ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၄)
ဓမ္မ အမေးအဖြေများ ပေါင်းချုပ် (၄)
အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A. (Philo) M.A. (Buddhism)
ဖြေဆိုသည်
ဒီစာအုပ်မှာ .. လောဘ မရှိရင် ဘယ်လိုနေမလဲ၊ နိုင်ငံ့ခေါင်းဆောင်နဲ့ ဘာသာတရား၊ မုသာနဲ့ သုရာ ဘယ်ဟာ အပြစ်ကြီး၊ ဒက္ခိဏသာခါဆင်းတု ဘယ် လိုစ၊ လယ်တီ မင်းတုန်းနဲ့ သမ္မာကျမ်း၊ အမျိုးသမီး ရဟန္တာ ဖြစ်လျှင်၊ ဗုဒ္ဓဆင်းတုနဲ့ မကိုဋ်စလွယ်၊ မဟာမုနိ ဆင်းတု : ဘယ်သူသွန်း၊ ဘုန်းကြီးကို မကြည်ညိုရင်၊ သာသနာကို ညှိုးနွမ်းစေသူ .. ဆို တာလေးတွေကို ဆွေးနွေးထားပါတယ်။
ပုံနှိပ်ရာဇဝင်
254 N Wickiup Rd, Apache Junction, AZ 85119
Tel: (480)-288-0789
www.kelasa.org
---
စကားမြွက်
လွန်ခဲ့တဲ့ ငါးနှစ်လောက်က မိတ်ဆွေဆရာတော်တစ်ပါးက ဖေ့စ်ဘုတ်မှာ ဗုဒ္ဓဓမ္မနဲ့ ပတ်သက်တဲ့ အမေးအဖြေတွေ ရေးနိုင်ရင် ဘာသာရေး ဝါသနာပါသူတွေ များများ ဖတ်ခွင့်ရတဲ့အတွက် အကျိုးများမယ်လို့ အကြံပေးဖူးပါတယ်။ ဒါနဲ့ ၂၀၁၆ မှာ ဖေ့စ်ဘုတ်ကို သုံးဖြစ်တယ်။ ဒါကြောင့် ဒီစာအုပ်မှာ burmeseclassic.com မှာပါတဲ့ မေးခွန်းတွေအပြင် message box က မေးခွန်းတွေလည်း ပါဝင်တယ်။ ဘုန်းကြီး ဖြေတာကို ဖတ်ရှုပြီး like နဲ့ share လုပ်တဲ့ ဓမ္မမိတ်ဆွေအချို့ တွေ့ရလို့ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။
ဝါသနာအရ
ဘုန်းကြီးအနေနဲ့ကတော့ ဝါသနာအရ လုပ်လိုတဲ့ ဆန္ဒစေတနာနဲ့ လုပ်တာဖြစ်လို့ ဘုန်းကြီးရေးတဲ့စာကို လူတွေဖတ်ခြင်း၊ မဖတ်ခြင်း၊ like နဲ့ share လုပ်ခြင်း၊ မလုပ်ခြင်းဟာ အဓိကမကျပါဘူး။ မေးခွန်းတွေ မေးလာလို့ ဖြေနေရတာကိုပဲ ကျေနပ်နေတာပါ။ အဲဒီမေးခွန်းကို ဖြေလိုစိတ်နဲ့ မေးခွန်းနဲ့သက်ဆိုင်တဲ့ အကြောင်းအရာကို ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေမှာ ရှာဖွေနေရတာကို ဘုန်းကြီး နှစ်သက်ပါတယ်။
ဓမ္မပီတိ
ဓမ္မမေးခွန်းတွေကို ဖြေနေရရင် စိတ်တည်ငြိမ်ပြီး အကုသိုလ်ဖြစ်နည်းပါတယ်။ ကြားဖြတ်စဉ်းစားစရာ၊ လုပ်စရာတွေ ဝင်လာလို့ မေးခွန်းတွေ ရှိနေလျက် မဖြေနိုင်တဲ့ ရက်တွေဆို စိတ်ထဲ တစ်ခုခု လိုနေသလိုပဲ။ မနက်အိပ်ယာက နိုးချိန် ဖြေဆဲ သို့မဟုတ် မဖြေရသေးတဲ့ မေးခွန်းအတွက် ယုတ္တိသစ်ကို စဉ်းစားမိရင် ဒါဟာ အပျော်ဆုံးအချိန်ပဲ။ တစ်ခါတစ်ရံ အိပ်မက်ထဲတောင် အဖြေအတွက် အကြံရဖူးတာမျိုး ရှိသဗျို့။ "ဓမ္မပီတိ" တစ်မျိုးလို့ ဆိုရင် ကြွားရာကျလေမလား။
အစဉ်မပြတ်
အခု ဘုန်းကြီးနေတဲ့ ကျောင်းက တောရကျောင်းလို လူသူအရောက်အပေါက်နည်းလို့ တစ်ယောက်တည်း နေရပေမယ့် ပျင်းစရာကောင်းလိုက်တာလို့ ခံစားဖူးတာကို အမှတ်မရဘူး။ တစ်ခါတစ်ရံ တစ်နေ့ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အဲဒီပီတိကြောင့် ဖြစ်တဲ့ ခွန်အားဓာတ်ကြောင့်ပဲ ဓမ္မအမေးအဖြေ ပေါင်းချုပ် (၄) အထိ အစဉ်မပြတ် ဆက်လက်ထွက်ပေါ်လာရတာလို့ ဆိုရင် မမှားတန်ရာပါဘူး။
သိမ်းဆည်းဖို့
၂၀၁၆-ခုနှစ်နဲ့ ၂၀၁၇-နှစ်ဦးပိုင်းအထိ မေးခွန်းပေါင်း ၁၂၆-ခု ဖြေဖြစ်တယ်။ ဖြေပြီး စာမျက်နှာအားလုံးကို စုစည်းလိုက်တဲ့အခါ ၅၂၂-မျက်နှာ ရှိပါတယ်။ ယခင်က ပြောဖူးသလို မိမိကြိုးစားအားထုတ်ထားတဲ့ စာမူလေးတွေကို တစ်စုတစ်စည်းတည်း တွေ့မြင်လို၊ သိမ်းဆည်းထားလိုတဲ့ ရည်ရွယ်ချက်အရင်းခံနဲ့ စာအုပ်ထုတ်ဝေတာ ဖြစ်ပါတယ်။
ဖတ်နည်း
တစ်ချို့ မေးခွန်းတွေက မေးခွန်းဟောင်းတွေနဲ့ အကြောင်းအရာ ဆက်စပ်မှုရှိနေတယ်။ အဲဒီလိုဖြစ်ရင် ဆက်စပ်မေးခွန်းရဲ့ အဖြေကို ပြန်ဖတ်ဖို့ ညွှန်ကြားပါတယ်။ အမေးအဖြေ ပေါင်းချုပ် (၁)၊ (၂) နဲ့ (၃) တို့ရဲ့ စာမျက်နှာ သို့မဟုတ် မေးခွန်းမှတ်စဉ်ကို ရှာဖတ်ဖို့ပါ။ စာဖတ်သူအနေနဲ့ ဆက်စပ်မေးခွန်းတွေကို ဖတ်မိသွားရင် သိလိုတဲ့ အကြောင်းအရာကို အတော်အတန် တီးမိခေါက်မိ ဖြစ်သွားပါလိမ့်မယ်။
ဥပမာ - ကာမေသု မိစ္ဆာစာရအကြောင်း ဆိုပါစို့။ မေးခွန်းအမှတ် ၃၃၊ ၉၆၊ ၁၁၉၊ ၁၇၀၊ ၁၉၅၊ ၂၀၁၊ ၃၅၄၊ ၄၃၄ တွေကို စုပေါင်းပြီး ဖတ်မိရင် ပြည့်စုံသွားပါလိမ့်မယ်။ မိန်းမကို ခွဲခြားဆက်ဆံသလား ဆိုတာနဲ့ ပတ်သက်ပြီး အမှတ် ၁၅၅၊ ၃၈၄၊ ၄၁၈၊ ၄၄၈၊ ၄၉၄၊ ၅၁၆၊ ၅၅၁ မေးခွန်းတွေကို ဖတ်...စသည်။ လိင်တူချင်း၊ ဘိက္ခုနီ၊ မသန်စွမ်း...စတဲ့ အကြောင်းအရာတွေကိုလည်း မာတိကာမှာ ရှာပြီး ပေါင်းဖတ်နိုင်တယ်။
မှတ်တမ်း
ဓမ္မအမေးအဖြေ ပေါင်းချုပ် (၄) ကို ရိုက်နှိပ်ဖို့ အလှူငွေ မတည်တဲ့ Fremont မြို့က ကိုအောင်မင်း မစန္ဒာ၊ ရန်ကုန်ကန်တော်ကြီးမှာ သူ့ဇနီး နိုလင်း ရိုက်ယူလာတဲ့ ဓာတ်ပုံနဲ့ မျက်နှာဖုံးအဖြစ် ဖန်တီးပြီး ဒါနပြုတဲ့ Los Angeles မြို့နေ ကိုဟင်နရီတို့ ဇနီးမောင်နှံ၊ ရည်ညွှန်းကျမ်းစာရင်းနဲ့ အက္ခရာစဉ်အညွှန်း ထည့်ပေးဖို့ အကြံဉာဏ်ပေးတဲ့ ကိုဇော်အုန်း (LA) နဲ့ စာအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ ရန်ကုန်မှ ဒကာ ဦးမိုးကိုကို မိသားစုတို့ကို ကျေးဇူးတင်မှတ်တမ်းပြုပါတယ်။
အရှင်ကေလာသ
မေ ၁၂၊ ၂၀၁၇။
---
မာတိကာ
- ၄၄၇။ ဇယမင်္ဂလာဂါထာတော် (၁၅၃၁-၁၅၃၃)
- ၄၄၈။ အမျိုးသမီးနှင့် ဆယ်ပါးသီလ (၁၅၃၃-၁၅၃၅)
- ၄၄၉။ အရှင်သာရိပုတ္တရာ မြောင်းခုန်ခြင်း (၁၅၃၆-၁၅၃၉)
- ၄၅၀။ ဗုဒ္ဓဝင် ဘုရားဟောလား (၁၅၃၉-၁၅၄၂)
- ၄၅၁။ အမျိုးစောင့် (၁၅၄၂-၁၅၄၄)
- ၄၅၂။ ဘဝနဲ့ လိုချင်မှု (၁၅၄၅-၁၅၅၁)
- ၄၅၃။ ဝသုန္နရီ သက်သေ (၁၅၅၁-၁၅၅၃)
- ၄၅၄။ နိုင်ငံခြားကို သွားလို့ရယ် (၁၅၅၃-၁၅၅၉)
- ၄၅၅။ ဗုဒ္ဓဝါဒနှင့် အစွန်းရောက်ခြင်း (၁၅၅၉-၁၅၆၄)
- ၄၅၆။ စိတ်ဖိစီးမှု လျော့ချင်ရင် (၁၅၆၄-၁၅၆၈)
- ၄၅၇။ ဘုရားဆင်းတု ပြုံးသလား (၁၅၆၉-၁၅၇၂)
- ၄၅၈။ သူယောင်မယ် ရှိသလား (၁၅၇၂-၁၅၇၈)
- ၄၅၉။ ဗြဟ္မစိုရ်တရား ပွားများပုံ (၁၅၇၈-၁၅၈၃)
- ၄၆၀။ နက္ခတ်ပွဲလား သင်္ကြန်လား (၁၅၈၃-၁၅၈၇)
- ၄၆၁။ တိရိစ္ဆာန် မျိုးဖောက်သူ (၁၅၈၈-၁၅၉၂)
- ၄၆၂။ ဘုန်းကြီး ဇာတ်လမ်း (၁၅၉၃-၁၅၉၈)
- ၄၆၃။ ရန်ဖြေဆယ့်တစ်နည်း (၁၅၉၈-၁၆၀၃)
- ၄၆၄။ ဥပေက္ခာဆယ်မျိုး (၁၆၀၄-၁၆၀၉)
- ၄၆၅။ ကမ္မဝါစာနဲ့ တောထုတ်ခြင်း (၁၆၀၉-၁၆၁၅)
- ၄၆၆။ ခန္တီနှင့် ဥပေက္ခာအထူး (၁၆၁၅-၁၆၁၇)
- ၄၆၇။ မုသာနဲ့သုရာ ဘယ်ဟာ အပြစ်ကြီး (၁၆၁၇-၁၆၂၆)
- ၄၆၈။ ဗြဟ္မစိုရ်တရား ဟောသူ (၁၆၂၅-၁၆၂၇)
- ၄၆၉။ စုန္ဒရွှေပန်းထိမ်သည် (၁၆၂၈-၁၆၃၄)
- ၄၇၀။ နွားမနို့ရည် ချိုမှာတည် (၁၆၃၅-၁၆၃၉)
- ၄၇၁။ ခရုသင်းနှင့် ရဟန်း (၁၆၃၉-၁၆၄၂)
- ၄၇၂။ ဗုဒ္ဓဝါဒနဲ့ ဗေဒင် (၁၆၄၃-၁၆၄၆)
- ၄၇၃။ စူဠစုန္ဒနဲ့ မဟာစုန္ဒ (၁၆၄၆-၁၆၅၂)
- ၄၇၄။ မြတ်ဗုဒ္ဓရဲ့ နောက်ပါရဟန်းများ (၁၆၅၂-၁၆၆၂)
- ၄၇၅။ အိမ်နှင့် အရိုးပြာအိုး (၁၆၆၃-၁၆၆၈)
- ၄၇၆။ ဝါဆိုသင်္ကန်းဟူသည် (၁၆၆၈-၁၆၇၂)
- ၄၇၇။ ရဟန်းတွေ သင်္ကန်းမဲ့ ရေချိုးရင် (၁၆၇၂-၁၆၇၄)
- ၄၇၈။ ဝိသကြုံနတ်သား (၁၆၇၄-၁၆၇၈)
- ၄၇၉။ ဘုရားရှိခိုး မြန်မာပြန် (၁၆၇၉-၁၆၈၀)
- ၄၈၀။ ဝတ္ထုငွေ လှူဒါန်းခြင်း (၁၆၈၁-၁၆၈၆)
- ၄၈၁။ အသောကမင်း မြွေဖြစ်သလား (၁၆၈၆-၁၆၉၀)
- ၄၈၂။ မှတ်စုထဲက အသောကမင်း (၁၆၉၁-၁၇၀၇)
- ၄၈၃။ နာမည် ခိုက်တတ်သလား (၁၇၀၈-၁၇၁၃)
- ၄၈၄။ အိမ်သာတော်လှန်ရေး (၁၇၁၃-၁၇၁၈)
- ၄၈၅။ မိစ္ဆာဒိဋ္ဌိတွေ သေရင် (၁၇၁၉-၁၇၂၁)
- ၄၈၆။ နမော တဿနဲ့ ဘုရားရှိခိုးသူများ (၁၇၂၁-၁၇၂၈)
- ၄၈၇။ ဘိက္ခုနီသံဃာ ကွယ်ချိန် (၁၇၂၉-၁၇၃၁)
- ၄၈၈။ မြတ်ဗုဒ္ဓကို စွပ်စွဲသူများ (၁၇၃၂-၁၇၃၈)
- ၄၈၉။ မြတ်ဗုဒ္ဓရဲ့ ကြုံးဝါးသံ (၁၇၃၈-၁၇၄၀)
- ၄၉၀။ ဗုဒ္ဓကို ရဟန်းပြုပေးသူ (၁၇၄၁-၁၇၄၁)
- ၄၉၁။ ယောက်ျား ဖြစ်ချင်ရင် (၁၇၄၂-၁၇၄၅)
- ၄၉၂။ သင်္ကန်းဟူသည် (၁၇၄၅-၁၇၅၂)
- ၄၉၃။ ကံဆိုတာ အဲဒါပါပဲ (၁၇၅၃-၁၇၅၇)
- ၄၉၄။ မိန်းမ ဖြစ်ချင်ရင် (၁၇၅၈-၁၈၆၁)
- ၄၉၅။ သစ္စာစဉ်သစ် မမှန်လစ် (၁၈၆၁-၁၇၆၅)
- ၄၉၆။ မဂ်ဖိုလ်ကို မရနိုင်သူ (၁၇၆၅-၁၇၆၈)
- ၄၉၇။ မြေမျိုခံရသူများ (၁၇၆၉-၁၇၇၂)
- ၄၉၈။ တန်ခိုးရအောင် လုပ်နည်း (၁၇၇၃-၁၇၈၅)
- ၄၉၉။ ဒက္ခိဏသာခါ (၁၇၇၅-၁၇၈၀)
- ၅၀၀။ အာနာပါနနဲ့ မဟာပုရိသ (၁၇၈၀-၁၇၈၃)
- ၅၀၁။ ဝိပါက်တော် ၁၂-ပါး (၁၇၈၃-၁၇၈၈)
- ၅၀၂။ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် (၁၇၈၉-၁၇၉၄)
- ၅၀၃။ နောင်တဆယ်ပါး (၁၇၉၅-၁၇၉၉)
- ၅၀၄။ ဗြဟ္မာမနိုင် (၁၈၀၀-၁၈၀၄)
- ၅၀၅။ ငါးပုပ်ထုပ် သမန်းမြက် (၁၈၀၄-၁၈၀၇)
- ၅၀၆။ မုသာဝါဒနဲ့ ဘုရားလောင်း (၁၈၀၇-၁၈၀၉)
- ၅၀၇။ ငရဲခရီးသွား မှတ်တမ်း (၁၈၀၉-၁၈၁၂)
- ၅၀၈။ မေတ္တသုတ်ခက်ဆစ် (၁၈၁၂-၁၈၂၁)
- ၅၀၉။ မြတ်ဗုဒ္ဓ ခေါင်းရမ်း၊ ဧည့်ခံ (၁၈၂၂-၁၈၂၅)
- ၅၁၀။ ဓမ္မရှင်းတမ်း (၁၈၂၅-၁၈၄၉)
- ၅၁၁။ ပိညက်သံ ကျယ်လာရင် (၁၈၅၀-၁၈၅၃)
- ၅၁၂။ သံသရာ ဆွေမျိုးများ (၁၈၅၄-၁၈၅၅)
- ၅၁၃။ ပြတ်ပြီး ထန်းပင် ပြန်မရှင် (၁၈၅၅-၁၈၅၇)
- ၅၁၄။ လူထောင်နှုံး (၁၈၅၈-၁၈၆၂)
- ၅၁၅။ သုဒ္ဓေါဒနမင်း ရဟန္တာဖြစ်ပုံ (၁၈၆၂-၁၈၆၆)
- ၅၁၆။ အမျိုးသမီး ရဟန္တာဖြစ်လျှင် (၁၈၆၆-၁၈၇၁)
- ၅၁၇။ မဟာပလ္လင် တရားထိုင် (၁၈၇၁-၁၈၈၆)
- ၅၁၈။ စူဠာမဏိစေတီ (၁၈၇၇-၁၈၇၈)
- ၅၁၉။ စူဠသောတာပန် (၁၈၈၁-၁၈၈၃)
- ၅၂၀။ ကိုယ့်ကိုယ်ကို ဆုံးမခြင်း (၁၈၈၂-၁၈၈၇)
- ၅၂၁။ ဘယ်လိုလဲ (၁၈၈၇-၁၈၈၉)
- ၅၂၂။ အလှူတု (၁၈၈၉-၁၉၈၀)
- ၅၂၃။ သာသနာနဲ့ ပြည့်တန်ဆာ (၁၈၉၁-၁၉၈၃)
- ၅၂၄။ သူတော့်နှလုံး (၁၈၉၃-၁၈၉၇)
- ၅၂၅။ ကွယ်လွန်သူကို တောင်းပန်ခြင်း (၁၈၉၈-၁၈၉၉)
- ၅၂၆။ သန္ဓေတားလျှင် (၁၈၉၉-၁၉၀၁)
- ၅၂၇။ ချစ်ကုသိုလ် (၁၉၀၁-၁၉၀၃)
- ၅၂၈။ နဂါးရုံဘုရား (၁၉၀၄-၁၉၀၅)
- ၅၂၉။ ဗုဒ္ဓဆင်းတုနဲ့ မကိုဋ်စလွယ် (၁၉၀၅-၁၉၀၉)
- ၅၃၀။ ဝါတွင်း ရဟန်းခံခြင်း (၁၉၀၉-၁၉၁၂)
- ၅၃၁။ မဟာမုနိ သွန်းလုပ်ချိန် (၁၉၁၂-၁၉၁၇)
- ၅၃၂။ ဘုန်းတော် ၆ပါး (၁၉၁၇-၁၉၂၀)
- ၅၃၃။ မသိုးသင်္ကန်း (၁၉၂၀-၁၉၂၄)
- ၅၃၄။ ခုတင်တစ်လုံး ဘုန်းကြီးနှစ်ပါး (၁၉၂၄-၁၉၂၇)
- ၅၃၅။ ငါးပါးသီလ ဘယ်တုန်းကစ (၁၉၂၈-၁၉၂၉)
- ၅၃၆။ အစောင့်လေးပါး (၁၉၂၉-၁၉၃၆)
- ၅၃၇။ ပိဋကတ်သုံးပုံ ဖွဲ့စည်းပုံ (၁၉၃၇-၁၉၄၂)
- ၅၃၈။ နုမှာတစ်ကျိပ် ရင့်ငါးရာ (၁၉၄၃-၁၉၄၄)
- ၅၃၉။ ပါရမီရှင် ဒေဝဒတ် (၁၉၄၅-၁၉၄၈)
- ၅၄၀။ အပြခံသို့ တိုက်ရိုက် (၁၉၄၈-၁၉၅၂)
- ၅၄၁။ မိဘမှန်း မသိဘဲ သတ်မိရင် (၁၉၅၂-၁၉၅၅)
- ၅၄၂။ ဘိက္ခုနဲ့ ဘိက္ခုနီ (၁၉၅၆-၁၉၆၀)
- ၅၄၃။ ပါရာဇိကကျသူ (၁၉၆၁-၁၉၆၃)
- ၅၄၄။ ရိပ်သာထွက် (၁၉၆၃-၁၉၆၆)
- ၅၄၅။ ဇနီးသားသမီးကို လှူခြင်း (၁၉၆၇-၁၉၇၀)
- ၅၄၆။ ယသောဓရာရဲ့ ပါရမီဖြည့်ကာလ (၁၉၇၀-၁၉၇၄)
- ၅၄၇။ ၇-နှစ်အောက် ရဟန္တာ ရှိမရှိ (၁၉၇၅-၁၉၇၈)
- ၅၄၈။ အိမ်မက်အယူအဆ (၁၉၇၈-၁၉၈၂)
- ၅၄၉။ ပစ္စေကဗုဒ္ဓ (၁၉၈၂-၁၉၈၄)
- ၅၅၀။ အမျက်ဖြေကဗျာ (၁၉၈၆-၁၉၈၉)
- ၅၅၁။ မိန်းမဘုရား မရှိငြား (၁၉၈၉-၁၉၉၁)
- ၅၅၂။ ဝိညာဉ်၊ လိပ်ပြာ (၁၉၉၂-၁၉၉၄)
- ၅၅၃။ သဝေမပါ ကိုးဂါထာ (၁၉၉၄-၁၉၉၆)
- ၅၅၄။ ဝိညာဉ်ခွဲခြင်း (၁၉၉၇-၁၉၉၉)
- ၅၅၅။ သံဃာဖက် အခက်ဝေ (၁၉၉၉-၂၀၀၂)
- ၅၅၆။ မောနေယျအကျင့် (၂၀၀၂-၂၀၀၅)
- ၅၅၇။ တန်ခိုးနဲ့ ကံစွမ်းအား (၂၀၀၅-၂၀၀၇)
- ၅၅၈။ သီလကို ပညာနဲ့ဆေး (၂၀၀၇-၂၀၀၉)
- ၅၅၉။ စိတ်ကူးအလှမယ် (၂၀၁၀-၂၀၁၂)
- ၅၆၀။ ပုထုဇဉ်ရဟန်းနဲ့ အနာဂါမ်လူ (၂၀၁၃-၂၀၁၅)
- ၅၆၁။ လူပျိုဘုရား မရှိ (၂၀၁၆-၂၀၁၇)
- ၅၆၂။ ရာဟုလာ ဖွားမြင်ချိန် (၂၀၁၈-၂၀၁၉)
- ၅၆၃။ ဘုန်းကြီးကို မကြည်ညိုရင် (၂၀၁၉-၂၀၂၁)
- ၅၆၄။ သံဃာ့ဂိုဏ်းကွဲ (၂၀၂၂-၂၀၂၅)
- ၅၆၅။ အကျင့်ကို မကြွားရ (၂၀၂၆-၂၀၂၈)
- ၅၆၆။ ရှိခိုးပုံနဲ့ ရှိခိုးခြင်း (၂၀၂၉-၂၀၃၃)
- ၅၆၇။ မွေးမြူရေးနဲ့ သူဌေးဖြစ်သူ (၂၀၃၃-၂၀၃၄)
- ၅၆၈။ စိတ်ဘုရင် (၂၀၃၅-၂၀၃၇)
- ၅၆၉။ အကြောင်းကံ ကမ္မသကာ (၂၀၃၇-၂၀၃၉)
- ၅၇၀။ ဗုဒ္ဓဝါဒနဲ့ လိင်တူ (၂၀၄၀-၂၀၄၂)
- ၅၇၁။ အကယ်ဒမီ စာသဝဏ် (၂၀၄၂-၂၀၄၄)
- ၅၇၂။ သာသနာကို ညှိုးနွမ်းစေသူ (၂၀၄၅-၂၀၄၈)
- ၅၇၃။ လှူစဉ် ဘယ်လို အာရုံပြု (၂၀၄၉-၂၀၅၁)
- အက္ခရာစဉ်မှတ်ဖွယ်
- ကျမ်းကိုးများ
---
ကျမ်းကိုးများ
ဓမ္မအမေးအဖြေတွေမှာ ကိုးကားတဲ့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအားလုံးမှာ ကမ္ဘာအေး သာသနာရေးဦးစီးဌာနက ရိုက်တဲ့ ဆဋ္ဌသံဂါယနာ မူတွေချည်းပါပဲ။ ဆဋ္ဌမူ၊ ပါ၊ ဋ္ဌ၊ ဋီ ကျမ်းညွှန်းအတိုမှတ် ရှင်းလင်းချက်ကို ပေါင်းချုပ် (၁) အစမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာ အထူးမဖော်ပြတော့ဘူး။ ထူးခြားတဲ့ ပြင်ပကျမ်းစာတွေကိုပဲ ဖော်ပြပါတယ်။
ပါဠိ
- ဒီပဝံသပါဌ် - ရှေးဆရာများ (P.T.S. မူ)
- မဟာဝံသပါဌ် - အရှင်မဟာနာမ (P.T.S.မူ)
- မဟာဝံသဋီကာ - အရှင်မဟာနာမ (P.T.S.မူ)
- လောကပညတ္တိပါဌ် - ရေးသူမသိ (ပေမူ)
- ဇိနာလင်္ကာရဋီကာ - အရှင်ဗုဒ္ဓရက္ခိတ (သုဓမ္မဝတီမူ)
- မဟာဗောဓိဝံသ - အရှင်ဥပတိဿ (P.T.S. မူ)
- အဘိဓာန်ဋီကာ - စတုရင်္ဂဗလအမတ် (ဆဋ္ဌမူ)
- ဇိနကာလမာလီ - အရှင်ရတနပည (P.T.S. မူ)
မြန်မာ
- ဗုဒ္ဓုပ္ပတ္တိပျို့ - အရှင်မဟာသီလဝံသ
- ကဝေသာရကျမ်း - ခင်ကြီးဖျော်
- အမေးတော်ဖြေ - သာသနာပိုင် အရှင်ဉာဏာဘိဝံသ
- သမန္တစက္ခုဒီပနီ - မုံရွေးဇေတဝန် ဆရာတော်
- ရခိုင်ရာဇဝင်သစ်ကျမ်း (တွဲ ၁) - အရှင်စန္ဒမာလာလင်္ကာရ
- ပကိဏ္ဏကဝိသဇ္ဇနာကျမ်း (တွဲ ၁) - လုံးတော် ဆရာတော်
- ရောဂန္တဒီပနီကျမ်း - လယ်တီဆရာတော်
- ရာဇဓမ္မသင်္ဂဟကျမ်း - ယောမင်းကြီး ဦးဘိုးလှိုင်
- မဟာဒွါရနိကာယသာသနဝံသဒီပနီ - အရှင်သိရီသောဘန
- မဃဒေဝလင်္ကာသစ် - မန်လည်ဆရာတော်
- ဗုဒ္ဓသာသနိကပထဝီဝင်ကျမ်း - တောင်ပေါက်ဆရာတော်
- သမ္မာမဂ္ဂင်္ဂပဉှာကျမ်း - အရှင်သြဘာသာဘိဝံသ
- လလိတဝိတ္ထာရ (မြန်မာပြန်) - အရှင်သုန္ဒရာဘိဝံသ
- လောကသမ္မုတိကျမ်း - မဟာသံဃနာထ (ပေမူ)
- လောကဗျူဟာ အင်ရုံစာတမ်း - သီရိဥဇနာ
- မှန်နန်းမဟာရာဇဝင် - မုံရွေးဆရာတော်နှင့်အဖွဲ့
English
- Translation of Sulavamsa II - Wilhelm Geiger
- Epic Mythology - E. W. Hopkins
- History of Buddhism in India - Taranatha (575-1634 A.D.)
- Asoka - R. Mookherji
- Buddhism in Keshmir & Ladakh - J. N. Ganhar
- Early History of India - Vincent A. Smith
- Glimpses of World History - J. Nehru
- Records of Western Countries II - S. Beal
- Pushing to the Front - O. S. Marden
- History of Buddhism in Ceylon - Dr. W. Rahula
- The End of Faith - Dr. Sam Harris
- Buddhism in a Nutshell - Nārada Mahathera
- Menual of Indian Buddhism - Hendrik Kern
- Buddhist Records of the Western World - Kegan Palul, p. xliv
- The Light of Asia - Sir Edwin Arnold
- The Life of the Buddha and the Early History of His Order - Drived from Tibetan Works - W. Rockhill
- Sangha and State in Burma - E. Michael Mendelson
- Pāli Proper Names - Mālālāsekera
- The Threefold Lotus Sutra - Translation
---
လမ်းဖြောင့်သို့
ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။ ကုမ္ပဉ္စ၊ လမ်းဆိုး လမ်းယုတ်ကို လည်းကောင်း။ ဝင်္ကဉ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ရှောင်ကွင်း ဖဲကြဉ်၍။ သုမဂ္ဂီ၊ ကောင်းသော လမ်းခရီးသို့။ ဥဇုံ၊ ဖြောင့်ဖြောင့်မတ်မတ်။ ယန္တု၊ လိုက်သွားနိုင်ကြပါစေကုန်သတည်း။
အဟဉ္စ၊ ငါသည်တမူလည်း။ ကုမ္ပဉ္စ၊ လမ်းဆိုး လမ်းယုတ်ကို လည်းကောင်း။ ဝင်္ကဉ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ဖဲကြဉ် ရှောင်ကွင်း၍။ ဥဇုံ၊ ဖြောင့်ဖြောင့်။ သုမဂ္ဂဂေါ၊ လမ်းမှန် လမ်းကောင်းသို့ လိုက်သွားနိုင်သည်။ ဘဝေ၊ ဖြစ်ရပါလို၏။
(ပရမတ္ထစက္ခုကျမ်းနိဂုံး)
၄၄၇။ ဇယမင်္ဂလာဂါထာတော်
ဆရာတော်ဘုရား...မကြာမီကမှ သူငယ်ချင်း တစ်ယောက် ပေးပို့လိုက်သော ဣစ္ဆန္ဒော သာသပဂဗ္ဘ ဂါထာမှာ အလွန်အစွမ်းထက်ကြောင်း သိရပါသည်။ ဂါထာတော်၏ အဓိပ္ပာယ်ကို မသိရပါသဖြင့် ဖြစ်နိုင်လျှင် ဆရာတော်မှ ကူညီပေးစေလိုပါသည်။ ထိုဂါထာကို ဘုရားရှင် ဟောကြားခဲ့သလားဆိုသည်ကိုလည်း သိလိုပါသည်။
မေဝတ်ရည်
ဒီဂါထာလား?
"ဣစ္ဆန္တော သာသပဂဗ္ဘေ၊ စင်္ကမန္တော ဣတော'စိတော။ ဣစ္ဆန္တော စက္ကဝါဠိမှိ၊ အတ္တဘာဝေန ဆာဒယိ"
ဂါထာရဲ့ အဓိပ္ပာယ်ကို မေးတယ်လို့ ယူဆလိုက်မယ်။ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖွဲ့ဆိုတဲ့ မည်သည့်ဂါထာမဆို ဂုဏ်တော်ကို အာရုံပြုနိုင်စွမ်း အားကောင်းရင် ကောင်းသလောက် အကျိုးပေးထက်တယ်လို့ နားလည်ထားရင် ပိုပြီးအဓိပ္ပာယ်ပြည့်စုံပါတယ်။ ပီပီသသ...မကြာမကြာ...ထပ်ခါထပ်ခါ...အဓိဋ္ဌာန်နဲ့ ရွတ်ဖို့လည်း အကြံပြုပါတယ်။
အသံထွက်
အသံထွက်နဲ့ အဖြတ်အတောက်မှန်ဖို့၊ ပီသဖို့ အရေးကြီးတယ်။ ဣစ္ဆန္တော = ဣစ်ဆန်တော = အိတ်ဆန်တော (ကုတ်ဆံတောလို့ မဖတ်မိစေနဲ့)။ ဂဗ္ဘေ = ဂဗ္ဘေ (ဂဗ်ဘေ၊ ဂဘေလို့ မဖတ်မိစေနဲ့)။ စင်္ကမန္တော = စင်ကမန်တော (စင်က-မန်တောလို့ မဖတ်နဲ့)။ စက္ကဝါဠမှိ = စက်က-ဝါလမ်မှိ (စက်က.....လို့ မဖတ်ရ)။ ဆာဒယိကို ဆာဒရိလို့ လျှာလိပ်သံနဲ့ မဖတ်မိစေနဲ့။
အဓိပ္ပာယ်
ဘဂဝါ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣစ္ဆန္တော၊ သေးငယ်လေဟန် ပုံသဏ္ဌာန်သွင်း ဖန်ဆင်းတော်မူလိုသည်ရှိသော်။ သာသပဂဗ္ဘေ၊ သေးငယ်သိမ်မွေ့ မုန်ညင်းစေ့အတွင်း၌။ ဣတောစိတော၊ တုံ့ပြန်ထိုက် လှည့်လည်တော်မူလျက်လည်း၊ စင်္ကမတိ၊ ပရိက္ခရာရှစ်တန် ကိုယ်လုံးရံ၍ စင်္ကြန်တွားတွား ကြွသွားတော်မူနိုင်၏။
ဣစ္ဆန္တော၊ ကြီးမားလေဟန် ပုံသဏ္ဌာန်သွင်း ဖန်ဆင်းတော်မူလိုသည်ရှိသော်။ စက္ကဝါဠိမှိ၊ စကြဝဠာကမ္ဘာဆုံးတစ်ခုလုံး၌။ အတ္တဘာဝေန၊ ကြီးမားမြင့်မော် ရွှေကိုယ်တော်ဖြင့်။ ဆာဒယိ၊ အကုန်သိမ်းကျုံး လွှမ်းဖုံးတော်မူနိုင်၏။ (တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်၏ အနက်။)
မူရင်းဘယ်က
ဦးဝိစိတ္တအမည်ရှိ ရဟန်းတော်က မေးလျှောက်လို့ လုံးတော်ဆရာတော်က နိဿယအနက် ပြန်ပေးခဲ့ဖူးပါတယ်။ အားလုံး ၁၂-ဂါထာရှိရာမှာ ယခုဖော်ပြပါ ဂါထာက အမှတ် (၁) ဂါထာပါ။ (ပကိဏ္ဏကဝိသဇ္ဇနာကျမ်း ၁၊ စာ-၅၉၂)။ မန်လည်ဆရာတော်ကလည်း "သမ္ဗောဓိထွတ်၊ တုလွတ်ဂုဏ်တော်၊ နှိုင်းမမြော်နှင့်၊ နုဘော်ဖြိုးငွေ့၊ မုန်ညင်းစေ့တွင်၊ ဝင်၍စင်္ကြန်၊ သွားစံပပ၊ ရာမထဘဲ၊ နေလကိုင်မီ (မဃဒေဝ၊ ပိုဒ်-၁၅)"လို့ ဖွဲ့ဆိုပါတယ်။ ပညာရှိဆရာတော်တွေ ရည်ညွှန်းဖော်ပြတာကို ထောက်ရင် အရှိန်အဝါရှိတဲ့ ဂါထာတော်တွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဆရာတော်တွေက မူရင်းကျမ်းကို မဖော်ပြကြဘူး။ အောင်ခြင်းရှစ်ပါးဂါထာ၊ ရတနာရွှေချိုင့်ဂါထာ၊ ရှင်သီဝလိဂါထာတွေလို ရေးသူအမည်မသိများ ဖြစ်နေမလား။
ဆုတောင်းကို ဖော်ပြတဲ့ ၁၂-ခုမြောက်ဂါထာရဲ့ နောက်ဆုံးပိုဒ်ကိုပါ ကျက်မှတ်ထားရင် ပိုပြည့်စုံပါလိမ့်မယ်...
ဧတေ မေ ဇယမင်္ဂလံ။
ဧတေ၊ ထိုစကြဝဠာကမ္ဘာစဆုံး ကိုယ်တော်ဖြင့် လွှမ်းဖုံးတော်မူခြင်းအစရှိကုန်သော ဘုရားကျေးဇူးတော်တို့သည်။ ငါ့အား။ ဇယမင်္ဂလံ၊ အောင်ကြောင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်ပါစေသတည်း။ (ဧတေကို အတေလို့ပဲ အသံထွက်ပါ။ အေ့တေလို့ အသံမထွက်ပါနဲ့)။
ဇန်နဝါရီ ၂၀၊ ၂၀၁၆။
---
၄၄၈။ အမျိုးသမီးနှင့် ဆယ်ပါးသီလ
ဆရာတော်ဘုရား၊ ဓမ္မအမေးအဖြေများကို ဖတ်ရသည်မှာ လွန်စွာ ဗဟုသုတတိုးပွားပါသည်။ ဆရာတော်အား များစွာ ကျေးဇူးတင်ပါသည်။ မေးလျှောက်လိုသည်မှာ တပည့်တော်သည် မိဘများ ကိုးကွယ်သည့် ဆရာတော်က ညွှန်ကြားသဖြင့် ဆယ်ပါးသီလကို လေးနှစ်ကျော် ဆောက်တည်ခဲ့ပြီးဖြစ်ပါသည်။ ယခုမိသားစု နာရေးအလှူကြောင့် ဘုန်းကြီးကျောင်းသို့ သွားစဉ် ကျောင်းထိုင်ဆရာတော်က ဆယ်ပါးသီလကို "သာမဏေတွေပဲ စောင့်ကောင်းသည်။ အမျိုးသားတွေတောင် မစောင့်ကောင်း"ဟု မိန့်ကြားသဖြင့် တပည့်တော် ဝေခွဲမရဖြစ်နေ၍ မည်သည့်စကားကို နားထောင်ရမည်ကို ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။
ယဉ်မေအေး (ဆန်ဖရန်စစ္စကို)
---
အားငါးပါး
"အမျိုးသမီးတွေမှာ အဆင်း၊ စည်းစိမ်၊ ဆွေမျိုး၊ သားသမီး၊ သီလလို့ အားငါးမျိုးရှိကြောင်း သံယုတ်ပါဠိတော် (သံ၊၂၊၄၄၁) မှာ မြတ်ဗုဒ္ဓဟောကြားပါတယ်။ အဲဒီအထဲက ကိုယ်ကျင့်သီလဆိုတာကို အဋ္ဌကထာမှာ "သီလနှင့်ပြည့်စုံခြင်းသည် သီလအားတည်း။ ငါးပါးသီလ ဆယ်ပါးသီလတို့ကို မကျိုးပေါက်အောင် ထိန်းစောင့်သူ အမျိုးသမီး၏ သီလနှင့် ပြည့်စုံမှုသည်သာ သီလမည်၏"လို့ ဖွင့်ပါတယ်။
"လူ (ယောက်ျား မိန်းမ)တို့၏ သီလ (ဂဟဋ္ဌသီလ) ဟူသည် အမြဲစောင့်ရမည့် ငါးပါးသီလ၊ စွမ်းနိုင်လျှင် ဆယ်ပါးသီလ၊ ပုသ်သီလဖြစ်မူ ရှစ်ပါးသီလတို့ဖြစ်၏ (ဝိသုဒ္ဓိ၊၁၊၁၅)။" ဖော်ပြပါ ကျမ်းဂန်တွေမှာ အမျိုးသမီးများ ဆယ်ပါးသီလကို ဆောက်တည်ခွင့်ရှိတာကို ရှင်းလင်းစွာ တွေ့နိုင်တယ်။
မင်းကျင့်တရား
မဟာဟံသ ဇာတ်အရ "ဒါန (ပေးကမ်း)၊ သီလ (ကိုယ်ကျင့်)၊ ပရိစ္စာဂ (စွန့်ကြဲ)၊ အဇ္ဇဝ (ဖြောင့်မတ်)၊ မဒ္ဒပ (သိမ်မွေ့)၊ တပ (ဥပုသ်စောင့်)၊ အက္ကောဓ (စိတ်မဆိုး)၊ အဝိဟိံသာ (မနှိပ်စက်)၊ ခန္တီ (သည်းခံ) အဝိရောဓန (ပြည်သူကို မဆန့်ကျင်)"လို့ မင်းကျင့်တရား ဆယ်ပါးရှိရာမှာ "ပဉ္စဒသသီလာနိ သီလံ = သီလဟူသည် ငါးပါး ဆယ်ပါး သီလတည်း"လို့ ဆိုပါတယ် (ဇာ၊ဋ္ဌ၊၅၊၄၀၃)။ မဟာတုဏ္ဍိလဇာတ် (ဇာ၊ဋ္ဌ၊၃၊၂၇၂) မှာ အစ်ကိုဝက်မင်းက ညီတော်ကို "ငါးပါးရှစ်ပါး ဆယ်ပါးသီလ ဆောက်တည်ဖို့" ဟောကြားထားတာလည်း ရှိတယ်။
တိရစ္ဆာန်တောင် ဆယ်ပါးသီလကို ဆောက်တည်ဖို့ အခွင့်အလမ်းရှိလျက်နဲ့ "အမျိုးသမီး ဆယ်ပါးသီလ မဆောက်တည်ကောင်းဘူး"လို့ ဆိုရင် လုံးဝမှားတာပေါ့။
အနုဠာဒေဝီ
အရှင်မဟိန္ဒ သီရိလင်္ကာကို ရောက်တော့ သီဟိုဠ်ဘုရင်ရော တိုင်းသူပြည်သားတွေပါ အတော်လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ ဒီအထဲမှာ ဒေဝါနံပိယတိဿမင်းကြီးရဲ့ ညီတော်မိဖုရား အနုဠာဒေဝီလည်း ပါတာပေါ့။ အနုဠာဒေဝီနဲ့ နန်းတွင်းသူငါးရာတို့ အရှင်မဟိန္ဒရဲ့ တရားကိုလည်းနာပြီးရော ယောဂီအဝတ်ကိုဝတ်၊ ဆယ်ပါးသီလ ဆောက်တည်ပြီး မြို့တွင်းတစ်နေရာမှာ ယာယီစံအိမ်နဲ့ နေကြသတဲ့ (ဝိ၊ဋ္ဌ၊၁၊၆၇)။ သီဟိုဠ်မိဖုရား အနုဠာဒေဝီလည်း ဆယ်ပါးသီလစောင့်တာပဲ။
ကြုံနိုင်ဖွယ်
သီလဆိုတာ ကိုယ်နှုတ်စိတ်ကို စည်းကမ်းသတ်မှတ်ပြီး စည်းကမ်းကို ထိန်းစောင့်ခြင်းဖြင့် စိတ်ဆိုးစိတ်ယုတ်တွေ ဝင်နိုင်အောင် ကျင့်ကြံတာပဲဖြစ်လို့ ကျဉ်းမြောင်းတဲ့ဘောင်နဲ့ ကန့်သတ်မထားဘူးလို့ နားလည်ထားမိရင် အဖြေက နီးစပ်ပြီးသားပါ။ တစ်ခါတစ်ရံ စာမကြည့်ဘဲ နှုတ်ကလွှတ်ခနဲ ပြောလိုက်မိလို့ ကျမ်းဂန်နဲ့မညီတာမျိုးတွေ ကြုံရတတ်ပါတယ်။
ဇန်နဝါရီ ၂၂၊ ၂၀၁၆။
---
၄၄၉။ အရှင်သာရိပုတ္တရာ မြောင်းခုန်ခြင်း
ဘုန်းဘုန်း၊ နေကောင်းရဲ့လား...
တပည့်တော် လျှောက်ချင်တာက...အရှင်သာရိပုတ္တရာမထေရ်ဟာ မျောက်ဖြစ်ဖူးလို့ မြောင်းငယ်ချောင်းငယ်တွေကို တွေ့ရင် တစ်ခါတစ်ရံမှာ ခုန်ခုန်ပြီး ကြွတော်မူတယ်ဆိုတာကို ဘုရားဟောကျမ်းဂန်မှာ တွေ့ဖူးပါသလားဘုရား။ အဲဒါဟာ မဟာယာနတွေက အရှင်သာရိပုတ္တရာကို သိက္ခာချတာလို့ ကြားဖူးပါတယ်။ ဝါသနာကို မပယ်တဲ့အတွက် ထိုကဲ့သို့ ပြုတော်မူကြောင်းလည်း သိရပါတယ်။ ဝါသနာအကြောင်းကိုပါ ရှင်းပြပေးစေလိုပါသည်ဘုရား။
ဦးအောင်ခင် ဒေါ်သဲသဲ (Anaheim, CA)
---
မတွေ့ဖူးပါ
အရှင်သာရိပုတ္တရာဟာ မျောက်ဖြစ်ဖူးလို့ မြောင်းငယ်ကျင်းငယ်တွေ့ရင် ခုန်ခုန်ပြီး ကြွတယ်ဆိုတာကို ဘုန်းကြီးငယ်စဉ်က တောရွာသင်္ကြန်ရက်အတွင်း ကျောင်းမှာ ဥပုသ်လာစောင့်တဲ့ အဘိုးအဖွားတွေ ပြောတာကို ကြားဖူးခဲ့တယ်။ ဒီအဆိုကို ဘုန်းကြီး ဉာဏ်မီသမျှ လေ့လာမိတဲ့ ထေရဝါဒပါဠိတော်၊ အဋ္ဌကထာတွေမှာ ယခုတိုင်မတွေ့ဖူးပါ။ အဲဒီအချိန်က ရွာမှာ ဇိနတ္ထပကာသနီ၊ စွယ်စုံကျော်ထင်၊ သမန္တစက္ခုဒီပနီကျမ်းတွေကို ဖတ်တဲ့ သက်ကြီးတစ်ယောက်ရှိလို့ အဲဒီကျမ်းတွေမှာ ပါမလားဆိုပြီး ကြိုးစားရှာဖွေကြည့်ပေမယ့် မတွေ့သေးဘူး။ အဲဒီကျမ်းတွေမှာ ကိုးကားဖော်ပြတဲ့ ဇာတတ္ထကီ၊ သောတတ္ထကီ၊ ဇင်းမယ်ပဏ္ဏာသ စတဲ့ ကျမ်းတွေမှာလည်း မတွေ့မိပါ။
ဝါသနာ
"ဝါသနာ"ဆိုတဲ့ ပါဠိဝေါဟာရကို "အထုံ"လို့ မြန်မာမှုပြုပါတယ်။ "ပမာခင်းမူ၊ ပုလင်းအိုးဝယ်၊ သေရက်လှယ်သော်၊ မပယ်နံ့ဟောင်း၊ အငွေ့လှောင်းသို့၊ လှည့်ပြောင်းခန္ဓာ၊ အဖြစ်မှာလျှင်၊ ကွာစဉ်ဆိုက်၊ အမြဲလိုက်၍၊ ရှေး၌လေ့လာ၊ ဝါသနာဖြင့်"ဆိုတဲ့ ဘူရိဒတ်ဇာတ်ပေါင်းပျို့ (ပိုဒ် ၅၃)စာအရ အရက်အိုး၊ ငံပြာရည်အိုးအဟောင်းတွေမှာ အရက်၊ ငံပြာရည်မရှိတော့ပေမယ့် မူလအနံ့မပျောက်သလို ဒီဘဝမှာ တွေ့ရတဲ့ ယခင်ဘဝအလေ့အကျက်ဟောင်းအချို့ကို "ဝါသနာ"လို့ ခေါ်ပါတယ်။ ကံ၊ ကံလေသာတို့ရဲ့ သတ္တိအထူးပါပဲ။
နှစ်မျိုး
ကုသိုလ်အထုံနဲ့ အကုသိုလ်အထုံလို့ (ဒီနေရာမှာ) နှစ်မျိုးမှတ်နိုင်တယ်။ ကုသိုလ်အထုံကို အရိယမဂ်နဲ့ ပယ်စရာမလိုဘူး။ ကုသိုလ်အထုံပါလို့ အရိယမဂ်ကို ရတာ။ အကုသိုလ်အထုံက ၁) အပါယ်ကို ရောက်စေတဲ့ အထုံနဲ့ ၂) ကိုယ်အမူ၊ နှုတ်အမူကို ဖြစ်စေတဲ့ အထုံလို့ နှစ်မျိုးရှိတယ်။ အမှတ် ၁) အကုသိုလ်အထုံကို အရိယမဂ်ကို ရပြီးသူအားလုံး ပယ်နိုင်တယ်။ အမှတ် ၂) အကုသိုလ်အထုံကျတော့ မြတ်စွာဘုရားရဲ့ အရိယမဂ်နဲ့သာ ပယ်နိုင်တယ်။ ဘုရားမှတစ်ပါးသော အရိယာတို့ရဲ့ မဂ်နဲ့ မပယ်နိုင်ဘူး။ ဒါက ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးတဲ့ အဘိဓာန်ဋီကာကျမ်း (စာ-၄၉၈)ရဲ့ ဖွင့်ဆိုချက်ပါ။
ပိလိန္ဒဝစ္ဆ ရဟန္တာကြီးဟာ နတ်တွေချစ်မြတ်နိုးခံရရာမှာ ဘုရားပြီးရင် ခေါင်းစဉ်ပါဘွဲ့အမည်ရှိတဲ့ ရဟန္တာကြီးဟာ အသာဆုံး ဧတဒဂ်ဘွဲ့ရတယ်။ ဒီကိစ္စမှာ ဒီရဟန္တာကြီးက အရှင်သာရိပုတ္တရာစသည်တို့ထက် သာတယ်လို့ နားလည်ရတာပေါ့။ ဒါပေမယ့် လူတွေကိုရော ရဟန်းတွေကိုပါ "လူယုတ်"လို့ ခေါ်ဝေါ်လေ့ရှိတယ်။ ရဟန္တာဖြစ်ရက်နဲ့ ဘာလို့ အဲဒီလို နှုတ်ထွက်ကြမ်းရသလဲလို့ ရဟန်းတွေကမေးတဲ့အခါ မြတ်ဗုဒ္ဓက "ဘဝအဆက်ဆက် လေ့ကျက်ပွားထုံခဲ့တဲ့ ကိလေသာရဲ့အငွေ့သတ္တိဆိုတဲ့ ဝါသနာကြောင့် အဲဒီလို နှုတ်ထွက်ကြမ်းတာ၊ ဒါပေမယ့် ဒေါသစေတနာမပြဋ္ဌာန်းပါဘူး"တဲ့။ အရှင်မြတ်ဟာ ဘဝငါးရာဆက်တိုက် သူတစ်ပါးကို လူယုတ်လို့ ခေါ်တတ်တဲ့ ပုဏ္ဏားမျိုးမှာ ဖြစ်ဖူးတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၁၉)။ ဒါက အမှတ် ၂ အကုသိုလ်အထုံမျိုးပေါ့။
ကောက်ချက်
နတ်ချစ်ဧတဒဂ်ဘွဲ့ရ အရှင်ပိလိန္ဒဝစ္ဆရဟန္တာကြီးရဲ့ ကိုယ်နှုတ်နှလုံးကို စောင့်စည်းမှုနဲ့ သွင်ပြင်တည်ငြိမ်မှုဟာ အရှင်သာရိပုတ္တရာစတဲ့ ခေတ်ပြိုင်ဗုဒ္ဓရဲ့သာဝကကြီးတွေနဲ့ အလွန်ကြီး ခြားနားနိုင်ဘူးလို့ ဘုန်းကြီးယူဆတယ်။ ဖော်ပြပါဖြစ်ရပ်အရ ဒီရဟန္တာကြီးအနေနဲ့ နှုတ်အမူကိုဖြစ်စေတဲ့ အကုသိုလ်အထုံကို မပယ်နိုင်တာလည်း အမှန်ပါပဲ။ ဒါကြောင့် ရဟန္တာကြီးတွေမှာ အပြင်ပန်းအရ အချို့ကြုံတောင့်ကြုံခဲ၊ အချို့တစ်ခါတစ်ရံ၊ အချို့မကြာခဏ အဲဒီလို မပယ်နိုင်တဲ့ အထုံဝါသနာအငွေ့အသက်ကို တွေ့ရတတ်တယ်လို့ ကောက်ချက်ဆွဲရင် ဖော်ပြပါ စတုရင်္ဂဗလအမတ်ရဲ့ အဆိုနဲ့ ညီမှာပေါ့။
ယုတ္တိပြပါ
ဒါကြောင့် ထေရဝါဒမှတ်တမ်းမှာပဲဖြစ်ဖြစ်၊ မဟာယာနမှတ်တမ်းမှာပဲဖြစ်ဖြစ် အရှင်သာရိပုတ္တရာမြောင်းကို ခုန်ကျော်တဲ့ကိစ္စကို ဖော်ပြတာ ပါတယ်ဆိုရင် မဟုတ်ဘူးလို့ ငြင်းနိုင်ဖို့ ကိုယ့်မှာခိုင်လုံအားကောင်းတဲ့ အကြောင်းပြချက် သို့မဟုတ် ကျမ်းဂန်အထောက်အထား ရှိရလိမ့်မယ်။ ပါးစပ်ရာဇဝင်မျှဖြစ်လို့ စဉ်းစားစရာမလိုပါဘူးလို့ ဆိုနိုင်တယ်။ ဒါတောင် ဖော်ပြပြီး ယုတ္တိစက်ကွင်းကို မနည်းရှောင်ရမယ့်အနေမျိုး။ ဘုန်းကြီးအနေနဲ့တော့ ကျမ်းညှိပြရုံသက်သက်ပါ။
ဖေဖော်ဝါရီ ၃၊ ၂၀၁၆။
---
၄၅၀။ ဗုဒ္ဓဝင် ဘုရားဟောလား
သိလိုသည်ကို မေးလျှောက်ပါသည်ဘုရား... ဗုဒ္ဓဝင်ကို ဘယ်သူရေးခဲ့တာလဲဘုရား။ နောက်မေးခွန်းတစ်ခုမှာ ၅၅၀ ဇာတ်ကို ပိဋကတ်မြန်မာပြန် အမှတ်ဘယ်လောက် သို့မဟုတ် ဘယ်အတွဲမှာ ရှာတွေ့နိုင်ပါသလဲဘုရား။
ကိုဇော်အုန်း (LA)
---
အစပိုင်း
မေးခွန်းကို မဖြေခင် ဗုဒ္ဓဖြစ်တော်စဉ်အစပိုင်းကို နည်းနည်းပြောပြဦးမယ်... ဗုဒ္ဓဂယာမဟာဗောဓိမှာ ကဆုန်လပြည့်နေ့ ဗုဒ္ဓဖြစ်ပြီးနောက် ဗာရာဏသီကိုကြွပြီး မိဂဒါဝုန်မှာ ဝါဆိုတယ်။ ပဉ္စဝဂ္ဂီငါးဦးနဲ့ ဗာရာဏသီမြို့သား အရှင်ယသတို့ မိသားစုနဲ့ မိတ်ဆွေတွေ ရဟန်းပြု။ သီတင်းကျွတ်တော့ ဗုဒ္ဓဂယာအနီးက ဥရုဝေလာကို ပြန်ကြွလာစဉ် လမ်းအကြားရှိ တောစပ်တစ်ခုမှာ ဘဒ္ဒဝဂ္ဂီမင်းသားသုံးကျိပ်တို့ ရဟန်းပြု။ ဥရုဝေလာကို ရောက်တော့ ကဿပညီနောင်နဲ့ ပရိသတ်ရဟန်းပြု။ အဲဒီနောက် ရာဇဂြိုဟ်မြို့ကို ဆွမ်းခံဝင်ရာမှာ ဘုရင်ဗိမ္ဗိသာရတို့ ဗုဒ္ဓတပည့်ဖြစ်သွားပြီး ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်း။ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်တို့ ဗုဒ္ဓသာဝကတွေ ဖြစ်။ ဒီဖြစ်စဉ်အားလုံးဟာ ဗုဒ္ဓဖြစ်ပြီးနောက် (ကဆုန်လပြည့်မှ တပေါင်းလပြည့်) အတွင်းမှာ ဖြစ်ခဲ့တာ။
ဗုဒ္ဓဝင်ဟော
ခမည်းတော်မင်းကြီးက ကပိလဝတ္ထုကို ကြွဖို့ ပင့်လျှောက်လို့ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှာ ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းက ထွက်ပြီး ခြေကျင်ကြွတော်မူတယ်။ ကဆုန်လပြည့်ကျော် ၁-ရက်နေ့ မွေးရပ်မြေကို ဆိုက်ရောက်တယ်။ ဗုဒ္ဓဖြစ်ပြီးနောက် တစ်နှစ်တိတိအကြာမှာပါ။ တရားဟောရင်းကြွတာဖြစ်လို့ လမ်းမှာ ၂-လကြာတယ်။ ဆွေမျိုးတော်တွေက နိဂြောဓာရုံမှာ နေရာပြင်ဆင်ပေးတယ်။
သက်ကြီးသာကီဝင်အချို့ ရှိမခိုးဘဲနေကြလို့ ခန္ဓာကိုယ်က ရေမီးအစုံအစုံထွက်တဲ့ တန်ခိုးကိုပြပြီးနောက် ပရိသတ်စုံလို့ အရှင်သာရိပုတ္တရာ တောင်းပန်တဲ့အတွက် "ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်)ဒေသနာ"ကို မြတ်ဗုဒ္ဓဟောတော်မူတယ်။ အဲဒီနောက် ရာဇဂြိုဟ်ကို ပြန်ကြွပြီး ဝေဠုဝန်မှာ ဝါကပ်တော်မူတဲ့အတွက် မြတ်ဗုဒ္ဓဟာ ကပိလဝတ်မှာ ရက်သတ္တပတ်အနည်းငယ်ပဲ သီတင်းသုံးခဲ့ဖွယ်ရှိတယ်။ နန္ဒမင်းသားနဲ့ ရှင်ရာဟုလာတို့ ရဟန်းဖြစ်တာ နိဂြောဓာရုံမှာပေါ့။ မင်းသားခြောက်ယောက်နဲ့ ဥပါလိတို့က ဗုဒ္ဓရဲ့နောက်ကိုလိုက်သွားပြီး ရဟန်းပြုကြတာ။
အဖြေ
အဲဒီတုန်းက မြတ်ဗုဒ္ဓဟောတော်မူတဲ့ "ဗုဒ္ဓဝံသဒေသနာ"ဟာ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် ဆရာစဉ်ဆက်ဆောင်ယူပြီး နောင်အခါ သံဂါယနာ ၆-တန်တင် ဗုဒ္ဓဝံသပါဠိဖြစ်လာတယ်။ အပဒါန်ပါဠိတော်မြန်မာပြန် ဒုတိယတွဲ၊ စာ-၂၉၃ မှာ ဗုဒ္ဓဝင်ပါဠိတော်မြန်မာပြန်ကို ဖတ်နိုင်တယ်။ မူရင်းဗုဒ္ဓဝင်မှာ ကျင့်စဉ်ကို အဓိက ဟောတော်မူတယ်။ ဒါပေမယ့် ထိုထိုပါဠိတော်နဲ့ ယင်းရဲ့အဖွင့်ကျမ်းတွေမှာ ဖော်ပြတဲ့ ဖြစ်ရပ်အတိုအထွာတွေကို တစ်ပေါင်းတည်းစုစည်းပြီး နောင်အခါ ဇိနာလင်္ကာရ (ပါဠိဘာသာ)၊ တာထာဂတုပ္ပတ္တိ၊ တထာဂတဥဒါန၊ မာလာလင်္ကာရ၊ ဇိနတ္ထပကာသနီ၊ မဟာဗုဒ္ဓဝင် စသည်ဖြင့် ကျမ်းတတ်ပုဂ္ဂိုလ်တို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဝင် ဘုရားဟောပါ။ မြောက်ပိုင်းဗုဒ္ဓဘာသာမှာတော့ "လလိတဝိတ္ထာရ"အမည်ရှိတဲ့ သက္ကတဘာသာနဲ့ ရေးတဲ့ ဗုဒ္ဓဝင်ကျမ်းဟာ ထင်ရှားတယ်။ (မြန်မာပြန်ကို kelasa.org မှာ ဖတ်နိုင်တယ်။ အင်္ဂလိပ်ဘာသာပြန်လည်း ရှိတယ်။)
ငါးရာ့ငါးဆယ်
၅၅၀ ဇာတ်ကို "ဇာတကပါဠိတော်မြန်မာပြန်"မှာ ဖတ်နိုင်တယ်။ နှစ်တွဲရှိတယ်။ ဝက်ဘ်ဆိုဒ်တွေမှာ ဒီမြန်မာပြန် ၂-တွဲကို မတွေ့မိဘူး။ ရန်ကုန်ကို မှာကြည့်။ ဒါပေမယ့် ဒီမြန်မာပြန်က ပါဠိဂါထာသက်သက်ကို မြန်မာပြန်ထားတာ။ ဇာတ်ဝတ္ထုဖြစ်ရပ်တွေ မပါဘူး။ အဲဒီဇာတ်ဝတ္ထုတွေက အဖွင့်ကျမ်း (အဋ္ဌကထာ)တွေမှာ ပါတယ်။ အဋ္ဌကထာတွေကို မြန်မာပြန်ထားတာ "ပုံတော်စုံ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု"အမည်နဲ့ သုံးလေးမူရှိတယ်။ အနှစ်ချုပ်ရေးထားတာလည်း ရှိတယ်။ ၅၅၀ ထဲက နောက်ဆုံးဆယ်ခုကိုတော့ "ဇာတ်ကြီးဆယ်ဘွဲ့"လို့ သီးခြားအမည်နဲ့ ရှာဖတ်နိုင်ပါတယ်။
ဖေဖော်ဝါရီ ၅၊ ၂၀၁၆။
---
၄၅၁။ အမျိုးစောင့်
တပည့်တော်ဟာ သားသမီးဝတ် မကျေခဲ့သူပါဘုရား။ ဘုရားဟော သားသမီးဝတ်ထဲက စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ်ကို ချိုးဖောက်ခဲ့သူပါဘုရား။ တပည့်တော်ကဲ့သို့ အမျိုးမတူသူကို ယူမိသူများ သားသမီးဝတ်မကျေပွန်သဖြင့် အပါယ်လားနိုင်ပါသလားဘုရား။ ကရုဏာရှေ့ထား ဖြေကြားတော်မူပါဘုရား။
မောင်အိုး (Phoenix, AZ)
---
နားလည်တာ လွဲနေပြီ။
အဲဒီ "စောင့်လေမျိုးနွယ်"စာပိုဒ်ကို ဆရာတော်တွေ မကြာမကြာတရားဟောပါတယ်။ "အမျိုး (လူမျိုး) မတူသူကို ယူမိရင် သားသမီးဝတ်မကျေပွန်ဘူး"လို့ ဟောကြမယ်မထင်ပါဘူး။ "ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ"ဆိုတာ သင်္ဂဇာဆရာတော်ကြီးက မူရင်းသိင်္ဂါလောဝါဒသုတ္တန်ရဲ့ စကားကို မှတ်လွယ်အောင်ချုပ်ပြီး ကဗျာအနေနဲ့ ရေးခဲ့တာ။ ကရုဏာရှေ့ထားပြီး ပြောရရင် ကဗျာထဲက "စောင့်လေမျိုးနွယ်"က ငအိုး...နားလည်နေသလိုမဟုတ်ဘူး။ မူရင်းဖွင့်ဆိုချက်တွေကို သေချာဖတ်ကြည့်...
မူရင်းအဆို
ပါဠိတော်မူရင်းက "ကုလဝံသံ သဏ္ဌပေဿာမိ (ဒီ၊၃၊၁၅၃)"တဲ့။ ဆဋ္ဌသံဂါယနာတင်မထေရ်တို့ရဲ့ မြန်မာပြန်က "မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကို ပြုခြင်း (တို့)ဖြင့် အမျိုးအနွယ်ကို တည်စေအံ့ (ဒီ-မြန် ၃၊ ၁၇၁)"တဲ့။ အဋ္ဌကထာကို ကြည့်ပြီး မြန်မာပြန်ထားတာ။ အင်္ဂလိပ်ဘာသာပြန်က "I will keep on the family tradition. (A Translation of the Digha Nikaya, p.467.)"တဲ့။ အင်္ဂလိပ်က ပါဠိတော်စာသွားအတိုင်း ပြန်ထားတာ။ အဋ္ဌကထာအဖွင့်က "အမျိုးအနွယ်ကို တည်စေအံ့...ဟူသည် မိဘတို့၏ဥစ္စာဖြစ်သည့် လယ်ယာ၊ ရွှေငွေစသည်ကို ပျက်စီးစေမူ၍ စောင့်ရှောက်ခြင်း၊ မိဘတို့ကို တရားမရှိသော တရားကို မစောင့်သော အစဉ်အလာမှပယ်၍ တရားရှိသော တရားစောင့်သော အစဉ်အလာ၌ တည်စေခြင်း၊ ဘိုးဘွားစဉ်ဆက် ပြုလုပ်ခဲ့သည့် အလှူဒါနဝတ်ကို ဆက်လက်ပြုလုပ်ခြင်း (တို့) တည်း (ဋ္ဌ၊၃၊၁၃၆)"တဲ့။
အဓိပ္ပာယ်မှန်
မူရင်းပါဠိတော်မှာပါတဲ့ "ကုလဝံသ"မှာ ကုလတစ်ပုဒ်၊ ဝံသတစ်ပုဒ်။ ကုလ အမျိုးအနွယ်၊ ဝံသရဲ့ ပရိယာယ်တူက ပဝေဏီ၊ အဲဒီနှစ်ပုဒ်လုံးက မြန်မာလို အစဉ်အလာ။ ဒါကြောင့် ကုလဝံသဆိုတာ အမျိုးအနွယ်ရဲ့ အစဉ်အလာ (family tradition) ပါပဲ။ အဲဒီအမျိုးအနွယ်ရဲ့ အစဉ်အလာကို...
၁) ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာတဲ့ စီးပွားဥစ္စာတွေကို မပျက်စီးအောင် စောင့်ရှောက်ခြင်း
၂) မိဘတွေကို မမှန်တဲ့ အစဉ်အလာကို စွန့်စေပြီး အမှန်ဖက်မှာ တည်စေခြင်း
၃) ဘိုးဘွားစဉ်ဆက် ပြုလာတဲ့ ကုသိုလ်ကို ဆက်လုပ်ခြင်း"လို့ အဋ္ဌကထာမှာ သုံးမျိုးဖော်ပြတယ်။ အဲဒီသုံးမျိုးကိုပဲ ဘုရားဟောတဲ့ "အမျိုးစောင့်"လို့ နားလည်ပါ။ ဒီလိုမဟုတ်ရင် "ကပြား"တိုင်း "သားသမီးဝတ်မကျေသူတွေ" ဖြစ်သွားနိုင်ပြီး မိဘတွေကိုပါ အပြစ်တင်သလို ဖြစ်နေမှာပေါ့။
စံနမူတွေ
အမျိုးစောင့်အဓိပ္ပာယ်သုံးမျိုးအနက် အမှတ် ၂)ကို သုတ္တန်ဋီကာမှာ "သူတစ်ပါးအား ညှဉ်းဆဲခြင်းစသည်မှ ရှောင်ကြဉ်စေခြင်းဖြင့် မိဘတို့ကို တရားနှင့်လျော်သော အစဉ်အလာ၌ တည်စေရမည် (ဒီ၊ဋီ၊၃၊၁၃၉)"လို့ ဖွင့်ဆိုတယ်။ ဥပမာ... မြတ်ဗုဒ္ဓ၊ အရှင်သာရိပုတ္တရာတို့လိုပေါ့ (စဉ်းစားကြည့်...နားလည်နိုင်ပါတယ်)။ လက်တွေ့အသုံးချနိုင်တဲ့ အမျိုးစောင့်နည်းတစ်မျိုးက အရက်၊ အနှိပ်ခန်းစသည်စွဲနေတဲ့ အဖေ၊ ဖဲချီဘောစွဲနေတဲ့ အမေတွေကို အဲဒီအစွဲကို ပြုတ်အောင်လုပ်ပေးနိုင်တဲ့ သားသမီးကို "စောင့်လေမျိုးနွယ်"ကျင့်ဝတ်ကို လိုက်နာသူလို့ ဆိုနိုင်ကောင်းပါတယ်။
ဖေဖော်ဝါရီ ၇၊ ၂၀၁၆။
---
၄၅၂။ ဘဝနဲ့ လိုချင်မှု
ဘုန်းဘုန်းဘုရား... တပည့်တော် စိတ်ထဲမှာ မရှင်းတာလေးရှိလို့ ရိုသေစွာလျှောက်ထားအပ်ပါသည်၊ တပည့်တော်နားလည်သမျှ မြတ်စွာဘုရားရဲ့တရားအနှစ်ချုပ်ရဲ့ နောက်ဆုံးဟာ သံသရာတွေ မရှည်ရအောင် ဘဝတွေထပ်မဖြစ်တဲ့ ချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကို ရောက်အောင် အားထုတ်ကြရမယ်ဆိုတော့ သာမန်ပုထုဇဉ်တွေ အိမ်ထောင်ပြုသားသမီးယူကြတာတွေဟာ ဘုရားစကား နားမထောင်ဘဲ ကိုယ့်တစ်ဘဝတင်မကဘဲ နောက်ထပ်ဘဝတွေ တိုးအောင်လုပ်သလိုဖြစ်နေတော့ အဲဒီအတွက် ငရဲမကြီးဘူးလားဘုရား၊ အိမ်ထောင်ပြုပြီး သားသမီးမယူတဲ့သူ အဲဒီအပြစ်က လွတ်နိုင်ပါလား သိပါရစေဘုရား။
Raymond Chu (Scottsdale, AZ)
---
မေးခွန်းနဲ့ပတ်သက်နေတဲ့ လိုချင်မှုမရှိဘဲ ဘဝဘယ်လိုရပ်တည်မလဲဆိုတာကိုပါ ရိပ်မိသွားအောင် အခြေခံနားလည်ထားရမယ့် ရှင်းလင်းချက်တွေကို ဆုံးအောင် သည်းခံပြီး ဦးစွာဖြည်းဖြည်းချင်း ဖတ်စေချင်တယ်...
ဘဝဖြစ်စဉ်
ဘဝဆိုတာ မရပ်နားတဲ့ဖြစ်စဉ်ပါပဲ။ ဗုဒ္ဓဝါဒယုံကြည်မှုက ဒီလိုပါ... အားကောင်းတဲ့မျက်မှောက်လုပ်ဆောင်ချက်ကောင်းအဆိုးအားလုံးဟာ ပြုလုပ်သူရဲ့ စိတ်ဖြစ်စဉ်မှာ အလိုလိုစုပုံနေတယ်။ သင်ကလိသမျှကို ကွန်ပျူတာမှတ်ဉာဏ်က အလိုလိုစုထားသလိုပေါ့။ အဲဒီစိတ်ဖြစ်စဉ်ထဲက စုဆောင်းမှုတွေဟာ ဘဝဖြစ်စဉ် ရပ်တံ့မသွားဖို့ တွန်းပို့တဲ့စွမ်းအင်တွေဖြစ်သွားတယ်။ ယခု သင့်ဘဝအခြေအနေဟာ သင့်ရဲ့ယခုအကောင်းအဆိုးအားထုတ်မှုအပြင် ယခင်စုဆောင်းမှုကြောင့်ဖြစ်တဲ့ စွမ်းအင်ရဲ့တွန်းပို့မှုနဲ့လည်း မကင်းဘူး။ ယခု သင်စုပြီးသမျှတွေလည်း သင့်ကိုအဆုံးမဲ့စကြဝဠာအတွင်း လွင့်မျောစေမယ့် စွမ်းအင်တွေပါပဲ။ ဒီလိုဖြစ်နေတာဟာ ဗြဟ္မာ၊ ဘုရား၊ နတ်၊ သိကြားတွေ ဖန်ဆင်းလို့မဟုတ်။ သဘာဝဖြစ်စဉ်အရ သူ့အလိုလိုဖြစ်နေတာ။ စွမ်းအင်တစ်ခုကြောင့် ဂြိုဟ်နက္ခတ်တွေ ဦးတည်ရာဘက်သို့ မရပ်မစဲ လည်နေသလိုပေါ့။ မဟာဂလက်ဆီရဲ့ အစကိုပင် မသိနိုင်ဘူးလို့ သိပ္ပံဆရာတို့ဆိုတယ်။ အဲဒီထက် များစွာနက်ရှိုင်းလွန်းတဲ့ မဟာစကြဝဠာအတွင်းရှိ သတ္တဝါတွေရဲ့ ဘဝဖြစ်စဉ်အစကို သိဖို့ ဖြစ်နိုင်ပါ့မလား။
အဲဒီသဘာဝနိယာမအတိုင်း သတ္တဝါတွေဟာ ကိုယ်တိုင်စုဆောင်းပြီး သတ္တိခြားနားတဲ့ စွမ်းအင်ရဲ့တွန်းပို့မှုကြောင့် ဘဝဖြစ်စဉ်အတွင်းမှာ မရပ်မနားဖြစ်နေကြရတယ်။ ဒါကြောင့် မိဘသားသမီးဆိုတာတွေဟာ အပြင်ပန်းအရ သူ့ကြောင့် သို့မဟုတ် ကိုယ့်ကြောင့်ဖြစ်လာတာလို့ ထင်ရပေမယ့် အမှန်က သူတို့ကိုယ်တို့မရှိလည်း ကိုယ်တို့သူတို့က တစ်နေရာမှာ ဖြစ်ကိုဖြစ်မှာပဲ။ အခု သူတို့က ကိုယ့်ရဲ့မိဘ သို့မဟုတ် သားသမီး၊ နောင်တစ်ချိန်မှာ ပြောင်းပြန်ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်ချင်မှလည်းဖြစ်တော့မယ်။
အမှန်တရား
ငြင်းနိုင်တဲ့အရာဟာ အမှန်တရားပဲ။ ဘဝရဲ့မည်သည့်အခြေအနေမှာမဆို ဆင်းရဲခြင်း (ဥပမာ၊ အိုနာသေဖြစ်ချင်တာဖြစ်...စသည်) ရှိကိုရှိတယ်။ မဟုတ်ဘူးလို့ ငြင်းရင် သင်ဟာ ပုံမှန်မဟုတ်၊ သို့တည်းမဟုတ် အစွဲအလမ်းတစ်ခုကြောင့်ဖြစ်ဖြစ်မယ်။ သူလိုကိုယ်လို အများစုဟာ သာယာစရာတွေကို တပ်မက်လွန်းခြင်းနဲ့ မသိမှုလွှမ်းမိုးနေခြင်းတို့ကြောင့် (မြေးမလေးရဲ့လက်ကို ကိုင်ပြီး ပြုံးပြုံးကြီးသေမယ်လို့ဆိုသည်ထိ) အမှန်ရှိနေတဲ့ ဆင်းရဲသဘာဝကို မျက်ကွယ်ပြုလိုကြတယ်။ ကိုယ်တိုင် မကြုံသေးသရွေ့ ကိုယ်နဲ့အဝေးကြီးလို့လည်း ထင်နေတတ်တယ်။ ဆင်းရဲဟာ ပြင်ပရှိအကြောင်းတရားကြောင့်ဖြစ်တာမဟုတ်။ လိုချင်စရာတွေကို တပ်မက်ခြင်းဦးဆောင်တဲ့ ကိုယ့်ကိုယ်တွင်းအခြေခံကြောင့်ဖြစ်တာ။ ဆင်းရဲဖြစ်ကြောင်းသည် ကိုယ်တွင်းမှာရှိသလို ဆင်းရဲရဲ့အဆုံးလည်း ကိုယ်တွင်းမှာပဲရှိတယ်။ အဲဒီအဆုံးကို သိဖို့ဆိုရင် ကိုယ်ကျင့်တရား၊ စိတ်တည်ငြိမ်မှုနဲ့ အသိပညာတွေရင့်ကျက်အောင် ကိုယ်တိုင်ကျင့်ရမယ်။ ဆိုခဲ့ပြီးအချက်တွေကို ငြင်းပယ်ဖို့ လက်ခံနိုင်လောက်တဲ့ ယုတ္တိသင့်မှာ ရှိရဲ့လား။
နားလည်မှု (၁)
အထက်ပါဖော်ပြချက်နှစ်ရပ်ကို ပြန်ချုပ်ပြီး ဗုဒ္ဓဝါဒရဲ့သတ္တလောကအပေါ် တွေးခေါ်မြော်မြင်ပုံကို ဆင်ခြင်ကြည့်ရင် "လိုချင်လို့လုပ်မိရာက အလိုလိုစုပုံသွားတဲ့စွမ်းအင်ကြောင့် ဘဝဖြစ်စဉ်အနိမ့်အမြင့်တွေ ဆက်ဖြစ်နေရတယ်။ ဘဝရှိရင် ဆင်းရဲရှိတယ်။ ဘဝမှာ "ဆင်းရဲ"ရှိနေတာကို မငြင်းနိုင်ဘူး။ အဲဒီအမှန်ရှိတဲ့ ဆင်းရဲကို ထိုးထွင်းသိပညာနဲ့ ကောင်းစွာသိမှ ဆင်းရဲရဲ့အကြောင်းကိုပယ်ပြီး ဆင်းရဲမဲ့ခြင်းကိုရနိုင်တဲ့ ကျင့်စဉ်ကို ပွားများလိုစိတ်ဖြစ်တယ်။ ဆင်းရဲကိုမသိရင် သိလျက်နဲ့ မသိစိတ်နဲ့ဖုံးကွယ်နေရင် အဲဒီကျင့်စဉ်ကို စိတ်မဝင်စားနိုင်ဘူး။ ဆင်းရဲ ပဲ့ချင်ရင်တော့ ဘဝဖြစ်စဉ်ကို မောင်းနှင်တဲ့စွမ်းအင်ကို မစုမိအောင်လုပ်ဆောင်ချက်တွေရဲ့ လက်သည်ဖြစ်တဲ့ "လိုချင်မှု"ကို ကိုယ်တွင်းက ထုတ်ပစ်ရမယ်"လို့ ဖြစ်ပါတယ်။
အဲဒီတော့...လိုချင်မှုမရှိဘဲ လူ့ဘဝဘယ်လို ရပ်တည်မလဲ။ အထူးသဖြင့် လောဘတကြီးရှာဖွေရတဲ့ အရင်းရှင်စနစ်လွှမ်းမိုးတဲ့လူနေမှုစနစ်အတွင်းမှာ လိုချင်မှုမရှိရင် ဘာမှမဖြစ်နိုင်ဘူးလို့ဆိုသူတွေရှိတယ်။ တစ်ခါသော် စိတ်ရောဂါကုဆရာဝန်တစ်ယောက်က "ကျနော်က နတ်ပြည်လည်း မတက်ချင်ဘူး၊ နိဗ္ဗာန်လည်းမရောက်ချင်ဘူး၊ လောလောဆယ် ထမင်းဝဖို့ တရားကိုပဲ ဟောပါ"တဲ့။ အဲဒီလို "ဖိုးတာ"တွေ မြတ်ဗုဒ္ဓလက်ထက်ကလည်း ရှိဖူးတယ်၊ ဆက်ဖတ်ကြည့်...
နားလည်မှု (၂)
သာဝတ္ထိမြို့ကို နန်းစိုက်မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ ကောသလတိုင်းမှာ ဝေဠုဒွါရေယျရွာဆိုတာရှိတယ်။ အဲဒီရွာသားတွေ မြတ်ဗုဒ္ဓကို လျှောက်ပုံက "မြတ်စွာဘုရား၊ တပည့်တော်တို့ကို အိမ်ထောင်သည်ဘဝနဲ့ ကာမဂုဏ်ငါးပါးကိုခံစားပြီး သုဂတိဘဝကိုရောက်ကြောင်း တရားကို ဟောကြားပါ"တဲ့။ ဒီတော့ မြတ်ဗုဒ္ဓက "သုဂတိကို မလိုချင်ကြနဲ့၊ သံသရာရှည်တာ မကောင်းဘူး၊ လိုချင်မှုကိုပယ်သတ်ပြီး နိဗ္ဗာန်ကိုပဲသွား"လို့ ဟောပါဘူး။ သူတို့လိုချင်သလို ဖြစ်နိုင်တဲ့ကျင့်စဉ်ကိုပဲ ဟောတော်မူပါတယ်။ ဒါကိုထောက်ရင် မြတ်ဗုဒ္ဓဟာ လောကသားတစ်ယောက်ရဲ့အဆင့်နဲ့ ကိုက်ညီအောင်ပဲ တရားကိုဟောတော်မူတယ်လို့ နားလည်လိုက်ပါ။ (အဲဒီကျင့်စဉ် ၉-ပါးအချုပ်ကို သိချင်ရင်တော့ ဓမ္မအမေးအဖြေများပေါင်းချုပ်၊ အမှတ်-၃၊ စာ-၁၄၈၃ မှာ ဖတ်ရှုနိုင်ပါတယ်)။
ဒါကြောင့် ဘဝကောင်းကိုပဲ ရောက်ချင်ရင်ဖြစ်စေ၊ စိတ်ရောဂါကုဆရာပြောသလို "လက်ရှိထမင်းဝဖို့"ကိုပဲ လိုချင်ရင်ဖြစ်စေ သင့်သဘောပါပဲ။ ဒါပေမယ့် ဘဝဖြစ်စဉ်ထဲမှာ အမှန်ရှိတဲ့ ဆင်းရဲကတော့ သင့်ကိုလက်ကမ်းကြိုနေလိမ့်မယ်။ သင့်ကိုယ်သင် အရက်ကျွန်အဖြစ်မခံရင်၊ အဆုံးစီရင်တဲ့ထိ မဖြစ်ရင် သင်ကံကောင်းပါသေးတယ်။ ဒါ့အပြင် "ဘဝကောင်းဖို့" သို့မဟုတ် "ထမင်းဝဖို့" သင့်မှာ စွမ်းအင်ကောင်းရှိရမှာဖြစ်လို့ ကိုယ်နှုတ်စိတ်ကို စည်းကမ်းသတ်မှတ်ပြီး အတိုင်းအတာတစ်ခုအထိ မဟုတ်တဲ့ လိုချင်မှုကို ထိန်းထားနိုင်ရင် သင်မဆိုးပါဘူး။ မြတ်ဗုဒ္ဓလက်ထက်က ဝိသာခါ၊ အနာထပိဏ်တို့ဟာ မှန်သောအသက်မွေးမှုနဲ့ စီးပွားရှာရင်း လိုချင်မှုနဲ့ နေထိုင်သွားကြသူတွေပါ။
စဉ်းစားမယ်
အခုမေးခွန်းကို စဉ်းစားကြည့်မယ်..."မြတ်စွာဘုရားရဲ့တရားအနှစ်ချုပ်"ဆိုတာကို နားလည်မှုမှန်သွားအောင် "ယခုအဆိုးလုပ်ဆောင်ချက်တွေ အားနည်းဖို့ ကိုယ်နှုတ်နှလုံးအပြုအမူကို ထိန်းစောင့်ရမယ်၊ အကောင်းလုပ်ဆောင်ချက်တွေ ကောင်းအောင်ကြိုးစားရမယ်၊ အဲဒီနှစ်ချက်အခြေခံနဲ့ စိတ်တည်ငြိမ်မှုမှသည် အသိပညာပွင့်လင်းအောင်လုပ်ရမယ်"လို့ ပြင်မှတ်လိုက်။ ဒီဗုဒ္ဓကျင့်စဉ်အခြေခံနဲ့ပဲ အရင်းရှင်စနစ်ထွန်းကားတဲ့နိုင်ငံတွေမှာ အောင်မြင်တဲ့ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းတွေတောင် ထူထောင်နိုင်ကြောင်း ယခုအခါ ပညာရှင်တို့ သုတေသနစာတမ်းတွေ ရေးနေကြတယ်။
"နောက်ဆုံး"ဆိုတာကို ဗုဒ္ဓဝါဒီတို့ရဲ့နောက်ဆုံးပန်းတိုင်ဆိုလိုရင်...ဟုတ်တယ်၊ နိဗ္ဗာန်ပါပဲ။ နိဗ္ဗာန်ကို "နိဗ္ဗာန (နိဗ္ဗာန်) = နိဝါန = ဝါနလို့ခေါ်တဲ့ တပ်မက်မှုမရှိခြင်း"လို့ အဘိဓမ္မာကျမ်းတွေမှာ အဓိပ္ပာယ်ဖွင့်တယ်။ ဖော်ပြပါကျင့်စဉ်ကိုကျင့်ပြီး အသိဉာဏ်ပွင့်လင်းသွားရင် အဲဒီနိဗ္ဗာန်ရဲ့သဘာဝကို သိနိုင်တယ်။ ပွင့်လင်းအသိဉာဏ်မရှိရင် နိဗ္ဗာန်ရဲ့အဓိပ္ပာယ်လည်း ပိန်းပိတ်နေအုံးမှာပဲ။
ငရဲမကြီး
လက်ထပ်တော့မယ့် မိန်းကလေးတွေရဲ့ကျင့်ဝတ်ကိုတောင် မြတ်ဗုဒ္ဓဟောတော်မူထားတာရှိလို့ အိမ်ထောင်ပြုတာ ငရဲမကြီးပါဘူး။ အိမ်ထောင်ပြုပြီဆိုမှဖြင့် သားသမီးလည်း ရကံရှိရင် ရမှာပေါ့။ သားသမီးယူရုံနဲ့လည်း ငရဲနဲ့အဝေးကြီးပါ။ ဗုဒ္ဓဝါဒဒဿနအရ သင်ရတဲ့သားသမီးတွေဟာ "သူ့ဘဝကိုသူကိုယ်တိုင်ဖန်ဆင်းခဲ့တာ။ သင်နဲ့က တိုက်ဆိုင်လို့ဆုံမိသွားတဲ့သဘောပဲရှိတယ်။ ဥတုရာသီပတ်ဝန်းကျင် ရုန်းကန်လှုပ်ရှားမှုစသည်ကြောင့် မတူတဲ့ DNA တွေအမှတ်မထင်ပေါင်းဆုံမိသလိုပါပဲ။" ဒါပေမယ့် ယခုသင်နဲ့ တိုက်ရိုက်ပတ်သက်နေလို့ သူတို့ကို ကျွေးမွေးစောင့်ရှောက်ဖို့ သင့်မှာ တာဝန်ရှိကြောင်း ဗုဒ္ဓဝါဒကဆုံးမတယ်။ အင်း...အိမ်ထောင်ပြုပြီး သားသမီးမယူသူအနေနဲ့ မယူနည်းမမှန်ရင် အပြစ်ရှိတယ်၊ မရလို့မယူဆိုတော့ အပြစ်မရှိဘူး"လို့ ခြွင်းချက်နဲ့ နားလည်ပါ။ "နိဗ္ဗာန်ကိုရောက်အောင် အားထုတ်ကြရမယ်"လို့ ပြောတာမှန်တယ်။ နိဗ္ဗာန်အတွက်တော့ လိုချင်မှုကိုပယ်သတ်ပြီး အသိဉာဏ်ပွင့်အောင် လုပ်ကိုလုပ်ရမယ်။ ဒါပေမယ့် "အမြင်မှန်၊ အတွေးမှန်၊ စကားမှန်၊ အလုပ်မှန်၊ သက်မွေးမှုအမှန်၊ လုံ့လ ပြုမှုအမှန်၊ အောက်မေ့မှုအမှန်၊ စိတ်တည်ငြိမ်မှုအမှန်" လို့ အင်္ဂါရှစ် ရပ်ရှိတဲ့ ကျင့်စဉ်ကို ကျင့်ရင်း သင့်ရဲ့ရွေးချယ်မှုနဲ့ ဒီဘဝ သို့မဟုတ် ဘဝဖြစ်စဉ်အတွင်း စွမ်းအင်ကောင်းတွေကို စုဆောင်းခွင့်လည်း ရှိတာပဲ။ ရိပ်မိလောက်ပါပြီ။ အောင်မြင်ပါစေ ...
မတ် ၅၊ ၂၀၁၆။
---
၄၅၃။ ဝသုန္ဒရီ သက်သေ
ဘုန်းဘုန်းရဲ့ ဩကာသ ခက်ဆစ်ကို ဝက်ဘ်ဆိုက်မှ ကူးယူပြီး အဓိပ္ပာယ်များကို လေ့လာ မှတ်သားနေပါသည်။ ရှေးမူဟောင်း အမျှဝေ ကဗျာကို ရှင်းရာမှာ ဝသုန္ဒြေ = ပံသု = သိလာ မြေကြီး'ဟု စကားလုံး သုံးခုလုံးကို အဓိပ္ပာယ် အတူတူ ထားပါသည်။ "မြတ်စွာဘုရားသည် ဗောဓိညောင်ပင်အောက်၌ မာနတ်ကို အောင်မြင်ရန် မြေကြီးကို သက်သေပြုသောအခါ သုန္ဒရီ နတ်သမီးက သက်သေခံ၏" ဟု ကြားဖူးပါသည်။ ထို့ကြောင့် မြေကြီးက သက်သေခံသည်လား ဝသုန္ဒရီ နတ်သမီးက သက်သေခံသည်လား ဆိုတာကို ရှင်းပြပေးစေလို ပါသည် ဘုန်းဘုန်း။
သန်းသန်းဆင့်
---
မာရ်နတ်ကြီး စစ်သည် ဗိုလ်ပါတွေနဲ့အတူ အနီးသို့ချဉ်းကပ်လာစဉ် ဘုရားလောင်းက လက်ကိုဆန့်တန်းပြီး "သစ်တုံးကဲ့သို့ လှုပ်ရှားမှုမဲ့သည့် ဤမဟာပထဝီမြေကြီးသည်သာလျှင် ငါ ဖြည့်ဆည်းပြီးသော ပါရမီဆယ်ပါး၏ သက်သေတည်း" လို့ မိန့်တော်မူတဲ့အခါ မြေကြီးက သက်သေခံပုံကို ...
"မဟာပထဝီ တာဝဒေဝ အယံ.ဒဏ္ဍေန ပဟတံ ကံသ တာဠိ ဝိယ ရဝ.သတံ ရဝ.သဟဿံ မုဉ္စမာနာ ဝိရဝိတွာ ပရိဝတ္တမာနာ မာရဗလီ စက္က.ဝါဠ-မုခ.ဝဋိယံ မုဉ္စန.မကာ သိ"။ (မ၊ဋ္ဌ၊၂၊၈၉)။
မြေကြီးသည် သံချောင်းဖြင့် ကြေးခွက်ကို ရိုက်ခတ်သ ကဲ့သို့ အရာသော အသံ အထောင်သော အသံတို့ဖြင့် မြည်ဟည်း၍ သွက်သွက်ခါ လှုပ်ရှားလျက် မာရ်စစ်သည် အပေါင်းကို စကြဝဠာ အစွန်းသို့ ရောက်စေ၏။
မြေကြီးသည် ငါကား သင် (ဗုဒ္ဓလောင်းလျာ) ပါရမီဖြည့် စဉ်အခါ သင်၏ သက်သေတည်းဟု အရာ အထောင် အသိန်းသော မြည်ခြင်းတို့ဖြင့် မာရ်စစ်သည် အပေါင်းကို လွှမ်းမိုးသကဲ့သို့ မြည်းဟည်းခဲ့ပြီ။
မဟာပထဝီ အဟံ တေ တဒါ သဂ္ဂီတိ ဝိရဝ.သတေန ဝိရဝ.သဟဿန ဝိရဝသတသဟဿန မာရဗလီ အဝတ္ထုရ.မာနာ ဝိယ ဥန္နဒိ။ (ဇာ၊ဋ္ဌ၊၁၊၈၆။ အပါဒ၊ဋ္ဌ၊၈၈) လို့ ကျမ်းဂန်တွေမှာ ဖော်ပြပါတယ်။
ဖော်ပြပါ မူရင်းကျမ်းတွေမှာ မြေကြီးက သက်သေခံတယ်လို့ပဲ ဆိုပါတယ်။ ဝသုန္ဓရီ နတ်သမီးက သက်သေခံတယ်လို့ မဆိုပါဘူး။ ဝသုန္နရာ-ဆိုတဲ့ ပါဠိစကားလုံးရဲ့ အဓိပ္ပာယ်ကိုက မြေကြီး ဖြစ်ပါတယ်။ ဝသု = ရတနာ၊ ဓရာ = ဆောင်ထား၊ ဝသုန္တရာ = ရတနာတွေကို ဆောင်ထားတဲ့ မြေကြီး။ ဒါကြောင့်ပဲ မူဟောင်း အမျှဝေကဗျာမှာ "ဝသုန္ဒြေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်" လို့ ရေးခဲ့ဟန်တူပါတယ်။ အဓိပ္ပာယ်က "ဤမြေကြီးသည် ငါ၏ ကုသိုလ်အတွက် သက် သေအရာ၌ တည်ပါစေ" လို့ ဖြစ်ပါတယ်။ ကျမ်းဂန် အရှိအတိုင်း မှတ်သားရင် မမှားနိုင်ဘူးလို့ ယူဆပါတယ်။
မတ် ၆၊ ၂၀၁၆။
---
၄၅၄။ နိုင်ငံခြားကို သွားလို့ရယ်
ဘုန်းကြီးဘုရား ... ဘုန်းကြီး၏ ဓမ္မအမေးအဖြေတစ်ခုတွင် သကျသီဟ အဘိဝံသဘွဲ့ရ ဘုန်းကြီးတစ်ပါး လမ်းပေါ်မှာ တံတွေးထွေးသဖြင့် လိုက်ပို့သည့် ဒကာကြီး သဒ္ဓါတရား ပျက်သွားကြောင်း သိရ၍ စိတ်မကောင်းဖြစ်မိပါသည်။ တပည့်တော်လည်း အနောက်နိုင်ငံတစ်ခုသို့ ခရီးသွားရန် ရှိနေပါသဖြင့် အဲဒီကဲ့သို့ မပြုမိအောင် ရှောင်သင့်ဆောင်သင့်သော ကိုယ်အမူအရာ နှုတ်အမူအရာများကို မိန့်ကြားပေးစေလိုပါသည် ဘုရား။
တပည့် ကဝိနန္ဒ (မြေပုံ)
---
အလေ့အကျင့်ဖြစ်နေတဲ့ အလုပ်(အာစိဏ္ဏကံ)ဟာ သတ္တဝါတွေရဲ့ ဘဝကို ပုံဖော်ပေးနိုင်စွမ်း ရှိတယ်။ ဒါကြောင့် ယခုဘဝ နောင်ဘဝတို့ရဲ့ ကောင်းမွန်မှုကို ဖြစ်ချင်ရင် အသက်ရှင်တုန်း ကျန်းမာတုန်း အလေ့အကျင့်ကောင်းတွေ ရှိနေအောင် ကိုယ်နှုတ်စိတ်ကို သတိနဲ့ ထပ်ခါထပ်ခါ လေ့ကျင့်နေဖို့လိုပါတယ်။ ဗုဒ္ဓဝါဒ အဆုံးအမကို ပိုမိုလိုက်နာကျင့်သုံးခွင့်ရတဲ့ ရဟန်းတွေအတွက် ကိုယ်နှုတ်စိတ်ကို ယဉ်ကျေးအောင် လေ့ကျင့်ဖို့ အခြေခံ သင်ကြားချက်တွေ ဝိနည်းမဟာဝဂ္ဂနဲ့ စူဠဝဂ္ဂပါဠိတော်တွေမှာ အများကြီးရှိတယ်။ "မနာဖျားဘဲ စိမ်းစိုသည့် မြက်ခင်းပြင်၊ သမီတလင်း၊ ရေထဲစသည်မှာ ကျင်ကြီး ကျင်ငယ် တံတွေးမစွန့်ရ" ဆိုတာမျိုးတွေက အစပေါ့။ ကိုယ်တိုင်ဖတ်ရှုပါ။ ပြုပြင်လိုတဲ့ စိတ်ရှိတာကို ကြည်ညိုပါတယ်။
အတုမယူလို့
အပြောအဆို အနေအထိုင်တို့ရဲ့ အဆင့်အတန်းကို ရွှေလက်ကောက် ရွှေဟန်းချိန်းကြီးတွေနဲ့ မဆုံးဖြတ်နိုင်ဘူး။ မကြာခင်က အိုင်ဖုန်းအသစ် (iPhone 6s plus) ကို ကိုင်ထားတဲ့ လူတစ် ယောက် သူ့ကားသစ်နဲ့ လိုက်ပို့လို့ ဈေးကို လိုက်သွားတယ်။ ကိုယ့်လူက ကားပေါ်ကအဆင်းမှာ ရှင်းသန့်နေတဲ့ မဟူရာ ရောင် ကတ္တရာပေါ် ပျစ်ခနဲ့ နှပ်ညှစ်ချတယ်။ ဘေးနား လူမရှိလို့ တော်ပါသေးရဲ့။ အပြန် ကားပေါ်အတက်မှာ သူ့နပ်ခဲကို သူကိုယ်တိုင် နင်းမိတယ်ဗျို့။ ကားထဲရောက်တော့ ဘုန်းကြီးလည်း ပါးစပ်ယားလွန်းလို့ ဒီကိစ္စကိုပြောတော့ သူ့ဖိနပ်ကို ပြန်ငုံ့ကြည့်တယ်။ ဖိနပ်စိုနေတာကို တွေ့တော့မှ နှာအရမ်းမွန်နေလို့ပါတဲ့။ ဒီကလူတွေ လမ်းပေါ် မြက်ခင်းပေါ် လူရှေ့ တံတွေးထွေးတာ နှပ်ညှစ်တာ အလွန်တွေ့ရခဲတယ်။
ယခင်က ဘုန်းကြီးကျောင်းမှာ ပွဲလမ်းတစ်ခုပြီးတိုင်း စီးကရက်တိုပေါင်း ၁၀၀ မက ကျောင်းဝင်းထဲ ပြန့်ကျဲကျန်ခဲ့တယ်။ ကျောင်းမှာ ဘုန်းကြီးပဲရှိတာဖြစ်လို့ လူရှင်းချိန် ဘုန်းကြီးပဲ လိုက်ကောက်ရတာပေါ့။ ဒါနဲ့ ဘုန်းကြီးကျောင်းကို လာတာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်သင့်ချေဘူး ဆိုပြီး "ဆေးလိပ် တိုများ ပစ်မသွားစိတ်ထားကောင်းသပ။ သစ်သီးအခွံ သံဘူးခွံ ပစ်ရန် နေရာရှိသဗျ။ အမှိုက်သရိုက် ရှင်းပစ်လိုက် အကြိုက်လိုရာရ" ဆိုတာမျိုးလေးတွေ ရေးပြီး ကပ်လိုက်လို့ အခုတော့ အတော် သက်သာသွားပြီ။
အသက်လေးနှစ်နဲ့ လေးနှစ်အောက် ကလေးထိန်းဌာနတစ်ခုမှာ ဆရာမတွေ ကလေးထိန်းပုံ ဗွီဒီယိုကို ကြည့်ရင် ... မလိမ်ရ၊ ဗိုလ်မကျရ၊ စည်းကမ်း မဖောက်ရ၊ လွယ်အိတ်တွေကို စနစ်တကျထား၊ အမှိုက်ဖွမိရင် ပြန်ကောက်ပြီး အမှိုက်ပုံးထဲ သွားထည့်၊ ကစားစရာနဲ့ စားစရာတွေကို လုမယူရ ... တန်းစီယူ၊ အိမ်သာတက်ပြီးရင် လက်ဆေး၊ သူများပစ္စည်း မထိရ၊ အပြစ်ရှိရင် ပြစ်ဒဏ် (မဆော့ဘဲ တစ်ယောက်ထဲ သတ်မှတ်ချိန်ထိ ထိုင်နေရခြင်း) ... ဆိုတာမျိုးတွေ တွေ့ရတယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ ငယ်စဉ်က အဲဒီလို လေ့ကျင့်ထားလို့ ဒီဖက်မှာ အရွယ်ရောက်ပြီးသူ ငါးဆယ်ရာနှုန်းထက် မနည်း ထိုအတိုင်း ပုံစံကျနေတာမျိုးကို တွေ့နိုင်တယ်။ အတုယူစရာပါ။
အဂ္ဂပါပဲ ... အဘိဝံသပါပဲ။ ဒါပေမယ့် ... ဖေ့စ်ဘုက် ဗွီဒီယိုတစ်ခုမှာ သူ့ရဲ့ မိဘမဲ့ ကလေးကျောင်း ပရဟိတ လုပ်ငန်းအ ကြောင်း သတင်းဌာနတစ်ခုနဲ့ အမေးအဖြေလုပ်တဲ့ ဆရာတော် တစ်ပါးကို တွေ့တယ်။ မိတ်ဆက်ပေးသူရဲ့ အပြောအရ သူ့လုပ်ဆောင်ချက်ကို ကြည်ညိုစိတ် ဖြစ်နေဆဲ ... ထိုဆရာတော်က စကားပြောမလို့ ပါးစပ်ထဲ ငုံထားတဲ့ ကွမ်းတံတွေးကို လမ်းဘေး မြက်ခင်းပေါ် ထွေးချတာကို မထင်မှတ်ဘဲ တွေ့ လိုက်ရတော့ ဖီလင်တောင် အောက်သွားတယ်။ ဘာလို့ဆို သူကိုယ်တိုင်က ကလေးတွေ အဲဒီလို မလုပ်ဖို့ စည်းကမ်းသတ် မှတ်ပေးရမယ့် လူဖြစ်နေလို့။
ဝိတိုရိယဘုရင်မဟာ ကိုယ်တိုင်အနေအထိုင် စည်းကမ်း ရှိပြီး ဘာသာတရား ကိုင်းရှိုင်းလို့ သူ့ခေတ်ပြည်သူတွေ သူ့ကို လေးစားပြီး အတုယူကြသတဲ့။ မကြာခင်က မြန်မာနိုင်ငံက ခေါင်းဆောင်တွေ အမှိုက်ကောက်တာကိုလည်း အမှတ်ရသင့်တာပဲ။ အရှေ့အနောက်မဟူ သူများနိုင်ငံမှာ ယောင်ပြီးတောင် အဲဒီလို မလုပ်မိပါစေနဲ့။ ကွမ်းဝါးခြင်း ဆေးငုံခြင်းကို (လုပ်တတ်ရင်) ဖြတ်ခဲ့ဖို့ အကြံပေးပါတယ်။
ရိုးရိုးလေးပဲ
ပြောင်းတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က မြန်မာလူမျိုးတွေ ဖော်ရွေတယ်၊ ရက်ရောတယ်၊ ဧည့်ဝတ်ကျေတယ်၊ ခင်မင်စရာကောင်းတယ်၊ ဒါမျိုးကို ဝါရှင်တန်မှာ မရနိုင်ဘူးတဲ့။ ကြိုက်ချင်စရာ စကားလုံးတွေပါပဲ။ ဒါပေမယ့် ... သူ့ရဲ့ နောက်တွဲစကားတစ်ခုက မြန်မာနိုင်ငံကလူတွေ အချင်းချင်း မယုံကြည်ကြဘူးတဲ့။ လိမ်တာများရင် အမှန်ပြောလည်း မယုံနိုင်တော့ဘူးပေါ့။ သတိထားရမယ့် အချက်ပါ။
မကြာခင်က ဧည့်သည်ဆရာတော်နဲ့ အမေရိကအရှေ့ပိုင်းကို ရောက်တော့ US ကို ရောက်လာတဲ့ ဘုန်းကြီးအချို့ အကြောင်း သတင်းစုံ ကြားရတယ်။ ဘာမှ မဟုတ်ဘဲ ယိုးယား သို့မဟုတ် အိန္ဒိယ သို့မဟုတ် သီရိလင်္ကာမှ တစ်ဆင့် အမေရိက တက္ကသိုလ်မှာ စာတမ်းဖတ်ဖို့ လာတာလို့ ဆိုသူ၊ ရွာမှာ ဘုရားကို ထီးတင်မလို့၊ စာကြည့်တိုက်ဖွင့်မလို့၊ ဆေးရုံ ဆောက်မလို့ ... စုံလို့။ အိုဗားမားနဲ့ တွေ့မလို့ လာတဲ့ ဘုန်းကြီးတောင် ပါသေးတယ်။ ဒီလို မလုပ်ပါနဲ့ ... ကျောက်ကောင်း တစ်ပွင့်ဆိုတာ ညွှန်းဖုံးနေရင်တောင် အချိန်တန်ရင် ထွန်းတောက်မြဲပါ။ ရိုးရိုးလေးပဲ ကောင်းပါတယ်။
သိနေတယ်
"ဘယ်သူသိတာမှတ်လို့၊ ခုမြင်ခုပျောက်ပဲ၊ ဒီလူတွေက ဗုဒ္ဓဘာသာလည်း မဟုတ်ဘူး" ဆိုပြီး မလုပ်သင့်တာကို မလုပ်ပါနဲ့။ သူတို့ ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် ကိုယ်တို့ကို ဗုဒ္ဓဘာသာ ဘုန်းကြီးပဲလို့ သူတို့က သိနေရင် ကိုယ့်ကြောင့် သင်္ကန်းသိက္ခာကျမှာပေါ့။ ဒလိုင်းလားမားရဲ့ ကျေးဇူးကြောင့် အနောက်နိုင်ငံ အထူးသဖြင့် အမေရိကရှိ မြို့ကြီးနေ လူအများစု ကိုယ်တို့ကို ဗုဒ္ဓဘာသာ ဘုန်းကြီးမှန်း သိနေတာများတယ်။ ဝါရှင်တန်ဒီစီက ဒကာကြီး ဦးအေးသန်း ပြောပြဖူးတယ် ... ဆရာတော်ကြီးတစ်ပါးကို ဈေးပို့ရင်းနဲ့ ဆိုင်က တာဝန်ရှိသူ တစ်ယောက်က လုံခြုံရေးဗွီဒီယိုကင်မရာမှာ ရိုက်ယူထားတာကို ပြသတဲ့။ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ပစ္စည်းတစ်ခုကို ခိုးယူနေတဲ့ပုံ ဖြစ်နေတယ် (ဗမာဘုန်းကြီးတော့ မဟုတ်ဘူးလို့ ဆိုတယ်)။ ဘာပဲဖြစ်ဖြစ် အရောင်အဆင်း ပုဂံတူလို့ ထုတ်ပြတာပဲ။ တစ်ချို့ကိုယ်တော်တွေ တွေ့တဲ့လူကို အတင်းစကားလိုက်ပြောချင်တာ တွေ့ရတယ်။ ပြောတတ်လို့ ပြောတာ ကိစ္စမရှိ။ ဒါပေမယ့် သိက္ခာရှိရှိတော့ ပြောပါ။ ဒါတောင် သွားသန့်ရှင်းရေး စနစ်တကျ မလုပ်ထားလို့ ကိုယ့်ရဲ့ ပါးစပ်နဲ့ မကောင်းပဲ ရှိနိုင်တာကိုတော့ သတိထားရလိမ့်မယ်။
အလိုက်သိ
ပြည်ပမှာရှိတဲ့ ဗုဒ္ဓဘာသာ ဒကာ ဒကာမတွေရော သံဃာတော်တွေပါ အများစု မြန်မာဧည့်သည်ဆရာတော်တွေကို မျှော်နေ ကြတာဖြစ်လို့ ကြွလာရင် ကူညီချင်စိတ် လှူဒါန်းချင်စိတ် ပြင်းပြကြတယ်။ သူတို့အများစု တာဝန်ကျေတယ်လို့ ဘုန်းကြီးယူဆတယ်။ ဒါပေမယ့် ... ဘုန်းကြီးက ပိုက်ဆံအိတ်ကြီးကို လူရှေ့မှာ ထုတ်တာကို မမြင်စေချင်လို့ သူ့ဘဏ်ကတ်နဲ့ ချေပေးတဲ့ ဒကာကို ကျောင်းပြန်ရောက်ရင် ပြန်ပေးဖို့ မေ့နေ သို့မဟုတ် မေ့ယောင်ဆောင်နေတာမျိုး ... ဖုန်းနံပတ် အိမ်လိပ်စာ မရအရ လိုက်တောင်း၊ လိုက်အလှူခံတာမျိုး ... ကိုယ့်ဆီလူလာစေချင်လို့ (ဒဲ့ပြောရင် အလှူငွေရအောင်) အောက်လမ်းတွေသုံးပြုတာမျိုး ... သူအလည်အပတ်ရောက်တဲ့ အရပ်မှာ သူ့ကြောင့် ဘုန်းကြီးနဲ့လူ ပြဿနာဖြစ်ကျန်ရစ်တာမျိုး ... ဒါမျိုးတွေလည်း ကြားရ ကြုံရတာတွေရှိတယ်။ အမှန်တော့ သူတို့ရက်ရောလေ ကိုယ်တို့က အလိုက်သိဖို့ လိုလေပါပဲ။
ဒီဆယ်စုနှစ်အတွင်းမှာ ပြည်ပရောက် ဆရာတော်တွေ အပြိုင်အဆိုင် ဓမ္မသင်တန်းတွေ ဖွင့်ပြီး သင်ကြားပို့ချမှုတွေ များလာလို့ ပြည်ပရောက် မြန်မာတွေအနေနဲ့ ပြည်တွင်းကလူတွေလို ဘာသာရေး ဗဟုသုတ ပိုကြွယ်ဝနေပြီ။ အချို့ပြည်တွင်းထက်တောင် သာတယ်။ ပြည်ပမှာ ဘာသာရေးလည်း လိုက်စားကြတယ်။ ဒါကြောင့် တရားဟောရင်တောင် မြန်မာနိုင်ငံမှာ မိဘမဲ့၊ ဘက၊ ဆေးရုံ၊ ပရဟိတ ... ဆိုတာတွေအကြောင်းကို ပြောပြီး အလှူခံရုံနဲ့ မရတော့ဘူး။
အပြုံးနဲ့ ယူပါ
တစ်ချို့ဟာတွေကို မသိလို့ ပြုမိတဲ့အတွက် ခွင့်လွှတ်နိုင်ပေမယ့် ကိုယ့်ကြောင့် ပြောစမှတ်ပြုစရာ ဖြစ်ကျန်ခဲ့ရင် သင်္ကန်းအတွက် ကိုယ့်မှာ တာဝန်ရှိတယ်။ ကပိုကရို ပရမ်းပတာကို ဘယ်သူမှ မနှစ်သက်ပါဘူး။ ဒါကြောင့် ဘဝတူ ရဲဘော်တွေအပေါ် ဆိုခဲ့ပါသကျသီဟ အဘိဝံသဘွဲ့ရ ကိုယ်တော်ကို ဒကာက အထင်သေးတာမျိုးလို မဖြစ်စေချင်လို့ စိတ်ထဲရှိတာလေး ဖွင့်ချမိတာပါ။ စိတ်တော့ မရှိပါနဲ့။ အပြုံးနဲ့ ခံယူရင်း အဲဒါလေးတွေကို စိတ်ထဲမှတ်ထားပြီး ပြင်သင့်တာကို ပြင်ခဲ့ပါ။
မတ် ၁၆၊ ၂၀၁၆။
---
၄၅၅။ ဗုဒ္ဓဝါဒနှင့် အစွန်းရောက်ခြင်း
ဆရာတော် ဘုရား၊ အမေရိကန်သတင်းထောက် ဂျိမ်းဖော်လီကို ခေါင်းဖြတ်သတ်သူတို့က အာလာဘုရားကို ဆန့်ကျင်သောကြောင့် ဘုရားသခင်က ချက်ခြင်း ပြစ်ဒဏ်ခတ်တာလို့ ဆိုပါ တယ်။ ဗုဒ္ဓဘာသာမှာ အကုသိုလ်ကံက အဲဒီလို ချက်ခြင်း အကျိုးပေးတာ ရှိနိုင်ပါသလား ဘုရား။ ဖေ့စ်ဘုတ်နှင့် အွန်လိုင်းသတင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေ အစွန်းရောက်ကြောင်း ရေးသားကြသည်ကို တွေ့ရပါသည်။ ဗုဒ္ဓဘာသာသည် အစွန်းရောက်ဖို့ သင်ကြားပါသလား။ နိုင်ငံရဲ့ ခေါင်းဆောင်ဟာ ဘာသာပဲ ဖြစ်ရမယ်လို့ ဆိုရင် မျှတနိုင်ပါသလား ဘုရား။
မောင်မောင်ကျော် (ရန်ကုန်)
---
ဗုဒ္ဓ
ပြာဖုံးမီးလို အကုသိုလ်ကံဟာ ပြုစဉ်ခဏမှာပဲ ချက်ခြင်း အကျိုးပေးရင် ထို ထိုဂတိတွေမှာ အမြဲရောက်နေတာမျိုး၊ မည်သူမျှ အကုသိုလ်ကို မပြုဝံ့တော့တာမျိုး ဖြစ်မှာပေါ့။ အမှန်တော့ ကုသိုလ်ကြောင့်ဖြစ်တဲ့ ခန္ဓာအစဉ် ရှိနေတဲ့အတွက် ချက်ခြင်း အကျိုးမပေးဘဲ ပြာဖုံးတဲ့ မီးကျီးခဲလို မြုပ်နေတာ။ ကုသိုလ်အရှိန်လည်း ကုန်ရော၊ ပြာအောက်က မီးကျီးဟာ နင်းသူကို လောင်ကျွမ်းစေသလို အကုသိုလ်ရှင်ကို ပူပြင်းစွာ လောင်ကျွမ်းစေတော့တာပဲ (နေတ္တိ၊ဋ္ဌ၊၂၅ဝ)။
ဒီနေရာမှာ ကုသိုလ်ကံအရှိန်နည်းချိန် အကုသိုလ်ကံက ချက်ခြင်း အကျိုးပေးနိုင်ကြောင်းလည်း ဖြည့်မှတ်ပါ။ အောက်ပါ ဂါထာလေးကိုပါ ကျက်မှတ်ထား ...
"န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇခ်ိဳရံဝ မုစ္စတိ။ ရဟန္တံ ဗာလ.မနွေတိ၊ ဘသစ္ဆန္နောဝ ပါဝကော။"
ညှစ်ပြီးစ နို့ရည်သည် မူလသဘောမှ ရုတ်တရက် ပြောင်းလဲသကဲ့သို့ ပြုသစ်စ မကောင်းမှုသည် (ရုတ်တရက်) ကျိုးမပေးသေး။ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ လောင်ကျွမ်းစေပြီး လူမိုက်နောက်သို့ အစဉ်လိုက်၏ (ဓမ္မပဒ၊၇၁-ဂါထာ)။
ဘက်လိုက်ခြင်း
သတင်းတွေမှာ "မြန်မာဗုဒ္ဓဘာသာတွေ မိန်းမကို နှိမ့်ချ ဆက်ဆံတယ်၊ မြန်မာဗုဒ္ဓဘာသာတွေ မသန်စွမ်းသူကို ခွဲခြားတယ်၊ မြန်မာဗုဒ္ဓဘာသာတွေလည်း အစွန်းရောက်တယ်" ဆိုတာမျိုးတွေ ရေးသားကြေညာ သို့မဟုတ် ကြော်ငြာဝါဒဖြန့်သံတွေကို ကြားရတယ်။ မြန်မာတွေလို့ဆိုရင် ရပေမယ့် ရှေ့နားမှာ "ဗုဒ္ဓဘာသာတွေ" ဆိုတဲ့ စကားလုံးနဲ့ ကပ်ပြီး အထူးပြုလေ့ရှိတယ်။ အွန်လိုင်းက ကြည့်နိုင်တဲ့ တိုင်းမ်မဂ္ဂဇင်းမှာ "ငါးပါးသီလ မဂ္ဂင်ရှစ်ပါးကို ကျင့်သည်ဆိုသော ဗုဒ္ဓဝါဒီတို့ လူတွေကို အစုလိုက်သတ်ဖြတ်ပြီ" လို့ သတင်းခေါင်းစဉ် ရေးခဲ့ဖူးတယ်။ အဲဒီရေးသားပုံမှာ အခြားတစ်ဖက်ရဲ့ ရက်စက်တဲ့ လှုပ်ရှားမှုနဲ့ အပြုအမူတွေကို လုံးဝမြုပ်ထားတာကို တွေ့နိုင်တယ်။ 'တိုင်းမ်' ဆိုတဲ့ နာမည်ကို အထင်ကြီးပြီး လိုက်ရေးတဲ့ မြန်မာသတင်းသမား အမည်ခံသူတွေလည်း ရှိမှာပါ။
ရေးသားချက်မှာ ဗုဒ္ဓဘာသာမှာ သွင်ပြင်ကောင်းရှိနေတာကို နှိမ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဗုဒ္ဓဝါဒကို မနှစ်သက်တဲ့ ဘာသာရေး အစွဲမကင်းတဲ့ သတင်းသမားဆိုသူတွေရဲ့ "သတင်းပညာကို အသုံးချပြီး နားထောင်သူတွေကို လှည့်စားခြင်း သို့မဟုတ် သတင်းဘက်လိုက်ခြင်း" လို့ပဲ ဆိုရလိမ့်မယ်။
ထုတ်ပြပါ
Fox သတင်းဌာနာက Sean Hannity က ၎င်းတွေ့ဆုံမေးမြန်းသူကို "အကြမ်းဖက်မှုမှန်သမျှဟာ ခင်ဗျားတို့ ဘာသာရေး၊ ခင်ဗျားတို့ကျမ်းစာရဲ့ နာမည်နဲ့ပဲ ဖြစ်ဖြစ်နေတာ" လို့ဆိုတော့ မေးမြန်းခံရသူက အကျောက်အကန်ငြင်းတဲ့အခါ ၎င်းက "Surely Allah loves those who engage in war in ranks for his sake, as if they were a solid wall. = အလ္လာဟ်ကို အကြောင်းပြု၍ တိုက်ခိုက်သော စစ်ပွဲ၌ အုတ်တံတိုင်းကဲ့သို့ ခုခံတိုက် ခိုက်သူများအား အလ္လာဟ်သည် အမှန်တကယ် ချစ်နှစ်သက်၏ (Qur'an 61:4)" ဆိုတဲ့ စာရွက်နဲ့ ထုတ်ရေးချထားတဲ့ ကျမ်းစာ စကားကို ကောက်ပြီး ဖတ်ပြတယ်။
"မိန်းမတွေကို နှိမ့်ချဖို့၊ မသန်စွမ်းသူကို ခွဲခြားဖို့၊ အစွန်းရောက်ဖို့" ညွှန်ကြားတဲ့ ဗုဒ္ဓဝါဒ ကျမ်းစာထဲက စာတစ်ကြောင်း လောက် မထုတ်ပြနိုင်သရွေ့ အဲဒီ ဖေ့စ်ဘုက်နဲ့ အွန်းလိုင်းမှာ ရေးတယ်ဆိုတဲ့ လူတွေ မမှန်သေးဘူး။
ဝါဒနဲ့ လူ
၁) ဗုဒ္ဓဓမ္မ = ဗုဒ္ဓရဲ့ ဟောကြားချက် = ပိဋကတ်သုံးပုံ
၂) ဗုဒ္ဓဝါဒီ = ဗုဒ္ဓဘာသာ = ဗုဒ္ဓရဲ့ ဟောကြားချက်ကို ယုံကြည်၊ လိုက်နာ ကျင့်သုံးသူ။ ဗုဒ္ဓဘာသာမှာ အကြမ်းဖက် အစွန်းရောက် ဆိုတာနဲ့ ပတ်သက်ပြီး ဝါဒနဲ့ လူကို လုံးဝ ခွဲခြားလို့ရတယ်။ ဗုဒ္ဓဘာသာလို့ဆိုသူတွေက အကြမ်းဖက်တာ၊ အစွန်းရောက်တာ ရှိနိုင်တယ်။ ဒါပေမယ့် ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူး။ ဗုဒ္ဓဝါဒီလို့ ဆိုပေမယ့် သူ့လုပ်ဆောင်ချက်က ဗုဒ္ဓဓမ္မနဲ့ မပတ်သက်ရင် ဝါဒကို အပြစ်တင်လို့ မရဘူး။ လူကိုပဲ အပြစ်တင်ရမှာပေါ့။
နအဖခေတ်က အိန္ဒိယ၊ ပတ္တနားမြို့ ဘုန်းကြီးကျောင်း ရေစက်ချပွဲကို နိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ဦးဆောင်ပြီး လာတဲ့ မြန်မာနိုင်ငံက အရက်ချိုးအရာရှိတစ်ဦး (သူ့ကိုယ်သူ ဗုဒ္ဓဘာသာလို့ ပုံစံစာရွက်မှာ ဖြည့်ခဲ့ဖွယ်ရှိသူ) က ငါးပါးသီလကို မရ (အလွတ်မရဘူး သို့မဟုတ် မသိဘူး) လို့ တာဝန်ရှိကျောင်းဘုန်းကြီးကိုပြောပြီး အခမ်းအနားကို မတက်ဘဲ နေသတဲ့။ အဲဒီလို လူမျိုးက လမ်းပေါ်မှာ မေတ္တာပို့ ဆန္ဒပြတဲ့ သံဃာတွေကို သေနတ်နဲ့ ပစ်ဖို့ အမိန့်ပေးတာ မဆန်းပါဘူး။
ဗုဒ္ဓဝါဒီတို့
နောက်ဆုံးမေးခွန်းကို မဖြေမီ ဒါလေးတွေကို အရင် နှလုံးသွင်းကြည့်ပါ ... ဒလိုင်းလားမားက "အနောက်ဖက်က လူတွေ ကျုပ်ကို လက်ခံတာ ကျုပ်ဗုဒ္ဓဘာသာဖြစ်လို့ မဟုတ်ဘူး၊ ကျုပ်က လူသားဝါဒနဲ့ ကိုယ်ချင်းစာတရားကို ဦးစားပေး ဟောပြောလို့ပါ" တဲ့။ အမေရိကန်လူမျိုး ဆရာတော်ကြီး ဘိက္ခုဗောဓိကလည်း အနာဂတ် ဗုဒ္ဓဝါဒီတွေ လုပ်ဖို့လိုတဲ့ စိန်ခေါ်မှုတွေကို ပြောပြရာမှာ အနောက်နိုင်ငံတွေမှာ လူ့အခွင့်အရေးကို လူ့တန်ဖိုးရဲ့ နှုန်းစံအဖြစ် သတ်မှတ်ကြတဲ့အတွက် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာသိ ဝေဖန်ခြင်း ထောက်ခံခြင်းပြုဖို့၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူမှုကူညီရေးတွေ လုပ်ဖို့ ဗုဒ္ဓဝါဒီတွေကို အကြံပြုပါတယ်။
ကမ္ဘာပေါ်မှာ မြန်မာဗုဒ္ဓဝါဒ မျက်နှာပန်းလှဖို့အတွက် ဗုဒ္ဓဝါဒကို မြတ်နိုးတဲ့ ဗုဒ္ဓဝါဒီတစ်ဦးအနေနဲ့ ဆင်ခြင်ထိန်းစောင့်ရမှာဖြစ်လို့ လူသိရှင်ကြား လှုပ်ရှားမှု ပြောဆိုမှု မပြုမီ အထက်ပါ အဖိုးတန်အကြံပြုချက်တွေကို အလေးအနက် စဉ်းစားသင့် တယ်။ ကိုယ့်ကိုသာမက သူများကိုပါ ဂရုပြုတဲ့ သဘောပါ။
နိုင်ငံချစ်စိတ်
တိရိစ္ဆာန်အချို့တောင် သူမွေးတဲ့ မြေကို ခင်တွယ်ကြောင်း ကြားဖူးမှာပေါ့။ အင်္ဂလိပ်ကို တော်လှန်တုန်းက ဘာသာမတူသူတွေ သတ္တိပြောင်စွာ ပါဝင်ခဲ့ကြတယ်။ ဒါကြောင့် ဘာသာမတူပေမယ့် သူတို့မွေးတဲ့ သူတို့မြေကို ချစ်တာချင်း အတူတူပါ။ လက်ပန်းတောင်းတောင်က လယ်တီသိမ်တော်ကြီးကို ရောင်းစားတဲ့ ဗုဒ္ဓဝါဒီပါလို့ ဆိုသူတွေလောက် ဆိုးအံ့လော။ ဒါကြောင့် ဘာသာမတူသူ နိုင်ငံရဲ့ခေါင်းဆောင် ဖြစ်တာကို ဘာမှ ၎င်းရာမရှိဘူး။ ယခင်ပါလီမန်ခေတ်ကလည်း ရှိခဲ့တာပဲ။ နိုင်ငံတိုးတက်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ယုံကြည်ယူဆခံရလို့ တင်မြှောက်လိုက်တာ ဖြစ်မှာပေါ့။
မြန်မာနိုင်ငံအတွင်း မည်သည့် ဘာသာဝင်မဆို မိမိတို့ ဘာသာတရား တိုးတက်အောင် ငြိမ်းချမ်းပြီး တရားမျှတတဲ့ နည်းနဲ့ လုပ်တာကိုလည်း ဗုဒ္ဓဘာသာတွေက အပြုံးနဲ့ ထောက်ခံရမယ်၊ အားပေးရမယ်လို့ ဘုန်းကြီးယူဆကြောင်းပါ။
မတ် ၁၇၊ ၂၀၁၆။
---
၄၅၆။ စိတ်ဖိစီးမှု လျော့ချင်ရင်
ဓမ္မအမေးအဖြေတွေကို ဖတ်ပါသည် အရှင်ဘုရား။ နားလည်လွယ်တဲ့အတွက် နှစ်သက်ပါသည်။ တပည့်တော်က ဆစ်ဒနီ (ဩစတြေးလျ) မှာ အလုပ်လုပ်ပါသည်။ လက်ရှိအလုပ်က အခြေအနေကောင်းပေမယ့် နေ့စဉ် အလုပ်ကို သုံးနာရီကြာ ကားဖြင့် သွားရသည့်အတွက် စိတ်ပင်ပန်းမှုဖြစ်ပါသည်။ လွန်ခဲ့သော ငါးလလောက်ကမှ စပြီး အလုပ်သစ် ရှာဖွေခဲ့ရာမှာ လူတွေ့ခေါ်တဲ့အထိ ရောက်ပေမယ့် အဆင်မပြေနိုင်သေးပါ။ ထိုစိတ်ဖိစီးမှုကို ကျော်လွှားရန် အကြံဉာဏ် သို့မဟုတ် မည်သို့ ရွတ်ဖတ်သရဇ္ဈာယ်မှု ပြုရမည်ကို သိလိုပါသည် ဘုရား။
Mi Ko
---
စိတ်ဖိစီးမှု
တိုးတက်တဲ့နိုင်ငံတွေမှာ နေရင် လူတိုင်း အကြောင်းအမျိုးမျိုးနဲ့ အဲဒီလို စိတ်ဖိစီးမှုတွေ ရှိမြဲပါပဲ။ အိုင်ဖုန်းတို့ အိုင်ပက်တို့ကို လုပ်တဲ့ တရုတ်ပြည်တောင်ပိုင်း ရှန်ဇင်း (Shenzhen) မြို့က Foxconn စက်ရုံမှာ အလုပ်သမားလေးသိန်းလောက် ရှိတယ်။ တစ်နာရီကို ၂-ဒေါ်လာလောက်နဲ့ အလုအယက် ဝင်လုပ်ကြတာ။ တစ်နေ့ကို ၁၂-နာရီလုပ်ရတယ်။ အသက် ၁၂-နှစ် ကလေးတွေတောင် ပါသတဲ့။ သတ်မှတ်ချိန်အတွင်း သတ်မှတ်တဲ့ စံနှုန်းအတိုင်း ပြီးအောင် လုပ်ရတယ်။ အိပ်တော့ စက်ရုံတန်းလျားက အခန်းကျဉ်းမှာ၊ စားတော့ အလုပ်သမားတွေစုပြီး ပုံစံကျ စားရတယ်။ အဲဒီလို ရက်လတွေ ကြာလာတော့ စိတ်ဖိစီးမှု ဖြစ်လာတယ်။ စိတ်ဖိစီးလွန်းလို့ တိုက်အမိုးပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေကြတဲ့အတွက် အောက်ခြေမှာ ပိုက်တွေကာထားရတယ်။ ဒါကြောင့် အနောက်တိုင်းက လူ့အခွင့်အရေးသမားတွေက Apple ကုမ္ပဏီ အလုပ်သမားတွေကို 'islave' လို့တောင် ဝေဖန်ကြတယ်။
ကုစားမှုတွေ
အဲဒီလို စိတ်ဖိစီးမှုမျိုးတွေ လျော့ပါးအောင်လို့ intel လို ကွန်ပျူတာကုမ္ပဏီတွေမှာ ကမ္မဋ္ဌာန်းထိုင်နည်းကို သင်ပေးခြင်းနဲ့ အချိန်ပိုင်းစုပေါင်း ကမ္မဋ္ဌာန်းထိုင်တဲ့ အစီအစဉ်တွေ ရှိကြောင်း သိရတယ်။ ဘယ်နည်းနဲ့ ဘယ်လို ကမ္မဋ္ဌာန်းထိုင်ဖို့ သင်တယ်ဆိုတာကိုတော့ မသိဘူး။ ဒါပေမယ့် ဗုဒ္ဓဝါဒ ကမ္မဋ္ဌာန်းနည်း တစ်ခုခုကို အခြေခံဖို့များပါတယ်။ ဝိပဿနာ ကမ္မဋ္ဌာန်းထိုင်နည်းဆိုတာ ဗုဒ္ဓဝါဒမှာပဲ ရှိတာပါ။ အမေရိကန်ရှိ အချို့ထောင်တွေမှာလည်း ဝိပဿနာ ကမ္မဋ္ဌာန်းထိုင်တာတွေ ခေတ်စားလာနေပါတယ် (The Dhamma Brothers အမည်ရှိ ဗွီစီဒီကို You Tube မှာ ကြည့်ပါ)။ ယူကေက စာသင်ကျောင်းအချို့မှာတော့ ကလေးတွေကိုတောင် ကမ္မဋ္ဌာန်းထိုင်နည်း သင်ပေးဖို့ ခွင့်ပြုထားတယ်လို့ သိရတယ်။
တရားထိုင်ပါ
ဗုဒ္ဓဘာသာမှာ စိတ်ကို ဆုံးမတဲ့ နည်းကောင်းတွေ ရှိတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုကို ကျော်လွှားဖို့ဆိုရင် အဲဒီနည်းတွေကို ကျင့်ရမှာပေါ့။ တစ်နေ့ သုံးနာရီ ကားမောင်းရပေမယ့် စိတ်ထက်သန်ရင် ဘယ်အလုပ်မဆို လုပ်နိုင်ပါတယ်။ ဘာသာရေးဆိုတာ လုပ်ချင်စိတ်ရှိမှ လုပ်ဖြစ်တာပါ။ သင့်မြတ်တဲ့ အကြံဉာဏ်တစ်ခုက ... ခွင့်ယူလို့ရရင် တစ်ပတ် ၁၀-ရက် ခွင့်ယူပြီး စိတ်အေးအေးနဲ့ နီးစပ်ရာ တရားဌာနတစ်ခုကို သွားပြီး တရားထိုင်နည်းကို လက်တွေ့သင်ယူပါ။ "သတ္တဝါတွေ 'စိုးရိမ်ပူပန်ခြင်း' 'စိတ်ဖိစီးခြင်း' တွေကို လွန်မြောက်ဖို့၊ ကိုယ်ဆင်းရဲစိတ်ဆင်းရဲခြင်းတွေ ငြိမ်းဖို့ တစ်ခုတည်းသော လမ်းဖြစ်တယ်" လို့ ရှင်တော်ဗုဒ္ဓကိုယ်တိုင် ခံထားတဲ့ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းရှုမှတ်နည်းကို မမှိတ်မသုံ ယုံကြည်စိတ်နဲ့ ကြိုးစားပြီး လေ့ကျင့်ကြည့်ပါ။ "ဘုရားမဖြစ်သမျှ ဒီနေရာမှ မထတော့ဘူး" လို့ ဗုဒ္ဓလောင်းလျာ အဓိဋ္ဌာန်ပြုတာကို အတုယူပြီး အိမ်ပြန်ရောက်တဲ့အခါ အဓိဋ္ဌာန်ပြုပြီး ဆက်လုပ်ပါ။
အဓိဋ္ဌာန်ပုံ
အဓိဋ္ဌာန်တဲ့အခါ ၁) နေ့ရက် (အနည်းဆုံး တစ်ပတ်ကို သုံးရက်၊ ကြိုက်တဲ့ရက်ကို ရွေး) ၂) အချိန် (နံနက် သို့မဟုတ် ည ၈-နာရီ သို့မဟုတ် ၉-နာရီ၊ ကြိုက်ရာရွေး) ၃) အချိန် အတိုင်း အတာ (အနည်းဆုံး မိနစ် ၃၀ သို့မဟုတ် ၁-နာရီ) ၄) နေရာ (တရားထိုင်မယ့် နေရာကို သန့်ရှင်းသပ်ရပ်အောင် ကြိုတင်ပြင်ဆင်ထားခြင်း)။ တရား စထိုင်မယ့်နေ့ ဘုရားရှေ့မှာ "သည် တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး သုံးရက် ည ၈-နာရီမှ ၉-နာရီထိ တစ်နာရီ ဤနေရာတွင် တရားထိုင်ပါမည်" လို့ စိတ်ထဲက ဆိုပြီး အဓိဋ္ဌာန်ပြုပါ။ ပြီးရင် သင်ပေးလိုက်တဲ့အတိုင်း တရားထိုင်ပါ။ တရားမထိုင်ခင် ငါးပါးသီလ၊ ဘုရားဂုဏ်တော် ... စသည် (သို့မဟုတ် ရိပ်သာက သင်ပေးလိုက်သည်များ) ကို ရသလောက် ရွတ်ပွား၊ သို့မဟုတ် ပရိတ်ကြီးစာအုပ် စသည်ကို ကြည့်ပြီး ဖတ်တာမျိုး ၅-မိနစ် ၁၀-မိနစ်လောက် လုပ်နိုင်တယ်။ စိတ်ငြိမ်သွားအောင်ပေါ့။
မေတ္တာပွားပုံ
ခွင့်ယူပြီး တရားစခန်းကို မသွားနိုင်သေးရင် အနည်းဆုံး မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းရင်လည်း စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ စီးဖြန်းပုံက ... တရားထိုင်သလိုပဲ တင်ပလ္လင်ခွေထိုင်။ မျက်လုံးကို မှိတ်ပြီး ဖော်ပြပါအတိုင်း အရင် အဓိဋ္ဌာန်ပြုပါ။ ပြီးမှ ...
"သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ အဝေရာ ဟောန္တု = ရန်သူကင်းကြပါစေ။
သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆိုးဒေါသ ကင်းကြပါစေ။
သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ အနီဃာ ဟောန္တု = နှိပ်စက်ခံရခြင်း ကင်းကြပါစေ။
သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ သုခီ အတ္တာနံ ပရိဟရန္တု = နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ" လို့ စိတ်နဲ့ ထပ်ခါထပ်ခါ ဆိုပါ။ 'သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး' လို့ ဆိုတိုင်း ကုန်းနေရေနေလေနေ သတ္တဝါတွေကို စိတ်ထဲမှာ မြင်အောင် စူးစူးစိုက်စိုက် အာရုံပြုရတယ်။ အရေးကြီးတာက "စိတ်ဆို" နဲ့ (စိတ်ထဲက ဆိုနေတာနဲ့) သတ္တဝါအာရုံ (အားလုံးသော သတ္တဝါ) တစ်ထပ်တည်း ဖြစ်နေဖို့လိုတယ်။
ရွတ်ဖတ်ခြင်း
ကမ္မဋ္ဌာန်းထိုင်တာ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းတာတွေကို ခက်တယ်လို့ ခံစားရရင် ဒါမှမဟုတ် အပြောင်းအလဲ လုပ်ကြည့်ချင်ရင် မေးခွန်းထဲကအတိုင်း ရွတ်ဖတ်သရဇ္ဈာယ်မှုကို လုပ်နိုင်တာပဲ။ အိပ်ပျော်ရင် စားဝင်တယ်။ အိပ်ပျော်စားဝင်ရင် စိတ်ဖိစီးမှု လျော့ကျပြီး စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ဖြစ်စေမှာပေါ့။ ဒါကြောင့် အိပ်ပျော်ခြင်းအကျိုးကို ရစေတဲ့ မြတ်ဗုဒ္ဓနှုတ်ထွက် စိတ္တယမက ပါဠိကို ရွတ်ဖတ်ဖို့ ညွှန်းလိုတယ်။ အဆင့်မြင့်မြင့်လည်းဖြစ်၊ သူများနဲ့လည်း မတူဘူးပေါ့။ ယမကပါဠိ၊ အတွဲ ၂၊ စာမျက်နှာ ၂၈၉-၃၁၆ ကို အွန်းလိုင်းက ရယူပြီး iPad သို့မဟုတ် iPhone မှာ ထည့်ပြီးဖတ်ရင် ရတယ်။ သံထွက်ဆင်တူတွေ များလို့ ပဋ္ဌာန်းပါဠိတော်လိုပဲ ဖတ်ရတာ လွယ်ပါတယ်။ ခက်နိုင်တဲ့ စကားလုံးအနည်ငယ်ကိုတော့ မှန်အောင် နီးစပ်ရာ ဆရာတော်ကို မေးရမှာပေါ့။
မတ် ၁၉၊ ၂၀၁၆။
၄၅၇။ ဘုရားဆင်းတု ပြုံးသလား
ဘုန်းဘုန်း ဘုရား၊ ကျန်းမာရေး ကောင်းသည် စီးပွားတက်သည်ဟု နာမည်ကြီး ဘုရားဆင်းတုတော်ကို အိမ်သို့ပင့်၍ တစ်ည ပူဇော်ကိုးကွယ်ဖူးပါသည်။ ထိုသို့ ပူဇော်နိုင်ရန် သုံးလခန့် ကြိုတင်စာရင်းပေးရပါသည်။ ပူဇော်ခအဖြစ် အလှူငွေလည်း ထည့်ရပါသည်။ ဘုရားနှင့်အတူ ပါလာသည့် ယခင် ပူဇော်သူတို့၏ မှတ်တမ်းကို ဖတ်မိရာတွင် ၎င်းတို့အိမ်မှာ သီတင်းသုံးစဉ် ဘုရားဆင်းတုတော် ပြုံးသည် နှုတ်ခမ်းလှုပ်သည် မျက်တောင်ခတ်သည် စသည်ဖြင့် ရေးထားကြပါသည်။
တပည့်တော်လည်း ကိုယ့်အိမ်မှာ သီတင်းသုံးစဉ် ထူးခြားမှုရှိမှ ဖြစ်မည်၊ မထူးခြားလျှင် မိမိတို့မှာ ဘုရားနှင့် မထိုက်တန်သူဖြစ်မည်ဟု တွေးမိ၍ ဘုရားပြုံးတော်မူသကဲ့သို့ အာရုံယူပြီး "ဘုရားဆင်းတုတော် ပြုံးတော်မူပါသည်" ဟု ရေးလိုက်ပါသည် ဘုရား။ ဆင်းတုတော်များသည် အမှန်တကယ် ပြုံးတော်မူပါသလား ဘုရား။
မေညွန့် (ပါရမီ-ရန်ကုန်)
---
ဆင်းတုပါဆို
"ဆင်းတု" ဆိုတာ "အဆင်းအတု" လို့ အဓိပ္ပာယ်ရတယ်။ အဆင်းအစစ်မှ မဟုတ်ဘဲ။ သက်ရှိသက်မဲ့တစ်ခုခုကို ကိုယ်စားပြုပြီး ကျောက်၊ သံ၊ ကြေး၊ သစ်သား စသည်နဲ့ ထုလုပ်ထားတာပဲ။ သက်မဲ့ဖြစ်လို့ ငိုခြင်း ပြုံးခြင်း မျက်တောင်ခတ်ခြင်း ဆိုတာတွေလည်း ထင်ကြေးသက်သက်ပါပဲ။ တကယ် မဟုတ်ပါဘူး။ အဆိုအငိုအပြောနဲ့ သရုပ်ဆောင်ကောင်းသလောက် ပရိသတ်က ခံစားရပြီး ရုပ်သေးရုပ်ကလေးတွေကို သနားစရာ ကြောက်စရာလို့ ထင်မှားသလိုပါ။ ဒါကြောင့် ဘုရင်ရုပ်တစ်ခုတည်းက သိဝိမင်းဖြစ်လိုက်၊ ဝေဿန္တရာဖြစ်လိုက် လုပ်လို့ရတာပေါ့။ သစ်သားကို ဆေးသုတ်ပြီး ဝတ်စားဆင်ယင်ထားတဲ့ ရုပ်တုက ရုပ်တုပါပဲ။ ဘာမှ မလုပ်တတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဆင်းတုဟာ မည်သည့်အခါမျှ မည်သည့်နည်းနဲ့မျှ ပြုံးခြင်း မျက်တောင်ခတ်ခြင်း မလုပ်ဘူးလို့ နားလည်ပါ။
သူ့ဘုရားပဲ
ကမ္ဘာအေးမှာ နေတုန်းက သူ့ကျောင်းက ရှေးဟောင်းဘုရား လူအိမ်ကို ကြွရင် အဲဒီအိမ် စီးပွားတက်တယ်ဆိုပြီး နာမည်ကြီးတဲ့ ဆရာတော်တစ်ပါး ရှိတယ်။ အထူးသဖြင့် အနုပညာသမားတွေ အဲဒီဘုရားကို အိမ်မှာ ညကျိန်းဖို့ ပင့်တာများလို့ ဘုရားခမျာ အတော်သည်းခံတော်မူရလိမ့်မယ်။ တစ်ခါမှာ ဘုန်းကြီး (အဲဒီတုန်းက ရဟန်း ၄-ဝါရ)လည်း ထိုဆရာတော်နဲ့အတူ ဘုရားညကျိန်းတဲ့ အနုပညာသည် တစ်ယောက်ရဲ့ အိမ်ကို အာရုံဆွမ်းစား လိုက်ပါသွားဖူးတယ်။ ဆရာတော်က "သူ့ဘုရားကို သူကိုယ်တိုင် မကြာခဏ ဆွမ်းကပ်၊ ဆွမ်းစားပွဲနား ထိုင်၊ ယပ်ခပ်ပေး၊ ရေနွေးငှဲ့ပေးကြောင်း၊ အဲဒီတော့ တစ်ခါတစ်ရံ မြတ်စွာဘုရား (သူ့ဘုရား)က သူ့ကို ဩဝါဒပေးကြောင်း အတူပါလာတဲ့ ဘုန်းကြီးတွေကိုပြောတယ်။ ဘေးကလူတစ်ချို့လည်း သူပြောတာကို ကြားတာပေါ့။ ဒါနဲ့ ဘုန်းကြီးလည်း သူ့ဘုရားကို စိုက်ပြီး ကြည့်မိတယ် ... ဆင်းတုက တုတ်တုတ်မျှမလှုပ်။ ဆင်းတုပဲလေ။
ချွင်းချက်နဲ့...
တစ်ခုတော့ ရှိတယ်။ “ဆင်းတုပဲလေ”ဆိုတာ ဘုန်းကြီးရဲ့ မြင်နဲ့ ခံစားချက်ပါ။ အဲဒီ ဆရာတော်ကို ကြည့်ရတာ သူ့အနေနဲ့ သူ ကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုအပေါ် တကယ် သက်တော် ထင်ရှား ဗုဒ္ဓဘုရားလို လွန်ကဲတဲ့ သဒ္ဓါတရား ဖြစ်နေတဲ့အတွက် သူပြောသလို ခံစားရတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် လူတွေ အမြင်မှားနိုင်လို့ လူပရိသတ် ရှေ့မှာ အဲဒီလို မပြောသင့်ဘူးလို့တော့ ဘုန်းကြီး ယူဆတယ်။ ဘေးနားက ဒကာ ဒကာမတွေ အထင်ကြီးအောင် တမင်ရည်ရွယ်ပြီး အဲဒီလိုပြောရင်တော့ မိစ္ဆာဇီဝ (မှားယွင်းတဲ့ သက်မွေးဝမ်းကျောင်းမှု) လို့ ဆိုရလိမ့်မယ်။
ဘုန်းကြီး ရဟန်း ၃-ဝါရ ရွာကိုပြန်စဉ် အဖိုး ရဟန်းလူထွက် ဆရာကြီးဦးစာရိန္ဒ သိမ်းထားတဲ့ ကြီးပွားရေးမဂ္ဂဇင်းထဲက ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့် ရေးတဲ့ “စကားငါးခွန်း” အမည်ရှိ ဆောင်းပါးကို ဘုန်းကြီး ဒိုင်ယာရီ စာအုပ်ထဲမှာ ကူယူထားတာ ရှိသေးတယ်။ ဒီနေရာမှာ အဲဒီ ဆောင်းပါးထဲက စာပိုဒ်တစ်ခုကို ထုတ်ပြသင့်တယ်။ စာပိုဒ်မူရင်းက... “မယုံလွယ်နှင့် မစဉ်းစားပဲ ယုံလွယ်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည်ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်းပြည်၏ သတင်းစာကိုကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရားဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းတပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာလူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည်ဖြစ်သည်။ ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြောနှင့်၊ ချင့်ချိန်မှန်းဆ၍ ပြုလုပ်ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေးလှေကား တစ်ထစ်ပေတည်း”။
မတ် ၂၁၊ ၂၀၁၆။
---
၄၅၈။ သူယောင်မယ် ရှိသလား
ဆရာတော်ဘုရား၊ ဟိမဝန္တာ တောနက်အတွင်းရှိ သစ်ပင်များ၌ အလွန်လှပလျက် သစ်သီးလို အယောင်ဆောင်နေပြီး ဇော်ဂျီများနှင့် ပျော်ပါးသည်ဟု ဆိုသော “သူယောင်မယ်” ဟူသည် မည်သည့် ဘုံသားဖြစ်ပါသနည်း။ ထိုသတ္တဝါမျိုး အမှန်တကယ် ရှိပါသလား။ သူယောင်မယ်အကြောင်းကို ကျမ်းစာများ၌ မည်သို့ ဆိုပါသနည်း။ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။
အောင်သွင် (ကနေဒါ)
---
သူယောင်ပြိုင်
စက္ကူ၊ စာရေးကိရိယာ၊ စာအုပ်နှင့် ဓာတ်ပုံပစ္စည်း ကော်ပိုရေးရှင်းက ထုတ်တဲ့ ဒိုင်ယာရီစာအုပ်တွေကို ၁၉၈၆ လောက်က စပြီး နှစ်စဉ်နီးပါး ဝယ်ဖြစ်တယ်။ ဘုန်းကြီးဖတ်တဲ့ စာတွေထဲက နှစ်သက်တာအားလုံးကို အဲဒီ ဒိုင်ယာရီတွေနဲ့ ရေးကူးထားခဲ့ရာမှာ မှတ်စုစာအုပ် ၁၂-အုပ်ရှိတယ်။ အခု ဘုန်းကြီးလက်ထဲမှာ ၃-အုပ်ပဲကျန်တော့တယ်။ ရန်ကုန်မှာ ခြကိုက်လို့ ပါကုန်တဲ့အနက် အစားပြန်မရနိုင်တဲ့ အဲဒီမှတ်စုစာအုပ်တွေကိုတော့ အလွန်နှမြောမိတယ်။ ခြစာဖြစ်သွားတဲ့ စာအုပ်ထဲက မှတ်မိနေတဲ့ စာတစ်ခုက...
“ဖေဇော်ဂျီ ဘယ်သူ ဖြစ်ချင်တယ်၊ မြိုင်တောကြီး သူယောင် ပေါ်ရာဝယ်။ တစ်ကိုယ်တည်း ဖိုထိုးပါလို့ရယ်၊ ပန်းဦးထုပ် တောင်ဝှေး ပေးမယ်ကွယ်။ ဖေဇော်ဂျီ အကျွန် ဖြစ်ချင်တယ်၊ မြိုင်တောကြီး သူယောင် ပေါရာဝယ်။ တစ်ကိုယ်တည်း ဖိုထိုးပါလို့ရယ်၊ ပန်းဦးထုပ် တောင်ဝှေး ရရင်ကွယ်။”
ဒီစာကို ရေးသူဟာ လွတ်လပ်ရေး ကြိုခေတ်က နာမည်ကျော် မြန်မာစာဆရာတစ်ဦးပါ။ နာမည်ကိုတော့ အမှတ်မရနိုင်တော့ပါ။ အခု အထက်ပါ စာထဲက “သူယောင်ပေါတဲ့ မြိုင်တောကြီး” ဆိုတာလေးကို ပြလိုရင်းပါ။ “သူယောင်တော၊ သူယောင်မယ်” လို့ မြန်မာတို့ရဲ့ နှလုံးသားထဲမှာ ရှိနေတယ်။ ယိုးဒယား၊ လာအိုတွေလည်း ဒီအယူအဆမျိုး ရှိတယ်လို့ ဆိုတယ်။
ဘယ်ကစ
ဖခင်ရသေ့ တစ်ဦးဟာ သားရသေ့ငယ်ကို ဟိမဝန္တာရှိ ‘နာရိဝန’ တောသို့ ခေါ်သွားပြီး သားငယ်အား မိန်းမနဲ့တူတဲ့ ပန်းပွင့်တွေကို ညွှန်ပြရင်း “ဒီပန်းပွင့်တွေနဲ့တူတဲ့ မိန်းမဆိုတာ ရှိတယ်။ သူတို့တွေနဲ့ တွေ့ရင် သူတို့ရဲ့အလိုနောက်ကို မလိုက်မိစေနဲ့” လို့ ဆုံးမတယ်။ ဖခင်ကွယ်လွန်ပြီးနောက် သားရသေ့ငယ်ဟာ သီလကို အလွန်စင်ကြယ်အောင် ကျင့်တဲ့အတွက် သိကြားမင်းရဲ့ စိန်ခေါ်တာကို ခံရလို့ နောက်ဆုံး ရသေ့ငယ်ခမျာ သိကြားမင်းစေလွှတ်လိုက်တဲ့ အလမ္ဗုသာနတ်သမီးရဲ့ အတွေ့ကြောင့် သီလကျိုးမိပေမယ့် ဖခင်ရဲ့အဆုံးအမကို ပြန်သတိရပြီး တစ်ဖန် သီလစင်ကြယ်အောင် လုပ်နိုင်ခဲ့တယ် (ဇာ၊ဋ္ဌ၊၅၊၁၆၂)။ သားငယ်ရသေ့ရဲ့ နာမည်က ‘ဣသိသိင်္ဂ’ တဲ့။ ဣသိသိင်္ဂရဲ့ ဖခင်ရသေ့က ဘုရားအလောင်းတော်ပါပဲ။
မြန်မာတို့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ “သူယောင်မယ်၊ သူယောင်တော” ဆိုတာဟာ အဲဒီ ငါးရာ့ငါးဆယ် ဇာတ်တော်ဖြစ်ရပ်ကို အခြေခံခဲ့တာ ဖြစ်နိုင်တယ်။
သူယောင်ပွင့်
ဒီဇာတ်တော်မှာ ဖော်ပြတဲ့ “နာရိဝန” ဆိုတဲ့ ပါဠိစကားလုံးကို တိပိဋက ပါဠိမြန်မာအဘိဓာန်မှာ “မိန်းမပျိုရုပ်သွင်သဏ္ဌာန် ပန်းပွင့်ရှိသောတော၊ သူယောင်တော။ (ယင်းတောသည် ဟိမဝန္တာအရပ် ကဏ္ဏမုဏ္ဍအိုင်၏ အနီး၌ တည်ရှိ၏။ ဇာတ်ဋီကာ၊ စာမျက်နှာ မဖော်ပြ)” လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ တစ်ခါ ယင်းဇာတ်တော် (ဇာ၊ဋ္ဌ၊၅၊၁၇၀) မှာပဲ ‘လူသားအစစ် မိန်းမတွေဟာ နာရိပုပ္ဖလတာ... တို့ရဲ့ အပွင့်နဲ့တူတယ်’ လို့ ဆိုတယ်။ “နာရိ.ပုပ္ဖ.လတာ” ဆိုတာကို တိပိဋကပါဠိမြန်မာအဘိဓာန်မှာ “မိန်းမနှင့်တူသော ပန်းပွင့်များ ပွင့်သောနွယ်။ သူယောင်နွယ်” လို့ မြန်မာပြန်ပါတယ်။
ဒီဇာတ်တော်စကားအရ “သူယောင်တော၊ အဲဒီတောမှာ မိန်းမရုပ်သွင်နဲ့တူတဲ့ အပွင့် (သူယောင်ပွင့်)၊ အဲဒီအပွင့်မျိုးပွင့်တဲ့ နွယ်ပင်တစ်မျိုး (သူယောင်နွယ်) ရှိတယ်” လို့ နားလည်ရတယ်။ “သူယောင်မယ်” ဆိုတာ လူမိန်းမနဲ့တူတဲ့ ပန်းပွင့်တစ်မျိုးလို့လည်း မှတ်နိုင်တာပေါ့။
သူယောင်သီး
ဇမ္ဗူဒိပ်ကျွန်းရဲ့ ကျွန်းဦးမှာ ပေါက်နေတဲ့ ဇမ္ဗုသပြေပင်ကို ဝန်းရံနေတဲ့ တောခုနစ်ခုအနက် ‘နရ.ဝန’ လို့ ခေါ်တဲ့ တောတစ်ခု ရှိတယ်။ အဲဒီတောမှာ ချိုမြိန်ပြီး လူနဲ့တူတဲ့ အသီးတွေ သီးတဲ့ သစ်ပင်တွေ ပေါက်ရောက်တယ် (မဓူနိ လမ္ဗိတာနိ နရဝနေ နရ ဖလာနိ)။ အဲဒီအသီးတွေဟာ ဆယ်ကျော်သက်အရွယ် မိန်းကလေး ယောက်ျားလေးတွေရဲ့ ရုပ်သွင်ပုံသဏ္ဌာန်မျိုး ရှိတယ်။ ငယ်ထိပ်နေရာမှာ အညှာရှိတယ် (ခရမ်းသီးလို နေမှာပေါ့)။ လေတိုက်တဲ့အခါ အချင်းချင်း ပွေ့ဖက်နေသလိုလို ကခုန်နေသည့်အလား ထင်ရတယ်။ ကြွေကျလို့ အသီးပုပ်ရင်တော့ လူသေနံ့လို အလွန်အနံ့ဆိုးပါသတဲ့။ ဒီအကြောင်းကို လောကပညတ္တိကျမ်း (ပေမူ၊ ကီ-ဝမ်း၊ ကီ-ကျော) မှာ အကျယ်ဆိုထားပါတယ်။ www.kelasa.org မှာ ဒီစာအုပ်ပေမူ ရှိတယ်။
ဒီကျမ်းမှာပါတဲ့ ‘နရဝန’ ‘နရဖလ’ ဆိုတဲ့ ပါဠိစကားလုံးတွေကို တိပိဋက ပါဠိမြန်မာအဘိဓာန်မှာ တည်ပုဒ်အနေနဲ့ မတွေ့မိ။ P.T.S. နဲ့ Pali Proper Names တွေမှာလည်း မပါဘူး။ မိန်းမယောက်ျား နှစ်မျိုးလုံးပါလို့ “နာရိဝန၊ နာရိဖလ” လို့ မဆိုဘူး။ “နရဝန = လူနဲ့တူတဲ့ အသီးသီးတဲ့ သစ်ပင်ရှိတဲ့ တော။ နရဖလ = အဲဒီသစ်ပင်မှာ သီးတဲ့ လူယောင်အသီးတွေ” လို့ ဆိုတယ်။ ဒီကျမ်းအရ “သူယောင်မယ်” “သူယောင်မောင်” နှစ်မျိုးဆိုနိုင်တယ်။ နှစ်မျိုးလုံး အပွင့်မဟုတ်၊ အသီးဖြစ်ပါတယ်။
စိစစ်ချက်
သူယောင်တော (နာရိဝန) နဲ့ သူယောင်ပွင့် (နာရိပုပ္ဖ) အကြောင်းကို အေဒီ ၅-ရာစုမှာ ရေးတဲ့ ဇာတ်အဋ္ဌကထာမှာဖော်ပြပေမယ့် ဒီအယူအဆဟာ ပိဋကတ်သုံးပုံ ပါဠိတော်ကို အခြေခံတာ ဟုတ်မဟုတ် ဘုန်းကြီးမသိပါ။ မြန်မာအစဉ်အလာအရ ဒီ ၁၁-ရာစု (၁၀၇၇-အေဒီ) မှာ ရေးတဲ့ ဇိနာလင်္ကာရဋီကာကို လေးစားပေမယ့် လောကပညတ္တိကျမ်းကိုတော့ ကျမ်းကြီး ဟုတ်ဘူးဆိုပြီး များစွာအလေးဂရု မပြုကြဘူး။ “နရဝန” “နရဖလ” ဝေါဟာရတွေကို တိပိဋက ပါဠိမြန်မာအဘိဓာန်မှာ တည်ပုဒ် မပြုတဲ့ သဘောဟာ အဲဒါကြောင့် များလား။
ဒါပေမယ့် “လောကပညတ္တိကျမ်း” အဆိုကို ဇိနာလင်္ကာရဋီကာကျမ်းက ကိုးကားတာ (ယင်း၊ စာ-၆၃) ကို တွေ့လို့ အဲဒီကျမ်းဟာ အတော်တော့ ရှေးကျဖွယ်ရှိတယ်။ ဒီနှစ်ကျမ်းအရ အနည်းဆုံး သူယောင်မယ်၊ သူယောင်တောဆိုတဲ့ အယူအဆကို ဗုဒ္ဓဝါဒီတို့ လက်ခံကြတယ်လို့ ဆိုနိုင်ပါတယ်။
သီးပွင့်လေလား
မန်လည်ဆရာတော်ရဲ့ အမေးကို မင်းကွန်းဆရာတော် ဖြေဆိုတဲ့ သတပဒိက အမေးအဖြေမှာ...
“ရွှေသူယောင်”
“မတူအောင် လူလိုလှတယ်လို့”
“ဆိုကြစကား။”
“မြတ်ဘုန်းကြွယ် ပင်စောက်အနွယ်နှင့်”
“သူယောင်မယ် ရှုမငြီးငယ်တို့ သီးပွင့်လေလား (မန်လည်မေး)။”
“ရွှေသူယောင်”
“မတူအောင် လူလိုလှတယ်လို့”
“ဆိုကြစကား။”
“သူယောင်မယ် အလှသူကြွယ်လို့”
“ကမလာနွယ် ခေါင်အညွတ်မှာ မြူးကွန့်ဟန် အလွန်တင့်တယ် ပန်းပွင့်မှတ်သား (မင်းကွန်းအဖြေ)။”
အဖြေ
မန်လည်ဆရာတော်က အလွန်လှပတဲ့ သူယောင်မယ်ဆိုတာ သီးလား အပွင့်လားဆိုတော့ မင်းကွန်းဆရာတော်က “အပွင့်ပါ” တဲ့။ မင်းကွန်းဆရာတော်ရဲ့ အဖြေက ဇာတကအဋ္ဌကထာအဆိုကို အတည်ယူပြီး ဖြေဆိုတာ ဖြစ်ပါတယ်။ လောကပညတ္တိကျမ်းမှာ ပုထုဇဉ်မျှဖြစ်တဲ့ ဇော်ဂျီတွေ အဲဒီအသီးကို မြင်ရင် ရာဂစိတ်ဖြစ်တယ်လို့ ဆိုပေမယ့် နှစ်ကျမ်းလုံးမှာ “လူယောင်ဆောင်ပြီး ဇော်ဂျီများနှင့် ပျော်ပါးသည်” လို့တော့ မတွေ့မိ။ နွယ်ပင်တစ်မျိုးက ပွင့်တဲ့ ပန်းပွင့် သို့မဟုတ် အပင်တစ်မျိုးက သီးတဲ့ သစ်သီးမျှသာ ဖြစ်လို့ မည်သည့် ဘုံသားလို့လည်း မဆိုနိုင်ပါဘူး။
ယုံတမ်းလား
တောမှာ နေထိုင်ပြီး စိတ်ပိုင်းဘဝ စင်ကြယ်အောင် အားထုတ်ကြတဲ့ ရှေးခေတ်က ရသေ့ သို့မဟုတ် သူတော်စင်တွေဟာ အဲဒီလို အပွင့် သို့မဟုတ် အသီးကို အမှန်တကယ် တွေ့ဖူးကြလေသလား။ တောကြီးဂနိုင်ဆိုတာလည်း မဟာသမုဒ္ဒရာလိုပဲ နက်ရှိုင်းတယ်။ စာရေးဆရာ ဖိုးကျော့ ရေးတဲ့ “ဆင်သင်္ချိုင်းရှာပုံတော်” “ဟူးကောင်းတောင်ကြား” တွေကို ဖတ်ရင် ဒီအကြောင်း ရိပ်မိနိုင်ပါတယ်။ အမေဇွန်တောနက်ထဲမှာ ခေတ်သစ်ကမ္ဘာနဲ့ ပြတ်နေတဲ့ လူတွေရှိကြောင်း သိတာ မကြာသေးဘူး။ ဒါကြောင့် သူယောင်တော တကယ်ရှိလားလို့ မေးရင် ဘုန်းကြီးအနေနဲ့ “နိုး” လို့ မပြောရဲဘူး။ ယုံသလားလို့ မေးပြန်ရင်လည်း ခေါင်းမညိတ်ရဲဘူးဗျို့။ ကိုယ်မကျွမ်းတော့ ဖြေရခက်ကြီး။
မတ် ၂၃၊ ၂၀၁၆။
---
၄၅၉။ ဗြဟ္မစိုရ်တရား ပွားများပုံ
ဆရာတော်ဘုရား၊ ဗြဟ္မဝိဟာရီ တရားနှင့်နေလျှင် ဗြဟ္မာကြီးလို နေတာဖြစ်၍ မြင့်မြတ်သည်ဟု ကြားဖူးပါသည်။ တပည့်တော်တို့ကဲ့သို့ ဇနီမယား သမီးသားနှင့် အတူနေရသူတစ်ယောက်အဖို့ တစ်သက်လုံး ဗြဟ္မဝိဟာရီတရားကို ကျင့်ရန် ဖြစ်နိုင်ပါမည်လားဘုရား။ ဗြဟ္မဝိဟာရီတရား ကျင့်ပုံကျင့်နည်းကို မျှဝေစေလိုပါသည်ဘုရား။
ဘုန်းညွန့်ဦး (ပုသိမ်)
---
မပတ်သက်
မေးခွန်းအာဘော်ကို ကြည့်ရတာ ဗြဟ္မဝိဟာရနဲ့ အဗြဟ္မစရိယ ရောနေပုံရတယ်။ အဗြဟ္မစရိယဆိုတာက မေထုန်မှီဝဲခြင်း။ ဒါက ဥပုသ်စောင့်တုန်း ကျင့်ရတဲ့ သီလ။ “ဗြဟ္မဝိဟာရ” ဆိုတာ ဗြဟ္မာတွေနေသလို နေခြင်း၊ မြင့်မြတ်သူတို့ရဲ့ နေခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဘယ်သူမဆို ဘယ်အခါအဆို ကျင့်နိုင်တယ်။ အဲဒီအကျင့်ကို ကျင့်နေသူကို “ဗြဟ္မဝိဟာရီ” လို့ ဆိုရင် အဘိဓာန်တည်ပုဒ် မရှိပေမယ့် ရနိုင်ပါတယ်။ ဒါကြောင့် ဗြဟ္မဝိဟာရအကျင့်ကို ကျင့်ခြင်းနဲ့ “ဇနီမယား သမီးသားနှင့် အတူနေခြင်း” မပတ်သက်ဘူးလို့ အရင်မှတ်ပါ။ “ဗြဟ္မဝိဟာရ” ကို “ဗြဟ္မစရိယ = ဗြဟ္မာတွေရဲ့ အကျင့်၊ မြတ်သောအကျင့် တစ်နည်း “ဗြဟ္မစိုရ်” လို့လည်း ခေါ်တယ်။
ဗြဟ္မဝိဟာရ
ဗြဟ္မာတွေ နေတာနဲ့တူအောင် ကျင့်ရတဲ့ ဗြဟ္မဝိဟာရတရား လေးမျိုး ရှိတယ်။ အဲဒါတွေက... မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ။ စေတသိက်အနေနဲ့ အဒေါသ၊ ကရုဏာ၊ မုဒိတာ၊ တတြမဇ္ဈတ္တတာဆိုတဲ့ လေးပါး။ အဘိဓမ္မာပါဠိတော်မှာ ကာမာဝစရစိတ် ဖြစ်ပုံတွေကို “ဥပဇ္ဇတိ” = ဖြစ်ပေါ်၏” လို့ ဟောပြီး မဟဂ္ဂုတ်စိတ်တွေတော့ “ဘာဝေတိ” = ပွားများ၏” လို့ ဟောတော်မူချက်အရ အလိုလို ဖြစ်ပေါ်နေတဲ့ စိတ်နဲ့ ပွားများယူရတဲ့ စိတ်လို့ နှစ်မျိုးရှိရာမှာ ဗြဟ္မဝိဟာရစိတ်ဆိုတာ ကြိမ်ဖန်များစွာ ပွားများယူမှ ရတယ်။ သာမန် ဒေါသမဖြစ်ရုံ၊ သနားရုံနဲ့ “ဗြဟ္မဝိဟာရ” မဖြစ်နိုင်ဘူး။ ပုထုဇဉ်မှန်ရင် နံနက်လင်းတာနဲ့ သိုလ်စိတ် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အကုသိုလ်စိတ် ဖြစ်တယ်။ ဒီစိတ်မျိုးက ပွားများယူစရာ မလိုဘူး။
ဒါကြောင့် အဆိုပါ စေတသိက် ၄ မျိုးကို “ဗြဟ္မဝိဟာရ” လို့ ခေါ်တဲ့ မဟဂ္ဂုတ်အဆင့်ကို ရောက်အောင် ထပ်ခါထပ်ခါ ပွားများယူမှ ဖြစ်တယ်လို့ မှတ်ပါ။ ပွားများနည်းကို အကျဉ်းချုပ်ပြောပြလိုက်ပါတယ်...
ရအောင်ကျက်
အရင်ဆုံး အောက်ပါ ပုံစံကျ စာကြောင်းတွေကို ရအောင် ကျက်မှတ်ရမယ်...
၁။ သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ အဝေရာ ဟောန္တု = ရန်သူကင်းကြပါစေ။
၂။ သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆိုးဒေါသ ကင်းကြပါစေ။
၃။ သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ အနီဃာ ဟောန္တု = နှိပ်စက်ခံရခြင်း ကင်းကြပါစေ။
၄။ သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ သုခီ အတ္တာနံ ပရိဟရန္တု = နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၅။ သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ ဒုက္ခာ မုစ္စန္တု = ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ။
၆။ သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ရှိပြီးစည်းစိမ်တို့ တည်မြဲကြပါစေ။
၇။ သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊ ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြ၏။
မေတ္တာ
ပထမ လေးခုက မေတ္တာ၊ နံပါတ် (၅) ကရုဏာ၊ (၆) မုဒိတာ (၇) ဥပေက္ခာလို့ ခွဲမှတ်ရမယ်။ “သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး” လို့ ဆိုဆဲ ဆင်းရဲချမ်းသာမဟူ ကုန်းနေ ရေနေ လေနေ သတ္တဝါအားလုံးကို မျက်စိထဲမှာ မြင်အောင်ကြည့်ပြီး “အဝေရာ ဟောန္တု = ရန်သူကင်းကြပါစေ” စတဲ့ လေးမျိုးကို စိတ်ထဲက ဆိုပြီး ထပ်ခါထပ်ခါ ပွားများရတယ်။ ဆိုနေတဲ့ စကားလုံးတွေနဲ့အတူ စိတ်ကို ကပ်ပါသွားအောင် ပွားများနိုင်လေ အကျိုးရှိလေပဲ။ ပွားပါများလို့ သမာဓိအားကောင်းရင် ဈာန်ကို ရနိုင်တယ်။ နေ့စဉ်ဘဝမှာ မေတ္တာအခံနဲ့ ပြုမူပြောဆိုမှုကို လေ့ကျင့်နေရင် ပါရမီကုသိုလ်လည်း ဖြစ်တယ်။
ကရုဏာ
ကရုဏာဆိုတာ သနားကြင်နာခြင်း။ ဒုက္ခရောက်သူတွေ့တိုင်း ထပ်တူခံစားပြီး သူ့ရဲ့ဒုက္ခမှ လွတ်ရေးအတွက် ကိုယ်ထိလက်ရောက် တတ်စွမ်းသမျှ ကူညီတတ်အောင် လေ့ကျင့်ရင် ပါရမီကုသိုလ် ဖြစ်တယ်။ ကိုယ်စိတ်ဆင်းရဲကြုံနေရတဲ့ သနားကြင်နာစရာ သတ္တဝါတွေကို စိတ်ထဲမှာ မြင်အောင် စူးစူးစိုက်စိုက် အာရုံပြုပြီး...
“သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊
ဒုက္ခာ မုစ္စန္တု = ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ” လို့
စိတ်ဆိုနဲ့ ကမ္မဋ္ဌာန်းအာရုံ (သတ္တဝါပညတ်) ကပ်မိအောင် ပွားများလို့ သမာဓိအားကောင်းရင် ဈာန်ကို ရစေနိုင်တယ်။
မုဒိတာ
ချမ်းသာပျော်ရွှင်နေသူတွေကို မြင်ရတဲ့အခါ ဝမ်းသာခြင်းကို မုဒိတာလို့ ခေါ်တယ်။ သူတစ်ပါးရဲ့ စည်းစိမ်နဲ့ အောင်မြင်မှုကို မရှုစိမ့်ခြင်း၊ မနာလိုခြင်း မဖြစ်ဘဲ ကျေနပ်နှစ်သက်မှု ဖြစ်အောင် လေ့ကျင့်ပြီး နေနိုင်ရင် ပါရမီကုသိုလ် ဖြစ်တယ်။ ချမ်းသာပျော်ရွှင်သူ သတ္တဝါအားလုံးကို ခြုံငုံအာရုံပြုပြီး...
“သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊
ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု = ရရှိပြီး စည်းစိမ်တို့ တည်မြဲပါစေ” လို့
စိတ်ဆိုနဲ့ စကားလုံး သို့မဟုတ် ကမ္မဋ္ဌာန်းအာရုံ ကပ်မိအောင် ထပ်ခါထပ်ခါ ပွားများရင် ဈာန်ကို ရစေနိုင်တယ်။ “သတ္တဝါအားလုံး” လို့ ဆိုဆဲ ချမ်းသာပျော်ရွှင်တဲ့ ကုန်းနေ ရေနေ လေနေ သတ္တဝါအားလုံးကို မျက်စိထဲမှာ မြင်အောင်ကြည့်ပါ။ မုဒိတာကို ပွားများရာမှာ ပြိုင်ဖက်နဲ့ ရန်သူတွေနဲ့ စတင်မပွားများဘဲ “သတ္တဝါအားလုံး” လို့ သာမန်နဲ့ စပါ။
ဥပေက္ခာ
“အချစ်အမုန်းအစွန်းသို့ မကျရောက်ဘဲ သတ္တလောကအပေါ် အလယ်အလတ်ရှုမြင်ခြင်း၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို အချစ်အမုန်းနဲ့ မတုံ့ပြန်ဘဲ အညီအမျှ လက်ခံခြင်း” လို့ ဥပေက္ခာရဲ့ ယေဘုယျအဓိပ္ပာယ်ကို နားလည်နိုင်ပါတယ်။ မြေကြီးဟာ အညစ်အကြေးနဲ့ ရတနာကို စိတ်ဆိုးခြင်း မြတ်နိုးခြင်း မရှိဘဲ ခံယူသလို အကောင်းနဲ့ အဆိုးကို အညီအမျှ ခံယူခြင်းလို့ ပါဠိတော် (ဗုဒ္ဓဝံသ၊ စာ-၃၁၉) မှာ ဆိုတယ်။ ဆင်းရဲချမ်းသာ ကြုံရတဲ့အခါ “ကြိုးတန်းလျှောက်သူဟာ တုတ်ရှည်တစ်ချောင်းကို အလယ်တည့်တည့်မှ ကိုင်ပြီး ကြိုးတန်းကိုသာ ကြည့်၍ လျှောက်သလို ဝမ်းနည်းဝမ်းသာ မဖြစ်ဘဲ အလယ်အလတ်အနေအထားဖြင့် ထိန်းထားနိုင်ရင် ပါရမီကုသိုလ် ဖြစ်တယ်။ ဈာန်အတွက် ပွားများရင်တော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့ ကမ္မဋ္ဌာန်းသုံးမျိုးနဲ့ ပထမ၊ ဒုတိယ၊ တတိယဈာန်ကို ရပြီးသူသာ...
“သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး၊
ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်းဥစ္စာ ရှိကြ၏” လို့
ထပ်ခါထပ်ခါ ပွားများရင် စတုတ္ထဈာန်ကို ဖြစ်စေနိုင်ကြောင်း ကျမ်းဂန် (ဝိသုဒ္ဓိ၊၁၊၃၁၁) မှာ ဆိုတယ်။ ဒီထက် အသေးစိတ် နည်းလည်လိုရင် ဝိသုဒ္ဓိမဂ် မြန်မာပြန်၊ ဗြဟ္မဝိဟာရအဖွင့်ကို အခေါက်ခေါက်အခါခါ ဖတ်ရှုလေ့လာပါ။
မတ် ၂၈၊ ၂၀၁၆။
---
၄၆၀။ နက္ခတ်ပွဲလား သင်္ကြန်လား
ဆရာတော်ဘုရား၊ နက္ခတ်ပွဲအကြောင်းကို သိလိုပါသည်။ မြန်မာတို့၏ သင်္ကြန်ရေပက်ကစားပွဲနှင့် အဲဒီနက္ခတ်ပွဲ ပတ်သက်မှုရှိသည်ဟု မိတ်ဆွေတစ်ဦးက ပြောလာပါသည်။ အဲဒါ မှန်ကန်ပါသလားဘုရား။ သင်္ကြန် သို့မဟုတ် နက္ခတ်ပွဲသည် မည်သည့်ခေတ်က စတင်ခဲ့ပါသနည်း။ နက္ခတ်ပွဲမှာ အဘယ်ကြောင့် ရေပက်ကြပါသနည်း။
ဒေါ်နွယ်နွယ်ဝင်း (ရန်ကုန်)
---
နက္ခတ်ပွဲ
“ကြတ္တိကာနက္ခတ်ပွဲ (တန်ဆောင်မုန်း)၊ ဖဂ္ဂုနနက္ခတ်ပွဲ (တပေါင်း)” လို့ နက္ခတ်ပွဲ နှစ်မျိုး ကျမ်းဂန်မှာ ဆိုတယ် (ဒီ-ဋီ ၁၄၄)။ အဲဒီအထဲမှာ “သုဒ္ဓဿ ဝေ သဒါ ဖဂ္ဂု” = သီလစင်ကြယ်သူမှာ အမြဲတမ်း မင်္ဂလာရှိတယ် (မ၊၁၊၄၈)” ဆိုတဲ့ ပါဠိတော်အရ တပေါင်းနက္ခတ်ပွဲက မင်္ဂလာယူတဲ့ပွဲ ဖြစ်ဖွယ်ရှိတယ်။ တန်ဆောင်မုန်းနက္ခတ်ပွဲကတော့ လူအများစုပါဝင်ကြလို့ ပိုပြီး လူသိများပုံရတယ်။ “တန်ဆောင်မုန်းနက္ခတ်သဘင် ကစားပွဲဟာ အလွန်စည်ကားတယ်” (ဝိ၊ဋ္ဌ၊၁၊၁၆၈)” “တန်ဆောင်မုန်းနက္ခတ်ဘဘင်ပွဲ ကြေညာရင် လူအားလုံး အဲဒီပွဲမှာ ပါဝင်ပျော်ပါးကြတယ်။ မိန်းမမရှိရင် ပြည့်တန်ဆာခေါ်ပြီး ပျော်ပါးကြတယ်” (ဇာ၊ဋ္ဌ၊၁၊၄၅၈)” လို့ ကျမ်းတွေမှာ ဆိုထားလို့ပါ။ သာဝတ္ထိမြို့မှာ “ဗာလနက္ခတ်ပွဲ = လူမိုက်တွေ မြူးတူးတဲ့ပွဲ” ဆိုတာရှိတယ်။ ခုနစ်ရက်ကြာပြီး အတော်ကြမ်းတယ်။ လူငယ်တွေ အပျော်လွန်ပြီး ရမ်းရမ်းကားကား လုပ်လေ့ရှိတယ်။ အိမ်ရှေ့မှာ ဆဲဆိုအော်ဟစ်ပြီး အတင်းအကြပ် ပိုက်ဆံတောင်းတာတွေ ပါတယ်။ ဒါကြောင့် ပွဲရက်တွေအတွင်း လူကြီးလူကောင်းတွေ၊ အမျိုးကောင်းသားသမီးတွေ အိမ်ပြင်မထွက်ဘဲ နေကြတယ်။ မြတ်ဗုဒ္ဓနဲ့ သံဃာတွေတောင် ဆွမ်းခံ မထွက်နိုင်ဘူးတဲ့ (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၆၃)။ ဒါဟာ ဆိုခဲ့ပါ အလွန်စည်တယ်ဆိုတဲ့ တန်ဆောင်မုန်းနက္ခတ်ပွဲ ဖြစ်နိုင်တယ်။ လူတွေရဲ့သဘောကိုက မဟုတ်တာလုပ်ရရင် ပျော်တာပါပဲ။
သင်္ကြန်
“သင်္ကန္တ” ဆိုတဲ့ ပါဠိစကားလုံးမှ “သင်္ကြန်” ဖြစ်လာတယ်လို့ သိရတယ်။ “တိတ္ထာယတနံ သင်္ကန္တော” = အယူမှားသို့ ပြောင်းသွားသူ (ဝိ၊၃၊၉၇)” ဆိုတဲ့ ဝိနည်းပါဠိတော်အရ “သင်္ကန္တ” ဆိုတာ ဒီမှဟိုသို့ ဟိုမှဒီသို့ ပြောင်းရွှေ့ခြင်းပါပဲ။ ဒါကြောင့် သင်္ကြန်ဆိုတာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ နားလည်ရင် မှန်နိုင်ပါတယ်။ “ခေါင်းဆေးသင်္ကြန်၊ မကျန်မင်းမူ (မနော်ဟရီပျို့၊ ပိုဒ်-၅၂)” အရ ရှေးခေတ်က ဘုရင်တွေ ခေါင်းဆေးတာကိုလည်း “သင်္ကြန်တော် ခေါ်တယ်” လို့ သုံးပါတယ်။
ဗေဒင်ပညာရှိ အိန္ဒိယလူမျိုးပုဏ္ဏားတွေ မြန်မာဘုရင်တွေထံမှာ အမှုထမ်းပြီး စီးပွားရှာရာမှ ‘သင်္ကြန်’ စတင်ခဲ့ကြောင်း “မြန်မာ့စွယ်စုံကျမ်း” မှာ ဦးအုန်းကြိုင်က ဆိုပါတယ်။ သိကြားမင်းက တရားရှုံးသူ ဗြဟ္မာမင်းရဲ့ ဦးခေါင်းကို ဖြတ်ပြီး အဲဒီဗြဟ္မာရဲ့ ဦးခေါင်းပြတ်ကို နတ်သမီးခုနစ်ဖော်က အလှည့်ကျ ကိုင်ထားရတယ် ဆိုတဲ့ သင်္ကြန်သမိုင်းနဲ့ ဝေဒင်္ဂကျမ်း၊ သင်္ကြန်တွက်ရိုးကျမ်း စသည်တွေဟာလည်း အဲဒီပုဏ္ဏားတွေဆီက ဖြစ်လို့ သင်္ကြန်ဟာ ဟိန္ဒူယဉ်ကျေးမှုနဲ့ ပတ်သက်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
ဘယ်တုန်းက
ပုဂံနားက တန့်ကြည့်တောင်ကို ဗုဒ္ဓဘုရားကြွစဉ် အင်ဖက်ကို ထီးအမိုးလုပ်လှူခဲ့တဲ့ တောစောင့်ဘီးလူးဟာ အဲဒီကုသိုလ်ကြောင့် စလေငခွေးမင်း၊ ကုလားကျမင်းနဲ့ မင်းခွေးချေးလို့ ပုဂံပြည်မှာ မင်းသုံးကြိမ်ဖြစ်ရသတဲ့။ မြန်မာနှစ် ၆၁၇-မှာ မင်းဖြစ်သူ “မင်းကြီး (မင်းခွေးချေး) ကား နွေလအခါသော် ရေဖျန်းကစားမြဲ (မှန်နန်း ၁၊ ၃၄၆)” ဖြစ်ပါသတဲ့။ နန်းဆောင်ကနေ မြစ်ဆိပ်ထိ တစ်လမ်းလုံး လူမမြင် အရိပ်မထိုးအောင် မိုးကာပြီးမှ မြစ်ဆိပ်မှာ အိမ်ဆောက်ပြီး မိဖုရားမောင်းမတွေနဲ့ ရေကစားတယ်ဆိုလို့ အပျော်ဆော့တာလား၊ နှစ်သစ်ကူးသင်္ကြန်ပွဲလား၊ မသေချာဘူး။ ပြည်သူတွေပါဝင်မှု ရှိမရှိလည်း မသိရဘူး။ ဒါပေမယ့်...
