ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၅)
ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ်-၅)
အရှင်ကေလာသ
- ဓမ္မာစရိယ၊ B.A. (Philo) M.A. (Buddhism) ဖြေဆိုသည်
ပုံနှိပ်ရာဇဝင်
- 254 N Wickiup Rd, Apache Junction, AZ 85119
- Tel: (480)-288-0789
- www.kelasa.org
မာတိကာ
- ၅၇၄။ ခရီးသွားဂါထာ (၂၀၅၃-၂၀၅၅)
- ၅၇၅။ ခြင်ထောင်သီလ (၂၀၅၅-၂၀၅၇)
- ၅၇၆။ သီချင်းဆို၍ ဘုရားရှိခိုး (၂၀၅၈-၂၀၆၃)
- ၅၇၇။ စေတီများတည်ရခြင်း (၂၀၆၄-၂၀၆၈)
- ၅၇၈။ စိတ်ကိုပဲကြောက်တယ် (၂၀၆၈-၂၀၇၂)
- ၅၇၉။ ရခိုင်နဲ့သီဟိုဠ် (၂၀၇၂-၂၀၇၈)
- ၅၈၀။ ရဟန်းခံခြင်းအစ (၂၀၇၈-၂၀၈၂)
- ၅၈၁။ ဧဟိဘိက္ခုနီ (၂၀၈၃-၂၀၈၆)
- ၅၈၂။ တရားတုသတိ (၂၀၈၇-၂၀၉၃)
- ၅၈၃။ လူခြောက် (၂၀၉၃-၂၀၉၇)
- ၅၈၄။ လူခြောက်ကိုရှင်ပြုခြင်း (၂၀၉၇-၂၀၉၉)
- ၅၈၅။ ဘုရားမကြောက် (၂၁၀၀-၂၁၀၂)
- ၅၈၆။ လေတံခွန်ရောဂါ (၂၁၀၂-၂၁၀၅)
- ၅၈၇။ ညစာစားဥပုသ် (၂၁၀၅-၂၁၀၇)
- ၅၈၈။ ဓမ္မကထိကမှတ်စု (၂၁၀၇-၂၁၁၁)
- ၅၈၉။ ကိုယ့်ကိုယ်ကို မေတ္တာပို့ (၂၁၁၁-၂၁၁၃)
- ၅၉၀။ အမျှဝေဖို့ ဗုဒ္ဓဟော (၂၁၁၃-၂၁၁၅)
- ၅၉၁။ ပဉ္စဝဂ္ဂီရှင်းချက် (၂၁၁၆-၂၁၁၉)
- ၅၉၂။ ပင့်ကူအိမ်ကို ဖျက်ခြင်း (၂၁၁၉-၂၁၂၁)
- ၅၉၃။ ရေငတ်တာ ဆန္ဒ (၂၁၂၂-၂၁၂၃)
- ၅၉၄။ သောတာပန်လို (၂၁၂၄-၂၁၂၅)
- ၅၉၅။ ဆင်ဆာ (၂၁၂၆-၂၁၂၈)
- ၅၉၆။ အာဇီဝဋ္ဌမက (၂၁၂၉-၂၁၃၁)
- ၅၉၇။ သံယုတ္တနိကာယ်မှတ်စု (၂၁၃၁-၂၁၃၃)
- ၅၉၈။ အာပတ်နဲ့ လူမထွက်နဲ့ (၂၁၃၄-၂၁၃၆)
- ၅၉၉။ ဝှီးချဲနဲ့ တရားနာ (၂၀၃၇-၂၀၄၀)
- ၆၀၀။ မေထုန်နဲ့ အရက် (၂၁၄၀-၂၁၄၂)
- ၆၀၁။ နိဗ္ဗာန် ပျင်းစရာလား (၂၁၄၃-၂၁၄၆)
- ၆၀၂။ ဖတ်ရှုကြားနာ ပွားများပါ (၂၁၄၆-၂၁၄၉)
- ၆၀၃။ နေ့စဉ်ဘဝ အာနာပါန (၂၁၅၀-၂၁၅၃)
- ၆၀၄။ ကိုရင်ဝတ်နိုင်ခြေ (၂၁၅၃-၂၁၅၅)
- ၆၀၅။ သက်ရှည်ကမ္မဋ္ဌာန်း (၂၁၅၅-၂၁၅၇)
- ၆၀၆။ ပုတီးလက်စွဲ လူစဉ်းလဲ (၂၁၅၇-၂၁၅၉)
- ၆၀၇။ ကျေးဇူးတင်ပါတယ် (၂၁၆၀-၂၁၆၃)
- ၆၀၈။ ကိုယ်လုပ်တာ ကိုယ်ရ (၂၁၆၄-၂၁၆၅)
- ၆၀၉။ မောင့်ကုသိုလ် (၂၁၆၆-၂၁၇၀)
- ၆၁၀။ သုဝဏ္ဏသျှံ (၂၁၇၀-၂၁၇၂)
- ၆၁၁။ တပ်ပြေး ရဟန်းပြုခွင့် (၂၁၇၃-၂၁၇၅)
- ၆၁၂။ မဟာယာနနဲ့ သတိပဋ္ဌာန် (၂၁၇၅-၂၁၇၇)
- ၆၁၃။ လိင်ပြောင်းချင်လို့ (၂၁၇၈-၂၁၈၁)
- ၆၁၄။ သိုးပြီးသင်္ကန်း (၂၁၈၂-၂၁၈၆)
- ၆၁၅။ တွန်သံသာတဲ့ ရွှေဘဲကြက် (၂၁၈၆-၂၁၉၁)
- ၆၁၆။ သက်ဦးအစ မသိရ (၂၁၉၁-၂၁၉၃)
- ၆၁၇။ အကောင်းရဲ့ ရင်းမြစ် (၂၁၉၃-၂၁၉၅)
- ၆၁၈။ လူမိုက်နဲ့ လူလိမ္မာ (၂၁၉၆-၂၁၉၈)
- ၆၁၉။ ဥုံ မဏိ ပဒ်မေ ဟုံ (၂၁၉၉-၂၂၀၂)
- ၆၂၀။ တကယ့် ဟိုအသံပဲ (၂၂၀၃-၂၂၀၅)
- ၆၂၁။ ဖုတ်သွင်းရထား (၂၂၀၅-၂၂၀၆)
- ၆၂၂။ တဏှာနဲ့ ဥပါဒါန် (၂၂၀၇-၂၂၀၈)
- ၆၂၃။ အရှင်မဟာကဿပနဲ့ အရှင်ရာဟုလာ (၂၂၀၈-၂၂၁၁)
- ၆၂၄။ မွေတော်သုံးမျိုး ဘုရားဟော (၂၂၁၂-၂၂၁၃)
- ၆၂၅။ ဝိသုဒ္ဓိမဂ်ကျမ်း (၂၂၁၃-၂၂၁၅)
- ၆၂၆။ မိဘကျေးဇူးဆပ်နည်း (၂၂၁၆-၂၂၂၀)
- ၆၂၇။ မာနတ် ငရဲကျသလား (၂၂၂၁-၂၂၂၄)
- ၆၂၈။ ဘုရားဖူးသွားခြင်း (၂၂၂၄-၂၂၂၅)
- ၆၂၉။ ဒါနနဲ့ ကံကိုယုံကြည်ခြင်း (၂၂၂၆-၂၂၂၉)
- ၆၃၀။ အနောက်နှင့် အရှေ့ (၂၂၃၀-၂၂၃၆)
- ၆၃၁။ ရဟန္တာရှစ်ပါးပြဿနာ (၂၂၃၇-၂၂၄၂)
- ၆၃၂။ မြတ်ဗုဒ္ဓနဲ့ မုတ်ဆိတ်မွှေး (၂၂၄၃-၂၂၄၆)
- ၆၃၃။ မှတ်စုထဲက ဗိမ္ဗိသာရ (၂၂၄၇-၂၂၅၅)
- ၆၃၄။ ဓမ္မလိမ်းဆေး (၂၂၅၅-၂၂၅၇)
- ၆၃၅။ နာ့မလိန် .. နာ့မလိန် (၂၂၅၇-၂၂၆၀)
- ၆၃၆။ သစ္စာနှစ်ပါး (၂၂၆၀-၂၂၆၂)
- ၆၃၇။ ကံကြောင့် ဖျားတာလား (၂၂၆၂-၂၂၆၆)
- ၆၃၈။ ကိုယ်ထဲမှာ နိဗ္ဗာန်လား (၂၂၆၆-၂၂၆၉)
- ၆၃၉။ ရောင့်ရဲမှုနဲ့ စီးပွားရေး (၂၂၆၉-၂၂၇၂)
- ၆၄၀။ သိက္ခာတင် သိက္ခာချ (၂၂၇၃-၂၂၇၅)
- ၆၄၁။ ရှိခိုးဖို့လိုသလား (၂၂၇၅-၂၂၇၇)
- ၆၄၂။ သပိတ်နှင့် ထမင်းစားခြင်း (၂၂၇၈-၂၂၈၀)
- ၆၄၃။ လိင်တူချစ်ကြိုက်ခြင်း (၂၂၈၁-၂၂၈၄)
- ၆၄၄။ နိမိတ်တဘောင်ဟူသည် (၂၂၈၄-၂၂၈၇)
- ၆၄၅။ အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတဲ့နေရာ (၂၂၈၈-၂၂၉၂)
- ၆၄၆။ သောတာပန်နဲ့ ဂျေကိစ္စ (၂၂၉၃-၂၂၉၈)
- ၆၄၇။ အဒိန္နာဒါန (၂၂၉၈-၂၃၀၀)
- ၆၄၈။ ပဗ္ဗာဇနိယကမ္မဝါစာ (၂၃၀၁-၂၃၀၃)
- ၆၄၉။ နှစ်ပါးတွဲ သုံးပါးတွဲ ရဟန်းခံခြင်း (၂၃၀၄-၂၃၀၆)
- ၆၅၀။ ကြောင်နဲ့ ကမ္မဝါ (၂၃၀၇-၂၃၀၈)
- ၆၅၁။ ဂေါတမအမည် (၂၃၀၉-၂၃၁၂)
- ၆၅၂။ သိမ်နှင့် လျှပ်စစ်မီးကြိုး (၂၃၁၃-၂၃၁၅)
- ၆၅၃။ သိက္ခာထပ်သမိုင်း (၂၃၁၆-၂၃၂၀)
- ၆၅၄။ သောတာပန်ရဲ့စိတ် (၂၃၂၀-၂၃၂၂)
- ၆၅၅။ ရဟန်း အသုဘလိုက်ပို့ခြင်း (၂၃၂၂-၂၃၂၄)
- ၆၅၆။ မြတ်ဗုဒ္ဓရဲ့ စုတိအာရုံ (၂၃၂၅-၂၃၂၇)
- ၆၅၇။ သောတာပန်ရဟန်း လူထွက်သလား (၂၃၂၈-၂၃၂၉)
- ၆၅၈။ ပြင်မှတ် (၂၃၂၉-၂၃၃၀)
- ၆၅၉။ ကိုးပါးသီလ (၂၃၃၁-၂၃၃၄)
- ၆၆၀။ အရှင်အာနန္ဒာ သောတာပန်ဖြစ်ချိန် (၂၃၃၅-၂၃၃၇)
- ၆၆၁။ မဟာနာမမင်း ထပ်ဆင့်အဖြေ (၂၃၃၇-၂၃၄၁)
- ၆၆၂။ ဉာဏ်ကြီးရှင်ရဲ့ တရားအသိ (၂၃၄၂-၂၃၄၄)
- ၆၆၃။ ပဗ္ဗဇ္ဇမင်္ဂလာ (၂၃၄၄-၂၃၄၈)
- ၆၆၄။ တရားစစ်သူကြီးရဲ့ အိမ်ပြန်ကြိမ် (၂၃၄၈-၂၃၅၀)
- ၆၆၅။ ဘုရားရှင် ခါးနာခြင်း (၂၃၅၁-၂၃၅၂)
- ၆၆၆။ ရက်ပြည့်ကုသိုလ် (၂၃၅၃-၂၃၅၄)
- ၆၆၇။ လင်းနို့သား နှစ်ဝတ္ထု (၂၃၅၅-၂၃၅၇)
- ၆၆၈။ မအိုအောင် လုပ်နိုင် (၂၃၅၈-၂၃၆၀)
- ၆၆၉။ လူအာပတ်ဖြေခြင်း (၂၃၆၁-၂၃၆၄)
- ၆၇၀။ မစ္ဆရိယငါးမျိုးနှင့် သောတာပန် (၂၃၆၅-၂၃၆၆)
- ၆၇၁။ သူ့ဂုဏ်ကိုမှောက် (၂၃၆၆-၂၃၆၈)
- ၆၇၂။ ဘုန်းတော်အနန္တ (၂၃၆၉-၂၃၇၂)
- ၆၇၃။ ဒီပနီကို ဖတ်ပါ (၂၃၇၂-၂၃၇၄)
- ၆၇၄။ မဟာမုနိဘုရား (၂၃၇၄-၂၃၇၇)
- ၆၇၅။ အမျှဝေခြင်းနှင့် သဿတဒိဋ္ဌိ (၂၃၇၈-၂၃၈၀)
- ၆၇၆။ ပိဋကတ်ကျမ်းကိုး အတိုမှတ် (၂၃၈၁-၂၃၈၃)
- ၆၇၇။ အစွဲမဲ့ဝါဒ (၂၃၈၄-၂၃၈၆)
- ၆၇၈။ ချွေးနံ့ရလို့ (၂၃၈၇-၂၃၈၈)
- ၆၇၉။ ကိလေသာစက် သုံးထောင်ဝက် (၂၃၈၉-၂၃၉၂)
- ၆၈၀။ စေတီကို ဆွမ်းကပ်ခြင်း (၂၃၉၂-၂၃၉၄)
- ၆၈၁။ အရက်အိုးပမာဤခန္ဓာ (၂၃၉၅-၂၃၉၇)
- ၆၈၂။ စေတီဟောင်းကိုပြင် (၂၃၉၈-၂၄၀၀)
- ၆၈၃။ ပြင်သင့်မှပြင် (၂၄၀၁-၂၄၀၃)
- ၆၈၄။ ယနေ့ဝါဆိုသင်္ကန်း (၂၄၀၄-၂၄၀၆)
- ၆၈၅။ ဉာဏ်မဦးပေမယ့် (၂၄၀၇-၂၄၁၂)
- ၆၈၆။ အလိုမပြည့်နိုင် (၂၄၁၃-၂၄၁၆)
- ၆၈၇။ လူဝတ်ကြောင် ရဟန္တာများ (၂၄၁၇-၂၄၂၂)
- ၆၈၈။ ဓနဉ္ဇာနီသာသနာပြုပုံ (၂၄၂၃-၂၄၃၀)
- ၆၈၉။ ရဟန္တာနှင့် ဆေးလိပ် (၂၄၃၁-၂၄၃၃)
- ၆၉၀။ ဗုဒ္ဓေါလို့ ယောင်မယ် (၂၄၃၃-၂၄၃၅)
- ၆၉၁။ အမုန်းသံယောဇဉ် (၂၄၃၆-၂၄၃၈)
- ၆၉၂။ ရဟန္တာကိုရင် ကံဆောင်ခွင့် (၂၄၃၈-၂၄၄၀)
- ၆၉၃။ ရဟန်းသိက္ခာဘီလျံ (၂၄၄၁-၂၄၄၄)
- ၆၉၄။ ဝိသာခါဥဒါန်း (၂၄၄၄-၂၄၄၆)
- ၆၉၅။ အလံရှူးရောဂါ (၂၄၄၅-၂၄၅၁)
- ၆၉၆။ နတ်မေထုန် (၂၄၅၁-၂၄၅၆)
- ၆၉၇။ သုံးဆယ့်တစ်ဘုံ (၂၄၅၇-၂၄၅၉)
- ၆၉၈။ ဤသို့ပြုရအဖွင့် (၂၄၆၀-၂၄၆၅)
- ၆၉၉။ ရွှေပြားမှစာရင်း (၂၄၆၅-၂၄၆၆)
- ၇၀၀။ အကုသိုလ်စိတ်ကို တားနည်း (၂၄၆၇-၂၄၇၀)
- ၇၀၁။ ဒိဋ္ဌိတိုင်း ငရဲမကျ (၂၄၇၁-၂၄၇၃)
- ၇၀၂။ ဘဝသံသရာ (၂၄၇၄-၂၄၇၆)
- ၇၀၃။ အရက်ပါတဲ့ဆေး (၂၄၇၇-၂၄၇၉)
- ၇၀၄။ အရက်သောက်တာ ဒုစရိုက် (၂၄၈၀-၂၄၈၆)
- ၇၀၅။ ဝါဆိုစဉ်ဗုဒ္ဓဝင် (၂၄၈၇-၂၄၉၃)
- ၇၀၆။ သီဝလိတစ်ဂါထာ (၂၄၉၃-၂၄၉၅)
- ၇၀၇။ ဟိုဆန္ဒတူလို့ (၂၄၉၆-၂၄၉၈)
- ၇၀၈။ ဘုရားဘေးက တံခွန်တိုင် (၂၄၉၉-၂၅၀၃)
- အက္ခရာစဉ်မှတ်ဖွယ် (စဉ် ၁-စဉ် ၁၆)
စကားမြွက်
အနိမ့်ဆုံး
ဓမ္မအမေးအဖြေတွေမှာ ဖော်ပြတဲ့ ဘုန်းကြီးရဲ့ အဖြေတွေကို ဖတ်မိသူ အနေနဲ့ ဆက်လက် လေ့လာဖို့ လမ်းခင်းပေးတဲ့ နိမ့်ဆုံး အဆင့်အနေနဲ့ပဲ ယူဆပါတယ်။ ကျွမ်းကျင် ပြည့်စုံတဲ့ ဆရာတော် သို့မဟုတ် လူပညာရှိတွေကို မေးမြန်း အဖြေရှာပြီး နှစ်သက်ရာ အဖြေမှန် တစ်ခုနဲ့ မိမိရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ တည်ဆောက်ခွင့် ရှိပါတယ်။ ငါ့အဖြေသည်သာ မှန်တယ်လို့ တစ်ခါမှ မတွေးဖူးပါ။
ဒါကြောင့် ကျမ်းရင်း အဆိုတွေက လွဲလို့ မိမိကိုယ်ပိုင် သုံးသပ်ချက် အများစုကို ယူဆခွင့်ရှိတယ်၊ ဖြစ်နိုင်တယ်၊ ဖြစ်လေမလား ဆိုတာမျိုးပဲ ရေးပါတယ်။
ယူဆပုံ
ယုတ္တိနဲ့ ကျမ်းဂန်ကို မျှတစွာ ညှိပြီး ယူဆလေ့ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ ရှေးဆရာတို့ရဲ့ အစဉ်အလာ ယူဆပုံက ခွဲထွက်တာမျိုး တွေ့ရတာပေါ့။ သုတေသန သဘောအရ ဒါမျိုး မည်သူမဆို လုပ်ခွင့် ရှိပါတယ်။ စာဖတ်သူက ကြိုက်ရင်ယူ၊ မကြိုက်ရင်တော့ ယုတ္တိ သို့မဟုတ် သာဓကပြပြီး ဆွေးနွေးပေါ့။
မျက်မှောက်ခေတ်ဟာ အိုင်တီခေတ်ကြီးပါ။ သုတေသနရင်းမြစ်တွေ အများကြီး ရနိုင်ပါတယ်။ ဒါကြောင့် အစဉ်အလာ တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ဘုန်းကြီး ယူဆတယ်။
ဒီလိုပါ.. ငယ်လတ်ကြီး စာချတန်းများ ဖြေစဉ်က ‘ဤသို့ ဋီကာကျမ်းတွင် ဆိုသောကြောင့် ထိုအဆို မမှန်ပါ” ဆိုပြီး အာဂုံ ကျက်ထားတဲ့ စာကြောင်းကို ရေးပြနိုင်ရင် စာစစ်သူက အမှတ် ပြည့် ပေးလိုက်တာပဲ။ ခေတ်သစ်မှာ ဒါမျိုးနဲ့ မလုံလောက်ဘူး။ ဘွဲ့ဒီဂရီတွေကို ထောင်ပြပြီး ဆုံးဖြတ်တဲ့ ခေတ်လည်း မဟုတ်တော့ဘူး။ သုတေသန ပြုနည်းတွေ များစွာ တိုးတက်နေပြီး လိုအပ်တဲ့ အချက်အလက်တွေ အတွက်လည်း ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်လို့ ဆိုနိုင်တဲ့ ဂူးဂဲလ်လို ရင်းမြစ်တွေ ရှိတယ်။
မီဒီယာလောက ကြီးမား ကျယ်ပြန့် လွန်းလို့ ဒီလို ပြောလိုက်ရင် မြတ်ဗုဒ္ဓရဲ့ အဆုံးအမအပေါ် ခေတ်လူတို့ ဘယ်လို မြင်သွားနိုင်သလဲ ဆိုတာကိုပါ ထည့်သွင်း စဉ်းစားရတာမျိုးလည်း ရှိလာတယ်။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို ခေတ်နဲ့အညီ တွေးခေါ်နိုင်မှ ခေတ်နဲ့ နီးစပ်ပြီး ကျင့်သုံးလိုသူတွေ တိုးလာမှာပေါ့။
ဝေဖန်
သူသူငါငါ သည်းခံဖို့ ဟောကြ ရေးကြပေမယ့် လက်တွေ့ လုပ်ခက်တာ ကိုယ်တွေ့ပါ။ “ရေးတော့ (ဟောတော့) ဘုံဖျား၊ စိတ်နေ ချုံကြား’ထဲက ထွက်မြောက်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကျော်ကြားတဲ့ ပုဂ္ဂိုလ်မြတ်တွေနဲ့ ပတ်သက်တဲ့ အချို့ အဖြေတွေမှာ အကြောင်းအရာကို ပဓာနပြုပြီး မိမိထင်မြင်ချက်ကို ပေးနိုင်ရုံပဲ ကြိုးစားပါတယ်။
ဘုန်းကြီးရဲ့ ဝေဖန်မှုမှာ ပုဂ္ဂိုလ်ရေး အမည်နာမကို လုံးဝ ရှောင်ပါတယ်။ မေးခွန်း အချို့မှာ တွေ့ရတာကတော့ ဝတ္တိစ္ဆာ အရ (မေးသူ့အလိုကျ) မဖြုတ်ဘဲ ထားလိုက်တာပါ။ ဒီလိုဖြစ်ရင်လည်း ထိုထို ပုဂ္ဂိုလ်မြတ်တို့ရဲ့ ဂုဏ်ကို ထိခိုက်အောင် မိမိက ဆရာကြီး လေယူ လေသိမ်းနဲ့ မဆိုမိအောင် အထူး သတိပြုပါတယ်။ သို့တစေ ပင်ကို စရိုက်နဲ့ ပုထုဇဉ် သဘာဝအရ မာနသံ လုံးဝ ကင်းတယ်လို့ မဆိုနိုင်ကြောင်းလည်း ဝန်ခံပါတယ်။ အချို့ အဖြေတွေမှာ မေးခွန်းနဲ့ အလွန်းကြီး မဆိုင်တဲ့ အကြောင်းအရာတွေကိုပါ ဖော်ပြတာမျိုး ရှိတယ်။ ဒီလိုဖြစ်ပေမယ့် မေးခွန်းကို ခြုံပြီးပေးထားတဲ့ ခေါင်းစဉ်နဲ့ မဝေးလွန်းအောင်တော့ စားပါတယ်။ သုတေသန ဆောင်းပါးပုံစံနဲ့ ဖြေနေတာပါ။
သိမ်းထားဖို့
ဟောဒီ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၅-မှာ မေးခွန်းပေါင်း ၁၃၄-ခု ပါဝင်တယ်။ တစ်ချို့ မေးခွန်းတွေက မေးခွန်းဟောင်းတွေနဲ့ အကြောင်းအရာ ဆက်စပ်တယ်။ ဒါကြောင့်ပဲ ဆက်စပ် မေးခွန်းတွေကို ညွှန်းထားရတာပါ။ စိတ်ဝင်စားသူတွေ အဖို့ အလွယ်တကူ ရှာဖွေနိုင်အောင်လို့ ဖြစ်ပါတယ်။ အခု ဒီပေါင်းချုပ် ၅-မှာ ထူးခြားတာက ဖေ့စ်ဘုက်မှာ စေတနာကောင်းနဲ့ မှတ်ချက် ရေးပေးသူ အချို့ရဲ့ မှတ်ချက် အချို့ကိုပါ ရေးသူတို့ရဲ့ ခွင့်ပြုချက်နဲ့ ထည့်သွင်းထားခြင်းပါ။
ယခင် ပေါင်းချုပ်တွေရဲ့ စကားမြွက်မှာ ပြောခဲ့သလိုပဲ မိမိ လေ့လာဆည်းပူးထားတဲ့ စာစုလေးတွေ ပျောက်ပျက် မသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စာအုပ်ထုတ်ဝေခြင်း ဖြစ်ကြောင်းလည်း အသိပေးပါတယ်။
မှတ်တမ်းတင်
ဟောဒီ ဓမ္မအမေးအဖြေများ ပေါင်းချုပ် အမှတ် (၅) ကို ဖတ်ရှု တည်းဖြတ်ပေးတဲ့ အရှင်တေဇိန္ဒ၊ တွဲဖက်ပါမောက္ခ၊ ဝိနယပိဋက မဟာဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)နဲ့ မျက်နှာဖုံး ဒီဇိုင်းကို စေတနာနဲ့ ပုံဖော် ဖန်တီးပေးတဲ့ ရန်ကုန်မြို့က ကိုသိန်းဇော်လင်း (4-Colour) တို့ကိုလည်း ထူးကျေးဇူးတင်ပါတယ်။ စာအုပ် ဖြစ်မြောက်အောင် စီမံပြီး ဆိုင်အရောက် ဆောင်ရွက်ပေးတဲ့ ရန်ကုန်မှ ဒကာ ဦးမိုးကိုကို တို့ မိသားစုရဲ့ စေတနာကိုလည်း မှတ်တမ်း တင်ပါတယ်။
အရှင်ကေလာသ (အရီဇိုးနား)
စက်တင်ဘာလ၊ ၂ဝ၁၈။
ကျမ်းကိုးများ
ဓမ္မအမေးအဖြေတွေမှာ ကိုးကားတဲ့ ပါဠိတော် အဋ္ဌကထာ ဋီကာ လုံးမှာ ကမ္ဘာအေး သာသနာရေးဦးစီးဌာနက ရိုက်တဲ့ ဆဌသံဂါယနာ မူတွေပဲ ဖြစ်ပါတယ်။ မူရင်းကျမ်းစာကို ဖတ်လိုသူမှာလည်း ပါဠိ တတ် ကျွမ်းသူသာ ဖြစ်နိုင်လို့ ဘုန်းကြီး ဖော်ပြထားတဲ့ ကျမ်းညွှန်း အတိုင်း အလွယ်တကူ ရှာဖွေနိုင် လေ့လာနိုင်မယ်လို့ ယူဆပြီး ဆဋ္ဌမူ ပါ။ ဌ၊ ဋီ ကျမ်းညွှန်းတွေကို အထူး မဖော်ပြတော့ပါ။ သိလိုရင် ပေါင်းချုပ် တွဲမှာ ရှုပါ။ ဒီမှာတော့ ထူးခြားတာ အချို့ကိုပဲ ဖော်ပြပါတယ်။
ပါဠိ
- အရှင်မဟာနာမ (P.T.S. မူ) မဟာဝံသပါဌ်၊ မဟာဝံသဋီကာ
- အရှင်ဥပတိဿ (P.T.S. မူ) မဟာဗောဓိဝံသ၊
- ပေါင်လောင်ရှင်ကဿပ (ပေမူ) မဟာဗောဓိဝံသဋီကာ
- အရှင်ဗုဒ္ဓဒတ္တ (P.T.S. မူ) ဇိနကာလမာလီ
- စတုရင်္ဂဗလအမတ် (ကမ္ဘာအေးရိုက်) အဘိဓာန်ဋီကာ
- အသမဃောသ (ပေမူ) ဆဂတိဒီပနီ
မြန်မာ
- နေမိဘုံခန်းပျို့ အရှင်အဂ္ဂသမာဓိ
- မြန်မာအဘိဓာန် မြန်မာစာအဖွဲ့
- အယူတော်မင်္ဂလာကျမ်း သီရိဥဇနာ
- ရောဂန္တရဒီပနီ လယ်တီဆရာတော်
- ပရမတ္ထသရူပဘေဒနီ ၂ မဟာဝိသုဒ္ဓါရုံဆရာတော်
- သလ္လေခသုတ်တရားတော် ၂ မဟာစည်ဆရာတော်
- မာတိကာဓာတုကထာအရကောက် အရှင်ဝရတေဇော
- သုံပုံတံချူကျမ်း မုန်တိုင်ပင်ဆရာတော်
- ယသဝဍ္ဎနဝတ္ထု တောင်ဖီလာဆရာတော်
- မဃဒေဝလင်္ကာသစ် မန်လည်ဆရာတော်
- အလောင်းတော်ကဿပသမိုင်း ဦးဖိုးကျား
- ဝိနယဝိနိစ္ဆယသင်္ဂဟ စွယ်စုံကျော်ထင်ကျမ်း
- မဟာစည်ဆရာတော် ကျီးသဲလေးထပ် ဆရာတော်
- ဇိနတ္ထပကာသနီ ကျီးသဲလေးထပ် ဆရာတော်
- ဝိသုဒ္ဓါရုံအဆုံးအဖြတ် မဟာဝိသုဒ္ဓါရုံဆရာတော်
English
- Translation of Sulavamsa II, Wilhelm Geiger
- Indian Architecture, Vol 1, P. Brown
- Fear God and Take your Own Part, Theodore Roosevelt
- The River War, Vol. II, Winston S. Churchill
- Glimpses of World History, J. Nehru
- History of Buddhism in Ceylon, Dr. Walpola Rahula
- The Islaind (Online Journal), Sir D. B. Jayatileka
- The Life of the Buddha, W. Rockhill
- The Pali Proper Names, II, III, Dr. Malalasekera
- What Buddhists Believe, Dr.K. Sri Dhammananda
- Buddhist Economics, Dr. Clair Brown, Economic and Social Board
- The New Burma, M. H. Bode
- Pali Leteratue of Burma, Why Buddhism is True, Robert Wright
- The Buddhist Catechism, H. S. Olcott
- Journal of the American Oriental Society, Vol. 102, No. 4
- Great Disciples of the Buddha, Nyanaponnika Thera
- An Anthology of Suttas from the Anguttara Nikaya, Nyanaponnika Thera
- Sahassavatthu-ppakarana, Foreword, p. XXIV, A.P. Buddhadatta
- The Path of Purification, Nyanamoli
- The Path of Purity, Pe Maung Tin
- Abhidharmakośabhāsyam II, Vasubandu
လမ်းဖြောင့်သို့
ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။ ကုမ္ပဉ္စ၊ လမ်းဆိုး လမ်းယုတ်ကို လည်းကောင်း။ ဝင်္ကဥ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ရှောင်ကွင်း ဖဲကြဉ်၍။ သုမဂ္ဂီ၊ ကောင်းသော လမ်းခရီးသို့။ ဥဇုံ၊ ဖြောင့်ဖြောင့် မတ်မတ်။ ယန္တု၊ လိုက်သွားနိုင်ကြပါစေကုန်သတည်း။
အဉ္စ၊ ငါသည်တမူလည်း။ ကုမ္မဉ္စ၊ လမ်းဆိုး လမ်းယုတ်ကို လည်းကောင်း။ ဝင်္ကဥ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ဖဲကြဉ် ရှောင်ကွင်း၍။ ဥဇုံ၊ ဖြောင့်ဖြောင့်။ သုမဂ္ဂဂေ၊ လမ်းမှန် လမ်းကောင်းသို့ လိုက်သွားနိုင်သည်။ ဘဝေ၊ ဖြစ်ရပါလို၏။
(ပရမတ္ထစက္ခုကျမ်းနိဂုံး)
လမ်းဆိုးရှောင်ခွာ လမ်းကောင်းသာ
ဖြောင့်စွာလိုက်ကြစေ။
လမ်းကောင်းလိုက်ကာ များသူငါ
ချမ်းသာရကြစေ။
၅၇၄။ ခရီးသွားဂါထာ
အရှင်ဘုရား၊ ပူးတွဲ ပို့ပေးလိုက်တဲ့ “ဘဝသောတံ ဟဝေ ဗုဒ္ဓေ စတဲ့ ဘုရားရှိခိုး သုံးဂါထာကို မှတ်သားရ လွယ်ကူအောင် အနက် အဓိပ္ပာယ် ရေးသား ချီးမြှင့်ပေးပါ ဘုရား။
စိုင်းဝင်းဖေ (Phoenix, AZ)
---
ဖော်ပြပါ ဘုရားရှိခိုး ဂါထာတွေကို မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး ခရီးသွားခါနီး ရွတ်လေ့ရှိကြောင်း အဆိုရှိတယ်။ သစ္စာပြုပုံကို ဖော်ပြတဲ့ နောက်ဆုံးပိုဒ် နှစ်ခုတော့ မတူဘူး။ ဒါပေမယ့် ကိုယ်လိုရာကို သစ္စာပြုခွင့်ရှိလို့ ရေးပေးထားတဲ့ အတိုင်းပဲ အဓိပ္ပာယ် ပြန်လိုက်ပါတယ်။ “ဇယမင်္ဂလံရဲ့ နောက်က “အခွံ”ဆိုတဲ့ ပုဒ်ကိုတော့ ဂါထာ ဆန်းဂိုဏ်း မကိုက်လို့ ဖြုတ်ထားတယ်။ မူရင်းရင်း ဂါထာတွေက မဟာကပ္ပိနထေရ အပဒါန် ပါဠိတော် (အပဒါန၊၂၊၁၂၀)မှာ လာပါတယ်။ အနည်းငယ် ခြားနားပေမယ့် မမှားနိုင်တဲ့ အတွက် ဝတိစ္ဆာ (ရွတ်ဖတ်သူရဲ့ ဆန္ဒ) အတိုင်း ရေးပေးတာကိုပဲ အတည်ယူလိုက်ပါတယ်။
ဘဝသောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ဝိဒူ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
အသံထွက်: လောကန္တဂူ = လော-ကံ-တ-ဂူ
မြတ်စွာဘုရားသည် ဘဝရေအလျဉ်ကို ကူးမြောက် တော်မူပြီး ဖြစ်၏။ လောက၏ အဆုံးသို့ ရောက်တော် မူပြီးလည်း ဖြစ်၏။ လောက အားလုံးကို သိတော်မူပြီး လည်း ဖြစ်၏။ ဤမှန်သော စကားကြောင့် ကျွန်ုပ်အား အောင်ခြင်း မင်္ဂလာ ဖြစ်ပါစေ။
လင်္ကာ: လောကမျက်ခြယ် သံသာကျယ် အကယ် ကူးမြောက်ပြီ၊ လောကဆုံးတိုင် ရောက်သွားနိုင် ပိုင်ပိုင် သိမြင်သည်။ အမှန်စကား ဆိုရွတ်ပွား ငါ့အား ချမ်းသာအမြဲတည်။
ယဒိ သန္တိ ဂမော မဂ္ဂေါ၊ မောက္ခော စန္တိကံ သုခံ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
အသံထွက်: စစ္စန္တိကံ = စစ်..စန် တိကံ
အရိယာမဂ် လေးပါးသည် နိဗ္ဗာန်ကို အမှန် ရောက် စေနိုင်၏။ အရိယာမဂ်ဖြင့် ရောက်အပ်သော နိဗ္ဗာန် ကား ချမ်းသာအစစ် ဖြစ်၏။ ဤမှန်သော စကားကြောင့် ကျွန်ုပ်အား အောင်ခြင်း မင်္ဂလာ ဖြစ်ပါစေ။
လင်္ကာ: အရိယာဉာဏ် မဂ်လေးတန် နိဗ္ဗာန် ရောက်စေသည်။ မဂ်ဉာဏ်ဖြင့်သာ သိမြင်လာ ချမ်းသာအစစ် ဖြစ်ပေသည်။ အမှန်စကား ဆိုရွတ်ပွား ငါ့အား ချမ်းသာအမြဲတည်။
သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
အသံထွက်: ပုညက္ခေတ္တော = ပုံ-ညက်-ခပ်-တော
အရိယာ သံဃာတော်သည် သံသရာ တစ်ဖက်ကမ်း သို့ ကူးမြောက်ပြီးသူ အမှန်ပင် ဖြစ်၏။ လွန်မြတ် ကောင်းမှုမျိုးကို စိုက်ပျိုးရာ လယ်ယာမြေ အစစ်လည်း ဖြစ်ပေ၏။ ဤမှန်သော စကားကြောင့် ကျွန်ုပ်အား အောင်ခြင်း မင်္ဂလာ ဖြစ်ပါစေ။
လင်္ကာ: ထေရ်မြတ်သံဃာ အရိယာ သံသာကမ်းကို ကူးမြောက်ပြီ။ ကောင်းမှုမျိုးသာ ကြဲချရာ လယ်ယာမြေစစ် ဖြစ်ပေသည်။ အမှန်စကား ဆိုရွတ်ပွား ငါ့အား ချမ်းသာအမြဲတည်။
ဧပြီ ၂၃၊ ၂၀၁၇။
---
၅၇၅။ ခြင်ထောင်သီလ
ဘုန်းဘုန်း ဘုရား ... ဆစ်ဒနီကို ကြွလာသော ဆရာတော် တစ်ပါးက ဩစတြေလျလိုနိုင်ငံက ဒကာ ဒကာမတွေက မြန်မာပြည်က လူတွေနဲ့ စာရင် သီလ ပိုကောင်းနိုင်တယ်၊ ဘာကြောင့် ဆိုတော့ ခြင်နည်းတဲ့ အတွက် ခြင်ကို မသတ်မိဘူး။ ဒါကြောင့် ပါဏာတိပါတကံ လုံတယ်လို့ တရားပွဲမှာ ဟောကြားပါတယ်။ တပည့်တော် အမေ ဆိုဖူးတာက ခြင်ကိုက်လို့ ခြင်ထောင်ထဲ ဝင်နေတာကို သီလလုံတယ်လို့ မဆိုနိုင်ပါဘူးတဲ့။
တပည့်တော်သားကို မေးကြည့်တော့လည်း သူ ဗမာပြည် ပြန်လည်တုန်းက ခြင်ကို မသတ်တဲ့အတွက် ဒီအဆိုကို သူသိပ် လက်မခံဘူးတဲ့။ သီလလုံခြင်းသည် ပတ်ဝန်းကျင်နှင့် မဆိုင်၊ ကိုယ်တိုင် စောင့်ထိန်းမှုနှင့်သာ ဆိုင်သည်ဟု ဆိုလျှင် မှန်ပါသလား၊ သုံးသပ်ပေးစေလိုပါသည် ဘုရား။
ကိုမျိုးမြင့် မသန်းသန်းအေး (ဩဇီ)
---
ပိုမကောင်း
ဗုဒ္ဓဝါဒအရ ... အလိုဆိုး၊ အငြိုးသို၊ မသိမိုက်မဲ ဆိုတဲ့ စိတ်ဆူးသုံးမျိုး အမြစ်ပြတ်တဲ့ထိ စိတ်ပိုင်း ဘဝကို လေ့ကျင့် မထားသူ (ပုထုဇဉ်) မှန်ရင် ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာဝင် ဖြစ်စေ မထူးပါဘူး။ လူ့လောကတွင် သာမက နတ် ဖြစ်စေ ဗြဟ္မာပင်ဖြစ်စေ ဒီသုံးမျိုး ရှိနေသမျှ အတူတူပါပဲ။ ဒါကြောင့် ‘ဩစတြေလျတွေက မြန်မာတွေထက် သီလပိုကောင်းတယ်’လို့ ယေဘုယျ မပြုနိုင်ပါဘူး။ အဲဒီ အခြေခံ သုံးမျိုး နည်းအောင် ပါးအောင် ကိုယ်တိုင် လေ့ကျင့်နေသူသာ “သီလ ပိုကောင်းနိုင်ပါတယ်။
ခြင်မသတ်
ဒီနေရာမှာ “သီလ ပိုကောင်းတာ”နဲ့ “ပါဏာတိပါတကံ လုံတာ’ ကို ထပ်တူ မပြုနိုင်ဘူးလို့လည်း မှတ်သင့်တယ်။ “ခြင်ကို သတ်ရုံ’နဲ့လည်း အဲဒီလူတွေ ဒီကံ လုံတယ်လို့ အဆို မပြုနိုင်ပါဘူး။ ပါဏာတိပါတကံ မရှိပေမယ့် ကြာခို မူးယစ် လုယက် ဆိုတာမျိုး၊ ခြင်ကို မသတ်ပေမယ့် အခြား သက်ရှိကို သတ်တာမျိုး ရှိနေရင် ဘယ့်နှယ်လုပ်မလဲ။ ဆစ်ဒနီရောက် မြန်မာ ဆရာတော် အနေနဲ့ “ဖြူးက ဒကာမတွေ မပါဘူး”ဆိုတဲ့ ကြာနီကန် ပြက်လုံးမျိုး ပြောတာများလား။ ဘာပဲ ဖြစ်ဖြစ် .. ပရိသတ်ရှေ့ ဟောပြောခွင့် ရသူတွေ ဆင်ခြင်ရမယ်လို့တော့ ဆိုနိုင်ပါတယ်။
နားလည်ခြင်း
“ခြင်ကိုက်လို့ ခြင်ထောင်ထဲ ဝင်နေတာကို သီလလုံတယ်လို့ မဆိုနိုင်ပါဘူးဆိုတာ “သီလ စောင့်တယ်လို့ လူတွေ ထင်အောင် ခြင်ထောင်ထဲ ဝင်ပြသူတွေ လောကမှာ ရှိတယ်၊ ဒါမျိုးက ဟန်ဆောင်တာ ဖြစ်လို့ မမှန်ဘူး’လို့ ဆိုလိုဖွယ် ရှိပါတယ်။ တစ်နည်း .. ပိုးရွ ခြပုန်းလို သတ္တဝါလေးတွေကိုပင် မသတ်ကောင်းဘူးလို့ ဆိုပေမယ့် နေ့စဉ်ဘဝမှာ သီလလုံအောင်လို့ ခြင်ကို သတ်မိအောင် ရှောင်တဲ့အနေနဲ့ ခြင်ထောင်ထဲ ဝင်နေစရာ မလိုအပ်ဘူးလို့ နားလည်ရင်လည်း သင့်နိုင်ပါတယ်။ ဒါပေမယ့် ...
ရေငုံသူ
ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာသူ.အသိုက်အဝန်းမှာတော့ သီလကို အထူးပြု ကျင့်ကြံလိုတဲ့ သူတော်သူမြတ်တွေ ရှိနိုင်ကောင်းပါတယ်။ မြန်မာနှစ် ၈၀၀-ကျော် အချိန်က ဆရာတော်ကြီး တစ်ပါးဟာ မမှန်တဲ့ ဝစီကံတွေ မပြောမိအောင် ရေငုံပြီး နေတယ်ဆိုတဲ့ မှတ်တမ်း ရှိဖူးတယ်။ ဒါကြောင့် တကယ် ကျင့်ချင်လို့ သူတစ်ပါးကို မနှောင့်ယှက်ဘဲ ပရိသတ်နည်းတဲ့ နေရာမှာ ရှောင်ကြဉ်တာမျိုး ရှိနိုင်ပါတယ်။
မှန်ပေမယ့်
“သီလလုံခြင်းသည် ပတ်ဝန်းကျင်နှင့် မဆိုင်၊ ကိုယ်တိုင် စောင့်ထိန်းမှုနှင့်သာ ဆိုင်’ဆိုတဲ့ အယူအဆ အခြေအနေအရ မှန်ပါတယ်။ ဒါပေမယ့် ... သာမန် တစ်ယောက် အနေနဲ့ တစ်ခါတစ်ရံ သီလ လုံအောင် မနေနိုင်တဲ့ ပတ်ဝန်းကျင်တော့ ရှိနိုင်တယ်။ ဘုန်းကြီးတို့ ဖလော်ရီဒါမှာ မိကျောင်း ကြည့်မလို့ ကားပေါ်က ဆင်းတာနဲ့ မတ်တတ် မရပ်နိုင်လောက်အောင် ခြင်ကိုက်တယ်။ ကိုက်နေတဲ့ နေရာကို ခါရင်း ပွတ်ရင်း အမှတ်တမဲ့ ဖြစ်စေ သိလျက်ဖြစ်စေ ခြင်တွေ သေမှာပဲ။ ဒါကြောင့် လုံးဝ သီလစင် ကြယ်လိုရင် ဒီနေရာကို မလာသင့်ဘူး။
မေ ၁၀၊ ၂၀၁၇။
---
၅၇၆။ သီချင်းဆို၍ ဘုရားရှိခိုး
ဆရာတော် ဘုရား၊ အဆိုတော် ဌေးဌေးမြင့် သီဆိုတဲ့ အစိန္တေယျ ဘုရားရှိခိုးရဲ့ အဓိပ္ပာယ်ကို သိလိုပါသည် ဘုရား။ ရားရှိခိုးကို သီချင်းလို မဟုတ်ဘဲ ရိုးရိုးဆိုပြီး ဘုရားရှိခိုးလို့ ရပါသလား၊ ရှင်းပြ ပေးစေလိုပါသည် ဘုရား။
လှသက်မွန် (ရှမ်းရိုးမ)
---
ပဉ္စသီခလို
အစိန္တေယျသီချင်း ဆိုတာ ဝိပဿီအစ ဂေါတမ ဘုရားအဆုံး ဘုရားခုနစ်ဆူကို ရှိခိုးတဲ့ ဘုရားရှိခိုး ဖြစ်ပါတယ်။ တီးလုံးနဲ့ သီချင်းဆိုသလို အလွန်ကြီး အသံကို ဆွဲပြီးဆိုရင် အသံနောက် ကို စိတ်ပါသွားပြီး ဘုရားအာရုံ ပျက်သွားနိုင်လို့ ဘုရားရှေ့ထိုင်ပြီး ဘုရားရှိခိုးတဲ့အခါ နားထောင် ကောင်းရုံ သံနေသံထားနဲ့ ဆိုရင် နားထောင်သူတွေပါ ကုသိုလ်ဖြစ်နိုင်လို့ သင့်ပါတယ်။ ပဉ္စသီခနတ်သားတောင် မြတ်ဗုဒ္ဓကို စောင်းတီး ပူဇော်သေးတာပဲ။
အင်း .. ဘုန်းကြီးတို့ အသက် ကိုးနှစ် ဆယ်နှစ်လောက်ကပင် တောရွာမှာ ရှင်ပြုပွဲရော မင်္ဂလာဆောင်ပွဲပါ မကျန် နံနက်စောစော အစိန္တေယျသီချင်းဆိုသံ ကြားရတာကို အမှတ်ရမိတယ်။ တစ်ရွာလုံး ကြားအောင် လော်ကြီးတွေကို သစ်ပင်ထိပ်ပေါ်တင်ပြီး ဖွင့်ကြလို့ သီချင်းစာပိုဒ် အတော်များများကို ခုထိ အလွတ်ရတယ်။ သီချင်းရဲ့ အဓိပ္ပာယ်ကိုတော့ မေးလာမှပဲ စဉ်းစားမိတာ။ သီချင်းရေးဆရာ မုံရွာဦးလေးခန့်၊ သီချင်းဆိုသူ ဌေးဌေးမြင့်လို့ သိရပါတယ်။ သီချင်းရေးသူ ဆိုသူတွေတောင် ခုလောက်ဆို အသက်တွေ ကြီးရော့ပေါ့။
ဒီအစိန္တေယျသီချင်းမှာ ဘုရား ခုနစ်ဆူရဲ့ ဂုဏ်တော်ကို ဖွင့်ဆိုပုံနဲ့ ပရိတ်ကြီး အာဋာနာဋိယသုတ်မှာ ဖွင့်ဆိုပုံ မတူကြဘူး။ နှစ်မျိုးလုံး ကြည်ညိုနိုင်အောင် တွဲပြီး ဖော်ပြလိုက်တယ် ..
၁။ ဝိပဿီ
အစိန္တေယျ .... အပ္ပမေယျ .. အနန္တ သေဋ္ဌ ဇေဋ္ဌ .. အတုမရှိ .. သော ကျေးဇူးဂုဏ်တော် ... အပေါင်း တည်ရာ ဖြစ်တော်မူသော . အရှင်ဝိပဿီ မြတ်စွာဘုရား ကိုယ်တော် ..
“ဝိ.ပတ်.သီလို့ ပီအောင်ဆို။ အစိန္တေယျ = မကြံစည်နိုင်သော .. အပ္ပမေယျ = မနှိုင်းယှဉ်နိုင်သော .. အနန္တ သေဋ္ဌ ဇေဋ္ဌ = အနှိုင်းမဲ့ ကြီးမြတ်သော .. (‘အနန်တ. သစ်၄. ဇစ်ဌ’လို့ဆို၊ တစ်ချို့ .. အနန္တ သစ္စာ ဇဋ္ဌလို့ စာသား လွဲနေတယ်) ဂုဏ်တော် အပေါင်း တည်ရာ ဖြစ်တော်မူတဲ့ ဝိပဿီ ဘုရား။
ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
လင်္ကာ: စက္ခုငါးပုံ ဉာဏ်တော်စုံ ဘုန်းဂုဏ် ကျက်သရေဖြိုး။ ဝိပဿီဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး .. ရိုရှိခိုး။
၂။ သိခီ
ဘုန်းတော်အနန္တ, ကံတော်အနန္တ ဉာဏ်တော်အနန္တ စကြဝဠာ ကမ္ဘာမိုးမြေ .. ဖြန်းဖြန်းကျိုးမျှ .. တန်ခိုးတော် အနန္တနဲ့ ပြည့်စုံတော်မူသော ... အရှင်သိခီ မြတ်စွာဘုရား ကိုယ်တော်
စာသားအဓိပ္ပာယ် ပေါ်လွင်ပါတယ်။ သတ်ပုံအမှန်က “စကြဝဠာ(ရေးချ မပါဘူး)။ မင်းကွန်းတိပိဋက ဆရာတော်ကြီး ပေးတဲ့ မေတ္တသုတ်လာ မေတ္တာပို့ကို နားထောင်ကြည့် . ‘စကြဝဠာလို့ပဲ အသံထွက်ပါတယ်။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
လင်္ကာ: အားလုံးသတ္တဝါ စောင့်ကြင်နာ မေတ္တာလွှမ်းခြုံမိုး။ သိခီဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး .. ရိုရှိခိုး။
၃။ ဝေဿဘူ
လောကီမာန်ချိုင် ... နှောသည့်ဉာဏ်ပိုင် ပေါ်ပြည့်လျှံကြိုင် လျှံကြိုင် .. ဗောဓိမဏ္ဍိုင် .. ခန်းဝါပိုင် ... ငါးခိုင်မာရ်မျိုး .. နှိမ်ပယ်ချိုးလို့ .. တန်ခိုးတော်သခင် ... အရှင်ဝေဿဘူ မြတ်စွာဘုရား ကိုယ်တော်
“ဝစ်.သဘူ”လို့ဆို (ဝိပသူလို့ မဆိုရ)။ လောကီမာန်ချိုင် လောကီရဲ့ မာန်မာနတွေကို ခုတ်ချိုင် ဖြတ်တောက်တဲ့.. နှောသည့် ဉာဏ်ပိုင် = သဗ္ဗညုတဉာဏ်ကို ပိုင်ဆိုင်တဲ့ .. (နောသည့်ဉာဏ် ဆိုတာကို ‘သဗ္ဗညုတဉာဏ်‘လို့ယူရင် မလွဲလောက်ပါဘူး။) ပေါပြည့်လျှံကြိုင် လျှံကြိုင် = သာယာစည်ပင်တဲ့ .. ဗောဓိမဏ္ဍိုင် (ဘုရားဖြစ်တဲ့ နေရာ) .. ခန်းဝါပိုင် ဆိုတာလည်း ဗောဓိမဏ္ဍိုင်ပါပဲ .. ငါးခိုင်မာရ်မျိုး နှိမ်ပယ်ချိုး = (အဲဒီ ဗောဓိမဏ္ဍိုင်မှာ) မာရ်ငါးပါးကို အောင်မြင်တော်မူတဲ့ တန်ခိုးရှင် ဝေဿဘူ မြတ်စွာ ဘုရား။
မာရ်ငါးပါး = ခန္ဓမာရ် (ခန္ဓာငါးပါး)၊ အဘိသင်္ခါရမာရ် (ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံများ)၊ မစ္စုမာရ်(သေခြင်း)၊ ဒေဝပုတ္တမာရ် (မာရ်နတ်)၊ ကိလေသမာရ် (တစ်ထောင့်ငါးရာ ကိလေသာ)။
ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။
လင်္ကာ: အရဟတ်ရေစင် ဆေးညစ်စင် မွှမ်းတင်အကျင့်စိုး။ ဝေဿဘူဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး .. ရိုရှိခိုး။
၄။ ကကုသန္ဓ
သိလာမြေထု ... မေရုသမာဓိ” ... ဝရဇိန်ပညာ ... ထူးချွန်လွန်ကဲ သိမ်မွေ့နက်နဲ ခက်ခဲလှစွာ .. တရား ဒေသနာသခင် ဖြစ်တော်မူသော .. အရှင် ကကုသန် မြတ်စွာဘုရား ကိုယ်တော်။
“ရေးတော့ အမှန် ဖတ်တော့အသံ’အရ “ကောက်.က သန်’လို့ မြန်မာ့ဟန်နဲ့ အသံထွက်လို့ မှားတယ်လို့ မဆိုနိုင်ပေမယ့် ‘က.ကု.သန်’လို့ အသံထွက်နိုင်ရင် ပိုမကောင်းဘူးလား။ သိလာမြေထု = သီလာမြေထု (ဒါလည်း ဖတ်တော့ အသံပဲ) = မြေထုနဲ့ တူတဲ့ ... မေရုသမာဓိ = မြင်းမိုရ်တောင်လို သမာဓိနဲ့ = ပြည့်စုံတဲ့ .. ဝရဇိန်ပညာ = စိန်သွားလို ထက်မြက်တဲ့ပညာ ရှိ တော်မူတဲ့ .. အလွန် ထူးချွန်တဲ့ (ဝိဂြိုဟ်တော်ကဲလို့ စာသားလွဲ ဟန် ရှိတယ်) .. သိမ်မွေ့နက်နဲ ခက်ခဲတဲ့ တရားကို ဟောတော် မူတဲ့ က.ကု.သန် ဘုရား။
နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒနော။
လင်္ကာ: ဖျက်ဆီးနှိမ်နင်း မာရ်စစ်သင်း အောင်ခြင်းအမျိုးမျိုး။ ကကုသန္ဓ မြတ်ဗုဒ္ဓ ကျွန်က ရိုရှိခိုး .. ရိုရှိခိုး။
၅။ ကောဏာဂုံ
သုံးလူ့ရှင်ပင် ... ကျွန်းထိပ်တင် .. သောင်းခွင် စကြဝဠာ .. နတ်ဗြဟ္မာတို့ .. ရှိခိုးကော်ရော် ဖူးမြော်ပါရ ... အရှင်ကောဏာဂုံ မြတ်စွာဘုရား ကိုယ်တော်
သတ်ပုံမှန်က ကောဏာဂုံ။ ‘ကောဏဂုံ’လို့ သံတိုဆိုတာ “ဖတ်တော့ အသံ”လို့ပဲ ဆိုရလိမ့်မယ်။ သုံးလူ့ရှင်ပင် = လူနတ် ဗြဟ္မာတို့ရဲ့ အရှင် .. ကျွန်းထိပ်တင် = လောကထိပ်တင် ဖြစ် တဲ့ .. (ကျွန်းကို ကျွန်းကြီး လေးကျွန်း သို့မဟုတ် တစ်ကမ္ဘာလုံးလို့ အဓိပ္ပာယ် ယူနိုင်တယ်) စကြဝဠာ တစ်သောင်းမှ နတ်ဗြဟ္မာတွေ ရှိခိုးဖူးမြော်ရတဲ့ ကောဏာဂုံ ဘုရားရှင်။
ကောဏာဂမနဿ နမတ္ထု၊ ဗြာဟ္မဏဿ ဝုသီမတော။
လင်္ကာ: မကောင်းမှုမှန် ပယ်ပြီးပြန် မဂ်ဖိုလ်ဉာဏ်တို့ ရှိတယ်ကို။ ကောဏာဂမန မြတ်ဗုဒ္ဓ ကျွန်က ရိုရှိခိုး .. ရိုရှိခိုး။
၆။ ကဿပ
ဘဝသုံးပါး ဟုန်းဟုန်းသွားတဲ့ ရထားသံသရာ .. ယာဉ်စကြာ ဆိုတာ .. ဘယ်လိုဘယ်သို့ ... ဟောဖော်မြွက် ... ဓမ္မစက်သခင် ဖြစ်တော်မူသော အရှင်ကဿပ မြတ်စွာဘုရား ကိုယ်တော်
ဘဝသုံးပါး = ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ .. ဟုန်း ဟုန်းသွား = ပြေးလွှားနေကြတဲ့ .. ရထားသံသရာ = မရပ် မနား သွားနေတဲ့ ရထားနဲ့တူတဲ့ သံသရာ .. ယာဉ်စကြာ = လည်နေတဲ့ လှည်းဘီးလို အဝိုင်းအဝန်း။ ဘဝသုံးပါးမှာ ရထား ဘီး (လှည်းဘီး)လို လည်နေတဲ့ ဘဝသံသရာဆိုတာ ဘယ်လို ဘယ်သို့ ဖြစ်ကြောင်း တရားဟောတော်မူတဲ့ အရှင်ကဿပ မြတ်စွာဘုရား။
ကဿပဿ စ နမတ္ထု၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။
လင်္ကာ: ခပ်သိမ်းကိလေသာ ကင်းလွတ်ကာ နိဗ္ဗာဝင်စံလျှိုး။ ကဿပဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး . ရိုရှိခိုး။
၇။ ဂေါတမ
သမ္ဘာလျှံကြိုင် .. ကမ္ဘာမဏ္ဍိုင် .. မြရောင်ပိုင် .. ခန့်ခိုင်ထင်ရှား .. ဖြစ်တော်မူသော အရှင်ဂေါတမ မြတ်စွာဘုရား ကိုယ်တော်
သမ္ဘာကြုံကြိုင် = ဘုန်းတန်ခိုး ကြီးတော်မူသော.. ကမ္ဘာမဏ္ဍိုင် = လောကရဲ့ အကြီးအကဲ ဖြစ်တော်မူသော .. မြရောင်စိုင် = မြသားပြခဲနဲ့ တူတော်မူတဲ့ ... ခိုင်ခံ့ထင်ရှားတော်မူတဲ့ ဂေါတမ မြတ်စွာဘုရား။
အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေတိ၊ သဗ္ဗဒုက္ခာပရူဒနံ။
လင်္ကာ: ရောင်ခြည်ရွှန်းလက် သရေယှက် သကျဆွေတော်မျိုး။ ဆင်းရဲငြိမ်းစေ ဟောမြွက်ချွေ ဝေနေကောင်းကျိုးတိုး။ ဂေါတမဗုဒ္ဓ မည်တော်ရ ကျွန်က ရိုရှိခိုး .. ရိုရှိခိုး။
ဤခုနစ်ဆူကုန်သော ... မြတ်ဘုရားကိုယ်တော် အပေါင်း တို့သည် ဤမင်္ဂလာမဏ္ဍပ် ကျောင်းတော် အမှတ်ဖြင့်သာလျှင် ရွှေဖဝါးရတနာ စကြာချလှမ်း .. ကြွမြန်းစံကြပါကုန်ဘုရား ..
လင်္ကာ: ခုနစ်ဆူဗုဒ္ဓ ရွှင်တက်ကြွ ကျွန်က ရိုရှိခိုး .. ရိုရှိခိုး။
ဇွန် ၂၈၊ ၂၀၁၇။
---
Buddha Dhamma
You have altimate responlity for your experience. There is no one else gonna fix for it. There is no creater God who is going to come down to make everything all right. There is no one else to plead to. When you changed your mind, the universe changes. You are the only one you can do it. Richard Gere
ဗုဒ္ဓတရား
သင်ပြုပြီးသားအတွက် သင်မှာပဲ လုံးဝ တာဝန်ရှိတယ်။ ဒါကို ပြုပြင် မယ့်သူ မရှိ။ အားလုံး ကောင်းသွားအောင် လာပြီး လုပ်ပေးမယ့် ဖန်ဆင်းရှင် မရှိ။ သင့်စိတ် ပြောင်းလဲသွားရင် စကြဝဠာ ပြောင်းလဲ သွားတာပဲ။ လောကကြီး ပြောင်းလဲအောင် လုပ်နိုင်တာ သင်ပါပဲ။ ရစ်ချတ်ဂီယာ
---
၅၇၇။ စေတီများတည်ရခြင်း
အရှင်ဘုရား၊ တပည့်တော်တို့ ရုပ်ပွားတော်များ တည်ထား ကိုး ကွယ်ကြသည်မှာ မြတ်စွာဘုရား၏ ကိုယ်ပွားတော်များ အဖြစ် ထားရှိကြသည်ဟု နားလည်မိပါသည် ဘုရား။ စေတီတော် တည်ထား ဆောက်တည်သည့် အကြောင်းရင်းများကို သိလိုပါသည် ဘုရား။ စေတီရံများ တည်ဆောက်ကြသည့် အကြောင်းရင်းများကော ဘုရား။ အနောက်တိုင်းသား အချို့က စေတီတော်များ၏ ကတော့ချွန်ပုံမှာ မည်သည့် ရည်ရွယ်ချက်ဖြင့် ယင်းပုံစံ ရှိရသလဲဟု မေးကြပါသည်။ (Architectural အမြင် အရ တခြားပုံစံ ဘာ့ကြောင့် မရှိရသလဲ ဟူသည့်သဘော ဖြစ်ပါသည်။) တပည့်တော် မဖြေတတ်သဖြင့် ရှင်းပြတော်မူပါ ဘုရား။ ရိုသေလျက် ..
Dr. ဦးဝင်း (Salinas, CA)
---
စေတီ
စေတီဆိုတာ လူတွေ ရိုသေပူဇော်ခံ အရာဝတ္ထု။ အဲဒီ ပူဇော်စရာတွေကို ဌာပနာ (ထည့်သွင်း)ထားတဲ့ ချွန်ချွန်မို့မို့ အရာကို ထူပလို့ ခေါ်တယ်။ ဒီဖွင့်ဆိုပုံအရ ထူပထဲက ပူဇော်ခံ အရာဝတ္ထုကိုပဲ စေတီလို့ခေါ်ပြီး ယင်းကို ထည့်ထားတဲ့ ထူပကိုတော့ တင်စားပြီး စေတီလို့ ခေါ်တယ်။ ဥပမာ ... ရွှေတိဂုံ အမည်ရတဲ့ ထူပထဲမှာ ဗုဒ္ဓဆံတော်စတဲ့ စေတီတွေကို ထည့်သွင်းထားလို့ အဲဒီ ထူပကြီးကို “ရွှေတိဂုံစေတီ’လို့ ခေါ်တယ်။
သွင်ပြင်အရ ... လိုဏ်မုခ်ရှိမရှိ နှစ်မျိုးလုံးကို ထူပ၊ လိုဏ်မဲ့ သက်သက်ကို စေတီ(ဓာန်-ဋီ၊ ၂၁၃)လို့လည်း သတ်မှတ်တယ်။
သုဂတိသွား
မဟာပရိနိဗ္ဗာန သုတ်အရ စေတီတည်ထိုက်သူ သို့မဟုတ် ထူပထဲ ထည့်သွင်းပြီး ပူဇော်ထိုက်သူ ၄-မျိုး ရှိတယ် .. သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရိယာဖြစ်ပြီးတဲ့ ဗုဒ္ဓသာဝကများ၊ စကြဝတေးမင်း။ ဒီပုဂ္ဂိုလ်လေးမျိုးဟာ ရခေါင့်ရခဲ ဖြစ်လို့ သူတို့ရဲ့ အကြွင်းအကျန်ကို ဌာပနာထားတဲ့ စေတီကို ဖူးမြင်ရသူတွေ စိတ်နှလုံး ကြည်နူးတယ်။ ထိုကြည်နူးစိတ်နဲ့ စေတီကို ပူဇော်ကြသူတို့ သေလွန်ရင် သုဂတိကို ရောက်ဖို့ သေချာလို့ အများကောင်းကျိုး ရတဲ့အတွက် စေတီ တည်ထိုက်တာ (ဒီ၊၂၊၁၁ရ)။
စေတီ ၄-မျိုး
မြတ်ဗုဒ္ဓရဲ့ အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီးနောက် ကြွင်းကျန် တဲ့ ဓာတ်တော်တွေကို ဓာတုစေတီ သို့မဟုတ် သာရီရိက တီ၊ ဗောဓိပင် အပါအဝင် မြတ်ဗုဒ္ဓရဲ့ အသုံးအဆောင်တွေကို ပရိဘောဂစေတီ၊ မြတ်ဗုဒ္ဓ ကိုယ်စားပြု သွန်းထုတဲ့ ရုပ်ပွား ဆင်းတုတွေကျတော့ ဥဒ္ဒိဿစေတီ၊ ပဋိစ္စသမုပ္ပါဒ်စတဲ့ တရား ဒေသနာကို ရေးထားတဲ့ ရွှေပြား၊ ငွေပြား၊ ပေစသည်ကို ဓမ္မစေတီလို့ ခေါ်တယ်။ ဗောဓိပင်မှ တစ်ပါး အခြား စေတီတွေကိုတော့ ထူပထဲ ထည့်ပြီးတော့လည်း ပူဇော်နိုင်တာပေါ့။
ရှေးဦးပုံစံ
စေတီရဲ့ ရှေးဦး အဆောက်အအုံ ပုံစံဟာ အခြေခံအနေနဲ့ ထူး အရေးကြီး ပုဂ္ဂိုလ်တွေရဲ့ သင်္ဂြိုဟ်ကြွင်း သို့မဟုတ် အရိုးပြာကို ထည့်သွင်း (ဌာပနာ)ထားတဲ့ မြေပုံမျှသာ ဖြစ်ပြီး ဘုရင်မင်းနဲ့ ဆိုင်တဲ့ ရှေးခေတ် အိန္ဒိယ အထိမ်းအမှတ်မှာ အဲဒီမြေပုံရဲ့ ထိပ်မှာ ထီးပါရှိခြင်း ဖြစ်ကြောင်း သိရတယ်။ ဒါကြောင့် ပထမဆုံး ဗုဒ္ဓ စေတီတော်တွေရဲ့ ထိပ်ပိုင်းမှာ မြတ်ဗုဒ္ဓ အနေနဲ့ ဘုရင်မိသားစုဝင် ဖြစ်တဲ့အတွက် သစ်သားထီးတော်ပါတဲ့ ရိုးရိုးမြေပုံ မျှသာ ဖြစ်ဖွယ်ရှိကြောင်း သုတေသီတို့ ဆိုတယ်။
တဖြည်းဖြည်း
အိန္ဒိယရှိ ရှေးဦး စေတီတွေမှာ အခြေခံ အစိတ်အပိုင်း ငါးခုပါ တယ် .. ၁) စည်ရဲ့ ထိပ်ဝလို အဝန်းအဝိုင်းပုံ အောက်ခံ သို့မဟုတ် ဖိနပ် (မေဓိ) ၂) ယင်းအပေါ်မှ အုန်းမှုတ်ခွက်ကို မှောက် ထားသလို ဆင့်လာတဲ့ အမိုးခုံး (အန္ဒ) ၃) အမိုးခုံးရဲ့ ထိပ်မှာ လေးထောင့် သေတ္တာပုံ (ဟမ္မိက) ၄) သေတ္တာပုံရဲ့ အလယ်မှာ ထီးရိုး (ယဋ္ဌိ) ၅) ယင်းထီးရိုးမှာ ထီးရွက်တစ်ခု သို့မဟုတ် တစ်ခုမက ဆောင်းမိုးထားတယ်။ P. Brown အမည်ရှိသူ ရေးတဲ့ Indian Architecture, Vol 1 မှာ အဆောက်အအုံရဲ့ ပုံကြမ်း တွေနဲ့တကွ အသေးစိတ် ဖော်ပြပါတယ်။ ဒီစာအုပ်ကို အွန်လိုင်းမှာ ရပါတယ်။
အဲဒီလို အရိုးဆုံး စေတီပုံစံမှ တစ်ဆင့် အဓိပ္ပာယ် အမျိုးမျိုးကို သရုပ်ဖော်ပြီး သပ္ပာယ်လှပတဲ့ ပုံစံတွေအဖြစ်သို့ ဖြည်းဖြည်း တိုးတက် ပြောင်းလဲသွားရာမှာ သီရိလင်္ကာ၊ တိဗက်၊ မြန်မာ၊ ယိုးဒယားစတဲ့ နိုင်ငံတွေမှာ ထီးရိုး ထီးရွက်တွေကနေ အချွန်အထွတ် (ကတော့ချွန်)တွေ ဖြစ်လာတယ်။
အဓိပ္ပာယ်
ကတော့ချွန်ပုံ စေတီတွေမှာ ယေဘုယျအနေနဲ့ ... “ပစ္စယာ (၃- ဆင့် ရှိတယ်)၊ ခေါင်းလောင်း၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူး၊ ထီး’လို့ အဓိက အစိတ်အပိုင်း ဂ-မျိုး ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဓမ္မကို ကိုယ်စားပြု အဓိပ္ပာယ်တွေ ဖြစ်နိုင်တယ်။ ဥပမာ .. စေတီကိုယ်ထည်ရဲ့ နောက်ဆုံး အဆင့် ငှက်ပျောဖူးက နိဗ္ဗာန်၊ ကြာလန်က အရိယာဖိုလ်၊ ကြာမှောက် က အရိယမဂ်၊ ဖောင်းရစ် ရ-ခုက ဝိသုဒ္ဓိ ရ-ပါး .. စသည်။ မိမိ ရည်ရွယ်လိုသလို ဖြည့်စွက် ပြုပြင်နိုင်မှာ ဖြစ်လို့ တစ်ဆူနဲ့ တစ်ဆူ မတူနိုင်ဘူး။ အပေါ်မှာ သေးသွားတာက ငလျင် စတဲ့ သဘာဝဒဏ်ကို ခံနိုင်အောင်လို့ များလား။
စေတီရံ
ရွှေတိဂုံစေတီရဲ့ ပထမပစ္စယာရှိ ပန်းတင်ခုံပေါ်မှာ စေတီတော်ကြီးကို ရံပတ်ပြီး မုခ်ဦးပါ စေတီ(ကြီး) လေးဆူ၊ ထောင့်လေးခုမှာ ယင်းထက်ငယ်တဲ့ စေတီ(လတ်) ၄ ဆူ၊ အဲဒီ စေတီရံတွေရဲ့ အကြားမှာ ပိုငယ်တဲ့ အရံစေတီငယ် အဆူ ၆၀၊ စုစုပေါင်း အရံစေတီ ၆၈ ဆူ ရှိကြောင်း၊ အရံစေတီ ၄၈ ဆူကို မွန်ဘုရင် ဗညားရန်စည်မင်း (၁၄၉၂-၁၅၂၆ အေဒီ)က သက် စေ့ လှူဒါန်းခဲ့ကြောင်း သိရတယ် (မောင်ဆုရှင်၊ မြတ်ဘုရား ရွှေတိဂုံ၊ စာ-၄၈၊ ၁၆၃)။ ခရစ်နှစ် ၁၈၅၅-ခုနှစ်၊ စစ်ကဲ ဦးထော်လေး ရွှေတိဂုံစေတီကို ပြုပြင်စဉ်မှာ စေတီရံ ၆၈-ဆူ ဖြစ်နေပြီ (ယင်း၊ စာ-၉၈)။
ကျန်တဲ့ အဆူ ၂၀-ကို မည်သည့် အချိန်က တည်ဆောက်ခဲ့ကြောင်း ဖော်ပြချက် မတွေ့မိ။ လေယာဉ်ပေါ်က တွေ့ရတဲ့ ပုံအရ ... မုခ်ပါစေတီ (ကြီး)နဲ့ ထောင့်ရှိ စေတီ(လတ်)တို့ အကြား ရွယ်တူ စေတီငယ် ရ-ဆူစီ ၄-မျက်နှာ (=၂၈-ဆူ)၊ ၈-ဆူစီ ၄- မျက်နှာ (= ၃၂-ဆူ) တွေ့ရတယ်။
ကြည်ညိုရုံ
မွန်ဘုရင်က စေတီရံ သက်စေ့ လှူတယ် ဆိုတာကို ထောက်ရင် အရေအတွက်နဲ့ ပုံသဏ္ဌာန်တွေမှာ အထူးပြု အဓိပ္ပာယ် ပါနိုင် ပေမယ့် စေတီရံ တည်ရာမှာတော့ ကုသိုလ်ရရုံ မျက်စိပသာဒ ဖြစ်ရုံ သက်သက်ပဲ ဖြစ်မယ်လို့ ယူဆပါတယ်။
ဇွန် ၃၀၊ ၂၀၁၇။
---
၅၇၈။ စိတ်ကိုပဲကြောက်တယ်
ဆရာတော် ဘုရား .. ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို တီဗွီမှာ တွေ့မြင်ရတာ အလွန် စိတ်မချမ်း ဖြစ်မိပါသည်။ အပြစ်မဲ့ ကလေးတွေ အများကြီး သေဆုံး ပြီး အချို့ အကြီးအကျယ် ဒဏ်ရာ ရသွားကြပါသည်။ ထိုလူ ရမ်းကား ငရဲကောင်တွေကို သုတ်သင် ရှင်းပစ်သူမှာ အကုသိုလ် အပြစ်ကြီး မကြီး သိလိုပါသည် ဘုရား။ တပည့်တော် နေနဲ့တော့ ထိုမျှလောက် ရက်စက် ရိုင်းစိုင်းတဲ့ မုတ်ဆိတ်မွှေး လူယုတ်တွေကို ကမ္ဘာမြေပေါ်မှာ အသက်ရှင်လျက် မထားသင့် ဟု ထင်ပါသည်။
မင်းဒဿ (ဘုရားသုံးဆူ)
---
ကိုယ်ပဲရှုံး
ကိုယ်လုပ်ရင် တူညီတဲ့အကျိုး ကိုယ့်ဆီ ပြန်လာမှာ သေချာပါ တယ်။ သူလုပ်လို့ ကိုယ်ပြန်လုပ်မယ် ဆိုတာမျိုးက ဗုဒ္ဓဘာသာ ကောင်း တစ်ယောက်ရဲ့ စိတ်ထား မဟုတ်ဘူး။ လောကမှာ ရင်ထဲ ပူလောင်စေတဲ့ နာကျည်းစရာ ဆိုတာမျိုး ကြုံရတတ်ပါ တယ်။ ဒီလို ကြုံရင် ငါ့နှလုံးသားထဲရှိနေတဲ့ နာကျည်းစရာလို့ ငါ စွဲနေတဲ့ ဒီစိတ်ဆိုး စိတ်ယုတ်ကို ငါ ဘယ်နည်းနဲ့ ဖျောက် ရမလဲလို့ပဲ စဉ်းစားပါ။ ဒါလောက် ယုတ်သူတွေ ကမ္ဘာပေါ်မှာ မရှိသင့်တာ မှန်ပေမယ့် ယုတ်လွန်းလို့ ဆိုပြီး စိတ်ကို မထိန်းနိုင်လို့ ထလုပ်ရင် ကိုယ်ပဲရှုံးမှာ။
ဘုရားရေ ... မေ ၃၁၊ ၂၀၁၇ (ယနေ့) Breaking News တဲ့။ အာဖဂန်နစ္စတန်၊ ကဗူးလ်မြို့မှာ အသေခံ ကားဗုံးခွဲ တိုက်ခိုက်၊ လူ ၉၀ သေ၊ ၃၀၀-ကျော် ဒဏ်ရာရ .. တဲ့ ဗျို့။
ယဉ်ကျေးလို့
ဗြိတိသျှ လူမျိုးတွေဟာ အုပ်ချုပ်ရေး ပရိယာယ် ကြွယ်သူတွေ ပါ။ မြန်မာပြည်က လူအချို့ ယနေ့တိုင် ကိုလိုနီခေတ်ကို ညွှန်းပြီး “ခေတ် ကောင်းတုန်းက”လို့ ပြောဆိုနေကြတာကိုပဲ ကြည့်။ မန်ချက်စတာ အကြမ်းဖက်မှုပြီး နောက်နေ့ သေဆုံးသူတွေ အတွက် ဆုတောင်းပွဲမှာ မန်ချက်စတာမြို့က လူကြီးတစ်ဦး ပြော သွားပုံ အလွန် မှတ်သားစရာ ကောင်းတယ် ..
“အချစ်ဟာ အမုန်းထက် အားကောင်းမြဲပါ။ မန်ချက်စတာ မြို့သားတို့ ... သောက၊ ကရုဏာနဲ့ ဒေါသတွေကို အကောင်းဖက်သို့ ပြောင်းကြပါ။ သောကကို ... ချစ်သူနဲ့ ကွေကွင်းရသူ တွေ၊ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူပြုပါ။ ကရုဏာကို အကူအညီ လိုသူတွေကို ကူညီဖို့ ခွန်အားအဖြစ် အသုံးပြုပါ။ ဒေါသကိုလည်း အပုန်းဆီ ဦးမတည်စေဘဲ အကြမ်းဖက်မှုကို နှိမ်နင်းဖို့ စိတ်ပိုင်းဖြတ်ခြင်း ဆီသို့ ပြောင်းကြပါတဲ့။
တုတ်နဲ့လက်
ယနေ့ အတွေးအမြင်သစ် တစ်ရပ်က .. အမုန်းတွေ အငြိုးတွေ ပြည့်ပြီး ပိန်းပိတ်နေတဲ့ လူမိုက်တွေကို တန်ပြန် တိုက်ခိုက်ရင် အောင်မြင်ဖို့ ခက်မယ်။ ISS တွေကို ဝိုင်းပြီး တိုက်နေကြတာ ခုထိ လက်စ မပြတ်သေးတာ သက်သေပဲ။ ဒါ လက်စ ပြတ်ရင် တောင် နောက်တစ်မျိုး ပေါ်လာဦးမှာ။ ဒီတော့ မဆုံးနိုင်ဘူး။ တိုက်ပွဲသံသရာ ဖြစ်နေကြဦးမှာပဲ။ ဒါဖြင့် ဒီလူတွေကို လက် ပိုက် ကြည့်နေရမလားဆို ... ဒီလိုလည်း မဟုတ်ပါဘူးတဲ့။ ကန်း နေသူတွေ အလင်းပြန်ရစေမယ့် နည်းကို ရှာကြံရမယ်တဲ့။ သူတို့ပြော အရ တုတ်ကို မထိဘဲ လက်ကိုပဲ အမိဖမ်းမယ်” ဆိုတာမျိုး။ ဝေးတော့ ဝေးပါသေးတယ်။ လူဦးရေရဲ့ လေးပုံ တစ်ပုံလောက်ဟာကကြီး ဘယ်လွယ်လိမ့်။
ဗြိတိန် ဝန်ကြီးချုပ် ထရီစာမေက မန်ချက်စတာ အကြမ်းဖက်မှု ပြီးနောက် ပြည်သူကို အားပေးစကား ဆိုရာမှာ “ဒီလို အကြမ်းဖက်မှုကို အားပေးတဲ့ အယူဝါဒကို နှိမ်နင်းရမယ်’တဲ့။ ဝန်ကြီးချုပ်က လူကို ချေမှုန်းဖို့ မပြောဘဲ ဝါဒကိုပဲ နှိမ်နင်းဖို့ ပြောသွားတယ်။ အများစုကလည်း လူကို မမုန်းပါဘူး၊ ယုံကြည်မှုကိုပဲ ကြောက်တာပါတဲ့။
ဒါကြောင့် ဆမ် ဟဲရစ်စ်(အမေရိကန် ဘာသာမဲ့ဝါဒီ၊ စာရေးဆရာ)၊ ဒေါက်ဂလပ်စ် မောရီ (ဗြိတိသျှလူမျိုး ဘာသာမဲ့ဝါဒီ၊ စာ ရေးဆရာ)၊ မာ့ဂျစ် နာဝါ့ဇ် (ယခင် ကိုရ်အာန်ကျမ်း တစ်ဝက်ကို အာဂုံဆောင်ခဲ့သူ၊ အကြမ်းဖက်သမား၊ ပါကစ္စတန်နွယ် ဗြိတိန် နိုင်ငံသား၊ ရှေ့နေ)၊ အာယန်ဟာဆီအလီ (ငယ်စဉ်အခါ ဘုရား ဥပဒေတော်အရ အမျိုးသမီး လိင်အာရုံခံ အစိတ်အပိုင်းကို ဖြတ်တောက်ခံရသူ၊ ဆိုမာလီနွယ် အမေရိကန်၊ စာရေးဆရာ) စတဲ့ ပညာရှင်တွေ ဦးဆောင်ပြီး .. ဘုရားဥပဒေ (Divine Law)ထဲက “ဘုရားသခင် အတွက် စစ်တိုက်ရင် (ဂျီဟဒ်လုပ်ရင်) သေလွန်တဲ့အခါ ကောင်းကင်ဘုံ မှာ အပျိုစင် ၇၂-ယောက်နဲ့ စံရမယ်”စတဲ့ သင်ကြားချက်ဟာ ကိုယ်မှာ ဗုံးကပ်ပြီး အသေခံဖို့ အားပေးလို့ အလားတူ ယုံကြည်မှုမျိုးကို Reform ပြန်လုပ်ရမယ်လို့ ငြင်းခုံနေကြတယ်။
စိတ်အဓိက
ရွာမှာတုန်းက အဖိုးဆရာကြီး ဦးစာရိန္ဒ ပြောပြတာ အမှတ်ရ တယ် .. ဂျပန့်ခေတ်က ဆရာတော် တစ်ပါးနဲ့ တပည့် ကိုရင်ငယ် ၂-ပါး၊ ဖိုးသူတော်လေး တစ်ယောက် ဆွမ်းခံကြွစဉ် ဗြုန်းဆို ဂျပန်ဗုံးကြဲလေယာဉ်ပျံ လာသံ ကြားလို့ ပုန်းနေကြသတဲ့။ ပြီးတဲ့အခါ အကြီးကိုရင်က “ဂျပန်တွေ သိပ်ကြောက်စရာ ကောင်းတယ်”ဆိုတော့ အငယ်ကိုရင်က “ဂျပန်ကို မကြောက်ဘူး၊ ဂျပန့် စက်သေနတ်ကိုပဲ ကြောက်တယ်”တဲ့။ ဒီတော့ ဖိုးသူတော်က “ဂျပန်ကိုလည်း မကြောက်ဘူး၊ စက်သေနတ်လည်း မကြောက်ဘူး၊ ကျည်ထွက်အောင် ပစ်တဲ့ ဂျပန်ရဲ့ စိတ်ကိုပဲ ကြောက်တယ်”လို့ ဆိုသတဲ့။
တစ်ချိန်လုံး နားထောင်နေတဲ့ ဆရာတော်က “အိမ်း ဖိုးသူတော် ပြောတာ ဟုတ်သကွဲ့”လို့ မိန့်သတဲ့။
အုတ်မြစ်ချ
အိုင်ဒီယာကို Reformation လုပ်လိုသူတွေက .. ယနေ့ လူ့အဖွဲ့အစည်းကို အကျိုးပြုစေမယ့်၊ နှလုံးသားမှာ အမုန်းဆူး မစူးစေဘဲ မေတ္တာ ကရုဏာ အုတ်မြစ်ကို ချပေးနိုင်မယ့်၊ ကျမ်းမြတ်ရဲ့ သင်ကြားချက် အချို့ကိုပဲ မှန်ကန်စွာ အဓိပ္ပာယ် ဖွင့်ဆိုပြီး ဘုရားကျောင်းတွေ စာသင်ကျောင်းတွေမှာ ကလေးတွေကို လေ့ကျင့် သင်ကြားပေးဖို့ အကြံပေးနေကြကြောင်းပါ။
မေ ၃၁၊ ၂၀၁၇။
---
၅၇၉။ ရခိုင်နှင့် သီဟိုဠ်
ဆရာတော် ဘုရား၊ သီရိလင်္ကာ (သီဟိုဠ်)မှာ ရခိုင်ဘုရင်တွေ လှူထားတဲ့ သိမ်ရှိတယ်ဆိုတာ ဖြစ်နိုင်ပါသလား ဘုရား။ ယနေ့ မင်းဘူး ရွှေစက်တော်ကို မြတ်စွာဘုရား ကြွခဲ့သည် ဆိုသကဲ့သို့ ခေတ်အမြင်ဖြင့် ခန့်မှန်းရ ခက်လို့ပါ ဘုရား။ ထိုအကြောင်း ရာ ရခိုင်ရာဇဝင်မှာ ပါမပါလည်း သိလိုပါသည် ဘုရား။ ဖြစ် နိုင်လျှင် ကျမ်းကိုး အတိအကျ သိလိုပါသည် ဘုရား။
မောင်ဉာဏ် (အောင်မြေ)
---
ရာဇဝင်
မင်းရာဇာကြီး (ရခိုင်ဘုရင်) လက်ထက်၌ သာသနာတော် စည်ပင် ထွန်းလင်းတော်မူကြောင်း သတင်းစကားကို လင်္ကာဒီပ သီဟိုဠ်ကျွန်းကို အစိုးရသော ဝိမလ.ဓမ္မ.သူရိယမင်း ကြားလေလျှင် များစွာသော လက်ဆောင် ပဏ္ဏာတို့ကို စီရင်၍ သာမဏေကြီးတစ်ပါး နောက်လိုက်နောက်ပါ အခြံအရံတို့ကို သင်္ဘောကြီးတစ်စင်းနှင့် စေလွှတ်လိုက်ရာ ဆက်စာ ပါလာသည်မှာ ..
စန္ဒဝိလာသ
သီဟိုဠ်ကျွန်း၌ သာသနာတော် ညစ်နွမ်း ပျက်စီး၍ ကြီးတို့သာ ပေါများနေပါသည်။ အဆွေတော် မင်းမြတ်က ရာတော် သံဃာတော်များကို လျှောက်ထား တောင်းပန်၍ သနာပြု စေလွှတ်တော် မူစေချင်ပါကြောင်း ပါလေသည်။ ယင်းသို့ ပါလာသည်ကို မင်းရာဇာကြီး ကြားတော်မူလေလျှင် မှူးမတ်အပေါင်းတို့နှင့် တိုင်ပင်၍ မြောက်တန်ဆောင်း ဆရာတော် စန္ဒဝိလာသအား လျှောက်ထား တောင်းပန်၍ အရံသံဃာ နှစ်ဆယ်နှင့်တကွ သက္ကရာဇ် ၉၆၈ ခု၊ တန်ဆောင်မုန်းလ သင်္ဘောနှင့် . ကြွတော်မူလျက် သီဟိုဠ်ကျွန်းသို့ ရောက်တော်မူလျှင် မောင်ရှင် သာမဏေစသော သူတို့အား ရဟန်းပဉ္စင်း ခံစေတော်မူသဖြင့် သာသနာတော်ကို တည်စေပြီးမှ ပြန်ကြွရောက်တော်မူလာသည် (ရခိုင်ရာဇဝင်သစ် ၂၊ စာ-၈၂)။
ဥဂ္ဂါပျံ
သီဟိုဠ်ဘုရင် ဝိမလဓမ္မသူရိယမင်းက သီဟိုဠ်မှာ ရဟန်းမရှိ ဖြစ်နေလို့ ရခိုင်ဘုရင် မင်းရာဇာကြီးထံမှာ ရဟန်းခံဖို့ ရခိုင်က သံဃာကို ပင့်ဖိတ်တဲ့အတွက် ရခိုင်ဘုရင်ကြီးက မြောက်တန်ဆောင်း`ဆရာတော် အရှင်စန္ဒဝိလာသ ဦးဆောင်တဲ့ သံဃာအပါး ၂ဝ-ကို သီရိလင်္ကာသို့ ပို့ကြောင်း အထက်ပါ ရခိုင်ရာဇဝင်အရ သိရတယ်။ မင်းရာဇာကြီးနဲ့ မြန်မာဘုရင် အနောက်ဖက်လွန်မင်းတို့ ခေတ်ပြိုင် ဖြစ်ပါတယ်။ မြန်မာပညာရှိ ပထမနဝဒေးကြီး ရေးတဲ့ “မမျှသောင်းထောင်၊ မလှတောင်းအောင်’ အဖြည့်ခံ ရတုနှစ်ပိုဒ်ရဲ့ အလိုက်ပိုဒ် “မရကြောင်းဆောင်’ကို ဖြည့်ဆို ရေးသားခဲ့တဲ့ ရခိုင်စာဆို ဥဂ္ဂါပျံဆိုတာ ဒီမင်းလက်ထက်ပေါ့ (နဝဒေးရတုပေါင်းချုပ်၊ စာ-၁၈၂)။
နန္ဒိစက္က
သီဟိုဠ်ကျွန်းမှာ အဖေကို သတ်ပြီး ဘုရင်လုပ်သူ ရာဇ.သီဟမင်း (၁၅၈၁-၁၅၉၂)ဟာ ဟိန္ဒူဘာသာဝင် အဖြစ် ခံယူပြီး ဘုန်းကြီးတွေကို သတ်၊ ဗုဒ္ဓကျမ်းစာတွေကို မီးရှို့ပစ်တယ်။ ဒါကြောင့် သီဟိုဠ်မှာ ရဟန်းသံဃာတွေ ပြတ်သွားတယ်။ ဒါကြောင့် သာသနာနှစ် ၂၁၃၅-ခုနှစ် (၁၅၉၂-အေဒီ)မှာ သာသနာကို ကြည်ညိုတဲ့ ပထမ ဝိမလဓမ္မရာဇမင်း နန်းတက်တဲ့အခါ ထိုအချိန်က ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေတဲ့ ရက္ခင်္ဂနိုင်ငံသို့ သံတမန်တွေ စေလွှတ်ပြီး ရက္ခင်္ဂနိုင်ငံသား ရဟန်းတွေကို ပင့်ဆောင်ရတယ် ..
လင်္ကာဒီပမှိ သကလေ၊ ဥပသမ္ပန္နဘိက္ခူနံ။
အသန္တတ္တာ အမစ္စေပိ၊ ဒေသံ ရက္ခင်္ဂသဝှယံ။
ပေသေတွာန နိမန္တေတွာ၊ နန္ဒိစက္ကာဒိ ဘိက္ခဝေါ။
လင်္ကာဒီပံ သမာနေတွာ၊ သီရိဝဍ္ဎနပုရေ ဝရေ။
(မဟာဝံသ၊ အခန်း ၉၄း၁၅-၁၆ ဂါထာများ)
“လင်္ကာတစ်ကျွန်းလုံး၌ ရဟန်းပြုပေးမည့် သံဃာတော်များ မရှိတော့ခြင်းကြောင့် အမတ်တို့ကို ရက္ခင်္ဂ(အမည်ရှိ)နိုင်ငံသို့ လွှတ်ပြီး အရှင်နန္ဒိစက္ကအစရှိသည့် ရဟန်းတော်များကို လင်္ကာဒီပသို့ ပင့်ဖိတ်၍ သီရိဝဍ္ဎနမြို့တော်၌ သီတင်းသုံးစေ၏။
ရေသိမ်
အဲဒီနောက် မဟာဝါကဂင်္ဂါမြစ်ရဲ့ ဂဏ္ဌမ္ဗ (ဂန်ထမ်ဗ)အမည်ရှိ မြစ်ဆိပ်မှာ နှစ်လိုဖွယ် ရေသိမ် ဆောက်လုပ်ပြီး ထိုရေသိမ်မှာ ဘုရင့်ညီဝမ်းကွဲ သေနာရတန (နောင်အခါ လူထွက်ပြီး ထီးနန်းကို ဆက်ခံသူ) အပါအဝင် သီဟိုဠ်သား များစွာတို့ သာသနာနှစ် ၂၁၄၀-ပြည့်မှာ ဆရာတော် အရှင်နန္ဒိစက္က ဦးဆောင်တဲ့ သံဃာတော် များထံမှာ ရဟန်းခံကြတယ် (ယင်း၊ ၉၄း၁ရ-၂ဝ)။
နောက်ထပ် နှစ်တစ်ရာ နီးပါးအကြာ ဒုတိယ ဝိမလဓမ္မရာဇမင်းကြီးလည်း ရက္ခင်္ဂနိုင်ငံသို့ အမတ်တွေ စေလွှတ်၊ ရခိုင်ဘုရင် ပို့ပေးတဲ့ သီဟိုဠ်ရောက် ဆရာတော် အရှင်သန္တာနမထေရ် အမှူးရှိတဲ့ သံဃာတော် ၃၃-ပါးကို ခမ်းနားစွာ ကြိုဆိုပြီး အဲဒီ ဂင်္ဂါမြစ်ရဲ့ ဂဏ္ဏတ္ထဆိပ် ရေသိမ်မှာပဲ သီဟိုဠ်သား အမျိုး ကောင်းသား ၃၃-ဦးကို ရဟန်းခံစေခဲ့ကြောင်း သိရတယ် (ယင်း၊ ၉၇၊၁၀-၁၁)။ ဒါက မြောက်ဦးမြို့မှာ နန်းစိုက်တဲ့ ရခိုင်ဘုရင် မာရုမ္ပိယမင်း လက်ထက်ပါ..
မာရုပ္ပိယမင်း
“ထိုမာရုပ္ပိယမင်း လက်ထက်တွင် လင်္ကာဒီပ သီဟိုဠ်ကျွန်း၌ ဘုရားသာသနာတော် ညှိုးနွမ်း ပျက်စီးသည် ဖြစ်၍ စည်ပင်ပြန့် ပွား ထွန်းကားစေခြင်း အကျိုးငှာ သာသနာပြု ရဟန်းသံဃာ တော်တို့အား လျှောက်ထား၍ စေလွှတ်ပါမည် အကြောင်းနှင့် အဝ ဆယ်လံရှိသော သင်္ဘော နှစ်စင်းနှင့် အပင့်အလျှောက် ရောက်လာလေလျှင်..
မာရုပ္ပိယမင်းလည်း မှူးမတ်ပညာရှိတို့နှင့် တိုင်ပင်တော်မူ၍ သက္ကရာဇ် ၁၀၅၈ (အေဒီ ၁၆၇၈-ခန့်)ခု၊ ပြာသိုလဆန်း ခြောက် ရက်၊ တနင်္ဂနွေနေ့ သတ္တဌာန ဆရာတော် ဣန္ဒမဉ္ဇူနှင့် လောင်းကြက် ဆရာတော် နှစ်ဂိုဏ်းကို သံဃာတော် လေးကျိပ်နှင့် သီဟိုဠ်ကျွန်းသို့ သာသနာပြုတော်မူရန် တောင်းပန် စေလွှတ်တော်မူ၍ သီဟိုဠ်ကျွန်းသို့ ရောက်တော်မူလေလျှင် သာသနာတော်၏ အညစ်အကြေးကို သုတ်သင် ရှင်းလင်းတော်မူပြီးမှ သီဟိုဠ်သားတို့အား ဥပသမ္ပဒကံကို စီမံရွက်ဆောင်တော်မူ၍ ရဟန်းများစွာ ပြုစေတော်မူသည် (ရခိုင်ရာဇဝင်သစ် ၂၊ ၁၁၅-၁၁၆)”။ သီဟိုဠ် ဘုရင်ဟာ ဒီမင်းမတိုင်ခင် သုံးနှစ် အလွန်ကလည်း ထိုအချိန်က ရခိုင်ဘုရင် “မဏိသုဓမ္မရာဇာ”မင်း (အေဒီ ၁၆၇၅- ခန့်)ထံ သံဃာပင့်ရန် စေလွှတ်ပေမယ့် ရခိုင်ဘုရင်က ငြင်းဆိုခဲ့ကြောင်း သိရတယ် (ရခိုင်ရာဇဝင်သစ် ၂၊ ၁၁၅)။
သူတို့ဆို
'Rakkhanga is the name of a district in Lower Burma, now Arakan. ရက္ခင်္ဂ(နိုင်ငံ)ဆိုတာ ယခုအခါ ရခိုင်ဟုခေါ်သော မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတစ်ခု၏အမည် ဖြစ်သည်”လို့ Wilhelm Geiger, Translation of Sulavamsa II, p.228, Foot Note 2 မှာ ဖော်ပြတယ်။ The Islaind ဂျာနယ်ပါ Sir D. B. Jayatileka ရဲ့ ဆောင်းပါးအရ သီဟိုဠ်ဘာသာနဲ့ ရေးထားတဲ့ Curnika ကျမ်းကို ကိုးကားပြီး ရခိုင်နဲ့ သီရိလင်္ကာတို့ အေဒီ ၁၄-ရာစုက စပြီး ဆက်ဆံမှု ရှိခဲ့ကြောင်းလည်း သိရတယ်။
နှိုင်းယှဉ်ခြင်း
သီဟိုဠ်မှာ ရေးတဲ့ စူဠဝံသကျမ်းအရ .. ပထမအကြိမ် ဝိမလဓမ္မရာဇမင်း ပင့်ဖိတ်လို့ အရှင်နန္ဒိစက္က ဦးဆောင်တဲ့ ရခိုင်သံဃာ အပါး ၂ဝ-က သီဟိုဠ်သား ရဟန်းလောင်းတွေကို ရေသိမ်မှာ ရဟန်းခံပေးတယ်။ ဒုတိယအကြိမ် ဒုတိယ ဝိမလဓမ္မရာဇမင်း ပင့်ဖိတ်လို့ ရခိုင်ဆရာတော် အရှင်သန္တာနမထေရ် ဦးဆောင်တဲ့ သံဃာ ၃၃-ပါး အဖွဲ့က အဲဒီ ရေသိမ်မှာပဲ သီဟိုဠ်သား ၃၃-ဦးကို ရဟန်း ခံပေးတယ်။
ရခိုင်ရာဇဝင်သစ်အရ .. ပထမအကြိမ် သီဟိုဠ်ဘုရင် ဝိမလဓမ္မသူရိယမင်း ပင့်ဖိတ်လို့ မြောက်တန်ဆောင်း ဆရာတော် စန္ဒဝိလာသ ဦးဆောင်တဲ့ သံဃာ ၂၀-ပါး၊ ဒုတိယအကြိမ် သီဟိုဠ်ဘုရင် (မင်းအမည် မဖော်ပြပေမယ့် နန်းစဉ်အရ ဒုတိယ ဝိမလဓမ္မရာဇမင်း) ပင့်ဖိတ်လို့ ဆရာတော် ဣန္ဒမဉ္ဇူ၊ လောင်းကြက် ဆရာတော်နဲ့ သံဃာအပါး ၄၀-က သီဟိုဠ်သားတွေကို ရဟန်း ခံပေးတယ်။
သုံးသပ်ချက်
စူဠဝံသကျမ်းလာ ဝိလမဓမ္မရာဇမင်းနဲ့ ရခိုင်ရာဇဝင်သစ်ပါ ဝိမလ.ဓမ္မသူရိယမင်း အတူတူ ဖြစ်ပါတယ်။ မှတ်တမ်း ၂-နှစ်ခုမှာ ဦးဆောင် ဆရာတော်တွေရဲ့ ဘွဲ့အမည်နဲ့ သံဃာ အရေအတွက် ကွဲပြားနေတာက .. ရခိုင် မှတ်တမ်းမှာ ဘုရင်နဲ့ နီးစပ်ပြီး ဦးဆောင် လှုပ်ရှားတဲ့ ဆရာတော်ရဲ့ ဘွဲ့အမည် ပေါက်ပေမယ့် သီ ဟိုဠ်မှာတော့ သိက္ခာဝါ အကြီးဆုံး ဥပဇ္ဈာယ်ပြုခံ ဆရာတော်ရဲ့ ဘွဲ့အမည်များ ဖြစ်လေမလား။ အရေအတွက် မတူတာက ခရီးစဉ်မှာ ဆွမ်းပြုစုမယ့် ဒကာတွေကိုပါ ထည့်သွင်းပြီး ရခိုင် မှတ်တမ်းက ၄၀ အရေအတွက် ပြပေမယ့် သီဟိုဠ်က ရဟန်း အရေအတွက်ကိုပဲ ၃၃-လို့ ဖော်ပြတာများလား။
ကောက်ချက်
ရခိုင် ဘုရင်က သီဟိုဠ်မှာ သိမ်လှူတယ်လို့တော့ မတွေ့မိ။ ရခိုင် သံဃာတွေက သီဟိုဠ်သားတွေကို “ရေသိမ်မှာ ရဟန်း ခံပေး ကြတယ်”ဆိုတဲ့ စူဠဝံသအဆိုအရ ရခိုင်က ကြွသွားတဲ့ သံဃာ တွေ သီဟိုဠ်မှာ သိမ်သစ် မသမုတ်ဘဲ သီဟိုဠ်ဘုရင် ဆောက်လုပ်ပေးတဲ့ ရေသိမ်မှာပဲ ရဟန်းခံကြတယ်လို့ ဆိုနိုင်တယ်။ ဒါ ကြောင့် ရခိုင်သံဃာနဲ့ ပတ်သက်တဲ့ “ရေသိမ်တစ်ခု’ သီဟိုဠ် (သီရိလင်္ကာ)မှာ ရှိခဲ့တာ သေချာတယ်။
ဇွန် ၃၊ ၂၀၁၇။
---
၅၈၀။ ရဟန်းခံခြင်းအစ
ဆရာတော် ဘုရား၊ ယခုခေတ်မှာ ရဟန်းသံဃာတွေ သိမ်ထဲ ဝင်ပြီး ရဟန်းခံတာ ဘယ်အချိန်က စတင်ခဲ့တယ် ဆိုတာကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
မထွေးထွေးဝင်း (Portland, OR)
---
ဧဟိဘိက္ခု
အတော် မွှေကြည့်မှ ဖြေနိုင်မယ့် မေးခွန်းမျိုးပဲ။ ဗုဒ္ဓသာသနာ ပြန့်ပွားပုံ အစောပိုင်းကို ဖော်ပြတဲ့ ဝိနည်း မဟာဝါ ပါဠိတော် မဟာခန္ဓကကို အခြေပြုပြီး လေ့လာတဲ့အခါ ..
ဗုဒ္ဓဖြစ်ပြီးနောက် ခုနစ်ပတ်အကြာမှာ မြတ်ဗုဒ္ဓဟာ မိဂဒါဝုန်ကို ကြွပြီး ပဉ္စဝဂ္ဂီ ငါးဦးကို တရားဦးဟော၊ ပဉ္စဝဂ္ဂီတို့ “ဧဟိ ဘိက္ခု’ ရဟန်းဖြစ်။ မိဂဒါဝုန်မှာ ဗုဒ္ဓဖြစ်ပြီး ပထမဆုံး ဝါတွင်း သုံးလ သီတင်းသုံး၊ ဒီကာလအတွင်း သူဌေးသား ယသနဲ့ မိတ်ဆွေ ၅၄-ယောက် ရဟန်းပြု (ဗုဒ္ဓ မပါဘဲ ရဟန္တာ ၆၀-ပါး)၊ “ရဟန်း၊ လာပါ .. ဗြဟ္မစရိယ (အကျင့်မြတ်)ကို ကျင့်ပါ”လို့ ဗုဒ္ဓ တစ်ဆူက မြွက်ဟဆဲခဏ ရဟန်းဖြစ်သွားသူ။
သရဏဂုံဆို
သီတင်းကျွတ်တော့ မြတ်ဗုဒ္ဓက အဲဒီရဟန္တာ အပါး ၆၀-ကို “ရဟန်းတို့၊ သတ္တဝါတွေ ချမ်းသာဖို့ ဓမ္မခရီး ထွက်ကြ၊ ငါဘုရားလည်း ဥရုဝေလာကို ကြွမယ်”လို့ မိန့်တော်မူတယ်။ ရဟန္တာတွေက ဒေသစုံက ရဟန်းပြု လိုသူတွေကို ခေါ်လာတဲ့အခါ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ သုံးကြိမ် ဆိုစေပြီး ယင်းတို့ကို ထိုရဟန္တာတွေ ကိုယ်တိုင် ရှင်ရဟန်းပြုပေးဖို့ ခွင့်ပြုတော်မူတယ်။ သရဏဂုံကို ရွတ်ဆိုရုံနဲ့ ရဟန်းဖြစ်သွားလို့ ဒါမျိုးကို သရဏဂမနူပသမ္ပဒါ (သရဏဂုံဆိုနဲ့ ရဟန်းဖြစ်ခြင်း)လို့ ခေါ်တယ်။
ကမ္မဝါစာ ဖတ်ပြီး ရဟန်းပြုပေးဖို့ ညွှန်ကြားပြီး ဖြစ်လို့ ယနေ့ခေတ်မှာတော့ ရဟန်းတစ်ပါးက လူတစ်ဦးကို သရဏဂုံ ဆိုနဲ့ ရဟန်းပြုပေးလို့ မရတော့ဘူး။
ဝေဠုဝန်မှာ
ဥရုဝေလာကို ကြွလာစဉ် လမ်းမှာ ပါဝါမြို့သား ဘဒ္ဒဝဂ္ဂီ အမည်ရှိ ညီအစ်ကို သုံးကျိပ်၊ ဥရုဝေလာကို ရောက်တော့ ကဿပ ညီနောင်နဲ့ ယင်းတို့ရဲ့ တပည့်တစ်ထောင် ... အားလုံး ဧဟိ ဘိက္ခု ရဟန်းဖြစ်။ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရမင်း လာရောက် ဖူးမြော်၊ မြတ်ဗုဒ္ဓအား ဝေဠုဝန် ဥယျာဉ်ကိုလှူ။ ဝေဠုဝန်မှာ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလ္လာန်တို့ ဧဟိဘိက္ခု ရဟန်းဖြစ်။ ရာဇဂြိုဟ်မြို့သား အထက်တန်းလွှာ အမျိုးသားတွေ ရဟန်းပြုကြတယ်။
ရာဇဂြိုဟ် မြို့သားတွေအနက် အချို့ ‘ဧဟိ ဘိက္ခု” အချို့ ‘သရဏဂုံဆို’ ရဟန်းတွေပဲ ဖြစ်ဖွယ် ရှိတယ်။ ဧဟိ ဘိက္ခု ဟန်းပေါင်း ၂၈၆၄၁-ပါး ရှိကြောင်း (ဝိ၊ဋ္ဌ၊၁၊၂၀၅) သိရ မယ့် ‘သရဏဂုံနဲ့ ရဟန်း’ဖြစ်ခဲ့သူ မည်မျှ ရှိကြောင်းတော့ ကျမ်းဂန်မှာ မတွေ့ဖူးဘူး။
ရာဇဂြိုဟ်
ဝိနည်း မဟာဝါ၊ မဟာခန္ဓက အရ .. ရဟန်းအချို့ ဝတ်စား နေထိုင်ပုံ အချိုးမကျလို့ မိမိကို အနီးကပ် ဆုံးမမယ့် ဥပဇ္ဈာယ် ဆရာရှိမှ ရဟန်းခံခွင့်၊ တပည့်ကျင့်ဝတ် ဆရာ့ကျင့်ဝတ် အသေးစိတ်၊ ရဟန်း ပြုပေးနိုင်တဲ့ ဆရာရဲ့ အရည်အချင်း ငါးပါးစု ခြောက်ပါးစု၊ ဘာသာခြားတွေ ရဟန်းပြုလိုရင် ဦးစွာ ၄-လ အစမ်း နေထိုင်ခွင့်၊ အနာကြီး ၅-မျိုး ရှိသူ မင်းပြစ်သင့်သူ ကြွေးရှိသူ ကျေးကျွန် အသက် ၂၀ မပြည့်သူတို့ နောက် ကြောင်းရှင်းပြီးမှ ရဟန်းပြုခွင့်၊ ဆရာကို မမှီခိုဘဲ နေနိုင်သူရဲ့ အရည်အချင်း .. စသည်ကို ညွှန်ကြား။
ဝါဆိုစဉ်အရ ဗုဒ္ဓဖြစ်ပြီးနောက် ဒုတိယ၊ တတိယနဲ့ စတုတ္ထ ဝါတွေ (၃-နှစ်ခန့်)ကို ရာဇဂြိုဟ်မှာ သီတင်းသုံးခဲ့တာ ဖြစ်လို့ ဒါတွေ အားလုံး သို့မဟုတ် အများစုကို ထိုစဉ်က ရာဇဂြိုဟ်မှာ ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်တယ်။ (စကားမစပ်၊ ဝါဆိုစဉ် လင်္ကာအရ ၁၇-ဝါနဲ့ ၂၀-မြောက် ဝါတွေကိုလည်း ရာဇဂြိုဟ်မှာ သီတင်းသုံးခဲ့ကြောင်းပါ။)
သာမဏေ
ဒုတိယဝါ သီတင်းကျွတ်ပြီးနောက် ခမည်းတော်ပင့်လို့ ရာဇဂြိုဟ်မှ ကပိလဝတ်သို့ ကြွ။ သားတော် ရာဟုလာ သာမဏေ ဖြစ်။ သာကီဝင် မင်းသား ၆-ယောက်နဲ့ အခြား သာကီဝင်မင်းသား တစ်ထောင် ရဟန်းပြု။ ဒီနောက် သူဌေး သုဒတ္တ (နောင်အခါ အနာထပိဏ်)ပင့်လို့ သာဝတ္ထိသို့ ဆက်ကြွပေမယ့် ဝါဆိုခြင်း မပြု။ သာဝတ္ထိမှာ အရှင်သာရိပုတ္တရာ့ ဒကာရဲ့သား တစ်ယောက် သာမဏေ ပြုရာကနေ သာမဏေတွေ တိုးလာလို့ သာမဏေတွေ ကျင့်ဖို့ ဆယ်ပါးသီလနဲ့ ဒဏ်ဆယ်ပါး သည်ကို ညွှန်ကြား။
ဒါကြောင့် ဗုဒ္ဓဖြစ်ပြီး ၂-နှစ်ခန့် အကြာမှာ အသက် ၂၀-အောက် ငယ်ရွယ်သူတို့ ရှင်သာမဏေ ဝတ်ခွင့် ရခဲ့ကြောင်း၊ ရှင်ရာဟုလာနဲ့ အရှင်သာရိပုတ္တရာ့ ဒကာရဲ့သား အဦးဆုံး ဖြစ် ကြောင်း သိရတယ်။
တဖြည်းဖြည်း
သာသနာတွင်း ရဟန်းပြုခွင့် မပြုဖို့ တားမြစ် ခံရသူတွေရဲ့ ဖြစ် ရပ်များအနက် ဘိက္ခုနီမကို ဖျက်ဆီးသူ ပါဝင်လို့ ကာလ အတန်ကြာမှ တားမြစ်ခံ ၁၃-ဦး စာရင်း ပြည့်စုံသွားပုံ ရတယ်။ ဘာကြောင့်ဆို ဗုဒ္ဓဖြစ်ပြီး အနည်းဆုံး ၅-နှစ်ခန့် ကြာမှ ဘိက္ခုနီရှိနိုင်လို့ပါ။ ပါဠိတော် (ဝိ၊၃၊၁၃၃)လာ ကမ္မဝါစာ ဖတ်ပြီး ရဟန်းခံပုံ အစီအစဉ် (ဥပသမ္ပဒါဝိဓိ)လည်း ဒီအတိုင်းပါပဲ။ တဖြည်းဖြည်းမှ ပုံစံကျသွားတဲ့ သဘောရှိတယ်။ ဒါ့အပြင် သိမ်ကို ခွင့်မပြုခင်က နေရာ သတ်မှတ်ချက် မရှိဘဲ ပညတ်ပြီးသား စည်းကမ်းနဲ့အညီ ကြုံတဲ့နေရာမှာ စည်းဝေး စုထိုင်ပြီး ရဟန်း ပြုပေးခဲ့ကြဖွယ် ရှိတယ်။
ယခုခေတ်လို သိမ်ထဲမှာ သံဃာ ၁၀-ပါး (အိန္ဒိယအတွက်) သို့မဟုတ် သံဃာ ၅-ပါး (အခြားဒေသအတွက်) စည်းဝေး (စု ထိုင်)၊ ကမ္မဝါစာ ဖတ်ပြီး ရဟန်းခံတာက သိမ်ကို ခွင့်ပြုပြီးမှ ဖြစ်နိုင်မှာပါ။
သိမ်ကိုခွင့်ပြု
သံဃာတွေ သာမဂ္ဂီ (ညီညွတ်ခြင်း)ဖြစ်ဖို့ သိမ်ကို မြတ်ဗုဒ္ဓ ခွင့်ပြုတော်မူတယ် (ဝိ၊၃၊၁၄၃)။ အရှင်သာရိပုတ္တရာက ရာဇဂြိုဟ် မြို့ကို ဝန်းရံထားတဲ့ ကျောင်းတိုက်ကြီး ၁၈-ခုလုံးကို ပေါင်းပြီး တစ်ခုတည်းသော မဟာသိမ် (ဗုဒ္ဓလက်ထက် ပထမဆုံးသိမ် ဖြစ်ဖွယ်ရှိ)အဖြစ် သမုတ်ခဲ့တယ် (ဝိ၊ဋ္ဌ၊၂၊၃၃၁)။ ပါဠိတော်ရဲ့ အာဘော်အရ ဒါတွေဟာ မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မှာ ဝါဆိုတဲ့ သုံး နှစ်တာ ကာလအတွင်း ဖြစ်ဖွယ်ရှိတယ်။ ကျောင်းတိုက်ကြီး ဆိုပေမယ့် သံဃာတွေ သီတင်းသုံးနိုင်တဲ့ လိုဏ်ဂူ ဥယျာဉ် လိုဟာတွေ ဖြစ်လို့ ၃-နှစ် အတွင်း ၁၈-ခု ဖြစ်နိုင်ပါတယ်။ သိမ်ထဲမှာ ကမ္မဝါစာ ဖတ်ပြီး ရဟန်းခံတာလည်း အဲဒီ ကာလအတွင်း သို့ မဟုတ် အဲဒီနောက် မကြာမီ တစ်ချိန်ချိန်မှာ စခဲ့တယ်လို့ ကြမ်းဖျင်း ယူဆနိုင်တယ်။
အဖြေ
ခြုံငုံ သုံးသပ်ရင် ယနေ့ခေတ်နဲ့ တစ်ထပ်တည်း မတူနိုင်ရင် တောင် အနည်းဆုံး ဗုဒ္ဓဖြစ်ပြီး လေးငါးနှစ် အကြာမှာ သိမ်ထဲ ဝင်ပြီး ရဟန်းခံခြင်း စတင်ခဲ့တယ်လို့ ဆိုရင် အမှန်နဲ့ နီးစပ်ပါတယ်။
ဇွန် ၁၇၊ ၂၀၁၇။
---
၅၈၁။ ဧဟိဘိက္ခုနီ
ဘုန်းဘုန်းရေ ... မေးစရာလေး တစ်ခု ရှိနေလို့ပါ ဘုရား၊ ဘု ရားရှင် လက်ထက်က ဧဟိဘိက္ခု ခေါ်ခံရတဲ့ ရဟန်းမတွေ ရှိမရှိ၊ ရှိလျှင် အရေအတွက် မည်မျှ ရှိသည်ကို သိလိုပါသည် ဘုန်းဘုန်း။
အေးမြနွယ် (ဓမ္မစကူးလ်)
---
ဖြစ်နိုင်ခွင့်
မြတ်စွာဘုရား တစ်ဆူဆူက “လာလော့၊ အကျင့်မြတ်ကို ကျင့် လော့”လို့ ခေါ်ခံရရုံနဲ့ ရဟန်းအသွင် ပြောင်းသွားသူကို “ဧဟိဘိက္ခု’လို့ ခေါ်ပါတယ်။ ဂေါတမ မြတ်စွာဘုရားရဲ့ ဝါနှစ် ဆယ်အတွင်း အဲဒီလို ဧဟိဘိက္ခု ရဟန်း ဖြစ်လာသူတွေ များပါသတဲ့ (ဝိ၊ဋ္ဌ၊၁၊၂ဝ၅)။ ဧဟိဘိက္ခု ခေါ်ခံရမယ့် သူရဲ့ ဒီဘဝဟာ နောက်ဆုံး ဘဝ (ပစ္ဆိမဘဝိက) ဖြစ်ရတယ်။ “အပေါ်ရုံ သင်္ကန်း ကြီး (ဒုကုဋ်)၊ ကိုယ်ရုံ ဧကသီ၊ ခါးဝတ် သင်းပိုင်၊ သပိတ်၊ သင်တုန်းဓား၊ ချုပ်အပ်၊ ခါးပန်းကြိုး၊ ရေစစ်’ဆိုတဲ့ ပရိက္ခရာ ရှစ်ပါး လှူဒါန်းပြီး ဧဟိဘိက္ခု ဖြစ်ဖို့ ဆုတောင်း အထူးလည်း ရှိဖူးမှ ဖြစ်နိုင်တယ်။
ဧဟိဘိက္ခုနီ
ဘိက္ခုနီဝိဘင်း ပါဠိတော်မှာ ဘိက္ခုနီ (ရဟန်းမ)လို့ ခေါ်နိုင်တဲ့ အကြောင်း ၁၂-မျိုးအနက် 'ဧဟိ ဘိက္ခုနီတိ ဘိက္ခုနီ = ဘိက္ခုနီမ၊ လာလော့ဟူသော ဘုရား စကားတော်ဖြင့် (ရဟန်း) ဖြစ်သောကြောင့် ဘိက္ခုနီ (ဝိ၊၂၊၂၇၆)’လို့ မြတ်ဗုဒ္ဓ ဟောတော်မူတယ်။ ဒီစကားအရ “ဧဟိဘိက္ခုနီ’ ခေါ်ခံရတဲ့ အမျိုးသမီး ရှိ တယ်လို့ ယူဆစရာ ဖြစ်နေတယ်။ အဋ္ဌကထာမှာ ထိုစကား ရပ်ကို အထူး ဖွင့်ဆိုရှင်းပြခြင်း မရှိ။ ဒါပေမယ့် အဋ္ဌကထာကို အဓိပ္ပာယ် ထပ်ဖွင့်တဲ့ ဋီကာကျမ်းတွေမှာတော့ ဖွင့်ဆိုထားတာကို တွေ့ရတယ် ..
ဝဇိရဗုဒ္ဓိ
“ဝဇိရဗုဒ္ဓိ”ဆိုတာ ဋီကာကျမ်းပြု ပုဂ္ဂိုလ်ရဲ့ ဘွဲ့အမည်။ ဒီအမည်နဲ့ပဲ “ဝဇိရဗုဒ္ဓိဋီကာ”လို့ ထင်ရှားတယ်။ ဝိနည်း အဋ္ဌကထာကို ဖွင့်ဆိုတဲ့ ဋီကာကျမ်းကြီး သုံးစောင်အနက် ပထမဆုံး ဋီကာကျမ်းပါ။ အနည်းဆုံး အေဒီ ၁၁-ရာစု မတိုင်ခင်က ရေးခဲ့တဲ့ ကျမ်း။ ဒီကျမ်း (ဝဇိရဗုဒ္ဓိ-ဋီ၊ ၃၅၁)မှာ ဖွင့်ဆိုပုံက ..
