ အရှင်ဘုရား။

ဘန္တေ၊ မြတ်စွာဘုရား။ ဘဂဝါ၊ ရှင်တော်မြတ်ဘုရားသည်။ တံ၊ ထိုတပည့်တော်၏ ဝမ်းတွင်း၌ ကိန်းအောင်းနေသည့် သားလောင်း သမီးလျာကို။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ သရဏံဂတံ၊ ကိုးကွယ်ဆည်းကပ် သော။ ဥပါသကံ၊ ဥပါသကာ သားငယ် သမီးငယ်ဟူ၍။ ဓာရေတု၊ မှတ်တော်မူပါ အရှင်ဘုရား။

မိန်းကလေး ဖြစ်ရင်

ယာ မေ အယံ ဘန္တေ ကုစိဂတာ ကုမာရိကာ၊ သာ ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။

ဥပါသိကံ တံ ဘန္တေ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ (မ၊၂၊၃၀၀)။

ဘန္တေ၊ မြတ်စွာဘုရား။ ယာ အယံ ကုမာရိကာ၊ အကြင် သမီးငယ်သည်။ မေ၊ တပည့်တော်မ၏။ ကုစိဂတာ၊ ဝမ်း၌ တည်နေပါ၏။ သာ၊ ထိုသန္ဓေသား သမီးငယ်သည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂစ္ဆတိ၊ ဆည်း ကပ်ပါ၏ အရှင်ဘုရား။

ဓမ္မဉ္စ၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ် ဆယ် တန်သော တရားမြတ်ကိုလည်း ကောင်း။ ဘိက္ခုသံဃဉ္စ၊ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန် ရှစ်တန်ထင်စွာ ထေရ်သံဃာကိုလည်း ကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်ပါ၏ အရှင်ဘုရား။

ဘန္တေ၊ မြတ်စွာဘုရား။ ဘဂဝါ၊ ရှင်တော်မြတ်ဘုရားသည်။ တံ၊ ထိုဝမ်းတွင်း၌ ကိန်းအောင်းနေသည့် သမီးငယ်ကို။ အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ သရဏံ ဂတံ၊ ကိုးကွယ် ဆည်းကပ်သော။ ဥပါသိကံ၊ ဥပါသိကာ သမီးငယ်ဟူ၍။ ဓာရေတု၊ မှတ်တော်မူပါဘုရား။

သမီးငယ်ကို မွေးဖွားပြီး နောက်လည်း ဒီနည်းအတိုင်း ဆက်လက်၍ သရဏဂုံကို ဆောက်တည်ပေးနိုင်ပါတယ်။

ယောကျ်ားလေး ဖြစ်ရင်

ယော မေ အယံ ဘန္တေ ကုစ္ဆိဂတော ကုမာရကော၊ သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။

ဥပါသကံ တံ ဘန္တေ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံသရဏံ ဂတံ။

ဘန္တေ၊ မြတ်စွာဘုရား။ ယောအယံကုမာရကော၊ အကြင် သားငယ်သည်။ မေ၊ တပည့်တော်မ၏။ ကုစ္ဆိဂတော၊ ဝမ်း၌ တည်နေပါ၏။ သော၊ ထိုသန္ဓေသား သားငယ်သည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂစ္ဆတိ၊ ဆည်း ကပ်ပါ၏ အရှင်ဘုရား။

ဓမ္မဉ္စ၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ် ဆယ် တန်သောတရားမြတ်ကိုလည်းကောင်း။

ဘိက္ခုသံဃဉ္စ၊ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန် ရှစ်တန်ထင်စွာ ထေရ်သံဃာကိုလည်း ကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်ပါ၏ အရှင်ဘုရား။

ဘန္တေ၊ မြတ်စွာဘုရား။ ဘဂဝါ၊ ရှင်တော်မြတ်ဘုရားသည်။ တံ၊ ထို တပည့်တော်၏ ဝမ်းတွင်း၌ ကိန်းအောင်းနေသည့် သားငယ်ကို။ အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ သရဏံ ဂတံ၊ ကိုးကွယ် ဆည်းကပ်သော။ ဥပါသကံ၊ ဥပါသကာသားငယ်ဟူ၍။ ဓာရေတု၊ မှတ်တော် မူပါ အရှင်ဘုရား။

သားငယ်ကို မွေးဖွားပြီး နောက်လည်း ဒီနည်းအတိုင် နားလည်နိုင်သည်ထိ ဆက်လက်၍ သရဏဂုံကို ဆောက်တည် ပေးနိုင်ပါတယ်။

အဖွင့်ကျမ်း၌ ရှင်းပြပုံ

ဤနည်းဖြင့် သရဏဂုံဆောက်တည်နိုင်သလားဟူမူ မဆောက် တည်နိုင်။ စိတ်မပါဘဲ သရဏဂုံ ဆောက်တည်ခြင်းဟူ၍ မရှိ (မဖြစ်)နိုင်။ သို့ရာတွင် ထိုသန္ဓေသား၏ အစောင့်အရှောက် (အရံအတား)ကား ဖြစ်သည်သာတည်း။ သန္ဓေသား ကြီးပြင်းချိန်၌ မိဘတို့က ‘ချစ်သား (ချစ်သမီး)၊ မိခင်ဝမ်းမှာ ရှိစဉ်ကပင် ငါတို့ သည်ချစ်သား (ချစ်သမီး)အား သရဏဂုံဆောက်တည်ပေးခဲ့ ပါ၏’ဟု သတိပေးသဖြင့် သားသမီးများက မိမိတို့မှာ သရဏဂုံ တည်ပြီးသူဟု သတိရချိန်၌ သရဏဂုံကို ခံယူပြီး ဖြစ်တော့၏။ (မ၊ဋ္ဌ၊၃၊၂၂၆)။

အဓိပ္ပာယ်က စိတ်ထဲမှာ နားလည် ခံယူမှပဲ သရဏဂုံကို ဆောက်တည်လို့ ဖြစ်တယ်။ စိတ်မပါဘဲ သရဏဂုံကို ဆောက် တည်ဖို့ မဖြစ်နိုင်။ အတင်းအကြပ် ယုံခိုင်းတာမျိုး ဗုဒ္ဓဝါဒမှာ မရှိဘူးလေ။ ဒါပေမယ့် မိမိခင်က သန္ဓေသားကို ရည်မှန်းပြီး ဆောက်တည်ပေးရင် သန္ဓေသားမှာ အကာအကွယ် ဖြစ်ပြီး အန္တရာယ် ကင်းတဲ့ အကျိုးကို ရတယ်။ ဒါ့အပြင် မွေးဖွားပြီး နောက် ကြီးပြင်းချိန်မှာ ထိုကိစ္စကို ပြောပြလို့ ကလေး နား လည်ရင် အဲဒီ ကလေးကို ပဋိသန္ဓေ ကတည်းက သရဏဂုံ ဆောက်တည်လာသူလို့ ဆိုနိုင်တယ်လို့ ဖြစ်ပါတယ်။

ဇူလိုင် ၅၊ ၂၀၁၅။

---

၄၀၇။ ထေရဝါဒနဲ့ မဟာယာန ခြားနားချက်များ

အရှင်ဘုရား၊ ထေရဝါဒနှင့် မဟာယာန ခြားချက်တွေကို သိချင်လို့ ဖြေကြား ပေးစေလိုပါသည် အရှင်ဘုရား။

Sulai Aung

---

နားထောင်ခြင်း

လူတစ်ဦးစီရဲ့ ယူဆပုံ ယုံကြည်ပုံ မတူကြလို့ ကွဲပြားခြင်း ခြား နားခြင်း ဆိုတာ ဖြစ်ရတယ်။ ကိုယ်စီရဲ့ အတ္တမာန် ပြင်းထန် သလောက် ခြားနားမှု ဒီကရီ မြင့်မှာပဲ။ အဲဒီ မာန်ကို စိုးမိုးလိုခြင်း၊ အကြီးအကဲ ဖြစ်ခြင်း၊ အာဏာ၊ အခွင့်အရေး၊ အသိုင်း အဝိုင်းစတဲ့ အဆင်တန်ဆာနဲ့ လွှမ်းခြုံလိုက်တဲ့ အခါအစွဲသန်အစွန်းရောက်ဆိုတာ ဖြစ်လာတာပဲ။ ရဟန်းခံ ကမ္မဝါစာ ဖတ်တဲ့ အခါ ခမတိ ခမ္မတိ ငြင်းရင်း သကျသီဟ အောင်တဲ့ မန္တလေး ဆရာတော်နှစ်ပါး သိမ်ထဲမှာ စကားများကြောင်း ငယ်ငယ်က ဆရာဘုန်းကြီး လူထွက်ပြောပြတာကို မှတ်သားဖူးတယ်။

အထူးသဖြင့် ယုံကြည်မှု အကြောင်းကို ပြောတဲ့အခါ တစ် ဖက်သားရဲ့ယူဆပုံကို အသေအချာ နားထောင်တတ်ဖို့ အရေး ကြီးပြီး ကိုယ့်ကိုယ်ရော သူများကိုပါ အကျိုးရှိခြင်း မရှိခြင်း ဆိုတာကို ကြည့်ပြီး အလျှော့ပေးနိုင် သလောက် ပေးကြည့်ဖို့ လို အပ်ကြောင်းပါ။ ဘုန်းကြီး အနေနဲ့ ဒီမေးခွန်းကိုဖြေရာမှာ စိတ် ထဲမှာ အဲဒီလိုထားနိုင်အောင် ကြိုးစားပါတယ်။

ရည်ညွှန်းကျမ်း

မေးခွန်းက တိုပေမယ့်ပြည့်စုံအောင် ဖြေဖို့ အတော်ဗဟုသုတ ရှိမှဖြစ်မယ်။ ထေရဝါဒနဲ့ မဟာယာနတူညီမှုကိုတော့ ဝါလ်ပို လာ ရာဟုလာရဲ့ ဆောင်းပါး နှစ်ပုဒ်ကို အခြေခံပြီး ဖြေခဲ့ဖူးပါတယ် (www.kelasa.org ဓမ္မအမေးအဖြေ၊ မေးခွန်းအမှတ် ၂၄- မှာ ရှုပါ)။ အခု ခြားနားမှုကို ဖြေရာမှာတော့ ဘုန်းကြီး အဓိက ဖတ်ထားမိတဲ့ T.W. Rhys Davids ရဲ့Buddhism နဲ့ Christmas Humphreys ရဲ့ Buddhism: The History, Development and Present Day Teaching of the Various Schools ကျမ်းစာနှစ်ခုပါ အကြောင်းအရာ အချို့ကို ထုတ်နုတ်ပြီး ဖြေလိုက်ပါတယ်။ ကျယ်ပြန့်စွာ လေ့လာရမယ့် ခေါင်းစဉ်ဖြစ်လို့ ဘုန်းကြီးမှာ ရှိ သမျှ ဗဟုသုတလေးကို မျှဝေခြင်းပါ။

ထေရဝါဒ

ပထမ သံဂါယနာမှာ ပါဝင်ခဲ့တဲ့ ရဟန္တာ ငါးရာရဲ့ အစဉ်အလာဟာ ထေရဝါဒပါပဲ။ ထေရဝါဒီတို့ ထိမ်းသိမ်းထားတဲ့ ပိဋကတ် သုံးပုံဟာ ရှေးအကျဆုံး ဖြစ်ပြီး ဗုဒ္ဓ ဟောကြားချက် အစစ် အမှန်ကို ပါဠိဘာသာနဲ့ အပြည့်စုံဆုံး မှတ်တမ်းတင်ထားတယ် လို့ သုတေသီတို့ ယူဆကြတယ်။ မူရင်း ဗုဒ္ဓဓမ္မအတိုင်း ကျင့် သုံးရလို့ အခြားယဉ်ကျေးမှုနဲ့ မကိုက်ညီတာရှိနိုင်ပေမယ့်မိမိ နောက်ကို လိုက်ဖို့ အတင်းအကျပ် မတိုက်တွန်းဘူး။ ဗုဒ္ဓ ရှင် တော်မြတ်မှ ဆင်းသက်တဲ့ အစဉ်အလာ ဖြစ်လို့ စိတ်ဝင်စား ဖွယ်ကောင်းတယ်။ အေဒီ ၁၁ရာစုခန့်မှာ ဘိက္ခုနီသာသာနာ အဆက် ပြတ်သွားလို့ ယခုအခါ ဘိက္ခုတွေပဲ ရှိတယ်။ သီရိ လင်္ကာ၊ မြန်မာ၊ ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ထေရဝါဒ အစဉ်အလာ ပြန့်ပွားဆဲဖြစ်ပါတယ်။

မဟာယာန

ဒီဗုဒ္ဓဝါဒဂိုဏ်းက ပိုပြီးကျယ်ပြန့်များပြားတယ်။ အေဒီတစ် ရာစု လောက်မှာ ထွန်းကားခဲ့ကြောင်း သိရတယ်။ အခြားသော ဒဿန အယူအဆတွေနဲ့ ရောထွေးမှုရှိပြီး ပန်းတိုင်လည်း ထေ ရဝါဒနဲ့ ခြားနားချက်တွေရှိတယ်။ လူအားလုံးဗုဒ္ဓဖြစ်လာရန်နဲ့ သတ္တဝါ အားလုံးအား ကူညီရန် ရည်ရွယ်တယ်။ ဘာသာရေး မျှသာမက လူမှုရေးကိုလည်း ဆောင်ရွက်တယ်။ အချိန်နဲ့ အမျှ အယူအဆတွေ ပြောင်းလဲခဲ့ကြောင်း ဆိုတယ်။ သာသနာ့ ဝန် ထမ်းအဖြစ် ဘိက္ခုတွေကိုရော ဘိက္ခုနီတွေကိုပါ တွေ့ရတယ်။ တိဗက်၊ မွန်ဂို၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ပြန့် ပွားဆဲဖြစ်တယ်။

ကျင့်ကြံမှု (၁)

ထေရဝါဒအရ သီလ သမာဓိ ပညာ ကျင့်စဉ်ကို လိုက်နာပြီး သီလဆောက်တည်မှုဟာ ဒါနနဲ့ ပညာထက် အရေးကြီးတယ်။ သီလကို အခြေခံ အုတ်မြစ်လို့ ယူဆတယ်။ သံသရာမှ လွတ် မြောက်ဖို့ မိမိကိုယ်တိုင် အားထုတ်ဖို့ လိုကြောင်း အလေးပေး သင်ကြားတယ်။ ထေရဝါဒီတို့ရဲ့ နောက်ဆုံး ပန်းတိုင်က မဂ် ဖိုလ် ဉာဏ်ထူးကို ရပြီး ဘဝသံသရာမှ လွတ်မြောက်ဖို့။ မဟာ ယာနမှာ လူတိုင်း ဘုရားဖြစ်ဖို့ ရည်မှန်းပြီး မိမိ လွတ်မြောက်မှုအပြင် အခြားသတ္တဝါအားလုံး လွတ်မြောက်မှုအတွက်လည်း ကူညီဖို့ အားပေးတယ်။ ဒေသိယ ယဉ်ကျေးမှု လွှမ်းမိုးမှု ရှိတဲ့ အတွက် ပူဇော်ပသမှုကို များစွာ အသားပေးတာ တွေ့ရတယ်။ ဘုန်းကြီး ကျောင်းကို ပုံမှန် သွားပြီး အလှူဒါန လုပ်ခြင်း၊ မန္တရများ ရွတ်ပွားပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်းတွေ လုပ်တယ်။

ကျင့်ကြံမှု (၂)

ထေရဝါဒမှာ ရဟန်းတွေ နေလွဲညစာမစား။ မဟာယာနမှာ အဲဒီ အကျင့်ကို လေးစားပေမယ့် အများစု မလိုက်နာဘဲ မိမိ ရွေးချယ်မှု အရသာ မွန်းလွဲ မစားတာတွေ ရှိတယ်။ သက်သတ်လွတ် စားခြင်းကို ထေရ ဝါဒက အထူးလိုအပ်တဲ့ ကျင့်စဉ်လို့ မယူဆဘူး။ ဒါပေမယ့်အချို့မှာ မိမိရွေးချယ်မှုအရ သက်သတ်လွတ်စားတာလည်း ရှိတယ်။ မဟာယာနမှာတော့ တိဗက် ဗုဒ္ဓဝါဒီတွေက လွဲပြီး အများစု သက်သတ်လွတ်ကို ကျင့်စဉ်တစ်ခု အဖြစ် လိုက်နာ ကျင့်သုံးကြတယ်။ သို့တစေ အတင်းအကြပ် မလုပ်မနေရတော့ မဟုတ်။

ယုံကြည်မှု (၁)

မဟာယာနအရ သက်ရှိတိုင်းကို လောဘ မာန အဝိဇ္ဇာတွေ စတဲ့ စိတ်ဆိုးတွေ မောင်းနှင်တယ်။ သို့တစေ သက်ရှိတိုင်းမှာ ဗုဒ္ဓ ဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ခြေ ငုပ်လျှိုး နေတယ်။ ဒါဟာ သက် ရှိတိုင်းရဲ့ သဘာဝလည်း ဖြစ်တယ်။ နတ်ဒေဝါတွေ ရှိပြီး ယင်း တို့က လူကောင်းတွေကို စောင့်ရှောက်တယ်လို့ ယုံကြည်ပေ မယ့် ထာဝရ ဘုရားရှိ ဘာသာတွေရဲ့ ယုံကြည်မှုမျိုး မဟုတ်။ ထေရဝါဒ အလိုမူ လူ့ဘဝဆိုတာ ရခဲတဲ့ အတွက် ဒီဘဝမှာပင် ဓမ္မကို လိုက်နာ ကျင့်သုံးဖို့ အရေးကြီးတယ်။ ပုထုဇဉ် ကမ္ဘာဟာ လောဘ ဒေါသ မောဟစတဲ့ ကိလေသာတွေနဲ့ တည် ဆောက်ထားတာ။ နတ်တွေ ဗြဟ္မာတွေ အဆင့်ဆင့် ရှိပေမယ့် ထာဝရ တည်မြဲသူ မရှိ။ ဘဝသံသရာမှာ ပြန်ပြီး လည်ရဦး မယ်လို့ ယုံကြည်တယ်။

ယုံကြည်မှု (၂)

ထေရဝါဒမှာ သေပြီးနောက် ဘဝသစ် တစ်ခုကိုမရမီ စပ်ကြား မှာ ကြားခံဘဝတစ်ခု (Bardo)မရှိ။ သေပြီးတာနဲ့ ဘဝသစ်ဆီ ရောက်သွားတယ်။ မဟာယာန ဂိုဏ်းကွဲ အားလုံးမှာ အဲဒီလို ဘဝတစ်ခု ရှိကြောင်း ယုံကြည်တယ်။ ဗုဒ္ဓသဘာဝ (Buddha nature)ကို ထေရဝါဒမှာ သင်ကြားခြင်း မရှိ။ မဟာယာနမှာ တော့ ယင်းကို အလေးပြု သင်ကြားတယ်။ မဟာယာနမှာ ဗုဒ္ဓ ရဲ့ ကာယသုံးမျိုးကို ယုံကြည်တယ်။ ဓမ္မကာယ = အစစ်အမှန် ကိုယ်၊ ပုံသဏ္ဌာန်မဲ့၊ မပြောင်းလဲ၊ မမြင်နိုင်။ သမ္ဘောဂကာယ = သုံးဆောင်သည့် ခန္ဓာကိုယ်၊ ဗုဒ္ဓရဲ့နတ်ဗြဟ္မာပုံသဏ္ဌာန်၊ တည် မြဲတဲ့ ပြီးပြည့်စုံခြင်း။ နိရမ္မဏကာယ = သတ္တဝါ အားလုံးကို ကယ်တင်ရန် ပြန်လည် မွေးဖွားတဲ့ ဗုဒ္ဓရဲ့ ခန္ဓာကိုယ် (ဒီကာယ သုံးမျိုး အကြောင်းကို ဘုန်းကြီး အသေးစိတ် နားမလည်ပါ)။ ထေရဝါဒါမှာ ဒီယုံကြည်ချက်မရှိ။

ယုံကြည်မှု (၃)

ဗုဒ္ဓဝါဒ နှစ်ဂိုဏ်းလုံးမှာ လိုက်နာ ကျင့်သုံးသူများ အတွက် ဓမ္မ သင်ကြားချက်တွေ များစွာ ရှိတယ်။ ဒါပေမယ့် အစ္စလာမ် ဘာ သာမှာလို ရှာရီယာလို့ ခေါ်တဲ့ ဘာသာရေး ဥပဒေမျိုး မဟုတ်။ အဲဒါတွေ အားလုံးက ဘဝလွတ်မြောက်မှုအတွက်ဓမ္မ ပညာနဲ့ ကိုယ်ကျင့်တရား သင်ကြားချက်တွေ ချည်းပါပဲ။ ထေရဝါဒရော မဟာယာနပါ ဣဿရ (စကြဝဠာ ကမ္ဘာမိုးမြေကို စိုးပိုင်သူ)၊ နိမ္မာန (ဖန်ဆင်းရှင်)ကို လုံးဝ မယုံကြည်။ သို့ပေမယ့် ဘာသာ တရားအားလုံးကို လေးစားပြီး ဂိုဏ်းကွဲနှစ်ခုလုံး အခြားဘာ သာတရားတွေနဲ့ အတူတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်တယ်။

ယုံကြည်မှု (၄)

ထေရ ဝါဒီတို့က သကျမုနိ ဂေါတမဗုဒ္ဓနဲ့ ပွင့်တော်မူပြီး ဗုဒ္ဓ တွေကို ယုံကြည်တယ်။ ထေရဝါဒမှာ တပည့်ရဟန္တာတွေ သိ မြင်တဲ့ နိဗ္ဗာန်နဲ့ ဗုဒ္ဓပစ္စေကဗုဒ္ဓတို့ သိမြင်တဲ့ နိဗ္ဗာန်ခြားနားခြင်း မရှိ။ ဗုဒ္ဓရရှိတော်မူတဲ့ နိဗ္ဗာန်နဲ့ ဗုဒ္ဓဓမ္မကိုလိုက်နာ ကျင့်သုံးသူ တစ်ယောက်ရရှိတဲ့ နိဗ္ဗာန်ဟာခြားနားချက် မရှိ။ ဘာသာရေး သက်သက် ဖြစ်ပေမယ့် ရွတ်ဖတ် သရဇ္ဈာယ်မှု ပူဇော် ပသမှု နည်းတယ်။ မဟာယာနကတော့ သကျမုနိ ဂေါတမဗုဒ္ဓကို သာ မက အခြားသော အမိတာဘာ ဗုဒ္ဓ၊ ဘေသဇ္ဇဗုဒ္ဓ၊ အဝလောကိ တေသွာရနဲ့ အခြားသော ဘုရားလောင်းတွေကိုလည်း ကိုး ကွယ်တယ်။ ရွတ်ဖတ်သရဇ္ဈာယ်မှုနဲ့ ပူဇော်ပသမှုတွေများစွာ ရှိတယ်။ မဟာယာနအရ အခြေအနေ သုံးခုကြောင့် သံသရာမှ လွတ်မြောက်ပုံ အဆင့်တွင် နက်ရှိုင်းတဲ့ ခြားနားမှုတွေရှိတယ်။

လွှမ်းမိုးခံရမှု

ဥပနိသျှဒ် ကျမ်းတွေမှာပါတဲ့ ကမ္မ၊ သံဃစတဲ့ ဝေါဟာရတွေကို တွေ့ရလို့ ထေရဝါဒမှာ ဗုဒ္ဓမပွင့်မီရှေးဟောင်းအိန္ဒိယရဲ့ ဗြာဟ္မဏဝါဒ လွှမ်းမိုးမှု ရှိတယ်လို့ T.W. Rhys Davids စတဲ့ အနောက်တိုင်းသား ပညာရှင်တို့က ယူဆတယ်။ ဒါပေမယ့် ထို ကျမ်းတွေမှာ ပါတဲ့ ကမ္မဝါဒက အတ္တကို အခြေခံပြီး ထေရဝါဒ မှာက အနတ္တကိုအခြေခံတဲ့ ကမ္မဖြစ်ကြောင်း ထေရဝါဒီတို့က ငြင်းဆိုတယ်။ ဥပမာ..သာသနာ၊ ဓမ္မ၊ သီလ စတဲ့ ပါဠိဝေါဟာ ရတွေကို အစ္စလာမ်ဝါဒီတို့ ယူသုံးနေကြပေမယ့် အဓိပ္ပာယ်ချင်း လုံးဝမတူဘူး။ ထိုအတူ တရုတ်ဂျပန်ရှိ မဟာယာနကိုလည်း ကွန်ဖျူးရှပ်၊ တာအိုစတဲ့ ဝါဒတွေနဲ့ ဒေသိယ ယဉ်ကျေးမှုတွေ သက်ရောက်မှု ရှိကြောင်းဆိုတယ်။

ကျမ်းဂန်များ

ကျမ်းစာတွေ အနေနဲ့ ထေရဝါဒမှာ ပိဋကတ် အနေနဲ့ သုံးခု။ နိကာယ်အနေနဲ့ ငါးရပ် (အုပ်ရေ ၄၁) ရှိတယ်။ မဟာယာနမှာ အဲဒီ ထေရဝါဒ ပိဋကတ် သုံးပုံ နိကာယ်ငါးရပ် အပြည့်အစုံ ရှိ တဲ့ အပြင် ထေရဝါဒမှာ မရှိတဲ့ ပညာပါရမိတာ ဟဒယသုတ် စတဲ့ နောက်တိုးသုတ္တန်များစွာလည်းရှိတယ်။

ဇူလိုင် ၁၄၊ ၂၀၁၅။

---

၄၀၈။ မသန်စွမ်းသူနဲ့ ဗုဒ္ဓဝါဒ

ဘုန်းဘုန်းဘုရား၊

အသံလွှင့် ဌာနတစ်ခုရဲ့ ဆွေးနွေးခန်းမှာ မြန်မာပြည်မှာ မသန် စွမ်းသူတွေကို နှိမ့်ချ ခွဲခြား ဆက်ဆံကြောင်း၊ ကျောင်းတွေမှာ ဆရာမတွေက မသန်စွမ်းတဲ့ ကျောင်းသားတွေကို လက်မခံလို ကြောင်း၊ အဲဒီလို ဖြစ်ခြင်းမှာ နိုင်ငံတကာမှာ ရှိတဲ့ စိတ်ဓာတ်ရဲ့ အဆင့်အတန်းကို မမီကြောင်း ဆွေးနွေးသံကို ကြားရပါတယ်။ ဆွံ့အနားမကြားသူကို ရှင် ရဟန်း မပြုပေး ကောင်းဟုလည်း ဖတ်ရှု မှတ်သားရပါသည်။ မြန်မာနိုင်ငံမှာ ဆွံ့အနားမကြားသူ များကို ခွဲခြား ဆက်ဆံခြင်းမှာ ဖော်ပြပါ ဗုဒ္ဓဘာသာ သင်ကြား ချက်နှင့် ပတ်သက်မှုရှိပါသလား။ ရှင်းပြပေးစေချင်ပါသည်။

တင်ထွန်းဝေ (မိုင်ယာမီ)

---

တားမြစ်ချက်

ပါဠိတော်မှာရှင်ရဟန်း မပြုကောင်းသူ ၃၂-ယောက်စာရင်း ထုတ်ပြတယ်။ အဲဒါတွေက လက်ပြတ်၊ ခြေပြတ်၊ မျက်မမြင်၊ နားမကြား၊ ဆွံ့ဆ စသည်တို့ ဖြစ်ပါတယ်။ ဒီပါဠိတော်အရ နား မကြား စကားမပြောတတ်သူကို ရှင်မပြုပေးကောင်း၊ ရဟန်းခံ မပေးကောင်း။ ပြုပေးတဲ့ ရဟန်းများမှာ ဒုက္ကဋ်အာပတ် သင့်တယ် (ဝိ၊၃၊၁၂၈)။ ‘အကယ်၍ သံဃာတော်တွေက ရှင် ရဟန်း ပြုပေးရင် အဲဒီ လက်ပြတ် စတဲ့ ၃၂-ယောက်မှာ ရှင် ရဟန်းတော့ ဖြစ်တယ်။ အနုသာသက (ဆုံးမတဲ့ ရဟန်း)၊ ဥပဇ္ဈာယ် ဆရာတော်နဲ့ အခြား ရဟန်းပြုပေးတဲ့ သံဃာတော် များမှာမူဒုက္ကဋ်အာပတ်သင့်တယ် (ဝိ၊ဋ္ဌ၊၃၊၃၁၃)’။

အဓိပ္ပာယ်က ‘ဆွံ့အနားမကြားသူကို ကိုရင် ဝတ်မပေး ကောင်း၊ ရဟန်းပြုမပေးကောင်း။ ပြုပေးရင် ထိုလက်ပြတ်ဆွံ့ အစသူတွေ ရှင်ရဟန်းတော့ ဖြစ်သွားတယ်၊ ဒါပေမယ့် ပြုပေး တဲ့ သံဃာတွေမှာ ဒုက္ကဋ်အာပတ်သင့်တယ်’လို့ ဖြစ်ပါတယ်။

ဘာကြောင့်

ရှင်ရဟန်းဆိုတာ စောင့်ထိန်းသီလနဲ့ ကာယိန္ဒြေ သိမ်းဆည်း မှုတွေကြောင့် အများ ကြည်ညိုခံ စံနမူပုဂ္ဂိုလ် အဖြစ် ပရိသတ် ရှေ့မှာ မြင်လွယ် ထင်လွယ်ရှိလို့ မဟာကရုဏာရှင် မြတ်ဗုဒ္ဓ အနေနဲ့ ရှင်ရဟန်း တစ်ပါးရဲ့ ဥပဓိသမ္ပတ္တိ (ကိုယ်လက်အင်္ဂါ ပြည့်စုံမှု)ကို ရွေးချယ်ဖို့ စည်းကမ်း ချမှတ်ရာမှာ ကြည်ညိုသူ လောကသား အများစုတို့ ကုသိုလ်တရား တိုးပွားရန်နဲ့ အကု သိုလ် ဖြစ်ခွင့်ကို တားဆီးရန်သာ ရည်ရွယ်ပါတယ်။ တားမြစ်ခံ မသန်စွမ်းသူများမှာ သာသနာ့ဝန်ထမ်း မဟုတ်ဘဲ သာမန် ဥပါ သကာ အဖြစ် နေထိုင်ပြီး တရားကို ကြိုးစား အားထုတ်ရင် မြတ်ဗုဒ္ဓ သိမြင်တဲ့ မဂ်ဖိုလ်ဉာဏ်ထူးကို ကျိန်းသေသိမြင်နိုင် ပါတယ်။ မြတ်ဗုဒ္ဓရဲ့ရည်ရွယ်ချက်အမှန်ကို နားလည်ရင် မဟာ ကရုဏာတော်ကို မထိခိုက်ပါဘူး။

အဲဒီလို စည်းကမ်း မချမှတ်ခင်က ရဟန်းတရားကို မြတ် နိုးလို့ မဟုတ်ဘဲ ရဟန်းသံဃာကို အလွန် ကြည်ညိုတဲ့ ဆေး ဆရာကြီး ဇီဝကဆီမှာ ဆေးကုသ ခံချင်လို့ နူးနာ ချောင်းဆိုး သွေးပါနာ စတဲ့ ရောဂါသည်တို့ ရဟန်းဘောင်ထဲကို အလျှို အလျှို ဝင်လာကြလို့ ဗုဒ္ဓသာသနာဟာ လူအများရဲ့ ကဲ့ရဲ့တာကို ခံရဖူးတယ်။ ဗုံးပေါလအော ခွင့်ပြုထားရင် သာသနာ့ ဝန်ထမ်း တွေ မသန့်စင်နိုင်လို့ အဲဒီလို စည်းကမ်းမျိုး ရှိလာရတာ ဖြစ်ပါတယ်။ အောက်ပါကျမ်းမြတ်ရဲ့အဆိုနဲ့ နှိုင်းယှဉ်ကြည့်ပါ..

ဘုရားနား မကပ်ရ

တဖန် မောရှေအား ထာဝရဘုရားက သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ .. ‘သင်၏ အမျိုးအစဉ် အဆက်တွင် ကိုယ်၌ အပြစ်ရှိသောသူသည် ငါ (ထာဝရဘုရားသခင်)၏ ပွဲတော်ကို ဆက်ကပ် အံ့သောငှာ မချဉ်းကပ်ရ။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါ ပိုလွန်သောသူ၊ လက် ကျိုးသောသူ၊ ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသော သူ၊ ယားနာ စွဲသောသူ၊ ဝှေးစေ့ ပျက်သူသည် မချဉ်းကပ်ရ (ဝတ်ပြုရာကျမ်း၊၂၁း၁၈-၂၀)’။

အဲဒီ ကျမ်းမြတ်တွေမှာ အဲဒါမျိုး စာပိုဒ်တွေကို လွယ်လွယ် နဲ့ ရှာတွေ့နိုင်ပါတယ်။ ဘယ်အချိန်က ဘယ်လူမျိုး ဘယ်သူ့ အတွက် ဘယ်အကြောင်းကြောင့်ပဲ ဖြစ်စေ၊ ထာဝရ ဘုရားရဲ့ နှုတ်ထွက်ပါပဲ။ အဲဒီတားမြစ်ချက်မျိုးနဲ့ နှိုင်းစာရင် ဗုဒ္ဓရဲ့ဝိနည်း သတ်မှတ်ချက်ဟာ များစွာမျှတပြီး အဓိပ္ပာယ်ရှိပါတယ်။

ပညတ်ချက်

သာသနာ့ဝန်ထမ်း အဖြစ်နေထိုင်တဲ့ အခါ ‘အမျိုးဇာတ်၊ အမည်၊ လူမျိုး၊ အလုပ်အကိုင်၊ အတတ်ပညာ၊ ရောဂါ၊ ချို့တဲ့ ကိုယ်ခန္ဓာ သွင်ပြင်၊ လောဘကြီးသူစသည်၊ အင်္ဂါဇတ်မေထုန် သို့မဟုတ် ခွေး စသည်ဖြင့် ပြောဆိုခြင်း .. ဆိုတဲ့ ဆဲဆိုပုံ ဆယ်မျိုးနဲ့ အချင်းချင်း နှိမ့်ချပြီး မဆဲဆိုရဘူး’လို့ ဝိနည်း သိက္ခာပုဒ်နဲ့ တား မြစ်ထားပြီး ဖြစ်ပါတယ်။ ဒီသိက္ခာပုဒ်အရ ရဟန်း မဖြစ်ခင်က လုပ်ခဲ့တဲ့ အလုပ် (ဥပမာ တံငါ မုဆိုး စသည်)၊ လူမျိုး (ဥပမာ ရခိုင်စုတ် မွန်စုတ် စသည်)၊ ချို့တဲ့ ကိုယ်ခန္ဓာ သွင်ပြင် (ဥပမာ ငပု၊ ငမှေး စသည်)လှောင်ပြောင်ကဲ့ရဲ့သရော်မလုပ်ရဘူး။ ရဟန်းတစ်ပါးဟာ အဲဒီ ဝိနည်းဥပဒေကို ကိုယ့်ကျင့်သီလ အနေ နဲ့ လိုက်နာ ကျင့်သုံးရတဲ့ အတွက် နိုင်ငံတကာ စိတ်ဓာတ် အဆင့်အတန်း ဆိုတာကို မီရုံမက အဲဒါရဲ့ ရှေးဦး လမ်းပြလို့ တောင်ဆိုနိုင်တယ်။

ခွဲခြားပြီး မြင်လို

ပရမတ္ထနှလုံးသားနဲ့ ဘဝကိုနေထိုင်ကြတဲ့ ဗုဒ္ဓရဲ့အဆုံးအမကို ကျင့်သုံးပြီးသူ အရိယာပုဂ္ဂိုလ်တို့မှာ လူကို လူလိုပဲမြင်လို့ ဘု ရင့်သား၊ သူဌေးသား၊ အိမ်သာဆေးကုလား၊ အကန်း၊ အပင်း ဆိုတာမျိုးကို စိတ်ထဲတောင် မကူးမိနိုင်ဘူး။ လောကရဲ့ ကိုး ကွယ်ခံ မြတ်ဗုဒ္ဓ ဆိုရင် ကျွန်မရဲ့ သင်္ကန်း၊ နူနာသည်ရဲ့ ဆွမ်း တွေကို မွန်မြတ်စွာခံယူပြီး သုံးဆောင်တော်မူတာပဲ။ ဒါကြောင့် ‘ဆွံ့အနားမကြားသူကို ရှင် ရဟန်း မပြုပေးကောင်း’ ဆိုတာ ရဟန်းဝိနည်း သတ်မှတ်ချက်ဖြစ်ပြီး ‘မသန်စွမ်းသူတွေကိုနှိမ့်ချ ခွဲခြားဆက်ဆံခြင်း’ဆိုတာကတော့ လူ့အဖွဲ့အစည်းရဲ့ ပြဿနာ တစ်ခုလို့ ဘုန်းကြီးအနေနဲ့ ခွဲခြားပြီး မြင်လိုပါတယ်။

‘မြန်မာပြည် စာသင်ကျောင်း အချို့မှာ ဆရာမတွေက မသန်စွမ်းတဲ့ ကျောင်းသားတွေကို လက်မခံလိုကြောင်း၊ အဲဒီလို ဖြစ်ခြင်းမှာ နိုင်ငံတကာမှာ ရှိတဲ့ စိတ်ဓာတ် အဆင့်အတန်းကို မမီကြောင်း’ ဆိုတာက ဗုဒ္ဓဝါဒ သင်ကြားချက်နဲ့ မဆိုင်ပါဘူး။ အုပ်ချုပ်သူ အစိုးရတွေရဲ့ လူမှုဖူလုံရေး အစီအမံ ညံ့ဖျင်းတာ၊ ပညာပေးဟောပြော ရေးသားမှုတွေ မပြည့်စုံတာ၊ ငယ်စဉ်အခါ ကျောင်းမှာ အိမ်မှာ လေ့ကျင့် သင်ကြားပေးမှု အားနည်းတာ တွေကြောင့် ဖြစ်နိုင်တယ်။

အချစ်ဆုံး စရိုက်

အမေရိကမှာ မသန်စွမ်းသူ ထောက်ပံ့ရေး စီမံချက်တွေကို အစိုးရကရော အင်ဂျီအိုတွေကပါ ပြည့်စုံ ဖူလုံအောင် ဖန်တီးပေး ထားတယ်။ အခြား တိုးတက်ပြီး နိုင်ငံတွေလည်း ဒီလိုပဲ ဖြစ် မယ်။ ပုံစံတစ်ခု .. ဘုရားကျောင်း၊ ဆေးရုံ၊ စူပါမာ့ကက်၊ ပြ တိုက်၊ စာသင်ကျောင်းနဲ့ အခြား လူစည်ကားတဲ့ နေရာတွေမှာ ဝင်ပေါက်နဲ့ အနီးဆုံးနေရာမှာ မသန်စွမ်းသူကား ရပ်ဖို့သီးသန့် နေရာ၊ ကားရပ်တဲ့ နေရာကနေ အဆောက် အအုံထဲကို ဝှီးချဲ (ရွေ့လျားကုလားထိုင်)နဲ့ ဝင်ဖို့ လမ်းတွေပါရမယ်လို့ မြို့ပြဥပ ဒေနဲ့ အတိအကျ သတ်မှတ်ပေးတယ်။ အဲဒီ ဥပဒေအရ ကား လမ်းဘေးက ပလက်ဖောင်းတွေမှာ ဝှီးချဲ တက်နိုင်အောင် နိမ့် လျှော နေရာတွေ ပါကိုပါရတယ်။

ဘုန်းကြီး သတိထားမိ သလောက် အမေရိကမှာ မသန် စွမ်းသူကိုတွေ့ရင် ကလေးရော လူကြီးပါ လူတိုင်းနီးပါး ကရု ဏာရှေ့သွားပြုတဲ့ အကြည့်အပြုအမူတွေနဲ့ ဦးစားပေး ကူညီ ပေးဖို့ လက်မတွန့်ကြဘူး။ အဲဒီ ဓလေ့စရိုက်ဟာ ဒီအနောက် တိုင်းမှာ ချစ်စရာ အကောင်း ဆုံးထဲက တစ်ခုလို့ ဘုန်းကြီး ထင်တယ်။

ရာဇဝင်လော

အေဒီ ၆၃-ခန့်မှာ နန်းတက်တဲ့ သီဟိုဠ်ဘုရင် ဝသဘမင်းရဲ့အမည်က လမ္ဗကဏ္ဏ (နားရွက်ရှည်မင်း)တဲ့။ မြန်မာ ရာဇဝင်မှာလည်း မင်းခွေးချေး (နရသီဟပတေ့မင်း၊ မြန်မာ ၆၁၇)နဲ့ ကု လားကျမင်း (နရသူ၊ မြန်မာ၊၅၂၉)စတဲ့ အမည်မျိုးတွေကို အများကြီး တွေ့နိုင်ပါတယ်။ ဒါတွေက လူတစ်ယောက်ရဲ့ သွင်ပြင်၊ အဆင့်အတန်း၊ လုပ်ရပ် ဖြစ်ရပ်တွေကို အခြေခံပြီး လူတွေ အမည်ပေးထားခဲ့တာ ဖြစ်ပုံရတယ်။ ဘုရင်ရဲ့ရှေ့မှာအဲဒီလိုခေါ် ရင်တော့ ဇက်ပြုတ်မှာပေါ့။ ဒါပေမယ့် နှောင်းခေတ် သမိုင်းရေး သူတွေက အရပ်ထဲ ခိုးခေါ်ကြတဲ့ နာမည်နဲ့ မှတ်တမ်းတင်ခဲ့လို့ နာမည်တွင်သွားတာဖြစ်နိုင်တယ်။

မြန်မာပြည်မှာတောမှာရော မြို့မှာပါ ‘ဟေ့ထော့ကျိုး (ခြေ မသန်ရင်)၊ ဟေ့ ခြောက်စောင်း (မျက်လုံး စွေရင်)၊ ဟေ့ င လက်ကောက် (လက်မသန်ရင်)’လို့ ခေါ်ဆို သုံးနှုန်းတာမျိုးတွေ မပျောက် လောက်သေးဘူး။ ဘာလို့ ဆို မြို့ကြီးသား လူယဉ် ကျေးတို့ စီစဉ်တယ်ဆိုတဲ့ ရုပ်ရှင်တွေမှာတောင် အဲဒီလို အသုံး အနှုန်းတွေကို ကြားနေရဆဲဖြစ်လို့ ပါ။

အမှန်တော့ လူ့အခွင့်အရေး၊ ဂလိုဘယ်လိုက်၊ အိုင်တီ၊ ဒစ် ဂျစ်တယ်၊ ဝါးလ်ဝိုက် မီဒီယာ ခေတ်ကြီးမှာ နိုင်ငံတကာ စိတ် ဓာတ်အဆင့်အတန်းကို မီဖို့ဆိုရင် အဲဒီလိုနှိမ့်ချ ခေါ်ဝေါ်သုံးစွဲ မှုမျိုးကို လူငယ်တို့ အတုမယူမိအောင် အောက်ခြေက စပြီး အသိပညာ ပေးသင့်တယ်လို့ ဘုန်းကြီးတော့ ယူဆတယ်။ ဘာ လို့ ဆို နှိမ့်ချတယ် ခွဲခြား ဆက်ဆံတယ် ဆိုတာ အဲဒီ အပြုအမူ မျိုးက အစပြုလို့ ပါပဲ။ ‘လူသမုတ်သစ်ငုတ်တောင်ကျားဖြစ်’ဆို မဟုတ်လား။

ခြွင်းချက်မွန်

မှတ်မိသေးတော့တယ် .. ဖြစ်ရပ်တစ်ခု၊ ကွယ်လွန်ခါနီး ဖြစ်တဲ့ အဖွားအိုက နားမကြားတဲ့ မြေးကလေးကို သင်္ကန်းဝတ်နဲ့ မြင် ချင်ပါတယ် ဆိုလို့ ရွာက ဆရာတော် ကိုယ်တိုင် ကလေးငယ် ကိုကတုံးတုံး သင်္ကန်းဝတ်ပေးပြီး ခြေဟန်လက်ဟန်နဲ့ သရ ဏဂုံကို သင်ပေးတယ်။ အဲဒါကို ရဟန်းလူထွက် လိပ်မြီှး (သူ့ နာမည်)က မတောက်တခေါက် ဗဟုသုတနဲ့ ဆရာတော်ကိုဝေ ဖန်လို့ ဆရာတော်က ဒီလူကိုခေါ်ပြီး ‘မင်းမှာဖိုးလပြည့် (မျက်စိနှစ်ဖက် ကန်းသူ)လေး မွေးရင်လည်း ငါက အာပတ် သင့်ခံ ပြီးကိုရင် စည်းပေးအုံးမှာပါကွ’လို့ မိန့်ပါတယ်။

အနည်းဆုံး ကလေး အနေနဲ့ ဗုဒ္ဓသာသနာမှာ အထုံပါရမီ ဖြစ်၊ မြင်ရသူ အားလုံးလည်း ကရုဏာ ပြဋ္ဌာန်းတဲ့ သဒ္ဓါတရား ဖြစ်ကြရလို့ နတ်လူ သာဓုခေါ်တဲ့ ကိစ္စဖြစ်တဲ့ အတွက် ဆရာ တော် အနေနဲ့ ဒုက္ကဋ် အာပတ် သင့်ရကျိုး နပ်တယ်လို့ ဘုန်း ကြီးတော့ ထင်တယ်။ တစ်ခါတစ်ရံ ကရုဏာ ရည်ရွယ်ချက်နဲ့ အဲဒီလို ဆောင်ရွက်ရတာမျိုးကို ခွင့်မလွှတ်နိုင်သူဟာ နတ်ပြည် မှာရောက်နေရင်လည်း ငရဲသားစိတ်ဓာတ်ပဲရှိနေမှာပေါ့။

ဇူလိုင် ၁၉၊ ၂၀၁၅။

---

၄၀၉။ စာရေးတံမဲအလှူ

ဆရာတော်ဘုရား၊

တပည့်တော်ကအဆိုကျော် ဖြစ်အောင် ကြိုးစားနေပါသည်အရှင်ဘုရား။ တပည့်တော်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ဖို့ ရည်ရွယ်ပြီး မွေးနေ့လည်း ကြုံလို့ ယခုလို ဝါတွင်းကာလမှာ သူများနှင့်မတူနိုင်တဲ့ ထူးခြားတဲ့ အလှူတစ်ခုပြုလုပ်လိုပါသည်။ လှူနေကျ ပုံစံနဲ့ မတူဘဲ ထူးထူး ခြားခြားနဲ့ မှတ်မှတ်သားသား ဖြစ်အောင်လုပ်ချင်လို့ ပါဘုရား။ ဆရာတော်ဘုရား အကြံပေး တိုင်း ဆောင်ရွက်ပါမည် ဘုရား။ အဲဒီ အလှူကို မည်သည့် နေ ရာမှာ မည်သို့ ပြုလုပ်ရမည်ကိုလည်း ဆရာတော်မှ ညွှန်ကြား ပေးစေလိုပါသည် အရှင်ဘုရား။

ဆရာတော်ဘုရားကျန်းမာပါစေ။ ငြိမ့်ရွှန်းကို (ရန်ကုန်)

---

အသဒိသ

သူများနဲ့ မတူတဲ့ အလှူကို အသဒိသအလှူလို့ ခေါ်တယ်။ ဒီအလှူ မျိုးကို မြတ်ဗုဒ္ဓ လက်ထက်က ကောသလမင်းလည်း စီစဉ်ဖူးတယ်။ ကိုယ့်စိတ်မှာ မွန်မွန်မြတ်မြတ်၊ လေးလေးစား၊ လိုလိုချင် ချင်၊ စင်စင်ကြယ်ကြယ် လုပ်ရင် ထူးခြားတဲ့ အလှူ ဖြစ်တာပါပဲ။ ဆီမီးခွက်ကို ခေါင်းပေါ်တင်ပြီး စေတီကို ပူဇော်ဖူးလို့ နောက် ဆုံး ဘဝမှာ ကိုယ်ခန္ဓာက အရောင် ထွက်တာမျိုး၊ အနီရောင် ပိတ်စလေး လှူဖူးလို့ သူမတူအောင် ရုပ်ဆင်း လှပတာမျိုးတွေ ကျမ်းဂန်မှာ မှတ်တမ်းရှိတယ်။

ဘယ်နေရာ

ဂုဏဝန္တေ ပဿန္တိ ဇနာ = လူတွေဟာ ဂုဏ်သတင်း ကျော် ကြားသူတွေကို မြင်ကြတယ်’ ဆိုတဲ့ အတိုင်း အများစုဟာ နာ မည်ကြီးတဲ့ ဆီကိုပဲ အာရုံကျကြတယ်။ ကောင်းပါတယ်၊ သ ဘာဝပဲ။ ဒါပေမယ့်အလှူဒါန ပြုရာမှာ အမျှော်အစွဲတွေ များရင် မစစ်မှန်ဘူး ဆိုတာကိုတော့ သတိထားပါ။ ဗုဒ္ဓသာသနာ အတွင်းမှာ လှူဒါန်းဖို့ ရည်ရွယ်ရင် ဗုဒ္ဓစာပေကို ဆင်းရဲစွာ သင်ယူ ပို့ချနေကြတဲ့ သံဃာတွေဟာ သာနာ့အုတ်မြစ် ဖြစ်လို့ မပြည် စုံတဲ့ ပရိယတ္တိ စာသင်တိုက်တွေဟာ လှူဒါန်းသင့်တဲ့ နေရာလို့ ဘုန်းကြီး ညွှန်းလိုတယ်။ ဘုန်းကြီး အနေနဲ့ စာရေးတံမဲ အလှူ ကိုနှစ်သက်လို့ စိတ်ကူးယဉ်ပြမယ်။ ကြိုက်ရင် လုပ်ပေါ့။

စာရေးတံမဲ

ကိုယ်လှူမယ့် အလှူဝတ္ထုကို မဲဖောက်ပြီး လှူဒါန်းတာကို စာရေး တံမဲ အလှူလို့ ခေါ်ပါတယ်။ ဆိုပါစို့ .. သံဃာအပါး ၁၀၀-ခန့် ရှိတဲ့ ကိုယ့်ရပ်ကွက်ထဲက ပရိယတ္တိ စာသင်တိုက်တစ်ခု၊ ဒါမှ မဟုတ် သိပ်မဝေးတဲ့ အခြားရပ်ကွက်က စာသင်တိုက် တစ်ခု။ အဲဒီမှာရှိတဲ့ ရှင်ငယ်ရဟန်းငယ်တွေဟာ နောင်တစ်ချိန်ကျော် ကြားတဲ့ ရဟန်းတွေ ဖြစ်လာကြမှာပဲလို့ နှလုံးသွင်းပြီး သူတို့ လေးတွေ အားရှိဖို့ ချမ်းသာဖို့ ကိုယ်တတ်စွမ်းသမျှ ကုသိုလ်ဒါန တစ်ခု လုပ်မယ်ပေါ့။ ထူးလည်း ထူးခြား၊ အမှတ်တရလည်း ဖြစ်၊ စာသင်သားတွေရဲ့ လက်ထဲကိုလည်း တိုက်ရိုက် ရောက် သွားစေမယ့် စာရေးတံမဲ အလှူလုပ်ကြည့်မယ်..

မိမိရဲ့ တတ်နိုင်စွမ်းအား အလိုက်လုပ်မှာပေါ့။ သံဃာ တစ် ပါးကို ဘော့လ်ပင်ခဲတံ ဗလာစာအုပ်တစ်ဒါဇင်စီ သို့မဟုတ် ဒါဇင်ဝက်စီကို အပါးစေ့ လှူနိုင်အောင် မိမိနဲ့ နီးစပ်သူမိသားစုနဲ့ အိမ်နီးချင်းတွေကိုပါ ဆော်ဩမယ်။ ဒါ့အပြင်..

ထူးရှယ်မဲ

အထူးမဲ (နာမည်တပ်နိုင်တယ်၊ ဥပမာ..ငြိမ့်ရွှန်းကိုမဲ)အနေနဲ့
၁)သပိတ်၊ သင်္ကန်း၊ ဖိနပ်
၂)ယပ်တောင်၊ ထီး၊ ဓာတ်ဘူး။

အင်း .. အဲဒီ ၂-မျိုးကတော့ အခြေခံပေါ့။ ၂-မျိုးလုံးပါတဲ့ တစ်မဲ၊ တတ်နိုင်ရင် မဲသုံးလေးခုစသည်၊ သို့မဟုတ် တစ်မျိုးကို တစ်မဲစီ။ သင့်သလို စီမံနိုင်တယ်။ အဲဒီ အထဲမှာ စာသင်သား သုံး ကျမ်းစာအုပ်၊ စောင်၊ ခေါင်းအုံး၊ ကိုယ်တိုက် ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ အဝတ်လျှော်ဆပ်ပြာထုပ်စတဲ့ နေ့စဉ်သုံးလေးတွေ ရောသမမွှေထည့်လို့ ရသေးတယ်။

ရှင်းလင်းချက်

အချို့ စာသင်တိုက်တွေမှာ သံဃာတွေ သပိတ်နဲ့ ဆွမ်းဘုဉ်း ပေးကြလို့ အရည်အသွေးမီတဲ့ သပိတ် ဖြစ်သင့်တယ်။ မြန်မာ နိုင်ငံက သံသပိတ် တော်တော် များများဟာ အရည်အသွေး မမီ။ ဘုန်းကြီးကိုယ်တိုင်ချိပ်ကွာနေတဲ့ သံသပိတ်အပေါက်နဲ့ ဆွမ်းစားခဲ့ရဖူးတယ်။ ဒါကြောင့် ယိုးဒယားကလုပ်တဲ့ စတီးလ် သပိတ်၊ သပိတ်အိတ် ပါပြီးသားကို ညွှန်းချင်တယ်။ ဖြစ်နိုင်ရင် စတီးလ်အစစ် ဆွမ်းခွက်ကလေး အနည်းဆုံး ငါးခု လောက်ပါ ထည့်လိုက်အုံး။ ဒါမှ မဲပေါက်တဲ့ သံဃာအနေနဲ့ ကြာကြာ အသုံးပြုနိုင်မှာ။

မဲပေါက်သံဃာ ဝတ်ဖြစ်တဲ့ သင်္ကန်းမျိုးကိုသေသေချာချာ စိစစ်ပြီးဝယ်ပါ။ ရန်ကုန်မှာ သင်္ကန်းကို လိမ်ရောင်းတဲ့ သင်္ကန်း ဆိုင်တွေ ရှိတယ်။ ဝယ်လာပြီးမှ ဆေးကွက်၊ ပေါက်ပြဲနေလို့ ဝတ်မရတာတွေ ကြုံဖူးခဲ့တယ်။ ပလတ်စတစ် အိတ်နဲ့ ကျကျ နန ထည့်ထားရင် ပိုသတိထား။ စျေးပေါလို့ စျေးဆစ်တာ အဆင်ပြေလို့ ဆိုပြီး အရမ်းမဝယ်မိပါစေနဲ့။ ဆွမ်းကြွ ကိုယ်တော်ကို ပင့်သွားပြီး သေချာ ရွေးဝယ်ပါ။ ဖိနပ်၊ ယပ်တောင် စသည်လည်း ဒီအတိုင်း။

စာသင်တိုက်တွေမှာ ညနေပိုင်းဆို ဆွမ်းချက်ဆောင်မှာ မီး မရှိတော့ဘူး။ ဒါကြောင့် သံဃာတွေ နာမကျန်းလို့ ရေနွေးလေး ရချင်ရင် လွယ်အောင်လျှပ်စစ်နဲ့ ရေနွေးကြိုလို့ ရတဲ့ ဓာတ်ဘူး မျိုးဆို ပိုကောင်းတယ်။ စာသင်သားတွေရဲ့ ထုံးစံအတိုင်း တစ် ပါးမှာရှိရင် တစ်ဆောင်လုံးအသုံးပြုနိုင်တယ်။

နောက်တစ်မျိုး

ဒါကတော့ နည်းနည်း အဆင့် မြင့်တယ်။ ပညာရေး ရန်ပုံငွေ မတည် လှူဒါန်းတာ။ ဥပမာ .. တစ်နှစ်ကို ၅-သိန်း၊ သို့မဟုတ် ၃-သိန်းလောက်တိုးမယ့် ငွေပင်ငွေရင်း။ အတိုးကိုပဲ လှူမယ်။ စာသင်တိုက်တွေမှာ အပတ်စဉ် စာမေးပွဲ ဖြေရတယ်။ တစ် ပတ်မှ မကျဘဲ နောက်ဆုံးပတ် ဖြေပြီးချိန်မှာ ပထမ၊ ဒုတိယ၊ တတိယ ရရှိတဲ့ သံဃာ။ မူလတန်း၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာ စရိယ၊ ပေါင်း ၁၅-ပါးကို အချိုးကျ လှူမယ်။ (မူလတန်းနဲ့ အငယ်တန်းလောက်၊ သို့မဟုတ် ပထမနဲ့ ဒုတိယ လောက်လို့လည်း ဆုငွေပမာဏ အလိုက်သတ်မှတ်နိုင်တယ်။)ဒီငွေရင်းနဲ့ ဒီအတိုးကို ဒီရည်ရွယ်ချက် (ဆိုပါစို့..ငြိမ့်ရွှန်းကို ပိဋကတ်ထူး ချွန်ဆု)မှလွဲ၍ မည်သည့်အတွက်မှမသုံး (ယူသုံးရင် ပြန်ဆပ်) ဆိုတာကို အုပ်ချုပ်တဲ့ ဆရာတော်ကိုလျှောက်ထားရမယ်။

ကိုယ့်မွေးနေ့တိုင်း တစ်နှစ် တစ်ကြိမ်စီ ပညာရေး အလှူ လုပ်မယ်။ ပညာမဲ့တို့ လွှမ်းမိုးတဲ့ မိသားစု၊ ရပ်ကွက်၊ ခရိုင်၊ တိုင်းနိုင်ငံဟာ တိုးတက်ပြီး အဆင့်နဲ့ မနီးစပ်နိုင်သလို ဗုဒ္ဓသာ သနာမှာလည်း ပိဋကတ်ပညာထွန်းကားမှ အကျင့်နဲ့ ထိုးထွင်း သိမြင်မှု စည်ပင် ဖွံ့ဖြိုးမယ်၊ ငါဖြင့် သာသနာ့ အုတ်မြစ်အတွက် သဲလေးတစ်ပွင့်ပမာ အထောက်အပံ့ပြုရပြီလို့ အိပ်ရာဝင်တိုင်း ဆင်ခြင်ပါ။ အဲဒီ ကုသိုလ်စိတ် စွမ်းအားကြောင့် မိမိရည်ရွယ် ချက် အောင်မြင်ဖို့ အကြံဉာဏ်နဲ့ အထောက်အပံ့ ကောင်းတွေ ပွင့်လန်းလာပါလိမ့်မယ်။

ဇူလိုင် ၂၂၊ ၂၀၁၅။

---

၄၁၀။ စိတ်ဖြစ်ကြိမ် ကုဋေကုဋာ

အရှင်ဘုရား၊ စိတ်အကျဉ်း ၈၉-ပါး၊ စိတ်အကျယ် ၁၂၁-ပါးဟု မှတ်သားဖူးပါသည်။ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက် အတွင်း စိတ်ပေါင်း ကုဋေကုဋာ ဖြစ်တယ်လို့လည်း ဆိုပြန်ပါ သည်။ ထိုစကား နှစ်ရပ်မှာ ဆန့်ကျင်မှု ရှိမရှိ သိလိုပါသည် အရှင်ဘုရား။

တင်မေအေး (ကနေဒါ)

---

အမျိုးအစား

စိတ်အကျဉ်း ၈၉-ပါး၊ စိတ်အကျယ် ၁၂၁-ပါး ဆိုတာ စိတ်ကို အမျိုးအစားအနေနဲ့ ခွဲပြီးရေတွက်တာ။ ဥပမာ..ကာမစိတ် ၅၄-ပါး (ယေဘုယျ အားဖြင့် ကာမဘုံမှာ အဖြစ် များတဲ့ စိတ် ၅၄-ပါး)၊ ရူပစိတ်၁၅-ပါး (ယေဘုယျအားဖြင့်ရူပဘုံမှာ အဖြစ် များတဲ့ စိတ်၁၅-ပါး)၊ အရူပစိတ်၁၂-ပါး (ယေဘုယျ အားဖြင့် အရူပဘုံမှာ အဖြစ်များတဲ့စိတ် ၁၂-ပါး)၊ လောကုတ္တရာ ၈- ပါး (စျန်မရဘဲ မဂ်ဖိုလ်တရားထူး သက်သက်ကို ရပြီး သူတို့မှာ ဖြစ်တဲ့ စိတ် ၈-ပါး)၊ ပေါင်း စိတ်အကျဉ်း ၈၉-ပါး၊ တစ်နည်း လောကုတ္တရာစိတ် ၄၀-ပါး (စျာန်နှင့်တကွ မဂ်ဖိုလ်တရား ထူး ကိုရသူတို့မှာ ဖြစ်တဲ့ စိတ်၄၀-ပါး)၊ ပေါင်းစိတ် ၁၂၁-ပါး။

စိတ်ဖြစ်ကြိမ်

စိတ်ပေါင်း ကုဋေကုဋာဆိုတာက စိတ်ဖြစ်ကြိမ်ကို ရည်ရွယ်ပြီး ပြောတာ။ ဗုဒ္ဓအဘိဓမ္မာအရ ခုနက စိတ်ဟာ အခုစိတ် မဟုတ်ဘူး။ အခုစိတ်ဟာ နောက်ခဏမှာ ဖြစ်မယ့် စိတ်မဟုတ်ဘူး။ ဒီ လိုနဲ့ စိတ်အကျဉ်း ၈၉၊ အကျယ် ၁၂၁ ထဲက တစ်ခုခုဟာ လျှပ်တစ်ပြက် အတွင်း အကြိမ်ပေါင်း ကုဋေကုဋာ ချီပြီး ဖြစ် လိုက် ပျက်လိုက် ရှိနေတယ်လို့ ဆိုလိုတာ။ ဒါပေမယ့် တရား အသိ မရှိတဲ့ ပုထုဇဉ်တို့အနေနဲ့ မနက်က စိတ်နဲ့ ခုစိတ်အတူ တူလို့ ထင်နေကြတယ်။

ကျည်ဆံ ရထားကို အဝေးက ကြည့်ရင် တစ်တွဲတည်းလို့ ထင်ရပြီး အနီးကပ်ကြည့် အတွင်း ဝင်ကြည့်မှ တစ်တွဲစီ ဆို တာကို ကောင်းစွာ သိရသလို၊ ဖယောင်းတိုင် မီးလျှံကို ကြည့် ရင် တစ်ခုတည်း ထင်ရပေမယ့် မီးစာအဟောင်း ဆီအဟောင်း နဲ့ မီးစာသစ် ဆီသစ်တို့ အကြားတစ်ခုစီဖြစ်သလို ဝိပဿနာ ဉာဏ်နဲ့ မြင်နိုင်မှစိတ်တွေရဲ့ လျင်မြန်ပုံ လျှပ်တစ်ပြက်အတွင်း စိတ်ဖြစ်ကြိမ် ကုဋေကုဋာရှိတယ်ဆိုတာကိုနားလည်နိုင်တယ်။

ဒါကြောင့် စိတ် ၈၉ (အကျယ် ၁၂၁) ဆိုတာနဲ့ လျှပ်တစ် ပြက် အတွင်း စိတ်ပေါင်း ကုဋေကုဋာ ဆိုတဲ့ စကား မဆန့် ကျင်ဘူးလို့ မှတ်ပါ။

ဇူလိုင် ၂၈၊ ၂၀၁၅။

---

၄၁၁။ ဆူရှီအလုပ်နဲ့ အကုသိုလ်

မေးခွန်းတခု မေးပါရစေ .. ဖြေတော်မူပါ ဘုရား၊ ဘာသာခြား အချို့သတ္တဝါကို ကိုယ်တိုင် သတ်ပြီးယဇ်ပူဇော်တဲ့ အသားကို အကုသိုလ် အလုပ်မို့ အားမပေးဖို့ တပည့်တော်က ပြောတော့ ဘာသာခြား မဟုတ်တဲ့ မိတ်ဆွေတဦးက ဆူရှီလုပ်သူတွေ လှီး နေတဲ့ ငါးအသားတွေကရော အကုသိုလ် မဖြစ်ဘူးလားလို့ ဆင်ခြေ ပေးပါတယ်။ ကိုယ်တိုင် မသတ်ပေမယ့် သတ်ပြီး ငါး တွေကို လှီးပြီး ရောင်းနေတာ သတ်သူလို အကုသိုလ် ထပ်တူ ဖြစ်မဖြစ် သံသယဖြစ်နေတာကို ဖြေရှင်းပေးတော်မူပါဘုရား။

ဒကာအိုး (အရီဇိုးနား)

---

အလိုလိုဖြစ်

ပါဠိမှာ ပဝတ္တမံသဆိုတာ ရှိတယ်။ မြန်မာလို ‘အလိုလိုဖြစ်အသား ‘လို့ အဓိပ္ပာယ် ရတယ်။ ဗုဒ္ဓလက်ထက်က သီဟအမည်ရှိ စစ်သူကြီး ဘုရားကို ဆွမ်းကပ်မလို့ အလုပ်သမားကိုအသား ဝယ်ခိုင်းပုံက ‘အချင်း.. သွားချေ၊ အလိုလိုဖြစ်သော အသား (ပဝတ္တမံသ)ကို သိလော့’တဲ့။ ‘ပဝတ္တမံသကို သိလော’ဆိုတာကို ‘စျေးထဲမှာ အသားတွေ့ရင် ဝယ်ခဲ့ပါလို့ ဆိုလိုတယ် (အံ၊ဋ္ဌ၊၃၊၂၁၅)’လို့ ဖွင့်တယ်။ အဲဒီ အသားဆွမ်းကို ဗုဒ္ဓ ဘုဉ်းပေးပါတယ်။ မဟာဇနကမင်းဟာ ဖန်ရည်ဆိုး အဝတ်ကို ဝတ်ပြီးမြို့က အထွက် တောင်တံခါး အရောက် ခွေးတစ်ကောင် စွန့်ပစ် သွားတဲ့ အမဲကင်ကို ‘ဤအမဲကား ပံသကူဆွမ်း၊ စင်ကြယ်လှ ၏ (ဇာ၊ဋ္ဌ၊၆၊၇၇)’လို့ ကြံပြီး ကောက်ယူစားသုံးတယ်။ ဒါက ထေရဝါဒဗုဒ္ဓဝါဒီတို့ အသားငါးစားသုံးတဲ့ အတွေးအမြင်ပါ။

‘ဒီ အသားငါးဟာ ငါ့ကို ရည်ရွယ်ပြီး သတ်ထားတာ၊ ငါ စားဖို့သတ်ထားတာ ‘လို့ မြင်ရင်၊ ကြားရင်၊ စိတ်ထဲသံသယ ရှိ ရင် အဲဒီ အသားငါးကို ကိုယ့်ကြောင့် သက်ရှိတစ်ခု သေရတာ မျိုး မဖြစ်သင့်လို့ ရဟန်းတို့ မစားကောင်းဘူး။

ဘာသာတူ

‘ဘာသာခြား မဟုတ်တဲ့ မိတ်ဆွေ’ ဆိုတော့ ဘာသာတူ သို့မ ဟုတ် ဗုဒ္ဓဘာသာမိတ်ဆွေပေါ့။ အဲဒီဗုဒ္ဓဘာသာ မိတ်ဆွေအနေနဲ့ ဖော်ပြပါ အတွေးအမြင်ကို အရင် နားလည်အောင် ကြိုး စားကြည့်သင့်တယ်။ ပြီးမှ .. ‘ဒီဆူရှီ ငါးက ငါ့မိတ်ဆွေ မလှီး ရင်လည်း အခြား တစ်ယောက်က လှီးမှာပဲ၊ ငါ့မိတ်ဆွေ မမှာ ရင်လည်း ဆူရှီငါးရောင်းတဲ့ ကုမ္ပဏီက အခြား ဖောက်သည် တွေကို ရောင်းနေမှာပဲ၊ ဒီတော့ အဲဒါလောက် များပြားတဲ့ ဆူရှီငါးတွေ သေနေရတာဟာ ငါ့မိတ်ဆွေကြောင့်မှ မဟုတ်ဘဲ’ လို့ အလယ်အလတ် သဘောထားနဲ့ ဆင်ခြင်နိုင်ရင် ပဋိပက္ခ စကားနည်းသွားစရာရှိတယ်။

ကောင်းစိတ်မွေး

‘တစ်နေ့ တစ်နေ့ ငါးတွေ လှီးနေတာသတ္တဝါတွေကို သတ်တဲ့ အားပေးမှု တခုဖြစ်မနေဘူးလား’လို့ ဆိုခဲ့ရင် ‘ငါးတွေကိုသတ် တာ ငါးတွေ သေတာဟာ (ကိုယ် မသတ်ပေမယ့် အဲဒီ သတ္တ ဝါတွေ သေမှာ သတ်ခံရမှာပဲ ဖြစ်လို့) ကိုယ်နဲ့ မဆိုင်ဘူး’လို့ အရင် ဖြတ်လိုက်။ ပြီးမှ .. လှီးနေတဲ့ ငါးတွေက သက်မဲ့ ဖြစ် နေလို့ မလွှဲသာလို့ လုပ်စားရတဲ့ ဘဝခမျာမှာ လူ့ခန္ဓာကိုယ် တောင် သေပြီးရင် လက်ပံသား ထင်းတုံးလို အသုံးမကျ ဖြစ် သွားတာပဲလို့ ငါးတုံးကို ကြည့်ရှု ဆင်ခြင်ရင်း ကောင်းစိတ်က လေး ထားနိုင်ရင် ကုသိုလ် မတိုးပွားဘူး ဆိုဦးတော့ အကု သိုလ်ကမ္မပထတော့ မမြောက်တန်ရာပါဘူး။

ယဇ်သား

သတ္တဝါတွေရဲ့လည်ပင်းကို လှီးပြီး ရက်ရက်စက်စက် သတ်နေ တာကို အနောက်တိုင်းသား လူယဉ်ကျေးတွေလည်း အားမပေး ကြပါဘူး။ ဆိုပါစို့ .. သူတို့ ဘာသာရေးအရ ယဇ်ပူဇော်တဲ့ နေ့ မှာ နွားလည်ပင်းကို လှီးတဲ့ ဘာသာခြား မိတ်ဆွေဆီက နွား သားမျိုး ဖြစ်ရင် ‘ငါ့ကို ရည်ရွယ်ပြီး သတ်တာ မဟုတ်ပေ မယ့်’ ဘုန်းကြီး အနေနဲ့ တော့ အဲဒီ အသားမျိုးကို မျိုကျနိုင်မှာ မဟုတ်ဘူး။ ဒီလိုတော့ ရှိတယ် .. အဲဒီနေ့ စျေးမှာ ရောင်းတာ က ယဇ်သားတွေ ဖြစ်နေရင်တော့ ဝယ်ယူလို့ အပြစ် မရှိတန် ရာဘူး။ ကိုယ် မဝယ်ရင်လည်း သူတို့ ဘုရားကို ပူဇော်ဖို့ နွား တွေကိုသတ်မှာပဲ။ ကိုယ့်ကြောင့်သေတာမှ မဟုတ်ဘဲ။

အခြား အကြောင်းကြောင့် အားမပေးဘူး ဆိုရင် တော့ နောက်ခေါင်းစဉ်တစ်ခုနဲ့ ဆွေးနွေးရမှာပေါ့။

ဇူလိုင် ၂၉၊ ၂၀၁၅။

---

၄၁၂။ ပုတီး ဘယ်လို စခဲ့သလဲ

အရှင်ဘုရားရိုသေစွာမေးမြန်းလျောက်ထားခွင့်ပြုပါဘုရား။

ဗုဒ္ဓဘာသာ အစကနဦး မှာတုံးက ရဟန်းသံဃာများနှင့် ဗုဒ္ဓ ဘာသာဝင်များဟာ ပုတီးစိပ်ခြင်း အလေ့အထ မရှိခဲ့ပါဟု မှတ် သားခဲ့ဖူးပါတယ် အရှင်ဘုရား။ အကယ်၍ ယင်းအဆို မှန်ခဲ့ပါ က မည်သည့် အချိန်ကစလို့ ပုတီးစိပ်ခြင်း အလေ့အထ စတင် ပေါ်ပေါက်လာခဲ့ပြီး ထိုအချိန်ကလည်း တပည့်တော်တို့ လက်ရှိ ပုံမှန် စိပ်နေကျဖြစ်တဲ့ ၁၀၈-လုံး ပုတီးများပါလား ဘုရား။ ကရုဏာရှေ့ထား မေတ္တာအားဖြင့် အခါအခွင့်သင့်ပါက ဖြေဆို တော်မူ ပေးပါရန် ရိုသေစွာ တောင်းပန် လျှောက်ထားအပ်ပါ သည် အရှင်ဘုရား။

သန်းထွန်း

-------------------

ကျမ်းညွှန်း

ဘုန်းကြီးမှာJohn Desmond Miller အမည်ရှိသူ ရေးသားတဲ့ Beads and Prayers: The Rosary in History and Devotion အမည်ရှိ ပုတီးအကြောင်း ရေးထားတဲ့ သုတေသန ဆန်ဆန် စာအုပ်ကလေး တစ်အုပ်ရှိပါတယ်။ အဲဒီစာအုပ်မှာ ဖတ်ရတာ လေးကို အခြေခံပြီး ဖောက်သည် ချလိုက်ပါတယ်။ အဲဒီ စာ အုပ် အမ်မာဇန်မှာ ရှိတယ်။ လက်လှမ်းမီရင် ကိုယ့်ဟာကိုယ် ဝယ်ယူပြီးလည်း အဲဒီ စာအုပ်ကို ဖတ်နိုင်ပါတယ်။ ဒါမှမဟုတ် ပြည်ပရောက် သူများ အနေနဲ့ အချို့သော ရပ်ကွက် စာကြည့် တိုက်တွေမှာလည်း ရနိုင်လောက်ပါတယ်။ စာမျက်နှာ ၇၇- လောက်ကစပြီး ဖတ်ကြည့်ပါ..