“တပေါင်းသဘင်၊ မမြင်သည်ပ၊ လွတ်မျှအာသာ၊ သည်အတာသည်၊ စစ်မှာကြာပြန်ရခဲ့လော (နတ်ရှင်နောင်ရတုပေါင်းချုပ်၊ ပိုဒ်-၂၁၊ ပထမပုဒ်)” အရ မြန်မာနှစ် ၉၀၀-ကျော်အချိန် နတ်ရှင်နောင်တို့ခေတ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀-ကျော်) မှာတော့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ ရှိတယ်လို့ ဆိုနိုင်တယ်။ ကုန်ဘောင်ခေတ် တန်ခူးလ သင်္ကြန်ရေသဘင်ပွဲ ခင်းကျင်းပုံကို ဝန်ကြီးသီရိဥဇနာက “လောကဗျူဟာအင်ရုံစာတမ်း” မှာ မှတ်တမ်းတင်ထားပါတယ်။
အနှစ်သာရ
ပုဏ္ဏားတို့ရဲ့ သင်္ကြန်ဟာ နောင်အခါ ဗုဒ္ဓဝါဒအခြေပြု မြန်မာ့ယဉ်ကျေးမှုနဲ့ ရောယှက်သွားပြီး မိဘဆရာများနဲ့ သက်ကြီးတွေကို သနပ်ခါးနံ့သာရည်တွေနဲ့ ပက်ဖျန်းကန်တော့ခဲ့ကြရာကနေ ယနေ့ခေတ်မှာ အမျိုးသားလက္ခဏာဂုဏ်ဆောင် ရေသဘင်ပွဲတစ်ခု ဖြစ်လာတယ်လို့ ယူဆရပါတယ်။ ရိုးရာသင်္ကြန်ဆိုတာ ပျော်ရွှင်မှုသက်သက်လည်း မဟုတ်။ မပျော်ရဘူးလည်း မဟုတ်။ အချင်းချင်းယဉ်ကျေးပျော်ရွှင်စွာ ရေပက်ခြင်းနဲ့ အလှူအတန်းပြု၊ သီလဆောက်တည်၊ တရားဘာဝနာပွားခြင်းတွေ ပါဝင်တယ်လို့ မှတ်ဖို့ပါ။
သင်္ကြန်ရဲ့ အနှစ်သာရကို စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရဲ့ _Flowers and Festivals round the Myanmar Year_ အမည်ရှိ စာအုပ်ငယ်က ကောက်နုတ်ပြလိုက်ပါတယ်...
“ရိုးရာပုံပြင်အရ သင်္ကြန်သုံးရက်အတွင်းမှာ လူတွေ မေ့လျော့မနေဘဲ ကောင်းမှုလုပ်ဖို့ သတိပေးရန် သိကြားမင်း လူ့ပြည်ကို လာလည်တယ်။ ဒါကြောင့် ဒီအချိန်ဟာ ကောင်းတာကိုချည်း လုပ်ရမယ့် အချိန်ဖြစ်လို့ အလှူပေး၊ ဥပုသ်စောင့်၊ လူငယ်တွေက လူကြီးတွေကို ရေချိုးခေါင်းလျှော် ကူညီလုပ်ကိုင်ပေး၊ အနည်းဆုံး တရော်နဲ့ ကင်ပွန်းသီး ရောပြုတ်ထားတဲ့ ခေါင်းလျှော်ရည်ကို အိမ်နီးချင်းတွေကို ဝေငှ၊ ဘုရားပရိဝုဏ်တွေကို သန့်ရှင်း... စသည် လုပ်ကြတယ်။ အဲဒီအလုပ်တွေနဲ့အတူ အိုးစည်ဗုံမောင်းသံ ညံမစဲဘူးပေါ့။ ခင်မင်သူမိတ်ဆွေအချင်းချင်း ရေစင်သန့်နဲ့ ပက်ဖျန်းပြီး ကျီစယ်ကြရင်း သန့်ရှင်းစွာ ပျော်ရွှင်ကြတယ်။”
“ရေသဘင်ရဲ့ အဲဒီသွင်ပြင်မှန်ကို အချို့တောရွာတွေမှာ တွေ့နိုင်သေးပေမယ့် မြို့ကြီးတွေမှာတော့ အရှက်မဲ့ပြီး ရုန့်ရင်းကြမ်းတမ်း ပရမ်းပတာ ရေကစားမှုတွေကို တွေ့ရတယ်။”
အဖြေ
ဘုရားဟောကျမ်းဂန်မှာ ဖော်ပြပါအတိုင်း နက္ခတ်ပွဲဆိုတာကို တွေ့ရပေမယ့် သင်္ကြန်ကျတာ၊ သင်္ကြန်တက်တာတွေကို ဖော်ပြတာမျိုး မတွေ့ဖူးဘူး။ ဒါကြောင့် နက္ခတ်ပွဲနဲ့ သင်္ကြန်ပွဲ မပတ်သက်နိုင်ဘူး။ နက္ခတ်ပွဲနဲ့ မြန်မာ့သင်္ကြန်ပတ်သက်တယ်ဆိုတာ သင်္ကြန်မဏ္ဍပ်ကြီးတွေရဲ့ အောက်မှာ တွေ့ရတယ်ဆိုတဲ့ အလုံဗိမာန်ခန်းတွေကို မနှစ်သက်သူတွေက ဘုရားတောင် ဆွမ်းခံမထွက်နိုင်တဲ့ နက္ခတ်ပွဲနဲ့ နှိုင်းပြီး ကဲ့ရဲ့သရော်ရာက စခဲ့တာ ဖြစ်နိုင်တယ်။ ဒါလောက်ဆို အဖြေပေါ်လောက်ပါပြီ။
ဧပြီ ၁၃၊ ၂၀၁၆။
---
၄၆၁။ တိရိစ္ဆာန် မျိုးဖောက်သူ
“ငါးအလှမွေးရင် ငရဲကြီးသလားဆိုတဲ့ January, 24 က တင်တဲ့ post မှာ ငါးကန်မွေးသူအနေနဲ့ ဆရာတော် ရှင်းပြထားတာတွေကို နားလည်ပါတယ်။ မျိုးဖောက်တဲ့သူတွေနဲ့ ပတ်သက်ပြီး မရှင်းတာကို ထပ်မံရှင်းပြပေးစေလိုပါတယ်...
လူတွေကျတော့ မိခင်က ဝမ်းနဲ့လွယ်ပြီး မွေးဖွားပြီး မိဘတွေက လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်တယ်။ အဲဒါကကျတော့ မိဘတွေက လူတွေဖြစ်တဲ့အတွက် အသိဉာဏ်နဲ့ယှဉ်ပြီး လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် သွန်သင်ဆုံးမပေးတဲ့အတွက် မိဘတွေ ကုသိုလ်ဖြစ်တယ်။ မိဘတွေ ကိုယ်တိုင် အဲဒီလို အသိတရားမရှိဘူးဆိုရင်တော့ ဆရာတော်ဘုရားပြောသလိုပဲ ခေါင်းစဉ်ပြောင်းမယ် ထင်ပါတယ်။
လိပ်တွေဟာ တိရစ္ဆာန်ဖြစ်တဲ့အတွက် လောဘ၊ ဒေါသ၊ မောဟနဲ့ ကြီးပြင်းလာရလို့ အကောင်းအဆိုးကို မခွဲခြားတတ်ဘူး။ ဒီလိုမခွဲခြားတတ်တဲ့ တိရစ္ဆာန် မွေးဖွားလာအောင် တမင်မျိုးဖောက်တဲ့ အဖိုးအိုနဲ့ အဖွားအိုက ငရဲမကြီးဘူးဆိုတာ သိပ်နားမလည်ဘူး။
ဒုတိယအနေနဲ့ သူတို့ကြီးပြင်းလာရင် နေထိုင်ရတာ ဆင်ပြေချောမွေ့ပေမယ့် ဒီလိုလှောင်အိမ်သေးသေးလေးမှာ မွေးဖွားနေထိုင်ဖို့ ဖြစ်လာတဲ့ သူတို့အတွက် သိပ်ကို သနားစရာကောင်းပါတယ်။ လူတွေမှာကျတော့ ကိုယ်အပြင်သွားချင်ရင် သွားလာလို့ရတာမို့ လူတွေနဲ့ သိပ်မတူဘူးလို့ ထင်ပါတယ်။ တပည့်တော်မသိတာတွေကို ရှင်းပြပေးပါဘုရား။
Sky Blue
---
ဥပမာရဲ့ လိုရင်း
ဗုဒ္ဓအဘိဓမ္မာအရ “ဇလာဗုဇ (လူတွေ ကျွဲနွားတွေလို မိခင်ဝမ်းမှာ)၊ အဏ္ဍဇ (ငှက်တွေ လိပ်တွေလို ဥထဲမှာ)၊ သံသေဒဇ (ရေအိုးထဲက ပိုးကောင်လေးတွေလို)၊ ဩပပါတိက (နတ်ဗြဟ္မာလို ဘွားခနဲ)” လို့ ပဋိသန္ဓေနေပုံ လေးမျိုးရှိတယ်။ အဲဒီအထဲက တစ်ပျိုးပျိုးနဲ့ အဖိုးအိုအဖွားအိုက လိပ်တွေကို မျိုးဖောက်တာပဲ။ တစ်ခါတစ်ရံ လူကိုတောင် သိပ္ပံနည်းနဲ့ မျိုးဖောက်တယ်။ လူမိဘတွေက သားသမီးတွေကို ဖြစ်ထွန်းစေသလို အဖိုးအိုအဖွားအိုက အဲဒီမည်းမည်းလေးတွေကို ဖြစ်ပေါ်စေတယ်။ ဒါပေမယ့် အဲဒီသက်ရှိလေးတွေရဲ့ ဘဝအိုးအိမ်ဆိုတာကတော့ သူတို့ကိုယ်တိုင်ရဲ့ ကမ္မစွမ်းအင်ကြောင့် ဖြစ်လာခဲ့တာ။ လူနဲ့ တိရိစ္ဆာန်တို့ ဘဝကို ရလာတာချင်း တူကြောင်း ဒီဥပမာနဲ့ ပြလိုတယ်လို့ အရင်နားလည်ပါ။
လူနဲ့ တိရိစ္ဆာန်
ဗုဒ္ဓဝါဒအရ လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ သတ္တဝါအားလုံး လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကြီးပြင်းကြတာချည်းပါပဲ။ လူတွေက အသိဉာဏ်ရှိလို့ လောဘ၊ ဒေါသ၊ မောဟကို ထိန်းနိုင်တယ်။ တိရိစ္ဆာန်တွေက အသိဉာဏ်မဲ့လို့ မထိန်းနိုင်ဘူး။ လောဘ၊ ဒေါသ၊ မောဟနဲ့ ကြီးကြတာချင်း အတူတူ လူကိုမွေးရင် ကုသိုလ်ရတယ်၊ လိပ်တွေကို မျိုးဖောက်ရင် ငရဲကြီးတယ်လို့ ဆိုနိုင်မလား။ ဒါကြောင့် လိပ်မျိုးဖောက်တဲ့ အဖိုးအိုနဲ့ အဖွားအိုကို ဘုန်းကြီးတွေးတွေးပြီး “အလကား ဒုက္ခရှာနေတာ၊ အကုသိုလ်လုပ်နေတာ” လို့ ကဲ့ရဲ့ချင်ပေမယ့် “လူတွေလည်း သားသမီးတွေမွေးပြီး (ဝမ်းနဲ့လွယ်မွေး၊ မွေးစား) ဒုက္ခရှာကြတာပဲ” လို့ စဉ်းစားမိတဲ့အတွက် မကဲ့ရဲ့တော့ဘူး။ “လိပ်က တိရိစ္ဆာန်ပဲလေ” လို့ ဆိုရင် အပေါ်ပိုဒ်မှာ လူရော တိရိစ္ဆာန်ပါ ဘဝတစ်ခုကို ရလာတာချင်း အတူတူပါလို့ ဆိုထားပြီ။
ငရဲကြီးမကြီး
“မျိုးဖောက်တဲ့ အဖိုးအိုနဲ့ အဖွားအိုက ငရဲမကြီးဘူးလို့ မဆိုလိုဘူး။ ငရဲကြီးမကြီးဆိုတာကို အကုသိုလ်ဖြစ်မဖြစ်လို့ နားလည်ပြီး ဆိုရရင်... လူကိုမွေးရင်ပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ကို မျိုးဖောက်ရင်ပဲဖြစ်ဖြစ် မွေးသူ (မျိုးဖောက်သူ) တွေဟာ မွေးဖွားလာတဲ့ သတ္တဝါကြောင့် အကုသိုလ်ရော ကုသိုလ်ပါ ဖြစ်ခွင့်ရှိတယ်။ လောကမှာ ကိုယ့်သားသမီးကို သူ့သက်သတ်ခိုင်းတဲ့ မိဘ (ဥပမာ ငါးမျှားခိုင်းရင်...) ရှိနိုင်သလို မျိုးပေါက်လေးတွေကို ကရုဏာစိတ်ရင်းနဲ့ ပြုစုစောင့်ရှောက်သူလည်း ရှိနိုင်တာပဲ။ ဒါကြောင့် ငရဲကြီးမကြီးဆိုတာက ထိုလူတွေရဲ့ စိတ်စေတနာနဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီးမှ ဆုံးဖြတ်ရမှာ။
အသက်မွေးမှု
“အဖိုးအိုအဖွားအိုရဲ့ သက်မွေးဝမ်းကျောင်း စင်ကြယ်ရဲ့လား (သမ္မာအာဇီဝ ဖြစ်ရဲ့လား)” လို့ ဆိုရင်... သူ့တို့ရဲ့ မျိုးဖောက်အလုပ်ကို ဒုစရိုက်ဆယ်ပါးမှာ ဘယ်ထဲထည့်မလဲ။ “လက်နက်၊ လူသား၊ သေ၊ ဆိပ်” (လက်နက်ရောင်း၊ လူမှောင်ခို၊ သားငါးရောင်း၊ အရက်ရောင်း၊ အဆိပ်ရောင်း) ဆိုတဲ့ ဒုရာဇီဝ (မှားယွင်းစွာ အသက်မွေးမှု) ငါးမျိုးထဲမှာရော သွင်းရတာ လွယ်ရဲ့လား။ ဘုန်းကြီးယူဆပုံကိုတော့ အမေးအဖြေအမှတ်-၃၅၂ (ပေါင်းချုပ် ၃၊ စာ-၁၁၃၄) နဲ့ ယခုအဖြေတွေမှာ တွေ့နိုင်တယ်။ ကြိုက်ရင် ယူနိုင်တယ်။ ဒါကြောင့် ပိဋကတ်တတ်ကျွမ်းတော်မူတဲ့ ဆရာတော်တွေရဲ့ အာဘော်ကို မေးလျှောက်ဖို့ ဘုန်းကြီး အကြံပြုခဲ့တာပါ။ ဆရာတော်တွေက ဘုန်းကြီး ယူဆပုံထက် ပိုမို ခိုင်လုံပြီး ယုတ္တိရှိအောင် ဖြေဆိုနိုင်ရင် လက်ခံမှာပေါ့။
ဇောအပြန်
“လူတွေနဲ့ သိပ်မတူဘူး”လို့ ထင်ကို ထင်မနေနဲ့။ လုံးဝကို မတူ တိရိစ္ဆာန်ပဲ ဥစ္စာ။ ဒါပေမယ့် ... ဗုဒ္ဓ အဘိဓမ္မာမှာ နှစ်သက်စရာကို ရွံမုန်းတဲ့စိတ်၊ ရွံစရာကို နှစ်ခြိုက်တဲ့ စိတ်မျိုးဖြစ်ရင် “ဇောအပြန်”လို့ ဆိုတယ်။ ဥပမာ .. အစွန်းရောက် မူဆလင်တွေ ဗာမီယန် ဗုဒ္ဓဆင်းတုကြီးကို မြင်ရင် စိတ်မချမ်းသာဘူး။ ခွေးတစ်ကောင် မစင်တုံးကြီး အားရပါးရ ခဲနေတာကို ကြည့်ပြီး အမယ်လေး ရွံစရာကြီးလို့ သင်က ဆိုရင် ခွေးက ရယ်မှာပေါ့။ အကုသိုလ်ရဲ့ အကျိုးကြောင့် ဒီလို ဖြစ်ရတယ်။
မွေးထားတဲ့ ကြွက်ကလေးတွေ လူနားက မခွာတာမျိုးကို တော့ “ဇောအသင့်”လို့ ဆိုရမှာပေါ့။ လူနားမှာနေရင် အန္တရာယ်ကင်းတယ်၊ အစားအစာ ဖူလုံတယ်။ သူ့ရဲ့ ကုသိုလ်အကျိုးကြောင့် ဒီလို ဖြစ်တာလို့ မဆိုနိုင်ဘူးလား။ ဖန်ဘူးငယ်ထဲမှာ ကြီးပြင်းတဲ့ ငါးကလေးတွေကို ကန်ကြီးထဲ သွားလွှတ်ရင် ကြာခင် အခြား ငါးကြီးတွေရဲ့ အစာအိမ်ထဲ ရောက်သွားမှာပဲ။
လှောင်အိမ်
ဒါကြောင့် ... တိရိစ္ဆာန်ဖက်က ကြည့်ရင် လူတွေ မွေးစားခံရဖို့ ဖြစ်လာတာဟာ ကုသိုလ်ကံကြောင့်ပဲ။ အကုသိုလ်ကြောင့် မိဘနှစ်ပါးလုံး ဆုံးသွားပေမယ့် သူဌေးကြီး မွေးစားခံရသလိုပေါ့။ လှောင်အိမ်ဟာ သူ့အိမ်ပဲ။ အိပ်ချင်ရင် လှောင်အိမ်ထဲ ဝင်အိပ်မှာ။ သူ့လှောင်အိမ်ကို ဖျက်ဆီးရင် စိတ်ဆိုးမှာပဲ။ ဘုရားပေါ်မှာ တွေ့ရတဲ့ လှောင်ချိုင့်ထဲက စာကလေးတွေ အစာကို ပြရင် လှောင်အိမ်ထဲ ပြန်လာတယ် (စကားမစပ် .. ဒီလို ရောင်းလွှတ်ဖမ်း လုပ်တဲ့ လူရဲ့ သက်မွေးဝမ်းကျောင်းကိုတော့ နောက် ခေါင်းစဉ်တစ်မျိုးနဲ့ ဆွေးနွေးမှာပေါ့)။ ဒါကြောင့် လှောင်အိမ်ထဲ ငှက်ကလေးတွေ လိပ်ကလေးတွေ လှောင်အိမ်ထဲမှာ နေရတာကို သနားနေရင် ... အိစက်နေတဲ့ မွေ့ယာပေါ်မှာ သင်အိပ်နေတာကိုလည်း သူတို့က သနားချင် သနားနေမှာ။
လူဖက်က ကြည့်ရင်တော့ မွေးစားတယ် ဆိုတာနဲ့ တူတူတန်တန် ကျွေးမွေးစောင့်ရှောက်ရမယ့် တာဝန်ရှိလို့ အလုပ်ရှုပ်တယ်၊ အချိန်ကုန်တယ်။ ကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့က ပိုများတယ်။ လူတွေက ကိုယ့်ဒုက္ခကိုယ်ရှာကြတာပဲ။ အချို့ဆို မွေးထားတဲ့ ခွေးတွေ ကျန်းမာအောင် ကိုယ်နဲ့အတူ လမ်းလျှောက်ဖို့ ခေါ်သွားရတယ်။
ခြွင်းချက်နဲ့တော့ မှတ်ပါ . Salinas မြို့ (ကာလီဖိုးနီးယား)က ငါးပြတိုက်ကြီးမှာ ငါးမန်းကလေး တစ်ကောင် မွေးထားတယ်။ တဖြည်းဖြည်း ကြီးလာတော့ ဒီကောင်က အခြားငါးတွေကို လိုက်ဖမ်းပြီး စားလို့ ပယ်လယ်ထဲ ပြန်လွှတ်လိုက်ရတယ်လို့ လိုက်ပို့တဲ့ အဲဒီ မြို့နေ Dr. ဦးဝင်း ပြောပြဖူးတယ်။
အရိုင်းကိုတော့ “Keep wild animals wild = အရိုင်းကို အရိုင်းအတိုင်း ထားပါ”လို့ ခွဲခြားထားတယ်။ ဘုန်းကြီးတောင် ကျောင်းဝင်းထဲဝင်ပြီး အစာရှာတဲ့ တောယုန်လေးတွေကို အစာ မကျွေးရဲဘူး။ များလာလို့ ထိန်းမနိုင်ရင် ဒုက္ခ ...
ဧပြီ ၁၃၊ ၂၀၁၆။
---
၄၆၂။ ဘုန်းကြီး ဇာတ်လမ်း
ဘုန်းဘုန်း ဘုရား၊ တပည့်တော်မ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်စဉ် ဘာသာတရား ကိုင်းရှိုင်းတဲ့ အသက် ၁၈-အရွယ် ဘားအံသူ မိတ်ဆွေ အမျိုးသမီးနှင့်အတူ ရုပ်ရှင်သွားကြည့်ပါတယ်။ ဇတ်လမ်းမှာ “ထိုင်းက တောရွာ တစ်ခုမှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ ရွာသူ မိန်းမတစ်ယောက် မှားမိကြပြီး မိန်းမက ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဘဲ ဆွဲကြိုးချသေ၊ အစိမ်းသူရဲဖြစ်ပြီး ဘုန်းကြီးတွေကို နှောက်ယှက်တယ်။ ဘုန်းကြီးကတော့ ရူးသွားတယ်”လို့ ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်းအရ ဘုန်းကြီးနဲ့ ဖောက်ပြန်တဲ့ မိန်းမတွေဟာ မကျွတ်တော့ဘဲ အဲဒီလို ဘဝမျိုးနဲ့ပဲ နေရတယ်လို့ နားလည်ရပါတယ်။
ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါ အသက် ၆-နှစ်အရွယ်မှာ ရဟန်းသစ် တစ်ပါးက မိမိအား ညနေ မိုးချုပ်ခါနီး ဘုန်းကြီးကျောင်းက အိမ်ကို ပြန်ပို့ပေးစဉ် လမ်းမှာ နမ်းဖူးတာကို အမှတ်ရလာလို့ မိမိလည်း ဇာတ်လမ်းထဲက မိန်းမလို ဖြစ်တော့မှာပဲဆိုပြီး မိတ်ဆွေ အမျိုးသမီးမှာ စိတ်မချမ်းသာ ဖြစ်တယ်။ ရဟန်းမှာ လူထက် ဘုန်းကြီးလို့ တဏှာရှိရင်တောင် သင်္ကန်းရဲ့ တန်ခိုးကြောင့် ပြုခံရတဲ့ အမျိုးသမီးမှာ အလားတူ အကျိုးပေးဖြစ်မယ်၊ ယခု စောင့်ထိန်းနေတဲ့ သီလလည်း အလကားဖြစ်ပြီလို့ ယူဆနေပါတယ်။ ဒါကြောင့် တပည့်တော်မမှာ ထိုဘုန်းကြီး မြန်မြန်လူထွက်ပါစေလို့ ဆုတောင်းမိပါတယ်။
သင်္ကန်းဝတ်သူရဲ့ အပြုအမူကြောင့် မိတ်ဆွေ အမျိုးသမီးမှာ အပြစ် ရှိပါသလား၊ အမှန်တရားက ဘယ်လိုလဲ ဆိုတာကို သိလိုပါတယ်။ (မူရင်း မေးခွန်း ရှည်လွန်းလို့ ချုပ်ထားပါတယ်)။
Su Lay
---
တာဝန်ရှိ
မကြာခင်က ကမ္ဘာပေါ်မှာ ဩဇာ အရှိဆုံး ပုဂ္ဂိုလ်တွေထဲမှာ ပါတဲ့ ပုပ်ရဟန်းမင်းကြီးက တရားဝင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေနဲ့ ရှုပ်တဲ့ သူ့လက်အောက်ခံ ဘုန်းကြီးတွေကို စစ်ဆေးဖို့ အမိန့်ချမှတ်တဲ့ သတင်း ကမ္ဘာသိ ဟိုးလေးတစ်ကျော် ဖြစ်သွားတယ်။ ဗုဒ္ဓဘာသာမှာ အမျိုးသားတစ်ယောက် ရဟန်းခံပြီးရင် တစ်သက်လုံး လူမထွက်ရတော့ဘူးလို့ တရားသေ စည်းကမ်းနဲ့ မထိန်းချုပ်ထားဘူး။ မပျော်ရင် အချိန်မရွေး လူထွက်နိုင်တယ်။ ဒါ့အပြင် မြတ်ဗုဒ္ဓရဲ့ ဝိနည်းတွေ စိတ်ထိန်းနည်းတွေကလည်း ထူးကဲ ကောင်းမွန်တယ်။ ဒါကြောင့် ဝနဲ့ ဆန့်ကျင်ပြီး နေရပေမယ့် သံဃာ့ဂုဏ်ရည်ကို ထိခိုက်စေတဲ့ ဖြစ်ရပ်မျိုး သူများထက် နည်းပါတယ်။
ဒါပေမယ့် သတင်းမီဒီယာ လွတ်လပ်ပြီး တိုးတက်တဲ့ ခုလို ခေတ်မှာ ရှိပြီး ဂုဏ်ရည်တွေ မကျဆင်းအောင်တော့ ဗုဒ္ဓဝါဒီဖြစ်တဲ့ ရဟန်းရှင်လူတို့ ဝိုင်းဝန်းစောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ ဒီရည်ရွယ်ချက်နဲ့ ဒီမေးခွန်းကို ဖြေတာပါ။
နိုင်ပရာဆပ်
ဘုန်းကြီး ရဟန်းတစ်ဝါရခန့် (၃၆-နှစ် အလွန်က) ဖတ်ခဲ့ဖူးတဲ့ ဌေးမောင် ဘာသာပြန်တဲ့ မြဝတီမဂ္ဂဇင်း ဝတ္ထုရှည်ကို ယနေ့ထိ စွဲနေသေးလို့ ပြောပြချင်တယ် .. ဇနီးနဲ့ ရန်ဖြစ်ပြီး ရဟန်းပြုနေသူ ထိုင်းလူမျိုး နိုင်ပရာဆပ်ဟာ ဇနီးက သမီးငယ်နဲ့အတူ ဘုန်းကြီးကျောင်းကို လိုက်လာလို့ စိတ်ကို မထိန်းနိုင်ဘဲ ကြမ်းပေါက်က ဓားကို ပစ်ချတယ်။ ကလေးငိုသံကြားတာနဲ့ ထိတ်လန့်ပြီး ခြေဦးတည့်ရာ ထွက်ပြေးတယ်။ လူဘဝနဲ့ ဆယ်စုနှစ် နှစ်ခုလောက် အကြာ မိန်းမငယ် တစ်ဦးနဲ့ အကြောင်းပါတယ်။ မိန်းမငယ်ရဲ့ ခြေသလုံးက အမာရွတ်မှာ မိမိရဲ့ ဓားဒဏ်ရာ ဖြစ်ကြောင်း သိလိုက်ရတဲ့အခါ စိတ်ထိခိုက်ပြီး တိတ်တဆိတ် ထွက်ခွာခဲ့တယ်။ တစ်နေရာမှာ အိမ်ထောင်ကျပြန်တော့ ထိုအိမ့်ရှင်မမှာ ဓားဒဏ်ရာရှင်ရဲ့ မိခင် (ဇနီးဟောင်း) ဖြစ်နေတယ် ယိုးဒယားမှာ အဲဒီလို ဘုန်းကြီး ဇာတ်ကောင် ပါတဲ့ ဝတ္ထုတွေ ရုပ်ရှင်တွေ များများ ဖန်တီးလေ့ရှိပုံပါပဲ။
ဇာတ်လမ်းတွေ
ဗုဒ္ဓဝါဒနဲ့ ယဉ်ကျေးမှု စတင်ခဲ့တဲ့ မြန်မာ့လူ့ဘောင်မှာလည်း ရဟန်းနဲ့ အမျိုးသမီး ဇာတ်လမ်းတွေ ရှိတယ်။ ပုဂံဘုရင် ကျစွာမင်းရဲ့ သမီးတော်ဟာ ပိဋကတ်အလွန်တတ်ကျွမ်းလို့ ရှင်ရဟန်းငယ်တွေကို စာသင်ပေးတယ်။ စာလိုက်ကိုယ်တော်တွေ သမာဓိမပျက်အောင်လို့ တင်းတိမ်ကာပြီး သင်ပေးတာတောင် ဦးဆောင်စာဆိုကိုယ်တော် အကြံအဖန် လုပ်တာနဲ့ လူချင်းလည်း တွေ့ရော ကိုယ်တော်ကစပြီး ကြိုက်တယ်။ ဘုရင်ကလည်း အဘိဓမ္မာဆရာကြီးဆိုတော့ စိတ်မဆိုးတဲ့အပြင် "တူတူတန်တန် ကျမ်းစာ တစ်စောင် ရေးဖွဲ့နိုင်ရင် သမီးတော်ကို ယူစေ”တဲ့။ “သံပျင်ဋီကာ’ဆိုတဲ့ ပါဠိသဒ္ဒါကျမ်းကြီးကို ရေးပြီး ကိုယ်တော်လည်း သံပျင်အမတ် ဖြစ်သွားတာပဲ။
ဒဂုန်ခင်ခင်လေး ရေးတဲ့ “စာဆိုတော်”ဝတ္ထုမှာ ဘုရင့်သမီးတော်က ကိုယ်တော်ချောကို စပြီး ကြိုက်တာ။ သူတို့ခမျာတွေတော့ နှစ်ယောက်လုံး ကွပ်မျက်ခံရသတဲ့။ “ပျိုတို့မောင် ရှင်လိင်ပြန်တော့ နားပန်ဖို့လေး”ဆိုတဲ့ ကျေးလက်ကဗျာဟာ အဲဒီ ပုံရိပ်တွေကို ထင်ဟပ်စေတယ်လို့ ဘုန်းကြီး ယူဆတယ်။ “ပျိုတို့မောင်’ဆိုတာ တစ်အူတုံ့ဆင်း ပျို့မောင် အရင်းဖြစ်နိုင်သလို ပျို့ရည်းစားလည်း ဖြစ်နိုင်တာပဲ။
လိင်မရွေး
မေးခွန်းပါ ဇာတ်လမ်း (ဖော်ပြထားသလောက်) အရ မိန်းမကိုချည်း ဖောက်ပြားတယ်လို့ တစ်ဖက်သတ် အပြစ်မတင်နိုင်ဘူး။ နှစ်ဦးလုံးမှာ တာဝန်ရှိတယ်။ ထိုကိစ္စကို ဝါသနာပါတဲ့ ဘုန်းကြီးက ထိုအမျိုးသမီးကို တစ်ဖက်သတ် ပြုမူတာမျိုးဆိုရင် ဘုန်းကြီးမှာ အပြစ်ပိုကြီးမယ်။ သင်္ကန်းဆိုတာ အရိယာပုဂ္ဂိုလ် အလံတံခွန်၊ သီလသိက္ခာရဲ့ သင်္ကေတ ဖြစ်ပါတယ်။ ဒါကြောင့် မိမိနဲ့ မထိုက်တန်တဲ့ သင်္ကန်းကို ဝတ်ထားသူလည်း မကျွတ်နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်သင့်တယ်။ သင်္ကန်းဝတ်သူ ဖောက်ပြားမိလို့ သင်္ကန်းရဲ့ တန်ခိုးကြောင့် မိန်းမကပဲ ထိုအပြစ်မျိုးရတယ်ဆိုရင် မမျှတဘူး။ ကံကံရဲ့ အကျိုးပေးဆိုတာ လိင်မရွေးပါဘူး။ ဗုဒ္ဓဝါဒအရ မကျွတ်နိုင်တဲ့ ထာဝရဘဝဆိုတာမျိုးလည်း မရှိဘူး။ ကံကုန်ရင် ပြောင်းလဲရတာပဲ။
အပြစ်မရှိ
ငရဲကြီးတယ် မကြီးဘူးဆိုတာကို စိတ်စေတနာ အရင်းခံနဲ့ပဲ ဆုံးဖြတ်ကြောင်း ဘုန်းကြီး မကြာခဏ ပြောဖူးပါတယ်။ ဆိုပါတော့ ... အမျိုးသမီးအနေနဲ့ ရဟန်းကို ဖျက်ဆီးလိုစိတ်သက်သက်နဲ့ တမင်တကာ မြှူဆွယ်ဖြားယောင်းရင် အဲဒီ အမျိုးသမီး အပြစ်ရှိတယ်။ ပုထုဇဉ်ဘာဝ အနေနီးလွန်းရာက အချင်းချင်း သံယောဇဉ်တွယ်မိလို့ ဖြစ်ရတာမျိုးဆိုရင် မှန်တယ်လို့ မဆိုနိုင်ပေမယ့် ဘုန်းကြီးဘဝကို စွန့်၊ လူထွက်ပြီး အကြင်လင်မယားအဖြစ် လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်ပါက နှစ်ဦးလုံး ဒီဘဝမှာ မဂ်ဖိုလ်ရဲ့ အန္တရာယ် မဖြစ်နိုင်ဘူး။ ဆောက်တည်ပွားများတဲ့ သီလဘာဝနာ ကုသိုလ်တွေလည်း အချည်းနှီး မဖြစ်ပါဘူး။ နေ့မှာ ဘုန်းကြီး၊ ညမှာ လူ .. ဖြစ်နေရင်တော့ ဇာတ်လမ်းကြမ်းတဲ့အတွက် နောက်ခေါင်းစဉ် တစ်မျိုးနဲ့ ဆွေးနွေးရမှာပေါ့။
သီလရှိမှ
“ရဟန်းက လူတွေထက် ဘုန်းကြီးတယ်”ဆိုရာမှာ ရဟန်းရဲ့ ဂုဏ်ရည်ကို သီလသိက္ခာ စောင့်ထိန်းမှု ပမာဏနဲ့ သတ်မှတ်တယ်။ သင်္ကန်းဝတ်ထားရုံနဲ့ လူတွေထက် ဘုန်းမကြီးနိုင်ဘူး။ ဝိနည်းအရ ရဟန်းဟာ တဏှာပူးနေတဲ့ ဖောက်ပြန်တဲ့ စိတ်နဲ့ မိန်းမကြီးငယ်မဟူကို မထိကိုင်ကောင်းဘူး။ မှောင်ရီပျိုးချိန် မမြင်ကွယ်ရာကို ရောက်မှ မေးခွန်းထဲကအတိုင်း ပြုတဲ့ ကိုယ်တော်ကို “လူများထက် ဘုန်းကြီးသူ”လို့ မဆိုနိုင်ဘူး။ မထိုက်တန်ဘဲ သင်္ကန်းကို ဝတ်ထားသူပဲ ဖြစ်သင့်တယ်။
အဲဒီလို ရဟန်းမျိုးကို မြတ်ဗုဒ္ဓက “သင်္ကန်းကို လည်ပင်းမှာ ပတ်ထားပြီး စောင့်စည်းမှု မရှိတဲ့ ရဟန်းတွေ သေရင် အပါယ်ရောက်မယ်။ ကိုယ်နှုတ်စိတ်ကို မစောင့်ဘဲ ပြည်သူ့ဆွမ်းကို စားရင် မီးရဲနေတဲ့ သံတုံးကို မျိုရသလိုပဲ (ဝိ၊၁၊၁၁၅)”တဲ့။
မမှန်ဘူး
မေးခွန်းရှင်က “အဲဒီ ဘုန်းကြီး မြန်မြန် လူထွက်ပါစေ”လို့ ဆုတောင်းတာလည်း မမှန်ဘူး။ “ပျက်အစဉ် ပြင်ခဏ”ဆို မဟုတ်လား။ အမျိုးသမီးကို တဏှာစိတ်နဲ့ ကိုင်မိရုံနဲ့ ရဟန်းအဖြစ် မပျက်စီးသေးဘူး။ ဒါကြောင့် နောင်အခါ သူ့ဟာသူ ပြုပြင်ပြီး သီလသိက္ခာနဲ့ နေသွားခဲ့ရင် မိမိရဲ့ ဆုတောင်းဟာ တစ်ဖက်သတ်ကြီး ဖြစ်နေမှာပေါ့။
မှတ်ချက် ၃-ရပ်
ဘုန်းကြီးအနေနဲ့ မေးခွန်းဖော်ပြချက်အတိုင်းလောက်ကို သုံးသပ်ပြီး မှတ်ချက်ပြုရရင် ..
၁) ၆-နှစ်အရွယ်က လူမမယ် မိန်းကလေးရဲ့ အပြစ်ကို မတွေ့မိတဲ့အတွက် လက်ရှိ အသက်အရွယ်မှာ နောင်တဖြစ်နေစရာ မလိုဘူး
၂) အကြောင်းကို မသိတဲ့ မည်သည့်တစ်စိမ်းနဲ့မျှ မိမိတို့ရဲ့ သားငယ် သမီးငယ်တွေကို လွှတ်မထားမိဖို့ မိဘတွေ သတိထားသင့်တယ်
၃) တစ်ခါတစ်ရံ မိမိမှာ အပြစ်မရှိဘဲ ဘာမဟုတ်တာလေးကို အစွဲအလမ်းကြီးနေရင်လည်း အဲဒီအစွဲကြောင့်ပဲ ဒုက္ခရောက်တတ်တယ် .. လို့ ဖြစ်ပါတယ်။
ဧပြီ ၂၂၊ ၂၀၁၆။
---
၄၆၃။ ရန်ပြေဆယ့်တစ်နည်း
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ တပည့်တော်သည် အလွန် စိတ်တိုစိတ်ဆိုးလွယ်ပါသည်။ မကောင်းမှန်းသိလျက် ထိန်းမရပြင်မရ ဖြစ်နေပါသည်။ စိတ်ဆိုးလျှင် ဘုရားရှိခိုးတာ တရားထိုင်တာတွေလည်း မလုပ်နိုင်တော့ပါ။ ဖြစ်ဆဲဒေါသကို လျော့ပါးစေနိုင်တဲ့ လက်တွေ့ကျင့်စဉ် နည်းကောင်းများရှိလျှင် ဟောကြားပေးစေလိုပါသည် အရှင်ဘုရား။
ရဲထက်နိုင် (တောင်ဒဂုံ)
---
အဓိပတိတပ်
ငယ်ရွယ်စဉ်မှာ စိတ်ကို မထိန်းဘဲ စိတ်မြန်ကိုယ်မြန်နဲ့ ဆုံးဖြတ်ပြီးပြောဆိုပြုလုပ်တတ်တယ်။ အသက်ကြီးလာတာနဲ့အမျှ သိဖူးတဲ့ အတွေ့အကြုံအရ ဆင်ခြင်နိုင်ပြီး ရင့်ကျက်လာတယ်။ ဒါပေမယ့် လောကမှာ သေတဲ့အထိ မဆင်ခြင်နိုင်သူတွေလည်း အများကြီးပါပဲ။ စရိုက်ဆိုးတစ်ခုကို ပြင်ဖို့ဆိုရင် “ပြင်ချင်စိတ်’ဟာ အဓိကပါ။ တကယ်ပြင်ချင်ရင် အချိန်မဆွဲဘဲ ခုအချိန်ကစပြီး ‘ငါ ပြင်ပြီဟေ့”လို့ ကိုယ့်ကိုယ်ကို ကြေညာပါ။ ပြီးရင် သူများနဲ့ မတူအောင် လုပ်ပါ။
ဥပမာ .. မွေးနေ့မှာ နံနက် ဘုန်းကြီးပင့်၊ ဆွမ်းကပ်၊ ငါးပါးသီလခံ လုပ်တော့ လုပ်တယ်။ ညနေရောက်တော့ သောက်စားဝါကြွားပါတီ။ ကိုယ်က အဲဒီလို မေ့မေ့လျော့လျော့ မဖြစ်စေနဲ့။ “စရိုက်ကို ငါ ပြင်နေတယ်”ဆိုတာကို မိနစ်စက္ကန့်မလပ် သတိရနေအောင် ကြိုးစားပါ။ အဲဒါ ပထမဆုံးအဆင့်။ ဘာမှဆက်မလုပ်နိုင်သေးရင်တောင် ဒီအဆင့်ကို အရင်ဆုံး စမ်းသပ်ကြည့်။ တစ်ခုခု ထူးခြားလာပါလိမ့်မယ်။
လက်တွေ့လုပ်
ဘုန်းကြီးကတော့ ကိုယ့် အသက်အရွယ်၊ ရဟန်းသိက္ခာအရ မကောင်းဘူးလို့ ယူဆတဲ့ စရိုက်ဆိုးတစ်ခုခုကို ထိန်းတော့မယ်ဆိုရင် အထက်ပါအတိုင်း စပြီး အရင်လုပ်ပါတယ်။ မသိစိတ်မှာ မြုပ်နေတဲ့ မွေးရာပါဗီဇ၊ ဒေသစရိုက်၊ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးနေမှု စတာတွေကြောင့် ရာနှုန်းပြည့် မအောင်မြင်နိုင်ပေမယ့် ပြောင်းလဲမှုရှိတယ်လို့တော့ ကိုယ့်ကိုယ်ကို သုံးသပ်မိပါတယ်။ မပြည့်စုံသေးပါဘူး၊ ကြိုးစားဆဲပါ။
၁၁-နည်း
ကျန်းဂန်မှာ စိတ်ဆိုး (ဒေါသ)ဖြေနည်း ၁၁-နည်း ဖော်ပြတယ်။ ဘုန်းကြီး လက်တွေ့လုပ်ဖြစ်တာက အမှတ် (၁) (၂) (၅) (၇) (၈) (၁ဝ) ပါ။ အဲဒီအထဲက တစ်ခုခုနဲ့ တည့်သွားလေ့ရှိပါတယ်။ ဟုတ်တယ် .. အစပိုင်းမှာ ဦးနှောက်ထဲမှာ ထည့်ကို မထည့်ချင်လို့ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်မိတဲ့အထိ ဖြစ်တာမျိုးနဲ့ ကြုံရတယ်။ အထူးသဖြင့် ကိုယ့်ကို ဒုက္ခပေးသူနဲ့ ပတ်သက်ရင်ပေါ့။ ကိစ္စမရှိ၊ ဆက်သာလုပ်။ အရှုံးပြီးရင် အနိုင်တစ်နေ့ ရှိမြဲပါ။ နောက်ပိုင်း ပြေလျှော့သွားပါတယ်။
(၁) မေတ္တာပြ
စိတ်ဆိုးပြီဆိုတာနဲ့ ဘာမှမပြောမလုပ်ဘဲ ချက်ခြင်း စိတ်ကို ငြိမ်ငြိမ်ထားပြီး “စိတ်ဆိုးရင် တရားကွယ်တယ်၊ သည်းခံရင် တရားလွယ်တယ်’လို့ အရင်ဆုံး ဆင်ခြင်ပါ။ ပြီးမှ ကိုယ့်တစ်ကိုယ်လုံးမှာ စိတ်ကိုထားပြီး “ငါသည် ရန်သူကင်းပါစေ၊ ငါသည် စိတ်ဆိုးဒေါသကင်းပါစေ၊ ငါသည် နှိပ်စက်ခံရခြင်းကင်းပါစေ၊ ငါသည် နှလုံးစိတ်ဝမ်း အေးချမ်းပါစေ”လို့ တုံ့ပြန်လိုစိတ်ကို ထိန်းနိုင်တဲ့အထိ စိတ်ဆိုနဲ့ ထပ်ခါထပ်ခါ ရွတ်ပွားပါ။
မေတ္တာသုတ်ကို အဓိပ္ပာယ်နားလည်ပြီး နှစ်ရှည်လများ ရွတ်ဖတ်ထားတာမျိုး၊ မေတ္တာကမ္မဋ္ဌာန်းကို စနစ်တကျ ပွားများထားတာမျိုး နဂိုကအခံရှိနေရင် ပိုပြီး အောင်မြင်လွယ်တယ်။ မအောင်မြင်သေးရင် ..
(၂) ဒေါသဖြစ်
စိတ်ဆိုးသူကို ပြန်စိတ်ဆိုးရင် မိမိဟာ ထိုစိတ်ဆိုးဒေါသကြောင့် ထိုလူထက် ပိုမိုက်သွားတယ်။ ရန်တုံ့မဖက်မှ အောင်နိုင်ခဲတဲ့ စစ်ပွဲကို အောင်သူ ဖြစ်တယ်။ အမျက်ကြီးသူဟာ အစွန်းနှစ်ဖက် မီးကျွမ်း၊ အလယ်မှာ အညစ်အကြေးတွေ ကပ်နေတဲ့ လူသေကို ဖုတ်တဲ့ ထင်းကုလားလို အသုံးမကျဘူး”လို့ သတိရတိုင်း ဒေါသရဲ့အပြစ်ကို ဆင်ခြင်ပါ။ သူတော်ကောင်းစိတ်တွေ ဝင်လာပါလိမ့်မယ်။ မပျောက်သေးရင် ..
(၃) ကောင်းလှစ်ရှု
မိမိစိတ်ဆိုးသူရဲ့ ရုပ်သွင်ကို သည်ခံပြီး စိတ်ထဲပေါ်အောင်လုပ်။ ပြီးမှ “သူက ဒါလေးတော့ ပြောခဲ့တာပဲ၊ အဲဒီတုန်းက သူလုပ်ပေးလို့၊ သူလုပ်တာ ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိတာပဲ’စတဲ့ ရန်သူရဲ့ ကောင်းကွက်ကို ရှာကြံပြီး စိတ်ကို ဖြေတယ်။ တင်းနေသေးရင်
(၄) ကရုဏာ
“သူ့ခမျာ အသက်ရှင်တုန်း ကျန်းမာတုန်း တောင်လည် မြောက်သွား တလွှားလွှား လုပ်နေပေမယ့် သူတော်ကောင်းတို့ မကြိုက်နိုင်တဲ့ အကုသိုလ်စိတ်ထားကြောင့် သေရင်တော့ ငရဲမှာမြုပ်တော့မှာပဲ၊ သနားဖွယ်ကောင်းစွ’လို့ ဆင်ခြင်ပါ။ အစပိုင်းမှာ တတ်နိုင်သမျှ သူနဲ့ထိတွေ့ပတ်သက်မှုကို ရှောင်နေရင် သင့်တယ်။ မရသေးရင်
(၅) ဩဝါဒ
“ငါ စောင့်ထိန်းထားတဲ့ သီလရဲ့ “အရှက် အကြောက် သည်းခံခြင်း ချစ်ကြင်ခြင်း”ဆိုတဲ့ အရင်းအမြစ်ကို ဖြတ်တောက်တတ်တဲ့ အမျက်ဒေါသကို သိမ်းဆည်းထားရင် ငါ့လောက် မိုက်သူ ရှိပါအုံးမလား၊ ငါ စိတ်ဆိုးအောင်လို့ သူက ငါမကြိုက်တာကို လုပ်တဲ့အတွက် ငါက စိတ်ဆိုးရင် သူပဲ ဝမ်းသာမှာပေါ့”လို့ မိမိကိုယ်ကို ဆုံးမပါ။ လိုနေသေးရင်
(၆) ကမ္မသာ
“ကိုယ့်ကံနဲ့ ကိုယ်ပဲဖြစ်လို့ သူ့ဒေါသဟာ သူ့အကျိုးမဲ့အတွက်ပဲ။ ဒေါသထွက်သူဟာ လေအောက်က လူနဲ့တူတယ်။ သူက လေညာကလူကို ဖုံမှုန့်နဲ့ပက်ရင် သူ့ကိုယ်ပေါ်မှာပဲ ဖုံမှုန့်တွေ ပြန့်ကျဲကုန်မှာပေါ့”လို့ ဆင်ခြင်ပါ။ မထူးသေးဘူးလား ..
(၇) ဇာတကီ
ခန္တီဝါဒီရသေ့၊ မဟာကပိမျောက်မင်းဘဝတွေမှာ ဗုဒ္ဓလောင်းလျာဟာ လူသာမန်တို့ မလုပ်နိုင်တဲ့ သည်းခံမှုမျိုးကို ကျင့်နိုင်ခဲ့လို့ ဗုဒ္ဓအဖြစ်ကို ရောက်ခဲ့တယ်လို့ ဆင်ခြင်ပြီး ဇာတ်တော်ဖြစ်ရပ်တွေကို စိတ်မှာ ထုံမွှမ်းထားပါ။ ဘုန်းကြီးတော့ ကိုယ့်ခေါင်းရိုက်ခွဲသူကို သစ်ကိုင်းတွေ ခုန်ကူးပြီး ဒဏ်ရာကကျတဲ့ သွေးနဲ့ လမ်းပြတဲ့ မျောက်မင်းကို အာရုံယူတယ်။ မငြိမ်းသေးရင်
(၈) သံသာမျိုး
“ဘဝသံသရာမှာ မိဘ ညီအစ်ကို မောင်နှမ သားသမီး မတော်ဖူးသူ မရှိ (သံ၊၁၊၃၉၅)’လို့ ရှင်တော်ဗုဒ္ဓဟောတော်မူထားတဲ့အတိုင်း သူ(မနှစ်သက်သူ)ဟာ ငါ့မိဘ သားသမီးအဖြစ်နဲ့ ငါ့အကျိုးအတွက် သက်စွန့်ရှစူး ပြုဖူးမှာပဲလို့ အလေးအနက် ဆင်ခြင်ပါ။ ဖြစ်နေသေးရင် ..
(၉) ချစ်ကျိုးမှတ်
“အိပ်ပျော်၊ နိုးရွှင်၊ အိမ်မက်ကောင်း၊ လူနတ်ချစ်၊ နတ်စောင့်၊ မီးကွင်း၊ ဓားပြီး၊ အဆိပ်ပြေ၊ သမာဓိမြန်၊ မျက်နှာလန်း၊ သေရင် မတွေဝေ၊ ဗြဟ္မာလား”ဆိုတဲ့ မေတ္တာအကျိုး ၁၁-မျိုးကို ဆင်ခြင်ပြီး သူ့အပေါ် မေတ္တာနဲ့ တုံ့ပြန်ပါ။ ကြွနေသေးရင်
(၁၀) ဓာတ်ခွဲဖြေ
“ဘာကို စိတ်ဆိုးနေတာလဲ။ သူ့ဆံပင်ကိုလော၊ မွေးညင်းကိုလော၊ ခြေသည်း လက်သည်းလော။ ဆံပင်မှာရှိတဲ့ ပထဝီဓာတ်လော၊ အာပေါဓာတ်လော။ ဝေဒနာကိုလော၊ သညာလော’စသည်ဖြင့် မနှစ်သက်သူရဲ့ ရုပ်ခန္ဓာကို ဓာတ်ခွဲ၊ သို့မဟုတ် ရုပ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေကို စိတ်နဲ့ အာရုံယူပြီး ဘယ်အရာကို စိတ်ဆိုးနေတာလဲလို့ မိမိကိုယ်ကို အဖန်ဖန် မေးမြန်းစစ်ဆေးပါ။ မဟန်သေးရင် ..
(၁၁) ပေးဝေစေ
“အဒန္တမနံ ဒါနံ = ပေးကမ်းခြင်းဟာ ရိုင်းသူကို ယဉ်စေတယ်’ဆိုတဲ့အတိုင်း မနှစ်သက်သူ နှစ်သက်ဖွယ်ရှိတဲ့ ပစ္စည်းလက်ဆောင်လေး ပေးကမ်းပါ။ သူ့အကြိုက်စရိုက်ကို အရင် စုံးစမ်းပြီးမှ လုပ်ကြည့်ပေါ့။
ဆောင်ထား
အထက်ပါ ရန်ဖြေ ၁၁-နည်းထဲက ကိုယ့်စရိုက်နဲ့ ကိုက်ညီရာကို ရွေးပြီး နှစ်သက်ရာနဲ့ ဖြေကြည့်ပါ။ စိတ်ဆိုးတာကို သိသိသာသာ လျော့ကျစေပါလိမ့်မယ်။ သုံးလိုတဲ့အချိန်မှာ ထုတ်သုံးနိုင်အောင် အောက်ပါအတိုင်း နှလုံးသားထဲမှာ ထည့်ထားပါ ..
“မေတ္တာပြ ဒေါသပြစ် ကောင်းလှစ်ရှု ကရုဏာ ဩဝါဒ ကမ္မသာ ဇာတကံ သံသာမျိုး ချစ်ကျိုးမှတ် ဓာတ်ခွဲဖြေ ပေးဝေစေ့ ရန်ဖြေ ဆယ့်တစ်နည်း”။
ဧပြီ ၂၃၊ ၂၀၁၆။
---
၄၆၄။ ဥပက္ခာဆယ်မျိုး
ဆရာတော် ဘုရား၊ ဆရာတော်တစ်ပါး ဟောကြားသော တရားတွင် ဥပေက္ခာဆယ်မျိုးတောင် ရှိတယ်လို့ မှတ်သားရပါသည်။ ထိုဟောပြောချက်မှာ အဆင့်မြင့်သဖြင့် နားလည်ရန် ခက်ခဲပါသည်။ ဒါကြောင့် ဥပေက္ခာရဲ့ အဓိပ္ပာယ်နှင့် အဲဒီဥပေက္ခာဆယ်မျိုး အကြောင်းကို လူပြိန်းနားလည်အောင် ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
သိန်းထူး (ကရင်ပြည်နယ်)
---
အဓိပ္ပာယ်
အကြောင်းအရာကိုက အဆင့်မြင့်လို့ နားလည်နိုင်တဲ့ အခံရှိဖို့တော့ လိုတယ်။ တစ်ခါတစ်ရံ ရှင်းအောင် ရေးရင်းပြောရင်းနဲ့ပဲ ပိုရှုပ်သွားတာမျိုးလည်း ရှိတတ်တယ်။ ကြိုးစားကြည့်တာပေါ့ “ဥပေက္ခာ”ကို “အညီအမျှ ရှုခြင်း၊ (အချစ်အမုန်း) အစွန်းသို့ မကျရောက်ဘဲ ခံယူခြင်း (သမံ ပဿတိ အပက္ခ.ပတိတာဝ ဟုတွာ ပဿတိ၊ အဘိ၊ဋ္ဌ၊၁၊၂၁၆)၊ သတ္တလောကအပေါ် အလယ်အလတ် အခြင်းအရာဖြင့် ဖြစ်ခြင်း (သတ္တေသု မဇ္ဈတ္တာ-ကာရပ္ပဝတ္တိ၊ ဝိသုဒ္ဓိ၊၁၊၃၁၁)”လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါကြောင့် “ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို အချစ်အမုန်းနဲ့ မတုံ့ပြန်ဘဲ အညီအမျှ လက်ခံခြင်း’လို့ ဥပေက္ခာရဲ့ ယေဘုယျ အဓိပ္ပာယ်ကို နားလည်နိုင်ပါတယ်။ မြေကြီးဟာ အညစ်အကြေးနဲ့ ရတနာမျိုးစုံကို စိတ်ဆိုးခြင်း မြတ်နိုးခြင်း မရှိဘဲ ခံယူသလို ကောင်းနဲ့အဆိုးကို အညီအမျှ ခံယူခြင်းလို့ ပါဠိတော် (ဗုဒ္ဓဝံသ၊ စာ-၃၁၉)မှာ ဆိုတယ်။ ပါရမီတော်ခန်းပျို့မှာ ဆိုပုံက “ပမာနည်ဗွေ၊ ဤသေဉ်မြေကား၊ ကောင်သေမစင်၊ အပုပ်ဘင်က၊ စသည်အညစ်၊ ပစ်သော်လည်းကောင်း၊ ရောင်မောင်းနီးတွေး၊ ပန်းချီဆေးဖြင့်၊ ခြူးသေးခြူးနွယ်၊ ရွှေငွေခြယ်လျက်၊ တင့်တယ်ကျစ်လစ်၊ မျက်မျိုးစစ်တည့်၊ နစ်သော်လည်းကောင်း၊ ကျဉ်းမြောင်းပူဆာ၊ နှစ်သိမ့်စွာသား၊ ခြင်းရာအနေ၊ မဖောက်လေတည့်၊ မြေတလည်လည်၊ အတိုင်းတည်သို့ .. (ပိုဒ်-၁၄၂)’လို့ ဖြစ်ပါတယ်။
ဥပေက္ခာ ဆယ်မျိုး
ငယ်စဉ်အခါ ဣန္ဒိယယမိုက်ကို သင်ယူစဉ် ဥပေက္ခာ ၁၀-မျိုးရဲ့ အတိုကောက်ကို “ဆ.ဗျ.ဗော.ဝီ.ဝေ၊ သ.ဝိ.တ.ဗျာ.”လို့ မှတ်ခဲ့ဖူးပါတယ်။ အဲဒီဆယ်မျိုးရဲ့ အဓိပ္ပာယ်ကျဉ်းကို ကျမ်းဂန် (အဘိ၊ဋ္ဌ၊၁၊၂၁၇)နှင့်အညီ အဖြစ်နိုင်ဆုံး ချုပ်ပြီး နားလည်ရုံ ဖော်ပြလိုက်ပါတယ်။
၁။ ဆ = ဆဠင်္ဂုပေက္ခာ၊ ရဟန္တာပုဂ္ဂိုလ်တွေမှာ အဆင်း အသံ အနံ့ အရသာ အတွေ့ အကြံဆိုတဲ့ အာရုံခြောက်ပါးနဲ့ တွေ့ကြုံရရှိတဲ့ ကောင်းတဲ့အာရုံကို နှစ်သက်ပိုက်ထွေးခြင်း၊ မကောင်းတဲ့အာရုံကို ငြင်းပယ်ဆန့်ကျင်ခြင်း မပြုဘဲ ပကတိအတိုင်းထားနိုင်ခြင်း။ ဤဥပေက္ခာကို ရဟန္တာပုဂ္ဂိုလ်ပဲ အမြဲပွားများနိုင်တယ်။ ပုထုဇဉ်တွေမှာ မြင်စဉ်မြင်ကာမျှ၊ ကြားစဉ်ကြားကာမျှ၊ နီစဉ်နံကာမျှ .. စသည် ရှုပွားခိုက်မှာ ဖြစ်နိုင်မယ်။
၂။ ဗြ = ဗြဟ္မဝိဟာရုပေက္ခာ၊ မေတ္တာပို့တဲ့အခါ “အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရဟန္တု၊ ဒုက္ခာ မုစ္စန္တု၊ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု၊ ကမ္မဿကာ’လို့ ခုနစ်မျိုး ရှိရာမှာ ရှေ့လေးခုက မေတ္တာပွား၊ နောက်သုံးခုက အစဉ်အတိုင်း ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပွားပုံ ဖြစ်ပါတယ်။
ဒါကြောင့် ကြိုးတန်းလျှောက်တဲ့အခါ တုတ်ရှည်နဲ့ အလေးချိန်ကို ထိန်းပြီး ကြိုးတန်းကိုပဲ.. စိုက်စိုက်ကြည့်လျှောက်ရသလို ဆင်းရဲသို့မဟုတ် ချမ်းသာကို ခံစားရတဲ့ သတ္တဝါတွေကို အာရုံပြုပြီး “သဗ္ဗေ သတ္တာ ကမ္မဿကာ (သတ္တဝါအားလုံး ကံသာလျှင် မိမိဥစ္စာ ရှိကြ၏)”လို့ အဲဒီသတ္တဝါနှစ်မျိုးကို အညီအမျှ ပွားများပြီး နေခြင်း။ မည်သူမဆို ပွားများနိုင်တယ်။
၃။ ဗော = ဗောဇ္ဈင်္ဂုပေက္ခာ၊ ဗောဇ္ဈင်အနေနဲ့ ဖြစ်နေတဲ့ “သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ တတြမဇ္ဈတ္တတာ”ဆိုတဲ့ စေတသိက် ၇-ပါးကို ခေါ်တာ။ မဂ်ဖိုလ်ကို ရခါနီးအချိန်မှာ ယှဉ်ဖက်စေတသိက်တွေရဲ့ လျော့ရဲမှု၊ လွန်ကဲမှု မဖြစ်စေဘဲ ညီမျှအောင် ထိန်းသိမ်းခြင်း။ ဝိပဿနာယာနိက ပုဂ္ဂိုလ်တစ်ဦး မဂ်ဖိုလ်ကို ရခါနီးမှာ ဝီရိယလွန်လို့ ပျံ့လွင့်တာ၊ ပီတိလွန်လို့ သမာဓိလျော့သွားတာမျိုး မဖြစ်စေဘဲ ဗောဇ္ဈင်တရားတွေကို ညီမျှအောင် ချိန်ပေးခြင်း။ အရှင်အာနန္ဒာဟာ ဝီရိယလွန်ကဲလို့ မဂ်ဖိုလ်မဆိုက်နိုင်ဘဲ ဖြစ်နေတာကို အနားယူမလို့ ပြင်ဆဲမှာ ရဟန္တာဖြစ်သွားတယ်။
၄။ ဝီ = ဝီရိယုပေက္ခာ၊ တရားကိုယ်က ဝီရိယစေတသိက်။ ဝီရိယလွန်ကဲရင် စိတ်ပျံ့လွင့်နေတတ်တယ်။ ဝီရိယလျော့နေရင် ပျင်းရိနေတတ်တယ်။ မဂ်ဖိုလ်ကို ရအောင် တရားအားထုတ်တဲ့အခါ ပျင်းရိတွန့်ဆုတ်ခြင်းနဲ့ ပျံ့လွင့်ခြင်းမရှိအောင် မတင်းလွန်းမလျော့လွန်တဲ့ အလယ်အလတ်အနေအားဖြင့် ရှုမှတ်ခြင်း။ တရားအားထုတ်သူတိုင်း ကျင့်သုံးနိုင်တယ်။
၅။ ဝေ = ဝေဒနုပေက္ခာ၊ အကောင်းအာရုံနဲ့ဆုံခိုက် အလွန်အကျွံ ဝမ်းသာအယ်လဲဖြစ်ခြင်း၊ အဆိုးအာရုံနဲ့ကြုံခိုက် အရုပ်ကြိုးပြတ် ဝမ်နည်းပက်လက်ဖြစ်ခြင်းကို ရှောင်၍ အလယ်အလတ်အားဖြင့် ခံစားခြင်း။ ဥပေက္ခာနဲ့ ယှဉ်တဲ့ ဝေဒနာစေတသိက်။ နေ့စဉ်ဘဝမှာ သာယာဖွယ်နဲ့ကြုံရင် သာယာတပ်မက်မလွန်ကဲခြင်း၊ မသာယာဖွယ်နဲ့ကြုံရင် အပြင်းအထန် အလိုမကျစိတ်ဆိုးခြင်း မဖြစ်စေဘဲ ယင်းနှစ်မျိုးကို အညီအမျှ ခံယူနိုင်အောင် လေ့ကျင့်ယူနိုင်တယ်။ လူတိုင်း လေ့ကျင့်ယူရင် ဖြစ်နိုင်တဲ့ ကျင့်စဉ်ပါ။
၆။ သ = သင်္ခါရုပေက္ခာ၊ သမထကမ္မဋ္ဌာန်းကို စီးဖြန်းသူတို့ ပဉ္စမဈာန်သမာဓိ အားကောင်းလာတဲ့အခါ၊ မဂ်ဖိုလ်ကို ရအောင် အားထုတ်သူတို့ ဝိပဿနာဉာဏ်ရင့်သန်လာတဲ့အခါ နီဝရဏစသော သင်္ခါရတရားတွေကို အထူးဂရုစိုက်ပြီး မပယ်ရှားရဘဲ အလယ်အလတ်ရှုခြင်း။ သမထကမ္မဋ္ဌာန်းမှာ ပဉ္စမဈာန်အခိုက်၊ ဝိပဿနာကမ္မဋ္ဌာန်းမှာ ဘယဉာဏ်၊ အာဒီနဝဉာဏ်အခိုက်တွေမှာ သင်္ခါရတရားတွေကို အညီအမျှ ရှုနိုင်တယ်။ တရားကိုယ်က ပညာ။
၇။ ဝိ = ဝိပဿနုပေက္ခာ၊ ခန္ဓာငါးပါးကို ဝိပဿနာတင် ကမ္မဋ္ဌာန်းရှုမှတ်စဉ် ထင်မြင်လာတဲ့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို စိစစ်ရာမှာ အညီအမျှ ပြုခြင်း။ ဝိပဿနာရှုသူဟာ မုစ္စိတုကမျတာဉာဏ် အခိုက်မှာ ကျင့်ကြံနိုင်တယ်။ ပညာပါပဲ။
၈။ တ = တတြမဇ္ဈတ္တုပေက္ခာ၊ ကုသိုလ်စိတ္တုပ္ပါဒ်တစ်ခုအတွင်း အတူတကွ ဖြစ်နေတဲ့ ယှဉ်ဘက်တရားတွေ အညီအမျှ ဖြစ်အောင် ထိန်းထားခြင်း။ တရားကိုယ်က ကုသိုလ်စိတ်မှာပဲ ယှဉ်တဲ့ တတြမဇ္ဈတ္တတာစေတသိက်ဖြစ်လို့ လူတိုင်း ပွားများနိုင်တယ်။ ကုသိုလ်တရား ဖြစ်ပွားတဲ့အခါ သမာသမတ် ကျတာ ဒီဥပေက္ခာကြောင့်။ အကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရာမှာ ဒီစေတသိက် မပါလို့ ဟန်ချက်မညီတဲ့အတွက် လောဘဖြစ်စေ၊ ဒေါသဖြစ်စေ တစ်ခုခု လွန်ကဲနေတတ်တယ်။
၉။ ဈာ = ဈာနုပေက္ခာ၊ အမြတ်ဆုံးလောကီသုခဖြစ်တဲ့ တတိယဈာန်ချမ်းသာနောက်သို့ မလိုက်ဘဲ အလယ်အလတ်ရှုခြင်း။ တတိယဈာန်ကို ရမှ ကျင့်နိုင်တယ်။
၁၀။ ပါ = ပါရိသုဒ္ဓပေက္ခာ၊ စတုတ္ထဈာန်အခိုက်မှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ နီဝရဏဓမ္မတို့မှ စင်ကြယ်ပြီးဖြစ်လို့ နီဝရဏတွေ ငြိမ်းအောင် ကြောင့်ကြမစိုက်ရဘဲ ညီမျှစွာရှုခြင်း။ စတုတ္ထဈာန်သို့မဟုတ် ပဉ္စဈာန် (ပဉ္စကနည်း)ကို ရမှ ပွားများနိုင်တယ်။
မှတ်စု
ဆင်းရဲချမ်းသာ ကြုံနေတဲ့ သတ္တဝါပညတ်ကို အာရုံပြုပြီး ဥပေက္ခာကမ္မဋ္ဌာန်းပွားနေတုန်းမှာ အချစ်နဲ့အမုန်း အစွန်းတစ်ဖက်ဆီ ရောက်သွားရင် ကျင့်ဆဲဥပေက္ခာ ပျက်သွားတယ်။ ပညာမပါတဲ့ အကုသိုလ်ဥပေက္ခာ (ဥပမာ .. ဒီလူကို ဂရုမစိုက်နဲ့၊ ပစ်ထားလိုက်ဆိုတာမျိုး) ဖြစ်စဉ်မှာ ပါနေတဲ့ ဆင်ခြင်တုံကင်းမဲ့ခြင်း (မောဟ)ဟာ ဥပေက္ခာရဲ့ အနီးကပ်ရန်သူ။ ချစ်သူနှစ်သက်သူကို စွဲလမ်းခြင်း (လောဘ)၊ မုန်းသူကို ခွာထုတ်ခြင်း (ဒေါသ)ကတော့ ဥပေက္ခာရဲ့ အဝေးရန်သူ ဖြစ်ပါတယ်။
အခြားသော ပညာရှင်ဆရာတော်တွေရဲ့ ရှင်းလင်းချက်ဟောပြောချက်တွေကိုပါ ရှာဖွေလေ့လာရင် ပိုပြီး နားလည်ပါလိမ့်မယ်။ ဓမ္မအမေးအဖြေအဆင့်မှာတော့ ဒီလောက်နဲ့ ကျေနပ်ပါ။ ဗုဒ္ဓဘာသာမှာက သိရုံနဲ့ မလုံလောက်ဘူး။ ဒါကြောင့် ကျင့်နိုင်တာကို ရွေးပြီး တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ အစီအစဉ်နဲ့ လေ့ကျင့်ကြည့်ပါ။ အမှတ်စဉ်-၅ ကို များများ ကျင့်သုံးထားရင် ခေါင်းဆောင်ကောင်း ဖြစ်နိုင်တယ်။
ဧပြီ ၂၄၊ ၂၀၁၆။
---
၄၆၅။ ကမ္မဝါစာနဲ့ တောထုတ်ခြင်း
ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ ကမ္မဝါ၏ အဓိပ္ပာယ်ကို သိလိုပါသည်။ ဘုရားလက်ထက်က သံဃာတွေ ကမ္မဝါဖတ်ပါသလား။ ကမ္မဝါဟာ ဘုရားဟောလား သို့မဟုတ် ကမ္မဝါဟာ ဗုဒ္ဓဝါဒမှာ အရေးကြီးပါသလား။ မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီ ၁၇-ရက်၊ ၂၀၁၆)နေ့က တပည့်တော်တို့ ရပ်ကွက်မှာ သံဃာတော်တွေ ကမ္မဝါဖတ်ပြီးတဲ့အခါ မကောင်းဆိုးဝါးတွေ ထွက်ပြေးအောင်ဆိုပြီး သံချောင်းသံပုံးနဲ့ ဒန်အိုးဖုံးတွေကို ထုရိုက်ပြီး “တောထုတ်”ပါသည်။ အဘယ်ကြောင့် တောထုတ်ပါသနည်း။
မြိတ်ရွှေအောင်
---
ကမ္မဝါစာ
ကမ္မဝါဆိုတာ ကမ္မနဲ့ ဝါစာလို့ စကားနှစ်လုံးပါတဲ့ ပါဠိသက်ဝေါဟာရပါ။ “ကမ္မ = လုပ်ဆောင်ချက်ကို၊ ဝါစာ = ဆိုခြင်း”၊ ဒါကြောင့် ‘လုပ်ဆောင်ချက်ကို ဆိုခြင်း” သို့မဟုတ် “ဆိုတဲ့ စကား’လို့ ရိုးရိုးလေး အရင်မှတ်ပါ။ ရဟန်းသံဃာတွေ သိမ်နုတ် သိမ်သမုတ်တာ၊ သိမ်ထဲဝင်ပြီး ရဟန်းခံ၊ ကထိန်ခင်းသည့် လုပ်တာကို ဝိနည်းကံဆောင်ခြင်းလို့ ခေါ်တယ်။ အဲဒီဝိနည်းကံတွေကို ဆောင်ရွက်တဲ့အခါ နှစ်တောင့်တစ်ထွာတွင်း စုဝေးနေကြတဲ့ သံဃာတွေကို “အသိပေးခြင်းနဲ့ ဆုံးဖြတ်ခြင်း’ဆိုတဲ့ ဖော်ပြချက်နှစ်ရပ်ပါတဲ့ ပါဠိဘာသာစာသား သို့မဟုတ် ပုံစံကျ ပြန်တမ်းကို ကမ္မဝါစာလို့ ခေါ်တာ။
လုပ်မယ့်ကံ(ကိစ္စ)ကို သံဃာအား အသိပေးပြီးနောက် ဆုံးဖြတ်မယ့် ပြန်တမ်းကို သုံးကြိမ်ဖတ်နေစဉ် သဘောမတူရင် ကန့်ကွက်နိုင်ပြီး ဖတ်ပြီးချိန်ထိ ကန့်ကွက်သူမရှိရင် တည်ပြုပါတယ်ဆိုတဲ့သဘောကို “ကမ္မဝါစာ ဖတ်ခြင်း”လို့ ဆိုတာပါ။ ယနေ့ခေတ်လွှတ်တော် အစည်းအဝေးလုပ်ပုံနဲ့ အနှစ်သာရအနေနဲ့ တူမယ်ထင်တယ်။
ရဟန်းဝိနည်းနဲ့ ဆိုင်တဲ့ ကမ္မဝါစာနဲ့ အန္တရာယ်ကင်း ကမ္မဝါစာလို့ နှစ်မျိုးမှတ်နိုင်တယ်။
အရေးကြီး
ကမ္မဝါစာဆိုတဲ့ ဝေါဟာရဟာ မြတ်ဗုဒ္ဓရဲ့ နှုတ်ထွက်ဖြစ်တဲ့ ဝိနည်းပါဠိတော်တွေ (ဝိ၊၁၊၂၆၇။ ဝိ၊၂၊၁၇၃ စသည်)မှာ ပါတဲ့အတွက် မြတ်ဗုဒ္ဓလက်ထက်က ရဟန္တာတွေ ဝိနည်းကံဆောင်တဲ့အခါ ကမ္မဝါစာကို ဖတ်ကြရမှာပဲ။ ကမ္မဝါစာမရှိရင် သိမ်သမုတ်တာ ရဟန်းခံတာတွေ မဖြစ်နိုင်ဘူး။ ဒါကြောင့် သံဃာတွေ ဆောင်ရွက်ရမယ့် အခြေခံဝိနည်းပြန်တမ်းတွေ ဖြစ်တဲ့ ကမ္မဝါစာစာသားတွေ မရှိရင် သာသနာ ပျောက်ကွယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကမ္မဝါစာ စာတော်မူတွေဟာ သိပ်အရေးကြီးပါတယ်။ ကလျာဏီကျောက်စာအရ အေဒီ ၁၄၇၆ ခုနှစ်မှာ မွန်ဘုရင် ရာဇာဓိရာဇ်မင်းက သာသနာသန့်ရှင်းရေးလုပ်ချိန် ဟံသာဝတီမြို့တော်အနီး ဇင်းဂမိုင်အရပ်မှာ သိမ်သမုတ်ပြီး ရဟန်းခံတဲ့အခါ ကမ္မဝါစာဆုံးတိုင်း ကြေးစည် ကြေးမောင်းတွေတီးကြောင်း သိရပါတယ်။
ကမ္မဝါစာရဲ့ အရေးပါပုံကို ဆက်ဖတ်ကြည့်ရအောင်။ သီဟိုဠ်ကျွန်းမှာ အဖေကိုသတ်ပြီး ဘုရင်လုပ်ခဲ့တဲ့ ရာဇသီဟ (၁၅၈၁-၁၅၉၂) ဟာ ဟိန္ဒူဘာသာဝင်အဖြစ် ခံယူပြီး ဘုန်းကြီးတွေကိုသတ်၊ ဗုဒ္ဓကျမ်းစာတွေကို မီးရှို့ပစ်ခဲ့ပါတယ်။ ဒါကြောင့် သီဟိုဠ်မှာ ရဟန်းသံဃာတွေ ပြတ်တောက်သွားပြီး ကျမ်းစာတွေ မီးရှို့တဲ့အထဲမှာ ကမ္မဝါစာတွေလည်း မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။
သာသနာနှစ် ၂၁၃၅ ခုနှစ် (အေဒီ ၁၅၉၂) မှာ သာသနာကို ကြည်ညိုတဲ့ ပထမ ဝိမလဓမ္မရာဇမင်း နန်းတက်တဲ့အခါ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေတဲ့ ရခိုင် (ရက္ခင်္ဂ) နိုင်ငံကို သံတမန်တွေ စေလွှတ်ပြီး ရဟန်းတွေနဲ့ ကမ္မဝါစာတွေကို ပင့်ဆောင်ခဲ့ရပါတယ်။
“လင်္ကာဒီပမှိ သကလေ၊ ဥပသမ္ပန္နဘိက္ခုနီ။ အသန္တတ္တာ အမစ္စေပိ၊ ဒေသံ ရက္ခင်္ဂ.သဝှယံ။ ပေသေတွာန နိမန္တေတွာ၊ နန္ဒိစက္ကာဒိ ဘိက္ခဝေါ။ လင်္ကာဒီပံ သမာနေတွာ၊ သိရိဝဍ္ဎန.ပုရေ ဝရေ (မဟာဝံသ၊ အခန်း ၉၂း၁၅-၁၆ ဂါထာများ)
“လင်္ကာတစ်ကျွန်းလုံး၌ ရဟန်းပြုပေးမည့် သံဃာတော်များ မရှိတော့ခြင်းကြောင့် အမတ်တို့ကို ရက္ခင်္ဂ (အမည်ရှိ) နိုင်ငံသို့ စေလွှတ်ပြီး အရှင်နန္ဒိစက္က အစရှိသည့် ရဟန်းတော်များကို လင်္ကာဒီပသို့ ပင့်ဖိတ်လျက် သီရိဝဍ္ဎနမြို့တော်၌ သီတင်းသုံးစေ၏။”
အဲဒီနောက်မှာ ဘုရင့်ညီဝမ်းကွဲ သေနာရတန (နောင်အခါ လူထွက်ပြီး ထီးနန်းကိုဆက်ခံသူ) အပါအဝင် သီရိလင်္ကာလူမျိုးများစွာတို့ဟာ သာသနာနှစ် ၂၁၄၀ ပြည့်မှာ ဆရာတော် အရှင်နန္ဒိစက္က ဦးဆောင်တဲ့ သံဃာတော်များထံမှ ရေသိမ်မှာ ရဟန်းခံနိုင်ခဲ့ကြပါတယ်။ နောက်ထပ် နှစ်တစ်ရာနီးပါးအကြာ ဒုတိယ ဝိမလဓမ္မရာဇ မင်းကြီးလည်း ရခိုင်နိုင်ငံသို့ အမတ်တွေစေလွှတ်ပြီး အရှင်သန္တာနမထေရ် အမှူးရှိတဲ့ သံဃာတော် ၃၃ ပါးကို သီရိလင်္ကာသို့ ပင့်ဆောင်စေခဲ့ကြောင်း သိရပါတယ်။
(ရခိုင်နိုင်ငံဆိုတာ မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ရခိုင်ဒေသဖြစ်ကြောင်း Wilhelm Geiger, Translation of Sulavamsa II, p.228, Foot Note 2 မှာ ဖော်ပြတယ်။ Sir D. B. Jayatileke အရ သီဟိုဠ်ဘာသာနဲ့ ရေးထားတဲ့ Curnika ကျမ်းကို ကိုးကားပြီး ရခိုင်နဲ့ သီရိလင်္ကာတို့ဟာ အေဒီ ၁၄ ရာစုကစပြီး ဆက်ဆံမှုရှိခဲ့ကြောင်း သိရတယ်။)
အစောဆုံး ပေမူ
မူရင်း ဝိနည်းကျမ်းဂန်ထဲက သီးသန့်ထုတ်နုတ်ပြီး ရိုးရိုးရွက်ပေါ်မှာ ကညစ်နဲ့ရေးတဲ့ ကမ္မဝါစာကို ပုဂံခေတ် (၁၀၀၄-၁၂၈၇) မှာ တွေ့ရကြောင်း ရန်ကုန် ရှေးဟောင်းသုတေသနဌာနမှာ သိမ်းဆည်းထားတဲ့ ပေမူကို ကိုးကားပြီး ဆိုပါတယ်။
---
၁၄ ရာစုနဲ့ နောက်ပိုင်းခေတ်တွေမှာ ရဟန်းခံတဲ့ ကမ္မဝါစာနဲ့ အခြားနှစ်မျိုးသုံးမျိုးကို ပုရပိုက်ခေါက်တွေမှာ မင်နဲ့ လေးထောင့်ပုံရေးတယ်။ ၁၇ ရာစု နှောင်းပိုင်းမှာ သစ်စေးအထူ ကော်ရည်တွေနဲ့ လုပ်ထားတဲ့ ကတ္တူပြားပေါ်မှာ မန်ကျည်းစေ့ပုံနဲ့ ရေးတယ်။ အထက်မြန်မာပြည်မှာ ရွှေပြား၊ အောက်ပိုင်း မွန်တို့ဌာနေမှာ ငွေပြားပေါ်မှာရေးကြောင်း၊ ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) မှာ ဆင်စွယ်ပြား၊ ကြေးနီ၊ ကြေးဝါပြားတွေနဲ့ လုပ်ကြောင်း သိရပါတယ်။ ၁၈ ရာစုနဲ့ နှောင်းပိုင်းခေတ်တွေမှာ အမရပူရမြို့ တံခွန်တိုင်ရပ်ကွက် ကမ္မဝါစာတန်းမှာ အများဆုံးလုပ်ကြောင်း အကြမ်းဖျင်း မှတ်သားရပါတယ်။
ပြည်တွင်း ရှေးဟောင်းပစ္စည်း ခိုးရောင်းသူတွေဆီက ဝယ်ထားတဲ့ လန်ဒန်က ရှေးဟောင်းပစ္စည်း ရောင်းသူတွေဟာ ယနေ့ အွန်လိုင်းမှာ ဒေါ်လာ ၇-၈ ထောင်အထိ ဈေးနဲ့ ရောင်းနေတဲ့ ကမ္မဝါစာတွေကို လေ့လာရင်း ဘုန်းကြီးနားလည်သမျှ ပြောပြလိုက်တာပါ။ အသေးစိတ်ကိုတော့ ဆက်လက်လေ့လာရဦးမှာပါ။ Google မှာ ရှာပြီး လေ့လာနိုင်ပါတယ်။
လယ်တီလက်ရာ
ပဗ္ဗာဇနိယ ကမ္မဝါစာဆိုတာ အန္တရာယ်ကင်းဖို့ ရွတ်ဖတ်တဲ့ ဒုတိယအမျိုးအစား ကမ္မဝါစာပါ။ ပဗ္ဗာဇနိယ = နှင်ထုတ်ခြင်း။ သံဃာ့အမိန့်နဲ့ အစိမ်းသူရဲ၊ မကောင်းဆိုးဝါးတွေကို နှင်ထုတ်တဲ့ အမိန့်ပြန်တမ်းပါ။ မြန်မာ ၁၂၇၀ ပြည့်နှစ်မှာ မန္တလေးနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ ပလိပ်ရောဂါ ကပ်ဘေးကြီး ဆိုက်ရောက်ခဲ့ပါတယ်။ ထိုကပ်ရောဂါကို ကာကွယ်ကျော်လွှားနိုင်ဖို့ လယ်တီဆရာတော်ကြီးက ပဗ္ဗာဇနီယ ကမ္မဝါစာကို ရေးသားတော်မူခဲ့ပါတယ်။
---
Mabel Bode ၏ Pali Literarue of Burma, p. 98 အရ လယ်တီဆရာတော်ရဲ့ ကျမ်းစာစာရင်းမှာ ပဗ္ဗာဇနီယ ကမ္မဝါစာကို တွေ့ရပါတယ်။ ကျမ်းဂန် (ဝိ၊၁၊၂၈၂) မှာ ဝိနည်းနဲ့အညီမနေတဲ့ ရဟန်းတွေကို သူတို့နေတဲ့ အရပ်ဒေသက နှင်ထုတ်တဲ့ ပဗ္ဗာဇနိယ ကမ္မဝါစာဆိုတာနဲ့တော့ မတူပါဘူး။
ဘုရားကြီးမူ ကမ္မဝါစာ ၅၉ ခန်းကျမ်းမှာ ပဗ္ဗာဇနိယ ကမ္မဝါစာကို ရှေးဆရာများ ရေးသားတဲ့မူနဲ့ လယ်တီဆရာတော်ကြီးရဲ့မူလို့ နှစ်မျိုးဖော်ပြပါတယ်။ ဒါကြောင့် လယ်တီမူမတိုင်ခင်က ပဗ္ဗာဇနိယ ကမ္မဝါစာမူဟောင်း ရှိတယ်လို့ ယူဆရပါတယ်။ ကျောင်းတော်ရာ ရွှေကျင်တိုက်၊ ကံသာကျောင်းဆရာတော်ရဲ့ ပဗ္ဗာဇနိယ ကမ္မဝါစာမူမှာ ဆိုခဲ့ပါ ရှေးဆရာများ စီရင်တဲ့မူဆိုတာနဲ့ တူပါတယ်။
တောထုတ်ခြင်း
တောထုတ်တယ်ဆိုတာ လူနေရပ်ကွက်ထဲကို ရောက်နေတယ်လို့ ယူဆတဲ့ မကောင်းဆိုးဝါးကောင်တွေကို နှင်ထုတ်တဲ့ အဓိပ္ပာယ်ပါ။ လယ်တီဆရာတော်ကြီးဟာ လူအများကြုံနေရတဲ့ ပလိပ်ရောဂါဘေးကြောင့် လူအများသေဆုံးကြလို့ အစိမ်းသူရဲတွေ မြို့ရွာတွင်း မဝင်နိုင်အောင် ကာကွယ်တဲ့ အစီအမံတွေကို ဖော်ပြတဲ့ ရောဂန္တရဒီပနီကျမ်းကို ရေးသားခဲ့ပါတယ်။ အဲဒီကျမ်း (၁၂၇၂ ခု၊ ပထမအကြိမ်ရိုက်၊ စာ-၄) မှာ တိဗက်လူမျိုးတွေလို လုပ်တဲ့ နည်းတစ်မျိုးကို ဖော်ပြထားပုံက “ရှေ့ကလမ်းပြရာသို့ အကြမ်းတီး၊ အကြမ်းတိုက်၊ ကြမ်းအော်ဟစ်၍ ပြိုပြုန်းအုန်းအုန်းဆူ ပြုလုပ်ကြကုန်ရမည်။ ယမ်းမီးပြောက်တို့လည်း တစ်လှည့်တစ်လှည့် ခွဲရမည်။ တုတ်ကြီးတို့နှင့် မပျက်စီးနိုင်သော တုံးကြီး၊ တိုင်ကြီးများကို ရိုက်နှက်ကြကုန်ရမည်” တဲ့။ နှစ်ဆန်းတစ်ရက်နေ့က “တောထုတ်” တာဟာ အဲဒီအစဉ် ဖြစ်နိုင်တယ်။ ဒါပေမယ့် ရောဂန္တရဒီပနီကျမ်းမှာ စည်းကမ်းတကျလုပ်ဖို့ ညွှန်ကြားပါတယ်။ တွေ့ကရာကို တဒုန်းဒုန်းရိုက်တာတော့ မမှန်ဘူးလို့ ယူဆပါတယ်။
ဧပြီ ၂၇၊ ၂၀၁၆။
---
၄၆၆။ ခန္တီနဲ့ ဥပေက္ခာအထူး
ဆရာတော် အရှင်ဘုရား၊ သည်းခံခြင်း (ခန္တီ) နှင့် လျစ်လျူရှူရခြင်း (ဥပေက္ခာ) ဘယ်လိုထူးခြားပါသနည်း။ ကိုယ်မှာဖြစ်စေ၊ စိတ်မှာဖြစ်စေ သက်ရောက်လာသော နာကျင်မှုတွေကို မတုံ့ပြန်ဘဲ အောင့်အည်းထားခြင်းကို ခန္တီဟု ဆိုလျှင် ဥပေက္ခာနှင့် မည်သို့ထူးခြားပါမည်နည်း။ ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
နန်းထားရီ – ချင်းမိုင်
---
သူတစ်ပါး ဆဲရေးရိုက်ပုတ်စသည်ကြောင့် ကိုယ်ကပြန်ပြီး အမျက်ထွက်တာ၊ တုတ်ကိုင်ဓားဆွဲတာတွေဟာ ဒေါသ။ ငိုတာ၊ ဝမ်းနည်းတာတွေလည်း ဒေါသ။ လိုချင်တာမရ၊ ဘဝနေထိုင်ရေး မပြည့်စုံလို့ ညှိုးနွမ်းစိတ်ပျက်တာလည်း ဒေါသပါပဲ။ ရာသီဥတု ပူလွန်းအေးလွန်းစသည်ကြောင့် စိတ်တိုစိတ်ဆိုးဖြစ်ရင်းလည်း ဒေါသပဲ။ အဒေါသလို့ပြောရင်တော့ အဲဒါအားလုံးရဲ့ ပြောင်းပြန်ဖြစ်တဲ့ စိတ်အခြေအနေတွေပေါ့။ အဲဒီအဒေါသကို ခန္တီ ခေါ်တာပဲ။ ဒါကြောင့် စိတ်မဆိုးတာ၊ စိတ်မညစ်တာကို ခန္တီ လို့ဆိုရင် သင့်ပါတယ်။ အဆိုးအာရုံကို အပြုံးမပျက်လက်ခံနိုင်ခြင်းလို့လည်း အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ တရားကိုယ်က အဒေါသ ဖြစ်လို့ ခန္တီ မှာ မေတ္တာသဘောပါတယ်။
လိုက်နာ
သဗ္ဗေသံ၊ ခပ်သိမ်းသော သူတို့အား။ သမ္မာနာ.ဝမာနက္ခမော ဘဝ၊ မြတ်နိုးခြင်း၊ မထီမဲ့မြင်ပြုခြင်းတို့၌ သည်းခံပါလော့။
“ပြိုင်၍တဲသော်၊ မလွဲမထူး၊ သွင်ရူးပါသည်၊ မည်တတ်ရှာချိမ့် (ပါရမီခန်းပျို့၊ ပိုဒ် ၁၁၆)” လို့ အမျက်ထွက်ရင် ရူးသွပ်သွားတတ်လို့ ကိုယ်က အပြိုင်ပြုပြီး စိတ်ဆိုးရင် သူရူးသလို ကိုယ်လည်း ရူးတာပဲဆိုပြီး သူပြောပြုတဲ့ စိတ်ဆိုးစရာအားလုံးကို ကိုယ်က အမှိုက်ပုံလို ခံယူနိုင်ရမယ်လို့ ဆုံးမပါတယ်။
ညီမျှစွာယူ
“အောင်မြင်၊ ကျရှုံး၊ ကြိုက်သူ၊ များနည်း၊ ချီးမွမ်း၊ ကဲ့ရဲ့၊ ဆင်းရဲ၊ ချမ်းသာနဲ့ ကြုံတဲ့အခါ ဖက်တွယ်ခြင်း၊ ခါထုတ်ခြင်း မလုပ်ဘူး။ နှစ်သက်စရာအာရုံနဲ့တွေ့ရင် လိုချင်တွယ်တာ မဖြစ်၊ မနှစ်သက်စရာကိုလည်း ရွံမုန်းငြင်းပယ်မပြုဘဲ နှစ်မျိုးလုံးကို ညီအမျှ ခံယူပြီး အလယ်အလတ်နဲ့ နေတာကို ဥပေက္ခာ လို့ခေါ်တယ်။ တရားကိုယ်က တတြမဇ္ဈတ္တတာ စေတသိက်။
အဆိုးအာရုံကို စိတ်ဆိုးဒေါသမပြုတာ ခန္တီ၊ ကောင်းဆိုးအာရုံကို မခွဲခြားဘဲ အညီအမျှခံယူတာ ဥပေက္ခာ လို့ မှတ်ပါ။
ကျင့်သုံး
သုခဒုက္ခ၊ ချမ်းသာ၊ ဆင်းရဲ၌။ သဒါ၊ အမြဲ။ တုလာဘူတော ဘဝ၊ ချိန်သဖွယ် ဖြစ်ပါလော့။
“ကောင်း မကောင်းကို၊ အလောင်းပီပီ၊ ချိန်သို့ သီလျက်၊ မညီညွတ်ရာ၊ ဥပေက္ခာဖြင့်၊ မြတ်စွာနှလုံး ဆည်လဿေး (ပါရမီခန်းပျို့၊ ပိုဒ် ၁၄၀)။
ဧပြီ ၃၀၊ ၂၀၁၆။
---
၄၆၇။ မုသာနဲ့ သုရာ ဘယ်ဟာ အပြစ်ကြီး
ဆရာတော် ဘုရား၊ ပြည်ပတိုင်းပြည်မှာ နေထိုင်တာ ကြာနေပြီဖြစ်သည့် အသက်ကြီးကြီး မိတ်ဆွေတစ်ယောက်က ငါးပါးသီလ ဆောက်တည်ရာမှာ လိမ်ပြောတာဟာ အရက်သောက်တာထက် ပိုအပြစ်ကြီးတယ်လို့ ဆိုပါသည်။ ဘုရားလောင်း ပါရမီဖြည့်စဉ်အခါ အရက်သောက်သူဖြစ်ဖူးသော်လည်း လိမ်ပြောသည်ဟူ၍ မရှိဟုဆိုပါသည်။ ထိုစကား မှန်ပါသလား၊ ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
မန်ကျည်းပျို၊ ခွန်ကြည်စိုး (မြို့မ)
---
မန်ကျည်းပျိုဆိုတာ ပါဠိစကားနဲ့ စိဉ္စ.မာဏဝိကာ (စိဉ္စ = မန်ကျည်း၊ မာဏဝိကာ = မိန်းမပျို) ပါ။ မန်ကျည်းပင်က မွေးလို့၊ ယုတ္တိနည်းအရ မန်ကျည်းပင်အောက်ကရလို့ အဲဒီလို ခေါ်တာ။ သူက အရှေ့အလယ်ပိုင်းရပ်ဝန်းမှာ ပျဉ်ပြားကပ်၊ ကိုယ်ဝန်ရှိဟန်ဆောင်ပြီး ဗုဒ္ဓကို ကိုယ်ဝန်ရှင်အဖြစ် စွပ်စွဲတဲ့အခါ မြတ်ဗုဒ္ဓက “အမှန်ကို ငါ့နှမနဲ့ ငါနဲ့ပဲသိတယ်” လို့ မိန့်တော်မူတော့ သူ ဒီစကားကျကိုကောက်ပြီး “ဒါပေါ့တဲ့။ တော်ပါသေးရဲ့ သိကြားမ..လို့ သူ့ပျဉ်းပြားကွာကျပြီး သူ့ရပ်ဝန်းရှင်းသွားပေလို့။ ကိစ္စငြိမ်းတဲ့အခါ မြတ်ဗုဒ္ဓက ရဟန်းတွေကို “ဧကံ ဓမ္မံ အတီတဿ၊ မုသာ ဝါဒဿ ဇန္တနော။ ဝိတိဏ္ဏ.ပရ.လောကဿ၊ နတ္ထိ ပါပဲ အကာရိယံ။” “နှုတ်သစ္စာတရားတစ်ခုကို လွန်၍ မဟုတ်မမှန်ဆိုပြီး တမလွန်ကိုပယ်သော သတ္တဝါအဖို့ မပြုသော မကောင်းမှုဟူ၍ မရှိ (ဓမ္မပဒ- ဂါထာ)” လို့ မိန့်တော်မူပါတယ်။ မန်ကျည်းပျိုဖြစ်ရပ်ကို အကြောင်းပြုပြီး ဣတိဝုတ္တက ပါဠိတော် (စာ-၂၀၇) မှာလည်း “လိမ်ညာရဲပြီး တမလွန်ဘဝကို ငြင်းပယ်သူဟာ မပြုရဲတဲ့ အကုသိုလ်ဒုစရိုက်ဟူ၍ မရှိ” လို့ မှတ်တမ်းတင်ပါတယ်။
ဒီပါဠိတော်များရဲ့ အာဘော်ကို ယောမင်းကြီးက “မဟုတ်မမှန် သစ္စာမရှိ ယွင်းမှားပြောဆိုဝံ့သူသည် အကုသိုလ်ဒုစရိုက်ဆယ်ပါးတို့တွင် မည်သည်ကိုမှ မကြောက်၊ ပြုဝံ့တော့မည်ဟူလို” (ရာဇဓမ္မသင်္ဂဟကျမ်း၊ စာ-၂၀၃) လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။
ပါဠိဆင်ဆာ
မိဖုရားဟာ ရသေ့အလာကိုစောင့်ရင်း နန်းမြင့်ဆောင် ပြတင်းပေါက်နား ညောင်စောင်းပေါ်ထိုင်ပြီး မှေးခနဲ အိပ်ပျော်သွားတယ်။ ရသေ့က ဈာန်နဲ့ ပြတင်းပေါက်က လျှောခနဲဝင်အလာမှာ ရသေ့ရဲ့သစ်ခေါက်ဆို သင်္ကန်းသံကြောင့် မိဖုရားလန့်နိုး၊ နူးညံ့တဲ့အဝတ်အစားတွေ ကိုယ်ပေါ်ကလျှောကျ၊ မကြုံဖူးတဲ့ အာရုံကြောင့် ရသေ့ခမျာ သတိလွတ်၊ မိဖုရားလက်ကိုဆွဲ၊ နောက်ဆက်ဖြစ်ပုံကို “တာဝဒေဝ သာဏိ” ပရိက္ခိပိသု = (သူတို့) ချက်ခြင်းပဲ တင်းတိမ်ကိုကာလိုက်ကြတယ် (ဇာ၊ဋ္ဌ၊၃၊၄၇၄) တဲ့။ အကြောင်းအရာနဲ့ အလွန်မဆိုင်ပေမယ့် ပါဠိကျမ်းဂန်မှာ ဆင်ဆာဖြတ်ပုံလေး နှစ်သက်ဖွယ်ကောင်းလို့ ထုတ်ပြတာပါ။ ဦးသိန်းဖေမြင့်ရေးတဲ့ တက်ဘုန်းကြီးဝတ္ထုမှာ အဲဒီလို အရေးအသားမျိုး ပါတယ်။
ရှင်ရွှေရောင်
အဲဒီရသေ့ရဲ့ နာမည်က ဟရိ.တစ တဲ့။ ဟရိ = ရွှေ၊ တစ = အရေ။ ရွှေရောင်အသားအရေရှိသူ၊ ရှင်ရွှေရောင်။ သူဌေးသားကနေ မိဘတွေကွယ်လွန်တော့ ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကိုကြည့်၊ သံဝေဂရပြီး တောထွက်၊ တောမှာနေ၊ တရားကျင့်၊ ဈာန်ရ။ ဆားနဲ့အချဉ်စာသုံးဖို့ မြို့ကိုလာရင်း ဘုရင်က ကြည်ညိုလွန်းလို့ နန်းဥယျာဉ်မှာ သင်ခမ်းကျောင်းဆောက်ပြီး ကိုးကွယ်ရာက ဒီလိုကြုံရတာ။ နယ်စွန်ခရီးက ပြန်ရောက်လာတဲ့ ဘုရင်ဟာ လူတွေက ရသေ့နဲ့ မိဖုရားအကြောင်း နားမစံ့အောင် ပြောကြပေမယ့် မယုံဘူး။ ရသေ့ထံသွား “သူများပြောတာကို တပည့်တော်မယုံပါဘူး။ အရှင်မြတ် ချမ်းသာစွာ သီတင်းသုံးနိုင်ပါရဲ့လား”တဲ့။ အဲဒီအခါမှာ လွန်မိသူ သတ္တိခဲ ဗုဒ္ဓလောင်းလျာ ဟရိတစရသေ့ဟာ “လောကမှာ အမှန်တရားနဲ့တူတဲ့ ထောက်တည်ရာမရှိ။ မှန်သောစကားကိုစွန့်သူဟာ မဟာဗောဓိပင်အောက်မှာ သစ္စာတရားကို ထိုးထွင်းသိဖို့ မဖြစ်နိုင်ဘူး။ ငါ အမှန်ကိုပဲ ပြောရမယ်” လို့ ဆုံးဖြတ်တဲ့အတိုင်း ဝန်ခံတယ်။
အဲဒီလို ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး “ဗုဒ္ဓလောင်းလျာတို့မည်သည် တစ်ခါတစ်ရံ သူ့သက်သတ်၊ သူ့ဥစ္စာခိုး၊ ကာမဂုဏ်မှောက်မှား၊ သေရည်သောက်ပြုမိပေမယ့် အကျိုးယုတ်စေလိုဖို့ ရည်ရွယ်ချက်နဲ့ မမှန်တာကို ပြောဆိုခြင်းမရှိဘူး” လို့ အဋ္ဌကထာ (ဇာ၊ဋ္ဌ၊၄၊၄၇၅) မှာ မှတ်ချက်ပြုပါတယ်။
ယောမင်းကြီး
ယောမင်းကြီးက “ဤမဟုတ်မမှန် မုသားပြောဆိုခြင်းကို ဗျာဒိတ်ခံပြီးသော ဘုရားအလောင်းတော်တို့သည် ကြဉ်ရှောင်ကုန်၏။ အဘယ်ကြောင့်နည်းဟူမူ သူ၏ အသက်ကိုသတ်ခြင်း၊ သူ၏ဥစ္စာကိုခိုးခြင်း၊ သူ့သားအိမ်ရာကို ပြစ်မှားခြင်း၊ ရည်အရက်ကိုသောက်စားခြင်းတို့သည် ဘုရားအဖြစ်ကို တားမြစ်နိုင်ကုန်။ အလောင်းတော်တကာတို့ပင် အလှည့်မသင့်သည့်အခါ သေသောက်ကြူးဖြစ်ခြင်း၊ သူ့သားအိမ်ရာကို ပြစ်မှားခြင်း၊ ခိုးသူကြီးဖြစ်၍ သူ့ဥစ္စာကိုခိုးယူခြင်း၊ သူ့အသက်ကိုသတ်ခြင်းများကို ပြုကြဖူးသေးကုန်၏။ မုသာဝါဒကိုမူကား ဗျာဒိတ်ခံပြီးနောက် မပြောမဆိုကြပြီ။ မုသားပြောသောသူသည် ဘုရားအဖြစ်သို့ မရောက်နိုင်သောကြောင့်တည်း (ရာဇဓမ္မသင်္ဂဟကျမ်း၊ စာ-၂၀၄)” လို့ ရေးပါတယ်။
အထက်ပါ ကိုးကားရှင်းပြထားတာတွေ အားလုံးအရ “မမှန်ပြောသူဟာ ဒုစရိုက်အားလုံးကို လုပ်ဖို့ဝန်မလေးဘူး။ ဗျာဒိတ်ခံပြီး ဘုရားလောင်းတွေ ဘဝသံသရာ ကျင်လည်စဉ် အခြားကံလေးပါးကို ကျူးလွန်မိပေမယ့် မုသားကိုတော့ ပြောဘူး” လို့ ဖြစ်ပါတယ် (စာ-၁၈၀၇ ဝေဖန်ချက်ကို ရှု)။ ဒါဖြင့် ကံ ၄ ပါးထဲမှာ မမှန်စကားဆိုခြင်း (မုသာဝါဒ) က အပြစ်ကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ ဆက်လေ့လာကြည့်ရအောင်။
မင်္ဂလာတစ်ပါး
မင်္ဂလသုတ်မှာ “အရက်သေစာ မသောက်စားခြင်း (မဇ္ဇ ပါနာ စ သံယမော)” ကို မင်္ဂလာတစ်ပါးအဖြစ် မြတ်ဗုဒ္ဓဟောတော်မူပါတယ်။ သူ့သက်သတ်ခြင်းစတဲ့ အခြားကံလေးပါး စောင့်ထိန်းမှုကို မင်္ဂလာအနေနဲ့ ဘာကြောင့် မဟောရသလဲဆိုတော့ “အရက်သောက်သူသည် အကျိုးကိုမသိ၊ ဓမ္မကို ဂရုမစိုက်၊ မိဘကိုအန္တရာယ်ပြု၏၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ဗုဒ္ဓသာဝက (တပည့်ရဟန်းများ) ကိုလည်း ရန်ရှာ၏၊ ယခုဘဝ ကဲ့ရဲ့ခံရ၏၊ တမလွန်ဘဝကူး မကောင်း၊ ဘဝအဆက်ဆက်မှာ ရူးသွပ်ခြင်းအကျိုးကို ရ၏။ အရက်မသောက်လျှင် ထိုအပြစ်များကို မရဘဲ ယင်း၏ပြောင်းပြန် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသောကြောင့် အရက်မသောက်ခြင်းကို မင်္ဂလာဟု ဆိုရ၏ (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၂၀)” လို့ ရှင်းပြပါတယ်။
သိက္ခာပုဒ်အဖွင့်
ငါးပါးသီလသိက္ခာပုဒ်တွေကို အဓိပ္ပာယ်ဖွင့်တဲ့ အဋ္ဌကထာ (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၉) မှာ “ကံ ၅ ပါးတွင် အရက်နှင့် မူးယစ်စေတတ်သောအရာကို သုံးစွဲခြင်းသည်သာလျှင် အပြစ်ကြီး၏။ ပါဏာတိပါတ စသော အခြားကံလေးပါးမှာ ထို (အရက်နှင့် မူးယစ်ဆေး) ကဲ့သို့ အပြစ်မကြီး၊ အကြောင်းမူ လူသားဖြစ်လျက် အရူးစင်စစ်ဖြစ်သွားစေသဖြင့် အရိယမဂ်၏ အန္တရာယ်ကို ပြုတတ်သောကြောင့်တည်း (အပိ စေတ္ထ သုရာ.မေရယ.မဇ္ဇ.ပမာ ဒဋ္ဌာန.မေဝ မဟာသာဝဇ္ဇီ၊ န န တထာ ပါဏာတိပါတာဒယော။ ကသာ မနုဿဘူတဿပိ ဥမ္မတ္တကဘာဝ သံဝတ္တနေန အရိယ ဓမ္မန္တရာယ.ကရဏတောတိ)” လို့ ဆိုပါတယ်။
ဒီအဖွင့်တွေအရ ကံငါးပါးကို ကျူးလွန်ပြီးနောက် အပါယ်ရောက်ခြင်းစတဲ့ အပြစ်ကို ခံစားပြီးမှ လူ့ဘုံကို ရတာချင်းတူရင် အရက်သောက်သူက ရူးသွပ်သူဖြစ်ရလို့ မဂ်ဖိုလ်ကို မရနိုင်။ ဒါကြောင့် အရက်သောက်ခြင်းဟာ ကံငါးပါးထဲမှာ အပြစ်အကြီးဆုံးဖြစ်ကြောင်း နားလည်ရတယ်။
မုသာနဲ့ သုရာ
ဒါဖြင့်ရင် သိက္ခာပုဒ်အဖွင့် (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၉) အရ ကံ ၄ ပါးထဲမှာ အရက်သေစာသောက်စားခြင်းက ပိုအပြစ်ကြီးသလား၊ မန်ကျည်းပျိုနဲ့ ဟရိတစဇာတ် (ဇာ၊ဋ္ဌ၊၃၊၃၇၄) အရ မမှန်စကားဆိုခြင်းက ပိုအပြစ်ကြီးသလားလို့ မေးစရာရှိလာတယ်။ ဒါနဲ့ပတ်သက်ပြီး လုံးတော်ဆရာတော်က “အချို့ဆရာတို့ကား ခုဒ္ဒကပါဌအဋ္ဌကထာ (သိက္ခာပုဒ်ဖွင့်) စာသားကိုကိုးပြီး သုရာ.မေရယ အပြစ်ကြီးသည်ဆိုသည်လည်း အဋ္ဌကထာပင်၊ ဓမ္မပဒအဋ္ဌကထာမှာ ဧကံ ဓမ္မံ ဂါထာကိုကိုးပြီး မုသာဝါဒ အပြစ်ကြီးသည်ဆိုသည်လည်း အဋ္ဌကထာပင်ဖြစ်၍ နှစ်ခြိုက်ရာယူရာ၏ဟု စာပေရေးသား မှတ်ထားကြလေသည်။ ဤသို့ နှစ်ထွေနှစ်ပါး ကွဲပြား၍ မမှတ်သင့် (ပကိဏ္ဏက ဝိသဇ္ဇနာ ၂၊ ၁၃၇၄)” လို့ မိန့်ပါတယ်။
သဘော
ဆရာတော်ရဲ့ အာဘော်အရ ‘လိမ်တာပိုအပြစ်ကြီးတယ်ဆိုဆို၊ အရက်သောက်တာပိုအပြစ်ကြီးတယ်ပြောပြော၊ အဋ္ဌကထာစကားချည်းဖြစ်လို့ ကြိုက်ရာကိုယူပါ’ လို့ မတင်မကျဆုံးဖြတ်ကြတာကို မနှစ်သက်ကြောင်း တွေ့ရတယ်။
ပါဠိတော် စကားရိပ်
“သေရည်အရက်သောက်သူသည် လူကိုသတ်၏။ အရက်သမားသည် မပေးသည်ကိုခိုးယူ၏။ သေသောက်ကြူးသူသည် သူများသားမယားကို ကျူးလွန်၏။ သူသည် လိမ်ညာပြီး သူတစ်ပါး၏ အကျိုးစီးပွားကို ပျက်စီးစေ၏ (အံ၊၂၊၁၈၅)။ ဒီအင်္ဂုတ္တရပါဠိတော်အရ အရက်သောက်သူဟာ အခြားကံလေးပါးကိုလည်း ကျူးလွန်ကြောင်း ဆိုလိုရိပ်ထင်တယ်။
ယင်းပါဠိတော် စကားရိပ်ကိုကြည့်ပြီး “သေရည်အရက်သောက်သူဟာ ဘဝသံသရာမှာ ရူးသွပ်ခြင်းအကျိုးကိုရတဲ့အတွက် မဂ်ဖိုလ်ရဲ့အန္တရာယ်ကို ဖြစ်စေရုံမက သက်သတ်၊ ခိုးဝှက်၊ ကြာခို၊ လိမ်ညာဆိုတဲ့ အခြားကံတွေကို ဧကန်ပြုတယ်။ ‘ဧကံ ဓမ္မံ အတီတဿ-ဂါထာအရ လိမ်ညာသူဟာ ဒုစရိုက်အားလုံးကို ပြုဝံ့ကြောင်းကိုသာ ဟောတော်မူတယ်။ အဲဒီရဲ့အဖွင့်အဋ္ဌကထာမှာ လိမ်ပြောတာကို အပြစ်ပိုကြီးတယ်ဆိုတဲ့ အထူးဖွင့်ဆိုချက် မပါဘူး (ညွှန်းပြီး)” လို့ လုံးတော်ဆရာတော်က ရှင်းပြပါတယ်။
ဆုံးဖြတ်ချက်
အဲဒီယူဆပုံအရ “အာရတီ ဝိရတီ ပါပါ၊ မဇ္ဇ ပါနာ စ သံယမော-ဟူသော (မင်္ဂလသုတ်) ဂါထာလည်း ပါဠိတော်ပင်၊ ဧကံ ဓမ္မံ အတီတဿ...ဂါထာလည်း ပါဠိတော်ပင်။ ယင်းသို့ ပါဠိတော်ချည်းဖြစ်၍ ဝိဝါဒမကွဲပြားကောင်းဘူး။ ပါဠိတော် ဒေသနာရိပ်ကို ဆင်ခြင်၍ အဋ္ဌကထာဖွင့်ဆိုတိုင်းသာ ယူသင့်ရကား အရက်သောက်ခြင်းကို ကံ ၄ ပါးတို့ထက် သာလွန်၍ အပြစ်ကြီးသည်ဟု မှတ်ရာ၏ (ညွှန်းပြီး၊ စာ-၁၃၇၉)” လို့ ဆုံးဖြတ်ပါတယ်။ မုသားစကားဆိုသူသည် ဒုစရိုက်မှန်သမျှကို ပြုရဲတယ်ဆိုပေမယ့် အပြစ်ပိုကြီးတယ်လို့ အဋ္ဌကထာမှာ မဖွင့်ဘူး။ အရက်သောက်သူဟာ အခြားကံ ၄ ပါးကိုလည်း ဧကန်ပြုတယ်ဆိုရာမှာတော့ အခြားကံတွေထက် အပြစ်ပိုကြီးတယ်လို့ အဋ္ဌကထာမှာ ဖွင့်တယ်။ ဗုဒ္ဓလောင်းလျာတို့မှာ မမှန်စကားမဆိုတာကို ပါရမီမြောက်အောင် ဖြည့်ကျင့်ခြင်းသာ ဖြစ်တယ်လို့ယူရင် ယုတ္တိသင့်မြတ်ကြောင်းပါ။
လိုက်နာကျင့်သုံးလိုသူအဖို့ ကံ ၅ ပါးထဲ အပြစ်အကြီးဆုံးဖြစ်လို့ သေအရက်လည်း ရှောင်ပါ၊ ဘုရားလောင်းထုံးနှလုံးမူပြီး မုသားကိုလည်း အစင်ကြယ်ဆုံး စောင့်ထိန်းနိုင်ရင် အတော်ဆုံးလူ ဖြစ်နိုင်တာပေါ့။
မေ ၅၊ ၂၀၁၆။
---
၄၆၈။ ဗြဟ္မစိုရ်တရား ဟောသူ
ဆရာတော်ဘုရား၊ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ဗြဟ္မစိုရ်တရားလေးပါးအကြောင်းကို ပြည့်ပြည့်စုံစုံ ပြန်လည်ဟောကြား သင်ပြပေးပါဘုရား။ သမိုင်းနောက်ခံနှင့်တကွ (ဘယ်တုန်းက၊ ဘယ်သူ့ကို၊ ဘာကြောင့်နှင့် တိပိဋကမြန်မာပြန်မှာ ဘယ်နားပြန်ကြည့်နိုင်တာကအစ) ပြောပြပေးစေလိုပါသည် ဘုရား။
ဇော်အုန်း ကေခင် (LA)
---
ပါဠိတော်မှာ အပ္ပမညာ (အတိုင်းအဆမဲ့သတ္တဝါပညတ်ကို အာရုံပြုတဲ့တရား) အမည်နဲ့ ပိုပြီးထင်ရှားတယ်။ အပ္ပမညာတရားလေးပါးဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး ပါ ပဲ။ ဗြဟ္မဝိဟာရ (ဗြဟ္မာတွေလိုနေထိုင်ခြင်း) အမည်နဲ့လည်း အဋ္ဌကထာကျမ်းတွေမှာ တွေ့နိုင်တယ်။ ဒါကြောင့် အပ္ပမညာ၊ ဗြဟ္မဝိဟာရ၊ ဗြဟ္မစရိယ ဆိုတဲ့ အမည်တွေအားလုံး အတူတူလို့ အရင်မှတ်ပါ။ ပါဠိလို ဗြဟ္မစရိယ (ဗြဟ္မာတွေရဲ့အကျင့်) ကို “ဗြဟ္မစိုရ်” လို့ မြန်မာမှုပြုထားဖြစ်ပါတယ်။
အပ္ပမညာအမည်နဲ့ အဲဒီတရားလေးပါးလုံးကို တွေ့ရတာက ဒီဃနိကာယ်၊ ပါထိကဝဂ်၊ သင်္ဂီတိသုတ် (ဒီ၊၃၊၁၈၇) မှာပါ။ အခြားသုတ္တန်တွေမှာလည်း ပါပေမယ့် မှတ်စရာလေး နှစ်ခုအတွက် ဒီသုတ္တန်ကိုပဲ ရည်ညွှန်းပါတယ်။ ဆက်ဖတ်ကြည့်ပါ။
ခါးနာတယ်
မလ္လတိုင်း၊ ပါဝါမြို့ စုန္ဒရွှေပန်းထိန်သည် (ဗုဒ္ဓပရိနိဗ္ဗာန်စံခါနီး သူကရ.မဒ္ဒဝဆွမ်း ဆက်ကပ်သူ) ရဲ့ သရက်ဥယျာဉ်မှာ မြတ်ဗုဒ္ဓ သီတင်းသုံးစဉ် မလ္လာမင်းတို့ ပင့်ဖိတ်တဲ့အတွက် ဆောက်ပြီးစ စည်းဝေးခန်းမဆောင်အသစ်မှာ ညကျိန်းစက်ပါတယ်။ ညသန်းခေါင်ယံ လူတွေပြန်သွားပြီးနောက် မြတ်ဗုဒ္ဓက “သာရိပုတ္တရာ၊ ရဟန်းသံဃာတွေ မအိပ်ချင်ကြသေးဘူး။ ဒါကြောင့် သင်သည် သံဃာတော်တွေကို တရားဟောပါ။ ငါဘုရား ခါးနာတော်မူတဲ့အတွက် အညောင်းဖြေအုံးမယ်” လို့ မိန့်တော်မူပြီး ခေတ္တအနားယူ ကျိန်းစက်ပါတယ်။
ဒီနေရာမှာ ဒီဘဝခန္ဓာကို ရရှိထားတဲ့ မြတ်ဗုဒ္ဓတောင် ခါးနာတော်မူရသေးတယ်ဆိုတာနဲ့ ဗုဒ္ဓဘုရားက အဂ္ဂသာဝကဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကို မိမိနေရာမှာ တရားဟောဖို့ တိုက်တွန်းတာတွေဟာ မှတ်သားစရာပါပဲ။
ဟောကြားသူ
အဲဒီအချိန်က အဝတ်ဖြူဝတ်တဲ့ နာဋရဲ့သား နိဂဏ္ဌ (ဘာသာရေးခေါင်းဆောင်) ကွယ်လွန်ပြီးစအချိန် သူ့တပည့်တွေ ဝါဒကွဲနေကြတယ်။ ဒါကြောင့် အရှင်သာရိပုတ္တရာဟာ မြတ်ဗုဒ္ဓဟောကြားတဲ့တရားတွေကို အငြင်းအခုန်မရှိဘဲ တစ်ညီတည်းကျင့်ကြံရင် သာသနာတော်ကြီးပွားကြောင်းဖြစ်တယ်လို့ ရှင်းပြပြီး မြတ်ဗုဒ္ဓဟောကြားတဲ့တရားတွေကို တစ်ပါးစု၊ နှစ်ပါးစုမှသည် ဆယ်ပါးစုအထိ တူရာပေါင်းပြီး ပြန်လည်ဟောကြားတော်မူတယ်။ အဲဒီအထဲ လေးပါးစုတရားတွေမှာ “အပ္ပမညာတရားလေးပါး” ဆိုတာ ပါတယ်။
ပြန်ဖတ်
ဗြဟ္မစိုရ်တရားလေးပါး ပွားများပုံကို မေးခွန်းအမှတ် (၄၅၉) မှာ အတော်အတန်နားလည်နိုင်အောင် ရှင်းပြပြီး ဖြစ်ပါတယ်။ လိုက်နာပွားများလိုရင် ရှာပြီးပြန်ဖတ်ပါ။ ဝိသုဒ္ဓိမဂ်မြန်မာပြန် (မဟာစည်၊ အတွဲ ၂၊ စာ-၄၅၁)၊ ဗြဟ္မဝိဟာရအဖွင့်မှာလည်း အကျယ်ဖတ်နိုင်တယ်။ စာပေသုံးဝေါဟာရ၊ ပါဠိသွားဝါကျပုံစံတွေနဲ့ ရေးထားတာဖြစ်လို့ တဖြည်းဖြည်းဖတ်ရမယ်။ အကြိမ်ကြိမ်ဖတ်မှလည်း နားလည်နိုင်မယ်။
ဘုန်းကြီးတော့ မေတ္တာဗြဟ္မစိုရ်ပွားတာကို ပုံမှန်လုပ်ဖြစ်တယ်။ အပြောအဆိုပြုတဲ့အခါ သတိလွတ်ပြီး စိတ်လှုပ်ရှားမှ ပါနိုင်ပေမယ့် မိမိကို မကျေနပ်စရာပြုသူတွေအပေါ် အငြိုးသိုတာမျိုး သိသိသာသာ လျော့သွားတာ သေချာပါတယ်။
မေ ၂၂၊ ၂၀၁၆။
---
၄၆၉။ စုန္ဒ ရွှေပန်းထိမ်သည်
ဘုန်းကြီး ဘုရား၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးဆွမ်းအဖြစ်ဖြင့် သူကရ.မဒ္ဒဝ (ဝက်ပျိုသား) ဆွမ်းကို ကပ်လှူသော ရွှေပန်းထိမ်သည်၏သား ဒကာစုန္ဒအကြောင်းကို သိလိုပါသည်။ စုန္ဒသည် အဘယ်မဂ်ဖိုလ်အဆင့်ကို ရောက်ခဲ့ပါသနည်း။ ရှင်တော်ဗုဒ္ဓသည် စုန္ဒ၏ သရက်ဥယျာဉ်မှာ ဘယ်နှစ်ကြိမ်သီတင်းသုံးခဲ့ပါသနည်း။ စုန္ဒသည် ဇာတ်နိမ့်လား၊ ဇာတ်မြင့်လား။ စုန္ဒအား မြတ်ဗုဒ္ဓဟောတော်မူသည့် တရားများကို နာကြားလိုပါသည် ဘုရား။
ဘိက္ခု နိမ္မိတ
---
စုန္ဒနဲ့ပတ်သက်တဲ့ သုတ္တန်တွေကို လေ့လာရင်း ရွှေပန်းထိမ်သည်ရဲ့သား စုန္ဒအကြောင်းကို လေ့လာမိရာက ထူးခြားတဲ့ စဉ်းစားစရာအချက်တွေ တွေ့မိလို့ ဘိက္ခုနိမ္မိတအမည်နဲ့ ကိုယ်တိုင်မေးခွန်းထုတ်ပြီး ဖြေဆိုတာဖြစ်ပါတယ်။ ဘိက္ခုနိမ္မိတဆို ဖြေသူက ပြောပြချင်လို့ စာဖတ်သူရဲ့ကိုယ်စား မေးပေးတဲ့ သက်တူရွယ်တူကိုယ်ပွား ရဟန်းတော်တစ်ပါးပါ။
စုန္ဒသုတ် ၁
အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဇာဏုသောဏိဝဂ်၊ ၁၀ ခုမြောက်သုတ်။ ဒီသုတ္တန်ရဲ့ နိဒါန်းအရ မြတ်ဗုဒ္ဓပါဝါမြို့သို့ ရောက်စဉ် ရွှေပန်းထိမ်သည်သား စုန္ဒရဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးတယ်။ စုန္ဒက မြတ်ဗုဒ္ဓထံ လာရောက်ဖူးမြော်ပြီး ပစ္ဆာဘူမိအရပ်သား ဗြာဟ္မဏဝါဒီတို့ရဲ့ “နံနက်ခင်းမြေကိုထိခြင်း၊ နွားချေးအစိုကိုကိုင်ခြင်း၊ မြက်စိမ်းကိုပွတ်ခြင်း၊ မီးကိုပူဇော်ခြင်း၊ နေကိုရှိခိုးခြင်း၊ ညနေချမ်းမှာ ရေထဲကို သုံးကြိမ်ဆင်းခြင်း” ဖြင့် စင်ကြယ်တယ်ဆိုတဲ့ အယူကို နှစ်သက်ကြောင်း လျှောက်တဲ့အခါ...
မြတ်ဗုဒ္ဓက အရိယာတို့ရဲ့ အဆုံးအမအရ “သတ်၊ ခိုး၊ ကြာခိုမပြုဆိုတဲ့ ကိုယ်စင်ကြယ်မှု ၃ မျိုး၊ လိမ်မပြော၊ ကုန်းမချော၊ တစ်ဖက်သားနစ်နာအောင်မပြော၊ အကျိုးမဲ့၊ စီးပွားမဲ့၊ မှတ်ဖွယ်မဲ့စကားကို မပြောဆိုတဲ့ နှုတ်စင်ကြယ်မှု ၄ မျိုး၊ သူများပစ္စည်းကိုယ့်ဟာမဖြစ်ချင်၊ ကိုယ်နဲ့ယုံကြည်မှုမတူသူတွေကို မေတ္တာမပျက်၊ မိဘအပေါ်ကောင်းတာဆိုးတာအတွက် ကောင်းကျိုးဆိုးပြစ်ကို ယုံကြည်တယ်ဆိုတဲ့ စိတ်စင်ကြယ်မှု ၃ မျိုး” လို့ “ပစ္ဆာဘူမိ” တို့ရဲ့ အယူနဲ့မတူတဲ့ စင်ကြယ်မှု ၁၀ မျိုးကို ဟောကြားပါတယ်။
ဒီသုတ္တန်ရဲ့အဆုံးမှာ စုန္ဒဟာ ဗုဒ္ဓဝါဒကို ယုံကြည်သူ ဥပါသကာအဖြစ် ခံယူတယ် (အံ၊၃၊၄၇၁)။ ဒီသုတ္တန်ကို ဖွင့်ဆိုတဲ့ အဋ္ဌကထာမှာ အထူးဖွင့်ဆိုချက်မရှိ။ ခုမှ ဥပါသကာအဖြစ် ခံယူတာကို ထောက်ရင် ဒီတွေ့ဆုံမှုဟာ မြတ်ဗုဒ္ဓနဲ့ ပထမဆုံးတွေ့ဆုံမှု ဖြစ်ဖွယ်ရှိတယ်။
စုန္ဒသုတ် ၂
သုတ္တနိပါတ် ပါဠိတော်၊ ဥရဂဝဂ်၊ ၅ ခုမြောက်သုတ်။ ဒီသုတ္တန်မှာ နိဒါန်းမပါ။ ရွှေပန်းသည်သား စုန္ဒက မြတ်ဗုဒ္ဓကို “လောကမှာ ရဟန်းဘယ်နှစ်မျိုးရှိပါသလဲ” လို့မေးတယ်။ “မဂ်ဖြင့် ကိလေသာအားလုံးကို အောင်ပြီးသူ (ရဟန္တာပုဂ္ဂိုလ်)၊ မဂ်တရားကို သူတစ်ပါးအား ဟောကြားသူ (ကိုယ်တိုင်သိ၊ သူတစ်ပါးကိုလည်း ဟောကြားသည့် ရဟန္တာပုဂ္ဂိုလ်)၊ မဂ်တရား၌ သက်ရှင်သူ (စင်ကြယ်သော သီလနဲ့ မဂ်ဖိုလ်ကို ရအောင်အားထုတ်နေသူ)၊ မဂ်တရားကို ဖျက်ဆီးသူ (လူတို့ရဲ့ သဒ္ဓါတရားကို ဖျက်ဆီးတဲ့ ရဟန်းယုတ်)” လို့ ရဟန်းလေးမျိုးရှိကြောင်း မြတ်ဗုဒ္ဓဖြေကြားပုံကို ဂါထာဗန္ဓနဲ့ ဖော်ပြတယ်။
မဖြစ်နိုင်
ဒီသုတ်ကို ဖွင့်ဆိုတဲ့ အဋ္ဌကထာ (သုတ္တနိ၊ဋ္ဌ၊၁၊၁၄၂) မှာ “ထိုအချိန်က မြတ်ဗုဒ္ဓဟာ မလ္လာတိုင်းအတွင်း ဒေသစာရီကြွရင်း ပါဝါမြို့သို့ရောက်ခိုက် ရွှေပန်းထိမ်သည်သား စုန္ဒရဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးကြောင်း ဖော်ပြပြီး “ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်ပြီး သပိတ်သင်္ကန်းကိုယူလျက် ရဟန်းသံဃာနှင့်အတူ ရွှေပန်းထိမ်သည်သား စုန္ဒအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်တော်မူ၏” ဟူသော သုတ္တန် (ဒီ၊၃၊၁၀၅) မှာလာတဲ့ နည်းအတိုင်း အကျယ်သိပါ” လို့ ဖွင့်ဆိုတယ်။ အဋ္ဌကထာဆရာက ဖော်ပြပါ မဟာပရိနိဗ္ဗာနသုတ္တန်စကားနဲ့ ဖြည့်စွက်ပြီး ဆိုပေမယ့် ဒီစုန္ဒသုတ်ကို ပရိနိဗ္ဗာန်စံခါနီး ဟောတာမဖြစ်နိုင်။ အဋ္ဌကထာဖွင့်ပုံကို ဆက်ဖတ်ကြည့်ပါ။
ရွှေခွက်ခိုးသူ
ဒီဆွမ်းအလှူပွဲမှာ စုန္ဒက ဆွမ်းကို ရွှေခွက်မှာ ထည့်ပြီး ကပ်လှူတဲ့အခါ သိက္ခာပုဒ်မပညတ်ရသေးလို့ အချို့ရဟန်းများ (ထိုဆွမ်းထည့်ထားတဲ့ ရွှေခွက်ကို) လက်ခံပြီး အချို့က မအပ်ဘူးထင်ပြီး သံသယနဲ့ လက်မခံ။ ဗုဒ္ဓတို့မည်သည် သပိတ်ပိုမသုံးတဲ့အတွက် ဗုဒ္ဓကိုယ်တိုင်တော့ ရှိပြီး ကျောက်သပိတ်တော်နဲ့ပဲ ဘုဉ်းပေးတယ်။ စုန္ဒဟာ ရဟန်းယုတ်တစ်ပါးက ရွှေခွက်တစ်ခုကို ခိုးပြီး ဝှက်နေတာကို မြင်လိုက်ပေမယ့် မြတ်စွာဘုရားနဲ့ မထေရ်မြတ်တွေကို လေးစားခြင်းနဲ့ အယူမတူသူတွေ ပြောစရာ မဖြစ်ရအောင် မမြင်သလို နေလိုက်တယ်။ ဒါပေမယ့် “ဒီလို ရဟန်းမျိုးလည်း ရှိသေးသလား”လို့ တွေးရင်း ညနေပိုင်းမှာ ဗုဒ္ဓထံ သွားပြီး ရဟန်းဘယ်နှစ်မျိုး ရှိပါသလဲလို့ မေးလျှောက်လို့ ဟောဒီ စုန္ဒသုတ် ဖြစ်လာတာ။
မြတ်ဗုဒ္ဓရဲ့ နိဂုံးချုပ်အဖြေက “ပညာရှိ အရိယာတပည့်သည် ဆိုခဲ့ပါ ရဟန်းလေးမျိုးကို သိမြင်ပြီး ရဟန်းအားလုံး ထိုရွှေခွက်ခိုး ရဟန်းယုတ်ကဲ့သို့ မဟုတ်ဟု နားလည်လျက် ကောင်းသူကို မြင်ရုံနှင့် သဒ္ဓါတရား လျော့မသွားချေ။ မစင်ကြယ်သော ရဟန်းနှင့် စင်ကြယ်သော ရဟန်းကို အဘယ်ကြောင့် ထပ်တူ ပြုမည်နည်း”တဲ့။ တရားနာပြီးတဲ့အခါ စုန္ဒဟာ တစ်မဂ်တစ်ဖိုလ်ကို ရကြောင်း မဆိုဘဲ သံသယကင်းသွားကြောင်းသာ ဆိုတယ်လို့ အဋ္ဌကထာမှာ မှတ်ချက်ပြုတယ်။
သိက္ခာပုဒ်တွေ အပြည့်အစုံ မပညတ်ရသေးတဲ့အတွက် စုန္ဒသုတ်ကို ဟောကြားတာဟာ မြတ်ဗုဒ္ဓရဲ့ ပထမဗောဓိအတွင်း ဖြစ်နိုင်တယ်။ ပထမဗောဓိဆိုတာ မြတ်ဗုဒ္ဓရဲ့ ရှေ့ပိုင်း ဝါနှစ်ဆယ် (ဝိ၊ဋ္ဌ၊၁၊၁၄၅) သို့မဟုတ် ရှေ့ပိုင်းဆယ့်ငါးဝါ (သံ၊ဋီ၊၁၊၂၀၁)ကို ခေါ်တာ။ ရှေ့ပိုင်းဆယ့်ငါးဝါဆိုတာ ဝါနှစ်ဆယ်မှာပဲ အတွင်းဝင်လို့ အဋ္ဌကထာနဲ့ ဋီကာအဆိုနှစ်ရပ် မဆန့်ကျင်ပါဘူး (သာရတ္ထ၊ဋီ၊၁၊၄၄၄)။
---
သင်္ဂီတိသုတ်
ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ၁၀-ခုမြောက်သုတ်။ ဒီသုတ္တန်ရဲ့ နိဒါန်းအရ မြတ်ဗုဒ္ဓဟာ မလ္လာတိုင်းအတွင်း လှည့်လည်စဉ် ပါဝါမြို့သို့ ရောက်ခိုက် စုန္ဒရဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးတော်မူတယ်။ ဒါပေမယ့် စုန္ဒကို ဟောတဲ့သုတ္တန်တော့ မဟုတ်။ မလ္လာမင်းတွေက မြတ်ဗုဒ္ဓနဲ့ နောက်ပါသံဃာအားလုံးကို ယင်းတို့ရဲ့ ဆောက်လုပ်ပြီးခါစ မြို့တော်ခန်းမသစ်မှာ ညကျိန်းဖို့ ပင့်တယ်။ ညသန်းခေါင်ယံအချိန် မြတ်ဗုဒ္ဓက အရှင်သာရိပုတ္တရာအား ရဟန်းတွေကို တရားဟောဖို့ မိန့်တဲ့အခါ အရှင်မြတ်ဟာ ထိုအချိန်က နိဂဏ္ဌနာဋပုတ္တ (ဂျိန်းဘာသာကို တည်ထောင်သူ) ကွယ်လွန်ပြီးစ သူ့တပည့်တွေ အယူအဆအငြင်းပွားနေတာကို အကြောင်းပြုပြီး မြတ်ဗုဒ္ဓရဲ့ တရားတွေကို တစ်ပါးတွဲ နှစ်ပါးတွဲ စသည် စုစည်းဟောပြတဲ့ သုတ္တန်ပါ။
ကမ္ဘာ့သမိုင်းအရ မဟာဝီရခေါ် နိဂဏ္ဌနာဋပုတ္တဟာ ဘီစီ ၅၉၉ မှာ မွေးပြီး အသက် ၇၂ မှာ ကွယ်လွန်ကြောင်း ဆိုတဲ့အတွက် (ဝီလျံဂိုင်ဂါအလို ဘီစီ ၅၆၃-မှာ မွေးဖွားတဲ့) မြတ်ဗုဒ္ဓထက် အသက် ၃၆-နှစ်ခန့် ကြီးဖွယ်ရှိတယ်။ ဒါကြောင့် မလ္လာမင်းတို့ရဲ့ ခန်းမသစ်မှာ ညကျိန်းချိန်က ဗုဒ္ဓရဲ့ သက်တော် ၃၆-နှစ်ဝန်းကျင် (ဘုရားဖြစ်ပြီးစ) ဖြစ်မယ်လို့ အကြမ်းဖျင်း ခန့်မှန်းခွင့်ရှိတယ်။ ဒါလည်း ပထမဗောဓိအတွင်းပဲ ဖြစ်လို့ စုန္ဒသုတ် ၁၊ စုန္ဒသုတ် ၂ တွေကိုလည်း ဒီနှစ်ပိုင်းတွေမှာ ဟောကြားတာ ဖြစ်နိုင်တယ်။
နောက်ဆုံးတွေ့ ပရိနိဗ္ဗာန်စံခါနီး ကုသိနာရုံသို့ ကြွစဉ် ပါဝါမြို့သို့ ရောက်ခိုက်မှာ ဒီရွှေပန်းထိမ်သည့်သား စုန္ဒရဲ့ သရက်ဥယျာဉ်မှာပဲ မြတ်ဗုဒ္ဓသီတင်းသုံးတယ်။ ကြည်ညိုသူ စုန္ဒလည်း မြတ်ဗုဒ္ဓကို ရဟန်းသံဃာနှင့်တကွ အိမ်ကို ဆွမ်းစားပင့်တယ်။ သူ သုကရမဒ္ဒဝ ဆွမ်းကို ကပ်လှူတာ ဒီအကြိမ်ပေါ့။ သူကရမဒ္ဒဝကို မိမိအားသာ ကပ်လှူပြီး အကျန်ကို မြေကြီးမှာ မြုပ်ပစ်ဖို့ မြတ်ဗုဒ္ဓမိန့်ကြားတယ်။ ဆွမ်းဘုဉ်းပေးပြီး မကြာခင် မြတ်ဗုဒ္ဓ ဝမ်းတော်လားတဲ့ ရောဂါပြင်းထန်စွာ ဖြစ်တယ်။ မြတ်ဗုဒ္ဓဟာ အရှင်အာနန္ဒာကို စုန္ဒအိမ်သို့ သွားခိုင်းပြီး ဆွမ်းအလှူရှင် စုန္ဒအနေနဲ့ စိတ်မချမ်းမသာ မဖြစ်ရန်နဲ့ ၎င်းရဲ့ဆွမ်းဟာ ဘုရားဖြစ်မယ့်နေ့ သုဇာတာသူဌေးသမီး လှူတဲ့ ဃနာနို့ဆွမ်းလို အမွန်မြတ်ဆုံးဖြစ်ကြောင်း ပြောကြားစေတယ်။
ဒီသုတ္တန်ရဲ့ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၁၅၈)မှာ စုန္ဒဟာ ချမ်းသာကြွယ်ဝပြီး ဗုဒ္ဓကို ပထမအကြိမ်တွေ့ဆုံစဉ်ကပင် သောတာပန်ဖြစ်သွားပြီး သူ့ရဲ့ဥယျာဉ်ထဲမှာ ကျောင်းဆောက်လှူဒါန်းကြောင်း ဆိုတယ်။ ဒီတော့ အင်္ဂုတ္တရနိကာယ်ပါ စင်ကြယ်ပုံဆယ်မျိုးကို နာယူပြီးတဲ့အခါ ဗုဒ္ဓသာဝကဖြစ်သွားရုံမက သောတာပန်လည်း တည်တယ်လို့ မှတ်ယူရင် သင့်မလား။
---
စကားမစပ်
“ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများအရ မြတ်ဗုဒ္ဓစုန္ဒအိမ်မှာ သုကရမဒ္ဒဝဆွမ်းကို ဘုဉ်းပေးတဲ့နေ့က ဗုဒ္ဓအားကပ်လှူတဲ့ ဆွမ်းသပိတ်ကို ကောက်ကျစ်တဲ့ ရဟန်းတစ်ပါးက ခိုးဝှက်ထားတယ်၊ အဲဒီလို ဖြစ်တာကို စုန္ဒကိုယ်တိုင် မြင်တွေ့ပေမယ့် မည်သို့မျှ မပြော (ယင်းကျမ်း၊ စာ-၂၃ရ)’ဆိုတဲ့ စကားနဲ့ သုတ္တနိပါတ်အဋ္ဌကထာဖွင့်အရ ရွှေခွက်ခိုးရဟန်းအကြောင်းတို့ဟာ သမိုင်းမှတ်တမ်းအရ ပတ်သက်မှု ရှိလေမလား။ အနည်းဆုံး ဗုဒ္ဓလက်ထက်က ဆွမ်းထည့်တဲ့ ရွှေခွက်ကို ခိုးတဲ့ရဟန်း သို့မဟုတ် ဗုဒ္ဓအားရည်ရွယ်ထားတဲ့ ဆွမ်းသပိတ်ကို ခိုးတဲ့ရဟန်း ရှိဖူးတယ်လို့တော့ ဆိုနိုင်လိမ့်မယ်။
---
အဖြေ
ဒီဃနိကာယ်အဋ္ဌကထာအရ ရွှေပန်းထိမ်သည့်သား စုန္ဒဟာ သောတာပန်ပါ။ မြတ်ဗုဒ္ဓဟာ စုန္ဒရဲ့သရက်ဥယျာဉ်မှာ အနည်းဆုံး လေးကြိမ် သီတင်းသုံးဖူးတယ်။ သုကရမဒ္ဒဝကို မှိုတစ်မျိုးလို့ အဓိပ္ပာယ်ယူပြီး ဗြာဟ္မဏမျိုး ဇာတ်မြင့်တွေ မှိုမစားဆိုတဲ့ မနုဓမ္မသတ်အရ ဗုဒ္ဓအား မှိုဆွမ်းကို ကပ်လှူတဲ့ စုန္ဒကို ဇာတ်နိမ့်လို့ သုတေသီတို့ ယူဆကြတယ်။ သုကရမဒ္ဒဝလေ့လာချက်ကို မေးခွန်းအမှတ်-၃၇၄ (ပေါင်းချုပ်-၃၊ စာ-၁၂၂၈) မှာ ရှုပါ။ စုန္ဒကို မြတ်ဗုဒ္ဓဟောတော်မူတဲ့ တရားတွေထဲက “ရဟန်းကောင်းတွေကို ရဟန်းတု ရဟန်းယောင် ရဟန်းယုတ်တွေနဲ့ ထပ်တူပြုပြီး သဒ္ဓါမတွန့်မိစေနဲ့” ဆိုတဲ့ တရားကို မြဲနေအောင် မှတ်သင့်တယ်။
လူ့နှလုံးသားထဲက လောကီမျှော်လင့်ချက် ကြွေလွင့်... သို့မဟုတ် ပွားစီးမယ်၊ မကြာဘူး ကန္တာရသဲပြင်ပေါ်မှ နှင်းပွင့်တွေလို နာရီပိုင်းမျှ တောက်ပပြီး ကွယ်ပျောက်သွားမြဲ။
မေ ၂၄၊ ၂၀၁၆။
The Worldly Hope men set thier Hearts upon Turns Ashes – or it prospers; and anon, Like Snow upon the Deser's dusty Face Lighting a little Hour or two - is gone.
(The Rubaiyat of Omar Khayyam, p. 113)
---
၄၇၀။ နွားမနို့ရည် ချိုမှာတည်
အရှင်ဘုရား၊ ဖေ့စ်ဘုက်တွေမှာ “လိုရာဆုတောင်း သူဌေးလောင်း’ ဆိုပြီး အဖြူရောင်မြွေဓာတ်ပုံ၊ လူခြောက်ဓာတ်ပုံ၊ အရောင်ခြယ်ပြုပြင်ထားတဲ့ ဘုရားဆင်းတုရုပ်ပုံတွေကို တင်ပြီး အဲဒီဓာတ်ပုံတွေကို Share လုပ်ပြီး ဆုတောင်းရင် တောင်းတဲ့ဆုပြည့်တယ်၊ လာဘ်ရွှင်တယ်၊ ငွေရတယ်၊ အကြွေးကျေတယ်၊ သူများဆီက အကြွေးကို ပြန်ရတယ်လို့ ဆိုပါတယ်။ Share လုပ်ပြီးသူတွေရဲ့ ကွန်မင့်တွေမှာလည်း လက်တွေ့ဆုတောင်းပြည့်ကြောင်း ရေးကြတယ်။ ရေးတဲ့လူတွေ များလာတော့ တပည့်တော်လည်း စဉ်းစားမရဖြစ်နေပါတယ်။ ဘုန်းဘုန်းဘယ်လို ထင်ပါလဲ။ ဖြေကြားပေးပါ ဘုရား။
မေညွန့် (ပါရမီ)
ကမ္ဘာအေးမှာ
ကမ္ဘာအေးမှာ နေစဉ်က အတွေ့အကြုံတစ်ခုကို မျှဝေပါရစေ... ၁၉၈၇-ခုနှစ်၊ ဝါဆိုလလောက် ရန်ကုန်နဲ့အနီးဝန်းကျင်က ဘုရားဆင်းတုတွေ ဆံပင်ရှည်လာတယ်ဆိုပြီး သတင်းစာတွေ ဂျာနယ်တွေမှာ ဓာတ်ပုံတွေ ပါလာဖူးတယ်။ ကမ္ဘာအေးဘုရားထဲက ဆင်းတုတစ်ဆူလည်း ဆံပင်ရှည်လာတယ်ဆိုလို့ သွားကြည့်ခဲ့တယ်။ လာကြည့်သူများတဲ့အတွက် နာရီဝက်လောက် တန်းစီရတယ်။ (စကားမစပ်... ရည်ရွယ်ချက်မတူနိုင်ပေမယ့် ကိုယ်လည်း အဲဒီလို လူတွေထဲပါခဲ့တာကို မငြင်းပါဘူး။) အနီအနက် မီးကြိုးသာသာရှိတဲ့ ရွှေရောင်အရာတစ်ခု ဆင်းတုရဲ့ ဦးခေါင်းတော်နောက်ဖက်က နှစ်လက်မလောက် ခပ်ကွေးကွေး ထောင်တက်နေတာတွေ့တယ်။ ဘာလဲဆိုတာကို မသိပေမယ့် ဆံပင်ရှည်လာတာ မဟုတ်တာ သေချာတယ်လို့တော့ အဲဒီတုန်းက စိတ်ထဲဖြစ်ခဲ့ပါတယ်။ သစ်သားနဲ့ ထုလုပ်ထားတဲ့ ဆင်းတုက သက်ရှိမှ မဟုတ်ဘဲ။ ဒီကိစ္စ ဖြစ်နိုင်မလား။ အဲဒီခေတ်က ဖေ့စ်ဘွက်ရှိရင် Share လိုက်ကြမယ့် ဖြစ်ခြင်း။
ဆင်ခြင်တုံ
လောကမှာ ဆင်ခြင်တုံတရား အရေးကြီးပါတယ်။ လူဟာ အသိဉာဏ်အဆင့်အမြင့်ဆုံးဆိုပေမယ့် လူပဲ အမှားပြောဆိုပြုမူကြံစည်တာ အများဆုံးဖြစ်နေပြန်တယ်။ မဟုတ်နိုင်မှန်း သိသာလွန်းလျက် အဟုတ်အထင်နဲ့ စွဲလမ်းနေတာမျိုးတွေ အများကြီး။ ဗုဒ္ဓဘာသာမဟုတ်တဲ့ မြန်မာတစ်ယောက်နဲ့ ခရီးအတူသွားရင်း သူမေးလို့ သမထအကြောင်းကို ဘုန်းကြီးက အနည်းငယ်ပြောပြပြီးနောက် ဒီလိုအတွေ့အကြုံမျိုးက လက်တွေ့ကျင့်မှ ရနိုင်တယ်လို့ ပြောတဲ့အခါ သူက “အမှန်တရားဖြစ်ရင် ကျင့်စရာမလိုဘဲလည်း နားလည်ရမှာပေါ့တဲ့။ အတော်အချေအတင် ဆွေးနွေးကြပေမယ့် ‘မကျင့်ဘဲ သိနိုင်မယ်’ဆိုတာကို သူက လုံးဝမလျှော့ဘူး။ သူ့ဆီမှာ ကျင့်စရာမှ မရှိဘဲ။ ဆက်ပြောလည်း အကျိုးမရှိနိုင်လို့ ဘုန်းကြီး ငြိမ်နေလိုက်တယ်။
လာဘ်မရွှင်
မုဆိုးတစ်ယောက် အမဲလိုက်ထွက်စဉ် လမ်းမှာ ဆွမ်းခံကြွတဲ့ ရဟန်းတစ်ပါးနဲ့ တွေ့တယ်။ မုဆိုးစဉ်းစားပုံက ‘ထွီ... ခွက်မည်းဆွဲတဲ့ ဒီကတုံးနဲ့တွေ့ရတာ လာဘ်မကောင်းဘူး၊ ဒီနေ့ ဘာအမဲမှ ရမှာမဟုတ်တော့ဘူး”တဲ့။ ဒါနဲ့ “ငါ့စီးပွားရေး ထိခိုက်မခံနိုင်ဘူး”ဆိုပြီး သူ့ခွေးတွေနဲ့ ရဟန်းကို “ရှူးတိုက်”တယ်။ ရဟန်းလည်း ကြောက်အားနဲ့ “ဝုန်းခနဲ” နီးရာသစ်ပင်ပေါ် တက်ပြေးတော့ ခွေးတွေ သစ်ပင်ပေါ်က ရဟန်းဆီ ပြေးလိုက်ပြီး ဝိုင်းဟောင်တယ်။ ကြောက်နေတဲ့ ရဟန်းခမျာ ကိုယ်ပေါ်က သင်္ကန်း မထိန်းနိုင်တော့ဘူး။ သူ့သင်္ကန်းလေထဲလွင့်ပြီး မုဆိုးကိုယ်ပေါ်မှာ သွားခြုံမိတယ်။ ဒီတော့ ခွေးတွေ ဦးတည်ရာပြောင်းပြီး သင်္ကန်းခြုံမုဆိုးကို ရဟန်းအထင်နဲ့ ဝိုင်းကိုက်လို့ မုဆိုးသေတယ်။
ဒီဖြစ်ရပ်ရဲ့ သင်ခန်းစာက လာဘ်ကောင်းမကောင်းဆိုတာ သင်လုပ်တဲ့အလုပ်နဲ့ပဲ ဆိုင်တယ်။ ပြင်ပရှိ ယုတ္တိမဲ့အရာတွေကို မျက်စိမှိတ်ပြီး မယုံကြည်ပါနဲ့လို့ ဖြစ်ပါတယ်။
မယူဆဘူး
မြွေက ဖားကို ကိုက်ရင် ဖြစ်နေကျ ဘာမှမထူးလို့ သတင်းမဖြစ်နိုင်ဘူး။ ဖားက မြွေကို ကိုက်ရင် ပုံမှန်မဟုတ်လို့ သတင်းအနေနဲ့ စိတ်ဝင်စားစရာ ဖြစ်နိုင်တယ်။ မြွေဖြူဆိုဆို၊ လူခြောက်ပြောပြော၊ ဆေးဘုရားဖြစ်ဖြစ် အမှန်ရှိတဲ့ ဖြစ်ရပ်မှန်ဆိုရင် သတင်းအနေနဲ့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုတွေပါပဲ။ ဒီသက်မဲ့တွေက လူတစ်ယောက်ရဲ့ ကောင်းကျိုးဆိုးကျိုးကို မည်သည့်အကြောင်းနဲ့မျှ သက်ရောက်မှု ရှိနိုင်တယ်လို့ ဘုန်းကြီး မယူဆပါဘူး။
ချိုကို နို့ညှစ်
အဲဒီလို ခုတ်ရာတစ်ခြား ရှရာတစ်ခြား စွဲလမ်းမှုဖြစ်ရပ်မျိုးတွေနဲ့ ပတ်သက်ပြီး စာဆို အရှင်မဟာရဋ္ဌသာရရဲ့ ကိုးခန်းပျို့ (အပိုဒ်-၃၃)မှာ ပေးထားခဲ့တဲ့ နှလုံးသားကို အလွန်ထိခိုက်စေတဲ့ ဥပမာတွေကို အဓိပ္ပာယ်အကျဉ်းမျှ ပြောပြလိုပါတယ်...
“ဖြစ်ခေါင့်ဖြစ်ခဲ ကျောက်စစ်သဲကို ရွဲ့ရွဲ့ဆီရည် ထွက်စိမ့်သည်ဟု ဆုံကျည်အဝ ပွတ်မှားကြသို့”
ကျောက်စရစ်တွေ သဲတွေကို ဆီထွက်မယ်ထင်ပြီး ဆီဆုံမှာ ထည့်ပြီး ဆီကြိတ်သလိုပဲ...
“ယောက်ျားမီးရှာ ညဉ့်အခါဝယ် ရောင်ဝါထွန်းမြူး ပိုးစုန်းကြူးကို မူးတူးမင်တင် ကယ်ကောင်းထင်၍ တောက်ရှင်နိုးနိုး မှိုက်ကောက်ရိုးဖြင့် မှုတ်ကြိုးသံပ လက်မချသို့”
ညဉ့်အခါ မီးရှာတဲ့ယောက်ျားဟာ မီးရမယ်အထင်နဲ့ ပိုးစုန်းကြူးတွေကို စုပြီး ကောက်ရိုးခြောက်နဲ့ မီးဖိုပြီး တဟူးဟူး မီးမှုတ်သလို...
“ဗာလအစစ် သူမိုက်ညစ်လျှင် ဆန်ဖြစ်စေကြောင်း ဖွဲကိုထောင်းသော် ပန်းညောင်းကာမျှ ဆန်မရသို့”
အဲဒီလိုလူဟာ လူ့ဗာလ၊ အသုံးမကျတဲ့လူမိုက်စုတ်။ သူလိုလူက ဖွဲကို ဘယ်လောက်ထောင်းထောင်း ဆန်မရ။ လက်ပဲညောင်းသလို...
“နွားမနို့ရည် ချို၌တည်ဟု ကြိုးရှည်များလျား တိုင်ချည်ထား၍ ရိရှားပန်းလျ ညှစ်လှည့်ထသို့”
နွားနို့လိုချင်သူ နို့ထွက်လာနိုးနဲ့ နွားမရဲ့ဦးချိုကို တပင်တပန်း နို့ညှစ်သလို...
အစစ်အမှန်ဘဝမှာ အဲဒါလောက် အသိဉာဏ်ခေါင်းပါးသူ တွေ့ရဖို့ ခဲယဉ်းဖွယ်ရှိပေမယ့် အသိဉာဏ်နည်းရင် ကြိုးစားပြီးလုပ်ပေမယ့် မရနိုင်ဘူးဆိုတာကို ပေါ်လွင်အောင် ဥပမာဆောင်ပြီး ဆုံးမခဲ့ခြင်းမျှသာ ဖြစ်ပါတယ်။
မလျော့မတင်း
ပုထုဇဉ်ကမ္ဘာဟာ ချမ်းသာပျော်ရွှင်မှုကို လိုချင်တယ်။ လူတိုင်း သူဌေးဖြစ်ချင်တာပါပဲ။ ဖြစ်ချင်တာ ပြင်းပြလွန်းလာရင် ဆင်ခြင်တုံတရား လျော့သွားတတ်တယ်။ ငွေအလိမ်ခံရသူအများစုဟာ လောဘကြောင့် ခံလိုက်ရတာများပါတယ်။ ဒါကြောင့် အလိုလောဘကို အသိပညာချွန်းနဲ့ ထိန်းအုပ်ထားနိုင်ဖို့ အရေးကြီးကြောင်းပါ။ ဆင်ခြင်နိုင်ပါစေ...
မေ ၂၈၊ ၂၀၁၆။
---
၄၇၁။ ခရုသင်းနှင့် ရဟန်း
ဘုန်းဘုန်းဘုရား၊ ခရုသင်းနှင့် ရဟန်းကို ဘုရားရှင်က မည်သို့ မိန့်ထားပါသလဲ ဘုရား။
ကိုမျိုးမြင့် မသန်းသန်းအေး (အော်စီ)
---
ပညတ်ချက်
ဒုလ္လဘ ရဟန်းခံဖူးရင်... ရဟန်းမခံခင် သိမ်ထဲမှာ ရဟန်းတစ်ပါးက “ပဉ္စင်းလောင်း... သင့်ကိုယ်မှာ နူနာရောဂါ ရှိသလော၊ ထွတ်မြင်းနာ ရှိသလော၊ ခရုသင်းရောဂါ ရှိသလော၊ ချောင်းဆိုးသွေးပါရောဂါ ရှိသလော၊ ရူးသွပ်ရောဂါ ရှိသလော၊ လူအစစ် ဟုတ်ရဲ့လား၊ ယောက်ျားစစ်ရဲ့လား၊ ကျွန်အဖြစ်မှ လွတ်ရဲ့လား၊ ကြွေးမြီရှင်းရဲ့လား၊ မင်းခစားအဖြစ်မှ လွတ်ရဲ့လား၊ မိဘနှစ်ပါး ခွင့်ပြုရဲ့လား၊ အသက်နှစ်ဆယ် ပြည့်ရဲ့လား၊ သပိတ်တစ်လုံး သင်္ကန်းသုံးထည် ရှိရဲ့လား”လို့ မေးမြန်းတာကို မှတ်ရပါလိမ့်မယ်။
အဖော်ပြပါ အရည်အချင်း ၁၃-ရပ်နဲ့ မပြည့်စုံရင် ရဟန်းပြုမပေးကောင်း၊ ပြုပေးသောရဟန်း ဒုက္ကဋ်အာပတ် သင့်တယ်လို့ မြတ်ဗုဒ္ဓ ပညတ်ထားလို့ အဲဒီလို မေးမြန်းရတာ ဖြစ်ပါတယ်။
သေချာသမျှ မိမိကိုယ်ကို ကျွန်မရဲ့သားမှန်း ရဟန်းဖြစ်ပြီးမှ သိရတဲ့ရဟန်း ကျွန်ပိုင်ရှင်ဆီ သွားပြီး အမှန်အတိုင်းပြောပြတဲ့အခါ ပိုင်ရှင်က ထိုရဟန်းအား ကျွန်အဖြစ်မှ ကင်းလွတ်ခွင့်ပေးတဲ့အတွက် ရဟန်းအဖြစ်နဲ့ ဆက်လက်နေနိုင်တဲ့ ဖြစ်ရပ်အရ ကျွန်ကို ရဟန်းခံပေးရင် ရဟန်းဖြစ်တယ်။ ဆိုလိုတာက... ရဟန်းခံစဉ်က ရဟန်းဖြစ်ခဲ့တဲ့အတွက် ယခု မိမိဟာ ကျွန်ဖြစ်ကြောင်းသိရချိန်မှာ လူပြန်ဖြစ်မသွားဘူး။ ပိုင်ရှင်က လွတ်လပ်ခွင့်ပေးရင်တော့ လူပြန်ထွက်ရတယ် (ဝိနယသင်္ဂဟ၊ဋ္ဌ၊၁၃၉)။ လူယောင်ဖန်ဆင်းတဲ့ နဂါးဂဠုန်စသည်၊ ယောက်ျားမစစ်သူ၊ အသက်နှစ်ဆယ်မပြည့်သူတွေကို ရဟန်းပြုပေးရင် ရဟန်းဖြစ်ကိုမဖြစ်ဘူး (ဝိနယသင်္ဂဟ၊ဋ္ဌ၊၁၅၃)။ ကျန်အသေးစိတ်ကိုတော့ များလွန်းလို့ ချန်ထားခဲ့မယ်။
မထိုက်သူ
“ပဏ္ဍုက်၊ ဥဘတောဗျည်း (လိင်အင်္ဂါနှစ်မျိုးရှိသူ)၊ အသွင်ခိုးသူ (သင်္ကန်းဝတ်)၊ တိတ္ထိဘောင်သို့ ပြောင်းသွားသူ၊ တိရိစ္ဆာန်၊ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားကို သွေးစိမ်းတည်စေသူ၊ ဘိက္ခုနီမကို အဓမ္မပြုကျင့်သူ၊ သံဃာသင်းခွဲသူ”လို့ သာသနာတွင်းမှာ ရှင်ရဟန်းပြုခွင့်မရှိသူ ၁၁-ယောက် ရှိတယ်။ အဲဒီ ၁၁-ယောက်ကို ကိုရင်ဝတ် မပေးကောင်း။ ရဟန်းခံမပေးကောင်း။ ပြုပေးရင် ကိုရင် သို့မဟုတ် ရဟန်း ဖြစ်ကိုမဖြစ်ဘူး။ ပြုပေးတဲ့ သံဃာအားလုံးလည်း အာပတ်သင့်တယ်။ ဒီပုဂ္ဂိုလ်တွေကိုတော့ သာသနာနဲ့ မထိုက်တန်သူ (အဘဗ္ဗပုဂ္ဂိုလ်) လို့ ခေါ်တယ်။
ရဟန်းဖြစ်
ပါဠိတော် (ဝိ၊၃၊၁၂၈)မှာ လက်ပြတ်ခြေပြတ်စတဲ့ ရှင်သာမဏေရော ရဟန်းပါ မပြုပေးကောင်းသူ ၃၂-ယောက် ဖော်ပြတယ်။ ဒီ ၃၂-ယောက်ကတော့ ရဟန်းပြုပေးရင် အပြုခံတွေ ရဟန်းတော့ ဖြစ်သွားတယ်။ ရဟန်းအဖြစ်နဲ့ ကောင်းကောင်းနေရင် တရားထူးကိုလည်း ရနိုင်တယ်။ ဒါပမယ့် ဥပဇ္ဈာယ်ဆရာ၊ စစ်ဆေးတဲ့ ရဟန်း၊ ရဟန်းခံရာမှာ ပါဝင်တဲ့ သံဃာတွေ ဒုက္ကဋ်အာပတ်သင့်တယ် (ဝိ၊ဋ္ဌ၊၃၊၃၁၃)။ ကျမ်းဂန်အတိအကျ ဖော်ပြချက်ကို မပြနိုင်သေးပေမယ့် နူနာစတဲ့ အနာကြီးငါးမျိုး (ပဉ္စာဗာဓ) ရှိသူတွေလည်း ထို ၃၂-ယောက်နဲ့ အလားတူမယ်လို့ ဘုန်းကြီး ယူဆတယ်။
ရည်ရွယ်
ပညတ်တွေ မရှိခင်က ရဟန်းတရားကို မြတ်နိုးလို့မဟုတ်ဘဲ ရဟန်းသံဃာကို အလွန်ကြည်ညိုတဲ့ ဆေးဆရာကြီး ဇီဝကဆီ ဆေးကုသခံချင်လို့ နူနာချောင်းဆိုးသွေးပါနာစတဲ့ ရောဂါသည်တို့ အလျှိုလျှို ရဟန်းပြုလာကြလို့ ဗုဒ္ဓသာသနာ ကဲ့ရဲ့ခံရတဲ့အတွက် ဒီလိုစည်းကမ်းမျိုး ရှိလာရတာ။ တရားအားမထုတ်နိုင်လောက်အောင် ရောဂါဖြစ်နေသူတွေ များနေရင် သာသနာမစည်ပင်နိုင်ဘူး။ ဒါ့အပြင် ရှင်ရဟန်းဆိုတာ စောင့်ထိန်းသီလနဲ့ ကာယိန္ဒြေ သိမ်းဆည်းမှုတွေကြောင့် အများကြည်ညိုခံ စံနမူပုဂ္ဂိုလ်အဖြစ် ပရိသတ်ရှေ့မှာ မြင်လွယ်ထင်လွယ်ရှိလို့ မဟာကရုဏာရှင်မြတ်ဗုဒ္ဓအနေနဲ့ ရှင်ရဟန်းတစ်ပါးရဲ့ ဥပဓိသမ္ပတ္တိ (ကိုယ်အင်္ဂါပြည့်စုံမှု) စသည်ကို စစ်ဆေးဖို့ သတ်မှတ်ရာမှာ ကြည်ညိုသူ လောကသားအများစု ကုသိုလ်ပွားရန်နဲ့ အကုသိုလ်ဖြစ်ခွင့်ကို တားဆီးရန်သာ ရည်ရွယ်ပါတယ်။
အဖြေ
ဘုရားရှင်ရဲ့ အာဘော်အရ ခရုသင်းရောဂါ ရှိသူကို ရဟန်းပြုပေးခွင့် မရှိဘူး။ ခရုသင်းရောဂါ ရှိနေသူမှန်း သိလျက်နဲ့ ရဟန်းခံပေးရင် အပြုခံအနေနဲ့ ရဟန်းတော့ ဖြစ်သွားတယ်။ ရဟန်းခံရာမှာ ပါဝင်တဲ့ ဘုန်းကြီးတွေအားလုံး ဒုက္ကဋ်အာပတ် သင့်တယ်။ ရဟန်းခံပြီးမှ သူတစ်ပါးထံမှ ကူးစက်လို့ဖြစ်စေ၊ ရာသီဥတု အနေအထား စသည်ကြောင့်ဖြစ်စေ ခရုသင်းရောဂါစွဲကပ်ရင် ရဟန်းအဖြစ်နဲ့ ပတ်သက်ခြင်း မရှိ။ ရောဂါကို ပျောက်ကင်းအောင် ကုသရုံသာ။
မေးခွန်းအမှတ်-၄၀၈ (မသန်စွမ်းသူနဲ့ဗုဒ္ဓဝါဒ)ဆွေးနွေးချက် (ဓမ္မအမေးအဖြေပေါင်းချုပ် ၃၊ စာ-၁၃၅၄)ကိုလည်း ဖတ်ပါ။
မေ ၃၀၊ ၂၀၁၆။
---
၄၇၂။ ဗုဒ္ဓဝါဒနဲ့ ဗေဒင်
ဆရာတော်ဘုရား၊ ဗေဒင်ကို ယုံကြည်လျှင် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ပါသလား။ ဗေဒင်ကို မည်သူတွေ တီထွင်ခဲ့ပါသနည်း။ ဗေဒင်၏ သမိုင်းအကျဉ်းနှင့် ဗုဒ္ဓဝါဒက မည်သို့ ယူဆသည်ကို သိလိုပါသည် ဘုရား။
မျိုးသိမ်းရှိန် (ယူကေ)
---
အဓိပ္ပာယ်
ပါဠိလို ဝေဒင်္ဂ (ဝေဒ = သိခြင်း သို့မဟုတ် ဝေဒကျမ်း၊ အင်္ဂ = အစိတ်အပိုင်း)ကို ဗေဒင်လို့ မြန်မာမှုပြုထားတာ။ ဣရု၊ ယဇု၊ သာမ၊ အာထဗ္ဗန ဆိုတဲ့ ဝေဒကျမ်းတွေရဲ့ အစိတ်အပိုင်းလို့ နားလည်ရင် သင့်ပါတယ်။ ရှေးဦးစွာ ခုခေတ် ကပ္ပ၊ ဆန္ဒ၊ ဇောတိသတ္ထစတဲ့ ဗေဒင်ကျမ်းအမျိုးမျိုးနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘုန်းကြီးလက်လှမ်းမီသမျှ ဗုဒ္ဓဝါဒကျမ်းဂန်မှာ ဖော်ပြတာလေးတွေကို စုစည်းပြီး ဖောက်သည်ချပါမယ်။ အဲဒါတွေကို သည်းခံဖတ်ကြည့်ပြီးရင် အဖြေကို တွေ့နိုင်ပါလိမ့်မယ်...
ရသေ့ရှစ်ဦး
ဗေဒင်ကျမ်းတွေကို ရေးစီရင်ခဲ့တဲ့ ရသေ့ ၈-ဦးရှိတယ်။ ယင်းတို့မှာ `အဋ္ဌက၊ ဝါမက၊ ဝါမဒေဝ၊ ဝေဿာမိတ္တ၊ မယတ္တိ၊ အင်္ဂီရသ၊ ဘာရဒွါဇ၊ ဝါသေဋ္ဌ၊ ကဿပ၊ ဘဂု (ဒီ၊၁၊၉၇)”တဲ့။ အဋ္ဌကစတဲ့ ရသေ့ ၈-ဦးက ရှေးဦးဗေဒင်ကျမ်းတွေကို ရေးခဲ့ကြပြီး ယင်းတို့ရေးခဲ့တာတွေကို ပုဏ္ဏားမျိုးအဆက်ဆက် ရွတ်ဖတ်ခဲ့ကြကြောင်း ဗုဒ္ဓဝါဒကျမ်းတွေမှာ ဆိုတယ်။ အဲဒီရသေ့တွေ ဘယ်တုန်းက ဘယ်လို ရေးခဲ့တာလဲ...
ဗေဒင်မူရင်း
ဒီရသေ့တွေဟာ လောကကို ဒိဗ္ဗစက္ခုရဲ့ အခြံအရံဖြစ်တဲ့ ယထာကမ္မူပဂဉာဏ် (ကံအကျိုးပေးကို သိမြင်နိုင်တဲ့ဉာဏ်)နဲ့ သတ္တဝါတွေရဲ့ ကံအကျိုးပေးကို ဆင်ခြင်ပြီး ဒိဗ္ဗစက္ခုနဲ့တူတဲ့ ပုဗ္ဗေနိဝါသဉာဏ် (ရှေးဘဝတွေကို သိနိုင်တဲ့ဉာဏ်)နဲ့ လွန်ခဲ့တဲ့ ကမ္ဘာက ပုဏ္ဏားတွေရဲ့ မန္တာန်ရွတ်ဖတ်ပုံကို သိမြင်ပြီး ကဿပဘုရားရှင်ရဲ့ ဓမ္မနှင့်အညီ မန္တာန်တွေကို ရေးစီရင်ခဲ့ကြတယ်။ (အဲဒီ ဗေဒင်ကျမ်းတွေဟာ ကဿပဗုဒ္ဓရဲ့ လောကီကောင်းကျိုးနဲ့ဆိုင်တဲ့ တရားဓမ္မနဲ့ မဆန့်ကျင်ဘူး။ ထိုပုဏ္ဏားတွေထားတဲ့ ဉာဏ်နဲ့ လောကုတ္တရာကောင်းကျိုးကို သိမှမသိနိုင်ဘဲ (ဒီ၊ဋ္ဌ၊၁၊၂၄၄။ ဒီ၊ဋီ၊၁၊၃၀၈)။
ဒီဖော်ပြချက်တွေအရ ဗေဒင်ကျမ်းတွေဟာ ဤကမ္ဘာမှာ ဂေါတမဗုဒ္ဓမတိုင်ခင်က ပွင့်တော်မူတဲ့ ကဿပဘုရားရှင်ရဲ့ သာသနာမကွယ်မီကပင် ရှိနေခဲ့တယ်လို့ ဆိုနိုင်တယ်။ အနည်းဆုံး အလွန့်အလွန်ရှေးကျတဲ့ ကာလကပင် ရှိနေခဲ့တယ်လို့ ဆိုရင် ပိုပြီး နားလည်နိုင်မလား။
တရားပျက်ပုံ
ရှေးခေတ်က ပုဏ္ဏားတွေဟာ ဗေဒင်ကို သရဇ္ဈာယ်မှု ဝိဇ္ဇာ၊ သီလစောင့်ထိန်းမှု စရဏနှင့် ပြည့်စုံကြတယ်။ ဆန် ဆီ ထောပတ် အဝတ်အစားတွေနဲ့ပဲ ယဇ်ပူဇော်ပြီး တိရိစ္ဆာန်တွေကို သတ်ဖြတ်ပူဇော်ခြင်း မပြု။ နှောင်းခေတ်မှာတော့ တရားပျက်တဲ့ ပုဏ္ဏားတွေက ချမ်းသာသူတွေရဲ့ စည်းစိမ်ကို အားကျပြီး ရှေးဟောင်းဗေဒင်ကျမ်းတွေကို ပြုပြင်၍ တိရိစ္ဆာန်တွေနဲ့ ယဇ်ပူဇော်မှုကို ထည့်သွင်းပြီး ဘုရင်ကို “မင်းကြီးရဲ့ စည်းစိမ်တည်တံ့ချင်ရင် ယဇ်ပူဇော်ပါ”လို့ ဆိုတဲ့အခါ လောဘသားဘုရင်က ပုဏ္ဏားတွေ ဆိုတိုင်းလုပ်ကြကြောင်း သုတ္တနိပါတ်ပါဠိတော် ဗြာဟ္မဏဓမ္မိကသုတ်မှာ မြတ်ဗုဒ္ဓ မိန့်ပါတယ်။
သူတို့အမြင်
နှောင်းခေတ်တွေမှာ မောက္ခ (ဘဝလွတ်မြောက်မှု)ကို အမှန်တကယ်ရှာဖွေလိုသူ ပညာရှိတွေဟာ ဗေဒင်ကျမ်းတွေကို မနှစ်သက်ကြဘူး။ မန္တာဏီ (ပုဏ္ဏေးမ)ရဲ့သား ပုဏ္ဏမထေရ်လောင်း ဗေဒင်သုံးပုံပါရဂူ ဂေါတမအမည်ရှိသူဌေးသားက “ဗေဒင်သုံးပုံဟာ ငှက်ပျောတုံးလို အကာတွေပဲ ရှိပြီး အတွင်းမှာ အနှစ်မှမရှိ။ ဗေဒင်သုံးပုံကို ကိုင်ပြီး လှည့်လည်နေတာဟာ စပါးဖျင်းကို ထောင်းနေသလိုပဲ (အံ၊ဋ္ဌ၊၁၊၁၅၆)”တဲ့။ အရှင်နာဂသေနလောင်းလျာသူငယ်ကလည်း “အင်း... ငါတတ်ထားတဲ့ ဒီဗေဒင်ကျမ်းတွေဟာ အလကားပဲ၊ အဖျင်းအတိပဲ၊ ဘာမှ အနှစ်သာရမရှိဘူး”လို့ ဆင်ခြင်မိသတဲ့ (မိလိန္ဒ၊၁၀)။
အစအန
ဗေဒင်ပညာဟာ ဗက်ဗီလုံ၊ အီဂျစ်၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာ အလွန်ရှေးကျတဲ့ကာလကပင် ပေါ်ပေါက်ခဲ့တယ်။ ဘယ်နိုင်ငံမှာ စတင်ပြီး နှစ်ပေါင်းဘယ်လောက်က စခဲ့တယ်ဆိုတာကို အတိအကျမသိနိုင်။ မြန်မာ့ဗေဒင်ပညာဟာ အိန္ဒိယမှ ဆင်းသက်လာတယ်။ အမှန်တော့ ဗေဒင်လေးပုံဆိုတာ ဟိန္ဒူလူမျိုးတွေရဲ့ ဘာသာစာပေပါပဲ။ ဗေဒင်ဟောကိန်းအမျိုးမျိုးရှိပြီး တွက်ရိုးသင်္ချာနဲ့ အဟောပညာကို ပါရဂူမြောက်အောင် တတ်ကျွမ်းဖို့ ခက်ခဲတယ်။ မြန်မာတို့ တီထွင်တဲ့ မကာရန္တနဲ့ သံဒိဋ္ဌတွက်ရိုးတွေနဲ့ ဂြိုဟ်နက္ခတ်တွေရဲ့ အသွားအလာကို အတိအကျဆိုနိုင်တယ် (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၈ ကို ရှုပါ)။
အဖြေ
ရှေးဦးက ဗေဒင်ကျမ်းတွေဟာ ဗုဒ္ဓဝါဒနဲ့ မဆန့်ကျင်ဘူး။ နှောင်းခေတ်မှာ သူ့သက်သတ်တာတွေ ပါလာလို့ ဆန့်ကျင်သွားတယ်။ နက္ခတ်ဗေဒင်ကို တောနေရဟန်းတွေ သင်ယူကောင်းတယ်။ ဒါပေမယ့် ရဟန်းဟာ ဗေဒင်ပညာနဲ့ သက်မွေးဝမ်းကျောင်းမပြုကောင်း။ ဗုဒ္ဓဝါဒအနေနဲ့ ဘဝလွတ်မြောက်ရေးနဲ့ မပတ်သက်လို့ ဗေဒင်ကို အားမပေးပေမယ့် ဆန့်ကျင်ခြင်းမပြုဘူးလို့ ဆိုနိုင်တယ်။ သမိုင်းအကျဉ်းနဲ့ တီထွင်သူကတော့ ဗုဒ္ဓကျမ်းဂန်အရ ဖော်ပြပြီးအတိုင်းပါပဲ။
မေ ၃၁၊ ၂၀၁၆။
---
၄၇၃။ စူဠစုန္ဒနဲ့ မဟာစုန္ဒ
မေး။ ဘုန်းကြီးဘုရား၊ အရှင်သာရိပုတ္တရာရဲ့ ညီတော် အရှင်စုန္ဒအကြောင်းကို ဘုန်းကြီးလေ့လာနေတယ်လို့ သိရပါတယ်။ အရှင်စုန္ဒနဲ့ ပတ်သက်ပြီး ဘုန်းကြီးလေ့လာတွေ့ရှိထားတဲ့ ထူးထူးခြားခြားမှတ်စုတွေကို တပည့်တော်တို့ကိုလည်း မျှဝေပေးပါ ဘုရား။
ဘိက္ခုနိမ္မိတ
---
ဒကာမတစ်ယောက်က အရှင်အာနန္ဒာမတိုင်ခင် မြတ်ဗုဒ္ဓအား အလုပ်အကျွေးပြုဖူးသူတွေအကြောင်း မေးထားတာကို ဖြေဖို့ စာရှာရင်းနဲ့ အရှင်စုန္ဒမထေရ်အကြောင်း အဋ္ဌကထာရဲ့ ဖွင့်ဆိုချက်တွေမှာ စဉ်းစားရာတွေ တွေ့ရလို့ ဒီဗဟုသုတကို မျှဝေချင်တာနဲ့ ကိုယ်ပွားကိုယ်တော်က ကြားဖြတ်မေးရတာပါ။
စူဠစုန္ဒ
သိဒ္ဓတ္ထဘွဲ့အမည်ရှိတဲ့ မြတ်စွာဘုရားကို မြတ်လေးပန်းနဲ့ ရွှေစေတီပြုလုပ်ပြီး ပူဇော်ခဲ့လို့ ဂေါတမဗုဒ္ဓလက်ထက်မှာ တိုင်းနာလကရွာနေ ဝင်္ဂန္တပုဏ္ဏားနဲ့ ရူပသာရီတို့ရဲ့သား၊ အရှင်သာရိပုတ္တရာရဲ့ ညီတော် ဖြစ်လာတယ်။ သာမဏေဘဝနဲ့ ရဟန္တာဖြစ်ခဲ့ပြီ။ “စူဠစုန္ဒ”ဆိုတဲ့ အမည်နဲ့ ထင်ရှားတယ်။
စူဠစုန္ဒဟာ မြတ်စွာဘုရား၊ အရှင်သာရိပုတ္တရာနဲ့ သီလဝန္တဖြစ်ကြတဲ့ အခြားမထေရ်ကြီးတွေကိုလည်း အလုပ်အကျွေးပြုတယ်။ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတဲ့အခါ ဓာတ်တော်တွေကို ရေစစ်ထဲထည့်ယူလာပြီး မြတ်ဗုဒ္ဓကို ဆက်ကပ်သူ ဖြစ်တယ် (အပါန်ပါဠိတော်၊ ပထမအုပ်၊ စာ-၁၁၃)။
သူ့ဆရာ
မွေးရပ်မြေ နာလကရွာမှာ အစ်ကိုဖြစ်သူ အရှင်သာရိပုတ္တရာ အသည်းအသန်နာမကျန်းဖြစ်စဉ် အရှင်စုန္ဒမထေရ်က စောင့်ရှောက်တယ်။ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံပြီးနောက် အရှင်မြတ်ရဲ့ သပိတ်နှင့် သင်္ကန်းကို ယူလာပြီး အရှင်အာနန္ဒာနှင့်အတူ မြတ်ဗုဒ္ဓထံ သွားခဲ့တယ် (သံ၊၃၊၁၄၀)။ ဒီဖြစ်ရပ်ဟာ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံမယ့်နှစ် ဝေဠုဝရွာမှာ ဆိုပြီး ဝါသာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ ခေတ္တသီတင်းသုံးခိုက် ဖြစ်တာ။ သီတင်းသုံးဖော်တွေက အရှင်စုန္ဒကို ကိုရင်ဘဝကလို ရဟန်းဖြစ်တော့လည်း ကိုရင်စုန္ဒ (စုန္ဒ သမဏုဒ္ဒေသ) လို့ပဲ ခေါ်ကြတယ်။ အရှင်အာနန္ဒာဟာ အရှင်စုန္ဒရဲ့ ဥပဇ္ဈာယ်ဆရာပါပဲ (သံ၊ဋ္ဌ၊၃၊၂၄၆။ ၂၅၃)။ ဒီပါဠိတော်မှာ “စုန္ဒ သမဏုဒ္ဒေသ”လို့ ရည်ညွှန်းတာ တွေ့နိုင်တယ်။
စုန္ဒလေး
မြတ်ဗုဒ္ဓဟာ နောက်ဆုံးအနေနဲ့ ကုသိနာရုံကို ကြွတဲ့လမ်းခရီးအတွင်း အရှင်အာနန္ဒာမရှိခိုက် အနီးအနားမှာ ရှိနေတဲ့ အရှင်စုန္ဒကို “စုန္ဒက၊ ငါဘုရားရဲ့ နှစ်ထပ်သင်္ကန်းကို လေးထပ်ခေါက်ပြီး ခင်းပေးလော့၊ ငါဘုရားပင်ပန်း၏ လျောင်းစက်ဦးအံ့ (ဒီ၊၂၊၁၁၁)”လို့ မိန့်ပါတယ်။
ဒီပါဠိတော်မှာ “အာယသန္တိ စုန္ဒကံ အာမန္တေသိ = အရှင်စုန္ဒကကို မိန့်တော်မူတယ်”လို့ သံဂါယနာတင်တာ၊ မြတ်ဗုဒ္ဓက အရှင်စုန္ဒကို “စုန္ဒက”လို့ ခေါ်တာကို တွေ့နိုင်တယ်။ ဒီနေရာမှာ ‘က’ဆိုတဲ့ နောက်ဆက်စကားလုံးဟာ သဒ္ဒါနည်းအရ ‘ငယ်’အဓိပ္ပာယ်ဖြစ်နိုင်လို့ “စုန္ဒလေး”လို့ ခေါ်လိုတာဖြစ်ရင် အပဒါန်ပါဠိတော်လာ စူဠစုန္ဒ (စုန္ဒငယ်) အမည်နဲ့ ထပ်တူကျတာပဲ။ ဒါကြောင့် သံယုတ်ပါဠိတော်လာ စုန္ဒ သမဏုဒ္ဒေသလို့ ခေါ်တဲ့ အရှင်စုန္ဒ၊ အပဒါန်ပါဠိတော် (ပထမအုပ်)လာ အရှင်စူဠစုန္ဒနဲ့ သုတ်မဟာဝါပါဠိတော်လာ အရှင်စုန္ဒကတို့ကို တစ်ပါးတည်းလို့ ဆိုနိုင်ပြီး အရှင်သာရိပုတ္တရာရဲ့ ညီငယ်၊ အရှင်အာနန္ဒာထံမှာ ရဟန်းပြုသူလို့ ရှင်းလင်းစွာ မှတ်နိုင်တယ်။
စုန္ဒ သာမဏေ
မြတ်စွာဘုရား ယမိုက်ပြာဋိဟာကို ပြမယ်လို့ မိန့်တော်မူစဉ် မြတ်စွာဘုရားရဲ့ကိုယ်စား ယမိုက်ပြာဋိဟာကို ပြဖို့ တောင်းဆိုသူတွေထဲမှာ ခုနစ်နှစ်သားအရွယ် စုန္ဒသာမဏေနဲ့ စီရအမည်ရှိတဲ့ ခုနစ်နှစ်သမီးအရွယ် ပဋိသမ္ဘိဒါပတ္တသာမဏေ အမျိုးသမီးတို့ ပါဝင်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၃၇)။ စီရအမည်ရှိတဲ့ သာမဏေမရဲ့ အမျိုးအမည်နဲ့ မွေးရပ်ကို မတွေ့မိ။ ကိုရင်ဘဝနဲ့ ရဟန္တာဖြစ်တယ်ဆိုတဲ့ အပဒါန်ပါဠိတော်အရ ဒီစုန္ဒသာမဏေဟာ အရှင်သာရိပုတ္တရာ့ညီ အရှင်စုန္ဒရဲ့ ငယ်စဉ်ဘဝ ဖြစ်ဖွယ်ရှိတယ်။ ဒါတွေက အပဒါန်ပါဠိတော် ပထမအုပ် (အပဒါန၊၁၊၁၁၃)လာ ‘စူဠစုန္ဒ’အကြောင်းနဲ့ ဆက်စပ်လို့ ရနိုင်ဖွယ်ရှိတဲ့ သာဓကတွေကို စုစည်းပြခဲ့တာ။
မဟာစုန္ဒ
လွန်ခဲ့တဲ့ ၉၁-ကမ္ဘာအလွန်က ဟံသာဝတီပြည်သား အိုးထိန်းသည်တစ်ယောက်ဟာ မြေသပိတ်လုပ်ပြီး ဝိပဿီမြတ်စွာဘုရားကို လှူဒါန်းတဲ့ကုသိုလ်ကြောင့် ဤဂေါတမဘုရားလက်ထက် ဧကပတ္တဒါယက (သပိတ်တစ်လုံးအလှူရှင်) ရဟန္တာဖြစ်လာတယ် (အပဒါန၊၂၊၈၇)။ အပဒါန်အဋ္ဌကထာမှာ ဒီမထေရ်အကြောင်းကို ဖွင့်ဆိုခြင်းမပြု။ ထေရဂါထာအဋ္ဌကထာ (၁၊ စာ-၃၃၁)မှာတော့ ဒီမထေရ်ကို နာလကရွာသူ ရူပသာရီရဲ့သား၊ အရှင်သာရိပုတ္တရာရဲ့ညီ မဟာစုန္ဒအဖြစ် ဆိုတယ်။
ဒါဖြင့် စူဠစုန္ဒနဲ့ မဟာစုန္ဒ၊ ရွှေစေတီအလှူရှင်နဲ့ သပိတ်တစ်လုံးအလှူရှင် အတူတူလား၊ ထေရဂါထာအဋ္ဌကထာမှာ စူဠစုန္ဒတ္ထေရအပဒါန်ကို ဘာကြောင့် မဖော်ပြလဲ... မေးစရာပါ။
ဆိုင်သမျှ
မဟာစုန္ဒဟာ ရာဇဂြိုဟ်မြို့အနီး ကလန္ဒကနိဝါမှာ ဆန္ဒအမည်ရှိ ရဟန်း (မြတ်ဗုဒ္ဓနဲ့အတူ တောထွက်လာသူမဟုတ်၊ အခြားဆန္ဒအမည်ရှိတဲ့ တစ်ပါး) မိမိကိုယ်ကို သတ်မသေမီ အရှင်သာရိပုတ္တရာနဲ့အတူ သွားတွေ့တယ် (မ၊၃၊၃၀၇)။ မြတ်ဗုဒ္ဓ ကလန္ဒကနိဝါမှာ သီတင်းသုံးစဉ် နာမကျန်းဖြစ်လို့ ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်တယ် (သံ၊၃၊၇၃)။ စေတိတိုင်း သဟဇာတိအရပ်မှာ သီတင်းသုံးစဉ် ရဟန်းတွေကို တရားဟောတာလည်း မဟာစုန္ဒ ပါပဲ (အံ၊၃၊၂၈၉။ အံ၊၃၊၃၈၂)။ ဒီပါဠိတော်တွေမှာ “အာယသ္မာ မဟာစုန္နော”လို့ ရည်ညွှန်းတာကို တွေ့နိုင်တယ်။
ကျမ်းညှိ
အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၃၊၁၁၇)မှာ “မဟာစုန္ဒဆိုတာ ရှင်သာရိပုတ္တရာရဲ့ ညီပါ”လို့ ဖွင့်တယ်။ မဇ္ဈိမနိကာယ်အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၁၈၆)မှာတော့ “မဟာစုန္ဒဆိုတာ ဒီမထေရ်ရဲ့ ဘွဲ့အမည်ပါ”လို့ သာမန်ပဲ ဆိုတယ်။ ဒါပေမယ့် ယင်းရဲ့ဋီကာမှာ “ဒီမထေရ်ရဲ့ ဘွဲ့အမည်က စုန္ဒ။ လေးစားသမှုနဲ့ မဟာစုန္ဒလို့ ခေါ်တာ။ ဥပမာ... လေးစားသမှုနဲ့ မဟာမောဂ္ဂလ္လာန်လို့ ခေါ်သလို။ တစ်နည်း... အရှင်သာရိပုတ္တရာရဲ့ ညီငယ်ဖြစ်တဲ့ ဒီအရှင်မဟာစုန္ဒမှာ အခြားစုန္ဒအမည်နဲ့ တူတစ်ပါး ရှိသေးလို့ စုန္ဒလို့ ထင်ရှားတာ (မ၊ဋီ၊၁၊၂၈၃)”လို့ ရှင်းပြတယ်။
သုံးသပ်
အင်္ဂုတ္တရပါဠိတော်မှာ မဟာစုန္ဒဟာ မြတ်ဗုဒ္ဓရဲ့ လက်ယာရံမဟာသာဝက အပါး ၄၀-ထဲမှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပ၊ အရှင်မဟာကောဋ္ဌိက၊ အရှင်မဟာကစ္စာန၊ အရှင်မဟာကပ္ပိန၊ အရှင်အာနန္ဒာစသည်တို့နဲ့ တန်းတူ ဖော်ပြတယ် (အံ ၂။ ၂၆၄)။ ဒါကို ထောက်ရင် အရှင်မဟာစုန္ဒအနေနဲ့ သိက္ခာဝါ အတော်အတန် ကြီးရမယ့် သဘောရှိလို့ အရှင်အာနန္ဒာရဲ့ တပည့်၊ မထေရ်ကြီးတွေကို အလုပ်အကျွေး ပြုတတ်သူ၊ အရှင်သာရိပုတ္တရာရဲ့ ညီငယ် ဖြစ်တယ်ဆိုတဲ့ ဖွင့်ဆိုချက်ဟာ အားပျော့တယ်လို့ သုံးသပ်ခွင့် ရှိတယ်။
မဇ္ဈိမနိကာယ်ဋီကာ အဆိုအရ အနည်းဆုံး မြတ်ဗုဒ္ဓလက်ထက်မှာ စုန္ဒအမည်နဲ့ မထေရ်ကျော် နှစ်ပါးရှိတယ်လို့တော့ ဆိုနိုင်တယ်။ ဆိုနိုင်ခဲ့ရင် အပဒါန်ပါဠိတော်မှာ ဖော်ပြတဲ့ “စူဠစုန္ဒ”ဆိုတဲ့ နာမည်ကို မသုံးသပ်သင့်ဘူးလား။ အရှင်အာနန္ဒာကို မြတ်ဗုဒ္ဓရဲ့ ဖွားဖက်တော်အဖြစ် မဖော်ပြတဲ့ အဋ္ဌကထာကျမ်းတွေကိုပါ ထည့်သွင်းစဉ်းစားရတော့ မလိုပါပဲ။ ကျမ်းပြုသူ အင်္ဂုတ္တရအဋ္ဌကထာကို အရှင်မဟာဗုဒ္ဓဃောသ ရေးပါတယ်။ မဇ္ဈိမနိကာယ်ဋီကာကို အရှင်ဓမ္မပါလ ရေးပါတယ်။ အရှင်မြတ်နှစ်ပါးလုံးမှာ ထေရဝါဒီတို့ အလွန်လေးစား အားကိုးရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ထိုထိုနိကာယ်ဆောင် မထေရ်ကျော်တို့ရဲ့ အလိုအရ နိကာယ်အဋ္ဌကထာတွေ အချင်းချင်း ဝါဒကွဲတွေ တွေ့ရလေ့ရှိတာကို သာဓကပြုပြီး ခပ်ရဲရဲ စဉ်းစားကြည့်ရရင်...