ယူကြပုံ
(ဘိက္ခုနီဝိဘင်း ပါဠိတော်မှာ)ဒေသနာ(ဟောကြားပုံ)ကို တန် ဆာဆင်တဲ့ အနေနဲ့ ဟောတော်မူတာ ဖြစ်တယ်လို့ ဆရာအချို့က ဆိုတယ်။ အချို့ကတော့ အခြား ဗုဒ္ဓတွေရဲ့ လက်ထက်မှာ (ဧဟိဘိက္ခုနီ) ရှိတယ်လို့ ဆိုတယ်။ (အခြား ဗုဒ္ဓ လက်ထက်မှာ ရှိရင်) ငါတို့ ဗုဒ္ဓ လက်ထက်မှာလည်း ရှိနိုင်တာကြောင့် (ဒီအဆို) မသင့်သလိုဘဲ။ ဘာကြောင့်ဆို ဓမ္မပဒ ဝိသာခါဝတ္ထုမှာ “အမျိုးသမီးတွေမှာ သင်္ကန်း အလှူကြောင့် အမြင့်ဆုံး အနေနဲ့ မဟာလတာခေါ်တဲ့ အဆင်တန်ဆာကို ရသလို ယောက်ျားတွေမှာတော့ တန်ခိုးကြောင့် ဖြစ်တဲ့ သပိတ် သင်္ကန်းကို ရခြင်းပါပဲ”လို့ အမျိုးသမီးတွေ ဧဟိဘိက္ခု မဖြစ်နိုင်ဘူး ဆိုတဲ့ စကားရိပ်ကို တွေ့ရလို့ ဖြစ်ပါတယ်။
အချို့ကတော့ “ပုထုဇဉ်အဖြစ်နဲ့ ဧဟိဘိက္ခုရဟန်း ဖြစ်လာပြီးမှ (နောင်အခါ) ဣတ္ထိလိင် ပြောင်းသွားလို့ ဘိက္ခုနီ ဖြစ်သွား တဲ့ အမျိုးသား ရဟန်းလည်း ဧဟိဘိက္ခုနီထဲမှာ ပါနိုင်တာပဲ။ ဒီလို မဟုတ်ရင် ပါဠိတော်စကားနဲ့ ဆန့်ကျင်မှာပေါ့”လို့ ဆိုကြသေးတယ်။ ဆင်ခြင်ပြီး ယူပါ။
အထက်ပါ ရှင်းပြချက်တွေကို ဖတ်ရှုနားလည်ရသလောက် ဝဇိရဗုဒ္ဓိဋီကာရှင်ဟာ မိမိရဲ့ အယူအဆကို အတိအကျ ဆုံးဖြတ်ချက် မချခဲ့ဘူးလို့ ဘုန်းကြီး ထင်တယ်။
သာရတ္ထဒီပနီ
ဝဇိရဗုဒ္ဓိဋီကာထက် နောက်ကျတဲ့ သာရတ္ထဒီပနီ ဋီကာမှာ တော့ အတော်ကလေး ကျယ်ဝန်းစွာ ရှင်းပြပြီး အတိအကျ ဆုံးဖြတ်ခဲ့တာကို တွေ့ရတယ် ..
ဖြစ်ရပ်မရှိ
အမျိုးသမီးတွေကို ဧဟိဘိက္ခုနီလို့ ခေါ်ပြီး ရဟန်းပြုပေးတဲ့ ဖြစ်ရပ်သာဓက (ဗုဒ္ဓ လက်ထက်က) မရှိတဲ့ အတွက် ဧဟိဘိက္ခုနီ မရှိနိုင်။ ဒေသနာစဉ်အရ ဧဟိဘိက္ခုနီလို့ (ဘိက္ခုနီ ဝိဘင်းပါဠိတော်မှာ) မိန့်တော်မူထားတာပါ။ အချို့နေရာမှာ ရနိုင်လျက် ယူဘဲ၊ အချို့ နေရာမှာတော့ မရနိုင်ဘဲလျက် သွင်းယူပြီး နာစဉ်အရ ဟောသွားတာမျိုးတွေကို အဘိဓမ္မာ ပါဠိတော်တွေ မှာ နမူနာအဖြစ် တွေ့နိုင်တယ်။
ကြံပြောခြင်း
“အကယ်၍ ဘိက္ခုနီပြုမယ့် အမျိုးသမီး တစ်ဦးကို ဧဟိဘိက္ခုနီလို့ ခေါ်ဆိုခဲ့ရင် ဧဟိဘိက္ခုနီ ရဟန်းမအဖြစ် ရှိမှာပဲ’လို့ ကြံဆ မိန့်တော်မူခြင်းမျိုးပါ။ “အမျိုးသမီးတွေမှာ ဧဟိဘိက္ခုနီ ဖြစ်ဖို့ ဆုတောင်းအထူး မရှိခဲ့ကြလို့ဘဲ” မြတ်ဗုဒ္ဓက ဧဟိဘိက္ခုနီလို့ မခေါ်ခဲ့တာပေါ့။
နီးဝေးမဆိုင်
ဆရာအချို့က “ဘိက္ခုတွေပဲ မြတ်ဗုဒ္ဓနဲ့ အနေနီးပြီး အမြဲလည်း ရင်းနှီးကျွမ်းဝင် ခွင့်ရှိလို့ ယင်းတို့ကိုပဲ ဧဟိဘိက္ခု ခေါ်ထိုက်တယ်၊ ဘိက္ခုနီတွေက ထိုအခွင့်အရေး မရှိလို့ မခေါ်နိုင်ဘူး”လို့လည်း အကြောင်း ပြကြတယ်။ ဒါပေမယ့် ဒါကတော့ သူတို့ရဲ့ ယူဆချက်ပါ။ အမှန်တော့ ဗုဒ္ဓနဲ့ အနေနီးခြင်း ဝေးခြင်းက တရားကို သိခြင်း မသိခြင်းနဲ့ မပတ်သက်ပါဘူး။ မြတ်ဗုဒ္ဓက “ငဘုရားရဲ့ သင်္ကန်းစွန်းကို ကိုင်ဆွဲပြီး ထက်ကြပ်မကွာ လိုက်နေ ပေမယ့် သတိ လွတ်ပြီး ကိလေသာတွေ ထူပြောနေရင် ငါဘုရားနဲ့ အဝေးကြီးပါ။ ယူဇနာတစ်ရာ အဝေးမှာ နေစေကာမူ စိတ်ဆိုး စိတ်ယုတ်တွေကို ထိန်းကွပ်ပြီး သတိနဲ့ ဣန္ဒြေကို ထိန်းစောင့်နိုင်ရင် ငါဘုရားနဲ့ နီးတယ်”လို့ ဟောထားတာပဲ။
အဖြေ
သာရတ္ထဋီကာမှာ ကုဏ္ဍလကေသာ ထေရီဂါထာနဲ့ အပဒါန် ပါဠိတော်လာ စကားရပ်တွေကိုပါ ကိုးကား ရှင်းပြပြီး “ဧဟိဘိက္ခုနီ မရှိဘူးလို့ သံသယရှင်းစွာ မှတ်သားပါလို့ ဆုံးဖြတ်ပါ တယ်။ နောက်အကျဆုံး ဖြစ်တဲ့ ဝိမတိဋီကာရှင်ကတော့ ဒီ ကိစ္စကို နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒါကြောင့် သာရတ္ထဋီကာကျမ်း ဆုံးဖြတ်သလိုပဲ မှတ်သားရမှာပေါ့။
ဇွန် ၁၈၊ ၂၀၁၇။
Extree poverty anywhere is a threat to human security everywhere.
Kofi Annan
မည်သည့် နေရာမှာပဲ ဆင်းရဲမွဲတေခြင်း ရှိစေ နေရာတိုင်းက လူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်တာပဲ။ ကိုဖီအန်နန်
---
၅၈၂။ တရားတုသတိ
တပည့်တော် မေးလျှောက်လိုတာရှိပါတယ်ဘုရား လော လောဆယ် ရန်ကုန်မှာ ပုံနှိပ် တရားစာအုပ် တစ်အုပ်နဲ့ လူအုပ်စု တစ်စုရဲ့ တရားဆွေးနွေးတဲ့ အသံဖိုင်တွေ တပည့်တော် ရထားလို့ ဖတ်ကြည့် နားထောင်ကြည့်တဲ့အခါ၊ အချုပ်အားဖြင့် သူတို့ဝါဒက ... “သစ္စာလေးပါး လမ်းကြောင်း သို့မဟုတ် ပညာ လမ်းကြောင်း ဖြစ်ပြီး၊ အာရုံမှာ နိဗ္ဗာန်က ရှိထားပြီးသားမို့ နိရောဓသစ္စာကို ကတဉာဏ်နဲ့ သိဖို့ ဓမ္မသာကစ္ဆာ၊ ဝိဘဇ္ဇ၊ သမ္မာ သင်္ကပ္ပ (စိန္တာမယ-စကားလုံး ရှောင်ထားပါတယ်) အလုပ်တွေ သံသယ ကုန်အောင် လုပ်ရမှာ၊ ထိုင်မှတ်ရမှာ မဟုတ်၊ ဆင်ခြင်ဖို့ ဖြစ်တယ်”လို့ဆိုပါတယ်။
“သူတို့ လမ်းကြောင်းက သံသရာ လွတ်ဖို့ နီးသော လမ်းကြောင်း၊ မိရိုးဖလာ ဝိပဿနာ လမ်းကြောင်းက သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အဆင့်ဆင့်နဲ့ ဝေးသော လမ်းကြောင်းလို့ ဆိုပါတယ်။ မဂ်ဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ နိဗ္ဗာနံ မဂ္ဂဿ၊ နိဗ္ဗာနံ ဖလဿ = နိဗ္ဗာန် အာရုံကြောင့် အကျိုး မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်ရတာ” ... စသဖြင့်လည်း ပြောပါတယ် ဘုရား။ “နိဗ္ဗာနံ မဂ္ဂဿ၊ နိဗ္ဗာနံ ဖလဿ ́ဆိုတဲ့ ပါဠိအဓိပ္ပာယ် မူရင်းနဲ့ Context က ဒီအတိုင်း အမှန်ပဲလား ဘုရား။ သူတို့ ဆွေးနွေးတာတွေက “နိဗ္ဗာန်ကကိုယ်ထဲမှာ ရှိတယ်။ စိတ် စိတ်အတိုင်းထား’ - စတဲ့ ကျောက်သင်္ဘောဝါဒနဲ့ အတူတူပဲ လို့ သိရပါတယ် ဘုရား။ ပြဿနာက တရားအားထုတ်ဖူးသူ အချို့တောင် ဒါကို သဘောကျကြပြီး၊ တရားရိပ်သာတွေကို ပါးပါးလေးနဲ့ ပုတ်ခတ် ဆွေးနွေးထားတာ ကြားရပါတယ် ဘုရား။ ဒါကို ညွတ်နေတဲ့ တပည့်တော် အသိုင်းအဝိုင်းထဲက လူတွေကို ဘယ်လို ပြောပြသင့်သလဲ ဆိုတာ အကြံပြုပေးပါ ဘုရား။
Dr. ထိန်ဝင်း - ရန်ကုန်
---
ပြန်မေး
“အာရုံမှာ နိဗ္ဗာန်က ရှိထားပြီးသားမို့’လို့ ဆိုတဲ့ပုံကိုက အဓိပ္ပာယ်ကို ရှုပ်ထွေးစေတယ်။ အဘိဓမ္မာနည်းအရ “ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ’လို့ အာရုံ ၆-မျိုး ရှိရာမှာ နိဗ္ဗာန်ဟာ ဓမ္မာရုံထဲမှာ ပါတယ်။ “စိတ်၊ စေတသိက်၊ ပသာဒ ရုပ်၊ သုခုမရုပ်၊ နိဗ္ဗာန်၊ ပညတ်’လို့ ဓမ္မာရုံ အကျဉ်း ၆-မျိုး၊ တစ်နည်း ... စိတ် စေတသိက် ၈၉၊ ၅၂၊ ပသာဒရုပ် ၅၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန် ၁၊ ပညတ် ၁၊ ပေါင်း အကျယ် ၁၆၄-မျိုး ရှိတယ်။
ဒါကြောင့် “နိဗ္ဗာန်က ဘယ်အာရုံမှာ ရှိထားတာတုန်း ရှိနေတာတုန်း’လို့ ပြန်မေးကြည့်။ ထေရဝါဒီရဲ့ အဖြေက “နိဗ္ဗာန်သည်ပင် အာရုံတရား ဖြစ်လို့ နိဗ္ဗာန်ဟာ ဘယ်အာရုံထဲမှာမှ ရှိမထားပါဘူး၊ ရှိမနေပါဘူး၊ နိဗ္ဗာန်ဆိုတာ အာရုံတရား သက်သက်ပဲ’လို့ ဖြစ်ပါတယ်။ တစ်နည်း ..
တရားမထိုင်ဘဲ
“အာရုံမှာ နိဗ္ဗာန်က ရှိထားပြီးသားမို့” ဆိုတာကို “နိဗ္ဗာန်ဟာ အာရုံတရား ဖြစ်လို့’လို့ အဖြောင့် အဓိပ္ပာယ် ယူကြည့်မယ်။ “ကတဉာဏ်”ဆိုတာ “သစ္စာလေးပါးကို မဂ်ဖိုလ်ဉာဏ်နဲ့ သိပြီးပြီလို့ ပြန်ပြီး ဆင်ခြင်တဲ့ ဉာဏ် (တဿ တဿ ကိစ္စဿ ကတ ဘာဝဇာနနဉာဏံ ကတဉာဏံ နာမ။ သံ၊ဋ္ဌ၊၃၊၃၂၈)’။ ဒါ ကြောင့် ပေးထားတဲ့ အဆိုစာပိုဒ်က “နိဗ္ဗာန်ဟာ အာရုံတရား ဖြစ်လို့ နိရောဓသစ္စာ (ဖြစ်တဲ့ အဲဒီနိဗ္ဗာန်)ကို သိပြီးပြီလို့ ဆင်ခြင်ဖို့ ဆွေးနွေးခြင်း (ဓမ္မသာကစ္ဆာ)၊ ခွဲခြမ်းစိတ်ဖြာခြင်း (ဝိဘဇ္ဇ)၊ စဉ်းစားခြင်း (စိန္တာမယ)တွေ လုပ်ရမယ်၊ ထိုင်ပြီး တရား ရှုမှတ်စရာ မလိုဘူး”လို့ ဆိုလိုရင် ..
“တရား မထိုင်ဘဲ နိဗ္ဗာန်ကို ရတယ်”ဆိုတဲ့ အဓိပ္ပာယ် ဖြစ်လို့ ထေရဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်။ နိဗ္ဗာန်ဆိုတာ ဆွေးနွေး ငြင်းခုံလို့ ရနိုင်တဲ့ တရားမျိုး မဟုတ်ဘူး။ လေ့ကျင့် အားထုတ်ပါ များလို့ ဖြစ်ပေါ်လာတဲ့ အဆင့် အမြင့်ဆုံး မဂ်ဖိုလ် သိစိတ်မှာ ယှဉ်နေတဲ့ ဉာဏ်နဲ့သာ သိမြင်နိုင်တဲ့ တရားမျိုး ဖြစ်ပါတယ် (နိဗ္ဗာနံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗ မဂ္ဂဖလာန မာရမ္မဏဘူတံ)။
ဒုံးပျံနဲ့သွား
“သူတို့က နီးသော လမ်းကြောင်း”ဆိုလို့ ရယ်စရာပြောရဦး မယ် .. ဘုန်းကြီး ရဟန်း ၃-ဝါရ လပွတ္တာက ရဟန်းအမ အိမ် မှာ တစ်ညနေ ဗိုလ်ကုန်းရွာနေ ဦးပြူးဆိုတဲ့ သဲအင်းဂူယောဂီ ဒကာကြီး ရောက်လာပြီး “နိဗ္ဗာန်ကို ရဖို့ စာတတ်စရာ မလို ဘူး။ တရား အားထုတ်ဖို့ပဲ လိုတယ်။ စာသင်နေတာဟာ နိဗ္ဗာန်ကို လှည်းနဲ့ သွားနေသလိုပဲ။ ဒကာကြီးတို့ နည်းက နိဗ္ဗာန်ကို ဒုံးပျံနဲ့သွားတာ ဘုရာ့”တဲ့။
ဘုန်းကြီးက စကားလုံးကွဲအောင် ပြောတတ်သူ.. မဟုတ်တော့ အနီးမှာရှိတဲ့ ရဟန်းဒကာမက သူ့ရဟန်းကို ကြည့်ပြီး အားရပုံ မပေါ်ဘူး။ ဒါနဲ့ ကွမ်းသီးခြမ်းကို ကွမ်းညှပ်နဲ့ “ဖျောက်ခနဲ’ ညှပ်၊ ပါးစပ်ထဲ ငုံထားတဲ့ ကွမ်းရည်ကို သုံးနေကျ နို့စည် ခွက် ထွေးခံထဲ ‘ပျစ်ခနဲ’ ထွေးထုတ်၊ ကြေးကွမ်းအစ်ကြီးကို ‘ဂွမ်းခနဲ’ ရှေ့သို့ တိုးလိုက်ရင်း ..
ပြုံးရခက်ကြီး
“နိဗ္ဗာန်ရဖို့ စာတတ်ကို တတ်ရမယ်။ ဘာလို့ဆိုရင် နိဗ္ဗာန်ရဖို့ စာတတ်ဖို့ လိုကိုလိုလို့ .. ဟင် ဟုတ်လား၊ နိဗ္ဗာန်ရဖို့ စာသင်ကို သင်ရမှာ .. သိလား၊ ဘာလို့ဆိုရင် နိဗ္ဗာန်ရဖို့’ အဲဒီစကား သုံးလေးလုံးကိုပဲ ထပ်တလဲလဲ တရစပ် အသက်မရှုဘဲ ပြောပြီး ဒကာမကြီး ဝင်ရဲလိုက်တာ ၅-မိနစ်တောင် မကြာဘူး၊ ဒကာ ပြူးခမျာ ပြေးပါလေရော။ ပြီးမှ ခပ်တည်တည်နဲ့ ဒကာမကြီး ပြောပုံက “တပည့်တော်ကို တရုတ်ဆိုပြီး သူက သိပ် အထင် သေးတာ မောင်ပဉ္စင်းရဲ့၊ ဒါကြောင့် ပြန်ပြောပစ်တာ၊ မှတ်က ရော”တဲ့။ ဘုန်းကြီးလည်း ပြုံးရခက်ကြီး။
ပြင်မှတ်
“မဂ်ဆိုတာ တစ်ခုတည်းပဲ ရှိတယ်”ဆိုတဲ့ စကားက မြတ်ဗုဒ္ဓရဲ့ ဓမ္မအစစ်အမှန်နဲ့ မပတ်သက်ဘူး။ ဗုဒ္ဓသာသနာမှာ သေက္ခ (ကျင့်ဆဲ)ပုဂ္ဂိုလ် ရ-ယောက်နဲ့ အသေက္ခ (ကျင့်ပြီး)ပုဂ္ဂိုလ် ၁-ယောက်ရှိကြောင်း ထိုထို ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းမြတ်တွေမှာ အလွန် ထင်ရှားစွာ မိန့်ဆိုပါတယ်။ ဒါကြောင့် မဂ် ၄-ပါးနဲ့ ဖိုလ် ၄-ပါး ရှိကြောင်း ဓမ္မအမှန်ကို ပြင်မှတ်ပါ။
အာရမ္မဏ
ပဋ္ဌာန်းပါဠိတော်၊ ကုသလတိက်၊ ပဥှာဝါရ၊ အဗျာကတ တရား ကုသိုလ်တရားကို .. အဗျာကတ တရားက အဗျာကတ တရားကို အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုပုံကို “နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော (ပဋ္ဌာန၊၁၊၁၃၅)’၊ “နိဗ္ဗာနံ ဖလဿအာရမ္မဏပစ္စယေန ပစ္စယော (ပဋ္ဌာန၊၁၊၁၃၄)”လို့ ဟောပါတယ်။ ဒီ ပါဠိကို ရည်ရွယ်တာ ဖြစ်ရင် .. အဓိပ္ပာယ်က “နိဗ္ဗာန်သည် မဂ်အား (ဖိုလ်အား) အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏”လို့ ဖြစ်ပါတယ်။ နိဗ္ဗာနံ ဆိုတာ ပစ္စည်း၊ မဂ်နဲ့ ဖိုလ်က ပစ္စယုပ္ပန်။ “ပစ္စည်းဆိုတာ အကြောင်း၊ ပစ္စယုပ္ပန် ဆိုတာ အကျိုး။ ဒီလို နားလည်ရပေမယ့် ..
ဒီနေရာမှာ အာရုံတရား (နိဗ္ဗာန်)နဲ့ အာရမ္မဏိက (အာရုံရှိ တဲ့ မဂ်ဖိုလ်တရား)တို့ရဲ့ ပတ်သက်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ “နိဗ္ဗာန် အာရုံကြောင့် အကျိုး မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်ရတာ’လို့ မဆိုလိုဘူး။ ဓမ္မအမှန်က “မဂ်ဖိုလ် စိတ်တွေရဲ့ အာရုံက နိဗ္ဗာန်ဖြစ်တယ် တစ်နည်း (တရားအားထုတ်လို့) မဂ်ဖိုလ်ဉာဏ်ကိုရမှ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်”လို့ ဖြစ်ပါတယ်။
ဗဟိဒ္ဓ
“တစ်လံမျှသော ဤခန္ဓာကိုယ်၌ လောက (ဒုက္ခသစ္စာ)၊ ဖြစ်ကြောင်း (သမုဒယသစ္စာ)၊ လောကချုပ်ရာ (နိရောဓသစ္စာ)၊ လောကချုပ်ရာသို့ ရောက်ကြောင်းအကျင့် (မဂ္ဂသစ္စာ)ကို ငါ ဘုရား ဟောတော်မူ၏ (သံ၊၁၊၆၁)”ဆိုတဲ့ ပါဠိတော်ကို ကြည့် ပြီး “နိဗ္ဗာန်က ကိုယ်ထဲမှာ ရှိတယ်’လို့ အဆိုပြုပုံ ရတယ်။ မှန်က ဒုက္ခသစ္စာဟာ ဒီခန္ဓာကိုယ်မှာ ချုပ်ငြိမ်းတာဖြစ်လို့ တည် ရာ(ခန္ဓာ)ကို အစွဲပြုပြီး ဌာနူပစာနည်းနဲ့ နိဗ္ဗာန်ကို “အဇ္ဈတ္တ (အတွင်း)”လို့ ဆိုခြင်း ဖြစ်ပါတယ် (ဝိသုဒ္ဓိ ဋီ၊၁၊၁၃၇)။
ဒါပေမယ့် “အနိန္ဒြိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဗဟိဒ္ဓါ = ဣန္ဒိယ ဗဒ္ဓရုပ် ရှစ်ပါး (ပသာဒရုပ် ၅၊ ဘာဝရုပ် ၂၊ ဇီဝိတရုပ် ၁)မှ တစ်ပါးသော ရုပ် ၂၀ နှင့် နိဗ္ဗာန်သည် ဗဟိဒ္ဓ (အပြင်)တရား ဖြစ်၏ (အဘိ၊၁၊၂ရ၃)”လို့ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ တိုက်ရိုက် ဟောကြားပါတယ်။ မုချအနေနဲ့ နိဗ္ဗာန်ဟာ ဗဟိဒ္ဓ တရားပါ။
ဖျက်ဆီးခံရ
တရားတုတွေ ပေါ်လာတာဟာ ဗုဒ္ဓဓမ္မအစစ်အမှန် ကွယ်ပျောက်ခြင်းရဲ့ အကြောင်းတရား ဖြစ်ပါတယ်။ အနက်မှန်တွေ ဖျက်ဆီးခံရလို့ တရားတု ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်းကို ဒီပဝံသ ကျမ်းမှာ ဖော်ပြပုံက ..
ပရိယာယဒေသိတံ စာပိ၊ အထော နိပ္ပရိယာယဒေသိတံ။ နီတတ္ထိစေဝ နေယျတ္ထံ၊ အဇာနိတွာန ဘိက္ခဝေါ။ (ဒီပဝံသ၊ ၅း၃၄)
အညံ သန္တာယ ဘဏိတံ၊ အညတ္တံ ဌပယိံသု တေ။ ဗျဉ္စနစ္ဆာယာယ တေ ဘိက္ခူ၊ ဗဟုံ အတ္ထံ ဝိနာသယုံ။ (ဒီပဝံသ၊ ၅း၃၅)
ပရိယာယ်(တင်စား)ဟော မုချ(တိုက်ရိုက်)ဟော၊ တိုက်ရိုက်အနက် သွယ်ဝိုက်အနက်(တွေ)ကို မသိရှာကြတဲ့ အတွက် ရဟန်းတွေဟာ (ဟောပြော ရေးသား ထုတ် လွှင့်သူတွေဟာ) ..
အဓိပ္ပာယ် တစ်မျိုးကို ရည်ရွယ်ပြီး ဟောထားတာကို အခြား အဓိပ္ပာယ် တစ်မျိုး ယူပြီး ဖော်ထုတ်ကြတယ်။ စကားလုံး အရိပ်အယောင်နဲ့ (စကားလုံး ကပ်ကိုး ပြီး) အနက်မှန် များစွာကို ဖျက်ဆီးကြတယ်။
လက်တွေ့
ဝါဒသစ် ထောင်လိုသူတွေဟာ ဝေါဟာရသစ်တွေ ထွင်လေ့ရှိပြီးအပြောအရေးကောင်းတတ်ပါတယ်။ ဟစ်တလာဟာ ပညာ မတတ်ပေမယ့် တောက်တိုမယ်ရ စာတွေ ဖတ်ပြီး လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း လူတွေကို ကျအောင် ပြောနိုင်ခဲ့လို့ ပညာတတ် ဆိုသူတွေ သူ့နောက် ပါကုန်ကြတယ်။ ဒါကြောင့် နားလည်ရုံ ယုတ္တိရှိသည် ဆိုရုံနဲ့ မယောင်မိပါစေနဲ့။ “တရားအား ထုတ်ဖူးသူ” ဆိုသူတွေလည်း ပညာရှိကို ဆည်းကပ် မေးမြန်းဖို့ လိုပေလိမ့်မယ်။ အဲဒီလို လူတွေက များသောအားဖြင့် လက်တွေ့ ကျင့်ကြံမှု အားနည်းတာကို တွေ့ရလေ့ ရှိတယ်။
ဇွန် ၂၅၊ ၂၀၁၇။
---
၅၈၃။ လူခြောက်
ဆရာတော် ဘုရား၊ အချို့မိခင်များမှာ လူခြောက်ကလေး မွေး ဖွားပြီး ထိုလူခြောက်က မိသားစုကို ရှာကျွေးသည်၊ မိဘများက ထိုလူခြောက်ကို ခိုင်းစားသည်ဟု လူခြောက်ကို ကိုယ်တိုင် မြင် ဖူးသည့် မိတ်ဆွေ တစ်ယောက်က ဆိုပါသည်။ တပည့်တော် ကိုယ်တိုင်တော့ မတွေ့ဖူးပါ။ လူခြောက်အကြောင်း ဆရာတော် သိလျှင် ဗဟုသုတ မျှဝေစေချင်ပါသည် ဘုရား။
သန်းသန်းနု (ဗန်ကူးဗား)
---
သူ့ညီအရင်း
လွန်ခဲ့တဲ့ ၅-နှစ်က ဘုန်းကြီးတို့ကျောင်းမှာ ဒုလ္လဘရဟန်း ဝတ်တဲ့ ဒကာကြီးက လူခြောက်အကြောင်း ပြောပြဖူးတယ် ... သူ့အောက်က ညီကို ကိုယ်ဝန်ရှိတုန်း သူ့အမေ ရုတ်တရက် ကိုယ်ဝန်ရှိမှန်း မသိ။ တစ်ခါတစ်ရံသာ ဝမ်းဗိုက်ထဲ အမှတ်မထင် လှုပ်ရှားမှုကို ခံစားရလို့ မွေးဖွားတဲ့ထိ ‘ကိုယ်ဝန်’လို့ ထင်ရုံသာ ထင်ခဲ့။ ဝမ်းဗိုက်လည်း ပိန်နေ။ လစေ့အောင် နေပြီး ကိုယ်လက်အင်္ဂါ အစုံအလင်နဲ့ မွေးဖွားလာပေမယ့် အရှည် ၆ လက်မ၊ ဗြက် ၂ လက်မ ခန့်သာ ရှိလို့ အားလုံး အံ့ဩကြ။
မွေးဖွားပြီး မိနစ်ပိုင်း အကြာမှာ သေဆုံး။ မွေးပြီးလို့ ကြာခင် မိခင် ငိုက်မျဉ်းသွားစဉ် အိမ်မက်ထဲ ဆင်ဖြူပေါက် လေးတစ်ကောင် ပေါ်လာပြီး “အမိ .. ဤကမ္ဘာမှာ အမိ လိုတာ ဘာရှိလဲ၊ သား စွမ်းဆောင်ပေးနိုင်တယ်”လို့ ဆိုသတဲ့။ သူ့အမေ ကြောက်နေလို့ အဖီး (အဖွားရဲ့ မိခင်)က ..
“ဟေ့ ... ဒါဦး (သူ့မိခင်ရဲ့ နာမည် ဒါဦးဖြူ)၊ ဒီကလေးက သာမန် မဟုတ်။ နတ်ဝိဇ္ဇာတွေ နိဗ္ဗာန်ကို ကူးတဲ့အခါ လူ့ဘဝ ကနေ တစ်ဆင့် ကူးရတယ်လို့ သက်ကြီးတို့ ပြောစကား ရှိ တယ်။ ကလေးကို မပစ်လိုက်နဲ့။ ဆေးစိမ်ပြီး သိမ်းထား”လို့ ဆိုတဲ့အတွက် သူ့မိဘတွေက ဆေးစိမ်ပြီး သိမ်းထားရာမှာ သားစု အသက်ဘေးနဲ့ ကြုံတိုင်း အိမ်မက်ထဲ ဆင်ဖြူပေါက်က လေး လာပြီး သတိပေးပါသတဲ့။
ဒီဖြစ်ရပ်ကို ပြောပြသူမှာ “ဒင်နာ့ဂျ်ပူစစ်ပြေးစခန်း’ အုပ် (ဒုတိယ ကမ္ဘာစစ်အတွင်း ဘူးသီးတောင် မောင်တော နယ်မှ စစ်ပြေးဒုက္ခသည်များ အကြောင်း)ကို ရေးခဲ့တဲ့ “မောင်ဘုန်းရှင်” အမည်ခံ ရှေ့နေ ဦးကျော်စိန် (လွန်ခဲ့တဲ့ ၁၀-လခန့်က လော့စ် အိန်ဂျယ်လိစ်မြို့မှာ ကွယ်လွန်သူ) ဖြစ်ပါတယ်။
သုံးသပ်ချက်
သူပြောပြတဲ့ လူခြောက်အကြောင်းကို သုံးသပ်ကြည့်ရင် “နတ်ဝိဇ္ဇာတွေ နိဗ္ဗာန်ကို ကူးတဲ့အခါ လူ့ဘဝကနေ တစ်ဆင့် ကူးရတယ်’ဆိုတာကို နတ် သို့မဟုတ် ဝိဇ္ဇာ ဇော်ဂျီလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တွေ (ရှိခဲ့ရင်) ပါရမီ ဖြည့်လိုလို့ သို့မဟုတ် တရား အား ထုတ်လိုလို့ လူ့ဘဝကို လာလေ့ ရှိတယ်လို့ ဖြည့်ပြီး အဓိပ္ပာယ် ယူရင် လက်ခံနိုင်ပါတယ်။ ဘုရားလောင်းတွေ နတ်ပြည်မှာ ပါရမီဖြည့်ရတာ မလွယ်လို့ ‘အဓိမုတ္တိကာလံကိရိယာ = အဓိဋ္ဌာန်ပြုပြီး သေခြင်း’နဲ့ သေပြီး လူ့အဖြစ် ပြန်လည် မွေးဖွားကြတယ်ဆို မဟုတ်လား။
မွေးပြီးမှ သေသွားပြီး ဆေးစိမ်ထားတဲ့ လူခြောက်။ ဒီတော့ သိပ္ပံပြခန်းရှိ ပုလင်းထဲက ဆေးစိမ် သန္ဓေသားလိုပါပဲ။ ဒါ ကြောင့် အဲဒီလူခြောက် သို့မဟုတ် လူသေခြောက်လေးက “မိသားစုကို ရှာကျွေးတယ်’ ‘လိုတာကို လုပ်ပေးတယ်” ဆိုတာ မျိုးကို ယုတ္တိနဲ့ စဉ်စားဖို့ မဖြစ်နိုင်ဘူး။
ပြိတ္တာလော
ဆရာတော် အရှင်တိလောကသာရ (ရဝေထွန်း)က “သန္ဓေသား ဟာ မရင့်မာမီ မိခင်ဝမ်းထဲမှာ သေသွားလို့ အရွယ်မကြီးဘဲ မိခင့်ဝမ်းထဲမှာပဲ ခြောက်ကပ်သွားတဲ့ အတွက် မွေးတဲ့ အချိန် မှာ သာမန်ထက် ငယ်တဲ့ လူခြောက်ကလေး ဖြစ်လာရတယ်။ အဲဒီအခါမှာ သန္ဓေသား အဖြစ်မှ ဘဝပြောင်းနေတဲ့ ဝေမာနိက ပြိတ္တာဟာ အဲဒီ ခန္ဓာခြောက် ကလေးမှာ “တွယ်တာစွဲဝင် နေ” လာတယ်။ ဒါကြောင့် လူခြောက်ကလေးက လှုပ်ရှား သွားလာ တာ မဟုတ်၊ ကပ်နေတဲ့ ပြိတ္တာက အရိပ်အရောင် ပြခြင်း ဖြစ်နိုင်ကြောင်း” မိန့်ပါတယ်။
ရဟန်းတစ်ပါး မပျက်စီးသေးတဲ့ လူသေရဲ့ ကိုယ်က ပိတ် စကို ခွာပြီး ပံ့သကူ ကောက်လာစဉ် အဲဒီလူသေမှာ မှီနေတဲ့ ပြိတ္တာက အလောင်းကို ပူးဝင်ပြီး “ငပိတ်စကို ပြန်ပေး”လို့ တောင်းရင်း နောက်က လိုက်လာတယ်။ ရဟန်းက ဂရုမစိုက်။ ကျောင်းကို ရောက်တော့ တံခါးကို ပိတ်ခံတယ်။ အလောင်းကောင် တံခါးဝမှာ လဲကျသွားတယ် (ဝိ၊၁၊၇၃)။ ဒီပါဠိတော် ကိုမှီပြီး ဆရာတော်က အဲဒီလို ဖြေခဲ့တာလို့ ယူဆပါတယ်။
ဆေးအမြင်
မိခင်ဝမ်းထဲမှာ သေသွားတဲ့ သန္ဓေသားဟာ “သေချိန်မှာ အရိုး တွေ ဖြစ်တည်ပြီး ဖြစ်ခြင်း၊ သားအိမ်နှင့် သန္ဓေသားက အရည် တွေကို မြန်မြန် စုပ်ယူသွားခြင်း၊ သားအိမ်အတွင်း အောက်ဆီ ဂျင် ပြတ်လပ်ခြင်း၊ သားအိမ် အတွင်း ဗိုင်းရပ်စ် မရှိခြင်း”ဆိုတဲ့ အကြောင်းတွေ ရှိနေရင် သဘာဝအရ မပုပ်ပျက်ဘဲ ခြောက် သွားတတ်ပြီး ဒီဖြစ်စဉ်ဟာ သေသွားတဲ့ သန္ဓေသားရဲ့ သက် တမ်း အလိုက် ရက်သတ္တပတ် များစွာ ကြာမြင့်နိုင်ကြောင်း Fetal Mummification ခေါင်းစဉ်နဲ့ ဆရာဝန်တွေ စုရေးပြီး Dr. Jeffrey Musser ဆိုသူ တည်းဖြတ်တဲ့ Dovepress အမည်ရှိ အွန်လိုင်း မဂ္ဂဇင်းပါ ဆောင်းပါးတစ်ခုမှာ ဖတ်ရပါတယ်။
ဒီလိုဖြစ်နိုင်
လူခြောက် ဆိုတာကို တစ်ခါမျှ ကိုယ်တိုင် လက်တွေ့ မတွေ့ကြုံဖူးဘဲ တစ်ဆင့်စကားနဲ့ပဲ သိရလို့ ဘုန်းကြီး ရှိသလောက် ဗဟုသုတနဲ့ ထင်ကြေးပေး ကောက်ချက်ရရင် ... သန္ဓေသား ကိုယ်အင်္ဂါ စုံပြီးနောက် ဗိုက်ထဲမှာ သေသွားတဲ့ သန္ဓေသားဟာ မပုပ် မပျက်စီးဘဲ ခြောက်သွားပြီး လူခြောက်ကလေး အဖြစ် မွေးလာတာမျိုး ရှိနိုင်တယ်။ မွေးပြီးမှ ဆေးစိမ်ထားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ အသက်ရှိတဲ့ လူခြောက်ရှင် မရှိ။ ဒါကြောင့် လူခြောက်မှာ ဘာစွမ်းရည်မှ မရှိ။ ဒါပေမယ့် တစ်ခါတစ်ရံ အပြင် ဝေမာနိက ပြိတ္တာ စွဲကပ်နေတာမျိုး ဖြစ်ရင် (ဒီပြိတ္တာ ထွက်ခွာ မသွားသရွေ့) အရိပ်အရောင် ပြတာမျိုး ရှိနိုင်တယ်။
ဇွန် ၂၈၊ ၂၀၁၇။
၅၈၄။ လူခြောက်ကိုရှင်ပြုခြင်း
ဆရာတော် ဘုရား၊ လွန်ခဲ့သော နှစ်အနည်းငယ်က အထက် မြန်မာပြည်မှာ ကိုးနှစ်သား အရွယ် လူခြောက် ကလေးကို ရှင် ပြုသည့် သတင်းတစ်ခု ဖတ်ဖူးတာကို အမှတ်ရပါသည် ဘုရား။ အရပ်ဒေသနှင့် အချိန်ကာလကိုတော့ အတိအကျ မမှတ်မိတော့ ပါ။ တပည့်တော် မေးလျှောက်လိုသည်မှာ လူခြောက်ကို ရှင်ပြု သို့မဟုတ် ရဟန်းခံ၍ ရနိုင် မရနိုင် သိလိုပါသည် ဘုရား။
ခိုင်ထွန်း
---
ယူဆပုံ
လူခြောက်နဲ့ ပတ်သက်ပြီး ဘုန်းကြီး ယူဆပုံက ... “မိခင်ဝမ်းထဲ သေဆုံးသွားတဲ့ သန္ဓေသားဟာ မပုပ် မပျက်ဘဲ ခြောက်သွား ပြီးမှ မွေးဖွားလာတဲ့ လူခြောက်နဲ့ မွေးပြီးစ သေသွားတဲ့ လေးကို ဆေးစိမ်ထားတဲ့ လူခြောက်လို့ လူခြောက် နှစ်မျိုး ရှိ နိုင်တယ်။ လူခြောက်ရှင် မရှိ။ အဲဒီ လူသေခြောက်ကလေးမှာ စွဲ မှီနေတဲ့ ဝေမာနိက ပြိတ္တာမျိုး ရှိနိုင်ကောင်းတယ်။ အဲဒီ ပြိတ္တာ ကြောင့် လူခြောက်ရဲ့ အရိပ်အယောင် သို့မဟုတ် လှုပ်ရှားမှုကို တစ်ခါတစ်ရံ ကြုံရနိုင်တယ်”လို့ ဖြစ်ပါတယ်။
မကြာခင်က တီဗွီ သတင်းတွေမှာ မြင်တွေ့ရလိုက်သလို အင်ဒိုနီးရှားက ကျွန်းနေ လူမျိုးစုတစ်ချို့ မိဘ ဘိုးဘွားတွေ သေရင် အလောင်းကို ဆေးနဲ့ မပုပ်အောင် စီမံသိမ်းထားပြီး ကျန်ရစ်သူတွေက ထမင်းကျွေး ယပ်ခတ်စတဲ့ ဝေယျာဝစ္စကို ပြုစုသလိုများ ဖြစ်နေမလား။
မဖြစ်နိုင်
ရှင်ရဟန်းပြုခွင့် မရှိသူ (အဘဗ္ဗပုဂ္ဂိုလ်) ၁၁-မျိုး ရှိတယ် .. နပုံး သို့မဟုတ် ကျားမ မထင်ရှားသူ၊ ကိုယ့်ဟာကိုယ် သင်္ကန်းဝတ် ပြီး အသွင်ခိုးဖူးသူ၊ ရဟန်းအဖြစ်ကို မစွန့်ဘဲ ဝါဒရော အသွင်ပါ ပြောင်းသွားသူ၊ တိရစ္ဆာန်၊ ဘိက္ခုနီမကို မုဒိန်းကျင့်ဖူးသူ၊ ကျားမ လိင်အင်္ဂါ နှစ်မျိုးရှိသူ)။ အဲဒီအထဲ “တိရစ္ဆာန်”ဆိုတာကို “လူ ယောင် ဆောင်နိုင်တဲ့ (လူဇာတ် မဟုတ်သူ) နဂါး ဂဠုန်နဲ့ သိ ကြားမင်း အပါအဝင် နတ်အားလုံး ပါဝင်ကြောင်း (ကင်္ခါဝိတရ ဏီဋီကာသစ်၊ စာ-၁၅ဝ)” သိရပါတယ်။ ဒါကြောင့် ဝေမာနိက ပြိတ္တာကို ရှင်ရဟန်း မပြုပေးကောင်းဘူး။
ငဲ့ညှာ၍
ဆရာတော်များ အနေနဲ့ မိဘကိုရော ပရိသတ်ကိုပါ ဝိနည်းနဲ့ မညီဘူးဆိုတဲ့ ဒေသနာ စာအရှိကိုတော့ အမှန်အတိုင်း ဦးစွာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ ရှင်းပြပေမယ့် မိဘတွေမှာ မိမိရင် သွေးနဲ့ ပတ်သက်ပြီး ပြင်းပြတဲ့ ယုံကြည်မှုကို မဖျောက်နိုင်ခြင်း၊ သာသနာကို ဆိုးရွားစွာ အန္တရာယ်ကို မပြုနိုင်ခြင်းတွေကြောင့် သိလျက်နဲ့ သဘောတူ ခွင့်ပြုတာမျိုး ဖြစ်ရင်လည်း ခွင့်လွှတ်ရ မှာပေါ့။ ရှင်တော်ဘုရားတောင် ကိသာဂေါတမီကို သားသေကို ပြန်ရှင်အောင် လုပ်ပေးဖို့ လူမသေဖူးတဲ့ အိမ်က မုန်ညင်းစေ့ကို ရှာခိုင်းသေးတာပဲ။
လူခြောက်ကို ရှင်ပြုပေးတယ် ဆိုပါစို့ ... သရဏဂုံကို ပီပီ သသ မဆိုနိုင်တဲ့ သက်မဲ့ လူခြောက်ကတော့ သာမဏေ မဖြစ် ပါဘူး။ ဒါပေမယ့် အဲဒီ လူခြောက်ကို အစွဲပြုပြီး မိဘတွေမှာ ကုသိုလ်ရ၊ လူခြောက်ကို မှီနေတဲ့ ဝေမာနိက ပြိတ္တာလည်း (ရှိ နေသေးရင်) သာဓုခေါ် ခွင့်ရလို့ အကျိုး မယုတ်ဘူးလို့တော့ ဆိုနိုင်ကောင်းပါတယ်။
ဇွန် ၂၉၊ ၂၀၁၇။
ဝရမဇ္ဇကပေါတော သုဝေ မောရော။
ယနေ့ ခိုသည် နက်ဖြန် ဥဒေါင်းထက် ကောင်း၏။ (စိတ်ကူး ယဉ်ခြင်းထက် လက်တွေ့က ပိုကောင်း၏။)
---
၅၈၅။ ဘုရားမကြောက်
ဘုန်းဘုန်း ဘုရား၊ မကြာခင်က တပည့်တော်တို့ နယူးယောက် တရားစခန်း တစ်ခုမှာ ကမ္မဋ္ဌာန်းပြ ဆရာတော်က (ဂုဏ်သိက္ခာ ကို ငဲ့၍ အမည်ကို မဖော်လိုပါ) မလ္လိကာမိဖုရား ကွယ်လွန်ပြီး နောက် မြတ်စွာဘုရားဟာ ကောသလမင်းရဲ့ နန်းတော်ကို ခုနစ်ရက် မကြွဘဲ နေကြောင်း၊ အကြောင်းမှာ မိဖုရားကြီး ဘယ်ဘုံကို ရောက်နေသလဲလို့ မေးမှာကို ကြောက်လို့ ဖြစ် ကြောင်း ဟောကြား သွားပါတယ် ဘုရား။ မြတ်စွာဘုရားမှာ အကြောက်တရား မရှိတော့ဘူးဟု တပည့်တော် နားလည်ထား ပါသည် ဘုရား။ တပည့်တော်ရဲ့ နားလည်မှု မှန်မမှန် သိလိုပါ သည် ဘုရား။
ဖေသက်လူ
---
ဖြစ်ရပ်မှန်
မေးခွန်း ဖော်ပြချက်မှာ အကြောင်းအရာ လွဲနေတယ်။ ဖြစ်ရပ် မှန်က ဒီလိုပါ ... ကောသလမင်းဟာ မိမိ ချစ်မြတ်နိုးပြီး ကိုးရတဲ့ မလ္လိကာမိဖုရား ကွယ်လွန်တော့ အလွန် စိတ်သောက ဖြစ်တယ်။ ဒါနဲ့ အသုဘကိစ္စ ဆောင်ရွက်ပြီးတဲ့အခါ မလ္လိကာ ဖြစ်နေတဲ့ ဘုံဌာနကို မေးမယ်ဆိုပြီး ဗုဒ္ဓဆီကို သွားတယ်။ ဗုဒ္ဓ မင်းကြီးကို လာရင်းကိစ္စ မေ့ပြီး မမေးဖြစ်အောင် တန်ခိုးနဲ့ လုပ်ထားတယ်။ မင်းကြီးဟာ ဗုဒ္ဓဆီကို ခုနစ်ရက်တိုင်တိုင် လာ တယ်။ ဒါပေမယ့် ဗုဒ္ဓ ဆီရောက်တော့ လာရင်းကိစ္စကို မေ့မေ့ နေလို့ မမေးဖြစ်ဘူး။
ဆွမ်းခံကြွ
ရှစ်ရက်မြောက်နေ့ မြတ်ဗုဒ္ဓ ဆွမ်းခံကြွရင်း မင်းအိမ် (နန်း တော်)ရဲ့ တံခါးကို ရောက်မှ မင်းကြီး ထွက်လာ၊ မြတ်ဗုဒ္ဓရဲ့ သပိတ်ကို ယူပြီး နန်းပြသာဒ်ပေါ်ကို တက်မယ် လုပ်တော့ ဗုဒ္ဓ က “ရထသာလာ”မှာပဲ သီတင်းသုံးဖို့ အမူအရာ ပြလို့ အဲဒီမှာပဲ ဘုရင်က ဗုဒ္ဓကို ဆွမ်းကပ်ဖို့ စီမံစေတယ်။ မြတ်ဗုဒ္ဓ ထိုင်တာနဲ့ ဘုရင်က “မလ္လိကာ ဘယ်ဘဝ ရောက်နေတယ် ဆိုတာကို မေး လို့ဟာ မေ့မေ့နေလို့ ဘုရား၊ အခု သူ(မလ္လိကာ) ဘယ်ဘုံဌာန ကို ရောက်နေပါသလဲ ဘုရား’လို့ မေးတော့ ဗုဒ္ဓက “တာဝတိံသာ နတ်ပြည်ကို ရောက်နေတယ် မင်းကြီး”လို့ ဖြေကြားတယ်။ ကျမ်းဂန် (ဓမ္မပဒ၊ဋ္ဌ၊၂၊၇၆)မှာ အဲဒီလို ဖော်ပြတယ်။
မကြောက်
ခုနစ်ရက် တိုင်တိုင် မမေးဖြစ်အောင် လုပ်ထားရတာလည်း ဗုဒ္ဓ အနေနဲ့ ကြောက်လို့ မဟုတ်ဘူး။ မလ္လိကာဟာ မင်းကြီးကို မိမိ လိမ်ညာဖူးတဲ့ အကုသိုလ်ကို ကွယ်လွန်ခါနီး အမှတ်ရမိလို့ နစ်ရက် ငရဲမှာ ဖြစ်ရတယ်။ ဒါကြောင့် ဒီရက်အတွင်း အမှန် အတိုင်း ဖြေရင် “ဒါလောက် ဘုရားကြည်ညို၊ ဒါနပြု သီလတွေ စောင့်ခဲ့တာ ငရဲမှာ ဖြစ်ရသလားဆိုပြီး ဘုရင် စိတ်ပြောင်းပြီး ထင်ရာလုပ်ရင် အကျိုး ယုတ်မှာကို သနားလို့ အချိန်မတန် သေးလို့ ဖြစ်ပါတယ်။
အဖြေ
ဘုရင်ဟာ ဗုဒ္ဓအား မလ္လိကာ ဘယ်ဘဝ ရောက်နေတယ် ဆို တာကို မေးဖို့ ကျောင်းကို ခုနစ်ရက် တိုင်တိုင် ရောက်ပေမယ့် ဗုဒ္ဓက လာရင်းကိစ္စကို မေ့နေအောင် တန်ခိုးနဲ့ လုပ်ထားတယ်၊ ဒါဟာ ဗုဒ္ဓအနေနဲ့ ဖြေရမှာကို ကြောက်လို့ မဟုတ်ဘဲ အချိန် မတန်သေးလို့ ဖြစ်တယ်၊ ရှစ်ရက်မြောက်နေ့ ဆွမ်းခံကြွရင်း နန်းတော်တံခါးသို့ ရောက်လာတဲ့ ဗုဒ္ဓအား မင်းကြီးက နန်းထဲ ကို ပင့်၊ ဆွမ်းကပ်စဉ် မေးခွင့်ရတော့မှ မြတ်ဗုဒ္ဓက မလ္လိကာ မိဖုရား တာဝတိံသာ နတ်ဘုံမှာ ဖြစ်နေကြောင်း ဖြေဆိုတယ်” လို့ အကြောင်းအရာကို အမှန်အတိုင်း ပြင်မှတ်ပါ။
ဇွန် ၃၀၊ ၂၀၁၇။
---
၅၈၆။ လေတံခွန်ရောဂါ
အရှင်ဘုရား၊ စာမေးပွဲ အောင်ထားတဲ့ ဆရာတော် အချို့ဟာ အသက်ကြီးမှ ဘုန်းကြီးဝတ်ပြီး တရားဟော ကောင်းလို့ နာ မည်ကြီးသော ဆရာတော်များကို ဝမ်းမသာနိုင်ဘဲ အပြစ်မြင် လေ့ ရှိပါသည်။ ဒါဟာ စာတတ်တဲ့ ဘုန်းကြီးတွေက မနာလို ဖြစ်တာလို့ မိတ်ဆွေ တစ်ယောက်က ဆိုပါသည်။ တရားဟော ကောင်းပါလျက် ဘုန်းကြီးဘွဲ့ မရလို့ တရားဟော ပိတ်ခံရတာ ကိုလည်း မမျှတဟု အဲဒီ မိတ်ဆွေက ဆိုပါသည်။ ဖြစ်နိုင်လျှင် ဘာကြောင့် အဲဒီလို ဟာကွက် ဖြစ်နေရတယ် ဆိုတာကို ရှင်း ပြပေးစေလိုပါသည် အရှင်ဘုရား။
ဟိန်းထက်အောင် (တောင်ဥက္ကလာ)
---
လေတံခွန်
မန္တလေးမှာ .. ခက်တယ်လို့ နာမည်ကြီးတဲ့ “သကျသီဟစာမေးပွဲ’ဆိုတာကို ကြားဖူမှာပေါ့။ အဲဒီ စာမေးပွဲ အောင်ရင် ဘုန်းကြီး ဘွဲ့ရဲ့ အဆုံးမှာ “အဘိဝံသ’လို့ ဆက်ပေးလိုက်တယ်။ ဥပမာ အရှင်ဉာဏ၊ အဘိဝံသ ဆက်ပြီး အသံကို ပေါင်းလိုက်တော့ ရှင်ဉာဏာဘိဝံသ။ မရင့်ကျက်သေးတဲ့ ဘိဆက် (ဘိဝံသဆက်) အချို့ဟာ လွင့်နေတဲ့ လေတံခွန်ရဲ့ အောက်မှာ အမြီးတပ်ထား သလို လှုပ်လွင့်နေလေ့ရှိတယ်။ ဘယ်သူမှ သူ့လောက် မဟုတ် ဘူးလို့ကို ထင်နေတော့တာပဲ။ ဘိဆက်အချို့မှာ ထိုလက္ခဏာ ပိုသိသာပေမယ့် စာမေးပွဲ အောင်ခြင်းဆိုတဲ့ သတ်မှတ်ချက်အရ ဘုန်းကြီးအချို့ လေတံခွန် ရောဂါ ဖြစ်လေ့ရှိတယ်။
အမှန်တော့ စာတတ်ခြင်းဟာ စာမေးပွဲ အောင်ခြင်းနဲ့ အလွန် မဆိုင်ဘဲ စာကို ဝါသနာပါခြင်း လေ့လာနေခြင်းနဲ့သာ ပတ် သက်နိုင်တယ်။ တကယ် စာတတ်ရင် ငြိမ်ပါတယ်။
နည်းသိသူ
ဆရာကြီး ဦးဆန်းထွန်းက ခရီးသွား ဆောင်းပါး တစ်ပုဒ်မှာ ကြီးပွား အောင်မြင်နေတဲ့ နယ်က တောထွက်ရဟန်း (အသက် ကြီးမှ ဘုန်းကြီးဝတ်တဲ့ ရဟန်း) တစ်ပါးရဲ့ ဖော်ရွေပျူငါမှုကို ချီးမွမ်းစကားဆိုပြီးမှ “သူတို့က စာသင်တိုက်က ဘုန်းကြီးတွေ ထက် ဒီဘက်မှာ နည်းစနစ်ကို ပိုသိကြတယ်’လို့ ဆိုဖူးတယ်။ အဓိပ္ပာယ်က ကြီးမှ ရဟန်းပြုသူတွေဟာ အောင်မြင်ရေး ဆက် ဆံရေး စတဲ့ နည်းလမ်းကို စာသင်တိုက်က ဘုန်းကြီးတွေ ထက် ပိုပြီး တတ်ကျွမ်းတယ်လို့ပါ။
နည်းသိသူ အချို့ အခြံအရံ များလာရင် ဆရာတော်ကြီး ယောင် ဆောင်၊ ဆရာကောင်းထံ နည်းမခံ၊ စာတွေ့သိ မဟုတ် လက်တွေ့ သိဆိုပြီး တလွဲတွေ ဟော၊ ထူးအောင် လုပ်ပြ၊ မိမိ ထက် သိက္ခာကြီးတဲ့ ရဟန်းငယ်တွေကို ဦးမညွတ် .. ဒီလိုနဲ့ လွတ်နေတာမျိုး ရှိတာလည်း အမှန်ပါပဲ။
အစွန်းကိုယ်စီ
သတ်မှတ်ချက် တစ်ခုရဲ့ နယ်နိမိတ်ကို ကျော်လွန်နိုင်တဲ့ စွမ်း ရည်ကြောင့် သူများကို “ငါမဟုတ်၊ သူမဟုတ်”လို့ ဘယ် လောက်ပဲ ပါးစပ်က တတွတ်တွတ် ဟောပြောနေစေကာမူ ‘လေတံခွန်၊ နည်းသိသူ” နှစ်မျိုးလုံး ‘မြောက်ကြွား တက်ကြွ ဖြစ်ခြင်း ́ဆိုတဲ့ အစွန်းကိုယ်စီ ရှိနေခြင်းဟာ မေးခွန်းထဲက “ဟာကွက်”ဆိုတာ ဖြစ်မယ်လို့ ဘုန်းကြီး ယူဆတယ်။
ပြန်ဖြည့်ဖို့
အစွန်းကိုယ်စီ မကင်းနိုင်ကြသေးတော့ကာ မနာလိုလို့ ဝမ်းမ သာတာ ဖြစ်နိုင်သလို လူတွေ အမြင်အရ ဟောပြောတာ ကောင်းပေမယ့် ခမ်းနားပေမယ့် တစ်ဘက်မှာ ဓမ္မဝိနယနဲ့ မညီလို့ အပြစ်မြင်တာလည်း ဖြစ်နိုင်တာပဲ။ အစွန်းတရားဆိုတာ မကောင်းပါဘူး။ ဒါကြောင့် ဒီဟာကွက်ကို ပြန်ဖြည့်ဖို့ ဆိုရင် နှစ်ဘက်လုံး အစွန်းနားကို မကပ်ဖို့တော့ လိုမှာပေါ့။ ဟောပြော မှုတွေ မမှန်ရင်တော့ လွှတ်ထားလို့ ဘယ်ဖြစ်မလဲ။ စကားတတ် တိုင်း ဓမ္မကထိက ဖြစ်နိုင်တာမှ မဟုတ်ဘဲ။
ဓမ္မကထိက ရဟန်းတို့ ပြည့်စုံရမယ့် အရည်အချင်းကို ပါဠိ တော်မှာ မြတ်ဗုဒ္ဓ အသေးစိတ် လမ်းညွှန်ထားပါတယ်။ လက်ရှိ ဘုန်းကြီး ပညာရေး သင်ရိုးညွှန်းတမ်းအရ ဘုန်းကြီးဘွဲ့ တစ်ခု ခုရရင် ဒီချမှတ်ချက်တွေ ပြည့်မီကြောင်း အသိအမှတ် ပြုတယ်။ ဘွဲ့မရလို့ တရားဟော ပိတ်တယ်ဆိုတာ အဲဒီ လိုအပ်ချက် ကြောင့် ဖြစ်ဖို့ များပါတယ်။
ဇူလိုင် ၁၊ ၂ဝ၁ရ။
---
၅၈၇။ ညစာစားဥပုသ်
ဘုန်းဘုန်း ဘုရား၊ ဥပုသ်သီလ ယူလို့ ကိုးပါးသီလ ပေးတဲ့အခါ တပည့်တော်က ညနေစာစားမှ ဖြစ်မှာမို့ ၈-ပါးသီလပဲ လိုက် ဆိုပြီး သီလယူလို့ ရပါသလား။ တပည့်တော် ဥပုသ်စောင့် သွား ချင်တာ အဲဒါ တစ်ပါး မယူနိုင်လို့ မသွားရဲဘူး ဖြစ်နေတယ်။ တစ်ပါး ပေါက်သွားရင် ကျန်တဲ့ သီလတွေပါ ပျက်သွားမှာ စိုး ပြီး ငရဲရမှာ စိုးလို့ပါ။ ဖြေကြားပေးပါ ဘုရား။
သူရထွန်း
---
သီလယူ
“သီလံ ဒေထ မေ ဘန္တေ = တပည့်တော်အား သီလပေးပါလို့ ဆိုပေမယ့် ဘုန်းကြီးက လူတွေကို သီလပေးလို့ သီလယူတာ လို့ နားလည်ရင် မပြည့်စုံဘူး။ “သီလပေးပါဆိုတာ စုရုံးပြီး ထိုင်နေကြတဲ့ သီလယူလိုသူတွေ မှန်မှန် ညီညီ ဆိုနိုင်အောင် သိက္ခာပုဒ်တွေကို ဘုန်းကြီးက ရှေ့က ပို့ချပေးပါလို့ တောင်းပန် တဲ့ အဓိပ္ပာယ်ပါပဲ။ သီလ ယူတယ်ဆိုတာ ကိုယ့်ဆုံးဖြတ်ချက် အတိုင်း လုပ်ချင်လို့ လိုင်နိုင်လို့ လုပ်တာ ကိုယ့်ဟာကိုယ် စောင့် ထိန်းတာလို့ နားလည်မှ မှန်တယ်။
မြင့်ပြီးလုပ်
ကိုးပါးသီလမှာ ပထမ ငါးပါးသီလနဲ့ နောက်တိုးသီလ လေးခု။ အဲဒီ အထဲမှာ ပထမ ငါးပါးထဲက တစ်ခုပျက်ရင် ကိုးပါးလုံး ပျက်တယ်။ ကျန်လေးခုကတော့ ကျိုးတဲ့သီလပဲ ပျက်ပြီး ကျန် တာတွေ မပျက်ဘူး။ ဒါပေမယ့် တစ်ပတ် သို့မဟုတ် တစ်လမှ တစ်ကြိမ် တစ်ချို့ဆို သင်္ကြန် ဝါဝင်ဝါကျွတ်မှ တစ်ကြိမ်စီ စောင့် ဖြစ်တဲ့ ရှားပါး ဥပုသ်သီလ ကလေးကို စောင့်သုံးကြည့်တဲ့ မန် တစ်ယောက်အဖို့ ကိုးပါး ဆောက်တည်ပြီးမှ တစ်ပါးပျက် ရင် အားလုံး ပျက်တာပဲလို့ ကိုယ့်စိတ်ကို မြင့်ပြီး လုပ်သင့် တယ်။ သီလ သိက္ခာကို ကျင့်သုံးရာမှာ မြင့်လုပ်တာက ပိုပြီး သက်ရောက်မှု အားရှိတယ်။
သီးခြားဆို
ကိုးပါးသီလကို ဘုန်းကြီးနောက်က လိုက်ဆိုတဲ့အခါ မစောင့်လို တဲ့ သီလကို လိုက်မဆိုဘဲ နေတာကို မကြိုက်ဘူး။ ဘာလို့ဆို “အဟံ ဘန္တေ”ကို ဆိုတုန်းက “နဝင်္ဂသမ္ဗန္နာဂတံ = ကိုးပါး သီလ’လို့ သတ်မှတ်ခဲ့ပြီး ဖြစ်လို့။ ကိုးပါးလို့ ဆိုတဲ့အတိုင်း ကိုးပါးပြည့်အောင် အတိအကျပဲ လုပ်သင့်တယ်လို့ ဘုန်းကြီး ယူဆတယ်။ ညစာစားမှ ဖြစ်မယ်ဆိုရင် ညစာစားနိုင်တဲ့ ကျမ်း ဂန်လာ အခြားသီလတစ်မျိုး စောင့်တာ ပိုကောင်းတယ်။ ဥပမာ အာဇီဝဋ္ဌမကသီလ။ ဒါက ညစာစားနိုင်တဲ့ ရှစ်ပါးသီလ။
ဝိကာလဘောဇနကို မရှောင်နိုင်လို့ ကျောင်းကို ဥပုသ် စောင့် မသွားရဲဘူးဆိုတဲ့ အကြောင်းပြချက် မကောင်းဘူး။ မိမိ တစ်ဦးတည်း ဖြစ်စေ၊ ညာစာကို မစောင့်နိုင်တဲ့ မိမိနဲ့ သဘော တူတွေစု၍ ဖြစ်စေ ဘုန်းကြီးကို တောင်းပန်ပြီး သီးသန့် သီလ ယူသင့်တယ်။ ဒါက တစ်နေကုန် ဥပုသ်စောင့်လိုသူ အတွက်ပါ။ တစ်နည်း “ကျောင်းကပြန်ရင် ငါးပါးသီလပဲ စောင့်မယ်”လို့ စိတ်နဲ့မှတ်ပြီး “ကာလပရိယန္တ ́ ခေါ်တဲ့ တစ်ထိုင် ကိုးပါးသီလ စောင့်ရင်လည်း ရတာပဲ။ ဒါပေမယ့် ဒီနည်းကို သိပ်တော့ အားမပေးလိုဘူး။ တကယ် ဥပုသ် စောင့်လိုသူဟာ အနည်းဆုံး ၂၄-နာရီတော့ ဖြစ်သင့်တာပေါ့။
ပိုစောင့်နိုင်
၉-ပါးသီလပဲ စောင့်လိုရင်လည်း ဘုန်းကြီး ဆိုပေးတုန်းက “အာဇီဝဋ္ဌမကသီလံ’လို့ အာဇီဝဋ္ဌမက ရှစ်ပါးသီလ ဖြစ်ပေ မယ့် အဲဒီရှစ်ပါးကို ဆိုပြီးမှ “မေတ္တာသဟဂတေန စေတသာ ကို ပိုထည့်ဆိုပြီး စောင့်လို့ ရနိုင်လောက်ပါတယ်။ ပိုသွားတာက “ကိုယ့်စိတ်ကို မြှင့်ပြီး လုပ်ခြင်း”ဆိုတဲ့ အဓိပ္ပာယ်ကို မပျက် စေနိုင်ပါဘူး။
ဇူလိုင် ၄၊ ၂ဝ၁ရ။
ဓမ္မေန န ဝဏိံ စရေ။
ဓမ္မေန၊ (ကန်တော့ပွဲကို မျှော်ပြီး) တရားဟောခြင်းဖြင့်။ ဝဏိံ = ဝါဏိဇ္ဇ၊ ကုန်သွယ်ခြင်း (စီးပွားဖြစ် တရားဟောခြင်း)ကို။ န စရေ၊ မလုပ်ရာ (ဥဒါန၊ ၁၅၆။ ဥဒါန၊ဋ္ဌ၊၃ဝ၃)။
---
၅၈၈။ ဓမ္မကထိကမှတ်စု
ဆရာတော်၊ ဓမ္မကထိက ရဟန်းတို့ ပြည့်စုံရမည့် အရည်အချင်းကို သိလိုပါသည်။
အဝေးမှ ဦးတင်လျက်..
မောင်ကြည်ရှိန် (Daly City, CA)
---
ဗုဒ္ဓဓမ္မ ပြန့်ပွားအောင် လုပ်ရာမှာ ဓမ္မကထိက(တရားဟော) ပုဂ္ဂိုလ်တွေ အရေးပါမှုကို မြတ်ဗုဒ္ဓ သိမြင်တော်မူခဲ့ပါတယ်။ ဒါ ကြောင့် ဓမ္မကထိကတွေရဲ့ စိတ်ထား၊ ပြည့်စုံရမယ့် အင်္ဂါရပ်၊ လိုက်နာရမယ့် စည်းကမ်းတွေကို ထိုထို ဝိနည်း သုတ္တန်နဲ့ အ ဘိဓမ္မာ ပါဠိတော်တွေမှာ ပြန်ကျဲနေတဲ့ လမ်းညွှန်ချက်တွေ များအပြား တွေ့ရတယ်။ ကျမ်းတစ်စောင်တောင် ရေးနိုင်တယ်။ အဲဒီ အထဲက အချို့ကို မှတ်စု ထုတ်ထားပါတယ် ..
စိတ်ထား
“ကြောင်းကျိုးပြ၊ ကျအစဉ်၊ ကြင်သနား၊ မကြွားဂုဏ်၊ မဖြုံ လာဘ် (အံ၊၂၊၁၆၂)’လို့ နှလုံးသွင်းပြီး တရား ဟောရတယ်။ “ကျအစဉ်”ဆိုတာ ‘ဒါန (အများအကျိုးကို ပြီးမြောက်စေခြင်း)၊ သီလ (ကိုယ်နှုတ် ထိန်းစောင့်ခြင်း)၊ သဂ္ဂ (အကျိုး)”လို့ တရား စဉ် ကျအောင် (ဒီဟောကွက်ထဲမှာ ဝင်အောင်) ဟောတာ။ “မကြွားဂုဏ်” ဆိုတာ ကိုယ့်ဂုဏ်ကို ဖော်ပြီး သူများကို ငါ့လောက် မဟုတ်ဘူးလို့ နှိမ့်ချတာ။ “မဖြုံလာဘ်”ဆိုတာ “ကန်တော့ပွဲ ပါ မှ’လို့ စိတ်ထဲမှာ မထားတာ။ စိတ်ထဲ ထားရာကနေ “ဒီဘုန်း ကြီးက သိန်း ၂၀-တန် ကန်တော့ပွဲ မပါရင် မလိုက်ဘူး’လို့ လူ တွေ သိကုန်တဲ့အထိ ဖြစ်သွားရင် မခက်လား။
ဓမ္မေန န ဝဏိံ စရေ။ ဓမ္မေန၊ (ကန်တော့ပွဲကို မျှော်ပြီး) တရားဟောခြင်းဖြင့်။ ဝဏိံ = ဝါဏိဇ္ဇံ၊ ကုန်သွယ်ခြင်း (စီးပွား ဖြစ် တရားဟောခြင်း)ကို။ န စရေ၊ မလုပ်ရာ (ဥဒါန၊ ၁၅၆။ ဥဒါန၊ဋ္ဌ၊၃ဝ၃)။
အင်္ဂါရပ်
မဂဓတိုင်း မဏ္ဍလိက မင်းမျိုး ပဉ္စာလ မင်းသမီးရဲ့ သားတော် ဝိသာခမင်းသားဟာ ရဟန်းပြုပြီး တရားအားထုတ်လို့ အဘိ ညာဉ် ၆-ပါးရ ရဟန္တာ ဖြစ်သွားပြီးနောက် မွေးရပ်မြေကို ပြန် ကြွလာပြီး တရားဟောစဉ် ဆွေးမျိုးတွေက ဓမ္မကထိက (တ ရားဟောသူ)ရဲ့ အင်္ဂါရပ်က ဘာတွေလဲလို့ မေးလျှောက်ကြတဲ့ အခါ အရှင်မြတ်က..
“ကိုယ့်ဂုဏ်ကို မကြွား၊ သူတစ်ပါးကို မရှုတ်ချ၊ သူတစ်ပါး ကို အထင်သေးစကား မဆို၊ အသိနဲ့အကျင့် ပြည့်စုံပြီး ဖြစ်တဲ့ ရဟန္တာတွေကို ထိခိုက်ပြီး မပြော၊ လာဘ်ပေါ ဘုန်းကြီးချင်လို့ မိမိရဲ့ဂုဏ်ကို မင်းပရိသတ် စသည်ရဲ့ရှေ့မှာ မထုတ်ဖော်၊ တည် ငြိမ်စွာ ပြော (ပြူးတူးပြဲတဲ ခေါင်းရမ်း လက်ရမ်း မပြောဆို)၊ အ ချိန်ကာလ ပရိသတ် အခြေအနေကို ချင့်ချိန်ပြီး ပြော၊ အကျင့် သီလနဲ့ ပြည့်စုံ ဆိုတာတွေ ဖြစ်ကြောင်း ဖြေကြားတယ် (ထေရ ဂါထာ၊ ၂၆ဝ။ ထေရ၊ဋ္ဌ၊၂၊၄၂၄)။ ဒါ့အပြင် ..
စည်းကမ်း
ဝိနယ ပါဠိတော်မှာ ဖော်ပြတဲ့ ပရိသတ်နဲ့နေမယ့် ရဟန်း သို့မ ဟုတ် ဆရာကိုမမှီခိုဘဲ မိမိကိုယ်တိုင် ဆရာလုပ်ပြီး နေမယ့် ရဟန်း ပြည့်စုံရမယ့် အင်္ဂါရပ်တွေထဲ (ဝိ၊ဋ္ဌ၊၃၊၅၂)မှာ အချို့က ဓမ္မကထိကတွေနဲ့လည်း ပတ်သက်တယ် ..
ဝိဘင်းနှစ်ခုကို သိရမယ်။ လူရှင် ပရိသတ်နဲ့ နေမယ့် ဟန်းဟာ ရဟန်းတို့ရဲ့ ဝိနည်းတွေကို ဖော်ပြတဲ့ ပါရာဇိကဏ်နဲ့ ပါစိတ်ပါဠိတော် ဆိုတဲ့ ဝိဘင်းနှစ်ခုကို တတ်ကျွမ်းရတယ်။ ကိုယ့်ဟာကိုယ် ဖတ်ရုံနဲ့ မရဘူး။ ဆရာကောင်းထံမှာ သင်ယူမှ အဆုံးအဖြတ်တွေကိုပါ ကောင်းစွာ နားလည်တယ်။
နာမ်ရုပ်ကို ပိုင်ပိုင် ဟောနိုင်ရတယ်။ ဒါအတွက် အနည်း ဆုံး အဘိဓမ္မတ္ထသင်္ဂဟ”ကျမ်း လို ဟာကို ဆရာ့ထံမှာ ကောင်းစွာ သင်ယူရတယ်။ နာမ်ရုပ် ဆို တာကို စာသိမဟုတ် လက်တွေ့သိ ဆိုပြီး ထင်ရာပြောလို့ မရ ဘူးလို့ နားလည်ပါ။ ဒါ့အပြင် ..
“ဓမ္မကို ကောင်းစွာ သင်ယူနိုင်၊ သင်ထားပြီးသား ဓမ္မကို ကောင်းစွာ ဆောင်ထားနိုင်၊ ဆောင်ထားပြီး ဓမ္မကို အမှန်အ တိုင်း အဓိပ္ပာယ်သိ၊ သိတဲ့အတိုင်း ကောင်းစွာ ကျင့်သုံးနေ သူ ဖြစ်ရမယ် (အံ၊၃၊၁၁၈)။
သီချင်းဆိုသလို သံရှည်ဆွဲပြီး ဂီတသံနဲ့ တရားမဟောရ (ဝိ၊၄၊၂၄၃)။ ဒါ့အပြင် ...
မဖာထေးနဲ့
လေးနက်တဲ့ တရားကိုပဲ ဟောနေရင် တရားပွဲ လူလာမှာ မ ဟုတ်ဘူး ဆိုပြီး လူပြိန်းကြိုက် အရွှန်းအသော အဆိုတွေ ဖောက်ပါများရင် အသံမြည်တဲ့ မုရိုးစည်ကြီးကို သံတွေနဲ့ ရိုက် သွင်း ဖာထေးရင် အသံ မမြည်တော့သလို တရားအနှစ်တွေ အားနည်းပြီး အကာတွေ အားကောင်းသွားတတ်တယ် (သံ၊၁၊၄၅၇)။ ဒါကြောင့် နုပေ့ဆိုတဲ့ တရားခေါင်းစဉ်တွေနဲ့ ဖာထေး လွန်းတာလည်း မလုပ်သင့်ဘူး။ ဒါ့အပြင် ...
အဘိဓမ္မာသင်
“အဘိဓမ္မာကို တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေပဲ ဓမ္မကထိကအစစ် ဖြစ်နိုင်တယ်။ အခြား ပုဂ္ဂိုလ်တွေက တရား ဟောပေမယ့် ဓမ္မ ကထိကအစစ် မဟုတ်ဘူး (အဘိ၊ဋ္ဌ၊၁၊၃၀)’ဆိုတဲ့ စကား အရ တရားဟောချင်ရင် အဘိဓမ္မာကို သင်ကို သင်ရတယ်။ မသင်ချင်ရင် မဟောနဲ့။ ဟောရင် ပေါက္ကံ မောင်ချို ဆုံးမစာထဲ ကလို “စကားတတ်၏၊ ပါဌ်ကားမပြေ” ဖြစ်သွားမယ်။
ဇူလိုင် ၅၊ ၂၀၁၇။
၅၈၉။ ကိုယ့်ကိုယ်ကို မေတ္တာပို့
ဘုန်းဘုန်း နေကောင်းလား၊ မေးစရာတစ်ခု ရှိလို့ပါ ဘုရား။ မကြာခင်ကမှ ရိပ်သာက ထွက်လာတဲ့ ဓမ္မမိတ်ဆွေတစ်ဦးကို တပည့်တော်က တရားမထိုင်ခင် ကိုယ့်ကိုယ်ကို အရင် မေတ္တာ ပို့တဲ့အကြောင်း ပြောတော့ သူက ကိုယ့်ကိုယ်ကို မေတ္တာပို့တာဟာ တဏှာဖြစ်တယ်လို့ ဆိုပါသည်။ အဲဒါ မှန်ပါသလား၊ ဖြေကြားပေးစေလိုပါသည် ဘုရား။
ဒေါ်ခင်လေးနွယ် (ဘာမင်ဂန်)
---
ကျမ်းထွက်
ဝိသုဒ္ဓိမဂ်မှာ မေတ္တာဘာဝနာကို အာထုတ်တော့မယ် ဆိုရင် အခြားသတ္တဝါ လောကကို မေတ္တာ မပို့ခင် ..
“အဟံ အဝေရော ဟောမိ ငါသည် ရန်သူ ကင်းရပါလို၏။
အဗျာပဇ္ဇော ဟောမိ ငါသည် စိတ်ဆိုးဒေါသ ကင်းရပါလို၏။
အနီဃော ဟောမိ ငါသည် နှိပ်စက်ခံရခြင်း ကင်းရပါလို၏။
သုခီ အတ္တာနံ ပရိဟရာမိ ငါသည် နှလုံးစိတ်ဝမ်း အေးချမ်းရပါလို၏”လို့
မိမိကိုယ်ကို အရင်ဆုံး ထပ်ခါထပ်ခါ မေတ္တာပို့ဖို့ ညွှန်ကြားထားပါတယ်။
ဒီလို ပွားများတာဟာ အပ္ပနာဈာန်ကို ရဖို့ မဟုတ်၊ ငါသည် ရန်သူ ကင်းဝေးချင်သလို အခြားသတ္တဝါတွေလည်း ငါ့လိုနေမှာပဲလို့ မိမိကိုယ်ကို စံထားပြီး တစ်ဖက်သားအပေါ် ကိုယ်ချင်းစာစိတ် ဖြစ်စေဖို့ ရည်ရွယ်တယ် (ဝိသုဒ္ဓိ၊၁၊၂၈၉)။
ဘုရားဟော
မေတ္တာ ပွားများပုံနဲ့ ပတ်သက်ပြီး “သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ = အရပ်အားလုံးရှိ သတ္တဝါ အားလုံးကို မိမိနှင့် ထပ်တူပြု၍ သတ္တဝါအားလုံး ပါဝင်သော လောကကို (မေတ္တာပို့၍ နေ၏) (ဝိဘင်္ဂ၊ ၂၈၅။ အဘိ၊ဋ္ဌ၊၂၊၃၆၁)”လို့ မြတ်ဗုဒ္ဓ ဟောကြားချက်ရှိလို့ သတ္တဝါ အားလုံးကို မိမိနှင့် ထပ်တူပြုနိုင်ဖို့ ရည်ရွယ်ပြီး ကိုယ့်ကိုယ်ကို ဦးစွာ မေတ္တာပို့ဖို့ ဝိသုဒ္ဓိမဂ် မှာ ညွန်ကြားတာ ဖြစ်ပါတယ်။
မဆိုင်
“မေတ္တာယနာမုခေန ရာဂေါ ဝဉ္စေတိ = ရာဂ (တဏှာ)သည် မေတ္တာ အသွင်ဖြင့် လှည့်ပတ်တတ်၏ (နေတ္တိ၊ဋ္ဌ၊၉၀)”ဆိုတာ မိမိရဲ့ဇနီး ခင်ပွန်း သားသမီး မိဘ မောင်နှမတွေကို မေတ္တာ ပို့တဲ့အခါ တဏှာ (တွယ်တာမှု)ဟာ မေတ္တာယောင်ဆောင်ပြီး ဖုံးကွယ်တတ်ကြောင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဗုဒ္ဓအဘိဓမ္မာအရ သားသမီး မိဘ မောင်နှမကို ချစ်တာကိုလည်း တဏှာထဲမှာ ထည့်သွင်းတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို မေတ္တာ စပြီး ပို့တာဟာ စာပေနဲ့ ညီတဲ့အတွက် မှန်တယ်လို့ သံသယရှင်းစေချင်ပါတယ်။ ဘုန်းကြီးလည်း တရားမထိုင်ခင် ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့ခြင်းနှင့် အစပြုလေ့ရှိပါတယ်။
ဇူလိုင် ၆၊ ၂ဝ၁၇။
---
၅၉၀။ အမျှဝေဖို့ ဗုဒ္ဓဟော
ဆရာတော် ဘုရား၊ ရေစက်ချ အမျှဝေဖို့ မြတ်စွာဘုရား ဟောတော်မူခဲ့ပါသလား ဘုရား။
သိန်းအောင် (ဆွစ်ဇာလန်)
---
တခြားစီ
ရေစက်ချတာနဲ့ အမျှဝေတာ မတူဘူး။ “ရေ သို့မဟုတ် ရေစက်”ဆိုတာ (ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသည်ကို ကိုယ်စားပြုတဲ့) ကြားခံ အလှူပစ္စည်း။ “ချခြင်း”ဆိုတာ လှူဒါန်းခြင်း။ ဒါကြောင့် “ရေစက်ချတာကို အမျှဝေခြင်း”လို့ မဆိုနိုင်ဘူး။ ရေစက်ချပြီးမှ တစ်နည်းအားဖြင့် လှူဒါန်းပြီးမှ ဆုတောင်းခြင်း၊ အမျှဝေခြင်း ဆိုတာတွေကို လုပ်ရတယ်။ အဲဒီလို အလုပ်မတူလို့ အဓိပ္ပာယ်လည်း တစ်ခြားစီ ဖြစ်ပါတယ်။
ရေစက်ချ
“သံဃာအုပ်စု နှစ်ခုရှိရာမှာ တစ်ခုထံမှာ ရေကို သွန်းချ (ရေစက်ချ)ပြီး သံဃာအား လှူပါ၏လို့ဆိုရင် အဲဒီ သင်္ကန်းဟာ သံဃာအုပ်စု နှစ်ခုလုံးနဲ့ ဆိုင်တယ် (ဝိ၊၃၊၄၂၃)”ဆိုတဲ့စာနဲ့၊ “သူဌေးကြီး (အနာထပိဏ်)ဟာ ရွှေခွက်ထဲက ရေကို ဗုဒ္ဓရဲ့ လက်ပေါ် သွန်းချပြီး ဇေတဝန်ကျောင်းတော်ကို လှူတယ် (ဇာ၊ဋ္ဌ၊၁၊၁၀၈)”ဆိုတဲ့ စာတွေအရ အလှူပစ္စည်းအစား ရေကို ကြားခံပစ္စည်း အနေနဲ့ မျက်ကွယ်၊ မျက်မှောက် လှူဒါန်းတယ်လို့ နားလည်ရတယ်။ “ရေစက်ချ”တယ်ဆိုတာ အလှူပစ္စည်းကို လှူတာ။
ဒါကြောင့် ဖော်ပြပါ ကျမ်းဂန် စကားတွေအရ ရေစက်ချဖို့ မြတ်ဗုဒ္ဓ ဟောကြားတယ်လို့ မှတ်ပါ။
အမျှဝေ
“အဘိဓမ္မတ္ထသင်္ဂဟ”ကျမ်းအရ ပုညကိရိယဝတ္ထု (ကုသိုလ်ပြုကြောင်း) ဆယ်ပါးထဲမှာ “ပတ္တိဒါန (အမျှဝေခြင်း)”ဆိုတာ ပါတယ်။ ပြုပြီး ကုသိုလ်ကို အမျှဝေရင် ‘ပတ္တိဒါန’လို့ခေါ်တဲ့ ကုသိုလ် တစ်မျိုး ထပ်တိုးတယ်။ ကိုယ်က ကုသိုလ်အဖို့ကို အမျှဝေလို့ ကြားနိုင်သူတို့` သာဓုခေါ်ရင် ကောင်းကျိုး ရသွားရင် အကျိုးရှိတာပဲ။ အဲဒီ အကျိုးနှစ်ခုကို အကြောင်းပြုပြီး အမျှဝေတာ ဖြစ်ပါတယ်။
“ဒါနတွေထဲမှာ ဓမ္မဒါနသည် အမြတ်ဆုံး”ဆိုတဲ့ ဂါထာရဲ့ အဓိပ္ပာယ်ကို မြတ်ဗုဒ္ဓ ဟောကြားပြီးတဲ့အခါ သိကြားမင်းက “အဲဒီ အကြီးမြတ်ဆုံး ဒါနကုသိုလ်ရဲ့ အဖို့ကို မိမိအား အမျှပေးဝေတော်မူပါ’လို့ တောင်းပန်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက “အနည်းဆုံး အနုမောဒနာတရားကို ဟောရင်ပဲ ဖြစ်စေ သတ္တဝါ အားလုံးကို အမျှဝေကြ’လို့ ရဟန်းတွေကို မိန့်တော်မူတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၅၃)။
ဒါကြောင့် အမျှဝေဖို့လည်း မြတ်ဗုဒ္ဓ ဟောကြားကြောင်း မှတ်ယူပါ။
ရေစက်ချ အမျှဝေတာနဲ့ ပတ်သက်ပြီး မေးခွန်း-၂၀၆ (ပေါင်းချုပ် ၂၊ စာ-၆၈၇)၊ မေးခွန်း-၃၈၉ (ပေါင်းချုပ် ၃၊ စာ-၁၂၇၈) တွေမှာလည်း အကျယ် ရှုပါ။
ဇူလိုင် ၆၊ ၂၀၁၇။
---
၅၉၁။ ပဉ္စဝဂ္ဂီ ရှင်းချက်
အရှင်ဘုရား၊ တပည့်တော် သိလိုပါသဖြင့် ပြန်ကြားပေးပါဘုရား။ ဓမ္မစကြာတရားကို ဟောတော်မူချိန်တွင် ပဉ္စဝဂ္ဂီ ငါးဦးတို့မှာ ရဟန်း ဖြစ်ပါပြီလား ဘုရား။ စာစောင်တစ်ခုတွင် ရသေ့များသာ ဖြစ်ခြင်းကြောင့် ရဟန္တာ ရုပ်တုမှာ မဆီလျော်ကြောင်း ဖတ်လိုက်ရပါတယ် ဘုရား။ အမှန် ရှင်းပြပေးပါ ဘုရား။
မြင့်မြင့်စိန်
---
ထူးချင်သူ
ရဟန်း နှစ်ဝါရလောက်က ပြက္ခဒိန်တွေမှာ သမားရိုးကျ ပဉ္စဝဂ္ဂီပုံ မဟုတ်ဘဲ အဝတ်ဖြူနဲ့ ဆံရှည်ငါးဦး မုတ်ဆိတ်မွှေး ထူလပျစ်ကို လက်နဲ့ ပွတ်ရင်း ဗုဒ္ဓထံမှာ တရားနာနေတဲ့ ပန်းချီပုံကို တွေ့ဖူးတယ်။ လူအချို့မှာ သူများနဲ့ မတူအောင် လုပ်လိုတဲ့ အတွေးမျိုး ရှိတတ်တယ်။ တောထွက် ကိုယ်တော် တစ်ပါးက “သူများနဲ့ မတူအောင်နေမှ သူများက ကိုယ့်ကို အာရုံစိုက်မှာ၊ သူများ မိုးခါးရေ သောက်တိုင်း ကိုယ်မသောက်နိုင်ဘူး”တဲ့။ ခုခေတ် အချို့ ဣတ္ထိယတွေ သူများနဲ့ မတူအောင် ကျွဲချိုပုံ ဆံထုံးနဲ့ ပရိသတ်ရှေ့ ထွက်ပြသလိုပေါ့။
အနာဂါရိယ
ရှေးခေတ် တောထွက်ပုံကို ဖော်ပြရာမှာ မြတ်ဗုဒ္ဓက “ထိုငါသည် မိဘများ မလိုလား၍ ငိုကြွေးကြစဉ် ဆံမုတ်ဆိတ်ကို ပယ်၊ ဖန်ရည်ဆိုး အဝတ်ကိုဝတ်၊ လူ့ဘောင်ကို စွန့်ပြီး အိမ်ရာ မတည်ထောင်ဘဲ နေ၏ (မ၊၁၊၃၀၃)”လို့ မိန့်တော်မူတယ်။ ညာမာန်ကြွတဲ့ သိင်္ဂါရဝပုဏ္ဏား (မ၊၂၊၄၂၄)၊ မီးကို ကိုးကွယ်သူ အဂ္ဂိဘာရဒွါဇပုဏ္ဏား (သုတ္တနိ၊၂၉၇)တို့က မြတ်ဗုဒ္ဓကို “မုဏ္ဍက (ခေါင်းတုံးစုတ်)”လို့ နှိမ့်ချပြီး ခေါ်ဖူးတယ်။
ဒီစာတွေအရ ဗုဒ္ဓခေတ်က အနာဂါရိယ (အိမ်ရာမထောင်သူ၊ ရသေ့ သို့မဟုတ် ရဟန်း)တွေဟာ ယေဘုယျအနေနဲ့ ဆံပင်နဲ့ မုတ်ဆိတ်မွှေးကို ရိတ်ပြီး ဖန်ရည်ဆိုး အဝတ်ကို ဝတ်တယ်လို့ ဆိုနိုင်တယ်။
ဝတ်ရုံတူ
ပဉ္စဝဂ္ဂီ ငါးပါးလည်း အနာဂါရိယပဲ ဖြစ်လို့ ဆံမုတ်ဆိတ်ကို ရိတ်ပယ်၊ ဖန်ရည်ဆိုး အဝတ်ကို ဝတ်မယ်လို့ ယူဆရတယ်။ ဖန်ရည်ဆိုး အဝတ်ဖြစ်လို့ ပန်းချီမှာ သရုပ်ဖော်သလို အဖြူရောင် မဖြစ်နိုင်ဘူး။ တစ်ခါမှာ ရဟန်းတွေနဲ့ ပရိဗိုဇ်တွေ ခရီး အတူသွားရင်း လမ်းမှာ ဓားပြတိုက်ခံရတယ်။ ခိုးရာပါ ပစ္စည်းနဲ့ အတူ သူခိုးကို ဖမ်းမိလို့ သင်္ကန်းကို ပြန်ရွေးကြတော့ ပရိဗိုဇ်သင်္ကန်းနဲ့ ရဟန်းသင်္ကန်း ရောနေလို့ ရဟန်းတွေက ကိုယ့်သင်္ကန်းကို မမှတ်မိကြဘူး (ဝိ၊၂၊၁၅၈)။
ဒါကြောင့် အဲဒီတုန်းက သာသနာဝင် မဟုတ်တဲ့ ရသေ့ သို့မဟုတ် ပရိဗိုဇ်တွေရဲ့ ဝတ်ရုံနဲ့ သာသနာတွင်း ရဟန်းဝတ်ရုံဟာ အရောင်ရော အရွယ်အစားပါ အတော် နီးစပ်စွာ တူဖွယ်ရှိလို့ သွင်ပြင်အရလည်း အလွန်ကြီး မခြားနားဘူးလို့ ဆိုခွင့်ရှိတယ်။
ငါးရက်အတွင်း
“ဓမ္မစကြာသုတ်ကို ဟောပြီးတဲ့အခါ.. ဝါဆိုလပြည့်နေ့ အရှင် ကောဏ္ဍည၊ နောက် လပြည့်ကျော် ၄-ရက်ထိ ၄-ရက်အတွင်း တစ်ရက် တစ်ပါးစီ သောတာပန်၊ “ဧဟိ ဘိက္ခု” ရဟန်းတွေ ဖြစ်ကြတယ်။ လပြည့်ကျော် ၅-ရက်နေ့ အနတ္တလက္ခဏသုတ်ကို နာပြီးတဲ့အခါ ငါးပါးလုံး ရဟန္တာ ဖြစ်ကြတယ် (ဝိ၊၃၊၁၇။ ဝိ၊ဋ္ဌ၊၃၊၂၄၆)’။ ပါဠိတော်ရဲ့ အာဘော်အရ ငါးရက်အတွင်း ဟောကြားပြီး တရားကို ပြန်ရှင်းတာ ရှိတယ်။ ဒါဖြင့် ‘ဓမ္မစကြာကို ဟောချိန် ငါးရက်”လို့ မဆိုနိုင်ဘူးလား။
ဗုဒ္ဓနဲ့ မတွေ့ခင်က အနာဂါရိယ (အိမ်ရာမထောင်သူ၊ ရသေ့၊ ရဟန်း)ပါပဲ။ ဒါပေမယ့် ဗုဒ္ဓရဲ့တရားကို နာပြီးမှ ၎င်းတို့က တောင်းပန်လို့ မြတ်ဗုဒ္ဓက ခွင့်ပြုတဲ့အခါ သာသနာဝင် ရဟန်း ဖြစ်သွားတယ်။ ဒါဟာ ဓမ္မစကြာကို ဟောနေတဲ့ ငါးရက်အတွင်းမှာ ဖြစ်တာပါ။
အဖြေ
ပကတိ ပဉ္စဝဂ္ဂီ ငါးဦးကို ဘယ်သူမှ မမြင်ဖူးတဲ့ အတွက် ဒီလိုပဲ ဖြစ်ရမယ်လို့တော့ မဆိုနိုင်ပါဘူး။ ကျမ်းဂန်အဆို ယုတ္တိနဲ့ ယုံကြည်မှုတွေအရ ဖြစ်နိုင်ခြေကိုပဲ ခန့်မှန်းပြတာပါ။ ဆိုနိုင်တာ တစ်ခုက ... ဘုန်းကြီးတို့က ‘ရဟန္တာ ဖြစ်ပြီးတဲ့ ပဉ္စဝဂ္ဂီရုပ်တု”ပဲ အာရုံပြု ကိုးကွယ်တာ ဖြစ်လို့ ဓမ္မစကြာကို ဟောနေတုန်း ပဉ္စဝဂ္ဂီတို့ ရဟန်းဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ဆိုင်ကို မဆိုင်နိုင်ဘူး။ ဒါကြောင့် “ရဟန္တာ ရုပ်တုမှာ မဆီလျော်ဘူး”လို့ ဆိုရင် “ကျွဲချိုဆံထုံး”နဲ့ ဝင်ပြသလိုပဲ ဖြစ်မှာ။
မတူနိုင်
ဗုဒ္ဓသာသနာ ထွန်းကားတာ ကြာခဲ့ပြီ ဖြစ်လို့ ရဟန်း သို့မဟုတ် ဘုန်းကြီးလို့ ဆိုတာနဲ့ ခုခေတ် ဘုန်းကြီးတွေနဲ့ တစ်ပုံစံတည်း စဉ်းစားဖို့ မဖြစ်နိုင်ဘူး။ ထိုထို အရပ်ဒေသ အလိုက် ဝတ်ရုံနဲ့ သွင်ပြင်တွေ ပြောင်းသွားတာ ရှိတယ်။ မြန်မာသင်္ကန်းနဲ့ အခြား ထေရဝါဒ နိုင်ငံက သင်္ကန်းတွေတောင် အရောင်ရော ချုပ်ပုံပါ မတူကြဘူး။ တိဗက်၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ် ဘုန်းကြီးတို့ ဝတ်ရုံပုံ ကျတော့ အများကြီး ခြားနားသွားတယ်။
ဇူလိုင် ၇၊ ၂၀၁၇။
---
၅၉၂။ ပင့်ကူအိမ်ကို ဖျက်ရင်
ဘုန်းဘုန်း ဘုရား ... တပည့်တော် ဒီတစ်ခါ လျှောက်လိုတဲ့ မေးခွန်းကတော့ ငါးပါးသီလထဲမှ ပါဏာတိပါတကံ အကြောင်းပါ ဘုရား။ တပည့်တော်တို့ သာမန် လူသားတွေအနေနဲ့ လူ့ဘောင်လောကမှာ ပါဏာတိပါတကံ လုံခြုံဘို့ရာမှာ ... ဥပမာအားဖြင့် အိမ်ရှိ ပင့်ကူအိမ်များ သန့်ရှင်းခြင်းမှ သူတို့အိမ်ကို ဖျက်စီးခြင်း၊ မတော်တဆ သေသွားခြင်း၊ ပိုးဟပ်ဆေးကို ပိုးဟပ်ကောင်ပေါ်တွင် မဖြန်းသော်ငြား အိမ်ပတ်ဝန်းကျင်တွင် ဖြန်းခြင်း (ကိုယ်တိုင်ဖြစ်စေ၊ အခကြေးငွေဖြင့် ခိုင်းခြင်းဖြစ်စေ) ထိုထို အမှုများသည် ပါဏာတိပါတကံ ထိုက်ကာ တရားထူး တရားမြတ် မရရှိစေရန် အတားအဆီး ဖြစ်နိုင်ပါသလား ဘုရား။
ကိုမျိုးမြင့် မသန်းသန်းအေး (အော်စီ)
---
ကံမြောက်
“ကံမြောက်” ဆိုတာ ပါဏာတိပါတကံ ထိုက်တယ်လို့ ဆိုလိုတယ်။ ကံမြောက်တဲ့ အခြေအနေ သို့မဟုတ် အင်္ဂါရပ် ၄-ခု ရှိတယ်။ အဲဒါတွေက ..
၁။ သက်ရှိကို သက်ရှိမှန်း သိခြင်း။ ဥပမာ ... ကြောင်ပေါက်စလေး မေ့မြောနေတာကို သေပြီအထင်နဲ့ အမှိုက်ပုံးထဲ ထည့်မိလို့ သေရင် အပြစ်မရှိ။
၂။ သေစေလိုတဲ့စိတ် ရှိခြင်း။ ဥပမာ ... ညအိပ်နေတုန်း အခင်းပေါ် ကြမ်းပိုးကို သစ်သားစ အထင်နှင့် ညှစ်လိုက်မိလို့ ကြမ်းပိုးသေရင် အပြစ်မရှိ။ ကြမ်းပိုးကို ကြမ်းပိုးမှန်း သိပြီး “ဒီကောင်ကြောင့် အိပ်ရေးပျက်တယ်၊ သေကွာ”ဆိုပြီး ညှစ်သတ်လိုက်မှ ကံမြောက်တယ်။
၃။ သေအောင် လုပ်ခြင်း။ ဥပမာ ... လက်နဲ့ ကိုင်ပေါက်၊ အမြင့်က တွန်းချ၊ ကိုယ်မှာရှိတဲ့ တုတ်နဲ့ရိုက်၊ ဓားနဲ့ခုတ်၊ လှံနဲ့ထိုး၊ အဝေးမှာရှိသူကို ကျောက်ခဲ၊ လေးမြား စသည်နဲ့ ပစ်၊ အခြားတစ်ဦးကို သတ်ခိုင်း (စေခိုင်းရာမှာ ပုဂ္ဂိုလ်၊ အချိန်၊ နေရာ၊ လက်နက်စသည် ခိုင်းတဲ့အတိုင်း ဖြစ်မှသာ ခိုင်းသူ ကံမြောက်တယ်)၊ ရေတွင်း၊ ရေကန် စသည်မှာ အဆိပ်ခပ် .. စသည်။
၄။ အသတ်ခံရတဲ့ သတ္တဝါ သေခြင်း။
ရှင်းချက်
အမှတ် ၃ မှာ သတ်ဖို့ ကြိုးစားတဲ့ လုံ့လ အနည်းအများ အလိုက် အပြစ် အပေါ့အလေး ကွာတယ် (ကင်္ခဋ္ဌ၊ ၂၄၅)။ ဥပမာ .. ပုရွက်ဆိတ်ကို သတ်တာနဲ့ ဆင်ကို သတ်တာ။ ဒီလိုပဲ ငှက်သိုက်နဲ့ ပင့်ကူအိမ်ကို ဖျက်တာချင်း တူပေမယ့် လုံ့လ တူတဲ့အတွက် အပြစ်လေးပေါ့ ကွာတယ်လို့ ဆိုနိုင်တယ်။
“ကျောင်း၌ ပိုးမျှင်၊ ပင့်ကူအိမ် ရှိလျှင် သုတ်သင် သန့်ရှင်းရမည် (ဝိ၊၃၊၆၀)”လို့ မြတ်ဗုဒ္ဓ မိန့်တော်မူတဲ့အတွက် ပင့်ကူအိမ်ကို ရှင်းကောင်းတယ်လို့ မှတ်ပါ။
ပင့်ကူအိမ်ကို ရှင်းရင်း ပင့်ကူကောင်ကို တွေ့တော့ “ငါ့အိမ်ကို ညစ်ပတ်အောင် လုပ်တဲ့ကောင်” ဆိုပြီး အငြိုးနဲ့ ကြိတ်ချေမပစ်ဘဲ လွတ်ရာသို့ လွှတ်ရင် အပြစ်ကင်းပါလိမ့်မယ်။ မတော်တဆ ထိမိလို့ သေတာလည်း အမှတ် ၂ အင်္ဂါရပ်အရ လိုတဲ့ စေတနာ မရှိတဲ့အတွက် အပြစ် မဖြစ်ပါဘူး။
ဆေးဖြန်း
သောက်ရေမှာ အဆိပ်ခပ်ရင် သောက်မိတဲ့ သတ္တဝါတွေ သေမယ်ဆိုတာကို သိနေလို့ အမှတ် ၃ အင်္ဂါနဲ့ ငြိတဲ့အတွက် ကံမြောက်တယ်။ ခြင်၊ ကြွက်၊ ပိုးဟပ် စသည် မလာအောင်လို့ ကာကွယ်တဲ့ အနေနဲ့ ဆေးဖြန်းတာကတော့ အမှတ် ၃ အင်္ဂါနဲ့ ငြိတယ်လို့ မဆိုနိုင်ဘူး။ ဥပမာ ... ဖယောင်တိုင် မီးထွန်းပြီး စာဖတ်နေစဉ် ပိုးဖလံက လာပြီး ဒိုင်ဗင် ဝင်ထိုးတာမျိုးပဲ ဖြစ်မယ်။
အစွန်းမဲ့
ဗုဒ္ဓဝါဒဟာ ဒဿနအရရော ကျင့်စဉ်အရပါ အစွန်းမရောက်ဘူးဆိုတာကို မြဲမြဲ မှတ်ထားပါ။ ဆိုပါတော့ .. သူ့အသက်ကို သတ်ရ ဆိုတာနဲ့ အိပ်ရာမှာ ကြမ်းပိုးရှိလည်း မရှင်းနဲ့၊ ဆွမ်းတော်ပွဲ ပုရွက်ဆိတ် တက်လည်း အိုကေပဲ ဆိုရင် .. “ဥပုသ်စောင့်” ဆိုတာနဲ့ ရေတောင် မသောက်ဘူး ဆိုတာလို ဖြစ်နေမှာပေါ့။ မျှတအောင် စားသောက်နေထိုင်မှ အသက်ရှည်ကျန်းမာပြီး ‘ဓမ္မ’ကို ကျင့်သုံးနိုင်မှာပါ။
ဇူလိုင် ၁၀၊ ၂၀၁၇။
---
၅၉၃။ ရေငတ်တာ ဆန္ဒ
ဆရာတော် ဘုရား ... “ရေကို သောက်ချင်တာလည်း တဏှာပါပဲ”လို့ တရားစခန်း တစ်ခုမှာ နာကြားဖူးပါသည်။ ဒါကြောင့် ရေကိုတောင် မသောက်ဘဲ ကျင့်တာကို တဏှာဝဋ်ငုတ် ပြတ်အောင် လုပ်တာလို့ မဆိုနိုင်ဘူးလား ဘုရား။
ဦးတင်လျက်ပါ ဘုရား..
ထွန်းဝေ (ရေဝေးအလုပ်သမား)
---
အာဟာရ
မြတ်ဗုဒ္ဓက “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ = သတ္တဝါအားလုံး အာဟာရ (ရုပ်အာဟာရ၊ နာမ်အာဟာရ) ဟူသော အကြောင်းတရားမှာ တည်မှီကြ၏ (ဒီ၊၃၊၂၂၈)”လို့ ဟောတော်မူပြီး “ဩဒန = ထမင်း၊ ကုမ္မာသ = မုယောမုန့်၊ သတ္တု = မုန့်လုံး၊ မစ္ဆ = ငါး၊ မိသ = အသား (ဝိ၊၂၊၁၂၄)”လို့ စားဖွယ် ငါးမျိုး (စားသုံးဖို့) ခွင့်ပြုတော်မူပါတယ်။ ကျန်းမာသက်ရှည်မှ သဒ္ဓမ္မသုံးဖြာ သာသနာကို ကောင်းစွာ ကျင့်နိုင်မှာပါ။
ဆန္ဒ
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံခါနီး ပါဝါမြို့ကနေ ကုသိနာရုံကို ကြွစဉ် လမ်းတစ်နေရာမှာ “အာနန္ဒာ သောက်ရေကို ဆောင်ချေလော့၊ ငါ မွတ်သိပ်၏၊ ရေသောက်အံ့ (ဒီ၊၂၊၁၀၆)”လို့ မိန့်ပါတယ်။ “မွတ်သိပ်”ဆိုတာ ‘ရေငတ်တယ်၊ ရေသောက်ချင်တယ်’ ဆိုတဲ့ အဓိပ္ပာယ်ပါ။ တဏှာဝဋ်ငုတ် ပြတ်ပြီးတဲ့ ဗုဒ္ဓဘုရား ရေမွတ်သိပ် (ရေငတ်၊ ရေသောက်ချင်တာ)တာ သေချာတယ်။ ဒါကြောင့် ရေသောက်တာကို တဏှာလို့ မဆိုနိုင်။ သဘာဝအရ ရေသောက်ချင်တာ ဖြစ်လို့ ဆန္ဒလို့ဆိုရင် သင့်တယ်။
ရသတဏှာ
ဒါပေမယ့် “ရသာရုံ၌ တပ်မက်ခြင်း မဖြစ်ရာ (သုတ္တနိ၊၄၂၂)၊ ကောင်းဆိုးမဟူ ရရသမျှ အစားအစာဖြင့် ရောင့်ရဲနိုင်သူသည် မဂ်ဖိုလ်ကို ရနိုင်၏ (ထေရဂါထာ၊ ၃၀၅)”လို့ ဟောတော်မူပြီး ရသာရုံကို လက္ခဏာရေးသုံးပါးတင် ဝိပဿနာရှုပြီး သုံးဆောင်ဖို့ လမ်းညွှန်တော်မူပါတယ် (သံ၊၂၊၂၃၇)။
ဝသဘမင်း ကြည်ညိုတဲ့ ရဟန္တာလို့ ယူဆရတဲ့ မထေရ်တစ်ပါး ရှိတယ်။ ထိုမထေရ်ရဲ့ အနီးမှာ အချဉ်ရည်ကို စီမံစေတဲ့အခါ မထေရ်ဟာ မထိန်းနိုင်ဘဲ သွားရည်ယိုပြီး (ခေဠော စလိတော) ပုထုဇဉ်အဖြစ် ပေါ်လွင်သွားသတဲ့။ ရဟန္တာ မှန်ရင် ရသတဏှာကို ပယ်ပြီးဖြစ်လို့ နတ်အရသာပင် ဖြစ်စေ မစွဲလန်းတော့ဘူး (သာရတ္ထ-ဋီ၊၂၊၂၈၅)။
အဖြေ
ဒါကြောင့် ရေအပါအဝင် မည်သည့် ရသာရုံကိုမဆို တပ်မက်စိတ်၊ အရသာခံလိုစိတ်နဲ့ အသုံးမပြုဘဲ သတိနဲ့ သုံးဆောင်ရင် တဏှာမဖြစ်ဘူးလို့ မှတ်သင့်ကြောင်းပါ။
ဇူလိုင် ၁၁၊ ၂၀၁၇။
ဘွဲ့ဒီဂရီကို လှုပ်ပြလွန်းရင် ဘွဲ့ပိတတ်တယ်။
၅၉၄။ သောတာပန်လို
ဆရာတော်ဘုရား ရိုသေစွာ လျှောက်ပါသည် ဘုရား။ ဆရာတော်များ ဟောကြား ချီးမြှင့်ကြတဲ့ ဝါဆိုသင်္ကန်း လှူဒါန်းလို့ ရနိုင်တဲ့ အကျိုးတရားများထဲမှ “သူလည်း ပါယ်မပြန်”ဆိုတဲ့ လင်္ကာအရ သောတာပန်နဲ့ အလားတူပြီး အပါယ်မလားတော့ဘူးဆိုတဲ့ အကျိုးတရားကို ရှင်းလင်းစွာ သိလိုပါသည် ဘုရား။ အကယ်၍ သောတာပန်လိုပဲ အပါယ်မလားတော့ဘူး ဆိုပါလျှင် အချို့ အခြားသော မကောင်းမှုများ ပြုနေပြီး အများနဲ့ ကြုံခိုက် ဝါဆိုသင်္ကန်း အလှူပါဝင် လှူဒါန်းသူများအတွက် အဘယ်ကဲ့သို့ အကျိုးရှိနိုင်ပါ့မလဲ ဘုရား။ အများ ကြည်ညို လိုက်နာ ကျင့်သုံးနိုင်ပါရန် မေတ္တာရှေ့ထား မိန့်ကြားတော်မူပါ ဘုရား။ ရိုသေစွာ ဦးခိုက်လျက်
အရှင်ပညာစက္က (မြစ်ခြေ) ရန်ကုန်။
အတုပဲ
“သောတာပန်လို”ဆိုတာ “သောတာပန်”ဖြစ်သွားတယ်လို့ မဆိုလိုဘူး။ သောတာပန် အတုပါပဲ။ အစစ်ဟာ အတု မဖြစ်နိုင်သလို အတုလည်း အစစ် မဖြစ်နိုင်ဘူး။ ဒါကြောင့် သောတာပန် မဟုတ်သေးတဲ့ ပုထုဇဉ်မှန်ရင် မိမိရဲ့ ကိုယ်ကျင့်တရား ထိန်းစောင့်မှု မရှိဘဲ တမလွန်ဂတိ စိတ်မချရဘူး ဆိုတဲ့ အဓိပ္ပာယ်အတွင်းမှာပဲ ရှိတယ်။ ဝါဆိုသင်္ကန်း လှူပေမယ့် သူက သက်သတ်၊ ခိုးဝှက်၊ ကြာခို၊ လိမ်ညာ၊ ယစ်ထုပ်ကြီး ဖြစ်နေရင် ကိုယ် လေ့ကျက်မိတဲ့ အကုသိုလ်က အဲဒီ သင်္ကန်းအလှူကို လွှမ်းမိုးသွားနိုင်လို့ ဂတိလွဲခွင့် ရှိတယ်။
သီလရံမှ
ဝါဆိုသင်္ကန်းဆိုတာမျိုးက ချိန်ခါသင့် လှူရတာ ဖြစ်လို့ တစ်ဘဝလုံး ထူးခြားစွာ အမှတ်တရ ဖြစ်စေနိုင်တဲ့ အတွက် “ကြုံလို့ ဝင်ရောရတာမျိုး” မဟုတ်ဘဲ စိတ်ထက်သန်စွာ လှူဒါန်းလို့ အာစိဏ္ဏကံအနေနဲ့ တစ်ဘဝလုံး ပါသွားပြီး နောက်ဆုံးစိတ် ဖြစ်ခါနီးမှာ ဒီအလှူကို ဝမ်းသာနိုင်ခွင့် ရရင် ... သင့်တင့်တဲ့ ကိုယ်ကျင့်တရား (သီလ)ကိုလည်း ထိန်းစောင့်ခဲ့ရင် “အပါယ်မလား”ခြင်း အကျိုးထူးကို ရနိုင်ပါတယ်။ “သောတာပန်နဲ့တူပြီး အပါယ်မလားဘူး”ဆိုတဲ့ အကျိုးတရားက ဒီအဓိပ္ပာယ်မျိုး ဖြစ်ပါတယ်။
အဖြေ
ဝင်ရောလိုက်တဲ့ ဝါဆိုသင်္ကန်းလောက်နဲ့တော့ အပါယ်တံခါး ပိတ်ဖို့ အာမမခံဘူး။ သင့်မြတ်တဲ့ သီလလေး ခြံရံပေးမှ၊ ကိုယ့်အလှူကိုလည်း အမှတ်ရနေမှ ဖြစ်နိုင်မှာပါ။
ဇူလိုင် ၁၁၊ ၂၀၁၇။
---
၅၉၅။ ဆင်ဆာ
အရှင်ဘုရား၊ ဘာသာရေးနှင့် ပတ်သက်တဲ့ စာတွေကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဆင်ဆာဖြတ်တော့မယ်လို့ သတင်းတွေမှာ ကြားနေ ဖတ်နေရပါသည်။ မိုးပြာဂိုဏ်းလို အဓမ္မဝါဒီတို့ရဲ့ စာအုပ်တွေ ပြန့်နှံ့လာလို့ ဖြစ်ကြောင်း သိရပါသည်။ ဒါဟာ လွတ်လပ်စွာ ရေးသားခွင့်ကို ပိတ်ပင်ရာ မကျဘူးလား ဘုရား။ ဆရာတော် ဘယ်လို သဘောရပါသလဲ ဘုရား။
အရှင်နိမ္မလ (ပဲနွယ်ကုန်း)
ငိုလေမလား
ဆင်ဆာဆိုလို့ ရယ်စရာ ပြောရဦးမယ် .. M.H. Bode ရေးတဲ့ Pali Literature of Burma စာအုပ်ကို မြန်မာပြန်ပြီး ထုတ်ဝေမလို့ လုပ်ရာမှာ ဆင်ဆာဌာန (လွန်ခဲ့တဲ့ ၉-နှစ်) ပညာရှိကြီးတွေက Burma ကို Myanmar လို့ ပြောင်းထားပြီ ဆိုပြီး အဲဒီ မူရင်း ကျမ်းစာအုပ်ရဲ့ ခေါင်းစဉ်ကြီးကို Pali Literature of Myanmar လို့ တည်းဖြတ်လိုက်တယ်။ အထဲမှာ ပြင်ခိုင်းတာတော့ မတွေ့မိ (ကျွေးမွေးထားလို့ များလား)။ ဘယ်တတ်နိုင်မလဲ ဒီအတိုင်း ထုတ်ဝေရတာပေါ့။ မူရင်းစာအုပ်က လွန်ခဲ့တဲ့ နှစ် ၉၀-ခန့်က ရေးခဲ့တာပါ။ မူရင်း ကျမ်းပြုသူ အသက်ထင်ရှား ရှိသေးရင် ရယ်မလား၊ ငိုမလားတော့ မသိ။
ဖြစ်ရပ်မှန်
ဘုန်းကြီး ရဟန်း ၈-ဝါရ၊ ရွာက ဆရာတော်ကြီး ပျံတော်မူလို့ ၇၃-မျက်နှာ ရှိတဲ့ ထေရုပ္ပတ္တိ စာအုပ် ထုတ်မလို့ သာသနာရေးဌာနမှာ ဆင်ဆာတင်တော့ .. ဝါမဆိုခင်ကတင်တာ သီတင်းကျွတ်ထိ မကျသေးလို့ ရုံးကိုလာ၊ နံနက် ၉ နာရီခွဲက စောင့်တာ ၁၁ နာရီ ထိုးခါနီး သက်ဆိုင်သူ ရောက်လာ၊ ကုလားထိုင်မှာ ထိုင်၊ သက်ပြင်းချ၊ ခြေထောက်ကို စားပွဲပေါ် ထိုးတင်၊ (ထိုင်စောင့်နေတဲ့ ဘုန်းကြီးကို လုံးဝ လှည့်မကြည့်)၊ စားပွဲလယ်က လျှောက်လွှာဆိုက်နဲ့ ထပ်ထားတဲ့ လက်ချုပ် စာအုပ် ၂-အုပ် (ဆင်ဆာတင် စာအုပ် ဖြစ်ဖွယ်ရှိ)ကို ခြေထောက်နဲ့ ရှေ့ကို ထိုးတွန်းလိုက်ပြီး အင်္ကျီအိတ်ထဲက စာအိတ်ကို ထုတ်ရင်း ဘုန်းကြီးကို “ဘာကိစ္စလဲ”တဲ့။
လူနာမည်နဲ့တကွ အသေးစိတ်ကို အမှတ်ရနေပေမယ့် အလွန်အမင်း အောင့်အည်း သည်းခံခဲ့ရတဲ့ ဖြစ်ရပ်မို့ ဆက်မပြောချင်တော့ပါဘူး။ နောက်ဆုံး မသဒ္ဓါရေစာ ငွေ ၂၀၀ စာအိတ်ထဲ ထည့်ပေးလိုက်တော့မှ ရတယ်၊ အားလုံး ၅-လ ကြာတယ်။ ကြိုးစားပမ်းစား ရေးထားတဲ့ စာမူလေးတွေခမျာ ဆင်ဆာက အမြီးဖဲ့ ခေါင်းဖဲ့၊ ပုံနှိပ်တဲ့လူက ပစ်စလက်ခတ် လုပ်၊ ပုံမကျ ပန်းမကျ၊ စာအုပ် ထွက်လာတော့ စာရေးသူခမျာ ဝမ်းနည်းပက်လက်၊ အပျိုကြီး မဘုတ်ဆုံ မုဒိမ်းကျင့်ခံရလို ဘယ်သူ့ကိုမှ ပြောလို့မရ ဆိုလို့မဖြစ်၊ ကျိတ်မှိတ်ပြီး ခံလိုက်ရတယ်။ နောက်ဆုံး စာရေးချင်စိတ်တွေ ပျောက်ဆုံးကုန်တယ်။ ဒီလိုနဲ့ စာမရေးဖြစ်တော့ဘဲ သေသွားသူတွေ ရှိလောက်တယ်။ ဘုန်းကြီးကတော့ ဆင်ဆာဆိုတဲ့ အသံကို ကြားကို မကြားချင်ဘူး။
ဥပဒေရှိ
၁၉၈၁-မှာ မဆလ လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ “ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းရေးဆိုင်ရာ ဥပဒေ” အပိုဒ် ၁၃-အရ နိုင်ငံတော် ဝိနိစ္ဆယအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ သာသနာရေး ဝန်ကြီးဌာနက လိုအပ်သလို ဆောင်ရွက်နိုင်တာပဲ။ ဒီဥပဒေအရ အဓမ္မဝါဒလို့ ဆုံးဖြတ်ပြီးသားတွေကို စာအုပ် ရိုက်နှိပ်ခွင့်၊ ကူးယူ ဖြန့်ချီခွင့်၊ အသံခွေများ ဖြန့်ချီခွင့် မရှိပါဘူး။ ဒီဥပဒေ စိုးမိုးအောင် လုပ်ရင် မရဘူးလား။ ဒီဥပဒေကို ဖျက်သိမ်းတယ်လို့ မကြားမိသေးပါဘူး။ ဖျက်သိမ်းရင်လည်း ဆင်ဆာလုပ်မယ့်အစား လွှတ်တော်က အလားတူ ဥပဒေတစ်ခု ပြဋ္ဌာန်းပေးပေါ့။
သွားဦးမှာ
ဆင်ဆာဌာနမှာ မြန်မြန် မှန်မှန် စစ်ပေးနိုင်တဲ့ ပညာရော ကိုယ်ကျင့်တရားပါ အရည်အချင်း ပြည့်မီသူ ရှိဖို့ ခက်သား။ တစ်လကို အုပ် ၅၀-လောက် ထွက်နိုင်ဖို့ အနည်းဆုံး လူ ၁၀-ဦးထက် မနည်းလည်း ရှိမှ။ ဝန်ကြီးဌာနမှာ သူတို့အတွက် ဘတ်ဂျက် ဘယ်လောက် ရှိလဲ။ စားဝတ်နေရေး ကျပ်တည်းတဲ့ခေတ်ကြီးမှာ ၎င်းတို့ရဲ့ စားဝတ်နေရေးကို စာရေးသူ သို့မဟုတ် ထုတ်ဝေသူတွေက တာဝန်ယူရမှာလား။ ဒီအတိုင်းဆိုရင်တော့ ယခင်အတိုင်း ဖြစ်သွားပြီး အမှောင်ထဲကို ပြန်ရောက်သွားမှာကို တွေးပြီး ဝမ်းနည်းပါတယ်။ သက်ဆိုင်သူတို့ စိတ်ပြောင်းသွားပါစေလို့ပဲ ဆုတောင်းပါတယ်။
ဇူလိုင် ၁၂၊ ၂၀၁၇။
---
၅၉၆။ အာဇီဝဋ္ဌမက
ဘုန်းဘုန်း ဘုရား ... အာဇီဝဋ္ဌမကသီလကို ဘုရားရှင် ဟောကြားတာ မဟုတ်ဟု ဆရာတော် တစ်ပါးက ဆိုလာပါသည်။ ဘုရားဟော မဟုတ်လျှင် အဲဒီ သီလကို တပည့်တော်တို့ စောင့်ကောင်းပါသလား ဘုရား။
ရွှေရီဝင်း (Atlanta, GA)
အဓိပ္ပာယ်
“အာဇီဝဋ္ဌမက”ကို အာဇီဝနဲ့ အဋ္ဌမကလို့ နှစ်ပုဒ်ခွဲ။ ဘဝရပ်တည်ရေး အတွက် ပစ္စည်းဥစ္စာ ရှာဖွေမှုကို အာဇီဝ။ မတရားသဖြင့် ရှာဖွေရင် မိစ္ဆာဇီဝ၊ တရားရင် သမ္မာအာဇီဝ။ ရှစ်ခုမြောက်ကို ပါဠိလို အဋ္ဌမက။ ပါဏာတိပါတသိက္ခာပုဒ်က စပြီး ရေတွက်ရင် မိစ္ဆာဇီဝသိက္ခာပုဒ်ဟာ ရှစ်ခုမြောက်။ ဒါကြောင့် (စင်ကြယ်စွာ) အသက်မွေးခြင်း (သိက္ခာပုဒ်)လျှင် ရှစ်ခုမြောက် ရှိတဲ့ သီလလို့ ဆိုလိုတယ်။
အဲဒီ ၈-ပါးက .. ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ၊ မုသာဝါဒါ၊ ပိသုဏဝါစာ (ကုန်းချော)၊ ဖရုသဝါစာ (ကြမ်းရိုင်း)၊ သမ္ဖပ္ပလာပါ (အတင်းအဖျင်း)၊ မိစ္ဆာဇီဝါ (မတရားစီးပွားရှာ) .. အဆုံးမှာ “ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”ကို ပေါင်းထည့်ပြီး ဆိုပါ။
ဗုဒ္ဓ မဟော
“အာဇီဝဋ္ဌမကသီလ” အမည်နဲ့ ပါဠိတော်မှာ တိုက်ရိုက်မပါ။ ပါဠိတော်မှာ မပါရုံနဲ့ “ဘုရားဟော မဟုတ်ဘူး”လို့တော့ မဆိုနိုင်ဘူး။ “အာဇီဝဋ္ဌမကံ သီလံ ပူရတိ = အာဇီဝဋ္ဌမကသီလနှင့် ပြည့်စုံ၏ (ဒီ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၁၊၄၂၅)”စသည်ဖြင့် အဋ္ဌကထာ ကျမ်းတွေမှာ လာတယ်။ “အဋ္ဌကထာ ကျမ်းပြုပုဂ္ဂိုလ်ဆိုတာ မြတ်စွာဘုရားရဲ့ အာဘော်ကို သိတော်မူတယ် (သာရတ္ထ၊၂၊၉၁)”စာအရ ဘုရားဟောလိုပဲ မှတ်ယူနိုင်တယ်။ သာဝက ဟောတဲ့ သုတ္တန် ဖြစ်ပေမယ့် ဗုဒ္ဓကိုပဲ အရင်းခံတာ ဖြစ်လို့ ဗုဒ္ဓဟောလို့ ဆိုနိုင်သလိုပေါ့။
သုစရိုက် ၁၀
ဒီသီလ ရှစ်ပါးမှာ ပထမ ၃-ပါးကို ရှောင်ရင် ကာယသုစရိုက်၊ ဒုတိယ ၄-ပါးကို ရှောင်ရင် ဝစီသုစရိုက်၊ ပေါင်း သုစရိုက် ၇-ပါးနဲ့ သမ္မာအာဇီဝ တစ်ပါး။ ဒီသီလ ရှစ်ပါးက စောင့်သည်ဖြစ်စေ၊ မစောင့်သည်ဖြစ်စေ လွန်ကျူးရင် အပြစ်ရှိလို့ သူတော်ကောင်း မှန်ရင် စောင့်ကို စောင့်ရမယ့် သီလမျိုး။
ဒီရှစ်မျိုးကို ကောင်းစွာ စောင့်စည်းသူ အနေနဲ့ “အဘိဇ္ဈာ (သူပိုင်ကို ကိုယ်ပိုင်ဖြစ်ဖို့ မတရားကြံ)၊ ဗျာပါဒ (သူသေသွားရင် ကောင်းမှာပဲလို့ ပြစ်မှား)၊ မိစ္ဆာဒိဋ္ဌိ (ကံ၊ ကံရဲ့ အကျိုးကို ပယ်)”ဆိုတဲ့ မနောဒုစရိုက် ၃-ပါးလည်း လိုတာပါပဲ။
မဂ္ဂင် ၈-ပါး
ဒီသီလ ရှစ်မျိုးမှာ .. မှန်သော စကား၊ မှန်သော အလုပ်၊ မှန်သော သက်မွေးဝမ်းကျောင်းဆိုတဲ့ သီလမဂ္ဂင် ၃-ပါးက ပေါ်လွင်တယ်။ ဒါပေမယ့် ဒီသီလမဂ္ဂင်ကို ဦးဆောင်သွားတာက မှန်သော အမြင်၊ မှန်သော အကြံပါပဲ။ ဒီမဂ္ဂင် ၇-ပါးနဲ့ ထက်ကြပ်မကွာ အတူပါနေတာက မှန်သော လုံ့လ၊ မှန်သော သတိ၊ မှန်သော တည်ကြည်မှုတို့ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသီလ ၈-ပါးကို “အရိယမဂ်ဆိုတဲ့ အကျင့်မြတ်ရဲ့ အခြေခံ အဦးအစ ဖြစ်လို့ အာဒိဗြဟ္မစရိယက-လို့လည်း ခေါ်တယ် (ဝိသုဒ္ဓိ၊၁၊၁၂)။”
အဓိပ္ပာယ်က အာဇီဝဋ္ဌမကသီလ လုံမှ နိဗ္ဗာန်ကို ရနိုင်တယ်၊ မလုံရင် မရနိုင်ဘူးလို့ ဖြစ်ပါတယ်။ သူတော်ကောင်းတို့ သီလမြတ်ကို လိုက်နာ ကျင့်သုံးနိုင်ကြပါစေ။
ဇူလိုင် ၁၄၊ ၂၀၁၇။
---
၅၉၇။ သံယုတ္တနိကာယ်မှတ်စု
ဘုန်းကြီး ဘုရား၊ သံယုတ္တနိကာယ် အမည်ရပုံ၊ နိကာယ် ဖွဲ့စည်းပုံနှင့် သုတ္တန်ပေါင်း မည်မျှရှိ ဆိုတာကို သိလိုပါသည်။
ဘိက္ခုနိမ္မိတ
အဓိပ္ပာယ်
သံယုတ္တ = တွဲစပ်၊ နိကာယ (နိကာယ်) = ပေါင်းစု၊ ဖွဲ့စည်းခြင်း။ (တူရာ) တွဲစပ် ပေါင်းစု (သုတ္တန်များ)လို့ အဓိပ္ပာယ်မှတ်နိုင်တယ်။ သံယုတ္တနိကာယ်ဟာ သုတ္တန်ပိဋကမှာ ပါဝင်ပြီး “ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒက”လို့ နိကာယ် ငါးခုအနက် သုံးခုမြောက် နိကာယ်ပါ။ ပါဠိဘာသာ သံယုတ္တနိကာယ်နဲ့ အလားတူ “ဆ.အ.ဟန်.ချင် (Tsa-a-han-ching)”ခေါ် တရုတ်ဘာသာပြန် ရှိသေးကြောင်းနဲ့ ယင်းမှာ သဗ္ဗတ္ထိဝါဒ ဂိုဏ်းသားတို့ အသုံးပြုပြီး မူရင်းက သက္ကတဘာသာနဲ့ ရှိခဲ့တဲ့ “သံယုတ္တာဂမ” ဖြစ်ကြောင်း သိရတယ်။
ဖွဲ့စည်းပုံ
သံယုတ္တနိကာယ်မှာ “သဂါထာဝဂ်၊ နိဒါနဝဂ်၊ ခန္ဓဝဂ်၊ သဠာယတနဝဂ်၊ မဟာဝဂ်”လို့ မူလဝဂ် သို့မဟုတ် အခန်းကြီး ၅-ခု။ ဒါကို သံယုတ်ငါးကျမ်းလို့လည်း ခေါ်တယ်။ ကျမ်းစာအုပ်ရေ အနေနဲ့ “ပထမတွဲ (သဂါထာဝဂ်၊ နိဒါန)၊ ဒုတိယ (ခန္ဓ၊ သဠာယတန)၊ တတိယ (မဟာဝဂ်)”လို့ ၃-တွဲ ရှိတယ်။
မူလဝဂ်တိုင်းမှာ သံယုတ်ငယ် (တူရာစု အခန်းငယ်)တွေ ရှိတယ်။ ဥပမာ ... သဂါထာဝဂ်မှ ဒေဝတာသံယုတ် (နတ်နဲ့ ပတ်သက်တဲ့ သုတ်တွေကို စုထား)၊ ကောသလသံယုတ် (ကောသလမင်းနဲ့ ပတ်သက်တာ) ..စသည်။ သံယုတ်ငယ် တစ်ခုစီကိုလည်း ဝဂ်ငယ် (အန္တရဝဂ်)တွေနဲ့ ဖွဲ့စည်းတယ်။ ဥပမာ ... ဒေဝတာသံယုတ်မှာ ဝဂ်ငယ် ၈-ခု ..စသည်။ ဝဂ်ငယ် တစ်ခုစီမှာ ယေဘုယျအနေနဲ့ သုတ္တန် ၁၀-ခုစီ ရှိပေမယ့် အချို့ဝဂ်မှာ အနည်းဆုံး ၅-သုတ် ရှိရာကနေ အများဆုံး သုတ်တို ၆၀-ထိ ပွားထားတာမျိုးလည်း ရှိတယ်။
စုစုပေါင်း
သို့ဖြင့် သံယုတ္တနိကာယ် တစ်ခုလုံး (သံယုတ်ငါးကျမ်း)မှာ မူလဝဂ် (အခန်းကြီး) ၅၊ သံယုတ်ငယ် ၅၆၊ ဝဂ်ငယ် ၂၂၉၊ ဝဂ် အမည် မတပ်တဲ့ အန္တရပေယျာလ ၁၊ သုတ္တန်ပေါင်း ဆဋ္ဌသံဂါယနာ စာတော်မူ စီစဉ် ရေတွက်ပုံအရ ၂၉၁၆ (ရသင့်သမျှ ရေတွက်မူ ၃ဝ၄၃-သုတ်) ရှိတယ်။ တစ်နည်း .. အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၁)မှာ ရေတွက်ပုံအရ ရရ၆၂-သုတ်၊ ဘိက္ခုဗောဓိ ရေတွက်ပုံ ၂၉ဝ၄-သုတ်၊ ရောမန် အင်္ဂလိပ် အက္ခရာနဲ့ ရေတွက်ပုံ ၂၈၈၉-သုတ် ရှိကြောင်းလည်း မှတ်နိုင်တယ်။
အဋ္ဌကထာမှာ ဖော်ပြတဲ့ သုတ်ပေါင်း ပမာဏနဲ့ လက်တွေ့ ရေတွက်လို့ ရနိုင်တဲ့ သုတ်ပေါင်း ပမာဏ ကွာဟလွန်းနေတာနဲ့ ပတ်သက်လို့ ရေတွက်ပုံ မတူလို့ ကွာတယ် ဆိုရင်တောင် နားလည်ဖို့ ခက်ကြောင်း သံယုတ္တနိကာယ် အင်္ဂလိပ်ဘာသာပြန် နိဒါန်း (စာ-၂၆)မှာ ဘိက္ခုဗောဓိက သုံးသပ်ပါတယ်။
Wheel Publication ထုတ်ဝေတဲ့ Samyutta Nikaya Anthology မှာ ဖော်ပြတဲ့ သုတ္တန်တွေ လောက်ကို ရေးပြီး လာရင် နိကာယ်တစ်ခုလုံး အတော်အတန် ခြုံငုံပြီး ရိပ်မိနိုင်လောက်ပါတယ်။
ဇူလိုင် ၂၁၊ ၂ဝ၁၇။
---
၅၉၈။ အာပတ်နဲ့ လူမထွက်နဲ့
အရှင်ဘုရား၊ ကျန်းမာ ချမ်းသာစွာ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း တစ်ခုလောက် သိလို၍ မေးမြန်းပါရစေ ဘုရား၊ ဆရာတော်များ မပျံလွန်မီ သို့မဟုတ် လူ မထွက်မီ မကုစားမိခဲ့သော အာပတ် အကြီး အသေးတို့မှာ သိက္ခာချလိုက်သည်နှင့် အားလုံး အဟောသိကံ ဖြစ်သွားပါသလား၊ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါ ဘုရား။ ဦးတင်ပါ တယ် ဘုရား။
ဇော်သွယ်ဝင်း (Portland, OR)
မကုစားနိုင်
မြတ်ဗုဒ္ဓ ပညတ်ထားတဲ့ ဝိနည်း သိက္ခာပုဒ်ကို ကျူးလွန်လို့ သင့်ရောက်နိုင်တဲ့ အာပတ် (အပြစ်) ရ-မျိုး ရှိတယ် .. “ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစ္စဉ်း၊ နိဿဂ္ဂိပါစိတ်၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်၊ ဒုဗ္ဘာသိတ’။ ဒီ ရ-မျိုးမှာ အပြစ်အကြီးဆုံးက “ပါရာဇိက အာပတ်ပဲ။ ဒီအာပတ်သင့်ရင် သင်္ကန်း ဝတ်ထားပေမယ့် ဘုန်းကြီး မဟုတ်တော့ဘူး။ ကိုယ့်ဟာ ကိုယ်သိပေါ့။
အလယ်က ပြတ်ပြီးတဲ့ ထန်းပင်ကို ပြန်ရှင်အောင် မလုပ်နိုင်သလို နောက်ထပ် ဘုန်းကြီး ပြန်ဝတ်ခွင့် မရှိတော့ဘူး။ သို့မဟုတ် သာမဏေပြုမှပဲ စင်ကြယ်ပြီး တရား အားထုတ်ရင်လည်း ဈာန် မဂ်ဖိုလ်ကို ရနိုင်တယ်။
ပါရာဇိက ကျပြီးသူဟာ မဂ်ဖိုလ်အနေနဲ့ အနာဂါမ်ထိတော့ ဖြစ်ခွင့်ရှိနိုင်တယ်။ ရဟန္တာ ဆိုရင်တော့ ကွယ်လွန်ခါနီးမှ ဖြစ်နိုင်မယ့်ပုံမျိုး။ ရဟန်းမှ ပြန်ဝတ်လို့ မရတော့ဘဲ။
ကုစားနိုင်
သံဃာဒိသေသ် အာပတ်သင့်ရင် ပရိဝတ်ဆောက်တည်၊ မာနတ် ကျင့်၊ ပြီးမှ သံဃာအပါး ၂၀ အတိအကျနဲ့ ပုံစံကျပြန်တမ်း (ကမ္မဝါစာ) တွေကို မြွက်ဆိုပြီး ကုစားရတယ်။ ကျန်အာပတ် ငါးမျိုးကိုတော့ ရဟန်း တစ်ပါးထံမှာ “တပည့်တော် ဤမည်သော အာပတ်သင့်တာကို အရှင်ဘုရားအား ဖွင့်ပြောပါတယ်။ အဲဒီ အာပတ်ကိုလည်း ရှု(ဂရုစိုက်)ပါတယ်။ နောင်အခါ အာပတ် မသင့်အောင် စောင့်စည်းပါ့မယ်’လို့ ဖွင့်ပြော (ဒေသနာ ကြား)ရင် ရှိပြီးအပြစ် ငြိမ်းတယ်။
အာပတ် အကြီးအသေး အနေနဲ့ .. ပထမ ၂-မျိုး (ပါရာဇိကနဲ့ သံဃာဒိသေသ်)က အကြီး (ဂရုကအာပတ်) ဖြစ်ပြီး ကျန်တာတွေက အသေး (လဟုကအာပတ်) ဖြစ်ပါတယ်။
မပျံလွန်မီ
ရဟန်းဟာ အာပတ် တန်းလန်းနဲ့ ပျံလွန်ရင် “သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ တိရစ္ဆာနယောနိ ဝါ”အရ နတ်ရွာ နိဗ္ဗာန်နဲ့ ဝေးပြီး အပါယ်ငရဲကို ကျရောက်နိုင်တယ်။ ဒါပေမယ့် အရိယာပုဂ္ဂိုလ်ကို စော်ကားသူတွေတောင် ဝန်ချတောင်းပန်ရင် အကုသိုလ် အကျိုးမပေးဘဲ အဟောသိကံ ဖြစ်သွားတာမို့ သင့်ပြီး အာပတ်ကို ဒေသနာကြားရင်၊ စင်ကြယ်အောင် ကုစားရင် အပြစ်မရှိပါဘူး (သာရတ္ထ၊၃၊၃၇၉)။
ဒါကြောင့် စင်ကြယ်ချင်ရင် မပျံလွန်ခင်မှာ ကုစားခဲ့မှပဲ ပျံလွန်ချိန်မှာ စင်ကြယ်မယ်။ ပါရာဇိက ကျနေရင် လူထွက်၊ သံဃာဒိသေသ်ဆို ပရိဝတ် မာနတ်နဲ့ အဗ္ဘာနကံဆောင်၊ အခြား အာပတ်တွေ ဖြစ်ရင် ပစ္စည်းစွန့်၊ ဒေသနာကြား လုပ်ရမယ်။
လူထွက်သူ
“အနိမ့်ဆုံး ဒုဗ္ဘာသိတ အာပတ်မျှ သင့်သော ရဟန်းသည် လူထွက်ပြီး ရဟန်းပြန်ဝတ်သော် ထိုသင့်ပြီး အာပတ်ကို ဒေသနာကြားမှသာလျှင် စင်ကြယ်၏။ အခြားနည်းဖြင့် (ကုစား၍) မစင်ကြယ် (ဥပသမ္ပန္နော ဘိက္ခု အန္တမသော ဒုဗ္ဘာသိတမ္ပိ အာပဇ္ဇိတွာ အပရဘာဂေ ဝိဗ္ဘမိတွာ ဝိဗ္ဘမိတွာ အာဂတော ဥပသမ္ပဇ္ဇတိ၊ တံ အာပတ္တိ ဒေသေတွာဝ သုဇ္ဈတိ၊ န အညထာ (ဇိရဗုဒ္ဓိဋီ၊ ၄၄၄)။
“သံဃာဒိသေသ် အာပတ်သင့်ပြီး လူထွက်၊ တစ်ဖန် ရဟန်းပြုလျှင် ထိုရဟန်းသည် သင့်ပြီး အာပတ်ကို ကုစားမှသာလျှင် ထိုအာပတ်မှ ငြိမ်း၏ (ကင်္ခါဋီကာဟောင်း၊ စာ-၁၈)။ ဒီစာတွေအရ အာပတ်သင့်တဲ့ ရဟန်းဟာ ဒီအာပတ်ကို မကုစားဘဲ လူထွက်ပြီး တစ်ဖန် ရဟန်းဝတ်ရင် ရဟန်းသိက္ခာ တည်ပြီးတာနဲ့ ယခင် အာပတ်ဟောင်းတွေ ပြန်ပေါ်လာတယ်။ ဒါကြောင့် ယနေ့ခေတ် ဒုလ္လဘ ရဟန်းခံသူတို့ အာပတ် မသင်အောင်နေ၊ သင့်မိရင်လည်း အာပတ်ကို ဒေသနာကြား၊ ပရိဝတ် မာနတ်ကျင့်ပြီး ကုစားရမယ်။ ပထမအကြိမ်မှာ မကုစားနိုင်ခဲ့လို့ ဒုတိယအကြိမ်မှာ ကုစားရင်လည်း ဖြစ်တယ်။
ဇူလိုင် ၂၁၊ ၂ဝ၁၇။
၅၉၉။ ဝှီးချဲနဲ့ တရားနာ
ဘုန်းဘုန်း မေးစရာလေးတွေ ရှိနေလို့ မေးခွင့်ပြုပါ ဘုရား ..