ပုတီးသဲလွန်စ

ပီရူးနဲ့ တောင်အမေရိက နိုင်ငံတွေမှာဌာနေ (အဲဒီဒေသနေ)လူ မျိုးတွေဟာ တစ်ခုခုကို ရေတွက်မှတ် သားဖို့ ကြိုးထုံးကို အသုံးပြုတယ်။ ယဉ်ကျေးမှုရှေးကျတဲ့ ရှေး ဦး တရုတ်တွေကတော့ အဲဒီ ကြိုးထုံးကို ကွင်းလုပ်ပြီး မှတ် ဉာဏ် အထောက် အကူပြု ပစ္စည်းအဖြစ် အသုံးပြုတယ်။ ဒါဟာ ပုတီးရဲ့ ရှေ့ပြေးအစ ဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ ပုတီးကို အဆင်တန်ဆာ အဖြစ် အသုံးပြုလာကြတယ်။ ဥပမာ .. ပုလဲ ပုတီးကုံး စသည်။ ဘုန်းကြီးရဲ့ မိတ်ဆွေ ဌာနေအမေရိ ကန် (Native American)သွေးပါသူDustin ကိုမေးကြည့်တော့ Hill Tribe (တောင်ပေါ် လူမျိုးစု)တွေဟာ ယနေ့ထိ အလှပြင် အဆင်တန်ဆာ ပစ္စည်း အနေနနဲ့ ပုတီးကို အမြတ်တနိုး အသုံး ပြုကြောင်းသိရတယ်။

ဘာသာရေးတွင်

ဟိန္ဒူတွေက ပုတီးကို ဘာသာရေး ရည်ရွယ်ချက်နဲ့ အစောဆုံး အသုံးပြုခဲ့ဖွယ်ရှိတယ်။ ဟိန္ဒူ ဝေဒကျမ်းတွေမှာသက္ကတ ဘာ သာနဲ့ ဇပ္ပမာလာ (ရွတ်ဆိုရတဲ့ ပန်းကုံးလိုအရာဝတ္ထု) လို့ တွေ့ ရတယ်။ ပုတီးကို ဂနေတ္တိယာ (ရေတွက်ဖို့အသုံးပြုတဲ့ ပစ္စည်း)၊ ကဉ္စနိယာ (ရွှေရောင် အလုံးကလေးတွေ) ဆိုတဲ့ ဝေါဟာရတွေ နဲ့ ဂျိန်းစာပေမှာလည်း တွေ့ရတယ်။ ဒါ့အပြင် တရုတ်ပြည်ကို ဗုဒ္ဓဝါဒ ရောက်တဲ့ အခါတရုတ်တွေဟာ ဗုဒ္ဓရဲ့ဂုဏ်တော်တွေကို မှတ်မိစေဖို့ အထုံးပါတဲ့ ကြိုးကွင်းကို အသုံးပြုကြတယ်။ ဒါက နောက်ပိုင်းမှာ ဘာသာရေး ရည်ရွယ်ချက်နဲ့ ပုတီးကို အသုံးပြု လာပုံသဲလွန်စပါ။

ပါဠိကျမ်းဂန်

သီတင်း မကျွတ်ခင် မဇ္ဈိမနိကာယ်ကို အပြီးဖတ်ရှုနေတဲ့ မိမိရဲ့ အစီအစဉ်အရ မကြာခင်က မဟာသီဟနာဒ သုတ်ကို ဖတ်ပြီး သွားပါတယ်။ ဒီသုတ်တော်မှာ ‘သေယျထာပိ နာမ ဝဋ္ဋနာဝဠီ၊ ဧဝမဿု မေပိဋ္ဌိ ကဏ္ဋကော ဥန္နတာဝနတော ဟောတိ (မ၊၁၊၁၁၅)’ဝါကျကို ဆဋ္ဌသံဂါယနာ ပိဋကတ် မြန်မာပြန်မှာ ‘ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ ၏ (မ-မြန် ၁၊၁၂၁)’လို့ ဆိုတယ်။ ‘ယောက်ရိုးတံ၌ စွပ်လျှို (သီကုံး)၍ ထားသော ဘီးလုံးအစဉ်သည် ဝဋ္ဋနာဝဠိ မည်၏ (ဝိသုဒ္ဓိ၊ဋီ၊၁၊၃၀၆)’ဆိုတဲ့ အဖွင့်လည်းရှိတယ်။

ဘုန်းကြီး စိတ်ဝင်စားသွားတာက ‘ဝဋ္ဋနာဝဠီ’ကို ပုတီး ကုံးလို့ ဘာသာပြန်တဲ့ ကိစ္စပါ။ ဆဋ္ဌသံဂါယနာ ဝန်ဆောင် မထေရ်မြတ်တွေဟာ ဘုရားလက်ထက်မှာ ပုတီးရှိတယ်လို့ ယူ ဆကြပုံရတယ်။

ဗုဒ္ဓနဲ့ ပုတီး

‘သုံးလူများထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး ရှိလိမ့်နည်း’။ ဗုဒ္ဓ ဘုရားမှာ စိပ်ဖို့ ပုတီးရှိပါသလားလို့ ကျည်းကန်ရှင် ကြီးက မေးတာကို ကျီးသဲလေးထပ် ဆရာတော်က ‘ပုတီး ရှိကြောင်း ကျမ်းဂန်၌ မတွေ့ဖူး။ မြတ်စွာဘုရား ပုတီးမကိုင်။ ကိုင်ရင် အဲဒီ ပုတီးကို ဘယ်သူ လှူသည်၊ ဘယ်လို အသုံးပြုသည်၊ ဘယ် လောက်အကျိုးရှိသည်၊ ဘယ်ရဟန်းက အဲဒီပုတီးကို အမွေ ခံရသည်ကို ကျမ်းဂန်မှာ ပြရမယ်။ အဲဒီလို ကျမ်းဂန်မှာ မပြလို့ ဘုရားဟာ ပုတီး အသုံးမပြုလို့ မှတ်ရမယ်’လို့ ဆုံးဖြတ် ခဲ့ပါတယ် (စွယ်စုံကျော်ထင်၊ စာ-၃၅၉)။ ဒါကြောင့်ဘာသာရေး ရည်ရွယ်ချက်နဲ့ ပုတီးကို အသုံးပြုကြောင်း ထေရဝါဒ ပါဠိကျမ်း ဂန်မှာမရှိဘူးလို့ မှတ်သင့်ပါတယ်။

ပုတီးလုံးရေ

ခရူးဆိတ် စစ်ပွဲ ဖြစ်ပွားချိန် (အေဒီ ၁၀၆၉-၁၂၉၁) အတွင်း လောက်က စပြီး ခရစ်ယန်နဲ့ အစ္စလမ် ဘာသာဝင် တွေလည်း ပုတီးကိုအသုံးပြုလာဖွယ်ရှိတယ်လို့ John D. Miller ကယူဆတယ်။ ယင်းနှစ်ခုအနက် မည်သူက စတင်အသုံးပြုတယ်ဆို တာတော့ ဆုံးဖြတ်ရခက်သား။ အိန္ဒိယတရုတ်နဲ့ ပတ်သက်မှု များများရှိသူ အရင် စသုံးတာ ဖြစ်နိုင်တာပဲ။ ပုတီးလုံးရေကို တော့ ကိုယ့်အဓိပ္ပာယ်နဲ့ ကိုယ်ကြိုက်သလောက် ထားတယ်လို့ ယင်း ပုဂ္ဂိုလ်က ယူဆပုံရတယ်။ အရေအတွက် သတ်မှတ်ရန် သာ ပဓာနဖြစ်လို့ ဒီလိုပဲ ဖြစ်ဖို့ များပါတယ်။ ရိုမန်ကက်သလစ်တွေက လုံးရေ ၁၅၀၊ ဂရိအော်သောဒတ်ခ်စ်က လုံးရေ ၁၀၀၊ အစ္စလမ်မှာ အချို့ ၉၉-လုံး၊ အချို့ ၁၀၁-လုံး ရှိကြောင်း သိရတယ်။ ဘာသာရေးဆရာ သို့မဟုတ် ဘုန်းကြီးတွေ ပုတီးကို အသုံးပြုတာ များပါတယ်။

မြန်မာ ဗုဒ္ဓဘာသာမှာတော့ ယေဘုယျအနေနဲ့ လူ့ခန္ဓာ ကိုယ်အစိတ်အပိုင်း ၃၂-ခု (သုံးဆယ့်နှစ်ကောဋ္ဌာသ)ကို ရည် ရွယ်ပြီး ၃၂-လုံး အသုံးပြုတယ်။ ၁၀၈-လုံး ပုတီးကုံးကတော့ မြတ်ဗုဒ္ဓရဲ့တစ်ရာ့ရှက်ကွက် စက်လက္ခဏာအထိမ်းအမှတ်ပြု ဖြစ်လေမလား။

မြန်မာပုတီးအစ

‘သုံးမည်ရတနာ၊ မကွာဆည်းကပ်၊ စွဲကြပ်ပုတီး၊ သုံးသီး သီ တင်း၊ မြဲစင်း လျင်းလျှင်၊ နာခြင်း တရား၊ မှတ်သား နားဝင်၊ အပြည့်ထင်၏’ (ရွှေဟင်္သာမင်းပျို့၊ အပိုဒ် ၆၃)။ ရွှေဟင်္သာမင်း ပျို့ကို အင်းဝခေတ် ရွှေနန်းကြော့ရှင် မင်း (မြန်မာနှစ် ၈၇၁၊ ခရစ်နှစ် ၁၅၀၉)လက်ထက်မှာအရှင်တေဇောသာရမထေရ် ရေးသားခဲ့တယ်။ ဒါကြောင့် ပုတီးစိပ် အလေ့အကျင့်ဟာ မြန် မာ့ ဗုဒ္ဓဘာသာ အစဉ်အလာမှာ အနည်းဆုံး နှစ်ပေါင်း တစ် ခုယုတ် ငါးရာ (၄၉၉-နှစ်၊ အမေရိကန် လွတ်လပ်ရေး သက် တမ်းရဲ့နှစ်ဆကျော်)ကြာခဲ့ပြီပေါ့။

ဇူလိုင် ၂၊ ၂၀၁၅။

----------------

၄၁၃။ ရဟန်းနဲ့ ဆဲဆိုခြင်း

အရှင်ဘုရား၊ ရဟန်းတစ်ပါးသည်လူတစ်ယောက်ကို ‘ဖာသယ် မ’စသည်ဖြင့် မဆဲဆို ကောင်းဟု နားလည်ထားပါသည်။ အဲဒါ မှန်ပါသလား။ ဆဲဆိုလျှင် အဘယ်အာပတ်သင့်ပါသနည်း။ ထို အာပတ်ကို အာပတ် ဖြေလျှင် ပျောက်သွားပါသလား။ ကျေးဇူး ပြု၍ ဖြေကြားပေးစေချင်ပါသည်။

စုသက်မွန် (လမ်းမတော်)

-------------------

ဆဲတယ်ဆိုတာ

လှံကို ကိုင်ပြီး သူတစ်ပါးကို ထိုးရာမှာ လှံဟာ သူတစ်ပါး နာ ကျင်အောင်ထိုးစိုက်မယ့် အရာဝတ္ထုပဲ။ ဒီလိုပဲ ..လူမျိုး၊ ဇာတ် နိမ့် ဇာတ်မြင့်၊ သူ့အမည်၊ အလုပ်အကိုင်၊ သွင်ပြင်ပုံဟန်၊ အတတ်ပညာ၊ သူ့မှာရှိတဲ့ ရောဂါ၊ သူ့မှာအဖြစ်များတဲ့ လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယ၊ သူသင့်တဲ့ အာပတ် (ရဟန်းဆို ရင်)၊ မေထုန် အင်္ဂါဇာတ်ခွေးစသည်..ဒီဆယ်မျိုးနဲ့ တစ်ဖက် သားကို ပြောဆိုတဲ့ အခါ စိတ်နှလုံး မခံသာ ဖြစ်ရလို့ ဒီဆယ် မျိုးကို လှံနဲ့ တူတဲ့ ဆဲရေးကြောင်း ဝတ္ထုလို့ ခေါ်တယ်။ ဒီဆယ် မျိုးကို ကိုင်ပြီး သူတစ်ပါး ထိခိုက်အောင် ပြောတာကို နှုတ်လှံ ထိုးသို့မဟုတ် ဆဲတယ်လို့ ခေါ်တာပေါ့။

မပြည့်စုံဘူး

ဒီဝိနည်း ပညတ်ချက်အရ ရဟန်းတွေဟာ ကြမ်းတမ်းစွာ မဆဲ ဆိုတာကို ကိုယ့်ကျင့်တရား အနေနဲ့ (တနည်းပြောရင် မိမိရဲ့ ရဟန်းဘဝထဲကို ထည့်သွင်းပြီး) လိုက်နာကျင့်သုံးရလို့ ရဟန်း အများစုရဲ့ နှုတ်ဟာ ယဉ်ကျေး သိမ်မွေ့ပါတယ်။ ပြောရဲတာက လူအများစုရဲ့ နှုတ်ထွက်ထက် သာလွန်တာတော့ သေချာပါတယ်လို့ ပါပဲ။ ဒါပေမယ့်..အဲဒီ ဝိနည်းပညတ်ချက်ရှိလို့ ရဟန်း အားလုံး very good လို့ တော့ ဘုန်းကြီး မဆိုလိုပါဘူး။ တစ်ဦး ချင်းစီရဲ့ မွေးရာပါ ဓလေ့စရိုက်၊ ကြီးပြင်းခဲ့ရတဲ့ ဘဝ၊ လက်ရှိ အခြေအနေရဲ့ အနိမ့်အမြင့်တွေကြောင့် သိလျက်နဲ့ မထိန်းနိုင်သူ တွေရှိတယ်။ ဒီအထဲဖြေဆိုတဲ့ ဘုန်းကြီးလည်းမကင်းပါဘူး။ Good လာအောင်တော့ကိုယ့်ကိုယ်ကို ပြုပြင်ဆဲရှိပါတယ်။

အင်္ဂါ ၄-ချက်

အဲဒီ ဆယ်မျိုးနဲ့ ငြိပြီး အင်္ဂါ ၄-ချက်နဲ့ ညီရင် ဆဲတဲ့ ဘုန်းကြီး မှာ ရဟန်းအချင်းချင်းကို ဆဲရင် ဒီအက္ကောသ (သို့မဟုတ် ဩ မသဝါဒ) သိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်တယ်။ ဘိက္ခုနီ၊ သာမဏေနဲ့ လူတွေကိုဆဲရင် ဒုက္ကဋ် အာပတ်သင့်တယ်။ အဲဒီ ဆယ်မျိုးနဲ့ ရဟန်းကိုစောင်းချိတ်ပြီး ပြောရင် (ဥပမာ..သူ တောင်းစားကြီး လာနေပြီ.. စသည်) ဒုက္ကဋ်၊ ရဟန်းလူ သာမ ဏေ ဘိက္ခုနီကို ပြောင်လှောင်ပြောရင် (ဥပမာ .. ဒါမှတို့ သူ ဌေးသားကွ .. စသည်) ဒုဗ္ဘိသီ။ ဒီအာပတ် နှစ်မျိုးလုံးကို ဒေသ နာကြားပြီး ကုသလို့ရတယ်။

အင်္ဂါ၄-ချက်ရှိတယ်..၁) ရဟန်းကိုဆဲ ၂)တိုက်ရိုက် ဆဲ ၃) ဆဲခံရသူက ဆဲတဲ့ စကားလုံးတွေကို နားလည် ၄) စာပေသင်ကြားပို့ချစဉ်မှာ စာထဲမှာပါလို့ သို့မဟုတ် အကျိုးရှိဖို့ ရည်ရွယ်ချက်နဲ့ ပြောဆိုခြင်းမျိုး မဟုတ်ခြင်း။

အာပတ်မသင့်

ဘုန်းကြီးဆီ လာနေတဲ့ Chris (ဒီကောင် လာနေတာ ၁၀-နှစ် ကျော်ပြီ)ကိုဒီကောင်ဂချိဂချောက် လုပ်ပြီဆိုရင် ‘ခွေး...မ.. တား’လို့ ဘုန်းကြီးက ခပ်တည်တည်နဲ့ ဗမာလိုဆဲတော့ကိုယ့် လူက ဘုန်းကြီးရဲ့ ပါးစပ်ကို သေချာကြည့်ပြီး ပြုံးစိစိနဲ့ yah ..တဲ့၊ ရောချတယ်။ ဘုန်းကြီး အာပတ် မသင့်လောက်ပါဘူး။ ဘေးက တစ်ယောက်ပြောလို့ သူနားလည်ရင်တော့ ဘုန်းကြီး ဒုက္ကဋ်အာပတ်သင့်မှာပေါ့။

ဩဂုတ် ၂၊ ၂၀၁၅။

----------------

တောင်းပန်လျှင်

ဒေါသေန ဟိ ဒုဋ္ဌော မာတာပိတူသုပိ စေတိယေပိ ဗောဓိမှိပိ ပဗ္ဗဇိတေသုပိ အပရဇ္ဈိတွာ မယှံ ခမထာတိ အစ္စယံ ဒေသေတိ၊ တဿ သဟ ခမနေန တံ ကမ္မံ ပါကတိကမေဝ ဟောတိ (အံ၊ဋ္ဌ၂၊၁၉၁)။ မိဘနှစ်ပါးကိုဖြစ်စေ၊ စေတီဗောဓိပင်ရဟန်းသံဃာကိုဖြစ်စေ ဒေါသ ဖြင့် ပြစ်မှားမိသူသည် အပြစ်ကို သည်းခံတော်မူပါဟု ဆို၍ တောင်းပန် သော်တောင်းပန်ပြီးသည့် ခဏမှာပင် ထိုအကုသိုလ်ပျောက်သွား၏။

၄၁၄။ ငရဲထိန်းရဲ့ အကုသိုလ်

အရှင်ဘုရား၊ ရိုသေစွာ မေးမြန်း လျှောက်ထားခွင့် ပြုပါဘုရား။ ငရဲဘုံမှာ ငရဲထိန်းတွေက ငရဲသားတွေကို အမျိုးမျိုး နှိပ်စက် ကလူ ပြုမူကြတယ်ဆိုတော့ ငရဲထိန်းတွေ ပြုလုပ်တဲ့ ကံအကျိုး ပေး ဆိုတာရော ရှိပါသလား။ ဒါမှမဟုတ် အကုသိုလ် ကံတွေကို ပြုထားကြတဲ့ ငရဲသားတွေကို အပြစ်ပေးတာ ဖြစ်လို့ အဟောသိကံ အနေနဲ့ ဖြစ်သွားသလား ဘုရား။ ကရုဏာ ရှေ့ ထားမေတ္တာ အားဖြင့်အခွင့်အခါ သင့်ပါက ဖြေကြားပေးတော်မူ ပါရန်ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။

သန်းထွန်း

-------------------

ဘဝသံသရာ

ဒီလို စပြီး စဉ်းစားကြည့်မယ် .. ငရဲဘုံဆိုတာ အပါယ်လေးဘုံ ထဲက တစ်ခု။ အပါယ်လေးဘုံဆိုတာ ၃၁-ဘုံထဲမှာ ပါတယ်။ အဲဒီတော့ ‘ငရဲဘုံမှာ ငရဲထိန်းတွေဓ’ဆိုတာ သုံးဆယ့်တစ်ဘုံ သားပဲ။ သုံးဆယ့်တစ်ဘုံသားမှန်ရင် ငရဲထိန်းပဲ ဖြစ်ဖြစ်၊ ငရဲ သားပဲ ဖြစ်ဖြစ် ကံအကျိုးပေးတဲ့ အခွင့်အရေးက အတူတူပါပဲ။ ‘ကမ္မ ဝိပါကော နာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ = ကံ အကျိုးပေး ဘယ်သူမှ ပြေးမလွတ်ဘူး (ဝိ၊ဋ္ဌ၊၂၊၄)’တဲ့။ ကံ အကျိုးပေးဆိုတဲ့ နိယာမအရမှာ အခြားဘာသာတရား တွေလို Special choice people (ဘုရားသခင်ရဲ့အခွင့်ထူးခံလူမျိုး)ရယ် လို့ မရှိကောင်းဘူး။ ၃၁-ဘုံအတွင်းမှာ ရှိသူတိုင်း ကရွတ်ခွေ ပေါ်မှာ လျှောက်နေတဲ့ ကင်းကောင်လို ဝိုင်းကြီးပတ်ပတ်လည် ပြီး သူဟာ ကိုယ့်အစာ ဖြစ်လိုက်၊ ကိုယ်ဟာ သူ့အစာ ဖြစ် လိုက်နဲ့ ကာမရူပ အရူပဆိုတဲ့ ဘုံသုံးမျိုးမှာ မဆုံးနိုင်တော့ဘူး။ ‘သုံးဆယ့်တစ်ဘုံဝဋ် အတွင်း..ရောက်တော့ကရွတ် ကင်း.. လျှောက်တဲ့ တေးဘုမ္မာ .. အဲဒါ အဲဒါ အဲဒါ .. ဘဝသံသရာ’ဆို မဟုတ်လား။

မရွေ့စတမ်း

မောဟလွှမ်းတဲ့ ကမ္ဘာမှာ ကြီးနိုင်ငယ်ညှင်း အလုပ်ကို အားရ ပါးရ လုပ်တယ်။ အစွယ်နဲ့ ခွန်အားဗလ ကြီးသူက ဘဝတူ နုငယ်တဲ့ သားကောင်တွေကို သတ်ဖြတ် စားသောက်တယ်။ ယုံကြည်မှု မတူလို့ လူအချင်းချင်း ရက်ရက်စက်စက် ခေါင်း ဖြတ်တယ်။ ကျားတွေ ခြင်္သေ့တွေဟာ အစာအနေနဲ့ သမင်စတဲ့ သားကောင်ကို ကိုက်သတ်တာပဲ။ ဘုရားသခင် ချမှတ်တဲ့ ကျမ်းစာအရ တမန်တော်ကို စံနမူပြုပြီး သူတစ်ပါးရဲ့ ဦးခေါင်းကို ဖြတ်လိုက်တာပဲ။ မောဟနည်းပြီး အသိဉာဏ် ပွင့်လင်းတဲ့ လူသားအမြင်နဲ့ ကြည့်ရင် .. မျှတပါရဲ့လား။ ဗုဒ္ဓရဲ့ ကမ္မနိယာမ အရ ကောင်းတာ ဖြစ်စေ၊ ဆိုးတာ ဖြစ်စေ တစ်ခုခုကို လုပ် မိရင် စေတနာ ပြင်းထန်သလောက် တူညီတဲ့ အကျိုးတစ်ခုကို ရတာချည်းပဲ။ ကျားတွေ ခြင်္သေ့တွေ သွေးစွန်းလက်ပိုင်ရှင်တွေ ‘တစ်ကွေ့မှာတော့ မရွေ့စတမ်းပဲ’ပေ့ါ။

အဟောသိကံ

ဒီဘဝမှာပင် အကျိုးပေးတဲ့ ကံ၊ ဒုတိယ ဘဝမှာ အကျိုးပေးတဲ့ ကံ၊ နိဗ္ဗာန်မရမချင်း အကျိုးပေးတဲ့ ကံ၊ ပြုရုံမျှဖြစ်ပြီး အကျိုးမ ပေးတဲ့ ကံ (အဟောသိကံ)လို့ အကျိုးပေးချိန်အရ ကံလေးမျိုး ရှိတယ်။ ပထမမျိုးကံကို အများကြီးလုပ်ထားရင် ကံတစ်ခု ကသာ ဒိဋ္ဌဓမ္မအကျိုး (ဤဘဝမှာ ရတဲ့ အကျိုး)ကို ပေးခွင့်ရှိလို့ ကျန်တဲ့ ကံတွေ အဟောသိကံ ဖြစ်သွားတယ်။ ဒုတိယမျိုးကံလည်း ဒီအတိုင်းပဲ..ဥပမာ အမိသတ် အဘသတ် သံဃာသင်း ခွဲ စတဲ့ အနန္တရိယကံ ငါးမျိုးလုံးကို ကျူးလွန်ထားရင် သတ္တိ အထက်ဆုံး ဖြစ်တဲ့ သံဃာသင်ခွဲကံက ဒုတိယဘဝမှာ အကျိုး ပေးပြီးကျန်တဲ့ ကံတွေက အကျိုးမပေးဘဲ အဟောသိကံဖြစ် သွားတယ်။ သာမပတ် ရှစ်ပါးလုံးကိုရရင် တစ်ပါးပဲ ပဋိသန္ဓေ ကျိုးကို ပေးလို့ ကျန်တဲ့ သမာပတ်တွေက အဟောသိကံ ဖြစ် သွားတယ်။ တတိယမျိုး ကံကတော့ အခွင့်ကြုံတိုင်း အကျိုး ပေးမှာ ဖြစ်လို့ အဟောသိကံ မဖြစ်နိုင်ဘူး။ နိဗ္ဗာန်ကို ရမှပဲ ရပ်တယ်။ ဒါက အဟောသိကံ အကြောင်း ကျမ်းဂန်တွေရဲ့ အဆိုပါ (အဘိ၊ဋ္ဌ၊၂၊၄၃၄။ ဝိသုဒ္ဓိ၊၂၊၂၃၆)။

သာမညစေတနာ

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက ‘အဟောသိကံ ဖြစ်ရ သော ကံတွေအတော်များစွာ ရှိ၏။ ကမ္မပထမမြောက်သော သာမည ဇောစေတနာ (စားရင်းသောက်ရင်း သွားရင်း လာရင်း ဖြစ်ကြသော ကုသိုလ် အကုသိုလ် စေတနာတွေ) အတော် များစွာ ရှိ၏။ ထိုစေတနာတွေသည် ပဝတ္တိကျိုးကိုမျှ ပေးနိုင် ထောက်ပံ့နိုင်သည် ဆိုသော်လည်း သန္တာန်အစဉ်မှာ သတ္တိ မထင်ရှားရစ်ဘဲ ပြီးပြီးပျောက်ပျောက် အဟောသိကံလောက် ဖြစ်သောဇောတွေကသာ များဖွယ်ရှိလေသည် (သင်္ဂြိုဟ်ဘာ သာဋီကာ၊ စာ-၃၅၅)လို့ မိန့်တော်မူပါတယ်။ ပဝတ္တိကျိုး ဆို တာ အသက်ရှင်စဉ် ပေးတဲ့ အကျိုး။ စေတနာ မပြင်းထန်ဘဲ သာမန်မျှ လုပ်မိတဲ့ အသေးစားကုသိုလ်အကုသိုလ်ကံတွေဟာ သန္တာန်အစဉ်မှာ သတ္တိ မထင်ရှားလို့ အဟောသိကံ ဖြစ် သွားဖွယ် ရှိတယ်လို့ ဆရာတော်ကြီးက ယူဆခဲ့ပါတယ်။ ဒီယူ ဆချက်အရ ပြုလုပ်မိပေမယ့် အကျိုးမပေးတဲ့ ကံဆို တာမျိုးလည်း ရှိနိုင်ကြောင်း နားလည်ရတယ်။

မလွတ်ဘူး

အဲဒီလို လုပ်မိပေမယ့် အကျိုးမပေးတဲ့ အဟောသိကံမျိုးဟာ ငရဲဘုံနဲ့ တိရစ္ဆာန် ဘဝတွေမှာလည်း ရှိတော့ ရှိနိုင်တာပါပဲ။ ဒါ ပေမယ့် ငါရဲထိန်းတွေဟာ ငရဲသားတွေကို တာဝန်အရ လုပ်ရ တာပဲ ဖြစ်ဖြစ်၊ လုပ်ချင်လို့ လုပ်တာပဲ ဖြစ်ဖြစ် ပန်ချီကားတွေ မှာ သရုပ်ဖော်ထားသလို လုံ့လစိုက်ပြီး လုပ်ရတာမျိုး ဖြစ်ရင် သန္တာန်အစဉ်မှာ မကိန်းဝပ်နိုင်တဲ့ စေတနာမျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် ငရဲသားတွေကို အပြစ်ပေးတဲ့ ငရဲထိန်းတွေဟာ အဲဒီ အကုသိုလ်ရဲ့ တူသော အကျိုးကို ရဖို့ သေချာပါတယ်။ လူ့ လောကမှာ ထောင်သားကို နှိပ်စက်တဲ့ အာဏာ ပါးကွက်သား တွေ၊ သေဒဏ်ကျသူအတွက် စက်ခလုတ်ကို နှိပ်သူတွေ၊ သား သတ် စက်ရုံမှာ တိရစ္ဆာန်ကို သတ်သူတွေ၊ ဘုရားသခင် ချ မှတ်တဲ့ ကျမ်းစာအရ ယုံကြည်မှု မတူသူကို ခေါင်းဖြတ်သူတွေ အဟောသိကံ ဖြစ်ရိုးရှိပါ့မလား။

လက်သည်းခွံပေါ်မှသဲ

ငရဲဘဝ တိရစ္ဆာန်ဘဝတွေကို ရောက်ပြီးရင် ဖြစ်စေ၊ အယူမှား တစ်ခုကို မျက်စိမှိတ် စွဲမိပြီးရင် ဖြစ်စေ သုဂတိကို ပြန်ရဖို့ ခက်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကိုဝဋ္ဋခါဏု (ဝဋ်ရဲ့သစ်ငုတ်)၊ ပထဝိဂေါပက (မြေကြီးစောင့်)လို့ ခေါ်တယ်။ အမှောင်ကနေ အလင်းကို ပြန်ရောက်ဖို့မလွယ်တော့ဘူး။ ‘အပါယ်လေးဘုံမှ သေ၍ လူ့ဘုံ၌ ဖြစ်သူတို့ကား ငါဘုရား၏ လက်သည်းခွံပေါ်မှ သဲပွင့်တ မျှ နည်းပါး၏။ အပါယ်လေးဘုံမှ သေ၍ အပါယ်လေးဘုံ၌ ဖြစ် ပြန်သူတို့ကား ဤမြေကြီးရှိ သဲလုံးတို့အလား များပြား၏ (သံ၊၃၊၄၁၃)’လို့ မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။ ဒါကြောင့် ဘဝကူး ကောင်းချင်ရင် လူမိုက်ကို အဆိပ်ရှိတဲ့ သတ္တဝါလို အဝေးက ရှောင်ပါလို့ ကျမ်းဂန်မှာဆုံးပါတယ် (ဒီ၊ဋ္ဌ၊၁၊၁၅၀)။

ဩဂုတ် ၁၉၊ ၂၀၁၅။

----------------

၄၁၅။ ယောဂအကျင့်နဲ့ ဗုဒ္ဓဝါဒကမ္မဋ္ဌာန်း

ဘုန်းဘုန်း ဘုရား၊ လေးစားစွာ မေးလျှောက်ခွင့်ပြုပါ ဘုရား။ ယနေ့ခေတ် လူတွေကျင့်သုံးနေကြတဲ့ ယောဂနှင့်ဗုဒ္ဓဓမ္မပတ် သက်မှု ရှိပါသလား ဘုရား။ ဘယ်လို ပတ်သက် ဆက်စပ်နေ သလဲ။ သို့မဟုတ် ဘာကြောင့် မပတ်သက်သလဲ ရှင်းပြပေးစေ လိုပါသည်ဘုရား။

ကိုချစ်ချစ် (ခေတ္တUSA)။

-------------------

ယောဂအစ

ယောဂဆိုတာ သက္ကတ စကားလုံး။ ပါဠိလည်း ဒီစကားလုံး ပါပဲ။ အဓိပ္ပာယ်က လေ့ကျင့်အားထုတ်ခြင်း။ လေ့ကျင့်အား ထုတ်နေသူကိုတော့ ယောဂီလို့ ခေါ်တယ်။ ဒီစကားလုံးနဲ့ ကျင့် စဉ်ကို ဝေဒကျမ်းဂန်တွေမှာ ပထမဆုံးတွေ့ရပေမယ့် သူတော် စင်တွေ ကျင့်ကြံမှု တစ်ခေတ်ဆန်းတဲ့ ဘီစီ ခြောက်ရာစုနဲ့ ငါး ရာစုလောက် (မြတ်ဗုဒ္ဓပွင့်ချိန်)မှာ ပိုပြီးတိုးတက်လာတယ်။ ယောဂအကျင့်ကို ပထမဆုံး ဘယ်ကျမ်းဂန်မှာ ဖော်ပြတယ် ဆို တာ မသေချာပေမယ့် ဘီစီသုံးရာစုနဲ့ ယင်းထက်နောက်ကျ တဲ့ ခေတ်မှာ ပေါ်လာတဲ့ ဥပနိသျှဒ်နဲ့ ဗုဒ္ဓဘာသာ ပါဠိတော်တွေ နဲ့ ရှေးကျတဲ့ ဂျိန်းကျမ်းစာတွေ ဖြစ်တယ်လို့ သုတေသီတို့ ဆိုတယ်။ ဒါကြောင့်ယောဂအစ အိန္ဒိယပါပဲ။

အနောက်သို့

အေဒီ ၁-ရာစု၊ ပထမ နှစ်ဝက်မှာ ဟိန္ဒူဝါဒီ ပတဉ္ဇလိ ရေးတဲ့ ယောဂသျှတ္တကို အခြေခံပြီး အေဒီ ၉-ရာစုမှာ အသက်ရှုခြင်းနဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုကို တွဲပြီး လေ့ကျင့်တဲ့ ကျင့်စဉ်အကြောင်း ကျမ်းစာတွေကို ဟိန္ဒူရသေ့တွေက ရေးကြတယ်။ အဲဒီနောက် အေဒီ ၁၅-စုမှာ ဆွာတမာရမ ရေးတဲ့ ဟထယောဂပဒီပိကာ ကျမ်းအရ ‘ခန္ဓာကိုယ် စင်ကြယ်ခြင်းမှ စိတ်စင်ကြယ်ခြင်းသို့ ရောက်စေတယ်’လို့ ယူဆပြီး ကိုယ်လက် လှုပ်ရှားမှုနဲ့ စိတ်ကို တွဲပြီး လေ့ကျင့်တဲ့ ကျင့်စဉ် ပေါ်လာတယ်။ အခု အနောက် တိုင်းမှာ ခေတ်စားနေတဲ့ ယောဂအကျင့် အများစုဟာ ဒီကျမ်းကို အခြေခံတဲ့ လေ့ကျင့်နည်း ပုံစံတွေ ဖြစ်ပါသတဲ့။ ဒီကျင့်စဉ် တွေကို ဆွာမိဝိဝေကနန္ဒ အမည်ရှိ အိန္ဒိယ လူမျိုးက ၂၀-ရာစု အစောပိုင်းမှာ အနောက်တိုင်းကို ယူဆောင်ခဲ့ပြီး ၁၉၈၀-ပြည့် လွန်နှစ်တွေမှာအထူးထင်ရှားလာတယ်။ အခုအမေရိက မြို့ ကြီးတိုင်း နီးပါးလောက်မှာ အခကြေးငွေနဲ့ သင်ပေးတဲ့ ယောဂ စင်တာတွေ ရှိတယ်။

ပန်းတိုင်

ဘာသာရေးယုံကြည်မှုကို အခြေခံပြီး ကျင့်ပုံကျင့်နည်းတွေ အမျိုးမျိုးနဲ့ ပန်းတိုင်ကလည်း အထွေထွေ အပြားပြားပါပဲ။ ရှေးဦး ဟိန္ဒူနဲ့ ဂျိန်းဝါဒအခြေခံတဲ့ ယောဂအကျင့်ရဲ့ အဓိက ရည်ရွယ် ချက်ကစိတ်ကို မြင့်မားအောင် လုပ်ပြီးမောက္ခကို ရဖို့ဖြစ်ပါတယ်။ အဲဒီ ပန်းတိုင်ကို ရောက်ရေးအတွက် ယောဂနည်း အမျိုးမျိုးကို သင်ကြားကြပါတယ်။ ဗုဒ္ဓသာသနာ မရှိသေးတဲ့ သာ သနာပ အချိန်မှာလည်း စျာန်ရ ယောဂီရသေ့တွေ ရှိကြောင်း ပါဠိတော်အဋ္ဌကထာတွေမှာ ဖော်ပြချက်ရှိတယ်။ မဇ္ဈိမကဗုဒ္ဓ ဝါဒဂိုဏ်း ကျင့်စဉ်လည်း ရှေးဦး ဟိန္ဒူ ယောဂကျင့်စဉ်နဲ့ တူ ကြောင်း ဆိုတယ်။ အိန္ဒိယ ရှေးဦး ယုံကြည်မှုအရ စိတ်ပိုင်း ဘဝရင့်ကျက်မှုဟာ ယောဂရဲ့အဓိကပန်းတိုင်ပါပဲ။ ဒါကြောင့် ယောဂအကျင့် စီးပွားရေး လောကထဲ ရောက်လာပြီး အခ ကြေးငွေနဲ့ သင်ကြားပို့မှုကို ယနေ့ဟိန္ဒူဝါဒစွဲရှိသူတွေက မနှစ် သက်ကြဘူးလို့ ဆိုတယ်။

ကျန်းမာရေး

အနောက်တိုင်းမှာတော့ ယောဂအကျင့် (ကိုယ်လက် လှုပ်ရှား မှုနဲ့ စိတ်ကို တွဲပြီး လေ့ကျင့်မှု)ကို စိတ်ပိုင်းဘဝ တိုးတက်ရေး နဲ့ မောက္ခအတွက် မဟုတ်ဘဲ လောလောဆယ် ကိုယ်စိတ် ကျန်းမာရေးကိုပဲ အဓိက ရည်ရွယ်ပါတယ်။ ဒီအကျင့်ကို ကျင့် ရင် ကိုယ်နဲ့ စိတ်ကိုကျန်းမာစေပြီး ကင်ဆာနဲ့ နှလုံးရောဂါလို ရောဂါကိုပင် သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သုတေသီ တို့ ယုံကြည်ကြတယ်။ အဲဒီ ကိုယ်လက် လှုပ်ရှားမှုပါတဲ့ ယော ဂအကျင့်ကို ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းရေး အထောက် အကူပြု လေ့ကျင့်ခန်းပုံစံ၊ စိတ်ဖိစီးမှုကို လျှော့ပါးစေတဲ့ နည်း စနစ်အဖြစ် အသုံးပြုကြတယ်။

ထေရဝါဒ

ကမ္မဋ္ဌာန်းထိုင်နည်းအမျိုးမျိုးနဲ့ အကျိုးအထွေထွေကို အသေး စိတ် မှတ်တမ်းတင်ထားတာက ဘီစီသုံးရာစုမှာ ပေါ်ထွန်းတဲ့ ဗုဒ္ဓဝါဒကျမ်းဂန် (ထေရဝါဒ ပါဠိတော်)တွေဖြစ်ကြောင်း သုတေ သီတို့ အသိအမှတ် ပြုပါတယ်။ ဘုန်းကြီးတို့ ထေရဝါဒမှာ ကမ္မဋ္ဌာန်း ရှုမှတ်ပုံ သို့မဟုတ် (၎င်းတို့ သုံးနှုန်းပုံအရ) ယောဂ ကျင့်ပုံက သမထနဲ့ ဝိပဿနာလို့ နှစ်မျိုးပါပဲ။ အဓိက ပန်း တိုင်က ဒီဘဝ ရောဂါပျောက်ဖို့ မဟုတ်ဘဲ မဂ်ဉာဏ် ဖိုလ် ဉာဏ်ကို ရပြီး သံသရာမှ ထွက်မြောက်ဖို့ ဖြစ်ပါတယ်။ ဒီကျင့် စဉ်ကို ကျင့်သူဟာ သီလခေါ်တဲ့ ကိုယ်ကျင့်တရား အခြေခံမှာ ရပ်တည်ရတယ်။ ဗုဒ္ဓဝါဒမှာ အရက်သောက်သူ ကြာခိုသူယော ဂကျင့်လို့ မအောင်မြင်ဘူး။

အဖြေ

ယောဂအကြောင်းကို အဲဒါလောက် ဗဟုသုတ ရလိုက်ပြီးရင် ‘ယနေ့ခေတ် လူတွေ (အထူးသဖြင့် အနောက်တိုင်း သားတွေ) လုပ်နေတဲ့ ယောဂနဲ့ ဗုဒ္ဓဓမ္မ ပတ်သက်မှု ရှိသလား’ဆိုရင် ‘ရှိတယ်’လို့ တော့ ဖြေနိုင်တယ်။ ‘ဘယ်လို ဆက်စပ်သလဲ’ဆိုရင် သမိုင်းအရ ရှေးကျတဲ့ ဗုဒ္ဓဝါဒ ပါဠိတော်မှာပါတဲ့ ကျင့်စဉ် အချို့ကို အခြေခံပြီး နောင်အခါ ခွဲထွက် တီထွင်တာ ဖြစ်ဖွယ်ရှိလို့ ‘အခြေခံအရ ဆက်စပ်မှု ရှိတယ်’လို့ ဆိုနိုင်တယ်။ တစ်ချိန် တည်းမှာမပတ်သက်ဘူးလို့လည်း ဆိုနိုင်တယ်။ ‘ဘာကြောင့် မပတ်သက်သလဲ’ဆိုရင် ကျင့်ပုံလည်း မတူတော့သလို ရည် ရွယ်ချက်ပန်းတိုင်လည်းခြားနားနေလို့ ပါပဲ။

Ref : Yoga Body: The Origins of Modern Posture Practice by Mark Singleton, Oxford University Press

စက်တင်ဘာ ၃၊ ၂၀၁၅။

----------------

၄၁၆။ ဖားသားဆွမ်း

ဘုန်းဘုန်း ဘုရား၊ တပည့်တော်မ၏ ခင်ပွန်းက ဖားသားကို နှစ်သက်သဖြင့် စျေးတွင် ဝယ်ယူ၍ ရပါက မကြာခဏ ဖား သားကို မန်ကျည်းရွက်နှင့် ကြော်ချက်လေ့ ရှိပါသည်။ နေ့စဉ် ဘုရားဆွမ်းတော် ကပ်နိုင်အောင်လည်း ကြိုးစားနေပါ သဖြင့် ဖားသားကြော်သည့် နေ့မှာ ဖားသားဟင်းကိုလည်း ဆွမ်းတော် ကပ်မိပါသည်။ မိတ်ဆွေ တစ်ယောက်က ဖားသားဟင်းကို ဆွမ်းတော် မကပ်ကောင်းဟု ဆိုပါသည်။ ငရဲကြီးတော့မယ်ဆို ပြီး တပည့်တော်မ စိတ်မချမ်းသာ ဖြစ်မိပါသည် ဘုန်းဘုန်း။ တပည့်တော်မ ဘယ်လိုလုပ်မည်ကို မိန့်ကြားစေလိုပါသည်။

နော်ထွေး၊ စမွန်းရွာ၊ ထိုင်းနိုင်ငံ။

-------------------

မစားကောင်း

ဝိနည်းမှာ အကပ္ပိယမံသ (ရဟန်းသံဃာတွေ မစားကောင်းတဲ့ အသား)ကို ဆယ်မျိုးပြတယ်။ ‘လူခွေးမြင်းဆင် သစ်ကျား ခြင်္သေ့ ဝံအောင်းမြွေ’တဲ့။ လူသားက ဇာတ်တူသားဆိုတော့ စားရင် လူရိုင်းနဲ့ တူသွားမှာပေါ့။ ဗုဒ္ဓခေတ်က ဗုဒ္ဓ သီတင်းသုံး တဲ့ ပတ်ဝန်းကျင် အရပ်မှာ ခွေးနဲ့ မြွေကို လူတွေ မစားဘူး။ စားတဲ့ လူကိုလည်း အဆင့်နိမ့်တယ် စရိုက်ကြမ်းတယ်လို့ ကဲ့ရဲ့ တဲ့ သဘောရှိတယ်။ မြင်း ဆင်ကဘုရင့် အသုံးအဆောင်ဖြစ် လို့။ ကျန်ငါးမျိုးက တောရိုင်း တိရစ္ဆာန်တွေ ဖြစ်တော့ သူ့တို့ရဲ့ အနံ့ကိုရရင် တောနေ ရဟန်းတွေကို အသက်အန္တရာယ် ပြုနိုင် လို့ တားမြစ်တာ။ အဲဒီ ဆယ်မျိုးကလွဲရင် ကျန်တဲ့ အသားတွေ ကိုကပ္ပိယမံသ (စားကောင်းတဲ့ အသား)လို့ မှတ်နိုင်တယ်။

အပ် မအပ်

မကျန်းမာချိန်၊ အစားအစာငတ်မွတ် ရှားပါးချိန်မှာ ပရိယာယ်နဲ့ အပြစ်လွတ်အောင်လုပ်နိုင်တဲ့ ခြွင်းချက်တွေ ရှိတယ်။ ပုံစံ တစ် ခု .. ဆရာတော်တစ်ပါး အသည်းအသန် နာမကျန်း ဖြစ်နေတယ်။ ဗိန္ဓောဆရာက ခွေးသား စွပ်ပြုတ်ကလေး ကျွေးရမယ် လို့ အကြံပေးတယ်။ ကြည်ညိုတတ်တဲ့ ဒကာဟာ ရဟန်း ခွေး သား မစားကောင်းမှန်း သိလျက်နဲ့ စွပ်ပြုတ်ဟင်းချို ချက်ပြီး ဆရာတော့်ဆီ ယူလာတယ်။ ဆရာတော်က ‘ဘာသားနဲ့ ချက် တာလဲ’လို့ မေးတယ်။ ဒကာကသိသိကြီးနဲ့ ‘တောသားဟင်း ချိုလေးပါ ဘုရား’လို့ လျှောက်တယ်။ ဆရာတော် ဘုဉ်းပေးတယ်။ ဒကာအပြစ်ရှိသလားဆိုတော့ ‘တေသံ ဗဟုပုညမေဝ ဟောတိ (မ၊ဋ္ဌ၊၃၊၃၆) = ကျန်းမာစေလိုတဲ့ ဆန္ဒနဲ့ ကျွေးတာ ဖြစ်လို့ ကုသိုလ်တောင်ရသေးတယ်’တဲ့။

ယခု မြန်မာပြည် တစ်ဝန်း ရေကြီးတဲ့ နေရာတွေမှာ အစားအစာရှားပါးမယ်။ ဘုန်းကြီး မစားကောင်းတဲ့ ဆင်သား မြင်းသားခြောက်တွေကို ‘တောသားခြောက်ပါ’ဆိုပြီး ကပ်လှူ မယ်။ ဘုန်းကြီးကလည်း ဒကာ လျှောက်တဲ့ အတိုင်း မစပ်စု တော့ဘဲ စားတယ်။ အလှူရှင် အပြစ်ရှိမရှိ ကိုယ့်ဟာကိုယ် ဆုံး ဖြတ်နိုင်ပါပြီ။ ဗုဒ္ဓဝါဒမှာ အဲဒီ ခြွင်းချက် အယူအဆလေးတွေက ချစ်စရာပါ။ အစွန်းရောက် မရောက်ဆိုတာကို ဒီယူဆပုံတွေနဲ့ မှတ်ကျောက်တင်နိုင်တယ်။ ဥပုသ်လအတွင်း အစာအိမ်ရောဂါ ရှိမှန်း ကြိုမသိဘဲ ရေတောင် မသောက်ဘဲ ဥပုသ် စောင့်နေ တုန်း အစာအိမ်ဖောက်လာတော့ ဘုရားငြိုးမှာစိုးလို့ ရေငတ် လျက် မသောက်ဘဲ စွန့်စားလိုက်တာ ဥပုသ်ချိန် မပြည့်ခင် ‘လျှောသွား’တဲ့ သတင်းတွေ ကြားဖူးမှာပေါ့။

အပြစ်မရှိ

ရဟန်းတွေ မစားကောင်းတဲ့ အသားကို စားရင် ဒုက္ကဋ်အာပတ် သင့်တယ်။ ဒါကြောင့် အဲဒီအသားနဲ့ ဘုရားကိုလည်း ဆွမ်း တော် မကပ်သင့်ဘူးလို့ ဆိုနိုင်တယ်။ ဒီယူဆချက်ကို အခြေ ခံပြီး ဒီလို စဉ်းစားကြည့်မယ် .. အညာမှာ အချို့ လယ်ကြွက် သားကို စားသတဲ့။ ဘုန်းကြီးတို့ တောရွာမှာ အချို့ လင်းမြွေ သားကို စားတယ်။ အများစု ဖားကြော်၊ ဂဏန်းကြော် စားတယ်။ ဘယ်သူက ဘုရား ဆွမ်းတော် ကပ်နိုင်မလဲ။ အမဲသား ဝက်သားကို မစားတဲ့ သူက အဲဒီ အသားနဲ့ ဆွမ်းတော် မကပ် ကောင်းဘူးလို့ ယူဆနေတတ်တယ်၊ အဲဒါ မှန်သလား။ ကိုယ့် ဟာကိုယ် ဆုံးဖြတ်ကြည့်။ ဒုက္ကဋ် အာပတ်ဆိုတာ အာပတ် ခုနစ်မျိုးထဲမှာ အပြစ်ကြီးရာမှ နိမ့်ရာကိုနံပါတ်စဉ်ရင် ခြောက် ခုမြောက်ပဲ။

ဒါကြောင့် စိတ်မချမ်းမသာမဖြစ်ပါနဲ့။ သိလျက်နဲ့ မအပ်တဲ့ အသားကို ကပ်မိရင်တောင် စေတနာကောင်း ရှိနေရင် ကု သိုလ် ဖြစ်နိုင်လို့ မသိလို့ ကပ်မိရာမှာ ကပ်သူမှာ အပြစ် မဖြစ်ဘူးလို့ လုံးဝမှတ်ထားပါ။

စက်တင်ဘာ ၅၊ ၂၀၁၅။

----------------

၄၁၇။ ကဲ့ရဲ့ခံရသူရဲ့ နှလုံးသွင်း

ဆရာတော် အရှင်ဘုရား၊ တပည့်တော်က အများအကျိုးရှိမယ် လို့ ယူဆသည့်အမှန်တကယ်လည်း အကျိုးရှိနေသည့်လုပ်ရပ် တစ်ခုကို အနစ်နာခံပြီး အိတ်စိုက် လုပ်ထားပါလျက် မလိုသူ အချို့က သွားပုပ်လေလွင့် ပြောနေသည်နှင့် ကြုံနေရ၍ ထိုအလုပ်ကို ငြီးငွေ့နေပါသည်။ ကောင်းအောင် လုပ်ပေးပါလျက် ဘာကြောင့် အပြစ်တင် မလွတ် ဖြစ်ရသည်ကိုလည်း စဉ်းစား မရဖြစ်နေပါသည်။ ထိုအတွက် စိတ်ဓာတ်ကျပြီး ဘာမှမလုပ် ပေးတော့ဘူးလို့ စိတ်ထဲမှာ တနုံ့နုံ့ခံစားနေရပါသည်။ ထိုပြဿ နာကို ဓမ္မနှင့်အညီ တပည့်တော် မည်သို့ ဆောင်ရွက်ရမည်ကို ဆရားတော်ထံမှအကြံဉာဏ်ရလိုပါသည် အရှင်ဘုရား။

Dr. မင်းသိုက်မွန် (သင်္ကန်းကျွန်း)

-------------------

ဘုရား ကဲ့ရဲ့ခံရပုံ

ဘုရား ဖြစ်ခါစ ဥရုဝေလာ ဝန်းကျင်မှာ မြတ်ဗုဒ္ဓ သီတင်းသုံး ခိုက်ထင်ရှားတဲ့ မဂဓတိုင်းသားတွေ ရှင်ရဟန်း ပြုနေကြလို့ လူတွေက ‘ငါတို့ရဲ့ဆွေစဉ်မျိုး ဆက်တုံးအောင်လုပ်နေတဲ့ ရဟန်းကြီး’လို့ ကဲ့ရဲ့နေကြကြောင်း ရဟန်းတွေက လျှောက်တဲ့ အခါ မြတ်စွာဘုရားက ‘ကဲ့ရဲ့သံဆိုတာ ကြားရမှ ခုနစ် ရက် ပေါ့’လို့ မိန့်ပါတယ် (ဝိ၊၃၊၅၅)။ ပဉ္စဝဂ္ဂီငါးဦး အရှင်ယသစတဲ့ သိက္ခာ ကြီးသူတွေကိုဘေးချိတ်ပြီးနောက်မှ ရဟန်းပြုလာတဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလ္လာန်တို့ကို အဂ္ဂသာဝက အဖြစ်ခန့်အပ်တဲ့ အခါရဟန်းအချို့ကမြတ်စွာဘုရားကို ‘မျက်နှာ ကြီးရာဟင်ဖတ်ပါတယ်’လို့ ကဲ့ရဲ့ကြတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၆၁)။ နောက်တော့ ပါရမီတောင်းဆု အထူးရှိထားလို့ သာ ထိုသို့ အပ် နှင်းခြင်းဖြစ်ကြောင်း ရဟန်းတွေ နားလည်သွားကြပါတယ်။

ရှင်တော် ဘုရားတောင် ကဲ့ရဲ့ခံရရင် သူလို ကိုယ်လိုတွေ မှာအဘယ်ဆိုဖွယ်ရှိပါ့မလဲ။

အတုလ

အတုလ ဆိုလို့ မန္တလေးက အတုမရှိ ရွှေကျောင်းတော်ကြီးနဲ့ မရောနဲ့ ဦး (စိတ်မကြည်လင်ရင် ဤကိုပင်ကျွဲလို့ ဖတ်မှားတတ်တယ် ဆိုမဟုတ်လား)။ အတုလ ဆိုတာ မြတ်ဗုဒ္ဓ လက်ထက် တော်က ဘာသာရေး လိုက်စားတဲ့ သာဝတ္ထိ မြို့သားပါ။ သူ့မှာ နောက်လိုက် လူငါးရာလောက်တောင် ရှိသတဲ့။ တစ်နေ့ သူ့လူ တွေကိုဦးဆောင် စည်းရုံးပြီး တရားနာမလို့ ဇေတဝန်ကျောင်းကို ရောက်လာတော့ ပရိသတ်နဲ့ ဝေးဝေးနေတတ်တဲ့ အရှင် ရေဝတဆီ ချဉ်းကပ်တယ်။ အရှင်မြတ်က သမာဓိ အပျက်မခံ လိုတဲ့ အတွက် စကားတစ်ခွန်းမျှ မပြောဘူး။ ခပ်တည်တည်ပဲ။ ဒါနဲ့ စိတ်ဆိုးပြီး အရှင်သာရိပုတ္တရာဆီထွက်သွားတယ်။ အရှင် မြတ်က ဒဿန ဆရာကြီးဆိုတော့ အဘိဓမ္မာ တရားတွေကိုပဲ ပစ်ဟောတာပေါ့။ အတုလတို့ လူစု နားမလည်၊ မကျေနပ်ဘူး။ ဒါနဲ့ အရှင်အာနန္ဒာဆီဆက်ပြီး သွားတယ်။ ဤအရှင်ကတော့ ပါးနပ်တယ်။ ဒီလူတွေ ပြောဆိုပုံ ကြည့်ပြီး နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ လိုရင်း တိုးရှင်းပဲ ဟောတယ်။ ဒါလည်း တို လွန်းလို့ ဆို မကြိုက်ပြန်ဘူး။ ဒါနဲ့ ဘုရားဆီ ရောက်သွားပြီး မကျေနပ်တာတွေကို တိုင်တယ်။ မြတ်စွာဘုရားက..