အပဒါန်ပါဠိတော် ပထမအုပ်မှာ ပါတဲ့ အရှင်စူဠစုန္ဒကိုပဲ အရှင်သာရိပုတ္တရာရဲ့ ညီအဖြစ် ယူတာက ပိုအားရှိပြီး မဟာသာဝက ရှစ်ဆယ်ဝင် မဟာစုန္ဒကို အရှင်သာရိပုတ္တရာရဲ့ ညီ၊ အရှင်အာနန္ဒာရဲ့ တပည့်အဖြစ် ယူဆရာမှာ စဉ်းစားစရာတွေ ရှိနေတယ်၊ တစ်နည်း စူဠစုန္ဒနဲ့ မဟာစုန္ဒ တူတယ် ပြောဖို့ အခက်သား’လို့ ယူဆမိကြောင်းပါ။ ပညာရှိတို့ ယုတ္တိနဲ့ ကျမ်းဂန် ပြညွှန်း၍သာ ဆွေးနွေးဝေဖန်ပါကုန်။
ဇွန် ၂၊ ၂၀၁၆။
---
၄၇၄။ မြတ်ဗုဒ္ဓရဲ့ နောက်ပါရဟန်းများ
ဆရာတော် ဘုရား၊ ဘုန်းကြီးတစ်ပါး ဟောတဲ့တရားမှာ အရှင်အာနန္ဒာရဲ့ ရှေ့က မြတ်စွာဘုရားကို အလုပ်အကျွေးပြုသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားရဲ့ သပိတ်နဲ့ သင်္ကန်းကို မြေကြီးပေါ်မှာ ချထားခဲ့သည်ဟု ဆိုပါသည်။ ထိုဖြစ်ရပ် မှန်ကန်ပါသလား အရှင်ဘုရား။ မြတ်စွာဘုရားကို ဘယ်နှစ်ပါးလောက် အနီးကပ် အလုပ်အကျွေး ပြုဖူးပါသနည်း။ အဲဒီ ရဟန်းတော်တွေရဲ့ အကြောင်းကို (ရှိလျှင်) သိလိုပါသည်။ ထိုရဟန်းတော်များသည် မြတ်စွာဘုရားနှင့် ဆွေမျိုး တော်စပ်ကြပါသလား အရှင်ဘုရား။
မေရီဝင်း (စင်္ကာပူ)
---
ရဟန်း ၁၀-ပါး
ဝါတော် ၂၀-အတွင်း မြတ်ဗုဒ္ဓကို အမြဲတမ်း အလုပ်အကျွေးပြုသူ မရှိသေးဘူးလို့ သိရပါတယ်။ “အရှင်နာဂသမာလ၊ အရှင်ဥပဝါဏ၊ အရှင်သုနက္ခတ္တ၊ အရှင်စုန္ဒသမဏုဒ္ဒေသ၊ အရှင်သာဂတ၊ အရှင်ဗောဓိ၊ အရှင်မေဃိယတို့ကို ပါဠိတော်မှာ လာတဲ့ အလုပ်အကျွေးတွေအဖြစ် သံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၂၃၇)မှာ ဆိုတယ်။ ဒါ့အပြင် “အရှင်နာဂိတ၊ အရှင်နန္ဒ (ဇာ၊ဋ္ဌ၊၄၊၉၆)၊ အရှင်ရာဓ (အံ၊ဋ္ဌ၊၁၊၂၂၈)’လို့ စုစုပေါင်း အရှင်အာနန္ဒာ မတိုင်ခင်က မထေရ် ၁၀-ပါး အလုပ်အကျွေးပြုဖူးကြောင်း တွေ့မိပါတယ်။ ဝါ ၂၀ နောက်ပိုင်း အရှင်အာနန္ဒကပဲ ၂၅-နှစ် ပတ်လုံး မြတ်ဗုဒ္ဓကို အလုပ်အကျွေးပြုခဲ့တယ်လို့ ဖော်ပြပြီး ကျမ်းဂန်တွေမှာ ဆိုပါတယ်။
“အလုပ်အကျွေးပြု (ဥပဋ္ဌာက) ဆိုတာ နံနက်စောစောထပြီး ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်း၊ မြတ်ဗုဒ္ဓကို ဒန်ပူကပ်၊ ချိုးရေ စီစဉ်ပေး၊ သပိတ် သင်္ကန်းကို ယူ၍ မြတ်ဗုဒ္ဓရဲ့ နောက်ကလိုက်”စသည် ဖြစ်ကြောင်း အဲဒီကျမ်းတွေမှာပဲ ဖွင့်ဆိုတယ်။
၁။ နာဂသမာလ
မွေးရပ်မြေ ကပိလဝတ္ထုကို မြတ်ဗုဒ္ဓ ကြွစဉ်က ရဟန်းပြုခဲ့သူ၊ သကျမျိုးပါ။ ကောသလတိုင်းအတွင်း မြတ်ဗုဒ္ဓ ခရီးရှည်တစ်ခုကြွစဉ် ဒီအရှင်က အလုပ်အကျွေးအဖြစ် နောက်ကလိုက်ပါရတယ်။ လမ်းဆုံတစ်ခုကို ရောက်တော့ “ဒီဖက်လမ်းက ခရီးတိုတယ်”ဆိုပြီး မြတ်ဗုဒ္ဓတားမြစ်တဲ့ကြားက မြတ်ဗုဒ္ဓရဲ့ သပိတ်သင်္ကန်းကို မြေမှာချပြီး အဲဒီခရီးတိုလမ်းကပဲ တစ်ပါးတည်း ဇွတ်ကြွသွားတယ်။ ဒီတော့ ကိုယ်တော် ဓားမြတိုက်ခံရတာပေါ့။ သင်္ကန်းပဲ သပိတ်ကွဲပြီး မြတ်ဗုဒ္ဓထံ ပြန်လာခဲ့တယ်။ အဲဒီလို ဖြစ်မည်ကို ကြိုသိလို့ တားမြစ်ခဲ့ကြောင်း မြတ်ဗုဒ္ဓက မိန့်တော်မူတယ် (ဒီ၊ဋ္ဌ၊၂၊၁၂)။
ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး “ရေနှင့်ရောသော နို့ရည်ကို သောက်သော ကြိုးကြာငှက်သည် နို့ရည်ကိုသာ သောက်ပြီး ရေကို စွန့်ပစ်သကဲ့သို့ အမှန်မြင်သိပညာရှိသည် လူမိုက်နှင့် အတူနေ အတူသွား အတူစားရသော်လည်း မကောင်းမှုကို စွန့်၏”လို့ ဥဒါန်းကျူးတော်မူတယ် (ဥဒါန၊ ၁၈၆)။
၂။ ဥပဝါဏ
သာဝတ္ထိမြို့သား ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာသူ။ ဇေတဝန်ကျောင်းဖွင့်ပွဲ အခမ်းအနားမှာ မြတ်ဗုဒ္ဓရဲ့ ဘုန်းတန်ခိုးကို မြင်တွေ့ရပြီး ရဟန်းပြုခဲ့တယ်။ အခါတစ်ပါး မြတ်ဗုဒ္ဓ လေနာရောဂါ ဖြစ်တယ်။ အဲဒီအချိန်က အရှင်ဥပဝါဏ မြတ်ဗုဒ္ဓကို အလုပ်အကျွေး ပြုနေခိုက်ဖြစ်လို့ အရှင်မြတ်ရဲ့ လူ့ဘဝမိတ်ဆွေ ဒေဝဟိတဆီက ရေနွေးနဲ့ တင်လဲ အလှူခံပြီး မြတ်ဗုဒ္ဓကို ဆက်ကပ်တဲ့အခါ မြတ်ဗုဒ္ဓရဲ့ ရောဂါပျောက်သွားလို့ အရှင်မြတ်ကို မြတ်ဗုဒ္ဓက ကျေးဇူးစကား ဆိုတယ်။
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး ရှေ့နားမှာထိုင်ပြီး အရှင်မြတ်က ယပ်ခပ်ပေးနေစဉ် ရှေးကုသိုလ်ကြောင့် အရှင်မြတ်ရဲ့ ကိုယ်ကို မြတ်ဗုဒ္ဓအား နောက်ဆုံးအနေနဲ့ လာဖူးကြတဲ့ နတ်တွေ ထွင်းဖောက်မမြင်နိုင်လို့ မြတ်ဗုဒ္ဓက ဖယ်ခိုင်းရတယ်။
သုတ္တန်များ
ဒီအရှင်က ဒုက္ခဖြစ်ပေါ်ပုံ (သံ၊၁၊၂၇၆)၊ မြတ်ဗုဒ္ဓရဲ့ တရားတော် မျက်မှောက်လက်တွေ့အကျိုးရပုံ (သံ၊၂၊၂၆၈)တွေကို မြတ်ဗုဒ္ဓအား မေးလျှောက်ဖူးတယ်။ ကောသမ္ဘီမြို့ ဃောသိတာရုံကျောင်းမှာ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာက ဗောဇ္ဈင်အကြောင်း မေးလို့ အရှင်မြတ်က ဖြေဖူးတယ် (သံ၊၃၊၈၈)။ အရှင်ဥပဝါဏက အရှင်သာရိပုတ္တရာကို ဒုက္ခဆုံးအောင် မည်သို့ကျင့်မလဲလို့ မေးတဲ့အခါ အရှင်သာရိပုတ္တရာက “အသိဉာဏ် ဝိဇ္ဇာ၊ အကျင့် စရဏနှင့် ပြည့်စုံသူသည် ဒုက္ခဆုံးအောင် ပြုနိုင်၏”လို့ ဖြေတယ် (အံ၊၁၊၄၈၂)။
အခါတစ်ပါး အရှင်လာဠုဒါယီနဲ့ အရှင်သာရိပုတ္တရာတို့ အယူအဆ မတူဖြစ်ရာမှာ မြတ်ဗုဒ္ဓက အရှင်သာရိပုတ္တရာကို ထောက်ခံဖို့ အရှင်အာနန္ဒာကို မိန့်ပေမယ့် အရှင်အာနန္ဒာက မိမိကိုယ်စား ထောက်ခံပေးဖို့ အရှင်ဥပဝါဏထေရ်ကို အကူအညီတောင်းခဲ့တယ် (အံ၊၂၊၁၆၉)။
၃။ သုနက္ခတ္တ
ဝေသာလီမြို့သား၊ လိစ္ဆဝီမင်းသား။ တစ်ခါမှာ မြတ်ဗုဒ္ဓထံ လာ “ရဟန္တာဖြစ်နေပြီလို့ ပြောနေကြတဲ့ ရဟန်းအချို့ဟာ မရဘဲ ရတယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ပြောနေကြတာလား”လို့ ဒဲ့ကြီးမေးတယ်။ ဒါပေမယ့် မြတ်ဗုဒ္ဓရဲ့ အဖြေကို ကျေနပ်သွားတယ် (ဘဂဝတော ဘာသိတံ အဘိနန္ဒိ၊ သုနက္ခတ္တသုတ်၊ မ၊၃၊၄၀)။ ဒီနောက်မှာ ဗုဒ္ဓရဲ့တပည့်ဖြစ်လာပြီး ရဟန်းပြုခဲ့တယ်လို့ ယူဆရတယ်။ ရဟန်းအဖြစ်နဲ့ ရံခါ မြတ်ဗုဒ္ဓရဲ့ နောက်ပါအဖြစ် လိုက်ရင်း ကောရက္ခတ္တိယ (ခွေးကဲ့သို့ လေးဘက်ထောက် သွားလာပြီး အစာကို ပါးစပ်ဖြင့် ဟပ်ယူစားသောက်တဲ့ အဝတ်မဝတ်တဲ့ တက္ကတွန်း)ကို အားကျသွားသတဲ့။ ဒါနဲ့ လူထွက်၊ ဗုဒ္ဓကို စွန့်ပြီး အဲဒီတက္ကတွန်းရဲ့ တပည့်အဖြစ် ခံယူပြန်တယ်။
သုနက္ခတ္တရဟန်းက မြတ်ဗုဒ္ဓအား “အရှင်ဘုရားကို ဆရာအဖြစ်မှ စွန့်ပါတယ်”လို့ လျှောက်တဲ့အခါ မြတ်ဗုဒ္ဓက “သုနက္ခတ်၊ ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုပြီး နေပါလို့ သင့်ကို ငါပြောဖူးသလော”လို့ ပြန်မေးတယ် (ဒီ၊၃၊၂)။ ဒါလေးက မှတ်သားစရာပါ။ ဗုဒ္ဓခေတ်က ဆရာတပည့်ဆက်ဆံရေး၊ ဝါဒမတူသူတွေအပေါ် မြတ်ဗုဒ္ဓ ဆက်ဆံပုံတွေကို သိလိုရင် ဒီသုတ္တန်တစ်ခုလုံး လေ့လာသင့်ပါတယ်။
သုနက္ခတ်က “ဗုဒ္ဓမှာ ဉာဏ်ထူးမရှိ၊ သာမန်တစ်ယောက်လိုပဲ စိတ်ကူးနဲ့ တရားဟောတာပါ”လို့ ဝေသာလီမြို့ထဲ ပြောနေတာကို ဆွမ်းခံကြွရင်း ကြားမိသူ အရှင်သာရိပုတ္တရာ မြတ်ဗုဒ္ဓကို လျှောက်တဲ့အခါ မဟာသီဟနာဒသုတ် (မ၊၁၊၉၇)နဲ့ လောမဟံသဇာတ်ကို မြတ်ဗုဒ္ဓ ဟောတော်မူတယ်။
၄။ စုန္ဒ သမဏုဒ္ဒေသ
မဂဓတိုင်း နာလကရွာနေ ဝင်္ဂန္တပုဏ္ဏားနဲ့ ရူပသာရီတို့ရဲ့သား၊ အရှင်သာရိပုတ္တရာရဲ့ ညီအရင်း။ သာမဏေဘဝနဲ့ ရဟန္တာဖြစ်ပြီး စူဠစုန္ဒ အမည်နဲ့ ထင်ရှားတယ်။ မြတ်စွာဘုရား၊ အရှင်သာရိပုတ္တရာနဲ့ သီလဝန္တ ဖြစ်ကြတဲ့ အခြားမထေရ်ကြီးတွေကို အလုပ်အကျွေးပြုဖူးတယ်။ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတဲ့အခါ ဓာတ်တော်တွေကို ရေစစ်ထဲ ထည့်ယူလာပြီး မြတ်ဗုဒ္ဓကို ဆက်ကပ်တယ် (အပဒါန၊၁၊၁၁၃)။
ရဟန်းဖြစ်တော့လည်း သီတင်းသုံးဖော်တွေက သာမဏေဘဝတုန်းကလို ကိုရင်စုန္ဒ (စုန္ဒသမဏုဒ္ဒေသ)လို့ပဲ ခေါ်ကြသတဲ့။ အရှင်အာနန္ဒာဟာ အရှင်စုန္ဒရဲ့ ဥပဇ္ဈာယ်ဆရာပါပဲ (သံ၊ဋ္ဌ၊၃၊၂၄၅)။ မြတ်စွာဘုရား ယမိုက်ပြာဋိဟာကို ပြမယ်လို့ မိန့်တော်မူစဉ် မြတ်စွာဘုရားရဲ့ ကိုယ်စား ပြပါရစေလို့ တောင်းဆိုဖူးတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၃၇)။ ကုသိနာရုံကို ကြွတဲ့ မြတ်ဗုဒ္ဓရဲ့ နောက်ဆုံးခရီးမှာ အရှင်အာနန္ဒာ မရှိခိုက် အနီးမှာရှိနေတဲ့ အရှင်စုန္ဒကို မြတ်ဗုဒ္ဓက ဒုကုဋ်သင်္ကန်းကို လေးထပ်ခေါက်ပြီး ခင်းခိုင်းတယ် (ဒီ၊၂၊၁၁၁)။ ဒီအရှင်စုန္ဒအကြောင်းကို မေးခွန်းအမှတ်-၄၇၂ မှာ စိစစ်ထားပါတယ်။
၅။ သာဂတ
သာဝတ္ထိမြို့သား၊ ပုဏ္ဏားမျိုး။ ဗုဒ္ဓတရားကို ကြားနာပြီးနောက် သဒ္ဓါတရားနဲ့ ရဟန်းပြုခဲ့သူ။ တရားအားထုတ်ပြီး သမာပတ်ရှစ်ပါးကို ရရုံမက ဝသီဘော် (ဈာန်အလေ့အလာ)ကို နိုင်နင်းတယ်။ မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးစဉ် စမ္ပာမြို့သား သောဏသူဌေးသားနဲ့ မိတ်ဆွေတွေ မြတ်ဗုဒ္ဓကို ဖူးမြော်လာတဲ့အခါ ဒီအရှင်က မြတ်ဗုဒ္ဓကို အလုပ်အကျွေးပြုခိုက် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ခွင့်ပြုချက်နဲ့ သောဏတို့ပရိသတ်ကို တန်ခိုးပြတော်မူတယ် (ဝိ၊၃၊၂၆၅)။
တစ်ခါမှာ မြတ်ဗုဒ္ဓနှင့်အတူ စေတိယတိုင်း၊ ဘဒ္ဒဝတိကာရွာမှာ သီတင်းသုံးတော်မူစဉ် သရက်ပင်ဆိပ် ရသေ့ကျောင်းနားက နဂါးကြမ်းကို တန်ခိုးနဲ့ ဆုံးမနိုင်လို့ နာမည်ကြီးသွားတယ်။ ကောသမ္ဘီမြို့ကို ရောက်တော့ အရှင်သာဂတသတင်းကို ကြားသိပြီးဖြစ်တဲ့ မြို့သားတွေက ကြည်ညိုလွန်ပြီး အရှင်သာဂတကို အရက်လှူကြသတဲ့။ သိက္ခာပုဒ် မပညတ်ရသေးချိန် လူတွေ တိုက်တွန်းလို့ အရက်သောက်မိရာမှ အရက်မူးပြီး မြို့တံခါးဝမှာ လဲနေတာကို ရဟန်းတွေ ဆွဲခေါ်လာလို့ မြတ်ဗုဒ္ဓဆီရောက်တော့ မြတ်ဗုဒ္ဓရှိရာဖက်ကို ခြေဆင်းပြီး ထိုင်တယ်။ ဒီအချိန်ထိ ရဟန္တာမဖြစ်သေးဘူးလို့ မှတ်နိုင်တယ်။
ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ‘ရဟန်းတွေ အရက်သောက်ရ’လို့ မြတ်ဗုဒ္ဓက သိက္ခာပုဒ် ပညတ်တော်မူတယ် (ဝိ၊၂၊၁၄၄)။ အရှင်သာဂတဟာ နောက်နေ့မှာ ပြင်းစွာ နောင်တရပြီး မြတ်ဗုဒ္ဓကို အနူးအညွတ် တောင်းပန်၊ ပြန်ပြီး တရားအားထုတ်ရာမှာ ရဟန္တာဖြစ်သွားတယ်။ နောင်အခါ တောဓာတ်ကမ္မဋ္ဌာန်း ဝင်စားရာမှာ အသာဆုံး ဧတဒဂ်ဘွဲ့ရတယ် (အံ၊ဋ္ဌ၊၁၊၂၅၃)။
ထေရဂါထာပါဠိတော်မှာ အရှင်သာဂတ ရွတ်ဆိုတဲ့ ဂါထာပုဒ်ကို မတွေ့ရဘဲ အပဒန်ပါဠိတော် (အပဒါန၊၁၊၉၂)မှာ ဒီအရှင်ရွတ်တယ်ဆိုတဲ့ ဂါထာ ၁၄-ပုဒ် တွေ့နိုင်တယ်။
၆။ ဗောဓိ
အဋ္ဌကထာမှာ ပါဠိတော်လာ မြတ်ဗုဒ္ဓရဲ့ အလုပ်အကျွေးတွေ ဆိုပြီး “ဗောဓိ မေဃိယော’လို့ ဖော်ပြတယ်။ အဋ္ဌကထာနိဿယမှာ ‘ရှင်ဗောဓိမေဃိယ’လို့ တစ်ပါးတည်း အဓိပ္ပာယ်ယူတယ်။ ဆဋ္ဌသံဂါယနာမူ အဋ္ဌကထာပါဌ်မှာ ‘ဗောဓိ မေဃိယော”လို့ ခွဲပြီး စာစီတယ်။ တိပိဋကပါဠိမြန်မာ အဘိဓာန်မှာတော့ ဗောဓိမထေရ် သို့မဟုတ် ဗောဓိမေဃိယထေရ် အမည်နဲ့ တည်ပုဒ် မတွေ့မိပါ။ ဋီကာတွေမှာ အထူးမဖွင့်။ ပါဠိတော်မှာ “အာယသ္မာ ဗောဓိ မေဃိယော သို့မဟုတ် မေဃိယော ဗောဓိ’ဆိုတာမျိုး မတွေ့ဖူးသေးလို့ ဘုန်းကြီးအနေနဲ့ တစ်ပါးစီပဲ ဖြစ်မယ်လို့ ယူဆပါတယ်။ မြတ်ဗုဒ္ဓကို လက္ခဏာဖတ်တဲ့ ပုဏ္ဏားရှစ်ဦးအနက် တစ်ဦးရဲ့ အမည်ကို သီဟိုဠ်မူမှာ ဗောဓိ သို့မဟုတ် သုဗောဓိလို့ ဖော်ပြတယ်(Pali Proper Naies ကိုရှု)။ ဒီပုဏ္ဏား ရဟန်းပြုခဲ့ပြီး အစပိုင်းမှာ ဗုဒ္ဓရဲ့ အလုပ်အကျွေးပြုခဲ့လေမလား။
၇။ မေဃိယ
ကပိလဝတ္ထုမြို့သား သကျမျိုး။ မြတ်ဗုဒ္ဓ ၁၃-ဝါမြောက် စာလိကာ အရပ်မှာ သီတင်းသုံးခိုက် ဒီအရှင်က အလုပ်အကျွေးပြုတယ်။ ထိုစဉ် ဇဂါမရွာကို ဆွမ်းခံကြွခိုက် ကိမိကာလာအမည်ရှိ မြစ်ကမ်းနားက သရက်ဥယျာဉ်ကို နှစ်သက်ပြီး ထိုဥယျာဉ်မှာ တရားထိုင်ဖို့ မြတ်ဗုဒ္ဓထံ ခွင့်တောင်းတယ်။ ဗုဒ္ဓတားမြစ်တဲ့ကြားက အဲဒီကိုသွားပြီး တရားထိုင်တယ်။ တရားမတိုးတက်ဘဲ ကာမဝိတက်တွေ များပြီး ပြန်လာတဲ့အခါ မြတ်ဗုဒ္ဓက “မိတ်ဆွေကောင်း၊ သီလ၊ သင့်မြတ်တဲ့ ပြောဆိုမှု၊ လုံ့လဝီရိယ၊ ပညာ ဤတရားငါးမျိုးရှိရင် ကိလေသာမှ လွတ်မြောက်နိုင်ကြောင်း” မိန့်ပါတယ်။ အဆုံးမှာ အရှင်မေဃိယ ရဟန္တာဖြစ်သွားတယ် (ထေရ၊ဋ္ဌ၊၁၊၁၈၈)။ ဓမ္မပဒအဋ္ဌကထာ၊ ပထမတွဲ၊ စာ-၁၈၃ မှာတော့ သောတာပန်ဖြစ်သွားသတဲ့။ ဝိတက်သုံးမျိုး၊ စိတ်ရင့်ကျက်ကြောင်းတရား ငါးမျိုး စသည်ကို ဟောကြားတဲ့ မေဃိယသုတ် (အံ၊၃၊၁၆၆) က လေ့လာစရာ ကောင်းတယ်။
၈။ နာဂိတ
ရှုထောင့်တစ်ခုအရ ဒီအရှင်ရဲ့ အမျိုးအမည် အလွန်မထင်ရှားဘူး။ အရှင်နာဂိတဟာ ခန္ဓာကိုယ်အဝလွန်လို့ အထိုင်အထလေးတယ်။ အခါတစ်ပါး မြတ်ဗုဒ္ဓ ဝေသာလီမြို့အနီး မဟာဝုန်တောပြာသာဒ်ကျောင်းမှာ သီတင်းသုံးစဉ် မြတ်ဗုဒ္ဓကို အလုပ်အကျွေးပြုတဲ့ အရှင်နာဂိတပေါ့။ အဲဒီတုန်းက ကြုံရပုံ ... ကောသလတိုင်းသား ပုဏ္ဏားတမန်တွေ၊ မဂဓတိုင်းသား ပုဏ္ဏားတမန်တွေနဲ့ ဝေသာလီမြို့က လိစ္ဆဝီမင်းမျိုးတွေ မြတ်ဗုဒ္ဓကို ဖူးမြော်ဖို့ ကျောင်းသို့ ရောက်လာစဉ် အရှင်နာဂိတက “မြတ်ဗုဒ္ဓကို ဖူးတွေ့ဖို့ အခါမဟုတ်သေးဘူး”လို့ ပြောတယ်။ ထိုပရိသတ်ကလည်း “ဗုဒ္ဓကို မဖူးရရင် မပြန်ဘူး”ဆိုပြီး တင်းခံနေတယ်။
အရှင်နာဂိတမှာ နှမရဲ့သား သီဟအမည်နဲ့ အသက်ခုနစ်နှစ်အရွယ် တူကိုရင်တစ်ပါးရှိတယ်။ ကိုရင်က မနေသာတော့ဘဲ “ဆရာဘုရား၊ စောင့်နေတဲ့ ပရိသတ်က ကျောင်းဝင်းပြည့်ပဲ။ သူတို့ကို မြတ်ဗုဒ္ဓအား ဖူးခွင့်ရအောင် လုပ်ပေးပါဘုရား”လို့ သွားလျှောက်တယ်။ အရှင်နာဂိတဆိုပုံက ‘သီဟ၊ ဒါဖြင့် သင်လည်း မြတ်ဗုဒ္ဓနဲ့ ရင်းနှီးတာပဲ၊ သင်ပဲ သွားလျှောက်ချေ”တဲ့။ ဒါနဲ့ ကိုရင်ငယ်ကပဲ မြတ်ဗုဒ္ဓကို သွားလျှောက်လို့ အဲဒီပရိသတ် တရားနာခွင့်ရသွားတယ်။ ဒီကိုရင်ငယ်က အရှင်နာဂိတကိုယ်စား မြတ်ဗုဒ္ဓရဲ့ ဝေယျာဝစ္စကို လုပ်ပေးနေကျ ဖြစ်ပါသတဲ့ (ဒီ၊၁၊၂၇၆)။
သုတ္တန်များ
အရှင်နာဂိတ အလုပ်အကျွေးပြုစဉ် မဟာလိသုတ် (ဒီ၊၁၊၁၄၃)၊ “ငါဘုရားသည် အခြံအရံအကျော်အစောနှင့် မဆက်ဆံလို (အံ၊၂၊၂၅)၊ အခြံအရံဖြင့် နေသော မြို့ရွာနေ ရဟန်းအား သမာဓိမရနိုင် (အံ၊၂၊၂၉၉)”လို့ မိန့်ကြားတဲ့ နာဂိတသုတ် နှစ်သုတ်၊ ယသသုတ် (အံ၊၃၊၁၅၄)တို့ ဖြစ်ကြောင်း တွေ့ရတယ်။
အမည်တူ
ထေရဂါထာပါဠိတော်နဲ့ ယင်းအဖွင့်အဋ္ဌကထာအရ ကပိလဝတ္ထုမြို့သား သာကီဝင်မျိုး အရှင်နာဂိတ တစ်ပါးရှိတယ်။ မြတ်ဗုဒ္ဓ ကပိလဝတ္ထုမြို့မှာ သီတင်းသုံးစဉ် မဓုပိဏ္ဍိကသုတ် စသည်ကို ကြားနာရလို့ သဒ္ဓါတရားဖြစ်ပြီး ရဟန်းပြုတယ်။ ယင်းနောက် ဝိပဿနာပွား၊ ရဟန္တာဖြစ်သွားတယ် (ထေရဂါထာ၊ဋ္ဌ၊၁၊၂၃၁)။ ဒီကျမ်းမှာ ဒီအရှင်နာဂိတကို အပဒါန်ပါဠိတော် (အပဒါန၊၁၊၁၈၄)လာ အတ္ထသန္ဒဿက မထေရ်အဖြစ် ဖော်ပြတယ်။ ဒါပေမယ့် အပဒါန်အဋ္ဌကထာ (အပဒါန၊ဋ္ဌ၊၂၊၁၅၀)မှာ အိမ်တစ်အိမ်မှာ မွေးပြီး အရွယ်ရောက်တဲ့အခါ ဗုဒ္ဓတရားကို နာရလို့ ရဟန်းပြု၊ ရဟန္တာဖြစ်သွားကြောင်း သာမန်ဆိုတယ်။ ပညာရှင် မာလာလာဆေကရပုဂ္ဂိုလ်က ဒီနာဂိတနှစ်ပါးကို အတူတူလို့ မယူဆပေမယ့် ယူခဲ့ရင်လည်း ငြင်းနိုင်မယ့် အကြောင်းပြချက် မသေချာဘူးလို့ ဘုန်းကြီးယူဆတယ်။
၈။ အရှင်နန္ဒ
ဇာတကအဋ္ဌကထာမှာ အရှင်နန္ဒအမည်နဲ့ ဗုဒ္ဓအလုပ်အကျွေး တစ်ပါး ဖော်ပြတယ်။ ဒါပေမယ့် နန္ဒအမည်တွေ အများကြီးရှိတဲ့အနက် ဘယ် “နန္ဒ”လဲလို့ ဖော်ပြဖို့ ခက်သား။ ဖြစ်နိုင်ခြေအရှိဆုံးက မြတ်ဗုဒ္ဓရဲ့ ညီဝမ်းကွဲ အရှင်နန္ဒပဲ ဖြစ်ဖွယ်ရှိတယ်။ အရှင်နန္ဒကို နတ်ပြည်ခေါ်သွားတာ၊ သုတ္တန်နိဒါန်းတွေအရ အချိန်အတော်များများ မြတ်ဗုဒ္ဓရဲ့ အနီးအနားမှာ ရှိနေတဲ့သဘောတွေ့ရတာတွေကြောင့် အဲဒီလို ဖော်ပြတာ ဖြစ်နိုင်တယ်။ အရှင်အာနန္ဒာ မတိုင်ခင် “မဟာသာဝက (တပည့်ကြီး) ရှစ်ဆယ်လုံး မြတ်ဗုဒ္ဓကို အလုပ်အကျွေးပြုဖူးကြတယ် (သံ၊ဋ္ဌ၊၁၊၂၃၇)”ဆိုတဲ့ စကားအရလည်း အရှင်နန္ဒ ပါနိုင်တာပါပဲ။
၉။ ရာဓ (အံ၊ဋ္ဌ၊၁၊၂၅၃)
ရာဇဂြိုဟ်မြို့သား ပုဏ္ဏား။ အရွယ်လွန်မှ သားသမီးတွေ ဂရုမစိုက် ပစ်ထားတာခံရလို့ ရဟန်းပြုဖို့ ကြိုးစားရာမှာ ရဟန်းတွေက ရာဓကို ရဟန်းပြုမပေးလိုကြဘူး။ မြတ်ဗုဒ္ဓနဲ့ တွေ့တော့ ရာဓရဲ့ မဂ်ဖိုလ်ရမှာကို သိမြင်လို့ မြတ်ဗုဒ္ဓက အရှင်သာရိပုတ္တရာ ဆွမ်းခံကြွစဉ် ဆွမ်းတစ်ဇွန်း လောင်းလှူဖူးတာကို အကြောင်းရှာပြီး အရှင်မြတ်ကိုပဲ ရဟန်းပြုပေးဖို့ တာဝန်ပေးတယ်။ အရှင်သာရိပုတ္တရာက ဘယ်လိုရဟန်းပြုပေးရပါမလဲလို့ မြတ်ဗုဒ္ဓကို မေးတယ်။ ရာဓကို အကြောင်းပြုပြီး သံဃာတွေ ကမ္မဝါစာဖတ်ပြီး ရဟန်းခံခြင်းကို မြတ်ဗုဒ္ဓ ခွင့်ပြုတော်မူတယ်။ အရှင်ရာဓဟာ ကမ္မဝါစာဖတ်ပြီး ပထမဆုံး ရဟန်းပြုလာသူပါ။ အရှင်သာရိပုတ္တရာရဲ့ စောင့်ရှောက်မှုနဲ့ အနေအထိုင်မျှတပြီး ကောင်းစွာ တရားရှုမှတ်နိုင်လို့ မကြာမီ ရဟန္တာဖြစ်သွားတယ်။ အဆုံးအမကို ကောင်းစွာနာယူလွယ်တဲ့ ပုဂ္ဂိုလ်ပါ။ သံယုတ္တနိကာယ်မှာ အရှင်ရာဓကို အကြောင်းပြုပြီး ဟောတဲ့ သုတ္တန် ၄၆-ခု တွေ့ရတယ်။ အဲဒါကြောင့်လည်း မြတ်ဗုဒ္ဓရဲ့ တရားဟောကြားလိုတဲ့ စိတ်ကို ဖြစ်စေသူတွေအနက် အသာဆုံး ဧတဒဂ်ဘွဲ့ရခြင်း ဖြစ်ပါတယ် (အံ၊ဋ္ဌ၊၁၊၂၅၃)။
ဇွန် ၄၊ ၂၀၁၆။
---
၄၅၅။ အိမ်နှင့် အရိုးပြာအိုး
ဘုန်းဘုန်း ဘုရား၊ ကွယ်လွန်သူ တပည့်တော်မရဲ့ ခင်ပွန်းက သူ့အရိုးပြာကို သူ့ရဲ့ မွေးရပ်နိုင်ငံကို ပို့ပေးဖို့ တပည့်တော်ကို မှာခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ အရိုးပြာအိုးကို သူ့ညီ လာယူတဲ့အထိ သုံးပတ်လောက် သူနေခဲ့တဲ့ တပည့်တော်မတို့အိမ်မှာပဲ သိမ်းထားရပါတယ်။ မိတ်ဆွေအချို့ အိမ်ကို လာလည်လို့ ချော့ကလက်ရောင် အရိုးပြာအိုးလေးကို ထုတ်ပြတဲ့အခါ အဲဒီလို သိမ်းထားရင် သုသာန်က ပြန်ယူလာတဲ့ ပစ္စည်းဖြစ်လို့ ခိုက်တတ်တယ်လို့ သူတို့က ဆိုပါတယ်။ တပည့်တော်မအနေနဲ့တော့ အဲဒီအယူအဆမျိုး မရှိပါ။ တပည့်တော်မကို ဘုန်းဘုန်း ဘယ်လိုအကြံပေးလိုပါသလဲ ဘုရား။
ဝေဝေအုန်း (LA)
---
နှလုံးသွင်း
ယုံကြည်မှုတစ်ခုဟာ သိစိတ်ထဲ မြဲသွားပြီဆိုရင် အဖြူရောင်မှာ ဆီစွန်းသလို ဖြစ်သွားတယ်။ မိမိတို့ကို ကယ်တင်တယ်ဆိုတဲ့ မိုးကောင်းကင်က တန်ခိုးရှင်အတွက် ကိုယ်မှာ ဗုံးကပ်ပြီး သေခံတိုက်ခိုက်၊ အပြစ်မဲ့သူတွေကို ခေါင်းဖြတ်တဲ့အထိ ဖြစ်ကုန်တာဟာ အထင်ရှားဆုံး သာဓကပါပဲ။ မန်လည်ဆရာတော်ရဲ့စကားနဲ့ ပြောရရင် “ဒီလိုလူမျိုး ဘုရားတစ်သိန်း ဟောတောင် မကျွတ်နိုင်ဘူး’တဲ့။ မိမိရဲ့ ယုံကြည်မှု သို့မဟုတ် မယုံကြည်မှုအတွက် တစ်ဖက်သားကို ထိခိုက်မှုဖြစ်စေရင် မှန်ရင်တောင် မမှန်ဘူး ဖြစ်သွားတတ်တယ်။
အရွဲနမူနာ
သေသွားတဲ့လူရဲ့ ရုပ်အလောင်းနဲ့ ပတ်သက်ပြီး မြန်မာ့ဓလေ့မှာ ယုတ္တိမဲ့ စွဲလမ်းမှုတွေ ရှိတယ် ... “မိုးကြိုးပစ်၍ သေသော် ဝက်စားကျင်းတွင် တင်၍ သုံးကြိမ်လှုပ်ရာ၏။ ရေလုံချိုးရာ၏။ ရေလုံချိုးပြီးမှ ခြေမကြိုး လက်မကြိုး ချည်ရာ၏။ အရပ်ကိုတိုင်း၍ တွင်းကိုတူးရာ၏။ တူးပြီးသော် အရှေ့တောင်ထောင့်ကို မျက်နှာပြု၍ မတ်တတ်မြုပ်ရာ၏။ ဆံပင်ကိုလည်း ဖားရားပြုရာ၏။ ထိုအတိုင်း မပြုချေသော် ဆွေမျိုးခုနစ်ဆက်တိုင်အောင် အမိအဖတို့ ပျက်စီးရာ၏။ အသက်လည်း မရှည်ရာ (လောကသမ္မုတိကျမ်း၊ ကူ-ကျော)”။ အဲဒီ ကျမ်းပြုသူမှာ ယာဝတီမြို့ အရှေ့ မြင်တော်ဦးကျောင်းမှာ သီတင်းသုံးတဲ့ သီဟိုဠ်ရောက် မဟာသံဃနာထ (ဘုန်းကြီး) ဖြစ်ကြောင်း ကျမ်းနိဂုံးမှာ ဆိုတယ်။ ပေကူးနှစ် ၁၁၅၇။
ဒီအတိုင်း မလုပ်ရင် အဲဒီလို ဆိုးပြစ်တွေရှိမယ်လို့ ကျမ်းမှာဆိုပေမယ့် ဘာကြောင့်လဲ၊ ဘယ်လို ပတ်သက်တာလဲ၊ စာရေးတဲ့ ဘုန်းကြီးကို ဘယ်သူပြောတာတုန်းဆိုတာတွေအတွက် အဖြေမရှိဘူး။ အဲဒီလို ဘုရားဟော မရှိပါဘူး။ သံရောင် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရတိုက်မှာ နေစဉ်က ကိုရင်ဝတ်နဲ့ ဖတ်ထားဖူးတဲ့ စာတစ်ခု ... ခေါင်းစဉ်က “သံရောင်နှင့် မင်းမောင်”တဲ့။ စာရေးသူကို မမှတ်မိပါ။ မင်းမောင်ဆိုတဲ့ တောသားစာဂျပိုးလေး တစ်ယောက် သံရောင်ခေါ် နွားထီးလေးတစ်ကောင်ကို ဈေးပေါလို့ ဝယ်လာတယ်။ သံရောင်က ထိပ်အလယ်မှာ အဖြူရောင် “ပင်လယ်ရေသောက်ကွက် (အဓိပ္ပာယ်ကို မသိပါ)”နှစ်ခုပါတာ၊ ခွာပို (သို့မဟုတ် ခွာမှာ အတက်) ပါတာ၊ သွားတဲ့အခါ ခွာနဲ့ မြေကိုယက်တာတွေကြောင့် “ခိုက်တယ်’လို့ နာမည်ဆိုးရှိတယ်။ ယခင်ပိုင်ရှင်နှစ်ယောက်လုံး လူသေ၊ စီးပွားပျက်ဖြစ်ပြီးပြီ။ မင်းမောင်က သိလျက်နဲ့ ဝယ်လာတာ။ ဆိုးရွားတဲ့ တိုက်ဆိုင်မှုက သံရောင်အိမ်ရောက်လို့ မကြာခင် မင်းမောင်ရဲ့အမေ ရုတ်တရက် ဆုံးသွားတယ်။
မင်းမောင်ရဲ့အဖေက သားကို ကွန်မြူနစ် စာရူးဆိုပြီး အိမ်ပေါ်က နှင်ချတယ်။ မင်းမောင် စိတ်ညစ်ညစ်နဲ့ သံရောင်နဲ့အတူ အိမ်က ထွက်သွားတယ်။ တစ်ပတ်လောက် ကြာတော့ မင်းမောင်တစ်ယောက် သံရောင်ကို ဆွဲပြီး တက်ကြွတဲ့ဟန်နဲ့ ရွာကို ပြန်လာတယ်။ ထိုးထားတဲ့ ထီလက်မှတ်နဲ့ သိန်းဆု ပေါက်လာသတဲ့။ ဒါဖြင့် သံရောင်ဟာ အဆိုးလော၊ သို့တည်းမဟုတ် အကောင်းလော၊ သို့တည်းမဟုတ် အကောင်းအတွက် အဆိုးလောသို့တည်းမဟုတ် ဘာမှ မဟုတ်ဘူးလောဆိုတာကို အဲဒီဆောင်းပါးက စဉ်းစားခိုင်းတာပါ။
ဗုဒ္ဓဝါဒ
အာယု ဥသ္မာ စ ဝိညာဏံ၊ ယဒါ ကာယံ ဇဟန္တိမံ။ အပ၀ိဒ္ဓေါ တဒါ သေတိ၊ ပရဘတ္တံ အစေတနံ။ အသက် (ဇီဝိတိန္ဒြေ)၊ အငွေ့ (ကမ္မဇတေဇော)နှင့် ဝိညာဏ်ဟူသော တရားသုံးပါး မရှိတော့လျှင် ဤကိုယ်ခန္ဓာကို စွန့်ပစ်ပြီး စိတ်စေတနာမဲ့လျက် ပိုးလောက် စသည်တို့၏ အစာအဖြစ်ဖြင့် လဲနေရတော့၏ (သံ၊၂၊၁၁၇)။
အဲဒီကျမ်းစာအရ မြတ်ဗုဒ္ဓအလို သေပြီးရင် ဒီခန္ဓာကိုယ်ဟာ သစ်တုံးလို ဖြစ်သွားတယ်။ ဘုန်းကြီးတွေ ပျံတော်မူရင် သိက္ခာကျသွားတာပဲ။ ဒီတော့ သစ်သားရုပ်တုလို ဖြစ်သွားတာပေါ့။ သေပြီးခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ် မလုပ်ရဘူးဆိုတာမျိုး ဗုဒ္ဓကျမ်းဂန်မှာ ညွှန်ကြားချက် မရှိဘူး။ ဒါကြောင့် ဖော်ပြပြီးဖြစ်ရပ်တွေမှာ ပါတဲ့ ယုံကြည်မှုအားလုံးဟာ ဗုဒ္ဓဓမ္မနဲ့ မပတ်သက်ပါဘူး။
သူတို့နှစ်ဦး
လွန်ခဲ့တဲ့ ၁၀-နှစ်က ဘုန်းကြီးရဲ့ မိတ်ဆွေကြီး ရှင်တို ဗုဒ္ဓဝါဒီ ဂျိမ်းစ် (James McShea)က ဆုံးသွားတဲ့ သူ့အမေရဲ့ အရိုးပြာအိုး (မတ်ခွက်သာသာရှိတဲ့ ဖန်အိုးလေးမှာ သူ့အမေရဲ့ အပြုံးဓာတ်ပုံလေးနဲ့ အောက်မှာ နာမည်နဲ့ မွေးသေ ခုနှစ်ရေးထားတယ်)ကို blessing လုပ်ပေးဖို့ ဘုန်းကြီးကို သူ့အိမ်ကို ပင့်ဖူးတယ်။ နောက်ပိုင်း သူ့အိမ်ကိုရောက်တော့လည်း အဲဒီပြာအိုးလေးက သူ့ရဲ့ အိမ်ရုံးခန်းမှာ နေရာမရွေ့ဘူး။ သူ့အပြောအရ သူက အဖေနဲ့အမေမှာ အမေကိုပဲ ကျေးဇူးတင်ပါသတဲ့။
နောက်တစ်ဦးက David Junes။ သူ့ဇနီးကို အကြောင်းပြုပြီး ဘုန်းကြီးနဲ့ ရင်းနှီးတယ်။ ပြီးခဲ့တဲ့ ၂-နှစ်လောက်က သူ့ဇနီး မြန်မာအမျိုးသမီး ရုတ်တရက် ဆုံးသွားတာအတွက် အလွန်ကြေကွဲနေပြီး အရိုးအိုးကို သွားလေရာယူသွားတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီ (၂၀၁၆၊ ဖေဖော်ဝါရီလ)က ဘုန်းကြီးကျောင်းဝင်းထဲမှာ သူ့ကားအိမ်နဲ့ လာပြီး ၂-ပတ် တရားထိုင်တော့ သူယူလာတာကို ဘုန်းကြီးကို ပြတယ်။ သူ့ခွေးမတောင် အဲဒီအရိုးပြာအိုးကို သူ့သခင်မမှန်း သိနေပြီ။ “အိုး မိုင်ဂေါ့ဒ်”။
အမှတ်ရ
ရွာက ဆရာတော် ရန်ကုန်မှာ ပျံတော်မူလို့ မော်လမြိုင်ဆရာတော်၊ ဦးသုမင်္ဂလ (ဦးကျော်သူ-ကော့သောင်)၊ ဦးပဏ္ဍဝံသ၊ ဦးသုနန္ဒ၊ ဦးတေဇနိယ (ဦးတင်ရွှေ-ရွှေပြည်သာ)၊ ဦးကေလာသ (ဘုန်းကြီး၊ အဲဒီတုန်းက ရဟန်း ၁-ဝါရ)နဲ့ ဦးကုသလတို့ တပည့် ၇-ပါး အလောင်းကို စောင့်အိပ်ရတဲ့အခါ အလောင်းရှိတဲ့ဖက်က မအိပ်ရဲဖြစ်နေကြတာကို အမှတ်ရတယ်။ အဲဒီတုန်းက “ဒီမနက် ဆရာတော် အသက်ရှိတုန်း ကြောက်စိတ်မဖြစ်ဘဲ ခန္ဓာကိုယ်မှာ အသက်မရှိတာနဲ့ အနားကို မကပ်ရဲကြတော့ဘူး။ ငါ့အလောင်းဆိုရင်လည်း အားလုံးဒီလိုပဲ နေကြမှာ။ ကွယ်လွန်သူထားခဲ့တဲ့ စည်းစိမ်ကို သိမ်းပိုက်ပြီး အလောင်းနားကို မကပ်ရဲတဲ့ ဇနီးသားသမီးတွေလိုတော့ မဖြစ်သင့်ချေဘူး”လို့ တွေးပြီး ကိုယ့်ကိုယ်ကို မကြောက်စိတ်မွေးခဲ့ဖူးတယ်။
အဖြေ
ပုထုဇဉ်လောကသားတွေမှာ အစွဲကိုယ်စီရှိကြတယ်။ ဒါကို ပြင်ဖို့ခက်သား။ မေးခွန်းရှင်အနေနဲ့ ဒီအစွဲရှိမှ မရှိပဲ။ အခုအရိုးပြာအိုးကလည်း ကွယ်လွန်သူရဲ့ ညီလာရင် ပေးလိုက်နိုင်ဖို့ အိမ်မှာခေတ္တထားတာပဲလေ။ ဗုဒ္ဓဝါဒမှာက လူကို အမှုန်လို့ပဲ မြင်တာပါ။ ဘုန်းကြီးရဲ့ အာဘော်ကို ဖော်ပြချက်တွေမှာ တွေ့နိုင်မယ်လို့ ယူဆပါတယ်။ အိမ်ကို အရိုးပြာယူလာလို့ ခိုက်တယ်ဆိုရင် ... မွေးကင်းစကလေးဆုံးဖူးတဲ့ တောက မိခင်တွေ နောက်ထပ်ကလေးမွေးရင် လူသေထည့်တဲ့ ခေါင်းက သံကို ခြေကျင်းလုပ်ပြီး အဲဒီမွေးကင်းစလေးကို ဝတ်ပေးသတဲ့။ အဲဒီလိုလုပ်ရင် အဲဒီကလေး မသေတော့ဘူးဆိုပဲ။
ဘာမှတော့ မပတ်သက်ဘူး။ ဒါပေမယ့် တိုက်ဆိုင်မှုဆိုးကျိုး သို့မဟုတ် ကောင်းကျိုးတစ်ခု ဖြစ်လာရင် အဲဒါကြောင့်ပဲဆိုပြီး စွဲမိတတ်တယ်။ ဒါဟာ လောကရဲ့ အထာပဲ။
ဒါကြောင့် ကိုယ့်မှာ အစွဲအလန်းမရှိပေမယ့် ကိုယ်က လောကသားမို့ လောကရဲ့ အထာကို မစွန့်သင့်ဘူး။ ဥပမာ - မိတ်ဆွေတွေ အိမ်ကိုလာရင် အရိုးပြာအိုးလေးကို လှလို့ဆိုပြီး ထုတ်မပြပါနဲ့။ ဒီအိုးလေးက ကိုယ်နဲ့ပဲ သက်ဆိုင်တာလေ။ သူတို့နဲ့က တစ်စိမ်းကြီး။ သူတို့နဲ့ ပတ်သက်တာရှိလာတဲ့အခါ ကိုယ်ခံစားကြည့်ဦးမှာပေါ့။ ဧည့်သည်က စပ်စုလာရင်တောင် မကြားယောင်ဆောင်၊ မျက်နှာထားပြောင်း၊ စကားလွှဲပြီး တစ်နေရာကို ခေါ်သွားတာမျိုးဆိုရင် ပိုမကောင်းဘူးလား။
ဇွန် ၆၊ ၂၀၁၆။
၄၇၆။ ဝါဆိုသင်္ကန်းဟူသည်
ဘုန်းဘုန်း နေကောင်းရဲ့လား၊ ဝါဆိုသင်္ကန်းကပ်လှူတာနဲ့ ပတ်သက်ပြီး သိလိုပါသည် ဘုရား။ မြတ်စွာဘုရားလက်ထက်က ဝိသာခါအနာထပိဏ်တို့လို ဒကာဒကာမတွေ ဝါဆိုသင်္ကန်း ကပ်လှူကြပါသလား။ ဝါဆိုသင်္ကန်းကပ်လှူတာ ဘယ်လိုစတင်ခဲ့ပါသလဲ ဘုရား။
ဟိန်းသူရ-ချင်းမိုင်
---
ဝါဆိုခြင်း
ဝါဆို၊ ဝါဆိုသင်္ကန်းဆိုတာတွေကို အရင်လေ့လာကြည့်မယ် ... ‘ဝါဆို’ဆိုတာ သံဃာတွေ ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ညအိပ် ခရီးမသွားဘဲ ကျောင်းမှာပဲ ၃-လ နေတာ။ ဒါပေမယ့် လုံးဝမသွားရဘူးတော့ မဟုတ်ဘူး ... ၁) နာရေးနဲ့ ၂) တရားဟော တရားပြဆိုတဲ့ အကြောင်းထူးနှစ်ခုရှိရင် ဝါဆိုနေဆဲ ၇-ရက် ညအိပ်သွားနိုင်တယ်။ ၇-ရက်မြောက်နေ့ အရုဏ်မတက်မီ မိမိဝါဆိုတဲ့ ကျောင်းကို ပြန်ရောက်ရတယ်။ မိုးရွာနေတုန်း ဘတ်စ်ကားပေါ်မှာ ဘုန်းကြီးဆောင်းထီးကို သုံးပြုသလို သင်္ကန်းတွေ မိုးစိုရွှဲနေရင် ကိုယ်ရော ဘေးလူတွေပါ အဆင်မပြေဖြစ်ရလို့ “ရဟန်းတို့၊ ဝါဆိုကြ (ဝိ၊၃၊၁၉၃)”လို့ မြတ်ဗုဒ္ဓ မိန့်တော်မူတဲ့အတွက် ဝါဆိုကြရတာ။
ဝါဆိုပုံ ၂-မျိုး
ဝါမထပ်တဲ့နှစ်ဖြစ်ရင်..
၁) ဝါဆိုလပြည့်နေ့မှာ ဝါဆိုပြီး သီတင်းကျွတ်လပြည့်နေ့မှာ ဝါကျွတ်ခြင်း
၂) ဝါခေါင်လပြည့်နေ့ ဝါဆိုပြီး တန်ဆောင်မုန်းလပြည့်နေ့ ဝါကျွတ်ခြင်းလို့ ဝါဆိုပုံ ၂-မျိုး။
တစ်နည်း..
လမှတ်ပြက္ခဒိန် (Lunar Calender)အရ ဝါထပ် သို့မဟုတ် လထပ်တဲ့နှစ်ဆိုရင်တော့
၁) ဒုတိယဝါဆိုလပြည့်နေ့မှာ ဝါဆိုပြီး သီတင်းကျွတ်လပြည့်နေ့မှာ ဝါကျွတ်ခြင်း
၂) ဝါခေါင်လပြည့်နေ့ ဝါဆိုပြီး တန်ဆောင်မုန်းလပြည့်နေ့ ဝါကျွတ်ခြင်းလို့ ဝါဆိုပုံ ၂-မျိုး ရှိတယ်။
သင်္ကန်း ၉-မျိုး
ဝိနည်းအရ သင်္ကန်း ၉-မျိုး ရှိတယ်.. ၁) ခါးဝတ်သင်းပိုင် ၂) ကိုယ်ရုံဧကသီ ၃) ဒုကုဋ်ခေါ် ပခုံးပေါ်မှာတင်တဲ့ နှစ်ထပ်သင်္ကန်း ၄) အိပ်ရာခင်းအပေါ်လွှမ်း ၅) မျက်နှာသုတ်ပဝါ ၆) သင်္ကန်းမချုပ်ရသေးတဲ့ ပိတ်တိုဖျင်စများ (ရေစစ်ပဝါ၊ ခြင်ထောင်စသည်) ၇) နိသီဒိုင်ခင်းနှီး ၈) မိုဃ်းရေခံသင်္ကန်း ၉) အမာလွှမ်း (အနာလွှမ်း)သင်္ကန်းလို့ သင်္ကန်း ၉-မျိုး ရှိတယ် (ဝိ၊၃၊၄၁၂)။ အဲဒီ ၉-မျိုးထဲမှာ ပါဠိလို ဝဿိက.သာဋိကလို့ခေါ်တဲ့ အမှတ် ၈) မိုးရေခံသင်္ကန်း ဖြစ်ပေါ်လာပုံက...
မိုးရေခံသင်္ကန်း
ဗုဒ္ဓလက်ထက်က ရဟန်းအများစုဟာ ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံဧကသီ၊ ဒုကုဋ်ဆိုတဲ့ သင်္ကန်း ၃-ထည် (တိစီဝရိုက်)နဲ့သာ နေတဲ့ အလေ့အကျင့်ကို ဆောက်တည်ကြလို့ သင်္ကန်းအပိုမရှိကြဘူး။ မြတ်ဗုဒ္ဓ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးစဉ် လေးကျွန်းအနှံ့ မိုးသည်းတဲ့ တစ်နေ့ မြတ်ဗုဒ္ဓက သံဃာတွေကို ရေချိုးဖို့ မိန့်တော်မူရာမှာ ရေလဲမရှိလို့ သင်္ကန်းမပါဘဲ ရေချိုးကြတယ်။ ထိုအခိုက် ဝိသာခါအိမ်က ဆွမ်းစားလာပင့်တဲ့ အလုပ်သမားအမျိုးသမီး တွေ့မြင်ရာမှ ဝိသာခါကျောင်းအမကြီး သိသွားပြီး ဝိသာခါရဲ့ လျှောက်ထားချက်အရ မိုးရေခံသင်္ကန်းကို မြတ်ဗုဒ္ဓ ခွင့်ပြုတော်မူတယ် (ဝိ၊၃၊၄ဝ၄)။ မိုးရွာစဉ် အမိုးအကာမရှိရာမှာ မိုးရေချိုးဖို့ ခွင့်ပြုတဲ့သင်္ကန်းဖြစ်လို့ အနံဘုရားအထွာနဲ့ ၂-ထွာခွဲ၊ အလျားဘုရား ၆-ထွာရှိတယ် (ဝိ၊၂၊၂၂၄)။ အနံတိုပြီး အလျားရှည်တာကို တွေ့နိုင်တယ်။
သိက္ခာပုဒ်အရ မိုးရေခံသင်္ကန်းကို နယုန်လပြည့်နေ့မှ ကဆုန်လပြည့်ကျော် ၁၅ ရက်နေ့ထိ အလှူခံခွင့်သာရှိတယ်။ ဝတ်ရုံခွင့်မရှိ။ ဝါဆိုလဆန်း ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ၄-လခွဲအတွင်းမှာတော့ အလှူခံခွင့် ဝတ်ရုံခွင့် ရှိတယ်။ တန်ဆောင်မုန်း လပြည့်ကျော် ၁-ရက်နေ့မှ နယုန်လပြည့်နေ့ထိ ၇-လအတွင်း အလှူခံခြင်း ဝတ်ရုံခြင်း ပြုရင် အာပတ်သင့်တယ်။
ဝါဆို သို့မဟုတ် မိုးလေးလ သီတင်းသုံးတဲ့ သံဃာတစ်ပါး သို့ မဟုတ် သံဃာအများကို လှူတဲ့ သင်္ကန်းကို ဝဿာ.ဝါသိက (ဝါဆိုသင်္ကန်း)လို့ ခေါ်တယ်။ သံဃိကကျောင်း (သံဃာအများ ပိုင် လှူထားတဲ့ကျောင်း)မှာ ဝါတွင်းလေးလ နေထိုင်ပြီး ကျောင်း ကို စောင့်ရှောက်တဲ့ အတွက် သီတင်းကျွတ်တဲ့အခါ ကျောင်းဒကာက ကျေးဇူးတင်တဲ့ အနေနဲ့ ဖြစ်စေ၊ ကျောင်းဒကာ ဟုတ်သူတွေကလည်း ကြည်ညိုလို့ ဖြစ်စေ သီတင်းကျွတ်တဲ့ အခါ သင်္ကန်းလှူရင် ဒီသင်္ကန်းကို ဝါဆိုသင်္ကန်းလို့ ခေါ်တယ်။ ဝါဆိုပေးလို့ လှူတဲ့သင်္ကန်းလို့ ဆိုရင် သင့်မလား။ ဒီသင်္ကန်း အကြောင်းကို တိပိဋကပါဠိမြန်မာအဘိဓာန်မှာ အကျယ် ရှင်းပြထားပါတယ်။ အတိုင်းအထွာ သတ်မှတ်ချက် မတွေ့မိလို့ ဖော် ပြပြီး သင်္ကန်း ၉-မျိုးလုံး ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။ ထပ်တူ မကျ အထက်ပါ ဖော်ပြချက်တွေအရ “ဝဿိကသာဋိက’လို့ ခေါ်တဲ့ မိုးရေခံသင်္ကန်းရော “ဝဿာ.ဝါသိက”လို့ခေါ်တဲ့ ဝါဆိုသင်္ကန်းပါ ယနေ့ခေတ် လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းနဲ့ ထပ်တူ မကျဘူးလို့ တော့ မှတ်သားနိုင်ပါတယ်။ ဒါပေမယ့်...
လေးလပတ်လုံး နေ့စဉ်နီးပါး မိုးရွာလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ မိုး ရာသီမှာ နေ့စဉ် ဆွမ်းခံကြွကြရတဲ့ သံဃာတော်တွေ အပို သင်္ကန်း လိုအပ်နိုင်လို့ ဝါမဆိုမီ သင်္ကန်းကပ်လှူတဲ့ အစဉ်အလာ မြန်မာ့ ဗုဒ္ဓသာသနာရဲ့ အစောပိုင်းကပင် ရှိခဲ့ပုံပါပဲ။ ဝါဆိုမယ့် သံဃာကို ရည်မှတ်ပြီး လှူလို့ ‘ဝါဆိုသင်္ကန်း’ခေါ်တာ ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သံဃာကို ဝါဆိုခါနီး သင်္ကန်းလှူတာဟာ ကောင်းတဲ့ အစဉ်အလာပဲ။ ဒါကို မြန်မာဗုဒ္ဓဝါဒီတို့ ထိန်းသိမ်းရမှာပေါ့။ အချိန်အခါ အလိုက်လှူရတာ ဖြစ်လို့ ထူးခြားပါ တယ်။ ဘာကြောင့်ပဲ လှူလှူ အလှူဆိုတာ သဒ္ဓါတရား ထက်သန်ရင် အကျိုးပေး ထူးခြားမြဲပါ။
ဇွန် ၆၊ ၂၀၁၆။
---
၄၇၇။ ရဟန်းတွေ သင်္ကန်းမဲ့ ရေချိုးရင်
ဘုန်းဘုန်း ဘုရား၊ ရခဲလှသော ရဟန်းဘဝကို ခဏတဖြုတ်သာ ဝင်ရောက်ခဲ့ဖူး၍ ရဟန်းကျင့်ဝတ် တော်တော် များများကို မသိ သဖြင့် လျှောက်ထားချင်တာက ဘုရားရှင်က ရဟန်းသံဃာများ ရေချိုးလျှင် (ရေချိုးခန်းတွင်း၌ ပင်လျှင်) သင်းပိုင် သင်္ကန်း ဝတ်၍ ချိုးရန် ပညတ်ထားပါသလား ဘုရား။
ကိုမျိုးမြင့် မသန်းသန်းအေး (အော်စီ)
---
ဖုံးကွယ်ပုံ ၃-မျိုး
ရဟန်း သံဃာတို့ ရေချိုးတဲ့အခါ (၁) ဇရုံးအိမ်နဲ့ ဖုံးကွယ်ခြင်း (ဇန္တာဃရ.ပဋိစ္ဆာဒိ) (၂) ရေနဲ့ ဖုံးကွယ်ခြင်း (ဥဒက.ပဋိစ္ဆာဒိ) (၃) အဝတ်သင်္ကန်း (ရေသနုပ်၊ ရေလဲ သင်းပိုင်)နဲ့ ဖုံးကွယ်ခြင်း (ဝတ္ထု.ပဋိစ္ဆာဒိ)ဆိုတဲ့ ဖုံးကွယ်ခြင်း သုံးမျိုးနဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး ရေချိုးနိုင်တယ် (ဝိ၊၅၊၂၁၈)။ ဇရုံးအိမ်ဆိုတာ ဆီးနှင်းထူတဲ့အရပ်မှာ ဆီနှင်းကြောင့် ဖြစ်နိုင်တဲ့ ရောဂါကို ကာကွယ်ဖို့ (ဆောက်ထားတဲ့) ချွေးအောင်းနိုင်တဲ့ ကျောင်းငယ်ကို ခေါ်တယ် (ဝိမတိ၊၂၊၁ဝ၂)။ ရေ၊ ပြည့်အစုံရှိပြီး ရေလည်း ချိုးနိုင်၊ ချွေးလည်း အောင်းနိုင်တဲ့ ကျောင်းငယ်။ ခုခေတ် လုံခြုံတဲ့ ရေချိုးခန်း၊ ရေချိုးရုံတွေနဲ့ ဖုံးကွယ်ရင်လည်း ဖြစ်တယ်။ မြစ်၊ ချောင်း၊ ကန် စသည်ထဲ ဆင်းပြီး ချိုးတဲ့အခါ ရေလဲ သင်းပိုင် မဝတ်ဘဲ ရေနဲ့ ဖုံးကွယ်ပြီး ချိုးနိုင်တယ်။ ရေကြည်နေရင် သင်းပိုင် ဝတ်ရမယ်။
ဗုဒ္ဓဖြစ်မယ့်နေ့
ဗုဒ္ဓ လောင်းလျာဟာ နက်ဖြန်နံနက် ဘုရားဖြစ်မယ်ဆို ဒီနေ့လို မနက်က သူဌေးသမီး သုဇာတာလှူတဲ့ နို့ဆွမ်းပါတဲ့ ရွှေခွက်ကို အလှူခံပြီး နေရဉ္ဇရာ မြစ်ကမ်းကို သွား၊ ဘုရားလောင်း များစွာ တို့ ဘုရားဖြစ်မယ့် နေ့မှာ ဆင်းပြီး ရေချိုးလေ့ရှိတဲ့ “သုပ္ပတိဋ္ဌိတ.တိတ္ထ’ အမည်ရှိတဲ့ မြစ်ဆိပ်မှာ အဲဒီ ရွှေခွက်ကို ခဏချ၊ မြစ်ထဲကို ဆင်းပြီး ရေချိုးတယ်။ ပြီးတဲ့အခါ အရဟတ္တ.ဓဇ လို့ ခေါ်တဲ့ သင်္ကန်းကို ဝတ်ရုံ၍ အရှေ့ဖက်ကို မျက်နှာပြု ထိုင်ပြီး နို့ဆွမ်းကို ၄၉-လုတ် ဘုဉ်းပေးတော်မူတယ် (ဇာ၊ဋ္ဌ၊၁၊၈၁)။
ဘုရားဖြစ်တော့မယ့် ဗုဒ္ဓလောင်းလျာဟာ ရွှေခွက်ကို ရေ မမျှောခင် နေရဉ္ဇရာ မြစ်ထဲ ဆင်းပြီး ရေချိုးတယ် ဆိုတာကို ဘုန်းကြီးက စိတ်ဝင်စားတာ။ ရေချိုးပြီးမှ သင်္ကန်းကို ဝတ်ဆို မဟုတ်လား။ ဒီတော့ “ခန္ဓာကိုယ်ကို မြစ်ရေနဲ့ ဖုံးကွယ်ပြီး” ရေချိုးတာ ဖြစ်မယ်လို့ ဘုန်းကြီး ယူဆတယ်။
အပြစ်မရှိ
အထက်ပါ ကျမ်းစာတွေအရ “ရဟန်းသံဃာများ ရေချိုးလျှင် (ရေချိုးခန်းတွင်း၌ ပင်လျှင်) သင်းပိုင် သင်္ကန်း ဝတ်၍ ချိုးရန် ပညတ်ချက်” မရှိဘူးလို့ မှတ်ပါ။ ရေချိုးခန်းသည်ပင် အရှက်ကို လုံစေပြီး ဖြစ်လို့ ရေသနုပ် ဝတ်ထားသလိုပါပဲ။
ပြုသစ်စ ဒုလ္လဘ ရဟန်းအနေနဲ့ မိမိကိုယ်ကို ရဟန်းဆိုတဲ့ အမှတ်သညာ မပျောက်စေဘဲ ခန္ဓာကိုယ်ရဲ့ မတင့်တယ်ပုံကို အာရုံပြုရင်း အခန်းနဲ့ အဲဒီ ကိုယ်ခန္ဓာကို ဖုံးကွယ်ပြီး ရေချိုးရင် အပြစ် မရှိကြောင်းပါ။
ဇွန် ၉၊ ၂၀၁၆။
---
၄၇၈။ ဝိသကြုံနတ်သား
ဆရာတော် ဘုရား၊ ကျမ်းဂန်များ၌ ဝိသကြုံနတ်သား အကြောင်းကို မည်သို့ ပြဆိုထားပါသနည်း။ သိလိုပါသည် ဘုရား။
ဘိက္ခု အညတရ
---
လက်သမား
တစ်ခါက မဂဓတိုင်း၊ မစလရွာသား မဃလုလင်နဲ့ ပရဟိတ လူငယ် ၃၃-ဦးတို့ အဖွဲ့ဟာ မေတ္တာ နှလုံးသားနဲ့ အများအတွက် ရည်သန်ပြီး အဆောက်အုံတွေ ရေကန်တွေ တည်ဆောက်ကြသတဲ့။ ကွယ်လွန်တဲ့အခါ ခေါင်းဆောင် ဖြစ်သူ မဃလုလင်က သိကြားမင်း ဖြစ်ပြီး အဲဒီ ၃၃-ဦးကပဲ တာဝတိံသာ နတ်ပြည်ကို တည်ထောင်ခဲ့ကြတာ။ အဖွဲ့ထဲပါတဲ့ လက်သမားက ဝိသုကမ္မ နတ်သား ဖြစ်လာတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၇၃)။
ပါဠိဘာသာနဲ့ ဝိသုကမ္မ သို့မဟုတ် ဝိဿကမ္မ သက္ကတ ဘာသာနဲ့ ဝိဆွကာရ်မ (Visvakarma)၊ မြန်မာမှုမှာ ၀ိသကြုံဆိုတဲ့နတ်ဟာ တာဝတိံသာမှာ နေတဲ့ နတ်ဗိသုကာ၊ နတ်ဒီဇိုင်နာ တွေရဲ့ ခေါင်းဆောင်ပါပဲ။ လိုအပ်တဲ့ အခါတိုင်း သိကြားမင်းရဲ့ အလုပ်တွေကို လုပ်ပေးရတယ်။
မြတ်ဗုဒ္ဓဖို့
မြတ်ဗုဒ္ဓ သရက်ဖြူပင်ရင်းမှာ ယမိုက်ပြာဋိဟာကို ပြစဉ် ၁၂-ယူဇနာ ကျယ်တဲ့ ရတနာမဏ္ဍပ်၊ အဘိဓမ္မာတရား ဟောပြီးနောက် မြတ်ဗုဒ္ဓ တာဝတိံသာက လူ့ပြည်သို့ အဆင်းမှာလည်း ရတနာ စောင်းတန်းတွေ ဆောက်ပေးတယ် (ဇာ၊ဋ္ဌ၊၄၊၂၆၆)။ အနာထပိဏ်ရဲ့ သမီး စူဠသုဘဒ္ဒါ ပင့်လို့ မြတ်ဗုဒ္ဓနဲ့ ရဟန္တာ ငါးရာတို့ ဥဂ္ဂပုရမြို့သို့ ကြွစဉ်က ဝိသကြုံ ဆောက်လုပ်တဲ့ မဏ္ဍပ်မှာ သီ တင်းသုံးတော်မူတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၉၃)။ သာဝတ္ထိမှ သုနာပရန္တတိုင်း ဝါဏိဇ္ဇာသို့ ကြွစဉ် စုလစ်မွန်းချွန် အထွတ်တပ်တဲ့ ကျောင်းပေါင်း ငါးရာ ဆောက်လုပ်တယ် (မ၊ဋ္ဌ၊၄၊၂၃၈)။
ဗုဒ္ဓလောင်းဖို့
သိကြားမင်းရဲ့ အမိန့်နဲ့ ဘုရားလောင်း မဟာသုဒဿန စကြဝ တေး မင်းကြီးရဲ့ ဓမ္မ အမည်ရှိတဲ့ နန်းတော်ကို ဝိသကြုံက ဆောက်ပေးတယ် (ဒီ၊၂၊၁၄၇)။ ဒါ့ပြင် ဘုရားလောင်းတွေ ဖြစ် ကြတဲ့ သုမေဓပဏ္ဍိတ (ဇာ၊ဋ္ဌ၊၁၊၈)၊ ကုလပဏ္ဍိတ (ဇာ၊ဋ္ဌ၊၁၊၃၁၅)၊ ဟတ္ထိပါလ (ဇာ၊ဋ္ဌ၊၄၊၄၉၃)၊ အယော.ဃရပဏ္ဍိတ (ဇာ၊ဋ္ဌ၊၄၊၅၀၄)၊ ဇောတိပါလ (ဇာ၊ဋ္ဌ၊၅၊၁၃၉)၊ မဟာသုတ.သောမ (ဇာ၊ဋ္ဌ၊၅၊၂၀၁)၊ တေမိယ (ဇာ၊ဋ္ဌ၊၆၊၂၅)၊ ဝေဿန္တရ (ဇာ၊ဋ္ဌ၊၇၊၂၉၁)တို့ တောထွက်စဉ်ကလည်း သင်္ခမ်းကျောင်း တွေ ဆောက်လှူတာ ဝိသကြုံပါပဲ။ ဗုဒ္ဓဖြစ်မယ့် ဘဝမှာ ဘုရားလောင်း သိဒ္ဓတ္တမင်းသားရဲ့ မင်္ဂလာရေကန်တော်ကို တူးပေးသေးတယ် (အံ၊ဋ္ဌ၊၂၊၁၂၅)။
အလှပြင်သူ
ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ် တောထွက်မယ့် နေ့မှာ သိကြားမင်းက ဝိသကြုံကို ဘုရားလောင်းကို ခေါင်းလျှိုပြီး အဝတ်တန်ဆင်ပေးဖို့ လွှတ်လိုက်တာ (ဇာ၊ဋ္ဌ၊၁၊၆ဝ)၊ အလောင်းတော် နေမိမင်းသား တောထွက်မယ့် နေ့ကလည်း အလားတူ ဆောင်ရွက်ဖူးတာ (ဇာ၊ဋ္ဌ၊၆၊၁၄)တွေအရ တစ်ခါတစ်ရံ ဝိသကြုံကို အလှပြင်သူ အနေနဲ့လည်း တွေ့ရတယ်။
နောက်ပိုင်း
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးနောက် အဇာတသတ္တုမင်းက ဝေစုရတဲ့ ဓာတ်တော်တွေကို ဌာပနာတဲ့အခါ ဓာတ်တော်တိုက်ကို ရန်သူ တွေ မဖျက်နိုင်အောင် ဝါဠးသယ်တ စက်ယန္တရား (သားရဲရုပ် စက်)ကို တပ်ဆင်ပေးတာ၊ အသောကမင်း လက်ထက် ဒေသခံ လူငယ်တစ်ဦး အသွင်နဲ့ အဲဒီစက်ကို ရပ်ပေးတာလည်း ဝိသကြုံပါပဲ (ဒီ၊ဋ္ဌ၊၂၊၂ဝ၃)။ သီဟိုဠ်ကျွန်းကို သောနုတ္တရမထေရ် နဂါး ပြည်က ပင့်လာတဲ့ ဗုဒ္ဓဓာတ်တော်တွေကို မဟာစေတီ အတွင်း ဌာပနာတဲ့ အထိ ထားမယ့် မဏ္ဍပ်ကို ဆောက်လုပ်ပေးတယ် (မဟာဝံသ၊ ၃၁းရ၆)။ မဟာစေတီ ဆောက်မယ့် အုတ်တွေကို လည်း လုပ်ပေးတယ် (၂၈း၈)။ သီဟိုဠ်သို့ လက်ဆောင် ပေး မယ့် မဟာဗောဓိကိုင်းကို ထည့်မယ့် ရွှေအိုးကို တည်ဆောက်ရာမှာလည်း လမ်းညွှန်မှု ပေးခဲ့တယ် (၁၃း၂၄)။
အခြားသူများ
အရှင်ကောဏ္ဍည (သံ၊ဋ္ဌ၊၁၊၂၅၉)၊ အရှင်သာရိပုတ္တရာ (သံ၊ဋ္ဌ၊၃၊၂၅၂)၊ မဟာပဇာပတိဂေါတမီ (ထေရီဂါထာ၊ဋ္ဌ၊၁၆၀)တို့ ပရိနိဗ္ဗာန် စံစဉ်က သံဃာတော်တွေ သီတင်းသုံးဖို့ ကျောင်းတွေ၊ ဧည့်ခံမဏ္ဍပ်တွေ ဆောက်လုပ်တယ်။ ဘုရားလောင်း သုဝဏ္ဏသာမရဲ့ မိဘများဖြစ်ကြတဲ့ ဒုကူလနဲ့ ပါရိကာ အတွက် သင်္ခမ်းကျောင်း (ဇာ၊ဋ္ဌ၊၆၊၉ဝ)၊ ဘဒ္ဒဇိမထေရ် အလောင်း မဟာပနာဒ မင်းရဲ့ ရတနာပြာသာဒ် (ဇာ၊ဋ္ဌ၊၄၊၃၂၄)တွေ ဆောက်လုပ် ပေးတာ ထောက်ရင် ဝိသကြုံဟာ သူတော်ကောင်း တရားကို စောင့်သူ၊ ယင်းနဲ့ ပတ်သက်တဲ့ အခြားသူတွေကိုလည်း ကူညီ သူ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ငယ်မည်လော
ဝိသကြုံ (ဝိသုကမ္မ)ဟာ သူ့ရဲ့ နာမည်ရင်း သို့မဟုတ် ငယ်မည် မဟုတ်ဘဲ သူ့အလုပ်ကို အကြောင်းပြုပြီး တွင်တဲ့ အများသိ နာမည် သို့မဟုတ် ရုံးနာမည် ဖြစ်ဖွယ်ရှိတယ်။ ဘာကြောင့်ဆို သုရုစိ ဇာတ်တော်အရ မဟာပနာဒ မင်းအတွက် နန်းတော် ဆောက်လုပ်ပေးသူ ဝိသကြုံ နတ်သားဟာ အရှင်အနန္ဒာ ဖြစ်လာလို့ပါပဲ (ဇာ၊ဋ္ဌ၊၄၊၃၂၅)။ ဒါကြောင့် နတ်ပြည်မှာ ဝိသကြုံ တွေ တစ်ဦးမကလည်း ရှိနိုင်တယ်။
အဆိုကွဲ တစ်ခု
အဋ္ဌကထာ ကျမ်းတွေမှာ အဆိုနှစ်ရပ် ကွဲပြားနေတာကိုလည်း လေ့လာတွေ့ရှိရတယ်။ မဟာကဏှဇာတ်မှာ ကဿပဘုရားရှင်ရဲ့ သာသနာနောက်ပိုင်း လူတွေ တရားပျက်လို့ သိကြားမင်းက မုဆိုးအသွင်၊ နတ်သားတစ်ဦးက ခွေးနက်ကြီး အသွင်နဲ့ လူသားတွေကို ခြိမ်းခြောက်ပြီး သူတော်တရားကို စောင့်ထိန်းစေ ကြောင်း ဆိုတယ်။ ခွေးယောင်ဆောင်တဲ့ နတ်သားကို သုတ္တနိပါတ်အဋ္ဌကထာ (သုတ္တနိ၊ဋ္ဌ၊၁၊၂၁၈)မှာ ဝိသကြုံလို့ ဆိုတယ်။ ဒါပေမယ့် မူရင်း ဇာတ်အဋ္ဌကထာမှာ ခွေးယောင်ဆောင်သူဟာ မာတလိ ဖြစ်နေပါတယ် (ဇာ၊ဋ္ဌ၊၄၊၁၈၂)။
မိဘဆွေမျိုး
ဗုဒ္ဓ ကျမ်းဂန်တွေမှာတော့ ဝိသကြုံက လုပ်ပေးတာတွေကိုပဲ များများ တွေ့ရပေမယ့် ဝိသကြုံရဲ့ ဘဝ၊ မိသားစုနဲ့ ပတ်သက်တာကို များစွာ မတွေ့ရ။ E. W. Hopkins ဆိုသူ သုတေသန ပြုထားတဲ့ Epic Mythology ကျမ်းအရ ဝိသကြုံဟာ ပဘာသ နတ်ရဲ့သား (စာ-၁၈၁)၊ ဗြဟပ္ပတိရဲ့တူ (စာ-၁၈၁) ဖြစ်ကြောင်း ဆိုတယ်။ နတ်လက်သမား ဖြစ်ပြီး ရုပ်တုတွေ နတ်ရထားတွေ နတ်လက်နက်တွေ လုပ်တတ်ပါသတဲ့ (စာ-၈၁)။
ဇွန် ၁၀၊ ၂၀၁၆။
---
The Palace is crowded with officeseekers, fawing little souls who aspire to power. (Omar Kayyam, p. 16)
ထီးနန်းဆိုတာ ရာထူး လိုချင်သူတွေ၊ အာဏာအတွက် ဖားတတ် တဲ့ သေးနုပ်သူတွေ စုရုံးတဲ့ နေရာပဲ။
---
၄၇၉။ ဘုရားရှိခိုး မြန်မာပြန်
ဘုန်းဘုန်း ဘုရား၊ ပူးတွဲပါ ဘုရားရှိခိုး စာပိုဒ်ကလေးများရဲ့ မြန်မာပြန်ကို သိလိုပါသည် ဘုရား။
ခင်မေရီ (ကနေဒါ)
---
ဒကာမကြီး ပေးထားတဲ့ လက်နှိပ်စက်မူ စာပိုဒ် နှစ်ခုမှာ မူရင်း ပါဠိတော်၊ အဋ္ဌကထာ ကျမ်းတွေမှာ မပါတာရယ်၊ ပါဠိစာသွား မမှန်တာရယ်ကြောင့် ချန်ထားခဲ့ပါတယ်။ အဲဒီ စာရွက်ထဲက ကျမ်းဂန်မှာ ပါတာလောက်ကို မူရင်းအတိုင်း ကျအောင် တည်း ဖြတ်ပြီး မြန်မာပြန်ပေးလိုက်ပါတယ်။
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗ.ပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုည.က္ခေတ္တံ အနုတ္တရံ။
ဧတေန သစ္စ.ဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၉၃)
သတ္တဝါ အများ၊ ကောင်းကျိုးပွား၊ ဘုရား ပေါ်ထွန်းပြီ။
သတ္တဝါ အများ၊ ချမ်းသာပွား၊ တရား ပွင့်လင်းပြီ။
ကောင်းမှု မျိုးသာ၊ ကြဲချရာ၊ သံဃာ ရှိခဲ့ပြီ။
အမှန်စကား၊ ဆိုသောအား၊ ငါ့အား ချမ်းသာအမြဲတည်။
အသံထွက်
သမုပ္ပန္နော = သမုပ်.ပန်နော
ပုည.က္ခေတ္တံ = ပုံညက်.ခစ်တံ
အနုတ္တရံ = အနုတ်တရံ၊ ရကောက်သံ ပီစေ (a.nu.ta.ram)၊ အရုတ်.တယံလို့ မလုပ်နဲ့။
သောတ္ထိ = သွတ်ထိ
နမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ၀ိ.ပ္ပမုတ္တော.သိ သဗ္ဗဓိ။
သမ္ဗာဓ.ပဋိ.ပန္နော.သ္မိံ၊ တဿ မေ သရဏံ ဘ၀။
ဧတေန သစ္စ.ဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။ (သံ၊၁၊၄၈)
လုံ့လစွမ်းရှင်၊ ကျွန်းထိပ်တင်၊ ကုန်စင် လွတ်မြောက်သည်။
မလွတ်နိုင်သေး၊ သံသာဘေး၊ လွတ်ရေး အကျွန် ကိုးကွယ်ပြီ။
အမှန်စကား၊ ဆိုသောအား၊ ငါ့အား ချမ်းသာအမြဲတည်။
အသံထွက်
ဝီရတ္ထု = ဝီ.ရတ်.ထု (‘ဝိယက်ထု’လို့ မလုပ်မိစေနဲ့)
ဝိ.ပ္ပမုတ္တော.သိ = ဝိပ်.ပမုတ်တော.သိ
သမ္ဗာဓ.ပဋိ.ပန္နော.သ္မိံ = သမ်ဗာဓ.ပတိ.ပန်နော.သမိ
အရဟံ ဗုဒ္ဓေါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အ.ကာလိကော ဓမ္မော၊ ဓမ္မံ သရဏံ ဂစ္ဆာမိ။
သု.ပ္ပဋိပန္နော ဘဂ.ဝတော သာဝက.သံဃော၊ သံဃံ သရဏံ ဂစ္ဆာမိ။
ဧတေန သစ္စ.ဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ကိလေ ကင်းစင်၊ ဗုဒ္ဓရှင်၊ ကျွန်လျှင် ကိုးကွယ်သည်။
ကျင့်လျှင် ကျိုးရ၊ မြတ်ဓမ္မ, ကျွန်က ဆည်းကပ်သည်။
ကျင့်ကောင်း မြဲသား၊ သံဃာအား၊ ကျွန်ကား ဦးချသည်။
အမှန်စကား၊ ဆိုသောအား၊ ငါ့အား ချမ်းသာအမြဲတည်။
အသံထွက်
အရဟံ = အရ.ဟံလို့ ပီအောင်ဆို၊ “အာယားဟံ” မလုပ်မိစေနဲ့။
သု.ပ္ပဋိ.ပန္နော = သုပ်.ပတိ.ပန်နော
ဇွန် ၁၁၊ ၂၀၁၆။
---
၄၈၀။ ဝတ္ထုငွေ လှူဒါန်းခြင်း
အရှင်ဘုရား၊ ဘုန်းကြီး ရဟန်းကို အလှူငွေ ကပ်တဲ့အခါ ဘယ်ကြောင့် စာအိတ်ထဲမှာ ထည့်ရပါသနည်း။ စာအိတ်ပေါ်မှာ နဝကာမလို့ ရေးရမည်လား၊ ပစ္စည်းလေးပါး အလှူလို့ ရေးရ မည်လား၊ ဘယ်လို ရေးလျှင် ရဟန်းသံဃာများ အာပတ်မှ လွတ်နိုင်ပါသနည်း။ ဝတ္ထုငွေ လှူဒါန်းတာနဲ့ ပတ်သက်ပြီး ညွှန် ကြားပေးစေလိုပါသည် အရှင်ဘုရား။
နုစိန်ဝေ (NY)
---
ရဟန်းသံဃာကို အလှူငွေ ကပ်တာနဲ့ ပတ်သက်ပြီး ဘုန်းကြီးရဲ့ ခံယူချက်ကို ‘ရဟန်း ငွေမကိုင်ရ’ခေါင်းစဉ်နဲ့ မေးခွန်းအမှတ် ၇၁ (ပေါင်းချုပ်အမှတ် ၁၊ စာ-၂၇၂)၊ “အလျှော့အတင်း” ခေါင်း စဉ်နဲ့ မေးခွန်းအမှတ် ၁၈၂ (ပေါင်းချုပ်အမှတ် ၂၊ စာ-၆၂၄) တွေမှာ ရှင်းပြထားပါတယ် (အဲဒီ စာအုပ်တွေကို www.kela sa.org မှာ download ယူနိုင်ပါတယ်)။ ခေါင်းစဉ် မတူလို့ ယခု နည်းနည်း ပြန်ပြီး ရှင်းပြလိုက်ပါတယ်။
သိက္ခာပုဒ်
ရဟန်းဟာ “လှူလာတဲ့ ရွှေငွေကို ကိုယ်တိုင် ခံယူရင်၊ တစ်ယောက်ကို ယူလိုက်လို့ ခိုင်းရင်၊ ဘဏ်စသည်မှာ အပ်ထားတဲ့ ရွှေငွေကို လှူပါတယ်လို့ ပြောတဲ့အခါ ကိုယ်နှုတ်နဲ့ မပယ်မြစ်ဘဲ စိတ်ထဲ‘ကြိုက်နေရင်’` လှူပြီး ပစ္စည်းတွေကို စွန့်ပစ်ရမယ်၊ ပါ စိတ်အာပတ်လည်း သင့်တယ်။ ဒီသိက္ခာပုဒ်မှာ “၁) ရွှေငွေ ဖြစ် ခြင်း ၂) မိမိအတွက် ဖြစ်ခြင်း ၃) ကိုယ်တိုင် ခံယူခြင်း၊ အခြား တစ်ယောက်ကို ယူလိုက်လို့ ပြောခြင်း၊ လှူပါတယ်လို့ ပြောတာကို စိတ်ထဲက နှစ်သက် သာယာနေခြင်း”လို့ အင်္ဂါသုံးရပ် ရှိတယ်။ ဒါကြောင့် ..
အာပတ်မလွတ်
“၁) ဒေါ်လာ တစ်ရာတန်ကို ရဟန်း လက်ထဲ သွားပြီး ထည့်တယ် သို့မဟုတ် ဒေါ်လာ တစ်ရာတန်ကို စာအိတ်ထဲမှာ ထည့်ပြီး ဘုန်းကြီးအား စာအိတ်ကို ကပ်တယ်၊
၂) ဒေါ်လာ ထည့်ထားတဲ့ စာအိတ်မှာ နဝကမ္မ အလှူ သို့မဟုတ် ပစ္စည်းလေးပါး အလှူ သို့မဟုတ် ပစ္စည်းလေးပါး နဝကမ္မလို့ ရေးပြီးမှ သို့မဟုတ် ဘာမှ မရေးဘဲ ရဟန်းကို ကပ်တယ်၊
၃) ဒေါ်လာ ပြား ၅၀-ဆင့်ကို ပိုက်ဆံအိတ် သေးသေးမှာ ထည့် ကပ်တယ် သို့မဟုတ် ဒေါ်လာ တစ်သိန်းကို ပိုက်ဆံအိတ် ကြီးကြီးမှာ ထည့်ကပ်တယ်၊
၄) ချက်လက်မှတ်မှာ အရေအတွက် သတ်မှတ် ရေးသားပြီး လှူတယ်”လို့ ဆိုပါစို့။
ဘယ်လိုပဲ လှူလှူ၊ အလှူခံတဲ့ ရဟန်း အာပတ် မလွတ်ပါဘူး။ အတိအကျ ဆိုရင် အဲဒီ ပိုက်ဆံတွေကို စွန့်ပစ်ရမယ်၊ ပါစိတ်အမည်ရှိတဲ့ အာပတ်လည်း သင့်တယ်။
ရှင်းချက် ၁
အမှတ် ၁) မှာ .. ဒေါ်လာ တစ်ရာတန်ကို ရဟန်းရဲ့ လက်ထဲ သွားထည့်တာတော့ ပြောစရာတောင် မလိုပါဘူး။ ဘုန်းကြီးက ပိုက်ဆံကို လက်နဲ့ ထိတာနဲ့ ‘စွန့်၊ ပါစိတ်’လို့ အသံက မြည် သွားပြီ (မရယ်ပါနဲ့၊ မှတ်မိအောင်လို့ပါ)။ ငွေစက္ကူကို စာအိတ်ထဲ ထည့်လည်း မထူးပါဘူး၊ အပေါ်က အင်္ဂါသုံးရပ်နဲ့ ယှဉ်ကြည့်။ ဒီအထဲ ဘာပါတယ် ဆိုတာ သိနေတာပဲ။ အာပတ် သင့်တယ်။ ဆရာတော်တွေ ဣန္ဒြေ ရအောင်လို့ (ဒေါ်လာ အချပ်လိုက်ဆို ကြည့် မကောင်းဘူး) စာအိတ်ထဲ ထည့်ကပ်တဲ့ သဘောပါ။
ရှင်းချက် ၂
အမှတ် ၂) မှာ .. နဝ = အသစ်၊ ကမ္မ = အလုပ်။ နဝကမ္မ = အမှုသစ်၊ အလုပ်သစ်။ ဒီနေရာမှာ ’လိုရာသုံး” ဆိုတဲ့ အဓိပ္ပာယ် ပါ။ ‘ပစ္စည်းလေးပါး” ဆိုတာလေး ရှေ့က ထည့်လိုက်တော့ “ပစ္စည်းလေးပါး လိုရာသုံး”လို့ ဖြစ်မှာပေါ့။ ဆရာတော်တွေက စာရေးခိုင်းရာမှာ ရည်ရွယ်ချက် နှစ်ခု ရှိနိုင်တယ် ..
၁) အလှူရဲ့ ရည်ရွယ်ချက် (ဘယ်သူလှူ၊ ဘယ်သူ့အတွက် လှူ၊ ဘာကြောင့် လှူ)ကို သိချင်လို့ (ရေးပေးရင် အနည်းဆုံး မေတ္တာပို့တဲ့အခါ သတိရနိုင်လို့ သင့်မြတ်တယ်)
၂) ဆရာတော်ကို လှူတာလား၊ ကျောင်းရံပုံငွေလား ဆိုတာ သဲကွဲအောင်လို့ ရေးခိုင်းတာလည်း ဖြစ်နိုင်တယ်။
“ဘယ်လိုပဲ ရေးရေး” သို့မဟုတ် “စာရေးပြီး ကပ်၊ မရေး ဘဲ ကပ်” ဘယ်လို ကပ်ကပ်၊ အလှူခံ ရဟန်းကတော့ အာပတ် သင့်ပြီးသားပဲ။ အင်္ဂါ ၃-ရပ်နဲ့ တိုက်ကြည့်။ စာအိတ်ထဲ ဘာလဲ ဆိုတာ သိနေလို့ အမှတ် ၁) အင်္ဂါနဲ့ ငြိတာပဲ။ စာအိတ်ပေါ် ဘယ်လောက်လို့ ရေးထားရင် ပိုတောင် ထင်ရှားသေးတယ်။ (စကားမစပ်၊ မေးခွန်းမှာ “နဝကာမ’လို့ တွေ့တယ်။ အဲဒီ လို ရေးရင် အဓိပ္ပာယ် အနေနဲ့ ‘ပစ်စလက်ခတ်’ လွဲသွားနိုင် အတွက် ‘နဝကမ္မ’လို့ ကကြီးကို ရေးမချဘဲ မနှစ်လုံးဆင့်နဲ့ မှန်အောင် ရေးပါ။)
ရှင်းချက် ၃
အမှတ် ၃) မှာ .. အဲဒါတော့ ဘုန်းကြီးက စာရေးဆရာ ဉာဏ်နဲ့ နည်းနည်း ကွန့်ထားတာပါ။ ဆိုလိုတာက ‘၅၀ ဆင့် လှူလည်း ပါစိတ်အာပတ်၊ ဒေါ်လာ တစ်သိန်းလှူလည်း ပါစိတ်အာပတ်’ လို့ပါ။ အလှူခံ ရဟန်းရဲ့ စိတ်ထားနဲ့ လောဘ ဒီဂရီသာ ကွာရင် ကွာမယ်၊ အာပတ်ကတော့ အတူတူလို့ ဆိုလိုတာပါ။
ရှင်းချက် ၄
အမှတ် ၄) မှာ .. ချက်လက်မှတ် မကိုင်ဖူးခင်က “စာရွက်ကြီး’ လို့ ခပ်ပေါ့ပေါ့ပဲ ဘုန်းကြီး ထင်ခဲ့တာကို ဝန်ခံပါတယ်။ အမှန် တော့ ချက်လက်မှတ်ကို ငွေလို့ပဲ မြင်ပါ။ အလှူရှင် ရေးထားတဲ့ ဂဏန်းဟာ တန်ဖိုးပဲလေ။ အင်္ဂါသုံးရပ် စက်ကွင်းက မလွတ်နိုင်ပါဘူး။ အီမိုးရှင်း ဖြစ်လာလို့ နည်းနည်း ဆက်ဖတ်ကြည့်အုံး ..
ရိုးရိုးသားသား
ယနေ့ခေတ် ဝတ္ထုငွေ အလှူခံရာမှာ သာမန် ရဟန်းတစ်ပါး အနေနဲ့ အာပတ် လွတ်နိုင်ဖို့ ခက်ပါတယ်။ အဲဒါ မရှိရင်လည်း ခေတ်အခြေအနေ အရ ရပ်တည်ဖို့ မဖြစ်နိုင်လို့ သိလျက်နဲ့ မ လွှဲသာလို့ လုပ်ကြရာမှာ အချို့ ပုဂ္ဂိုလ်တွေက တစ်မူ ထူးပြပေ မယ့် မထူးနိုင်ဘူးလို့ပဲ ဘုန်းကြီး မြင်ပါတယ်။ “ငွေတော့ မကိုင် ဘူး၊ ဘဏ်စာရင်းတော့ အပ်ထားရတယ်” “အခန်းထဲ ရောက် တာနဲ့ ကပ္ပိယကို စစ်ဆေးတယ်”။ ဟော စစ်ဆေးပြီ ဆိုတာ နဲ့ နံပါတ် ၃) အင်္ဂါရပ်နဲ့ ငြိမနေဘူးလား။
ဒါကြောင့် ရဟန်းအဖြစ်က လျှောကျသွားစေတဲ့ အထိ အ ပြစ် မကြီးတဲ့အတွက် ‘အလှူခံတယ်၊ အာပတ်သင့်တယ် (ဒီအာ ပတ် မသင့်လည်း အခြားအာပတ် တစ်မျိုးနဲ့ မကင်းနိုင်ဘူးလေ) မစွန့်ဘူး’ ဆိုတာမျိုးကတောင် “ရိုးရိုးသားသား သိက္ခာရှိရှိ” ဖြစ်လို့ ဘုန်းကြီးကတော့ နှစ်သက်တယ်။ လွတ်နိုင်တဲ့ အခြေ အနေမှာ လွတ်အောင် ရှောင်မှာပေါ့။ ဟန်မဟုတ်ဘဲ အမှန် တ ကယ် လွတ်နိုင်တဲ့ ဆရာတော်တွေလည်း ရှိပါတယ်။ လွတ်နိုင်ရင် ဘုန်းကြီးတို့ရဲ့ ငယ်ဆရာ၊ ပျံတော်မူသွားပြီ ဖြစ်တဲ့ တန်းလွဲ- ရွာမ ဆရာတော်ကြီးဆို ဘုန်းကြီးတို့ ၃-ဝါရ လောက်မှာ ခေတ် ပေါ် ပိုက်ဆံတွေကို ဘာတန်မှန်းတောင် သိသွားပုံ မရ။ တစ်ခါ မှ ငွေကို အလှူခံတာ၊ ကိုင်တာကို ဘုန်းကြီး မတွေ့ဖူးခဲ့ပါ။ သူ့ အလုပ်က စာဖတ်၊ တရားထိုင်ပဲ။ တကယ့် ပိဋကတ်အိုးကွဲ ဖြစ်တဲ့ပြင် တစ်နယ်လုံးက ဘုန်းကြီးတွေရော လူတွေပါ လေး စား ကြည်ညိုတယ်။ တပည့်တွေက စီစဉ်ပေးလို့ လိုလေသေးမှ မရှိတာ။ အဲဒီလို အမှန်တကယ် လွတ်အောင် ကျင့်ကြံနိုင်ဖို့က အခြေအနေကောင်း လိုပါတယ်။
မလှူဘူး
“တပည့်တော်တို့က သံဃာတွေကို ငွေမလှူဘူး ဘုရား”လို့ ပြော တဲ့ ဒကာတွေနဲ့ ဆုံဖူးပါတယ်။ သူတို့ အကြောင်းပြဖွယ် ရှိတာ သူတို့အလှူက ဘုန်းကြီးတွေကို အာပတ်သင့်အောင် လုပ်တာဖြစ်လို့ ငရဲကြောက်လို့ မလှူဘူးလို့ ဖြစ်နိုင်ပါတယ်။ ဒါက သူ့ခံယူချက် ဖြစ်လို့ မဝေဖန်လိုပါ။ ဒါပေမယ့် သူ့အကြောင်းကို ဘေးမှာ ကြားတာက “အတော် စေ့တဲ့ လူကြီး”တဲ့။ ဒါဖြင့် ငွေ ကို မလှူသလို အခြားဟာကိုလည်း လှူဖြစ်ဖို့ အတော် စဉ်းစားမယ့် သဘောပဲ။ အလှူဆိုတာ စိတ်ထားမှန်ရင် စိတ်ထား တတ် ရင် အကျိုး မယုတ်နိုင်ပါဘူး။
နှလုံးသွင်း
သာသနာပြုရာမှာ “ခိုင်ကြည်တဲ့ သဒ္ဓါတရား (နာမည်ကြီးမှ ချဉ်း ကပ်တာမျိုး မဟုတ်)၊ အလျှော့အတင်း၊ အသင့်နှလုံးသွင်း၊ နား လည်ပေးနိုင်မှု၊ ခွင့်လွှတ်နိုင်ခြင်း၊ အပြစ်ကိုပဲ မြင်လေ့ မရှိခြင်း၊ အများနဲ့ လိုက်လျော ညီထွေ ရှိတတ်ခြင်း’တွေဟာ ဘုန်းကြီး ရော လူပါ အရေးကြီးတဲ့ အရည်အချင်းတွေပါ။
ဇွန် ၁၂၊ ၂၀၁၆။
၄၈၁။ အသောကမင်း မြွေဖြစ်သလား
မင်္ဂလာပါ ဘုန်းဘုန်း ဘုရား၊ တပည့်တော်ရဲ့ သူငယ်ချင်း ကိုယ်တော် ဘုန်းဘုန်းကို အမေးတခု လျှောက်ထားလိုပါတယ် ဘုရား။ မေတ္တာရှေ့ထားပြီး ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါတယ် ဘုရား။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ် ... ဒါဆို ရေတွင်း ရေကန် စေတီပေါင်း ၈၄၀၀၀ တည်ခဲ့တဲ့ အသောကမင်းကြီး ဘာလို့ သေပြီးနောက် မြွေဖြစ်တာလဲ၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ် ... ဒါဆို လက်ညှိုး လိုက်ဖြတ်နေတဲ့ အင်္ဂုလိမာလ ဘာလို့ ရဟန္တာ ဖြစ်ရတာလဲ ဘုရား။
စိန်ဝင်း
---
ဒီလိုနားလည်
မိမိပြုတဲ့ ကောင်းမှု သို့မဟုတ် မကောင်းမှုတိုင်းဟာ မိမိတို့ရဲ့ စိတ်ဖြစ်စဉ်မှာ ကောင်းကျိုး မကောင်းကျိုးကို တစ်ဖန် ဖြစ်ပေါ်စေမယ့် စွမ်းအင် အနေနဲ့ စုမိနေတယ်။ အဲဒီ သိုလှောင်စွမ်းအင်ဟာ အချိန်အခါ၊ ဖြစ်ရာ ဘုံဌာန၊ စီရင်ခွင့် ပြည့်စုံမှု၊ မပြည့်စုံမှု၊ အလေ့အကျင့်၊ အနီး အဝေး၊ အပေါ့ အလေး၊ ကြားဖြတ် ကျိုးပေး ... စတဲ့ အခြေအနေတွေအရ အကျိုးကို ဖြစ်ပေါ်စေတယ်’လို့ ကံရဲ့ သဘောကို နားလည်ပါ။ ဒီလို နားလည်လိုက်ရင်ပဲ “ကောင်းတာလုပ် ကောင်းတာဖြစ်၊ မကောင်းတာလုပ် ကောင်းတာဖြစ်’ဆိုတဲ့ နိယာမနဲ့ ပတ်သက်ပြီး ထပ်ဖြည့် စဉ်းစားစရာတွေ ရှိသေးတယ်လို့ တွေးမိလိမ့်မယ်။
သူ့တမလွန်
အသောကမင်းဟာ နောက်ဆုံး အနေနဲ့ သျှစ်သျှားသီး တစ်ခြမ်း (အန္ဓမာလက)ကို ပေးလှူပြီးနောက် ကွယ်လွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်တယ် ... (လောကပညတ္တိပါဌ်၊ ပေမူ၊ လိ-ကျော၊ နှစ်ကြောင်းမြောက်)။
မင်းကြီးဟာ ဒေါသစိတ်နဲ့ ကွယ်လွန်လို့ သေပြီးနောက် စပါးကြီးမြွေ ဖြစ်သွားတယ်။ ဒါပေမယ့် သားတော် မဟိန္ဒ မထေရ် တရားဟောရာမှာ ခုနစ်ရက် ဥပုသ်စောင့်ပြီး ကွယ်လွန်တဲ့အတွက် တာဝတိံသာမှာ ဖြစ်ပြန်တယ်(ဦးကုလား မဟာရာဇဝင် ၁၊ ၁ဝ၁)။
တာရနာထ (Taranatha, 1575-1634 A.D.) အမည်ရှိ မဟာယာန တိဗက် ရဟန်းတော် ရေးတဲ့ History of Buddlhism in India ကျမ်းမှာ ဆိုပုံက ..
နဂါးလော
မင်းကြီး ကွယ်လွန်ခါနီးမှာ ရေဆာရင် စားမယ့် ဖန်ခါးသီး လက်တစ်ဆုပ်စာပဲ ရှိတော့တယ်။ မိမိထံ ကြွလာတဲ့ ရဟန္တာတွေကို အဲဒီ ဖန်ခါးသီးကို လှူတယ်။ ရဟန္တာတွေက 'ထီးနန်းစံစဉ် လှူဒါန်းတဲ့ ရွှေသား ကိုးဆယ့်ခြောက် ကုဋေ အလှူထက် ဒီသျှစ်သျှားသီး အလှူက ပိုမြတ်တယ်”လို့ ဆိုကြတယ်။ မင်းကြီးဟာ အနီးမှာ ယပ်ခပ်နေတဲ့ အမျိုးသမီးက အိပ်ငိုက်ပြီး မိမိကိုယ်ပေါ်ကို ကျောက်စီယပ်တောင် လွတ်ကျတာကို စိတ်ဆိုးနေစဉ် (ဘုရင်သုံး ယပ်တောင်က လေးမယ့် သဘောရှိတယ်) စိတ်ဆိုး မပြယ်ခင် ကွယ်လွန်လို့ အဲဒီဒေါသကြောင့် ပါဋလိပုတ်မြို့ အနီး ကန်ကြီးတစ်ခုမှာ နဂါးဖြစ်ရတယ်။ ဒါပေမယ့် ရဟန္တာ အရှင်ယသမထေရ် ဟောပြမှုကြောင့် ထိုနဂါးဘဝမှာ ခဏသာ နေရပြီး ကွယ်လွန်တဲ့အခါ တုသိတာ နတ်ပြည်မှာ ဖြစ်တယ် (ယင်း၊ စာ-၆၅-၆၆)။
ကောက်ချက်
လောကပညတ္တိကျမ်း အဆိုနဲ့ ဦးကုလား မဟာရာဇဝင် အဆိုတွေကို မှန်နန်း (၁၊ ၁၇၃)နဲ့ တွင်းသင်း မဟာရာဇဝင် (၁၊ ၁၀) ကျမ်းတွေမှာ “သာသနာဝင် ကျမ်းကြီးတို့၌ မလာ”ဆိုပြီး ပယ်ထားတယ်။ ပယ်ခွင့် ရှိပါတယ်။ တာရနာထ အဆိုကိုလည်း မှန်တယ်လို့ မဆိုနိုင်ပါဘူး။ ဘာကြောင့်ဆို ဖော်ပြပါ ဖြစ်ရပ်တွေ အားလုံးက သမိုင်း အထောက်အထား မပြနိုင်လို့ပါ။ သီဟဠဝတ္ထုနဲ့ အခြား အိန္ဒိယ ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ရေးကြတာ ဖြစ်ဖွယ်ရှိတယ်။ ဒါပေမယ့် အနည်းဆုံးတော့ မင်းကြီးဟာ သေခါနီးမှာ စိတ်လက် မချမ်းမသာ ဖြစ်ပြီး ကွယ်လွန်ရတယ်လို့တော့ ဆိုနိုင်ပါတယ်။
အနီးကံ
ဗုဒ္ဓအဘိဓမ္မာအရ သေခါနီး စိုးမိုးနေတဲ့ စိတ်အစဉ်နဲ့အတူ ရှိတဲ့ သိုလှောင် စွမ်းအင်ဟာ အဲဒီ လူတစ်ယောက်ရဲ့ အနာဂတ် ဘုံဌာနကို ပုံဖော်သွားတတ်တယ်။ မဟာ.ဝါစ.ကာလ အမည် ဥပါသကာဟာ အနှစ် ၃ဝ ကြာ ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ရွတ်ဆိုပေမယ့် အလင်းနိမိတ်လောက်ကိုပင် မရနိုင်ဘဲ သေခါနီးမှာ ‘ဗုဒ္ဓ သာသနာဟာ သံသရာ လွတ်မြောက်ရေး လမ်းစဉ် ဖြစ်မယ် မထင်ဘူး”လို့ အယူလွဲမှားပြီး ကွယ်လွန်တဲ့ အတွက် သေပြီးနောက် မဟာဂင်္ဂါ မြစ်ထဲ မိကျောင်းကြီး သွားဖြစ်တယ် (အံ၊ဋ္ဌ၊၂၊၁၀၈)။ ကဲ ဒီဥပါသကာ ဖြစ်ပုံက အသောကမင်းရဲ့ ဖြစ်ရပ်နဲ့ မတူဘူးလား။
ကံအချင်းချင်း
အချို့ကံကို အချို့ကံက အကျိုးမပေးနိုင်အောင် တားထားတာမျိုးလည်း ရှိတယ်။ အဇာတသတ်ကို ကြည့်ပါလား။ တစ်သက်လုံး ဗုဒ္ဓဘုရားကို အလွန် ကြည်ညို လေးစားခဲ့ပေမယ့် ငယ်စဉ်က မှားမိတဲ့ အဖသတ် အကုသိုလ်ကံက တားမြစ်ထားလို့ သေပြီးနောက် ဘဝကူးမကောင်းခဲ့ပါဘူး။ ဒီလိုပဲ အကုသိုလ်ကံကို အကျိုး မပေးအောင် တားဆီးနိုင်တဲ့ အင်းအားပြင်းတဲ့ ကုသိုလ်ကံတွေ ရှိတယ်။ အရှင်အင်္ဂုလိမာလပေါ့။ ခိုးသားဘဝက သတ်ခဲ့၊ ဖြတ်ခဲ့တာတွေကို အရဟတ္တ မဂ်စေတနာက တမလွန် အကျိုးပေးခွင့် မရှိတော့အောင် တားမြစ်တယ်။ သူ့အမေရဲ့ လက်ညှိုးကို ဖြတ်မိရင်တော့ မဂ်စေတနာ ဖြစ်ခွင့် မရှိနိုင်တော့ဘူး (အံ၊ဋ္ဌ၊၂၊၁၁၁)။
မတားမြစ်ဘူး
အင်္ဂုလိမာလ ရဟန္တာဖြစ်မှာကို မြတ်ဗုဒ္ဓက သိတယ်။ ဒါကြောင့် အချိန်မီ သွားပြီး တရားပြ၊ လက်နက်ချလို့ အဲဒီလို အခြေအနေမျိုး ဖြစ်သွားတာ။ ဒါပေမယ့် ပစ္စုပ္ပန်ကျိုး အနေနဲ့ မကျေနပ်သူတွေက ဆွမ်းခံကြွတုန်း ခဲနဲ့ပေါက်လို့ ခေါင်းကွဲ နားပန်းပဲ ဖြစ်ရသေးတယ်။ သူ့အသက်ကို သတ်ဖူးပေမယ့် “အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဗုဒ္ဓဘုရားကို သွေးခြည် ဥအောင်လုပ်၊ သံဃာသင်းခွဲဆိုတဲ့ အနန္တရိယကံ (သေပြီးနောက် အကျိုးပေး တဲ့ကံ) ငါးမျိုးကို မကျူးလွန်ရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မတားမြစ်ဘူးလို့ ဗုဒ္ဓဝါဒက ယူဆတယ်။
ကံဟုမူလ
လောကမှာ အရာအားလုံးဟာ .. ကံကြောင့်ချည်း ဖြစ်ကြတာ မဟုတ်ဘူး။ နေ့တိုင်း တရားထိုင်လို့၊ ဆွမ်းလောင်းလို့ ဆိုပြီး မီးပုံထဲ ခုန်ဆင်းကြည့်ပါလား။ မာလက ဈာန်ကြွမှာပဲ။ ကျားသောင်းကျန်းတဲ့ နေရာကို သွားလို့ ကျားကိုက်ခံရရင်လည်း ကံမကောင်းတာလို့ ကံကိုချည်း ယိုးစွပ်လို့ မဖြစ်နိုင်ဘူး။ ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးဆုံမှ အကျိုး ဖြစ်ထွန်းတယ် ..
“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့် (မဃဒေဝ၊ ပိုဒ်-၂၄၅)’တဲ့။
ရိပ်မိလောက်ပါပြီ။
ဇွန် ၁၆၊ ၂၀၁၁၆။
---
၄၈၂။ မှတ်စုထဲက အသောကမင်း
အရှင်ဘုရား၊ အသောကမင်းကြီး အကြောင်းကို သိလိုပါသည်။ အထူးသဖြင့် သူရဲ့ ငယ်စဉ်ဘဝ၊ ဗုဒ္ဓဘာသာ ဖြစ်လာပုံ၊ နှစ်ပေါင်း ဘယ်လောက်ကြာ နန်းစိုက်ခဲ့တယ်၊ အသောကမင်းကြီး နတ်ရွာစံခါနီး အကြောင်းနဲ့ ဘယ်မှာ နတ်ရွာစံတယ်၊ နတ်ရွာစံပြီးနောက် စပါးကြီးမြွေ ဖြစ်သွားတာ ဟုတ်မဟုတ် ဆိုတာတွေကို သိလိုပါသည် အရှင်ဘုရား။
အောင်ဆန်းဦး (Phoenix, AZ)
လေ့လာပြီးသား အဆင်သင့် ရှိနေတာနဲ့ မေးခွန်းလောက်သာ မကဘဲ အသောကမင်း အကြောင်း မှတ်စုရှိသမျှ ခပ်စုံစုံ စုတ်ကြမ်းကြမ်းနဲ့ ခြယ်ပေးလိုက်ပါတယ်။ အမှားအမှန် ယုတ္တိကို အထူးပြု လေ့လာခြင်း မဟုတ်ဘဲ တွေ့ထား မှတ်ထားတာတွေကို စုစည်း တင်ပြခြင်းသာ ဖြစ်ကြောင်းပါ။
နာမည်များ
‘အသောက၊ အသောကဓမ္မ, ဒီပစက္ကဝတ္တိ (ဝိ၊ဋ္ဌ၊၁၊၂၆၈)၊ ပိယဒဿီ (ဒီပဝံသ၊ မဟာဝံသ)၊ ဒေဝါနံ ပိယဒဿီ (ကျောက်စာ)’ ဆိုတဲ့ အမည်တွေနဲ့ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတယ်။ အဆုံးအမကောင်းနဲ့ မတွေ့ခင်က အတော် ကြမ်းခဲ့ပုံပဲ။ မိမိ ဘုရင်ဖြစ်ဖို့ သို့မဟုတ် မိမိရဲ့ အာဏာအတွက် အဖေတူ အမေကွဲ ညီအစ်ကို ၉၉-ယောက်ကို သတ်ပစ်တာ၊ ဆန့်ကျင် တိုက်ခိုက်တဲ့ စစ်သား များစွာကို ကွပ်မျက်ခဲ့တာတွေကြောင့် စဏ္ဍာသောက (အသောက လူကြမ်း) အမည်နဲ့လည်း ထင်ရှားတယ် (မဟာဝံသ၊ ၅း၁၈၉)။ ဗုဒ္ဓဝါဒီ ဖြစ်ပြီးနောက် မှန်ကန်တဲ့ ဆောင်ရွက်မှုကြောင့် ဓမ္မာသောကလို့ ထင်ရှားခဲ့တယ် (မဟာဝံသ၊ ၂၀း၆)။
မိဘ၊ မွေးရပ်
မဇ္ဈိမနိကာယ် မဟာသီဟနာဒသုတ်အဖွင့် သီဟိုဠ်ဘာသာ အဋ္ဌကထာကျမ်းရဲ့ အဆိုကို ကိုးကားပြီး မဟာဝံသဋီကာ (P.T.S. မူ၊ အတွဲ ၁၊ စာ-၁၉၃)မှာ ဖော်ပြပုံက .. အသောကရဲ့ မိဘတွေက မောရိယအနွယ် စန္ဒဂုတ္တမင်းရဲ့ သားတော် ဗိန္ဓုသာရမင်းနဲ့ မောရိယအနွယ် ဓမ္မာ အမည်ရှိ မိဖုရားခေါင်ကြီး ဖြစ်ပါတယ်။ မင်းသား ငယ်စဉ်က ဖခင်ရဲ့ ရင်ခွင်မှာ ကစားနေဆဲ မင်္ဂလာ ခရုသင်းကို မင်းသားရဲ့ လက်ထဲ ထည့်လိုက်တဲ့အခါ မင်းသားက အဲဒီ ခရုသင်း ခွက်ထဲ ကျင်ငယ် စွန့်ချသတဲ့။ ဖခင်ကလည်း ကျင်ငယ်ရည်ကို မင်းသားရဲ့ ခေါင်းပေါ်က လောင်းချတဲ့အတွက် မိခင်က စိတ်ဆိုးပြီး ပုဏ္ဏားဆရာတွေကို နိမိတ် ဖတ်ခိုင်းရာမှာ “ဇမ္ဗူဒိပ်ကို စိုးမိုးမယ့် ဘုရင်လောင်းလို့ ဟောသတဲ့။
အဲဒီ ဖော်ပြပုံတွေအရ မြို့တော် ပါဋလိပုတ် နန်းတော်မှာပဲ မွေးဖွားခဲ့ဖွယ် ရှိတယ်။
တိဗက် ရဟန်းတော် သမိုင်းဆရာ တာရနာထရဲ့ အလို အရ ... စန္ဒမင်းဆက်၊ နေမိတမင်းဟာ ကုန်သည် တစ်ဦးရဲ့ ဇနီးနဲ့ ရည်ငံပြီး သားတော်တစ်ပါး ဖွားမြင်တယ်။ ထိုမင်းရဲ့ မိခင် ကွယ်လွန်တဲ့နေ့မှာ မွေးဖွားလို့ သောကကို ကုန်စေတဲ့ အတွက် အဲဒီသားကို အသောကလို့ ခေါ်တွင်ကြောင်း ဆိုတယ်။ အဲဒီ ကျမ်းမှာ အခြား ဝါဒကွဲတွေ၊ ပါးစပ်ရာဇဝင် အတော်များများကိုလည်း ဖော်ပြထားတယ် (Taranatha, 1575-1634 A.D., History of Buddhism in India, p. 50)
မိလိန္ဒပဉှကျမ်း (စာ၊ ၁၂၅)မှာ အသောကမင်းအား ဂင်္ဂါမြစ် ရေ ပြောင်းပြန် စီးသွားစေတဲ့ အထိ သစ္စာပြုပြတဲ့ ဗန္ဓုမတီ အမည်ရှိ ပြည့်တန်ဆာမရဲ့ အကြောင်းကို အရှင်နာဂသိန်က ရည်ညွှန်း ဖော်ပြပုံကို ထောက်ရင် မင်းကြီးနဲ့ ပတ်သက်ပြီး အစဉ်အလာ ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပုံရတယ်။
အိမ်ရှေ့စံ
အရွယ် ရောက်တဲ့အခါ ဗိန္ဒုသာရမင်းက အသောကကို အိမ်ရှေ့မင်းရာထူးနဲ့ အဝန္တိတိုင်းကို အပိုင်စားပေးပြီး ဥဇ္ဇေနီမြို့မှာ သွားနေခိုင်းတယ်။ ဥဇ္ဇေနီသို့အသွား လမ်းခရီးရှိ ဝေဋိသရီ မြို့မှာ ခေတ္တနေခိုက် ဝေဋိသသူဌေးရဲ့ သမီးနဲ့ အကြောင်းပါပြီး ကိုယ်ဝန်ရတဲ့အခါ ဥဇ္ဇေနီကို ခေါ်သွားတယ်။ အဲဒီ သူဌေးသမီးရဲ့ နာမည်က “ဒေဝီ”လို့ ခေါ်တယ် (ဒီပဝံသ၊ ၆း၁၆)။ ဒေဝီရဲ့ မိသားစုဟာ ဝိဍုဘမင်းရဲ့ ရန်ကြောင့် ထွက်ပြေးခဲ့တဲ့ သကျမျိုး ဖြစ်တယ် (မဟာဗောဓိဝံသ၊ P.T.S. မူ၊ စာ-၉၈)။
အ၀န္တိတိုင်းကို အုပ်ချုပ်ရင်း ဥဇ္ဇေနီမြို့မှာ နေစဉ် သားတော် မဟိန္ဒကို မွေးဖွားတယ်။ နောက် ၂-နှစ် အကြာ သမီးတော် သံဃမိတ္တာကို ဖွားမြင်တယ် (သာရတ္ထ၊ဋီ၊၁၊၁၅၃)။
ထီးနန်းရ
ထိုစဉ် အသည်းအသန် နာမကျန်း ဖြစ်နေတဲ့ ဖခင် ဗိန္ဒုသာရ မင်းက ပြန်ခေါ်တဲ့အတွက် မိသားစုကို ဋိသရိမြို့မှာ ထားခဲ့ပြီး ပါဋလိပုတ်ကို အမြန် လိုက်သွားတယ်။ နန်းသက် ၂၈-နှစ် (သာသနာ ၂၁၄-နှစ်) မှာ ဖခင် ဗိန္ဒုသာရမင်း နတ်ရွာစံတဲ့အခါ အသောက မင်းသားက ထီးနန်းကို သိမ်းပိုက်တယ်။ နောင် တော် သုမနမင်းသား ကြားသိလို့ အခြား ညီတော် ၉၈-ဦးနဲ့ ပူးပေါင်းပြီး ... တိုက်ခိုက်ပေမယ့် အသောကမင်းက ယင်းတို့ အားလုံးကို သုတ်သင်ပစ်တယ်။ အဲဒီနောက် မဟိန္ဒနဲ့ သံဃမိတ္တာတို့ နန်းတော်ကို လိုက်လာကြပေမယ့် မိခင်ကတော့ မွေးရပ်မြေမှာပဲ နေခဲ့တယ် (သာရတ္ထ၊ဋီ၊၁၊၁၂၇။ ၁၅၄)။ နန်းတော်မှာ အသန္နိမိတ္တာကို မိဖုရားခေါင် တင်မြှောက်ထားလို့ ဖြစ်ဖွယ်ရှိတယ် (မဟာဝံသ၊ ၅း၈၅)။
အသောကမင်းက အမေကွဲ ညီအစ်ကိုတွေကို ကွပ်မျက် ချိန်မှာ မဟိန္ဒမင်းသား အသက် ၁၀-နှစ် ရှိပြီ (ဒီပဝံသ၊ ၆း၂၂)။ အသောကဟာ လူများစွာကို ကွပ်မျက်ခဲ့ဖွယ် ရှိတယ်။ လိင်္ဂစစ်ပွဲ တစ်ခု အတွင်းမှာပဲ လူ ၁-သိန်း ၅-သောင်းကို အကျဉ်းချပြီး၊ လူ ၁-သိန်းကို သတ်ဖြတ်ခဲ့တယ်(Vincent A. Smith, Early History of India, p.157)|
အဆိုကွဲ
တာရနာထရဲ့ ကျမ်းစာအရ .. ဖခင် ကွယ်လွန်ချိန် အစ်ကို ၆- ယောက်ကို သတ်ပြီး ထီးနန်းကို သိမ်းတယ်။ အခြား မြို့ ရွာတွေကိုပါ တိုက်ခိုက် အောင်မြင်တဲ့ အတွက် အလွန် ခက်ထန် မာန်တက်နေစဉ် ပုဏ္ဏားဆရာက လူတစ်သောင်းကို သတ်နိုင်ရင် အင်ပါယာ ဒီထက် ကျယ်ပြန့်မယ်ဆိုလို့ ဧရာမရုံကြီး တစ်ခု ဆောက်လုပ်ပြီး “လူတွေကို ဒီရုံထဲ ပို့ပေးမယ်၊ တစ်သောင်း ပြည့်တဲ့ထိ ဝင်သမျှ လူတွေကို သတ်စေ’လို့ ဒွန်းစဏ္ဍား တစ်ယောက်ကို အမိန့် ပေးထားတယ်။
အသောကရဲ့ အဲဒီ ငရဲခန်း အပျက်အစီးကို တရုတ် ဘုရားဖူး ခရီးသည် ဖာဟီယန် (အေဒီ ၄-ရာစု)ရော ဟူယင်ဆန် (အေဒီ ရ-ရာစု)ပါ ဖော်ပြကြတယ် (ညွှန်းပြီး၊ စာ-၅၄)။
အဘိသိက်ခံ
ထီးနန်း ရပြီး လေးနှစ်အကြာ၊ သာသနာနှစ် ၂၁၈၊ သားတော် မဟိန္ဒ မင်းသား သက်တော် ၁၄-နှစ်မှာ အဘိသိက်ခံတယ် (ဒီပဝံသ၊ ၆း၂၃)။ အဘိသိက် ခံပြီးနောက် မင်းကြီးရဲ့ စက်ဟာ ကောင်းကင်အထက် တစ်ယူဇနာ၊ မြေကြီးအောက် တစ်ယူဇနာ အရောက် ပြန့်နှံ့တယ်။ နတ်ဒေဝါတွေက နေ့တိုင်း ဟိမဝန္တာအရပ်ရှိ အနောတတ္တအိုင်က ရေနဲ့ အခြား ဇိမ်ခံ အသုံးအဆောင်တွေကို ဆက်ကပ်ရတယ်။ ယက္ခတွေ နာဂတွေလည်း မင်းကြီး ခေါ်ရင် လာရတယ် (မဟာဝံသ၊ ၅း၂၂)။
အလင်းသို့
အသောကရဲ့ မိခင်ဖက်က မိသားစုက ဇနသာန အမည်ရှိတဲ့ အာဇီဝက(အဝတ်မဲ့) ဆရာကြီးကို ကိုးကွယ်တယ်။ ဒါကြောင့် အသောကလည်း အစပိုင်းမှာ ယင်းတို့ကို ကိုးကွယ်ပုံ ရတယ်။ အဘိသိက်ခံပြီး ၄-နှစ် အကြာ .. တစ်နေ့မှာ မိမိ ကိုးကွယ်ဆဲ ပုဏ္ဏား ပရိဗိုဇ်တွေရဲ့ ဣန္ဒြေ မငြိမ်သက်ပုံကို ငြီးငွေ့စိတ် ဖြစ်နေစဉ် နိဂြောဓအမည်ရှိ ကြည်ညိုဖွယ် ရဟန္တာ သာမဏေငယ် နန်းဆောင် ပြတင်းပေါက်မှ ဖူးတွေ့မိရာက နန်းတော်ထဲ ကိုပင့်၊ တရားကိုနာယူပြီး ဗုဒ္ဓဝါဒီ ဖြစ်လာတယ်။ ယင်းနောက် ဗုဒ္ဓ၊ ဓမ္မ, သံဃာကို ပူဇော်မှုတွေ ပြုတယ် (ဝိ၊ဋ္ဌ၊၁၊၃၅)။ နိဂြောဓသာမဏေဆိုတာ .... အသောကမင်း နန်းတက်ခါ ညီအစ်ကိုတွေကို သုတ်သင်စဉ် အသတ်ခံရတဲ့ အစ်ကိုတော် သုမနမင်းရဲ့ သားတော်။ မိခင်က မထင်မရှား အသွင်နဲ့ သူ တောင်းစား ရွာမှာနေပြီး မွေးဖွားခဲ့ရတာ (ဝိ၊ဋ္ဌ၊၁၊၃၄)။ အသောကမင်း ဗုဒ္ဓဝါဒီအဖြစ် ခံယူတာဟာ ကာလိင်္ဂစစ်ပွဲ မတိုင်ခင်က ဖြစ်ကြောင်း အချို့ သုတေသီတို့ ဆိုကြတယ် (R. Mookherji, Asoka, p. 23)
ဗုဒ္ဓဝါဒီ ဖြစ်သွားတဲ့အခါ အဟောဂင်္ဂါ အရပ်မှ ကြွလာတဲ့ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကို ဂင်္ဂါမြစ် အတွင်း ဒူးဆစ် ပမာဏရှိ ရေထဲကို ဆင်းပြီး ကြိုဆိုခဲ့တယ်(ဝိ၊ဋ္ဌ၊၁၊၄၃)။ မထေရ်မြတ် ပါဋလိပုတ်မြို့ ဘုရင့် အပန်းဖြေ စံဥယျာဉ်မှာ သီတင်းသုံးစဉ် ဗုဒ္ဓဝါဒကို သင်ယူတယ် (ဝိ၊ဋ္ဌ၊၁၊၄၅)။
ကကုသံ ကောဏာဂုံ ကဿပ ဂေါတမဆိုတဲ့ ဘုရားလေး ဆူလုံးကို မြင်ဖူးတဲ့ ကာလဠ နဂါးက ဘုရားရှင်ရဲ့ ပုံတော်ကို ဖန်ဆင်းပြတဲ့အခါ မင်းကြီးဟာ အလွန် အားရ ကြည်ညိုခြင်း ဖြစ်ပါသတဲ့ (မဟာဝံသ၊ ၅၊ ၈၉-၉၄)။
အဆိုကွဲ
တာရနာထ အလိုအရ ... အသောကရဲ့ အမိန့်နဲ့ ဆောက်ထားတဲ့ ယဇ်အိမ်မှာ လူငါးထောင် သတ်ပြီးတဲ့ တစ်နေ့မှာ ပိဋကတ်တတ်ကျွမ်းတဲ့ ကိုရင်ငယ် တစ်ပါး အဲဒီ ယဇ်အိမ်ကို မှားဝင်မိတယ်။ ဒွန်စဏ္ဍား လူသတ်သမားက သာမဏေကို ဓားနဲ့ ခုတ်သတ်မည် ပြုစဉ် ကိုရင်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ခုနှစ်ရက် ပြည့်မှ သတ်ဖို့ သဘောတူတယ်။ သာမဏေဟာ ရ-ရက် အတွင်း ပြင်းစွာ တရား အားထုတ်တဲ့အတွက် ရဟန္တာဖြစ်ပြီး ဈာန်တန်ခိုးတွေ ရသွားတဲ့အခါ လူသတ်သမားက ဆီပူအိုးထဲ ထည့်ပြီး သတ်ပေမယ့် မသေတော့ဘူး။
ဒီအကြောင်းကို အသောက မင်းကြီး သိတဲ့အခါ ကိုရင်ကို အလွန် ကြည်ညိုသွားပြီး ကိုရင်ငယ်ရဲ့ ဟောပြမှုနဲ့ မင်းကြီးရော လူသတ်သမားပါ ဗုဒ္ဓဝါဒီ ဖြစ်သွားကြတယ်။ အသောကာဝဒါန ကျမ်းစာအရ ဒီကိုရင်ငယ်ရဲ့ ဘွဲ့အမည်က သမုလို့ ခေါ်တယ် (ညွှန်းပြီး၊ စာ-၅၅)။
မွေးချင်းတွေ
ဗိန္ဒုသာရမင်းမှာ မိဖုရား ၁၆-ပါးနဲ့ သားတော် ၁၀၁-ယောက် ရှိပေမယ့် သုမန (မြောက်ပိုင်း မှတ်တမ်းများအရ သုသီမ)၊ အသောကနဲ့ တိဿလို့ သုံးယောက် အမည်လောက်ပဲ ထင်ရှားတယ်။ တိဿ မင်းသားက အသောကနဲ့ အမေတူက မွေးတာ။ ဒါကြောင့် အသောက နန်းရတဲ့အခါ တိဿမင်းသားကို အိမ်ရှေ့မင်း ခန့်တယ် (မဟာဝံသ၊ ၅း၃၃)။ ဒါပေမယ့် ဒီမင်းသားက နောင်အခါ ရဟန်းပြုပြီး ရဟန္တာ ဖြစ်သွားတယ် (ဝိ၊ဋ္ဌ၊၁၊၄၁)။
အသောကမင်းဟာ ညီတော် ရဟန်းပြုစဉ်က နန်းတော်မှ အသောကာရာမ ကျောင်းတိုက်ထိ လမ်းတစ်လျှောက် ခမ်းနားစွာ တန်ဆာဆင်ပြီး ချီးမြောက်ခဲ့တယ် (ထေရ၊ဋ္ဌ၊၂၊၁၇၆)။ ပါဠိကျမ်းစာတွေအရ အသောကမင်းက အမေကွဲ ညီအစ်ကိုတွေ အားလုံးကို သတ်ပစ်တယ် ဆိုပေမယ့် အသောက စိုက်ထူတဲ့ ကျောက်စာတွေမှာ ဖော်ပြချက်အရ အဲဒီ ကျောက်စာတွေကို ရေးစဉ်က ပါဋလိပုတ် မြို့တော်နဲ့ အခြားမြို့တွေမှာ အသောကမင်းရဲ့ ညီတော် ညီမတော်တွေနဲ့ ဆွေမျိုး အများအပြား အသက်ထင်ရှား ရှိနေသေးတာကို တွေ့ရတယ် (R. Mookherji, Asoka, p. 5)
ထေရဂါထာ အဋ္ဌကထာ (၁၊ ၃၂၆)မှာ ဂီတသောက အမည်နဲ့ အခြား ညီတစ်ယောက်လည်း ရဟန်းပြုပြီး ရဟန္တာ ဖြစ်သွားကြောင်း ဖော်ပြထားချက်က အဲဒီ ကျောက်စာ စကားကို ပိုပြီး အားရှိစေတာပေါ့။
မိဖုရားတွေ
ဝေဋိသမြို့သူ ဒေဝီ၊ အသန္ဓိမိတ္တာ (မိဖုရားခေါင်)၊ အသန္ဓိမိတ္တာဟာ သံဃမိတ္တာ ထေရီမ သီဟိုဠ်ကျွန်း၊ အနုရာဓ မြို့သို့ ကြွပြီး မဟာဝိဟာရ ကျောင်းတိုက်မှာ ဗုဒ္ဓဂယာ မဟာဗောဓိပင်ရဲ့ ပင်ပွားကို စိုက်ပျိုးပြီးနောက် ၁၂-နှစ် အကြာ၊ အသောက နန်းစံ ၁၃-နှစ်မြောက်မှာ ကွယ်လွန်တယ်။ ဒီနောက် ၄-နှစ် အကြာ တိဿရက္ခာ မင်းသမီးကို မိဖုရားခေါင် တင်မြှောက်တယ် (မဟာဝံသ၊ ၂၀း၃-၅)။ ဒါ့အပြင် အလာဟာဘတ် ကျောက်စာမှာ ဖော်ပြတဲ့ ကာရုဝါကီနဲ့ ဒိဗျာဝဒါန၊ အခန်း ၂၇-မှာ ဖော်ပြတဲ့ ပဒုမဝတီလို့ မိဖုရား ၅-ယောက်ရဲ့ အမည် ထင်ရှားတယ် (R. Mookherji, Asoka, p. 9)
အသန္ဓိမိတ္တာ မိဖုရားကြီးဟာ “ဗုဒ္ဓအသံနဲ့ တူတဲ့ အသံ တော် ရှိပါသလား”လို့ သံဃာတော်တွေကို မေးတဲ့အခါ ကြိုးကြာငှက်သံနဲ့ တူကြောင်း သိရလို့ ဘုရင်က ဆင့်ခေါ်ပေးပြီး ကြိုးကြာငှက်က အသံကိုပြုစဉ် အဲဒီ အသံကို အခြေခံတဲ့ ဗုဒ္ဓါနုဿတိ ပီတိကို ပွားများတဲ့အတွက် သောတာပန် တည်တယ် (ဒီ၊ဋ္ဌ၊၂၊၄၄)။
သားသမီးမြေး
ဝေဋိသသူဌေးသမီး ဒေဝီနဲ့ ဖွားမြင်တဲ့ မဟိန္ဒမင်းသား (ဒီပဝံသ၊ ၆း၂ဝ အရ သာသနာနှစ် ၂ဝ၄ ဖွား)၊ ကာရုဝါကီ မိဖုရားရဲ့သား တီဝရ၊ ပဒုမဝတီ မိဖုရားရဲ့သား ကုဏာလ၊ ဒါ့အပြင် မိခင် အမည် မထင်ရှားတဲ့ ဇလောကလို့ သားလေးယောက်၊ သံဃမိတ္တာ (ဝေဋိသမြို့သူ ဒေဝီရဲ့ သမီး၊ မဟိန္ဒထက် ၂နှစ်ငယ်)၊ စာရုမတီလို့ သမီး ၂-ယောက် တွေ့ရတယ် (ညွှန်းပြီး၊ စာ-၉)။
အသောကမင်းဟာ ကသ္မီရတိုင်းကို သားတော် ဇလောကကို စေလွှတ်ခဲ့ဖွယ် ရှိတယ်။ ယင်း ဇလောကမင်း လက်ထက် ကသ္မီရတိုင်းမှာ ဗုဒ္ဓသာသနာ စတင် ရောက်ရှိတယ် (J. N. Ganhar, Buddhism in Keshmir & Ladakh, p. 25)
အသောကမင်းဟာ အသန္ဓိမိတ္တာရဲ့ မွေးစား သမီးတော် စာရုမတီနဲ့ အတူ နီပေါသို့ သွားပြီး သမီးတော်ကို ဒေဝပါလ အမည်ရှိ ခတ္တိယမျိုး မင်းသားနဲ့ လက်ထပ်စေပြီး ဗုဒ္ဓသာသနာ ပြန့်ပွားအောင် စီမံခဲ့တယ်။ မင်းသမီး တည်ခဲ့တဲ့ စေတီကို ယနေ့တိုင် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့မှာ ‘စာရုမတီစေတီ’အဖြစ် ဖူးတွေ့နိုင်တယ် (Wikipedia)။
သံဃမိတ္တာ မင်းသမီးကတော့ ရဟန်းမပြုခင် အဂ္ဂိဗြဟ္မာ အမည်ရှိ မင်းသားနဲ့ အကြောင်းပါပြီး သုမန မင်းသားကို မွေးဖွားတယ်။ အဂ္ဂိဗြဟ္မာက တိဿ မင်းသားနဲ့ အတူ ရဟန်းပြုပြီး သုမနကတော့ သာမဏေဘဝနဲ့ ဦးလေးတော် မဟိန္ဒထေရ်နဲ့ အတူ သီရိလင်္ကာမှာ သာသနာပြုခဲ့တယ် (ဝိ၊ဋ္ဌ၊၁၊၃၇)။
သာသနာ့အမွေ
လောကမှာ မင်းကြီးလောက် ပစ္စည်းလေးပါး လှူဒါန်းသူ မရှိတဲ့ အတွက် ပစ္စယဒါယကာ ဖြစ်ပေမယ့် မိမိ ရင်သွေးကို သာသနာ့ဘောင်သို့ သွတ်သွင်းမှ သာသန.ဒါယာဒ (သာသနာ့အမွေခံ) ဖြစ်နိုင်ကြောင်း အရှင်မောဂ္ဂလိပုတ္တတိဿရဲ့ အကြံပြုချက်အရ မဟိန္ဒနဲ့ သံဃမိတ္တာကို ရဟန်းပြုစေပြီး သာသနာ့အမွေကို ခံယူတယ် (ဝိ၊ဋ္ဌ၊၁၊၃၉)။ အဲဒီ အချိန်က မင်းကြီးရဲ့ နန်းစံ ၆-နှစ် ရှိပြီ (ဒီပဝံသ၊ ရ၊ ၂၂)။ ထိုစဉ်က မဟိန္ဒရဲ့ သက်တော် ၂၀၊ သံဃမိတ္တာက ၁၈-နှစ် ရှိပြီ (မဟာဝံသ၊ ၅း၂၀၄)။ ဒါဖြင့် သံဃမိတ္တာ သာသနာ့ဘောင်သို့ ဝင်ချိန် အဂ္ဂိဗြဟ္မာနဲ့ ဖွားမြင်တဲ့ သီဟိုဠ် သာသနာပြု သုမန သာမဏေရဲ့ သက်တော်ဟာ အလွန်ရှိ ၂-နှစ်၊ ၃-နှစ်ပဲ နေမှာ။
ညီဖြစ်သူ ရဟန္တာကြီး တိဿမထေရ်ကို ဘုရင်က ငွေ ၁- ကုဋေ အကုန်အကျခံပြီး ဘောဇက.ဂိရိ အမည်ရှိတဲ့ ကျောင်းတိုက်ကို တည်ထောင် လှူဒါန်းတယ် (ထေရ၊ဋ္ဌ၊၂၊၁၇၈)။ အခြား ညီငယ် တစ်ယောက်ဖြစ်တဲ့ ဂီတသောကလည်း ရဟန်းပြု၊ ရဟန္တာ ဖြစ်သွားတယ် (ထေရ၊ဋ္ဌ၊၁၊၃၇၆)။
ဒါကြောင့် အသောက မင်းကြီးဟာ သားတော် သမီးတော်ကို သာမက ညီတော်နဲ့ မြေးတော်တွေကိုပါ သာသနာ့ဘောင်သို့ သွတ်သွင်းပြီး သာသနာ့အမွေကို ခံသူ ဖြစ်ပါတယ်။
သူ့ကောင်းမှု
ထီးနန်းရပြီး ၆-နှစ် (သာသနာနှစ် ၂၂၂)ခန့် အကြာမှာ ပါဋလိပုတ် မြို့တော်မှာ သံဃာအပါး ၆-သောင်း ဆန့်တဲ့ ရာမ ကျောင်းတိုက်ကြီးကို အရှင်ဣန္ဒဂုတ္တ မထေရ်ဦးဆောင်ပြီး ဆောက်လုပ်ရာမှာ ၃-နှစ် ကြာတယ်။ သီတင်းသုံးတဲ့ ရဟန်းတွေကိုလည်း ဆွမ်းလှူဒါန်းတယ်။ မြတ်ဗုဒ္ဓ သီတင်းသုံးခဲ့တဲ့ နေရာတွေမှာ စေတီပုထိုးတွေ တည်တယ် (မဟာဝံသ၊ ၅၊ ၁၇၅)။ အရှင်မောဂ္ဂလိပုတ္တတိဿ ထံမှ ဗုဒ္ဓဝါဒကို သင်ယူပြီး ဓမ္မက္ခန္ဓာ ပေါင်း ၈-သောင်း ၄-ထောင် ရှိကြောင်း သိရတဲ့အခါ အိန္ဒိယနိုင်ငံ အနှံ့အပြားရှိ မြို့ပေါင်း ၈-သောင်း ၄-ထောင်မှာ စေတီ တစ်ဆူစီ၊ ကျောင်း တစ်ဆောင်စီ ဆောက်လုပ်ပြီး ၉၆-ကုဋေ လှူဒါန်းတယ် (ဝိ၊ဋ္ဌ၊၁၊၃၆-၃၇)။
အသောကာရာမ ကျောင်းတိုက်ထဲမှာ မင်းကြီးရဲ့ ကိုယ်ပိုင် ကျောင်းအနေနဲ့ အသောကမဟာဝိဟာရ အမည်နဲ့ ကျောင်း တစ်ဆောင်လည်း ဆောက်လုပ်ပုံရတယ် (ဝိ၊ဋ္ဌ၊၁၊၃၇)။
မိလိန္ဒပဉှ ပါဠိတော်(စာ-၁၅)မှာ ပါဋလိပုတ်မြို့ အသောကာရုံ ကျောင်းတိုက်ကြီးမှာ သီတင်းသုံးတဲ့ ဓမ္မရက္ခိတ မထေရ် ကြောင်း ရည်ညွှန်းပုံအရ ဒီကျောင်းတိုက်ဟာ မိလိန္ဒမင်းနဲ့ ရှင်နာဂသိန်တို့ ခေတ်ထိ ရှိနေသေးတယ်လို့ ယုံကြည်ရတယ်။ အေဒီ ၆-ရာစု၊ နေတ္တိအဋ္ဌကထာ ကျမ်းကို ရေးသားတော် မူတဲ့ အဋ္ဌကထာ ဋီကာကျမ်းပြု အကျော် အရှင်ဓမ္မပါလလည်း အိန္ဒိယတောင်ပိုင်း နာဂပဋန် မြို့ရှိ သီရိဓမ္မာ အသောကမင်း လှူဒါန်းတဲ့ ပဒရ.တိတ္ထ.ဝိဟာရ (ဆီးပင်ဆိပ်ကျောင်း)မှာ သီတင်းသုံးကြောင်း ကျမ်းနိဂုံးမှာ ဖော်ပြခဲ့တယ် (နေတ္တိ၊ဋ္ဌ၊၂၇၈)။
ဆောင်ရွက်
ဘာသာခြားတွေ အစားအနေ ချောင်လို့ ဗုဒ္ဓသာသနာ အတွင်း ဝင်ရောက်ရာမှ သာသနာညစ်နွမ်းပြီး ရဟန်းသံဃာတွေ ဥပုသ် ပဝါရဏာ မပြုနိုင် ဖြစ်ရတယ်။ ဒါကြောင့် သာသနာကို သန့်ရှင်းတဲ့ အနေနဲ့ ရဟန်းအစစ် မဟုတ်သူတွေကို လူဝတ်လဲစေပြီး တတိယ သံဂါယနာ တင်တယ် (ဝိ၊ဋ္ဌ၊၁၊၄၀)။ သာသနာနှစ် ၂၃၄-မှာ တင်တယ်လို့ မော်လမြိုင်မြို့ တောင်ပေါက် ဆရာတော် အရှင်စက္ကပါလမထေရ် စီရင်တဲ့ ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်း (တိနိအဖွဲ့ ပြန်ရိုက်၊ စာ-၁၁၃)မှာ ဆိုတယ်။
အဲဒီနောက် ကိုးတိုင်း ကိုးဌာနသို့ ရဟန္တာကြီးတွေ သာသနာပြု ကြွနိုင်အောင် ကူညီတယ်။ နန်းစံ ၁၈-နှစ်မြောက်မှာ သမီးတော် သံဃမိတ္တာ ထေရီမ ဦးဆောင်ပြီး ဗုဒ္ဓဂယာ မဟာဗောဓိကိုင်းကို သီဟိုဠ်ကျွန်းသို့ ပို့ဆောင်တယ်။ ဒီနောက် မကြာမီ ဗုဒ္ဓသပိတ်တော်နဲ့ ဗုဒ္ဓဓာတ်တော် အချို့ကို သီဟိုဠ်က စေတီတွေမှာ ဌာပနာဖို့ မြေးတော် သုမန သာမဏေနဲ့ ပို့ပေးတယ် (မဟာဝံသ၊ ၁၇၊၁ဝ)။
အရှင်မဟာကဿပရဲ့ ဗျာဒိတ်နဲ့ အညီ အဇာတသတ်မင်း တည်ခဲ့တဲ့ ဓာတုနိဓာနစေတီထဲက ဓာတ်တော်တွေကို အဲဒီ စေတီထဲမှာ ကိုးကွယ်ရုံသာ ချန်ထားပြီး နိုင်ငံအနှံ့ အပြားမှာ မင်းကြီး တည်ဆောက်နေတဲ့ စေတီတွေထဲမှာ ခွဲဝေပြီး ဌာပနာတယ် (ဒီ၊ဋ္ဌ၊၂၊၂ဝ၅)။
ထုတ်ပြန်
အသောကမင်းကြီးဟာ ဗုဒ္ဓဝါဒက ဆုံးမတဲ့ ကိုယ်ကျင့်တရား နှုန်းစံတွေကို ကျောက်တိုင်ကြီးတွေမှာ ရေးသား စိုက်ထူပြီး အဲဒီ အဆုံးအမတွေကို လေးစား လိုက်နာဖို့ အမိန့် ထုတ်ပြန်ခဲ့တယ်။ သတ္တဝါတွေကို သတ်ဖြတ်ပြီး ယဇ်ပူဇော်ရန်၊ မိဘ ဆရာသမားကို ရိုသေရန် ညွှန်ကြားခဲ့တယ်။ ယနေ့ခေတ်မှာ အဲဒီ ကျောက်စာတိုင်ကြီးတွေကို အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံတွေအတွင်း နေရာပေါင်း သုံးဆယ်ကျော်မှာ ပြန့်ကြဲစွာ တွေ့နိုင်သေးတယ် (S. Dhammika, The Edicts of King Asoka, p. 3.)
ဗုဒ္ဓဝင် နေရာတော်တွေကို ကိုယ်တိုင် ဘုရားဖူး လှည့်လည်ပြီးတော့လည်း အမှတ်အသား ကျောက်စာတိုင်ကြီးတွေ စိုက်ထူခဲ့တယ်။ ယနေ့ ဘုရားဖူးတွေ နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်ထဲမှာ တွေ့ရတဲ့ ကျောက်စာတိုင်ဟာ အသောကမင်းကြီး စိုက်ထူခဲ့တာ။ ကျောက်စာမှာ ရေးထားတာက “နတ်တို့ ချစ်သော ပိယဒဿီ မင်းကြီးသည် နန်းစံပြီး နှစ်ပေါင်း နှစ်ဆယ် အကြာတွင် သကျမုနိဗုဒ္ဓ ဖွားတော်မူသည့် ဤနေရာသို့ လာရောက် ပူဇော်ပြီး ဤကျောက်စာတိုင်ကို စိုက်ထူခဲ့၏ (ယင်း၊ စာ-၂၉)”။
ကျောက်စာ တစ်ခုမှာ ရေးထားပုံက.. “ယုံကြည်မှု မတူသူ အားလုံးကို အကြောင်း တစ်ခုခုဖြင့် လေးစားရမည်။ ထိုသို့ ပြုခြင်းဖြင့် လူတစ်ဦးသည် မိမိ၏ အယူကို ချီးမြှောက်သကဲ့သို့ တစ်ချိန်တည်းတွင် အခြားသူတို့၏ ဝါဒကိုလည်း စောင့်ရှောက်ရာ ရောက်၏ (J. Nehru, Glimpses of World History, p. 65)တဲ့။
ဓမ္မမိတ်ဆွေ သီဟိုဠ်ကျွန်း ဒေဝါနံပိယတိဿ မင်းကြီးနဲ့ လက်ဆောင် ပဏ္ဏာ တွေ အပြန်အလှန် ပေးပြီး မမြင်ဖူးဘဲ ခင်မင်နေကြတယ်။ “ဥတ္တမေ ဇိနသာသနေ၊ တွမ္ပိ စိတ္တံ ပသာဒေဟိ = မြတ်ဗုဒ္ဓ သာသနာကို သင်လည်း ကြည်ညိုပါလော့”လို့ အသောကမင်းက သီဟိုဠ်မင်းဆီ သတင်းစကား ပါးတယ် (ဝိ၊ဋ္ဌ၊၁၊၅၅)”။ သုရဋ္ဌ အမည်ရှိ တိုင်းပြည်မှ ပိင်္ဂလ မင်းကြီးလည်း ဓမ္မာသောကမင်းကို ဆုံးမဩဝါဒ ပေးဖို့ သွားလေ့ရှိတယ် (ပေတ၊ဋ္ဌ၊၂၂၈)။ ဒါကြောင့် ဒီမင်းကြီးလည်း အသောကနဲ့ ရင်းနှီးတဲ့ ဓမ္မမိတ်ဆွေ ဖြစ်နိုင်တယ်။
ရဟန်းမပြု
အသောက မင်းကြီးဟာ မသေခင်မှာ ရဟန်း ပြုသွားတယ်လို့ ပဏ္ဍိတ် နေရူးက ဆိုတယ် (ညွှန်းပြီး၊ စာ-၆၄)။ အဲဒီလို ဆိုတာက ကျောက်စာ အမှတ် ၁ရ-မှာ ပါတဲ့ ‘သံဃေ ဥပဂတေ’ ဆိုတဲ့စာသားကို “ရဟန်းဘောင်သို့ ဝင်သွားခြင်း”လို့ အဓိပ္ပာယ်ယူတဲ့အတွက် ဖြစ်ကြောင်း၊ အမှန်က ထိုပါဠိဘာသာ စာသားကို “သံဃာတော်များထံ တရားနာရန် ဆည်းကပ်ခြင်း’လို့ ယူမှ အမှန်ဖြစ်၍ အသောကမင်း ရဟန်းမပြုခဲ့ကြောင်း တောင်ပေါက် ဆရာတော်ကြီးက ဆုံးဖြတ်ပါတယ် (ညွှန်းပြီး၊ စာ-၁၁၄)။
ကွယ်လွန်
အသောကမင်း ကွယ်လွန်တာဟာ ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး ၂၅၅-နှစ် အကြာမှာ ဖြစ်ပြီး ၃၇-နှစ်ကြာ နန်းစံခဲ့တယ် (ဒီပဝံသ၊ ၅၊ ၄၇)။ တိဿရက္ခာကို မိဖုရားခေါင် တင်မြှောက်ပြီး ၃-နှစ် အကြာ ဒီ မိဖုရားက မဟာဗောဓိပင်ကို ခုတ်ပစ်တယ်။ ခုတ်ပြီး ၄-ရက် မြောက်နေ့မှာ အသောကမင်းကြီး စိတ်နှလုံး ထိခိုက်ပြီး ကွယ်လွန်ခဲ့တယ် (Jinakālamāli, PTS, p. 50)
ကွယ်လွန်ခါနီး သေရာ ခုတင်ပေါ်မှာ လဲလျောင်းနေစဉ် လှူဒါန်းလိုတဲ့ အလှူဝတ္ထု ပမာဏကို မလှူဒါန်းနိုင်တဲ့ အဆုံး ဆေးဆရာ ပေးတဲ့ သျှစ်သျှားသီး တစ်ခြမ်းမျှသာ လက်ထဲမှာ လှူစရာ ကျန်တော့တယ်။ အဲဒီ သျှစ်သျှားသီး တစ်ခြမ်းကို သံဃာတွေကို မဲချ လှူဒါန်းစေပြီး မဲပေါက်တဲ့ ရဟန်းက သုံးဆောင်ပြီးတဲ့ အခါ အဲဒီ သျှစ်သျှားသီးစေ့ကို ဓာတ်တော်နဲ့ ရောပြီး စေတီတည်ရာမှာ အာမလကစေတီလို့ ထင်ရှားကြောင်း သီဟိုဠ် သမိုင်းကျမ်းလာ ဖော်ပြချက်ကို ကိုးကားပြီး တိပိဋက ပါဠိမြန်မာ အဘိဓာန်မှာ ဆိုတယ်။
အေဒီ ၇-ရာစုမှာ တရုတ်ရဟန်းတော် ဟူယင်ဆန် အိန္ဒိယ ကို ဘုရားဖူး ရောက်စဉ် ဒီစေတီကို ဖူးတွေ့ရတယ် (S. Beal, Records of Western Countries, II, p. 96)
အဆိုကွဲ
တာရနာထရဲ့ ကျမ်းစာအရ .. မင်းကြီး ကွယ်လွန် ခါနီး အချိန် ရေဆာရင် စားမယ့် ဖန်ခါးသီး. လက်တစ်ဆုပ်စာပဲ ရှိတော့တယ်။ မိမိထံ ကြွလာတဲ့ ရဟန္တာတွေကို အဲဒီ ဖန်ခါးသီးကို လှူ တယ်။ ရဟန္တာတွေက ထီးနန်း စံစဉ်က လှူဒါန်းတဲ့ ရွှေသား ၉၆-ကုဋေ အလှူထက် ဒီသျှစ်သျှားသီး အလှူက ပိုမြတ်တယ်’လို့ မိန့်တော်မူကြတယ်။
မင်းကြီးဟာ အနီးမှာ ယပ်ခပ်နေတဲ့ အမျိုးသမီးက နွေရာသီ နေအပူရှိန်ကြောင့် အိပ်ငိုက်ပြီး မင်းကြီးရဲ့ ကိုယ်ပေါ်ကို ကျောက်စီ ယပ်တောင် လွတ်ကျတာကို စိတ်ဆိုးနေစဉ် (ဘုရင် သုံး ကျောက်စီ ယပ်တောင်က အတော် လေးမယ့်သဘော ရှိတယ်) ကွယ်လွန်သွားတယ်။
ဘယ်မှာ
ဒီဖော်ပြချက်တွေ ကြည့်ရတာ ပါဋလိပုတ် နန်းတော်မှာ ကွယ်လွန်တာပဲ ဖြစ်ဖို့ များပါတယ်။ အွန်လိုင်းမှာ သုတေသီအချို့ ဆိုထားသလို အသောကမင်းကြီး တက္ကသီလာ (ယခု ပါကစ္စတန်) မှာ ကွယ်လွန်တယ်ဆိုတဲ့ ယုတ္တိကိုတော့ ပါဠိမှတ်တမ်းတွေမှာ ရှာမရနိုင်ပါဘူး။
သူ့တမလွန်
အသောကမင်းဟာ နောက်ဆုံး အနေနဲ့ သျှစ်သျှားသီး တစ်ခြမ်း (အန္ဓမာလက)ကို ပေးလှူပြီးနောက် ကွယ်လွန်တဲ့ အခါ နတ်ပြည်မှာ ဖြစ်တယ်(လောကပညတ္တိပါဌ်၊ ပေမူ၊ ၀ီ-ကျော၊ နှစ်ကြောင်းမြောက်)။ မင်းကြီးဟာ ဒေါသစိတ်နဲ့ ကွယ်လွန်လို့ သေပြီးနောက် စပါးကြီးမြွေ ဖြစ်သွားတယ်။ ဒါပေမယ့် သားတော် မဟိန္ဒမထေရ် တရားဟောရာမှာ ခုနစ်ရက် ဥပုသ်စောင့်ပြီး ကွယ်လွန်တဲ့အတွက် တာဝတိံသာမှာ ဖြစ်ပြန်တယ် (ဦးကုလား မဟာရာဇဝင် ၁၊ ၁၀၁)။ ဒေါသစိတ်နဲ့ ကွယ်လွန်လို့ ပါဋလိပုတ်မြို့ အနီး ကန်ကြီးတစ်ခုမှာ နဂါးဖြစ်ရတယ်။ ဒါပေမယ့် ရဟန္တာ အရှင် ယသမထေရ် ဟောပြမှုကြောင့် ထိုနဂါးဘဝမှာ ခဏသာ နေရပြီး ကွယ်လွန်တဲ့အခါ တုသိတာ နတ်ပြည်မှာ ဖြစ်တယ် (တာရနာထ၊ စာ-၆၅-၆၆)။
ကောက်ချက်
လောကပညတ္တိကျမ်း အဆိုနဲ့ ဦးကုလား မဟာရာဇဝင် အဆိုတွေကို မှန်နန်း (၁၊ ၁၇၃)နဲ့ တွင်းသင်း မဟာရာဇဝင် (၁၊ ၁၀) ကျမ်းတွေက “သာသနာဝင် ကျမ်းကြီးတို့၌ မလာ”ဆိုပြီး ပယ် တယ်။ တာရနာထ အဆိုကိုလည်း မှန်တယ်လို့ မဆိုနိုင်ပါဘူး။ ဘာကြောင့်ဆို ဖော်ပြပါ ဖြစ်ရပ်တွေ အားလုံးက သမိုင်း အထောက်အထား မပြနိုင်လို့ပါ။ သီဟဠဝတ္ထုနဲ့ အခြား အိန္ဒိယ ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ရေးကြတာ ဖြစ်ဖွယ်ရှိတယ်။ ဒါပေမယ့် အနည်းဆုံးတော့ မင်းကြီးဟာ သေခါနီးမှာ စိတ် လက် မချမ်းမသာဖြစ်ပြီး ကွယ်လွန်ရတယ်လို့တော့ ယေဘုယျ အနေနဲ့ ဆိုနိုင်ပါတယ်။ (မေးခွန်း မတူလို့ ထပ်ဆိုတာပါ)။
ပရိနိဗ္ဗာန်
သီဟဠဝတ္ထုကျမ်း အဆိုကို ကိုးကားပြီး မှန်နန်း မဟာရာဇဝင် မှာ ဖော်ပြပုံက ..
အသောကရဲ့ မမြင်ဖူးခဲ့တဲ့ ဓမ္မမိတ်ဆွေ သီဟိုဠ်ဘုရင် ဒေဝါနံ ပိယတိဿမင်းကြီးလည်း ကွယ်လွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်တယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်လုံး နတ်ပြည်မှာ သက်တမ်း ကုန်တဲ့ထိ မနေကြဘဲ အသောကမင်းက သီဟိုဠ်ကျွန်း သမ္ဘူလ သူဌေးသား၊ ဒေဝါနံပိယတိဿ မင်းကြီးက ဗျဂ္ဃသာလ သူဌေးသား ပြန်ဖြစ်ကြတယ်။ နှစ်ယောက်လုံး ၇-နှစ်အရွယ် ရဟန်းပြုပြီး ရဟန္တာ ဖြစ်သွားကြတယ်။
အသောကမင်းကြီးက ကုဏ္ဍလတိဿ ထေရ်၊ ဒေဝါနံပိယတိဿမင်းက ဗုဒ္ဓမထေရ်လို့ တွင်တယ်။ ယင်း မထေရ် နှစ်ပါးမှာ မွေးဖွားစဉ်ကလည်း တစ်ချိန်တည်း၊ ရဟန်းပြုလည်း တစ်ချိန်တည်း၊ ပရိနိဗ္ဗာန်ခါနီး တန်ခိုးပြာဋိဟာ ပြပြီး တစ်ချိန်တည်း ပရိနိဗ္ဗာန် ပြုကြသတဲ့ (မှန်နန်း ၁၊ ၁၅၁)။
နိဂုံး
အသောကမင်းကြီးရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရာ အချို့မှာ ပါးစပ်ရာဇဝင်အရ အနည်းငယ် ကွဲလွဲမှုတွေ ရှိပေမယ့် ""မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးနောက် နှစ်ပေါင်း နှစ်ရာကျော်မှာ အလွန် ကြမ်းတမ်းတဲ့ စစ်ပွဲတွေကို ဆင်နွဲပြီး အိန္ဒိယတိုက် တစ်ခုလုံး နီးပါးကို အောင်နိုင်သူ၊ ဗုဒ္ဓဝါဒီအဖြစ် ခံယူပြီး စစ်မတိုက်တော့ဘဲ ဗုဒ္ဓအဆုံးအမနဲ့ အညီ နေထိုင်ရင်း အများအကျိုး ဆောင်ရွက်သူ၊ တတိယ သံဂါယနာတင်ပြီး ပြည်ပမှာ ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် စီမံခဲ့သူ၊ ယနေ့တိုင် သူ့ရဲ့ ဘုန်းစွမ်းအင် ကြီးမားပုံအတွက် အသံတိတ် သက်သေအဖြစ် ရှိနေသေးတဲ့ ကျောက်စာတိုင်ကြီးတွေကို စိုက်ထူခဲ့သူ”လို့ ဆိုရင် မငြင်းနိုင်ပါဘူး။
ကမ္ဘာကျော် သမိုင်းဆရာ H. G. Wells က အသောကသည် စစ်ပွဲကို အောင်မြင်ပြီးနောက် စစ်တိုက်ခြင်းကို စွန့်ခဲ့သည့် တစ်ဦးတည်းသော စစ်ဘုရင်အဖြစ် မှတ်တမ်းတင် ခံရသူ ဖြစ်၏ (J. Nehru, Glimpses of World History, p. 62)”လို့ ဆိုခဲ့ကြောင်း သိရတယ်။
ဇွန် ၁၈၊ ၂၀၁၆။
---
၄၈၃။ နာမည် ခိုက်တတ်သလား
ရိုသေစွာ လျှောက်ထားပါသည် အရှင်ဘုရား၊ နာမည်ကြောင့် လူကို ခိုက်တတ်သည် ဆိုတာ ရှိပါသလား ဘုရား၊ နာမည်မှား ပေး နေ့နံ မကိုက် အစရှိသည်တို့ကြောင့် ထိုသူ၏ ဘဝတွင် ဒုက္ခများ ကြုံတွေ့ရသည်ဆိုသော အယူအဆကို တပည့်တော် မယုံကြည်တာ မှန်ပါသလား ဘုရား။
မသီရိမေ
မေးခွန်းနဲ့ ပတ်သက်ပြီး ဗုဒ္ဓဝါဒရဲ့ နားလည်မှုကို ဖော်ပြနိုင်မယ့် အောက်ပါ ဇာတ်တော်ကို အရင် ဖတ်ကြည့်ပါ ..
နာမည်ဟူက
မြတ်ဗုဒ္ဓ လက်ထက်က ‘ငတိ’အမည်ရတဲ့ ရဟန်းဟာ ပတ်ဝန်းကျင်က အဲဒီလို ခေါ်တာကို မင်္ဂလာမရှိဘူး ဆိုပြီး မင်္ဂလာရှိတဲ့ နာမည်သစ် ပြောင်းချင်နေတယ်။ ဒါကို ဆုံးမလိုတဲ့ အတွက် မြတ်ဗုဒ္ဓက အတိတ်ဖြစ်ရပ် တစ်ခုကို ဟောတော်မူတယ် ..
ရှေးအခါက တက္ကသိုလ် ကျောင်းသား လူငယ်တစ်ဦး ရှိဖူးတယ်။ နာမည်က “ငတိ’ပါပဲ။ ငယ်ငယ်က ချစ်စနိုးနဲ့ ခေါ်တာ ဖြစ်လို့ မသိသာပေမယ့် တက္ကသိုလ် ကျောင်းသားဘဝမှာ အဲဒီနာမည်နဲ့ စကားပြောတဲ့အခါ” “တော်ကီ အောက်တယ်”လို့ ခံစားရတဲ့အတွက် နာမည် ပြောင်းဖို့ ဆရာကြီးကို ပြောတော့ ဆရာကြီးက “မြို့ထဲ သွားပြီး မင်္ဂလာရှိတဲ့ နာမည်တစ်ခု ရှာခဲ့၊ ပြောင်းပေးမယ်တဲ့။
လူငယ်ဟာ မြို့က ထွက်ရင်ပဲ အသုဘတစ်ခု တွေ့တယ်။ “ဖိုးသက်ရှည်၊ အသက် ၂၅-နှစ်’တဲ့။ တစ်နေရာမှာ ဆင်းရဲလို့ လို့ အိမ်ဖော် လုပ်နေရတဲ့ မိချမ်းသာ၊ မိဘမဲ့ ဖြစ်နေတဲ့ မောင်ကံကောင်းတို့ကို တွေ့တယ်။ ဒါနဲ့ပဲ သီအိုရီ တစ်ခုနဲ့ ဆရာ့ဆီ ပြန်လာတယ်။ ဆရာက ဘယ့်နှယ်လဲ မေးတော့ သူက “နာမည်တူက မထူးကြ ခေါ်ရရုံသာပဲ (နာမံ နာမ ပဏ္ဏတ္တိမတ္တံ)။
နာမည်စွဲဆို မှုထိုထို ဖြစ်ကို မဖြစ်ဘဲ (နာမေန သိဒ္ဓိ နတ္ထိ)။
ကံပြု၍သာ မှုတကာ ပေါ်လာ ဖြစ်စမြဲ (ကမ္မေနေဝ သိဒ္ဓိ)”လို့ ဖြေတယ်။
ဒါနဲ့ တက္ကသိုလ် ကျောင်းသားဟာ “ငတိ”ဆိုတဲ့ နာမည်လေးကိုပဲ သိမ်းထားလိုက်ပါသတဲ့ (ဇာ၊ဋ္ဌ၊၁၊၄၂၆)။ မြတ်ဗုဒ္ဓရဲ့ တရားအဆုံးမှာ နာမည် ပြောင်းချင်တဲ့ ရဟန်းတော် နာမည် ပြောင်းမပြောင်း မဖော်ပြပေမယ့် မြတ်ဗုဒ္ဓ ဟောတော်မူလိုတာလည်း အဲဒီ သီအိုရီပါပဲ။
ဒီဇာတ်တော်က ပေးတဲ့ အဆုံးအမက နာမည်ဆိုတာ ခေါ်ဝေါ်ရုံမျှသာ ဖြစ်တယ်၊ နာမည်က လူတစ်ဦးရဲ့ အဆိုးအကောင်းကို မဖြစ်စေဘူး။ မိမိရဲ့ ကံ ဉာဏ် ဝီရိယသည်သာ မိမိဘဝရဲ့ ကောင်းကျိုး ဆိုးပြစ်ကို ဖန်တီးတယ်လို့ ဖြစ်ပါတယ်။ ဒီဇာတ်တော်နဲ့ပဲ အဖြေက အတော် ပေါ်လွင်နေပါပြီ။ ဒါပေမယ့် ဆိုစရာ ကျန်နေသေးလို့ သည်ခံပြီး ဆက်ဖတ်ကြည့် ..