၁) ဒူးကွေးပြီး မထိုင်နိုင်သူအချို့ တရားနာချင်လွန်းလို့ ဝှီးချဲ သို့မဟုတ် ကုလားထိုင်ပေါ်မှာ ထိုင်ပြီး တရားနာရင် အပြစ်ရှိပါသလား။
၂) အခန်းငှားပြီး တရားပွဲ လုပ်ရတဲ့ အခါမျိုးမှာ .. နောက်ခုံတန်းတွေ မြင့်နေလို့ ရှေ့မှာထိုင် တရားဟောတဲ့ ဆရာတော်က အနိမ့်မှာ ရောက်နေရင် အမြင့်ခုံမှာ ထိုင်ပြီး တရားနာသူတွေ ငရဲကြီးပါသလား။
၃) ထိုင်စရာ နေရာမရှိလို့ ပရိသတ်စွန်ကပဲ မတ်ရပ်ပြီး တရား နာရင် မရိုသေရာ ကျပါသလား။
၄) တစ်ချို့ အခမ်းအနားမှာ အနေအထားအရ ရှူးဖိနပ်ကို ချွတ် ဖို့ မလွယ်တာမျိုး ကြုံရလို့ ဖိနပ်နဲ့ ကုလားထိုင်ပေါ်မှာ ထိုင်ပြီး သီလယူ တရားနာခွင့် ရှိပါသလား။
ကိုချာလီမောင်ဦး မဗျူတီ (Upland, CA)
---
သိက္ခာပုဒ်
တရားဟောတဲ့အခါ ရဟန်းတွေ လိုက်နာဖို့ မြတ်ဗုဒ္ဓ ပညတ်ထားတဲ့ သေခိယ သိက္ခာပုဒ် ၁၆-ခု ရှိတယ်။ အဲဒီ အထဲက မေးခွန်းနဲ့ ပတ်သက်တဲ့ အချို့ကို အရင် လေ့လာကြည့်မယ်။ ပြီးမှ ဖြစ်နိုင်တာကို စဉ်းစားကြတာပေါ့..
“ဖိနပ် စီးထားသူ၊ ယာဉ်စီးနေသူ၊ အိပ်ရာပေါ် လျောင်းနေသူ၊ ခေါင်းပေါင်း (ဦးထုပ်) ပေါင်းထား (ဆောင်းထား)သူ၊ ခေါင်းမြီးခြုံထားသူ၊ မြေကြီးပေါ်မှာ နေ၍ အပေါ်ကလူကို (အနည်းဆုံးအဝတ်ခင်းပေါ်က လူကို)၊ အနိမ့်မှာနေ၍ အမြင့်က လူကို၊ ရပ်လျက် ထိုင်နေသူကို .. (၎င်းတို့) နာမကျန်း ဖြစ်ခြင်း မရှိဘဲ (ရဟန်းသည်) တရားမဟောရ (ဝိ၊၂၊၂၆၄-၂၆၉)”။
“ယာဉ်ပေါ်ကလူကို မဟောကောင်းပေမယ့် ယာဉ်တစ်ခုတည်း အတူတူစီးနေရင် ယာဉ်ပေါ်မှာ တရား ဟောကောင်းတယ်။ ဟောသူ နာသူ နှစ်ဦးလုံး အမြင့်တူ အိပ်ရာပေါ်မှာ ရှိနေကြရင်လည်း ဟောကောင်းတယ် (ဝိ၊ဋ္ဌ၊၃၊၁၆၉)။ ဒီစာတွေက သိက္ခာပုဒ် မူရင်းနဲ့ အဋ္ဌကထာ အဖွင့်တွေပါ။ စကားမစပ်၊ ခေါင်းမြီးခြုံသူတို့ တရားနာချင်တောင် မလွယ်ပါလား။
ခြွင်းချက်
‘နာမကျန်း ဖြစ်ခြင်း မရှိဘဲ’ဆိုတဲ့ ခြွင်းချက်အရ နာယူသူက ကျန်းမာရေး မကောင်းရင် ရဟန်းအနေနဲ့ ဒီဝိနည်းတွေကို လိုက်နာဘဲ တရားဟောခွင့် ရှိတယ်။ သိက္ခာပုဒ်တွေ အားလုံးမှာ “အနာဒရိယံ ပဋိစ္စ = မရိုသေတဲ့ စိတ်နဲ့ လုပ်လို့’ဆိုတာ ပါတယ်။ ဒါကြောင့် နာမကျန်းလည်း ဖြစ်မယ်၊ တရားကို ဖြစ်စေ တရားဟောသူကို ဖြစ်စေ ရိုသေစိတ်လည်း ရှိမယ် ဆိုရင် ဒီခြွင်းချက်အရ မပြစ်မရှိ။
အဖြေ
၁) ဒီမေးခွန်းအတွက် အဖြေ ရှင်းပါပြီ။ နာမကျန်းတာ၊ တရားကို ပြင်းပြင်းပြပြ နာချင်တာတွေကြောင့် ဟောသူ နာသူ နှစ်ဦးလုံး အပြစ် မရှိပါဘူး။
၂) ဒီမေးခွန်းက ဖြေရခက်ကြီး။ ဝိနည်းအရ ဆိုရင် အဲဒါမျိုး ပရိသတ်ကို ဘုန်းကြီးက တရား မဟောကောင်းဘူးလို့ ဖြေရလိမ့်မယ်။ နာယူသူတွေ အနေနဲ့တော့ ရိုသေစိတ်သာ ပဓာနဖြစ်လို့ အပြစ်လွတ်ဖွယ် ရှိတယ်။ ဘုရားခေတ်ကတော့ များသောအားဖြင့် သစ်ပင်အောက်မှာ ထိုင်ပြီး ဟောတာကိုး။ ၂၁-ရာစု အင်ဂျင်နီယာတွေက ဟောပြောတဲ့ ခန်းမကို အဲဒီလိုကို တည်ဆောက်ထားတာဆိုတော့ ဗုဒ္ဓဓမ္မ ပြန့်ပွားရေး ရှေးရှုပြီး တရားပွဲကို ခမ်းနားစွာ စီစဉ်ရာမှာ ခြွင်းချက်တော့ ရှိသင့်တယ်။
အနည်းဆုံး ... ‘နာမကျန်း ဖြစ်ရင်’ဆိုတာကို “ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် အခြေအနေအရ ဘယ်လိုမှ မဖြစ်နိုင်လို့”လို့ အဓိပ္ပာယ် ဖြည့်ယူရင် ရနိုင်လေမလား။
၃) “(ရဟန်းက) ရပ်လျက် ထိုင်နေသူကို တရား မဟောရ”လို့ပဲ ရှိတယ်။ “(ရဟန်းက) ထိုင်လျက် ရပ်နေသူကို တရားမဟောရ’လို့ မတွေ့မိ။ အဋ္ဌကထာ ဋီကာလည်း ဒီသိက္ခာပုဒ်ကို မဖွင့်။ ဒါပေမယ့် ထိုင်နေတဲ့ မြတ်ဗုဒ္ဓကို အမ္ဗဋ္ဌလုလင်က ရပ်ပြီး ကား ပြောတဲ့အခါ ကဲ့ရဲ့စရာ ဖြစ်တာကို ထောက်ရင် ဘုန်းကြီး တရားဟောစဉ် ရပ်မနေသင့်ဘူး။
ဒါလည်း ရိုသေစိတ်နဲ့ မမြင်ရလို့ ရပ်ပြီး နာယူရင် အပြစ် မဖြစ်တန်ရာဘူး။ နေရာရှိပါလျက် လေ့လာသလိုလို ဆရာကြီးလိုလိုနဲ့ ရပ်နေရင်တော့ စိတ်ထား မမှန်လို့ အပြစ်ဖြစ်မှာပဲ။
၄) ဝိနည်းအရတော့ ရှင်းတယ်၊ ဘုန်းကြီးက အဲဒီ ပရိသတ်ကို သီလမပေးရ တရား မဟောကောင်း။ နာယူသူ အနေနဲ့တော့ မလွှဲသာလို့ လုပ်ရတာဖြစ်လို့ ရိုသေစိတ် ရှိနေရင် အပြစ် လွတ်နိုင်တယ်။ အိမ်ထဲ အိပ်ရာထဲထိ ဖိနပ်စီးဝင်တဲ့ အမေရိကလို နေရာမျိုးမှာ အဲဒီလို အခြေအနေနဲ့ ကြုံလို့ သီလမပေး တရားမဟောဘဲ ထပြန်ရင် ပရိသတ်က ဘုန်းကြီးကိုပဲ မေးငေါ့မှာ။ ဟောရင်တော့ ဒုက္ကဋ် အာပတ်ပေါ့။
ဒါကြောင့် စပြီးစီစဉ်ကတည်းက သင့်မြတ်တဲ့ အနေအထား ဖြစ်အောင် စီမံပေးနိုင်ရင် ဖြစ်စေ၊ နှစ်ဖက်လုံး နားလည်ပေးနိုင်ရင် ဖြစ်စေ အကောင်းဆုံး ဖြစ်မှာပါ။
ဇူလိုင် ၂၁၊ ၂ဝ၁၇။
---
၆၀၀။ မေထုန်နဲ့ အရက်
တပည့်တော်က အရက်သေစာ အပြစ်ကြီးတယ်လို့ ယူဆတယ်။ တချို့က ပြန်ချေပတယ် .. အပြစ်ကြီးတယ် ဆိုရင် ဘာကြောင့် ပါရာဇိက အာပတ်မှာ မထည့်ဘဲ ပါစိတ်မှာ ထည့်သလဲ တဲ့။ အဖြေ သိချင်လို့ပါ ဘုရား။ မောင်အိုးလည်း အားရင် အမျိုး ဘာသာ အကြောင်းဘဲ တွေးနေတာ ခွင့်လွှတ်ပါ ဘုရား။
မောင်အိုး
---
အပြစ်မတူ
“အပြစ်ကြီးတယ်”ဆိုရာမှာ ဝိနည်းပြစ်နဲ့ အဘိဓမ္မာပြစ် မတူဘူး။ ဝိနည်းအရ တစ်မတ်ခိုး တစ်သိန်းခိုး ပါရာဇိကပဲ။ လူကို သတ်ရင် ပါရာဇိက၊ အခြား သက်ရှိကို သတ်ရင် ပါစိတ်။ ဒီတော့ ရွက်ဆိတ်ကို သတ်တာနဲ့ ဆင်ကို သတ်တာ ဝိနည်းပြစ် အတူတူပဲ။ ဒါပေမယ့် အဘိဓမ္မာအရ တစ်သိန်းကို ခိုးတာနဲ့ ဆင်ကို သတ်တာက ပိုပြီး ဝီရိယစိုက်ရလို့ အကုသိုလ်ပြစ် ပိုကြီးတယ်။ ဒီလိုပဲ ဓားပြပစ္စည်း တစ်မတ်ကို ခိုးတာနဲ့ သံဃိကအလှူ တစ်မတ်တန်ကို ခိုးတာ ဝိနည်းပြစ်က ပါရာဇိက ဆိုပေမယ့် သံသရာပြစ်ချင်း မတူဘူး။
မေထုန်
သာမန် အိမ်ထောင်သည် တစ်ယောက်အဖို့ “မေထုန်’ကြောင့် ငရဲမကျပါဘူး။ အသက် ရ-နှစ် သောတာပန်ဖြစ်တဲ့ ဝိသာခါဆို အရွယ်ရောက်၊ အိမ်ထောင်ပြု၊ သားသမီး အယောက် ၂၀- တောင် မွေးပစ်တယ်။ ဒါပေမယ့် “မေထုန်’ရဲ့ နောက်မှာ “သား မွေး’ ‘ကျွေးမွေး’နဲ့ အခြား လူမှုရေး အရှုပ်တွေ များစွာ ပါလာလို့ လူ့ဘောင်ကို စွန့်ပြီး သင်္ကန်းဝတ်နဲ့ ဗြဟ္မစာရီ ကျင့်တဲ့ ရဟန်းနဲ့ ဘယ်လိုမှ မသင့်လျော်တဲ့ အတွက် ရဟန်းအဖို့ မေထုန်’ဟာ အဆိပ်လို ဖြစ်ရတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက မေထုန်ကို ပါရာဇိကထဲမှာ ထည့်တာပေါ့။
အရက်
“ရဟန်းတို့၊ သေအရက် သောက်ခြင်းကို မှီဝဲလျှင် ကြိမ်ဖန်များစွာ ပြုလျှင် အပါယ်လေးဘုံ၌ ဖြစ်ရ၏။ အရက် သောက်သူသည် လူဖြစ်လာသော်လည်း အနည်းဆုံး ရူးသွပ်မှု အကျိုးကို ရတတ်၏။ အံ၊၃၊၇၈’။ ‘ဒုဿီလ စေတနာ ပဉ္စပိ ကမ္မပထာ ဧဝ (ဒုဿီလစေတနာ ငါးပါးလုံး ကမ္မပထမြောက်သည်သာ) အဘိ၊ဋ္ဌ၊၂၊၃၆၆။ ဒီစာအရ အရက်သောက်ခြင်းဟာ သူ့သက်သတ်၊ ခိုး၊ ကြာခို၊ လိမ်ညာတာတွေလိုပဲ အပါယ်လေးဘုံမှာ ပဋိသန္ဓေ အကျိုးကို ဖြစ်စေတယ်။
အဲဒီလို အဘိဓမ္မာပြစ် ကြီးပေမယ့် ရဟန်းတစ်ပါးဟာ တစ်ကြိမ် မိုက်မိရုံနဲ့ ပြင်မရတဲ့ ပြစ်မှု (ပါရာဇိက)လို့ သတ်မှတ် အများကြီး ဆုံးရှုံးသွားမှာပေါ့။ ဒါကြောင့် ကရုဏာရှင် မြတ် ဗုဒ္ဓက နောင် မိမိကိုယ်ကို ပြုပြင်နိုင်အောင် တိရစ္ဆာန်သတ် လိမ်ညာ သေသောက် ပြစ်မှုတွေကို ပါစိတ်မှာ ထည့်သွင်းတော်မူတာ ဖြစ်ဖွယ် ရှိပါတယ်။
အရိဋ္ဌ
မြတ်ဗုဒ္ဓ လက်ထက်က အရိဋ္ဌ အမည်ရှိ ဝိနည်းမတတ်တဲ့ ဓမ္မကထိက ရဟန်းတစ်ပါး ရှိတယ်။ သူဟောပုံက “ဗုဒ္ဓ ဟောပြီးသလောက် ကျုပ်သိပါတယ်။ လူတွေတောင် သားမယားနဲ့ ကာမဂုဏ် ခံစားပြီး သောတာပန် သကဒါဂါမ်တွေ ဖြစ်နေကြသေးတာ။ နူးညံ့တဲ့ သင်္ကန်း အိပ်ရာကို ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး သုံးစွဲရင် အပြစ်ကင်းသလို မေထုန်ကိုလည်း အလွန်အမင်း သာယာဘဲ ဆင်ခြင်ပြီး မှီဝဲရင် အပြစ်ကင်းရမယ်။ ဒါကြောင့် “မေထုန် မှီဝဲတာကို ပါရာဇိက အာပတ်ထဲ မထည့်သင့်ဘူး (ဝိ ၂။ ၁၇၅)တဲ့။
ဒီကိုယ်တော်က ကိုယ့်ကိုယ်ကို ဘုရားထက်တောင် သိတယ်လို့ ထင်နေပုံပဲ။ အရက် သောက်တာကို ပါရာဇိကမှာ မထည့်လို့ အပြစ်သေးတယ်လို့ ယူဆရင် အဲဒီ အရိဋ္ဌ ရဟန်းနဲ့ တူနေမလား။
ဇူလိုင် ၂၂၊ ၂ဝ၁၇။
ကုလားထိုင်
ရုရှားသမ္မတ မစ္စတာ ပူတင်ဟာ သတင်းထောက်တွေနဲ့ တန်းတူ အရောင်အသွေးတူတဲ့ ကုလားထိုင်မှာ ထိုင်တာ တွေ့ရတယ်။
---
၆၀၁။ နိဗ္ဗာန် ပျင်းစရာလား
ဆရာတော် ဘုရား၊ လူငယ် တစ်ယောက်က “နိဗ္ဗာန်မှာ ဘာမှ မရှိဘူး၊ သူငယ်ချင်းတွေနဲ့ စကားပြောလို့လည်း မရဘူး ဆိုတော့ ပျင်းစရာကြီး ဖြစ်နေမှာမို့ နိဗ္ဗာန်ကို မတော်တဆ ရမယ်ဆိုရင်တောင် မလိုချင်ဘူး၊ နိဗ္ဗာန်ဆိုတာ ဘာလဲ’လို့ မေးတာကို အမေးခံ ဆရာတော်က ဖြေပေမယ့် လူငယ်အနေနဲ့ ဘဝင်ကျ မယ်လို့ မထင်ပါ။ တပည့်တော်လည်း ဘဝင်မကျနိုင်ပါ။ ဆရာတော်၏ အဖြေကို မှတ်သားလိုပါသည် ဘုရား။ အဝေးမှ ဦးတင်လျက်ပါ ဘုရား၊
စည်သူလွင် (ရန်ကုန်)။
---
အခြေခံ
အစိမ်း တစ်ယောက်ကို နိဗ္ဗာန် အကြောင်း နားလည်အောင် ရှင်းပြဖို့ ခက်တယ်။ ဒါကြောင့် အနောက်ဖက်က ဣနိဝါဒီ (Theists = တစ်ဆူတည်း ဖန်းဆင်းရှင်ကို ယုံသူ)တွေက ဗုဒ္ဓဝါဒကို တိုက်ခိုက်တဲ့အခါ “နိဗ္ဗာန် အရှုပ်တော်ပုံ”လို့ သုံးနှုန်းလေ့ ရှိတယ်။ လိုတာကို ရလွယ်တဲ့ သူတို့ ရုပ်လောကမှာ နိဗ္ဗာန်ဆိုတာ ပျင်းစရာကြီးပေါ့။ ရှင်းပြလည်း ‘ကျွဲပါး စောင်းတီး’ဖြစ်နေမှာ။ မထိန်းနိုင်တော့မှ တံတားပေါ်က ခုန်ချ၊ တစ်မိသားစုလုံး သတ်သေ ဆိုတာမျိုးတွေ လုပ်တယ်။
နိဗ္ဗာန်ဘာလဲ ဆိုတာကို ရိပ်မိဖို့ဆိုရင် ကိုယ်တိုင် လက်တွေ့ကျင့် ‘စရဏ’၊ ဓမ္မဗဟုသုတ အပြင် ပညာဦးစီးတဲ့ ယုံကြည်မှုတွေ လိုတယ်။ ဥပမာ .. လောကမှာ ဓမ္မကို ကျင့်ကြံပြီး မဂ်ဖိုလ်ကို ရရှိသွားကြတဲ့ ပုဂ္ဂိုလ်ထူးတွေ ရှိတယ်။ ဒီသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ကို သိသွားကြတာပဲ။ ငါလည်း နိဗ္ဗာန်ကို သိချင်ရင် သူတို့လို ကျင့်ကြံရမယ် ဆိုတာမျိုးပေါ့။
ဝဖို့အဓိက
ရယ်စရာပြောရဦးမယ် .. စိတ်ရောဂါကု ဆရာဝန်တစ်ဦး ပြောပုံက နိဗ္ဗာန်လည်း မရချင်ဘူး၊ နတ်ပြည်လည်း မသွားချင်ဘူး၊ လောလောဆယ် ထမင်းဝဖို့ပဲ လိုတယ်တဲ့။ မြန်မာပြည်မှာ နာမည် ကြီးခဲ့တဲ့ ဆရာဝန်ကြီး တစ်ဦးကလည်း ကင်ဆာရောဂါ ကျွမ်းချိန်ကျမှ ဒီတောင်ကို ကျော်နိုင်ခဲ့ရင် ဓမ္မကို ကောင်းကောင်း ကျင့်ကြည့်ချင်တယ်လို့ ဘုန်းကြီးကို ပြောဖူးတယ်။ ဒါကြောင့် တစ်ဘဝလုံး အလုပ်၊ ငွေ၊ စည်းစိမ်တွေနဲ့ချည်း အချိန် မဖြုန်းဘဲ .. အဲဒီ ‘ကျင့်ကြည့်ချင်တယ်” ဆိုတဲ့ အတွေးမျိုး ကြိုပြီး ရှိနိုင်ကြရင် မကောင်းဘူးလား။
မသိလို့
လူငယ်တစ်ဦး သူ့မိခင်အား တစ်နှစ်ကို လူခြောက်သန်းမက လာကြည့်တဲ့ အရီဇိုးနားက မဟာချောက် (Grand Canyon)ကို သွားပြတော့ သူ့မိခင်က “ဒီချောက်ကိုများ တကူးတက လာပရတယ်လို့”တဲ့။ တိပိဋကအောင် ဆရာတော် တစ်ပါးကလည်း ချောက်ကြီးကို ခပ်လှမ်းလှမ်းက တစ်ချက်ကြည့်ပြီး “တော်ပါပြီ၊ ပြန်စို့”တဲ့။ မြို့ထဲက မိုးမျှော် တိုက်ကြီးတွေလောက် သူ စိတ်မဝင်စား။ ဒီချောက်ကြီး အကြောင်း သူ ဘာမှ မသိ။
ဒုက္ခသင်တန်း
ဗုဒ္ဓဝါဒီ မဟုတ်တဲ့ ပရိဗိုဇ်တွေက ရဟန်းတွေကို “အရှင်ဘုရားတို့ ဘာအတွက် ရဟန်း ဂေါတမဆီမှာ တပည့် ခံနေကြသလဲ’လို့ မေးတော့ ရဟန်းတွေက “ဒုက္ခကို ပိုင်းခြား၍ ပိုင်နိုင်စွာ သိနိုင်ဖို့ပါ (သံ၊၂၊၂၇၇)’လို့ ဖြေကြတယ်။ ခေတ်စကားနဲ့ ပြောရင် ဗုဒ္ဓထံမှာ “ဒုက္ခကို သိမြင် နားလည်အောင် ဒုက္ခသင်တန်းတက်နေကြတယ်”ပေါ့။ ရာဓ ရဟန်းမေး “ဒုက္ခဆိုတာ ဘာပါလဲ ဘုရား”။ မြတ်ဗုဒ္ဓဖြေ “ဒုက္ခဆိုတာ (အစုငါးမျိုး ရှိတဲ့) သင့်ခန္ဓာ ပါပဲ (သံ၊၂၊၁၆ဝ)။ ‘ဒုက္ခသည်သာ ဖြစ်ပေါ်၏။ ဒုက္ခသည်သာ တည်၏။ ဒုက္ခသည်သာ ချုပ်ပျောက်၏ (သံ၊၁၊၁၃၆)။ ဒီတော့ သင့်ခန္ဓာဆိုတဲ့ ဒုက္ခကို တွေ့ကြုံသိ အနေနဲ့ သိမြင်အောင် လုပ်ဖို့ အရေးကြီးကြောင်း နားလည်နိုင်တယ်။
ဒီစာတွေအရ ပရမတ္ထသစ္စာ (truth of ultimate reality) လူနတ်ဗြဟ္မာ သတ္တဝါ မရှိ။ ဒုက္ခသာ ရှိတယ်။ ဒီဒုက္ခကို သိရင် သင့်ကိုယ်သင် သိတာပဲ။
ဒုက္ခကို သိမှ
အဲဒီ သုတ္တန်တွေ ဖော်ပြချက်နဲ့ အတွေ့အကြုံ သရုပ်ဖော်မှုတွေ အရ ဒုက္ခကို သိဖို့ အရေးကြီးတယ်။ ဒုက္ခကိုသိမှ နိဗ္ဗာန်ကို ရချင်တယ်။ ဒုက္ခကို တစ်ဆယ်သား သိရင် နိဗ္ဗာန်ကို တစ်ဆယ်သား လိုချင်တယ်။ ဒုက္ခကို တစ်ပိဿာသိရင် နိဗ္ဗာန်ကို တစ်ပိဿာ လိုချင်တယ်လို့ မှတ်ပါ။ နိဗ္ဗာန်ကို သိပြီးသူအဖို့ “မြေတစ်ပြင်လုံး စိုးပိုင်တဲ့ ဧကရာဇ်မင်း ဖြစ်ရတာထက် သောတာပတ္တိမဂ်က ပိုမြတ်တယ် (ဓမ္မပဒ၊ ၁ရ၈-ဂါထာ)’လို့ ဆိုမှာပဲ။
အဖြေ
ဘုန်းကြီးတောင် မထုတ်ဝေရသေးတဲ့ ရေးပြီး စာမူတွေကို တွယ်တာပြီး နိဗ္ဗာန်ကို သွားဖို့ နောက်ဆံ တင်းသေးပဲ။ နုနယ်တဲ့ လူငယ် တစ်ယောက် အဖို့ နိဗ္ဗာန်ကို ပျင်းစရာလို့ ထင်ခွင့်ရှိပါတယ်။ “ပရိယတ္တိနဲ့ ပြည့်စုံတော်မူကြတဲ့ ဆရာတော်တွေရဲ့ တရားနဲ့ စာတွေကို ကြိုးစားပြီး မကြာမကြာ နာယူဖတ်ရှု လေ့လာပါလို့တော့ ဆိုပါရစေ။ ဖတ်ရှု လေ့လာဖန်များရင် တဖြည်းဖြည်း ဓမ္မအရည်အသွေး တက်လာပြီး နိဗ္ဗာန် အဓိပ္ပာယ်ကို နားလည်လာပါလိမ့်မယ်။
ကိုယ့်မှာ ဒီလို တရားနာနိုင် စာဖတ်နိုင်တဲ့ အခွင့်အရေးမျိုး ရှိနေတာကိုက များစွာ ကံကောင်းပါတယ်။ အင်း.. ဒါပေမယ့် “ငမေးခွန်းကို ဘယ်ဘုန်းကြီးမှ မဖြေနိုင်ဘူး”လို့တော့ အတွေးမှား မဝင်မိပါစေနဲ့။ ထင်နေရင် ဒီအတွေးမှားဟာ အဖြေမှန်ကို သိဖို့ ခလုတ် ဆူးငြောင့် ဖြစ်နေပါလိမ့်မယ်။ “နိဗ္ဗာန်ဆိုတာ ဘာလဲ’အတွက် မေးခွန်း အမှတ်-၁၈၈ (ပေါင်းချုပ်၊ စာ-၆၄၁)ကို ဖတ်ဖို့လည်း အကြံပြုပါတယ်။
ဇူလိုင် ၂၃၊ ၂ဝ၁၇။
---
၆၀၂။ နိဗ္ဗာန်ဆိုတာ ဘာလဲ
ဘုန်းဘုန်း .. ဒုက္ခကို သိမှ နိဗ္ဗာန်ကို လိုချင်တယ် ဆိုတာကို တော့ နားလည်ပါပြီ။ နိဗ္ဗာန်ဆိုတာ ဘာလဲ ဆိုတာကို ဖြေပေး စေချင်ပါသည် ဘုန်းဘုန်း။
ပပစိုး
---
ခက်ပုံက
နိဗ္ဗာန်ဆိုတာ စိတ်ကို ဝိပဿနာနည်းနဲ့ အဆင့်မြင့် လေ့ကျင့်အားထုတ်မှုရဲ့ နောက်ဆုံး ရလဒ် ဖြစ်ပါတယ်။ အဲဒီ ရလဒ် မရှိဖူးတဲ့ သူလို ကိုယ်လို တစ်ဦးက ဘာမှ မသိသေးသူ တစ်ဦးကို ရှင်းပြရင် မျက်မမြင် အချင်းချင်း မျက်ရည်ဆိုတာ ဘယ်လိုပါလို့ ရှင်းပြနေကြသလို ဖြစ်မှာ။ အားကောင်းတဲ့ သမာဓိရဲ့ ငြိမ်သက်မှုကို ရှင်းပြဖို့တောင် မလွယ်ဘူး။ မဂ်ဖိုလ် အဆင့်ကို ရောက်သွားတဲ့ စိတ်ရဲ့ တည်ငြိမ်မှုဆို ဒီ့ထက် ပိုခက်မယ်။ လျှပ်စစ်ကျဉ်စက်နဲ့ တို့ခံရတဲ့ အပြင်ရုပ်ရဲ့ နာကျင်မှုကိုပင် ကိုယ်တိုင် မခံစားဖူးသူကို ရှင်းပြဖို့ လွယ်ရဲ့လား။
လောကမှာ နိဗ္ဗာန်ကို သိမြင်ပြီး ဖြစ်ကြတဲ့ အမှန်ကိုသာ ဆိုတတ်တဲ့ အရိယာ ပုဂ္ဂိုလ်ထူးတွေ ရှိလို့ ဗုဒ္ဓရဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ကို ယုံကြည်ကြတဲ့ အရှေ့အနောက်က လေ့လာအားထုတ်ထားကြတဲ့ ဗုဒ္ဓဝါဒီတွေဟာ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားကို သိနိုင်ကြပါတယ်။
ကျမ်းဆိုမျှ
ပါဠိတော် အဆို တစ်ခုကို အမြွက်မျှ ထုတ်ပြရရင် “နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ပဲ သိနိုင်တယ်၊ ပကတိ မျက်စိနဲ့ မမြင်နိုင်ဘူး။ စိတ် စေတသိက်တွေလို ဖြစ်တည်ပျက် သဘော မရှိ။ ဓာတ်ကြီး လေးပါးရဲ့ အထောက်အပံ့မရှိ။ အရှည် အတို အထူ အပါး ကောင်းဆိုးသဘော မရှိ။ စုတိဝိညာဉ် ချုပ်တဲ့အခါ နိဗ္ဗာန်ရဲ့ အရှိန်ကြောင့် ရုပ်နာမ် အသစ် မဖြစ်တော့ဘဲ မီးငြိမ်းသလို ငြိမ်းသွားတဲ့အတွက် နောက်ထပ် ခေါ်ဝေါ်စရာ ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့ မကျန်တော့ပေမယ့် အငြိမ်း(သန္တိ) သတ္တိကတော့ ကျန်ခဲ့တယ်။ အဲဒီ သတ္တိဟာ နိဗ္ဗာန်ပဲ (ဒီ၊၁၊၂၃၁။ ဒီ၊ဋ္ဌ၊၁၊၃၂၅)။
ဘာကြောင့်
ဒီစာပိုဒ်တိုလေးမှာပဲ ကြည့် ... “မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ စိတ် စေတသိက်၊ ဓာတ်ကြီးလေးပါး၊ စုတိဝိညာဉ်၊ သန္တိသတ္တိ” ဆိုတာတွေရဲ့ အဓိပ္ပာယ်ကို ထပ်ဆင့် နားလည်ဖို့ လိုပြန်တယ်။ ရှင်းပြသူမှာ ရှင်းပြနိုင်တဲ့ အရည်အချင်း ရှိရင်တောင် နားထောင်သူမှာလည်း အခံရှိဦးမှ။ နိဗ္ဗာန်အကြောင်း လယ်တီ မဟာစည် စတဲ့ ဆရာတော်ကြီးတွေ ဟောထား ရေးထားတာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကို ရှင်းမပြလို့ မိဘ ဆရာသမားမှာ တာဝန် မကျေဘူးလို့တော့ မဆိုနိုင်ပါဘူး။ ကိုယ်တို့ မှာ ရှင်းပြတာကို နားထောင်နိုင်တဲ့ စွမ်းရည်ရှိအောင် အရင် လုပ်ရမှာ။ ဒီအတွက် များများ ရှာဖွေ ဖတ်ရှု လေ့လာပါ။
ပရမတ်မျှ
စိတ် စေတသိက် ရုပ်တို့ရဲ့ သဘာဝဟာ Time and Space အရ ဘယ်တော့မှ မပြောင်းလဲတဲ့ နိယာမ ဖြစ်လို့ ဒီတရား သုံးမျိုးကို ပရမတ်လို့ ခေါ်တယ် (ဟော ... ဝေါဟာရသစ် တစ်ခု)။ အဲဒီ ရုပ် နဲ့နာမ် ပရမတ်တွေထဲမှာ နိဗ္ဗာန် မပါဘူး။ နိဗ္ဗာန်က သန္တိ ဘာဝရှိတဲ့ သီးခြား ပရမတ်တစ်မျိုး။ အဘိဓမ္မာ ပါဠိတော်လာ “ကိုယ်ခန္ဓာ ပြင်ပရှိ တရားများ’အရမှာ နိဗ္ဗာန် ပါဝင်လို့ နိဗ္ဗာန်ဟာ ခန္ဓာကိုယ်ထဲမှာ အနှစ်အမတေ အနေနဲ့ ရှိမနေဘူး။
ပုဂ္ဂိုလ်မရှိ
“နိဗ္ဗာန် ရှိသောကြောင့် နိဗ္ဗာန်ကို ခံစားနေသော ပုဂ္ဂိုလ်ကို ရှိသလောဟု (ဝါဒ မတူသူတို့က) မေးသော် မရှိဟု ဖြေပါ၏ (ကထာ ဝတ္ထု၊ စာ-၄၆)”။ အဓိပ္ပာယ်က နိဗ္ဗာန်သက်သက်ပဲ ရှိတယ်။ နိဗ္ဗာန်ကို ခံစားနေတဲ့ ပုဂ္ဂိုလ်ထူး ရုပ်ထူး မရှိဘူး။
ဘယ်လိုသိ
မိလိန္ဒမင်း အမေးကို အရှင်နာဂသေနဖြေ...ရှုမှတ်မှု အဆင့်ဆင့် နှလုံးသွင်း (ရှုသိ)လျက် ဝိပဿနာကို ကြိုးစား အားထုတ်နေသူ၏ ထို(ရှုသိနေသော) စိတ်သည် (အစဉ်မပြတ် ရှုသိနေစဉ် မှာပင်) မပြတ် ဖြစ်နေသော ရုပ်နာမ်အလျဉ်ကို ကျော်လွန်၍ ထိုရုပ်နာမ်အလျဉ် ပြတ်စဲပြီး ချုပ်ငြိမ်းခြင်းသို့ ရောက်သွား၏။
မြင်ရုံမျှ ကြားရုံမျှ စသည် ဖြစ်အောင် မမေ့မလျော့ မပြတ် ရှုသိလျက် မှန်ကန်စွာ ကျင့်ခဲ့သည် ဖြစ်၍ မပြတ် ဖြစ်နေသော ရုပ်နာမ်အလျဉ် ပြတ်စဲ ချုပ်ငြိမ်းခြင်း သဘောသို့ (မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အသိဉာဏ်ထူးဖြင့်) ဆိုက်ရောက်သွားသော ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ဖြစ်၏ (မိလိန္ဒ၊၃၁၁)။ ပါရမီရှင် ခန္ဓာရှိသရွေ့ လှုပ်ရှားနေရဦးမယ့် ဘဝအမောတွေကို ခေတ္တ ခဏ ရပ်နားပြီး ရိပ်သာတစ်ခုကို တစ်လကြာစီ သုံးခါလောက် ဝင်ကြည့်ရင် သင်ဟာ ပါရမီရှိသူ ဖြစ်နိုင်လို့ အနိမ့်ဆုံးအဆင့် သမာဓိရဲ့ ငြိမ်သက်မှု သုခကို တွေ့ကြုံ သိရှိသွားပါလိမ့်မယ်။
ဇူလိုင် ၂၅၊ ၂၀၁၇။
---
၆၀၃။ နေ့စဉ်ဘဝ အာနာပါန
ဆရာတော် ဘုရား၊ တစ်နေ့ကို နာရီဝက် အာနာပါနကို ကြိုးစား အားထုတ်ပါသည်။ သုညအဆင့်ပါ ဘုရား။ တပည့်တော် သိချင်တာက တရား အားမထုတ်တဲ့ ကျန်တဲ့ ၂၃-နာရီခွဲ အတွင်းမှာ စိတ်ထဲ ဖြစ်လာလေ့ ရှိတဲ့ ရာဂစိတ်၊ လွမ်းတဲ့စိတ်၊ ဒေါသစိတ်၊ နောင်တရတဲ့ စိတ်၊ ဝမ်းနည်းတဲ့ စိတ် စတဲ့ မကောင်းတဲ့ စိတ်တွေကို ဘယ်လို ဖယ်ရှား သို့မဟုတ် အားနည်းအောင် လုပ်နိုင်ပါမည်လဲ ဘုရား။ အာနာပါန ကျင့်စဉ်ကို နေ့စဉ်ဘဝမှာ ဘယ်လို အကျိုးရှိစွာ အသုံးချနိုင်ပါမည်လဲ ဘုရား။ ရိုသေစွာ ဦးခိုက် ကန်တော့ပါသည် ဘုရား။
ဖိုးဇော် (နတ်မြို့)
---
ဖြည်းဖြည်း
အာနာပါနကို နေ့စဉ်ဘဝမှာ လက်နက်လို လိုအပ်မှ ဆွဲထုတ်ပြီး အသုံးချဖို့ ဆိုတာ သာမန် ပွားများသူ တစ်ယောက်အဖို့ ခက်တယ်။ လင်မယား ရန်ဖြစ်တုန်း စိတ်ကို နှာသီးဝသို့ ပြောင်းကြည့်၊ ရတန်သလောက် ရနိုင်ပေမယ့် အကြိမ်တိုင်း အောင်မြင်ဖို့ မလွယ်နိုင်ဘူး။ အိမ်ထောင်သည်ဘဝ မိသားစုနဲ့ နေတာပဲ။ ၂၄-နာရီ ရာဂ ဒေါသ စိတ်တွေနဲ့ နေနေရမှာပေါ့။ ဒါ သဘာဝပဲ။ ဒါပေမယ့် ကိုယ့်အနေနဲ့ အနည်းဆုံး စိတ်ကို မိနစ် ၃၀ ထိန်းနိုင်လို့ ကုသိုလ်စိတ်တွေ ဖြစ်တယ်လေ။ ဒါအမြတ်ပဲ။ မိနစ် ၃၀ တွေ များလာရင် ရက်၊ လ၊ နှစ်တွေ ဖြစ်လာမှာ။
ပွားများတဲ့အခါ “သုည အဆင့်ကို လွန်စေရမယ်’ ဆိုတဲ့ စိတ်နဲ့ အားကြိုး မာန်တက် လုပ်ပါ။ ရက်လရှည်ကြာစွာ လုပ်ပါများရင် အပြောအဆို အမူအယာထူးခြားလာတာကို ဘေးလူ ပိုသိနိုင်တယ်။
စရိုက် ၆-မျိုး
‘အာနာပါန”ကို အခြေခံ ပွားများရာကနေ မိနစ် ၃ဝ လောက် စိတ်မပျံ့အောင် ထားနိုင်ရင် ရံခါ မိမိစရိုက်နဲ့ ကိုက်ညီနိုင်တဲ့ အခြား သမထ ကမ္မဋ္ဌာန်းကို ရွေးပြီးတော့လည်း ပွားများနိုင်တယ်။ မြတ်စွာဘုရားတောင် လူတွေရဲ့ စရိုက်ကို ကြည့်ပြီးမှ ကမ္မဋ္ဌာန်း ပေးတော်မူတာ။
လူတွေမှာ အချို့ ရာဂစိတ် များတယ်။ အချို့ လွမ်းစိတ် နောင်တစိတ် ဝမ်းနည်းစိတ်ဆိုတဲ့ ဒေါသများ၊ အချို့ ခပ်မိုက်မိုက် လုပ်ပစ်ချင်စိတ် မောဟများ၊ အချို့ ကြံတွေးနေရတာကို ကြိုက်၊ အချို့ အသိပညာ လေ့လာမှုကို နှစ်သက်၊ အချို့ ရက်ရော့ ကြည်ညို သဒ္ဓါကောင်း .. လို့ စရိုက် ၆မျိုး ရှိတယ်။ အဲဒီ စရိုက် အလိုက် မိမိ နှစ်သက်ရာ ကမ္မဋ္ဌာန်းကို ရွေးပြီး အားထုတ်နိုင်တယ်။
စရိုက်နဲ့ ကမ္မဋ္ဌာန်း
ရာဂစိတ်ကို ထိန်းဖို့ ၃၂-ကောဋ္ဌာသကို ပွားရတယ် “ကေသာ၊ ဆံပင်။ လောမာ၊ အမွေး။ နခါ၊ ခြေသည်း လက်သည်း။ ဒန္တာ၊ သွား။ တစော၊ အရေပါး’လို့ ငါးမျိုးလောက် ပွားကြည့်။ အာနာပါန လုပ်သလိုပဲ တင်ပလ္လင်ခွေထိုင်၊ မျက်လုံးမှိတ်၊ “ကေသာ၊ ဆံပင်’လို့ ဆိုဆဲ ခေါင်းက ဆံပင်မှာ စိတ်ကိုထား၊ စိတ်မျက်စိနဲ့ မြင်အောင်ကြည့်။ ပြီး “လောမာ၊ အမွေး’လို့ အဲဒီ အတိုင်း ဆက်သွား။ ဒီငါးမျိုး ထပ်ခါ ထပ်ခါပွား။
ဒေါသကို ထိန်းဖို့ မေတ္တာကို ပွားရတယ် ‘သဗ္ဗေ သတ္တာ၊ သတ္တဝါအားလုံး။ အဝေရာ ဟောန္တု၊ ရန်သူ ကင်းကြပါစေ။ သဗ္ဗေ သတ္တာ၊ သတ္တဝါအားလုံး။ အဗျာပဇ္ဇာ ဟောန္တု၊ စိတ်ဆိုး ဒေါသ ကင်းကြပါစေ။ သဗ္ဗေ သတ္တာ၊ သတ္တဝါအားလုံး။ အနီဃာ ဟောန္တု၊ နှိပ်စက်ခံရခြင်း ကင်းကြပါစေ။ သဗ္ဗေ သတ္တာ၊ သတ္တဝါအားလုံး။ သုခီ အတ္တာနံ ပရိဟရန္တု၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ”လို့ ပွား။
‘သဗ္ဗေ သတ္တာ၊ သတ္တဝါအားလုံး”လို့ စိတ်နဲ့ ဆိုဆဲ အရပ် ဆယ်မျက်နှာ ကုန်းနေ ရေနေလေနေ သတ္တဝါတွေကို အကြမ်းဖျင်း စိတ်မျက်စိမှာ ထင်အောင် ကြိုးစားပြီး ကြည့်။ ပြီးမှ “အဝေရာ ဟောန္တု၊ ရန်သူကင်းကြပါစေ”လို့ စိတ်နဲ့ဆိုဆဲ စကားလုံးမျှ မဟုတ်ဘဲ တကယ် နှလုံးသားကလာတဲ့ ဆန္ဒ ဖြစ်အောင် စိတ်ကို ထုံထား။ ပြီး ရှေ့ဆက် ‘သဗ္ဗေ သတ္တာ၊ သတ္တဝါအားလုံး’ ... ဆို၊ ကြည့်၊ ‘အဗျာပဇ္ဇာ ဟောန္တု၊ စိတ်ဆိုးဒေါသ ကင်းကြပါစေ’စိတ်ကို ထုံထား။ အဲဒီ အတိုင်း ၄-မျိုးလုံး ဆက်လုပ်။ ထပ်ခါထပ်ခါ လုပ်။
“ဖြစ်ချင်ရာဖြစ် ခပ်မိုက်မိုက် လုပ်ပစ်ချင်တာ၊ အတွေးများတာ’တွေကို ထိန်းဖို့ အာနာပါနကို ပွားရတယ်။ သဒ္ဓါ အားကောင်းရင်တော့ ဂုဏ်တော်တွေ ပွားသင့်တာပဲ။ “အရဟံ၊ ဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား”လို့ စိတ်နဲ့ဆိုဆဲ မိမိကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်ကို စိတ်နဲ့ ကြည့်၊ ဒါမျိုး အချိန်မစေ့သရွေ့ ထပ်ခါ ထပ်ခါ စိတ်နဲ့ဆို၊ စိတ်နဲ့ ကြည့်။
အချိန်ခွဲ
အခု အိမ်မှာ တစ်နေ့ကို မိနစ် ၃၀-လောက်စီ အာနာပါနကို လုပ်ဖြစ်လို့၊ အာနာပါန မလုပ်ခင်မှာ ကျန် ၅-မျိုးထဲက ကိုယ့်စရိုက်နဲ့ ကိုက်ညီမယ့် ဘာဝနာ တစ်ခုကို ရွေးပြီး ၁၅-မိနစ်လောက် အရင် ပွားကြည့်။ ပြီးမှ အာနာပါနကို ပွား။ အလုပ်မှာ အလုပ်နားချိန်၊ စားသောက်ချိန်တွေမှာ မျက်လုံးကို မှိတ်ပြီး ၅-မိနစ်လောက် အိမ်မှာ လုပ်သလို လုပ်နိုင်အောင် အချိန်ကို ခိုးယူ။ ခိုးယူဆိုတာ ကိုယ်ပိုင် အချိန်ထဲက အခြား ဗာဟိရ ကိစ္စ ကို လျှော့ပစ်တာမျိုး။
အဲဒီ အလေ့အကျင့် အသားကျလာရင် ကျန်တဲ့ ၂၃-နာရီခွဲ အတွင်းမှာ ဖြစ်လာတဲ့ စိတ်ယုတ်တွေကို ကာကွယ်၊ နည်းပါးစေဖို့ အထောက်အပံ့ ပြုပါလိမ့်မယ်။ ဒီလိုနဲ့ နေ့စဉ်ဘဝမှာ ကောင်းကျိုး သက်ရောက်မှုတွေ ရှိလာနိုင်မှာပါ။
ဇူလိုင် ၂၇၊ ၂ဝ၁၇။
၆၀၄။ ကိုရင်ဝတ်နိုင်ခြေ
ကိုရင်ဝတ်တာနဲ့ ပတ်သက်ပြီး မေးခွန်း တစ်ခု မေးလိုပါသည် ဘုရား၊ ကိုရင်ဝတ်နိုင်မဲ့ကျောင်း၊ ကိုရင်ကို သင်ကြားပေးနိုင်တဲ့ ဆရာဘုန်းကြီးက အဓိက ကျပါသလား၊ သို့မဟုတ် ကိုရင်ဝတ် ဖြစ်ဖို့က အဓိက ကျပါသလား၊ ဆရာတော့် အမြင်ကို သိလိုပါ သည်။
ဖိုးဇော် (နတ်မြို့)
---
အလှမ်းဝေး
“ကိုရင်ဝတ်နိုင်မယ့် ကျောင်း”ဆိုလို့ ကိုရင်မဝတ်နိုင်တဲ့ ကျောင်း ရှိသေးလားလို့ မေးစရာပဲပေါ့။ ရှိနိုင်ပါတယ်။ ကိုရင်ဝတ်လိုတဲ့ ကျောင်းက နေရာဒေသ သိပ်ဝေးလွန်းနေရင်၊ အနီးမှာရှိတဲ့ ကျောင်းကလည်း အကြောင်း အမျိုးမျိုး (ဥပမာ ကိုယ်နဲ့ မနီး စပ် သို့မဟုတ် မိသားစုအနေနဲ့ အာရုံမကျ သို့မဟုတ် ကိုရင် ဝတ်မယ့် ကလေးတွေ မလုံခြုံ ..စသည်)ကြောင့် ကိုရင် မဝတ်နိုင်တဲ့ကျောင်း ဆိုတာမျိုး ရှိနိုင်ပါတယ်။
အဓိကကျ
ကိုရင် ဝတ်ပေးနိုင်တဲ့ ဘုန်းကြီး အဓိက ကျတာပေါ့။ ကိုရင် ဝတ်တယ် ဆိုတာ ကိုယ်ပေါ်မှာ သင်္ကန်းကို ပတ်ရုံ စည်းရုံမျှ မဟုတ်ဘူး။ ကိုရင်အနေနဲ့ ရခဲလှတဲ့ မြတ်ဗုဒ္ဓသာသနာနဲ့ ထိတွေ့မှု နွေးထွေးပြီး ၎င်းတို့ရဲ့ နှလုံး သားအပေါ် သက်ရောက်မှု စပ်ရှိမ်းရှိမ်း ဖြစ်သွားဖို့ အရေးကြီးတယ်။ အဓိပ္ပာယ်က ပျော် လည်း ပျော်ရမယ်၊ ဗုဒ္ဓအဆုံးအမကိုလည်း ရာသက်ပန် အမှတ် ရသွားစေမယ့် အသိအလိမ္မာမျိုး ရှိလာစေရမယ်ပေါ့။ ဒီလို လုပ်ပေးဖို့ လွယ်ရဲ့လား။ ဒါကြောင့် လုပ်ပေးနိုင်တဲ့ ဆရာဘုန်းကြီး အဓိကကျတာပေါ့။
အဓိကပဲ
ကိုဝတ်ဖြစ်ဖို့လည်း အဓိက ကျတာပဲ။ အလှမ်းမဝေး၊ ဆရာ ဘုန်းကြီး ရှိပေမယ့် “နတ်မြို့ သား ကလေးတစ်ယောက် အနေနဲ့ ခေါင်းတုံး မတိုးချင်ပါဘူးလို့ အကျောက်အကန် ငြင်းနေရင် “သူ့ အခွင့်အရေး’ ဖြစ်လို့ မိဘတို့က အတင်းအကျပ် လုပ်ပေး လို့မှ မဖြစ်ဘဲ။ ဒါကြောင့် ကိုရင် ဝတ်ချင်အောင် မိဘ ဘိုးဘွားတွေက ကလေးကို ကြိုပြီး နားချထားရမယ်။ ငယ်စဉ်မှာ ဆီ ပင်ရှည်နဲ့ ဂိုက်ဖမ်းနေတာကို မိဘတွေက ခပ်ပေါ့ပေါ့ လုပ်ထား ရင် “ကိုရင် မဝတ်ဖြစ်ဘူး”ဆိုတာမျိုး ရှိနိုင်တယ်။
အဖြေ
စဉ်းစားပြပြီးပြီ။ အလှမ်းဝေးပေမယ့် ရောက်အောင် သွား၊ အ ခြေအနေကောင်းရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီးကို ရွေး၊ ဝတ်ဖြစ်အောင် ကြိုးစားရမယ်။ အင်း .. အဲဒီ သုံးမျိုးထဲက တစ် ခုခု လျှော့ရင် မရဘူးလား ဆိုတော့ .. အလှမ်းဝေး အခြေအနေ ကို ဖန်တီးယူလို့ ရဖွယ်ရှိတယ်။ ကျန်နှစ်ချက်ကိုတော့ လျှော့မရနိုင်တော့ဘူးလို့ ထင်မြင်ကြောင်းပါ။ အောင်မြင်ပါစေ ..
ဩဂုတ် ၁၉၊ ၂၀၁၇။
---
၆၀၅။ သက်ရှည်ကမ္မဋ္ဌာန်း
အရှင်ဘုရား၊ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ ဟောစဉ်တရား တစ်ခုမှာ သက်တမ်း တိုတာ ရောဂါများတာတွေဟာ ဣဿာ မစ္ဆရိယကြောင့် ဖြစ်ကြောင်း သိကြားမင်းက ဘုရားကို ဟောတယ်လို့ ဖတ်ထားဖူးပါတယ် ဘုရား။ ကျန်းမာ သက်ရှည်ဖို့ တွက် ဣဿာနှင့် မစ္ဆရိယကို ပယ်ရန် မည်သည့် ကမ္မဋ္ဌာန်းကို စီဖြန်းရပါမည်လဲ ဘုရား။ ဆရာတော် ကျန်းမာပါစေ။
ဒေါ်တင်ရီ (Daly City, CA)
ပြင်မှတ်
“သတ္တဝါတွေဟာ ရန်ငြိုးမဲ့ ဒဏ်မဲ့ စိတ်ဆင်းရဲမဲ့ စိတ်ဆိုး ဒေါသ မဲ့တဲ့ ဘဝနဲ့ နေပါရစေလို့ တောင့်တကြပေမယ့် ရန်ငြိုးရှိ ဒဏ် ရှိ စိတ်ဆင်းရဲရှိ စိတ်ဆိုးဒေါသရှိတဲ့ ဘဝနဲ့ပဲ နေထိုင်ရတာ ဘယ်အနှောင် အဖွဲ့ကြောင့်ပါလဲ’လို့ သိကြားမင်းက မေးတဲ့အခါ မြတ်စွာဘုရားက ဣဿာ မစ္ဆရိယ အနှောင်အဖွဲ့ကြောင့် ဖြစ်ကြောင်း ဖြေကြားပါတယ်။ ဒီသက္ကပဥှသုတ်မှာ အသက်တို ရောဂါများတာ ဣဿာ မစ္ဆရိယကြောင့်လို့ မဆိုပါဘူး။ ကျမ်း ထွက် အဆိုကို အထက်ပါအတိုင်း အဓိပ္ပာယ် ပြင်မှတ်ပါ။
ဒေါသ
ဣဿာနဲ့ သူတစ်ပါးရဲ့ စည်းစိမ်ကို မနာလို ဖြစ်တော့ နှလုံး မသာယာဘူး။ မစ္ဆရိယနဲ့ မိမိရဲ့ စည်းစိမ် သူတစ်ပါးနဲ့ ဆက်ဆံမည်ကို သည်းမခံနိုင်တော့ ပူပန်ရတယ်။ “နှလုံးမသာ၊ ပူပန်’ဆိုတာတွေဟာ ဒေါသစိတ်ပါပဲ။ ဒါကြောင့် ဣဿာ မစ္ဆရိယကို ပယ်ရန်ဆိုတာ ဒေါသကို ပယ်ရန်ဆိုတာနဲ့ တူတယ်။ ဒါဖြင့် ဒေါသထိန်းတဲ့ အကောင်းဆုံးနည်းဖြစ်တဲ့ ဗြဟ္မဝိဟာရ တရား လေးပါးထဲက မေတ္တာကမ္မဋ္ဌာန်းကို ပွားများသင့်တာပေါ့။ အ ကျိုးကတော့ အထက်ပါ သက္ကပဥသုတ် အတိုင်းပါပဲ။
အသက်ရှည်
ကိုယ်က စောင့်ရှောက်ပြီး နေရင် ကိုယ့်ကို ပြန်စောင့်ရှောက်တဲ့ ဘော်ဒီဂတ်လို အားကိုးရတဲ့ ကိုယ်စောင့်တရား လေးပါးရှိတယ်။ အဲဒီ လေးပါးက “ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘ၊ မရဏဿတိ (သာရတ္ထ၊ဋီ၊၃၊၄၀၂)’။ ဒါကြောင့် အသက်ရှည်ချင် ရင် အဲဒီ လေးမျိုးကို ပွားများပါ။ ဒီတရားလေးပါး ပွားများပုံကို မေးခွန်း အမှတ် ၅၃၆ (ပေါင်းချုပ် ၄၊ စာ-၁၉၂၉)မှာ ရှင်းပြထားပြီး ဖြစ်လို့ ရှာဖွေလေ့လာရုံပါပဲ။
အမှန်တော့ ဘာဝနာတစ်ခုကို နေ့စဉ် ပွားများနေရင် စိတ်ကြည်လင် လန်းဆန်းတာပဲ။ စိတ်ကြည်နေရင် ရုပ် ကြည်လင်ပြီး ကိုယ်ခန္ဓာ ကျန်းမာတယ်။ ကျန်းမာရင် အသက်လည်း ရှည်မှာပေါ့။ ဒ
ဩဂုတ် ၂၀၊ ၂၀၁၇။
---
၆၀၆။ ပုတီးလက်စွဲ လူစဉ်းလဲ
ဆရာတော် ဘုရား၊ လူအချို့သည် ဝါတွင်းသုံးလ တရားစခန်း ဝင်တာ ဘယ်နှစ်ကြိမ် ရှိပြီ တစ်နေ့ကို တရား ဘယ်နှစ်ကြိမ် ထိုင်တယ် စသည်ဖြင့် ဂုဏ်ယူပြီး ပြောပါသည်။ တရားထိုင် တာကို လူသိအောင်လည်း ထုတ်ဖော်လေ့ ရှိပါသည်။ သို့ရာတွင် စိတ်နေ စိတ်ထားနှင့် အပြောအဆို အမူအရာ ပြောင်းလဲ တာကို ထူခြားစွာ မတွေ့ရပါ။ လောဘကြီးသူ ကြီးမြဲ၊ ဒေါသ ကြီးသူလည်း မလျော့ ... ဆိုတော့ တရားထိုင်လို့ အကျိုးရှိပါရဲ့ လား ဘုရား။ ဦးတင်လျက်
အမည် မဖော်လိုသူ
---
မမျှတ
လောကမှာ “ပုတီးလက်စွဲ လူစဉ်းလဲ’တွေ ရှိတတ်ပါတယ်။ ရှိနိုင်ပါတယ်။ လူအထင်ကြီးအောင် ရိပ်သာဝင်သူ၊ ခေါင်းမှာ ကပ်ပါလာတဲ့ ကောက်ရိုးကို ပြန်ပေးပြီး ရွှေဒင်္ဂါးကျမှ ခိုးဝှက်တဲ့ ရ သေ့၊ ပွဲနေ့ ကျမှ ဘုရားရှေ့ တရားထိုင်ပြတဲ့ ဘုန်းကြီး..အဲဒီ လိုတော့ မဖြစ်သင့်ဘူး။ ခေတ်သစ် ယောဂီအချို့ ဓမ္မကို သိဖို့ ထက် အပြိုင် အဆိုင်၊ မိတ်ဆွေရ၊ ရိပ်သာက ထွက်ရင် ကြွား..ဆိုတာမျိုး ရှိနိုင်တယ်။ ဒါမျိုးကို ရည်ရွယ်ပြီး တရားထိုင်လို့ အကျိုး မရှိဘူး ဆိုရင်တော့ ငြင်းဖို့ ခက်မယ်။
ဒါပေမယ့် ... တစ္ဆေကြောက်ရုံ၊ ဗေဒင်ယုံရုံ၊ ဆေးလိပ် မပြတ်ရုံ၊ စိတ်ဆိုးတတ်ရုံနဲ့ ရိပ်သာထွက်တွေ အလကား၊ တရား ထိုင်လို့ အကျိုး မရှိဘူး ဆိုရင်တော့ မမျှတပါဘူး။
မလွယ်
“လောဘကိုထိန်းပါ ဒေါသကိုလျှော့ပါ’လို့ အရပ်ထဲ လွယ်လွယ် ပြောကြပေမယ့် လက်တွေ့ ထိန်းလျှော့ဖို့ မလွယ်ဘူး။ သံသရာ တစ်လျှောက်လုံး ပါလာပြီး သတ္တဝါတွေကို ဒုက္ခ ရောက်စေတဲ့ လက်သည်တွေပဲ။ ဘယ် လွယ်လိမ့်။ သောတာပန် သကဒါဂါမ် အရိယာ အဆင့်ထိ ဒုက္ခပေးနိုင်တဲ့ စိတ်ယုတ်တွေပါ။
ဥပမာ ... ဝိသာခါ ကျောင်းအမကြီး။ စာဆိုအရ နှစ်သက် စရာချည်းပဲ။ ဒါပေမယ့် စီးပွားရေးလည်း လုပ်ရ၊ မြေးလည်း ထိန်းရတဲ့ လောကထဲက ဝိသာခါအဖို့ ချစ်ခင် လေးစားသူ ရှိသ လို “သောတာပန်လည်း ပြောသေး၊ လောဘလည်း ကြီးသေး လို့ သူ့ခေတ်အချိန်က ဝေဖန်သူတွေ မကြိုက်သူတွေ ရှိခဲ့တယ် ဆိုရင် ကြောင်းကျိုး ဆီလျော်ပါတယ်။
မီးပုံကြီး
ငယ်ငယ်က တောရွာက အပျော်တမ်း ဆိုင်းဝိုင်းမှာ ညအချိန် ကြေးဝိုင်းထဲက ကြေးမောင်းကို ကြယ်ရောင်နဲ့ မလွဲအောင် တီး နိုင်တာကို အံ့ဩဖူးတယ်။ ဒါပေမယ့် တစ်ပတ်လောက် မတီးဘဲ နေရင် ဒီလူ လက်မသွက်တော့ဘူး။ ‘တရားထိုင်တယ်”ဆိုတာ အဲဒီလို မပြတ်မလပ် လုပ်နေရတာမျိုး။ အရိယမဂ်ကို မရသရွေ့ သတိလက်လွတ် ဖြစ်နေမှာ။ လောက လူ့ဘောင်ဆိုတာ လောဘ ဒေါသ မီးတောက် မီးလျှံတွေ စုပုံနေတာပါ။ ဒါကြောင့် ဝါတွင်း သုံးလကြာ တရားထိုင်ပြီး ရိပ်သာက ထွက်တော့ ရိုက် ခတ်မှုတွေနဲ့ ကြုံတဲ့အခါ မီးဆိုတာ သဘာဝအရ ထိရင် ပူမှာပဲ။ ပုထုဇဉ် ဘယ်သူ ခံနိုင်ရိုးရှိပါ့။
ဓမ္မပါပဲ
ဒါကြောင့် စိတ်မထိန်းနိုင်တဲ့ ရိပ်သာထွက်ကို ကြည့်ပြီး ဓမ္မဂုဏ်ရည်ကို မေးခွန်း မထုတ်ပါနဲ့။ ဓမ္မကို ကျင့်သုံးသူဟာ “သန္ဒိဋ္ဌိကော = လက်တွေ့ အကျိုးရှိတယ်”လို့ ရှင်တော် ဗုဒ္ဓ ဟောတာပဲ။ အနည်းဆုံး ရိပ်သာမှာ နေစဉ်က သူ့ကိုယ်သူ ထိန်းနိုင်ခဲ့တယ်လေ။ မည်သူမဆို ဓမ္မနဲ့ နီးစပ်ပြီ ဆိုတာနဲ့ ယခင်က အကျင့်ဆိုးတွေ စိတ်ယုတ်တွေကို မဖြစ်မနေ ခုတ်ထွင်ရ တယ်။ ဥပမာ ရိပ်သာဝင်ပြီဆိုတာနဲ့ အနည်းဆုံး ငါးပါးသီလ နဲ့ စရတာကိုပဲ ကြည့်။ “ရိပ်သာထွက်’ကို စိတ်ထားက ထူး မခြားနားပါဘူးလို့ ကိုယ်ကဆိုရင် သူက ကိုယ့်ကို ပြန်ဆိုမှာ ကို နားထောင်ဖို့လည်း လိုမှာပေါ့။
ဩဂုတ် ၂၁၊ ၂၀၁၇။
---
၆၀၇။ ကျေးဇူးတင်ပါတယ်
ဘုန်းကြီး ဘုရား၊ တပည့်တော်ရဲ့ သူငယ်ချင်း ဘုန်းကြီးက အမေရိကကို အလည်ခေါ်မယ် ပြောပြီးမှ မခေါ်ဘဲ ပြန်ရုပ်သိမ်း သွားခဲ့ပါသည်။ အမေရိကမှာ နေတဲ့ ဆရာတော်တွေဟာ မြန် မာပြည်က သူငယ်ချင်း မိတ်ဆွေ ဘုန်းကြီးတွေကို ဘာကြောင့် အမေရိကကို အလည် မခေါ်ချင်ကြပါသလဲ။ အလည်ခေါ်ရမှာ ဝန်လေး ကြပါသလဲ။ ဘဝင်မြင့်သွားကြတာလား ဘုရား။ တ ပည့်တော်က အမေရိကကို လာလည်ရုံ သက်သက်ပါ။ အမေရိ ကမှာ မနေချင်ပါဘူး ဘုရား။ ဆရာအရှင်အား ဦးတင်လျက် ..
မလေးရှားရောက် တပည့် သုဇန (ငပုတော)
---
ယဉ်ကျေးမှု
ပြောချင်နေတာနဲ့ ခွင်တည့်အောင် မေးခွန်းကို နည်းနည်း ပြင်လိုက်တာကို ခွင့်လွှတ်ပါ။ ဦးတင်တာကိုလည်း ကျေးဇူးတင်ပါ တယ်။ အင်း.. ဦးတင်တာကိုတောင် ကျေးဇူးတင်ပါတယ် ဆိုတော့ “ကိုယ့်ဆရာ သိပ် ဘိုဆန်နေပြီ”လို့ ထင်ရင်လည်း ခံရတော့မှာပဲ။ လွန်ခဲ့တဲ့ -နှစ်က လော့ဆိန်းဂျယ်လိစ်မြို့ အကယ်ဒမီ ဆုပေးပွဲမှာ အခမ်းအနားမှူးက စထွက်တာနဲ့ စောင့် ကြည့်နေတဲ့ ပရိသတ်ကို လက်ကို ဝှေ့ရမ်းပြရင်း “Thank you..thank you.. thank you for nothing” လုပ်ဖူးတာကိုလည်း အမှတ်ရတယ်။
ဒါပေမယ့် ဒီဖက်မှာ Thank you .. သိပ် ခေတ်စားတယ်။ ဒါကြောင့် ကလေးတွေကို တစ်ယောက်က တစ်ခုခု လုပ်ပေးရင် မိဘတွေက “Say thank you”လို့ သင်ပေးတာဟာ မြန်မာ မိဘတွေက ရဟန်းသံဃာ တွေ့ရင် ကလေးတွေကို ဦးတော်” လို့ သင်ပေးကြသလိုပါပဲ။
ကြိုက်ပြီ
ဘုန်းကြီးတို့ အရပ်မှာ ထမင်းစားနေတုန်း အိမ်ကို လူလာလည် ရင် ထမင်း ဝင်စားပါဦးလို့ ခေါ်လေ့ မရှိဘူး။ ဒါနဲ့ ပြည်မကို ရောက်စက တစ်ယောက်စာ ထမင်းချိုင့်ကို ဖွင့်ပြီး ဘေးက လူ ကို စားဦးလေလို့ ဖိတ်တာကို ဟန်ဆောင်တာ ဆိုပြီး ကြိုက်နိုင် ဖြစ်ဖူးတယ်။ ပြည်မမှာ အနေကြာတော့ ကိုယ်က ဗိုက်ဆာလို့ စားတဲ့အခါ ဘေးက လူအပေါ် အသိအမှတ်ပြု ကိုယ်ချင်းစာ အားနာတဲ့ သဘောကို ဖော်ပြတာဖြစ်လို့ ဒါဟာ လုပ်သင့်တဲ့ အမူအရာ မရိုင်းတဲ့ ယဉ်ကျေးမှုလို့ ဆယူပြီး ဘုန်းကြီး နှစ်သက်သွားခဲ့တယ်။
ဒီလိုပဲ.. ဒီမှာ ဘဏ်တွေ စာတိုက်တွေကို သွားတဲ့အခါ ကိုယ့်ရှေ့က ထွက်သွားသူက တံခါးကို ဖွင့်ပေးထားတာလေး ကို နောက်လူက ဝမ်းသာတဲ့ အကြည့်နဲ့ thank you လို့ လေးအနက် ပြောတယ်။ တစ်ခါတစ်ရံ I'm appreciated (ကျုပ် သိပ်နှစ်သက်ပါတယ်)တဲ့။ အစကတော့ မလိုအပ်ဘူးလို့ ထင်ခဲ့ တာပဲ။ ဒါပေမယ့် ကိုယ်တိုင် လုပ်ခံရပါ များလာလို့ အခု thank you, appreciated တွေကို ခံစားတတ်နေပြီ။
သူပြောပုံ
ရဟန်းငါးဝါရ (လွန်ခဲ့တဲ့ ၃၃-နှစ်) အချိန်က လပွတ္တာ ကမ်းနား ကျောင်း ဆရာတော်နဲ့ ဆုံစဉ် ဆရာတော်က လန်ဒန်မြို့ကို အ လည်ရောက်ပုံ အကြောင်း ပြောပြဖူးတာကို အမှတ်ရတယ်.. “မိမိမှာ ငယ်သူငယ်ချင်း မြောင်းမြ ဆရာတော် ဦးဉာဏိက (ပျံလွန်) ပင့်ဖိတ်လို့သာ လန်ဒန်မြို့ကြီးကို ရောက်ဖူးခဲ့ရ၊ လန်ဒန် ရောက် သူငယ်ချင်း ဆရာတော်မှာ မြန်မာပြည်မှာလို ခမ်းနားစွာ မနေရ၊ အိပ်ခန်း အိပ်ခန်း သေးသေး ကျဉ်းကျဉ်းမှာ နေရ၊ ပရိသတ် နည်း၊ ဆင်းရဲ ခက်ခဲစွာ သာသနာပြုရ၊ ကြည်ညို လေးစားစရာ ကောင်း၊ သူငယ်ချင်း ဆရာတော်ကို ကျေးဇူးတင် ဂုဏ်ပြုပြီး မှတ်တမ်းတင် ကဗျာရေးစပ်ထား ... စသည်”။
ဆရာတော် ရွတ်ပြတဲ့ “ဟိုက်ပါ့(ခ်)” ခေါင်းစဉ်နဲ့ လေးချိုး ကဗျာထဲက စာသား အချို့တောင် ဘုန်းကြီး မမေ့သေးဘူး လန်ဒန်တဲ့ ရွှေမြို့တော် နတ်ဗိမာန် ဝတိနန်းလိုပ သူငယ်ချင်း ထေရ်နှစ်ဖော်တို့ ဟိုက်ပါ့(ခ်)မှာ တူပျော်ကြတယ် ဦးဉာဏိက မြောင်းမြဆရာတော် ပုဂ္ဂိုလ်ထူး”တဲ့။ အမှန်တော့ မြောင်းမြဆရာ တော် ချီးမွမ်းခန်းပါပဲ။
အတွေးစ
လပွတ္တာ ဆရာတော်ဟာ မြောင်းမြဆရာတော်ကို ကျေးဇူး ပြန်မဆပ်နိုင်ရင်တောင် “ကျေးဇူးတင်ပါတယ်” ဆိုတာလေး တော့ ပြောဖော်ရလို့ သူတော်ကောင်း ပီသတယ်။ သူ့ကြောင့် လန်ဒန်ကို ကိုယ်ရောက်ရတာလေ။ တစ်ခြားနည်းနဲ့ ရောက် တတ်ရောက်နိုင်တယ်ပဲထား၊ အခု ရောက်ရတာ သူ့ကြောင့် ဖြစ်လို့ ယဉ်ကျေးမှုအရ အနည်းဆုံး‘ကျေးဇူး တင်ပါတယ်” လောက်တော့ ဆိုသင့်တာပေါ့။ မပြည့်စုံတာကို မကဲ့ရဲ့တဲ့ အပြင် အဲဒီလို နေနိုင်တာကို ချီးမွမ်းစကား ဆိုနိုင်ပြီး ကိုယ်ချင်းစာ ပေးတယ်။ အတု မယူသင့်ဘူးလား။
ဟုတ်ပါတယ် .. ကိုယ်က ဗမာပြည်မှာ လေးထပ်တိုက် ကျောင်းကြီးနဲ့။ ဒီမှာက တစ်ချို့ ဘုန်းကြီးဆို လူနေ အိမ်ခန်းကို ငှားပြီး ဘုန်းကြီးကျောင်း လုပ်နေရတယ်။ ဘုန်းကြီးမှာဆို မို ဘိုင်းဟုမ်း (ရယ်ဒီမိုက် အိမ်) အစုတ်ကလေး (ရေပူပိုက်က ရေ ပူတော့ အမြဲတမ်း လာပါတယ်)။ ပရိသတ်လည်း နည်းမှနည်း။ အင်း .. မချီးမွမ်းချင်နေ၊ အထင် မစမောဖို့တော့ လိုမယ်။
မလွယ်ဘူး
‘အမေရိကမှာ မနေချင်ပါဘူး”လို့ ဆိုတယ်နော်။ နောက်တစ် ကြိမ် အဲဒီလို ‘မူသံ’ မလွှင့်မိပါစေနဲ့။ ပွင့်ပွင့်ပေါ့။ နေချင်တယ် ဆိုရင်ကော လာနေပါလို့ခေါ်ဖို့ လွယ်မယ် ထင်သလား။ ဘယ်လို ခေါ်ခေါ်၊ ခေါ်လိုက်တာနဲ့ ခေါ်သူက အားလုံးကို တာဝန်ယူရ တယ်။ “တာဝန်ယူ’ဆိုတာ မြန်မာနိုင်ငံမှာလို ပါးစပ်ကပြောရုံ မဟုတ်။ နေထိုင် မကောင်း၊ တစ်ခုခုဖြစ် ... အားလုံးကို ဥပဒေ အရ အချိန် ငွေကြေး လုံးဝ တကယ် တာဝန်ယူရတာမျိုး။
အဖြေ
စဉ်းစားပြပြီးတဲ့နောက် ဖြေကြည့်မယ် .. ပြန်ရုပ်သိမ်းသွားတာ တာဝန်ယူဖို့ ခက်ခဲလို့ ဖြစ်နိုင်တယ် (ဥပမာ ... ဘဏ်စာရင်းမှာ ငွေကြေး မပြည့်စုံ)။ သူငယ်ချင်း မိတ်ဆွေ ဆရာသမားတွေကို မခေါ်ချင်ဘဲ ရှိပါ့မလား။ တာဝန်ယူနိုင်တဲ့အခါ ခေါ်ကြတာ များပါ တယ်။ အင်း... ကိုယ့်ဖက်ကလည်း မြန်မာပြည် ပြန်ရောက်ရင် အနည်းဆုံး ကျေးဇူးတင်ပါတယ် လောက်တော့ ပြောဖို့ မမေ့နဲ့ ပေါ့။ ဟုတ်တယ် .. ဘဝင်မြင့်သွားတာလည်း ရှိနိုင်တယ်။ ပုထု ဇဉ်ပဲ။ ကိုယ်တို့တောင် တိုက်ကျောင်းကြီးနဲ့ဆိုပြီး ဘယ်ရောက် ရောက် ဘဝင် မကျနိုင်ဘူး မဟုတ်လား။
ဩဂုတ် ၂၂၊ ၂၀၁၇။
---
၆၀၈။ ကိုယ်လုပ်တာ ကိုယ်ရ
ဆရာတော် ဘုရား၊ မကြာခင်က ရိပ်သာက ထွက်လာတဲ့ ဓမ္မ မိတ်ဆွေ တစ်ယောက်က ‘ကိုယ်လုပ်တာ ကိုယ်ရမယ်လို့ ယုံ ကြည်ရင် ဒိဋ္ဌိဖြစ်တယ်။ အဲဒီ ဒိဋ္ဌိကပဲ အကနိဋ္ဌ ဗြဟ္မာ့ဘုံ ရောက်နေတာတောင် ဝက်စားကျက်ထဲ ဆွဲချတယ်’လို့ ဆိုပါ တယ်။ တပည့်တော်က ကိုယ် ဘာလုပ်လုပ် အဲဒီ အလုပ်ရဲ့ ကျိုးကို ကိုယ်ပဲ ခံရခံရမယ်လို့ ယုံကြည်မှ အယူမှန်တယ်လို့ နားလည်ပါတယ်။ တပည့်တော် မှန်ပါသလား ဘုရား။
တင်မေရီ
---
ဒီအတိုင်း
“ကမ္မဿကောမှိ၊ ကမ္မဒါယာဒေါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပဋိသရဏော၊ ယံ ကမ္မံ ကရိဿာမိ၊ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမိ’ = (ငါသည်) ကံသာလျှင် မှီခိုကိုးကွယ်ရာ ရှိ၏။ ကောင်းသည်ဖြစ် ဆိုးသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရမည်” ဟု မပြတ် ဆင်ခြင်ရမည် (အံ၊၂၊၆၃)။ ကိုယ် စိုက်ပျိုးသော မျိုးစေ့၏ အသီးနှင့်တူသော အကျိုးကို ရ၏။ ကောင်းမှုကို ပြုသူ ကောင်းကျိုးရ၏။ မကောင်းမှုကို ပြုသူ မကောင်းကျိုးရ၏ (သံ၊၁၊၂၂၉)။ ကောင်းစွာ ပြုခြင်း ဆိုးစွာ ပြုခြင်းတို့၏ ကောင်းကျိုး ဆိုးမွေ ရှိ၏ဟု ယုံကြည်ခြင်းသည် အယူ၏ ပြည့်စုံ ခြင်းဖြစ်ပြီး ယင်းသည် သမ္မာဒိဋ္ဌိ (အယူမှန်) ဖြစ်၏ (အဘိ၊၁၊၂၆၄)။
ဖော်ပြပါ ဟောကြားချက် အားလုံးဟာ “ကိုယ်လုပ်တာ ကိုယ်ရတယ်’လို့ ယုံကြည်ဖို့ မြတ်ဗုဒ္ဓက တိုက်တွန်းတော်မူ တာပဲ။ ဒါကြောင့် “ကိုယ် ဘာလုပ်လုပ် အဲဒီ အလုပ်ရဲ့ အကျိုး ကို ကိုယ်ပဲ ခံရခံရမယ်လို့ ယုံကြည်မှ အယူမှန်တယ်”လို့ နား လည်တာ မှန်တယ်။ အဲဒီ အတိုင်းပဲ ဆက်လက် ယုံကြည်ပါ။
မဆင်းဘူး
“သုဒ္ဓါဝါသေသု ဇာယန္တိ၊ အနာဂါမိကပုဂ္ဂလာ။
(အဘိဓမ္မာဝတာရ၊ ၅၄၁–ဂါထာ)။
အနာဂါမ် ပုဂ္ဂိုလ်တွေ သုဒ္ဓါဝါသ ဘုံမှာ မွေးဖွားကြတယ်။ ဒီ အဆိုအရ သုဒ္ဓါဝါသဘုံမှာ အနာဂါမ် ပုဂ္ဂိုလ်တွေ ရှိပြီး ဒီဘုံမှာ ဆက်တရား အားထုတ်ရင် ရဟန္တာတွေ ရှိနိုင်တယ်။
“ဝေဟပ္ဖလေ အကနိဋ္ဌ၊ ဘဝဂ္ဂေ စ ပတိဋ္ဌိတာ။ န ပုနာညတ္ထ ဇာယန္တိ၊ သဗ္ဗေ အရိယပုဂ္ဂလာ။
(အဘိဓမ္မာဝတာရ၊ ၄၅၂-ဂါထာ)။
ဝေဟပ္ဖိုလ်ဘုံ၊ အကနိဋ္ဌဘုံနဲ့ ဘဝဂ်လို့ခေါ်တဲ့ နေဝသညာ နာသညာယတန ဘုံတွေမှာ ဖြစ်ကြတဲ့ အရိယာပုဂ္ဂိုလ် အားလုံး တစ်ခြားဘုံကို မသွားတော့ဘူး”။
ဒီကျမ်းဆိုတွေအရ အကနိဋ္ဌဗြဟ္မာ့ဘုံမှာ အနာဂါမ်နဲ့ ရဟန္တာတွေသာ ရှိနိုင်တာကြောင့် အဲဒီဘုံကို ရောက်ပြီးရင် ဝက် စားကျက်ကို မဆင်းတော့ဘူးလို့ မှတ်ပါ။
မစင်ကြယ်
ရိပ်သာထွက် ဓမ္မမိတ်ဆွေဟာ အတော် မှားနေသေးတာပဲ။ သူ ထွက်လာတဲ့ ရိပ်သာက သင်ပေးတာ ဆိုရင် အဲဒီရိပ်သာလည်း အယူဝါဒ မစင်ကြယ်လောက်ဘူး။
ဩဂုတ် ၂၂၊ ၂၀၁၇။
---
၆၀၉။ မောင့် ကုသိုလ်
ဘုန်းဘုန်း သက်ရှည် ကျန်းမာ သာသနာပြုနိုင်ပါစေ။ တပည့် တော် မောင်သန်းထိုက် မေးစရာလေးတစ်ခု ရှိလာလို့ပါ ဘုရား။ အဲဒါက ... ဗုဒ္ဓဝါဒ ယဉ်ကျေးမှုကို အခြေခံတဲ့ “မောင့်ကုသိုလ်”သီချင်းရဲ့ အယူအဆပါ။ မိန်းမဆိုတာ လင်ယောက်ျားကို ပြုစုရမယ့်သူ၊ မိန်းမတွေဟာ ယောက်ျားရဲ့ ကုသိုလ်ကံကြောင့် ပေါ်ပေါက် လာရတာ၊ ထားရာနေ စေရာသွားရမယ်။ ယခုဘဝ မှာ ပြုတဲ့ ယောက်ျားရဲ့ ကျေးဇူးတွေဟာ ဘယ်နှစ်ဘဝ ဆပ်ရ မှန်း မသိနိုင်အောင် များပြားတယ်ဆိုတဲ့ ဒီသီချင်းရဲ့ အယူအဆ ဟာ မိန်းမတွေကို နှိမ့်ချ ဖိနှိပ်ရာ ရောက်ပါသလား၊ ဒီနေ့ခေတ် အဘိဓမ္မာစံနဲ့ တိုင်းတာရင် အကြီးအကျယ် အငြင်းပွားဖွယ် ဖြစ် နိုင်ပါသလား ရှင်းပြပေးစေလိုပါသည် ဘုန်းဘုန်း။
သန်းထိုက် (ပါရမီ-ရန်ကုန်)
---
ဘုန်းပစ္စည်း
မဟာသုဒဿနသုတ်မှာ စကြာမင်းရဲ့ ဘုန်းကံကြောင့် ‘စကြာ ဆင် မြင်း ပတ္တမြား မိဖုရား သူဌေး သားကြီး”လို့ ရတနာ ခုနစ် ပါး ပေါ်ပေါက်လာကြောင်း ဆိုတယ် (ဒီ၊၂၊၁၄၃)။ ဗုဒ္ဓလောင်း လျာ မင်းသိဒ္ဓတ်ရဲ့ ဘုန်းကံကြောင့် ဖွားမြင်တာနဲ့ ရွှေအိုးကြီး ၄-လုံး ပေါ်လာပြီး တောထွက်ချိန်မှာ ကွယ်ပျောက် ကုန်တယ် (ဒီ၊ဋ္ဌ၊၁၊၂၅၃)လို့လည်း သိရတယ်။
ဒီကျမ်းဆိုတွေကို အမှန်အတိုင်း နားလည်ဖို့ လိုတယ်။ မှန်က ဒီ“ဘုန်းပစ္စည်းတွေထဲမှာ သက်မဲ့တွေကို သူ့ရဲ့ ဘုန်းကံ ကြောင့် ဖြစ်လာရတယ်လို့ ဆိုခွင့်ရှိပေမယ့် သက်ရှိတွေကျတော့ ဒီလို ဆိုရင် မပြည့်စုံတော့ဘူး။
ဥပမာ ... မိဖုရား သူဌေး သားကြီး ဆိုတာတွေဟာ ဒီ စကြာမင်းနဲ့ ပတ်သက်မှုအတွက် ကုသိုလ်ထူးကို သူ့ဟာသူ လုပ်ခဲ့ရတာမျိုး။ စကြာမင်းက လုပ်ပေးဖို့ မဖြစ်နိုင်ဘူး။ ဘယ် သူမှလည်း လုပ်ပေးလို့ မရဘူး။ ဒါကြောင့် နောက်တစ်မျိုး ပြန် တွေးရင် သူတို့ရဲ့ ဘုန်းကံကြောင့် စကြာမင်း ပေါ်ပေါက်လာရ တယ်လို့ ဆိုခွင့်ရှိတယ်။ ဒါကြောင့် စကြာမင်းကိုလည်း ၎င်းတို့ရဲ့ “ဘုန်းပစ္စည်း”လို့ ဆိုနိုင်တယ်။
လိင်ပြောင်း
“မိန်းမတိုင်း ဆိုသလို .. လင်ယောက်ျားကို ... ယုယုယယ ပြုစု ရမယ့်သူပါဆို ... ကျမတစ်ယောက်မှာတော့ ... မောင့်ကုသိုလ် အလျောက် ... ပေါ်ပေါက်လာခဲ့သကို။ ဒါက အမျိုးသမီး ဆိုဖို့ အတွက် ရည်ညွှန်းထားတဲ့ စာသားပဲလေ။ ဒီစာသားကို ယော- က်ျားလည်း ဆိုနိုင်တာပဲ။ ယောက်ျား ဆိုရင်တော့ စာသားကို လိင်ပြောင်း ရမှာပေါ့ ... “ယောက်ျားတိုင်း ဆိုသလို ... ဇနီး မယားကို .. ယုယုယယ .. ပြုစုရမယ့်သူပါဆို ... ကျနော်တစ် ယောက်မှာတော့ .. မယ့်ကုသိုလ် အလျောက် ပေါ်ပေါက် လာခဲ့သကို”။ အောက်ပါ မေးခွန်းတွေကို ဖြေကြည့် ..
လေ့ကျင့်ခန်း
အောက်ပါ သီချင်း စာပိုဒ်များကို ယောက်ျား သို့မဟုတ် မိန်းမ အဆိုတော် ဆိုနိုင်အောင် လိင်ပြောင်းခဲ့ပါ ..
၁။ မောင့်ကုသိုလ် ဆိုရင်လည်းဆို ...ကျမမှာ မလှတာ လှတာ ပုဗ္ဗေစမို့ - ညိုရင်ညို၊ ဖြူရင်ဖြူ ဆူရင်ဆူ ကြုံရင်ကြုံ နိမ့်နိမ့် မြင့်မြင့် .. ဘာပဲဖြစ်ဖြစ် ရှေးရှေး မောင့်ကုသိုလ်။
၂။ ယခုဘဝမှာ .. ကုသိုလ် ... ကျေးဇူးတွေကို ဘယ်နှစ်ဘဝလောက် ...... ထားလို့ ဆပ်ဖို့လိုသေး ..ပျိုတွေးမရသကို (ပြောင်း ကြည့် ... ‘မောင်တွေးမရသကို”ဆို မကောင်းဘူးလား)။
ဗုဒ္ဓဝါဒ အဆုံးအမမှာ လင်ယောက်ျားတွေကိုပဲ ဇနီးမယား တွေက ကျေးဇူး တင်ရမယ်လို့ ရှိကို မရှိဘူး။ အပြန်အလှန် သဘောပဲ ရှိတယ်။
၃။ နောက် လေ့ကျင့်ခန်းတစ်ခု နေ့စဉ်လည်း .. လွမ်းမိသည် .. အသဲထဲက မေတ္တာရည် ... မောင့်ကိုရည်ညွန်း သွန်းခဲ့သည်” (လွယ်ပါတယ်)။
၄။ ကဲ .. အင်္ဂလိပ်လို ပြောင်းကြည့်လိုက်ဦး .. Oh I think that I found myself a cheerleader, She is always right there when I need her . (မရယ်ပါနဲ့.. “မောင့်ကုသိုလ်”ထဲက အဘိဓမ္မာကို ရှင်းဖို့ အင်္ဂလိပ်မှာလည်း ကျားမ နှစ်ဦးလုံး ဆိုနိုင်တာမျိုး ရှိ ကြောင်း ဉာဏ်မီသလောက် တင်ပြတာပါ။)
ပျို့ဘုန်း
“ရွှေစင်ကို သွန်းသလိုပ .. အလှတွေရဲ့ ဘုရင်ခေါ်ဆို ... သခင်မ ပဘာပျို .. မင်းတရားကြီး ကုသ ရုပ်မလှလို့ မကြိုက်ပါရစေ နဲ့ဆို .. ဒါပေမယ့်လည်း သာဂလတွင် ခုနစ်လအပြင်ပို .. ထို ပုဂ္ဂိုလ် မငြင်းနိုင်ဘူးလို့ ကုသိုလ်ထူးတာကို ..။ ဒီစာပိုဒ်တော့ ယောက်ျား ဆိုဖို့ ခက်မှာမို့ ချန်ထား သို့မဟုတ် အခြားနမူနာ တစ်ခုနဲ့ အစားထိုး ရေးစပ်မှ ဖြစ်မယ်။
ဒီစာပိုဒ်ကို “အလှပဂေး ပဘာပျိုဟာ ရုပ်ဆိုးဘုရင် ကုသ ကို ခုနစ်လပဲ ငြင်းနိုင်ပြီး နောက်ဆုံး မင်းကြီးရဲ့ ဘုန်းကြောင့် လက်ခံတယ်’လို့ အဓိပ္ပာယ် နားလည်ပြီး စဉ်းစားကြည့်ရင် ပဘာပျိုဟာ ကုသမင်းရဲ့ ဘုန်းကြောင့် ဖြစ်လာသလို ပဘာပျို့ အဖို့လည်း ရောမစစ်သူကြီး အာခိလိလို တကယ့် စစ်ဘုရင် အာဂသတ္တိခဲ ကုသမင်းနဲ့ ဆုံစည်းရတာဟာ ‘ပဘာပျို့ ဘုန်း ကြောင့်’လို့ ဆိုခွင့် မရှိဘူးလား။
ပဉ္စပါပီ
“လူဖြစ်ကြမ္မာလေ ခုဖြစ်ထွေ ပုဗ္ဗေက ညှိုးတာမို့ ရုပ်ရည် ကျမ ဆိုးလှပါသည် မြင်သမျှမှာ မသတီဘူးတဲ့ ပဉ္စပါပီအမွဲ၊ တွေးဆ ရရင် ရှင်တို့ရဲ့ ပေးဒါနီ ကုသိုလ်ကလည်း နည်းတာကြောင့် သားအရေမှာ အများတပ်တွေ ့ခဲ့ရတယ်တော့် ရှေးကဝဋ်ပဲ (ကြာနီကန် တရားထဲကပါ)”။ ရုပ်ဆိုးမ ပဉ္စပါပီရဲ့ ဖြစ်ရပ်မှာ ဒီအယူအဆ ပိုထင်ရှားတယ်။ ဘုရင် နှစ်ပါးတောင် ရုပ်ဆိုးမရဲ့ “ဘုန်းပစ္စည်းတွေ” ဖြစ်နေတယ်လေ။
ရှင်းချက်
“မောင့်ကုသိုလ်”သီချင်းဟာ မိန်းမက ယောက်ျားကို အထူးမွှမ်း ရည်ညွှန်းပြီး ရေးစပ်တာဖြစ်လို့ “မိန်းကလေးရဲ့ ရှိခြင်း မရှိ ခြင်း၊ လှခြင်း မလှခြင်းဟာ မောင့်ကုသိုလ်ကြောင့်”လို့ ကောက် ချက် ဆွဲခွင့်ရှိပေမယ့် ‘ယောက်ျားလေးရဲ့ ရှိခြင်း မရှိခြင်း၊ လှ ခြင်း မလှခြင်းဟာလည်း မယ့်ကုသိုလ်ကြောင့်လို့ပါ အဓိပ္ပာယ် ဖြည့်ပြီး နားလည်မှ မှန်တယ်။ ဗုဒ္ဓဝါဒ အခြေခံ ယုံကြည်မှုအရ “ကိုယ်လုပ်တာ ကိုယ်ရတယ်၊ သူ့ပြည့်စုံမှု မပြည့်စုံမှုကို သူဟာ သူ လုပ်ခဲ့တာ”ဆိုတာလောက်တော့ ဒီနာမည်ကျော် မန္တလေး သား သီချင်းရေးဆရာ မြို့မငြိမ်း နားလည်မှာ သေချာပါတယ်။
နိုးနိုး
ယနေ့ခေတ် လူတစ်အချို့ဟာ “ယောက်ျားကို မိန်းမဖို့ ဖန်ဆင်း သည် မဟုတ်၊ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏ (၁ ကော ၁၁း၉)ဆိုတဲ့ အဆုံးအမကို ဝေဖန်သံ မကြားရပေမယ့် ဗုဒ္ဓဝါဒ မှာ မိန်းမတွေကို ခွဲခြားတယ်ဆိုတာကိုတော့ နည်းမျိုးစုံနဲ့ ထိုး နှက်လေ့ရှိတယ်။ ဗုဒ္ဓဝါဒ မတိုင်ခင်က ရှိခဲ့တဲ့ ယဉ်ကျေးမှု ကြွင်းအကျန် အချို့ ရှိနိုင်ပေမယ့် ဗုဒ္ဓဝါဒကြောင့်တော့ မိန်းမ တွေကို နှိမ့်ချ ဖိနှိပ်တာမျိုး မရှိဘူးလို့ ဆိုရဲပါတယ်။
ဩဂုတ် ၂၃၊ ၂၀၁၇။
---
၆၁၀။ သုဝဏ္ဏသျှံ
ကျန်းမာပြီး အသက်ရှည်ပါစေ ဘုန်းဘုန်း၊ ဦးတင်ပါတယ် ဘုရား ... တပည့်တော် မေးလျှောက်လိုသည်မှာ ဇာတ်ကြီး ဆယ် ဘွဲ့ထဲက သုဝဏ္ဏသာမဇာတ်မှာ သုဝဏ္ဏသာမရဲ့ မိဘနှစ်ပါးဟာ လူ့ဘဝနဲ့ ရွာမှာနေ ကလေး မွေးပြီး တရားကျင့်ရင် ဖြစ်ပါ လျက် ဘာကြောင့် လင်မယား နှစ်ယောက်လုံး တောထွက်ရ ပါသလဲ။ တောထွက်ပြီးမှ သုဝဏ္ဏသာမကို တောမှာပဲ မွေးဖွား ရပါသလဲ။ တောထွက်ဖို့ မဖြစ်မနေ လိုအပ်ပါသလား။ ရှင်းပြ ပေးစေလိုပါသည် ဘုရား။
ယဉ်ယဉ်အိ (ဓမ္မစကူးလ်)
---
ပါရမီထူး
ငါးရာ့ငါးဆယ် ဇာတ်တော် အားလုံးဟာ ပုံပြင်မဟုတ်၊ ဇာတကပါဠိမှာ ရှင်တော် ဗုဒ္ဓ ဟောတော်မူတာ ဖြစ်လို့ ဗုဒ္ဓလောင်းလျာရဲ့ အတိတ်ဘဝ ဖြစ်တော်စဉ် အနေနဲ့ ထေရဝါဒီတို့ အလေးအနက် ယုံကြည်ပါတယ်။ ဒုကူလ၊ ပါရိကာ၊ သုဝဏ္ဏသာမတို့ ဆိုတာ ဝေဿန္တရာမင်း မိသားစုလိုပဲ ပါရမီ ပြည့်ပြီးသားတွေ ဖြစ်လို့ လူသာမန်နဲ့ မတူဘဲ ထူးခြားတဲ့ မဟာလူသား (ပါရမီရှင်)တွေ အဖြစ် ဗုဒ္ဓဝါဒီတို့ရဲ့ နှလုံးသားမှာ စွဲထင်နေပါတယ်။ မဟာနိ ပါတ် သုဝဏ္ဏသာမ ဇာတ်တော်မှာ ဖော်ပြပုံက...