‘အတုလ .. လုံးဝ ကဲ့ရဲ့ချည်း ခံရသူ၊ လုံးဝ ချီးမွမ်းချည်း ခံရသူရယ်လို့ လောကမှာ မရှိဘူး (ဧကန္တံ ဂရဟိတဗ္ဗောယေဝ ဝါ ပသံသိတဗ္ဗောယေဝ ဝါ နတ္ထိ)။ မြေ နေ လ ကောင်းကင်နဲ့ ငါဘုရားရှင်တို့ကိုပင် ချီးမွမ်းသူရှိသလို ကဲ့ရဲ့သူလည်း ရှိတယ်။ ပညာမဲ့ လူမိုက်တွေ အများကြီး ကဲ့ရဲ့ ချီးမွမ်းတာထက် ဆင် ခြင်နိုင်တဲ့ ပညာရှိ တစ်ယောက် ကဲ့ရဲ့ ချီးမွမ်းတာက ပိုလေး နက်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၁၀)’လို့ မိန့်တော်မူတယ်။

ဥပသေနလို

ဗုဒ္ဓ လက်ထက်က ဝင်္ဂန္တ ပုဏ္ဏားနဲ့ သာရီ ပုဏ္ဏေးမတို့ ဇနီး မောင်နှံဟာ သာသနာ့ အာဇာနည်ကြီးတွေရဲ့ မိဘများ ဖြစ်ကြ ပေမယ့် လူသိနည်းတယ်။ အရှင်သာရိပုတ္တ (အဂ္ဂသာဝက = ဘုရားပြီးရင် ဒုတိယ အကြီးမြတ်ဆုံး)၊ အရှင်စုန္ဒ၊ အရှင်ဥသေန၊ အရှင်ရေဝတ၊ အရှင်မတွေ ဖြစ်တဲ့ စာလာ၊ ဥပစာလာ၊ သီသူပစာလာ .. အားလုံး ရဟန္တာတွေချည်း။ အဲဒီ ရဟန္တာ မောင်နှမ ၇-ယောက်တို့ရဲ့ ခမည်းတော်နဲ့ မယ်တော်ပေါ့။ အဲဒီ အထဲမှာ အရှင်သာရိပုတ္တက အမေ့ နာမည်နဲ့ သာရိပုတ္တ (= သာရီရဲ့ သား)လို့ ထင်ရှားပြီး အရှင်ပသေနကျတော့ အဖေ့ နာမည်နဲ့ ဝင်္ဂန္တပုတ္တ (ဝင်္ဂန္တရဲ့သား)လို့ လူသိများတယ်။

အရှင်ဥပသေနဟာ ကိုယ်တိုင်က ရဟန်းတစ်ဝါရပဲ ရှိသေး ချိန် အခြားလူငယ် တစ်ယောက်ကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းခံ မိလို့ (ဒါလည်း ဘုရားသာသနာ စည်ပင်စေလိုတဲ့ စေတနာ ကောင်းနဲ့ လုပ်တာ) မြတ်စွာဘုရားက ကိုယ်တောင် ဘာမှ မဟုတ်ဘဲ သူများကို ဆရာကြီး လုပ်တယ်ဆိုတဲ့ သဘောနဲ့ အရှင်မြတ်ကို များစွာ ကဲ့ရဲ့ ပြစ်တင်တော်မူတယ်။ အဲဒီတော့ အရှင်မြတ်ရဲ့ စိတ်ထဲမှာ ‘ကဲ့ရဲ့ ပြစ်တင်တော်မူတဲ့ ရှင်တော်ဗုဒ္ဓရဲ့ ရွှေနှုတ်တော်နဲ့ ပဲ ပြန်ပြီး ချီးမွမ်းခံရအောင် ငါကြိုးစားမယ်’လို့ ဆုံးဖြတ်၊ ဆိတ်ငြိမ်ရာ အရပ်ကို ချဉ်းကပ်ပြီး တရားအားထုတ် တာ ရက်မကြာခင် ရဟန္တာဖြစ်သွားတယ်။

အရှင်မြတ်ဟာ ကိုယ်တိုင် ဓုတင်ကျင့်ရုံမက တပည့် ပရိ သတ်ကိုလည်း ဓုတင်ဆောင်ပုဂ္ဂိုလ်များ ဖြစ်အောင် စည်းရုံးနိုင် ခဲ့တယ်။ နောက်တော့ ထက်ဝန်းကျင်ပရိသတ်နှင့်တကွ ကြည် ညိုဖွယ် ဂုဏ်ဆောင် ပုဂ္ဂိုလ်များတွင် အထူးချွန်ဆုံး (သမန္တပါ သာဒိကဧတဒဂ်) ပုဂ္ဂိုလ်အဖြစ် ရှင်တော် ဗုဒ္ဓရဲ့ ရွှေနှုတ်တော်နဲ့ ပြန်ပြီး ချီးမွမ်းတာကိုခံရတယ် (အံ၊ဋ္ဌ၊၁၊၂၁၂)။

ကဲ့ရဲ့ ပြစ်တင်တာ ခံရတဲ့ အခါ အရှင်ဥပသေနရဲ့ စံနမူကို ယူပြီး ‘ကဲ့ရဲ့သော ပါးစပ်က ချီးမွမ်းစေရမည်’ဆိုတဲ့ နှလုံး သွင်းနဲ့ ကိုယ့်ကိုယ်ကို တဖြည်းဖြည်းပြုပြင်သင့်တာကို ပြုပြင်ဖို့ အလေ့အကျင့် မလုပ်သင့်ဘူးလား။

ရှောင်ဆောင်

ငါလုပ်လိုက်လို့ ဖြစ်လာတယ် ဆိုတာမျိုး လူရှေ့မှာ သိပ်ပြီး ထုတ်မပြောမိအောင် ဆင်ခြင်။ စကားကို တတ်နိုင်သမျှ လျှော့ ပြော၊ ချိုချိုသာသာ ပြောတတ်ဖို့ လေ့ကျင့်။ ဒဲ့ကြီး သိပ် မပြော မိအောင်လည်း သတိထား။ ကိုယ်နားလည်ထားတာ မှန်နေရင် တောင် လူဘယ်လောက်များများ ကိုယ့်အကြံကိုလက်ခံနိုင် မလဲလို့ အရင် သုံးသပ်။ ကိုယ်ချည်း ရှေ့ကို သိပ်မထွက်နဲ့။ ဘဝတူ လုပ်ဖော် ကိုင်ဖက်တွေကို ရှေ့တိုးပေး။ မြင့်လာရင် ပိုပြီး လေတိုက်ခံရတယ်ဆိုတာကို အမြဲနှလုံးသွင်း။ ဒါလောက် ဆိုကိုယ်လုပ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ပိုပြီးသဟဇာတ ဖြစ်လာ စရာရှိပါတယ်။

စက်တင်ဘာ ၇၊ ၂၀၁၅။

----------------

၄၁၈။ အမျိုးသမီး ဘုရားဆုပန်ခွင့်

ဆရာတော် အရှင်ဘုရား၊ အမျိုးသမီးများသည် ဘုရားဆုကို မတောင်းကောင်းဟု တပည့်တော်မ၏ ခင်ပွန်းက ပြောပါသည်။ အဲဒါ မှန်ကန်ပါသလား။ သူပြောသည့်အတိုင်း မှန်လျှင် အမျိုး သားများသာ ဗုဒ္ဓအဖြစ်ကို ရနိုင်သည်ဟူသော သဘောပါလား။ ရှင်းလင်းဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

ရင်ရင် မော်-သံတွဲ

-------------------

ဗျာဒိတ်ခံခွင့်

ဗျာဒိတ်ဆိုတာ ဒီနေရာမှာ နိယတဗျာဒိတ်ကို ဆိုလိုတယ်။ မြေ ကြီး လက်ခတ်မလွဲ သေချာတဲ့ ဗုဒ္ဓတစ်ဆူရဲ့ ကြိုတင် ဟော ကိန်းလို့ အဓိပ္ပာယ် နားလည်နိုင်တယ်။ အဲဒီ နိယတဗျာဒိတ်ကို ရပြီးတဲ့ ပုဂ္ဂိုလ်ကို နိယတဗောဓိသတ္တ=ဘုရားဖြစ်ဖို့သေချာ နေတဲ့ ဘုရားလောင်းလို့ ခေါ်တယ်။ ဥပမာ .. သုမေဓာ ရှင်ရ သေ့ဟာ ဒီပင်္ကရာ မြတ်စွာဘုရားထံမှ ‘ဤရသေ့ကား ကမ္ဘာ ပေါင်း မည်မျှကြာလျှင် ငါကဲ့သို့ ဗုဒ္ဓဘုရား တစ်ဆူ ဧကန်ဖြစ် လိမ့်မည်’လို့ မြွက်ခြင်းခံရချိန်ကစပြီးဘုရားဖြစ်ဖို့သေချာသွားတယ်။ အဲဒီလို နိယတဗျာဒိတ်မျိုးကို မြွက်ဟခံရမယ့် ပုဂ္ဂိုလ်တို့ ပြည့်စုံရမယ့်အင်္ဂါရှစ်ရပ်ရှိတယ်။ အဲဒါတွေက..

အင်္ဂါရှစ်ရပ်

၁။ လူဇာတ် ဖြစ်ခြင်း
၂။ ယောကျ်ား စင်စစ်ဖြစ်ခြင်း
၃။ ထို ဘဝမှာပင် အလိုရှိရင် အရဟတ္တမဂ်ဖိုလ်ကို ရနိုင်တဲ့ ကုသိုလ် ထူး ရှိခြင်း
၄။ ဗုဒ္ဓဘုရား တစ်ဆူကိုမျက်မြင်ဒိဋ္ဌ ဖူးတွေ့ရခြင်း
၅။ ကမ္မဝါဒီ (ကံကံရဲ့ အကျိုးကို ယုံကြည်သူ) ရှင်ရသေ့ ဖြစ် ခြင်း
၆။ စျာန်သမာတ်ရှစ်ပါး အဘိညာဉ်ငါးပါးနှင့် ပြည့်စုံခြင်း
၇။ သက်တော်ထင်ရှားဗုဒ္ဓဘုရားရှင်အားကိုယ်အသက်ကိုစွန့် လှူရဲတဲ့ ကုသိုလ်ထူး ရှိခြင်း
၈။ စကြဝဠာတိုက်လုံး ပြည့်နေတဲ့ မီးကျီး လှံသွားကို ပမာမထား ကူးခတ်သွား၍ပင် သဗ္ဗညုဗုဒ္ဓ အဖြစ်ကိုရယူလိုတဲ့ အထိဆန္ဒပြင်းပြခြင်း

ဘာကြောင့်

အမှတ် ၁ နဲ့ ၂ အတွက် အကြောင်းပြချက်က လူဇာတ် မဟုတ်တဲ့ အခြား သတ္တဝါတွေက ဘုရားဖြစ်ရန် မလျောက်ပတ် လို့၊ မိန်းမ နပုံး ပဏ္ဍုက် စသည်တို့မှာ ဣန္ဒြေ ရုပ်လက္ခဏာ အရ မသင့်တင့်လို့ (စရိယာပိဋက၊ဋ္ဌ၊၂၇၄) ဖြစ်ပါတယ်။ ဘာ ကြောင့် မသင့်တင့်ရသလဲ ဆိုတာကို အမြွက်လောက် စဉ်းစား ကြည့်ရင် ..နိက္ခမ္မပါရမီ (စည်းစိမ်ကိုစွန့်တဲ့ ပါရမီ)ကိုဖြည့်စဉ် မှာအမျိုးသမီးအဖြစ်အနေနဲ့ အကိတ္တိ၊ ကဏှဒီပါယနစတဲ့ ရသေ့သူမြတ်တို့လို တောတောင်ကို အမှီပြုပြီး တစ်ကိုယ်တည်း နေဖို့ လွယ်ပါ့မလား။ သမ္မုတိသစ္စာနယ်က လောကသားတို့ရဲ့ သတ်မှတ်ချက်တွေ ကိုလည်း ထည့်သွင်း စဉ်းစားရဦးမယ်။

နားလည်မှု

နိယတဗျာဒိတ် ခံရဖို့မှာကို မိန်းမတွေသာမက ယောကျ်ား စစ် စစ် ဖြစ်နေတဲ့ သူသူငါငါတို့လည်း အခြား အင်္ဂါရပ်တွေနဲ့ ကိုက် ညီဖွယ် ရှိပေမယ့် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဘုရား တစ် ဆူကို မျက်မြင်ဒိဋ္ဌ ဖူးရဖို့မှ မဖြစ်နိုင်ဘဲ။ ဒါကြောင့် ‘ဘဝသံသ ရာမှာ ကိုယ်ဖြစ်ချင်တာကို ဆုတောင်းခွင့် ရှိတယ်’ဆိုတဲ့ နား လည်မှုအရ ယနေ့ခေတ်လူသား တစ်ယောက်အနေနဲ့ ကုသိုလ် တစ်ခု ပြုပြီးတဲ့ အခါ မည်သူမဆို မည်သည့်ဆုကိုမဆို တောင်း ခွင့်ရှိတယ်လို့ ဘုန်းကြီးတော့ ယုံကြည်နေတယ်။

ဆိုပါတော့ .. တစ်နေကုန် မူးနေတဲ့ အမူးသမား ယောကျ်ားတောင် မနက်အိပ်ယာကနိုးလို့ အမူးပြေချိန်မှာ ခြံစည်းရိုး ပေါ်က ခဝဲပန်းနဲ့ ဘုရားပန်း တင်ပြီး ‘ဘုရား ဖြစ်ရပါလို၏’လို့ ဆုတောင်းဆဲ သီလဝန္တ သူတော်ကောင်း အစစ်အမှန် ဖြစ်တဲ့ သူ့ဇနီးက မိန်းမဖြစ်ခြင်းဆိုတဲ့ အကြောင်းတစ်ခုနဲ့ အဲဒီလို ဆု ကလေးတောင် တောင်းခွင့်မရှိဘူးဆိုရင် မျှတပါ့မလား။

ပြောင်းလဲနိုင်

သံယောဂသုတ် (အံ၊၂၊၄၄၀)မှာ မိန်းမဟာ မိန်းမ စစ်လျက်နဲ့ မိန်းမ အဖြစ်ကိုမတပ်မက်ရင် မစွဲလန်းရင် မိန်းမဘဝမှလွတ် မြောက်နိုင်ကြောင်း၊ ယောကျ်ားလည်း ယောကျ်ားစစ်လျက် ယောကျ်ားအဖြစ်ကို မစွဲလန်းရင် ယောကျ်ားဘဝမှ လွန်မြောက် နိုင်ကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။ အရှင်အာန္ဒာဟာ ကမ္ဘာတစ်သိန်း သာဝကပါရမီ ဖြည့်ပြီးတာတောင် သူတစ်ပါး မယားကိုကျူးလွန်မိလို့ ၁၄-ဘဝ ကျွန်မိန်းမဖြစ်ရပြီး ၇-ဘဝ ဝှေးစေ့ ထုတ်ခံရသတဲ့ (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၀၈)။ အမျိုးသမီး တွေဟာ ဒါနစတဲ့ ကုသိုလ် ကောင်းမှုတစ်ခုကို ပြုပြီးတဲ့ အခါ ‘ဣဒံ မေ ပုညံ ပုရိသတ္တဘာဝ ပဋိလာဘာယ သံဝတ္တတု = တပည့် တော်မ၏ ဤကောင်းမှုသည် ယောကျ်ားအဖြစ် ရရန်အလို့ ငှာ ဖြစ်ပါစေသတည်း’လို့ တကယ် ဖြစ်ချင်စိတ်နဲ့ ဆုတောင်းရင် ယောကျ်ားအဖြစ်ကိုရနိုင်တယ် (ညွှန်းပြီး)။

အဖြေ

ဗုဒ္ဓဝါဒ ကမ္မဖြစ်စဉ်အရ အခု ဒီဘဝ ယောကျ်ားဟာ နောင်ဘဝ တွေမှာ မိန်းမဖြစ်နိုင်တာ သေချာတယ်။ ဒီဘဝ ယောကျ်ားဟာ နောင်ဘဝတွေမှာ မိန်းမဖြစ်ခွင့် ရှိတာလည်း မလွဲပါဘူး။ ငါ ယောကျ်ား ဆိုပြီး သိပ် ဘဝင်မမြင့်ပါနဲ့။ အရှင်အာနန္ဒာကို ကြည့်ပေ့ါ။ အိမ်ဖော်ဖြစ်ရတာနဲ့၊ ‘ဥအထုတ်ခံရ’တာနဲ့ ..သွက် သွက်ခါ သွားနိုင်တယ်။ ဒီတော့ ယခု မိန်းမဖြစ်နေလို့ ဆိုပြီး တော့လည်း အားမငယ်ပါနဲ့။ အထက်ပါ ဆုတောင်းနဲ့ အတူ တစ်ဆက်တည်း ‘ဣဒံ မေ ပုညံ သဗ္ဗညုတဉာဏ ပဋိလာဘာယ သံဝတ္တတု = တပည့်တော်မ၏ ဤကောင်းမှုသည် သဗ္ဗညု တဉာဏ်ကို ရရန်အလို့ ငှာ ဖြစ်ပါစေသတည်း’လို့ ဆုတောင်းနိုင် ပါတယ်။ တကယ် ဖြစ်ချင်ရင် ဖြစ်မှာပဲ။ ဘုရားဆုပန် ခင်ကြီး တွေထက်တောင် စောချင်စောနေအုံးမှာ။

စက်တင်ဘာ ၉၊ ၂၀၁၅။

----------------

၄၁၉။ မြန်မာ့ဧတဒဂ်

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ တပည့်တော် သည် မိမိကိုးကွယ်သည့် ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ကောင်းစွာ နားလည်လိုပါသဖြင့် အချိန်ရတိုင်း ပိဋကတ် မြန်မာပြန်များ အပါအဝင် ဘာသာရေး စာအုပ်များကို ဖတ်ပါသည်။ ယခု ဖတ်ဆဲစာအုပ်မှာ မြန်မာနိုင်ငံမှ ဧတဒဂ် ဘွဲ့ရသည့် ဆရာတော် တစ်ပါးရဲ့ စာအုပ်ပါ။ ဧတဒဂ်ဘွဲ့ရဲ့ အဓိပ္ပာယ်ကို သိလိုပါသည်။ ဗုဒ္ဓသာသနာတွင် ဧတဒဂ်ဘွဲ့ ရရှိသည့် ပုဂ္ဂိုလ်ပေါင်း မည်မျှ ရှိပါသနည်း။ အမျိုးသမီးမည်မျှ အမျိုးသား မည်မျှဟု ခွဲခြား၍ သိလိုပါသည်။ မြန်မာနိုင်ငံ၌ ဧတဒဂ်ဘွဲ့ ပေးသည့် အစဉ်အလာ ရှိပါသလား။ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။

ကိုသန်းဌေး

---

ဗုဒ္ဓတရားတော်ကို နားလည်ချင်စိတ်နဲ့ စာဖတ်တာဟာ အင် မတန် မှန်ကန်ပြီး အခြေခံကျပါတယ်။ အမျိုး ဘာသာ သာသ နာ ဆိုတာအတွက် စာဖတ်ရမယ်ဆိုတဲ့ စိတ်ထားမျိုး လူငယ် တိုင်းမှာ ရှိသင့်ပါတယ်။ ကိုယ့်ဘာသာ အကြောင်း သိလာလေ တန်ဖိုးကို နားလည်လာလေဖြစ်ပါလိမ့်မယ်။

ဧတဒဂ်

ဧတံ ဧသာ (ဧသော) ဤအမျိုးသမီးသည် (ဤအမျိုးသား သည်)။ အဂ္ဂါ (အဂ္ဂေါ) အသာဆုံး ဖြစ်၏’လို့ မြတ်ဗုဒ္ဓရဲ့ နှုတ် တော်က ဖွင့်ဟပြီး ချီးကျူးတာကို ဧတဒဂ်လို့ ခေါ်ပါတယ်။ ကဏ္ဍအလိုက် အထူးချွန်းဆုံးပုဂ္ဂိုလ်တွေကို ရွေးပြီး ပရိသတ် ထဲမှာ မြတ်ဗုဒ္ဓကိုယ်တိုင် အဲဒီလိုချီးကျူးတာ။ ‘ဧတဒဂ္ဂ’ဆိုတဲ့ စကားလုံးနဲ့ ပြောဆိုပြီး ချီးမွမ်းခံရတဲ့ ဘွဲ့ဟာ မြန်မာလို ‘ဧတ ဒဂ်ဘွဲ့’ပါပဲ။ အဲဒီလို ချီးမွမ်းခံရတဲ့ ပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓ လက်ထက်မှာ မြတ်ဗုဒ္ဓ ပြီးရင် အမျိုးသမီးတွေထဲမှာ သို့မဟုတ် အမျိုးသားတွေထဲမှာ နံပါတ်တစ်ပဲ။ သူနဲ့ ပတ်သက်တဲ့ နယ်ပယ် မှာဘုရားက လွဲရင် ဘယ်သူမှ သူ့လောက် မစွမ်းနိုင်ဘူး။

အရေအတွက်

ဧတဒဂ်ရ ရဟန္တာထေရီ (ရဟန်းအမျိုးသမီး) ၁၃ပါး၊ ဧတဒဂ်ရ အမျိုးသမီး လူဝတ်ကြောင် ဥပါသိကာ ၁၀ ဦး။ ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ် ၄၁ပါး၊ ဧတဒဂ်ဘွဲ့ရလူဝတ်ကြောင် ဥပါသကာ ၁၀ ဦး။ ဒါကြောင့် အမျိုးသမီး ဧတဒဂ်ရ ၂၃၊ အမျိုးသား ဧတဒဂ် ၅၁၊ နှစ်ရပ်ပေါင်း ၇၄-ဦးလို့ မှတ်နိုင်တယ်။ မြတ်ဗုဒ္ဓရဲ့ ၄၅-ဝါ (၄၅-နှစ်)အတွင်း ၇၅-ဦးပဲ ဆိုတော့ တကယ့် ရှားရှား ပါးပါးပဲ။ အဲဒီ ၇၅-ဦးရဲ့အကြောင်းအရာ အပြည့်အစုံ ကိုတော့ မင်းကွန်း တိပိဋကဆရာတော် ဘုရားကြီး ရေးသားတော်မူတဲ့ နိုင်ငံတော် ဗုဒ္ဓသာသနာ့ မဟာဗုဒ္ဓဝင်ကျမ်းဆဋ္ဌမတွဲမှာ ဖတ်လို့ ရပါတယ်။

ထပ်ဖြည့်နိုင်

မဟာဗုဒ္ဓင် ကျမ်းမှာ အင်္ဂုတ္တရပါဠိတော်၊ ဧတဒဂ္ဂဝဂ်မှာ ပါတာ လောက်ကိုပဲ ဖော်ပြတဲ့ သဘောရှိတယ်။ ဒါပေမယ့် အရှင် ဥပါလိရဲ့ တူတော် နာမည်တူ အရှင်ဥပါလိ ရဟန္တာလည်း ဧတ ဒဂ်ဘွဲ့ ရကြောင်း အပဒါန ပါဠိတော်မှာ လာတဲ့ အတွက် ထည့် သင့်လို့ ထပ်ဖြည့်လိုက်ပါတယ်။ ဧတဒဂ်ဘွဲ့ ရကြောင်းကိုလည်း အောက်ပါပါဠိတော်စကားအရ သိနိုင်ပါတယ်..

မမဉ္စ ဂုဏ မညာယ၊ သတ္ထာ လောကေ အနုတ္တရော။ ဘိက္ခုသံဃေ နိသီဒိတွာ၊ ဧတဒဂ္ဂေ ဌပေသိမံ။

(အပဒါန၁၊၁၀၃) လောကထွတ်တင် ဆရာသခင် ဘုရားရှင်သည် ငါ၏ အရည်အချင်းကို သိတော်မူပြီး ရဟန်းသံဃာ (အလယ်၌) ထိုင် တော်မူလျက်ငါ့အား ဧတဒဂ်အရာ၌ ထားတော်မူ၏’။

တူဥပါလိ

ဘဝများစွာ ကုသိုလ်ပါရမီ ဖြည့်ပြီးနောက် ပဒုမုတ္တရဘုရား လက်ထက်မှာ ရသေ့အဖြစ်နဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်ရည်ကို ဥပမာ များစွာနဲ့ တန်ဆာဆင်ပြီး ချီးမွမ်းထောမနာ ပြုတဲ့ အခါ မြတ်စွာဘုရားက ‘ဤရသေ့ကား နောင်တစ်ချိန် ဂေါတမ ဗုဒ္ဓ လက်ထက် ဝိနယပဥှ (ဝိနည်း အမေးအဖြေ) ထက်မြက်မှုတွင် အကျွမ်းကျင်ဆုံး ဧတဒဂ်ရာထူး ထားခံရလိမ့်မည်’လို့ ဗျာဒိတ် မြွက်ဟတော်မူတယ်။ ဂေါတမဗုဒ္ဓ လက်ထက်မှာတော့ ကပိလ ဝတ္ထုမြို့မှာ ဇာတ်နိမ့်မျိုး ဖြစ်တဲ့ ဝိနည်းကျွမ်းကျင်သူ ဧတဒဂ်ရ အရှင်မဟာဥပါလိရဲ့ တူတော် ဖြစ်ပြီး အရွယ် ရောက်တဲ့ အခါ ဦးလေးတော်ဆီမှာ ရဟန်းပြု၊ အချိန်တန် ရဟန္တာဖြစ်၊ ဦးလေး တော် ဆရာကောင်းနဲ့ နီးကပ်စွာ နေရလို့ ဝိနည်းအမေးအဖြေမှာ အလွန် ထက်မြက်ပြီး ဗုဒ္ဓကဧတဒဂ်ဘွဲ့နဲ့ ချီးမြှင့်တော်မူတယ် (အပဒါန၊ဋ္ဌ၊၁၊၆၇)။

မြန်မာ့ဧတဒဂ်

ဧတဒဂ်ဘွဲ့ကို မြတ်စွာဘုရားပဲ ပေးနိုင်တယ်။ မြတ်စွာဘုရားက အိန္ဒိယပြည်မှာ ပွင့်တာဖြစ်လို့ မြန်မာပြည်သား ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ် ရှိတယ်လို့ အတိအကျဆိုရန် ခက်ပါတယ်။ တပုဿနဲ့ ဘလ္လိကတို့ကို မြန်မာပြည်သားလို့ လက်ခံနိုင်ရင်တော့ သရဏဂုံ ၂-ပါးနဲ့ ပထမဆုံး သရဏဂုံတည်ရာမှာ ဧတဒဂ်ဘွဲ့ရတဲ့ မြန်မာနိုင်ငံသားအဖြစ် ထည့်သွင်းရုံပါပဲ။ မြန်မာဘုရင်တွေ ဧတ ဒဂ်ဘွဲ့ (အမည်တူ)ကို ပေးတယ်ဆိုတဲ့ သမိုင်းမှတ်တမ်း မတွေ့ ဖူးပါ။ ရဟန်းဖြစ်စ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄-နှစ်)ခန့်က ဗုဒ္ဓ ဓမ္မလောက စာစောင်မှာ ဧတဒဂ်အရှင်ပညာဇောတ ဘွဲ့အမည် နဲ့ ဆရာတော်တစ်ပါး စာရေးသည်ကို မှတ်မိပါတယ်။ မိမိဘွဲ့ အမည်ရဲ့ ရှေ့မှာ ဘာကြောင့် ဧတဒဂ် ထည့်တယ်ဆိုတာကို ဘုန်းကြီး မသိပါ။ ဆရာတော့် အကြောင်းကို သိတဲ့ အနီးနေ တပည့်ရင်းတွေရှိရင် သိနိုင်လောက်ပါတယ်။

ဘုန်းကြီး စဉ်းစားမိတာ ဆရာတော်ဟာ ‘ဧတဒဂ်ဘွဲ့’ အတွက် ဆုပန်ထားလို့၊ ဆုမပန်ရင်တောင် မြတ်ဗုဒ္ဓ လက်ထက် က ထိုဘွဲ့ရ ပုဂ္ဂိုလ်တွေကို ကြည်ညိုလို့၊ သို့မဟုတ် ဧတဒဂ် အမည်နဲ့ ဆရာတော် တည်ထောင်ထားတဲ့ ကျောင်းတိုက် စ သည် (ရှိခဲ့ရင်)ကိုဂုဏ်ပြုချင်လို့၊ သို့မဟုတ် ဧတဒဂ်အည်ရှိ မဂ္ဂ ဇင်းစာစောင်မှာစာရေးလို့ (ဥပမာ ဒဂုန်ဦးစန်းငွေ.. စသည် လို) စသည်ကြောင့် ဖြစ်ပါလိမ့်မယ်။ အပေါ်မှာ ရှင်းပြထားတဲ့ အတိုင်း အဓိပ္ပာယ်ရှိတဲ့ ဧတဒဂ်ဘွဲ့မျိုး မဟုတ်တာတော့ သေ ချာပါတယ်။

စက်တင်ဘာ ၁၂၊ ၂၀၁၅။

---

ခန္တီဝါရွှေခါမင်းဆုံး၊
ကပိစူမဟာနန်နှင့်
စူဠဓမ် သည်ဇာတ်ပေါင်းမှာ
လောင်းတော်ကရှုံး။

၄၂၀။ ဓမ္မကို ရောင်းစားခြင်း

အရှင်ဘုရား၊ ရုပ်ရှင်မင်းသား မင်းသမီးများကို သရုပ်ဆောင် အတွက် ငှားရမ်းရာ၌ အကယ်ဒမီ ရမရနှင့် နာမည်ကြီးသည့် အဆင့်အတန်းအလိုက် အခကြေးငွေကို နှုန်းထား သတ်မှတ် သလို ဗုဒ္ဓရဲ့ တရားကို ဟောကြားသော ဓမ္မကထိက ဆရာ တော်များကိုလည်း နာမည်ကြီးမှု အဆင့်အလိုက် နှုန်းထား သတ်မှတ်ခြင်းမှာ မှန်ကန်နိုင်ပါမည်လား။ ဗုဒ္ဓ မြတ်စွာဘုရားရဲ့ တရားတော်များကို ဟောကြားပြီး စီပွားရှာလျှင် အဘယ်သို့ သော အပြစ်များဖြစ်ပါသနည်း အရှင်ဘုရား။

ဦးလှဆွေ (ကျောက်ကုန်း)

---

ဓမ္မရေးရာနဲ့ ပတ်သက်ပြီး သံချေးတက် ခြစားလာရင် အဲဒါလည်း ဓမ္မပျောက်ကွယ်ခြင်း အတွက် အန္တရာယ် ပါပဲ။ အပြင် အန္တရာယ်ကို မြင်လွယ်သလောက် အတွင်း အန္တရာယ်ကို မြင် နိုင်ဖို့ခက်ပါတယ်။ စစ်မှန်တဲ့ ပစ္စည်းဆိုတာမျိုးကအလွန်ကြီး ကြော်ငြာစရာမလိုပါဘူး။ ပညာရှိတွေသိပါတယ်။

မစင်ကြယ်

ကျမ်းမြတ်တွေမှာ မြတ်စွာဘုရား တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး ‘လုံးဝ အပိုအလို မရှိ၊ စင်ကြယ်သော အကျင့် မြတ်ကို ပြတော်မူ၏’လို့ ဖော်ပြတယ်။ အဲဒီမှာ ‘စင်ကြယ်တယ်’ဆိုတာ မညစ်ပတ်တာပါပဲ။ ဘုန်းကြီး လာဘ်ရွှင်ဖို့ မျှော် လင့်ပြီး တရားဟောရင် အဲဒီ ဘုန်းကြီး ဟောတဲ့ တရားဟာ ညစ်ပတ်တာပဲ။ လုံးဝ လောကီပစ္စည်းဝတ္ထုကို မငဲ့ကွက်ဘဲ လောကသားတို့ကို အကျိုးဖြစ်စေ လိုတဲ့ မေတ္တာစေတနာ အဦး ပြုပြီး သတ္တဝါတွေ မြတ်ဗုဒ္ဓရဲ့ ဓမ္မအစစ်အမှန်ကို သိပါစေဆိုတဲ့ စိတ်ထားနဲ့ ဟောမှသာ အဲဒီ တရားဟာ စင်ကြယ်တဲ့ တရား ဖြစ်တယ် (မ၊ဋ္ဌ၊၂၊၁၀၈)။

အဲဒီတော့ ဗုဒ္ဓသာသနာကို အမှီပြု၊ မြတ်ဗုဒ္ဓရဲ့ တရားကို ကျင့်သုံးနေတဲ့ ရဟန်းကောင်း တစ်ပါးအနေနဲ့ အထက်ပါ စိတ်ထားမျိုးနဲ့ တရားမဟောသင့်ဘူးလား။

အစစ်နဲ့ အတု

ကေလာသမင်း မြတ်ဗုဒ္ဓရှေ့ကို ရောက်နေခိုက် ရသေ့အသွင်နဲ့ ပုဂ္ဂိုလ် ၇-ယောက် မြတ်စွာ ဘုရားရှေ့မှ ဖြတ်သွားကြစဉ် မင်း ကြီးဟာ အဲဒီ ရသေ့တွေဖက် လှည့်ပြီး မတ်တတ်ရပ် လက် အုပ်ချီလျက် ရိုသေတဲ့ ဟန်နဲ့ ‘တပည့်တော် ကောသလမင်းပါ ဘုရား’လို့ သုံးကြိမ် လှမ်းပြောတယ်။ ပြီးမှ မြတ်စွာဘုရားဖက် လှည့်ပြီး ‘သူတို့တွေက ရဟန္တာတွေပါ ဘုရား’လို့ လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားက..

‘မင်းကြီး .. မင်းကြီးလို လူဝတ်ကြောင် တစ်ယောက် အနေနဲ့ ဒီပုဂ္ဂိုလ်ကဖြင့် ရဟန္တာပါလို့ သူတော်စင်လို့ ခွဲခြားသိဖို့ ခက်ပါတယ်။ အတူတူ ကြာကြာ နေကြည့်မှ၊ ကြာကြာ စကား ပြောဆိုဖူးမှ၊ ကြာကြာတရား စကားဆွေးနွေးဖူးမှ သီလရှိမရှိ သိနိုင်တယ်။ တွေ့ရုံမြင်ရုံနဲ့ မသိနိုင်ဘူး’လို့ မိန့်တော်မူတယ်။

အလိမ်ပေါ်ခြင်း

အဲဒီတော့မှ ကောသလမင်းဟာ မျက်လုံးပြူးသွားပြီး ‘အံဖွယ် ရှိစွ .. မြတ်စွာ ဘုရားသည် အလွန် ပညာ ကြီးမြတ်ပေစွ။ အမှန်တော့ အဲဒီရသေ့တွေဟာ ပြည်သူတွေကို ထောက်လှမ်း ဖို့ တပည့်တော်လွှတ်ထားတဲ့ သူလျှိုတွေပါ။ သူ့ကိစ္စကို ဆောင် ရွက်ပြီးရင် ဇနီးမယားတွေနဲ့ စည်းစိမ်ခံစားနေကြပါ လိမ့်မယ်’ လို့ မြတ်ဗုဒ္ဓကိုလျှောက်တယ်။ အဲဒီအခါမြတ်စွာ ဘုရားဟာ..

‘ရဟန်းသည် မကောင်းမှု အားလုံးကို မပြုရာ။ ရဟန်း၏ အသွင်ဖြင့် သူတစ်ပါး၏ အခစား မဖြစ်ရာ။ သူတစ်ပါးကို မှီ၍ အသက် မမွေးရာ။ တရား ဟောခြင်းဖြင့် စီးပွား မရှာရာ’လို့ မြွက်ကျူးတော်မူတယ် (ဥဒါန၊၄၅၇)။

စီးပွားရှာခြင်း

‘တရားဟောခြင်းဖြင့် စီးပွား မရှာရာ’ဆိုတာ ငွေကြေး စသည်ကို အကြောင်းပြုပြီး တရား မဟောရ။ အဲဒီလို ဟောရင် တရားဟောပြီး စီးပွားရှာတာပဲ။ လူအများရဲ့ ယုံကြည်မှုကိုရတဲ့ အတွက် ဖန်ရည်စွန်း အဝတ်ကိုဝတ်ပြီး ကောသလမင်းရဲ့ သူလျှိုတွေလို လုပ်ရင် ဓမ္မကို အသုံးချပြီး စီးပွားရှာတာပဲ။ အကျင့်မြတ်ကို ကျင့်နေတာတောင် နတ်ပြည်လောကကို တောင့် တပြီးကျင့်ရင် ဓမ္မနဲ့ ကုန်သွယ်ခြင်းပါပဲ (ဥဒါန၊ဋ္ဌ၊၃၀၃)’။

အမှန်ကတော့ သာသနာကို အမှီပြုပြီး ဘုရား မကြိုက်တဲ့ နည်းနဲ့ စီးပွားရေး နိုင်ငံရေး လူမှုရေး ဘာမဆိုကို လုပ်စားရင် ကုသိုလ်ရကြောင်း မဖြစ်နိုင်ပါဘူး။

အသိရှေ့သွား

မေးခွန်းမှာ ပါတဲ့ အတိုင်း ငွေကြေးသတ်မှတ်ပြီး ဓမ္မကထိကကို ပင့်ရတာ မှန်ရင် တော့ အနာဂတ် အမျိုးဘာသာ သာသနာ အတွက် အလားအလာ မကောင်းနိုင်ဘူး။ အင်မတန် မြင့်မြတ် တဲ့ ဓမ္မကထိက အလုပ်ကို သဘင်သည်တွေနဲ့ နှိုင်းယှဉ်ခံရ တာကိုက ရှက်စရာကြီး။ ငွေအတွက် အာပတ်သင့်ရတာ၊ တ ရားဟောပြီး စီးပွားမရှာနဲ့ ဆိုတဲ့ အထက်ပါ ဘုရားရှင်ရဲ့ တား မြစ်ချက်ကို ချိုးဖောက်ရတာတွေဟာ စျာန် မဂ်ဖိုလ်နဲ့ မနီးစပ် နိုင်တဲ့ အပြင်ရဟန်းဘဝရဲ့အန္တရာယ်လည်းဖြစ်နိုင်တယ်။ အဲဒါ တွေကို အခြေခံတဲ့ အကုသိုလ်တွေ တောက်လျှောက် ဖြစ်ရပြီး ဂတိမကောင်းနိုင်လောက်ပါဘူး။

ဒါကြောင့် ကိုယ့်ဒကာတွေက လုပ်ပေးတယ် ဆိုရင် တောင် အထိန်းအကွပ်နဲ့ လူသူ ပြောစရာလည်း မဖြစ်၊ ကိုယ့်အတွက်လည်း အန္တရာယ် ကင်းတဲ့ နည်းတွေကို ရှာပြီး ကိုင်တွယ် သင့်ကြောင်းပါ။

စက်တင်ဘာ ၁၃၊ ၂၀၁၅။

---

၄၂၁။ အထူးသတိ လူ့ကတိ

အရှင်ဘုရား၊ အချို့သောလူ့ဘောင်မှ လူသားများမှာ သူတစ်ပါး ထံမှ ချေးယူထားသော ပစ္စည်း (အထူးဖြင့် ငွေကြး)ကို ပြန်မ ပေးဘဲ နေတတ်ကြပါသည်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်နဲ့ လောလောဆယ် ကြုံနေရလို့ စိတ်မချမ်းမသာ ဖြစ်နေရပါသည် ဘုရား။ အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များ သည် ယခုဘဝ နောင်ဘဝတွင် မည်သို့သော အပြစ် ဖြစ်နိုင် သည်ကို ဟောကြားပေးတော်မူပါဘုရား။

လဲ့လဲ့ရီ (နယူးယောက်)

---

ကတိဟာ လူ့အရည်အချင်း လူ့တန်ဖိုးရဲ့ သော့ချက်ပဲ။ ကတိ ကြောင့် လူလေးစားခံရသလို ကတိပျက်ရင် အရည်အချင်း ရှိ လျက်အသိအမှတ်ပြုမခံရဘဲ ရှိတတ်တယ်။

စပ်တူ မလုပ်ဘူး

အရီဇိုးနားကို ရောက်ခါစမှာ ဗမာတရုတ် တစ်ယောက်က သူ တွဲနေတဲ့ မိတ်ဆွေရင်းကို ‘ဒီကောင်နဲ့ စီးပွားရေး စပ်တူ လုပ် လို့ မရဘူး’လို့ အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ ‘သူ့ကို မယုံ ကြည်ဘဲ ဘာကြောင့်အပေါင်းအသင်း လုပ်နေတာလဲ’လို့ ဘုန်း ကြီးကလည်း မနေနိုင် ဝင်မေးမိတယ်။ ဒီတော့ သူက ‘စီးပွား ရေး အတူလုပ်ရင် ကတိတည်မှ’တဲ့။ သူ့အပြောအရ သူ့မိတ် ဆွေမှာ ကောင်းတာ အချို့ရှိပေမယ့် အချိန်ကိုမလေးစားဘူး။ တစ်နာရီ ချိန်းရင် သုံးနာရီမှ ရောက်လာတာမျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ လိုရင်းကတော့ ကတိ မတည် (သူ့ရည်းစားနဲ့ သာ အဲဒီလိုဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေ မှာ)။ မင်းမှာသစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလိုလုပ်လို့ မရဘူး။

ကိုယ်ချင်းစာ

ရင်းနှီးလို့ ဆိုပြီး ဘာစာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေ သွားလေ့ရှိတာကို တွေ့ရတယ်။ (ဒီလိုမဟုတ်တဲ့ လူအနည်းစုလည်း ရှိနိုင်ပါတယ်)။ ပြောတုန်းက နှစ်လအတွင်း။ ကူညီလို စိတ်နဲ့ ချေးပေးလိုက်သူကတော့ ယူသွားသူ ပြောတဲ့ နှစ်လကို သတိတရနဲ့ မျှော်နေတာပဲ။ ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲ နေမှာ။ ဒါပေမယ့် တစ်ချို့ နှစ်နှစ်မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ်လာ ဖြစ်သွားတတ်တယ်။ သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် ‘အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး’ ဆိုတာမျိုးတောင် ပြော တတ်သေးတယ်။ ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူ အချို့ဟာ အသွင်သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသား နားဘူးဆိုတာကို အခုရရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကို သင်္ခန်းစာယူပေါ့။ အဲဒါ ကိုယ့်အတွက် အမြတ်ပဲ လို့ နှလုံးသွင်းပါ။

သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံနဲ့ ဘုန်းကြီးတောင် အမေရိကကို ရောက်ပြီးမှ ဇာတ်တူသား စား မိလို့ ‘နိဗ္ဗာနဿ ပစ္စယော ဟောတု’လုပ် လိုက်ရတာ လေး ကြိမ် ကြုံဖူးလို့ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန်မရသူတွေကို ကိုယ်ချင်း စာပါတယ်။ ဘုန်းကြီးသာ မကပါဘူး။ ဘုန်းကြီး အတော်များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းက လေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲသလို ကျိတ်ခံနေလိုက်ရတဲ့ ဖြစ်ရပ်တွေကြားဖူးပါတယ်။

ဘုရားဟော

ဣဏသုတ် (အံ၊၂၊၃၀၉)မှာ ကြွေးယူရသူရဲ့ ဆင်းရဲ ၆-မျိုး ဟောကြားပါတယ်။ ဆင်းရဲတာ၊ ဆင်းရဲလို့ အကြွေးယူရတာ၊ အရင်းကို မပေးနိုင်သေးလျှင် အတိုးပေးပါမယ်လို့ ကတိပေး ထားရတာ၊ ကြွေးရှင်က အတိုးကိုတောင်းတာ၊ ပြန်မပေးနိုင်လို့ သူ့နောက်ကို ကြွေးရှင် လိုက်ခံရတာ၊ ဖမ်းခံရတာ။ ဒါတွေက အကြွေးယူသူတို့ရဲ့ ပစ္စုပ္ပန်မှာ ကြုံရမယ့် ဆင်းရဲ ဒုက္ခအကြောင်းအမြွက်မျှပေါ့။ တမလွန်မှာလည်း..

သောပါကမ္မော ဒုမ္မေဓော၊ ဇာနံ ဒုက္ကဋ မတ္တနော။
ယောနိ မညတရံ ဂန္တွာ၊ နိရယေဝါပိ ဗဇ္ဈတိ။

မကောင်းသဖြင့် ပြုထားသည့် မိမိ၏ အကုသိုလ်ကို တရေးရေး တွေး၍ သိနေသော သဒ္ဓါ ဓနစသည် မဲ့မွဲ ထိုလူဆင်း ရဲသည် တိရစ္ဆာန် ဘဝသို့ ရောက်၍ဖြစ်စေ ငရဲဘဝ၌ ဖြစ်စေ ချုပ်နှောင်ခံရ၏။

ကြုံဖူးမှ သိ

ခပ်ငယ်ငယ်က ပါရာဇိကဏ် ပါဠိတော်မှာ ရဟန်းတစ်ပါးဟာ ယောကျ်ား ဘဝကနေ မိန်းမဘဝ ပြောင်းသွားလို့ ဘိက္ခုနီ (ရဟန်းအမျိုးသမီး) ကျောင်းကို ပို့ရတယ်ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရတော့ဒီပုဂ္ဂိုလ်ဟာရဟန်းအမျိုးသမီးတွေထဲမှာ ဟန်ကျပါ့မလားလို့ တွေးခဲ့ဖူးတယ်။ အခုတော့ ကမ္ဘာ့သတင်း မီဒီယာ တွေမှာဆေးပညာနဲ့ အသိအမှတ်ပြုနိုင်တဲ့ အလားတူ ဖြစ်ရပ် မျိုးတွေကိုမြင်တွေ့ရတဲ့ အခါ ကိုယ့်ကိုယ်ကိုအတော်ကြောင်ခဲ့ တာပဲလို့ တွေးပြီး ပြုံးမိတယ်။ ကြွေးယူသူနဲ့ ပတ်သက်တဲ့ မဟာစည်ဆရာတော်ဘုရားကြီးဟောတော်မူတဲ့ အဲဒီလိုထူး ဆန်း ဖြစ်ရပ်တစ်ခုကိုမျှဝေလိုက်ပါတယ်..

ငညို့အကြွေး

မြန်မာနှစ် ၁၂၇၀-၁၂၈၀ ကာလအတွင်းက တောင်တွင်းကြီး အနောက်မြောက် ၁၀-မိုင်လောက် အဝေးမှာ ရှိတဲ့ ချောင်းရိုး ရွာမှာ ကွမ်းထမ်းပြီး ရောင်းတဲ့ အသက် ၂၀ အရွယ် ငညိုနဲ့ ဘဆိုင်လို့ သူငယ်ချင်း နှစ်ယောက် ရှိတယ်။ တစ်နေ့ ဘဆိုင် ဟာဆန်ကုန်နေလို့ ငညို့ဆီကဆန်တစ်စလယ်ချေးပြီးချက် စားရတယ်။ အဲဒီနောက်အကြွေးပြန်မဆပ်ရသေးခင်ဘဆိုင် ပိုးထိ (မြွေကိုက်ခံရ)လို့ သေဆုံးတယ်။ ဘဆိုင်ဟာ ငညို့အိမ်မှာ တိုက်ကြက် လာဖြစ်ပြီး ငညို့ကို သုံးကြိမ်ထိ နိုင်အောင် လုပ် ပေးနိုင်ပေမယ့် ၄-ကြိုမြောက် မနိုင်တဲ့ အခါ ငညို သတ်စားတာကို ခံရတယ်။ အဲဒီ အချိန်မှာ ငညိုရဲ့ နွားမကြီးက ကြက်က လေးကို နမ်းသွားသတဲ့။

ကြက်ကလေး သေတော့ အဲဒီ နွားမကြီးဆီမှာ သန္ဓေနေ ပြီး နွားမလေးအဖြစ် လာမွေးတယ်။ နွားမလေး အတန်ငယ် ကြီးတဲ့ အခါ ငညိုနဲ့ မိတ်ဆွေတွေ အဲဒီ နွားမလေးကို သတ်စား ကြတယ်။ အမဲကို လှီးဖျက်နေတုန်း တောင်တွင်းကြီးမြို့က စာ ရေးကြီးနဲ့ စာရေးကတော် ရောက်လာပြီး စာရေး ကတော်က အလွန် သနားကရုဏာ ဖြစ်သွားပြီး ‘ငါ့နွားသာဆို သတ်မစား ရက်ပါဘူး၊ သေရင် တောင် မြေမြှုပ်ပြီး သင်္ဂြိုဟ်မှာ’လို့ ပြောသ တဲ့။ နောက်တော့ စာရေးကတော်မှာ သားလေး တစ်ယောက် မွေးတယ်။ ၇-နှစ်လောက်ထိစကားမပြောဘူး။

စကားပြောတော့ ‘ငညိုဆန်တစ်စလယ်’လို့ စပြောသတဲ့။ နောက် ဖခင်ကအကြွေးကို ဆပ်ပေးပါ့မယ်ဆိုတော့မှသားဖြစ် သူကချောင်းရိုးရွာငညို့ဆီအရောက်ခေါ်သွားပြီးအားလုံးကို ပြောပြသတဲ့။ ငညို (ထိုအချိန်ဦးညို)လည်း သူ့လုပ်ရပ်တွေအတွက် အလွန် နောင်တ ရသွားသတဲ့။ (ဓမ္မစကြာတရားတော် ကြီး၊ စာ-၃၀၉မှာ အသေးစိတ်ရှုပါ)။

စက်တင်ဘာ ၁၄၊ ၂၀၁၅။

---

စိတ်ထင်တိုင်းသာ လိုက်ကြရှာ ယထာဘူတ ဝေးလေမြဲ။
ယထာဘူတေ ဝေးလေလေ မဂ္ဂေချော်၍ ဩဃထဲ။

(ပထမမဟာဂန္ဓာရုံဆရာတော်)

၄၂၂။ လာလော့ ကျင့်လော့

အရှင်ဘုရား၊ ဧဟိဘိက္ခု ဆိုတာ ဘယ်လို ရဟန်းမျိုးကို ခေါ်ပါ သလဲ။ အဘယ်ကုသိုလ်ကို ပြုလျှင် ဧဟိဘိက္ခုရဟန်း ဖြစ်နိုင် ပါသလဲ။ ဧဟိဘိက္ခု ရဟန်းပေါင်း အဘယ်မျှ ရှိပါသလဲ။ ဖြေ ကြားပေးတော်မူပါ အရှင်ဘုရား။

မင်းနိုင်-တောင်တွင်းကြီး

---

ဧဟိဘိက္ခု

ဧဟိဘိက္ခု၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ ဘိက္ခု၊ ရဟန်း။ ဧဟိ၊ လာလော့။ ဒုက္ခဿ၊ ဒုက္ခ၏။ အန္တ ကိရိယာယ၊ အဆုံးကို ပြုရန်။ ဗြဟ္မစရိယံ၊ အကျင့်မြတ်ကို။ သမ္မာ၊ ကောင်းစွာ။ စရ၊ ကျင့်လော့’။ မြတ်ဗုဒ္ဓရဲ့နှုတ်က အဲဒီလို မြွက်ဆိုပြီး ခေါ်ဝေါ်လိုက်တာနှင့် အခေါ်ခံရသူဟာ ဖြည့်ကျင့် ဆည်းပူးထားတဲ့ ကုသိုလ် ပါရမီထူး ရှိခဲ့ရင် ခေါ်ဆဲ ခဏမှာပဲ ခန္ဓာကိုယ်မှာ ပရိက္ခရာရှစ်ပါး ပေါ်လာပြီး သိက္ခာဝါရင့်ကျက်တဲ့ ရဟန်းအသွင်သို့ ကူးပြောင်းသွားပါတယ်။ ဒီနည်းနဲ့ ရဟန်းဖြစ် လာသူကို ဧဟိဘိက္ခု ရဟန်းလို့ ခေါ်ပါတယ်။

မြန်မာလို အဓိပ္ပာယ် အဖြောင့်ပြောရင် မြတ်စွာဘုရားက ‘လာပါလော့၊ အကျင့်မြတ်ကို ကျင့်ပါလော့’လို့ ခေါ်ခံ ရရုံနဲ့ ရဟန်းဖြစ်သွားသူ။ ဒီနေရာမှာ ‘မိတ်ဆွေ..လာခဲ့ပါ၊ ယုံလိုက် စမ်းပါ’ ဆိုတာမျိုးနဲ့ လေးနက်ပုံ ဘယ်လောက် ခြားနားသလဲ ဆိုတာကို တွေ့နိုင်တယ်။ မြတ်စွာဘုရားရဲ့ ပဌမ ဝါနှစ်ဆယ် အတွင်း အဲဒီလို ဧဟိဘိက္ခု ရဟန်းဖြစ်လာသူတွေ များတယ် (ဝိ၊ဋ္ဌ၊၁၊၂၀၅)လို့ သိရပါတယ်။

ကုသိုလ်ပါရမီ

ဗာဟိယ ဒါရုစီရိယဟာ မြတ်စွာဘုရားရဲ့ တရားကို နာရပြီး နောက် ရဟန်းအဖြစ်ကို တောင်းပန်တဲ့ အခါ မြတ်စွာဘုရားက ၎င်းမှာ တန်ခိုးကြောင့် ဖြစ်တဲ့ သင်္ကန်းကို မရနိုင်ကြောင်း သိ မြင်တဲ့ အတွက် ဧဟိဘိက္ခု မခေါ်ဘဲ သပိတ်သင်္ကန်း ရှာခိုင်း လိုက်ရတယ်။ ဗာဟိယဟာ အတိတ်ဘဝတစ်ခုမှာ ရဟန်းဘဝ နဲ့ နှစ်ပေါင်းနှစ်သောင်းတရားအားထုတ်ပြီးနေထိုင်ဖူးပေမယ့် ပစ္စည်းလေးပါးရလာရင် ကိုယ်ပဲသုံးဆောင်ပြီး အခြားရဟန်း တွေကို သပိတ် သင်္ကန်းစတဲ့ ပရိက္ခရာနဲ့ မချီးမြှောက်ဖူးခဲ့ဘူး (အပဒါန၊ဋ္ဌ၊၂၊၂၃၇)။ ပုက္ကုသာတိ မင်းကတော့ သင်္ကန်း သ ပိတ် လှူထားဖူးတဲ့ ကုသိုလ်ပါရမီထူး ရှိပေမယ့် ပစ္ဆိမဘဝိက (ဒီဘဝမှာ ရဟန္တာ ဖြစ်ကို ဖြစ်ရမယ့်သူ) မဟုတ်တဲ့ အတွက် ဧဟိဘိက္ခုအဖြစ်နဲ့ လွဲရတယ် (မ၊ဋ္ဌ၊၃၊၂၁၅)။

ပြလိုရင်းက ဧဟိဘိက္ခု ဖြစ်ချင်ရင် ဒီဘဝဟာ နောက်ဆုံး ဘဝ (ပစိမဘဝိက)လည်း ဖြစ်ရမယ်၊ ပရိက္ခရာ ရှစ်ပါး လှူဒါန်း ပြီး ဧဟိဘိက္ခု ဖြစ်ဖို့ ဆုတောင်းအထူးလည်း ရှိဖူးရမယ် ဆို တာပါပဲ။ ပရိက္ခရာရှစ်ပါးက.. ‘အပေါ်ရုံသင်္ကန်းကြီး (ဒုကုဋ်)၊ ကိုယ်ရုံဧကသီ၊ ခါးဝတ်သင်းပိုင်၊ သပိတ်၊ သင်တုန်းဓား၊ ချုပ် အပ်၊ ခါးပန်းကြိုး၊ ရေစစ်’။

စုစုပေါင်း

ဝိနည်းပိဋကမှာ ဖော်ပြထားတာ .. ပဉ္စဝဂ္ဂီ ၅၊ အရှင်ယသနဲ့ မိတ်ဆွေများ ၅၄၊ ဘဒ္ဒဝဂ္ဂီ ညီနောင် ရဟန်း ၃၀၊ ကဿပ ရသေ့ညီနောင်နဲ့ တပည့်များ ၁၀၀၀၊ အရှင်သာရိပုတ္တရာ အရှင် မောဂ္ဂလမောဂ္ဂလ ပါး။ သုတ္တန်ပိဋကမှာဖော်ပြထားတာ..သေလပုဏ္ဏားတို့အဖွဲ့ ၃၀၀၊ မဟာကပ္ပနမင်းတို့ အဖွဲ့ ၁၀၀၀၊ ကပိလဝတ္ထု လူငယ် ၁၀၀၀၀၊ ပါရာယနိက ပုဏ္ဏားတို့အဖွဲ့ ၁၆၀၀၀၊ စုစုပေါင်း ၂၇၃၀၀။ နှစ်ရပ်ပေါင်း၂၈၆၄၁-ပါး (ဝိ၊ဋ္ဌ၊၁၊၂၀၅)။

အမှတ်ရဖွယ်

အရေအတွက်မများလွန်းဘူးလားလို့ မတွက်လိုက်ပါနဲ့။ အိန္ဒိယ မှာ လွန်ခဲ့တဲ့ ပေါင်း နှစ်ပေါင်း ၇၀-ကျော် လောက်က တရား ရေး ဝန်ကြီး အမ်ဘေကာနဲ့ အတူ ဇာတ်နိမ့်မျိုး လူတစ်သိန်း ကျော် ဗုဒ္ဓဘာသာအဖြစ်ခံယူကြတဲ့ အကြောင်းဖတ်ရတဲ့ အခါ၊ ယနေ့ ကမ္ဘာ့ သတင်းတွေမှာ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ဇာတ်နိမ့်တွေ ဗုဒ္ဓဝါဒီအဖြစ် ခံယူကြတာတွေ မကြာခဏ ဖတ်ရတဲ့ အခါ ဘုရား လက်ထက်က ဖော်ပြပါ ဖြစ်ရပ်တွေကို အမှတ်ရ စရာလွမ်းစရာအနေနဲ့ ခံစားနိုင်မှာပေါ့။

စက်တင်ဘာ ၁၅၊ ၂၀၁၅။

---

တစ်ကိုယ်တည်းတော့နေတာပဲ

---

ကာယဝိဝေကေကတေပိ တတ္ထ စိတ္တံ အဘိရမာပေတုံ ဒုက္ကရံ။ ဒွယံ ဒွယာရာမောဟိ အယံ လောကော (မ၊ဋ္ဌ၊၁၊၁၁၆)။

တစ်ကိုယ်တည်း နေသော်လည်း စိတ်ထဲမှာ ပျော်မွေ့ရန် ခဲယဉ်း၏။ လူအပေါင်းသည် နှစ်ယောက်စီ အဖော်နှင့် နေခြင်းကို နှစ်သက်သောကြောင့်တည်း။

၄၂၃။ ပါရမီမြောက်တဲ့ ဒါန

သာဝကပါရမီ ပြည့်စုံရေးအတွက် ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူသင့်မလှူသင့် သိလိုပါသည်အရှင်ဘုရား။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၏ အဖွင့်ဋီကာကျမ်း ရှိမရှိလည်း သိလိုပါသည် အရှင်ဘုရား။

Life May Ye

---

ဒါနနဲ့ ပါရမီ

ဒါနနဲ့ ပါရမီကိုခွဲပြီးနားလည်သင့်တယ်.. ‘ဒါနဟူသည် သတ္တ ဝါတို့အား ဘေးအန္တရာယ် ကင်းစေခြင်း၊ သတ္တဝါတို့၏ အသက် စည်းစိမ်အိုးအိမ်ကို သတ်ဖြတ်လုယက်ဖျက်ဆီးခြင်းမှ ရှောင် ကြဉ်ခြင်း၊ သတ္တဝါတို့အား ဘေးရန်အမျိုးမျိုးမှ ကာကွယ် စောင့် ရှောက်ခြင်းပင်ဖြစ်၏ (စရိယာပိဋက၊ဋ္ဌ၊၂၉၇)’။ ဒါကြောင့်ဒါန ဆိုတာပေးကမ်းရုံ လှူဒါန်းရုံသက်သက်မျှ မဟုတ်ဘူး။ ဖော်ပြ ပါ စရိယာပိဋကကျမ်းရဲ့အဖွင့်အရဒါနလို့ ဆိုရင် အဲဒီအဓိပ္ပာယ် တွေလည်းပါတယ်လို့ အရင် နားလည်ပါ။

‘တဏှာမာနဒိဋ္ဌိ မဖြစ်စေဘဲ သတ္တဝါတို့အပေါ် သနားခြင်း၊ နည်းလမ်းကျွမ်းကျင်ခြင်း ရှေ့သွားပြုပြီး ဆောင်ရွက်သည့် ပေး ကမ်းခြင်းစသော ဂုဏ်ကျေးဇူးများသည် ပါရမီမည်၏ (စရိယာပိဋက၊ဋ္ဌ၊၂၆၉)’။ ‘ကရုဏာ (သနားခြင်း)နှင့် ဥပါယကော သလ္လဉာဏ် (နည်းလမ်း ကျွမ်းကျင်မှု) ခြံရံမှ ဒါနသည် ပါရမီ မြောက်ပြီး မခြံလျှင် ပါရမီ မမြောက် (သီ၊ဋီ၊သစ်၊၁၊၂၅၂)’။ အဲဒီ စာတွေအရ မိမိပြုလုပ်တဲ့ ဒါနမှာ တဏှာ (အလှူဝတ္ထု၊ အလှူခံကို)တပ်မက်ခြင်း၊ မာန (အဲဒါတွေကိုအကြောင်း ပြုပြီး) ထောင်လွှား ဝင့်ကြွားခြင်း၊ ဒိဋ္ဌိ (အဲဒါတွေကိုပဲ အကြောင်းပြုပြီး အမြင်မှားခြင်း)တွေမပါမှ ပါရမီမြောက်တယ်။

တစ်နည်း ‘ဂုဏ်ရှိသော ပုဂ္ဂိုလ်ကိုသာ ရှာဖွေ၍ မလှူဒါန်း ဘဲ ကရုဏာသက်ဖွယ် (သနားစဖွယ်) ကောင်းသော ဒုက္ခိတ သတ္တဝါအားသော်လည်း အလှူကြီးကို ပေးလှူသင့်၏ (သံ၊ဋီ၊၁၊၁၉၈)’ဆိုတဲ့ ဋီကာဆရာကြီး အရှင်မဟာဓမ္မပါလရဲ့ စကားကို နား ထောင်ပြီး ကျယ်ပြန့်တဲ့ လူသား ပီသတဲ့ အမြင်နဲ့ ပဂ္ဂိုလ် လူမျိုးမရွေးအလှူဒါနပြုရင် ပါရမီမြောက်တယ်။

သုမေဓာ့ အကြံ

ဒါနပါရမီကို ဖြည့်ကျင့်မယ်လို့ ကြံစည်ပြီး ဘုရားလောင်း သုမေဓာဟာ ‘အယုတ်အလတ် အမြတ်ဖြစ်ကုန်သော အလှူခံ ပုဂ္ဂိုလ်တို့ကို မြင်လျှင် အောက်သို့ မျက်နှာပြုထားသော အိုးကဲ့ သို့ (အိတ်သွန်ဖာမှောက်)အကြွင်းမဲ့ဒါနဝတ္ထုကိုလှူလော့ (ဗုဒ္ဓဝံသ၊၁၁၉-ဂါထာ)’လို့ မိမိကိုယ်ကို ဆုံးမတော်မူပါတယ်။ ဒါ ကြောင့် ဘုရားလောင်းတို့ ကျင့်ကြံတဲ့ ပါရမီမြောက် ဒါနပြုပုံမှာ ပုဂ္ဂိုလ်ကိုမရွေးချယ်ပါဘူး။

ပါရမီဆိုတဲ့ စကားလုံးအတွက် အဓိပ္ပာယ် ဖွင့်ဆိုပြီးသား ဖြစ်လို့ သာဝကဖြစ်ဖို့ ဖြည့်ဆည်းတဲ့ ပါရမီဖြစ်စေ ဗုဒ္ဓဖြစ်လာဖို့ ရည်ရွယ်တဲ့ ပါရမီ ဖြစ်စေ၊ ပါရမီ မြောက်ဖို့ဆိုရင် ပုဂ္ဂိုလ် ရွေး ချယ်ခြင်းမရှိရဘူးလို့ ယူသင့်ပါတယ်။

မဆန့်ကျင်

ဝိစေယျ ဒါနံ ဒါတဗ္ဗံ = ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူရမယ်’လို့လည်း ဘုရားဟော ရှိတယ် မဟုတ်လားလို့ မေးရင် မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဖြေဆိုပုံက ‘အလှူခံ အယုတ် အလတ် အမြတ် မရွေးဆိုတဲ့ ဗုဒ္ဓဝင် ပါဠိတော်စကားက ဗုဒ္ဓ လောင်းလျာများအတွက်ဖြစ်ပြီး ဒက္ခိဏာဝိဘင်္ဂသုတ်ပါဠိတော် လာ အလှူခံပုဂ္ဂိုလ်တွေကို အဆင့် သတ်မှတ်ပြီး ခွဲခြားတာက သာမန် နတ်လူတို့အတွက် ရည်ရွယ် ဟောတော်မူခြင်း ဖြစ် သောကြောင့် ဆန့်ကျင်မှု မရှိ (မဟာဗုဒ္ဓဝင် အနုဒီပနီ၊ တွဲ ၁၊ စာ-စော်)’တဲ့။

မစိုးရိမ်ဆရာတော်ကြီး ဖြေပုံက .. ‘အဲဒါက ဉာဏ်နုသူ များအတွက် ဟောထားတဲ့ တရားပဲ။ ဉာဏ်ရင့်သူတွေ ဆိုတာ က လယ်လုပ် တတ်သူနဲ့ တူတယ်။ လယ်လုပ်တတ်သူဟာ မြေဩဇာကောင်းတဲ့ နေရာစိုက်စိုက် မြေဩဇာ မကောင်းတဲ့ နေရာစိုက်စိုက် နောက်ဆုံး တောင်ထိပ်တက်ပြီး လယ်လုပ်အုံး အသီးနှံ ထွက်လာတာပဲ။ ဒါကြောင့် လယ်လုပ် တတ်သူအဖို့ မြေနေရာရွေးဖို့ မလိုဘူး။ ဉာဏ်နုသူတွေကတော့ လယ်မလုပ် တတ်သူနဲ့ တူတယ်။ လယ်မလုပ်တတ်သူဟာမြေဩဇာ ကောင်း တဲ့ နေရာကိုရွေးချယ်ပြီး လုပ်မှ အသီးအနှံရတယ်။ ဒါကြောင့် လှူတဲ့ တန်းတဲ့ နေရာမှာ ပုဂ္ဂိုလ်ရွေးချယ်ပြီး လှူကြဖို့ ဝိစေယျ ဒါနံ ဒါတဗ္ဗံ-ကို ဟောတာဘဲ (ဘဒ္ဒန္တသူရိယာဘိ ဝံသထေရုပ္ပတ္တိ ကထာ၊ စာ-၁၁၅)’လို့ ဖြစ်ပါတယ်။

ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိ

ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာကို ဖွင့်တဲ့ ဋီကာကျမ်း မရှိပါ။ ဒါ ကြောင့် ရဟန်းတစ်ပါး အနေနဲ့ အစိုးရ ပါဠိပါရဂူစာမေးပွဲ ဖြေ လိုရင် ဒီအဋ္ဌကထာကျမ်းကို ရွေးရင် သက်သာ လွယ်ကူဖွယ် ရှိပတယ်။ ဋီကာလိုပါဠိဘာသာအဖွင့်ကျမ်း ဖြစ်တဲ့ ‘ပဋိသမ္ဘိဒါ မဂ္ဂဂဏ္ဌိ’ဆိုတာတော့ ရှိတယ်။ ပိဋကတ်တော် သမိုင်းအရ ပရက္ကမဗာဟုမင်းလက်ထက် အရှင်ဝါစိဿထေရ်ရေးကြောင်း ဆိုပေမယ့် စိစစ်ဖို့ လိုသေးတယ်။ တက္ကသိုလ်များ ဗဟိုစာ ကြည့်တိုက်မှာ ပေထုပ်အမှတ် ၉၃၆၀ နဲ့ ၉၂၅၁ကို ကျမ်းပြု ပုဂ္ဂိုလ် ခွဲခြားထားပေမယ့် အမှန်မှာ တစ်ကျမ်းတည်း အတူတူ သာဖြစ်ပါတယ်။ နိဂုံးမှာရေးသူအမည်မဖော်ပြ။ တိပိဋကပါဠိ မြန်မာအဘိဓာန်၊ အတွဲ-၁၄ (စာ၁၆၀)မှာ ကိုးကားပုံအရပုံနှိပ် မူရှိပုံရတယ်။ မတွေ့ဖူးပါ။ ပေမူကတော့ဘုန်းကြီးမှာရှိတယ်။ မကြာခင်ဝက်ဘ်ဆိုက်မှာကြည့်နိုင်မယ်။