တိုက်ဆိုင်မှု
ဇာတ်တော်တွေမှာ ဘုရားလောင်း သို့မဟုတ် ဘုရားလောင်းရဲ့ မိခင် ကြိုပြီး အိမ်မက် မြင်တာ၊ တိုက်ဆိုင် ဖြစ်ရပ်အနေနဲ့ အသားလှုပ်တာတွေကို ဖော်ပြတာမျိုး ရှိတယ်။ ဘုရားလောင်းရဲ့ မိခင် အိမ်မက်မြင်တဲ့ ဇာတ်တော်တွေ ထင်ရှားပါတယ်။ အလောင်းမင်း သိဒ္ဓတ်လည်း ဗုဒ္ဓဖြစ်ခါနီး အိမ်မက် မြင်တယ်။ ဝေဿန္တရာ မင်းကြီးက သားတော် သမီးတော်တွေကို လှူနေစဉ် တောထဲ သစ်သီးရှာ ထွက်နေတဲ့ မဒ္ဒီမိဖုရားရဲ့ ညာမျက်လုံး လှုပ်တယ် (ဒက္ခိဏက္ခိ စ ဖန္ဒတိ၊ ဇာ၊ဋ္ဌ၊၇၊၃၃၈)။ မင်းကြီး လှူနေခိုက် မဒ္ဒီဒေဝီ မျက်လုံး လှုပ်တာဟာ တိုက် ဆိုင်မှု သက်သက်ပဲ။ လှူလို့ မျက်လုံး လှုပ်တာ မဟုတ်သလို မျက်လုံး လှုပ်လို့ လှူတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်လာမယ့် သက်ရောက်မှု တစ်ခုအတွက် မသိစိတ်မှာ အလိုလို သိနေခဲ့တယ်ဆိုတဲ့ တိုက်ဆိုင်မှုမျိုး ဘဝမှာ ရံခါတော့ ကြုံဖူးမှာပါ။ ဒီသဘောမျိုး ယူရင် သင့်ပါတယ်။
မဆိုင်ပါဘူး
ကမ္ဘာအေးမှာ နေစဉ်က ကြားဖူးခဲ့တယ် .. ချဲဂဏန်းပေးလို့ နာမည်ကြီးတဲ့ တောထွက် ဘုန်းကြီးအိုဆီ ချဲဝါသနာပါတဲ့ “အကို”ကတောင်တစ်ယောက် ဂဏန်း ရလိုရငြား မျှော်လင့်ပြီး ရုဏ်ဆွမ်း သွားပို့တော့ တရုတ် သံတမန်တွေ လာခါနီး ပုဆိုး သစ် ဝတ်ထားတဲ့ “ပြည်သူလုံး တံဆိပ် (ဘိုးတော်ဘုရား)မှာ ကပ်ပယ်အိတ်သည် အရိပ်အယောင် ပြ၍ ထွက်စံပယ် (ဦးပေါ်ဦးလျှောက်ထုံး၊ စာ-၁၇၆)တဲ့ ကိန်းနဲ့ ကြုံပါသတဲ့။ ဒါနဲ့ “ထောပြီ”ဆိုပြီး အဲဒါကြီးကို နိမိတ်ကောက်ပြီး ပုံအောလိုက်တာ “ကွဲ’ပါလေရော ဆိုပဲ။ ဟိုမှာ သင်္ကန်းမနိုင်လို့ သူ့ဟာသူ “အထော် မတိုင် ဂေါ်ပွေး’တဲ့ ကိစ္စ။ ဆိုင်မှ မဆိုင်ဘဲ။
ဒီနေရာမှာ တိုက်ဆိုင်မှု တစ်ခု ကြုံတဲ့အခါ တိုက်ဆိုင်ခံ ဖြစ်ရပ်နဲ့ ပကတိဖြစ်ရပ် ကြောင်းကျိုး ပတ်သက်မှု မရှိတာကို အဓိက ဆိုလိုတာပါ။ နာမည်နဲ့ပတ်သက်ရင် နည်းနည်းပြောစရာရှိပါတယ်။
ပညတ်သွားရာ
ခေါ်ဝေါ်သမုတ်တဲ့ အမည်တွေ၊ ပြောဆိုတဲ့စကားတွေထဲက နိမိတ်ပုံအတိုင်း လက်တွေ့ဖြစ်လာတတ်တယ်ဆိုတဲ့ ယုံကြည်မှုဟာ ယဉ်ကျေးမှုအစကတည်းက စွဲလာခဲ့ကြတာဖြစ်လို့ ဖျောက်ဖို့ခက်တယ်။ ဒါကြောင့် "အိပ်မက်တိတ္ထိကျမ်း၊ အသားလှုပ်ကျမ်း၊ နိမိတ်ကျမ်း၊ လောကျမ်း"ဆိုတာတွေ ယနေ့ခေတ် မြန်မာမှာရော နိုင်ငံတကာမှာပါ ရောင်းနေရသေးတာပေါ့။ မြန်မာမှုမှာတော့ “ပညတ်သွားရာ ဓာတ်သက်ပါ”လို့တောင် ထောက်ခံထားသေးတယ်။ ဒါကြောင့် လောကနဲ့ အံဝင်ဂွင်ကျ ဖြစ်အောင်တော့ နာမည်မှည့်သင့်တာပေါ့။
ဓာတ်သက်ပါ
နာမည်ဆိုတာ လူအများ ခေါ်ဝေါ်မှာမို့လို့ စကားလုံးလှပြီး ချောမွတ်ဖို့နဲ့ အပြစ်လွတ်တဲ့ နာမည်မျိုးဖြစ်ဖို့ ဂရုစိုက်သင့်တာပေါ့။ ခေါ်ကြည့်... ဦးဒဒ္ဒရိရိတ္တိမ (ဦးဒက်ထိ.လိန်ထိ”လို့ ဖတ်မနေနဲ့အုံး)။ မော်ဒယ်မယ် “ဦးခွေးလေး ဒေါ်ဆိတ်မ”ရဲ့သမီး (မိဘနာမည်ကြားလိုက်စမှာ ဒီမော်ဒယ်က ရုပ်ဆိုးဆိုးပဲဖြစ်မှာပါလို့ လူအချို့စိတ်ထဲ ဖြစ်သွားနိုင်တယ်)။ ရဟန်းလူထွက် ဆရာကြီးပြောပြပုံ... သူပဉ္ဇင်းငယ်ဘဝက ဝါးခယ်မမြို့၊ ဆွမ်းခံအိမ်မှာ ရွှေတိဂုံစေတီရုပ်ပုံကိုပြရင် လက်အုပ်ချီတတ်လို့ မွေးကင်းစလေးကို “ရွှေတိဂုံလေး”လို့ အရပ်ကဝိုင်းပြီး ခေါ်ကြသတဲ့။ တစ်နှစ်သားလေးခမျာ မိုးဦးကျ ဝမ်းလျှောပြီး သေရှာပါရော။ အဲဒီလူတွေပဲ “နာမည်ခိုက်တာ”လို့ ပြောကြသတဲ့။
တွန်းအား
၁၇၉၈-ခုနှစ် ပြင်သစ်နဲ့ စစ်ဖြစ်တော့မယ့်ဆဲဆဲ အမေရိကန် ဒုတိယမြောက်သမ္မတ ဂျွန်အဒမ်(စ်)ဟာ ထိုစဉ်က အရပ်သားဘဝနဲ့ မောင့်ဘာနန်မြို့မှာ အနားယူနေတဲ့ အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ အမေရိကန်ရဲ့ ပထမဆုံးသမ္မတ ဂျော့ချ်ဝါရှင်တန်ဆီ တော်လှန်ရေးကာလက အသုံးပြုခဲ့တဲ့ ‘ဝါရှင်တန်’အမည်ကို အသုံးပြုခွင့်တောင်းတယ်။ (O. S. Marden, Pushing to le Fort, p. 185)။ ဝါရှင်တန်ရဲ့ “သတ္တိ၊ သစ္စာ၊ စာရိတ္တ”စံနမူတွေဟာ အမေရိကန်စစ်သားတွေကို စိတ်ဓာတ်စွမ်းရည်မြှင့်တင်ဖို့ ခွန်အားကို ဖြစ်စေတဲ့အတွက် အဲဒီနာမည် အရေးကြီးတယ်။
တောင်ဖီလာဆရာတော်လည်း ပဉ္စင်းပျိုဘဝက ဝိနည်းပိဋကတ်ကို ပါရဂူမြောက်တတ်ကျွမ်းဖို့ သင်ယူရာမှာ မိမိကိုယ်ကို ဝိနည်းဧတဒဂ်ဘွဲ့ရ အရှင်ဥပါလိရဲ့ ဘွဲ့အမည်ကို ခံယူပြီး လေ့လာခဲ့သတဲ့။ အနောက်တိုင်းသားတွေ ဗုဒ္ဓဘာသာကို လေ့လာရင် ဘုန်းကြီးဝတ်၊ ဘုန်းကြီးဘွဲ့အမည် ခံတာလည်း ဒီအဓိပ္ပာယ်ပါပဲ။
ဒါကြောင့် တစ်ခါတစ်ရံမှာ “နာမည်”ဟာ လူတစ်ယောက်ရဲ့ဘဝကို ပုံဖော်ပေးမယ့် တွန်းအားတစ်ရပ်ဖြစ်နိုင်တယ်ဆိုရင် ယုတ္တိနဲ့မဝေးပါဘူး။
နံမကိုက်
ဗမာ သို့မဟုတ် အရှေ့တိုင်းသားမဟုတ်သူတစ်ယောက်ကို ဆုံမိလို့ကြုံရင် ဘာနေ့သားလဲလို့ မေးကြည့်။ အများစု မသိကြဘူး။ နေ့နံကိုက်တယ်ဆိုတာမျိုးလည်း မရှိဘူး။ ယင်းတို့ဆိုရေးသားပုံအရ ၁၂-ရာသီခွင်မှာ ဘာလဲဆိုတာတော့ လူအချို့သိတယ်။ ဒါဖြင့် နေ့နံကိုက်မှ ဘေးအန္တရာယ်ကင်းမယ်ဆိုရင် အဲဒီလူသန်းပေါင်းများစွာတို့ ဒုက္ခရောက်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားမှာပေါ့။
အဖြေ
အချို့နာမည်ဟာ လူတစ်ယောက် သို့မဟုတ် လူတစ်စုကို သက်ရောက်မှုရှိနိုင်ပေမယ့် နာမည်ကြောင့်သက်သက်နဲ့တော့ လူတစ်ယောက်ရဲ့ အကောင်းအဆိုး၊ နာမည်ကြီးခြင်းမကြီးခြင်း၊ ချမ်းသာခြင်းဆင်းရဲခြင်း၊ အသက်ရှည်ခြင်းတိုခြင်းဖြစ်နိုင်ဘူးလို့ ဗုဒ္ဓဝါဒက သင်ကြားပါတယ်။
ဇွန် ၂၀၊ ၂၀၁၆။
၄၈၄။ အိမ်သာတော်လှန်ရေး
ဘုန်းကြီးဘုရား၊ လူတစ်ဦး၊ အိမ်တစ်အိမ်၊ မြို့ပြနိုင်ငံတစ်ခုရဲ့ နေထိုင်မှုအဆင့်အတန်းကို အိမ်သာနဲ့ အကဲဖြတ်နိုင်တယ်ဆိုပြီး မြန်မာနိုင်ငံက မြို့တော်အဆင့်မှာတောင် အိမ်သာအလွယ်တကူ ရှာမရတာနဲ့ပတ်သက်ပြီး ဘုန်းကြီးရဲ့စိတ်ကူးယဉ်ဆန္ဒကို ပြန်ပြီးပြောပြစေလိုပါသည်ဘုရား။
ဘိက္ခုနိမ္မိတ
---
အထာတစ်ခု
မြို့ကိုမလာခင် အစဉ်အလာအရ တောက ဆရာဘုန်းကြီးတွေသင်ပေးလို့ စာသင်သားကိုရင်ငယ် ပဉ္စင်းငယ်တွေ နားလည်ထားတဲ့ အထာတစ်ခုရှိတယ်... ‘ကိုယ်နေမယ့် ပရိယတ္တိသင်တိုက် စည်းကမ်းရှိမရှိကို ကုဋီ(အိမ်သာ)နဲ့ ဆွမ်းစားဆောင်တွေရဲ့အနေအထားကို ကြည့်ရတယ်တဲ့။ ကုဋီသန့်ရင် ကျောင်းတိုက်စည်းကမ်းရှိလို့ပဲ။ စည်းကမ်းရှိတဲ့ကျောင်းမှာ နေမှ ရဟန်းဘဝ တိုးတက်မှာ။
ဒါဟာ လက်တွေ့ကျတဲ့ အဆုံးအမပါ။ အမှန်တော့ ဘုန်းကြီးကျောင်းသာမကပါဘူး။ အိမ်တစ်အိမ်၊ နိုင်ငံတစ်ခုရဲ့ လူနေမှုအဆင့်အတန်းကိုလည်း အိမ်သာနဲ့ စားသောက်ပုံကိုကြည့်ပြီး အကြမ်းဖြင့် ခန့်မှန်းနိုင်တယ်လို့ ဘုန်းကြီးယူဆတယ်။ လူအချို့ ပိုက်ဆံချမ်းသာပေမယ့် ကြားမြင်သုတနည်းလို့ နေထိုင်ပုံအဆင့်မမီတာမျိုးတွေ တွေ့ဖူးမှာပေါ့။
ငဘတို့ရွာ
တောရွာအလှူပွဲကို ကြွမယ့် ရန်ကုန်နေဆရာတော်က အဲဒီအလှူစည်အောင်လို့ မိမိနဲ့အတူ ရန်ကုန်က ဒကာဒကာမဧည့်သည်တွေကို ခေါ်သွားခဲ့ရင် အကြီးအကျယ်တွေ့ရမယ့်အခက်အခဲက “အိမ်သာပဲဆိုတာ သိနေလို့ မနေသာလို့ စိတ်ပူပြီး အဲဒီကိစ္စအတွက် အထူးပြင်ဆင်ထားဖို့ တောကဆရာတော်ဘုရားကို လျှောက်နေသံကြားတော့ ဘုန်းကြီးလည်း ငဘတို့အမျိုးတွေရဲ့ဘဝကို တွေးရင်း ကျိတ်ပြီး ရယ်ရမလို ငိုရမလိုဖြစ်မိတယ်။ အဲဒါ လူဦးရေငါးထောင်မက ရှိနိုင်တဲ့ ဘုန်းကြီးတို့အရပ်က တောရွာကြီးဗျို့။ အထက်တန်းကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေတောင်ရှိလို့ အတော်အတန်ဖွံ့ဖြိုးပါတယ်လို့ ဆိုနိုင်ဖွယ်ရှိတဲ့ အရပ်ဒေသမျိုး။
ဂုံနီအိတ်ကာ
အဲဒီ ‘မဟာအခက်အခဲ’ကို ကြိုမတွေးထားမိတဲ့ အခြားရန်ကုန်နေဆရာတော်ကြီးတစ်ပါးကျတော့ ကျေးမြို့က သူနဲ့ပတ်သက်တဲ့ ဘုန်းကြီးကျောင်းမှာ သိန်းရာထောင်အကုန်ခံ ကျင်းပတဲ့ အလှူပွဲကြီးကို ရန်ကုန်ဧည့်သည်တွေကို ခေါ်လာပြီး ဘုန်းကြီးကျောင်းမှာထားသတဲ့။ အရေးထဲ ရန်ကုန်သူဒကာမတစ်ယောက် ဗိုက်နာရော... ဘုန်းကြီးကျောင်းမှာရှိတဲ့ လူသုံးအိမ်သာက မိုးလုံလေလုံမရှိ။ ဂုံနီအိတ်အစုတ်ကလေးကို အကာလုပ်ထားလို့ မြို့ကြီးသူဒကာမ ငိုရတာပေါ့။ အိမ်သာလုံလုံခြုံခြုံရှိတဲ့ မြို့ခံလူကုန်ထံတစ်ယောက်ကို အရေးပေါ်အကူအညီတောင်းပြီး အိမ်မှာတည်းဖို့ ရှောင်တခင်စီစဉ်လိုက်ရသတဲ့။ အင်း... တောမြို့အဆင့်တောင် မနိပ်သေးဘူးလို့ဘဲ နားလည်လိုက်ရတယ်။
မြင်ဝါတောင်
စာအုပ်နာမည် “မြင်ဝါတောင်”။ စာရေးဆရာကြီး မောင်ထင်ရေးတာ။ သူ့စာအများစုထဲကလို ကျိတ်ပြုံးစရာတွေပါလို့ အလွန်ဖတ်ကောင်းတယ်။ စာပေဗိမာန်ကထုတ်တာ (၁၉၈၄-ခန့် ထင်တယ်)။ အဲဒီစာအုပ်မှာ မြို့အုပ်ဘဝနဲ့ နယ်တကာသွားစဉ် တောရွာအချို့မှာ အိမ်သာမရှိဘဲ ချုံကွယ်ရာနဲ့ သစ်ပင်အောက်တွေမှာ ကျင်ကြီးကျင်ငယ်စွန့်ကြကြောင်း၊ အရိပ်ကောင်းလို့ ရွာဦးက ညောင်ပင်အောက်မှာ အပန်းဖြေမလို့ ထိုင်မယ်လုပ်ပြီးမှ ထောင်းခနဲ မစင်နံ့ထွက်လာလို့ ပြေးခဲ့ရကြောင်း ရေးထားတယ်။ သက်ဆိုင်သူဒေသခံအချို့က သူတို့ကိုနှိမ်တယ်ဆိုပြီး စိတ်ဆိုးနိုင်ဖွယ်ရှိပေမယ့် အမှန်တော့ ထောက်ပြတဲ့စာရေးဆရာကို ကျေးဇူးတောင် တင်ရဦးမှာ။ ဒါတွေကို ညာပေးဖို့ အာဏာပိုင်တွေမှာ တာဝန်ရှိသလို ကြားမြင်သုတများတော်မူကြတဲ့ ဆရာတော်တွေကလည်း တတ်စွမ်းသမျှ ပါဝင်ကူညီသင့်တာပေါ့။
ဥတုဇလေ
ဘုန်းကြီး ကမ္ဘာအေးမှာ နေတုန်းက တစ်မနက် ကိစ္စတစ်ခုနဲ့ ရွှေတိဂုံဘုရားကို သွားတယ်။ စောင်းတန်းထဲလည်း ရောက်ရော... ဗိုက်ထဲ ‘ဥတုဇလေ’ တဂျုန်းဂျုန်းလှုပ်တော့တာပဲ။ ကုဋီဘယ်နားရှိလဲ... မေးကြည့်တော့ နှစ်ကြိမ်ခေါင်းခါခံရတယ်။ ဒါနဲ့ အရှေ့မုခ်စောင်းတန်းကနေ ဘုရားပေါ်တက်၊ ဓာတ်လှေကားနဲ့ အမြင့်ကြီးတက်ရတဲ့မုခ်(အနောက်မုခ်လို့ထင်တယ်)ကို ရောက်တဲ့အထိ ဘုရားပေါ်ဖြတ်ပြီး သုတ်ခြေတင်၊ စောင်းတန်းဘေးက ခြေကျင်ဆင်း၊ အဲဒီဓာတ်လှေကားအောက်က ကုဋီကိုပြေးရတယ်။ တံခါးကိုဖွင့်လိုက်တာနဲ့ ဆေးလိပ်နံ့နဲ့ ရောနေတဲ့ စူးစူးရှရှ မစင်နံ့။ ရေပိုက်ခေါင်းကိုဖွင့်ကြည့်တော့ ရေမလာဘူး။ တတ်နိုင်တော့ဘူးလေ... ထိုင်လိုက်ရတာပဲ၊ တွေးသာကြည့်။ အဲဒီတုန်းက လွယ်အိတ်ထဲပါလာတဲ့ ဒိုင်ယာရီစာအုပ်အသစ်ကလေးထဲက စာရွက်တစ်တွဲဖြုတ်ပြီး ဖြေရှင်းခဲ့ရတယ်။ လက်ဆေးစရာ ရေမရှိ။
ခရီးသွားနှစ်
မှတ်မိသေးတော့တယ်... ၁၉၉၆-မြန်မာ့ခရီးသွားနှစ် (Visit Myanmar Year-1996)။ အဲဒီ မြန်မာ့နှစ်ကြီးကို ရေဒီယိုက အာပြဲအောင်အော်ခဲ့ပေမယ့် မအောင်မြင်တာ အဲဒီလိုအခြေခံလိုအပ်ချက် မပြည့်စုံတာလည်း အကြောင်းတစ်ခုဖြစ်မှာပဲ။ ကြားမြင်သုတခေါင်းပါးရှာကြတဲ့ ခေါင်းဆောင်ဆိုသူတွေက လုပ်ဖို့အမိန့်တော့ ပေးလိုက်တာပါပဲ။ ဒါပေမယ့် ပြင်ပလောကရဲ့အခြေအနေမှန်ကို မသိတော့ လေတစ်လုံးပဲ ကျန်ခဲ့တာပေါ့။ စဉ်းစားကြည့်... ရွှေတိဂုံဘုရားလို တကယ့်ပရိသတ်အစည်ဆုံးလို့ဆိုရမယ့်နေရာမှာတောင် အများသုံးအိမ်သာဆိုတာမျိုးက “ရှိတော့ရှိတယ်... ရှားတယ်”ဆိုတာထဲကမှ အခြေအနေမကောင်းသေးဘူး။ အဲဒါ အဲဒီခေတ်အချိန်က... ခုတော့ ဘယ်နှယ်နေမသိ။
လှမ်းမမီ
ဒီနေ့ကျောင်းမှာ ဆွမ်းလာကပ်တဲ့ အရီးဇိုးနားပြည်နယ် တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့ မြန်မာလူမျိုးဆရာကြီးက ပြောသွားတယ်... အမေရိကန် နာဆာအဖွဲ့က ကြီးမှူးပြီး ရန်ကုန်တက္ကသိုလ် (ပင်မ)မှာ အစည်းအဝေးတစ်ခုလုပ်ဖို့ စီစဉ်ခိုက် အိမ်သာကို စဉ်းစားမိလို့ လိုက်စုံစမ်းတဲ့အခါ အခြေအနေမကောင်းတဲ့အတွက် ရန်ကုန်တက္ကသိုလ်ထဲ မလုပ်ဖြစ်တော့ဘဲ အစည်းအဝေးကို ဟိုတယ်မှာပဲ စီစဉ်လိုက်ရသတဲ့။ ဘုန်းကြီးရောက်ဖူးခဲ့သလောက် ရန်ကုန်တက္ကသိုလ် (ပင်မ)ထဲမှာ တကယ်ပဲ အဆင့်မီအများသုံးအိမ်သာမရှိတာ အမှန်ပါ။ ကမ်းကြိုတဲ့လက်ကိုတောင် လှမ်းမမီနိုင်သေးတဲ့ အနေမျိုးလို့ ဆိုရမလားပဲ။
စင်္ကာပူမှာ
၁၉၉၈-ခုနှစ်၊ စင်္ကာပူကိုရောက်တော့ မြေအောက်ရထားဘူတာနဲ့ ပန်းခြံလိုနေရာတွေမှာ အများသုံးအိမ်သာတွေ ဗုံးပေါလအောပဲ။ စင်္ကာပူအများသုံးအိမ်သာတွေရဲ့ တံခါးတွေကို မြင်ရတော့ ဘုန်းကြီးဖြင့် တောကဘုန်းကြီးကျောင်းတွေမှာရှိတဲ့ ကျွန်းသားတံခါးတွေနဲ့ လုပ်ထားတဲ့ “ကျက်သရေတိုက်ခန်း”ကို သွားအမှတ်ရတယ်။ အိမ်သာတံခါးမှာ အစွန်းအထင်းညစ်အကြေးမရှိ။ ပြောင်လက်နေတာပဲ။ ကျက်သရေတိုက်ခန်းထဲကို ဝင်သွားရင် ဆေးလိပ်နဲ့ ငါးပုပ်ခြောက်နံ့တွေနံဖွယ်ရှိပေမယ့် စင်္ကာပူကအိမ်သာတွေမှာ လုံးဝအိမ်သာနံ့မရှိဘူး။ အနံ့မွှေးအောင်လုပ်ထားတယ်။ အဲဒီလို အများသုံးအိမ်သာတစ်ခုမှာ သန့်ရှင်းရေးနဲ့ အိမ်သာသုံးစက္ကူလိပ်တွေကို အချိန်မီလဲပေးရတဲ့ မြန်မာအလုပ်သမလေးတစ်ယောက်နဲ့တောင် တွေ့ခဲ့သေးတယ်။
စိတ်ကူးယဉ်
အိန္ဒိယဝန်ကြီးချုပ်သစ်က သူ့နိုင်ငံမှာ အိမ်စေ့အိမ်သာဆောက်ဖို့ တော်လှန်ရေးလုပ်တယ်ဆိုမဟုတ်လား။ ငဘတို့လည်း အိမ်မကောင်းချင်နေ အိမ်သာသန့်သန့်လေးတော့ ရှိသင့်တာပေါ့။ “အိမ်သာရှိမှ ဧည့်သည်လာ”လို့ နားလည်ပြီး ငွေကြေးတတ်နိုင်တဲ့ ကုမ္ပဏီပိုင်ရှင်၊ ဟိုတယ်ပိုင်ရှင်တွေက ကိုယ့်ဆီကို ပြည်ပဧည့်သည်တွေများများလာအောင် လူစည်တဲ့နေရာတွေမှာ အဆင့်မီအများသုံးအိမ်သာတွေ လှူဒါန်းကြရင်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိတယ်။
ဇန်နဝါရီ ၃၁၊ ၂၀၁၆။
---
ပါဠိစကားပုံ
ဝရမ ကပေါတော သုဝေ မောရော။
ယနေ့ ခိုသည် နက်ဖြန် ဥဒေါင်းထက် ကောင်း၏။
---
၄၈၅။ မိစ္ဆာဒိဋ္ဌိတွေ သေရင်
ဆရာတော်ဘုရား၊ အခြားဘာသာဝင်တွေက ဖန်ဆင်းရှင်ကို မယုံကြည်တဲ့ တပည့်တော်တို့ ဗုဒ္ဓဘာသာတွေကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်ဘုရား။ မိစ္ဆာဒိဋ္ဌိမှန်ရင် သူတို့ရဲ့ဘုရားသခင်က ဂရုမစိုက်ဘဲနေပြီး သေတဲ့အခါ ဘယ်တော့မှ ပြန်မပေါ်လာနိုင်တော့တဲ့ ငရဲထဲကို ပစ်ချတယ်လို့ ဆိုပါတယ်ဘုရား။ ဗုဒ္ဓဘာသာကို မယုံကြည်တဲ့ သူတို့လို မိစ္ဆာဒိဋ္ဌိတွေ သေရင် ငရဲကို ရောက်မရောက် သိလိုပါသည်ဘုရား။
မြင့်ဆွေ (ရန်ကုန်)
ဗုဒ္ဓဝါဒမှာ ဘယ်လိုလူကိုမဆို သက်ရှိလူသားလို့သာမြင်ပေမယ့် အယူဝါဒမတူသူတွေက စွပ်စွဲလာတဲ့အခါ “ဘူတံ ဘူတတော = မှန်ရင် မှန်တယ်၊ အဘူတံ အဘူတတော = မှားရင် မှားတယ်”လို့ တုတ်ဓားမပြဘဲ နိုင်ယှဉ်ချပြခွင့်တော့ရှိတယ်။
မျှတအောင်
“မိစ္ဆာဒိဋ္ဌိ (အယူမှားသူ) ဆိုတဲ့ ဝေါဟာရကို ယုံကြည်မှုမတူသူတွေ အချင်းချင်း (သူက ကိုယ့်ကို၊ ကိုယ်က သူ့ကို) ခေါ်ခွင့်ရှိတယ်လို့ ခံယူတာ မှန်ပါတယ်။ ဘာသာရေးယုံကြည်မှုမှာ အဲဒီလိုဖြစ်ရင် မျှတမလားလို့ပါ။ ဘုန်းကြီးကတော့ အယူမတူသူတွေက ကိုယ့်ကို အဲဒီလို ခေါ်တဲ့အခါ ပြုံးနိုင်အောင် လေ့ကျင့်ပါတယ်။ ကိုယ်ကခေါ်တဲ့အခါလည်း သူ့ဝါဒကို အထင်သေးနှိမ့်ချလိုတဲ့ ခံစားချက်မပါဘဲ ဝါဒမတူသူကို ခေါ်ရိုးခေါ်စဉ် ခေါ်တာလို့ပဲ သဘောထားပါတယ်။
ဒီနေရာမှာ မြတ်ဗုဒ္ဓရဲ့အာဘော်ကို အခြေခံပြီး အဋ္ဌကထာကျမ်းတွေမှာ အင်မတန်လှပပြီး မှတ်သားစရာကောင်းတဲ့ သင်ကြားချက်တွေကို တွေ့ရတယ်...
မှန်ပေမယ့် သမ္မာဒိဋ္ဌိ (အယူမှန် သို့မဟုတ် ကိုယ့်အယူ)ကို အကြောင်းပြုပြီး ကုသိုလ်အကုသိုလ် ခံစားမှုနှစ်မျိုး ဖြစ်နိုင်တယ်။ ကိုယ့်အယူအရ အလှူပေး သီလစောင့် ဘာဝနာပွား လုပ်ရင် ကုသိုလ်စားချက်ဖြစ်ပြီး ကောင်းကျိုးရတယ်။ ဒါပေမယ့် မိစ္ဆာဒိဋ္ဌိ (အယူမှားသူ သို့မဟုတ် ကိုယ်နဲ့ အယူမတူသူ)တွေကို ဆဲဆိုခြိမ်းခြောက် ငါ့တရားမှတရား၊ ဘုရားမှတစ်ပါး အခြားမရှိဆိုရင် အဲဒါ သမ္မာဒိဋ္ဌိကြောင့် နှလုံးသားကို အကုသိုလ်အရောင်ဆိုးခံရပြီး အကျိုးလည်း မတောက်ပြောင်ပါဘူး (သံ၊ဋ္ဌ၊၃၊၁၆၆)။
မှားပေမယ့် မိစ္ဆာဒိဋ္ဌိတွေအနေနဲ့ ဒုက္ခရောက်သူတွေကို ဆေးဝါးကုသပေး၊ အစားအစာပေး... စသည်ကို နှောင်ကြိုးမပါဘဲ (တစ်ခုခုပြန်ယူဖို့ မမျှော်လင့်ဘဲ) စေတနာသန့်သန့်နဲ့ လုပ်ဖြစ်ရင် ကုသိုလ်ခံစားချက်ဖြစ်ပြီး ကောင်းကျိုးရတယ်။ ဒီလိုတော့ ရှိတယ်... မိစ္ဆာဒိဋ္ဌိတွေက ဆိတ် သိုး နွားကိုသတ်ပြီး အလှူပေး၊ အယူမတူသူတွေကို ခေါင်းဖြတ်လုပ်ရင် ၎င်းတို့ဘုရားကြိုက်ပေမယ့် ဗုဒ္ဓဝါဒအရတော့ ဒေါသစိတ်ပြဋ္ဌာန်းပြီးလုပ်ရလို့ အကုသိုလ်ခံစားချက်လို့ပဲ ဆိုပါတယ်။ (ညွှန်းပြီး)။ ကမ္ဘာပေါ်က ယဉ်ကျေးသူအများစုလည်း ထောက်ခံမဲပေးမယ်မထင်ပါဘူး။
တာယန
တာယနအမည်ရတဲ့ နတ်သားဟာ လူ့ဘဝတုန်းက အယူဝါဒတည်ထောင်သူ (ဘာသာရေးခေါင်းဆောင်) ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကောင်းတာကိုလုပ်ရင် ကောင်းကျိုးရတယ်ဆိုပြီး ခိုကိုးရာမဲ့တွေကို စောင့်ရှောက်၊ တံတားဆောက် ရေကန်တူးတဲ့ ကောင်းမှုတွေကို လုပ်တယ်။ အဲဒီကုသိုလ်ကြောင့် ကွယ်လွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်တယ်။ နတ်သားအဖြစ်နဲ့ မြတ်ဗုဒ္ဓထံလာပြီး “ကောင်းမှုပြုခြင်းကြောင့် နောင်တပူပန်ခြင်းမရှိ။ ကောင်းမှုကို ပြုခြင်းသည် မွန်မြတ်၏”လို့ လျှောက်တယ် (သံ၊၁၊၄၆။ သံ၊ဋ္ဌ၊၁၊၉၉)။
ဗုဒ္ဓဝါဒကို မယုံကြည်သူ (မိစ္ဆာဒိဋ္ဌိ)တွေ ကောင်းမှုလုပ်ရင် ကောင်းကျိုးရနိုင်တယ်ဆိုတာ ဒီနတ်သားက သက်သေပါပဲ။ သူ့ကိုယ်သူ ဗုဒ္ဓဘာသာပါဆိုတဲ့ အာဏာရှင်တွေ အာဏာအလွဲသုံးစားမှုနဲ့ အဝီစိမှာ ကျိုခံနေရတာကို ဒီနတ်သားတွေ့ရင် ငါးခူပြုံးပြုံးနေမှာပေါ့။
ဇွန် ၂၆၊ ၂၀၁၆။
---
၄၈၆။ နမော တဿနဲ့ ဘုရားရှိခိုးသူများ
ဆရာတော်ဘုရား၊ နမော တဿ ဘုရားရှိခိုးနှင့် ပတ်သက်ပြီး မေးလျှောက်လိုပါသည်ဘုရား။ ဆရာတော်တစ်ပါးက နမောကို တစ်ယောက်၊ တဿကို တစ်ယောက်စီ ရှိခိုးပြီးမှ နောက်ဆုံး “နမော တဿ ဘဂဝတော အရဟတော သမ္မာ-သမ္ဗုဒ္ဓဿ” ဘုရားရှိခိုး ဖြစ်လာတယ်လို့ ဟောကြားတာကို နာကြားရပါသည်ဘုရား။ ဒါပေမယ့် အပြည့်အစုံ ဟောကြားခြင်းမရှိပါ။ ဒါကြောင့် ဘယ်သူက ဘယ်စာလုံးနှင့် ရှိခိုးသည်ကို ပြည့်အစုံ သိလိုပါသည် အရှင်ဘုရား။
သူရ မေခင် (မလေးရှား)
အင်း မီဒီယာ အင်မတန်အားကောင်းတဲ့ခေတ်ဆိုတော့ ရမ်းပြီးမပြောရဲ မရေးရဲအောင် သတိပေးနေသလိုပါပဲ။ ပထမဆုံး နမော တဿနဲ့ ဘယ်သူတွေ မြတ်ဗုဒ္ဓကို ရှိခိုးခဲ့တယ်ဆိုတာကို အရင်လေ့လာကြည့်မယ်။
သိကြား
နတ်အဆိုကျော် ပဉ္စသီခဟာ မြတ်ဗုဒ္ဓ သီတင်းသုံးနေတဲ့ ရာဇဂြိုဟ်မြို့အနီး ဣန္ဒသာလလိုဏ်ဂူဝမှာ ဗေဠုဝစောင်းကြီးကို တီးခတ်ပြီး “ဘုရားတိုင်သီချင်း”တွေ သီဆိုစဉ် မြတ်ဗုဒ္ဓက ပဉ္စသီခကို စကားစမြည်ပြောတဲ့အခါ သိကြားမင်းလည်း ရောက်လာပြီး “သတ္တဝါတွေဟာ ရန်မလိုချင်ဘဲလျက် ဘာကြောင့် ရန်ဖြစ်နေရသလဲ”လို့ မြတ်ဗုဒ္ဓကို မေးတယ်။ မြတ်ဗုဒ္ဓက “ဣဿာ (မနာလို) မစ္ဆရိယ (ဝန်တို) ဆိုတဲ့ သံယောဇဉ်နှစ်မျိုးကြောင့် ဖြစ်ရတာ”လို့ ဖြေတယ်... (သိကြားမေးခွန်းတစ်သီတစ်တန်းကို သက္ကပဥှသုတ်မှာ ဆက်ဖတ်ဖို့ ညွှန်းပါတယ်။)
မြတ်ဗုဒ္ဓရဲ့အဖြေတွေကို နာယူပြီးတဲ့အခါ သိကြားမင်းကြီး သောတာပန်တည်သွားပြီး မြေကြီးကို လက်နဲ့ပုတ်ရင်း “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ် ဥဒါန်းကျူးတယ်။
ဘုရားနဲ့တွေ့အောင် လုပ်ပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပဉ္စသီခကို ရာထူးတိုးပေးပြီး ပဉ္စသီခကြိုက်နေတဲ့ သူရိယဝစ္ဆသာနတ်သမီးကို ရအောင်လည်း သိကြားရှိန်နဲ့ လုပ်ပေးလိုက်ပါသတဲ့ (ဒီ၊၂၊၂၃၀)။
ထုံအအမင်း
သာမန်တို့နားမလည်နိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ဒဿနစကားတစ်ခု ကောသလနန်းထဲရောက်လာတယ်... “အချစ်ကြောင့် ဆင်းရဲရတယ်”တဲ့။ ထုံအအကောသလမင်းက မလ္လိကာကို “နင့်ဆရာ ရဟန်းဂေါတမက ချစ်ရင် ဒုက္ခဖြစ်တယ်ဆို”လို့ ခနဲ့တဲ့တဲ့ပြောတော့ ဗုဒ္ဓကို အလွန်ကြည်ညိုတဲ့ မိဖုရားက “မင်းကြီး၊ ဒီစကားကို မြတ်ဗုဒ္ဓမိန့်တာဟုတ်ရင် ဒါအမှန်ပါပဲ”လို့ ပြန်ပြောတယ်။ ကောသလမင်းက သူ့စကားကို မထောက်ခံတဲ့မိဖုရားကို မကျေမနပ်ဖြစ်ပြီး “သယ်.. သူ့ဆရာပြောရင် အဟုတ်ချည်းပဲ၊ မလ္လိကာ.. သိပ်မုန်းဖို့ကောင်းတယ်၊ ထွက်သွား”ဆိုပြီး ငေါက်လွှတ်တယ်။
မလ္လိကာက ပညာရှိဆိုတော့ မလျှော့ဘူး... လူတစ်ဦးကို မြတ်ဗုဒ္ဓဆီလွှတ်ပြီး စုံစမ်းတယ်။ အမှန်ကို သိရတဲ့အခါ “မင်းကြီး၊ သမီးတော် ဝဇိရီကို ချစ်လား” “ချစ်တာပေါ့၊ သမီးတော်တစ်ခုခုဖြစ်ရင် ငါ့နှလုံးတွေကွဲကြေမှာ” “သားတော်စစ်သူကြီး ဝိဍဍုဘကို ချစ်လား” “ချစ်၊ သားတော်မရှိရင် ငါသေမှာ” “မလ္လိကာကိုရော ချစ်လား” “ဘယ်နှယ်ပြောပါလိမ့် မလ္လိကာ၊ မင်းမရှိရင် ငါရူးမှာ” “မင်းကြီး၊ ဒါကြောင့် ရှင်တော်ဗုဒ္ဓက အချစ်ကြောင့် ဆင်းရဲတယ်လို့ ဟောတော်မူတာပေါ့။
အဲဒီကျမှ ကောသလမင်း “ပေါက်”ပြီး မြတ်ဗုဒ္ဓရှိရာဖက် လက်အုပ်ချီရင်း “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ် ဥဒါန်းကျူးတယ် (မ၊၂၊၃၁၄)။
အသေးစိတ်
ခရေ မြတ်ဗုဒ္ဓကို အနီးကပ်လေ့လာခဲ့သူ ဥတ္တရလုလင်က မြတ်ဗုဒ္ဓနဲ့ပတ်သက်ပြီး ရုပ်သွင်၊ နေထိုင်ပုံ၊ သွားလာပုံ၊ စားသောက်ပုံ၊ တရားဟောပုံ၊ သံနေသံထားတွေကို အလွန်အသေးစိတ် ခရေစေ့တွင်းကျ ဆရာကြီးကို ပြန်လည်တင်ပြတယ်။ ဘယ်လောက်တောင် အသေးစိတ်တုန်းဆို... ယောက်ျားမြတ်တို့ရဲ့ လိင်အင်္ဂါမျိုး ဟုတ်မဟုတ် မြင်ချင်တာကို မြတ်ဗုဒ္ဓက တန်ခိုးနဲ့ ဖန်ဆင်းပြရတဲ့အထိပါပဲ။
တပည့်ရဲ့စကားကို ကြားရတဲ့အခါ မိထိလာမြို့သား၊ သက်တော်ရှည်ပါမောက္ခကြီးဟာ မြတ်ဗုဒ္ဓကို ကြည်ညိုလွန်းလို့ မြတ်ဗုဒ္ဓရှိရာသို့ လက်အုပ်ချီပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ် ဥဒါန်းကျူးတယ် (မ ၂။ ၃၄၁)။ အဲဒီဆရာကြီးရဲ့နာမည် “ဗြဟ္မာယု”တဲ့။
ယောင်တတ်သူ
ကောသလတိုင်းက စိဉ္စလိကပ္ပ (စိန်စလိ.ကပ်ပ)မည်တဲ့ရွာမှာ သောတာပန်ပုဏ္ဏေးမကြီး ဓနဉ္ဇာနီ (ဓနင်ဇာနီ)ဆိုတာရှိတယ်။ ထစ်ခနဲဆို ယောင်တတ်တယ်။ ဒါပေမယ့် အယုတ္တအနတ္တဆဲဆိုတာမျိုးမဟုတ်ဘူး။ ဘုရားရှိခိုးပြီး ယောင်တာ။ သူ့ခင်ပွန်းက ဘာသာခြားဆိုတော့ တစ်နေ့မှာ တိတ္ထိ (အယူဝါဒ တည်ထောင်သူ) ဆရာကြီးတွေကို အိမ်ကိုဖိတ်ပြီး ကျွေးမွေးမယ်လို့ ဇနီးကို ပြောတော့ ဓနဉ္ဇာနီက “ကိုယ်ရှာထားတဲ့ပစ္စည်း ကိုယ်ကြိုက်သလို လှူပါ”တဲ့။ ပုဏ္ဏားက သူ့မိန်းမအကြောင်းကိုသိနေလို့ “အဲဒီနေ့မှာ မိန်းမရဲ့ပါးစပ်က ခါတိုင်းလို ဟဝါကြီးကို ဆိုပြီး မယောင်မိစေနဲ့အုံး”တဲ့။
ဓနဉ္ဇာနီလည်း ဘယ်ရမလဲ၊ ဓနဉ္ဇာနီပဲ... အလှူနေ့မှာ တိတ္ထိတွေကို ဟင်းလိုက်ရင်း အပေါ်ရုံ (ဆာရီ) လျှောကျတဲ့အတွက် နှုတ်တက်နေတဲ့အတိုင်း အောင်မြင်တဲ့အသံနဲ့ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ်လုပ်ပစ်လိုက်တယ် (မ၊၂၊၄၂၄။ မ၊ဋ္ဌ၊၃၊၃၀၇)။
ဉာဏ်ခြေရာ
ပရိဗိုဇ်ဝတ်ပြီး မြတ်ဗုဒ္ဓနဲ့ ရဟန္တာတွေကို ပြုစုနေတဲ့ ပိလောတိကာအမည်ရှိတဲ့ လူငယ်ဟာ ညနေခင်း ဇေတဝန်ကျောင်းက မြို့ဖက်ကို အလာမှာ မြို့ထဲက ခမ်းနားစွာထွက်လာတဲ့ ဇာဏုသောဏိမည်တဲ့ ပုဏ္ဏားနဲ့ တွေ့တယ်။
ဇာဏုသောဏိက စပြီး “ဘယ်ကလာတာလဲ”တဲ့။ ပရိဗိုဇ်ငယ်က “ရဟန်းဂေါတမဆီကပါ”လို့ ဖြေတယ်။ “ဘယ့်နှယ်လဲ၊ ရဟန်းဂေါတမကို ပညာရှိလို့ ထင်လား”။ “ဩ... ငါလို ပရိဗိုဇ်ငယ်တစ်ယောက်က ရဟန်းဂေါတမရဲ့ပညာကို မခန့်မှန်းနိုင်ပါဘူး၊ ဂေါတမလိုပုဂ္ဂိုလ်ကပဲ ဂေါတမရဲ့ပညာကို သိနိုင်မှာ။ ရဟန်းဂေါတမဟာ ချီးမွမ်းခံရသူတွေရဲ့ ချီးမွမ်းတာကို ခံရသူပါ”။ “အလို... ညွှန်းလှချည့်လား”။
“ညွှန်းသင့်လို့ပါ... ရဟန်းဂေါတမကို နက်နဲတဲ့မေးခွန်းတွေ မေးပြီး အရေးနိမ့်အောင်လုပ်ဖို့ ရည်ရွယ်ပြီး လာကြတဲ့ မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်းပညာရှိတွေဟာ ရဟန်းဂေါတမနဲ့ တွေ့တဲ့အခါ ရဟန်းဂေါတမရဲ့ ဟောကြားချက်ကြောင့် မေးဖို့ကိုပင် သတိမရကြတော့ဘဲ နောက်ဆုံး ရဟန်းဂေါတမရဲ့ တပည့်တွေဖြစ်ကုန်တာချည့်။ ခြေရာရဲ့ကြီးမားကျယ်ပြန့်မှုကို ကြည့်ပြီး ဆင်ပြောင်ကြီးကို သိနိုင်သလို ကျယ်ပြောနက်ရှိုင်းတဲ့ ဉာဏ်ခြေရာကို တွေ့တာနဲ့ ကျုပ်ကတော့ ဘုရားအစစ်ပဲလို့ ယုံကြည်တယ်”။
နောက်ဆုံး ဇာဏုသောဏိလည်း မြတ်ဗုဒ္ဓကို ကြည်ညိုသွားလို့ မြင်းရထားပေါ်မှဆင်း၊ မြတ်ဗုဒ္ဓရှိရာဖက်ဆီ လက်အုပ်ချီပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ် ဥဒါန်းကျူးတယ် (မ၊၁၊၂၃၅)။
အငြင်းဇာစ်မြစ်
အရှင်မဟာကစ္စည်းမထေရ် ဝရဏာမြို့မှာ သီတင်းသုံးစဉ် အာရာမဒဏ္ဍမည်တဲ့ ပုဏ္ဏားတစ်ယောက် အရှင့်ထံရောက်လာပြီး “မင်းတွေအချင်းချင်း၊ ပုဏ္ဏားတွေအချင်းချင်း၊ သူကြွယ်တွေအချင်းချင်း ဘာလို့ အငြင်းပွားကြပါသလဲ”လို့ မေးတယ်။ “ကာမရာဂ (အဆင်း အသံ အနံ့ အရသာ အတွေ့) အာရုံဖမ်းစားဝါးမျိုခံရလို့”ဖြစ်ကြောင်း အရှင်မြတ်က ဖြေတယ်။ “ရဟန်းတွေအချင်းချင်း အငြင်းပွားတာရော ဘာကြောင့်လဲ”။ “ဒါကတော့ ဒိဋ္ဌိရာဂ (အယူဝါဒအမျိုးမျိုးကို စွဲလမ်းမှု)ကြောင့် ဖြစ်ရတယ်”။ ဒါဖြင့် “ကာမရာဂ၊ ဒိဋ္ဌိရာဂတွေ ဖမ်းစားမခံရသူ လောကမှာ ရှိပါသလား”လို့ ပုဏ္ဏားက ဆက်မေးတယ်။
အရှင်မြတ်က “ရာဂစိတ်တွေအားလုံး ကုန်စင်အောင် အားထုတ်ပြီးဖြစ်တဲ့ ဗုဒ္ဓအမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဆူ သာဝတ္ထိမြို့မှာ ရှိပါတယ်”တဲ့။ အဲဒီအခါ ပုဏ္ဏားဟာ ဗုဒ္ဓရှိရာဖက်ကို လက်အုပ်ချီပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ် ဥဒါန်းကျူးတယ် (အံ၊၁၊၆၈)။
ကာရဏပါလီ
ကာရဏပါလီအမည်ရှိ ဝေသာလီမြို့သား ပုဏ္ဏားဟာ နေမွန်းတည့်ချိန် အဝေးမှလာတဲ့ ပိင်္ဂိယာနီ (ပိန်ဂိယာနီ)မည်တဲ့ အနာဂါမ်ပုဏ္ဏားကို “နေပူကျဲကျဲမှာ ဘယ်ကလာတာလဲ”လို့ မေးတယ်။ “ရဟန်းဂေါတမဆီကပါ”။ “ရဟန်းဂေါတမကို ပညာရှိလို့ ယူဆပါသလား”။ “ပုဏ္ဏား၊ ငါအနေနဲ့ ရဟန်းဂေါတမရဲ့ပညာကို မသိနိုင်ပါ။ ဂေါတမလို အခြားတစ်ယောက်ကပဲ သူ့ရဲ့ပညာကို သိနိုင်မှာပါ”။ “ပုဏ္ဏား၊ သင်သည် ရဟန်းဂေါတမကို အလွန်ချီးမွမ်းတာပဲ။ ဘာကြောင့် အဲဒါလောက် ချီးမွမ်းရတာလဲ”။ ပိတိယာနီပုဏ္ဏားက “အရသာကောင်းကို စားပြီးသူဟာ အခြားအရသာကို မတောင့်တတော့သလို ရဟန်းဂေါတမရဲ့တရားကို ကျင့်သုံးပြီးရင် အခြားတရားကို အလိုမရှိတော့ဘူး။ စန္ဒကူးရွှေ စန္ဒကူးနီတုံးတွေကို ဘယ်နေရာမှာ နမ်းနမ်း အလွန်အနံ့မွှေးသလို ရဟန်းဂေါတမရဲ့တရားတိုင်းဟာ နှစ်သိမ့်မှုကို ပေးပါတယ်။ ဆေးဆရာကောင်းဟာ ရောဂါကို ပျောက်စေသလို ရဟန်းဂေါတမရဲ့တရားကို ကျင့်သုံးသူဟာ ဆင်းရဲကို ကင်းစေတယ်။ နွေနေပူကြောင့် ပင်ပန်းနေတဲ့ ခရီးသွားဟာ အေးမြကြည်လင်တဲ့ရေကန်ထဲက ရေကို သောက်သုံးရသလို ရဟန်းဂေါတမရဲ့တရားဟာ ပူလောင်မှုကို ငြိမ်းစေပါတယ်”တဲ့။
ပိင်္ဂိယာနီရဲ့စကားအဆုံးမှာ ကာရဏပါလီပုဏ္ဏားလည်း “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ် ဥဒါန်းကျူးတယ် (မ၊၁၊၂၃၅)။
မဟိန္ဒမင်း
လွန်ခဲ့တဲ့ ၉၂-ကမ္ဘာအချိန်က တိဿနဲ့ ဖုဿလို့ ဘုရားနှစ်ဆူ ပွင့်ထွန်းရာမှာ ဖုဿဘုရားရဲ့ ဖခင်က မဟိန္ဒမင်းကြီး။ မင်းကြီးရဲ့သားတော်အငယ်က ပထမအဂ္ဂသာဝက၊ ပရောဟိတ်ရဲ့သားက ဒုတိယအဂ္ဂသာဝကဖြစ်လာတယ်။ သားကြီး၊ သားငယ်၊ ပုရောဟိတ်ရဲ့သားတို့ကို တစိမ့်စိမ့် ဖူးမြော်ပြီး ဘုရားလည်း ငါ့ဘုရား၊ တရားလည်း ငါ့တရား၊ သံဃာလည်း ငါ့သံဃာပဲလို့ တွေးရင်း မဟိန္ဒမင်းလည်း “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ် ဥဒါန်းကျူးတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၆၄)။
အဖြေ
မှတ်သားကြည်ညိုစရာ အကြောင်းအရာတွေဖြစ်လို့ ရသလောက် စုစည်းပြလိုက်တာပါ။ သိကြားနတ်မင်း၊ ကောသလမင်း၊ ဗြဟ္မာယု (ပုဏ္ဏားပညာရှိ)၊ ဓနဉ္ဇာနီ (သောတာပန် ပုဏ္ဏေးမ)၊ ဇာဏုသောဏိ (သာဝတ္ထိမြို့က ဂုဏ်သရေရှိ ပုဏ္ဏား)၊ အာရာမဒဏ္ဍ (ပုဏ္ဏား)၊ ကာရဏပါလီ (လိစ္ဆဝီမင်းတို့ရဲ့ မန်နေဂျာ)၊ မဟိန္ဒမင်း (ဖုဿဘုရားရဲ့ခမည်းတော်)... အားလုံး ပုဂ္ဂိုလ်ရှစ်ယောက် “နမော တဿ”ကို အစအဆုံး ဥဒါန်းကျူး (ဝမ်းသာလို့ ရွတ်ဆို)ခဲ့ကြတယ်လို့ မှတ်ဖို့ပါ။ နမောတစ်ယောက်၊ တဿတစ်ယောက် ရွတ်တယ်လို့ မကြားဖူးပါဘူး။
ဇွန် ၂၇၊ ၂၀၁၆။
---
ဗုဒ္ဓေါ ဗုဒ္ဓေါတိ ဃောသော အတိ.ဒုလ္လဘ.တရော၊ ကာ ကထာ ဗုဒ္ဓဘာဝေါ။
ဗုဒ္ဓ ဗုဒ္ဓဟူသောအသံကိုပင် အလွန်ကြားရခဲ၏။ ဗုဒ္ဓအဖြစ်ကိုမူ ဆိုဖွယ်မရှိ။ (နမက္ကာရ၊ ၂ရ-ဂါထာ)
---
၄၈၇။ ဘိက္ခုနီသံဃာ ကွယ်ချိန်
ဘုန်းကြီးဘုရား၊ ဘိက္ခုနီသံဃာ ကွယ်ချိန်နှင့် ပတ်သက်ပြီး “သာသနာနှစ် ၄၅၀-တွင် သီဟိုဠ်ကျွန်း၌ ဘိက္ခုနီများ ရှိဦးမည်ဟု ယူဆနိုင်သော်လည်း သာသနာနှစ် ငါးရာ၏ ဤမှာဘက်၌မူကား ဘိက္ခုနီဆက်အနွယ် လုံးဝ မရှိတော့သည်မှာ ထင်ရှားသိသာလေသည်”ဟု လည်းကောင်း၊ “လာဘ်သပ္ပကာ ရှားပါးခြင်း စသောအကြောင်းများကြောင့် သာသနာနှစ် ငါးရာအတွင်းမှာပင် ဘိက္ခုနီသာသနာ အဆက်ပြတ်သွားသည်”ဟု လည်းကောင်း ဆရာတော်များ ရေးသားသော ကျမ်းစာများမှ မှတ်စု ထုတ်နုတ်ထားပါသည်။ ဤဖော်ပြချက်များမှာ ယုတ္တိခိုင်လုံပါသလား ဘုရား။ ခေတ်သစ် သမိုင်းဆရာတို့က မည်သို့ယူဆကြသည်ကို သိလိုပါသည် ဘုရား။
တပည့် ဝိလာသ (ဂန့်ဂေါ)
ဘိက္ခုနီနဲ့ပတ်သက်တာတွေကို ဓမ္မအမေးအဖြေ အမှတ်-၁၄၄၊ (ပေါင်းချုပ်၊ အမှတ်-၂၊ စာမျက်နှာအစ)မှာ အတော်အတန်ရှင်းပြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဘိက္ခုနီသံဃာကွယ်ချိန်နဲ့ပတ်သက်ပြီး အဲဒီအဖြေမှာ အကျဉ်းမျှဆိုခဲ့တာကို နည်းနည်းပြန်ချဲ့ပြီး ပြောပြပါမယ်။
ကျမ်းကိုး
မဟာဝံသကျမ်း၊ အခန်း ၅၂ (P.T.S. မူ) သို့မဟုတ် အခန်း ၅၀ (တိနိမူနဲ့ ဂိုအင်ဂါစီဒီမူ)၊ ဂါထာအမှတ် ၆၃-မှာ အောက်ပါအတိုင်း ဆိုထားတာကို တွေ့ရတယ်...
ဥပဿယံ ကရိတွာန၊ သာ ဧဝ ပဒလာနေ။
ဘိက္ခုနီနံ အဒါ ထေရ-ဝံသေ သဗ္ဗတ္ထ ပူဇိတေ။
ပါမောက္ခ ဝိလျံ ဂိုင်ဂါရဲ့ အင်္ဂလိပ်ဘာသာပြန်က “Further she had a home built in Padalañchana and granted it to the bhikkhunis of universally reverenced Thera School.”။ မြန်မာပြန်ရင် “ထို့ပြင် သူမ(ဝဇိရာဒေဝီ)သည် ပဒလာန (အရပ်)မှာ ကျောင်းတစ်ဆောင်ဆောက်လုပ်စေပြီး ထိုကျောင်းကို လူအများလေးစားခံရသော ထေရဝံသ(ထေရဂိုဏ်းဝင်) ဘိက္ခုနီတို့အား လှူဒါန်း၏”လို့ ဖြစ်ပါတယ်။
၁၀-ရာစုထိ
အဲဒီဂါထာမှာ ဖော်ပြတဲ့ အဆိုပါကျောင်းကို တည်ဆောက်သူအမျိုးသမီးဟာ သီရိလင်္ကာဘုရင် ပဉ္စမကဿပမင်း (အေဒီ ၉၂၉-၉၃၉)ရဲ့ မိဖုရား ဝဇိရာဒေဝီ ဖြစ်ပါတယ်။ ဝဇိရာမိဖုရား ထေရဝါဒဂိုဏ်းဝင် ဘိက္ခုနီတွေကို ကျောင်းလှူဒါန်းကြောင်း မှတ်တမ်းတင်တဲ့ ဂါထာဖြစ်ပါတယ်။ ဒါကြောင့် အေဒီ ၁၀-ရာစုမှာ ထေရဝါဒဂိုဏ်းဝင် ဘိက္ခုနီတွေ ရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။ တစ်နည်းဆိုရင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၁၅၆၂ (အေဒီ ၉၃၉ + ဘီစီ ၆၂၃)နှစ်ထိ ဘိက္ခုနီရှိသေးတယ်လို့ ဆိုနိုင်ဖို့ သက်သေခံပါပဲ။
ဒါကြောင့် သီရိလင်္ကာနိုင်ငံမှာ အေဒီ ၁၀-ရာစုလောက်ထိ ဘိက္ခုနီတွေ တည်ရှိခဲ့တဲ့အထောက်အထားရှိတယ်လို့ ပညာရှင်တို့ဆိုကြတာပေါ့။ မှန်ခြင်းမမှန်ခြင်းဆိုတာထက် သူတို့မှာ သူတို့ဆိုထားတဲ့စကားအတွက် သက်သေသာဓကရှိလို့ သူတို့ယူဆချက်က အားသာတယ်လို့ နားလည်ဖို့ပါ။
ကွယ်ချိန်
ပဉ္စမ မဟိန္ဒမင်း လက်ထက် (အေဒီ ၁၀၁၇) အိန္ဒိယ တောင်ပိုင်းက တမီလ်လူမျိုးတို့ သီရိလင်္ကာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်တဲ့အခါ ဗုဒ္ဓသာသနာ အကြီးအကျယ် ဖျက်ဆီးခံရတဲ့ (မဟာဝံသ ၅၅း၂၀-၂၃ စသည်) အန္တရာယ် ကပ်ဘေးဆိုးကြီးနဲ့ ကြုံရပြီးတဲ့နောက် ဘိက္ခုနီတွေ ရှားပါးသွားရာကနေ အေဒီ ၁၁-ရာစု နောက်ပိုင်းမှာ ဘိက္ခုနီသံဃာ အဆက်ပြတ်သွားခဲ့ဖွယ် ရှိတယ်လို့ သုတေသီတို့ ယူဆကြပါတယ်။
မခိုင်လုံ
ပထမ မှတ်စုမှာ “ထင်ရှား သိသာလေသည်”လို့ ဆိုပေမယ့် ဒီအဆိုအတွက် ဆိုသူမှာ သက်သေမှ မရှိဘဲ။ သက်သေ မရှိတော့ မခိုင်လုံဘူးပေါ့။ ဒုတိယမှတ်စုပါ “သာသနာနှစ် ၅၀၀-အတွင်းမှာပင် ဘိက္ခုနီသာသနာ အဆက်ပြတ်သွားကြောင်း” အဆိုလည်း ရေးသူက အထင်ကို ပြောတာဖြစ်လို့ အတည်မယူနိုင် သို့မဟုတ် သုတေသနစာတမ်း ရေးတဲ့အခါ ကိုးကားခံစကားရပ် တစ်ခု မဖြစ်နိုင်ပါဘူး။
ဇွန် ၂၈၊ ၂၀၁၆။
---
အဒန္တေန အသတ္ထေန၊ နာဂေါ ဒန္တော မဟေသိနာ။
ဗုဒ္ဓသည် လှံတံလက်နက် မပါဘဲ ဆင်ပြောင် (နာဠာဂိရိ)ကို ဆုံးမတော်မူ၏။ (ဝိ၊၄၊၃၅၇)။
---
၄၈၈။ မြတ်ဗုဒ္ဓကို စွပ်စွဲသူများ
မေးခွန်း
အရှင်ဘုရား၊ ဘုရားရှင်ကို စိဉ္စမာဏအမျိုးသမီး စွပ်စွဲတာကိုတော့ ဒေါ်မေရှင်သီဆိုတဲ့ အောင်ခြင်းရှစ်ပါး သီချင်းထဲက စာသားအရ သိရပါသည် ဘုရား။ ဘုရားရှင်ကို မည်သူတွေက မည်သို့ စွပ်စွဲဖူးပါသနည်း။ ဘုရားရှင်ကို စွပ်စွဲသူတွေအကြောင်းကို ကျမ်းဂန်မှာ ဖော်ပြထားချက် ရှိပါလျှင် ဖော်ပြပေးတော်မူပါ အရှင်ဘုရား။
ဦးဘုန်းဆွေ (Denver, CO)
မျိုးဖြတ်သူ
ဗိမ္ဗိသာရမင်း ဗုဒ္ဓဝါဒီဖြစ်သွားတဲ့အခါ ထင်ရှားကျော်ကြားတဲ့ တိုင်းသားတွေ ဗုဒ္ဓတရားကို နာရပြီး ရဟန်းပြုကြတယ်။ ရသေ့ညီနောင် ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်နဲ့ သိဉ္စည်းဆရာကြီးရဲ့ တပည့်ရဟန်း နှစ်ရာ့ငါးဆယ်တို့နဲ့အတူ ရာဇဂြိုဟ်မြို့ထဲ မြတ်ဗုဒ္ဓ ဆွမ်းခံကြွတဲ့အခါ မဂဓတိုင်းသားတွေက “ရဟန်းဂေါတမကြောင့် ငါတို့သားတွေနဲ့ ဝေးရတယ်၊ အမျိုးသမီးတွေ မုဆိုးမဖြစ်ကုန်ပြီ၊ ငါတို့ရဲ့ မျိုးဆက်ပြတ်တော့မှာပဲ”လို့ စွပ်စွဲကဲ့ရဲ့ကြတယ်။
မြတ်ဗုဒ္ဓက ရဟန်းတွေကို “လုံ့လရှင်ပင် မြတ်ဗုဒ္ဓဟာ တော်ကောင်းတရားနဲ့ ယူဆောင်တာဖြစ်လို့ သူတော်ကောင်းကို ကဲ့ရဲ့တင်းဆို မနာလိုဖြစ်တာဟာ အကျိုးမရှိပါဘူးလို့ ပြန်ပြောကြ၊ ခုနစ်ရက်ကြာရင် ကဲ့ရဲ့သံ ငြိမ်းသွားလိမ့်မယ်”လို့ မိန့်တော်မူတယ် (ဝိ၊၃၊၅၅)။
ဒါဟာ မြတ်ဗုဒ္ဓရဲ့ သာသနာပြု အစပိုင်းမှာ ကြုံရတဲ့ ကဲ့ရဲ့ခံရမှုပါ။ မြတ်ဗုဒ္ဓရဲ့ သာသနာပြုခရီးဟာ ကဲ့ရဲ့ခံရခြင်းနဲ့ စခဲ့တာလို့တောင် ဆိုနိုင်တယ်။
စိတ်ညှို့သူ
နာဋရဲ့သား နိဂဏ္ဌ (ဂျိန်းဝါဒကို တည်ထောင်သူ)ရဲ့ တပည့် နာဠန္ဒာမြို့သား ဥပါလိသူကြွယ်ဟာ ကိုယ်အလုပ် နှုတ်ပြော စိတ်ကြံ သုံးမျိုးမှာ ကိုယ်နဲ့ နှုတ်က ပိုပြီး သက်ရောက်မှု အားကြီးတယ်လို့ ယုံကြည်တဲ့ သူ့ဆရာရဲ့ ယုံကြည်မှုကို မြတ်ဗုဒ္ဓနဲ့ ဆွေးနွေးဖို့ လာခဲ့တယ်။ မြတ်ဗုဒ္ဓက “ကိုယ့်စကားကို ကိုယ်တာဝန်ယူရမယ်”လို့ မိန့်တယ်။ ဥပါလိက လက်ခံပြီး သူ့ဆရာရဲ့ ဝါဒကို ပြောပြီးတဲ့အခါ မြတ်ဗုဒ္ဓက ..
‘လူတစ်ယောက်ဟာ နာဠန္ဒာတစ်မြို့လုံးက လူတွေကို ချက်ခြင်း အသားစု အသားပုံဖြစ်အောင် စွမ်းနိုင်မည်လား”လို့ ဥပါလိကို မေးတယ်။ “မစွမ်းနိုင်ပါ” “ဒါဖြင့် စိတ်တန်ခိုးရှင်တစ်ဦးက တစ်ကြိမ် စိတ်ဆိုးရုံနဲ့ နာန္ဒာတစ်မြို့လုံး ပြာဖြစ်အောင် လုပ်နိုင်မည်လား” “ခဏချင်း လုပ်နိုင်ပါတယ်” “ဒါဖြင့် စိတ်စွမ်းအားက ပိုကြီးရမယ်”။ မြတ်ဗုဒ္ဓက ဦးဆောင်ဆွေးနွေးပြီးတဲ့အခါ ဥပါလိဟာ ဗုဒ္ဓသာဝကအဖြစ်ကို ခံယူတယ်။
၎င်းရဲ့အိမ်ကို ကာလကြာရှည်စွာ ချဉ်းကပ်နေတဲ့ နိဂဏ္ဌတွေကို ဆက်လက်ထောက်ပံ့ဖို့ မြတ်ဗုဒ္ဓက ဥပါလိကို တိုက်တွန်းပေမယ့် သူ့ဆန္ဒအရ နိဂဏ္ဌတွေကို အိမ်ထဲ အဝင်မခံတော့ဘူး။ ဒါကြောင့် နိဂဏ္ဌတို့က “ဂေါတမဟာ လူတွေရဲ့စိတ်ကို ညှို့ပြီး ကိုယ့်ဖက်ပါအောင် လုပ်တယ်”လို့ ကဲ့ရဲ့ကြတယ် (မဇ္ဈိမ ပဏ္ဏာသ၊ ဥပါလိသုတ်ကို ဆက်လေ့လာပါ။ အင်မတန် လေ့လာစရာ ကောင်းတဲ့ သုတ်ပါ)။
မျက်လှည့်ရှင်
မြတ်ဗုဒ္ဓ ဝေသာလီမြို့မှာ သီတင်းသုံးစဉ် လိစ္ဆဝီအုပ်ချုပ်ရေးအဖွဲ့ဝင် ဘဒ္ဒိယဟာ မြတ်ဗုဒ္ဓထံ ရောက်လာပြီး “အရှင်ဘုရား၊ လူတွေက ရဟန်းဂေါတမဟာ အယူတစ်ပါးရှိသူတွေရဲ့ တပည့် ဒကာဒကာမတွေကို မာယာအတတ်နဲ့ ကိုယ့်ဖက်ပါအောင် လှည့်ပတ်ကြောင်း ဆိုပါတယ်။ ထိုအတိုင်း မှန်ပါသသား”လို့ လျှောက်တယ်။ မြတ်ဗုဒ္ဓက “ဘဒ္ဒိယ၊ တစ်ဆင့်စကားမျှနဲ့ မှန်ပြီလို့ အတည်မယူနှင့်ဦး၊ တွေးကြံပြီး သိကာမျှနဲ့လည်း မှန်ပြီလို့ မယူနှင့်ဦး .. အပြစ်ရှိတာကို ကိုယ်တိုင်သိမှ စွန့်ရမည်”လို့ မိန့်တော်မူတယ်။ မြတ်ဗုဒ္ဓ ဆက်ပြီး ဆွေးနွေးတယ် ..
'ဘဒ္ဒိယ၊ လူ့သန္တာန်မှာ တပ်မက်စိတ်ဆိုး ဖိစီးခံရတဲ့အခါ သတ်ဖြတ် ခိုးဝှက်စသည် လုပ်ရင် ဆိုးကျိုးဖြစ်သည် မဟုတ်လော” “ဖြစ်ပါသည် ဘုရား” “ဆိုကျိုးကို ဖြစ်ပေါ်စေရင် အကုသိုလ်ဖြစ်လို့ အပြစ်ရှိသည် မဟုတ်လော” “အပြစ်ရှိပါသည် ရှင်ဘုရား” “ဒါကို ရည်ရွယ်ပြီး အပြစ်ရှိတာကို ကိုယ်တိုင်သိမှ စွန့်ရမည်လို့ ငါဆိုခဲ့တာပဲ။ ဘဒ္ဒိယ၊ သူတော်ကောင်းတွေဟာ မိမိတို့ တပည့်ကို တပ်မက်စိတ်ဆိုး စတဲ့ ညစ်ကျစိတ်ကို ပယ်ဖျောက်ပြီး နေထိုင်ဖို့ပဲ သင်ကြားပါတယ်။
အသေးစိတ် ဆွေးနွေးပြီးတဲ့အခါ ဘဒ္ဒိယက “မြတ်စွာဘုရားရဲ့ တရားတော်သည် အလွန် နှစ်သက်ဖွယ်ရှိပါ၏။ ကျွန်ုပ်အား မြတ်ဗုဒ္ဓကို ဆည်းကပ်သူ ဥပါသကာအဖြစ် အသိအမှတ်ပြုတော်မူပါ”လို့ လျှောက်တယ်။
ဒီတော့ မြတ်ဗုဒ္ဓက “ဘဒ္ဒိယ၊ သင့်ကို ငါက ငါ့တပည့်ဖြစ်လော့လို့ ဆိုခဲ့သလော”လို့ မေးတော်မူတယ်။ “မဆိုခဲ့ပါ ဘုရား” “ဒါဖြင့်ရင် မာယာအတတ်နဲ့ တစ်ဖက်သားကို ကိုယ့်ဖက်ပါအောင် လှည့်ပတ်တယ်ဆိုတာ မှန်သလား” “မမှန်ပါ ဘုရား”။ မှတ်ချက်။ ။ မူရင်းသုတ္တန်မှာ မြတ်ဗုဒ္ဓက ဘဒ္ဒိယရဲ့ပေးခွန်းကို ချက်ခြင်း မဖြေဘဲ ဘဒ္ဒိယကိုယ်တိုင် ဥပါသကာအဖြစ် အသိအမှတ်ပြုပါလို့ လျှောက်လာတဲ့အထိ မြတ်ဗုဒ္ဓက လိမ်မာစွာ အမေးအဖြေလုပ်ရင်း ဆွေးနွေးပြီး ခေါ်ယူသွားပုံမှာ အလွန် စိတ်ဝင်စားဖွယ်ကောင်းပါတယ် (အံ၊၁၊၅၁၁။ အင် မြန် ၁၊ ၅၂၅ မှာ အကျယ်ရှုပါ)။
ကတုံး
ကောသလတိုင်း၊ ဣစ္ဆာနင်္ဂလရွာမှာ သီတင်းသုံးစဉ် ဗုဒ္ဓအစစ် ဟုတ်မဟုတ် စုံစမ်းတဲ့အနေနဲ့ စကားအရာ “တတ်လည်း တတ်၊ ကပ်လည်းကပ်”တဲ့ မာနခဲ အမ္ဗဋ္ဌ ဗုဒ္ဓဆီ ရောက်လာတယ်။ ဒီလူက “တော်ရုံဘုန်းကြီးကို ရှိမခိုးဘူး”ဆိုပြီး သွေးနထင် ရောက်နေတဲ့ လူစားမျိုး။ သူ့ဆရာ ပေါက္ခရသာတိပုဏ္ဏားက “ငါတတ်သလို တတ်တဲ့သူ”လို့ မြောက်စားခံရတော့ ပိုဆိုးတာပေါ့။ မြတ်ဗုဒ္ဓနဲ့ တွေ့တော့ ထိုင်ပင် မထိုင်ဘဲ မတ်တတ်ရပ် လမ်းလျှောက်ပြီး စကားပြောတယ်။
ဒီတော့ မြတ်ဗုဒ္ဓက “အမ္ဗဋ္ဌ၊ သင့်ဆရာတွေ၊ အသက်ကြီးသူတွေနဲ့ စကားပြောရင် ခုလိုပဲ ထိုင်နေသူကို လမ်းလျှောက်ပြီး ပြောသလား”လို့ မေးတော့ အမ္ဗဋ္ဌက “မပြောပါဘူး၊ ကတုံးတွေ ရဟန်းညံ့တွေနဲ့ပဲ အခုလိုပြောတာပါ”တဲ့။
နွားကန်းမ
ရာဇဂြိုဟ်မြို့သား သန္ဓာနသူကြွယ်ဟာ နေမွန်းလွဲအချိန် မြတ်ဗုဒ္ဓနဲ့ ရဟန္တာထေရ်ကြီးတွေကို ဖူးမြော်ဖို့ ဂိဇ္ဈကုဋ်တောင်သို့ လာစဉ် အချိန် စောသေးတဲ့အတွက် လမ်းအကြားရှိ နိဂြောဓပရိဗိုဇ်နဲ့ ဝင်တွေ့တယ်။ အဝေးမှ သစ္စာနသူကြွယ် လာနေတာကို တွေ့တာနဲ့ နိဂြောဓက သူ့ပရိဗိုဇ်တွေကို “ငြိမ်ငြိမ်နေကြဟေ့၊ ဂေါတမရဲ့ တပည့် သစ္စာနသူကြွယ် လာနေတယ်။ သူတို့က တိတ်ဆိတ်တာကို ကြိုက်တယ်”လို့ သတိပေးတယ်။ နိဂြောဓနဲ့ နှုတ်ဆက်စကားဆိုပြီးတဲ့အခါ သစ္စာနသူကြွယ်က “အရှင့်ပရိဗိုဇ်တွေဟာ အကျိုးမဲ့စကားတွေကို ကျယ်လောင်စွာ ပြောဆိုနေကြတယ်။ ဗုဒ္ဓကတော့ လူနံ့ကင်းပြီး တိတ်ဆိတ်တဲ့ တောကျောင်းမှာ သီတင်းသုံးတယ်”လို့ ဒဲ့ကြီး ပြောချလိုက်တယ်။ ဒီတော့ နိဂြောဓပရိဗိုဇ်က ...
“သန္တာန၊ သင်သိရဲ့လား .. ရဟန်းဂေါတမဟာ ဘယ်သူနဲ့မျှ ယှဉ်ပြီး စကား စကား မပြောရဲဘူး။ ပရိသတ်ထဲကိုပင် ဝင်ဝံ့သူ မဟုတ်။ နွားကန်းမဟာ နွားအုပ်ထဲ မဝင်ဝံ့ဘဲ နွားအုပ်ရဲ့ အစွန်မှာပဲ နေသလိုပေါ့”တဲ့။ ပြောပြီးလို့ မကြာခင် ယင်းတို့ရှိရာသို့ မြတ်ဗုဒ္ဓကြွလာပြီး ၎င်းတို့နဲ့ အချေအတင် ဆွေးနွေးတယ်။ နောက်ဆုံး နိဂြောဓက မြတ်ဗုဒ္ဓကို တောင်းပန်ရတယ်။ ဒီသုတ္တန်အဆုံးမှာ နိဂြောဓပရိဗိုဇ်ရော သူ့တပည့်တွေပါ မည်သူမျှ တရားထူးကို ရတယ်လို့ မဖော်ပြဘူး။
ကိုယ်ဝန်ရှင်
စိဉ္စ.မာဏဝိကာ (စိဉ္စာ = မန်ကျည်းပင်၊ မာဏဝိကာ = လုံမပျို)။ မန်ကျည်းပင်အောက်က ရလို့ တစ်နည်း မန်ကျည်းပင်မှာ သန္ဓေတည်လို့ စိဉ္စ.မာဏဝိကာ အမည်ရှိတဲ့ သာဝတ္ထိမြို့သူဟာ ဒေဝစ္ဆရာနတ်မိမယ်တမျှ လှပတဲ့အတွက် မြတ်ဗုဒ္ဓကို မနာလိုဖြစ်နေကြတဲ့ အယူဝါဒမတူသူတွေရဲ့ အသုံးချတာကို ခံလိုက်ရတယ်။ ၎င်းတို့ရဲ့ တိုက်တွန်းချက်အရ မန်ကျည်းပျိုဟာ သစ်သားပြားကို “အရှေ့အလယ်ပိုင်း ရပ်ဝန်း”မှာ ကပ်ပြီး တရားဟောနေတဲ့ မြတ်ဗုဒ္ဓအား လက်ညှိုးထိုး၍ ကိုယ်ဝန်ရှင်အဖြစ် စွပ်စွဲတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၆)။ နုစဉ်ဘဝက သဗ္ဗာဘိဘူမြတ်စွာဘုရားရဲ့ တပည့် အရှင်နန္ဒကို စွပ်စွဲဖူးတဲ့ ကံကြွင်းကြောင့် အဲဒီလို စွပ်စွဲမှုကို ခံရတာ (အပဒါန၊၁၊၃၄၇)။ ကိုယ်တိုင် ဒီအဖြစ်မျိုး ကြုံရတဲ့အခါ ဒါလေးကို အာရုံပြုပြီး မိမိရဲ့စိတ်ဓာတ်ခွန်အားကို ပြန်စုနိုင်ပါတယ်။
ဆဲခံရခြင်း
ဓနဉ္ဇာနီရဲ့ခင်ပွန်း ဘာရဒွါဇပုဏ္ဏား ဗုဒ္ဓရဲ့တပည့်အဖြစ် ခံယူပြီး ရဟန်းပြုသွားလို့ ညီဖြစ်သူ ဘာရဒွါဇပုဏ္ဏားက စိတ်ဆိုးပြီး မြတ်ဗုဒ္ဓကို ရိုင်းပြစွာ ဆဲဆိုတယ်။ ဂါထာငါးရာနဲ့ ဆဲဆိုကြောင်း အဋ္ဌကထာမှာ ဆိုတယ် (သံ၊ဋ္ဌ၊၁၊၂၀၉)။ ဘာရဒွါဇဆဲပြီးတဲ့အခါ မြတ်ဗုဒ္ဓက “ပုဏ္ဏား၊ အိမ်ကို ဧည့်သည်လာလို့ အစားအစာ ချကျွေးတဲ့အခါ ဧည့်သည်က လက်မခံရင် အဲဒီအစားအစာကို ဘာလုပ်သလဲ”တဲ့။ “ပြန်သိမ်းထားတာပေါ့”။ “ပုဏ္ဏား၊ အဲဒီလိုပဲ သင်ဆဲဆိုတာကို ငါပြန်မဆဲဘဲ နေပြီး မခံယူတဲ့အတွက် သင်ပဲ ပြန်သိမ်းထားရမှာပေါ့။ ဆဲသူကို ပြန်ဆဲသူဟာ ဆဲဆိုတာကို အတူခံစားသူ ပြုတုံ့ပြုသူပါပဲ။ ဆဲသူကို ပြန်မဆဲသူဟာ အောင်နိုင်ခဲတဲ့ စစ်ပွဲကို အောင်နိုင်သူပဲ။
လူတိုင်း
အ.ဘူတက္ကောသနေန ပန ပရိမုတ္တော နာမ နတ္ထိ။ (လောက၌) မမှန်သောဝတ္ထုဖြင့် ကဲ့ရဲ့ဆဲဆို ခံရခြင်းမှ လွတ်သူဟူ၍ မရှိ (သံ၊ဋ္ဌ၊၁၊၃၆)။
ဘဝတစ်ကွေ့မှာ ကိုယ်တွေ့ကြံရင် အဲဒီအဆိုလေးနဲ့ မိမိကိုယ်ကို ကျေနပ်အောင် ကြိုးစားနိုင်ကြောင်းပါ။
ဇွန် ၂၉ ၂၀၁၆။
---
၄၈၉။ မြတ်ဗုဒ္ဓရဲ့ ကြုံးဝါးသံ
ဆရာတော်ဘုရား၊ မြတ်စွာဘုရားက ငါဘုရားသည် မသင့်မြတ်တာကို လုပ်မိလျှင် ငါဘုရားကိုလည်း ကဲ့ရဲ့ရမည်ဟု ကြားခဲ့ကြောင်း ရေးသားပြောဆိုကြသည်မှာ မှန်ပါသလား ဘုရား။ ဘုရားဟောကျမ်းဂန်နှင့် ညီမညီ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။
မဉ္ဇူအောင် (တောင်ဥက္ကလာ)
---
ဖော်ပြပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး “ဗုဒ္ဓ.သီဟနာဒ = ဗုဒ္ဓရဲ့ ကြုံးဝါးသံ”လို့ အဋ္ဌကထာကျမ်းတွေမှာ အမည်ပေးခေါ်ဝေါ်တဲ့ ဝီမံသကသုတ္တန် (မ၊၁၊၃၉၂)ကို ကိုယ်တိုင် ဖတ်ရှုလေ့လာဖို့ ညွှန်းဆိုပါရစေ။ ဓမ္မအမေးအဖြေအနေနဲ့တော့ အဲဒီသုတ္တန်ထဲက အဓိကကျတာလေးကို ဖော်ပြလိုက်ပါတယ် ..
စူးစမ်းပါ
သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးစဉ် မြတ်ဗုဒ္ဓက “သူတစ်ပါး၏ စိတ်ဖြစ်ပုံကို မသိသဖြင့် စူးစမ်းလိုသော ရဟန်းသည် မြတ်စွာဘုရားအား ဟုတ်တိုင်း မှန်စွာ သိသောဘုရား ဟုတ်လေသလော၊ မဟုတ်လေသလောဟု သိရန် စူးစမ်းမှုကို ပြုရမည် (မ-မြန် ၁၊ ၄၀၅)”လို့ ရဟန်းတွေကို မိန့်တော်မူပါတယ်။ “သူတစ်ပါး၏ စိတ်ဖြစ်ပုံကို မသိသဖြင့် စူးစမ်းလိုသော” ဆိုတာကို လူသာမန်တစ်ယောက်အနေနဲ့ မြတ်ဗုဒ္ဓအား ဘုရားအစစ် ဟုတ် မဟုတ် စုံစမ်းခွင့်ရှိတယ်လို့ လွယ်လွယ်နားလည်နိုင်ပါတယ်။
ဒီသုတ္တန်မှာ မြတ်ဗုဒ္ဓဟာ မိမိကိုးကွယ်တဲ့ ဘုရားဟာ အမှန်တကယ် ကိုးကွယ်ခံထိုက်ရဲ့လား ဆိုတာကို လေ့လာခိုင်းတဲ့အပြင် မိမိကိုယ်တိုင်ရဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ ပတ်သက်ပြီး မည်သူမဆို အချိန်ကြာကြာ အနီးကပ် လေ့လာနိုင်ကြောင်း စိန်ခေါ်ထားပါတယ်။ ဒါကြောင့် “ယုံရင် ကယ်မယ်၊ မယုံရင် ပယ်မယ်”ဆိုတဲ့ ဘုရားမျိုးနဲ့ ကွာချင်တိုင်း ကွာနေမှာပေါ့။
စိန်ခေါ်သူ
စူးစမ်းပုံကို မူရင်းသုတ္တန်မှာ အသေးစိတ် ဖော်ပြထားတဲ့ အထဲက “မျက်စိဖြင့် မြင်ရ နားဖြင့် ကြားရသော အကျင့်နှစ်ပါးတို့၌ မြတ်စွာဘုရားကို စုံစမ်းရမည်”လို့ မိန့်တော်မူတာနဲ့ ပတ်သက်ပြီး “ဘုန်းကြီးသူ၊ ရုပ်ရည်ချောမောလှပသူ၊ ထင်ရှားကျော်ကြားသူဖြစ်လို့ မှီခိုဆည်းကပ်ရင် ချမ်းသာမှာပဲ ဆိုပြီး ငါဘုရားကို မကိုးကွယ်ဘဲ ဆရာကိစ္စကို ဆောင်ရွက်နိုင်သူပဲလို့ အထင်ရောက်မှသာ ကိုးကွယ်ဆည်းကပ်ဖို့” မြတ်ဗုဒ္ဓက ယင်းသို့ မိန့်တော်မူခြင်းဖြစ်ကြောင်း၊ မိမိရဲ့ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ကိုးကွယ်သူတွေကို စိန်ခေါ်တဲ့သဘောရှိလို့ ဒီသုတ္တန်ကို “ဗုဒ္ဓ.သီဟ.နာဒ = ဗုဒ္ဓရဲ့ ကြုံးဝါးသံ”လို့ ခေါ်ကြောင်း အဋ္ဌကထာ (မ၊ဋ္ဌ၊၂၊၂၇၈)မှာ ဖွင့်ပါတယ်။
ဝေဖန်ပါ
“ရဟန်းတို့၊ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူအရာကို သင်တို့သည် ကဲ့ရဲ့လိုကုန်သလော (သံ၊၁၊၁၉၂)”လို့လည်း မိမိကို ဝေဖန်ဖို့ မြတ်ဗုဒ္ဓက ရဟန်းတွေကို ဖိတ်ကြားပါတယ်။ မြတ်ဗုဒ္ဓ သာဝတ္ထိမြို့ ဝိသာခါကျောင်းအမကြီး လှူဒါန်းတဲ့ ပုဗ္ဗာရုံကျောင်းမှာ သီတင်းသုံးစဉ် တစ်ခုသော သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ သံဃာ့အလယ်မှာ မိန့်တော်မူခဲ့တာပါ။
ဒါကြောင့် ဘုန်းကြီးတို့ ကိုးကွယ်တဲ့ မြတ်ဗုဒ္ဓကို “ဝေဖန်ဖို့ ဖိတ်ခေါ်သူ၊ အကျင့်စရဏ၊ အသိဉာဏ်ဝိဇ္ဇာနဲ့ ပတ်သက်ပြီး စိန်ခေါ်သူ”လို့ ဆိုနိုင်ပါတယ်။
အဖြေ
ဒီသုတ္တန်တွေအရ မြတ်ဗုဒ္ဓဟာ မိမိကို ဝေဖန်ဖို့ ဖိတ်ခေါ်ကြောင်း ရေးသားဟောပြောမှုဟာ ကျမ်းဂန်နဲ့ ညီတဲ့အတွက် မှန်ကန်ကြောင်း မှတ်ယူနိုင်ပါတယ်။
ဇူလိုင် ၁၅၊ ၂၀၁၆။
ဂရဟိတဗ္ဗ ဂရဟတိ ဧဝ၊ ပသံသိတဗ္ဗဉ္စ ပသံသတိ ဧဝ။
ဗုဒ္ဓသည် ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့ပြီး ချီးမွမ်းထိုက်သူကို ချီးမွမ်းသည်သာဖြစ်၏။ (ဝိ၊ဋ္ဌ၊၁၊၁၈၅)။
---
၄၉၀။ ဗုဒ္ဓကို ရဟန်းပြုပေးသူ
အရှင်ဘုရား၊ မြတ်စွာဘုရားကို မည်သူက ရဟန်းပြုပေးခဲ့ပါသနည်း။ မြတ်စွာဘုရားကို ရဟန်းပြုပေးသူ ရှိပါသလား ဘုရား။
ဘိုးတော်ကြွယ်လေး
---
ဒီမေးခွန်းမျိုး မိလိန္ဒမင်းက မေးတာကို အရှင်နာဂသေနက ဖြေဖူးပါတယ်။ မိလိန္ဒပဉှပါဠိတော်မှာ တိုက်ရိုက် ပါပြီးဖြစ်လို့ အဲဒီပါဠိတော်ကို မြန်မာပြန်ပေးလိုက်ပါတယ် ..
မိလိန္ဒမင်း။ ။ အရှင်ဘုရား နာဂသေန၊ ရဟန်းပဉ္စင်းအဖြစ်ဟာ မြင့်မြတ်ပါသလား။
အရှင်နာဂသေန။ ။ မင်းကြီး၊ မြင့်မြတ်တာပေါ့။
မိလိန္ဒမင်း။ ။ အရှင်ဘုရား၊ မြတ်စွာဘုရားရှင်ကိုယ်တိုင်ရော ရဟန်းပဉ္စင်းအဖြစ်ကို ရခဲ့ပါရဲ့လား ဒါမှမဟုတ် ရဟန်းပဉ္စင်းမဖြစ်ခဲ့ဘူးလား ဘုရား။
အရှင်နာဂသေန။ ။ မင်းကြီး၊ မြတ်စွာဘုရားဟာ ဗောဓိပင်ရင်းမှာ သဗ္ဗညုတဉာဏ်ကို ရပြီးတာနဲ့ တစ်ပြိုင်နက် ရဟန်းပဉ္စင်းအဖြစ်ကိုပါ တစ်ပါတည်း ရသွားပါတယ်။ တပည့်သာဝကတွေကို “အသက်ထက်ဆုံး သိက္ခာပုဒ်ကို မကျူးလွန်ရ”လို့ မြတ်ဗုဒ္ဓ သိက္ခာပုဒ် ပညတ်သလို မြတ်ဗုဒ္ဓကို အခြားသူတစ်ယောက်က (သိက္ခာပုဒ်ကို ပညတ်ပြီး) ရဟန်းပြုပေးတာ မရှိပါဘူး။
မိလိန္ဒမင်း။ ။ သင့်မြတ်ပါတယ် အရှင်ဘုရား။
ဇူလိုင် ၁၆၊ ၂၀၁၆။
---
၄၉၁။ ယောက်ျား ဖြစ်ချင်ရင်
ဘုန်းဘုန်း ကျန်းမာပါစေ၊ တပည့်တော်မ ဒေါ်ကြင်ပါ ဘုရား။ တပည့်တော်မ ဒီဘဝမှာ မိန်းမဖြစ်နေရသော်လည်း တစ်ခါတစ်ရံ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုလိုစိတ် ဖြစ်မိပါသည်။ တပည့်တော် သိချင်သည်မှာ မြတ်စွာဘုရားသည် မိန်းမဘဝမှ ယောက်ျားဘဝသို့ ပြောင်းနိုင်သည့် နည်းလမ်းများကို ကြားခဲ့ပါလျှင် ညွှန်ကြားပေးစေလိုပါသည် အရှင်ဘုရား။
ဒေါ်ကြင် (ဆန်ဖရန်စစ္စကို)
---
စွဲလမ်းခြင်း
ဗုဒ္ဓဝါဒအရ ဘဝဖြစ်တည်မှုမှာ စာလို ဥပါဒါန်လို့ ခေါ်တဲ့ (ဥပဒါန် မဟုတ်ဘူး၊ ဥပါဒါန်လို့ “ပ”မှာ ရေးချသံ ပါစေ) အစွဲအလမ်းဟာ အရေးကြီးတယ်။ သေခါနီးမှာ သင်္ကန်းအသစ်ကလေးကို စွဲမိတာနဲ့ အဲဒီသင်္ကန်းမှာ သန်းဖြစ်တဲ့ ဘုန်းကြီး၊ ဇနီးချောကို စွဲပြီးသေလို့ ဇနီးနောက်ကို လိုက်နေတဲ့ခွေးဖြစ်ရတဲ့ ကိုယ်ချစ်ယောက်ျား (သူချစ် ကိုယ်ချစ်ဆိုတာ ရှိတယ် မဟုတ်လား) စတဲ့ ဖြစ်ရပ်သာဓကတွေ ကျမ်းဂန်မှာ ရှိတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တဲ့ သဘောပဲ။
ဒီလိုပဲ မိန်းမတစ်ယောက်ဟာ မိန်းမနဲ့သက်ဆိုင်တဲ့ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေ ၇-မျိုးကို ဥပါဒန် မဖြစ်ရင် (မစွဲလမ်းရင်) မိန်းမဘဝမှ လွတ်မြောက်နိုင်ကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။
အစွဲ ၇-မျိုး
မိမိရဲ့ မိန်းမဖြစ်နေတဲ့ဘဝ (ဣတ္ထန္ဒိယ)၊ မိန်းမတွေရဲ့ အပြုအမူ အမူအရာ သွားဟန် လာဟန် (ဣတ္ထိကုတ္တ)၊ ဝတ်စားဆင်ယင်နေထိုင်ပုံ အသွင်အပြင် (ဣတ္ထာကပ္ပ)၊ မိန်းမဖြစ်ရမှုအတွက် စိတ်ကြီးဝင်ခြင်း တစ်နည်း မိန်းမပဲဆိုတဲ့မာန် သို့မဟုတ် ဣတ္ထိယမာန် (ဣတ္ထိဝိဓ)၊ မိန်းမရဲ့ အလိုဆန္ဒ အကြိုက် နှစ်သက်မှု .. ဥပမာ ပန်းပွင့်ကို မြင်ရင် စိတ်ဝင်စားတာ ကလေးတွေ့ရင် ချစ်တတ်တာမျိုး (ဣတ္ထိစ္ဆန္ဒ)၊ မိန်းမရဲ့အသံ (ဣတ္ထိ-ဿရ)၊ ပုတီးလက်ကောက်စတဲ့ မိန်းမတို့ရဲ့အဆင်တန်ဆာ (ဣတ္ထာလင်္ကာရ) ..
ဒီခုနစ်မျိုးကို တပ်မက်စွဲလမ်းရင် ၁) ပြင်ပရှိ ဆန့်ကျင်ဘက်လိင်ကို အလိုရှိပြီး ၂) ထိုဆန့်ကျင်ဘက်လိင်နဲ့ ယှဉ်တွဲရတဲ့အခါ ၃) လောကီသားတို့ရဲ့ အန္တိမပျော်ရွှင်မှုဆီ ရောက်သွားတယ်။ ဒီလိုဖြစ်ရင် မိန်းမဟာ မိန်းမအဖြစ်ကို မလွန်မြောက်နိုင်။ ယင်းနဲ့ ပြောင်းပြန်ဖြစ်ရင် မိန်းမဟာ မိန်းမအဖြစ်ကို လွန်မြောက်နိုင်တယ်။ ယောက်ျားလည်း ထိုနည်းအတိုင်းပါပဲ (သံယောဂသုတ်။ အံ၊၂၊၄၄၀)။
စကားမစပ်
ပရိသတ်ထဲကို ဝင်မယ့် မိန်းမတစ်ယောက်အနေနဲ့ သင့်တော်ရုံထက် လွန်ပြီး အသက်အရွယ် နေရာဒေသနဲ့ မလိုက်အောင် ပြုပြင်ခြယ်သတာမျိုး (ဥပမာ ... ရံခါ ဘုန်းကြီးကျောင်းအလှူတွေမှာ တွေ့ရလေ့ရှိတဲ့ ကော့ပျံနေတဲ့ အဖွားအိုတွေလို) ခေတ်ဆန်ပြီး ပေါ်ပင်ကို ကြိုက်တဲ့ ဣတ္ထိအိုတွေကို တွေ့မိတိုင်း ဒီသုတ္တန်ကို မှတ်ရစေတယ်။
လိင်ခြား
မိန်းမ မဖြစ်ဖူးသော ယောက်ျား၊ ယောက်ျား မဖြစ်ဖူးသော မိန်းမဟူ၍ မရှိ (ပုရိသာ ဟိ ဣတ္ထိယော ဣတ္ထိယော ဝါ ပုရိ- သာ အဘူတပုဗ္ဗာ နာမ နတ္ထိ။ ဓမ္မပဒ၊ဋ္ဌ၊၁၊၂၀၇)။ ဗုဒ္ဓဝါဒကမ္မ ဖြစ်စဉ်အရ အခုဒီဘဝယောက်ျားဟာ နောင်ဘဝတွေမှာ မိန်း ဖြစ်နိုင်တာ သေချာတယ်။ ဒီဘဝယောက်ျားဟာ နောင်ဘဝတွေမှာ မိန်းမဖြစ်ခွင့်ရှိတာလည်း မလွဲပါဘူး။ ယောက်ျားတွေ သူများရဲ့ ဇနီးမယားနဲ့ ဇာတ်လမ်းလုပ်မိရင် ဒီဘဝ စီးပွားပျက်၊ သေရင် ငရဲကျပြီး ငရဲက လွတ်တဲ့အခါ မိန်းမဘဝမှာ ဖြစ်တယ်။ အရှင်အာနန္ဒာလောင်းလျာဟာ သာဝကပါရမီ (ဗုဒ္ဓရဲ့ အရိယာသာဝကဖြစ်လာဖို့ ဖြည့်ကျင့်ရတဲ့ ပါရမီ)ကို ကမ္ဘာတစ်သိန်း ပတ်လုံး ဖြည့်ပြီးမှ ဘဝတစ်ခုမှာ “ကာမေသု ဖြစ်မိ”လို့ မိန်းဘဝတွေ ဖြစ်ခဲ့ရတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၀၈)။
ဒီနေရာမှာ ယောက်ျားကနေ မိန်းမဖြစ်သွားတာကို ပြစ်အနေနဲ့ ဆိုတဲ့အတွက် မိန်းမအဖြစ်ကို နှိမ့်ချတယ်လို့ မယူသင့်ဘူး။ ယောက်ျားတစ်ယောက်ရဲ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ဘဝအခြေအနေမှာ ဖြစ်ရခြင်းနဲ့ ထိုဘဝအခြေအနေနဲ့ ကြုံနိုင်ဖွယ်ရှိတဲ့ အဆင်မပြေမှုတွေ လွှမ်းမိုးခံရတာကို ထိုမကောင်းမှုအတွက် ပေးဆပ်မှုအဖြစ် မှတ်ယူရင် ဗုဒ္ဓဝါဒနဲ့ မဆန့်ကျင်ဘူးလို့ ယူဆပါတယ်။
အဖြေ
ဒီဘဝမိန်းမအဖြစ်နဲ့တော့ ရဟန်းယောက်ျား မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် အထက်ပါ မြတ်ဗုဒ္ဓရဲ့ သံယောဂသုတ်ဟောကြားချက်ကို လိုက်နာပြီး ဒါနစတဲ့ ကုသိုလ်ကောင်းမှုတစ်ခုကို ပြုပြီးတဲ့အခါတိုင်း “ဣဒံ မေ ပုညံ ပုရိသတ္တဘာဝ ပဋိလာဘာယ သံဝတ္တတု = တပည့်တော်မ၏ ဤကောင်းမှုသည် ယောက်ျားအဖြစ်ကို ရရန်အလို့ငှာ ဖြစ်ပါစေသတည်း”လို့ တကယ်ဖြစ်ချင်စိတ်နဲ့ ယောက်ျားဖြစ်ဖို့ ဆုတောင်းရင် ဘဝသံသရာမှာ ယောက်ျားအဖြစ်နဲ့ ဗုဒ္ဓသာသနာနဲ့ ကြုံကြိုက်ခိုက်မှာ သာသနာ့ဘောင်သို့ ဝင်ပြီး ရဟန်းပြုနိုင်မှာပေါ့။
ဇူလိုင် ၂၁၊ ၂၀၁၆။
---
၄၉၂။ သင်္ကန်းဟူသည်
ဘုန်းဘုန်းဘုရား၊ သင်္ကန်း၏အဓိပ္ပာယ်နဲ့ ချုပ်လုပ်ပုံကို သိလိုပါသည် ဘုရား။ ဘုန်းဘုန်းတို့ ဝတ်ရုံသော သင်္ကန်းသည် မည်သို့ ပေါ်ပေါက်လာခဲ့ပါသနည်း။ မြတ်စွာဘုရားလည်း ယခုခေတ်ရဟန်းသံဃာများ ဝတ်ရုံတဲ့ သင်္ကန်းမျိုးကိုပဲ ဝတ်ရုံခဲ့ပါသလား။ နောက်ပြီး သီလရှင်ကို ဝါဆိုသင်္ကန်း ကပ်လှူလို့ ရနိုင် မရနိုင်ကိုလည်း သိလိုပါသည် ဘုရား။
မြင့်မြတ်ဦး (နွေသစ္စာ)
---
အဓိပ္ပာယ်
“စီရတော ဝရံ စီဝရံ”အရ ရသေ့အဝတ်ထက် မြတ်တဲ့အတွက် သင်္ကန်းလို့ ခေါ်တယ်။ တန်ဖိုးပျက်ခြင်း (အပိုင်းပိုင်းဖြတ်ထားလို့)၊ နူးညံ့မှုပျက်ခြင်း (စပ်ပြီးချုပ်ထားလို့)၊ အရောင်းအဆင်းပျက်ခြင်း (သစ်ခေါက်ဆေးနဲ့ ဆိုးထားရလို့) အဲဒီလို ဖျက်ထားတာ သုံးမျိုးရှိတဲ့အတွက် သင်္ကန်းကို “ဘိန္န.ပဋ”လို့လည်း ခေါ်တယ်။ ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ အလံတံခွန်နဲ့ တူလို့ ပါဠိလို “အရဟတ္တ.ဇ”လို့လည်း ခေါ်တယ်။ လိုရင်းက ဗုဒ္ဓသာသနာမှာ နေထိုင်တဲ့ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမတို့ သုံးဆောင်တဲ့ အဝတ်အစားတွေကို သင်္ကန်းခေါ်တယ်လို့ မှတ်ဖို့ပါ။
သူ့တန်ဖိုး
အကျင့်အနေနဲ့ အဆင့်မြင့်ပေမယ့် သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာအဆင့်ကို ရောက်နေတဲ့ လူဝတ်ကြောင်ဟာ သင်္ကန်းရဲ့တန်ခိုးကြောင့် ယနေ့ ပြုသစ်စ ရှင်သာမဏေကို ရှိခိုး အရိုအသေပြုရတယ် (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၁)။ ရဟန္တာကတော့ လူဝတ်ကြောင်အဖြစ်နဲ့ ကြာကြာမတည်နိုင်ဘူး၊ ရဟန်းပြု ဒါမှမဟုတ် သက်တမ်းကုန်ချိန်နဲ့ ကြုံတယ်။
လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ မစင်တွေ ပေကျံနေတဲ့ သင်္ကန်းကိုပင် လက်အုပ်ချီပြီး အရိုအသေပြုရမယ်။ ဘာလို့ဆို ပွင့်ပြီး ပွင့်ဆဲ ပွင့်လတံ့ဘုရားရှင်တွေဟာ ဒီသင်္ကန်းကိုပဲ ဝတ်ရုံကြလို့ပါပဲ (အပဒါန၊၁၊၅၂။ အပဒါန၊ဋ္ဌ၊၁၊၃၃၁)။
အပ်မအပ်
“ခုံချည်၊ ဝါချည်၊ ပိုးချည်၊ သိုးမွှေး၊ ဘန်ချည်တွေနဲ့ ရက်တဲ့သင်္ကန်း၊ အဲဒီချည်တွေကို ရောပြီးရက်တဲ့ သင်္ကန်း”လို့ ဗုဒ္ဓခွင့်ပြုတဲ့ သင်္ကန်း ၆-မျိုး (ဝိ ၃ ၃၉၄)၊ ဒါအပြင် “ဘွဲ့ဖြူသင်္ကန်း၊ ပဏ္ဏအရပ် သောမာရအရပ်မှာ လုပ်တဲ့သင်္ကန်း၊ စိန့်တိုင်း (တရုတ်)ဖြစ် သင်္ကန်း၊ တန်ခိုးကြောင့်ဖြစ်တဲ့သင်္ကန်း၊ နတ်လှူတဲ့သင်္ကန်း”လို့ သံဂါယနာတင် မထေရ်တို့ရဲ့ခွင့်ပြုချက်နဲ့ ဝတ်ရုံခွင့်ရှိတဲ့ အလားတူ သင်္ကန်း ၆-မျိုး (ဝိ၊ဋ္ဌ၊၃၊၃၈၅)။ အဲဒီသင်္ကန်း ၁၂-မျိုးကို ရဟန်းသာမဏေတို့ ဝတ်ရုံကောင်းတယ်။
“သမန်းမြက်သင်္ကန်း၊ လျှော်တေသင်္ကန်း၊ ပျဉ်ချပ်သင်္ကန်း၊ လူ့ဆံပင်နဲ့ ရက်တဲ့သင်္ကန်း၊ သားမြီးနဲ့ ရက်တဲ့သင်္ကန်း၊ သစ်နက်ရေနဲ့ လုပ်တဲ့သင်္ကန်း၊ မရိုးမင်နဲ့ ရက်တဲ့သင်္ကန်း၊ သစ်ပန်းမျှင်နဲ့ ရက်တဲ့သင်္ကန်း၊ သားရေသင်္ကန်း၊ သစ်ခေါက်သစ်ခွံ သစ်သားနဲ့ လုပ်တဲ့သင်္ကန်း၊ နွယ်နဲ့ရက်တဲ့သင်္ကန်း၊ ငှက်ပျောလျှော်နဲ့ ရက်တဲ့သင်္ကန်း၊ ဝါးနဲ့လုပ်တဲ့သင်္ကန်း ... စသည်”တွေကို မဝတ်ကောင်း (ဝိ၊၃၊၄၂၃)။
အရောင်အနေနဲ့ “လုံးဝ ညို ရွှေ နီ မောင်း မည်းနက်”တဲ့အရောင်၊ ကင်းခြေများရဲ့ကျောကုန်းရောင်၊ ပဒုမ္မာကြာရောင် စသည်ကို မဝတ်ရ (ဝိ၊၃၊၄၂၂)။ ဒါပေမယ့် လုယက်ခိုးဝှက်ခံရနေစဉ်မှာတော့ သင်္ကန်းအားလုံးကို ဝတ်ရုံကောင်းတယ် (ခုဒ္ဒသိက္ခာ၊ ၅၇-ဂါထာ)။
ချုပ်လုပ်ပုံ
ရာဇဂြိုဟ်မြို့မှ ဒက္ခိဏရိဇနပုဒ်သို့ ကြွစဉ် ကန်သင်းရိုးတွေနဲ့ ၄-ထောင့်ကွက်ဖော်ထားတဲ့ လယ်ကွက်တွေကို နမူနာပြပြီး မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို သင်္ကန်းချုပ်လုပ်စေတယ်။ ပညာရှိ အရှင်အာနန္ဒာက အနားပတ်၊ တရုတ်မြောင်းရှည်၊ တရုတ်မြောင်းတို၊ အခန်းကြီး၊ အခန်းငယ်၊ ခေါင်စပ်စသည်ထည့်ပြီး ခိုင်ခံ့ပြီး ကြာရှည်ခံအောင် ချုပ်လုပ်တော်မူလို့ လက်ရှိသင်္ကန်းပုံသဏ္ဌာန်မျိုး ဖြစ်လာတယ် (ဝိ၊၃၊၄၀၀)။
နောင်အခါ အရှင်အာနန္ဒာ ဆွမ်းခံကြွနေစဉ် လေတိုက်လို့ သင်္ကန်းလွင့်တာကို လူတွေကဲ့ရဲ့တဲ့အတွက် ကမ္ပတ်သီး၊ ကမွတ်ကွင်း၊ ကမ္ပတ်သီးအိမ်၊ ကမ္ပတ်ကွင်းအိမ်တွေကို ထည့်ချုပ်ဖို့ ခွင့်ပြုပြန်တယ် (ဝိ၊၄၊၂၇၇)။
သင်္ကန်းချုပ်တဲ့အခါ ပိတ်စကို အနည်းဆုံး ၅-ပိုင်းဖြတ်ရတယ်။ မဖြတ်ရင်ဖြစ်စေ အဲဒီပမာဏနဲ့ အဖြတ်နည်းရင်ဖြစ်စေ မအပ် (ဝိ၊၃၊၃၅၃)။ ကိုယ်ဝတ်သင်္ကန်းဖြစ်ရင် အလျား ၅-တောင်နဲ့ တောင်ဆုပ်၊ အနံ ၃-တောင်နဲ့ တောင်ဆုပ်ရှိရတယ်။ သင်းပိုင်ဖြစ်ရင် အလျားတူပြီး အနံ ၂-တောင်ထွာ သို့မဟုတ် ၂-တောင်ရှိရတယ်။ အကြီးဆုံးအနေနဲ့ မြတ်စွာဘုရားသင်္ကန်းတော်ပမာဏ ရှိရတယ် (ဝိ၊ဋ္ဌ၊၂၊၂၂၆)။ မြတ်စွာဘုရားရဲ့သင်္ကန်းတော်က မြတ်စွာဘုရားအထွာနဲ့ အလျား ၉-ထွာ (၄-တောင်ထွာ)၊ အနံ ၆-ထွာ (၃-တောင်) ရှိတယ်။
“ဘုရားတစ်ထွာ မဇ်သုံးထွာ” (ဗုဒ္ဓရဲ့တစ်ထွာဟာ ယနေ့လူသားရဲ့ တစ်တောင့်ထွာရှိတယ်)ဆိုတဲ့ အယူအဆကို မဟာဂန္ဓာရုံဆရာတော်ကြီး နှစ်သက်တော်မမူ။ ယုတ္တိနဲ့ ဝေးလွန်းလို့ဖြစ်ဖွယ်ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့အထွာဟာ လူသာမန်တို့ထက် အတော်အတန် သို့မဟုတ် သိသိသာသာ ကြီးတယ်လို့ ယူရင်တော့ သိပ္ပံခေတ်မှာ အငြင်းပွားမှု နည်းမယ်လို့ ယူဆပါတယ်။
သင်္ကန်း ၁၁-မျိုး
သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ် (နှစ်ထပ်သင်္ကန်း)လို့ မူလခွင့်ပြု သင်္ကန်း ၃-မျိုး၊ ရေသနုပ် (မိုးရေခံသင်္ကန်း)၊ နိသီဒိုင် (ထိုင်တဲ့အခါ ခင်းတဲ့သင်္ကန်း)၊ အိပ်ရာခင်းသင်္ကန်း၊ အနာလွှမ်းသင်္ကန်း၊ မျက်နှာသုတ်သင်္ကန်း (မျက်နှာသုတ်ပဝါ)၊ ပရိက္ခရာစောဠ (ရေစစ်၊ သပိတ်အိတ်စတဲ့ အဝတ်စအတိုအထွာ)လို့ နောက်ခွင့်ပြု သင်္ကန်း ၆-မျိုး။ ပေါင်း သင်္ကန်း ၉-မျိုး ရှိတယ် (ဝိ၊၃၊၄၁၁)။ ဒါ့အပြင် ... ရဟန်းမိန်းမတို့အတွက် သီးသန့်ခွင့်ပြုတဲ့ ဥတုနီးသင်္ကန်း (ဓမ္မတာပေါ်စဉ် ဝတ်တဲ့သင်္ကန်း)၊ ရင်လွှမ်းသင်္ကန်း (ညှပ်ရိုးအောက်၊ ချက်အထက်နေရာကို ဖုံးလွှမ်းရန် ခွင့်ပြုတဲ့သင်္ကန်း)လို့ သင်္ကန်း ၂-မျိုး (ဝိ၊၂၊၃၉၉။ ၄၆၁)။ ဒါကြောင့် ရဟန်းယောက်ျားအဖို့ သင်္ကန်း ၉-မျိုး၊ ရဟန်းမိန်းမအဖို့ သင်္ကန်း ၁၁-မျိုးလို့ မှတ်နိုင်တယ်။
သင်္ကန်းဦး
မြတ်ဗုဒ္ဓ ဝါနှစ်ဆယ်မတိုင်ခင်က ရဟန်းတွေ ပံသုကူသင်္ကန်း (သုသာန်စသည်မှာ လူတွေစွန့်ထားတဲ့ အဝတ်အပိုင်းအစတွေကို စပ်ချုပ်ထားတဲ့သင်္ကန်း)ကိုပဲ သုံးဆောင်တယ်။ ဝါနှစ်ဆယ်ကျော်မှ ဆေးဆရာဇီဝက တောင်းပန်လို့ လူတွေလှူတဲ့ သင်္ကန်း (ဂဟ.ပတိ.စီဝရ)ကို ခွင့်ပြုတော်မူတယ် (ဝိ၊၃၊၃၉၂)။ ဒက္ခိဏာဝိဘင်္ဂသုတ်အဖွင့် (မ၊ဋ္ဌ၊၄၊၂၁၉)အရ မြတ်ဗုဒ္ဓ ရဟန်းတစ်ဝါအရမှာ မိထွေးတော်ဂေါတမီက မြတ်ဗုဒ္ဓအတွက် သင်္ကန်းလျာအဝတ်တစ်စုံကို ကိုယ်တိုင် ရက်ချုပ်လှူဒါန်းတယ်။ “ဒုဿ.ယုဂ (= အဝတ်တစ်စုံ)”လို့ ဆိုတဲ့အတွက် အပေါ်ဝတ်နဲ့ အောက်ဝတ်ဖြစ်ဖွယ်ရှိတယ်။
ဒါကြောင့် `ဂဟ.ပတိ.စီဝရ’ကို ခွင့်မပြုမီအချိန်က အဦးဆုံးသင်္ကန်းလှူသူဟာ လူသားအနေနဲ့ မိထွေးတော်ဖြစ်ဖွယ်ရှိပြီး၊ ခွင့်ပြုပြီးမှ သင်္ကန်းလှူသူတွေအနက် ဆေးဆရာဇီဝကဟာ အဦးဆုံးဖြစ်ဖွယ်ရှိတယ်။
ဗုဒ္ဓသင်္ကန်း
မြတ်ဗုဒ္ဓ တောထွက်လာစဉ်က ဃဋိကာရဗြဟ္မာလှူတဲ့ သင်္ကန်းရဲ့ ပုံသဏ္ဌာန် ချုပ်ပုံချုပ်နည်း အရောင် အတိုင်းအတာ စသည်ကို ကျမ်းဂန်မှာ ရှာဖွေဆဲပါ။ အတိအကျ မတွေ့ဖူးပေမယ့် ရဟန်းတွေရဲ့ သင်္ကန်းနဲ့ ပရိဗိုဇ်တွေရဲ့ ဝတ်ရုံ ခွဲခြားမရဖြစ်ဖူးတဲ့သာဓက (ဝိ၊၂၊၁၅၈)အရ အဲဒီခေတ်အချိန်က တောထွက်ပြီး မောက္ခကို ရှာကြတဲ့ သူတော်စင်တို့ရဲ့ ဝတ်ရုံမျိုးဖြစ်မယ်လို့ပဲ ယူဆပါတယ်။ ပံသုကူသင်္ကန်းကိုပဲ ဝတ်ရုံကြတဲ့ ဗုဒ္ဓသာသနာ ပထမနှစ်နှစ်ဆယ်အတွင်း ရဟန်းတော်တွေရဲ့သင်္ကန်း အတိုင်းအတာ ချုပ်စပ်ပုံ မတူတာ ရှိနိုင်ပေမယ့် အရောင်အနေနဲ့တော့ နီးစပ်စွာ တူညီဖွယ်ရှိတယ်။ “ဂဟ.ပတိ.စီဝရ’ကို ခွင့်ပြုပြီးနောက်မှ ပုံစံကျပြီး ယနေ့ခေတ်သင်္ကန်းပုံစံမျိုး အနီးစပ်ဆုံး ဖြစ်လာတဲ့အတွက် မြတ်ဗုဒ္ဓလည်း အဲဒီပုံစံကျသင်္ကန်းကို ဝတ်ရုံခဲ့ဖွယ်ရှိမယ်လို့ ယူဆပါတယ်။
သင်္ကန်းလှူကျိုး
“တဘော်ဆင်မြန်း၊ ဝတ်သင်္ကန်းကို၊ လှူဒါန်းသည့်သူ၊ အဆင်းလှူတည့်၊ နတ်လူတို့ဘောင်၊ ဖြစ်တိုင်းနောင်ဝယ်၊ အခေါင်ဦးစွန်း၊ ကိုယ်ရောင်ထွန်း၍၊ တုကျွန်းလွတ်ကွာ၊ မယ်ဥမ္မာနှင့်၊ ပဘာဝတီ၊ နတ်တပြည်သို့၊ အညီနှိုင်းရှိ၊ လှခေါင်ထိလိမ့် (မဃဒေဝ၊ ပိုဒ်-၅၀၇)။ ကိဒဒသုတ်နဲ့ ယင်းအထကာနှင့်အညီဖွဲ့ဆိုတဲ့ စာပါ (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၈)။ အဓိပ္ပာယ်ပေါ်လွင်ပါတယ်။ တစ်နည်း .. အပဒါန်ပါဠိတော်အရ “အသားအရေရွှေလိုဝင်းခြင်း အညစ်အကြေးကင်းခြင်း၊ ကိုယ်က အရောင်ထွက်ခြင်း၊ ဘုန်းကြီးခြင်း၊ ကိုယ်လုံးကိုယ်နေ ပြေပြစ်ခြင်း၊ အဖိုးတန်အဝတ်များကို သုံးဆောင်ရခြင်း (အပဒါန၊၁၊၃၅၈)”လို့ အကျိုး ၈-မျိုး မှတ်နိုင်ပါတယ်။
တစ်နည်း .. အမျိုးသမီးတွေ ဝိသာခါနှင့် ဗန္ဓုလစစ်သူကြီးရဲ့ဇနီး မလ္လိကာတို့လို “မဟာလတာ”လို့ ခေါ်တဲ့ အဆင်တန်ဆာအထူးတစ်မျိုးကို သုံးဆောင်ရတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၄၉)။
ယောက်ျားတွေ ဧဟိဘိက္ခု (ဗုဒ္ဓဘုရား တစ်ဆူက လာပါ ခေါ်လိုက်တာနဲ့ အလိုလို ရဟန်းအသွင်ကို ရသွားသူ) ဖြစ်နိုင်တယ် (ဝဇိရ-ဋီ၊ ၃၅၁)။
သီလရှင်
သီလရှင်ဟာ ရဟန်းမိန်းမ (ဘိက္ခုနီ) မဟုတ်ဘူး။ ခုခေတ် အမျိုး သားတွေ ဒုလ္လဘ ရဟန်းခံသလို အမျိုးသမီး တစ်ယောက် သိမ်ထဲဝင်၊ ပထမ တစ်ကြိမ် ရဟန်း မိန်းမတွေ ဝန်းရံပြီး ကမ္မ ဝါစာဖတ်၊ ဒုတိယ တစ်ကြိမ် ရဟန်း ယောက်ျားတွေ ဝန်းရံပြီး ကမ္မဝါစာဖတ်မှ ရဟန်းမိန်းမ ဖြစ်နိုင်တယ်။ ဆောက်တည်ရတဲ့ သိက္ခာပုဒ် အရေအတွက်နဲ့ ဝတ်ရုံ သုံးဆောင်တဲ့ သင်္ကန်း အရ လည်း ရဟန်းမိန်းမနဲ့ မတူဘူး။ သီလရှင်ဟာ ဘိက္ခုနီမတို့ရဲ့ ဖော်ပြပြီး သင်္ကန်း ၁၁-မျိုးကို မဝတ်ရုံနိုင်၊ အသုံး မပြုနိုင်။ ဒါကြောင့် တိုက်ရိုက် အဓိပ္ပာယ်အရ သီလရှင်ကို ဝါဆိုသင်္ကန်း ကပ်လှူတယ်လို့ မဆိုနိုင်။ ဒါပေမယ့် ...
နားလည်မှု
ယုံကြည်မှုအရ သရဏဂုံ တည်ခြင်း၊ ကျင့်ကြံမှုအရ အနည်းဆုံး ၈-ပါးသီလ မြဲပြီး ဂန္ထဓူရ (ပရိယတ္တိကို သင်ယူခြင်း)နဲ့ ဝိပဿ နာဓုရ (တရားဘာဝနာ ရှုမှတ်ခြင်း)ကို ဆောင်ရွက်ခြင်း၊ သွင်ပြင် အရ ဆံပင်ကို ရိတ်ဖြတ်ထားလို့ ရဟန်းအသွင် ရှိခြင်း၊ ဝတ်ရုံ ပုံအရ တစ်ရောင်တည်း တစ်ပုံစံတည်းနဲ့ ရိုးရှင်းခြင်း၊ အသက် မွေးမှုအရ အလှူခံပြီး ဘဝရပ်တည်ခြင်းတွေဟာ သီလရှင် တစ် ပါးမှာ ရှိတဲ့ ဗြဟ္မစရိယ (အကျင့်မြတ်)ရဲ့ လက္ခဏာတွေ ဖြစ်ပါ တယ်။ ပျိုမျစ် နုနယ်ချိန်မှာ အလှမာန် ဓနမာန် ပညာမာန် ဆို တာတွေကို ခဝါချပြီး မြင့်မြတ်တဲ့ဘဝနဲ့ မြတ်ဗုဒ္ဓ သာသနာတွင်း မှာ နေထိုင်ကြတဲ့ သီလရှင်များရဲ့ ဘဝဟာ ငြိမ်းချမ်းပြီး ကြည် ညိုစရာ လေးစား ပူဇော်စရာ ကောင်းပါတယ်။ ကြည်ညိုတတ် သူ ဗုဒ္ဓဝါဒီ တစ်ဦးအနေနဲ့ သီလရှင် တစ်ပါးကို ဘိက္ခုနီ တစ်ပါး လို ရိုသေ ပူဇော်တာဟာ မွန်မြတ်ပါတယ်။
အဖြေ
အထက်ပါ နားလည်မှုအရ .... သင်္ကန်း ၁၁-မျိုးမှာ မပါပေမယ့် အကျင့်မြတ်ကို ကျင့်နေတဲ့ သီလရှင်တို့ရဲ့ အဝတ်အစား (ဝတ် ရုံ)ကိုလည်း သင်္ကန်းနေရာမှာ တန်းတူထားပြီး ကြည်ညို ပူ ဇော်ခွင့်၊ သင်္ကန်းဆိုတဲ့ အသုံးကိုလည်း အနည်းဆုံး ဗြဟ္မစရိယ ရဲ့ သင်္ကေတ ဖြစ်လို့ သုံးနှုန်းခွင့် ရှိနိုင်တာပေါ့။ ရဟန်းတွေ ဝါဆိုသလို သီလရှင်တွေမှာ ဝါဆိုစရာ မလိုပေမယ့် ရဟန်းတွေ ဆွမ်းခံထွက်သလို သီလရှင်တွေလည်း ဝါတွင်းကာလမှာ ဆွမ်း ဆန်စိမ်းခံ ထွက်ရလို့ ရဟန်းတွေကို ဝါဆိုသင်္ကန်း ကပ်လှူသ လို ဝါတွင်းနဲ့ ဝါကြို ကာလတွေမှာ သီလရှင် ဝတ်စုံသစ်တွေ ကို သင်္ကန်းအမှတ်နဲ့ ဝါဆိုသင်္ကန်း လှူဒါန်းတယ်လို့ ဆိုရင် သို့မ ဟုတ် သုံးနှုန်းရင် ငြင်းသာမယ်လို့ မထင်ပါဘူး။
ဇူလိုင် ၂၈၊ ၂၀၁၆။
ယော စ တထာဂတဿ ဝစနံ သဋိစ္ဆတိ၊ တဿ တံ ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတိ။
ဗုဒ္ဓ၏ စကားကို နာယူသူသည် ကြာမြင့်စွာ ကြီးပွား ချမ်းသာရန် ဖြစ်၏။ (ဝိ၊၁၊၁၈၉)။
---
၄၉၃။ ကံဆိုတာ အဲဒါပဲ
ဘုန်းကြီး ဘုရား၊ ကံဆိုတာ မမြင်နိုင်တဲ့ အရာဖြစ်လို့ ဘယ်လို ယုံကြည်ရမလဲ။ ကံကောင်းတယ် ဆိုတာလေးကို ရိပ်မိအောင် ရှင်းပြပေးပါ ဘုရား။
ဘိက္ခုနိမ္မိတ
---
ဖော်ရွေလွန်းလို့
ဇွန် ၆-နေ့ (၂၀၁၅)က ပေါ့။ ဘုန်းကြီးကျောင်းနဲ့ ၄၅-မိနစ် လောက် ကားမောင်းရတဲ့ Phoenix မြို့ထဲ တစ်နေရာမှာ ဆေး ခန်း သွားပြတဲ့ နေ့။ အဲဒီ ဆေးရုံနေရာကို မကျွမ်းကျင်တာနဲ့ အချိန်မီ ရောက်အောင်လို့ ဆေးခန်းနဲ့ မဝေးတဲ့ နေရာမှာ နေ တဲ့ ဒကာကို အကူအညီ တောင်းရတယ်။ ဒကာနဲ့ဆို ဘုန်း ကြီးကျောင်းက ၁-နာရီ ခရီးပဲ။ ဒီတော့ ဘုန်းကြီးရဲ့ ၈-နာရီ ဆေးခန်းချိန်ကို မီအောင်လာရတဲ့ သူ့စေတနာနဲ့ သူ့ဝီရိယကို အသိအမှတ် မပြုဘဲ မနေနိုင်ဘူး။ ပြီးရင် ကိုယ့်ဒကာက ဗုဒ္ဓဘာ သာဝင် မဟုတ်လို့ ပိုပြီး လေးစားရတယ်။ သူ့ နာမည်ရင်းကို မပြောဘဲ ချန်ထားမယ်။
ဆေးခန်းကိစ္စက ၁၀-နာရီဆို ပြီးသွားပါပြီ။ သူက အိမ်မှာ ခေါက်ဆွဲဆွမ်း ချက်ကပ်ချင်တယ် ဆိုတော့ တစ်ဦးတည်း နေ ထိုင်သူ အငြိမ်းစား ဖြစ်လို့ အားနာစရာ မလိုတာနဲ့ လိုက်သွား တယ်။ ဆွမ်းစားပြီးတော့လည်း ဒကာက ဘယ်ကို ပို့ပေးရအုံး မလဲတဲ့။ ဒါနဲ့ အပြန်လမ်းမှာ ဘုန်းကြီးကျောင်းကို ကျော်ဖြတ် ပြီး အရှေ့ဖက်ကို မိနစ် ၂၀-လောက် ဆက်သွားရတဲ့ ‘အရီဇိုး နား အိုအေစစ်’ကို အပျင်းပြေ သွားဖြစ်ကြတယ်။
အရီဇိုးနား အိုအေစစ်
ဒီနေရာလေးက နာမည်ကြီး အထင်ကရ မဟုတ်လို့ လူသူ အ ရောက် နည်းပုံရပေမယ့် နှစ်သက်စရာ ကောင်းတယ်။ ထန်း ပင်မြင့်တွေ၊ နှစ်ပေါင်း ၁၈၀-လောက် သက်တမ်းရှိတဲ့ ယူက လစ်ပင်တွေ၊ အခြား သစ်ပင်ကြီးတွေနဲ့ ကန္တာရပင် မျိုးစုံရှိ တယ်။ ကျောက်ဆောင်၊ ကျောက်ဂူ၊ စမ်းချောင်းတွေ ရှိတယ်။ တောင်ပေါ်မှာ ကျေးငှက်တို့ ပျော်ရာ ကြာပန်းအိုင်ငယ် တစ်ခု လည်း ရှိတယ်။ လူလုပ်ထားတာ ဆိုပေမယ့် နှစ်လုံးပေါက် ရေ မခန်းဘူး။ အရိပ်အာဝါသ ကောင်းတဲ့အတွက် ရုံးပိတ်ရက်တွေ မှာ picnic (ပျော်ပွဲစား) လာတဲ့လူတွေနဲ့ စည်ကားလေ့ ရှိတယ်။ အရီဇိုးနားအိုအေစစ် ဆိုတာ ဘုန်းကြီး ပေးထားတဲ့ Nick name ပါ။ နာမည်မှန်က Boyce Thompson Arboretum State Park တဲ့။ ဧက ၄ဝဝ နီးပါးရှိပြီး ပြည်နယ်အစိုးရရဲ့ ထိန်းသိမ်း ထားတဲ့ ပန်းခြံပါ။ ဝင်ကြေး လူကြီး ၁၀-ဒေါ်လာ၊ ကလေး ၅- ဒေါ်လာ ပေးရတယ်။
ဆူးတော ဝင်္ကပါ
ဘုန်းကြီးက ဒီပန်းခြံမှာ အဖွဲ့ဝင်လုပ်ထားလို့ အပိုလူနှစ်ဦး အလကား ဝင်လို့ရတယ်။ အဝင်ဂိတ်ကို ရောက်သွားတဲ့ အချိန် နေပူရင်း မိုးဖွဲဖွဲ ရွာပေမယ့် ပန်းခြံထဲ ရောက်တော့ မိုးစဲသွား ပြီ။ ညက မိုးရွာထားလို့ ဖုန်မရှိဘူး။ ဒကာက ဓာတ်ပုံရိုက် ဝါ သနာပါတော့ သူရိုက်မှ ကိုယ်လည်း တယ်လီဖုန်းနဲ့ ဟိုနား ဒီနား လိုက်ရိုက် ဖြစ်တယ်။ ပင်မလမ်းက ခွဲထွက်တဲ့ တောင် တက် တောင်ဆင်း လမ်းတိုလေးတွေ အတိုင်း တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ သစ်ပင်အမျိုးမျိုးကို ကြည့်ရင်း လမ်းလျှောက် ရတာမျိုး။ ဒီအရပ် ဒေသမှာ ပေါက်တဲ့ ကက်တပ်စ်လို့ ခေါ်တဲ့ ဆူးပင် အမျိုးမျိုးကိုတော့ ဝင်္ကပါပုံ လမ်းဖော်ပြီး လမ်းဘေး ဝဲယာမှာ စနစ်တကျ စိုက်ထားတယ်။ ကန္တာရရဲ့ ဆူးတော ဝင်္ကပါလို့ ခေါ်ရမလိုဘဲ။
ကန္တာရ မင်းသား
အဲဒီ ကန္တာရ ဆူးတော ဝင်္ကပါရဲ့ လမ်းဘေး ဝဲယာမှာရှိတဲ့ စူပါ ဆူးလုံး (ကက်တပ်စ်အလုံး)၊ ဆူးချောင်းရှည်(အိုခီတီယို)၊ အပွင့် တွေ ဝေနေတဲ့ ဆူးပြား (prickly pear)တွေကို ငေးပြီး လမ်းရှေ့ ကို မကြည့်ဘဲ့ တဖြည်းဖြည်း ဘေးတိုက် လျှောက်လာရင်း .. ရှေ့တစ်လှမ်း အတွက် ဘယ်ခြေထောက်ကို ကြွထားဆဲ .. ရှေ့ ကို မကြည့်ဘဲ လျှောက်လာတာ များပြီ၊ ဖိနပ်ကလည်း မလုံ ဘူး၊ ဆူးကို နင်းမိအုံးမယ် ဆိုပြီး ကြွဆဲ ခြေထောက်ကို ပြန် မချသေးဘဲ ဆတ်ကနဲ ရှေ့ကို ကြည့်လိုက်စဉ် (စက္ကန့်ပိုင်း အ တွင်း စိတ်ထဲက စဉ်းစား ဆုံးဖြတ်တာ)..
ခြေအောက် တည့်တည့်မှာ အရာတစ်ခုကို တွေ့တယ်။ အနက်ရောင် နေကာမျက်မှန် တပ်ထားလို့ ချက်ခြင်း ဘာရယ် လို့ မသေးကွဲဘူး။ ပထမတော့ တစ်လက်မပိုက်လုံးလောက် ရှိတဲ့ ကြိုးသုံးပင်လိုလို တုတ်သုံးချောင်းလိုလို ထင်မိပေမယ့် အပေါ်က အစက် အပြောက်တွေနဲ့ ခေါင်းပိုင်းကို မြင်တော့မှ မလှုပ်မယှက် ငြိမ်သက်လွန်း နေတာနဲ့ မြွေရုပ်အတုလို့ ထင်ပြီး ခြေထောက်နဲ့ ထိကြည့်တော့မလို့ (အဲဒီလိုမျိုး လမ်းမပေါ်မှာ မြွေ အစစ် မည်သည့် နည်းနဲ့မျှ မရှိနိုင်ဘူးလို့ စိတ်ထဲမှာ ယုံကြည် နေမိတာကိုး)။ ဒါပေမယ့် တစ်ချိန် တည်းမှာပဲ ကလေးတွေ အထိတ်တလန့် ဖြစ်မယ့်ဟာမျိုးကို ပန်းခြံ လုပ်သားတွေ မလုပ် တန်ရာဘူး ဆိုပြီး လွှားကနဲ ဟိုဖက်ကို ခုန်ချလိုက်တယ် (ဒီအ တွေးတွေ အားလုံး တစ်မိနစ် မကြာပါဘူး၊ စက္ကန့်ပိုင်း အတွင်း မသိစိတ်နဲ့ တစ်မုဟုတ်ချင်း အလွန် လျင်မြန်စွာ ဆုံးဖြတ်ခဲ့တာ ပါ)။ သုံးပေလောက် အကွာက သေချာ ပြန်ပြီး စိုက်ကြည့် တော့မှ မင်းသားက စပြီး ရွေ့တာဗျို့။ မြွေရုပ်အတု မဟုတ်ဘူး၊ အစစ်ကြီး။ လား... လား... အဲဒီတော့မှ ဖြန်းကနဲ ကြက်သီးမွေးညင်း ထသွားတာပဲ။
ဒကာကြီးရေ ဟောဒီမှာ မြွေကြီးဗျ .. ဓာတ်ပုံရိုက် .. ဓာတ် ပုံရိုက်။ ဘုန်းကြီးလည်း မြွေကြီး အခွေ မစွန့်ခင် သုံးလေးပုံ ရိုက်တယ်။ ဒါပေမယ့် ကိုယ့်မျက်နှာကိုပဲ ရိုက်မိလျက်သား ဖြစ် နေလို့ (တယ်လီဖုန်းနဲ့ ရိုက်တာလေ) အဲဒီ ပုံတွေ မရလိုက်ဘူး (ငယ်ငယ်က ရွာကို ဓားမြဝင်လို့ အူယားဖားယား ပြေးကြတော့ ပုဆိုး ဘယ် ကျွတ်ကျန်ခဲ့မှန်း မသိတာကို အမှတ်ရပြီး ပြုံးမိ သေးတယ်)။ အမြင်အရ အရှည် ငါးပေကျော်မယ်။ King snake လို့ခေါ်တယ်။ မြွေဟောက် မျိုးစိတ်ပဲ။ မြွေပွေးလို အဆိပ်ပြင်း တဲ့ ခလောက်မွေ အပါအဝင် ဇာတ်တူ မြွေသားကို စားသတဲ့။ လူတွေကို ကိုက်ရင်တော့ သေလောက်တဲ့ထိ အဆိပ် မပြင်းဘူး လို့ သိရတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုက်ခံရရင် အနည်းဆုံး ဆေးရုံ ဆေးခန်းတော့ ရောက်သွားမှာပဲ။
ကံဆိုတာ အဲဒီပဲ
ဘုန်းကြီးကတော့ မြွေကို မနင်းမိခဲ့တာနဲ့ ပတ်သတ်ပြီး ခုထိ အံ့ဩပြီး အသည်း ယားနေတုန်းပဲ။ လုံးဝ နင်းမိသွားနိုင်တဲ့ အခြေအနေပါ။ စက္ကန့်ပိုင်း အတွင်း ဒါလောက် မှန်မှန် မြန်မြန် ဆုံးဖြတ်နိုင်တာဟာ ရိုးရိုးတော့ မဟုတ်လောက်ဘူး။ တစ်ခါ တစ်ရံ အသေအသေချာ ကြည့်ရှု စဉ်းစားပြီး လုပ်တာတောင် မှားတတ်သေးတယ် မဟုတ်လား။ ဒါကြောင့် ဒီလို ရှောင်တခင် မှန်အောင် လုပ်မိတာဟာ တကယ့် ဆန်းကြယ်တဲ့ ကံတရား လို့ပဲ ယုံကြည်နေတယ်။ ရွတ်ပွားထားတဲ့ စရဏ အကျိုးလည်း ပါနိုင်တာပဲ။ တက္ကဆပ်စ် ပြည်နယ်၊ ဆန်အန်တိုနီယို မြို့က ကျောင်းမှာ ရောက်ခိုက် အိပ်မယ် လုပ်တုန်း နဖူးပေါ်ကို ကင်း မြီးကောက် ပြုတ်ကျလာတုန်းကလည်း ဘေးမသီ ရန်မခဲ့ဘူး (ဒီအကြောင်းကို www.kelasa.org ဓမ္မအမေးအဖြေ၊ မေးခွန်း အမှတ် ၃ဝ၂ မှာ ဖတ်ကြည့်ပါ)။
“လူ့ကံဆိုတာ ဆန်းကြယ်တယ်။ လူ့ကံ လူ့ကံလို့ ပြန်ပြန် ပြောရင် တရုတ် စကားတောင် ဖြစ်သွားတာပဲ” ဆိုတဲ့ ငဘဝတ္ထု ထဲက စာရေးဆရာ မောင်ထင်ရဲ့ စကားကို အမှတ်ရပြီး (ဘာမှ မဖြစ်ခဲ့လို့) ပြုံးနိုင်ပါသေးရဲ့။
ဇွန် ၁၈၊ ၂၀၁၅၊
ကြမ္မာညှိုးမှိန် ပျက်စီးချိန်
ယေဘုယျေန ဟိ သတ္တာနံ၊ ဝိနာသေ ပစ္စုပဋ္ဌိတေ။ အ.နယော နယ.ရူပေန၊ ဗုဒ္ဓိ.မာဂမ္မ တိဋ္ဌတိ။
ကြမ္မာညှိုးမှိန် ပျက်စီးချိန်၌ ပညိန္ဒီ သတိမှောက်မှား တရားကင်းလွတ် ကျင့်ယွင်းချွတ်၏၊ ကျင့်ချွတ်သောခါ ပညာအမျိုး တန်ခိုးထိန်ညီး ဘုန်းတန်းကြီးလည်း ပျက် စီးမြဲလျှင် မချွတ်ပင်တည်း။ (မဃဒေဝ၊ ပိုဒ်-၂၂၉)။
---
၄၉၄။ မိန်းမဖြစ်ချင်ရင်
မင်္ဂလာပါ ဘုန်းဘုန်း၊ ကပ်သီးကပ်သပ် မေးတယ်လို့တော့ ဆိုပါနဲ့ ဘုရား။ ယောက်ျားဟာ မိန်းမအဖြစ်ကို ရချင်ရင် ဘယ်လို ပြုကျင့်ရပါမည်လဲ။ သူများ သားမယားနဲ့ ဖောက်ပြား ကျူးလွန်ရင် မိန်းမ ဖြစ်ရတယ်လို့တော့ ကြားဖူးပါသည်။ သို့သော် မှန်တဲ့ နည်းလမ်း ဖြစ်မည်လို့ မယူဆပါ။ ကျမ်းဂန်မှာ မည်သို့ ရှိပါသနည်း။ ဖြေကြားပေးပါ ဘုန်းဘုန်း။
အလှဖန်တီးရှင်
---
နားလည်မှု
အင်း ... မေးခွန်းရှိရင် အဖြေလည်း ရှိသင့်တာပဲ။ ဒီလို အရင် နားလည်ကြည့်ပါ ..
မျိုးဗီဇကြောင့် ဖြစ်စေ၊ အသုံးပြုတဲ့ ဆေးကြောင့် ဟိုမုန်းဓာတ် ဖောက်ပြန်လို့ ဖြစ်စေ လိင်ပြောင်းချင်နေသူတွေ အပေါ် ဗုဒ္ဓဝါဒ အစစ်အမှန်အရ ခွဲခြားတာ နှိမ့်ချတာမျိုး လုံးဝ မရှိ။ အဲဒီလို ဖြစ်သွားရုံ ဖြစ်နေရုံနဲ့ ငရဲမကြီး။ သေရင်လည်း အပါယ် မကျဘူး။
မြတ်ဗုဒ္ဓ လက်ထက်က ရဟန်း ယောက်ျားကနေ ရဟန်းမိန်းမ အဖြစ်သို့ ပြောင်းသွားသူကို သူ့ရဲ့ မူလ (ရဟန်း ယောက်ျား ဖြစ်စဉ်က) ဥပဇ္ဈာယ်ဆရာနဲ့ ရဟန်း ယောက်ျား အဖြစ်နဲ့ ရခဲ့တဲ့ သိက္ခာဝါ အတိုင်း (ဥပမာ .. ဘိက္ခုအဖြစ်နဲ့ ရ-ဝါ ရခဲ့ရင် လိင်ပြောင်းပြီးနောက် ဘိက္ခုနီ အဖြစ်နဲ့လည်း ရ-ဝါ ပါပဲ၊ ဝါ လျော့ မသွားဘူး) ဘိက္ခုနီတို့ရဲ့ ဝိနည်းကို ကျင့်သုံးပြီး ဘိက္ခုနီ ကျောင်းမှာ ပြောင်းရွှေ့ နေထိုင်ဖို့ မြတ်ဗုဒ္ဓ ခွင့်ပြုတော်မူတာဟာ ခုခေတ် ဘာသာရေး အချို့ရဲ့ အမြင်နဲ့ နှိုင်းယှဉ်ရင် အလွန် အထက်တန်း ကျပါတယ်။
အဲဒီလို ဖြစ်တာဟာ အရင်ဘဝ အကုသိုလ်ကြောင့်လား ဆိုရင် တစ်စိတ်တစ်ဒေသတော့ မှန်ပါတယ်။ ဗုဒ္ဓ ဒဿနအရ အကျိုးဆက် အားလုံးဟာ အတိတ် လုပ်ရပ်နဲ့ ပတ်သက်သလို ယခု ဖြစ်စဉ်ရဲ့ ထောက်ပံ့မှုနဲ့လည်း မကင်းပါဘူး။ ဒီနားလည်မှုနဲ့ ဖြေရရင်
ကိုယ့်ဆန္ဒ
မိန်းမကနေ ယောက်ျား ဖြစ်လိုသူတွေ အတွက် အဖြေကို ဓမ္မ အမေးအဖြေ အမှတ်၄၉၁ မှာ သံယောဂသုတ်ကို အခြေခံပြီး ရှင်းပြပြီး ဖြစ်ပါတယ် (အဲဒီ ရှင်းလင်းချက်ကိုလည်း ဖတ်ပါ)။ အဲဒီသုတ္တန်မှာပဲ ယောက်ျားကနေ မိန်းမ ဖြစ်လိုသူတွေရဲ့ နှလုံးသွင်းကိုလည်း မြတ်ဗုဒ္ဓ ဟောကြားပါတယ်။ “ယောက်ျားကနေ မိန်းမဖြစ်ချင်လို့ သို့မဟုတ် မိန်းမကနေ ယောက်ျား ဖြစ်ချင်လို့ ဆိုပြီး ပြစ်ဒဏ်ခတ်တာ ကဲ့ရဲ့တာ မုန်းတီးတာမျိုး ဗုဒ္ဓဝါဒမှာ လုံးဝ မရှိဘူး။ ကိုယ်ဖြစ်ချင်တာဟာ ကိုယ့်ဆန္ဒပဲ။
ယောက်ျား တစ်ယောက်ဟာ ယောက်ျားနဲ့ သက်ဆိုင်တဲ့ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေ ၇-မျိုးကို ဥပါဒါန် မဖြစ်ရင် (မစွဲလမ်းရင်) ယောက်ျား ဘဝမှ လွတ်မြောက်နိုင်ကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။
အစွဲ ၇-မျိုး
မိမိရဲ့ ယောက်ျား ဖြစ်နေတဲ့ဘဝ (ပုရိသိန္ဒိယ)၊ ယောက်ျားတွေရဲ့ အပြုအမူ အမူအရာ ကျားလျား သွားဟန် လာဟန် (ပုရိသကုတ္တ)၊ ဝတ်စား ဆင်ယင် နေထိုင်ပုံ အသွင်အပြင် (ပုရိသာကပ္ပ)၊ ယောက်ျား ဖြစ်ရမှုအတွက် စိတ်ကြီးဝင်ခြင်း တစ်နည်း ယောက်ျားပဲ ဆိုတဲ့မာန် သို့မဟုတ် ပုရိသမာန် (ပုရိသဝိဓ)၊ ယောက်ျားရဲ့ အလိုဆန္ဒ အကြိုက် နှစ်သက်မှု .. ဥပမာ တုံးတိုက်တိုက် ကမ်းတိုက်တိုက် သဘောထားမျိုး (ပရိသဆန္ဒ)၊ ယောက်ျားရဲ့ အသံ (ပုရိသဿရ)၊ ယောက်ျားတို့ရဲ့ အဆင်တန်ဆာ (ပုရိသာလင်္ကာရ) ..
ဒီ ၇-မျိုးကို တပ်မက် စွဲလမ်းရင် ၁) ပြင်ပရှိ ဆန့်ကျင်ဘက် လိင်ကို အလိုရှိပြီး ၂) ထိုဆန့်ကျင်ဘက် လိင်နဲ့ ယှဉ်တွဲရတဲ့အခါ ၃) လောကီသားတို့ရဲ့ အန္တိမ ပျော်ရွှင်မှုဆီ ရောက်သွားတယ်။ ဒီလိုဖြစ်ရင် ယောက်ျားဟာ ယောက်ျား အဖြစ်ကို လွန်မြောက်နိုင်။ ယင်းနဲ့ ပြောင်းပြန် ဖြစ်ရင် ယောက်ျားဟာ ယောက်ျား အဖြစ်ကို လွန်မြောက်နိုင်တယ် (အံ၊၂၊၄၄၀)။ ကားမစပ် ... ဒီဟောကြားချက်ဟာ အလှဖန်တီးရှင်တို့ရဲ့ စိတ်ကြိုက်များ ဖြစ်နေလေမလား။ ဒါပေမယ့် ..
ဒီလိုတော့ ရှိတယ် .. ဒီသုတ္တန်ရဲ့ အာဘော်က ယောက်ျားစစ်ကြီး ဖြစ်လျက် ထမီ စကတ် ဝတ်ပြီး နှုတ်ခမ်းနီ ပါးနီ ဆိုးပြဖို့ မဆိုလိုဘူး။ ဖော်ပြပါ အခြေအနေ ၇-မျိုးကို မစွဲလန်းဘဲ မိန်းမ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ကောင်းမှု အထူးပြုပြီး ဆုတောင်းရင် ဆန္ဒအတိုင်း ဖြစ်နိုင်ကြောင်း ဆိုလိုတာပါ။
လုံးဝရှောင်
သူများ သားမယားနဲ့ ဖောက်ပြား ကျူးလွန်ရင် မိန်းမ ဖြစ်ရတယ်လို့ ကြားဖူးတာဟာ မှန်တယ်။ ဒါပေမယ့် မိန်းမ ဖြစ်ချင်လို့ ဆိုပြီး “ကာမေသု” မမှားမိစေနဲ့။ မိန်းမ ဖြစ်ရတာက ခံသာပေမယ့် ကာမေသုကြောင့် အပါယ်ငရဲမှာ ဆင်းရဲခံရတာ၊ သံသရာမှာ သတ္တဝါ အဖြစ်နဲ့ ‘ဥ’အထုတ်ခံရတာ၊ ယောက်ျားစိတ် ရှိပါလျက် လူစင် မမီတဲ့အတွက် မိန်းမယူလို့ မရတာ .. စတဲ့ ဆိုးကျိုးဆက်တွေ များတယ်။ မိန်းမ ဖြစ်ချင်လို့ ဖြစ်ရတာနဲ့ ကာမေသုကြောင့် ဖြစ်ရတာကို တစ်ခြားစီ မှတ်ထား။
ဇူလိုင် ၂၉၊ ၂၀၁၆။
---
၄၉၅။ သစ္စာစဉ်သစ် မမှန်လဒ်
ဘုန်းဘုန်း ဘုရား၊ သူငယ်ချင်း တစ်ယောက်က သစ္စာလေးပါး ဗမာလို သိ ပယ် ဆိုက် ပွား (ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ သစ္စာ)ကို ပွား သိ ပယ် ဆိုက်လို့ ပြောင်းရင် ပိုသင့်တော်မယ် လို့ ဖေ့စ်ဘုတ် ပေါ်တွင် တင်ထားပါတယ်၊ သူငယ်ချင်းကိုရော အခြား စာဖတ် ပရိသတ်တွေကိုပါ အမှားအမှန်ကို ရှင်းရှင်း မှန်မှန် သိစေလို၍ ဘုန်းဘုန်းအား ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
ကိုမျိုးမြင့် မသန်းသန်းအေး (အော်စီ)
---
စဉ်ပုံ အမျိုးမျိုး
စဉ်ပုံ အမျိုးမျိုး ရှိတယ် .. ၁) ဖြစ်စဉ် (ဥပ္ပတ္တိက္ကမ)၊ အရင် ဖြစ်တာ နောက် ဖြစ်တာ၊ ဥပမာ ကလလ ရေကြည်၊ အမြုပ်၊ သားတစ် ၂) ပယ်စဉ် (ပဟာနက္ကမ)၊ အရင်ပယ် နောက်ပယ် ဥပမာ - သောတာပတ္တိမဂ်နဲ့ ပယ်၊ အထက်မဂ် သုံးခုနဲ့ ပယ် ၃) ကျင့်စဉ် (ပဋိပတ္တိတ္တမ)၊ အရင်ကျင့် နောက်ကျင့်၊ ဥပမာ သီလ ဝိသုဒ္ဓိ (သီလကို အရင်ကျင့်)၊ စိတ္တဝိသုဒ္ဓိ (ပြီး သမာဓိကို ကျင့်) ၄) ဘုံစဉ် (ဘူမိက္ကမ)၊ အနိမ့် အမြင့်၊ ဥပမာ - ကာမဘုံ ရူပဘုံ ၅) ဟောစဉ် (ဒေသနာက္ကမ)၊ ဥပမာ - ဒါန သီလ သတိပဋ္ဌာန် သမ္မပ္ပဓာန် .. စသည် (ဝိသုဒ္ဓိ၊၂၊၁ဝရ)။
သစ္စာကို စဉ်ပုံ
ထင်ရှားခြင်း၊ တစ်လောကလုံးနဲ့ ဆိုင်ခြင်း၊ သိလွယ်ခြင်းတွေကြောင့် တစ်နည်း ဘဝသုခကို သာယာနေကြတဲ့ သတ္တဝါတွေကို သံဝေဂ ရစေလိုခြင်းကြောင့် ဒုက္ခသစ္စာကို ပထမ၊ ဒုက္ခရဲ့ အကြောင်းကို ပြတော်မူလိုတဲ့ အတွက် သမုဒယသစ္စာကို ဒုတိယ၊ အကြောင်းချုပ်ရင် အကျိုးငြိမ်းတယ်လို့ ပြလိုတဲ့အတွက် တစ်နည်း ဒုက္ခကို ထင်မြင်ပြီး ငြီးငွေ့သူတွေ အတွက် အပူငြိမ်းရာကို ပြဖို့ နိရောဓသစ္စာကို တတိယ၊ နိရောဓကို ရလိုရင် မဂ္ဂင်ရှစ်ပါး လမ်းစဉ်ကို ကျင့်ကြလို့ ပြလိုတဲ့ အတွက် မဂ္ဂသစ္စာကို စတုတ္ထအနေနဲ့ ဟောတော်မူကြောင်းနဲ့ (ကျင့်စဉ် စသည်အရ မဟုတ်ဘဲ) ဒေသနာစဉ်အရသာ အဲဒီလို စဉ်ကြောင်း အဋ္ဌကထာမှာ ဆုံးဖြတ်ပါတယ် (ဝိသုဒ္ဓိ၊၂၊၁၂၈)။
ဝိပဿနာ
ဒွါရ ၆-ပါးမှာ ထင်ရှား ဖြစ်နေတဲ့ မြင် ကြား နံ လျက် ကြံ ဆိုတာတွေဟာ ဒုက္ခသစ္စာ တရားတွေ။ ဒီတရားတွေကို ရှုမှတ်ပြီး သိတိုင်း သိတိုင်း မဂ္ဂင်ရှစ်ပါး ဖြစ်ပွားတယ်။ တစ်နည်း မဂ္ဂင်ရှစ်ပါး ဖြစ်ပွားအောင် မြင်မှု ကြားမှု စတဲ့ ဒုက္ခသစ္စာကို ရှုမှတ်ရတယ်။ ဝိပဿနာ ရှုခိုက်မှာ မြင်မှု ကြားမှုစတဲ့ ဒုက္ခသစ္စာဟာ ရှုသိရမယ့် အာရုံ သို့မဟုတ် အရှုခံတရား သို့မဟုတ် ပရိညေယျ (ပိုင်းခြားသိရမယ့်)တရား။ ရှုသိမှု မဂ္ဂသစ္စာက အာရမ္မဏိက သို့မဟုတ် အာရုံရှိတဲ့ တရား သို့မဟုတ် ဘာဝေတဗ္ဗ (ပွားများစေတတ်တဲ့) တရား။ ဒုက္ခသစ္စာကို ရှုရင် မဂ္ဂင်ရှစ်ပါး ဖြစ်ပွားတယ်၊ ဝိပဿနာမဂ္ဂင် ပြည့်စုံမှ အရိယမဂ်နဲ့ ကိလေသာကို ပယ်ပြီး နိဗ္ဗာန်ကို မြင်တယ်။
တဒင်္ဂသိ
ဒွါရ ၆-ပါးမှာ ပေါ်လာသမျှကို ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တ သဘောမျှပဲလို့ သိသိနေတာဟာ ဒုက္ခသစ္စာကို ပိုင်းခြားပြီး သိတာ။ ဒီအသိကြောင့် အသိခံ ရုပ်နာမ် အာရုံတွေအပေါ် တပ်မက်မှု တဏှာဖြစ်ခွင့် မရရင် တဒင်္ဂ (အချိန်ပိုင်း) ပဟာန် (ပယ်ခြင်း)နဲ့ တဏှာကို ပယ်တာ။ တဏှာကင်းတဲ့အတွက် တဏှာကြောင့် ဆက်ဖြစ်မယ့် ဝဋ်ဆင်းရဲတွေ တဒင်္ဂ ငြိမ်းတယ်။ ဒါဟာ ဝိပဿနာ ရှုမှတ်ခြင်းနဲ့ ဆိုက်ရောက်နိုင်တဲ့ တဒင်္ဂ နိဗ္ဗာန် (အချိန်ပိုင်း သိမြင်တဲ့ နိဗ္ဗာန်)လို့ ခေါ်တဲ့ နိရောဓပဲ။ ဒါပေမယ့် အရိယမဂ်နဲ့ အာရုံပြုတာ မဟုတ်သေးဘူး။ ရှုသိတိုင်း တဒင်္ဂ(အချိန်ပိုင်း) အနေနဲ့ ငြိမ်းစေရုံမျှပဲ ဖြစ်ပါတယ်။
အရိယမဂ်
ဝိပဿနာ ရှုသိခိုက်မှာ ဒုက္ခသစ္စာကို သိတယ်၊ သမုဒယသစ္စာကို တဒင်္ဂ ပယ်တယ်၊ တဒင်္ဂ နိရောဓကို ရတယ်၊ ဝိပဿနာမဂ် (မဂ္ဂင်ရှစ်ပါး)ကို ဖြစ်ပွားစေတယ်။ ဒုက္ခကို သိခြင်း၊ သမုဒယ နိရောဓ မဂ္ဂကို ပယ် ဆိုက် ပွားခြင်း သဘောပါပဲ။ ဝိပဿနာ ပွားများခြင်းဖြင့် သိသင့်တဲ့ သစ္စာလေးပါးကို သိပြီး ယင်းအသိ ရင့်ကျက် ပြည့်စုံတဲ့အခါ အရိယမဂ်စိတ် ဖြစ်ပေါ်တယ်။ မဂ်စိတ် တစ်ခဏမှာ အရိယမဂ္ဂင် ရှစ်ပါးလုံး အပြည့်အစုံ ဖြစ်ပေါ်တယ်။ တစ်ကြိမ် ဖြစ်ရုံနဲ့ ပယ်သင့်တဲ့ ကိလေသာကို ပယ်ခြင်း၊ ဒုက္ခကို ပိုင်းခြားသိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းတွေ တစ်ပြိုင်နက် ဖြစ်တယ်။ အရိယ မဂ်ဉာဏ်နဲ့ သစ္စာလေးပါးကို တစ်ပြိုင်နက် သိသွားတယ် (မဟာစည် ဆရာတော်၊ ဓမ္မစကြာ တရားတော်၊ စာ - ၃၆ရ ကို ရှုပါ)။
အဖြေ
အဋ္ဌကထာ ဖွင့်ဆိုချက်အရ မြတ်ဗုဒ္ဓ အနေနဲ့ သစ္စာလေးပါးကို “ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ”လို့ အစဉ်ပြုရာမှာ လေးနက်တဲ့ အဓိပ္ပာယ် ရှိတယ်။ သစ္စာလေးပါးကို သိမြင်ရာမှာတော့ ဝိပဿနာ ပွားခိုက်မှာရော၊ အရိယမဂ် ဖြစ်ပေါ်ခိုက်မှာပါ တစ်ပြိုင်နက် သိမြင်ကြောင်း နားလည်ရတယ်။ ဒါကြောင့် သစ္စာစဉ်ကို ပြင်စရာ မလိုပါဘူး။ “ဝိဇ္ဇာစရဏသမ္ပန္န”ဂုဏ်တော်မှာ ဝိဇ္ဇာအရ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါးဟာ အသိ၊ စရဏအရ စရဏ ၁၅-ပါးက အကျင့်။ ဗုဒ္ဓဝါဒမှာ အသိနဲ့ အကျင့်ဟာ တစ်ထပ်တည်း ကျတယ်။ ဒါကြောင့် “စရဏဝိဇ္ဇာသမ္ပန္န”လို့ ပြင်စရာ မလိုသလိုပါဘဲ။
အကောင်းဆုံး
မေးခွန်းမှာ ပါတဲ့ “ပွား သိ ပယ် ဆိုက်”လို့ ဆိုချင်တဲ့ သဘောကို “(မဂ္ဂင် ရှစ်ပါးကို) ပွားမှ (ဒုက္ခကို) သိပြီး (သမုဒယကို) ပယ်၍ (နိရောဓကို) ဆိုက်မယ်”လို့ ဆိုလိုရင် သာမန်အရ မှန်တယ်လို့ ထင်ရပေမယ့် ပြောပြထားတဲ့ အတိုင်း အဓိပ္ပယ်မှန်နဲ့ မကိုက်ညီတာကို တွေ့နိုင်တယ်။ ဒါကြောင့် “မဂ္ဂသစ္စာ၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ”ဆိုတဲ့ သစ္စာလေးပါး အစဉ်သစ် အဆိုကို အားမကျပါနဲ့။ ရှင်တော် ဗုဒ္ဓရဲ့ မူလက စဉ်ထားတဲ့ အတိုင်းပဲ ထားရင် ပညာရှိတို့ မျက်စိစပါးမွှေး မစူးတန်ချေဘူး။
ဩဂုတ် ၁၊ ၂၀၁၆။
---
၄၉၆။ မဂ်ဖိုလ်ကို မရနိုင်သူ
ဆရာတော် ဘုရား၊ တပည့်တော်သည် ရိပ်သာများမှာ ဆယ်ရက် တရားစခန်း လေးကြိမ် ဝင်ဖူးသော်လည်း တရားအမှတ် မရတက်မလာပါ။ စိတ်ပျံ့လွင့်ပြီး အချိန် တော်တော်များများ အိပ်ချင်ပါသည်။ စိတ်ကို တင်ပြီး ကြိုးစားသော်လည်း သမာဓိ နိုင်ပါ။ မဂ်ဖိုလ်ကို မရနိုင်သူ ဖြစ်မည်ဟု မိမိကိုယ်ကို သံသယ ဖြစ်မိပါသည်။ မဂ်ဖိုလ် မရနိုင်အောင် တားဆီးတတ်သည့် ကြောင်း တရားများကို သိလိုပါသည် ဘုရား။
ဦးမြတ်ဆွေ (တိုကျို)
---
အင်္ဂုတ္တရ ပါဠိတော်မှာ မဂ်ဖိုလ်ကို မရနိုင်သူ ၆-မျိုးကို ဟောကြားပုံ ကြားပါတယ် ..
၁) အနန္တရိယကံ ထိုက်နေသူ
၂) နိယတ.မိစ္ဆာဒိဋ္ဌိ အယူရှိသူ
၃) ဒွိဟိတ် အဟိတ် ပဋိသန္ဓေနေသူ
၄) သဒ္ဓါတရား မရှိသူ
၅) ကုသိုလ် ပြုလိုသည့် ဆန္ဒမရှိသူ
၆) ဆင်ခြင်တုံတရား မရှိသူ (အံ၊၂၊၃၉၂)။
အဓိပ္ပာယ်
၁) အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ သံဃာသင်းခွဲသူ၊ ဗုဒ္ဓဘုရားကို သွေးစိမ်းတည်စေသူ”လို့ အနန္တရိယ (သေပြီးနောက် အကျိုးပေး မြဲတဲ့)ကံ ငါးမျိုး။ ယခု ဘဝမှာ ဒီကံငါးမျိုးကို ကျူးလွန်မိရင် တရားထူးကို မရနိုင်တော့ဘူး။
၂) သေရင် ဘဝပြတ်တယ် (နတ္ထိက)၊ ကောင်းကျိုး ဆိုးကျိုးကို ခံရတာ ကံကြောင့် မဟုတ် (အ.ဟေတုက)၊ ကိုယ်လုပ်တဲ့ အလုပ်ကောင်း အလုပ်ဆိုးကြောင့် ဘာအကျိုး အပြစ်မှ မဖြစ် (အ.ကိရိယ)ဆိုတဲ့ အမှားယုံကြည်မှု သုံးမျိုးကို နိယတ.မိစ္ဆာဒိဋ္ဌိ (သေပြီးနောက် မကောင်းကျိုးပေးရန် သေချာတဲ့ အယူမှား)လို့ ခေါ်တယ်။ စိတ်ထဲ အဲဒီ အယူမှား ရှိနေရင် တရားထူး မရနိုင်။
၃) ဒွိဟိတ်ဆိုတာ လူဖြစ်ရပေမယ့် သင်ယူလို့ မရနိုင်လောက် အောင် သန္ဓေပါ အသိဉာဏ် ချို့တဲ့သူ။ ဒီနေရာမှာ သန္ဓေပါ သန်စွမ်းပေမယ့် သင်ကြား နာယူ ဖတ်ရှုလို့ နားလည်နိုင်တဲ့ သိဉာဏ် ရှိရင် တရားထူး ရနိုင်ကြောင်း နားလည်ပါ။ အဟိတ်ဆိုတာ တိရစ္ဆာန်တွေ။ ဒီနှစ်မျိုးလည်း တရားထူး မရနိုင်။
၄) သဒ္ဓါတရား မရှိသူရဲ့ ထင်သာတဲ့ အမှတ်အသားက ရတနာ သုံးပါးနဲ့ ပတ်သက်ရင် ကိုယ်နှုတ်ကို မထိန်းဘဲ ရိုင်းပျစွာ ပြောဆို ဆက်ဆံတတ်ခြင်းပါပဲ။ ဆွမ်းကျွေး အိမ်တစ်အိမ်မှာ “ဗုဒ္ဓဖာသာ”လို့ ယူဆရတဲ့ လူကြီး တစ်ယောက်က သတင်းဌာန တစ်ခုရဲ့ မန္တလေးက ဘုန်းကြီး တစ်ပါးနဲ့ တွေ့ဆုံ မေးမြန်းချက် ကို နားထောင်ခဲ့ရတာနဲ့ ပတ်သက်ပြီး အဲဒီ ဘုန်းကြီးကို “ဒီ ကောင်က အလကားကောင်ပါ”လို့ မှတ်ချက်ပြုတာကို နားနဲ့ ဆတ်ဆတ် ကြားဖူးတယ်။ အဲဒီလို လွှတ်ခနဲ အပြောအဆိုမျိုး မပြုမိအောင် လေ့ကျင့်ပါ။ ဟီလာရီ ကလင်တန်က အီးမေးလ် တွေကို “အမှတ်မထင် လွှတ်ခနဲ လွှတ်ခနဲ သုံးမိတာပါဆိုပြီး လူထုကို တောင်းပန်ပေမယ့် သူ့အနေနဲ့ စင်းလုံးချော မဖြစ်နိုင် တော့ဘူး။ ဗုဒ္ဓဝါဒီ တစ်ယောက် အနေနဲ့ ‘ဝစီဘေဒ ထိတိုင်းရှ”ဆိုတာလေးကို သတိပြုသင့်တယ်။
၅) တရားထိုင်ဖို့ ဆန္ဒမရှိရင် တရားထူးနဲ့ ဝေးတာပေါ့။ တစ်ချို့ အလှူဒါန ရှိပေမယ့် တရားထိုင်ဖို့ ပရိတ်ပဋ္ဌာန်း ရွတ်ဖို့ ဘယ်လို မှ ဟောပြော စည်းရုံးလို့ မရနိုင်သူတွေ တွေ့ဖူးတယ်။
၆) ပတ်ဝန်းကျင်မှာ ကြုံရတဲ့ လူ့ဘဝရဲ့ အနိမ့်အမြင့် အတက် အကျ အကွေ့အကောက် စသည်ကို ဆင်ခြင်ပြီး သံဝေဂဉာဏ် မဖြစ်နိုင်သူတွေ လောကမှာ အများကြီး ရှိတယ်။ လွန်ခဲ့တဲ့ နှစ် အစိတ်လောက်က ကမ္ဘာအေး စာပေဟောပြောပွဲ တစ်ခုမှာ သိပ္ပံ စာရေးဆရာ အဖိုးကြီးက “ပြေးမလေး လက်ကို ဆွဲပြီး ပြုံးပြုံးပဲ သေမယ်”လို့ ကြုံးဝါးစဉ် “အင်း ... သေခါနီး သူ့မြေးမ သူ့အနားကို ကပ်ရဲရင် ကံကောင်း”လို့ ဘုန်းကြီး စဉ်းစားဖူး တာကို အမှတ်ရမိတယ်။
စိတ်ချ ယုံကြည်
“တရားစခန်းကို လေးကြိမ် ဝင်တယ်” ဆိုတာနဲ့ပဲ မိမိမှာ ဖော်ပြပြီး အပြစ်ခြောက်မျိုး မရှိလို့ ဖြစ်နိုင်တာပဲ။ ဒါကြောင့် “မိမိဟာ တရားထူးနဲ့ ထိုက်တန်သူပါလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဖို့ လိုတယ်။ အနည်းဆုံး အချို့အချက်ကို သံသယ ရှိနေ တယ် ဆိုရင်တောင် ပြင်လို့ ရတာကို ပြင်လိုက်ရုံပါပဲ။ တရား ထိုင်သူတွေကို မဟာစည် ဆရာတော်ကြီး ဩဝါဒပေးပုံက “ဘုရား သာသနာနဲ့ ကြုံကြိုက်လို့ ဒုက္ခငြိမ်းကြောင်း အကျင့်မှန်ကို သိကြရပြီ၊ ရှေးရှေးက ဘုရား ရဟန္တာတွေလည်း အကျင့်မှန် ဖြစ်တဲ့ ဒီသတိပဋ္ဌာန် နည်းနဲ့ပဲ တရားထူးကို ရသွားကြတယ်လို့ စိတ်ချ ယုံကြည်ပြီး တရားကို ရှုမှတ်ကြ”တဲ့။
ပြောင်းကြည့်
ပြီးတော့ စည်းကမ်းသေဝပ်တဲ့ တရားဌာန သို့မဟုတ် တကယ် တရားထိုင်ရတဲ့ တရားစခန်းကို ရွေးပြီး ဝင်ပါ။ ကိုယ်တိုင်ကလည်း ပေါ်ပေါ် ပေါ့ပေါ့ မလုပ်ပါနဲ့။ လိမ္မာ ကျွမ်းကျင်တဲ့ ကမ္မဋ္ဌာန်းပြဆရာက စိတ်ပျံ့လွင့်တာ၊ အိပ်ချင်တာတွေကို သက်သာစေတဲ့ နည်းလမ်းကို သင်ပေးပါလိမ့်မယ်။ ကမ္မဋ္ဌာန်းပြဆရာ သို့မဟုတ် တရားထိုင်တဲ့ နည်းစနစ် ပြောင်းကြည့်ရင်လည်း တစ်ခါတစ်ရံ တည့်သွားတတ်တယ်။ တစ်ကြိမ် မဟုတ် တစ်ကြိမ် အဆင်ပြေသွား နိုင်မယ်လို့ ဘုန်းကြီး ယုံကြည်ပါတယ်။ အောင်မြင်ပါစေ။
ဩဂုတ် ၉၊ ၂၀၁၆။
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝ.ကာသော၊ ယံ ပရူ.ပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။
ရဟန်းတို့၊ သူတစ်ပါးတို့၏ လုံ့လကြောင့် ငါဘုရား၏ ပရိနိဗ္ဗာန်စံခြင်းသည် အကြောင်း မဟုတ်၊ အရာ မဟုတ်။ (ဝိ၊၄၊၃၅၅)။
---
၄၉၇။ မြေမျိုခံရသူများ
ဘုန်းဘုန်း ဘုရား၊ ဗုဒ္ဓကို စွပ်စွဲလို့ မြေမျိုခံရသူ ဘယ်နှစ်ယောက် ရှိပါသလဲ ဘုရား။ ဘုန်းဘုန်းရဲ့ ဓမ္မအမေးအဖြေမှာ ဖော်ပြတဲ့ ‘အရှေ့အလယ်ပိုင်း’ကို ပျဉ်ပြားကပ်ပြီး ဗုဒ္ဓနဲ့ ရတဲ့ ကိုယ်ဝန်အနေနဲ့ ဗုဒ္ဓကို စွပ်စွဲသော စိဉ္စမာနနှင့် ဗုဒ္ဓကို သတ်ဖို့ ကြံရွယ်တဲ့ ရှင်ဒေဝဒတ်တို့ အကြောင်းကိုသာ သိရပါသည်။ အခြား ရှိသေးလျှင် သိလိုပါသည် ဘုန်းဘုန်း။
ဆွေမာဦး
---
မြတ်ဗုဒ္ဓ လက်ထက်က ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့ တပည့် သာဝကတွေကို ကဲ့ရဲ့ ပြစ်မှားလို့ မြေမျိုခံရသူ ၅-ယောက် ရှိဖူးပါတယ်။ အဲဒါတွေက “ဒေဝဒတ္တ၊ သုပ္ပဗုဒ္ဓ၊ စိဉ္စမာဏ၀ိကာ၊ နန္ဒကဘီလူး၊ နန္ဒလုလင်တို့ ဖြစ်ပါတယ်။ အဲဒီ ၅-ယောက်ရဲ့ အကြောင်းကို အကျဉ်းမျှ ဖော်ပြလိုက်ပါတယ် ..
ဒေဝဒတ်
သုပ္ပဗုဒ္ဓ သာကီဝင်နဲ့ အမိတာ မိဖုရားတို့ရဲ့ သား၊ ဒေဝဒဟမြို့သား ဖြစ်ပြီး (မဟာဝံသ၊ ၂း၂၂) ယသော်ဓရာရဲ့ မောင်အရင်း၊ သိဒ္ဓတ္ထ မင်းသားရဲ့ ယောက်ဖ၊ အရှင်ရာဟုလာရဲ့ ဦးလေး အရင်း ဖြစ်ပါတယ် (အပဒါန၊ဋ္ဌ၊၁၊၁၃၅)။ သမာပတ် ၈-ပါး၊ အဘိညာဉ် ၅-ပါးကို ရပြီးမှ (အဘိ၊ဋ္ဌ၊၃၊၁ဝ၁)၊ မသူတော်တရား ၈-ပါး လွှမ်းမိုးခံရလို့ (အံ၊၃၊၁၀)၊ ဘုရားရှင်ကို သွေးစိမ်း တည်အောင် လုပ်ခြင်း သံဃာ သင်းခွဲခြင်း တွေကြောင့် အဝီစိငရဲမှာ ဖြစ်ရတယ် (ဒီ၊ဋ္ဌ၊၁၊၁၂၇)။ ကလာဗုမင်းအဖြစ် တစ်ကြိမ်၊ တောမုဆိုးအဖြစ် တစ်ကြိမ်၊ မဟာပတာပမင်း အဖြစ် တစ်ကြိမ်၊ ဒေဝဒတ်အဖြစ် တစ်ကြိမ်၊ ပေါင်း ၄-ကြိမ် မြေမျိုခံရဖူးတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၅)။ ကမ္ဘာတစ်သိန်း အလွန်မှာ အဋ္ဌိဿရ အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်မယ် (ယင်း)။
သုပ္ပဗုဒ္ဓ
ဒေဝဒတ်နဲ့ ယသော်ဓရာတို့ရဲ့ ဖခင်၊ ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်ရဲ့ ယောက်ခမ၊ အရှင်ရာဟုလာရဲ့ အမေ့ဖက်က အဖိုး၊ သာကီဝင်မင်း ဖြစ်ပါတယ်။ “မင်းသိဒ္ဓတ်က သူ့သမီးကို စွန့်ပြီး တောထွက်တာ၊ သူ့သား ဒေဝဒတ်ကို ရဟန်းပြုခိုင်းပြီး ရာထူး မပေးတာ”ကြောင့် ဗုဒ္ဓကို ရန်ငြိုးဖွဲ့နေတယ်။ ပင့်ဖိတ်တဲ့ အိမ်ကို မကြွနိုင်အောင် တားဆီးမယ့် အကြံနဲ့ အရက်သောက်ပြီး လမ်းက နေ ဗုဒ္ဓကို စောင့်နေတယ်။ ရဟန်း အပေါင်းနဲ့ အတူ မြတ်ဗုဒ္ဓ ကြွလာတဲ့အခါ “အသက်ကြီးလို့ ဗုဒ္ဓကို လမ်းဖယ် မပေးနိုင်ဘူးလို့ ဆိုတယ်။ မြတ်ဗုဒ္ဓနဲ့ ရဟန်းတွေ ဆက်မကြွနိုင်ဘဲ လှည့်ပြန်ရတဲ့အခါ မြတ်ဗုဒ္ဓ ပြုံးတော်မူပြီး “ဒီမကောင်းမှုကြောင့် သုပ္ပဗုဒ္ဓဟာ ၇-ရက်မြောက် နေ့မှာ သူ့အိမ်အနီး မြေမျိုခံရလိမ့်မယ်”လို့ မိန့်တော်မူတဲ့ အတိုင်း မြေမျိုခံရတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၀)။
မန်ကျည်းပျို
မန်ကျည်းပင် အောက်က ရလို့ တစ်နည်း မန်ကျည်းပင်မှာ သန္ဓေတည်လို့ မန်ကျည်းပျို (ပါဠိလို စဉ္စ.မာဏဝိကာ) အမည်တွင်တယ်။ ဒေဝစ္ဆရာ နတ်မိမယ်တမျှ လှပတဲ့ သာဝတ္ထိ မြို့သူပါ။ အယူဝါဒ မတူတဲ့ ဝါဒစွဲ ပြင်းထန်သူတွေရဲ့ တိုက်တွန်းချက် အရ သစ်သားပြားကို ဗိုက်မှာကပ်၊ ကိုယ်ဝန် ရှိဟန်ဆောင်၊ ပရိသတ် အလယ်မှာ တရား ဟောနေတဲ့ မြတ်ဗုဒ္ဓကို လက်ညှိုးထိုးပြီး ကိုယ်ဝန်ရှင်အဖြစ် စွပ်စွဲတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၆)။ နတ်တွေက ပျဉ်ချပ်ကို ချည်ထားတဲ့ ကြိုးကို ကိုက်ချ၊ အပေါ်ရုံကို လေနဲ့တိုက်လွှင့်တဲ့အတွက် အဖြစ်မှန်ပေါ်ပြီး ရိုက်ပုတ်နှင်ထုတ်ခံရတယ်။ ပရိသတ်အပြင်ကို ရောက်တာနဲ့ မြေမျိုသွားတယ် (ညွှန်းပြီး)။
နန္ဒက ဘီလူး
တစ်ခါမှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလ္လာန်တို့ နှစ်ပါး ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်အနီးရှိ ခိုတောင်ချောက်ကျောင်း (ကပေါတကန္ဒရ)မှာ သီတင်းသုံးစဉ် ခေါင်းရိတ်ပြီးစ အရှင်သာရိပုတ္တရာဟာ လဆန်းညရဲ့ လရောင်အောက် လွင်တီးခေါင်မှာ သမာပတ်ဝင်စားတော်မူတယ်။ ထိုစဉ် ဘီလူးနှစ်ယောက် အနီးကို ရောက်လာပြီး တစ်ယောက်က အရှင်သာရိပုတ်ရဲ့ ဦးခေါင်းကို ပြင်းစွာရိုက်တယ်။ ရိုက်ပြီးတာနဲ့ ထိုဘီလူးကို မြေမျိုတယ်။ အရှင်မောဂ္ဂလ္လာန်က ဒိဗ္ဗစက္ခုနဲ့ သိမြင်လို့ အရှင်သာရိပုတ်ကို သတင်းမေးတဲ့အခါ အရှင်မြတ်က “အနည်းငယ် ခေါင်းနာသလိုပဲ”တဲ့။ ဒါကို အကြောင်းပြုပြီး မြတ်ဗုဒ္ဓက “ရဟန္တာရဲ့စိတ်ဟာ ကျောက်တောင်လို ခိုင်မာတယ်။ အဲဒီလိုစိတ်ကို ပွားများထားတဲ့ ရဟန္တာပုဂ္ဂိုလ်မှာ အန္တရာယ်မကျရောက်နိုင်”လို့ မိန့်တော်မူတယ် (ခု၊၁၊၁၂၇)။
နန္ဒ လုလင်
ဥပ္ပလဝဏ္ဏာ ဘိက္ခုနီမဟာ လူ့ဘဝတုန်းက နာမည်နဲ့လိုက်အောင် ကြာညိုပန်းအဆင်းရှိပြီး (ဥပ္ပလ = ကြာညို၊ ဝဏ္ဏာ = အဆင်းရှိသူ) အလွန်ချောမောလှပလို့ လက်ထပ်လိုသူတွေများပြီး ယင်းတို့အကြား အငြင်းပွားမှုတွေရှိတယ်။ နန္ဒလုလင် ဆိုတာက သူ့ဦးရီးတော်ရဲ့သား၊ တစ်နည်း မောင်ဝမ်းကွဲတော်စပ်ပြီး ဥပ္ပလဝဏ္ဏာ ရဟန်းမပြုမီကပင် အလွန်တပ်မက်စွဲလမ်းနေခဲ့သူ။ ထိုစွဲလမ်းမှုကို မထိန်းနိုင်ဘဲ တစ်နေ့ ထေရီမ ရွာတွင်းသို့ ဆွမ်းခံကြွနေစဉ် နန္ဒလုလင်ဟာ ထေရီမသီတင်းသုံးတဲ့ ကျောင်းငယ်သို့ တိတ်တဆိတ်ဝင်ပြီး ခုတင်အောက်မှာ ပုန်းနေတယ်။ ထေရီမ ဆွမ်းခံရာမှ ပြန်ရောက်တဲ့အခါ အဓမ္မပြုကျင့်တယ်။ ဒီအကုသိုလ်ကြောင့် နန္ဒလုလင် မြေမျိုခံရတယ် (ဝိ၊ဋ္ဌ၊၁၊၁၂၇)။
ထိန်းပါ
မြတ်ဗုဒ္ဓကို သေကြောင်းကြံတာ၊ ရန်ရှာတာ၊ စွပ်စွဲတာ သုံးဦး၊ ဗုဒ္ဓရဲ့သာဝကတွေကို ကိုယ်ထိလက်ရောက် ပြစ်မှားကျူးလွန်တာ နှစ်ဦးလို့ ခွဲမှတ်နိုင်တယ်။ ဗုဒ္ဓလက်ထက် ဒီလူမိုက်ကြီးတွေဟာ ဗုဒ္ဓဘုရားတစ်ဆူနဲ့ မျက်မှောက်ထင်ထင် ဆုံတွေ့ရပါလျက် ရာထူးအာဏာကို တပ်မက်မှု၊ ဘာသာရေးအစွဲအလမ်း၊ သွေးသားဆန္ဒပြင်းထန်မှုတွေ လွှမ်းမိုးခံရလို့ လူဖြစ်ကျိုးဆုံးရှုံးခဲ့ကြရတယ်။ ဒါလေးကို နမူနာယူပြီး ဆင်ခြင်တုံတရားရှိသူဟာ မပြစ်မှားကောင်းတာကို မပြစ်မှားမိအောင် ကိုယ်၊ နှုတ်၊ စိတ်ကို ထိန်းစောင့်သင့်ကြောင်းပါ။
ဩဂုတ် ၁၀၊ ၂၀၁၆။
---
၄၉၈။ တန်ခိုးရအောင် လုပ်နည်း
ရိုသေစွာ မေးလျှောက်ပါရစေ ဘုရား...
ဘာသာခြားဆရာတချို့ သူတို့၏နောက်လိုက်များကို “ဗုဒ္ဓဘာသာဝင်တို့သည် သေလျှင် ဘယ်ရောက်မည်ကို မသိကြ”လို့ လိမ်ပြီး တရားဟောကြပါတယ်။ သတ္တဝါတို့ မသေခင် ဘယ်ဘုံ၊ ဘယ်ဘဝသို့ ရောက်မည်ကို သိနိုင်ဖို့ သို့မဟုတ် သိသူသည် မည်သို့အကျင့်ကို ကျင့်ပြီး မည်သို့ဉာဏ်အဆင့်ရှိမှ သိရှိနိုင်သနည်း။ မြတ်ဗုဒ္ဓရဲ့ တိကျတဲ့ ဓမ္မပေတံကို သိလိုပါသည် ဘုရား။ ရိုသေရှိခိုးတောင်းပန် မေးလျှောက်ပါသည် ဘုရား။
ကိုချစ်ချစ်၊ ခေတ္တ USA
---
ယုံကြည်ပုံ
လူတစ်ယောက်သေပြီးရင် ပြင်ပတန်ခိုးရှင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေရတဲ့ မသေချာတဲ့ ဘဝတစ်မျိုး သို့တည်းမဟုတ် အခြေအနေတစ်ရပ်ကို ဗုဒ္ဓဝါဒက လက်မခံဘူး။ ဒီဘဝ မိမိရဲ့ဆိုးခြင်းကောင်းခြင်းအတွက် မိမိမှာပဲ လုံးဝတာဝန်ရှိပြီး နောင်ဖြစ်မယ့်နေရာဌာန အကောင်းအဆိုးက အသင့်ရှိပြီးသားလို့ ဗုဒ္ဓဝါဒက ယုံကြည်တယ်။ ဒါကြောင့် ကိုယ့်အကြောင်းကိုယ်သိသူ ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့နောင်ဘဝအခြေအနေကို ဆုံးဖြတ်ခံတစ်ယောက်ထက်တော့ ပိုသိနိုင်ပါတယ်။
တန်ခိုး
တစ်ကြိမ်တစ်ခါမှ မျက်စိနဲ့မမြင်ဖူးတဲ့ တန်ခိုးရှင်ကယ်တယ်ဆိုတဲ့ စိတ်ကူးထဲက ပုံရိပ်တစ်ခုတည်းမှာပဲ “တန်ခိုး”ရှိတယ်လို့ ဗုဒ္ဓဝါဒက မယုံကြည်ဘူး။ အဲဒီတန်ခိုးရှင် သို့မဟုတ် နတ်တွေရဲ့ နား၊ မျက်စိလို မြင်ကြားနိုင်တဲ့ စွမ်းရည်ကို စိတ်ကိုလေ့ကျင့်ပွားများအားထုတ်သူ မည်သူမဆိုရနိုင်တယ်လို့ပဲ ယုံကြည်တယ်။ သင်ရော ငါပါ “တန်ခိုး”ကို ရနိုင်ခွင့်ရှိတယ်။
ဟောကြားပုံ
“တန်ခိုး”ရအောင် လုပ်နည်းကို မြတ်ဗုဒ္ဓဟောကြားပုံက .. ငါသည် မတွန့်ဆုတ်သော လုံ့လဖြင့် အားထုတ်ခဲ့ပြီ။ ငါ၏စိတ်သည် အာရုံတစ်ခုတည်းမှာ ကောင်းစွာတည်တံ့ပြီ။ ကာမဂုဏ်နှင့် အကုသိုလ်မှ ကင်းဆိတ်ပြီး ပဌမဈာန်သို့… ဒုတိယဈာန်သို့ .. တတိယဈာန်သို့ ရောက်၍နေခဲ့ပြီ။
သုခ ဒုက္ခကိုပယ်ခြင်း၊ ရှေးဦးကပင် ဝမ်းသာဝမ်းနည်းချုပ်နှင့်ပြီးဖြစ်ခြင်းတို့ကြောင့် “ဥပေက္ခာ (လျစ်လျူရှုမှု)”ကြောင့် ဖြစ်သော သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေခဲ့ပြီ။
ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော်၊ ဖြူစင်လတ်သော်၊ အညစ်အကြေးမရှိလတ်သော်၊ ညစ်ညူးခြင်းကင်းလတ်သော်၊ နူးညံ့လတ်သော်၊ အသင့်ဖြစ်လတ်သော်၊ တည်တံ့လတ်သော်၊ မတုန်လှုပ်ခြင်းသို့ ရောက်သော် ငါသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (ရှေးဘဝဖြစ်စဉ်ကိုသိသောဉာဏ်) အလို့ငှာ စိတ်ကိုညွတ်စေခဲ့ပြီ။ “ငါသည် နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ် အလို့ငှာ စိတ်ကိုညွတ်စေခဲ့ပြီ (ဝိ၊၁၊၅)။
အဓိပ္ပာယ်
မိမိရဲ့အတိတ်ဘဝဖြစ်စဉ်နဲ့ သတ္တဝါတွေရဲ့ အနာဂတ်ဖြစ်စဉ်ကို သိမြင်နိုင်တဲ့ တန်ခိုးစွမ်းရည်ကိုရဖို့ အရင်ဆုံး ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တွေကို ရအောင် အားထုတ်ရတယ်။ အဲဒီနောက် ရရှိပြီးစတုတ္ထဈာန်ကို “စင်ကြယ်၊ ဖြူစင်” စတဲ့ အရည်အချင်းရှစ်မျိုးနဲ့ ပြည့်စုံအောင် အားထုတ်ပြီးရင်တော့ “သတ္တဝါတွေ သေရင် ဘယ်ရောက်မယ်” ဆိုတာကို သိနိုင်တဲ့ ဉာဏ်ထူးတွေ ဖြစ်ပေါ်လာတယ်။
ပါဠိတော်မှာ စာဆယ့်လေးငါးကြောင်းလောက်နဲ့ မှတ်တမ်းတင်ထားပေမယ့် ဈာန်လေးဆင့်ကို ရဖို့ နှစ်တွေချီပြီး အရိုးကြေကြေအရေခန်းခန်း ကျင့်ကြံမှ ရနိုင်တာမျိုးပါ။ လောကမှာ အဲဒီလို တန်ခိုးရှင်တွေ ယခင်က ရှိခဲ့ဖူးတယ်။ ယနေ့ခေတ်မှာလည်း ရှိတုန်းပဲ။ ယခု သင်ကြိုးစားပြီး ထုတ်ရင် သင်လည်း ရနိုင်တယ်။
ဩဂုတ် ၁၁၊ ၂၀၁၆။
---
၄၉၉။ ဒက္ခိဏသာခါ
ဆရာတော်ဘုရားထံ ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ ဒက္ခိဏသာခါ၏ အဓိပ္ပာယ်နှင့် မြန်မာပြည်မှာ ဒက္ခိဏသာခါဆင်းတုကို မည်သည့်အချိန်ကစပြီး ထုလုပ်ကိုးကွယ်ခဲ့ကြသည်ကိုလည်း သိလိုပါသည် ဘုရား။
ရွှေဝယ်ငြိမ်း
---
ဒက္ခိဏသာခါ
ဒက္ခိဏ = တောင်(အရပ်)၊ သာခါ = အကိုင်း”။ ဒါကြောင့် ဒက္ခိဏသာခါရဲ့ အဓိပ္ပာယ်ရင်းက “တောင်ကိုင်း” ဖြစ်ပါတယ်။ သီရိဓမ္မာ အသောကမင်းက သူ့ရဲ့ဓမ္မမိတ်ဆွေ သီဟိုဠ်ဘုရင် ဒေဝါနံပိယတိဿမင်းအား မဟာဗောဓိကိုင်းကို ဓမ္မလက်ဆောင်ပေးမည်ပြုတဲ့အခါ သီဟိုဠ်နိုင်ငံဟာ အိန္ဒိယရဲ့ တောင်ဖက်မှာရှိတဲ့အတွက် တောင်ဖက်ကအကိုင်း (ဒက္ခိဏသာခါ)ကို ရွေးခဲ့တာဖြစ်ဖွယ်ရှိကြောင်း ပညာရှင် ဒေါက်တာ ဝါလ်ပိုလာရာဟုလာ ရေးတဲ့ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်းကျမ်း (History of Buddhism in Ceylon, p. 57. Footnote, 3) မှာ ဖော်ပြတယ်။
အသောကမင်းရဲ့ သမီးတော် သီဟိုဠ်သာသနာပြု သံဃမိတ္တာထေရီက အဲဒီ မဟာဗောဓိပင်ရဲ့ တောင်ကိုင်း (ပျိုးပင်)ကို သီဟိုဠ်သို့ ပင့်ဆောင်ခဲ့ပြီး ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် ၂၃၆-နှစ်အကြာ၊ နတ်တော်လဆန်း ၁၄-ရက်နေ့ သီဟိုဠ်နိုင်ငံ အနုရာဓပုရမြို့သို့ ဆိုက်ရောက်ပြီး (ထို့နေ့) ညနေမှာ “မဟာမေဃဝနဥယျာဉ်”မှာ စိုက်ပျိုးခဲ့တယ် (မဟာဝံသ၊ ၁၉း၃၈-၄၆)။ ဒီဗောဓိပင်ကို ယနေ့ထိ သီရိလင်္ကာမှာ တွေ့နိုင်သေးတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး သစ်ပင်ပါပဲ။
ဒါကြောင့် စာပေအဓိပ္ပာယ်အရ “ဒက္ခိဏသာခါ”ဆိုတာ မြတ်ဗုဒ္ဓသဗ္ဗညုတဉာဏ်ကို ရတော်မူတဲ့နေရာမှာရှိတဲ့ မဟာဗောဓိပင်ရဲ့ တောင်ဖက်ကအကိုင်းကို အထူးရည်ရွယ်ကြောင်း နားလည်ရတယ်။
ပင်ပွားများ
မူလကိုင်းပွားပင်မှ အသီး ၅-လုံးသီးပြီး တစ်လုံးကို ၈-ပင်စီ ပေါက်လာတယ်။ ဒီပင်ပွားတွေကို သီဟိုဠ်ကျွန်းအထင်ကရနေရာတွေမှာ စိုက်ပျိုးစေတယ် (ဝိ၊ဋ္ဌ၊၁၊၇၄)။ အဲဒီအချိန်က သီဟိုဠ်ကျွန်းမှာ မူလကိုင်းပွားပင်နဲ့ တကွ ဗုဒ္ဓဂယာ မဟာဗောဓိပင်ရဲ့ ပင်ပွား ၄၁-ပင်ရှိတယ်။ တောင်ဖက်ကိုင်းက ပွားဖြစ်လို့ ဒီအပင်အားလုံးကို “ဒက္ခိဏသာခါ”လို့ပဲ ခေါ်တယ်။ ဒေဝါနံပိယတိဿနဲ့ အရှင်မဟိန္ဒ၊ အရှင်မသံဃမိတ္တာတို့ စိုက်ပျိုးပြီးနောက် နှစ်ပေါင်း ၁၈၀၀ ခန့် (သာသနာနှစ် ၂၀၂၅ ခန့်) မှာ ရေးထိုးတဲ့ ပဲခိုးမြို့ ကလျာဏီကျောက်စာမှာ ဗောဓိပင် ၂၂-ပင်အတွက် ပူဇော်ဖွယ်ပစ္စည်းတွေ ပေးပို့ခဲ့ကြောင်းဆိုတယ် ..