ရသေ့တွေ
“ဒုကူလနှင့် ပါရိကာတို့သည် မိဘများ၏ ဆန္ဒအရ လက်ထပ်ခဲ့ ကြသော်လည်း ဗြဟ္မာ့ပြည်မှ လာသူများ ဖြစ်သဖြင့် ကာမမှုကို မပြုဘဲ ဟိမဝန္တာအနီး မြစ်ကမ်းတစ်ခု၌ ရသေ့ဝတ်၍ နေကြ၏။ နောင်တွင် သူတို့ မျက်စိ ကွယ်မည်ကို ကြိုမြင်သော သိကြား မင်းက ခိုင်းသဖြင့် ဒုကူလသည် ပြုစုမည့်သား ရရန် ဥတုလာ သည့် ပါရိကာ၏ ချက်ကို လက်ဖြင့် သုံးသပ်၏။ ဘုရားလောင်း သည် နတ်ပြည်မှ စုတေ၍ ပါရိကာ၏ ဝမ်း၌ သန္ဓေယူပြီး ဖွား မြင်သော် သုဝဏ္ဏသျှံ ခေါ်တွင်၏ (ဇာ၊ဋ္ဌ၊၆၊၈၈-၉၁)”။
နေထိုင်ပုံ
နှစ်ဦးလုံး နိက္ခမ္မ (လူ့ဘောင် စွန့်ခြင်း)ကို ဘဝများစွာ လုပ်လာ ပြီးဖြစ်လို့ အလေ့အကျင့် ရပြီးသားတွေ။ ဒါကြောင့် ငြိမ်းချမ်း ဆိတ်ငြိမ်တဲ့ ဘဝမျိုးကို နှစ်သက်ရာကနေ မောင်ရော မယ်ပါ တောတောင်သာခန်း လှမ်းခဲ့ကြတာ။ နှစ်ဦးလုံး ကာမာဝစရ-မေတ္တာ (ကာမာစရစိတ်နဲ့ ယှဉ်တဲ့ မေတ္တာ)ကို ပွားပြီး နေကြ တာ (ဥဘောပိ ကာမာဝစရမေတ္တံ ဘာဝေတွာ တတ္ထ ဝသိသု။ ဇာ-ဒ ၆၊ ၉ဝ)။ ဒါကြောင့် သတ္တဝါတွေ သူတို့ကို ချစ်ကြတာ ပေါ့။ မြွေရဲ့ ရှောင်တခင် အပြုကြောင့်သာ မျက်စိကွယ်ခဲ့ရတာ။
တောမှာမွေး
“လျှံဝေဖြာ .. ချက်ပေါ်မှာ လက်တော် ရစ်ကာထား .. ပတ္တမြား ရွှေကြုတ် .. နုတ်ငုံတော် အရင့်အမာနှင့်သာ”လို့ ဂီတသရုပ်ဖော် ပေမယ့် အမှန်တော့ ရသေ့က ရသေ့မ ဥတုလာချိန်မှာ ချက်ကို လက်နဲ့ သုံးသပ်လို့ (အဿာ ဥတုနိကာလေ နာဘိ ဟတ္ထန ပရာမသိ။ ဇာ၊ဋ္ဌ၊၆၊၉၁) သန္ဓေ ခခဲ့တာ။ ဒါလည်း သူတို့ ရှေ့ ရေးအတွက် သိကြားမင်း တိုက်တွန်းလို့ လုပ်ရတာ။ “တောမှာ မွေး”ပုံက ဟိုလို မဟုတ်ဘူး၊ အဲဒီလိုပါ။ ဒါပေမယ့် ထုံးစံ တိုင်း မွေးတာ ဖြစ်လို့ နို့ချိုတော့ တိုက်ကျွေးရမှာပေါ့။
လိုတယ်
ဗုဒ္ဓ လောင်းလျာ တစ်ဦးအဖို့ ‘နိက္ခမ္မ’ဟာ ကျင့်စဉ် ဆယ်မျိုး ထဲက တစ်ခုပဲလေ။ တောထွက်ဖို့ လိုတာပေါ့။ ကိုယ်တိုင် လုပ် နိုင်ရဲ့လား။ ကလေးတွေ ကြီးရင်၊ မြေးရှင်ပြုပြီးရင် .. ပြီးရင် ပြီး ရင်နဲ့ နောက်ဆုံး မြေစာပုံ ဖြစ်ကုန်တာချည်း။ သုဝဏ္ဏသာမတို့ မိသားစု လုပ်လာတာက ဘ၀ အသင်္ချေမက ကြာခဲ့ပြီ။ ၁၇- နှစ်ကြာ ကားစုတ်ကလေးနဲ့ ကမ္ဘာကို ပတ်မောင်း၊ လမ်းမှာ က လေးမွေး (ဘယ်နိုင်ငံသား ခံယူတယ်မသိ) .. သာမန်တို့ မလုပ် နိုင်လို့ အနည်းဆုံး မှတ်တမ်းတင် ခံရတာပဲ။
အဖြေ ပေါ်လောက်ပါပြီ။ စကားမစပ် ဒီဇာတ်တော်က တောထွက်တာကို ပြချင်တာ မဟုတ်ဘူး။ မိဘကို လုပ်ကျွေး တဲ့ ကျေးဇူးကို သရုပ်ဖော်တာ။ ဇာတ်တော် တစ်ခုလုံး အစ အဆုံး သေချာ ပြန်ဖတ်ဦး။
ဩဂုတ် ၂၅၊ ၂၀၁၇။
---
၆၁၁။ တပ်ပြေး ရဟန်းပြုခွင့်
ဆရာတော်အား ဦးတင်ပါတယ် ဘုရား၊ တပည့်တော်ဟာ မြန် မာပြည်မှာတုန်းက ငယ်စဉ်အခါ စစ်တပ်ထဲ ဝင်ခဲ့ပါတယ် ဘု ရား။ ဝင်ပြီးနောက် သုံးလေးလ အကြာမှာ စစ်တပ်ထဲက ထွက်ပြေးပြီး ဘုန်းကြီး ဝတ်ပါတယ်။ အစိုးရ ဝန်ထမ်းဟာ ခွင့်ပြုချက်မရှိရင် ရဟန်းမပြုရဘူးဆိုတာကို အဲဒီတုန်းက မသိခဲ့ ပါ ဘုရား။ နောက် နှစ် ၂၀-နီးပါး လောက်အကြာ နိုင်ငံရပ်ခြား တစ်ခုကို ရောက်ပြီး အဲဒီနိုင်ငံသား ဖြစ်လာပါတယ်။ အခုနိုင်ငံမှာ ဝန်ထမ်း မဟုတ်ပါဘုရား။ ဒါကြောင့် တပည့်တော် ရဟန်း ခံခွင့်ရမရ သိလိုပါသည် ဘုရား။
ရွှေသာ
---
အကြောင်းရင်း
ဗိမ္ဗိသာရမင်းရဲ့ စစ်သည်အချို့ စစ်တိုက်သွားရင်း လူမသတ်လို တာနဲ့ ရဟန်းပြုကြတယ်။ ဒီကိစ္စကို တပ်မှူးတွေ သိတော့ “ငါ့ စစ်သားတွေကို ဘာလို့ ရဟန်းပြုရပေးရသလဲ’လို့ ရဟန်းတွေ ကို စိတ်ဆိုးပြီး “ဥပဇ္ဈာယ်ဆရာရဲ့ ခေါင်းကို ဖြတ်ဖို့၊ ကမ္မဝါစာ ဆရာရဲ့ လျှာကို လှီးဖို့” ဘုရင်ကို အကြံပေးကြလို့ ဘုရင်က ဗုဒ္ဓထံ သွားပြီး “မကြည်ညိုတဲ့ မင်း (အစိုးရ)တွေဟာ မဆိုစ လောက်နဲ့ ရဟန်းတွေကို အပြစ်ပေး သတ်ဖြတ်နိုင်တဲ့အတွက် မင်းမှုထမ်းကို ရဟန်း ပြုမပေးပါနဲ့ ဘုရား”လို့ လျှောက်တယ် (ဝိ၊၃၊၁ဝ၃)။
အထူးမဆို
“ဘုရင့်ထံမှ ရရှိသော စည်းစိမ် လစာငွေများကို ဘုရင်အား ပြန်ပေး၍ ဖြစ်စေ ဆွေမျိုး သားချင်းများအား ပေးခိုင်း၍ ဖြစ်စေ ဘုရင်အား “အရှင်၏ အခစား မလုပ်တော့ပ”ဟု ပန်ကြားသဖြင့် ဘုရင်က ခွင့်ပြုပါက ရဟန်းပြုခွင့် ရှိ၏ (ဝိ၊ဋ္ဌ၊၃၊၂၇၈)’။ မင်းခ စား ဘုရင့်ဝန်ထမ်းနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက် ဒီမျှပဲ တွေ့ဖူး တယ်။ ဒီနေရာမှာ လျော်ကြေး ပေးတာကို သက်ဆိုင်ရာက လက်ခံရင် ၎င်းအား ရဟန်းပြုပေးခွင့် ရှိကြောင်း နားလည်ရ တယ်။ ရဟန်းပြုပေးတဲ့ သံဃာမှာ မင်းပြစ် မင်းဒဏ် မသင့်ဖို့ အဓိကကျတယ်။
ရဟန်းမဖြစ်
စစ်တပ်ထဲက တရားဝင် ထွက်လာတာ မဟုတ်ဘဲ ထွက်ပြေး တာ ဖြစ်လို့ အဲဒီ စစ်တပ်ရဲ့ အာဏာ ဥပဒေ ဩဇာ အောက်က မလွတ်သေးတဲ့ အခြေအနေဟာ ဘုရင့် အမှုထမ်း အဖြစ်မှ မလွတ်သေးတာနဲ့ တူတယ်။ ဒါကြောင့် “န ဟိ ရဇဘဋော.သိ - = မင်းခစား မဟုတ်သူ မှန်ရဲ့လား”ဆိုတဲ့ အမေးကို အမှန်အတိုင်း မဖြေနိုင်ခဲ့တဲ့အတွက် သိမ်ထဲမှာ ရဟန်းတွေက ကမ္မဝါစာ ဖတ် ပြီး ရဟန်းပြုပေးပေမယ့် ရဟန်းဖြစ်ကို မဖြစ်ခဲ့ဘူး။ သာမဏေ ပဲ ဖြစ်တယ်။ အဲဒီ ဘုရင် (အစိုးရ) လက်အောက်မှာ နေသရွေ့ ပါပဲ။ စစ်တပ် သို့မဟုတ် အစိုးရနဲ့ ကင်းလွတ်တဲ့အခါ ရဟန်း ပြန်ခံ ရမယ်။ ဒီအတိုင်း ဆက်နေသွားလို့ မရဘူး။
ကင်းလွတ်
အခြား နိုင်ငံအစိုးရရဲ့ နယ်ပယ် ပိုင်နက်ကို ရောက်သွားသွားတဲ့ အခါ မိမိရဲ့ မူရင်းနိုင်ငံသား အဖြစ်ကို မစွန့်သရွေ့ ရဟန်းခံလို့ မရနိုင်ဘူး။ အခြား နိုင်ငံသားအဖြစ် ခံယူလိုက်ရင်တော့ မူရင်း နိုင်ငံ အစိုးရရဲ့ အမိန့်အာဏာမှ လွတ်မြောက်ပြီး ဖြစ်လို့ အဲဒီနိုင်ငံရဲ့ အစိုးရဝန်ထမ်း မဟုတ်ရင် အဲဒီနိုင်ငံမှာ ရဟန်းပြုခွင့် ရနိုင်ပါတယ်။ ဒါပေမယ့် .. မူရင်းနိုင်ငံမှာတော့ ၎င်းနဲ့ ပတ်သက် မှုအတွက် သံဃာမှာ ထိခိုက်နိုင်သေးရင် စဉ်းစားစရာ ရှိတယ်။ သက်ဆိုင်ရာ လဝက အရာရှိကို အသိပေးပြီး လုပ်ရင်တော့ ရနိုင်လေမလား။
ဩဂုတ် ၂၆၊ ၂၀၁၇
---
၆၁၂။ မဟာယာနနဲ့ သတိပဋ္ဌာန်
ဗဟုသုတအနေဖြင့် သိချင်တာကို မေးလျှောက်ခွင့် ပြုပါဘုရား၊ မဟာယာနဗုဒ္ဓဘာသာဝင်တို့မှာ အခြေခံလိုက်နာ ယုံကြည်ရ မည့် အချက်အချို့ (ဥပမာ ... ငါးပါးသီလ၊ ပဋိစ္စသမုပ္ပါဒ် သည်) ရှိပါသည်။ သို့ဖြစ်၍ မဟာယာန ဗုဒ္ဓဘာသာဝင် တစ် ယောက်အဖို့ ကြိုးစားပြီး တရားအားထုတ်လျှင် အဆင့်မြင့် ပန်း တိုင် (ဥပမာ ... သောတာပန်စသည့် အရိယာအဆင့်)ကို ရောက် နိုင်ပါသလား။
ဖြိုးလေး
---
ကျမ်းညွှန်း
ထေရဝါဒနဲ့ မဟာယာန တူညီမှုကို အလေးပေးပြီး ဖြေထားတဲ့ မေးခွန်း အမှတ် ၂၄။ ထေရဝါဒနှင့် မဟာယာန (ပေါင်းချုပ် ၁၊ ၂၁၇၆ အရှင်ကေလာသ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၅ စာ-၉၃)၊ မဟာယာနမှာ ရဟန္တာရှိနိုင် မရှိနိုင်ကို ဖြေဆိုတဲ့ မေး ခွန်းအမှတ် ၁၃၃။ မဟာယာနရဟန္တာ (ပေါင်းချုပ် ၁၊ စာ-၄ရရ)၊ ထေရဝါဒနဲ့ မဟာယာန ခြားနားမှုကို အလေးပေး ဖော်ပြတဲ့ မေးခွန်း အမှတ် ၄ဝရ။ ထေရဝါဒနှင့် မဟာယာနခြားနားချက် (ပေါင်းချုပ် ၃၊ စာ-၁၃၄၈)တွေကိုလည်း ဆက်လက် ဖတ်ရှုပါ ပိုနားလည်ဖို့က အထောက်အပံ့ ပြုပါလိမ့်မယ်။
အကျိုးရှိ
မဟာယာနမှာ ဂိုဏ်းကွဲတွေ အများကြီးရှိတယ်။ ဂျပန်က ဂျိုဒို ရှင်ဂိုဏ်းဝင် ဘုန်းကြီးတွေ အိမ်ထောင်ပြု၊ စီးပွားရေး လုပ်၊ အရက်သောက်တယ်။ ဒီဘုန်းကြီးမျိုးက အရိယာအဆင့်နဲ့ ဝေး မယ်။ သူတို့ထဲ ငါးပါးသီလလောက် ထိန်းနိုင်သူ အချို့လည်း အ ရိယမဂ်နဲ့ နီးစပ်နိုင်တယ်။ အိမ်ထောင် မပြုဘဲ ၎င်းတို့ ဝိနည်း နဲ့အညီ နေထိုင်တဲ့ ရဟန်းမျိုးတွေက ငါးပါး ရှစ်ပါးထက် မနိမ့် တဲ့ သီလတွေနဲ့ ပြည့်စုံတဲ့အတွက် သမထ၊ သို့မဟုတ် ဝိပဿနာနည်းနဲ့ တရားအားထုတ်ပါက တရားထူးနဲ့ နီးစပ်မှာပါ။
ဘယ်အဆင့်
မဟာယာန ရဟန်းတွေ ရဟန်းမတွေ (မြန်မာတို့သိတဲ့ မဟာယာန သီလရှင်ဆိုတာ သူတို့အလိုအရ ရဟန်းမတွေ)ထဲမှာ သူတို့ရဲ့ ဝိနည်းကို ကောင်းစွာ စောင့်ထိန်းပြီး နေထိုင်တဲ့ အဆင့်မြင့် သူတော်ကောင်းတွေရှိတာ သေချာတယ်။ တစ်မဂ် တစ်ဖိုလ်ကို ရဖို့ ရဟန်းဝိနည်းကို ကျင့်စရာမလိုဘဲ ငါးပါးသီလ လောက် လုံရင် ဖြစ်နိုင်လို့ အိမ်ရာ မထောင်တဲ့ မဟာယာန ဘိက္ခု ဘိက္ခုနီတွေဟာ အကယ်၍ အကျင့်မှန်ကို ရခဲ့ရင် အရိယာအဆင့်ကို ရောက်နိုင်ပါတယ်။
သိပြီးမှ
မြတ်ဗုဒ္ဓရဲ့ သာဝက အချို့ဟာ တရားကို မသိခင်က ကိုယ်ယုံ ကြည်ရာပါပဲ။ ပါရမီရှင် ပဉ္စဝဂ္ဂီတွေတောင် တရား မသိခင်က မြတ်ဗုဒ္ဓကို ခပ်စိမ်းစိမ်းပဲ။ ကဿပ ညီနောင်ဆို ဗုဒ္ဓနဲ့ တွေ့တဲ့ အချိန်ထိ မီးကို ကိုးကွယ်နေကြတာ။ ဗုဒ္ဓဘုရား ဟောကြားတာ ကို လက်ခံနိုင်တဲ့ အဆင့်ကို ရောက်ဖို့တောင် မလွယ်ခဲ့ဘူး။ အစပိုင်းမှာ မြတ်ဗုဒ္ဓရဲ့ စကားကို ယုံပေမယ့် ဗုဒ္ဓသာဝကအဖြစ် မခံယူလိုကြဘူး။ တရားကို သိပြီးမှ ဆရာအဖြစ် လက်ခံကြ တာ။ ဒါကြောင့် ပင်ကိုက ဗုဒ္ဓအဆုံးအမကို လက်ခံပြီး ဖြစ်တဲ့ မဟာယာနတွေအဖို့ နည်းမှန်အတိုင်း တရားထိုင်ရင် တရားထူး ကို သိနိုင်တယ်လို့ ယူဆတာပါ။
သတိပဋ္ဌာန်
မဟာသတိပဋ္ဌာန သုတ်မှာ သတိပဋ္ဌာန် လေးပါးဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တစ်ကြောင်းတည်းသော လမ်းပဲလို့ မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။ ဒါကြောင့် မဟာယာန ဗုဒ္ဓဝါဒီ လူဖြစ်စေ ရဟန်းဖြစ်စေအနေနဲ့ အနည်းဆုံး ငါးပါးသီလလောက် ဆောက် တည်ပြီး သတိပဋ္ဌာန် ဝိပဿနာကို ကောင်းစွာ ကျင့်ခွင့်ရရင် မဂ် ဖိုလ်ကို ရနိုင်တယ်လို့ ယူဆကြောင်းပါ။
ဩဂုတ် ၂၇၊ ၂၀၁၇
The art of a people is a true mirror to their minds.
J. Nehru
လူမျိုး တစ်မျိုးရဲ့ အနုပညာဟာ ယင်းတို့ နှလုံးသားရဲ့ စစ်မှန်တဲ့ ကြေးမုံပြင် တစ်ချပ်ပါပဲ။ ဂျာဝါဟာလာ နေရူး
---
၆၁၃။ လိင်ပြောင်းချင်လို့
အရှင်ဘုရား၊ တပည့်တော်၏ မေးခွန်းက အရှင်ဘုရားကို စိတ် အနှောင့်အယှက် ဖြစ်စေလျှင် ခွင့်လွှတ်ရန် တောင်းပန်ပါသည်။ ထာဝရဘုရား ကိုးကွယ်သော ဘာသာတရားတွင် မိန်းမလျာ များ (လိင်တူစုံမက်ခြင်း)ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည် ဟု ကြားသိထားပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာအရ ထို မိန်းမလျာများကို မြတ်စွာဘုရားက မည်သို့ အပြစ် ရှိသည်ဟု ဟောခဲ့ပါသနည်း။ ဘယ်အပြစ် ပြုခဲ့သောကြောင့် ယခုဘဝတွင် မိန်းမလျာ ဖြစ်ရသည်၊ ဘယ်လို ဆင်ခြင်နေထိုင်လျှင် ထိုဘဝမှ လွတ်ကင်းနိုင်သည်ကို သိလိုပါသည်။ ယခုဘဝတွင် လိင်တူချင်း စုံမက်ခြင်းသည် ထာဝရဘုရား ကိုးကွယ်သူတို့ ယူဆသလို ဗုဒ္ဓ ဝါဒအရ အပြစ်ကြီးပါသလား သိလိုပါသည် ဘုရား။
လင်းဇေယျာ
---
ခွင့်ပြုပုံ
မြတ်ဗုဒ္ဓ လက်ထက်က ရဟန်း ယောက်ျားကနေ ရဟန်း မိန်း မ အဖြစ်သို့ ပြောင်းသွားသူကို သူ့ရဲ့ မူလ (ရဟန်း ယောက်ျား ဖြစ်စဉ်က) ဥပဇ္ဈာယ်ဆရာနဲ့ ရဟန်း ယောက်ျား အဖြစ်နဲ့ ရခဲ့ တဲ့ သိက္ခာဝါ အတိုင်း (ဥပမာ .. ဘိက္ခု အဖြစ်နဲ့ ရ-ဝါ ရခဲ့ရင် လိင်ပြောင်းပြီးနောက် ဘိက္ခုနီ အဖြစ်နဲ့လည်း ရ-ဝါ ပါပဲ၊ ဝါ လျော့ မသွားဘူး) ဘိက္ခုနီတို့ရဲ့ ဝိနည်းကို ကျင့်သုံးပြီး ဘိက္ခုနီ ကျောင်းမှာ ပြောင်းရွှေ့ နေထိုင်ဖို့ မြတ်ဗုဒ္ဓ ခွင့်ပြုတော်မူတယ် (ဝိ၊၁၊၄၃ မှာ ရှုပါ)။ ဒါဟာ ခုခေတ် ဘာသာရေး အချို့ရဲ့ အမြင် နဲ့ နှိုင်းယှဉ်ရင် အလွန် အဆင့်မြင့်ပါတယ်။
လွတ်နိုင်
သံယောဂသုတ်မှာ မြတ်ဗုဒ္ဓက “ယောက်ျား တစ်ယောက်ဟာ အစွဲ ရ-မျိုးကို တပ်မက် စွဲလမ်းရင် ၁) ပြင်ပရှိ ဆန့်ကျင်ဘက် လိင်ကို အလိုရှိပြီး ၂) ထိုဆန့်ကျင်ဘက် လိင်နဲ့ ယှဉ်တွဲရတဲ့ အခါ ၃) လောကီသားတို့ရဲ့ အန္တိမ ပျော်ရွှင်မှုဆီ ရောက်သွား တယ်။ ဒီလိုဖြစ်ရင် ယောက်ျားဟာ ယောက်ျား အဖြစ်ကို မလွန် မြောက်နိုင်။ ယင်းနဲ့ ပြောင်းပြန် ဖြစ်ရင်တော့ ယောက်ျား ဟာ ယောက်ျား အဖြစ်ကို လွန်မြောက်နိုင်ကြောင်း (အံ၊၂၊၄၄၀)” ဟောတော်မူပါတယ်။ အဲဒီ အစွဲ ၇-မျိုးက ..
၁) မိမိရဲ့ ယောက်ျား ဖြစ်နေတဲ့ဘဝ
၂) ယောက်ျားတွေရဲ့ အပြုအမူ အမူအရာ ကျားလျား သွားဟန် လာဟန်
၃) ဝတ် စား ဆင်ယင် နေထိုင်ပုံ အသွင်အပြင်
၄) ယောက်ျား ဖြစ်ရမှု အတွက် စိတ်ကြီးဝင်ခြင်း တစ်နည်း ယောက်ျားပဲဆိုတဲ့ မာန် သို့မဟုတ် ပုရိသမာန်
၅) ယောက်ျားရဲ့ အလိုဆန္ဒ အကြိုက် နှစ်သက်မှု .. ဥပမာ တုံးတိုက်တိုက် ကမ်းတိုက်တိုက် သဘောထားမျိုး
၆) ယောက်ျားရဲ့ အသံ
၇) ယောက်ျားတို့ရဲ့ အဆင် တန်ဆာ။
ဒီသုတ္တန်အရ လက်ရှိ မိမိရဲ့ လိင်ကို နှစ်သက်ခြင်း မနှစ် သက်ခြင်းဟာ မိမိရဲ့ ဆန္ဒသာ ဖြစ်ကြောင်း နားလည်ရတယ်။
ဖောက်ပြန်
ဗုဒ္ဓဝါဒ ကျမ်းဂန်မှာ “ယောက်ျား အချင်းချင်း မိန်းမ အချင်းချင်း တပ်မက်စိတ် ဖြစ်တာကို မိစ္ဆာဓမ္မ ဖြစ်ကြောင်း (ဒီ၊ဋ္ဌ၊၃၊၃၅)” ဆိုတယ်။ “မိစ္ဆာဓမ္မဆိုတာ (သဘာဝမှ) ဖောက်ပြန်ပြီး ဝိသဘာ (လိင်မတူသူ)ချင်း မဟုတ်မူဘဲ တပ်မက်ခြင်း (ဒီ၊ဋီ၊၃၊၃ဝ)’လို့ ဖွင့်ပါတယ်။ ဒီလို သဘာဝ မဟုတ်ဘဲ လိင်တူချင်း တပ်မက် တာဟာ ကံကြောင့် ဖြစ်နိုင်သလို ယခုလို ရုပ်ဝါဒ တိုးတက်တဲ့ ခေတ်မှာ မျိုးဗီဇ၊ အစားအသောက်၊ အနေအထိုင်၊ ဆေးဝါးတွေ ကြောင့် လူ့ခန္ဓာကိုယ်ရဲ့ မူလသဘာဝ ဖောက်ပြန်လို့လည်း ဖြစ်နိုင်တယ်။
ကိုယ့်ဆန္ဒ
“ယောက်ျားကနေ မိန်းမ ဖြစ်ချင်လို့ သို့မဟုတ် မိန်းမကနေ ယောက်ျား ဖြစ်ချင်လို့”ဆိုပြီး ပြစ်ဒဏ်ခတ်တာ ကဲ့ရဲ့တာ မုန်း တီးတာမျိုး ဗုဒ္ဓဝါဒမှာ မရှိဘူး။ ကိုယ် ဖြစ်ချင်တာဟာ ကိုယ့် ဆန္ဒပဲ။ ယောက်ျား ဖြစ်လျက် မိန်းမ ဖြစ်ချင်တာဟာ ကိုယ့် ဆန္ဒ ကိုယ်လုပ်တာ ကိုယ်ရမှာ ဖြစ်လို့ ရှင်တော်ဗုဒ္ဓနဲ့ မဆိုင်ပါ ဘူး။ သို့တစေ ယောက်ျားက မိန်းမ ဖြစ်လိုခြင်း၊ မိန်းမက ယောက်ျား ဖြစ်လိုခြင်းဟာ ပုံမှန်မဟုတ်လို့ ဒီလို ဖြစ်တာဟာ အရင်ဘဝ အကုသိုလ် ကြောင့်လို့ဆိုရင် တစ်စိတ် တစ်ဒေသ မှန်တယ်။ ဗုဒ္ဓဒဿနအရ အကျိုးဆက် အားလုံးဟာ အတိတ် လုပ်ရပ်နဲ့ ပတ်သက်သလို ယခု ဖြစ်စဉ်ရဲ့ ထောက်ပံ့မှုနဲ့လည်း မကင်းပါဘူး။
နားမလည်လို့
ဗုဒ္ဓဝါဒမှာ ဘယ်သူ့ကို လက်မထပ်ရ သို့မဟုတ် လက်ထပ်ရ မယ်လို့ သတ်မှတ် ချက်မရှိပါဘူး။ အမှန်တော့ လိင်တူ လိင် မတူ နှစ်မျိုးလုံးပဲ ဒီခန္ဓာကိုယ်ကို အသုံးပြုရပြီး ဘဝတဏှာကို တိုးမြင့်စေတဲ့ ခွန်အားပြင်း တပ်မက်မှုရဲ့ သရုပ်သကန် ပေါ်လွင် တဲ့ ပြုမူဆောင်ရွက်ချက် ဖြစ်လို့ ဘဝသံသရာမှာ ချည်နှောင်တာ ချည်းပါပဲ။ ကျားနဲ့မ၊ ယောက်ျားချင်း၊ သို့မဟုတ် မိန်းမချင်း နှစ်ယောက်သား ချစ်ကြိုက်ကြရင် အဲဒါဟာ လူသားတို့ရဲ့ တူညီ တဲ့ အားနည်းမှု၊ ပရမတ္ထ သဘာဝနဲ့ ဒီခန္ဓာကိုယ်ရဲ့ အနှစ်မရှိတဲ့ သဘာဝကို နားမလည်မှုတို့ကြောင့် ဖြစ်ရတာပဲ။
အချုပ်
ဒါကြောင့် လိင်ပြောင်းချင်လို့ သို့မဟုတ် လိင်တူ လိမ်မတူကို ချစ်ကြိုက်လို့ သေရင် အပါယ် မကျဘူး။ အင်း .. လိင်ကို အကြောင်းပြုပြီး အကုသိုလ်ကို ပြုရင်တော့ မည်သူမဆို အပါယ် ကျမှာပေါ့။ ဗုဒ္ဓဝါဒ အစစ်အမှန်အရ ယင်းတို့အပေါ် ခွဲခြားတာ နှိမ့်ချတာမျိုး လုံးဝ မရှိဘူးလို့ မှတ်ထားဖို့ပါ။ အဖြေ ပေါ်လွင် လောက်ပါပြီ။ မေးခွန်း အမှတ်-၁၆၉ (ပေါင်းချုပ် ၁၊ စာ-၆၆၂)ကိုလည်း လေ့လာပါ။
ဩဂုတ် ၃၀၊ ၂၀၁၇။
---
၆၁၄။ သိုးပြီးသင်္ကန်း
စာသူခိုး
လူတကာ အထင်ကြီးလောက်သော သင်၏ တင်ပြချက် သည် သင်ဖတ်သော စာအုပ်မှ ဖြစ်ပါလျက် သင့်ကိုယ် ပိုင်ကဲ့သို့ လုပ်ခဲ့မူ သင်သည် နှလုံးအစားထိုး ကုသမှု ခံယူထားရသူနှင့် ပမာတူ၏။ ဆက်လက် ရှင်သန်ရန် ခက်ခဲလိမ့်မည်။
ဆရာတော် ဘုရား၊ ကထိန်ရာသီမှာ တစ်နိုင်ငံလုံးလိုလို အပြင်မှာရော တီဗွီတွေမှာပါ ဝတ္ထုငွေတွေပါတဲ့ ကထိန် ပဒေသာပင်တွေကို ဆရာတော်တွေ အလှူခံနေကြတာကို တွေ့ရပါတယ်။ အဲဒီလို လှူဒါန်းတာ လက်ခံတာတွေဟာ သင့်တော် မတော် သိလိုပါသည်။ ဒါ့အပြင် ကထိန်ချိန် မဟုတ်ဘဲ တန်ဆောင်မုန်းလပြည့်ကျော်မှ ကထိန်သင်္ကန်း လှူကြ ခင်းကြတာတွေကိုလည်း တွေ့ရပါသည်။ သို့ဖြစ်လျှင် ကထိန်သိုး မသိုး၊ ကထိန် အာနိသင် ရမရလည်း သိလိုပါသည်။ နောက်တစ်ခုမှာ ထိပ်သီးဆိုတဲ့ ဆရာတော်တွေတောင် အမှုသစ် (နဝကမ္မ) အတွက် လှူဒါန်းရင် ကြားခံ ကပ္ပိယ မပါဘဲ ကိုယ်တိုင် လက်ခံကြပါတယ်။ ဒီလိုလုပ်ရင် သင့်တော် မတော်လည်း သိလိုပါသည်။
ကျော်ရဲထွတ်
---
ကထိန်ချိန်
ကထိန်ချိန်ဆိုတာ သံဃာတွေ ကထိန်ခင်းဖို့ မြတ်ဗုဒ္ဓ ခွင့်ပြုတဲ့ သီတင်းကျွတ် လပြည့်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ထိ တစ်လ အချိန်ကို ဆိုလိုတယ်။ အဲဒီရက် မတိုင်ခင် သို့မဟုတ် လွန်ပြီးမှ သင်္ကန်းလှူပေမယ့် အဲဒီ သင်္ကန်းနဲ့ ကထိန်ခင်းလို့ ကထိန်မမြောက်ဘူး။ တောဓလေ့တစ်ခုက ကထိန်ချိန်အတွင်း ကထိန်သင်္ကန်းကို အလှူခံပြီး အကျဉ်း(ပွဲမလုပ်ဘဲ) ကြိုခင်းထားလေ့ ရှိတယ်။ လယ်သိမ်း အပြီး ဥတုရာသီ ကောင်းချိန်ကျမှ သံဃာကို များများ ပင့်ပြီး ကထိန် အောင်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ ရှိတယ်။
လှူဒါန်းခွင့်
ဝိနည်း ပါဠိတော်ရဲ့အဖွင့် အဋ္ဌကထာမှာ “ဒီပိတ်စနဲ့ ကထိန်ခင်းပါ ဘုရားလို့ ဆိုပြီး လှူလာရင် ဝတ်ရုံနိုင်တဲ့ သင်္ကန်း ဖြစ်အောင် ချုပ်ဆိုးစီမံ၍ ရသည့် နေ့မှာပဲ ကထိန် ခင်းရမည် (ဝိ၊ဋ္ဌ၊၃၊၃၈၉)လို့ ဆိုပါတယ်။ ကထိန်လျာအဖြစ် ပိတ်စကိုပါ လှူဒါန်းခွင့် ရှိတယ်။ ဒါပေမယ့် သင်္ကန်းကိုပဲ ကထိန်ခင်းကောင်းလို့ အဲဒီ ပိတ်စကို သင်္ကန်း ဖြစ်အောင်တော့ ချုပ်ဆိုးရမယ်။ ယခုခေတ် လို ချုပ်ဆိုးပြီးသား သင်္ကန်းကို လှူရင် ချုပ်ဆိုးခြင်းကိစ္စ မလိုဘဲ နောက်နေ့ မကူးခင် သိမ်ထဲဝင် ကမ္မဝါစာ ဖတ်ပြီး ကထိန် ခင်းရုံပါပဲ။
မသိုးရ
ကထိန်ချိန်အတွင်း ပွဲရက်မတိုင်ခင် ကထိန်သင်္ကန်းကို ဘုန်းကြီးကျောင်းမှာ သွားထားရင် သင်္ကန်းကို ထားခဲ့ပါရစေ ဆိုပြီး ဘုန်းကြီးဆီမှာ အပ်ရုံ အပ်ထားခဲ့ရမယ်။ ကထိန်သင်္ကန်းပါ ဘုရားလို့ လျှောက်ရင်တော့ ဆရာတော်တွေက အဲဒီ သင်္ကန်းကို အဲဒီနေ့မှာပဲ ကထိန် ခင်းရမယ်။ ပွဲနေ့ထိ မထားကောင်းတော့ဘူး။ မေ့လို့ မသိလို့ ပွဲနေ့ထိ သိမ်းထားမိရင် ဒီသင်္ကန်းဟာ သိုးသွား (ရက်လွန်သွား)လို့ အဲဒီ သင်္ကန်းနဲ့ ကထိန် ခင်းခွင့် မရှိဘူး။ အဲဒီ ကျောင်းမှာ နောက်ထပ်လည်း ကထိန် မခင်းကောင်းတော့ဘူး။
အာနိသင်
ကထိန် အာနိသင်ဆိုတာက သံဃာနဲ့ပဲ ဆိုင်တယ်။ အောင်မြင်တဲ့ ကထိန်ဖြစ်မှ သံဃာတွေ ကထိန်အာနိသင် ရတယ်။ “အာနိသင်ရ’ဆိုတာ သံဃာတွေ ဝိနည်းသိက္ခာပုဒ် အချို့ကို မလိုက်နာဘဲ နေလို့ ရတာကို ဆိုလိုတယ်။ “ကထိန်ချိန် မဟုတ်ဘဲ တန်ဆောင်မုန်း လပြည့်ကျော်မှ လှူကြ’ရင် ရက်လွန် သို့မဟုတ် သိုးသွားတဲ့ သင်္ကန်းဖြစ်လို့ “ခင်းကြ”ပေမယ့် ကထိန် မမြောက် သို့မဟုတ် အောင်မြင်တဲ့ ကထိန် မဟုတ်တဲ့အတွက် ကထိန် အာနိသင် ရမရဆိုတာကို စဉ်းစားစရာ မလိုတော့ဘူး။
ကျမ်းညွှန်း
ကထိန်နဲ့ ပတ်သက်ပြီး မေးခွန်း ၁၆၃။ ကထိန်အနှစ်ချုပ် (ပေါင်းချုပ် ၂၊ စာ-၅၇၈)၊ မေးခွန်း ၄၄၄။ ကထိန်ကို ခွင့်ပြုချိန် (ပေါင်းချုပ် ၃၊ စာ-၁၅၂၀)၊ မေးခွန်း ၅၅၃။ မသိုးသင်္ကန်း (ပေါင်းချုပ် ၄၊ စာ-၁၉၂၀) တွေကိုလည်း ဖတ်ပါ။
ပဒေသာပင်
သာမန် ခေတ်သစ် ရဟန်းတစ်ပါးအဖို့ ဝတ္ထုငွေနဲ့ ပတ်သက်ပြီး အာပတ်လွတ်ဖို့ ခက်ပါတယ်။ သိလျက်နဲ့ မလွှဲသာလို့ လုပ်ကြရာမှာ အချို့ ပုဂ္ဂိုလ်တွေ ထူးပြပေမယ့် မထူးနိုင်ဘူးလို့ပဲ ဘုန်းကြီး မြင်ပါတယ်။ ဥပမာ ... “ငွေတော့ မကိုင်ဘူး၊ ဘဏ်စာရင်းတော့ ရှိတယ်။ အခန်းထဲ ရောက်တာနဲ့ ကပ္ပိယကို စစ်တယ်။ ကပ္ပိယနဲ့ ရန်ဖြစ်တာနဲ့ အပ်ထားတဲ့ ငွေကို မရအရ ပြန်တောင်းတယ်’။ ဒါမျိုးတွေပေါ့။
ဒါကြောင့် ရဟန်းအဖြစ်က လျှောကျသွားစေတဲ့ အထိ အပြစ် မကြီးတဲ့အတွက် “အလှူခံတယ်၊ အာပတ်သင့်တယ် (ဒီအာပတ် မသင့်လည်း အခြားအာပတ် တစ်မျိုးနဲ့ မကင်းနိုင်ဘူး လေ)” ဆိုတာမျိုးကတောင် “ရိုးရိုးသားသား သိက္ခာ ရှိရှိ” ဖြစ်လို့ ဘုန်းကြီးကတော့ နှစ်သက်တယ်။ လွတ်နိုင်တဲ့ အခြေအနေမှာ လွတ်အောင် ရှောင်မှာပေါ့။
သူ့အမြင်
ရဟန်းများ အလှူငွေ လက်ခံတာနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာ ဗုဒ္ဓ သာသနာပြုသွားတဲ့ သီဟိုဠ်ဆရာတော် ဒေါက်တာ သိရိဓမ္မနန္ဒ မထေရ်ရဲ့ အယူအဆကို ကြည့်ပါ ..
“ခေတ်သစ် လူ့အဖွဲ့အစည်းမှာ ငွေကြေးနဲ့ ပတ်သက်မှု မရှိဘဲ ရဟန်းတွေဟာ မိမိတို့ရဲ့ ဘာသာရေးကိစ္စ ဆောင်ရွက်ဖို့နဲ့ သက်ဝင် လှုပ်ရှားနေဖို့ ခက်ပါတယ်။ ရဟန်းတွေ လုပ်ရမှာက ငွေကြေးကို ဖြစ်စေ ပစ္စည်း ဝတ္ထုကို ဖြစ်စေ တစ်ကိုယ်ရေ ပိုင်ဆိုင်မှု အနေနဲ့ မတပ်မက်ဖို့ပါဘဲ။ ဒါဟာ ဗုဒ္ဓရဲ့ အာဘော်ပါ ..
တောထွက် ကမ္မဋ္ဌာန်း အားထုတ်ပြီး လူ့အဖွဲ့အစည်းနဲ့ လုံးဝကင်းဝေးလိုတဲ့ ရဟန်းတွေက လောကီ အနှောင်အဖွဲ့ မရှိဘဲ နေနိုင်ပါတယ်။ ဒါတောင် ဆွမ်းကွမ်း နေစရာနဲ့ ဆေးဝါး အထောက်အပံ့တွေ ရှိရပါလိမ့်မယ်။ ဒီလိုပဲ လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဘဝ လိုအပ်ချက်ကို ဖြည့်စည်းပေးမယ့် ရဟန်းတွေလည်း လူတွေနဲ့အတူ ရှိရပါမယ်။ ဒီလို မဟုတ်ရင် ဗုဒ္ဓဘာသာဟာ လူမှု နေ့စဉ်ဘဝနဲ့ ကင်းကွာသွားမှာပေါ့ (Dr. K. Sri Dhammanada, What Buddhists Believe, p. 154)။
နှလုံးသွင်း
ဗုဒ္ဓသာသနာကို ထောက်ပံ့လိုသူအနေနဲ့ “ခိုင်ကြည်တဲ့ သဒ္ဓါတရား (ရဟန္တာလို့ နာမည်ကြီးမှ ကြည်ညိုတာ မဟုတ်)၊ အလျှော့အတင်း၊ အသင့်နှလုံးသွင်း၊ နားလည်ပေးနိုင်မှု၊ ခွင့်လွှတ်နိုင်ခြင်း၊ အပြစ်ကိုပဲ မြင်လေ့ မရှိခြင်း၊ အများနဲ့ လိုက်လျောညီထွေ ရှိတတ်ခြင်း”တွေဟာ ဘုန်းကြီးရောလူပါ အရေးကြီးတဲ့ အရည်အချင်းတွေ ဖြစ်ကြောင်း အရင် နှလုံးသွင်းသင့်ပါတယ်။
ကျမ်းညွှန်း
ရဟန်းသံဃာကို အလှူငွေ ကပ်တာနဲ့ ပတ်သက်ပြီး ဘုန်းကြီးရဲ့ ခံယူချက်ကို မေးခွန်းအမှတ် ရ၁။ ရဟန်းငွေ မကိုင်ရ (ပေါင်းချုပ် ၁၊ စာ-၂၇၂)၊ မေးခွန်းအမှတ် ၁၈၂။ အလျှော့အတင်း (ပေါင်းချုပ် ၂၊ စာ-၆၂၄)၊ မေခွန်းအမှတ် ၄၈ဝ။ ဝတ္ထုငွေလှူဒါန်းခြင်း (ပေါင်းချုပ် ၄၊ စာ-၁၆၈၁)တွေမှာ ရှင်းပြထားပြီး ဖြစ်ပါတယ်။
ဩဂုတ် ၃၁၊ ၂၀၁၇။
---
၆၁၅။ တွန်သံသာတဲ့ ရွှေဘဲကြက်
ဘုန်းဘုန်း ဘုရား၊ နားနဲ့မနာ ဖဝါးနဲ့ နာပါဘုရား။ ကံမကောင်း အကြောင်းမလှ၍ တပည့်တော်မ၏ ဖူးစာရှင်မှာ လူမျိုးခြား ဘာသာခြား ဖြစ်နေပါသည်။ တပည့်တော်မကတော့ ဘာသာတရား အလွန် ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလာသူပါ ဘုရား။ တပည့်တော်မ ကိုယ်တိုင်လည်း ရိပ်သာတွေမှာ မကြာမကြာ တရားထိုင်ဖူးပါသည်။ စိတ်ထဲမှာ မတင်မကျ ဝေခွဲမရ ဖြစ်ပြီး မိသားစု ဖိအားလည်း ရှိနေပါသဖြင့် ဆရာတော်ရဲ့ အဆုံးအမကို ကြားနာလိုပါသည် ဘုန်းဘုန်း။
ရွှေစင်အိ (မင်္ဂလာတောင်ညွန့်)
---
ကိုယ်အဓိက
“အဆုံးအမကို ကြားနာလိုတယ်’ ဆိုပေမယ့် ဒါမျိုးက ဖြစ်ပြီးရင် ဆုံးမဖို့ ဖြစ်စေ ပြန်ပြင်ဖို့ ဖြစ်စေ လွယ်တဲ့ အရာမျိုးတော့ မဟုတ်ဘူး။ ဒါကြောင့် “ကံမကောင်း အကြောင်းမလှခြင်း မဖြစ်ခင် မိမိဖာသာ “ဦးနှောက်’နဲ့ ချင့်ချိန် ဆုံးဖြတ်ရတာမျိုး။ ဒါပေမယ့် မေးခွန်းရှိတော့လည်း ဖြေရမှာပေါ့။ မကြာခင်က ဘုန်းကြီး ရေးထားတဲ့ “မချိတင်ကဲတွေ’က ဖြစ်လာတဲ့ စာကြောင်းတွေကို ဖတ်ကြည့်ပြီး ကိုယ့်ဟာကိုယ် အဖြေရှာနိုင်မယ်လို့ ယူဆပါတယ် ..
ဘိုရည်မွန်
လွန်ခဲ့တဲ့လက တောင်ကျရေ ကြီးလို့ ဘုန်းကြီးကျောင်းဝင်း ရေမြုပ်တာနဲ့ သမံတလင်းတွေ အုတ်ခင်းလမ်းတွေ ရွှံ့ညွန် ဖုံးကုန်လို့ ဒကာကြီး ဦးအောင်ခင် လှူတဲ့ Presser Washer (ပန့်အားနဲ့ ရေဆေးတဲ့စက်)ဝယ်ဖို့ The Home Depot (အိမ်ဆောက်ပစ္စည်းမျိုးစုံဆိုင်)မှာ ပစ္စည်း ရှာနေတုန်း လူရည်မွန် ဘိုတစ်ဦးက “ထိုင်းကလား”တဲ့။ မဟုတ်ပါဘူး၊ မြန်မာပြည်ကပါ။ ထေရဝါဒလား။ ဟုတ်တယ်။ ဒီတော့ အဲဒီ ဘိုရည်မွန်က “ကျုပ်လည်း ထေရဝါဒပါ။ ကျုပ်က ထိုင်းကျောင်းကို မကြာမကြာ သွားပါတယ်။ အခု ထိုင်းကျောင်းမှာ မြက်ရှင်းဖို့ မြက်ရိတ်စက် လာဝယ်တာ။ အရှင်ဘုရားရဲ့ ကျောင်းက ဘယ်မှာလဲ”။ လိပ်စာကို ပြောတော့ သူက “နီးနီးလေးပဲ။ လာခဲ့ပါဦးမယ်”။
ထိုင်းငါးကြော်
အင်္ဂါနေ့က တွေ့ပြီး မေ့မေ့ပျောက်ပျောက် နေရာကနေ စနေ နံနက်မှာ တံခါးခေါက်သံ ကြားလို့ ဖွင့်ကြည့်တော့ အဲဒီ လူပဲ။အစားအသောက် လာပို့တာ ဆိုတော့ “ကျေးဇူးတင်ပါတယ်၊ လာပါ”ဆိုပြီး ဆွမ်းစားခန်းကို ခေါ်သွားတာပေါ့။ မကြာခင်ဘဲ စနေ ပို့နေကျ ဆွမ်းဒကာတွေ ရောက်လာကြတော့ သူယူလာတဲ့ ဟင်းကိုပါ ဦးစားပေးပြီး ကပ်တယ်။ သူ့နာမည် ‘ခရစ်စ်’ (ဒီနာမည်နဲ့ မိတ်ဆွေ တစ်ဦး ရှိသေးတယ်)။ ဟင်းက ပင်စိမ်းနံ့သင်းနေတဲ့ ငါးမွှေကြော်။ ဒီဘိုက ဘယ်နှယ်လုပ် ဒီဟင်းမျိုး ချက်တတ်ပါလိမ့်။ သူ့စကားထဲက သူ့အကြောင်းကို သိရတာက ကျောင်း မပြီးသေးလို့ LA မှာ ကျောင်းတက်နေတဲ့ ဇနီးဆီ မကြာခင် သွားမယ်။ သူ့ဇနီးက ထိုင်းလူမျိုး။ သူက အရီဇိုးနားမှာ အလုပ်လုပ်လို့ အားရင် ထိုင်းဘုန်းကြီးကျောင်းမှာ အပ်တာတွေကို ကူညီပေးတယ်။ အဂျန် (ဆရာတော်)တွေနဲ့ ရင်းနှီးပြီး ထိုင်းလိုလည်း နားလည်တယ်။
မဿဲ
ဆန်အန်တိုနီယို (တက္ကဆပ်စ်)မှာ ဒကာကြီး ဦးအောင်ခင်က ကွယ်လွန်သူ မိခင်ကို ရည်မှန်းပြီး ဒီနေ့ (စက်တင်ဘာ ၃) ဆွမ်းကပ်မလို့ အော်စတင်မြို့က သူနဲ့ ရင်းနှီးတဲ့ ဘုန်းကြီးလေး တစ်ပါးကို ပင့်တယ်။ ဒီဘုန်းကြီးလေးကို “ဘိုကပ္ပိယ”က အော်စတင်က ပင့်လာတယ်။ ဘုန်းကြီးလေးက ထေရ်ကြီးကို လေးစားတတ်တော့ ကျောင်းထဲတောင် မရောက်သေးဘူး မြေကြီးပေါ်မှာ ဝတ်ပြုတယ်။ ဒီတော့ ဒီဘိုကပ္ပိယလေးလည်း လိုက်လုပ်တယ်။ ဘုန်းကြီး စိတ်ထဲ ဘုန်းကြီးလေးကို ချီးမွမ်းနေတာပေါ့။ ဘုန်းကြီးလေး အပြောအရ သူ့နာမည် မဿဲ (မက်သယူး) အတိုကောက် မက်တ်။ သူက တရား ငါးနာရီလောက် ဆက်တိုက် ထိုင်နိုင်ပြီး ဗုဒ္ဓဘာသာ ဖြစ်နေတာလည်း ကြာပြီတဲ့။ မကြာခင်ကမှ ဒုလ္လဘ ရဟန်းက လူထွက်လာတာ။ သူ့မှာ အိမ်ထောင် ရှိတယ်။ သူ့ဇနီးက ထိုင်းအမျိုးသမီး။ မလည်း ထိုင်းလို မွှတ်နေအောင် ပြောတတ်တယ်။
Tucson
ဒါက အရီဇိုးနား တောင်ပိုင်းက မြို့တစ်မြို့ရဲ့ နာမည်။ အသံထွက်က တူဆန်။ “ထူးဆန်းမြို့ လို့ မှတ်ရင် လွယ်မယ်။ လွန်ခဲ့တဲ့ ၉-နှစ်က ဒီမြို့မှာ နေတဲ့ မြန်မာတစ်ဦး ပင့်လို့ သူအလှူလုပ်တဲ့ ထိုင်းကျောင်းမှာ တစ်ည အိပ်ဖူးတယ်။ အဲဒီ အချိန်က ထိုင်းတောင်ပိုင်းကို အကြမ်းဖက် မူဆလင်တွေ သတ်လို့ သေတဲ့ ထိုင်းဗုဒ္ဓဘာသာ အလောင်း ဓာတ်ပုံတွေကို ပြပြီး ကျောင်းထိုင် အဂျန်ဝီရော မျက်ရည် ကျတာကို အမှတ်ရသေးတယ်။ အခုပြောမှာက အဂျန် မျက်ရည်ကျတဲ့ ကိစ္စမဟုတ်။ ထိုင်းဇနီးတွေနဲ့ အတူ အလှူကို လိုက်ပါလာတဲ့ ဘိုဆယ်ကိုးယောက် ဆွမ်းချိုင့် ဆွမ်းအိုး ကိုယ်စီနဲ့ ပါလာတဲ့ ကိစ္စ။ သူတို့လည်း ဘုန်းကြီး ဆွမ်းကပ်ဖို့ ပျာပျာသလဲနဲ့ ကူညီကြတယ်။ တရားနာတော့ ဘုန်းကြီးရှေ့ သူတို့ ဇနီးတွေရဲ့ ဘေးမှာ ရေစက်ခွက် ကိုယ်စီနဲ့။ အဂျန်ကတော့ ထိုင်းလိုပဲ သီလပေး ရေစက်ချတာ။
ယောဟန်
အဲဒီနောက် ၂-လခန့် အကြာ နားနဲ့ နှာခေါင်း ခပ်ချွန်ချွန်၊ အသားဖြူ၊ မျက်ပေါက်ကျဉ်း၊ နှုတ်ခမ်းမွှေး ပါးကျဲကျဲနဲ့ ဘိုကပြား လူငယ်တစ်ဦး ဘုန်းကြီးနေတဲ့ အရီဇိုးနားကျောင်းကို ရောက်လာတယ်။ သူ့နာမည် ယောဟန် (ဂျွန်)၊ တူဆန်က လာတယ်။ တူဆန်အလှူမှာ တွေ့ဖူးတယ် (သူပြောတာ၊ ဘုန်းကြီးက မမှတ်မိ)။ သူ့ အမေ (ထိုင်းအမျိုးသမီး) လှူခိုင်းလို့ ဆန်တစ်အိတ်၊ ဆီ ၂-ပုံး၊ ရေသန့် ၄-ကတ်၊ ဝတ္ထုငွေ ထည့်လှူဖို့ စာအိတ်ရှည် တစ်ဖာ၊ ထိုင်းလုပ် စားသောက်စရာ အခြောက် လေးငါးဆယ်မျိုး၊ ဒေါ်လာ ၅၀ လာလှူကြောင်း ပြောပြတယ်။ ဒီလူငယ်က အင်္ဂလိပ်လို ပြောပေမယ့် ထိုင်းလိုလည်း ကောင်းစွာ ပြောနိုင်သတဲ့။ လှူပြီးနောက် ဘုရား ရှိခိုးပါရစေ ဆိုပြီး ဘုရားဂုဏ် ၉၊ တရားဂုဏ် ၆၊ သံဃာဂုဏ် ၉ နဲ့ သမ္ဗုဒ္ဓေကို ရွတ်တယ်။ အင်တာ နယ်ရှင်နယ် အသံနဲ့ ရွတ်တာ နားထောင်လို့ သိပ်ကောင်း။
အတွေးစ
ဂျွန်တို့ ခရစ်စ်တို့ မက်တ်တို့ ပြန်သွားတဲ့ အချိန်တိုင်း ဘုန်းကြီးမှာ စိတ်ထဲ မချိတင်ကဲလေး တစ်ခု ဖြစ်ဖြစ် ကျန်နေခဲ့တာ။ ခုတော့ အဲဒီ “မချိတင်ကဲလေးတွေက စာကြောင်းတွေ ဖြစ်လာတာပေါ့။ ယခင်က “ဘဲကြက်’ ခေါင်းစဉ်နဲ့ ဓမ္မမေးခွန်း တစ်ခု ဖြေဖူးတယ်။ ကြက်မနဲ့ ဖောက်တဲ့ ဘဲဥက မွေးလာတဲ့ ဘဲလေးတွေကို မိခင် ကြက်မကြီး ထိန်းမနိုင်တဲ့ အကြောင်း။ အခု အဲဒီ အဆိုကို ရုတ်သိမ်းရတော့ မလိုလို။ လူမည်း အမျိုးသားနဲ့ ထိုင်းဇနီးက မွေးတဲ့ နာမည်ကျော် ဂေါက်ဘုရင် ဗုဒ္ဓဝါဒီ တိုက်ဂါးဝုဒ်က ဂေါက်ကစားတာကို သူ့အဖေဆီက အမွေ ရပေမယ့် စာနာသနားတတ်တာ၊ မျှဝေတတ်တာတွေကိုတော့ သူ့အမေဆီက ရတာပါတဲ့။ တစ်ချို့ ဘဲကြက်တွေ ကျတော့လည်း တွန်သံသာလိုက်တာ။ အင်း .. ကြက်မကြီးက စိတ်ဓာတ်ရော ခွန်အား ဗလပါ အားကောင်း မောင်းသန်ကြီး ဖြစ်မယ်။
အဖြေ
အထက်က စာကို အစအဆုံး ကောင်းစွာ ဖတ်ပြီးရင် အတွေးစလေး တစ်ခု ရနိုင်လောက်ပြီလို့ ယူဆပါတယ်။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဝါဒမှာ ဘာမှ သတ်မှတ်ချက် မရှိဘူး။ ကိုယ့်ကိစ္စ ကိုယ့်သဘောပါပဲ။ ငယ်ငယ်က ဩကာသနဲ့ ဗုဒ္ဓံ သရဏံ ဆိုဖူးကြတဲ့ ဗုဒ္ဓဝါဒီအမည်ခံ မြန်မာ အထီးအမ အများစု “အခြားတစ်မျိုး’နဲ့ ဖြစ်သွားပြီ ဆိုရင် ဘုန်းကြီးကျောင်းကို ပေါ်မလာတော့တာ များတယ်။ အမှန်တော့ လူဆိုတာ “ကိုယ်ဘာ ဖြစ်တယ် (Identity)”ဆိုတာ ရှိလို့ ‘တွန်သံသာတဲ့ ရွှေဘဲကြက်လေးတွေ ဖြစ်ကြောင်း ပြနိုင်ရင် ပိုကောင်းတယ်လို့တော့ ဆုံးမစကား ဆိုပါရစေ။ မေးခွန်းအမှတ်၊ ၃၃၅ (ပေါင်းချုပ် ၃၊ စာ-၁၀၅၃)ကိုလည်း ရှုပါ။
စက်တင်ဘာ ၃၊ ၂၀၁၇။
---
၆၁၆။ သက်ဦးအစ မသိရ
ရိုသေစွာ လျှေက်ထားအပ်ပါသည် အရှင်ဘုရား၊ ပထမဦးဆုံး သတ္တဝါတို့၏ စတင် ဖြစ်တည်ပုံကို ကျမ်းဂန်တွင် မည်သို့ ဖော်ပြထားပါသလဲ ဘုရား။
ရိုသေလျက် မဖြူ
---
သူတို့အဆို
ကမ္ဘာ့ ဘာသာတရားတွေ စတင်ရာ ကျမ်းစာတွေမှာ သက်ရှိသက်မဲ့ အရာ အားလုံးကို တစ်ဆူတည်းသော ထာဝရ ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး အရာ အားလုံးဟာ ယင်းရဲ့ အလိုအရ ဖြစ်တည် ချုပ်ပျောက်နေရကြောင်း ဆိုတယ်။ ဒီအလို “ပထမဆုံး သတ္တဝါအစ ဖန်ဆင်းရှင်က’လို့ ဖြေရလိမ့်မယ်။ မဟာဗြဟ္မာ၊ ယေဟောဝါ၊ အလ္လာ၊ ထာဝရ စတဲ့ အမည်နာမ အားလုံးကို ဒီနေရာမှာ ဖန်ဆင်းရှင်လို့ ဆိုလိုတယ်။
သိပ္ပံ
သိပ္ပံဆရာတွေဟာ သက်ရှိ သို့မဟုတ် အရာဝတ္ထု တစ်ခုရဲ့ မူလ အစကို ရှာဖွေရင်း အကြောင်းဟာ အကျိုး ဖြစ်သွားပြီ၊ ဆိုပြီး အကျိုးတရားလည်း အခြား အကျိုးတစ်ခုကို ဖြစ်ပေါ်စေတဲ့ အကြောင်းသစ် ဖြစ်သွားပြန်တယ်။ ရှာဖွေရင်း မူလမှတ်ကိုပဲ ပြန်ရောက်သွားကြတယ်။ သက်ရှိ၊ သစ်ပင်၊ ဂြိုဟ်၊ ဒြပ်ဝတ္ထုနဲ့ စွမ်းအင်တွေရဲ့ မူလအကြောင်း တရားတွေကို ရှာဖွေ တွေ့ရှိကြမယ့် မိမိတို့ ကိုယ်တိုင် ဖြစ်ပေါ် တည်ရှိမှုရဲ့ မူလရင်းမြစ် ရှေးဦး အကြောင်းတရားကို အတိအကျ မတွေ့နိုင်ကြသေးဘူး။
လွင့်မျော
ဗုဒ္ဓဒေသနာအရ .. သက်ရှိလောကဟာ “ယခင် ယခု နောင်”လို့ ကာလ ဖြစ်စဉ် သုံးမျိုးနဲ့ အဆုံးမဲ့ စကြဝဠာ (Time and Space) အတွင်း အသီးသီး (ကိုယ်စီကိုယ်စီ) လွင့်မျော လည်ပတ်နေတယ်။ တစ်ခုသော သတ္တဝါသည်ပင် နေရာဌာန အမျိုးမျိုးမှာ ခြားနားတဲ့ အသိဉာဏ် သွင်ပြင် သက်တမ်းတွေနဲ့ ကာလသုံးပါး မရစ်စဲဘဲ ဖြစ်နေကြတယ်။ အဲဒီလို လည်ပတ်စေတဲ့ တွန်းအားက သတ္တဝါ အသီးသီးရဲ့ ကိုယ်တိုင် ‘ပြုပြောကြံ’ခြင်းဖြင့် ထုတ်လုပ် စုဆောင်းထားတဲ့ ‘စွမ်းအင်’တွေပါပဲ။
မြတ်ဗုဒ္ဓက “ဒီဖြစ်စဉ်ရဲ့ အစကို မသိနိုင်ဘူး (ပုဗ္ဗကောဋိ န ပညာယတိ၊ သံ၊၁၊၃၈၅)”လို့ မိန့်ပါတယ်။
ယုတ္တိ
သတ္တဝါ သို့မဟုတ် အရာဝတ္ထုတို့ရဲ့ အဦးအစဟာ ဆုံးစမဲ့ ဖန်ဆင်းရှင် ဖြစ်ပြီး ယင်းမူလ ရင်းမြစ်ဟာ တစ်စုံ တစ်ဦးသော တန်ခိုးရှင်ရဲ့ ဖန်ဆင်းခြင်းကိုမျှ မခံရဘဲ တည်ရှိနိုင်တယ် ဆိုရင် စကြဝဠာအတွင်း အခြားသော သဘာဝ တရားတွေလည်း ဖန်ဆင်းခြင်း မခံရဘဲ မတည်ရှိနိုင်စရာ အကြောင်း ရှိပါ့မလား။ ဖန်ဆင်းမှု ကင်းလွတ် နယ်ပယ်တစ်ခု ဧကန်ရှိရမယ်။
အဖြေ
ဗုဒ္ဓဝါဒအရ သက်ရှိ သက်မဲ့ အရာအားလုံးဟာ ဖြစ်တည် ပေါ်ပေါက်လာမှသာ သိနိုင်တာ ဖြစ်လို့ ယင်းတို့ စတင် ဖြစ်ပေါ်ချိန်ကို မသိနိုင်ကြောင်း မြတ်ဗုဒ္ဓ ဟောပါတယ်။ ဒါကြောင့် “သက်ဦးအစ မသိရ’လို့ပဲ ဖြေနိုင်မှာပါ။
စက်တင်ဘာ ၉၊ ၂၀၁၇။
---
၆၁၇။ အကောင်းရဲ့ ရင်းမြစ်
ဘုန်းဘုန်း ဘုရား၊ မင်္ဂလာရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သိလိုပါသည် ။ အတ္တသမ္မာပဏိဓိကိုလည်း ရှင်းပြပေးပါ ဘုရား။
ခင်ခင်အိ (Rockville, MD)
---
ငြင်းခုံရ
“မင်္ဂလာ”ကို “Blessing”လို့ ဆိုပေမယ့် တန်ခိုးရှင်က ကောင်းချီးပေး ဆိုတာမျိုး မဟုတ်ဘူး။ အဓိပ္ပာယ်ရင်းက “ကောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းတရား”။ ဥပမာ .. ဘုန်းကြီးကျောင်း ဘေးကလူကို ဘာလို့ အိမ်ရှေ့မှာ မြင်းခွာသံ ချိတ်ထားသလဲ မေးတော့ lucky sign တဲ့။ ယုန်ခြေအစစ်နဲ့ သော့ချိတ် လုပ်ထားတဲ့ ဘိုတစ်ဦးလည်း တွေ့ဖူးတယ်။ သူတို့ ယဉ်ကျေးမှုအရ အဲဒါတွေကို ကောင်းခြင်းရဲ့ ရင်းမြစ်အဖြစ် ယုံကြည်ကြတာကိုး။ ယုံကြည်မှုတွေ အမျိုးမျိုး ကွဲပြားလို့ သူမှန် ကိုယ်မှန် ငြင်းကြတာ ဘုရားလက်ထက်က ၁၂-နှစ်တောင် ကြာဖူးတယ်။
၃၈-မျိုး
ရာဇဂြိုဟ်မြို့သား လူငယ် သိင်္ဂါလဟာ သူ့အဖေ မသေခင် ဆုံးမတဲ့အတိုင်း မနက်စောစော ဆံပင်ကို ရေဆွတ်၊ အဝတ်စိုကို ဝတ်ပြီး အရပ် ၆-ပါးကို ရှိခိုးနေစဉ် မြတ်ဗုဒ္ဓက “အရှေ့ မိဘ၊ တောင် ဆရာ၊ အနောက် သားမယား၊ မြောက် မိတ်ဆွေ၊ အောက် အလုပ်သမား၊ အထက် ရဟန်း ပုဏ္ဏား”လို့ အဓိပ္ပာယ်မှန် ပြောင်းပေးလိုက်တယ် (ဒီ၊၃၊၁၅၃)။ ဒီလိုပဲ “မင်္ဂလာ (အကောင်းရဲ့ ရင်းမြစ်)”ဟာ သူငါ ထင်သလို “လိပ်၊ ဇီးကွက်’ စသည် မဟုတ်။ ‘မင်္ဂလာ’ အစစ်အမှန် ၃၈-မျိုးကို ဗုဒ္ဓ ဟောကြားမှ အဲဒီ ငြင်းခုံမှုတွေ ငြိမ်းတယ်။
ဆုံးဖြတ်ပါ
ကိုယ့်ကိုယ်ကို စည်းကမ်း သတ်မှတ်တာ “အတ္တသမ္မာပဏိဓိ”။ မကောင်းတာကို ဝေးဝေးရှောင်ပြီး သူတော်ကောင်းစိတ် မွေးမြူဖို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ခြင်းလို့လည်း ဆိုနိုင်တယ်။ သလ္လေခသုတ် (မ၊၁၊၄၁)မှာ ဆုံးဖြတ်ပုံ နမူနာ ၄၄-ခု ဟောတော်မူတဲ့ အနက် အချို့မှာ ..
၁။ သူများ ရက်စက်သော်လည်း ငါ ရက်စက်သူ မဖြစ်ရ။
၂။ သူများ သူ့သက် သတ်သော်လည်း ငါ သူ့သက် သတ်သူ မဖြစ်ရ။
၃။ သူများ သူ့ဥစ္စာကို ခိုးသော်လည်း ငါ သူ့ဥစ္စာကို ခိုးသူ မဖြစ်ရ။
၄။ သူများ မစင်ကြယ်သော်လည်း ငါ စင်ကြယ်သူ ဖြစ်ရမည်။
၅။ သူများ မမှန်စကား ဆိုသော်သည်း ငါ အမှန်စကား ဆိုမည် .. စသည်။
ကော်ဖတ်
“ဒေါသ ထွက်စရာနှင့် ကြုံပေမယ့် သည်းခံမည်။ သူတစ်ပါး အောင်မြင်တာကို ငြူစူစိတ် မဖြစ်အောင် အားထုတ်မည်။ သူတစ်ပါးရဲ့ အောင်မြင်မှုကို နှစ်သက်နိုင်အောင် ကြိုးစားမည်” သည်ဖြင့် မိမိမှာ ဖြစ်နိုင်တဲ့ စိတ်ယုတ်တွေကို ကျော်လွှားနိုင်ဖို့ နေ့တိုင်း ဆုံးဖြတ်ချက်ချ။ ဒီနောက် လချုပ်၊ နှစ်ချုပ်တွေနဲ့ ကိုယ့်စိတ် ပြောင်းလဲမှု ရှိမရှိ သုံးသပ်ပြီး တဖြည်းဖြည်း ကိုယ့်ကိုယ်ကို ဆုံးမယူတာ။ ဒါကြောင့် “အတ္တသမ္မာပဏိဓိ”ဟာ သစ်သားကို ချောအောင် ပွတ်တိုက်တဲ့ sand-paper (ကော်ဖတ် စက္ကူ)နဲ့ တူတယ်။
စက်တင်ဘာ ၉၊ ၂၀၁၇။
---
၆၁၈။ လူမိုက်နဲ့ လူလိမ္မာ
ဆရာတော် ဘုရား၊ လူမိုက်နှင့် ပညာရှိကို ခွဲခြား၍ သိလိုပါသည် ။ ဘယ်လို လူကို လူမိုက် သို့မဟုတ် လူလိမ္မာဟု ကျမ်းဂန်တွင် ဟောကြားထားတယ် ဆိုတာကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
ခင်ညွန့်ရည် (El Monte, CA)
---
အခြေခံ
လူလိမ္မာဟာ လူ့စိတ်မှာ အမှားနဲ့ အမှန်ကို ခွဲခြားပေးနိုင်တဲ့ မျိုးစေ့ကို စိုက်ပျိုးပေးနိုင်တယ်။ မကောင်းတာကို ရှောင်ပြီး ကောင်းတာကို လုပ်ဖို့ အားပေးတယ်။ ဒါကြောင့် လူလိမ္မာကို မိတ်ဆွေပြုတာဟာ အကောင်းရဲ့ အခြေခံဖြစ်တယ်။ လူမိုက်နဲ့ ပေါင်းရင် လူတစ်ယောက်ရဲ့ စိတ်ဟာ အမှန်ကို ဆုံးဖြတ်နိုင်တဲ့ စွမ်းရည် ရှိရင်တောင် စိတ်ပိုင်းဘဝကို လေ့ကျင့်ခါစမှာ ထိုလူမိုက်ရဲ့ လွှမ်းမိုးမှု ခံရဖို့ လွယ်ကူတယ်။ သူ့လမ်းညွှန်မှုရဲ့ ဖမ်းယူတာကို ခံရပြီး အမှားကို ရောက်သွားနိုင်တယ်။
အလာဟုသခင် အတွက် အသက်ပေးရင် ကောင်းကင်ဘုံမှာ အပျိုစင် ၇၂-ယောက် ရမယ်ဆိုတဲ့ လူမိုက် လမ်းညွှန်ကို ယုံစားမိလို့ ယုံကြည်မှု မတူတဲ့ အပြစ်မဲ့သူတွေကို လိုက်သတ်ဖို့ ကိုယ်မှာ ဗုံးကပ်ပြီး ကိုယ့်ကိုယ်ကို အသေခံတဲ့ဆီ ရောက်သွားကြတာဟာ အရှင်းဆုံး နမူနာပါပဲ။
ပညာရှိ
လူမိုက်နဲ့ လူလိမ္မာ (ပညာရှိ)ကို ခွဲခြားဖို့ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်မှုတွေ ရှိတယ် ..
“ရဟန်းတို့၊ ကိုယ်ဖြင့် ပြုသော ယုတ်သော အမူအကျင့်၊ နှုတ်ဖြင့် ပြုသော ယုတ်သော အမူအကျင့်၊ စိတ်ဖြင့် ပြုသော ယုတ်သော အမူအကျင့်’ဟူသော အရည်အချင်း သုံးမျိုးရှိသူကို လူမိုက်ဟု သိရမည် (အံ၊၁၊၁၀၀)။ လူမိုက်ဟု ထင်ရှားစေသော အပြုအမူ သုံးမျိုးရှိ၏။ ယင်းတို့မှာ မကောင်းသော အကြံကို ကြံခြင်း၊ မကောင်းသော စကားကို ဆိုခြင်း၊ မကောင်းသော အမှုကို ပြုခြင်းတို့တည်း (ယင်း)။
“အကြင် ပုဂ္ဂိုလ်ကို ပေါင်းသင်းမူ ငါ့အား အကုသိုလ် တရား တိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်၏”ဟု သိပါမူ ထို ပုဂ္ဂိုလ်ကို မပေါင်းသင့်။ “အကြင် ပုဂ္ဂိုလ်ကို မှီဝဲမူ ငါ့အား အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွား၏”ဟု သိပါမူ ထိုပုဂ္ဂိုလ်ကို ပေါင်းသင့်၏ (အံ၊၃၊၃၃၇)။
မကောင်း
ဒီနေရာမှာ “အယုတ်၊ မကောင်း၊ အကုသိုလ်”ဆိုတာကို “အပြစ်ရှိခြင်း မကောင်းကျိုးကို ဖြစ်စေခြင်း”လို့ နားလည်ပါ။ ဥပမာ .. အလိုကြီး၊ အပျက်ထန်၊ စိတ်မတည်ငြိမ်၊ မနာလို၊ အလိုမကျ၊ ငြူစူ၊ ကိုယ်ကျိုးရှု’ ဆိုတာတွေဟာ မကောင်းကျိုးရဲ့ ရင်းမြစ်တွေပဲ။ လူတစ်ယောက်နဲ့ အပေါင်းအသင်း ပြုတဲ့အခါ အဲဒီ စိတ်ဆိုး စိတ်ယုတ်တွေကို တိုးပွားစေရင် အဲဒီလူကို ရှောင်ရမယ်။
အဲဒါရဲ့ ဆန့်ကျင်ဘက် ကိုယ်ချင်းစာ ကြင်နာ ရက်ရော စတဲ့ အရည်အချင်းကောင်းကို တိုးပွားစေရင်၊ သီလ သမာဓိ ပညာကို တိုးတက်စေရင် အဲဒီလူနဲ့ ဆက်သွယ်ရမယ်။
ဆင်ရိုင်းလို
တောက ဖမ်းလာတဲ့ ဆင်ရိုင်းကို ဆင်ယဉ်ရဲ့ ဘေးမှာ ပူးကပ်ချည်နှောင်ပြီး မောင်းနှင်တဲ့အခါ ဆင်ရိုင်းဟာ ဆင်ယဉ်ရဲ့ လွှမ်းမိုးမှုကြောင့် တဖြည်းဖြည်း ငြိမ်သွားတယ်။ ပြီးမှ ဒီကောင့်ကို ယဉ်အောင် လေ့ကျင့်ယူရတယ်။ ဒီလိုပဲ ကျင့်သုံးခါစမှာ ဗုဒ္ဓဝါဒီ တစ်ယောက်ရဲ့ စိတ်ဟာ ဆင်ရိုင်းလိုပဲ။ ဒါပေမယ့် ကျင့်စဉ်နဲ့ နီးစပ်ပြီးသူတွေနဲ့ အပေါင်းအသင်း လုပ်မိတဲ့အခါ ကိုယ့်ရဲ့ စိတ်ဆင်ရိုင်းကို ဆုံးမနိုင်ဖို့ အထောက်အပံ့ ပြုပြီး တဖြည်းဖြည်း ကိုယ့်ကိုယ်ကို ဆုံးမလာနိုင်တယ်။
ရင်းမြစ်
မင်္ဂလသုတ် ဒုတိယ ဂါထာအရ လူမိုက်ကို ရှောင်ခြင်း လူလိမ္မာ (ပညာရှိ)ကို မှီဝဲခြင်းဟာ မင်္ဂလာ အားလုံးရဲ့ အခြေခံပါပဲ။ လမ်းမှန်ကို ညွှန်ကြားနိုင်တဲ့ လူနဲ့ ဆက်သွယ် ပေါင်းသင်းမှ လမ်းမှားကို ရှောင်နိုင်မှာပေါ့။ “မြုပ်ထားသော ရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ် ရှုကြည့်၍ အပြစ်ဖော်ပြ ဆုံးမလေ့ရှိသော ပညာရှိကို ပေါင်းသင်းရာ၏။ လူလိမ္မာ(ပညာရှိ)ကို ဆည်းကပ်သူအား ကောင်းမြတ်ခြင်း ဖြစ်၏။ ဆိုးယုတ်ခြင်း မဖြစ် (ဓမ္မပဒ၊ ၁၆-ဂါထာ)။
စက်တင်ဘာ ၁၀၊ ၂၀၁၇။
---
ကျီးကန်းနှင့် ဥဒေါင်း
အိမ်ကြို အိမ်ကြား ကျီးကန်း တစ်သောင်း အော်သည်ထက် မြိုင်ယံ တစ်ကြော ဥဩငှက် တစ်ကောင် တွန်သည်က ပို၍ သာယာ၏။
၆၁၉။ ဥုံ မဏိ ပဒ်မေ ဟုံ
ဆရာတော် ဘုရား၊ ထိုင်ဝမ်က အစ်ကိုဆီကို သွားလည်တုန်းက မဟာယာန ဗုဒ္ဓဘာသာ ကျောင်းမှာ အခမ်းအနား တစ်ခုနဲ့ ကြုံပါတယ်။ အဲဒီမှာ တရုတ် ဘုန်းကြီးတွေက “ဥုံ မဏိ ပဒ်မေ ဟုံ”ကို တူရိယာတွေ တီးခတ်ပြီး မိနစ်သုံးဆယ်ကြာ ရွတ်ဖတ်ပါတယ်။ တပည့်တော်က နားမလည်တော့ ငြီးငွေ့ပြီး အိပ်ချင်ပါတယ်။ ဖြစ်နိုင်လျှင် “ဥုံ မဏိပဒ်မေ ဟုံ”ရဲ့ အကြောင်းကို သိချင်ပါသည် ဘုရား။
ဒေါ်ကြင်ရှိန် (စမ်းချောင်း)
---
ပဋ္ဌာန်း
“အိပ်ချင်တယ်” ဆိုလို့ မြန်မာပြည်က အသံမစဲ ပဋ္ဌာန်းပွဲကို သွားအမှတ်ရတယ်။ တောမှာဆို လော်ကြီးတွေကို သစ်ပင်မြင့်မှာ ချိတ်ပြီး ရွတ်တာ ဖြစ်လို့ ဘေးက မကြည်ညိုသူတွေ အိပ်မရဘူးတဲ့။ ခုတော့ ကြည်ညိုပေမယ့် ထိုင်ဝမ် ဘုန်းကြီးတွေက အခန်းထဲမှာ တူရိယာနဲ့ ရွတ်တာ ငြိမ့်ညောင်းလွန်းလို့ အိပ်ချင်တာ ဖြစ်မယ်။ “ဥုံ မဏိ ပဒ်မေ ဟုံ”အကြောင်းကို ပြည့်ပြည့်စုံစုံတော့ မသိဘူး။ ဒါပေမယ့် တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဟောပြောချက်နဲ့ Wikipedia မှာ ဖော်ပြတာတွေကို အခြေပြုပြီး နားလည်သမျှ ပြန်ပြောပြပါမယ်။
ဥုံအစ
‘ဥုံ’ဆိုတာ ပူဇော်အပ်တဲ့ အသံ။ အဆုံးမဲ့ စွမ်းအင် ရှိတယ်။ ကမ္ဘာ့ ရှေးဦး ကျမ်းစာတွေ ဖြစ်တဲ့ ဥပနိသျှဒ် ကျမ်းတွေမှာ ဥုံ စာလုံးကို ပထမဆုံး တွေ့ရသတဲ့။ အရိုအသေ ပြုအပ်တဲ့ စကားလုံး။ ဘဂဝါဂီတ၊ ဟိန္ဒူ ပုရဏ်ကျမ်းနဲ့ ဂျိန်းဝါဒ ကျမ်းစာတွေမှာလည်း ‘ဥုံ’စာလုံး တွေ့ရသတဲ့။ နှောင်းခေတ်မှာ တိဗက်က ဝဇိရယာန ဗုဒ္ဓဝါဒီတွေလည်း မန္တရတွေရဲ့ အစမှာ ‘ဥုံ’ခံပြီး ရွတ်ဆိုတယ်။ ဆစ်ခ် ဘာသာမှာတောင် ဥုံနဲ့ အသံ ထွက် ဆင်တူတဲ့ အသုံးရှိသတဲ့။ အဓိပ္ပာယ် တူမယ် ထင်တယ်။
ဥုံဆိုတာ
‘ဥုံ’မှာ “အ၊ ဥ၊ မ”လို့ အသံသုံးခု ပါတယ်။ ဒီသုံးခုလုံးက သာမန် ပုထုဇဉ် တစ်ယောက်ရဲ့ နေ့စဉ် ဘဝထဲက မစင်ကြယ်တဲ့ ကိုယ် နှုတ် စိတ်ကိုရော ဗောဓိဉာဏ်ကို ရပြီးတဲ့ ဗုဒ္ဓရဲ့ စင်ကြယ် မြင့်မြတ်တဲ့ ကိုယ်နှုတ်စိတ်ကိုပါ ကိုယ်စားပြုတယ်။ လူဟာ ကိုယ်နှုတ်စိတ် မစင်ကြယ်တဲ့ ဘဝကနေ လုံးဝ စင်ကြယ်အောင် လုပ်နိုင်တယ်။ ဗုဒ္ဓတွေလည်း သာမန်ကနေ ကျင့်ကြံ အားထုတ်ရင်း မစင်ကြယ်တဲ့ ကိုယ်နှုတ် စိတ်ကို ပယ်ရှားပြီး စင်ကြယ်တဲ့ ဘဝကို ရောက်သွားကြတာ။
မစင်ကြယ်တဲ့ ကိုယ် နှုတ် စိတ်မှ စင်ကြယ်တဲ့ ကိုယ်နှုတ် စိတ်သို့ ပြောင်းလဲ တိုးတက်မှုကို ‘ဥုံ’အသံနဲ့ ကိုယ်စားပြုတယ်။ ဘယ်ပုံ ပြောင်းလဲတယ် ဆိုတာကို နောက်အသံ လေးခုနဲ့ ညွှန်ပြတယ်။
မဏိ
အသံနှစ်ခု ရှိတဲ့ “မဏိ”ဆိုတာ ရတနာ။ ဒီအသံနဲ့ ဗောဓိဉာဏ် ကရုဏာ မေတ္တာကို ရဖို့ ရည်ရွယ်တဲ့ လမ်းစဉ်ကို ကိုယ်စားပြုတယ်။ ရတနာဟာ ဆင်းရဲခြင်းကို ဖယ်ရှားနိုင်သလို ဗောဓိဉာဏ်ကို ရဖို့ ယုံကြည်တဲ့ စိတ်လည်း ဆင်းရဲခြင်း ခက်ခဲခြင်းနဲ့ ဘဝသံသရာမှာ လည်ရခြင်းတွေကို ပယ်ရှားနိုင်တယ်။ ရတနာဟာ သတ္တဝါတွေရဲ့ ဆန္ဒကို ဖြည့်စွမ်းနိုင်သလို ဗောဓိဉာဏ်ကို ရဖို့ လုံးဝ ယုံကြည်တဲ့ ရည်မှန်းချက်ရှိတဲ့ လမ်းစဉ်လည်း သတ္တဝါတွေရဲ့ ဆန္ဒကို ပြည့်ဝစေတယ်။
ပဒ်မေ
အသံ နှစ်ခုပါတဲ့ “ပဒ်မေ”ဆိုတာက ကြာပန်း။ ဗုဒ္ဓဝါဒမှာ ကြာပန်းဟာ ပညာကို ကိုယ်စားပြုတယ်။ ကြာပန်းဟာ ညစ်ကျုတဲ့ ရွံ့ညွန်က ပေါက်လာပေမယ့် စင်ကြယ်ပြီး အပြစ်ကင်းသလို ပညာမဲ့တဲ့ ဆိုးညစ်တဲ့ အခြေအနေကနေ ပညာရှိလာရင် လောကရဲ့ အရှုပ်ကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်လည်း ရှိလာတာပဲ။ ပညာရှိရင် ဒီခန္ဓာကိုယ်ရဲ့ မမြဲ ဆင်းရဲ အနတ္တ ဆိုတဲ့ သဘောတွေကို နားလည်တယ်။ အဲဒီ ပညာနဲ့ပဲ ဘဝရဲ့ အနှစ်သာရမဲ့ (သုညတ) အဖြစ်ကို သိမြင်နိုင်တယ်။
ဟုံ
နောက်ဆုံး အသံ ‘ဟုံ’ ဆိုတာ ဆက်စပ်ခြင်း ညီညွတ်ခြင်း။ နည်းလမ်းနဲ့ ပညာတို့ရဲ့ ခွဲခြားမရတဲ့ ညီညွတ်မှုကနေ စင်ကြယ်မှုကို ရတယ်။ “လမ်းစဉ်နဲ့ ပညာတို့ရဲ့ ခွဲခြားမရခြင်း”ဆိုတာ လမ်းစဉ်ကြောင့် ဖြစ်လာတဲ့ ပညာရော ပညာကြောင့် ရရှိတဲ့ လမ်းစဉ်ပါ နှစ်မျိုးလုံး ပြည့်စုံတဲ့ သွင်ပြင် ပုံစံရှိတဲ့ တစ်ခုသော စိတ်ကို ရည်ညွှန်းတယ်။ ဒါကြောင့် ..
အသံ ခြောက်ခုပါတဲ့ ဥုံ မ ဏိ ပဒ် မေ ဟုံ”ဆိုတာ လမ်းစဉ်နဲ့ ပညာတို့ရဲ့ ခွဲခြားမရတဲ့ ပေါင်းစပ်ခြင်းဖြင့် လေ့ကျင့်အားထုတ်မှုကို အမှီသဟဲပြုပြီး သာမန်တို့ရဲ့ မစင်ကြယ်တဲ့ ကိုယ် နှုတ်စိတ်ကို စင်ကြယ် ပြည့်စုံတဲ့ ဗုဒ္ဓရဲ့ ကိုယ်နှုတ်စိတ် အဖြစ် ပြောင်းလဲနိုင်တယ်လို့ ဖြစ်ပါတယ်။
တစ်နည်း
စကားလုံး အဓိပ္ပာယ် အနေနဲ့ ‘ဥုံ’ ဆိုတာ ရိုသေပူဇော်ခြင်း ဖြစ်လို့ “ဥုံ = ရိုသေ ပူဇော်ပါ၏။ ဘာကိုလဲ .. မဏိ = ရတနာကို (ပူဇော်)။ ဘယ်မှာ ရှိလဲ .. ပဒ်မေ = ကြာပန်းမှာ (ရှိတယ်)။ ဒါကြောင့် ‘ဥုံ မဏိ ပဒ်မေ = ကြာပန်းထဲက ရတနာကို ပူဇော်ပါ၏။ ဟုံ = မသိမိုက်မဲမှုကို ပယ်ရှားနိုင်ပါစေ”လို့လည်း တန္တရဂိုဏ်း ဗုဒ္ဓဝါဒီတွေက အဓိပ္ပာယ် ဖွင့်ကြောင်း သိရတယ်။
နားလည်ပါ
ဗုဒ္ဓ အဖြစ်ကို အပြင်မှာ မရှာနဲ့။ ဗုဒ္ဓ အဖြစ်ကို ရဖို့ အနှစ်သာရကတော့ ကိုယ်တွင်းမှာပဲ ရှိတယ်။ သတ္တဝါ အားလုံးမှာ သဘာဝအရ မိမိရဲ့ ဘဝဖြစ်စဉ်မှာပဲ ဗုဒ္ဓကိုယ် (တထာဂတဂဗ္ဘ) တည်ရှိတယ် ဆိုတာကို ဒီအသံ ၆-ခုက ရည်ညွှန်းတယ်။ Kalmuck Mongolian Buddhist Center, New Jersey, USA မှာ ဒလိုင်းလားမားရဲ့ ဟောပြောချက်ပါ (Youtube မှာ ရှာကြည့်ပါ)။ အဓိပ္ပာယ်ကို နားလည်ပြီး ရွတ်ဖတ်မှ အကျိုး ရှိကြောင်းလည်း ဒလိုင်းလားမားက မိန့်ကြားပါတယ်။
စက်တင်ဘာ ၁၅၊ ၂၀၁၇။
---
အိုဘယ့် ... ဘွဲ့ဒီဂရီ
ဘွဲ့ဒီဂရီဖြင့် သတ်မှတ်သော အဆင့်အတန်းဟူသည် သူတစ်ပါးအား ဆုပ်ကိုင် လှုပ်ပြပြီး ခြောက်ရန် မြောက်ရန် မဟုတ်ပေ။ ကြောက်ရန် မြှောက်ရန်သာ ဖြစ်သင့်၏။
---
၆၂၀။ တကယ့်ဟိုအသံပဲ
ဘုန်းကြီး ဘုရား၊ အခြားနိုင်ငံသား ခံယူထားတယ်လို့ ယူဆရပြီး နိုင်ငံခြား သတင်းဌာနတွေရဲ့ စကားပြောစက် ရှေ့မှာ ထိုင်ခွင့်ရသူ အချို့ ဗုဒ္ဓသာသနာကို ကာကွယ်ဖို့ ပြည်တွင်း လှုပ်ရှားမှု အပေါ် ကဲ့ရဲ့ ပြစ်တင်တာတွေကို အသားပေး အသံလွှင့်လေ့ ရှိပါသည်။ မြန်မာပြည်မှာ ဗုဒ္ဓသာသနာ မှေးမှိန် ပျောက်ကွယ်လောက်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါသလား ဘုရား။
အရှင်ကဝိသာရ
---
သူတို့ဘာလဲ
“သတင်းဌာန”ဆိုလို့ ပြည်တွင်းနေ ဘုန်းကြီးတစ်ပါးကို ဗျူးရာမှာ ဘုန်းကြီးက “ကိုယ့်အမျိုး ကိုယ့်ဘာသာကို ကာကွယ်တာ”ဆိုတော့ ဗျူးသူက “သူများအမျိုး သူများဘာသာကို မကာကွယ်ဘူး ဆိုတဲ့ အဓိပ္ပာယ်လား”လို့ ဖြတ်မေးသံကို ကြားလိုက် တယ်။ ပြည်တွင်းက ဘုန်းကြီးကို အမြင်ကျဉ်းတယ်လို့ ထို သတင်းသမား ‘ကိုဘောကြီး” (သဘောထားကြီးလို့)က အထင်သေးတဲ့ လေယူလေသိမ်းပဲ။ ရန်ကုန်ဘက်က ရန်စကား ပြန်ပြောသံ မကြားရလို့ တော်သေးတယ်။
ဘုန်းကြီးတွေ အကြောင်း မလွှဲသာလို့ ကောင်းတာကို ပြောရင်တောင် အဆိုးမြင် သုံးသပ်ချက် တစ်လုံးထည့် နှစ်လုံး ထည့်နဲ့ နိဂုံးအုပ်လေ့ရှိတယ်။ ယင်းတို့ အများစုဟာ ဗုဒ္ဓဘာသာ မဟုတ် တစ်နည်း အမည်ခံ ဗုဒ္ဓဘာသာတွေ ဖြစ်မယ်။
သိပါစ
အနှီ ပြည်ပသတင်း ဌာနမှာပဲ ဒေါက်တာ ရှေ့ဆက်ပါသူ တစ်ဦးက “မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အားနည်းသွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး၊ လှံဖျားပုစဉ်းနား ကျီးကန်း ကြောက်ချီးပါဆိုသလို ဖြစ်နေကြတာ”လို့ ပြောတာကိုလည်း မှတ်မိနေရဲ့။ ပြည်တွင်း ဗုဒ္ဓဘာသာအခြေအနေကို ပြည်တွင်းလူက ၎င်းထက် ပိုသိမှာပေါ့။
အိန္ဒိယမှာ ဗုဒ္ဓဘာသာ ဘုန်းကြီး များစွာ သတ်ခံရတာ အပါအဝင် အေဒီ ၁၃-ရာစု အာရပ် ကုလားတွေရဲ့ ရန်လို ရက်စက်မှု သမိုင်းကို Dr. Bill Warner ရဲ့ Youtube ဟောပြောချက် “We are Afraid”မှာ ကြည့်ပါ။ နှစ် ၃၀၀-လောက် ခမ်းနားခဲ့တဲ့ ရောမမြို့တော် ကွန်စတန်တင်နိုပယ်ဟာ ဘာသာရေး ရန်လိုသူ အာရပ်တွေ တိုက်ခိုက်လို့ ပျက်စီးခဲ့တာ။ မလေးရှား အင်ဒိုနီးရှားတွေရဲ့ ကျောကို ပုတ်လို့ လန့်သွားရင် ခုထိ “ဗု”လို့ ယောင်တုန်းပဲတဲ့။
ကြားရပုံ
အခုဆို ပြင်သစ်တို့ နေသာလန်တို့က နိုင်ငံရေးသမား အချို့တောင် သီအိုဒို ရုစဗဲ့လ်ရဲ့ သီအိုရီကို ကိုးကားပြီး အမျိုးဘာသာ စကားတွေ ဆိုနေပြီ။ ရုစဗဲ့လ်က “ဘာသာရေး အားလုံးမှာ အဘူတူ ဖြစ်၏ဟု ဖော်ပြခြင်းသည် နိုင်ငံရေး ပါတီအားလုံး အတူတူ ဖြစ်၏ဟု ဆိုသကဲ့သို့ အဓိပ္ပာယ် မရှိချေ။ အချို့သော ဘာသာရေးနှင့် ယုံကြည်မှု ပုံစံသည် လူသား ဘဝအတွက် အဆင့် မြင့် တန်ဖိုးကို ပေးပြီး အချို့ကား နိမ့်ကျသော တန်ဖိုးကို ပေး၏”တဲ့။ ကိုယ့်တန်ဖိုးကို ကိုယ်သိဖို့တော့ လိုပေမယ်။
ဟိုအသံလို
သူတစ်ပါးကို ရန်မပြုတဲ့ နည်းနဲ့ ဗုဒ္ဓသာသနာကို ကာကွယ် ထိန်းစောင့်မယ့် လှုပ်ရှားမှုကြောင့် တိုင်းပြည် ဖွံ့ဖြိုးရေးကို မဟန့်တားပါဘူး။ တိုးတက်ရေးကို ထိခိုက်စေတဲ့ အကြောင်းတွေထဲမှာ ဆိုခဲ့ပါ ဒေါက်တာ ရှေ့ဆက်ပါသူလို ပြည်တွင်း ပြည်ပက ရေးစားသမား အချို့ရဲ့ ပါးစပ်လည်း ပါတယ်။ ယင်းတို့ ဖွလို့ လူတွေ မငြိမ်သက်၊ ဒီတော့ ဧည့်သည် မလာ၊ ဝင်ငွေမရှိ၊ လူတွေ ဆင်းရဲတယ်ပေါ့။ သူတို့ ပါးစပ်က ထွက်တဲ့ အသံက လူတွေကို နှာခေါင်းရှုံ့ မျက်နှာမဲ့စေတဲ့ တကယ့် ဟိုအသံပဲ။
စက်တင်ဘာ ၁၆၊ ၂ဝ၁၇။
---
၆၂၁။ ဖုတ်သွင်းရထား
ဆရာတော် ဘုရား၊ ဖုတ်သွင်းရထား ဆိုတာ ဘယ်လိုဟာပါလဲ။ ဖုတ်တစ္ဆေ သို့မဟုတ် နတ်စိမ်း သွင်းထားတဲ့ ရထားကို ဆိုလိုပါသလား သိလိုပါသည် ဘုရား
မင်းမင်း (ဧရာဝတီ)
---
မင်္ဂလာရထား
“ဖုဿရထန္တိ မင်္ဂလရထံ (သံ-ဋီ၊၂၊၂၆၆)”အရ မင်းစီး မင်္ဂလာရထားကို “ဖုတ်သွင်းရထား”လို့ ခေါ်ပါတယ်။ ရထားဆိုပေမယ့် ခုခေတ်လို စက်နဲ့ မောင်းတဲ့ ရထားမျိုး မဟုတ်၊ မြင်းလှည်းပါပဲ။ ဘုရင်မင်းတွေ ဥယျာဉ် ရေကန် စသည်ကို ထွက်တဲ့အခါ စီးတဲ့ မြင်းလှည်းကို ခေါ်တာ။ ဇာတ်ပါဠိတော်နိဿယမှာ “ဖုတ်သွင်းရထား”လို့ နိဿယ ပြန်တာကြောင့် ဇာတ်ကြီးဆယ်ဘွဲ့ မဟာဇနကဇာတ်မှာ မင်းဘူးဦးသြဘာသက “ဖုတ်သွင်းရထား”လို့ ဆိုခဲ့ဟန် တူပါတယ်။
သစ္စာတန်ခိုး
မဟာဇနကဇာတ် မင်းလောင်းရှာတဲ့ အခန်းမှာ ယခင် ဘုရင်ကြီး စီးခဲ့တဲ့ မြင်းရထား (မြင်းလှည်း)ကို မြင်း ကြပြီး ဘုရင် ဖြစ်ထိုက်သူ ရှိတဲ့ နေရာမှာ ရပ်စေသတည်းလို့ မှူးမတ် ပြည်သူတွေ သစ္စာအဓိဋ္ဌာန် ပြုပြီး မောင်းသူ မပါဘဲ မြင်းကထားတဲ့ လှည်းကို လွှတ်လိုက်ရာမှာ မင်းဖြစ်ထိုက်သူ မဟာဇနက မင်းသားရှိတဲ့ နေရာမှာ ရထား ရပ်ကြောင်း ဆိုတယ်။ ဒါလည်း တန်းခိုး ဣဒ္ဓိပါဒ်နဲ့ သွားတာ မဟုတ်၊ လူတွေရဲ့ သစ္စာအဓိဋ္ဌာန် တန်းခိုးကြောင့် ဖြစ်ရတာ။
ဝိဂြိုဟ်အရ
အဘိဓာန် ဋီကာကျမ်း အလိုအရ သခွား ငပြုတ်သီးနဲ့ တူလို့ တစ်နည်း ပုဿနက္ခတ်နဲ့ ယှဉ်ခိုက်မှာ တည်ဆောက် ရလို့ ဖုဿရထား ခေါ်တွင်ကြောင်း သိရတယ်။ ဖုဿရထကို ဖုတ်သွင်းရထားလို့ ဆိုခြင်းထက် မင်္ဂလာရထားလို့ ဘာသာပြန်ရင် ပိုပြီး အဓိပ္ပာယ် မှန်ဖွယ် ရှိပါတယ်။
အောက်တိုဘာ ၁၀၊ ၂၀၁၇။
---
စိတ်တံခါး
မိမိ ရေးတဲ့စာမှာ မိမိရဲ့ စရိုက်နဲ့ အတွင်း စိတ်ထားကို ဖုံးဖိထားနိုင်ဖို့ ခက်တယ်။ မိမိရေးတဲ့ စာဟာ မိမိရဲ့ စိတ်တံခါး။
---
၆၂၂။ တဏှာနဲ့ ဥပ္ပါဒါန်
မေးလျှောက်လိုပါသည် ဘုရား၊ တဏှာနှင့် ဥပါဒါန်မှာ အသေးအကြီးသာ ကွာခြားပြီး ဥပါဒါန်လည်း စွဲလမ်းတာ တဏှာလည်း စွဲလမ်းတာ ဖြစ်လို့ အဓိပ္ပာယ်အရ အတူတူလို့ နားလည်ပါသည် ဘုရား။ တပည့်တော်ရဲ့ နားလည်မှု မှန်မမှန် ဖြေကြားပေးစေ လိုပါသည် ဘုရား။
သန်းသန်း
---
တဏှာ
တဏှာလို့ ဆိုရင် ဓမ္မစကြာသုတ်အရ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာလို့ သုံးမျိုး ရှိတယ်။ အာရုံ ၆-ပါးကို တပ်မက်တာ ကာမတဏှာ၊ အာရုံ ၆-ပါးကို မြဲတယ်လို့ အယူမှားနဲ့ တပ်မက်တာ ဘဝတဏှာ၊ အာရုံ ၆-ပါးကို ပြတ်စဲတယ်လို့ အယူမှားနဲ့ တပ်မက်တာ ဝိဘဝတဏှာ (ဝိသုဒ္ဓိ၊၂၊၂ဝ၂)။ ဒီတဏှာ သုံးမျိုးကို ကြည့်ရင် တပ်မက်တာတွေချည်း ဖြစ်လို့ တရားကိုယ် အနေနဲ့ တဏှာ လောဘပါပဲ။
ဥပါဒါန်
မူရင်း မေးခွန်းမှာ “ဥပဒါန်”လို့ သံတိုနဲ့ ရေးထားတာ တွေ့တယ်။ “ဥပါဒါန်”လို့ သံရှည်နဲ့ ပြောမှ မှန်တယ်။ ကာမုပါဒါန် (ကာမကို စွဲလမ်းခြင်း)၊ ဒိဋ္ဌပါဒါန် (အယူကို စွဲလမ်းခြင်း)၊ သီလဗ္ဗတုပါဒါန် (ကိုယ်ကျင့်နဲ့ အလေ့အကျင့်ကို စွဲလမ်းခြင်း)နဲ့ အတ္တဝါဒုပါဒါန် (ငါရှိအယူကို စွဲလမ်းခြင်း)လို့ ဥပါဒါန် ၄-မျိုးရှိရာမှာ ကာမုပါဒါန် တစ်မျိုးကိုသာ လောဘ သို့မဟုတ် တဏှာလို့ ခေါ်ပြီး ကျန်သုံးမျိုးက ဒိဋ္ဌိဖြစ်ပါတယ်။
ရောမချနဲ့
ဒါကြောင့် တဏှာနဲ့ ဥပါဒါန်ကို အတူတူလို့ မဆိုနိုင်ပါဘူး။ ကာမုပါဒါန်ကိုပဲ တဏှာလို့ ခေါ်မယ် ဆိုရင် ခေါ်ခွင့် ရှိပါတယ်။ “ဥပါဒါန်သည် တဏှာမည်၏၊ တဏှာလည်း ဥပါဒါန်ပင်တည်း”လို့ ရောချလို့တော့ မရနိုင်ဘူး။ “အသေးအကြီးဆိုတာ ဘာလဲ။ နည်းနည်း စွဲလမ်းတာနဲ့ များများ စွဲလမ်းတာလို့ ဆိုလိုခဲ့ရင် အဲဒီလို ဒီဂရီ အနိမ့်အမြင့် အဓိပ္ပာယ်ယူပြီး ဥပါဒါန်နဲ့ တဏှာကို အတူတူပါလို့ မဆိုနိုင်ကြောင်း၊ တရားကိုယ်အရ အားလုံးကို ထပ်တူ မပြုနိုင်ကြောင်း မှတ်ထားပါ။
အောက်တိုဘာ ၁၀၊ ၂၀၁၇။
---
၆၂၃။ အရှင်မဟာကဿပနဲ့ အရှင်ရာဟုလာ
ဆရာတော် ဘုရား၊ အရှင်မဟာကဿပနဲ့ အရှင်ရာဟုလာ မည်သူက ရဟန်းဘောင်သို့ အရင် ရောက်ခဲ့သည်ကို သိလိုပါသည် ဘုရား။ ဇိနတ္ထပကာသနီ ကျမ်းအရ အရှင်ရာဟုလာက အရှင်မဟာကဿပထက် အရင် ရဟန်းဖြစ်ခဲ့သည်ဟု ထင်ပါသည် ဘုရား။
ဦးပဉ္စင်းကြီး နန္ဒ (ရွှေမြန်မာ)
---
ဇိနတ္ထဆို
“သဗ္ဗညုအထွတ် သုံးလူနတ်သည် ကပိလဝတ်ပြည်မှ ပြန်၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ စံနေတော်မူသောအခါ အရှင်မဟာကဿပ အလောင်းဖြစ်သော ပိပ္ပိလုလင်သည် သာသနာသို့ ဝင်၍ ရဟန်းပြုလာသတည်း”လို့ ကျီးသည်လေးထပ် ဆရာတော်ရေးတဲ့ ဇိနတ္ထပကာသနီကျမ်း (ဆဋ္ဌရိုက်၊ စာ-၁၄၈)မှာ ဆိုပုံအရ ဦးပဉ္စင်းကြီး မိန့်သလို အရှင်ရာဟုလာက အရှင်မဟာကဿပထက် အရင်စောပြီး သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့တယ်လို့ ဆိုဖွယ်ရှိနေတယ်။
ဘာလို့ဆို မြတ်ဗုဒ္ဓ ကပိလဝတ်က အပြန်မှာ သားတော် ရာဟုလာဟာ သာမဏေ ဖြစ်လာလို့ပါ။ ဒါပေမယ့် ဒီအဆိုကို စဉ်းစားစရာ ရှိတယ် ..
ဗုဒ္ဓဝင်
မြတ်ဗုဒ္ဓ မိဂဒါဝုန်မှာ ဓမ္မစကြာတရား ဟောပြီး ပထမဝါ ဆို၊ သီတင်းကျွတ်တော့ မိဂဒါဝုန်မှ ရာဇဂြိုဟ်ကိုကြွ၊ ဗိမ္ဗိသာရမင်း လှူတဲ့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးတယ်။ ဒီအချိန် အတွင်း မြတ်ဗုဒ္ဓ ကပိလဝတ်သို့ မကြွမီ အရှင်မဟာကဿပ လောင်းလျာ ပိပ္ပလိလုလင် မြတ်ဗုဒ္ဓနဲ့ တွေ့ပြီး ရဟန်းပြုကြောင်း မဟာဗုဒ္ဓဝင်ကျမ်း (၆း၂၊ စာ-၁၃၈)မှာ ဆိုတယ်။ ဗုဒ္ဓဝင် ဖြစ်စဉ်အရ မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ကို ရောက်ပြီး ၂-ပတ်ခန့်အကြာ အရှင်မဟာကဿပ မတိုင်ခင်ကပင် အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလ္လာန်တို့လည်း ဝေဠုဝန်မှာပဲ ရဟန်း ဖြစ်ခဲ့ကြတာ (ယင်း၊ စာ-၆၀)။
အနုပိယမှာ
မြတ်ဗုဒ္ဓ ကပိလဝတ်ကို ကြွချိန်မှာ သာဝကကြီး သုံးပါး အတူ ပါသွားခဲ့တယ်။ ကပိလဝတ်သို့ ရောက်ပြီး ရ-ရက် အကြာမှာ သားတော် ရာဟုလာ ရှင်ဖြစ်၊ ယင်းနောက် မကြာမီ ကပိလဝတ်မှ ထွက်ခွာပြီး မလ္လတိုင်း အနုပိယ သရက်ဥယျာဉ်မှာ သီတင်းသုံးခိုက် အရှင်အာနန္ဒာ အပါအဝင် မင်းသား ၆ယောက် ရဟန်းပြုကြတယ် (ဝိ၊၄၊၃၃၅)။ သာသနာ့ဘောင်သို့ စောစီးစွာ ဝင်ရောက်ခဲ့တဲ့ အရှင်ရာဟုလာဟာ မဟာသာဝကကြီး ရှစ်ဆယ်ထဲမှာ ပါဝင်တယ် (အံ-ဋီ၊၂၊၁၃၂)။ ဒီဖြစ်စဉ်အရ အရှင်မဟာကဿပဟာ အရှင်ရာဟုလာ အရှင်အာနန္ဒာတို့ထက် ဦးစွာ ရဟန်းပြုခဲ့တယ်လို့ ဆိုနိုင်တယ်။
မှတ်တမ်းအရ
ဇိနတ္ထပကာသနီကျမ်း အလိုအရဆိုရင် အရှင်မဟာကဿပ အနေနဲ့ အရှင်အာနန္ဒာ ထက်တောင် ဝါငယ်နေမှာ ဖြစ်လို့ ယုတ္တိမရှိဘူး။ ဘာလို့ဆို အခြားသော ပါဠိတော်နဲ့ အဋ္ဌကထာ မှတ်တမ်းတွေ (သံ၊၁၊၄၁၆။ ၄၁၈ စသည်)အရ အရှင်မဟာကဿပ အနေနဲ့ မင်းသား ၆-ယောက်မှာ ပါတဲ့ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာတို့ထက် သိက္ခာဝါ ကြီးရင့်တာ သေချာလို့ ဖြစ်ပါတယ်။ အရှင်မဟာကဿပဟာ အရှင်ရာဟုလာကို အနီးကပ် ဆုံးမတဲ့ဆရာ (ဩဝါဒါစရိယ) ဖြစ်တဲ့အပြင် (ဝိ၊ဋ္ဌ၊၃၊၂၉၁)၊ ပထမသံဂါယနာ တင်ရာမှာ သိက္ခာဝါ အကြီးရင့်ဆုံးလည်း ဖြစ်ပါတယ် (ဒီ၊ဋ္ဌ၊၁၊၂ စသည်)။
မေ့ရေးတွေ
တိပိဋက ပါဠိမြန်မာ အဘိဓာန်မှာ ယနေ့ခေတ် သံယုတ်အဋ္ဌ ကထာ (သံ၊ဋ္ဌ၊၂၊၁၇၇။ အံ၊ဋ္ဌ၊၁၊၁၃ရ စသည်)မှာ ဗုဒ္ဓဝင် ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပမာဒလေခ (စာကူးသူတို့ သတိမေ့ပြီးရေးမိတာ)ကြောင့် ရှေ့နောက် ပြန်နေတာ၊ စာသား ပိုနေတာတွေ ရှိနေကြောင်း အမှာပြုပါတယ်။ ဒါကြောင့် ကျမ်းတတ် ကျော် ဇိနတ္ထပကာသနီ ကျမ်းပြု ကျီးသည်း ဆရာတော်ကြီး အနေနဲ့ ယင်း ပမာဒလေခ စာသားကို ကြည့်ပြီး ရေးမိဟန် ပါတယ်။ ဗုဒ္ဓဝင် ဖြစ်စဉ်အရ ရာဇဂြိုဟ် ဝေဠုဝန်မှာ သီတင်းသုံးခိုက် အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလ္လာန်တို့ ဖြစ်ရပ်နဲ့အတူ အလွန် ထင်ရှားလှတဲ့ ဒီအရှင်မဟာကဿပရဲ့ ဖြစ်ရပ်ကို တစ်ဆက်တည်း မဖော်ပြတာဟာ ထူးခြားတယ်။
တစ်နည်း
အသက် ၇-နှစ် အရွယ် ရှင်ရာဟုလာဟာ အရှင်မဟာကဿပထက် အရင် သာသနာ့ဘောင်ကို ဝင်ခဲ့တယ် ဆိုရင်တောင် ဧဟိဘိက္ခု ရဟန္တာကြီး ဖြစ်တဲ့ အရှင်မဟာကဿပရဲ့ ဩဝါဒခံ တပည့် ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အရှင်အာနန္ဒာကို အရှင်ရာဟုလာနဲ့ ရွယ်တူအဖြစ် ယူဆတဲ့ တိဗက်မှတ်တမ်းနဲ့ ပိုနီးစပ်လေမလား။ သက်တော်အရ ငယ်လွန်းလို့သာ အရှင်မဟာကဿပနဲ့ ပတ်သက်ပြီး အရှင်အာနန္ဒာက “တပည့်တော် (အာနန္ဒာ) အနေနဲ့ အရှင်မြတ် (အရှင်မဟာကဿပ)ရဲ့ အမည်ကို မခေါ်ဝံ့ပါ။ ထေရ်ဟာ တပည့်တော်ရဲ့ အလွန် လေးစားရတဲ့ ဆရာပါ (ဝိ၊၃၊၁၂၉)”လို့ မိန့်တော်မူတာ ဖြစ်မယ်။
အောက်တိုဘာ ၁၁၊ ၂၀၁၇။
---
Poverty is the parent of revolution and crime. Aristotle
ဆင်းရဲ မွဲတေခြင်းဟာ တော်လှန်ရေးနဲ့ ပြစ်မှုတွေရဲ့ မိဘပဲ။
အရစ္စတိုတယ်
---
၆၂၂။ တဏှာနဲ့ ဥပ္ပါဒါန်
မေးလျှောက်လိုပါသည် ဘုရား၊ တဏှာနှင့် ဥပါဒါန်မှာ အသေးအကြီးသာ ကွာခြားပြီး ဥပါဒါန်လည်း စွဲလမ်းတာ တဏှာလည်း စွဲလမ်းတာ ဖြစ်လို့ အဓိပ္ပာယ်အရ အတူတူလို့ နားလည်ပါသည် ဘုရား။ တပည့်တော်ရဲ့ နားလည်မှု မှန်မမှန် ဖြေကြားပေးစေ လိုပါသည် ဘုရား။
သန်းသန်း
---
တဏှာ
တဏှာလို့ ဆိုရင် ဓမ္မစကြာသုတ်အရ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာလို့ သုံးမျိုး ရှိတယ်။ အာရုံ ၆-ပါးကို တပ်မက်တာ ကာမတဏှာ၊ အာရုံ ၆-ပါးကို မြဲတယ်လို့ အယူမှားနဲ့ တပ်မက်တာ ဘဝတဏှာ၊ အာရုံ ၆-ပါးကို ပြတ်စဲတယ်လို့ အယူမှားနဲ့ တပ်မက်တာ ဝိဘဝတဏှာ (ဝိသုဒ္ဓိ၊၂၊၂ဝ၂)။ ဒီတဏှာ သုံးမျိုးကို ကြည့်ရင် တပ်မက်တာတွေချည်း ဖြစ်လို့ တရားကိုယ် အနေနဲ့ တဏှာ လောဘပါပဲ။
ဥပါဒါန်
မူရင်း မေးခွန်းမှာ “ဥပဒါန်”လို့ သံတိုနဲ့ ရေးထားတာ တွေ့တယ်။ “ဥပါဒါန်”လို့ သံရှည်နဲ့ ပြောမှ မှန်တယ်။ ကာမုပါဒါန် (ကာမကို စွဲလမ်းခြင်း)၊ ဒိဋ္ဌပါဒါန် (အယူကို စွဲလမ်းခြင်း)၊ သီလဗ္ဗတုပါဒါန် (ကိုယ်ကျင့်နဲ့ အလေ့အကျင့်ကို စွဲလမ်းခြင်း)နဲ့ အတ္တဝါဒုပါဒါန် (ငါရှိအယူကို စွဲလမ်းခြင်း)လို့ ဥပါဒါန် ၄-မျိုးရှိရာမှာ ကာမုပါဒါန် တစ်မျိုးကိုသာ လောဘ သို့မဟုတ် တဏှာလို့ ခေါ်ပြီး ကျန်သုံးမျိုးက ဒိဋ္ဌိဖြစ်ပါတယ်။
ရောမချနဲ့
ဒါကြောင့် တဏှာနဲ့ ဥပါဒါန်ကို အတူတူလို့ မဆိုနိုင်ပါဘူး။ ကာမုပါဒါန်ကိုပဲ တဏှာလို့ ခေါ်မယ် ဆိုရင် ခေါ်ခွင့် ရှိပါတယ်။ “ဥပါဒါန်သည် တဏှာမည်၏၊ တဏှာလည်း ဥပါဒါန်ပင်တည်း”လို့ ရောချလို့တော့ မရနိုင်ဘူး။ “အသေးအကြီးဆိုတာ ဘာလဲ။ နည်းနည်း စွဲလမ်းတာနဲ့ များများ စွဲလမ်းတာလို့ ဆိုလိုခဲ့ရင် အဲဒီလို ဒီဂရီ အနိမ့်အမြင့် အဓိပ္ပာယ်ယူပြီး ဥပါဒါန်နဲ့ တဏှာကို အတူတူပါလို့ မဆိုနိုင်ကြောင်း၊ တရားကိုယ်အရ အားလုံးကို ထပ်တူ မပြုနိုင်ကြောင်း မှတ်ထားပါ။
အောက်တိုဘာ ၁၀၊ ၂၀၁၇။
---
၆၂၃။ အရှင်မဟာကဿပနဲ့ အရှင်ရာဟုလာ
ဆရာတော် ဘုရား၊ အရှင်မဟာကဿပနဲ့ အရှင်ရာဟုလာ မည်သူက ရဟန်းဘောင်သို့ အရင် ရောက်ခဲ့သည်ကို သိလိုပါသည် ဘုရား။ ဇိနတ္ထပကာသနီ ကျမ်းအရ အရှင်ရာဟုလာက အရှင်မဟာကဿပထက် အရင် ရဟန်းဖြစ်ခဲ့သည်ဟု ထင်ပါသည် ဘုရား။
ဦးပဉ္စင်းကြီး နန္ဒ (ရွှေမြန်မာ)
---
ဇိနတ္ထဆို
“သဗ္ဗညုအထွတ် သုံးလူနတ်သည် ကပိလဝတ်ပြည်မှ ပြန်၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ စံနေတော်မူသောအခါ အရှင်မဟာကဿပ အလောင်းဖြစ်သော ပိပ္ပိလုလင်သည် သာသနာသို့ ဝင်၍ ရဟန်းပြုလာသတည်း”လို့ ကျီးသည်လေးထပ် ဆရာတော်ရေးတဲ့ ဇိနတ္ထပကာသနီကျမ်း (ဆဋ္ဌရိုက်၊ စာ-၁၄၈)မှာ ဆိုပုံအရ ဦးပဉ္စင်းကြီး မိန့်သလို အရှင်ရာဟုလာက အရှင်မဟာကဿပထက် အရင်စောပြီး သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့တယ်လို့ ဆိုဖွယ်ရှိနေတယ်။
ဘာလို့ဆို မြတ်ဗုဒ္ဓ ကပိလဝတ်က အပြန်မှာ သားတော် ရာဟုလာဟာ သာမဏေ ဖြစ်လာလို့ပါ။ ဒါပေမယ့် ဒီအဆိုကို စဉ်းစားစရာ ရှိတယ် ..
ဗုဒ္ဓဝင်
မြတ်ဗုဒ္ဓ မိဂဒါဝုန်မှာ ဓမ္မစကြာတရား ဟောပြီး ပထမဝါ ဆို၊ သီတင်းကျွတ်တော့ မိဂဒါဝုန်မှ ရာဇဂြိုဟ်ကိုကြွ၊ ဗိမ္ဗိသာရမင်း လှူတဲ့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးတယ်။ ဒီအချိန် အတွင်း မြတ်ဗုဒ္ဓ ကပိလဝတ်သို့ မကြွမီ အရှင်မဟာကဿပ လောင်းလျာ ပိပ္ပလိလုလင် မြတ်ဗုဒ္ဓနဲ့ တွေ့ပြီး ရဟန်းပြုကြောင်း မဟာဗုဒ္ဓဝင်ကျမ်း (၆း၂၊ စာ-၁၃၈)မှာ ဆိုတယ်။ ဗုဒ္ဓဝင် ဖြစ်စဉ်အရ မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ကို ရောက်ပြီး ၂-ပတ်ခန့်အကြာ အရှင်မဟာကဿပ မတိုင်ခင်ကပင် အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလ္လာန်တို့လည်း ဝေဠုဝန်မှာပဲ ရဟန်း ဖြစ်ခဲ့ကြတာ (ယင်း၊ စာ-၆၀)။
အနုပိယမှာ
မြတ်ဗုဒ္ဓ ကပိလဝတ်ကို ကြွချိန်မှာ သာဝကကြီး သုံးပါး အတူ ပါသွားခဲ့တယ်။ ကပိလဝတ်သို့ ရောက်ပြီး ရ-ရက် အကြာမှာ သားတော် ရာဟုလာ ရှင်ဖြစ်၊ ယင်းနောက် မကြာမီ ကပိလဝတ်မှ ထွက်ခွာပြီး မလ္လတိုင်း အနုပိယ သရက်ဥယျာဉ်မှာ သီတင်းသုံးခိုက် အရှင်အာနန္ဒာ အပါအဝင် မင်းသား ၆ယောက် ရဟန်းပြုကြတယ် (ဝိ၊၄၊၃၃၅)။ သာသနာ့ဘောင်သို့ စောစီးစွာ ဝင်ရောက်ခဲ့တဲ့ အရှင်ရာဟုလာဟာ မဟာသာဝကကြီး ရှစ်ဆယ်ထဲမှာ ပါဝင်တယ် (အံ-ဋီ၊၂၊၁၃၂)။ ဒီဖြစ်စဉ်အရ အရှင်မဟာကဿပဟာ အရှင်ရာဟုလာ အရှင်အာနန္ဒာတို့ထက် ဦးစွာ ရဟန်းပြုခဲ့တယ်လို့ ဆိုနိုင်တယ်။
မှတ်တမ်းအရ
ဇိနတ္ထပကာသနီကျမ်း အလိုအရဆိုရင် အရှင်မဟာကဿပ အနေနဲ့ အရှင်အာနန္ဒာ ထက်တောင် ဝါငယ်နေမှာ ဖြစ်လို့ ယုတ္တိမရှိဘူး။ ဘာလို့ဆို အခြားသော ပါဠိတော်နဲ့ အဋ္ဌကထာ မှတ်တမ်းတွေ (သံ၊၁၊၄၁၆။ ၄၁၈ စသည်)အရ အရှင်မဟာကဿပ အနေနဲ့ မင်းသား ၆-ယောက်မှာ ပါတဲ့ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာတို့ထက် သိက္ခာဝါ ကြီးရင့်တာ သေချာလို့ ဖြစ်ပါတယ်။ အရှင်မဟာကဿပဟာ အရှင်ရာဟုလာကို အနီးကပ် ဆုံးမတဲ့ဆရာ (ဩဝါဒါစရိယ) ဖြစ်တဲ့အပြင် (ဝိ၊ဋ္ဌ၊၃၊၂၉၁)၊ ပထမသံဂါယနာ တင်ရာမှာ သိက္ခာဝါ အကြီးရင့်ဆုံးလည်း ဖြစ်ပါတယ် (ဒီ၊ဋ္ဌ၊၁၊၂ စသည်)။
မေ့ရေးတွေ
တိပိဋက ပါဠိမြန်မာ အဘိဓာန်မှာ ယနေ့ခေတ် သံယုတ်အဋ္ဌ ကထာ (သံ၊ဋ္ဌ၊၂၊၁၇၇။ အံ၊ဋ္ဌ၊၁၊၁၃ရ စသည်)မှာ ဗုဒ္ဓဝင် ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပမာဒလေခ (စာကူးသူတို့ သတိမေ့ပြီးရေးမိတာ)ကြောင့် ရှေ့နောက် ပြန်နေတာ၊ စာသား ပိုနေတာတွေ ရှိနေကြောင်း အမှာပြုပါတယ်။ ဒါကြောင့် ကျမ်းတတ် ကျော် ဇိနတ္ထပကာသနီ ကျမ်းပြု ကျီးသည်း ဆရာတော်ကြီး အနေနဲ့ ယင်း ပမာဒလေခ စာသားကို ကြည့်ပြီး ရေးမိဟန် ပါတယ်။ ဗုဒ္ဓဝင် ဖြစ်စဉ်အရ ရာဇဂြိုဟ် ဝေဠုဝန်မှာ သီတင်းသုံးခိုက် အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလ္လာန်တို့ ဖြစ်ရပ်နဲ့အတူ အလွန် ထင်ရှားလှတဲ့ ဒီအရှင်မဟာကဿပရဲ့ ဖြစ်ရပ်ကို တစ်ဆက်တည်း မဖော်ပြတာဟာ ထူးခြားတယ်။
တစ်နည်း
အသက် ၇-နှစ် အရွယ် ရှင်ရာဟုလာဟာ အရှင်မဟာကဿပထက် အရင် သာသနာ့ဘောင်ကို ဝင်ခဲ့တယ် ဆိုရင်တောင် ဧဟိဘိက္ခု ရဟန္တာကြီး ဖြစ်တဲ့ အရှင်မဟာကဿပရဲ့ ဩဝါဒခံ တပည့် ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အရှင်အာနန္ဒာကို အရှင်ရာဟုလာနဲ့ ရွယ်တူအဖြစ် ယူဆတဲ့ တိဗက်မှတ်တမ်းနဲ့ ပိုနီးစပ်လေမလား။ သက်တော်အရ ငယ်လွန်းလို့သာ အရှင်မဟာကဿပနဲ့ ပတ်သက်ပြီး အရှင်အာနန္ဒာက “တပည့်တော် (အာနန္ဒာ) အနေနဲ့ အရှင်မြတ် (အရှင်မဟာကဿပ)ရဲ့ အမည်ကို မခေါ်ဝံ့ပါ။ ထေရ်ဟာ တပည့်တော်ရဲ့ အလွန် လေးစားရတဲ့ ဆရာပါ (ဝိ၊၃၊၁၂၉)”လို့ မိန့်တော်မူတာ ဖြစ်မယ်။
အောက်တိုဘာ ၁၁၊ ၂၀၁၇။
---
Poverty is the parent of revolution and crime. Aristotle
ဆင်းရဲ မွဲတေခြင်းဟာ တော်လှန်ရေးနဲ့ ပြစ်မှုတွေရဲ့ မိဘပဲ။
အရစ္စတိုတယ်
၆၂၄။ မွေတော်သုံးမျိုး ဘုရားဟော
ဆရာတော် ဘုရား၊ မွေတော်ဟူသည် အဘယ်ပါနည်း။ မွေတော်သုံးမျိုး ဘုရားဟော မရှိဟုလည်း ကြားဖူးပါသည်။ ဓာတ်တော်နှင့် မွေတော် တူပါသလား၊ အဘယ်ကြောင့် ဓာတ်တော်ဟု ခေါ်ပါသနည်း၊ ရှင်းပြပေးစေလိုပါသည် ဘုရား။
မောင်မောင်
---
ဓာတ်တော်
ဓာတ်တော်နဲ့ မွေတော်ဆိုတာ အတူတူပါ။ မွေတော် ဆိုတာက မြန်မာစကား ဖြစ်ပြီး မြတ်ဗုဒ္ဓရဲ့ အမွေအနှစ် ဖြစ်လို့ မွေတော်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ပါဠိဘာသာနဲ့တော့ ‘ဓာတု’ပါပဲ။ ‘ဓာတု’နဲ့ ‘အဋ္ဌိ’ဆိုတာ အဓိပ္ပာယ်တူ ပါဠိဘာသာ စကားလုံး ဖြစ်ပြီး “အရိုး”လို့ အဓိပ္ပာယ် ရတယ်။ အရိုးကို ဘာကြောင့် ဓာတု = ဓာတ်တော်လို့ ခေါ်သလဲ ဆိုရင် ‘ထဒ္ဓဘာဝံ ဓာရေတီတိ ဓာတု’ = မာကျောတဲ့ သဘောရှိလို့” အရိုးကိုပဲ ဓာတ်တော်လို့ ခေါ်ပါတယ်။
မွေတော်သုံးမျိုး
မွေတော်နဲ့ ဓာတ်တော် အတူတူဖြစ်လို့ မွေတော် သုံးမျိုးဆိုရင် ဓာတ်တော် သုံးမျိုး ဆိုတာနဲ့ တူတာပေါ့။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးနောက် ဓာတ်တော်သုံးမျိုး ကြွင်းကျန်ကြောင်း ဗုဒ္ဓဝံသ ပါဠိတော်မှာ လာတယ် ..