စက်တင်ဘာ ၂၀၊ ၂၀၁၅။

---

၄၂၄။ အဘိဝံသ

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ တပည့်တော် သည် မကြာခင်က မြန်မာပြည်မှာ နာမည်ကြီးသော ‘ဘိဝံသ’ ဘွဲ့ရ ဆရာတော် တစ်ပါးအား လေဆိပ်ကို လိုက်ပို့စဉ် ထို ဆရာတော်သည်လမ်းဘေး လူသွားပလက်ဖောင်းပေါ်၌ တံတွေး နှစ်ကြိမ်ထွေးချပါသည်။ အမေရိကားမှာ အဲဒီလိုပြုလုပ်တာကို လူအများစု ကဲ့ရဲ့ပါသည်။ တပည့်တော် ထိုဆရာတော်အား မလေးစားတဲ့ စိတ်ဖြစ်မိပါသည်။ ထိုကြောင့် ကုသိုလ်ပြုလုပ်ရင်း ငရဲရခဲ့သည်ကို တွေးပြီး တပည့်တော် စိတ်မကောင်း ဖြစ်နေ ပါသည် ဘုရား။ ထိုအကုသိုလ်ကို ဘယ်လို ဖြေဖျောက်ရ မည် ကိုသိလိုပါသည်ဘုရား။

ဝင်းထွန်းစိန် (ဖလော်ရီဒါး)

---

ဝိနည်း ရှိပြီးသား

အမှန်တော့ မြတ်ဗုဒ္ဓက အဲဒါမျိုးတွေ အတွက် သိက္ခာပုဒ်နဲ့ အသေးစိတ် ညွှန်ကြားပြီး ဖြစ်ပါတယ်။ ဒီသိက္ခာပုဒ်တွေဟာ နှစ် ပေါင်းနှစ်ထောင်ကျော်နေပေမယ့် အံ့ဩစရာကောင်းလောက် အောင် ခေတ်ရှေ့ကို ရောက်ပြီး စေ့စပ်သေချာတာကို တွေ့ရပါတယ်.. ‘နာမကျန်းမဖြစ်ဘဲ မတ်တတ်ရပ်ပြီး ကျင်ကြီးကျင် ငယ် မသွားရ၊ နာမကျန်း မဖြစ်ဘဲ စိမ်းစိုနေတဲ့ မြက်သစ်ပင် ရှိတဲ့ နေရာနဲ့ ရေထဲမှာ ကျင်ကြီး ကျယ်ငယ် မစွန့်ရ၊ တံတွေး မထွေးရ’ ဆိုတာတွေက ရှင်ကျင့်ဝတ် သေခိယ သိက္ခာပုဒ်မှာ ပါလို့ ကိုရင် ဝတ်ကတည်းက အဲဒါတွေကို သင်ပြီးသားပါ။

ဒါပေမယ့်ရဟန်း အချို့မှာ အဆုံးအမကောင်းတဲ့ နေရာမှာ မနေဖူးလို့၊ စာမသင်ဖူးလို့၊ အဆိုပါ အဘိဝံသလို စာသင်ဖူးရင် တောင် ခပ်ပေါ့ပေ့ါ ဖြစ်ကတတ်ဆန်း နေတတ်လို့၊ ပတ်ဝန်း ကျင်ကို ဂရုမစိုက်တတ်လို့ ဒီလိုကြုံရတာပါ။ ‘ရဟန်းသည် သမံ တလင်းပေါ်မှာ တံတွေးထွေးရင် ဒုက္ကဋ်အာပတ် သင့်၏ (ဝိ၊၄၊၃၂၉)’ဆိုတဲ့ ဝိနည်း ပညတ်ချက်ရှိပြီးသားပဲ။

ကိုယ့်ကြောင့်

ကိုယ် အမှတ်တမဲ့ လုပ်လိုက်မိလို့ ကိုယ်ရော ဗုဒ္ဓသာသနာပါ အကြည်ညိုပျက်ခံရတာမျိုး ဖြစ်သွားနိုင်တဲ့ အတွက်မိမိနိုင်ငံရဲ့ ပြင်ပကို ထွက်မယ့် ရဟန်းသံဃာ တစ်ပါးအနေနဲ့ ကိုယ်သွား မယ့် နေရာဒေသမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲ၊ ဆင်ခြင်သင့် တဲ့ အပြုအမူတွေကို ကြိုတင် လေ့လာထားသင့်တယ်။ အနည်း ဆုံး ပတ်ဝန်းကျင် အခြေအနေဲ့ အချိန်အခါကို နားလည်နိုင်ဖို့ ပြင်ဆင်လာသင့်တယ်။ ဒါမျိုးက ပိဋကတ်ဘယ်နှစ်ပုံဆောင်၊ အဘိဝံသ၊ အဂ္ဂမဟာ..၊ ဘာချုပ်ညာချုပ်စတဲ့ နောက်တွဲဘွဲ့ တွေနဲ့ အလွန်ကြီး မပတ်သက်ပါဘူး။ အကြားအမြင်ဗဟုသုတ၊ လိုက်လျောညီထွေ နေထိုင်တတ်မှု၊ လူတော တိုးနိုင်တဲ့ စွမ်းရည်တွေနဲ့ ပဲ ပတ်သက်နိုင်တယ်။ အဘိဝံသတစ်ပါးနဲ့ ဟောလီး ဝုဒ်ကို အတူသွားစဉ် လက်ထဲက တစ်ရှူးဟောင်းကို ‘လှစ်’ခနဲ့ လူသွား လမ်းပေါ်ပစ်ချတာကို ဘုန်းကြီးလည်း တွေ့ဖူးတယ်။

မထိုက်တန်ဘူး

၁၉၉၆ ခုနှစ်၊ အိန္ဒိယ ဗုဒ္ဓဂယာ ဘုရားဖူးက အပြန် ယိုးဒယားကို ဝင်လည်မလို့ ယိုးဒယား လေယာဉ်ပေါ်မှာ ဦးပဏ္ဍဝံ (ယခု လပွတ္တာ သင်္ကန်းကုန်း ဆရာတော်)က အခြားလူတွေ လုပ်သ လို ယိုးဒယား လေယာဉ်မယ်ဆီက သတင်းစာကို ဆွဲယူမိလို့ အဲဒီ ဒကာမရဲ့ မျက်နှာ တီကောင်ကို ဆားတို့ လိုက်သလို ရှစ် ခေါက်ချိုး ဖြစ်သွားရုံမက သူ့တွန်းလှည်း ဘုန်းကြီးတွေ အနားကို သိသိသာသာကြီး ကပ်မလာတော့ဘူး (အမျိုးသမီး ကိုင် ထားတဲ့ ဘာမဆိုကို ယိုဒယားဘုန်းကြီးတွေက လက်နဲ့ မထိရဘူး၊ ဒါ သူ့တို့ဆီက ယဉ်ကျေးမှု၊ ဝိနည်းနဲ့တော့ ဘာမှ မဆိုင်ဘူး)။ ဒါမျိုးကိုတော့ မသိလို့ လုပ်မိတာချင်း တူရင်တောင် ခွင့် လွှတ်နိုင်ပါသေးတယ်။

၁၉၉၈ ခုနှစ်၊ စင်္ကာပူကို ရောက်တုန်းက အတူလာတဲ့ ဆေးငုံ ကိုယ်တော်က (မြန်မာပြည်မှာ လုပ်နေကျ အတိုင်း) ပ လက်ဖောင်းပေါ်ကို ပျစ်ကနဲ တံတွေး ထွေးချတော့ ရှေ့တူရူက လာနေတဲ့ တရုတ်မလေး ပခုံး တွန့်သွားတယ်။ ဒါကို ဘေးလူ ဖြစ်တဲ့ ဘုန်းကြီက သတိပြုမိပေမယ့် ဇောနဲ့ စကားပြောရင်း လျှောက်နေတဲ့ ကျူးလွန်သူ ကိုယ်တော်ကသိလိုက်ပုံတောင် မရပါဘူး။ (အဲဒီတုန်းက တံတွေးစဉ်လို့ သူ့ဘေးက ကပ်လိုက် နေတဲ့ ဘုန်းကြီးတောင် သူလုပ်ပုံကို စိတ်ထဲက မကြိုက်နိုင်ဘူး ဖြစ်နေတာ။ ဒါကြောင့် ခုထိ မှတ်မိနေတာပေါ့)။ ဒါမျိုး ကျတော့ ခွင့်မလွှတ်နိုင်ဘူး။

ကိုယ်နဲ့ နှုတ် စည်းကမ်းရှိမှ ‘ဒီမိုကရေစီ’ဆိုတာနဲ့ ထိုက် တန်မှာပေါ့။ ဒီလိုမဟုတ်ရင် ‘ဒီမိုးကရေစီး’ပဲဖြစ်နေအုံးမှာ။

ဒါပေမယ့်

လူနေမှုပုံစံမတူတဲ့ နိုင်ငံရပ်ခြားမှာ ကိုယ်အပါအဝင် လူအတော် များများ အဆီအငေါ် မတည့်တာတွေ မကြာခဏ ကြုံရနိုင်ပါတယ်။ ဘုန်းကြီးကျောင်း တစ်ခုမှာ မြန်မာပြည်က ရောက်ခါစ ရဟန်းတစ်ပါး ကျောင်းဝင်းထဲပတ်ပြီး လမ်းလျှောက်ရင်း ဝင်း ကျယ်တာနဲ့ ကုဋီကို မရောက်နိုင်တော့လို့ ထင်ပါတယ်။ ခါး တောင်းကျိုက်တဲ့ အရွယ် ငယ်ငယ်ကလို မတ်တတ်ရပ် လက် ကြားညှပ်ပြီး ချုံကွယ်မှာ ရှူရှူပေါက်တော့ (ဟော .. နည်းနည်း ကြမ်းတယ်နော် .. မရယ်ပါနဲ့ မှတ်မိအောင်လို့ ပါ) ကံဆိုးရှာလို့ အဲဒါကို ဒကာတစ်ယောက်မြင်သွားသတဲ့။ ကိုယ်တော်ခမျာ အတော် အပြင်းအထန် ဝေဖန်ခံလိုက်ရတယ်။ ပြန်တောင် သွားရ သလား မသိဘူး။ လူအချို့ဟာ နားလည်ပေးနိုင်တဲ့ အရည်အချင်း ခေါင်းပါးပုံပဲ။ ဒီလိုတော့ ဆင်ခြင်သင့်တယ်..

ဆင်ခြင်ပါ

နိုင်ငံခြားမှာ အတော်လေး အနေကြာလို့ ကိုယ့်ကိုယ်ကို very အထင် မ‘big’သင့်ပါဘူး။ သူနဲ့ ကိုယ်နဲ့ က ဘဝတူ ဇာတ်တူ ထဲက ဖြစ်တယ် ဆိုတာကို အမြဲ သတိရပါ။ မြတ်စွာဘုရားက လွဲပြီး ရဟန္တာတွေတောင် မွေးရာပါ စရိုက်နဲ့ ဝါသနာကိုမပယ် နိုင်ကြဘူး။ ရဟန္တာကြီးအချို့ ခပ်ကြမ်းကြမ်း ပြောဆိုနေထိုင် တတ်တာမျိုး ကျမ်းဂန် ဖော်ပြချက်တွေ ရှိတယ်။ ဒါကြောင့် ယခုလို ဖြစ်ရပ်မျိုးနဲ့ ကြုံလာရင် ‘အင်း .. သူ့ခမျာ မသိရှာလို့၊ အထာ မကျသေးလို့ လုပ်မိတာပဲ’လို့ ဆင်ခြင်ပြီး ခွင့်လွှတ်နိုင် အောင် လေ့ကျင့်သင့်တယ်။ နောက်တစ်ကြိမ် ဒါမျိုးကြုံခဲ့ရင် ..

မသိမသာလေး တံတွေးခွက်ကို သူ့အနားထိုးပေး၊ မရှိရင် ရှာပေးတာမျိုး လုပ်နိုင်တယ်။ လမ်းပေါ် အမှိုက်ပစ်ချတာ တွေ့ ရင် သူမြင်သာအောင် လိုက်ကောက်ပြီး ဘောင်းဘီ အိတ်ထဲမှာ ပြန်ထည့်ပြ။ အဲဒီလို လုပ်လို့ သူက စပြောလာခဲ့ရင် အဲဒီအခါ သူ့ကို ဒီကစရိုက်နဲ့ အဲဒီလို ထွေးချ ပစ်ချတာကို လူတွေ အထင်သေးတတ်ကြောင်းကို ပွင့်လင်းစွာ လျှောက်နိုင်တယ်။ ‘အဘိဝံသ’ပဲ၊ ဆင်ခြင်သွားပါလိမ့်မယ်။

အကုသိုလ်

ကဲ့ရဲ့မိတာကို စိတ်ထဲမှာ ခဏခဏ ပြန်မစဉ်းစားပါနဲ့။ စဉ်းစား မိရင်လည်း ‘သာသနာအတွက် စေတနာ ကောင်းနဲ့ ငါ့စိတ်ထဲ အဲဒီလို ဖြစ်မိတာပါ’လို့ စိတ်ကို ပြန်ပြင်ပါ။ ‘ငါ မှန်တယ်၊ ဒီ ကိုယ်တော် အသုံးမကျလို့ ဖြစ်ရတာ’လို့ တော့ ကိုယ့်ကိုယ်ကို မကာကွယ်နဲ့။ ကိုယ်တော်နဲ့ ပြန်ဆုံဖြစ်ရင် ကန်တော့ ဝတ်ပြု စဉ်စိတ်ထဲက တောင်းပန်ရင်လည်း (ကိုယ်လည်းစိတ်နဲ့ ပဲပြစ် မှားခဲ့တာပဲလေ) မဆိုးပါဘူး။ ရဟန်းမှာက စောင့်ထိန်းထားတဲ့ သီလ ကိုယ့်ထက် သာတယ် မဟုတ်လား။ ဒီလိုနည်းနဲ့ အကု သိုလ် မဖြစ်အောင် တားနိုင်မယ်လို့ ထင်ပါတယ်။ စိတ်ထားနဲ့ စေတနာသာအဓိကပါ။

စက်တင်ဘာ ၂၁။ ၂၀၁၅။

---

၄၂၅။ ဘုံဆိုင် ဩကာသ

ဆရာတော် အရှင်ဘုရား၊ တရားရိပ်သာ အပါအဝင် ဘုန်းကြီး ကျောင်း အတော် များများကို တပည့်တော် ရောက်ပါသည်။ လူတွေ စုပြီး ငါးပါသီလ ခံယူတဲ့ အခါတိုင်း ဩကာသကို ညီ အောင် မဆိုနိုင်ကြပါ။ နည်းနည်းလေးစီ မူကွဲနေသည်ကို တွေ့ ရပါသည်။ တပည့်တော် ငယ်ငယ်က ဆိုလာတဲ့ ဩကာသကိုလည်း မှားနေသည် ထင်ပြီး နှစ်ကြိမ် ပြန်ပြင်ဆိုထားပါသည်။ သို့ရာတွင် မှန်မမှန်မသေချာပါဘုရား။ ဒါကြောင့်အခုတပည့် တော်ရဲ့ မြေးမလေးတွေကို ဩကာသ သင်ပေးလိုပါသဖြင့် ဩကာသမူမှန်ကို အဓိပ္ပာယ်နှင့်တကွသိလိုပါသည် အရှင်ဘုရား။

မြမြဝင်း- ဘန်ကောက်

---

အမြီးဖဲ့ ခေါင်းဖဲ့

ဘုန်းကြီးကြုံရပုံ.. အဲ့ဒီအဖွားကြီးနဲ့ နှစ်ယောက်သုံးယောက် ကပဲ သူတို့ သွားခဲ့တဲ့ ကျောင်းရဲ့ ဩကာသမူနဲ့ ပရိသတ် ရှေ့ ကနေ အသံ အကျယ်ကြီးနဲ့ (လူအများစု ဆိုတဲ့ နောက်ကို မလိုက်ဘဲ)အော်တယ်။ အခမ်းအနားတစ်ခုမှာပဲ ဆိုပါတော့။ ဒီ တော့ .. အဲဒီ အော်တဲ့ နောက်ကွယ်မှာ ‘၁) ဒါက ငါတို့ သွား တဲ့ ဘုန်းကြီးကျောင်း သို့မဟုတ် ငါ့တို့ ရိပ်သာက သင်ပေးတဲ့ ဩကာသ ၂) ဒါကိုပဲကြည့် ..ငါတို့ကရိပ်သာဝင်ဖူးတဲ့ ယောဂီတွေ၊ ငါတို့ တရားထိုင်ဖူးတယ်၊ ငါတို့က နင်တို့ထက် သာတယ်’ဆိုတဲ့ မသိမသာလေးတွေ ပါနေတယ် (မပါဘူး ဆိုရင် တောင် အဲဒီလို ထင်ခံရဖို့ များတယ်)။

ရရှိတဲ့ အကျိုးက .. ၁) အတ္တကို ခွာတဲ့ ယောဂီကျ ဖြစ်ရက်နဲ့ ကိုယ့်ရဲ့ မာနသံ ကြွားသံတွေကို ပညာရှိတို့ အကဲခတ် သွားနိုင်ခြင်း ၂)ပရိသတ်ကသောက်ကရက်ဖြစ်သွားခြင်း ၃) ဩကာသ မဆုံးဘဲ ဘုန်းကြီးကဆုပေးရခြင်း။ ဒီလိုနဲ့ မဆိုရပါ များလာရင် ဒီဩကာသပျောက်မသွားနိုင်ဘူးလား။

ဒါကြောင့် ဘယ်လောက် စာတတ်တတ်၊ ပရိသတ် များ များ၊ ဟောဒီ ဘိုးဘွားပိုင် ဘုံဆိုင် ဩကာသ ဆိုရိုးလေးကို တော့ ချမ်းသာ ပေးသင့်ပါတယ်။ အမြီးဖဲ့ ခေါင်းဖဲ့ ဟိုဖြည့် ဒီ သွတ်မလုပ်သင့်ပါဘူး။

ဩကာသ မူမှန်

ဩကာသ.ဩကာသ.ဩကာသ.
ကာယကံ.ဝစီကံ.မနောကံ.
သဗ္ဗဒေါသ.ခပ်သိမ်းသော.အပြစ်တို့ကို.
ပျောက်ပါစေခြင်း.အကျိုးငှာ.
ပထမ.ဒုတိယ.တတိယ.
တစ်ကြိမ်.နှစ်ကြိမ်.သုံးကြိမ်မြောက်အောင်.
ဘုရားရတနာ. တရားရတနာ.သံဃာရတနာ.
ရတနာမြတ်သုံးပါးတို့ကို.အရိုအသေ.အလေးအမြတ်.
လက်အုပ်မိုး၍.ရှိခိုးပူဇော်.ဖူးမြော်မာန်လျှော့.
ကန်တော့ပါ၏ အရှင်ဘုရား.
ကန်တော့ရသော.အကျိုးအားကြောင့်.
အပါယ်လေးပါး.ကပ်သုံးပါး.ရပ်ပြစ်ရှစ်ပါး.
ရန်သူမျိုးငါးပါး.ဝိပတ္တိတရားလေးပါး.ဗျသနတရား
ငါးပါးတို့မှ.အခါခပ်သိမ်း.ကင်းလွတ်ငြိမ်းသည်ဖြစ်၍.
မဂ်တရား.ဖိုလ်တရား.နိဗ္ဗာန်တရားတော်မြတ်ကို.
ရပါလို၏ အရှင်ဘုရား။

ဒါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သတ်မှတ်ပေး တဲ့ အဖွဲ့ဝင် (၉)ဦး ရေးသားပြုစုပြီး သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ၂၀၀၆-ခု နှစ်ထုတ်ဝေတဲ့ ‘ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ’ပြဋ္ဌာန်း စာအုပ်ထဲက ဩကာသမူ ဖြစ်ပါတယ်။ ရှေးမူဟောင်းလည်း ဖြစ်တယ်၊ အပိုအလိုလည်း မရှိ။ အဓိပ္ပာယ်လည်း ပြင်ရလောက် အောင် မမှားပါဘူး။ နိုင်ငံတော် အခမ်းအနားတွေမှာလည်း ဒီမူ ကိုပဲ အသုံးပြုပါတယ်။ (ဒီနေရာမှာ အစိုးရသို့မဟုတ် မဟနကို မကြိုက်လို့ ဩကာသကိုပါ မုန်းတယ် ဆိုရင် တော့ ခေါင်းစဉ် ပြောင်းသွားမှာပေါ့။)

အဓိပ္ပာယ်ကျဉ်း

ခွင့်ပြုပါ (အရှင်ဘုရား)၊ ကိုယ်နှုတ်နှလုံး (သုံးမျိုးနှင့် ပြစ်မှားမိ လျှင်) အပြစ်အားလုံး ပပျောက်စေရန် ရတနာ သုံးပါးတို့ကို သုံးကြိမ် တိုင်တိုင် ရိုသေစွာ လက်အုပ် ချီမိုး၍ ကန်တော့ပါ သည်။ ကန်တော့ခြင်း၏ အကျိုးအနေဖြင့် အပါယ်လေးပါး (စ သည် ..)မှကင်းလွတ်ပြီးမဂ်ဖိုလ်နိဗ္ဗာန်ကို ရပါလို၏။

ခက်ဆစ်

ဩကာသ = မင်းကွန်းတိပိဋက ဆရာတော်ကြီးက ဩကာသကို ‘ရှိခိုး အရိုအသေ ပြုခြင်းရဲ့ တည်ရာ’လို့ အဓိပ္ပာယ်ယူပြီး ပထမ ဩကာသသည် ဗုဒ္ဓ၊ ဒုတိယ ဩကာသသည်ဓမ္မ၊ တတိယ ဩကာသသည် သံဃလို့ ယူပါတယ်။ ‘အကြောင်း၊ ဘုံဌာန၊ ဖြစ်တည်ရာ၊ အခွင့်အလမ်း၊ အချိန်၊ စျာန်၊ အပြစ်’လို့ ‘ဩကာသ’ပုဒ်ရဲ့အဓိပ္ပာယ် ၇-မျိုးရှိတဲ့ အနက်ဒီနေရာမှာ ‘အခွင့် ပေး ပါ၊ ခွင့်ပြုပါ’လို့ ဆိုရင်လည်း အဓိပ္ပာယ် ပိုဖြောင့်ဖွယ်ရှိလို့ သင့်တယ်လို့ ဘုန်းကြီး ယူဆခွင့်ရှိပါတယ်။

ကာယကံ = ကိုယ်နဲ့ (မဖွယ်မရာ) ပြုမိတာ၊ ဝစီကံ = နှုတ်နဲ့ (မဟုတ်တာ) ပြောမိတာ၊ မနောကံ = စိတ်နဲ့ (မကောင်းတာ) ကြံမိတာ။ သဗ္ဗဒေါသ = (အဲဒီ ပြု ပြော ကြံ ကြောင့်ဖြစ်တဲ့)အပြစ်အားလုံး (ကင်းပျောက်စေရန်)။ ပထမ = တစ်ကြိမ်မြောက်၊ ဒုတိယ = နှစ်ကြိမ်မြောက်၊ တတိယ = သုံးကြိမ်မြောက်။ သုံးကြိမ်တိုင်တိုင်.. (ဘုရားရတနာ . တရား တနာ . သံဃာရတနာ . ရတနာမြတ် သုံးပါးတို့ကို . အရို အသေ . အလေးအမြတ် . လက်အုပ်မိုး၍ . ရှိခိုးပူဇော် . ဖူး မြော်မာန်လျှော့.ကန်တော့ပါ၏ အရှင်ဘုရား.။)

ကန့်တော့ရသော အကျိုးအားကြောင့် = ကန်တော့ခြင်းရဲ့ အကျိုးတရား အနေနဲ့ (ကန်တော့ခြင်းဆိုတဲ့ အလုပ် ကြောင့် ရရှိမယ့် အကျိုးအနေနဲ့)။ တဿ ကမ္မဿ ဝိပါကေန = ထိုကံ၏ အကျိုးကြောင့် (သံ၊၁၊၉၃ .. စသည်) ဆိုတဲ့ ပါဠိ တော်အသုံး ရှိနေလို့ စာသုံးပေသုံး ဖြစ်တဲ့ အတွက် ‘ကန်တော့ ရသောအကျိုးအားကြောင့်’လို့ ရှေးဆရာများ စီစဉ်ခဲ့တဲ့ အတိုင်း ဆိုရင် မှန်တယ်လို့ မင်းကွန်းဆရာတော်ကြီးဆုံးဖြတ်ပါတယ်။

ဒါကြောင့် အခြား တစ်မျိုး မပြင်ပါနဲ့။ ဒီအတိုင်းပဲ ဆိုပါ။ ‘ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်’ ဆိုလည်း ဖြစ်တော့ ဖြစ်တယ်။ ဒါပေမယ့် ရှိပြီးသားဟာ မှန်လျက်နဲ့ ဘာ လို့ အသစ်ပြောင်းမလဲ။

အပါယ်လေးပါး

ဆိုရွားပြီး ချမ်းသာမှု မရှိတဲ့ ဘုံဌာန လေးမျိုး .. ၁) ငရဲ ၂) တိရစ္ဆာန် ၃)ပြိတ္တာ ၄)အသူရကာယ်။ (အကျယ်ကိုဆိုင်ရာ ဘာသာရေးကျမ်းစာတွေမှာ ရှာပြီးဖတ်ပါ။)

ကပ်သုံးပါး

၁) သတ္ထန္တရကပ် = နျူကလီယာလက်နက် ဓာတုပိုးမွှားလက် နက်စတဲ့ လက်နက်ဘေး ၂)ရောဂန္တရကပ်=အီဗိုလာ ဆားစ် ဗှီုှ စတဲ့ ကပ်ရောဂါဘေး ၃) ဒုဗ္ဘက္ခန္တရကပ် = အီသီယိုပီး ယားမှာလိုအစားအစာ ငတ်မွတ် ခေါင်းပါးတဲ့ ဘေး။

ရပ်ပြစ်ရှစ်ပါး

တရားကျင့်ခွင့် မရတဲ့ အရပ်နဲ့ အခြေအနေ ရှစ်မျိုး .. ၁) ဗုဒ္ဓ သာသနာ ပွင့်ထွန်းချိန် ငရဲမှာ ဖြစ်နေခြင်း ၂) တိရစ္ဆာန်ဘုံမှာ ဖြစ်ခြင်း ၃) ပြိတ္တာဘုံမှာ ဖြစ်ခြင်း ၄) ဝိညာဉ်မဲ့ အသည သတ်ဘုံ၊ ရုပ်သဏ္ဌာန်မဲ့ အရူပဘုံမှာ ဖြစ်ခြင်း ၅) သာသနာ မရှိတဲ့ အရပ် (ပစ္စန္တ)မှာဖြစ်ခြင်း၆)အယူဝါဒ မှားတဲ့ ဆီမှာဖြစ် နေခြင်း ၇)သင်ယူနာကြားမယ့်အမြင်အကြားအာရုံ စသည် ချွတ်ယွင်းနေခြင်း၈)လူစဉ် မီပေမယ့်ဘုရားမပွင့်တဲ့ ကမ္ဘာမှာ ဖြစ်ခြင်း (အသုရကာယ်ကို ပြိတ္တာထဲ မထည့်ဘဲ သီခြားယူပြီး ရပ်ပြစ် ၉-ပါးလည်း ယူတယ်။)

ရန်သူ ၅-ပါး

၁) ရေ (မြန်မာပြည် ရေကြီးတာနဲ့ ယှဉ်ကြည့်) ၂) မီး ၃) မင်း ဆိုး (နှစ်ပေါင်း ၄၀-ကျော် အတ္တသမားတွေ အုပ်စိုးလိုက်တဲ့ အခါ တိုင်းပြည် ဘာဖြစ်သွားသလဲ၊ တွေးကြည့်) ၄) ခိုးသူ ၅) အမွေခံဆိုး (လောကမှာ သားဆိုး သမီးမိုက်တွေကြောင့် စီးပွား ပျက် သိက္ခာကျတာတွေများသား)။

ဝိပတ္တိ ၄-ပါး

ဝိပတ္တိဆိုတာ (ကုသိုလ်ကံရဲ့) ဖောက်ပြန်ပျက်စီးကြောင်း။ ဒီ လေးမျိုးနဲ့ ကြုံနေရင် ကုသိုလ်ကံ အကျိုးပေးခွင့် မသာ။ ၁) ဂတိဝိပတ္တိ=အပါယ်လေးဘုံမှာ ဖြစ်နေခြင်း ၂)ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ ချို့ယွင်းခြင်း ၃) ကာလဝိပတ္တိ = ယုတ်မာသော အစိုးရတို့အုပ်စိုးစဉ်ကာလ ၄)ပယောဂဝိပတ္တိ = ဆိုးကျိုးရဖို့ အားထုတ်မိခြင်း (အဘိ၊၂၊၃၅၂)။

ဗျသန ၅-ပါး

ပျက်စီးခြင်း ငါးမျိုး။ ၁) ဉာတိဗျသန = ဆွေမျိုးတွေ ပျက်စီး ခြင်း ၂) ဘောဂဗျသန = ရှိပြီး စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ၃) ရောဂဗျသန =ရောဂါကြောင့်ပျက်စီးခြင်း ၄)သီလ= ကိုယ် ကျင့်တရား ပျက်စီးခြင်း ၅) ဒိဋ္ဌိ = အယူမှားကြောင့် ပျက်စီး ခြင်း (မဟာနိဒ္ဒေသ၊၁၄)။

မထည့်လို

အချို့ကို မလိုအပ်ဘဲ မဖြည့်စွက်လိုပါ။ အများဆိုနေကျအတိုင်း ပဲ ကောင်းပါတယ်။ ထည့်လိုက်ရင် မထည့်တဲ့ လူနဲ့ အတူတူ ဆိုဖို့ခက်သွားနိုင်တယ်။ အဓိပ္ပာယ်အရ အတော်အတန် ပြည့်စုံ သွားဖွယ် ရှိပေမယ့် အများနဲ့ အတူ ဆိုရလေ့ရှိတဲ့ ဟောဒီ အများဆိုင် ဩကာသ ဆုတောင်း ဆိုရိုးကလေးထဲမှာ လိုချင်တာ ဖြစ်ချင်တာ အားလုံးကို မထည့်လို့ အကျိုး မယုတ်နိုင်ပါဘူး။ ဥပမာ .. ဒိဋ္ဌိဗျသန = အယူရဲ့ ဖောက်ပြန် ပျက်စီးမှုမှ ကင်း ရလို၏ ဆိုရင် မိစ္ဆာဒိဋ္ဌိ ၆၂-ပါးမက ဘယ်လောက်ပဲ ဖြစ်ဖြစ် အကုန် ပါသွားတာပဲ။ ရပ်ပြစ် ရှစ်ပါးထဲက အမှတ် ၆)လည်း အယူမှားတဲ့ ဆီမဖြစ်ဖို့ဆိုတာပဲ။ ရောဂဗျသန=ရောဂါမျိုးစုံ ကင်းရလို၏ ဆိုရင် အနာမျိုး ၉၆-ပါး လိုအုံးမလား (စကား မစပ်၊ အဲဒီ ၉၆-ပါးထဲမှာ အီဗိုလာဗှီုှ တွေမပါဘူး)။

မဂ်တရား

သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ် ဆို တဲ့ မဂ်လေးပါးတရား။ ဖိုလ်တရား ဆိုရင် သောတာပတ္တိဖိုလ် ..စသည်လေးပါး။

မှတ်ချက်

ဩကာသဟာ တစ်မူတည်းပဲ ဖြစ်သင့်တယ်။ ဩကာသကို မူ သစ် မထွင်သင့်ပါဘူး။ ဖော်ပြထားတဲ့ မူက အဓိပ္ပာယ်ပြည့်စုံပြီး အများသုံး မူဟောင်း ဖြစ်လို့ ရှေးဆရာ မြတ်များကို လေးစား တဲ့ အနေနဲ့ ဒီမူကိုပဲ နှုတ်တက် ဆောင်ပါ။ ပြီးတော့ ဘုန်းကြီး ရှေ့မှာ ဆိုဆို၊ ဘုရားရှေ့မှာ ရွတ်ရွတ် အစအဆုံး ပြီးအောင် ပြည့်စုံအောင်ပဲ ဆိုပါ ရွတ်ပါ။ ပြီးမှ ရှိခိုး ဦးချပြီး ငါးပါးသီလ ယူပါ။ ဟိုချန်ဒီဖြတ်မလုပ်ပါနဲ့။ လုပ်ရင် နောက်ဆုံးဩကာသ တစ်ဝက်ပျောက်သွားမှာစိုးရိမ်ပါတယ်။

စက်တင်ဘာ ၂၂၊ ၂၀၁၅။

---

ဗုဒ္ဓရဲ့သာသနာပြုဩဝါဒ

ဥဘတော ဒဏ္ဍကေန စေပိ ဘိက္ခဝေ ကကစေန စောရာ ဩစရကာ အင်္ဂမင်္ဂါနိ ဩကန္တေယျုံ၊ တတြာပိ ယော မနော ပဒူသေယျ၊ န မေသောတေန သာသနကရော (မ၊၁၊၁၈၁)။

ရဟန်းတို့၊ ယုတ်မာသူ ခိုးသားတို့က အရိုးနှစ်ဖက် ရှိသော လွှဖြင့် ကိုယ်အင်္ဂါ ကြီးငယ်ကို တိုက်ဖြတ်ခြင်းကြောင့်ပင် စိတ်ဆိုးဒေါသ ဖြစ် သူသည် ငါဘုရား၏ အဆုံးအမကို ကျင့်သုံးရာ မရောက်ချေ။

၄၂၆။ ဗုဒ္ဓခေတ် သာသနာ့အမွေ

ဘုန်းကြီးဘုရား၊ ရှင်တော်ဘုရား လက်ထက်တုန်းက ဝိသာခါ အနာထပိဏ် ကောသလမင်းတို့ဟာ ဗုဒ္ဓသာသနာကို အလွန် တရာ ကြည်ညိုပြီး မြတ်စွာဘုရားနှင့် တပည့်သာဝက ဖြစ်ကြ တဲ့ အရှင်သာရိပုတ္တရာ စတဲ့ ရဟန္တာကြီးတွေနှင့်လည်း အလွန် ရင်းနှီးကြပါသည်။ တပည့်တော် သိလိုသည်မှာ ထိုပုဂ္ဂိုလ်တွေ သည် မိမိတို့ရဲ့ သားသမီးများကို သာသနာ့ဘောင်သို့ သွတ် သွင်းပြီး သာသနာ့အမွေကို ခံယူခဲ့ကြပါသလားဘုရား။

ဦးပဉ္စင်းကြီးအရှင်ဝိလာသ- တောင်စွန်း

---

သာသနာ့အမွေ

မိဘတွေက သားသမီးတွေကို သာသနာ့ဘောင်ထဲ ဝင်ရောက် (ရဟန်းပြု) စေခြင်းဖြင့် ‘သာသနာ့အမွေ’ကို ပေးတယ်ဆိုတဲ့ အယူအဆဟာ မြတ်ဗုဒ္ဓက သားတော်ရာဟုလာကို ရွှေအိုးကြီး လေးလုံးကို ပေးမယ့်အစား ရှင်သာမဏေ ပြုပေးလိုက်တာက စတင်ခဲ့ပုံပါပဲ။ ဒါကြောင့် တတိယ သံဂါယနာခေတ်မှာ အရှင် မောဂ္ဂလိပုတ္တတိဿမထေရ်ရဲ့ အကြံပြုချက်အတိုင်း သာသနာ့ အမွေကို ပေးတဲ့ အနေနဲ့ အသောကမင်းကြီးဟာ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမေတ္တာကို သာသနာ့ဘောင်ထဲ ဝင်ဖို့ တိုက်တွန်းခဲ့တယ်။

ဝိသာခါရဲ့သား

သာဝတ္ထိမြို့ အရှေ့ဘက်က ပုဗ္ဗာရုံကျောင်းအလှူရှင်၊ သားသမီး ၂၀-တောင်မွေးနိုင်တဲ့ နာမည်ကျော် ကျောင်းအမကြီး ဝိသာခါ မှာ သားတော်ရဟန္တာ တစ်ပါးရှိတယ်။ ဘွဲ့အမည်က မိဂဇာလမထေရ်။ မိခင်နဲ့ အတူ ဘုန်းကြီးကျောင်းကို ခဏခဏရောက်၊ ဗုဒ္ဓနဲ့ ဗုဒ္ဓသာဝကတွေရဲ့တရားကို မကြာမကြာနာယူရင်း သဒ္ဓါ တရားတွေ တိုးပွားပြီး ရဟန်းပြု၊ ရဟန္တာ ဖြစ်သွားကြောင်း လောက်ပဲ သိရတယ်။ အရှင်မြတ်က ‘မြတ်ဗုဒ္ဓ၏ တရားတော် သည် အရသာကောင်းနှင့် တူ၏။ အလွန် နက်နဲ၏။ အိုခြင်း သေခြင်းကို တားမြစ်ပြီး ဝဋ်ဆင်းရဲကို ငြိမ်းစေနိုင်၏။ ကြောင်း ကျိုးဖြစ်စဉ် ဓမ္မအစု၌ အကြောင်းနှင့် အကျိုးကို အမှန်အတိုင်း သိမြင်ပြီး ကိလေသာကို ငြိမ်းစေနိုင်၏’လို့ ဟောတော်မူခဲ့ပါတယ် (ထေရ၊၂၈၆။ ထေရ၊ဋ္ဌ၊၂၊၁၀၃)။

ဒါကြောင့် ဝိသာခါဟာ ကျောင်းအမကြီး ဖြစ်ရုံမက သား အရင်းကိုလည်းသာသနာ့အမွေပေးနိုင်ခဲ့တာပေါ့။

ဗိမ္ဗိသာရရဲ့သား

မင်းသားရဲ့ နာမည်က သီလဝတဲ့။ ဗိမ္ဗိသာရရဲ့ သားအရင်း။ မိ ခင်နာမည် မထင်ရှား။ အဇာတသတ် မင်းဖြစ်လာတော့ နန်းလု မှာစိုးလို့ သီလဝကိုသတ်ဖို့ အမျိုးမျိုး ကြိုးစားပေမယ့် မအောင် မြင်ဘူး။ ပစ္ဆိမဘဝိက (ရဟန္တာ ဖြစ်မယ့်သူ)ရဲ့ အသက်ကိုလုပ် ကြံလို့ မရဘူး။ ဒီပုဂ္ဂိုလ်မျိုးက ဒီဘဝမှာ ရဟန္တာ မဖြစ်ဘဲ သေကို မသေဘူး။ ဒါနဲ့ သီလဝမင်းသား ဖြစ်ရပုံကို မြတ်ဗုဒ္ဓက ကြားတော်မူတော့ အရှင်မောဂ္ဂလ္လာန်နဲ့ မင်းသားကို ခေါ်ခိုင်း လိုက်တယ်။ အရှင်မောဂ္ဂလ္လာန်ကလည်း တန်ခိုးနဲ့ ဖန်ဆင်းတဲ့ ဆင်နဲ့ သီလဝကို ဘုရားဆီ အရောက် ပို့ပေးတယ်။ ဘုရားရဲ့ တရား ကိုနာ၊ ရဟန္တာ ဖြစ်ပြီးနောက် သီလဝမထေရ်ဟာ ကောသလ တိုင်းမှာ ရှောင်နေတယ်။ ဒါတောင် အဇာတသတ်က လူလွှတ် ပြီးသတ်ခိုင်းတယ်။ လူသတ်သမားတွေဟာ သီလဝရဟန္တာ ဟောတဲ့ တရားကိုနာရလို့ ကြည်ညိုပြီးအရှင့်ထံမှာ ရဟန်းပြု သွားကြတယ်။ အရှင်မြတ်ရဲ့ဟောကြားတဲ့ တရားက..

‘သီလသည် စားမြိန်စာ အစာထုပ်၊ ခရီးရိက္ခာထုပ်နှင့် တူ ၏။ သီလသည် လမ်းပြသူနှင့်လည်း တူပြီး ယင်း၏ လမ်းပြမှု ကြောင့် ထိုထို ဂတိဟူသော လမ်းခရီး၌ ချမ်းသာစွာ သွားရ ၏’တဲ့ (ထေရ၊၃၀၉၊ ထေရ၊ဋ္ဌ၊၂၊၂၁၈)။

သီလဝ ရဟန်းပြုချိန်မှာ ဗိမ္ဗိသာရမင်း ကွယ်လွန် မကွယ် လွန်မသေချာပေမယ့် အနည်းဆုံး ဗိမ္ဗိသာရရဲ့မိဖုရား တစ်ပါးလည်း သားအရင်းကို သာသနာ့အမွေကို ပေးခဲ့ကြောင်း မှတ် သားနိုင်တာပေါ့။

(အတွေးစ .. ဒီနေရာမှာ မြတ်ဗုဒ္ဓရဲ့ ဆုံးဖြတ်ချက်၊ ဗုဒ္ဓသာ ဝက တစ်ပါးရဲ့ လုပ်ရဲတဲ့ သတ္တိဟာ လက်ဖျစ်တီး၍ အံ့ချီးစရာ ပါ။ အပြစ်မဲ့သတ္တဝါအပေါ် ဘယ်လောက်အကြင်နာတရားကြီး မားသလဲဆိုတာ ပေါ်လွင်လွန်းလှပါတယ်။ အဇာတသတ်ဟာ အဲဒီ အချိန်မှာ မြတ်ဗုဒ္ဓရဲ့ တပည့်သာဝက ဖြစ်နေပြီ ဆိုရင် တောင် သူ့ရဲ့ ရန်သူကို အားပေးလို့ အမြင်မှားသွားပြီး ဗုဒ္ဓ သာသနာကို အန္တရာယ် ပြုနိုင်တာပဲ။ အဇာတသတ်ရဲ့ အာဏာ ယဇ်မူးမှုဟာ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ ပစ်ခွင်းသူတွေနဲ့ ပိန်မသာ လိမ်မသာပါပဲ။)

ကောသလရဲ့သား

သူ့နာမည် ဗြဟ္မဒတ္တ။ ကောသလမင်းရဲ့ သားအရင်း။ မိခင် အမည် မထင်ရှား။ ရှေးက ပြုထားဖူးတဲ့ ကုသိုလ်ထူး ရှိသူပါပဲ။ ဇေတဝန်ကျောင်း ပူဇော်ပွဲမှာ မြတ်ဗုဒ္ဓရဲ့ တန်ခိုး အာနုဘော်ကို မြင်တွေ့ရလို့ သဒ္ဓါတရားဖြစ်ပွားပြီး ရဟန်းပြုခဲ့တယ်။ ဝိပဿနာ ပွားများလို့ မကြာခင် ပဋိသမ္ဘိဒါလေးပါး အဘိညာဉ် ၆-ပါးရ ရဟန္တာကြီးဖြစ်သွားတယ်။ တစ်နေ့ဆွမ်းခံကြွစဉ် ဘာသာခြား ပုဏ္ဏား တစ်ယောက် လိုက်ဆဲတာ ခံရတယ်။ ကြားလျက်နဲ့ မထေရ်က ဘာမှမတုံ့ပြန်ဘဲ ကြွမြဲတိုင်းကြွတယ်။ ပုဏ္ဏားက ပို စိတ်ဆိုးပြီး နောက်က လိုက်ဆဲတယ်။ လူတွေက ဒါလောက် အဆဲ ခံနေရတာတောင် ဘာမှ မတုံ့ပြန်ဘူးလို့ အရှင်မြတ်ကို လျှောက်ကြတဲ့ အခါအရှင်မြတ်က..

‘စိတ်ဆိုးသူအပေါ် တုံ့ပြန်၍ စိတ်မဆိုးသူသည် အောင်နိုင် ရန် ခက်ခဲသော ကိလေသာဟူသော စစ်သည် ဗိုလ်ပါကို အောင်နိုင်သူ မည်၏။ စိတ်ဆိုးသူအား သတိဖြင့် သည်းခံနိုင်သူ သည် မိမိ သူတစ်ပါး နှစ်ဦးသား၏ ကောင်းကျိုးကို ဆောင် ရွက်သူဖြစ်၏။ မိမိ သူတစ်ပါးနှစ်ဦးသား၏ စိတ်ဆိုး ဒေါသကို ကုစားနိုင်သူအား အရိယကျင့်စဉ်ကို မသိသူများက လူမိုက်ဟု ထင်မှတ်ကြ၏’လို့ ပြန်ပြီး မိန့်ကြားပါတယ်။

အရှင်မြတ်ရဲ့ တရားစကားကို ကြားရတဲ့ အခါ ဆဲသူလည်း သံဝေဂရပြီး အရှင်မြတ်ကို တောင်းပန်၊ အရှင်မြတ်ထံမှာပဲ ရ ဟန်းပြုသွားခဲ့တယ် (ထေရ၊ဋ္ဌ၊၂၊၁၁၃)။

(အတွေးစ .. ဆဲခံရသူဟာ ဘုရင်ဧကရာဇ်ရဲ့ သားဆိုတာကို မမေ့ပါနဲ့။ သာမန်အခြေအနေမှာဆို အမှုကြိတ်ပစ်မှာပေါ့။ မြတ် ဗုဒ္ဓရဲ့ တရားကို ကျင့်ကြံပြီးတဲ့ အခါ စိတ်ဓာတ်ရေးရာ ဘယ် လောက်ကြီးမားစွာ ပြောင်းလဲသွားသလဲဆိုတာ အထင်းသား မြင်နိုင်တယ်။ ကက်သိုလစ်ဝါဒီ Ann Barnhardt အမည်ရှိ အမေ ရိကန် အမျိုးသမီးက အိမ်ဖြူတော်မှာ ရှာရီရာ (အစ္စလမ်)အလံ လွှင့်ချင်နေသူတွေကို ရည်ညွှန်းပြီးပြောပုံက ‘တို့က Jesus Christ ကလွဲပြီး ဘယ်သူ့ကိုမှ Bow down မလုပ်နိုင်ဘူး။ တို့နိုင် ငံမှာ လာနေပြီး အပြစ်မဲ့ တို့နိုင်ငံသားတွေကို အကြမ်းဖက်နေ တွေကို လုံးဝ သည်းမခံနိုင်ဘူး။ ကိုယ့်ကို စော်ကားနေလျက်နဲ့ သည်းခံတယ်ဆိုတာ Stupid Idea ပဲ’တဲ့။ သူတို့ယူဆပုံနဲ့ တော့ မိုးနဲ့ မြေတမျှပါပဲ။ You Tube မှာကြည့်။)

ဘုရင့်နှမတော်

ကောသလ မင်းကြီးရဲ့ နှမအရင်း။ နာမည် သုမနာဒေဝီ။ မြတ် ဗုဒ္ဓနဲ့ ပထမ ဆုံးအကြိမ်တွေ့စဉ်မြတ်ဗုဒ္ဓက မင်းကြီးကို ‘ငယ် လို့ ဆိုပြီး အထင်မသေးအပ်သူလေးယောက် အကြောင်းတရား (သံ၊၁၊၆၈)’ကို ဟောကြားတဲ့ အခါ ဒီမင်းသမီးလည်း ဗုဒ္ဓကို ကြည်ညိုပြီး သရဏဂုံ တည်သွားခဲ့တယ်။ ဒီတုန်းကပင် ရဟန်း ပြု လိုပေမယ့် သက်တော်ရှည် အဖွားအိုကို ပြုစုရမှာမို့ မဖြစ် နိုင်ခဲ့။ အဖွား ကွယ်လွန်မှ ကောသလမင်းနဲ့ အတူ အဖိုးတန် အခင်းစတဲ့ အသုံးအဆောင်တွေကို ယူပြီး ကျောင်းကိုလာ၊ သံ ဃာတွေကို လှူဒါန်း၊ ဘုရားရဲ့ တရားကို နာပြီး အနာဂါမ်ဖြစ်။ တရား ဆက်နာလို့ ထို့နေမှာပပဲ ပဋိသမ္ဘိဒါ ၄-ပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာထေရီမကြီးဖြစ်သွားပါတယ် (ထေရီဂါထာ၊ဋ္ဌ၊၂၃)။

ဒီ ရဟန္တာ အရှင်မ ဟောတဲ့ တရားက ‘ငါသည် အိမ်ကို၊ သားသမီးကို၊ ကျွဲနွား စသည်ကို စွန့်၍ ကိလေသာကို အရဟတ္တမဂ်ဖြင့် ဖြတ်တောက်ပြီး အေးငြိမ်းခြင်းသို့ ရောက်ခဲ့ပါပြီ’ လို့ ဖြစ်ပါတယ်။

အသိဉာဏ် ခပ်ထုံထုံလို့ ယူဆရတဲ့ ကောသလမင်းကိုလည်း (ကိုယ်တိုင်က သာသနာ့အလုပ်ကို ထိရောက်အောင် မလုပ်နိုင်ခဲ့ပေမယ့်) သားအရင်းနဲ့ နှမအရင်းကို သာသနာ့ဘောင် သို့ ဝင်ခွင့်ပြုပြီးသာသနာ့ အမွေကိုပေးနိုင်ခဲ့ကြောင်း ဆိုနိုင်အံ့ ထင်ပါတယ်။ ဒါကြောင့်လည်း ကောသလကို နောင်အခါ ဘုရားဖြစ်မယ့်သူလို့ ယူဆပုံပေါ်ပါတယ်။

အနာထပိဏ်

အနာထပိဏ် သူဌေးမှာ မဟာသုဘဒ္ဒါ စူဠသုဘဒ္ဒါ သုမနာလို့ သမီးသုံးယောက်နဲ့ ကာလ (လငယ်နဲ့)လို့ သားတစ်ယောက်ရှိတယ်။ သုဘဒ္ဒါ နှစ်ယောက်က သောတာပန် အဖြစ်နဲ့ အိမ် ထောင်ကျကုန်ပေမယ့် အငယ်ဆုံးသုမနာက သကဒါဂါမ်ဖြစ် ပြီး အသက်ငယ်ငယ်နဲ့ ကွယ်လွန်တယ်။

ကာလကိုကြည့်ရတာ အစ်မသုံးယောက်ကြားမှာ ခပ်ပေ ပေ ခပ်ချွဲချွဲ ဖြစ်မယ်။ ဗုဒ္ဓဘုရားနဲ့ ကြုံနေလျက်နဲ့၊ အဖေကိုယ် တိုင် ကျောင်းဒကာ ဖြစ်နေလျက်နဲ့ ဘုရားနား မကပ်။ အလုပ်လည်း မယ်မယ်ရရမရှိ။ ဒီတော့အဖေက မြင်တယ် ‘ဒီကောင် ဒီတိုင်းနေရင် အဝီစိ ဂျွမ်းပစ် ဆင်းတော့မယ်’လို့။ ဒါနဲ့ ‘ငါ့သား .. မင်း ဥပုသ် သီလနဲ့ တရားနာရင် ငါ ငွေတစ်ရာ ပေးမယ်၊ လုပ်မလား’တဲ့။ ‘စိန်လိုက်’တဲ့။ ဒါနဲ့ ဇေတဝန်ကို သွား၊ သီလ ယူ၊ တရားနာရင်း ချောင်ကွယ်မှာ တစ်ရေးမှိန်း၊ ခပ်စောစောပဲ အိမ်ပြန်လာပြီး ‘ပေး..ပိုက်ဆံ’တဲ့။ ‘အိုကေ’ပေးပါတယ်။

နောက်နေ့အဖေက ‘ငါ့သား၊ ဒီနေ့မင်းရှင်တော်ဘုရား ဆီကဂါထာ တစ်ပုဒ်ရအောင်သင်ခဲ့၊ ငွေတစ်ထောင် ပေးမယ်’ တဲ့။ ကာလလည်း ပွပြီ ဆိုပြီး ကျောင်းကိုလာ။ ဘုရားနဲ့ တွေ့၊ သင်၊ သင်ရင်းနဲ့ တရားကို စိတ်ဝင်စား၊ နောက်ဆုံး သောတာ ပန် ဖြစ်ပြီး အဖေ့ဆီက ငွေတစ်ထောင် ယူရမှာတောင် ရှက် သွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၂၃)။

အနာထပိဏ်မှာ ခေမကခေါ်တဲ့ တူချော တစ်ယောက်လည်း ရှိတယ်။ ကဿပဗုဒ္ဓရဲ့ ရွှေစေတီကို ရွှေကျည်ထိုး အဝတ်လှူပြီး ‘ဆွေမျိုးဝင်မိန်းမတွေမှတစ်ပါး မြင်မြင်သမျှမိန်းမ အားလုံး ငါ့ကို ကြိုက်ပါစေ’လို့ ဆုတောင်းတာ ဒီဘဝမှာ လာ ပြည့်လို့ တွေ့သမျှ မိန်းမတွေ သူ့ကို မြင်တာနဲ့ ‘သကဘာဝေန သဏ္ဌာတုံ နာသက္ခိံသု = တောင်ကြီး ပဲလှော်မတွေ ဖြစ်ကုန်တယ်’။ အဲဒါကို သာယာမိတော့ ဒုက္ခ ရောက်တာပဲ။ ကြာခိုနေ တုန်း ဘုရင့်သူလျှိုတွေ ဖမ်းမိလို့ ကောသလမင်းဆီ နှစ်ကြိမ် သုံးကြိမ်ရောက်၊ ဘုရင်ကလည်း အနာထပိဏ်မျက်နှာနဲ့ သက် ညှာ၊ နောက်ဆုံးအနာထပိဏ်သိသွားပြီး ဘုရားဆီဆွဲခေါ်လာတယ်။ မြတ်ဗုဒ္ဓရဲ့တရားအမြိုက်ဆေးကို သောက်သုံးရတဲ့ အခါ အချိန်မီ သောတာပန်ဖြစ်သွားပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၀၀)။

အနာထပိဏ်ဟာ သားနဲ့ တူကို အဲဒီလို အရိယာဖြစ် အောင် လုပ်ပေးနိုင်ပေမယ့် သားရဟန္တာ ရှိတယ်ဆိုတဲ့ မှတ် တမ်းတော့ မတွေ့ဖူးသေးပါ။ ဘာပဲဖြစ်လေ .. ကိုယ့်သွေးသားတွေကို အရိယာဇာတ်ထဲ ပါးနပ်စွာ သွင်းပေးနိုင်တာလည်း သာသနာ့အမွေပေးခြင်း တစ်မျိုးပဲ မဟုတ်ပါလား။

ဗိုလ်ချုပ်တူမ

စစ်သူကြီးလို့ ဆိုရင် ရိုးနေလို့ ဗိုလ်ချုပ်လို့ ခေတ်စကားနဲ့ ခေါ် ကြည့်တာပါ။ သီဟစစ်သူကြီးရဲ့တူမ။ နာမည်ကသီဟာ (ရေး ချနဲ့)တဲ့။ ဒီဒကာမဖြစ်ပုံက နည်းနည်းဆန်းတယ်။

မြတ်ဗုဒ္ဓက သီဟစစ်သူကြီးကို တရားဟောစဉ် သဒ္ဓါတရား ဖြစ်ပြီး ရဟန်းပြုခဲ့ပေမယ့် တရားထိုင်တော့ ကာမအာရုံ ဖိစီး လွန်းလို့ တရားမှတ်မတက်ဘဲ ခုနစ်နှစ်ကြာတယ်။ နောက် ဆုံး လူထွက်တာထက် သေတာပဲ ကောင်းတယ် ဆိုပြီး ဆွဲ ကြိုးချဖို့ သစ်ကိုင်းမှာ ချည်ထားတဲ့ ကြိုးကွင်းကို လည်ပင်းမှာ စွပ်ဆဲ လေ့ကျင့်ထားတဲ့ ဝိပဿနာကို အာရုံပြုစဉ် ဉာဏ်ရင့်ပြီး ပဋိသမ္ဘိဒါလေးပါးရတဲ့ ရဟန္တာဖြစ်သွားတယ် (ထေရီ၊ဋ္ဌ၊၈၁)။

ရဟန္တာ ဖြစ်ပြီးနောက် ဝန်ခံပုံက ‘မသင့်သော နှလုံးသွင်း ဖြင့် ကာမအာရုံကို တပ်မက်သောကြောင့် ငါ၏ စိတ်သည် ငါ့ အလိုသို့မလိုက်ဘဲ ပျံ့လွင့်နေခဲ့၏’တဲ့။

ဗိုလ်ချုပ် သီဟတို့ မိသားစုကိုလည်း သာသနာ့အမွေကို ပေးနိုင်သူလို့ ယူရင် မလွန်ပါဘူး။

မေးခွန်းထဲကပုဂ္ဂိုလ်တွေကို လေ့လာရင်းနည်းနည်းထူး ခြားလို့ ဗိမ္ဗိသာရမင်းနဲ့ သီဟ စစ်သူကြီးတို့နဲ့ ပတ်သက်တာ ကိုပါထည့်လိုက်ပါတယ်။

စက်တင်ဘာ ၂၄၊ ၂၀၁၅။

၄၂၇။ ပဋိစ္စသမုပ္ပါဒ်

ဆရာတော် ဘုရား၊ တပည့်တော်တို့ကို သနားငဲ့ညှာသော အားဖြင့် ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းသင်ပြပေးပါဘုရား။

ဇော်အုန်းကေခင် LA

---

အသံထွက်

‘ပရိစသမုတ်ပတ်’မဟုတ်ဘူး။ ပတိတ်စသမုတ်ပတ်လို့ အသံ ထွက် မှန်စေ။ ခန္ဓာဆိုတဲ့ စကားလုံး (မမှားပေမယ့်) ရှေ့မှာ ထပ်ဖြည့်စရာ မလိုပါဘူး။ မူရင်း ပါဠိတော်အတိုင်း ‘ပဋိစ္စသမုပ္ပါဒ် (ပဋိစ္စသမုပ္ပါဒ)’လို့ ပဲ ထားပါ။ ပဋိစ္စ = အကြောင်းပြု၍၊ သမုပ္ပါဒ် (သမုပ္ပါဒ)=ဖြစ်ခြင်း။ ‘ကြောင်းကျိုးဖြစ်စဉ် နိယာမ’လို့ မြန်မာမှု ပြုနိုင်တယ်။

ဖြစ်စဉ် ၁၂-ခု

ပဋိစ္စသမုပ္ပါဒ်ကို နားလည်ဖို့ ဖြစ်စဉ် ၁၂-ခုကို သိရမယ်။ အဲဒီ ၁၂-ခုကို ဒီလိုမှတ်မိအောင်လုပ်..

အဝိဇ်.သင်္ခါဝိညာ.နာသဠာ.သံဖဿ

ဝေ.ဏှာ.ဥပါဘဝ.ဇာဇရာမရဏ’။

အဝိဇ္ဇာသင်္ခါရဝိညာဏနာမရူပသဠာယတနဖဿဝေဒနာတဏှာဥပါဒါနဘဝဇာတိဇရာမရဏ။ ဒါတွေ အားလုံးဟာ ဒီခန္ဓာကိုယ်မှာ ရှိနေတာ။ အဓိပ္ပာယ်ကျဉ်းကို လေ့ လာကြည့်မယ်..

အဝိဇ် (အဝိဇ္ဇာ) = မသိခြင်း

ဘာကို မသိတာလဲ.. ၁)ဒုက္ခ ၂)ဒုက္ခရဲ့အကြောင်း ၃)ဒုက္ခ ချုပ်ရာ ၄) ဒုက္ခ ချုပ်ရာသို့ ရောက်နိုင်တဲ့ လမ်းစဉ် ၅) ထာဝရ ဘုရား ဖန်ဆင်းလို့ ဖြစ်လာရတဲ့ ယခုဘဝသည် အစဖြစ်ပြီး နောက်ဘဝမှာ ရှင်ပြန် ထမြောက်မယ်လို့ ယုံကြည်ခြင်းဖြင့် အတိတ်ဘဝကို မသိ ၆) အချို့ အတိတ်ဘဝကို လက်ခံပေမယ့် သေရင် ပြတ်ပြီ ဆိုပြီး အနာဂတ်ဘဝကို မသိ ၇) အချို့က အတိတ်အနာဂတ် ဘဝနှစ်ခုလုံးကိုမသိ ၈)ဤကြောင်းကျိုးဖြစ် စဉ်နိယာမကို မသိ။

သင်္ခါ (သင်္ခါရ) = ပြုပြင် ဖန်တီးခြင်း

မသိခြင်းဖုံးလွှမ်းခံနေရတဲ့ လောကသားတွေဟာလုပ်မိလုပ်ရာ လုပ်ဖြစ်ဖို့ တွန်းအားကို ဖြစ်ပေါ်စေတယ်။ အဲဒီ တွန်းအားဟာ သင်္ခါရပဲ။ အတိအကျ ဆိုရင် ပြုပြင် ဖန်တီးမှုကို ဖြစ်ပေါ်စေတဲ့ တွန်းအားသို့မဟုတ် ‘စေတနာ’ပါပဲ။ ဒီစေတနာကိုအုပ်စုသုံး မျိုးခွဲပြတယ်..