“ရတန.စေတိယာဒီနိ.စေတိယ.ပါဒဝလဉ္ဇ.ဗာဂီသဗောဓိရုက္ခ.ပူဇနတ္ထယ စ နာနာဝဏ္ဏာနိ ပဉ္စာသီတိ ဝိတာနာနိ စ သုဝဏ္ဏ.လိမ္ပိတေ မဓု.သိတ္ထ.မယေ ပညာသ.မဟာဒီပေ သုဝဏ္ဏ.လိမ္မိတေ မဓု.သိတ္ထ.မယေ ပညာသ.ဒီပေ စ အဘိသင်္ခရိ (www.kelasa.org မှာ ရှိတဲ့ ပေမူကို ကြည့်ပါ”။
ဒါကြောင့် နှစ်ကာလတွေကြာမြင့်တဲ့အခါ ဒက္ခိဏသာခါမျိုး ဗောဓိရဲ့ ပင်ပွားအချို့ ပျက်စီးသွားပုံရတယ်။
ဆင်းတုများ
မြတ်ဗုဒ္ဓနဲ့ ပတ်သက်တာ၊ သမိုင်းတန်ဖိုးကြီးမြတ်တာတွေကြောင့် သီဟိုဠ်လူမျိုးတွေဟာ ဒက္ခိဏသာခါ မဟာဗောဓိပင်ကို အလွန်တန်ဖိုးထားတယ်။ အေဒီ ၅-ရာစုမှာ ဆင်းတုနဲ့ ဗောဓိပင်ယှဉ်ရင် ဗောဓိပင်ကို ပိုပြီးဂရုပြုတယ်ဆိုတဲ့ သုံးသပ်ချက်မျိုးတောင်ရှိတယ် (အရှင်ကေလာသ မြန်မာပြန်၊ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း၊ စာ-၂၃၈-၂၃၉ ရှု)။ ယနေ့ခေတ်မှာတောင် အိမ်ထဲကိုထိုးဖောက်နေတဲ့ ရှင်ဆဲဗောဓိကိုင်းတွေကို ခုတ်ဖြတ်လေ့မရှိကြဘူး။ ဒါကြောင့် သီဟိုဠ်သားများအနေနဲ့ အသက်ကြီးလို့ သဘာဝအရသေဆုံးပြီး ခြောက်သွားတဲ့ ဗောဓိကိုင်းတွေကို ပူဇော်ကိုးကွယ်စရာ ဗုဒ္ဓဆင်းတုတော်တွေဖြစ် ဖန်တီးကြတယ်ဆိုရင် များစွာဆီလျော်ပါတယ်။
မြန်မာသို့
“ဒက္ခိဏသာခါရောက်ကြောင်းကိုဆိုသော မှတ်စုသမိုင်းတမ်းများ”ရဲ့ အဆိုကို ကိုးကားပြီး မြန်မာနှစ် ၇၈၈-ခုနှစ်မှာ နန်းတက်တဲ့ မိုးညှင်းမင်းတရားကြီးလက်ထက် ဒက္ခိဏသာခါ ဗုဒ္ဓဆင်းတုအကြီးအငယ် အဆူသုံးရာကျော် မြန်မာနိုင်ငံသို့ ရောက်လာကြောင်း သမန္တစက္ခုဒီပနီကျမ်း (စာ-၃၄၈)မှာ ဆိုတယ်။ ဤအဆို မှန်ခဲ့ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀-ခန့်က မြန်မာနိုင်ငံမှာ ဒက္ခိဏသာခါဆင်းတုတော်ရှိကြောင်း၊ ဒက္ခိဏသာခါဆင်းတုများရဲ့ မူရင်းဟာ သီဟိုဠ်က ဖြစ်ဖွယ်ရှိကြောင်း မှတ်ယူနိုင်ပါတယ်။
သမိုင်းတစ်လျှောက် သီဟိုဠ်သားရဟန်းတွေ မြန်မာနိုင်ငံရောက်ကြောင်း၊ မြန်မာရဟန်းတွေလည်း သီဟိုဠ်သို့ သွားကြောင်း မြန်မာရာဇဝင်နဲ့ သာသနာလင်္ကာရစတဲ့ မှတ်တမ်းတွေမှာ ဆိုတယ်။ ဒီရဟန်းတွေအနေနဲ့ ပူဇော်စရာတွေ ယူလာကြမှာဖြစ်လို့ သီဟိုဠ်သားတို့ အလွန်လေးစားတဲ့ ဒက္ခိဏသာခါ ဗောဓိညောင်သားနဲ့ ထုလုပ်ထားတဲ့ ဗုဒ္ဓဆင်းတုတွေလည်း ပါလာနိုင်တယ်။ ဒါ့အပြင် ..
မြန်မာဖြစ်
သက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ်မှ ပြန်လာသော မထေရ် ၁၁-ပါးနှင့်အတူ ဒက္ခိဏသာခါ ဗောဓိစေ့များ ပါလာကြောင်း ကလျာဏီကျောက်စာမှာ ဆိုတယ် (ကလျာဏီကျောက်စာ မြန်မာပြန်၊ စာ-၉၀)။ ဒါကြောင့် အနည်းဆုံး ဒီကာလနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း ဒက္ခိဏသာခါမျိုး ဗောဓိပင်တွေရှိတယ်လို့ ဆိုနိုင်တယ်။ ဖော်ပြပါအတိုင်း နှစ်နိုင်ငံသာသနာပြုရဟန်းတွေ ဆက်ဆံသွားလာမှုအရ ထိုခေတ်မတိုင်ခင်ကလည်း ဒက္ခိဏသာခါမျိုး ဗောဓိပင်ပွားရှိနိုင်တာပဲ။ ဒါ့အပြင် မူရင်း မဇ္ဈိမဒေသ မဟာဗောဓိရဲ့ မျိုးစေ့ကိုစိုက်တဲ့ မှတ်တမ်းတွေလည်းရှိတယ်။ ဒါကြောင့် နောင်အခါ မြန်မာနိုင်ငံဖြစ် ဒက္ခိဏသာခါနဲ့ ထုလုပ်တဲ့ ဆင်းတုတွေလည်း ရှိမှာပဲ။
သစ်သားပဓာန
ဖော်ပြပြီးအကြောင်းအရာတွေကို ပြန်သုံးသပ်ရင် “ဒက္ခိဏသာခါဆင်းတု”ဆိုတာ ထုလုပ်တဲ့သစ်သားကို အကြောင်းပြုခေါ်ဝေါ်တာဖြစ်ပြီး ဆင်းတုတော်ရဲ့ ပုံသဏ္ဌာန်ကြောင့် မဟုတ်ကြောင်း နားလည်နိုင်တယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွယ်တော်နဲ့ ပုံသဏ္ဌာန်တူ ဆင်စွယ်နဲ့ ထုလုပ်ရင် စွယ်တော်ပွားသာ ဖြစ်နိုင်သလို အခြားသစ်သားတွေကို ဒက္ခိဏသာခါဆင်းတုနဲ့ ပုံတူထုလုပ်ရင် ဒက္ခိဏသာခါပုံတူပွားသာ ဖြစ်နိုင်မယ်လို့ ဘုန်းကြီးယူဆတယ်။
သပ္ပာယ်အောင်
ပညာရှင် စဝ်ထွန်းမှတ်ဝင်းက ၎င်းရဲ့အိမ်မှာ ကိုးကွယ်ထားတဲ့ ဒက္ခိဏသာခါဆင်းတုနဲ့ပတ်သက်ပြီး “အာသန၊ ဘူသန၊ စီဝရ၊ ပဘာဝလိ စသည်”ကိုကြည့်ပြီး သီဟိုဠ်လက်ရာ သို့မဟုတ် အမရပူရခေတ်လက်ရာ ဖြစ်ကြောင်း ခန့်မှန်းတယ်လို့ဆိုတယ်။ ဒါပေမယ့် ဆင်းတုတော်ပုံမှာ အဘယ်ကြောင့် အများပုံစံနဲ့ မတူဘဲ ထိုကဲ့သို့ဖြစ်ရသည်ကို မရှင်းပြပါ (မြန်မာ့ရိုးရာပဋိမာသိပ္ပံပညာ၊ စာ-၁၄)။
အစား
ယနေ့ခေတ် သီရိလင်္ကာမှာ တွေ့ရတဲ့ ဗောဓိညောင်သားနဲ့ ထုလုပ်တယ်ဆိုတဲ့ ဗုဒ္ဓဆင်းတုတွေကတော့ မုဒြာမျိုးစုံနဲ့ အချိုးပြေပြစ်ပြီး အလွန်သပ္ပာယ်တာကို တွေ့ရတယ်။ ဒါကြောင့် ဘုန်းကြီးအနေနဲ့ မြန်မာနိုင်ငံက ဒက္ခိဏသာခါဆင်းတုတွေကို လက်ရှိဆင်းတုတော်ပုံသဏ္ဌာန်ထက် ပိုမိုသပ္ပာယ်အောင် တိုးတက်ထုလုပ်နိုင်ရင် ပိုပြီးသဘာဝကျမယ်လို့ ယူဆကြောင်းပါ။
ဩဂုတ် ၁၇၊ ၂၀၁၆။
---
၅၀၀။ အာနာပါနနှင့် မဟာပုရိသ
အရှင်ဘုရား၊
ရိုသေစွာ လျှောက်ထားမေးမြန်းအပ်ပါသည် ဘုရား။ ဓမ္မစာပေများ၊ ဝိပဿနာရှုနည်းများနှင့် ပတ်သက်သော စာအုပ်များကို ဖတ်ရှုရာတွင် တွေ့ရှိခဲ့သော အကြောင်းအရာတစ်ခုမှာ နှာသီးဖျားကို ထိဝင်ထိထွက်သွားသော လေတိုးမှုကို ရှုမှတ်သည့် အာနပါနနည်းသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများစသည့် မဟာပုရိသဟု ခေါ်ဆိုသူတို့ နိဗ္ဗာန်ကိုကူးဝင်သောနည်းဖြစ်သည့်အတွက် သာမန်လူတို့နှင့် မထိုက်တန်လှကြောင်းကို ဖတ်ဖူးမိပါသည် ဘုရား။ သို့သော် ဘယ်စာအုပ်၊ ဘယ်ဆရာတော်ရေးသည်ဆိုတာကို မသိပါ။ ပါဠိအထောက်အထားရှိလျှင်လည်း သိလိုပါသည် ဘုရား။
ဦးကျော်မင်း
---
မဖြစ်နိုင်
ဖတ်ထားမိတာကို အမှတ်ရပေမယ့် စာရေးသူကို မမှတ်မိတာ သို့မဟုတ် ကျမ်းစာနာမည် သို့မဟုတ် နှစ်မျိုးလုံးကို မမှတ်မိဘဲ ဝေဝါးနေတာမျိုး.. ဖြစ်မယ်ထင်ပါတယ်။ နောက်တစ်ခါ ဒီလိုထူးခြားတဲ့ အယူအဆမျိုးတွေ့ရင် ကျမ်းစာနာမည် သို့မဟုတ် ရေးသားဟောပြောသူကို အသေအချာ ရေးမှတ်ထားဖို့ အကြံပြုပါတယ်။
မေးခွန်းပါအကြောင်းအရာကို ဘုန်းကြီးလည်း စာအုပ်မှာ အတိအကျ မဖတ်ဖူးပါ။ ဒါပေမယ့် အဲဒီလိုယူဆတဲ့ ဆရာတော်အချို့ရှိကြောင်း တရားဟောပုဂ္ဂိုလ်တွေ ဟောပြောတာကိုတော့ ကြားဖူးတယ်။ ဘယ်ဆရာတော်ယူဆတယ်ဆိုတာကိုတော့ အဲဒီဟောပြောချက်မှာလည်း မကြားမိဘူး။ ဝိပဿနာစာအုပ်တွေနဲ့ ဝိပဿနာအကြောင်း ဟောပြောသူတွေလည်း များပြားလွန်းလို့ ရှာရတာ မလွယ်နိုင်ဘူး။ ဒါပေမယ့် အယူအဆကိုတော့ တည့်ပေးလိုက်ပါတယ်..
အာနာပါနခေါ်တဲ့ ထွက်လေဝင်လေကို ရှုမှတ်တဲ့နည်း မဟာပုရိသတွေနဲ့ပဲ ထိုက်တန်ပြီး သာမန်တွေနဲ့မထိုက်တန်ဘူးဆိုတာမျိုး မဖြစ်နိုင်ပါဘူး။
ကျမ်းအဆို
“မည်သည့်ကမ္မဋ္ဌာန်းမဆို သတိပညာရှိသူများသာလျှင် ပြည့်စုံနိုင်သော်လည်း အခြားသော ကမ္မဋ္ဌာန်းများမှာ နှလုံးသွင်းသူများအဖို့ ပိုပြီးထင်လွယ်၏။ အာနာပါနဿသတိ ကမ္မဋ္ဌာန်းမူကား ခက်ခဲ၏။ တိုးတက်အောင်ပွားများရန် မလွယ်ကူ။ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ ဗုဒ္ဓပုတ္တဟူသော မဟာပုရိသများသာ နှလုံးသွင်းနိုင်သည့်အရာဖြစ်၏။ သေးနုပ်သောအရာမဟုတ်သကဲ့သို့ သေးနုပ်သူတို့ ပွားများနိုင်သော ကမ္မဋ္ဌာန်းလည်းမဟုတ်။ ပွားများလေ သိမ်မွေ့လေဖြစ်သောကြောင့် အားကောင်းသော သတိပညာမရှိမဖြစ်လိုအပ်၏ (ဝိသုဒ္ဓိ၊၁၊၂၇၆) (မြန်မာပြန် ချောမွတ်စေရန် ဘိက္ခုဉာဏမောဠိရဲ့ အင်္ဂလိပ်ဘာသာပြန် စာ-၂၇၆ ကို မှီငြမ်းပြုပါသည်)”။
ရှင်းလင်းချက်
ဒီတစ်ပိုဒ်မှာ “မဟာပုရိသများသာ နှလုံးသွင်းနိုင်သည့်အရာဖြစ်၏”ဆိုတာလောက်ကိုကြည့်ပြီး “အာနာပါန (ဝင်လေထွက်လေရှုကမ္မဋ္ဌာန်း)ကို ဘုရားလောင်းတွေပဲ ကျင့်နိုင်တယ်”လို့ အချို့ဆရာတော်တွေယူဆတာဖြစ်ကြောင်း သိရတယ်။ ဇာတ်တော်တွေမှာ “မဟာပုရိသ”ကို “ဘုရားလောင်း”လို့ ဘာသာပြန်ပေမယ့် ပုဒ်ရင်းအဓိပ္ပာယ်က “ကြီးမြတ်သူ” ဖြစ်ပါတယ်။ ဒီနေရာမှာ ဒုတိယအဓိပ္ပာယ်ကို ယူရတယ်။ ရှေ့က “ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ ဗုဒ္ဓပုတ္တဟူသော”ဆိုတဲ့ အထူးပြုစကားအရ ကြီးမြတ်သူသုံးမျိုးလို့ မှတ်ရမယ်။ နောက်ဆုံး “ဗုဒ္ဓပုတ္တ = ဗုဒ္ဓရဲ့သားတော်တွေ”ဆိုတဲ့အထဲမှာ မြတ်ဗုဒ္ဓကို ကြည်ညိုသူ၊ မြတ်ဗုဒ္ဓဟောကြားတာကို အားကြိုးမာန်တက် ကျင့်သုံးလိုသူအားလုံး ပါခွင့်ရှိပါတယ်။
ဒါဖြင့် “ဗုဒ္ဓပုတ္တ”ထဲမှာ မေးခွန်းမေးသူ ဒါမှမဟုတ် ဒီစာကို ဖတ်သူလည်း ပါခွင့်ရှိတာပဲ။
ဩဂုတ် ၂၀၊ ၂၀၁၆။
---
၅၀၁။ ဝိပါက်တော် ၁၂-ပါး
ဆရာတော်ဘုရားအား ရိုသေစွာ မေးလျှောက်အပ်ပါသည် ဘုရား။ ဝိပါက်တော်၏ အဓိပ္ပာယ်နှင့် ဝိပါက်တော် ၁၂-ပါးကို ဘုရားရှင်ကိုယ်တိုင် ဟောကြားထားတာ ရှိပါသလား။ ထို ၁၂-ပါး၏ အကျယ်ကိုလည်း သိလိုပါသည် ဘုရား။ အချိန်ရလျှင် ကျေးဇူးပြု၍ ဖြေကြားပေးပါ အရှင်ဘုရား။
တင်မြင့် (ယူကေ)
---
ဝိပါက်တော်
“ဝိပါက်”ဆိုတာ တစ်ချိန်က မိမိပြုလုပ်ထားပြီးဖြစ်တဲ့ ကုသိုလ်ရဲ့အကျိုး သို့မဟုတ် အကုသိုလ်ရဲ့အပြစ် ဖြစ်ပါတယ်။ ဒီနေရာမှာ အကုသိုလ်ရဲ့အပြစ်ကို ယူရမယ်။ “တော်”ဆိုတာက မြတ်စွာဘုရားနဲ့ပတ်သက်လို့ လေးစားသမှုနဲ့ ထည့်ထားတာ။ ဒါကြောင့် “ဝိပါက်တော်”ဆိုတာကို “ဗုဒ္ဓမဖြစ်မီ ယခင်နုစဉ်ဘဝတစ်ချိန်က ပြုမိထားတဲ့ အကုသိုလ်ကံကြွင်း တစ်နည်း အကုသိုလ်ရဲ့အကျိုးဆက်အနေနဲ့ မြတ်စွာဘုရားအဖြစ်နဲ့ ဒီဘဝမှာ ရံဖန်ရံခါ ခံစားရတဲ့ အပြစ်တော်”လို့ နားလည်နိုင်တယ်။
ကံကြွင်း ၁၂-မျိုး
၁၂-မျိုးစာရင်းကို “သုန္ဒရီ၊ လူသတ်၊ စိဉ္စမန်၊ ကျောက်လှိမ့်ထိ၊ သွေးစိမ်းတည်၊ ခွဲစိတ်ခံ၊ နာဠာဂိရိ၊ ခေါင်းကိုက်၊ ခါးကိုက်၊ မုယောဆွမ်း၊ ဝမ်းသွေးသွန်၊ ခြောက်နှစ်”လို့ အကျဉ်းအရင်မှတ်။
ဝိပါက်တော် ၁၂-ပါးကို ဘုရားရှင်ကိုယ်တိုင် ဟောကြားပါတယ်။ အနောတတ်အိုင်အနီးရှိ ကျောက်ဖျာပေါ်မှာ ထိုင်တော်မူလျက် “ရဟန်းတို့.. ငါပြုခဲ့သော ရှေးကံဟောင်း၏အကျိုးဆက်သည် ဘုရားအဖြစ်၌လည်း အကျိုးပေးလျက်ရှိ၏ အစချီပြီး ဝိပါက်တော် ၁၂-ပါးကို ဂါထာပါဒနဲ့ ဟောတော်မူပါတယ် (အပဒါန၊၁၊၃၄၆)။
မှတ်ချက်။ ။ ပါဠိတော်မှာ ဖော်ပြတဲ့အစဉ်ကို အဋ္ဌကထာနဲ့ ညှိပြီး အနည်းငယ် ရှေ့နောက်ပြန်ထားပါတယ်။ မှတ်လွယ်မယ်ထင်လို့ပါ။
သုန္ဒရီ
ဗုဒ္ဓလောင်းလျာဟာ မထင်ရှားတဲ့ဘဝတစ်ခုမှာ “မုနာဠိ”အမည်တွင်တဲ့ အပျော်ကြူးအရက်သမားအဖြစ်နဲ့ “သုရဘိ”လို့ ဘွဲ့တော်ရှိတဲ့ ပစ္စေကဗုဒ္ဓါအရှင်တစ်ပါး မြို့ပြင်နားမှာ ဆွမ်းခံကြွဖို့ သင်္ကန်းရုံနေစဉ် အမျိုးသမီးတစ်ဦး အနီးအနားမှ ဖြတ်သွားတာကို မြင်မိတာနဲ့ “ဒီရဟန်း မေထုန်မှီဝဲတယ်၊ အကျင့်မကောင်းဘူး”လို့ မမှန်စကားနဲ့ စွပ်စွဲမိတယ် (ဥဒါန၊ဋ္ဌ၊၂၃၇)။ ဒီအကုသိုလ်ရဲ့အကျိုးဆက်က ဒီဘဝမှာ ဗုဒ္ဓအဖြစ်နဲ့ ကြည်ညိုသူပေါများတာကို မနာလိုဖြစ်ကြတဲ့ ဘာသာမတူသူတွေက သုန္ဒရီအမည်ရှိတဲ့ ပရိဗိုဇ်မကို ဇေတဝန်ကျောင်းမှာ ညအိပ်ပြီး မနက်ကျမှ ပြန်လာသယောင် လုပ်ခိုင်းတယ်။ ရက်အတန်ကြာတော့ လူသတ်သမားတွေကို ငွေပေး၊ သုန္ဒရီကိုသတ်ခိုင်းပြီး အလောင်းကို ဇေတဝန်ကျောင်းနားမှာ ပစ်ထားတယ်။ အဲဒီနောက် ရဟန်းတွေသတ်သယောင် သတင်းလွှင့်တာ ခံရတယ်။
လူသတ်
သုန္ဒရီဖြစ်ရပ်မှာ မြတ်ဗုဒ္ဓနဲ့ မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေကို သုန္ဒရီကို သတ်သူအဖြစ်နဲ့ စွပ်စွဲခံရတာက.. ယခင်ဘဝတစ်ခုမှာ လူအများလေးစားခံရတဲ့ ဗြာဟ္မဏဆရာကြီးအဖြစ်နဲ့ အဘိညာဉ်ရ တန်ခိုးရှင်ရသေ့ကို “ကာမဂုဏ်ခံစားသူ”လို့ တပည့်တွေကို ပြောမိခြင်း၊ တပည့်တွေကလည်း ဆရာကြီးရဲ့စကားကို ဝမ်းသာအားရဖြစ်ပြီး ထိုရသေ့အကြောင်းကို ဆွမ်းခံအိမ်တွေမှာ မဟုတ်မမှန်ပြောမိခြင်းရဲ့အကျိုးဆက်။
စိဉ္စမန်
သဗ္ဗာဘိဘူအမည်ရှိတဲ့ ဗုဒ္ဓဘုရားရဲ့တပည့် အရှင်နန္ဒကို အမျိုးသမီးနဲ့ စွပ်စွဲဖူးတဲ့ အကုသိုလ်ရဲ့အကျိုးဆက်က .. စိဉ္စမာန်။ နာမည်ရင်း စိဉ္စမာဏဝိကာ။ သူ့ဘဝက မန်းကျည်းပင်နဲ့ ပတ်သက်မှုရှိလို့ ဒီနာမည်တွင်တယ်။ အလွန်ချောမောလှပသူအဖြစ် မှတ်တမ်းတင်ခံရသူ။ မြတ်ဗုဒ္ဓဟာ လူပုံအလယ်မှာ တရားဟောနေစဉ် မနာလိုသူ အညတတ္ထိယတွေရဲ့ လမ်းညွှန်ချက်အရ ဒီအမျိုးသမီးက မြတ်ဗုဒ္ဓကို မိမိရဲ့ကိုယ်ဝန်ရှင်အဖြစ် လက်ညှိုးထိုးစွပ်စွဲတယ်။
ကျောက်လှိမ့်ထိ
ဘဝတစ်ခုမှာ ပစ္စည်းဥစ္စာကို မက်မောပြီး အဖေတူအမေကွဲညီကို သတ်ပြီး တောင်ချောက်ကြားကိုပစ်ချ၊ ကျောက်တုံးနဲ့ကြိတ်ချေဖူးတဲ့ အကုသိုလ်ရဲ့အကျိုးဆက်က ဒေဝဒတ်က ဂိဇ္ဈကုဋ်တောင်ပေါ်မှာ ကျောက်မောင်းဆင်ပြီး ကျောက်တုံးကို လှိမ့်ချတဲ့အခါ ပဲ့စဉ်လာတဲ့ ကျောက်စတစ်ခု မြတ်ဗုဒ္ဓရဲ့ခြေမကို ထိသွားတယ်။
သွေးစိမ်းတည်
ကလေးအဖြစ်နဲ့ လမ်းပေါ်မှာ ကစားနေစဉ် ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါအရှင်ကို “ဦးပြည်းရဟန်း ဘယ်ကိုသွားနေတာလဲ”ဆိုပြီး ကျောက်ခဲနဲ့ပစ်တယ်။ ခြေကိုထိပြီး ပစ္စေကဗုဒ္ဓါအရှင်ရဲ့ခြေမတော်မှာ သွေးထွက်သွားခဲ့တယ်။ ဒီအကုသိုလ်ရဲ့အကျိုးဆက်က.. ဒေဝဒတ်လုပ်လို့ ခြေမတော်ကို ကျောက်စထိမှန်တဲ့အခါ ခြေမတော်မှာ သွေးစိမ်းတည်သွားခဲ့တယ်။
ခွဲစိတ်ခံ
ဒေဝဒတ်လှိမ့်ချတဲ့ကျောက်လွှာထိပြီး ခြေမတော်မှာ သွေးစိမ်းတည်တဲ့အခါ အနာပျောက်အောင် ဇီဝကဆေးဆရာကြီးက ဓားနဲ့ခွဲထုတ်ရတယ်.. ဒါက ပတ္ထိဝအမည်ရှိတဲ့မင်းအဖြစ်နဲ့ ယောက်ျားတစ်ယောက်ကို လှံနဲ့ထိုးသတ်ဖူးတဲ့ အကုသိုလ်ကံကြွင်း။
“န ဟိ ကမ္မံ ဝိနဿတိ၊ ကံဟူသည် ပျောက်ပျက်ရိုးလုံးဝ မရှိ။”
နာဠာဂိရိ
အဇာတသတ်နဲ့ပေါင်းမိသူ ဒေဝဒတ်က နာဠာဂိရိဆင်ပြောင်ကို အရက်တိုက်ပြီး.. ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံကြွလာတဲ့ မြတ်စွာဘုရားကိုသတ်ဖို့ စေခိုင်းတယ်.. ဆင်ထိန်းအဖြစ်နဲ့ ဆွမ်းခံကြွတော်မူနေတဲ့ ပစ္စေကဗုဒ္ဓါအရှင်တစ်ပါးကို ဆင်နဲ့တိုက်ဖူးတဲ့ အကုသိုလ်ရဲ့အကျိုးဆက်။
ခေါင်းကိုက်
မြတ်ဗုဒ္ဓမှာ ရံခါခေါင်းကိုက်တဲ့ရောဂါရှိတယ်။ ဒါက.. တံငါသည်ရွာမှာ လူဖြစ်စဉ် တံငါသည်တွေနဲ့အတူ လိုက်သွားရင်း ငါးတွေကို အစုလိုက်အပြုံလိုက်သတ်တာကိုကြည့်ပြီး ဝမ်းသာအားရဖြစ်ဖူးတဲ့ အကုသိုလ်ရဲ့အကျိုးဆက်။ ဒီအကုသိုလ်ကြောင့်ပဲ ဗုဒ္ဓရဲ့ဆွေတော်မျိုးတော်တွေ အစုလိုက်အပြုံလိုက် ဝိသျဘ သတ်ဖြတ်တာကို ခံကြရတယ်။
ခါးကိုက်
ဒီဘဝမှာ ဘုရားလောင်းက အရပ်ပုတယ်။ လက်ဝှေ့ကျော်တစ်ယောက်လည်း ဒေသတစ်ခွင်လုံး အနိုင်ရပြီးနောက် ဘုရားလောင်းနေတဲ့ရွာကိုရောက်တော့ ဘုရားလောင်းဂျပုနဲ့ စိန်ခေါ်ပွဲထိုးသတ်ကြရာမှာ ဘုရားလောင်းက ပြိုင်ဖက်လက်ဝှေ့ကျော်ကို ခါးရိုးကျိုးတဲ့ထိ ထိုးသတ်နိုင်တယ်။ ဒီအကုသိုလ်ကြောင့် ဒီဘဝမှာ ရံခါခါးကိုက်ပြီး တရားဟောနေစဉ် ပလ္လင်ပေါ်မှ ဆင်းသွားရတဲ့အထိ ခံစားရတယ်။
မုယောဆွမ်း
ဖုဿမြတ်စွာဘုရားရဲ့သာဝကတွေကို “သလေးဆန်ဆွမ်းကို မစားကြနဲ့၊ မယော (ဂျို)ဆန်ဆွမ်းကိုပဲ စားကြ”လို့ ဆဲရေးဖူးတဲ့ အကုသိုလ်ရဲ့အကျိုးဆက်အနေနဲ့ ဝေရဉ္ဇာပုဏ္ဏားပင့်ဖိတ်လို့ ဝေရဉ္ဇာမြို့အနီး တမာပင်ကျောင်းမှာ သီတင်းသုံးစဉ် အစားအစာရှားပါးခိုက်ကြုံလို့ မြင်းစာအဖြစ် စီမံထားတဲ့ မုယောဆွမ်းကို ဘုဉ်းပေးတော်မူရတယ်။
ဝမ်းသွေးသွန်
ပရိနိဗ္ဗာန်စံခါနီး စုန္ဒရွှေပန်းထိမ်သည်ကပ်လှူတဲ့ သူကရမဒ္ဒဝဆွမ်းကို ဘုဉ်းပေးပြီးတဲ့အခါ ဝမ်းသွေးသွန်တော်မူတယ်.. ဒါက ဆေးဆရာအဖြစ်နဲ့ သူဌေးသားကို ဝမ်းလျှောဆေးကျွေးဖူးတဲ့ အကုသိုလ်ရဲ့အကျိုးဆက်။
ခြောက်နှစ်
ဂေါတမဗုဒ္ဓလောင်းလျာဟာ လူသာမန်တွေမကျင့်နိုင်တဲ့ကျင့်ကို ၆-နှစ်ကြာအောင်ကျင့်ပြီးမှ ဗုဒ္ဓဖြစ်တယ်.. ကဿပဘုရားလက်ထက်မှာ ပညာမာန်တက်နေတဲ့ ဇောတိပါလလုလင်အဖြစ်နဲ့ ဘုရားရှင်ကို “ဦးပြည်း(ကတုံး)ရဟန်းမှာ ဗောဓိဉာဏ်ဘယ်ရှိပါ့မလဲ။ ဒီဉာဏ်မျိုးဆိုတာ ရဖို့ သိပ်ခက်တယ်”လို့ နှုတ်ကျွံမိခြင်းရဲ့အကျိုးဆက်။
ပါဠိတော်ဖော်ပြချက်ကို အဋ္ဌကထာနဲ့ညှိပြီး ခေါင်းစဉ်နဲ့ ဖြစ်ရပ်အကျဉ်းမျှကိုပဲ ဖော်ပြလိုက်ပါတယ်။ အကြောင်းအရာတစ်ခုစီရဲ့ အသေးစိတ်ကိုတော့ ထိုထိုဓမ္မကထိကဆရာတော်တို့ ဟောထားတာ၊ ဓမ္မစာရေးဆရာတို့ ရေးထားတာတွေကို ဆက်လက်ပြီး ရှာဖွေဖတ်ရှုရင် ပိုကောင်းပါတယ်။
ဩဂုတ် ၂၃၊ ၂၀၁၆။
---
၅၀၂၊ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်
ဆရာတော်ဘုရား၊ ကမ္မဋ္ဌာန်းထိုင်တဲ့အခါ ဖြစ်ပေါ်လာသော ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်တို့၏ အဓိပ္ပာယ်ကို သိလိုပါသည် ဘုရား။ အဲဒီနိမိတ်တွေ ပေါ်လာအောင် အဘယ်မျှကြာသည်ထိ တရားအားထုတ်ရမည်၊ ထိုနိမိတ်များကို မည်သို့ထိန်းထားရမည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။
ခင်စန်းရီ (ကနေဒါ)
---
ပရိကမ္မနိမိတ်
ကသိုဏ်း ၁၀-ပါးထဲက “မြေကသိုဏ်း”ရှုတဲ့အခါ ကျမ်းဂန်မှာ ညွှန်းဆိုတဲ့အတိုင်း မြေကြီးနဲ့ စီမံထားတဲ့ ၁၀-လက်မလောက် အချင်းရှိတဲ့ စက်ဝိုင်းပုံတစ်ခုကို ဦးစွာစီမံရတယ်။ ပြီးမှ အဲဒီအဝိုင်းကို ကြည့်ပြီး “မြေ..မြေ”လို့ ထပ်တလဲလဲစီးဖြန်းရတယ်။ အဲဒီမျက်စိနဲ့ကြည့်ရတဲ့ မြေကြီးနဲ့လုပ်ထားတဲ့ ပကတိကသိုဏ်းဝန်း (အစစ်)ကို “ပရိကမ္မနိမိတ်”လို့ ခေါ်တယ်။ ကျန်တဲ့ကသိုဏ်းနဲ့ အခြားကမ္မဋ္ဌာန်းတွေရဲ့ ပရိကမ္မနိမိတ်တွေ စီမံပုံကိုလည်း ကျမ်းဂန်မှာ ဖော်ပြထားတယ်။ ဒါကြောင့် ပရိကမ္မနိမိတ်အာရုံဆိုတာ အပြင်မှာ ပကတိမျက်စိနဲ့ မြင်ရတဲ့ ကသိုဏ်းဝန်းဟူသော အာရုံဖြစ်ကြောင်း နားလည်ပါ။
ဥဂ္ဂဟနိမိတ်
ပကတိမြေကသိုဏ်းဝန်းကို ရှေးဦးစွာ မျက်စိနဲ့စိုက်ကြည့်ပြီး “မြေ..မြေ”လို့ ကြိမ်ဖန်များစွာ စီးဖြန်းတဲ့အခါ အပြင်က ပရိကမ္မနိမိတ်ဖြစ်တဲ့ မြေကြီးစက်ဝန်းပုံကို မျက်စိနဲ့မကြည့်တော့ပေမယ့် မျက်စိကို မှိတ်လိုက်တာနဲ့ အဲဒီကသိုဏ်းဝန်းပုံဟာ စိတ်ထဲမှာ စွဲမြဲပြီးထင်လာတယ်။ ငယ်ငယ်က ညမအိပ်ခင် ကျားရွှေ့ကစားခဲ့ရင် ညအိပ်မလို့ မျက်စိကို မှိတ်လိုက်တာနဲ့ အဲဒီကျားကွက်တွေ မျက်စိထဲ အကွက်လိုက်ပြန်ပေါ်လာသလိုပေါ့။ အဲဒီလို ထင်လာတဲ့ ကမ္မဋ္ဌာန်းအာရုံကို ဥဂ္ဂဟနိမိတ် (စိတ်နဲ့ယူထားတဲ့အာရုံ)လို့ ခေါ်တယ်။ အခြားကသိုဏ်းတွေနဲ့ အခြားကမ္မဋ္ဌာန်းအာရုံတွေလည်း ဒီအတိုင်းပါပဲ။
ပဋိဘာဂနိမိတ်
အဲဒီစိတ်မှာထင်နေတဲ့ ကသိုဏ်းဝန်း (ဥဂ္ဂဟနိမိတ်)ကိုပင် ကမ္မဋ္ဌာန်းအာရုံအဖြစ်ယူပြီး “မြေ..မြေ”လို့ ကြိမ်ဖန်များစွာ ဆက်လက်စီးဖြန်းတဲ့အခါ အဲဒီဥဂ္ဂဟနိမိတ်နဲ့ အလားတူတဲ့ ထင်ရှားပြတ်သားတဲ့ အာရုံတစ်မျိုး စိတ်ထဲပေါ်လာပြန်တယ်။ ဥဂ္ဂဟနိမိတ်ကိုအခြေခံပြီး အလားတူပေါ်လာတဲ့ အဲဒီအာရုံနိမိတ်ကိုတော့ “ပဋိဘာဂနိမိတ်”လို့ ခေါ်တယ်။ ဥဂ္ဂဟနိမိတ်နဲ့တူတဲ့နိမိတ်လို့ တိုက်ရိုက်အဓိပ္ပာယ်ရတယ်။ ပဋိဘာဂနိမိတ်ကို ဥဂ္ဂဟနိမိတ်နဲ့တူတယ်ဆိုပေမယ့် ကမ္မဋ္ဌာန်းအလိုက် ခြားနားမှုတွေရှိတယ်။
ခြားနားပုံ
မြေကသိုဏ်းရှုသူမှာ ဥဂ္ဂဟနိမိတ်ထင်တဲ့အခါ ကသိုဏ်းဝန်းမှာ လက်ချောင်းရာ၊ လက်ဖဝါးရာတွေ ထင်နေသလိုဖြစ်ပြီး ကြည်လင်ဘူး။ ဒါပေမယ့် ပဋိဘာဂနိမိတ်အဆင့်ကို ရောက်ရင်တော့ အိတ်မှထုတ်ခါစ ကြေးမုံမှန်၊ ပွတ်တိုက်ထားတဲ့ ခရုသင်း၊ တိမ်တိုက်မှ ထွက်လာတဲ့ လဝန်း၊ တိမ်ညိုဝမှာ ပျံသန်းနေတဲ့ ဗျိုင်းဖြူလို ဥဂ္ဂဟနိမိတ်ကို ဖောက်ထွင်းပြီး ပေါ်ထွက်လာတယ်။ ဥဂ္ဂဟနိမိတ်ထက်လည်း အဆပေါင်း ရာထောင်မက သာလွန် စင်ကြယ်တယ်။
ရေကသိုဏ်း၊ မီးကသိုဏ်း၊ အသုဘ စသည်ရဲ့ ဥဂ္ဂဟနိမိတ်နဲ့ ပဋိဘာဂနိမိတ်တွေမှာလည်း သွင်ပြင်၊ အပြည့်အစုံ ထင်ခြင်းမထင်ခြင်း၊ အပေါက်အကြား ရှိခြင်းမရှိခြင်း၊ လှုပ်ရှားမှုရှိခြင်းမရှိခြင်းအရ ခြားနားပုံတွေကို ဝိသုဒ္ဓိမဂ်မှာ အကျယ်ရှင်းပြထားပါတယ်။ (ဝိသုဒ္ဓိ၊၁၊၁၂၂ စသည်ရှု)
အာနာပါန
ဝင်လေ ထွက်လေသိ(အာနာပါန) ကမ္မဋ္ဌာန်းရဲ့ ပဋိဘာဂနိမိတ်ကျတော့ ယောဂီတစ်ဦးနဲ့တစ်ဦးပင် ထင်ပုံချင်း မတူပုံကို အဋ္ဌကထာမှာ ဒီလို မိန့်ပါတယ်...
“ထို(အာနာပါန) ပဋိဘာဂနိမိတ်သည် ပုဂ္ဂိုလ်အားလုံးအား တစ်ထပ်တည်း မတူ။ အချို့မှာ ချမ်းသာသော အတွေ့ကို ဖြစ်စေလျက် လဲမှို့၊ ဝါဂွမ်း၊ လေအလျဉ်ကဲ့သို့ ထင်၏ဟု အချို့ဆရာတို့ ဆိုကြ၏။ ဤကား အဋ္ဌကထာတို့၌ ပြသော အဆုံးအဖြတ်တည်း။ ဤဝင်လေ ထွက်လေ နိမိတ်သည် အချို့အား ကြယ်ရောင်၊ ကျောက်နီပုတီးကုံး၊ ပုလဲပုတီးကုံးကဲ့သို့ ထင်၏။ အချို့မူ ဝါးရိုး၊ သစ်သားနှစ်တံကျင်ကဲ့သို့ ကြမ်းအတွေ့ရှိလျက် ထင်၏။ အချို့မှ စလွယ်ကြိုး၊ ပန်းဆိုင်း၊ မီးခိုးညွန့်ကဲ့သို့ ထင်၏။ အချို့မူ ကျယ်ပြန့်သော ပင့်ကူချည်မျှင်အိမ်၊ တိမ်လွှာ၊ ပဒုမ္မာကြာပွင့်၊ ရထားဘီး၊ လဝန်း၊ နေဝန်းကဲ့သို့ထင်၏။ ... ဤသည်မှာ မှတ်သားပုံ မတူသောကြောင့် (တစ်ဦးနှင့် တစ်ဦးမတူဘဲ) ခြားနားစွာ ထင်သည်ဟု သိရမည်။” (ဝိသုဒ္ဓိ၊၁၊၂၇၇)
ပညတ်မျှသာ
ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် နှစ်မျိုးလုံး ဝတ္ထုဒြပ်မရှိ။ ပရမတ္ထသဘောမရှိ။ ပညတ်သက်သက်သာ ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းအားထုတ်ခြင်းဖြင့် မှတ်သားမှု (ဘာဝနာသညာ)ကြောင့် စိတ်အာရုံမှာ ထင်မြင်လာတဲ့ အာရုံပါပဲ။ ပရမတ္ထတရား မဟုတ်လို့ အဆင်းသဏ္ဌာန် မရှိ။ သမာဓိအားကောင်းလာတဲ့ ယောဂီရဲ့ စိတ်မှာ ထင်လာခြင်းသာ ဖြစ်တယ်။(ဝိသုဒ္ဓိ၊၁၊၁၂၂)
နိမိတ်မဲ့ ကမ္မဋ္ဌာန်း
ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါးနဲ့ ကာယဂတာသတိ အာနာပါနဿတိ၊ ပေါင်း ကမ္မဋ္ဌာန်း ၂၂-ပါးမှာသာ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်တွေ ဖြစ်နိုင်လို့ ယင်း (ဥဂ္ဂဟနိမိတ်)ကို အခြေခံတဲ့ ပဋိဘာဂနိမိတ်ကိုလည်း ရနိုင်တယ်။(ဝိသုဒ္ဓိ၊၁၊၁ဝ၉) ကြွင်း အနုဿတိ ၈၊ ဗြဟ္မဝိဟာရ ၄၊ အာဟာရေ ပဋိကူလသညာ ၁၊ စတုဓာတု.ဝဝတ္ထန် ၁၊ အာရုပ္ပကမ္မဋ္ဌာန်း ၄၊ ပေါင်း ၁၈-ပါးမှာ မူလကပင် မှန်းဆပြီး စီးဖြန်းရလို့ ပကတိမျက်စိနဲ့ မြင်ရသလို မမြင်နိုင်။ ဒါကြောင့် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်လို့ တိုက်ရိုက်အတိအကျ ခွဲခြားဖို့ မဖြစ်နိုင်။ ဒါကြောင့် ပဋိဘာဂနိမိတ်ကိုလည်း မရနိုင်။ (ပရမတ္ထသရူပဘေဒနီ၊၂၊၆၅)
မည်မျှကြာအောင်
“ဤ(ဝင်လေ ထွက်လေ) ကမ္မဋ္ဌာန်းကို ရှုမှတ်သူ အချို့မှာ မကြာမြင့်မီပင် ပဋိဘာဂနိမိတ် ဖြစ်ပေါ်၏” (ဝိသုဒ္ဓိ၊၁၊၂၇၆)လို့ အဋ္ဌကထာမှာ ဆိုတယ်။‘မကြာမြင့်မီပင်’လို့ ဆိုပေမယ့် တရားအားထုတ်သူရဲ့ စိတ်ပြင်းပြမှု၊ နည်းလမ်းမှန်ကန်မှု၊ ပလိဗောဓနည်းမှုနဲ့ အခြားသပ္ပာယ (ကမ္မဋ္ဌာန်းနဲ့ လျောက်ပတ်တဲ့ အခြေအနေ)တွေ၊ အထုံပါရမီ စတာတွေ ပြည့်စုံမှ ‘မကြာမြင့်မီ’ သို့မဟုတ် တစ်ပတ်နှစ်ပတ်အတွင်း ဖြစ်နိုင်ပါလိမ့်မယ်။ အနည်းဆုံးတော့ ဒီလိုလုပ်ရင် ဒါမျိုးဖြစ်တာ သေချာတယ်လို့ တထစ်ချ ယုံကြည်ပြီး ဇွဲသန်သန်နဲ့ လုပ်ရင် အကြာဆုံး သုံးလေးလပါပဲ။
ဘယ်လိုထိန်း
ပဋိဘာဂနိမိတ်ကို ထိန်းသိမ်းပုံနဲ့ ပဋိဘာဂနိမိတ်ပေါ်ပြီးနောက် ဆက်လက်အားထုတ်ပုံကို ဝိသုဒ္ဓိမဂ်မှာ အောက်ပါအတိုင်း မိန့်တော်မူပါတယ်…
‘ထိုယောဂီအား ပဋိဘာဂနိမိတ် ထင်သည့်အချိန်မှစ၍ နီဝရဏတို့ကို ပယ်ခွာပြီး ဖြစ်၏။ ကိလေသာတို့သည် ငြိမ်ဝပ်လျက်သာ ရှိ၏။ သတိသည် ထင်လျက်ပင် ရှိ၏။ စိတ်သည် ဥပစာရသမာဓိဖြင့် ကောင်းစွာ ထားသဖြင့် တည်ကြည်သည်သာ ဖြစ်၏။ ထိုအခါ ဤယောဂီသည် ထိုပဋိဘာဂနိမိတ်ကို အဆင်းအဖြစ် နှလုံးမသွင်းရ။ တောင့်ခြင်း လှုပ်ခြင်းစသော သဘာဝလက္ခဏာ၊ မမြဲခြင်းစသော သာမညလက္ခဏာအားဖြင့် မဆင်ခြင်ရ။
မင်းမျိုးဖြစ်သည့် မိဖုရားကြီးသည် စကြဝတေးမင်းလောင်းကိုယ်ဝန်ကို ဂရုစိုက်သကဲ့သို့၊ လယ်သမားသည် မှည့်သော သလေးဂျုံ (ripening crops)ကို စောင့်ရှောက်သကဲ့သို့ ကျောင်းစသော မသင့်လျော် ခုနစ်မျိုးကို ကြဉ်၍ သင့်လျော် ခုနစ်မျိုးကို မှီဝဲပြီး ကောင်းစွာ စောင့်ရှောက်ရ၏။
ယင်းနိမိတ်ကို ဆိုခဲ့သည့်အတိုင်း စောင့်ရှောက်လျက် အဖန်ဖန် နှလုံးသွင်းခြင်းဖြင့် ကြီးပွားစည်ပင်ခြင်းသို့ ရောက်စေလျက်၊ အပ္ပနာ.ကောသလ္လ (စိတ်ကို အာရုံ၌ တည်စွာ ထားနိုင်သော ဉာဏ်) ၁၀-ပါး ပြည့်စုံအောင် လုပ်ရမည်။ ဝီရိယနှင့် သမာဓိကို ညီမျှစေရမည်။
ဤဆိုခဲ့သည့်အတိုင်း အားထုတ်နေသော ထိုယောဂီအား ပထဝီကသိုဏ်းအရာ၌ ဆိုခဲ့သော အစဉ်ဖြင့်ပင် ထိုပဋိဘာဂနိမိတ်၌ လေးပါးငါးပါးသော ဈာန်တို့သည် ဖြစ်ပေါ်ကုန်၏။’ (ဝိသုဒ္ဓိ၊၁၊၂၇၈)
အထက်ပါ အဋ္ဌကထာဖွင့်ကို ချုပ်ပြောရရင်... ပဋိဘာဂနိမိတ် ပေါ်ချိန်မှာ နီဝရဏတွေ ငြိမ်ဝပ်ပြီး စိတ်တည်ကြည်တယ်။ ထိုနိမိတ်ကို အဆင်း၊ လှုပ်ခြင်း၊ မမြဲ စသည်ဖြင့် မဆင်ခြင်ရ။ ဖြစ်ပေါ်ပြီး ပဋိဘာဂနိမိတ်ကိုပဲ စကြဝတေးမင်းလောင်းကိုယ်ဝန်ကို မိခင်စောင့်ရှောက်သလို မပျောက်မပျက်အောင် ထိန်းသိမ်းပြီး အဖန်ဖန် နှလုံးသွင်းရမယ်။ ဒီလိုနဲ့ နောက်ဆုံး ဈာန်ငါးပါးကို ရတယ်လို့ ဖြစ်ပါတယ်။
စဝ်တင်ဘာ ၁၆၊ ၂၀၁၆။
လူမှာအကျင့် ပန်းမှာအပွင့်။
---
၅၀၃။ နောင်တဆယ်ပါး
ဘုန်းဘုန်း နေကောင်းရဲ့လား၊
နောင်တကြီး ဆယ်ပါး ကျမ်းဂန်မှာ ပါသလား ဘုရား။ ပါလျှင် မည်သည့်နေရာတွင် မည်သူ့ကို ဟောကြားကြောင်း သိလိုပါသည် ဘုန်းဘုန်း။ အချိန်ရလျှင် ဖြေကြားပေးပါ ဘုရား။ ဘုန်းဘုန်း သာသနာပြုနိုင်ပါစေ။ ဘုန်းဘုန်းရဲ့ ဖေ့စ်ဘုက်ပေါ်က ဓမ္မအမေးအဖြေတွေကို အားပေးလျက်ပါ ဘုရား။
တင်အောင်လွင် (မလေးရှား)
---
ဒေသနာ
မြတ်ဗုဒ္ဓ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးစဉ် တစ်ခါမှာ ကောသလမင်းဟာ အာဏာမူးပြီး ကိလေသာ မြူးလွန်းလို့ တရားလည်း မဆုံးဖြတ်၊ ဗုဒ္ဓဆီလည်း မရောက်။ တန်ကြာမှ ဗုဒ္ဓဆီ ရောက်လာတဲ့အခါ ကောသလမင်းကို ဆုံးမလိုတဲ့အတွက် ဗုဒ္ဓလောင်းလျာ ဇနသန္ဓအမည်ရှိတဲ့ မင်းကြီး ဟောကြားတဲ့ တရားကို ဘုရင်ကောသလအား မြတ်ဗုဒ္ဓက ပြန်လည်ဟောကြားပါတယ်။ တရားခေါင်းစဉ်က နောင်တ ၁၀-ပါး ဖြစ်ပါတယ်။ (ဇာတက၊၁၊၂၄၇)
မန်လည်ကဗျာ
နောင်တ ၁၀-ပါး ခေါင်းစဉ်ကို အောက်ပါ မဃဒေဝလင်္ကာစာပိုဒ်နဲ့ အရင်မှတ်ကြည့်ပါ...
“ဤလူ့လောက၊ လူ့ဘဝ၌၊ သကျရူပံ၊ မိန့်သံဂါထာ၊ ကျမ်းအလာတိုင်း၊ ငယ်ခါကလျှင်၊ မသင်ပညာ၊ ဥစ္စာမစု၊ သူ့ကို ချစ်ဖျက်၊ သူ့သက်သတ်စား၊ သူ့မယား၌၊ ပြစ်မှားတုံဘိ၊ ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊ မွေးမြူမိဘ၊ မပြုရနှင့်၊ ဆုံးမနာ၊ ပညာရှိထံ၊ နည်းခံမမှတ်၊ အမြတ်မကျင့်၊ ဤဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊ ပူဆာနောင်တ၊ ရတတ်စွတည်း။” (မဃဒေဝ၊ ပိုဒ် ၃၂၁)
မန်လည်ကဗျာ
ပါဠိတော်မှာ “အလဒ္ဓါ ဝိတ္တ တပ္ပတိ”ဂါထာနဲ့ စပေမယ့် မန်လည်ကဗျာမှာ “သကျရူပံ ပုရေ သန္တိ' ဂါထာကို အဦးတပ်ပြီး ရေးပါတယ်။ ထိုခေတ်အချိန်က ဘုန်းကြီးကျောင်း ပညာရေးလောကမှာ ထင်ရှားပြီး ဖြစ်တဲ့ ‘သကျရူပံ၊ ကြံကြံသမျှ၊ တောင့်တရာရာ၊ တတ်ကောင်းစွာသား၊ ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင်’ စတဲ့ ဟတ္ထိပါလပျို့ (ပိုဒ်-၂၆) အသွားအရ မန်လည်ဆရာတော်ကြီးလည်း “သကျရူပံ၊ မိန့်သံဂါထာ'လို့ ခေါင်းတည်ပုံရပါတယ်။ အဓိပ္ပာယ်သာ အဓိကဖြစ်လို့ မန်လည်ကဗျာအတိုင်းပဲ စဉ်လိုက်ပါတယ်...
၁။ ငယ်ခါကလျှင် မသင်ပညာ
အတတ်ပညာတစ်ခု မရှိရင် သက်မွေးဝမ်းကျောင်းရတာ မလွယ်ကူ။ စွမ်းနိုင်ပါလျက် ကျောင်းနေချိန်မှာ ပညာမသင်ခဲ့မိလေခြင်းလို့ အသက်ကြီးချိန်မှာ ကိုယ့်ဘဝကို မကျေမနပ်ခံစားရတယ်။
“ပညာမရ၊ ငယ်စဉ်က၊ နောင်တပူပန်မည်”။
၂။ ဥစ္စာမစု
ရသင့်ရထိုက်တဲ့ ပစ္စည်းဥစ္စာကို မရခဲ့ရင် ပူပန်ရတယ်။ ကျန်းမာပျိုနေစဉ် ပစ္စည်းဥစ္စာကို မရှာဖွေ မစုဆောင်းခဲ့မိဘူးလို့ ကြီးရင့်အိုမင်းချိန်မှာ စိတ်ထဲ တအုံနွေးနွေး ခံစားရတယ်။
“ဥစ္စာမရ၊ ငယ်စဉ်က၊ နောင်တပူပန်မည်”။
၃။ သူ့ကို ချစ်ဖျက်
သန်မြန်စဉ် လျင်စဉ်မှာ ကောက်ကျစ်စိတ်နဲ့ သူတစ်ပါးအပေါ် မရိုးမသားလုပ်မိတယ်၊ သူတစ်ပါးရဲ့ ကျောကုန်းသားကို စားသလို ကုန်းချောစကား ဆိုမိတယ်၊ မာကျောခက်ထန်ခဲ့တယ်လို့ အိုမင်းလို့ မစွမ်းချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်ရှိသူအနေနဲ့ မသိစိတ်မှာ ရှိနေတယ်။
“စဉ်းလဲတဖြာ၊ ကုန်းချောလာ၊ နောင်ခါပူပန်မည်”။
၄။ သူ့သက်သတ်စား
ငယ်စဉ်အခါ သူ့အသက်ကို သတ်မိတယ်၊ ရက်စက်ကြမ်းကြုတ်ခဲ့တယ်၊ ယုတ်မာခဲ့တယ်၊ သက်ရှိတွေကို ကိုယ်ချင်းမစာတတ်ခဲ့ဘူးလို့ အိုမင်းချိန်မှာ စဉ်းစားပြီး အားငယ်တယ်။
“သနားမညှာ သတ်ပုတ်လာ နောင်ခါပူပန်မည်”။
၅။ သူ့မယား၌ ပြစ်များတုံဘိ
လောကမှာ လွတ်လပ်တဲ့ မိန်းမ (သို့မဟုတ် ယောက်ျား)တွေ အများကြီး ရှိပါလျက် သွေးသားကြွချိန် ကာမပိုင်ရှိသူကိုမှ အဲဒီလို ပြုမိလေခြင်းလို့ နောင်အခါ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကိုယ်မယုံကြည်ဖြစ်ပြီး လူတောမတိုးရဲဘူး။ (‘သူ့မယား၌”လို့ ယောက်ျားဖက်ကိုသာ ဆိုပေမယ့် မိန်းမတွေလည်း ပါပြီးသားဖြစ်ကြောင်း နားလည်ပါ။)
“သူ့မယားသာ၊ ကျူးလွန်လာ၊ နောင်ခါပူပန်မည်”။
၆။ ပစ္စည်းရှိလျက် စိုးစိမလှူ
ငယ်စဉ်အခါ ပစ္စည်းဥစ္စာ ပြည့်စုံပါလျက် တွန့်တိုစေးနှဲပြီး မလှူဒါန်းခဲ့ရင် သေမင်းခေါ်ချိန်မှာ အားကိုးရာမဲ့ ထောက်တည်ရာမရနဲ့ ရောက်ရက်ခတ်တယ်။
“ဥစ္စာရှိခိုက် မလှူလိုက် နောင်၌ ပူပန်မည်”။
၇။ မွေးမြူမိဘ မပြုရနှင့်
မိဘတွေ အသက်ရှိတုန်း ပြုစုစောင့်ရှောက်မပြုမိရင် မိဘများကွယ်လွန်လို့ ကိုယ်တိုင် မိဘဖြစ်လာတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်မလုံ ငါ့သားငါ့သမီးတွေလည်း ဒီလိုဖြစ်မှာပဲလို့ အချိန်တိုင်း တွေးနေရတယ်။
“အမိအဘ မကျွေးက နောင်တပူပန်မည်”။
၈။ ဆုံးမ မနာ
လက်ဦးဆရာအနေနဲ့ ဆုံးမပဲ့ပြင်ပြီး ဝတ္ထုကာမအရသာမျိုးစုံကို ရှာဖွေကျွေးမွေးတဲ့ ဖခင်ကို ပြောစကား နားမထောင်မထေမဲ့မြင်ပြုရင် မိမိပြုမိတာအတွက် တစ်ချိန်မှာ အဖေ့ကို ဒီလိုပြောမိ လုပ်မိလို့ ဆိုတာမျိုး စိတ်ခံစားချက်ဖြစ်ရတယ်။ “ဆရာဟူသည် အကျင့်အာစာရကို သင်ပေးတတ်သောကြောင့် ဤနေရာ၌ ဖခင်ကို ဆရာဟု ယူရမည် (အာစရိယန္တိ အာစာရေ သိက္ခာပနတော ဣဓ ပိတာ အာစရိယောတိ အဓိပွေတော။ ဇာ၊ဋ္ဌ၊၄၊၁၈၀)”ဆိုတဲ့ အဖွင့်အရ ဒီနေရာမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကို မထေမဲ့မြင်ပြုတာ အဖေ့စကားမနာခံတာကို နောင်တတစ်ခုအဖြစ် ယူလိုတာများလား။
ဒီနေရာမှာ “ပိတာ အာစရိယော”လို့ အနည်းကိန်းဆိုတာထောက်ရင် “ပိတာ”ပုဒ်ကို အဖေကိုရော အမေပါ ယူနိုင်အောင် ကြံတာမျိုး (ဥပမာ - သဒ္ဒါနည်းအရ ဧကသိသ် ကြံတာမျိုး)ကို ဘုန်းကြီး မကြိုက်နိုင်ဘူး။ ပါဠိတော်ရဲ့ အာဘော်ကိုက “အဖေကိုပဲ ညွှန်းတယ်လို့ ဘုန်းကြီး ယူဆတယ်။ ဘုရားလောင်း ဇနသန္ဓမင်းကြီးက သူ့ရဲ့ တိုင်းသူပြည်သားတွေကို ဟောကြားတာကို မြတ်ဗုဒ္ဓက ပြန်လည်ဟောပြတဲ့ တရားပါ။ ဒါပေမယ့် အမေ မပါလို့ အမေ့ကိုကျတော့ မထေမဲ့မြင်လုပ်နိုင်တယ်လို့ အဓိပ္ပာယ်ယူခွင့်မရှိပါဘူး။ ဘုန်းကြီးရဲ့ အယူအဆနီးစပ်ရင် အဖေနေ့ အဖေ့ဂုဏ်ပြုစာသားအဖြစ် ကိုးကားနိုင်မှာပေါ့။
“မထေပြုလျှင် ဆရာရှင် နောင်တွင် ပူပန်မည်”။
၉။ ပညာရှိထံ နည်းခံမမှတ်
လဇ္ဇီသူမွန် သီလဝန်ဖြစ်ကြတဲ့ ပညာရှိရဟန်းသံဃာတွေနဲ့ နီးစပ်စွာနေရလျက် မဆည်းကပ်မိရင် တစ်ချိန်မှာ မိမိရဲ့ ချွတ်ယွင်းမှုကို သတိရနေတတ်တယ်။
“ရဟန်းပုဏ္ဏား မကပ်ငြား နောင်ကား ပူပန်မည်”။
၁၀။ အမြတ်မကျင့်
ငြိမ်းချမ်းပြီး ခြိုးခြံတဲ့ အကျင့်မြတ်ကို ကျင့်ခွင့်ကြုံလျက် မသိကျိုးကျွံပြုနေရင် တစ်ချိန်မှာ ထိုအတွက် ကိုယ့်ကိုယ်ကို ပြစ်တင်နေတတ်တယ်။
“ခြိုးခြံကျင့်ကောင်း မကျင့်တောင်း နောက်နှောင်း ပူပန်မည်”။
(ဆောင်ပုဒ်တိုများမှာ ပဌကျော် ဦးကြီးဖေရဲ့ လက်ရာများဖြစ်ကြောင်းပါ။)
စက်တင်ဘာ ၁၇၊ ၂၀၁၆။
---
၅၀၄။ ဗြဟ္မာမနိုင်
ဆရာတော် ဘုရား၊ လူ့လောကမှာ အချို့သော လူများသည် လူတစ်ယောက်၏ ပစ္စည်းဥစ္စာ အာဏာ စသည်ကို လိုချင်သည့်အတွက် ထိုလူ၏ ဂုဏ်သိက္ခာကို ကျဆင်းအောင် ထောင်ချောက်ဆင်ပြီး မတရားစွပ်စွဲကြသည်ကို တွေ့ဖူးကြုံဖူးပါသည်။ ထိုသို့ မဟုတ်မမှန်စွပ်စွဲသူများသည် မည်သို့သော အကုသိုလ်အပြစ်ကို ရရှိနိုင်သည်ကို ဟောပြစေလိုပါသည် ရှင်ဘုရား။
အောင်ရွှေ (ဖူးကန့်)
---
နှစ်ဖက်လုံး
ကြည်ညိုသူပေါများတဲ့ မြတ်ဗုဒ္ဓကို ဘာသာမတူသူတွေက မနာလိုဖြစ်ကြလို့ သူတို့က သုန္ဒရီအမည်ရှိတဲ့ ပရိဗိုဇ်မကို ဗုဒ္ဓနဲ့ ဗုဒ္ဓသာဝကတွေ သီတင်းသုံးတဲ့ ဇေတဝန်ကျောင်းမှာ ညအိပ်ပြီး မနက်ကျမှ ပြန်လာသယောင် လုပ်ခိုင်းတယ်။ ရက်အတန်ကြာတော့ ယင်းတို့ကပဲ လူသတ်သမားတွေကို ငွေပေးပြီး သုန္ဒရီကို သတ်ခိုင်း၊ အလောင်းကို ဇေတဝန်ကျောင်းနားမှာ ပစ်ထားတယ်။ ပြီးမှ ရဟန်းတွေက သတ်သယောင် သတင်းလွှင့်တယ်။ လူတွေက ရဟန်းတွေကို ဆဲဆိုကြတဲ့အခါ မြတ်ဗုဒ္ဓက အောက်ပါအတိုင်း ပြန်ချေပဖို့ ရဟန်းတွေကို သင်ကြားတော်မူတယ်...
“မဟုတ်မမှန် ပြောသူလည်း ငရဲသို့ ရောက်၏။ မိမိပြုပါလျက် ပြု၏ဟု ဝန်မခံသူလည်း ငရဲသို့ ရောက်၏။ လုပ်ဆောင်ချက်ယုတ်ညံ့သောကြောင့် နှစ်ယောက်လုံး တမလွန်မှာ ငရဲဆင်းရဲသို့ ရောက်ရ၏။” (ဓမ္မပဒ၊ ၃ဝ၆-ဂါထာ)
ပျက်စီးချိန်
တစ်ခါမှာ ကောကာလိကအမည်ရှိတဲ့ ဒေဝဒတ်ရဲ့ အပေါင်းပါရဟန်းဟာ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလ္လာန်တို့ကို ဆန့်ကျင်ပြီး အန္တိမဝတ္ထု (ပါရာဇိကအာပတ်)နဲ့ စွပ်စွဲတယ်။ ဒါနဲ့ ကောကာလိကရဲ့ ဥပဇ္ဈာယ်ဆရာဟောင်း ‘တုရု’မထေရ်ဟာ ကွယ်လွန်ပြီးနောက် ဗြဟ္မာအဖြစ်နဲ့ သူ့တပည့်ရဲ့ လုပ်ရပ်ကို ကြားသိတဲ့အတွက် ငါသိလျက် ဒီလူယုတ်မပျက်စီးသင့်ချေဘူးဆိုပြီး ဆုံးမဖို့ ညအချိန် ဇေတဝန်ကျောင်းမှာ ရှိနေတဲ့ ကောကာလိကဆီလာပြီး “သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ဆိုတာ သီလကို ချစ်မြတ်နိုးသူတွေပါ။ ဒီအရှင်တွေအပေါ် စိတ်ကို ရှင်းရှင်းထားပါလို့ သတိပေးတယ်။ ပျက်စီးချိန်တန်ရင် ဗြဟ္မာလည်း မကယ်နိုင်ဘူး။ ကောကာလိက ပြန်ပြောပုံကို ကြည့်...
အဆိပ်မျိုသူ
“ခင်ဗျားက ဘယ်သူတုန်း”တဲ့။ ဆရာဟောင်းဗြဟ္မာက “တုရူမထေရ် တစ်ဖြစ်လဲ ပစ္စေကဗြဟ္မာပါ”။ “ခင်ဗျားကို မြတ်စွာဘုရားက အနာဂါမ်လို့ ဆိုသည်မဟုတ်လော။ ဘာကိစ္စ ဒီကို ရောက်လာရတာတုန်း။ ဒီကို လာတာကိုက ခင်ဗျားမှာ အပြစ်ဖြစ်နေပြီ”။ ကောကာလိကရဟန်းက အိပ်ရာကမထဘဲ အဲဒီလို ဆိုတဲ့အခါ တုရူပစ္စေကဗြဟ္မာဟာ ဒီလူမိုက်ကား အဆိပ်ကို မျိုထားသူလို ဖြစ်နေပြီ။ ဘယ်သူမှ ဆုံးမလို့ မရတော့ဘူးလို့ နားလည်သွားပြီး အောက်ပါ ဂါထာတွေကို ရွတ်ဆိုတယ်...
နှုတ်ပြစ်၊ စိတ်ပြစ်
“ယောက်ျား၏ ပါစပ်၌ ဓားမနှင့်တူသော စကားကြမ်းသည် ဖြစ်၏။ လူမိုက်သည် မကောင်းသောစကားကို ဆိုပြီး ဓားမနှင့်တူသော ကြမ်းကြုတ်သောစကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ ကဲ့ရဲ့သင့်သူကို ချီးမွမ်း၊ ချီးမွမ်းသင့်သူကို ကဲ့ရဲ့သူသည် ပါးစပ်ဖြင့် အပြစ်ကို ယူသူဖြစ်၏။ ထိုအပြစ်ကြောင့် ချမ်းသာသုခကို မရနိုင်။ လောင်းကစားခြင်းကြောင့် ကိုယ့်ကိုယ်ခန္ဓာရော စီးပွားဥစ္စာပါ ဆုံးရှုံးခြင်းကား မပြောပလောက်သေး။ ညီညွတ်မျှတသော အရိယာပုဂ္ဂိုလ်များကို စိတ်ဖြင့် ပြစ်မှားခြင်းကား ထိုထက် များစွာအပြစ်ပိုကြီး၏။ ယုတ်ညံ့စကား၊ မကောင်းစိတ်ထားဖြင့် အရိယာတို့ကို ကဲ့ရဲ့သော လူမိုက်သည် ရှည်စွာသော နေ့ညဉ့်ပတ်လုံး ငရဲသို့ ရောက်ရ၏။” (သံ၊၁၊၁၅ဝ)
ကောက်ချက်
ဖော်ပြပြီး အဆုံးအမတွေကို ကောက်ချက်ဆွဲရင် “မမှန်စွပ်စွဲသူ၊ အမှန်ကို ငြင်းသူ နှစ်ဦးလုံး သေရင် မလှဘူး။ ပျက်စီးချိန်တန်ရင် ဗြဟ္မာတောင် မကယ်နိုင်ဘူး။ မောဟသည်းသူဟာ အဆိပ်ကို မျိုထားသလို ဆုံးမဖို့ မလွယ်ဘူး။ ကြမ်းတမ်းတဲ့စကားဟာ ကိုယ့်ကိုယ်ကို ခုတ်ဖြတ်တဲ့ ဓားပမာပါပဲ။ လောင်းကစားရှုံးရင် တစ်သက်မျှ၊ မပြစ်မှားသင့်သူကို စိတ်နဲ့ ပြစ်မှားရင် တစ်သံသရာလုံး ရှုံးတယ်”လို့ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုပဲ
ဘုန်းကြီးကတော့ အီမိုးရှင်းကြောင့် သို့မဟုတ် စကားပြောရင်း ဇာတိပြလာလို့ ကိုယ်မကြိုက်သူ (ကိုယ်နဲ့ မတည့်သူ)အကြောင်းကို သူတစ်ပါးကို ပြောဆိုတုံ့ပြန်မိတဲ့အခါ (ဒီအခြေအနေမှာ သူသူကိုယ်ကိုယ် မဟုတ်တာတွေ ပါတတ်တယ်နော်)
၁) ပြောနေဆဲမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတစ်ခုခုကို မှတ်ရအောင် ကိုယ်သိတာလေးတွေနဲ့ လေ့ကျင့်ထားတယ်။ ဆိုပါတော့... အခုဆွေးနွေးချက်ပါ တုရူဗြဟ္မာရဲ့ အဆုံးအမအရ ‘ငရဲ၊ နှုတ်ဓားမ၊ သံသရာအရှုံး” ဆိုတာမျိုးတွေပေါ့။
၂) အဲဒီသတိပေးချက်နဲ့ ပြောနေဆဲထက် နှုတ်မလွန်မိအောင် ပြန်ထိန်းတယ်။
၃) စကားဝိုင်းအပြီး အီမိုးရှင်းငြိမ်သွားတဲ့အခါ နောက်ထပ် ထိုသို့မပြောမိအောင် ထိန်းဖို့ ကိုယ့်ကိုယ်ကို ဆုံးမတယ်။
စွဲနေတာလေးနဲ့
ငယ်ငယ်က (အသက် ၉-နှစ်က) လွတ်လပ်ရေးနေ့ ဇာတ်ပွဲတစ်ခုကို မြို့မှာနေတဲ့ ဆရာ့မိသားစု (ရွာက ကျောင်းဆရာရဲ့ သားစု)နဲ့အတူ သွားကြည့်ဖူးတယ်။ ဇာတ်ပွဲနာမည် “ပေါ်ဆန်း”တဲ့။ အဲဒီမှာ ပါတဲ့ လူပြက်နာမည် “အာဝါး”တဲ့။ အာဝါးပြောတဲ့စကားကို စွဲနေသေးတယ်...
“အထက်မှာ သိကြား၊ အောက်မှာ မောင်မောင်အာဝါးပါ ခင်ဗျ၊ ကျုပ်က အိမ်တစ်ရာမှာ ကိုးဆယ့်ကိုးအိမ်နဲ့ မတည့်ဘူး၊ ဒါတောင် ကျုပ်ကို လူတွေက မကောင်းဘူးလို့ ပြောကြသေးတယ်၊ အတော်ဆိုးတဲ့ လူတွေပဲ”တဲ့။
လောကမှာ ငါအပါအဝင် လူပြက်အာဝါးလို လူတွေ များတယ်ဆိုတဲ့ အသိနဲ့လည်း ကိုယ်ပြောနေဆဲစကားကို ထိန်းဖို့ ပြန်သတိရလေ့ ရှိပါတယ်။ သင့်မှာလည်း အဲဒီလို ကိုယ့်ကို ထိန်းမယ့် ဘဝအတွေ့အကြုံလေး ရှိနိုင်ကောင်းပါတယ်။
ထူးပါတယ်
အကျိုးလား... အင်း... အနည်းဆုံး ယခင်နဲ့ မတူဘူးဆိုတာလောက်တော့ ကိုယ့်ကိုယ်ကို သတိပြုလာနိုင်တယ်။ ဘုန်းကြီးကတော့ ဒါလောက်ပဲ ဖြစ်နိုင်တယ်ဗျို့။ လုံးလုံးတော့ မပြည့်ဝနိုင်သေးဘူး။ ကြိုးစားဆဲပါ။ မွေးရာပါ ဗီဇစရိုက်ကို လုံးဝ ဖျောက်ပစ်ဖို့ ခက်သား။ ဘုန်းကြီးထက် သာအောင်တော့ ကြိုးစားကြည့်စေချင်တယ်...
စက်တင်ဘာ ၁၉၊ ၂၀၁၆။
---
၅၀၅။ ငါးပုပ်ထုပ် သမန်းမြက်
ဆရာတော် ဘုရား၊ အကြမ်းဖက်အုပ်စုဝင် အိုင်းစစ်(စ်)တို့လည်း သူတို့ဘုရားချမှတ်တဲ့ ကျမ်းမြတ်မှာပါသော အဆုံးအမကို အတိအကျ နာခံသည်ဆိုသောကြောင့် သူတို့ကိုသူတို့ လူကောင်းသူတော်ကောင်းဟု ထင်နေမည်ဟု ယူဆပါသည်။ ဗုဒ္ဓဝါဒအရ လူမိုက်နှင့် လူကောင်းကို ဘယ်လို ခွဲခြားပါသလဲ၊ သိလိုပါသည် ဘုရား။
စိန်အောင် (ပေါက်ခေါင်း)
---
ရှင်တော်ဗုဒ္ဓဟောကြားတဲ့ ဒေသနာအရှိနဲ့ ညှိပြောရရင်...
အမှိုက်တွေ
“ကြောက်ဖွယ်ဘေးအားလုံး၊ မငြိမ်သက်မှုအားလုံး၊ စိတ်ဆင်းရဲခြင်းအားလုံးသည် လူမိုက်ကြောင့် ဖြစ်၏။ လူကောင်းကြောင့် မဖြစ်။ ဥပမာ... ကျူမိုးကျူကာအိမ်၊ မြက်မိုးမြက်ကာအိမ်မှ လောင်စွဲလွင့်ထွက်သော မီးသည် အထွတ်တပ်အိမ်ကြီး အိမ်ကောင်းတို့ကိုလည်း လောင်းကျွမ်းစေသကဲ့သို့တည်း။ ထို့ကြောင့် လူမိုက်ဟု သိကြောင်း ထိုတရား သုံးပါးကို ရှောင်ကြဉ်၍ လူကောင်းဟု သိကြောင်း (ယင်း၏ ဆန့်ကျင်ဘက်) တရားသုံးပါးကို ကျင့်သုံးရမည်။”(အံ၊၁၊၉၉)
ဒီဒေသနာအရ ကြောက်ဖွယ်ဘေးအန္တရာယ်တွေကို ဖြစ်စေသူ၊ မိမိတို့နေထိုင်တဲ့ မြို့ပြပြည်ရွာအတွင်း မငြိမ်သက်မှုတွေကို ပေါ်ပေါက်စေသူ၊ လူတွေရဲ့စိတ်နှလုံးကို ကြိမ်မီးအုံးသလို ခံစားရအောင် ဖန်တီးသူကို ဘယ်ဘုရားရဲ့ ကျမ်းမြတ်ကိုပဲ နာခံနာခံ လူမိုက်လို့ ခေါ်ပါတယ်။ အဲဒါမျိုးကို မလုပ်သူကိုတော့ လူကောင်းပေါ့။
ကမ္ဘာတစ်လွှားမှာ ကြောက်နေရတဲ့ ကိုယ်ကပ်ဗုံးဘေး၊ အင်အားကောင်းရင် ကောင်းသလို အုပ်စုလိုက် ဆူပူထကြွမှု၊ ခေါင်းဖြတ်ခြေဖြတ် နှိပ်စက်မှုတွေ ဘယ်သူ့ကြောင့် ဖြစ်ရသလဲ။ ဗုဒ္ဓဝါဒအရတော့ အဲဒီလိုလုပ်တဲ့လူ သို့မဟုတ် လူစုကို အသိဉာဏ်မလင်းသူ လူမိုက်လို့ သတ်မှတ်ပါတယ်။
အပြူအမူအရ
“လူမိုက်၊ လူကောင်းဟူသည်ကို အပြုအမူအရ သိနိုင်၏။ ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် စရိုက်ဆိုးကို ပြုလျှင် လူမိုက်၊ စရိုက်ကောင်းကို ပြုလျှင် လူကောင်းဟု သိရမည်။ လူမိုက်သည် ကြံဆိုးကို ကြံစည်၏။ အကျိုးမဲ့စကားကို ဆို၏။ ဆိုးညစ်သောအလုပ်ကို လုပ်၏။ လူမိုက်သည် မိမိ၏ ဂုဏ်ကို တူးဖြိုသူ၊ အပြစ်ရှိသူ၊ ဆင်ခြင်ဉာဏ်ရှိသူတို့၏ ကဲ့ရဲ့မှုကို ခံရသူ ဖြစ်၏။ လူကောင်းကား ယင်းနှင့် ဆန့်ကျင်ဘက်တည်း။” (အံ၊၁၊၁၀၀)
ဒီဒေသနာအရ လူမိုက်လူကောင်း၊ ငြိမ်းချမ်းမငြိမ်းချမ်းဆိုတာကို စကားရည်လုပွဲလုပ်ပြီး ဆုံးဖြတ်စရာမလိုဘူး။ အလုပ် သူ့အပြုအမူနဲ့ပဲ ဆုံးဖြတ်နိုင်တယ်။ “ငါဘုရားမှ ဘုရားအကြီးကြီး”လို့ နားရွက်ဆွဲအော်ပြီး ဘူတာရုံ လေဆိပ်တွေက အပြစ်မဲ့ခရီးသွားတွေထဲ ဗုံးကပ်ကိုယ်နဲ့ ပြေးဝင်ပြီး ဖောက်ခွဲဖို့ အဘယ်လူကောင်းမှ ကြံစည်မှာ မဟုတ်ဘူး။ အဲဒီလိုလုပ်သူ၊ လုပ်တာကို လူသိအောင် ဝမ်းသာပြသူ၊ ဆင်ခြင်ဉာဏ်ရှိတဲ့လူကောင်းတွေ အပြစ်တင်ခံရမှာကို ကြောက်လို့ စိတ်ထဲက ကျိတ်ကြိုက်နေသူ အားလုံး အတူတူပါပဲ။
ဝါဒတူရင်
“ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်သော် သမန်းမြက်လည်း အပုပ်နံ့လှိုင်သကဲ့သို့ လူမိုက်နှင့် အပေါင်းအသင်းပြုသူလည်း ကောင်းသတင်းမထွက်၏။ ဆိပ်လူးမြားသည် အဆိပ်မလိမ်းရသေးသော မြားစည်းရှိ အခြားမြားတွေကိုလည်း အဆိပ်ဖြင့် လိမ်းကျံကူးစက်စေသကဲ့သို့ လူမိုက်သည် မိမိနှင့် အပေါင်းအသင်းပြုသူကိုလည်း မိမိ၏ အယုတ်တမာမှုနှင့် လိမ်းကျံစေ၏။”(ဥဒါန၊ ၂၄၁)
ဒါကြောင့် အပေါ်စီး (upper hand)ကို မရသေးလို့ လေချိုသွေးပြီး ငြိမ်းချမ်းရေးစကားဆိုရင်း ငြိမ်နေတဲ့ ဝါဒတူသူအားလုံးလည်း ငါးပုပ်ထုပ်တဲ့ သမန်းမြက်ပါပဲ။ ဝါဒ(ယူဆပုံ)မတူရင်တော့ အဲဒါရဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ်ပဲပေါ့။
စက်တင်ဘာ ၂၀၊ ၂၀၁၆။
---
၅၀၆။ မုသာဝါဒနဲ့ ဘုရားလောင်း
ဘုန်းဘုန်း မေးလျှောက်စရာလေးရှိလို့ပါဘုရား ... တပည့်တော်မတို့ရဲ့ ဘုရားအလောင်းတော်ဟာ ဆုကြီးပန်ပြီးကတည်းက အရက်သမားနှင့် ကာမေသု မကင်းသူ ဖြစ်ဖူးသော်လည်း မုသာဝါဒကိုတော့ လုံးဝ မပြောမဆိုခဲ့ဘူးလို့ ကြားဖူးသည်မှာ မှန်ပါသလား ဘုရား။
ငယ်ငယ် (ပွင့်လှ)
---
လုပ်ရဲရင်
ဟရိတစအမည်ရှိ ဘုရားလောင်းရသေ့ဟာ ဘုရင်မရှိတုန်း နန်းဆောင်ကို ဆွမ်းခံကြွစဉ် သူ့သင်္ကန်းသံကြောင့် မိဖုရားကြီးမှေးအိပ်ရာမှ လန့်နိုး၊ အဝတ်လျှောတာနဲ့ မိဖုရားကြီးနဲ့ လူလိုနေဖြစ်သွားတယ်။ မင်းကြီးပြန်ရောက်လို့ ရသေ့ကို ကြားတိုင်းမှန်ပါသလားလို့ မေးတဲ့အခါ မိမိလိမ်ပြောရင် ယုံမည်သေချာပေမယ့် ဘုရားလောင်းက အမှန်အတိုင်းဝန်ခံတယ်။ ဒါကို အဋ္ဌကထာမှာ ဆိုပုံက...
“ဘုရားလောင်းသည် ရံခါ သူသတ်သမား၊ ခိုးသား၊ သူ့အိမ်ရာ ဖြစ်မှား၊ အရက်သမား ဖြစ်သော်လည်း အကျိုးစီးပွားကို ပျက်စီးစေသည့် မမှန်စကားကိုမူ စေတနာပြဋ္ဌာန်းပြီး ပြောဆိုခြင်းမရှိ။” (ဇာ၊ဋ္ဌ၊၃၊၄၇၅)
ဒီစကားအရဆိုရင် “ကြားဖူးတာ မှန်တယ်”လို့ ဆိုရမှာပေါ့။ ဒါပေမယ့်...
မမှန်စကားပဲ
ဘုရားလောင်း ကုဏာလ ဥဩငှက်မင်းဟာ နောက်ဘဝကို မြင်နိုင်တဲ့ဉာဏ် (ဇာတိဿရဉာဏ်)ကို ရလို့ မိမိဖြစ်ဖူးတဲ့ ဘဝတစ်ခုကို သူ့ပရိသတ်အား ပြောပြပုံက... ကိုယ်ကျင့်တရားကောင်းလွန်းတဲ့ “သစ္စတ.ပါပီ” ပရိဗိုဇ်မကို ဖျက်ဆီးနိုင်ရင် ငွေတစ်ထောင်ပေးမယ်လို့ အရက်သမားတစ်ဦးက ပြောတဲ့အခါ ဣတ္တိယကျမ်း ကျေပုံရတဲ့ ကျန်တစ်ဦးက “စိန်လိုက်ပါ ဆွေ”တဲ့။ ဒါနဲ့ ဒုတိယအရက်သမားဟာ ရသေ့ယောင်ဆောင်၊ သုသာန်မှာနေတဲ့ ပရိဗိုဇ်မကို ချဉ်းကပ်ပြီး မိမိအလိုသို့ ပါလာအောင် လိမ်ညာလှည့်ဖျားနိုင်ခဲ့တယ်။
ထိုစဉ်က စိန်ခေါ်သူ အရက်သမားဟာ ကုဏာလဥဩငှက်မင်းပါပဲ။ (တဒါ ကုဏာလော သုရာဓုတ္တကော အဟောသိ။ ဇာ၊ဋ္ဌ၊၅၊၄၆၀) အရက်သမားနှစ်ယောက် လောင်းကစားလုပ်တာကို ခံလိုက်ရတယ်လို့ သိလိုက်စဉ်မှာ ပရိဗိုဇ်မခမျာ ဘယ်လောက်ခံစားလိုက်ရမလဲ။ သူတစ်ပါးအကျိုးစီးပွားကို ပျက်စီးစေတဲ့ မမှန်စကားအစစ်ပဲလေ။
ယူဆခွင့်
အလောင်းတော် ကုဏာလငှက်မင်း ဇာတိဿရဉာဏ်နဲ့ မြင်တာဖြစ်လို့ အလွန်မကွာဝေးတဲ့ဘဝ ဖြစ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ဘုရားလောင်းအဖြစ် ဗျာဒိတ်ခံပြီးနောက်ပိုင်းလို့ ယူဆခွင့်ရှိတယ်။ ဒီလိုဆိုရင် ဒီဇာတ်တော်အရ ဘုရားလောင်းဟာ တစ်ခါတစ်ရံ သူတစ်ပါးကို အကျိုးယုတ်စေတဲ့ မုသာဝါဒနဲ့ လုံးလုံးမကင်းသေးဘူးလို့ ဆိုခွင့်လည်း ရှိနေပြန်တယ်။
အမှန်တစ်ခုအတွက် အဋ္ဌကထာကျမ်းတွေမှာ ပါလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကိုယ်တိုင်လေ့လာပြီး နှိုင်းချိန်နိုင်ဖို့သာ အဓိကကျပါကြောင်း ဦးနှောက်ထဲ ထည့်ထားလိုက်ပါ။
စက်တင်ဘာ ၂၁၊ ၂၀၁၆။
---
၅၀၇။ ငရဲခရီးသွား မှတ်တမ်း
ဆရာတော်အရှင်ဘုရား၊ တပည့်တော်တို့ရွာမှာ မူလတန်းကျောင်းဆောက်မလို့ အလှူခံထားတဲ့ ငွေတွေကို ရပ်ကွက်ထဲ လူကြီးလူကောင်းယောင်ဆောင်နေသူက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပေါင်းပြီး သုံးပစ်ပါသည်။ အဲဒီလူကြီးလည်း မကြာခင် လေဖြတ်သလိုဖြစ်ပြီး စကား ‘အ’သွားပါသည်။ အဲဒီလို လူထုငွေကို အလွဲသုံးစားလုပ်သူတွေ သေရင် ဘယ်လိုငရဲကို ရောက်နိုင်ပါသနည်း ဘုရား။ ကျမ်းဂန်မှာ ရှိလျှင် ဟောကြားတော်မူပါ ဘုရား။
ဝင်းမင်းထွေး
---
လူထူးတွေ
လူသားအဖြစ်နဲ့ နတ်ပြည်ကို ရောက်ဖူးတဲ့အထဲမှာ မြတ်စွာဘုရားရဲ့ ညီတော် နန္ဒမင်းသားလည်း ပါတယ်။ မြတ်စွာဘုရားခေါ်သွားလို့ ဘုရားနဲ့အတူပါသွားတာ။ လမ်းမှာ ဘုရားက မင်းသားရဲ့ ညားခါစ ဇနီးချစ်ကို မျောက်အိုမနဲ့ နှိုင်းပြတုန်းကပေါ့။ တန်ခိုးရှင်ကြီး အရှင်မောဂ္ဂလ္လာန်လည်း ငရဲပြည်ရော နတ်ပြည်ပါ ရောက်ဖူးသတဲ့။ ဘုန်းကံကြီးလွန်းလို့ ငရဲပြည်ကိုရော နတ်ပြည်ကိုပါ တစ်ပြိုင်နက် အလည်အပတ်ရောက်ဖူးသူ နောက်လူထူးတစ်ဦးက “တေ.ဇ..နေ.မ၊ ဘူ.စန်.နာ.ဝ”လို့ ဇာတ်ဆယ်ဘွဲ့ထဲက လေးဦးမြောက် ‘နေ = နေမိမင်းကြီး’ပါ။ တန်ခိုးတို့ ဘုန်းကံတို့ဆိုတာ လူလုပ်တာတွေ ဖြစ်လို့ အဲဒါတွေ ရှိရင် ဘယ်သူမဆို သွားနိုင်လည်နိုင်တယ်။
ငရဲဧည့်သည်
တာဝတိံသာနတ်တွေ သုဓမ္မာဇရပ်မှာ အစည်းအဝေးထိုင်ရင်း သူတို့ရဲ့နတ်စည်းစိမ်ကို လူ့ပြည်က နေမိမင်းကြောင့် ရခဲ့တာဆိုပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ နေမိမင်းကို တာဝတိံသာကို ဖိတ်ဖို့နဲ့ မာတလိကို တာဝန်ပေးဖို့ ဆုံးဖြတ်ကြတယ်။ ဝေဇယန္တာနတ်ရထား နေမိနန်းတော်ဝင်းထဲ ရောက်တော့ လူတွေစည်လိုက်တာ၊ အမေရိကန်သမ္မတ စီးတဲ့ လေယာဉ် ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ရပ်ထားသလိုပဲတဲ့။ ရထားပေါ်လည်း ရောက်ရော လမ်းနှစ်ခုတွေ့တာနဲ့ နေမိမင်းကြီးက ငရဲပြည်ကိုပါ လည်ပတ်လိုကြောင်း ပြောတဲ့အတွက် မာတလိက နတ်ပြည်ကို မသွားခင် ငရဲကြီးရှစ်ထပ်ကို အရင် ခေါ်သွားတယ်။
မီးကျီးတွင်းငရဲ
ငရဲကြီး ရှစ်ထပ်ရဲ့ အရံငရဲဖြစ်တဲ့ မီးကြီးတွင်းငရဲကို ရောက်တဲ့အခါ... နွားတွေကို ခြံထဲသို့ မောင်းသွင်းတဲ့ နွားကျောင်းသားတွေလို ငရဲထိန်းတွေက မီးလျှံပြောင်လက်နေတဲ့ လှံတွေ သန်လျက်တွေနဲ့ ထိုးရိုက်ပြီး ငရဲသားတွေကို မီးတောက်နေတဲ့ ကျီးတွင်းထဲသို့ မောင်းချတယ်။ ပြီးမှ သံခြင်းတောင်းနဲ့ မီးကျီးတွေကို ကျုံးပြီး မီးတွင်းထဲ ခါးနစ်အောင်မြုပ်နေတဲ့ ငရဲသားတွေရဲ့ ခေါင်းပေါ်က လောင်းချကြတယ်။
နေမိမင်းကြီးဟာ ဒါကိုကြည့်ပြီး ကိုယ်တိုင်ခံစားနေရသလို ဖြစ်သွားပြီး “မာတလိ၊ ဒီငရဲသားတွေ ဘယ်မကောင်းမှုတွေကြောင့် မီးကျီးတွင်းငရဲမှာ ခံနေကြရတာလဲ”လို့ မေးတယ်။ မာတလိကရဲ့အဖြေက..>
သတိထားကြ
“မင်းကြီး၊ ဒီငရဲသားတွေဟာ လူဖြစ်စဉ်က အပေါ်ယံအပြောစကားတွေချိုပြီး အတွင်းက ကောက်ကျစ်သူတွေချည်းပါ။ ခုတင်ဘယ်နှစ်လုံးဆံ့ ဆေးရုံဆောက်မည်၊ ဘေးဒုက္ခသည်တွေကို ကူညီလှူဒါန်းမည်၊ ဘယ်ဘုရားကို ပြုပြင်မည်၊ သိန်းဘယ်လောက်ကုန်မည်”လို့ အသံကောင်းတွေဟစ်ပြီး လူတွေဆီမှာ အလှူခံ၊ ရတာရဲ့ သုံးပုံ ၂-ပုံကို အကုန်ကိုယ့်အိတ်ထဲထည့် (ကိုယ်ကျိုးအတွက်သုံး)၊ လူတွေက မေးစစ်တဲ့အခါ တာဝန်ရှိလူကြီးကို လာဘ်ထိုးပြီး မုသားသက်သေတည်ခိုင်း (စာရင်းလိမ်ပြ)။ လူ့ဘဝမှာ အဲဒီလို လူလည်ကျခဲ့သူ လူ့ဂျင် လူ့ကလိမ်စိတွေ အခု ဟောဒီ မီးကျီးတွင်းငရဲမှာ ခံစားနေကြရကြောင်းပါ (ဇာ၊၂၊၁၈၉။ ဇာ၊ဋ္ဌ၊၆၊၁၃၅)”တဲ့။
ဒါကြောင့် နေမိမင်းကြီးရဲ့ ငရဲခရီးသွားမှတ်တမ်းအရ လူထုငွေကို အလွဲသုံးစားလုပ်သူတွေ “မီးကျီးတွင်းငရဲ’မှာ ကျခံရကြောင်း မှတ်သားပါ။ “ယေ ကေစိ ပူဂါယ ဓနဿ ဟေတု” စတဲ့ဂါထာကို အသံကောင်းတဲ့ပုဂ္ဂိုလ်တွေ ရွတ်ရင် သိပ်နားထောင်ကောင်းတယ်။ ဓမ္မကထိကတို့ စမ်းကြည့်ပါ။
စက်တင်ဘာ ၂၂၊ ၂၀၁၆။
---
၅၀၈။ မေတ္တသုတ်ခက်ဆစ်
ဘုန်းဘုန်း ဘုရား၊ မေတ္တသုတ်ကို မြန်မာလို နားလည်ချင်ပါတယ် ဘုရား။ ဖြစ်နိုင်လျှင် အဓိပ္ပာယ်ကိုလည်း အကျဉ်းမျှ သိလိုပါတယ်။ ဘုန်းဘုန်း အချိန်ရလျှင် ဖြေကြားပေးပါ ဘုရား။
နန်းရွှေရည် (S. San Francisco)
---
တိုက်တွန်းချက်
၁။ ယဿာ.နုဘာဝတော ယက္ခာ၊
နေဝ ဒဿေန္တိ ဘီသနံ။
ယဉှိ စေဝါ နုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
မေတ္တသုတ်ကို ရွတ်ပွားတဲ့အတွက် နတ်ဘီလူးတွေက ကြောက်ဖွယ်အဆင်း အသံတွေကို မပြတော့ဘူး။ ဒါကြောင့် (မေတ္တသုတ်ကို) မပြတ်နေ့ည ရွတ်ပွားကြပါ။
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
မေတ္တသုတ် ရွတ်ကျိုး
(၁) သုခံ သုပတိ = ကောင်းကောင်းအိပ်ပျော်တယ်
(၂) သုတ္တော စ ပါပံ ကိဉ္စိ န ပဿတိ = အိပ်မက်ဆိုး မမက်ဘူး။
မေတ္တာကျိုး ၁၁-ပါး
ဝိသုဒ္ဓိမဂ်မှာလာတဲ့ မေတ္တာပို့ရကျိုး ၁၁-မျိုးက “ချမ်းသာအိပ် နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ပြီးခဲ့၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာလားရ၊ ဆယ့်တစ်ဝသည်၊ ပွားကြ မေတ္တာအကျိုးတည်း။” အဓိပ္ပာယ်နားလည်နိုင်လောက်အောင် ပေါ်လွင်ပါတယ်။
ပြည့်စုံစရာ ၁၅-ဖြာ
၃။ ကရဏီယ မတ္ထ.ကုသလေန၊
ယန္တ သန္တံ ပဒံ အဘိ.သမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သူဝစော စဿ မုဒု အနတိမာနီ။
(၁) သက္ကော = စွမ်းနိုင်သူ
ကိုယ့်အလုပ်ကို ယုံကြည်၊ ကျန်းမာ၊ မကောက်ကျစ်၊ မပျင်းရိ၊ ဉာဏ်ရှိဆိုတဲ့ အရည်အချင်းလေးမျိုးရှိသူ။
(၂) ဥဇူ = ဖြောင့်မတ်သူ
ကောက်ကျစ်သူဟာ သူတစ်ပါးကို မေတ္တာထားလို့ မရ။ ကောင်းမြတ်သောတရားဆိုတာ သန့်ရှင်းသော စိတ်ဓာတ်၌ စွဲထင်နိုင်တယ်။ ဖြူစင်တဲ့ပိတ်ကားမှာ ပန်းချီရုပ် စွဲထင်သာနိုင်သလိုပါပဲ။
(၃) သုဟုဇူ = သိပ်ဖြောင့်မတ်သူ
ကိုယ်နှုတ် ကောက်ကျစ်မှုမရှိရင် ဥဇူ။ ကိုယ်နှုတ်ရော စိတ်ပါ မကောက်ကျစ်ရင် သုဟုဇူလို့ ခွဲပြတယ်။ တစ်ကြိမ်တစ်ခါပဲ ဥဇူဖြစ်နိုင်တာကို မကျေနပ်သေးဘဲ ထပ်ခါထပ်ခါ ဖြစ်လာနိုင်ရင် သုဟုဇူဖြစ်တယ်လို့လည်း ဆိုရတယ်။
(၄) သူဝစော = ဆိုဆုံးမလွယ်သူ
ဓမ္မသွန်သင်မှုကို ရဖို့ စိတ်အားထက်သန်သူ။ အကြောင်းကတော့ ဓမ္မသွန်သင်မှုကို မနှစ်သက်သူ၊ ခံမပြော နားမထောင်သူတွေ တရားနဲ့ဝေးလို့ပါပဲ။
(၅) မုဒု = နူးညံ့ပျော့ပျောင်းသူ
စိတ်နူးညံ့သူဖြစ်မှ မေတ္တာပို့နိုင်တယ်။ ဓမ္မကိုကျင့်ရန် ပျင်းရိဆုတ်နစ်သူ၊ သဒ္ဓါအားနည်းသူတွေဟာ မာကျောနေတဲ့ရွှေရိုင်းကို အသုံးမပြုနိုင်သေးသလို မေတ္တာပွားများဖို့ အဆင်သင့်မဖြစ်သေးဘူး။
(၆) အန.တိမာနိ = မာန်မာနမရှိသူ
အမျိုး ပညာ ဥစ္စာ ရာထူး အလှ အရွယ် စသည်ကြောင့် မာန်တက်နေသူတွေဟာ သူတစ်ပါးကို မေတ္တာထားနိုင်ဖို့ခက်တယ်။ တရားအားထုတ်ရာမှာ အနည်းငယ်သော မာနသည်ပင် တရားထူးရဲ့ အနှောက်အယှက် ဖြစ်တတ်တယ်။
၄။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက.ဝုတ္တိ။
သန္တိယော စ နိပကော စ၊
အ.ပ္ပဂဗ္ဘော ကုလေသွ နနု.ဂိဒ္ဓေါ။
(၇) သန္တုဿကော = ရောင့်ရဲလွယ်သူ
ရှိတာလေးနဲ့ မရောင့်ရဲနိုင်သူတွေဟာ ရလာရင် ပိုရအောင်လုပ်ရင်း ဗျာပါများနေတတ်တယ်။ မိမိသူတစ်ပါးကြောင့် စိတ်ဆိုးဒေါသဖြစ်ရပါများလို့ မေတ္တာဘာဝနာရဲ့ အနှောင့်အယှက် ဖြစ်တယ်။
(၈) သုဘရော = မွေးမြူမှု လွယ်ကူသူ
အချိုရရင် အချဉ်ရှာ၊ အချဉ်ရပြန်တော့ အစပ်ရှာသူ။ အနေအထိုင် အစားအသောက် ဇီဇာကြောင်သူတွေလည်း မေတ္တာပွားဖို့ ခက်ပါသတဲ့။
(၉) အပ္ပ.ကိစ္စော = အမှုကိစ္စနည်းသူ
ဓမ္မကိုကျင့်ကြံသူဟာ အားအားရှိ အသိတွေကို ဖုန်းခေါ်ပြီး အကြောင်းရှာ စကားမပြော။ စကားများမှု၌ သာယာမနေ။ အပျော်အပါး၊ အကြောင်းမဲ့အိမ်လည်မှုတွေ နည်းနိုင်သမျှ နည်းသင့်တယ်။
(၁၀) သလ္လဟုကဝုတ္တိ = ပေါ့ပါးသူ
ရှိသင့်တာထက်ပိုပြီး အသုံးအဆောင်တွေများနေရင် အဲဒါတွေကို သိမ်းဆည်းရ၊ စောင့်ရှောက်ရ၊ ပြုပြင်ရ၊ ပူပန်ရလို့ မပေါ့ပါးဘူး။ ဓမ္မရှာဖွေမှုအတွက် အချိန်နည်းသွားစေတယ်။ ဒါကြောင့် တကယ်လုပ်တော့မယ်ဆိုရင် အနည်းဆုံး အချိန်အတိုင်းအတာနဲ့ဖြစ်စေ အဲဒါတွေကို ဖြတ်တောက်ထားရမယ်။
(၁၁) သန္တိန္ဒြိယော = ဣန္ဒြေငြိမ်သက်သူ
မျက်စိ နား နှာ လျှာ ကိုယ်စိတ်၊ ဒီခြောက်မျိုးကို ငြိမ်အောင် မပွလွန်းအောင် ထိန်းနိုင်သူ။ နှစ်သက်စရာတွေ့ရင် တပ်မက်၊ မကြိုက်စရာကြုံရင် စိတ်ဆိုးပြီး စိတ်နောက်ကိုလိုက်လွန်းရင် ဓမ္မကို အားထုတ်ရာမှာ တိုးတက်ဖို့ ခက်ခဲတယ်။
(၁၂) နိပကော = ပညာရှိသူ
ဓမ္မရေးရာနဲ့ပတ်သက်တဲ့ အကျင့်ပဋိပတ်ကို နားလည်သူ။ အကျင့်မှန်မမှန် နှိုင်းချိန်တတ်သူ။ အကျိုးကို ဆင်ခြင်နိုင်သူ။
(၁၃) အ.ပ္ပဂဗ္ဘော = မကြမ်းတမ်း မရိုင်းပြသူ
ကိုယ်နှုတ်စိတ်ကြမ်းရိုင်းသူ မဖြစ်ရ။ ကိုယ်နှုတ်က မပြု မပြောပေမယ့် စိတ်ထဲက မဟုတ်တာတွေကို ကြံစည်တာများနေရင် မေတ္တာပို့ရတာခက်တယ်။ မေတ္တာဆိုတာ ကိုယ်နှုတ်နှလုံးသုံးပါးလုံး ယဉ်ကျေးမှုရဲ့သင်္ကေတဖြစ်လို့ ဒီသုံးပါး ကြမ်းရိုင်းသူရဲ့ သန္တာန်မှာ မေတ္တာမတည်တံ့နိုင်။
(၁၄) ကုလေသွ နနုဂိဒ္ဓေါ = ပုဂ္ဂိုလ်ကို မတွယ်တာသူ
လဟာ မည်သူ့ကိုမျှ မတွယ်တာပေမယ့် လကို လူတိုင်း မြတ်နိုးသလို သတ္တဝါတွေကို မခွဲခြားဘဲ တူမျှတဲ့စိတ်ရှိအောင် ကျင့်ရတယ်။
၅။ န စ ခုဒ္ဒ.မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ.ဝဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
(၁၅) န စ ခုဒ္ဓ.မာစရေ ကိဉ္စိ = မကောင်းမှုမှန်ရင် ရှောင်
မကောင်းမှုမှန်ရင် နည်းနည်းလေးလည်း မလုပ်နဲ့။ နည်းနည်းကစရှောင်မှ၊ များများကို ရှောင်နိုင်ဖို့ စိတ်ချရတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်နေသူအဖို့ နည်းနည်းမျှဖြစ်တဲ့ အပြစ်ကိုပင် မပြောပလောက်ဘူးဆိုပြီး မပြုမှားမိအောင် ကြိုးစားရတယ်။
မေတ္တာပို့သူဟာ အထက်ပါ ၂-ဂါထာခွဲမှာ ဖော်ပြတဲ့ အကျင့်ကောင်း ၁၅-မျိုးနဲ့ ပြည့်စုံရမယ်။ တရားထိုင် ပုတီးစိပ်တဲ့ပုဂ္ဂိုလ်တွေလည်း အကျိုးရချင်ရင် ဒီကိုယ်ကျင့်တရားတွေ အရင်ဆုံး ရှိထားရမယ်။ အမှတ် ၅-ဂါထာရဲ့ ဒုတိယစာကြောင်း ၂-ခုက မေတ္တာစပို့ပုံအခြေခံကို ပြတယ်..
မေတ္တာပို့ပုံ အခြေခံ
သဗ္ဗေ သတ္တာ သုခိနော ဟောန္တု၊ ခေမိနော ဟောန္တု။
လုံးစုံများစွာ သတ္တဝါ ကိုယ်မှာ သုခမြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
သဗ္ဗေ သတ္တာ သုခိတတ္တာ ဘဝန္တု၊ ခေမိနော ဟောန္တု။
လုံးစုံများစွာ သတ္တဝါ စိတ်မှာ သုခမြဲပါစေ၊
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
“လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ”လို့ ပါဠိနှစ်ဝါကျကို မြန်မာလို တစ်ဝါကျတည်း ပေါင်းပြီးတော့လည်း မေတ္တာပို့နိုင်တယ်။
မေတ္တပို့နည်း ၁၁-နည်း
၆။ ယေ ကေစိ ပါဏ.ဘူတတ္ထိ၊
တသာ ဝါ ထာဝရာဝ နဝ.သေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အနုက ထူလာ။
(၁) တသာ ဝါ ထာဝရာ
ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(၂) ဒီဃာ ဝါ ရဿာ ဝါ မဇ္ဈိမာ ဝါ
ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(၃) မဟန္တာ ပါ အနုကာ ဝါ မဇ္ဈိမာ ဝါ
ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(၄) ထူလာ ဝါ အနုကာ ဝါ မဇ္ဈိမာ ဝါ
ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ဒိဋ္ဌာ ဝါ ယေဝ အ.ဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အ.ဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
(၅) ဒိဋ္ဌာ ဝါ အဒိဋ္ဌာ ဝါ
မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(၆) ဒူရေ ဝါ အဝိဒူရေ ဝါ ဝသန္တာ
ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(၇) ဘူတာ ဝါ သမ္ဘဝေသီ ဝါ
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိ.မညေထ ကတ္ထစိ န ကိဉ္စိ။ ဗျာရောသနာ ပဋိဃသည၊
နာည.မညဿ ဒုက္ခ.မိစ္ဆေယျ။
(၈) န ပရော ပရံ နိကုဗ္ဗေထ။
ပရော၊ သူတစ်ယောက်သည်။ ပရံ၊ အခြားသူ တစ်ယောက်ကို။ န နိကုဗ္ဗေထ၊ စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်၊ မြပြုပါစေသတည်း။
လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
(၉) နာတိ.မညေထ ကတ္ထစိ န ကိဉ္စိ။
ပရော၊ သူတစ်ယောက်သည်။ ကိဉ္စိ နံ၊ အခြား ဘယ်သူ့ကိုမျှ။ ကတ္ထစိ၊ ဘယ်နေရာမှာ မဆို။ နာတိမညေထ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့်၊ မပြုပါစေသတည်း။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
(၁၀) ဗျာရောသနာ ပဋိဃသည။
ပရော၊ သူတစ်ယောက်သည်။ ပရံ၊ အခြား တစ်ယောက်ကို။ ဗျာရောသနာယ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားခြင်းဖြင့်လည်းကောင်း။ ပဋိဃသညာယ၊ ဒေါသစိတ်ဖြင့်လည်းကောင်း။ န ဣစ္ဆေယျ၊ အလိုမရှိပါစေလင့်၊ အလိုမရှိပါစေသတည်း။
နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
(၁၁) နာည.မညဿ ဒုက္ခ.မိစ္ဆေယျ။
အညော၊ တစ်ယောက်သော သူသည်။ အညဿ၊ အခြားတစ်ယောက်သောသူ၏။ ဒုက္ခံ၊ ဆင်းရဲဒုက္ခကို။ န ဣစ္ဆေယျ၊ အလိုမရှိပါစေလင့်၊ အလိုမရှိပါစေသတည်း။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၉။ မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနု.ရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အ.ပရိမာဏံ။
မိခင်ဟာ တစ်ဦးတည်းသော သားရင်းကို အသက်တမျှ မေတ္တာထားသလို သတ္တဝါအားလုံးအပေါ် ကြီးမားတဲ့မေတ္တာမျိုး ဖြစ်အောင် ပွားများပါလေ။
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အ.ပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အ.သမ္ဗာဓံ အ.ဝေရ မ.သပတ္တံ။
ကာမ ရူပ အရူပဆိုတဲ့ လောကသုံးပါးအပေါ် အကန့်အသတ်မဲ့ မေတ္တာစိတ်ကို မကျဉ်းမြောင်းအောင်၊ ဒေါသဟူသော အတွင်းရန်သူ မရှိအောင်၊ အပရန်သူတွေလည်း မရှိအောင် ပွားများပါလေ။
၁၁။ တိဋ္ဌံ စရံ နိသိန္နောဝ၊
သယာနော ယာဝတာဿ ဝိတ.မိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မ.မေတံ ဝိဟာရ မိဓ မာဟု။
လျောင်းထိုင် ရပ်သွား(ဤလေးပါး၌) မငိုက်မျဉ်းဘဲ မေတ္တာဈာန်သတိနဲ့ နေရင် ဗြဟ္မဝိဟာရ (ဗြဟ္မာတို့၏နေခြင်း = မြတ်သောနေခြင်း)လို့ (ဘုရားရှင်တို့) ဟောတော်မူတယ်။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတု.ဂဗ္ဘသေယျ ပုန.ရေတိ။
(မေတ္တာဈာန် ရပြီးတဲ့ ယောဂီပုဂ္ဂိုလ်ဟာ) အတ္တဒိဋ္ဌိ ပြုတ်တယ်။ လောကုတ္တရာ သီလနဲ့ ပြည့်စုံတဲ့ သောတာပန် ပုဂ္ဂိုလ်ဖြစ်တယ်။ ကာမဂုဏ်ကို ကိလေသာစိတ်နဲ့ မတွယ်တာတော့ဘဲ ဘဝတစ်ဖန် ပြန်မဖြစ်တော့ဘူး။ အတ္တဒိဋ္ဌိဆိုတာ ငါ့ကိုယ် ငါ့ဟာ ငါပိုင်လို့ စွဲလမ်းမှုဖြစ်ပြီး ဒိဋ္ဌိအားလုံးတို့ရဲ့ အရင်းခံလည်း ဖြစ်တယ်။
စက်တင်ဘာ ၂၂၊ ၂၀၁၆။
---
၅၀၉။ မြတ်ဗုဒ္ဓ ခေါင်းရမ်း၊ ဧည့်ခံ
အရှင်ဘုရား၊ ဓာရဏပရိတ်တော်ရဲ့ အဓိပ္ပာယ်အရ မြတ်စွာဘုရားသည် အလွန်တည်ကြည်ပါသည်။ ဒါပေမယ့် ကြာနီကန်ဆရာတော်ရဲ့ တရားတစ်ခုမှာ ပုဏ္ဏေးမတစ်ယောက်က ကန်တော့ဆွမ်းပါ ဘုရားလို့ လျှောက်တဲ့အခါ မြတ်စွာဘုရားက မသွားဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းခါပြသည်ဟု ဆိုပါသည်။ မြတ်စွာဘုရားက ခေါင်းခါတာမျိုး အမှန်တကယ် ကျမ်းဂန်မှာ ပါမပါ သိလိုပါသည် ဘုရား။ ဆရာတော်ဘုရား ကျန်းမာပါစေ။
နွယ်နွယ်ဝင်း (အင်ဒီယာနာ)
---
ဦးလှူပုဏ္ဏား
‘ဦးလူ’လို့ ပီအောင် အသံထွက်ပါ။ လယ်မြေကိုစပြီး ရှင်းရင် “လယ်ဦးအလှူ”ဆိုပြီး ဘုန်းကြီးဆွမ်းကပ်တယ်။ ကောက်နယ်ရင် “နယ်ဦးအလှူ”၊ ငွေပေါ်ရင် ‘ဘဏ္ဍာဦး’၊ အဲဒီငွေကို အိုးထဲမှာထည့်သိမ်းရင် ‘အိုးဦး’၊ ထမင်းပန်းကန်ထဲ ထမင်းခူးထည့်ရင် “ခွက်ဦး”လို့ ခေါင်းစဉ်ငါးမျိုးနဲ့ ဦးဦးဖျားဖျား လှူလေ့ရှိလို့ “ငါးဦးလှူပုဏ္ဏား’လို့ ပါဠိစာပေမှာ မှတ်တမ်းတင်ခံရတယ်။ မြတ်ဗုဒ္ဓနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တစ်ခုကြောင့်လည်း ပိုပြီးထင်ရှားတယ်။ သူ့ဇနီးကတော့ အစပိုင်းမှာ ခင်ပွန်းအကြိုက်လိုက်လုပ်ပေးရုံ၊ ခပ်ပေါ့ပေါ့ထဲကဖြစ်ပုံရတယ်။ ဒါပေမယ့်...
ကျွတ်ထိုက်သူ
သူတို့နှစ်ယောက်လုံး အနာဂါမ်ဖြစ်နိုင်တဲ့ ကုသိုလ်ပါရမီရှိနေတာကို မြတ်ဗုဒ္ဓသိမြင်တော်မူတဲ့အတွက် တစ်နေ့မှာ သူတို့နှစ်ယောက် ထမင်းစားမလို့ ပြင်ဆင်နေတုန်း အိမ်ရှေ့တံခါးဝမှာ မြတ်ဗုဒ္ဓ ဆွမ်းရပ်တော်မူတယ်။ ပုဏ္ဏားက အိမ်ရှေ့ကိုကျောပေးပြီး ထိုင်နေလို့ မြတ်ဗုဒ္ဓကို မမြင်မိ။ ထမင်းခူးနေတဲ့ ပုဏ္ဏေးမက ဗုဒ္ဓကိုမြင်တော့ သူ့ခင်ပွန်းသာ ဗုဒ္ဓကို မြင်သွားရင် ‘ခွက်ဦး’လှူပစ်မှဖြင့် ပြန်ချက်နေရဦးမှာပဲ ဆိုပြီး ပုဏ္ဏားရဲ့ကျောနားကိုကပ်၊ လမ်းကို ကျောပေးပြီး နေပစ်လိုက်တယ်။ ခဏနေတော့ စပ်စုတဲ့အနေနဲ့ လမ်းဖက်ကိုကြည့်ပြန်တယ်။ မြတ်ဗုဒ္ဓကား ရပ်နေဆဲ။ ဒါနဲ့ ပုဏ္ဏေးမက ‘ကန်တော့ဆွမ်းပါ ဘုရား’လို့ အသံမထွက်ဘဲ ပါးစပ်ကိုအကျယ်ကြီးဟပြီး ဆိုတယ်။ အဲဒီအခါ မြတ်ဗုဒ္ဓက..
ခေါင်းရမ်း
သတ္ထာ ‘န ဂမိဿာမီ’တိ သီသံ စာလေသိ (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၆၈)။ သတ္ထာ၊ မြတ်စွာဘုရားက။ ‘န ဂမိဿာမီ’တိ၊ (ဆွမ်းမရရင်) မသွားဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့။ သီသံ စာလေသိ၊ ဦးခေါင်းကို ရမ်းပြတော်မူ၏။
ကြုံတောင့်ကြုံခဲ ဗုဒ္ဓဘုရားလို ပုဂ္ဂိုလ်ကြီးက ခေါင်းရမ်းပြတာကို မြင်တော့ ပုဏ္ဏေးမ ခွက်ထိုးခွက်လန်ရယ်သတဲ့။ ခုခေတ်ဆရာတော်တွေ ကလေးစည်းရုံးရေးဆင်းသလို နေမှာပဲ။ နောက် ဘာဆက်ဖြစ်သလဲဆိုတာတော့ ကြာနီကန်ဆရာတော်ရဲ့ တရားကိုပဲ ဆက်နာဖို့ ညွှန်းလိုပါတယ်။ မြတ်ဗုဒ္ဓ ခေါင်းရမ်းတာ ကျမ်းဂန်မှာရှိကြောင်း သိရရင် ဒီနေရာမှာ လုံလောက်ပါပြီ။
ထမင်းကျွေး
ဘုရားရှင် နောက်ပါ သံဃာနှင့်အတူ အာဠဝီမြို့ကိုရောက်ခိုက် ဆင်းရဲချမ်းသာမဟူ လူအပေါင်း စုဝေးရောက်လာပြီး ဘုရားနှင့် သံဃာကို ဆွမ်းကပ်ကြတယ်။ ဆွမ်းဘုဉ်းပေးပြီးပေမယ့် ဘုရားရှင်က တရားမဟောသေးဘဲ အချိန်ဆွဲနေတယ်။ ထိုစဉ် နွားကျောင်းသားဆင်းရဲသားတစ်ယောက် ချွေးတလုံးလုံးနဲ့ အမောတကော ရောက်လာပြီး.. တရားနာဖို့ ပရိသတ်စွန်မှာ ဝင်ထိုင်တယ်။ မြတ်ဗုဒ္ဓက ဆွမ်းဝေယျာဝစ္စဆောင်ရွက်တဲ့ ဒါကာကို ဆွမ်းကျန်ရှိသေးရဲ့လားလို့ မေးတော့ ရှိသေးတယ်ဆိုတာနဲ့ ထိုဒကာကို ကျွေးမွေးဖို့ မိန့်တော်မူတယ်။ မြတ်ဗုဒ္ဓရဲ့စကားကြောင့် ဆွမ်းဒကာလည်း အဲဒီဆင်းရဲသားကို ကောင်းစွာ ကျွေးမွေးပြုစုတယ်။
ဒီနွားကျောင်းသားဟာ မနက်ကပင် တရားနာလာဖို့ ဆန္ဒပြင်းပြနေခဲ့ပေမယ့် ဝမ်းရေးကြောင့် တစ်မနက်လုံး မဖြစ်မနေ နွားပျောက်ကို ရှာခဲ့ရပြီးမှ ထမင်းမစားဘဲ တရားနာဖို့ရောက်လာခဲ့တယ်။ အမှန်တော့ ဒီလူရဲ့မဂ်ဖိုလ်ရနိုင်တဲ့ ကုသိုလ်ပါရမီကို မြင်လို့ပဲ မြတ်ဗုဒ္ဓ ဒီအာဠဝီခရီးစဉ်ကို ကြွခဲ့တာ။ ဒါပေမယ့် ဗိုက်ထဲက ဆာလောင်နေရင် တရားအတွက် အနှောင့်အယှက်ဖြစ်နိုင်လို့ အရင်ဆုံး အဆာပြေသွားအောင် ကျွေးမွေးဖို့ မြတ်ဗုဒ္ဓက မိန့်တော်မူရတယ်။
ရောက်လာတဲ့ ဧည့်သည်ကို ထမင်းကျွေးဧည့်ခံဖို့ မြတ်ဗုဒ္ဓကိုယ်တိုင် မိန့်တော်မူတာ ပိဋကတ်သုံးပုံမှာ ဒီတစ်နေရာပဲရှိတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၇ဝ)။
မြတ်ဗုဒ္ဓအဖို့ ပညာတတ်ဖိုးစပ်စု လူသုံးဒါဇင်လောက်ကို အင်္ဂါဇာတ်တော်ကို ပြတော်မူရတာကလွဲရင် ဒီဖြစ်ရပ်နှစ်ခု (ခေါင်းရမ်း၊ ဧည့်ခံ)က ရှားပါးဖြစ်ရပ်မို့လို့ မေးခွန်းမှာမပါပေမယ့် ထည့်ပြီး ဖြည့်ဖြေလိုက်ပါတယ်။
လယ် နယ် ဘဏ္ဍာ အိုး ခွက်ပါ ငါးဖြာ ဦးလှူသည်။
ဦးလှူပုဏ္ဏား ဇနီးအား ဘုရားခေါင်းတော် ရမ်းပြသည်။
အာဠဝီမြို့သား နွားကျောင်းသား ဘုရားဧည့်ခံသည်။
ဖြစ်ရပ်နှစ်ပါး ရှာမှရှား ဘုရားမြတ်ရှင် ပြခဲ့သည်။
စက်တင်ဘာ ၂၃၊ ၂၀၁၆။
---
၅၁၀။ ဓမ္မရှင်းတမ်း
ဆရာတော် ဘုရား၊ ဓမ္မဆရာတစ်ယောက်က မင်းတုန်းမင်း ပဉ္စမသံဂါယနာတင်တုန်းက ဗားကရာဆရာတော်၊ တောင်ဇီဆရာတော်တို့ကို လျှောက်ပြီး အနာဂဝံသစက္ခုကျမ်းကို သံဂါယနာမတင်ဘဲ ချန်ထားခဲ့တယ်ဆိုတာ မှန်ပါသလား ဘုရား။ အဲဒီကျမ်းမှာ ခရစ်တော်ပေါ်မှာကို ဗုဒ္ဓဟောကြားခဲ့တယ်လို့လည်း ဆိုပါတယ် ဘုရား၊ ခရစ်တော်ကို လူမသိအောင် မင်းတုန်းမင်းက အဲဒီကျမ်းကို သံဂါယနာမတင်ဘဲ ပယ်ခဲ့တယ်လို့ ဆိုပါတယ် ဘုရား။ ဆရာတော် ကြည့်ရှုနားထောင်နိုင်အောင် ရုပ်သံဖိုင်ကိုလည်း ပို့ပေးလိုက်ပါတယ် ဘုရား။ ကြည့်ရှုပြီးနောက် သင့်နိုးရာကို ရှင်းပြပေးစေလိုပါသည် ဘုရား။
ကိုဇော်အုန်း LA
---
တောင်းပန်လို့
မေးခွန်းနဲ့အတူတွဲပို့လိုက်တဲ့ ရုပ်သံဖိုင်ကို အစအဆုံး နားထောင်ကြည့်ပြီးပါပြီ။ အပြောအဆိုတွေ အိုဗာဖြစ်လွန်းလို့ ရေးတယူတုံ့ပြန်ဖွယ်မလိုဘူးလို့ ယူဆခဲ့ပေမယ့် ဒကာ ကိုဇော်အုန်းလို ဘာသာရေး လေ့လာလိုက်စားတဲ့ လူငယ်တစ်ယောက်က ဖြေပေးဖို့ အားတက်သရော တောင်းပန်လာလို့ အဲဒီရုပ်သံဖိုင်ထဲက ဗုဒ္ဓဝါဒယုံကြည်မှုနဲ့ပတ်သက်တဲ့ သူပြောထားတဲ့ ရုပ်သံစကားအတိုင်းကို ထုတ်နုတ်ပြီး လိုအပ်လောက်ကိုပဲ ဆွေးနွေးလိုက်ပါတယ်။
ဒါပေါ့
(ရုပ်သံစကား) “ဗုဒ္ဓဘာသာမှာ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ရှိတယ်။ အဲဒီထဲ ကယ်တင်နိုင်တယ်ဆိုတာ မပါဘူး။ အတ္ထာ ဟိ အတ္တနော နာထော။ ဗုဒ္ဓကပြောတယ်၊ ကိုယ်ကျင့်နိုင်ရင်ရမယ်၊ မကျင့်နိုင်ရင် မရဘူး။ သူ့ကို ကိုးကွယ်လို့ နိဗ္ဗာန်မရောက်နိုင်ဘူး။ ကိုယ်ကျင့်မှ ကိုယ်ရမယ်”။
မှန်ပါတယ်.. ဗုဒ္ဓဝါဒဟာ ကယ်တင်တဲ့ဝါဒ မဟုတ်ဘူး။ ဗုဒ္ဓဘုရားတို့မည်သည် လမ်းပြသူသာဖြစ်ပါတယ်။ လမ်းကိုလျှောက်ရမှာက ကိုယ်တိုင်သာဖြစ်ပါတယ်။ “အတ္ထာ ဟိ’မှာ ထို “ဆရာဆိုသူ”ရဲ့ အသံထွက်မှားနေတယ်၊ အသံမှန်က “အတ္တာ ဟိ”လို့ တဝမ်းပူသံနဲ့ ဖြစ်ရမယ်။
ပါဠိမှား
(ရုပ်သံစကား) “တကယ်လို့ ငယ်ငယ်တည်းက သေတဲ့ထိ ကျင့်ခဲ့တယ်၊ မရဘူးဆိုရင်ကော.. ကမ္မံကရောတိ ကရောန္တော။ မိမိလုပ်တဲ့အရာသည် ကံဖြစ်တယ်။ ကံသာလျှင် အမိ ကံသာလျှင် အဖ ဖြစ်တယ်။ ဒါကြောင့် မရနိုင်ဘူးလို့ ဗုဒ္ဓတရားကပြောတယ်။”
“ကမ္မံ ကရောတိ ကရောန္တော”ဆိုတဲ့ ပါဠိမျိုး ဘယ်ကျမ်းမှာမှ မပါနိုင်ဘူး။ အဲဒီပါဠိရဲ့ အဓိပ္ပာယ်က “ကမ္မံ၊ ကံကို (သို့မဟုတ်) အလုပ်ကို။ ကရောတိ၊ ပြု၏။ ကရောန္တော၊ ပြုသောသူသည် (သို့မဟုတ်) ပြုလျက်” ဖြစ်လို့ ဘာမှ ကောက်ချက်လို့ မရဘူး။ အဲဒီပါဠိက “ကံသာလျှင် အမိ၊ ကံသာလျှင် အဖ”လို့ အဓိပ္ပာယ်မထွက်ပါဘူး။
“တရားထူး မရနိုင်တာကို ကံကြောင့်’လို့ မြတ်ဗုဒ္ဓဟောတယ်လို့ ဆိုလိုပုံရတယ်။ အဲဒီလိုဟောထားတာ မရှိပါဘူး။ ဤလူ့အဖြစ်နဲ့ တရားရှုမှတ်ခွင့်ရတာကိုက ပါရမီကုသိုလ်ကံကောင်းလို့ဖြစ်ကြောင်း ဗုဒ္ဓဝါဒီတို့က ယုံကြည်ပါတယ်။
ဘယ်သူရေနစ်
(ရုပ်သံစကား) “မြန်မာနိုင်ငံတွင်းမှာသာမက ကမ္ဘာအရပ်က မြန်မာလူမျိုးတွေ ရဟန်းသံဃာတွေအားလုံး ရေနစ်နေတဲ့လူနဲ့တူတယ်။ ရေနစ်နေတဲ့လူတွေကို ကမ်းပေါ်က ရေကူးနည်းသင်ပေးလို့ မရဘူး။ ရေကူးနည်းကတော့ မှန်နေတာပဲ။ နစ်နေတဲ့လူက မွန်းဖို့ပဲရှိတယ်။ ဒီရေနစ်နေတဲ့လူတွေအတွက်ဆို ဝါးလုံးထိုး ကြိုးနဲ့ဆွဲ ဘယ်လိုဆယ်ဆယ် ကယ်တင်မယ့်လူရှိမှရမယ်။ ကယ်တင်မယ့်လူရှိမှ ဘာမှမလုပ်ဘဲ ကမ်းကိုရောက်နိုင်မယ်”။
ဗုဒ္ဓဝါဒကို လိုက်နာကျင့်သုံးသူအားလုံးဟာ “ကယ်တင်ခြင်း၊ ကယ်တင်သူ”ဆိုတာကို မယုံကြည်တဲ့အတွက် ရေနစ်သူနဲ့မတူပါဘူး။ ရေကူးနေသူတွေနဲ့တူတယ်။ သူပြောတဲ့အတိုင်း ‘ရေးကူးနည်းမှန်နေတဲ့အတွက်’ ကူးနေသူတစ်ယောက်အဖို့ ကမ်းကိုရောက်ကိုရောက်မှာပဲ။ ဘာမှမရှိတဲ့ အဇဋာဝေဟင်ကောင်းကင်ပြင်ကို စိတ္တဇမျက်လုံးနဲ့ ငေးစိုက်ပြီး တောင်းဆုဆိုနေတဲ့ သူလိုလူတွေသာ ရေနစ်နေသူနဲ့ ပိုမတူဘူးလား။
ပုံပြင်တစ်ခု
(ရုပ်သံစကား) “ကာမောဃ ဘာဝေါဃ ဒိဋ္ဌောဃ ဝိဇ္ဇောဃလို့ခေါ်တဲ့ ဩဃလေးဖြာ သံသရာရေလျဉ်ကြောကြီးထဲမှာ အားလုံးနစ်နေကြတယ်။ နစ်နေကြတယ်ဆိုတော့ ရေကူးနည်းတွေဟာ ဘယ်လိုမှ လွတ်မြောက်နိုင်ဘူး။ ကူးလို့လည်း မရတော့ဘူး။ ဒီအတွက် ကျွန်တော်တို့ ခရစ်တော် ယေရှုဘုရားကနေပြီးတော့ ရွေးနုတ်ပြီး ကယ်တင်ခဲ့တယ်”။
ပါဠိကို သင်ဖူးရင် ရုပ်သံထဲက “ဆရာ’ဆိုသူ အသံထွက်သလို “ဘာဝေါဃ”လို့ အသံမထွက်ပါဘူး။ အဲဒီလို အသံထွက်ရင် ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး။ “ဩဃလေးဖြာ သံသရာ”ဆိုတဲ့ အသုံးလေးတော့ မှန်အောင်ပြောနိုင်သားပဲ။ “ယေရှုဘုရားက ရွေးနုတ်ပြီး ကယ်တယ်”ဆိုတော့ “ငါ့ကိုယုံတဲ့လူကို ရွေးပြီးကယ်မယ်၊ မယုံတဲ့လူကတော့ ထာဝရငရဲကိုသွား”လို အဓိပ္ပာယ်လား။
ပုံပြင်လေးတစ်ခု
ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်တပ်စိတ်တစ်ခု၊ ကုန်းပေါ်တက်၊ လည်ပတ်။ ဒီအထဲ စစ်သားတစ်ဦး အပျော်လွန်ပြီး နောက်ကျသွားလို့ ဆိပ်ကမ်းကိုရောက်ချိန် စစ်သင်္ဘောကြီး ကမ်းကခွာနှင့်ပြီ။ စိတ်ပျက်အားငယ်စွာ ကျန်ရစ်ခဲ့ရပြီးနောက် နှစ်ရက်အကြာ ရေဒီယိုသတင်းအရ အဲဒီစစ်သင်္ဘော တိုပီဒိုထိပြီး စစ်သားတွေအားလုံး သေသတဲ့။ ဒီတော့ အပျော်လွန် စည်းကမ်းဖောက်တဲ့ စစ်သားက “အမယ် ငါ့ကို ဘုရားသခင် ကယ်တာ”ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတော်တင်နေပါသတဲ့။ စည်းကမ်းမလေးစားသူကိုမှ ရွေးထုတ်ကယ်တင်ခြင်းလော။
စော်ကားခြင်း
(ရုပ်သံစကား) “ဗုဒ္ဓကတော့ ရေကူးပြတယ်၊ ရေကူးနည်းတွေကို သွန်သင်ခဲ့တယ်။ ဒါပေမယ့် မဆွဲနိုင်ခဲ့ဘူး။ ယေရှုခရစ်တော်ကတော့ ကူးနည်းကို သင်မပေးဘူး။ မပြောပြဘူး။ ပြောလိုက်တဲ့အရာတစ်ခုကတော့ ငါ့ကို ယုံကြည်ရင် ထာဝရအသက်ရမယ်။ သူကိုယ်တိုင်ဆင်းပြီးတော့ ကယ်တင်ခဲ့တယ်။”
“မဆွဲနိုင်ခဲ့ဘူး”ဆိုတာ သူ့စကားအရ “သံသရာရေလျဉ်ကြောကြီးထဲက မဆွဲနိုင်ခဲ့ဘူး”လို့ ဆိုလိုရင် ဒါဟာ ရှင်တော်ဗုဒ္ဓကိုရော ဗုဒ္ဓရဲ့တရားကိုပါ စော်ကားတာပဲ။ ယနေ့ခေတ်မှာ ဗုဒ္ဓဝါဒီမဟုတ်သူတွေ ဗုဒ္ဓပေးတဲ့ ရေကူးနည်းနဲ့ လေ့ကျင့်နေကြတယ်ဆိုတာမျိုးကို ရုပ်သံထဲက တရားဟောဆရာ ကြားဖူးလောက်ပါတယ်။
အုပ်ရေ ၁၃-သန်းလောက် ရောင်းရတဲ့ The End oF Faith, စာအုပ်ကို ရေးသူ Dr. Sam Harris က နယူးယောက်၊ ဖန်ဆင်းရှင်မဲ့ဝါဒီ (ဒီလူတွေက “ယုံပါအဆွေ”လို့ ပြောရုံနဲ့ မျက်စိမှိတ်ယုံကြည်နိုင်သူတွေ မဟုတ်ဘူး) ပရိသတ်ငါးထောင်ကို “ဝိပဿနာ”ဆိုတဲ့ ဗုဒ္ဓဘာသာဝေါဟာရကိုသုံးပြီး ကမ္မဋ္ဌာန်းထိုင်နည်းကို ဖောက်သည်ချတယ်။ “ခင်ဗျားတို့က ကျုပ်ကို ဗုဒ္ဓဘာသာဖက်က ရှေ့နေလိုက်တယ်လို့ ပြောကြတော့မှာပဲ” သူက ဟာသတောင်လုပ်သေးတယ်။ ဒါက ဦးနှောက်ကြီးပြီး မျက်စိပွင့်သူတွေအနေနဲ့ ဗုဒ္ဓပေးတဲ့ ရေကူးနည်းနဲ့ (ထိုဆရာပြောတဲ့ “သံသရာရေလျဉ်ကြောကြီး”ဆိုတာကို အသာထား) အနည်းဆုံး ဒီဘဝမှာ စိတ်ငြိမ်းချမ်းမှုဆီ ဆွဲခေါ်သို့မဟုတ် ပို့ပေးနိုင်တယ်ဆိုတဲ့ သက်သေမဟုတ်ပါလား။
သူ့ယုံကြည်မှု
(ရုပ်သံစကား) “လက်ဝါးကပ်တိုင်မှာ အသက်ပေးသွေးသွန်းပြီးတော့ သေခြင်းတရားကို သုံးရက်မြောက်နေ့မှာ ထမြောက်ရှင်သန်ခဲ့တယ်။”
ဒါကတော့ သူ့ယုံကြည်မှုဖြစ်လို့ မဝေဖန်လိုပေမယ့် ကိုယ့်ယုံကြည်မှုကို ဝေဖန်တဲ့အထဲမှာ ပါနေလို့ နည်းနည်းပြန်ပြောရရင်... ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ သေသွားတဲ့လူ ပြန်ရှင်လာတယ်ဆိုတာမျိုးကို ဘယ်နည်းနဲ့မျှ မယုံနိုင်ပါဘူး။ ပြောနေတဲ့ “ဆရာဆိုသူ”တောင် အတွင်းစိတ်မှာ တကယ်ယုံကြည်ရဲ့လားလို့ ဆန်းစစ်ဖို့ လိုလိမ့်မယ်။ ဒီလိုတော့ ဖြစ်နိုင်တယ်..
ဘုန်းကြီးတို့ရွာမှာ ဘုန်းကြီးနဲ့သက်တူတစ်ယောက် တောလက်သည်နဲ့မွေးတုန်းက အကြာကြီးအသက်မရှူဘဲနေလို့ သုသာန်မှာသွားမြုပ်ရော၊ ကိုယ်ပေါ်မြေကြီးထိမှ “အူဝဲ”ထလုပ်လို့ ပြန်ယူလာခဲ့ရတယ်။ ဒီကောင့်နာမည် “ဖိုးသက်ပြင်း”တဲ့။ အခုရွာမှာ ရှိလိမ့်ဦးမယ်။ မသေလောက်သေးဘူး။
ဘီဘီစီ မှတ်တမ်းတင် ဗွီဒီယိုတစ်ခု (You Tube မှာ ရှာ ကြည့်)အရ လက်ဝါးကပ်တိုင်က ချ၊ ဘုရင့် ဆရာဝန်က သေပြီ လို့ အတည်ပြု။ တပည့်တွေ ဝိုင်းလာပြီး အလောင်းကို ယူ၊ တစ် နေရာ ရောက်တော့ ညည်းသံကြား၊ တပည့် တစ်ယောက်က ပအုံးရည် (ယုဒသန် ဘာသာပြန်) သို့မဟုတ် ဝိုင်အရက် (ကင်း မျှော်စင် အလို) တိုက်ကျွေးလိုက်တဲ့အခါ နှလုံး ပြန်ခုံလာတယ်။ ဒါမျိုးကို ဆေးပညာနဲ့ ပြန်ရခြင်း (sustation) ခေါ်တယ်။ ရှင်ပြန် ထမြောက်ခြင်း (resurrection)ဆိုတဲ့ သဘောပဲ။
ပြန်ရှင်လာပေမယ့် ရောမအင်ပါရာထဲမှာ သူမနေနိုင်တော့ ဘူး။ ထွက်ပြေးရမယ်။ ဘယ်ကို ပြေးမလဲ။ အနောက်လား၊ ရှေ့လား။ ဖြစ်ပျက်တဲ့ နေရာနဲ့ အဲဒီခေတ် ရောမအင်ပါရာရဲ့ မြေပုံအရ ထွက်ပြေးဖွယ်ရှိတဲ့ အရပ်ကို ခန့်မှန်းကြည့်ပေါ့။
ဘာမှမဆိုင်
(ရုပ်သံစကား) “ခရစ်တော်ရဲ့ ဂုဏ်တော်ကို ကြည့် တဲ့အခါမှာ ကိလေသာမာရ်၊ ဒေဝပုတ္တမာရ်၊ အဘိသင်္ခါရ မာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်ဆိုတဲ့ မာရ်ငါးပါးကို အောင် မြင်ခဲ့တယ်။ ဒါကြောင့် ဒီဘုရားက ဒီနေ့လည်း သက် ရှင်တယ်၊ နောင်လည်း အသက်ရှင်တယ်၊ အရင်တုန်းကလည်း အသက်ရှင်တယ်။ အသက်ရှင်တဲ့ ဘုရားက ကျွန်တော်တို့ကို ကယ်နေတယ်။ ကယ်နေ တဲ့ အချိန်လေးမှာ နစ်နေတယ် မမွန်းသေးဘူးပေါ့ နော်၊ နစ်ပြီးရင် မွန်းပြီးတော့ မြုပ်ကျသွားမယ်၊ မျှော် လင့်ချက် မရှိတော့ဘူး။ နစ်နေတဲ့အချိန် လာပြီး ကယ်တင်တဲ့ ကယ်တင်ရှင်ကို လာကိုင်ပြီးတော့ အကယ်ခံမယ်ဆိုရင် ထာဝရအသက်ကို ရရှိမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”
“မာရ်ငါးပါး သရုပ်” မှန်ပေမယ့် အစဉ်မကျဘူး။ ကျမ်းဂန် ပါတာက ခန္ဓမာရ် (ခန္ဓာငါးပါး)၊ အဘိသင်္ခါရမာရ် (ဘဝသစ် ကို ဖြစ်စေနိုင်တဲ့ ကုသိုလ် အကုသိုလ်ကံများ)၊ မစ္စုမာရ် (သေ ခြင်း)၊ ဒေဝပုတ္တမာရ် (မာရ်နတ်)၊ ကိလေသမာရ် (တစ်ထောင့် ငါးရာ ကိလေသာ) (သီဋီသစ်၊၁၊၂၂)လို့ ဖြစ်ပါတယ်။ ဟောပြောတဲ့ ထို “ဆရာဆိုသူ” မာရ်ငါးပါးရဲ့ အဓိပ္ပာယ်ကို နားမလည်တဲ့ အတွက် ကိုယ့်စကား ဘယ်ရောက်သွားမှန်း မသိလိုက်ရှာဘူး။
ဥပမာ .. အဘိသင်္ခါရမာရ်ကို အောင်တယ် ဆိုရင် ထိုဆရာ ပြောတဲ့ ‘ရှင်ပြန် ထမြောက်ခြင်း”ဆိုတာ ယုတ္တိ မရှိတော့ဘူး။ သူ့ယုံကြည်မှုနဲ့ မာရ်ငါးပါး ဘာမှ မပတ်သက်နိုင်လို့ ကျန်တဲ့ မာရ်တွေကို မဆန်းစစ်တော့ဘူး။ စကားမစပ် ... “ကိလေသ မာရ်’လို့ သမှာ သံတိုနဲ့ ဆိုမှ အသံထွက် မှန်တယ် ဆိုတာ လေးလည်း တစ်လက်စတည်း မှတ်လိုက်အုံး။
မေးခွန်းမရှင်း
(ရုပ်သံစကား) မေး။ “ဆရာ ... မြန်မာပြည်မှာ ပါဠိ ကျောင်းတော်သိုက်တွေမှာ ပါဠိတွေ အများကြီး လေ့ လာတဲ့ အခါမှာ ကျမတစ်ခု ကြားဖူးတယ်ပေါ့ နော်။ ဗုဒ္ဓပါဠိကျမ်းမှာ ကျမ်းသစ်၊ ဗုဒ္ဓလက်စွဲကျမ်းမှာပေါ့ နော်။ ပယ်ထားတဲ့ ကျမ်းရှိတယ်။ အဲဒီ အထဲမှာ ကျမတို့ ဒီ သမ္မာကျမ်းစာထဲက ပရောဖက် အတိုင်းပဲ ယေရှု ခရစ်ဟာ ကညာ ဝမ်းထဲက မွေးဖွားတယ်ဆိုတာ အဲဒီပါဠိထဲမှာ ရှိပါတယ်ဆိုတာ။”
မေးတာကို နှစ်ကြိမ်မက နားထောင်ပေမယ့် ဘာကို လိုတယ်ဆိုတာ မရှင်းဘူး။ “ပါဠိ ကျောင်းတော်သိုက်” ... ဒါကို တော့ ပါဠိကျောင်းတိုက် သို့မဟုတ် ပရိယတ္တိစာသင်တိုက်လို့ ဖြည့်ပြီး နားလည်နိုင်ပါတယ်။ “ပါဠိတွေ အများကြီး လေ့လာတဲ့ အခါမှာ ကျမတစ်ခု ကြားဖူးတယ်ပေါ့ နော်” .. ဘယ်သူ လေ့ လာတာတုန်း။ မေးသူလော၊ မေးခံရသူလော။ “ဗုဒ္ဓပါဠိကျမ်းမှာ ကျမ်းသစ်၊ ဗုဒ္ဓလက်စွဲကျမ်းမှာပေါ့ နော်” ... မေးသူ ဖြေသူတွေ ရဲ့ ယုံကြည်မှုမှာ ဒီဝေါဟာရမျိုး ရှိပေမယ့် ဗုဒ္ဓဝါဒမှာ လုံးဝ မရှိဘူးလို့ လေ့လာမိတယ်။ ဥပမာ ..
“သူ့မျက်စိကို ဖျက်လျှင် ကိုယ့်မျက်စိ ဖျက်ခြင်းကို ခံစေ၊ သူ့သွားကို ချိုးလျှင် ကိုယ့်သွား.. ချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ ပေးဦးလော့ (မဿဲ ၅း၃၈)”။ အထက်ပါ ရှင်မဿဲခရစ်ဝင် ကျမ်းသစ် စာပိုဒ်ဟာ ကျမ်း ဟောင်းဖြစ်တဲ့ ဝတ်ပြုရာကျမ်း (၂၄း၂၀)အဆိုကို ပယ်ထားတာ တွေ့နိုင်တယ်။ ဒါမျိုး ရှိလို့ ဒီဝေါဟာရမျိုး သုံးပုံကျတယ်။
အဝိုး .. ဒုက္ခ
(ရုပ်သံစကား) ဖြေ။ “ဟုတ်ကဲ့၊ ကျွန်တော် တွေ့ဖူး တယ်။ တွေ့ဖူးတယ်ဆိုတာ အရင်တုန်းက သတိ မ ထားမိဘူး။ နောက်ပိုင်းမှာ သတိထားမိလာတယ်။ အဲ ဒါ ကျတော့ ဘာလဲဆိုတော့ ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော့မယ်၊ သေတော့မယ်ပေါ့ နော်။ ပရိနိဗ္ဗာန် စံခါနီးမှာ ကုသိန်နာရုံ အင်ကြင်း ဥယျာဉ်ကြီးထဲမှာ မြောက် ဘက်ကို ခေါင်းထားပြီးတော့ အနောက်ကို မျက်နှာ လှည့်ပြီးတော့ တစ်စောင်းနေတယ်။ အဲဒီမှာ ရဟန်း ပရိသတ် လူပရိသတ်ကို တရားဟောပြီးတော့ နေတဲ့ အချိန် အာနန္ဒာက မေးတယ် .. ဘဂဝါ ဘုန်း တော် ကြီးတော်မူသော ဘုရားတဲ့၊ ကိုယ်တော်ဟာ စစ်မှန်တဲ့ ဘုရားလား၊ ကိုယ်တော် မရှိတော့တဲ့အချိန် တပည့်တော်တို့ကို ဘယ်သူက သွန်သင်မလဲလို့ တဲ့အခါ ငါ့ရဲ့ ... ဒီ ... ထားခဲ့တဲ့ ကျမ်းဂန်တွေကနေ သင်တို့ကို သင်လိမ့်မယ် လမ်းပြလိမ့်မယ်တဲ့”
“ဟုတ်ကဲ့၊ ကျွန်တော် တွေ့ဖူးတယ်” .. ဒုက္ခ၊ မေးခံရသူ သဘော ပေါက်လွယ်လိုက်တာ။ မေးသူက စာရွက်ကြည့် ပြော နေတာတောင် မတည့်နိုင်လို့။ မြင်ကြားရတဲ့ အတိုင်းဆို တွေ့ဖူး တယ်ဆိုတာ “ဗုဒ္ဓပါဠိ ကျမ်းသစ်၊ ဗုဒ္ဓလက်စွဲကျမ်း’ကို ဆိုလို တာ ဖြစ်မယ်လို့ပဲ တွက်ပါတယ်။
ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး “မြောက်ကို ခေါင်းပြု၊ အနောက်ကို မျက်နှာလှည့်ဆိုတာ မှန်ပါတယ်။ “ဥတ္တရ သီသကံ၊ မြောက်သို့ ဦးခေါင်းပြု၍။ .. ပါဒေ၊ လက်ယာခြေ၌။ ပါဒီ၊ လက်ဝဲခြေကို။ အစ္စာဓာယ၊ စဉ်းငယ် လွှဲကာတင်၍ (ဒီ၊၂၊၁၁၃)”ဆိုတဲ့ ကျမ်း ဂန်နဲ့ ညီပါတယ်။
“ကိုယ်တော်ဟာ စစ်မှန်တဲ့ ဘုရားလား” .. ဒီစကားက ဗုဒ္ဓဝါဒကို စော်ကားတာ။ တစ်နည်း ထို “ဆရာဆိုသူ”ဟာ ဗုဒ္ဓ ဝါဒ ကျမ်းဂန်မှာ မပါတာကို ထည့်ပြောတဲ့ အတွက် လိမ်တာ။
ဓမ္မဆရာဆိုတာ ဖြောင့်မတ်ရမှာပေါ့။ မသိဘဲ မဟုတ်ဘဲ အဲဒီလို ရမ်းမပြောကောင်းဘူး။ အရှင်အာနန္ဒာက မြတ်ဗုဒ္ဓကို အဲဒီလို မေးတယ် ဆိုတာမျိုး ဘယ်ကျမ်းမှာ ပါလဲ။ ဘယ်က ကြားဖူး တာလဲ။ အဲဒီလို ရမ်းချရင် တစ်ဖက်က ပြန်ပြောရင် ကိုယ့် ကြောင့် ကိုယ့်ရဲ့ ဘာသာတရားကို ထိခိုက်မှာပေါ့။
လူသားဘုရား
(ရုပ်သံစကား) “ဟုတ်ပြီ၊ ဒါဆိုတော့တဲ့ အရှင်ဘုရား တစ်ဆူတည်းသောဘုရားလားတဲ့။ အဟံ ဥတ္တမံ ပုရိသော၊ ငါသည်ကား ယောက်ျား တကာတို့ထက် ကြီးမြတ်တဲ့ လူသားသာ ဖြစ်တယ်။ ဧကော ပုတ္တော အတ္ထိ (ပုတ္တော လို့ အသံထွက်ထားတယ်)၊ တစ်ဆူ တည်းသော ဘုရားကား ရှိ၏။ ဇိနံ မရဏံ န ဘဝိ ဿတိ တဲ့ ဘုရားစစ် ဘုရားမှန်ဆိုတာ သေခြင်းမရှိ ဘူး။ သေရင်လည်း ရှင်ရမယ် ... ဗုဒ္ဓဟောတယ်။ တစ်ဆူတည်းသော မဟာစူပါ ပါဝါရှိတဲ့ ဖန်းဆင်းရှင် (ဣဿရ၊ နိမ္မာန) ဆိုတာကို မြတ်ဗုဒ္ဓက လက်မခံတဲ့ အတွက် ရှင်အာနန္ဒာက ဒီ မေးခွန်းမျိုး မေးစရာ အကြောင်း မရှိဘူး။ ဗုဒ္ဓဆိုတာ လူသားအစစ်က ကိုယ်ကျင့်တရား၊ တည်ကြည် ခြင်း၊ ထိုးထွင်း၍ သိခြင်းတွေကြောင့် ရရှိတဲ့ အမည်။ လူသား ဖြစ်လာတဲ့ ဘုရား။ ဒါကို ငြင်းပါဘူး။ ဗုဒ္ဓကိုယ်တိုင်က မိမိ ဟာ နတ်ဘုရား သို့မဟုတ် ကောင်းကင်တမန် ဖြစ်ကြောင်း ဘယ်တုန်းကမှ မိန့်တော်မမူပါဘူး။
“အဟံ ဥတ္တမံ ပုရိသော” ... လို့ ဘယ် ကျမ်းဂန်မှာမှ မရှိပါ ဘူး။ ဒီပါဠိဝါကျမျိုး တွေ့ရင် မူလတန်းဖြေမယ့် ကိုရင်လေးတွေ တောင် ရယ်လိမ့်မယ်။ “ဇိနံ မရဏံ န ဘဝိဿတိ” .. ဒီပါဠိ ဝါ ကျလည်း ပါးစပ်ထဲက ပေါက်တတ်ကရ ထွက်လာတဲ့ ဟာ ကြီး။ ပါဠိသုံးအရ “ဇိနဿ”သော်လည်း ရှိမှ မှန်မှာပေါ့။ ထို “ဆရာဆိုသူ”မှာ တတ်ယောင် ဆောင်နေသူသာ ဖြစ်လို့ ခရစ် ယာန် ညီအစ်ကို မောင်နှမတို့လည်း သတိထားပါကုန်။ သူ့ ကြောင့် သင်တို့ ဝါဒကို ဂုဏ်မညှိုးပါစေနဲ့။
စော်ကားချက် ၁
(ရုပ်သံစကား) “အဲဒီလို ဟောခဲ့ပြီးတော့ ဒါဆိုရင်တဲ့ အာနန္ဒာက တစ်ဆူတည်းသော ဘုရားကား ဘယ် အချိန် ကြွလာမလဲ၊ အဲဒီမှာ ဗုဒ္ဓက “စိရံ တိဋ္ဌတု သဒ္ဓမ္မော’လို့ သူသုံးတယ်။ တကယ်တော့ နှစ်ပေါင်း ၅၀၀ ကို ပြောခြင်းဖြစ်တယ်။ ဒါပေမယ့် ဆေတန်က သုညတစ်လုံး တိုးပေးလိုက်တယ်။ မာနတ်က ဗုဒ္ဓကို နိုင်တယ်လေ။ ဘာကြောင့်ဆိုတော့ ဘုရားအဖြစ်ကို ခံယူမယ်ဆိုတော့ မာရ်နတ်က တားသေးတယ်၊ ဘု ရား ဖြစ်မယ်ဆိုပြီး ကြေညာတဲ့ နေ့မှာလည်း မာရ် နတ်က လာတိုက်တယ်။ ပြီးတော့ ဗုဒ္ဓကို ပရိနိဗ္ဗာန် စံဖို့ လာပြောတယ်။ နောက်ဆုံး အချိန်ရောက်တော့ ဘယ်တော့ ပရိနိဗ္ဗာန် စံမလဲ၊ ခင်ဗျား ပရိနိဗ္ဗာန် စံ တော့လို့ လာပြောတဲ့အခါ ဗုဒ္ဓက ဘာပြောလဲဆို တော့ နောက်ဆယ်လ ကြာရင် ငါပရိနိဗ္ဗာန်စံမယ် ဆို ပြီး ဗုဒ္ဓက ဝန်ခံခဲ့ရတယ်။ ပထမ မေတ္တာနဲ့ အောင်၊ ဒုတိယ ပဋိညာဉ်နဲ့ အောင်”။
အထက်ပါ ဖော်ပြချက် စကားရပ် အားလုံး တစ်ခုမှ မမှန် သို့မဟုတ် အဓိပ္ပာယ် မတည့်တဲ့ အတွက် အားလုံး ဗုဒ္ဓ ဝါဒကို စော်ကားတာချည်းပဲ။ ‘စိရံ တိဋ္ဌတု သဒ္ဓမ္မာ”ဆိုတာ ဗုဒ္ဓ ဟောစကား မဟုတ်ဘူး။ အဋ္ဌကထာ ကျမ်းတွေရဲ့ နိဂုံး မှာပါတဲ့ စကား။ ဗုဒ္ဓဝါဒမှာ ပါတဲ့ မာရ်နတ်ဆိုတာ ထို“ဆရာတု” တို့ ယုံကြည်သလို “ဒ်သခင်’ကို အံတုလေ့ရှိတဲ့ “ဆေတန် ဆိုတဲ့ ကောင်နဲ့ လုံးဝ မတူဘူး။
“မာနတ်က ဗုဒ္ဓကို နိုင်တယ်လေ” ... လို့ဆိုပြီး တစ်ချိန် တည်းမှာ “မေတ္တာနဲ့ အောင်၊ ပဋိညာဉ်နဲ့ အောင်’လို့လည်း ဆို ပြန်တယ်။ ဘယ်သူ အောင်တာတုန်း ဗုဒ္ဓလား၊ မာနတ်လား။
စော်ကားချက် ၂
(ရုပ်သံစကား) ‘နောက် ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး ၁၀၃-ခု၊ ဘီစီ ၄၈၁၊ ဇူလိုင် ဩဂုတ်လ ဝန်းကျင်မှာ မာနတ် က ဗုဒ္ဓဆီကို ရောက်လာတယ်။ အနုပိယ သရက် တော အင်မတန် နှလုံးမွေ့လျော်ဖွယ် ကောင်းတဲ့ သ ရက်ဥယျာဉ်ထဲမှာ အာနန္ဒာနဲ့နေတုန်း မာနတ် ရောက် လာပြီးတော့ အရှင်ဘုရားတဲ့ ခင်ဗျားက ပြောခဲ့တယ် ရဟန်း ရဟန်းမိန်းမ ဘိက္ခု ဘိက္ခုနီလို့ လာတာကိုး ဥပါသကာ ဥပါသကာမ လူယောက်ျား လူမိန်းမတွေ ပြည့်စုံပြီးတော့ သေမယ် ပရိနိဗ္ဗာန်စံမယ် ပြောတယ်၊ ဘာပြုလို့ ခုချိန်ထိ ပရိနိဗ္ဗာန် မစံသေးတာတုန်း ဆို တော့ အေးပါ နောက်ဆယ်လ ကြာရင် ငါပရိနိဗ္ဗာန် စံမယ်၊ အဲဒါဘာလဲ ဝန်ခံခြင်း။ ပထမ မေတ္တာတရား၊ ဒုတိယက ပဋိညာဉ်၊ တတိယက ဝန်ခံခြင်းတဲ့ သူ ပြု ပြီးတော့ ပရိနိဗ္ဗာန်စံတယ်။ မာနတ်က အမြဲတမ်း သူ ဒီလို လာပြီးတော့ ပြောနိုင်တယ် ဆိုတော့ သုညတစ် လုံး တိုးပြီးတော့ ပေးလိုက်တယ်”။
“အနုပိယ သရက်တော” ... မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် အရ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံခြင်းနဲ့ ပတ်သက်လို့ ဗုဒ္ဓထံကို မာရ်နတ် လာတွေ့တာ ရာဇဂြိုဟ်မှာ ၁၀-နေရာ၊ ဝေသာလီမှာ ၆ နေရာ တွေ့ရတဲ့အနက် ထိုဆရာပြောတဲ့ “အနုပိယ သရက် တော’ဆိုတာ မပါဘူး။ ဒါကြောင့် “ဇူလိုင် ဩဂုတ်လ ဝန်းကျင်” ဆိုလည်း လူ အထင်ကြီအောင် ဖြီးခြင်းသာ ဖြစ်ပါတယ်။
“မေတ္တာ၊ ပဋိညာဉ်၊ ဝန်ခံခြင်း .. ပဋိညာဉ်နဲ့ ဝန်ခံခြင်း အ ဓိပ္ပာယ် အတူတူ။ ဘာတစ်ခုမှ ကျမ်းဂန်မှ မရှိပါဘူး။ စော်ကား သက်သက်ပါပဲ။
လွဲတာ ထိုဆရာ
(ရုပ်သံစကား) “နှစ်ပေါင်း ငါးထောင် ဆိုပြီးတော့ ဒီ နေ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ စိရံ တိဋ္ဌတု သဒ္ဓမ္မော သာသနာ ငါးထောင် ရှည်မယ် ဆိုပြီးတော့ လိုက် လျှောက်ကြတဲ့ အခါမှာ လွဲမှားမှုတွေ အများကြီး ဖြစ် ကုန်တယ်”။
ဗုဒ္ဓဘာသာတွေ လွဲတယ် ဆိုတော့ ထိုဆရာ မှန်တယ် ဆို တဲ့ အဓိပ္ပာယ်ပဲ။ ဒီတော့ ကြည့်ရအောင် ..
‘စိရံ တိဋ္ဌတု သဒ္ဓမ္မာ’ရဲ့ အဓိပ္ပာယ် အမှန်က “ဗုဒ္ဓဝါဒီတို့ ရဲ့ ကျင့်စဉ်ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာလို့ ခေါ်တဲ့ သူတော် ကောင်းတရား သုံးပါးသည် (ဤလောက၌) ကြာရှည် တည်တံ့ ပါစေ’လို့ ဖြစ်ပါတယ်။ သာသနာ ငါးထောင်ဆိုတာက အဋ္ဌက ကျမ်းတွေမှာ လောက လူသားတွေ ထိုတရား သုံးပါးကို ကျင့်လို့ ရနိုင်တဲ့ အဆင့်ကို အချိန်ကာလနဲ့ သတ်မှတ်ပြခြင်းသာ ဖြစ်ပါတယ် (သာသနာငါးထောင် အကြောင်း စာတစ်မျက်နှာ ပိုပိုလောက် ရှင်းရမှာမို့ ကြုံမှ ဘုန်းကြီး ပြန်ရှင်းပြပါမယ်)။ အမှန်က “သုဘဒ္ဒ၊ ရဟန်းမြတ်တို့သည် မှန်စွာ (အဆင့် ဆင့် ဟောပြော၍၊ နေထိုင်ကြသရွေ့ လောက၌ ရဟန္တာတို့ ဆိတ်သုံးနိုင်ချေ (ဒီ၊၂၊၁၂၅)’ဆိုတဲ့ ပါဠိတော်အရ ရဟန်း ကောင်းတွေ ဖြောင့်မှန်စွာ ကျင့်ကြံ နေကြသရွေ့ ဗုဒ္ဓသာသနာ တည်တံ့နိုင်တယ်လို့သာ အမှန် နားလည်ရမယ်။
ခပ်မိုက်မိုက်ပဲ
(ရုပ်သံစကား) “ဗုဒ္ဓက ကုသိနာရုံ အင်းကြင်း ဥ ယျာဉ်ထဲမှာ ဘာတရားတွေ ဟောတုန်းဆိုတော့ သုဒ ဿန သုတ္တန်လို့ခေါ်တဲ့ သုတ်တစ်ခုကို ဟောတယ်။ ပရိနိဗ္ဗာန် စံခါနီးမှာ။ အဲဒါ ပြီးတော့ သုဘဒ္ဒ ပရိဗိုဇ်ကို ရဟန်း ဖြစ်စေတယ်။ အဲဒါ ပြီးတဲ့အခါမှာ အနာဂဝံသ စက္ခုဆိုတဲ့ လင်္ကာကျမ်းကို ဟောတယ်။ အဲဒါ ပြီး တော့မှ ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တာယာမိ ဝေါ၊ ဝယ ဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ ဆိုတဲ့ ဂါထာ နဲ့ နောက်ဆုံး ဟောပြီးတော့ ဘာမှ မပြောတော့ဘဲနဲ့ ဝစီပိတ်နေပြီးတော့ သူ့ရဲ့ တရားတော်တွေကို အနုလုံ ပဋိလုံ သုံးသပ်ရင်းနဲ့ ပရိနိဗ္ဗာန် စံသွားတယ်”။
“သုဒဿနသုတ် ဟော၊ သုဘဒ္ဒ ရဟန်းပြု”.. ပါဠိတော် အ စဉ်ကျလို့ လက်ခံပါတယ်။ “အနာဂဝံသစက္ခုဆိုတဲ့ လင်္ကာ ကျမ်း’ အနာဂဝံသစက္ခု ဆိုတဲ့ ပါဠိရဲ့ အဖြစ်နိုင်ဆုံး ဓိပ္ပာယ်က “နဂါးမျိုး မဟုတ်သူရဲ့ အမြင်လို့ ဖြစ်ပါတယ်။
အခြား အဓိပ္ပာယ် တစ်မျိုး ထွက်စေချင်ရင် ထို‘ဆရာတု’အနေနဲ့ သူပြောတဲ့ ကျမ်းနာမည်ကို ပြောင်းရမယ်။ “လင်္ကာကျမ်း” တဲ့ ဆိုပြန်တယ်။ သံပေါက်တို့ လင်္ကာတို့ ဆိုတာ မြန်မာဘာ သာ စကားမှာသာ ရှိတာပါ။ ဒီကျမ်းမျိုး မဟာယာနရော ထေ ရဝါဒပါ လုံးဝ မရှိပါဘူး။ လူအထင်ကြီးအောင်လို့ ခပ်မိုက်မိုက် ကြီးကို လိမ်ပစ်တာပဲ။
လွဲပြန်ပြီ
(ရုပ်သံစကား) “အဲဒီမှာ အနာဂဝံသစက္ခု ဆိုတဲ့ ကျမ်းက အရေးကြီးပြီ။ ဘာလို့တုန်း ဆိုတော့ ကျမ်းက စတုတ္ထသံဂါယနာ သီရိဓမ္မာ အသောကမင်း ကြီး လက်ထက်ထိ ရှိခဲ့တယ်။ ပဉ္စမသံဂါယနာ ဖြစ် တဲ့ ၁၈၆ဝ ကျော်မှာ မန္တလေးမြို့မှာ ရှိတဲ့ မင်းတုန်း မင်းက ပဉ္စမအကြိမ် သင်္ဂါယနာတင်တော့ သူက သင်္ဂါယနာ မတင်ခင် သမ္မာကျမ်းစာအုပ် ဒါဆရာကြီး ယုဒသန် ဘာသာပြန် ပြီးသွားပြီ။ ၁၈၂၉ ဝန်းကျင် လောက်မှာနဲ့ တူတယ်။ ဘကြီးတော် ဗဒုံမင်း လက် ထဲကို အပ်ခဲ့တယ်။ ဘိုးတော်မင်းပေါ့ နော်။ အပ်ခဲ့ တော့ သူများက လက်ဆောင် ပေးတဲ့ စာအုပ်ဆို တော့ သူက ဖတ်ရတယ်”။
သီရိဓမ္မာ အသောကမင်း လက်ထက် တင်တာ တတိယ သံဂါယနာ။ စတုတ္ထသံဂါယနာ မဟုတ်ဘူး။ ကျန်တာတွေက တော့ သိပ် အကျိုးမထူးလို့ မဝေဖန်လိုတော့ဘူး။
အမှန်ကျမ်း
(ရုပ်သံစကား) “ဖတ်တော့ အဲဒီ အချိန်မှာ မင်းတုန်း မင်းရဲ့ နာမည်က မောင်လွင်လို့ ခေါ်တယ်။ သူက ကိုရင်လေးပေါ့။ ကျောင်းမှာ တက်ရင်းနဲ့ သူ့ရဲ့ ဖခင် ဘုရင်ကြီး ဖတ်တော့ သူကလည်း ကြားကြား တယ်။ နောက်ဆုံးကျတော့ သူကလည်း ဘုရင် ဖြစ် လာတယ်။ မင်းတုန်းမင်း ဆိုတဲ့ နာမည်နဲ့ ဖြစ်လာ တော့ သူက ဒီကျမ်းစာအုပ် (သမ္မာကျမ်း)ရဲ့ အ ကြောင်းကို သိတယ်။ အနာဂဝံသစက္ခု ကျမ်းကို လည်း သူသိတယ်။ သိတဲ့ အခါ သူစဉ်းစားတယ်။ အနာဂဝံသစက္ခုကျမ်းကို သူပယ်လို့ ရတယ်။ သမ္မာ ကျမ်းစာကို သူမပယ်နိုင်ဘူး။ သမ္မာကျမ်းစာကို ပယ် လို့ မရဘူး။ ဆိုရင် တစ်ကျမ်း ပယ်ရမယ်။ ဘယ် ကျမ်း ပယ်မလဲဆိုတော့ အနာဂဝံသ စက္ခုကျမ်းကို ပယ်မယ်။ ဒါဆိုရင် လူတွေ ခရစ်တော်ကို မသိနိုင် ဘူး။ သိလို့ ရှိရင်တော့ မန္တလေးမှာ တည်ထားတဲ့ ဘုရားတွေ ကျီးနားလိမ့်မယ်”။
မင်းတုန်းမင်းကို ကျောမှာ သေရာပါ အရှိုးအစင်းတွေ ထင် အောင် ရိုက်နှက်ပြီး ပညာသင်ပေးခဲ့တဲ့ ငယ်ဆရာတော်က ထို ခေတ်က ပိဋကတ် တတ်ကျွမ်းရာမှာ ပြိုင်စံရှားတဲ့ “စံကျောင်း ဆရာတော် ဦးစန္ဒိမာ”တဲ့။ ဒီဆရာတော်က ကမ္ဘာကျော် လယ် တီ ဆရာတော်ကြီးရဲ့ ဆရာလည်း ဖြစ်ပါတယ်။ အဲဒီလို ဆရာ ကောင်းကို မှီဝဲခွင့်ရတဲ့ ပဉ္စမသံဂါယနာတင် မင်းကြီးဟာ “ထာဝရဘုရား အဖို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာ ယဇ်ဖို့ အသက်ပျိုသော နွားထီး တစ်ကောင်၊ သိုးထီး တစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို ပူဇော်ရမည် (တော ၂၉း၂)။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ကိုယ်ပိုင်း ရင်လယ်ဖြစ် စေ၊ ထာဝရ ဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်း မရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာ ဝရ ဘုရားအား အလွန် သန့်ရှင်းရမည်။ လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင် နောက်တစ်ဖန် မရွေးရ၊ သတ် ရမည် (ဝတ်ပြု ၂၇း၂၈-၂၉)။
ထိုနေ့ နံနက်မှစ၍ ချိန်းချက်သောအချိန်တိုင်အောင် ထာဝရ ဘုရားသည် ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက်တော်မူ၍ ဒန်မြို့မှသည် ဗေရရှေဘမြို့ သို့ တိုင်အောင် လူခုနစ်သောင်း သေကြ၏ (၂ ရာ ၂၄း၁၅)။” ..