အကြီးဓာတ်မြတ် ပဲနောက်မှတ် အလယ်လတ်ဆန်ကျိုးမျှ။ မုန်ညင်းစေ့ရွယ် ဓာတ်တော်ငယ် သုံးသွယ်ကျမ်းအရ။
ရွှေနှင့်ပုလဲ မြတ်လေးပဲ ရောင်ကွဲ သုံးမျိုးပြ။ ကြီးလယ်ငါးပြည် ငယ်ခြောက်ပြည် ဆယ့်ခြောက် ပြည်ရေရ။ (ဗုဒ္ဓဝံသပါဠိ၊ စာ-၃၈၄)။
ဒီပါဠိတော်အရ ဓာတ်တော် အကြီးက ပဲနောက်မျှ၊ လယ်အလတ်က ဆန်ကျိုးမျှ၊ အငယ်က မုန်ညင်းစေ့မျှ အရွယ်အစား ရှိပြီး အကြီးက ရွှေရောင်၊ အလယ်အလတ်က ပုလဲစစ်ရောင်၊ အငယ်က ချယားစေ့ သို့မဟုတ် မြတ်လေးပန်းငုံတွေလို အဖြူရောင် ရှိကြောင်းနဲ့ စုစုပေါင်း ၁၆-ပြည် ကြွင်းကျန်ကြောင်း သိရတယ်။ ဒါကြောင့် ဓာတ်တော်သုံးမျိုး သို့မဟုတ် မွေတော် သုံးမျိုး အဆို ကျမ်းဂန်မှာ ရှိကြောင်း မှတ်သားပါ။
အောက်တိုဘာ ၁၂။ ၂၀၁၇။
---
၆၂၅။ ဝိသုဒ္ဓိမဂ်ကျမ်
ဘုန်းဘုန်း ဘုရား၊ တပည့်တော် ရိုသေစွာ လျှောက်ထားပါသည် ဘုရား။ ဝိသုဒ္ဓိမဂ်ကို ရှင်မဟာဗုဒ္ဓဃောသက ဘယ်ဘာသာနဲ့ ရေးခဲ့ပါသလဲ ဘုရား။ တတိယ သင်္ဂါယနာတင် အသောက မင်းကြီး၏ ကျောက်စာမှာ ပါဠိ ပြာကတ သက္ကတတို့ တွေ့နေရပါတယ် ဘုရား။ ဒါကြောင့် အဲနောက်မှ ပေါ်လာတဲ့ ဝိသုဒ္ဓိမဂ်ကို ရှင်မဟာဗုဒ္ဓဃောသ အနေနဲ့ ဘယ်ဘာသာနဲ့ ရေးခဲ့ပါသလဲ ဘုရား။
အရှင်နေမိန္ဒ
---
ခေတ်မတူ
“အသောက ကျောက်စာမှာ ဝိသုဒ္ဓိမဂ်ကျမ်း အကြောင်းကို ပါဠိ ပြာကတ သက္ကတတွေနဲ့ တွေ့တယ်လို့ မဆိုလိုဘူးလို့ မေးခွန်းကို ကို နားလည်မယ်။ ဘာလို့ဆို အသောကမင်းက မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၂၃၀ (ဘီစီ ၃၀၀)ဝန်းကျင် ဖြစ်ပြီး၊ အရှင်မဟာဗုဒ္ဓဃောသက နှစ်ပေါင်း ၉၃၀ (အေဒီ ၅-ရာစု)ခန့် ဖြစ်လို့ပါ။ အသောကနဲ့ ဗုဒ္ဓဃောသဟာ အကြမ်းအားဖြင့် နှစ်ပေါင်း ခုနစ်ရာကျော် ကွာတယ်။
ဒေသကွဲ
နောက်တစ်ချက်က အသောကမင်းက အိန္ဒိယနိုင်ငံ အတွင်း သူ့အာဏာ သက်ရောက်တဲ့ နေရာဒေသ အနှံ့မှာ ကျောက်စာ ရေးထိုးတယ်။ အရှင်မဟာဗုဒ္ဓဃောသက အိန္ဒိယ တောင်ပိုင်းကနေ ထိုအချိန်က ထေရဝါဒ ဗုဒ္ဓသာသနာ အားကောင်းနေတဲ့ သီဟိုဠ် ကျွန်း မဟာဝိဟာရကျောင်းတိုက်ကို ကြွရောက် သီတင်းသုံးပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးတယ်။ ရည်ညွှန်း ပရိသတ်လည်း မတူပါဘူး။
ဘာသာပြန်
အသောကမင်းဟာ သူ့ရဲ့ ကျောက်စာတွေကို သူ့နိုင်ငံအတွင်း လူအများစု နားလည်မယ့် သူ့ခေတ်မှာ အသုံး များတယ်လို့ ယူဆရတဲ့ ‘ပါဠိ ပြာကတ သက္ကတ’ ဘာသာတွေနဲ့ ရေးထိုးဟန် တူပါတယ်။ အရှင်မဟာဗုဒ္ဓဃောသကတော့ ပါဠိဘာသာနဲ့ ရှိနေတဲ့ ပါဠိတော်တွေရဲ့ သီဟိုဠ်ဘာသာနဲ့ ရေးထားတဲ့ အဖွင့်ကျမ်းဟောင်းတွေကို ပါဠိဘာသာသို့ ပြန်ရုံမျှ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အခြား အရပ်ဒေသမှာ နေထိုင်တဲ့ ရဟန်းတော်တွေ လွယ်ကူစွာ လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
ကျမ်းဦးမှာ
ဒီအကြောင်းကို အရှင်မဟာဗုဒ္ဓဃောသ ရေးသားတဲ့ နိကာယ် အဋ္ဌကထာတွေရဲ့ ကျမ်းဦး ပဏာမဂါထာ ဖော်ပြချက်တွေမှာ အထင်အရှား တွေ့နိုင်ပါတယ် ...
“တည်ရှိပြီး အဋ္ဌကထာ (အဖွင့်ကျမ်း)ဟောင်းများမှာ သီဟိုဠ်ဘာသာဖြင့် ရေးထားခြင်းကြောင့် အခြား သနေ ရဟန်းတော်များ၏ အကျိုးကို မပြီးစေနိုင်သဖြင့် သီဟိုဠ် ဘာသာစကားကို ပယ်ပြီး ပါဠိတော် နည်းနှင့် လျော်သော အပြစ်ကင်းသော ပါဠိဘာသာဖြင့် အဋ္ဌကထာသစ်ကို ရေးစီရင်မည် (ဒီ၊ဋ္ဌ၊၁၊၂ စသည်)။
ဝိသုဒ္ဓိမဂ်
အဲဒီ ပဏာမ ဂါထာတွေမှာပဲ “ဝိသုဒ္ဓိမဂ္ဂ သုပရိသုဒ္ဓံ” = ဝိသုဒ္ဓိမဂ်ကျမ်းမှာ ငါ စိစစ်ထားပြီးသမျှကို (အခုရေးမယ့် ကာယ်အဖွင့်တွေမှာ မသုံးသပ်တော့ဘူး)ဆိုတဲ့ စကားအရ ဝိသုဒ္ဓိမဂ်ကို ရေးချိန်နဲ့ နိကာယ် အဋ္ဌကထာတွေကို ရေးချိန် နှစ်ကာလ အလွန်ကြီး မကွာတဲ့အတွက် ဝိသုဒ္ဓိမဂ် ကျမ်းလည်း ပါဠိဘာသာနဲ့ ရေးတဲ့ ကျမ်းပဲ ဖြစ်နိုင်စရာ ရှိပါတယ်။
အောက်တိုလာ ၁၂၊ ၂၀၁၇။
---
ဗွာဒိဃန္တံ နမာ.မဟံ။
ဗုဒ္ဓံအစ သံဃံအဆုံး ရတနာသုံးပါးကို ရှိခိုးပါ၏။
---
၆၂၆။ မိဘကျေးဇူးဆပ်နည်း
ဆရာတော်ဘုရား၊ မြတ်စွာဘုရား သင်ကြားပေးခဲ့သော မိဘအား ကျေးဇူးဆပ်နည်းကို သိချင်ပါသည် ဘုရား (တစ်နည်း .. စာပေကျမ်းဂန်လာ မိဘကျေးဇူး ဆပ်နည်းကို သင်ပြပေးပါ ရား)။ တပည့်တော် အဖေက ရန်ကုန်မှာ ကွယ်လွန်ခဲ့ပါသည် ဘုရား။ တပည့်တော်က မိုင်ပေါင်း ၈၀၀၀-ကျော် ဝေးတဲ့ နတ်မြို့မှာ နေပါသည် ဘုရား။ တပည့်တော် အမျှပေးဝေလျှင် အဖေ ရနိုင် မရနိုင် သိချင်ပါသည် ဘုရား။ ယခု သက်ရှိ ထင်ရှားရှိ နေသေးသော တပည့်တော် မိခင်ကို ဘယ်လို ကျေးဇူးဆပ်နိုင်ပါမည်လဲ ဘုရား။
ဖိုးဇော် (နတ်မြို့ )
---
ကျေစေနိုင်
ရဟန်းတို့၊ သားသမီးသည် မိဘတို့အား “မိမိတို့၏ ပခုံး၌ ကျင်ကြီး ကျင်ငယ် စွန့်ချသည်ကို သုတ်သင်ပေးသည်ထိ၊ ကမ္ဘာမြေပြင်ကို အုပ်စိုးနိုင်သော ဘုရင်မင်း ဖြစ်စေသည်ထိ’ ပြစု စောင့်ရှောက်သော်လည်း ကျေအောင် ကျေးဇူးတုံ့ပြန် မဆပ်နိုင်သေး။ အကြောင်းမူ မိဘဟူသည် သားသမီးအပေါ် ကျေးဇူးကြီးလွန်းသောကြောင့်တည်း။
သို့တစေ သဒ္ဓါနည်းသော မိဘတို့ကို သဒ္ဓါ တိုးပွားစေ၊ သီလမရှိသော မိဘများကို သီလစောင့်ထိန်းစေ၊ ဝန်တိုသော မိဘတို့ကို ရက်ရောစေ၊ လောကီ လောကုတ္တရာ ပညာမရှိသော မိဘများကို ပညာနှင့် ပြည့်စုံစေခြင်းဖြင့် ကျေအောင် ကျေးဇူး တုံ့ပြန် ဆပ်နိုင်၏ (အံ၊၁၊၆၃)။
မိဘတွေကို မဂ်ဖိုလ်နဲ့ ပြည့်စုံအောင် လုပ်ပေးဖို့ ဆိုရင် အရှင်သာရိပုတ္တရာတို့လို ပုဂ္ဂိုလ်များသာ ဖြစ်နိုင်ကြောင်း အဋ္ဌကထာ (အံ၊ဋ္ဌ၊၂၊၂၇)မှာ ဆိုပေမယ့် လောကုတ္တရာလမ်းကို ဖွင့်ပေးနိုင်ရင်ပဲ လူသာမန်အဖို့ ကျေးဇူး ကျေနိုင်ပါတယ်။
ပူဇော်ရိုသေ
ဗြဟ္မာတူစွာ ဦးဆရာ လှူဒါအထူး ခံထိုက်သည်။ မိဘနှစ်သီး ထို့ကြောင့်တည်း သမီးသားတို့ ဦးညွတ်သည်။ အစားအစာ ဝတ်စရာ နေရာအသင့် ရှိစေမည်။ နံ့သာအမျိုး ခြယ်သရိုး ရေချိုးသုတ်သင် ပြုစုမည်။ (အံ၊၁၊၁၃၁)
သားသမီးတွေ အမိဝမ်းမှာရှိတုန်း ကိုယ်အင်္ဂါပြည့်စုံ ကျန်းမာစွာ မွေးဖွားနိုင်ဖို့ မေတ္တာစိတ်၊ မွေးကင်းစလေး ငိုသံကြားရင် သနား (ကရုဏာ)စိတ်၊ တောက်တောက် ပြေးလွှားတဲ့ အချိန်မှာ ဂွမ်းဆီထိသလို ဝမ်းသာခြင်း (မုဒိတာ)စိတ်၊ အရွယ်ရောက် ကိုယ့်အိမ်ရာနဲ့ကိုယ် နေနိုင်တဲ့အခါ စိတ်လက်ချပြီး နေနိုင်တဲ့ (မဇ္ဈတ္တဘာဝ)စိတ် ... ဒီစိတ် ၄-မျိုးနဲ့ နေနိုင်တဲ့အတွက် ဗြဟ္မာတွေ နေတာနဲ့ တူလို့ မိဘတွေကို ဗြဟ္မာနဲ့ ဥပမာပေးပြီး ဟောတော်မူတယ် (အံ၊ဋ္ဌ၊၂၊၉၉)။
ဒီသုတ္တန်အရ ဗြဟ္မာနဲ့ တူတဲ့ မိဘတွေကို အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စား၊ ဝတ်၊ နေရေးတွေ ပြည့်စုံအောင် ကူညီစောင့်ရှောက်ပြီး တစ်ကိုယ်ရေ တောက်တိုမယ်ရ အလုပ်ကလေးတွေ က အစ အစဉ်မပြတ် ဂရုတစိုက် လုပ်ဆောင်ပေးခြင်း၊ ပူဇော်ရိုသေခြင်းတွေနဲ့ မိဘနှစ်ပါး စိတ်ဝမ်း အေးချမ်းအောင် ထားပြီး ကျေးဇူး ပြန်ဆပ်ရမယ်။
ဆုံးမနာယူ
မိဘတွေ ဆုံးမတဲ့ အဆုံးအမကောင်းကို လိုက်နာ ကျင့်သုံးပြီးတော့လည်း ကျေးဇူးဆပ်နိုင်တယ် ... သာသနာ ၃၈၃ မှ ၄၂၅ ထိ နန်းစံခဲ့တဲ့ သီဟိုဠ်ဘုရင် ဒုဋ္ဌဂါမဏိနဲ့ သဒ္ဓါတိဿ ညီအစ်ကို မင်းနှစ်ပါးဟာ ငယ်စဉ်အခါ မိဘတွေ ဆုံးမတဲ့ “ရတနာသုံးပါး ထွန်းကားတဲ့ တို့မြေပေါ်မှာ ရတနာသုံးပါးကို ဦးမချ (ဦးစွာ မလှူဒါန်း)ဘဲ အစားအစာကို မစားကြနဲ့ လို့ ဆုံးမခဲ့ဖူးတာကို ဦးထိပ်ရွက် ပန်ဆင်ပြီး နေထိုင်ခဲ့ကြတယ်။
တစ်ခါမှာ အစ်ကို ဒုဋ္ဌဂါမဏိမင်းဟာ သတိမေ့ပြီး ဦးမချဘဲ ငရုတ်သီး တစ်တောင့်ကို စားမိလို့ ဒဏ်ခတ်တဲ့ အနေနဲ့ မရီစိဝဋိ(ငရုတ်သီး)အမည်နဲ့ စေတီနဲ့ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းသတဲ့ (မဟာဝံသ၊ ၃၅း၁၁၄-၁၁၅)။ “မိဘစကား နားထောင်ငြားက သံပြားကျောက်စောင်း ကျိုသော်ပျောင်း၏”။
စွန့်ရဲသူ
ဗုဒ္ဓ လောင်းလျာဟာ ဂန္ဓာရတိုင်း တက္ကသိုလ်မြို့မှာ ဆရာကြီး ဖြစ်စဉ်က အသက် ၁၂ဝ ရှိတဲ့ မိခင်အိုကို ပြုစုတယ်။ ရာသီအလိုက် ရေပူ ရေအေးနဲ့ ရေချိုးပေး၊ အစားအစာ ခွံ့ကျွေး၊ ကျင်ကြီးကျင်ငယ်တွေကို သုတ်သင်၊ အဝတ်ဟောင်းတွေကို လျှော်ဖွပ်၊ နှိပ်နယ်ပေးပြီး နေ့စဉ် ပြုစုတယ်။ ဒီလို ပြုစုတာကို တပည့်တွေက ရွံရှာကြလို့ ပရိသတ်ကို စွန့်ပြီး သက်တော်ရှည် မိခင်နဲ့အတူ ဆိတ်ငြိမ် တောအုပ်ကို သွား၊ ယာယီအိမ် ဆောက်လုပ်ပြီး ဆက်လက် ပြုစုတယ် (ဇာ၊ဋ္ဌ၊၁၊၃၀၃)။
မိဘသာ ပဓာန၊ မိဘအတွက် ဘဝကို စွန့်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီလိုထိ ကျေးဇူး ဆပ်နိုင်ရမှာပေါ့။
အသက်စွန့်
ဇယဒိသမင်းဟာ တောမှာ ဘီလူးနဲ့ တွေ့ပြီး “နက်ဖန် လာရောက် အစားခံပါ့မယ်’လို့ ဘီလူးကို ကတိပေးရသတဲ့။ သားတော်‘အလီနသတ္တု’ မင်းသားက ဖခင်ကိုယ်စား သားတော် သွားပြီး အစားခံမယ်လို့ ဆိုတဲ့အခါ သားတော်ရဲ့ အစွမ်းအစကို သိလိုတဲ့အတွက် ဖခင်က ခွင့်ပြုတယ်။ ဘီလူးရှေ့ ရောက်တော့ ဖခင်ရဲ့ အသက်အတွက် ဖခင်ကိုယ်စား မိမိလာခဲ့ကြောင်း ဆိုစဉ် ဘီလူးမှာ အလွန် လေးစားသွားပြီး မင်းသားကို ချမ်းသာပေးလိုက်တယ် (ဇာ၊ဋ္ဌ၊၅၊၂၂)။ မိဘအတွက် လိုအပ်ရင် ကိုယ့်အသက်ကိုပင် စွန့်ရဲရမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။
မေတ္တာပို့
မေတ္တာ ပို့ပြီးတော့လည်း မိဘကျေးဇူးကို ဆပ်နိုင်တယ် ..
မမ မာတာပိတရော အဝေရာ ဟောန္တု၊ မိဘနှစ်ဆူ ဗြဟ္မာတူ ရန်သူကင်းပါစေ။
မမ မာတာပိတရော အဗျာပဇ္ဇာ ဟောန္တု၊ မိဘထူးစွာ ဦးဆရာ ပူဗျာဒေါသ ကင်းပါစေ။
မမ မာတာပိတရော အနီဃာ ဟောန္တု၊ မိဘထိပ်ပန် နှိပ်စက်ခံ မဆံကင်းပါစေ။
မမ မာတာပိတရော သုခီ အတ္တာနံ ပရိဟရန္တု၊ မိဘမြတ်ရှင် စိတ်ဝမ်းတွင် ကြည်လင်အေးချမ်းစေ။
နန္ဒမာတာ
တစ်ခါမှာ ဝေဿဝဏ် နတ်မင်းဟာ မြောက်အရပ်မှ တောင်အရပ်သို့ ကိစ္စတစ်ခုနဲ့ ခရီးသွားစဉ် နန္ဒမာတာ အမျိုးသမီးရဲ့ နံနက်ချိန်ခါ ပါရာယန သုတ္တန်ကို သံနေသံထားနဲ့ ရွတ်ဖတ်သံကို ကြားမိလို့ သာဓုခေါ်ရာမှာ အမျိုးသမီးက ဝေဿဝဏ် နတ်မင်းဖြစ်ကြောင်း သိသွားတဲ့အတွက် ဒီသုတ္တန်သည်ပင် သင်နတ်မင်းအား ပေးစရာလက်ဆောင် ဖြစ်ပါသည်”လို့ ဆိုတယ်။
ဝေဿဝဏ်နတ်မင်းက “နက်ဖန် နံနက် အရှင်သာရိပုတ္တရာ အမှူးပြုတဲ့ ရဟန်းမြတ်တွေ ဒီမြို့ကို ကြွလာတဲ့အခါ ဆွမ်းကပ်ပြီး တို့ကို အမျှဝေပါ။ ဒီကုသိုလ် အမျှဟာလည်း သင်ပေးတဲ့ လက်ဆောင်ပဲ ဖြစ်ပါလိမ့်မယ်’လို့ ပြန်ပြောတယ် (အံ ၂။ ၄၄၅)။ နတ်မင်းကလည်း ဓမ္မပူဇာ အနေနဲ့ စပါးကျီတွေ မကုန်ခန်းနိုင်အောင် ဖြည့်ပေးခဲ့ပါသတဲ့ (အံ၊ဋ္ဌ၊၂၊၁၇၁)။
ဝေးပေမယ့်
နန္ဒမာတာ ဖြစ်ရပ်မှာ အိမ်အပေါ်ထပ်က ရွတ်ဖတ်သံကို ဝေဿဝဏ် နတ်မင်း ကြားတာကို ထောက်ရင် အမျှဝေတဲ့အခါ နီးခြင်းဝေးခြင်းနဲ့ မဆိုင်တန်ရာပါဘူး။ မိမိရဲ့ ကုသိုလ်အမျှကို ကွယ်လွန်သူ (ဖခင်) ကြားခွင့်ရှိရင် သာဓုခေါ်နိုင်ပါစေ ဆိုတဲ့ စိတ်ထားလေးနဲ့ မှန်မှန် အမျှဝေနေဖို့သာ လိုအပ်ကြောင်းပါ။ မျှဝေတာဟာ ပုညကိရိယဝတ္ထု (ကုသိုလ်ပြုပုံ) ဆယ်မျိုးထဲမှာ ပါလို့ မိမိမှာ ပတ္တိဒါန (အမျှဝေခြင်း) အမည်နဲ့ ကုသိုလ်တစ်မျိုး ထပ်တိုးတဲ့ အကျိုးကိုတော့ သေချာပေါက် ရတာပေါ့။
အောက်တိုဘာ ၁၃၊၂၀၁၇။
---
ဝေဖန် သုံးသပ်ခြင်း မရှိတဲ့ ဘဝဟာ နေထိုင်ဖို့ မထိုက်တန်ဘူး။
ဆိုကရေတီး
---
၆၂၇။ မာရ်နတ် ငရဲကျသလား
မင်္ဂလာပါ ဆရာတော်ဘုရား၊ ယဉ်ကျေးလိမ္မာ ကျောင်းသားငယ် တစ်ယောက်က မာရ်နတ်ဟာ ဘုရားကို ခဏခဏ ပြစ်မှားပြီး အပါယ်မကျဘူးလားလို့ မေးပါသည်။ ထိုအမေးရဲ့ အဖြေကို သိချင်ပါသဖြင့် မေးမြန်း လျှောက်ထားပါသည် ဘုရား။
အရှင်ဇာဂရ (အရာတော်)
---
မာရ်နတ်ဆိုတာနဲ့ ပတ်သက်ပြီး အရင်ဆုံး သိစရာလေးတွေကို အရင် ပြောပြပါမယ်။ ပြီးမှ မေးခွန်းထဲက အဖြေကို စဉ်းစားကြတာပေါ့ ...
မာရ်နတ်
“မာရ်နတ်ဆိုတာ ဝသဝတ္တီနတ်ပြည်က နတ်သူပုန်။ သူက သူ့ရဲ့ နတ်ဘုံကို ကျူးကျော်လိုသူကို ကျူးကျော် နိုင်စွမ်း ရှိမယ်ဆိုရင် သတ်ပစ်တယ်၊ (ကျူးကျော်လိုပေမယ့်) မစွမ်းနိုင်သူကိုလည်း သေစေချင်တယ် (သုတ္တနိ၊ဋ္ဌ၊၁၊၄ဝ)”။ “မာရ်နတ်ဆိုတာ ကာမာဝစရ နတ်ပြည်ကို အစိုးရတယ်။ တစ်ခါတစ်ရံ ဗြဟ္မပါရိသဇ္ဇာ (ဗြဟ္မာ့)ဘုံကိုတောင် အုပ်စိုးနိုင်စွမ်းရှိတယ် (ဇိနာလင်္ကာရဋီကာ၊ ၂၁၇)။ ဝသဝတ္တီဘုံသား ဖြစ်လို့ သက်တမ်းအရ လူတွေနဲ့ နှိုင်းယှဉ်နိုင်လောက်အောင် ရှည်မှာပေါ့။
ဗေလုဝ
မာရ်နတ်ဟာ စစ်တပ်ကြီးနဲ့အတူ လက်ပေါင်း တစ်ထောင် ဖန်ဆင်း၊ ဂိရိမေခလာ အမည်ရှိတဲ့ နတ်ဆင်ပြောင်ကို စီးပြီး မဟာဗောဓိပင်အောက်မှာ ဗုဒ္ဓဖြစ်တော့မယ့် ဗုဒ္ဓလောင်းလျာကို နှောင့်ယှက် တိုက်ခိုက်ပေမယ့် မာရ်နတ် ထွက်ပြေးရတယ် (ဇာ၊ဋ္ဌ၊၁၊၈၃။ ဗုဒ္ဓဝံသ၊ဋ္ဌ၊၁၀)။ ကမန်းကတန်း သုတ်သီးသုတ်ပျာ ပြေးရတဲ့ မာရ်နတ်ရဲ့ ချိုင်းကြားက ကျကျန်ခဲ့တဲ့ ဗေလုဝစောင်းကို သိကြားမင်းက ကောက်ယူပြီး ဂီတလုလင် ပဉ္စသီခ နတ်သားကို ပေးသတဲ့ (သုတ္တနိ၊ဋ္ဌ၊၂၊၁၂၁)။
အဖျက်သမား
သဘာဝကိုက အကောင်းရှိရင် အဆိုးရှိစမြဲပဲ။ ဗုဒ္ဓတည်းဟူ အကောင်းရှိလို့ အဆိုးကျော် အဖျက်သမား မာရ်နတ်ဆိုတာ ရှိလာရတယ်လို့ ဆိုခွင့်ရှိပါတယ်။ မာနတ်က ဗုဒ္ဓကိုသာမက အရှင်မောဂ္ဂလ္လာန်၊ အရှင်မ ဝဇိရာတို့လို ရဟန္တာကြီးတွေကိုလည်း နှောင့်ယှက်ဖူးတယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန်မစံမီ ဆယ်လအလိုက ဗုဒ္ဓကို ပရိနိဗ္ဗာန်စံဖို့ တောင်းဆိုတဲ့အခါ မြတ်ဗုဒ္ဓက မာရ်နတ်ကို “ပါပိမ” = လူယုတ်’လို့ ခေါ်တာကို ထောက်ရင် အဲဒီ အချိန်ထိ မာရ်နတ် လူကောင်း မဖြစ်သေးဘူး။
ဘုရားလောင်း
အသောကမင်းရဲ့ အလှူကို နှောင့်ယှက်တဲ့ မာနတ်ဟာ အရှင်ဥပဂုတ်ရဲ့ ခပ်ကြမ်းကြမ်း ဆုံးမတာကို ခံရပြီးနောက် စိတ်ပြောင်းသွားပြီး ဘုရားဆုပန်တယ်။ “မာရော တပ္ပဘုတိ ဗုဒ္ဓသာသနေ မုဒုကော ဇာတော” = မာရ်နတ်ဟာ အဲဒီအချိန် ကစပြီး ဗုဒ္ဓသာသနာအပေါ် မတင်းမာတော့ဘူး (လောကပညတ္တိ၊ ပေမူ၊ ငိ...ဝမ်း)။ ဒီကျမ်းဟာ ခိုင်ခံ့တဲ့ သံဂါယနာတင်ကျမ်းဂန် မဟုတ်ဘူး ဆိုပေမယ့် အတော် ရှေးကျပုံရတယ်။ ရဟန္တာလို့ ကျော်ကြားတဲ့ စွန်းလွန်း ဆရာတော်ကလည်း မာရ်နတ်ကို သူတော်ကောင်းကြီးလို့ ဆိုတယ် (ထေရုပ္ပတ္တိ၊ စာ-၄၉)။
ပြန်ချုပ်ရင်
သူများ ရေးထားတဲ့ စာတွေကို ဖတ်ရုံမျှ အဆင့်ရှိတဲ့ ဘုန်းကြီး အနေနဲ့ ပြောပြီးတာကို ပြန်ချုပ်ရင် “မာရ်နတ်ဆိုတာ အသက် အရှည်ဆုံး နတ်မျိုး။ ဗေလုဝစောင်းရဲ့ မူလပိုင်ရှင်။ ဗုဒ္ဓ ဖြစ်မယ့် နေ့က စပြီး ပရိနိဗ္ဗာန် စံခါနီးထိ ဗုဒ္ဓကိုရော ဗုဒ္ဓသာဝကတွေ ကိုပါ နှောင့်ယှက်သူ နတ်ဆိုး။ ဒါပေမယ့် အသောက ခေတ်မှာ အရှင် ဥပဂုတ်ရဲ့ အဆုံးအမကြောင့် ဘုရားဆုပန်တဲ့ အထိ ဗုဒ္ဓသာသနာအပေါ် အမြင် ကြည်သွားလို့ ခုအချိန်မှာ သူတော်ကောင်း ဖြစ်နေပြီ’လို့ ဆိုနိုင်ပါလိမ့်မယ်။
ပဋ္ဌာန်းဆက်လား
အင်း .. စကားဘုရင် မိလိန္ဒကို အရှင်နာဂသေန နှိပ်ကွပ်သလို၊ ဇမ္ဗူတစ်လွှား စစ်အောင်လံ လွှင့်ထူနိုင်ခဲ့တဲ့ လူကြမ်းကြီး အသောကမင်းဟာ နိဂြောဓသာမဏေရဲ့ ဩဝါဒနဲ့ လူယဉ်ကြီး ဖြစ်သွားသလို၊ အရှင်သိဂ္ဂဝ ရဟန္တာကြီးက မာနခဲလေး ဗုဒ္ဓဃောသရဲ့ မာန်စွယ်ကို ချိုးပစ်သလို ... အရှင်ဥပဂုတ်လည်း နတ်ကြမ်းကြီး မာရ်နတ်ကို ‘ချွတ်ပစ်’နိုင်တာဟာ ရှေးပဋ္ဌာန်း ဆက်တွေကြောင့်လို့ ဆိုရင် ယုတ္တိ မဝေးလွန်းပါဘူး။
အဖြေ
အထက်ပါ ယုံကြည်မှုအရ .. မာရ်နတ်ဟာ အရှင်မောဂ္ဂလ္လာန်ရဲ့ ဗိုက်ထဲဝင်ပြီး နာကျင်စေတာက လွဲလို့ ဗုဒ္ဓနဲ့ ရဟန္တာတွေရဲ့ အသက် အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ကျူးလွန်ဖူးတဲ့ ဖြစ်ရပ် မတွေ့ရ။ ဒါကြောင့် သူ့မှာ သေပြီးနောက် အကျိုးပေးမြဲတဲ့ အကုသိုလ် ဂရုကံအပြစ် မရှိလို့ နောင်အခါ သူ့အလုပ် ကောင်းသလောက် တမလွန်မှာ ကောင်းကျိုးကို မျှော်လင့်နိုင်တယ်။ ဒါပေမယ့် .. ကျူးလွန်ပြီးတာတွေ အတွက်တော့ သံသရာ တစ်ကွေ့မှာ သူ ပေးဆပ်ရပေဦးမှာပေါ့။
အောက်တိုဘာ ၁၄၊ ၂၀၁၇။
---
၆၂၈။ ဘုရားဖူးသွားခြင်း
ဆရာတော် ဘုရား၊ ဗုဒ္ဓဂယာ ဘုရားဖူး သွားတာကို နိဗ္ဗာန်ရှာတဲ့ နည်းလမ်း လွဲနေတယ်၊ စီးပွားရေး လုပ်စားနေကြတာလို့ ရိပ်သာထွက် တစ်ဦးရဲ့ ဝေဖန်သံကို ကြားရလို့ အံ့ဩမိပါ သည်။ ဘုရားဖူးတဲ့ အလုပ်ကို မှားတယ်လို့ ဆိုရင် မှန်ပါသလား အရှင်ဘုရား။
တင်တင်အေး (SFO)
---
ကျမ်းဆို
“လုမ္ဗိနီ၊ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ ကုသိနာရုံ’ဆိုတဲ့ နေရာ လေးမျိုးဟာ ဖူးမြော်လိုက်ရင် သံဝေဂ ရစေနိုင်လို့ သဒ္ဓါတရား ရှိတဲ့ အမျိုးကောင်း သားသမီးတွေ သွားရောက် ဖူးမြော်ထိုက်ကြောင်း မြတ်ဗုဒ္ဓ ဟောကြားပါတယ်။ “အာနန္ဒာ၊ စေတီ ပုထိုးများကို ဖူးမြော်ရန် သွားလာ လှည့်လည် သူတို့သည် ကြည်ညိုစိတ်ဖြင့် ကွယ်လွန်မူ ထိုလူများသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြလိမ့်မည် (ဒီ၊၂၊၁၁၆)။
ဒီပါဠိတော်အရ ဘုရားဖူးသွားရင် ကုသိုလ်ရတယ်လို့ မြတ်စွာဘုရား ဟောကြားတာ သေချာပါတယ်။ ကုသိုလ်ရတဲ့ အလုပ် ဖြစ်လို့ မှားတယ်လို့ ဘယ်လိုလုပ် ဆိုနိုင်မလဲ။ အမဲလိုက်ထွက်တာ ပျော်ပွဲစား သွားတာမျိုးမှ မဟုတ်ဘဲ။
အကျိုး
စေတီ ဆင်းတုကို လှည့်လည် ဖူးမြော်ရင်း ဘုရားဂုဏ်ကို ပွားများရတယ်။ ဗုဒ္ဓဂုဏ်တော်ကို ပွားများလို့ ရတဲ့ ပီတိကို ဝိပဿနာ ရှုပြီး ရဟန္တာ ဖြစ်သွားတဲ့ သာဓကတွေ ကျမ်းဂန်မှာ ရှိတယ်။ ဗုဒ္ဓ ဘုရားရှင်တို့တောင် မမြဲဘူး ... စသည်ဖြင့် အနိစ္စ ဒုက္ခ အနတ္တ သဘာဝကို ရှုပြီးတော့လည်း ဝိပဿနာ ပွားနိုင်တာပဲ။ ဒါဖြင့် ဘုရားဖူး သွားခြင်းကို နိဗ္ဗာန်ကို ရှာခြင်းတစ်မျိုးလို့ ဆိုရင် မှားအံ့လော။
အင်း ... ဉာဏ်ပါတဲ့ ဘုရားဖူး သွားခြင်းမျိုးတော့ ဖြစ်ရ မယ်။ အပျော်အပါး သက်သက် ဒါမှမဟုတ် ဘုရားပေါ် တက်ပြီး ရည်းစားနဲ့ ချိန်တွေ့တာမျိုးတော့ ဘယ် အကျိုးရှိပါ့မလဲ။ ဘုရားဂုဏ်ကို ဆင်ခြင် ပွားများနိုင်မှ အကျိုး ရှိမှာပေါ့။
အောက်တိုဘာ ၃၁၊ ၂၀၁၇။
---
အပြုံးနဲ့စ
Peace begins with a smile. Mother Teresa
ငြိမ်းချမ်းရေးဟာ အပြုံးနဲ့ စပါတယ်။ မာသာထရီစာ
၆၂၉။ ဒါနနှင့် ကံကိုယုံခြင်း
ဆရာတော် ဘုရား၊ မေးစရာလေးတစ်ခု ရှိလာလို့ မေးလျှောက်ခွင့်ပြုပါ ဘုရား။ “အလှူပေးတာဟာ ကိုယ့်အတွက်ပဲလို့ ယုံကြည်ပြီးလှူမှ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်တယ်လို့ ဆရာတော် တစ်ပါးရဲ့ တရားတစ်ခုမှာ နာရပါတယ်။ ဒီဟောပြောချက်နဲ့ ပတ်သက်ပြီး ဘဝင်မကျပါ ဘုရား။ ဆရာတော် ဘယ်လို ယူဆပါသလဲ ဘုရား။ ဒါ့အပြင် “ဘုန်းဘုန်း အတွက်ပါလို့ ဆိုပြီး လှူတဲ့အခါ ကမ္မဿကတာ သမ္မာဒိဋ္ဌိ မရှိလို့ အလှူမခံပါဘူး”လို့ ဘုန်းကြီးက ငြင်းပယ်သင့် မသင့်ကိုလည်း သိလိုပါသည် ဘုရား။
ယော်နသန် (Tucson, AZ)
---
ကိုးကား ဖော်ပြတဲ့ ကျမ်းစာ၊ အဲဒီ ကျမ်းစာတွေရဲ့ ရှင်းလင်းချက် အာဘော်တွေကို အရင် ဖတ်ကြည့်ပါ။ ပြီးမှ ဘုန်းကြီးရဲ့ အဖြေကို လက်ခံခြင်း ငြင်းပယ်ခြင်း ပြုနိုင်ပါတယ် ..
ဒါနပြုပုံ
အလှူပစ္စည်း ညံ့ပေမယ့် “အာဂမနဒိဋ္ဌိက = ကံ ကံ၏အကျိုးကို ယုံကြည်၍ ပေးလှူခြင်း” ဖြစ်ရင် မွန်မြတ်တဲ့ အလှူဖြစ်နိုင်တယ် (အံ၊၃၊၁၉၅)။ “အာဂမနဒိဋ္ဌိက”ဆိုတာ ဤအလှူဟာ နောင်ဘဝရဲ့ အထောက်အပံ့ ဖြစ်လိမ့်မယ်လို့ ကံ (လှူဒါန်းတဲ့ အလုပ်)ကိုရော ကံရဲ့အကျိုး (အလုပ်ရဲ့ အကျိုး)ကိုပါ ယုံကြည်ပြီး လှူဒါန်းတာ (အံ၊ဋ္ဌ၊၃၊၅၃)။ နောင်ဘဝကောင်း အတွက် အထောက်အပံ့ ဖြစ်တယ်လို့ ယုံကြည်ပြီး လှူရင် အလှူနည်းပေမယ့် အကျိုးကြီးတယ်။ ဒီပါဠိအရ ‘အလှူပေးတာဟာ ကိုယ့်အတွက်’လို့ ဆိုခွင့်တော့ ရှိတယ်။ ဒါပေမယ့် ..
ကျမ်းဆို
ဒါနဆိုတာ အလှူခံပုဂ္ဂိုလ်ရဲ့ အစီးအပွားကို အလိုရှိခြင်း၊ ပူဇော်တဲ့ အနေနဲ့ မိမိရဲ့ အလှူဝတ္ထုကို အလှူခံ ပုဂ္ဂိုလ်အား လှူဒါန်းခြင်း (ဒီ-ဋီ၊၂၊၆၈)။ “သတ္တဝါတို့အား ဘေးမဲ့ပေးခြင်း၊ သတ္တဝါတို့၏ အသက် စည်းစိမ် အိုးအိမ်ကို သတ်ဖြတ် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဘေးရန်အမျိုးမျိုးမှ ကာကွယ်ခြင်း”ဆိုတာတွေလည်း ဒါနရဲ့ အဓိပ္ပာယ်မှာ ပါဝင်တယ် (စရိယာ၊ဋ္ဌ၊၂၉၇)။
ဒါနဟာ အလှူဝတ္ထုကို ပေးစွန့်ခြင်း လက္ခဏာ ရှိတယ်။ အလှူဝတ္ထုကို တပ်မက်တဲ့ လောဘကို ဖျက်ဆီးတဲ့ အလုပ်ကို လုပ်တယ်။ အလှူဝတ္ထုအပေါ် မတွယ်တာခြင်း တစ်နည်း ဘဝစည်းစိမ် ပြည့်စုံမှုကို ရရှိခြင်း (အကျိုး) အနေနဲ့ အသိဉာဏ်မှာ ထင်လာတယ်။ အလှူဝတ္ထုဟာ ဒါနရဲ့ အနီးဆုံး အကြောင်းတရားပါပဲ (စရိယာ၊ဋ္ဌ၊၂၇၃)။
ဒီဖွင့်ဆိုချက်တွေအရ ဒါနဟာ မိမိရဲ့ ဘဝစည်းစိမ် ပြည့်စုံမှ အနေနဲ့ ဉာဏ်မှာ ထင်မြင်လာတယ် ဆိုပေမယ့် အလှူခံ ပုဂ္ဂိုလ်နဲ့ လုံးဝ မပတ်သက်ဘူးလို့တော့ မဆိုနိုင်ဘူး။
နည်းမှန်
ဒါန (ပေးလှူခြင်း)နှစ်မျိုး ရှိတယ် ..
၁) ဝဋသန္နိဿိတဒါန = ဘုံသုံးပါး၌ ဖြစ်တဲ့ စည်းစိမ် ချမ်းသာ (သမ္ပတ္တိ)ကို တောင့်တပြီး ပေးလှူခြင်း၊
၂) ဝိဝဋသန္နိဿိတဒါန = “ဣဒံ မေ ဒါနံ အာသဝက္ခယာဝဟံ ဟောတု ...ဤအလှူသည် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်ပါစေ’လို့ နိဗ္ဗာန်ကို ဦးတည်ပြီး လှူဒါန်းခြင်း။
ဒီနှစ်မျိုး အနက် အမှတ် ၁) ဒါန ပြုပုံက ဘုံဘဝတွေကိုပဲ ပို့ဆောင်နိုင်တယ်၊ နိဗ္ဗာန်ကို မပို့နိုင်။ အမှတ် ၂) ကတော့ ဘုံဘဝတွေကိုရော နိဗ္ဗာန်ကိုပါ နှစ်မျိုးလုံးကို ပို့ဆောင်နိုင်တယ် (အံ၊ဋ္ဌ၊၁၊၄၃)။
ဒီအလှူပြုပုံ နှစ်နည်းရှိရာမှာ ဒုတိယနည်းက ပိုမကောင်းဘူးလား။ နိဗ္ဗာန်ကို ရည်မှန်းရင်.. ကျန်တဲ့ ဘဝစည်းစိမ်တွေလည်း အလိုလို ပါသွားတာပဲ။ ဒါကြောင့် အလှူရှင်တွေကို နည်းကို ညွှန်းကြားရင် အထက်ပါ မေးခွန်းမျိုး ဖြစ်လာဖို့ အကြောင်း နည်းသွားမယ်။
ကမ္မဿကတာ
ဆိုးကျိုးကို ပယ်ဖျက်ပြီး ကောင်းကျိုးကို ဖြစ်စေလို့ “အလုပ်ကောင်း”ဟာ မိမိ ပိုင်ဆိုင်ရမယ့် ကံဖြစ်တယ်၊ ကောင်းကျိုးကို ပယ်ဖျက်ပြီး ဆိုးကျိုးကို ဖြစ်စေလို့ ‘အလုပ်ဆိုး’ဟာ မိမိ ပိုင်ဆိုင်ရမယ့်ကံ မဟုတ်ဘူး”လို့ သိနားလည်တာကို ကမ္မဿကတာဉာဏ်လို့ ခေါ်တယ်။ ဒီလို နားလည်ပြီး ဘုံသုံးပါးသို့ ရောက်စေတဲ့ အလုပ်ကောင်း (ဝဋဂါမိကုသိုလ်ကံ)ကို လုပ်ကြလို့ သတ္တဝါတွေဟာ လူနတ် ဗြဟ္မာ ချမ်းသာကို ခံစားရင်း အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြရတယ် (အဘိ၊ဋ္ဌ၊၁၊၄၃၄)။ ဘုံသုံးပါးမှာ မလည်စေတဲ့ (ဝဋ်မှ ကင်းလွတ်တဲ့) အလုပ်ကောင်း (ဝိဝဋဂါမိကုသိုလ်) ဖြစ်တဲ့ ဗောဓိပက္ခိယ တရား ၃၇-ပါးကို ကျင့်ကြံရင်တော့ မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက် ပြုပြုမှာပေါ့ (ဒီ၊ဋ္ဌ၊၃၊၃၂)။
ကုသိုလ်များ
အလုပ်ကောင်း (ကုသိုလ်)မှာ ... “အပြစ်ကင်း၊ ပူပန်မဲ့၊ ကျန်းမာ၊ ကောင်းကျိုးရ၊ လိမ်မာ ကျွမ်းကျင်”ဆိုတဲ့ ဂုဏ်ရည် ငါးမျိုးရှိတယ်။ သင်္ဂီတိသုတ် (ဒီ၊၃၊၁၈၂)မှာ ‘ဒါန သီလ ဘာဝနာ”လို့ ကုသိုလ် သုံးမျိုး ဟောပေမယ့် အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၂၀၁ စသည်)မှာ “အရိုအသေပြု၊ ဝေယျာဝစ္စလုပ်၊ အမျှဝေ၊ သာဓုခေါ်၊ တရားနာ၊ တရားဟော၊ အယူမှန်’ကိုပါ ထည့်ပြီး ကုသိုလ် ၁၀-မျိုး ဖော်ပြတယ်။ ဒီတော့ “အလုပ်ကောင်း”ဆိုတာ ဒါန တစ်ခုတည်း မဟုတ်ဘူးလို့ နားလည်ရတယ်။
အဲဒီလို အဓိပ္ပာယ် ကျယ်ပြန့်လို့ ‘အလှူပေးတာဟာ ကိုယ့်အတွက်ပဲ’လို့ ယုံကြည်မှ ကမ္မဿကတာသမ္မာ ဒိဋ္ဌိ ဖြစ်တယ်လို့ ဒါနမျှကိုသာ ကွက်ပြီး ဆိုခြင်းထက် 'ကုသိုလ်ရဲ့ ကောင်းကျိုး၊ အကုသိုလ်ရဲ့ ဆိုးကျိုးကို ယုံကြည်ပြီး လှူမှ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်တယ်”လို့ ဆိုမှ သဘာဝ ကျတယ်။
မကြိုက်
ဒီကျမ်းဆိုတွေကို ကြည့်ပြီး ဘုန်းကြီး အမြင်ကို ဆိုရရင် ... “အလှူပေးတဲ့အခါ ကိုယ့်အတွက်ပဲလို့ ယုံကြည်ပြီး လှူမှ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်တယ်လို့ ဆိုတာထက် “အလှူပေးတဲ့အခါ နိဗ္ဗာန်ကို ရည်မှန်းပြီး လှူမှ လောကီ လောကုတ္တရာ အကျိုးနှစ်တန် ပြီးမြောက်တယ်”လို့ သင်ကြားရင် ပိုမကောင်းဘူးလား။ “ဘုန်းကြီးအတွက် လှူတာ မဟုတ်ဘူး၊ ကိုယ့်အတွက် ကိုယ်လှူတာပါလို့ဆိုမှ အလှူပစ္စည်းကို လက်ခံတယ်’ဆိုတာမျိုးကတော့ အဲဒီ ဘုန်းကြီး နည်းနည်း ပိုသွားပြီလို့ ထင်ပါတယ်။
နိုဝင်ဘာ ၂၊ ၂၀၁၇။
---
၆၃၀။ အနောက်နှင့် အရှေ့
ဆရာတော် ဘုရား၊ အခြားသူတို့၏ ယုံကြည် ကိုးကွယ်မှုကို ဝေဖန် ရေးသားတဲ့ ကမ္ဘာကျော် နိုင်ငံရေး ခေါင်းဆောင်များ ရှိပါသလား၊ ရှိလျှင် ၎င်းတို့၏ ရေးသားချက်များကို သိလိုပါသည် ဘုရား။ ဗဟုသုတကို မျှဝေပေးခြင်းဖြင့် တပည့်တော်တို့ မှတ်သားနိုင်မည် ဖြစ်ပါ၍ သနားသောအားဖြင့် ဖြေကြားပေးစေလိုပါသည် ဘုရား။
တပည့် တေဇဝန္တ (ကံသာကျောင်း)
---
မဖတ်ဖူးပါ
ရှေးဦး ခရစ်ယာန် သာသနာပြု အချို့က ဗုဒ္ဓဘာသာကို အသိဉာဏ် နည်းပြီး ရုပ်တုဆင်းတု ကိုးကွယ်တဲ့ ဘာသာတရား အဖြစ် နှိမ့်ချ ရေးတာမျိုး၊ ဗုဒ္ဓဘာသာ ဘုန်းကြီး ဒလိုင်းလားမား အကြောင်း ရုပ်ရှင်မှာ ကွန်မြူနစ် မော်စီတုန်းက “ဘာသာရေးဟာ ဘိန်းလိုပဲ”လို့ ပြောတာမျိုးတွေကို ဖတ်ဖူး ကြားဖူးတယ်။ ခေတ်သစ် နာမည်ကြီး အချို့နဲ့ အညတရတွေလည်း ဗုဒ္ဓဘာသာကို နှိမ့်ချ ဝေဖန်တာမျိုး ရှိတယ်။ ဒါပေမယ့် ဝင်စတန် ချာချီ၊ သီအိုဒို ရုစဗဲ့လ်တ် မဟတ္တမဂန္ဒီတို့လို လေးစားခံရတဲ့ ကမ္ဘာကျော် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ဗုဒ္ဓဘာသာအပေါ် ချိုးနှိမ်ရေးသားတာမျိုးကိုတော့ မဖတ်ဖူးသေးဘူး။
တက်ဒီ
၁၈၅၈-ခုနှစ်ဖွား၊ ၂၆-ယောက်မြောက် ရီပတ်ပလီကန် ပါတီ ကိုယ်စားပြု အမေရိကန် သမ္မတကြီး၊ သူ့နာမည်ရင်းက သီအိုဒို ရုစဗဲ့လ်တ်။ သူ့ကို လူအများက ချစ်စနိုးနဲ့ ‘တက်ဒီ’လို့လည်းခေါ်ကြတယ်။ ယနေ့ ဥရောပ၊ အမေရိကနဲ့ ဩစတြေးလျ စတဲ့ နိုင်ငံတွေမှာ ကောင်းမွန်တဲ့ လူမှုရေး စံနှုန်းတွေ တည်ရှိနေရခြင်း အပေါ် ဖန်ဆင်းရှင် ဘုရားသခင်ကို လုံးဝ ယုံကြည်ပုံရတဲ့ “တက်ဒီ’ သုံးသပ်ခဲ့ပုံက ...
The civilization of Europe, America, and Australia exists to-day at all only because of the victories of civilized man over the enemies of civilization, because of victories stretching through the centuries from the days of Miltiades and Themistocles to those of Charles Martel in the eighth century and those of John Sobieski in the seventeenth century. During the thousand years that included the careers of the Frankish soldier and the Polish king, the Christians of Asia and Africa proved unable to wage successful war with the Moslem conquerors; and in consequence Christianity practically vanished from the two continents; and today nobody can find in them any 'social values' whatever, and the sense in which we use the words so far as the sphere of Moham-medan influence and the decaying native Christian churches are concerned.
There are such 'social values' today in Europe, America and Australia only because during those thousand years the Christians of Europe possessed the warlike to do what the Christians of Asia and Africa had failed to do - that is to beat back the Moslem invader. (Theodore Roosevel, Fear God and Take your Own Part, p. 70-71)
“ယနေ့ ဥရောပ၊ အမေရိကနှင့် ဩစတြေးလျတို့၌ ဆင့်မြင့် ယဉ်ကျေးမှု တည်ရှိနေခြင်းမှာ ယဉ်ကျေးမှု၏ ရန်သူများ အပေါ် ယဉ်ကျေးပြီးသူများ၏ အောင်မြင်မှုကြောင့် ဖြစ်၏။ မိလ်တိုင်ယဒီးစ် နှင့် သာမစ်စတစ်ကလီးစ် တို့ ခေတ်မှသည် အေဒီ ၈ ရာစု ချားလ်စ် မာတဲလ်နှင့် ဆယ့် ခုနစ်ရာစု ဂျွန်ဆိုဗက်စကီတို့၏ အောင်မြင်မှုများကြောင့်သာ ဖြစ်၏။ ထိုအချိန်က အာရှနှင့် အာဖရိကတိုက်ရှိ ခရစ်ယာန်များသည် မူဆလင်များအား အောင်မြင်အောင် စစ်ပွဲ မဆင်နွှဲနိုင်ခဲ့သဖြင့် ခရစ်ယာန်များသည် တိုက်ကြီး နှစ်ခုအတွင်းမှ ပျောက်ကွယ်သွားသည်ကို တွေ့ရ၏။ မိုဟာမက်ဝါဒ လွှမ်းမိုးသည့် နေရာတိုင်း၌ ဒေသခံ ခရစ်ယာန် ဘာသာဝင်တို့၏ ဘုရားကျောင်းများ ပျောက်ဆုံးသွားသလောက် လူမှုရေး တန်ဖိုးများကိုလည်း မတွေ့နိုင်တော့ချေ။
ယနေ့ ဥရောပ အမေရိကနှင့် ဩစတြေးလျ နိုင်ငံများ၌ ယင်းသို့သော လူမှုတန်ဖိုးများ တည်ရှိနေခြင်းမှာ ဥရောပ တိုက်သားများအဖို့ အာရှနှင့် အာဖရိကရှိ ခရစ်ယာန်များ မလုပ်နိုင်ခဲ့သော စစ်စွမ်းရည်ကို ပိုင်ဆိုင်ခဲ့သောကြောင့် (ဆိုလိုသည်မှာ မူဆလင် ကျူးကျော်သူများအား ပြန်လည် နှိမ်နင်းနိုင်သော စွမ်းရည် ရှိခဲ့သောကြောင့်)သာ ဖြစ်၏။
ကယ်တင်သူများ
ချားစ် မာတဲလ် ဆိုတာ ပြင်သစ်လူမျိုး၊ အိမ်တော်ဝန် ဗိုလ်ချုပ်။ မာတဲလ် ဆိုတာ “ပုဆိန်’လို့ အဓိပ္ပာယ်ရတဲ့ ဂုဏ်ထူးဆောင် နောက်တိုး နာမည်။ တိုးရ်စ် (Tours)မြို့ တိုက်ပွဲ (အောက်တိုဘာ ၁၀၊ အေဒီ ၇၃၂)အတွင်း ပုဆိန်လို အားပြင်းတဲ့ ပြင်သစ် တပ်သားတွေက ဓားကောက်ကိုင် မူးဝါးလူမျိုး မူဆလင် စစ်တပ်ကြီးကို တွန်းလှန်နိုင်ခဲ့လို့ ဥရောပတိုက်ကို မူဆလင်တို့ မလွှမ်းမိုးနိုင်ခဲ့ဘူး။ ဒါကြောင့် ချားစ်မာတဲလ်ကို ဥရောပတိုက်ရဲ့ ကယ်တင်ရှင်အဖြစ် အနောက်တိုင်းသားတို့ ဂုဏ်ယူကြတယ်။
ဗိုလ်ချုပ် ဂျွန်ဆိုဗက်စကီ (ပိုလန်ဘုရင်)လည်း ဗီယင်နာ တိုက်ပွဲ (စက်တင်ဘာ ၁၂၊ အေဒီ ၁၆၃၈)မှာ ဆူလေတန် မာမက် ဦးဆောင်တဲ့ မူဆလင် တပ်ပေါင်းစုကြီးကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့လို့ ဥရောပ သူရဲကောင်း အဖြစ် မှတ်တမ်းတင်ခံရတယ်။ `မီလ်တိုင်ယဒီးစ် (ဘီစီ ၅၅၀)နဲ့ သာမစ်စတစ်ကလီးစ် (ဘီစီ ၅၂၄)တို့လည်း ရှေးခေတ်က ကျူးကျော်သူ ပါရှား (အာရဗ်)တွေကို ခုခံတိုက်ခိုက် နှိမ်နင်းနိုင်ခဲ့တဲ့ အေသင် မြို့သား ဂရိစစ် သူကြီးတွေ။
ဝင်စတန်ချာချီ
၁၉၄၅-မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် စာရင်းသွင်းခံရပြီး ၁၉၅၃-မှာ စာပေနိုဗယ်ဆုကိုပဲ ရတဲ့ ကွန်ဆာဗေးတစ်ပါတီ ကိုယ်စားပြု (၁၉၂၄ မတိုင်ခင်က လစ်ဗရယ်ပါတီဝင်) ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ (၁၈၇၄-ခုနှစ်ဖွား)လည်း အခြား ဘာသာတစ်ခု အပေါ် အောက်ပါအတိုင်း ခပ်ကြမ်းကြမ်း သုံးသပ်ခဲ့ဖူးတယ်
How dreadful are the curses which Mohamma- danism lays on its votaries! Besides the fanatical frenzy, which is as dangerous in a man as hydrophobia in a dog, there is this fearful fatalistic apathy. The effects are apparent in many countries. Improvident habits, slovenly systems of agriculture, sluggish methods of commerce, and insecurity of property exist wherever the followers of the Prophet rule or live.
A degraded sensualism deprives this life of its grace and refinement; the next of its dignity and sanctity. The face that in Mohammedan law every woman must belong to some man as his absolute property — either as a child, a wife, or a concubine – must delay the final extinction of slavery until the faith of Islam has ceased to be a great power among men. Individual Moslems may show splendid qualities. Thousands become the brave and loyal soldiers of the Queen; all know how to die; but the influence of the religion paralyses the social development of those who follow it. No stronger retrograde force exists in the world.
Far from being moribund, Mohammendanism is a militant and proselytizing faith. It has already spread throughout Central Africa, raising fearless warriors at every step; and where it not that Christianity is sheltered in the strong arms of science - the science against which it had vainly struggled the civilization of modern Europe might fall, as fell the civilization of ancient Rome. (Winston S. Churchill, The River War, Vol. II, p. 248-249.)
ဘုန်းကြီး ဉာဏ်မီသလောက် ဘာသာပြန်ကြည့်ရရင် .. “အစ္စလာမ်ဝါဒ၏ အဆုံးအမ အတိုင်း ရှိနေသော အယူသည်းမှုများကား ထိတ်လန့်ဖွယ်တည်း။ ခွေးရူးရောဂါကဲ့သို့ လူကို အန္တရာယ် ဖြစ်စေသော အစွန်းရောက် သွေးရူးသွေးတန်း ဖြစ်ခြင်းအပြင် ကြောက်စရာ မျက်စိမှိတ် ယုံကြည်မှုများ ရှိ၏။ ဖြစ်ရပ်မှန်များကို နိုင်ငံများစွာတို့၌ ထင်ရှားစွာ တွေ့နိုင်၏။ မြော်မြင်မှု ကင်းမဲ့သော အမူအကျင့်များ၊ ပရမ်းပတာ စိုက်ပျိုးမွေးမြူရေး စနစ်၊ နှေးကွေးသော ကုန်သွယ်နည်းနှင့် ပစ္စည်းဥစ္စာ မလုံခြုံခြင်းများသည် မိုဟာမက် ကိုးကွယ်သူများ လွှမ်းမိုး နေထိုင်ရာ အရပ်တိုင်း၌ ရှိ၏။
ယင်းဝါဒ၏ နိမ့်ကျသည့် လိင်အားပေး အယူအဆသည် ဂုဏ်သရေနှင့် ရည်မွန်ခြင်း၊ မြင့်မြတ်ခြင်းနှင့် သန့်စင်ခြင်းကို ကင်းမဲ့စေ၏။ အစ္စလာမ် ဥပဒေအရ အမျိုးသမီး တစ်ဦးအား ကလေးဖြစ်စေ ဇနီးဖြစ်စေ အလုပ်အကျွေး ဖြစ်စေ ယောက်ျားက လုံးဝ ပိုင်ဆိုင်ရမည်ဟူသော အချက်မှာ ကျွန်စနစ် လုံးဝ ပပျောက်ရေးကို ဟန့်တား၏။ ယောက်ျားများ အပေါ် အစ္စလာမ်ဝါဒ လွှမ်းမိုးအားကြီးမှု ရပ်စဲမှ ဖြစ်နိုင်မည်။ မူဆလင်များသည် စွမ်းရည်ကောင်းများကို ပြသနိုင်၏။ မူဆလင် ထောင်ပေါင်း များစွာသည် ဘုရင်မကြီး (ဝိတိုရိယ)၏ သစ္စာခံ စစ်သူရဲများ ဖြစ်လာကြ၏။ ယင်းတို့ အားလုံး သေရဲကြ၏။ သို့ရာတွင် အစ္စလာမ်ဝါဒ အရှိန်အဝါသည် ယင်းတို့၏ လူမှုဘဝ တိုးတက်ရေးကို ဖျက်ဆီးပစ်၏။ ကမ္ဘာပေါ်၌ ယင်း (အရှိန်အဝါ)ကို ချုပ်ငြိမ်း စေမည့် ခိုင်မာသော တွန်းအား မရှိချေ။
ပပျောက်သွားဖို့ ဝေးစွ ... အစ္စလာမ်ဝါဒသည် စစ်ကို လိုလားပြီး သိမ်းသွင်းတတ်သော ယုံကြည်မှု ဖြစ်၏။ ယင်းသည် အာဖရိကတိုက် အလယ်ပိုင်း၌ ပြန့်ပွားလျက် ရှိပြီး ခြေလှမ်းတိုင်း၌ အကြောက်မဲ့ စစ်သွေးကြွများ ပေါ်ထွက်လျက် ရှိသဖြင့် သိပ္ပံလက်နက်ကောင်းများ ရှိထားကြသည့် ခရစ်ယာန်များအတွက် နေရာ မရှိချေ။ သိပ္ပံလက်နက် ပိုင်ရှင်များအနေဖြင့် ဆန့်ကျင် ရုန်းကန်ခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်၏။ ခေတ်သစ် ဥရောပ ယဉ်ကျေးမှုသည် ရှေးခေတ် ရောမကဲ့သို့ ကျဆုံးသွားနိုင်ရာ၏”။
အသောက
အသောကဟာ ယနေ့ထိ ဗုဒ္ဓဝါဒီတို့ ဂုဏ်ယူပြီး ပြောနေရသေးတဲ့ ဘီစီ ၂-ရာစု အိန္ဒိယ ဘုရင်ပါ။ ဘုရင်ဆိုတာလည်း နိုင်ငံရေးသမားပဲ ဖြစ်လို့ ဖော်ပြသင့်တာပေါ့။ ဗုဒ္ဓဝါဒီ (တစ်နည်း ဗုဒ္ဓ ပါတီဝင်) ဖြစ် သွားပြီးနောက် ဘုရင် အသောက ဆိုခဲ့ပုံက
All sects deserve reverence for one reason or another. By thus acting a man exalts his own sect and at the same time does service to the sects of other people.
“ယုံကြည်မှု မတူသူ အားလုံးကို အကြောင်း တစ်ခုခုဖြင့် လေးစားရမည်။ ထိုသို့ ပြုခြင်းဖြင့် လူတစ်ဦးသည် မိမိ၏ အယူကို ချီးမြှောက်သကဲ့သို့ တစ်ချိန်တည်းတွင် အခြားသူတို့၏ ဝါဒကိုလည်း စောင့်ရှောက်ရာ ရောက်၏”တဲ့ (J. Nehru, Glimpses of World History, p. 65။ အာလာဟာဘတ်မြို့(အိန္ဒိယ)အနီးက ကျောက်စာမှာ ရေးထားတာ ဖြစ်ကြောင်း ပဏ္ဍိတ် နေရူးက ညွှန်းဆိုပါတယ်။)
မူရင်းရှု
ညွှန်းဆိုထားတဲ့ ကျမ်းစာတွေရဲ့ စာမျက်နှာတွေမှာ ကိုယ်တိုင် ရှာဖွေ ဖတ်ရှုပြီး ဘာသာပြန်နဲ့ တိုက်ဆိုင် ကြည့်နိုင်ရင် ပိုပြီး သေချာပါတယ်။ ဤစာပိုဒ်ပါ အဓိပ္ပာယ်တွေက မူလ ရေးသားသူတွေရဲ့ အာဘော်သာ ဖြစ်ကြောင်းပါ။
နိုဝင်ဘာ ၁၄၊ ၂၀၁၇။
ရွှေကြေးစည်
ချာလည်ချာလည် ရွှေကြေးစည်လည်း
သာကြည်ချိုအေး နိဗ္ဗာန်တေးကို
ကြော်ကြွေးအစဉ် တည်စေသတည်း။ (အမည်မသိစာဆို)
---
၆၃၁။ ရဟန္တာရှစ်ပါး ပြဿနာ
ဆရာတော် ဘုရား၊ စစ်တပ်က ကြီးမှူးကျင်းပတဲ့ တရားပွဲမှာ သီတဂူဆရာတော် ဘုရားကြီးက လူပေါင်း သန်းချီ သတ်ပေမယ့် သရဏဂုံတည်သူ တစ်ဦးနှင့် ငါးပါးသီလ မြဲသူ တစ်ဦးသာ ပါလို့ လူတစ်ယောက်နဲ့ တစ်ပိုင်းကိုသာ သတ်ရာရောက်ပြီး ကျန်သူများမှာ မိစ္ဆာဒိဋ္ဌိတွေဖြစ်လို့ တိရစ္ဆာန်တွေကို သတ်သလို ဖြစ်တဲ့အတွက် အပြစ်မဖြစ်ဘူးလို့ ရဟန္တာ ရှစ်ပါးက ဒုဋ္ဌဂါမဏိ မင်းကို မိန့်ကြားကြောင်း ဟောကြားပါသည်။ အဲဒီ ဟောကြားချက်ကို သတင်းနဲ့ လူမှုမီဒီယာတွေမှာ အတော် ဝေဖန်ကြပါ သည်။ ရဟန္တာပုဂ္ဂိုလ်က ထိုကဲ့သို့ မိန့်ကြားသည် ဆိုလျှင် မှန်ကန် မျှတပါသလား ဘုရား။
ကျော်ဆန်း (မီဒီယာ)
---
ဘုန်းကြီး အနေနဲ့ ရဟန္တာ ရှစ်ပါးနဲ့ အဲဒီ ရဟန္တာတွေ ပြောတယ်ဆိုတဲ့ စကားကိုပဲ မူရင်းကျမ်းစာတွေကို ကြည့်ပြီး ဉာဏ်မီသလောက် သုံးသပ်ပြပါမယ် ..
မူရင်းအဆို
ပိယင်္ဂုဒီပအရပ်ရှိ ရဟန္တာများသည် ဒုဋ္ဌဂါမဏိ မင်းကြီး၏ စိတ်အကြံကို သိသောအခါ မင်းကြီးအား နှစ်သိမ့်စကား ဆိုရန် ရဟန္တာရှစ်ပါးကို စေလွှတ်လိုက်ကြ၏။ ရဟန္တာများသည် ညသန်းခေါင်ယံ ရောက်သော် နန်းတော် ဂိတ်တွင် ဆင်းသက်ကြ၏။ ဝေဟင်ခရီးမှ ကြွလာခဲ့ကြောင်း သိစေလျက် နန်းပြာသာဒ် ဆောင်ပေါ်သို့ တက်ရောက်ကြ၏။ မင်းကြီးသည် ရဟန္တာများကို နှုတ်ဆက်ပြီး သီတင်းသုံးရန် ဖိတ်ကြားလျက် အရိုအသေပြုပြီးနောက် အရှင်မြတ်များ ကြွလာတော်မူခြင်း၏ အကြောင်းကို မေးလျှောက်၏။
အို မင်းကြီး၊ ပိယဂိုဒီပကျောင်းတိုက်မှ သီတင်းသုံးဖော် များက မင်းကြီးကို နှစ်သိမ့်စကား ဆိုရန် ဆရာတော်တို့ကို စေလွှတ်လိုက်ပါ၏(ဟု ရဟန္တာများက ဖြေကြားကြ၏)။ မင်းကြီး က ရဟန္တာများအား “အရှင်မြတ်တို့ ဘုရား၊ တပည့်တော်သည် လူပေါင်း များစွာကို သေစေခဲ့သည့် အတွက် အဘယ်မှာလျှင် သက်သာရာကို ရပါမည်နည်း”ဟု လျှောက်၏။
မင်းကြီး၊ ထိုအပြုအမူကြောင့် နတ်ပြည် နိဗ္ဗာန် ရောက်ကြောင်း လမ်းကို မပိတ်ပင်ပါ။ မင်းကြီးသည် လူသား တစ်ယောက်နှင့် တစ်ဝက်ကိုသာ သတ်ဖြတ်ခဲ့ပါ၏။ တစ်ဦးသည် ရတနာ သုံးပါးကို ဆည်းကပ်ပြီး အခြား တစ်ဦးမှာ ငါးပါးသီလ ဆောက်တည်သူ ဖြစ်ပါ၏။ ကျန်ပုဂ္ဂိုလ်များမှာ မိစ္ဆာဒိဋ္ဌိများနှင့် ဒုဿီလ ပုဂ္ဂိုလ်များ ဖြစ်ကြပြီး တိရစ္ဆာန်များနှင့် တူပါ၏။ သို့တ မင်းကြီးမူကား နည်းလမ်း များစွာဖြင့် ဗုဒ္ဓ ရှင်တော်မြတ်၏ တရားဓမ္မကို ထွန်းပြောင်စေပါလိမ့်မည်၊ သို့ဖြစ်၍ မင်းကြီး၏ နှလုံးသားမှ (ထိုအတွေးများကို) ထုတ်လွှင့်ပစ်ပါ (မဟာဝံသ၊ ၂၅း ၁၀၅-၁၁၆)။
ရာဟုလာ
အနောက်တိုင်းမှာ နေထိုင် ပညာသင်ယူဖူးတဲ့ နာမည်ကျော် သီဟိုဠ် ဆရာတော် Dr. ဝါလ်ပိုလာ ရာဟုလာဟာ ပါဠိတော် အဋ္ဌကထာ ဋီကာ သီဟိုဠ် ရာဇဝင်ကျမ်းတွေနဲ့ သီဟိုဠ် ကျောက်စာတွေကို ကိုးကားပြီး သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓဘာသာ စတင် ရောက်ရှိလာပုံနဲ့ ပြန့်ပွား တိုးတက်ပုံကို သိပ္ပံနည်းကျ ဝေဖန်သုံးသပ်ပြတဲ့ “သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း’အမည်ရှိ ကျမ်းကို ရေးခဲ့ပါတယ်။ အဲဒီ ကျမ်းမှာ အထက်ပါ မဟာဝံသကျမ်း အဆိုကို အောက်ပါအတိုင်း သုံးသပ်ပါတယ် ..
မဟာဝံသကျမ်း၌ အထက်ပါ အကြံပေးချက်ကို ရဟန္တာ အရှင်မြတ် ရှစ်ပါးက ဆိုခဲ့ကြောင်း အတိအကျ ဖော်ပြသည်။ သို့ရာတွင် ယင်းအကြံပြုချက်သည် ဗုဒ္ဓရှင်တော်မြတ်၏ တရားဓမ္မ အနှစ်သာရနှင့် လုံးဝ ဆန့်ကျင်သည်။ မည်သည့် ပုံစံ၊ ရည်ရွယ်ချက်၊ ဗုဒ္ဓသာသနာ တည်တံ့ရန် သို့မဟုတ် ဗုဒ္ဓသာသနာကို ကာကွယ်ရန် သို့မဟုတ် ဗုဒ္ဓသာသနာကို ပြန့်ပွားစေရန် အတွက်ပင် ဖြစ်စေကာမူ လူ့အသက်ကို သတ်ဖြတ်ခြင်းမှာ ဗုဒ္ဓတရားတော်အရ လုံးဝ မျှတမှု မရှိချေ။
စိတ်ဝင်စားဖွယ် အကောင်းဆုံးမှာ စစ်ပွဲအတွင်း လူသား သတ္တဝါ တစ်ယောက်နှင့် တစ်ဝက်သာ အသတ်ခံရသည်ဟူသော ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ရေတွက် ဖော်ပြမှု ဖြစ်သည်။ ဘီစီနှစ်ရာစု အချိန်က ရဟန္တာ အရှင်မြတ်များသည် ယင်းသို့ မှားယွင်းသည့် အတွေးအမြင် တစ်ရပ်ကို အကယ်ပင် မြွက်ဆိုခဲ့သလော ဟူသည်ကို မသိရချေ။ သို့ရာတွင် အေဒီ ငါး ရာစုတွင် ထင်ရှားလှသည့် မဟာဝံသကျမ်းပြု ဆရာသည် အမျိုးသား သမိုင်းကျမ်းကြီးတွင် ယင်းဂါထာများကို ထည့်သွင်း ရေးသားခဲ့သည် ဟူသော အချက်ကား သံသယ ဖြစ်စရာ အကြောင်း မရှိချေ (History of Buddhism in Ceylon, p.229)။
ရဟန္တာ
ရဟန္တာဆိုတာ နှစ်သက်ခြင်း မနှစ်သက်ခြင်း (အနုနယဂဟဏ) အပါအဝင် မာနနဲ့ အလိုဆန္ဒ အားလုံး လွတ်မြောက်ပြီး ဖြစ်လို့ သာမန် လူသားတစ်ဦးရဲ့ အပြစ်မျိုး လုံးဝကင်းလွတ်သူ ဖြစ်ရမယ်လို့ ရှေးကျတဲ့ ပါဠိ အဋ္ဌကထာ ကျမ်းတွေအရ နားလည်နိုင်ပေမယ့် အထက်ပါ ရဟန္တာရှစ်ပါး ပြောဆိုပုံ ဖြစ်ရပ်နဲ့ ကြည်ညိုစိတ်နဲ့ ဖူးမြော်လာတဲ့ သဒ္ဓါတိဿ မင်းကြီး (ဘီစီ ၇၇-၅၉) စိတ်ပျက်သွားအောင် ရဟန္တာ ခုဇ္ဇတိဿ မထေရ်က မြေကြီး ပေါ်မှာ တွားသွားပြခြင်း (မ၊ဋ္ဌ၊၁၊၁၈၈) .. စတဲ့ ဖြစ်ရပ်တွေကို ကိုးကားပြီး နှောင်းခေတ်မှာ ရဟန္တာရဲ့ အဓိပ္ပာယ်မှန် ပျောက်ဆုံးသွားတယ်လို့လည်း Dr. ဝါလ်ပိုလာ ရာဟုလာက အဲဒီကျမ်းမှာ ဆိုခဲ့ပါတယ်။ ဒါပေမယ့်..
ရဟန္တာဟာ မပြုံးမရယ် မတုန်မလှုပ် ရွှေရုပ်လိုတော့ မဟုတ်ဘူး။ ဝါသနာကို မပယ်နိုင်လို့ ကဗျာရေးတာ၊ ခပ်ကြမ်းကြမ်း ပြောဆို နေထိုင်တတ်တာမျိုးလို မွေးရာပါ အငွေ့အသက်တွေ မကင်းဘဲ ရှိနိုင်တယ်။ ဒါကို “ပမာခင်းမူ၊ ပုလင်းအိုးဝယ်၊ သေရက်လှယ်သော်၊ မပြယ်နံ့ဟောင်း၊ အငွေ့လှောင်းသို့”လို့ ဘူရိဒတ် ဇာတ်ပေါင်းပျို့ (ပိုဒ်-၅၃)မှာ ဖွဲ့ဆိုတယ်။ ဒါကြောင့် “စိတ်ဆိုးစိတ်နာပူးဝင် ပုထုဇဉ်’အနေနဲ့ ရဟန္တာတွေအပေါ် နှစ်သက်မနှစ်သက် ဆိုတာမျိုးလည်း ရှိနိုင်တာပဲ။
မငြင်းဘူး
Dr. ဝါလ်ပိုလာ ရာဟုလာ ပြောသလို “မည်သည့် ပုံစံ၊ ရည်ရွယ်ချက်၊ ဗုဒ္ဓသာသနာ တည်တံ့ရန် သို့မဟုတ် ဗုဒ္ဓသာသနာကို ကာကွယ်ရန် သို့မဟုတ် ဗုဒ္ဓသာသနာကို ပြန့်ပွားစေရန် အတွက်ပင် ဖြစ်စေကာမူ လူ့အသက်ကို သတ်ဖြတ်ခြင်းမှာ ဗုဒ္ဓတရားတော်အရ လုံးဝ မျှတမှု မရှိချေ’ဆိုတာကိုတော့ ဘုန်းကြီးတို့ အကြွင်းမဲ့ လက်ခံပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ရဟန္တာတွေက “ဗုဒ္ဓဘာသာ မဟုတ်သူ (မိစ္ဆာဒိဋ္ဌိ)တွေကို သတ်တာဟာ အကုသိုလ် မဖြစ်ဘူး သို့မ မဟုတ် အဲဒီလို သတ်ဖြတ်တာဟာ မျှတတယ်”လို့ ဆိုလိုဟန် မတူပါဘူး။ ပညာရှင် မဟာဝံသကျမ်းပြု ဆရာတော်လည်း အဲဒီလို မယူဆလောက်ပါဘူး။ အမှန်တော့ ..
မတားမြစ်
လူကြမ်းကြီး အင်္ဂုလိမာလဟာ လူအများ အပြားကို သတ်ပြီး လက်ညှိုးကို ဖြတ်ခဲ့ပေမယ့် ထိုအထဲမှာ အရိယာ ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ် မပါခြင်း၊ မိဘနှစ်ပါး မပါခြင်းကြောင့် ဗုဒ္ဓဓမ္မနဲ့ ဆုံမိတဲ့ အခါ ရဟန္တာ ဖြစ်သွားပါတယ်။ အဇာတသတ် ကျတော့ သောတာပန် အဖေကို သတ်မိလို့ ဗုဒ္ဓကို ဘယ်လောက်ပင် လုပ်ကျွေးစေကာမူ ဒုတိယဘဝရဲ့ ကောင်းကျိုးကို မမျှော်လင့်နိုင်ခဲ့ဘူး။ ဒါကြောင့် ‘ထို(လူသတ်မှု)ကံကြောင့် မင်းကြီး၏ နတ်ပြည် နိဗ္ဗာန် ရောက်ကြောင်းလမ်းကို မပိတ်ပင်ပါ (သဂ္ဂမဂ္ဂန္တရာယော နတ္ထိ တေ တေန ကမ္မနာ။ မဟာဝံသ၊ ၂၅း၁၀၉)”လို့ ရဟန္တာတွေ မိန့်ကြားတာ ဖြစ်နိုင်တယ်။
စစ်အတွင်း လူတွေကို သတ်တဲ့ ဒုဋ္ဌဂါမဏိဟာ ဒီဘဝ သာသနာပြု ကုသိုလ်ထူးကြောင့် ဒုတိယဘဝမှာ ချမ်းသာခွင့် ရှိတယ်။ အသောက မင်းလည်း ဒီလိုပဲနေမှာ။ ဒါပေမယ့် လူတွေကို သတ်ဖြတ် သေကြေစေတဲ့ အကုသိုလ်ကံရဲ့ အကျိုးကိုတော့ ယင်းတို့ ပြေးမလွတ်ပါဘူး။
ယုတ္တိရှာ
ဒုဋ္ဌဂါမဏိဟာ အယူဝါဒ မတူတဲ့ ကျူးကျော် ရန်ရှာလာသူ တိုင်းတစ်ပါးသားတွေကို မိမိနိုင်ငံတွင်းက တိုက်ထုတ်တာ။ ဒါလည်း သူ့အခွင့်အရေးပဲ။ ရဟန္တာတွေ အနေနဲ့ လူတွေ သေကြေတာကို မည်သည့် နည်းနဲ့မျှ အားမပေးလိုပေမယ့် မိမိတို့ တိုင်းနိုင်ငံကို ကယ်တင်ခဲ့တဲ့ ဘုရင်ကြီးရဲ့ စိတ်ထဲ စူးဝင်နေတဲ့ အကုသိုလ် စိတ်ကို ဖြေလျော့ဖို့ သံဃာက တာဝန်ပေး စေလွှတ်တဲ့အခါ မနေသာဘဲ ကြွရောက်ပြီး ဖော်ပြပါ အဓိပ္ပာယ်မျိုးရှိတဲ့ အားပေး စကားကို မိန့်မြွက်ကြတယ် ဆိုရင် ယုတ္တိနဲ့ မဝေးလွန်းဘူးလို့ ဘုန်းကြီး ယူဆတယ်။
မဟာဝံသဋီကာ (အတွဲ ၂၊ စာ-၄၉၂)မှာ “မင်းကြီးရဲ့ စိတ်ထဲ အဲဒီ (အကုသိုလ်)စိတ်ကို ထပ်မဖြစ်ပါစေနဲ့ = န ပုန ဧတံ တဝ သန္တာနေ ဥပ္ပတ္တိ ကရောဟိလို့ ဖွင့်ဆိုပါတယ်။ အကုသိုလ် စိတ်ကို စားမြုံ့ပြန်နေရင် ကုသိုလ်စိတ် မဖြစ်ပွားနိုင်ဘူး။
လူသားဝါဒ
မျက်မှောက် ခေတ်မှာ လူသားဝါဒနဲ့ လူ့အခွင့်အရေး ဆိုတာတွေကို ရှေ့တန်းတင် ဟောပြောနေကြပါတယ်။ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားက အနောက်ဖက်က လူတွေ မိမိကို လက်ခံတာဟာ ဗုဒ္ဓဘာသာ ဘုန်းကြီး ဖြစ်လို့ မဟုတ်ဘဲ လူကို လူလိုမြင်တဲ့ လူသား အခြေပြုဝါဒနဲ့ ကရုဏာတရားကို အသားပေး ဟောပြောလို့ ဖြစ်ကြောင်း ဆိုဖူးပါတယ်။ ဒါလေးကို အတုယူပြီး မိမိကိုရော ဗုဒ္ဓသာသနာကိုပါ မထိခိုက်တဲ့ နည်းနဲ့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ တင်ပြနိုင်ရင် အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည်ကြောင်းပါ။
မှတ်ချက်များ
သမ္မပ္ပဓာန် လေးပါးထဲမှာ “ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော = ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်ဖို့ရန် ထုတ်ရမယ်”လို့ ဆိုပါတယ်။ ဖြစ်ပြီးတဲ့ဟာကြီး ဘယ်လိုလုပ် ပယ်မတုံးဆိုတော့ “အမနသိကာရဝသေန = နှလုံးမသွင်းတဲ့ အနေနဲ့ ပယ်ရမယ်”တဲ့။
ဒါကြောင့် ရဟန္တာကြီးတွေက ဒုဋ္ဌဂါမဏိ မင်းကြီး အဲဒီ သတ်ခဲ့မိတဲ့ အကုသိုလ်တွေကို ပြန်မတွေးမိအောင် နေဖို့၊ ထိုသို့ နေခြင်းဖြင့် အကုသိုလ် မတိုးအောင် လျော့ပါး သက်သာအောင် လာတရားဟောတာ နည်းပေး လမ်းပြ လုပ်တာလို့ ယူဆရမှာပါ။
ရွှေမင်းသား
တရားစာသားတွေက သိမ်မွေ့ နုနယ်လွန်းတဲ့ အတွက် သတိထားပြီး စဉ်းစားနိုင်မှ အမှန်ရနိုင်ပါတယ်။
စိုးမင်း (၆နစ်စ်၊ အရီဇိုးနား)
ဒီဇင်ဘာ ၅၊ ၂၀၁၇။
---
၆၃၂။ မြတ်ဗုဒ္ဓနဲ့ မုတ်ဆိတ်မွှေး
မေးစရာလေး တစ်ခု စဉ်းစားမိလို့ပါ ဆရာတော် ဘုရား၊ ဗုဒ္ဓဝင် ဆံတော်ပယ်ခန်းတွေကို ဖတ်တဲ့အခါ မြတ်စွာဘုရားမှာ မုတ်ဆိတ်ကျင်စွယ် ရှိတယ်လို့ ထင်ရပါတယ်။ မရှင်းလင်းပါ။ ပြီးတော့ သန်လျက်နဲ့ ဆံတော်ပယ် (ခေါင်းရိတ်) တာကိုပါ ရှင်းပြပေးပါ ဘုရား။ သန်လျက်ဆိုတာ ဓားလား လှံလားဆိုတာကို သိလိုခြင်း ဖြစ်ပါတယ်။ ဆရာတော် ကျန်းမာပါစေ။
ဝေဠုကျော် (အုန်းတော)
---
မူရင်းဖတ်
စာမကြည့်အားနိုင်တာနဲ့ အချိန် နည်းနည်း ကြာသွားပါတယ်။ အင်း ... မူရင်းမှာ ဖော်ပြတဲ့ ဗုဒ္ဓဝင် ဆံတော် ပယ်ခန်းကို အရင် ဖတ်ကြည့်မယ် ..
“ဗုဒ္ဓလောင်းလျာသည် “ဆံပင်ကား ရဟန်းတို့နှင့် လျောက်ပတ်”ဟု ဆင်ခြင်ပြီး ညာလက်ဖြင့် သန်လျက်ကိုကိုင်၊ ဘယ်လက်ဖြင့် ဆံထုံးကို ကိုင်၍ ဖြတ်၏။ ဆံတော်သည် (ဦးခေါင်းတော်၌) လက်နှစ်သစ် ပမာဏ အညီအမျှ လက်ယာရစ် လည်(ရစ်ခွေ) လျက် ကျန်ရစ်၏။ အသက်ထက်ဆုံး မရိတ်ပယ်ရဘဲ ယင်းပမာဏမျှသာ တည်ရှိ၏။ မုတ်ဆိတ်ကျင်စွယ်တို့လည်း ဆံတော်များကဲ့သို့ သပ္ပာယ်ရုံမျှ ရာသက်ပန် တည်နေ၏။ နောက်တစ်ဖန် ဆံမုတ်ဆိတ်ကို ရိတ်ဖြတ်ရခြင်း မရှိတော့ချေ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၃၂)”။
ကျမ်းညှိ
“မ စ တဒရူပံ”ဆိုတဲ့ အဋ္ဌကထာ (ညွှန်းပြီး) စကားကို မင်းကွန်း တိပိဋက ဆရာတော်ကြီးရဲ့ မဟာဗုဒ္ဓဝင်ကျမ်း (အတွဲ ၃၊ စာ-၂၀၂)မှာ “မုတ်ဆိတ် ကျင်စွယ်လို့လည်း ဆံတော်များကဲ့သို့ပင် ကြည့်ရှု၍ တင့်တယ်သည့် အနေအထားဖြင့်’လို့ ဆိုပါတယ်။ တိပိဋက ပါဠိမြန်မာ အဘိဓာန်မှာ “တဒနုရူပ = ထိုနှင့် တူသော သဘောရှိသော’လို့ အဓိပ္ပာယ် ပြန်ပုံအရဆိုရင် ဆံတော် လက်နှစ်သစ်ရှိရင် မုတ်ဆိတ် ကျင်စွယ်လည်း ထိုနှင့် တူစွာ (ဆံတော်လောက်ပဲ) ရှိတယ်လို့ ဆိုရမယ့် အနေမျိုးပဲ။
ယုတ္တိရှာ
ရဟန္တာ ဖြစ်ပြီးတဲ့ ယသ လုလင်ကို မြတ်ဗုဒ္ဓက “ဧဟိ ဘိက္ခု = ရဟန်း လာလော့”လို့ ခေါ်လိုက်တာနဲ့ “ဒွင်္ဂုလမတ္တကေသမဿု၊ လက်နှစ်သစ်မျှသော ဆံမုတ်ဆိတ် ရှိသည်ဖြစ်၍။ အဋ္ဌ ပရိက္ခာရဓရော၊ ပရိက္ခရာရှစ်ပါး (ရဟန်း အသုံးအဆောင် ရှစ်မျိုး) ကို ဆောင်လျက်။ ဝဿဋ္ဌိကတ္ထေရော ဝိယ၊ ဝါတော် ၆ဝ- ရပြီးသော မထေရ်ကြီးကဲ့သို့။ အဟောသိ၊ ဖြစ်ပြီ (ထေရ၊ဋ္ဌ၊၁၊၂၉၇)’လို့ ဆိုတယ်။ ဒီစာအရ အရှင်ယသဟာ ဧဟိ ဘိက္ခု ရဟန္တာ ဖြစ်ပြီးစမှာ မုတ်ဆိတ် ကျင်စွယ် လက်နှစ်သစ် ရှိတယ်လို့ ဆိုရင် မလွဲတန်ရာဘူး။
သုံးသပ်ချက်
နေမိဘုံခန်းပျို့ (ပိုဒ်၊ ၆၇)မှာ နတ်ရုပ်သွင်ကို “လျှပ်စစ်ရောင် နွယ်၊ ရောင်ခြည်ခြယ်လျက်၊ ကျင်စွယ်မုတ်ဆိတ်၊ မည်းမြိတ် မုတ်နား၊ သားရရားတည့်’လို့ သရုပ်ဖော်တာကို ထောက်ရင် ကေသမဿု (ဆံမုတ်ဆိတ်)ဆိုတာ ယောက်ျာတို့ရဲ့ ယောက်ျားပီသမှု ခံ့ညားမှုနဲ့ အလှအပ ဖြစ်ပါတယ်။ ဒါပေမယ့် လက္ခဏာတော်ကြီး ၃၂၊ လက္ခဏာတော်ငယ် ၈ဝ ထဲမှာတော့ မုတ်ဆိတ်ကျင်စွယ်နဲ့ ပတ်သက်တဲ့ ထူးခြားမှု မတွေ့ရဘူး။
ဒါကြောင့် မြတ်ဗုဒ္ဓဟာ ဖူးမြင်သူရဲ့ အလိုဆန္ဒနဲ့ အညီ သပ္ပာယ် ခံ့ညားပြီး ယောက်ျား ပီသတဲ့ ရုပ်သွင်တော်မျိုး ဖြစ်မယ်လို့ ယူဆရင် သင့်မြတ်ပါတယ်။
သန်လျက်
ပါဠိလို ‘ခဂ္ဂ’ကို သန်လျက်လို့ ဘာသာပြန်တယ်။ သန်လျက် ဆိုတာ မင်းမြှောက်တန်ဆာ ငါးပါးမှာပါတဲ့ လက်နက် အထူးလို့ နားလည်ရတယ်။ တစ်ဖက်သွား နှစ်ဖက်သွားလို့ ၂-မျိုး၊ တစ်နည်း ဦးဖျား ကွေးညွတ် မကွေးညွတ်လို့ ၂-မျိုး၊ ပဉ္စာဝုဓ ဇာတ်အရ အရှည် လက် ၃၃-သစ် (၂-ပေခွဲခန့်) ရှိကြောင်းလည်း သိရတယ်။ “ခဂ္ဂဝိသာဏ = သန်လျက်နဲ့ တူတဲ့ ဦးချို ရှိတဲ့ ကြံ့(သတ္တဝါ)”လို့ အဓိပ္ပာယ် ဖွင့်ဆိုတဲ့ တိပိဋက ပါဠိမြန်မာ အဘိဓာန်အရ သန်လျက်ဟာ ကြံချိုနဲ့ တူမယ်လို့ ယူဆရတယ်။
ဘုန်းကြီး ဗာရာဏသီမြို့ကို ရောက်စဉ်က ဗြဟ္မဒတ်မင်း အဆက်ဆက် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ပြသတဲ့ ပြတိုက်မှာ ဦးဖျား ကော့ချွန်နေတဲ့ ဓားရှည် (ဓားကောက်) သို့မဟုတ် ဓားမျှောင်လို ဓားတွေ ပြထားတာကို တွေ့ဖူးတယ်။ ဒါကြောင့် မင်းသိဒ္ဓတ် ဆံတော်ပယ်ဟန် ပန်းချီကားတွေမှာ သရုပ်ဖော် သလို အဖျားချွန် အလယ်ကား ပုံစံမျိုးတော့ ဟုတ်ဟန် မတူ။
ဆံတော်ပယ်
အဲဒီ သန်လျက်ကို ဗုဒ္ဓဝံသအဋ္ဌကထာမှာ “ပရမနိသိတံ = အလွန် ထက်သော’လို့ ဆိုတဲ့အတွက် ဆံတော်ကို ပယ်ဖြတ်နိုင် လောက်အောင် ထက်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီဇင်ဘာ ၆၊ ၂၀၁၇။
You cannot shake hands with a clenched fist. Indira Gandhi
ဆုပ်ထားတဲ့ လက်နဲ့ လက်ဆွဲ နှုတ်မဆက်နိုင်။ အင်ဒီရာဂန္ဒီ
---
၆၃၃။ မှတ်စုထဲက ဗိမ္ဗိသာရ
ဆရာတော် ဘုရား၊ မြတ်စွာဘုရားက ဗိမ္ဗိသာရ မင်းကြီးကို ဟောကြားတဲ့ သုတ်တရား မရှိဘူးလို့ ဆရာတော် တစ်ပါးက ရေးသား ပြောဆိုပါတယ်။ ရှိ မရှိလေး သိပါရစေ ဘုရား။
ကိုကြည်လင်း (ဩဇီ)
---
မြတ်ဗုဒ္ဓက ဗိမ္ဗိသာရမင်းကို ဟောတဲ့ သီးခြား သုတ္တန်ရှိမရှိ ဆိုတာကို မေးပေမယ့် ဗိမ္ဗိသာရမင်း အကြောင်း မေးဖူးသူ မရှိသေးလို့ ရှိပြီးသား မှတ်စုကို မျှဝေလိုက်ပါတယ်။ ဘီစီ ၆-ရာစုက ဖြစ်ရပ်ကို ကျမ်းဂန်ထဲက ဆွဲထုတ် စုစည်းပြတဲ့ သဘောပါ။ မှတ်စုထဲမှာ အဖြေကို တွေ့ပါလိမ့်မယ်။
မိဘ၊ မွေးရပ်
တိဗက်မှတ်တမ်းတွေအရ ဗိမ္ဗိသာရမင်းရဲ့ ခမည်းတော်က ရာဇဂြိုဟ်ဘုရင် မဟာပဒုမမင်း၊ မယ်တော် ဗိမ္ဗီ (အမည်ရှိ) မိဖုရား (Rockhill, The Life of the Buddha, p. 16)။ ဒီပဝံသကျမ်း (၃း၅၂)မှာတော့ ခမည်းတော် အမည် ဘာတိယမင်း ဖြစ်ပြီး ဒီမင်းနဲ့ ဗုဒ္ဓရဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းတို့ မိတ်ဆွေတွေ ဖြစ်ကြောင်း ဆိုတယ်။ ဘုရင့်သားဆိုတော့ ရာဇဂြိုဟ် နန်းတော်မှာ မွေးတာ ဖြစ်နိုင်တယ်။ ဗုဒ္ဓထက် ၅-နှစ် ငယ်တယ် (ဒီပဝံသ ၃း၅၉)။ မွေးချင်းတွေ အကြောင်း မသိရ။
သားတော် ဇယသေန မင်းသားရဲ့ အိမ်ကို ဆွမ်းခံကြွတဲ့ ဘူမိဇထေရ်ကို မင်းသားရဲ့ ဦးလေးဖြစ်ကြောင်း ဆိုလို့ (မ၊ဋ္ဌ၊၄၊၁၄၂) မင်းကြီးနဲ့ တော်စပ်တာလား မိဖုရားနဲ့လား။
မင်း၊ မိဖုရား
ခမည်းတော် ကွယ်လွန်ပြီးနောက် ဗိမ္ဗိသာရ မင်းသား ထီးနန်း ရချိန်မှာ အသက် ၁၅-နှစ်။ သက်တော် ၅၂-မှာ ကွယ်လွန်တဲ့ အတွက် နန်းစံ ၃၇-နှစ် (ဒီပဝံသ ၃း၅၉)။ ပသေနဒီ ကောသ မင်းရဲ့ နှမတော် အဇာတသတ် မင်းသားရဲ့ မိခင် ဝေဒေဟီ မင်းသမီး (ကောသလတိုင်းသူ ဖြစ်လို့ ကောသလာ ဒေဝီလည်း ခေါ်)က မိဖုရားခေါင် (ဒီ၊ဋ္ဌ၊၁၊၁၂၇)။ မဒ္ဒတိုင်းသူ ဘုရင့်သမီး တော် ခေမာလည်း မိဖုရားခေါင် (မိဖုရားခေါင် ၂-ပါး ရှိပုံပဲ)။ မိဖုရားမှာ သားသမီး မထွန်းကားဟု ယူဆရ။ အလှမာန် ဝင့်ဖူး ပေမယ့် နောင်အခါ ဘိက္ခုနီပြုပြီး ဉာဏ်ကြီးရှင် ဧတဒဂ်ဘွဲ့ရတဲ့ ရဟန္တာထေရီ ဖြစ်သွားတယ် (အံ၊ဋ္ဌ၊၁၊၂၆၄)။
ဇာတ်လမ်းတွေ
သောတာပန် မဖြစ်ခင်က မင်းကြီးမှာ ဇာတ်လမ်းတွေ ရှိတယ်။ ဒီအထဲ ထင်ရှားတဲ့ နှစ်ဦးက ဥဇ္ဇေနီမြို့ ဇာတိ ပဒုမဝတီ (ထေရီ၊ ၃၈၂)နဲ့ ဝေသာလီမြို့သူ အမ္ဗပါလီ (ဝိ၊၃၊၃၇၇)တို့ ဖြစ်ပြီး အပျော် ပြည့်တန်ဆာ မယားတွေအဖြစ် ဖော်ပြတယ်။ ဒီနှစ်ဦးလုံး နောင်အခါ ရဟန်းပြု၊ ရဟန္တာဖြစ်။ အမ္ဗပါလီနဲ့ ဖြစ်တုန်းက ကိုယ်ဝန် ရှိမှန်းသိတော့ မိမိဟာ မဂဓဘုရင် ဖြစ်ကြောင်း ဖွင့်ပြောပြီး စောင့်ရှောက်ပေးဖို့ တာဝန်ယူတာ ထောက်ရင် စည်းကမ်းတော့ ရှိပုံပဲ။ မယ်တော်အမည် မသိရဘဲ မင်းကြီးရဲ့ သားတော် သမီးတော်တွေအဖြစ် ဖော်ပြ ခံရသူတွေလည်း ရှိတယ်။
သား၊ သမီး
သားတော် ၆-ယောက်၊ သမီးတော် ၁-ယောက် တွေ့နိုင်ပါ တယ် ... ဝေဒေဟီရဲ့သား အဇာတသတ်။ ပဒုမဝတီရဲ့သား အဘယမင်းသား။ နောင်အခါ ရဟန်းပြု၊ ရဟန္တာဖြစ်(ထေရ၊ ၂၂၅)။ ဒီမင်းသားက ဆေးဆရာ ဇီဝကကို မွေးစားတယ် (ဝိ၊၃၊၃၇၉) ဆိုလို့ မြတ်ဗုဒ္ဓကို ဆေးကုသစဉ်က ဇီဝကရဲ့ အသက် အတော် ငယ်ဦးမယ်။ အမ္ဗပါလီနဲ့ ရတဲ့ ဝိမလကောဏ္ဍည၊ နောင်အခါ ရဟန်းပြု၊ ရဟန္တာဖြစ် (ထေရ၊ဋ္ဌ၊၁၊၁၈၃)။
အခြား အမည်မသိ မိဖုရားတွေက ဖွားမြင်တဲ့ သီလဝ မထေရ် (ထေရ၊ဋ္ဌ၊၂၊၂၁၈)။ ဇယသေနမင်းသား၊ ဒီမင်းသား တော့ ရဟန်း မပြုဘူးလို့ ယူဆရ (မ၊၃၊၁၆၉-၁၇၇)။ သားတော် စုန္ဒနဲ့ သမီးတော် စုန္ဒီတို့ မောင်နှမ (အံ၊၂၊၂၉)၊ မိခင် အမည် မထင်ရှား၊ ရဟန်းပြု မပြုလည်း မသိရ။ မှတ်တမ်းတင် မခံရတဲ့ အခြား မင်းညီ မင်းသားတွေလည်း ရှိဦးမှာပါ။
ဗုဒ္ဓနဲ့တွေ့
တောထွက် ရဟန်းပြုပြီး ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွနေတဲ့ ဗုဒ္ဓလောင်းလျာကို ပထမဆုံး အကြိမ် တွေ့မြင်တာနဲ့ ကြည်ညိုပြီး ဗုဒ္ဓလောင်းလျာ သီတင်းသုံးနေတဲ့ ပဏ္ဍဝတောင်ရှိ လိုဏ်ဂူသို့ ကိုယ်တိုင် သွားရောက် တွေ့ဆုံ ဆွေးနွေးတယ် (သုတ္တနိ၊၃၄ဝ)။ နောက် ၆-နှစ် အကြာ ဗုဒ္ဓဖြစ်ပြီးနောက် ရာဇဂြိုဟ်မြို့ အနီး သုပ္ပတိဋ္ဌိတစေတီမှာ ဗုဒ္ဓကို ဖူးမြော်၊ တရားကို နာပြီး နောက် သောတာပန်တည်။ ဒီအချိန်က ဗုဒ္ဓရဲ့ သက်တော် ၃၅- ဖြစ်လို့ ဗိမ္ဗိသာရရဲ့ အသက် ၃၀-ခန့် ဖြစ်ဖွယ် ရှိတယ်။
ဝေဠုဝန်ဒကာ
သောတာပန် ဖြစ်ပြီး နောက်နေ့မှာ မြတ်ဗုဒ္ဓနဲ့ သံဃာတော် တွေကို နန်းတော်ကို ပင့်ပြီး ဆွမ်းကပ်၊ ဝေဠုဝန် ဥယျာဉ်ကို ကျောင်းအဖြစ် လှူဒါန်း (ဝိ၊၃၊၄၇)။ ကျောင်းခြံမြေကို ရေစက်ချ လှူပြီးနောက် ဆွေမျိုး တော်ဖူးတဲ့ ပြိတ္တာတွေကို အမျှမဝေမိလို့ ညအချိန် ဆွေမျိုး ပြိတ္တာတွေ အော်သံ ဟစ်သံတွေ လုပ်ကြတဲ့ အတွက် နောက်နေ့မှာ ဆက်ပြီး ဆွမ်းကျွေး အလှူပေး အမျှဝေ ရတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၆၆)။ အရှင်သာရိပုတ္တရာရဲ့ မိခင် ဖြစ်ဖူးတဲ့ ပြိတ္တာမကိုလည်း မင်းကြီးကပဲ အလှူပြုပြီး အမျှဝေဖူး သတဲ့ (ပေတ၊ဋ္ဌ၊၇၃)။
ပုဂ္ဂိုလ်မရွေး
ထေရဂါထာနဲ့ အပဒါန် ပါဠိတော်တွေကို လေ့လာတဲ့အခါ အရှင် ဂေါဓိက၊ အရှင်သုဗာဟု၊ အရှင်၀လိယ၊ အရှင်ဥတ္တိယ၊ အရှင် သုဘူတိတို့ကို မင်းကြီးက ကျောင်းဆောက် လှူဒါန်းတာ၊ အရှင် ဂိရိမာနန္ဒကို ပစ္စည်းလေးပါး လှူဒါန်းတာ၊ အရှင်ပိလိန္ဒဝစ္ဆကို ရာမ်စောင့် လှူဒါန်းတာတွေကို တွေ့နိုင်တယ်။ ကိစ္စတွေ များ လွန်းလို့ တစ်ခါတည်း ပြီးအောင် မစီမံနိုင်ဘဲ ရက်လ အတော် မေ့ပျောက် ပစ်ထားပြီးမှ အလှူကို ပြန်သတိရပြီး စီမံ ခန့်ခွဲပြီး ရေစက်ချရတာမျိုးလည်း တွေ့ရတယ်။
အကြံပေး
ဘုရင့် စစ်သားတွေ စစ်မထွက်ချင်လို့ ဘုန်းကြီးဝတ်ပြီး ခိုလှုံတဲ့ အခါ အမတ်တွေက ဥပဇ္ဈာယ်ဆရာကို ခေါင်းဖြတ်ပစ်ဖို့ မင်းကြီးကို အကြံပေးတဲ့ အတွက် သာသနာကို မကြည်ညိုတဲ့ ဘုရင်တွေ လက်ထက် သံဃာကို အဲဒီလို မနှိပ်ကွပ်ရအောင် မင်းမှုထမ်းကို ရဟန်းခံမပေးဖို့ (ဝိ၊၃၊၁၀၁)နဲ့ တိတ္ထိ (ဘာသာ ခြား)တွေလို သံဃာတွေလည်း လပြည့်လကွယ် စည်းဝေးကြဖို့ အကြံပေး (ဝိ၊၃၊၁၃၉)လို့ မြတ်ဗုဒ္ဓက ‘မင်းမှုထမ်း ရဟန်းခံ မပေးရန်၊ လပြည့် လကွယ် ပါတိမောက်ပြပြီး စည်းဝေးကြရန်” ထုတ်ပြန်တယ်။ ဝါဆို ဝါကပ်တာနဲ့ ပတ်သက်ပြီးတော့လည်း မင်းကြီး အကြံပြုတဲ့ အတိုင်း မြတ်ဗုဒ္ဓက သတ်မှတ် ဆောင်ရွက်တော်မူတယ် (ဝိ၊၃၊၁၉၃)။
ဆွေးနွေး
သာဝကတွေကို တန်ခိုး မပြဖို့ သိက္ခာပုဒ် ပညတ်ပြီးမှ မြတ်ဗုဒ္ဓ ကိုယ်တိုင် သာဝတ္ထိမှာ တန်ခိုးပြဖို့ ပြောတဲ့အခါ မင်းကြီးက “အရှင်ဘုရား ပညတ်တဲ့ သိက္ခာပုဒ်ကို အရှင်ဘုရား မလိုက်နာ ဘူးလား”လို့ မေးတယ်။ မြတ်ဗုဒ္ဓက မင်းကြီးပိုင်တဲ့ ဥယျာဉ်ထဲက သစ်သီးကို သူတစ်ပါး ခူးစားရင် ပြစ်ဒဏ် ပေးပေမယ့် မင်းကြီး အနေနဲ့ စိတ်တိုင်းကျ ခူးစားနိုင်သလို ဖြစ်ကြောင်း ဗုဒ္ဓက ပြန်လည် ရှင်းပြတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၃၃)။
ကြည်ညိုပုံ
ဓနိယရဟန်းက မင်းကြီးရဲ့ သစ်တွေကို ခိုးယူတဲ့အခါ ဗိမ္ဗိသာရ မင်း အုပ်ချုပ်တဲ့ မဂဓနိုင်ငံရဲ့ ‘ပါဒ ပါဒါရဟ = တမတ်နဲ့ တမတ်တန်ကို ခိုးယူရင် ပြစ်ဒဏ်’ဆိုတဲ့ တည်ဆဲ ဥပဒေဟာ ရှေး မင်းတွေရဲ့ အစဉ်အလာနဲ့ ညီလို့ ဗုဒ္ဓက အဲဒီ ပမာဏ ခိုးယူတဲ့ ရဟန်းကို သာသနာမှာ ဆက်နေခွင့်ကို ပိတ်ပင်တဲ့ ပါရာဇိက ပြစ်ဒဏ် (ဒုတိယ ပါရာဇိက သိက္ခာပုဒ်)ကို ချမှတ် (ဝိ၊၁၊၅၅)။ မင်းကြီးက ဓနိယရဟန်းကို “သင်္ကန်းကြောင့်နော် ..”လို့ ခပ်ထန်ထန် ‘ကြိမ်း’ ပေမယ့် လွတ်ငြိမ်းခွင့် ပေးတယ်။
တပေါဒ မြစ်မှာ ဘုန်းကြီးတွေ မိုးချုပ်တဲ့အထိ ရေချိုးတာ ကို စောင့်နေရလို့ မင်းကြီး ရေချိုး နောက်ကျပြီး မြို့တံခါး ပိတ်သွားတဲ့အတွက် နန်းတော်ကို မပြန်နိုင်ဘဲ မြို့ပြင်မှာ အိပ်ရတာ (ဝိ၊၁၊၁၅၄)၊ မင်းကြီးရဲ့ ဥယျာဉ်ထဲက သရက်သီး နုနုတွေကို ဘုန်းကြီးတွေက အတိုင်းအဆမဲ့ ခူးစားကြတာ (ဝိ၊၄၊၂၄၄) တွေကို မင်းကြီးက ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် မြတ်ဗုဒ္ဓကို လျှောက်တဲ့ အတွက် သိက္ခာပုဒ် ပညတ်ရတယ်။ ပိလိန္ဒဝစ္ဆမထရ်က တန်ခိုးနဲ့ ဖန်ဆင်းပေးတဲ့ ရွှေပန်းကို ပန်ဆင်ထားမိလို့ အထင်လွဲပြီး ဖမ်းခံရတဲ့ ခြံစောင့် မိသားစုကို လည်း ပြန်လွှတ်ပေးတယ် (ဝိ၊၁၊၃၆၁)။
ဆွမ်းဝေစု
သောဏ သူဌေးသား ကပ်လှူတဲ့ ဆွမ်းကို မြတ်ဗုဒ္ဓ ဘုဉ်းပေး နေခိုက် မင်းကြီး ရောက်လာလို့ ဆွမ်းနံ့ မွှေးကြိုင်လှတဲ့ အတွက် မင်းကြီး စားချင်စိတ် ဖြစ်တာကို မြတ်ဗုဒ္ဓ သိတော်မူတဲ့ အခါ မြတ်ဗုဒ္ဓက မိမိ ဘုဉ်းပေးဆဲ ဆွမ်းထဲက အနည်းငယ်ကို မင်းကြီးကို ခွဲဝေ ပေးတော်မူတယ်။ အဲဒီနောက် သူဌေးသား သောဏရဲ့ ချမ်းသာမှုကို သိရတဲ့အခါ ဝမ်းသာလို့ သောဏကို ခေါ်ပြီး ဒါနရဲ့ မျက်မှောက် အကျိုးကို မင်းကြီး ကိုယ်တိုင် ဟောကြားပြီး တမလွန် အကျိုးကိုတော့ ဗုဒ္ဓထံမှ နာယူဖို့ စေလွှတ်လိုက်တယ် (ဝိ၊၃၊၂၆၅)။
သာသနာပြု
မင်းကြီးဟာ တစ်လ ၆-ရက် ဥပုသ်စောင့်တယ်။ မိမိထံ လာသူ တွေကိုလည်း ဥပုသ်စောင့် မစောင့် မေးလေ့ရှိတယ်။ ပြည်သူ တွေ မင်းကြီးကို အတုယူကြတယ် (ပေတ၊ဋ္ဌ၊၁၉၄)။ ပုက္ကုသာတိမင်းနဲ့ မိတ်ဆွေ ဖြစ်လာတဲ့အခါ ရတနာ သုံးပါးရဲ့ ဂုဏ်တော်တွေကို ရွှေပေမှာ ရေးပြီး လက်ဆောင် ပို့ရာကနေ ပုက္ကုသာတိမင်း တစ်ယောက် ထီးနန်းကို စွန့်ပြီး ရဟန်းပြုသွားတဲ့ အထိပါပဲ (မ၊ဋ္ဌ၊၄၊၁၉၉)။
မင်းကြီးရဲ့ ဆွေမျိုးတစ်ဦး အာဇီဝကတွေဆီမှာ ရဟန်းပြုပြီး ဆွမ်းကျွေးပွဲ လုပ်ပေးဖို့ မင်းကြီးကို ပြောတော့ မင်းကြီးက ဘုရားအမှူးရှိတဲ့ သံဃာကို အရင်ကျွေးရင် လုပ်ပေးမယ်လို့ ပြောတယ် (ဝိ၊၂၊၁ဝဝ)။ မင်းကြီးဟာ မိမိနဲ့ ဝါဒမတူသူကို ရန် မပြုဘူး။ ဒါဟာ အထူး ချစ်ခင် လေးစားစရာပဲ။
သုတ္တန်
သီဟိုဠ် ပညာရှင် Dr. မာလာလာဆကေရကတော့ ဗိမ္ဗိသာရ မင်းကို ဟောကြားတဲ့ အထူး သုတ္တန် မရှိကြောင်း ဆိုပါတယ် (Pali Proper Names II, p. 287)။ ဒါပေမယ့် ..
မင်းကြီးက မိမိတို့ကို ရည်ညွှန်းပြီး အမျှမဝေတာကြောင့် ဆွေမျိုးဟောင်း ပြိတ္တာတွေ ညအချိန် ဆန္ဒပြကြလို့ နောက်နေ့ ဘုရားအမှူးရှိတဲ့ သံဃာကို ထပ်မံ ပင့်ဖိတ် ဆွမ်းကပ်ပြီး “ဣဒံ မေ ဉာတီနံ ဟောတု = ဤအလှူသည် ငါ၏ ဆွေမျိုးများ အတွက် ဖြစ်ပါစေ’လို့ သီးခြား အမျှဝေတယ်။ အဲဒီပွဲမှာ မြတ်ဗုဒ္ဓ က ဆွမ်းအနုမောဒနာ အနေနဲ့ ဗိမ္ဗိသာရမင်းအား နာမည်ကျော် “တိရောကုဋသုတ္တန်”ကို ဟောကြားကြောင်း အဋ္ဌကထာမှာ ဆိုတယ် (ပေတ၊ဋ္ဌ၊၂၁)။ ဒါကြောင့် ဗိမ္ဗိသာရမင်းကို ဟောတဲ့ သုတ္တန် အနည်းဆုံး တစ်ခု ရှိကြောင်း မှတ်ပါ။
နိုင်ငံရေး
ဗိမ္ဗိသာရမင်းနဲ့ ကောသလမင်းက မောင်လှယ် နှမလှယ် (တစ်ယောက်နှမ တစ်ယောက် လက်ထပ်)။ ဒါ့အပြင် တက္ကသိုလ် ပြည် ပုက္ကုသာတိမင်း (မ၊ဋ္ဌ၊၄၊၁၉၄)နဲ့ ဥဇ္ဇေနီပြည် စဏ္ဍပဇ္ဇောတမင်း (ဝိ၊၃၊၃၈၇)တွေနဲ့ မဟာမိတ်တွေ။ စမ္ပာမြို့စား သောဏဒဏ္ဍ၊ ခါဏုမတမြို့စား ကူဋဒန္တ (ဒီ၊၁၊၁၀၄၊ ၁၂ဝ)၊ ဝဿကာရအမတ် (ဝိ၊၁၊၅၃)၊ ကောလိယအမတ် (ပေတ၊ ၁၆၇)၊ ဒေါက်တာ ဇီဝကတို့လို ထင်ရှားတဲ့ ပညာတတ် မင်းမှုထမ်းတွေ ခြံရံတယ်။ “ဇောတိက ဇဋိလ မေဏ္ဍက ပုဏ္ဏကာက၀လိယ ဆိုတဲ့ ဗုဒ္ဓခေတ် နာမည်ကျော် သူဌေးကြီး ငါးဦးက ဗိမ္ဗိသာရရဲ့ နိုင်ငံမှာ ရှိတာ။
တိုင်းပြည် စည်ကားဖို့ ရည်ရွယ်ပြီး သူဌေးတွေက စုပေါင်း အကြံပေးလို့ ‘သာလဝတီ’အမည်ရှိ အလှမယ်ကို အမိန့်ရ ပြည့်တန်ဆာ အဖြစ် ခန့်ထားသတဲ့ (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၄၃)။
ထူးခြားချက်
‘ပဏ္ဍရကေတု’လို့ ဂုဏ်ပြု ခေါ်ဝေါ်ပုံအရ (ထေရ၊ ၂၃၄) မင်းကြီး အသုံးပြုတဲ့ နိုင်ငံတော်အလံဟာ အဖြူရောင် ဖြစ်ဖွယ် ရှိတယ်။ နာမည်ရင်း ဗိမ္ဗိသာရရဲ့ ရှေ့မှာ “သေနိယော = စစ်တပ် ပိုင်ရှင်’ဆိုတဲ့ စကားလုံးနဲ့ အထူးပြုထားတာ ထောက်ရင် (ဝိ၊ဋ္ဌ၊၁၊၂၅) အိမ်နီးချင်း နိုင်ငံတွေထက် စစ်တပ်အင်အား ကောင်း မယ်လို့ ယူဆနိုင်တယ်။ မင်းကြီးမှာ လူတွေရဲ့ အသံကို ကြားရုံနဲ့ အသံရှင်ရဲ့ အရည်အသွေးကို သိနိုင်တဲ့ စွမ်းရည် (သဗ္ဗရဝညူ)လည်း ရှိတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၄၈)။
တမလွန်
အပြည့်အဝ အာဏာ ရလိုနေတဲ့ သားတော်ရင်း အဇာတသတ် မင်းသားက ထောင်သွင်း ခြေထောက်ကို ဓားခွဲ ဆားသိပ် မီးကင်ပြီး သတ်လို့ နတ်ရွာစံတယ်။ ရတနာ သုံးပါးရဲ့ ဂုဏ်ကို ရွတ်ဆို ပွားများရင်း အသက်ကုန်လို့ တမလွန်မှာ စာတုမဟာရာဇ် နတ်ဘုံမှာ ဝေဿဝဏ် နတ်မင်းရဲ့ အခြံအရံ ‘ဇနဝသဘ” အမည်ရှိတဲ့ နတ်သား ဖြစ်တယ် (ဒီ၊ဋ္ဌ၊၁၊၁၂၁)။ ဇနဝသဘနတ်သားဟာ ဗုဒ္ဓထံ လာရောက်ပြီး “သကဒါဂါမ် ဖြစ်အောင် အမြဲ ကြိုးစားနေပါတယ်’လို့ လျှောက်သတဲ့ (ဒီ၊၂၊၁၆၇)။
ဒီဇင်ဘာ ၁၄၊ ၂ဝ၁၇။
---
၆၃၄။ ဓမ္မလိမ်းဆေး
ဆရာတော် ဘုရား၊ တပည့်တော်သည် အချိန်ရတိုင်း မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားခွေတွေကို နယူပါသည်။ တရားခွေ တစ်ခုမှာ မေတ္တာပို့တာ ပရိတ်ရွတ်တာနဲ့ ပတ်သက်ပြီး “ခင်ဗျားတို့ဟာက လိမ်းဆေးကို သောက်ဆေး၊ သောက်ဆေးကို လိမ်းဆေး လုပ်နေကြတာ၊ ရောဂါက ဘယ်ပျောက်တော့ မှာလဲ’လို့ ဟောကြားပါသည်။ နှုတ်နဲ့ရွတ်ပြီး မေတ္တာပို့နေတာဟာ မမှန်ဘဲ စိတ်နဲ့ ပွားများမှ မှန်လို့ အကျိုးရှိတယ်လို့ နားလည်မိပါသည်။ ဒီလို နားလည်တာ မှန်ပါသလား ဘုရား။
ဖြိုးဆန်း (ဘန်ကောက်)
---
နှိုင်းယှဉ်ပါ
တရားနာယူတာ စာဖတ်တာတွေမှာ အစွဲရှိတတ်တယ်။ အသံ လေယူလေသိမ်း အမူအရာကို နှစ်သက်တဲ့ ပုဂ္ဂိုလ်စွဲ၊ စာရေးသူရဲ့ ကျော်ကြားမှု ဝေါဟာရ အသုံးအနှုန်း ရေးဟန်တွေကို သဘောကျလို့ ဒီစာရေးဆရာမှ ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီဒါရိုက်တာမှ၊ ဒီမင်းသမီး မင်းသားပါမှ ဆိုတာမျိုးလိုပဲ။ အမှန်တော့ စုံအောင် လေ့လာ ရွေးချယ်နိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်တိုင် မဆုံးဖြတ်နိုင်ရင် မေးမြန်း ဆွေးနွေးပေါ့။
မေးခွန်း
“ခင်ဗျားတို့ဟာက လိမ်းဆေးကို သောက်ဆေး၊ သောက်ဆေးကို လိမ်းဆေး လုပ်နေကြတာ၊ ရောဂါက ဘယ်ပျောက်တော့မှာလဲ”ဆိုတဲ့ ဟောကြားချက်ကို “နှုတ်နဲ့ ရွတ်ဆို မေတ္တာပို့တာဟာ အကျိုးမရှိဘူး”လို့ နားလည်ပြီး မေးတာ ဖြစ်မယ်လို့ ထင်ပါတယ်။ အမှန်တော့ ဆရာတော်ဘုရားကြီး အနေနဲ့ “ပရိတ်ရွတ်တာ၊ မေတ္တာပို့ ရွတ်ဆိုတာတွေ အကျိုးမရှိဘူး”လို့ ရည်ရွယ်မယ်လို့ ဘုန်းကြီး မယူဆဘူး။
မျက်စိရဲ့ မြင်နိုင်စွမ်း နားရဲ့ ကြားနိုင်စွမ်းတွေ အားကောင်းပေမယ့် မျက်စိနဲ့ အသံကို နားထောင်လို့ မရ၊ နားနဲ့ အဆင်းကို ကြည့်လို့ မဖြစ်နိုင်သလို “စိတ်(မနောကံ)နဲ့ လုပ်ရမှာကို နှုတ်(ဝစီကံ)နဲ့ လုပ်လို့ မဖြစ်ဘူး”လို့ ထောက်ပြတာ ဖြစ်နိုင်တယ်။
အသံရဲ့အား
မြတ်ဗုဒ္ဓ နာမကျန်း ဖြစ်နေတုန်း အရှင်စုန္ဒမထေရ်ကို ဗောဇ္ဈင်သုတ်ကို ရွတ်ခိုင်းကြောင်း ပရိတ်ကြီးပါဠိမှာ ပါတယ် (စုန္ဒတ္ထရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ)။ ရွတ်ပါများရင် စကားလုံးတွေမှာ စွမ်းအင်တွေ ရှိလာကြောင်း ထေရဝါဒီတို့ ယုံကြည်တယ်။ ဒါကြောင့် ပရိတ် မေတ္တာ ရွတ်ဖတ် ပို့သတာတွေဟာ လုပ်ကောင်းတဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ရွတ်ဖတ်တာကို အရေးကြီးတဲ့ ကျင့်စဉ်အဖြစ် မသတ်မှတ်ဘူး။ မန္တန်အနေနဲ့လည်း မယူဆပါဘူး။
ခွဲမှတ်
တရား မထိုင်ခင်မှာ မေတ္တာပို့ ပရိတ်ရွတ်ရင် စိတ်ငြိမ်ပြီး သမာဓိရလွယ်တယ်။ ထိုင်းမှိုင်း အိမ်ချင်နေချိန်မှာ ဗုဒ္ဓဂုဏ်တော်တွေ ရွတ်ဖတ်ရင်လည်း စိတ်ကြည်လင်ပြီး လန်းဆန်းသွားနိုင်တယ်။ အသံရဲ့ စွမ်းအား ကြီးမားတဲ့အတွက် မွေးနေ့ အိမ်တက်စတဲ့ မင်္ဂလာယူချိန်မှာ ပရိတ်မေတ္တာ ဂုဏ်တော်တွေကို ရွတ်ဖတ်ရင် အနှောင့် အယှက်တွေကို ကျော်လွှားပြီး အောင်မြင်စေတယ်။ ဒီဓမ္မလိမ်းဆေးကိုပါ အသုံးပြုနိုင်ပေမယ့် ဘာဝနာ လုပ်နေဆဲ (တရားထိုင်ဆဲ)မှာတော့ နှုတ်ရဲ့ အလုပ် မလိုအပ်ဘူးလို့ အမှန်အတိုင်း နားလည်နိုင်ပါတယ်။
ဒီဇင်ဘာ ၂၃၊ ၂ဝ၁၇။
---
၆၃၅။ နာ့မလိန် .. နာ့မလိန်
တရားထိုင်လျှင် ဘဝင်စိတ် ကျအောင် ရှုမှ ဘဝင်စိတ် ဖြစ်မှ စိတ်၏ ဖြူတာလေးကို သိရမည်ဆိုတာ တပည့်တော် နားမလည်လို့ပါ။
သန်းဦး
---
ဘဝင်စိတ်
မေးခွန်းထဲက ‘ဘဝင်စိတ်’ဆိုတာကို ကျမ်းစာမှာပါတဲ့ အတိုင်း နည်းနည်း ပြောကြည့်မယ်..