၁) အကုသိုလ် ဖြစ်အောင်လှုံ့ဆော်ပေးတဲ့ စေတနာ(၁၂- မျိုးရှိတယ်)။

၂) ကာမ ကုသိုလ် ရူပကုသိုလ် ဖြစ်အောင်လှုံ့ဆော်ပေးတဲ့ စေတနာ (၁၃-မျိုးရှိတယ်)။

၃) အရူပကုသိုလ် ဖြစ်အောင်လှုံ့ဆော်ပေးတဲ့ စေတနာ (၄- မျိုးရှိတယ်)။

အကုသိုလ်ရဲ့ဆိုကျိုးကိုမကြောက်တာ အဝိဇ္ဇာဖုံးနေလို့။ ကာမ ရူပ အရူပ ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ရုပ် နာမ်ခန္ဓာကို တပ်မက်တာ အဝိဇ္ဇာ ဖုံးလို့။ အဝိဇ္ဇာသည် အကြောင်း၊ သင်္ခါရ သည် အကျိုး။ သင်္ခါရဟာ သူ့ကြောင့် ဖြစ်တဲ့ အကျိုးရဲ့ အကြောင်းလည်း ဖြစ်တယ်။ ဝိညာဏ်စသည်လည်း ဒီအတိုင်း။ ဝိညာ (ဝိညာဏ်) = ပဋိသန္ဓေစိတ်

ဘဝတစ်ခုမှာ အစဆုံး ဖြစ်တာ ပဋိသန္ဓေစိတ်။ ၁) အကုသိုလ် သင်္ခါရကြောင့် အပါယ်ပဋိသန္ဓေစိတ်ဖြစ်တယ် ၂)ကာမရူပ ကုသိုလ် သင်္ခါရကြောင့် ကာမသုဂတိနဲ့ ရူပ ပဋိသန္ဓေစိတ် ဖြစ်တယ် ၃) အရူပကုသိုလ် သင်္ခါရကြောင့် အရူပပဋိ သန္ဓေစိတ် ဖြစ်တယ်။

နာ (နာမရူပ) = နာမ်နဲ့ ရုပ်

ပဋိသန္ဓေစိတ်နဲ့ အတူ အခြား နာမ်ခန္ဓာသုံးပါး (ဝေဒနာက္ခန္ဓာသညာက္ခန္ဓာသင်္ခါရက္ခန္ဓာ)နဲ့ ရုပ်ခန္ဓာ တစ်ပြိုင်နက် ဖြစ်တယ်။ ပဋိသန္ဓေ ဝိညာဏ်စိတ်က ဦးဆောင်တဲ့ အတွက် (သူ့ကြောင့် အခြား ခန္ဓာ ၄-ပါး ဖြစ်ရတာ) ဝိညာဏ်ကို နာမ်ရုပ်တို့ရဲ့ အကြောင်းလို့ ဆိုခဲ့တာ။

သဠာ (သဠာယတန) = အာယတန ၆-ပါး

မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ စိတ်အကြည်ဆိုတဲ့ အကြည် ၆-မျိုးကို အာယ တနလို့ ခေါ်တယ်။ အကြည်ဆိုတာ အာရုံတွေကို ဖမ်းယူတဲ့ မျက်စိ နား နှာ လျှာ ကိုယ်မှာ ရှိတဲ့ ပသာဒရုပ်။ နာမ်ရုပ် ဖြစ် တည်လာရင် ဒီအာယတန ၆-ပါး ပါပြီပေါ့။

သံဖဿ (ဖဿ) = ဖဿ ၆-ပါး

ဖဿဆိုတာ အကြည်နဲ့ အာရုံ ထိတွေ့မှု။ အာရုံဟာ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အတွေး အကြံလို့ ၆-မျိုးရှိတယ်။ ဆိုခဲ့ပါ အကြည် ၆-မျိုးနဲ့ အာရုံ ၆-မျိုးကို ဖမ်းယူတဲ့ အခါ ထိတွေ့မှု ၆-မျိုး (ဖဿ ၆-ပါး) ဖြစ်ပေါ်လာတယ်။ မျက် စိအကြည်နဲ့ အဆင်းကို ဖမ်းယူရင် မျက်စိအတွေ့ (စက္ခု သမ္ဖဿ)ဖြစ်တယ်။ နားအတွေ့ (သောတသမ္ဖဿ)စသည်။ ဝေ (ဝေဒနာ) = ဝေဒနာ ၆-ပါး

ဝေဒနာဆိုတာ ခံစားခြင်း။ အကြည်နဲ့ အာရုံထိတွေ့တာနဲ့ တစ် ပြိုင်နက် ခံစားခြင်း ဖြစ်လာတယ်။ ခံစားခြင်းလည်း ၆-မျိုးပဲ။ ကြိုက်တဲ့ အာရုံနဲ့ ထိတွေ့ရင် ချမ်းသာတဲ့ ခံစားမှု၊ မကြိုက် တာနဲ့ ထိတွေ့ရင် ဆင်းရဲတဲ့ ခံစားမှု။ အလယ်အလတ် ခံစားမှု။ အကြည်နဲ့ အာရုံထိတွေ့မှု မရှိရင် ခံစားမှု မဖြစ်နိုင်။ ဏှာ (တဏှာ) = တပ်မက်ခြင်း

ဘာကိုတပ်မက်သလဲ..အကြည်နဲ့ အာရုံထိတွေ့မှုကြောင့် ရရှိတဲ့ ချမ်းသာ ဆင်းရဲ ခံစားမှုတွေကို တပ်မက်တယ်။ ဆင်းရဲ ကြုံခိုက်မှာပင် ချမ်းသာတဲ့ ခံစားမှုကို တောင့်တတယ်။ ခံစားမှု ၆-မျိုးကို တပ်မက်လို့ တဏှာလည်း ၆-မျိုးပါပဲ။

(အဲဒီ ၆-မျိုးကို ကာမတဏှာဘဝတဏှာဝိဘဝတဏှာ ၃-မျိုးနဲ့ မြှောက်၊ သူ့ သန္တာန် ကိုယ်သန္တာန် ၂-ပါးနဲ့ ထပ် မြှောက်၊ ကာလ ၃-ပါးနဲ့ ဆက်မြှောက်ပြီး တဏှာအစစ် ၁၀၈- မျိုးကိုလည်း မှတ်နိုင်တယ်။)

ဥပါ (ဥပါဒါန) = စွဲလမ်းခြင်း

တပ်မက်မှုလွန်ကဲလာရင် ဥပါဒါန် (စွဲလမ်းခြင်း)ဖြစ်သွားတယ်။ သာယာမှု ၆-မျိုးကို တွေ့စမှာ တပ်မက်တယ်၊ တစ်စတစ်စနဲ့ ပြင်းထန်လာရင် ဥပါဒါန် ဖြစ်သွားတာပဲ။ ကာမအာရုံကို စွဲလမ်း (ကာမုပါဒါန်)၊ အယူမှားကို စွဲလမ်း (ဒိဋ္ဌုပါဒန်)၊ ဤခန္ဓာကိုယ်ကို စွဲလမ်း (အတ္တဝါဒုပါဒါန်)၊ အကျင့်မှားကို စွဲလမ်း (သီလဗ္ဗတုပါဒါန်)လို့ အစွဲ ၄-မျိုးရှိတယ်။

ဘဝ = ဘဝ ၂-မျိုး

ဘဝရဲ့ အဓိပ္ပာယ်ရင်းက ဖြစ်တည်ခြင်း။ ကမ္မဘဝနဲ့ ဥပပတ္တိ ဘဝလို့ ဖြစ်တည်ပုံ ၂-မျိုး။ ကံရဲ့ ဖြစ်တည်ခြင်းနဲ့ ခန္ဓာရဲ့ဖြစ် တည်ခြင်းလို့ ဆိုနိုင်တယ်။ ကံရဲ့ဖြစ်တည်ခြင်း ဆိုတာသင်္ခါရမှာ ဖော်ပြထားတဲ့ သင်္ခါရသုံးမျိုး ဖြစ်ခြင်းပါပဲ။ ဒါပေမယ့် သင်္ခါရမှာ ပြခဲ့တဲ့ သုံးမျိုးက ဒီဘဝအကျိုးပေးဖို့အတွက် ယခင်ဘဝကပြု ထားတာ။ အခုသုံးမျိုးက နောက်ဘဝမှာ အကျိုးပေးဖို့ ဒီဘဝ မှာလုပ်တာ။ ဒီဘဝသင်္ခါရ သုံးမျိုးကိုတော့ ကမ္မဘဝလို့ အမည် တစ်မျိုးနဲ့ ခေါ်ထားခြင်းပါပဲ။ ဥပပတ္တိဘဝဆိုတာ ကာမ ရူပ အရူပဆိုတဲ့ ဘဝခန္ဓာသုံးမျိုး။

ဒီလို တွေးကြည့် .. ‘မယုံကြည်သူတို့ရဲ့ ဦးခေါင်းကို ဖြတ် ရင် ထာဝရသုခဘုံမှာ အပျိုစင်ရ၂-ယောက်ရတယ်’လို့ အယူ မှားပြီး ထိုအယူမှားကို တပ်မက်စွဲလမ်းခြင်း (ဒိဋ္ဌုပါဒါန်)ကြောင့် ၁)ဘာသာခြားတွေကိုခေါင်းဖြတ်ခြင်းဆိုတဲ့ အကုသိုလ်ကမ္မ ဘဝနဲ့ ၂)အပါယ်ဘုံဆိုတဲ့ ဥပပတ္တိဘဝတွေဖြစ်ပေါ်ရတယ်။ ဇာ (ဇာတိ) = ဘဝသစ် စဖြစ်ခြင်း

ဇာတိဆိုတာ ဘဝတစ်ခုမှာ ပထမဆုံး ဖြစ်တဲ့ စိတ်နဲ့ ထိုစိတ်နဲ့ အတူ ဖြစ်တဲ့ ကမ္မဇ ရုပ်ကလာပ် ၃-စည်းကို ခေါ်တယ်။ တစ် ဖန် ပဋိသန္ဓေ စဖြစ်ခြင်းပါပဲ။ ဒီဘဝပြုလုပ်တဲ့ ကုသိုလ် အကု သိုလ် ကမ္မဘဝကြောင့် အနာဂတ်မှာ ဖြစ်ပေါ်လာတဲ့ ဥပပတ္တိ ဘဝပဲပေါ့။ ဇာတိဆိုတာ ဥပပတ္တိဘဝရဲ့စဖြစ်ခြင်းပါပဲ။ ဇရာမရဏ = အိုသေ

ပဋိသန္ဓေ စဖြစ်ပြီးသည်နှင့် အိုခြင်း သေခြင်း ဖြစ်တယ်။ ဇရာ မရဏနဲ့ အတူ သောက (ဝမ်းနည်း)ပရိဒေဝ (ငိုကြွေး)ဒုက္ခ (ကိုယ်ဆင်းရဲ)ဒေါမနဿ (စိတ်ဆင်းရဲ)ဥပါယာသ (ပူဆွေး ခြင်း)တွေ ဖြစ်ရတယ်။ ဒါကြောင့် ဤခန္ဓာကို ‘ဒုက္ခအစုမျှသာ’ လို့ ပါဠိတော်မှာ ဖော်ပြပါတယ်။

ရုပ်နာမ်တို့ရဲ့ ‘ဖြစ်တည်ပျက်’လို့ ခဏ (အခိုက်အတံ့)သုံးခု ရှိရာမှာ ဖြစ်ခိုက်ကို ဇာတိတည်ခိုက်ကို ဇရာပျက်ခိုက်ကို မရဏလို့ ခေါ်တယ်။ ဒီရုပ်နာမ်ခန္ဓာဟာ စဖြစ်တာနဲ့ အဲဒီခဏ သုံးခုပေါ်မှာ ဒီရေကဲ့သို့ရွေ့နေတာပဲ။ မျက်တောင်တစ်ခတ်အတွင်း ‘ဖြစ်တည်ပျက်’ အကြိမ်ပေါင်း သန်းပေါင်း များစွာ ဖြစ်တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စက္ကန့်ကသင်ဟာ ယခုသင်မဟုတ်ဘူး။ ဒါကို ပကတိမျက်စိနဲ့ မမြင်နိုင်ဘူး။

ကာလစဉ်

အဲဒီ ဖြစ်စဉ် ၁၂-ခုကို ဖြစ်ရာ ကာလနဲ့ စဉ်ကြည့်ရင် .. အစ ၂-ခု (အဝိဇ်.သင်္ခါ)သည် အတိတ်၊ အလယ် ၈-ခု (ဝိညာ.နာသဠာ.သံဖဿဝေ.ဏှာ.ဥပါဘဝ)သည် ပစ္စုပ္ပန်၊ အဆုံး ၂-ခု (ဇာဇရာမရဏ)သည်အနာဂတ်

အတိတ် စနှစ်၊ လယ်ရှစ် ပစ်၊ ဆုံးနှစ် အနာဂတ်’။ ယခင်ဘဝမှာ သံသရာရဲ့အပြစ်ကို မသိအောင်ဖုံးလွှမ်းနေ တဲ့ အဝိဇ္ဇာကြောင့် ကုသိုလ် အကုသိုလ် သင်္ခါရတွေကို ပြုခဲ့ကြ လို့ ယခု ပစ္စုပ္ပန်မှာ ‘ဝိညာဏနာမရူပသဠာယတနဖဿဝေဒနာတဏှာဥပါဒါနဘဝ’တွေဖြစ်ရတယ်။ တစ်ဖန် ယခု ဘဝမှာ ကမ္မဘဝဆိုတဲ့ ကုသိုလ် အကုသိုလ် ပစ္စုပ္ပန်ကံကို ပြု စီမံပြန်လို့ အနာဂတ်မှာ ‘ဇာတိဇရာမရဏ’ဖြစ်ရတယ်။

ဝဋ်မြစ် ၂-ပါး

အဝိဇ္ဇာသင်္ခါရ..ဝိညာဏနာမရူပသဠာယတနဖဿဝေ ဒနာ’ ၇-မျိုးပါတဲ့ ပထမပိုင်းကို အဝိဇ္ဇာက ဦးစီးတယ်။ ‘တ ဏှာဥပါဒါနဘဝ .. ဇာတိဇရာမရဏ’ ၅-မျိုးပါတဲ့ ဒုတိယ ပိုင်းကို တဏှာက ဦးစီးတယ်။ ဒါကြောင့် အဝိဇ္ဇာနဲ့ တဏှာကို ဝဋ်မြစ်၂-ပါးလို့ ခေါ်တယ်။

အဝိဇ္ဇာရဲ့ အကြောင်း

ပါဠိတော်မှာ ‘ဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနဿုပါ ယာသာ’လို့ တစ်ဆက်တည်း ပြတယ်။ ဇရာမရဏ ဖြစ်ရင် သောက ပရိဒေဝစတဲ့ ငါးမျိုးလည်း ပါလာတယ်။ ဒီငါးမျိုးနဲ့ အတူယှဉ်ဘက် အနေနဲ့ အဝိဇ္ဇာလည်းပါပြီ။ ဒီတော့ဇရာမရဏ ဖြစ်လာရင် အဝိဇ္ဇာလည်း ဖြစ်ပြီးသားပဲ။ အဲဒီ အဝိဇ္ဇာသည် ဘာကြောင့် ဖြစ်ရသလဲ .. ‘အာသဝါနံ သမုပ္ပါဒါ၊ အဝိဇ္ဇာ စ ပဝတ္တတိ’ အရ အာသဝကြောင့် ဖြစ်ရတယ်။

အာသဝဆိုတာ ‘အရက်လိုစိမ်ရည်နဲ့ တူတဲ့ တရား’။ နှစ် သက်ဖွယ် အာရုံကို တပ်မက်ခြင်း (ကာမ)၊ ဘဝကို တပ်မက် ခြင်း (ဘဝ)၊ အယူမှားခြင်း (ဒိဋ္ဌိ)၊ မသိမိုက်မဲခြင်း (အဝိဇ္ဇာ)လို့ အာသဝေါတရား လေးပါး (တရားကိုယ် အနေနဲ့ လောဘ ဒိဋ္ဌိ မောဟ ၃-ပါး)ကြောင့် အဝိဇ္ဇာ ဖြစ်တယ်။ ချစ်မြတ်နိုးသူ တစ် ဦးပျက်စီးတဲ့ အခါသောက ပရိဒေဝစတဲ့ ငါးမျိုးဖြစ်တယ်။ အဲဒီ ဖြစ်စဉ်မှာ ယှဉ်ဘက်အနေနဲ့ အဝိဇ္ဇာလည်း ဖြစ်ပြီးသား။

အာသဝတွေ ဘာကြောင့် ဖြစ်သလဲ .. (ပစ္စုပ္ပန်ဘဝမှာ) တဏှာဥပါဒါန်အကုသိုလ် ကမ္မဘဝတွေမှာ အဲဒီ အာသဝတွေလည်း ယှဉ်ဘက်အနေနဲ့ ပါပြီးသား ဖြစ်နေလို့ ယင်း (တဏှာ ဥပါဒါန် အကုသိုလ် ကမ္မဘဝ)တို့ရဲ့ ဖြစ်ကြောင်းဖြစ်တဲ့ (ဝေဒနာ ..စသည်)သည်ပင် အာသဝေါတို့ရဲ့ ဖြစ်ကြောင်းပါပဲ။

ဒီလိုနဲ့ အကြောင်းကြောင့် အကျိုးဖြစ်၊ ထိုအကျိုးသည် နောက် အကျိုးရဲ့ အကြောင်း ပြန်ဖြစ်ပြီး နောက်ဆုံး မူလအကြောင်းလည်း နောက်ဆုံး အကျိုးဟူသော အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတစ်ခုဖြစ်နေလို့ စက်ဝိုင်းလို တစ်ပတ်လည်နေ တာကို တွေ့ရတယ်။ ဒါကိုရည်ပြီး ‘ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်’ လို့ ဥပမာတင်ပြီး ဆိုခြင်းဖြစ်ပါတယ်။

သံသရာရဲ့ အစ

မြတ်ဗုဒ္ဓဟာ ‘ပုဗ္ဗကောဋိ န ပညာယတိ၊ သံ၊၁၊၃၈၇’လို့ ဟောတော်မူပြီး အစမထင်ဘဲ ဘဝသံသရာ ဘယ်လို လည်တယ် ဆိုတာကို ဟောဒီ ပဋိစ္စ သမုပ္ပါဒ်နည်းနဲ့ ရှင်းပြတော်မူပါတယ်။ ပဋိစ္စသမုပ္ပါဒ် နည်းဟာ ယုတ္တိနဲ့ ယုံကြည်မှုကို ပေါင်းစပ်ပြီး သက်သေပြထားတာ ဖြစ် လို့ ဗုဒ္ဓဝါဒီမဟုတ်တဲ့ ဗုဒ္ဓဝါဒကို စိတ်ဝင်စားသူ ပညာရှင်အချို့ ဒီဖြစ်စဉ် နိယာမရဲ့ ပစ္စုပ္ပန်ပိုင်းကို လက်ခံနိုင်ပေမယ့် အတိတ်နဲ့ အနာဂတ်ပိုင်းကိုတော့ လက်ခံဖို့ခက်တာကို တွေ့ရတယ်။

ငယ်စဉ်က စွဲနေခဲ့တဲ့ ယုံကြည်မှု အမာရွတ်ကြီးနဲ့ လူတစ် ဦးကို ‘ဒီမှာ .. ဒါ နောက်ဘဝပဲ’လို့ ခေါ်ပြရင် တောင် ‘ဟုတ် မှာပဲလ္လေလို့ လုပ်ချင်လုပ်မှာ။ အနည်းဆုံး ပစ္စုပ္ပန်ပိုင်းကို အဲဒီ ဗုဒ္ဓဝါဒီ မဟုတ်သူတို့ လက်ခံနိုင်တာကိုက ဗုဒ္ဓဝါဒရဲ့လက်တွေ့ ကျတဲ့ သာဓကပဲလေ။ အဘယ်မည်သော ကမ္ဘာ့ယုံကြည်မှုကြီး တစ်ခုသည် မိမိဝါဒရဲ့ ယုတ္တိကို ဤပဋိစ္စသမုပ္ပါဒ်လောက် စနစ် တကျ ရှင်းပြနိုင်ပါသလဲ။

ဘုန်းကြီး ဖြေထားပြီးဖြစ်တဲ့ ‘၃၂။ အနတ္တသံသရာ ၃၇။ သံသရာ ဘယ်ကစ ၂၄၃။ စက်ဝန်းသံသရာ ၂၇၈။ အဖြေမဲ့ မွေးခွန်း’ ခေါင်းစဉ်နဲ့ ရေးထားတဲ့ ဓမ္မအမေးအဖြေတွေကိုပါ ဖတ်ရင် အစမထင်ဘဲ ဘဝသံသရာ လည်ပုံနဲ့ ပဋိစ္စသမုပ္ပါဒ် အကြောင်းကိုပိုပြီး နားလည်ရှင်းလင်းနိုင်ဖွယ်ရှိပါတယ်။

စက်တင်ဘာ ၂၅၊ ၂၀၁၅။

---

၄၂၈။ ဩကာသသမိုင်း

အရှင်ဘုရား၊ ဩကာသကန်တော့ချိုးကို မည်သည့်အချိန်အခါမှ စတင်၍ မည်သည့် ဆရာတော်ကြီးများက ရေးစပ်ခဲ့သည်ကို သိလိုပါသည် အရှင်ဘုရား။ ဩကာသကန့်တော့ချိုး မတိုင်ခင် လူအများ မည့်သည့် ကန်တော့ချိုးဖြင့် ရွတ်ဆို ကန်တော့ကြ ပါသလဲဘုရား။ ကရုဏာရှေ့ထား မေတ္တာအားဖြင့် အခါအခွင့် သင့်ပါက ဖြေကြားပေးတော်မူပါရန် ရိုသေစွာ တောင်းပန် လျောက်ထားအပ်ပါသည် အရှင်ဘုရား။

သန်းထွန်း

---

အစောဆုံးပုံစံ

သရဏဂုံနှင့် အကွ ပဉ္စသီကို ရှေးဦးစွာ ဆိုပေအံ့။ ဩကာသ ဩကာသ ဩကာသအနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေအဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ယာစာမိဒုတိယမ္ပိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေအဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ယာစာမိတတိယမ္ပိ .. ဤကား သီတင်းတောင်းတည်း..ထိုသီတင်းတောင်း၌ ဩကာသ သုံးကြိမ် ဆိုသည်ကား အခွင့် တောင်းသဖြင့် အရိအသေ သာဆိုသတည်း (ယသဝဍ္ဎနဝတ္ထုကျမ်း။ စာ၊၃၉၈-၄၀၀)’။

တောင်ဖီလာဆရာတော်ဟာ ဒီကျမ်းကိုမြန်မာ၉၈၁-ခုနှစ် ရေးပြီးလို့ ကျမ်းရဲ့သက်တမ်း၃၉၆-နှစ် (ယခု ၁၃၇၇)။ ဘုန်း ကြီးလေ့လာမိသမျှ သရဏဂုံနဲ့ ငါးပါးသီလဆောက်တည်ပုံကို ဖော်ပြတဲ့ အစောဆုံးကျမ်းပဲ။

အနုဂ္ဂဟံ ကတွာ-မှာ ဆိုသူရဲ့ ဆန္ဒအရ အလေးဂရု ပြု စေရန်သာဖြစ်ပြီး ကျမ်းဂန်လာမဟုတ်လို့ ထည့်မထည့်နှစ် မျိုးလုံး သင့်ကြောင်း၊ အချို့ ပညာရှိများမှာ ‘ဝိသုံ ဝိသုံ ရက္ခဏတ္ထာယ’ထည့်၍ တောင်းစေကြောင်းစသည် ဖော်ပြထားတာကို ထောက်ရင် အဲဒီ ခေတ်တုန်းက သရဏဂုံနဲ့ ငါးပါးသီလ တောင်းပုံပါဠိဟာ တစ်ဆရာ တစ်မျိုးစီ ဖြစ်ပုံရတယ်။ ဆရာ တော်ဟာ ငါးပါးသီလ ခံယူပုံကို အသေးစိတ် ရှင်းပြပါလျက် ဩကာသ သုံးလုံးရဲ့ နောက်မှာ ကန်တော့ချိုး စာပိုဒ်ကို မဖော် ပြတာဟာ အဲဒီ ခေတ်တုန်းက အတော်အတန် ပုံစံကျ ဩ ကာသဆိုရိုးတစ်ခု မရှိသေး၍လားလို့ စဉ်းစားဖွယ်ပါ။ သုဇနာရဟ

စန္ဒာဗလသူမြတ်ရေးတဲ့ သုဇနာရဟကျမ်းမှာ ‘ပဉ္စသီနှင့် တကွ တောင်းသော်ကား .. အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ယာစာမိအနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေဒုတိယမ္ပိ တတိယမ္ပိ ထည့်၍ သုံးကြိမ် တောင်းအပ်၏ (ပေမူ၊ ကူ-ကျော)’လို့ ဖော်ပြပါတယ်။ ကျမ်းပြီးနှစ်မသိရပေမယ့်မြန် မာနှစ် ၁၁၄၄-ခုနှစ်မှာ ပေမူကို ရေးကူးပြီးလို့ပေသက် ၂၃၃- နှစ်ရှိပြီ။ သရဏဂုံနဲ့ ငါးပါးသီလ အကြောင်း အကျယ် ဖွင့်ဆို ရေးသားတဲ့ ကျမ်းစာ ဖြစ်ပါတယ်။ ပေစာ စာမျက်နှာ ၁၇၇ ရှိတယ်။ ပိဋကတ်တော်သမိုင်းရဲ့ ကျမ်းစာ စာရင်းမှာတော့ ဒီ ကျမ်းကို မတွေ့မိ။ အတော်အတန် ရှေးကျဖွယ် ရှိတဲ့ ဒီကျမ်း မှာ သရဏဂုံသက်သက် တောင်း၊ သရဏဂုံနဲ့ ငါးပါးသီလတွဲပြီး တောင်းပုံတွေကို အသေးစိတ် ဖော်ပြပေမယ့် ဩကာသ စ ကားလုံးမပါဘူး။

ဩကာသအဖွင့်များ

မြောင်းမြခရိုင် မြေနီကုန်းရွာမှာ သီတင်းသုံးတဲ့ အရှင်အာဒိစ္စ ရံသီဘွဲ့အမည်ရှိ ဆရာတော်က ဩကာသာဒိဝိနိစယဒီပနီကျမ်းကို မြန်မာ ၁၂၅၁-ခုနှစ် ရေးပြီးပါတယ်။ ဆရာတော်ဟာ မိမိ ဖွင့်ဆိုမယ့် ဩကာသကန်တော့ချိုးကို အပြည့်အစုံ ဖော်ပြပြီး နောက်အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ်..

ပုဗ္ဗာစရိယ ဆရာတော် ဘုရားကြီးတို့သည် ရတနာသုံးပါးကို ဆည်းကပ် ဝတ်ပြုသောကာလ ဤအတိုင်း သင်ကြား ပြသ တော်မူကြကုန်၏။ မြန်မာတိုင်းပြည် အထက်နိုင်ငံ၌လည်း ဤ သဒ္ဒါ အစဉ်အတိုင်း များစွာသော ရှင်လူ အပေါင်းတို့သည် ဤ ဆိုခဲ့သည့် အတိုင်းပင် ရကြကုန်၏။ အောက်နိုင်ငံ၌လည်း အသက်ကြီးသော ဥပါသကာ ဥပါသိကာတို့သည်လည်း ကောင်း၊ အသက် ငယ်သော်လည်း ဆရာကောင်းကို ကျနမှန်ကန်စွာ ရ ကြသော သူတို့သည်လည်း ကောင်း၊ ဤအတိုင်းပင် ရကြ၏။ ထို့ကြောင့် ဤသဒ္ဒါ အစဉ်ကိုသာလျှင် သံဝဏ္ဏေတဗ္ဗ ပြုလျက် မြတ်နိုးစွာဖွင့်ဆိုပါအံ့ (ပေမူ၊ ကျမ်းအစမှာကြည့်)’။ ဆရာတော်ရဲ့ အမှာစကားကို ကြည့်ရင် ဩကာသနဲ့ ပတ်သက်ပြီး မူကွဲခြင်း၊ သို့မဟုတ် သဘောထား ကွဲပြားခြင်း တစ် ရပ်ရှိနေရိပ် ထင်တယ်။ ဒါကြောင့်လည်း အဆုံးအဖြတ် ဆိုတာကို ရေးတာပေါ့။ ဆရာတော် ဖော်ပြတဲ့ ဩကာသမူမှာ ‘.. သံ ဃာရတနာ တည်းဟူသော’ ‘ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန် လျှော့’ ဆိုတဲ့ စာသားများပိုတာ၊ ဗျသနတရားငါးပါး မပါတာ၊ ကန်တော့ပါ၏ .. ရပါလို၏ .. ရဲ့နောက်မှာ အရှင်ဘုရားတွေ မပါတာတွေဟာ ယနေ့ နိုင်ငံတော် သံဃနာကအဖွဲ့က ပြဋ္ဌာန်း ထားတဲ့ မူနဲ့ ခြားနားချက်ပါပဲ။

ဒါ့အပြင် ဆရာတော် ဦးနန္ဒဝံသ ရေးတဲ့ ‘ဩကာသာဒိ ဝိဘာဝနီကျမ်း’ (၁၂၆၂-ခုနှစ် ရေးပြီး) မှာလည်း ဩကာသကန် တော့ချိုးကို သူမူ သူ့ဟန်နဲ့ ဖော်ပြပြီး ရေးသား ဖွင့်ဆိုတာကို တွေ့နိုင်တယ်။

ဒါပေမယ့် ဒီကျမ်းတွေမှာ ၎င်းတို့ ဖွင့်ဆိုမယ့် ဩကာသ ကန်တော့ချိုးကို ဘယ်သူရေးတယ် ဘယ်တုန်းက ရေးတယ် ဆိုတာကို မဖွင့်ပြကြဘူး။

ရှင်အရဟံလော

အချို့က ဩကာသကို ပုဂံသာသနာပြု ရှင်အရဟံ ရေးပြီး အနော်ရထာမင်းကြီး အသုံးပြုခဲ့တယ်လို့ ရေးသားကြတာကို (အင် တာနက် စာမျက်မှာ) ဖတ်ရတယ်။ ပုဂံခေတ်ဦးမှာ မြန်မာစာ အရေးအသားက ‘မြနန္ဒာ တောင်ကျ ချောင်းတေး၊ ဝတိံသာ လော နန္ဒာလော၊ တူစွ ဟုတ္ထာ’မျှ ဖြစ်လို့ ယုံရခက်သား။ ဩ ကာသနဲ့ ရှင်အရဟံ ပတ်သက်မှုကို ပါဠိဆရာကြီး ဆရာဉာဏ်က ‘ထိုရေးသားချက်သည် (ဩကာသ) ဘုရားရှိခိုးအတွက် လေး နက်စေလိုသဖြင့် ဂုဏ်တင်ကာ သရုပ်ဆောင် ရေးသားချက်လည်း ဖြစ်နိုင်၏ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၅)’တဲ့။ ပုဂံခေတ် ကျောက်စာတွေက ဩကာသသဲလွန်စ ရတဲ့ အချိန်ကျမှ လက် ခံရမှာပေါ့။ မွန်ထုံးစံ မွန်ဘာသာ ကျမ်းစာတွေကလည်း သဲ လွန်စ ရနိုင်လောက်တယ်။

ဘုန်းကြီး ဖော်ပြနိုင်တဲ့ အထက်ပါ သဲလွန်စတွေ လောက် နဲ့ တော့ ဩကာသကို ဘယ်တုန်းက ဘယ်သူ ရေးခဲ့တယ် ဆို တာကို အတိအကျ မပြောနိုင်။ ဩကာသ မရှိခင်က မည်သို့ ဆိုရိုးပြုပြီး ကန်တော့တယ်ဆိုတာကိုလည်း မသိနိုင်။ တွေးမိတာလေး

ဘုန်းကြီး တွေးမိတာလေး တင်ပြရရင် .. အလွန် ရှေးကျတဲ့ အချိန်ကပင် ရတနာသုံးပါးကို ကန်တော့ရှိခိုးရင် ဖြစ်စေ၊ သရ ဏဂုံနဲ့ သီလတောင်းရင် ဖြစ်စေ ဩကာသ စကားလုံးကို သုံး ကြိမ် ရှေးကခံပြီး ကန်တော့ ရှိခိုးသူရဲ့ ဆန္ဒအရ (စာလို .. ဝတ္တစာ အရ) နှုတ်မြွက် ရွတ်ဆိုခဲ့ကြတာ ဖြစ်လို့ အဦးပိုင်းမှာ ဆိုပုံ အမျိုးမျိုး ရှိနိုင်တယ်။ နောက်ပိုင်းမှာ ကန်တော့ တောင်း ပန်ဖို့ အဓိကထားပြီး ပညာရှိ တစ်ဦးဦးက ကနဦး ဩကာသ ကန်တော့ချိုး (ဖြစ်ဖွယ်ရှိတဲ့) ဆိုရိုးတစ်ခုကို စီစဉ်ခဲ့ဖွယ် ရှိပြီး တဖြည်းဖြည်း အသုံးများလာခြင်း ဖြစ်ဖွယ် ရှိတယ်။ ကျမ်းဂန် ထွက်မဟုတ်လို့ မူတွေတော့ ကွဲပြားတာပေါ့။

ဒီလိုနဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်းနဲ့ ကိုလိုနီခေတ်ဦး အကြားကာလမှာ ယပ်လှဲ တရားစာနဲ့ ယပ်လှဲ နယ်လှည့် ဓမ္မ ကထိကတွေ (ဥပမာ .. လယ်လီဆရာတော်ဆရာတော် ဦး ဉေယျ စသည် ..)ကြောင့် လူစုလူဝေး တရားပွဲတွေ များ လာတာနဲ့ အမျှဩကာသ ဆိုရိုးလည်း ပိုပြီးတိုးတက်လာဖွယ် ရှိတယ်။ တစ်ချိန်တည်း လောက်မှာ ရှိခိုးကန်တော့တဲ့ အခါ ကာယကံဝစီကံလို့ ဆိုရမယ်သို့မဟုတ် ကာယဒွါရဝစီဒွါရလို့ ဆိုရမယ် ဆိုတဲ့ ကံ ဒွါရ စကား စစ်ထိုးပွဲလည်း ဖြစ်ပြန်တော့ ပိုပြီး ခိုင်မာသွားတာပေါ့။ ဩကာသ အဖွင့်ကျမ်းတွေ၊ အဆုံး အဖြတ် ကျမ်းတွေ ပေါ်လာတာဟာ အဲဒီ စစ်ထိုးပွဲတွေရဲ့ ရ လာဒ် ဖြစ်နိုင်တယ်။ ကံဒွါရ ငြင်းခုံမှုကို နှဲကြိုးဆရာတော် စီရင် တဲ့ ‘သမ္မောဟဆေဒနီ’ကျမ်းမှာ ဖတ်ရူနိုင်တယ်။

ပြန်ချုပ်ရရင် ..ဩကာသကန်တော့ချိုး မရှိခင်က ဆရာ သင်ပေးသို့မဟုတ် တိုင်ပေးတဲ့ အတိုင်းကိုယ့်ဆန္ဒနဲ့ ကိုယ်ရှိခိုး ကန်တော့ခဲ့ကြဖွယ်ရှိတယ်။ ဒါကြောင့် ဩကာသအစဟာ တစ် ကျောင်း တစ်ဂါထာကပဲ။ ရှေးကျဖွယ် ရှိပြီး ရေးသူ အတိ အကျမရှိ။ ခေတ်တစ်လျှောက်နည်းနည်းစီ ပြင်ဆင်ဖြည့်စွက် ကြလို့ လက်သည်မဲ့ ဘုံဆိုင် ဩကာသကန်တော့ချိုး ဖြစ်လာတယ်လို့ ဘုန်းကြီးယူဆကြောင်းပါ။

စက်တင်ဘာ ၂၆၊ ၂၀၁၅။

---

၄၂၉။ ခုနစ်နှစ်သမီး ရဟန္တာများ

ဆရာတော် ဘုရား၊ ကပ်သီးကပ်သပ် မေးသည်ဟု မထင် မှတ်စေလိုပါ ဘုရား။ အမျိုးသမီးထဲတွင် အဦးဆုံး သရဏဂုံ တည်သူ၊ အဦးဆုံးသောတာပန်ဖြစ်သူနှင့် အသက်အငယ်ဆုံး ရဟန္တာ ဖြစ်သူများ (ရှိလျှင်) သိလိုပါသည် အရှင်ဘုရား။ ထို ပုဂ္ဂိုလ်များသည် မည်သို့သော ကုသိုလ်ထူးများကို ပြုခဲ့ကြသည် ကိုလည်းသိလိုပါသည် အရှင်ဘုရား။

ဒေါ်ဓမ္မဝတီ (စမ်းချောင်း)

---

တိသရဏဦး

ဗုဒ္ဓမပွင့်ခင်က ဥရုဝေလာခင်တန်းအနီးက သေနာရွာ သူဌေး သေနိယရဲ့သမီးသုဇာတာဟာ အရွယ်ရောက်လို့ အိမ်ထောင် ကျတဲ့ အခါသားဦးမွေးရင် နှစ်တိုင်းပူဇော်ပါ့မယ်လို့ သူတို့ကိုး ကွယ်တဲ့ ညောင်ပင်ကို ကတိပေးဖူးတယ်။ အဲဒီနောက် ဗာရာဏသီမှာ အိမ်ထောင်ကျပြီး တိုက်ဆိုင်စွာ သားဦး မွေးတဲ့ အတွက် ကတိအတိုင်း နှစ်စဉ် သေနာရွာကို ပြန်လာပြီး ညောင်ပင်ကို ပူဇော်ခဲ့တယ်။ ဒီနှစ် .. ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ် ဘုရား မဖြစ်ခင်တစ်ရက်အလို ကဆုန်လပြည့်နေ့မနက်အရုဏ် ဆွမ်းခံထွက်ဖို့ ဒီညောင်ပင်အောက်မှာ အလင်းရောင်ကို စောင့် နေတဲ့ ဗုဒ္ဓလောင်းလျာနဲ့ တွေ့တော့ ညောင်စောင့်နတ် အထင်နဲ့ နွားနို့ဆွမ်းကပ်လှူပြီး ‘တပည့်တော် ဆန္ဒပြည့်သလို အရှင့်ဆန္ဒလည်း ပြည့်ပါစေ’တဲ့။

နောက်ထပ်လပိုင်းလောက် အကြာ မင်းသိဒ္ဓတ် ဗုဒ္ဓအဖြစ်ကို ရောက်ပြီး ဗာရာဏသီမြို့အနီး မိဂဒါဝုန်မှာ သီတင်းသုံးစဉ် အိမ်က ထွက်ပြေးတဲ့ သားမောင်ယသကို အကြောင်းပြုပြီး ဗုဒ္ဓ နဲ့ ထပ်တွေ့၊ တရားနာပြီး သရဏဂုံတည် သောတာပန် ဖြစ်၊ နောင်အခါ ပထမဆုံး သရဏဂုံသုံးပါးတည်တဲ့ အမျိုးသမီး အဖြစ် မြတ်ဗုဒ္ဓက သုဇာတာကို ဧတဒဂ်ဘွဲ့နဲ့ ချီးကျူးတော်မူတယ်။ ဒီလို ဖြစ်ရတာက ပဒုမုတ္တရ ဘုရားလက်ထက် အမျိုးသား တစ်ယောက် အဦးဆုံး သရဏဂုံ တည်ရာမှာ ဧတဒဂ် ပေးခံရတာကို အားကျပြီး ကုသိုလ်ပြု ဆုတောင်းခဲ့လို့။ ဗုဒ္ဓဂေါတမ လက်ထက်မှာ ဧတဒဂ်ဘွဲ့ ရမယ်ဆိုတဲ့ အဲဒီ ဘုရားရှင်ရဲ့ ဗျာဒိတ်ပါပြီးသား။

ကျမ်းဂန်အရ သူ့ချွေးမ (ယသရဲ့ဇနီးဟောင်း)ပါအတူတူ သရဏဂုံတည် သောတာပန် ဖြစ်ခဲ့ကြပေမယ့် သုဇာတာပဲ ဧတဒဂ်ဘွဲ့ရတာဟာ ဒီဗျာဒိတ်ကြောင့်လို့ ဆိုနိုင်လေမလား။ သောတာပန်ဦး

ကာဠီအမည်ရှိ ရာဇဂြိုဟ်မြို့သူ အမျိုးသမီးဟာ အိန္ဒိယတောင် ပိုင်း ကုရရဃရမြို့က သူဌေးသားနဲ့ အိမ်ထောင် ကျပြီး ရောင် နောက် ဆံထုံး ပါခဲ့ရတယ်။ သန္ဓေခလို့ ရင့်မာတဲ့ အချိန် က လေး မွေးဖွားဖို့ မိဘရပ်ထံကို ပြန်လာခိုက် (အဲဒီကိုယ်ဝန်ဟာ နောင်အခါ ဗုဒ္ဓသာသနာမှာ ရဟန္တာဖြစ်သွားတယ်)မြတ်ဗုဒ္ဓဓမ္မ စကြာတရား ဟောကြားတဲ့ ည သန်းခေါင်းယံအချိန် အိမ်အပေါ် ထပ်မှာ လေညင်းခံရင်း ကောင်းကင်ယံမှ လေပြေနဲ့ အတူလွင့် လာတဲ့ သာယာထူးခြားတဲ့ အသံတွေကိုနားစွင့်မိတယ်..

ဗုဒ္ဓဘုရား မည်သည် (မည်သည့် လူမျိုး ဘာသာကိုမှ) ဘက်လိုက်၍ ချစ်ခြင်း မုန်းခြင်း မရှိ။ မည်သည့် အကြောင်း ကြောင့်နဲ့ မျှ သတ္တဝါတို့ကို သေအောင် ပြုခြင်း (တိုက်ခိုက်ဖို့ လှုံ့ ဆော်ခြင်း) မရှိ။ (လေ့ကျင့် အားထုတ်လို့ အောင်မြင်ထားပြီး ဖြစ်တဲ့)အသိဉာဏ် ဝိဇ္ဇာအကျင့်စရဏနှင့် ပြည်စုံ၏ ..’ (ကျမ်း ဂန်မှာ မဖော်ပြပေမယ့် အဲဒီအသံမှာ တရားရှုမှတ်ပုံနည်းတွေလည်း ပါမှာ သေချာပါတယ်။)

ကာဠီဟာ အသံနှစ်ခုရဲ့ ပြောဆိုပုံ အစအဆုံးကို ကြည်ညို တည်ကြည်စိတ်နဲ့ ကြားနာဆဲ ဖြစ်ပေါ်လာတဲ့ ပီတိကို အခြေခံ ပြီး ဝိပဿနာ စီးဖြန်းလို့ သောတာပန် တည်သွားလို့ နောင် အခါ မြတ်ဗုဒ္ဓက ကာဠီကို တစ်ဆင့် စကားနဲ့ ပင် အရိယာ အဆင့်ကို လှမ်းနိုင်သူ ဧတဒဂ်မယ်အဖြစ် ချီးကျူးတော်မူပါတယ်။ သူလည်း ပဒုမုတ္တရဘုရား လက်ထက်မှာ တစ်ဆင့်ကြားနဲ့ တရာထူးရတဲ့ ဧတဒဂ်မယ်ကို အားကျလို့ ကုသိုလ်ပြုတိုင်း အဲဒီ လိုဖြစ်ဖို့ ဆုတောင်းခဲ့ပြီး ဒီဘုရားရဲ့ဗျာဒိတ်ကိုရခဲ့သူပါ။

ကာဠီဟာ လူ့လောကမှာ ပထမဆုံး သောတာပန် ဖြစ်တဲ့ အမျိုးသမီးပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ တရားကို တစ်ဆင့်ကြားလေးနဲ့ လိုက်နာ ကျင့်သုံးပြီး ပထမဆုံး ဓမ္မစက္ခု (တရားမျက်စိ)ကို ရ သွားသူဟာ သာမန်အမျိုးသမီးတစ်ဦးသာဖြစ်ကြောင်းမှတ် သားရပါတယ်။ ဒကာမတွေ ဂုဏ်ယူစရာပေါ့။

ဒီအမျိုးသမီး နှစ်ဦးဟာ ပါရမီထူးပေမယ့် ဝိသာခါတို့လို လူ့ဘဝနဲ့ ပဲ ဗုဒ္ဓသာသနာကို ထောက်ပံ့သွားကြပုံပဲ။ သာသနာ့ ဘောင်မှာ ဘိက္ခုနီပြုတယ်ဆိုတဲ့ မှတ်တမ်း မတွေ့မိပါ။ ဆီမီးငါးတိုင်

ကမ္ဘာတစ်သိန်းအလွန်က အမျိုးသမီးတစ်ဦးဟာ ဘုရားတစ် ဆူ လက်ထက်မှာ ကြည်ညိုလွန်းတဲ့ စိတ်နဲ့ ဘုရားပွင့်တဲ့ သစ် ပင် (ဗောဓိပင်)ကို ဆီမီးငါးတိုင် ညှိထွန်းပြီး စေတနာ ထက် သန်စွာ လုပ်ဖူးတယ်။ ဒီဂေါတမ ဗုဒ္ဓလက်ထက်မှာ လူအဖြစ်နဲ့ (အမျိုးအမည် မထင်ရှား) ပြန်လည် မွေးဖွားပြီး အဲဒီ ဆီမီး ငါး တိုင် အလှူကြောင့် မွေးဖွားချိန်မှာ တစ်အိမ်လုံး ဆီမီးရောင် တွေနဲ့ ထူးဆန်းစွာ လင်းထိန်သွားတယ်။ ဒီပါရမီရှင်မလေးဟာ အလွန် ငယ်ရွယ်စဉ်အသက် ၇-မှာပဲ မြတ်ဗုဒ္ဓရဲ့တရားကိုနာ ရလို့ ရဟန္တာ ဖြစ်သွားတယ်။ သူ့နာမည်က ပဉ္စဒီပိကာ (အပဒါန၊၂၊၁၉၅) သို့မဟုတ် ပဉ္စဒီပဒါယိကာ (အပဒါန၊၂၊၂၀၄) တဲ့။ ‘ဆီမီးငါးတိုင် အလှူရှင်’လို့ မြန်မာလို ခင်ပွန်းတပ်နိုင်တယ်။

ဒီထေရီမက ‘ငါ့ရဲ့ ဒိဗ္ဗစက္ခု အဘိညာဉ်ဟာ အလွန် စင် ကြယ်တယ်။ ငါဟာ စျာနသမာဓိကို အထူး ကျွမ်းကျင်တယ်။ ဒီ လိုအဘိညာဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရတာဟာ ဆီမီးငါး တိုင်အလှူရဲ့ အကျိုးပါပဲ’တဲ့။

ဥပုသ်စောင့်သူ

ဗန္ဓုမာဘုရင်ဟာ လပြည့်နေတိုင်း ဥပုသ် စောင့်လေ့ရှိတယ်။ ကျွန်မပင်ဖြစ်ပေမယ့် ဆင်ခြင်တတ်တဲ့ အမျိုးသမီးငယ် တစ်ဦးဟာ ‘ဘုရင်ဖြစ်လျက် စည်းစိမ်ကို စွန့်ပြီး ဥပုသ်စောင့်တာဟာ အကျိုးရှိလို့ ပဲ’လို့ သိမြင်တဲ့ အတွက် မင်းကြီးကို အတုယူပြီး ဥပုသ်စောင့်တယ်။ အဲဒါ လွန်ခဲ့တဲ့ ကိုးဆယ့်တစ်ကမ္ဘာ အလွန် က ဖြစ်ရပ်။ အဲဒီ အကျိုးကြောင့် ဘဝသံသရာမှာ ကောင်းကျိုး တွေ ဝေခဲ့ရပြီး နောက်ဆုံးဘဝ ဂေါတမ ဗုဒ္ဓလက်ထက်မှာ အသက် ခုနစ်နှစ် အရွယ်နဲ့ ရှင်ပြုပြီး လဝက်လောက် အကြာမှာ ရဟန္တာဖြစ်သွားတယ်။ သူ့ဘွဲ့ကဧကူပေါသထိကာထေရီ (အပဒါန၊၂၊၁၉၉)။

သူဟောတဲ့ တရားက ‘ငါစောင့်တဲ့ ဥပုသ်သီလ ကုသိုလ်ရဲ့ အကျိုးကြောင့် ဖြစ်ရာ ဘဝတွေမှာ ငါ့ရဲ့ အသားအရေ ရွှေအဆင်းလို ဝင်းပခဲ့တယ်။ အခြွေအရံ အသုံးအဆောင်တွေနဲ့ ပြည့် စုံခဲ့ရပါတယ်။ ခုတော့ ရှင်တော်ဗုဒ္ဓရဲ့ သာသနာမှာ ကိလေသာ မီးပုံကြီး အပြီးတိုင် ငြိမ်းခဲ့ပါပြီ’လို့ ဖြစ်ပါတယ်။

ပြန်ချုပ်ရင် ..အဦးဆုံးအမျိုးသမီး သောတာပန်က ကာဠီ အမျိုးသမီး။ ပထမဆုံး သရဏဂုံ တည်တဲ့ အမျိုးသမီးက အရှင်ယသရဲ့ မယ်တော် သုဇာတာ။ ဒီနှစ်ယောက်က ကောင်းမှု ပြုတိုင်း ဆုတောင်း အထူးပြုလို့ ဗုဒ္ဓ ဗျာဒိတ် ရသူတွေ။ ထေရီ အပဒါန်မှာ ဖော်ပြပါခုနစ်နှစ်အရွယ် ရဟန္တာထေရီနှစ်ပါး တွေ့ မိကြောင်းပါ။ နောက်ထပ်တွေ့ရင်လည်း ထပ်ဖြည့်တာပေါ့။

စက်တင်ဘာ ၂၈၊ ၂၀၁၅။

---

၄၃၀။ သေခါနီး နှုတ်ဆက်ခြင်း

တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။ တပည့်တော်ရဲ့ ဇနီး သေဆုံးသွားသည်မှာ ဆယ်ရက်မြောက်ပါပြီ ဘုရား။ သူ့ အသက် ၃၂-နှစ်ပါ။ မင်္ဂလာဆောင်ပြီး တစ်နှစ်ကျော်ပဲ ရှိပါ သေးသည်။ သူ နေကောင်းစဉ်က တရားစခန်း ၆-ကြိမ် ဝင်ဖူး ပါသည်။ သူ ရောဂါ အပြင်းအထန် ခံစားနေရချိန် နောက်ဆုံး ထွက်သက်ထိ ဖြစ်ပျက်တရား မှတ်နိုင်ဖို့ ဘေးကနေ မပြတ် ပြောကြားနိုင်ခဲ့ပါသည်။ ဘေးက အမြင်အရ သေဆုံးချိန်မှာ ရောဂါ အပြင်အထန် မခံစားရဘဲ တရားမှတ်ရင်း ညင်ညင် သာသာနဲ့ အသက်ရှူ ရပ်သွားပါတယ်လို့ ယူဆရပါသည်တယ် ဘုရား။ ထူးခြားတာက သေပြီးနောက် သုံးရက်မြောက်နေ့ ခေါင်းသွင်းချိန်ထိ လူကောင်းလို လက်နှင့် ခြေထောက်တွေကို ကွေးညွတ်နိုင်သည်ထိ ပျော့ပျောင်းနေခဲ့ပါသည်ဘုရား။

သူမသေခင်မှာ သူ့ယောင်းမကို အမေလို့ ခေါ်ပြီး သူပြန် လာချင်တယ်လို့ ပြောပါတယ် ဘုရား။ အစ်ကို အစ်မတွေက လူဖြစ်ရတဲ့ ဒုက္ခကို ပြောပြကြလို့ လူဖြစ်ချင်တဲ့ ဆန္ဒကို အနိုင် ယူသွားတယ်လို့ ထင်ရပါတယ်။ နောက်တော့ သူ လူပြန်ဝင် စားဖို့ မပြောတော့ပါဘူး။ သေဆုံးပြီး ၄-ရက်မြောက်နေ့မှာ တ ပည့်တော်အပါအဝင် တစ်အိမ်လုံး သိသိသာသာအမွှေးနံ့ ရပါတယ် ဘုရား။ တပည့်တော်လည်း စူးစူးရှရှကို ရပါတယ် ဘု ရား။ ရက်လည် နေ့မှာတော့ တပည့်တော်ပဲ အမွှေးနံ့ ရပါတယ်။ ၄-ရက်မြောက် ညတုန်းက ရန်ကုန်က အမျိုးတွေဆီလည်း သူ အသံပေးခဲ့ကြောင်း သိရပါတယ် ဘုရား။ တပည့် တော်တို့က သူ့ကိုလူထက်မြင့်တဲ့ ဘုံတစ်ခုကိုရောက်သွားတယ်လို့ ထင်ထားတာပါ ဘုရား။ တပည့်တော် သိချင်တဲ့ မေးခွန်းက..

၁)သူပေးတဲ့ အမွှေးနံ့က ဘယ်ဘုံက လာပေးတာဖြစ် နိုင်ပါသလဲ။

၂)နတ်တွေက အမွှေးနံ့သာ ခဏခဏပေးလို့ ရပါသလား (၃၇-မင်းနတ်တွေကိုမဆိုလိုပါ)။

၃)လူမဝင်စားခင် ကြားကာလကို ဘယ်ဘုံလို့ ခေါ်ပါသလဲ။

၄)သူသေဆုံးပုံအရ အပါယ်လေးဘုံမှာ ဖြစ်နိုင်တယ်လို့ အရှင်ဘုရား ယူဆပါသလား။

၅)သိုက်ကို အပါယ်လေးဘုံသား အဖြစ်ယူဆလျှင် သူသေဆုံးပုံအရ သိုက်က ဖြစ်နိုင်ပါသလား။

၆)ပရလောကသားတွေ မကောင်းတဲ့ ဘုံကအမွှေးနံ့ ပေးနိုင်ပါသလား။

၇)သေဆုံးသွားသူနဲ့ ဆက်သွယ်တယ်ဆိုတာ ဖြစ်နိုင်ပါ သလား။

ရှိခိုးဦးတင်ပါသည် အရှင်ဘုရား.. အောင်ကျော်မိုး (KLT)

---

အရင် ဆုံး မေးခွန်းတွေကိုပဲ အာရုံစိုက်ပြီး အကျဉ်းမျှ ဖြေပေး မယ်။ ပြီးမှ ကိုယ့်ဟာကိုယ် စဉ်စားနိုင်ဖို့ အတွေးစ လေးတွေ ဖော်ပေးလိုက်ပါတယ်..

၁။ ဘုရားလက်ထက်က လူငယ် မဋ္ဌကုဏ္ဍလီဟာ ဗုဒ္ဓါနုဿတိ အာရုံနဲ့ ကွယ်လွန်လို့ တာဝတိံသာမှာ ဖြစ်ရတယ်။ သားသော ကနဲ့ နေ့စဉ် သုသာန်ကိုသွားပြီး ငိုနေတဲ့ သူ့အဖေကိုမြင်သိရ တဲ့ အခါ မဋ္ဌကုဏ္ဍလီနဲ့ ချွတ်စွပ်တူတဲ့ ရုပ်သွင်နဲ့ (လူ့ပြည်ကို) ပြန်လာပြီး သူ့အဖေနားမှာ အသံပြဲကြီးနဲ့ အော်ငိုပြတယ် (ဘာကြောင့် ငိုတာ သိချင်ရင် ဆက်ဖတ်..ဓမ္မပဒမြန်မာပြန် ၁၊ စာ၃၁)။ ဒါကြောင့် မေးခွန်းပါ အနံ့ဟာ အဆင့်မြင့် နတ်ဘဝ တစ် ခုက ဖြစ်စေ၊ သို့မဟုတ် စုတိစိတ် ကျခါနီးမှာ တစ်ခုခုကို စွဲ လမ်းမိလို့ (ဇနီး၊ လင်၊ မိသားစု၊ ပစ္စည်းဥစ္စာ .. စသည်ကို စွဲ လမ်းမိလို့) အဲဒီလို အနံ့ပေးနိုင်စွမ်းရှိတဲ့ အဆင့်နိမ့် ဘဝတစ်ခု ကဖြစ်စေ ..လာပြီးအသိပေးတာ ဖြစ်နိုင်တယ်။

၂။ အမှတ် (၁)မှာဆိုလိုတဲ့ ဘဝနှစ်မျိုးလုံးဟာ အနံ့ပေးတာမျိုး သို့မဟုတ် အသံပြုတာမျိုးတွေကို ခဏခဏလည်း လုပ်နိုင်တယ်။ နှစ်သက်ဖွယ် မနှစ်သက်ဖွယ် နှစ်မျိုးလုံးလည်း လုပ် နိုင်တယ်။

၃။ ကြားခံဘုံဌာနရယ်လို့ မရှိဘူး။ ဒီလိုတော့ ယူဆနိုင်တယ်.. လူမဝင်စားခင် (ဆိုလိုတာက လူ့ဘဝ မဖြစ်ခင်) ကာမသုဂတိ ၇-ဘုံ (လူ့ဘုံနဲ့ နတ် ၆-ဘုံ) နဲ့ အပါယ် ၄-ဘုံ (ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်)မှာ သက်တမ်းတို ဘဝတစ်ခု (ခေတ္တ ဖြစ်တဲ့ ဘဝတစ်ခု)ဖြစ်တယ်ဆိုရင် ယုတ္တိရှိတယ်။

ဒါပေမယ့် ယခုအနံ့ပေးတဲ့ ကိစ္စမှာ (ကွယ်လွန်သူကပေး တာ မှန်ခဲ့ရင်) ပေးသူဟာ နတ် ၆-ဘုံအနက် တစ်ခုခုက ဖြစ် နိုင်သလို၊ ပြိတ္တာအမျိုးမျိုး (သံယုတ်မြန်မာပြန် ၁၊၄၃၆-၄၄၂) အနက် တစ်ခုကလည်း ဖြစ်နိုင်တယ်။ (အမှတ်-၁ နဲ့ ၂-မှာ ရည်ညွှန်းတဲ့ ဘဝနှစ်မျိုးဆိုတာ ဒါကို ဆိုလိုတာ)။ သက်တမ်း ရှည်တိုနှစ်မျိုးလုံး ဖြစ်နိုင်တယ်။ သူတို့ကို လူ့မျက်စိနဲ့ မမြင်နိုင်ဘူးလို့ အဲဒီ ကျမ်းစာမှာပဲ ဆိုတယ်။ မမြင်နိုင်တာက သူတို့နဲ့ ကိုယ်တို့ အကြား ခြားနားချက် ရှိလို့ ပဲ။ သူတို့က ပြရင် တောင် ကိုယ်တို့မှာ မြင်နိုင်တဲ့ စွမ်းရည် မရှိလို့၊ ကိုယ်တို့က မြင်နိုင်ရင် တောင် သူတို့က မပြနိုင်လို့ စသည်ကြောင့် ဖြစ်နိုင်တယ်။ ဓမ္မ တာ ထုံးစံအရ မမြင်နိုင်တာလည်း ဖြစ်နိုင်တာပဲ။ လေတိုက်လို့ သစ်ရွက် လှုပ်ပေမယ့် လေကို ဘယ်တုန်းက ဖြစ်ဖူးသလဲ။ အဲ ဒါကို ဓမ္မတာထုံးစံလို့ ဆိုလိုတာ။

၄။ မြတ်ဗုဒ္ဓ လက်ထက်က ကောသလမင်းရဲ့ မိဖုရား မလ္လိကာဟာ မြတ်ဗုဒ္ဓကို ကြည်ညိုပြီး နာကြား ပွားများထားတဲ့ တရားဓမ္မ အသင့်အတင့် ရှိပေမယ့် တစ်မဂ် တစ်ဖိုလ်ကို မရခဲ့တဲ့ အတွက် မကွယ်လွန်မီ စိတ်မကြည်လင်မှု တစ်ခုကြောင့် အပါယ်ဘုံကို ခေတ္တခဏရောက်ရတယ်။ ဒါကြောင့် ဘယ်လောက် တရား ကြာကြာ ထိုင်ထား အလှူဒါန လုပ်ထားစေကာမူ ပုထုဇဉ်မှန်ရင် အာမခံချက်မရှိသေးဘူးလို့ သုံးသပ်နိုင်တယ်။

၅။ သိုက်ဆိုတာ အမှတ် (၃) အဖြေပါ ပြိတ္တာ အမျိုးမျိုးထဲက တစ်ခုမှာ ပါတယ်။ အများစု လူတွေထက် ကုသိုလ် ကမ္မပထ နိမ့်တဲ့ အမျိုးပဲ။ ဒါကြောင့် အဲဒီ ဘုံသားတွေက ဒီလူ့ဘုံက လူ တွေကို လာခေါ်ရင် သွားကို သွားရတယ် ဆိုတာမျိုး မဖြစ်နိုင်ဘူး။ သူလုပ်ထားတဲ့ သူ့ရဲ့ ကမ္မစွမ်းအားကို ဘယ် ဗြဟ္မာ ဘု ရား နတ်သိကြားမှ ကြားဝင် မနှောင့်ယှက်နိုင်ဘူး။ တစ်ခုတော့ ရှိတယ်..အဲဒီလိုဘဝတစ်ခုနဲ့ အမှန်တကယ် ဘဝချင်းနီးစပ် ပတ်သက် နေရင်၊ လူ့ဘဝအတွက် ကုသိုလ်ကံ အရှိန်လည်း ကုန်ရင်၊ ကိုယ်လည်း နီးစပ်တဲ့ ထိုဘဝဟောင်းကို စိတ်ညွတ် ရင် တိုက်ဆိုင်မှုရှိနိုင်မယ်လို့ တော့ဘုန်းကြီး ယူဆတယ်။

၆။ နံပါတ် (၂) မေးခွန်းနဲ့ အလားတူလို့ အဖြေလည်း အဲဒီက အတိုင်းပါပဲ။

၇။ စျာန် အဘိညာဏ် ရသူတွေဟာ သေဆုံးသွားသူတွေကို သိနိုင် မြင်နိုင် ဆက်သွယ်နိုင်တယ်။ စျာန်အဆင့် ပေါက်အောင် တရား ထိုင်ဖူးတဲ့ ကနေဒါနိုင်ငံသား ရဟန်းတစ်ပါးဆို မကြာ ခဏ အဲဒီလို လူတွေကို တွေ့နေရကြောင်း၊ အချို့သူ့ကိုစကား လိုက်ပြောကြောင်း အလေးဂရု ပြုနိုင်တဲ့ ဓမ္မမိတ်ဆွေ ဆရာ တော် တစ်ပါးမိန့်ဖူးတယ်။ စျာန်အဘိညာဏ်မရတဲ့ သာမန်လူ အချို့လည်း အဲဒီလို စွမ်ရည်မျိုး တစ်ခါတစ်ရံ ရှိတတ်တယ်။ ဒါ ပေမယ့် လူသာမန် ဆိုတဲ့ အတိုင်း လုပ်စားသူ ရှိနိုင်လို့ အလိမ် မမိဖို့ သတိပြုရလိမ့်မယ်။ အထူးသဖြင့် သောကကြောင့် ဆုံး ဖြတ်နိုင်မှု အားနည်းတဲ့ အချိန်မှာ ပိုသတိထားရလိမ့်မယ်။ နောက်ဆုံးအချိန်

သေခါနီး လူတစ်ယောက်ကို ‘တရားမှတ်နေ .. တရားမှတ်နေ၊ ကိုယ်လုပ်ထားတဲ့ ကုသိုလ်လေးကို အာရုံပြုနော်’ လို့ ပြောပြီး ဆရာ သွားလုပ်တာမျိုးကို ဘုန်းကြီးတော့ မကြိုက်ဘူး။ ‘ခင် ဗျားက သေတော့မှာ ..’လို့ သွယ်ဝိုက်ပြီး အဓိပ္ပာယ် သက် ရောက်စေလို့ ပါ။ စဉ်းစားကြည့်လေ..ကိုယ်ကျတော့ ‘သေ’ဆို တဲ့ စကားလုံးလေးသုံးမိရင် ပဲ ‘ဖပ်ဖပ်..လွဲစေ ဖယ်စေ’ဆို တာမျိုးတွေ လုပ်နေပြီး .. သူလည်း ကြားချင်ပါ့မလားလို့။ ဘယ်လောက်ပဲသူ့ဟာသူသေမယ်လို့ သိနေစေကာမူ အဲဒါမျိုးကို မကြားချင်ဘူး။ ဒါကြောင့် အဲဒီလို အချိန်မျိုးမှာ သူ့စိတ်ကို ခွန်အားဖြစ်စေ မယ့်စကားလုံးနဲ့ အပြုအမူမျိုးပဲဖြစ်သင့်တယ်။ ဥပမာ..သူပါဝင်တဲ့ အလှူပွဲဗွီဒီယိုလေးကိုသူနဲ့ အတူကြည့် တာမျိုး (ဒါတောင်သူ့ကို သေလူအနေနဲ့ နားလည်သွားစေမယ့် အပြုအမူ အပြောအဆိုမျိုး မဖြစ်သင့်ဘူး)။

‘အဲဒါ .. မေမေလေ .. ဆရာတော်ကြီးကို သင်္ကန်းကပ် နေတာ .. အဲဒီတုန်းက မေမေက ဘယ်လို ..’စတဲ့ ကိုယ် ချစ် မြတ်နိုးသူနဲ့ အတူ ပျော်စရာ ကြည်နူးစရာ ကုသိုလ် အတွေ့ အကြုံလေးတွေကို ခင်းပြတာပြီး မသိမသာ သူအမှတ်ရအောင် လုပ်တာမျိုး၊ သူနားလည်နိုင်တဲ့ (ယခင်ကသူ နာယူခဲ့ဖွယ်ရှိတဲ့) ကမ္မဋ္ဌာန်း အလုပ်ပေး တရားခွေ လိုဟာမျိုးကို (သူနှစ်သက် ရင်) မကြာမကြာ တိုးညှင်းစွာ ဖွင့်ထားခြင်းမျိုးတွေက ပို ကောင်းတယ်။ ဒီအခြေ အနေမှာ တရားထိုင်နည်း ခွေက ပရိတ်ခွေထက် ပိုထိရောက်ဖွယ်ရှိတယ်။

ဆင်ခြင်ပြော

လူနာကို သတင်းမေးတဲ့ အခါ ဖြစ်နိုင်ရင် ..ကိုယ်လည်းသူ့လိုပဲ .. ဘာရောဂါ ဖြစ်မယ် မသိ .. သေတော့ သေမှာပဲ .. သေရ မှာက သူတစ်ယောက်တည်း မဟုတ်ဘူး။ ငါတို့လည်း တန်းစီ ပြီး စောင့်နေသလိုပဲ ဆိုတဲ့ ဖီလင်မျိုးတွေ ပြရမယ်။ လူ့လော ကကို နှုတ်ဆက်တော့မယ့် လူတစ်ယောက်နားမှာ သူ ဂတိ ဖြောင့်ဖို့ (သေခါနီးမှာ ကြည်နူး ကုသိုလ်စိတ် ဖြစ်မှ ဂတိက ဖြောင့်မှာ) စကားကို ဆင်ခြင်ပြီး ပြောသင့်တယ်။ ဘုန်းကြီး ကြုံဖူးတယ်..ဆေးရုံမှာ နောက်ဆုံးအချိန် ရောက်နေတဲ့ လူနာကို သတင်း သွားမေးနေခိုက် အကျအန ဝတ်စားလာတဲ့ ပင် စင်စား တစ်ယောက် သတင်းလာမေးတယ်။ လူနာကို ငါးခူပြုံး တစ်ချက်ပေး၊ လက်ကိုဝှေ့ရမ်းပြ၊ ဘေးကကုလားထိုင်ပေါ်မှာ ထိုင်ပြီး ဟိုလူ့နှုတ်ဆက်၊ ဒီလူ့နှုတ်ဆက်။ ဘေးတစ်ယောက် က မေးလို့ ဖြေပုံရတယ် ‘ဟုတ်ကဲ့ ကျော် .. ကျော် .. ကား အသစ် ဝယ်လိုက်တယ်’တဲ့။ ဘုန်းကြီးအထင် လူနာလည်းသူ့ အသံကို ကြားမှာပဲ။ အဲဒါမျိုးကို ဘုန်းကြီးတော့ မကြိုက်ဘူး။

လူနာကို သတင်း သွားမေးရင် လူနာဟာ နံပါတ်တစ် ဦး စားပေး ဖြစ်ရမှာ။ မသကာ အဲဒီ ပင်စင်စားက လူနာ့ အခြေ အနေ ကြည့်ပြီး ‘ကျုပ် ဂိုအင်ကာ တရားစခန်း ဝင်ဖို့ ရှိတယ်၊ ခင်ဗျားအတွက်ပါ ကျုပ် စာရင်းပေးထားမယ်’ ဆိုတာမျိုး မပြောသင့်ဘူးလား။ (အင်းပါ .. လူနာ အမောဖောက်နေ ချိန်မှာ တော့ ဘယ်ပြောလို့ ကောင်းတော့မလဲ။)တရားကို စိတ်မဝင် စားတဲ့ လူဆိုရင်တောင် အနည်းဆုံး အတူ ဘုရားဖူး သွားကြ မယ်ဆိုတာမျိုး မဖြစ်သင့်ဘူးလား။

ဝါးလုံးကွဲငိုခြင်း

နောက်မှ ရောက်လာတဲ့ မိသားစုဝင်ဟာ သူမခေါ်ဘဲ မမေးဘဲ ‘သား ရောက်ပြီလေ .. သမီးလ္လေလို့ ဟိုကိုင်လှုပ် ဒီဆောင့်ဆွဲ မလုပ်သင့်ဘူး။ တစ်ကြိမ် နှစ်ကြိမ်လောက် မသိမသာ အသံ ပေးရုံ၊ သူ ကြားအောင် နောက်ရောက်သူရဲ့ နာမည်ကို အခြား တစ်ယောက်က ခေါ်ရုံဆိုရင် ပိုကောင်းတယ်။ သူ့အနီးမှာ ‘ဝေါ’ ကနဲ နှစ်ယောက် သုံးယောက် ဝါးလုံးကွဲသလို သံပြိုင်ငိုတာမျိုး တော့ မကောင်းဘူး။ ‘မကျိတ်’နိုင်ရင် တစ်နေရာမှာ သွားငိုပေါ့။

နောက်တစ်ခု .. မသေခင် သရဏဂုံ တင်တာ ကောင်းတယ်..အဲဒါမှ မှန်တယ်ဆိုပြီး သေခါနီးနာရီပိုင်းလောက်ကျမှ ဘုန်းကြီးပင့်၊ သင်္ကန်းကပ်၊ ပရိတ်ရွတ်တာမျိုးလည်း အကောင်းကြီးတော့ မဟုတ်ဘူး။ (အဲဒီလို လုပ်တာနဲ့ ပဲ ဟိုလူမှာ ဒါငါ့ကို သေဖို့အတွက် လုပ်နေကြတာပဲ ဆိုပြီး စိတ်ပျက်လက် လျှော့နဲ့ ဒေါမနဿ = စိတ်မသက်မသာ ဖြစ်မိရင် ကုသိုလ်ရဖို့ ဖက်ကို အလေးမသာနိုင်ဘူး ဖြစ်သွားတတ်တယ်)။ အတော် အတန် သတိကောင်းတုန်းမှာ အမေ မြန်မြန် ကျန်းမာလာဖို့ ကုသိုလ်ဆက်တဲ့ အနေနဲ့ ဘုန်းကြီး ဆွမ်းကပ်တယ်၊ သင်္ကန်း လှူတယ်၊ မြေးရှင်ပြု၊ မြေးမ သီလရှင်ဝတ်၊ ကျောင်းအလှူ ရေ စက်ချဆိုတဲ့ ခေါင်းစဉ်မျိုး ဖြစ်သင့်တယ်။

(မှတ်ချက်။။ နောက်လမ်းညွှန်ချက်အချို့ကို ‘အကြင်နာ သူ့ဆီသို့ ’ခေါင်းစဉ်နဲ့ ဓမ္မအမေးအဖြေအမှတ်-၃၀၃မှာလည်း ဖတ်ကြည့်နိုင်ပါတယ်)။

ကိုယ့်ဟာ ကိုယ်သိ

ဒါတွေက အမှတ် (၄) မေးခွန်းအတွက် ကိုယ့်ဟာကိုယ် ဆင် ခြင်နိုင်ဖို့ အတွေးစလေးတွေ ဖော်ပေးလိုက်တာပါ။ ဗုဒ္ဓဝါဒီတစ် ယောက်ဟာကိုယ့်ကို ဒီလူ့လောကမှ လမ်းခွဲခါနီးဖြစ်တဲ့ ကိုယ် မြတ်နိုးသူ တစ်ယောက်အပေါ်နောက် ဆုံးအနေနဲ့ ဘယ်လို ပြုမူ ဆက်ဆံရမယ် ဆိုတဲ့ အကြံပေးချက်မျိုး ဓမ္မကထိကတွေ ဟောတာ၊ စာရေးဆရာ ဘုန်းကြီးတွေ ရေးတာကို သိပ်ပြီး မတွေ့မိသေးလို့ ဒီက Hospice (တစ်ပတ်၊ နှစ်ပတ် စသည် .. သေမယ့်ရက် သေချာပြီးသား လူနာတွေကို ထားတဲ့ စေတနာ ဆေးရုံ)တွေက ပို့တဲ့ လက်ကမ်း ကြော်ငြာစာရွက်ကလေးတွေ မှာ ရေးထားတာလေးကို အခြေခံပြီး ဘုန်းကြီးရဲ့ ယူဆချက် အချို့ကိုပြောပြလိုက်တာပါ။

စက်တင်ဘာ ၂၉၊ ၂၀၁၅။

၄၃၁။ အငိုက်ဖြေနည်း

ဘုန်းဘုန်း ဘုရား၊ တပည့်တော်သည် ဘယ်လောက် အလုပ် များစေကာမူ တစ်နေ့ကို တစ်နာရီ ပြည့်အောင် မဖြစ်မနေ တရားထိုင်ပါသည်။ တပည့်တော် ထိုင်တဲ့ နည်းကတော့ ဆရာကြီးဦးဂိုအင်ကာရဲ့ နည်းဖြစ်ပါသည်။ တစ်ခါတစ်ရံ တရားမှတ်လို့ ချောမွေ့သလောက် အချိန်တော်တော်များများမှာ အိပ်ချင်ပါသည်ဘုရား။ ဘယ်အဆင့်ကို ရောက်မှ တရားထိုင်ရင်း အိပ်ချင်တာကို ကျော်လွန်နိုင်ပါသလဲ။ အိပ်ချင်တာကို ဖြေရှင်းတဲ့ နည်းရှိလျှင် ဟောတော်မူပါ အရှင်ဘုရား။

ခင်သပြေစိုး (ပြည်)

---

ပါရမီရှင်သော်မှ

အခါတစ်ပါး မြတ်ဗုဒ္ဓသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့၊ ဘေသကဠအမည်ရှိ တောအုပ်၌သီတင်းသုံး၏။ ထိုအခါ အရှင်မောဂ္ဂလာန်ကား မဂဓတိုင်း၊ ကလဝါဠပုတ္တရွာ၌ သီတင်းသုံး၏။ မြတ်ဗုဒ္ဓသည် အရှင်မောဂ္ဂလာန် တရားထိုင်ရင်း ငိုက်မျဉ်းနေသည်ကို ဒိဗ္ဗစက္ခုဉာဏ် (နတ်မျက်စိကဲ့သို့ အဝေးမှ အဆင်းကို မြင်နိုင်သောဉာဏ်)ဖြင့် သိတော်မူ၍ မိမိသီတင်းသုံးရာအရပ်မှ အရှင်မောဂ္ဂလန် ရှိရာသို့ တစ်ခဏချင်းဖြင့် ကြွပြီး အရှင်မြတ်၏ ရှေ့၌ အဆင်သင့် ခင်းထားသောနေရာတွင်ထိုင်လျက် ‘မောဂ္ဂလာန်၊ ငိုက်မျဉ်းသလော’ဟု မေးမြန်း၏။ အရှင်မောဂ်က ငိုက်မျဉ်းပါကြောင်း ဖြေကြား၏ (အံ၊၂၊၄၆၂)။

ပင်ပန်းနေလို့

အရှင်မောဂ္ဂလာန်ဟာ ခုရက်တိုင်တိုင်စင်္ကြန်လျှောက်ပြီး တရားရှုမှတ်တဲ့ အတွက် ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်လို့ စင်္ကြန်လမ်းရဲ့ ထောင့်တစ်နေရာမှာ ငိုက်မျဉ်းသွားတာ ဖြစ်တယ်။ ဒီအချိန်က အရှင်မြတ်ဟာ ရဟန်းပြုပြီး တစ်ပတ်လောက် အကြာ သောတာပန် အဆင့်သာ ရှိသေးတယ်။ ရဟန္တာ မဖြစ်သေးဘူး (အံ၊ဋ္ဌ၊၃၊၁၇၄)။ ဒီအခါ မြတ်ဗုဒ္ဓသည် အရှင်မောဂ်အား အငိုက်ဖြေနည်း ၇-မျိုးကို သင်ကြားတော်မူပါတယ်..