လို့ လူကိုတောင် ယဇ်ပူဇော်ဖို့ ဆုံးမတာမျိုးကို အမှန်ဆုံးသော တရားလို့ လက်ခံပြီး မန္တလေးက ဘုရားတွေ ကျီးနားမှာ ကြောက်ခဲ့တယ် ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။
လုပ်ဇာတ်
(ရုပ်သံစကား) “ဒါနဲ့ သူ(မင်းတုန်းမင်း) ရှမ်းကလေး ကျွန်း ဆရာတော်၊ ဗားကရာဆရာတော်၊ တောင်ဇီ လာ ဆရာတော်တွေကို လျှောက်ပြီးတော့ သူက သံဂါယနာတင်တဲ့ အထဲမှာ ဒါ (ပြောနေသူရဲ့ စိတ်ကူး ထဲက ကျမ်းစာ) မပါဖို့ ပြောတယ်။ အဲဒီမှာ ဗန်းမော် ဆရာတော် ဦးပဏ္ဍိတ၊ မဟာထေရ်ပေါ့ နော်။ သူက တော့ မဟုတ်ဘူး။ သမ္မာကျမ်းစာ မှန်ရင် မှန်ပစေ၊ ဒီ ကျမ်းက မှန်ရင် မှန်ပစေ၊ မှန်တဲ့ နောက်ကို တို့လိုက် ရမယ်။ သံဂါယနာတင် ဆိုတော့ ဒါနဲ့ သူက နှောင့် ယှက်သော ပုဂ္ဂိုလ်ဆိုပြီးတော့ မန္တလေး နန်းတွင်း ထောင်ထဲမှာ သုံးနှစ်၊ ဦးပဏ္ဍိတ ဗန်းမော်ဆရာတော် ကိုထောင်ချခဲ့တယ် .. ဆိုတာ ကြားဖူးမှာပေါ့ နော်”။
“တောင်ဖီလာ ဆရာတော်’ ... ဆိုတာ မင်းတုန်းမင်းရဲ့ ပဉ္စ မသံဂါယနာခေတ်ထက် နှစ်ပေါင်း ၂၉၃-နှစ် စောပါတယ်။ “ကြားဖူးမှာပေါ့ နော်” ... မကြားဖူးပါဘူး။ စိတ်ကူးတဲ့ရာ လုပ် ကြံထားတဲ့ ဇာတ်လမ်းပဲ ဥစ္စာ။
ပြုံးတော်မူ
(ရုပ်သံစကား) “ခရစ်တော်ကိုတောင် မရခဲ့သေးဘဲ သမ္မာတရားနဲ့ ပတ်သက်ပြီ ထောင်သုံးနှစ် ကျခဲ့တဲ့ ပုဂ္ဂိုလ်က ဘုန်းကြီး ဦးပဏ္ဍိတ၊ ကျွန်တော်တို့က နောက်မှ ခရစ်တော်ကို သိပြီး ထောင်ကျရတာ မြတ်တယ်။ အဲဒီမှာ ဒီစာအုပ် (အနာဂဝံသစက္ခု ကျမ်း ကို ရည်ရွယ်ပုံ ရတယ်)ကို မတင်ခဲ့ဘူး။ ၁၈၆၄ ခုနှစ် ရန်ကုန် သုဓမ္မဝတီ စာပုံနှိပ်တိုက်ကနေ ပုံနှိပ်တဲ့ ကတော့ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်မှာ ရှိတယ်”။
“သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်” ထင်ကရ စာသင်တိုက်ကြီးပါ။ ကျောင်းတိုက်က ဆရာတော် ကြီးတွေ ကြားရင် ပြုံးတော်မူကြတော့မှာပဲ။
အစဖျောက်နည်း
(ရုပ်သံစကား) ‘ပထမ မန်လည် ဆရာတော်ကြီးရဲ့ ပေစာနဲ့ ရေးထားတဲ့ စာမူလည်း ခုဆိုလို့ ရှိရင် ပဲခူး တိုင်း ကဝမြို့ ရုံးကျောင်း ငါးရပ်ကွက် ကမ်းနားလမ်း ကျောင်းထိုင်ဆရာတော်က ဘဒ္ဒန္တဇာဂရ မဟာ ထေရ် သူ့ကျောင်းက ခေါင်းရင်းမှာ ရှိတဲ့ စေတီ အ တွင်းထဲမှာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ အဲဒီ ပေစာတွေ ကို ဌာပနာ ထည့်တဲ့အထဲ ထည့်ထားခဲ့တယ်။ ဆရာ တော်က ပြောတယ်။ ဒီပေမူတွေကတော့ အများကြီး ရှိတယ်လို့ ပြောတယ်”။
“စေတီအတွင်းထဲမှာ” ... မဆလခေတ်က ပြည်သူ့ဘဏ္ဍာ ကို ခိုးသူတွေ ငွေစာရင်းကို အစဖျောက်ချင်ရင် ဂိုဒေါင်ကို မီး ရှို့ပစ်တာကို သွား အမှတ်ရတယ်။
သူ့ကြောင့်
(ရုပ်သံစကား) ဒီတော့ ဒီအထဲ (သူ့စိတ်ကူးယဉ် စာ အုပ်ကို ညွှန်းလိုပုံ ရတယ်)မှာ ဘာတွေ့ရလဲ ဆိုတော့ အဲဒီမှာ နာ ဘိက္ခဝေ အညံ ဧကဓမ္မမ္မိ ဆိုပြီးတော့ ဗုဒ္ဓ စဟောတဲ့ တရားကို တွေ့ရတယ်။ အဲဒီမှာ ချစ် သားတို့တဲ့ ငါ တစ်ပါးသော အချိန်အခါမှာ တစ်ခု တည်းသော တရားကို ရှုမှတ် ပွားများ ဆင်ခြင် အောက်မေ့ နှလုံးသွင်းတဲ့အခါမှာ တစ်ဆူတည်းသော ဘုရားကို ငါတွေ့ရတယ်တဲ့။ ထိုဘုရားဟာ မယ်တော် ဖြစ်တဲ့ မာရိနီ ဆိုသော သတို့သမီး အပျိုကညာက မွေးတဲ့သား ဖြစ်တယ်။ သူဟာ ဓားလှံလက်နက်နဲ့ ပရိနိဗ္ဗာန် စံမယ်။ ပရိနိဗ္ဗာန်စံပြီးမှ ထာဝရအသက်နဲ့ ရှင်သော ဘုရားဖြစ်တယ်။ ဒါ ဟောတယ်”။
နာ ဘိက္ခဝေ အညံ ဧကဓမ္ပိ .. န ဘိက္ခဝေ လို့ဖြည့် နားလည်ပြီး အဲဒီပါဠိရဲ့ အဓိပ္ပာယ်ကို ပြောရရင် “အခြား ဘယ် တရား တစ်ခုကိုမျှ မ .. (မမြင်၊ မသိ စသည်)”။ အမှန်တော့ ဘာမျှ အဓိပ္ပာယ် မရှိဘူး။ လူအထင် ကြီးအောင် ဗုဒ္ဓ စဟောတဲ့ တရားဆိုပြီး ပါးစပ်ထဲ တည့်ရာကို ရွတ်လိုက်တာပဲ။
“အပျိုစင်က မွေးတယ်၊ ထာဝရ အသက်ရှင်တယ်’လို့ ယုံကြည်လို့ ဟောတာ ရပါတယ်။ ဘာလို့ မဟုတ်တာတွေကို ဆွဲ ထည့်ရသလဲ။ ထိုဆရာ ပြောပုံကို ကြည့်ရတာ စိတ်တောင် မှန်ရဲ့လားလို့ အောက်မေ့ရတယ်။ အမှားတွေကို ယုံနေကြတဲ့ ခရစ်ယာန်တွေလည်း သူ့ကြောင့် သိက္ခာကျတာပဲ။
မဖြစ်နိုင်
(ရုပ်သံစကား) “အဲဒီ အရာကို ပထမ မန်လည်ဆရာ တော်ကြီးက ပေမူမှာ ဒီပါဠိကို ဒါရိုက် မြန်မာလို သံ ပေါက်နဲ့ ပြန်တယ်။ အဲဒီတုန်းက မြန်မာစာပေက စ ကားပြေ မရှိဘူး။ သမ္မာကျမ်းစာပြီးမှ ခေတ်စမ်း စ ကားပြေ ကဏ္ဍတွေ သိပ္ပံမောင်ဝတို့က ရေးတာကိုး။ ဒီသမ္မာကျမ်းဟာ မြန်မာစကားပြေ အရေးအသားထဲ မှာ ပထမဆုံးကျမ်း၊ အရေးအသား အကောင်းဆုံ ဒီ နေ့ထိ ခေတ်အမီဆုံး စာအုပ် ဖြစ်တယ်။ အဲဒီတော့ သံပေါက်ပဲရှိတဲ့ အချိန်မှာ ပထမမန်လည် ဆရာတော် ကြီးက အနာဂဝံသစက္ခု လင်္ကာကျမ်း စာမျက်နှာ- ၁၂၀၊ ဂါထာနံပါတ်-၂၉။
“ပထမဆုံးကျမ်း” ... မှားတယ်။ အချောဆုံး အကောင်းဆုံး မြန်မာစကားပြေသက်သက် ဖြစ်တဲ့ ယသဝဍ္ဎနဝတ္ထုကျမ်းကို အင်းဝခေတ် တောင်ဖီလာ ဆရာတော်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၉၇-နှစ် (၉၈၁-၁၃၇၈)မှာ ရေးပြီးပါတယ်။ “စာမျက်နှာ ၁၂၀၊ ဂါထာနံပါတ် ၂၉” ... လူ အထင်ကြီးအောင် လုပ်တာ။
“မန်လည် ဆရာတော်ကြီးရဲ့ ပေမူ” ... မဖြစ်နိုင်။ “သတ္တဝါ နှင့်၊ ကမ္ဘာဖြစ်ဟန်၊ ဗြဟ္မာဖန်ဟု၊ ဖောက်ပြန်ချွတ်ယွင်း၊ မမှတ် လျှင်းနှင့်၊ ခပင်းလောက၊ လူထိုမျှကား၊ ပြုကအသစ်၊ ဖြစ်က အဟောင်း၊ ကျိုးနှင့် ကြောင်းတည့်၊ ဆိုးကောင်းဟူထ၊ ဤနှစ်ဝ ကို၊ ကမ္မသကာ၊ မှတ်တို့ရာ၏ (မဃဒေဝ၊ ပိုဒ် ၃၇၁)’လို့ ဆုံးမ တော်မူတဲ့ မန်လည် ဆရာတော်က “မာရိုနီ ဆိုသော သတို့ သမီး အပျိုကညာက မွေးတဲ့သား’ အကြောင်းကို အပင်ပန်း ခံပြီး သံပေါက် ရေးတော်မူမယ်လို့ မထင်ဘူး။
လူပျိုဘုရား
(ရုပ်သံစကား) “အဲဒီမှာ ရှိတဲ့ ဒီပါဠိတော်ကို ဘယ် လို သူက သံပေါက် ဖွင့်လဲ ဆိုတော့ “ဗောဓိကုက္ကို၊ ညောင်ထိုထိုဝယ်၊ လူပျိုဘုရား၊ မရှိငြားဟု၊ အများ တကာ၊ ပြောဆိုငြားလည်း၊ အပျိုကညာ၊ မာရိသာ သည်၊ ဘုရားစင်စစ်၊ ဧကန်ဖြစ်လိမ့်၊ ထိုဘုရားသည်၊ လက်အုံယာတွင်၊ သံချိတ်ရာဖြင့်၊ ပရိနိဗ္ဗာန် စံရလိမ့် မည်၊ ပရိနိဗ္ဗာန် စံရသော်လည်း ထာဝရအသက် ရှင် လျက်နှင့် များမြောင် ရှည်ကြာ တည်လတံ့တည်း” သူက ဟောထားတယ်”။
ဆရာတု ရွတ်ပြတဲ့ စာပိုဒ်တစ်ခုလုံးက အရပ်ထဲက တောက်တခေါက် လူတစ်ယောက် လက်တန်း ရေးတဲ့ အဆင့် လောက်ပဲ ရှိတယ်။ မန်လည်ဆရာတော်ဟာ အဲဒါလောက် အ ဆင့်မရှိတဲ့ သံပေါက် မဟုတ်တဲ့ လင်္ကာလိုလို ဟာမျိုးကို မရေး တန်ရာဘူး။ ရည်ရွယ်ချက် တစ်ခုနဲ့ ထို“ဆရာဆိုသူ”က သူ့ ဟာသူ ရေးထားတဲ့ လုပ်ဇာတ် အဆင့်ထက် မပိုနိုင်ပါဘူး။ “ဗောဓိကုက္ကို’ရဲ့ သဲလွန်စကို ဘုန်းကြီး အခု ဖတ်နေဆဲ ရှင်မဟာသီလဝံသရဲ့ ဗုဒ္ဓုပ္ပတ္တိပျို့၊ အပိုဒ်-၂၂ မှာ တွေ့တယ် .. “စဉ်လာရှည်လျား၊ ရှေးဘုရားတို့၊ ဝင်သွားမဂ်ဖိုလ်၊ များထို ထိုလည်း၊ လူပျိုဘုရား၊ မရှိငြားဘူး၊ သားတစ်ယောက်မှ၊ ထွက်ရသည်၊ မုချစဉ်လာ၊ ဓမ္မတာတည်း (သုဓမ္မဝတီ၊ စာ- ၁၀၁)။ ဒီပျို့ထဲက “လူပျိုဘုရား၊ မရှိငြားဘူး”ဆိုရာမှ တစ်ဆင့် “ဗောဓိကုက္ကို၊ ညောင်ထိုထို၊ လူပျိုဘုရား၊ မရှိငြား”လို့ အရပ်ထဲ မှာ ဆိုစမှတ် ပြုလာတာ ဖြစ်ဖွယ်ရှိတယ်။
ကုက္ကိုပင်၊ ညောင်စတဲ့ ဗောဓိပင်တွေမှာ ပွင့်တဲ့ ဘုရားတွေ ထဲမှာ လူပျိုအဖြစ်နဲ့ပွင့်တာ မရှိဘူး။ လူသားအစစ် ဖြစ်ကြောင်း လောကကို ပြချင်လို့ အိမ်ထောင်ကျ၊ ကလေးရပြီးမှ တော ထွက်ပြီး ဘုရားဖြစ်တယ် ´ဆိုတဲ့ အဓိပ္ပာယ်ပါ။ အရပ်ထဲက ဆို စမှတ်ကို ဆရာတုက သူ့လုပ်ဇာတ်ထဲ ထည့်သုံးလိုက်တာပဲ။
မေတ္တေယျ
(ရုပ်သံစကား) “အဲဒီတော့ ဒီပါဠိတော်ကို ကြည့်ခြင်း အားဖြင့် ဒီသံပေါက်တွေကို ကြည့်လိုက်လို့ ရှိရင် တကယ်တော့ ခရစ်တော် အကြောင်းကို ပြောတယ်။ သို့သော်လည်း လူတွေက အရိမတေးယျ၊ အရိ = ပွားများခြင်း၊ မတေးယျ = မေတ္တာရှင်။ ထာဝရ အ သက်ရှင်တော်မူသော ဘုရားဆိုတာကို သဘော မ ပေါက်ကြဘူး။ အဲဒီမှာ နောက်က ပွင့်လာမယ့် ဘုရား ဆိုတာကို မျှော်လင့်နေကြတာပေါ့။”
“အရိမတေးယျ” ... နာမည် အသံထွက်ကိုက အမှားကြီး။ ဗုဒ္ဓဝါဒမှာ နောင်ပွင့်မယ့် ဘုရားဆိုတာကို “မေတ္တေယျော နာမ ဗုဒ္ဓေါ = မေတ္တေယျ ဗုဒ္ဓ (ဒီ၊၃၊၆၃)’လို့ နာမည် အတိ အကျ ရှိပြီးသား။ ခရစ်တော်နဲ့ ဘာမှ မဆိုင်ဘူး။ ကျေးဇူးပြု၍ ထာဝရ အသက်ရှင်တဲ့ ခရစ်တော်ကို သေမျိုးဝင် လူသားဘုရား မေတ္တေယျ ဗုဒ္ဓနဲ့ မနှိုင်းယှဉ်ပါနဲ့။ ခရစ်တော်လည်း သိက္ခာကျတဲ့ အပြင် ဒီဖက်က ယုံကြည်မှုကိုလည်း ထိခိုက်ပါတယ်။
လေဖြီးလုံး
(ရုပ်သံစကား) “အဲဒီမှာပဲ ဒီပါဠိတော်က တိမ်မြုပ်စ ပြုနေတာပေါ့။ တိမ်မြုပ်စ ပြုတယ် ဆိုပေမယ့်လို့ တစ် ခြား ဗုဒ္ဓဘာသာထွန်းကားတဲ့ တိုင်းပြည်တွေမှာတော့ ရှိကောင်း ရှိပါသေးတယ်။ ပဲခူး သာသနာ့မဏ္ဍိုင် ပါဠိ တက္ကသိုလ် ကျောင်းတိုက်မှာ ၂-အုပ်လောက် ရှိ တယ်။ မုံရွာ ပဇ္ဇောတာရုံကျောင်းမှာ ရှိတယ်။ မန္တ လေးတိုင်း ရမည်းသင်း သာသနဝေပုလ္လ ရက္ခိတ ပါဠိ တက္ကသိုလ်မှာ စာအုပ်က ရှိုးသေးပါတယ်။ ပြီးတော့ ညောင်တုန်း ရွှေဟင်္သာတောရ ဧရာဝတီတိုင်းမှာ ရှိ တယ်။ ပြီးတော့ ဧရာဝတီတိုင်း ဟင်္သာတမြို့ မိုး ကောင်းကျောင်းတိုက်မှာ ဒီစာအုပ်တွေ ရှိတယ်။
ညောင်တုန်းမြို့ ရွှေဟင်္သာတောရ ကျောင်းတိုက်မှာ ဘုန်း ကြီး ကိုရင်ဘဝနဲ့ လေးနှစ် နေပြီး ဒီတိုက်ကပဲ ဓမ္မာစရိယ အောင်ခဲ့တယ်။ ဒီကျောင်းတိုက်ထဲက စာချအကျော် ဆရာ တော်ကြီးတွေနဲ့ ရင်းနှီးခဲ့ဖူးပါတယ်။ ဘယ် “အနာဂဝံသ စက္ခု လင်္ကာကျမ်း’ကိုမျှ မကြားဖူးခဲ့ပါဘူး။ အဲဒီ နာမည်နဲ့ ဘယ် ဗုဒ္ဓ ဘာသာ နိုင်ငံမှာမှလည်း မရှိပါဘူး။ လေဖြီးလုံး သက်သက်ပဲ။
လုပ်စားသူ
ဘုန်းကြီး ကမ္ဘောအေးမှာ နေတုန်းက .. အများအမြင်အရ မဆ လ လွှတ်တော် ကိုယ်စားလှယ်ရဲ့ သား၊ တိုင်းရင်းသား လူငယ်၊ ပညာတတ်၊ ခရစ်ယာန် ဓမ္မဆရာအဖြစ်ကနေ ဗုဒ္ဓတရားကို နှစ် သက်လွန်းလို့ ဘုန်းကြီး ဝတ်လာသူ။ အဲဒီတုန်းက သာထွန်း ပြန့် ညွန်ချုပ်ရဲ့ အရှိန်နဲ့ ဝင်ခွင့် မဖြေရဘဲ သာသနာ့တက္ကသိုလ် မှာ နေထိုင်။ ရောက်စက ဆွမ်းစားကျောင်းကို လာရင် ဘုရား ကို ဦးသုံးကြိမ်ချ။ သံဃာတွေကို ရှိခိုးပြ။ ဘုန်းကြီးရော လူပါ သူ့ကို အလွန် သဘောကျကြပေါ့။ (ဘွဲ့အမည် မသိ၊ ချင်းဘုန်း ကြီးလို့ပဲ ဘုန်းကြီးတို့ အသိုင်းအဝိုင်းက ခေါ်လေ့ရှိပါတယ်။)
သုံးလလောက် ကြာတော့ ဗုဒ္ဓတရား မှန်ကြောင်း သိမ် ကြီးဈေးမှာ တစ်ပတ် တစ်ကြိမ် တရား သွားဟောတာနဲ့ ငွေ ၁၅-သိန်းလောက် ရသတဲ့။ တီဗွီတွေ သူ့အခန်းထဲ ရောက်လာ၊ လူတစ်ယောက်က သူ့ကို ကားလှူ၊ ကမ္ဘာအေး ဝင်းထဲ ကား ပတ်မောင်း။ နောက် သာထွန်းပြန့်က စာရေးမတွေ သူနေတဲ့ အဆောင်ကို ဆွမ်းသွားပို့။ အဲဒါတွေနဲ့ မရှင်းမရှင်း ဖြစ်။ ကမ္ဘာ အေးက ထွက်၊ သူ့အရပ် ပြန်သွား၊ ဓမ္မဆရာ ပြန်လုပ်တယ်လို့ သတင်းသဲ့သဲ့ ကြားလိုက်ရပြီး ပျောက်သွားပါတယ်။
အခု အခင်းဖြစ်ရပ်ပါ “အစိုးရပေးတဲ့ ဝတ္တံသက ဘွဲ့ရ ရာဆိုသူ’လည်း အနှီ ဓမ္မဆရာ နှစ်ဖြစ်လဲ ‘ချင်းဘုန်းကြီး’လို လုပ်စားသူသာ ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မိပါတယ်။
စက်တင်ဘာ ၂၅၊ ၂၀၁၆။
---
၅၁၁။ ဝိညက်သံ ကျယ်လာရင်
လေးစားစွာဖြင့် မေးလျှောက်ထားအပ်ပါသည် ဘုရား၊ အွန် လိုင်းမှာ ဘာသာဝင်တွေ အချင်းချင်း စော်ကား ပုတ်ခတ်ပြီး ရေးသားမှုတွေ လုပ်နေကြပါသည်။ ဗုဒ္ဓဘုရားပဲ ဖြစ်စေ၊ အခြား ဘုရားပဲဖြစ်စေ လူတွေ ကိုးကွယ်ခံရသည့် ဘုရားတွေပဲ ဖြစ်တဲ့ အတွက် ထိုသို့ ရေးသားသူများမှာ ဗုဒ္ဓဝါဒအရ ငရဲ ကြီးမကြီး သိလိုပါသည် ဘုရား။
ဥက္ကာမောင် (ရန်ကုန်)
---
အပြုံးကိုယ်စီ
ကမ္ဘာကျော် တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ကာလီ ဖိုးနီးယား အုပ်ချုပ်ရေးမှူးဟောင်း အာနိုးရဲ့ ဇနီးက “ဟစ်စ် ဟိုးလီးနက်စ် (ဒလိုင်းလားမားကို လေးစားသမှုနဲ့ ခေါ်တာ)က ဂေါ့ဒ် (ဖန်ဆင်းရှင်)ကို ယုံပါသလား”လို့ မေးတော့ ဘုန်းတော် ကြီးက ပြုံးရွှင်သော မျက်နှာနဲ့ လက်ကလေးကို ကာရမ်းပြီး “ကျောင်းအမရေ ... ဒီကိစ္စ ကျုပ်ကို မမေးပါနဲ့၊ ဒါက ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စလေ။ ခင်ဗျားနဲ့ ကျုပ်က အယူအဆ တူမှာ လည်း မဟုတ်ဘူး”လို့ ဖြေတယ်။ အာနိုးဇနီးကလည်း ပြုံးနေ လိုက်တာပါပဲ။
ချစ်ပါတယ်
နာမည်ကျော် ဗီယက်နာမ် ဘုန်းကြီး တိနက်ဟန် (လူမည်း အခွင့်အရေး ခေါင်းဆောင် မာတင်လူသာ ကင်းက ဒီဘုန်းကြီး ကို နိုဘယ် ငြိမ်းချမ်းရေးဆု အတွက် နာမည်စာရင်း တင်သွင်းဖူးတယ်) ကို အမေရိကန် လူမည်း မင်းသမီး၊ စာရေးဆရာမ အိုပရာ ၀င်းဖရေးက "ယူက ယေရှုကို ယုံကြည်ပါသလား" လို့ မေးတဲ့အခါ ဘုန်းကြီးက ပြုံးပြီး "I love Jesus, cause he is the Buddha of the West. ကျုပ် ယေရှုကို ကြည်ညို ပါတယ်။ ဘာ လို့ဆို သူက အနောက်တိုင်းရဲ့ ဗုဒ္ဓပဲလေ" လို့ ဖြေကြားပါတယ်။ ကမ္ဘာက လေးစားခံရတဲ့ ပုဂ္ဂိုလ်တွေမှာ အဲဒီလို ထူးခြားတဲ့ အတွေးအမြင်နဲ့ ပေါင်းသင်း ဆက်ဆံရေးမျိုး ရှိကြပါတယ်။ အဲ ဒါမျိုးလေးတွေကို အတုယူနိုင်အောင်တော့ ဘုန်းကြီးတို့လည်း တတ်စွမ်းသမျှ ကြိုးစားဆဲပါ။
ဆန်းစစ်ခွင့်
မည်သူမဆို မည်သည့် အကြောင်းအရာကိုမဆို မှန်ကန် ခိုင်လုံတဲ့ သက်သေ သာဓကနဲ့ အများ နားလည်ဖို့ ရည်ရွယ်ပြီး ဝေဖန် ဆန်းစစ်ခွင့်လည်း ရှိသင့်တာပါပဲ။ ဒါကြောင့် ပိဋကတ် သုံးပုံထဲက သုတ္တန်တစ်ခု သို့မဟုတ် စာပိုဒ် သို့မဟုတ် ဂါထာ စတဲ့ ဗုဒ္ဓဟော အစစ်အမှန်တွေကို ထုတ်ပြီး လူ့လောကကို ကောင်းကျိုး ပြုမပြု ဆိုတဲ့ ဝေဖန်ချက်မျိုးကို ဗုဒ္ဓဝါဒက ကြိုဆိုသင့်ပါတယ်။ ဟုတ်ရင် ဝန်ခံပြီး မဟုတ်ရင် အဓိပ္ပာယ်မှန်ကို ပြန်ရှင်းပြရုံပါပဲ။ မြတ်ဗုဒ္ဓ ကိုယ်တိုင်လည်း မိမိကို အပြစ်တင် သူနဲ့ ထိပ်တိုက် တွေ့ပြီး အဲဒီလို ရှင်းပြ ဆွေးနွေးခဲ့တဲ့ ဖြစ်ရပ်တွေ အများကြီး ရှိပါတယ်။
ဒါကြောင့် ဆွမ်းအိုးထဲက ကြွက်ချေး ဖြစ်နိုင်တဲ့ ကျမ်းစာထဲက စာပိုဒ် အစစ်အမှန်တွေကို ရှာဖွေ ဖော်ထုတ်ပြီး ထောက်ပြတာမျိုး ဖြစ်ရင်တော့ အမှန်ကို ပြန်ဖြေရှင်းရုံပဲ ဖြစ်မယ်လို့ ယူဆပါတယ်။ "ခွေးကြီး၊ နွားကြီး" လို့ တစ်ဖက်က ရိုင်းလာရင် တော့ ပြုတုံ့ မပြုဘဲ သည်းခံဖို့ ဗြာဟ္မဇာလသုတ်မှာ မြတ်ဗုဒ္ဓ သင်ကြားပါတယ်။
တာဝန်ယူ
ဘာသာရေးအရ မြင့်မြတ်သူအဖြစ် ကိုးကွယ်ခံ ပုဂ္ဂိုလ်ဆိုတာ တိုက်ခိုက် ခေါင်းဖြတ် မုဒိန်းကျင့်သူမှ မဟုတ်ဘဲ။ ဒါကြောင့် အများရဲ့ နှလုံးသားမှာ လေးစား ချစ်မြတ်နိုးခံရတဲ့ အဲဒီလို သူတော်ကောင်းတွေကို ရုန့်ရင်းတဲ့ စကားလုံးတွေနဲ့ မပြောဆိုသင့်ပါဘူး။ ပြောဆို ရေးသားသူအဖို့ အနည်းဆုံး အတွင်းစိတ်မှာ မိမိသုံးတဲ့ ရုန့်ရင်း စကားလုံးတွေရဲ့ ဆိုကျိုး သက်ရောက်မှုကို မိမိ အရင်ဆုံး ခံစားရပါတယ်။
ငရဲကြီး မကြီး ဆိုတာက ရေးနေ ပြောနေဆဲမှာ ဖြစ်နေတဲ့ မိမိရဲ့ စိတ်အပေါ် အရိုင်း သက်ရောက်မှုနဲ့ အပြောခံ ပုဂ္ဂိုလ်တို့ရဲ့ သီလ သမာဓိ ပညာကျင့်သုံးမှု အဆင့်အတန်အရ ဆုံးဖြတ်ရမှာပဲ။ မှောင်ထဲက လူရဲ့ စကား ဖြစ်ရင်တော့ ကိုယ်က ထွက်ပြီး "ဝင့်ပြ" စရာ မလိုပါဘူး။
ပိညက်တို့အသံ
ဘုန်းကြီး ငယ်ငယ်က လုပ်ဖူးတယ်... သားပေါက် ဆယ်ကိုးကောင်နဲ့ ကြက်မကြီး တစ်ကောင်။ သူ့အနားကို ကပ်ရင် ရန်ရှာလွန်းလို့ တုံ့ပြန်တဲ့ အနေနဲ့ တစ်နေ့မှာ... ဆန်မှုန့်လှော် တစ်ဆုပ်ကို ကိုင်ပြရင်း ကြက်ပေါက်လေးတွေကို ဖျားယောင်းပြီး ခေါ်တယ်။ ကပ်လာတော့ ဖမ်း၊ ပုဆိုးခေါင်းထဲ ထည့်ထုပ်ထား။ လေးငါးကောင်လောက် ထုပ်မိတော့ ပုဆိုးခေါင်းထဲက ကြက်ကလေးတွေရဲ့ ပိညက်ပိညက် အသံ ပိုကျယ်လာတယ်။ ကြက်မကြီး ခေါင်းမြီး ထောင်ပြီး ပုဆိုးထုပ်ကို ရန်လို စိုးရိမ်ဟန်နဲ့ စိုက်ကြည့်တယ်။ နောက်တစ်ကြိမ် အစာပြ ဖျားယောင်းဆဲ ကြက်မကြီး အွတ်အီးအီးသံနဲ့ အော်ပြေးလာပြီး ကျွေးတဲ့ လက်ကို နှုတ်သီးနဲ့ နှစ်ချက် သုံးချက် ဆက်တိုက် တောက်ပစ်တယ်။ အမယ်လေး.. လန့်အော်တော့ အမေက "ဟေ့ကောင် ကြက်မကြီးကို သွားလုပ်မနေနဲ့၊ ကြက်ခွပ်ခံရတော့မှာပဲ" လို့ လှမ်းပြောတယ်။
အင်း... ကြက်မကြီးလိုပဲ အမေလည်း ထိုအတွက် စိုးရိမ်တာ ဖြစ်မယ်လို့ အဲဒီတုန်းက စိတ်ထဲ ဖြစ်ဖူးတယ်။ ချမ်းသာသူတွေက ငွေကြေးပြပြီး ဆင်းရဲသား ပိညက်တွေကို ခါးပိုက်ထဲ ထည့်တာလည်း (ဘယ်သူ ထည့်ထည့်) သင့်မြတ်ပါဘူး။ "ပေးရင် ကျွေးရင် လွတ်လပ်စွာ ပေးကျွေး၊ မတုပ်ချည်နဲ့။ ဖမ်းဆုပ်ပြီး ပုဆိုးခေါင်းထဲ တိတ်တဆိတ် ထည့်ရင် ကြက်မကြီး လာတောက်လို့ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး။" "စော်ကား၊ ပုတ်ခတ်" ဆိုတာတွေဟာ ကြက်မကြီးလို စိုးရိမ်မှုတွေက တစ်ဆင့် အချင်းချင်း မယုံကြည် မလေးစားနိုင်လို့ ဖြစ်ရတယ်လို့ ဘုန်းကြီး ယူဆတယ်။
ဘုန်းကြီး ပြောပြတာကို မျက်စိကြီးကြီးနဲ့ ဖတ်ကြည့်ရင် ဘုန်းကြီးရဲ့ အဖြေ ပေါ်လောက်ပြီလို့ ယူဆပါတယ်။ စက်တင်ဘာ ၂၉၊ ၂၀၁၆။
ရှေးကသမ္ဘာ အရင်းပါလည်း သမ္မာမကျင့် ဘုန်းမပွင့်ဘူး ကံနှင့်အကျင့် ညီသဖြင့်သာ ကျိုးခွင့်ပြီးမြဲ မညီလွဲက ဆင်းရဲ တွေ့ရုံ ဘေးသာကြုံ၏ (မဃဒေဝ၊ ပိုဒ်-၂၄၃)။
---
၅၁၂။ သံသရာဆွေမျိုးများ
ဆရာတော် ဘုရား၊ မြတ်စွာ ဘုရားက မည်သူမဆို သံသရာမှာ ညီအစ်ကို မောင်နှမ ဖြစ်ဖူးတယ်လို့ ဟောတော်မူကြောင်း ကြားနာဖူးပါသည်။ ထိုတရားကို မည်သည့် အရပ်၌ မည်သူ့အား ဟောကြားသည်ကို သိလိုပါသည် ဘုရား။
လဲ့လဲ့ပြုံး (ကျောက်ကုန်း)
နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်၊ အန.မ.တဂ္ဂသံယုတ်၊ ဒုတိယဝဂ် (သံ၊၁၊၃၉၆) မှာ မာတုသုတ်၊ ပိတုသုတ်၊ ဘာတုသုတ်၊ ဘဂိနိသုတ်၊ ပုတ္တသုတ်၊ ဓီတုသုတ်လို့ သုတ္တန် ခြောက်ခု ရှိတာကို ပေါင်းပြီး ဖော်ပြရင်
- ရဟန်းတို့၊ ဤသံသရာ၏ အစကို မသိနိုင်။ အဝိဇ္ဇာ (မသိခြင်း) ဖုံးလွှမ်းခံရပြီး တဏှာ (တပ်မက်ခြင်း) ဖြင့် တုပ်ချည် ခံကြရလျက် ဘဝထိုထို၌ ကျင်လည်ကြသော သတ္တဝါတို့၏ အစသည် မထင်နိုင်။ ရဟန်းတို့၊ ယင်းသို့ ရှည်စွာသော (သံသရာ) ကာလ၌ အမိအဖ မဖြစ်ဘူးသော၊ ညီအစ်ကို အစ်မနှမ မဖြစ်ဖူးသော၊ သားသမီး မဖြစ်ဖူးသောသူ ဟူ၍ မရှိနိုင်။ ကာလရှည်စွာ ဆင်းရဲ၊ ပြင်းထန်သော ဆင်းရဲနှင့် ပျက်စီးခြင်းတို့ကို ခံစားဖူးပြီ။ သင်းချိုင်းမြေပုံသည် တိုးပွားလှပြီ။ ရဟန်းတို့၊ ဤသင်္ခါရတရားတို့၌ ငြီးငွေ့ပြီး မတပ်မက်ဘဲ လွတ်မြောက်သင့်ပြီ (သံ-မြန် ၁၊ ၃၈၂ စသည်ရှ)။
- ယောက်ျားတွေရဲ့ မိန်းမဖြစ်ရာ ကာလ၊ မိန်းမတွေရဲ့ ယောက်ျားဖြစ်ရာ ကာလကို ဘယ်ရွေ့ ဘယ်မျှလို့ သတ်မှတ်ဖို့ မဖြစ်နိုင်။ ဒီစကြဝဠာက အခြား စကြဝဠာမှာ၊ အခြား စကြဝဠာကလည်း ဒီစကြဝဠာမှာ ဖြစ်ကြရလို့ စကြဝဠာ အနေနဲ့လည်း မပိုင်းခြားနိုင် (သံ၊ဋ္ဌ၊၂၊၁၄၈)။
ဒီသုတ္တန်တွေအရ မြတ်ဗုဒ္ဓ သာဝတ္ထိမှာ နေတုန်း ဟောတော်မူကြောင်း လောက်ပဲ သိရပြီး မည်သူ့ကို အကြောင်းပြုပြီး ဟောတယ်လို့ ဖော်ပြချက် မပါဘူး။ ရဟန်းပရိသတ် လူပရိသတ် အများကို ဟောတော်မူတယ်လို့ပဲ သာမန် ဆိုနိုင်မယ်လို့ ထင်ပါတယ်။
စက်တင်ဘာ ၃၀၊ ၂၀၁၆။
---
၅၁၃။ ပြတ်ပြီး ထန်းပင် ပြန်မရှင်
အရှင်ဘုရား။ ဒုလ္လဘ ရဟန်းဝတ်စဉ် ဝိနည်းကို မသင်ဖူးသည့်အတွက် ပါရာဇိက သိက္ခာပုဒ် ကျူးလွန်မိသည်ကို မသိဘဲ လူထွက်ပြီး နောက်တစ်ကြိမ် ရဟန်းဝတ်လျှင် ရဟန်းဖြစ်ပါသလား။ ထိုရဟန်းသည် ရဟန်းဝတ်ဖြင့် တရားအားထုတ်လျှင် တရားထူးကို ရနိုင်ပါသလား။ ဖြေကြားပေးစေလိုပါသည်။
သန်းနိုင် (မဲဆောက်)
---
တရားထူး မရ
အောက်ပါ မိလိန္ဒပဉှာ ပါဠိတော် (စာ၊ ၂၄၇) မှာ လာတဲ့ မိလိန္ဒမင်းနဲ့ အရှင်နာဂသေန ရဟန္တာတို့ရဲ့ အမေးအဖြေ ဆွေးနွေခန်းကို အရင် ဖတ်ကြည့်ပါ။
မင်း။ အရှင်ဘုရား နာဂသေန၊ လူတစ်ယောက်ဟာ ရဟန်းဝတ်နဲ့ ပါရာဇိက ကျခဲ့တာကို မသိဘဲ နောက်တစ်ကြိမ် ရဟန်းဝတ်ပြီး တရား အားထုတ်ရင် ဈာန်တရား မဂ်ဖိုလ် တရားကို ရနိုင်ပါသလား။
အရှင်။ မရနိုင်ပါ။
မင်း။ ဘာကြောင့်ပါလဲ။
အရှင်။ ဈာန်မဂ်ဖိုလ်ကို သိခြင်းရဲ့ အကြောင်းတရား ပြတ်ပြီး ဖြစ်လို့။
မင်း။ “မိမိရဲ့ အာပတ်ကို သိနေရင် နောင်တပူပန် ဖြစ်တယ်။ ပူပန်မှုဟာ အတားအဆီး ဖြစ်လို့ သစ္စာကို မသိနိုင်” လို့ အရှင်ဘုရားတို့ ဆိုခဲ့တာပဲ။ ပါရာဇိက ကျခဲ့တာကို မသိသူဟာ နောင်တပူပန်မှု မဖြစ်နိုင်လို့ ဘာကြောင့် သစ္စာကို မသိနိုင်ရတာလဲ။ စဉ်းစားပြီး ဖြေပါဦးလေ။
အရှင်။ မင်းကြီး၊ ကုန်းမြေမှာ တောက်လောင်တဲ့ မီးဟာ ရေမှာ တောက်လောင်သလား။
မင်း။ မတောက်လောင်ပါဘူး။
အရှင်။ ဘာကြောင့်ပါလဲ။
မင်း။ ရေမှာ မီးတောက်လောင်ဖို့ အကြောင်းတရား မရှိပါဘူး။
အရှင်။ ဒါပေါ့၊ ပါရာဇိက ကျတဲ့အတွက် သစ္စာကို ထိုးထွင်းသိခြင်းရဲ့ အကြောင်း ပြတ်တောက်သွားပါတယ်။ အကြောင်းပြတ်ပြီး ဖြစ်လို့ သစ္စာကို သိခြင်း မဖြစ်နိုင်တော့ပါဘူး။
မင်း။ အရှင်ဘုရား၊ မသိသူအနေနဲ့ ပူပန်မှုမရှိပါဘဲ ဘယ်လို အတားအဆီး ဖြစ်တယ်ဆိုတာလေး ရှင်းပြပေးပါဦး။
အရှင်။ မင်းကြီး၊ မီးဟာ မသိဘဲ ကိုင်မိသူကိုလည်း ပူလောင်စေသည် မဟုတ်ပါလား။
မင်း။ ပူလောင်ပါသည် အရှင်။
အရှင်။ ဒီလိုပါပဲ၊ မသိဘဲ ပြုမိတဲ့ မကောင်းမှုကံလည်း သစ္စာလေးပါးကို သိခြင်းအတွက် အန္တရာယ် ဖြစ်စေပါတယ်။
မင်း။ သင့်မြတ်ကြောင်း ဝန်ခံပါသည် အရှင်ဘုရား။
ရဟန်းမဖြစ်
ဖော်ပြပါ မိလိန္ဒပဉှာ ပါဠိတော်အရ ယခင် ရဟန်းဝတ်စဉ်က ပါရာဇိက ကျခဲ့သည်ကို မသိဘဲ လူထွက်ပြီး နောက် ရဟန်းပြန်ဝတ်ရင် မဂ်ဖိုလ် နိဗ္ဗာန်ကို မရနိုင်ဘူးလို့ နားလည်ရတယ်။ ဒါဟာ ထိုပုဂ္ဂိုလ် အနေနဲ့ ရဟန်းပြန်မဖြစ်တော့ဘူး ဆိုတဲ့ သဘောပါပဲ။ ဘာကြောင့်ဆို "ပါရာဇိက ကျပြီးတဲ့ ရဟန်းအဖို့ ရဟန်းအဖြစ်ဟာ သဂ္ဂ (ဂတိကောင်း) နဲ့ မောက္ခ (ဈာန်မဂ်ဖိုလ်) ရဲ့ အန္တရာယ်ပါပဲ။ ထိုသူဟာ ရဟန်းအဖြစ်နဲ့ ဈာန်မဂ်ဖိုလ် တရားနဲ့ ဂတိကောင်းကို မရနိုင်ဘူး (ဝိ၊ဋ္ဌ၊၂၊၈၃)" လို့ ဝိနယ အဋ္ဌကထာမှာ ဖွင့်ဆိုထားလို့ပါပဲ။
သတိထား
ဒါကြောင့် ယခုတစ်ကြိမ် စိတ်မပါဘဲ ဒုလ္လဘ ရဟန်းပြုရပေမယ့် အမှန်တကယ် ဝတ်လိုတဲ့အခါ စိတ်သန့်အောင် ဒုလ္လဘလူထွက်တဲ့အခါ ဝိနည်းကို နားလည်တဲ့ ဆရာတော်ထံမှာ စနစ်တကျ သိက္ခာချဖို့ လိုပါကြောင်းနဲ့ သိက္ခာမချဘဲ လူလို မနေမိဖို့ အရေးကြီးကြောင်း သတိထားပါ။
အောက်တိုဘာ ၁၁၊ ၂၀၁၆။
---
၅၁၄။ လူထောင်မြှုံး
အရှင်ဘုရား၊ ဖေ့စ်ဘုက် စာမျက်နှာများ၌ ဗုဒ္ဓဘာသာ မဟုတ်သူများက လယ်တီ ဆရာတော်သည် ဘာသာခြားတို့၏ ယုံကြည်မှုကို ပုတ်ခတ် ရေးသားခဲ့သည်ဟု ဆိုခြင်းမှာ မှန်ပါသလား ဘုရား။ ထို့ပြင် မြတ်စွာဘုရားသည် မိမိနှင့် ခေတ်ပြိုင် အခြားသော ဘာသာရေး ဆရာတို့၏ ယုံကြည်မှုကို ကဲ့ရဲ့ခဲ့သည့် သက်သေ သာဓက ကျမ်းဂန်တွင် ရှိမရှိလည်း သိလိုပါသည် ဘုရား။
မေဝင့်သူ (Port Land)
---
အသင့်ပြင်
ဖေ့စ်ဘုတ်ဆိုတာ ဟင်းလေးအိုးပါပဲ။ တစ်ဆင့် နှိမ့်ပြောရင် မြေပဲတောင့်ကို မတူး မချစ်ဘဲ ကျက်အောင် သဲရောပြီး လှော်တဲ့ သဲပူအိုးနဲ့ တူတယ်။ ဒီထက် နှိမ့်ပြောရင် ကြွက်ချေး ရောနေတဲ့ ဆွမ်းဆန်အိုးလိုပါပဲ။ ကီးဘုတ် လက်ကွက်ကို နှိပ်တတ်သူတိုင်း ရေးလို့ ရတဲ့ နေရာ၊ တစ်ယောက်တည်း နေတုန်း စိတ်ရှိတာ အကုန် ဖွင့်ထုတ်လို့ ရတဲ့ နေရာပါ။ မြန်မာ့အများသုံး အိမ်သာ နံရံတွေက ပွနေတဲ့ မီးသွေးခြစ်ရာတွေမှာ သူတော်ကောင်း စကား ဘယ်နှစ်ကြိမ် တွေ့ဖူးပါသလဲ။ ဒါကြောင့် ဖေ့စ်ဘုက်အဆိုကို သုံးသပ်ဖို့ အမြဲတမ်း ဆင်ခြင်ဉာဏ်ကို ဆင်သင့် ပြင်ဆင်ထားရလိမ့်မယ်။
ဣနိဝါဒ
လယ်တီဆရာတော်ကို ဗုဒ္ဓဘာသာ မဟုတ်တဲ့ ကမ္ဘာကျော် ပါဠိပညာရှင်တွေ လေးစားကြပါတယ်။ ဆရာတော်ကြီးရဲ့ အချို့ ကျမ်းစာတွေမှာ ပါဠိတော်အရ 'ဣဿရ' 'နိမ္မာတာ' 'သဿတ' ဆိုတာကို အခြေခံပြီး ထာဝရဘုရားနဲ့ ပတ်သက်တဲ့ ဗုဒ္ဓဝါဒရှုထောင့်ကို ရှင်းပြထားတာ ရှိတယ်။ လူအချို့ဟာ "ဣဿရ = စကြဝဠာ ကမ္ဘာ မိုးမြေကို စိုးပိုင်သူ၊ နိမ္မာတာ = ဖန်ဆင်းရှင်၊ သဿတ = ထာဝရ တည်မြဲသူ... ဆိုတာ ရှိတယ်၊ သက်ရှိ သက်မဲ့ အားလုံး သူလုပ်လို့ ဖြစ်ပေါ်လာတာ၊ အရာအားလုံး သူ့ရဲ့ ဆန္ဒအတိုင်း ဖြစ်နေတယ်" လို့ ယုံကြည်ကြတယ်။ ဒါကို ဣဿရ နိမ္မာနဝါဒ (အတိုကောက် ဣနိဝါဒ) လို့ ခေါ်ပြီး မြတ်ဗုဒ္ဓ မပွင့်မီ ရှေးပဝေသဏီကပင် ရှိခဲ့နေတာ။
အဲဒီလို ယုံကြည်တာဟာ ပရမတ္ထ သဘာဝကို မသိလို့ ဖြစ်ကြောင်း ပါဠိစာပေမှာ ပါတာကို အခြေခံပြီး ဆရာတော်က ရှင်းပြခြင်းသာ ဖြစ်ပါတယ်။ ဘာသာတရား အချို့ရဲ့ အမည်ကို ထည့်ပြီး ဆိုဖွယ်ရှိပေမယ့်... ထိုအချိန်က နယ်ချဲ့ရှေ့ပြေး သာသနာပြု ဆရာတွေရဲ့ ဗုဒ္ဓဝါဒ အပေါ် နှိမ့်ချ ရေးသားဟောပြောတာတွေနဲ့ စာရင် ဆရာတော်ရဲ့ ဖော်ပြချက်က အလွန် ယဉ်ကျေးပါတယ် (အလင်းကျမ်းကို ဖတ်ကြည့်)။ အဲဒီလို ရေးရုံနဲ့ ဆရာတော်ကြီးဟာ ဘာသာခြား ယုံကြည်မှုတွေကို နှာခေါင်းရှုံ့တယ်လို့ မဆိုနိုင်ပါဘူး။ သူတော်ကောင်းတို့ မည်သည် သည်းခံခွင့်လွှတ် သနားတတ်ရိုး ရှိပါတယ်။
လယ်တီနဲ့ သမ္မာကျမ်း
၁၈၃၀-ပြည့်ခန့်၊ ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာ ဖြစ်တဲ့ ပုလိပ်ရောဂါ ကပ်ဘေးကို အကြောင်းပြုပြီး လယ်တီဆရာတော်ကြီးက ရောဂန္တရဒီပနီကျမ်းကို ရေးပါတယ်။ အဲဒီကျမ်းဖော်ပြချက်အရ လယ်တီဆရာတော်ကြီးဟာ သမ္မာကျမ်းယူအဆ တစ်ရပ်ကို မိမိအယူနဲ့ နီးစပ်အောင် စဉ်းစားတော်မူခဲ့တယ်လို့ ယူဆနိုင်ဖွယ် ရှိတဲ့ အောက်ပါ ရေးသားချက် အထူးကို ဖတ်ကြည့်ပါ...
"ခရစ်ယန်ဘာသာကျမ်း၊ ဘုရင်ဂျီဘာသာကျမ်း၊ ပသီဘာသာကျမ်းတို့၌ အထက် ကောင်းကင်ဘုံတို့မှာ နေကြသော နတ်ကောင်းမျိုးတို့ကို ကောင်းကင်တမန်ခေါ်၏။ ကောင်းကင်ဗိုလ်ခြေခေါ်၏။ ထာဝရဘုရားကို ကောင်းကင်ဗိုလ်ခြေအရှင် ခေါ်၏။ ထာဝရဘုရားသည် အမြင့်ဆုံးသော ကောင်းကင်ဘုံမှာ နေသည်ဟု မှတ်ယူကြကုန်၏။ ထိုကျမ်းတို့၌ နတ်ဆိုးမျိုးတို့ကို နတ်ဆိုးဟု ခေါ်၏။ အကြီးဆုံးသော နတ်ဆိုးကို မာရ်နတ်ခေါ်၏။ စာတန်ခေါ်၏။ နတ်ဆိုးတို့သည် လူတို့၌ အမျိုးမျိုးသော ရောဂါဥပါဒ်တို့ကို ဖြစ်စေတတ်ကြောင်းသည် ဓမ္မဟောင်းကျမ်း ဓမ္မသစ်ကျမ်း ခရစ်ဝင်ကျမ်း တခွင်မှာ အလွန်ထင်ရှားစွာ လာ၏။
"ခရစ်တော်၏ ဘုန်းတန်ခိုးတို့သည် နတ်ဆိုးတို့ကို နှိမ်နင်းမှု နှင်ထုတ်မှု နတ်ဆိုးတို့ ပြုလုပ်၍ ဖြစ်သော အနာမျိုးတို့ကို ခဏချင်း ပျောက်စေမှုတို့တွင် ထင်ပေါ်ကုန်၏။ ယခုအခါ၌ ခရစ်တော်ဆရာ ရှိခဲ့ပါမူကား ကမ္ဘာပေါ်မှာ ကပ်ရောဂါတို့ကို မြန်စွာ ပျောက်ငြိမ်းအောင် ပြုပေရာ၏ (ယင်း၊ စာ-၄၅-၄၆)။"
ချေပခွင့်
မဟာကရုဏာရှင် မြတ်ဗုဒ္ဓရဲ့ ခွင့်ပြုချက်က ဒီလိုရှိပါတယ် "ရဟန်းတို့၊ သူတစ်ပါးက ဗုဒ္ဓ ဓမ္မ သံဃာ၏ အပြစ်ပြောဆိုလာလျှင် စိတ်ဆိုး အငြိုးသိုခြင်း မပြုကြနှင့်။ သို့ပြုလျှင် သင်တို့သာ အန္တရာယ်ဖြစ်မည်၊ စကားကောင်း စကားဆိုးကိုလည်း ခွဲခြားပြီး မသိနိုင်။ မဟုတ်မှန်သည်ကို အပြစ်မရှိသည်ကို အကြောင်းပြ၍ ရှင်းရမည်"။
"ဗုဒ္ဓ ဓမ္မ သံဃာကို ချီးမွမ်းဆိုလျှင်လည်း တက်ကြွမောက်ကြွား မဖြစ်ကြနှင့်။ သို့ဖြစ်လျှင် သင်တို့သာ အန္တရာယ်ဖြစ်မည်။ ချီးမွမ်းတိုင်း မှန်ကြောင်း အကြောင်းပြ၍ ရှင်းရမည် (ဗြဟ္မဇာလသုတ်)"။
'လူမျိုး၊ ရောဂါ၊ ရုပ်သွင်၊ ရိုင်းပြစကားလုံး'တွေနဲ့ ကဲ့ရဲ့ဆဲဆို ပြုလာရင်တော့ မတုံ့ပြန်ဘဲ တုံ့ပြန်ရမယ်" လို့ အဋ္ဌကထာမှာ ထပ်ဆင့် ဖွင့်ဆိုပါတယ်။ မြတ်ဗုဒ္ဓရဲ့ အလိုကို သိတော်မူကြတဲ့ အဖွင့်ကျမ်းပြု ဆရာမြတ်တွေလည်း လူအများ ဒုက္ခရောက်အောင် မြှောက်ထိုးပင့်ကော် မလုပ်ကြတာ ထင်ရှားပါတယ်။
အန္တရာယ်ပြုလို့
မြတ်ဗုဒ္ဓနဲ့ ခေတ်ပြိုင် တိတ္ထိဆရာကြီး ၆-ဦးအနက် မက္ခလိဂေါသာလဆရာက အပ်ချည်လုံးကို ပစ်ချလိုက်ရင် ချည်ရှိသရွေ့သာ သွားသလို သံသရာဆိုတာ အဆုံးရှိသတဲ့။ သတ္တဝါ အားလုံး သတ်မှတ်ချိန် ရောက်ရင် ဆုံးသွားမယ်။ အဲဒီအချိန် မကျသရွေ့ လူမိုက်နဲ့ လူလိမ္မာ အတူတူပဲတဲ့။ မက္ခလိဝါဒကိုတော့ လူ့ဘောင်လောကအတွက် အန္တရာယ်များတယ်လို့ မြတ်ဗုဒ္ဓ ရှုမြင်ပုံရတယ်...
"မက္ခလိဂေါသာလဟာ လူအများ အကျိုးစီးပွားမဲ့အောင်၊ ဒုက္ခရောက်အောင် ပြုသူ ဖြစ်တယ်။ သူ့ရဲ့ ဝါဒဟာ ငါးတွေ အကျိုးမဲ့ ဒုက္ခရောက်အောင် မြစ်ဆုံမှာ ချထားတဲ့ ပြုံးလိုပဲ (အံ၊၁၊၃၆)" လို့ မက္ခလိဝါဒကို မြတ်ဗုဒ္ဓ မှတ်ချက် ပြုခဲ့ပါတယ်။ ကမ္ဘာတစ်လွှား အမြောက်သံ ဗုံးသံ ညံအောင် လုပ်တတ် လုပ်လေ့ရှိတဲ့ ဝါဒကို ရှင်တော်ဗုဒ္ဓ ရှိသေးရင် "လူထောင်ပြုံး" လို့ မိန့်တော်မူဖွယ် ရှိပါတယ်။
နိုဝင်ဘာ ၁၅၊ ၂၀၁၆။
---
၅၁၅။ သုဒ္ဓေါဒနမင်း ရဟန္တာဖြစ်ပုံ
အရှင်ဘုရား ရိုသေစွာ မေးမြန်းအပ်ပါသည် ဘုရား။ ဆရာတော် တပါးက ရဟန္တာသည် လူဝတ်ကြောင် အဖြစ်ဖြင့် တစ်ရက်သာ တည်နိုင်သည်ဟု ဖေ့စ်ဘုက်ပေါ်တွင် တင်ထားသည်ကို ဖတ်ရှုရပါသည် ဘုရား။ ဘုရားရှင်၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ရဟန္တာ အဖြစ်နှင့် ၇-ရက် အကြာမှာ ပရိနိဗ္ဗာန် စံဝင်သည်လို့လည်း မှတ်ထားဘူးလို့ပါ အရှင်ဘုရား။ ရဟန္တာသည် လူဝတ်ကြောင် အဖြစ်ဖြင့် ၇-ရက် (တစ်ပတ်) တည်နိုင်သည်ဟု တပည့်တော် မှတ်သားဖူးပါတယ် ဘုရား။ မည်သည်က အမှန်ဖြစ်သည်ကို သိလိုပါသည်။ အခါအခွင့်သင့်ပါက ဖြေဆိုရန် ရိုသေစွာ တောင်းပန်ပါသည် အရှင်ဘုရား။
သန်းထွန်း (တိကျို)
---
သောတာပန်
သုဒ္ဓေါဒနမင်းကြီး အရိယမဂ် ရပုံကို လေ့လာကြည့်တဲ့အခါ... မြတ်ဗုဒ္ဓ မွေးရပ်မြေသို့ ပထမအကြိမ် ပြန်ကြွပြီး နောက်တစ်နေ့ မြို့တွင်းမှာ ဆွမ်းခံကြွတာကို မကျေမနပ် စကားဆိုတဲ့ ဖခင်မင်းကြီးကို..
"ရဟန်းမြတ်ရှင် ဆွမ်းခံဝင် အစဉ်မမေ့ပြီ။ ဆွမ်းခံကြွလတ် အကျင့်မြတ် မပြတ် ကျင့်ရမည်။ ဆွမ်းခံကျင့်လျှင် ရဟန်းရှင် ကြည်ရွှင် ချမ်းမြေ့သည်" လို့ ဟောတဲ့အခါ ဖခင် သောတာပန် တည်တယ် (ဇာ၊ဋ္ဌ၊၁၊၁၀၅)။
သကဒါဂါမ်၊ အနာဂါမ်
မင်းကြီး ပင့်သွားလို့ နန်းတော်ကို ရောက်တဲ့အခါ မြတ်ဗုဒ္ဓက "ဖြူဖြူစင်စင် ဆွမ်းကြွဝင် မြတ်ရှင်ကျင့်ရသည်။ မသင့်ဌာန ခြောက်ခုမျှ ရှောင်ရကွင်းရသည်။ ဆွမ်းခံကျင့်လျှင် ရဟန်းရှင် ကြည်ရွှင် ချမ်းမြေ့သည်" လို့ ဟောပြန်တဲ့အခါ မင်းကြီး သကဒါဂါမ် တည်သွားတယ် (ဇာ၊ဋ္ဌ၊၁၊၁၀၅)။ ခုနစ်ရက်မြောက်နေ့မှာ မြတ်ဗုဒ္ဓထံမှ မဟာဓမ္မပါလ ဇာတ်တော်ကို နာယူပြီးနောက် မင်းကြီး အနာဂါမ် တည်တယ် (ဇာ၊ဋ္ဌ၊၁၊၁၀၈)။
"မြတ်ဗုဒ္ဓ ဝေသာလီမြို့၊ မဟာဝုန်တော ကူဋာဂါရကျောင်းမှာ သီတင်းသုံးခိုက် သုဒ္ဓေါဒနမင်းကြီးဟာ ထီးဖြူအောက်မှာ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်စံတယ် (ထေရီ၊ဋ္ဌ၊၁၄၅)။ "သေခါနီး ထီးဖြူအောက် မင်္ဂလာအိပ်ရာပေါ်မှာ နေစဉ်မှာပဲ ရဟန္တာ ဖြစ်သွားတယ် (ဇာ၊ဋ္ဌ၊၁၊၁၀၆)။ "မြတ်ဗုဒ္ဓရဲ့ ငါးဝါမြောက်မှာ (ဘုရားဖြစ်ပြီး ငါးနှစ်အကြာမှာ) မင်းကြီးဟာ မင်္ဂလာထီးဖြူအောက်မှာ ရဟန္တာဖြစ်ပြီး ထိုနေ့မှာပဲ ပရိနိဗ္ဗာန်စံတယ် (မဟာဗုဒ္ဓဝင်၊ ၆း၂၊ စာ-၈)"။
ဒီလိုမှတ်
အထက်ပါ ဖော်ပြချက်တွေအရ မင်းကြီးဟာ တစ်နေ့တည်းမှာ သောတာပန်၊ သကဒါဂါမ် ဖြစ်တယ်။ ယင်းနောက် ၇-ရက်ကြာမှာ အနာဂါမ် ဖြစ်တယ်။ ယင်းနောက် ငါးနှစ်အကြာ ထီးဖြူအောက်မှာ ရဟန္တာဖြစ်ပြီး အဲဒီနေ့မှာ ပရိနိဗ္ဗာန်စံတယ်။ ထိုစဉ်က မြတ်ဗုဒ္ဓ ဝေသာလီမှာ သီတင်းသုံးနေပြီး မြတ်ဗုဒ္ဓရဲ့ သက်တော် ၄၀ အရွယ် ဖြစ်ပါတယ်။
သက်တမ်း
ဗိမ္ဗိသာရကတော် ခေမာမိဖုရား ရဟန္တာဖြစ်ပုံကို အင်္ဂုတ္တရနိကာယ် အဋ္ဌကထာမှာ ထူးခြားစွာ ဖွင့်ဆိုပါတယ်...
"မြတ်ဗုဒ္ဓရဲ့ တရားကို နာကြားရတဲ့အခါ ခေမာမိဖုရားဟာ ရပ်လျက်ပင် ရဟန္တာ ဖြစ်သွားတယ်။ လူ့ဘောင်မှာ နေပြီး ရဟန္တာ ဖြစ်သွားသူအဖို့ ထိုနေ့မှာပင် ပရိနိဗ္ဗာန်သော်လည်း စံရတယ်၊ ရဟန်းသော်လည်း ပြုရတယ်။ ခေမာမိဖုရားကတော့ မိမိရဲ့ အာယုသင်္ခါရ (သက်တမ်း မကုန်သေးတာ) ကို သိတဲ့အတွက် ရဟန်းပြုခွင့်တောင်းဖို့ နန်းတော်ကို ပြန်လာစဉ် ဘုရင်ကို ရှိမခိုးဘဲ နေတယ်။ ဘုရင်ကလည်း အမူအရာကို ကြည့်ပြီး သိနေလို့ ရွှေထမ်းစင်နဲ့ ဘိက္ခုနီမကျောင်းကို ပို့ပြီး ရဟန်းပြုစေတယ် (အံ၊ဋ္ဌ၊၁၊၂၆၆)"။
မှတ်စုတစ်ခု
လူ့သွင်ပြင်ဟာ နိမ့်တဲ့အတွက် မြင့်မြတ်တဲ့ အရဟတ္တဖိုလ်ဂုဏ်ရည်ကို လက်မခံနိုင်။ ဒါကြောင့် လူ့အဖြစ်နဲ့ ရဟန္တာဖြစ်ရင် အဲဒီနေ့မှာပဲ ရဟန်းပြုရတယ်၊ သို့မဟုတ် ပရိနိဗ္ဗာန်စံရတယ်။ ဘုမ္မစိုးနတ်တွေကတော့ တောတောင်စတဲ့ ဆိတ်ငြိမ်တဲ့ နေရာရှိလို့ (ရဟန်းမပြုဘဲ) ရဟန္တာအဖြစ်နဲ့ ဆက်လက်တည်တံ့နိုင်တယ်။
နတ်ပြည်ခြောက်ထပ်မှာ သောတာပန်၊ သကဒါဂါမ် ရှိနိုင်ပေမယ့် အနာဂါမ်နဲ့ ရဟန္တာ မရှိနိုင်ဘူး။ အပျော်အပါးများပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာမရှိလို့ အဲဒီဘုံတွေမှာ ရဟန္တာဖြစ်ရင် ပရိနိဗ္ဗာန်စံရတယ်။ အနာဂါမ်တွေကတော့ စုတေပြီး သုဒ္ဓါဝါသဘုံမှာ သွားဖြစ်တယ်။ အထက်ဖြစ်တဲ့ ရူပ အရူပဘုံတွေမှာတော့ အရိယာပုဂ္ဂိုလ် လေးယောက်လုံး (ထိုက်သည်အားလျော်စွာ) ရှိနိုင်တယ် (မ၊ဋ္ဌ၊၂၊၁၃၇)။
အစာနဲ့ ဝမ်း
(မိလိန္ဒ) အရှင်ဘုရား၊ အရဟတ္တဖိုလ်ကို ရသူဟာ သေလွန်ရသည်ဆိုရင် အရဟတ္တဖိုလ်ဟာ ငြိမ်းချမ်းပါရဲ့လား။
(အရှင်နာဂသေန) မင်းကြီး၊ လူ့သွင်ပြင်က အားနည်းတဲ့အတွက် လူဝတ်နဲ့ ရဟန္တာဖြစ်ရင် ထိုနေ့မှာပဲ ရဟန်းပြုရင်ပြု၊ မပြုရင် ပရိနိဗ္ဗာန်သော်လည်း စံတယ်။ ဒါဟာ အရဟတ္တဖိုလ်ရဲ့ အပြစ်မဟုတ်ဘူး။ လူ့သွင်ပြင်ရဲ့ အပြစ်သာ ဖြစ်ပါတယ်။ အသက်ရှည်စေတဲ့ အစားအစာ ဖြစ်ပေမယ့် ဝမ်းမီးမကောင်းလို့ မကြေရင် အစာရဲ့ အပြစ်မဟုတ်ဘူး။ ဝမ်းမီးအားနည်းခြင်းရဲ့ အပြစ်ပါ (မိလိန္ဒ-မြန်၊ ၂၇၅)။
နိုဝင်ဘာ ၂၃၊ ၂၀၁၆။
---
၅၁၆။ အမျိုးသမီး ရဟန္တာဖြစ်လျှင်
အရှင်ဘုရား၊ ယခုခေတ်၌ ဘိက္ခုနီ သာသနာ ကွယ်ပျောက်နေပြီ ဖြစ်လို့ အမျိုးသမီး သို့မဟုတ် သီလရှင် ဆရာလေးများ ရဟန္တာဖြစ်ပါက ထိုနေ့မှာပင် ပရိနိဗ္ဗာန် စံဝင်ကြရမည်လို့ မှတ်ယူလျှင် မှန်ပါသလား ဘုရား။
သန်းထွန်း
"ယခုခေတ်မှာ ဘိက္ခုနီမရှိတော့တဲ့အတွက် အမျိုးသမီးတွေ ရဟန္တာ ဖြစ်ပါက ထိုနေ့မှာပင် ပရိနိဗ္ဗာန်စံရတော့မည်လား" မေးခွန်းမျိုး ရှိဖူးလို့ပဲ "ဘိက္ခုနီသာသနာ ရှိသင့်ကြောင်း ညာရှင်တို့ ယူဆပုံကို ဓမ္မအမေးအဖြေပေါင်းချုပ် ၂၊ စာမျက်နှာ ၁-မှာ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။"
အမျိုးသမီး၊ အမျိုးသား သို့မဟုတ် သီလရှင် မည်သူမဆို လူ့အဖြစ်နဲ့ ရဟန္တာ ဖြစ်သွားပြီးနောက်...
၁) ရဟန်းပြုခြင်း
၂) ပရိနိဗ္ဗာန်စံခြင်းလို့ ၂-မျိုး ဆက်ဖြစ်ခွင့်ရှိတယ်။
ယင်းနှစ်မျိုးအနက် ရဟန္တာဖြစ်သူရဲ့ သက်တမ်းကုန်မှ အမှတ်-၂ ဖြစ်တယ်။ မကုန်သေးရင် အမှတ်-၁ ဖြစ်တယ်လို့ ဘုန်းကြီး ယူဆတယ်။ "ယူဆတယ်"လို့ ဆိုရတာက ကျမ်းဂန် ဖွင့်ဆိုပုံ အချို့ကို သံသယရှိလို့ပါ။ လူ့အဖြစ်နဲ့ ရဟန္တာဖြစ်သွားပုံ ဖော်ပြချက် အချို့ကို လေ့လာရရင်...
ဘဒ္ဒဇိ
ဘဒ္ဒိယသူဌေးရဲ့သား ဘဒ္ဒဇိ လုလင်ဟာ ဗုဒ္ဓထံမှာ တရားနာရင်း လူဝတ်နဲ့ ရဟန္တာ ဖြစ်သွားတဲ့အခါ ဗုဒ္ဓက ဖခင်သူဌေးကို "သင့်သားဟာ ဝတ်စားဆင်ယင်ပြီး တရားနာရင်း ရဟန္တာ ဖြစ်သွားပြီ။ ဒါကြောင့် သင့်သားကို ယခုပဲ ရဟန်းပြုပေးသင့်တယ်။ ရဟန်းမပြုရင် ပရိနိဗ္ဗာန်စံလိမ့်မယ် (တေနဿ ဣဒါနေဝ ပဗ္ဗဇိတုံ ယုတ္တိ၊ နော စေ ပဗ္ဗဇတိ၊ ပရိနိဗ္ဗာယိဿတိ)" လို့ မိန့်တော်မူတယ်။ အဲဒီတော့ သူဌေးက "ငါ့သားဟာ ငယ်ငယ်ပဲ ရှိသေးတာမို့ ပရိနိဗ္ဗာန် မစံသင့်သေးဘူး၊ သားကို ရဟန်းပြုပေးပါ (န မယှံ ပုတ္တဿ ဒဟရသော သတော ပရိနိဗ္ဗာနေန ကိစ္စံ နတ္ထိ၊ ပဗ္ဗဇေထ နိ)" လို့ လျှောက်တဲ့အတွက် မြတ်ဗုဒ္ဓက သူဌေးသားကို ရဟန်းပြုပေးလိုက်တယ် (ထေရ၊ဋ္ဌ၊၁၊၃၆၅)။
ဒီအဖွင့်ကို ကြည့်ရင် ရဟန်းမပြုရင် လူဝတ်ကြောင်ရဟန္တာဟာ သေကို သေရမယ်လို့ ဆိုလိုရိပ် ထင်တယ်။ ဒါပေမယ့် ဘဒ္ဒဇိလုလင်မှာ သက်တမ်း ရှိသေးတာ၊ ဖခင်လည်း သားကို အသက်ရှည်စေလိုတာကို သိတော်မူလို့ မြတ်ဗုဒ္ဓက ထိုသို့ မိန့်တယ်လို့ ဖြည့်ပြီး ယူရင်တော့ ရနိုင်ပါတယ်။
ဗာတိယ
ဗာဟိယတိုင်းသား ဖြစ်လို့ ဗာဟိယ၊ ချုပ်သီထားတဲ့ သစ်သားပြားကို ဝတ်ရုံလို့ ဒါရု.စီရိယလို့ အမည်နှစ်မျိုး ရှိသူ။ တစ်နေ့ ဆွမ်းခံကြွနေတုန်း တရားဟောဖို့ ဇွဲသန်သန်နဲ့ တောင်းပန်လို့ မြတ်ဗုဒ္ဓက သူ့ကို "မြင်ရာ၌ မြင်ကာမျှ ရှုပါ (ဒိဋ္ဌေ ဒိဋ္ဌမတ္တံ)" သင်ကြားတယ်။ တရားဆုံးတာနဲ့ ရဟန္တာ ဖြစ်သွားလို့ ရဟန်းပြုခွင့် တောင်းတဲ့အခါ ဗုဒ္ဓက သင်္ကန်းသပိတ် ပရိက္ခရာ ရှာဖို့ တိုက်တွန်းလို့ ထွက်သွားစဉ် သားပေါက် နွားမ ဝှေ့ခံရလို့ ဗာဟိယ ပရိနိဗ္ဗာန်စံတယ် (ဥဒါန၊ဋ္ဌ၊၈၅)။ မြတ်ဗုဒ္ဓက "ဧဟိဘိက္ခု" ခေါ်ပြီး ရဟန်းပြုမပေးတာက အဲဒီလို ခေါ်ဖို့ ကောင်းမှုအထူး မရှိလို့၊ နွားဝှေ့ခံရတာက အတိတ်ဘဝ ရန်ကြွေးရှိလို့ ဖြစ်ကြောင်း ကျမ်းဂန်မှာ ဆိုပါတယ် (ညွှန်းပြီး)။ ဒါကြောင့် နွားဝှေ့ခံရလို့ သက်တမ်းကုန်ခါနီးလေးမှာ ဗုဒ္ဓနဲ့တွေ့ပြီး ရဟန္တာ ဖြစ်သွားတယ်လို့ ယူရင် သင့်ပါတယ်။
သန္တတိ
သူက ကောသလမင်းရဲ့ အမတ်။ သူ့ကို ဖျော်ဖြေမယ့် ကချေသည်မဟာ မိမိရဲ့ ကိုယ်ကာယအလှကို ပြလိုတဲ့အတွက် တစ်ပတ်ကြာအောင် အစာမစားဘဲ နေခဲ့ရာ ပွဲနေ့ကျမှ အစာပြတ်ပြီး သေရှာတယ်။ ကချေသည်မရဲ့ အလှကို မကြည့်လိုက်ရတဲ့ အမတ်ခမျာ သောကဖြစ်ပြီး ဗုဒ္ဓဆီကို ရောက်လာတယ်။ ဒါနဲ့ မြတ်ဗုဒ္ဓက...
"အချစ်ပြုစား အစွဲအား ခွာထား ပထမ။
ချစ်စေးတဏှာ ဝေးအောင်သာ နေပါ ဒုတိယ။
ချစ်စွဲမဲ့စွာ ရုပ်ခန္ဓာ ပူဗျာကင်းဝေးရ" လို့ ဟောတော်မူတယ်။ သန္တတိအမတ်ဟာ တရားအဆုံး လူ့ဘဝနဲ့ ရဟန္တာ ဖြစ်သွားတယ်။
အဲဒီနောက် အမတ်ကြီးဟာ မိမိရဲ့ သက်တမ်းကို ကြည့်တဲ့အခါ မကြာတော့ကြောင်း သိမြင်လို့ (အတ္တနော အာယုသင်္ခါရီ ဩလောကေန္တော တဿ အပ္ပဝတ္တန.ဘာဝံ ဉတွာ) ပရိနိဗ္ဗာန်စံပါရစေလို့ မြတ်ဗုဒ္ဓကို လျှောက်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၉)။ ဒီဖွင့်ဆိုချက်အရ အကယ်၍ မိမိမှာ သက်တမ်း ရှိသေးရင် ပရိနိဗ္ဗာန်စံဖို့ မြတ်ဗုဒ္ဓကို မလျှောက်သေးဘူးလို့ ပြောင်းပြန် အဓိပ္ပာယ် ယူနိုင်တယ်။
ခေမာ
ဗိမ္ဗိသာရရဲ့ မိဖုရား ခေမာဟာ မြတ်ဗုဒ္ဓရဲ့ တရားအဆုံးမှာ လူဝတ်နဲ့ ရဟန္တာ ဖြစ်တယ်။ အဲဒီအခါ မြတ်ဗုဒ္ဓက ဗိမ္ဗိသာရကို "မင်းကြီး၊ ခေမာဟာ ရဟန်းသော်လည်း ပြု၊ ပရိနိဗ္ဗာန်သော်လည်း စံသင့်တယ် (မဟာရာဇ ခေမာယ ပဗ္ဗဇိတုံ ဝါ ပရိနိဗ္ဗာယိတုံ ဝါ ဝဋ)" လို့ မိန့်ပါတယ်။ မင်းကြီးက "ရဟန်းပြုပါစေ အရှင်ဘုရား၊ ပရိနိဗ္ဗာန်တော့ မစံသင့်ပါဘူး" လို့ လျှောက်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၄၀)။
ဖော်ပြပါ စကားကိုလည်း အောက်ပါ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ဖွင့်ဆိုချက်အရ မိဖုရားရဲ့ သက်တမ်း မကုန်သေးလို့ မြတ်ဗုဒ္ဓက ထိုသို့ မိန့်တော်မူကြောင်း ယူနိုင်ပါတယ်...
"လူ့ဘောင်မှာ နေပြီး ရဟန္တာ ဖြစ်သူအဖို့ ထိုနေ့မှာပင် ပရိနိဗ္ဗာန်သော်လည်း စံရတယ်၊ ရဟန်းသော်လည်း ပြုရတယ်။ ခေမာမိဖုရားဟာ ရဟန္တာ ဖြစ်သွားပြီးနောက် မိမိရဲ့ အာယုသင်္ခါရ (သက်တမ်း) မကုန်သေးတာကို သိတဲ့အတွက် ရဟန်းပြုခွင့်တောင်းဖို့ နန်းတော်ကို ပြန်လာစဉ် ဘုရင်ကို ရှိမခိုးဘဲ နေတယ်။ ဘုရင်ကလည်း မိဖုရားရဲ့ အမူအရာကို ကြည့်ပြီး သိနေလို့ ရွှေထမ်းစင်နဲ့ ဘိက္ခုနီမကျောင်းကို ပို့ပြီး ရဟန်းပြုစေတယ် (အံ၊ဋ္ဌ၊၁၊၂၆၆)"။
ဥဂ္ဂသေန
ကချေသည်နဲ့ အကြောင်းပါပြီးနောက် ဘာကျွမ်းဆရာ တဖြစ်လဲ သူဌေးသား။ တစ်နေ့ ရာဇဂြိုဟ်မြို့ တစ်နေရာမှာ ပွဲခင်းခိုက် ပရိသတ်က ဆွမ်းခံကြွလာတဲ့ မြတ်ဗုဒ္ဓနဲ့ ရဟန်းသံဃာကိုပဲ အာရုံစိုက်တာကို တွေ့လို့ စိတ်မသက်သာ ဖြစ်နေစဉ် သူ့ကို ဆက်ပြခိုင်းတယ်။ ဒါနဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓပရိသတ်ပါ မိမိကို အားပေးတယ် အထင်နဲ့ အတောင် ၆၀-မြင့်တဲ့ တိုင်ထိပ်ပေါ်မှာ ရပ်ပြီး အစွမ်းကုန် ပညာပြဆဲ မြတ်ဗုဒ္ဓက "ဖြစ်ပြီး ဖြစ်မှာ ဖြစ်ဆဲသာ ခန္ဓာမစွဲလမ်း၊ မစွဲခန္ဓာ မွေးသေကွာ သံသာတစ်ဖက်ကမ်း" လို့ ဟောတော်မူရာမှာ ဥဂ္ဂသေနဟာ တိုင်ထိပ်မှာပဲ ရဟန္တာ ဖြစ်သွားတယ်။ တိုင်အောက်ရောက်တော့ ဗုဒ္ဓက "ဧဟိဘိက္ခု" ခေါ်တော်မူလို့ ရဟန်း ဖြစ်သွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၉)။ သူ့မှာ ကုသိုလ်ပါရမီ ရှိတာ၊ သက်တမ်း မကုန်သေးတာကို သိလို့ ဗုဒ္ဓက "ဧဟိဘိက္ခု" လို့ ခေါ်တော်မူခြင်း ဖြစ်ကြောင်း မှတ်ယူနိုင်ပါတယ်။
ပြန်ချုပ်ရင်
မယ်တော် မာယာ ကွယ်လွန်တာဟာ ဗုဒ္ဓလောင်းလျာကို မွေးဖွားခြင်းကြောင့် မဟုတ်ဘဲ ဗုဒ္ဓလောင်းလျာ ကိုယ်တိုင်က မိမိ ကို မွေးဖွားပြီး ခုနစ်ရက် အကြာမှာ ကွယ်လွန်မယ့် မယ်တော် ကို ရွေးချယ်ခဲ့ခြင်းသာ ဖြစ်ပါတယ် (ဇာ၊ဋ္ဌ၊၁၊၅၉)။
အဲဒီလိုပဲ လူ့ဘဝနဲ့ ရဟန္တာ ဖြစ်သူဟာ ရဟန္တာ ဖြစ်ခြင်း ကြောင့် သေတာ မဟုတ်ဘူး။ ပစ္ဆမဘဝိက (နောက်ဆုံး ပဋိ သန္ဓေနေသူ) ဖြစ်တဲ့အတွက် ဒီဘဝခန္ဓာ မကုန်ဆုံးခင် ရဟန္တာ ဖြစ်ကို ဖြစ်ရမှာမို့ ..
၁) သေခါနီး အချိန်ကျမှ အရဟတ္တဖိုလ်ကို ရရင် သက် တမ်း ကုန်လို့
၂) ရဟန်းပြုနိုင်ရင် သက်တမ်း မကုန်သေးလို့ ဖြစ် ကြောင်း ချုပ်ပြီး မှတ်နိုင်ပါတယ်။
နိုဝင်ဘာ ၂၅၊ ၂၀၁၆။
၅၁၇။ မဟာပလ္လင် တရားထိုင်
ဆရာတော်ဘုရား၊ အခု အလွန်ခေတ်စားနေသည့် မဟာပလ္လင် တရားထိုင်နည်းတစ်ခုအကြောင်း သိလိုပါသည် ဘုရား။ မဟာပလ္လင် တရားထိုင်နည်းအကြောင်းနှင့် မဟာပလ္လင်နည်းဆိုတာကို မြတ်စွာဘုရား ကျင့်သုံးခဲ့ဖူးခြင်း ရှိမရှိကို ဖြေပေးတော်မူပါဘုရား။
Lily Moon, LA
---
နှစ်ဖက်ချိတ်
မြန်မာနိုင်ငံက ဗုဒ္ဓဆင်းတုတွေမှာလို နှစ်ဖက်ချိတ်တင်ပလ္လင်ခွေပြီး တရားထိုင်တာကို မဟာပလ္လင်ခေါ်တာ ဖြစ်မယ် တွက်ပါတယ်။ (စကားမစပ်...အိန္ဒိယရှေးဟောင်း ဆင်းတုအချို့ နှစ်ဖက်ချိတ်ပေမယ့် သီရိလင်္ကာ ဆင်းတုတွေတော့ တစ်ဖက်ချိတ်များပါတယ်။) နှစ်ဖက်ချိတ်ပြီး တရားထိုင်လို့ ရလာဒ်ထူးခြားပုံ၊ သို့မဟုတ် နှစ်ဖက်ချိတ်ပြီး တရားရှုမှတ်တာကို ကျင့်စဉ်တစ်ခုအနေနဲ့ ဖော်ပြပုံကိုတော့ ကျမ်းဂန် (ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ)မှာ မတွေ့ဖူးပါ။ ရလာဒ်ထူးခြားရင် တစ်နေရာရာမှာ ဖော်ပြဖွယ်ရှိပါတယ်။ သက်ရှိမြတ်ဗုဒ္ဓ ဘယ်လိုတင်ပလ္လင်ခွေခဲ့တယ်ဆိုတာကိုတော့ မလေ့လာဖူးပါ။
မသုံးသပ်လို
“သက္ကာယဒိဋ္ဌိကို ပယ်နုတ်ဖို့ ခန္ဓာကိုယ်ရဲ့ ဆင်းရဲမှုကို တိုးမြှင့်ဖော်ထုတ်ပြီး ကျင့်ရမယ်။ ဆင်းရဲကို တိုးမြှင့်နိုင်ဖို့ ထိုင်နှုတ်တွေ နှစ်ဖက်ချိတ်ပလ္လင် (မဟာပလ္လင်)ထိုင်ပါ။ အဲဒါ ကျင့်စဉ်တစ်ခု”လို့ ဆိုလိုရင် ဒါဟာ ပုဂ္ဂိုလ်ရေးအယူအဆ ဖြစ်နိုင်ပါတယ်။ ဒီအယူအဆရဲ့ မှန်ကန်မှုကို...
၁) ဘုရားဟောပါဠိတော်
၂) ယင်းပါဠိတော်နှင့် လျော်သောစကားရပ်
၃) သံဂါယနာတင် ရဟန္တာအရှင်တို့ ဆုံးဖြတ်ခဲ့တဲ့ ပါဠိမုတ္တက (ပါဠိတော်မဟုတ်တဲ့) အဆုံးအဖြတ်နဲ့ အဋ္ဌကထာများ
၄) မှန်ကန်တဲ့ မိမိအယူအဆ'ဆိုတဲ့ မဟာပဒေသ ၄-ပါးနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရမှာက ပရိယတ္တိပဋိပတ္တိဝန်ဆောင် ပညာကျော်တို့ရဲ့ တာဝန်ဖြစ်လို့ ဘုန်းကြီးအနေနဲ့ မသုံးသပ်လိုဘူး။
တိဿ မထေရ်
“ကိုယ်စိတ်ဆင်းရဲခြင်း ငြိမ်းရန်”ဆိုတဲ့ မဟာသတိပဋ္ဌာနသုတ်နိဒါန်းကို ဖွင့်ဆိုရာမှာ အဋ္ဌကထာဆရာက တိဿမထေရ်စသည်ကို စံနမူပြုပြီး ရှင်းပြတယ်...
သာဝတ္ထိမြို့သား တိဿသူဋ္ဌေးဟာ ပစ္စည်းစွန့် ရဟန်းပြုပြီး တောမှာ တစ်ပါးတည်း တရားအားထုတ်တယ်။ ပစ္စည်းရလိုဇောနဲ့ သူ့ညီရဲ့ဇနီးက ငွေပေးသတ်ခိုင်းတဲ့ လူသတ်သမားတွေ ဝိုင်းထားတာကို ခံရတဲ့အခါ ယင်းတို့ယုံအောင် မိမိပေါင်ရိုး ၂-ချောင်းကို ချိုးပြီး တစ်ည စောင့်ခိုင်းထားစဉ် “နာကျင်တဲ့ ဝေဒနာကို နှလုံးမသွင်း (ဂရုမစိုက်)ဘဲ နေခြင်းဖြင့် ပယ်လျက် မိမိရဲ့သီလစင်ကြယ်မှုကို ဆင်ခြင်ရင်း တစ်ညလုံးဝိပဿနာပွားရာမှာ မိုးလင်းတာနဲ့ ရဟန္တာဖြစ်သွားတယ် (ဒီ၊ဋ္ဌ၊၂၊၃၃၉။ ဒီ-ဋီ၊၂၊၂၈၃)။
ရဟန်းတစ်ပါး
တောမှာ တရားအားထုတ်စဉ် ကျားကိုက်ခံရတဲ့ အမျိုးအမည်မထင်ရှားသူ ရဟန်းငယ်တစ်ပါးလည်း ကျားရှေ့မှာ လဲနေစဉ် ကျားကိုက်ဒဏ်ရာကြောင့် ပေါင်ရိုးတွေ ကျိုးကြေလို့ ဖြစ်ရတဲ့ “ဆင်းရဲဝေဒနာကို နှလုံးမသွင်း (ဂရုမစိုက်)ဘဲ နေခြင်းဖြင့် ပယ်ခွာပြီး”ဝိပဿနာရှုပွားတယ်။ ခြေဖမိုးကို စားနေစဉ် သောတာပန်၊ ဒူခေါင်းကိုစားစဉ် သကဒါဂမ်၊ ချက်ကိုစားစဉ် အနာဂါမ်၊ နှလုံးကိုမစားမီ ပဋိသမ္ဘိဒါလေးပါးရ ရဟန္တာဖြစ်သွားတယ် (ညွှန်းပြီး)။
မှတ်တမ်းတစ်ခု
သမိုင်းဆရာ တိဗက်ရဟန်းတော် တာရနာထရဲ့ အဆိုအရ...တတိယသံဂါယနာခေတ်မှာ အရှင်ယသရဟန္တာရဲ့ ပညာတတ် သာမဏေတစ်ပါးဟာ အသောကမင်း စီမံထားတဲ့ ယဇ်အိမ်ကို မှားဝင်မိတယ်။ လူသတ်သမားက သာမဏေကို သန်လျက်နဲ့ ခုတ်မည်ပြုတဲ့အခါ သာမဏေက “ခုနစ်ရက်လွန်မှ ငါ့ကိုသတ်ပါ။ ငါ ဒီယဇ်အိမ်မှာပဲ နေပါ့မယ်”လို့ ဆိုတယ်။ လူသတ်သမားက သဘောတူတယ်။ အသွေး၊ အသား၊ အရိုး၊ အူ...စသည် ပြည့်နေတဲ့ ယဇ်ပလ္လင်ကို သက်သေပြုပြီး သာမဏေဟာ မတည်မြဲတဲ့သဘာဝကို ရှုမှတ်ရင်း ခုနစ်ရက်မတိုင်မီ ရဟန္တာဖြစ်သွားတယ် (History of Buddhismin in India, Tāranātha, p. 54)။
တောင်ဖီလာ
မြန်မာနိုင်ငံအင်းဝခေတ် ဋီကာကျမ်းပြု အကျော် တောင်ဖီလာဆရာတော်ဟာ သာလွန်မင်းရဲ့အစီအမံကြောင့် ညအချိန် မိမိရဲ့ တောကျောင်းထဲကို တစ်ယောက်တည်း ရောက်လာပြီး မလုံ့တလုံဝတ်ထားတဲ့ နန်းတွင်းသူရဲ့ဖြားယောင်းတာကို ခံရတဲ့အခါ အနီးမှာရှိတဲ့ စာရေးတဲ့ ကညစ်ရိုးဓားနဲ့ ပေါင်ကိုလှီးပြီး “ထိုအာရုံကို နှလုံးမသွင်း (ဂရုမစိုက်)ဘဲ ပယ်ခွာလျက်” တရားရှုမှတ်တယ်လို့ အစဉ်အလာပြောစမတ်ပြုကြပါတယ်။
ပေါ်လွင်အောင်
မြတ်ဗုဒ္ဓလက်ထက်ကရော နှောင်းခေတ်တွေမှာပါ သူတော်ကောင်းအချို့ ဖော်ပြပြီး ဖြစ်ရပ်မျိုးလို အန္တရာယ်ထိပ်တိုက်ကြုံရတဲ့အခါ ပြင်းပြတဲ့ ဝေဒနာကို ကြံ့ကြံ့ခံပြီး တရားရှုမှတ်လို့ အရိယမဂ်ဖိုလ်ကို ဆိုက်ရောက်သွားတာမျိုးတွေရှိပါတယ်။ သတိပဋ္ဌာန်ကမ္မဋ္ဌာန်း ပွားများခြင်းရဲ့အကျိုးကို ပေါ်လွင်ထင်ရှားအောင် သက်သေပြတဲ့ မှတ်တမ်းတင်ခံရတဲ့ စံပြုထူးခြားဖြစ်ရပ်တွေ ဖြစ်ပါတယ်။
ပါရမီထူး
အရှင်စူဠပန်ဟာ သာမဏေဝတ်ပြီး အစ်ကိုမဟာပန်ဆီမှာ ပရိယတ္တိရော ပဋိပတ္တိပါ သင်ယူတော့ အဆင်မပြေဘူး။ အင်မတန် ထုံထိုင်းတယ်။ ဒါနဲ့ အစ်ကိုဖြစ်သူက “သုံးမရဘူး၊ ထွက်ပြီး မိဘကိုပဲ လုပ်ကျွေးပါ”ဆိုပြီး ကျောင်းက နှင်ထုတ်လိုက်တယ်။ လူမထွက်ချင်လို့ မျက်ရည်ကျနေတာကို ဘုရားရှင်တွေ့တဲ့အခါ ဘုရားရှင်က ပိတ်ဖြူစလေးတစ်ခု ပေးပြီး ‘ချစ်သားစူဠပန်၊ ပိတ်စသည် မြူကိုဆောင်တတ်၏လို့ ထပ်ခါထပ်ခါ ရွတ်ပြီး လက်နဲ့ ဆုပ်နယ်လော့”လို့ ညွှန်ကြားတော်မူတယ်။ ဒီလိုနဲ့ ဒီပိတ်ဖြူစဟာ အရှင်မြတ်ရဟန္တာဖြစ်ခြင်းရဲ့ အထောက်အပံ့ဖြစ်သွားခဲ့တယ်။
စူဠပန်ရဲ့ရှေးဘဝတစ်ခုမှာ ဟောင်းသွားတဲ့ ပိတ်စကိုမြင်ပြီး သံဝေဂရဖူးတဲ့ ပါရမီထူးရှိနေတာကို မြတ်ဗုဒ္ဓသိမြင်တော်မူလို့ အထက်ပါအတိုင်း ညွှန်ကြားတော်မူတာဖြစ်ပါတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၅၇)။
စရိုက်
လူတွေမှာ...ရာဂ (လောဘ)၊ ဒေါသ (စိတ်ဆိုး၊ အမျက်)၊ မောဟ (မသိ)၊ သဒ္ဓါ (ယုံကြည်)၊ ဗုဒ္ဓိ (ပညာ)၊ ဝိတက် (ကြံစည်)လို့ စရိုက် ၆-မျိုးရှိတယ်။ တရားထိုင်တဲ့အခါ ရာဂများသူဟာ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ (၃၂-ကောဋ္ဌာသ)ကမ္မဋ္ဌာန်းတွေထဲက တစ်ခုခုကို အခြေပြုရင် မြန်တယ်...စသည်။ ဘယ်သူ့မှာ ဘယ်စရိုက်ရှိတယ်ဆိုတာ ဗုဒ္ဓဘုရားတို့သာ သိနိုင်စွမ်းတယ်။ အခြားရဟန္တာတွေ၊ အရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်ကြီးတွေတောင် မသိကြဘူး။
ကောက်ချက်
ဒီလို ပါရမီအမျိုးမျိုး စရိုက်အထွေထွေ ရှိကြလို့ပဲ တရားထိုင်သူဟာ တစ်ခါတစ်ရံ ဒီဆရာ ဒီနည်းနဲ့ အဆင်မပြေဘဲ ရှိစဉ် ဟိုဆရာ ဟိုနည်းနဲ့ အဆင်ပြေသွားတာမျိုး ဖြစ်တတ်တယ်။ မည်သို့ဖြစ်စေ...နည်းလမ်းတစ်ခုဟာ ပိဋကတ်သုံးပုံ ပါဠိတော်အဋ္ဌကထာတွေမှာ လာတာကို အခြေခံမှ သို့မဟုတ် စာပေနဲ့ ညီမှ သင့်မြတ်မှာပါ။ ခေါင်းဆောင်တရားပြဆရာတွေ ကိုယ်တိုင် မည်သူ့ထံမှာ မည်မျှကြာလေ့လာအားထုတ်တယ်၊ သူ့ကမ္မဋ္ဌာန်းဆရာရဲ့ ပရိယတ္တိ (ပိဋကတ်ကို သင်ယူမှု)အရည်အချင်း (ဒါမပြည့်စုံရင် စိတ်မချရ)၊ ဆရာဖြစ်တဲ့ ထိုပုဂ္ဂိုလ်နဲ့ အနီးကပ်နေကြည့်လို့ သိရတဲ့ ကိုယ်နှုတ်စိတ်ကို ထိန်းစောင့်မှုအဆင့်...စသည်ကို သုံးသပ်ပြီး တရားရဲ့လေးနက်စစ်မှန်မှု၊ တရားအပေါ် စိတ်ချရမှု၊ ပုဂ္ဂိုလ်ကို ယုံကြည်မှု ရှိနိုင်မယ်။
မည်သည့်တရားထိုင်နည်းမဆို ပေါ်ပြူလာဖြစ်ဖို့ ရည်ရွယ်ပြီး ‘ဗျဉ္စနစ္ဆာယာ = မူရင်းကျမ်းအဆိုကို ကပ်ကိုးခြင်း’လောက်နဲ့ ‘ဒါအမှန်ပဲ’လို့ ဖြန့်ဝေခြင်းမျိုး မဖြစ်ဖို့ ဆုတောင်းနေမိပါတယ်။
နိုဝင်ဘာ ၂၈၊ ၂၀၁၆။
---
၅၁၈။ စူဠာမဏိစေတီ
ဘုန်းဘုန်း...စူဠာမဏိစေတီအကြောင်း သိလိုပါသည် ဘုရား။ မြတ်စွာဘုရားရဲ့ မည်သည့်ဓာတ်တော်ကို ဌာပနာထားပါသလဲ။ ထိုစေတီသည် တာဝတိံသာနတ်ပြည်မှာ ရှိသည်ဟုဆိုခြင်းမှာ မှန်ပါသလား ဘုရား။ တပည့်တော်တို့လို လူသားတွေ ဖူးလို့ရနိုင်ပါသလား။
နှင်းနှင်းအိ (မင်္ဂလာဒုံ)
မကိုဋ်၊ ဆံတော်
ဘုရားလောင်းမင်းသိဒ္ဓတ် တောထွက်ပြီး အနောမာမြစ်တစ်ဖက်ကမ်းရောက်မှာ ပါလာတဲ့ သန်လျက်နဲ့ ဆံပင်ကိုဖြတ်ပြီး ‘မကိုဋ်ရော ဆံပင်ကိုပါ ဘုရားဖြစ်မည်မှန်လျှင် မြေသို့ပြန်မကျဘဲ ကောင်းကင်မှာ တည်ပါစေ’လို့ အဓိဋ္ဌာန်ပြီး မြှောက်တင်လိုက်တယ်။ တစ်ယူဇနာလောက် မြောက်တက်သွားပြီး ကောင်းကင်မှာ တည်နေတယ်။ အဲဒီမကိုဋ်နဲ့ ဆံပင်ကို သိကြားမင်းက ပန်းကလပ်နဲ့ ခံယူပြီး တာဝတိံသာနတ်ပြည်မှာ စေတီတည်တယ်။ အဲဒီစေတီကို “စူဠာမဏိစေတီ”လို့ ခေါ်တယ်။ ရတနာ ၇-ပါးနဲ့ တည်ဆောက်ထားတယ်။ ၃-ယူဇနာ မြင့်တယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၃၃)။ တစ်နည်း တစ်ယူဇနာမြင့်တယ် (မဟာဝံသဋီကာ၊ P.T.S. မူ၊ စာ-၃၇၆)။
စွယ်တော်
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် ရှစ်ပြည်ထောင်မင်းတွေကို ဓာတ်တော်ခွဲဝေသူ ဒေါဏပုဏ္ဏားဟာ လက်ယာအထက်စွယ်တော်ကို သူ့ခေါင်းပေါင်းကြားမှာ ဝှက်ထားသတဲ့။ ဒါကို သိကြားမင်းသိတော့ ဒီအဖိုးကြီး “ထိုက်ထိုက်တန်တန် ပူဇော်နိုင်မှာမဟုတ်ဘူး”ဆိုပြီး ဒေါဏမသိအောင် တိတ်တဆိတ်ယူပြီး ဒီစူဠာမဏိစေတီမှာပဲ ထည့်သွင်းဌာပနာထားလိုက်တယ် (ဒီ၊ဋ္ဌ၊၂၊၂၀၁)။ စကားမစပ်...ဒါကို အနောက်တိုင်းသားအချို့က “ဒေါဏပုဏ္ဏားရော သိကြားမင်းပါ မရိုးသားဘူး၊ လူတွေရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်”လို့ ဝေဖန်တာကို ဖတ်ဖူးတယ်။
ဒါကြောင့် စူဠာမဏိစေတီဟာ ဘုရားမဖြစ်ခင်က မင်းသိဒ္ဓတ်ရဲ့ အသုံးအဆောင် မကိုဋ်နဲ့ ဆံတော်အပြင် ဘုရားစင်စစ်ရဲ့ စွယ်တော်ဓာတ်တစ်ဆူကိုပါ ဌာပနာထားလို့ အလွန်ထူးမြတ်ကြောင်း မှတ်နိုင်ပါတယ်။
ဖူးချင်ရင်
သိကြားနိုင်ငံဖြစ်တဲ့ တာဝတိံသာနတ်ပြည်မှာ ရှိနေတာ ဖြစ်တော့ အခုလူသားအနေနဲ့ ဖူးမြင်ဖို့ မလွယ်ဘူး။ ဒါကြောင့် ယနေ့နက်ဖြန်ကစပြီး သိကြားနိုင်ငံကို ဝင်ခွင့်ဗီဇာ လျှောက်ထားပါ။ သူ့နိုင်ငံကို သွားချင်ရင် ခပ်ပေါ့ပေါ့ထင်ရပေမယ့် လိုက်နာဖို့ လွန်ခက်တဲ့ အထူးစည်းကမ်း ၅-ခုရှိတယ်...သူ့သက်မသတ်ရ၊ သူများပစ္စည်းကိုယ့်ဟာ မလုပ်ရ၊ မြာမပွေရ၊ မလိမ်ရ၊ အရက် ဘိန်းဆေး ဝေးဝေးရှောင်’တဲ့ ဗျို့။
နိုဝင်ဘာ ၂၈၊ ၂၀၁၆။
---
၅၁၉။ စူဠသောတာပန်
ဆရာတော်ဘုရား၊ စူဠသောတာပန်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာကို သိချင်ပါသည်။ စာရေးတံဆွမ်းလှူလျှင် စူဠသောတာပန် ဖြစ်သွားသည်ဟု ဆရာတော်တစ်ပါး၏တရားတွင် ကြားနာဖူးပါသဖြင့် စာရေးတံဆွမ်းအကြောင်းလည်း သိလိုပါသည် အရှင်ဘုရား။ တရားမထိုင်ဘဲ ဆွမ်းလှူရုံနှင့် သောတာပန် မဖြစ်နိုင်ဟု ထင်လို့ပါ ဘုရား။
ဖြူသီဦး
နှစ်မျိုး
သောတာပန် ၂-မျိုးရှိတယ်...မဟာသောတာပန်နဲ့ စူဠသောတာပန်။ ဝိပဿနာတရားအားထုတ်လို့ သောတာပတ္တိမဂ်စိတ်ကို ရသွားရင် အဲဒီပုဂ္ဂိုလ်ကို မဟာသောတာပန် (အကြီးသောတာပန်)လို့ ခေါ်တယ်။ ဒီဘဝမှာ အပါယ်ဘေးကို တားဆီးနိုင်တဲ့ ကုသိုလ်မြဲသူကိုတော့ သေပြီးနောက် သုဂတိ (ဘဝကောင်း)ကို ရောက်ဖို့ သေချာတဲ့အတွက် မဟာသောတာပန်နဲ့တူလို့ စူဠသောတာပန် (သောတာပန်ငယ်)လို့ ခေါ်ပါတယ်။
ပဓာနိယင်္ဂ
ဗုဒ္ဓ ဓမ္မ သံဃာကို မတုန်မလှုပ်ယုံကြည်ခြင်း၊ ရောဂါကင်းခြင်း၊ မလိမ်တတ်ခြင်း၊ အကုသိုလ်ပယ်ရှား ကုသိုလ်ပွားအောင် တရားကို ကြိုးစားအားထုတ်ခြင်း၊ ဖြစ်ပျက်ကိုသိနိုင်သောဉာဏ်နှင့် ပြည့်စုံခြင်းဟူသော တရား (ပဓာနိယင်္ဂတရား)ငါးမျိုးနှင့် ပြည့်စုံသူကို “စူဠသောတာပန်”လို့ ခေါ်တယ် (ဒီ၊၃၊၁၉၈)။
ဉာဏ်နှစ်မျိုး
နာမရူပ.ပရိစ္ဆေဒဉာဏ် (နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ဉာဏ်)နဲ့ ပစ္စယ.ပရိဂ္ဂဟဉာဏ် (နာမ်ရုပ်ရဲ့အကြောင်းကို သိမြင်တဲ့ဉာဏ်)နှစ်ပါးနဲ့ ရုပ်နာမ်တို့ကို အဖန်ဖန်ရှုနေသူဟာ ဗုဒ္ဓသာသနာမှာ ထောက်တည်ရာရပြီး အပါယ်မကျနိုင်။ ထိုပုဂ္ဂိုလ်ကို သုဂတိဘဝသို့ ရောက်ဖို့ သေချာတဲ့အတွက် ‘စူဠသောတာပန်’လို့ ခေါ်တယ် (အဘိ၊ဋ္ဌ၊၂၊၂၄၂)။
စင်ကြယ်သူ
ဝိပဿနာတရား အားထုတ်ဖန်များတဲ့အခါ ဘဝသံသရာမှာ ကြောင်းကျိုးဆက်ဖြစ်စဉ်အရ နာမ်ရုပ်သက်သက်မျှသာ ဖြစ်နေတာပဲလို့ သိမြင်တဲ့ဉာဏ် (ပစ္စယ.ပရိဂ္ဂဟဉာဏ်)ဖြစ်လာတယ်။ ဒီအခါမှာ ပုဂ္ဂိုလ် သတ္တဝါ ရှာမရတော့တဲ့အတွက် “ခင်က ငါဖြစ်ဖူးသလော”စတဲ့ သံသယမျိုး ပျောက်သွားပြီး မိမိရဲ့အကျင့်၊ သင်ပြသူ ဆရာအရှင် မြတ်ဗုဒ္ဓ၊ ဗုဒ္ဓသာဝကစသည်ကို အလေးအနက် ယုံကြည်သွားတယ်။
ဒါကြောင့် ဒီဉာဏ်ကို “ကင်္ခါဝိတရဏ.ဝိသုဒ္ဓိ (သံသယကို လွန်မြောက်၍ အယူမှားမှ စင်ကြယ်ခြင်း)လို့လည်း ခေါ်တယ်။ ဒီအဆင့်သို့ ရောက်သူကိုလည်း အပါယ်မကျ သုဂတိဘ၀မြဲသောကြောင့် “စူဠသောတာပန်”လို့ ခေါ်တယ် (ဝိသုဒ္ဓိ၊၂၊၂၄၀။ ဝိသုဒ္ဓိ-ဋီ၊၂၊၃၈၃)။
စာရေးတံဆွမ်း
“သရဏဂုံတည်ခြင်း၊ ငါးပါးသီလမြဲခြင်း၊ စာရေးတံဆွမ်းလှူခြင်း၊ လပြည့် လကွယ် ဆွမ်းလှူခြင်း၊ မိုးရေခံသင်္ကန်း (ဝါဆိုသင်္ကန်း)လှူခြင်း၊ ရေတွင်းရေကန်လှူခြင်း၊ ကျောင်းလှူခြင်း”ဟူသော အလှူ ၇-မျိုးကို အမြဲပြုသူသည် ဂတိမြဲပြီး သောတာပန်နှင့် တူ၏ (အံ၊ဋ္ဌ၊၃၊၂၆၅)’လို့ ဖွင့်ဆိုချက်ရှိတယ်။ မဲဖောက်ပြီးလှူတဲ့ ဆွမ်းကို စာရေးတံဆွမ်း သို့မဟုတ် စာရေးတံမဲဆွမ်းလို့ ခေါ်တယ်လို့ လွယ်လွယ်မှတ်နိုင်ရင် လုံလောက်ပါတယ်။ ဆွမ်းဆိုပေမယ့် သင်္ကန်း သပိတ်စတဲ့ ရဟန်းအသုံးအဆောင်လည်း ပါနိုင်တယ်။
သရဏဂုံနဲ့ ငါးပါးသီလမြဲပြီး စာရေးတံမဲ၊ ကျောင်းစသည်လှူမှ သောတာပန်လို သုဂတိမြဲတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ သရဏဂုံ ငါးပါးသီလ မရှိဘဲ ကျန် ၅-မျိုး လုပ်ရုံနဲ့ ဂတိမမြဲနိုင်လောက်ဘူး။ “သောတာပန်လို”ဆိုတာ မဂ်ဖိုလ်ဆိုက်ပြီးတဲ့ အကြီးစားသောတာပန်မဟုတ်ဘူး။ ဂတိမြဲတဲ့အတွက် စူဠသောတာပန် (သောတာပန်ငယ်)လို့ ဆိုလိုတယ်။
အဖြေ
မှန်ပါတယ်...တရားမထိုင်ဘဲ မဟာသောတာပန် (သောတာပန်ကြီး)မဖြစ်ပါဘူး။ ဒါပေမယ့် အကျင့်ကောင်းနဲ့ ပြည့်စုံနေရင် ကွယ်လွန်ပြီးနောက် သုဂတိဘဝသွားရမှာ သေချာလို့ သောတာပန်ငယ် (စူဠသောတာပန်)တော့ တရားမထိုင်ဘဲလည်း ဖြစ်နိုင်ကြောင်း မှတ်သားနိုင်ပါတယ်။
နိုဝင်ဘာ ၂၉၊ ၂၀၁၆။
---
၅၂၀။ ကိုယ့်ကိုယ်ကို ဆုံးမခြင်း
မင်္ဂလာပါ ဆရာတော်ဘုရား၊
မေးခွန်းအချို့ မေးလျှောက်ခွင့်ပြုပါဘုရား။ တပည့်တော်မက လေကြောင်းလိုင်းတစ်ခုမှာ အလုပ်လုပ်ပါတယ် ဘုရား။ အမြဲတမ်းလိုလို ရဟန်းသံဃာတွေနဲ့ ပြောဆိုဆက်ဆံရပြီး သံဃာအမျိုးမျိုးနဲ့ တွေ့ကြုံရပါတယ် ဘုရား။ မွန်းတည့်ချိန်ကျော်ရင် ဆွမ်းခဲဖွယ် ဘုဉ်းမပေးရတော့ဘူးလို့ သိထားပေမယ့် service ပေးရတာဖြစ်လို့ မနက်ဖြန်မနက်အတွက် မုန့်ကပ်ပါတယ် ဘုရားဆိုပြီး ကပ်ရပါတယ်။ အိတ်ပါရင် မုန့်ကို ကိုင်မထားရအောင်လို့ တစ်ခါတည်းအိတ်ထဲ ထည့်ပေးလိုက်ပါတယ် ဘုရား။ အချို့ရဟန်းတော်တွေက မယူကြပါဘူး ဘုရား။ အချို့က တစ်ခါတည်း ဘုဉ်းပေးကြတယ် ဘုရား။
အသောက်စရာ ကပ်ရင်လည်း ၁၂-နာရီကျော်ရင် ကော်ဖီနဲ့ လက်ဖက်ရည် မကပ်ရဘူးလို့ ပြောလို့ တပည့်တော်တို့က ချိုရည်နဲ့ ရေးနွေးကြမ်းပဲ ကပ်ပါတယ် ဘုရား။ တစ်ချို့ရဟန်းတွေက ကော်ဖီ မပါဘူးလားလို့ မေးပြီး ကော်ဖီပေးဖို့ ပြောပါတယ် ဘုရား။ တစ်ခါတလေ ကော်ဖီတိုက်တဲ့ ခရီးစဉ်တိုင်း ကော်ဖီပေးဖို့ပဲ ပြောတယ် ဘုရား။ တပည့်တော်စိတ်ထဲမှာ ကော်ဖီသောက်လို့ ရမရ ဝေခွဲမရဖြစ်မိပါတယ် ဘုရား။ ဒါကြောင့် ရဟန်းတော်များအနေဖြင့် ဘာတွေကို ဘုဉ်းပေးလို့ရပြီး ဘာတွေကို ဘုဉ်းပေးလို့ မရဘူးဆိုတာကို ဖြေကြားပေးစေချင်ပါတယ် ဘုရား။
နောက်တစ်ခုက ရဟန်းတော်တွေ selfie ရိုက်ပြီး Facebook မှာ chatting ထိုင်တဲ့ကိစ္စပါ ဘုရား။ ရဟန်းတော်တို့အနေနဲ့ ထိုအပြုအမူ အပ်စပ်မှုရှိမရှိ သိချင်လို့ပါ ဘုရား။ တပည့်တော်မအနေနဲ့ တစ်ချို့သော ရဟန်းများနဲ့ ဆက်ဆံတဲ့အခါ အဆင်မပြေဖြစ်ရပါတယ် ဘုရား။ ထိုရဟန်းတို့အပြုအမူ ပြောဆိုဆက်ဆံပုံကြောင့် တပည့်တော်မစိတ်မှာ တစ်ခါတလေ အကြည်ညိုပျက်လောက်တဲ့အထိ ဖြစ်ပါတယ် ဘုရား။ စိတ်ထဲကပဲဖြစ်ဖြစ် ပြောဆိုပြစ်မှားမိရင်လည်း တစ်ဖက်က သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးဖြစ်တာကြောင့် တပည့်တော် ငရဲကြီးမှာလည်း ကြောက်ပါတယ် ဘုရား။
သနားသောအားဖြင့် စိတ်ထားပုံထားနည်းကို ချီးမြှင့်ပေးပါရန် လျှောက်ထားအပ်ပါတယ် ဘုရား။
Kyar Nyo
ဂွတ်မဂွတ်
“အိတ်ထဲ ထည့်ပေးလိုက်တယ်။ အချို့ရဟန်းတော်တွေက မယူကြပါဘူး။ အချို့က တစ်ခါတည်း ဘုဉ်းပေးကြတယ်”ဆိုတာ “အချို့ဘုန်းကြီးတွေက မွန်းတည့်ချိန်လွန်ပြီးမှ ကပ်တဲ့မုန့်ဖြစ်လို့ မစားတဲ့အပြင် မယူဘဲ ထားပစ်ခဲ့တယ်။ အချို့က နက်ဖြန်အတွက် ကပ်တယ်ဆိုတဲ့ မုန့်ထုပ်ကို ဆွဲသွားတယ်၊ အချို့ကျတော့ မွန်းလွဲနေပေမယ့် တစ်ခါတည်း လေယာဉ်ပေါ်မှာ စားပစ်တယ်’လို့ ဆိုလိုရင် မစား သို့မဟုတ် မယူဘဲ ထားပစ်ခဲ့တဲ့ ဘုန်းကြီးက ဂွတ်တယ်။ နက်ဖြန်အတွက် ကပ်တဲ့ မုန့်ထုပ်ကို မ,သွားတဲ့ ဘုန်းကြီး မဂွတ်ဘူး။ တစ်ခါတည်းစားပစ်တဲ့ ဘုန်းကြီးတွေက ပိုမဂွတ်ဘူး။ ဒါပေမယ့်...
ရန်ကုန်က စင်္ကာပူကိုသွားတဲ့ ခရီးစဉ်မျိုးဖြစ်ရင်တော့ စင်္ကာပူက အချိန်စောလို့ အတွေ့အကြုံမရှိတဲ့ ရဟန်းအချို့ အချိန်လွန်ပေမယ့် ‘မ,သွား၊ စားပစ်’တာမျိုး ရှိနိုင်ပါတယ်။
ရှင်းပြ
“၁၂-နာရီကျော်ရင် ကော်ဖီနဲ့ လက်ဖက်ရည် မကပ်ရဘူးလို့ ပြောလို့”ဆိုတာ လေယာဉ်မှာ service ပေးဖို့ ကိုယ်တို့ကို training ပေးတုန်းက ညွှန်ကြားချက်ဖြစ်ရင် ဘုန်းကြီးက တောင်းပေမယ့် “မွန်းလွဲရင် ရဟန်းသံဃာကို လက်ဖက်ရည်နဲ့ ကော်ဖီကပ်ခွင့် မရှိပါဘူး”လို့ ပြောသင့်တယ်။ ‘ကော်ဖီတိုက်တဲ့ ခရီးစဉ်တိုင်း ကော်ဖီပေးဖို့ပဲ ပြောတယ်’ဆိုတာ ‘ခရီးစဉ်တစ်ခုလုံး ကော်ဖီပေးဖို့ပဲ ထပ်ခါထပ်ခါ ပြောတယ်’လို့ ဆိုလိုရင် customer ကို ကော်ဖီထပ်မလိုက်ဖို့ ညွှန်ကြားချက် ရှိမရှိနဲ့ ဆိုင်ပါလိမ့်မယ်။
ညွှန်ကြားချက်မရှိရင်တော့...အများနဲ့ရောပြီး အလုပ်သဘောအရ service ပေးရတာဖြစ်လို့ အားလုံး အဲဒီဘုန်းကြီးရဲ့ စောင့်ထိန်းမှုရှိခြင်း မရှိခြင်းနဲ့ပဲ ဆိုင်လိမ့်မယ်။
အခတ်မခံရ
ကိုယ်တွေ့တစ်ခု...ယိုးဒယားလေကြောင်း TG နဲ့ အိန္ဒိယက ဘန်ကောက်ကိုလာတော့ service အမျိုးသမီးကိုင်ယူလာတဲ့ လင်ပန်းကို (မြန်မာပြည်မှာလို အကပ်ခံတဲ့အနေနဲ့) ကိုင်မည်ပြုစဉ် ၎င်းက သူ့လင်ပန်းကို အထိမခံဘဲ ဆတ်ကနဲ့ ဆွဲယူပစ်တာကို ခံရဖူးတယ်။ အတူပါဘုန်းကြီးတစ်ပါးကလည်း တွန်းလာတဲ့ လှည်းထဲက သတင်းစာကို ဆွဲယူလို့ ဆူခံထိတယ်။ ၎င်းတို့ရဲ့ယဉ်ကျေးမှု (အမျိုးသမီးလက်နဲ့ ကိုင်ထားတဲ့ ပစ္စည်းကို ဘုန်းကြီးက မကိုင်ရဘူး)ကို ဘုန်းကြီးတို့ သိမှ မသိဘဲ။ ဒါပေမယ့် ၎င်းအနေနဲ့ နိုင်ငံတကာလူမျိုးစုံကို service ပေးရတာဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုကို မသိတာ ညံ့တာပဲ။ ဘုန်းကြီးတို့က သူတို့ customer ဖြစ်တဲ့ပြင် နိုင်ငံခြားသားပဲလေ။ လေယာဉ်ပေါ်က ဆင်းတော့ အဝမှာ ခရီးသည်အားလုံးကို “ဆာဝါယီးခတ်”ပေမယ့် ဘုန်းကြီးတို့အုပ်စုကို မျက်နှာ ၁၂-ခေါက်ချိုးနဲ့ လက်ပိုက်ကြည့်နေပြီး ဘာမှ ‘မခတ်”ဘူး။ ဘုန်းကြီးတို့ကလည်း ငါးမွှေထိုးပြုံးတောင် အနိုင်နိုင်ပဲပေါ့။ (စကားမစပ်၊ အဲဒီတုန်းကပင် TG ကို စိတ်ထဲ ချဉ်သွားခဲ့တယ်။)
မဏိတော်ကွဲတယ်
ကမ္ဘာအေး၊ သာသနာရေးဦးစီးဌာနက ပိဋကတ်ဆိုင်ရာ စာအုပ်သစ်ထွက်ရင် စာရောင်းဌာနကို သွားမေးကြည့်...မနေ့ကထွက် နက်ဖြန်ဆို စာအုပ်ကုန်ပြီတဲ့။ အဲဒီစာအုပ်တွေ ရွှေတိဂုံဘုရားမှာ နှစ်ဆနီးပါး ဈေးကြီး ပေးဝယ်ရတယ်။ (ဘုရားဈေးကို မှောင်ခိုထုတ်ပစ်တယ်လို့ ဘုန်းကြီးတွေက ယူဆတယ်။) ဒါကြောင့် စာရောင်းစာရေးမတွေနဲ့ စာအုပ်လာဝယ်တဲ့ ဘုန်းကြီးအများစု ဆက်ဆံရေးမပြေလည်ဘူး။ စာရေးမတစ်ယောက်ရဲ့လက်ချက်နဲ့ ဘုန်းကြီးတစ်ပါးရဲ့ မဏိတော်ကွဲဖူးတယ် (မရယ်နဲ့၊ တကယ်ဖြစ်ရပ်မှန်)။
၈၈အရေးအခင်းကာလအတွင်း ကမ္ဘာအေးဝင်းထဲက ဟောပြောပွဲတွေမှာ ခံထားရတဲ့ ဘုန်းကြီးတစ်ပါး ထိုသာသနာရေး စာရောင်းဌာနဖက်ကို လက်ညှိုးထိုးပြီး ကြိမ်းမှ ကြိမ်းပေါ့။ ဒါလေးတွေ ပြောပြတာက ‘အဆင်မပြေဖြစ်တယ်’ဆိုရာမှာ နှစ်ဖက်လုံးမှာ ခံစားချက် ကိုယ်စီရှိမယ်လို့ ယူဆလို့ပါ။ ဘုန်းကြီးတွေနဲ့မှ ဒီလိုဖြစ်ရတယ်ဆိုရင် something wrong လို့ ဆိုရလိမ့်မယ်။ လူ့ပတ်ဝန်းကျင်ဆိုတာ မှန်လိုပါပဲ။ မိမိထုတ်လွှင့်တဲ့စွမ်းအင်ကောင်းဖို့ လိုပါတယ်။
ကော်ဖီလား
ဒါကြောင့် မွန်းလွဲချိန် လေယာဉ်ပေါ်မှာ ကော်ဖီ လက်ဖက်ရည်သောက် သို့မဟုတ် ခဏခဏ တောင်းသောက်တဲ့ ဘုန်းကြီးကိုကြည့်ပြီး “ဘုန်းကြီး ကော်ဖီသောက်လို့ ရမရ’လို့ ဦးနောက်ခြောက်ခံပြီး မစဉ်းစားပါနဲ့။ တာဝန်အရပဲ လုပ်ပေးပြီး မကြည်ညိုရင် မျက်နှာလွှဲနေလိုက်တာ ပိုကောင်းပါတယ်။ လောကမှာ အဆိုးဆိုတာ ရှိစမြဲပါ။ မြန်မာပြည်က ဆရာတော်တွေ နို့စည်နို့မှုန့်နဲ့ ဖျော်တဲ့ ကော်ဖီ လက်ဖက်ရည်ကို မွန်းလွဲချိန်သောက်လေ့မရှိဘူး။ Coke နဲ့ Juice လောက်တော့ ဘုန်းကြီးခပ်များများ သောက်ပါတယ်။
ဘုန်းကြီးကတော့ လေယာဉ်နဲ့ဖြစ်စေ ကားနဲ့ဖြစ်စေ ခရီးရှည်သွားရင် တစ်ခါတစ်ရံ ကော်ဖီခါးခါးကို brown sugar နှစ်ထုပ်လောက် ထည့်ပြီး အချိန်မရွေး သောက်လေ့ရှိပါတယ်။
စိတ်ထား
“လေကြောင်းလိုင်းတစ်ခုမှာ အလုပ်လုပ်သူ”အနေနဲ့ ငရဲကြီးမှာ ကြောက်ရင် ကိုယ့်အလုပ်ကို လုပ်တာပဲ ကောင်းမယ် တွက်ပါတယ်။ ဗုဒ္ဓဝါဒီဆိုတာ ကိုယ်တိုင် ကိုယ်နှုတ်စိတ်ကို စောင့်ထိန်းမှုသာ အဓိကကျကြောင်းပါ။ မွန်းလွဲချိန် လေယာဉ်ပေါ်မှာ ကျွေးတဲ့ လက်ဖက်ရည် ကော်ဖီ ထမင်းထုပ်ကို စားသုံးတဲ့ဘုန်းကြီးကို တွေ့ရုံနဲ့ အကုသိုလ်အဖြစ် မခံပါနဲ့။
ပွတ်ဆရာတွေ
လူနဲ့ စကားပြောနေရင်း တစ်နည်းပြောရင် လူရှေ့သူရှေ့မရှောင် တယ်လီဖုန်းကို ပွတ်နေတဲ့ ဘုန်းကြီးတွေကို တွေ့တိုင်း ဘုန်းကြီးကတော့ ငါ့အနေနဲ့ ဒီလိုမလုပ်မိပါစေနဲ့လို့ ကိုယ့်ကိုယ်ကို ဆုံးမပါတယ်။ Facbook ပေါ်ခါစက ဘုန်းကြီးတစ်ပါး မနက်လင်းတာနဲ့ ကွန်ပျူတာရှေ့မှာ ပါးစပ်က “တသွပ်သွပ်”လုပ်ပြီး “မြူးတူးစိတ်ဆိုး”ဖြစ်နေတာ တွေ့စဉ်ကလည်း သံဝေဂဖြစ်ဖူးတယ်။ Facebook ဆိုတာ သောင်းပြောင်းဖြစ်လို့ “အပ်စပ်၊ မအပ်စပ်”လို့ ဆုံးဖြတ်ရင် မမှန်လောက်ဘူး။ ဘုန်းကြီးတစ်ပါးအနေနဲ့ တောင်စဉ်ရေမရတွေနဲ့ချည်း အချိန်မကုန်စေဘဲ အကျိုးရှိအောင် အထိန်းအကွပ်နဲ့ အသုံးပြုရင် သင့်တယ်လို့ပဲ ဆိုနိုင်အံ့ထင်ပါတယ်။
ဒီဇင်ဘာ ၃၊ ၂၀၁၆။
---
၅၂၁။ ဘယ်လိုလဲ
လူဘယ်က စဖြစ်သလဲ။ ပဋိစ္စသမုပ္ပါဒ် (ကြောင်းကျိုးဆက်) မပါဘဲ ဖြေပေးစေချင်ပါသည်။ ကျနော်က ဗုဒ္ဓဘာသာမဟုတ်ပါ။
ကျေးဇူးတင်ပါသည်။
သန်းလွင်လေး
မသိပါ
ဗုဒ္ဓဒေသနာအရ...သတ္တလောကလို့ခေါ်တဲ့ သက်ရှိလောကဟာ ‘ယခင် ယခု နောင်’လို့ အချိန်ကာလဖြစ်စဉ် သုံးမျိုးနဲ့ အဆုံးမဲ့စကြဝဠာ (Time and Space)အတွင်း အသီးသီး (ကိုယ်စီကိုယ်စီ)လွင့်မျောလည်ပတ်နေတယ်။ တစ်ခုသော သတ္တဝါသည်ပင် နေရာဌာနအမျိုးမျိုးမှာ ခြားနားတဲ့ အသိဉာဏ် သွင်ပြင်သက်တမ်းတွေနဲ့ ကာလသုံးပါးမရပ်စဲဘဲ ဖြစ်နေကြတယ်။ အဲဒီလို လည်ပတ်စေတဲ့ တွန်းအားက သတ္တဝါအသီးသီးရဲ့ ကိုယ်တိုင် ‘ပြုပြောကြံ’ခြင်းဖြင့် ထုတ်လုပ်စုဆောင်းထားတဲ့ ‘စွမ်းအင်’တွေပါပဲ။ မြတ်ဗုဒ္ဓက “ဒီဖြစ်စဉ်ရဲ့အစကို မသိနိုင် (ပုဗ္ဗကောဋိ န ပညာယတိ)”လို့ မိန့်ပါတယ်။
လူဆိုတာ သက်ရှိလောကရဲ့ အစိတ်အပိုင်းပါပဲ။ ဒါကြောင့် လူ့ဖြစ်စဉ်ရဲ့အစကိုလည်း မသိနိုင်ပါ။ သက်ရှိသက်မဲ့အရာအားလုံးဟာ ဖြစ်တည်ပေါ်ပေါက်လာမှသာ သိနိုင်တာဖြစ်လို့ စတင်ဖြစ်ပေါ်ချိန်ကို မသိကောင်းပါ။
မြတ်ဗုဒ္ဓဟာ အဲဒီလိုမသိနိုင်တာကို သိတော်မူခဲ့ပါတယ်။
မလိုပါဘူး
ပဋိစ္စသမုပ္ပါဒ်ဆိုတာ အဲဒီလိုအစကို မသိနိုင်ပုံနဲ့ ပတ်သက်ပြီး ဗုဒ္ဓဒဿန (ဗုဒ္ဓဝါဒရဲ့ရှုထောင့်)ကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ လူ့အစကို ရှင်းပြခြင်း မဟုတ်ပါဘူး။ ဒါကြောင့် “လူဘယ်က စဖြစ်သလဲ”မေးခွန်းအတွက် ပဋိစ္စသမုပ္ပါဒ် လိုကိုမလိုပါဘူး။
ဘယ်လိုလဲ
ဗုဒ္ဓဝါဒီတစ်ယောက်ကတော့ “မသိဘူး”လို့ ရှင်းရှင်းပဲ ဖြေထားပါပြီ။ ‘ဗုဒ္ဓဘာသာမဟုတ်သူ’အနေနဲ့ အခြားဘာသာဝင်တစ်ဦးဖြစ်ခဲ့ရင် “ယောက်ျားအစ သွေးခဲက” “မိန်းမအစ ယောက်ျားနံရိုးက” “လူအစ ရွှံ့ခဲက”ဆိုတဲ့ မဟာသီအိုရီ သို့တည်းမဟုတ် အဲဒီသီအိုရီကို တီထွင်သူမပါဘဲ “လူဘယ်က စဖြစ်သလဲ”လို့ မေးရင် ဘယ်လိုဖြေမလဲ။ “ဘာသာမဲ့”ဖြစ်ခဲ့ရင်လည်း ‘စချင်သလိုစ၊ နေချင်သလိုနေ’မှာဖြစ်လို့ မေးစရာအကြောင်း မရှိသင့်ဘူးလို့ ယူဆပါတယ်။
ဒီဇင်ဘာ ၄၊ ၂၀၁၆။
---
၅၂၂။ အလှူတု
အရှင်ဘုရား၊ ယနေ့ခေတ်တွင် လူအချို့ မတရားရရှိထားသော ဥစ္စာဖြင့် အလှူဒါနလုပ်ပြီး လူကြီးလူကောင်းယောင်ဆောင်နေကြပါသည် ဘုရား။ ထိုပုဂ္ဂိုလ်တို့၏ အလှူမှာ အကျိုးပေးမပေး သိလိုပါသည် ဘုရား။
ရွှေမြိတ်မောင်မောင်
---
ပဲ့တင်သံ
‘လူကြီးလူကောင်း”ဆိုတာ အယောင်ဆောင်လို့ အတုလုပ်လို့ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို တံဆိပ်ခတ်နှိပ်လို့လည်း မဖြစ်နိုင်ဘူး။ လူတစ်ယောက်ရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားနဲ့ ထိုစိတ်အခြေခံတဲ့ လုပ်ဆောင်ချက်ကြောင့် ရရှိတဲ့ ပတ်ဝန်းကျင်ရဲ့ ပဲ့တင်သံသာဖြစ်ပါတယ်။ ဒီပဲ့တင်သံဟာ ပစ္စုပ္ပန်မှာ စစ်မှန်နေရင် မဆိုးသေးပါဘူး။ အတိတ်ရော ပစ္စုပ္ပန်ပါဆိုရင် ပိုကောင်းပါတယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ်သုံးပါးဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။
အကျိုးမကြီး
သံယုတ်ပါဠိတော်အရ နာမည်မပါတဲ့ နတ်သားတစ်ယောက် မြတ်ဗုဒ္ဓကို လျှောက်ပုံက...
လူအချို့သည် မသင့်သောကံသုံးပါး၌ တည်လျက် အလှူဒါနပြု၏။ သူတစ်ပါးကို ပင်ပန်းစေ၍ သူတစ်ပါးကို သတ်၍ သူတစ်ပါးကို စိုးရိမ်စေ၍ သူတစ်ပါးကို မျက်ရည်ကျစေ၍ သူတစ်ပါးကို ဥစ္စာဒဏ် လက်နက်ဒဏ်ပေး၍ လှူဒါန်း၏။ ထိုအလှူသည် တရားနှင့်မညီသောကြောင့် (အဓမ္မအလှူ ဖြစ်သောကြောင့်) ထိုသို့သဘောမရှိသော တရားနှင့်ညီသော အလှူ၏အဆင့်အတန်းကို မမီ (သံ၊၁၊၁၉)။
ဒါကြောင့် အလှူဒါနနဲ့ ပတ်သက်ရင် စစ်မှန်စင်ကြယ်ဖို့လိုပါတယ်။ မိမိအပြစ်ကို ဖုံးကွယ်ဖို့ လုပ်တဲ့အလှူ၊ သူတစ်ပါးကိုယ်စိတ်ဆင်းရဲအောင် ပြုပြီး လှူတဲ့အလှူ၊ မစင်မကြယ်ရထားတဲ့ ပစ္စည်းနဲ့ လှူတဲ့အလှူတွေ အကျိုးမကြီးဘူးလို့ မှတ်နိုင်ပါတယ်။
ဒီဇင်ဘာ ၇၊ ၂၀၁၆။
ကြွေးပေးလျှင် ဆုံး၊ တောင်းလျှင်မုန်း။
---
၅၂၃။ သာသနာနဲ့ ပြည့်တန်ဆာ
ဆရာတော် ဘုရား၊
ပြည့်တန်ဆာမတွေ တရားထိုင် တရားအား ထုတ်လျှင် တရားထူးကို ရနိုင်ပါသလား ဘုရား။ မည်သည့် အဆင့်ထိ ရနိုင်တယ်ဆိုတာကို ဖြေကြားပေးစေလိုပါသည် ဘုရား။
ရန်ပြေ (ရန်ကုန်)
---
အများပိုင်
မြတ်ဗုဒ္ဓ ဟောကြားတဲ့ သစ္စာလေးပါးဆိုတာ သဘာဝဓမ္မ (ရှိနေပြီးသား)ပါပဲ။ နဂိုက ရှိနေပြီးသား သစ္စာလေးပါးကို မြတ်ဗုဒ္ဓက ဖော်ထုတ်ပါတယ်။ အက်တမ်လို့ ခေါ်တဲ့ အနုမြူဟာ အရင်က ရှိပြီးသား။ အဲဒါကို သိပ္ပံဆရာတို့က ဖော်ထုတ်သလိုပါပဲ။ ဒါကြောင့် သစ္စာလေးပါးဆိုတာကို အသိဉာဏ်ရှိသူ၊ လိုက်နာ ကျင့်သုံးသူတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ပြည့်တန်ဆာ ဖြစ်ခြင်းဆိုတဲ့ အကြောင်းကြောင့် တရားထူးကို မရနိုင်ဘူးလို့ ဝါဒသီအိုရီမှာ မရှိဘူး။ လိုက်နာ ကျင့်သုံးတာနဲ့ ဓမ္မရဲ့ အကျိုးကို လက်တွေ့ခံစားနိုင်ပါတယ်။
အမ္ဗပါလီ
အမ္ဗပါလီဟာ စာတင်ခံရအောင် ချောမောလှပတယ်။ အမ္ဗပါလီကို မြင်ရင် သတိထားနိုင်ဖို့ မြတ်ဗုဒ္ဓတောင် ရဟန်းတွေကို သတိပဋ္ဌာန်တရားကို ကြိုပြီး ဟောတော်မူထားရသတဲ့ (ဒီ၊ဋ္ဌ၊၂၊၁၃၅)။ အဲဒီလို လှလို့ သူ့ကို ပိုင်လိုတဲ့ အာဏာရှိ ငွေကြေးချမ်းသာသူများလွန်းလို့ အငြင်းမပွားအောင်ဆိုပြီး တတ်နိုင်သူအားလုံး ပိုင်စေဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘ပြည့်တန်ဆာ” ရာထူး ခန့်ဖို့ သဘောတူကြတယ်။ နောင်အခါ သားဖြစ်သူ အရှင်ဝိမလရဲ့ တရားကို နာပြီး ဘိက္ခုနီပြုတယ်။ ဘိက္ခုနီဖြစ်ပြီးနောက် နုပျိုစဉ်ကနဲ့ ကြီးရင့်စဉ်ဘဝ မိမိရဲ့ ကိုယ်ခန္ဓာကို နှိုင်းယှဉ်ပြီး ဝိပဿနာ ရှုရင်း ရဟန္တာဖြစ်သွားတယ်။
ဝိမလာ
ပြည့်တန်ဆာတစ်ယောက်ရဲ့ သမီး ဝိမလာလည်း အမေ့ခြေရာနင်းပြီး ပြည့်တန်ဆာပဲလုပ်တယ်။ တစ်နေ့ ဆွမ်းခံကြွလာတဲ့ အရှင်မောဂ္ဂလ္လာန်ကို နှစ်သက်သွားတဲ့အတွက် အရှင်မြတ်ရဲ့ ကျောင်းကို နောက်ယောင်ခံလိုက်သွားပြီး ဖျားယောင်းဖို့ ကြိုးစားတယ်။ အရှင်မြတ်က အသုဘကမ္မဋ္ဌာန်းနဲ့ တရားဟော ခြိမ်းခြောက်တဲ့အခါ သာသနာကို ကြည်ညိုပြီး ပြည့်တန်ဆာ မလုပ်တော့ဘူး။ နောင်အခါ ဘိက္ခုနီပြု၊ တရားအားထုတ်လို့ နောက်ဆုံး ရဟန္တာဖြစ်သွားတယ် (ထေရီ၊ ၃၈၈)။
ဒီဖြစ်ရပ်နှစ်ခုလောက်ဆို လုံလောက်ပါပြီ။ လူမျိုးအသီးသီး ဘဝအထွေထွေမှ ဗုဒ္ဓသာသနာထဲကို ဝင်ပြီး ကောင်းကျိုးချမ်းသာ ရသွားကြသူတွေ အများကြီးရှိပါတယ်။
အဆိုတစ်ခု
သီဟိုဠ်ဆရာတော် အရှင်နာရဒမထေရ်က..
“အာဏာထန်ပြင်းသည့် ဘုရင်မင်းများ၊ ထင်ရှားမထင်ရှား မင်းညီမင်းသားများနှင့် အထက်တန်းလွှာများ၊ ရက်ရောသူ ကပ်စေးနဲသူ သန်းကြွယ်သူဌေးများ၊ မာနထောင်လွှားသူ နှိမ့်ချသူ ပညာရှင်များ၊ ခိုကိုးရာမဲ့ သူဆင်းရဲများ၊ အောက်တန်းကျသူ အမှိုက်ပုံတွင် ရှာဖွေစားသောက်ရသူများ၊ ကောက်ကျစ်သည့် လူသတ်သမားများ၊ အထင်သေးခံရသူ ပြည့်တန်ဆာများ၊ ယင်းပုဂ္ဂိုလ်အားလုံးသည် ဗုဒ္ဓရှင်တော်မြတ်၏ ပညာကရုဏာ (ပြဋ္ဌာန်းသည့်) စကားလုံးများကြောင့် အကျိုးဖြစ်ထွန်းကြ၏ (Narada, Buddhism in a Nutshell, p. 5)”လို့ ရေးခဲ့ပါတယ်။
ဒီဇင်ဘာ ၈၊ ၂၀၁၆။
---
၅၂၄။ သူတော့်နှလုံး
ဘုန်းဘုန်း ဘုရား ..
ဒကာ ဒကာမများ သံဃာတော်များကို အိမ်ပင့်ဆွမ်းကပ်တဲ့အခါ သံဃာတော်များက ဆွမ်းကပ်ရခြင်း ရည်ရွယ်ချက်နဲ့ အပ်စပ်သော အနုမောဒနာတရားများ ချီးမြှင့်ပြီး အမျှဝေကြပါတယ်။ သို့သော် ဦးတိုက်ပင့်ထားသော ဆရာတော်က ဆွမ်းဘုဉ်းပြီး တရားပေးခါနီးမှ ရုတ်ရက် အာဂန္တု ဆရာတော်အား တရားပေးရန် လျှောက်ထားပြီး ထပြန်ကြွသောကြောင့် အလှူရှင်မှာ တရားနာချိန်ပင် မရဘဲ ပြန်ကြွမည့် ဆရာတော်အား ကျောင်းအရောက် ပြန်ပို့ပေးခဲ့ရပါသည်။ အလားတူ ဖြစ်ရပ်မျိုး ဘုန်းဘုန်း ကြုံမိကြားမိဖူးပါသလား ဘုရား။ အလှူရှင်အနေဖြင့် မည်သို့ နှလုံးသွင်းရမည်ကို မိန့်တော်မူပါ ဘုရား။
ကိုမျိုးမြင့် မသန်းသန်းအေး (ဩစီ)
---
ကြုံဖူး
ကိုယ့်ကို ဦးတည်ပင့်ထားလို့ အိမ်ထိ ကြွလာပြီးမှ ကြိုတင်အသိပေးထားခြင်းမရှိ၊ ခိုင်လုံတဲ့ အကြောင်းလည်း မရှိဘဲ ပေါက်ခနဲ ထပြန်ပြီး ဧည့်သည်နဲ့ လွှဲပစ်ခဲ့တယ်လို့ ဆိုလိုရင် ဆန်းတယ်လို့ ဆိုနိုင်အံ့ထင်ပါတယ်။ တစ်ခါမှတော့ မကြုံဖူးသေးဘူး။ ကိုယ်တိုင်လည်း မလုပ်ဖူးဘူး။ ခရီးသွားမယ့်နေ့ဆွမ်းအိမ်ကို ကြွရလို့ တာဝန်ရှိဆရာတော်က အနုမောဒနာ ပြုနေတုန်း အလှူရှင်ကို ခွင့်တောင်းပြီး ပြန်သွားတာကို ကြိုတင်အကူအညီတောင်းထားတဲ့ အိမ်ရှင် မဟုတ်သူ အခြားတစ်ယောက်က ပြန်ပို့ပေးရတဲ့ ရဟန်းမျိုးကိုတော့ တွေ့ဖူးတယ်။ ပင့်တဲ့လူ ကျေနပ်လို့ ကိုယ်တိုင်လည်း တစ်ခါ လုပ်ဖူးတယ်။ ဘုန်းကြီးတော့ ခရီးသွားမယ့်အချိန်နဲ့ နီးလွန်းရင် အလှူအိမ်ကို ပင့်ပေမယ့် မလိုက်ဖို့ ငြင်းလေ့ရှိပါတယ်။
အရေးပေါ်
မေးခွန်းပါ ဖြစ်ရပ်မှာ အနုမောဒနာ မဟောနိုင်ဘဲ ဆွမ်းစားပြီးတာနဲ့ အလှူအိမ်က ရေးကြီးသုတ်ပြာနဲ့ ထပြန်သွားတဲ့ ဆရာတော်ဟာ အောက်ပါ အခြေအနေတစ်ရပ်ရပ် ရှိလေမလား...
၁) ကျောင်းမှာ လျှပ်စစ်မီးဖို ပိတ်မထားခဲ့တာကို ခုမှသတိရလို့၊ သို့တည်းမဟုတ် ကြွလာခါနီး လက်ဆေးပြီး ရေခေါင်း ပိတ်ဖို့ မေ့နေခဲ့လို့... ကျောင်းတံခါး သော့မခတ်မိခဲ့လို့၊ သို့တည်းမဟုတ် မအောင့်နိုင်လောက်အောင် ကုဋီတက် (အိမ်သာသွား)ချင်လို့ (လူအိမ်မှာ မသွားတတ်ဘူး)၊ သို့တည်းမဟုတ် မနေနိုင်လောက်အောင် ခေါင်းကိုက် (မကျန်းမာ)လို့၊ သို့တည်းမဟုတ် ကျောင်းမှာ တစ်ခုခု အရေးပေါ်ဖြစ်လို့... စသည်။ ဒါကြောင့်ဆိုရင်တော့ ဦးတည်ပင့်ဆရာတော်ကို ပင့်သူ ဒကာတို့က နားလည်ပေးသင့်တယ်။ အရေးပေါ်မဟုတ်ရင်...
ပန်ကြား
ဦးတည်ပင့်ဆရာတော်ဟာ ဧည့်ဆရာတော်နဲ့ အတူကြွလာတာ ဖြစ်ရင် ယင်းဧည့်သည်ဆရာတော်နဲ့ ပင့်သူဒကာဟာ မိတ်ဆွေဟောင်းဖြစ်ပြီး ထိုဧည့်ဘုန်းကြီးမှာ သိက္ခာဝါကြီးပြီး အလိုက်မသိ လေကြောရှည်တတ်တဲ့အတွက် ကိုယ့်ကို ဦးတည်ပင့်ပေမယ့် သူ့ဘုန်းကြီးနဲ့သူ ဟောကြဆိုပြီး လစ်ထွက်ခဲ့တာများလား။ ဒါမှမဟုတ် မတွေ့မဖြစ်တဲ့ ဧည့်သည် ရှောင်တခင် ကျောင်းကို ရောက်လာလို့လား။ ဒီလိုဖြစ်ရင် အနည်းဆုံး “လက်စသတ်စရာ အလုပ်ကလေးရှိလို့၊ ရပ်ဝေးဧည့်သည်ရောက်နေလို့... စသည်”လို့ ဆိုပြီး ကျေနပ်တဲ့ အမူအရာ ပေါ်လွင်တဲ့ မျက်နှာထားနဲ့ ပြန်ခဲ့သင့်တယ်။ ဒီလိုမဟုတ်ရင်...
အထင်မှား
ဦးတိုက်ပင့် ဆရာတော်ဟာ ပင့်သူဒကာနဲ့ ပတ်သက်ပြီး ယခင်ကပင် အဆိုးမြင်ဖီလင်တစ်မျိုး ကိန်းဝပ်ပြီးသားရှိနေတာကြောင့် မကျေနပ်လို့ ပညာပြတာလား။ ရှိနေရင် ပင်ကတည်းက မလိုက်ဘဲ ရှောင်သင့်တယ်။ ဧည့်ဆရာတော်ဟာ တစ်နေရာက ကြွလာပြီး ခုမှ ဆွမ်းစားအိမ်မှာ ရှောင်တခင် တွေ့လိုက်ရတဲ့အခါ မိမိနဲ့ ဂိုဏ်း (သုဓမ္မာ၊ ရွှေကျင်၊ ဒွါရ စတဲ့ ဂိုဏ်း)မတူလို့ သို့မဟုတ် ထိုဘုန်းကြီးနဲ့ ယခင် Negative Feeling ဟောင်းတွေ ရှိဖူးလို့လား။ ဒီလိုဖြစ်လည်း ထတော့ မပြန်သင့်ပါဘူး။ ဒီမေးခွန်း ဖြစ်လာရတာကိုက သူ့ကြောင့်လား ကိုယ့်ကြောင့်လားလို့ တွေးစရာ ဖြစ်ကုန်လို့။
ဆွမ်းတစ်ခါ
အလှူရှင်ဒကာအနေနဲ့...
၁) ဘုန်းကြီးက ရှောင်တခင် ထသွားလို့ စိတ်မကောင်း
၂) အနုမောဒနာ (ပရိတ်)မနာလိုက်ရလို့ လှူရဲ့ ရည်မှန်းချက် မပြည့်ဝ
၃) အကြိမ်ကြိမ် ကားမောင်းပို့ရလို့ အချိန်ကုန် လူပန်း
၄) ဒီ့အပြင် ဘုန်းကြီးနဲ့ ပတ်သက်ပြီး အတွေးအမျိုးမျိုး ဖြစ်နေလို့ ကုသိုလ်မတိုးတဲ့အတွက် ဘုန်းကြီးဆွမ်းကျွေးတာ စိတ်မောလူပန်းမို့ “ဆွမ်းတစ်ခါ” ဖြစ်သွားမယ့်ပုံပဲ၊ မဖြစ်ပါနဲ့။ ကိုယ့်နှလုံးသွင်း ကောင်းအောင်ပဲ ကြိုးစားသင့်တယ်။ နမူနာတစ်ခု...
ဖတ်ဖူးစာ
ယခင် အထက်တန်း စကားပြေလက်ရွေးစင်စာအုပ်မှာ ‘မတ္တရာဆရာတော်”ဆိုတဲ့ ခေါင်းစဉ်တစ်ခု ပါတယ်။ မင်းတုန်းမင်းခေတ်က အကောင်းမြင်တတ်လွန်းလို့ နာမည်ကျော်တဲ့ ဆရာတော်ရဲ့ အကောင်းတွေးတတ်ပုံ အကြောင်းပါ။ တင်ပြတဲ့ ရေးဆရာကို ရုတ်တရက် မမှတ်မိ။ ဆရာတော်က အင်မတန် အကောင်းမြင်တတ်တော့ လူတွေက ဆရာတော့်စိတ်ကို စမ်းတဲ့အနေနဲ့... တစ်နေ့ ဆွမ်းဟင်းကို ဆားငန်အောင် ချက်ပြီး ကပ်တယ်။ ဆရာတော်က “ဆားငန်တော့ အစာပိုကြေတာပေါ့”လို့ မိန့်သတဲ့။ နောက်နေ့ ဟင်းမှာ ဆားမထည့်ဘဲ ကပ်ပြန်တယ်။ ဆရာတော်တုံ့ပြန်ပုံက “ဒီနေ့ ဆွမ်းဟင်း ဆားမပါလို့ ရေငတ်သက်သာတယ်”တဲ့။
နှလုံးသွင်း
ဒါကြောင့် “ဘာလဲ... ဘယ်လိုလဲ”လို့ စိတ်ထဲဖြစ်လာတိုင်း မတ္တရာထုံး နှလုံးမူပြီး “အနုမောဒနာတရား နာယူနိုင်အောင် နောက်တစ်ကြိမ် ဆွမ်းကပ်အုံးမယ်”လို့ တွေးပြီး ကျေနပ်လိုက်။ နှစ်ခါပြန်ပို့ရတာကိုလည်း “ဒီနေ့ သံဃာကို ယာဉ်အလှူသွားအပြန် သုံးကြိမ်လုပ်လိုက်ရတယ်”ဆိုပြီး ပြုံးနိုင်အောင် ကြိုးစားလိုက်။ ခက်နိုင်ပေမယ့် သတိထားပြီး ကိုယ့်ကိုယ်ကို ပြင်ရင် ဒီတစ်ကြိမ် မအောင်မြင်တောင် နောက်တစ်ကြိမ် အောင်မြင်ပါလိမ့်မယ်။ အကောင်းဖက်က တွေးပြီး ကိုယ့်စိတ်ကို ထိန်းတာဟာ သူတော်ကောင်းတို့ရဲ့ နှလုံးသွင်းပါပဲ။
စကားမစပ်... ဘုန်းကြီးလည်း ဘဝမှာ နာနာကျင်ကျင် ကြုံရတာတွေကို အထက်ပါအတိုင်း နှလုံးသွင်းနိုင်အောင် ကြိုးစားပြီး မိမိစိတ်ကို ပြုပြင်ဆဲပါ။ “ရေးတဲ့စာနဲ့ အပြင်ကလူနဲ့ တစ်ခြားစီ”လို့ ပြောခံရမှာကို တကယ်ပဲ ရှက်ပါတယ်။ ခပ်ငယ်ငယ်က အလှူအိမ်မှာ မေတ္တသုတ် ရွတ်နေတုန်း လက်ကခြင်ကို “ဖြန်း”ကနဲ ယပ်တောင်နဲ့ ရိုက်တဲ့ ဆရာတော်တစ်ပါးနဲ့ ဆုံဖူးပါတယ်။
ဒီဇင်ဘာ ၁၀၊ ၂၀၁၆။
---
သိက္ခေ စတ္တာရိ ကုက္ကုဋာ (ရာဇနီတိ၊ ၄၇-ဂါထာ)။ တိုက်ကြက်သည် နိုးလွယ်၏။ ခွပ်ခြင်း၌ သေသည်ထိ ရဲရင့်၏။ အမျိုးကို မျှဝေတတ်၏။ (မိတ်လိုက်စဉ်) နင်း၍ ပျော်ပါး၏။ ထိုအတူ ခေါင်းဆောင်သည် ဖျတ်လတ်ရမည်။ အန္တရာယ်ကို နောက်မဆုတ်ဘဲ အသက်စွန့်၍ ရင်ဆိုင်ရဲရမည်။ အမျိုးကို မျှဝေရမည်။ “မယက” မဟုတ်ရ။
---
၅၂၅။ ကွယ်လွန်သူကို တောင်းပန်ခြင်း
ဘုန်းကြီး ဘုရား၊ ကိုယ် ပြစ်မှားထားတဲ့သူ ကွယ်လွန်သွားရင် အဲဒီလူကို ဘယ်လို တောင်းပန်မလဲ၊ တောင်းပန်လို့ကော ရနိုင်ပါသေးလား သိလိုပါတယ် ဘုရား။
ကဉ္စန (မော်ကျွန်း)
စာအရှိ
ကိုယ် ပြစ်မှားမိသူ ကွယ်လွန်သွားပေမယ့် တောင်းပန်လို့ရကြောင်း ကျမ်းဂန်မှာ တွေ့ဖူးပါတယ်။ မူရင်းစာကို ရှာဖွေတာ ကြာနေလို့ အဖြေကြာသွားပါတယ်။ အခု မူလပဏ္ဏာသပါဠိတော် မူလ.ပရိယာယသုတ်အဖွင့် ဋီကာ (မ၊ဋီ၊၁၊၃၀၂)မှာ အောက်ပါအတိုင်း တွေ့ရပါပြီ...
“မိမိ စွပ်စွဲဆဲဆို အပြစ် ပြောမိသူ ကွယ်လွန်သော် သုသာန်သို့ သွားပြီး ဖုတ်ကြည်းသင်္ဂြိုဟ်သည့်နေရာ (သို့မဟုတ် အရိုးဂူ)ကို တောင်းပန်ခြင်းပြုလျှင် ထိုအပြုအမူကြောင့် ဖြစ်မည့် အပြစ်ကင်းပျောက် ချမ်းသာရောက်နိုင်၏ (အက္ကောသိတ မတေ အာဠ-နေ ကတာ ခမနာ ဥပ.ဝဒန္တရာယံ နိဝတ္တေတိ)”။
တောင်းပန်ပုံ
ကိုယ်ပြုပြောထားတဲ့ အကြောင်းအရာကို ဖော်ပြပြီး တောင်းပန်သင့်တယ်လို့ ထင်ပါတယ်။ ဥပမာ မိဘကို ကြိမ်းမောင်း ပြောဆိုပြီး ပြစ်မှားမိတယ်ဆိုပါစို့၊ မိဘရုပ်အလောင်းကို မြေမြုပ်ထားတဲ့ မြေစာပုံ၊ ရုပ်အလောင်း သို့မဟုတ် အရိုးကို ထည့်ထားတဲ့ အုတ်ဂူ၊ အရိုးပြာအိုးကို သိမ်းထားတဲ့နေရာ၊ အရိုးပြာကို ဖြန့်ကျဲသို့မဟုတ် ရေမျှောတဲ့နေရာ... စသည်ကို သွားပြီး “အဖေ အမေတို့ကို မာမာထန်ထန် ပြန်ပြောကြိမ်းမောင်းပြီး သား (သမီး) မှားမိတာအတွက် သားကို (သမီးကို) ခွင့်လွှတ်ပါ”လို့ အလေးအနက်တောင်းပန်ရင် အပြစ်ကင်းနိုင်ပါတယ်။
မီးရှို့ရင်
အလောင်းကို မီးရှို့လိုက်လို့ တောင်းပန်စရာ ဘာမှ မရှိတော့ဘူးဆိုရင်တောင် ယနေ့ခေတ်အနေနဲ့... အိမ်က ဘုရားကျောင်းအောက်မှာ သပ်ရပ်တဲ့ ခုံလေးတစ်ခုချ၊ မိဘဓာတ်ပုံလေးကို အဲဒီခုံပေါ်မှာ တင်ပြီး ရိုသေလေးနက်စွာ တောင်းပန်ရင်လည်း ပြေပျောက်နိုင်ဖွယ်ရှိပါတယ်။
ဒီဇင်ဘာ ၁၁၊ ၂၀၁၆။
---
၅၂၆။ သန္ဓေတားလျှင်
ဘုန်းဘုန်း ဘုရား၊ စီးပွားရေး လူမှုရေး စသည်ကြောင့် အမျိုးသမီးများသည် ကိုယ်ဝန် မဆောင်နိုင်အောင် သန္ဓေတားဆေးစားပါက လူ့အသက်ကို သတ်ရာရောက်ပါသလား ဘုရား။
တင်အောင်
---
ကာကွယ်ခြင်း
ဖိုမျိုးဥနဲ့ မမျိုးဥ နှစ်မျိုးပေါင်းဆုံပြီး လူဖြစ်လာမယ့်အရာ (ဥပေါင်းဒြပ်)အဖြစ် ဖွဲ့စည်းသွားမှုကို စာအခေါ် ကလလရေကြည် သို့မဟုတ် သန္ဓေသား ဖြစ်ပြီလို့ နားလည်ရတယ်။ ယင်းသို့ သန္ဓေသား စဖြစ်မှသာ သက်ရှိလို့ဆိုနိုင်တယ်။ ဗုဒ္ဓဝါဒက ဖိုမျိုးဥ သို့မဟုတ် မမျိုးဥသက်သက်ကို သက်ရှိလို့ မသတ်မှတ်ဘူး။ ဒါကြောင့် မျိုးဥနှစ်ခု မပေါင်းမိအောင် ဆေးနဲ့ ကာကွယ်ခြင်း၊ ကိရိယာ တန်ဆာပလာနဲ့ ကာကွယ်ခြင်း၊ ကိုယ်အင်္ဂါကို ပြုပြင်ခြင်းဖြင့် သန္ဓေသားအဆင့်သို့ ရောက်မသွားအောင် ပြုတာကို လူ့အသက်သတ်တယ်လို့ မဆိုနိုင်ဘူး။
ကျမ်းအဆို
ဒီအယူအဆကို ထောက်ခံဖွယ်ရှိတဲ့ ဝိနည်းဋီကာကျမ်းဂန်အဆို တစ်ခု မှတ်စုထဲမှာ ရှိနေတယ်...
“သားမဖွားအောင် ကိုယ်ဝန်မရှိမီကပင် ဆေးကိုပေးရာ၌ ဝမ်း၌ (ကိုယ်ဝန်) ဖြစ်လာမည် မဟုတ်ဟူသော အဓိပ္ပာယ်ဖြင့် ပေးလျှင် ကံမမြောက် (အဝိဘေ ဇာယနတ္ထာယ ဂဂ္ဂဟဏတော ပုရေတရမေဝ ဘေသဇ္ဇံ ဒေန္တဿ ကုစ္ဆိယံ န ဥပ္ပဇ္ဇိဿတီတိ ဣမိနာ အဓိပ္ပာယေန ဒိန္နေ နေဝတ္ထိ ကမ္မဗဒေ။ ဝိမတိ၊၁၊၂၃၄)”။
ကံမမြောက်
အထက်ပါ ဖွင့်ဆိုချက်မှာ သားမဖွားအောင် ပဋိသန္ဓေတားဆေးပေးကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လို့ သန္ဓေတားဆေး စားသုံးပြီး ကာကွယ်တဲ့ မိခင်ဘခင်လောင်းလည်း လူသက်သတ်ကံ မမြောက်ဘူးလို့ ဆိုနိုင်အံ့ထင်ပါတယ်။ ကာကွယ်တဲ့ အဓိပ္ပာယ်ဖြစ်လို့ အခြားသော ခေတ်ပေါ်တားနည်းတွေလည်း ကံမမြောက်နိုင်ဘူး။
ဒီဇင်ဘာ ၁၂၊ ၂၀၁၆။
---
၅၂၇။ ချစ်ကုသိုလ်
ပဋ္ဌာန်းကုသလတိက် ပဥှာဝါရ ဥပနိဿယပစ္စည်းမှာ ခိုးဆိုးလုယက်ပြီး ပေးလှူရင် ကုသိုလ်ဖြစ်တယ်လို့ ဟောထားတာလေး ရှင်းပြပေးပါ ဘုရား။
အရှင်သုခ
---
ပဋ္ဌာန်းပါဠိ
ပဋ္ဌာန်းပါဠိတော်မှာ “အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော”လို့ ဟောတော်မူပါတယ်။ “အကုသိုလ်ဓမ္မ (အကုသိုလ်တရား)က ကုသိုလ်ဓမ္မ (ကုသိုလ်တရား) ဖြစ်ပေါ်အောင် အထောက်အပံ့ပြုတယ်။ သဘာဝအရှိ အကုသိုလ်တရား (ပကတိ)သည် တစ်နည်း ပြုပြီး အကုသိုလ်တရား (ပကတ)သည် ကုသိုလ်ဖြစ်ဖို့ အားကြီးတဲ့ မှီရာအကြောင်းတရား (ပကတူပနိဿယ) ဖြစ်တယ်”လို့ ဆိုလိုပါတယ်။ (အကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုရာမှာ အာရမ္မ-ထူပနိဿယနဲ့ အနန္တရူပနိဿယကို မရနိုင်)။
ချစ်ကုသိုလ်
နမူနာအနေနဲ့ မြတ်ဗုဒ္ဓဟောပုံက... “ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ (ချစ်လို့ ဒါနပြုဖြစ်တယ်)”တဲ့။ ဒီပင်္ကရာမြတ်စွာဘုရားရှေ့မှာ ဝမ်းလျားမှောက်နေတဲ့ သုမေဓာရှင်ရသေ့ကို ချစ်တဲ့စိတ်နဲ့ သုမိတ္တာမိန်းကလေးဟာ ပရိသတ်ထဲက ထွက်လာ၊ ရသေ့နားကပ်သွား၊ မိမိယူလာတဲ့ ကြာပန်း ရှစ်ခိုင်အနက် ငါးခိုင်ကို ရသေ့အား ပေးလိုက်ပြီး “မြတ်စွာဘုရားကို ပူဇော်ပါနော်”တဲ့။ ကျန်ကြာပန်း သုံးခိုင်ကို ကိုယ်တိုင် ဘုရားအား ပူဇော်တယ်။ နောက်ဆုံး ဒီပင်္ကရာမြတ်စွာဘုရားက နှစ်ယောက်လုံးကို တောင်းဆုပြည့်မယ်လို့ ဗျာဒိတ်ပေးတော်မူတာပဲ။
ဒီသီအိုရီအရ ချစ်တာကို အပြစ်လို့ပဲ မယူသင့်ဘူး။ ချစ်သူ သို့မဟုတ် အိမ်ထောင်သည်အဖြစ်နဲ့ ချစ်ခြင်းကို အကြောင်းပြုပြီး ကုသိုလ်များများလုပ်ဖြစ်အောင် ကြိုးစားရင် လောကီသားတစ်ယောက်အဖို့ ချစ်ရကျိုးနပ်နိုင်ပါတယ်။
မုန်းကုသိုလ်
“ဂါမဃာတံ ကရိတွာ တဿ ပဋိဃာတတ္ထာယ ဒါနံ ဒေတိ = (မြို့)ရွာနေလူသူကို သတ်ဖြတ်လုယက်ခြင်းဖြင့် (အကုသိုလ်ကို)ပြုပြီး ထိုအကုသိုလ်အကျိုးပေးခွင့်မသာအောင် (ဝိပါကောကာသဿ အနုပ္ပါဒနတ္ထာယ) အလှူပေး၏... စသည် (ပဋ္ဌာန၊၁၊၁၄၉)။ မိုက်တုန်းဒေါသ (အမုန်း)နဲ့ ခိုးဆိုးမိပေမယ့် အသိဉာဏ်ပွင့်သွားတဲ့အခါ လုပ်မိတဲ့ အကုသိုလ်ပြစ်ကို အမှန်တကယ် ကြောက်ပြီး ကုသိုလ်များများလုပ်တတ်တယ်။ အရှင်အင်္ဂုလိမာလဟာ ထင်ရှားတဲ့ သာဓကပါပဲ။ ဒါမျိုးကို “ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ (မ၊၂၊၂၃၇)”လို့ မြတ်ဗုဒ္ဓ ဟောပါတယ်။ ဒါပေမယ့် အဇာတသတ်ကျတော့ ကြီးလေးတဲ့ သတ်ကံကြောင့် တစ်သက်တာ သူပြုတဲ့ ကုသိုလ်တွေက သူ့ကို မကယ်တင်နိုင်ခဲ့ဘူး။
တံငါသည်တစ်ဦးကတော့ သားရဟန္တာရဲ့ အကူအညီနဲ့ သေခါနီး ကုသိုလ်လုပ်ဖြစ်လို့ ဘဝကူးကောင်းသွားခဲ့တယ်။ အမုန်းဒေါသဆိုတာကတော့ လူသားတွေရဲ့ အဆိပ်အတောက်ဖြစ်လို့ ထာဝစဉ် ပယ်စွန့်ရမှာပါ။ အဓိပ္ပာယ်မှန် “ချစ်ကုသိုလ်”ဆိုပေမယ့် “ရာဂ”ကို ကုသိုလ်လို့ ဆိုလိုတာမဟုတ်ဘူး။ “ရာဂ”ဟာ တစ်ခါတစ်ရံ ကုသိုလ်ဖြစ်ဖို့ တွန်းအားဖြစ်နိုင်ကြောင်း တစ်နည်း ‘အချစ်ကြောင့် ကုသိုလ်ဖြစ်နိုင်ကြောင်း” ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ ဒီလိုပဲ “ခိုးဆိုးလုယက်ပြီး ပေးလှူရင် ကုသိုလ်ဖြစ်တယ်”လို့ ‘ပဉှာဝါရ ဥပနိဿယပစ္စည်း’မှာ မဆိုလိုဘူး။ ခိုးဆိုးမိုက်မဲမှုတွေလည်း တစ်ခါတစ်ရံ ကုသိုလ်ကို လုပ်ဖြစ်စေတဲ့ တွန်းအားဖြစ်နိုင်ကြောင်း ဆိုလိုခြင်းသာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၁၆။
ခြွေမှ ရံသည်။
(ပေးကမ်းမှ အခြံအရံ ပေါသည်။)
---
၅၂၈။ နဂါးရုံဘုရား
အရှင်ဘုရား၊ မြတ်စွာဘုရား၏ မုစလိန္ဒ သတ္တာဟကို သရုပ်ဖော်တဲ့ ပန်းချီနဲ့ ဆင်းတုတော်တွေမှာ နဂါးမင်းရဲ့ အခွေပေါ်မှာ ထိုင်နေတဲ့ပုံနှင့် မြတ်စွာဘုရား၏ ကိုယ်ကို နဂါးက ပတ်ထားတဲ့ပုံလို့ နှစ်မျိုး တွေ့မိပါသည် ဘုရား။ မည်သည့်ပုံက ကျမ်းဂန်နှင့် ညီသည်ကို သိလိုပါသည် အရှင်ဘုရား။
တေဇအောင် (မလေးရှား)
ခုနစ်ရက်
နေရဉ္ဇရာမြစ်ကမ်းနား၊ ဗောဓိပင်ရဲ့ အရှေ့ထောင့် (ပါစီနကောဏ)အရပ်ရှိ ကျည်းပင်ရင်းမှာ ခုနစ်ရက်ကြာ တင်ပလ္လင်ခွေ ထိုင်တော်မူလျက် ဖလသမာပတ် ဝင်စားပြီးနေတာကို “မုစလိန္ဒ သတ္တာဟ”လို့ ခေါ်ပါတယ်။
ဘုရားဖြစ်တော်မူစ မြတ်ဗုဒ္ဓဟာ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ကျည်းပင်ရင်းမှာ ဖလသမာပတ် ဝင်စားပြီး ခုနစ်ရက်ပတ်လုံး တင်ပလ္လင်ခွေ တစ်ထိုင်တည်းနဲ့ နေတော်မူတယ်။ ထိုအတွင်း အအေးလွန်လေနဲ့အတူ ခုနစ်ရက်ပတ်လုံး မိုးစွေပြီး အခါမဲ့မိုးကြီးရွာတယ်။ အဲဒီအခါမှာ ကျည်းပင်အနီးရှိ ရေကန်မှာနေတဲ့ နဂါးမင်းဟာ ဗိမာန်မှ ထွက်လာပြီး မြတ်စွာဘုရားကို အအေးနဲ့ ခြင်မှက်တို့ မထိအောင် ကာကွယ်ပေးခဲ့ပါတယ်။
ခုနစ်ပတ်
“ဘဂဝတော ကာယံ သတ္တက္ခတ္တံ၊ ဘောဂေဟိ ပရိက္ခိပိတွာ ဥပရိ ဗုဒ္ဓနိ မဟန္တံ ဖဏံ ဝိဟစ္စ အဋ္ဌာသိ (ဥဒါန၊ ၈၇)”။
မြတ်စွာဘုရား၏ ကိုယ်တော်ကို အခွေတို့ဖြင့် ခုနစ်ပတ် ရစ်ပတ်၍ ဦးခေါင်းပေါ်၌ ပါးပျဉ်းကြီးဖြင့် မိုးလျက် တည်နေ၏။
နဂါးရုံ
ဒီပါဠိတော်အရ နဂါးခွေပေါ်မှာ မြတ်စွာဘုရားက ထိုင်နေတာမဟုတ်ဘူး။ ရာသီဥတု အလွန်အေးတဲ့အတွက် ထိုင်နေတဲ့ မြတ်စွာဘုရားဆီ နဂါးကလာပြီး အနွေးဓာတ်နဲ့ မှက်ခြင် စတဲ့ ပိုမွှားတွေ မထိအောင် ကာကွယ်တဲ့အနေနဲ့ မိမိရဲ့ နဂါးကိုယ်နဲ့ မြတ်ဗုဒ္ဓရဲ့ ကိုယ်ပေါ်မှာ ခုနစ်ပတ်ခွေပြီး ဒီအခွေနဲ့ ဂွမ်းစောင်လို ခြုံပေးခြင်းဖြစ်ပါတယ်။
ဒါကြောင့် သရုပ်ဖော်ပန်းချီနဲ့ ဆင်းတုတွေမှာ နဂါးက မြတ်စွာဘုရားရဲ့ ကိုယ်ကို ရစ်ပတ်ထားတဲ့ပုံက ပိုပြီး ဝိဝတ္တိအံ့ ထင်ပါတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၁၆။
---
၅၂၉။ ဗုဒ္ဓဆင်းတုနဲ့ မကိုဋ်စလွယ်
ဆရာတော်ဘုရား၊ တပည့်တော် ရှမ်းပြည်နယ် ကလောမြို့က ဦးပညာစာရပါ ဘုရား။ တပည့်တော် မေးလျှောက်ချင်လို့ပါ ဘုရား။ မြတ်စွာဘုရားရဲ့ ပုံတော်မှာ စလွယ်တွေ ဆင်မြန်းထားခြင်းကို သင့်မသင့် သိချင်လို့ပါ ဘုရား။ ဒကာတွေက မေးကြလို့ တပည့်တော် မသိလို့ပါ ဘုရား။
ရိုသေလျက် .. အရှင်ပညာစာရ (ကလော)
---
ရခိုင်ခရီး
ရခိုင်ဒေသဟာ ဝင်္ဂတိုင်း (ဘင်္ဂလားဒေသ)နဲ့ နယ်ချင်းထိစပ်နေတဲ့အတွက် ၂၅၆-မိုင်ခန့် ဝေးတဲ့ မဇ္ဈိမဒေသ ရာဇဂြိုဟ်မြို့နဲ့ ဘီစီ ၆ ရာစုအချိန်က လှည်းခြေကျင် ခရီးတွေနဲ့ အသွားအလာ ရှိခဲ့တယ်။ မြတ်ဗုဒ္ဓဟာ ၂-ဝါမြောက်၊ ၃-ဝါမြောက်၊ ၄-ဝါမြောက်၊ ၁၇-ဝါမြောက်၊ ဝါ ၂၀-မြောက်တွေကို ရာဇဂြိုဟ်မှာ ဝါဆိုခဲ့တဲ့အတွက် မြတ်ဗုဒ္ဓပွင့်တော်မူတဲ့ သတင်းကို ရခိုင်သားတို့ ကြားသိကြတယ်။ ၂၀-မြောက်ဝါကို ရာဇဂြိုဟ်မှာဆိုစဉ် ထိုအချိန်က ရခိုင်ဘုရင် မဟာစန္ဒသူရိယမင်းပင့်ဖိတ်လို့ ရခိုင်တို့ဌာနီ ဓညဝတီမြို့တော်ကို မြတ်ဗုဒ္ဓ ကြွတော်မူတယ်။
မဟာမုနိ
မြတ်ဗုဒ္ဓ ရခိုင်မှာ သတင်းသုံးစဉ် မင်းနဲ့ ပြည်သူတို့ ဦးဆောင်ပြီး မြတ်ဗုဒ္ဓနဲ့ အရွယ်ညီ ဆင်းတုတော်တစ်ဆူ သွန်းလုပ်တယ်။ ရခိုင်ရာဇဝင်ကျမ်းများအရ ဒီဆင်းတုကြီးကို မြတ်ဗုဒ္ဓ ဝါတော် ၂၀-အရမှာ သွန်းလုပ်တာဖြစ်လို့ ဘီစီ ၅၇၀-ခန့်လို့ ဆိုနိုင်တယ်။ နှစ်ပေါင်း ၂၄၀၀-ကျော် ရခိုင်သားတို့ ကိုးကွယ်ခဲ့ကြပြီး အေဒီ ၁၇၈၅-မှာ မြန်မာဘုရင် ဘိုးတော်ဘုရားက အမရပူရမြို့ကို ပင့်ဆောင်ခဲ့တယ်။ ယနေ့ မန္တလေးမြို့ (တောင်ဘက်)မှာ ဖူးတွေ့ရတဲ့ မဟာမုနိ သို့မဟုတ် မဟာမြတ်မုနိဘုရားကြီးပါပဲ။ စန္ဒသူရိယမင်းသွန်းလုပ်စဉ်က စလွယ် မကိုဋ် မပါဘဲ ထိုင်တော်မူရိုးရိုး (လက်တော်အနေအထားအရ ဘူမိဖဿမုဒြာ) ဖြစ်ကြောင်း ရခိုင်ရာဇဝင်မှာ ဆိုတယ်။
အဦးဆုံး
စန္ဒသူရိယမင်းပြီးနောက် နှစ်ပေါင်း ၉၀၀-ခန့်အကြာ အေဒီ ၄-ရာစုမှာ ရခိုင်ဘုရင် မဟာစန္ဒရားမင်းကြီးဟာ ဝေသာလီမြို့ကို တည်ထောင်ပြီး ထီးနန်းစိုက်တယ်...
“ထိုမဟာစန္ဒရားမင်းလက်ထက်၌ သီလဝန်ဂုဏဝန် မထေရ်ကြီး တစ်သောင်းခြောက်ထောင်မျှ ရှိကုန်၏။ ရဟန်းသာမဏေပေါင်း သောင်းသိန်းမက များကုန်၏။ ထိုမင်းကြီးသည် ရုပ်ပွားတော် မဟာမုနိအား ဦးသျှောင်တော်မကိုဋ်ကို ရွှေဖြင့် လုပ်စေတော်မူပြီး ပတ္တမြားစီလျက် ဝါတွင်းပတ်လုံး တင်လှူတော်မူ၏။ ဝါကျွတ်လျှင် ဦးသျှောင်တော်မကိုဋ်ကိုယူ၍ လက်စွပ်လုပ်စေလျက် ထိုပတ္တမြားကို ခြယ်လှယ်စေ၍ ပြည်ထောင်ချင်းမင်းတို့အား ပို့ဆက်စေ၏။ ထိုမင်းတို့သည် (လက်စွပ်ကို) ဝတ်ဆင်သုံးဆောင်လျှင် ဘုန်းတန်ခိုးညံ့လေကုန်၏ (အရှင်စန္ဒမာလာလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း၊ အတွဲ ၁၊ စာ-၁၅၇)”။
အထက်ပါဖော်ပြချက်အရ မဟာစန္ဒရားမင်းက မဟာမုနိဆင်းတုတော်ကို မကိုဋ်လှူရာမှာ အထူးရည်ရွယ်ချက်ရှိတာကို တွေ့နိုင်တယ်။ မဟာမုနိကို လှူတဲ့ မကိုဋ်ကို ပြန်စွန့်၊ လက်စွပ်လုပ်ပြီး နောက်ထပ် တင်လှူခြင်းရှိမရှိကိုတော့ ရာဇဝင်မှာ မဖော်ပြဘူး။ ဒါပေမယ့် နှောင်းခေတ်ဘုရင်တွေ မဟာမုနိကို မကိုဋ်စလွယ်လှူဒါန်းကြပြီး မကိုဋ်စလွယ်နဲ့ ဗုဒ္ဓဆင်းတုတွေလည်း ခေတ်စားလာတယ်လို့ ယူဆနိုင်ဖွယ်ရှိပါတယ်။
ပါဠိတော်
မင်း၊ ပုဏ္ဏား၊ သူဌေးသူကြွယ်၊ ရဟန်း၊ စာတုမဟာရာဇ်၊ တိံသာ၊ မာရ်နတ်၊ ဗြဟ္မာ ဟူသော ပရိသတ်ရှစ်ပါးရဲ့ အစည်းအဝေးကို တက်ရောက်ပြီး ပြောဆိုဆွေးနွေးဖူးပြီး အဲဒီပရိသတ်ထဲကို ရောက်တဲ့အခါ ‘ထိုပရိသတ်တို့၏ အဆင်းအသံကဲ့သို့ပင် ငါ၏ အဆင်းအသံသည်ဖြစ်၏။ ထိုသို့ ဟောပြောစဉ် ငါ့ကို လူလော နတ်လောဟု မသိကြ။ ငါသည် ပရိသတ်ကို တရား၌ တည်စေပြီး ထိုနေရာမှ ကွယ်ခဲ့၏ (ဒီ၊၂၊၉၂)’လို့ ပရိနိဗ္ဗာန်စံခါနီးမှာ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို မိန့်ပါတယ်။
အဖွင့်ကျမ်း
မြတ်ဗုဒ္ဓအနေနဲ့တော့ တောသားလူရိုင်းနဲ့လည်း မတူ၊ ပတ္တမြားနားဋောင်း (မကိုဋ်သရ)ဖူလည်း မဆင်မြန်း။ ဗုဒ္ဓသွင်ပြင်နဲ့သာ ထိုင်နေခြင်းဖြစ်ပေမယ့် နာယူသူတွေကတော့ မိမိတို့ရဲ့ သွင်ပြင်ပုံသဏ္ဍာန်လိုပဲ ဖူးမြော်ကြရတယ် (န ပန ဘဂဝါ မိလက္ခုသဒိသော ဟောတိ၊ နာပိ အာမုတ္တ.မဏိကုဏ္ဍလော၊ ဗုဒ္ဓ.ဝသေနေဝ နိသီဒတိ။ တေ ပန အတ္တနော သမာနသဏ္ဌာန မေဝ ပဿန္တိ (ဒီ၊ဋ္ဌ၊၂၊၁၅၀)။
မဆုံးဖြတ်
မုံရွေးဇေတဝန်ဆရာတော်က “ပါဠိတော်အဋ္ဌကထာ ဖော်ပြပုံအရ မြတ်စွာဘုရားမှာ မကိုဋ်စလွယ်လက်စွပ် (စသည်) ဆင်မြန်းခြင်းမရှိသော်လည်း ဗုဒ္ဓစကားကို နာယူသည့်ပရိသတ်ကား မိမိတို့၏ ခေါင်းဆောင်သည် အလွန်အံ့ဩဖွယ် စကားကို မိန့်ကြားသည်ဟု အထင်ရောက်ကြ၏။ ထိုသို့ မင်း (စသည်)ဟု ထင်မှတ်သည့် အခိုက်အတံ့ကို ရည်ရွယ်ပြီး မင်းဝတ်တန်ဆာဖြင့် ထုလုပ်သည်ဟု ဆရာအဆက်ဆက် ပြောစကားကို ကြားလိုက်ရဖူး၏။ ထို့ကြောင့် တန်ဆာဆင်ဘုရားကို ထုလုပ်ကိုးကွယ်သည်ဟု ငါတို့ မှတ်ထင်ပေသည် (သမန္တစက္ခုဒီပနီ၊ စာ-၃၄၀)’လို့ မိန့်ပါတယ်။
ဆရာတော်ကြီးလည်း ဆရာစဉ်ဆက်ပြောဆိုသည်ကို ကြားဖူးကြောင်းနဲ့ ကိုယ်တိုင်လည်း ‘ထင်မှတ် (ယူဆ)’ကြောင်းကိုပဲ ဖော်ပြပြီး သင့်မသင့် ဆုံးဖြတ်တော်မမူပါဘူး။
သင်္ကေတ
ဗုဒ္ဓဆင်းတုဆိုတာ သက်တော်ထင်ရှား မြတ်ဗုဒ္ဓကို အာရုံပြုလို့ လွယ်ကူအောင် ဗုဒ္ဓကိုယ်စားပြုအနေနဲ့ ပူဇော်ခြင်းသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ အိန္ဒိယမြောက်ပိုင်းသားဖြစ်ပေမယ့် မြန်မာလူမျိုး ပန်းပုဆရာ ပန်ချီဆရာတို့ ထုလုပ်ရေးဆွဲရင် ဆင်းတုက မြန်မာမျက်နှာပေါက် ဖြစ်နေမှာပဲ။ ဒါကြောင့် မြတ်ဗုဒ္ဓကို မိမိတို့ ကြည်ညိုတဲ့ပုံစံနဲ့ ကိုယ်စားပြု ထုလုပ်ပြီး ကြည်ညိုပူဇော်ခွင့်ရှိတယ်လို့ပဲ ဘုန်းကြီး ယူဆပါတယ်။
ဒီဇင်ဘာ ၁၆၊ ၂၀၁၆။
---
၅၃၀။ ဝါတွင်း ရဟန်းခံခြင်း
ဘုန်းကြီး ဘုရား၊ ဝါတွင်းကာလမှာ ရဟန်းခံကောင်း မခံကောင်း သိလိုပါသည် ဘုရား။
အရှင်အာဒိစ္စ
ငြင်းသူ
လွန်ခဲ့တဲ့ ၂-နှစ်ခန့်က တက္ကဆပ်စ်ပြည်နယ်မှာနေတဲ့ ဒကာတစ်ယောက် ထိုင်းနယ်စပ် မွန်ကျောင်းတစ်ခုမှာ ဝါတွင်းရဟန်းခံပြန်လာပြီး ဘုန်းကြီးတစ်ပါးက ဝါတွင်းရဟန်း မခံကောင်းဘူးပြောလို့ အဲဒါ ဟုတ်သလားလို့ ဖုန်းဆက်ပြီး မေးတာကို ဘုန်းကြီးက “ဝါတွင်းရဟန်းခံကောင်းတယ်၊ ခင်ဗျားဘုန်းကြီး ဆက်ဝတ်နေရင် ကထိန်သင်္ကန်းတောင် အလှူခံလို့ရတယ်... စသည်”ဖြေနေတုန်း အနားမှာ ရှိနေတဲ့ ဧည့်သည်ဆရာတော်ကြီးတစ်ပါးက “ကိုယ်တော် ရမ်းပြောမနေနဲ့၊ ဝါတွင်းရဟန်း မခံကောင်းဘူး၊ အဲဒါ အဆုံးအဖြတ်ရှိတယ်”လို့ ခပ်တည်တည်နဲ့ ဆိုပါတယ်။
မမှတ်မိ
ဘုန်းကြီး ညောင်တုန်း ရွှေဟင်္သာတောရတိုက် မင်းကျောင်းဆရာတော်ထံမှာ ပါရာဇိကဏ် အဋ္ဌကထာကို သင်ရင်းနဲ့ ဆရာတော်က “ဝါတွင်းမှာ ရဟန်းခံရင် ဝါလည်းရတယ်၊ ပဝါရဏာလည်း ပြုခွင့်ရှိတယ်”လို့ မိန့်ဖူးတာလေးကို အမှတ်ရနေပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အခြားမှတ်စရာတွေ များလို့ ဆရာတော်မိန့်တဲ့ ကျမ်းကိုးနဲ့ ကျမ်းနာမည်ကို မမှတ်မိလိုက်ဘူး။ ဒီအမှတ်အသားနဲ့ အဲဒီဒကာကို အဲဒီလို ပြောခဲ့တာ။ ကြားက ဖြတ်ပြောသူ ဆရာတော်ပြောတဲ့ အဆုံးအဖြတ် (ဘယ်ဆရာတော်ရေးတယ်ဆိုတာ သူ မပြော)ကိုတော့ မတွေ့ဖူး မဖတ်ဖူးပါ။ ဖတ်ဖူးရင်လည်း မျှဝေပါ။
ရှာရကျိုး
မေးခွန်းကို ဖြေမလို့ တွေ့နိုးနဲ့ ဟိုဟိုဒီဒီ လိုက်ရှာကြည့်ရင်း မင်းကျောင်းဆရာတော်ရဲ့ အဆိုကို ထောက်ခံနိုင်တဲ့ အောက်ပါ စာပိုဒ်ကို တွေ့မိပါတယ်...
ဋီကာပါဠိ
ပစ္ဆိမိကာယ ဥပသမ္ပန္နော ပထမပဝါရဏာယ ပဝါရေ တုမ္ပိ လဘတိ၊ ဝဿိကော စ ဟောတိ အာနိသံသဉ္စ လဘတီတိ သာမဏေရာနံ ဝဿူပဂမနံ အနုညာတံ ဟောတိ၊ သာမဏေရာ ကထိနာနိသံသံ လဘန္တီတိ ဝဒန္တိ (ဝဇိရ-ဋီ၊ ၄၈၉)။
မြန်မာပြန်
ဒုတိယ ဝါကပ်ကာလ (ဝါခေါင်လပြည့် နောက်ပိုင်း ကာလ)၌ ရဟန်းခံသူသည် ပထမ ပဝါရဏာနေ့ (သီတင်းကျွတ် လပြည့်နေ့)၌ ပဝါရဏာ ပြုနိုင်၏။ ငါလည်း ရ၏ (ထိုဝါကို တစ်ဝါဟု ရေတွက်နိုင်၏)။ ထိန်အာနိသင်လည်း ရ၏။ ဤ(အဋ္ဌကထာ) စကားအရ သာမဏေများ ဝါကပ်ခွင့် ရှိပြီး ကထိန်အာနိသင်ကိုလည်း ရသည်ဟု ဆိုကြ၏။
အဓိပ္ပာယ်
ဝိနည်းအရ ဝါဆိုလပြည့်နေ့ ဝါကပ်မှ သီတင်းကျွတ် လပြည့်နေ့ ပဝါရဏာမှာ ပါခွင့်ရှိတယ်။ အထက်ပါ ဋီကာဖွင့်အရမူ ဒုတိယ ဝါဆိုကာလ (ဝါခေါင်လပြည့်နေ့) နောက်ပိုင်း ရဟန်းခံသူဟာ သီတင်းကျွတ်တာနဲ့ တစ်ဝါရတယ်။ ဝါဆိုလပြည့်မှာ ဝါဆိုသူတွေနဲ့ အတူ ဝါကျွတ်ခွင့် ပဝါရဏာ ပြုခွင့်လည်း ရတယ်လို့ နားလည်ရတယ်။ ဒါဖြင့် ဝါတွင်းမှာ ရဟန်းခံ မရစရာ အကြောင်း မရှိဘူးလို့ ဆိုနိုင်တာပေါ့။
ဝဇိရဗုဒ္ဓိ ဋီကာထက် နောက်ကျကြတဲ့ သာရတ္ထနဲ့ ဝိမတိ ဋီကာတွေမှာ အထက်ပါ ဖွင့်ဆိုချက်ကို ငြင်းဆိုထောက်ခံခြင်း မပြုဆိုတော့ “ဆိတ်ဆိတ်နေခြင်းသည် သဘောတူတယ်”ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နိုင်တာပဲ။
ဒီဇင်ဘာ ၁၇၊ ၂၀၁၆။
---
၅၃၁။ မဟာမုနိ သွန်းလုပ်ချိန်
အရှင်ဘုရား၊ ဗုဒ္ဓလက်ထက်မှာ ရုပ်တု ဆင်းတု မရှိသေးဘူးလို့ သုတေသီတို့ အဆိုတွေ ရှိနေပါတယ်။ ဒါကြောင့် မဟာမုနိ ဘုရားကို ဗုဒ္ဓလက်ထက်က သွန်းလုပ်တယ်ဆိုတာ ဖြစ်နိုင်ပါမည်လား ဘုရား။ ရှင်းပြပေးစေလိုပါသည် ဘုရား။
မြင့်ထွန်း (ကံမ)
ကာရ်(န်)
“စုဆောင်းရရှိတဲ့ အထောက်အထား အားလုံးအရ ဗုဒ္ဓဆင်းတု ထုလုပ် ပူဇော်ကိုးကွယ်မှု အစကို ဘီစီ ၁-ရာစု သို့မဟုတ် ယင်းရဲ့ နောက်ပိုင်း တစ်ချိန်ချိန်မှာ ဖြစ်နိုင်တယ်လို့ ယူဆဖို့အတွက် အားသာစေပါတယ်။ အတော် အသေအချာ ဆိုနိုင်တာက အေဒီ ၄-ရာစုမှာ ရှေးဦးဗုဒ္ဓကိုယ်စားပြု အရာများ (ဆင်းတုများ) အကြောင်း ဖြစ်ရပ်တွေကို အချိန်ကာလအရ လေးစားခံရတဲ့ အမှန်များအဖြစ် လက်ခံတယ်ဆိုတဲ့ အချက်ပါပဲ (Manual of Indian Buddhism, by Hendrik Kern p. 95)”
အိန္ဒိယ ဗုဒ္ဓဘာသာသမိုင်းချုပ် ကျမ်းကို ရေးသားသူ ပညာရှင် ကာရန်က သူစုဆောင်း ရရှိသမျှ သုတေသန အထောက်အထားတွေကို ကိုးကားပြီး အဲဒီလို ဆိုခဲ့တယ်။ အဋ္ဌကထာမှာ 'ဓာတ်တော်ရှိတဲ့ စေတီ၊ ဗောဓိပင်ကို အာရုံပြုရင် ဗုဒ္ဓကို အာရုံပြုလို့ရတဲ့ နှစ်သက်မှု (ဗုဒ္ဓရမ္မဏပီတိ)ကို ရတယ် (အဘိ၊ဋ္ဌ၊၂၊၃၃၂)’လို့ မိန့်တာကို ထောက်ရင် (ဗုဒ္ဓဆင်းတု မပါတာကို သတိပြု) ဗုဒ္ဓဝါဒ အစောပိုင်း ကာလ (အရှင် မဟာဗုဒ္ဓဃောသ အဋ္ဌကထာ ကျမ်းတွေကို ရေးချိန် အေဒီ ၅-ရာစု အစပိုင်းထိ)မှာ ဆင်းတု ထုလုပ်ကိုးကွယ်မှု အားနည်းတယ်လို့ ယူဆရတဲ့ အချက်ဟာ ကာရ်ရဲ့ အဆိုကို ထောက်ခံသလို ဖြစ်နေတယ်။
ဖာဟီယန်
ဒါပေမယ့် အေဒီ ၄-ရာစု သာဝတ္ထိမြို့ ဇေတဝန်ကျောင်းကို ဘုရားဖူး ရောက်ခဲ့သူ တရုတ်ရဟန်းတော် ဖာဟီယန်က မိမိကြားရတာကို “မယ်တော်အား တရားဟောရန် မြတ်ဗုဒ္ဓ တာဝတိံသာကို ကြွစဉ် သုံးလကြာပြီးနောက် ပသေနဒီ (ကောသလ)မင်းသည် ရှင်တော်ဗုဒ္ဓကို ဖူးချင်လွန်းသဖြင့် (ကောသလမင်းဟာ တစ်နေ့ကို သုံးကြိမ် ဘုရားကို သွားဖူးကြောင်း ထေရဝါဒကျမ်းမှာ ဆိုတယ်။ သံ၊ဋ္ဌ၊၁၊၁၅၃ ရှု) ဂေါသီတစန္ဒန (စန္ဒကူးရွှေ)၏ အနှစ်ဖြင့် ဗုဒ္ဓဆင်းတု တစ်ဆူ ထုလုပ်ပြီး မြတ်ဗုဒ္ဓ သီတင်းသုံးသည့် နေရာ၌ တင်ထား၏။ မြတ်ဗုဒ္ဓ ဇေတဝန်ကျောင်းသို့ ရောက်သည်နှင့် ထိုဆင်းတုတော်မှာ မြတ်ဗုဒ္ဓအား ကြိုလင့်လျက် ရှိ၏ (Buddhist Records of the Western World, Kegan Palul, p. xliv)”လို့ မှတ်တမ်းတင်ခဲ့ပါတယ်။
ဘိုးတော့်ဆရာ
ဘိုးတော်မင်းကိုးကွယ်တဲ့ မောင်းထောင် သာသနာပိုင်က မဟာမုနိဆင်းတုကို မြတ်စွာဘုရားလက်ထက်က သွန်းထုတယ်ဆိုတဲ့ အဆိုကို ထောက်ခံထားတယ် .. “မဟာမုနိဘုရားကို စီရင် သွန်းလုပ်သည်မှာကား မြတ်စွာဘုရားသခင် ထင်ရှားရှိတော်မူစဉ်ကပင် ဒေသစာရီ ကြွတော်မူခါ ရခိုင်မြို့ရွာသို့ သူရိယစန္ဒမင်း (နာမည်မှန်က စန္ဒသူရိယမင်း) လက်ထက် ရောက်တော်မူလျှင် ထိုမင်းတောင်းပန်ခြင်းကြောင့် “ခုနစ်လက်ခုပ်ခန့်သော ရတနာကို ငါ၏သဏ္ဌာန်နှင့် ဆံခြည်မျှ မယွင်းတူအောင် သွန်းလုပ်ဘိ”ဟူ၍ သိကြားမင်းအား မိန့်တော်မူ၍ ဝိသကြုံနတ်သားနှင့် သိကြားမင်းတို့ သွန်းလုပ်ကြောင်း ရာဇဝင်၌ ဆိုသည်။ ထိုစကားလည်း ကောသလမင်းကြီး တောင်းပန်၍ ရွှေလက်ထက်တော်ကပင် စန္ဒနသာရ (စန္ဒကူးနှစ်) ရုပ်တုတော်ကို ထုလုပ်ကြောင်းကို ဝဋင်္ဂုလိဇာတ်မှာ ဆိုသည့်စကားများနှင့် ညီညွတ်သည်ပင် ဖြစ်သည် (အမေးတော်ဖြေ၊ စာ-၁၁ဝ)။”
ရွှေလက်ညှိုး
သာသနာပိုင်ကြီး သာဓကပြုတဲ့ ‘ဝဋင်္ဂုလိဇာတ်’ဆိုတာ ၅၅၀-ထဲမှာ မပါဘူး။ ဇင်းမယ်အရပ်မှာ ရေးတဲ့ ဇာတ်ဝတ္ထု ငါးဆယ်ထဲက အမှတ် ၂၀-မြောက် ဖြစ်ပါတယ်။ ဒီဇာတ်အရ မြတ်ဗုဒ္ဓလက်ထက်က ကောသလမင်းရဲ့ ဆန္ဒအရ စန္ဒကူးနှစ်နဲ့ ထုလုပ်တဲ့ ဗုဒ္ဓဆင်းတု တစ်ဆူ ရှိဖူးကြောင်း၊ လက်ညှိုးတော် ပျက်စီးနေတဲ့ ဗုဒ္ဓဆင်းတုကို ပြန်လည်ပြုပြင်တဲ့ ကောင်းမှုထူးကြောင့် ဝဋင်္ဂုလိ (သန္တာညွန့်လို လုံးချောပြေပြစ်တဲ့ ခြေချောင်း လက်ချောင်းရှိသူ တစ်နည်း ရွှေလက်ညှိုးပိုင်ရှင်)ခေါ်တဲ့ ဘုရင် ဖြစ်လာကြောင်း သိရတယ်။
တရုတ်ဘုန်းကြီး ဖာဟီယန် သာဝတ္ထိမြို့ကို ရောက်စဉ် ကြားရတဲ့ သတင်းအချက်နဲ့ ဘိုးတော့်ဆရာ ကိုးကားတဲ့ ဇင်းမယ် (ချင်းမိုင်)ဖြစ် ဇာတ်တော်ပါ အကြောင်းအရာတို့ တူနေတာက စိတ်ဝင်စားစရာပဲ။
ထူပါရုံမှာ
သီဟိုဘုရင် ဒေဝါနံပိယဿမင်း (၃၀၆–၂၂၆ ဘီစီ)ဟာ ထူပါရာမ (ထူပါရုံ)စေတီတော်ကို တည်စဉ်က အင်မတန် သပ္ပာယ်တဲ့ ကျောက်ဆင်းတုတော် (သိလာပဋိမာ)ကြီး တစ်ဆူ ထုလုပ်ခဲ့ကြောင်း မဟာဝံသကျမ်း (မဟာဝံသ၊ ၃၆း၁၂၈)မှာ အောက်ပါအတိုင်း ဆိုတယ် ..
ဒေဝါနံပိယတိဿေန၊ သော ပတိဋ္ဌာပိတံ ပုရာ။
ထူပါရာမေ ဥရုသိလာ၊ ပဋိမံ စာရုဒဿနံ။
အဲဒီအချိန်ကစပြီး သီဟိုဠ်ဘုရင် အဆက်ဆက် ဒီဆင်းတုတော်ကို ပူဇော်လှူဒါန်းမှု ပြုခဲ့ကြတယ်။ မဟာဝံသဋီကာမှာ ဒီဆင်းတုရဲ့ ပမာဏကို ဖွင့်ဆိုခြင်း မတွေ့မိ။ ဒါပေမယ့် ကာရ်န်ရဲ့ အဆိုနဲ့တော့ မကိုက်ဘူး။
မဟာစေတီ
ဒေဝါနံပိယ တိဿမင်းပြီးနောက် နှစ်ပေါင်း ၁၀၀ ခန့်အကြာ ဒုဋ္ဌဂါမဏိမင်း (ဘီစီ ၁၆၁-၁၃၇) တည်တဲ့ မဟာစေတီမှာလည်း ဗုဒ္ဓဆင်းတု တစ်ဆူ ဌာပနာဖို့ ထုလုပ်ကြောင်း မဟာဝံသကျမ်း (၃၀း၇၂)မှာ ဆိုတယ် ..