“ဘဝင်အစဉ်ကို ဆိုဦးအံ့ .. အကြင်ကြင် ဆိုအပ်သော နည်းဖြင့် ယူအပ်ပြီးသော ပဋိသန္ဓေရှိကုန်သော ပုဂ္ဂိုလ်တို့ အား ပဋိသန္ဓေစိတ် ချုပ်သည်၏ အခြားမဲ့မှစ၍ ထိုပဋိသန္ဓေ၏ အာရုံကိုပင်လျှင် အာရုံပြု၍ ထိုပဋိသန္ဓေ စိတ်သည်ပင်လျှင် စုတိစိတ် ဖြစ်သည်တိုင်အောင် ဝီထိစိတ်တို့၏ ဖြစ်ခြင်းသည် မရှိသော် ဘဝ၏ အကြောင်း၏ အဖြစ်ဖြင့် ဘဝင်၏ အစဉ်ဟု ဆိုအပ်သော စိတ်သည် မပြတ် မြစ်ရေ အယဉ်ကဲ့သို့ ဖြစ်၏။ အဆုံး၌လည်း စုတိသည်၏ အစွမ်းဖြင့် စုတိစိတ် ဖြစ်၍ချုပ်၏ (အဘိဓမ္မတ္ထသင်္ဂဟ၊ စာ-၉၃)”။
အဓိပ္ပာယ်
ဘဝတစ်ခုမှာ အဦးဆုံး ဖြစ်တဲ့ ပဋိသန္ဓေစိတ်ဟာ “ဥပါဒ်၊ ဘင်’လို့ ခဏငယ် သုံးချက်ပဲ သက်တမ်းရှိလို့ ဖြစ်ပြီးရင် ချုပ်သွားတယ်။ ပဋိသန္ဓေစိတ် ချုပ်ပြီးနောက် မြင်သိစိတ် ကြားသိစိတ် .. စတဲ့ ဝီထိစိတ်တွေ မဖြစ်တဲ့အချိန် (ဥပမာ အမိဝမ်းမှာ ရှိချိန်၊ အိပ်ပျော်ချိန် ... စသည်)မှာ ဘဝင်စိတ်တွေ ဖြစ်တယ်။ ဝီထိစိတ် မဖြစ်ဘဲရှိတိုင်း ဝီထိစိတ်တွေရဲ့ အကြားကြားမှာ ဒီစိတ် ဖြစ်တယ်။ အစဉ်မပြတ်ဘူး၊ မြစ်ရေလိုပါပဲ။ ဘဝရဲ့ ကြောင်း (အစိတ်အပိုင်း သို့မဟုတ် အင်္ဂါရပ်)ဖြစ်လို့ ဒီစိတ်ကို ဘဝင်စိတ်လို့ ခေါ်တယ်။
ဘဝင်စိတ်ဟာ ပဋိသန္ဓေစိတ်ရဲ့ အာရုံဖြစ်တဲ့ ကံ ကမ္မနိမိတ် ဂတိမိတ်ကိုပဲ အာရုံပြုတယ်။ “ထိုပဋိသန္ဓေ၏ အာရုံကိုပင်လျှင် အာရုံပြု၍” အရ အခြားဘာကိုမှ အာရုံ မပြုနိုင်ဘူး။ သေစဉ်မှာလည်း စုတိစိတ်(သေစိတ်) အနေနဲ့ ဒီပဋိသန္ဓေစိတ်ပဲ ဖြစ်တာ။ “ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်’ဆိုတာဟာ ဆောင်ရွက်ပုံ မတူပေမယ့် စိတ်ချင်း အတူတူပါပဲ။
ပြန်မေးမယ်
ဒါဖြင့်ရင် “ဘဝင်စိတ် ကျအောင် ရှုမှ’ဆိုတာ တရားထိုင်ရင်း အိပ်ပျော်သွားတာလား။ အိမ်ပျော်အောင် တရားရှုတာလား။ မေ့မြောသွားတာလား။ သို့မဟုတ် ယာယီ သေသွားတာလား။ ဒီလို ဖြစ်မှ စိတ်ဖြူတာကို သိနိုင်တာလား။ အဲဒီလို ပြန်မေးရမလိုပဲ။ မေးခွန်းပါ စကားကို ဘယ်သူက ဆိုတာလဲ၊ ဘယ်ကျမ်းမှာ တာလဲ ... ဒီစကားက ဘာကို ရည်ရွယ်တာလဲ ဆိုတာ မရှင်းလို့ ဘုန်းကြီး ကိုယ်တိုင်လည်း နားမလည်ဘူး။ ဒါနဲ့ အမှတ်ရလာလို့ ရယ်စရာလေး တစ်ခု ပြောဦးမယ် ..
ခေါင်းစဉ်
နွေရာသီ မွေးရွာကို ပြန်ခိုက် ရွာက ရေခူ (Shelly Fish) အဝယ်ဒိုင်မှာ နိုင်ငံခြားသား(ကိုရီးယား)တစ်ဦးနဲ့ တွေ့တယ်။ အဲဒီတုန်းက ဘုန်းကြီး ရဟန်း ရ-ဝါရ၊ အင်္ဂလိပ်စာ မတောက်တခေါက် ဖြစ်ခါစ။ “ဖြစ်ခါစ’တွေရဲ့ ထုံးစံအတိုင်း ဘဝင်ကြီး တစ်တင်းခွဲလောက်နဲ့ အဲဒီလူကို “ဘယ်နိုင်ငံကလဲ’လို့ အင်္ဂလိပ်လို သွားမေးတော့ ကိုယ်ပြောတာကို သူနားမလည်၊ သူပြောတာကိုလည်း ကိုယ်မသိ။ နောက်ဆုံး ကိုယ့်လူက ခေါင်းရော လက်ပါ တစ်ပြိုင်နက် ခါပြီး အသံကျယ်ကျယ်နဲ့ “နာ့မလိန် .. နာ့မလိန်’ တဲ့။ အဲဒါ အခု အဖြေရဲ့ ခေါင်းစဉ် ဖြစ်သွားတာပဲ။
မှတ်ချက်များ
တော်သေး . ကိုယ်က ကျောက်ဖြူလောက် ရောက်ဖူးထားတော့ ရခိုင် လေကို နာ့လိန်ဒေ။
ဓမ္မဘေရီ ဆရာတော်
တပည့်တော်ကိုလည်း ဒါကို ဒကာမတစ်ယောက် လာမေးလို့ 'နာ့မလိန်’လို့ဘဲ ဖြေလိုက်ရတယ်။
အရှင်သြသဓ (ဓမ္မာနန္ဒဝိဟာရ၊ USA)
ဒီဇင်ဘာ ၃၁၊ ၂ဝ၁၇။
---
၆၃၆။ သစ္စာနှစ်ပါး
ဆရာတော် ဘုရား၊ ဆရာတော် တစ်ပါးက သစ္စာ ၂-ပါးသာ ရှိတယ်လို့ ဟောကြားပါသည်။ သစ္စာ ၄-ပါးဟု တပည့်တော် မှတ်သားထားသည်မှာ မှန်ပါသလား ဘုရား။
ကြည်ကြည်မြင့်
---
သမ္မုတိသစ္စာ
လောကနဲ့ ဆက်သွယ်ပြီး မြတ်ဗုဒ္ဓ တရားဟောတဲ့အခါ လောကသားတွေရဲ့ နေ့စဉ်ဘဝနဲ့ ကိုက်ညီအောင် ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျား၊ မင်းကြီး မင်းသား သူဌေး ... စသည် ခေါ်ဝေါ်ပြီး ဟောတော်မူတယ်။ ဒါကို “သမ္မုတိဒေသနာ = လောကမှာ ခေါ်ဝေါ်တဲ့အတိုင်း ဟောတော်မူခြင်း”လို့ ခေါ်တယ်။ ဒါဟာ လောကရဲ့ သတ်မှတ်ချက်အရ ငြင်းမရတဲ့ အမှန်တရား (သစ္စာ)လည်း ဖြစ်ပါတယ်။
ပရမတ္ထသစ္စာ
ပုဂ္ဂိုလ် သတ္တဝါ၊ ယောက်ျား မိန်းမလို့ မခေါ်ဘဲ ခန္ဓာငါးပါး၊ အာယတန ၁၂-ပါးလို့လည်း သုံးနှုန်းတယ်။ ဒါတွေက ပညတ်ချက် မဟုတ် တကယ်ရှိတာ။ ဥပမာ .. ခန္ဓာငါးပါးထဲမှာ ရုပ် အစု ၁-ပါး (အသေးစိတ် ၂၈-ပါး)၊ နာမ်အစု ၄ပါး (အသေးစိတ် ၅၃-ပါး ... စသည်)။ ဒါကို “ပရမတ္ထဒေသနာ = တကယ်ရှိအတိုင်း ဟောကြားခြင်း”လို့ ခေါ်တယ်။ ဒါဟာ အစစ်အမှန် ထင်ရှားရှိတဲ့ အမှန်တရား (သစ္စာ)လည်း ဖြစ်ပါတယ်။ ဒါကြောင့် ..
“ဒုဝေ သစ္စာနိ အက္ခာသိ၊ သမ္ဗုဒ္ဓေါ ဝဒတံ ဝရော။
သမ္မုတိ ပရမတ္ထဉ္စ၊ တတိယံ နူပလဗ္ဘတိ” အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၁၄၂)မှာ မိန့်ပါတယ်။
သူ့ထက် မြတ်စွာ စောဗုဒ္ဓါ သစ္စာနှစ်ပါးဟော။
သမ္မု ပရမတ် ဤနှစ်ရပ် သတ်မှတ် မပိုသော။
ရှင်တော်ဗုဒ္ဓဟာ သတ္တဝါတွေရဲ့ အကြိုက် စရိုက်ကို ကြည့်ရှု ဆင်ခြင်ပြီး ဒီဒေသနာ သို့မဟုတ် သစ္စာနှစ်မျိုးအနက် သင့်လျော်တာကို ရွေချယ်ပြီး ဟောတော်မူပါတယ် (ညွှန်းပြီး)။
သစ္စာ ၄-ပါး
“ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတစ်ဖြာ လေးသစ္စာ”ကိုလည်း ဗုဒ္ဓဘုရား ဟောကြားပါတယ်။ ဒီသစ္စာ ၄-ပါးကတော့ ပရမတ္ထ အစစ်အမှန် လေးမျိုးကို ဟောတော်မူတာ ဖြစ်တဲ့အတွက် ဖော်ပြပါ သစ္စာ ၂-ပါးအနက် ပရမတ္ထဒေသနာလို့ ခေါ်တဲ့ ပရမတ္ထသစ္စာထဲမှာ ပါမှာပေါ့။
အဖြေ
ဒါကြောင့် အဖြေက သစ္စာ ၄-ပါးလည်း မှန်တယ်။ သစ္စာ ၂-ပါးဆိုလည်း ကျမ်းဂန်နဲ့ အညီ ဆိုခြင်းပါပဲ။ နှစ်မျိုးလုံး မှန်ကြောင်း မှတ်သားပါ။
ဇန်နဝါရီ ၂၊ ၂၀၁၈။
၆၃၇။ ကံကြောင့် ဖျားတာလား
ဆရာတော်ဘုရား ... တပည့်တော် ဟိုတလောက Sinus Infection နဲ့ အဖျား ၁၀၃-လောက် ဖြစ်ခဲ့ပါသည် ဘုရား။ ဖျားနေတုန်း ဆွေမျိုးတစ်ယောက်က “မောင်ဇော် အကုသိုလ်တွေ များနေပြီ ထင်တယ်’ဆိုတဲ့ စကားနဲ့ သတင်းမေးတာ ခံခဲ့ရပါသည် ဘုရား။ သူပေးခဲ့တဲ့ စကားက နံဘေးကို ပိဿာလေးနဲ့ ပစ်သလို စကားဖြစ်ပေမယ့် မှန်သင့်သလောက် မှန်တယ်လို့ တပည့်တော် ထင်နေလို့ ဆရာတော်ကို မေးရပါသည် ဘုရား။ လူတွေ ဖျားနာရခြင်း အကြောင်းနဲ့ ကံနှင့် ကံ၏အကျိုးနဲ့ ဘယ်လို ဆက်စပ်နေပါသလဲ ဘုရား။
ဖိုးဇော် (နတ်မြို့)
---
ကံအကြောင်း နားလည်ဖို့ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ စံကျောင်းဆရာတော် ဘုရားကြီး ရေးသားတဲ့ “ကံဉာဏ်ဝီရိယ အဖွင့် အကျယ်ကျမ်း”ကို ဖတ်သင့်တယ်။ “ကမ္မဿကောမိ = ကံသာလျှင် မိမိဥစ္စာ ရှိ၏”စတဲ့ ဘုရားဟောစကားနဲ့ ပတ်သက်ပြီး.. အတိတ်ကံကိုသာ ရည်ရွယ်ရင်း မဟုတ်။ အတိတ် ပစ္စုပ္ပန် ကံနှစ်မျိုးလုံးကို ရည်ရွယ်ကြောင်း ဆရာတော်ကြီး သုံးသပ်ထားပုံက..
ကံအဖွင့်
“အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ၂-ပါး ရှိသည့်အနက် အတိတ်ကံမှာ အတိတ်ဘဝက ပြီးပြီးဖြစ်၍ ယခု ပစ္စုပ္ပန်ဘဝ၌ ပြုဖို့ရန်ကိစ္စ တစ်စုံတစ်ခုမျှ မရှိ။ လွန်းပြီးသော အမှုကို ပြု၍လည်း ရတော့မည် မဟုတ်သဖြင့် အတိတ်ကံ အတွက် တစ်ချက်မျှ စိစစ်ဖွယ် မရှိတော့ပြီ။
ယခု ပစ္စုပ္ပန်ဘဝ၌ နောင်ကို လုပ်လတံ့သော အမှုအလုပ်တို့ကိုသာ အကယ်၍ ငါသည် မကောင်းမှုကံကို ပြုအံ့၊ နောင် မကောင်းကျိုးကို ခံစားရမည် ဖြစ်၏။ အကယ်၍ ကောင်းမှုကံကို ပြုသည် ဖြစ်အံ့။ ကောင်းသော အကျိုးကို ခံစားရမည် ဖြစ်၏ဟု နှလုံးထားပြီးလျှင် မကောင်းမှုကံကို မပြုမိကြစေမူ၍ ကောင်းမှုကံကိုသာ ပြုမိကြဖို့ရန် ဆုံးမတော်မူအပ်သော စကား ဖြစ်၏ (ယင်းကျမ်း၊ စာ-၂၁၈)။
ဥပပီဠက
ကံတစ်ခု (ကုသိုလ်၊ အကုသိုလ် နှစ်မျိုးလုံး) အကျိုးပေးခွင့် သာအောင် တားဆီးတတ်တဲ့ ကံတစ်မျိုး ရှိတယ်။ ပါဠိလို “ဥပပီဠကကံ”လို့ ခေါ်တယ်။ ဥပမာ .. လူဖြစ်လာတာဟာ ကုသိုလ်ကံကြောင့်။ လူအဖြစ်နဲ့ သင့်တင့်တဲ့ အရပ်ဒေသမှာ ထိုက်တန်တဲ့ သက်မွေး ဝမ်းကျောင်းမှုနဲ့ တူတူတန်တန် နေနိုင်တာလည်း အကောင်း လုပ်ထားဖူးလို့။ ပဝတ္တိလို့ ခေါ်တဲ့ နေ့စဉ်ဘဝမှာ ကောင်းကျိုး ပေးခွင့်မကြုံအောင် ကပ်ပြီး နှောင့်ယှက်တာဟာ အဲဒီ အကုသိုလ် ဥပပီဠကကံမျိုး။
တစ်ခါတစ်ရံ လောကမှာ လူမိုက်တွေ မြင့်ပြီး လူကောင်းတို့ မမြင့်နိုင်တာမျိုး တွေ့ရတာ ဒီကံမျိုးကြောင့်ပဲ။ ဒါပေမယ့် ...
ယိုးမယ်မဖွဲ့
ကြိုးစားပြီး လုပ်ရင် ဖြစ်နိုင်ပါလျက် ကံကြောင့်ပဲဆိုပြီး စိတ်ပျက် လက်လျှော့ ညှိုးမှိန်နေတာမျိုး၊ ဒါမှမဟုတ် ခရီးထွက်ခါနီး ဖိနပ်ကြိုးပြတ်လို့ ကံမကောင်းဘူးဆိုပြီး ချိန်းထားတဲ့ လူမှု စီးပွား အရေးတစ်ခုကို ဖျက်လိုက်တာမျိုး .. စသည်၊ ဒါမျိုးကျတော့ ကံကြမ္မာ ယိုးမယ်ဖွဲ့ခြင်းလို့ ဆိုပြန်တယ်။ ဗုဒ္ဓဝါဒမှာ အရာအားလုံး ကံကြောင့်ချည်း ဖြစ်ရတယ်လို့ မယူဆဘူး။ ဌေးဖြစ်တိုင်း ကံကြောင့် မဟုတ်သလို ဆင်းရဲတိုင်းလည်း အတိတ်က အကြောင်းကြောင့်လို့ မဆိုနိုင်ဘူး။
ပစ္စုပ္ပန်ကံ
ပစ္စုပ္ပန်ကံသည် မိမိအစွမ်း သက်သက် ဖြစ်စေ၊ အတိတ်ကံကို ထောက်ပံ့၍ ဖြစ်စေ အစွမ်းသတ္တိ ရှိလျှင် ရှိသလောက် ယခု မျက်မှောက်၌ပင် အကျိုးအပြစ်ကို ဖြစ်စေတတ်၏။ နောင်တမလွန် ဘဝတို့၌လည်း ထိုက်သင့်သည်အားလျော်စွာ အကျိုးအပြစ်ကို ဖြစ်စေတတ်၏ (ယင်း၊ စာ-၇)။ ဒီရှင်းလင်းချက်ဟာ ပစ္စုပ္ပန်မှာ ကံကောင်းလုပ်ဖို့ အရေးကြီးကြောင်း ဆိုလိုပါတယ်။ အောက်ပါ ဟောကြားချက်နဲ့ အညီပါပဲ။
“န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။ (ဓမ္မပဒ၊ ၆၇-၆၈ ဂါထာ)
သောကဖြာဝေ ဆိုးမှုတွေ ရှောင်လေ မပြုရာ။ ပူဗျာငြိမ်းစေ ကောင်းမှုတွေ မသွေ ပြုကြပါ။
အကျိုးပေးခွင့်
ကောင်းကျိုး ဖြစ်ထွန်းဖို့ “သင့်တော်တဲ့ အရပ်မှာ နေခြင်း၊ သူတော်ကောင်းတွေကို ပေါင်းသင်းခြင်း၊ မိမိရဲ့ ကိုယ်စိတ်နှလုံးကို ကောင်းတာကို လုပ်ဖို့ ဆုံးဖြတ်ထားခြင်း၊ ရှေးဘဝ ပြုဖူးတဲ့ ကောင်းမှုအထူး ရှိခြင်း’တွေ လိုအပ်ကြောင်း မြတ်ဗုဒ္ဓ ဟောကြားပါတယ် ..
ပဋိရူပေ ဝသေ ဒေသေ၊ အရိယမိတ္တကရော သိယာ။
သမ္မာပဏိဓိသမ္ပန္နော၊ ပုဗ္ဗေ ပုညကတော နရော။
ဓနဓညံ ယသော ကိတ္တိ၊ သုခဗ္ဗေတံ ဓိပတ္တတိ။ (အံ၊၁၊၃၄၁)
သင့်ရာမှာနေ လူကောင်းတွေ ပေါင်းလေအမြဲသာ။
အကောင်းပြုရန် ဆုံးဖြတ်မှန် ရှေးကံရှိခဲ့ရာ။
ဥစ္စာ ယသ ကျော်စောရ သုခဝေဝေဖြာ။
လူမှန်ရင် လူဆိုး လူကောင်းမဟူ လုပ်ထားပြီးတဲ့ ကုသိုလ် အကုသိုလ် ကံကြွေး ရှိစမြဲ။ ကောင်းကံ အကျိုးပေးဖို့ နေရာ၊ သွင်ပြင်၊ အချိန်အခါ၊ လုံ့လ၊ ဉာဏ်အစီအမံ ဆိုတဲ့ အခြေအနေ ငါးမျိုးလည်း ကောင်းရတယ်။ အဲဒီလိုပဲ ဆိုးကံ အပြစ်သင့်ရင်လည်း အဲဒီ အခြေအနေ ငါးမျိုး ဆိုးနေလို့ပဲ။
အဖြေ
ကံအကြောင်း ခြုံပြီး နားလည်သွားတဲ့အခါ .. “အပူ ၁၀၃-လောက် ဖျားတာကို အကုသိုလ် များလို့’လို့ မဆိုနိုင်ဘူး။ ဥတု ဖောက်ပြန်၊ အအိပ်အနေ၊ အစားအသောက် .. စသည်ကြောင့်ပဲ ဖြစ်ဖို့ များတယ်။ ဒါမျိုး ခဏခဏ ဖျားနေလို့ အလုပ် မလုပ်နိုင်နိုင်ဘူး ဒါမှမဟုတ် ဘဝမှာ အရေးပါတဲ့ အလုပ်တစ်ခု လုပ်ခါနီးတိုင်း ဖျားနာတယ် ဆိုရင်တော့ အတိတ်ကံ အကြောင်းလည်း ပါနိုင်တယ်။ ဒါတောင် ပစ္စုပ္ပန်မှာ ဉာဏ်ဝီရိယ ကူပေးရင် ကျော်လွှားနိုင်တယ်လို့ နားလည် မှတ်ယူသင့်ကြောင်းပါ။
ဇန်နဝါရီ ၆၊ ၂ဝ၁၈။
---
ဆရာတော် ဘုရား၊ ဆရာတော် တစ်ပါး၏ တရားကို နာရာတွင် “နိဗ္ဗာန်ဆိုတာ တစ်လံမျှ လောက်သော ဤခန္ဓာကိုယ် အကောင်ပုပ်ကြီးထဲမှာပဲ ရှိတယ်’လို့ မှတ်သားရပါသည်။ ခန္ဓာကိုယ်ထဲမှာ ဘယ်နေရာမှာ ဘယ်လို ရှိနိုင်တယ် ဆိုတာကို ရှင်းလင်းစွာ သိလိုပါသည် ဘုရား။
သန်းဌေး (Portland, OR)
---
၆၃၈။ ကိုယ်ထဲမှာ နိဗ္ဗာန်လား
မူရင်းပါဠိ
ဣမသ္မိံ ဗျာမမတ္တေ ကဠဝရေ သသည်မှိ သမနက လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ (သံ၊၁၊၆ဝ)။
သညာလည်းရှိ စိတ်လည်းရှိသော တစ်လံမျှလောက်သော ဤကိုယ်၌ လောက (ဒုက္ခသစ္စာ)ကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်း (သမုဒယသစ္စာ)ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိရောဓသစ္စာ)ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်(မဂ္ဂသစ္စာ)ကိုလည်းကောင်း ငါဘုရား ပညတ်တော်မူ၏။
တင်စားဟော
ဒီဟောကြားချက်ကို တိုက်ရိုက် မယူရ၊ ဥပစာ(တင်စား) ဟောအနေနဲ့ ယူမှ မြတ်ဗုဒ္ဓရဲ့ အာဘော်ကျပြီး အဓိပ္ပာယ် မှန်တယ်။ နိရောဓသစ္စာ ဖြစ်သော နိဗ္ဗာန်သည် တည်ရာအရပ် မရှိသော်လည်း ဥပစာအားဖြင့် တင်စားပြီး ခန္ဓာကိုယ်တွင်း၌ ရှိသကဲ့သို့ ဟောတော်မူခြင်း ဖြစ်၏ (အဒေသမ္ပိ ဟိ တံ ယေသံ နိရောဓော၊ တေသံ ဝသေန ဥပစာရတောပိ နိသီယတိ။ ဝိသုဒ္ဓိ၊၂၊၁၄၃)။
ဒုက္ခ သမုဒယ မဂ္ဂဆိုတဲ့ သစ္စာသုံးပါးကို မုချအနေနဲ့ ခန္ဓာကိုယ်တွင်းမှာ ရနိုင်ပေမယ့် နိရောဓသစ္စာ (နိဗ္ဗာန်)ဆိုတာ သန္တိ (ချုပ်ငြိမ်းမှု)မျှသာ ဖြစ်လို့ ခန္ဓာကိုယ်တွင်းမှာ ရှိတယ်လို့ တိုက်ရိုက် မဆိုနိုင်။ ခန္ဓာကိုယ်နဲ့ ဆက်စပ် ပတ်သက်ပြီး သိနိုင်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ ရနိုင်တယ်လို့ မြတ်ဗုဒ္ဓ ဟောတော်မူတာ ဖြစ်ပါတယ်။
အမှန်တော့ “အနိန္ဒိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဗဟိဒ္ဓါ (ဓမ္မသင်္ဂဏီ၊ စာ-၂ရ၃)”ဆိုတဲ့ အဘိဓမ္မာနည်းအရ နိဗ္ဗာန်ဟာ အာရုံပြုမှ သိမြင်နိုင်တဲ့ ဗဟိဒ္ဓ (ပြင်ပ) အရှိတရား ဖြစ်ပါတယ်။ သောတာပန် အရိယာဖြစ်တဲ့ ဝိသာခါ ကျောင်းအမဟာ မြေးမလေး ဆုံးလို့ ငိုနေစဉ်မှာ နိဗ္ဗာန်ကို မမြင်နိုင်ပါဘူး။
မိလိန္ဒမေး
မိလိန္ဒမင်း မေးတာကို အရှင်နာဂသေန ဖြေဖူးတယ် ..
(မေး) နိဗ္ဗာန်မှာ တည်ရာ ရှိပါသလား။
(ဖြေ) မရှိပါဘူး။
(မေး) တည်ရာ မရှိရင် နိဗ္ဗာန်လည်း မရှိဘူးပေါ့။ နိဗ္ဗာန်ကို မျက်မှောက် ပြုတယ်ဆိုတဲ့ စကားလည်း မှားတာပေါ့။
(ဖြေ) တည်ရာ မရှိပေမယ့် နိဗ္ဗာန်ရှိတယ်။ နိဗ္ဗာန်ကို မျက်မှောက် ပြုတယ်ဆိုတာလည်း အမှန်စကားပဲ။ မီးပွတ်သူဟာ သစ်သား နှစ်ချောင်းကို ပွတ်ရင် မီးကိုရပေမယ့် အဲဒီ မီးရှိနေခဲ့တဲ့ တည်ရာ အရပ် မရှိသလိုပါဘဲ။ ဝိပဿနာ အားထုတ်ရင် နိဗ္ဗာန်ကို ရနိုင်တာ အမှန်ပါပဲ (မိလိန္ဒ၊၃၁၂)။
ရိုက်ရဲ့အမြင်
အမေရိကန် ကမ္မဋ္ဌာန်းဆရာကြီး ဂျိုးဆက်ဂိုးလ်စတိန်း တည်ထောင်တဲ့ IMS မှာ အချိန်ကြာကြာ တရားထိုင်ဖူးတဲ့ ရောဘတ် ရိုက် အမည်ရှိ အနောက်တိုင်းသား ပညာရှင် စာရေးဆရာ တစ်ယောက် နိဗ္ဗာန်ကို နားလည်ပုံက..
အခု အချိန်မှာ နိဗ္ဗာန်ကို ဘယ်သူရတယ် မရဘူးဆိုတာ ကျုပ်အတွက် အရေးမကြီးဘူး။ တကယ်ရမရ ကျုပ်လည်း မသိဘူး။ နိဗ္ဗာန်ရဲ့ အဓိပ္ပာယ်ကို နားလည် လက်ခံမှုအပေါ်မှာပဲ မူတည်လိမ့်မယ်။ လူအမျိုးမျိုးက ယူဆပုံအထွေထွေ ရှိနိုင်တယ်။
ဒါပေမယ့် ... ကျမ်းဂန်တွေမှာ နိဗ္ဗာန်ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်တူ အသင်္ခတ (ပြုပြင်မခံရ၊ un-conditioned)ဆိုတဲ့ ကားလုံး ရှိတယ်။ ဒီစကားလုံးက အကြောင်းမဲ့ (un-couse) ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ပြုပြင်ခံရတဲ့ တရား မဟုတ်ဘူးပေါ့။ ဒါဟာ နိဗ္ဗာန်ကို နားလည်ဖို့ အတော် စိတ်ဝင်စားစရာ ကောင်းတဲ့ စကားလုံးပါပဲ။ ကျွန်ုပ်တို့ဟာ ခံစားမှုတွေရဲ့ လွှမ်းမိုးမှုကို ခံရတဲ့အခါ မစဉ်းစားမိဘဲ အကောင်းအဆိုး တစ်ခုခုကို စေတနာနဲ့ တကွ ပြမိကြတယ်လေ။
ကိုယ့်ရဲ့ ခံစားမှုတွေကို သိနေတဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်ပြီး နားလည်နိုင်ရင် ကိုယ့်ကိုယ်ကို ကောင်းတဲ့ဆီ ရွေ့လျားစေပြီး ဒီနည်းနဲ့ ပြုပြင်မခံရခြင်းဆီကို ဦးတည်သွားစေတာတော့ သေချာပါတယ်။ (Robert Wright နဲ့ အင်တာဗျူး ဗွီဒီယိုနဲ့ ၎င်းရေးတဲ့ Wly Buddhism is True, p. 216 တွေကို ကြည့်ပါ။)
ဇန်နဝါရီ ၇၊ ၂၀၁၈။
---
ဆရာတော် ဘုရား၊ ရှိခိုးဦးတင်ပါသည် ဘုရား။ သန္တုဋ္ဌိ ရောင့်ရဲမှုနှင့် ပတ်သက်၍ အဓိပ္ပာယ် သဘောတရားနှင့် ရောင့်ရဲလျှင် ကြီးပွားနိုင် မကြီးပွားနိုင်ကိုလည်း ဖြေကြားပေးတော်မူပါဘုရား။
တပည့် ဣန္ဒစက္က (နပသ-ရန်ကုန်)
---
၆၃၉။ ရောင့်ရဲမှုနဲ့ စီးပွားရေး
ရောင့်ရဲမှု
ဆုတ်နစ်မှုနဲ့ ရောင့်ရဲမှု နှစ်မျိုးကို ခွဲခြား နားလည်ဖို့ လိုတယ်။ စိတ်ပျက် လက်လျှော့ရင် ဆုတ်နစ်မှု၊ ဥပမာ ... ‘ဆယ်တန်းကလေးအောင်ရင် တော်ပါပြီ၊ ဒါလောက် ချမ်းသာရင် တော်ရော့ ပေါ့ဆိုတာမျိုးကို ဆုတ်နစ်မှုလို့ ခေါ်တယ်။ စိတ်ရှိတိုင်း လိုချင်တာမျိုးကိုသာ မရောင့်ရဲမှုလို့ ဆိုရတယ်။ ဥပမာ .. ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ်ရဲ့ ဇနီးအလှမယ်မှာ ဖိနပ်အရံ ထောင်ကျော်ရှိတယ်ဆို မဟုတ်လား။ ရန်ကုန် မင်းသမီး အချို့ရဲ့ “စင်္ကာပူကို ဈေးသွားဝယ်မလို့”ဆိုတာမျိုး။ ဝယ်နိုင်လို့ ဝယ်တာ သွားနိုင်လို့ သွားတာ ဆိုပေမယ့် ဒါမျိုးကို “သန္တုဋ္ဌိ’က လက်မခံဘူး။
သန္တုဋ္ဌိရှိမှ
ဓမ္မရေးနဲ့ လောကရေးကို ထပ်တူ မသုံးသပ်ရ။ အိမ်ရာ ထောင်တဲ့ ရဟန်းအဖို့ အလိုနည်းလေ ပြည့်စုံလေ ဖြစ်ပေမယ့် လောကသား တစ်ယောက် အဖို့တော့ မိသားစုတာဝန် အမျိုး တာဝန် တိုင်းပြည်တာဝန် ရှိလို့ အဲဒီ တာဝန်တွေကို ထမ်းဆောင်ဖို့ ပစ္စည်းဥစ္စာ ရှာဖွေရမယ်။ အဓိပ္ပာယ်က မတတ်သာလို့ ကျေနပ်ရပေမယ့် တတ်နိုင်လျက်နဲ့ တိုးတက်မှု ရပ်သွားအောင် ‘သန္တုဋ္ဌိပြု’(ရောင့်ရဲ)လိုက်တာဟာ သဋ္ဌိအစစ် မဟုတ်။ ပေါ့လျော့ ဆုတ်နစ်မှုလို့ ဗုဒ္ဓဝါဒက ယူဆတယ်။ သန္တဋ္ဌိရဲ့ အဓိပ္ပာယ် မှန်ကို နားလည်ရင် သန္တုဋ္ဌိရှိမှ ကြီးပွား ချမ်းသာတယ် ဆိုတာ စဉ်းစားနိုင်ပါတယ်။
ရွှေအတောင်
ပုဏ္ဏားတစ်ဦးမှာ ဇနီးနဲ့ သမီးသုံးယောက် ရှိတယ်။ ပုဏ္ဏား ကွယ်လွန်တော့ ရွှေဟင်္သာငှက် ဖြစ်ပြီး ယခင်ဘဝ မိသားစုကို တစ်နေ့ ရွှေအတောင် တစ်ခုစီ လာပေးလို့ ဇနီးနဲ့ သမီးတွေ ချမ်းသာလာကြတယ်။ နောက်တော့ တစ်နေ့ တစ်ချောင်း ပေးတာကို မကျေနပ်နိုင်လို့ ဖမ်းပြီး အတောင် အကုန်လုံးကို ဆွဲနှုတ်ကြတယ်။ ဒါပေမယ့် နှုတ်သမျှ ရွှေမဟုတ်တော့ဘဲ ဗျိုင်းတောင်တွေ ဖြစ်ကုန်တယ်။ ငှက်ကို အိမ်မှာ မွေးထားပေမယ့် ရွှေအတောင် ပြန်ပေါက် မလာတော့ဘူး။
လူတွေ သမုဒ္ဒရာ အောက်မှာ အနုမြူဗုံး စမ်းသပ် ဖောက်ခွဲ တာ၊ ရွှေရှာတာတွေကြောင့် ကမ္ဘာ့အလှရတနာ ဖြစ်တဲ့ သန္တာကျောက်တန်းနဲ့ အဲဒီမှာ မှီခိုနေတဲ့ သက်ရှိအလှတွေ တစ်ဝက်မက ပျက်စီးကုန်ပြီ ဆိုမဟုတ်လား။ ဆိုးကျိုး သက်ရောက်မှု ထပ်ဖြစ်ဦးမယ်။
“ရတာနဲ့ ရောက်ရဲရမယ်။ လောဘကြီးလွန်းရင် လူယုတ်ပဲ (ယံ လက္ခံ တေန တုတ္ထံ၊ အတိ.လောဘော ဟိ ပါကကော။ ဇာ၊၁၊၃၂)ဆိုတာ ဒါမျိုးကို ရည်ရွယ်တာ။
ချမ်းသာခြင်း
ဗုဒ္ဓဝါဒအခြေပြု စီးပွားရေးပုံစံနဲ့ ကိုယ်ရော စိတ်ပါ ကြီးပွားချမ်းသာနိုင်ကြောင်းကို ပညာရှင်တွေ လေ့လာ တင်ပြထားတာတွေ အများကြီး ရှိတယ်။ ဒီအထဲမှာ ယူစီဗာကလေ (တက္ကသိုလ်)က ပါမောက္ခ Dr. Clair Brown အမည်ရှိ အမျိုးသမီး ရေးတဲ့ Buddhist Economics စာတမ်းက ထင်ရှားတယ်။ ဒီစာတမ်းမှာ ဗုဒ္ဓဝါဒ စီးပွားရေးရဲ့ ပန်းတိုင်ကို အောက်ပါအတိုင်း ဖော်ပြတယ် ..
“ဗုဒ္ဓဝါဒ စီးပွားရေးတွင် ပြည့်စုံစွာ ပွားများပြီးဖြစ်သော သတိဖြင့် တည်ဆောက်သည့် ပျော်ရွှင်မှု အစစ်အမှန် နှင့်၊ ငွေကြေးအပါအဝင် မရောင့်ရဲနိုင်သော လိုချင်မှု ပတ်ဝန်းကျင်ဖြင့် ဖန်တီးသည့် ခဏပန်း ပျော်ရွှင်မှုကို ခွဲခြားထားသည်။ ဗုဒ္ဓဝါဒ စီးပွားရေး၏ ပန်းတိုင်မှာ သတ္တဝါ အားလုံး၏ ဆင်းရဲဒုက္ခကို လျော့ပါးစေရန် ဖြစ်သည်။ မိမိ၏ ပျော်ရွှင်မှုနှင့် အများကောင်းကျိုးကို သေချာစေလိုသောကြောင့် ကျွန်ုပ်တို့ အနေဖြင့် ကိုယ်ပိုင် ဝင်ငွေ ကြီးမားဖို့ မရည်ရွယ်ချေ (p.16)”။
မဆန့်ကျင်
ဗုဒ္ဓဝါဒဟာ မဇ္ဈိမပဋိပဒါ (အလယ်အလတ်)ဝါဒ ဖြစ်လို့ ရုပ်ပိုင်း ချမ်းသာမှုကို မျက်ကွယ် မပြုပါဘူး။ “သမ္မာအာဇီဝ’ဟာ အဲဒီ ဝါဒရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒါကြောင့် ဗုဒ္ဓဝါဒီ စီးပွားရေးသားဟာ သမ္မာအာဇီဝ ဖြစ်ဖို့တော့ အရေးကြီးတယ်။ ပြည်တော်သာ စီမံကိန်းကို ဖော်ပြတဲ့ The New Burma စာတမ်းမှာ “ဘာသာရေး တန်ဖိုးနှင့် စီးပွားရေး တိုးတက်မှုအကြား ဆန့်ကျင်မှု မရှိချေ။ စိတ်ပိုင်းဘဝ ကျန်းမာမှုနှင့် စီးပွားဥစ္စာ ချမ်းသာမှုသည် ရန်သူများ မဟုတ်ကြဘဲ သဘာဝ မိတ်ဆွေများသာ ဖြစ်၏ (Economic and Social Bord, Government of the Union Burma, 1954, P. 5)’လို့ ဆိုဖူးတယ်။
အဖြေ
ဒါလောက်ဆိုရင် သန္တုဋ္ဌိရဲ့ အဓိပ္ပာယ်မှန်နဲ့ သန္တုဋ္ဌိရှိမှ ချမ်းသာနိုင်ကြောင်း နားလည်နိုင်ပါပြီ။ အခြားရှုထောင့်နဲ့ သုံးသပ်ချက် အပြည့်အစုံကိုတော့ မူရင်း စာတမ်းတွေမှာ ဆက်လက် ဖတ်ရှုလေ့လာပါ။
ဇန်နဝါရီ ၁၅၊ ၂၀၁၈။
---
အရှင်ဘုရား၊ သိချင်တာလေး ရှိလို့ မေးခွင့်ပြုပါ ဘုရား။
၁။ ရဟန်းတစ်ပါးသည် မာတုဂါမနဲ့ နေချင်လို့ မာတုဂါမထံ သိက္ခာ ချရင် ရပါသလား ဘုရား။
၂။ အတူနေပြီးရင် ရဟန်းပြန်ခံမယ်ဆိုတဲ့ စိတ်ကူးနဲ့ သိက္ခာချရင် သိက္ခာကျပါသလား ဘုရား။
၃။ အဲဒီလို သိက္ခာချပြီး ရဟန်းအသစ်ခံသလို မဟုတ်ဘဲ ကံထပ်သလို ကမ္မဝါ ရွတ်ရုံနဲ့ ရဟန်းပြန်ဖြစ် ပါသလား။
၄။ ခန္ဓာဘုရား ဉာဏ်ဘုရားလို့ သီးသန့် ရှိပါသလား ဘုရား။ ဦးတင်ပါတယ် ဘုရား။
အရှင်ပဏ္ဍဝ
---
၆၄၀။ သိက္ခာတင် သိက္ခာချ
သိက္ခာတင်
အားလုံး နားလည်နိုင်ဖို့ သိက္ခာတင်နဲ့ သိက္ခာချဆိုတာကို အရင်ဆုံး စုတ်ကြမ်းနဲ့ ခြယ်ကြည့်မယ် ..
၁) ရဟန်းပြုခွင့် ရှိသူအား ၂) အနည်းဆုံး ရဟန်း အစစ်ငါးပါး (အိန္ဒိယမှာတော့ ဆယ်ပါး)က ၃) ဉတ်လို့ခေါ်တဲ့ ၄) ကမ္မဝါလို့ ခေါ်တဲ့ ပုံစံကျ ပြန်တမ်းကို ၅) အောင်မြင်တဲ့ သိမ်ထဲမှာ မှန်ကန် ပီသစွာ ရွတ်ဖတ်ပြီး ရဟန်းအဖြစ် အသိအမှတ် ပြုတာကို “သိက္ခာတင်”လို့ ခေါ်တယ်။
သိက္ခာချ
ရဟန်းအဖြစ် ခံယူထားသူဟာ ၁) လူထွက်ချင်စိတ်နဲ့ ၂) လူကောင်း တစ်ဦးထံမှာ ၃)ဂီဟီတိ မံ ဓာရေဟိ = လူအဖြစ်အသိအမှတ် ပြုပါလို့ ၄) ပစ္စုပ္ပန်ကာလ အသုံးအနှုန်းနဲ့ ၅) နှုတ်မြွက်ပြီး ပြောကြားလို့ ၆) အပြောခံ ရသူက နားလည်ရင် အဲဒီ ရဟန်း လူပြန်ဖြစ်သွားတယ်။ ဒါမျိုးကို ‘သိက္ခာချ’လို့ ခေါ်တယ်။ အမှတ် ၁) သိက္ခာချ အင်္ဂါရပ် (လူထွက်ချင်စိတ်)နဲ့ ပတ်သက်ပြီး “ရဟန်းအဖြစ်ကို စက်ဆုပ် ငြီးငွေ့ခြင်း၊ လူ ဥပါသကာ အဖြစ် သာမဏေအဖြစ်ကို လိုလားခြင်း၊ ရဟန်း မဟုတ်တော့တာကို တောင့်တခြင်း’လို့ ပါဠိတော် (ဝိ၊၁၊၂၉)မှာ အဓိပ္ပာယ် ဖွင့်ထားပါတယ်။
အဖြေများ
၁။ မေးခွန်းပါ မာတုဂါမဟာ ပုံမှန်စိတ် ရှိပြီး သိက္ခာချ စကားစု (ဂိဟီတိ မံ ဓာရေဟိ)ရဲ့ အဓိပ္ပာယ်ကို နားလည်ရင် သိက္ခာကျတယ်။ အကြောင်းမူ “ယောက်ျား မိန်းမ လူ ရဟန်း မည်သူမဆိုထံမှာ သိက္ခာချလျှင် သိက္ခာကျသည်သာ ဖြစ်၏”လို့ အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၁၊၂၂၀)မှာ ဖွင့်လို့ပါ။ ဒါပေမယ့် အတူတူ နေခါနီး နာရီပိုင်းကျမှ ကသုတ်ကရုတ် သိက္ခာချတာမျိုးကတော့ မသင့်ဘူးလို့ ယူဆတယ်။
၂။ သိက္ခာချ အမှတ်-၁ အင်္ဂါရပ်အရ လူထွက်မယ့် ရဟန်းဟာ လူထွက်ချင်စိတ် ရှိရမယ်။ မေးခွန်းပါ ‘အတူ နေပြီးရင်”ဆိုတာကို တစ်ကြိမ် သို့မဟုတ် တစ်ရက် သို့မဟုတ် တစ်ည မာတုဂါမနဲ့ နေပြီးရင်လို့ ဆိုလိုရင် ဒီကိစ္စအတွက်ပဲ သိက္ခာချတာ ဖြစ်လို့ ‘လူထွက်ချင်စိတ် ရှိခြင်း’အင်္ဂါနဲ့ ငြိနိုင်တယ်။ ဒါကြောင့် ကြိုတင်တင် သိက္ခာချထားတာက ပိုသင့်ဖွယ် ရှိတယ်။
၃။ အင်္ဂါ ၆-ချက်နဲ့အညီ သိက္ခာချပြီးရင် သာမန်လူတစ်ယောက် ဖြစ်သွားလို့ နောက်ထပ် သိက္ခာတင် (ရဟန်းပြုချင်)ရင် ရဟန်းအသစ်ခံတာပါပဲ။
၄။ “ဘုရား”ဆိုတာကို ဗုဒ္ဓလို့ပဲ နားလည်ပြီး ဆိုရရင် .. “သုတဗုဒ္ဓ (ပိဋက ဗဟုသုတ များသူ)၊ သာဝကဗုဒ္ဓ (အရိယာတပည့်)၊ ပစ္စေကဗုဒ္ဓ (ကိုယ်တိုင် သစ္စာကို သိပေမယ့် သူတစ်ပါးအား တရားမဟောတဲ့ သီးခြားဗုဒ္ဓ)၊ သမ္မာသမ္ဗုဒ္ဓ (ကိုယ်တိုင် သစ္စာကို သိ၊ သူတစ်ပါးကိုလည်း ဟောကြား)လို့ ဘုရား(ဗုဒ္ဓ)လေးမျိုး ရှိကြောင်းတော့ မှတ်သားဖူးပါတယ်။
ဇန်နဝါရီ ၁၇၊ ၂၀၁၈။
---
ဆရာတော် ဘုရား။ တပည့်တော်ရဲ့ ၁၃-နှစ်အရွယ် သားငယ် မေးတာကို ကောင်းစွာ ဖြေနိုင်ရန် မေးမြန်းရခြင်း ဖြစ်ပါသည် ဘုရား။ ဗုဒ္ဓဘာသာမှာ အဘယ်ကြောင့် ရှိခိုးရပါသနည်း။ ရှိခိုးဖို့ မြဖြစ်မနေ လိုအပ်ပါ သလား။ ရှင်းပြပေးစေလိုပါသည် ဘုရား။
ဇော်လင်းမောင်
---
၆၄၁။ ရှိခိုးဖို့လိုသလား
မာန်ကိုချဖို့
ရဟန်းပြုဖို့ ထွက်လာခဲ့ကြတဲ့ “ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ္တ”လို့ အမည်ရတဲ့ သာကီဝင် မင်းသား ၆-ဦးနဲ့ ဆံသလူငယ် ဥပါလိတို့ မြတ်ဗုဒ္ဓထံမှောက် ရောက်တဲ့အခါ မင်းသားတွေက မြတ်ဗုဒ္ဓကို “မြတ်စွာဘုရား၊ တပည့်တော်တို့ရဲ့ ဆံသအဖြစ် ကြာမြင့်စွာ လုပ်ခဲ့တဲ့ ဟောဒီ ဥပါလိကို ဦးစွာ ရဟန်းပြုပေးပါ။ သို့ဖြစ်မူ တပည့်တော်တို့က ဥပါလိကို ရိုသေ၊ လက်အုပ်ချီ၊ ရှိခိုးရမည် ဖြစ်၍ တပည့်တော်တို့ရဲ့ သာကိယ မင်းမာန် ကျပါလိမ့်မယ်”လို့ လျှောက်တယ် (ဝိ၊၄၊၃၃၉)။
ကြောက်သူ
ကောင်းမှန်း အကျိုးရှိမှန်း သိလျက် ဗုဒ္ဓဝါဒီပါလို့ လူသိရှင်ကြား ဖွင့်ပြောဖို့ ခက်နေသူအချို့ တွေ့ဖူးမှာပေါ့။ မြတ်ဗုဒ္ဓ လက်ထက်က သောဏဒဏ္ဍ အမည်ရှိတဲ့ ပုဏ္ဏားပညာရှိကတော့ မြတ်ဗုဒ္ဓနဲ့ အကြေအလည် ဆွေးနွေးပြီးနောက် ဗုဒ္ဓဝါဒီအဖြစ် လူသိရှင်ကြား ဖွင့်ဟဝန်ခံတယ်။ ဒါပေမယ့် “တပည့်တော်က အရှင်ဘုရားကို ရှိခိုးရင် တပည့်တော်ရဲ့ ပရိသတ်က တပည့်တော်ကို ကဲ့ရဲ့ပြီး တပည့်တော်ရဲ့ စီးပွားရေး ဆုတ်ယုတ်နိုင်ပါတယ်။ ဒါကြောင့် ပရိသတ်ထဲမှ လက်အုပ်ချီပြရင် ရှိခိုးတယ်လို့ .. ခေါင်းပေါင်းကို ချွတ်ပြရင် ဦးခေါင်းနဲ့ ရှိခိုး တယ်လို့ မှတ်တော်မူပါ”လို့ လျှောက်ဖူးတယ် (ဒီ၊၁၊၁၁၈)။
ထိုက်တန်မှ
ဥယျာဉ်သို့ အပန်းဖြေ သွားခါနီး နန်းပြာသာဒ်မှ အထွက် သိကြားမင်းက ရဟန်းသံဃာအား လှမ်းမြော် ရှိခိုးတာကို မြင်တော့ မာတလိ နတ်သားက “ပုပ်ဟောင်တဲ့ အမိဝမ်းမှာ ကိန်းပြီး မွေးလာတဲ့ လူသားတွေကို ဘာလို့ ရှိခိုးရတာလဲ၊ ရဟန်းဆိုတာ ဘာလဲ’လို့ မေးဖူးတယ်။ သိကြားမင်း ဖြေပုံက “ရဟန်းဆိုတာ ... အိမ်ရာ မထောင်၊ အိုး တောင်း ကျီကြမထား၊ ဆွမ်းခံစားတယ်၊ အကျင့်ကောင်းကို ကျင့်တယ်၊ လက်နက်မဲ့ ငြိမ်းချမ်းရေးသမား၊ ပညာရှိတွေရဲ့ အတိုင်ပင်ခံ၊ ဆိတ်ဆိတ် နေတတ်သူ (တုဏှိဘူတာ = နေရာတကာ ပါဝင် ပတ်သက်ပြီး ဆူဆူညံညံ မလုပ်သူ) ဖြစ်လို့ပါ (သံ၊၁၊၂၃၈)”တဲ့။
အဖြေ
ရှိခိုးတာဟာ မာနဆိုတဲ့ စိတ်ဆူးကို ချိုးပစ်ဖို့ပါ။ ရဟန်း သိက္ခာကို ကျင့်သုံးမှု တစ်ရက် တစ်နာရီ ကြီးသူကို ငယ်သူက (အသက်ကြီးပေမယ့်) ရှိခိုးရိုသေရမယ်လို့ မြတ်ဗုဒ္ဓ ပညတ်ထားလို့ ရဟန်းတစ်ပါး အနေနဲ့တော့ ရှိခိုးတာကို လုပ်ကို လုပ်ရတယ်။ ဗုဒ္ဓဝါဒီ လူဥပါသကာ တစ်ဦးအဖို့တော့ လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူး။ ဒါပေမယ့် .. ရတနာသုံးပါး မိဘ ဆရာသမားကို ရှိခိုးဆဲ မာနကို တဒင်္ဂ ပယ်နိုင်လို့ ဖြစ်ရတဲ့ ကုသိုလ်ကို လိုချင်ရင် သိကြားမင်းကို အတုယူသင့်တာပေါ့။
ဖေဖော်ဝါရီ ၇၊ ၂၀၁၈။
The UN
United Nations .. it souds so good in paper so bad in execution. United Nations is donated by the OIC (Orgnazation of Islamic Conference). OIC runins the United States and Europ. (Dr. Bill Warner)
ကုလသမဂ္ဂဆိုတာ စာရွက်ပေါ်မှာ .. သိပ်ကောင်းသလိုလို ရှိပေမယ့် လုပ်ဆောင်ချက်တွေ သိပ်ဆိုးတယ်။ ကုလသမဂ္ဂကို အိုအိုင်စီ (အစ္စ လမ်မစ် ၅၇ နိုင်ငံ)က ငွေကြေး ပေးထားတယ်။ အိုအိုင်စီဟာ အမေရိကန်နဲ့ ဥရောပကို ဖျက်ဆီးနေတယ်။ (Dr. ဘီလ်ဝါနာ)
---
ရိုသေစွာ မေးလျှောက်အပ်ပါသည် ဘုရား။ ခုတလော ထင်ရှားတဲ့ လူအမျိုးသားတစ်ယောက် သံဃာတော်တွေ ဆွမ်းဘုဉ်း ပေးသလို သပိတ်နှင့် ထမင်းစားနေသည်ကို တွေ့ရပါသည် ဘုန်းဘုန်း။ လူဝတ်ကြောင် တစ်ယောက်သည် သပိတ်နှင့် ထမင်းစားကောင်းပါသလား။ ဖြေကြားပေးစေလိုပါသည် ဘုရား။
နိုင်သက်ဝေ
---
၆၄၂။ သပိတ်နှင့် ထမင်းစားခြင်း
ပတ္တနဲ့ ပရိက္ခရာ
ပါဠိစကားလုံး “ပတ္တ’ရဲ့ မူရင်း အဓိပ္ပာယ်က ထည့်စရာ ‘ခွက်’ ပါပဲ။ ဒါပေမယ့် ရဟန်းတို့ သုံးတဲ့ “ပတ္တ’ကိုတော့ အမျိုး၊ အရောင်၊ အရွယ်တွေနဲ့ စနစ်တကျ သတ်မှတ်ထားတယ်။ သတ်မှတ်ချက်နဲ့ ပြည့်ညီတဲ့ ခွက်ကိုတော့ ရဟန်း အသုံးအဆောင် ဖြစ်လို့ သပိတ်လို့ မြန်မာမှု ပြုပါတယ်။ “ပရိက္ခရာ’လို့ခေါ်တဲ့ ရဟန်း အသုံးအဆောင် ရှစ်မျိုးထဲမှာ ပါတဲ့ ‘ပတ္တ’ဆိုတာ သပိတ် ဖြစ်ပါတယ်။ ဒါကြောင့် သပိတ်လို့ သုံးနှုန်း ပြောဆိုရင် ခွက်လို့ အဓိပ္ပာယ် မယူရတော့ဘဲ ရဟန်းတွေရဲ့ အသုံးအဆောင် သို့မဟုတ် ပရိက္ခရာ ရှစ်ပါးထဲက သပိတ်လို့ အထူး နားလည်ရပါတယ်။
သပိတ်
ပရိက္ခရာ ရှစ်ပါးထဲက သပိတ်လို့ ခေါ်ရမယ့် ခွက်အတွက် သတ်မှတ်ချက်က ... “အမျိုး’အရ သံသပိတ် မြေသပိတ်လို့ နှစ်မျိုးရှိတယ် (ဝါးနဲ့လုပ်တဲ့ ယွန်းခွက်ဟာ သပိတ် မဖြစ်နိုင်ဘူး)။ “အရောင်’က အနက်ရောင် ဖြစ်ရတယ် (ဒါကြောင့် ခုခေတ် ယိုးဒယားလုပ် စတီးလ်သပိတ် ဖြစ်ရင် အနက်ရောင်ဆေး သုတ်သင့်တယ်)။ အရွယ်ကတော့ အကြီး (ချက်ပြီးဆွမ်း ၂-ပြည်၊ လက်ကော်ရ ပဲဟင်း ၁-ခွက်၊ အခြားဟင်းလျာ ၁-ခွက်၊ ပေါင်း ၃-ပြည်ဆန့်)၊ အလတ် (ချက်ပြီးဆွမ်း ၂-ခွက်၊ လက်ကော်ရ ပဲဟင်း ၁-စလယ်၊ အခြားဟင်းလျာ ၁-စလယ်၊ ပေါင်း ၃-ခွက်ဆန့်)၊ အငယ် (ချက်ပြီးဆွမ်း ၂-စလယ်၊ လက်ကော်ရ ပဲဟင်း ၁-လမယ်၊ အခြား ဟင်းလျာ ၁-လမယ်၊ ပေါင်း ၃-စလယ်ဆန့်) ဖြစ်ပါတယ် (ခုဒ္ဒသိက္ခာ၊ ၆၀-၆၃ ဂါထာ)။
ဒီနေရာမှာ “စလယ်၊ ခွက်၊ လမယ်” လို့ ဘာသာပြန်တဲ့ ရှေးခေတ် အိန္ဒိယသုံး စနစ်ကို ပိုသေချာအောင် သုတေသန ပြုရဦးမယ့် သဘောတော့ ရှိတယ်။ အနည်းဆုံး .. လက်ရှိ မြန်မာပြည်မှာ သုံးတဲ့ သပိတ်က အလတ်နဲ့ အငယ်စား ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။
ပရိက္ခရာ
“အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေသူများအဖို့ ရဟန်း အသုံးအဆောင်ဆိုတာ စေတီ (အရိုအသေ ပြုရမယ့်) အရာမှာ တည်တယ် (ပဗ္ဗဇိတပရိဘောဂေါ ဟိ အဂါရိကာနံ စေတိယဋ္ဌာနိယော။ ဝိ၊ဋ္ဌ၊၂၊၂၆၇)’လို့ မိန့်ဆိုတဲ့အတွက် သပိတ်ဟာ လူတွေအဖို့ “စေတီ” တည်ထိုက်တဲ့ ပစ္စည်းပါ။ မည်မျှ ဘုန်းကြီး နာမည်ကျော်စေကာမူ ပုထုဇဉ် ဘုန်းကြီး တစ်ပါးရဲ့ အလောင်း သို့မဟုတ် သင်္ဂြိုဟ်ကြွင်းကို စေတီ မတည်ထိုက် ပေမယ့် အဲဒီ ဘုန်းကြီး အသုံးပြုခဲ့တဲ့ “သပိတ်၊ သင်္ကန်း၊ ရေစစ်’ စတာတွေကိုတော့ သံဃာ့အသုံးအဆောင် ဖြစ်လို့ စေတီ တည်ခွင့်ရှိတယ်။
အဖြေ
ဒါဆိုရင် သပိတ်နဲ့ ထမင်းစားသုံးတဲ့ လူဝတ်ကြောင်အနေနဲ့ စဉ်းစားနိုင်ပါပြီ။ ဘုန်းကြီး အကြံပေးလိုတာက..
၁) သပိတ်နဲ့ ခွက်ဟာ စကားလုံး ရင်းမြစ်အရ တူပေမယ့် သတ်မှတ်ချက် ရှိလို့ မတူဘူး။ ဒါကြောင့် ပါဠိလို “ပတ္တ’ဆိုတာ မြန်မာလို “ခွက်”ပဲ ဖြစ်လို့ ဘယ်သူမဆို စားကောင်းတယ်လို့ မဆိုသင့်ဘူး။
၂) မြန်မာ့ ယဉ်ကျေးမှုမှာ “သပိတ်’လို့ ခေါ်တဲ့အရာဟာ နှစ်ပေါင်း များစွာ ရဟန်းသုံးအနေနဲ့ လူအများ လေးစား ရိုသေခံအရာ ဖြစ်နေလို့ သပိတ်နဲ့ စားတာကို အပြစ် မရှိဘူးလို့ ဆိုနိုင်ရင်တောင် အများ မနှစ်သက်စရာ ဖြစ်လို့ ဗုဒ္ဓဝါဒီတစ်ဦး အနေနဲ့ “အဲဒီလို သပိတ်နဲ့ စားတာမျိုးတော့ မလုပ်ပါနဲ့’လို့ပဲ ဘုန်းကြီး အကြံပြုလိုပါတယ်။
မတ် ၁၅၊ ၂၀၁၈။
နှလုံးသားကောင်း
အဆုံးအမ ကောင်းတွေကို ပြောဆို ရေးသားနေကြလင့်ကစား ထိုအသိကို အသုံးချတတ်သည့် နှလုံးသားကောင်း တို့ကား နည်းပါးလှချေ၏။ အရှင်ကေလာသ
၆၄၃။ လိင်တူချစ်ကြိုက်ခြင်း
အမျိုးသား အမျိုးသမီးတို့ရဲ့ သဘာဂ အာရုံတူ စွဲလမ်းမှုနဲ့ ပတ်သက်ပြီး ဗုဒ္ဓ ဟောကြားထားမှုများ ရှိပါက ကျမ်းညွှန်း မိန့်ကြားတော်မူကြပါဦး ဘုရား။
အမည်မဖော်သူ
---
နားလည်ခြင်း
‘သဘာဂ အာရုံတူ စွဲလမ်းမှု’ဆိုရာမှာ ‘သဘာဂ’ဆိုတာ “တူသော” သို့မဟုတ် “တူသော အရာ”။ ဒီနေရာမှာ ယောက်ျားအဖို့ မိမိသဘာဝနဲ့ တူတဲ့ အခြားယောက်ျား၊ မိန်းမအဖို့ မိမိသဘာဝနဲ့ တူတဲ့ အခြားမိန်းမကို ‘သဘာဂ အာရုံတူ’လို့ ဆိုမယ်။ ဒါကြောင့် “ယောက်ျားက ယောက်ျားကို မိန်းမက မိန်းမကို လမ်းမှု၊ သို့မဟုတ် ယောက်ျားချင်း မိန်းမချင်း စွဲလမ်းမှု’ကို “သဘာဂ အာရုံတူ စွဲလမ်းမှု’လို့ နားလည်မယ်။ စွဲလမ်းမှု ဆိုတာ “စိတ်ဝင်စား၊ ကြိုက်၊ ချစ်’ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့် ‘လိင်တူ ချစ်ကြိုက်ခြင်း’ကို ဆိုလိုတာလို့ ကောက်ချက်ဆွဲရင် မေးခွန်းရဲ့ အာဘော် မလွဲတန်ရာပါဘူး။
ကျမ်းညွှန်း
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မြတ်ဗုဒ္ဓ ဟောကြားတဲ့ ကျမ်းဂန်ကို ညွှန်ပြရုံပဲ မေးလိုတာ ဖြစ်ကြောင်း နားလည်ရတယ်။ “အကြင်အခါ၌ တိဿအမည်ရှိ ယောက်ျားက ဒတ္တအမည်ရှိ ယောက်ျားကို တပ်မက် စွဲလမ်း၏” ဆိုတာမျိုးတော့ ပါဠိတော်ကျမ်းရင်းမှာ မတွေ့ဖူးပါဘူး။ အဖွင့်ကျမ်းတွေအရ ပါဠိတော်ကျမ်းရင်းလာ စကားလုံးတွေကို ဖွင့်ဆိုရာမှာ “လိင်တူ ချစ်ကြိုက်မှုကို ထင်ဟပ်စေတာမျိုး ပါတယ်လို့တော့ ဆိုနိုင်ပါတယ်။
ပဏ္ဍုက်လား
ပါဠိတော်ကျမ်းရင်းမှာ လာတဲ့ ပါဠိစကားလုံး ‘ပဏ္ဍက’ကို ရှေးဆရာမြတ်တွေက “ပဏ္ဍုက်”လို့ မြန်မာမှု ပြုပါတယ်။ အဘိဓာန်ဋီကာ (စာ-၁၅၅)မှာ ‘ပဏ္ဍက’ကို ‘လိင်္ဂဝေကလျ = လိင်ဖောက်ပြန်၊ လိင်ပုံမှန် မဟုတ်၊ လိင်ချို့တဲ့သူ”လို့ ဆိုပါတယ်။ ပဏ္ဍုက်ငါးမျိုး ရှိတယ် ... “၁) လိင်တံကို စုပ်သူ (ပန်းစုပ်) ၂) သူတစ်ပါးရဲ့ မေထုန်မှုကို ကြည့်ပြီး ကျေနပ်သူ ၃) ဝှေးစေ့ ထုတ်ထားသူ ၄) လခွဲတစ်ကြိမ် လိင်ပြောင်းသူ ၅) သန္ဓေပါ လိင်ချို့တဲ့သူ (ဝိ၊ဋ္ဌ၊၃၊၂၉၇)'။
ဒီနေရာမှာ ‘လိင်ဖောက်ပြန်’ဆိုတာကို အသွင်ရော စိတ်ပါ ထုံးစံအတိုင်း မဟုတ်သူလို့ ယူဆရင် ပိုသင့်မြတ်ဖွယ် ရှိတယ်။ ‘ပဏ္ဍုက်’၅-မျိုးတောင် ရှိလို့ ပဏ္ဍုက်ကို မိန်းမလျာ သို့မဟုတ် ယောက်ျားလျာလို့ တိုက်ရိုက် မဆိုနိုင်ဘူးလို့ ဘုန်းကြီးယူဆတယ်။ ဒါဖြင့်ရင် ..
ဒါဖြင့် ဘာလဲ
မိန်းမအဖြစ် ခံယူပြီး အဲဒီလို ပြုတဲ့ အမှတ် (၁) ယောက်ျားကို မိန်းမလျာလို့ ဆိုနိုင်တယ်။ အမှတ် (၂)က ကျားမ နှစ်မျိုးလုံး ဖြစ်နိုင်ပေမယ့် “လျာ”လို့တော့ ခေါ်ရခက်သား။ အမှတ် (၃) လည်း မိန်းမလို ခံယူမှ မိန်းမလျာလို့ ဆိုနိုင်မယ်။ အမှတ် (၄) က ယောက်ျား ဖြစ်ရင် မိန်းမစိတ် ပေါ်တဲ့အချိန် မိန်းမလျာ ဖြစ်နိုင်ပြီး၊ မိန်းမတစ်ဦးအဖို့ ကျားစိတ် ဖြစ်နေချိန် ယောက်ျားလျာလို့ ဆိုနိုင်တယ်။ အမှတ် (၅)ကိုတော့ မွေးရာပါ သို့မဟုတ် genetic အရ ပုံမှန် မဟုတ်တဲ့အတွက် ‘လျာ’အစစ်လို့ ဆိုနိုင်မယ်ထင်ပါတယ် (ဝိမတိ ၁၁၈ ၂။ ကို ရှုပါ)။
‘လျာ’တွေဟာ မိမိနဲ့ လိင်သူတွေကို နှစ်သက်တာ ဖြစ်လို့ ဒီမေးခွန်းနဲ့ တိုက်ရိုက် ပတ်သက်မယ်လို့ ယူဆလိုက်မယ်။ ဒါကြောင့် အဲဒီ ‘လျာ’တွေနဲ့ ပတ်သက်ပြီး မြတ်ဗုဒ္ဓက ဘယ်လို ဟောကြားထားတယ် ဆိုတဲ့ ကျမ်းညွှန်းကို မေးလိုတာ ဖြစ်ရင် အဖြေက..
မသင့်လို့သာ
မြတ်ဗုဒ္ဓအနေနဲ့ သမ္မုတိသစ္စာ (အပေါ်ယံ အမှန်)အရ ‘နပုံသက၊ ပဏ္ဍက’စသည် မိန့်ဖွယ်ရှိပေမယ့် ပရမတ္ထသစ္စာ (အနှစ်သာရအမှန်)အရ ပဉ္စဝေါကာရ သတ္တဝါမျိုး မှန်ရင် ရုပ်နဲ့နာမ်ပဲ ရှိလို့ “အမျိုးသား အမျိုးသမီးတို့ရဲ့ သဘာဂ အာရုံတူ စွဲလမ်းမှု ဆိုဆို ‘လိင်တူ နှစ်သက်ခြင်း”ပြောပြော .. ဗုဒ္ဓဓမ္မ တစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကိုက ဒါမျိုးကို analyze လုပ်တာ မဟုတ်၊ လုပ်တဲ့အတွက် ကျမ်းညွှန်း ပြဖို့လည်း မဖြစ်နိုင်ဘူးလို့ ဆိုပါရစေ။
အဖွင့်ကျမ်းတွေမှာတော့ “ပဏ္ဍုက်”တွေထဲက အချို့မှာ ရဟန်းခံခွင့် ရှိပြီး အချို့ကတော့ ထိုအခွင့်အရေး မရှိကြောင်း မိန့်ပါတယ်။ အခြား ရဟန်းတွေရဲ့ အကျင့်ကို အနှောင့်အယှက် ဖြစ်စေနိုင်လို့ တားမြစ်တာ ဖြစ်နိုင်ပါတယ်။ ဝိ၊ဋ္ဌ၊၃၊၂၉၇။ ဝိနယသင်္ဂဟ၊ဋ္ဌ၊၁၄၅ စသည် ရှုပါ။
ထူးခြားချက်
“အညတရဿ ဘိက္ခုနော ဣတ္ထိလိင်္ဂီ ပါတုဘူတံ ဟောတိ” ရဟန်း (ယောက်ျား) တစ်ပါးအား မိန်းမအသွင် ထင်ရှား ဖြစ်ပေါ်၏ (ဝိ၊၁၊၃၄)လို့ မူရင်း ပါဠိတော်မှာ ဆိုတယ်။ ဒါကတော့ ယောက်ျားကနေ မိန်းမအဖြစ် ကိုယ်အင်္ဂါရော စိတ်ပိုင်းအရပါ ပြောင်းလဲသွားတာ ဖြစ်လို့ ထူးခြားဖြစ်ရပ်ပါ။ ဒီဖြစ်ရပ်မှာ “ရဟန်း ယောက်ျား အဖြစ်နဲ့ ရခဲ့တဲ့ သိက္ခာဝါအတိုင်း ဘိက္ခုနီတို့ရဲ့ ဝိနည်းကို ကျင့်သုံးပြီး ဘိက္ခုနီကျောင်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ မြတ်ဗုဒ္ဓ ခွင့်ပြုပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ပြီး ‘လျှာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဝါဒမှာ မခွဲခြားဘူးလို့တော့ အတိအကျ ဆိုနိုင်ကြောင်းပါ။
မတ် ၁၆၊ ၂ဝ၁၈။
---
၆၄၄။ နိမိတ်တဘောင်ဟူသည်
ဘုန်းဘုန်း ဘုရား၊ အတိတ် နိမိတ်နှင့် တဘောင်ဆိုတာ ဘာလဲ ဘုရား။ မြတ်စွာဘုရားရဲ့ အဆုံးအမနှင့် ပတ်သက်မှု ရှိပါသလား။ ရှင်းပြပေးစေလိုပါသည် ဘုရား။
ကိုဘသိုက် မအေး (ဝါရှင်တန်ဒီစီ)
---
စကားလုံး
“မှတ်ယူကြောင်းဟိတ်၊ ပြည့်နိမိတ်နှင့်၊ အတိတ်ဘဝေ၊ နတ်ပြောပြဆောင်၊ တဘောင်စနည်း’လို့ မဃဒေဝလင်္ကာ (ပိုဒ် ၁၉၃)မှာ ဆိုတယ်။ “နိမိတ် = နောင်တွင် မည်သို့ ဖြစ်မည်ကို ကြိုတင်သိစေနိုင်သော အရိပ်အခြည်၊ တဘောင် = နိမိတ်စကား၊ စနည်း = ရှေ့ပြေးနိမိတ် အနေဖြင့် ကြားရသော အသံ”လို့ မြန်မာစာ အဖွဲ့က ပြုစုတဲ့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုတယ်။ “အတိတ်”ဆိုတာ “ဖြစ်ပြီးအကြောင်း”၊ “ဘဝေါ”ဆိုတာ “ဖြစ်ရန် အကြောင်း ဖြစ်ပြီး ဒီနေရာမှာ “ဖြစ်တာကို ကြည့်၍ ဖြစ်မှာကို ကြိုပြောခြင်း”လို့ အဓိပ္ပာယ်ယူနိုင်တယ်။
စကားလုံး အဓိပ္ပာယ်အရ .. “အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ’ ငါးမျိုးလုံး သဘောသွား တူတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။
သုံးမျိုး
“နိမိတ်ခေါ်ရာ၊ သုံးမျိုးမှာ၊ မြို့ရွာဆည်းလည်းတည်း’အရ မြို့ရွာ တိုင်းပြည်ရဲ့ ‘ဆည်းလည်း’လို့ခေါ်တဲ့ နိမိတ်စကား (ဖြစ်လာမှာကို အရိပ်ပြတဲ့ စကား) သုံးမျိုးရှိတယ် .. ၁) သဘင်သည် စကား .. “ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လိမ့်မယ်” ဆိုတာမျိုး၊ ၂) အရူးစကား .. သီပေါမင်း နန်းတက်ခါနီး “ရွှေမိုးရွာလို့ မယ်မအေး၊ ငွေမိုးရွာလို့ မယ်မအေး၊ ပထမပြန် ရှက်လူထွက်၊ နန်းတက်မှအေး ́ဆိုတဲ့ အရူးမရဲ့ စကားမျိုး ၃) ကလေးတွေ ပြောတဲ့ စကားဆန်းတွေလည်း တစ်ခါတစ်ရံ ဖြစ်လာမှာနဲ့ တိုက်ဆိုင်တတ်တယ်။
နိုင်ငံရေး
မိဖုရားခေါင်ရဲ့ အုတ်ကျောင်းကို အလှူခံမယ့် ဘုန်းကြီးကို မင်းနဲ့ မိဖုရားတို့ စဉ်းစားနေကြခိုက် “မိုးကြီးချုပ်လို့ ဗုတ်ကြီးမြည် ပူစည်တဲ့ဘုန်း၊ ရွှေဗုတ်ကယ် မယ့်ဆံထုံး နားလှည့်ပါဦး (အိုး)ဆိုတဲ့ တဘောင် သို့မဟုတ် အတိတ် `နိမိတ် ပေါ်လာလို့ ဆရာတော် ဦးဗုတ်ကို ရွေးလိုက်သတဲ့။
သက်ဦးဆံပိုင် ဘုရင် စနစ်အောက်မှာ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတဲ့အတွက် အုပ်ချုပ်ခံ ပြည်သူတွေ အနေနဲ့ “အတိတ်၊ နိမိတ်၊ တဘောင်’ဆိုတာတွေကို သုံးပြီး ဖြစ်တဲ့နည်းနဲ့ မိမိတို့ရဲ့ ရင်တွင်းဆန္ဒကို ဘုရင် သိအောင် ထုတ်ဖော်ခြင်း တစ်မျိုးပါလို့ ဆိုရင် ငြင်းနိုင်မလား။
စနည်း
အရပ်ထဲ အမှတ်မထင် ပြောဆိုနေတဲ့ စကားကို မှတ်သားပြီး အဓိပ္ပာယ် ဖော်ယူတာကို “စနည်း”လို့ ခေါ်တယ်။ အရပ်ထဲမှာ ဘယ်လို စကားတွေ ပြောနေကြသလဲလို့ လေ့လာတာကို “စနည်းနာတယ်”လို့ ဆိုတယ်။ ဗေဒင် ယကြာ ကျေပြွန်လှတဲ့ ခင်ကြီးဖျော် ဆရာတော် နာမကျန်းဖြစ်တော့ မိမိအခြေအနေကို သိဖို့ စနည်းနာခိုင်းသတဲ့။ ကလေးအမေ တစ်ဦး “သီဘောသုံးဆယ်”လို့ သီချင်းဆိုပြီး သားချော့တာ ဖြစ်ကြောင်း သိရတဲ့အခါ ဆရာတော်က “ဘော၊ အိုအချင်းတို့။ သီ၊ သီလရှိသော။ ဆယ်၊ အင်္ဂါသား ငါသည်။ သုံး၊ သေလတံ့” ဆိုပြီး ငါ သေတော့ မယ်လို့ အဓိပ္ပာယ် ဖတ်သတဲ့။
ဘဝေါ
ဘဝေါအရ “ဖြစ်ရန်အကြောင်း”ဆိုတာ မြေပထဝီနဲ့ ပတ်သက်တယ်။ ဗေဒင်အခေါ် ဘောမဖြစ်ပြီး ငလျင်လှုပ်၊ ချောက်ကမ်းပါးပြို၊ မြေကြီး ကွဲအက်၊ ဥက္ကာကျ၊ လကြတ်၊ နေကြတ်၊ ကြယ်တံခွန်ပေါ် .. စသည်ကြောင့် ဖြစ်လာမယ့် အကျိုးကို နိမိတ်ဖတ်တာတွေ ပါဝင်တယ်။
ခင်ကြီးဖျော် စနည်းနာပုံနဲ့ “ဘဝေါ်” ဆိုတာတွေကိုတော့ ယုတ္တိသက်သေ မပြနိုင်ဘူး။ တိုက်ဆိုင်မှုပဲ ဖြစ်နိုင်လို့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က သိပ္ပံစိတ်ကူးယဉ် ဝတ္ထုတွေလို အမှန်ဖြစ်လာတာ ရှိနိုင်သလို မဖြစ်လာတာလည်း ရှိမှာပေါ့။
ယုံကြည်မှု
မန်လည်ဆရာတော်အရ နတ်တွေက အဲဒီလို အရိပ်အယောင် နိမိတ်ပြတယ်ဆိုတဲ့ ယုံကြည်မှုကို တွေ့နိုင်တယ်။ မင်းသိဒ္ဓတ် ပဋိသန္ဓေယူတဲ့ နေ့က မယ်တော်မာယာရဲ့ ဆင်ဖြူတော် အိပ်မက် (ဇာ၊ဋ္ဌ၊၁၊၅ဝ)၊ ဗုဒ္ဓဖြစ်ခါနီး မြင်မက်တဲ့ အိပ်မက်ကြီး ငါးမျိုး၊ ဒီအိပ်မက်ကို ဗုဒ္ဓလောင်းလျာ ကိုယ်တိုင် အဓိပ္ပာယ် ဖတ်တာမျိုး (ဇာ၊ဋ္ဌ၊၁၊၈၀)၊ ကျောင်းတိုက် အဝင်မုခ်ဦးမှာ ရေးဆွဲထားတဲ့ ဖွတ်တစ်ကောင် မီးမှုတ်နေပုံ ဆေးရေး ပန်းချီကြောင့် ကျောင်းတိုက် သံဃာများ အငြင်းပွားကြပုံ (ဒီ၊ဋ္ဌ၊၁၊၈၉) စသည်ကို အေဒီ ၅-ရာစု အဋ္ဌကထာကျမ်းတွေမှာ ဖော်ပြတယ်။ ဒါကြောင့် အတိတ်၊ နိမိတ် စသည်နဲ့ ပတ်သက်တာကို ဝါဒီတို့ တစ်စိတ်တစ်ဒေသ လက်ခံကြောင်း မှတ်ယူနိုင်ပါတယ်။ ဗြဟ္မဇာလသုတ်အရ ... မြတ်ဗုဒ္ဓ အနေနဲ့ အဲဒီ ပညာရပ်တွေနဲ့ ပတ်သက်မှု မရှိဘူးလို့တော့ အတိအကျ ဆိုနိုင်တယ်။
ဧပြီ ၆၊ ၂၀၁၈။
---
ဒီကနေ့ ခေတ်မှာ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေနဲ့ နယ်ချဲ့နေကြတယ် (၂၁-ရာစု အယူအဆ)။
---
၆၄၅။ အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတဲ့နေရာ
ဆရာတော် ဘုရား၊ ညီတော် အာနန္ဒာသည် မည်သည့် မြို့တွင် ပရိနိဗ္ဗာန် စံတော်မူပါသနည်း။ အရှင်အာနန္ဒာ ပရိနိဗ္ဗာန် စံပုံကို ဖော်ပြတဲ့ ပါဠိတော် မြန်မာပြန်ကို ညွှန်ကြားပေးစေလိုပါသည်ဘုရား။
သန်းဆွေ (အထက-လသာ)
---
ထူးခြားပုံ
စကားမစပ် .. သာသနာမှာ အလွန် ကျေးဇူးများ ထင်ရှားတဲ့ ပထမသံဂါယနာရဲ့ အကြီးအကဲ အရှင်မဟာကဿပ မထေရ် ပရိနိဗ္ဗာန်စံပုံကို ထေရဝါဒ ပါဠိမှတ်တမ်းတွေမှာ မတွေ့ရတာ အတော် ထူးခြားတယ်။ အရှင်အာနန္ဒာ ပရိနိဗ္ဗာန် စံပုံကိုလည်း မူရင်းပါဠိတော်တွေမှာ မတွေ့ဖူးဘူး။ အေဒီ ၅-ရာစုမှာ ရေးသားတဲ့ ဓမ္မပဒအဋ္ဌကထာ၊ ဝနဝါသီတိဿသာမဏေ ဝတ္ထု (၁၊ ၃၄၂)မှာတော့ စပ်မိလို့ ဖော်ပြတဲ့ အနေမျိုးပဲ တွေ့ရတယ်။ ဒါကို မဟာဗုဒ္ဓဝင်ကျမ်း၊ အတွဲ ၆၊ အပိုင်း ၁၊ စာ-၄၈၅ မှာ မြန်မာလို ဖတ်နိုင်ပါတယ်။ တရုတ်နဲ့ တိဗက်မှတ်တမ်းတွေမှာ ဖတ်ဖူးတာကို မျှဝေရရင် ..
ဖာဟီယန်
အေဒီ ၄ ရာစု အချိန်က ဝေသာလီမြို့ကို ဘုရားဖူး ရောက်ခဲ့တဲ့ တရုတ် ရဟန်းတော် ဖာဟီယန်ရဲ့ မှတ်တမ်းမှာ အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံပုံကို အောက်ပါအတိုင်း ဖော်ပြတယ် .. အရှင်အာနန္ဒာဟာ ပရိနိဗ္ဗာန်စံဖို့ ရည်ရွယ်ပြီး မဂဓနိုင်ငံမှ ဝေသာလီမြို့သို့ ကြွနေကြောင်းကို နတ်တွေ သတင်းပို့လို့အဇာတသတ္တုမင်း သိသွားတဲ့အခါ စစ်တပ်နဲ့အတူ အရှင်အာနန္ဒာ နောက်ကို ချက်ခြင်း လိုက်ရင်း (ဂင်္ဂါ) မြစ်ကမ်းသို့ ရောက်လာတယ်။ ဝေသာလီက လိစ္ဆဝီမင်းတွေလည်း အရှင်မြတ် ကြွလာတာကို ကြားတော့ အရှင်မြတ်ကို ဖူးမြော်ဖို့ မြို့က ထွက်လာကြတယ်။ နှစ်ဖွဲ့လုံး မြစ်ကမ်း (တစ်ဖက်စီ)မှာ ဆုံကြတယ်။
အရှင်မြတ် အနေနဲ့ “ရှေ့ကို ဆက်သွားရင် အဇာတသတ်မင်း စိတ်မကောင်း ဖြစ်မယ်၊ မသွားဘဲ နေရင်လည်း လိစ္ဆဝီမင်းတို့ ကျေနပ်မှာ မဟုတ်ဘူး”လို့ ဆင်ခြင်တော်မူတဲ့ အတွက် မြစ်လယ်မှာ တေဇောကသိုဏ်းနဲ့ ဈာန်ဝင်စားပြီး ခန္ဓာကိုယ်ကို မီးလောင်ကျွမ်းစေတယ်။ ဓာတ်တော်များမှာ နှစ်ဖို့ ဖြစ်သွားပြီး နှစ်ပြည်ထောင်မင်းတို့ အညီအမျှ ရရှိပြီး မိမိတို့ ရရှိတဲ့ ဓာတ်တော်ဝေစုကို စေတီတည်ကြတယ် (The Travels of Fa Hsien, Re-trnaslated, by A. H. Giles, Cambridge University Press, p. 44)'။
တိဗက်အဆို
တိဗက်မှတ်တမ်းမှာတော့ အရှင်အာနန္ဒာရဲ့ နောက်ဆုံး အခြေအနေကို အတော် ပြည့်စုံစွာ ဖော်ပြပြီး စိတ်ဝင်စားစရာလည်း ကောင်းတယ် ..
အရှင်မြတ် (အာနန္ဒာ)သည် ‘အဇာတသတ္တုမင်းနှင့် ဝိဇ္ဇတိုင်းသားများမှာ အချင်းချင်း မကောင်းသော စကားများဖြင့် ပြောဆိုနေကြသဖြင့် အကယ်၍ ဤ(ဝေဠုဝန)၌ ပရိနိဗ္ဗာန်စံလျှင် ဝေသာလီ တိုင်းသား လိစ္ဆဝီများသည် ငါ၏ ဓာတ်တော် တစ်ဝက်ကို ရကြလိမ့်မည် မဟုတ်။ ဝေသာလီနိုင်ငံ၌ ပရိနိဗ္ဗာန်စံလျှင်လည်း ယင်းတို့က အဇာတသတ္တုအား ဓာတ်တော် တစ်ဝက်ကို ဝေမျှလိမ့်မည် မဟုတ်။ ငါသည် ဂင်္ဂါမြစ်၏ အလယ်၌ ပရိနိဗ္ဗာန်စံမည်”ဟု စဉ်းစား၏။ သို့ဖြင့် အရှင်မြတ်သည် ဂင်္ဂါမြစ်သို့ ကြွတော်မူ၏။
ထိုအချိန်၌ အဇာတသတ္တုသည် အမိုးကို ထောက်ထားသောတိုင် ကျိုးကျသည်ဟု အိမ်မက်မြင်သဖြင့် မင်းကြီးသည် အထိတ်တလန့်ဖြစ်ပြီး နိုးလာချိန်တွင် တံခါးစောင့်ထံမှ အရှင်အာနန္ဒာမထေရ် ပရိနိဗ္ဗာန် စံတော့မည်ဟူသော သတင်းကို ကြားရ၏။ ထိုသတင်းကို ကြားရခြင်း၌ မင်းကြီးသည် သတိမေ့ပြီး မြေကြီးပေါ်သို့ လဲကျ၏။ ရေပက်ဖျန်းပြီးနောက် သတိပြန်ရလာသောအခါ မင်းကြီးက “အရှင်အာနန္ဒာသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန်စံမည်နည်း”ဟု မေးမြန်း၏။
“မင်းကြီး၊ မြတ်ဗုဒ္ဓ၏ နောက်တော်ပါးမှ လိုက်ပါရသူ အရှင်အာနန္ဒာသည် ဝေသာလီမြို့သို့ ကြွတော်မူပြီး ဖြစ်ပါ၏”ဟု (တပည့်ဖြစ်သူ) အရှင်သာဏဝါသိက မထေရ်က မင်းကြီးအား ပြန်ကြား၏။ သို့ဖြင့် အဇာတသတ္တုသည် အင်္ဂါလေးရပ် ရှိသော စစ်တပ်ကို ပြင်ဆင်လျက် ဂင်္ဂါမြစ် ကမ်းပါးသို့ ထွက်ခဲ့၏။
နတ်ဒေဝါတို့သည် ဝေသာလီမြို့သူ မြို့သားတို့အား “လူသားအားလုံး ချစ်မြတ်နိုးခံရသူ အရှင်အာနန္ဒာသည် သောက၏ အရိပ်ကို ပယ်ခွာပြီး ဖြစ်ခြင်း၌ ယခုအခါ ပရိနိဗ္ဗာန် စံတော့မည်”ဟု ပြောကြားကြ၏။ သို့ဖြင့် ဝေသာလီမြို့သား လိစ္ဆဝီမင်းတို့သည် ယင်းတို့၏ စစ်တပ်ကို ပြင်ဆင်လျက် ထွက်ခဲ့ကြသဖြင့် ၎င်းတို့ ဂင်္ဂါမြစ်ကမ်းသို့ ရောက်ကြစဉ် အရှင်အာနန္ဒာသည် လှေပေါ်သို့ တက်၍ ဂင်္ဂါမြစ်လယ်သို့ ကြွတော်မူ၏။
အဇာတသတ်သည် အရှင်အာနန္ဒာ၏ ခြေရင်း၌ ဦးညွတ်ပြီး “ဘဝသုံးပါး၏ မီးရှူးတန်ဆောင် ဖြစ်ပြီး နိဗ္ဗာန်သို့ ကြွတော်မူသော အရှင်မြတ်ဘုရား၊ တပည့်တော်တို့သည် အရှင်မြတ်အား ကိုးကွယ်ပါ၏။ အရှင်မြတ်သည် ပရိနိဗ္ဗာန်ဝင်စံပြီး ဖြစ်လျှင် တပည့်တော်တို့၏ အကျိုးအတွက် အရှင်ဘုရား၏ ခန္ဓာကိုယ်သည် အရှင်ဘုရားရှိရာ ရေထဲမှ တပည့်တော်တို့ ရှိသည့် ကုန်းပေါ်သို့ ကျပါစေသတည်း”ဟု ဆို၏။ ဝေသာလီ တိုင်းသားတို့လည်း ထိုနည်းအတူ ဆိုကြ၏။
အရှင်အာနန္ဒာကား ဤသို့ ဆင်ခြင်၏ “အကယ်၍ ငါသည် ငါ၏ခန္ဓာကိုယ်ကို မဂဓနိုင်ငံတော်ဖက်သို့ ချခဲ့မူ လိစ္ဆဝီတို့သည် စိတ်မချမ်းသာ ဖြစ်မည်၏။ ဝဇ္ဇီနိုင်ငံဖက်သို့ ချခဲ့မူ မဂဓဘုရင်သည် စိတ်မကောင်း ဖြစ်မည်။ သို့ဖြစ်၍ ငါ့ခန္ဓာကိုယ် တစ်ဝက်စီကို (နှစ်ပြည်ထောင်) ဘုရင်နှင့် တိုင်းသူပြည်သားများအား (အညီအမျှ) ပေးဝေမည်။ ဤနည်းဖြင့် ဓာတ်တော်များသည် ကြာရှည်စွာ အပူဇော်ခံရလိမ့်မည်”။
(အရှင်မြတ်သည်) ပရိသတ်များအား ဆုတော်ပေးလျက် တန်ခိုး အမျိုးမျိုးကို ပြတော်မူပြီး မီးလျှံထဲသို့ သွန်းချသော ရေကဲ့သို့ ငြိမ်းပြီး ပရိနိဗ္ဗာန်စံတော်မူ၏။ အရှင်မြတ်၏ ဓာတ်တော် တစ်ဝက်ကို ဝေသာလီ တိုင်းသားတို့ ပင့်ဆောင်ပြီး အခြားတစ်ဝက်ကို အဇာတသတ်ဘုရင်က ပင့်ဆောင်သွား၏။ (အရှင်ကေလာသ၊ မြန်မာပြန်၊ ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများ၊ စာ-၂၉၄။ W. Rockhill, The Life of the Buddha, p. 164)။
အဖြေ
ဓမ္မပဒအဋ္ဌကထာအရ အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံဝင်တဲ့ မြစ်ကို “ရောဟိဏီမြစ်”လို့ ဆိုတယ်။ မြို့ သို့မဟုတ် နိုင်ငံကို မဖော်ပြ။အရှင်အာနန္ဒာရဲ့ ဘဝဖြစ်စဉ်ကို အပြည့်စုံဆုံး ဖော်ပြနိုင်တဲ့ ပါဠိပါရဂူ ဦးအောင်မိုးက “ရောဟိဏီမြစ်”လို့ သာမန်ပဲဆိုပြီး (အရှင်အာနန္ဒာဝတ္ထု ၂၊ ၅၇၉) မင်းကွန်း တိပိဋက ဆရာတော်ကြီး ကတော့ 'သာကိယ ကောလိယမင်းတို့ ရေအမှုအခင်း ဖြစ်ရာ မြစ်’တဲ့။ ဒါဖြင့် အရှင်အာနန္ဒာဟာ မွေးရပ်မြေ ကပိလဝတ္ထုနဲ့ သိပ်မဝေးတဲ့ နေရာမှာ ပရိနိဗ္ဗာန်စံတယ်လို့ ဆိုနိုင်တယ်။
တိဗက်မှတ်တမ်းအရ အရှင်အာနန္ဒာဟာ ဂင်္ဂါမြစ်လယ်မှာ ပရိနိဗ္ဗာန်စံတယ်။ ဖာဟီယန်က လိစ္ဆဝီမင်းနဲ့ အဇာသတ်မင်းတို့ မြစ်ကမ်းကို ရောက်လာကြောင်းနဲ့ အဲဒီမြစ်ကို ဖြတ်ကူးပြီး တစ်ယူဇနာလောက် တောင်ဖက်ကို ဆင်းရင် ပါဋလိပုတ်မြို့ကို ရောက်ကြောင်း ဆိုတယ်။ ဒါကြောင့် ယင်းတို့အလို အရှင်အာနန္ဒာဟာ ဝေသာလီနဲ့ ပါဋလိပုတ်မြို့ အကြားရှိ ဂင်္ဂါမြစ်လယ်တစ်နေရာမှာ ပရိနိဗ္ဗာန်စံတယ်လို့ ဆိုနိုင်ကြောင်းပါ။
ဧပြီ ၉၊ ၂၀၁၈။
---
သိမြင်သူ
ပဿတိ ပသော ပဿန္တိ၊ အပဿ ပဿန္တိ အပဿန္တဉ္စ ပဿတိ။
အပဿန္တော အပဿန္တိ၊ ပဿန္တဉ္စ န ပဿတိ။
အမှန်တရားကို မြင်ပြီးသူသည် တရားမြင်သူကိုလည်း မြင်နိုင်၏။ တရားမမြင်သူကိုလည်း မြင်နိုင်၏။ အမှန်တရားကို မမြင်သူကား တရားမမြင်သူကိုရော မြင်သူကိုပါ မမြင်စွမ်းနိုင်။ သိမှ သိမသိကို သိသည်။ မသိက ဘာမှ မသိ။
၆၄၆။ သောတာပန်နဲ့ ရွှေကိစ္စ
ဘုန်းကြီး ဘုရား၊ သောတာပန် ပုဂ္ဂိုလ်သည် ဣဿာနဲ့ မစ္ဆရိယကို ပယ်သလားဆိုတဲ့ မေးခွန်းကို ဘုန်းကြီးက မပယ်ဘူးလို့ ဖြေဆိုတာနဲ့ ပတ်သက်၍ တိကမာတိကာ ဒဿနတိုက် အရကောက်ကို ကိုးကားပြီး ဘုန်းကြီးရဲ့အဖြေ မမှန်ဘူးဟု ဘုန်းကြီး တစ်ပါးက ဝေဖန်ပါသည်။
တပည့်တော် သေက္ခပါလို့ဆိုတဲ့ အမျိုးသမီးကို ဘုန်းကြီးက “ပုထုဇဉ် သေက္ခပေါ့”ဟု ဆိုတာကိုလည်း “အတော်မှားတာပဲ’လို့ ၎င်းက ဆိုပါသည်။ အဲဒီ ကိစ္စနှစ်ခုကို ပြန်လည် ဖြေရှင်းပေးစေလိုပါသည် ဘုရား။
အရှင်တေဇိန္ဒ (တွဲဖက်ပါမောက္ခ၊ ဝိနယပိဋကမဟာဌာန)
---
ကျေးဇူး
မမှန်ဘူးလို့ ယူဆတဲ့ သူတစ်ပါးရဲ့ ရေးသား ဟောပြောချက် အချို့ကို ဘုန်းကြီး ကိုယ်တိုင် ခပ်စပ်စပ် ဝေဖန်ဖူးတယ်။ အပြု သဘော စေတနာနဲ့ပါ။ စာရေးပါများရင် ဗီဇစရိုက်တွေ ပေါ် လာပြီး မှားတတ်ပါတယ်။ ဒါကို ထောက်ပြဖို့ လိုတယ်။ ဒါကြောင့် ဘုန်းကြီးအနေနဲ့ ဘုန်းကြီးရဲ့ ဓမ္မအမေးအဖြေကို ဖတ်ပြီး အပြုသဘောနဲ့ အမှားကို ထောက်ပြတဲ့ ဆရာတော်ကို များစွာ ကျေးဇူးတင်ပါတယ်။ ဝေဖန်စာ မူရင်း အပြည့်အစုံကို ပို့ပေးပြီး ရှင်းပြဖို့ တောင်းဆိုတဲ့ အရှင်တေဇိန္နကိုလည်း ဒါမျိုး ထပ်တွေ့ရင် ပို့ပေးဖို့ မေတ္တာရပ်ခံပါတယ်။
ပဌမပုဒ်
ဝေဖန်သူ ဆရာတော် တင်ပြတဲ့ အဘိဓမ္မာမာတိကာပါဠိ ဒဿနတိက် အရကောက်ကို အရင် လေ့လာကြည့်မယ် ..
“ဒဿနေန ပဟာတဗ္ဗာ ဟူသော ပဌမပုဒ်၏ အရကား ..
(၁) သောတာပတ္တိမဂ်သည် အကြွင်းမရှိသောအားဖြင့် ပယ်အပ် သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၊ ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ခု၊ မာန ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ကြဉ်သော စေတသိက် ဗာဝီသ (၂၂-ပါး)။
(၂) သောတာပတ္တိမဂ်သည် တနုကရအားဖြင့် ပယ်အပ်သော အပါယဂမနီယ ဖြစ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၊ ဒေါသမူဒွေ၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ပဉ္စဝီသ (၂၅-ပါး) ရ၏ (မာတိကာအရကောက်၊ စာ-၃၅)။
အမှတ် (၁) ကို အကြွင်းမဲ့ပယ်၊ အမှတ် (၂)ကို တနုကရ ပယ်လို့ ခွဲခြားနိုင်ပါတယ်။ အကြွင်းမဲ့ပယ် ဆိုတာ လုံးဝမရှိတော့ဘူး (အမြစ်ပါ ပြုတ်ပြီ)၊ တနုကရပယ် ဆိုတာ နည်းပါးအောင် လုပ်တယ် (အမြစ် မပြုတ်သေးဘူး)။ အပါယဂမနီယ = အပါယ်သို့ ရောက်ကြောင်း။
မှားမလား
အကြွင်းမဲ့ပယ် တရားထဲမှာ “မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ’ မပါတာကို တွေ့နိုင်တယ်။ သောတာပန်ဟာ ဒီတရား ငါးပါးကို အကြွင်းမဲ့ မပယ်ဘူးပေါ့။ တနုကရ ပယ်ထဲမှာ “မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ” ပါတာကို တွေ့နိုင်တယ်။ သောတာပန်ဟာ ဒီငါးမျိုးကို နည်းပါးအောင် လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါဖြင့်ရင် ..
“သောတာပန် ပုဂ္ဂိုလ်ဟာ မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စကို အကြွင်းမဲ့ မပယ်သေးဘူး၊ ဒါပေမယ့် ဒီတရား ငါးမျိုးကြောင့် အပါယ်ကို မရောက်စေနိုင်တဲ့ အထိတော့ လုပ်ပြီးဖြစ်တယ်”လို့ ဆိုရင် မှားမလား။
ကျမ်းရင်း
ဣဿာ မစ္ဆရိယနဲ့ ပတ်သက်တဲ့ အဋ္ဌကထာဖွင့် အချို့ကို လေ့လာရင် ... “ဣဒံ ပန ဣဿာမစ္ဆရိယသံယောဇနံ သောတာပတ္တိမဂ္ဂေန ပဟီယတိ (ဤဣဿာ မစ္ဆရိယ သံယောဇဉ်ကို သောတာပတ္တိမဂ်သည် ပယ်အပ်၏ (ဒီ၊ဋ္ဌ၊၂၊၃၁၁။ အဘိ၊ဋ္ဌ၊၁၊၄ဝရ)’ဆိုတယ်။ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး (ပရမတ္ထသ ရူပဘေဒနီ ၂၊ စာ-၆၂၆)နဲ့ မဟာစည်ဆရာတော်ကြီး (သန္ဓေခ သုတ် တရားတော်၊ ၂၊ စာ-၇၁)တို့ကလည်း ဣဿာနဲ့ မစ္ဆရိယကို သောတာပတ္တိမဂ်နဲ့ ပယ်တယ်လို့ ယူဆတော်မူကြပါတယ်။ ဒါပေမယ့် ဆက်ပြီး ဖတ်ကြည့်မယ်..
အနုသယ
အဘိဓမ္မာအရ .. အစေ့ထဲက အညှောက် ထွက်ချိန်ကစပြီး သစ်တစ်ပင်လုံးမှာ အသီးသီးစေတဲ့ သတ္တိ ကိန်းနေသလို သတ္တဝါတွေရဲ့ ခန္ဓာအစဉ်မှာ ကိန်းနေတဲ့ ကိလေသာ သတ္တိ ၇-မျိုးကို “အနုသယလို့ ခေါ်တယ်။ ဒီအထဲ “ဒေါသ”ပါတာပေါ့။ အနုသယ ယမိုက်အရ ပဋိဃာနုသယ (ဒေါသ)ကို သောတာပန် မပယ်နိုင်တာ သေချာတယ်။
ဒါဖြင့်ရင် ... “ဒေါသော ဣဿာ မစ္ဆရိယံ ကုက္ကုစ္စဉ္ဇာတိ ဤတို့တွင် ပဋိဃသမ္ပယုတ္တစိတ္တေသု (အဘိဓမ္မတ္ထသင်္ဂဟ၊ ၂၅) အရ ဒေါစတုက် ၄-ပါးဟာ ဒေါသမူစိတ် ဖြစ်တိုင်း ပါတဲ့အတွက် ဒေါသ ကိန်းနေသေးတဲ့ သောတာပန်မှာ ‘ဣဿာ မစ္ဆရိယ”ကို အကြွင်းမဲ့ မရှိတော့ဘူးလို့ ဆိုနိုင်အံ့လော။ သို့တည်း မဟုတ် ..
ဒီလိုလား
“ဒေါသမူ ဒွေသည် သောတာပန် ပုဂ္ဂိုလ်၌ ဖြစ်ခိုက် ပီတိကြဉ် သော အညသမာန် စေတသိက် ၁၂၊ မောစတုက် ၄၊ ဒေါသ၊ ကုက္ကုစ္စ၊ ထိန၊ မိဒ္ဓ၊ ပေါင်း စေတသိက် ၂၀-၌ ယှဉ်၏‘လို့ ခွဲခြားပြီး သင်ကြား ပို့ချသင့်ပါသလား။
ယူဆခဲ့ပုံ
ဒေါသ ပြဋ္ဌာန်းတဲ့ စိတ္တုပ္ပါဒ် (ဒေါသမူဒွေ၊ စေတသိက် ၂၂-ပါး)ရဲ့ “ကျူးလွန် (ဝီတိက္ကမ) အဆင့်ကို သောတာပန် ပုဂ္ဂိုလ်ဟာ တနကရ (ပါးသွားအောင်) လုပ်နိုင်လို့ အပါယ်ကို မရောက်နိုင်တော့ ပေမယ့် ‘ထကြွ” ‘ကိန်းဝပ်’အဆင့် အနေနဲ့ ရှိနေသေးတယ်လို့ ဘုန်းကြီး ယူဆတာ ဖြစ်ပါတယ်။ ယုတ္တိအရ လောကမှာ စိတ်ထဲ ဂျေရှိရုံ၊ ဝမ်းနည်း စိတ်တို ဖြစ်မိရုံနဲ့ အပါယ်ကျ သို့မဟုတ် မစင်ကြယ်သူလို့ ဆိုရင် များလွန်းလေမလား။
ဒါကြောင့် အဋ္ဌကထာ ကျမ်းမြတ်တွေရဲ့ အဆိုကို “သောတာပန် ပုဂ္ဂိုလ်ဟာ ဣဿာ မစ္ဆရိယရဲ့ အပါယ်ရောက်ကြောင်း သတ္တိကို ပယ်တယ်”လို့ပဲ ဘုန်းကြီး ယူဆခဲ့တာပါ။
ဒါလေးတော့
ဒီယူဆပုံကို အခြေခံပြီး “သောတာပန် ဖြစ်ပြီးတဲ့ အမျိုးသမီးဟာ မိမိချစ်သူက အခြားအမျိုးသမီး တစ်ဦးအပေါ် စိတ်ဝင်စားနေတာကို သိရင် မနာလိုစိတ် (ဣဿာ jealousy) ဒေါသစိတ် (ဝမ်းနည်း စိတ်တို) ဖြစ်ခွင့်ရှိတယ်“လို့ ဘုန်းကြီး ရေးလိုက်တာတော့ နည်းနည်း ရင့်သီးကြောင်း ဝန်ခံပါတယ်။
သောတာပန်ရဲ့ “အကြွင်းမဲ့ပယ်” နဲ့ “တနကရပယ်’အကိစ္စကတော့ ပညာရှိတို့ ဆက်လက် ဆွေးနွေးရဦးဖွယ် ရှိပါတယ်။ “တစ်ထစ်ချ ဆုံးဖြတ်ဖို့တော့ ခက်နိုင်ပါတယ်”။ ဆွေးနွေးပါ များရင် အမှန်ကို ရောက်သွားမှာပါ။
ဖော်လိုလိုက်
မေးခွန်း မေးသူက “သေက္ခပါ”လို့ ဆိုတာကို ဘာလို့ မပြင်ရ သလဲ ဆိုရင် ... မေးသူဟာ ဘာအဓိပ္ပာယ်နဲ့ ဒီလို သုံးတယ် ဆိုတာကို ဘုန်းကြီး မသိဘူး။ သူ့ကိုယ်သူ သောတာပန်ပါလို့ ပြောတာမှ မဟုတ်ဘဲ။ သေက္ခပါလို့ ပြောရုံနဲ့ “ဒါ သူ့ကိုယ်သူ သောတာပန်လို့ ဆိုချင်တာပဲ’လို့ ရမ်းပြီး မစွပ်စွဲသင့်ဘူး။ မေးလာသူရဲ့ ဖီလင်ကို ထင်ကြေးနဲ့ မနှောင့်ယှက်ချင်လို့ “ဖော်လို’လိုက်ထားတာပါ။
သေက္ခလား
“သေက္ခဆိုတာက အရိယာပုဂ္ဂိုလ် ၈-မှာ အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်မှတစ်ပါး ကျန်တဲ့ အရိယာပုဂ္ဂိုလ် ရ-ယောက်ကိုသာ ဆိုတာပါလို့ ဝေဖန်သူ ဆရာတော်အနေနဲ့ မဆိုသင့်ပါဘူး။ “သေခေါတိ ပုထုဇ္ဇနကလျာဏကေန သဒ္ဓိ သတ္တ အရိယာ = သေက္ခဆိုတာ ကလျာဏပုထုဇဉ်နဲ့ အရိယာပုဂ္ဂိုလ် ၇-ယောက်လို့ ဆိုပါတယ် (ဝိ၊ဋ္ဌ၊၁၊၂ဝ၇။ ဣတိ၊ဋ္ဌ၊၂၃၆။ မ၊ဋ္ဌ၊၁၊၄၂)။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို ပြည့်စုံစွာ ကျင့်သုံးနေ မှန်ရင် အရိယာ မဖြစ်သေးမယ့် “တပည့်တော် သေက္ခပါ လို့ ဆိုခွင့်ရှိပါတယ်။ ဒီလိုဆိုရုံနဲ့ အပြစ်မြင်ရင် ပဋိပတ္တိသာသနာ အားပေးရာ မကျနိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်။
ဧပြီ ၁၁၊ ၂၀၁၈။
မှတ်ချက်များ
“သောတာပန်ဟာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာက လွဲရင် ကျန်ကိလေသာကို အပါယဂမနီယသတ္တိသာ ပယ်တယ်၊ အမြစ်ပြတ် ပယ်ဘူး”ဆိုတဲ့ အဖြေမှာ ဘာစောဒကမှ တက်စရာ မရှိပါဘူး။ အနုသယ၊ ပရိယုဋ္ဌာန အဆင့်ထိ ကျန်တယ်၊ ဝီတိက္ကမ (ဒုစရိုက်)အထိ မရောက်ဘူးလို့ ဆိုတဲ့ သဘောပါပဲ။
“သောတာပန် ရည်းစားလူလု အူနုကျွဲခတ်”ကလည်း ပရိယုဋ္ဌာန အထိတော့ ဖြစ်နိုင်တာ အမှန်ပါပဲ၊ သကဒါဂါမ် ထိလည်း ဖြစ်နိုင်သေးတာပါပဲ။
အဖြေမှာ ဘာမှ မမှားပါဘူး။ ဘုရားရှင် ပရိနိဗ္ဗာန် ပြုရတာကို မကျေနပ်လို့ သောတာပန်တွေ ငိုကြတာဟာလည်း သဘောကတော့ သေမင်းအပေါ် ဣဿာ၊ မစ္ဆေရ ပရိယုဋ္ဌာန ဖြစ်တာပဲ မဟုတ်လား။ နာစရာ မလိုဘူး၊ ဒါ သဘာဝပဲ (စာအလိုပေါ့)။
ဓမ္မဘေရီ ဆရာတော်
---
သစ္စကလိုလူ
စိတ်ထဲ၌ မှားနေမှန်း သိလျက် အတွေးမှား အယူမှားကို မသိစိတ်ဖြင့် ဖုံးကွယ်ပြီး ဇွတ်မှိတ် ဆုပ်ကိုင်ထားသူသည် လိမ်ညာတတ်သူ ဖြစ်၏။ သိကြားမင်းက ဝရဇိန် လက်နက်ကို ပြပြီး ခြိမ်းခြောက်မှသာ အမှားကို ဝန်ခံသူ သစ္စက ပရိဗိုဇ်နှင့် ပမာတူ၏။ ပညာတတ်ပြီး ပညာရှိသူသည် သစ္စကလိုလူ မဖြစ်သင့်။
အရှင်ကေလာသ
---
၆၄၇။ အဒိန္နာဒါန
အရှင်ဘုရား၊ မရှင်းတဲ့ ကိစ္စလေးတစ်ခု မေးချင်လို့ပါ ဘုရား။ သူတစ်ပါးက ကိုယ့်ကို ယုံကြည်လို့ ပိုက်ဆံ ငွေသားချည်းပဲကို ဖြစ်စေ၊ ဘဏ်မှာ ရှိနေတဲ့ငွေကို ထုတ်ယူလို့ ရတဲ့ ဘဏ်ကတ်ကိုဖြစ်စေ အပ်နှံထားတဲ့အခါ ပိုင်ရှင်ကို အသိမပေးဘဲ ခဏယူသုံးပြီး ပြန်ဖြည့်ထားတယ် ဆိုရင် အဒိန္နာဒါနကံ ဖြစ်ပါသလား သိလိုပါသည် ဘုရား။
ဥမ္မာမြင့် (တိုကျို)
---
အင်္ဂါရပ်
အဒိန္နာဒါန (သူတစ်ပါး မပေးတာကိုယူ သို့မဟုတ် ခိုးယူ)လို့ သတ်မှတ်ဖို့ အင်္ဂါရပ် ၄-ချက် ရှိတယ် ..
၁) သူတစ်ပါးပိုင် ပစ္စည်းဥစ္စာ ဖြစ်ခြင်း၊
၂) သူတစ်ပါးပိုင် ပစ္စည်းဥစ္စာမှန်း သိနေခြင်း၊
၃) ခိုးယူလိုတဲ့ စိတ်ရှိခြင်း၊
၄) ခိုးယူခြင်း၊
ဒီအင်္ဂါရပ် လေးခုနဲ့ ညီညွတ်ရင် အဒိန္နာဒါန (ခိုးခြင်း)ကံ မြောက်တယ် သို့မဟုတ် သံသရာပြစ် ရှိတယ်လို့ ဆိုလိုတယ်။
အမှတ် ၂) အင်္ဂါရပ်အရ သူတစ်ပါး ပစ္စည်းမှန်း မသိလို့ ယူမိရင် ကံမမြောက်ဘူး။ ဒါပေမယ့် ကိုယ့်ဟာ မဟုတ်မှန်းတာနဲ့ ပြန်ပေးရမယ်။ အမှတ် ၃) အရ ရင်းနှီးခင်မင်လို့ အပ်ထားတဲ့ သူတစ်ပါး ပစ္စည်းကို ယူရင် ကံမမြောက်။ အမှတ် ၄) အရ ခိုးလိုတဲ့ စိတ်နဲ့ နေရာ ရွှေ့လိုက်တာနဲ့ (စိတ်ပြောင်းပြီး ပြန်ထားလိုက်ပေမယ့်) ကံမြောက်ခဲ့ပြီ။
အဖြေ
မေးခွန်းပါ ဖြစ်ရပ်မှာ အမှတ် ၁) နဲ့ ၂) အင်္ဂါရပ်တွေနဲ့ ညီညွတ်တယ်။ အမှတ် ၄) ကတော့ ကျန်အင်္ဂါရပ်တွေ အပေါ် တည်မှီတယ်။ အမှတ် ၃) အင်္ဂါရပ်နဲ့ ပတ်သက်လို့ ..
(က) ပိုင်ရှင်ဟာ မိမိနဲ့ ရင်းနှီးသူ (ဒီလို လုပ်ပေမယ့် ခိုး တယ်လို့ မယူဆသူ၊ သို့မဟုတ် ကိုယ်လုပ်သလို သူလည်း လုပ်နိုင်သူ) ဖြစ်ရင် ပြန်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ကံမ မြောက်။
(ခ) မရင်းနှီးသူ တစ်စိမ်းလူ ဖြစ်ပေမယ့် အမှန်တကယ် ခိုးလိုစိတ် မရှိတဲ့ အပြင် ပြန်ပေးတဲ့ အတွက် ကံမမြောက်ဘူး။ ဒါပေမယ့် ..
ရှောင်သင့်
“စိတ်ဟာ အလင်းရဲ့ မြန်နှုန်းထက် မြန်တယ်ဆိုတာကို သတိပြု။ “ခိုးလိုစိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး”လို့ ဆိုပေမယ့် ခေတ် လူတစ်ဦး အနေနဲ့ ယုံကြည်ဖို့ ခက်နိုင်တယ်။ အကယ်၍ ကြောင်း တစ်ခုနဲ့ ဒီကိစ္စကို တစ်စိမ်းဖြစ်သူ ပိုင်ရှင် သိသွားပါ ကလည်း ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်။
ဒါတွေကြောင့် ဒီလုပ်ရပ်မျိုးကို ဘုန်းကြီးတော့ မကြိုက်နိုင်ဘူး။ အသိပေးပြီးမှ လုပ်သင့်တယ်။
ဧပြီ ၁၂၊ ၂၀၁၈။
As long as poverty, injustice and gross inequality persist in our world, none of us can truly rest. Nelson Mandela
ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေခြင်း တရားမတမျှခြင်းနဲ့ လူတန်းစား မညီမျှမှုတွေ တည်ရှိနေသရွေ့ မည်သူမျှ အမှန်တကယ် မငြိမ်းချမ်းနိုင်။
---
၆၄၈။ ပဗ္ဗာဇနိယကမ္မဝါ
ဆရာတော် ဘုရား ... တပည့်တော်ကို မေးခွင့်ပြုပါ ဘုရား။ နှစ်ဆန်း တစ်ရက်နေ့တွေမှာ ရဟန်းတော်များ ရွတ်ဖတ်နေကြတဲ့ ပဗ္ဗာဇနိယကမ္မဝါ ဖြစ်လာပုံ သမိုင်းကြောင်းလေး မိန့်တော်မူ ပေးပါ ဘုရား။
အရှင်ဩဒါတ (နပသ၊ ရန်ကုန်)
---
ကမ္မဝါ ၂-မျိုး
၁) ရဟန်းဝိနည်းနဲ့ ဆိုင်တဲ့ ကမ္မဝါစာနဲ့ ၂) အန္တရာယ်ကင်း ကမ္မဝါစာလို့ နှစ်မျိုးလို့ ခွဲမှတ်သင့်တယ်။ မေးခွန်းနဲ့ ပတ်သက်တဲ့ အမှတ် ၂) မှာ (က) ပဗ္ဗာဇနိယ ကမ္မဝါစာနဲ့ (ခ) အနန္တရာယိက ကမ္မဝါစာလို့ နှစ်မျိုးရှိတဲ့အနက် (က) ကိုပဲ သုံးသပ်မယ်။ အန္တရာယ်ကင်း အနေနဲ့ ရွတ်ဖတ်တာ ဖြစ်လို့ (က) (ခ) နှစ်မျိုးလုံးကို အိမ်၊ သို့မဟုတ် ရပ်ရွာထဲ ရွတ်နိုင်တယ်။ ရွတ်ဖတ်ခြင်း အောင်မြင်ဖို့ လိုအပ်တဲ့ သံဃာ အရေအတွက်လည်း မကန့်သတ်ဘူး။ တစ်ပါးတည်းလည်း ရွတ်နိုင်တယ်။
လိုအပ်တဲ့ သံဃာ အရေအတွက် အပြည့်အစုံနဲ့ သိမ်ထဲမှာ စနစ်တကျ ရွတ်ရတာမျိုး မဟုတ်လို့ အချို့ ဆရာတော်တွေက မနှစ်သက်နိုင်တာကိုလည်း ကြုံဖူးတယ်။ ဒါကြောင့်ပဲ (ခ) အမျိုးအစား ပေါ်လာတယ်လို့ ယူဆရတယ်။
ပဗ္ဗာဇနိယ
ပဗ္ဗာဇနိယ = နှင်ထုတ်ခြင်း။ ကမ္မဝါစာ = ပုံစံကျပြန်တမ်း။ ဝိနည်းနဲ့ အညီ မနေတဲ့ ရဟန်းတွေကို သူတို့ နေတဲ့ အရပ်ဒေသ က နှင်ထုတ်တဲ့ ပဗ္ဗာဇနီယ ကမ္မဝါစာ (ဝိ၊၁၊၂၈၂)ကို မှီပြီး ဒီ ကမ္မဝါစာ ဖြစ်လာတယ်လို့ ယူဆတယ်။ သံဃာ့အမိန့်နဲ့ အစိမ်းသူရဲ သင်းကွဲ ပြိတ္တာစတဲ့ မကောင်းဆိုးဝါးတွေကို ၎င်းတို့ နေတယ်လို့ ယူဆရတဲ့ အိမ်၊ ခြံဝင်း၊ ရပ်ကွက် စသည်က နှင်ထုတ်တဲ့ အမိန့်ပြန်တမ်းလို့ နားလည်ရင် မလွဲလောက်ပါဘူး။
လယ်တီမူ
မြန်မာ ၁၂၇၀-ပြည့်နှစ်မှာ မန္တလေးနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဆိုက်ရောက်တဲ့ ပလိပ်ရောဂါ ကပ်ဘေးကို ကာကွယ် ကျော်လွှားဖို့ လယ်တီ ဆရာတော်ကြီးက ပဗ္ဗာဇနီယ ကမ္မဝါစာကို ရေးတော်မူကြောင်း သိရတယ် (လယ်တီဂန္ထဝင်ကျော်များသမိုင်း၊ စာ-၂၀၀)။ Mabel Bode ရဲ့ Pali Literarte of Burma, p. 98 မှာ ဖော်ပြတဲ့ လယ်တီဆရာတော်ရဲ့ ကျမ်းစာ စာရင်းမှာ လည်း ပဗ္ဗာဇနီယ ကမ္မဝါစာကို တွေ့နိုင်တယ်။
ဘုရားကြီးမူ ကမ္မဝါစာ ၅၉-ခန်း ကျမ်းမှာတော့ ရှေးဆရာ များ ရေးသားတဲ့မူနဲ့ လယ်တီ ဆရာတော်ကြီးရဲ့ မူလို့ ပဗ္ဗာဇနီယ ကမ္မဝါစာမူ နှစ်မျိုး ဖော်ပြတယ်။ ဒါကြောင့် လယ်တီမူ တိုင်ခင်က ပဗ္ဗာဇနီယ ကမ္မဝါစာ မူဟောင်း ရှိမယ်လို့ ယူဆရတယ်။ ကျောင်းတော်ရာ ရွှေကျင်တိုက်၊ ကံသာကျောင်း ဆရာတော်ရဲ့ ပဗ္ဗာဇနီယ ကမ္မဝါစာမူမှာ ရှေးမူနဲ့ တူတယ်။
ပဗ္ဗာဇနိယကမ္မဝါစာ ဘယ်တုန်းက စခဲ့တယ်ဆိုတာတော့ ခြေရာခံ လိုက်ရဦးမယ့် သဘောရှိပါတယ်။
တောထုတ်
တောထုတ်တယ်ဆိုတာ လူနေ ရပ်ကွက်ထဲကို ရောက်နေတယ်လို့ ယူဆတဲ့ မကောင်းဆိုးဝါးကောင်တွေကို နှင်ထုတ်တဲ့ အဓိပ္ပာယ်ပါ။ လယ်တီဆရာတော်ကြီးဟာ ၁၂၇၀-ပြည့် နှစ်မှာ ကြုံနေရတဲ့ ပလိပ်ရောဂါ ဘေးကြောင့် လူအများ သေဆုံးကြလို့ အစိမ်း သူရဲတွေ မြို့ရွာတွင်း မဝင်နိုင်အောင် ကာကွယ်တဲ့ အစီအမံတွေကို ဖော်ပြတဲ့ ရောဂန္တရဒီပနီကျမ်းကို ရေးသားပါတယ်။ အဲဒီကျမ်း (၁၂၇၂-ခု၊ ပထမ အကြိမ်ရိုက်၊ စာ-၇၄)မှာ တိဗက် လူမျိုးတွေ လုပ်တဲ့ တောထုတ်နည်း တစ်မျိုးကို ဖော်ပြပုံက ..