အငိုက်ဖြေနည်း

၁။ ငိုက်မျဉ်းစဉ် ဖြစ်နေသည့် အာရုံနောက်သို့ မလိုက်ဘဲ နေရမည် (ထိုအာရုံတိုးပွားအောင် မလုပ်ဘဲပယ်ဖျောက်ရမည်)။
မပျောက်သေးလျှင် ..
၂။ သင်ယူပြီး ကျမ်းစာရဲ့ အနက်သဘောကို အလေးအနက် ဆင်ခြင်ရမည်။
မပျောက်သေးလျှင် ..
၃။ ယင်းကျမ်းစာ အသံထုတ်၍ ရွတ်ဖတ် သရဇ္ဈာယ်ရမည်။
မပျောက်သေးလျှင် ..
၄။ နားရွက် နှစ်ခုကို လက်နဲ့ ဆွဲဆန့်၊ အခြား ကိုယ်အင်္ဂါကို ဆုပ်နယ်ပေးရမည်။
မပျောက်သေးလျှင် ..
၅။ နေရာမှ ထ၍ မျက်နှာသစ်၊ မျက်လုံးများကို ပွတ်သပ်၍ အရှေ့အနောက် တောင်မြောက်လေးပါး ကြည့်၊ ကြယ်တွေ လတွေကို မော့ကြည့်ရမည်။
မပျောက်သေးလျှင် ..
၆။ အလင်းကသိုဏ်း စီးဖြန်းခြင်းနဲ့ နေရောင် လရောင်စသော အလင်းရောင်၌ စိတ်ကိုစေလွှတ်ရမည်။
မပျောက်သေးလျှင် ..
၇။ ရှေ့နှင့်နောက်မှာ ရှိသော အရာများကို မှတ်သားလျက် ကိုယ်ခန္ဓာ၌ အာရုံစိုက်ပြီး စုစည်းထားသော စိတ်ဖြင့် ခေါက်တုံ့ခေါက်ပြန် စင်္ကြန်လျှောက်ရမည်။

အဓိပ္ပာယ်

အမှတ် (၁)ကိုပိဋကတ် မြန်မာပြန်နောက်သို့ မလိုက်ဘဲ ဘိက္ခု ဗောဓိရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ ညှိယူထားတာ ဖြစ်ပါတယ်။ ပိုနားလည်နိုင်မယ်လို့ ယူဆလို့ ပါ။
အမှတ် (၂)မှာ ဘုန်းကြီးကတော့ ၅၂၈ မေတ္တာကို ပြောင်းပြီး ဆင်ခြင်တာ ပိုအဆင်ပြေပါတယ်။
အမှတ် (၃) မေတ္တသုတ်၊ ဓမ္မစကြာ၊ ပဋ္ဌာန်းလို ဟာမျိုးကို (အများနဲ့ တရားထိုင်နေတာ ဆိုရင်) စိတ်ထဲက စူးစိုက်ပြီး ရွတ်၊ တစ်ယောက်တည်း ဆိုရင် အိပ်ချင် ပျောက်တဲ့ အထိ ခပ်တိုးတိုး အသံထွက် ရွတ်ဆိုနိုင်ပါတယ်။
အမှတ် (၆) မှာ .. ယခင်ရရှိထားဖူးတဲ့ နေ့အခါ နေရောင်ညအခါလရောင်တို့ကို စိတ်ထဲမှာ ပြန်နှလုံးသွင်းရမယ် (အံ၊ဋီ၊၃၊၁၁၇)။ ရရှိထားတဲ့ ကသိုဏ်း နိမိတ်အလင်း ဉာဏ်အလင်းကိုလည်း ပြန်ယူနိုင်တယ်။ လူသာမန်အဖို့ မျက်လုံးကိုဖွင့်ပြီး မီးရောင်နေ့အလင်းရောင်ကိုကြည့်ရင်လည်း သင့်နိုင်ပါတယ်။
အမှတ် (၇)ကထိုင် မမှတ်ဘဲ စင်္ကြန်လျှောက်ပြီး ဣရိယာပုထ် ပြောင်းလိုက်ရင် ပဲ သက်သာသွားဖွယ်ရှိပါတယ်။

မဖျောက်နိုင်လျှင်

အထက်ပါ နည်း ၇-မျိုးနဲ့ ဖျောက်မရတဲ့ အဆုံး ထမယ့် အချိန်ကို မှတ်ပြီး အိပ်စက် အနားယူရမယ်။ ဒါပေမယ့် ဘယ်ပြောင်း ညာပြန် အိပ်စက်ခြင်းရဲ့ အရသာကို ခံပြီး မနေရ။ နိုးတာနဲ့ ပြန်ထပြီး ရှုမှတ်ဆဲ တရားနဲ့ နေရမယ်။
မာနဟူသော နှာမောင်းကို ချီပင့်၍ ဒါယကာ အိမ်သို့ မသွားရ။ သွားခဲ့မူ ယင်းတို့က ဂရုမစိုက်ပါက စိတ်မချမ်းသာ ဖြစ်ပြီး သမာဓိပျက်နိုင်တယ်။ တစ်ဖက်သားနဲ့ ဆန့်ကျင်ဖက်စကား မဆိုရ။ ဆိုခဲ့သော် စကား များများ ပြောရမည်။ သို့ဖြစ်လျှင် သမာဓိ မဖြစ်နိုင် .. စသည်ဖြင့် မြတ်ဗုဒ္ဓ အရှင်မောဂ်ကို ဆက်ပြီး ဟောပါတယ်။ အရှင်မြတ်အဖို့ ဒီသုတ္တန်ဟာ ဩဝါဒလည်း ဟုတ်တယ်၊ ဝိပဿနာလည်း ဖြစ်တဲ့ အတွက် သုတ္တန် အဆုံးမှာ အရဟတ္တဖိုလ်ကို ရသွားပါတယ် (အံ၊၂၊၄၆၂)။

အရှင်ဘဂုနဲ့ အရှင်မဟလ္လကတိဿမထေရ်တို့လည်း ထိနမိဒ္ဓလွှမ်းမိုးခံရလို့ ကမ္မဋ္ဌာန်းအာရုံမထင်ဘဲရှိဖူးကြောင်းမှတ်သားရပါတယ် (သံ၊ဋ္ဌ၊၁၊၃၀၄)။

ဒါကြောင့် အိပ်ငိုက်လို့ ဆိုပြီး စိတ်ဓာတ် မကျပါနဲ့။ ဝီရိယကို နှစ်ဆတိုးပြီး အထက်ပါ ဘုရားပေးတဲ့ နည်းတွေထဲက သင့်နိုးရာရာကို အသုံးချပြီး တဖြည်းဖြည်း လေ့ကျင့်သွားရင် တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။ တစ်စုံတစ်ခုသော အတိုင်းအတာထိတော့ ပေါက်ရောက်မှာပေါ့။

ထိနမိဒ္ဓမဲ့

ထိန = စိတ်အားနည်းခြင်း၊ အာရုံကို သိရန် အားမထုတ်ခြင်း။
မိဒ္ဓ = စေတသိက် (စိတ်ကို ခြယ်သပေးတဲ့ စိတ်ရဲ့ အခြေအနေ) အားနည်းခြင်း၊ ငိုက်မျဉ်းမှုကို ဖြစ်စေ ခြင်း။
ထိနနဲ့ မိဒ္ဓဟာ တွဲပြီးဖြစ်လို့ ထိနမိဒ္ဓလို့ တွဲပြီး သုံးတယ်။ ကုသိုလ်ကို မဖြစ်အောင် တားဆီးတတ်လို့ နီဝရဏလို့လည်း ခေါ်တယ်။ ထိနနဲ့ မိဒ္ဓဟာ ပုထုဇဉ်၊ သောတာပန်သကဒါဂါမ်အနာဂါမ် များအဖို့အိပ်ပျော်ခါနီးနဲ့ အိပ်ရာမှနိုးခါစအချိန်တွေမှာဖြစ်တယ်။ ရဟန္တာပုဂ္ဂိုလ်ကတော့ ထိနမိဒ္ဓအပါအဝင် ကိလေသာ အားလုံးကို အမြစ်ပြတ် ပယ်ပြီးဖြစ်လို့ ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ အိပ်ခြင်းဟာ ထိနမိဒ္ဓနဲ့ မပတ်သက်။ ခရီးသွားခြင်း စသည်ကြောင့် ကိုယ်ခန္ဓာ ပင်ပန်းပြီး အားအင် နည်းပါးချိန်မှာ ‘ဝီထိစိတ်နဲ့ မရောဘဲ ဘဝင်စိတ် သန့်သန့် တစ်ဆက်တည်း ဖြစ်နေခြင်း’ဟာ ရဟန္တာတို့ရဲ့အိပ်စက်ခြင်းပါပဲ (အဘိ၊ဋ္ဌ၊၁၊၄၀၉)’။ ဒါကြောင့် အနာဂါမ် အဆင့်ထိ ထိနမိဒ္ဓကို အကြွင်းမဲ့ မပယ်သေး၊ ရဟန္တာဖြစ်မှ ကိလေသာ အားလုံး ငြိမ်းတယ်လို့ မှတ်သားနိုင်ပါတယ်။

အောက်တိုဘာ ၁၊ ၂၀၁၅။

---

၄၃၂။ အရှင်အာနန္ဒာ ဖွားဖက်တော်လား

ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ မဟာဗုဒ္ဓဝင် ကျမ်း၊ ဒုတိယတွဲ၊ စာမျက်နှာ-၅၂ တွင် ဖွားဖက်တော် ခုနစ်မျိုးကို ‘အာနန္ဒမင်းသား၊ မဟာဗောဓိညောင်ပင်၊ ကာဠုဒါယီအမတ်၊ ယသော်ဓရာမင်းသမီး၊ ဆန္နအမတ်၊ ရွှေအိုးကြီး လေးလုံး၊ ကဏ္ဋကမြင်းတော် (အာ.ဗော.ကာ.ယ.င.ရွှေ.ကဏ်)လို့ ဖော်ပြပါသည်။ ဖွားဖက်တော် ဟူသည်မှာ မြတ်စွာဘုရား မွေးဖွားသောနေ့၌မွေးဖွားပေါ်ပေါက်သူလို့ နားလည်ပါသည်။ သို့ဖြစ်လျှင် အရှင်အာနန္ဒာသည် မြတ်စွာဘုရားနှင့် အသက်အရွယ်တူသောကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး ရေကြည်တော် ခပ်ပေးသည်ဟု ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လား .. ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

မြင့်မြင့်စိန်-ရန်ကုန်

---

အဆိုနှစ်မျိုး

ဒီဃနိကာယ်အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၁၈)၊ ဗုဒ္ဓဝံသအဋ္ဌကထာ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၂၂)၊ ဇာတ်အဋ္ဌကထာ (ဇာ၊ဋ္ဌ၊၁၊၆၃) သုံးစောင်မှာ ဖော်ပြပါမဟာဗုဒ္ဓဝင်မှာစာတော်အတိုင်းဖွားဖက်တော် ၇-မျိုး စာရင်းကိုတွေ့ရတယ်။ အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၂၃၄)နဲ့ ထေရဂါထာအဋ္ဌကထာ (ထေရ၊ဋ္ဌ၊၂၊၁၆၅) တွေမှာတော့ အရှင် အာနန္ဒာအစား အာရောဟဏီယဟတ္ထီ (စီးတော်ဆင်)လို့ ဖော်ပြပါတယ်။ တစ်ခါတစ်ရံ နိကာယ်အဋ္ဌကထာ ကြီးတွေမှာ အဲဒီလို ဖော်ပြပုံ ခြားနားတာ အနည်းအကျဉ်းကို တွေ့ရလေ့ ရှိပါတယ်။ ယခု ဖြစ်ရပ်မှာ ဒီဃနိကာယ် အဋ္ဌကထာနဲ့ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ နှစ်ကျမ်းလုံးကို အရှင်မဟာဃောသ တစ်ပါးတည်း ရေးပေမယ့် ယင်းတို့မှာ ထိုထို ဘာဏက (ဒီဃနိကာယ်ဆောင်၊ အင်္ဂုတ္တရနိကာယ်ဆောင် .. စသည်) တို့ရဲ့ အယူအဆဖြစ်ကြောင်းဋီကာကျမ်းတွေမှာဖွင့်ပြပါတယ်။
တစ်ကျမ်းတည်း

ထူးခြားတာက အပဒါနအဋ္ဌကထာ တစ်ကျမ်းတည်းမှာ အဆို ၃-မျိုး ပါနေတာကို တွေ့ရခြင်းပါပဲ။ ယင်း၊ ဒုတိယအုပ်၊ စာမျက်နှာ-၅၅ မှာ ‘မဟာဗောဓိညောင်ပင်၊ ယသော်ဓရာ မင်းသမီး၊ ရွှေအိုးကြီးလေးလုံး၊ စီးတော်ဆင်၊ ကဏ္ဋကမြင်း၊ အာနန္ဒမင်းသား၊ ဆန္နအမတ်၊ ကာဠုဒါယီအမတ်’လို့ သင်္ချာ ၈-မျိုး ဖော်ပြပေမယ့် ‘ဣမေ သတ္တ = ဤ ၇-မျိုး’လို့ ဆိုပါတယ်။ ဒါပေမယ့် ယင်း၊ ပထမအုပ်၊ စာမျက်နှာ-၆၅ မှာ စီးတော်ဆင် အစား အရှင်အာနန္ဒာနဲ့ ၇-မျိုး ဖော်ပြတယ်။ တစ်ဖန် ယင်း၊ ဒုတိယအုပ်၊ စာမျက်နှာ-၂၅၇ မှာ အရှင်အာနန္ဒာ မပါဘဲ စီးတော်ဆင်နဲ့ ၇-မျိုးလို့ ဆိုပြန်တယ်။ ဒါကတော့ ပေကူးသူ သို့မဟုတ် တည်းဖြတ်သူတို့ရဲ့ မှားယွင်းမှု ဖြစ်နိုင်တယ်။ ဇာတ်အဋ္ဌကထာ (ဇာ၊ဋ္ဌ၊၁၊၆၃) အောက်ခြေ မှတ်ချက်အရ ယင်းကျမ်း သီဟိုဠ်မူမှာ အရှင်အာနန္ဒာအစား ‘အာဇာနီယော ဟတ္ထိရာဇာ = စီးတော်ဆင်’လို့ မူကွဲဖော်ပြပါတယ်။

ကျမ်းဆိုနဲ့ ယုတ္တိ

ဝိနယပါဠိတော် (ဝိ၊၄၊၃၃၈)မှာ ရဟန်း အတူပြုကြတဲ့ သကျမင်းသား ၆-ယောက် စာရင်းကို ‘ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ အာနန္ဒ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ္တ’လို့ ဆိုတယ်။ ဒါဆိုရင် ယင်းတို့ ၆-ဦး အသက်အရွယ် အလွန် မကွားဘူးလို့ ဆိုခွင့်ရှိတယ်။ အရှင်အာနန္ဒာရဲ့ ဥပဇ္ဈာယ်ဆရာဟာ အဦးဆုံး ဗုဒ္ဓသာဝကတွေထဲမှာ ပါဝင်တဲ့ ဥရုဝေလာ ကဿပညီနောင် အုပ်စုဝင် အရှင်ဗေလဋ္ဌသီသ ဖြစ်ခြင်း (ဝိ၊၂၊၁၁၈)ဟာ မင်းသား ၆-ယောက်မှာ ပါဝင်တယ်ဆိုတာကို ထောက်ခံသလို ထင်ရတယ်။ ဒီအဆိုနှစ်ရပ်လုံးက အရှင်အာနန္ဒာ ဖွားဖက်တော် ဖြစ်တယ်ဆိုတာကို အားသာစေတယ်။

ဒါပေမယ့် .. အရှင်ဗေလဋ္ဌသီသဟာ ဘယ်အချိန် မဆို အရှင်အာနန္ဒာရဲ့ ဥပဇ္ဈာယ်ဆရာ ဖြစ်နိုင်တယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရင် ပါဠိတော်ပါမင်းသား ၆-ဦးစာရင်းမှာအရှင်အာနန္ဒ အစား အခြား တစ်ယောက်နဲ့ အမှတ်မှားတာ သို့မဟုတ် ပေကူးမှားတာ မဖြစ်နိုင်ဘူးလားလို့ မေးနိုင်ပါသေးတယ်။

အဲဒီ မေးခွန်းကို မဖြစ်နိုင်ဘူးလို့ တော့ ဖြေနိုင်တယ်။ ဘာကြောင့်ဆို အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၂၃၄) မှာ ဖွားဖက်တော် ၇-ဦးစာရင်းမှာ အရှင်အာနန္ဒာ အစား စီးတော်ဆင်ကို ထည့်ပြပေမယ့် အဲဒီ အဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၂၂၈)မှာပဲ အတူ ရဟန်းပြုတဲ့ သာကီဝင် မင်းသား ၆-ဦးထဲမှာ အရှင်မြတ်ကို ထည့်ထားလို့ ပါပဲ။ ဒါပေမယ့် .. ဝိနယပါဠိတော် စကားအတိုင်း မင်းသား ၆-ဦး စာရင်းကို ပြတော်မူတဲ့ အဋ္ဌကထာဆရာ အနေနဲ့ ဖွားဖက်တော် ဖြစ်ခြင်းနဲ့ မင်းသား ၆-ဦး ပတ်သက်နိုင်မှုကိုမသုံးသပ်ဘူးလို့ တော့ဆိုနိုင်ပြန်တယ်။

တိဗက်မှတ်တမ်း

ဒီနေရာမှာ ‘ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများ’ စာအုပ် အသုံးတည့်ပြီ။ ဒီမှတ်တမ်းအရ ‘မြတ်ဗုဒ္ဓ ပြည်တော် ပြန်ချိန်မှာ ဆွေတော် မျိုးတော်ဖြစ်တဲ့ သကျတွေက တစ်အိမ်ကို ယောကျ်ား တစ်ယောက်စီ ရဟန်းပြုရမယ်’လို့ ကြေညာချက် ထုတ်ပြန်ကြောင်း၊ သို့အတွက်ဘဒ္ဒိက၊ ရေဝတ၊ အနိရုဒ္ဓ (အနုရုဒ္ဓါ)တို့ မိမိဆန္ဒအရ ရဟန်းပြုရန် ဆုံးဖြတ်ပေမယ့် ဒေဝဒတ္တမှာ ဆန္ဒ မပါဘဲ အမိန့်အရ ဝတ်ခဲ့ရကြောင်း (မင်းသား၄-ဦး)’ဖော်ပြပါတယ်။ အင်္ဂလိပ် ဘာသာပြန်သူ (Rock Hill) က ဒါကြောင့် သံဃာကွဲပြားတဲ့ အခါ ဒေဝဒတ္တကို ထောက်ခံသူ အချို့ ရှိခဲ့တာ ဖြစ်နိုင်ကြောင်းသုံးသပ်ခဲ့တယ် (ယင်း၊ စာ-၁၀၀၇ှု)။

အမှန်တော့ နန္ဒမင်းသားလည်း အစပိုင်းမှာ ရဟန်း မပြုလိုတဲ့ အထဲမှာပါခဲ့တာပဲ။

ဒီနေရာမှာ ‘သကျမင်းသားတွေကိုအမိန့်နဲ့ ဘုန်းကြီးဝတ် ခိုင်းတယ်’ဆိုတဲ့ စကား မှန်နိုင်တယ်လို့ ဘုန်းကြီး ယူဆတယ်။ ဘာကြောင့်ဆို နောက်ပါ သံဃာ များစွာနဲ့ အတူ မြတ်ဗုဒ္ဓ မလ္လတိုင်း ကုသိနာရုံမြို့ကို ရောက်တဲ့ အခါ မလ္လာတိုင်းသား သကျမင်းတွေက ‘မြို့သူမြို့သား အားလုံး ဗုဒ္ဓကို ထွက်ကြိုရမယ်၊ ထွက်မကြိုသူကို ဒဏ်ငွေ ၅၀၀ ရိုက်မယ်’လို့ အမိန့် ထုတ်ပြန်ကြောင်းထေရဝါဒမှတ်တမ်း (သံ၊၃၊၃၄၅)ရှိလို့ ပါပဲ။
တူခြင်း မတူခြင်း

ထေရဝါဒအရ ‘အရှင်အာနန္ဒဟာ ဒီဘဝ မတိုင်ခင် ဗုဒ္ဓလောင်းလျာနဲ့ အတူ တာဝတိံသာမှာ ဖြစ်တယ်။ အဲဒီက စုတေတဲ့ အခါ အမိတောဒန (သုဒ္ဓေါဒနမင်းရဲ့ ညီတော်)ရဲ့ သား ဖြစ်လာပြီး ဘဒ္ဒိယစတဲ့ မင်းသားခြောက်ဦးနဲ့ အတူရဟန်းပြုကြောင်း (ဒီ၊ဋ္ဌ၊၂၊၈၂)’ဆိုတယ်။ တိဗက်မှတ်တမ်း အရ အရှင်အာနန္ဒာဟာ အမိတောဒန (သုဒ္ဓေါဒန ညီတော်)ရဲ့သားဖြစ်တယ် ဆိုပေမယ့် မြတ်ဗုဒ္ဓရဲ့ သားတော် အရှင်ရာဟုလာနဲ့ သက်တူရွယ်တူ သာသာပဲ ရှိတယ်။ ဗုဒ္ဓရဲ့ အလုပ်အကျွေး ဖြစ်လာမယ်လို့ ဗေဒင်ဆရာတွေ ဟောထားလို့ မြတ်ဗုဒ္ဓက ပိလဝတ္ထုသို့ ကြွချိန်မှာ ဝေသာလီကို ပို့ထားတယ်။ ဒါပေမယ့် ဝေသာလီမှာ မြတ်ဗုဒ္ဓနဲ့ တွေ့တော့ အာနန္ဒမင်းသားရဲ့ ဆန္ဒအရ နောက်ဆုံး ခွင့်ပြုလိုက်ရပြီး အရှင်မဟာကဿပ မထေရ်က အရှင်အာနန္ဒာကို ရဟန်းပြုပေးလိုက်တယ် (ယင်း၊ စာ-၁၀၈)။ ပညာရှင် မာလာလာဆေကေရ ပုဂ္ဂိုလ်က ‘Rock Hill ရဲ့ တိဗက်မှတ်တမ်းအရ အရှင်အာနန္ဒာ ရဟန်းပြုပုံဟာ ကွဲပြားပြီး စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ ’ဆိုခဲ့ပါတယ် (Pali Proper Names I, 251)။

ဒီမှတ်တမ်းအရ အရှင်မဟာကဿပဟာ အရှင်အာနန္ဒာရဲ့ ဥပဇ္ဈာယ်ဆရာ ဖြစ်လို့ ‘အရှင်မဟာကဿပဟာအရှင်အာနန္ဒာနဲ့ အလွန် ရင်းနှီးပြီး အရှင်အာနန္ဒာ ဆံပင် ဖြူနေချိန်မှာပင် အရှင်မြတ်က အရှင်အာနန္ဒာကို ကုမာရက = သူငယ်လေး (ကောင်လေး)လို့ ခေါ်ဝေါ် သုံးနှုန်းတယ် (သံ၊၁၊၄၁၈)’ဆိုတဲ့ ထေရဝါဒကျမ်းစာ အဆိုကိုလည်း ဒီဖွားဖက်တော် ကိစ္စမှာ ထည့်သွင်း စဉ်းစားဖွယ် ရှိလာတာပေါ့။ ဖွားဖက်တော် ဖြစ်ရင် အရှင်အာနန္ဒာဟာ အရှင်မဟာကဿနဲ့ အသက်အရွယ် မတိမ်းမယိမ်း နေမှာ။ ဒီလိုဖြစ်ရင် ဘယ်လောက် ရင်းနှီးစေကာမူ သံဃာ အချင်းချင်း သက်တူရွယ်တူကို အဲဒီလို (ကောင်လေးလို့) သုံးနှုန်းဖို့ ခက်နိုင်တယ်။ အရှင်မဟာကဿပဟာ မြတ်ဗုဒ္ဓရဲ့ ဒုတိယ မြောက်ဝါ (ကပိလဝတ္ထုသို့ မကြွခင်)မှာ ရဟန်းပြုလာတာဖြစ်လို့ အရှင်ဗေလဋ္ဌသီသနဲ့ မရှေးမနှောင်းဖြစ်တဲ့ အတွက် အရှင်အာနန္ဒာရဲ့ ဥပဇ္ဈာယ်ဖြစ်မယ်ဆို ဖြစ်နိုင်တယ်။
ဖြစ်နိုင်မည်လား

တိဗက်မှတ်တမ်း အရတော့ အရှင်အာနန္ဒာဟာ မြတ်ဗုဒ္ဓနဲ့ သက်တော် ၂၅-ကျော် ကွာလို့ မြတ်ဗုဒ္ဓကို အလုပ်အကျွေး ပြုနိုင်ဖို့ စဉ်းစားစရာ မရှိဘူး။ ထေရဝါဒအရ အရှင်အာနန္ဒာဟာ မြတ်ဗုဒ္ဓနဲ့ သက်တော် တူတယ် ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားဖွယ် ရှိတာကို ဖော်ပြပါအတိုင်း အဖွင့်ကျမ်းတွေရဲ့ အဆိုကွဲပြားချက်တွေက ထောက်ခံနေသလိုပါပဲ။ ဒါကြောင့် သက်တော် ၈၀ အရွယ် အရှင်အာနန္ဒာက မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး ရေကြည်တော် ခပ်ပေးတဲ့ ကိစ္စလည်း ယုတ္တိအရ စဉ်းစားဖို့ နည်းနည်းခက်တယ်ဆိုတာကိုအသိအမှတ်ပြုနိုင်ပါတယ်။ ဒါပေမယ့် .. အသက် ၈၀ နဲ့ ၈၂-နှစ် အရွယ် ကျန်းမာတဲ့ ညီအစ်ကို အရင်း နှစ်ယောက် အတူတူ လမ်းလျှောက်နေတာကို ဘုန်းကြီး တွေ့ဖူးတယ်။ မြတ်ဗုဒ္ဓနဲ့ ညီတော် အရှင်အာနန္ဒာကို အမှတ်ရစရာပါပဲ။

ဘုန်းကြီး စဉ်းစားမိတာလေးတွေကို အစဖော်ပေးရုံမျှပါ။ အများကြီး နှိုင်းယှဉ်လေ့လာပြီး သုတေသန ပြုရင် တော့ အဖြေ တစ်ခုထွက်နိုင်လာလေမလားဘဲ။

အောက်တိုဘာ ၂၊ ၂၀၁၅။

---

၄၃၃။ လူမိုက်ဆယ်ပါး

ဘုန်းဘုန်း ဘုရား၊ တပည့်တော်တို့ ညီအစ်မတွေ ငယ်စဉ်က အဖွားဆူခံထိတဲ့ အခါ ‘ညည်းတို့တော့ လူမိုက်ဆယ်ပါးထဲ ပါတော့မယ်’လို့ ပြောတဲ့ အတွက် လူမိုက်ဖြစ်မှာနဲ့ ငရဲကြီးမှာကို ကြောက်ခဲ့ပါသည်။ ယခု တပည့်တော်ရဲ့ သားသမီးတွေကို အဖွား ပြောသလို ပြောမိတော့ သူတို့က လူမိုက်ဆယ်ပါးဆိုတာ ဘာလဲလို့ ပြန်မေးတာကို မဖြေနိုင် ဖြစ်နေပါသည်။ လူမိုက် ဆယ်ပါးကို သိလိုပါသည် အရှင်ဘုရား။

ဆောင်းနေခြည်

---

ကျမ်းကြီး၌ မလာ

ပါဠိတော်အဋ္ဌကထာစတဲ့ ကျမ်းဂန်ကြီးတွေမှာ လူမိုက်ဆယ်မျိုး သရုပ်ခွဲပြတာမျိုး မတွေ့ဖူးပါ။ ဓမ္မသတ်ကျမ်း သို့မဟုတ် နီတိကျမ်းတွေမှာ ဖော်ပြတာ ဖြစ်နိုင်တယ်။ ဒီနေရာမှာ အခြေအနေနဲ့ အခါအခွင့် သင့်မသင့်ကို မစဉ်းစားနိုင်တာကို လူမိုက်လို့ ဆိုလိုတယ်။ သတ်ဖြတ် လိမ်ခိုး ကြာရိုး ယစ်ထုပ် မဟုတ်သေးလို့ ငရဲရောက်တဲ့ ထိတော့ မဆိုနိုင်ဘူး။ ဒုတိယတန်းစား လူမိုက်လို့ အမည်ပေးရင် သင့်မလားဘဲ။ အဲဒီလို လူမိုက်မျိုး ဆယ်ယောက် ရှိကြောင်း မဃဒေဝလင်္ကာကြီးမှာ အောက်ပါအတိုင်းဖော်ပြပါတယ်...

‘မေးမှားမျိုးနွယ်၊ ရေဆယ်မီးယူ၊ ဝံ (ဝန်)ကူပဲပြုတ်၊ ပုန်းစလုတ် က၊ သစ်ခုတ် ဆေးပေါင်း၊ သမင်ရောင်းငြား၊ မုံ့ဆန်းစားဟု၊ ဆယ်ပါးလူမိုက်၊ ကျင့်စရိုက်နှင့် (မဃဒေဝ၊ ပိုဒ်-၃၇၁)’။

၁) မေးမှားမျိုးနွယ်

အနီရောင် ဝမ်းဆက်နဲ့ အမျိုးသမီးနှစ်ဦး နှုတ်ခမ်းနီ မိတ်ကပ် အစွမ်းကုန် ခြယ်သပြီး အတူလာစဉ် လူငယ် တစ်ယောက်က အစ်မတို့ ဘယ်လို တော်စပ်လဲလို့ မေးတယ်။ မိန်းမကြီးက ‘ကျွန်မရဲ့ ဦးလေးကို ဒီကလေးမရဲ့ ဦးလေးက ဦးလေး တော်တယ်’လို့ ဖြေတယ်။ မေးတဲ့ လူငယ်မှာ အခြေအနေကို မဆင်ခြင်တတ်လို့ ‘ဒီညီအစ်မတွေ ဟိုရှေ့က ဘုရားကို ယကြာသွားချေကြပုံပဲ’လို့ တွေးပြီး ကျန်ခဲ့သတဲ့။ ကဲ .. မမိုက်ချင်ရင် ဒီမိန်းမ နှစ်ယောက် ဘယ်လို တော်စပ်ပြီး ဘယ်ကို သွားတာ ဖြစ်နိုင်တယ်ဆိုတာ ကိုယ့်ဟာကိုယ်ဖြေကြည့်။

၂) ရေဆယ်

ရေနစ်နေတဲ့ လူကို လက်နဲ့ ကိုင်ဖမ်းပြီး ဆယ်ရင် ရေနစ်သူရဲ့ သဘာဝအတိုင်း အကြောက်လွန်ပြီး ခွန်အားကုန်လုံးထွေး ဖျစ်ညှစ်တတ်လို့ ဆယ်သူပါ အသက်ဆုံးရနိုင်တယ်။ ဒါကြောင့် ရေနစ်နေသူကို ဆယ်ရင် သတိထားရတယ်။ အရင်ဆုံး သစ်ချောင်း ဝါးလုံး ကြိုး စသည်ကို အရင် ပေး၊ ပြီးမှ သူ့ကို နားလည်အောင်ရှင်းပြပြီး ဖမ်းကိုင်ရင် အန္တရာယ်ကင်းတယ်။

၃) မီးယူ

ဆင်ခြင် စဉ်းစားဉာဏ် နည်းသူမှာ ဝတ်ထားတဲ့ ပုဆိုးနဲ့ မီးကို ညှိပြီး ကူးယူလို့ မီးလောင် သေဆုံးရတယ်။ ဒီလိုပဲ ကိုယ်ဝတ်ထားတဲ့ အကျႌပုဆိုး စသည်မှာ ရေနံ ဓာတ်ဆီ ရေနံချေး စသည်ပေကျံနေရင် ဆေးလိပ်မီးညှိတာ၊ မှောင်လို့ အမှတ်တမဲ့ ဖယောင်းတိုင် မှန်အိမ်မီးထွန်းတာမျိုးကို ရှောင်ရမယ်။

၄) ဝံကူ (ဝန်ကူ)

လူကို ဝံ (သတ္တဝါ) ကိုက်နေစဉ် နောက်က မကူဘဲ မဆင်မခြင် ရှေ့က တုတ်ရမ်းပြီး သွားကူရင် ကိုက်ခံရတဲ့ လူကို လွှတ်ပြီး တုတ်ကိုင်ထားတဲ့ ကူညီသူကို ရန်ရှာတတ်တယ်။ ဝန်ကူလို့ န သတ်နဲ့ ရေးရင် ..ဝန်လေး ထမ်းပြီးအမြင့်က ဆင်းလာသူက ကူညီပါလို့ ဆိုတဲ့ အခါ ကူညီတဲ့ လူမိုက်က အနိမ့်ကနေပြီး ဝန်ထုပ်ကိုပေးပါ ဆိုပြီးလှမ်းယူရင် အမြင့်လူကဝန်လေးနဲ့ ပခုံးပေါ်ကို တင်မိပါက ဝန်ထုပ်ပိပြီး ကူညီသူ ခါးကျိုး မှောက်လဲ ဖြစ်တတ်တယ်။

၅) ပဲပြုတ်

ဟိုဖက်ရွာကို ရောက်မှ ပြုတ်ပြီး စားမယ့် ပဲခြောက် အိတ်ကို ဒီဖက်ရွာ ကတည်းက ပြုတ်ပြီး ယူသွားတော့ ပေါ့ပေါ့ ထမ်းရမယ့်အစား ဝန်လေးကို ထမ်းသွားရတာပေါ့။ ဒါက နမူနာပါ။ အဲဒီလိုကြိုပြီး မစဉ်းစားလိုက်မိလို့ မှားသွားတဲ့ ဘဝအတွေ့အကြုံ လူတိုင်း ရှိနိုင်ပါတယ်။ တစ်ခါ ဖြစ်ပြီးရင် နောက်ထပ် မဖြစ်အောင် သတိထားနိုင်ဖို့ဒီနမူနာလေးနဲ့ ဆုံးမတာ။

၆) ပုန်းစလုတ်

အမှိုက်သရိုက် မရှိဘဲ ရှင်းလင်းတဲ့ နေရာမှာ မပုန်းဘဲ သစ်ရွက်ထူတဲ့ ချုံစပ်မှာ ပုန်းမိရင် မြွေကင်း စသည်ရဲ့ အန္တရာယ်နဲ့ ကြုံရတတ်တယ်။ ဘုန်းကြီး ငယ်စဉ်က (အဲဒီတုန်းက အသက် ၁၀-နှစ်) တောရွာမှာ ကြုံခဲ့ရပုံ .. မနက် လင်းကြက် တွန် အချိန်လောက်ကင်းစောင့်သမားက ‘ဓားမြဟေ့..ဓားမြ၊ ပြေးကြ’လို့ အော်သံကို ကြားလို့ ဘာတစ်ခုမှ မယူနိုင်ဘဲ အူယားဖားယားနဲ့ ပြေးပြီး ရွာထိပ်က ညောင်ပင်အောက်မှာ ပုန်းကြတယ်။ မိုးလင်းတော့ ဘုန်းကြီးထိုင်တဲ့ နေရာနဲ့ သုံးပေလောက် အကွာမှာ ခြောက်ပေလောက် ရှည်တဲ့ လင်းမြွေကြီး တစ်ကောင် တဖြည်းဖြည်း ရွေ့နေတာကို တွေ့တယ်။ လန့်လိုက်တဲ့ ဖြစ်ခြင်း။ ခုထိ အသည်းယားတုန်း။ မြွေဟောက်သာဖြစ်ရင် ခုလောက်ဆို အရိုးတောင်ဆွေးပြီ။

၇) သစ်ခုတ်

သစ်ပင်ကို လဲကျလာနိုင်တဲ့ ဖက်က လူနေပြီး ခုတ်ရင် သစ်ပင်လည်း လဲရော လူလည်း ‘ကြွ’ တော့မှာပေါ့။ သစ်ကိုင်းကို တစ်ဝက်လောက်က ဖြတ်ချလို့ သစ်ကိုင်း ရမ်းပြီး လူပြုတ်ကျတာကိုတွေ့ဖူးမှာပေါ့။

၈) ဆေးပေါင်း

ပျားရည် တစ်ဇွန်းနဲ့ ရှားစောင်းစေး တစ်စက် ရောရမှာကို များရည်တစ်စက်နဲ့ ရှားစောင်းစေးတစ်ဇွန်းရောပြီးပေးမိတဲ့ ဆေးသမားမိုက်ကြောင့်လူနာသေရတယ်။ ငယ်စဉ်ကရွာမှာ တောမှာ လူနာတွေကို အခကြေးငွေနဲ့ ဆေးလိုက်ထိုးပေးတဲ့ ဒေါက်တာ ရမ်းကု တစ်ယောက် ပင်နီဆီလင် ဆေးရည်ကို တည့်မတည့် မစမ်းဘဲ ထိုးမိလို့ ဆေးမှားပြီး ရွာက ဘုန်းကြီး မသေရုံ ခံလိုက်ရဖူးတာကို အမှတ်ရတယ်။

၉) သမင်ရောင်း

မုဆိုးတစ်ယောက် သမင်နှစ်ကောင် ရောင်းဖို့ ထမ်းလာတော့ လမ်းမှာ လူတစ်ယောက်က ‘တစ်ကောင် ဘယ်လောက်လဲ’လို့ မေးတယ်။ ‘အကြီးကောင် တစ်ဆယ်ကျပ်၊ အငယ်ကောင် ငါးကျပ်’။ မေးသူက အငယ်ကောင်ကို ငါးကျပ်နဲ့ ဝယ်လိုက်တယ်။ အတန်ငယ် သွားပြီးမှ ပြန်လှည့်လာပြီး ‘အကြီးကောင်ကို ရောင်းပါ’လို့ ပြောတယ်။ မုဆိုးက ‘တစ်ဆယ်ပေးပါ’တဲ့။ ဝယ်သူက ‘ယခင်ငါးကျပ်ပေးဖြစ်လို့ သမင်ငယ်ရဲ့တန်ဖိုးငါးကျပ် နဲ့ ပေါင်းရင် တစ်ဆယ်ကျပ်’ဆိုတော့ မတွေးတတ်တဲ့ မုဆိုးက အဟုတ်မှတ်ပြီး သမင်ကြီးကို ပေးလိုက်သတဲ့။

၁၀) မုံ့ဆန်းစား

လယ်သမား လုလင်တစ်ယောက် ဇနီးသည် လုပ်ပေးလိုက်တဲ့ မုံ့ဆန်းကို စားနေခိုက် ယောက္ခမရောက်လာပြီး ဘာစားနေလဲ လို့ မေးတယ်။ မုံ့ဆန်းစားတယ်လို့ ပြောရမှာကို ရှက်တဲ့ အတွက် မုံ့ဆန်းကို ပါးစပ်မှာ အပြည့်ငုံပြီး ပါးရောင်နေပါတယ် လို့ ဖြေသတဲ့။ ပါးရောင်ရင် စူးနဲ့ ထိုးမှ ပျောက်မယ်ဆိုတော့ လုလင်က အထိုးခံသတဲ့။ ပါးစပ်ပေါက်က မုံ့ဆန်းထွက်ကျမှပဲ ယောက္ခမမှာ အမှန်အတိုင်း သိရတော့သတဲ့။

အဲဒီတော့ ခုလို ခေတ်ကာလကြီးမှာ အပြောအဆို အနေအထိုင်အပြုအမူအယူအဆ အရေးအသား အသွားအလာ မမိုက်နိုင်မှ လင်းနိုင်မှ တော်ကာ ကျမယ်လို့ ဟောဒီ လူမိုက်ဆယ်မျိုးက သင်ပြကြောင်းလည်း ဖြည့်ပြီးဖြေလိုက်ပါရစေ။

အောက်တိုဘာ ၆၊ ၂၀၁၅။

---

၄၃၄။ ကာမပိုင်မှားပြီး ပြုမိရင်

ဆရာတော် အရှင်ဘုရား၊ တပည့်တော် သူငယ်ချင်းရဲ့ ညီမသည်ခင်ပွန်းနဲ့ စကားများပြီး အစ်မဖြစ်သူ (တပည့်တော်ရဲ့သူငယ်ချင်း)အိမ်မှာ လာအိပ်ပါသည်။ ထိုနေ့က သူငယ်ချင်းမှာ အနီးက အလှူအိမ်ကို သွားကူရသဖြင့် ညီမဖြစ်သူမှာ သူ့ခဲအို တစ်ညလုံး အလုပ်မှာရှိမည်ထင်ပြီး အစ်မအိပ်ရာမှာ အိပ်ပါသည်။ ထိုညက သူငယ်ချင်းမရဲ့ ခင်ပွန်းမှာ မထင်မှဘဲ ညသန်းခေါင်လောက်အလုပ်မှ အိမ်ကိုပြန်လာပြီး ခယ်မရောက်နေမှန်း မသိဘဲ ခြင်ထောင်ထဲ ဝင်အိပ်မိသဖြင့် (နားနဲ့ မနာဖဝါးနဲ့ နာပါဘုရား)သူတို့ အကြင်လင်မယားကဲ့သို့ ပြုမူဖြစ်သွားပါသည်။ ထိုကဲ့သို့ မမျှော်လင့်ဘဲ ပြုမူမိခြင်းအတွက် သူတို့နှစ်ဦးမှာ ကာမေသုမိစ္ဆာစာရကံ မြောက်ပါသလားဘုရား။

မြသန်းကြည် (အကြီးစားစက်မှု အိမ်ရာဝင်း)

---

အင်္ဂါ ၄-ရပ်

ကာမေသုမိစ္ဆာစာရမှုနဲ့ ပတ်သက်ပြီး ကံမြောက်မမြောက် မိမိဘာသာ ဆင်ခြင်နိုင်အောင်အင်္ဂါလေးချက်ကို အကျဉ်းမျှ ပြန်ပြီး ဖော်ပြပါမယ်..
‘၁)မသွားလာကောင်းသည့် အမျိုးသမီးသို့မဟုတ် အမျိုးသား ဖြစ်ခြင်း (အဓိပ္ပာယ်က ကာမပိုင်ရှိသူ ဖြစ်ခြင်း)၊
၂) ယင်းတို့၌ မှီဝဲလိုစိတ်ရှိခြင်း၊
၃) မှီဝဲရန် လုံ့လပြုခြင်း၊
၄) မဂ်ချင်း ထိတွေ့မှုကို သာယာခြင်းဟု ကာမေသုမိစ္ဆာစာရကံ မြောက်ရန် အကြောင်း လေးချက်ရှိ၏ (မ၊ဋ္ဌ၊၁၊၂၀၃။ အဘိ၊ဋ္ဌ၊၂၊၃၈၅။ ပဋိသံ၊ဋ္ဌ၊၁၊၂၀၄)’။

အဓိပ္ပာယ်ဖွင့်

‘များသောအားဖြင့် အမျိုးသမီးမှာ မှီဝဲမှုလုံ့လ မရှိသောကြောင့် (ပြုခံရသူ အမျိုးသမီး) မှီဝဲလိုစိတ်ရှိမူ လုံ့လ မပြုခြင်းမှာ ပမာဏ မဟုတ် (လုံ့လ မပြုသော်လည်း မိစ္ဆာစာရ မြောက်၏)။ ထို့ကြောင့် အလိုတူကျူးလွန်ရာမှာ အမှတ် ၃ မပါဘဲ အင်္ဂါသုံးရပ်၊ အလို မတူရာမှာ အမှတ် ၂ မပါဘဲ အင်္ဂါ ၃ ရပ်၊ တူရာပေါင်း အင်္ဂါ ၄ ရပ်ဟုမှတ်ရမည် (မ၊ဋီ၊၁၊၃၀၂..စသည်)’။

အဘိဓမ္မာ အနုဋီကာ (၁၊၈၉)က ဖော်ပြပါ နိကာယ်ဋီကာတွေရဲ့ အဆိုကို မနှစ်သက်တာ တွေ့ရတယ် ‘အမျိုးသားများကို ရည်ညွှန်းပြီး အများဆုံး အင်္ဂါလေးရပ်ဟု ဆိုခြင်း ဖြစ်၏။ သို့မဟုတ်ပါက မိန်းမက ယောကျ်ား ကိစ္စကို ပြုသောအခါ ယောကျ်ားက လုံ့လ မပြုသောကြောင့် မိစ္ဆာစာရ မဖြစ်ဟု အဓိပ္ပာယ်သက်ရောက်သွားမည်’။

အပြစ်ပေါ့လေး

အလိုမတူဘဲ နိုင်ထက်စီးနင်း ကျူးလွန်ရင် မိစ္ဆာစာရမှု ပိုအပြစ်ကြီးတယ်။ သို့မဟုတ်ရင် နှစ်ဦးဆန္ဒတူနေလို့ အပြစ်မကြီး။ နိုင်ထက် စီးနင်းပြုရာမှာ အပြုခံရသူဟာ နောက်ဆုံးအဆင့် မဂ်အချင်းချင်း ထိတွေ့မှုကို သာယာပေမယ့် မတိုင်ခင်က လုံ့လ မပြုခဲ့လို့ မိစ္ဆာစာရကံ မမြောက်ဘူးလို့ ဆိုကြကြောင်းလည်း အဲဒီနိကာယ် ဋီကာကျမ်းတွေမှာ မှတ်သားစရာ ဖော်ပြတာကို တွေ့ရတယ်။ လူမှုရေးကိုယ်ကျင့်တရားဖြစ်လို့ ကျမ်းမြတ်တွေမှာ ဆုံးဖြတ်ချက်အချို့ မတူကြဘူးလို့ ယူဆရတယ်။
ဝါဒနှစ်မျိုး

ဒီနေရာမှာ မေးခွန်းနဲ့ ပတ်သက်နိုင်တဲ့ ဒုတိယ ဝိသုဒ္ဓါရုံဆရာတော်ဒီပဲရင်းဆရာတော် ဘုရားကြီးရဲ့အဆုံးအဖြတ်ကို ဦးစွာ လေ့လာသင့်တယ်..

‘ညဉ့်မိုက်သည့်အတွက် သူ့မယားကို မိမိမယား ထင်မှတ်၍ မှီဝဲသောယောကျ်ား၊ မိမိလင်ထင်မှတ်၍ သည်းခံသာယာသော မိန်းမတို့မှာ ကာမေသု မိစ္ဆာစာရကံ ထိုက်သည်ဟူ၍ ဆရာမြတ်တို့ ဆုံးဖြတ်တော်မူကြကုန်၏။

ငါတို့ကား သွားလာရိုး မဟုတ်သည်ကို လွန်းကျူး၍ ကျင့်လိုသော စိတ်ယုတ်စိတ်ညစ်မရှိသောကြောင့်လည်းကောင်း၊ ထိုသို့သော အရာ၌ သောတာပန် ပုဂ္ဂိုလ်တို့သော်လည်း လွတ်နိုင်ဖွယ် မရှိသောကြောင့်လည်း ကောင်း၊ ကမ္မပထ အရာ၌ ဧကန္တပဋိသန္ဓေကျိုးကို ပေးနိုင်လောက်သော အားသန်သော ကံအထူးကိုသာ ရွေးချယ်၍ ဟောတော်မူသောကြောင့်လည်း ကောင်း၊ အဋ္ဌကထာ၌ ‘‘သေဝနစိတ္တံ (မှီဝဲလိုသော စိတ်ရှိခြင်း)’’ဟုသာမည မဆိုဘဲ ‘‘တသ္မိံ သေဝနစိတ္တံ (ထိုကာမပိုင်ရှိသူ၌ မှီဝဲလိုစိတ် ရှိခြင်း’’ဟု အထူးဆိုသောကြောင့်လည်း ကောင်း ကမ္မပထမမြောက်ဟု အယူရှိသည်’။

(ပရမတ္ထစက္ခုကျမ်း၊ စာ-၂၁၁)

သုံးသပ်ချက်

ဆရာမြတ်တို့ရဲ့ ဆုံးဖြတ်ချက်မှာ အမှတ် (၁) အင်္ဂါရပ်နဲ့ ပတ်သက်ပြီးကာယကံရှင်ရဲ့သိခြင်းမသိခြင်းဆိုတဲ့ အချက်ကို သုံးသပ်မှု မရှိဘူးလို့ ဘုန်းကြီးထင်တယ်။ ကိုယ်ပိုင်တဲ့ ကာမ မဟုတ်မှန်း သိမှ မသိခဲ့ဘဲ။ ပိုးကောင်လေးတွေ သေတဲ့ အထိ နင်းမိတဲ့ မျက်စိမမြင် ရဟန္တာကြီး စက္ခုပါလကို အာပတ် မသင့်ကြောင်း မြတ်ဗုဒ္ဓ မိန့်တော်မူလို့ ဘုန်းကြီး အနေနဲ့ ဒီပဲရင်းဆရာတော်ရဲ့ဆုံးဖြတ်ချက်ကို ယုတ္တိပိုရှိတယ်လို့ ယူဆတယ်။
အဖြေ

အထက်ပါ ယူဆပုံကို မှီပြီး မေးခွန်းကိုဖြေရရင် ..ယောကျ်ား အနေနဲ့ သူ့ဇနီးလို့ ပဲ စိတ်ချလက်ချ ယုံကြည်နေခဲ့မှာ ဖြစ်လို့ ဒီပဲရင်း အလိုအရ ကံမမြောက်ဘူး။ အမျိုးသမီးအနေနဲ့ အိပ်မောကျနေခဲ့ရင် နိကာယ် ဋီကာတွေမှာ ဆိုသလို နောက်ဆုံးအဆင့် မဂ်ချင်း ထိတွေ့မှုကို သာယာရင် တောင် ယင်းမတိုင်ခင် ကလုံ့လ မပြုခဲ့လို့ ကံမမြောက်ဘူးလို့ ဆိုနိုင်တယ်။

အမျိုးသမီးမှာ နိုးနေသေးလို့ အစ်မရဲ့ ယောကျ်ား ခြင်ထောင်ထဲ ဝင်လာချိန် သိလျက် ငြိမ်နေခဲ့ရင် ကံမြောက်တယ်။ မတိုင်ခင် အဆင့်မှာ အမျိုးသမီးဟာ မိမိပိုင်ဆိုင်သူ မဟုတ်မှန်း သိသွားပြီး အမှတ်တကယ် ငြင်းဆန် သို့မဟုတ် သတိပေးပါလျက် ယောကျ်ားက မထိန်းနိုင်လို့ အတင်းအကြပ် ပြုတာကို မိန်းမက မကျော်လွှားလိုက်နိုင်ရင် ယောကျ်ား ကံမြောက်ပြီး မိန်းမ ကံမမြောက်ဘူး။ ရှောင်နိုင်သေးတဲ့ အခြေအနေမှာ စိတ် အလိုလိုက်ပြီး နှစ်ဦးလုံး အလိုတူ အလိုပါ ဖြစ်သွားခဲ့ရင် နှစ်ယောက်လုံး ကံမြောက်တယ်။

သင်ခန်းစာ

သူတို့လင်မယားအိပ်တဲ့ အိပ်ရာမှာ ‘ညီအစ်ကို၊ မောင်နှမ၊ ညီအစ်မ၊ သားအဖ၊ သားအမိ’တွေပင်ဖြစ်ပေမယ့် အခြေအနေအရွယ်ရောက်သူ တစ်ယောက်အနေနဲ့ မသေချာဘဲ အဖော်မရှိဘဲ စောင်ခြုံပြီး ဝင်မခွေသင့်ကြောင်း သင်းခန်းစာ ယူစရာပါ။

(မှတ်ချက်။။ ကာမေသုမိစ္ဆာစာရအဖွင့် ခေါင်းနဲ့ ဓမ္မအမေးအဖြေ အမှတ်-၁၁၈ ကိုဖတ်ရင် ပိုပြီးနားလည်နိုင်ပါတယ်။)

အောက်တိုဘာ ၇၊ ၂၀၁၅။

---

၄၃၅။ ဒူးရင်းသီးနဲ့ ရုပ်ဆိုးမ

ဘုန်းဘုန်း၊ သမီးရဲ့ သူငယ်ချင်း တစ်ယောက်ကလေ ဒူးရင်းသီးကို ဘုရားဆွမ်းတော် မကပ်ရဘူးတဲ့၊ ရုပ်ဆိုးမ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ သမီးက ဒူရင်းသီးကို အရမ်းကြိုက်လို့ မကြာမကြာဝယ်စားသမျှ ဘုရားဆွမ်းတော်လည်း ကပ်ပါတယ်။ သမီး ငရဲကြီးနေပြီးလားလို့ သံသယဖြစ်ပြီး ရုပ်ဆိုးမ ဖြစ်မှာကိုလည်း ကြောက်ပါတယ်။ သမီးဘယ်လိုလုပ်ရမှာလဲဟင်..

ခင်သဲ (ဘူတာရုံလမ်း)

---

ဒူးရင်းသီးက ဆူးဗလပွနဲ့ မလှလို့ ဒူးရင် သီးလို ရုပ်ဆိုးလိမ့်မယ်၊ အနံ့ဆိုးလို့ ကိုယ်က အနံ့မကောင်း ထွက်လိမ့်မယ်လို့ ဆိုတာ နားလည်မှု လွဲတာ။ နောက်ပြောင်တာကနေ အတည်ဖြစ်သွားတာများလား။ ကိုယ်ဝန်ဆောင်တွေ ငှက်ပျောသီး နှစ်လုံးပူးကို စားတာနဲ့ အမြွာပူးမွေးတာ ဘာဆိုင်နိုင်သလဲ။ မြန်မာတို့မှာ ဘာသာရေး၊ ဆေး..စတာတွေနဲ့ ပတ်သက်ပြီး အဲဒီလို အမှားနားလည်နေတာတွေ အတော်များများ ရှိတယ်။ ရဟန်းမတွေ (ရဟန်း ကျားတွေလည်း ပါတယ်) ကြက်သွန်ကို မစားရတာ ကလွဲရင် သာမန်တွေ စားကောင်းတဲ့ သစ်သီးသစ်ရွက် အများစုကို မတားမြစ်ပါဘူး။ ဒညင်းသီး အုန်းနို့နှပ်ကိုတောင် မွန်မွန်မြတ်မြတ် ဘုရားဆွမ်း ကပ်ကြသေးတာပဲ။ ဒူးရင်းသီးတော့ အေးဆေးပဲပေ့ါ။ ဒီဝတ္ထုကိုဖတ်ကြည့်..

ဣသိဒတ္တမထေရ်

မြတ်ဗုဒ္ဓ လက်ထက်က အဝန္တိတိုင်း ဝဍ္ဎရွာနေ လှည်းကုန်သည်တစ်ဦးရဲ့ သား။ သူ့နာမည် ဣသိဒတ္တတဲ့။ အရွယ်ရောက်တော့ မဂဓတိုင်း မစ္ဆိကာသဏ္ဍမြို့သား ဗုဒ္ဓတပည့် ဧတဒဂ်ဘွဲ့ရ စိတ္တသူကြွယ်နဲ့ မမြင်ဖူးဘဲ မိတ်ဆွေတွေဖြစ်နေကြတယ်။ စိတ္တသူကြွယ်က မြတ်ဗုဒ္ဓရဲ့ ဂုဏ်သတင်းတွေကို စာရေးပြီး ဣသိဒတ္တဆီ ပို့တဲ့ အတွက် ဗုဒ္ဓသာသနာကို ကြည်ညိုသွားပြီး အဝန္တိတိုင်းမှာ သီတင်းသုံးတဲ့ အရှင်မဟာကစ္စာယနထံမှာရဟန်းပြု၊ ဝိပဿနာပွား၊ အဘိညာဏ် ၆-ပါးရတဲ့ ရဟန္တာဖြစ်သွားတယ်။

အခါတစ်ပါး စိတ္တသူကြွယ်ဟာ မိမိလှူဒါန်းတဲ့ အမ္ဗာဋကာရာမ ကျောင်းတိုက်မှာ သီတင်းသုံးကြတဲ့ ရဟန်းများစွာကို အိမ်ပင့် ဆွမ်းကပ်ပြီး ‘မိစ္ဆာဒိဋ္ဌိ ၆၂-ပါး’ကို မေးလျှောက်တဲ့ အခါ အကြီးဆုံး မထေရ်မှာ ကိုယ်တိုင် သိပေမယ့် မရှင်းပြတတ်လို့ သိက္ခာဝါအငယ်ဆုံးဖြစ်တဲ့ ဣသိဒတ္တရဟန်းတော်က မထေရ်ကြီးထံ ခွင့်ပန်ပြီး စိတ္တသူကြွယ် ကျေနပ်အောင် ဖြေကြားပေးလိုက်တယ် (သံ၊၂၊၄၇၅)။ ကျမ်းဂန်မှာ ဘယ်က ဣသိဒတ္တလို့ မဆိုပေမယ့် စိတ္တသူကြွယ်ရဲ့ မိတ်ဆွေဟောင်းက လွဲပြီး အခြားတစ်ပါး မဖြစ်နိုင်ပါဘူး။

အဲဒီလို စွမ်းရည် သတ္တိနဲ့ ပြည့်စုံပြီး အဘိညာဏ် ၆-ပါးရ ဣသိဒတ္တ ရဟန္တာ ဖြစ်လာမယ့်သူဟာ ဝိပဿီ မြတ်စွာဘုရားကို ‘အာမောဒ’ခေါ်တဲ့ အသီးတစ်မျိုး လှူဒါန်းပြီး ကုသိုလ်အထူးနဲ့ ဆုတောင်းခဲ့ဖူးတယ် (ထေရဂါထာ၊ဋ္ဌ၊၁၊၃၀၂)။ ဒါကြောင့် အာမောဒသီး အလှူရှင်ဟာ သူများ မရှင်းပြ မပြောပြနိုင်တာကို နာခံသူ နားလည်အောင် ရှင်းပြနိုင်တဲ့ စွမ်းရည်ရှိတယ်။

အာမောဒဖလ

ထေရဂါထာ အဋ္ဌကထာ နိဿယမှာ ‘အာမောဒဖလံ၊ အာမောဒ-မည်သော အသီးကို’လို့ ဆိုတယ်။ တိပိဋက ပါဠိမြန်မာ အဘိဓာန် (တွဲ ၄၊ အပိုင်း ၁၊ စာ-၂၇၆) မှာ ‘အာမောဒ = အဝေးသို့ သွားသော အနံ့။ အာမောဒဖလ = အာမောဒ-မည်သော အသီး’လို့ ဆိုတယ်။ ဒီတော့ အာမောဒဖလကို ‘အနံ့အဝေးသို့ သွားသော အသီး’လို့ ဘာသာပြန်နိုင်တာပဲ။ ဒီလောက်နဲ့ ‘အာမောဒဖလ = ဒူးရင်းသီး (မော်လမြိုင် ဒူးရင်းသီး)’လို့ ဆိုရင် ပိန္နဲသီးလည်း နံတာပဲလို့ ဆိုစရာရှိပေမယ့် ‘ပိန္နဲသီး’အတွက်က ‘ပနသ’လို့ အခေါ် သီးခြား ရှိပြီးသားဖြစ်လို့ အာမောဒဖလကို ဒူးရင်းသီးလို့ ဆိုရင် မငြင်းသာပါဘူး။

တစ်နည်း

သီရိလင်္ကာမှာ အာနောဒ (Anoda တစ်နည်း Annona) ခေါ်တဲ့ အသီးတစ်မျိုးရှိတယ်။ အမှန်တော့ ဒီအသီးက အိန္ဒိယတောင်ပိုင်းကနေ အမေရိကတိုက် အလယ်ပိုင်းထိ ဒေသတွေမှာ ရှိတယ်။ ဓာတ်ပုံတွေအရ ဘုန်းကြီးတို့ အရပ်က ဒူရင်းသီး (ရန်ကုန်အခေါ် ဒူးရင်းဩဇာသီး) ဖြစ်ပါတယ်။ အပြင်မှာ ဆူးရှည်ပါတယ် (ဒါပေမယ့်မော်ဒူးလိုမစူးဘူး)၊ အရည်ရွှန်းအသားဖြူ အစေ့မည်း အနံ့က ပြေးလည်းပြေး မွှေးလည်း မွှေးတယ်။ ခုတလော အင်တာနက်မှာ ကင်ဆာ ကောင်းတယ်လို့ နာမည်ကြီးနေတဲ့ အသီးပေါ့။ ကုလား ဆရာဝန် တစ်ယောက်က The Cancer Curing Fruit လို့ ဆောင်းပါး ရေးပါတယ်။ အေဒီ ငါးရာစု အိန္ဒိယတောင်ပိုင်းသားရေးတဲ့ ထေရဂါထာအဋ္ဌကထာ ကျမ်းမှာ ပါတဲ့ ‘အာမောဒဖလ္လဟာ ဒီအသီး ဖြစ်နိုင်တယ်။ ဒီနည်းအရ သဒိသူပစာ နည်းနဲ့ (အာနောဒသီးနဲ့ တူလို့) မော်လမြိုင်ဒူးရင်းသီးကိုလည်း အာမောဒဖလလို့ ဆိုနိုင်မှာပေါ့။
အဖြေ

ကဲ..ဒါဖြင့်ဘာပဲဖြစ်ဖြစ်၊ မော်မြိုင်ဒူးရင်းသီးလှူ၊ ဆုတောင်းအထူးပြုပြီး ဆုတောင်းပြည့်ခဲ့တဲ့ အဘိညာဏ် ၆-ပါးရ ရဟန္တာတစ်ပါးကျမ်းဂန်မှာ ရှိကြောင်းမှတ်သားပြီး ဒူးရင်းသီးကိုစားလည်း စား ဆွမ်းတော်လည်း ကပ်ပါ။ ဒူးရင်းသီးလို ကမ္ဘာကျော်ပြီး ဒူးရင်းသီးပေါ်က ဆူးချွန်တွေလို မိမိကိုယ်ကိုကာကွယ်နိုင်၊ သူများကို အားကိုးစရာမလိုတဲ့ ကိုယ့်ဒူးကိုယ်ချွန် အာဂသတ္တိခဲ အမျိုးသမီး ဖြစ်ဖို့ ဆိုရင် ဒူးရင်းသီးဆွမ်း ကပ်လှူရမှာပဲ။ မြတ်စွာဘုရားလည်း ဒူးရင်းသီးကို နှစ်သက်တော်မူမှာပါ။
ဝမ်းအချင့်

ဝမ်းအချင့်’ဆိုတာ ချင့်ချိန်ပြီး စားရမယ်လို့ ဆိုလိုတယ်။ ဒါကြောင့် ဒူရင်းသီးကို ဘာဓာတ်တွေပါလို့ ကောင်းတယ် ဆိုပေမယ့် အလွန်အကျွံ မစားသင့်ဘူး။ ဘယ်လောက် ကောင်းတယ် ဆိုစေ တန်ဆေး လွန်ဘေးပါပဲ။ ဒူးရင်းသီးကို မမှည့်ခင်အလုံးလိုက်ဘုရားရှေ့မှာ ထောင်ထားပြီး မှည့်လောက်ပြီဆိုမှ ဘုရားကျောင်းကနေစွန့်၊ ကိုယ်စား ဆိုတာမျိုးတော့မလုပ်နဲ့။ အလုံးလိုက် စားလို့ မရတဲ့ အသီးတွေကို အလုံးလိုက် မကပ်သင့်ဘူး။ ဥပမာ..ပိန္နဲဖရဲကျွဲကော မာလကာ နာနတ်..စသည်။

ဒါကြောင့် ဒူးရင်းသီး ဆွမ်းတော်ကပ်ရင် အနေတော်လေး စားဖို့ အဆင်သင့် ပြင်ဆင်ပြီးကပ်။ ဒူးရင်းစေ့ကို ဖယ်ပြီးကပ်နိုင်ရင် ပိုကောင်းသေးတယ်။ ဇီးချိုသီး၊ စတိုဘယ်ရီသီးတွေကို တော့အလုံးလိုက် (သေးရင်) ရတယ်။ စပျစ်သီးလည်း အပြွတ်လိုက် မကပ်ဘဲ ခြွေပြီးမှ ကပ်သင့်တယ်။ ဒါကတော့ သစ်သီးဆွမ်းကပ်ဗဟုသုတပေါ့။ အောင်မြင်ပါစေ..