ဗောဓိပါစိန ပညတ္တေ၊ ပလ္လင်္ကေ ကောဋိအဂ္ဃကေ။
သောဝဏ္ဏ ဗုဒ္ဓပဋိမံ၊ နိသီဒါပေသိ ဘာသုရံ။
ဗောဓိပင်၏ အရှေ့ဘက်၌ ထားသည့် အဖိုးတစ်ကုဋေတန် ပလ္လင်ထက်တွင် အရောင် တောက်ပသည့် ဗုဒ္ဓဆင်းတုတစ်ဆူကို ပြုထား၏။ ဤထိုင်တော်မူဆင်းတုမှာ ၁၂-တောင် မြင့်၏ (နိသိန္နပ္ပဏတော ဟိ ဒွါဒသ ဟတ္ထုဗ္ဗေဓံ။ မဟာဝံသ ဋီကာ၊၂၊၅၄၄)။ ဒါကတော့ ကားရ်န်အဆိုနဲ့ ညီဖွယ်ရှိတယ်။ ဒါပေမယ့် ထူပါရုံနဲ့ စန္ဒကူးနှစ်ဆင်းတုတွေထက်တော့ နှစ်ပေါင်း ၄၀၀-လောက် နောက်ကျသွားပြီ။
သုံးသပ်ချက်
သုတေသီတွေဟာ ရာဇဝင်မှတ်တမ်းရဲ့ အဆိုကို တော်ရုံနဲ့ လက်ခံလေ့မရှိဘူး။ တူးဖော်စုဆောင်းလို့ ရတဲ့ ကျောက်စာ၊ ဒင်္ဂါး၊ ရုပ်တု စတဲ့ ခိုင်လုံတဲ့ သက်သေနဲ့ ပြောမှ အခြားပညာရှင်တွေ ယုံကြည်မယ်ဆိုတာကို သူတို့ သိနေတယ်။ ဒါပေမယ့် ကပိလဝတ္ထုမြို့ ဒီနေရာမှာပါလို့ ဆိုပြီးမှ နောက်တစ်နေရာမှာ ထပ်တွေ့ပြန်တော့ မြို့ဟောင်းနဲ့ ရွှေ့ပြောင်းမြို့ဆိုပြီး ပြန်ပြင်တာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် သုတေသီတို့ အဆိုကို အံ့တုဖို့ဆိုရင် ရာဇဝင်အဆိုကို ထောက်ခံနိုင်တဲ့ ခိုင်လုံတဲ့ သက်သေနဲ့ ပညာရှင်တို့ ကမ္ဘာကို တင်ပြရုံပါပဲ။ ဘုန်းကြီးကတော့ သုတေသနပြုဆရာမဟုတ်တဲ့ အတွက် ဖတ်ဖူးထားတဲ့ မှတ်စုလေးတွေကို ကူးရေးပြရုံမျှပါ။
ဒီဇင်ဘာ ၁၇၊ ၂၀၁၆။
---
၅၃၂။ ဘုန်းတော် ၆-ပါး
ဘုန်းဘုန်း ဘုရား၊ ဗုဒ္ဓဂုဏ်တော် ၉-ပါးထဲက ဘဂဝါ ဂုဏ်တော်မှာ ပါတဲ့ ဘုန်းတော် ခြောက်ပါး အဓိပ္ပာယ်ကို မြန်မာလို သိလိုပါသည် ဘုရား။
Dr. ဦးဝင်း (Salinas, CA)
---
ဘဝဝါ
သော ဘဂဝါ၊ ထိုလောက ထွတ်တင် ဘုရားရှင်သည်။ ဣတိပိ၊ “ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တ မည် ဘုန်းခြောက်လီနှင့် စုံညီပြည့်တောင်း ဤအကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါဟု သူငါပြောရ လောကတစ်ခွင် ထာဝစဉ်ထင်ရှား ကျော်ကြားတော်မူပါပေ၏။ “ဘုန်းခြောက်လီ”ရဲ့အဓိပ္ပာယ်ကို အောက်မှာ အကျဉ်းချုပ်ပြီး ပြောပြလိုက်ပါတယ်။
ဣဿရိယ
‘အိတ်-သ-ri-ya’လို့ အသံထွက်ပြီး “အိတ်သရိယ”လို့ တစ်ဆက်တည်း ဖတ်ပါ။ လေ့ကျင့်ပွားများ အားထုတ်ထားတဲ့ သမထ ဝိပဿနာအစွမ်းကြောင့် စိတ်ကို အစိုးရခြင်းလို့ အဓိပ္ပာယ်ရတယ်။ အစိုးရပုံ ၈-မျိုး ရှိတယ် ..
- မုံညင်းစေ့ အတွင်းမှာ လမ်းလျှောက်နိုင်တဲ့အထိ ကိုယ်ကို သေးအောင် ဖန်ဆင်းနိုင်ခြင်း၊
- ကောင်းကင်မှာ လျင်စွာသွားနိုင်ခြင်း (အဘိညာဉ် တန်ခိုးဖြစ်လို့ စိတ်ရဲ့မြန်နှုန်းအတိုင်း လျင်စွာသွားလာနိုင်တယ်လို့ မှတ်ပါ)၊
- လိုရာအရပ်ကို ခဏချင်းရောက်နိုင်ခြင်း၊
- ပုံသဏ္ဌာန်အမျိုးမျိုး ဖန်ဆင်နိုင်ခြင်း၊
- အလိုရှိသလို ကိုယ်ခန္ဓာကို ကြီးအောင် လုပ်နိုင်ခြင်း၊
- စက်ဆုတ်စရာကို စက်ဆုတ်ဖို့ နှစ်သက်စရာကို မနှစ်သက်ဖို့ ရှုနိုင်အောင် စိတ်ကို အစိုးရ (နိုင်နင်း)ခြင်း၊
- တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းရာမှာ ကျွမ်းကျင်ခြင်း၊
- စိတ်အလိုရှိတိုင်း မိုးပျံမြေလျှိုး လုပ်နိုင်ခြင်း။
ဗုဒ္ဓမှာရှိတဲ့ တန်ခိုးဆိုတာက “မိုးကျရွှေကိုယ်”တန်ခိုး မဟုတ်ဘူး။ အရိုးကြေ အရေခန်း ကိုယ်နှုတ်စိတ်ကို လေ့ကျင့်ပြီးမှ ရရှိတဲ့ စိတ်စွမ်းအင်တွေ ဖြစ်ကြောင်း နားလည်ပါ။
ဓမ္မ
လောကုတ္တရာ တရား ၉-ပါး (မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်)ကို ဓမ္မလို့ ခေါ်တယ်။ ဒီကိုးပါးကို ရမှ စိတ်ပိုင်းလေ့ကျင့်မှု ပြီးပြည့်စုံပြီး ဘုရားဖြစ်တယ်။ ဒီကိုးပါးကို ရပြီးမှ ဗုဒ္ဓဂုဏ်တော် အားလုံးကို ရတာ။ ဒါမရှိဘဲ ဘုရားမဖြစ်နိုင်။ လောကရှိ ဘုရားအမည်ခံ ပုဂ္ဂိုလ်တွေရဲ့ ဟောကြားချက်မှာ စိတ်ပိုင်းဘဝ ကျင့်မှုအကြောင်း ဖော်ပြပုံကို ကြည့်ပြီး ထိုဟောကြားသူတို့ရဲ့ စိတ်အဆင့်အတန်းကို ခန့်မှန်းနိုင်တယ်။
ယသ
ကျော်စောသတင်း ပျံ့နှံ့ခြင်း။ မှီခိုပြီး ဗိုက်ဝဖို့ ရည်ရွယ်တဲ့ အတ္တလွန် လူမိုက်တစ်စုရဲ့ ဘေးတီးမှုကြောင့် ကျော်စောခြင်းမျိုး မဟုတ်။ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်လာပြီ ဖြစ်ပေမယ့် ပညာရှိတို့ လေးစားမြတ်နိုးခြင်း ခံရတဲ့ ပိဋကတ်သုံးပုံ ရှိနေသရွေ့ ဗုဒ္ဓရဲ့ ကျော်စောသတင်းမှန်ကို ကြားနေရအုံးမှာပါ။
သိရီ
ရုပ်သွင် အလွန် သပ္ပာယ်မှုကြောင့် ဖြစ်ရတဲ့ ကျက်သရေကို “သိရီ”လို့ ခေါ်တယ်။ ကြီးမားတဲ့ ပါရမီကုသိုလ်ရှိန်ကြောင့် မြတ်ဗုဒ္ဓရဲ့ ကိုယ်မှာ “ပါရမီကိုယ်”ဖြစ်တဲ့ အတွက် ထူးခြားတဲ့ အမှတ်အသား ၃၂-မျိုး ပါတယ်။ လောကမှာ ထူးခြားစွာရုပ်သွင်လှပသူတွေ ရှိနိုင်ပေမယ့် ကိလေသာစင်လို့ အလွန်ကြည်လင်ရွှန်းပတဲ့ မြတ်ဗုဒ္ဓရဲ့ ကျက်သရေကို မမီနိုင်ဘူး။
ကာမ
အလိုဆန္ဒ ပြည့်ဝခြင်းကို “ကာမ”လို့ ခေါ်တယ်။ ပါရမီဖြည့်ရာကာလ တစ်လျှောက်လုံး ဘုရားအဖြစ်ကို ရပြီး သတ္တဝါတွေကို ချေချွတ်ဖို့ တောင့်တခဲ့တဲ့အတိုင်း လုံးဝဥဿုံ ပြည့်စုံခဲ့ပါတယ်။
ပယတ္တ
ကြီးမားတဲ့ ဇွဲလုံ့လကို “ပယတ္တ”လို့ ခေါ်တယ်၊ ‘ပယတ်...တ’လို့ ပီအောင်ဖတ်။ ပါရမီဖြည့်စဉ် ဘုရားလောင်းအဖြစ်နဲ့ပင် အရှင်မြတ်ရဲ့ လုံ့လဝီရိယကို သာမန်တို့ မမီနိုင်။ ထိုဝီရိယကြောင့်ပင် ဗုဒ္ဓဘုရားအဖြစ်ကို ရတယ်။ စိတ်ကူးနဲ့ ပုံဖော်တဲ့ စိတ်ကူးယဉ် သက်သောင့်သက်သာ ဘုရားမျိုး မဟုတ်။ ဗုဒ္ဓအဖြစ်နဲ့ပင် နားယူတယ်လို့ ပြောနိုင်လောက်တဲ့ အချိန်မရှိဘဲ သတ္တဝါတွေကို မနေမနား ဟောပြော ဆုံးမတော်မူခဲ့တယ်။
သံပေါက်ချုပ်
ဣဿရိယ တန်ခိုးပြ စိတ်ကို စိုးရသည်။
ဓမ္မမည်ငြား ကိုးတရား ဘုရားရပေသည်။
ယသသတင်း ကမ္ဘာချဉ်း ပျံ့သင်းနေလေသည်။
သိရိရုပ်သွင် ကိလေစင် ကြည်လင်ရွှန်းလဲ့သည်။
ကာမဘုန်းဝေ ဗုဒ္ဓနေ များထွေအလင်းပွင့်စေသည်။
ပယတ္တဇွဲ လွန်ထူးကဲ အမြဲကြိုးစားဆောင်ရွက်သည်။
ဒီဇင်ဘာ ၁၉၊ ၂၀၁၆။
---
၅၃၃။ မသိုးသင်္ကန်း
မသိုးသင်္ကန်း သမိုင်းလေး သိပါရစေဘုရား။
ဆုတောင်းပြည့် အရှင်အဂ္ဂ
---
သမိုင်းတူ
မသိုးသင်္ကန်းဆိုတာ ကထိန်သင်္ကန်းကို ခေါ်တာဖြစ်လို့ မသိုးသင်္ကန်းသမိုင်းဆိုရင် ကထိန်သင်္ကန်းသမိုင်းနဲ့ အတူတူပဲ ဖြစ်မှာပါ။ ဒါကြောင့် သမိုင်းကို သိချင်ရင် ကထိန်သင်္ကန်းကို ဘယ်အချိန်က မြတ်ဗုဒ္ဓ ပညတ်တော်မူသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပြန်ပြီး ရှာဖတ်နိုင်ပါတယ်။ ဖြေပြီးသား ရှိပါတယ်။ “မသိုးသင်္ကန်း”ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ နည်းနည်း ရှင်းပြပါမယ်။
ကထိန်မသိုး
ကထိန်သင်္ကန်းကို ဘာကြောင့် မသိုးသင်္ကန်း ခေါ်သလဲဆိုရင် ၁၁၅၀ ပြည့်နှစ်၊ တန်ဆောင်မုန်း လဆန်း ၃-ရက်နေ့၊ ဘိုးတော်ဘုရားက မဟာဒါန်ဝန် (ဘုရင်ကောင်းမှုပြုတာကို စီမံတဲ့အမတ်)ကို စေခိုင်းပြီး မေးလျှောက်လို့ သာသနာပိုင် အရှင်ဉာဏာဘိဝံသရဲ့ အဖြေက ...
“မသိုးသင်္ကန်းမှာ ကျမ်းဂန်လာမရှိ။ ရဟန်းတို့မှာ ကထိန်ပုဆိုးကို ရသည့်နေ့ရက်အတွင်း ပြီးပြေအောင် အခြားနေ့ရက် မကူး မသိုးစေဘဲ ချုပ်ဆိုလုပ်ဆောင်၍ ကထိန်ခင်းရသည်ကို အစွဲမူ၍ လူတို့မှာလည်း မသိုးသင်္ကန်း လုပ်ဆောင်၍ လှူဒါန်းကြသည့် အရာသာ ဖြစ်သည် (အမေးတော်ဖြေ၊ စာ-၂၈၇)”တဲ့။
ဒါလေးလောက်နဲ့ မသိုးသင်္ကန်းရဲ့ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်သေးပေမယ့် ဘိုးတော်ဘုရားတို့ ခေတ်မှာ “မသိုးသင်္ကန်း”ဆိုတဲ့ ဝေါဟာရအသုံးတော့ ရှိနေပြီပေါ့။ ဒီဝေါဟာရရဲ့ အဦးဆုံး ခေတ်ကိုတော့ ဝေါဟာရဗေဒဆရာတို့ တွက်ချန်ထားခဲ့ပါရစေ။
မသိုးအမည်
ဝိနည်းပါဠိတော်ရဲ့ အဖွင့်အဋ္ဌကထာမှာ “ကထိန်ခင်းမည့် ပိတ်စကို ရလျှင် ကောင်းစွာ လျှော်ဖွတ်၍ အပ်ချည် စသည်ကို ပြင်ဆင်လျက် ရဟန်းအများ စုပေါင်းပြီး ပိတ်စကို ရသည့်နေ့မှာပင် (သင်္ကန်းအဖြစ်) ချုပ်ဆိုးခြင်းကိစ္စကို ပြီးစီးအောင် ပြု၍ (တဒဟေဝ သိဗ္ဗိတွာ နိဋ္ဌိတသူစီကမ္မံ) ကထိန်ခင်းရမည် (ဝိ၊ဋ္ဌ၊၃၊၃၈၉)”လို့ ဆိုပါတယ်။
နံနက်အချိန် ပိတ်စကို ယူလာပြီး (ဒါမှ နေ့လယ်ချုပ်ဆိုးခြင်းကိစ္စ ပြီးမှာကို) ‘ဒီပိတ်စနဲ့ ကထိန်ခင်းပါ ဘုရား”ဆိုပြီး လှူထားခဲ့ရင် ‘ရသည့်နေ့မှာပင် ပြီးအောင် ချုပ်ဆိုး၍ ကထိန်ခင်းရမည်”လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ကထိန်လျာအဖြစ် ပိတ်စကိုပါ လှူဒါန်းခွင့်ရှိတယ်။
ဒါပေမယ့် သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ်ဆိုတဲ့ သင်္ကန်း သုံးမျိုးနဲ့သာ ကထိန်ခင်းကောင်းလို့ ကထိန်သင်္ကန်းဖြစ်တဲ့အထိ အဲဒီနေ့ ပြီးအောင် ချုပ်ဆိုးပြီး နောက်နေ့မကူးခင် (နောက်နေ့နံနက်အရုဏ်မတက်ခင်) ကထိန်ခင်းရမယ်။ နောက်နေ့ကူးသွားရင် အဲဒီကထိန် မအောင်မြင်ဘူး။ အဲဒီကျောင်းမှာ နောက်ထပ်လည်း ကထိန် မခင်းကောင်းတော့ဘူး။ အဲဒီသင်္ကန်းဟာ “သင်္ကန်းသိုး” (ရက်လွန် အချိန်လွန် သင်္ကန်း) ဖြစ်သွားတယ်။
ကထိန်မြောက်တဲ့ သင်္ကန်းကတော့ “မသိုးသင်္ကန်း”ပေါ့။ ယခုခေတ်လို ချုပ်ဆိုးပြီးသား သင်္ကန်းကို လှူရင် ချုပ်ဆိုးခြင်းကိစ္စမလိုဘဲ နောက်နေ့မကူးခင် သိမ်ထဲဝင် ကမ္မဝါစာ ဖတ်ပြီး ကထိန်ခင်းရုံပါပဲ။
အတုယူ၍
အလှူရှင်တို့ လှူဒါန်းတဲ့ ကထိန်လျာပိတ်စကို ရဟန်းတွေ ပေါင်းအားနဲ့ နောက်နေ့မကူးခင် နေ့မသိုးခင် ကိုယ်တိုင် ချုပ်ဆိုးပြီး ကထိန်ခင်းကြတာကို အတုယူပြီး လူတွေလည်း နေ့မကူးစေဘဲ ရက်လုပ်ချုပ်ဆိုး (ရက်တဲ့ချည်က သင်္ကန်းရောင်ဆိုရင် ဆိုးစရာမလိုဘူး)ပြီး မြတ်စွာဘုရားကို “မသိုးသင်္ကန်း”နဲ့ ပူဇော်ကြတာ ဖြစ်ပါတယ်။ မြတ်စွာဘုရားကို ကထိန်သင်္ကန်းကပ်လှူတဲ့ အဓိပ္ပာယ်ပါပဲ။ ဘုန်းကံကြီးမားတဲ့ ဆရာတော်ကြီးတွေကိုလည်း ရွှေတိဂုံ မသိုးသင်္ကန်းပြိုင်ပွဲလို ပွဲသဘင် ခင်းကျင်းပြီး မသိုးသင်္ကန်းလှူခွင့် ရှိတာပါပဲ။
သတိပြုဖွယ်
ဗုဒ္ဓကျမ်းစာတွေအရ ဒီနေ့အရုဏ်တက်မှ နောက်နေ့လင်းအားကြီး အရုဏ်တက်ချိန်ထိကို တစ်ရက်လို့ ယူတယ်။ ဒါကြောင့် ယနေ့ အလှူခံထားတဲ့ ကထိန်သင်္ကန်းနဲ့ နောက်တစ်နေ့ အရုဏ်မတက်မီအတွင်း မည်သည့်အချိန်မဆို ကထိန်ခင်းခွင့်ရှိတယ်။
ကထိန်ရက် မရောက်ခင် ကထိန်ခင်းမယ့် သင်္ကန်းကို ဘုန်းကြီးကျောင်းမှာ သွားထားရင် ဘုန်းကြီးကို ဘာမှ မလျှောက်ဘဲ အပ်ထားရုံ အပ်ထားခဲ့သင့်တယ်။ လှူပစ်ခဲ့ရင်တော့ ဆရာတော်တွေက အဲဒီနေ့မှာ ကထိန်ခင်းကို ခင်းရမယ်။ ကထိန်ခင်းတယ်ဆိုတဲ့ ပွဲနေ့မှာ သံဃာတွေ သိမ်ထဲကို သွားပြီး ကထိန်ခင်းစရာ မလိုတော့ဘူး။ သံဃာတွေက မေ့လို့ မသိလို့ ပွဲနေ့ထိ သိမ်းထားမိရင် သင်္ကန်းသိုးဖြစ်လို့ အဲဒီကထိန်အလှူ မအောင်မြင်ဘူး။ အဲဒီကျောင်းမှာ နောက်ထပ်လည်း ကထိန်မခင်းကောင်းတော့ဘူး။
အစာချသင့်
ဝိနည်းအဋ္ဌကထာမှာပဲ (ဝိ၊ဋ္ဌ၊၃၊၃၈၉)မှာ “ခလိ.မက္ခိတ = အစာမချရသေးတဲ့ အဝတ် (အဟတဝတ္ထု)၊ မလီန = ညစ်ပတ်နေတဲ့ အဝတ်တွေနဲ့ ကထိန်မခင်းကောင်းဘူး။ ကောင်းစွာ လျှော်ဖွတ်ရမယ်’လို့ ဆိုတဲ့အတွက် အတိအကျ လိုက်နာလိုရင် ကထိန်ခင်းမယ့် သင်္ကန်းကို ကထိန်မခင်းခင် အစာချထားသင့်တယ်လို့ ယူဆကြောင်းပါ။
တောဓလေ့
တောရွာတွေမှာ ကထိန်သင်္ကန်းကို ကထိန်ရက်အတွင်း (သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ) ကြိုအလှူခံပြီး ရက်မသိုးခင် ကထိန်ခံရဟန်းအပါအဝင် သံဃာ ၅-ပါး (မပြည့်ရင် ထပ်ပင့်)နဲ့ ကထိန်ကို ကြိုပြီး အကျဉ်းခင်းထားလေ့ရှိတယ်။ လယ်သိမ်းအပြီး ဥတုရာသီကောင်းချိန်ကျမှ သံဃာများများ ပင့်ပြီး ကထိန်အောင်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပလေ့ ရှိပါတယ်။
ဒီဇင်ဘာ ၁၉၊ ၂၀၁၆။
---
၅၃၄။ ခုတင်တစ်လုံး ဘုန်းကြီးနှစ်ပါး
ဆရာတော် ဘုရား၊ မကြာခင်က တပည့်တော်ရဲ့ မိတ်ဆွေ တစ် ယောက် မြန်မာပြည်က ကြွလာတဲ့ ဘုန်းကြီး နှစ်ပါးကို ကနေ ဒါ အနောက်ပိုင်းကို လိုက်ပို့စဉ် နှစ်ပါးအတွက် ဟိုတယ်ခန်း တစ်ခန်း စီစဉ်တာကို အကြီး ဆရာတော်က တစ်ပါး တစ်ခန်း နေပါရစေ ဆိုလို့ ဟိုတယ် ရောက်ပြီးမှ နောက်တစ်ခန်း ထပ် ယူရပါတယ်။ ဘုန်းကြီး နှစ်ပါးချင်း တစ်ခန်းတည်းမှာ ကျိန်း ကောင်း မကျိန်းကောင်း သိလိုပါတယ် ဘုရား။
မမိုးသူ (ကနေဒါ)
သိက္ခာပုဒ်
မူရင်းပါဠိတော်မှာ “ရဟန်းသည် (အခြားရဟန်းနှင့် အတူ တစ်ပန်းကန်တည်း၌ မစားအပ်။ တစ်ခွက်တည်း၌ မသောက်အပ်။ တစ်ညောင်စောင်းတည်း (တစ်ခုတင်တည်း)တစ်ခင်းတည်း၌ မအိပ်အပ်။ တစ်ချီတည်း ခြုံ၍ မအိပ်အပ်။ တစ်ခင်းတစ်ရုံတည်း ခင်းခြုံ၍ မအိပ်အပ်။ အိပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ (ဝိ၊၄၊၂၆၁)”လို့ ပညတ်ချက်ရှိပါတယ်။
မြတ်ဗုဒ္ဓ ဘာကြောင့် အဲဒီလို တားမြစ်တော်မူရသလဲဆိုရင် “ဘုန်းကြီးတွေလည်း ကာမဂုဏ်ခံစားတဲ့ အိမ်ရာတည်ထောင် လူ့ဘောင်က ငါတို့ လူသားတွေလိုပဲ’လို့ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြလို့။ အဓိပ္ပာယ်က လူကဲ့ရဲ့စရာ ဖြစ်လို့ပေါ့။
ပါဠိလွတ်
မြတ်ဗုဒ္ဓ ပညတ်တော်မူထားတာကို နားလည်အောင် ခေတ်ကာလနဲ့ လျော်အောင် ရှင်းလင်းဖွင့်ဆိုတဲ့ ရှေးက ရဟန္တာကြီးတွေရဲ့ ပို့ချစဉ်ကို အေဒီ ၁၂-ရာစုမှာ အရှင်သာရိပုတ္တရာအမည်ရှိ ပညာရှင်က ပါဠိမုတ္တက ဝိနိစ္ဆယ (ပါဠိတော်မဟုတ်တဲ့ အဆုံးအဖြတ်)အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီမှတ်တမ်းမှာ ..
တစ်ပန်းကန်တည်း မစားရ၊ တစ်ခွက်တည်း မသောက်ရ ဆိုရာမှာ “တစ်ပါးက စားစရာကို ထည့်ယူသွားပြီး ခွက်ထဲမှာ ကျန်နေတာကို ကျန်တစ်ပါးက ခပ်ယူစားသောက်ကောင်းတယ်”လို့ ရှင်းပါတယ်။ တစ်ခုတင်တည်း တစ်ခင်းတည်း မအိပ်ရ ဆိုရာမှာလည်း “အလယ်မှာ သင်္ကန်း တောင်ဝှေး အနည်းဆုံး ခါးပန်းကြိုးလို ဟာတွေနဲ့ စည်းခြားပြီး အိပ်ရင် ရပါတယ်”လို့ ရှင်းပါတယ် (ဝိနယသင်္ဂဟ၊ဋ္ဌ၊၄၄၄)။
သုံးသပ်ချက်
မေးခွန်းပါ သက်ကြီးဆရာတော်အနေနဲ့ တစ်ခန်းတည်း နှစ်ပါး ဖြစ်နေလို့ ပြန်စီစဉ်ခိုင်းတာတော့ ဟုတ်မယ် မထင်ဘူး။ တစ်ခုတည်းသော အခန်းမှာ တစ်လုံးတည်းသော ခုတင်ပဲ ရှိနေလို့ နှစ်ပါး မအိပ်ကောင်းဘူးလို့ သိတဲ့အတွက် အလယ်မှာ ခြုံထည်လေး သားရေအိတ်ကလေး ခြားအိပ်လို့ ရတာကိုလည်း ရုတ်တရက် သတိမရမိလို့ ထပ်စီစဉ်ခိုင်းတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် ... ဘုန်းကြီး အမှတ်ရလာတာလေးကို ရယ်စရာ ပြောရအုံးမယ် ..
မသိခဲ့ဘူး
ဘုန်းကြီး ရဟန်း ၁-ဝါရ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရတိုက်က ထွက်လာခါစ ရန်ကုန်မှာ နေတဲ့ ဦးသုမင်္ဂလ (ဘုန်းကြီးထက် ၉-ဝါကြီး၊ ယခု ဆရာကြီး ဦးကျော်သူ-ကောသောင်း) နေထိုင်တဲ့ ကျောင်းမှာ ငယ်သူငယ်ချင်း ဦးတေဇနိယ (ဘုန်းကြီးထက် ၂-ဝါကြီး၊ ယခု ဆရာကြီး ဦးတင်ရွှေ)နဲ့ အတူတည်းကြတော့ အောက်ခံသံဇကာပေါ်မှာ အပေါ်က ကတ်ထူစက္ကူ ခင်းထားတဲ့ ခုတင်ပေါ်မှာ (အသုဘခုတင် ဖြစ်နိုင်တယ်) နှစ်ပါးအတူ အိပ်ကြတယ်။ ဘာမှ မခြားထားပါဘူး။ ခြားရကောင်းမှန်းလည်း မသိခဲ့ပါဘူး။
ကန်ချတယ်
ကိုယ့်လူက အတော် အအိပ်ကြမ်းတယ် ... ဒူးနှစ်စုံကို ကွေးအိပ်တော့ အိပ်မောလည်း ကျရော ဒူးအောက်က ခြေနှစ်ချောင်းကို ဆတ်ကနဲ ဆတ်ကနဲ တစ်ခုပြီးတစ်ခု ခဏခဏ ခါတယ်။ သူခြေခါတိုင်း ဘုန်းကြီးရဲ့ ကျောနဲ့ တင်ပါးကို အဲဒီခါခြေနဲ့ ဖြုန်းခနဲ ဖြုန်းခနဲ လာရိုက်လို့ အိပ်မရဘူး။ ပထမ သူ့ကို တွန်းပစ်တယ်။ အောက်ခံက သံဇကာဆိုတော့ အလယ်မှာ ချိုင့်နေလို့ ခဏကြာ ပြန်လိမ့်ကျလာတာပေါ့။ သုံးလေးကြိမ် ဖြစ်လာတော့ တွန်းတင်လည်း ပြန်ကျလာအုံးမှာပဲ ဆိုပြီး ဖြည်းဖြည်းချင်း တွန်းတင်၊ ခုတင်စွန်းရောက်တော့ ခြေထောက်နဲ့ ကန်ချလိုက်တယ် (ခုတင်က မမြင့်ပါဘူး)။ ဝုန်းကနဲလည်း ပြုတ်ကျ ‘အုမလေး သွပ် ... သွပ် ... ရှူး’လို့ သက်ပြင်းတစ်ချက်မှုတ်ပြီး ပြန်မတက်လာတော့ဘူး။ စိတ်ထဲ မှတ်ကရောလို့ လုပ်လိုက်သေးတယ် (ကိုယ်နိုင်ပြီး သူခံလိုက်ရတာကိုး)။
ခုလည်း အငယ်ကိုယ်တော်က အဲဒီလို ဖြစ်နေလို့များလား။ ဒီ့ပြင် “အဟောက်လွန်တဲ့ လေယာဉ်ပျံ”ဆိုလည်း အိပ်လို့ရမှာ မဟုတ်ဘူးလေ။ Who knows ? ..
အခြေအနေ
လိုက်ပို့သူဟာ ကြိုတင်ဘုက်ကင် လုပ်ထားတဲ့ အခန်းက သက်သာပေမယ့် ဟိုတယ်ကို ရောက်မှ ရှောင်တစ်ခင် နောက်တစ်ခန်း စီစဉ်ရလို့ ဘတ်ဂျက်နည်းနည်း ထိခိုက်နိုင်တယ်။ ဘုန်းကြီးသာ ဆိုရင်တော့ ကန်ချတန်ချ (ကိုယ့်ထက် ငယ်ရင် ရင်းနှီးရင် ပေါ့) ဒါမှမဟုတ် အာပတ်ပဲ သင့်ခံလိုက်တော့မယ် (ဒေသနာ ကြားရင် ပျောက်တာပဲ)။ တစ်ခန်း ထပ်ဝယ်ခိုင်းရဲလောက်အောင် မစွမ်းတာတော့ အမှန်ပဲ ကျောင်းအစ်မရေ။
ဒီဇင်ဘာ ၂၁၊ ၂၀၁၆။
---
၅၃၅။ ငါးပါးသီလ ဘယ်တုန်းက စ
ဆရာတော် ဘုရား၊ ငါးပါးသီလ ဘယ်တုန်းက စတင်ခဲ့ပါသည် ကို သိလိုပါသည် ဘုရား။
မန်းမျိုးထွန်း
ထောက်တည်ရာ
ဝတ္ထုဖြစ်ရပ် တစ်ခုကို အရင် ဖတ်ကြည့်ပါ .. ဆင်းရဲသားတစ်ယောက်ဟာ အနောမဒဿီဘုရားရဲ့ အရှင်နိသဘမထေရ်ထံမှာ ငါးပါးသီလကို ခံယူပြီး ရာသက်ပန် (အဲဒီအချိန်က လူသက်တမ်းက နှစ်ပေါင်း တစ်သိန်း)ဆောက်တည်တယ်။ ဒီပါရမီရှင် ပုဂ္ဂိုလ်က “သေခါနီးသော် ငါ၏သီလကို အောက်မေ့ခဲ့၏”လို့ နောင်အခါ ပြောပြခဲ့တယ်။
ငါးနှစ်သား ရဟန္တာ
ဒီဆင်းရဲသားလူလိမ္မာဟာ ဗုဒ္ဓဂေါတမပွင့်ချိန်မှာ မြတ်ဗုဒ္ဓကို ဆည်းကပ်သူ ဝေသာလီသူဌေးအိမ်မှာ ဖြစ်တယ် ..
“ဝါဆိုခါနီးအချိန် ငယ်မိဘတို့သည် ငါးပါးသီလကို ဆောက်တည်ကြစဉ် မြတ်ဗုဒ္ဓ ဟောကြားသော သီလအကြောင်းတရားတော်ကို ကြားနာမိသည်နှင့် မိမိဆောက်တည်ဖူးသော သီလကို ဆင်ခြင်နိုင်ပြီး တစ်ထိုင်တည်းဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ခဲ့ပါ၏။ ထိုအချိန်က ငါသည် အသက် ၅-နှစ်သာ ရှိသေးပြီး မြတ်ဗုဒ္ဓသည် ငါ့အား ရဟန်းပြုပေးခဲ့ပါ၏ (အပဒါန၊၁၊၈၄)”လို့ ရဟန္တာဖြစ်ပြီးနောက်မှာ အရှင်မြတ်က မြွက်ဟခဲ့ပါတယ်။
အဖြေ
ငါးပါးသီလဆိုတာ ဗုဒ္ဓဘုရားရှင်တိုင်း ဟောကြားတာ ဖြစ်လို့ ဘုရားပွင့်တဲ့ အချိန်တိုင်းမှာ ငါးပါးသီလရှိပါတယ်။ ဒီဖြစ်ရပ်မှာ အနောမဒဿီဘုရားဆိုတာ လွန်ခဲ့တဲ့ တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအလွန်က ပွင့်တော်မူတဲ့ ဘုရားပါ။ ယခုကမ္ဘာမတိုင်ခင် ကမ္ဘာပေါင်း ဘီလျံမက လွန်ခဲ့တဲ့အချိန်ကလို့ မှတ်ရင် သင့်ပါတယ်။ ဒါကြောင့် ငါးပါးသီလရဲ့ အစကို မသိနိုင်။ ဘယ်တော့ ပျောက်ကွယ်မယ်ဆိုတာလည်း မသိနိုင်ဘူးလို့ ဖြေရမှာပဲ။ ဒီဘုရားသာသနာကွယ်လို့ နောက်ဘုရားပွင့်ရင် ငါးပါးသီလအကျင့်လည်း ပေါ်လာမှာပဲ။
ဒီဇင်ဘာ ၂၂၊ ၂၀၁၆။
---
၅၃၆။ အစောင့်လေးပါး
အရှင်ဘုရား၊ စတုရာရက္ခတရား လေးပါးကို မြတ်စွာဘုရား ဟောကြားပါသလား ဘုရား။ ထိုတရား လေးပါး ပွားများပုံကို ရှင်းပြပေးစေလိုပါသည် ဘုရား။
Dr. ထိန်ဝင်း ဒေါ်နန်းမာလာချင်း
---
မူရင်းဘယ်က
“စတုရာရက္ခ”ဆိုတာ စတု = လေး၊ အာရက္ခ = အစောင့် ဖြစ်လို့ အဓိပ္ပာယ်က “အစောင့်တရားလေးပါး” ဖြစ်ပါတယ်။ “စတုရာရက္ခ”ဆိုတဲ့ အသုံးနဲ့ ဘုရားဟော ပါဠိတော်မူရင်းကို ရှာဖွေဆဲ ဖြစ်ပါတယ်။ ဝိနယအဋ္ဌကထာကျမ်းအရ မထေရ်ကြီးတွေ ရဟန်းငယ်တွေကို ဩဝါဒပေးပုံကို ဖွင့်ဆိုရာမှာ ..
“ဒိဝသေ ဒိဝသေ သီလာနိ အာဝဇ္ဇေန္တော စတုရာရက္ခံ အဟာပေန္တာ မနသိကာဗဟုလာ ဝိဟရထ (ဝိ၊ဋ္ဌ၊၄၊ရ၃) = နေ့စဉ် အစောင့်တရားလေးပါး (စတုရာရက္ခ) အပါအဝင် ကိုယ်ကျင့်တရား (သီလ)ကို များများဆင်ခြင်ပြီး သီတင်းသုံးတော်မူကြပါ”လို့ မိန့်ဆိုတာကို တွေ့ရပါတယ်။ “စတုရာရက္ခ” ဝေါဟာရရဲ့ အစ ဒီအဋ္ဌကထာစကားက ဖြစ်လေမလား။
သင်္ဂဇာအဆို
သင်္ဂဇာဆရာတော် ရေးစီရင်တဲ့ “စတုရာရက္ခကျမ်း’ရဲ့ အစမှာ “ဝက္ခာမိ စတုရာရက္ခံ၊ သမ္ဗုဒ္ဓဝစန.နွယံ (သမ္ဗုဒ္ဓဝစနနွယ်၊ မြတ်စွာဘုရားစကားတော်နောက် အစဉ်လျှောက်၍ လိုက်တတ်သော။ ဝါ၊ ဘုရားစကားတော်နှင့် သင့်လျော်စွာထသော။ စတုရာရက္ခံ၊ အစောင့်အရှောက်လေးပါးကို ပြဆိုရာဖြစ်သောကြောင့် “စတုရာရက္ခ”အမည်ရှိသော ကျမ်းကို။ ဝက္ခာမိ၊ မိန့်ဆိုပေအံ့)”လို့ မိန့်ပါတယ်။
ဒီအဆိုအရ “စတုရာရက္ခ”ဆိုတာ ဘုရားဟော တိုက်ရိုက်မဟုတ်၊ ဘုရားအလိုကို သိတော်မူကြတဲ့ အဋ္ဌကထာဆရာတွေ မိန့်ဆိုတဲ့ စကားလို့ ယူရင် သင့်မြတ်နိုးဖွယ်ရှိပါတယ်။
အားကိုးစရာ
“သူတော်ကောင်းတွေရဲ့ အစောင့်အရှောက်တရား၊ တစ်နည်း
သူတော်ကောင်းတွေကို စောင့်ရှောက်တဲ့တရား။ တနည်း သူတော်ကောင်းတွေကို စောင့်ရှောက်တဲ့တရား၊ တစ်နည်းအားဖြင့် သူတော်ကောင်းတွေက စောင့်ရှောက်ရမယ့်တရားလို့ သင်္ဂဇာဆရာတော်က အဓိပ္ပာယ်ဖွင့်ပါတယ်။ ကိုယ်က ထိုတရားလေးပါးကို စောင့်ရှောက်နေမယ်ဆိုရင် အဲ့ဒီတရားလေးပါးက ကိုယ့်ကို ပြန်စောင့်ရှောက်တဲ့အတွက် “အားကိုးစရာ တရားလေးပါး” လို့လည်း နားလည်နိုင်ပါတယ်။
အဲ့ဒီတရားလေးပါးကတော့ ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘ၊ မရဏဿတိ (သာရတ္ထ၊ဋီ၊၃၊၄၀၂) တို့ ဖြစ်ပါတယ်။ ဒီတရားလေးပါးကို ပွားပုံကို အကျဉ်းချုပ် ပြောပြပါမယ်။
ဗုဒ္ဓါနုဿတိ
မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်ကို စိတ်ထဲမှာ အဖန်ဖန် နှလုံးသွင်းနေတာကို “ဗုဒ္ဓါနုဿတိ” လို့ ခေါ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ရုပ်သွင်ကို (လိုအပ်ရင် မိမိကြည်ညိုတဲ့ ဗုဒ္ဓရုပ်ပွားတစ်ဆူဆူကို) စိတ်ထဲမှာ ပေါ်အောင် အာရုံပြုပါ။ ပြီးနောက် အောက်ပါ ၉-မျိုးထဲက နှစ်သက်ရာတစ်ခုခုကို ဖြစ်စေ၊ အားလုံးကို တစ်ပြိုင်နက်ဖြစ်စေ စိတ်နဲ့ ဆိုပါ။ အာရုံမလွင့်စေဘဲ သတ်မှတ်ချိန်ပြည့်တဲ့အထိ ဖြည်းဖြည်းချင်း ထပ်ခါထပ်ခါ ဆိုပါ...
- ကိလေပယ်ခွင်း မြူစင်ရှင်း ခပင်း ဦးညွတ်သည်။
- သစ္စာလေးဖြာ ကိုယ်တိုင်သာ သိကာ ဘုရားမည်။
- သုံးရှစ်သိပွင့် ဆယ့်ငါးကျင့် ဂုဏ်နှင့် ပြည့်စုံသည်။
- ကျိုးရှိမှန်ရာ နှစ်ခွန်းသာ ရှင်သာ မိန့်မြွက်သည်။
- လောကသုံးပါး ပိုင်းပိုင်းခြား ဘုရား သိမြင်သည်။
- တုတ်ဓားမပြ တရားချ လောက ငြိမ်းစေသည်။
- နတ်လူဆရာ ဦးထိပ်မှာ ပန်ကာ ဆင်ရသည်။
- သစ္စာဉေယျ သိပိုင်ရ ဗုဒ္ဓမည်တွင်သည်။
- ဘုန်းဂုဏ်ခြောက်ဆင့် အောင်လံလွှင့် ထွန်းပွင့် ပေါ်ခဲ့ပြီ။
မှတ်စု
ကိလေ = ကိလေသာ ၁၀-ပါး (တပ်မက်၊ စိတ်ဆိုး၊ ကြောင်းကျိုး မသိ၊ စိတ်ကြီးဝင်၊ အမှား စွဲလမ်း၊ အကောင်းလုပ်ဖို့ မဆုံးဖြတ်နိုင်၊ အကောင်းလုပ်ဖို့ စိတ်မပါ၊ အကောင်း လုပ် ခါနီး စိတ်မငြိမ်၊ မကောင်းတာကို မရှက်၊ မကောင်းတာကို မကြောက်)။
သုံးရှစ်သိပွင့် = သိမြင် ရရှိထားတဲ့ “ဝိဇ္ဇာ”လို့ခေါ်တဲ့ အသိ ဉာဏ် သုံးမျိုး (ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊ အာသက္ခယ ‘ပု၊ ဒိ၊ အာ”)၊ တစ်နည်း ၀ိဇ္ဇာဉာဏ် ရှစ်ပါး (ဝိပဿနာ၊ စေတောပရိယ၊ မနောမယိဒ္ဓိ၊ ဒိဗ္ဗသောတ၊ ဣဒ္ဓဝိဓ ဆိုတဲ့ ဉာဏ်ငါးပါးကို ဆိုခဲ့ပါ ပု၊ ဒိ၊ အာ နဲ့ ထပ်ပေါင်း)။
ဆယ့်ငါးကျင့် = စရဏခေါ်တဲ့ အကျင့် ၁၅-ပါး (‘သီလ စောင့်လေ ၁၊ ဣန္ဒြေထိန်းရ ၂။ အာဟာရမှာ တိုင်းတာကို သိ ၃၊ နိုးကြားရှိလျက် ၄၊ ဟိရိ သြတ္တပ္ပ ၅-၆၊ သုတ ပညာ ၇- ၈၊ သဒ္ဓါ သတိ ၉-၁ဝ၊ ဝီရိယဟု ၁၁၊ ပဒုတစ ၁၂- ၁၃- ၁၄-၁၅၊ ဈာန်လေးဝ၊ စရဏ တစ်ဆယ့်ငါး)။
ဒီ အကျင့် ၁၅-ပါးကို ကျင့်လို့ ဝိဇ္ဇာ ၃-ပါး ဝိဇ္ဇာပါးနှင့် ပြည့်စုံတာ။
သစ္စာလေးဖြာ = ဒုက္ခ သမုဒယ၊ နိရောဓနှင့်၊ မဂ္ဂတစ်ဖြာ၊ လေးသစ္စာ။
ကျိုးရှိမှန်ရာ = အကျိုးရှိသောစကား။ မှန်သော စကား။
“မှန်၊ မမှန်၊ အကျိုးရှိ၊ အကျိုးမရှိ၊ သူတစ်ပါး နှစ်သက်၊ သူတစ်ပါး မနှစ်သက်”လို့ စကား ၆-မျိုး ရှိရာမှာ “မှန်ရင်၊ အကျိုးရှိရင်’ (သူတစ်ပါးတို့ နှစ်သက် ခြင်း မနှစ်သက်ခြင်းကို ဂရုမစိုက်ဘဲ) မြတ်ဗုဒ္ဓ မိန့်ပါတယ်။
လောကသုံးပါး = သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက
သစ္စာဉေယျ = သစ္စာ ၄-ပါးနဲ့ ဥယျ တရား ၅-ပါး (သင်္ခါ ရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်)။
“အမှတ်-၂ (သမ္မာသမ္ဗုဒ္ဓ)မှာ သစ္စာ ၄-ပါးကိုပဲ သိတယ်။ အမှတ်...၈ (ဗုဒ္ဓ)မှာ သစ္စာ ၄-ပါးအပြင် ဉေယျဓံ ၅- ပါးကိုပါ သိမြင်လို့ အမှတ်-၈ က ပိုပြီး အရာကျယ်တယ် (လယ်တီဆရာတော်၊ အနုဒီပနီ၊ စာ-၃၇)’လို့ ဂုဏ်တော် ၂- ပါး အထူးကို မှတ်ပါ။
ဘုန်းဂုဏ်ခြောက်ဆင့် = “ဣဿရိယ၊ ဓမ္မ, ယသ၊ သိရီ၊ ကာမ၊ ပယတ္တ”ဟူသော ဘုန်းခြောက်ပါး။
မေတ္တာ
- သဗ္ဗေ သတ္တာ - သတ္တဝါအားလုံး။ အဝေရာ ဟောန္တု၊ ရန်သူကင်းကြပါစေ။
- သဗ္ဗေ သတ္တာ - သတ္တဝါအားလုံး။ အဗျာပဇ္ဇာ ဟောန္တု၊ စိတ်ဆိုးဒေါသ ကင်းကြပါစေ။
- သဗ္ဗေ သတ္တာ - သတ္တဝါအားလုံး။ အနီဃာ ဟောန္တု၊ နှိပ်စက်ခံရခြင်း ကင်းကြပါစေ။
- သဗ္ဗေ သတ္တာ - သတ္တဝါအားလုံး။ သုခီ အတ္တာနံ ပရိဟရန္တု၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
ဣရိယာပုတ်လေးပါးနဲ့ "သဗ္ဗေ သတ္တာ = သတ္တဝါအားလုံး" လို့ စိတ်နဲ့ဆိုနေစဉ် ကုန်းနေ၊ ရေနေ၊ လေနေ သတ္တဝါတွေကို ကြီး၊ ငယ်၊ အလတ် သုံးမျိုးခွဲပြီး စက္ကန့်ပိုင်းမျှ စိတ်မျက်စိထဲ ထင်အောင် အာရုံပြုပါ။ ပြီးမှ "အဝေရာ ဟောန္တု၊ ရန်သူကင်းကြပါစေ" လို့ နှလုံးသားနဲ့ ရင်းပြီး ဆက်ဆိုပါ။ လေးမျိုးလုံးနဲ့ သတ်မှတ်ချိန်ပြည့်အောင် ထပ်ခါထပ်ခါ လုပ်ပါ။ "မေတ္တာပို့တယ်၊ မေတ္တာပွားတယ်" ဆိုတာ အဲ့ဒါပါပဲ။
အသုဘ
မိမိရဲ့ ကိုယ်ခန္ဓာကို အသုဘကောင်အနေနဲ့ ရှုတာကို “အသုဘကမ္မဋ္ဌာန်” ပွားတယ်လို့ ခေါ်ပါတယ်။ သက်ရှိအသုဘနဲ့ သက်မဲ့အသုဘလို့ အသုဘ ၂-မျိုးရှိပါတယ်။
သက်ရှိ အသုဘရှုပုံ...
တင်ပလ္လင်ခွေထိုင်၊ မျက်လုံးမှိတ်၊ စိတ်ကို မိမိရဲ့တစ်ကိုယ်လုံးမှာ လွှမ်းခြုံထား၊ ကိုယ်နဲ့စိတ် ကွာမသွားစေနဲ့။ ပြီးရင် အောက်ပါအတိုင်း စိတ်ထဲက ဆိုပါ...
“ကေသာ၊ ဆံပင်။ လောမာ၊ မွေးညင်း။ နခါ၊ ခြေသည်းလက်သည်း။ ဒန္တာ၊ သွား။ တစော၊ အရေ ... စသည်”။ “ကေသာ၊ ဆံပင် ... စသည်” လို့ ဆိုနေဆဲ ဆံပင်စသည်မှာ စိတ်ကိုထားပါ။ စိတ်မလွတ်စေနဲ့။ သတ်မှတ်ချိန်ထိ ထပ်ခါထပ်ခါ အာရုံပြုပြီး ဆိုပါ။
သက်မဲ့ အသုဘရှုပုံ...
မိမိကိုယ်ကို အသုဘ (အသုဘကောင်) အနေနဲ့ အာရုံယူဖို့အတွက် “ဖူးရောင်ပွ၊ ညိုမည်းထ၊ ပြည်ယို၊ နှစ်ပိုင်းပြတ်၊ မြေခွေးစား၊ ဖရိုဖရဲ၊ အတုံးအတစ်၊ သွေးရည်စီး၊ ပိုးလောက်ထိုး၊ အရိုးစု” လို့ သက်မဲ့လူသေအလောင်းပုံ ဆယ်မျိုးရှိပါတယ်။
အိပ်ရာပေါ်လဲလျောင်း၊ မျက်လုံးမှိတ်၊ တစ်ကိုယ်လုံးမှာ စိတ်ကိုလွှမ်းခြုံထား၊ ကိုယ်နဲ့စိတ် ကွာမသွားစေနဲ့။ ပြီး ကိုယ့်ကိုယ်ကို အသေကောင်ဖြစ်သွားပြီလို့ သတ်မှတ်ပြီး အဲ့ဒီ ၁၀-မျိုးထဲက နှစ်သက်ရာတစ်ခုနဲ့ ထပ်တူပြုပြီး “ဖူးရောင်ပွနေတဲ့ ကိုယ်ပါတကား ... စသည်” လို့ ထပ်ခါထပ်ခါ အာရုံပြုပါ။
မရဏဿတိ
သေဦးမည်ကို သိနေခြင်း ဖြစ်ပါတယ်။ တင်ပလ္လင်ခွေထိုင်၊ မျက်လုံးမှိတ်၊ စိတ်ကို မိမိရဲ့တစ်ကိုယ်လုံးမှာ လွှမ်းခြုံထား၊ ကိုယ်နဲ့စိတ် ကွာမသွားစေနဲ့။ ပြီးရင် စွမ်းနိုင်သူတို့က အောက်ပါအတိုင်း စိတ်ထဲက ဆိုပါ...
ဘုဒ္ဓံ ဘုဉ္ဇ ဇနံ ကာမေ၊ ကာလာ ကာလာ.ဗုဒ္ဓေါန္တကော။
ကန္တေ ကန္တေတိ မံသာသော၊ ပိဝံ ပိဝံ.ဝ ကံ မိဂံ။
အနက်
မံသာသော၊ မုဆိုးသည်။ ကန္တေ၊ ရေ၏ အနီး၌။ ကံ၊ ရေကို။ ပိဝံ၊ သောက်ဆဲလည်း ဖြစ်သော။ အပိဝံ၊ မသောက်သေး သည်လည်း ဖြစ်သော။ မိဂံ၊ သားကောင်ကို။ ကန္တေတိ ဣဝ၊ သတ်သကဲ့သို့။ ကာလာ.ကာလာ.ဗုဓော၊ အခါ ဟုတ်မဟုတ်ကို မသိသော။ အန္တကော၊ သေမင်းသည်။ ကာမေ၊ ကာမဂုဏ်တို့ ကို။ ဘုဉ္ဇံ၊ ခံစားဆဲလည်း ဖြစ်သော။ အဘုဉ္ဇံ၊ မခံစားရသေး သည်လည်း ဖြစ်သော။ ဇနံ၊ လူအပေါင်းကို။ ကန္တေတိ၊ သတ်၏။
မစွမ်းနိုင်သူတို့ အောက်ပါအတိုင်း ဆို ..
ရေကိုသောက်ဆဲ မသောက်ဆဲ အမြဲ သတ်လေသည်။
ကာမဂုဏ်ဆဲ မဂုဏ်ဆဲ အမြဲ သေကြသည်။
သမင်မုဆိုး ဖြစ်ပုံမျိုး သေရိုး ကြုံရမည်။
မစွမ်းနိုင်သူတို့ကတော့ အောက်ပါအတိုင်း ဆိုနိုင်ပါတယ်။
ရေကိုသောက်ဆဲ မသောက်ဆဲ အမြဲ သတ်လေသည်။
ကာမဂုဏ်ဆဲ မဂုဏ်ဆဲ အမြဲ သေကြသည်။
သမင်မုဆိုး ဖြစ်ပုံမျိုး သေရိုး ကြုံရမည်။
အကျိုး
ဗုဒ္ဓဂုဏ်ကို ပွားများရင် ရတနာ သုံးတန် ကံ ကံရဲ့အကျိုးကို ယုံကြည်မှု ထက်သန်ပြီး မသဒ္ဓါမှု အရင်းခံတဲ့ မှောက်မှားမှု ဒိဋ္ဌိကို ပယ်နိုင်တယ်။ အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ ဒေါ သကို ခေါင်းပါးစေနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ မတင့်တယ်မှုကို ဆင် ခြင်ရင် တပ်မက်တဲ့ ရာဂကို ထိန်းနိုင်တယ်။ သေခြင်းကို ဆင် ခြင်ရင် မောက်မာမှု မာနကို လျော့စေနိုင်တယ်။
- ဗုဒ္ဓဂုဏ်များ စိတ်မှာပွား အမှား ကင်းကွာသည်။
- ကျိုးလိုစိတ်က မေတ္တာပြ ဒေါသ ရန်ကွယ်သည်။
- အလောင်းကောင်သာ ရှုပွားရာ တဏှာ မရှိပြီ။
- သေမည်ပွားများ ငါသည်ကား မလွှား မထောင်ပြီ။
ဗုဒ္ဓဝါဒ ဒဿနအရ “တဏှာ မာန ဒိဋ္ဌိ”ခေါ်တဲ့ နယ်ချဲ့ သုံး ဦးနဲ့ အဖျက်သမား ဒေါသကို ကာကွယ်နိုင်တဲ့ အစောင့်တရား လေးပါးကို နေ့စဉ် ပွားများဖို့ ဆုံးမတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅၊ ၂၀၁၆။
---
သီလပရိဓောတာ ပညာ၊ ပညာပရိဓောတံ သီလံ။ ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ တတ္ထ သီလံ။ သီလဝတော ပညာ၊ ပညဝတော သီလံ။ သီလပညာဏဉ္စ ပန လောကသ္မိံ အဂ္ဂမက္ခာယတိ။ (ဒီ၊၁၊၁၁၇)။
Wisdom is purified by morality, and morality is purified by wisdom: where one is, the other is, the moral man has wisdom and the wise man has morlity, and the combination of morality and wisdom is called the highest thing in the world.
(Digha Nikaya I, Maurice Walshe, p. 117).
၅၃၇။ ပိဋကတ်သုံးပုံ ဖွဲ့စည်းပုံ
ဆရာတော်ဘုရား.. တပည့်တော်တို့ မိသားစု ပိဋကတ်သုံးပုံ လှူဒါန်းရန် အစီအစဉ် ရှိနေပါ၍ ပိဋကတ်သုံးပုံ အကြောင်းကို သိလိုပါသည် ဘုရား။ ပိဋကတ်သုံးပုံနှင့် နိကာယ်ငါးရပ် တူပါသလား။ ပိဋကတ်သုံးပုံကို လှူဒါန်းပါက နိကာယ်ငါးရပ်ကို သီးခြား လှူစရာ လိုမလို ရှင်းပြပေးစေလိုပါသည် ဘုရား။ စုစုပေါင်း အုပ်ရေ မည်မျှ ရှိသည်ကိုလည်း သိလိုပါသည်။
မျိုးသူအောင် (သုဝဏ္ဏ)
---
ပိဋကတ်
ပိဋကဆိုတာ ခြင်းတောင်းလို့ အဓိပ္ပာယ်ရပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားတဲ့ တရားတော်တွေကို အမျိုးအစားအလိုက် ပိဋကလို့ခေါ်တဲ့ ခြင်းတောင်းကြီး ၃-ခုထဲမှာ ထည့်ရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁) ဝိနည်းပိဋက = ဝိနည်းခြင်းတောင်း။ ဒီခြင်းတောင်းထဲမှာ ရဟန်းသံဃာတို့ လိုက်နာကျင့်သုံးရမယ့် သိက္ခာပုဒ်တွေ ဖြစ်ပေါ်လာပုံ၊ စကားလုံးအဓိပ္ပာယ်၊ အဆုံးအဖြတ်၊ စသည်တို့ကို ထည့်တယ်။
၂) သုတ္တန်ပိဋက = သုတ္တန်ခြင်းတောင်း။ ဒီခြင်းတောင်းထဲမှာ ကြုံရာအရပ်မှာ ဆုံရာပုဂ္ဂိုလ်တွေကို ဟောကြားတဲ့ ဆိုင်ရာဆိုင်ရာ အကြောင်းအရာမျိုးစုံ ပါတယ်။
၃) အဘိဓမ္မပိဋက = အဘိဓမ္မခြင်းတောင်း။ ဒီခြင်းတောင်းကျတော့ သတ္တဝါတို့ရဲ့ သန္တာန်မှာရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားလေးပါးကို နည်းမျိုးမျိုးနဲ့ ဝေဖန်ခြင်းများ ပါဝင်တယ်။
တစ်ခုကို ညွှန်းလိုရင် “ပိဋက” လို့ တသတ်မပါဘဲ ဆိုပြီး သုံးခုလုံးကို ညွှန်းလိုရင် “ပိဋကတ်” လို့ တသတ်ပြီး သုံးလေ့ရှိတယ်။
---
ဝိနည်းခြင်းတောင်း
အဋ္ဌကထာ ကျမ်းတွေမှာ “ဝိနည်းခြင်းတောင်း”ကို ..
၁) မဟာဝိဘင်္ဂ (ရဟန်း သိက္ခာပုဒ်များ အားလုံး)
၂) ဘိက္ခုနီဝိဘင်္ဂ (ရဟန်းမ သိက္ခာပုဒ်များ အားလုံး)
၃) ခန္ဓက (မဟာဝဂ္ဂနဲ့ စူဠဝဂ္ဂ)
၄) ပရိဝါရလို့ လေးပိုင်း ခွဲတယ်။
မှတ်ချက်။ ။ ၁) နဲ့ ၂) ကို ပေါင်းပြီး ဥဘတောဝိဘင်္ဂ လို့ နဲ့ ကို လည်း ခေါ်တယ်။ ‘ဝိနည်း ပထမပိုင်း’လို့ ပိဋကတ်ဆောင် ပုဂ္ဂိုလ်တို့ သုံးနှုန်းလေ့ ရှိပါတယ်။
ကျမ်းစာအုပ် အနေနဲ့ ..
ဆဋ္ဌသံဂါယနာ တင်ပြီးနောက် ဝိနည်းပိဋကကို ပုံနှိပ်ထုတ် ဝေတဲ့အခါ ဥဘတောဝိဘင်္ဂကို ၁) ပါရာဇိကပါဠိနဲ့ ၂) ပါစိတ္တိယပါဠိလို့ နှစ်အုပ် ခွဲလိုက်ပြီး ခန္ဓကကိုလည်း ၃) မဟာဝဂ္ဂပါဠိနဲ့ ၄) စူဠဝဂ္ဂပါဠိလို့ ၂-အုပ် ခွဲလိုက်တဲ့ အတွက် ၅) ပရိဝါရပါဠိလို့ ဝိနည်းပိဋကမှာ အုပ်ရေ ၅-အုပ် ဖြစ်သွားတယ်။
အနောက်တိုင်းသား ပညာရှင်တွေကတော့ “ခန္ဓက၊ ပရိဝါရ၊ ဝိဘင်္ဂ’လို့ စဉ်ပါတယ်။ ယင်းတို့ အလိုအရ မြတ်ဗုဒ္ဓနဲ့ ပတ် သက်တဲ့ ဖြစ်ရပ် အကြောင်းအရာကို ရှေ့သို့ ပို့ထားပြီး သိက္ခာ ပုဒ်တွေက နောက်သို့ ရောက်နေတာကို သတိပြုနိုင်တယ်။
သုတ္တန်ခြင်းတောင်း
“သုတ္တန်ခြင်းတောင်း”ထဲမှာ ..
၁) ဒီဃနိကာယ် (သုတ္တန်ရှည်များ)
၂) မဇ္ဈိမနိကာယ် (အလယ်အလတ် သုတ္တန်များ)
၃) သံယုတ္တနိကာယ် (ယှဉ်တွဲဖော်ပြ သုတ္တန်များ)
၄) အင်္ဂုတ္တရနိကာယ် (၁-ပါးတွဲမှ ၁၁-ပါးတွဲထိ သုတ္တန်တိုများ)
၅) ခုဒ္ဒကနိကာယ် (ကျမ်းငယ် ၁၅-ကျမ်း)လို့ နိကာယ်ငါးခု တစ်နည်း အုပ်စု ငါးခု ပါဝင်တယ်။
ဒီဃနိကာယ်မှာ ..
၁) သီလက္ခန္ဓဝဂ္ဂပါဠိ (သုတ္တန်ရှည် ၁၃-သုတ်)
၂) မဟာဝဂ္ဂပါဠိ (သုတ္တန်ရှည် ၁၀-သုတ်)
၃) ပါထိကဝဂ္ဂပါဠိ (သုတ္တန်ရှည် ၁၁-သုတ်)လို့ ၃-ကျမ်း၊
စာအုပ်အနေနဲ့ တစ်ကျမ်း တစ်အုပ်စီ ဖြစ်လို့ ၃-အုပ် (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲလို့ အတွဲ ၃-တွဲ)။
မဇ္ဈိမနိကာယ်မှာ ..
၁) မူလပဏ္ဏာသပါဠိ (သုတ်ပေါင်း ၅၀)
၂) မဇ္ဈိမပဏ္ဏာပါဠိ (သုတ်ပေါင်း ၅၀)
၃) ဥပရိပဏ္ဏာသပါဠိ (သုတ်ပေါင်း ၅၂)လို့ ၃-ကျမ်း၊ စာအုပ် အနေနဲ့ တစ်ကျမ်း တစ်အုပ်စီ ဖြစ်လို့ ၃-အုပ် (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲလို့ အတွဲ ၃-တွဲ) ပါပဲ။
သံယုတ္တနိကာယ်မှာ ..
၁) သဂါထာဝဂ္ဂသံယုတ် (သုတ်ပေါင်း ၂၇ဝ)
၂) နိဒါနဝဂ္ဂသံယုတ် (သုတ်ပေါင်း ၂၉၇)
၃) ခန္ဓဝဂ္ဂသံယုတ် (သုတ်ပေါင်း ၅၇၈)
၄) သဠာယတနဝဂ္ဂသံယုတ် (သုတ်ပေါင်း ၃၄၈)
၅) မဟာဝဂ္ဂသံယုတ် (မြုပ်ထားသည့် သုတ်များ အပါ အဝင် သုတ်ပေါင်း ၇ဝဝ ကျော်)လို့ ကျမ်းအနေနဲ့ ၅-ကျမ်း၊
စာအုပ် အနေနဲ့ .. ၁ နဲ့ ၂ တစ်အုပ်၊ ၃ နဲ့ ၄ တစ်အုပ်၊ ၅ ၂ တစ်အုပ်)၊ ပေါင်း ၃-အုပ် (၃-တွဲ)။
အင်္ဂုတ္တရနိကာယ်မှာ ..
၁) ဧကနိပါတ (တစ်ပါးတွဲ)မှ ဧကာဒသနိပါတ (၁၁-ပါး တွဲ)ထိ ၁၁-ကျမ်း၊
စာအုပ် အနေနဲ့ ဧကနိပါတမှ စတုက္ကနိပါတထိ ၁-အုပ်၊ ပဉ္စကနိပါတမှ သတ္တကနိပါတထိ ၁-အုပ်၊ ကျန် နိပါတများ အုပ်။ စုစုပေါင်း စာအုပ်ရေ ၃-အုပ် (၃-တွဲ)။
ခုဒ္ဒကနိကာယ်မှာ ..
၁) ခုဒ္ဒကပါဌ ၂) ဓမ္မပဒ ၃) ဥဒါန ၄) ဣတိဝုတ် ၅) သုတ္တနိပါတ် ၆) ဝိမာနဝတ္ထု ) ပေတဝတ္ထု ၈) ထေရဂါထာ ၉) ထေရီဂါထာ ၁၀) ဇာတ် ၁၁) နိဒ္ဒေသ ၁၂) ပဋိသမ္ဘိဒါမဂ္ဂ ၁၃) အပဒါန် ၁၄) ဗုဒ္ဓဝံသ ၁၅) စရိယာပိဋကလို့ ၁၅-ကျမ်း။ စာအုပ် အနေနဲ့..
၁) ခုဒ္ဒကပါဌ ဓမ္မပဒ ဥဒါန၊ ဣတိဝုတ် သုတ္တနိပါတ်၊ ပေါင်း ၆-ကျမ်း ၁-အုပ်။
၂) ဝိမာနဝတ္ထု ပေတဝတ္ထု ထေရဂါထာ ထေရီဂါထာ၊ ပေါင်း ၄-ကျမ်း ၁-အုပ်
၃) ဇာတကပါဠိ ၂-အုပ် (၂-တွဲ)
၄) နိဒ္ဒေသ ၂-အုပ် (မဟာနိဒ္ဒေသနဲ့ စူဠနိဒ္ဒေသ)
၅) ပဋိသမ္ဘိဒါမဂ္ဂပါဠိ ၁-အုပ်၊
၆) အပဒါနပါဠိ ၂-အုပ် (၂-တွဲ၊ ဒုတိယတွဲတွင် ဗုဒ္ဓဝံသ စရိယာပိဋက ကျမ်းများ ပါဝင်)
ဒါကြောင့် စုစုပေါင်း အုပ်ရေ ၉-အုပ် ရှိတယ်။
ပဉ္စမနဲ့ ဆဋ္ဌ သံဂါယနာတင်မူအရ .. နေတ္တိပါဠိ ပေဋကောပဒေသပါဠိ မိလိန္ဒပဉှပါဠိ (၁-ကျမ်းကို ၁-အုပ်စီ) အပါအဝင် ခုဒ္ဒကနိကာယ် ၁၈-ကျမ်း။ နှစ်ရပ်ပေါင်း အုပ်ရေ ၁၂-အုပ်။
အဘိဓမ္မခြင်းတောင်း
အဘိဓမ္မ ခြင်းတောင်းထဲမှာ ..
၁) ဓမ္မသင်္ဂဏီ ၂) ဝိဘင်္ဂ ၃) ဓာတုကထာ ၄) ပုဂ္ဂလပညတ် ၅) ကထာဝတ္ထု ၆) ယမိုက် ရ) ပဋ္ဌာန်းလို့ ရ-ကျမ်း ပါ ဝင်တယ်။ အဘိဓမ္မာ ၇-ကျမ်းဆိုတာ အဲဒါပဲ။
စာအုပ် အနေနဲ့ ... ဓမ္မသင်္ဂဏီ ၁-အုပ်၊ ဝိဘင်္ဂ ၁-အုပ်၊ တုကထာနဲ့ ပုဂ္ဂလပညတ် ၁-အုပ်၊ ကထာဝတ္ထု ၁-အုပ်၊ မိုက် ၃-အုပ် (၃-တွဲ)၊ ပဋ္ဌာန်း ၅-အုပ် (၅-တွဲ)။
စုစုပေါင်း အုပ်ရေ ၁၂-အုပ်။
စုစုပေါင်း အုပ်ရေ
ဝိနည်း ၅-ကျမ်း ၅-အုပ်၊
ဒီဃနိကာယ် ၃-ကျမ်း ၃-အုပ်၊
မဇ္ဈိမနိကာယ် ၃-ကျမ်း ၃-အုပ်၊
အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း ၃-အုပ်၊
ခုဒ္ဒကနိကာယ် ၁၈-ကျမ်း ၁၂-အုပ်၊
အဘိဓမ္မာ -ကျမ်း ၁၂-အုပ်။
ဒါကြောင့် ပိဋကတ် သုံးပုံမှာ စုစုပေါင်း စာအုပ်ရေ ၄၁- အုပ် ရှိပါတယ်။
ပိဋကတ်သုံးပုံဆောင်
ယနေ့ခေတ် တိပိဋကဓရ (ပိဋကတ် သုံးပုံဆောင်) ဆရာတော် တွေပြန်ဆိုရတာက ဝိနည်းပိဋက အကုန် ၅-အုပ်၊ သုတ္တန် ပိဋကမှ ဒီဃနိကာယ် ၃-ကျမ်း (၃-အုပ်)နဲ့ အဘိဓမ္မပိဋက အ ကုန် ၁၂-အုပ်၊ ပေါင်း အုပ်ရေ ၂၀ ဖြစ်ပါတယ်။ ရေးဖြေမှာတော့ အဲဒီ ပါဠိတော်တွေရဲ့ အဖွင့် အဋ္ဌကထာ ဋီကာ ကျမ်းတွေကိုပါ ပြဋ္ဌာန်းထားတယ်။
နိကာယ်ငါးရပ်
ပိဋကတ်သုံးပုံ ကျမ်းစာအားလုံးကိုပင် ခြုံပြီး တစ်နည်းအားဖြင့် “နိကာယ်ငါးရပ်” လို့လည်း ခေါ်နိုင်ပါတယ်။ အဲဒီလို ခေါ်ဆိုရေတွက်တဲ့အခါ ဝိနည်းပိဋက တစ်ခုလုံးနဲ့ အဘိဓမ္မပိဋက တစ်ခုလုံးကို ခုဒ္ဒကနိကာယ်ထဲမှာ သွင်းယူရတယ်။ အုပ်ရေအနေနဲ့ ဘာမှမထူးခြားပါဘူး။ အားလုံးအတူတူပါပဲ။ “နိကာယ်ငါးရပ်” လို့ အသုံးအနှုန်းတစ်မျိုးနဲ့ ခေါ်ဝေါ်လိုက်တာပဲ ကွာပါတယ်။
အဖြေ
ပိဋကတ်သုံးပုံနှင့် နိကာယ်ငါးရပ် အမည်သာကွဲပြီး ကျမ်းစာချင်းတူပါတယ်။ ပိဋကတ်သုံးပုံကို လှူဒါန်းပါက နိကာယ်ငါးရပ်ကို သီးခြားလှူစရာမလိုတော့ပါဘူး။ ပိဋကတ်သုံးပုံ သို့မဟုတ် နိကာယ်ငါးရပ်မှာ စာအုပ်ရေ ၄၁-အုပ် ရှိကြောင်းပါ။
ဒီဇင်ဘာ ၂၆၊ ၂၀၁၆။
---
၅၃၈။ နုမှာတစ်ကျိပ် ရင့်ငါးရာ
ဆရာတော်ဘုရား၊ “နုမှာငါးရာ ရင့်မှာတစ်ကျိပ်” ဟူသောစကား ဘယ်လိုဖြစ်ပေါ်လာသည်ကို ရှင်းပြပေးတော်မူပါ အရှင်ဘုရား။ ‘ရင့်မှာတစ်ကျိပ်’ဆိုတာ ဇာတ်တော်ကြီးဆယ်ဘွဲ့ကို ရည်ညွှန်းကြောင်း သိရပေမယ့် နုမှာငါးရာဆိုတာ ငါးရာ့ငါးဆယ်ထဲက ဘယ်ဇာတ်တော်တွေကို ဆိုလိုပါသလဲ ဘုရား။
အောင်ကိုကို
---
၅၅၀ မပြည့်
ဇာတ်တော် ၅၅၀ ဆိုပေမယ့် ၅၅၀ မပြည့်ဘူး။ ၃-ဇာတ် လျော့ တဲ့ အတွက် ၅၄၇-ဇာတ်ပဲ ရှိတယ်။ ဒါပေမယ့် ၅၅ဝ ပြည့်ခါနီး ဖြစ်လို့ ၅၅၀ လို့ပဲ ပြောလေ့ ရှိရာကနေ ဇာတ်တော် ၅၅၀ လို့ ပြောဆိုစဉ် တွင်ကျယ်လာခဲ့တဲ့ သဘောရှိတယ်။ အခမ်းအနား ပရိသတ် တစ်ထောင် တက်ရောက်တယ် ဆိုပေမယ့် တိုး အလျော့ ရှိနိုင်သလိုပေါ့။ ဘုရားနောက်က ရဟန်းငါးရာ ဆိုပေမယ့် ပြည့်ချင်မှ ပြည့်မှာ။
အနုအရင့်
၅၄၇-ဇာတ်ထဲမှာ နောက်ဆုံး ၁၀-ဇာတ်က အခြားဇာတ်တွေထက် များစွာပိုရှည်တာ၊ ဗုဒ္ဓအဖြစ်နဲ့ နီးကပ်လွန်းလို့ ပိုပြီးမြင့်မြတ်တာတွေကြောင့် “ဇာတ်ကြီးဆယ်ဘွဲ့” လို့ ဂုဏ်ပြုပြီး နာမည်ထူးနဲ့ ခေါ်ကြတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ ပါရမီပြည့်ပြီး ဘုရားဖြစ်ခါနီး ရင့်နေပြီဖြစ်တဲ့ ဘုရားလောင်းတွေရဲ့ ဖြစ်ရပ်တွေပါ။ ကျန် ၅၃၇-ဇာတ်ကတော့ ပါရမီဖြည့်ဆဲ နုသေးတဲ့ ဘုရားလောင်းတွေရဲ့ ဘဝဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ဒါကို ပေါ်လွင်အောင်လို့ “နုမှာငါးရာ ရင့်မှာတစ်ကျိပ်” လို့ ဆိုရိုးပြုခဲ့တာ ဖြစ်ဖွယ်ရှိပါတယ်။
ပိုပေမယ့်
ဇာတ်တော် ၅၃၇-ဇာတ်အားလုံးကို မြတ်ဗုဒ္ဓရဲ့ ပါရမီဖြည့်ဆဲ၊ ပါရမီမပြည့်သေးတဲ့ အနုထဲမှာ သွင်းပါတယ်။ ၃၇-ဇာတ် ပိုနေတာလည်း ၅၅၀ နည်းအတိုင်းပါပဲ။ ဒါကြောင့် နုမှာငါးရာ ဆိုတာ ၅၅၀ နိပါတ်တော်ထဲက ဇာတ်ကြီးဆယ်ဘွဲ့မှတစ်ပါး ကျန်ဇာတ်တော်အားလုံး (၅၃၇-ဇာတ်) ပါတယ်လို့ မှတ်ပါ။
အမူးသမား
ဆရာစဉ်ဆက် ပြောစမှတ်ပြုတဲ့ ဘုန်းကြီးကျောင်း ပုံပြင်တစ်ခု က .. အရပ်အခေါ် ဦးရောက် အမည်ရှိတဲ့ ကိုယ်တော်ကြီး တစ် ပါး ဘုရားဆု ပန်သတဲ့။ တစ်ညနေ အမူးသမား နှစ်ယောက် သူ့ကျောင်းနားက ဖြတ်သွားခိုက် ‘ရင့်မှာတစ်ကျိပ် နုငါးရာ၊ နောင်လာရှစ်သောင်း ဘုရားပေါင်း၊ ဘုရားပေါင်းနောက် တို့နှစ် ယောက်၊ တို့နှစ်ယောက်နောက် ခင်ကြီး ရောက်’လို့ အော်ဆို လှောင်ပြောင်ကြလို့ ဆုပန် ခင်ကြီးတောင် အဓိဋ္ဌာန် ပျက်သွားရ တယ် ဆိုပဲ။
ဒါကြောင့် ဒီဆိုရိုးစကားက လူ့အသိုင်းအဝိုင်းထဲ အတော် နက်ရှိုင်းစွာ ဝင်ရောက်နေပြီး ဗုဒ္ဓဝါဒ ယဉ်ကျေးမှုနဲ့ အတူ အ မြစ်တွယ်ခဲ့တဲ့ သဘောရှိပါတယ်။
ဒီဇင်ဘာ ၂၇၊ ၂၀၁၆။
---
၅၃၉။ ပါရမီရှင် ဒေဝဒတ်
ဆရာတော်ဘုရား၊ ပစ္စေကဗုဒ္ဓါ တစ်ဆူဖြစ်ဖို့ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်လို့ မှတ်သားဖူးပါတယ်။ ဂေါတမမြတ်စွာဘုရားက အရှင်ဒေဝဒတ် မြေမျိုခံရတဲ့အချိန်မှာ အဝီစိငရဲက လွတ်လာတာနဲ့ အဋ္ဌိဿရဆိုတဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်မယ်လို့ ဗျာဒိတ်ပေးတော်မူခဲ့ပါတယ်ဘုရား။ အရှင်ဒေဝဒတ်ဟာ ရွဲကုန်သည်ဘဝမရောက်မီ ပစ္စေကဗုဒ္ဓါဖြစ်ဖို့ ဘယ်ဘဝလောက်ကတည်းက ပါရမီဖြည့်ကျင့်ခဲ့တာလဲ ဘယ်ဘဝမှာကတည်းက ပါရမီပြည့်ပြီးသူဆိုတာ ရှင်းပြပေးတော်မူပါ အရှင်ဘုရား။
အောင်ကိုကို
---
မတွေ့ဖူး
ပစ္စေကဗုဒ္ဓတစ်ဆူဖြစ်ဖို့ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတာ၊ ဒေဝဒတ် အဋ္ဌိဿရ ပစ္စေကဗုဒ္ဓဖြစ်မယ်ဆိုတာတွေက ကျမ်းဂန်မှာရှိလို့ မှန်ပါတယ်။ ဒါပေမယ့် “ဂေါတမမြတ်စွာဘုရားက ဗျာဒိတ်ပေးခဲ့တယ်” လို့ ဘယ်ကျမ်းမှာမှ မတွေ့ဖူးပါဘူး။ “ဒေဝဒတ်ဟာ ကမ္ဘာတစ်သိန်းလွန်ပြီးရင် အဋ္ဌိဿရမည်တဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်မယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၅။ မိလိန္ဒပဉှ၊ ၁၁၆)” လို့သာမန်ပဲ တွေ့ဖူးပါတယ်။ ဗုဒ္ဓက ဗျာဒိတ်ပေးတယ်ဆိုတာမျိုး (ထေရဝါဒကျမ်းမှာ) မတွေ့ဖူးပါဘူး။
နိဒါန်းမဲ့
ဒေဝဒတ် ဘယ်ဘဝကစပြီး ပါရမီဖြည့်ခဲ့တယ် ဆိုတာကိုလည်း မတွေ့ဖူးပါ။ ဘာလို့ မတွေ့တာလဲလို့ စဉ်းစားကြည့်တဲ့ အခါ ..
ထင်ရှားတဲ့ ရဟန္တာကြီးတွေရဲ့ မိမိဘဝအကြောင်းကို သံဃာ့ပရိသတ်အလယ်မှာ ပြောပြတာတွေကို ထေရဂါထာ, အပဒါန်စတဲ့ ကျမ်းတွေနဲ့ မှတ်တမ်းတင်ထားခဲ့လို့ ကမ္ဘာပေါင်း ဘယ်လောက်အလွန်က ဘယ်သူ့ကို အားကျပြီး ဘယ်လိုစွမ်းရည်အတွက် ပါရမီဖြည့်ခဲ့တယ်ဆိုတာကို သိရတယ်။ ဒေဝဒတ်ကတော့ အစပိုင်းမှာ ဈာန်အဘိညာဉ်ရတဲ့အထိ ကျင့်ကြံနိုင်ခဲ့ပေမယ့် ရဟန္တာအဖြစ်ကို မရခဲ့ပါဘူး။ ဒါကြောင့် မိမိဘဝအကြောင်းကို မပြောပြနိုင်ခဲ့ဘူးလို့ ယူဆခွင့်ရှိတယ်။
စိန်ခေါ်သူ
ဒါပေမယ့် ဒေဝဒတ်ဟာ မြတ်ဗုဒ္ဓရဲ့ မိသားစုမှာ မွေးဖွားလာတာ၊ ဆင်ပြောင်ငါးစီးအားရှိတာ (သံ၊ဋ္ဌ၊၁၊၇၄)၊ သမာပတ် ၈-ပါး၊ အဘိညာဉ် ၅-ပါးကို ရတာ (အဘိ၊ဋ္ဌ၊၃၊၁၀၁)၊ မင်းသားဘဝတုန်းက ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်ကို စိန်ခေါ်နိုင်တာ၊ မိလိန္ဒပဉှကျမ်း (စာ-၁၁၈) အရ ဒေဝဒတ်မှာ အလှူပေးခြင်း၊ တံတားဆောက်ခြင်းစတဲ့ ကုသိုလ်ထူးတွေ ရှိတယ်ဆိုတာတွေဟာ သူ့အနေနဲ့ “မဘူး” ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ မြတ်ဗုဒ္ဓကို အံ့တုရဲတယ်ဆိုတာကိုပဲ တွေးကြည့်ပါ။ စိန်ခေါ်တယ်ဆိုတာ ကိုယ့်အစွမ်းအစကို ယုံကြည်လို့ပဲ။
ပါရမီရှင်
ဒါကြောင့် “နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီး သစ္စာလေးပါးနဲ့ ဉေယျတရားကို မိမိဘာသာ ဆရာမရှိ သိလာသူကို “ပစ္စေကဗုဒ္ဓ” လို့ ခေါ်တယ် (သံ၊ဋ္ဌ၊၁၊၂၄)” ဆိုတဲ့ စကားအရ ဒေဝဒတ် ဂေါတမဗုဒ္ဓနဲ့ တွေ့ချိန်မှာ နှစ်အသင်္ချေ ပါရမီဖြည့်ထားပြီးပြီလို့ ဆိုရင် ယုတ္တိနဲ့ မဝေးလွန်းပါဘူး။ ဒါမှလည်း နောက် ကမ္ဘာတစ်သိန်းလွန်ရင် ပစ္စေကဗုဒ္ဓဖြစ်မယ်ဆိုတဲ့ စကားနဲ့ ညီမှာပါ။ ဒီလိုဆိုနိုင်ရင် တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတဲ့ အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလ္လာန်တို့ထက် စောစီးစွာကပင် ဒေဝဒတ် ပါရမီဖြည့်နေခဲ့တယ်လို့လည်း ဆိုနိုင်စရာရှိပါတယ်။
ရန်ငြိုးဖွဲ့
လွန်ခဲ့တဲ့ ၅-ကမ္ဘာ အလွန်က သေရိဝ ရွဲကုန်သည် ဘဝမှာ ဗုဒ္ဓ လောင်းလျာကို ရန်ငြိုးဖွဲ့မိတယ် (ဇာ၊ဋ္ဌ၊၁၊၁၂၇)။ အဲဒီ ဒေါသ ဆူး စူးနေလို့ ဗုဒ္ဓလောင်းလျာကို ဘဝတစ်သိန်း သေကြောင်း ကြံဖူးတယ် (မိလိန္ဒ၊၁၃၈)။ အဲဒီ ဒေါသဆူးကြောင့်ပဲ လေးကြိမ် မြေမျိုခံရတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၄၅)။ နှစ်အသင်္ချေ ပါရမီ ဖြည့် ထားပြီးပေမယ့် အဲဒီ ရန်ငြိုးကြောင့် ဂေါတမလို ဗုဒ္ဓတစ်ဆူနဲ့ ကြုံခိုက်မှာတောင် ပါရမီ မဖြည့်လိုက်နိုင်ဘဲ ဟိုက်ဝေးပေါ်မှာ တစ်နာရီ ၈၀-နှုန်း မောင်းနေတဲ့ကား တာယာကွဲကို နင်းမိသ လို ဖြစ်သွားတဲ့ သဘောရှိတယ်။
အရှင်အာနန္ဒာ လောင်းလျာလည်း သူ့အိမ်ယာကို ပြစ်မှား မိလို့ ဦးခေါင်းတော်ကို ကျောက်တိုင်နဲ့ ရိုက်မိသလို ချာလပတ် လည်သွားဖူးတယ်။ အဲဒီ အကုသိုလ်ကြောင့် သူ့ခမျာ ‘ဥ’အ ထုတ်ခံရတဲ့ ဘဝတွေ မနည်းဘူး။
အငြိုးဖြေ
ဒေဝဒတ်ဟာ မြေမျို ကွယ်လွန်ခါနီး မြတ်ဗုဒ္ဓကို အငြိုးဖြေ ကိုး ကွယ် ဆည်းကပ်သွားတဲ့ ကုသိုလ်ကြောင့် အဝီစိ ငရဲက လွတ် တဲ့အခါ ဆက်လက် ပါရမီဖြည့်ပြီး သူ့ရဲ့ မူရင်း ရည်မှန်းချက် ဖြစ်တဲ့ ‘ပစ္စေကဗုဒ္ဓ’ အဖြစ်ကို ရပါလိမ့်မယ်။ “ကမ္ဘာတစ်သိန်း အလွန်မှာ “အဋ္ဌိဿရ” အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၅။ မိလိန္ဒ၊၁၁၆)ဆိုတာ ဒီသဘောကို ရည်ရွယ် ဖြစ်နိုင်ပါတယ်။ ဒါကို မြင်လို့ မိမိကို ဆန့်ကျင်မှာကို သိ လျက်နဲ့ မြတ်ဗုဒ္ဓက သူ့ကို ရဟန်းပြုပေးခဲ့တာ။ ကြာပန်းသုတ် သဒ္ဓမ္မပုဏ္ဍရိကသုတ် (မဟာယာန)၊ အခန်း-၁၁ (The Three- fold Lotus Sutra, p. 209) မှာလည်း ဒေဝဒတ်ဟာ တစ်ချိန်မှာ “ဒေဝရာဇ (King of gods)' အမည်ရှိတဲ့ ဗုဒ္ဓတစ်ဆူ ဖြစ်မယ် လို့ သကျမုနိ ဗုဒ္ဓက မိန့်မြွက်တယ်လို့ ဖော်ပြကြောင်းပါ။
ဒီဇင်ဘာ ၂၈၊ ၂၀၁၆။
---
၅၄၀။ အပြခံသို့ တိုက်ရိုက်
ဆရာတော်ဘုရား၊ တပည့်တော်တို့ မြန်မာပြည်ပြန်ပြီး လှူဒါန်းမှုတစ်ခု ပြုဖို့ရှိနေရာမှာ ဇနီးက ပရဟိတကျောင်းကလေးတွေကို စိတ်ဝင်စားနေပါသည်။ တပည့်တော်က တရားအားထုတ်နေတဲ့ ယောဂီတွေကို လှူဒါန်းတာက ပိုပြီးအကျိုးထူးမယ်လို့ ထင်နေပါသည်။ ဆရာတော်မည်သို့ အကြံပြုလိုပါသနည်း ဘုရား။
သူရိန်ချမ်းအေး (Cincinnati, OH)
---
ဒီစိတ်ထား
ထေရဝါဒရဲ့ မီးရှူးတန်ဆောင်လို့ တင်စားခံရတဲ့ အေဒီ ငါးရာစု အဋ္ဌကထာကျမ်းပြု ပုဂ္ဂိုလ်ကျော်ကြီး အရှင်မဟာဗုဒ္ဓဃောသ မထေရ်က မိမိကျမ်းစာပြု ကုသိုလ်ရဲ့ အကျိုးကို...
“စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သင်္ဂါရဝါ။
သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပဝဿတု” လို့ ရည်ညွှန်းခဲ့ပါတယ်။
အဓိပ္ပာယ်ကတော့...
သဒ္ဓမ္မသုံးဖြာ သာသနာ ရှည်ကြာ တည်တံ့စေ။
သတ္တဝါများ မြတ်တရား လေးစား လိုက်နာစေ။
မိုးမင်းဒေဝါ ချိန်မှန်စွာ ရွာကာ သွန်းဖြိုးစေ။
ဒါလေးကို နမူနာယူပြီး မိမိရဲ့ ပင်ပန်းစွာ ရှာဖွေရရှိတဲ့ သမ္မာအာဇီဝအခြေပြုပစ္စည်းနဲ့ လုပ်မယ့်ကုသိုလ်ဟာ “သဒ္ဓမ္မသုံးဖြာဆိုတဲ့ ဗုဒ္ဓသာသနာ ရှည်ကြာတည်တံ့ဖို့ ဖြစ်ပါစေ”လို့ နှလုံးသွင်းနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပါတယ်။
သဒ္ဓမ္မသုံးဖြာ
“သဒ္ဓမ္မသုံးဖြာ” အရ သူတော်ကောင်းတရား သုံးမျိုးရှိပါတယ်။ အဲဒါတွေက...
၁) ပရိယတ္တိ = သင်ယူစရာ ပိဋကတ်သုံးပုံ (ဒီပိဋကတ်ကို ယုံကြည်စွာ သင်ယူလို့ ဘယ်တော့မှ အစွန်းရောက် လက်နက် ကိုင် ဘာသာရေးစစ်ပွဲ ဆိုတာမျိုး ဖြစ်မလာနိုင်တဲ့ အတွက် သူတော်ကောင်း တရား စစ်တယ်)။
၂) ပဋိပတ္တိ = အဲဒီ ပိဋကတ်မှာ ဖော်ပြတဲ့ အကျင့်တရား။ (ဒီအကျင့်ကို တကယ် လိုက်နာ ကျင့်သုံးရင် “အလိုဆိုး၊ အငြိုး ဖွဲ့၊ မိုက်မဲ’ဆိုတဲ့ စိတ်ဆူး သုံးချောင်းကို ပယ်နိုင်ဖို့ အာမခံတဲ့ သူတော်ကောင်း တရားပါပဲ)။
၃) ပဋိဝေဓ = ကျင့်လို့ သိမြင် ရရှိတဲ့ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ အကျိုး (ဒီတရားကို ရပြီးမှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူး၊ လောကရဲ့ အတုယူစရာ စံပြုပုဂ္ဂိုလ် ဆိုတာ ဖြစ်နိုင်တယ်)။
ကန်ဘောင်
အဲဒီ သုံးမျိုးထဲမှာ “ပိဋကတ်သုံးပုံက ရေကန်ရဲ့ ကန်ဘောင်၊ ရေကန်ထဲက ရေက ကျင့်ကြံတဲ့ သူတော်ကောင်းတွေ၊ ကြာ ပန်းတွေက သောတာပန်စတဲ့ အရိယာ ပုဂ္ဂိုလ်တွေနဲ့ တူတဲ့ အတွက် သင်ယူစရာ ပိဋကတ် သုံးပုံဆိုတဲ့ ပရိယတ္တိ သည်သာ အဓိက အရေးပါတယ် (သာရတ္ထ၊ဋီ၊၃၊၄၄၁)’လို့ ကျမ်းဂန်မှာ ဖွင့်ဆိုပါတယ်။ ဒီတော့ သဒ္ဓမ္မသုံးဖြာ သာသနာ တည့်တံ့ဖို့ ဆို ရင် ကန်ဘောင်နဲ့တူတဲ့ ပရိယတ္တိသာသနာ ပြန့်ပွားရေး ဆောင် ရွက်သူတွေကို ပိုပြီး အားမပေးသင့်ဘူးလား။
သတင်းဆိုး
မြို့က စာသင်တိုက်တွေမှာ စာသင်သား ကိုရင်ငယ် ပဉ္စင်းငယ် တွေ တစ်နှစ်ထက် တစ်နှစ် အလွန် နည်းပါး လာနေတယ်၊ ရွာက မိဖတွေလည်း သားငယ်တွေကို ကိုရင် ပြုပေးဖို့ စိတ် ဝင်စားမှုနည်းလာတယ်လို့ သိရတယ်။ ဒါတွေဟာ ဗုဒ္ဓ သာ သနာ ရှေ့ရေးအတွက် သတင်းဆိုးတွေပါပဲ။ ပိဋကတ်သုံးပုံက ကန်ဘောင် ဆိုရင် စာသင်စာချ ပုဂ္ဂိုလ်တွေက အဲဒီ ကန် ဘောင်ကြီး မကျိုးပေါက်အောင် ကာကွယ်သူတွေပဲ။ သူတို့ ရှိမှ အဲဒီ ပိဋကတ် ကန်ဘောင်ကြီး ကြာကြာ ခံမှာ။ ဒါကြောင့် သာသနာစောင့်တွေ သာသနာမှာ ပျော်ဖို့ လိုတယ်။
ဒါကြောင့် စာသင်စာချ ဆရာတော်တွေ၊ သီလရှင် ဆရာလေး ဆရာကြီးတွေကို မျက်ကွယ် မပြုသင့်ဘူး။ မေ့မထားသင့် ဘူး။ ဗုဒ္ဓသာသနာရဲ့ ရင်းမြစ်တွေ ဖြစ်လို့ အရေးကြီးတယ်လို့ ဗုဒ္ဓသာသနာကို မြတ်နိုးသူတိုင်း ဦးနှောက်ထဲမှာ လုံးဝ ထည့် ထားသင့်တယ်။
အပြခံသို့
နိုင်ငံခြား အသံလွှင့် ဌာနတစ်ခုက ထုတ်လွှင့်တဲ့ မသန်စွမ်းသူ စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ မေးမြန်းခန်း သတင်းတစ်ခု မှာ ‘ပြစားသူတွေ များတယ်’လို့ ဆိုတယ်။ ဒီလို ပြစားတဲ့ “ဝိသမ လောဘသမား’ ဆိုတာတော့ “မသန်စွမ်း၊ ပရဟိတ၊ ရိပ် သာ၊ စာသင်တိုက်’အားလုံး ရှိနိုင်တာပါပဲ။
အင်း .. ဒီတော့ ရန်ကုန်က မော်ဒယ်မယ်အချို့ သီချင်း သည် ရုပ်ရှင်သည် သဘင်သည် အချို့ ပိုက်ဆံပေါလို့ နာမည် ကြီးအောင် လုပ်တိုင်း လိုက်မလုပ်ဘဲ ကိုယ့်ဟာကိုယ် အရင် စုံစမ်းပြီး “အပြခံ”တွေဆီ တိုက်ရိုက် သက်ရောက်မှု ရှိတဲ့ ကု သိုလ်ထူးမျိုး ပြုသင့်တယ်။
စိတ်ကူးယဉ်
ဘုန်းကြီးသာ ဆိုရင် ... ဆပ်ပြာ ခေါင်းရိတ်ဓား ဗလာစာအုပ် ဘောလ်ပင် ခဲတံ ပြဋ္ဌာန်း ပိဋကတ် စာအုပ်နဲ့ လိုရာသုံး နဝ ကမ္မ စတာလေးတွေ အပါးစေ့။ ပြီးရင် ဝတ်ရုံ သုံးဆောင်လို့ ဖြစ်တဲ့ အဆင့်မီ သင်္ကန်း သပိတ် ဖိနပ် ယပ် (ရယ်ဒီမိတ် ခြင်း ထဲကဟာတွေ သုံးမရဘူး) လက်ဆွဲအိတ် (စသည်)နဲ့ နဝကမ္မ (အပါးစေ့ထက် များရမယ်) လိုဟာတွေနဲ့ ကိုယ့်ဟာကိုယ် အ ထူး စီမံပြီး သံဃာကုန် စာရေးတံမဲ ဖောက်ပြီး လှူမယ်။ ချပုဂ္ဂိုလ်တွေ အတွက် သီးသန့် အလှူအပြင် စာချတွေပဲ နှိုက် ခွင့်ရှိတဲ့ ထူးရှယ်မဲတွေလည်း လုပ်မယ် .. စသည်။
ဒါလေးပါ
အို ... ကိုယ် စိတ်ဝင်စား အာရုံကျလို့ လှူတာ “ပရဟိတ ရိပ် သာ’ ကြိုက်တာ ရွေးခွင့် ရှိပါတယ်။ ဒါပေမယ့် သာသနာ အ တွက် အရေးပါတဲ့ ကန်ဘောင်စောင့် ကလေးတွေကိုတော့ မေ့ မထားပါနဲ့။ ပြီး .. မိမိ ရည်ညွှန်းရာဆီ တိုက်ရိုက် သက်ရောက် အောင်လည်း စီမံပါဆိုတဲ့ သဘောပါ။ ဒါလေးပါ။
ဒီဇင်ဘာ ၂၉၊ ၂၀၁၆။
---
၅၄၁။ မိဘမှန်း မသိဘဲ သတ်မိရင်
နားထောင်မိတဲ့ ပြောဇာတ်တစ်ခုကို အကြောင်းပြုပြီး သိလိုတာ ရှိနေပါသည် ဘုရား .. ချစ်သူဘဝ နှစ်ဦး သဘောတူ အတူ နေမိလို့ ဖြစ်စေ၊ အလိုမတူဘဲ မိန်းကလေးကို အနိုင်ကျင့်၍ ဖြစ်စေ အဲဒီ မိန်းကလေးမှာ ကိုယ်ဝန် ရှိခဲ့ပြီး မိန်းကလေးက ဒီကိုယ်ဝန်ကို တစ်ယောက်တည်း ဆင်းရဲ ပင်ပန်းကြီးစွာ ကလေး လူလား မြောက်အောင် စောင့်ရှောက်တယ်။ ဒီကလေး အရွယ် ရောက်တဲ့အခါ သားတာဝန် မယားတာဝန် မယူဘဲ ကိုယ်လွတ် ရုန်းခဲ့တဲ့ သူ့ဖခင်ကို တွေ့လို့ သူ့ဖခင်မှန်း သိလျက် ဖြစ်စေ မသိဘဲ ဖြစ်စေ သတ်မိသွားပါက ပဉ္စာနန္တရိယကံ ထိုက် မထိုက် ရှင်းပြ ပေးပါ အရှင်ဘုရား။
အောင်ကိုကို
---
နားလည်မှု
ဒီမေးခွန်းမှာ “တာဝန် မကျေတဲ့ အဖေ’။ “ဖခင်မှန်း သိလျက် ဖြစ်စေ၊ မသိဘဲ ဖြစ်စေ သတ်မိသူ”ဆိုတဲ့ အချက်ကို အခြေခံပြီး စဉ်းစားမယ်။ “မိခင်က အဲဒီလူ သူ့အဖေပါလို့ အမှန်အတိုင်း တည်ပြုရင် ဖြစ်စေ၊ ခေတ်နည်းအရ DNA စစ်ကြည့်လို့ ရာနှုန်း ပြည့် သူ့အဖေလို့ အတည် ပြုနိုင်ရင် ဖြစ်စေ ဒါကို မိဘနဲ့ သား သမီး ကိစ္စလို့ပဲ နားလည်ရမယ်။
အဲဒီလို နားလည်ပြီးနောက် အောက်ပါ ကျမ်းစာ အဆို တွေကို ဦးစွာ ဖတ်ကြည့်ပါ .
ပဉ္စာနန္တရိယ
ပဉ္စ = ငါးမျိုး။ အနန္တရိယ = သေပြီးနောက် ဒုတိယ ဘဝမှာ သက်တမ်းရှည် ငရဲမှာ ဖြစ်ကို ဖြစ်ရတော့မယ့် ကုစားလို့ မရ နိုင်တော့တဲ့ ကြီးလေးတဲ့ အကုသိုလ်။ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားကို သွေးစိမ်း တည်စေ၊ သံဃာသင်းခွဲ။ ငါးမျိုး တစ်ခုခုကို ကျူးလွန်မိရင် အပြစ် လွတ်အောင် ဆိုပြီး ဒီ ကမ္ဘာလောက် ကြီးတဲ့ ရတနာထုပ်နဲ့ ဗုဒ္ဓဘုရား တစ်ဆူကို ရာ သက်ပန် လှူဒါန်းရင် ဖြစ်စေ၊ ဗုဒ္ဓဘုရားရဲ့ သင်္ကန်းစွန်းကို ဆွဲ ထားရင် ဖြစ်စေ မလွတ်နိုင်တော့ဘူး (အံ၊ဋ္ဌ၊၁၊၃၅၄)။
လူတွေသာ
“လူသားက တိရိစ္ဆာန် မိဘကို.. တိရစ္ဆာန်က လူမိဘကို .." တိရိစ္ဆာန်က တိရိစ္ဆာန် မိဘကို သတ်ရင် အနန္တရိယ ကံမထိုက်။ ဒါပေမယ့် အနန္တရိယကံလို အပြစ်တော့ အလွန် ကြီးတယ်။ လူ သားတွေ အတွက်သာ အနန္တရိယကံ ထိုက်တယ် ဆိုတာ ဖြစ် နိုင်တယ် (အံ၊ဋ္ဌ၊၁၊၃၅၅)”။
အမှတ်မှား
“ဆိတ်ကို သတ်မည်ဟူသော ဆန္ဒဖြင့် ဆိတ်ရှိရာ အရပ်၌ ရှိ နေသည့် လူသား အမိကို ဖြစ်စေ အဖကို ဖြစ်စေ သတ်လျှင် အနန္တရိယကံ ထိုက်၏။ ဆိတ်ကို သတ်မည်ဟူသော ဆန္ဒဖြင့် ဖြစ်စေ၊ အမိအဖကို သတ်မည် ဟူသော ဆန္ဒဖြင့် ဖြစ်စေ ဆိတ် ကို သတ်သူသည် အနန္တရိယကံ မထိုက်။ မိဘကို သတ်မည် ဟူသော ဆန္ဒဖြင့် မိဘကို သတ်လျှင်မူကား အနန္တရိယကံ ထိုက်သည်သာတည်း (အံ၊ဋ္ဌ၊၁၊၃၅၅)။
ဘာကြောင့်
‘လူတစ်ယောက်သည် အိပ်နေသော ဆိတ်ကို ညအချိန် သတ် မည်ဟု မှတ်ထား၏။ ညအချိန်၌မူ ထိုနေရာတွင် အိပ်နေသော အမိကို ဖြစ်စေ အဖကို ဖြစ်စေ (မှားပြီး) သတ်မိ၏။ ထိုသူ သည် ဤသတ္တဝါကို သတ်မည်ဟု (သတ်လိုသော) စေတနာ သာကြောင့် လူသတ်ကံရော အနန္တရိယကံပါ ထိုက်၏ (ဣမံ ဝတ္ထု မာရေမီတိ စေတနာယ အတ္ထိဘာဝတော ဃာတကော စ ဟောတိ၊ အနန္တရိယကမ္ဘာ့ ဖုသတိ၊ ဝိ၊ဋ္ဌ၊၂၊၄၃)။
ကောက်ချက်
အဲဒီ ကျမ်းစာ စကားတွေကို ကောက်ချက်ချရင် .. အစစ် ဖြစ်တဲ့ သားသမီးက
၁) လူသား မိဘကို သတ်မှ အနန္တရိယကံ ထိုက်တယ်။
၂) သိသည် ဖြစ်စေ မသိသည် ဖြစ်စေ လူသား မိဘကို သတ်မိ ရင် အနန္တရိယကံ ထိုက်တယ်။
၃) ဘာကြောင့်ဆို ... သက်ရှိလို့ သိခြင်း၊ သတ်လိုစိတ် ရှိခြင်း၊ သေခြင်းဆိုတဲ့ အင်္ဂါရပ်တွေ စုံနေလို့။
အဖြေ
တာဝန် ကျေခြင်း မကျေခြင်းဟာ အဲဒီ အဖေဆိုသူရဲ့ လူကျင့် ဝတ် ဖောက်ဖျက်မှုသာ ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒ အဆုံးအမအရ အဖေ လူ့ကျင့်ဝတ် ဖောက်ဖျက်မှုကြောင့် သားသမီး တစ် ယောက်အဖို့ အဖေဆိုတဲ့ အရည်အချင်းကို လျော့မသွားစေပါ ဘူး။ အဖေက ကမ္ဘာကျော် သူခိုး မုဒိမ်းကောင် ဖြစ်ခြင်းဆိုတဲ့ အကြောင်းကြောင့် သားသမီး တစ်ယောက် အနေနဲ့ အဖေ မ တော်ဘူးလို့ ငြင်းရင် လောက တရားရုံးက လက်ခံဖွယ် ရှိပေ မယ့် ကမ္မဝါဒ တရားရုံးက ပယ်ချပါလိမ့်မယ်။
ဒါကြောင့် “သားတာဝန် မယားတာဝန် မယူဘဲ ကိုယ် လွတ် ရုန်းခဲ့တဲ့ သူ့ဖခင်ကို တွေ့လို့ သူ့ဖခင်မှန်း သိလျက် ဖြစ် စေ မသိဘဲ ဖြစ်စေ သတ်မိသွားပါက’ အနန္တရိယကံ ထိုက် ကြောင်း မှတ်ပါ။
ဒီဇင်ဘာ ၃၀၊ ၂၀၁၆။
ငွေနှင့်မိန်းမ စပ်လျဉ်းက ရိုးကြသူပင် ဆန်းမြဲ။
---
၅၄၂။ ဘိက္ခုနဲ့ ဘိက္ခုနီ
ဆရာတော် ဘုရား၊
အလှူပွဲ တစ်ခုမှာ မြန်မာလူမျိုး ဘိက္ခုနီ တစ်ပါးက မြန်မာပြည် က ကြွလာတဲ့ ဓမ္မကထိက ဆရာတော်နှင့် တစ်ဝိုင်းတည်း ဆွမ်းဘုဉ်းပေးလိုကြောင်း၊ ဆရာတော်နှင့် အတူ သံဃာစင်မှာ ထိုင်လိုကြောင်း တောင်းဆိုတာနှင့် ကြုံဖူးပါသည်။ သီလရှင်နှင့် အတူ ဆွမ်းတစ်ဝိုင်းတည်း ပြင်ပေးတာ၊ ဆရာလေးလို့ ခေါ်တာတွေကိုလည်း အစာမကြေပါ။ ဆရာတော်အား ရှိခိုးသည်ကိုလည်း မတွေ့မိပါ။ ထိုဘိက္ခုနီ၏ တောင်းဆိုချက်ကို မလိုက်နာပါက တပည့်တော်တို့မှာ အပြစ် ဖြစ်ပါသလား ဘုရား။
အောင်ဇော်မြင့် (Santa Barbara, CA)
---
ဘိက္ခုနီ
မိထွေးတော် ဂေါတမီဟာ မြတ်ဗုဒ္ဓ ချမှတ်တဲ့ ဂရုဓံရှစ်ပါးကို လက်ခံတာနဲ့ ရဟန်းမ ဖြစ်သွားတယ်။ မိထွေးတော်နဲ့ အတူပါလာတဲ့ သကျမင်းသမီး ငါးရာကိုတော့ မြတ်ဗုဒ္ဓရဲ့ ခွင့်ပြုချက်နဲ့ ဘိက္ခု (ရဟန်းယောက်ျား) တွေက သိမ်ထဲမှာ ရဟန်းခံပေးကြတယ်။ နောင်အခါ အမျိုးသမီးတွေကို ဘိက္ခုနီတွေက အရင် ရဟန်းခံပြီးမှ ဘိက္ခုတွေဆီမှာ ရဟန်း ထပ်ခံဖို့ မြတ်ဗုဒ္ဓက ညွှန်ကြားတယ်။ အမျိုးသမီးချင်းမှ သင့်တော်တဲ့ စစ်ဆေး မေးမြန်းမှု အချို့ ထည့်သွင်းလာရလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဘိက္ခုနီ တစ်ယောက် ဖြစ်လာဖို့ ဘိက္ခုနီ သံဃာရော ဘိက္ခုသံဃာပါ တည်ရှိနေမှ ဖြစ်နိုင်တယ်။
အေဒီ ၁၀ရာစု နောက်ပိုင်းမှာ ထေရဝါဒ ဂိုဏ်းဝင် ဘိက္ခုနီတွေ အဆက် ပြတ်သွားပြီး ဖြစ်လို့ ဘိက္ခုနီ တစ်ယောက် ဖြစ်ဖို့ ဘိက္ခုရော ဘိက္ခုနီပါ လိုတဲ့အတွက် မျက်မှောက်ခေတ်မှာ ဘိက္ခုနီ မရှိနိုင်တော့ဘူးလို့ အများစု ယူဆပေမယ့် အချို့က ဘိက္ခုနီတွေ မရှိချိန်မှာ သကျမင်းသမီး ငါးရာလိုပဲ ဘိက္ခုတွေက အမျိုးသမီးတွေကို တိုက်ရိုက် ရဟန်းပြုပေးနိုင်တယ်လို့ ယူဆပြီး ဘိက္ခုနီ ပြုပေးကြတယ်။
သီးခြားစီ
ဘိက္ခုမှာ သိက္ခာပုဒ် ၂၂၇ ရှိပြီး ဘိက္ခုနီမှာ ၃၁၁ ရှိတယ်။ ဘိက္ခုတွေက ဘိက္ခုနီကို သိမ်ထဲမှာ ဘိက္ခု တစ်ပါးလို ကမ္မဝါစာဖတ်ပြီး ရဟန်းခံပေးရပေမယ့် ပါတိမောက် ပြခြင်းစတဲ့ သံဃာ့ကံကိုတော့ ဘိက္ခုနီတို့နဲ့ အတူတူ နှစ်တောင်ထွာ အတွင်း ကပ်ထိုင်ပြီး ပေါင်းမလုပ်ရဘူး။ ပါတိမောက်ကိုလည်း သီးခြားစီ ပြရတယ်။ ဘိက္ခုတွေ ပါတိမောက်ပြစဉ် ဘိက္ခုနီတွေက ဘိက္ခုတွေရဲ့ နှစ်တောင်ထွာ အတွင်းမှာ ရှိမနေရသလို ဘိက္ခုနီတွေ ပါတိမောက် ပြနေတုန်းလည်း သူတို့ရဲ့ နှစ်တောင်ထွာ အတွင်းမှာ ဘိက္ခုတွေ မရှိရဘူး။ ဒါလည်း အကြောင်းရှိတယ် ..
ဘာကြောင့်
မြတ်ဗုဒ္ဓ လက်ထက်က ဘိက္ခုတွေ ဘိက္ခုနီမကျောင်းကို သွားပြီး ဥပုသ်ပြု ပါတိမောက် ပြကြ၊ ဘိက္ခုနီတွေက သူတို့ရဲ့ အာပတ်ကို ဆွမ်းခံရင်း လမ်းဘေးမှာ ထိုင်ပြီး ဘိက္ခုတွေဆီမှာ သနာ ကြားကြနဲ့ အလွန် နီးကပ်စွာ နေကြတဲ့အခါ လူတွေက ဘိက္ခုနဲ့ ဘိက္ခုနီတွေကို လင်မယားတွေ ဆိုပြီး “ပေးစား’ကြ တယ် (ဝိ၊၄၊၄၅ဝ)။ ဒါကြောင့် မြတ်ဗုဒ္ဓက အထက်ပါအတိုင်း တားမြစ်တော်မူတာ။ ရဟန်းခံခြင်း စသည်လို သံဃာအရေအတွက် ပြည့်မှ လုပ်နိုင်တဲ့ သံဃာ့ကံတွေမှာ သံဃာပြည့်အောင်လို့ ဘိက္ခုနီမကို ထည့်ပြီး လုပ်ရင် အဲဒီ သံဃာ့ကံပျက်တယ် (ဝိ၊၃၊၄၄၀)။ ကောက်ချက်ချရင် ..
ဘိက္ခုနီတွေဟာ မိမိတို့ရဲ့ သိက္ခာပုဒ်တွေကို လိုက်နာကျင့်သုံးပြီး ဘိက္ခုတွေလိုပဲ သိမ်ထဲမှာ ဥပုသ်ပြု၊ ပါတိမောက်ပြ၊ ရဟန်းခံ၊ ကထိန်ခင်း စတဲ့ သံဃာ့ကံတွေကို ယင်းတို့ ဘာသာ သီးခြားပြုပြီး ရပ်တည်တယ်။ ဘိက္ခုတွေနဲ့ အတူတူ ပေါင်းပြီး မပြုကြဘူးလို့ မှတ်နိုင်တယ်။
မပြုစုရ
မြတ်ဗုဒ္ဓ ရာဇဂြိုဟ် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် လူတွေက ဘိက္ခုတွေကို အိမ်ကို ပင့်ဖိတ်ပြီး ဆွမ်းကပ်ကြတယ်။ အဲဒီအခါ ဘိက္ခုတွေ ဆွမ်းစားနေတုန်း ဘိက္ခုနီတွေက ကိုယ်နဲ့ နီးစပ် ရင်းနှီးတဲ့ ကိုယ်တော်တွေ အနားကို ကပ်ပြီး “ဒီကိုယ်တော်ကို ဆွမ်းထည့်ပေးပါအုံး၊ ဟိုကိုယ်တော်ကို ဟင်းထည့်ပေးပါအုံး”လို့ ‘နှမ်းဖြူး’ကြတယ်။ သူတို့နဲ့ မရင်းနှီးတဲ့ ကိုယ်တော်တွေ ဆွမ်းမရဘဲ ရှိလို့ ကဲ့ရဲ့တာကို ခံရတယ်။ ဒါကြောင့် အဲဒီလို မမျှမတ ဆွမ်းစီမံတဲ့ ဘိက္ခုနီကို ဘိက္ခုတွေက တားမြစ်ရတယ်။ မတားမြစ်ရင် အာပတ် သင့်တယ် (ဝိ၊၂၊၂၂၉)။
တစ်ဝိုင်းတည်း
“ဘိက္ခုနီတွေ ဘိက္ခုတွေနဲ့ အတူ တစ်ဝိုင်းတည်း ထိုင်ပြီး ဆွမ်း မဘုဉ်းပေးရ’လို့ တိုက်ရိုက် ပါဠိတော် မတွေ့ဖူးသေးပေမယ့် (ပညာရှိတို့ တွေ့ဖူးရင် ကျမ်းကိုးလေး မျှဝေစေချင်တယ်) ဖော်ပြပါ ပါဠိတော်တွေရဲ့ အာဘော်ကို ကြည့်ရင် ဘိက္ခုနဲ့ ဘိက္ခုနီ ဆွမ်းတစ်ဝိုင်းတည်း အတူတူ ဘုဉ်းမပေးဘူးလို့ ယူဆရတယ်။ ဥပမာ ... အဲဒီ ဓမ္မကထိက ဆရာတော်နဲ့ အဲဒီ တောင်းဆိုတဲ့ ဘိက္ခုနီတို့ နှစ်ပါး တစ်ဝိုင်းတည်း ဆွမ်းဘုဉ်းပေးနေတာကို ဘာသာရေးနဲ့ ဝေးသူတွေ တွေ့ရင်လည်း ကဲ့ရဲ့စရာ ဖြစ်ဖွယ် ရှိတယ်။ ဘုရားခေတ်က လမ်းဘေး ထိုင်ပြီး ဒေသနာ ကြားတာတောင် ‘ပေးစား’ခံရတယ်ဆို မဟုတ်လား။
သံဃာစင်
“ဘိက္ခုနီသံဃာ”လို့ ရှင်တော် ဗုဒ္ဓကိုယ်တိုင် သုံးနှုန်း ပြောဆိုခဲ့ပါတယ်။ အဓိပ္ပာယ်က ဘိက္ခုနဲ့ ဘိက္ခုနီတို့ဟာ ဝိနည်းကံ ကိစ္စတွေမှာ သီးခြားစီ ရပ်တည်ကြပေမယ့် ဘိက္ခုနီ ဆိုတာ သံဃာ ထဲမှာ ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ဘိက္ခုနီ ပြုခွင့်ရှိတယ်လို့ ယူဆသူတို့ အလိုအရ ဘိက္ခုနီဟာ သင့်မြတ်တဲ့ သံဃာစင်မှာ ရှိသင့်တယ်။ “အကပ်ခံပြီး စားရမယ်”ဆိုတဲ့ သိက္ခာပုဒ်ကို ဘိက္ခုနီတွေလည်း စောင့်ထိန်းရလို့ ဘိက္ခုနီကို ဘိက္ခုလိုပဲ ဆွမ်းကပ်ရမယ်။ ဘိက္ခုနီ မရှိသင့်ဘူးလို့ ယူဆလိုသူတို့ အလိုအရတော့ လူနဲ့ သီလရှင်လိုပဲ သဘောထားလိမ့်မယ်။
ရှိခိုးသင့်
ဘိက္ခုနီ တစ်ပါး အနေနဲ့တော့ ဘိက္ခုနီ ပြုခါနီး သဘောတူခဲ့ရတဲ့ ဂရုဓံ ရှစ်ပါးထဲက “ကိုယ်က သိက္ခာဝါ ကြီးပေမယ့် သိက္ခာငယ်တဲ့ ဘိက္ခုတွေကို ရှိခိုးအရိုအသေ ပေးရမယ်ဆိုတာကို လိုက်နာရမှာ ဖြစ်လို့ ဓမ္မကထိက ဆရာတော်ကိုတော့ ထို ဘိက္ခုနီမ ရှိခိုးသင့်တယ်။
မတောင်းဆို
ဘိက္ခုနီ ပြုတဲ့ ရည်ရွယ်ချက်က မာန်မာနကို ပယ်ပြီး တပ်မက်ခြင်း အမြင်မှားခြင်းစတဲ့ စိတ်ဆိုး စိတ်ယုတ်တွေကို တော်လှန် ဖြစ်ပါတယ်။ မိထွေးတော်ကြီးဟာ အဲဒီ နှလုံးသား အရင်းခံနဲ့ မြတ်ဗုဒ္ဓထံမှာ ရဟန်း မိန်းမ အဖြစ်ကို တောင်းပန်ခဲ့တာပါ။ ဒါကြောင့် ငါ ဘိက္ခုနီပဲလို့ မာန်ထောင် မောက်ကြွပြီး လူရှေ့မှာ နေရာရဖို့ အဓိက ဖြစ်နေစရာ မလိုဘူးလို့ ယူဆပါတယ်။ ဘိက္ခုနီအဖြစ် မိမိကိုယ်ကို ခံယူပြီး မိမိရဲ့ နယ်နိမိတ်တွင်း မြတ်ဗုဒ္ဓ ချမှတ်တဲ့ စည်းကမ်းနဲ့ နေထိုင်ပြီး သာသနာ့ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နေရင် အများစု သဘောပေါက် နားလည်နိုင်တဲ့ အချိန်မှာ အဲဒီ စည်းကမ်းနဲ့ ညီတဲ့ ရသင့်တဲ့ အခွင့်အရေးကို မတောင်းဆိုဘဲ ရလာမှာပါ။
အပြစ်
စီမံ ဆောင်ရွက်သူ တစ်ယောက် အနေနဲ့ ဤမျှ ဖတ်မိရင် “တောင်းဆိုတဲ့ အတိုင်း ပြုသင့်တာ မပြုသင့်တာ’ကို ရိပ်မိနိုင် လောက်ပြီလို့ ယူဆပါတယ်။ အပြစ် ဖြစ်မဖြစ်တော့ စိတ်ထားသာ ပဓာန ဖြစ်ပါတယ်။ “ဗုဒ္ဓသာသနာ’ဆိုတဲ့ အသိလေးကို ရင်မှာပိုက်၍ “ကုသိုလ် ရအောင် လုပ်နေတာ’လို့ ကိုယ့်ကိုယ်ကို နှလုံးသွင်းရင်း အခြေအနေနဲ့ အချိန်အခါအရ ဘိက္ခုနဲ့ ဘိက္ခုနီ၊ ယင်းနှစ်ဦးနဲ့ လူပရိသတ် နှစ်သက်နိုင်မယ့် နည်းလမ်းကို ရှာကြံပြီး လိမ်မာပါးနပ်စွာ လုပ်ပေးနိုင်ရင် အပြစ် မဖြစ်တန်ရာပါဘူး။
ဇန်နဝါရီ ၂၊ ၂၀၁၇။
စိုးနိုင်သော်လည်း ပိုင်ခဲသည် မပိုင်ဝက် မွေးသလို..
---
၅၄၃။ ပါရာဇိကကျသူ
ဆရာတော်ဘုရား ... မေးခွန်း မေးခွင့်ပြုပါဘုရား၊
၁။ ပါရာဇိက ကျပြီးသား ရဟန်းတစ်ပါးသည် သာသနာတွင် ဆက်လက် နေထိုင်ပါက (ကောင်းကျိုး ဆိုးကျိုး) ဘာတွေ ဆက်ဖြစ်နိုင်ပါသလဲ ဘုရား။
၂။ သာသနာတော်မှ ဆုံးရှုံးသည်ဟု ဆိုရာတွင် ယခုဘဝ၌ မဂ်ဖိုလ်တို့မှ ဆုံးရှုံးသည်ဟု သိရပါသည်။ သို့ဆိုလျှင် အနာဂတ်ဘဝတွင် ဘာအကျိုးဆက်မျှ မရှိနိုင်လို့ ဆိုလိုပါသလား ဘုရား။
၃။ သေပြီး နောက်တွင် ငရဲရောက်ပါသလား ဘုရား။
၄။ ရဟန်းကောင်းတို့နှင့် အတူတကွ ကံကြီးကံငယ် မပြုသင့်ဟု ဆိုရာတွင် ကံကြီးကံငယ် ပြုပါက ဆိုးကျိုးက ဘာဖြစ်မလဲ သိပါရစေ ဘုရား။
၅။ ပါရာဇိက ကျပြီးသား ရဟန်းပါဝင်သော ရဟန်းခံမှုသည် ဟန်း ဖြစ်ပါသလား ဘုရား။
David Ronal Luu
---
ပါရာဇိကကျ
ပါရာဇိက ကျတယ်ဆိုတာ ဝိနည်းသုံး တစ်နည်း ဘုန်းကြီးသုံး ဝေါဟာရ။ လူသာမန်တို့ နားမလည်ဘူး။ အဓိပ္ပာယ်က “ကြီးလေးတဲ့ သိက္ခာပုဒ် လေးမျိုး (မေထုန်မှီဝဲ၊ ခိုး၊ လူသတ်၊ ဘုန်းကြီး လာဘ်ရွှင်ချင်လို့ ဈာန် မဂ်ဖိုလ်ကို မရဘဲ ရသယောင် လိမ်ကြွား) ထဲက တစ်ခုခုကို ချိုးဖောက်လို့ ဘုန်းကြီးအဖြစ်ကနေ လူအဖြစ်ကို လျှောကျပြီး နောက်ထပ် ရာသက်ပန် ရဟန်းဝတ်ခွင့် မရှိတော့ခြင်း” ဖြစ်ပါတယ်။
ရဟန်းဟာ ပါရာဇိက ကျပြီးရင် သင်္ကန်း ဝတ်ထားပေ မယ့် လူဖြစ်နေတယ်။ ရဟန်းကောင်းတွေနဲ့လည်း ကံကြီးကံငယ် မပြုကောင်းတော့ဘူး။
၁။ ဒီပုဂ္ဂိုလ်ဟာ သာသနာမှာ ဆက်နေလို့ ဘယ်လိုမှ မစင်ကြယ်နိုင်လို့ ကောင်းကျိုး ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဆိုကျိုးက တရား အားထုတ်ပေမယ့် ဈာန် မဂ်ဖိုလ်ကို မရနိုင်တော့ဘူး။ သေရင်လည်း ငရဲ ရောက်မယ် (ဓမ္မပဒ၊ ၃၁၁-ဂါထာ)။
၂။ “သာသနာတော်မှ ဆုံးရှုံးသည်”ဆိုတာ “ယခုဘဝတွင် မဂ်ဖိုလ်တို့မှ ဆုံးရှုံးသည်”ဆိုတဲ့ အဓိပ္ပာယ် မဟုတ်။ ရဟန်း ဖြစ်ဆက်နေခွင့် မရှိတာနဲ့ ရာသက်ပန် ရဟန်း ပြန်ဝတ်ခွင့် မရှိတော့တာကိုပဲ ဆိုလိုတယ်။ ပါရာဇိက ကျပြီးတဲ့ ရဟန်းရဲ့ တစ်ခုတည်းသော အာပတ် ဖြေနည်းက လူထွက်ခြင်းပါပဲ။ လူထွက်ရင် စင်ကြယ်သွားတဲ့ အတွက် လူ၊ သာမဏေ၊ ဖိုးသူတော် ကပ္ပိယ အဖြစ်နဲ့ တရား အားထုတ်ရင် ဈာန် မဂ်ဖိုလ်ကို ရနိုင်တယ် (ဝိ၊ဋ္ဌ၊၂၊၈၄)။
၃။ ဒီမေးခွန်း အဖြေ ပေါ်လွင်ပြီ။
၄-၅။ ဥပုသ် ပဝါရဏာ ရဟန်းခံ သိမ်သမုတ် ကထိန်ခင်း စတဲ့ သံဃာ့ကံ ပြုမယ့် ပရိသတ်ထဲမှာ ပါရာဇိက ကျပြီးတဲ့ ရဟန်းကို ပါဝင်ခွင့် မပြု။ ပါရာဇိက ကျတဲ့ ရဟန်း ရှိနေမှန်း သိလျက် ကံပြုရင် ရဟန်းတွေ အာပတ် သင့်တယ်။ ဒါပေမယ့် အဲဒီ သံဃာ့ကံတော့ မပျက်ဘူး။
ဆိုပါစို့ .. အိန္ဒိယမှ တစ်ပါး မြန်မာ အပါအဝင် အခြားနိုင်ငံတွေမှာ ရဟန်းခံရင် အနည်းဆုံး စင်ကြယ်တဲ့ ရဟန်း ၅-ပါး လိုတယ် (အိန္ဒိယ ဆိုရင်တော့ အနည်းဆုံး ၁၀-ပါး လိုတယ်)။ ဒါကြောင့် ပါရာဇိက ကျတဲ့ ရဟန်းအပြင် သံဃာ ၅-ပါး ပြည့်ရင် ပဉ္စင်းလောင်း ရဟန်းဖြစ်တယ်။ သူပါမှ သံဃာ ၅-ပါး ဆိုရင်တော့ ပဉ္စင်းလောင်း ရဟန်း မဖြစ်။ ဒါကြောင့် ရဟန်းခံတဲ့ အခါ သံဃာ များများ ပင့်သင့်တယ်။
ဇန်နဝါရီ ၆၊ ၂၀၁၇။
---
၅၄၄။ ရိပ်သာထွက်
ဆရာတော် ဘုရား၊ တပည့်တော် စင်္ကာပူမှ ပြန်ရောက်ခိုက် မိခင်အား တရားဓမ္မ အနှစ်သာရကို သိစေချင်သဖြင့် ရိပ်သာသို့ အတူဝင်ဖို့ တိုက်တွန်းပြီး တပည့်တော်နှင့် အတူ ရိပ်သာကို တစ်လ ဝင်ကြပါသည်။ မိခင်မှာ ရိပ်သာ မဝင်ခင်က စကား နည်းခဲ့သော်လည်း ရိပ်သာက ထွက်ပြီးနောက် အိမ်သား မိတ်ဆွေများနှင့် အပြောအဆို အဆင်မပြေ ဖြစ်သွားပါသည်။ ရိပ်သာကို ပြန်ဝင်သင့် မဝင်သင့် သိလိုပါသည် ဘုရား။
ချောစု (စင်္ကာပူ)
---
ပြောင်းစေသူ
မြတ်ဗုဒ္ဓ သဗ္ဗညုတဉာဏ်ကို ရပြီးစအချိန် မိမိ သိမြင်တဲ့ တရားဓမ္မကို “ပဋိသောတဂါမိ = အဆန်ခရီး’လို့ နားလည်ပါတယ်။ ဘာကြောင့်ဆို သတ္တဝါ အများစုရဲ့ နှလုံးသားမှာ “အငြိုး၊ တပ်မက်၊ မိုက်မဲ’ဆိုတဲ့ မသူတော် တရားတွေ လွှမ်းမိုးခံနေကြရတာကို မြင်လို့။ မြတ်ဗုဒ္ဓက“အန္ဓီဘူတော အယံ လောကော = လောကကြီး ကန်းစွ’လို့ သုံးသပ်ဖူးတယ်။
Dhamma Punx စာအုပ်နဲ့ နာမည်ကြီးတဲ့ Noah Levine ဆိုပုံက..
Buddha was a revolutionary. His practice was subversive; his message, seditious. His enligh- tened point of view went against the norms of his day in his words, ""against the stream."" His teachings changed the world, and now they can change you too.
ဗုဒ္ဓဟာ တော်လှန်သူ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အကျင့်တွေ ပြောင်းပြန် ဖြစ်ပြီး ဟောကြားချက်တွေက သမား ရိုးကျ မဟုတ်ဘူး။ အသိဉာဏ် ပွင့်စေတဲ့ ဗုဒ္ဓရဲ့ အတွေး အမြင်တွေဟာ အဲဒီခေတ် ဓမ္မတွေနဲ့ ဆန့်ကျင်တယ်။ ဗုဒ္ဓရဲ့ စကားနဲ့ ပြောရရင် “ရေဆန်တရား”တဲ့။ ဗုဒ္ဓရဲ့ သင်ကြားချက်တွေဟာ လောကကို ပြောင်းလဲစေခဲ့တယ်။ အခု သင့်ကိုလည်း ပြောင်းလဲစေနိုင်မှာပဲ။
ရိပ်သာက ထွက်ပြီးနောက် ပြောင်းလဲသွားတယ် ဆိုတာ အဲဒါကြောင့် များလား။ ဒါပေမယ့် ..
သတိနဲ့ပြောင်း
မသိဖူးတဲ့လူ နည်းနည်း သိရင် အဲဒီ နည်းနည်းလေးကို ဗုံးပေါလအော ဖြန့်ဖြူးချင်လေ့ ရှိတယ်။ မမေးဘဲ ပြောချင်တတ်တယ်။ သူများပြောတာကို နားမထောင်ဘဲ သူသိ လုပ်ပြီး လုပြောတာမျိုးတွေ ဖြစ်တတ်တယ်။ ဘုန်းကြီးတွေ သူ့လောက် မသိဘူးလို့တောင် ထင်နေတော့တာပဲ။ ဒီလိုလူမျိုးက သူမကြိုက်တဲ့ ဘုန်းကြီးကို ဝေဖန်ရင်လည်း နှုတ်ထွက် ကြမ်းတယ်။ သူကြည်ညိုပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်ကိုလည်း သူမကြိုက်တော့ရင် အဲဒီလို စကားလုံးကြမ်းတွေနဲ့ ပြောအုံးမှာပဲ။
ဒါကြောင့် ဗုဒ္ဓတရားက မိမိကိုယ်ကို ပြောင်းလဲစေတယ် ဆိုရာမှာ စည်းလွတ် ကမ်းလွတ် မဖြစ်သင့်ဘူး။ နှုတ်ငြိမ်တဲ့ လက်တွေ့ကျင့်သူသာ ဖြစ်သင့်တယ်။
ကြုံဖူးတယ်
ကြုံဖူးတာလေး ပြောရအုံးမယ် ... ဗုဒ္ဓဝါဒ စာအုပ်တွေကို ဖတ်လို့ ဖြစ်စေ၊ ဘုန်းကြီးတွေ ဟောတဲ့ တရားကို နာလို့ ဖြစ်စေ၊ ရိပ်သာကို ဝင်လို့ ဖြစ်စေ “ဗမာတစ်ပြည်လုံး ဗုဒ္ဓဝါဒီတွေ အမှား လုပ်နေတယ်ဆိုပြီး လူအချို့ ‘လွတ်”နေတာမျိုး ကြုံဖူးမှာပေါ့။ အဲဒီလို လူတွေနဲ့ ဘုန်းကြီး မကြာခဏ ကြုံရတယ်.. အဲဒီ အထဲ တစ်ယောက်က ဗမာပြည် နာမည်ကြီး ဘုန်းကြီး တစ်ပါးရဲ့ အဆိုကို ကိုးကားပြီး “အလှူ ပြုပြီးရင် နိဗ္ဗာန်ကို ဆုတောင်းစရာ မလိုဘူး”လို့ လူရှေ့မှာ အားရပါးရ ပြောတယ်။ ဘုန်းကြီးလည်း‘ခြောက်ပုလင်း’ မဖြစ်ချင်တာနဲ့ စိတ်ထဲ ရှိတာ အကုန် မပြောနိုင်ခဲ့ဘူး။
ကဲ .. သူပြောတာ မှန်ရင် “သဗ္ဗညုတံ ပါပုဏိတွာ၊ တာရေမိ ဇနတံ ဗဟုံ = နိဗ္ဗာန်မဂ်ဖိုလ်၊ ရပြီးကိုယ်၊ များဗိုလ် ကယ်နိုင်စေ (ဗုဒ္ဓဝံသ၊ ၃၁၀)”ဆိုတဲ့ သုမေဓာရဲ့ ဆုတောင်း ဗုဒ္ဓရဲ့ နှုတ်ထွက် စကား မှားတော့မှာပေါ့။
သောတာပန်ဘွဲ့
သောတာပန် ဖြစ်ပြီလို့ သူ့ဆရာ ဘုန်းကြီးက အတည်ပြုတဲ့ အတွက် မိမိကိုယ်ကို သောတာပန်လို့ ထင်နေသူ တစ်ယောက်နဲ့လည်း မကြာခင်က ဆုံတယ်။ သူက “တပည့်တော် မဂ်ဆိုက်စဉ်က”လို့ နှစ်ကြိမ် ပြောတယ်။ တကယ် ဖြစ်ရင်တော့ ဝမ်းသာစရာပါ။ ဒါပေမယ့် ဘုန်းကြီး မထင်ဘူး။ “အဲဒီ ဆရာတော် ကိုယ်တိုင် မဂ်ဆိုက်ပြီး ဖြစ်လို့ ဒီလို ပြောတာ ဖြစ်မှာပေါ့”ဆိုတော့ သူက “တပည့်တော်လည်း ဒီလိုပဲ ယုံကြည်ပါတယ်”တဲ့။ သူ့ကို ကြည့်ပြီး ဘုန်းကြီး သနားမိတယ်။
ယောဂီတွေက အဲဒီလို ယူဆသွားပြီး အနှီဘုန်းကြီးက “မဂ်ဖိုလ်မမှီ အချည်း’ပဲ ဖြစ်နေခဲ့ရင် ပါရာဇိက သိက္ခာပုဒ်နဲ့ ငြိနိုင်ဘူးလား။ အဲဒီလို ထင်စေဖို့ မရည်ရွယ်ပါဘူး ဆိုရင်တောင် ကမ္မဋ္ဌာန်း ဆရာက ကိုယ့်ယောဂီကို အဲဒီလို မပြောသင့်ဘူးလို့တော့ ဘုန်းကြီး ယူဆတယ်။
အဖြေ
အထက်ပါ ဖော်ပြချက်တွေကို ဖတ်ပြီးရင် မိမိကိုယ်တိုင် ဆင်ခြင်နိုင်ဖို့ရော ရိပ်သာထွက် မိခင်ကို နားလည်ပေးနိုင်ဖို့ပါ သဲလွန်စလေး တစ်ခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ အင်း .. ယခင်က ရိပ်သာဝင်ဖို့ တိုက်တွန်းရတယ် ဆိုတော့ အခု မလိုလောက်တော့ဘူး။ ဒီတော့ ဝင်စမ်း ဘယ်လောက် ဝင်မလဲ။ လွှတ်သာ ထားလိုက်။ ဒီနည်းနဲ့ တစ်နေ့ အဲဒီရေအိုး တဖြည်းဖြည်း ပြည့်သွားနိုင်မှာပါ။
ဇန်နဝါရီ ၇၊ ၂၀၁၇။
ရှေးကလူမျိုး ဆိုလမ်းရိုး စာခိုးမမည်ရာ (ဘူး. ပေါင်း နိဂုံး)
---
၅၄၅။ ဇနီး သားသမီးကို လှူခြင်း
ဆရာတော် ဘုရား၊ ဝေဿန္တရာမင်းက မိမိ ဗုဒ္ဓဖြစ်လာဖို့ ဇနီးနဲ့ သားသမီးကို လှူတာဟာ ကိုယ်ကျိုးဆန်ပြီး ဇနီးနှင့် သားသမီးတွေရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ ဝေဿန္တရာမင်းရဲ့ အလုပ်ကိုပဲ ကောင်းချီးပေးတာဟာ မမျှတပါ။ ဒါဟာ အမေရိကမှာ လူဖြူတွေ အာဖရိကတိုက်က လူမည်းတွေကို ကျွန် အနေနဲ့ ရောင်းဝယ်တာလို လူတစ်ဦးရဲ့ ကံကြမ္မာကို အခြားတစ်ဦးက ပိုင်ဆိုင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒီကိစ္စကို နောက်တိုင်းသား လူ့အခွင့် အရေးသမား တစ်ယောက်ကို မည်သို့ ရှင်းပြပါမည်လဲ အရှင်ဘုရား။
ချမ်းချမ်း (Phoenix, AZ)
---
ဘုံဆန္ဒ
အလောင်းတော် မင်းသိဒ္ဓတ် တောမထွက်ခင်မှာ သစ္စာတည်တံ့တဲ့ ဘဝကြင်ဖော် ယသော်ဓရာ မင်းသမီးကို ပြောပြတဲ့ ဟန်နဲ့ အာရှရဲ့ အလင်းရောင် ကဗျာမှာ ရေးဖွဲ့ထားပုံကို ဦးစွာ ခံစားကြည့်ပါ..
If sorrow falls,
Take comfort still in deeming if there may be A way to peace on earth by woes of ours.
(The Light of Asia, p. 60)
ဆွေးစရာ ကြုံရင်
ငါတို့ ဒုက္ခကြောင့် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှု ရှိနိုင်ကောင်းမယ်လို့ ယုံကြည်ပြီး မင်း ဖြေတော့။
မဒ္ဒီစိတ်ထား
ဝေဿန္တရာမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ မဒ္ဒီဒေဝီနဲ့ တော်သမီးတော်တွေဟာ ကိလေသာ မကုန်သေးတဲ့ ပုထုဇဉ်တွေ ဖြစ်ပေမယ့် အားလုံးဟာ ပါရမီကို ပြည့်ပြီးသား ဖြစ်ကြတဲ့အတွက် လေးယောက်ပေါင်း တစ်စိတ် ရှိသူတွေပါ။ ခန္ဓာကိုယ်လေးခုနဲ့ စိတ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သံသရာ ကြင်ဖော် မဒ္ဒီမင်းသမီးရဲ့ ပြန်ပြောပုံကို ဇာတက ပါဠိတော်မှာ ..
“အနုမောဒါမိ တေ ဒေဝ၊ ပုတ္တကေ ဒါန.မုတ္တမံ။
ဒတွာ စိတ္တံ ပသာဒေဟိ၊ ဘိယျော ဒါနံ ဒဒေါ ဘဝ။ (ဇာတက၊၂၊၃၅၂)
မင်းကြီး ... သားတော် သမီးတော်တွေကို လှူဒါန်းတဲ့ မင်းမြတ်ရဲ့ မွန်မြတ်တဲ့ ဒါနကုသိုလ်ကို သာဓု ခေါ်ပါ၏။ လှူဒါန်းပြီးနောက် စိတ်ထဲမှာ ကြည်နူးပါလော့။ ဆထက်တံပိုး တိုး၍ လှူနိုင်သူ ဖြစ်ပါစေ”လို့ သရုပ်ဖော်ပါတယ်။
လောကကျိုး
ဝေဿန္တရာမင်းနဲ့ ဇနီး သားသမီးတွေ အကြားမှာ ကမ္ဘာပေါင်း အသင်္ချေအနန္တ ကြာမြင့်စွာ နှောင်ဖွဲ့လာခဲ့တဲ့ မေတ္တာနဲ့ နားလည်မှုတွေ ကိုယ်စီ ရှိနေကြတယ်။ မုန်းလို့ စွန့်ကြတာ မဟုတ်ဘူး။ ဒါကြောင့် ဝေဿန္တရာမင်းရဲ့ ဇနီးနဲ့ သားသမီး အလှူကို လူဖြူတို့ရဲ့ လူမည်းကျွန် အရောင်းအဝယ်နဲ့ မနှိုင်းယှဉ်ကောင်းပါဘူး။
ဝေဿန္တရာမင်းက ဗုဒ္ဓဖြစ်ဖို့ သူ့ဇနီးနဲ့ သားသမီးကို လှူတာဟာ သူ့ကိုယ်ကျိုး အတွက်လို့ ဘယ်သို့ ဆိုနိုင်မလဲ။ ဗုဒ္ဓဖြစ်ဖို့ ဆိုတာကိုက လောက အတွက်ပဲလေ။ လှူဒါန်းတာကို ခံရတဲ့ ဇနီး သားသမီးတို့လည်း လောကရဲ့ အကျိုးအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ စတေးခံခဲ့ကြတာပါ။
ဆိုပါစို့ ... ဒုက္ခဘုံက ဖိနှိပ်ခံ လောကသား သန်း ၅၀-ကျော်အတွက် သုခဘုံက ပန်းမွေ့ယာ၊ ခင်ပွန်းနဲ့ သားနှစ်ယောက်ကို စွန့်ရဲသူ တစ်ဦး ဒီလောကမှာ ရှိတယ်ဆိုရင် ... ၎င်း အနေနဲ့ ခင်ပွန်းနဲ့ သားနှစ်ယောက်ကို စွန့်လို့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ဆိုမလား။ သူတို့ အချင်းချင်း ချစ်ကြတာပဲလေ။ အမှန်တော့ ၎င်းတို့ လေးဦးလုံး ရည်ရွယ်ချက် တစ်ခုတည်းနဲ့ သည်းခံပြီး စွန့်ခဲ့ကြတာပဲ။
ဆန္ဒတူ
ပါရမီ ပြည့်ပြီး ဖြစ်တဲ့ ဘုရားလောင်း တစ်ဦးရဲ့ ရှုထောင့်အရ အခြားသူတွေ ဝေဖန်နိုင်ပေမယ့် ဇနီးနဲ့ သားသမီးတွေကို လှူဒါန်းတာဟာ လုပ်သင့်တဲ့ ကိစ္စလို့ ယူဆပါလိမ့်မယ်။ ဘဝများစွာ အတူတူ လက်တွဲပြီး ပါရမီဖြည့်လာခဲ့ကြတဲ့ ဇနီးနဲ့ သားသမီးတွေကလည်း တစ်သဘောတည်းပါပဲ။ သူတို့ ယုံကြည်တာက “ငါတို့ ဒုက္ခကြောင့် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှု ရှိနိုင်ကောင်းမယ်”လို့ပဲ ဖြစ်ပါတယ်။
လူအားလုံးရဲ့ အကျိုးအတွက် သားသမီး၊ ဇနီးခင်ပွန်းနဲ့ မိမိမှာ ရှိပြီးဖြစ်တဲ့ လူတန်းစား ပြည့်စုံမှုတွေကို စွန့်နိုင်တဲ့ နှလုံးစိတ်ဝမ်း ကြီးမြတ်သူတွေ မိမိ ပတ်ဝန်းကျင်မှာလည်း များကြီး ရှိနိုင်ပါတယ်။
ခြားနားခြင်းမဲ့
အဆင့် အမြင့်ဆုံး မေတ္တာဟာ အရပ်ဒေသ အားလုံးကို ခြားနားခြင်းမဲ့တဲ့ ညီမျှခြင်းနဲ့ ထွန်းလင်းတောက်ပတဲ့ လရောင်နဲ့ တူပါတယ်။ လရောင်ဟာ အမှောင်မှာ ဖောက်ထွင်းလုယက်သူတွေရဲ့ ရန်သူ ဖြစ်နိုင်ပေမယ့် လရောင်ကို အပြစ်တင်ဖို့ အကြောင်းတရား မရှိပါဘူး။ လရောင်ရဲ့ ထွန်းလင်းတောက်ပမှုဟာ မပြောင်းလဲတဲ့ အမှန်တရား ဖြစ်လို့ပါ။
ဇန်နဝါရီ ၈၊ ၂၀၁၇။
---
၅၄၆။ ယသောဓရာရဲ့ ပါရမီဖြည့် ကာလ
အရှင်ဘုရား၊ ရိုသေစွာ မေးမြန်း လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ ဂေါတမမြတ်စွာဘုရား၏ ပါရမီဖြည့်ဖက် ယသော်ဓရာ ဒေဝီ သည် ဘုရားရှင် နည်းတူ ဒီပင်္ကရာ ဘုရားထံပါး သုမိတ္တာ ပုဏ္ဏေးမ ဘဝဖြင့် တောင်းဆုပန်ခဲ့သည်ကို မှတ်သား နာယူခဲ့ရဖူးပါသည် အရှင်ဘုရား။ ဘုရား အဆူဆူ ဘုရားလောင်းတို့၏ ကြင်ယာတော်များသည် ဘုရားရှင်တို့ နည်းတူ လေးအသင်္ချေ ကမ္ဘာတစ်သိန်း၊ ရှစ်အသင်္ချေ ကမ္ဘာတစ်သိန်း အစရှိသည်ဖြင့် ပါရမီ ဖြည့်ကျင့်ရပါသလား အရှင်ဘုရား။ အခါအခွင့် သင့်ပါကာ မိန့်ကြားပေးပါရန် ရိုသေစွာ တောင်းပန် လျှောက်ထားအပ်ပါသည် အရှင်ဘုရား။
သန်းထွန်း (တိုကျို)
---
မတွေ့ဖူး
ဘုရားဖြစ်မယ့် ဘုရားလောင်းရဲ့ ကြင်ယာတော် အဖြစ်နဲ့ ပါရမီဖြည့်ရာ ကာလ သတ်မှတ်ချက်ကို မတွေ့ဖူးပါ။ ဒါပေမယ့် ဘုရားရှင်ရဲ့ ခမည်းတော် မယ်တော် အလုပ်အကျွေး သားတော်တွေကတော့ ကမ္ဘာတစ်သိန်း ထက်မနည်း ပါရမီဖြည့်ရကြောင်း ကျမ်းဂန် (သုတ္တနိ၊ဋ္ဌ၊၂၊၄၆)မှာ ဆိုတယ်။ ဒါကြောင့် ထိုထို ဘုရားလောင်းတို့ရဲ့ ကြင်ယာတော်တွေလည်း အဲဒီဘုရားလောင်း နိယတဗျာဒိတ် ရချိန်က စပြီး လေးအသင်္ချေ ရှစ်အသင်္ချေ စတဲ့ ကာလ တစ်လျှောက် ပါရမီဖြည့်ဖက်အနေနဲ့ အတူ ပါလာဖွယ် ရှိပါတယ်။
တပည့် ၃-မျိုး
မြတ်စွာ ဘုရားထံမှ ဖြစ်စေ၊ ဗုဒ္ဓရဲ့ တပည့်ထံမှ ဖြစ်စေ သစ္စာလေးပါး တရားကို နာရပြီး ရဟန္တာ ဖြစ်သူကို “သာဝက (တပည့်)’လို့ ခေါ်တယ်။ သာဝက ၃-မျိုး ရှိတယ် ..
၁) အဂ္ဂသာဝက (အကြီးမြတ်ဆုံး တပည့်)
၂) မဟာသာဝက (တပည့်ကြီး)
၃) ပကတိသာဝက (ရိုးရိုး တပည့်)။
အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလ္လာန်တို့လို အဂ္ဂသာဝက ဖြစ်ချင်ရင် တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်။ အရှင်မဟာကဿပ အရှင်အနုရုဒ္ဓါတို့လို မဟာသာဝက ဖြစ်ချင်ရင် ကမ္ဘာတစ်သိန်း ဖြည့်ရတယ် (သုတ္တနိ၊ဋ္ဌ၊၂၊၄၆)၊ မဂ်ဖိုလ်ကို ရည်သန်ပြီး ဘဝတစ်ခုမှာ စတင် ပါရမီဖြည့်လာခဲ့ရင် နောက်ဆုံး တပည့်မျိုး ဖြစ်နိုင်တယ်။
ပါရမီဖြည့်ရာ ကာလ သတ်မှတ်ပုံနဲ့ ပတ်သက်ပြီး “သာဝက (တပည့်)လို့ ဘိက္ခုကိုသာ ရည်ရွယ်ဖော်ပြပေမယ့် ထေရီ အပဒါန် ပါဠိတော်အရ သာဝိကာ (တပည့်မ၊ ဘိက္ခုနီ) တွေမှာလည်း အဂ္ဂသာဝိကာ မဟာသာဝိကာ ပကတိ သာဝိကာလို့ ဘိက္ခုတွေလို အဆင့် ၃-မျိုး ရှိတဲ့အတွက် ဘိက္ခုနီလည်း ပါရမီဖြည့်ရာ ကာလ အတူတူပဲ ဖြစ်မယ်လို့ ယူဆပါတယ်။
ယသောဓရာ
ယသောဓရာ ထေရီဟာ အဘိညာဏ်အရာမှာ ဧတဒဂ်ရပြီး မဟာသာဝိကာ (တပည့်မကြီး)အဆင့် ဖြစ်ပါတယ်။ ဘိက္ခုတွေ ထဲမှာ မဟာသာဝက ဖြစ်တဲ့ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာတို့နဲ့ အဆင့်တူ။ မဟာသာဝက မဟာသာဝိကာ ဖြစ်ကြတဲ့ မထေရ် ထေရီမတွေက ကမ္ဘာတစ်သိန်း အလွန်က ပွင့်တော်မူတဲ့ ပဒုမုတ္တရ မြတ်စွာဘုရားထံမှာ စတင် ဆုတောင်းပြီး ပါရမီ ဖြည့်ခဲ့ကြတယ်။ အဂ္ဂသာဝိကာ ဖြစ်တဲ့ ယသောဓရာထေရီ တင် ဆုတောင်းတဲ့ မြတ်စွာဘုရား၊ အချိန်ကာလနဲ့ ပတ်သက်လို့ စဉ်းစားဖွယ် ရှိတယ်။
အဆို (၁)
ကမ္ဘာတစ်သိန်း အလွန်က ပွင့်တော်မူတဲ့ ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက် အဘိညာဏ်အရာမှာ ဧတဒဂ် ရတဲ့ ဘိက္ခုနီ တစ်ပါးကို အားကျပြီး မိမိလည်း အဲဒီလို ဖြစ်လာဖို့ ကုသိုလ်တွေ ပြုပြီး ဆုပန်တဲ့ အမျိုးသမီးဟာ ကမ္ဘာတစ်သိန်း လွန်ပြီးနောက် ဂေါတမ ဗုဒ္ဓလက်ထက်မှာ အဘိညာဏ် ဧတဒဂ်ရ ယသောဓရာထေရီ ဖြစ်လာတယ် (အံ၊ဋ္ဌ၊၁၊၂၉ဝ)။ ဒီအဆိုအရ ယသောဓရာဟာ ပဒုမုတ္တရ ဘုရားထံမှာ တင် ဆုတောင်းခဲ့ပြီး ကမ္ဘာတစ်သိန်း ပါရမီဖြည့်တယ်လို့ ဆိုနိုင်ဖွယ်ရှိတယ်။ မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ရေးသားတဲ့ မဟာဗုဒ္ဓဝင်ကျမ်း (အတွဲ ၆၊ အပိုင်း ၂၊ စာ-၁၂၇) မှာ ဒီအဆိုကိုပဲ ဖော်ပြတယ်။
အဆို (၂)
သုမိတ္တာ အမည်ရှိ အမျိုးသမီးဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အလွန်က ပွင့်တော်မူတဲ့ ဒီပင်္ကရာ မြတ်စွာဘုရားကို ခန္ဓာတံတား လှူနေတဲ့ ဂေါတမ ဗုဒ္ဓလောင်းလျာ သုမေဓာ ရသေ့ကို ကြည်ညို ချစ်ခင်သွားပြီး ဘုရားကို ပူဇော်ဖို့ ကြာပန်းရှစ်ခိုင် ယူလာတဲ့ အနက် ငါးခိုင်ကို လှူစရာမဲ့ လက်ချည်း ဖြစ်နေတဲ့ သုမေဓာကို ပေး၊ ကိုယ်တိုင်က ကျန်သုံးခိုင်နဲ့ ဘုရားကို ပူဇော်ပြီး ‘အရှင့် ဗောဓိဉာဏ်အတွက် အရှင်နှင့် ပေါင်းဆုံရပါစေ’လို့ ဆုတောင်းတယ် (အပဒါန၊၂၊၂၆၉)။ ဒီပင်္ကရာ ဘုရားကလည်း မိန်းကလေး ဆုတောင်း ပြည့်မယ်လို့ ဗျာဒိတ်ပေးပါတယ်။ ဒီအဆိုအရတော့ ယသောဓရာဟာ မြတ်စွာ ဘုရားလိုပဲ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်လို့ ဆိုရလိုပါဘဲ။ အဆို နှစ်မျိုး ဖြစ်နေတော့ တစ်ခု မှန်ရင် ကျန်တစ်ခု မှားမှာပေါ့။ ဒါပေမယ့် ..
ဒီလိုညှိမယ်
ယသောဓရာဟာ မဟာသာဝိကာ ဖြစ်တဲ့အတွက် မိထွေးတော် မဟာပဇာပတိ ဂေါတမီ ပဋာစာရာစတဲ့ ထေရီတွေလို ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမှာ ဖြစ်လို့ အဆို (၁)က ပိုပြီး ယုတ္တိရှိတယ်။ အဆို (၂)ကတော့ သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူရဲ့ ပါရမီဖြည့်ရာကာလ ဖြစ်နေလို့ စဉ်းစားဖွယ် ရှိတယ်။ ဘုန်းကြီး စဉ်းစားမိတာလေးကို တင်ပြရရင် “ဣမိနာ သုမိတ္တာ သဗ္ဗေ ပန ဝတ္ထုနိ ပူရိဿတိ။ ပရံ တေ ဉေယျံ အာနန္တံ ဘဝေယျ တံ။ ဧသာ တေ အဓိပ္ပါယာ နိရတိ ဘိယျော = ဤမိန်းကလေး (သုမိတ္တာ)သည် သင့်(သုမေဓာ)ကို အစဉ် စောင့်ရှောက်လျက် ပါရမီတို့ကို ဖြည့်လတံ့ (၃ရ၆-ဂါထာ)”ဆိုတဲ့ အပဒါန် ပါဠိတော် စကားရိပ်အရ ဒီပင်္ကရာ မြတ်စွာဘုရားရဲ့ ဗျာဒိတ်က ဗုဒ္ဓလောင်းလျာရဲ့ ပါရမီဖြည့်ဖက် သို့မဟုတ် ဖြည့်ခံ အဖြစ်ကို ရည်ရွယ်တာ ဖြစ်ဖွယ်ရှိပြီး မဟာသာဝိကာ အဖြစ်ကိုတော့ ကမ္ဘာတစ်သိန်း အလွန်က ပွင့်တဲ့ ပဒုမုတ္တရ ဘုရားကျမှ ဆုတောင်းတယ်လို့ ဆိုရင် အင်္ဂုတ္တရ နိကာယ်ဆောင်တို့ရဲ့ အယူအဆနဲ့ အပဒါန်ပါဠိ မဆန့်ကျင်ရာဘူး။ “ဘဝပေါင်း ကုဋေ အထောင်မကတွင် သဗ္ဗညုတဉာဏ် အတွက် ကျွန်ုပ်(ယသောဓရာ)ကို ပေးလှူသော်လည်း စိတ်မရှိ ငြင်ခဲ့ပါ (၃၄၉-ဂါထာ)”ဆိုတဲ့ အပဒါန် စကားအရ အဖြည့်ခံလို့ ဆိုတာပါ။ ဒီမေးခွန်းကြောင့် ဘုန်းကြီးလည်း စဉ်စားစရာ အသိဉာဏ် သစ် တစ်ခု ရပါတယ်။ မေးခွန်းရှင် ဒကာ သန်းထွန်း (တိုကျို) ကို ကျေးဇူးတင်ပါတယ်။
ဇန်နဝါရီ ၁၁၊ ၂၀၁၇။
န ဘိက္ခဝေ ဗုဒ္ဓံ ဝါ ဓမ္မံ ဝါ အာရဗ္ဘ ဒဝေါ ကာတဗ္ဗော။
ရဟန်းတို့၊ ဘုရား တရား သံဃာနှင့် ပတ်သက်၍ နောက်ပြောင်ခြင်း မပြုနှင့်။ (ဝိ၊၂၊၂၅၉)။
---
၅၄၇။ နှစ်အောက် ရဟန္တာ ရှိမရှိ
အရှင်ဘုရား၊ အသက် ၇-နှစ်အောက် ရဟန္တာ မရှိနိုင်ဟု ဆရာတော်ကြီး တစ်ပါး ဖြေကြားသည်ကို မကြာခင်က ကြားနာရပါ သည်။ အသက် ၅-နှစ် အရွယ် ရဟန္တာ ရှိသည်ဟုလည်း မှတ် ထားဖူးပြန်ပါသည်။ မည်သည့် အဆိုကို အမှန် ယူရမည်ကို သိ လိုပါသည် အရှင်ဘုရား။
ဝင်းနိုင် (ကံမ)
---
ကျမ်းအဆို
အင်း ... အဆိုနှစ်ခု ဆန့်ကျင်နေတယ်။ ဆရာတော်ကြီး တစ်ပါး ဖြေကြားတာ ဖြစ်လို့ ဘုန်းကြီးလည်း မိမိရဲ့အဆို ခိုင်လုံဖို့ ပိုပြီး ဂရုစိုက်ရမယ့် သဘောရှိတယ်။
မိလိန္ဒမင်းက ကလေးတွေမှာ လောဘ ဒေါသ မာန်မာန တဲ့ ကိလေသာတွေ မရောနှောသေးတဲ့ အတွက် မဂ်ဖိုလ်ကို ပို ရသင့်တယ် မဟုတ်လားလို့ မေးတဲ့အခါ အရှင်နာဂသေနက “အသက် ၇-နှစ်အောက် ငယ်ရွယ်သူ၏ စိတ်သည် သေးငယ် အားနည်းပြီး မထင်ရှားသေးသဖြင့် လေးလံ ကြီးကျယ်သော အသင်္ခတ နိဗ္ဗာန ဓာတ်ကို ထိုးထွင်း သိမြင်ရန် မဖြစ်နိုင် (မိလိန္ဒ၊၂၉၉)”လို့ မိန့်ပါတယ်။
အဓိပ္ပာယ်က “အသက် ရ-နှစ်အောက် မဂ်ဖိုလ်ကို မရနိုင် သို့မဟုတ် အသက် ရ-နှစ်အောက် ရဟန္တာ မဖြစ်နိုင်’လို့ ဖြစ်ပါ တယ်။ ဒီမိလိန္ဒပဉှာ စကားအရ ဆရာတော်ကြီး တစ်ပါးက အဲဒီလို ဖြေကြားတာ ဖြစ်မယ်။
အပဒါန်
သိဒ္ဓတ္ထ အမည်ရှိ ဘုရားရှင် ပရိနိဗ္ဗာန်စံလို့ ထင်းမီးနဲ့ ပူဇော်ကြ တဲ့အခါ မနီးမဝေး အရပ်မှာ ဆီမီးညှိ ထွန်းပြီး တစ်ညလုံး ပူဇော်ခဲ့တဲ့ ကောင်းမှုကြောင့် ဂေါတမဗုဒ္ဓ လက်ထက် သာဝတ္ထိမြို့ မှာ လူပြန်ဖြစ်လာတဲ့ ဆီမီးတစ်တိုင် အလှူရှင် (ဧကဒီပိယ အ မည်ရှိ ရဟန္တာ) မိန့်မြွက်ပုံက “နတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်ရသော်လည်း ငါ၏ မျက်စိသည် မှိတ်ခြင်း မရှိခဲ့ချေ။ ငါသည် မွေးဖွားပြီးနောက် အသက် ၄-နှစ်မျှ ရှိသော် သာသနာ့ဘောင်၌ ရဟန်းပြုခဲ့ပြီး လခွဲသို့ မရောက်မီ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပါ၏ (အပဒါန၊၁၊၄၃၉။ ၄၄၀)”လို့ ဖြစ်ပါတယ်။
ဒီအပဒါန် ပါဠိအရ အသက် ၄-နှစ် အရွယ်မှာ ရဟန္တာ ဖြစ် သူ ရှိတယ်လို့ သိရတယ်။ ဒီတော့ မိလိန္ဒ မင်းကြီးရဲ့ လေယူ လေသိမ်းနဲ့ဆို “ရှေ့အဆို မှန်ရင် နောက်အဆို မှားရမယ်”ပေါ့။ နှစ်ခုလုံးကလည်း ပါဠိတော် စာရင်းဝင် ဖြစ်နေတယ်။ ဒီတော့ ဒီလို တွေးပြီး ညှိကြည့်မယ် ..
ညှိကြည့်မယ်
သာမန် သူလို ကိုယ်လို ကလေးတစ်ယောက် အနေနဲ့တော့ အရှင်နာဂသေန မိန့်သလို ယေဘုယျ ဖြစ်နိုင်တယ်။ ခုခေတ် ၄-နှစ်၊ ၅-နှစ် ကလေးတွေနဲ့ ယှဉ်ကြည့်ပေါ့။ အရှင်နာဂသေန တို့ ခေတ်ကလည်း ကလေးဟာ ကလေး အသိဉာဏ်ပဲ ရှိမှာ ပါ။ အမှန်တော့ အသက် ၄-နှစ်၊ ၅-နှစ် သာမက အသက် ၇- နှစ် ဆိုတာတောင် ရဟန္တာဖြစ်ဖို့ အလွန် ငယ်ပါတယ်။ သာမန် တစ်ယောက် အဖို့ ဒီအသက် အရွယ်မှာ ရဟန္တာ ဖြစ်ဖို့ ဆိုတာ မလွယ်နိုင်တဲ့ ကိစ္စပါ။
ဘုန်းကြီး တွေးမိသလောက် ... “အပဒါန် ပါဠိတော်အရ ဒီ အရှင် လောင်းလျာဟာ ၉၄-ကမ္ဘာ အလွန်က သိဒ္ဓတ္ထ ဘုရားထံ မှာ ကုသိုလ်ထူး ပြုခဲ့တာ၊ ဒီဘဝမှာ ထူးခြားစွာ မွေးဖွားလာပြီး ရှင်တော် ဗုဒ္ဓရဲ့ မေတ္တာရိပ်ကို တိုက်ရိုက် ခိုလှုံခွင့်ရတာ၊ မိဘ တွေလည်း ဗုဒ္ဓဝါဒီ ဖြစ်နေတာတွေကြောင့် ဘဝများစွာ လေ့ ကျင့်ခဲ့တဲ့ အထုံအရ ၄-နှစ်သားနဲ့ ရဟန္တာ ဖြစ်ရတယ်’လို့ အ ရှင်နာဂသေနရဲ့ အဖြေကို ခြွင်းချက်နဲ့ မှတ်လိုက်ရင် ယုတ္တိ ဝေးလွန်းပါဘူး။ ၅-နှစ်သား ရဟန္တာလည်း ဒီအတိုင်းပါပဲ။
ပြန်ဖြည့်ပါ
စကားမစပ် ... ဒီမေးခွန်းရဲ့ အဖြေကို ရှာရင်း အပဒါန် ပါဠိတော် ကို လှန်လှောစဉ် ရ-နှစ်အရွယ် ရဟန္တာတစ်ပါး ထပ်တွေ့လို့ ပြန်ဖြည့်လိုက်ပါတယ်။ ဓမ္မအမေးအဖြေ၊ အတွဲ ၃၊ စာ-၁၅၀၁ မှာ (မေးခွန်း အမှတ်-၄၃၈) အသက် ၇-နှစ်နဲ့ ရဟန္တဖြစ်တာ ၁၆-ပါးလို့ ဖော်ပြတာကိုလည်း ဒဗ္ဗမလ္လပုတ္တ မထေရ်ကို ထပ် ထည့်ပြီး ၁၇-ပါးလို့ ပြင်မှတ်ပါ။
ဒဗ္ဗမလ္လပုတ္တ
ပဒုမုတ္တရ ဘုရားလက်ထက် သံဃာတော်တွေကို နေရာထိုင် ခင်း စီမံပေးတဲ့ အရာမှာ ဧတဒဂ်ဘွဲ့ရတဲ့ ရဟန်းကို အားကျပြီး ဒီအတိုင်းဖြစ်ဖို့ ပါရမီဖြည့်ပြီး မဟာသာဝကဆု ပန်ခဲ့တယ်။ ဒဗ္ဗလောင်းလျာဟာ ကဿပဘုရား လက်ထက်မှာ တောင်ထိပ် ပေါ် တက်ပြီး မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်တဲ့ထိ ရည်မှန်းပြီး တရား အားထုတ်ခဲ့ပေမယ့် တရားထူးကို မရခဲ့ဘဲ လူ့ပြည် နတ်ပြည်မှာ ကျင်လည်ပြီး ဂေါတမဗုဒ္ဓ လက်ထက်မှာ မလ္လ တိုင်း ကုသိနာရုံမြို့ မလ္လာမင်း အိမ်မှာ သန္ဓေယူတယ်။ မမွေးဖွားမီ မိခင် ကွယ်လွန်တဲ့အတွက် မိခင်အလောင်းကို မီးသင်္ဂြိုဟ်စဉ် ပါရမီရှင် ဒဗ္ဗလောင်းလျာမှာ ထူးခြားစွာ အသက် ရှင်ခဲ့တယ်။ အသက် ၇-နှစ်အရွယ် ဘုရားနဲ့ တွေ့၊ ရှင်ပြုစဉ် ခေါင်းတုံး ရိတ်ပြီးသည်နဲ့ ရဟန္တာ ဖြစ်သွားတယ်။
အရှင်ဒဗ္ဗဟာ သံဃာတွေကို နေရာချပေး၊ ဆွမ်းကွမ်း အပင့်အဖိတ် စီမံတဲ့ နေရာမှာ မြတ်ဗုဒ္ဓက ဧတဒဂ်ဘွဲ့ ချီးမြှင့်ပေ မယ့် လောဘကြီးတဲ့ ပုထုဇဉ် ရဟန်းအချို့ရဲ့ စွပ်စွဲတာကိုလည်း ခံရသူ ဖြစ်ပါတယ် (အပဒါန၊၁၊၁၂၄)။ အင်္ဂုတ္တရ အဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၂၁၄)မှာ အနုပိယမြို့မှာ မွေးဖွားကြောင်း ဆိုပါတယ်။ ထပ်တွေ့ရင် ထပ်ဖြည့်ပါမယ်။
ဇန်နဝါရီ ၁၁၊ ၂၀၁၇။
---
၅၄၈။ အိပ်မက် အယူအဆ
အရှင်ဘုရား၊ သောတာပန် သကဒါဂါမ် အနာဂါမ် (ရဟန္တာမပါ) အရိယာများ အိမ်မက်ဆိုး မက်သေးလား။ ပိဋကတ်တော်များ ထဲမှာ ပါမပါ သိပါရစေ ဘုရား။
ဒကာအိုး (အရီဇိုးနား)
---
ယုံကြည်မှု
ဗုဒ္ဓလောင်းလျာ သန္ဓေယူမယ့် ရှေ့ပြေး နိမိတ်အနေနဲ့ မယ်တော် မာယာ အိပ်မက် မက်တာ၊ ဗုဒ္ဓ ဖြစ်ခါနီး မင်းသိဒ္ဓတ် အိပ်မက် မက်တာ၊ ကောသလမင်းရဲ့ အိပ်မက်ကို မြတ်ဗုဒ္ဓက ဟောကိန်း ထုတ်တာတွေ ကျမ်းဂန်မှာ ရှိတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒမှာ အိပ် မက်ရဲ့ အကျိုးဆက်ကို လက်ခံတယ်။ ကမ္ဘာဦးကျမ်း (၄၁း၁၄- ၂၀)မှာ ဖာရောဘုရင် မြင်မက်တဲ့ အိပ်မက်ရဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ မဖော်နိုင်လို့ ယောသပ်ကို ထောင်ထဲက ခေါ်ထုတ်ပြီး အဓိပ္ပာယ် ဖွင့်ဆိုခိုင်းတာကို တွေ့ရလို့ ဘာသာခြား အချို့ လည်း အိပ်မက်ကို ယုံကြည်ပုံပါပဲ။
ဘာကြောင့်
အိမ်မက်နဲ့ ပတ်သက်ပြီး ကျန်းဂန်မှာ ဆိုပုံအရ ..
၁) ဓာတ်ချောက်ချား (နေထိုင် မကောင်း)ခြင်း
၂) အပြင်မှာ ကြုံတွေ့ ခံစားဖူး (မြင်ဖူး၊ ကြားဖူး၊ ဖတ်ဖူး)ခြင်း
၃) အကျိုးကို လိုလားတဲ့ နတ်ကောင်း သို့မဟုတ် မလိုလားတဲ့ နတ်ဆိုးတို့ ဆောင်ပြခြင်း
၄) ကောင်းကျိုး မကောင်းကျိုး ဖြစ်ဖို့ ရှေ့ပြေး နိမိတ်ကို ပြခြင်း”လို့ အိမ်က် မက်ခြင်းရဲ့ အကြောင်း လေးမျိုး ရှိတယ်။
ဒီထဲ အမှတ် (၁) နဲ့ (၂)က မမှန်ဘူး။ အမှတ် (၃)က မှန် တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်။ နတ်တွေ စိတ် ဆိုးပြီး ပျက်စီးစေလိုတဲ့ အတွက် မဟုတ်တာကို လှည့်ဖြားပြီး ပြုတာမျိုး ဖြစ်ရင် မမှန်ဘူး။ အမှတ် (၄)က မှန်တယ် (ဝိ၊ဋ္ဌ၊၁၀၇)။ သူသူငါငါတို့ မက်တဲ့ အိမ်မက်တွေက အမှတ် (၁) နဲ (၂) ဖြစ်ဖို့ များပါတယ်။
အမှတ် (၃)အတွက် မှတ်သားဖွယ် ဖြစ်ရပ်တစ်ခု ..
သီဟိုဠ်ကျွန်း ရောဟဏမြို့၊ နာဂ.မဟာဝိဟာရကျောင်း နာ ယက မထေရ်ဟာ သံဃာကို မပန်ကြားဘဲ ကျောင်းဝင်းထဲက ကံ့ကော်ပင်ကို ခုတ်ပစ်တော့ သစ်ပင်စောင့်နတ် စိတ်ဆိုးပြီး အိမ်မက်မှန်နဲ့ ဖြားယောင်းပြီး “ရ-ရက်ကြာရင် ဘုရင် သေမယ်’လို့ မမှန် အိမ်မက် ထပ်ပေးတာကို မထေရ်က ယုံပြီး လူတွေကို ပြောတော့ ဘုရင် သိသွားပြီး အိမ်မက် မမှန်တဲ့ အခါ ဘုရင်က မမှန်တာကို ပြောတယ်ဆိုပြီး မထေရ်ရဲ့ လက် ခြေတွေကို ဖြတ်ပစ်တယ် (သာရတ္ထ-ဋီ၊၂၊၃၁၂)။
အိမ်မက် မက်သူ
ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေမှာ ဝိပလ္လာသ ၁၂-ပါးကို မပယ်နိုင်သေးလို့ အိပ်မက် မက်တယ်။ ဝိပလ္လာသ ၁၂-ပါးလုံးကို ပယ်ပြီး ဖြစ်လို့ ရဟန္တာတွေ အိပ်မက် မမက် တော့ဘူး (ဝိ၊ဋ္ဌ၊၂၊၁၀၇)။
နိုးနေစဉ်နဲ့ နှစ်ခြိုက်စွာ အိပ်ပျော် နေစဉ်မှာ အိမ်မက် မ မက်ဘူး။ မျောက် အိပ်သလို အချိန်တိုတိုနဲ့ အိပ်မပျော့တပျော် အချိန်မှာ အိပ်မက် မက်တယ် (မိလိန္ဒ၊၂၈၉)။
အကျိုးအပြစ်
အိမ်မက်ထဲက လုပ်ဆောင်ချက်ကြောင့် အကျိုးအပြစ် ဖြစ်သ လား ဆိုတော့ “အိမ်မက်ထဲက ကုသိုလ် (ဥပမာ အလှူပေး စ သည်)၊ အကုသိုလ် (သူ့သက်သတ် စသည်)တွေဟာ စေတနာ အားနည်းလို့ ပဋိသန္ဓေကျိုး မပေးနိုင်။ အခြား ကုသိုလ် အကု သိုလ်ကံတွေ ထောက်ပံ့မှုနဲ့ ပဝတ္တိ အကျိုးကိုတော့ ဖြစ်စေနိုင် တယ် (ဝိ၊ဋ္ဌ၊၂၊၁၀၉)’လို့ ဆိုပါတယ်။
ဝိပလ္လာသ ၁၂-ပါး
ခန္ဓာ ၅-ပါးကို တလွဲမြင်တဲ့ ဝိပလ္လာသတရား ၁၂-ပါးရှိတယ် ..
“အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အနတ္တကို အတ္တ၊ အသုဘကို သုဘ’လို့ ယူလွဲ (ဒိဋ္ဌိဝိပလ္လာသ ၄)။
“အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အနတ္တကို အတ္တ၊ အသုဘကို သုဘ’လို့ မှတ်လွဲ (သညာဝိပလ္လာသ ၄)။
“အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အနတ္တကို အတ္တ၊ အသုဘကို သုဘ”လို့ သိလွဲ (စိတ္တဝိပလ္လာသ ၄)။
မဂ်နဲ့ ပယ်ပုံ
သောတာပန် ဖြစ်ရင် ဒိဋ္ဌိဝိပလ္လာသ ၄-ပါး၊ “အနိစ္စကို နိစ္စ၊ အနတ္တကို အတ္တ’လို့ မှတ်လွဲတဲ့ သညာဝိပလ္လာသ ၂-ပါး၊ “အနိစ္စ ကို နိစ္စ၊ အနတ္တကို အတ္တ’လို့ သိလွဲတဲ့ စိတ္တဝိပလ္လာသ ၂-ပါး၊ ပေါင်း ၈-ပါးကို ပယ်တယ်။ သကဒါဂါမ် ဖြစ်ရင် “အသုဘကို သုဘ’လို့ မှတ်လွဲတဲ့ သညာဝိပလ္လာသ ၁၊ “အသုဘကို သုဘ လို့ သိလွဲတဲ့ စိတ္တဝိပလ္လာသ ၁၊ ပေါင်း ၂-ပါးကို ခေါင်းပါးစေ နည်းစေတယ်။
အနာဂါမ်ကတော့ “အသုဘကို သုဘ”လို့ မှတ်လွဲတဲ့ သညာဝိပလ္လာသနဲ့ “အသုဘကို သုဘ’လို့ သိလွဲတဲ့ စိတ္တဝိပလ္လာသ၊ ပေါင်း ၂-ပါးကို အကြွင်းမဲ့ ပယ်တယ်။ ဘဝတဏှာ မ ကုန်သေးလို့ “ဒုက္ခကို သုခ”လို့ မှတ်လွဲတဲ့ သညာဝိပလ္လာသနဲ့ “ဒုက္ခကို သုခ”လို့ သိလွဲတဲ့ စိတ္တဝိပလ္လာသ၊ ပေါင်း၂-ပါးကို မပယ်နိုင်။ သောတာပန်ပယ် ၈-မျိုးနဲ့ ပေါင်းရင် အနာဂါမ်ဟာ ဝိပလ္လာသ ၁၀-ပါးကို ပယ်နိုင်တယ်။ ရဟန္တာ ဖြစ်မှ ‘ဒုက္ခကို သုခ’လို မှတ်လွဲတဲ့ သညာ ဝိပလ္လာသနဲ့ “ဒုက္ခကို သုခ”လို့ သိလွဲတဲ့ စိတ္တဝိပလ္လာသ ၂-ပါးကို ပယ်နိုင်တယ်။
အဖြေ
အချို့ အဝက်သော ဝိပလ္လာသတရားတွေကို ပယ်ပြီး ဖြစ်လို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာ ပုဂ္ဂိုလ်တွေ အိမ် မက်ဆိုးတော့ မမက်တန်ရာဘူး။ တရားနာတာ တရားဟော တာ၊ ရတနာသုံးပါးရဲ့ ဝေယျာဝစ္စ ဆောင်ရွက်တာ၊ ဗုဒ္ဓဘုရားနဲ့ တွေ့တာလိုမျိုးတွေ ဖြစ်နိုင်တယ်။ ဝိပလ္လာသကို ပယ်နိုင်တဲ့ အ ဆင့်အလိုက် အိမ်မက် မက်တာလည်း နည်းသွားဖွယ် ရှိတယ်။ (မေးခွန်းအမှတ်-၅၈၊ ပေါင်းချုပ်၊ စာ-၂၂၄ လည်းရှု)။
ဇန်နဝါရီ ၁၅၊ ၂၀၁၇။
---
၅၄၉။ ပစ္စေကဗုဒ္ဓါ
ဘုန်းဘုန်း ဘုရား၊ ပစ္စေကဗုဒ္ဓါ အကြောင်းကို သိလိုပါသည်။ ဂေါတမ မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါ ဘယ်လို ထူးပါသလဲ။ လူတိုင်း ပစ္စေကဗုဒ္ဓါ အဖြစ်ကို ဆုတောင်းနိုင်ပါသလား၊ ဖြေ ကြားပေးစေလိုပါသည် ဘုရား။
နန်းဆုလှိုင် (ဓမ္မစကူးလ်)
---
ပါရမီဖြည့်
“ပစ္စေကဗုဒ္ဓါ”ဆိုတာ သစ္စာတရားကို အသီးအခြား ထိုးထွင်း သိမြင်သူလို့ အဓိပ္ပာယ် ရတယ်။ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်။ သမ္မာသမ္ဗုဒ္ဓ လောင်းလျာတွေလို ပညာ အ ထူးပြု၊ သဒ္ဓါအထူးပြု၊ ဝီရိယ အထူးပြုလို့ သုံးမျိုးရှိရင် ပညာ အထူးပြု ပစ္စေကဗုဒ္ဓါ လောင်းလျာအဖို့ နှစ်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းအောက် လျော့တဲ့ ပါရမီနဲ့ မဖြစ်နိုင်။ သဒ္ဓါနဲ့ ဝီရိယအ ထူးပြု ပစ္စေကဗုဒ္ဓါ လောင်းတွေကတော့ ပညာအထူးပြုထက် နှစ် ကမ္ဘာ သုံးကမ္ဘာ ပိုပြီး ပါရမီ ဖြည့်ရတယ် (ထေရဂါထာ၊ဋ္ဌ၊၁၊၁၁)။
ဗျာဒိတ်
သမ္မာသမ္ဗုဒ္ဓ လောင်းလျာတို့ ဗျာဒိတ်ရကြောင်း ရှစ်ပါးက .. လူ သားဖြစ်ခြင်း၊ ယောက်ျား ဖြစ်ခြင်း၊ အရဟတ္တဖိုလ်ကို ရနိုင်တဲ့ ဥပနိဿယ (အထောက်အပံ့) ရှိခြင်း၊ သမ္မာသမ္ဗုဒ္ဓဘုရား တစ် ဆူကို ဖူးတွေ့ရခြင်း၊ ကံကံရဲ့ အကျိုးကို ယုံကြည်တဲ့ ရသေ့ ရဟန်း ဖြစ်ခြင်း၊ ဈာန်ကို ရနေခြင်း၊ အသက်စသည်ကို စွန့်၍ ဆုတောင်းခြင်း၊ ဘုရား ဖြစ်ရန် ပြင်းပြတဲ့ ဆန္ဒရှိခြင်း။ ပစ္စေကဗုဒ္ဓါတို့ ဗျာဒိတ်ရကြောင်းလည်း အဲဒီ ရှစ်ပါးပါပဲ။ ဒါပေမယ့် သမ္မာသမ္ဗုဒ္ဓဘုရားကို သာမက “သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ ဗုဒ္ဓသာဝက” တစ်ဆူဆူကို တွေ့ပြီး ဆုတောင်းရင် ပြည့် စုံနိုင်တယ် (အပဒါန၊ဋ္ဌ၊၁၊၁၅၈)။
ပွင့်ချိန်
နောက်ဆုံး ဘဝမှာ သမ္မသမ္ဗုဒ္ဓ လောင်းလျာတို့က ခတ္တိယနဲ့ ဗြာ ဟ္မဏမျိုးသာ ဖြစ်တယ်။ ပစ္စေကဗုဒ္ဓါတို့က ခတ္တိယ၊ ဗြာဟ္မဏ နဲ့ ဂဟပတိမျိုးတွေမှာ ဖြစ်နိုင်တယ်။ သမ္မာသမ္ဗုဒ္ဓတို့က ဝိဝဋကပ် (ဖြစ်ဆဲ ကမ္ဘာ)မှာသာ ပွင့်၍ သံဝဋကပ် (ပျက်ဆဲ ကမ္ဘာ) မှာ မပွင့်။ ပစ္စေကဗုဒ္ဓါတို့လည်း ဝိဝဋကပ်မှာသာ ပွင့်ပေမယ့် ဗုဒ္ဓတစ်ဆူ ဆူရဲ့ သာသနာ ထွန်းကားဆဲမှာ မပွင့်၊ သာသနာ ကွယ်နေချိန်မှာသာ ပွင့်တယ် (အပဒါန၊ဋ္ဌ၊၁၊၁၅၉)။ မာတင်္ဂ ဘွဲ့အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါဟာ လောကမှာ ဂေါတမ ဗုဒ္ဓ ပွင့်တော်မူပြီလို့ နတ်တွေ ပြောဆိုသံကို ကြားရတော့မှ မိမိသက်တမ်း ကုန်ကြောင်း သိပြီး ပရိနိဗ္ဗာန်စံတယ် (အပဒါန၊ဋ္ဌ၊၁၊၂၂၂)။
စွမ်းရည်
သမ္မာသမ္ဗုဒ္ဓက သစ္စာဓမ္မကို ကိုယ်တိုင်လည်း သိ၊ သူတစ်ပါးကို လည်း သိစေနိုင်။ ပစ္စေကဗုဒ္ဓါတို့က ကိုယ်တိုင်သာ သိပြီး သူ တစ်ပါးတို့ကို မသိစေနိုင်။ မိမိ အိပ်မက်ကို ပြန်မပြောနိုင်သူနဲ့ တူတယ်။ အဘိညာဉ် ငါးပါး၊ သမာပတ် ရှစ်ပါး၊ ပဋိသမ္ဘိဒါ လေးပါးနဲ့ ပြည့်စုံတယ်။ မင်းသားနဲ့ အမတ်တွေ ပစ္စေကဗုဒ္ဓါထံ မှာ ရဟန်းပြုတာတွေ ရှိတယ်။ သင်္ကန်း ဝတ်ရုံပုံ နေထိုင်ပုံတွေ ကို ပြောပြပေမယ့် သိက္ခာပုဒ် ပညတ်ပြီး ဥပသမ္ပဒ ရဟန်း အ ဖြစ်ကို မပြုပေးနိုင် (သုတ္တနိ၊ဋ္ဌ၊၁၊၈၂)။
ဘယ်မှာနေ
ဟိမဝန္တာ တောင်တန်းတွေမှာ ပါဝင်တဲ့ ဂန္ဓမာဒနတောင်ရဲ့ နန္ဒမူလက မည်တဲ့ လျှိုမြောင်ထဲမှာ ဂူသုံးခု ရှိတယ်။ အဲဒါ ပစ္စေကဗုဒ္ဓါတို့ရဲ့ ကျောင်းတော်ပါပဲ။ သုံးဂူအနက် ပတ္တမြားရောင် ဂူရဲ့ ရှေ့မှာ မဉ္ဇူသက ခေါ်တဲ့ ထူးခြားပြီး ပန်းမျိုးစုံ ပွင့်တဲ့ ပန်းပင် ကြီး ရှိတယ်။ အဲဒီ ပန်းပင်အောက်မှာ ပစ္စေကဗုဒ္ဓါတွေ စုဝေး ကြတယ်။ ပစ္စေကဗုဒ္ဓါတွေ ပွင့်တဲ့ အချိန်မှာပဲ ဒီပန်းပင်ကြီး ရှိ ပြီး ကျန်တဲ့ အချိန်မှာ မရှိဘူး (သုတ္တနိ၊ဋ္ဌ၊၁၊၅၉)။
အများကြီး
ပစ္စေကဗုဒ္ဓါတွေက သမ္မာသမ္ဗုဒ္ဓတို့လို တစ်ဆူတည်း ပြိုင်ဖက်မဲ့ ပွင့်တာမျိုး မဟုတ်။ ပဒုမဒေဝီရဲ့ သားငါးရာ တစ်ပြိုင်နက် ပစ္စေကဗုဒ္ဓါ ဖြစ်သွားတာ၊ မဟာကပ္ပိနမင်း ဝတ္ထုမှာ ပစ္စေကဗုဒ္ဓါ တစ် ထောင် ဆုံကြတာတွေကို ကြည့်ရင် တစ်ခါတစ်ရံ တစ်ပါး တည်း ပွင့်ပေမယ့် တစ်ခါတစ်ရံ ရာထောင်ချီ ပွင့်တယ်လို့ ဆို နိုင်တယ်။
အဖြေ
ဂေါတမ မြတ်စွာ ဘုရားဆိုတာ သမ္မာသမ္ဗုဒ္ဓ ဘုရားဖြစ်လို့ ပစ္စေကဗုဒ္ဓါနဲ့ ထူးခြားပုံကို ပြောပြထားတဲ့ အတိုင်း သိပါ။ သမ္မာသမ္ဗုဒ္ဓ ဖြစ်မယ့် ပါရမီကို ဖြည့်နိုင်သူတိုင်း သမ္မာသမ္ဗုဒ္ဓ ဖြစ်ခွင့်ရှိသလို ပစ္စေကဗုဒ္ဓါ ဖြစ်နိုင်တဲ့ ပါရမီကို ဖြည့်နိုင်သူတိုင်း ပစ္စေကဗုဒ္ဓါ အဖြစ်ကို ဆုတောင်းခွင့် ရှိတာပေါ့။ ယောက်ျား ဘဝနဲ့ ဗျာဒိတ်ခံရပေမယ့် ပါရမီဖြည့် ဆုတောင်းချိန်မှာ မိန်းမ ယောက်ျား မခွဲခြားပါဘူး။
ဇန်နဝါရီ ၁၆၊ ၂၀၁၇။
ပဗ္ဗဇိတ ပရိဘောဂေါ ဟိ အာဂါရိကာနံ စေတိယဋ္ဌာနိယော။
ရဟန်း အသုံးအဆောင်သည် လူဝတ်ကြောင်များ အဖို့ စေတီ (ဝိ၊ဋ္ဌ၊၂၊၆၇)။
အရာ၌ တည်၏။
---
၅၅၀။ အမျက်ဖြေကဗျာ
ဆရာတော် ဘုရား “သူတည်းတစ်ယောက်” အစချီတဲ့ “အမျက်ဖြေကဗျာ’ ဖြစ်ပေါ်လာပုံနဲ့ အဲဒီ ကဗျာရဲ့ အဓိပ္ပာယ်ကို ရှင်းပြ ပေးစေလိုပါသည် ဘုရား။
(ရွှေအိမ်စည်)
---
မင်းခစား
မြန်မာနှစ် ၄၇၀-၅၄၀ ခန့်မှာ .. အလောင်းစည်သူမင်းရဲ့ သားကြီး မင်းရှင်စောကို သားငယ် နရသူ (ကုလားသတ်လို့ သေတဲ့ အတွက် ကုလားကျမင်းလည်း ခေါ်)က အဆိပ်ခပ်သတ်ပြီး မင်းပြု၊ နရသူကို ဆက်ခံတဲ့ ၎င်းရဲ့သားကြီး မင်းယဉ် နရသိင်္ခ မင်းက ညီဖြစ်သူ နရပတိစည်သူရဲ့ မိဖုရားကို လုယူပြန်တော့ ညီက အစ်ကိုကို သတ်ပြီး မင်းလုပ်တယ်။ နရပတိစည်သူက လူကြမ်းဆိုတော့ သူ့အစ်ကိုကို ငယ်စဉ်က ထိန်းစောင့်ခဲ့တဲ့ အ ထိန်းတော်ကိုပါ ချမ်းသာ မပေးဘဲ သတ်ပစ်တယ်။ အထိန်း တော်ရဲ့ အမည်က မြန်မာလို “အဆုံးမဲ့နေ သို့မဟုတ် အနှိုင်းမဲ့ ရဲရင့်သူ”လို့ အဓိပ္ပာယ်ရတဲ့ “အနန္တသူရိယ”။
သေအံ့ဆဲတွင်
လူသတ်သမားတွေ လက်ထဲ သေအံ့ဆဲဆဲ အနန္တသူရိယရဲ့ စိတ် ထဲ .. အလောင်းစည်သူမင်း ပေးလို့ မိမိ (အနန္တသူရိယ) ဝတ် ထားတဲ့ မင်းသားဝတ် ဒုယင် ဝတ်ရုံကို မင်းရှင်စောက ချွတ် ခိုင်းတဲ့အခါ ဘခင် စိတ်ဆိုးပြီး မင်းရှင်စော အကျဉ်းချခံရ၊ ကျန်းမာ ဖြစ်နေတဲ့ ဘခင်(အလောင်းစည်သူ)ကို နရသူက အ ဝတ်နဲ့ ဖိသတ်၊ နရသူကပဲ အစ်ကို မင်းရှင်စောကို အဆိပ်ခပ် သတ်၊ နရသူပဲ ကုလား သတ်ခံရလို့သေ၊ နရပတိစည်သူက မိမိအရှင် မင်းယဉ် နရသိင်္ခကိုသတ်၊ နောက်ဆုံး မိမိအလှည့် .. ဒါတွေ ဆင်ခြင်မိရာက အောက်ပါ ကဗျာ ၄-ပိုဒ်ကို မသေခင် ရေးပြီး နရပတိစည်သူကို ပေးဖို့ မှာတယ် ..