“ရှေ့က လမ်းပြရာသို့ အကြမ်းတီး၊ အကြမ်းတိုက်၊ အကြမ်းအော်ဟစ်၍ ပြိုပြုန်း အုန်းအုန်းဆူ ပြုလုပ် ကြကုန်ရမည်။ ယမ်းမီးပြောက်တို့လည်း တစ်လှည့် တစ်လှည့် ခွဲရမည်။ တုတ်ကြီးတို့နှင့် မပျက် စီးနိုင်သော တုံးကြီး တိုင်ကြီးများကို ရိုက်နှက်ကြ ကုန်ရမည်တဲ့။
စနစ်ကျမှ
နှစ်ဆန်း တစ်ရက်နေ့မှာ ကျေးရွာနဲ့ မြို့ပြ ရပ်ကွက်တွေမှာ ‘တောထုတ်’တာဟာ အဲဒီ အစဉ်အလာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ရောဂန္တရဒီပနီကျမ်းမှာ စည်းကမ်းတကျ လုပ်ဖို့ ညွှန်ကြားပါတယ်။ တွေ့ကရာကို တဒုန်းဒုန်း ရိုက်တာတော့ မမှန်ဘူးလို့ ယူဆတယ်။
ဧပြီ ၁၃၊ ၂၀၁၈။
---
၆၄၉။ နှစ်ပါးတွဲ သုံးပါးတွဲ ရဟန်းခံခြင်း
ဆရာတော်ဘုရား၊ ရဟန်းခံနှင့် ပက်သက်လို့ မေးလျှောက်ခွင့် ပြုပါ ဘုရား။ ဒုလ္လဘရဟန်းတွေ သုံလေးဆယ် စသည် ဝတ်တဲ့ အခါ ရဟန်းလောင်းက သုံးပါးထက် ပိုနေရင် ကမ္မဝါဖတ်တဲ့ အခါ အချို့က သုံးပါးစီပဲ သီးသန့် ရွတ်ဖတ်ပြီး အခြား ရဟန်းလောင်းတွေကို ဟတ္ထပါသ်အပြင် (နှစ်တောင့်ထွာထက် ဝေးရာ) မှာ နေခွင့်ပြုပါတယ် ဘုရား။
အချို့ကျတော့ ကာရကသံဃာ (ရဟန်းပြုပေးမည့် သံဃာ) အရေအတွက် ရှိသလောက် ရဟန်းလောင်းတွေကို ကမ္မဝါ ဖတ်ပါတယ် ဘုရား။ ဥပမာ ... ကာရကသံဃာ ကိုးပါးရှိလျှင် ရဟန်းလောင်း ကိုးပါးကို တစ်ပြိုင်နက် ကမ္မဝါ ဖတ်ပေးပါ တယ် ဘုရား။
သုံးပါးကိုပဲ သီးသန့်ရွတ်တာက ဝိနည်းကံနှင့် ညီတဲ့အတွက် ပြောစရာ မရှိပေမယ့် ဒုတိယနည်းအရ ကိုးပါးကို ကိုးပါးက တစ်ပြိုက်နက် ကမ္မဝါ ဖတ်ပေးတာဟာ ဝိနည်းကံနှင့် ညီမညီ၊ ရဟန်းဖြစ် မဖြစ် သိလိုပါသည် ဘုရား။
အရှင်နန္ဒမာလာ (မြိုင်)
---
ပြည့်စုံခြင်း
ပြည့်စုံခြင်းဆိုတာ ရဟန်းပြုပေးဖို့ လိုအပ်ချက်တွေ ပြည့်စုံတာကို ဆိုလိုတယ်။ ငါးမျိုး ရှိတယ် ..
၁) ရဟန်းလောင်းဟာ (က) အနည်းဆုံး ပဋိသန္ဓေ ရ-လ အပါအဝင် အသက် ၂၀-ပြည့်ရခြင်း (ခ) ရဟန်း ပြုခွင့် မရှိသူ ၁၁-ယောက် (လိင်ချို့တဲ့သူ၊ လိင်အင်္ဂါ နှစ်မျိုးပါသူ၊ ရဟန်းအသွင်ကို ခိုးသူ၊ ရဟန်းအဖြစ်နဲ့ ဘာသာကူးပြောင်းပြီး ထိုဘာသာဝင် အဖြစ် ခံယူနေသူ၊ လူယောင် ဆောင်နိုင်တဲ့ နဂါး ဂဠုန်စတဲ့ တိရစ္ဆာန်၊ ဘိက္ခုနီမကို အဓမ္မဖျက်ဆီးသူ၊ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားရှင်ကို သွေးစိမ်းတည်စေသူ၊ သံဃာသင်းခွဲသူ) မဟုတ်ရခြင်း။
၂) အောင်မြင်စွာ သမုတ်ထားတဲ့ သိမ် ဖြစ်ရခြင်း (သိမ်မအောင်ရင် ရဟန်းခံမှုလည်း မအောင်မြင်)။
၃) ရဟန်းပြုပေးမယ့် သံဃာအရေအတွက် ပြည့်စုံခြင်း။ အိန္ဒိယ ဖြစ်ရင် အနည်းဆုံး ထေရဝါဒ ရဟန်းအစစ် ၁၀-ပါး၊ မြန်မာနဲ့ အခြားနိုင်ငံ ဖြစ်ရင် အနည်းဆုံး ရဟန်းစစ် ၅-ပါး ရှိရခြင်း။ ရဟန်းခံရာမှာ သံဃာများလေ ပိုကောင်းလေပါပဲ။
၄) ဥတ်လို့ ခေါ်တဲ့ ကမ္မဝါစာရဲ့ နိဒါန်းကို မှန်ကန် ပီသစွာ ရွတ်ဖတ်ရခြင်း။
၅) ကမ္မဝါစာလို့ ခေါ်တဲ့ ရဟန်းအဖြစ် အသိအမှတ်ပြု ကြေညာချက်ကို မှန်ကန် ပီသစွာ ရွတ်ဖတ်ရခြင်း။
ရဟန်းဖြစ်
အဲဒီ ငါးမျိုးအပြင် .. အနာကြီး ငါးမျိုး ရှိနေရင် အမြစ်ပြတ် ပျောက်အောင် ကုရတာ၊ ကိုယ်ပိုင် သပိတ် သင်္ကန်း ရှိရတာ၊ ကျေးကျွန် မင်းမှုထမ်း မဟုတ်ရတာ၊ ကြွေးကင်းရတာ၊ မိမိကို အနီးကပ် သင်ကြား ဆုံးမမယ့် ဥပဇ္ဈာယ်ဆရာ ရှိရတာမျိုးလို ရဟန်းလောင်းမှာ ပြည့်စုံရမှာတွေ အားလုံးနဲ့ ညီညွတ်ရင် ရဟန်းလောင်းဟာ သိမ်ထဲ ဝင်ပြီး ရဟန်းခံလို့ ရပြီ။ ဒါတွေကို ပြောပြရတာက မေးခွန်းမှာ ပါတဲ့ ဝေါဟာရနဲ့ ပတ်သက်တာတွေကို သာမန် စာဖတ်သူတစ်ဦးအဖို့ အကြမ်းမျှ နားလည်နိုင်ဖို့ ရည်ရွယ်ပါတယ်။
အဖြေ
ရဟန်းတို့၊ နှစ်ပါး သုံးပါးသော ရဟန်းလောင်းတို့ကို တစ်ပြိုင်နက် ကမ္မဝါစာ ရွတ်ဖတ်ရန် ခွင့်ပြု၏။ ထိုရွတ် ဖတ်ခြင်းကိုလည်း ဥပဇ္ဈာယ် တစ်ပါးဖြင့်သာ (ပြုရန်) ခွင့်ပြု၏။ ဥပဇ္ဈာယ် အသီးသီးဖြင့် ခွင့်မပြု (ဝိ၊၃၊၁၂၉)။
ဒီပါဠိတော်အရ ရဟန်းလောင်း နှစ်ဦး သို့မဟုတ် သုံးဦး ကိုသာ တစ်ပြိုင်နက် ကမ္မဝါစာ ဖတ်ကောင်းတယ်။ ထိုထက် ပို၍ တစ်ပြိုနက် မဖတ်ကောင်း။ ဒါကြောင့် ရဟန်းလောင်း ကိုးပါးဆိုရင် နှစ်ပါးစီ သို့မဟုတ် သုံးပါးစီ ခွဲပြီးဖတ်မှ ရဟန်းပြု ကိစ္စ အောင်မြင်တယ်။ အဲဒီလို ဖတ်တဲ့အခါလည်း ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းသာ ဖြစ်ရမယ်လို့ နားလည်နိုင်တယ်။
မအောင်မြင်
မေးခွန်းမှာ “ကိုးပါးကို ကိုးပါးက တစ်ပြိုင်နက် ကမ္မဝါဖတ်ဆိုတာကို ရဟန်းလောင်း ကိုးပါးကို ကာရကသံဃာ ကိုးပါးက တစ်ပြိုင်နက် ကမ္မဝါစာ ဖတ်တယ်လို့ ဆိုလိုရင် ..
အဲဒီလို လုပ်ခြင်းဟာ ဖော်ပြပါ ဝိနည်း ပါဠိတော်နှင့် မညီ ညွတ်လို့ မမှန်ဘူး။ သံဃာကိုးပါးက ရဟန်းလောင်း ကိုးပါးကို သုံးပါးထက် မပိုစေဘဲ တစ်သုတ်စီ ခွဲဖတ်မှ အဲဒီ ရဟန်းခံကိစ္စ အောင်မြင်တယ်။ ကမ္မဝါစာ ဖတ်တဲ့ သံဃာတွေကတော့ သုံးပါးလေးပါး စသည် ခွဲ၍ ဖြစ်စေ ကိုးပါးလုံး တစ်ပြိုင်နက် ဖြစ်စေ ရွတ်ခွင့် ရှိတယ်။
ဧပြီ ၂၀၊ ၂၀၁၈။
---
၆၅၀။ ကြောင်နှင့် ကမ္မဝါ
ဆရာတော် ဘုရား၊ မကြာမီက ဒုလ္လဘ ရဟန်းခံစဉ် ကမ္မဝါစာ ဖတ်နေတုန်း ရုတ်တရက် ဝင်လာသည့် ကြောင်ကလေးကို ရဟန်းတစ်ပါးက ဖမ်းဆွဲထားပါသည်။ ရဟန်းတော်များ ကမ္မဝါ ဖတ်သည့်နေရာ အနီးသို့ တိရစ္ဆာန် မဝင်ရဟု မှတ်သားဖူး သဖြင့် ထိုသို့ ပြုပါက ရဟန်းခံခြင်းကိစ္စ အောင်မြင်ပါသလား ရှင်းပြပေးပါ ဘုရား။
နိုင်မျိုးသန့်
---
မဝင်ရ
ရဟန်းခံရင် ဖြစ်စေ၊ ကထိန်ခင်းရင် ဖြစ်စေ သံဃာတွေ စုဝေး သိမ်ထဲဝင်ပြီး ကမ္မဝါစာ ဖတ်ရတယ်။ အဲဒီလို ဖတ်တဲ့အခါ ရဟန်း သံဃာတွေရဲ့ နှစ်တောင့် တစ်ထွာအတွင်း ဝင်ခွင့် မရှိသူ ၂၁-ယောက် ရှိတယ်။ သာမန်တို့အတွက် အဲဒီ ၂၁-ယောက်ကို အမြွက်မျှ ထုတ်ပြရရင် ..
လူ၊ ရဟန်းမ၊ ရဟန်းပြုဖို့ ရည်ရွယ်ပြီး ကျင့်နေဆဲ အမျိုးသမီး၊ သာမဏေ၊ သာမဏေမ၊ ရဟန်းသိက္ခာကို ချထားသူ၊ အပြစ်ကြီး သိက္ခာပုဒ် ၄-ခု တစ်ခုခု ကျူးလွန်၍ ရဟန်းဝတ်ခွင့် မရှိတော့သူ၊ အယူမှားကို မစွန့်လို့ ကမ္မဝါဖတ် ရဟန်းအုပ်စုတွင် ပါဝင်ခွင့် မရှိသူ၊ အာပတ်သင့်လျက် အာပတ်ကို ဂရုမစိုက်လို့ ... ဝင်ခွင့် မရှိသူ၊ သင့်ပြီးအာပတ်ကို မကုစားလို့ ... ဝင်ခွင့် မရှိသူ (၁၀-ယောက်)။
လိင်ချို့တဲ့သူ၊ လိင်နှစ်မျိုးရှိသူ၊ ရဟန်းအသွင် ခိုးသူ၊ ဘာသာတစ်ပါး ကူးပြောင်းပြီး ထိုဘာသာဝင် ဖြစ်နေသူ၊ ဘိက္ခုနီမကို အဓမ္မ ပြုကျင့်သူ၊ တိရစ္ဆာန်၊ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားရှင်ကို သွေးစိမ်း တည်စေသူ၊ သံဃာ သင်းခွဲသူ (၁၁-ယောက်)။
တိရစ္ဆာန်
ဒီ ၂၁-မျိုးထဲမှာ တိရစ္ဆာန် ပါတာကို တွေ့နိုင်တယ်။ ဒီနေရာမှာ တိရစ္ဆာန်ဆိုတာ “ယုတ်စွအဆုံး သိကြားမင်းကို အစပြု၍ နဂါးလုလင် အစရှိသော လူဇာတ် မဟုတ်သူကို ယူရမည်။ မြင်းနွား စသည်ကို မယူရ (ကင်္ခါဋီကာသစ်၊ ၁၃၆)”လို့ ဆုံးဖြတ်တယ်။ ဒီစာအရ လူယောင်ဆောင်ခိုက် နဂါး ဂဠုန်စတဲ့ တိရစ္ဆာန်၊ ဒါ့အပြင် လူယောင်ဆောင်နိုင်တဲ့ နတ်ဒေဝါတွေ ပါတယ်။ သိကြားမင်း လူယောင်ဆောင် သင်္ကန်း စည်းပြီး ဝင်နေရင် တောင် ကမ္မဝါစာ ဖတ်ခြင်းကိစ္စ မအောင်မြင်ဘူး။
အဖြေ
ဒါကြောင့် ကမ္မဝါစာ ဖတ်နေတုန်း ကြောင်ကလေး ဝင်လာလို့ ရဟန်းခံ ကိစ္စကို မပျက်စေဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သံဃာတွေ ကမ္မဝါစာ ဖတ်နေတုန်းမှာ သံဃာကို လေးစားတဲ့ အနေနဲ့ ဂရုတစိုက် နားထောင်နေသင့်တယ်။ တီးတိုးစကားပြောတာ တယ်လီဖုန်းကို ကြည့်နေတာ စာဖတ်နေတာ ငိုက်နေတာ စသည် လုပ်ရင် ကိုယ့်အလုပ်ကို မလေးစားရာ ရောက်တယ်။ ကြောင်ကို လှမ်းဆွဲတယ်ဆိုတာ လုပ်နေဆဲ အလုပ်ကို စိတ်မဝင်စားလို့ လက်ဆော့တဲ့ သဘောပဲ။ ကံမပျက်ပေမယ့် ဒါမျိုးကို ရှောင်သင့်တယ်။
ဧပြီ ၂၁၊ ၂၀၁၈။
---
၆၅၁။ ဂေါတမအမည်
ဘုန်းကြီး ဘုရား၊ တပည့်တော် ဩသဓ (နပသအခေါ် ပိုးလေး) ပါ ဘုရား။ အွန်လိုင်းမှာ ဘုန်းကြီး တစ်ပါးက “ဂေါတမသဒ္ဒါက မြင့်မြတ်သော အနွယ်ဝင်ဖြစ်တဲ့ သုဒ္ဓေါဒနမင်းကြီး၊ အရှင်အာနန္ဒာတို့လည်း သက်ဆိုင်ပေမယ့် ဘုရားရှင်ကိုသာ ရန္နီနည်းအားဖြင့် ဆိုထားတာပါ”ဟု ရေးထားပါသည်။ သူအဆိုအရ ဘုရားရှင်ကိုပဲ ဂေါတမဟု ခေါ်ရမည်ဟူသော အဓိပ္ပာယ် ဖြစ်နေပါသည်။ ထိုပုဂ္ဂိုလ်ကပင် “မြင့်မြတ်သော အနွယ်ဝင် ဖြစ်တာကြောင့် လူနာမည် သိဒ္ဓတ္ထ၊ ဘုရားနာမည် ဂေါတမဟု တွင်တာပါ”ဟုလည်း ဆိုပါသည်။ ထိုဖော်ပြချက်နှင့် ပတ်သက်ပြီး မှန်မမှန် ရှင်းပြပေးစေလိုပါသည် ဘုရား။
တပည့် ဩသဓ (ခေတ္တ ဩဇီ)
---
မရွေ့ဘူး
မေးခွန်းရှင် အနေနဲ့ နည်မည် ပြဿနာ ကြုံဖူးတဲ့ သဘောရှိတယ်။ မြန်မာ ပတ်စ်ပို့စ်မှာ "ဩသဓ’လို့ပဲ ရေးထားတော့ အွန်လိုင်းက လေယာဉ် လက်မှတ် ဝယ်တဲ့အခါ First Name ကို U လို့ စာလုံး တစ်လုံးတည်း ထည့်ရင် ရှေ့ကို မရွေ့တော့ဘူး။ နိုင်ငံခြား သံရုံးတွေက FNU (First Name U) ရေးလိုက်ပေမယ့် FNU တွေ များနေလို့ လေယာဉ်ပေါ် တက်ခါနီး မေးလား စစ်လားနဲ့ ပြဿနာက မရှင်းသေးဘူး။
အချို့ မြန်မာ နာမည်ဆိုရင် ဦးလှဝင်းကနေ ဝင်းလှဦး ဖြစ်သွားလို့ မသိရင် လုံးရာက ပြားသွားနိုင်တယ်။
သူတို့ဆီမှာ
တရုတ်တွေ နာမည်ပေးပုံ စနစ်ကျတယ်။ ဥပမာ .. ဆွန်းဝီး (Soon Wee)ဆိုရင် ဆွန်းက သူ့နာမည်ရင်း၊ ဝီးက သူ့အဖေ့ဖက်က လာတဲ့ အမျိုးအနွယ် နာမည်။ ဆွန်းက မွေးလာတဲ့ လေးတွေက ရောဘတ်ဝီး၊ ကက်သရင်းဝီးတွေ ဖြစ်ကုန်တယ်။ ဒါကြောင့် သူတို့မှာ First Name, Last Name ပြဿနာ မရှိဘူး။ ဝီး မိသားစု လှူဒါန်းသည်”ဆိုရင် “ဝီး”ပါတဲ့ သက်ရှိ သက်မဲ့ မိသားစု အားလုံးကို ရည်ညွှန်းတာပဲ။
အမေရိကန် လူမည်း အခွင့်အရေး ခေါင်းဆောင် “မာတင် လူသာကင်း’။ ‘ကင်း’ဆိုတာ သူ့အဖေဖက်ကလာတဲ့ အနွယ်နာမည်။ သူ့ကို သတင်းစာတွေမှာ “မစ္စတာကင်း”လို့ အတိုကောက် ရေးလေ့ ရှိတယ်။ သူ့သမီး ယိုလန်ဒါကင်းကိုလည်း “ကင်း’လို့ပဲ ရေးတယ်။ “ကင်း”ဆိုတာ မိသားစုပိုင်။
ဘယ်ရုဠှီ
၁) အတွင်ဋီ (ယူနည်း ၂-မျိုးရှိ) ၂) အထင်ဒီ (ယူနည်း အနည်းဆုံး ၅-မျိုးရှိ)နဲ့ ၃) အတင်ဋီလို့ ရဋီသုံး မျိုးအနက် အမှတ် ၃) လည်း ၁၂-မျိုးတောင် ပြားသေးတယ်။
ဥပမာ တစ်ခု လေ့လာကြည့်မယ်။ ဉာဏ်မီသလောက် လိုက်ကြည့် .. “မြေမှာ တွန်တတ်လို့ ဥဒေါင်းခေါ်တယ် (မဟိယံ ရဝတီတိ မယူရော)”ဆိုရာမှာ မြေမှာတွန်တဲ့ ကြက်ချိုး ခါရင် တွေကို မခေါ်ဘဲ အထင်ရှားဆုံးဖြစ်တဲ့ ဥဒေါင်းကိုပဲ “မယူရ’လို့ ခေါ်တယ်။ ဒါမျိုးကို အထင်ဋီနည်းတဲ့။
ဒါပေမယ့် ‘ဂေါတမ’ပုဒ်ကျတော့ ဒါနဲ့ အလားတူ (အထင် ရန္နီနည်း) မဆိုနိုင်။ ဘာလို့ဆို ဂေါတမ ဆိုတာက အဲဒီ အနွယ်ဝင်တွေ အားလုံး မုချအားဖြင့် သုံးနှုန်းခွင့် ရှိနေလို့။ ယုတ္တိနဲ့ ကျမ်းဆိုကို ညှိကြည့်ရရင် ..
ဂေါတမ
“ဂေါတမအနွယ်ဝင် ကပိလရသေ့၏ တပည့်ဖြစ်၍ သာကီယ များလည်း ဂေါတမမည်၏။ မြတ်စွာဘုရားကျတော့ ထိုဂေါတမအနွယ်၌ ဖြစ်သဖြင့် ဂေါတမရသေ့၏ သားဖြစ်သောကြောင့် ဂေါတမမည်၏ (အဘိဓာန်-ဋီ၊ ၄)။ ဒီစာအရ ဂေါတမဆိုတာ အနွယ်နာမည် ဖြစ်တဲ့အတွက် ဒီအနွယ်မှာ ပါဝင်တဲ့ သာကီဝင် မင်းသား မင်းသမီး အားလုံးနဲ့ သက်ဆိုင်တယ်။ “သက်ဆိုင် တယ်’ဆိုတာကို ဂေါတမအနွယ်ဝင် ဖြစ်ရင် မည်သူမဆို ‘ငါ ဂေါတမပါလို့ သုံးခွင့် ရှိတယ်လို့ ဘုန်းကြီး ယူဆတယ်။
ဗုဒ္ဓဆိုတာ သစ္စာလေးပါးကို သိ၊ သဗ္ဗညုတ ဉာဏ်ကို ရပြီးမှခေါ်တဲ့ နာမည်။ နာမည်ရင်းက “သိဒ္ဓတ္ထ ဂေါတမ”။ ဂေါတမ ဆိုတာ မိသားစုပိုင် နာမည်။ ဒါကြောင့် အနောက်တိုင်းသားတို့ရဲ့ စာမှာ သိဒ္ဓတ္ထကို Royal Name (First Name), ဂေါတမကို Family Name (Last Name) လို့ ဖော်ပြလေ့ ရှိတယ် (H. S.Olcott, The Buddhist Catechism, p. 4)။
အရှင်အာနန္ဒာ
အရှင်ဝင်္ဂီသ မထေရ်က အရှင်အာနန္ဒာကို “ဂေါတမနွယ်ဖွား အရှင်အာနန္ဒာဘရား၊ တပည့်တော်အား သနားသဖြင့် ရာဂငြိမ်းကြောင်းတရား ဟောတော်မူပါ (သာဓု နိဗ္ဗာပနံ ဗြူဟိ၊ အနုကမ္ပါယ ဂေါတမ။ သံ၊၁၊၁၈၉)” လို့ လျှောက်ဖူးတယ်။ အနွယ် မတူပေမယ့် မြတ်ဗုဒ္ဓရဲ့ တပည့်သာဝက ဖြစ်တာနဲ့ပဲ အရှင်ဂီသတောင် “ဂေါတမ အနွယ်ဝင်ဖြစ်တဲ့ ဟဲ့ .. ဝင်္ဂီသ၊ မာနကို ပယ်လော့ (သံ၊၁၊၁၈၉)’လို့ မိမိကိုယ်ကို ဂေါတမလို့ သုံးဖူးတယ်။ မြန်မာ ရဟန်းအချို့ မိမိကိုယ်ကို သကျပုတ္တလို့ ဆိုရင် မှားတယ်လို့ ဘယ်သူ ပြောသလဲ။
သုဒ္ဓေါဒန
သုဒ္ဓေါဒန မင်းကြီးက မြတ်ဗုဒ္ဓကို “မြတ်စွာဘုရား၊ တပည့်တော် တောင်းမယ့်ဆုက အပ်လည်း အပ်တယ်၊ အပြစ်လည်း မရှိပါဘုရား”လို့ လျှောက်တဲ့အခါ မြတ်ဗုဒ္ဓက “ဂေါတမ အနွယ်ဖြစ်သော မင်းကြီး၊ ဆိုပါလော့ (ဝဒေဟိ ဂေါတမ။ ဝိ၊၃၊၁၁၆)”လို့ မိန့်ပါတယ်။ ဒီစကားအရ မြတ်ဗုဒ္ဓ ကိုယ်တိုင်က ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကို “ဂေါတမ’လို့ မုချ တိုက်ရိုက် ခေါ်ဝေါ်ထားတာကို တွေ့နိုင်ပါတယ်။
အဖြေ
မြတ်စွာဘုရားရဲ့ တရားကို နာပြီးတဲ့အခါ ခေါင်းခါ လျှာထုတ်ပြတဲ့ သာကီမျိုး ဒဏ္ဍပါဏိ (မ၊၁၊၁၅၄)လည်း သူ့ကိုယ်သူ ဂေါတမလို့ သုံးခွင့် ရှိတာပဲ။ ဗုဒ္ဓကို မကြည်ညိုရုံနဲ့ သူ့ရဲ့ မွေးရာပါ အခွင့်အရေး မဆုံးရှုံးနိုင်ပါဘူး။ ဒေဝဒတ်ရဲ့ နာမည်တောင် “ဒေဝဒတ္တ ဂေါတမ” မဟုတ်ဘူးလို့ ဆိုနိုင်မလား။ ဒေဝဒတ်ဟာ မြတ်ဗုဒ္ဓရဲ့ မယ်တော့်ဘက်က အမျိုးရင်း သာကီဝင်ပဲ ဥစ္စာ။ ပင်းယခေတ်မှာ ရေးတဲ့ အဘိဓာန်ဋီကာအရ ဂေါတမ အနွယ်ဝင် ကပိလရသေ့ရဲ့ တပည့်ဖြစ်လို့ သကျတွေကို ဂေါတမလို့ ခေါ်တယ် ဆိုမဟုတ်လား။
ဧပြီ ၂၄၊ ၂၀၁၈။
၆၅၂။ သိမ်နှင့် လျှပ်စစ်မီးကြိုး
ဆရာတော်ဘုရား၊ တပည့်တော် ဟိုင်းကြီး ကျွန်းဘက် ရောက်တော့ ကျောင်းတစ်ကျောင်းမှာ ရဟန်းလောင်း အပါး-၃၀ ကျော် ရဟန်းခံကြတဲ့အခါ လျှပ်စစ်မီးကို မပိတ် မဖြတ်ဘဲ ကမ္မဝါ ရွတ်ကြပါတယ် ဘုရား။ အဲဒါ ကံအောင်ပါသလား ဘုရား။ သူတို့ လျှပ်စစ်မီးက အစိုးရလျှပ်စစ်မီးပါ ဘုရား။
တွံတေး အရှင်လေး
---
သိမ်ငြိခြင်း
“ငြိ”ဆိုတာ တစ်ခုနဲ့တစ်ခု ထိစပ် ရောယှက်ခြင်း။ သိမ်ငြိတဲ့ အတွက် သမုတ်ထားတဲ့သိမ် ပျက်မသွားပေမယ့် အဲဒီ ငြိသိမ်မှာ ရဟန်းခံရင် ရဟန်းမဖြစ်၊ ကထိန်ခင်းရင် ကထိန်မအောင် ဖြစ်ရတယ်။ ဘာကြောင့်ဆို ... ငြိနေတဲ့ အခြားသိမ်မှာ ရှိနေတဲ့ ရဟန်းတွေကို ကံပြုနေတဲ့ သိမ်သို့ ပင့်ဆောင်ခြင်း၊ ဆန္ဒတောင်းယူခြင်း မပြုနိုင်လို့ (ပြုနိုင်ရင် ကံအောင်သေးတယ်)။ ဘယ်လို ဖြစ်ရင် သိမ်ငြိသလဲ ဆိုရင် ..
ကြိုးချည်
(၁) လှေကို ရေသိမ်လုပ်တဲ့အခါ မြစ်ကမ်းဘေးရှိ သစ်ပင်ရဲ့ မြေမှာ ပေါ်နေတဲ့ ပင်စည် အကိုင်း အမြစ်တွေမှာ ကြိုးမချည်ရ၊ ရေအောက် မြုပ်နေတဲ့ အမြစ်မှာပင် မချည်ရ။ မြစ်ကမ်းမှာ ငုတ်စိုက်ပြီးတော့လည်း ကြိုးမချည်ရ။ ချည်ရင် သိမ်ငြိတယ် (ဝိ၊ဋ္ဌ၊၃၊၃၃၅)။ မြစ်ကမ်းဘေးဆိုတာ အလိုလို ဂါမသိမ် ဖြစ်နေလို့ ထိုသိမ်နဲ့ မရောယှက်အောင်လို့ ဒီလို လုပ်တာ။ ကမ်းနဲ့ မဆက်စပ်တဲ့ ရေထဲမှာ ထိုးဝါးစိုက်ပြီး လှေကို ချည်ရတယ်။ လှေရွေ့မနေရ၊ လှေအောက်ရှိ ရေသည်သာ သိမ်နေရာ။
သစ်မြစ်
(၂) သစ်ပင်ရဲ့ မျက်စိနဲ့ မြင်ရတဲ့ အကိုင်းအခက်နဲ့ မြေပေါ် အမြစ်တွေ သိမ်ထဲသို့ ဝင်နေရင် သိမ်ရောယှက်မှု ဖြစ်တယ်။ သိမ် ငြိတယ်။ ဒါပေမယ့် မြေကြီးထဲ မြုပ်နေတဲ့ မမြင်ရတဲ့ အမြစ်တွေကတော့ မြေကြီးနဲ့ အလားတူလို့ သိမ်ရောယှက်မှုကို မဖြစ်စေဘူး (ဝိမတိ၊၂၊၁၆၉)။
ဒါကြောင့် သိမ်ကို ထိနေတဲ့ သစ်ကိုင်း သစ်ခက် တွေကို ခုတ်ရှင်းထားရတယ်။ မြေကြီးမှာ ပေါ်နေတဲ့ အမြစ်တွေ ရှိရင်လည်း ဖြတ်တောက် ထားရတယ်။
မီးကြိုး
ဖော်ပြပြီး ကျမ်းဂန် နှစ်ရပ်ကို အခြေခံပြီး လျှပ်စစ် မီးကြိုး ပတ်သက်တဲ့ အယူအဆ နှစ်မျိုးရှိတယ် ..
၁) မီးကြိုးကို မြေမြှုပ်ပြီး သွယ်ရင် အဲဒီ မီးကြိုးမှာ မြေကြီးနဲ့ တူသောကြောင့် မီးကြိုးကို ဖြတ်ဖွယ် ဖြုတ်ဖွယ် မလို။
၂) သိမ်နား ရောက်ခါနီးမှ မြေမြုပ်လိုက်တဲ့ အဲဒီ မီးကြိုးဟာ မြေမမြုပ်ခင်က သိမ်တွေ အများကြီးနဲ့ ယှက်စပ်ခဲ့တဲ့အပြင် သိမ်တွင်း မရောက်ခင်နဲ့ ရောက်ပြီးနောက်မှာ မြင်နေရလို့ သိမ်ရှိတယ်။ မီးကြိုးကို ဖြတ် သို့မဟုတ် ဖြုတ်ရမယ်။
ပထမအယူက ဝိမတိအဆိုအရ မြေအောက် အမြစ်ကို မြေကြီးအနေနဲ့ ယူသလို မြေမြုပ် ဓာတ်ကြိုးကိုလည်း မြေကြီး အဖြစ် ယူလိုတယ်။ ဒုတိယအယူက မြေမြုပ် ဓာတ်ကြိုးဟာ မြေမှာ ပေါ်နေတဲ့ ကြိုးနဲ့ ဆက်နေပြီး သိမ်တွင်းမှာ ပြန်ပေါ်လာလို့ မြေကြီးသဘော မသက်ရောက်ဘူးလို့ ယူဆတယ်။ လှေသိမ်ကို ကမ်းပေါ်က ငုတ်မှာ ကြိုးချည်ရင် ကံပျက်သလိုပါပဲ။
အဖြေ
ဒုတိယ ယူဆချက်ကို ပညာရှင်တို့ လက်ခံထားကြတယ်။ သိမ်ဘေးမှာ တိုင်စိုက်ပြီး သိမ်နဲ့ ဆက်သွယ်တဲ့ မီးကြိုးကို ပလပ်တပ်၊ ကံဆောင်ခါနီး ပလပ်ကို ဖြုတ်ထားရင် သံသယ အရှင်းဆုံး ဖြစ်ကြောင်းလည်း ဆိုကြတယ်။
ဒီနေရာမှာ တိုင်မှာ မီးခလုတ်ထားပြီး ခလုတ်ကို ပိတ်ရုံနဲ့ မလုံလောက်ဘူးလို့ ယူဆတယ်။ အကြောင်းက .. လျှပ်စစ် အင်ဂျင်နီယာ ဒကာကြီး ဦးအောင်ခင် (LA) အပြောအရ မီးခလုတ်မှာ မီးကြိုး တစ်ချောင်းကိုပဲ ဖြတ်ပြီး ကျန်တစ်ချောင်းက သိမ်နဲ့ ဆက်နေသေးလို့ ဖြစ်ပါတယ်။
ဧပြီ ၂၅ ၂၀၁၈။
---
သဘာဝသစ်မြစ်
ဝိမတိဆရာ ဆိုတဲ့ “ဘူမိဂတိ’ဆိုတာ ‘မြေမှာ သဘာဝ အလျောက် ပေါက်နေတဲ့ သစ်ပင်ရဲ့ မြေအောက် မြုပ်နေတဲ့ သစ်မြစ်ကိုသာ ဆိုလိုတယ်။ လူက ဖန်တီးပြီး မြေအောက် မြုပ်ထားတဲ့ ပိုက်လုံးတို့ မီးကြိုးတို့ကို မယူရဘူး”လို့ ကျေးဇူးရှင် အမရပူရမြို့၊ တူးမောင်းတိုက် ဆရာတော် ဘဒ္ဒန္တမေဓိယ မိန့်ကြားဖူးတယ်။
ဓမ္မဘေရီဆရာတော်
---
၆၅၃။ သိက္ခာထပ်သမိုင်း
အရှင်ဘုရား၊ ရိုသေစွာ မေးမြန်း လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ ရဟန်း သံဃာများ သိက္ခာ ထပ်ခြင်းသည် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ရှိပါသလား ဘုရား။ မည်သည့် အချိန်အခါမှ စတင်၍ ပေါ်ပေါက်ကာ မည်သည့် အတွက် သိက္ခာထပ်ခြင်း ပြုကြပါသလဲ အရှင်ဘုရား။
အခြား ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများတွင်လည်း ရဟန်းသံဃာများ သိက္ခာ ထပ်ခြင်းများ ရှိပါသလား ဘုရား။ ကရုဏာ ရှေ့ထား မေတ္တာအားဖြင့် အခါအခွင့်သင့်ပါက ဖြေကြားပေး တော်မူပါရန် ရိုသေစွာ တောင်းပန် လျှောက်ထားအပ်ပါသည် အရှင်ဘုရား။
သန်းထွန်း (တိုကျို)
---
ပုဂံခေတ်
မြတ်ဗုဒ္ဓ လက်ထက်က သိက္ခာထပ်တယ် ဆိုတာမျိုး စာပေမှတ်တမ်း မတွေ့မိ။ ပုဂံခေတ်က ပေါင်လောင် ရှမ်းလူမျိုးတွေ ကိုးကွယ်ခံရလို့ “ပေါင်လောင် ရှင်ကဿပ”ဆိုတာ ရှိတယ်။ နရပတိစည်သူမင်း (မြန်မာ ၅၃၆-၅၇၃) လက်ထက် ထင်ရှားပြီး မဟာဗောဓိဝင်ဋီကာ (ပါဠိဘာသာ)ကို ရေးတယ်။ နိဂုံးအရ သာသနာ ၁၇၄၇-ခုနှစ်၊ မြန်မာ ၅၆၅၊ ဝါခေါင်လဆန်း ၁၃-ရက် ဗုဒ္ဓဟူးနေ့မှာ နရပတိစည်သူရဲ့ သားတော် သီခဝိဇယမင်းက ဒီကျမ်းကို ပေထက်အက္ခရာ တင်တယ်။
ကျမ်းနိဂုံးမှာ ထိုခေတ် ပုဂံမြို့ စည်ကားပုံ စေတီပုထိုး ပေါများပုံကို ခမ်းနားစွာ ဖော်ပြတယ်။ ပိဋကတ်တော်သမိုင်း (စာကိုယ်-၃၂၁)အရ ပရမတ္ထဗိန္ဒုဋီကာကိုလည်း ဒီအရှင် ရေးသားကြောင်း သိရတယ်။
အစောဆုံး
ဒီအရှင်မြတ်ရဲ့ အတ္ထုပ္ပတ်ကို ဖော်ပြတဲ့ “ရွှေပေါင်လောင်သမိုင်း လင်္ကာ (နိဂုံးပေချပ် ပျောက်နေလို့ ရေးသူနဲ့ ရေးတဲ့ ခေတ်ကာလ မသိ)’မှာ ..
“တို့သိက္ခာကို၊ ထပ်ပါရမည်၊ မိန့်ရှိသည်၌၊ မထေရ်အရှင်၊ ကြံဆင်ခြင်၍၊ ဖြူစင်လှစွာ၊ ငါဆရာ၏၊ သိက္ခာရှိလျက်၊ ထပ်ရေးခက်ဟု .. အချက်ကျစွာ၊ သီဟိုဠ်မှာ၌၊ သိက္ခာရှောင်သွေ၊ မတင်နေသည်၊၊ ဖြူပေသီလ ဖွေးဖွေးတည်း (ယင်းလင်္ကာ၊ ပိုဒ်-၂၁)”လို့ ဆိုတယ်။
ဒီအရှင် သီဟိုဠ်ကို ရောက်သွားစဉ် သီဟိုဠ်သားတွေက သိက္ခာထပ်ခိုင်းတာကို မထပ်ဘဲ နေကြောင်း ဖော်ပြတယ်။ မြန်မာပြည်က ပါလာတဲ့ ရဟန်းသိက္ခာကို မစင်ကြယ်ဘူး ထင်လို့ ပြန်ပြီး သိမ်ဝင်ခိုင်းတဲ့ သဘောများလား။ ယခုခေတ်နဲ့ ရည်ရွယ်ချက် အတော်အတန် ခြားနားနိုင်ပေမယ့် အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀-ခန့်ကပင် သိက္ခာထပ် ဆိုတာ ရှိခဲ့ပုံပဲ။
တောင်ဖီလာ
သာလွန်မင်း (မြန်မာ ၉၄၆-၁၀၁၀)လက်ထက်မှာ ထင်ရှားတဲ့ တောင်ဖီလာ ဆရာတော်ရဲ့ ခေတ်မှာတော့ သိက္ခာထပ်ခြင်း အဓိပ္ပာယ်နဲ့ ပီပြင် ထင်ရှားတာ တွေ့ရတယ်။ ဒီမထေရ်ကျော် ရေးတဲ့ ဝိနယာလင်္ကာရဋီကာကျမ်း (၂၊ ၂၇ဝ)မှာ အောက်ပါအတိုင်း ဖော်ပြတယ် ..
“အဘိသိက် သွန်းပြီးသော မင်းကို ထပ်ခါထပ်ခါ အဘိသိက် သွန်းသော်လည်း အပြစ်မရှိ။ အဘိသိက် သွန်းခြင်းကြောင့် မင်း၏ တန်ခိုး ကြီးထွားခြင်းကိုသာ တွေ့ရ၏။ စေတီနှင့် ဆင်းတုတော်များအား ထုလုပ် တည်ဆောက်မှုကိစ္စ ပြီးစီးသောအခါ “အနေကဇာတိသံသာရံ”စသော မြတ်ဗုဒ္ဓ၏ စကားတော်များဖြင့် အကြိမ်ကြိမ် အနေကဇာတင်သော်လည်း အပြစ်မရှိ။
“ထိုအတူပင် ရဟန်းဖြစ်ပြီးသောပုဂ္ဂိုလ်အား တစ်ဖန် ကမ္မဝါစာ ဖတ်ပြန်သဖြင့် အပြစ်မရှိ။ ပထမအကြိမ် ရဟန်းခံစဉ်က အင်္ဂါငါးပါး တစ်ပါးပါး ချွတ်ယွင်းခဲ့သော် ယခုအကြိမ်မှာ ပြည့်စုံ သွားနိုင်ခြင်း၊ ပြည့်စုံပြီး ဖြစ်လျှင်လည်း ပိုမို မြဲမြံ ခိုင်ခံ့ခြင်း အကျိုးရှိ၏။
ဒီဖော်ပြချက်မှာ “ဒဠှီကမ္မထိရတရသမ္ဘဝဉ္စ အာနိသံသံ ပဿန္တာ ကရောန္တိ = ပိုမို မြဲမြံ ခိုင်ခံ့ခြင်း အကျိုးကို မြင်၍ သိက္ခာထပ်ကြ၏ဆိုတာ လိုရင်းပါပဲ။ ဒီဆရာတော်ရဲ့ ခေတ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀-ကျော်)က ယနေ့ ခေတ်မှာလို “သိက္ခာထပ်၊ အနေကဇာတင်’တွေ ရှိနေပြီလို့ မှတ်နိုင်တယ်။
အခြားနိုင်ငံ
လာအို ရဟန်းတော် ဦးဝိမလက သူ့ကို သိက္ခာထပ်ထားတဲ့ အဒေါ်ရင်းက အမေရိကမှာ ပညာသင်ဖို့ စရိတ် ထောက်ပံ့ကြောင်း ပြောဖူးတယ်။ သီရိလင်္ကာ ရဟန်းတော် အာနန္ဒပဏ္ဍိတကို ဗီယက်နာမ် အမျိုးသမီးက ဒကာခံပြီး သိက္ခာထပ်တဲ့ အခမ်းအနားကို အရီဇိုးနားကို ရောက်ပြီးမှ ဘုန်းကြီး လိုက်သွားဖူးတယ်။ ဒါတွေ ထောက်ရင် အခြား ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာလည်း သိက္ခာထပ်ခြင်း ရှိတယ်လို့ ဆိုနိုင်ဖွယ် ရှိတယ်။ ဘယ်လောက် တွင်ကျယ်တယ် ဆိုတာတော့ မသိဘူး။ ကမ္ဘောဒီးယား ယိုးဒယား ဘုန်းကြီးတွေနဲ့တော့ မကြုံဖူးပါ။
ဆင်ခြင်
သိက္ခာထပ် သို့မဟုတ် ကံထပ်ဆိုတာနဲ့ ပတ်သက်ပြီ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးရဲ့ အမြင်က ထူးခြားပြီး ပြောင်မြောက်တယ် ..
“မူလ ရဟန်းခံစဉ်က အသက် ၂၀ ပြည့်မပြည့်နဲ့ စပ်ပြီးတော့ ဖြစ်စေ၊ သိမ် ဉတ် ကမ္မဝါ ကာရကသံဃာနဲ့ စပ်ပြီးတော့ ဖြစ်စေ သိမ်ထပ်တာ ကံထပ်တာကတော့ ကိစ္စမရှိဘူး။ သို့ပေမယ့် မူလရဟန်းခံစဉ်က ကံဆောင်မှုနဲ့စပ်ပြီး သံသယ မရှိပါဘဲနဲ့ ရဟန်းဒကာ ရဟန်းအမ ပွားရုံမျှအတွက် ကံထပ်တာကတော့ သံယောဇဉ် ပွားစေတဲ့ အလုပ်ပဲ”။
“ဒါပေမယ့် စာသင်သား ရဟန်းငယ် ဘဝဆိုရင် စာသင်ရာမှာ အထောက်အပံ့ ရရေးအတွက် ဆိုတော့ တော်ပါသေးတယ်။ ကမ္မဋ္ဌာန်းဆရာ မထေရ်ကြီးဘဝ ရောက်နေမှ ကံထပ်တာကတော့ မတော်ပါဘူး။ မူလ ရဟန်းခံစဉ်ကပင် ရဟန်းဖြစ်နေရင် နောက်ထပ် ဥပသမ္ပဒကံ ဆောင်တာဟာ အပိုပါပဲ။
“ရဟန်းဒကာခံတဲ့ သူများမှာလည်း ရဟန်းဒကာ အစစ် မဖြစ်ပါဘူး။ အမည်ခံမျှပါပဲ။ သင်္ကန်း သပိတ် လှူတဲ့ ကုသိုလ်အပြင် အခြားကုသိုလ်အထူးကို မရပါဘူး။ အမည်ခံ ရဟန်းဒကာ ရဟန်းဒကာမများမှာရော အဲဒီကံထပ်တဲ့ ရဟန်းမှာပါ သံယောဇဉ် ပွားရုံမျှပါပဲ (ဝိနယဝိနိစ္ဆယသင်္ဂဟ၊ စာ-၂၂၃)။
ဧပြီ ၂၅၊ ၂၀၁၈။
---
၆၅၄။ သောတာပန်ရဲ့စိတ်
ဆရာတော် ဘုရား၊ လူသောတာပန် ပုဂ္ဂိုလ်မှာ စိတ်ပေါင်း အဘယ်မျှ ဖြစ်ခွင့်ရှိပါသနည်း ဘုရား။
တင်တင်လှိုင် (ဓမ္မဗျူဟာ)
---
စိတ်၅၀
ကာမသုဂတိဘုံသား သောတာပန် ပုဂ္ဂိုလ်မှာ ဖြစ်နိုင်တဲ့ စိတ်ကို ရည်ရွယ် မေးတာလို့ နားလည်ပြီး ဖြေမယ်။ အဘိဓမ္မာဝတာရ အမည်ရှိ အဘိဓမ္မာ သံခိပ်ကျမ်းမှာ ဖော်ပြတာကို ကျက်ပြီး မှတ်ထားပေါ့ ..
ဆဒေဝေသု မနုဿသု၊ သောတာပန္နဿ ဒေဟိနော။ ပညာသေဝဿ စိတ္တာနိ၊ ဇာယန္တီတိ ဝိနိဒ္ဒိသေ။
(ယင်း၊ ၂၂၃-ဂါထာ)
“နတ်ပြည် ခြောက်ထပ်နှင့် လူ့ပြည်၌ ဖြစ်သော သောတာပန် ပုဂ္ဂိုလ်အား စိတ်ပေါင်း ငါးဆယ်တို့သည်သာ လျှင် ဖြစ်ကုန်၏ (အဘိဓမ္မာဝတာရ၊ ၂၂၃-ဂါထာ)”။
ဒီစကားအရ ကာမဘုံမှာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ်မှာ စိတ် ၈၉-ပါးအနက် စိတ်ပေါင်း ၅၀-သာ ဖြစ်တယ်။
သရုပ်
အဲဒီ စိတ်ပေါင်း ၅၀-ကို ဋီကာမှာ ကောက်ပြထားပုံက..
ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄၊ ဒေါသမူ ၂၊ ဥဒ္ဓစ္စသဟဂုတ်စိတ် ၁။ ဒွေပဉ္စဝိညာဏ် ၁၀၊ သမ္ပဋိဏ္ဍိုင် ၂၊ သန္တီရဏ ၃။ အာဝဇ္ဇာန် ၂။ မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉။ သောတာပတ္တိ ဖိုလ်စိတ် ၁။ ပေါင်း စိတ်ပေါင်း ၅၀ (အဘိဓမ္မာဝတာရဋီကာသစ်၊ စာ-၃၅၅)”။
စေတသိက် ယှဉ်ကြည့်ရင် ဝိစိကိစ္ဆာကြဉ်တဲ့ စေတသိက်ပေါင်း ၅၁။ စကားမစပ်..ဣဿာ နဲ့ မစ္ဆရိယ ကပ်ပြီး ပါနေတာကို သတိပြု။ ဒါပေမယ့် ..
သတ္တိမဲ့
အာဝါသ (နေရာ)၊ ကုလ (လူပရိသတ်)၊ လာဘ (ပစ္စည်းပိုင်ဆိုင်မှု)၊ ဓမ္မ (အဆုံးအမ၊ အကျင့်၊ ယုံကြည်မှု)၊ ဝဏ္ဏ (အဆင်း) ဆိုတဲ့ ဝန်တိုမှု ငါးမျိုးနဲ့ မနာလိုမှုတွေကို သောတာပတ္တိ မဂ်စိတ်နဲ့ ပယ်တယ် (ဒီ၊ဋ္ဌ၊၂၊၃၁၁။ အဘိ၊ဋ္ဌ၊၁၊၄ဝ၅)။
ဒီနေရာမှာ “ပယ်တယ်”ဆိုတာကို ဒီတရားဆိုးတွေရဲ့ အပါယ်ကို ရောက်စေနိုင်တဲ့ သတ္တိကို ပယ်တယ်လို့ ယူရင် အစဉ်အလာ ပို့ချစဉ်နဲ့ ညီမယ်။ အပါယ်ကို မကျရောက်စေနိုင်တဲ့ အနုစား ဣဿာ မစ္ဆရိယတွေကတော့ အနုသယအနေနဲ့ ကာမသုဂတိ ရ-ဘုံက သောတာပန်တွေမှာ ရှိနေသေးတယ်လို့ ယူဆခွင့် ရှိတာပဲ။
မဖြစ်
ကာမသုဂတိ သောတာပန် မဖြစ်နိုင်တဲ့ စိတ်များ ... ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄၊ ဝိစိကိစ္ဆာ ၁၊ ဟသိတုပ္ပါဒ် ၁၊ မဟာကြိယာ ၈၊ မဟဂ္ဂုတ် ဝိပါက်ကြိယာ ၁၈။ သောတာပတ္တိမဂ်စိတ် ၁၊ သကဒါဂါမိမဂ်ဖိုလ် ၂။ အနာဂါမိ မဂ်ဖိုလ် ၂၊ အရဟတ္တမဂ်ဖိုလ် ၂။ ပေါင်း ၃၉ (ယင်း၊ ၂၂၃-ဂါထာ)။ စေတသိက် ယှဉ်ကြည့်ရင် ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စကြဉ် စေတသိက် ၄၈။
ဒေါစတုတ် လေးခုကို ကြဉ်ရတာက ဒေါသမူဒွေက သောတာပန်တို့ ဖြစ်တဲ့ စိတ်ထဲမှာ ပါနေလို့။ ဝိစိကိစ္ဆာက မဖြစ်တဲ့ စိတ်တွေထဲ ပါနေလို့ ကြဉ်စရာ မလိုဘူး။
ဧပြီ ၂၆၊ ၂၀၁၈။
---
၆၅၅။ ရဟန်းက အသုဘလိုက်ပို့ခြင်း
ပြည်မြို့နယ်က ကျေးရွာတစ်ခုမှာ
ကျောင်းထိုင် ဘုန်းကြီး၏
မယ်တော် ကွယ်လွန်သဖြင့် အသုဘ ပို့ဆောင်သည့်အခါ ခေါင်းတလား နောက်မှ သံဃာ ၁၀၈-ပါး လိုက်ပါ ပို့ဆောင်ပါ သည်။ ဒကာမ၏ အလောင်းကို သံဃားများ ခြံရံ၍ ထိုသို့ ပို့ဆောင်ကောင်းပါသလား ဘုရား။ ဘုရားရှင် လက်ထက်က ထိုအစဉ်အလာ ရှိမရှိလည်း သိလိုပါသည် ဘုရား။
အေးအေးမူ (ပြည်)
---
ထုံးစံမရှိ
အသုဘ ပို့ဆောင်သည့်အခါ အသုဘ ခေါင်းတလား၏ ရှေ့မှ ဖြစ်စေ၊ နောက်မှ ဖြစ်စေ ရဟန်းသံဃာများ ခြံရံပြီး လိုက်သည့် သာဓက ကျမ်းဂန်မှာ မတွေ့ဖူးပါ။ အမှန်တော့ အဲဒီလို ရဟန်းသံဃာအများ အသုဘ ခေါင်းတလားကို ခြံရံပြီး လိုက်ပင် မလိုက်ပို့ကောင်းဘူးလို့ ယူဆနိုင်စရာ ရှိတယ်။ အောက်ပါ ကျမ်းဂန် စာသားကို လေ့လာကြည့်မယ်..
မလိုက်ရ
မတာနံ ပရိဝါရတ္တံ “အာဂစ္ဆန္တူ”တိ ပက္ကောသန္တိ န ဂန္တဗ္ဗံ။ သိဝထိကဒဿနေ အသုဘဒဿနေ စ မရဏဿတိံ ပဋိလဘိဿာမီတိ ကမ္မဋ္ဌာနသီသေန ဂန္တုံ ဝဋ္ဋတိ (ဝိ၊ဋ္ဌ၊၂၊၆၇)။
လူသေတို့၏ အခြံအရံ အနေဖြင့် ကြွတော်မူကြပါ ဘုရားဟု ပင့်ခေါ်ကြလျှင် မသွားကောင်း။ သုသာန်ကို ရှုခြင်း၊ အသုဘကောင်ကို ရှုခြင်းတို့၌ မရဏဿတိ (သေခြင်းကို အဖန်ဖန် ရှုခြင်း)ကို ရမည်ဟု ကမ္မဋ္ဌာန်း ရှုမှတ်ရန် ရည်ရွယ်လျှင်မူကား သွားကောင်း၏။
ဒီစာကို ဘုန်းကြီး နားလည်သလောက် ဆိုရင် ... အများသူငါ အသုဘ လိုက်ပို့သလို ကွယ်လွန်သူရဲ့ အခြွေအရံ အနေနဲ့ ပရိသတ်နဲ့အတူ လိုက်မပို့ကောင်းဘူးလို့ ယူဆတယ်။
ကမ္မဋ္ဌာန်း ရှုဖို့ ရည်ရွယ်ချက်နဲ့ ဆိုရင်တော့ သီးခြားသာ သွားသင့်တယ်။ ပင့်လို့ ပရိသတ်နဲ့ အတူ လိုက်သွားတာကို “ကမ္မဋ္ဌာန်းရှု သို့မဟုတ် အသုဘရှု”လို့ ဆိုနိုင်မယ် မထင်ဘူး။
သီရိမာ
ရာဇဂြိုဟ်မှာ ဆေးဆရာ ဇီဝကရဲ့ ညီမ သီရိမာရဲ့ အလောင်းကို ရှုဖို့ ရဟန်းပရိသတ်နဲ့ အတူ မြတ်ဗုဒ္ဓ ကြွတော်မူတာက ပစ်ထားတဲ့ အလောင်းကို ပြပြီး တရားဟောရင် တပည့် သာဝကတွေ အကျိုးများမှာကို မြင်တော်မူလို့ပါ။ ဗိမ္ဗိသာရမင်းက စီစဉ်ပေးခဲ့တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၆၈)။ သာဝတ္ထိမြို့သား ဆတ္တမာဏဝက ကွယ်လွန်တုန်းကလည်း သရဏဂုံ ဆောက်တည်ခြင်း အကျိုးကို ပြလိုတဲ့အတွက် မြတ်ဗုဒ္ဓ သုသာန်ကို အသုဘရှ ကြွတော်မူတယ် (ဝိမာန၊ဋ္ဌ၊၂၁၆)။
အဖြေ
ဖြစ်ရပ် နှစ်ခုလုံးမှာ သေသူရဲ့ အခြံအရံ အနေနဲ့ ကြွတော်မူတာ မဟုတ်တာ ထင်ရှားတယ်။ ဒါပေမယ့် .. ကွယ်လွန်သူကို ရည်စူးပြီး ကျန်ရစ်သူ မိသားစုက သုသာန်မှာ သရဏဂုံ ဆောက်တည် အလှူပြု။ အလှူကို အမျှဝေလိုတဲ့ အတွက် ပင့်ဖိတ်တာမျိုးကိုတော့ အပြစ်မရှိဘူးလို့ ယူဆပါတယ်။
ဧပြီ ၂၇၊ ၂၀၁၈။
---
ထူးချင်ရင်ကြံ
နာစိန္တယန္တော ပုရိသော၊ ဝိသေသမဓိဂစ္ဆတိ။
မကြံမစည် ဆိုတိုင်းတည် ထူးသည်မသိရာ (ဇာ၊၁၊၂၇)။
---
၆၅၆။ မြတ်ဗုဒ္ဓရဲ့ ဒုတိအာရုံ
ဆရာတော် ဘုရား၊ ဆရာတော်၏ ဓမ္မအမေးအဖြေ တစ်ခုတွင် “ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်တွေဟာ အာရုံတူတယ်”ဟု ဆိုပါသည်။ ကျီးသဲလေးထပ် ဆရာတော်ကြီး ၏ ဇိနတ္ထပကာသနီကျမ်း၌ မြတ်စွာဘုရား၏ စုတိစိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏ဟု ဆိုပါသည်။ မြတ်စွာ ဘုရားသည် ပဋိသန္ဓေယူစဉ် နိဗ္ဗာန်ကို မည်သို့ အာရုံပြုခဲ့ပါသလဲ ဘုရား။
တင်တင်လှိုင် (ဓမ္မဗျူဟာ)
---
မက်ဆေ့ချ် ဘောက်စ်ထဲမှာ တွေ့ရတဲ့ မေးခွန်း တစ်ခုပါ။ မေးသူက ဘုန်းကြီးလား လူလားတော့ မသိ။ အမှန်တကယ် သိလိုတဲ့ ဆန္ဒနဲ့ မေးတယ်လို့ ယူဆလို့ ဖြေလိုက်ပါတယ်..
မေးခွန်း
သာမန် စာဖတ်သူတို့ ရိပ်မိနိုင်ဖို့ မေးခွန်းကို အနည်းငယ် ရှင်းပြရရင် ... ဘုန်းကြီးရဲ့ ဓမ္မအမေးအဖြေ တစ်ခုမှာ ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ သေဆဲမှာ ဖြစ်တဲ့ စုတိစိတ် ဒီသုံးမျိုးရဲ့ အာရုံဟာ အတူတူလို့ ဆိုထားတယ်။ ဇိနတ္ထပကာသနီကျမ်းအရ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့ စုတိစိတ်ဟာ နိဗ္ဗာန်ကို ရုံပြုတဲ့ အတွက် ပဋိသန္ဓေတုန်းကလည်း နိဗ္ဗာန်ကိုပဲ အာရုံ ပြုခဲ့ရမှာပဲလို့ ထင်ပြီး မေးတဲ့ မေးခွန်း ဖြစ်ပါတယ်။
ဇိနတ္ထဆို
ကျီသဲလေးထပ် ဆရာတော်က “အလုံးစုံသော သင်္ခါရတရားတို့၏ ကုန်ဆုံးရာ နိရောဓသစ္စာကို အာရုံပြုသော မဟာဝိပါက် ပဌမ အသင်္ခါရိက အဗျာကတ ဒုက္ခသစ္စာဖြင့် ပရိနိဗ္ဗာန် စံတော်မူ၏ (ဇိနတ္ထပကာသနီ၊ ဆဋ္ဌရိုက်၊ စာ-၅၀၂)'လို့ မိန့်ပါတယ်။ ဒါ့အပြင် ကြည့်ကန်ရှင်ကြီးရဲ့ အမေးကို ကျီးသဲဆရာတော်ပဲ ဖြေတဲ့ စွယ်စုံကျော် ထင်ကျမ်း (မေးခွန်းအမှတ် ၇၈၅။ စာ- ၆၅ဝ)မှာလည်း 'ရဟန္တာသည်၊ စုတေ့သည်၊ မည်သို့ အာရုံ ပြု လိမ့်နည်း”ဆိုတဲ့ မေးခွန်းကို “နိဗ္ဗာန်ကို အာရုံပြု၍ စုတေ့၏ ဟူပေ’လို့ပဲ ဖြေထားပါတယ်။
ဒါကြောင့် ဘုရား ပရိနိဗ္ဗာန်စံတဲ့ စိတ်ဟာ နိဗ္ဗာန်ကို အာရုံ ပြုတယ်လို့ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ယူတော်မူတာ သေချာတယ်။ ဒါဖြင့် ဆက်လေ့လာမယ် ..
ဆန်းစစ်
ကျီးသဲဆရာတော်ရဲ့ စကားထဲမှာပဲ နိဗ္ဗာန်ကို အာရုံပြုတယ်ဆိုတဲ့ စိတ်ကို “မဟာဝိပါက် ပဌမအသင်္ခါရိက အဗျာကတစိတ်’လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဘိဓမ္မာ ကျမ်းတွေမှာ မဟာဝိပါက် ပဌမ အသင်္ခါရိကစိတ် သာမက မဟာဝိပါက်စိတ် ရှစ်ပါးလုံးဟာ ကာမအာရုံက လွဲပြီး ကျန်ဘာကိုမျှ အာရုံ မပြုဘူးလို့ ဆိုတယ်။ “ပဉ္စဝီသ ပရိတ္တမှိ”ဆိုတဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းလာ ဂါထာအရ ကာမကို ဧကန် အာရုံပြုတဲ့ စိတ်ပေါင်း ၂၅-ပါးထဲမှာ မဟာဝိပါက်စိတ် ၈-ပါး ပါနေတာကို သတိပြု။
နောက်တစ်မျိုး ဆိုရင် .. မဟာဝိပါက် ပဌမအသင်္ခါရိက စိတ်ဟာ “မဟဂ္ဂုတ် အာရုံ၊ နိဗ္ဗာန်စတဲ့ လောကုတ္တရာ အာရုံ၊ ပညတ်အာရုံ” တွေကို လုံးဝ အာရုံမပြုဘူး ဆိုတဲ့ သဘောပါ။ ဒါဖြင့် မြတ်စွာဘုရားရဲ့ စုတိစိတ်က ဘာကို အာရုံပြုသလဲ ဆိုတော့ အခြား သတ္တဝါတွေရဲ့ စုတိစိတ်လိုပဲ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုတယ်လို့ နားလည်နိုင်တယ်။
ကျမ်းညှိ
မဟာပရိနိဗ္ဗာနသုတ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးစ အရှင် အနုရုဒ္ဓါ ရွတ်ဆိုတဲ့ဂါထာ ရှိတယ် ..
“အနေဇော သန္တိမာရဗ္ဗ၊ ယံ ကာလမကရီ မုနိ။’ (ဒီ၊၂၊၁၂၉)
တဏှာကင်းတော်မူသော မြတ်စွာဘုရားသည် နိဗ္ဗာန်ကို (ကြွရန်) ရည်စူး၍ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။ (ဒီ-မြန်၊၂၊၁၅ဝ)
ဒီပါဠိတော်လောက်ကိုပဲ ကြည့်ပြီး “သန္တိ နိဗ္ဗာန်ကို။ အာရဗ္ဘ၊ အာရုံပြု၍’လို့ အဓိပ္ပာယ် မယူရ။ အဋ္ဌကထာမှာ “အနုပါဒိသေသံ နိဗ္ဗာနံ အာရဗ္ဘ ပဋိစ္စ သန္ဓာယ’လို့ ဖွင့်ဆိုတဲ့ အတွက် “သန္တိ၊ နိဗ္ဗာန်ကို။ အာရဗ္ဘ၊ (ကြွရန်) ရည်စူး၍’လို့ အဓိပ္ပာယ် ယူမှ မှန်တယ်။
ကျီးသဲလေးထပ် ဆရာတော်ကြီး အနေနဲ့ ပါဠိတော်ကိုသာ အာရုံပြုလိုက်မိလို့ ထိုသို့ ယူဆခြင်းပေလော။
မပြင်နိုင်
အမှန်က ဘုန်းကြီးရဲ့ ဓမ္မအမေးအဖြေထဲမှာ ပါတဲ့ “ဘဝတစ်ခုမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ စိတ်တွေဟာ အာရုံတူတယ်”ဆိုတာလည်း အဘိဓမ္မတ္ထသင်္ဂဟကျမ်းရဲ့ အဆိုသာ ဖြစ်ကြောင်းပါ။
ဧပြီ ၂၈၊ ၂၀၁၈။
---
၆၅၇။ သောတာပန်ရဟန်း လူထွက်သလား
ဆရာတော် ဘုရား၊
ရဟန်း သာမဏေများသည် သောတာပန် ဖြစ်ပြီးပါက လူထွက်သည် သို့မဟုတ် လူမထွက်ဟု နှစ်မျိုး ဖတ်ဖူးပါသည်။ မည်သည်က မှန်ပါသနည်း သိလိုပါသည် ဘုရား။
လေးစား ရိုသေလျက် အရှင်မိလိန္ဒ
---
လူမထွက်
“မတုန်လှုပ်သော ရဟန်း (သမဏအစလ)ဟူသည် ဤလောက၌ အချို့သည် သံယောဇဉ် သုံးပါးတို့၏ ကုန်ခြင်းကြောင့် သောတာပန် ဖြစ်၏။ ဖရိုဖရဲကျခြင်း သဘောမရှိ။ ကိန်းသေ မြဲ၏။ အထက်မဂ်သုံးခုလျှင် လဲလျောင်းရာ ရှိ၏။ ဤပုဂ္ဂိုလ်ကို မတုန်လှုပ်သော ရဟန်းဟု ဆိုရမည် (ပုဂ္ဂလပညတ္တိ၊ ၁၇၃)။
ဒိဋ္ဌိ၊ သီလဗ္ဗတပရာမသ၊ ဝိစိကိစ္ဆာ ́ဆိုတဲ့ သံယောဇဉ် သုံးပါးကို အကြွင်းမဲ့ ပယ်ပြီး ဖြစ်လို့ ကိန်းသေ မြဲတဲ့ အတွက် သောတာပန် ရဟန်းကို မတုန်လှုပ်သော ရဟန်းလို့ ဆိုတယ်။ ဒီပါဠိတော်အရ သောတာပန် ရှင်ရဟန်းဟာ ရှင်ရဟန်း အဖြစ်နဲ့ တည်မြဲတယ်လို့ နားလည်နိုင်တယ်။
“မတုန်လှုပ်သော ရဟန်းဟူသည် သေက္ခပုဂ္ဂိုလ် ရ-ဦး (အရဟတ္တဖဋ္ဌာန် ပုဂ္ဂိုလ်မှတစ်ပါး အရိယာပုဂ္ဂိုလ် ရ-ဦး)တည်း။ ထိုပုဂ္ဂိုလ် ရ-ယောက်သည် သာသနာ၌ အမြစ်တွယ်ပြီးသော သဒ္ဓါတရား၌ တည်သောကြောင့် မတုန်မလှုပ် တည်မြဲသော ရဟန်း မည်၏ (အံ၊ဋ္ဌ၊၂၊၃၂၂။ အဘိ၊ဋ္ဌ၊၃၊၉၅)။
ဒီပါဠိတော်နဲ့ အဋ္ဌကထာ စကားတွေမှာ “တည်မြဲ၊ ကိန်းသေမြဲ’ဆိုတာကို ရဟန်းအဖြစ်မှ မပြောင်းလဲ မလျှောကျတော့ဘူးလို့ အဓိပ္ပာယ်ယူရင် သောတာပန် ရဟန်းကို လုံးဝ လူမထွက်တော့တဲ့ အနာဂါမ် ပုဂ္ဂိုလ်နဲ့ တန်းတူ သတ်မှတ်တာကို တွေ့နိုင်တယ်။
တတိယ သံဂါယနာရဲ့ ဦးဆောင်မထေရ်ကြီး ဖြစ်လာမယ့် မောဂ္ဂလိပုတ္တတိဿ သာမဏေဟာ အရှင်သိဂ္ဂဝ မထေရ်ထံ ရောက်ပြီး မကြာခင် သောတာပန် တည်တယ်။ ဒီအခါ မထေရ်ကြီး စဉ်းစားပုံက “ကိုရင်ငယ်တော့ သောတာပန် ဖြစ်သွားပြီ။ သာသနာတော်မှ မလျှောကျနိုင်တော့ဘူး (ဝိ၊ဋ္ဌ၊၁၊၃၁)”တဲ့။
ဒီဖော်ပြပြီး ပါဠိတော်နဲ့ အဋ္ဌကထာအဖွင့် စကားတွေအရ သောတာပန် ဖြစ်ပြီးတဲ့ ရဟန်းသာမဏေတွေ လူ မထွက်တော့ဘူးလို့ ယူဆကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ..
လူထွက်
မဟာစည် ဆရာတော်ကြီးကတော့ သောတာပန် ရှင်ရဟန်းတွေ လူထွက်နိုင်သေးတယ်လို့ ယူဆတယ် ..
“ဝိဝေကနိန္န (နိဗ္ဗာန်၌ ကိုင်းညွတ်ခြင်း) စသော စိတ်အား မကောင်းသေးသည့် သာမန် သောတာပန် ရှင်ရဟန်းကတော့ နောက်ဘဝ၌ လူဖြစ်ရင်သော်လည်းကောင်း နတ်ဖြစ်ရင် သော်လည်းကောင်း အိမ်ထောင်စု ဆိုင်ရာ ကာမဂုဏ်ကိုလည်း ခံစားဖွယ် ရှိနေသောကြောင့် အကြောင်းအားလျော်စွာ မျက်မှောက်ဘဝ၌လည်း လူထွက်ခြင်း ဖြစ်နိုင်သည် ဟူ၍လည်းကောင်း”၊
“အထူးအားဖြင့် ရက်လ အကန့်အသတ်နှင့် တကွ ဒုလ္လဘ ရှင်ရဟန်း ပြုဆဲမှာ ဝိပဿနာရှု၍ သောတာပတ္တိ မဂ်ဖိုလ်သို့ ရောက်ပြီး ဖြစ်သော်လည်း မူလက ရည်ရွယ်ထားသည့် အချိန် ကုန်သောအခါ လူထွက်ခြင်း ဖြစ်နိုင်သည် ဟူ၍လည်းကောင်း မိမိ (မဟာစည်ဆရာတော်) သဘောကျလျက် မှတ်ယူထားပါသည် (အရိယာတို့ သဘော၊ စာ-၃၁၁)”။
မဟာစည်ဆရာတော်က “မောဂ္ဂလိပုတ္တ သာမဏေမှာ ဝေကနိစ္စ စသောစိတ် ပြည့်စုံနေပြီး ရဟန္တာ ဖြစ်သည်ထိ အရည်အချင်း ကောင်းစွာ ပြည့်စုံသောကြောင့် အရှင်သိဂ္ဂဝထေရ် က ယင်းသို့ ဆိုသည်”လို့ ဝိနည်း အဋ္ဌကထာရဲ့ စကားကို ခြွင်းချက်နဲ့ အဓိပ္ပာယ် ဖြည့်ယူတယ်။
ဘာကြောင့်
“ထိုသို့ မှတ်ယူခြင်းဖြင့် ဒုလ္လဘရဟန်းပြုလျက် မဂ်ရောက် ဖိုလ်ရောက် တရားအားထုတ်ရေးအတွက် တိုက်တွန်း ညွှန်ကြားရန် အဆင်ပြေပါသည်။ သို့မဟုတ်ဘဲ ရှင်ရဟန်းအဖြစ်မှ လူထွက်သူတိုင်းကို ပုထုဇဉ်ဟု ရှုတ်ချပြောဆိုပါက ပဋိပတ္တိသာသနာတော်ကို အားမပေးရာ ရောက်သည့်ပြင် အရိယာဖြစ်နေသူကို ပုထုဇဉ်ဟု ရှုချပြောဆိုခြင်းလည်း ဖြစ်နိုင်သောကြောင့် အကုသိုလ်အပြစ်လည်း အကြီးအကျယ် ဖြစ်ဖွယ်ရှိပါသည် (ညွှန်းပြီး)”။
အဖြေ
လူမထွက်ဘူးဆိုတဲ့ အယူအဆက ပိုပြီး ခွန်အားရှိမယ်လို့ ဘုန်းကြီး ထင်တယ်။ မဟာစည်ဆရာတော်ကြီး အနေနဲ့လည်း သောတာပန် ရဟန်း မှန်ရင် လူထွက်နိုင်တယ်လို့ ဆိုလိုဟန်တော့ မတူပါဘူး။ “နိဗ္ဗာန်၌ ကိုင်းညွတ်ခြင်း စသောစိတ် အားမကောင်းသေး၊ ရဟန္တာ ဖြစ်နိုင်သည်ထိ အရည်အချင်းလည်း ကောင်းစွာ မပြည့်စုံသေးတဲ့ သာမန် သောတာပန် ရှင်ရဟန်းတွေ’ တော့ လူထွက်နိုင်သေးတယ်လို့ ပဋိပတ္တိသာသနာကို အားပေးတဲ့ အနေနဲ့ မိန့်တော်မူတာလို့ ညှိယူရင် ရနိုင်ပါတယ်။
ဧပြီ ၃၀၊ ၂၀၁၈။
---
၆၅၈။ ပြင်မှတ်
ဘုန်းဘုန်း၊ ဘုန်းဘုန်း၏ ဓမ္မအမေးအဖြေတွင် ကောသလမင်း ၏မိဖုရား ဥဗ္ဗိရီကို သမီးတော် တစ်ပါး မွေးဖွားပြီးမှ တရားဝင် မိဖုရား ဖြစ်လာသည်ဟု ဆိုပါသည်။ ပို့စ်တစ်ခုတွင် ထိုမိဖုရားကို ကောသလရဲ့ နန်းသိမ်း အဘိသိက်ခံ မိဖုရားဟု ဆိုပါ သည်။ ထို့ပြင် မလ္လိကာ မိဖုးရားကိုလည်း ဘုန်းဘုန်းက ပန်းထိမ်သည့် သမီးဟုဆိုပြီး ၎င်းပို့စ်မှာပင် မလ္လိကာကို ပန်းသည် သမီးဟု ဆိုပါသည်။ ထိုခြားနားမှုတွေကို ညှိပေးစေလိုပါသည် ဘုန်းဘုန်း။ ကျေးဇူးတင်ပါသည် ဘုရား။
PPS
---
ယုတ္တိ
ဘုရင်ခေတ်မှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာအရ မင်းမျိုးမင်းနွယ်က လာတဲ့ မင်းသမီးနဲ့သာ အဘိသိက်ခံလေ့ ရှိတယ်။ သို့မဟုတ်ရင် တိုင်းပြည်နဲ့ ဘုရင့် အသိုင်းအဝိုင်းက လက်ခံလေ့ မရှိဘူး။ ဒါကြောင့် အမတ်ရဲ့ သမီးတွေ သူဌေးရဲ့ သမီးတွေကို ကောက်ယူပြီး အနိမ့်စံ မိဖုရားအနေနဲ့ ထားတာ များပါတယ်။ ဒီတော့ ဥဗ္ဗိရီက သာဝတ္ထိမြို့က သူဌေးတစ်ဦးရဲ့ သမီးဖြစ်တဲ့ အတွက် အဘိသိက်ခံ မိဖုရားဖြစ်ဖို့ ခက်လိမ့်မယ်။
စာအရှိ
“ဥဗ္ဗိရီသည် အရွယ်ရောက်သော် ကောသလမင်းက အိမ်တော်သို့ ခေါ်ဆောင်ပြီး (ဇနီးမယား ပြုသဖြင့်) နှစ်နှစ် သုံးနှစ် အကြာတွင် သမီးငယ်တစ်ပါး ဖွားမြင်၏။ သမီးတော်ကို တွေ့ရစဉ် မင်းကြီး နှစ်သက်သွားပြီး ဥရီကို မိဖုရားအဖြစ် အဘိသိက်သွန်း၏ (ထေရီ၊ဋ္ဌ၊၅၆)။
ဒါကြောင့် “ဥဗ္ဗိရီကို သမီးတော် တစ်ပါး မွေးဖွားပြီးမှ တရားဝင် မိဖုရား ဖြစ်လာသူ”လို့ ဘုန်းကြီး ဆိုတာပါ။
မလ္လိကာ
ကောသလမင်းရဲ့ မိဖုရား မလ္လိကာကို တိဗက်မှတ်တမ်းမှာရော ထေရဝါဒ မှတ်တမ်းမှာပါ ‘ဆင်းရဲသား ပန်းသည်ရဲ့ သမီး”လို့ပဲ ဆိုပါတယ်။ ဘုန်းကြီး ရေးတုန်းကလည်း “ဒုဂ္ဂတ.မာလာ.ကာရဿ မီတာ (သံ၊ဋ္ဌ၊၁၊၁၂၉)ကို ကြည့်ရေးတာပဲ။ ဒါပေမယ့် “ပန်းထိမ်သည်ရဲ့ သမီး”လို့ လုပ်မိတာကတော့ “ထိမ်’တစ်လုံး ပိုလို့ မှားသွားပါတယ်။ တစ်ခါတစ်ရံ သိထားတာ တစ်ခု၊ ပြောမိတာ တစ်မျိုး ဖြစ်သွားသလိုပါပဲ။ ဆောရီပါလို့ပဲ ဆိုပါရစေ။ စေတနာနဲ့ ထောက်ပြတာကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် တွေ့ရင် လုပ်ပါဦး။
မေ ၁၊ ၂၀၁၈။
---
၆၅၉။ ကိုးပါးသီလ
ဆရာတော်ဘုရား၊ မေတ္တာဆိုတာ စိတ်နဲ့ ပွားယူရတာ ဖြစ်လို့ ကိုးပါးသီလ စောင့်စရာ မလိုဘူး၊ ရှစ်ပါးသီလနဲ့ လုံလောက်တယ်ဟု ဆွမ်းကြွ ဆရာတော်က မိန့်ပါသည်။ ကိုးပါးသီလ ကျမ်းဂန်မှာ ပါမပါ ဆိုတာကို ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါသည် ဘုရား။
မြင့်မြင့်ရီ (Daly City)
---
ဘုရားဟော
“ရဟန်းတို့၊ ကိုးပါးသီလ ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်း ရှိ၏ (အံ၊၃၊၁၉၂) ။ ဒီသုတ္တန်မှာ ရှစ်ပါးသီလ ပြီးနောက် ‘သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရတိ = အရပ်ဆယ်မျက်နှာ၌ ရှိသော အာလုံး ပါဝင်သော သတ္တလောကကို မိမိနှင့် ထပ်တူပြု၍ မေတ္တာစိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏”လို့ နောက်ထပ် စောင့်ထိန်းဖို့ သိက္ခာပုဒ် တစ်ခု ဟောတော်မူပါတယ်။ ကိုးပါးသီလ ဘုရားဟောပါ။
သီလမပျက်
မေတ္တာဆိုတာ စိတ်နဲ့ ပွားယူရတာ ဖြစ်လို့ ငါးပါး ရှစ်ပါးသီလ လို စောင့်သုံးလို့ မရဘူးဆိုတဲ့ အယူအဆ တစ်ရပ်ကို ကြားဖူးပါတယ်။ အမှန်က ကာယကံ မေတ္တာ(မေတ္တာပါတဲ့ ကိုယ်ပြု)၊ ဝစီကိ မေတ္တာ (မေတ္တာပါတဲ့ နှုတ်ပြော)၊ မနောကံ မေတ္တာ (စိတ်နဲ့ ပွားတဲ့ မေတ္တာ)လို့ သုံးမျိုး ရှိတာပဲ။ သတ္တလောက အပေါ် ဒေါသစိတ် မဖြစ်အောင် စောင့်ထိန်းရုံပါပဲ။
ဒါကြောင့် မေတ္တာကို သီလအနေနဲ့ ယူထားပြီး မေတ္တာ မပို့ဘဲ ဂုဏ်တော်ပွား၊ အာနာပါန (ဝင်လေ ထွက်လေ)ရှု၊ ပုတီး စိပ်နေလို့လည်း သိက္ခာပုဒ် မပျက်ပါဘူး။ ဒါပေမယ့် ..
သီလပျက်
ကိုးပါးသီလ ယူပြီး အိမ်မှာ ပြန်နေသူအဖို့ သားသမီး မြေးမြစ်ကို အကြောင်းပြုလို့ ဖြစ်စေ သို့မဟုတ် မြင်ရ ကြားရတဲ့ သတင်းကြောင့် ဖြစ်စေ စိတ်ဆိုး စိတ်တို မကျေနပ်တာတွေ ဖြစ်ရင်တော့ မေတ္တာသီလ ပျက်တယ်။ ဒါကြောင့် ကိုးပါးသီလ ထားရင် ဒေါသဖြစ်နိုင်စရာ မြင်ကွင်းနဲ့ ပရိသတ်ကို ရှောင်သင့်တယ်။ သီလစောင့်တဲ့ အလေ့အကျင့် မရှိရင် ပိုပြီး သတိထားရတယ်။ မြေးကို ထမင်းကျွေးရင်း မေ့ပြီး ကိုယ်ပါ ဝင်စားမိလို့ ဥပုသ် ကျိုးတာမျိုး ဖြစ်တတ်တယ်။
မေ ၂၊ ၂၀၁၈။
---
ဂုဏ်တွေဖော်ပြ ကုန်သွယ်က သာဌေယျ ခေါ်သည် သဌာနံ ဂုဏဝါဏိဇကာနံ ကမ္မံ သာဌေယျံ (မ၊ဋီ၊၁၊၂၅၃)။ သဌာနံ၊ ကောက်ကျစ်ကုန်သော။ ဂုဏဝါဏိဇကာနံ၊ ရှိတာ အကုန် ဂုဏ်တွေထောင်ပြ ကုန်သွယ်ကြသူတို့၏။ ကမ္မံ၊ အကြွားရှေးရှု အပြုအမူသည်။ သာဌေယျ၊ သာဌေယျမည်၏။ ဂုဏ်ကုန်ကူးစား ရဟန်းများ ဘုရားကဲ့ရဲ့သည်။ ဂုဏ်ကုန်မလွှား ရိုးဖြောင့်သွား ဘုရားချီးမွမ်းသည်။
---
၆၆၀။ အရှင်အာနန္ဒာ သောတာပန်ဖြစ်ချိန်
ဆရာတော် ကျန်းမာရဲ့လား ဘုရား၊ တပည့်တော်ရဲ့ မေးခွန်းက အရေးမကြီးပေမယ့် အချိန်ရလျှင် ဖြေကြားပေးစေလိုပါသည် ဘုရား။ မင်းသား ခြောက်ယောက်နှင့် အတူ ရဟန်းပြုလာခဲ့သော ညီတော် အရှင်အာနန္ဒာ ဘယ်အချိန်မှာ သောတာပန် ဖြစ်ခဲ့သည်ကို သိလိုပါသည် ဘုရား။
သော်တာထွန်း (ဓမ္မစကူးလ်)
---
ရဟန်းဖြစ်
“ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ္တ၊ အာနန္ဒ’ဆိုတဲ့ သကျမင်းသား ၆ယောက်နဲ့ ယင်းတို့ရဲ့ ဆံသ လုလင် ဥပါလိတို့ဟာ မြတ်ဗုဒ္ဓထံမှာ တစ်ချိန်တည်း ရဟန်းဖြစ်တယ် (ဝိ၊၄၊၃၃၈)။ ဒါပေမယ့် အရှင်မြတ်ရဲ့ ဥပဇ္ဈာယ်ဆရာက မြတ်ဗုဒ္ဓ မဟုတ်၊ အရှင်ဗေလဋ္ဌသီသ (ဝိ၊၂၊၁၁၆)။ ဒီဃနိကာယ် အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၁၈)အရ အရှင်အာနန္ဒာဟာ မြတ်ဗုဒ္ဓနဲ့ တစ်နေ့တည်း ဖွားမြင်သူ။ ဒီမေးခွန်းမှာ အရှင်အာနန္ဒာ အကြောင်း ဒီသုံးချက်လောက် မှတ်ထားပေါ့။
ဗေလဋ္ဌသီသ
အရှင်အာနန္ဒာရဲ့ ဥပဇ္ဈာယ်ဆရာ အရှင်ဗေလဋ္ဌသီသဟာ ဥရုဝေလာမှာ နေတဲ့ ရသေ့ညီနောင် ရှင်တစ်ထောင်နဲ့ အတူ အာဒိတ္တ ပရိယာယ သုတ္တန်ကို နာရပြီးနောက် ရဟန္တာ ဖြစ်ခဲ့တယ် (ဝိ၊ဋ္ဌ၊၃၊၁ဝ၄)။ ဒီအရှင်ကို အကြောင်းပြုပြီး ဝိနည်း ၂၂၇-ထဲက သန္နိဓိကာရ သိက္ခာပုဒ်ကို ပညတ်ရတယ်။ အလိုကြီးလို့ မဟုတ်ဘဲ သမာပတ်ဝင်စား လိုတဲ့အတွက် ဆွမ်းခြောက်ကို သိမ်းထားလို့ (ဝိ၊၂၊၁၁၆)။ ဒီအရှင်ပဲ ဝဲပေါက်လို့ အမာလွှမ်း သင်္ကန်းနဲ့ ဆေးမှုန့်ကိုလည်း မြတ်ဗုဒ္ဓ ခွင့်ပြုရတယ် (ဝိ၊၃၊၂၉၃)။
ပုဏ္ဏမထေရ်
ဒီမထေရ်ဟာ ကပိလဝတ္ထုမြို့အနီး ဒေါဏဝတ္ထု ရွာသား ပုဏ္ဏားပျိုး။ မိခင်က ပဉ္စဝဂ္ဂီ ငါးဦးဝင် အရှင်ကောဏ္ဍညရဲ့ ညီမဖြစ်သူ မန္တာဏီ ပုဏ္ဏေးမ။ အရှင်ကောဏ္ဍညဟာ ဓမ္မစက္ကသုတ္တန်ကို ကြားနာပြီး ရဟန္တာ ဖြစ်သွားပြီး နောက် မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မှာ သီတင်းသုံးခိုက် ဇာတိမြေ (ဒေါဏဝတ္ထုရွာ)ကို ပြန်လာပြီး တစ်ချိန်မှာ ဓမ္မကထိက ဧတဒဂ်ရ ရဟန္တာ ဖြစ်လာမှာကို မြင်တော်မူလို့ ညီမရဲ့သား ပုဏ္ဏလုလင်ကို ရဟန်းပြုပေးတယ် (အံ၊ဋ္ဌ၊၁၊၁၁၅)။ ဒီအရှင်ပုဏ္ဏဟာ အရှင်အာနန္ဒာရဲ့ ဓမ္မဆရာပါပဲ။
သောတာပန်
“မန္တာဏီပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏ၏ ဤတရားဒေသနာတော် ကြားနာရ၍ ငါသည် တရားကို သိရ၏ (သံ၊၂၊၈)’။ “တရားကို သိရ၏ဟူသည် ဉာဏ်ဖြင့် သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းတည်း။ ငါသည် သောတာပန် ဖြစ်သွားပြီဟု (အရှင်အာနန္ဒာက) မိန့်တော်မူ၏ (သံ၊ဋ္ဌ၊၂၊၂၈၃)။ ဒီသုတ္တန်နဲ့ အဖွင့် အဋ္ဌကထာ အရ အရှင်အာနန္ဒာဟာ မန္တာဏီ ပုဏ္ဏေးမရဲ့ သား အရှင်ပုဏ္ဏမထေရ်ရဲ့ တရားကို ကြားနာရလို့ သောတာပန် ဖြစ်ခဲ့ကြောင်း မှတ်သားရပါတယ်။
ဘယ်အချိန်
ဒီသာဓကတွေအရ အရှင်ပုဏ္ဏနဲ့ အရှင်ဗေလဋ္ဌသီသတို့ဟာ ဗုဒ္ဓ ဖြစ်ပြီးနောက် လပိုင်းအတွင်း ရဟန်း ဖြစ်လာကြသူတွေ ဖြစ်လို့ ဖော်ပြပြီး ထေရဝါဒ မှတ်တမ်းအရ အရှင်အာနန္ဒာလည်း မရှေးမနှောင်း တစ်ချိန်ချိန်မှာဘဲ သောတာပန် ဖြစ်ခဲ့တယ်လို့ ယူဆဖွယ် ရှိကြောင်းပါ။
မေ ၃၊ ၂၀၁၈။
---
၆၆၁။ မဟာနာမမင်း ထပ်ဆင့်အခြေ
ဘုန်းကြီး ဘုရား၊ မဟာနာမ သာကီဝင်မင်း မိမိကိုယ်ကို သတ်သေတယ် ဆိုတာနဲ့ ပတ်သက်လို့ ဘုန်းကြီးရဲ့ အဖြေမှာ မဟာနာမမင်း မည်သို့ ကွယ်လွန်တယ် ဆိုတာကို ကျမ်းဂန်မှာ ရှာဖွေဆဲလို့ မိန့်ပါသည်။ အွန်လိုင်း ပို့စ်တစ်ခုအရ ဓမ္မပဒအဋ္ဌကထာမှာပဲ မြေးဖြစ်သူ ဝိဘနှင့် ထမင်းလက်ဆုံ မစားလိုသောကြောင့် မဟာနာမမင်းသည် ရေကန်ထဲ ဆင်းပြီး မိမိကိုယ်ကို သတ်သေကြောင်း ပါရှိသည်ဟု ဆိုပါသည်။ မဟာနာမမင်းကြောင်း ပြန်လည် ဖြေကြားပေးစေလိုပါသည် ဘုရား။
အရှင်ဝေပုလ္လ (သာသနာ့မဏ္ဍိုင်)
---
ဓမ္မပဒဆို (၁)
မဟာနာမ သာကီဝင်မင်း မည်သို့ ကွယ်လွန်တယ် ဆိုတာကို ကျမ်းဂန်မှာ ရှာဖွေဆဲလို့ ဘုန်းကြီး ဆိုခဲ့တာ မှန်ပါတယ်။ ဘာကြောင့် အဲဒီလို ဆိုရသလဲ..
ဝိဋဋူဘရဲ့ လူတွေ လက်ထဲ ရောက်နေတဲ့ မဟာနာမမင်း လမ်းမှာ ရေအိုင်တစ်ခုလည်း တွေ့ရော ရေချိုးချင်တယ် ပြောပြီး ရေငုပ်နေစဉ် “မဟာနာမမင်း၏ ဂုဏ်ရှိန်ကြောင့် နဂါးပြည် ပူနွေးသဖြင့် နဂါးမင်းသည် အကြောင်းကို ဆင်ခြင်သော် ထိုအကြောင်းကို သိသွားလျက် မဟာနာမ သာကီဝင်မင်းထံသို့ လာ၍ မိမိပါးပျဉ်း၌ ထိုင်စေပြီးလျှင် နဂါးပြည်သို့ ယူဆောင်သွား၏။ မဟာနာမ သာကီဝင်မင်းသည် နဂါးပြည်၌ ဆယ့်နှစ်နှစ် ကြာ နေလေ၏ (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၂၇)”။
ရေငုပ်နေစဉ် နဂါးမင်း လာခေါ်လို့ နဂါးပြည်မှာ ၁၂-နှစ် ကြာအောင် သွားနေတာ။ မဟာနာမမင်း ရေထဲ ဆင်းသေတယ်လို့ မဆိုပါဘူး။ ဒါကြောင့် တိဗက်မှတ်တမ်း အဆိုနဲ့ အတွေးစ ဖော်ပေးပြီး ဆက်ဖတ်နိုင်ဖို့ ဓမ္မပဒအဋ္ဌကထာ စာမျက်နှာမျှကိုပဲ ဘုန်းကြီး ညွှန်းပေးခဲ့ပါတယ်။
ဓမ္မပဒဆို (၂)
“သာကီဝင်မင်းတို့ မည်သည် အသက်ကိုပင် စွန့်ရသော်လည်း ကျွန်မ၏ သားတို့နှင့် အတူ ထမင်းလက်ဆုံ မစားကြ (ခတ္တိယာ ပန ဇိဝိတံ စဇန္တာပိ ဒါသိပုတ္တေဟိ သဒ္ဓိ န ဘုဉ္ဇန္တိ”လို့လည်း ဓမ္မပဒအဋ္ဌကထာ (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၂၇)မှာ ဆိုတယ်။
“သာကီဝင်မင်းတို့’ ဆိုတာနဲ့ မြတ်ဗုဒ္ဓနဲ့ အရှင်အာနန္ဒာတို့ပါ ဒီအထဲ ပါသွားပြီး ဆွေးနွေးစရာတွေ ပိုများလာတယ်။ မြတ်ဗုဒ္ဓနဲ့ သောတာပန် အရှင်အာနန္ဒာတို့က ဇာတ်ကို ဂရုမစိုက်တာ သေချာပေမယ့် သကဒါဂါမ် မဟာနာမမင်းက ဘယ်လိုလဲ။ ဒီအတွေးကြောင့် မဟာနာမမင်းရဲ့ စိတ်ကို ခန့်မှန်းနိုင်ဖို့ သုတ္တန်တွေကိုပဲ စုပြီး ဘုန်းကြီး ညွှန်းခဲ့ပါတယ်။
စဉ်းစားဖွယ် (၁)
“ရေငုပ်နေစဉ် နဂါးမင်း လာခေါ်လို့ နဂါးပြည်မှာ ၁၂-နှစ် သွားနေတယ်”ဆိုတာကို ရေထဲကို ဆင်းသေတယ်လို့ အဓိပ္ပာယ်ယူခဲ့ရင် စဉ်းစားစရာတွေက .. ၁) သကဒါဂါမ် မဟာနာမမင်းဟာ ရေထဲ ဆင်းသေတဲ့အထိ ဇာတ်အစွဲ မပြုတ်သေးဘူး ၂) ရေမချိုးချင်ဘဲ ရေကန်ထဲကို ဆင်းဖို့ ပြောတာဟာ လိမ်ညာမှု၊ သောတာပန် သကဒါဂါမ်တွေက အသက်သာ အသေခံမယ်၊ မလိမ်ဘူးဆို ၃) အရိယာတွေ ကိုယ့်ကိုယ်ကို သတ်သေတတ်သလား ... စသည်။ ကျန်သေးတယ်၊ ဆက်ဖတ်ကြည့်..
စဉ်းစားဖွယ် (၂)
တတိယ ပါရာဇိက ဖြစ်ရပ်။ “ရဟန်းတို့သည် ကိုယ့်ကိုယ်ကိုလည်း သတ်သေကြ၏။ အချင်းချင်းလည်း သတ်သေကြ၏။ ရှင်ယောင်တွေကိုလည်း သတ်ခိုင်းကြ၏ (ဝိ၊၁၊၈၆)။ “သို့ရာတွင် အရိယာ ရဟန်းများကား သူတစ်ပါး အသက်ကို မသတ်၊ သတ်လည်း မသတ်ခိုင်း၊ (သတ်တာကိုလည်း) မနှစ်သက်ကြ (ဝိ၊ဋ္ဌ၊၂၊၆)’။ နှစ်ပတ်အတွင်း လူ့အသက် ငါးရာလောက် ဆုံးရှုံးတာဟာ ထိတ်လန့်ဖွယ် ဖြစ်ရပ်ပဲ။
ဒါနဲ့ “အရိယာ ပုဂ္ဂိုလ်တွေ ကိုယ့်ကိုယ်ကို သတ်သေမသေ” ဆိုတာဆီကို ရောက်သွားလို့ ‘ဆန္ဒောဝါဒသုတ်ကို လေ့လာခြင်း’ ကို ဘုန်းကြီး ရေးခဲ့ပါတယ် (ပေါင်းချုပ်-၂။ နောက်ဆက်တွဲရှု)။ အဋ္ဌကထာအလို ဆန္ဒရဟန်းဟာ ပုထုဇဉ်အဖြစ်နဲ့ မိမိကိုယ်ကို အဆုံးစီရင်တဲ့ ဒဏ်ရာနဲ့ သေအံ့ဆဲဆဲမှာ ရဟန္တာ ဖြစ်သွားတယ်။ ဒါကို “သမသီသီ’လို့ ခေါ်တယ်။ ဒီစာအရ အရိယာတွေ မိမိကိုယ်ကို သတ်မသေဘူးလို့ ဆိုလိုရိပ် ထင်တယ်။
စဉ်းစားစရာ ကျန်သေးတယ် ...
စဉ်းစားဖွယ် (၃)
ဇာတ်နိမ့်သူလို့ ယူဆရတဲ့ ပန်းထိမ်သည် စုန္ဒ ကပ်လှူတဲ့ မြတ်ဗုဒ္ဓရဲ့ နောက်ဆုံးဆွမ်းနဲ့ ပတ်သက်တဲ့ ဝါဒကွဲ ၅-မျိုးထဲက ‘မှို’ ကို ဖြစ်နိုင်ခြေ အရှိဆုံးယူပြီး “မှို’ကို ဇာတ်မြင့်တို့ မစားတဲ့ အတွက် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးစ ပထမ သံဂါယနာမှာ ဒီကိစ္စကို မဆွေးနွေးခဲ့ဘဲ နှောင်းခေတ်ကျမှ ပြောဆိုလာကြတာ ဖြစ်တဲ့အတွက် အဲဒီလို ဝါဒကွဲရတာ ဖြစ်နိုင်ကြောင်း သုတေသီတို့ ယူဆကြတယ် (Journal of the American Oriental Society, Vol. 102, No. 4)။ ဓမ္မအမေးအဖြေ အမှတ်-၃၇၄ (ပေါင်းချုပ် ၃၊ စာ-၁၂၂၈) မှာ ရှု။
ဆိုလိုတာက .. အိန္ဒိယမှာ ဇာတ်ဝါဒဟာ အသက်တမျှ အရေးကြီးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓ လက်ထက်ကပင် ဇာတ်မြင့် ရဟန်းအချို့ဟာ ဇာတ်မြင့်တို့ လိုက်နာတဲ့ မှိုကို မစားတာမျိုးလို ရိုးရာ စည်းကမ်း အချို့ကို မစွန့်နိုင်သေးဘူးလို့ ယူဆရတယ်။ သကဒါဂါမ် မဟာနာမမင်း ဒီအထဲ ပါနိုင်သလား။
အဖြေ
ဆက်စပ် စဉ်းစားစရာ ဆွေးနွေးစရာတွေ များနေလို့ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီးက စာရှိအတိုင်း မဟာနာမမင်းကို နဂါးပြည်ကို ပို့ထားသလို (မဟာဗုဒ္ဓဝင် ၅၊ စာ-၄၁) ဘုန်းကြီးလည်း ‘ကျမ်းဂန်မှာ ရှာဖွေဆဲပ’လို့ ဆိုခဲ့တာပေါ့။ ယခုတစ်ဖန် ဖော်ပြပြီး အတွေးစလေးတွေကို စုပေါင်းပြီး အငြင်းပွားမှုကို လျှော့ချတဲ့ အနေနဲ့ လွယ်ကူတဲ့ ယုတ္တိနဲ့ပဲ အဖြေကို ရှာကြည့်မယ် ..
နံနက် အလင်းရောင် မလာခင် ရေကန်ထဲ ဆင်းနေစဉ် အမှောင်ကို အကာအကွယ် ယူပြီး (ဝိဘမင်းသား ယူဆသလို) ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုရင် ယုတ္တိနဲ့ မဝေးလွန်းပါဘူး။ မီးထွန်းပြီး ရေအိုင်နဲ့ လူတွေအကြား လိုက်ရှာပေမယ့် မဟာနာမကို မတွေ့တော့ဘူးဆို မဟုတ်လား။ သကဒါဂါမ်တွေ သုဂတိသေချာလို့ သေရမှာကို စိတ်ချတယ် ဆိုရင်တောင် ဒေါသ မကင်းသေးတဲ့ အတွက် မိမိရဲ့ သေဘေးမှ လွတ်မြောက်ဖို့တော့ ကြိုးစားဦးမှာပါ။
အင်း ... သကဒါဂါမ် မလိမ်ပါဘူး။ ညက ပြေးရလွှားရလို့ ကိုယ်ခန္ဓာ ညစ်ပတ်နေတဲ့ အတွက် တကယ် ရေချိုးချင်လို့ ရေကန်ထဲ ဆင်းရာကနေ လွတ်မြောက်မယ့် လမ်းစကို မြင်လို့ ထွက်ပြေးသွားတယ်ဆိုရင် မဆိုးပါဘူး။ ဒါပေမယ့်.. “ကျွန်မရဲ့ သားနှင့်အတူ ထမင်းလက်ဆုံ မစားချင်လို့ ရေကန်ထဲ ဆင်းငုပ်တယ်’ ဆိုတာမျိုး အဓိပ္ပာယ် သက်ရောက်စေတဲ့ ဓမ္မပဒအဋ္ဌကထာရဲ့ မိန့်ဆိုချက်ကတော့ စဉ်းစားစရာ အနေနဲ့ ကျန်နေဦးမှာပါ။ မဟာနာမမင်း နာယူခဲ့ရတဲ့ သုတ္တန်တွေနဲ့ပဲ ယှဉ်ကြည့်ရမှာပေါ့။
မေ ၄၊ ၂၀၁၈။
---
လမ်းကောက်လည်းသွား လူအများ အမှားကြိုက်ခဲ့ပြီ။ လမ်းကြောင်းမမှန် မြတ်နိဗ္ဗာန် ဧကန်လွဲခဲ့ပြီ။ (ထွဋ်ခေါင်သံပေါက်)
---
၆၆၂။ ဉာဏ်ကြီးရှင်ရဲ့ တရားအသိ
ဆရာတော် ဘုရား၊ မြန်မာ ဗုဒ္ဓဝင်အရ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ နှစ်ပါးအနက် အရှင်သာရိပုတ္တရာက စောပြီး ရဟန္တာ ဖြစ်သည်၊ အနောက်တိုင်းသားတို့ ရေးတဲ့ ဗုဒ္ဓဝင်မှာတော့ အရှင်မောဂ္ဂလ္လာန်က စောပြီး ရဟန္တာ ဖြစ်သည်ဟု သိရပါသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရပါသလဲ ဘုရား။
စိုးလွင်လွင် (မိုင်ယာမီ)
---
ငိုက်မျဉ်းသူ
အရှင်မြတ်ဟာ ရဟန်းဖြစ်ပြီးနောက် ခုနစ်ရက်မြောက်နေ့မှာ မဂဓတိုင်း ကလဝါဠပုတ္တ (ကံလ.ဝါလ.ပုတ်တ) ရွာငယ်ကို ဆွမ်းခံရွာ ပြုပြီး အနီးအနားက တောအုပ်တစ်ခုအတွင်း တရားအားထုတ်ပြီး နေတယ်။ ခုနစ်ရက် ပတ်လုံး စင်္ကြံလျှောက်ပြီး ကြိုးစား အားထုတ်လို့ ပင်ပန်း နွမ်းနယ်တဲ့ အတွက် စင်္ကြံစွန်းမှာ ထိုင်ပြီး ငိုက်မျဉ်းနေမိတယ်။ အဲဒီအခါ မြတ်ဗုဒ္ဓ ကြွလာပြီး အငိုက်ဖြေနည်းကို သင်ကြားပြီး ဓာတ်ကမ္မဋ္ဌာန်းကို ပွားများစေတဲ့ အတွက် ရဟန္တာ ဖြစ်တယ် (အံ၊ဋ္ဌ၊၁၊၁၂၆)။ အငိုက်ဖြေနည်းက အောက်ပါထဲက တစ်ခုခုလုပ် ..
“ငိုက်မျဉ်းတဲ့ အသိကို ဖျောက်၊ သိပြီးတရားကို စဉ်းစား၊ သိပြီးတရားကို ရွတ်အံ၊ နားရွက်ကိုဆွဲ၊ မျက်စိကို ပွတ်၍ အရပ်မျက်နှာကို ကြည့်၊ အလင်းရောင်ကို မှတ်၊ အတွင်း ဣန္ဒြေကို ရှု (အံ၊၂၊၄၆၁)။
ဉာဏ်ကြီးရှင်
အရှင်မြတ်ကား ရဟန်းဖြစ်ပြီး နှစ်ပတ်ကြာတဲ့ထိ ရဟန္တာ မဖြစ်သေးဘဲ မြတ်ဗုဒ္ဓနဲ့အတူ ရာဇဂြိုဟ်ကို အမှီပြုရင်း သူကရခတ (ဝက်တူးလိုဏ်)မှာ သီတင်းသုံးတော်မူတယ်။ ထိုစဉ်အခါ မြတ်ဗုဒ္ဓက ဒီဃနခသုတ် သို့မဟုတ် ဝေဒနာပရိဂ္ဂဟသုတ်ကို အရှင်မြတ်ရဲ့ တူဖြစ်သူ ဒီဃနခပရိဗိုဇ်အား ဟောကြားတယ်။ အရှင်မြတ်လည်း မြတ်ဗုဒ္ဓကို ယပ်ခပ်ပေးရင်း နာကြားစဉ် သုတ္တန်အဆုံးမှာ ရဟန္တာ ဖြစ်တယ်။ ဒီဃနခပရိဗိုဇ်ကတော့ သောတာပန်မျှပဲ ဖြစ်တယ်။ အရှင်မြတ် အနေနဲ့တော့ ခူးပြီးသား ထမင်းကို စားရသလိုပါပဲ။ ဗုဒ္ဓနဲ့ ပစ္စေကဗုဒ္ဓက လွဲရင် လောကမှာ မိမိလောက် ဉာဏ်ကြီးသူ မရှိဘူးလို့လည်း သိတော်မူသွားတယ် (အံ၊ဋ္ဌ၊၁၊၁၂၆။ မ၊ဋ္ဌ၊၃၊၅၈)။
ဒီဖြစ်ရပ် နှစ်ခုကို ကြည့်ရင် အရှင်မောဂ္ဂလ္လာန်က ရဟန်းဖြစ်ပြီး ရ-ရက်အကြာမှာ ရဟန္တာ ဖြစ်တယ်။ အရှင်သာရိပုတ္တရာက ရဟန်းဖြစ်ပြီး ၂-ပတ် အကြာမှာ ရဟန္တာ ဖြစ်တယ်။ ဒါဟာ မြန်မာ ဗုဒ္ဓဝင် အရပါပဲ။
ဘာကြောင့်
အရှင်မြတ်တို့ နှစ်ပါးမှာ ဉာဏ်ပညာ ဧတဒဂ်ဆုပန် အရှင်သာရိပုတ္တရာရဲ့ အနိစ္စ ဒုက္ခ အနတ္တလို့ ဆင်ခြင်တဲ့ ဝိပဿနာဉာဏ်ရဲ့ အရှုခံ တရားအစု တစ်နည်း ဝိပဿနာဉာဏ် ဖြစ်ရာ တရားအစု(ဝိပဿနာဘူမိ)က အရှင်မောဂ္ဂလ္လာန်ထက် များပြား ကျယ်ပြန့်လို့ အရှင်သာရိပုတ္တရာက အရှင်မောဂ္ဂလ္လာန်ထက် ရဟန္တာ ဖြစ်တာ နောက်ကျတယ်။ ဥပမာ .. သာမန် ဆင်းရဲသား တစ်ယောက် ခရီးကို မြန်မြန် ထွက်နိုင်ပေမယ့် ဘုရင်တွေ ကတော့ အချိန်ယူ ပြင်ဆင်ရသလို ဖြစ်ကြောင်း ကျမ်းဂန်မှာ ဆိုတယ် (မ၊ဋ္ဌ၊၃၊၅၈)။
မထူးဘူး
အနောက် တိုင်းသားတို့လည်း ဒီပါဠိ အဋ္ဌကထာ မှတ်တမ်းတွေကိုပဲ ကြည့်ပြီး ရေးကြတာဖြစ်လို့ အထူးမဆိုပါဘူး။ အရှင်မောဂ္ဂလ္လာန်က အရှင်သာရိပုတ္တရာထက် စောပြီး ရဟန္တာ ဖြစ်တယ်လို့ပဲ ဆိုပါတယ် (Great Disciples of the Buddlha by Nyanaponika Thera, p.10)။
မေ ၆၊ ၂ဝ၁၈။
---
၆၆၃။ ပဗ္ဗဇ္ဇမင်္ဂလာ
ဆရာတော် ဘုရား၊ မကြာခင် အချိန်တွင် တပည့်တော်မ၏ သားရင်း နှစ်ယောက်နှင့် အစ်ကိုရဲ့ သားကို ရှင်သာမဏေ ပြုပေးမည် ဖြစ်ပါ၍ ရှင်သာမဏေ ပြုတာနဲ့ ပတ်သက်တဲ့ သိမှတ်စရာများ၊ လိုအပ်သည့် အသုံးအဆောင်များ၊ ရှောင်ရန် ဆောင်ရန်တို့ကို မိန့်ကြားစေလိုပါသည် ဘုရား။
ခင်ခင်ငြိမ်း
---
အဓိပ္ပာယ်
ပါဠိစကား “ပဗ္ဗဇ္ဇ (ပတ်ဗစ်ဇ)’ဆိုတာ လူ့အဖြစ် လူ့အသွင်ကို စွန့်ပြီး ဗုဒ္ဓသာသနာအတွင်း ရှင်ရဟန်းအသွင်ကို ယူခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာရဲ့ စည်းကမ်းနဲ့အညီ ဖြတ်ချုပ် ဆိုးထားတဲ့ သင်္ကန်းကို ဝတ်ရုံပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာကျင့်သုံး နေထိုင်ရတာ ဖြစ်လို့ ဒီစကားလုံးကို အခြားဘာသာတို့ သုံးခွင့် မရှိပါဘူး။ အဲဒီလို ရှင်ရန်းအသွင် ယူခြင်းကိုပင် ဤဘဝ နောင်ဘဝ ကြီးပွား ချမ်းသာကြောင်း အမှတ်အသား ဖြစ်လို့ “မင်္ဂလာ”လို့ခေါ်တယ်။
အသုံးအဆောင်
စာဆိုအရ ... ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံသင်္ကန်း၊ နှစ်ထပ် သင်္ကန်း၊ သပိတ်၊ ခါးပန်းကြိုး၊ ခေါင်းရိတ်ဓား၊ ချုပ်အပ်၊ ရေစစ်’လို့ ရဟန်းရဲ့ အခြေခံ လိုအပ်တဲ့ ပစ္စည်း ၈-မျိုး ရှိတယ်။ ခုခေတ်မှာတော့ အရေးတကြီး မလိုအပ်တဲ့ အတွက် နောက်ဆုံး နှစ်ခုကို ချန်ထားခွင့် ရှိမယ် ထင်ပါတယ်။ ရဟန်းအတွက် နှစ်ထပ်သင်္ကန်း ထည့်ကို ထည့်ရပေမယ့် သာမဏေဆိုရင် မပါလည်း ဖြစ်တယ်။ ဒါပေမယ့်··
စောင် အိပ်ရာခင်းနဲ့ ခေါင်းအုံးလည်း ပါသင့်တာပဲ။ ရက်တိုရင် အနည်းဆုံး သင်းပိုင် အပို ၁-ထည်၊ ၂-ပတ် လောက် နေရင် သင်္ကန်း ၂-စုံလောက်မှ သင့်မယ်။
ရှင်ပြုခြင်း
အရှင်ရာဟုလာ ရှင်ပြုခဲ့သလို အရိုးဆုံး ရှင်ပြုနည်းက .. ၁) ဆံပင်၊ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးကို ရိတ် ၂) သင်းပိုင်ကို ခါးမှာ ဝတ်၊ အပေါ်ရုံ သင်္ကန်းကို ကိုယ်မှာရုံ ၃) ရှင်ပြုပေးမယ့် ရဟန်း ရှေ့မှာ ထိုင်ပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ကို ဆရာဆိုတိုင်း ပီသစွာ ဆိုပြီးတာနဲ့ ဆယ်ပါးသီလ ပြည့်စုံပြီး သာမဏေ ဖြစ်သွားတယ်။ ပြီးမှ ၁၀-ဝါပြည့်တဲ့ ရဟန်းထံမှာ “တပည့်တော်ကို ဆုံးမမယ့် ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါ ဘုရား”လို့ လျှောက်ရတယ် (ဝိ၊၃၊၁၁၅)။
ရှင်လောင်းကို မင်းဝတ်တန်ဆာ ဝတ်ဆင်ပြီး ခမ်းနားစွာ ရှင်ပြုတဲ့ အစဉ်အလာဟာ အသောက မင်းကြီးက ညီတော် အိမ်ရှေ့မင်းကို သပ်ရပ်စွာ ဝတ်စား ဆင်ယင်စေပြီး စစ်သည် အခြံအရံနဲ့ အသောကာရုံ ကျောင်းသို့ ပို့ဆောင်တာ (ဝိ၊ဋ္ဌ၊၁၊၄၁)ကို အတုယူကြဟန် တူတယ်။
ရှိခိုးဦးချ
“ရဟန်းကျင့်ဝတ် တစ်ပါးတတ်က လူနတ်ဦးခိုက် ပူဇော်ထိုက်’ ဆိုတဲ့အတိုင်း ရှင်သာမဏေ ဖြစ်ပြီးတာနဲ့ ရှင့်ဒကာ ရှင့်အမတို့က ရိုသေဦးညွတ်ရတယ်။ ဘာကြောင့်ဆို .. “ဖန်ရည်စွန်း သင်္ကန်းကို ဝတ်ရုံခြင်း၊ ဆံပင်ကို ရိတ်ပယ်ခြင်း”ဆိုတဲ့ ပူဇော်ထိုက်တဲ့ အသွင်နှစ်မျိုးနဲ့ ပြည့်စုံနေတဲ့ အပြင် (မိလိန္ဒ၊၁၆၃)၊ “ဥဒေါင်းငှက်ဟာ ဟင်္သာငှက်ရဲ့ ပျံသန်းနှုန်းကို မမီနိုင်သလို လူဝတ်ကြောင်ဟာ ရှင်ရဟန်းရဲ့ အထက်မဂ် အထက်ဖိုလ်ကို ရနိုင်တဲ့ ဝိပဿနာဉာဏ်ရဲ့ မြန်နှုန်းကို မမီနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် (သုတ္တနိ၊၃၁၄)”။
သာမဏေသီလ
ရှင်သာမဏေတို့ စောင့်ရတဲ့ သီလတွေက ဆယ်ပါးသီလ၊ လိင် ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ ခန္ဓက ပါဠိတော်မှာ လာတဲ့ ဝတ်ကြီးဝတ်ငယ် ဆယ့်လေးပါး၊ သေခိယ သိက္ခာပုဒ် ၇၅-ပါး စသည်။ “သေခိယ”ဆိုတာ ရှင်သာမဏေတို့ရဲ့ စည်းကမ်းပါပဲ .. သင်္ကန်းကို ညီအောင်ဝတ်၊ မြို့ရွာထဲမှာ ကျယ်ကျယ် မရယ်ရ၊ လျှာထုတ်ပြီး မစားရ၊ စားရင် ပါးစပ်က မသံမမြည်ရ၊ ပါးစောင်မှာ အစာကို သိမထားရ၊ မနာဖျားဘဲ. မတ်တတ်ရပ်ပြီး ကျင်ကြီးကျင်ငယ် မစွန့်ရ ... ဒါမျိုးတွေ ပါတယ်။
ရှောင်ပါ
တစ်ခါမှာ .. ခုနစ်နှစ်နဲ့ ကိုးနှစ် သားလေးတွေကို ရှင်ပြုတော့ ရှင်ဖြစ်စ ငြိမ်တာပေါ့။ ခဏကြာ ဝတ်ထားတဲ့ သင်္ကန်းကို ပြီး အငယ်က အကြီးရဲ့ ပစ္စည်းကိုလု၊ အကြီးကောင်က အော်၊ မိခင်လည်း လက်သံ ခပ်ပြောင်ပြောင်ဆိုတော့ သတိလွတ်ပြီး တင်းပါးကို “ဖြန်းခနဲ’ လုပ်ပစ်တယ်။ မလုပ်ပါနဲ့ .. အဲဒီ အသွင်လေးနဲ့ ကုသိုလ်ရအောင် အကောင်းဆုံး စောင့်ရှောက်ပေးပါ။ ‘ယူလိုက်စမ်း၊ လုပ်ပေးစမ်း’ ဆိုတာမျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ရဟန်းသာမဏေကို ငယ်လို့ ဆိုပြီး မရိုမသေ မလုပ်ကောင်းဘူး (သံ၊၂၊၆၉)။ ဒါ့ပြင်..
အကျိုးရှိစေ
ရှင်ရဟန်း တစ်ခါပြုဖို့ အချိန် ငွေနဲ့ လူတွေ ရင်းနှီး မြှုပ်နှံရတယ်။ ဒါကြောင့် အကျိုးရှိအောင် လုပ်ပေးနိုင်တဲ့ နေရာကို ရွေးချယ်နိုင်ဖို့ လိုတယ်။ ဆည်းကပ်မယ့် ပုဂ္ဂိုလ် နာမည်ကြီးတိုင်း မကောင်းဘူး။ လူထွက်လာတဲ့အခါ ပရိယတ် (ဗုဒ္ဓဘာသာ ဗဟုသုတ) သို့မဟုတ် ပဋိပတ် (တရားထိုင်ခြင်း) တစ်ခုခုကို သင်ယူလာနိုင်မှ အကျိုးရှိမယ်။
အမွေခံ
မိဘတွေက သားသမီးကို ရှင်ရဟန်း ပြုပေးတာကို “သာသနာ့ အမွေ’ကို ပေးတယ်ဆိုတဲ့ အယူအဆဟာ မြတ်ဗုဒ္ဓက သားတော် ရာဟုလာကို ရွှေအိုးကြီး လေးလုံးကို ပေးမယ့်အစား ရှင်သာမဏေ ပြုပေးလိုက်တာက စတင်ခဲ့ပုံပါပဲ။ တတိယ သံဂါယနာခေတ်မှာ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ရဲ့ အကြံပြုချက်အရ သာသနာ့အမွေကို ပေးတဲ့အနေနဲ့ အသောက မင်းကြီးဟာ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမိတ္တာကို သာသနာ့ဘောင်ထဲ ဝင်ဖို့ တိုက်တွန်းခဲ့တယ်။ ဒါ့အပြင် .. ရှင်ရဟန်း ပြုပေးတဲ့ မိဘတွေ အနေနဲ့လည်း ကိုယ်တိုင် ရှင်ရဟန်း ပြုရသလိုပါပဲတဲ့ (ဝဇိရ-ဋီ၊ ၂၇)။
မေ ၈၊ ၂ဝ၁၈။
---
၆၆၄။ တရားစစ်သူကြီးရဲ့ အိမ်ပြန်ကြိမ်
ဆရာတော် ဘုရား၊ အွန်လိုင်း ရေးသားချက် တစ်ခုတွင် တရားစစ်သူကြီး အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံး တစ်ကြိမ်သာ မွေးရပ်မြေသို့ ပြန်ကြွသည်ဟု ဆိုပါသည်။ ဆရာတော်၏ ဓမ္မအမေးအဖြေ တစ်ခုမှာတော့ အရှင်သာရိပုတ္တရာဟာ မိခင်ရဲ့ အိမ်ကို ဆွမ်းခံကြွသည်ဟု ဆိုပါသည်။ ထိုစကားနှစ်ရပ်ကို ပြန်ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
အရှင်နိမ္မိတာလင်္ကာရ
---
အဆိုတစ်ခု
အခါတစ်ပါး အရှင်သာရိပုတ္တရာဟာ မဂဓတိုင်း နာလကရွာငယ်မှာ သီတင်းသုံးတော်မူတယ်။ ထိုစဉ်အခါ “သာမဏ္ဍကာနိ’ လို့ အမည်ရတဲ့ ပရိဗိုဇ်တစ်ယောက် အရှင်မြတ်ထံ ရောက်လာပြီး မေးတယ် “သုခဆိုတာ ဘာလဲ၊ ဒုက္ခဆိုတာ ဘာလဲ”တဲ့။ အရှင်မြတ်က “ဘဝသစ် ဖြစ်ခြင်းဟာ ဒုက္ခပဲ၊ ဘဝသစ် မဖြစ်ခြင်းဟာ သုခပဲ (အံ၊၃၊၃၅၂)’လို့ ဖြေတယ်။
ဘိက္ခုဉာဏပုဏ္ဏိက မထေရ်က “နာလကရွာဆိုတာ အရှင်သာရိပုတ္တရာရဲ့ မွေးဖွားရာ ပရိနိဗ္ဗာန်စံရာ အရပ်ပဲ။ အရှင်မြတ်ဟာ ရဟန်းဖြစ်ပြီးနောက် မွေးရပ်မြေကို တစ်ကြိမ်သာ ပြန်ကြွတာ ဖြစ်လို့ ဒီပရိဗိုဇ်နဲ့ တွေ့တာဟာ ပရိနိဗ္ဗာန်စံဖို့ နောက်ဆုံး ကြွရောက်တဲ့ အချိန်မှာ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပြုပါတယ် (An Anthology of Suttas from the Anguttara Nikaya, Foot Note, p. 314)။ ဒါပေမယ့်..
မတုံ့ပြန်ဘူး
တစ်ခါမှာ အရှင်သာရိပုတ္တရာဟာ နောက်ပါ သံဃာတွေနဲ့ အတူ မွေးရပ်မြေ နာလကရွာရှိ မိမိရဲ့ အိမ်ရှေ့မှာ ဆွမ်းခံရပ်တယ်။ မယ်တော် ရူပသာရီပုဏ္ဏေးမကြီးက အရှင်သာရိပုတ္တရာနဲ့ သံဃာတွေကို ဆွမ်းတော့ လောင်းတယ်။ ဒါပေမယ့် ပါးစပ်က တဖျစ်တောက်တောက် ပြောဆိုတယ်။ အဲဒီ အချိန်မှာ နောက်က အရှင်ရာဟုလာလည်း ပါလို့ ကျောင်းပြန်ရောက်တော့ မြတ်စွာဘုရားက အရှင်ရာဟုလာကို မေးတယ်..