အောက်တိုဘာ ၉၊ ၂၀၁၅။

---

၄၃၆။ ပျော်ပါးခံစား နတ်ပြည်သွား

တပည့်တော်မှာ အလွန် ရင်းနှီးသော ဘာသာခြား မိတ်ဆွေ တစ်ယောက်ရှိသဖြင့် သူနဲ့ အတူ ဘုရားကျောင်းများသို့ မကြာ ခဏ ရောက်ပါသည်။ ဘုရားကျောင်း လာသူများမှာ တရားဟောဆရာရဲ့ သားသမီး မိသားစုနှင့်အတူ ဘုရားသီချင်းကို သီဆို တီးမှုတ်ကြပါသည်။ ငြိမ်းချမ်းပြီး ပျော်စရာ ကောင်းပါ သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းများ၌မူ စကားကျယ်ကျယ် မပြောရပါ။ ကလေးများမှာ ကြာကြာ မနေချင်ကြပါ။ တပည့်တော် မေးလိုသည်မှာ ကာမအာရုံကို ခံစားပြီး သုဂတိဘုံသို့ ရောက်ကြောင်း တရားနှင့် ပတ်သက်၍ မြတ်စွာဘုရား ဟောကြားချက်ရှိပါသလားဘုရား။

Dr.မိုးရွှေရည်စိုး

---

အဆန်တရား

လောကကြီး တစ်ခုလုံး စိတ်နောက်သို့ အလိုရှိတိုင်း လိုက်နေကြစဉ် မြတ်ဗုဒ္ဓက စိတ်အလို နောက်မလိုက်ဖို့ သင်ကြားတယ်။ စိတ်ရိုင်းကို စိတ်ယဉ်ဖြစ်အောင် လေ့ကျင့်နည်းကို ညွှန်ပြတယ်။ ‘ဆုံးမထားတဲ့ စိတ်ဟာ ချမ်းသာကို ဆောင်တယ်’လို့လည်း အာမခံချက် ပေးတယ်။ ယခင်က တုတ်ဆွဲ ဓားကိုင်တဲ့ လူဆိုးလူကြမ်းဟာ ဗုဒ္ဓရဲ့ ဓမ္မကို ကျင့်ပြီးတဲ့ နောက်မှာ တုတ်ဓားကို စွန့်ကုန်တာတွေ အများကြီး။ ဒီရည်ရွယ်ချက်နဲ့ ပဲ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို လာကြတာ လာရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ‘ကျင့်’ဆိုတာ ပိဋကတ်သုံးပုံ အာဂုံဆောင်တာ၊ အဘိဝံသ ဒေါက်တာ မဟာ အဂ္ဂ .. စတဲ့ ဘွဲ့မြီှးတွေ ရှည်တာကို မဆိုလိုဘူး။ ဗုဒ္ဓရဲ့ အဆုံးအမ ကိုယ်မှာ တည်နေတာကိုပဲ ‘ကျင့်’လို့ ဆိုလိုတာပါ။

ဟုတ်တယ် .. ကလေး မကပါဘူး၊ စိတ်ကို မထိန်းချုပ် မဆုံးမလိုတဲ့ လူကြီးပါ ဘုန်းကြီးကျောင်းမှာ ကြာကြာမနေချင်ကြပါဘူး။ ဒါကြောင့်မြတ်ဗုဒ္ဓက ကိုယ်တိုင်ခဲယဉ်းစွာ ကျင့်ပြီးမှ ရထားတဲ့ မိမိရဲ့ လမ်းစဉ်ဟာ ရာဂ ဒေါသ အဝိဇ္ဇာ ဖုံးလွှမ်းခံ လောကသားများအဖို့ ‘ပဋိသောတဂါမီ = ရေဆန်တရား’လို့ ကမ္ပည်း တပ်ခဲ့တာပေါ့။ လောကမှာ သီချင်းဆိုသံလို ဆူညံသံ ကြားမှ ပျော်တဲ့ လူက ပိုများမှာပါ။ အဲဒါမျိုးနဲ့ ပျော်ချင်ရင် အဲဒီလို နေရာမျိုးကို သွားရုံပါပဲ။ နိုက်ကလပ်ဆို ပိုပြီးတော့တောင် မကောင်းနိုင်ဘူးလား။

ပျော်ရွှင်မှု

မျက်စိ နား နှာ လျှာ ကိုယ်နဲ့ အာရုံခံစားမှုက တစ်ဆင့်ရတဲ့ ပျော်ရွှင်မှု အားလုံးကို မစစ်မှန်ဘူးလို့ ဗုဒ္ဓဝါဒက သင်ကြားတယ်။ အနည်းဆုံးဆို သံတီးမှုတ်သံ မကြားတဲ့ အချိန်မပျော်ဘူးပျင်းတယ်ဆိုတာမျိုး ဖြစ်တယ် မဟုတ်လား။ အဲဒါအစပဲပေါ့။ အာရုံလိုက်စားမှု များတာနဲ့ အမျှမဆုံးနိုင်တော့ဘူး။ ဆာငန်ရေကို သောက်သလို သောက်လေ ငတ်မပြေလေဘဲ။ အဲဒီ အာရုံခံစားမှုတွေဟာ စွဲလမ်း စိတ်ဆိုး မနာလို စိတ်ကြီးဝင်စတဲ့ စိတ်ညစ်နွမ်းမှုရဲ့ အကြောင်း ဖြစ်တဲ့ပြင် ယင်းသည် ဒုက္ခရဲ့ လက်သည်လည်း ဖြစ်ရတယ်။

ဒါပေမယ့်..ပျော်ရွှင်မှု မရှိရဘူး မခံစားရဘူးလို့ မဆိုလိုပါဘူး။ သူ့နေရာ သူ့အကန့်နဲ့ သူ စိတ်ကို စည်းကမ်း သတ်မှတ် ဖို့ပဲ သင်ကြားတာပါ။ လောကသား တစ်ယောက်အနေနဲ့ လောကီပျော်ရွှင်မှုနဲ့ ဘယ်ကင်းနိုင်မလဲ။ သောတာပန်အရိယာဖြစ်ပြီးတဲ့ ဝိသာခါကျောင်းအမကြီးတောင်သူ့ရဲ့ကျောင်းရေစက်ချ အလှူပွဲမှာ မြူးတူး ကခုန်တယ်ဆို မဟုတ်လား။ ဒီနေရာမှာ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ဝေဠုဒွါရေယျ သုတ္တန်ဟာ ဒီမေးခွန်းနဲ့ သင့်မယ်လို့ ထင်ပါတယ်..

ကျင့်စဉ် ၉-ပါး

ကောသလတိုင်း ဝေဠုဒွါရေယျ ရွာသားတွေက မြတ်ဗုဒ္ဓအား ‘မြတ်စွာဘုရား၊ တပည့်တော်တို့အား အိမ်ထောင်သည် ဘဝနဲ့ ကာမဂုဏ် ငါးပါးကို ခံစားပြီး သုဂတိဘဝကို ရောက်ကြောင်း တရားကို ဟောကြားပါ’လို့ လျှောက်ကြတယ်။ မြတ်ဗုဒ္ဓ ဟောတဲ့ တရားရဲ့အနှစ်ချုပ်က..

ငါသည် မသေလိုသကဲ့သို့ သူတစ်ပါးလည်း သေခြင်းကို အလိုမရှိ၊ ငါ့ဥစ္စာကို ခိုးယူသူအား မနှစ်မြို့သကဲ့သို့ သူတစ်ပါးလည်း သူခိုးကိုလက်မခံ၊ ငါ့သားမယားအပေါ်ကျူးလွန်သူကို ငါရွံမုန်းသကဲ့သို့ သူတစ်ပါးလည်း ကာမဂုဏ် ကျင့်မှားသူကို မကြိုက်ဟု ဆင်ခြင်ပြီးထိုကိုယ်ကျင့်အမှားများမှ ရှောင်ကြဉ်၏။

မမှန်စွပ်စွဲပြီး ငါ့အကျိုးကို ဖျက်ဆီးသူအား ငါမရှုစိမ့်နိုင်သကဲ့သို့ သူတစ်ပါးလည်းအမှားဆို သူကိုမမြင်လို၊ ငါ့မိတ်ဆွေများနှင့် ကွဲအောင် ကုန်းချောစကား ပြောသူကို ငါ စက်ဆုပ်သကဲ့သို့ သူတစ်ပါးလည်း ကတုံးကတိုက်လုပ်သူ ကိုကွယ်ရာမှာ တံတွေး ထွေးလိမ့်မည်၊ ခက်ထန်စွာ ပြောဆိုသူကို ငါ မတွေ့လိုသကဲ့သို့ သူတစ်ပါးလည်း ရိုင်းစိုင်းသူကို ရှောင်မည်၊ ငါ့အကြောင်း ကွယ်ရာမှာ အတင်းပြောသူကို ငါ သည်းမခံနိုင်သလို သူတစ်ပါးလည်း ထိုအပြောကို စိတ်ဆိုး ဒေါသဖြင့် တုံ့ပြန်မည်ဟု နှလုံးသွင်းပြီး ထိုနှုတ်ကျင့်မှား များမှရှောင်ကြဉ်၏။

ဤသူတော်ကောင်း တရား ခုနစ်ပါးနှင့် ပြည့်စုံသည့်ပြင် အငြိုးသို စိတ်ဆိုး ဒေါသကင်းသောဗုဒ္ဓ၊ တကယ်ကျင့်လျှင် တကယ် အကျိုးရှိ၏ဟု အာမခံသော ဓမ္မ၊ ဖြောင့်စွာ (အစွန်းမရောက် ဘက်မလိုက်) ကျင့်သောသံဃာတို့ကို ယုံကြည်ကျင့်သုံး အတုယူလျက် အရိယာ (အထက်တန်း ရောက်ပြီးသူ)တို့ နှစ်သက်သော သီလ (ငါးပါးသီလ)နှင့် ပြည့်စုံသူကို အပါယ်ပဋိသန္ဓေကင်းပြီဟု ဆိုနိုင်၏။ (သံ၊၃၊၃၀၇)။

အနှစ်ချုပ်

ဖော်ပြပါ သူတော်ကောင်း တရား ၇-ပါး မြဲ၊ ဗုဒ္ဓဓမ္မသံဃာကို ယုံကြည် ကျင့်သုံး အတုယူ၊ ငါးပါးသီလလုံ၊ ဒီ ၉-ပါးနဲ့ ပြည့်စုံရင် ပျော်ရွင်စရာ ကာမဂုဏ်အာရုံကို ခံစားရင်း သုဂတိဘုံသို့ ရောက်ဖို့ အထက်ပါ သုတ္တန်က အာမခံထားပါတယ်။

အောက်တိုဘာ ၉၊ ၂၀၁၅။

---

၄၃၇။ အသိနဲ့ အလိမ္မာ

ဘုန်းဘုန်း ဘုရား၊ အသိနှင့် အလိမ္မာတူပါသလား။ မေးခွန်းက အသုံးမတည့် အဓိပ္ပာယ်မဲ့ ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ် ဘုရား။

ကေသွယ်ဝင်း (မှော်ဘီ)

---

အသိအလိမ္မာ

စာပေ အဓိပ္ပာယ်ဖွင့်ဆိုချက် အရတော့ ‘အသိ အလိမ္မာ ဉာဏ် ပညာ ဝိဇ္ဇာ အမောဟ’ဆိုတဲ့ စကားခြောက်လုံးကိုတွဲပြီးပြလို့ အသိနဲ့ အလိမ္မာ အတူတူလို့ ဆိုနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် နယ်ပယ် အလိုက် အရည်အချင်းတော့ ခြားနားနိုင်ပါတယ်။ သိတော့ သိတယ်၊ အဲဒီအသိကို ကောင်းစွာ အသုံးမချ တတ်ရင် အဲဒီအသိ အသုံးမတည့်ဘူး။ အလိမ္မာဆိုတာ သိတာကိုလက်တွေ့ ကျွမ်းကျင်စွာ အသုံးချနိုင်တဲ့ အရည်အချင်း သဘောပါတယ်။ စာတွေ့နဲ့ ဆေးကုသနည်းကို သိနေပေမယ့် လေ့ကျင့် မထားရင် လူနာကို ရောဂါပျောက်အောင် မလုပ်ပေးနိုင်ဘူး။

ထိုနှစ်မျိုးမဲ့ရင်

ဒီယူဆပုံအရ အသိမရှိရင် အလိမ္မာဆိုတာ ပိုဝေးသွားတယ်။ သိလည်း မသိ၊ လိမ်လည်းမလိမ္မာရင် သူရော သူ့ပတ်ဝန်းကျင်ပါ အကောင်း မဖြစ်နိုင်ဘူး။ မျောက်ကို ဥယျာဉ်စောင့် ခန့်ကြည့်ပါ လား။ အသိရှိရင် မလိမ္မာဘူးဆိုတောင် အသိခံကြောင့် စဉ်းစားခြင်းချင့်ချိန်ခြင်း ကိုယ်ချင်းစာညှာတာခြင်းဆိုတဲ့ လူ့အရည်အချင်းတွေနဲ့ နီးစပ်နိုင်သေးတယ်။ နှစ်မျိုးလုံး မရှိသူကတော့ ပြောလည်းမိုက်၊ လုပ်လည်းမလင်းတော့ဘူး။ ဓားဓားချင်းလှံ လှံချင်းဆိုတာဒီလိုလူမျိုးပေါ့။ ‘ရှင်တစ်ဆူ လူတစ်ယောက်’ကို ‘အမှိုက်သရိုက် ပုရွက်ဆိတ်’လို့ ဆိုရဲတာ ဒီလိုလူမျိုးပေါ့။

အရည်အချင်း

‘ကြိုက်လတ်တုံမူ တုံ့မယူလို’လို့ ဆိုဆဲ ‘ရေပုံးပေါက်တာ ငါမလို၊ ရေပါတာပဲ ငါလိုချင်တယ်’ ဆိုလိုက်တော့ အလင်းနဲ့ အမှောင် ဘယ်လောက် ကွာသွားသလဲ။ ဆင်ပြောင်ကြီးကို တစ်တောင်လောက် ရှည်တဲ့ ချွန်းလေးနဲ့ ခိုင်းစားနိုင်တာ လူ့ အသိ အလိမ္မာရဲ့ စွမ်းပကားပဲ။

ဓီ.ရတ္ထုဝတ ရေ အညာဏံ = ထွီ..လောကသားတို့၊ မသိခြင်းဟာ ရွံစရာအစစ်ကြီးပဲ (ဝိ၊ဋ္ဌ၊၁၊၁၃၇)။ အလိမ္မာဆိုတာ အကောင်းသဘော ဆောင်တယ်။ ကိုယ်နိုင်အောင်လို့ ပညာ ရာထူး အာဏာ အရှိန်နဲ့ ညစ်တာမျိုးကျ တော့ကောက်ကျစ်ခြင်းလို့ ဆိုပြန်မှာပေါ့။ မသိပေမယ့် ရိုးသားခြင်း၊ လိမ္မာပေမယ့် ညစ်ပတ်ခြင်း မရှိရင် လူတွေ လေးစားတဲ့ လူ့အဆင့်မီပါသေးတယ်။

ခြားနားချက်

‘သိမှ သိမသိကို သိသည်၊ မသိက သိမသိကို မသိ။ ဘာမှန်းမှ မသိ။ သို့ဖြစ်ဘိ၍ သိချင်သော အာသာဖြင့် သုတကိုရှာရသည်။ သုတရှိမှ အသိကို ရသည် (ပရမတ္ထစက္ခုကျမ်း)’ဆိုတဲ့ ဒီပဲရင်း ဆရာတော်ရဲ့ အလိုအရအသိကို သင်ယူလေ့လာသိဗဟုသုတ လို့ ယူပြီး အလိမ္မာကိုတော့ ဆင်ခြင်တုံတရားလို့ ယူရင် မဆိုးပါဘူး။ ကြယ်လိုလင်းလက်တဲ့ အသိပညာကို ရယူနိုင်ပါစေ။

အောက်တိုဘာ ၁၁၊ ၂၀၁၅။

---

၄၃၈။ ခုနစ်သား ရဟန္တာများ

ဆရာတော် ဘုရား၊ ဘုရားရှင် လက်ထက်တော် အခါက ခုနစ်နှစ်သားအရွယ် ရဟန္တာငယ်များ ရှိပါသည်။ ခုနစ်နှစ်သား အရွယ်ရဟန္တာအဘယ်နှစ်ပါး ရှိပါသနည်း။ ထိုရဟန္တာငယ်များ၏ အကြောင်း အတ္ထုပ္ပတ္တိကို ကြားနာ ကြည်ညိုလိုပါသည် အရှင် ဘုရား။ ဆရာတော်ဘုရားကျန်းမာပါစေ။ ကျေးဇူးတင်ပါသည်။

သူဇာနွယ်-မန္တလေး

---

ပါရမီပြည့်တွေ

ခုနစ်နှစ် အရွယ် ရဟန္တာ ငယ်တွေရဲ့ အတ္ထုပ္ပတ္တိကို လေ့လာတဲ့ အခါ ‘ပုရိမဗုဒ္ဓေသု ကတာဓိကာရော = ရှေး ဘုရားတွေဆီမှာ ပါရမီ ဖြည့်ထားသူ’လို့ အထူးပြုပြီး ပြဆိုတာကို တွေ့ရတယ်။ ဒါကြောင့် ခေါင်းရိတ်ပြီးတာနဲ့ ရဟန္တာ ဖြစ်တာကို လွယ်လွန်းတယ်လို့ တော့ မဆိုပါနဲ့။ သူတို့မှာ အဲဒီလို ဖြစ်ဖို့ ယခင်ဘဝ တွေမှာ ဗုဒ္ဓဘုရား သိုမဟုတ် ဗုဒ္ဓဘုရားတွေရဲ့ သာသနာနဲ့ ကြုံ တဲ့ အခါအချိန်ကို မဆုံးရှုံးစေဘဲ နှစ်သက်ရာ ကုသိုလ်ဒါနတစ် ခုကို လှိုက်လှိုက်လှဲလှဲလုပ်တာ၊ နောက်ဆုံးဘဝမှာ ဗုဒ္ဓဘုရား နဲ့ တွေ့တာ၊ တွေ့တဲ့ အခါ ၎င်းတို့ရဲ့ စိတ်ဟာ ကောသလ မင်း လိုမဟုတ်ဘဲ ဓမ္မကိုကောင်းစွာ ကျင့်သုံးလိုတာတွေဟာ သူတို့ရဲ့ထူးခြားချက်တွေပါပဲ။

အများ သူငါတို့မှာ ဗုဒ္ဓဘုရားနဲ့ တွေ့ပါလျက် မသိယောင် ဆောင်နေခဲ့ကြလို့ ယခုလို တဝဲလည်လည် ဖြစ်နေရကြောင်းသံ ဝေဂယူပြီး ဒီပုဂ္ဂိုလ်ထူးတွေကို အတုယူနိုင်ပါတယ်။

ဘုရားရှိခိုးသူ

၁။ ဉာဏတ္ထဝိကသာမဏေ

နောက်ဆုံး ဘဝမှာ မိဘနဲ့ အမျိုးအမည် မထင်ရှား။ ပဒုမုတ္တရ ဘုရားနဲ့ သုမေဓဘုရားနှစ်ဆူ လက်ထက်မှာထိုဘုရားရှင်တို့ရဲ့ သဗ္ဗညုတဉာဏ်ကို ချီးမွမ်းခဲ့လို့ဂေါတမဗုဒ္ဓ လက်ထက်မှာ ၇-နှစ် အရွယ် ရဟန္တာ ဖြစ်တယ် .. ‘သမုဒ္ဒရာရေကို သမန်းမြက်ဖျားဖြင့် တို့ယူ၍ ရေတွက်လျှင် ဖြစ်နိုင်ရာပါ၏။ ရှင်တော် ဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ကိုမူကား နှိုင်းယှဉ် တိုင်းတာရန် မဖြစ်နိုင်ပါ (အပဒါန၊၂၊၁၉။ ၅၉)’။

၂။ သတရံသီသာမဏေ

ပဒုမုတ္တရ ဘုရားလက်ထက် ရသေ့အဖြစ် တောမှာ နေစဉ် ပဒုမုတ္တရဘုရား တောင်ပေါ်မှာ သီတင်းသုံးတာကို ဖူးတွေ့ရလို့ ဝမ်းမြောက်ပြီး မြတ်ဗုဒ္ဓအား ချီးမွမ်း ထောမနာ ပြုတယ်။ အဲဒီ ဘုရားရှင်က ‘ဂေါတမဗုဒ္ဓ ပွင့်ချိန် ရဟန္တာဖြစ်မယ်’လို့ ဗျာဒိတ် ပေးတဲ့ အတိုင်း ဒီဘုရား သာသနာတွင်း ရဟန်းပြု၊ ရဟန္တာ ဖြစ်ပြီးနောက် ‘ငါသည် အသက် ၇-နှစ်မှာ ရဟန်း ပြုခဲ့ပြီး သတရံသီ အမည်ရှိပါ၏။ ငါ၏ ကိုယ်မှ အရောင်အလင်း ထွက် ပါ၏။ ကျောင်းမှာဖြစ်စေ သစ်ပင်ရင်းမှာ ဖြစ်စေ စျာန်ဝင်စား ခြင်းကို နှစ်သက်ပါ၏ (အပဒါန၊၁၊၁၁၅)’ လို့ မိန့်ပါတယ်။ နေ ရပ်မိဘ အမျိုးအမည် မထင်ရှား။

၃။ ရဟောသညကသာမဏေ

ဘုရားမပွင့်တဲ့ ကာလတစ်ခုမှာ ရသေ့ဆရာကြီး အဖြစ် တပည့်ပေါင်းများစွာရဲ့ လေးစားတာကို ခံရပေမယ့် ကိုယ်တိုင်မှာ ရှိခိုးဦးတင်ရမယ့်သူမရှိလို့ နှလုံးမသာဖြစ်မိရာက ဗုဒ္ဓဘုရား မရှိရင် နိဗ္ဗာန်ကို မရနိုင်ကြောင်းတပည့်တွေကို မိန့်ကြားလျက် မိမိဘာသာ ဆိတ်ငြိမ်ရာမှာ နေပြီး ဗုဒ္ဓဘုရားရှေ့မှောက်မှာ နေသလို ဘုရားဂုဏ်ကို အာရုံပြုလို့ ရရှိတဲ့ ပီတိနဲ့ စျာန်ပွား၊ သေလွန်တဲ့ အခါ ဗြဟ္မာ့ဘုံမှာ ဖြစ်တယ်။ ထိုစျာန် အရှိန်ကြောင့် ဒီဘုရား လက်ထက်မှာ လူ့ပြန်ဖြစ်ပေမယ့် ကာမအာရုံကို စိတ်မဝင်စားဘဲ အသက် ၇-နှစ်အရွယ် ရှင်ပြုတယ်။ ခေါင်းရိတ်စဉ် အဘိညာဏ် ၆-ပါးရ ရဟန္တာဖြစ်တယ် (အပဒါန၊ဋ္ဌ၊၂၊၁၄၉)။ ဥပဇ္ဈာယ်ဆရာ မိဘနေရပ်မျိုး အမည်မထင်ရှား။

သရဏဂုံတည်သူ

၄။ တိသရဏဂမနိယ သာမဏေ

ဝိပဿီ မြတ်စွာဘုရားရဲ့ လကျ်ာရံ အဂ္ဂသာဝက ဖြစ်တဲ့ အရှင်နိသဘ မထေရ်ထံမှာသရဏဂုံသီလဆောက်တည်တဲ့ အကျိုးကြောင့် ဤဗုဒ္ဓလက်ထက် သာဝတ္ထိမြို့ သူဌေးမျိုးမှာ လာဖြစ်ပြီး အသက် ၇-နှစ်မှာ အခြား ကလေးတွေနဲ့ အတူ ဘုန်းကြီး ကျောင်း တစ်ခုကို ရောက်သွားချိန် ရဟန္တာကြီး တစ်ပါးက တရားထိုင်ပုံကိုသင်ပြတဲ့ အခါ ဆောက်တည်ဖူးတဲ့ သရဏဂုံကို ဆင်ခြင်ပြီး ဝိပဿနာ ပွားတဲ့ အတွက် ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်သွားတော့ မြတ်စွာဘုရားက သူ့ကို ရဟန်းပြုပေးတယ် (= တံ အရဟတ္တပ္ပတ္တံ ဘဂဝါ ဥပသမ္ပာဒေတိ) (အပဒါန၊၁၊၈၂။ အပဒါန၊ဋ္ဌ၊၂၊၃၉)။

ငါးပါးသီလလုံသူ

၅။ ပဉ္စသီလသမာဒါနိယ သာမဏေ

အနောမဒဿီ ဘုရားရဲ့ သာဝက အရှင်နိသဘ မထေရ် (ဝိပဿီဘုရားရဲ့သာဝကနဲ့ ဘွဲ့တူတယ်)ထံမှာ ငါးပါးသီလကိုခံယူပြီး ရာသက်ပန် (အနှစ်တစ်သိန်း လူ့သက်တမ်း ကာလ) ဆောက်တည်တယ်။ ဒီပါရမီရှင်က ‘သေခါနီးသော် ငါ၏ သီလကိုအောက်မေ့ခဲ့၏’တဲ့။

ဤကုသိုလ်ကြောင့် ဗုဒ္ဓဂေါတမ ပွင့်ချိန် ဗုဒ္ဓဝါဒီ ဝေသာလီ သူဌေးအိမ်မှာ ဖြစ်တယ်။ ‘ဝါဆိုခါနီးအချိန် ငါ့မိဘတို့သည် ငါးပါးသီလကို ဆောက်တည်ကြစဉ် မြတ်ဗုဒ္ဓ ဟောကြားသော သီလကထာ ဒေသနာကို ကြားမိသည်နှင့် မိမိ ဆောက်တည်ဖူးသော သီလကို ဆင်ခြင်နိုင်ပြီး တစ်ထိုင်တည်းဖြင့် အရဟတ ဖိုလ်ကို မျက်မှောက် ပြုနိုင်ခဲ့ပါ၏။ ထိုအချိန်က အသက် ၅-နှစ်သာ ရှိသေးပြီး မြတ်ဗုဒ္ဓသည် ငါ့အား ရဟန်းပြု ပေးခဲ့ပါ၏ (အပဒါန၁၊၈၄)’လို့ အရှင်က မြွက်ဟခဲ့ပါတယ်။

သဲပုံစေတီလှူသူ

၆။ ပုလိနထူပိယ သာမဏေ

ဘုရား မပွင့်တဲ့ ကမ္ဘာတစ်ခုမှာ ရသေ့ရဟန်း အဖြစ်နဲ့ ရှေးဘုရားရှင်တွေကို ရည်မှန်းပြီး တည်တဲ့ သဲပုံစေတီကို သက်တော်ထင်ရှား ဘုရားအမှတ်နဲ့ ပန်းစသည် ပူဇော်တယ်။ ဒီကောင်းမှုကြောင့် ဂေါတမဗုဒ္ဓ ပွင့်ချိန် သာဝတ္ထိမြို့ရှိ ဗုဒ္ဓဝါဒီ သူကြွယ်အိမ်မှာ မွေးဖွားတယ်။ ဥပုသ်တစ်နေ့မှာ မိဘတွေက ဗောဓိပင် အပွေးနဲ့ ရွှေ စေတီ တည်ပြီး ဘုရားရှိခိုးစဉ် မိမိရဲ့ ကုသိုလ်ဟောင်းကို အာရုံမိပြီး တရားရှုမှတ်ရင်း ရဟန္တာ ဖြစ်တယ်။ ‘မြတ်စွာဘုရားကို ဖူးရန်အိမ်မှ ထွက်လာစဉ်အရှင် သာရိပုတ္တာနှင့် တွေ့ပြီး အရှင်မြတ်ထံ သာမဏေ ပြုခဲ့၏။ ထိုစဉ် က အသက် ၇-နှစ်သာရှိပါသေး၏။ ရှင်တော်ဗုဒ္ဓက ရဟန်းပြု ပေးပါ၏ (အပဒါန၊၂၊၈၁)’။

ပန်းအလှူရှင်

၇။ တိကဏိကာပုပ္ဖ သာမဏေ

ဝိဇ္ဇာဓိုရ်ဘဝနဲ့ သုမေဓဘုရားကို မဟာလှေကားပန်း သုံးပွင့် လှူပြီး ဆုတောင်းအထူး ပြုခဲ့တဲ့ အတွက် သုဂတိ ဘဝတွေမှာ သုခအမျိုးမျိုး ခံစားပြီး ဤဘုရား လက်ထက်မှာ သာဝတ္ထိမြို့ အလွန် မဟာသာလလူချမ်းသာမျိုးမှာဖြစ်ပြီးရ-နှစ်အရွယ်မှာ ရဟန္တာဖြစ်တယ် (အပဒါန၊၂၊၈၇)။

၈။ နိဂုဏ္ဌိပုပ္ဖိယ သာမဏေ

ပဒုမုတ္တရ ဘုရားရှင်ကို ကြောင်းပန်းပွင့် လှူတဲ့ ကုသိုလ်ကြောင့် ဤဗုဒ္ဓ လက်ထက် သာဝတ္ထိမြို့မှာ လူပြန် ဖြစ်တယ်။ မိဘ အမျိုးအမည် မထင်ရှား။ အသက် ၇-မှာ မြတ်ဗုဒ္ဓ သီတင်းသုံး ရာ ကျောင်းသို့ ဝင်မိရာက သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး မကြာမီ အရှင်အာနန္ဒာရဲ့ တရားကို နာကြားရလို့ ရဟန္တာ ဖြစ် သွားတယ် (အပဒါန၊၁၊၂၂၉)။

၉။ ပဒုမသာမဏေ

အလွန်ရွှင်လန်းတက်ကြွတဲ့ စိတ်စေတနာနဲ့ ပဒုမုတ္တရဘုရားကို ကြာပန်းနဲ့ တံခွန် လှူခဲ့တယ်။ ဒီမြတ်စွာ ဘုရားက ‘ဂေါတ မဗုဒ္ဓ လက်ထက်မှာ ရဟန္တာ ဖြစ်မည်’လို့ ဗျာဒိတ် ပေးတော်မူတယ်။ 'ငါသည်ပညာ သတိအားကောင်းသဖြင့် အသက် ၅-နှစ်တွင် ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဏ် ၆-ပါးနှင့် တကွ ရဟန္တာ အဖြစ်သို့ ရောက်ခဲ့ပါ၏ (အပဒါန၊၁၊၁၂၁)’။ စည်းစိမ်ချမ်းသာတဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ မိသားစု ဆိုတာက လွဲ၍ မွေးရပ်မိဘအမျိုးအမည်မထင်ရှား။

၁၀။ စန္ဒနမာလိယ သာမဏေ

မိမိကို ချီးမြှောက်ရန် ကြွလာတဲ့ သုမေဓဘုရားကို အင်ကြင်းပန်း၊ စန္ဒကူး၊ သားရေနယ် အခင်း လှူဒါန်းပြီး သရက်သီးကို ကပ်လှူတယ်။ ဘုရားရှင်က ဂေါတမ ဗုဒ္ဓရဲ့ သာဝက ရဟန္တာ ဖြစ်မယ်လို ဗျာဒိတ် မိန့်မြွက်တယ်။ ‘ငါ ပဋိသန္ဓေ နေစဉ် ငါ့ ဆန္ဒကြောင့် မိခင်သည် စားသောက်ဖွယ်ကို အလိုရှိတိုင်း ရ၏။ အသက် ၅-နှစ်တွင် ရဟန်းပြုပြီး ခေါင်းရိတ်အပြီးတွင် ငါသည် ရဟန္တာအဖြစ်ကို ရခဲ့ပါ၏ (အပဒါန၊၂၊၆၁)’။ နေရပ် မိဘ အမျိုးအမည်မထင်ရှား။

တရားနာ

၁၁။ ဓမ္မဿဝနိယ သာမဏေ

ပဒုမုတ္တရ ဘုရားလက်ထက်မှာ ရသေ့အဖြစ်နဲ့ တရားနာယူပြီး အသက်ထက်ဆုံး ထိုတရားနဲ့ နေတယ်။ ‘သေခါနီးသော် ထိုတရား နာယူခြင်းကို အမှတ်ရ၏။ ကောင်းစွာပြုလုပ်တဲ့ ထိုကု သိုလ်ကြောင့် တာဝတိံသာ နတ်ပြည်သို့ ရောက်ခဲ့၏’။ ထို့ပြင် ထိုကုသိုလ်ကြောင့်ပဲ လူမင်းနတ်မင်း အကြိမ်ကြိမ် ဖြစ်ရတယ်။ ဤဘုရား လက်ထက်မှာ ‘ဂါထာတစ်ပုဒ်ကို ကြားနာမိသည်နဲ့ ရှေးကုသိုလ်ကံကို အမှတ်ရပြီး တစ်ထိုင်တည်းနဲ့ ရဟန္တာ ဖြစ်တယ်။ ထိုအချိန်က အသက် ၇-နှစ် (အပဒါန၊၁၊၃၁၆)’။ နေရပ်မိဘ အမျိုးအမည် မထင်ရှား။

မီးအလှူရှင်

၁၂။ ဧကဒီပိယ သာမဏေ

ဆီမီးတစ်တိုင် အလှူရှင်။ သိဒ္ဓတ္ထအမည်ရှိ ဘုရားရှင် ပရိနိဗ္ဗာန် စံလို့ ထင်းမီးနဲ့ ပူဇော်ကြတဲ့ အခါမနီးမဝေး အရပ်မှာ ဆီမီးညှိ ထွန်းပြီး တစ်ညလုံးပူဇော်ခဲ့တဲ့ ကောင်းမှုကြောင့် သုဂတိဘဝ တွေမှာ ကျင်လည်ပြီး ဤဘုရား လက်ထက်မှာ လူပြန်ဖြစ်တယ်။ ‘နတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်ရသော်လည်း ငါ၏ မျက်စိသည် မှိတ်ခြင်း မရှိခဲ့ချေ။ ငါသည် မွေးဖွားပြီးနောက် အသက် ၄-နှစ်မျှ ရှိသော်သာသနာ့ဘောင်၌ ရဟန်းပြု ခဲ့ပြီး လခွဲ သို့ မရောက်မီ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပါ၏ (အပဒါန၊၁၊၄၃၉။ ၄၄၀)’။ သာဝတ္ထိမြို့သား မိဘအမျိုး အမည်မထင်ရှား။

ပစ္စည်းလေးပါး

၁၃။ ဘဒ္ဒသာမဏေ

ပဒုမုတ္တရဘုရားလက်ထက် ရဟန်းသံဃများအား ပစ္စည်းလေး ပါး လှူဒါန်းခဲ့ပြီး ဤဘုရား လက်ထက် သာဝတ္ထိမြို့မှာ တစ်ဦးတည်းသော သူဌေးသားအဖြစ် မွေးဖွားတယ်။ ဗုဒ္ဓသာသနာကို ကြည်ညိုတဲ့ မိဘများက အသက် ၇-နှစ်အရွယ် သားငယ်ကို မြတ်စွာဘုရားအား လှူဒါန်းတယ်။ မြတ်စွာဘုရားက အရှင်အာနန္ဒာကို သာမဏေ ပြုစေပြီး အရှင်မြတ်ထံမှ ဝိပဿနာကိုသင် ယူတယ်။ ပါရမီကုသိုလ်ပါလို့ နေမဝင်မီ အဘိညာဏ် ၆-ပါးရ ရဟန္တာ ဖြစ်ပါတယ်။ အဲဒီနောက် မြတ်စွာဘုရားက ‘ဧဟိ ဘဒ္ဒ = ဘဒ္ဒ .. လာခဲ့’လို့ ဆိုဆဲ လက်အုပ်ချီပြီး မြတ်ဗုဒ္ဓ ရှေ့ကို ရောက်လာတယ်။ အဲဒါသည်ပင်ဘဒ္ဒရဲ့ရဟန်းအဖြစ်ပါပဲ။ ဗုဒ္ဓူပသမ္ပဒါ= ဘုရားကိုယ်တိုင်ရဟန်းပြုပေးလို့ ရဟန်းဖြစ်လာသူ (ထေရဂါထာ၊ဋ္ဌ၊၂၊၁၃၂)လို့ ဆိုပါတယ်။

သစ်သီး

၁၄။ ဖလဒါယကသာမဏေ

ပဒုမုတ္တရဘုရား လက်ထက်စည်းစိမ်ကို စွန့်ရသေ့ပြုပြီး ဘုရားကို ပျားရည်နဲ့ သစ်သီး မျိုးစုံ ဆွမ်းကပ်လှူခဲ့လို့ ဤဘုရား လက်ထက် သာသနာ့ဘောင် ဝင်ပြီး အသက် ၇-နှစ်နဲ့ ရဟန္တာ ဖြစ်တယ် (အပဒါန၊ဋ္ဌ၊၂၊၄၂၀)။ နေရပ် မိဘ အမျိုးအမည် မထင်ရှား။

သာမဏေကျော် ၄-ပါး

၁၅။ သံကိစ္စ သာမဏေ

သာဝတ္ထိမြို့ သူကြွယ်ရဲ့သား။ ကိုယ်ဝန်ကို မမွေးဖွားမီ မိခင် ကွယ်လွန်ပေမယ့် ပစ္ဆိမဘဝိက (ရဟန္တာ ဖြစ်ကို ဖြစ်ရမယ့်သူ) ဖြစ်လို့ သန္ဓေသားက မသေဘူး။ အရပ်စကားနဲ့ သေရွာပြန် ဖိုးသက်ပြင်းလေးပါပဲ။ ဒါတောင် မိခင် အလောင်းကို မီးရှို့စဉ် တံစိုးဝါးနဲ့ ထိုးတဲ့ အခါ ဝမ်းထဲရှိနေတဲ့ သန္ဓေသား (သံကိစ္စ)ရဲ့ မျက်စိထောင့်ကို ထိုးမိတယ်။ ဒါကြောင့် သံကိစ္စ (တံစိုးဝါးနဲ့ မျက်စီထောင့်ကို ထိုးခံရသူ)လို့ခေါ်တွင်လာတာ။ အသက် ၇- နှစ် အရွယ်မှာ ဆွေမျိုးများက အရှင်သာရိပုတ္တရာထံ အပ်နှံပြီး ရှင်ပြုပေးကြတယ်။ ခေါင်းရိတ်ပြီးတာနဲ့ ရဟန္တာ ဖြစ်သွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၄၂၅)။

၁၆။ ပဏ္ဍိတသာမဏေ

ကဿပ မြတ်စွာဘုရား လက်ထက်က အလွန် ဆင်းရဲသူ (မဟာဒုက်)အဖြစ်နဲ့ မြတ်စွာ ဘုရားနဲ့ သံဃာကို ဆွမ်းကပ်လှူတဲ့ အကျိုးကြောင့် ဂေါတမ ဗုဒ္ဓလက်ထက် သာဝတ္ထိမြို့က အရှင် သာရိပုတ္တရာရဲ့ တပည့် လူချမ်းသာအိမ်မှာ မွေးဖွားပြီး ပဏ္ဍိတ လို့ ခေါ်တွင်တယ်။ အသက် ၇-နှစ်မှာ သားရဲ့ ဆန္ဒအတိုင်း မိဘတို့က အရှင်သာရိပုတ်ထံမှာ သာမဏေပြုခွင့် ပေးကြတယ်။ တစ်နေ့အရှင်မြတ်နဲ့ အတူဆွမ်းခံကြွရင်းလမ်းတစ်ဝက်မှပြန် ခဲ့ပြီး တရားမှတ်တယ်။ ပဏ္ဍိတ တရားမှတ်နေတုန်း သိကြားမင်းက ပတ်ဝန်းကျင် ငြိမ်းချမ်းအောင် စောင့်ပေးတယ်။ သာမဏေပြုပြီး ရှစ်ရက်မြောက်မှာရဟန္တာဖြစ်သွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၉)။

၁၇။ သောပါကသာမဏေ

ရာဇဂြိုဟ်မြို့သား။ သောပါကဆိုတာ အနွယ်ရဲ့နာမည်။ မွေးပြီး လေးလအကြာ ဘခင်ရင်း သေဆုံးသွားလို့ ဦးလေးက မွေးစားတယ်။ အသက် ၇-နှစ်မှာ ဦးလေးရဲ့ သားနဲ့ အငြင်းပွားတဲ့ အတွက် ဦးလေးက သုသာန်မှာ ကြိုးနဲ့ ချည်ပြီး ပစ်ထားခဲ့တယ်။ ပစ္ဆိမဘဝိက (ရဟန္တာ ဖြစ်မယ့်သူ)ရဲ့ ထုံးစံအရ အန္တရာယ် မဖြစ်ဘူး။ မြတ်ဗုဒ္ဓ သိမြင်တော်မူပြီး တန်ခိုးနဲ့ ‘သောပါက .. မကြောက်နဲ့။ လာခဲ့ပါ’လို့ မိန့်တော်မူတဲ့ အခါ ချည်ထားတာလွတ် သွားတဲ့ အပြင် ဂါထာအဆုံးမှာ လူငယ် သောတာပန် တည်တယ်။ နောက်ဆုံး ဂန္ဓကုဋိတိုက်ကို ရောက်လာ။ ဘုရားရဲ့ တ ရားကို ဆက်ပြီးနာရလို့ ရဟန္တာ ဖြစ်သွားတယ်။ မြတ်စွာရားရဲ့ မေးခွန်း ၁၀-ခု (ကုမာရပဥှာ)ကို ဖြေနိုင်တဲ့ အတွက် ရဟန်း ဖြစ်ခွင့် (ပဥှာဗျာကရဏူပသမ္ပဒါ) ပေးတော်မူပါတယ် (ထေရဂါထာ၊ဋ္ဌ၊၂၊၁၃၅)။

၁၈။ ရေဝတသာမဏေ

အရှင်သာရိပုတ္တရာမှာ ညီအစ်ကို မောင်နှမ ၇-ယောက်အနက် ၆-ယောက်တို့ ရဟန်း ပြုသွားတဲ့ အခါ ဗုဒ္ဓဝါဒီ မဟုတ်သေးတဲ့ မိဘများမှာ အငယ်ဆုံးသား ရေဝတကို ရဟန်း မပြုစေလိုတဲ့ အတွက် အစဉ်အလာအရ အသက် ၇-မှာ ရွယ်တူ မိန်းမငယ် တစ်ယောက်နဲ့ လက်ထပ်ထားဖို့စီစဉ်တယ်။ ဒါပေမယ့်ပွဲဆင် ယင်တဲ့ နေ့မှာပဲ ရေဝတ အိမ်က ထွက်ပြေးပြီး ရဟန်းတွေဆီ ရောက်လာတယ်။ အရှင်သာရိပုတ် ကြိုတင် မှာထားတဲ့ အတိုင်း ရဟန်းတွေက ရေဝတကို သာမဏေပြုပေးတယ်။ ကမ္မဋ္ဌာန်း သင်ပြီး မိဘနဲ့ ယူဇနာသုံးဆယ် ဝေးတဲ့ ရှားတောမှာ တရား ထိုင်၊ ဝါတွင်း သုံးလအတွင်း ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၉၈)။ ‘အန္တောဝေဿယေဝ = ဝါတွင်း သုံးလ မှာပင်’လို့ ဆိုတဲ့ အတွက် အဲဒီ သာမဏေပြုတဲ့ ဝါတွင်းလို့ ပဲ ယူ သင့်ပါတယ်။ ပညာရှင် မာလာလာဆေကေရလည်း သာမဏေ ကျော် ၄-ပါး (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၂၆)ထဲက ရေဝတ သာမဏေကို အရှင်သာရိပုတ္တရာရဲ့ ညီတော် အရှင်ရေဝတ ဖြစ်နိုင်ကြောင်း ဆိုတယ် (Pali Proper Names, III, p.)။

ဒါပေမယ့် အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၁၇၅) အရမူ အသက် ၂၀-ပြည့်၊ ရဟန်းဖြစ်ပြီးမှ ရဟန္တာ ဖြစ်ကြောင်း ဆိုတဲ့ အတွက် သာမဏေကျော် ၄-ပါးပါ အရှင်ရေဝတနဲ့ မတူဘူးလို့ ဆိုရလိမ့် မယ်။ မဟာဗုဒ္ဓဝင် ကျမ်းမှာလည်း အင်္ဂုတ္တရ အဋ္ဌကထာ အဆို အတိုင်း ဖော်ပြပြီး ဓမ္မပဒအဋ္ဌကထာကို ညွှန်းဆိုပေမယ့် ဤ ခြားပုံကို မှတ်ချက်မရေးထားဘူး။

၁၉။ သုမနသာမဏေ

ဒီသာမဏေဟာ ဘဝတစ်ခုမှာ သုမန အမည်ရှိတဲ့ သူဌေးဖြစ် စဉ် မြတ်ဗုဒ္ဓရဲ့ ညီဝမ်းကွဲ တော်တဲ့ အရှင်အနုရုဒ္ဓါက အန္နဘာရ အမည်ရှိတဲ့ မြက်ထမ်းသမားဖြစ်တယ်။ ထိုစဉ်အခါသုမန သူ ဌေးက အန္နဘာရရဲ့ ခဲယဉ်းစွာ လုပ်ရတဲ့ ကုသိုလ် အထူးကို ဝယ်ယူဖူးတယ်။ ဂေါတမဗုဒ္ဓ လက်ထက်မှာ အန္နဘာရက အနု ရုဒ္ဓါဖြစ်လာပြီး သကျမင်းသား ၆-ယောက်နဲ့ အတူရဟန်းပြု၊ ရဟန္တာ ဖြစ်ပြီးနောက် မိမိရဲ့ ကုသိုလ်ကို အဘိညာဏ်နဲ့ ဆင်ခြင်ရင်း မိတ်ဆွေ သုမနသုဌေးကို ကြည့်တဲ့ အခါ ဝိဇ္ဈာဋဝီ တောအုပ်အနီး မုဏ္ဍရွာသား ဗုဒ္ဓဝါဒီ မဟာမုဏ္ဍပုဏ္ဏားရဲ့ သား အငယ် စူဠသုမန ဖြစ်နေတာကို သိသွားတယ်။ အရှင်အနုရုဒ္ဓါ ပုဏ္ဏားဆီ ရောက်၊ ကုသိုလ် ပြုဘက် ဖြစ်ခဲ့တဲ့ အတိုင်း ၇-နှစ် အရွယ်စူဠသုမနကလေး အရှင်မြတ်ထံသာမဏေ ပြုစဉ်ခေါင်း ရိတ်ပြီးတာနဲ့ ရဟန္တာဖြစ်သွားတယ်။

ဓမ္မပဒအဋ္ဌကထာ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၂)အဆိုအရ သောပါကသာမဏေ နဲ့ သုမနသာမဏေ နှစ်ပါးသာ ရဟန္တာဖြစ်ပြီး ၇-နှစ်အရွယ်မှာ ပဲမြတ်ဗုဒ္ဓကဒါယဇ္ဇဥပသမ္ပဒါ (အမွေခံရဟန်း)အနေနဲ့ ရဟန်း ပဉ္စင်းအဖြစ် ခွင့်ပြုတော်မူပါသတဲ့။ ထေရဂါထာ အဋ္ဌကထာ အလိုအရ ဗုဒ္ဓူပသမ္ပဒါ ဖြစ်တဲ့ အရှင်ဘဒ္ဒ (ဖော်ပြပြီး အမှတ်၃)ကိုလည်း အထူးခွင့်ပြုချက်ရတဲ့ သာမဏေထူးလို့ ဆိုနိုင်တာပဲ။

၂၀။ ရှင်သီဝလိ

ပဒုမုတ္တရ ဘုရားလက်ထက်မှာ ဘုရားအမှူးရှိတဲ့ သံဃာကို အလှူကြီးပေးပြီးဆုတောင်းရာမှာဘုရားရှင်ကဂေါတမဗုဒ္ဓ လက်ထက် ပြည့်မည် ဖြစ်ကြောင်း ဗျာဒိတ်ပေး ခံရတယ်။ ဝိပဿီ ဘုရားကိုလည်း ပျားရည်နဲ့ ဒိန်ချဉ်လှူပြီး ဆုတောင်းဖူးတယ်။ ဤဗုဒ္ဓ လက်ထက်မှာ ကောလိယ သာကီဝင် သုပ္ပဝါသာ မင်းသမီးရဲ့သား ဖြစ်လာတယ်။ ကျမ်းဂန်မှာ အမိဝမ်းထဲမှာပဲ ၇-နှစ် ကြာကြောင်းမှတ်တမ်း ရှိတယ်။ မွေးဖွားပြီး မကြာခင်အရှင်သာရိပုတ္တရာထံမှာ ရှင်ပြု၊ တရားအားထုတ်၊ ရဟန္တာ ဖြစ် တာပါပဲ။ လာဘ်လာဘ အပေါများဆုံး ဧတဒဂ်ဘွဲ့နဲ့ မြတ်ဗုဒ္ဓရဲ့ ချီးမွမ်းခြင်းခံရတယ် (အံ၊ဋ္ဌ၊၁၊၁၇၈)။

၂၁။ တိဿသာမဏေ

သာဝတ္ထိမြို့နေ အရှင်သာရိပုတ္တရာကို ကိုးကွယ် ဒကာဒကာမ မိသားစုရဲ့ သား။ အသက် ၇-နှစ်မှာ မိမိဆန္ဒနဲ့ အရှင်သာရိ ပုတ္တရာထံမှာ သာမဏေပြုတယ်။ ရှင်ပြုပြီး ၈-ရက်မြောက်နေ့ ဆွမ်းခံဝင်တဲ့ အခါ သင်္ကန်းနဲ့ ဆွမ်းတွေ အလျှံပယ်ရလို့ ရှားပါး သံဃာတွေကို အလှူဒါနပြုတယ်။ ကောင်းစွာ တရား ရှုမှတ်နိုင် ရန် မိဘနဲ့ ဝေးရာသို့ သွားပြီး တရားအားထုတ်တဲ့ အတွက် သီတင်းကျွတ်တာနဲ့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သွားတယ်။

ကိုရင် တိဿဟာ မိဘတို့ပေးတဲ့ တိဿဆိုတဲ့ နာမည် အပြင် ဆွမ်းအလှူရှင် တိဿ၊ ကမ္ဗလာအလှူရှင် တိဿ၊ တော ကျောင်းနေ တိဿလို့ သူ့ရဲ့ လုပ်ဆောင်မှုကို အကြောင်းပြုပြီး အသက် ၇-နှစ် အရွယ်မှာပင် နာမည် ၄-မျိုးနဲ့ ကျော်ကြားခဲ့တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၃၃)။

၂၁။ သုခသာမဏေ

ဘဝတစ်ခုမှာ သုံးနှစ် ကျွန်ခံပြီးမှ ရရှိတဲ့ အမွှေးနံ့သာ ကြိုင် လှိုင်တဲ့ အစားအစာကို ကိုယ့်အတွက် မချန်ဘဲ နိရောဓ သမာ ပတ်မှ ထတော်မူတဲ့ ပစ္စေကဗုဒ္ဓါအား စေတနာ ထက်သန်စွာ လှူဒါန်းပြီး ဘဝသံသရာမှာ ချမ်းသာပြီး အရှင်ဘုရားတို့ သိတဲ့ တရားကို သိရလိုကြောင်း ဆောင်းဆု ဆိုတယ်။ ဂေါတမ ဗုဒ္ဓ လက်ထက် သာဝတ္ထိမြို့ အရှင်သာရိပုတ်ရဲ့ တပည့်ဒကာ အိမ် မှာ လူပြန်ဖြစ်တယ်။ အသက် ၇-နှစ်မှာ ရဟန်းပြုလိုကြောင်း ပြောသဖြင့် မိဘများက အရှင်မြတ်ထံမှာပဲ သာမဏေ ပြုပေး ကြတယ်။ နောက်ဆုံး ပဏ္ဍိတသာမဏေနဲ့ ဖြစ်ပုံနဲပ ခပ်ဆင်ဆင်ရဟန္တာဖြစ်သွားတယ်။ ဓမ္မပဒ၊ဋ္ဌ၊၂၊၅၅)။

၂၂။ သာနုသာမဏေ

မြတ်ဗုဒ္ဓ ဇေတဝန်ကျောင်းမှာ ဟောတာဖြစ်လို့ ဒီသာမဏေက သာဝတ္ထိမြို့သား ဖြစ်နိုင်တယ်။ တစ်ဦးတည်းသော သားဖြစ်ပေ မယ့် ငယ်စဉ်ကပင် သာမဏေ ပြုခဲ့တယ်။ ကျင့်ဝတ်နဲ့ ပြည့်စုံတယ်။ သံနေသံထားနဲ့ တရား ဟောပြီးတိုင်း မိဘဟောင်း တွေကို အမျှဝေတဲ့ အတွက် မိခင်ဟောင်း ဘီလူးမပင် နတ်တွေ လေးစားတာကိုခံရတယ်။

သာမဏေ အရွယ်ရောက်တဲ့ အခါ လူထွက်လိုတဲ့အတွက် လူ့မိခင်ဆီ တစ်ပါးတည်း ကြွလာတယ်။ မိခင်ဟောင်းမှာ သားကို ချစ်ခြင်း၊ မိမိရဲ့ နတ်တွေအကြား ရရှိထားတဲ့ ဂုဏ်သိက္ခာ မလျော့စေလိုခြင်းတို့ကြောင့်လူမထွက်စေလိုတဲ့ အတွက်သာ မဏေကိုဝင်ပူးပြီး ‘ဥပုသ်နေ့၌ ဖြူစင်နှလုံးဖြင့် ဥပုသ်စောင့်သုံးကို ဘီလူးတို့ မပူးဝင်နိုင်’ကြောင်း သာမဏေ သတိပြန်ရရင် ပြောကြားပါလို့ လူ့ဘဝမိခင်ကိုဆိုတယ်။

အဲဒီလို မိခင်တွေရဲ့ ဖြောင်းဖြမှုကြောင့် သာမဏေမှာ လူ မထွက်ဖြစ်ဘဲ အသက် ၂၀-မှာ ရဟန်းပြု၊ အဲဒီနောက် မြတ်ဗုဒ္ဓရဲ့တရားကိုနာ၊ တရားထူး ရသွားပြီး နောင်အခါ ပိဋကတ် တတ်ကျွမ်းတဲ့ ဓမ္မကထိကကြီးဖြစ်လာခဲ့တယ်။ ပရိနိဗ္ဗာန်ပြုပြီ (= ပရိနိဗ္ဗယိ)လို့ ဆိုတဲ့ အတွက် ရဟန္တာ ဖြစ်သွားတယ်လို့ ယူ ဆရပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၁၆)။

အချုပ်

ဘုန်းကြီး ရှာဖွေတွေ့ရှိပြီးသမျှ အသက် ၄-နှစ်နဲ့ ရဟန္တာဖြစ် တာ၂-ပါး။ ၅-နှစ်နဲ့ ဖြစ်တာ ၃-ပါး။ ၇-နှစ်နဲ့ ဖြစ်တာ ၁၆- ပါး။ အသက်၂၀-နှစ်သာမဏေထူး ၁-ပါးတို့ရဲ့မှတ်တမ်းကို ပါဠိတော်အဋ္ဌကထာတွေမှာ တွေ့မိပါကြောင်း။ ရှာထားပြီးသား မရှိလို့ အဖြေ နောက်ကျတာ သွားတာပါ။ ကြည်ညို ပူဇော်နိုင်ပါစေ။ ကျေးဇူးတင်ပါတယ်..