တုံ့မယူလို
၁။ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
၂။ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည် ရေပွက်ပမာ တစ်သက်လျာတည်း။
၃။ ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း မလွတ်ကြမ္မာ လူတကာတို့ ခန္ဓာခိုင်ကျည် အတည်မမြဲ ဖောက် လွှဲတတ်သည် မလွတ်စသာ သတ္တဝါတည့်။
၄။ ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက် သံသာစက်၌ ကြိုက်လတ်တုံမူ တုံ့မယူလို၊ ကြည်ညို စိတ်သန် သခင်မွန်ကို ချန်ဘိစင်စစ် အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည့် (မှန်နန်း ၁၊ ၃၁၀)။
အဓိပ္ပာယ်ချုပ်
“သူတည်းတစ်ယောက်’အပိုဒ်ကို သက်ဦးဆံပိုင် ဘုရင်ခေတ်မှာ လက်ဦးသူ ကောင်းစားဖို့ ခံရသူက ပျက်ပေးရတယ်လို့ အနိမ့် ဆုံးအဆင့် အဓိပ္ပာယ်နဲ့ ဘုန်းကြီး ဆိုချင်တယ်။ ဘာလို့ဆို မြန် မာ ရာဇဝင် ဖြစ်ရပ် အများစုဟာ ကြမ်းတမ်းတယ်။ ရှေ့က နန်းလျာ ၄-ဦးလုံး သူငယ်စဉ်မှာပင် ကွယ်လွန်ကုန်လို့ ဘုရင်မ ဖြစ်လာတဲ့ ဝိတိုရိယ မင်းသမီးရဲ့ ကံကြမ္မာနဲ့ မတူဘူး။ နိပါတ် တော်မှာ ဘုရားလောင်းမျောက်မင်းဟာ ခါးမှာ ကြိုးချည်ပြီး မျောက်မျိုးကို ပေးဆပ်သလို ယေရှု ခရစ်တော်က သူ့အသက် သွေးနဲ့ လူသား လောကကို ကယ်တင်သွားခဲ့တာတွေလည်း ဒီ အပိုဒ်မှာ ပါခွင့် ရှိတာပါပဲ။
ပိုဒ်-၂ ... ရွှေနန်း ရွှေပလ္လင်နဲ့ ခမ်းနားစွာ ခံစားရပေမယ့် မင်းချမ်းသာဆိုတာ ရေပွက်လို ခဏပါပဲ။ ပိုဒ်-၃ .. သခင် (နရပတိစည်သူ) သနားလို့ ပြန်လွှတ်ပေးရင်လည်း သတ္တဝါဆိုတာ သေမျိုးပါ။ ပိုဒ်-၄ .. သံသရာမှာ သခင်နဲ့ တစ်ဖန် ဆုံဖြစ်ခဲ့ရင် ပြုတုံ့ မပြုလို၊ သခင်မွန်ကို ချစ်စိတ်နဲ့ ခွင့်လွှတ်ပါတယ်၊ ခန္ဓာ ဆိုတာ အနိစ္စပါပဲ။
အမျက်ပြေ
ယမ်းအိုးလို စိတ်ထားရှိတဲ့ နရပတိစည်သူဟာ .. သတ်ပြီးမှ ပြ ရကောင်းလား ဆိုပြီး ကဗျာကို ယူလာတဲ့ လူသတ်သမားတွေ ကိုပါ သတ်ပစ်တယ်။ မင်းယဉ် နရသိင်္ခကို သတ်နိုင်တဲ့ ကျေး ဇူးရှိသူ အောင်စွာငယ်ကိုလည်း ပေးတာကို မယူဘဲ ‘ထွီ’လို့ မလေးမစား လုပ်တဲ့အတွက် သတ်ပစ်တယ်။ အဲဒီလို ထစ်ကနဲ ဆို သတ်ပစ်တတ်တဲ့ နရပတိစည်သူဟာ ဒီကဗျာကို ဖတ်ပြီး နောက်မှာ “ငါက သတ်စေ ဆိုပေမယ့် ချက်ခြင်း မသတ်ဘဲ စစ်ဆေး၊ သေတန်မှ သေစေ’လို့ ကိုယ့်ကိုယ်ကို ပြုပြင်သွားတဲ့ ပြင် ရေတွင်း ရေကန် ဘုရား စေတီတည်ပြီး ကုသိုလ် ကောင်း မှုတွေလည်း ပြုသွားနိုင်ခဲ့တယ်။ ဒါတွေဟာ ဒီအမျက်ဖြေကဗျာ ရဲ့ သက်ရောက်မှု တစ်စိတ် တစ်ဒေသ ဖြစ်တယ်လို့ ဆိုနိုင်တန် ကောင်းပါတယ်။
ဇန်နဝါရီ ၂၂၊ ၂၀၁၇။
---
၅၅၁။ မိန်းမဘုရား မရှိငြား
ဆရာတော်ဘုရား၊ မိန်းမ ဘုရားဖြစ်ခွင့် မရှိတာ၊ ခုခေတ် မိန်းမ တွေကို ရဟန်း အဖြစ်နဲ့ မတွေ့ရတာ၊ မိန်းမ မတက်ရလို့ ကန့် သတ်တာ၊ မိန်းမကို နှိမ့်ချရေးထားတဲ့ ကဗျာတွေကို ထောက်ပြ ပြီး “ဗုဒ္ဓဝါဒမှာ မိန်းမ ယောက်ျား ခွဲခြားမှု ရှိနေတယ်”လို့ လူ့ အခွင့်အရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုမှာ မြန်မာတစ်ဦး ဟောပြောသွားပါတယ်။ ထိုလူရဲ့ ပြောဆိုချက် မှန်ပါသလား၊ ရှင်းပြ ပေးစေလိုပါသည် အရှင်ဘုရား။
လင်းဦး (ဒဂုန်ရိပ်သာ)
---
ချိုးဖောက်စေ
ဒကာတစ်ဦး ဆိုဖူးတာကို အရင် ဖောက်သယ်ချမယ် ... “လူ့ အခွင့်အရေး ခေါင်းစဉ်နဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးလိုက် တာနဲ့ ဘာသာရေး ဥပဒေ ပြဋ္ဌာန်းခွင့် ရသွားပြီး အမျိုးသမီး တွေ ခေါင်းမြီး ခြုံ၊ ကား မမောင်းရ၊ လင်ငယ်နေရင် တွင်းထဲ မြုပ်ပြီး သေတဲ့ထိ ခဲနဲ့ ဝိုင်းပစ်၊ ဘာသာ ပြန့်ပွားဖို့ စစ်တိုက်၊ ဘာသာ မတူသူတွေရဲ့ ဘုရားကျောင်း အလိုမရှိ၊ တစ်ကမ္ဘာလုံး တို့ဘာသာပဲ ရှိရမယ် ဆိုတာတွေကို ခွင့်ပြုသလို ဖြစ်သွားလို့ လူ့အခွင့်အရေးကပဲ လူ့အခွင့်အရေးကို ချိုးဖောက်အောင် အား ပေးသလို ဖြစ်နေတယ်တဲ့။
သူ့အဆိုမှာ အစွဲအယူ အခြေခံတစ်ခု ရှိနိုင်ပေမယ့် သူ့ရည် ညွှန်းချက်မျိုး ကျမ်းမြတ်မှာ တကယ်ပါရင် မမျှတတဲ့ လူ့အခွင့် အရေး ဖြစ်နိုင်လို့ စဉ်းစားစရာ ရှိတာလည်း အမှန်ပါပဲ .. အတ္တဗဟိုပြု စဉ်းစားကြရင်း မိမိကို ထိခိုက်လာတဲ့အခါ ဂလိုဘယ်လိုက်ဖို့ မလွယ်နိုင်ဘူး။ ဗြိတိန်နိုင်ငံ အီးယူက ထွက်ဖို့ မဲ နိုင်တာ၊ ဒိုနယ်ထရန့်လို လူမျိုး သမ္မတ ဖြစ်လာတာတွေဟာ အီဂိုယုံကြည်မှုရဲ့ အရိပ်လက္ခဏာတွေပဲ။ မဲဆွယ်စဉ် ဟောပြော ပွဲ တစ်ခုမှာ ထရန့်က ကျုပ်တို့နိုင်ငံမှာ ကျုပ်တို့နိုင်ငံရဲ့ အလံမှ တစ်ပါး ဘယ်အလံကိုမှ တင်ခွင့် မပေးနိုင်ဘူးတဲ့။
ဘုရားဖြစ်ခွင့်
ဗုဒ္ဓဖြစ်ကြောင်း ပါရမီကို ဖြည့်သူတိုင်း ဗုဒ္ဓဖြစ်နိုင်တယ်။ ကျားမ မခွဲခြားပါဘူး။ ဗုဒ္ဓဟာ ဗုဒ္ဓ မဖြစ်မီက ခွေး၊ မျောက်၊ မြွေ၊ ငါး၊ ငုံးငှက်တွေတောင် ဖြစ်ဖူးဆို မဟုတ်လား။ ဒါပေမယ့် ဗုဒ္ဓဖြစ် မယ့် ဘဝမှာတော့ ယောက်ျားပဲ ဖြစ်တယ်ဆိုတဲ့ သတ်မှတ် ချက် ရှိတယ်။ ဒါလည်း သမ္မုတိ သစ္စာနယ်က လောကသားတို့ ရဲ့ ကန့်သတ်ချက်ရှိတဲ့ နားလည်မှုကြောင့်လို့ပဲ ဆိုရလိမ့်မယ် (ပေါင်းချုပ် ၃၊ ၁၃၉၂ မှာ ရှင်းထားသေးတယ်)။
ဗုဒ္ဓလက်ထက်မှာ ဘိက္ခုနီ (ရဟန်းမိန်းမ)တွေ ရှိခဲ့တာ၊ အဲဒီ ရဟန်းမတွေ ဗုဒ္ဓသိတဲ့ ဗောဓိဉာဏ်ကို ရနိုင်ခဲ့တာ သေချာ ပါတယ်။ ယခု ရဟန်းမ မရှိတော့တာက ဝိနည်း သတ်မှတ် ချက်ကြောင့်ပါ။ ဘုရားပေါ် မိန်းမ မတက်ရဆိုတာ ဂေါပကတွေလုပ်တာပါ။ ဒါလည်း အစဉ်အလာ လွှမ်းမိုးတဲ့ ပတ်ဝန်းကျင်ရဲ့ တောင်းဆိုမှုပဲ ဖြစ်မယ်။ ဗုဒ္ဓဝါဒနဲ့ မပတ်သက်ပါဘူး။
ကျမ်းအဆို
“ကုဏ္ဍလကေသာ” ထေရီမ ဖြစ်လာမယ့် အမျိုးသမီးရဲ့ သူ့ကို သတ်ဖို့ ကြံရွယ်တဲ့ ခင်ပွန်းအပေါ် တဒင်္ဂ အတွင်း မှန်ကန်စွာ ဆင်ခြင် တုံ့ပြန်နိုင်မှုကြောင့် အသက်ချမ်းသာ သွားပုံကို မြင်မိ တဲ့ တောင်စောင့်နတ်က “နေရာတိုင်း ယောက်ျားချည်း ပညာ ရှိတာ မဟုတ်ဘူး၊ မိန်းမလည်း အကျိုးရှိအောင် လျင်စွာ ဆင် ခြင် ဆုံးဖြတ်နိုင်တာပါပဲ (အပဒါန၊၂၊၂၄၂)’လို့ မှတ်ချက် ပြုပါ တယ်။ ဘုရားဟော မဟုတ်တောင် အနည်းဆုံးတော့ နတ် သက်သေ ရှိတယ်လို့ ဆိုရမှာပေါ့။
ဒါကို ရည်ရွယ်ပြီး မန်လည် ဆရာတော်ကြီး ရေးစပ်ပုံက “ယုတ်မြတ်ဟူက ဤလောက၌ မိန်းမယောက်ျား သဘော အားဖြင့် ခြားနားမရှိ သားချစ်သိလော့ သတိပညာ အရင်းသာ တည်း (မဃဒေဝ၊ ပိုဒ် ၃၁၄)”လို့ ဖြစ်ပါတယ်။
အဖြေ
စဉ်းစားစရာတွေကို ချပြပြီးပါပြီ .. လူ့အခွင့်အရေး ဆရာက ပြောတာဆိုပြီး သိပ် အထင်မကြီးပါနဲ့။ ဘယ်လို လူက ဘာ ရည်ရွယ်ချက်နဲ့ ပြောတယ် ဆိုတာလည်း သုံးသပ်ပါအုံး။ ပတ် ဝန်းကျင် တစ်ခုလုံး အညှော်နံ့ မွှန်သွားအောင် ငရုပ်သီး ကြော်တာ၊ လော်ကြီးနဲ့ အော်တာတွေကို လူ့အခွင့်အရေး ချိုးဖောက် တယ်ဆိုရင် လက်ခံနိုင်ပေမယ့် “မိန်းမဘုရား မရှိလို့” ဆိုပြီး ဗုဒ္ဓ ဝါဒအပေါ် လက်ညှိုး ထိုးတာကိုတော့ ငြင်းပါတယ်။
ဇန်နဝါရီ ၂၅၊ ၂၀၁၇။
---
၅၅၂။ ဝိညာဉ်၊ လိပ်ပြာ
ဆရာတော် ဘုရား၊ ဝိညာဉ်၏ အဓိပ္ပာယ်ကို သိလိုပါသည်။ ဝိညာဉ်နဲ့ လိပ်ပြာ မည်သို့ ထူးခြားသည်ကို ဖြေကြားပေးစေလိုပါသည် ဘုရား။
မျိုးဝင်းသိမ်း (ရန်ကုန်)
---
ဝိညာဉ်ကောင်
ဗြဟ္မဏဝါဒအရ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ဟာ အကောင်အနေနဲ့ရှိတယ်။ လိပ်ပြာကောင်လည်း ခေါ်တယ်။ ဒီကောင်က သူသူငါငါကို စီမံစေခိုင်းနေတာ။ ခန္ဓာကိုယ်ပျက်စီးပေမယ့် ဒီကောင် မသေဘူး။ အမြဲတည်တယ်။ မဟာဗြဟ္မာရဲ့ အစိတ်အပိုင်းဖြစ်လို့ ခန္ဓာတိုင်းမှာရှိတဲ့ ဝိညာဉ်ကောင် အတူတူ။ ဈာယကျမ်းအရ ခန္ဓာတစ်ခုမှာ ဝိညာဉ်ကောင်တစ်ခုစီလို့လည်း ဆိုတယ်။ ပရမာဏုမြူမျှသာရှိတယ်။ ခန္ဓာဟောင်းကိုစွန့်ပြီး ခန္ဓာသစ် ရှာဖွေခိုက်မှာ ဆံချည်ကို အစိတ်တစ်ရာစိတ် တစ်စိတ်မျှပဲ တယ်။ ဂျိန်းဝါဒအရ ခန္ဓာကိုယ်ရဲ့ အရွယ်အစားအလိုက် ကောင်လည်း ကြီးနိုင်ငယ်နိုင်တယ်။
တည်နေရာ
နှလုံးသားဟာ ဒီကောင်ရဲ့ အိမ်ပဲ။ မီမံသာကျမ်းအရမူ နှလုံးသားမှ ထွက်လာတဲ့ အကြောမကြီးသုံးခုရဲ့ အကြားရှိ လလိုအရောင်ဝန်းရဲ့အလယ်မှာ လေငြိမ်ရာမှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးလို မတုန်မလှုပ် တည်နေပါသတဲ့။ (အဘယာ ရာမဆရာတော်၊ အဘိဓာန်နိဿယသစ်၊ ၉၁-ဂါထာနဲ့ ၈၆၁- ဂါထာမှာ အကျယ် ရှင်းထားပါတယ်)။
စိတ်ဝိညာဉ်
ဗုဒ္ဓအဘိဓမ္မာအရ ပရမတ္ထတရား လေးပါးမှာပါတဲ့ သိစိတ်ကို ဝိညာဉ်လို့ခေါ်တာ။ သက်ရှိလောကတစ်ခုလုံး သိစိတ်ဝိညာဉ်ကြောင့် လှုပ်ရှားနေတာ။ သက်ရှိလောကရဲ့ ဆန်းပြားမှုအထွေထွေကို စိတ်ဝိညာဉ်က ဖန်ဆင်းတယ်။ အာရုံတစ်ခုကို သိရာမှာ အာရုံကို ခံစားခြင်းအစု၊ အာရုံကို မှတ်ခြင်းအစု၊ ပြုပြင်စီရင်ခြင်းအစု၊ အာရုံကို သိခြင်းအစုလို့ အစုလေးမျိုး ပါဝင်တယ်။ ဒီအထဲ နောက်ဆုံးဖြစ်တဲ့ အာရုံကိုသိခြင်း စိတ်ဝိညာဉ်အစုက အဓိကဖြစ်ပြီး ကျန်သုံးမျိုးကို ဦးဆောင်တယ်။
ဝိညာဉ်ဖြစ်ပုံ
"မျက်စိ နား နှာ လျှာ ကိုယ် သိခြင်း"ဆိုတဲ့ အာရုံကိုယူနိုင်တဲ့ အကြည်ဓာတ် ၆-မျိုးနဲ့ "အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောတရား"ဆိုတဲ့ အခံအာရုံ ၆-မျိုးတို့ သူ့ဓာတ်နဲ့ သူ့အာရုံ ထိတွေ့တဲ့အခါ မြင်သိ ကြားသိ နံသိ စားသိ တွေ့သိ ကြံသိ ဝိညာဉ်တွေ ဖြစ်ပေါ်တယ်။ အဲဒီဝိညာဉ်တွေကြောင့် အကောင်းအဆိုး ဖြစ်ရပြီး သတ္တလောကကြီး အဖြူအမည်း အနိမ့်အမြင့် စသည် ကွဲပြားခြားနားသွားတယ်။
ဗုဒ္ဓဝါဒအရ ဒီခန္ဓာကိုယ်မှာ တည်မြဲတဲ့ ဝိညာဉ်ကောင်ဆိုတာ မရှိ။ သိစိတ်ဝိညာဉ်ပဲရှိတယ်။ ဒီဝိညာဉ်ဟာ လောကရဲ့ ဖန်ဆင်းရှင်ပါပဲ။ ဒါကြောင့် "စိတ္တေန နီယတေ လောကော လောကကို စိတ်ဖန်ဆင်းတယ်"လို့ မြတ်ဗုဒ္ဓ ဟောတော်မူတယ်။
အဖြေ
ဝိညာဉ်ကို ဝိညာဉ်ကောင် သို့မဟုတ် စိတ်ဝိညာဉ်လို့ အဓိပ္ပာယ် နှစ်မျိုး နားလည်ခွင့် ရှိတယ်။ မေးခွန်းထဲပါတဲ့ လိပ်ပြာ ဆိုတာ ပထမ အဓိပ္ပာယ်နဲ့ တူတယ်။ ဒါကြောင့် လိပ်ပြာကောင်လို့ ဆိုတာပေါ့။ ဒီအဓိပ္ပာယ်က ဗုဒ္ဓဝါဒ မဟုတ်ဘူး။ ဗြဟ္မဏဝါဒသာ ဖြစ်ကြောင်းပါ။
ဇန်နဝါရီ ၂၆၊ ၂၀၁၇။
---
၅၅၃။ သဝေမပါ ကိုးဂါထာ
ဆရာတော် ဘုရား၊ "သဝေမပါ ကိုးဂါထာ"ကို ရွတ်ပွားလျှင် ယာဉ်အန္တရာယ်ကင်းပြီး အသက်ရှည်သည်ဟု မိတ်ဆွေတစ်ယောက်က ပြောလာပါသည်။ သူလည်း အတိအကျမသိပါ။ သို့ဖြစ်၍ ထိုဂါထာကိုးခုကို ရွတ်ပွားလိုပါသဖြင့် ဖြစ်နိုင်လျှင် ဖော်ပြပေးစေလိုပါသည် ဘုရား။
ရှိခိုးဦးတင်လျက် မရှုယဉ် (Las Vegas, NV)
---
သဝေမပါ
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ"ဆိုတဲ့ သရဏဂုံသုံးပါး ပါဠိမှာ သဝေထိုး မပါဘူး။ ဒုတိယမ္ပိ တတိယမ္ပိ.. လို့ သုံးကြိမ်ဆိုလိုက်တဲ့အခါ ကိုးခု သို့မဟုတ် ကိုးကြိမ် ဖြစ်သွားမှာပေါ့။ ဒါကိုပဲ "သဝေမပါ ကိုးဂါထာ"လို့ ဆိုလိုဟန် တူပါတယ်။ ဒီနေရာမှာ "ဗုဒ္ဓ ဓမ္မ သံဃာ"ဆိုတဲ့ သရဏဂုံသုံးပါးကို ရွတ်ပွားဆင်ခြင်တာဖြစ်လို့ "ဂါထာ"ဆိုပေမယ့် "မန္တာန်" သို့မဟုတ် "မန္တရား"လို့ အဓိပ္ပာယ် မယူရင် ပိုပြည့်စုံပြီး အဓိပ္ပာယ်လေးနက်ပါတယ်။
အရှင်မဟာသီလဝံသ (မြန်မာနှစ် ၈၈၀-ခန့်) ရေးတဲ့ ဗုဒ္ဓပ္ပတ္တိပျို့ (ပိုဒ်-၁၊ စာ-၃)မှာ..
"ကပိလသို့၊ နှစ်လခရီး၊ တောကြီးတောင်ခြေ၊ ရောက်ကုန်လေလည်း၊ သဝေမပါ၊ ကိုးဂါထာဟု၊ မြတ်စွာဗုဒ္ဓံ၊ ဓမ္မံသံဃံ၊ သရဏံပီတိ၊ ဂစ္ဆမိကို၊ ရွတ်ဘိနှုတ်ဝယ်၊ သရဇ္ဈာယ်ကာ၊ ဘယာနတ္ထိ၊ ဘေးမရှိသည့်၊ သုခိချမ်းကြည်၊ များကုန်သည်တို့"လို့ တွေ့ရပါတယ်။ ဒါကြောင့် "သဝေမပါ ကိုးဂါထာ"အသုံးဟာ အတော်ရှေးကျတဲ့ သဘောရှိတယ်။
ပျို့စာကိုယ် ဖော်ပြပုံအရ ရာဇဂြိုဟ်က ကပိလဝတ္ထုမြို့ကိုသွားတဲ့ ကုန်သည်တွေ သရဏဂုံသုံးပါးကို ရွတ်ပွားလို့ တောတောင်တွေ ဖြတ်ရပေမယ့် အန္တရာယ်မရှိဘူးလို့ဆိုတယ်။ ဒါကြောင့် သရဏဂုံကို ရွတ်ပွားရင် ယာဉ်အန္တရာယ်ကင်းတယ်လို့ ဆိုတာဖြစ်မယ်။
သရဏဂုံအင်း
တောင်တွင်းဆရာတော် ခင်ကြီးဖျော် (မြန်မာနှစ် ၁၁၂၀-ခန့်) ရေးတဲ့ ကဝေသာရကျမ်းရင်း (ပထမတွဲ၊ စာ-၁၅၇) မှာလည်း သရဏဂုံ ၃-ပါးကို လောကီအစီအရင်နဲ့ အင်းချပြီး အသုံးပြုဖို့ ညွှန်ကြားပုံက..
"၎င်း(သရဏဂုံ) အင်းဆံကား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သံဃံ ထည့်ဆို။ ၎င်းအင်းကို မြင်းသွားသွတ်၍ စီရင်ရာ၏။ ကျိုးကို မဆိုပြီ။ အနန္တတည်း။ အင်းကား ၅-ကွက် ချရမည်" တဲ့။ ငယ်စဉ်က ကိုရင်ဝတ်နဲ့ ဘုန်းကြီးကို စာမေးပွဲဖြေခါနီး မဖျားနာအောင်ဆိုပြီး အဖိုးဆရာကြီး ဦးစာရိန္ဒ (ရဟန်းလူထွက်) "သရဏဂုံအင်း" လုပ်ပေးဖူးတာကို မှတ်မိသမျှ ပြောပြရရင်...
မြင်းသွား
တစ်လက်မခွဲ ပတ်လည်ခန့်ရှိတဲ့ ငွေပြားပေါ်မှာ အလျားလိုက် ၅-ကွက်၊ ဒေါင်လိုက် ၅-ကွက် (အားလုံး ၂၅-ကွက်) ညီအောင် ပေတံချပြီး ကညစ်နဲ့ဆွဲ၊ အဲဒီအကွက်တွေမှာ စစ်တုရင်စားရာမှာ မြင်းသွားသလို "ဗု.ဒ္ဓံ.သ.ရ.ဏံ.ဂ.စ္ဆာ.မိ. ဓ.မ္မံ...ဏံ. ဂစ္ဆ.မိ. သံ.ဃ.သ.ရ.ဏ.ဂ.စ္ဆာ.မိ"လို့ တစ်လုံးစီ မမှားအောင် ရေးထည့်။ အလယ်တည့်တည့် လွတ်နေတဲ့ အကွက်မှာ မွေးနံဂဏန်းကို ထည့်၊ ငွေပြားလေးကို ကြိုးနဲ့ စနစ်တကျ ကျစ်၊ လက်ဖွဲ့လုပ်ပြီး ဆောင်ဖူးတယ်။
လက်ဖွဲ့ကို ပေးပြီး ဆရာကြီး ပြောပုံက "သဝေမပါ ကိုးဂါထာ လိုရာ ဆေးဖော်သုံးဆိုတာ ဒါပဲ"တဲ့။
ယူဆပုံ
အားလုံးဆိုင် နံဂဏန်းလေး ထည့်ရုံနဲ့ ဘာဖြစ်မှာလဲ။ ကိုယ်ထည့်ရင် ကိုယ်နဲ့ပဲ ဆိုင်မှာပေါ့။ အင်း... သင်္ချာဆရာတို့က လောကကို သင်္ချာနဲ့ တည်ဆောက်ထားသတဲ့။ ကွန်ပျူတာပရိုဂရမ်ဆိုတာ ဂဏန်းတွေပဲလေ။ တစ်နည်း "လောကုတ္တရာ ရတနာသည် လောကီပြည့်စုံမှုကိုလည်း ဖြစ်စေနိုင်၏"လို့ သီအိုရီပြုရင် ရနိုင်လေမလား။
"လောကသစ္စံ န သစ္စံ"အရ လောကီပညာဆိုတာ မှန်တာလည်း ရှိမယ်၊ မမှန်တာလည်း ရှိမယ်။ အချို့ဟာတွေကို ဘုန်းကြီးလည်း ဉာဏ်မမီဘူး။
ဇန်နဝါရီ ၂၇၊ ၂၀၁၇။
---
၅၅၄။ လိပ်ပြာခွဲခြင်း
ဘုန်းဘုန်း ဘုရား၊ ဗုဒ္ဓဝါဒမှာ လိပ်ပြာကို မယုံဟု ဆိုသဖြင့် "လိပ်ပြာခေါ်တယ်၊ လိပ်ပြာခွဲတယ်"ဟူသော စကားများမှာ ဗုဒ္ဓဝါဒနှင့် ညီညွတ်ပါသလား ဘုရား။ ဖြစ်နိုင်လျှင် ထိုစကားများ၏ အဓိပ္ပာယ်ကိုလည်း သိလိုပါသည် ဘုရား။
လေးငယ် (တောင်တွင်း)
---
လိပ်ပြာ
ဗြဟ္မဏဝါဒအရ ခန္ဓာကိုယ်ထဲမှာ အတ္တကောင် ဝိညာဉ်ကောင်ရှိပြီး လူသေတဲ့အခါ ဒီကောင်မသေဘဲ ခန္ဓာသစ်ကို ပြောင်းပြီးနေတယ်။ ဒီကိုယ်က ဟိုကိုယ်သို့ ဝိညာဉ်ကောင် ပြောင်းသွားတာကို လောက်လန်းခေါ်တဲ့ သတ္တဝါဟာ ဟိုဖက်မှာ တွယ်မှီရာရပြီးတာနဲ့ ဒီဖက်စွန်းကို လွှတ်သလို ဖြစ်လို့ "လောက်လန်းသဖွယ် ဝိညာဉ်တွယ်"လို့ ဆိုကြတယ်။ လူ့ခန္ဓာပျက်ပြီးနောက် ခန္ဓာသစ်ကိုရတဲ့အခါ ဝိညာဉ်ကောင်ဟာ ကျန်ရစ်တဲ့ မိဘဆွေမျိုးတွေကို မေ့သွား မုန်းသွားသတဲ့။ ဝိညာဉ်ကောင်ကို လိပ်ပြာလို့လည်း ခေါ်တယ်။
ပယောဂ
ပယောဂဆိုင်ရာ သက္ကတကျမ်းတွေကို အခြေခံတာ ဖြစ်ဖွယ်ရှိတဲ့ ကဝေသာရကျမ်း၊ ဆေးအင်္ဂုတ္တိုရ်၊ အင်းအင်္ဂုတ္တိုရ် စတဲ့ ကျမ်းတွေမှာ ပယောဂပညာအကြောင်းကို ကျယ်ဝန်းစွာ ဖော်ပြတယ်။ ကဝေသာရကျမ်း ဖော်ပြတာကို ဖတ်ကြည့်ပါ...
"ကဝေမြောက်စုန်းသည် ကြွက် ယင် ပိတုန်း စသည်တို့ကို အစာကျွေး စေလွှတ်ပြီး လိပ်ပြာကို ကိုယ်က ကွာအောင် ရူးသွပ်အောင် အော်ဟစ်အောင် အမျိုးမျိုး ဖြစ်အောင် လုပ်နိုင်သည် (ကဝေသာရကျမ်း ၁၊ စာ-၁၉)"။
ဖော်ပြပါ ယုံကြည်မှုတွေကို အခြေခံပြီး "လိပ်ပြာခေါ်၊ လိပ်ပြာခွဲ"ဆိုတာတွေ ပေါ်လာပုံရတယ်။
လိပ်ပြာခေါ်
စုန်းစသည်က လူကို မေ့အောင်လုပ်ပြီး ထိုလူ့လိပ်ပြာကို ခေါ်သွား သို့မဟုတ် လိပ်ပြာကို နုတ်ယူသွားတဲ့အခါ ဒီလူဟာ ထိတ်လန့်တာ မကျန်းမာတာ သေတာထိ ဖြစ်နိုင်တယ်။ နတ်ယူသွားတဲ့ လိပ်ပြာကို ပြန်ခေါ်ပုံက... ထမင်းခုနစ်ဆုပ်၊ ဘဲဥပြုတ်တစ်လုံး၊ ရေတစ်ခွက်၊ တစ်ပေခန့်ရှည်တဲ့ ခုနစ်မျှင်ပါတဲ့ ချည်စုနှစ်ခု၊ ယောင်းမတစ်ခုကို ပန်ကန်ပြားမှာ ထည့်ပြီး "စနေသား (ဘယ်သူ)ရဲ့ လိပ်ပြာပြန်လာပါ"လို့ ခေါ်ရင်း လှေကားနဲ့ ဝင်ပေါက်တံခါးတွေကို ခုနစ်ချက်စီ ခေါက်ပြီး အပ်ချည်ကို ထိုသူရဲ့လက်မှာ ချည်ရသတဲ့။
လိပ်ပြာခွဲ
မွေးချင်းတွေထဲက တစ်ယောက် သေဆုံးရင် ယင်းတို့မှာ တစ်ဦးနဲ့တစ်ဦး လိပ်ပြာချင်း ပူးတွဲနေလို့ လိပ်ပြာကို ခွဲပစ်ရတယ်။ မခွဲရင် ကျန်ရစ်သူတွေ နေထိုင်မကောင်း ဖြစ်တတ်တယ်။ သေတဲ့ထိပင် ဖြစ်နိုင်တယ်။ ဒါကို တားဆီးဖို့ လိပ်ပြာခွဲရသတဲ့။ လိပ်ပြာခွဲပုံက... ကွမ်းဆေးလက်ဖက်နဲ့ ပွဲတင်ပြီး ရေထည့်ထားတဲ့ ဇလုံမှာ ကွမ်းသီးခြမ်းခြောက်ခုကို ဆုပ်ကိုင်ပြီး "မည်သူနဲ့ မည်သူ ယနေ့မှစပြီး ပြတ်ပြီ"လို့ ဆိုပြီး ပစ်ထည့်ရတယ်။ ခြောက်ခုလုံး မှောက် သို့မဟုတ် လှန်နေမှ လိပ်ပြာကွဲတယ်။ တစ်ခုလှန်တစ်ခုမှောက်ဆို မကွဲဘူး၊ အားလုံးမှောက် သို့မဟုတ် လှန်တဲ့ထိ ထပ်ပစ်ရတယ်။
အဖြေ
ဗုဒ္ဓဝါဒအရ ဒီခန္ဓာကိုယ်မှာ ရုပ်တရားနဲ့ နာမ်တရားသာ ရှိတယ်၊ လိပ်ပြာကောင် မရှိ။ ဒါကြောင့် “လိပ်ပြာ ခေါ်တယ်၊ လိပ်ပြာ ခွဲတယ်’ဆိုတာ ဗုဒ္ဓဝါဒနဲ့ မပတ်သက်ဘူး။ ဆေးပညာ မထွန်း ကားချိန်က နာမကျန်း ဖြစ်ရင် မှော်ဆရာ ပယောဂ ဆရာတွေ ကို အားကိုးရာမှ ဒီယုံကြည်မှု ဖြစ်လာပုံ ရတယ်။
ဖေဖော်ဝါရီ ၄၊ ၂၀၁၇။
---
၅၅၅။ သံဃာဖက် အခက်ဝေ
ဘုန်းဘုန်း ဘုရား၊ "သံဃာဖက် အခက်ဝေ"ဟု ကြားဖူးပါသည်။ မည်သည့်စာအုပ် ဒါမှမဟုတ် မည်သူက ပြောသည်ဆိုတာကို မသိဘဲ မှတ်မိနေသော်လည်း အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားမလည်ပါသဖြင့် ရှင်းပြပေးစေလိုပါသည် ဘုန်းဘုန်း။
မညွန့်ဝေ
---
မျိုးကြဲလယ်
"သံဃော လောကေ သမုပ္ပန္နော၊ ပုည.က္ခေတ္တံ အနုတ္တရံ။ ကောင်းမှုမျိုးသာ၊ ကြဲချရာ၊ သံဃာရှိခဲ့ပြီ။"
မြတ်ဗုဒ္ဓ ဟောကြားတဲ့အတိုင်း ကျင့်သုံးသူကို "သာဝကတပည့်သား"လို့ ခေါ်ပြီး ထိုတပည့်သား ရဟန်းအပေါင်းကို သံဃာလို့ ခေါ်တယ်။ သံဃာသည်..
၁။ ပရမတ္ထသံဃာ = အရိယာရဟန်း ရှစ်ယောက်နဲ့
၂။ သမ္မုတိသံဃာ = အယူသီလ တူမျှတဲ့ ပုထုဇဉ် အရိယာရဟန်းအပေါင်းလို့ နှစ်မျိုးရှိတယ်။
"သံဃာ"လို့ ဆိုလိုက်ရင် အရှင်ကောဏ္ဍညကစပြီး တစ်သာသနာလုံးရှိ ထိုနှစ်မျိုးသော ရဟန်းအပေါင်းကို ယူရတယ်။ အဲဒီသံဃာကို ကောင်းမှုမျိုးကြဲမယ့် လယ်မြေလို့ တင်စားပြီး ခေါ်ပါတယ်။
"သံဃာဖက် အခက်ဝေ"ဆိုတာ သံဃာနှစ်မျိုးကို ရည်မှန်းပြီး ပူဇော်ရိုသေ ထောက်ပံ့မှု ပြုရင် အခက်အလက် ဝေဆာပြီး ဘဝပင်စည် ကြီးပွားချမ်းသာတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
မေးခွန်းရဲ့ လုပ်နေတဲ့ အာဘော်အရ နည်းနည်း ရှင်းပြဖွယ် ကျန်အုံးမယ် ထင်လို့ ဆက်ဖတ်အုံး..
သံဃာ့ဂုဏ်
"သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။
သီလသမာဓိပညာ သုံးဖြာ အနှစ်မည်။
ဗုဒ္ဓမြတ်စွာ သားသံဃာ ကောင်းစွာ ကျင့်သည်"။
"ကောင်းစွာကျင့်"ဆိုပေမယ့် သီလ သမာဓိကို ထူထောင်ခါစ ပုထုဇဉ်ရဟန်း သာမဏေများအဖို့ အပြောအဆို အနေအထိုင် မသေမသပ် ရှိတတ်တယ်။ ပုထုဇဉ် သမ္မုတိသံဃာဆိုတာ လူက ဖြစ်လာတာပါ။ လူ့သဘာဝအရ စရိုက်အမျိုးမျိုး ကောင်းဆိုးအထွေထွေ ရောနှောနေတာမျိုး။ ဆရာတော်ကြီး၊ ဓမ္မကထိက၊ ရဟန္တာဆိုတဲ့အထိ ဖြစ်လာဖို့ဆိုတာ မထင်မရှား ရဟန်းသာမဏေဘဝက စခဲ့ကြတာချည်း။ ဒါကြောင့် အနှစ်လိုရင် အပွေးအကာက စရတာဖြစ်လို့ ယခုလို အိုင်တီခေတ်မှာ သူတော်ကောင်းနှလုံးသွင်းနဲ့ အလွန်သည်းခံပြီး သာသနာပြုနိုင်မှ တော်ရုံကျပါလိမ့်မယ်။
မီးဘေးရှောင်
အင်္ဂုတ္တရပါဠိတော် (အံ၊၂၊၄၂၈)မှာ "ရာဂမီး ဒေါသမီး မောဟမီး မိဘမီး အိမ်ရှင်မီး အလှူခံမီး (ဒက္ခိဏေယျဂ္ဂ) ထင်းမီး"လို့ မီးခုနစ်မျိုး မြတ်ဗုဒ္ဓ ဟောတော်မူတယ်။
"အလှူခံမီး"ဆိုရာ၌ အလှူဟူသည် ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးတည်း။ အလှူခံဟူသည် ဘိက္ခုသံဃ (ရဟန်းအပေါင်း)တည်း။ ဘိက္ခုသံဃသည် လူတို့အား သရဏဂုံသုံးပါး ငါးပါး ဆယ်ပါးသီလဆောက်တည်ခြင်း၊ မိဘကို လုပ်ကျွေးခြင်း၊ သူတော်ကောင်း သမဏဗြာဟ္မဏတို့ကို ဆည်းကပ်ခြင်း စသည့် ကောင်းမှုများပြုရန် သင်ကြားပေးသောကြောင့် ကျေးဇူးများ၏။ ထိုဘိက္ခုသံဃအား ကဲ့ရဲ့ ဆဲဆိုပြုပြီး မှားယွင်းမိသူသည် ငရဲစသည်၌ ဖြစ်ရ၏။ ထို့ကြောင့် ဘိက္ခုသံဃအား လောင်ကျွမ်းစေတတ်သည့် အလှူခံမီးဟု ဆိုခြင်းဖြစ်၏ (အံ၊ဋ္ဌ၊၂၊၁၆၆)။
ကံဆိုးလို့
ဒါကြောင့် ကြည်ညိုရင် ဆည်းကပ်၊ မကြည်ညိုရင် ရှောင်ရုံပဲ။ နှုတ်သရမ်းရင် အများနားမခံသာတာပဲ အကျိုးရှိမယ်။ ရဟန်းဆိုးနဲ့ ကြုံဆုံမိရင် ယခင် ယခု တစ်ခုခုသော ကံဆိုးကြောင့်လို့ပဲ မှတ်ဗျို့။ ကိုယ့်မှာ သူတော်ကောင်းနှလုံးသွင်းနဲ့ မထိန်းလိုက်နိုင်ရင် သူလို "အဆိုး"ထဲ ပါသွားလိမ့်မယ်။
ကိုယ့်အလုပ်ကိုယ်မလုပ်၊ ကိုယ့်နေရာကိုယ်မနေ၊ ဝိနည်းသိက္ခာ မလေးစားတဲ့ ရဟန်းဆိုးတွေကို အဂ္ဂ.ခန္ဓော.ပမသုတ် (အံ၊၂၊၄၉၅)မှာ မြတ်ဗုဒ္ဓက ပြတ်သားစွာ ဆုံးမထားပြီးသားပါ... "သီလမရှိဘဲ ရှိခိုးခံရင် လှံနှင့် ထိုးခံရသလို၊ လူတွေလှူတဲ့ သင်္ကန်းလည်း သံပူပြား၊ ဆွမ်းလုတ်တွေက ရဲရဲနီတဲ့ သံခဲ"တဲ့။ ဒီသုတ္တန်အဆုံးမှာ ပါရာဇိကကျပြီးတဲ့ ရဟန်းတွေ ကြောက်ရွံ့ပြီး သွေးစိမ်းတောင် အန်ကြသတဲ့။
ဖေဖော်ဝါရီ ရ၊ ၂၀၁၇။
---
၅၅၆။ မောနေယျအကျင့်
အရှင်ဘုရား၊ မောနေယျအကျင့်အကြောင်းနှင့် ထိုအကျင့်ကို မည်သို့ ဖြည့်ကျင့်ရသည်ကိုလည်း သိလိုပါသည် အရှင်ဘုရား။
ယောဂီ
---
တစ်ပါးသာ
"မောနေယျအကျင့်"ဆိုတာ "(ရဟန်း)ဖြစ်ကြောင်းအကျင့်"လို့ အဓိပ္ပာယ်ရတယ်။ လောကမှ လွတ်မြောက်ဖို့ သက်သက်သာ ရည်ရွယ်တဲ့ ရဟန်းအဖြစ်လို့ဆိုရင် ပိုသင့်တယ်။ ဘုရားတစ်ဆူ ပွင့်ခိုက်မှာ "မောနေယျ"အကျင့်ကို ကျင့်သူ ရဟန်းတစ်ပါးသာ ပေါ်ထွန်းတယ်။ တောတစ်ခု၊ ရွာတစ်ရွာ၊ သစ်တစ်ပင်မှာ နှစ်ကြိမ်မနေဘဲ အလွန်ခြိုးခြံရတဲ့ အကျင့်မျိုး။ ကျင့်သုံးပုံ အဆင့်သုံးမျိုးရှိတယ်...
ဥက္ကဋ္ဌ = အဆင့်မြင့်
မဇ္ဈိမ = အလယ်တန်း
မန္ဒ = အငယ်တန်း
အဆင့်မြင့်ကျင့်ရင် ၇-လ၊ အလယ်တန်း-၂နှစ်၊ အငယ်တန်း-၁၆နှစ် ကျင့်ကြတယ်။ မောနေယျအကျင့်ရှင် ပေါ်လာမယ်ဆိုတာ မပေါ်ခင် ၇-နှစ်ကပင် လူတွေထဲမှာတင် သတင်းထွက်နေသတဲ့ (သုတ္တနိ၊ဋ္ဌ၊၂၊၂၁၉)။
အရှင်နာလက
ဂေါတမဗုဒ္ဓလက်ထက်မှာ မောနေယျအကျင့်ကို ကျင့်သွားတဲ့ တစ်ပါးတည်းသော အရှင်မြတ်ပါ။ ကပိလဝတ်နန်းတော်သို့ ကြွလာပြီး မွေးကင်းစ ဗုဒ္ဓလောင်းလျာကို "ဘုရားဧကန်ဖြစ်မယ်"လို့ ဟောကြားတဲ့ သမာပတ်ရှစ်ပါးကိုရသူ (အဋ္ဌ.သမာ.ပတ္တိ.လာဘီ) ဒေဝီလရသေ့ရဲ့ တူအရင်း ဖြစ်ပါတယ်။ ဦးရီးတော်ရသေ့ရဲ့ တိုက်တွန်းချက်နဲ့ ဗုဒ္ဓမပွင့်မီကပင် ရသေ့ပြုပြီး တောထွက်ခဲ့တယ် (ဇာ၊ဋ္ဌ၊၁၊၆၅)။ သုတ္တနိ၊ဋ္ဌ၊၂၊၂၀၂ အရ တိဿရသေ့ရဲ့ တူ။
ဂေါတမဗုဒ္ဓပွင့်တဲ့အခါ ဗုဒ္ဓထံ ရောက်လာပြီး ဓမ္မစကြာသုတ်ကို ဟောပြီးနောက် ၇-ရက်အကြာမှာ မောနေယျအကျင့်ကို နာယူကျင့်သုံးပြီး ရဟန္တာဖြစ်သွားတယ်။ အဆင့်မြင့် (ဥက္ကဋ္ဌ) ကျင့်သူဖြစ်လို့ ရဟန်းပြုပြီး ၇-လအကြာ မတ်တတ်ရပ်ရင်း ပရိနိဗ္ဗာန်စံတယ် (ဇာ၊ဋ္ဌ၊၁၊၆၅)။
မောနေယျမှတ်စု
မြတ်ဗုဒ္ဓဟောကြားတဲ့ မောနေယျအကျင့်ကို ကျင့်သုံးတဲ့ အရှင်နာလကဟာ ဘယ်လိုပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာကို အောက်ပါ ကျင့်စဉ်ကို ဖတ်ရှုပြီး မှန်းဆကြည်ညိုနိုင်ပါတယ်...
ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူပြုရာ၏။ ဆဲရေးခံရသော် စိတ်ဆိုးဒေါသကို ထိန်းရမည်။ ရှိခိုးခံရသော် ထောင်လွှားခြင်း မပြုရာ (၇၀၈-ဂါထာ)။
ဆဲရေးကြသူ ရှိခိုးသူ ထပ်တူပြုလေပါ။
ဆဲရေးခံရ စိတ်ဒေါသ ရှိခိုးမြောက်ကြွ မဖြစ်ရာ။
"သတ္တဝါတို့သည် ချမ်းသာကို အလိုရှိသကဲ့သို့ ငါလည်း ချမ်းသာကို အလိုရှိ၏။ ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့ သတ္တဝါတို့လည်း ချမ်းသာကို အလိုရှိ၏"ဟု မိမိကိုယ်ကို ဥပမာပြုပြီး (သူတစ်ပါး၏ အသက်ကို) မိမိလည်း မသတ်ရာ။ သူတစ်ပါးကိုလည်း မသတ်စေရာ (၇၁၁-ဂါထာ)။
ချမ်းသာမှန်လျှင် လူတိုင်းပင် လိုချင်ကြသည်သာ။
စာနာမရိုင်း ကိုယ့်ကိုနှိုင်း မခိုင်းမသတ်ရာ။
ရေမပြည့်သော အိုးသည် ပေါက်ပက်ခတ်၏။ ရေပြည့်သော အိုးသည် ငြိမ်သက်၏။ လူမိုက်သည် ရေမပြည့်အိုးနှင့် တူ၏။ ပညာရှိသည် ရေပြည့်အိုးနှင့် တူ၏ (၇၂၇-ဂါထာ)။
မပြည့်ရေအိုး ပေါက်ပက်တိုး ပြည့်အိုး ငြိမ်သက်၏။
လူမိုက်လူဆိုး မပြည့်အိုး ပြည့်အိုး ပညာရှိ။
တရားကိုသိသူသည် စောင့်စည်းသောစိတ်ရှိ၏။ တရားကိုသိသူသည် စကားကို များစွာ မပြောဆို။ ထိုပုဂ္ဂိုလ်သည် အရဟတ္တမဂ်ဉာဏ်ကို ရထိုက်၏။ ရလည်းရ၏ (၇၂၉-ဂါထာ)။
တရားဖိတ်ဖိတ် စိတ်သိုသိပ် နှုတ်ဆိတ်ငြိမ်သက်၏။
စောင့်စည်းစိတ်ကြံ သူမြတ်မှန် မဂ်ဉာဏ်ဆိုက်ပေ၏။
မောနေယျအကျင့်အကြောင်းအကျယ်ကို နာလကသုတ် (သုတ္တနိ၊၃၈၅-၃၉၀)မှာ ရှုပါ။
ဖေဖော်ဝါရီ ၉၊ ၂၀၁၇။
၅၅၇။ တန်ခိုးနဲ့ ကံစွမ်းအား
ဆရာတော် ဘုရား၊ အရှင်မောဂ္ဂလ္လာန်ဟာ တန်ခိုးကြီးပါလျက် အဘယ်ကြောင့် ဓားပြတွေ ရိုက်တာကို ခံရပါသလဲ၊ ရှင်းပြပေးစေလိုပါသည် ဘုရား။
ယဉ်ယဉ်အေး
---
ခလုတ်ထိသူ
အရှင်မောဂ္ဂလ္လာန်ဟာ ပါရမီဖြည့်ဆဲကာလ နုစဉ်ဘဝတွေမှာ ကုသိုလ်ဆူးခလုတ်တွေနဲ့ အတော်တိုက်မိခဲ့ပုံရတယ်။ ဘဝတစ်ခုမှာ ဇနီးရဲ့စကားကြောင့် မိဘရင်းတွေကိုတောင် ရိုက်နှက်ဖူးတယ်။ မူလပဏ္ဏာသပါဠိတော်မှာ လာတဲ့ အရှင်မြတ်ကိုယ်တိုင် ပြောပြတဲ့ အခြားဖြစ်ရပ်တစ်ခုက...
တစ်ခါမှာ အရှင်မောဂ္ဂလ္လာန်ဟာ ဗိုက်လေးတယ်လို့ ခံစားရတယ်။ စစ်ကြည့်တော့ မိမိရဲ့ အူထဲမှာ မာရ်နတ်ဝင်ပုန်းနေကြောင်း သိသွားသတဲ့။ ဒါနဲ့ မာရ်နတ်ကို အပြင်သို့ ခေါ်ထုတ်ပြီး အရှင်မြတ်ကိုယ်တိုင် ဒူသီအမည်ရှိ မာရ်နတ်ဖြစ်စဉ်က ကကုသန်မြတ်ဗုဒ္ဓရဲ့ တပည့်ရဟန်းတွေကို မကြားကောင်းမနာသာ ဆဲဆိုဖူးပုံ၊ လူတစ်ဦးကို ပူးဝင်ပြီး အဂ္ဂသာဝကဖြစ်တဲ့ အရှင်ဝိဓူရမထေရ်ရဲ့ ဦးခေါင်းကို ရိုက်ခွဲမိပုံ၊ အဲဒီအကုသိုလ်ကြောင့် ကာလရှည်စွာ ငရဲ၌ ဖြစ်ခဲ့ရပုံတွေကို ပြောပြပြီး မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေကို ဆဲဆိုနှိပ်စက်ရင် ဆင်းရဲနဲ့ ကြုံရမယ်လို့ ဆုံးမတော်မူတယ် (မ၊၁၊၄၁၀)။
"မာနတ်၊ မီးဟာ လူမိုက်ကိုပဲ ရွေးပြီး လောင်တာ မဟုတ်ဘူး။ လူမိုက်ကသာ မီးကို ထိကိုင်လို့ မီးလောင်ခြင်းဖြစ်တယ်။ ဒီလိုပဲ သင်ဟာ မြတ်ဗုဒ္ဓနဲ့ တပည့်သာဝကကို ထိပါးရင် မီးကို ကိုင်တဲ့လူမိုက်လို သင့်ကိုယ်ကိုပဲ လောင်မယ် (မ၊၁၊၄၁၅)"။
ကံအားကြီးလို့
အရှင်မောဂ္ဂလ္လာန် တန်ခိုးကြီးပါလျက် ခိုးသားတွေ ရိုက်ခံရတာနဲ့ ပတ်သက်ပြီး မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့ အမေးအဖြေနဲ့ နားလည်နိုင်တယ်...
မိလိန္ဒမင်း မေး "အရှင်ဘုရား၊ တန်ခိုးအရာ မကြံရာ၊ ကံအရာ မကြံရာလို့ ဗုဒ္ဓဟောကြားပါတယ်။ ဒါဖြင့်ရင် တန်ခိုးကြီးတဲ့ အရှင်မောဂ္ဂလ္လာန်ဟာ သူ့ရဲ့ မကြံနိုင်ကောင်းတဲ့ တန်ခိုးနဲ့ မကြံနိုင်ကောင်းတဲ့ ကံရဲ့ အကျိုးပေးကို ရှောင်ကွင်းပြီး ခိုးသားတွေ ရိုက်မခံရအောင် မတားဆီးနိုင်ဘူးလား"။
အရှင်နာဂသေန ဖြေ "မင်းကြီး၊ လောကမှာ မင်းပြစ်မင်းဒဏ်သင့်သူကို မိဘဆွေမျိုးတွေ မကယ်နိုင်ဘူး။ ဘာကြောင့်ဆို မင်းအာဏာက လွှမ်းမိုးလို့။ ဒီလိုပဲ မကြံစည်နိုင်ကောင်းတဲ့ အရာတွေထဲမှာ ကံရဲ့အရာက ပိုပြီး အားကြီးလို့ အရှင်မောဂ္ဂလ္လာန်ဟာ မိမိရဲ့ ကံထက် အားသေးတဲ့ တန်ခိုးရဲ့ စွမ်းအားနဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးကို မတားဆီးနိုင်ခဲ့ပါဘူး။ အဋ္ဌကထာကျမ်းပြုဆရာကြီး အရှင်မဟာဗုဒ္ဓဃောသစကားနဲ့ဆိုရရင် "ကမ္မဝိပါကော နာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ = ကံ၏အကျိုးပေးကို မည်သူမျှ တားဆီးဖို့ မစွမ်းနိုင်ဘူး (ဝိ၊ဋ္ဌ၊၂၊၄)"။
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇။
---
၅၅၈။ သီလကို ပညာနဲ့ဆေး
ဆရာတော် ဘုရား၊ တပည့်တော်တို့ လူတွေမှာ ဇနီးမယားတွေနှင့် အတူတူ နေသောကြောင့် (မေထုနသံဝါသလို ကာမဂုဏ်ပျော်ရွှင်မှုကို ပြုသောကြောင့်) အပါယ်ငရဲသို့ ရောက်နိုင်ပါသလား၊ သိလိုပါသည် ဘုရား။
အောင်ထွန်းနိုင် (နော်ဝေ)
ပြန်ဖတ်ပါ
အိမ်ထောင်သားမွေးပြုရုံနဲ့ ငရဲမရောက်ကြောင်း တစ်နေရာမှာ ဖြေဆိုပြီးဖြစ်ပါတယ် (မေးခွန်းအမှတ်-၄၅၂ မှာ ပြန်ဖတ်ပါ)။ ဒါပေမယ့် အထက်ပါ မေးခွန်းတစ်ခု ထပ်လာလို့ နောက်ထပ် သုတ္တန်တစ်ခုက ရတဲ့ ဗဟုသုတကို မျှဝေလိုက်ပါတယ်။
မိဂသာလာ
မိဂသာလာအမည်ရှိတဲ့ သာဝတ္ထိမြို့သူက ဆွမ်းခံကြွလာတဲ့ ရှင်အာနန္ဒာကို မေးတယ် "အရှင်ဘုရား အာနန္ဒာ၊ တပည့်တော်ရဲ့ဖခင် ပုရာဏဟာ ဗြဟ္မစာရီ (မေထုန်ရှောင်သူ) ဖြစ်ပြီး အဖိုးဣသိဒတ္တကတော့ အဗြဟ္မစာရီ (မေထုန်မရှောင်ဘဲ မိမိဇနီးနဲ့ ရောင့်ရဲသူ) ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ သကဒါဂါမ်ဖြစ်ပြီး သေလွန်တဲ့အခါ တုသိတာနတ်ပြည်ကို ရောက်တယ်လို့ ဗုဒ္ဓဘုရား ဟောပါတယ်။ ဘာလို့ မေထုန်ရှောင်သူ မရှောင်သူ နှစ်ဦးလုံး လားရာဂတိ တူနေရသလဲ"။
အရှင်အာနန္ဒာက "ဒကာမကြီး၊ မြတ်စွာဘုရားက ဒီအတိုင်းပဲ ဟောပါတယ်"လို့ ဖြေပြီး ပြန်ကြွလာ၊ ဇေတဝန်ကို ပြန်ရောက်၊ အရှင်အာနန္ဒာက မြတ်ဗုဒ္ဓကို မေးလျှောက်တဲ့အခါ...
ပညာနဲ့ ဆေး
"အာနန္ဒာ၊ လောကမှာ လူအချို့ဟာ သီလမပြည့်စုံ၊ ရာဂတွေ ထူပြော၊ စိတ်ပျံ့လွင့်ပေမယ့် မဂ်ဖိုလ်ရကြောင်း လမ်းစဉ်ကို မှန်စွာသိတယ်။ ကြားနာခြင်း (သဝန)၊ အကြားအမြင်များခြင်း (ဗာဟုဿစ္စ)၊ အသိပညာတွေနဲ့ လုပ်သင့်တာကို လုပ်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ တမလွန်ကောင်းတယ်"လို့ မြတ်ဗုဒ္ဓက ရှင်းပြပါတယ် (အံ၊၃၊၃၆၇)။ ဒီပုဂ္ဂိုလ်ဟာ ပညာနဲ့ သီလကို စင်ကြယ်အောင် လုပ်ပြီး ပညာနဲ့ ဆေးကြောထားတဲ့ သီလနဲ့ တရားထူးကို ရနိုင်တယ် (အံ၊ဋ္ဌ၊၃၊၃၂၄)။
"အာနန္ဒာ၊ ဣသိဒတ္တဟာ ပုရာဏရဲ့ သီလမျိုးရှိရင် ပုရာဏထက် သာမယ်။ ပုရာဏဟာ ဣသိဒတ္တရဲ့ ပညာမျိုးရှိရင် ဣသိဒတ္တထက် သာမယ်။ သူတို့နှစ်ယောက်က တစ်ယောက်တစ်မျိုးစီ ယုတ်လျော့နေတယ်။"
အဓိပ္ပာယ်
အဖိုးဟာ ဗြဟ္မစာရီမဟုတ်ပေမယ့် "ကြားနာခြင်း (သဝန)၊ အကြားအမြင်များခြင်း (ဗာဟုဿစ္စ)၊ ဝိပဿနာပညာတွေနဲ့ စိတ်ကို ဆေးကြောပြီး သကဒါဂါမ်ဖြစ်တယ်။ အဖေကျတော့ ဗြဟ္မစာရီကျင့်ပြီး သီလကို မြှင့်ထားပေမယ့် ပညာနဲ့ စိတ်ကို ဆေးကြောရာမှာ လျော့နည်းလို့ သကဒါဂါမ်ဖြစ်တယ်။ တစ်ယောက်အင်္ဂါရပ် တစ်မျိုးစီ ယုတ်လျော့ကြတယ်။
အဖြေ
ဒီသုတ္တန်အရ အိမ်နေသူတစ်ယောက်အဖို့ ငါးပါးသီလအခြေခံ တရားနာခြင်း ဓမ္မစာပေဖတ်ရှုခြင်း ဝိပဿနာတရားအားထုတ်ခြင်းတွေနဲ့ ထိုသီလကို မကျိုးမပေါက်အောင် ထိန်းပြီး ပီတိပါမောဇ္ဇတွေ အဖြစ်များနေရင် တစ်မဂ်တစ်ဖိုလ်နဲ့ မဝေးတဲ့အပြင် "တမလွန်ကောင်းတယ်"လို့ ဆိုနိုင်ရာပါတယ်။
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇။
စပါးနှံ အဆန်ပြည့်၍ ငုံ့၊
လူကုံထံ စိတ်မာန်လျှော့၍ ကျုံ့၊
---
၅၅၉။ စိတ်ကူး အလှမယ်
အရှင်ဘုရား၊ အတွေးစလေးတစ်ခု ပေါ်လာသဖြင့် မေးလျှောက်ခွင့်ပြုပါဘုရား။ ကမ္ဘာ့လူဦးရေ သန်းပေါင်းခုနစ်ထောင်ခန့် (၆.၈၈၄ ဘီလျံ)အနက် သန်းပေါင်းငါးထောင်ကျော်သည် 'ဟာဗြဟ္မာ၊ ယေဟောဝါ၊ အာလာ၊ ထာဝရ' စသော အမည်များဖြင့် သတ္တဝါ ကမ္ဘာမိုးမြေကို ဖန်ဆင်းသူ ရှိသည်။ ၎င်းထံမှာ ဆုတောင်းလျှင် ကောင်းကျိုးရသည်ဟု ယုံကြည်ကြပါသည်။ 'များရာမှန်ကြေး' ဒီမိုကရေစီနည်းအရ အရှင်ဘုရား ဘယ်လို ယူဆသည်ကို ရှင်းပြပေးစေလိုပါသည် ဘုရား။
ဇော်လင်းထွန်း (Richmond, VA)
ဖယ်ပစ်သူ
ပဏ္ဍိတ်နေရူးရေးတဲ့ Glimpses of World History ကျမ်းလာ ဗဟုသုတအရ မြတ်ဗုဒ္ဓပွင့်တော်မူချိန်မှာ တစ်ကမ္ဘာလုံးနီးပါး ဖန်ဆင်းရှင်ကို ယုံကြည်နေကြတာပဲ။ မြတ်ဗုဒ္ဓ ဗောဓိဉာဏ်ကိုရတော့ လူတွေကို "အန္ဓီဘူတော အယံ လောကော လောကကြီး ကန်းစွ"လို့ သုံးသပ်ပြီး "နေတံ ခေါ သရဏံ ခေမံ ဒါတွေဟာ ဘေးကင်းတဲ့ ကိုးကွယ်ရာ မဟုတ်ဘူး"လို့ ကြေညာရင်း "အတ္တာ ဟိ အတ္တနော နာထော = သင်သည်သာ သင့်ဘဝရဲ့ ကိုးကွယ်ရာ"လို့ တန်ခိုးရှင်တွေကို ဖယ်ပစ်တယ်။
အဲဒီအချိန်က ဒီစကားမျိုး ထွက်ပြောတာ မြတ်ဗုဒ္ဓတစ်ဆူသာ ရှိဦးမှာပေါ့။ လူများတိုင်းမှန်အံ့လော... ဘုရားသခင် လာခေါ်ရင် အဆင်သင့် လိုက်နိုင်အောင် အပြင်မထွက်နဲ့လို့ ခေါင်းဆောင်က အမိန့်ပေးတာကို ယုံမိတဲ့လူ ၇၀-လောက် ဘုရားကျောင်းထဲမှာ ကိုယ့်ကိုယ်ကို သတ်သေကြပေမယ့် ဆင်ခြင်တုံ တရားရှိတဲ့ နှစ်ဦး သုံးဦးကတော့ ထွက်ပြေးလို့ အသက် ချမ်းသာသွားတဲ့ ဖြစ်ရပ်ကို စဉ်းစားကြည့်။ ကိုးကွယ်မှုနဲ့ ပတ်သက်ရင် ထိုကိုးကွယ်မှုကြောင့် မဖြစ်ဘဲ ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ပါ အန္တရာယ် ကင်းဖို့ အဓိက မဖြစ်သင့်ချေဘူးလား။
ကြောက်လို့
မြတ်ဗုဒ္ဓက “ကိုးကွယ်မှုအစ အကြောက်တရားက (ဗဟို ဝေ သရဏံ ယန္တိ၊ မနုဿာ ဘယတဇ္ဇိတာ။ ဓမ္မပဒ၊ ၁၁၈-ဂါထာ)” တဲ့။ မြေရေလေမီး ဓာတ်ကြီးလေးပါး ဖောက်ပြန်လို့ ဖြစ်ရတဲ့ တောမီးလောင်၊ မီးတောင်ပေါက်၊ ရေကြီး၊ ငလျင်လှုပ်စတဲ့ ဘာဝအန္တရာယ်တွေနဲ့ ကြုံရတဲ့အခါ အသိပညာ နုနယ်သေးတဲ့ လူတွေရဲ့ နှလုံးသားမှာ အကြောက်တရား လွှမ်းမိုးပြီး ယင်းကို ဖြေဆည်ဖို့ ကြိုးစားတဲ့ အနေနဲ့ သစ်ပင် တောတောင် ဥယျာဉ် ကျောက်တုံးတွေကို ပူဇော် ပသရာကနေ ကိုးကွယ်မှု စတင်ခဲ့ ကြောင်း မြတ်ဗုဒ္ဓ ဟောကြားပါတယ်။
မမြင်ဖူးဘဲ
အဲဒီလို ယုံကြည်သူတွေကို မြတ်ဗုဒ္ဓက “ရေးသူတွေ ကိုယ်တိုင် ဖန်ဆင်းရှင်ကို မြင်လည်း မမြင်ဖူး ဘယ်မှာ ရှိတယ်လည်း မသိဘဲ ယုံရုံ ဆုတောင်းရုံနဲ့ ၎င်းနေတဲ့ ဘုံဌာနကို ရောက်တယ် ဆိုတဲ့ ကျမ်းမြတ်တွေရဲ့ စကားဟာ အခြေအမြစ် မရှိဘူး။ ဥပမာ .. ဘယ်အရပ် ဘယ်လူမျိုး ဘယ်လောက် လှတယ်လို့ မသိ တဲ့ စိတ်ကူးယဉ် အလှမယ်ကို စွဲလမ်းသလို၊ ဘယ်အရပ်မှာရှိ ဘယ်လောက် မြင့် ဆိုတာ မသိတဲ့ စိတ်ကူး ဗိမာန်ကို တက်ဖို့ လှေကား လုပ်နေသလိုပဲ (ဒီ၊၁၊၂၂၂)'လို့ မိန့်ကြားပါတယ်။ စိတ်ကူးထဲက ဖန်ဆင်းရှင်ဆီမှာ ကောင်းကျိုး မျှော်လင့်ချက်နဲ့ မျက်စိ စုံမှိတ် ဆုတောင်းမှု ပြုရင်..
မဖြစ်နိုင်
(“ကျမ်းမြတ်” ဆိုသည်ရဲ့ သင်ကြားမှုကြောင့် လူရာပေါင်းများ စွာ သေကြေအောင် တိုက်မြင့်ကြီးကို လေယာဉ်နဲ့ အသေခံ ဝင် တိုက်သူတွေလို) ဒုစရိုက် သမားတွေအတွက် နိုင်ငံပေါင်း ဘယ် လောက်က ဘယ်မျှ များပြားတဲ့ သူလိုလူတွေ စုပေါင်းပြီး “အ ကြီးမြတ်ဆုံးသော အဖဘုရားသခင် ကောင်းချီ ပေးပါစေ’လို့ တစ်သက်လုံး ဆုတောင်းကြပေမယ့် ရေမှာမြုပ်နေတဲ့ ကျောက် ခဲကို ကမ်းပေါ် တက်လာပါစေလို့ ကမ်းစပ်မှာ ထိုင်ပြီး ဆု တောင်းသူ (သံ၊ ၂၊၅၉၈)၊ သဲကို ဆီကြိတ်သူ ချိုကို နို့ညှစ်သူ (မ၊၃၊၁၈၀) တွေလို ဘာမှ ဖြစ်မလာနိုင်ပါဘူး။
အခါးသီးပဲ
တမာစေ့ ဗူးခါးစေ့တွေဟာ ဒီမြေရေလေနဲ့ ဒီအလင်းရောင်တွေ ကို အမှီပြုပြီး ရှင်သန် ကြီးပွားပေမယ့် စုပ်ယူသမျှ မြေရေလေ အလင်းရောင်တွေဟာ အခါး အရသာကိုပဲ သီးပွင့် ဖြစ်ထွန်းစေ သလို ကျမ်းမြတ် ဆိုသည်က ပေးတဲ့ မူရင်း အတွေးအမြင် အယူအဆ မမှန်ရင် ထိုလူတစ်ယောက် သို့မဟုတ် လူတစ်စုရဲ့ ပြုမူ ပြောဆို ကြံစည်သမျှဟာ ဒုက္ခ အသီးအပွင့်ကိုသာ ဖြစ် ထွန်းစေမယ် (အံ၊၃၊၄၂၈)။
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇။
---
၅၆၀။ ပုထဇဉ်ရဟန်းနှင့် အနာဂါမ်လူ
ဆရာတော် ဘုရား၊ တပည့်တော်ကို တစ်ခုမေးခွင့်ပြုပါ ဘုရား။ ပုထုဇဉ် ရဟန်းကို အရိယာ ဒကာ ဒကာမတွေက ရှိခိုးသင့်တဲ့ အချက် (၃)ချက် ဖြစ်တဲ့ ၁၊ အသွင် နှစ်မျိုး ၂၊ သီလ ၃၊ သာသနာတိုးချဲ့နိုင်မှု .. မှာ ၁၊ အသွင် နှစ်မျိုးကို သိချင်လို့ပါ ဘုရား။
ဒေါ်ဒေါ်လေး (သင်းသင်းဆွေစတိုး၊ ကမ္ဘာအေး)
---
ကျမ်းညှိ
အယူအဆ ကွဲလွဲမှု အနည်းငယ် တွေ့ရလို့ မူရင်း ကျမ်းအဆို ကို ဦးစွာ ကျမ်းညှိ ကြည့်မယ် ..
မြတ်ဗုဒ္ဓ ကပိလဝတ္ထု၊ ဇေတဝန်ကျောင်းမှာ နေစဉ် သာကီ ဝင် အချို့က သောတာပန် အရင် ဖြစ်သူဟာ နောက်မှ ဖြစ်သူ ထက် ကြီးမြတ်လို့ နောက်မှ သောတာပန် ဖြစ်တဲ့ ရဟန်းဟာ အရင် သောတာပန် ဖြစ်တဲ့ လူပုဂ္ဂိုလ်ကို ရှိခိုးရမယ်လို့ ပြောဆို နေတာကို ဆွမ်းခံရဟန်း တစ်ပါးက ကြားသိရလို့ မြတ်ဗုဒ္ဓကို မေးလျှောက်တဲ့အခါ မြတ်ဗုဒ္ဓက “လူဝတ်ကြောင်ဟာ အနာဂါမ် ပင် ဖြစ်နေပေမယ့် ပြုသစ်စ ပုထုဇဉ် ရှင်ရဟန်းကို ရှိခိုးရမယ်” လို့ မိန့်တော်မူတယ်။ ဘာကြောင့် ဆိုရင်..
ဆဋ္ဌမူ
“အညာ ဧဝ ဟိ အယံ ဇာတိ၊ ပူဇနေယျဝတ္ထုလိင်္ဂ = ဤရှင်ရဟိ ဟန်း အဖြစ်သည် (လူ့အဖြစ်နှင့်) တခြားစီသာ ဖြစ်၏။ (ရှင်ရဟန်း အဖြစ်ကား) ပူဇော် အရိုအသေ ပြုခြင်း၏ အကြောင်းဖြစ်သော သွင်ပြင်တည်း (သုတ္တနိ၊ဋ္ဌ၊၂၊၂၆၂)။ ရဟန်းနဲ့ လူ အသွင် မတူ။ ရှင်ရဟန်း အသွင်က ရှိခိုးထိုက်တယ်။ ဒါက ဆဋ္ဌမူ အဋ္ဌကထာ စာသားအရ နားလည်လို့ ရနိုင်တဲ့ အဓိပ္ပာယ်ပါ။
နိဿယ
အထက်ပါ ပါဠိစာပိုဒ်ကို ဆင်ဖြူရှင်မင်း လက်ထက် ဒန့်တိုင် ဆရာတော် အရှင်ဂုဏာလင်္ကာရ ရေးတဲ့ သုတ္တနိပါတ် အဋ္ဌက ထာ နိဿယ (တွဲ ၂၊ စာ-၁၃၆)မှာ ..
“ဟိ ဝိသေသော၊ အထူးကား။ အယံ = ကထာ၊ ဤ ရှိခိုးထိုက်၏ဟု ပြောဆိုကြသော စကားသည်။ ဇာတိပူဇနေယျံ၊ အမျိုးဇာတိအားဖြင့် ပူဇော်ခြင်းငှာ ထိုက်ခြင်း လည်းကောင်း။ ဝတ္ထုလိဂ်၊ အကြောင်း လိင်အသွင်အားဖြင့် ပူဇော်ခြင်းငှာ ထိုက် ခြင်းလည်းကောင်း။ အညာ ဧဝ၊ တစ်ပါးစီသာတည်း”လို့ နိဿယ ပြန်ထားတာကို တွေ့ရတယ်။
အဓိပ္ပာယ်တူ
“ဤရှိခိုးထိုက်၏ ဟူရာ၌ အမျိုးဇာတ်အရ ရှိခိုးထိုက်ခြင်း(နှင့်) အကြောင်း လိင်အသွင်အားဖြင့် ရှိခိုးထိုက်ခြင်း (တို့မှာ) တခြား စီသာ ဖြစ်၏။ အမျိုးဇာတ်အရ ရှိခိုးထိုက်တာနဲ့ သွင်ပြင် အရ ရှိခိုးထိုက်တာ မတူ၊ ရဟန်းဆိုတာ သွင်အပြင်အရ ရှိခိုးထိုက် တာလို့ အဓိပ္ပာယ် ယူနိုင်ပါတယ်။
အဲဒီလို နားလည်မှုအရ ဖော်ပြချက် နှစ်မျိုးလုံးကတော့ “ရှိ ခိုးထိုက်တဲ့ သွင်ပြင်ရှိလို့ ပုထုဇဉ်မျှ ဖြစ်တဲ့ ပြုသစ်စ ရှင်ရဟန်း ကို အနာဂါမ် လူဝတ်ကြောင် ဒကာ ဒကာမတွေပင် ရှိခိုးရ တယ်”ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
အသွင်နှစ်မျိုး
မိလိန္ဒပဉှပါဠိ (စာ-၁၆၃)မှာ ရဟန်းတို့ရဲ့ ပူဇော်ထိုက်တဲ့ ကျင့် (ရဟန်းဂုဏ်ရည်) နှစ်ဆယ်နဲ့ အသွင် နှစ်မျိုး (ဒွေ စ လင်္ဂါနိ)လို့ ဖော်ပြပါတယ်။ အသွင် နှစ်မျိုးက ..
(၁) ကာသာဝ.ဓာရဏံ = ဖန်ရည်စွန်း သင်္ကန်းကို ဝတ်ရုံခြင်း၊
(၂) ပဏ္ဍုဘာဝေါ = ဆံပင်ကို ရိတ်ပယ်ခြင်း။
ဒီလုပ်ဆောင်ချက် နှစ်မျိုးရှိရင် ရဟန်းသွင်ပြင် ဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ရှင်ရဟန်းရဲ့ သွင်ပြင်က ဘာကြောင့် ရှိခိုးထိုက်သလဲ ဆိုရင် ..
ရှိခိုးထိုက်ပုံ
ဥဒေါင်းငှက်ဟာ ဟင်္သာငှက်ရဲ့ ပျံသန်းနှုန်းကို မမီနိုင်သလို လူ ဝတ်ကြောင်ဟာ ရဟန်းရဲ့ အထက်မဂ် အထက်ဖိုလ်ကို ရနိုင်တဲ့ ဝိပဿနာဉာဏ်ရဲ့ မြန်နှုန်းကို မမီနိုင် (သုတ္တနိ၊၃၁၄)’လို့။ ဒီလို ဖြစ်ရတာဟာ “လူ့အဖြစ်က အိမ်ထောင် သားမွေးမှုတွေနဲ့ မြေး ယှက်နေပြီး ရဟန်းသွင်ပြင် ရဟန်းအဖြစ်က ပိုပြီး ကိုယ်စိတ် ဆိတ်ငြိမ် လွတ်လပ်လို့ဖြစ်ပါတယ် (သုတ္တနိ၊ဋ္ဌ၊၂၊၂၆၂) ံ။
မတ် ၇၊ ၂ဝ၁၇။
ရှင်တော်ဘုရား သုံးစုံထားသား သုံးပါးစကြာ သာသနာ တွင် သုံးဖြာပိဋကတ် ပရိယတ်လျှင် မချွတ်ဧကန် ကြောင်း ရင်းမှန်ဟု ... (ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ ပိုဒ်-၁၁၁)
---
၅၆၁။ လူပျိုဘုရား မရှိ
ဆရာတော်ဘုရား၊ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင်တွင် လူပျိုဘုရား တွေ့ရပါ။ ဗုဒ္ဓဖြစ်လာမည့် ပုဂ္ဂိုလ်များမှာ ဘုရင်မင်းများ ဖြစ်ပြီး သားတော် တစ်ပါး ထွန်းကားပြီးမှ တောထွက် တရားကျင့်ပြီး ဗုဒ္ဓအဖြစ်ကို ရကြကြောင်း လေ့လာမိပါသည် ဘုရား။ ဘာ ကြောင့် လူပျိုဘုရား မရှိသည်ကို သိလိုပါသည် ဘုရား။
ထင်လင်း (အိုကလာဟိုးမား)
---
လသား ဖီလင်
Ellen Show အမည်ရှိ တီဗွီအစီအစဉ် တစ်ခုမှာ လသားအရွယ် ကလေးငယ် တစ်ယောက် သူ့အမေက အလွမ်းသီချင်း ဆိုတိုင်း မျက်ရည် ဝိုင်းလာပြီး ငိုမဲ့မဲ့ ခံစားနေပုံကို မြင်ရတော့ မွေးဖွား ပြီးစ ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ် စကားပြောတယ် ဆိုတာကို သွားပြီး အမှတ်ရတယ်။ “မဟောသဓာ၊ ဝေဿန္တရာ ဘဝတွေ တုန်းကလည်း မွေးကင်းစမှာ စကားပြောသတဲ့ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၂၁)”။ ဒါမျိုးက တစ်သိန်းမှ တစ်ယောက် အင်မတန် ပါရမီထူး လို့ ဖြစ်တတ်တာမျိုးလို့ ဆိုနိုင်ကောင်းပါတယ်။
လူသားစင်စစ်
“ဗုဒ္ဓလောင်းလျာတို့မှာ မိခင်ဝမ်းမှာ ပဋိသန္ဓေ နေကတည်းက အဲဒီလို ထူးဆန်း ဖြစ်ရပ်တွေ အများကြီး ဖြစ်ပေါ်လေ့ရှိတယ်။ ဒီတော့ ဗုဒ္ဓလောင်းလျာ တစ်ယောက်အဖို့ မွေးရပ်၊ မိဘ၊ ဇနီး၊ သားသမီးတွေ မရှိခဲ့ရင် လူတွေက ဒီပုဂ္ဂိုလ်ဟာ ဗြဟ္မာ ဘုရား နတ် သိကြား ဝင်စားတာ ဖြစ်မယ်၊ ဒီလို ဖြစ်လို့ တန်ခိုးပြတာ မအံ့ဩပေါင် ဆိုပြီး ဘုရာ့စကားကို နားမထောင်လို့ ဗုဒ္ဓဖြစ်ရကျိုး မနပ်နိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓလောင်းလျာတိုင်း အိမ်ထောင် သားမွေး ပြုကြတယ်။ ဒါဟာ ထုံးစံပဲ (ဒီ၊ဋ္ဌ၊၂၊၁၅)။
တစ်နည်း
“ပါရမီဆယ်ပါး အပြားသုံးဆယ်”လို့ ဆိုရိုးစကား ရှိတယ်။ ပါရ မီဆိုတာ ဗုဒ္ဓဖြစ်ဖို့ ကျင့်ရတဲ့ အကျင့်။ အဲဒီ ဆယ်မျိုးထဲမှာ “နေက္ခမ္မပါရမီ သုံးမျိုးရှိတယ်..
၁) နေက္ခမ္မ.ပါရမီ = သီလ သမာဓိ ပညာ ကျင့်စဉ်ကို လွတ်လပ်စွာ အားထုတ်ဖို့ ရည်ရွယ်ပြီး အိမ်ရာတည် ထောင် လူ့ဘောင်ကို စွန့်တာ။
၂) နေက္ခမ္မ.ဥပ.ပါရမီ = အဲဒီ ရည်ရွယ်ချက်နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ တူတဲ့ မိဘ ဆွေမျိုးကို စွန့်တာ။
၃) နေက္ခမ္မ.ပရမတ္ထ.ပါရမီ = အဲဒီ ရည်ရွယ်ချက်နဲ့ပဲ မရုန်းထွက်နိုင်အောင် ခိုင်မြဲပြီး အသက်နဲ့ တူတဲ့ သား မယားကို စွန့်တာ။
ဗုဒ္ဓလောင်းလျာတွေဟာ နေက္ခမ္မ.ပရမတ္ထ.ပါရမီကို ဖြည့် ကျင့်ရိုး ထုံးစံဖြစ်လို့ တစ်ကိုယ်တည်း လူပျိုဘဝနဲ့ မနေကြဘူး။ အိမ်ထောင်ကျ၊ သားတစ်ယောက်ပြီးမှ တောထွက်ကြတယ်။
ယုတ္တိရှိလို့
ဒါကတော့ ဖျာပုံတိုက်သစ် ဆရာတော် အရှင်သြဘာသာဘိဝံသ ရဲ့ သမ္မာမဂ္ဂင်္ဂပဉှာကျမ်း (စာ-၄ဝ၉)မှာပါတဲ့ အဖြေပါ။ ကျမ်း ကြီး (ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ)မှာ မတွေ့ဖူးပေမယ့် ဆရာတော် ရဲ့ အဖြေ ယုတ္တိရှိလို့ ကူးယူ ဖော်ပြလိုက်ပါတယ်။
မတ် ၈၊ ၂၀၁၇။
၅၆၂။ ရာဟုဟာ ဖွားမြင်ချိန်
အရှင်ဘုရား၊ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ဗုဒ္ဓဝင်စာအုပ် တစ်ခုတွင် သိဒ္ဓတ္ထမင်းသား တောထွက်စဉ်က သားတော် ရာဟုလာကို မမွေးဖွားရသေးဟု ... ဆိုပါသည်။ ထိုစကားမှာ ထေရဝါဒ ကျမ်းစာများနှင့် ညီညွတ်မှု ရှိပါသလား ဘုရား။ မေတ္တာရှေ့သွားပြု၍ ဖြေကြားပေးစေလိုပါသည် အရှင်ဘုရား။
အရှင်ခန္တီပါလ (ရွှေဝါရောင်)
---
မြောက်ပိုင်း
အေဒီ ၃-ရာစုခန့် ရေးတယ်လို့ ယူဆရပြီး ‘လလိတ.ဝိတ္ထာရ’ လို့ ခေါ်တဲ့ သက္ကတဘာသာ ဗုဒ္ဓဝင်ကျမ်း (ဒီကျမ်း မြန်မာပြန်ကို www.kelasa.org မှာ ရှာယူပါ) မှာ မင်းသိဒ္ဓတ် တောထွက်ခါနီး သားတော် ရာဟုလာကို ဖွားမြင်ကြောင်း မဖော်ပြ။ W. Rockhill ရဲ့ ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများ (The Life of the Buddha and the Early History of His Order Drived from Tibetan Works) ကျမ်းမှာလည်း မင်းသိဒ္ဓတ် တောမထွက်မီ သားတော် ရာဟုလာ ဖွားမြင်ကြောင်း ဖော်ပြမှုကို မတွေ့မိ။ ဒါကြောင့် မြောက်ပိုင်း ဗုဒ္ဓဝါဒ မှတ်တမ်းများအရ တောထွက်ပြီးမှ သားတော် ဖွားမြင်တယ်လို့ ယူဆပုံရတယ်။
ထေရဝါဒ
ရှေးဟောင်း ဇာတ်အဋ္ဌကထာမှာ မင်းသိဒ္ဓတ်ဟာ သားတော် ရာဟုလာကို ဖွားမြင်ပြီးနောက် ခုနစ်ရက် ကြာတဲ့အထိ တောထွက်တော် မမူသေးကြောင်း ဖော်ပြတာကို အေဒီ ၅-ရာစု အရှင်မဟာဗုဒ္ဓဃောသ ရေးသားတဲ့ ဇာတ်အဋ္ဌကထာသစ် (ဇာ၊ဋ္ဌ၊၁၊၇၃)နဲ့ ထေရဝါဒဂိုဏ်းဝင် အမည်မသိမထေရ် ရေးစီရင်တဲ့ အပဒါနအဋ္ဌကထာ (အပဒါန၊ဋ္ဌ၊၁၊၇၅)တို့မှာ ပယ်ထားတာကို တွေ့ရတယ်။ ဒါကြောင့် ထေရဝါဒကျမ်းတွေရဲ့ အရိပ်အမြွက်အရလည်း သားတော် ရာဟုလာ ဖွားမြင်မှုနဲ့ ပတ်သက်ပြီး ရှေးဦးပိုင်းမှာ ဆွေးနွေးစရာတွေ ရှိခဲ့မယ်လို့ ယူဆရတယ်။
ဒါပေမယ့်
ဒါပေမယ့် ဇာတ်အဋ္ဌကထာသစ်မှာရှေးဟောင်း ဇာတ်အဋ္ဌကထာ အယူအဆကို အခြား မည်သည့် အဋ္ဌကထာ ကျမ်းတွေမှာမျှ မပါလို့ ဖွားတော်မူတဲ့ နေ့မှာ တောထွက်တယ် ဆိုတာကိုပဲ အတည်ယူပါလို့ ညွှန်ကြားပါတယ်။ ဒီအတိုင်းပဲ အတည်မှတ်ယူသင့်ပါတယ်။
မတ် ၁၀၊ ၂၀၁၇၊
---
၅၆၃။ ဘုန်းကြီးကို မကြည်ညိုရင်
ဘုန်းဘုန်း ဘုရား၊ လူဒကာ ဒကာမတွေက မိမိ မကြည်ညို မနှစ်သက်သော ရဟန်းကို မကြည်ညိုဘူးလို့ ပြောကောင်းပါသလား ဘုရား၊ ပြောလျှင် အပြစ် ဖြစ်မဖြစ် သိလိုပါသည် ဘုရား။
နှင်းနုရှိန် (ဘန်ကောက်)
---
ဒွန်လောက
ရဟန်း ဆိုတာလည်း ပုထုဇဉ်သာ ဖြစ်လို့ ခြောက်ပြစ် ကင်းဖို့တော့ မဖြစ်နိုင်ဘူး။ ဗုဒ္ဓဘုရားကိုတောင် စင်းလုံးချော ကောင်းသူလို့ မမြင်နိုင်သူတွေ ယခင်ကလည်း ရှိတယ်၊ ယခုလည်းရှိတာပဲ။ လောကမှာ ကြိုက်ခြင်းနဲ့ မကြိုက်ခြင်း ဆိုတာ အဖိုနဲ့ အမလို ဒွန်တွဲနေတယ်။ ကြိုက်သူ ရှိရင် မကြိုက်သူ ရှိကိုရှိလိမ့်မယ်။ ဒါကြောင့် ပညာရှိဟာ မကြိုက်သူကြောင့် အားမငယ်သလို ကြိုက်သူကြောင့်လည်း မမြောက်ကြွပေဘူး။
ဖွင့်ပြောနိုင်
“ငါ၏ ကိုယ်အမူအရာ နှုတ်အမူအရာကို ကဲ့ရဲ့လိုကုန်သလော (သံ၊၁၊၁၉၂)’လို့ မိမိကိုပင် ဝေဖန်ဖို့ ဖိတ်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓအနေနဲ့ ဘယ်သူ့ကိုမျှ တပည့်ရဟန်းတွေကို အတင်းကြီး မကြည်ညိုခိုင်းပါဘူး။ အောက်ပါ အင်္ဂါရပ် ရှစ်မျိုး တစ်မျိုးမျိုးနဲ့ ငြိနေတဲ့ ရဟန်းကို မကြည်ညိုကြောင်း ထုတ်ပြောနိုင်တယ်လို့လည်း မြတ်ဗုဒ္ဓ မိန့်တော်မူပါတယ် ..
အင်္ဂါရှစ်ရပ်
၁) လူတွေ ပစ္စည်း ဥစ္စာ မရအောင် လုပ်ခြင်း
၂) လူတွေ အကျိုးစီးပွား ယုတ်အောင် လုပ်ခြင်း
၃) လူကို ဆဲရေး ခြိမ်းချောက်ခြင်း
၄) လူအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း
၅) ဘုရားကို ကဲ့ရဲ့ခြင်း
၆) တရားကို ကဲ့ရဲ့ခြင်း
၇) သံဃာကို ကဲ့ရဲ့ခြင်း
၈) မသွားလာသင့်သော နေရာ (အရက်ဆိုင်၊ ပြည့်တန်ဆာ အိမ် စသည်)၌ တွေ့မြင်ရခြင်း (အံ၊၃၊၁၅၈)။
ရှိမခိုးနဲ့ မလှူနဲ့
ဖော်ပြပါ အင်္ဂါ ရှစ်မျိုးထဲက တစ်ခုခုနဲ့ ငြိစွန်းတဲ့ ရဟန်း သာမဏေကို မကြည်ညိုကြောင်း ဖွင့်ပြောနိုင်ရုံမက အရိုအသေ ပေးခြင်း၊ ခရီးဦး ကြိုခြင်း၊ ရှိခိုးခြင်း၊ လှူဒါန်းခြင်း ပြုစရာ မလိုဘူး (အံ၊ဋ္ဌ၊၃၊၂၅၂)။ ဒါပေမယ့် ..
သတိထား
ဘုန်းကြီး ပြောရဲတာ တစ်ခုက .. အစစ်အမှန် ရဟန်းအဖြစ်နဲ့ စည်းကမ်းရှိတဲ့ ကျောင်းတိုက် ရိပ်သာ စသည်မှာ နှစ်ကာလ အတန်ကြာ နေဖူးပြီး ဖြစ်ရင် ထိုရဟန်းရဲ့ နှလုံးသားဟာ သာမန် လူတစ်ယောက်ထက် နူးညံ့တာ သေချာတယ်။ လူ့အသက်ကိုသတ်၊ ကာမေသုကျူး၊ ခိုးဝှက်၊ အရက်သေစာလို လောကပြစ်ရှိတဲ့ မကောင်းမှုကို ပြုတယ်လို့ ကိုယ်တိုင် မမြင် မတွေ့ဘဲ ဘုန်းကြီး တစ်ပါးကို လွယ်လွယ်နဲ့ မစွပ်စွဲမိပါလေနဲ့။ ဘုန်းကြီး တစ်ပါးအဖို့ ထိုကိစ္စ လုပ်မိဖို့ အတော် ခက်ပါတယ်။
မတ် ၁၀၊ ၂၀၁၇၊
တံမြက် လှည်း၍ သာသနာပြု
ဣဒံ သမ္ဗုဇ္ဇနဝတ္တံ နာမ ဗုဒ္ဓဟိ ဝဏ္ဏိတံ၊ တသ္မာ တံ ကရောန္တေန သတ္ထုသာသနံ ကတံ ဟောတိ။
ဤတံမြက်လှည်း ကျင့်ဝတ်မည်သည်ကို ဗုဒ္ဓဘုရားတို့ ချီးမွမ်းကြ၏။ ထို့ကြောင့် တံမြက်လှည်းသူသည် ဗုဒ္ဓအဆုံးအမကို လိုက်နာခြင်း ဖြစ်၏။ (ဝိ၊ဋ္ဌ၊၄၊၁၇၅)။
---
၅၆၄။ သံဃာ့ဂိုဏ်းကွဲ
ဘုန်းကြီး ဘုရား၊ သုဓမ္မာ ရွှေကျင် ဒွါရဂိုဏ်းတွေ ဘယ်အချိန်က ဘာကြောင့် ကွဲပြားခဲ့ပါသလဲ။ ဘယ်ဆရာတော်တွေက အဲဒီလို ဂိုဏ်းတွေ ကွဲပြားအောင် ပြုခဲ့ကြပါသလဲ ဘုရား။ သနားအားဖြင့် ဖြေကြားပေးစေလိုပါသည် ဘုရား။
အရှင်အဂ္ဂဝံသ (ဝမ်းတွင်း)
---
ရည်ရွယ်ပုံမရ
ဂိုဏ်းကွဲအောင် ပြုတယ်ဆိုတာ သာသနာအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ပေမယ့် ဂိုဏ်းကို စတင်ခဲ့ကြတဲ့ (ဂဏ.သမုဋ္ဌာ.ပက) ဆရာတော်တွေကို “ဂိုဏ်းကွဲအောင် ပြုသူ”လို့ ဒဲ့ကြီး မပြောသင့်ချေဘူး။ ရှေးခေတ် ဆရာတော်တွေမှာ ရိုးသားပြီး ဗုဒ္ဓသာသနာ တည်တံ့စေလိုတဲ့ စိတ်တွေ ကြီးမားကြပါတယ်။ မိမိနဲ့ ခေတ်ပြိုင် ဆရာတော် အချို့နဲ့ ယင်းရဲ့ အသိုင်းအဝိုင်းကို မိမိနဲ့ အယူသီလ မတူဘူးလို့ ယူဆပြီး ခပ်ကွာကွာ နေထိုင်ရင်းက မိမိရဲ့ တပည့် အသိုက်အဝန်း တစ်ခု ဖြစ်လာရာမှ မျိုးဆက်သစ်တို့ ခေတ်မှာ ဂိုဏ်းဂဏအသွင် ပြောင်းသွားခဲ့ဖွယ် ရှိတယ်လို့ ဘုန်းကြီး ယူဆပါတယ်။
မင်းအို
မြန်မာနိုင်ငံ လက်ရှိ သံဃာ့ဂိုဏ်း အချို့ မြစ်ဖျားခံရာ ပုဂ္ဂိုလ်မှာ အရှင်ဂုဏသီရိ ဘွဲ့အမည်ရှိတဲ့ သာသနာပိုင် မင်းအို ဆရာတော် ဖြစ်ကြောင်း တွေ့မိတယ်။ မြန်မာနှစ် ၁ဝ၇ဝ-ပြည့် ဖွား၊ ပုခန်းကြီးမြို့ ကျေးကန်ရွာ ဇာတိ ဖြစ်ပေမယ့် အမြဲ သီတင်းသုံးတဲ့ ရေစကြိုမြို့ မင်းအိုကျောင်းတိုက်ကို အစွဲပြုပြီး အဲဒီလို ခေါ်တွင်တာ။ စဉ့်ကူးမင်း လက်ထက် (မြန်မာနှစ်-၁၁၃၇) သာသနာပိုင်၊ ဘိုးတော်ဘုရား လက်ထက် သာသနာပိုင် လေးပါးအနက် ကြီးဆုံး။ ပိဋကတ် အလွန် နှံ့စပ်တယ်။
တစ်ဘဝလုံး စာပေပို့ချလို့ ကျမ်းတတ် တပည့်တွေ များစွာ ထွန်းကားတဲ့အနက် သီလက္ခန်ဋီကာသစ် ကျမ်းပြု ပထမ မောင်းထောင် ဆရာတော် အရှင်ဉာဏာဘိဝံသ၊ အတင်အရုံ အဆုံးအဖြတ် အပါအဝင် ကျမ်းပေါင်း များစွာ ရေးခဲ့တဲ့ ဗားကရာ ဆရာတော် အရှင်ဓမ္မာဘိနန္ဒတို့မှာ အထူးချွန်ဆုံးလို့ ဆိုစမှတ်ပြုကြတယ်။
သုဓမ္မာ
ပထမ ဗားကရာရဲ့ တပည့်ရင်း အရှင်သူရိယာဘိဝံသဟာ သဲအင်း သာသနာပိုင် ဖြစ်လာတယ်။ သဲအင်း တပည့် သာသနာပိုင် နှစ်ကြိမ် ခန့်အပ်ခံရပြီး ဒုတိယ မောင်းထောင် ဆရာတော်အဖြစ် ထင်ရှားတဲ့ ဦးဉေယျ၊ ယင်းတပည့် တောင်တော် သာသနာပိုင် ဦးမာလာ၊ သဲအင်းတပည့် ဘုံကျော် ဆရာတော် ဦးပညာသာမိရဲ့ တပည့် တောင်ခွင် သာသနာပိုင် ဦးဝိသုဒ္ဓါစာရ - စတဲ့ ဆရာတော်တွေက သုဓမ္မာ စရပ်တော်မှာ စည်းဝေးပြီး သံဃာ့ကိစ္စကို ဆောင်ရွက်တော်မူကြတယ်။ သုဓမ္မာစရပ်မှာ စည်းဝေးတဲ့ သံဃာ့အဖွဲ့က သုဓမ္မာဂိုဏ်း ဖြစ်လာတယ်။ သုဓမ္မစရပ်ဆိုတာ သံဃာတွေ စည်းဝေးတဲ့နေရာ ကျောင်းဆောင်ပါပဲ။ ပုခန်းသာသနာဝင် ကျမ်းအရ စေတီဝင်း၊ နန်းတော်ဝင်း၊ အင်္ဂလိပ်ခေတ်ဦးက ကင်းဝန်မင်းကြီးရဲ့ အိမ်တွေမှာ စည်းဝေးခဲ့ကြောင်း သိရတယ်။
ရွှေကျင်
ရွှေကျင်နိကာယ သာသနာဝင်ကျမ်းအရ ... “ပထမ နမောဆရာတော် ရှင်ပုညာရဋ္ဌ၊ ယင်းတပည့် ရှင်ဝိစာရိန္ဒ၊ ယင်းတပည့် သီးလုံး ဆရာတော် အရှင်စန္ဒိမာ၊ ရှမ်းကလေးကျွန်း ဆရာတော် အရှင်နန္ဒမထေရ် (သီးလုံးနဲ့ ဆရာတပည့် ဟုတ်မဟုတ်ကို မဖော်ပြ)၊ သီးလုံးတပည့် ရွှေကျင်ဆရာတော် အရှင်ဇာဂရ မထေရ်’လို့ တွေ့ပါတယ်။ ရွှေကျင်ဆရာတော်ဟာ အမရပူရမြို့၊ သဲအင်းတိုက်မှာ နေစဉ် သဲအင်း သာသနာပိုင်ထံမှာ စာလိုက်ဖူးတယ်။ စဉ်လိုက်ရင် .. မင်းအို၊ သဲအင်း၊ (သီးလုံး၊ ရှမ်းကလေးကျွန်း) ရွှေကျင် ဖြစ်ပါတယ်။
ဂဏဝိမုတ်
ရွှေဘိုမင်း (မြန်မာ-၁၁၉၉)က သီလုံးဆရာတော်ကို ဂဏဝိမုတ် အမိန့်ထုတ်ပြီး ကိုးကွယ်တယ်။ သဲအင်းတပည့် သာသနာပိုင် ဒုတိယ ဗားကရာဆရာတော် အရှင်ပညာဇောတက မိမိ အဆုံးအဖြတ်ကို မလိုက်နာတဲ့ ရှမ်းကလေးကျွန်း ဆရာတော်ကို နယ်နှင်ဒဏ် ပေးတယ်။ မင်းတုန်းမင်း (မြန်မာ-၁၂၁၄)က ရွှေကျင် ဆရာတော်ကို ဂဏဝိမုတ် (ဂိုဏ်းလွတ်) အမိန့်ထုတ်ပြီး ကိုးကွယ်တယ်။ ဂိုဏ်းကွဲတာ ဘုရင်ရဲ့ “ဂဏဝိမုတ်အမိန့်ကြောင့် ဖြစ်ကြောင်း သုတေသီတို့ ဆိုတယ်။
ဒွါရ
မဟာဒွါရနိကာယ သာသနဝံသဒီပနီ ကျမ်းအရ .. မဟာဒွါရ ဂိုဏ်းရဲ့ အစဖြစ်တဲ့ အုတ်ဖိုဆရာတော် အရှင်ဥက္ကံဝံသမာလာ မထေရ်ဟာ အမရပူရမြို့၊ ဗားကရာတိုက်မှာ လေးနှစ် စာသင်တယ်။ ပုဂံမင်း လက်ထက် သာသနာပိုင် ဖြစ်လာတဲ့ ဒုတိယဗားကရာဆရာတော် ဦးပညာဇောတရဲ့ အမိန့်နဲ့ ဗန်းမော်ဆရာတော်ထံမှ ဝိနည်းပိဋက ပါဠိအဋ္ဌကထာကို သင်ယူတယ်။ ဆရာစဉ်ကို ကြည့်ရင် .. မင်းအိုတပည့် ပထမဗားကရာ ဆရာတော်၊ ယင်းတပည့် သဲအင်း သာသနာပိုင်၊ ယင်းတပည့် ဒုတိယ ဗားကရာ သာသနာပိုင်။
သဘာဝအိုင်
အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်အတွင်း အောက်မြန်မာနိုင်ငံ အုတ်ဖိုရွာမှာ သီတင်းသုံးစဉ် သဘာဝရေအိုင် (ဇာတဿရအိုင်)မှာ ဝိနည်းကံ ပြုတာကြောင့် ဒေသခံ သံဃာတွေနဲ့ မတူတော့ဘဲ ဂိုဏ်းကွဲသွားတယ်။
ကျမ်းညွှန်း
E. Michael Mendelson à Sangha and State in Burma အမည်ရှိ သုတေသနကျမ်း ဖော်ပြချက်ကို အခြေခံပြီး တင်ပြခြင်း ဖြစ်ပါတယ်။ အခြား သံဃာ့ဂိုဏ်းတွေ အကြောင်းကိုလည်း ဒီစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။
မတ် ၁၀၊ ၂၀၁၇၊
---
အခြံအရံ ရလိုလျှင်
အကြင်သူသည် သူတစ်ပါးကို ချီးမြှောက်တတ်၏။ အဆွေခင်ပွန်းကောင်း ပြုတတ်၏။ သူ့ကျေးဇူးကို သိတတ်၏။ ဝန်တိုမှု ကင်း၏။ သူတစ်ပါး၏ အကျိုးကို ဆောင်ရွက်တတ်၏၊ အထူး ဆောင်ရွက်တတ်၏၊ အဖန်ဖန် ဆောင်ရွက်တတ်၏။ ထိုသူသည် အခြံအရံကို ရ၏။ (ဒီ၊၃၊၁၅၆)။
---
၅၆၅။ အကျင့်ကို မကြွားရ
ဆရာတော် ဘုရား၊ သောတာပန် ဖြစ်ပြီးတဲ့ ရဟန်းသည် လူထွက်နိုင်ပါသလား၊ ရဟန်း တစ်ပါးသည် မိမိ၏ ဓုတင်စသော အကျင့်ကို လူအများအား ပြောကြားသင့် မသင့်ဆိုတာကိုလည်း သိလိုပါသည် ဘုရား။
Lily Lwin (LA)
---
ဈာန်မလျှော
တတိယ သံဂါယနာ ခေတ်က အရှင်မောဂ္ဂလိပုတ္တတိဿ ထေရ် ဖြစ်လာမယ့် မာနခဲ လူငယ်ဟာ သိဂ္ဂဝ ရဟန္တာကြီးနဲ့ ဆုံမိရာက ဗုဒ္ဓမန္တာန်ကို သင်မလို့ သာမဏေ ဝတ်စဉ် ဝတ်စဉ် ၃၂-ကောဋ္ဌာသကို ပွားများရင်း သောတာပန် ဖြစ်သွားတယ်။ ဒါနဲ့ ရဟန္တာကြီးဟာ “ကိုရင်တော့ သောတာပန် ဖြစ်သွားပြီ၊ လူမထွက်နိုင်တော့ဘူး”လို့ ဆင်ခြင်ပြီး စဏ္ဍဝဇ္ဇိ မထေရ်ထံ ပိဋကတ် သုံးပုံကို သင်ယူဖို့ စေလွှတ်တယ် (ဝိ၊ဋ္ဌ၊၁၊၃၁)။
ဒီသာဓကအရ သောတာပန်လောက် ဖြစ်သွားတဲ့ ရှင်ရဟန်းဟာ ထိုရှင်ရဟန်းဘဝမှ လျှောမကျနိုင်တော့ဘူးလို့ ဆိုနိုင်ကောင်းပါတယ်။
ပါရာဇိကမရှိ
“မဂ်ဖိုလ်နဲ့ ယှဉ်တဲ့ အဓိသီလ (အဆင့်မြင့် အကျင့်)နဲ့ ပြည့်စုံတဲ့ ရဟန်းဟာ မေထုန်မှု စသည်ကြောင့် ပါရာဇိက ကျခြင်း (သာသနာမှ ဆုံးရှုံးခြင်း) မဖြစ်နိုင် (ဝိ၊ဋ္ဌ၊၁၊၂ဝ၉)’ဆိုတဲ့ အဖွင့်အရ မဂ်ဖိုလ်အဆင့် တစ်ခုခုကို ရတဲ့ ရဟန်းအနေနဲ့ ပါရာဇိက လေးပါး တစ်ပါးပါးကို မကျူးလွန်တော့ဘူး။ သာမဏေ ဖြစ်ရင်တော့မေထုန်နဲ့ ခိုးခြင်းလို ပြစ်မှုကြောင့် အသွင်ပျက်ခြင်း (လိင်ကျခြင်း) မရှိနိုင်တော့ဘူးလို့ မှတ်ယူနိုင်တယ်။
အဖြေ
သောတာပန် ဖြစ်ပြီးတဲ့ သာမဏေရော ရဟန်းပါ လူမထွက်တော့ဘူးလို့ မှတ်ပါ။ လူဝတ်ကြောင်နဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ရင်တော့ ရှင်ရဟန်း ပြုချင်မှ ပြုမှာပေါ့။
အလိုဆိုး
“တောရ ဆောက်တည်ရင် လူတွေက ငါ့ကို ရဟန္တာ သို့မဟုတ် ဈာန်နဲ့ တစ်မဂ် တစ်ဖိုလ်ကို ရသူလို့ ချီးမွမ်းပြီး ပူဇော် လှူဒါန်းကြလိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောကျောင်းကို သွားရင် ခြေလှမ်းတိုင်း လှုပ်ရှားမှုတိုင်းမှာ ဒုက္ကဋ် အာပတ်သင့်တယ် (ဝိ၊ဋ္ဌ၊၂၊၉၂)'။ ဒီအဖွင့်အရ နာမည်ကြီးလို လာဘ်ပေါလိုတဲ့ ဆန္ဒနဲ့ ဓုတင် မဆောက်တည်ကောင်းဘူး။ လူတွေ ချီးမွမ်းပြီး ပူဇော်လှူဒါန်းအောင်လို့ တွေ့ရာလူကို လူသိရှင်ကြား လိုက်ပြောနေတာမျိုး ဖြစ်ရင် ပိုဆိုးမှာပေါ့။
မရှိစကောင်း
ဒါလေးတော့ သတိထား ... ဗဟုသုတ ဘဏ်တိုက်လို့ ကိုယ့်ကိုယ်ကို အထင်ရောက်သွားတဲ့ စာဖတ်ခါစ စာဂျပိုး၊ ငါ့လောက် ဘယ်သူမှ မတတ်ဘူးလို့ ထင်မိတဲ့ အင်္ဂလိပ်စာ ရေးတတ် ဖတ်တတ်စ တစ်ယောက်၊ ဘုရား ဖြစ်သွားသလို စိတ်ကြီးဝင်နေတဲ့ မန္တလေး သကျသီဟ စာမေးပွဲ အောင်တဲ့ ရဟန်း (ဒါမျိုးတွေ လက်တွေ့ လောကမှာ တကယ် ရှိတယ်) .. ခုတင်လို အကျင့်မြတ်ကို ကျင့်နေတဲ့ သူတော်ကောင်းဟာ ဆိုခဲ့ပါ ပုဂ္ဂိုလ်တွေလို စိတ်မျိုး အပြုအမူမျိုး မရှိစကောင်း။
လက္ခဏာညှိ
စိတ္တလတောင်မှာ သီတင်းသုံးတဲ့ ရဟန္တာမထေရ်မြတ်ရဲ့ အလုပ်အကျွေး ရဟန်းကြီးက “အရိယာ ဆိုတာ ဘယ်လိုပါလဲ”လို့ မေးတော့ အရှင်မြတ်က ‘ငါ့ရှင် အချို့ ပုဂ္ဂိုလ်ဟာ အရိယာရဲ့ နောက်က လိုက်နေတာတောင် အရိယာပဲလို့ မသိနိုင်ဘူး။ အရိယာဆိုတာ အဲသည်လို အသိရ ခက်ပါတယ်”လို့ မိန့်ဆိုတဲ့ သီဟိုဠ် ဖြစ်ရပ်ကို ထုတ်ပြပြီး သီးလုံးဆရာတော်ရဲ့ သီလ သိက္ခာ အဆင့်အတန်းကို ဝေဖန်ရာမှာ စစ်ကိုင်း ရွှေဟင်္သာဆရာတော် ဘုရားကြီးက.. “သူတော်ကောင်းတို့၏ လက္ခဏာမှာ အလွန် လျှို့ဝှက် စောင့်စည်းသော အခြင်းအရာ ရှိတော်မူ တတ်ကြ သည် (ရွှေကျင်နိကာယ သာသနာဝင်၊ စာ-၉၇)” လို့ မိန့်တော်မူပါတယ်။
အဖြေ
ဒီအဆုံးအမ အရ ... သူတော်ကောင်း လက္ခဏာနဲ့ မညီရင် သိပ် မဟုတ်ချေသေးဘူး လို့ဘဲ နားလည်သင့်တာပေါ့။
မတ် ၁၁၊ ၂၀၁၇။
---
ဟီနာ.ဓိမုတ္တိကာ သတ္တာ ဟီနာ.ဓိမုတ္တိကေ.ဟေဝ သေဝန္တိ။ ပဏီတာ.ဓိမုတ္တိကာ စ ပဏီတာ.ဓိမုတ္တိကေ ဧဝ။
စိတ်ထားယုတ်သူများ အချင်းချင်းသာ ပေါင်းသင်းကြ၏။ စိတ်ထား မြတ်သူများလည်း အချင်းချင်းသာ ပေါင်းသင်း ကြ၏။ (သာရတ္ထ၊ဋီ၊၁၊၂၅ဝ)။
---
၅၆၆။ ရှိခိုးပုံနဲ့ ရှိခိုးခြင်း
အရှင်ဘုရား၊ ထိခြင်းငါးပါးကို သိလိုပါသည် ဘုရား။ တိဗက် လူမျိုးတွေ ရှိခိုးပုံနှင့် မြန်မာတို့၏ ရှိခိုးပုံ ဘယ်သူ့ ရှိခိုးပုံက မှန်ပါသနည်း။ ရဟန်းက လူကို အရိုအသေ ပေးကောင်း မပေးကောင်းလည်း သိလိုပါသည် ဘုရား။
မောင်သိန်းလှိုင် (Denver, CO)
---
စဉ်းစားဖွယ်
တောင်ဖီလာ ဆရာတော်ရဲ့ ဝိနယာလင်္ကာရဋီကာ (၂၊ ၃၆၈)မှာ “ပဉ္စ.ပတိဋ္ဌိတ = တည်ခြင်းငါးပါး သို့မဟုတ် ထိခြင်းငါးပါး” ဆိုတာကို “လက်ကန်တော့ တင်ခြင်း၊ လက်အုပ် ချီခြင်း၊ လက်နှစ်ဖက်ဖြင့် ခြေကို ဆုပ်နယ်ခြင်း၊ မေတ္တာစိတ်ကို ဖြစ်စေခြင်း၊ အရိုအသေ ပေးခြင်း”လို့ ပရိဝါရ ပါဠိတော် (ဝိ၊၅၊၃၅၈)ကို ကိုးကားပြီး ဖွင့်ဆိုတယ်။ ဒီအဆိုကို မောင်းထောင် အရှင်ဉာဏာဘိဝံသက “ရှိခိုးတဲ့ နေရာမှာ အဲဒီ ငါးမျိုးကို မယူရ၊ ခြေလက် နဖူး တံတောင် ဒူးဆိုတဲ့ ငါးမျိုးကို ယူရမယ်’လို့ ဆိုပြီး ပယ်တယ် (သီဋီသစ်၊၂၊၁၈)။
ဒါဆိုရင် တောင်ဖီလာတို့ ခေတ်မှာ မြန်မာတို့ရဲ့ ရှိခိုးဦးချပုံ မသေချာသေ။ သို့မဟုတ် စနစ်တကျ မရှိသေးတဲ့ သဘောလားလို့ စဉ်းစားဖွယ်ပါပဲ။
ယူဆပုံ နှစ်မျိုး
ပခုက္ကူမှု သီလက္ခန္ဓဝဂ္ဂ.အဋ္ဌကထာ နိဿယ (အတွဲ ၂၊ စာ- ၃၆-၃၇)မှာ တည်ခြင်း ငါးမျိုး သို့မဟုတ် ထိခြင်း ငါးမျိုးနဲ့ ပတ်သက်ပြီး ဝါဒကွဲ နှစ်မျိုး ဖော်ပြတယ် ..
“၁) ပဉ္စ.ပတိဋ္ဌိတ = ခြေ လက် နဖူး တံတောင် ဒူးဟု ငါးဦးသော အင်္ဂါတို့ဖြင့် ရှေ့ရှူတည်ခြင်း’(သီလက္ခန် ဋီကာသစ် အလို) ၂) ပဉ္စ.ပတိဋ္ဌိတ = ဒူးလက် နဖူး ငါးဦးသော အင်္ဂါတို့၏ တည်ခြင်း (ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိ အလို)”။
နိဿယမှာ တောင်ဖီလာ အဆိုကို မဖော်ပြတာ ထောက်ရင် နိဿယဆရာတော်လည်း တောင်ဖီလာရဲ့ အဆိုကို မနှစ်သက်ဘူးလို့ ဆိုဖွယ် ရှိတယ်။
နိဿယအလို
နိဿယ ဆရာတော်က “အထက်ပါ ယူဆပုံ နှစ်ရပ် (ဋီကာနှင့် ဂဏ္ဌိ)၌ တည်ရာ ဌာနကို မဖော်ပ’ဆိုပြီး ‘ပတိဋ္ဌိတ = မြေ ကြမ်းပြင် အခင်း၌ တည်ခြင်း’ဆိုတဲ့ ဖွင့်ဆိုချက်နဲ့ အတူ “ပဉ္စင်္ဂါနိ ပထဝိယံ ပတိဋ္ဌာပေတွာ = အင်္ဂါ ငါးခုကို မြေကြီး၌ တည်စေ၍’ဆိုတဲ့ ရှိခိုးပုံပြ ဇာတ်အဋ္ဌကထာ (ဇာ၊ဋ္ဌ၊၃၊၄၄၆) ကို ကိုးကားပြီး..
‘၁) ခြေ လက် နဖူး တံတောင် ဒူးဟု ငါးဦးသော အင်္ဂါတို့၏ မြေ ကြမ်းပြင် အခင်း၌ တည်ခြင်း (တစ်နည်း)
၂) နှစ်စုံ လက်ဒူး မြတ်နဖူးဟု ငါးဦးသော အင်္ဂါတို့၏ မြေ ကြမ်းပြင် အခင်း၌ တည်ခြင်း”လို့ အဓိပ္ပာယ် နှစ်မျိုး ဆိုတယ်။ နိဿယ အလိုက ဋီကာနဲ့ ဂဏ္ဌိအဆိုမှာ “တည်ရာဌာန” ဖော်ပြရုံသာ ဖြစ်ပါတယ်။ ဒါကြောင့် နိဿယအလို ..
အမှတ် ၁) ကို “ခြေ ဒူး လက် တံတောင် နဖူး”လို့ စဉ်ခွင့်ရှိရင် ဒူတုတ် (ကျုံ့ကျုံ့)ထိုင် ရှိခိုးတဲ့အခါ အဆင်ပြေနိုင်တယ်။
အမှတ် ၂) ကို “လက်ချ၊ ဒူးချ၊ နဖူးချ’လို့ ဆိုနိုင်ရင် ဆောင့်ကြောင့်ထိုင် ရှိခိုးတဲ့အခါ ပိုအဆင်ပြေ မလားလို့ပါ။
မိကျောင်းဝပ်
တိဗက် လူမျိုးတွေက မတ်တတ် ရပ်နေရာက မြေကြီး သို့မဟုတ် ကြမ်းခြင်းပေါ် ဝမ်းလျားမှောက်ပြီး ရှိခိုးတယ်။ ဂျိန်းဘုန်းကြီးတွေလည်း မတ်တတ် အနေအထားမှ မြေကြီးပေါ် မှောက်ချ၊ ရှိခိုးခံရဲ့ ခြေထောက်ကို နဖူးနဲ့ ထိပြီး ရှိခိုးတာကို တွေ့ရတယ်။ စကားမစပ် ... ဒီပင်္ကရား ဘုရားရှေ့ သုမေဓာ ရှင်ရသေ့ ဝမ်းလျား မှောက်တဲ့ ပန်းချီပုံကို အမှတ်ရစရာ။
ဝါတော် ၆၀-ရတဲ့ အထိ သီလကို မကျိုးပေါက်အောင် ထိန်းသိမ်းတော်မူတဲ့ မထေရ်ကြီး ရဟန္တာ ဖြစ်သွားတဲ့ အခါ သီဟိုဠ် ဘုရင် တိဿမင်းကြီးက ပုထုဇဉ် အဖြစ်နဲ့ အရှင်မြတ် စောင့်ထိန်းခဲ့တဲ့ သီလဂုဏ်ကို ရှိပါတယ် ဆိုပြီး “မိကျောင်းလို မြေမှာ ဝပ်ပြီး ရှိခိုးတယ် (ဒီ၊ဋ္ဌ၊၁၊၂၆ဝ)”။
အထက်ပါ ဖော်ပြချက် အရရော “ကိုယ်အင်္ဂါ ငါးခုကို မြေကြီး၌ တည်စေ၍”ဆိုတဲ့ ဇာတ်ဋ္ဌအကထာ စကားရိပ် အရပါ တိဗက်တို့ ရှိခိုးတာဟာ “မိကျောင်းဝပ်” ရှိခိုးနည်း ဖြစ်လေမလားလို့ စဉ်းစားမိပါတယ်။ တိဗက်တွေ ထိုင်ရှိခိုးတဲ့ အခါတော့ မြန်မာနဲ့ သိပ်မကွာပါဘူး။ ဘုန်းကြီးအထင် တိဗက်ရော မြန်မာပါ ရှိခိုးပုံအရ သိပ် အကွာကြီး မဟုတ်ဘူး။
အငြင်မပွားနဲ့
ဒီနေရာမှာ ‘ဆရာသမားများ ထံမှ နည်းရသည့် အတိုင်း ငါးပါးသော အင်္ဂါတို့ကို မြေ၌ တည်စေသည် ဖြစ်စေ မတည်စေသည် ဖြစ်စေ ရိုရိုသေသေ လေးလေးမြတ်မြတ် ရှိခိုးက ကုသိုလ် ရမည်ချည်းသာ ဖြစ်၍ အထူး ဆိုရန် မလို။ ပဉ္စ.ပတိဋ္ဌိတ-ဟု ကျမ်းဂန်များ၌ လာသည် အတိုင်း ရှိခိုးရာရောက် မရောက်ဟု စဉ်းစားဘွယ်သာ ရှိ၏”ဆိုတဲ့ ပခုက္ကူ နိဿယရဲ့ အမှာစကားကို လိုက်နာသင့်ပါတယ်။
ရဟန်းက လူကို
အသက်ကြီးတဲ့ ဝေရဉ္ဇာမြို့စား ပုဏ္ဏားကြီးကို အသက်ငယ်သူ မြတ်ဗုဒ္ဓက ရှိမခိုးတဲ့အခါ ပုဏ္ဏားက “ဂေါတမဟာ ငယ်သူက ကြီးသူကို ရှိခိုးရတဲ့ အစဉ်အလာကို ဖျက်တယ်”လို့ အပြစ်တင်ပါတယ်။ ဒီတော့ ဗုဒ္ဓက “လောကမှာ ငါဘုရား ရှိခိုးတာကို ခံနိုင်သူ မရှိ၊ ရှိခိုးခံရသူဟာ ဦးခေါင်းသော်လည်း ပြတ်ကျသွားမယ် (ဝိ၊၁၊၂)”လို့ မိန့်တော်မူပြီး မိမိ ကျင့်ကြံပြီး ဖြစ်တဲ့ သီလ သမာဓိ ပညာ ကျင့်စဉ်နဲ့ မိမိဟာ အဝိဇ္ဇာ ဥခွံတွင်းမှ အဦးဆုံး ထွက်လာသူ ဖြစ်လို့ ကြီးမြတ်ကြောင်း ရှင်းပြတော်မူတယ်။
သီဟိုဠ် ဘုရင် တိဿမင်းကြီးက ပုထုဇဉ်အဖြစ်နဲ့ မထေရ်ကြီး စောင့်ထိန်းခဲ့တဲ့ သီလဂုဏ်ကို ရှိခိုးပါတယ်လို့ ဆိုကြောင်း အထက်မှာ ဖော်ပြခဲ့တာကိုလည်း သတိပြု။
ဒါကြောင့် ရှိခိုးခံသူဟာ ရှိခိုးတာကို ခံနိုင်တဲ့ စိတ်ပိုင်းဘဝ အရည်အချင်း ရှိရမယ်။ ရဟန်းရဲ့ သွင်ပြင်ကိုက ရှိခိုးထိုက်တဲ့ သွင်ပြင် ဖြစ်တယ်လို့လည်း ယူဆလို့ ထေရဝါဒမှာ လူတွေက ရဟန်းတွေကို ရှိခိုးပါတယ်။ ဒါပေမယ့်..
ပြေပြစ်ခြင်း
ခေတ်မီပြီး တိုးတက်တဲ့ အမြင်ရှိတဲ့ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ အနောက်တိုင်းက တရားဟော စင်မြင့်ပေါ်ကို ရောက်တိုင်း မတ်တတ်ရပ်၊ ချီလက်အုပ်ကို နဖူးပေါ် တင်ပြီး ပရိသတ်ကို နှုတ်ဆက်တယ်။ ဘုန်းကြီးကတော့ သူ ဒီလို လုပ်တာကို ဗုဒ္ဓဂယာ စေတီကို ဝမ်းလျားထိုး ရှိခိုးတာနဲ့ တခြားစီ ယူလိုတယ်။ ဝမ်းလျားထိုး ရှိခိုးတာက ဘာသာရေး ရည်ရွယ်ချက် ရှိပြီး စင်မြင့်ပေါ်က လက်အုပ် ချီပြတာတော့ အစိမ်း ပရိသတ်ရဲ့ လှိုက်လှဲစွာ ကြိုဆိုမှုအပေါ် ထင်ရှားတဲ့ အမူအရာနဲ့ တုံ့ပြန်တာလို့ ပြင်ပါတယ်။
မတ် ၁၅၊ ၂၀၁၇။
---
၅၆၇။ မွေးမြူရေးနဲ့ သူဌေးဖြစ်သူ
အရှင်ဘုရား၊ လျှောက်ထားစရာ ရှိနေလို့ပါ ဘုရား။ တပည့်တော် နေတဲ့ မြို့မှာ ကြက်ခြံ ဝက်ခြံ လုပ်ပြီး ချမ်းသာနေသူတွေ ရှိပါတယ်။ ထိုပုဂ္ဂိုလ်တွေ ဘယ်လို ကုသိုလ်ကြောင့် ချမ်းသာကြပါသလဲ အရှင်ဘုရား။
အောင်မြင် (မြောက်ဥက္ကလာ)
---
အချိန်တန်ရင်
ပါပေါ်ပိ ပဿတိ ဘဒ္ဒြံ၊ ယာဝ ပါပံ န ပစ္စတိ။ (ဓမ္မပဒ၊ ၁၁၉-ဂါထာ)
မကောင်းမှု ပြုသူ ဖြစ်ပေမယ့် မကောင်းကျိုး မပေးသေးသမျှ ချမ်းသာကို မြင်နိုင်တယ်။
ဘဒ္ဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒ္ဒြံ န ပစ္စတိ။ (ဓမ္မပဒ၊ ၁၂၀-ဂါထာ)
ကောင်းမှု ပြုသူ ဖြစ်ပေမယ့် ကောင်းကျိုး မပေးသေးသမျှ ဆင်းရဲကို မြင်နိုင်တယ်။
ဒီပါဠိတော်နဲ့ပဲ မေးခွန်းကို ဖြေပြီး ဖြစ်မယ်လို့ တွက်ပါတယ်... “ဒါနရဲ့ အကျိုးဆိုတာကို ဗုဒ္ဓဘုရားတို့သည်သာ အကုန်အစင် သိမြင်နိုင်တယ် (ဣတိဝုတ်၊ ၂၀၇)။
လယ်တီဆို
လယ်တီဆရာတော် ဘုရားကြီး ရေးတဲ့ ဒါနာဒိဒီပနီ ကျမ်းမှာ ..
၁) သာဝဇ္ဇဒါန = ကြက် ငှက် သား ငါး ကျွဲ နွား စသော သတ္တဝါတို့ကို သတ်ဖြတ် ညှဉ်းဆဲ၍ အပြစ်ရှိသော ပေးလှူခြင်း၊
၂) အနဝိဇ္ဇဒါန = သူ့အသက် သတ်ဖြတ်ခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း မပါ အပြစ်ကင်းစွာ ပေးလှူခြင်းလို့ ဒါနပြုပုံ နှစ်မျိုး ဖော်ပြတယ်။
ဒီနှစ်မျိုးအနက် သာဝဇ္ဇဒါနမျိုးက အကျိုးပေးသော ဘဝမှာ ကိုယ်တွင်းရန် ကိုယ်ပရန် များတတ်ပြီး စည်းစိမ် ဥစ္စာအတွက် အသက်ခန္ဓာ ဆုံးရှုံးရ တတ်ကြောင်း၊ အနဝဇ္ဇဒါန မျိုးသာ မွန်မြတ်ကြောင်း” မိန့်ပါတယ် (ဒီပနီပေါင်းချုပ် ၄၊ စာ-၆၅၂)။
မစင်ကြယ်
သာဝဇ္ဇဒါနမျိုး လုပ်ခဲ့လို့ သက်မွေး ဝမ်းကျောင်းမှု မစင်မကြယ် ဖြစ်ရတယ်လို့ ဆိုရင်လည်း သင့်နိုင်ဖွယ် ရှိပါတယ်။ “မစင်မကြယ်”ဆိုတာ ဗုဒ္ဓဝါဒအရ သူ့သက် သတ်ခြင်းနဲ့ ပတ်သက်နေလို့ မကောင်းဘူး မစင်ကြယ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။
မတ် ၁၆၊ ၂၀၁၇။
---
၅၆၈။ စိတ်ဘုရင်
အရှင်ဘုရား၊ ဆုပန်တာ ဆုတောင်းတာဟာ လောဘ တဏှာပင် ဖြစ်၍ တဏှာကုန်ဖို့ တရား အားထုတ်သည် ဖြစ်မူ ဆုတောင်းစရာ လိုပါသေးသလား ရှင်းပြပေးစေလိုပါသည် ဘုရား။
မျိုးထွဋ် (ဖူဂျီ)
---
ကုသိုလ်ဆန္ဒ
ပါဠိလို ‘ပတ္ထနာ ယာစနာ”ဆိုတာကို ဆုပန်ခြင်း ဆုတောင်းခြင်းလို့ မြန်မာပြန်တယ်။ အဓိပ္ပာယ်က ရလိုစိတ် မွေးခြင်း ဖြစ်လိုစိတ် ရှိနေခြင်း သို့မဟုတ် တောင့်တခြင်းလို့ပါ။ အဘိဓမ္မာ တရားကိုယ်အရ လိုချင်စိတ်ပါပဲ။ လောဘ (တဏှာ) လိုချင်စိတ်နဲ့ ဆန္ဒ (ပြုလိုကာမတ္တ) လိုချင်စိတ်လို့ လိုချင်စိတ် နှစ်မျိုးရှိရာမှာ ကာမအာရုံ ဖြစ်တဲ့ အကုသိုလ်ကို လိုချင်တာကို လောဘလို့ ခေါ်ပြီး ကုသိုလ် (ကောင်းမှု)ကို ဖြစ်ချင်တာ ရချင်တာကိုတော့ ဆန္ဒလို့ ခေါ်တယ် (ဣတိဝုတ္တက၊ဋ္ဌ၊၅၈)။ ဒါကြောင့် “ဆုပန်တာ ဆုတောင်းတာဟာ လောဘ တဏှာပင် ဖြစ်၍’လို့ နားလည်နေရင် မမှန်ဘူး။
ဆုပန်အဆင့်
စိတ်ထဲမှာ ဖြစ်ချင်တာကို နှုတ်က ဖွင့်ဆိုပြီး အကောင်အထည် ဖော်ရတယ်။ စိတ်ထဲမှာ ကြိုတင် စိမ်ထုံထားရတဲ့ ဖြစ်ချင်နေတဲ့ ကုသိုလ် ဆန္ဒကို နှုတ်က ဖွင့်ဆိုတာကို ဆုတောင်းခြင်းလို့ ဆိုမှာပေါ့။ မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ စိတ်ထဲမှာ အချိန်မရွေး ထင်ရှားနေရတယ်။ ဥပမာ .. နိဗ္ဗာန်ကို ဆုတောင်းတယ်ဆိုတာ နိဗ္ဗာန်ကို ရချင်တဲ့ ဆန္ဒဓာတ် ဖြစ်ပေါ်အောင် နှိုးဆွပေးထားခြင်းပါပဲ။ ဒါကြောင့် “ခေမံ ပတ္ထေထ ဘိက္ခဝေါ = နိဗ္ဗာန်ကို ဆုတောင်းကြ တစ်နည်း လိုချင်ရကောင်းမှန်း သိအောင် လုပ်ကြ”လို့ မြတ်ဗုဒ္ဓ မိန့်တော်မူပါတယ်။
ဘုရားဆု
ဘုရားဖြစ်ဖို့ အခြေခံ အရည်အချင်း တစ်ခုအနေနဲ့ ပြင်းပြတဲ့ လိုချင်မှု ဆန္ဒဓာတ် (အဘိနီဟာရ) ရှိရတယ်။ မိမိရဲ့ ရည်ရွယ်ချက်ကို အထိမခံ၊ အရွေ့မခံ၊ ဆန္ဒကို အပျက်မခံတဲ့ (နတ္ထိ ဆန္ဒဿ ဟာနိ) သဘောလို့ ဆိုနိုင်တယ်။ ဒါကြောင့် ဆန္ဒကို စိတ်ဘုရင် (ဆန္ဒာဓိပတိ)၊ စိတ်တန်ခိုးရှင် (ဆန္ဒိဒ္ဓိပါဒ)လို့လည်း မြတ်ဗုဒ္ဓ ဟောတော်မူတာပေါ့။ လမ်းဆုံးထိ အရောက် ချီတက်နိုင်ဖို့ ဆိုရင် အဲဒီဆန္ဒ အလွန် အရေးကြီးပါတယ်။ ကုသိုလ် ဆန္ဒနဲ့ ပတ်သက်ပြီး စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ် ဖြစ်နေရတယ်။
ဘဝနဲ့ဆန္ဒ
“ဆန္ဒဝတော ကိံ နာမ န သိဇ္ဈတိ = ဆန္ဒဓာတ် အားကောင်းသူ မပြီးစီးနိုင်တဲ့ ကိစ္စရယ်လို့ မရှိ။ ရဟန်းတွေ အဖို့ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလ္လာန်တို့လို ဖြစ်အောင်၊ ရဟန်းမတွေအဖို့ ဥပ္ပဝဏ်တို့လို ဖြစ်ဖို့၊ လူဒကာတွေက စိတ္တသူကြွယ်တို့ လို၊ ဒကာမတွေက ခုဇ္ဇုတ္တရာနှင့် နန္ဒမာတာတို့လို ဖြစ်အောင် ဆုတောင်းကြ’လို့ ဆန္ဒဓာတ်တွေ ဖြစ်ပေါ်အောင် တိုက်တွန်းတော်မူပါတယ် (အံ၊၁၊၄၈၂)။ ဆန္ဒရှိသူဟာ ပန်းတိုင် ရှိတဲ့ ခရီးသွားနဲ့ တူတယ်။ ဒါပေမယ့်..
လုပ်မှရ
တစ်မဂ်တစ်ဖိုလ်ကို ရဖို့ ဆုတောင်းရုံနဲ့ မပြီး၊ ကြက်မဟာ ဥတွေဥချပြီးနောက် ကြက်ကလေးတွေ ပေါက်ပါစေလို့ ဆုတောင်းရုံနဲ့ မပြီးဘဲ ကိုယ်တိုင် တောင်ပံကို ဖြန့်အုပ်၍ ကိုယ်ငွေ့ ပေးရသလို (သံ၊၂၊၁၂၄)၊ မည့်သည့် လောကီ လောကုတ္တရာ အကျိုးစီးပွားကို မဆို နှုတ်က စိတ်က ရချင်ရုံနဲ့ ဖြစ်နိုင်ပါဘူး။ တကယ် လိုချင်စိတ်နဲ့ အဟုတ် လုပ်မှ ကျင့်မှ ရနိုင်တယ် (အံ၊၂၊၄၁)။
မတ် ၁၆၊ ၂၀၁၇။
---
၅၆၉။ အကြောင်းကံ ကမ္မသကာ
ဆရာတော်ဘုရား၊ ဝိစိကိစ္ဆာသည် မုချ အပါယဂမနီယ ဖြစ်ပါလျက်နဲ့ ဘာဖြစ်လို့ ဒုစရိုက် ဆယ်ပါးထဲ မပါရတာလဲ သိလိုပါသည် ဘုရား။
Lily Moon (LA)
---
ဘုန်းကြီးလား
အင်း ... မေးသူ အစစ်အမှန်ကို မသိပေမယ့် “မုချ အပါယဂမနီယ’ဆိုတဲ့ ပါဠိ အသုံးကို လူသာမန်တို့ နားလည်ဖို့ ခက်မယ်။ ပါဠိ သင်ဖူးတဲ့ ဘုန်းကြီးမှပဲ သိမယ်။ အဓိပ္ပာယ်က “မုချ = တကယ်ပဲ သို့မဟုတ် မလွဲမသွေ။ အပါယဂမနီယ = အပါယ် ရောက်ကြောင်း တရား” ဖြစ်ပါတယ်။ ဒါဖြင့် “ဝိစိကိစ္ဆာ’ ကို မပယ်ရသေးရင်ပဲ အပါယ်ငရဲ ရောက်မယ် ဆိုတဲ့ ဓိပ္ပာယ် ဖြစ်သွားလို့ ယူဆပုံ မမှန်ဘူး။ ဒုစရိုက်၊ ဝိစိကိစ္ဆာ ဆိုတဲ့ အဘိဓမ္မာသုံး ဝေါဟာရတွေကို ဦးစွာ လေ့လာကြည့်ရင်..
ဒုစရိုက်
ဒုက္ကု စရိတာနိ ဒုစ္စရိတာနိ (ဝိ၊ဋ္ဌ၊၄၊၁၆၇) အရ မကောင်းသဖြင့် ပြုကျင့်တဲ့ အပြုအမူ အပြောအဆို အကြံအစည်တွေကို “ဒုစရိုက်’လို့ ခေါ်တယ်။ “သတ် ခိုး ကြာခို’လို့ ကိုယ်ပြု ၃-မျိုး၊ “လိမ် ကုန်းချော စကားကြမ်း အတင်းအဖျင်း’လို့ နှုတ်ပြော ၄-မျိုး၊ “သူများ ပစ္စည်းကို ဝိသမလောဘနဲ့ ကြံ၊ သူတစ်ပါး ပျက်စီးအောင် လုပ်ဖို့ ဉာဏ်ထုတ်၊ အကျိုးယုတ်စေတဲ့ ယုံကြည်မှုလို့ စိတ်ကြံ ၃-မျိုး။ အားလုံး ဒုစရိုက် ၁၀-မျိုး ရှိတယ်။ လောဘ ဒေါသ မောဟ ဆိုတဲ့ ရင်းမြစ် သုံးပါးကြောင့် ဒုစရိုက်ကို ပြုမိကြတယ် (အံ၊၂၊၄၃၁)။
ဒါကြောင့် ဒုစရိုက် ဆိုတာ ရင်းမြစ် သုံးခုကြောင့် လုပ်မိတဲ့ “အလုပ်ဆိုး”လို့ မှတ်ရင် မှန်တယ်။
ဝိစိကိစ္ဆာ
ဝိစိကိစ္ဆာ = မဆုံးဖြတ်နိုင်ခြင်း။ မဆုံးဖြတ်နိုင်ပုံ ၁၆-မျိုး ကျမ်းဂန်မှာ ပြတယ်။ သံယုတ် (သံ၊၁၊၂၆၅)နဲ့ ဝိသုဒ္ဓိမဂ် (ဝိသုဒ္ဓိ၊၂၊၂၃၄)တွေမှာ လေ့လာပါ။ အဘိဓမ္မာ သဘောအရ ဝိစိကိစ္ဆာကို နီဝရဏ (ကုသိုလ်ကို ပိတ်ဆို့)၊ အနုသယ (ကိန်းနေ အနယ် ထိုင်နေခြင်း)၊ သံယောဇဉ် (တုပ်နှောင်ခြင်း)၊ ကိလေသာ (စိတ် ညစ်ညူး စေခြင်း)လို့ ဆောင်ရွက်ပုံ ဒီဂရီအရ နာမည် တပ်ပြီး ခေါ်တယ်။ သောတာပန် ဖြစ်မှ ဆိုခဲ့ပါ ဒီဂရီ အဆင့်ရှိတဲ့ ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ် (အဘိဓမ္မတ္ထသင်္ဂဟ)။
ပုထုဇဉ်အဆင့်မှာ .. အကြားအမြင်များ၊ ဆွေးနွေး မေးမြန်း၊ ဝိနည်း ကျွမ်းကျင်၊ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်ရှိ၊ မိတ်ဆွေ ကောင်းရှိ၊ လျောက်ပတ်စွာ ပြောဆို .... ဒီအကြောင်း ၆-မျိုးနဲ့ လည်း ဝိစိကိစ္ဆာကို (ယာယီ) ပယ်နိုင်တယ် (ဒီ၊ဋီ၊၁၊၂၆၁)။
အကြောင်းကံ
ဒေါသပြဋ္ဌာန်းတဲ့ အကုသိုလ် စိတ္တုပ္ပါဒ်နဲ့ သတ်ရပေမယ့် ‘သတ်”ဆိုရင် သတ်မှု မြောက်ပြီးတဲ့ အကုသိုလ် ဖြစ်နေပြီ။ ဒါကြောင့် ဒုစရိုက်ဆိုတာ ရင်းမြစ်သုံးခုကြောင့် ကမ္မပထ မြောက် ပြုပြီးတဲ့ အကြောင်းတရား ဖြစ်ပါတယ်။ “အကြောင်းကံ .. ကမ္မသကာ”ဆိုတာ ဒါကို ရည်ရွယ်တာပေါ့။ ဝိစိကိစ္ဆာ ကျတော့ ယုံမှားမှု ၁၆-မျိုးကို မလွန်မြောက်နိုင်တဲ့ သဘောမျှပဲ ဖြစ်ပြီး အကျိုးပေးမယ့် အကြောင်းကံ သို့မဟုတ် ကမ္မပထ အဆင့်ကို ရောက်သေးဘူး။ မေးခွန်းပါ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်နဲ့ အရကောက်တွေ တစ်ခြားစီ ဖြစ်ကြောင်း ဆိုလိုပါတယ်။
ဆက်တွေး
ဆိုပါစို့ .. တမလွန်ဆိုတာ ရှိချင်မှ ရှိမှာ (ဝိစိကိစ္ဆာ)၊ အခု ထမင်းဝဖို့ အရေးကြီးတယ် (လောဘ)၊ ချုပ်ခံရရင်လည်း ငါ့ဘော့စ် ပိုက်ဆံနဲ့ လာရွေးမှာပဲ (လောဘ) .. ဆိုပြီး လူသတ်တဲ့ (ဒေါသ) ကြေးစား လူသတ်သမားကို ကြည့်ရင် လောဘနဲ့ ဒေါသ ပြဋ္ဌာန်းတဲ့ အကုသိုလ် စေတနာရဲ့ လှုံ့ဆော်မှု အဓိက ဖြစ်တာကို တွေ့နိုင်တယ်။ နှလုံးသွင်း မမှန်လို့ စိတ်နှစ်ခွ ဖြစ်ပြီး လိုချင် စိတ်ဆိုး ကြောင်းကျိုး မသိဘဲ အကုသိုလ်ကို ပြုရာမှာ “ဝိစိကိစ္ဆာ”ဟာ ယှဉ်ဘက်တရား အနေနဲ့ပဲ ပါဝင်တယ်။
မတ် ၂၀၊ ၂၀၁၇။
---
၅၇၀။ ဗုဒ္ဓဝါဒနဲ့ လိင်တူ
ဆရာတော်ဘုရား၊ ဗုဒ္ဓဝါဒမှာ လိင်တူ ချစ်ကြိုက်သူတွေကို လူရာ မသွင်းဟု လူတစ်စု ရေးသားနေကြပါသည်။ သူတို့ ရေးတာ မှန်ပါသလား ဘုရား။
သူရဟိန်း
---
ဗုဒ္ဓဝါဒ
လုလင်က မိန်းမတစ်ယောက် ဖြတ်သွားတာကို တွေ့မိသလားလို့ ဆုံမိတဲ့ ဆွမ်းကြွ ကိုယ်တော်ကို မေးရာမှာ ရဟန်းက “အရိုးစု တစ်ခု ဖြတ်သွားတာကိုတော့ တွေ့မိရဲ့ ’လို့ ဖြေတယ် ဆိုမဟုတ်လား။ ရိပ်သာတွေမှာလည်း “ငါ့ကိုယ် ငါ့ဟာ ငါ ဟုတ်’လို့ သင်ကြားတယ်။ ဗုဒ္ဓတရားကို ကျင့်သုံးထားရင် သတ္တဝါ တစ်ဦးလို့တောင် ရှုမြင်တော့တာ မဟုတ်ဘူး။ ဒါကြောင့် အတ္တလွန် လောကသားတို့ရဲ့ မည်သည့် လူမျိုး ဇာတ် အထီး အမဆိုတဲ့ ခွဲခြားမှုတွေကိုမျှ ဗုဒ္ဓဝါဒက အမှန်လို့ မယူဆဘူး။
တန်ဖိုးတူ
မြတ်ဗုဒ္ဓ လက်ထက်က ရဟန်းတစ်ပါးဟာ ယောက်ျားအသွင် ပျောက်ပြီး မိန်းမအသွင် ပြောင်းသွားသတဲ့။ ဒီအသွင်ပြောင်းသူနဲ့ပတ်သက်ပြီး ဗုဒ္ဓက “ရဟန်းမိန်းမတွေနဲ့ အတူနေရန်၊ ရဟန်းယောက်ျား အဖြစ်နဲ့ ခံယူခဲ့တဲ့ ဥပဇ္ဈာယ်ဆရာ၊ ရခဲ့တဲ့ ဝါစဉ် အတိုင်း ဆက်လက် ရေတွက်ရန်၊ ရဟန်းယောက်ျား အဖြစ်နဲ့ သင့်ထားတဲ့ အာပတ်တွေဟာ ရဟန်းမိန်းမနဲ့ မသက်ဆိုင်ရင် ကုစားစရာ မလိုဘဲ သက်ဆိုင်ရင်တော့ ရဟန်းမိန်းမတွေထံမှာပဲ ကုစားရန် ခွင့်ပြုတယ်”လို့ မိန့်တော်မူပါတယ် (ဝိ၊၁၊၄၃)။
ကရုဏာ
မိန်းမအဖြစ်က ယောက်ျားအသွင် ပြောင်းသွားသူကိုလည်း ထိုနည်းအတိုင်း ဆောင်ရွက်ဖို့ မိန့်တော်မူတာကို တွေ့ရတယ်။ ကြည်ညိုသူ တစ်ယောက်အဖို့ ပါဠိတော်ကို ဖတ်ရင်း မြတ်ဗုဒ္ဓရဲ့ မဟာကရုဏာတော်ကို ကြက်သီး မွေးညင်းထအောင် ခံစားရနိုင်တယ်။ ဒါလောက် လောကကို ကြင်နာတော်မူတဲ့ မြတ်ဗုဒ္ဓ အနေနဲ့ “လိင်တူချင်း ချစ်ကြိုက်လို့ လူရာ မသွင်းဘူး”ဆိုတာမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။
ဒါပေမယ့် လူအချို့ အကုသိုလ် မဖြစ်အောင် ခေတ်နဲ့ ဒေသ လိုအပ်ချက်အရ တားမြစ်တာမျိုး ရှိနိုင်တယ်။ ဥပမာ ... မိန်းမ ယောက်ျား အင်္ဂါဇာတ် နှစ်မျိုးလုံး ရှိနေသူ ရှင်ရဟန်း ပြုခွင့် မရှိ။ ဒါပေမယ့် လူသာမန် အနေနဲ့ သီလစောင့် တရား အားထုတ်ရင် ဒီလူ တရားထူးကို ရနိုင်တယ်။
အုပ်စုဖွဲ့
ပုံကြည့်ရတာ ... ဘာသာမဲ့ပါလို့ ကြွေးကြော်လေ့ ရှိသူတွေ အုပ်စုဖွဲ့ပြီး ဘာသာတရားကို လူတွေ အမြင်မှားအောင် စေတနာဆိုးနဲ့ လှုံ့ဆော်တာ ဖြစ်လေမလား။ ဒီလိုလူမျိုးက ဘာသာ ပြန့်ပွားအောင် လုပ်တာ မှန်သမျှ မကောင်း မြင်မှာပဲ။ ကိုယ်က တစ်မတ်ငါးမူး မလှူပါဘဲ အလှူကြီး ပေးနေသူတွေကို “အရူးတွေ’လို့ ဆိုနေမှာပဲ။ ဒီလူမျိုးဟာ ရဟန်း တစ်ပါးကို ‘အလကားကောင်၊ ဂျပိုး’လို့ ပြောဖို့ ဝန်မလေးဘူး။ သူလို တစ်ယောက် အဖို့ မလုပ်ရဲတဲ့ မကောင်းမှု ရှိမယ် မထင်ဘူး။
စာအဆိပ်
“လမ်းဘေးမှာ အစာ ရှာနေတဲ့ ခွေးတွေကို ကျွေးတာက ပိုမွန်မြတ်တယ် သမီးရဲ့”လို့ ဘုန်းကြီးကျောင်းမှာ သင်တန်းတက်ပြီး ဘုန်းကြီး သို့မဟုတ် ဆရာ သင်တာကို မကျေမနပ်ဘဲ ပြန်လာတဲ့ သူ့သမီးကို ဆုံးမသယောင် ရေးသားချက်မျိုးဟာ လူ့နှလုံးသားကို အဆိပ် အတောက် ဖြစ်စေပါတယ်။ ဘုရားတည် ကျောင်းဆောက် အလုပ်ဟာ ခွေးလေ ခွေးလွင့်ကို ပေးကျွေးရတာလောက် အကျိုးမရှိဘူး ဆိုတဲ့အထိ ရည်ရွယ်ရင်တော့ ရွှေတိဂုံဘုရားကို အရည်ဖျော်ချင်တဲ့ အုပ်စုပဲ ဖြစ်မှာ။
မတ် ၂၁၊ ၂၀၁၇။
တရားဖက်တော့ အမျက်ပြေ။
---
၅၇၁။ အကယ်ဒမီ စာသဝဏ်
ဆရာတော်ဘုရား။ ယနေ့ မြန်မာ့ရုပ်ရှင်နှင့် အနုပညာ ဖန်တီးမှုတွေမှာ လူမျိုး၊ လူတန်းစားနှင့် မသန်စွမ်းသူတွေကို နှိမ့်ချ ဆက်ဆံဖို့ အားပေးတဲ့ သရုပ်ဆောင်မှုတွေ တွေ့နေရပါသည်။ အဲဒီလို ဖြစ်နေတာဟာ ဘာသာရေးနှင့် ပတ်သက်နိုင်ပါသလား အရှင်ဘုရား။
မျိုးတင့်ဆွေ
---
ဥပဒေ
ဖွံ့ဖြိုးပြီးနိုင်ငံ အများစုမှာ ခွဲခြားပြီး နှိမ့်ချ ဆက်ဆံတာကို ဥပဒေနဲ့ ခပ်တင်းတင်း တားမြစ်ထားတယ်။ ကြားဖူးတာကို ပြောပြရရင် .. အမေရိကန်ရောက် မြန်မာအများစု နေထိုင်တဲ့ ပြည်နယ်က မြန်မာတွေ အဝယ် များတဲ့ ဆိုင်တစ်ခုမှာ ဈေးလာဝယ်ရင်း မြန်မာတွေ ကွမ်းတံတွေး ထွေးသွားကြလို့ ဆိုင်ညစ်ပတ်တဲ့ အတွက် “ဗမာကို ဈေးမရောင်းလို့ စာတမ်း ချိတ်သတဲ့။ မြန်မာတွေက “ငါတို့ကို ခွဲခြား ဆက်ဆံပါတယ်’ဆိုပြီး ပုလိပ်ကို သွားတိုင်တဲ့ အခါ ဆိုင်ရှင် အရေးယူခံရတယ်။
ကွာခြားမှု
အဖိုး ဆရာကြီး ဦးစာရိန္ဒ ပြောဖူးတာကို အမှတ်ရတယ် ... ရခိုင်နဲ့ ထားဝယ်သား ကိုယ်တော်တွေ ရန်ဖြစ်လွန်းလို့ ဗမာပြည် စာသင်တိုက် အများစု သံဃာ လက်ခံချိန်မှာ “ရခိုင် လက်မခံ၊ ထားဝယ် တထာ ဘ’လို့ စာတမ်း ချိတ်ထားသတဲ့။ ဒါနဲ့ သူငယ်ငယ်က သုသာန်မှာ ကျောင်းတည်စ “အာဒိစ္စဝံသ ကျောင်းတိုက်မှာ တစ်နှစ် နေခဲ့ရသတဲ့။ ဒါပေမယ့် ဘုန်းကြီး ညောင်တုန်း ရွှေဟင်္သာတောရတိုက်မှာ နေစဉ်က ဆရာတော်တွေရဲ့ နှလုံးသား ဖြူစင်တယ်လို့ ခံစားခဲ့ရပါတယ်။
အငြိမ့်မှ
ကြည့်မိတဲ့ မြန်မာ အငြိမ့်တွေမှာ “ကုလားစုတ်၊ ငအ၊ ကရင်ကောင်၊ ထော့ကျိုး၊ ခြောက်စောင်း’ဆိုတဲ့ အသုံးတွေနဲ့ လူရယ်အောင် ဟာသ ထိုးတာမျိုးကို မကြာခဏ တွေ့ရတယ်။ အပြောခံ လူပြက်က ရယ်ပြနိုင်ပေမယ့် အပြင်လောကမှာ ဒီလို ပြောရင် ‘ငါးလိပ်ကျောက်ပြုံး’လေး ရဖို့တောင် ရှားမယ်ဗျို့။ အဲဒီလို အပြောအဆို အပြုအမူမျိုးဟာ ကြည့်မိသူ အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့ ကလေးတွေ အတုယူမှားဖို့ ဖြစ်စေနိုင်တယ်။ ဒါကြောင့် သဘင်၊ ရုပ်ရှင် ဒါရိုက်တာတို့ ဒါမျိုးကို လုံးဝ ရှောင်သင့်ပါပြီ။
မမေးနဲ့
ဒါတွေဟာ ဗုဒ္ဓဝါဒ အဆုံးအမ ဗုဒ္ဓတရားနဲ့ လုံးဝ မပတ်သက်တာ သေချာတယ်။ ဗုဒ္ဓဝါဒအပေါ် သံသယ အခြေခံနဲ့ မေးကို မမေးသင့်ပါဘူး။ ငယ်ငယ်က ကျောင်းနေစဉ် အခါနဲ့ လူ့အသိုင်းအဝိုင်းကြားမှာ လူတွေနဲ့ ပြောဆို ဆက်ဆံစဉ် အခါမှာ လူသားအချင်းချင်းဆိုတဲ့ အသိတရား သို့မဟုတ် လူသားဝါဒ၊ အကြင်နာ ကိုယ်ချင်းစာတရားနဲ့ ပတ်သက်တဲ့ လေ့ကျင့် သင်ကြားမှုမျိုး အားနည်းခဲ့တာဟာ အဓိက အကြောင်းရင်း ဖြစ်နိုင်တယ်။ ဒါမျိုးကို ဝေဖန် ထောက်ပြမှုတွေ အားနည်းတာ၊ ဥပဒေနဲ့ စနစ်တကျ မတားမြစ်တာတွေလည်း ပါမှာပေါ့။
စာသဝဏ်
“ရုပ်ရှင် ဇာတ်ကားထဲက သရုပ်ဆောင်တွေ စကားလုံးတွေ အမူအရာတွေ သတင်းစကားတွေဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ကြန်အင် လက္ခဏာတွေကို ကိုယ်စားပြုတယ်။ ရုပ်ရှင်တွေက ပြောတဲ့ ယဉ်ကျေးမှု အဆင့်အတန်း သမိုင်းကြောင်း လူမှုတန်ဖိုးတွေဟာ လူ့သမိုင်းနဲ့ ထပ်တူ ကျန်ရစ်နေတာ ဖြစ်ပါတယ်’လို့ ဆိုလေ့ရှိတဲ့ အကယ်ဒမီ သဝဏ်လွှာတွေကို ကြားဖူးမှာပေါ့။ “ကြန်အင်လက္ခဏာ’ အနေနဲ့ ကျန်ရစ်နိုင်တဲ့ ‘ပြက်လုံး” “သရုပ်ဆောင်မှု”တွေ ဖြစ်ရင် ပိုမကောင်းဘူးလား။
မတ် ၂၂၊ ၂၀၁၇။
တရားဖက်တော့ အမျက်ပြေ။
၅၇၂။ သာသနာကို ညှိုးနွမ်းစေသူ
မေးစရာ တစ်ခု ပေါ်လာလို့ပါ ဘုရား။ သတင်းဌာန တစ်ခုက သာသနာကို ညှိုးနွမ်းအောင် လုပ်သူနှင့် ပတ်သက်ပြီး ဆောင်းပါးလိုလို ဘာလိုလို ထုတ်လွှင့်မှု တစ်ခုတွင် “လူသေတာကို ဝမ်းသာတယ်“ဆိုတဲ့ ဘုန်းကြီးကသာ သာသနာကို ညှိုးနွမ်းအောင် လုပ်သူ ဖြစ်ပြီး သာသနာကို အပြင်ကလူတွေ ညှိုးနွမ်းအောင် မလုပ်နိုင်၊ ပညာရှိ ဆိုသူတွေ သာသနာကို ဖျက်တယ်“ ဟု ဆိုပါသည်။ ထိုစကားများ မှန်ပါသလား အရှင်ဘုရား။
မြေလတ် ငြိမ်းအောင်
---
ရယ်မခက်
ယူဆချက် တစ်ရပ်ကို ဖော်ပြရာမှာ မိမိစိတ်ထဲ ကြိုတင် ထင်မြင်ချက် ရှိနေလို့ ဒါကို ထောက်ခံနိုင်တဲ့ ပုဂ္ဂိုလ် သို့မဟုတ် စာတစ်ပိုင်း တစ်စကိုပဲ ကိုးကားပြီး ပြောရင် များသောအားဖြင့် မမျှတဘဲ ရှိနိုင်တယ်။ အထူးသဖြင့် ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ ပြောဆိုရင် စဉ်းစားတတ်သူတွေရဲ့ ဝေဖန်တာကို ပိုပြီး ခံရတတ်တယ်။ ဘဝင်မြင့်လေ့ရှိတဲ့ အဲဒီ သတင်းဌာန ဆိုသည်ကပဲ “ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်” ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်က နာမည်ကျော် “သျှစ်သောင်းဘုရား”ကို “အုတ်သောင်းဘုရား'လို့ ဖတ်သွားတာကို ကြားလိုက်ရတော့ ရယ်ရခက်ကြီး။ သမ္မတဟောင်း ဘုရှ်က မြန်မာ လူနာမည် အသံထွက် မှားတာကို ရယ်ရတာ မခက်ဘူး။
ဆောရီပါ
ဘုန်းကြီး အနေနဲ့ အကြောင်းအရာကို သိပ် စိတ်မဝင်စားလို့ မေးခွန်းပါ စာသုံးကြောင်း လောက်ကိုပဲ ကြည့်ပြီး ဆိုပါမယ်။ ဘုန်းကြီးလည်း “ကြိုတင် ထင်မြင်ချက် ရှိနေကြောင်း ဝန်ခံပါတယ်”။ ဒါကြောင့် မျှချင်မှ မျှတပါလိမ့်မယ်။ ဒီလို ဖြစ်ရင် ရီပါလို့ပဲ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘာသာရေးနယ် ဖြစ်လို့ နားလည်သမျှ ဗဟုသုတလေးနဲ့ ဘုန်းကြီး ယူဆပုံကိုတော့ ပြောကြည့်ချင်စိတ် ဖြစ်လာပါတယ် ..
ဟုတ်တယ်
‘လူတစ်ယောက် သေတာကို ဝမ်းသာတယ်”လို့ ပြောတဲ့ ဘုန်းကြီးကို “သာသနာ ဂုဏ်ညှိုးအောင် လုပ်သူ”လို့ ဆိုခွင့် ရှိတယ်။ ဘာကြောင့်ဆို ... ဒီလို ပြောဆိုတာဟာ မကြည်ညိုသေးသူကို ကြည်ညိုလာစေဖို့ မဖြစ်နိုင်တဲ့အပြင် ကြည်ညိုပြီးသူတို့ သဒ္ဓါတရား လျော့သွားနိုင်လို့ပါပဲ။ ဘုန်းကြီးဝတ်နဲ့ နေရင် ဘုန်းကြီးနဲ့ တူတဲ့ စကား တူတဲ့ အလုပ်နဲ့ တူတဲ့ အတွေးမျိုးပဲ ဖြစ်သင့်တယ်။ သူများ အကုသိုလ် လုပ်တာကို ဝင်ရောပြီး ဝမ်းသာ အယ်လဲဖြစ်ရင် ကိုယ်ပါ အကုသိုလ် ဖြစ်မှာပေါ့။ သူများ မိုက်တာကို အားပေးရင် ကိုယ်လည်း လူမိုက် ဖြစ်သွားမှာပေါ့။ တစ်ခုတော့ ရှိတယ် .. ဒီလိုပြောလို့ ဒီဘုန်းကြီးကို ရဟန်း မဟုတ်ဘူးလို့တော့ စွပ်စွဲခွင့် မရှိပါဘူး။
အပြင်လူ
“သာသနာကို အပြင်ကလူတွေ ညှိနွမ်းအောင် မလုပ်နိုင်” ရာမှာတော့ ဆွေးနွေးစရာ ရှိပါတယ် .. မြတ်စွာ ဘုရားကို ထိုင်ဆဲနေလို့ ဆဲတတ်တဲ့ ပုဏ္ဏားလို့ ဗုဒ္ဓစာပေမှာ မှတ်တမ်း တင်ခံရတဲ့ ပုဏ္ဏားတစ်ဦး ရှိဖူးတယ်။ ဆဲသူပုဏ္ဏားပဲ ညှိုးနွမ်းပြီး ဘုရား မညစ်နွမ်းဘူး။ ဗုဒ္ဓဘုရားကို ကိုယ်ဝန်ရှင်အဖြစ် စွပ်စွဲသူပဲ လောကပြစ် ဓမ္မပြစ် ရသွားပြီး ဘုရား ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် လူတစ်ယောက်က ဘုန်းကြီး တစ်ပါးကို မကြားကောင်း မနာသာ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြောဆို ဆဲရေးစွပ်စွဲတဲ့ ကိစ္စမှာတော့ ကြည်ညိုသူတွေ အပေါ် သက်ရောက်မှု ဖြစ်စေနိုင်တာကိုလည်း ထည့်သွင်း စဉ်းစားပြီး ဆဲဆို စွပ်စွဲသူကိုပါ သုံးသပ်မှ မျှတနိုင်မှာပါ။ သူက ဘာဆိုတဲ့ လူပြိန်း သတ်မှတ်ချက် တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဘာရည်ရွယ်ချက် ရှိသလဲ။ သူ့ပုဂ္ဂိုလ်ရေးက ဘာလဲ။ ဘုန်းကြီးတွေ အကြောင်း ဘယ်လောက် သိသလဲ စသည် .... ပေါ့။
မတူဘူး
‘သာသနာ ကွယ်ကြောင်း’ဆိုရင်တော့ “ဘုန်းကြီးတွေ မသင်ခြင်း၊ တရားတုတွေ ထွင်ခြင်း’စတဲ့ အတွင်း အကြောင်းတွေ ရှိသလို အပြင် အကြောင်းတွေလည်း ရှိနိုင်ပါတယ်။ အေဒီ ၁၃-ရာစု နာလန္ဒာ တက္ကသိုလ်က စာကြည့်တိုက်ကြီးတွေကို မီးရှို့၊ ဘုန်းကြီးတွေ ခေါင်းဖြတ် ခံရတဲ့အခါ ဗုဒ္ဓသာသနာ နာလံ မထူနိုင်တော့ပါဘူး။ သာသနာ ညှိုးနွမ်းအောင် သို့တည်းမဟုတ် ဂုဏ်သတင်းဆိုးအောင် လုပ်တာနဲ့ သာသနာ ကွယ်အောင် လုပ်တာ အဓိပ္ပာယ် မတူပါဘူး။
ဆွဲသုံးမယ်
မဆလခေတ်က ဆရာတော်ကြီး အရှင်ရေဝတဓမ္မကို ဦးနုရဲ့ သမီးနဲ့ ပေးစားတဲ့ လုပ်သား သတင်းစာပါ ဆောင်းပါးကို မှတ်ရတယ်။ လူတွေဟာ ဘုန်းကြီး တစ်ပါးကို မကြိုက်တော့ဘူး ဆိုရင် မိန်းမ သို့မဟုတ် ငွေကြေး မသမာမှုတွေနဲ့ စွပ်စွဲလေ့ရှိတယ်။ လူတွေ အကြည်ညို ပျက်အောင်သော်လည်း အဲဒီ အကွက်ထဲပဲ ဆွဲသွင်းတတ်တယ်။ သူ့တို့ကို ထောက်ခံလို့ အဲဒီ ဘုန်းကြီးကို ကြိုက်ရင်တော့ ရွှေဝါရောင် ကြိုးကိုင် နိုင်ငံရေးသမား တစ်ယောက် ပြောသလို “ဘုန်းကြီးတွေကို ဆွဲသုံးမယ်” ပေါ့။ အဲဒီတုန်းက လူတွေ လူလည်ကျလို့ ဆွဲသုံးခံ ရဟန်းငယ်တွေ အများကြီး ပျက်စီးခဲ့ရတယ်။
ပညာရှိလား
ကမ္ဘာ့သတင်း မီဒီယာတွေမှာ ကိုယ့်ကိုယ်ကို ရှေ့နေ သို့မဟုတ် ပီအိပ်ခ်ျဒီ သို့မဟုတ် ဘာသာရေး ခေါင်းဆောင်ကြီး ဆိုသူတွေက “ဘာသာရေး စစ်ပွဲဟေ့၊ ညီအစ်ကိုတွေ လက်နက်ကိုင်ကြ”ဆိုတဲ့ ကြွေးကြော်သံကို ကြားရတိုင်း ဗုဒ္ဓဘာသာ အမည်နဲ့ “ဘုန်းကြီးအတု’ကတောင် ဒီလို မအော်ဖူးသေးဘူးလို့ တွေးပြီး ကျေနပ်မိတယ်။ အဲဒီလို ပညာရှိ ဆိုသူတွေကို ရည်ရွယ်ပြီး နောက်တိုင်းသား လွတ်လပ် အတွေးရှင်တွေက “ငါတို့ လူကို မမုန်းပါဘူး။ ခင်ဗျားတို့ရဲ့ ကျမ်းစာကိုပဲ ကြောက်တာပါ'လို့ ဆိုဟန် တူပါတယ်။ ဂူးဂဲလ်မှာ ရိုက်ကြည့်ရင် ရာထောင် ချီပြီး သတင်းတွေ ရှာတွေ့နိုင်ပါတယ်။
မတ် ၃၁၊ ၂၀၁၇။
တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရာ၍ သတ္တဝါအပေါင်း ဆင်းရဲ ကြောင်းဖြင့် မကောင်းမှုကြီး ဖြစ်သည်တည်းဟု ..
(ငွေတောင်ရကန်၊ ၇၉)။
---
၅၇၃။ လှူစဉ် ဘယ်လို အာရုံပြု
ဆရာတော် ဘုရား၊ တစ်ခု မေးခွင့်ပြုပါ ဘုရား။ အလှူဒါန ပြုတဲ့အခါ တစ်ချို့က နိဗ္ဗာန်ကို ဆုတောင်းလှူပါတဲ့။ တစ်ချို့က လှူတဲ့သူလည်း မမြဲဘူး လှူဖွယ် ပစ္စည်းလည်း မမြဲဘူးလို့ ဝိပဿနာရှု လှူပါတဲ့။ တစ်ချို့က အလှူခံ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုသာ အာရုံပြု လှူပါတဲ့။ ဂုဏ်မဲ့ အလှူခံ ပုဂ္ဂိုလ် ဆိုရင်ရော ဘုရား။ ဘယ်လို အာရုံပြုရင် အကောင်းဆုံးပါလဲ ဘုရား။
ဒေါ်ဒေါ်လေး (သင်းသင်းဆွေစတိုး)
---
နည်းမျိုးစုံ
ဒါနနဲ့ ပတ်သက်ပြီး ဖွင့်ဆိုပုံ ယူဆပုံတွေ အများကြီး ရှိတယ်။ ဒါကြောင့် ရှေးက ဆရာတော်တွေ ရေးသားခဲ့တဲ့ ဒါနအကြောင်း ဖွင့်ဆို ဆုံးဖြတ်တဲ့ ကျမ်းစာတွေလည်း အများကြီးပါပဲ။ များပေမယ့် မေးခွန်းရဲ့ အဖြေကို သဘော ပေါက်ရုံအတွက် အခြေခံ နားလည်စရာတွေကို နည်းနည်း ဖော်ပြရရင် ..
ဒါနသုံးမျိုး
“သုတ္တန်ဒေသနာနဲ့ ညီတဲ့ ဒါန၊ ဝိနည်းဒေသနာနဲ့ ညီတဲ့ ဒါန၊ အဘိဓမ္မာဒေသနာနဲ့ ညီတဲ့ ဒါန’လို့ ဒါနပြုပုံ သုံးမျိုး ရှိတယ်။ အဲဒီ သုံးမျိုးအနက် ..
သုတ္တန်
ဝစ္ဆဂေါတ္တ ပရိဗိုဇ်က ဗုဒ္ဓကို “ရဟန်း ဂေါတမနဲ့ ရဟန်းဂေါတမ ရဲ့ တပည့်တွေကို လှူမှပဲ အကျိုးများတယ်၊ အခြားသူတွေကို မလှူနဲ့၊ လှူရင် အကျိုး မများဘူးလို့ ဟောကြားတာ မှန်ပါသ လား’လို့ မေးလျှောက်တဲ့ အခါ ဗုဒ္ဓက “ဝစ္ဆ ... မမှန်ပါဘူး။ သတ္တဝါလေးတွေ စားသုံးပါစေ ဆိုပြီး ခွက်ဆေးရေ လက်ဆေးရေကို ရေမြောင်းထဲ ပစ်ချရင်တောင် ကုသိုလ်ရတယ်။ လူကို ပေးကမ်း လှူဒါန်းရင် အဘယ် ဆိုဖွယ်ရှိပါ့လဲ (အံ၊၁၊၁၈၀။ အံ၊ဋ္ဌ၊၂၊၁၄၃)”လို့ ဖြေပါတယ်။ ဒါကြောင့် သုတ္တန်နည်းအရ ပုဂ္ဂိုလ်မရွေး လှူဒါန်းနိုင်တယ်။
ဥပမာ .. ဆင်းရဲဒုက္ခ ရောက်နေတဲ့ မည်သူ မဆိုကို တွေ့ရင် ကြင်နာစိတ် (ကရုဏာ)နဲ့ ထိုဆင်းရဲမှ လွတ်ပါစေလို့ ရည်ရွယ်ပြီး လွတ်လွတ် စွန့်ကြဲခြင်းမျိုး။ ဒီဒါနမျိုးက နည်းလမ်း မှန်စွာ လုပ်နိုင်ရင် ပါရမီမြောက်တယ်။ ဒါကြောင့် ဂုဏ်ရှိ ဂုဏ်မဲ့ မဟူ ကရုဏာ ခြံရံပြီး လှူရင် အကျိုး ရှိပါတယ်။
ဝိနည်း
ဝိနည်း ဆိုတာ ရဟန်းတို့ရဲ့ ကိုယ်နှုတ်နှလုံး ထိန်းစောင့်မှုကို သင်တာ တစ်နည်း သီလကို သင်တာ။ ဒါကြောင့် ရဟန်းတို့ အပ်စပ်တဲ့ အသုံးအနှုန်း (ဥပမာ .. ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသည်)နဲ့ သီလရှိတဲ့ ရဟန်းကိုသာ ရွေးပြီး လှူဒါန်းဖို့ ခွင့်ပြုတော်မူတယ် (အဘိဓာန်-ဋီကာ၊ ၄၂၂-ဂါထာ)။ “တစ်ချို့က အလှူခံ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုသာ အာရုံပြု လှူပါဆိုတာ ဒါကို ရည်ရွယ်ပြီး ပြောတာ ဖြစ်နိုင်ပါတယ်။
အဘိဓမ္မာ
အဘိဓမ္မာ နည်းအရ ဒါနဝတ္ထုကို ပညတ် အနေနဲ့ အာရုံမပြုဘဲ ပရမတ် အနေနဲ့ နှလုံးသွင်းပြီး လှူဒါန်းရတယ်။ ဥပမာ ကျောင်းလှူတယ် ဆိုပါစို့ ... ကျောင်းဆိုတာ ရုပ်တရား၊ ဒီရုပ်တရားဟာ အချမ်းအပူစတဲ့ အကြောင်း တရားကြောင့် ဖောက်ပြန်တတ်တဲ့ သဘာဝ ရှိတယ်လို့ အာရုံပြုရမှာပေါ့။ “တစ်ချို့က လှူတဲ့သူလည်း မမြဲဘူး လှူဖွယ် ပစ္စည်းလည်း မမြဲဘူးလို့ ဝိပဿနာရှု လှူပါ'လို့ ဆိုတာ ဒါကို ရည်ရွယ်တာ ဖြစ်နိုင်တယ်။
နာမည်ကျော် စတုရင်္ဂဗလ အမတ်ကြီးက “ဝိနည်း သုတ္တန် အဘိဓမ္မာ ဘယ်နည်းနဲ့ပဲ လှူဒါန်းသည် ဖြစ်စေ အလှူခံ ပုဂ္ဂိုလ်၊ လှူဖွယ်ဝတ္ထု၊ စေတနာ .. ဤသုံးမျိုး စင်ကြယ်ရင် အကျိုးပေး ကြီးပါတယ် (အဘိဓာန်ဋီကာ၊ ၄၂၂-ဂါထာ)”လို့ မိန့်ခဲ့ပါတယ်။
နိဗ္ဗာန်
အာရုံပြုပုံ သို့မဟုတ် ရည်ရွယ်ပုံ နှစ်မျိုး ရှိတယ် ..
၁) အခိုင်းအစေ လုပ်ပြီး ရတဲ့ ပိုက်ဆံနဲ့ ဝယ်လို့ ဝတ်ချင်နေတဲ့ ပိတ်စလေး လက်ထဲ ရောက်တော့မှ ဒုက္ခရောက်နေတဲ့ ရဟန်းတစ်ပါးကို အပြတ် လှူနိုင်တဲ့ မိန်းကလေးဟာ ဥမ္မာဒန္တီ ဖြစ်လာတယ်။ အဲဒီလို ဘဝပြည့်စုံမှုကို ရည်ရွယ်ပြီး လှူတာ။
၂) “ဣဒံ မေ ဒါနံ အာသဝက္ခယာ.ဝဟံ ဟောတု = ဤအလှူသည် အာသဝေါ ကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်သော အထောက်အပံ့ ဖြစ်ပါစေ”လို့ နိဗ္ဗာန်ကို အာရုံပြုပြီး လှူတာ။
ပထမ လှူပုံက နိဗ္ဗာန်ရဖို့ အထောက်အပံ့ မဖြစ်နိုင်။ ဒုတိယ လူပုံက ဘဝပြည့်စုံမှုကိုရော နိဗ္ဗာန် ရဖို့ကိုပါ ဖြစ်စေနိုင်တယ် (အံ၊ဋ္ဌ၊၁၊၄၃)။ ဒါကို ရည်ရွယ်ပြီး “တစ်ချို့က နိဗ္ဗာန်ကို ဆုတောင်းလှူပါ”လို့ ဆိုတာ ဖြစ်ပါလိမ့်မယ်။
အစွဲလား
ဝိနည်း လေးစားတယ်လို့ ယူဆရတဲ့ ဆရာတော်တွေက အလှူခံ ပုဂ္ဂိုလ်ရဲ့ဂုဏ် (သီလဂုဏ်)ကို အာရုံပြု လှူပါလို့ ဆိုဆဲ ရိပ်သာတွေက ဝိပဿနာရှု လှူပါလို့ ဆိုမယ်။ အခြား ကျမ်းတတ် ဆရာတော်တွေကလည်း နိဗ္ဗာန်ကို အာရုံပြု လှူပါလို့ ဆိုကြလေမလား။
သုမေဓာတောင် နိဗ္ဗာန်ကို ရလုဆဲ အခွင့်အရေးကို မယူခဲ့ဘဲ ပါရမီ ဖြည့်ခဲ့သေးတာပဲ။ ဥမ္မာဒန္တီလို ဖြစ်ဖို့ လှူရင် လည်း တားမြစ်ခွင့်တော့ မရှိပါဘူး။ ကိုယ့်ဆန္ဒအရ ဆုံးဖြတ်ခွင့် ရှိလို့ ဖော်ပြပါ အာရုံပြုပုံ အားလုံး မှန်တယ်လို့ ဘုန်း ယူဆကြောင်းပါ။
တိုက်တွန်း
“အလှူရှင်တို့မှာ အလှူခံ ပုဂ္ဂိုလ်ကို အကြောင်းပြု၍ နောင်တ ပူပန်မှု ဖြစ်ရတတ်၏။ လှူဖွယ်ဝတ္ထုနှင့် အခြွေအရံ အသင်းအပင်းတို့ကြောင့်လည်း အားသေးသော ပူပန်မှု ဖြစ်နိုင်၏။ သို့ဖြစ်၍ သီလရှိသူကိုသာ ရည်မှန်းပြီး လှူဒါန်းရမည်။ သို့မှသာ စေတနာတိုးပွားပြီး အကျိုးများမည် (ဒီ၊ဋ္ဌ၊၁၊၂၆၈၊ ဒီ ဋီ၊၁၊၃၂၈)။
ဒီအဆိုလေးကို နာခံပြီး လှူပြီဆိုတာနဲ့ အလှူခံရဲ့ အလုပ်၊ ကိုယ်ကျင့်တရားတွေကို ယုံကြည်ပြီး ပြတ်ပြတ် လှူချလိုက်။ အနည်းဆုံး ပုဗ္ဗနဲ့ မုဉ္စစေတနာ အားကောင်းအောင် ကြိုးစားပါ။ “အပရ’ကိုတော့ အသင့်နှလုံး သွင်းခြင်း (ယောနိသော မနသိကာရ)နဲ့ ထိန်းပါ။
ဧပြီ ၈၊ ၂၀၁၇။
စကားသစ္စာ မှန်သောခါကား ဩဇာလေးနက် ပေါ်ဆီ တက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။
(ပါရမီ၊ ပိုဒ် ၁၂၃)