အောက်တိုဘာ ၁၆၊ ၂၀၁၅။

---

၄၃၉။ နိုင်ငံခြားကသိမ်

ဘုန်းကြီး တပည့်တော် စန္ဒနပါ၊ မေးခွန်းလေး တစ်ခုမေးချင် လို့ ပါ ဘုရား။ မိမိကျောင်းအတွင်း ဝိသုံဂါမသိမ် သမုတ်ရာ၌ မင်းဖြစ်သူက အပိုင်စား ပေးထားသောနေရာမှာသာ သမုတ်နိင်တယ်လို့ သိထားပါတယ်ဘုရား။ သို့ဖြစ်၍ နိုင်ငံခြား တိုင်းပြည် များတွင် သက်ဆိုင်ရာ နိုင်ငံတော် သမ္မတ သို့မဟုတ် ဝန်ကြီး ချုပ်တို့က ထိုမြေနေရာကို တရားဝင် ပေးအပ်ပြီးမှ သိမ်သမုတ် ကြပါသလားဆိုတာ သိချင်တာပါဘုရား။

ဘုန်းကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး သာသနာ တော်ကိုစိတ်တိုင်းကျပြုနိုင်ပါစေဘုရား။

တပည့်စန္ဒန

---

သိမ်ဆိုတာ

သာမန် စာဖတ်သူ ရိပ်မိအောင် သိမ်အကြောင်းကို နည်းနည်း ပြောပြရမယ် .. ရဟန်းသံဃာ အချင်းချင်းပဲ စည်းဝေး စုရုံးပြီး လုပ်ရတဲ့ ‘ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း’ စတာ တွေကို ဘုန်းကြီးသုံး ဝေါဟာရနဲ့ ‘ကံကြီးကံငယ် ပြုခြင်း’လို့ ခေါ်ပြီး ဒီလိုကံကြီး ကံငယ်ပြုဖို့ သီးခြား သတ်မှတ်ထားတဲ့ နေ ရာကိုတော့ ‘သိမ်’လို့ ခေါ်ပါတယ်။ သံဃာတွေ သိမ်တစ်ခု အတွင်းစုဝေးကြတဲ့ အခါ တစ်ပါးနဲ့ တစ်ပါး ၂-တောင့်ထွာအတွင်းကို ရောက်နေမှ ‘သာမဂ္ဂီ = ညီညွတ်ခြင်း’ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။ အဲဒီလို ‘သံဃာတွေ သာမဂ္ဂီဖြစ်ဖို့ သိမ်ကို မြတ်ဗုဒ္ဓခွင့်ပြုတော်မူတာပဲ (ဝိ၊၃၊၁၄၄)’။

သိမ်ရှိမှ ရဟန်းသံဃာ အဆက်မပြတ် ရှိပြီး ဗုဒ္ဓသာသနာ အရှည်တည်နိုင်မှာ ဖြစ်လို့ သိမ်ဟာ အရေးကြီးပါတယ်။

သိမ် ၂-မျိုး

(၁) အဗဒ္ဓသိမ် (အလိုလို ဖြစ်နေပြီးသား သိမ်)။ သံဃာတွေ ကမ္မဝါစာ ဖတ်ပြီး သိမ်သမုတ်စရာ မလိုတဲ့ သိမ်မျိုး။ ဥပမာ .. ကျေးရွာ (ရပ်ကွက်)သည်ပင် သိမ်။ မင်း သို့မဟုတ် အစိုးရတို့ က ရွာအနေနဲ့ သတ်မှတ်ထားတဲ့ နယ်နိမိတ် အဝိုင်းအဝန်း တစ်ခုလုံးဟာ အဗဒ္ဓသိမ် သို့မဟုတ် အလိုလိုသိမ် ဖြစ်လို့ ရဟန်းတွေ တစ်နေရာမှာ စုရုံးပြီး ကံကြီးကံငယ် ပြုနိုင်တယ်။ သဘာဝရေအိုင် (လူလုပ် ရေအိုင်၊ ရေကန်တွေ မဟုတ်)၊ မြစ် ချောင်းစသည်ဟာလည်း အဗဒ္ဓသိမ်ပါပဲ။

(၂) ဗဒ္ဓသိမ် (အနည်းဆုံး ၄-ပါး အရေအတွက် ရှိတဲ့ သံဃာနဲ့ ကမ္မဝါစာ ဖတ်ပြီး သမုတ်ရတဲ့ သိမ်)။ အကျယ်ဆုံး သုံးယူ ဇနာထိ နယ်နိမိတ် ပိုင်းခြား သတ်မှတ်ပြီး သမုတ်ရင် မဟာသိမ်လို့ ခေါ်ပြီး အဲဒီ မဟာသိမ်ရဲ့ အထဲမှာပဲ သွားလာရေး လွယ်ကူအောင် နယ်နိမ်ိတ် ကျဉ်းကျဉ်း ထပ်မံ သတ်မှတ်ပြီး သမုတ်ရင် ခဏ္ဍသိမ်လို့ ခေါ်တယ်။

ဝိသုံဂါမသိမ်

သိမ်နယ်နိမ်ိတ်တစ်ခုအတွင်း သံဃာ့ကံပြုတဲ့ အခါရဟန်းတွေ အချင်းချင်း နှစ်တောင်နဲ့ တစ်ထွာ အတွင်းမှာ ရှိနေရတယ်။ ဒါကြောင့် ကျယ်ပြန့်တဲ့ ရွာ သို့မဟုတ် ရပ်ကွက် နယ်နိမိတ် တစ်ခုလုံး သိမ် ဖြစ်နေရင် အဲဒီ အတွင်းမှာ သံဃာ့ကံ ပြုတိုင်း သံဃာကုန် နှစ်တောင်နဲ့ တစ်ထွာအတွင်းသွားရောက်ရလို့ ကံပြုရာမှာ ခက်ခဲတဲ့ အတွက် အဲဒီ ‘ရွာတည်းဟူသော သိမ်ကြီး’ ထဲမှာပဲ မြေအကျယ် အဝန်းတစ်ခုကို နယ်နိမိတ် ပိုင်းခြား သတ်မှတ်ပြီး မင်း သို့မဟုတ် အစိုးရတာဝန်ရှိသူက ရွာအဖြစ် သီခြားသတ်မှတ်ပေးတဲ့ နေရာကို ‘ဝိသုံဂါမ (ဝိသုံ= သီးခြား၊ ဂါမ=ရွာ)’လို့ ခေါ်တယ်။

ဥပမာ .. ရွာဦးကျောင်းဝင်းထဲမှာ ပေ ၅၀ ပတ်လည်ရှိတဲ့ နေရာကို သတ်မှတ်ပြီး အစိုးရထံမှာ အဲဒီ မြေကို ဝိသုံဂါမ (သီးခြားရွာ)အဖြစ် သတ်မှတ်ပေးပါလို့ ခွင့်တောင်းလို့ အစိုးရက ခွင့်ပြုရင် အဲဒီ မြေကွက်ကို ‘ဝိသုံဂါမ’လို့ ခေါ်တာပဲ။ ‘ဝိသုံဂါမ’ အဖြစ် အစိုးရဆီက အမိန့် ကျပြီးသား မြေကိုထပ်ပြီး သံဃာ နဲ့ သိမ်သမုတ်ဖွယ် မလိုဘူးလို့ ဆရာအချို့က ဆိုပြီး အချို့က လိုတယ်လို့ ဆိုပါတယ်။ မလိုရင် အဗဒ္ဓသိမ်လို့ ဆိုပြီး လိုရင် ဗဒ္ဓသိမ်လို့ ဆိုမှာပေါ့။

နယ်သိမ်းသိမ်

ဝိသုံဂါမအဖြစ် အစိုးရဆီက ခွင့်တောင်းရတာဟာ ခက်လွန်း ကြာလွန်းတယ်။ သို့မဟုတ် မဖြစ်နိုင်ဘူး။ ဒါကြောင့် ဘုန်းကြီး ကျောင်းဝင်း အတွင်း မြေကို ပေ ၅၀ ပတ်လည် စသည် .. ကိုယ့်ဟာကိုယ် သတ်မှတ်ပြီး သိမ်သမုတ်နိုင်တယ်။ အဲဒီလို သမုတ်တဲ့ အခါ ရွာ သို့မဟုတ် ရပ်ကွက် အတွင်းရှိ သံဃာတွေ အားလုံး သိမ်သမုတ်မယ့် နေရာအတွင်းကို မဖြစ်မနေ ရောက် အောင် လာရတယ်။ မလာနိုင်ရင် သဘောတူကြောင်း ယင်းတို့က ဆန္ဒပေးရတယ်။ လူလည်း မလာ၊ ဆန္ဒလည်း မပေးရင် ထိုသိမ်သမုတ် ခြင်းကိစ္စ မအောင်မြင်ဘူး။ ဒါ့အပြင် သိမ်သမုတ် နေစဉ် အခြား ရပ်ကွက် ကျေးရွာက သံဃာတွေ သိမ်သမုတ် နေတဲ့ ရပ်ကွက် သို့မဟုတ် ရွာ နိမိတ်အတွင်း မဝင်နိုင်အောင်လည်း လူသို့မဟုတ် သာမဏေတွေကို အစောင့်ထားရတယ်။ ဒီနည်းနဲ့ သမုတ်တဲ့ သိမ်ကို ‘နယ်သိမ်းသိမ်’လို့ ခေါ်တယ်။ ကမ္မဝါစာဖတ်ပြီး သမုတ်ရလို့ ‘ဗဒ္ဓသိမ်’လို့လည်း ခေါ်မှာပေ့ါ။

နိုင်ငံခြားမှာ

နိုင်ငံခြားမှာက ‘မင်းဖြစ်သူက အပိုင်စား ပေးခြင်း’ သို့မဟုတ် အစိုးရဆီက ‘ဝိသုံဂါမအဖြစ် ခွင့်ပြုမိန့် ပေးခြင်း’ ဆိုတာမျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် အထက်မှာ ဖော်ပြတဲ့ နယ်သိမ်းသိမ်ပဲ သမုတ်ရပါတယ်။ ဘုန်းကြီး မှတ်မိသလောက် အမေရိကမှာ တော့ သိမ်သမုတ်တဲ့ အခါ city နယ်နိမိတ်တွေမှာ အစောင့် ထားတာကို မတွေ့မိဘူး။ ရဟန်းတစ်ပါး အနေနဲ့ အမေရိကကို ရောက်လာဖို့ ဆိုတာခက်တဲ့ အတွက်လိုမယ်တော့ မထင်ပါဘူး။ ဒါပေမယ့် ‘ဂရုက လဟုကေသု ဂရုကေ ဌာတဗ္ဗံ (အလေး အပေါ့ ယှဉ်ရင် အလေးနောက်ကို လိုက်)’အရ အစောင့် ထားရ မယ်လို့ ဆိုရင်လည်း မငြင်းလိုပါဘူး။

မိန့်ပါကုန်

ဘုန်းကြီး စဉ်းစားမိတာက .. အမေရိကမှာ zoning (နယ်မြေ သတ်မှတ်ချက်)ဆိုတာ ရှိတယ်။ ဥပမာ ..religious zone အဖြစ်အစိုးရက သတ်မှတ်ပေးထားတဲ့ နယ်မြေ။ အဲဒီနယ်မြေ မှာ မည်သည့် ဘာသာမဆို သူ့ဘာသာရေးကို လွတ်လပ်စွာ လုပ်ခွင့် ရှိတယ် (ဥပမာ .. တရားဟော၊ လူစုလူဝေး၊ စီတန်း လှည့်လည်၊ အဆောက်အအုံ ဆောက် .. စသည်)။ အဲဒီလို religious zone နယ်မြေမျိုးမှာ ‘ဘုန်းကြီးကျောင်း (ယင်းတို့ အသုံးအရ Church)’အဖြစ် အစိုးရရဲ့ ခွင့်ပြုချက်ရရင် ဒီဘုန်း ကြီး ကျောင်းဝင်းကို ‘ဝိသုံဂါမ’လို့ ယူရင် ရနိုင်မလားလို့ ပါ .. ပညာရှိတို့မိန့်တော်မူပါကုန်။

ဒီဇင်ဘာ ၃၀၊ ၂၀၁၅)။

---

၄၄၀။ ပြောင်းလဲချိန် တန်ပြီ

ဘုန်းဘုန်းဘုရား၊ ရိုသေစွာမေးလျှောက်အပ်ပါသည်.. သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပ သော အကြိမ် (၆၀)မြောက် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာ မေးပွဲ ပထမဆင့် မေးခွန်းတွင် ပါသည့် ‘ပြောင်းလဲချိန် တန်ပြီ ဟူသော စကားနှင့်အညီ အမှန် တကယ် ပြောင်းလဲခွင့်ရမည့် အချိန်ကို မျှော်လင့်လျက် ဘဝင်မြင့်စိတ်ကြီးဝင်နေသူ သန္တာန်၌ ဖြစ်သောစိတ်ကို အတိအကျ ဖော်ပြ၍’ဟူသော မေးခွန်းစာပိုဒ် မှာ နိုင်ငံရေး ဘက်လိုက်မှု သဘောပါနေ၍ ထိုစာမေးပွဲကို အများပြည်သူ လေးစားမှု လျော့နည်းသွားနိုင်ကြောင်း ဝေဖန်ပြစ် တင်မှုများကို ဆရာတော် တွေ့မိမည်ဟု ထင်ပါသည်။ ဖော်ပြပါ မေးခွန်း၏ အဖြေမှန်ကိုသိလိုပါသည်။ နိုင်ငံရေးနှင့် ပတ်သက်ပုံ ကိုလည်း ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။ လွန်တာရှိလျှင် ဝန္ဒာမိပါဘုရား။ အဖြေကိုမျှော်လင့်နေပါမည် အရှင်ဘုရား။

လှမြင့်အေး (ခေတ္တဘန်ကောက်)

---

ဉာဏ်မီသမျှ

၂၀၀၈-ခုနှစ် ဥပဒေ (မြန်မာ)ကို ဖတ်ပြီးနောက် ဒီဥပဒေအရ လက်ရှိမှာ တိုင်းပြည်ရဲ့ အာဏာ အများဆုံးကို ဆုပ်ကိုင်ပြီး ဘယ်သူ အုပ်ချုပ်နေတယ် ဆိုတာလောက် အကြမ်းမျှ နား လည်ထားရုံက လွဲ၍ နိုင်ငံရေးကို ဘုန်းကြီး အလွန်ကြီး နား မလည်ပါ။ အမေးရှိလို့ အဖြေကိုတော့ နည်းနည်း စဉ်းစားပေး ပါမယ်။ ဘုန်းကြီး ဉာဏ်မီသမျှနဲ့ မေးခွန်းရဲ့ အပေါ်ယံမျှကို စဉ်း စားကြည့်ရင် ..

(၁) ပထမအဓိပ္ပာယ်

‘ပြောင်းလဲချိန် တန်ပြီ’ဆိုတဲ့ စကားက (က) အဆိုးက အကောင်းသို့ ပြောင်းလဲချိန် တန်ပြီ (ခ) အကောင်းက အဆိုးသို့ ပြောင်းလဲချိန်တန်ပြီလို့ အဓိပ္ပာယ်နှစ်မျိုး ယူရင် အမှန်နဲ့ မဝေးဘူးလို့ ယူဆတယ်။ အမှန်တကယ် အကောင်းသို့ ပြောင်းလဲဖို့ မျှော်လင့်နေသူဟာ ‘ဘဝင်မြင့် စိတ်ကြီးဝင်နေသူ’ မဖြစ်နိုင်။ ‘ဝမ်းသာ ပျော်ရွှင်နေသူ’သာ ဖြစ်သင့်လို့ အဖြေက ‘သောမနဿ ပြဋ္ဌာန်းတဲ့ ကုသိုလ် သို့မဟုတ် အကုသိုလ် စိတ္တုပ္ပါဒ်’ ဖြစ်နိုင်တယ်။ အမှန် တကယ် အဆိုးသို့ ပြောင်းလဲဖို့ မျှော်လင့် နေသူလည်း ‘ဘဝင်မြင့် စိတ်ကြီး ဝင်နေသူ’ မဖြစ်သင့်။ ‘စိတ် ညစ်စိတ်ဆိုး မနာလိုဝန်တိုသူ’သာ ဖြစ်နိုင်လို့ အဖြေက ‘ဒေါမနဿ ပြဋ္ဌာန်းတဲ့ အကုသိုလ် စိတ္တုပ္ပါဒ်’ ဖြစ်မယ်လို့ ယူဆတယ်။ ဒီအဓိပ္ပာယ်အရ ဆိုရင် ဒီမေးခွန်းဟာ အပေါ်ယံ အရ မှားနေတဲ့ မေးခွန်းလို့ ဆိုနိုင်တယ်။

(၂) ဒုတိယအဓိပ္ပာယ်

အဘိဓမ္မာ မေးခွန်းပါ ‘ဘဝင်မြင့် စိတ်ကြီးဝင်နေသူ’ဆိုတဲ့ နောက်ဆုံး စာသားကို အတည်ယူပြီး ဆိုရရင် ‘အမှန် တကယ် ပြောင်းလဲခွင့် ရသွား’ပြီးနောက် ဖြစ်လာမယ့် အခြေ အနေထိထည့်သွင်း စဉ်းစားမှ ဖြေဆိုလို့ ဖြစ်နိုင်မယ်။ အင်း.. အဲဒီ အခြေအနေက ‘အရပ်သားဘဝမှ နိုင်ငံတစ်ခုရဲ့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်အဖြစ်သို့ ပြောင်းလဲသွားခြင်း’လို့ ဆိုပါစို့။ ဒီလို ဆိုရင် (က)မိမိရဲ့ဘဝနဲ့ ဓနကိုတွယ်ကပ်လွန်းတဲ့ ပညာမဲ့သူ အဖို့ ‘ဘဝင်မြင့်စိတ်ကြီးဝင်ခြင်း’ဖြစ်နိုင်သလို (ခ) မိမိရဲ့ဘဝ နဲ့ ဓနကို စွန့်ရဲတဲ့ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းလိုသူ ပညာရှိ အဖို့မူ ‘ကိုယ့်ကိုနှိမ့်ချ အမြဲနေခြင်း’လည်း ဖြစ်နိုင်တာပဲ။

(က)ရဲ့ အဖြေက မာနပြဋ္ဌာန်းတဲ့ လောဘမူ သောမနဿ အကုသိုလ် စိတ္တုပ္ပဒ် (ခ)ရဲ့ အဖြေက အလောဘ ပြဋ္ဌာန်းတဲ့ မဟာကုသိုလ်စိတ္တုပ္ပါဒ်လို့ ဆိုနိုင်တယ်။ ဒီလိုအဓိပ္ပာယ်ယူရင် တောင် ဒီမေးခွန်းက တစ်ဝက်ပဲ မှန်ဖွယ်ရှိတယ်။

တာဝန်ရှိသူ

၂၁-ရာစုမှာ ‘ဂဏ္ဌိကျမ်းဆို အတိုင်း မဟုတ်လို့ အဖြေ မှားတယ်’ဆိုတာမျိုးက ခေတ်မမီတော့ဘူး။ စာမေးပွဲ ဆိုတာ ဖြေ သူတွေ အရည်အချင်းရှိလာဖို့ပဲ ရည်ရွယ်သင့်တယ်။ မင်းမသိ တာကို ငါမေးနိုင်တယ်လို့ ဂုဏ်ယူဝင့်ကြွားဖို့ မေးခွန်းမေးတာ မျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာ ပြန့်ပွားရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပြီး နိုင်ငံနဲ့ အဝန်း ဖြေဆိုကြတဲ့ အဆင့် မြင့် (တယ်လို့လည်း ယူဆရ)တဲ့ ဒီလို ဘာသာရေး စာမေးပွဲ မျိုးမှာ စာဖြေသူ ဒွိဟဖြစ်စေမယ့် မေးခွန်းမျိုးကို မမေးသင့်ပါဘူး။ မေးခွန်းတွေကို စစ်ဆေးတဲ့ ဘုတ်အဖွဲ့ တစ်ခုရှိတယ် ဆိုရင် မေးခွန်းတွေကို မတည်းဖြတ်ခဲ့တာအတွက် အဲဒီအဖွဲ့က တာဝန် ယူရမှာပေါ့။ ဒီလို မဟုတ်ရင် ကိုယ့်လုပ်ရပ် သမိုင်းမှာ ကျန်နေခဲ့မှာပဲ။

နိုင်ငံရေးလော

နိုင်ငံရေးနဲ့ ပတ်သက် မပတ်သက်ကို ဘုန်းကြီး အတိအကျ မရှင်းပြနိုင်ပါ။ ဘာကြောင့်ဆို .. မေးသူရဲ့ စိတ်ကို ဘုန်းကြီးမှ မသိနိုင်ဘဲ။ စာဆိုတာ စကားလုံးထဲက လာတာဖြစ်လို့ ‘စကား ထဲက ဇာတိပြ’ဆိုတဲ့ အတိုင်း မေးခွန်း မေးသူရဲ့ ဘက်လိုက် တဲ့ သဘောထားကို အထင်းသား မြင်နိုင်ပါတယ်လို့ ဆိုရင် တော့ သင်လည်း အဲဒီလို ဆိုခွင့်ရှိလို့ ‘ကိုယ့်သဘောပါ’လို့ ပဲ ဆိုပါရစေ။ ဖော်ပြပါ အဘိဓမ္မာမေးခွန်း မေးသူ (သို့မဟုတ် တာဝန်ရှိသူတွေ)ဟာ ဗန်းမော် တင်အောင် ရေးတဲ့ ‘သူ့ဇာတ် ကောင်နဲ့ သူ့စရိုက်’ ဝတ္ထုထဲမှာ စာရေးဆရာဟာ မိမိရဲ့ ခံစား ချက်နဲ့ သရုပ်ဖော်တဲ့ မိမိရဲ့ဇာတ်ကောင်ကို ထိန်းမရဖြစ်သွားသလို ခံစားချက် ပြင်းထန်သွားခြင်းမျိုး ပေလော။

ဘက်မလိုက်

‘နိုင်ငံရေး ဘက်လိုက်မှုသဘော ပါနေ၍’လို့ ဆိုတယ် နော်။ ဆိုတိုင်း ပါနေတယ် ဆိုရင် အဘိဓမ္မာ စာမေးပွဲ မေးခွန်း မေး သူတို့ ဆင်ခြင်သင့်တာပဲ။ ဟုတ်ပါတယ် ..ဘာသာရေးဆိုတာ ဘက်မလိုက်ကောင်းပါဘူး။ သံဃာ အုပ်စုကြီးနှစ်ခု အငြင်းပွား မှု ပြင်းထန်နေတဲ့ အချိန် ဗုဒ္ဓဘုရားတောင် နှုတ်ဆိတ်တော်မူတယ် မဟုတ်လား။ ၈၈-အရေးအခင်းတုန်းက ရဟန်းရှင်လူ အများစု ကြည်ညိုခံရတဲ့ မင်းကွန်း တိပိဋက ဆရာတော်ကြီး တောင် ကြားညပ်ခဲ့ဖူးတာကို နှလုံးမူသင့်တာပဲ။

အိုကေ..အဆိုပါ အဘိဓမ္မာမေးခွန်းမှာ ‘ကိုယ်ကကျိန်း သေ နိုင်မယ်လို့ တွက်ဆပြီး တစ်ဖက်သားကို နှစ်ကြိမ်မြောက် အထင်သေးချိန် တစ်ဖက်သားက မိုးကြိုးနဲ့ အီးသံလို ဆိုတဲ့ ဦးပုညရဲ့ စကားလို ကိုယ့်ထက် အရည်အချင်း သာလွန်းလို့ ခေါင်းမဖော်နိုင်အောင် ထုနှက်ခံရတဲ့ အတွက် အသူရာ အံကြိတ် ဖြစ်နေသူတွေရဲ့ သန္တာန်၌ ဖြစ်သော စိတ်ကို အတိအကျ ဖော် ပြ၍’ဆိုတဲ့ မေးခွန်း စာပိုဒ်လေး တစ်ခုလောက် ထပ်ဖြည့်ပေး ရင် မေးခွန်းကို ဝေဖန်သူတို့ ကျေနပ်မလား .. ဘုန်းကြီးတော့ မကျေနပ်ဘူး။ အဲဒီလို ‘အထေ့ အငေါ့ အချိတ်’တွေ ပါကို မပါ သင့်ဘူး။ ရည်ရွယ်ချက်က ‘ဗုဒ္ဓအဘိဓမ္မာပြန့်ပွားရေး’ပဲ။

ဇန်နဝါရီ ၁၊ ၂၀၁၆။

---

မင်းမှာ သစ္စာ

အမှန်အကန် ပြောဆိုခြင်း သစ္စာတရား၏ အကျိုးကြီးခြင်း၊ မမှန်မကန်ပြောဆိုခြင်း၏ အပြစ်ကြီးခြင်းကိုသိကြကုန်သော အနောက်တိုင်း ပြည်ကြီးသားတို့သည် သစ္စာကို အလေးပြု သည်ဖြစ်၍ မည်ကဲ့သို့ စီရင် မည် စုံညီညှိနှိုင်း ဥပဒေထားမိ လျှင် မတောင်းပန်နိုင်၊ အခွင့်မပေးနိုင်ဧကန်စီရင် ရသည်။

(ရာဇဓမ္မသင်္ဂဟကျမ်း၊ စာ-၂၀၅)

၄၄၁။ မီးပွတ်သမားလို ကျင့်ပါ

အရှင်ဘုရား၊

နေ့စဉ် ဘုရားရှိခိုးရာတွင် နမော တဿ သုံးကြိမ်၊ ဩကာသ ကန်တော့ချိုး၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိနှင့် ဘုရားဂုဏ်တော် ကိုးပါး တို့ကိုရွတ်ဆိုပြီး ပူဇော် ကန်တော့ပါသည်။ ထို့နောက်ပဋ္ဌာန်း အကျယ် ပါဠိတော်ကို ရွတ်ဆိုပြီး မေတ္တာပို့ အမျှဝေဖြင့် အဆုံး သတ်ပါသည်။ တပည့်တော်၏ မိတ်ဆွေက ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း မရှိ၍ မပြည့်စုံဟု ဆိုပါသည်။ တပည့်တော် က သီလသည် ကိုယ်ကျင့်တရား ဖြစ်သဖြင့် ဘုရား ရှိခိုးသည် ဖြစ်စေ၊ မရှိခိုးသည် ဖြစ်စေ ဆောက်တည်ရမည့် အရာဟုမှတ် ယူကြောင်း ပြန်ပြောပါသည်။ သီလခံယူ ဆောက်တည်မှုပါမှ ဘုရားရှိခိုးခြင်း ပြည့်စုံပါသလား။ အရှင်ဘုရား။

ဖြေကြားပေးစေလိုပါသည်

မျိုးကိုကို (စင်္ကာပူ)

---

ဘုရားရှိခိုးခြင်း

ဒီနေရာမှာ ဘုရားရှိခိုးခြင်းဆိုတာ ဆင်းတုသို့မဟုတ် စေတီကို (သက်ရှိဘုရားသို့မဟုတ် ဓာတ်တော်မွေတော်အမှတ်နဲ့)ရှိခိုးဦးညွတ်ရုံမျှ အဓိပ္ပာယ်မျိုးလို့ မယူဆဘူး။ ဘာဝနာ တစ်မျိုးကို၊ သို့မဟုတ် တစ်မျိုးမကကို တစ်ပြိုင်နက် ရွတ်ပွားတာလို့ ဆိုရင် ပိုကောင်းမယ်။ ဥပမာ..ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုခြင်းအရ ဗုဒ္ဓဂုဏ်ကို ပွားများခြင်း (ဗုဒ္ဓါနုဿတိ)၊ မေတ္တာပို့ခြင်း အရ (မေတ္တာကမ္မဋ္ဌာန်း)၊ ပဋ္ဌာန်းရွတ်ခြင်း အရ တရားဂုဏ်ကို ပွားများခြင်း (ဓမ္မာနုဿတိ)၊ ဖြစ်နိုင်ရင် အသုဘကမ္မဋ္ဌာန်း..စသည် ထည့်အုံးပေါ့။ အဲဒီလို ရွတ်ပွားတာတွေ အားလုံးကို သမထ ကမ္မဋ္ဌာန်း ပွားများခြင်းမှာ ထည့်သွင်းနိုင်တယ်။

သီလအခြေခံ

သီလေ ပတိဋ္ဌာယ နရော သပ္ပညော = ပညာရှိ လူသားသည် သီလ (အခြေခံ)မှာ ရပ်တည်ပြီး (သမာဓိနှင့် ပညာကို ပွားများရင် လောက၏ အရှုပ်ကို ဖြေရှင်းနိုင်၏)ဆိုတဲ့ ဘုရားဟောအရ သီလဟာ သမာဓိနဲ့ ပညာတို့ရဲ့ အခြေခံ အုတ်မြစ်ပါပဲ။ သီလ မရှိဘဲ သမထကိုရော ဝိပဿနာကိုပါ အားထုတ်လို့ အကျိုး မဖြစ်ထွန်းနိုင်ဘူး။ ဒါကြောင့် ထေရဝါဒ အဆုံးအမမှာ သီလဟာ အခြေခံဖြစ်ပြီး သီလ အရေးကြီးတဲ့ အတွက် ဘုရားရှိခိုးခြင်းနဲ့ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်းကို ခွဲခြားလို့ မရနိုင်ဘူးလို့ ဘုန်းကြီးယူဆတယ်။
ဒါပေမယ့် ဘုရားရှိခိုးခြင်း မဟုတ်တဲ့ နေ့စဉ်ဘဝမှာတော့ မေးခွန်းရှင် ဆိုတိုင်း ငါးပါးသီလ ယူယူ မယူယူ လုံအောင် မြဲ အောင် စောင့်ထိန်းရမယ်လို့ ခံယူထားရင် အမှန်နဲ့ ပိုပြီး မနီး စပ်နိုင်ဘူးလား။

ချန်မထားသင့်

သီလ ဆောက်တည်ခြင်းဟာ ရှေ့မှာ ဆက်ပြီး မိမိ ပွားများမယ့် သမထသို့မဟုတ် ဝိပဿနာဘာဝနာ အတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့ ဘာဝနာ တစ်ခုခုကို လုပ်ခြင်းလို့ အဓိပ္ပာယ်ရှိတဲ့ ဘုရားရှိခိုးခြင်း မစတင်ခင် ငါးပါးသီလကို နှုတ်မှ အလေးအနက် ပြုပြီး ရွတ်ဆိုသင့်တယ်။ အဓိပ္ပာယ်က .. သီလအုတ်မြစ်ကို ပိုပြီး လေးနက်စေခြင်း။ မစင်ကြယ်ခဲ့ရင် စင်ကြယ်သွားမယ်၊ စင်ကြယ်သလား မစင်ကြယ်ဘူးလားလို့ သံသယရှိရင် ရှင်းသွားမယ်၊ စင်ကြယ်ပြီးသားဖြစ်ရင် ပိုပြီးတောက်ပြောင်သွားမယ်။ ငါ့သီလ စင်ကြယ်တယ် ဆိုတဲ့ ကြည်လင်တဲ့ အသိလေးဟာ ရှေးမှာ ပွားများမယ့် ဘာဝနာတွေရဲ့ တွန်းအားပါပဲ။ စိတ်ပိုင်းဘဝကို လေ့ကျင့်တဲ့ အခါမီးပွတ်သမားလို ထပ်ခါ ထပ်ခါ ကြိမ်ဖန်များစွာ လုပ်ရတယ်။

ဒီလိုစဉ်ပါ

ဒါကြောင့် ဘုရားရှိခိုးခြင်းကို ဩကာသ၊ အဟံ ဘန္တေ၊ နမော တဿ၊ သရဏဂုံ၊ ငါးပါးသီလ၊ ဘုရားဂုဏ် စသည် .. ပဋ္ဌာန်း အကျယ်စသည်..မေတ္တာပို့၊ အမျှဝေလို့ စဉ်ရင် အမှန်နဲ့ ပိုပြီး နီးစပ်နိုင်ကြောင်းပါ။ အချိန် မရရင် ငါးပါး သီလထိ၊ ပြီးမှ မေတ္တာပို့အမျှဝေပေါ့။

ဇန်နဝါရီ ၅၊ ၂၀၁၆။

---

၄၄၂။ နှုတ်သံချိုပျား မေတ္တာစကား

ဘုန်းဘုန်းဘုရား၊ ရိုသေစွာ ဦးတင်လျှောက်ထားပါ၏ ဘုရား။ ခရီးဝေးထွက်ခါနီး သားသမီတို့က မိဘကို ကန်တော့ရင် သော်လည်း ကောင်း၊ ဝါထွက်ဝါကျွတ် တပည့်သားသမီးများက လာရောက် ကန်တော့ရင် သော်လည်းကောင်း နှုတ်ဖြင့် ကြည်ညိုလေးစားဖွယ် ဆုပေးနည်းလေးကို ချီးမြှင့်ပေးတော်မူပါဘုရား။ ရိုသေကြည်ညိုကန်တော့လျက်..

ရဲမင်းချို

---

ဆုပေးခြင်း

ဆုပေးခြင်း ဆိုတာ ဒီနေရာမှာ မိမိအား ကန်တော့လာသူတွေ အပေါ် မေတ္တာရှေ့ရှုတဲ့ နှုတ်မြွက်ခြင်းလို့ အဓိပ္ပာယ် ယူမယ်။ မေတ္တာ ရှေ့ရှုခြင်း ဆိုတဲ့ အတိုင်း နားဝင်ပီယံ (နားဝင်ချိုသာ ခြင်း) ဖြစ်ဖို့ရယ်၊ ခံယူသူ (နာခံသူ) နားလည်ဖို့ရယ် အဓိကကျတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ‘ကြည်ညိုလေးစားဖွယ်’လို့ ဆိုထားပြန်တဲ့ အတွက် ပစ္စေကဗုဒ္ဓါတွေရဲ့ အောက်ပါ ဆုပေး ပါဠိဂါထာလေးကိုပဲ ပေးပါရစေ။ ရအောင် ကျက်ထားပြီး အဲဒီရဲ့ မြန်မာပြန် သံပေါက်ကလေးနဲ့ ဆို မိမိရဲ့ သံနေသံထား မှန်နိုင်သမျှ မိမိရဲ့ မေတ္တာ စကားလုံးတွေ ရွှေဆည်းလည်းသံကဲ့သို့ သာယာငြိမ့်ညောင်းနေပါလိမ့်မယ်။ ကဲစမ်းကြည့်ပါ.. ပစ္စေကဗုဒ္ဓါ ဆုပေး

ဣစိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

မြန်မာပြန်

ဆန္ဒဆုမွန် အတန်တန် အမြန်ပြည့်ပါစေ။
ရည်မှန်းဓိဋ္ဌာန် စိတ်အကြံ မကျန်အောင်ပါစေ။
လပြည့်ဝန်းလို ရွှန်းရွှန်းစို လိုရာခရီးပေါက်ပါစေ။

ခဏနေအုံး

အသံထွက် မမှန်နိုင်သေးဘူး။ အသံထွက် မမှန်ရင် ဆည်းလည်း သံနဲ့ မတူဘဲ မေင်းကွဲသံလို ဖြစ်နေမယ်။ အသံ ထွက်ပုံ ကိုအရင် ဖတ်ကြည့် .. သံရှည် (အသံကိုဆွဲပြီး ရွတ်နိုင်တာ) ၅-လုံး ရှိတယ်။ သဝေထိုး (ဧ၊ ကေ စသည်)၊ ရေးချ (အာ၊ ကာ၊ ပါစသည်)၊ သဝေထိုးရေးချ (ဩ၊ သော၊ ပေါ စသည်)၊ နှစ်ချောင်းငင် (ဦ၊ ကူစသည်)၊ လုံးကြီးတင်ဆံခတ် (ဤ၊ ကီစသည်)။ ဒါကိုမှတ်မိအောင်လုပ်ထား။ အထက်ပါပါဠိဂါထာမှာ အသံကိုဆွဲနိုင်တာဘယ်နှစ်လုံးပါသလဲ။ စစ်ကြည့်ရင် ..မေ၊ ဗ္ဗေ၊ ပ္ပါ၊ န္ဒော၊ သော လို့ တွေ့မယ်။ သံရှည် ဆွဲပြီး ဆိုတဲ့ အခါ မိမိရဲ့ လေနဲ့ ညီမျှရုံ လုပ်နိုင်ရင် အသံမကောင်းပေမယ့် နားထောင်သူတို့ နားဝင်ချိုပါတယ်။
အထူးသတိက.. ကိုယ့်ပါးစပ်က ထွက်လာတဲ့ စကားလုံး တစ်လုံးချင်းစီကို အာရုံ မလွတ်စေဘဲ ဖြည်းဖြည်းချင်း ဆိုပါ။ ငယ်ငယ်က စာကျက်သလို ‘ဝါးလုံး ချီးသုတ်’ (ခပ်ရိုင်းရိုင်း ပြောမှ မှတ်မိတယ်) မဖြစ်ပါစေနဲ့။ အမေရော အဖေပါ မေတ္တာ သံ ပေါ်အောင် ဆုပေးနိုင်ရင် အဲဒီ မေတ္တာ စကားလုံးတွေဟာ သားသမီးတွေအဖို့ တစ်သက်လုံး ခွန်အားတွေဖြစ်နေမှာ။

အသံထွက်ပုံ

လုံးဆင့်မှာ အပေါ်စာလုံးတွေက အသတ်တာဝန်ယူတာကိုနားလည်ပြီးသားလို့ ယူဆမယ်။ ဣစ္ဆိတံ (ဣစ်ဆိတံ = အိတ်ဆိတံ)၊ ပတ္ထိတံ (ပတ်ထိတံ)၊ ခိပ္ပမေဝ (ခိပ်ပ-မေဝ)၊ သမိဇ္ဈတု (သမိဇ်စျတု = သမိတ်စျတု)၊ သဗ္ဗေ (သဗ်ဗေ = သပ်ဗေ)၊ သင်္ကပ္ပါ (သင်ကပ်ပါ)၊ စန္ဒော (စန်ဒေါ)၊ ပန္နရသော (ပန်န-ရသော)။ ပါဠိမှာ ရ-အက္ခရာကို အင်္ဂလိပ် R သံ ရွတ်ပြီး ယအက္ခရာကို Y သံ ရွတ်ရတာကိုတော့ အသေ မှတ်ထားရမယ်။ ဒါကြောင့် ပန်-န-ရ- (pan.na.ra.)၊ ယထာ (ya-tha)လို့ ပီပီသသ ရွတ်နိုင်အောင်လေ့ကျင့်ပါ။
‘နောက်မှာနှစ်လုံးတွဲရှိရင် ရှေ့စာလုံးကိုလေးလေး ရွတ်ရမည်’ဆိုတဲ့ သဒ္ဒါစည်းကမ်း အရတုယှံ-ကိုတုံယှံ (တုံရှန်)လို့ အသံထွက်ရတယ်လို့ မြန်မာ ပါဠိကျွမ်းသူတို့ မိန့်ကြပါတယ်။ ဂိမှေ (ဂိမ်မှေ)၊ ဟိတွာ (ဟိတ်တွာ)စသည်။ ပတွာ (ကိုယ့်ဟာကိုယ့်အသံထွက်ကြည့်)။
ပူရေန္တု (ပူရင် တု)။ သဝေထိုး နသတ်ကို ့တွေ့ရင် ငသတ်သံလို ရွတ်ရတယ်။ ‘သဝေထိုး နသတ် တွေ့တုံလတ် ဖတ်လော့ ငသတ်သံ’။ သတိထားရမှာက ပူယင်တု သို့မဟုတ် ပုယန်တုလို့ မလုပ်မိစေနဲ့။ လျှာကိုလိပ်ပြီးပူ R င် တုလို့ ပီအောင်ဆို။ သေးသေးတင်သံနဲ့ သဝေထိုး နသတ်တွေကို သံရှည်ဆွဲပြီး (ပူ .. ရင် .. တု)လို့ ရွတ်နိုင်တယ်။ ဒါဆို အဲဒီ ဆုပေးဂါထာအတွက်အသံထွက်လုံလောက်ပါပြီ။

ဇန်နဝါရီ ၆၊ ၂၀၁၆။

---

၄၄၃။ ဘုန်းကြီးနှင့်အတူ ပရိတ်ရွတ်ခြင်း

ဆရာတော်ဘုရား..

ဘုန်းကြီး ပရိတ်ရွတ်နေတုန်း လူတွေ အတူ လိုက်ရွတ်တာကို ဆရာတော် တစ်ပါးက တားမြစ်ကြောင်း အသံလွှင့် အစီအစဉ်တစ်ခုမှာ အမျိုးသမီးတစ်ဦးက ပြောဆိုသွားပါသည်။ ၎င်း၏ အကြောင်းပြပုံမှာ ပရိတ်ဆိုတာသူများ အကျိုးရချင်ရင် ကိုယ် ကရွတ်ပေးရပြီး ကိုယ်က အကျိုးရချင်ရင် သူများရွတ်တာကို ကိုယ်က နာယူရသည့်ပြင် လူက ဘုန်းကြီးနဲ့ အတူ လိုက်ရွတ်ရင် ဘုန်းကြီးမှာ ဝိနည်းအရ အာပတ် သင့်သည်ဟုဆိုပါသည်။ ဘုရားရှင် ကိုယ်တိုင် အရှင်စုန္ဒမထေရ်က ဗောဇ္ဈင်သုတ်ကို ရွတ်နေစဉ် လိုက်မရွတ်ဘဲ လေးလေးနက်နက် နာယူခဲ့ကြောင်းလည်း သိရပါသည်။

ဘုန်းကြီး ပရိတ်ရွတ်တုန်း လူတွေ လိုက်မရွတ်ရဟူသော ဝိနည်း သိက္ခာပုဒ်ရှိပါသလား။ ပရိတ်ဆိုတာ သူများက ရွတ်ဆိုသည်ကို နာယူရန် အတွက်သာ ဖြစ်ပါသလား။ မြတ်စွာဘုရားသည် အရှင်စုန္ဒရွတ်ဆိုသော ဗောဇ္ဈင်သုတ်ကို အမှန်တကယ် နာယူခဲ့ပါသလား။ ဗောဇ္ဈင်သုတ်ကို မည်သည့် မြို့တွင် ဟော ကြားခဲ့ပါသနည်း။

ဆွေဆွေမြင့် (Fort Wayne)

---

အာပတ်မသင့်

ဝိနည်းမှာ ‘လူနဲ့ သာမဏေကို သံပြိုင်ရွတ်ဆိုပြီး ဗုဒ္ဓဝစန (ပိဋကတ်စာပေ)ကို မပို့ချရ’ဆိုတဲ့ သိက္ခာပုဒ်ရှိတယ်။ အဲဒီ သိက္ခာပုဒ်မှာ ‘ဝါစေယျ = သင်ကြား ပို့ချပေးအံ့’လို့ ဆိုတဲ့ အတွက် အတူ သံပြိုင်ရွတ်ပြီး လူသာမဏေကို စာသင်ပေးမှ အာပတ် သင့်တယ်။ စာသင်ပေးတာ မဟုတ်ရင် အာပတ် မသင့်ဘူး။ ကင်္ခါအဋ္ဌကထာ (ပါတိမောက်အဖွင့်)မှာ ‘အနုပသမ္ပန္နေန သဒ္ဓိံ ဧကတော ဥဒ္ဒေသဂ္ဂဟဏေ အနာပတ္တိ = လူသာမဏေနှင့် အတူ ပြိုင်တူ ရွတ်ဆိုပြီး စာပေ သင်ယူလျှင် အာပတ်မသင့် (ကင်္ခါ၊ဋ္ဌ၊၁၉၂)’လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်က သင်ပေးတာ မဟုတ်ဘဲ လူသာမဏေနဲ့ အတူ ရောပြီး စာသင်ယူတဲ့ အခါ သံပြိုင် ရွတ်ဆိုပေမယ့် အာပတ် မသင့်တာကို ထောက်ရင် လူနဲ့ ရဟန်းအတူတူပရိတ်ရွတ်လို့ အာပတ်မသင့်ဘူးလို့ ဘဲဘုန်းကြီးယူဆတယ်။

ပဋ္ဌာန်းဖွင့်ပွဲ ပိတ်ပွဲတွေမှာ ပစ္စယနိဒ္ဒေသကို ရဟန်းပရိသတ်နဲ့ လူပရိတ်သတ် စာရွက်ကြည့်ပြီး အတူတူ ရွတ်ကြတာကို မှတ်မိမှာပေါ့။ အဲဒီသံဃာတွေ အာပတ်မသင့်လောက်ပါဘူး။ ပဋ္ဌာန်းရွတ်တာဟာ စာသင်ပေးတာမှ မဟုတ်ဘဲ။

မသင့်မြတ်

ပရိတ်ဆိုတာ သူများက ရွတ်ဆိုသည်ကို နာယူရန်လည်း ဖြစ်တယ်။ ကိုယ်တိုင်လည်း ရွတ်ဆိုရတယ်။ အမှန်တော့ ပရိတ်ဆိုတာ မြတ်ဗုဒ္ဓ ဟောကြားတဲ့ သုတ္တန် အတိုအထွာတွေပါပဲ။ အချို့ဆို ရွတ်ရုံသက်သက် မဟုတ်ပါဘူး။ ဥပမာ .. မင်္ဂလ သုတ်ဆိုရင် ရွတ်ဖတ်ရုံထက် လိုက်နာကျင့်သုံးဖို့က အဓိကပိုကျတယ်။ ဒါပေမယ့် ဘယ် ပရိတ်မဆို ရွတ်ဆဲ နာယူဆဲမှာ ဖြစ်ပေါ်လာတဲ့ မေတ္တာအရှိန်နဲ့ ဗုဒ္ဓဓမ္မသံဃဂုဏ်ရည်ကို တိုင်တတည်တဲ့ သစ္စာစကားတွေကြောင့် အန္တရာယ်ကင်းခြင်း၊ အောင်မြင် ပြီးစီးခြင်း ဆိုတာတွေ ဖြစ်ရတာလို့ မှတ်ယူသင့်တယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ရွတ်ဆိုရမယ်၊ သူများ အတွက်လည်း ရွတ်ဆိုပေးနိုင်တယ်လို့ ယူရင် မမှားတန်ရာဘူး။

ဗောဇ္ဈင်သုတ်

မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့အနီး ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် နာမကျန်း ဖြစ်တော်မူတယ်။ အဲဒီအခါ အရှင်စုန္ဒထေရ် မြတ်ဗုဒ္ဓ ထံ ကြွလာတဲ့ အတွက် မြတ်ဗုဒ္ဓရဲ့ ဆန္ဒတော်အရ အရှင်မြတ်က ဗောဇ္ဈင်သုတ်ကို ရွတ်ပြတော်မူတယ်။ မြတ်စွာဘုရားလည်း အရှင်စုန္ဒ ရွတ်တာကို ကောင်းစွာ နာယူတော်မူပါတယ်။ မူရင်း ဗောဇ္ဈင်သုတ်တွေကို ဗောဇ္ဈင်္ဂသံယုတ် (သံ၊၃၊၇၂-၇၃) မှာလေ့လာနိုင်ပါတယ်။
ဘုရားရှင်က အရှင်စုန္ဒ ရွတ်ဆိုတဲ့ ဗောဇ္ဈင်သုတ်ကို လေးစားစွာ နာယူတယ်ဆိုတဲ့ သက်သေလောက်နဲ့ ဘုန်းကြီး ရွတ်တာကိုပဲ လူတွေက လုံးဝငြိမ်သက်စွာ နာယူရမယ်ဆိုတာကို ဘုန်းကြီး အပြည့်အဝ လက်မခံနိုင်ဘူး။ ဘုန်းကြီး ရွတ်တဲ့ ပရိတ်ကို မလေးစားလို့ လူတွေလိုက်ရွတ်တာမှ မဟုတ်ဘဲ။ နေ့ စဉ် ပရိတ်ရွတ်နေကျ လူတစ်ယောက်အနေနဲ့ ကြည်ညို ပူဇော်ချင်လို့ လိုက်ရွတ်တာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် လူတွေလည်း ပရိတ်ကို ဘုန်းကြီးနဲ့ အတူ လိုက်ရွတ်ခွင့် ရှိသင့်တယ်လို့ တော့ဘုန်းကြီး ယူဆပါတယ်။ ဒါပေမယ့်..

ဒီလိုတော့ ရှိတယ်

သံဃာတွေ စုပေါင်း ပရိတ်ရွတ်တုန်း မိမိအသံကို လူကြားအောင်လို့ သံကုန်ဟစ်တဲ့ တောထွက် ကိုယ်တော်ကြီး တစ်ချို့လိုတော့ မဖြစ်သင့်ချေဘူး။ ရည်ရွယ်ချက်ကောင်းတော့ ရှိသင့်တယ်။ လူအများစုက သံဃာတွေရွတ်ဆိုတဲ့ ပရိတ်ကိုပဲ နာယူချင်ကြတာ။ လူရွတ်တာကို နာယူဖို့ လာကြတာ မဟုတ်ဘူး။ ဒီ အခြေအနေအရ မိမိက လိုက်ရွတ်နိုင်တယ်ဆိုရင် တောင်ကိုယ့်ဘေးက ပရိတ်နာယူနေတဲ့ ပရိသတ်ကို အနှောင့်အယှက်မဖြစ်စေသင့်ဘူး။ မိမိ ကြားရရုံ ခပ်တိုးတိုး လိုက်ရွတ်တာက ပိုပြီး သင့်မြတ်ပါတယ်။ အဲဒီလို လုပ်ရင် မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ ရွတ်ပွားထားတဲ့ စရဏအား ထက်မြက်သလောက် မိမိကိုရော ပတ်ဝန်းကျင်ကိုပါ ကောင်းကျိုး ဖြစ်စေ နိုင်တယ်လို့ ဘုန်းကြီးယူဆကြောင်းပါ။

ဇန်နဝါရီ ၇၊၂၀၁၅။

---

၄၄၄။ ကထိန်ကို ခွင့်ပြုချိန်

ဘုန်းကြီး ဘုရား .. မြတ်စွာဘုရားရှင်သည် ကထိန်ခင်းခြင်းနှင့် ကထိနသင်္ကန်းကို သက်တော် ဘယ်မျှ သို့မဟုတ် ဘယ်နှစ်ဝါ မြောက်တွင် ဘယ် အရပ်ဒေသမှာ သီတင်းသုံးစဉ် ခွင့်ပြုတော် မူခဲ့ပါသနည်း။ အချိန်ရလျှင် ဖြေကြား ပေးစေချင်ပါသည်ဘုရား။

အရှင်ဝရသာမိ (မဟာချိုင်)

---

ကထိန်ခင်းခွင့်

ကောသလ ဘုရင်နဲ့ ဝမ်းကွဲ ညီအစ်ကို တော်စပ်ပြီး အတူတူ နေကြတဲ့ ရဟန်းသုံးကျိပ် (= အပါး ၃၀)ရှိတယ်။ ဘဒ္ဒဝဂ္ဂီ ညီနောင်များလို့ ခေါ်တယ်။ အားလုံးဓုတင်ဆောင် ပုဂ္ဂိုလ်တွေဖြစ်ရုံမက အရိယာအဆင့် တစ်ခုခုကို ရပြီးသူတွေလည်း ဖြစ်တယ်။ မြတ်ဗုဒ္ဓသာဝတ္ထိမြို့မှာဝါဆိုစဉ် အဲဒီညီနောင်တွေပါဝါ မြို့ကနေ ဝါဆိုအမီ မြတ်ဗုဒ္ဓထံ အဖူးမြော် လာခဲ့ကြပေမယ့် ဝါဆိုချိန်မမီလိုက်လို့ ၆-ယူဇနာလောက်ဝေးတဲ့ သာကေတမြို့မှာဝါဆိုကြရတယ်။ သီတင်းကျွတ်တာနဲ့ ဘုရားဖူးအလာလမ်းမှာမိုးမိတဲ့ အတွက် စိုရွှဲကုန်လို့ ရွှံ့ညွန်လိမ်းကျံနေတဲ့ သင်္ကန်းတွေနဲ့ မြတ်ဗုဒ္ဓကို ဖူးမြော်ကြတဲ့ အခါ မြတ်ဗုဒ္ဓက ရဟန်းတွေ သင်္ကန်းနဲ့ ဆိုင်တဲ့ သိက္ခာပုဒ်အချို့ ကင်းလွတ်ခွင့် အပါအဝင် အကျိုးငါးမျိုး ရရှိဖို့ ရည်ရွယ်ပြီး ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းကိုခွင့်ပြုတော် မူပါတယ်။
အဲဒီအကျိုးငါးမျိုးထဲမှာ ဂဏဘောဇန သိက္ခာပုဒ်ပညတ်ချက်မှ ကင်းလွတ်ခွင့်ကို မြတ်ဗုဒ္ဓကိုယ်တိုင် အမည်နာမ ထုတ်ဖော်ပြီးတိုက်ရိုက်ဖော်ပြတော်မူတယ် (ဝိ၊၃၊၃၅၂)။

ငါးဟင်းလေး

ဒေဝဒတ်ရဲ့ မမှန်မကန် လုပ်ရပ်တွေကို ပြည်သူတို့ သိသွားတဲ့ အခါ ပြည်သူတွေက ဒေဝဒတ်နဲ့ ပေါင်းတဲ့ အဇာတသတ်ကိုပါ ကဲ့ရဲ့ ပြစ်တင်ကြလို့ အဇာတသတ်က ဒေဝဒတ်ကို အဆက်အသွယ် ဖြတ်လိုက်တာကြေင့် ဒေဝဒတ်မှာ လာဘ်လာဘ နည်းပါးသွားတယ်။ ဒါကြောင့် ဒေဝဒတ်ဟာ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ခင်ဗျားက ထမင်း တစ်ထပ်ကျွေး၊ ငါးဟင်းလေး လုပ်ပါအုံးစသည်ဖြင့် လူတွေဆီမှာ ခပ်ကြမ်းကြမ်း အလှူခံတယ်။ ဒါကို အကြောင်းပြုပြီးမြတ်ဗုဒ္ဓက ရဟန်းသည် အဲဒီလို ဘောဇဉ်ငါးပါးရဲ့ အမည်ကို ထုတ်ဖော်ပြီး အလှူမခံရ (ပင့်ဖိတ် တာကိုလည်း လက်မခံရ)ဆိုတဲ့ ဂဏဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူတယ် (ဝိ၊၂၊၉၇)။
ဒီဖြစ်ရပ်အရ ဂဏဘောဇန သိက္ခာပုဒ်ကို အဇာတသတ် မင်းသား မင်းဖြစ်ပြီးမှ ပညတ်တော်မူတာ။ တစ်ဖန် ကထိန်ရဲ့ အကျိုးငါးမျိုးထဲမှာဒီသိက္ခာပုဒ်မှ ကင်းလွတ်ခွင့် (ကျူးလွန်ပေမယ့် အာပတ် မသင့်ခြင်း) ပါနေလို့ ကထိန်ခင်းခြင်းကို ခွင့်မပြုခင် ဒီသိက္ခာပုဒ်ကို ပညတ်ပြီး ဖြစ်နေပြီလို့ ဆိုနိုင်သလို ကထိန်ကို ခွင့်ပြုတာဟာ အဇာတသတ်မင်း လက်ထက်မှာ ဖြစ်တယ်လို့လည်း ဆိုနိုင်တယ်။

ဘယ်အချိန်လဲ

ဒီပဝံသကျမ်းဆို အရ အဇာတသတ္တု မင်းဖြစ်ပြီး ၈-နှစ်မြောက် မှာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတယ် (အဇာတသတ္တု ဗာတ္တိံသ၊ ရဇ္ဇံ ကာရေသိ ခတ္တိယော။ အဋ္ဌဝဿာဘိသိတ္တဿ၊ သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။ ဒီပဝံသ၃း၆၀)။ ဒီလိုဖြစ်ရင် မြတ်ဗုဒ္ဓရဲ့သက်တော် ၇၂-နှစ် (၃၇-ဝါ) ကျော်မှ ဂဏဘောဇန သိက္ခာပုဒ်ကို ပညတ်ခြင်းနဲ့ ကထိန်ကိုခွင့်ပြုခြင်း ဆိုတာတွေဖြစ်နိုင်တယ်။
ဒါကြောင့် ပစ္ဆိမဗောဓိ အချိန်အတွင်း အဇာတသတ္တုမင်း လက်ထက်မှာ ကထိန်ကို ခွင့်ပြုတော်မူ၏ (ပစ္ဆိမဗောဓိယံ အဇာတသတ္တုကာလေ ကထိနံ အနုညာတံ)လို့ ဝဇိရဗုဒ္ဓိဋီကာ (စာ-၂၁၄) မှာ မိန့်တာ ဖြစ်ပါတယ်။ ပစ္ဆိမဗောဓိ အချိန်ဆိုတာ ဘုရားရှင်ရဲ့ နောက်ဆုံး ၁၃-ဝါ (တစ်နည်း ၁၅-ဝါ)ကို ခေါ်တာ (သာရတ္ထ၊ဋီ၊၁၊၄၄၄)။

အဖြေ

ဖော်ပြပါ ရှင်းလင်းချက်ကို ပြန်ချုပ်ရင် မြတ်ဗုဒ္ဓ သက်တော် ၇၂-နှစ် (၃၇-ဝါ)နောက်ပိုင်းမှာ ကထိန်ကို ခွင့်ပြုခဲ့ဖွယ် ရှိပြီး ခွင့်ပြုတဲ့ နေရာက သာဝတ္ထိမြို့ ဇေတဝန်ကျောင်း ဖြစ်ကြောင်း မှတ်နိုင်ပါတယ်။ တိစီဝရိက် (သင်းပိုင်၊ ဧကသီ၊ နှစ်ထပ်သင်္ကန်း ဟူသော သင်္ကန်း သုံးထည်)ကို ဝိနည်းအရ သွားလေရာ ယူဆောင်ရလို့ သင်္ကန်းတွေ မိုးရေ စိုရွှဲသွားခြင်းကြောင့် ဆင်းရဲ ကြုံတဲ့ ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်ကို အကြောင်းပြုပြီး ပညတ်ရကြောင်းကိုလည်း မမေးပေမယ့် အပိုမှတ်ထားပေါ့။

ဇန်နဝါရီ ၄၊၂၀၁၆။

---

အဝိရောဓန (ပြည်သူကို မဆန့်ကျင်ခြင်း) တရားကို မကျင့်ဆောင်၊ ပြည်သူတို့နှင့် ဆန့်ဘက်ပြုလျှင် ပြည်သူတို့ မုန်း၍ အလိုရှိရာ သခင် ရှာပြီးလျှင် မင်းကို ဖျက်ဆီးသည်။ မင်းအားကြီး၍ ပြည်သူတို့က မဖျက်ဆီးနိုင်လျှင်လည်း အခြားနိုင်ငံသို့ သွား၍ ပြည်ပျက်သည်။
(ရာဇဓမ္မသင်္ဂဟကျမ်း၊ စာ-၂၂၁)

---

၄၄၅။ နယ်သိမ်းစဉ် ရက်ကွက်ထဲ သံဃာ မရှိရ

အရှင်ဘုရား၊

ရိုသေစွာ တောင်းပန် လျှောက်ထားအပ်ပါသည် ဘုရား။ သိမ် သမုတ်နေစဉ်သိမ်သမုတ်နေသည့်ကျေးရွာ ရပ်ကွက်အတွင်းသို့ အခြားကျေးရွာ ရပ်ကွက်အတွင်းမှ သံဃာများ အဘယ်အတွက်ကြောင့် ဖြတ်သန်း ဝင်ရောက်လို့ မရတာပါလဲ ဘုရား။ ထိုစည်းကမ်း သတ်မှတ်ချက်သည် ဘုရားရှင်က ချမှတ်ပေးထားခဲ့သော စည်းကမ်းဖြစ်ပါသလား ဘုရား။ အခါအခွင့်သင့်၍ အချိန်ရပါက မိန့်ကြားပေးပါရန်ရိုသေစွာ တောင်းပန်လျှောက်ထားအပ်ပါသည် အရှင်ဘုရား။

သန်းထွန်း

---

စည်းကမ်း

သံဃာ့ကံ ဆောင်တဲ့ အခါ (သိမ်သမုတ်ခြင်း၊ ရဟန်းခံခြင်း စ သည်လုပ်တဲ့ အခါ) သိမ်နယ်နိမိတ် အတွင်းမှာ ရှိနေတဲ့ သံဃာ အားလုံး သိမ်သမုတ်တဲ့ နေရာကို သွားပြီး တစ်ပါးနဲ့ တစ်ပါး နှစ်တောင်နဲ့ တစ်ထွာအတွင်းမှာ ရှိနေရတယ်။ ဒါမှ အဲဒီသံဃာ့ကံ အောင်မြင်တယ်။ နှစ်တောင့်ထွာ အတွင်းမစပ်မိရင် ဝိနည်း သုံးစကားနဲ့ ဝဂ်ဖြစ်လို့ (တစ်နည်းပြောရင် တစ်စုစီကွဲနေလို့) ညီညွတ်မှု ပျက်ပြားသလို ဖြစ်တဲ့ အတွက် မအောင်မြင်ဘူး။ အဲဒါက ဘုရားရှင်ချမှတ်တဲ့ စည်းကမ်းပဲ။

ဝဂ်မဖြစ်အောင်

‘ကျေးရွာ ရပ်ကွက်’ဆိုတာ အဗဒ္ဓသိမ် (အလိုလို ဖြစ်ပြီးသားသိမ်) ဖြစ်နေတဲ့ အတွက် အဲဒီသိမ်ထဲမှာနေရာ သတ်မှတ်ပြီး ‘ဝိသုံဂါမသိမ်’ သမုတ်တဲ့ အခါ သိမ်ဖြစ်နေတဲ့ အဲဒီ ကျေးရွာ သို့မဟုတ် ရပ်ကွက် ပိုင်နက်အတွင်း ရှိပြီးသား သံဃာအားလုံး သိမ်သမုတ်တဲ့ နေရာရှိ သံဃာတွေရဲ့ နှစ်တောင့်ထွာ အတွင်းကို လာရတယ်။ မလာနိုင်ရင် သိမ်သမုတ်ခြင်း ကိစ္စကို သဘောတူကြောင်း ဆန္ဒပေးရတယ်။ လူလည်း မလာ၊ ဆန္ဒလည်း မပေးရင် ‘ဝဂ်ဖြစ်’လို့ သိမ်သမုတ်ခြင်း ကိစ္စပျက်တယ်။
ဒါကြောင့် သိမ်သမုတ်တဲ့ ကမ္မဝါစာ (ပုံစံကျပြန်တမ်း)ကို ဖတ်နေဆဲမှာ အဲဒီ နယ်နိမိတ် အတွင်းကို မသိလို့ ဖြစ်စေ သိလျက်နဲ့ နားမလည်လို့ ဖြစ်စေ နားလည်ပေမယ့် အဲဒီကံကို ပျက်စေချင်လို့ ဖြစ်စေ ရောက်လာတဲ့ သံဃာကိုတော့ ကမ္မဝါစာ ဖတ်ပြီးတဲ့ အထိ အဲဒီ ရပ်ကွက် ကျေးရွာ နယ်နိမိတ် အတွင်းသို့ မဝင်မိစေရန် စောင့်ဆိုင်းခိုင်းထားရတယ်။

အဖြေ

‘ဖြတ်သန်း ဝင်ရောက်လို့ မရ’တဲ့ အကြောင်းက ‘ဝဂ်မဖြစ်’အောင်လို့ (နားလည်အောင် ပြောရင် တစ်စုစီ မကွဲအောင်လို့။) ‘ဝဂ်’ဖြစ်တာဟာ နှစ်တောင်ထွာ အတွင်းကို မရောက်လို့။ နှစ် တောင်ထွာ အတွင်းကို ရောက်ရမယ် ဆိုတာက ဘုရားရှင်ရဲ့ ချမှတ်ချက်လို့ နားလည်လိုက်ရင် ရှင်းပါလိမ့်မယ်။

ဇန်နဝါရီ ၁၁၊၂၀၁၆။

---

သာသနဿ စ လောကဿ၊ ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။ သဒ္ဓမ္မသုံးဖြာ သာသနာတော်၏လည်းကောင်း ကြည်ညိုသူ လူအပေါင်း၏လည်း ကောင်း အခါခပ်သိမ်း ကြီးပွားခြင်းဖြစ်ပါစေ။

---

၄၄၆။ လှောင်အိမ်သိစိတ်

ဆရာတော် အရှင်ဘုရား၊

ခုတလော နိုင်ငံခြား ဘာသာစကားနှင့် ထုတ်လွှင့်တဲ့ သတင်းဌာန အချို့မှာ ရခိုင်နှင့် မိတ္ထိလာ အရေးအခင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်ရပ်နှင့် ရဟန်းအချို့၏ အစွန်းရောက်သော ဟောပြောမှုတွေအရ ဗုဒ္ဓဘာသာလည်း အကြမ်းဖက်မှုကို အားပေးကြောင်း ပြောဆို ဝေဖန်နေကြသည်ကို တွေ့ရပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ ဆရာတော်အနေဖြင့် မည်သို့ တုံ့ပြန်မည်ကို ကြားနာလိုပါသည် အရှင်ဘုရား။

မောင်အောင်ဝင့် (နယူးဇီလန်)

---

အရိုင်းသဘာဝ

မတူတာကို သည်းမခံနိုင်တာဟာ လူတွေရဲ့ နှလုံးသားထဲ ငုပ်လျှိုးနေတဲ့ အရိုင်းသဘာဝပါပဲ။ ယဉ်ကျေးမှု မထွန်းကားမီကပင် ပါလာခဲ့တာ။ လေးငါးကောင် ရှိနေတဲ့ မျောက်အုပ်ထဲကို အခြား နေရာက မျောက်တစ်ကောင် ဝင်လာရင် ဝိုင်းကိုက်ကြတယ်။ ကမ္ဘာဦးခေတ် လူရိုင်းတွေ တစ်အုပ်စုနဲ့ တစ်အုပ်စု တိုက်ခိုက်တာလည်း ဒီသဘောပါပဲ။ သင်နဲ့ ပတ်သက်တဲ့ နယ်မြေထဲကို အရောင်အသွေးခြားနားတဲ့ လူစိမ်းတစ်ယောက် ဝင်လာတာကို ကြိုက်နိုင်ရဲ့လား။ လူတိုင်းမှာ ဒီလို အရိုင်းဆန်တဲ့ ‘လှောင်အိမ်သိစိတ်’မျိုး ရှိနေတတ်ပါတယ်။

မဆိုင်ပါဘူး

ဗုဒ္ဓဝါဒဟာ လူတွေရဲ့ဆိုခဲ့ပါ အရိုင်းသဘာဝကို ပယ်ရှားဖို့သင်ကြားတဲ့ ဝါဒပါ။ ဗုဒ္ဓဝါဒကို မယုံကြည်သူတွေကို သတ်ရမယ်လို့ ညွှန်ကြားတဲ့ ဝါကျကလေး တစ်ကြောင်း တလေမျှကိုပင် ဗုဒ္ဓဝါဒ ကျမ်းစာတွေမှာ ရှာမတွေ့နိုင်ပါဘူး။ ဗုဒ္ဓဝါဒကို အတိအကျ လိုက်နာ ကျင့်သုံးလေ အရိုင်းသဘာဝ လျော့နည်းလေပါပဲ။ ရဟန်း အချို့ရဲ့ အစွန်းရောက် ဟောပြောချက် ဆိုတာမျိုး ရှိတယ်ဆိုရင်တောင် အဆိုပါ အရိုင်းသဘာဝကြောင့်ပါပဲ။ ဗုဒ္ဓဝါဒ ကျမ်းစာထဲက သင်ကြားချက်ကြောင့် မဟုတ်ပါဘူး။

မသန့်ရှင်းဘူး

ပိုက်ဆံ ထည့်ဝင် သို့မဟုတ် အလကား ပေးကမ်းထားသူတွေရဲ့သက်ရောက်မှုရှိနိုင်တဲ့ ခေတ်သစ်သတင်းလောကနဲ့ အင်ဂျီအို ဆိုတာတွေဟာ မသန့်ရှင်းဘူး။ အများစုဟာ ပက်ထရိုဒေါ်လာ (ရေနံရောင်းရငွေ)တွေ ဖြစ်လို့ အင်ဂျီအိုတိုင်း သတင်းဌာန တိုင်း မလွတ်လပ်ဘူးဆိုတာကို အပြောခံရသူတွေက ပြန်ပြောခွင့် ရှိပါတယ်။ အဲဒီ နိုင်ငံခြားဘာသာနဲ့ သတင်းဆိုတာကို ရေးသူတွေရော အင်ဂျီအို ဆိုသူတွေပါ ဘာသားနဲ့ ထုထားတာမို့လဲ။ အနှီအရိုင်း သဘာဝ ဗုံးပေါလအော ရှိကိုရှိနေမှာ။

ဆင်ခြင်စရာ

ကိုယ့်ဖက်မှာလည်း ဆင်ခြင်စရာတွေတော့ ရှိပါတယ်.. ဗုဒ္ဓဘာသာဆိုတာ လိုက်နာကျင့်သုံးမှု အဓိက မဟုတ်လား။ ကျင့်သုံးလေ အကျိုးရှိလေပဲဆိုတဲ့ ဗုဒ္ဓဝါဒ သင်ကြားချက်ရဲ့ အနှစ်သာရကို နားမလည်ဘဲ မွေးရာပါ စွဲလမ်းမှုအရ ဗုဒ္ဓဘာသာကို ယာယီ တွယ်ဖက်နေသူတွေ (အဲဒီလို တွယ်ဖက်သူတွေပဲ အခြေအနေသာတဲ့ ဖက်ဆီကူးပြောင်းသွားတာကို မကြာခဏ တွေ့ရမြင်ရလို့ ယာယီလို့ ဆိုတာပါ)အပေါ်လူပြိန်းကြိုက် စကားလုံးတွေနဲ့ စည်ရုံးပြီး ဘာသာရေးကို နိုင်ငံရေးထဲ ထည့်သွင်း အသုံးချတာဟာ အဆင့်မြင့်တဲ့ ဗုဒ္ဓဝါဒရဲ့ မျက်နှာစာကို အင်မတန် အရုပ်ဆိုး အကျည်းတန်စေကြောင်း ဆင်ခြင်သင့်ပါတယ်။

ကာကွယ်လိုရင်

ခြိမ်းခြောက်ပြီး ဖြစ်စေ ငွေကြေးနဲ့ ဖြစ်စေ တတ်သိ နားလည်သူကို စည်းရုံး ဆွဲဆောင်ဖို့ ခက်တယ်။ ဒါကြောင့် အသိဉာဏ် ရှိဖို့ အဓိကကျပါတယ်။ အသိပညာ ခေါင်းပါးပြီး စားဝတ်နေရေး မပြေလည်သူတွေကို ငွေကြေးတတ်နိုင်တဲ့ အခြား ဘာသာတွေက စည်းရုံးသွားတာကို တွေ့နိုင်တယ်။ ငြိမ့်ညောင်းတဲ့ သီချင်းဆိုသံတွေ၊ ငွေကြေး ထောက်ပံ့မှုတွေနဲ့ ဆွဲဆောင်ခံရတဲ့ အခါ တော်ရုံနဲ့ မခံနိုင်ဘူး။ ဒါကြောင့် ဆင်းရဲ မွဲတေခြင်းနဲ့ အသိပညာမဲ့မှုကို ပပျောက်အောင် အရင် ဆုံးလုပ်ရလိမ့်မယ်။

(‘လန်ဒန်နစ္စတန်’ခေါင်းစဉ်နဲ့ ဤကျမ်းပါမေးခွန်း အမှတ် ၃၇၂ ကိုပါ ဖတ်ရှုဖို့ အကြံပြုပါတယ်/)

ဇန်နဝါရီ ၁၈၊၂၀၁၆။

---

ဗုဒ္ဓဝါဒ အဆုံးအမ

လက်နှစ်ဖက်ကို ပွတ်လိုက်ရင် .. ခြေနှစ်ဖက်ကို ပွတ်လိုက်ရင် စင်ကြယ်သွားသလို..
အကျင့်ကောင်းပေမယ့်ပညာမတတ်ရင် .. အကျင့်ကောင်းတာနဲ့ ပဲ အဲဒီ ကိုယ်ကျင့်တရားပေါ်မှာ ပညာကို တည်ဆောက်သွားလို့ရတယ်။ ပညာတတ်ပေမယ့် အကျင့်မကောင်းရင် .. ပညာတတ်တာနဲ့ ပဲအဲဒီပညာနဲ့ အကျင့်မကောင်းတာကိုပြင်ဆင်သွားလို့ ရတယ်။ သီလက ပညာကို .. ပညာက သီလကို .. အပြန်အလှန် တောက်ပြောင်အောင်လုပ်လို့ ရတယ်။