“ဒီနေ့ ဘယ်ကို ဆွမ်းခံကြွသလဲ'
“ဒကာမကြီး (အရှင်သာရိပုတ္တရာရဲ့ မယ်တော်)ရဲ့ အိမ်ကိုပါ ဘုရား”
“သင့် ဒကာမကြီးက သင့်ရဲ့ ဥပဇ္ဈာယ်ဆရာ (အရှင်သာရိပုတ္တရာ)ကို ဘာပြောလဲ”
“ဒကာမကြီးက တပည့်တော်ရဲ့ ဥပဇ္ဈာယ်ဆရာကို ဆဲဆိုပါသည် (အက္ကုဋ္ဌော)”
“ဘယ်လို ဆဲဆိုတုန်း’
“သူတောင်းစား၊ ခုလို တောင်းစားမလို့ ဒီက ကုဋေရှစ်ဆယ်ကို စွန့်ရက်ပလေလို့ ဆဲဆိုပါတယ်”
“သင့် ဥပဇ္ဈာယ်ဆရာက ဘာပြန်ပြောလဲ” “ဘာမှ ပြန်မပြောပါ”
အရှင်သာရိပုတ္တရာရဲ့ မတုံ့ပြန်ဘဲ တုံ့ပြန်မှုကို အကြောင်းပြုပြီး ရဟန္တာဆိုတာ စိတ်ဆိုးဒေါသကို ထွေးအန်ပြီးပြီလို့ မြတ်ဗုဒ္ဓက ရဟန်းတွေကို မိန့်တော်မူတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၄ဝ၉)။
နှစ်ကြိမ်
“အရှင်ရာဟုလာဟာ မြတ်ဗုဒ္ဓနဲ့ အရှင်သာရိပုတ္တရာ တို့ထက် အရင် စောပြီး တာဝတိံသာ နတ်ပြည်မှာ ပရိနိဗ္ဗာန်စံတယ် (ဒီ ဌ၊၂၊၅၄၀)’ဆိုလို့ ဒီဖြစ်ရပ်ဟာ အရှင်သာရိပုတ္တရာရဲ့ နောက်ဆုံး ခရီးစဉ်မှာဖြစ်တာ မဟုတ်နိုင်။ ဒါကြောင့် ဓမ္မပဒအဋ္ဌကထာ အဆိုအရ အရှင်မြတ်ဟာ မွေးရပ်မြေ နာလကရွာကို အနည်းဆုံး နှစ်ကြိမ် ကြွရောက်တယ်လို့ ဆိုခွင့်ရှိတာပေါ့။
မေ ၈၊ ၂၀၁၈။
---
အချည်းနှီးသူ
အဟံကာရ (ငါတကားဟု မာန်ထောင်မှု)ကြောင့်ဖြစ်စေ ဂုဏ်သတင်း ကျော်စောမှုနှင့် စည်းစိမ် ဆုတ်ယုတ်မည်ကို စိုးရိမ်သောကြောင့် ဖြစ် စိတ်ထဲ၌ မမှန်ဟု သိနေပါလျက် မပြုပြင်ဘဲ မျက်စိစုံမှိတ်၍ စွဲကိုင်လေ့ရှိသူသည် ဘုရားကို ကြည်ညိုပါသည်ဟု ပါးစပ်က မည်မျှ ဆိုစေ ဘုရားတစ်ဆူနှင့် အမှန်တကယ် ကြုံတွေ့ရမူလည်း မဂ်ဖိုလ် မမှီး အချည်းနှီးသာ ဖြစ်လိမ့်မည်။
---
၆၆၅။ ဘုရားရှင် ကျောနာခြင်း
ဆရာတော်ဘုရား၊ မြတ်စွာဘုရား ခါးကိုက်သည်ဟု ကြားဖူးပါသည် ဘုရား။ အဲဒါ ဟုတ်ပါသလား၊ ဘုရားဖြစ်လျက် အဘယ်ကြောင့် ခါးကိုက်ရပါသနည်း။ ကျမ်းဂန်မှာ ပါမပါ သိလိုပါသည်အရှင်ဘုရား။
Dr. သိန်းသိန်း (Daly City, CA)
---
လူ့ခန္ဓာ
မြတ်စွာဘုရားဟာ လူသား ဖြစ်တဲ့အတွက် ကိုယ်ခန္ဓာလည်း လူသား ကိုယ်ခန္ဓာပဲ ဖြစ်လို့ သဘာဝအရ ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး အပူအအေး စသည်တို့ ဖောက်ပြန်တဲ့အခါ ကိုယ်ခန္ဓာမှာ နာကျင်ခံခက်ပြီး ဆာလောင်မွတ်သိပ် စတဲ့ ဝေဒနာတွေ ဖြစ်ရတယ်။ ဒါပေမယ့် ထူးခြား မြင့်မြတ်တဲ့ ကိုသိုလ် ပါရမီ၊ ကိုယ်ကျင့်တရား၊ စိတ်တည်ငြိမ်မှု၊ အသိဉာဏ်ထူးတွေနဲ့ ပြည့်စုံတာကြောင့် သူလို ကိုယ်လို သာမန် ကိုယ်ခန္ဓာမျိုးလည်း မဟုတ်ဘူး။
ပြင်းထန်ခဲ့လို့
ကောသလတိုင်း နဠကပါန အမည်ရှိတဲ့ ရွာကြီးအနီး ပေါက်ပင်တောမှာ မြတ်ဗုဒ္ဓ သီတင်းသုံးစဉ် ညနက်သည်ထိ ရဟန်းတွေကို တရားဟောပြီးတဲ့အခါ သံဃာတွေ မငိုက်မျဉ်းဘဲ လန်းဆန်းနေဆဲ ဖြစ်တဲ့အတွက် အရှင်သာရိပုတ္တရာကို “သာရိပုတ္တရာ၊ သံဃာတွေကို တရားဟောဦးလော့။ ငါ၏ ကျောကုန်းသည် ညောင်းညာ၏။ ကျောကို ဆန့်ဦးအံ့’လို့ မိန့်တော်မူပြီး ပြန်နိုးထမည် ဆိုတဲ့ အမှတ်နဲ့ ကျိန်းစက်တော်မူတယ် (အံ၊၃၊၃၅၃)။
မြတ်ဗုဒ္ဓဟာ ဥရုဝေလာမှာ လူသာမန်တွေ မလုပ်နိုင်တဲ့ “ဒုက္ကရစရိယ (ခက်ခဲတဲ့ အကျင့်)” အကျင့်ကို ၆-နှစ်ကြာ ကျင့်ကြံ အားထုတ်စဉ်က ဖြစ်ခဲ့ရတဲ့ ကိုယ်ခန္ဓာရဲ့ ဆင်းရဲ ဒုက္ခဟာ သက်တော် ကြီးရင့်လာချိန်မှာ ကျောကုန်း နာတာကို ဖြစ်ပေါ်စေတယ် (အံ၊ဋ္ဌ၊၃၊၃၁၈)။
ကံကြွေး ၁၂
အနောတတ်အိုင် အနီးရှိ ကျောက်ဖျာပေါ်မှာ ထိုင်တော်မူလျက် “ရဟန်းတို့ ... ငါပြုခဲ့သော ရှေးကံဟောင်း၏ အကျိုးဆက်သည် ဘုရား အဖြစ်၌လည်း အကျိုးပေးလျက် ရှိ၏” အစချီပြီး ဝိပါက်တော် ၁၂-ပါးကို ဂါထာပါဒနဲ့ ဟောတော်မူပါတယ်။ “သုန္ဒရီ၊ လူသတ်၊ စိဉ္စမာန်၊ ကျောက်လှိမ့်ထိ၊ သွေးစိမ်းတည်၊ ခွဲစိတ်ခံ၊ နာဠာဂိရိ၊ ခေါင်းကိုက်၊ ကျောကုန်းနာ၊ မုယောဆွမ်း၊ ဝမ်းသွေးသွန်၊ ခြောက်နှစ်’လို့ ဆိုတဲ့ ကံကြွေး ၁၂-မျိုးထဲမှာ ကျောကုန်းနာတာ ဘကြောင့်လဲ ..
လက်ဝှေ့ထိုး
ဘဝတစ်ခုမှာ ဘုရားလောင်းက အရပ်ပုတယ်။ လက်ဝှေ့ကျော် တစ်ဦးဟာ ဒေသတစ်ခွင်လုံး အနိုင်ထိုးခဲ့ပြီး ဘုရားလောင်း နေတဲ့ရွာကို ရောက်တော့ ဘုရားလောင်း ဂျပုနဲ့ စိန်ခေါ်ပွဲ ဆင်နွှဲကြရာမှာ ဘုရားလောင်းက စိန်ခေါ်သူကို ခါးရိုးကျိုးတဲ့ထိ ထိုးသတ်နိုင်တယ်။ ဒီအကုသိုလ် ကံကြွေးကြောင့် နောက်ဆုံး ဗုဒ္ဓ ဖြစ်တဲ့ ဒီဘဝမှာ ရံခါ ကျောကုန်းနာတဲ့ ရောဂါကို ခံစားရတယ် (အပဒါန၊၁၊၃၄၉)။
မေ ၉၊ ၂၀၁၈။
---
၆၆၆။ ရက်ပြည့်ကုသိုလ်
ဆရာတော်ဘုရား၊ ကလေးများကို ရက် ၁၀၀-ပြည့်၊ တစ်နှစ်ပြည့် ... ကုသိုလ်တွေ လုပ်ပေးတဲ့ အတွက် ကလေးများမှာ ကုသိုလ် အကုသိုလ် မသိသေးလို့ အကျိုး သက်ရောက်မှု ရှိနိုင်ပါသလားဘုရား။
ဒေါ်ဒေါ်လေး (သင်းသင်းဆွေစတိုး)
---
သန္ဓေသား
“မြတ်ဗုဒ္ဓ လက်ထက်က ဗောဓိမင်းသားရဲ့ မယ်တော်က ဗောဓိမင်းသားကို သန္ဓေရှိစဉ်မှာ သရဏဂုံ ဆောက်တည်ပေးတယ် (မ၊၂၊၃ဝဝ)”။ “ဤနည်းဖြင့် သရဏဂုံ ဆောက်တည်နိုင်သလား ဟူမူ မဆောက်တည်နိုင်။ စိတ်မပါဘဲ သရဏဂုံ ဆောက်တည်ခြင်း မဖြစ်နိုင်။ သို့ရာတွင် ထိုသန္ဓေသား၏ အစောင့်အရှောက် (အရံ အတား)ကား ဖြစ်သည်သာတည်း”။
“သန္ဓေသား ကြီးပြင်းချိန်၌ မိဘတို့က “ချစ်သား (ချစ်သမီး)၊ မိခင်ဝမ်းမှာ ရှိစဉ်ကပင် ငါတို့သည် ချစ်သား (ချစ်သမီး)အား သရဏဂုံ ဆောက်တည် ပေးခဲ့ပါ၏”ဟု သတိပေးသဖြင့် သားသမီးများက မိမိတို့မှာ သရဏဂုံ တည်ပြီးသူဟု နားလည်ချိန်၌ သရဏဂုံကို တည်ပြီး ဖြစ်တော့၏ (မ၊ဋ္ဌ၊၃၊၂၂၆)။
အဓိပ္ပာယ်
မိမိစိတ်မှာ နားလည်ပြီး ခံယူမှပဲ သရဏဂုံကို ဆောက်တည်လို့ ဖြစ်တယ်။ စိတ်မပါဘဲ မဖြစ်နိုင်။ ဒါပေမယ့် မိခင် ဆောက်တည်ပေးတဲ့ သရဏဂုံ ကုသိုလ်ဟာ သန္ဓေသားမှာ အကာအကွယ် ဖြစ်ပြီး အန္တရာယ် ကင်းစေတဲ့ အကျိုးကိုတော့ ရတယ်။
ကလေးငယ်ကို မွေးဖွားပြီးနောက် သိတတ် နားလည် ချိန်ထိ မိဘ ဘိုးဘွားများက ဆက်လက်၍ သရဏဂုံကို ဆောက်တည် ပေးနိုင်တယ်။
ကြီးပြင်းချိန်မှာ ထိုကိစ္စကို ပြောပြလို့ ကလေး နားလည် ရင် အဲဒီ ကလေးကို ပဋိသန္ဓေကပင် သရဏဂုံ တည်လာသူလို့ ဆိုနိုင်တယ်လို့ ဖြစ်ပါတယ်။
အဖြေ
မမွေးဖွားသေးတဲ့ သန္ဓေသားကိုပင် မိဘ ဘိုးဘွားတွေက သရဏဂုံကို ကုသိုလ် ဆောက်တည်ပေးနိုင်ရင် ကလေး ကိုယ်စား ရက်ပြည့်၊ လပြည့်၊ နှစ်ပြည့် ကုသိုလ်များလည်း ပြုပေးနိုင်တာပဲပေါ့။ ဒါကြောင့်..
ရက် ၁၀၀-ပြည့်၊ တစ်နှစ်ပြည့် အချိန်တွေမှာ ကလေးကိုယ်စား မိဘဘိုးဘွားတို့က ကုသိုလ် ပြုပေးနိုင်တယ်။ တတ် နားလည်ချိန်ထိ လုပ်ပေးနိုင်တယ်။ ဒီကုသိုလ်ဟာ ကလေး သက်ရှည် ကျန်းမာဖို့ အထောက်အပံ့ ပြုတယ်။ သိတတ် နားလည်ချိန်မှာ ဒီကုသိုလ်ကို အာရုံပြုပြီး အခက်အခဲကို ကျော်လွှားနိုင် တယ်ဆိုတဲ့ ကုသိုလ်ရဲ့ အကျိုး သက်ရောက်မှုကို မှတ်သားပါ။ စကားမစပ်..
သေသူကိုပဲ သရဏဂုံ တင်တယ်လို့ လူအများ သိနေကြ ပေမယ့် အမှန်က သန္ဓေသားကိုလည်း သရဏဂုံတင်တာပဲ။ ပေမယ့် ... သေသူနဲ့ ဝေါဟာရ တူနေလို့ မေးဖွားစ ကလေးကို “သရဏဂုံတင်”ဆိုတဲ့ ဝေါဟာရကို သုံးနှုန်းရဲကြမယ် မထင်ဘူး။ လုပ်တဲ့ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။
မေ ၉၊ ၂၀၁၈။
---
၆၆၇။ လင်းနို့သားနှစ်ဝတ္ထု
ဆရာတော်ဘုရား၊ မဟာသတိပဋ္ဌာန သုတ်တော်ကို နာယူတာလည်း လင်းနို့သား ငါးရာ၊ အဘိဓမ္မာကို နာယူတာလည်း လင်းနို့သား ငါးရာ၊ အတူတူပါလား ဘုရား။ နောက်ပြီး ဒီစကားနှစ်ခုမှာ ကဿပဘုရား လက်ထက်က အဘိဓမ္မာကို နာယူတဲ့ လင်းနို့သား ငါးရာက ဂေါတမဘုရား လက်ထက် ရောက်မှ မဂ်ဖိုလ် ရပြီး မဟာသတိပဋ္ဌာနသုတ်ကို နာယူတဲ့ လင်းနို့သား ငါးရာကတော့ ဒီဘဝမှာတင်ပဲ လူပြန်ဖြစ် ဒီဘဝမှာပဲ သုံးမဂ် သုံးဖိုလ် ရကြတယ်တဲ့ ဘုရား။ အဲ့ဒီ စကားနှစ်ခုကို စိတ်ထဲ သိပ်မရှင်းလို့ လျှောက်ထားခြင်း ဖြစ်ပါတယ် ဘုရား။
တွံတေး အရှင်လေး
---
အဘိဓမ္မာ
ဂေါတမဗုဒ္ဓရဲ့ ရှေ့က ပွင့်တော်မူတဲ့ ကဿပဗုဒ္ဓ လက်ထက်မှာ အဘိဓမ္မာဆောင် မထေရ်နှစ်ပါးဟာ လိုဏ်ဂူမှာ နေရင်း အဘိဓမ္မာကို ရွတ်အံကြစဉ် အဲဒီဂူမှာ တွဲလောင်းခို နေကြတဲ့ လင်းနို့ ငါးရာဟာ ထိုရွတ်ဖတ်သံကို ကြားမိရုံနဲ့ အဓိပ္ပာယ်ကို မသိပေမယ့် ကုသိုလ်စိတ် ဖြစ်ပြီး သေလွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်တယ်။ ဂေါတမဗုဒ္ဓ ပွင့်ချိန်မှာ လူပြန်ဖြစ်ပြီး ဘုရားရှင်ရဲ့ ယမကပြာဋိဟာကို ကြည်ညိုရာကနေ အရှင်သာရိပုတ္တရာထံ မှာ ရဟန်းပြုကြတယ်။
မြတ်ဗုဒ္ဓဟာ တာဝတိံသာမှာ အဘိဓမ္မာကို ဟောစဉ် ဆွမ်းခံချိန်တိုင်း လူ့ပြည်က အနောတတ်အိုင်မှာ အရှင်သာရိပုတ္တရာကို ပြန်ပြီး ဟောတယ်။ အရှင်သာရိပုတ္တရာကလည်း အဘိဓမ္မာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဲဒီ ရဟန်းငါးရာကို တစ်ဆင့် သင်ကြားတယ် (အဘိ၊ဋ္ဌ၊၁၊၁၇)။
အဘိဓမ္မာကို အရှင်သာရိပုတ္တရာက လင်းနို့ ဖြစ်ဖူးတဲ့ ထိုရဟန်းငါးရာကို ဟောတယ် ဆိုတာတော့ အဘိဓမ္မာအဖွင့် အဋ္ဌသာလိနီ ကျမ်းမှာပါတာ သေချာတယ်။
သတိပဋ္ဌာန်
မဟာသတိပဋ္ဌာန သုတ်ကတော့ ဒီဃနိကာယ် မဟာဝဂ္ဂပါဠိမှာ လာတယ်။ အဖွင့်အဋ္ဌကာထာမှာ လင်းနို့သား ငါးရာနဲ့ ပတ်သက်တဲ့ ဖော်ပြချက် အရိပ်အမြွက်မျှ မတွေ့မိ။ ဒါကြောင့် ဒီအကြောင်းအရာဟာ နိကာယ်အဋ္ဌကထာ ကျမ်းထွက် မဟုတ်လောက်ဘူး။ သဟဿဝတ္ထု = နှစ်သက်ဖွယ် ဖြစ်ရပ်များ (သ =ရှိ၊ ဟဿ = နှစ်သက်ဖွယ်၊ ဝတ္ထု = ဖြစ်ရပ်) ကျမ်းမှာ ..
“တောကျောင်းနေ ရဟန်းတစ်ပါးရဲ့ မဟာပသတိပဋ္ဌာန သုတ် ရွတ်ဖတ်သံကို ကြားရတဲ့ လင်းနို့ငါးရာဟာ သေလွန်တဲ့ အခါ အနီးအနားက ရွာမှာ လူဖြစ်၊ ထိုကျောင်းကိုပင် သွားပြီး ရဟန်းများထံမှ မဟာသတိပဋ္ဌာနသုတ်ကို နာယူပြီး ရဟန်းပြု၊ အထက်မဂ် သုံးခုကိုရ’ကြောင်း ဆိုတယ်။
ကျမ်းစာ
အေပီ ဗုဒ္ဓဒတ္တ မထေရ်ရေးတဲ့ သဟဿဝတ္ထုကျမ်းရဲ့ နိဒါန်းအရ ကျမ်းပြုပုဂ္ဂိုလ်မှာ သီဟိုဠ် မဟာဝိဟာရ ကျောင်းတိုက်နေ အရှင်ရဋ္ဌပါလ ဖြစ်ပြီး သီဟိုဠ် ရှေးရဟန္တာတို့ မိန့်ကြားတဲ့ ဖြစ်ရပ်တွေကို ပါဠိဘာသာနဲ့ ရေးတဲ့ကျမ်း ဖြစ်ကြောင်း သိရတယ်။ ပါဠိဘာသာ မဟာဝံသကျမ်းထက်ပင် ဒီကျမ်းက စောတယ်လို့ ယူဆတယ် (Sahassavatthuppakarana, Foreword, p. XXIV, University of Cenlon Review မှ W. Rahula ရဲ့ သဟဿဝတ္ထုကျမ်း သုံးသပ်ချက်ကိုလည်း ရှု)။
ကျမ်းစာရဲ့ သက်တမ်းကို အေဒီ ၆-ရာစုခန့်ထိ ခန့်မှန်းနိုင်လို့ သမိုင်းတန်ဖိုး မြင့်တဲ့အပြင်၊ မဟာဝိဟာရ အစဉ်အလာကို အခြေခံတဲ့အတွက် နိကာယ်အဋ္ဌကထာ မဟုတ်ပေမယ့် “သဟဿဝတ္ထု’ဟာ လေးစားထိုက်တဲ့ ကျမ်းစာ ဖြစ်တယ်လို့ ဘုန်းကြီး ယူဆတယ်။
သီးခြားမှတ်
ဒါကြောင့် အဘိဓမ္မာ လင်းနို့သား ငါးရာက မြတ်ဗုဒ္ဓ လက်ထက်က ဖြစ်ရပ် ဝတ္ထုဖြစ်ပြီး သတိပဋ္ဌာန် လင်းနို့သား ငါးရာကတော့ နောက်ထပ် နှစ်ပေါင်း ရှစ်ရာကျော် ကြာမှ သီဟိုဠ်မှာ ဖြစ်တဲ့ဝတ္ထု ဖြစ်တယ်လို့ သီးခြားမှတ်ပါ။
မေ ၁၁၊ ၂၀၁၈။
---
မိစ္ဆာ မန္တာန် မာတုဂါမ် ဖော်လှန် မတင့်တယ်။ တရား နေလ ဤသုံးဝ ဖုံးက မတင့်တယ်။
အယူမှား၊ ပုဏ္ဏားတို့၏ မန္တာန်၊ မိန်းမ ဤသုံးမျိုးမှာ ဖော်ထား လှန်ထားလျှင် မတင့်တယ်။
လဝန်း နေဝန်း ဗုဒ္ဓဓမ္မတို့ကား ဖုံးကွယ်နေလျှင် မတင့် တယ်။ ပွင့်လင်းမှ တင့်တယ်၏။ (အံ၊၁၊၂၈၆)
---
၆၆၈။ မအိုအောင် လုပ်နိုင်
ဆရာတော် ဘုရား၊ မကြာမီအချိန် တစ်ခုတွင် ခေတ်သစ် သိပ္ပံ နည်းပညာဖြင့် လူတွေကို မအိုအောင် လုပ်နိုင်လာမည်ဟု ဆိုပါ သည်။ မအိုအောင် လုပ်နိုင်လျှင် မသေအောင်လည်း လုပ်နိုင်ဖို့ မျှော်လင့်နိုင်ပါသည် ဘုရား။ ဗုဒ္ဓဘာသာ အမြင်အရ အဘယ် ကြောင့် အိုရပါသနည်း၊ မအိုအောင် မသေအောင် လုပ်လို့ ရနိုင်ပါသလားဘုရား။
Dr. ခင်မြင့်ထွေး (တိုကျို)
---
အလယ်မှာနေ
မကြာခင်က နည်းပညာ တစ်ရှိန်ထိုး တိုးတက်နေတာကို လုံးဝ ကောင်း အနေနဲ့ အကောင်းမြင် ရှုထောင့်က အသံလွှင့် တင်ပြချက်တစ်ခု ကြားလိုက်ရတယ်။ လူတွေ အသက်ရှည် ကျန်းမာပြီး ကိုယ်စိတ် ချမ်းသာလို့ အနာဂတ်မှာ လောကကြီးဟာ နိဗ္ဗာန်ဘုံလို ဖြစ်လာမယ်လို့တောင် ဆိုသူတွေ ရှိတယ်။ ဒါပေမယ့် သဘာဝအရ အဆိုးဟာ အကောင်းနောက်က တစ်နည်းနည်းနဲ့ ကပ်ပြီး လိုက်လာလေ့ ရှိပါတယ်။ နည်းပညာကြောင့် လောကကြီး ပျက်စီးသွားမှာကို စိုးရိမ်နေတဲ့ ပညာရှင်တွေလည်း ရှိတာပါပဲ။
ဘာကြောင့်အို
လူ့ကိုယ်တွင်းမှာ တေဇောဓာတ် (ပူအေးသဘော) လေးမျိုး ရှိတယ် ...... “ဖျားနာစေတဲ့ ပုံမှန် ကိုယ်ငွေ့ထက် လွန်ကဲတဲ့ တေဇော (သန္တပ္ပန)၊ အရွယ်ကို အိုစေတဲ့ တေဇော (ဇီရဏ)၊ ယပ်လေ ခတ်ရလောက်အောင် ပူလောင်စေတဲ့ တေဇော (ဒါဟ)၊ အစာကို ကြေညက်စေတဲ့ ဝမ်းမီး (ပါစက) (မ၊၁၊၂၄၅)။ အဲဒီ လေးမျိုးထဲက ဇီရဏတေဇော လောင်မြိုက်ခံရတဲ့အခါ ရုပ်တွေ လျော့ပါး ဖောက်ပြန်တဲ့အတွက် သတ္တဝါတွေ အိုရတယ်။ ပထမအရွယ်မှာ ရုပ်တွေ တိုးပွား၊ ဒုတိယအရွယ်မှာ တိုးပွားပြီးတိုင်း တည်နေ၊ တတိယအရွယ်မှာ တိုးပွားပြီး ရုပ်တွေ ဆုတ်ယုတ် .. ဒါဟာ ထုံးစံပဲ။
စိတ်ကောင်းမှ
ဗုဒ္ဓဝါဒအရ လောကကို စိတ်က ဦးဆောင်တယ် (စိတ္တေန နီယ တေ လောကော။ သံ၊၁၊၃၆)။ ဒါကြောင့် ကမ္ဘာ့လူသားတွေ စိတ်ပိုင်း ဆိုးရွားရင် ရေမြေ တောတောင် ဥတု အာဟာရတွေ ပျက်စီးတယ်။ ဥတု အာဟာရတွေရဲ့ အထောက်အပံ့ကို မရလို့ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဇီဝိတိန္ဒြေစတဲ့ ကမ္မဇရုပ်တွေ အားနည်းပြီး ဇီရဏ တေဇောတွေ အားကောင်းရင် လူတွေ အိုလွယ်၊ အသက်တို ဆိုတာတွေ ဖြစ်ရတယ်။ နည်းပညာ တိုးတက်မှု နောက်ကိုချည်း လိုက်ရင် အသက်တိုမှာ သေချာတယ်။
မအိုဆေး
မအိုအောင် လုပ်နိုင်တယ် ဆိုတာကို ဗုဒ္ဓဝါဒ ကျမ်းဂန်မှာ မြင်းပါဘူး။ ဇီရဏ တေဇောဓာတ်ကို ကာကွယ်နိုင်တဲ့ ဆေးဝါးတွေ ရှိတယ်။ ဝိဇ္ဇာမယဆေး၊ ရသာယန ဆေးတွေနဲ့ “ဇီရဏတေဇောကို ကာကွယ်နိုင်သတဲ့။ အဓိပ္ပာယ်က မအိုအောင် လုပ်နိုင်တယ်ဆိုတဲ့ သဘောပါ။
အိုခြင်းကို မအိုအောင် တားဆီမှု ပြုနိုင်သည်သာတည်း (သက္ကတေဝ ဇရာယ ပဋိကမ္မံ ကာတုံ။ နေတ္တိ၊၂၁)။ ရသာယန ဆေးမျိုးကား အလွန်ရှည်ကြာသော ကာလတိုင်အောင် အသက်ရှည်ခြင်းကို ဖြစ်စေနိုင်သည်သာတည်း (ရသာယနဘူတံ ဟိ ဘေသဇ္ဇီ သုစိရမ္ပိ ကာလံ ဇီဝိတံ ပဝတ္တေတိယေဝ။ ဝိသုဒ္ဓိ ဋီ၊၁၊၆၄)။ ရှင်တော် ဗုဒ္ဓကိုယ်တိုင်လည်း “ဣဒ္ဓိပါဒ်ကို ပွားများထားသူဟာ သက်တမ်း ပြည့်အောင် သက်တမ်းကျော်အောင် နေနိုင်ကြောင်း” ဟောတော်မူပါတယ် (ဒီ၊၂၊၈၆)။ ဒါပေမယ့်
ဆေးမရှိ
မသေအောင် လုပ်လို့တော့ မရနိုင်ပါဘူး (န ပန သက္ကတေ မရဏဿ ပဋိကမ္မံ ကာတုံ။ နေတ္တိ၊၂၁)။ ဆေးဝါးကြောင့် အတော်အတန် အသက် ပိုရှည်ရင် ရှည်မယ်၊ ဆေးဝါးမှီဝဲ ခွဲစိတ်ပြုပြင်တဲ့ နည်းတွေနဲ့ အိုတာကို ထိန်းနိုင်ဖွယ် ရှိပေမယ့် မသေအောင်တော့ လုံးဝ မလုပ်နိုင်ဘူးလို့ မှတ်သင့်ပါတယ်။
မေ ၁၆၊ ၂ဝ၁၈။
---
လူနှင့် ယုံကြည်မှု
ယုံကြည်မှုစနစ် (Believe System)ဆိုတာ ကိုရ်အာန်ကျမ်း နဲ့ မိုဟာမက်ကို ဆိုလိုတာ။ လူတွေနဲ့ ယုံကြည်မှု စနစ်ကို ခွဲခြားပြီး နားလည်ဖို့ အရေးကြီးတယ်။ ဘာကြောင့်ဆို ယုံကြည်မှု စနစ်ကို ဗလီတွေ အားလုံးမှာ သင်ကြား နေကြလို့ပါ။ အယူမသည်းတဲ့ အစ္စလာမ် ယုံကြည်သူတွေ တာကိုရ်အာန်နဲ့ မိုဟာမက်တို့ရဲ့ စကားကို နားမထောင် သူတွေပါပဲ။ Dr. Carl Goldberg, The Logic of Islam (Youtube Video)
---
၆၆၉။ လူအာပတ်ဖြေခြင်း
ဘုန်းဘုန်း၊ မေးလျှောက်စရာလေး တစ်ခု မေးလျှောက်ခွင့်ပြုပါ ဘုရား။ တပည့်တော်တို့ လူသာမန်တွေမှာ “ကိစ္စ များမြောင် လူတို့ဘောင်”ဆိုတဲ့အတိုင်း အကုသိုလ်နှင့် မကင်းနိုင်ပါ။ ကံငါးပါးအနက် တစ်ခုခုကို ကျူးလွန်မိပါသည်။ ပြုပြီး အကုသိုလ်ကို ကုစားလို့ ရနိုင်ပါသလား။ ကုစားရန် နည်းလမ်း ရှိလျှင် မိန့်ကြားတော်မူပါ ဘုရား။
ဝင်းမေအေး - အထပြ (ငြိမ်း)
---
မေးခွန်းကောင်း မေးနိုင်တာကို လေးစားပါတယ်။ အွန်လိုင်းမှာ ဖြေတာဖြစ်လို့ မမှားအောင် ကျမ်းရင်းကို ရှာဖွေရင်း အချိန်ကြာသွားတာပါ။ အောက်ပါ ဗုဒ္ဓဝါဒ ယုံကြည်မှု အခြေခံကို အရင် ဖတ်ကြည့်ပြီးမှ ကျမ်းဆိုနဲ့ အဖြေ ရှာကြည့်မယ် ..
တနုံ့နုံ့မဖြစ်
ကံဆိုတာ ဗီဇသတ္တိ တစ်မျိုး ဖြစ်လို့ အကြောင်း ညီညွတ်ပြီး အချိန်ရောက်မှ သီးပွင့်တယ်။ ဒါကြောင့် အကုသိုလ်ကံတွေကြောင်း မညီညွတ်အောင် မရင့်ကျက်အောင် ရှောင်လို့ တားလို့ ရတယ်။ ပြုမိတဲ့ အပြစ်ကို ကုက္ကုစ္စ၊ ဝိပ္ပဋိသာရ (ပြန်တွေးပြီး တနုံ့နုံ့ စိတ်မချမ်းသာ) ဖြစ်နေရင် အဟောင်းဟာ အသစ်ဖြစ်ပြီး “ခုတ်လေ ပွားလေ” ဖြစ်တတ်တယ်။ ဒါကြောင့် ကုက္ကုစ္စ၊ ဝိပ္ပဋိ-သာရ ဖြစ်မနေဖို့ အရေးကြီးပါတယ်။
အာပတ်ပိမယ်
စိတ်ကို အစိုးမရတဲ့ ပုထုဇဉ် ရဟန်းတွေအဖို့ လောဘ ဒေါသ စိတ်ရိုင်း ဝင်ချိန် အာပတ်သင့်တာပဲ။ အာပတ် သင့်တာကို တစ်သက်လုံး ထားရင် တရားပါ့မလား။ အာပတ်ဖြေခွင့် မရှိရင် ပုထုဇဉ် ရဟန်းအဖို့ အာပတ်တွေ ပိုပြီး ပျံလွန်တော်မူစရာ ရှိတယ်။ ဒါကြောင့် အလောဘ အဒေါသဆိုတဲ့ စိတ်ယဉ်တို့ လွှမ်းမိုးချိန်မှာ ထိုအာပတ်တွေ ငြိမ်းသွားအောင် ရှင်တော်ဗုဒ္ဓက အာပတ်ဖြေခွင့် ပေးထားပါတယ်။
“အာပတ်ဖြေ’ဆိုတာ ဖြစ်ပြီး အပြစ်ကို “လျှော်”ပစ်တာ၊ ဘုရားအမိန့်နဲ့ အပြစ်ကို ပယ်ပစ်တာမျိုး မဟုတ်ဘူး။ မတိုးပွားဘဲ ရပ်တံ့သွားအောင် လုပ်ခြင်းသာ ဖြစ်ပါတယ်။ အာပတ်ကြောင့် ဖြစ်ရတဲ့ အကုသိုလ်ကို ကုသိုလ်နဲ့ အရှိန် သတ်လိုက်တဲ့ သဘောပါပဲ။
သမ္မပ္ပဓာန်
အဘိဓမ္မာအရ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ပြုမိပြီဆိုရင် ထိုသတ္တိဟာ သာမန်နဲ့ မပျက်တော့ဘူး။ အချို့ ကံဆိုရင် နိဗ္ဗာန်ရတဲ့အထိ လိုက်တယ်။ အချို့ကံပဲ မျိုးစေ့ပုပ်လို အကျိုးမပေးတော့တဲ့ “အဟောသိကံ (ကံပုပ်)” ဖြစ်သွားတာ။ ဒါပေမယ့် ဘယ်ကံက ကံပုပ်လဲ ဆိုတာကို မသိနိုင်ဘူး။ ပုထုဇဉ်မှန်ရင် အကုသိုလ် တစ်ခုခုကို ပြုမိမှာပဲ ဖြစ်လို့ “ဖြစ်ပြီး အကုသိုလ်ကို ဒီအတိုင်း ပစ်မထားဘဲ ထပ်မဖြစ်အောင် ကြိုးစား’တာကို သမ္မပ္ပဓာန် ကုသိုလ် ဖြစ်ကြောင်း မြတ်ဗုဒ္ဓ ဟောကြားပါတယ်။
အကုသိုလ် အပြစ်ကြီးပုံနဲ့ အပါယ်ဘေးကိုပဲ သိနေပြီး ပုထုဇဉ် သဘာဝအရ ဖြစ်ရတဲ့ အကုသိုလ်ကို ဘယ်လို ဖြေလျှော့ရတယ် ဆိုတာကို မသိရင် ကြောက်စိတ်ဝင်၊ ကုက္ကုစ္စတွေ ဖိစီးပြီး အသေမှားနိုင်တယ်။ တစ်ချို့ အကြောက် လွန်ပြီး ယုံကြည်မှု ပြောင်းသွားတာမျိုးလည်း ရှိတယ်။ ဒါကြောင့် အကုသိုလ် ဖြေလျှော့နည်းကို နားလည်သင့်တယ်။ ဆက်ဖတ်ကြည့် .
အယူမှား
နိဂဏ္ဌနာဋပုတ္တရဲ့ တပည့် ရွာသူကြီး တစ်ဦးအား မြတ်ဗုဒ္ဓ မိန့်ပုံက .. “ရွာသူကြီး၊ လောကမှာ ဆရာအချို့ဟာ သူ့အသက်သတ်သူ ခိုးသူ ကာမဖောက်ပြန်သူ မမှန်ပြောသူ မှန်ရင် အပါယ်ကျတယ်လို့ ဟောပြောတယ်။ ထိုဆရာရဲ့ တပည့်တွေလည်း “ငါတော့ သူ့အသက် သတ်မိပြီ၊ ခိုးမိပြီ၊ ကာမဖောက်ပြန်မိပြီ၊ မမှန် ပြောမိပြီ၊ ဒီပြစ်မှုတွေကို ကျူးလွန်မိတဲ့ အတွက် ငဖြင့် အပါယ်ကျသူ ဖြစ်ပြီ”လို့ ထင်သွားတယ်။ ဒါဟာ အယူမှားပဲ။ ရွာသူကြီး၊ အဲဒီစိတ်ကို မစွန့်ရင် ငရဲကျတယ်”။
အာပတ်ဖြေ
“ရွာသူကြီး၊ မြတ်စွာ ဘုရားရဲ့ တပည့်တွေကတော့ “ငါသည် သူ့အသက်ကို သတ်မိပြီ။ ဤသို့ သတ်မိခြင်း သည် မကောင်း။ သို့သော် သတ်မိလေခြင်းဟု နှလုံးမသာ ဖြစ်နေ၍လည်း ပြုမိတာ ပျက်မသွား၊ မပြုမိရာလည်း မရောက်တော့။ ဒါကြောင့် ဤသတ်မိသည့် ကိစ္စကို လုံးဝမစဉ်းစားဘဲ နောင်တစ်ဖန် မသတ်မိအောင်ဘဲ ငါ ရှောင်ကြဉ်မယ်”လို့ ဆင်ခြင်တယ်။ ဒီနည်းနဲ့ မကောင်းမှုကို လွန်မြောက်နိုင်တယ် (သံ၊၂၊၅ဝ၄)”။ (ခိုး၊ ကြာခို၊ လိမ်ညာ စတဲ့ ဒုစရိုက် ဆယ်ပါးလုံး အတူတူ ဆင်ခြင်ပါ။) ဒီနေရာမှာ ဆင်ခြင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ရှောင်ကြဉ်ခြင်း တွေနဲ့ ပြုမိတဲ့ ဒုစရိုက်ရဲ့ အကုသိုလ် အရှိန်ကို တားဆီးနိုင်ကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူလိုတာ ဖြစ်ပါတယ်။
ထွက်ပေါက်
အဲဒီလို ဆင်ခြင်စဉ်မှာ နောင်အခါ တကယ် မလုပ်တော့ဘူး ဆိုတဲ့ စိတ်မျိုး ရှိနေရမယ်။ နောင် ကျူးလွန်မိရင်လည်း ထပ်ပြီး ဆင်ခြင်ပါ။ ဘုန်းကြီးတွေ အာပတ်သင့်ရင် ထပ်ပြီး အာပတ် ဖြေသလိုပါပဲ။ အာပတ်ဖြေလိုက် ထပ်လုပ်လိုက်နဲ့ ဘာထူးသ လဲ။ အင်း... အဘိဓမ္မာအရ လူ့စိတ်ဆိုတာ တစ်စက္ကန့်အတွင်း အမျိုးမျိုး ပြောင်းလဲ နေတာပဲ။ ကျူးလွန်မိတုန်းက အကုသိုလ် စိတ်၊ ဆင်ခြင်စဉ်မှာ ကုသိုလ်စိတ်ပေါ့။ ဒီနည်းနဲ့ အကုသိုလ် ကုက္ကုစ္စကို ဖျောက်ပစ်လိုက်ပြီး အကုသိုလ်ရဲ့ ထွက်ပေါက်ကို ရနိုင်ပါတယ်။
ဒုစရိုက်ကို မလုပ်နဲ့၊ လုပ်မိရင် နောင်တ ဖြစ်မနေနဲ့၊ အထက်ပါ အတိုင်း ဆင်ခြင်ပြီး ကုသိုလ် ဖြစ်အောင် လုပ်ပါလို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။
မေ ၁၇၊ ၂၀၁၈။
---
၆၇၀။ မစ္ဆရိယငါးမျိုးနဲ့ သောတာပန်
ဆရာတော် ဘုရား၊ အွန်လိုင်း ပို့စ်တစ်ခုတွင် “မစ္ဆရိယငါးမျိုးကို မပယ်ဘဲ သောတာပန် မဖြစ်နိုင်”ဟု ပူးတွဲပါ ကျမ်းစာကို ကိုး ကားပြီး ဆိုပါသည်။ သောတာပန်သည် ဣဿာနှင့် မစ္ဆရိယကို ပယ်ရမည်ဟု ယူဆသော အဓိပ္ပာယ်ဟု ထင်ပါသည်။ ဖော်ပြပ ကျမ်းဂန်စကားနှင့် သောတာပန် ဣဿာ မစ္ဆရိယပယ်ခြင်း မပယ်ခြင်းကို ရှင်းပြပေးစေလိုပါသည် ဘုရား။
PPS
---
ပူးတွဲပါအဆို
ပူးတွဲ ပို့လိုက်တဲ့ ကျမ်းစာ မူရင်းအဆိုကို ဖတ်ကြည့်တော့ “ကျောင်း၌ ဝန်တိုခြင်း အမျိုးဒါယကာ၌ ဝန်တိုခြင်း လာဘ် (ပစ္စည်း)၌ ဝန်တိုခြင်း ဂုဏ်အဆင်း၌ ဝန်တိုခြင်း သူ့ကျေးဇူးကို မသိခြင်း ... ဤတရား ငါးမျိုးကို မပယ်ဘဲ ပဌမဈာန် ဒုတိယ ဈာန် တတိယဈာန် စတုတ္ထဈာန်ကို ရောက်ရန်၊ သောတာပတ္တိ ဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက် (အံ၊၂၊၂၃၉)’လို့ ဖြစ်ပါတယ်။
ပယ်ပုံ ၃-မျိုး
ကိလေသာကို ပယ်တဲ့အခါ .. “ဝိက္ခမ္ဘနပယ် = လောကီ သမာဖြင့် နီဝရဏစသည်ကို ပယ်ခြင်း၊ တဒင်္ဂပယ် - ဝိပဿနာ ဉာဏ်ဖြင့် ဆန့်ကျင်ဘက် ကိလေသာကို ပယ်ခြင်း၊ သမုစ္ဆေဒ ပယ် = သံယောဇဉ် စသည်ကို မဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်ခြင်း’လို့ ပယ်ပုံ သုံးမျိုး ရှိတယ်။
လောကီဈာန် ၄-ပါးနဲ့ မစ္ဆရိယ ငါးမျိုးကို အကြွင်းမဲ့ မပယ်တာ သေချာတယ်။ ဒါကြောင့် ဖော်ပြပါ ပါဠိတော်အရ မစ္ဆရိယ ငါးမျိုးကို .. “၁) လောကီ ဈာန်သမာဓိနဲ့ ဝိက္ခမ္ဘန (သမာဓိအား ခွာထား၊ ကင်းနေ)အနေနဲ့ ပယ် ၂) ဝိပဿနာဉာဏ်နဲ့ တဒင်္ဂ (သတိနဲ့ ရှုမှတ်နေစဉ် အတွင်း) ပယ် ၃) မဂ်ဉာဏ် ၄- ပါးနဲ့ သမုစ္ဆေဒ (အကြွင်းမဲ့ အမြစ်ပါမကျန်) ပယ်”လို့ ထိုက် သည် အားလျော်စွာ ယူရတယ်။
သမုစ္ဆေဒ
အနာဂမ်နဲ့ ရဟန္တာတို့ အတွက် မစ္ဆရိယ ငါးမျိုးကို သမုစ္ဆေဒ အနေနဲ့ ပယ်တာကို အထူးပြောဖွယ် မလိုပေမယ့် သောတာပန်၊ သကဒါဂါမ်ကျတော့ သမုစ္ဆေဒ အနေနဲ့ ပယ်မပယ် ဆိုတာကိုပဲ ကြည့်ရမှာ ဖြစ်လို့ ယခင် ဘုန်းကြီး ဖော်ပြခဲ့တဲ့ အဓိပ္ပာယ်ဆီ ကိုပဲ ပြန်ရောက်သွားပါတယ်။ အဲဒါက ...
အဋ္ဌကထာ ကျမ်းတွေမှာ ပါတဲ့ “ဣဿာမစ္ဆရိယသံယော ဇနံ သောတာပတ္တိမဂ္ဂေန ပဟီယတိ’ဆိုတာကို အစဉ်အလာ ဘိဓမ္မာ အရကောက်တွေနဲ့ အညီ “သောတာပန်သည် ဣဿာနဲ့ မစ္ဆရိယကို တနကရ (အပါယ်ကို ရောက်စေတဲ့အထိ မဖြစ် ခြင်း) အနေနဲ့ ပယ်တယ်”လို့ ယူဆတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
မေ ၁၈၊ ၂၀၁၈။
---
၆၇၁။ သူဂုဏ်ကိုမြောက်
ဘုန်းကြီး ဘုရား၊ ဖေ့စ်ဘွက်ခ် ပို့စ်တစ်ခုမှာ ဘုန်းကြီး တစ်ပါး က အနန္တသူရိယ အမတ်၏ စိတ်ထားသည် ယေရှု ခရစ်တော် ၏ စိတ်ထားထက် သာသည်ဟု ဆိုထားပါသည်။ အဲဒီလို ဆိုသင့်ပါသလား ဘုရား။ ဖြစ်နိုင်လျှင် “အဖ ဘုရားသခင်၊ ရန်သူ ကို ခွင့်လွှတ်ပေးပါဟု သမ္မာကျမ်းမှာ ပါမပါကိုလည်း သိလိုပါသည် ဘုရား။
အရှင်ဇဝန (တောင်သာ)
---
ထိနက်ဟန်
ထိနက်ဟန်ဆိုတာ ဗီယက်နမ်လူမျိုး မဟာယာာန ဘုန်းကြီးရဲ့ နာမည်။ လူမည်း ခေါင်းဆောင် မာတင် လူသာကင်းက နိုဗဲလ် ငြိမ်းချမ်းရေးဆု ပေးမယ့် အမည်စာရင်းမှာ .. ဒီဘုန်းကြီးကို ထည့်သွင်းဖူးတယ်။ လူမည်း တီဗွီစတား သူဌေးမ အိုပရာဝင်း ဖရေးစ်က ဒီဘုန်းကြီးကို အင်တာဗျူးရာမှာ “ယေရှုကို ယုံပါသ လား’လို့ မေးတော့ ‘ကျုပ် ယေရှုကို ကြည်ညိုပါတယ်။ ယေရှု ခရစ်တော်က အနောက်တိုင်းရဲ့ ဗုဒ္ဓပါပဲ”တဲ့။
နားလည်ပုံ
အိုပရာနဲ့ သူနဲ့ အင်တာဗျူးကို ကမ္ဘာက စောင့်ကြည့်နေမှာကို ထိနက်ဟန် ကောင်းကောင်း သိတယ်။ ဒီတော့ ခရစ်တော်ကို ကြည်ညိုတဲ့ ကမ္ဘာ့ ပရိသတ်ကြီးရဲ့ စိတ်ကို ဘာလို့ ခလုတ် တိုက်မှာလဲ။ မဆန့်ကျင်ဘဲ သွားမှသာ ကိုယ့် မြတ်ဗုဒ္ဓရဲ့ ဓမ္မကို သူတို့နားထဲ သွင်းနိုင်မှာပေါ့။ သူတစ်ပါးရဲ့ အယူအဆကို ဖိခြင်း နှိပ်ခြင်း နှိမ်ခြင်း စော်ကားခြင်း မောက်မာခြင်းတွေဟာ မိမိရဲ့ အယူအဆ ညံ့ဖျင်းတာကို ဖော်ပြရာရောက်တယ်။
အချင်းဝက်
မြတ်ဗုဒ္ဓတို့ ခေတ်က ရသေ့ ရဟန်း ပရိဗိုဇ်တွေဟာ အိန္ဒိယ တစ်လွှား လှည့်လည်ပြီး မိမိတို့ဝါဒကို လွတ်လပ်စွာ တင်ပြ ငြင်းခုံ ဆွေးနွေးကြပေမယ့် အချင်းချင်း ရန်မပြုကြဘူး။ အယူ သီးတွေ ရောက်လာပြီးမှ အိန္ဒိယမှာ လူတွေ အမြောက်အမြား သေကြရတယ်။ စက်ဝိုင်းတစ်ခုရဲ့ အချင်းဝက် တိုသလောက် အဝိုင်းအဝန်း ကျဉ်းသွားတာပဲ။ ယုံကြည်မှု အချင်းဝက် ရှည် ဖို့လိုတယ်။ အချင်းဝက် တိုလေ မတိုးတက်လေဘဲ။
လုပ်ပြမှ
မိမိရဲ့ အဆုံးအမက ပိုကောင်းပါတယ်လို့ တတွတ်တွတ် ချီးမွမ်းနေတာထက် ကိုယ်တိုင်က အဲဒီ အဆုံးအမ ကို လက်တွေ့ကျင့်သုံးလို့ ဘယ်လို အသုံးဝင်ဖူးတယ် ဆိုတာကို ယုတ္တိရှိအောင် တင်ပြတတ်ရင် ပိုကောင်းမယ်။ အမေရိကန် ကမ္မဋ္ဌာန်းဆရာကြီး ဂျိုးဆက် ဂိုးလ်စတိန်းဆိုရင် သူကိုယ်တိုင် မေတ္တာကို လက်တွေ့ အသုံးချလို့ ဘယ်လို အဆင်ပြေသွားတယ် ဆိုတာမျိုးကို တွင်တွင် ပြောလေ့ရှိတယ်။ အတုယူစရာပါ။
မဖတ်ဖူး
သမ္မာကျမ်းစာမှာ ပါတယ်ဆိုတဲ့ မေးခွန်းထဲက စာသားမျိုးကို ဘုန်းကြီး မဖတ်ဖူးပါ။ ဓမ္မဟောင်း ၃၉-ကျမ်း၊ ဓမ္မသစ် ၂၇-ကျမ်းထဲမှာ ဘယ်ကျမ်း၊ အခန်းကြီး ဘယ်ရွေ့၊ အခန်းငယ် ဘယ်မျှဆိုတာကို ထိုပို့စ်ရှင် ဖော်ပြ သင့်တာပေါ့။ အထူးသဖြင့် ဝါဒတစ်ပါးရဲ့ ကျမ်းစာကို ကိုးကားရင် သေချာဖို့ လိုပြီး ဖော်ပြစာသားရဲ့ ဆိုလိုတဲ့ အဓိပ္ပာယ်မှန်ကို အဲဒီဘာသာဝင်တို့ လက်ခံတဲ့အတိုင်း ဖော်ပြမှလည်း မျှတနိုင်မယ်။
မှတ်ချက်
အရှင်ဘုရား၏ အယူအဆကို လက်ခံပါသည်။ နေရာတိုင်းမှာ ဉာဏ်နှင့် ယှဉ်ပြီးမှ လုပ်တာ အလွန်ကောင်းသည့် လုပ်ရပ်ဟု ယုံကြည်ပါသည်။
စိုးမင်း
ဦးတင်ပါသည် ဘုရား။ သည်လို ဒွိဟဖြစ်ဖွယ် မေးခွန်းများကို အထောက်အထားနဲ့ ဖြေပြနိုင်တာဟာ အားလုံးအတွက် သံသယ ရှင်းစေပါတယ်။ အတုမရှိ မြတ်စွာ ဘုရား၊ အနန္တဂုဏ်အင်နှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရားဟု အကြွင်းမဲ့ ယုံကြည်ပါသည် ဘုရား။
စိုးမင်း
မေ ၁၉၊ ၂၀၁၈။
---
၆၇၂။ ဘုန်းတော်အနန္တ
ဆရာတော် ဘုရား၊ မြတ်စွာဘုရားဟာ တစ်ချို့ နေရာမှာ အားနည်းချက် ရှိလို့ “မဟာကဿပသည် ငါ ဘုရားထက် သာ လွန်သူ ဖြစ်၏ဟု ချီးမွမ်းခဲ့ကြောင်း ကဿပသံယုတ် ပါဠိတော် များမှာ ဖတ်ပ’ဟု ရဟန်းတစ်ပါး ရေးထားသည်ကို တွေ့ရပါ သည်။ ဓမ္မပဒဋ္ဌကထာမှာ ပါသည်ဟုလည်း ဆိုပြန်ပါသည်။ မှန်ပင် မြတ်စွာဘုရားက ထိုသို့ မိန့်ကြားပါသလား ဘုရား။
တပည့် လှိုင်မျိုး (သာသနာရေး)
---
မတွေ့မိ
ကဿပသံယုတ်မှာ သုတ်ပေါင်း ၁၃-ခု ရှိတယ် (သံ၊၁၊၃၉၉-၄၂၂)။ အဲဒီ အထဲမှာတော့ ဖော်ပြပါ အဓိပ္ပာယ်မျိုး မတွေ့မိဘူး။ ပါဠိတော်မှာ မပါရင် ယင်းအဋ္ဌကထာမှာလည်း ပါဖွယ်မရှိ။ ဓမ္မပဒဋ္ဌကထာ (၂၊ ၁၈၇)မှာ ဆိုပုံက .. “ရဟန်းတို့၊ ငါ့ရဲ့ သားတော် မဟာကဿပလို ရဟန်းမျိုးကို နတ်လူတို့ ချစ်မြတ်နိုး တယ်။ နတ်လူတို့က မဟာကဿပလို ရဟန်းကို ပစ္စည်းလေးပါးနဲ့ ပူဇော်ကြသည်သာ”လို့ပဲ မိန့်ပါတယ်။ “မဟာကဿပက ငါဘုရားထက် သာလွန်တယ်’လို့ မိန့်ဆိုကြောင်း မတွေ့မိဘူး။
မပိုပါနဲ့
လူငယ်တွေက မြတ်စွာဘုရားနဲ့ မထေရ်တွေကို ကျော်လွန်ပြီး အရှင်မဟာကဿပကိုပဲ မုန့်လှူတယ်ဆိုတာကို အခြား အဓိပ္ပာယ် တစ်မျိုး ယူသင့်တယ်။ ဥပမာ ... သီလအကျိုးကို ညွှန်ပြချင်လို့ သို့မဟုတ် အရှင်မဟာကဿပကို ချီးမွမ်းချင်လို့ စသည်။ လိုတာထက် ပိုပြောရင် အဓိပ္ပာယ်တွေ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ မြတ်စွာဘုရားလည်း အချို့ နေရာမှာ အားနည်းချက် ရှိတယ် ဆိုတာမျိုး ဖြစ်သွားမှာပေါ့။ ဒီလို ဖြစ်ရင် ဘုရားရှင်တို့သာ ပိုင်ဆိုင်နိုင်တဲ့ “အရာအားလုံးကို ဉာဏ်ရှေ့သွားပြီး ပြုတယ် ပြောတယ်’ ‘သဗ္ဗညု’ ‘ဘဂဝါ”ဆိုတဲ့ ဂုဏ်တော်တွေကို ပုတီးစိပ်ဖို့ ခက်မသွားနိုင်ဘူးလား။
အ.ဒုတိယ
ဒုတိယ ပါရာဇိက သိက္ခာပုဒ်ကို မဖွင့်ခင် နိဒါန်းချီရာမှာ အဋ္ဌကထာ ဆရာမြတ်က “ဒုတိယံ အ.ဒုတိယေန ယံ ဗုဒ္ဓေန ပကာ သိတံ (ဝိ၊ဋ္ဌ၊၁၊၂၄၇)’လို့ မိန့်ပါတယ်။ အဲဒီ အထဲက “အ.ဒုတိယ”ဆိုတဲ့ စကားလုံးကို ဋီကာမှာ “အ.ဒုတိယေနာတိ အ.သဒိသေန (ဝိမတိဋီ၊၁၊၁၆၃)”လို့ ဖွင့်တယ်။ “အ.ဒုတိယ’ကို “အ.သဒိသ’လို့ ယူရတယ်။ အဓိပ္ပာယ်က “အတူမရှိသော” သို့မဟုတ် “အတူမရှိသူ”လို့ ဖြစ်ပါတယ်။
မြတ်စွာဘုရားဆိုတာ ဘုန်းတော် ကံတော် ဉာဏ်တော် အရာမှာ မည်သူနှင့်မျှ မနှိုင်းယှဉ်ကောင်းပါဘူး။
ပါရမီမတူ
ဘုရားဖြစ်ဖို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ရတယ်။ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန်တို့လို အဂ္ဂသာဝကတွေက တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ အရှင်မဟာ ကဿပလို မဟာသာဝကတွေက ကမ္ဘာတစ်သိန်းပဲ ဖြည့်ရလို့ မြတ်ဗုဒ္ဓရဲ့ ဘုန်းပါရမီကို မည့်သည့် အဂ္ဂသာဝက မဟာသာဝကတွေမှ မယှဉ်နိူင်ဘူး။ ဒါကြောင့် “ဘုန်းတော်အနန္တ၊ ကံတော်အနန္တ ဉာဏ်တော်အနန္တ .. စကြဝဠာ ကမ္ဘာမိုးမြေ ဖြန်းဖြန်းကျိုးမျှ .. တန်ခိုးတော် အနန္တနဲ့ .. ပြည့်စုံတော်မူသော လို့ မြတ်စွာ ဘုရားရှင်တို့ရဲ့ ဂုဏ်တော်ကို ချီးကျူး ဖွဲ့ဆိုကြတာပေါ့။ ဒါပေမယ့်..
ကွဲပြားနိုင်
သာဝကတွေ ကြားမှာတော့ ကွာဟချက် ရှိနိုင်တယ်။ ဥပမာ တန်ခိုးအရာမှာ အရှင်မောဂ္ဂလ္လာန်ဟာ မြတ်စွာဘုရား ပြီးရင် အတော်ဆုံး ဖြစ်လို့ အရှင်သာရိပုတ္တရာ အပါအဝင် အခြားသာဝကတွေ အားလုံးထက် သာတယ်လို့ ဆိုနိုင်တယ်။ အဲဒီလိုပဲ ဓုတင်အရာမှာ အရှင်မဟာကဿပဟာ မြတ်စွာဘုရား ပြီးရင် သာဝက အားလုံးထက် သာတယ်။ ဘာလို့ဆို .. ထို ရှင်မြတ်တို့မှာ အဲဒီလို ဖြစ်လာဖို့ ဆုတောင်းအထူး ရှိထားလို့။ ဒါပေမယ့် မြတ်စွာ ဘုရားထက် သာလွန်တယ်လို့တော့ မဆို စကောင်းပါဘူး။
မှတ်ချက်များ
သာဓု သာဓု သာဓုပါ ဘုရား။ တပည့်တော်လည်း ဖတ်မိ လိုက်ပါတယ် ဘုရား။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့် ခဲ့ရတဲ့ မြတ်ဗုဒ္ဓထက် တပည့်သာဝက ဖြစ်သူက သာလွန်တယ်လို့ ပြောတာကို ဘဝင် မကျနိုင် ပါဘူး။ သို့ပေမယ့် တပည့်တော်တို့လို ငယ်ရွယ်သူ အနေနဲ့ ပါဠိစာပေကို မဖတ်တတ်သည့်အတွက် သို့လော သို့လော ဖြစ်ရပါတယ်။ အရှင်ဘုရားရဲ့ တရားစာကို ဖတ်ရ လို့ စိတ်ထဲ ရှင်းရပါပြီ ဘုရား။
ရဲမင်းထွဋ်
ဦးတင်ပါသည် ဘုရား။ သည်လို ဒွိဟဖြစ်ဖွယ် မေးခွန်း များကို အထောက်အထားနဲ့ ဖြေပြနိုင်တာဟာ အားလုံးအတွက် သံသယ ရှင်းစေပါတယ်။ အတုမရှိ မြတ်စွာ ဘုရား၊ အနန္တဂုဏ်အင်နှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရား ဟု အကြွင်းမဲ့ ယုံကြည်ပါသည် ဘုရား။
စိုးမင်း
မေ ၂၁၊ ၂၀၁၈။
၆၇၃။ ဒီပနီကို ဖတ်ပါ
ဆရာတော်ဘုရား၊ ဗုဒ္ဓဓမ္မကို တီးမိခေါက်မိ ဖြစ်အောင် လေ့လာသူ တစ်ယေက် အနေနဲ့ ဖတ်သင့်သော စာအုပ်ကောင်းများကို ညွှန်ကြားပေးစေလိုပါသည် ဘုရား။
တိုးတိုး (ရွှေမြေ)
---
ဆန္ဒရှိမှ
စာရေးဆရာကြီး ဇေယျကို လူငယ်တစ်ယောက်က စာကောင်း ပေကောင်းကို ညွှန်းပါဆိုတော့ ဆရာကြီးက ကျီးသဲလေးထပ် ဆရာတော်ကြီးရဲ့ “စွယ်စုံကျော်ထင်ကျမ်း”ကို ညွှန်းလိုက်သတဲ့။ သုံးလလောက်အကြာ ပြန်တွေ့တော့ လူငယ်က “ပျင်းစရာကြီး၊ ပြောသလောက် မဟန်ပါဘူး”လို့ ပြန်ပြောသတဲ့။ လောကမှာ မကြိုက်တဲ့စာ၊ နားမလည်တဲ့စာ သဘောမပေါက်နိုင်တဲ့စာသာ ရှိပြီး မကောင်းတဲ့ စာလို့ မရှိပါဘူး။ အရေးကြီးတာက ဖတ်ချင် နားလည်ချင်တဲ့ ဆန္ဒ ပြင်းပြဖို့ပဲ လိုပါတယ်။
အခြေခံ
ဓမ္မစာပေကို ဖတ်ရင် နားလည်သလိုလို ထင်တာတောင် တကယ် နားလည်ရဲ့လားလို့ ကိုယ့်ဟာကိုယ် လျှော့တွက်ပြီး သိအောင် အကြိမ်ကြိမ် ပြန်လေ့လာရတယ်။ အနည်းဆုံး အဘိဓမ္မာ သင်္ဂြိုဟ်လောက် သင်ထားဖူးတဲ့ အခြေခံနဲ့ဖတ်မှ နားလည်နိုင်တယ်။ ဒီစာမျိုးကလည်း ကိုယ့်ဟာကို ဖတ်လို့ နားမလည်နိုင်ဘူး။ ဆရာနဲ့ သေချာ သင်ယူမှ နားလည်နိုင်တာမျိုး။ ဒါပေမယ့် ဘာမှ မဖတ်ဘဲနေရင် ဘာမှ သိလာမှာ မဟုတ်လို့ နားလည်ချင်တဲ့ ဆန္ဒနဲ့ပဲ တရွေ့ရွေ့ ဖတ်ယူရမှာ။
လယ်တီ
ဘုန်းကြီးကတော့ လယ်တီဒီပနီ အားလုံး နီးပါးကို ဖတ်ဖူးတယ်။ ပဋိစ္စသမုပ္ပါဒီပနီကို အနှစ်သက်ဆုံးပါ။ ဒါကြောင့် သာမန် အခြေခံနဲ့ ဖတ်လို့လည်း နားလည်နိုင်၊ ကျမ်းဂန်နဲ့လည်း ညီညွတ်လို့ စိတ်အချရဆုံး ဖြစ်တဲ့ လယ်တီ ဆရာတော်ကြီးရဲ့ ဒီပနီကျမ်းတွေကို ညွှန်းလိုပါတယ်။
အင်း ... ခေတ်ပေါ် ဘာသာရေး စာအုပ်ကို ဖတ်မယ် ကြံရင်တော့ စာရေးတဲ့ လူကို အရင်ဆုံး လေ့လာပါ။ အပြော ကောင်းခြင်း၊ ဘွဲ့တွေ ရခြင်းနဲ့ အလွန်ကြီး မပတ်သက်ဘူး။ ဗုဒ္ဓဓမ္မကို သူကိုယ်တိုင် အမှန်အတိုင်း သိရဲ့လား၊ တာဝန်ရှိရှိ လေးလေးစားစား တင်ပြရဲ့လား ဆိုတာပဲ အရေးကြီးတယ်။
အင်္ဂလိပ်
အင်္ဂလိပ်လို ဖတ်ဖို့ စိတ်သန်ရင် ... အမေရိကန်လူမျိုး ရှေးဦး ဗုဒ္ဓဝါဒီ ဗိုလ်မှူးကြီး ဟင်နရီ စတီးလ် အိုလ်ကော့တ် ရေးတဲ့ The Buddhist Catechism by Henry Steel Olcott (“ဗုဒ္ဓဝါဒအမေးအဖြေကျမ်း’ အမည်နဲ့ ဘုန်းကြီး ဘာသာပြန်ထားပါတယ်)ကို ညွှန်းလေ့ ရှိပါတယ်။ ထေရဝါဒနဲ့ ညီညွတ်ခြင်း၊ စာမျက်နှာ နည်းခြင်း၊ ဖတ်ရတာ လွယ်ကူခြင်းတို့ကြောင့်ပါ။ အွန်လိုင်းမှာ ဒေါင်းလုဒ် လုပ်လို့ ရလွယ်ပါတယ်။ အခြေခံ ဗုဒ္ဓဝင်စကား ပြေ အနေနဲ့တော့ Shakuntala Masani ရေးတဲ့ Gautama, The Story of Lord Buddha ကိုညွှန်းလိုပါတယ်။ ကျမ်းဂန်၊ ယုတ္တိ၊ အတွေး ပေါင်းစပ်ထားပြီး အရေးညက်လို့ပါ။
မေ ၂၃၊ ၂၀၁၈။
---
၆၇၄။ မဟာမုနိဘုရား
ဘုန်းကြီး ဘုရား၊ မန္တလေး မဟာမုနိဘုရားကို ဘယ်အချိန်က ဘယ်ဘုရင် သွန်းလုပ်ခဲ့ပါသလဲ။ မဟာမုနိ သို့မဟုတ် မဟာမြတ်မုနိဆိုတဲ့ အမည်ရဲ့ အဓိပ္ပာယ်ကိုလည်း သိလိုပါသည်။ ဒီအမည်ဟာ မဟာယာနနဲ့ ပတ်သက်မှု ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘုန်းကြီး ဘယ်လို ယူဆပါသလဲ ဘုရား။
အရှင်ပညာသီဟ (မြေပုံ)
---
သွန်းလုပ်သူ
မဟာမုနိဘုရားကို ရခိုင်ဘုရင် စန္ဒသူရိယမင်း လက်ထက် သိကြားမင်းနဲ့ ဝိသကြုံနတ်တို့ သွန်းလုပ်တယ်။ ဒီအကြောင်းကို အမရပူရမြို့မှာ နန်းစိုက်တဲ့ ဘိုးတော်ဘုရား (အေဒီ ၁၇၈၂-၁၈၁၉)ရဲ့ ကိုးကွယ်ခံ မောင်းထောင် သာသနာပိုင် ဆရာတော် အောက်ပါအတိုင်း ရေးခဲ့ပါတယ် ..
“မဟာမုနိဘုရားကို စီရင် သွန်းလုပ်သည်မှာကား ဘုရားသခင် ထင်ရှား ရှိတော်မူစဉ်ကပင် ဒေသစာရီ ကြွတော်မူခါ ခိုင်မြို့ရွာသို့ သူရိယစန္ဒမင်း (နာမည်မှန်က စန္ဒသူရိယမင်း) လက်ထက် ရောက်တော်မူလျှင် ထိုမင်း တောင်းပန်ခြင်းကြောင့် “ခုနစ် လက်ခုပ်ခန့်သော ရတနာကို ငါ၏သဏ္ဌာန်နှင့် ဆံခြည်မျှ မယွင်း တူအောင် သွန်းလုပ်ဘိ”ဟူ၍ သိကြားမင်းအား မိန့်တော်မူ၍ သီရိဂုတ် တောင်ထိပ်တွင် ဝိသကြုံနတ်သားနှင့် သိကြားမင်းတို့ သွန်းလုပ်ကြောင်း ရာဇဝင်၌ ဆိုသည်။
ထိုစကားလည်း ကောသလ မင်းကြီး တောင်းပန်၍ ရွှေလက်ထက်တော်ကပင် စန္ဒနသာရ (စန္ဒကူးနှစ်) ရုပ်တုတော်ကို ထုလုပ်ကြောင်းကို ဝင်္ဂုလိဇာတ်မှာ ဆိုသည့် စကားများ နှင့် ညီညွတ်သည်ပင် ဖြစ်သည် (အမေးတော်ဖြေ၊ စာ-၁၁ဝ)။ မောင်းထောင် သာသနာပိုင် ဆရာတော်ပင် ရေးသားတဲ့ သီလက္ခန်ဋီကာသစ် နိဂုံးမှာလည်း ..
“မဟာမုနိသမညာ ယာ၊ သမ္ဗုဒ္ဓသမ္မခါ ကတာ။ ပဋိမာ တံပါသာဒမှာ၊ ဥဇုအာသန္နဒက္ခိဏေ”လို့ မိန့်ဆိုထား တာ ရှိပါတယ်။
မြန်မာပြန်
“မြတ်ဗုဒ္ဓ လက်ထက်က သွန်းလုပ်ခဲ့သော မဟာမုနိ အမည်ရှိ ဆင်းထုတော် (ကိန်းဝပ်သည့်) ပြသာဒ်၏ တောင်ဘက် တည့်တည့် မဝေးသောအရပ်၌ (ရှိသည့် အသောကာရာမကျောင်း)”။
သွန်းလုပ်ချိန်
ဒါကြောင့် မဟာမုနိဘုရားကို မြတ်စွာဘုရား လက်ထက်က သွန်းလုပ်ကြောင်း မှတ်နိုင်တယ်။ ဒီအဆိုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေကို ဓမ္မအမေးအဖြေပေါင်းချုပ် ၄၊ စာ-၁၉၁၂ (မေးခွန်းအမှတ်၊ ၅၃၁)မှာ မှတ်စု ထုတ်ထားပြီး ဖြစ်ပါတယ်။
မုနိ ၆-မျိုး
“မုနိ’ဆိုတာ သူတော် သူမြတ်။ ဒါကြောင့် ဗုဒ္ဓဘုရား အပါအဝင် ရသေ့၊ ရဟန်းတွေကို မုနိလို့ ခေါ်ခွင့် ရှိတယ်။ ပါဠိတော်မှာ မုနိ ၆-မျိုး ဖော်ပြတယ် ..
“၁) အဂါရိယမုနိ = တစ်မဂ် တစ်ဖိုလ်ကို ရပြီးတဲ့ လူဝတ်ကြောင်
၂) အနဂါရိယမုနိ = တစ်မဂ် တစ်ဖိုလ်ကို ရပြီးတဲ့ ရဟန်း
၃) သေက္ခပုနိ = သေက္ခပုဂ္ဂိုလ် ရ-ယောက်
၄) အသေက္ခမုနိ = ရဟန္တာ
၅) ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓါများ
၆) မုနိမုနိ = သဗ္ဗညု မြတ်စွာဘုရား (မဟာနိဒ္ဒေသ၊ ၄၄) ။
ဒုက္ကရစရိယာ ကျင့်စဉ်က အဖြစ်အပျက်ကို ပြဆိုရာမှာ “ဒသနာ ပသုတော မုနိ (မ၊၁၊၁၁၃)”လို့ ဘုရားလောင်း ဘဝကိုပင် “မုနိ”လို့ ညွှန်းထားတာကို ထောက်ပြီး ရသေ့ သို့မဟုတ် ရဟန်းကိုလည်း “မုနိလို့ ခေါ်နိုင်ကြောင်း ဆိုခဲ့တာပါ။
အဘိဓာန် ဂါထာအမှတ်-၄၃၃ မှာပါတဲ့ ‘မုနိ’ကို နိဿယသစ်မှာ “စကားစောင့်စည်းသူ”၊ နိဿယဟောင်းမှာ “ဆိတ်ဆိတ် နေတတ်သူ”လို့လည်း ဘာသာပြန်တယ်။
မဟာမုနိ
‘မဟာမုနိ’မှာ “မဟန္တ’နဲ့ ‘မုနိ’ နှစ်ပုဒ်တွဲ။ “မဟန္တ မြတ်သော။ မုနိ၊ ရဟန်း’ဖြစ်တဲ့ အတွက် “မဟာမုနိ = မြတ်သော ရဟန်း’လို့ စာပေနည်းနဲ့ အဓိပ္ပာယ် နားလည်ရမယ်။ ဒါကြောင့် အဂ္ဂသာဝက နှစ်ပါးကိုလည်း မဟာမုနိလို့ ခေါ်ခွင့် ရှိတယ် (ဝိမာန၊ဋ္ဌ၊၁ဝ၂)။ ဒါပေမယ့် မန္တလေးက မဟာမုနိဘုရားနဲ့ ပတ်သက်ရာမှာတော့ “မုနိမုနိ’ဖြစ်တဲ့ သဗ္ဗညုဘုရားကိုပဲ မဟာမုနိလို့ ခေါ်ရတယ်။ “မဟာမုနိ သမ္မာသမ္ဗုဒ္ဓံ = သဗ္ဗညု ဗုဒ္ဓဟူသော မဟာမုနိ (အပဒါန၊ဋ္ဌ၊၁၊၂၅၉)”ဆိုတဲ့ ဖွင့်ဆိုချက် ရှိသားပဲ။
ဖြေပါ
နေတ္တိမဟာဋီကာနဲ့ သီလက္ခန်ဋီကာသစ် အပါအဝင် ပါဠိမြန်မာ ကျမ်းပေါင်း သုံးဆယ်ခန့်နဲ့ သက္ကတ၊ ပြာကရိုက်၊ ဘင်္ဂါလီ၊ နာဂရီ ဘာသာတွေနဲ့ ရေးထားကျမ်းတွေကို ဘာသာပြန်တဲ့ ကျမ်းစာ ၂၀၀-ကျော် ရေးသားခဲ့တဲ့ မောင်းထောင်သာသနာပိုင် ရေးတဲ့ အထက်ပါ စာသားတွေကို ကြည့်ပြီး နာမည်ကိုရော ဆင်းတုတော်ရဲ့ သွင်ပြင်ကိုပါ မဟာယာနနဲ့ ပတ်သက်တယ် ယူဆနိုင်ပါမည်လား။
ဇွန် ၆၊ ၂၀၁၈။
---
မင်းတေမိရဲ့ ရုပ်လှဆေး
အတီတံ နာနုသောစာမိ၊ န ပဇပ္ပာမိ နာဂတံ။
ပစ္စုပန္နေန ယာပေမိ၊ တေန ဝဏ္ဏော ပသီဒတိ။
လွန်ပြီးမတွေး မလွမ်းဆွေး နောင်ရေး မမျှော်ပြီ။ ဖြစ်ဆဲနှင့်သာ ရောင့်ရဲပါ ရူပါချောလှသည်။
---
၆၇၅။ အမျှဝေခြင်းနှင့် သဿတဒိဋ္ဌိ
ဆရာတော် ဘုရား၊ တရားဓမ္မ အတော်အတန် လိုက်စားတဲ့ ယောဂီတစ်ဦးက “သဿတဒိဋ္ဌိ အစွဲရှိနေလို့ အမျှဝေနေကြတာ၊ အမျှချည်း ဝေနေရင် ငရဲရောက်မယ်ဟု တပည့်တော်ကို ပြောပါသည်..။ ထိုယောဂီ၏ ယူဆချက် မှန်ပါသလား ဘုရား။ ဆရာတော် ဘုရား ကျန်းမာပါစေ။
ဒေါ်မလေး (ဆန်ဖရန်စီ)
---
သစ္စာ ၂-မျိုး
“ဒုဝေ သစ္စာနိ အက္ခာသိ၊ သမ္ဗုဒ္ဓေ ဝဒတံ ဝရော။
သမ္မုတိ ပရမတ္ထဥ၊ တတိယံ နူပလဗ္ဘတိ (မ၊ဋ္ဌ၊၁၊၁၄၂)။
သူ့ထက် မြတ်စွာ စောဗုဒ္ဓ သစ္စာနှစ်ပါးဟော။
သမ္မု ပရမတ် ဤနှစ်ရပ် သတ်မှတ် မပိုသော။
လူသာမန်တို့ နေ့စဉ် ပြောဆို သုံးစွဲတဲ့ သတ္တဝါ ယောက်ျား မိန်းမ မောင်ဖြူ မောင်မည်းစတဲ့ ဝေါဟာရတွေကို သတ်မှတ်ပြီး သမုတ်ထားတဲ့ အမှန်တရားတွေ ဖြစ်လို့ သမ္မုတိသစ္စာလို့ ခေါ်တယ်။ စိတ် စေတသိက် ဖဿ ဝေဒနာ စတဲ့ ဝေါဟာရတွေကို တော့ အစစ်အမှန်ရှိ တရားတွေကို သတ်မှတ် ခေါ်ဝေါ်တာ ဖြစ်လို့ ပရမတ္ထသစ္စာလို့ ခေါ်တယ်။
သမ္မုတိသာ
အမျှဝေတဲ့အခါ “မိခင် ဒေါ်ကျင် ဖခင် ဦးကြင်တို့အား အမျှဝေပါ ၏”လို့ သမ္မုတိသစ္စာ ပညတ်စကားနဲ့ ပြောဆိုမှ “ငါ့သားသမီး တွေ ငါ့ကို အမျှဝေနေတယ်”လို့ နားလည်နိုင်တယ်။ “ခန္ဓာငါးပါး အား အမျှဝေပါ၏။ ရုပ်နာမ် အစုအား အမျှဝေပါ၏”လို့ ဆိုရင် မိမိကို အမျှဝေတယ်လို့ မသိနိုင်ဘူး။ ဒါကြောင့် အမျှဝေတယ် ဆိုတာ သမ္မုတိသစ္စာ ဖြစ်ကြောင်း ဦးစွာ နားလည်ပါ။ ပို၍တိုးပွား ဒါနပြုပြီးနောက် ... ပန်းနံ့သာ စသည်ဖြင့် ပူဇော်ပြီးနောက် “ဤမည်သော သူအား ပေးဝေပါ၏”ဟု ဖြစ်စေ၊ သတ္တဝါ အားလုံး အား အမျှပေးဝေပါ၏”ဟု ဖြစ်စေ အမျှဝေရမည်။ ပထမ ဆီမီး လျှံမှ ဆီမီးတိုင် တစ်ထောင်ကို ညှိထွန်းသော်လည်း ပထမ ဆီမီးလျှံမှာ ယုတ်လျော့ မသွားဘဲ မီးလျှံ ပို၍ အားကောင်းသွား သကဲ့သို့ အမျှဝေခြင်းဖြင့် ကုသိုလ် ပို၍သာ တိုးပွား၏ (အဘိ၊ဋ္ဌ၊၁၊၂၀၁)။ ဒီစာအရ အမျှဝေရင် ကုသိုလ် ပို၍ တိုးပွားကြောင်း မှတ်သားရတယ်။
သောတာပန်
တိရောကုဋသုတ္တန် (ခုဒ္ဒကပါဌ၊ ၈)အရ ကွယ်လွန်ပြီးနောက် ပြိတ္တာဘဝသို့ ရောက်နေသူတွေကို အမျှပေးဝေဖို့ သဿတဒိဋ္ဌိကို အကြွင်းမဲ့ ပယ်ပြီးဖြစ်တဲ့ သောတာပန် ဗိမ္ဗိသာရမင်းကို မြတ်ဗုဒ္ဓ ဟောတော်မူတာ သေချာတယ်။ ဒါကြောင့် ကုသိုလ် အမျှဝေတဲ့ သူတိုင်းကို သဿတဒိဋ္ဌိ ရှိတယ်လို့ မဆိုနိုင်။
ရဟန္တာ
ငါးဘဝ အလွန်က အရှင်သာရိပုတ္တရာရဲ့ မယ်တော် ဖြစ်ဖူးတဲ့ အမျိုးသမီးတစ်ဦး ရဟန်းသံဃာကို ဆဲဆိုတဲ့ အတွက် ပြိတ္တာ ဖြစ်ရတယ်။ ဒီပြိတ္တာမဟာ အရှင်မြတ်ကို ကိုယ်ထင်ပြပြီး ‘ချစ်သား၊ တပည့်တော်မ အတွက် ကုသိုလ်ပြုပြီး အမျှပေးဝေပါ်လို့ တောင်းပန်တယ်။ ထိုဖြစ်ရပ်ကို ဗိမ္ဗိသာရမင်း သိသွားပြီး မင်းကြီးက အရှင်မြတ်ကို ဆွမ်း သင်္ကန်း ကျောင်းစသည် လှူဒါန်းတဲ့အခါ အရှင်မြတ်က ဘုရားအမှူးရှိတဲ့ သံဃာကို ပြန်လှူဒါန်းပြီး မိခင်ဟောင်းကို ရည်ညွှန်းပြီး အမျှဝေတာကို သာဓုခေါ်နိုင်တဲ့ အတွက် ထိုပြိတ္တာမ ချမ်းသာသွားတယ် (ပေတဝတ္ထု။ ၁၄ဝ။ ပေတဝတ္ထု၊ဋ္ဌ၊၇၂)။
သက်ရှိ
အသက်ရှင်သူ အချင်းချင်းကိုလည်း အမျှပေးဝေကောင်းတယ်။ အမျှဝေလို့ သာဓုခေါ်နိုင်တဲ့ သက်ရှိတို့ ချမ်းသာသုခ ရသွားကြောင်း သီလာနိသံသဇာတ်အရ သိနိုင်တယ် (ဇာ၊ဋ္ဌ၊၂၊၁၁၁)။ “အလှူရှင်က အမျှဝေခြင်း၊ ရည်စူးခံ (ပစ္စုပ္ပန် သက်ရှိနဲ့ ပြိတ္တာဘဝ ရောက်နေသူ)တို့ သာဓုခေါ်ခြင်း၊ အလှူခံပုဂ္ဂိုလ် စင်ကြယ်ခြင်း’ဆိုတဲ့ အင်္ဂါ သုံးရပ်နဲ့ ပြည့်စုံရင် ရည်စူးခံတို့ ကောင်းကျိုးချမ်းသာကို ရနိုင်တယ် (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၇၆)။
နှလုံးသွင်းမှန်
ဖော်ပြပြီး ကျမ်းဂန်စကားတွေအရ အမျှဝေဖို့ မြတ်ဗုဒ္ဓ ဟောကြားတယ်၊ သောတာပန် ရဟန္တာတွေလည်း အမျှဝေတယ်၊ အမျှဝေတဲ့အတွက် ကုသိုလ်ရဲ့ အဖို့ကို အသက်ထင်ရှား ရှိသူတွေ သာမက တမလွန်ဘဝ ရောက်နေသူတွေပါ ရနိုင်တယ်ဆိုတဲ့ မှန်ကန် သင့်မြတ်တဲ့ နှလုံးသွင်းကို ရရှိနိုင်ပါစေ။
ရေစက်ချ အမျှဝေတာနဲ့ ပတ်သက်ပြီး မေးခွန်းအမှတ်- ၂၀၆ (ပေါင်းချုပ် ၂၊ စာ-၆၈၇)၊ မေးခွန်း-၃၈၉ (ပေါင်းချုပ် ၃၊ စာ-၁၂၇၈) တွေမှာ လေ့လာပါ။
ဇွန် ၂၅၊ ၂၀၁၈။
---
၆၇၆။ ပိဋကတ်ကျမ်းကိုး အတိုမှတ်
ဆရာတော် ဘုရား၊ တပည့်တော် ဒကာမကြီးက ပို့ပေးလို့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ “ဝိပဿနာ ရှုနည်းကျမ်းကျမ်းကို ဖတ်ကြည့်ရာမှာ ‘သံ၊၂၊၄၂’စသည့် ကျမ်းကိုးများကို တွေ့ရပါသည်။ ထိုကျမ်းညွှန်းကို တပည့်တော်မှာ ရှိသော ပိဋကတ်တော် မြန်မာပြန်မှာ လွယ်လွယ်နှင့် ရှာဖွေ၍ ရနိုင်သော နည်းလမ်းကို သိလိုပါသည် ဘုရား။
မောင်ဇော် (နတ်မြို့)
---
ဖွဲ့စည်းပုံ
သံယုတ္တနိကာယ်မှာ “သဂါထာဝဂ္ဂ၊ နိဒါနဝဂ္ဂ၊ ခန္ဓဝဂ္ဂ၊ သဠာယတနဝဂ္ဂ၊ မဟာဝဂ္ဂ’လို့ မူလဝဂ် သို့မဟုတ် အခန်းကြီး ၅-ခု ရှိတယ်။ ဒါကိုပဲ သံယုတ် ငါးကျမ်းလို့လည်း ခေါ်တယ်။ အဲဒီ သံယုတ် ငါးကျမ်းကို ဆဋ္ဌသံဂါယနာမူအရ ကျမ်းစာ အနေနဲ့ ရိုက်နှိပ်ရာမှာ သင်္ဂါထာဝဂ္ဂနဲ့ နိဒါနဝဂ္ဂကို ပထမတွဲ၊ ခန္ဓဝဂ္ဂနဲ့ သဠာယတနဝဂ္ဂကို ဒုတိယတွဲ၊ မဟာဝဂ္ဂကို တတိယတွဲလို့ သုံးတွဲ ပိုင်းပြီး ပုံနှိပ်တယ်။
သတ်မှတ်ပုံ
ပထမတွဲကို သံ၊၁၊ ဒုတိယတွဲကို သံ၊၂၊ တတိယတွဲကို သံ၊၃ လို့ အတိုမှတ် ပြုတယ်။ သံ-ဆိုတာ သံယုတ္တ နိကာယ်ရဲ့ အတိုမှတ်၊ ၁-ဆိုတာ အတွဲအမှတ်။ ဒါကြောင့် သံ ၁ ဆိုတာ သံယုတ္တနိကာယ် ပထမတွဲ ဖြစ်ပြီး သဂါထာဝဂ္ဂနဲ့ နိဒါနဝဂ္ဂ နှစ်ကျမ်းထဲက တစ်ခုခု၊ သံ ၂ ဆိုတာ သံယုတ္တနိကာယ် ဒုတိယတွဲ ဖြစ်ပြီး ခန္ဓဝဂ္ဂနဲ့ သဠာယတနဝဂ္ဂ နှစ်ကျမ်းထဲက တစ်ခုခု၊ သံ ၃ ဆိုတာ သံယုတ္တနိကာယ် တတိယတွဲ ဖြစ်ပြီး မဟာဝဂ္ဂ ပါဠိကို ညွှန်းလိုတာလို့ နားလည်ပါ။
ညွှန်းပုံ ၁
ဆဋ္ဌမူ ပါဠိတော်တွေမှာ အတိုမှတ်နဲ့ အတွဲအမှတ်ကို စစ်၊ အတွဲအမှတ်နှင့် စာမျက်နှာကို ဟိုင်ဖင် (ဃ)နဲ့ ညွှန်းတယ်။ ဥပမာ .. ‘သံ ၁-၄၂-ပိဋ္ဌိ’ စသည်။ အဓိပ္ပာယ်က သံယုတ်ပါဠိတော် ပထမအုပ်၊ စာမျက်နှာ ၄၂ မှာ ရှုပါ။ တိပိဋက ပါဠိမြန်မာ အဘိဓာန်တွေမှာတော့ အတိုမှတ်နဲ့ အတွဲအမှတ်ကို ပုဒ်ထီး၊ အတွဲအမှတ်နဲ့ စာမျက်နှာကို ပုဒ်မ ခြားပြီး စစ် မခံဘူး။ ဥပမာ .. သံ၊၁၊၄၂ စသည်။
“ပုဒ်ထီးပုဒ်မ မများခြင်း၊ အမြင်ရှင်းခြင်း”ကြောင့် ဆဋ္ဌမူ ပါ။ ဋ္ဌ၊ ဋီ ညွှန်းပုံကို နှစ်သက်တယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ ဟိုင်ဖင် (-) အစား ပုဒ်ထီးကို သုံးပြီး စပေ့စ်နဲ့ ညွှန်းပါတယ်။ ဥပမာ .. သံ၊၁၊၄၂။
ညွှန်းပုံ ၂
ဆဋ္ဌမူ အဋ္ဌကထာတွေမှာ ကျမ်းအတိုမှတ်ကို ဟိုင်ဖင်ခံပြီး ပါဠိတော် အညွှန်းအတိုင်း ယူတယ်။ ဥပမာ ... သံ၊ဋ္ဌ၊၁၊၁၆၈-ပိဋ္ဌိ’ စသည်။ အဓိပ္ပာယ်က သံယုတ္တဋ္ဌကထာ၊ အတွဲ ၁၊ စာမျက်နှာ ၁၆၉ မှာ ရှု။ တိပိဋက အဘိဓာန်တွေမှာ ကျမ်းအတိုမှတ်နဲ့ အတွဲအမှတ်ကို ပုဒ်ထီး၊ စာမျက်နှာကို ပုဒ်မနဲ့ စစ် မခံဘဲ ခြားပါတယ်။ ဥပမာ ... သံ၊ဋ္ဌ၊၁။၁၆၈ စသည်။
ဘုန်းကြီးကတော့ သံ၊ဋ္ဌ၊၁၊၁၆၈ လို့ ပါဠိတော် အညွှန်းကို မှီပြီး ပြင်မှတ်ပါတယ်။ ဋီကာတွေလည်း ဒီနည်း အတိုင်းပါပဲ။ ကျန်တဲ့ နိကာယ်တွေရဲ့ ကျမ်းညွှန်း အတိုမှတ် ယူပုံတွေကို ဓမ္မအမေး အဖြေများ၊ ပေါင်းချုပ် ၁၊ ကျမ်းစာ အစမှာ ရှင်းပြတာကို ဖတ်ရင် ပိုနားလည်နိုင်ပါတယ်။
မြန်မာပြန်
မြန်မာပြန်တွေကို အတွဲ သတ်မှတ်ရာမှာ ပါဠိတော် အတိုင်းပါပဲ။ ဥပမာ ... သံယုတ် မြန်မာပြန် ပထမတွဲမှာ သင်္ဂါထာဝဂ္ဂနဲ့ နိဒါနဝဂ္ဂ ပါဠိတော် မြန်မာပြန်ကို တွေ့မယ် .. စသည်။ ဆဋ္ဌမူ အရ မြန်မာပြန် ကျမ်းညွှန်း အတိုမှတ်တွေမှာ စပေ့စ်ကိုပဲ သုံးတယ်..။ ဥပမာ သံ မြန် ၁၊ သံ မြန် ၂၊ သံ ပြန် ၃။ ဘုန်းကြီးကတော့ ဟိုင်ဖင် သုံးတယ်။ ဥပမာ .. သံ-မြန် ၁ စသည်။ ဒါကြောင့် သံ-မြန် ၁၊ ၄၂ ဆိုရင် သံယုတ်ပါဠိတော် မြန်မာပြန် ပထမတွဲ၊ စာမျက်နှာ ၄၂ ကို ညွှန်းတာ။
စာရှာပုံ
ပါဠိတော်ရဲ့ စာမျက်နှာကို မြန်မာပြန်မှာ ဘယ်လို ရှာမလဲ ပါဠိတော်စာအုပ် ရှိရမယ်။ မေးခွန်းပါ မဟာစည် ဆရာတော်ကြီးရဲ့ ကျမ်းညွှန်း “သံ၊၂၊၄၂’ဆိုပါစို့။ သံယုတ်ပါဠိတော် ဒုတိယတွဲ၊ စာမျက်နှာ ၄၂၊ စာပိုဒ်အမှတ် ၅၂ မှာ ကိုးကားတဲ့ စာကြောင်းကို တွေ့မယ်။ အဲဒီ စာပိုဒ်အမှတ် ၅၂ ကို သံ-မြန် ၂ မှာ ရှာတော့ စာမျက်နှာ ၄၁ မှာ တွေ့မယ်။
အဓိပ္ပာယ်က ကိုးကား ပါဠိတော်ရဲ့ စာပိုဒ်အမှတ်နဲ့ တိုက်ဆိုင်ပြီး ရှာရင် လွယ်ကူကြောင်းပါ။ စာပိုဒ်အမှတ်နဲ့ ရှာတာကတော့ ခုဒ္ဒကနိကာယ် ကျမ်းစာ အချို့မှာ အသုံး မတည့်နိုင်ဘူး။ ဒါပေမယ့် ဝဂ်အမှတ်၊ သုတ္တန်အမှတ်နဲ့ ရှာရင် ရပါတယ်။
ဇွန် ၂၆၊ ၂၀၁၈။
---
၆၇၇။ အစွဲမဲ့ဝါဒ
ဆရာတော် ဘုရား၊ ဆရာတော်တွေ ဟောကြားသော ဥပါဒါန် အကြောင်း တရားတော်များကို နာကြားရသော်လည်း ဝေါဟာရ အခက်အခဲကြောင့် တပည့်တော် နားမလည်နိုင် ဖြစ်နေပါသည်...။ ဖြစ်နိုင်လျှင် ဥပါဒါန် အကြောင်းကို နားလည်အောင် ရှင်းပြပေးတော်မူပါ ဘုရား။
မာလာခင် (ဝါရှင်တန်ဒီစီ)
---
အမှန်မြင်သူ
ပုထုဇဉ်တွေမှာ “အမှတ်မှား သို့မဟုတ် ပြောင်းပြန် မှတ်သားထား (သညာဝိပလ္လာသ)၊ အသိဖောက်ပြန် (စိတ္တဝိပလ္လာသ)၊ အမြင်မှား (ဒိဋ္ဌိဝိပလ္လာသ)”ဆိုတဲ့ အမှားသုံးမျိုး ရှိနေတဲ့အတွက် အတွေးအမြင်တွေ စောက်ထိုး ဖြစ်နေလို့ အမှန်မြင်ဖို့ ခက်တယ်။ ထူထည်းတဲ့ နှင်းမှုန်ကို လျှပ်စစ် မီးမောင်းတွေ မထိုးဖောက်နိုင်သလိုပါပဲ။ အဲဒီ အမြင်ဖောက်ပြန်မှု သုံးမျိုး ကင်းဝေးပြီး ဝိပဿနာဉာဏ်နဲ့ အမှန်အတိုင်း သိမြင်နိုင်တဲ့ ရှင်တော် ပုထုဇဉ်တို့ရဲ့ အမှားစွဲလမ်းပုံ လေးမျိုးကို ညွှန်ပြပါတယ် ..
ကာမုပါဒန်
တွေဝေခြင်း၊ အရှက်မဲ့ခြင်း၊ မထိတ်လန့်ခြင်း၊ ပျံ့လွင့်ခြင်း အခြေခံနဲ့ ကာမဝတ္ထုကို ငန်းငန်းတက် တပ်မက် စွဲလန်းတဲ့ လောဘကို ကာမုပါဒါန်လို့ ခေါ်တယ်။ ဒီကာမုပါဒါန်နဲ့ ကာမပစ္စည်းမျိုးမျိုးကို ခံစားတာကို မြင့်မြတ်သူတို့ရဲ့ အလုပ် မဟုတ်ဘူးလို့ ဝေဖန်တယ်။ ယုံကြည်မှု၊ အားထုတ်မှု၊ စွဲမြဲမှု၊ တည်ငြိမ်မှု၊ အမြင်ကြည်လင်မှု အခြေခံနဲ့ တွယ်တာ ကပ်ငြိမှု မပါတဲ့ ရအောင်ယူလိုမှု ဆန္ဒသည်သာ မှန်တယ်။ သည်ဆန္ဒနဲ့ ဈာန်မဂ်ဖိုလ် စတဲ့ ကုသိုလ်ကို လိုချင်တတ်မှ မွန်မြတ်တယ်။
ဒိဌုပါဒါန်
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဒီခန္ဓာကိုယ်ကို စွဲလမ်းမှု (သက္ကာယဒိဋ္ဌိ)ဟာ အမြင်မှား။ ပြာဖြစ်သွားတဲ့ ဤကိုယ် တစ်ဖန် ပြန်ဖြစ်တာ မရှိ (ဘသ္မိဘူတဿ ဒေဟဿ၊ ပုန ရာဂမနံ ကုတော)၊ သေရင် ပြီးတာပဲ (ဥစ္ဆေဒဒိဋ္ဌိ)လို့ ဆိုရင် မမှန်။ ဘဝဟူသည် မြဲ၏ (သဿတဒိဋ္ဌိ)လို့လည်း မယူရ။ လောကမှာ မိမိကိုယ်ကို ပညာရှိလို့ ထင်နေတဲ့ လူမိုက်တွေဟာ အဲဒီလို ယူဆပြီး ဟုတ်လှပြီလို့ စွဲလမ်းနေတာ(အာဟု ခတ္တဝိဒါ လောကေ၊ ဗာလာ ပဏ္ဍိတမာနိနော။ ဇာ၊၂၊၄၉)ကို ဒိဋ္ဌပါဒါန်လို့ ခေါ်တယ်။
သီလဗ္ဗတုပါဒါန်
လောကမှာ လူစင်စစ် ဖြစ်လျက် လူ့ဘဝ ချမ်းသာကို ပယ်ပြီး နွားလို မြက်ကိုစား၊ ခွေးလို ပြာပုံမှာ အိပ်ပြီး နေထိုင် ကျင့်ကြံမှ အကုသိုလ် ကုန်မယ်လို့ ထင်မှတ် စွဲလမ်းသူတွေ ရှိတယ်။ ဒါမျိုးကို မှားတဲ့ အလေ့အကျင့် အပေါ်မှာ စွဲလမ်းမှု (သီလဗ္ဗတုပါဒါန်)လို့ ခေါ်တယ်။ ဒါမျိုးကို ရှင်တော်ဗုဒ္ဓက “ကိုယ်ခန္ဓာကိုပင် ပင်ပန်း ဆင်းရဲအောင် လုပ်ခြင်း (အတ္တကိလမထာနုယောဂ)” ဖြစ်လို့ ဆင်းရဲမှုသာ အဖတ်တင်ပြီး အကျိုး မရှိဘူး၊ ယုတ်ညံ့တယ်၊ မြင့်မြတ်သူတွေ မလုပ်ဘူးလို့ ရှုတ်ချတယ်။
အတ္တဝါဒုပါဒါန်
ခေတ်ဦး အယူအဆ ဖြစ်တဲ့ ထာဝရ တည်မြဲတဲ့ “ပရမအတ္တ”နဲ့ ဖန်ဆင်းရှင် ရှိတယ်ဆိုတာကို ဗုဒ္ဓဝါဒက ငြင်းပယ်ပြီး ကံ ကံရဲ့ အကျိုး၊ အကြောင်းနဲ့ အကျိုး ပတ်သက်မှုရဲ့ သဘာဝဖြစ်စဉ်ကို ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတွေနဲ့ ဆက်သွယ်ပြီး ရှင်းပြတယ်။ လိမ် ကုန်းချော ဆဲဆို အကျိုးမဲ့စကားကို ရှောင်၊ သတ် ခိုး ကြာခို မပြု၊ အဲဒီ ကိစ္စတွေကို အသုံးပြုပြီး အသက်မွေးမှု မပြုဘဲ ကျင့်မှ မှန်တယ်။ လုံ့လမှန် သတိမှန် တည်ကြည်မှုမှန် ပေါ်မှာ ရပ်တည် အားထုတ်မှ ပညာအလင်း ဖြစ်ပေါ်နိုင်တယ်။
အဖန်ဖန်
ဘုရားလောင်းတွေ ပါရမီ ဖြည့်တဲ့အခါ .. “ကြာကြာလုပ်၊ ထပ်ခါထပ်ခါလုပ်၊ ကောင်းတာ အကုန်လုပ်၊ ရိုရိုသေသေလုပ်၊ ပျော်ပျော်ပါးပါး လုပ်”ဆိုတဲ့ ခံယူချက် ငါးမျိုးနဲ့ လုပ်ကြတယ် (စရိယာပိဋက၊ဋ္ဌ၊၁၉)။ ထူးချွန်လိုသူတိုင်း ဒီငါးမျိုး ရှိစမြဲပါပဲ။ ဒါကြောင့် ဥပါဒါန် အကြောင်း ပိုပြီး နားလည်ချင်ရင် ဖတ်ပြီးသားကို ပြန်ဖတ်၊ နာပြီးသား တရားကို ထပ်ခါထပ်ခါ ပြန်နာဖို့လည်း တိုက်တွန်းပါတယ်။
ဇွန် ၂၈၊ ၂၀၁၈။
---
ကံကောင်းသူ
နတော ပရိသာယံ တေ၊ ဝါဒိတဗ္ဗပဟာရိနော။
ယေ တေ ဒက္ခန္တိ ဝဒနံ၊ ဓညာ တေ နရပုင်္ဂဝ။
ပရိသတ်စုံ ဟောမြွက်တုံ သုံးဘုံရှေ့သွား မြတ်ဘုရား။ ဟောကြားဆဲမှာ ရှင့်မျက်နှာ ဖူးလာအများ ဘုန်းကြီးမား။ (အပဒါန၊၂၊၂၁၁)
---
၆၇၈။ ချွေးနံ့ရလို့
ဘုန်းဘုန်း ဘုရား၊ ဆရာတော်များကို ဆောင်းတွင်း hand နှင့် body moisturiser များ ကပ်လှူသောအခါ အမွှေး ပါသော cream များ ကပ်လျှင် အပြစ်ရှိပါသလား ဘုရား။
ကိုမျိုးမြင့် (ဩဇီ)
---
သတိထား
မန်ချက်ချူးဆက်စ် ပြည်နယ်က နာမည်ကျော် ကမ္မဋ္ဌာန်းဆရာကြီး ဂျိုးဆက် ဂိုးလ်စတိန်းရဲ့ တရားရိပ်သာမှာ တရားလာပြတဲ့ မြန်မာဆရာတော်နဲ့ အတူ ပါသွားတဲ့ ဘုန်းကြီးတစ်ပါး မိန့်ဖူးတယ် .. အဲဒီတုန်းက တရားပြ ဆရာတော်ဆီ လာပြီး မေးမြန်းလေ့ရှိတဲ့ အဖြူမတစ်ယောက် ရှိတယ်။ ဒီပုဂ္ဂိုလ်မက အားမနာတတ်ဘူး။ တစ်နေ့ သူက “အတူ တရားထိုင်နေတဲ့ ဘုန်းကြီးတွေဆီက ချွေးနံ့ရလို့ တရား မမှတ်နိုင်ဘူး”လို့ တရားပြ ဆရာတော်ကို လျှောက်ပါသတဲ့။ သတိထားစရာ ဖြစ်ရပ်ပါ။
သူ့ကိုယ်နံ့
ဘုန်းကြီး ကမ္ဘာအေးမှာ နေတုန်းက မိတ်ဆွေ ဆရာတော် တစ်ပါးဆို တစ်ဝါတွင်း ရေနှစ်ခါပဲ ချိုးတယ်။ သင်္ကန်း လျှော်တာလည်း ရှားရှားပါးပါးပဲ။ ပူအိုက်တဲ့ ညနေခင်း စုဝေး ဘုရားဝတ်ပြုချိန် ပန်ကာလေနဲ့ ပါလာတဲ့ သူ့ကိုယ်နံ့ကို အနီးနေ ရဟန်းတွေ မခံနိုင်ဘူး။ အနီးအနားက ဖြတ်သွားရင် ငံပြာရည်နံ့’ ရတယ်။ ဒါတောင် အဲဒီတုန်းက ရေပေါတဲ့ ကမ္ဘာအေး အဆင့်ဗျို့။ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ မိမိအတွက်ရော ပတ်ဝန်းကျင် အတွက်ပါ အရေးကြီးကြောင်း လက်ခံသင့်ပါတယ်။
အပြစ်မရှိ
ကိုယ့်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ ပြုပြင်စရာတွေ ရှိနိုင်တာကို ဦးစွာ သိမြင်ပါ။ အပြစ်ရှိ မရှိဆိုတာက လှူဒါန်းသူနဲ့ အလွန်ကြီး မပတ်သက်ဘဲ အလှူခံ ဘုန်းကြီး သုံးကောင်း မသုံးကောင်းကိုပဲ စဉ်းစားသင့်တယ်။ အေးလွန်းတဲ့ ဒေသတွေမှာ အရေပြား ကွဲအက်ပြီး ယားယံတဲ့အတွက် ဆေးအနေနဲ့ ကိုယ်ကို လိမ်းရတယ်။ ခေတ်မီတဲ့ ဆရာတော်ကြီး အတော်များများ ဆပ်ပြာမွှေး အသုံးပြုတာ ထောက်ရင် အနံ့ မပြင်းလွန်းတဲ့ cream အမွှေးကိုလည်း မငြင်းသာဘူးလို့ ယူဆကြောင်းပါ။
ဇွန် ၂၉၊ ၂၀၁၈။
မှတ်ချက်များ
ဆရာတော်ကြီး တစ်ပါးကတော့ ကိုယ်တိုင်ရော တပည့်သံဃာ နှင့် ယောဂီတွေပါ အနံ့မွှေးတဲ့ ဆပ်ပြာ၊ ရေမွှေး မသုံးရဘူးလို့ စည်းကမ်း သတ်မှတ်ထားတာကို မှတ်ဖူးပါတယ်။ ကိုစိုးမင်း Phoenix
ရေမွှေး မသုံးရတာတော့ သေချာပါတယ်။ ဘုန်းကြီး ရွှေကျင် တိုက်မှာ နေတုန်းက ဆရာတော်တွေ ‘မွှေးဆပ်ပြာ’ကို သုံးကြပါတယ် (အရှင်ကေလာသ)။
ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ ဝိဟိံသူပရတိယာ မှာ ဝိဟိံသူပရတိယာ အတွက်ဆို အပ်ပါ တယ်၊ ဒဝါယ မဒါယ မဏ္ဍနာယ ဝိဘူသနာယ ဖြစ်မှ မအပ်တာပါ။ ဓမ္မဘေရီဆရာတော်
ဤခန္ဓာကိုယ် မပင်ပန်းရုံ မျှတရုံ ဆွမ်းစတဲ့ အာဟာရကို သုံးဆောင်သလို ဆေးအဖြစ်ဖြင့် သင့်မြတ်တဲ့ အနံ့ရှိတဲ့ လိမ်းကျံ အသုံးပြုရင် အပ်တယ်။ အပျော်အပါး အလှအပ အတွက် သုံးရင် မအပ်ဘူး’လို့ ဆရာတော်က ဆိုလိုတာ ဖြစ်ပါတယ်။ ဓမ္မပရိသတ်ကို နားလည်အောင် ကူညီ ရှင်းပြပေးတဲ့ အတွက် ဓမ္မဘေရီ ဆရာတော်ကို ကျေးဇူးတင် ဦးညွတ်ပါ တယ် ဘုရား (အရှင်ကေလာသ)။
---
၆၇၉။ ကိလေသာရွက် သုံးထောင်ဝက်
ဆရာတော် ဘုရား၊ “ကိလေသာစက် သုံးထောင်ဝက်”ဟူသော စကား၏ အဓိပ္ပာယ်ကို သိလိုပါသည် ဘုရား။
ဒေါ်နှင်းအိ (ပါရမီ)
---
ကိလေသာ
စူးရှတဲ့ဉာဏ်နဲ့ စိတ်ရဲ့ ပင်ကိုသဘာဝကို ရှုမြင်နိုင်ရင် စိတ်ဟာ သန့်ရှင်းပြီး ပြိုးပြိုးပြက်ပြက် ရှိကြောင်း မြတ်ဗုဒ္ဓ ဟောကြားတယ် (အံ၊၁၊၉)။ စိတ်ဟာ သန့်ရှင်းပြီး တည်ငြိမ် အေးချမ်းရင် စိတ်အမှီပြုတဲ့ နှလုံးသွေး ပျံ့နှံ့ရာ လူတစ်ကိုယ်လုံးလည်း ငြိမ်းချမ်းတယ်။ စိတ်မှာ ကိလေသာ ပူးဝင်တာနဲ့ အေးမြမှု ပျောက်ကွယ်ပြီး ပူလောင်လာတယ်။ စိတ်ပူရင် ခန္ဓာကိုယ်လည်း ပူလောင်တယ်။ ဒါကြောင့် “ကိလေသာ’ဆိုတာ ပူလောင်စေသော တရား၊ ညစ်နွမ်းစေသော တရားလို့ အဓိပ္ပာယ် မှတ်ပါ။
တစ်ခုမက
တဏှာလောဘကို ကိလေသာ ခေါ်တယ်လို့ လူသာမန်တို့ သိကြတယ်။ အထူးသဖြင့် ကာမကိစ္စ လွန်ကဲသူကို ကိလေသာ အားကြီးသူလို့ ပြောကြ နားလည်ကြတယ်။ ဒါပေမယ့် ကာမကိစ္စ သာမက လောဘမှန်ရင် ကိလေသာချည်း ဖြစ်ကြောင်း ဖြည့်မှတ်ပါ။ ဒါ့အပြင် လူ့စိတ်ကို ပူလောင်စေတတ် ညစ်နွမ်းစေတတ်တဲ့ သဘာဝဟာ လောဘ တစ်မျိုးတည်း မဟုတ်။ စုစုပေါင်း ၁၀-မျိုး ရှိကြောင်း ရှင်တော် ဗုဒ္ဓ ဟောကြားပါတယ်။
၁၀-မျိုး သရုပ်
တွယ်တာ တပ်မက်ခြင်း (လောဘ)ဟာ စိတ်ကို ပူပန် ညစ်နွမ်းစေတတ်လို့ ကိလေသာ မည်တယ်။ ထိုအတူ ..စိတ်ဆိုး ဒေါသ တွေဝေမှားယွင်းသိ (မောဟ)၊ မောက်မာ ထောင်လွှား (မာန)၊ မမှန်မကန် သိမြင် (ဒိဋ္ဌိ)၊ သဘာဝဓမ္မကို ဆင်ခြင်ရာမှာ အမှန်ကို မဆုံးဖြတ်နိုင် (ဝိစိကိစ္ဆာ)၊ စိတ်ထိုင်းမှိုင်း (ထိန)၊ စိတ်ပျံ့ ဂဏာမငြိမ် (ဥဒ္ဓစ္စ)၊ မရှက် (အဟိရိက)၊ မကြောက် (အနောတ္တပ္ပ) .. ဒီဆယ်မျိုးဟာ သန့်ရှင်းတဲ့ ပင်ကိုစိတ်ကို ညစ်ညူ ပူလောင်စေတတ်လို့ ကိလေသာ အမည်ကို ရတယ်။
ကိလေသာစက်
“စက်”ဆိုတာကို အဝိုင်းအဝန်းလို့ အဓိပ္ပာယ် ယူနိုင်ရင် .. ကိလေသာရဲ့ အဝိုင်းအဝန်း၊ ကိလေသာရဲ့ နယ်ပယ်၊ ကိလေသာရဲ့ အကျယ်အဝန်းကို “ကိလေသာစက်’လို့ အဓိပ္ပာယ် ယူနိုင်အံ့ ထင်ပါတယ်။
သုံးထောင်ဝက်
သုံးထောင်ရဲ့ တစ်ဝက်ဆိုတာ ၁၅၀၀။ မူရင်း ၁၀-ပါးကို မြောက်ပွားရင် ၁၅ဝဝ ဖြစ်လာတယ် .. လူမှာ စိတ်က တစ်ခု၊ စိတ်ကို ခြယ်သတဲ့ စေတသိက်က ၅၂-ခု လို့ နာမ်တရား ၅၃-ပါး။ ဓာတ်ကြီး ၄-ပါး စတဲ့ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄၊ ပေါင်း ရုပ် ၂၂-ပါး။ နှစ်ရပ်ပေါင်း လူတစ်ဦးစီမှာ ရှိတဲ့ ရုပ်တရားနဲ့ နာမ်တရား ၅-ပါး။ ကိလေသာ ၁၀-ပါးနဲ့ မြောက်ရင် ၇၅၀။ ဒါကြောင့် လူတစ်ဦးစီမှာ ကိလေသာ ၇၅ဝ ရှိတယ်။ မိမိမှ တစ်ပါး ကျန်သမျှ သူတစ်ပါး (ဗဟိဒ္ဓ)။ မိမိသူတစ်ပါး နှစ်ရပ်ပေါင်း ကိလေသာပေါင်း ၁၅ဝဝ။
နာမ် နိ လက်ကိုခံ ကိ သန္တာန်နှင့် မြောက်။
တစ်ထောင့်ငါးရာ ကိလေသာ ထိုခါအပြီးမြောက်။
နာမ်၊ နိ၊ လက် = နာမ် ၅၃ + နိပ္ဖန္နရပ် ၁၈ + လက္ခဏရုပ် ၄ = ၇၅ ( ကိုခီ = . ကိုတည်)။
သန္တာန်နှင့် မြောက် = ၇၅ × ကိလေသာ ၁ဝ = ၇၅ဝ၊
၇၅၀ × သန္တာန် ၂ = ၁၅၀၀
လင်မယား
လင်မှာ ကိလေသာ ရ၅ဝ။ မယားမှာ ကိလေသာ ရ၅၀။ နှစ်ယောက်ပေါင်းမှ တစ်ထောင့်ငါးရာ ကိလေသာ ဖြစ်တယ်။ ‘ကာမဆယ့်တစ်ဘုံမှာ၊ ရာဂဗွက်ပုံ တစ်ထောင့်ငါးရာရယ်နဲ့” ဆိုတဲ့ ဇာတ်သီချင်းအရ ရာဂ (အချစ်) တစ်ခုတည်းက ၁၅၀၀ ဖြစ်သလို ထင်ရတယ်။ အမှန်က ရာဂအနေနဲ့ ၁၅၀ (၁၀ = ၁၅၀)ပဲ ပါတယ် (ဒေါသ စိတ်ဆိုး ၁၅ဝ စသည်)။ ဒါကြောင့် လင့်အချစ် ၇၅၊ မယားအချစ် ၇၅ လို့ မှတ်နိုင်တယ်။ (မေးခွန်းအမှတ် ၆၀၊ ပေါင်းချုပ် ၁၊ စာ-၂၄၀ ကိုလည်း ရှုပါ။)
ဇွန် ၃၀၊ ၂၀၁၈။
---
၆၈၀။ စေတီကို ဆွမ်းကပ်ခြင်း
ဆရာတော် ဘုရား၊ မြတ်စွာဘုရား ဆင်းတုတော်များ အပါအဝင် စေတီတော်များကို ဆွမ်း ဆီမီး ပန်း စသည် လှူဒါန်းသောအခါ အလှူခံပုဂ္ဂိုလ်က အသုံးမပြုနိုင်သောကြောင့် ကုသိုလ်မရဟု ကမ္မဋ္ဌာန်းဆရာ တစ်ဦးက ဆိုပါသည်။ ထိုအဆို မှန်ပါသလား ဘုရား။
ဒေါ်ကျင်လှ
---
စေတီလေးမျိုး
အုတ် ကျောက် စသည်နဲ့ ပြုလုပ်ထားတဲ့ လူနတ်ဗြဟ္မာတို့ ရိုသေပူဇော်ရာ ဝတ္ထုကို စေတီလို့ခေါ်ပြီး ပရိဘောဂစေတီ၊ ဥဒ္ဒိဿကစေတီ၊ ဓာတုစေတီလို့ သုံးမျိုး ရှိတယ် (ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၈၈)။ တစ်နည်း ပရိဘောဂ စေတီ၊ ဓာတုစေတီ၊ ဓမ္မစေတီလို့ သုံးမျိုး ရှိတယ် (သာရတ္ထ၊ဋီ၊၁၊၁၇၂)။ ဒီယူပုံ နှစ်မျိုးကို တူရာပေါင်းပြီး “ဓာတု၊ ဓမ္မ, ပရိဘောဂ၊ ဥဒ္ဒိဿက”လို့ စေတီ ၄-မျိုး မှတ်နိုင်တယ်။
မြတ်ဗုဒ္ဓရဲ့ အလောင်းတော်ကို မီးပူဇော်ပြီးနောက် ကြွင်းကျန်တဲ့ ဓာတ်တော် သို့မဟုတ် ဗုဒ္ဓတစ်ဆူရဲ့ အလောင်းတော် (သရီရ)ကို ဓာတုစေတီ၊ ပိဋကတ်သုံးပုံ ဓမ္မကျမ်းစာတွေကို ဓမ္မစေတီ၊ မြတ်ဗုဒ္ဓရဲ့ အသုံး အဆောင် ရေစစ် ခါးပန်း သင်္ကန်း သပိတ် ဗောဓိညောင်ပင် စသည်ကို ပရိဘောဂစေတီ၊ မြတ်ဗုဒ္ဓ ကိုယ်စားပြု ရုပ်ပွား ဆင်းတု စသည်ကို ဥဒ္ဒိဿကစေတီလို့ မှတ်ပါ (ညွန်းပြီး ကျမ်းများ)။
ဒီစာတွေအရ မြတ်ဗုဒ္ဓ ကိုယ်စားပြု ရုပ်ပွား ဆင်းတုတွေ ပူဇော် ရိုသေရာ ဥဒ္ဒိဿကစေတီ အနေနဲ့ ယူတာကို တွေ့နိုင်တယ်။ မြတ်ဗုဒ္ဓ ကိုယ်စားပြု ပန်းချီ ဆေးရေး ရုပ်ပုံတွေကို ပါ ဥဒ္ဒိဿကစေတီ အနေနဲ့ ယူရင်လည်း မငြင်းသာပါဘူး။
ကုန်စုံဆိုင်
ပရိနိဗ္ဗာန် စံပြီးဖြစ်တဲ့ မြတ်ဗုဒ္ဓကို ရည်မှန်းပြီး ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿက စေတီတွေကို အလှူဒါနပြုရင် မြတ်ဗုဒ္ဓအား လှူဒါန်းတာဖြစ်လို့ အမြတ်ဆုံး လှူဒါန်းခြင်းပါပဲ (ဣတိဝုတ္တက၊ဋ္ဌ၊၂၇၅)။ သက်တော် ထင်ရှား ဘုရားရှင်နှင့် မခြား စေတီတော်တွေကို ကြည်ညိုစိတ်ထား ရှိရင် အကျိုးတူတယ် (အပဒါန၊၁၊၁၆၈)။ စေတီကို မရိုသေရင် သက်ရှိဘုရားကို မရိုသေတာနဲ့ အတူတူပဲ (ဒီ၊ဋ္ဌ၊၃၊၂၁၇)။
စေတီဆိုတာဟာ လိုရာကို ဝယ်ယူနိုင်တဲ့ သာသနာ့ ကုန်စုံဆိုင်နဲ့ တူတယ်။ ဒီကုန်စုံဆိုင်မှာ “သက်ရှည် ဆင်းလှ ကျန်းမာ ချမ်းသာ ဉာဏ်ပညာ နတ်ပြည် နိဗ္ဗာန်ဆိုတဲ့ ကောင်းကျိုးတွေကို ကိုယ်နှုတ် စိတ်နဲ့ပြုတဲ့ ကုသိုလ်မှု ဆိုတဲ့ အဖိုး နည်းနည်းကို ပေးပြီး ဝယ်ယူနိုင်တယ် (မိလိန္ဒ၊၃၂၃)။
မသုံးပေမယ့်
အလှူခံပုဂ္ဂိုလ်သည် လှူဖွယ်ဝတ္ထုကို အလှူခံပြီးနောက် အသုံးမပြုသော်လည်း (ပေးလှူသူမှာ) ကုသိုလ်ရသည်သာ ဖြစ်၏ (ပဋိဂ္ဂါဟကေန ပဋိဂ္ဂဟေတွာ အပရိဘုတ္တေပိ ဒေယျဓမ္မေ ပုညံ တိယေဝ။ အဘိ၊ဋ္ဌ၊၃၊၁၉၉)။ အသုံးမပြုသော်လည်း ဟူသော စကားဖြင့် “အလှူခံပြီးနောက် အသုံးမပြု၊ စွန့်ပစ်ခြင်း”စ သည်ကို ဖော်ပြ၏။ လှူဒါန်းလိုက်သော စေတနာကြောင့်သာလျှင် (အလှူရှင်မှာ) ကုသိုလ်ရခြင်း ဖြစ်၏ (မူလဋီ၊၃၊၈၅)။
အဖြေ
ကျမ်းစာ အဆိုတွေကို ကောက်ချက်ချရင် ... မြတ်ဗုဒ္ဓရဲ့ ဓာတ်တော်တွေကို ဓာတုစေတီ၊ ရုပ်ပွား ဆင်းတုနဲ့ ပန်းချီ ရုပ်ပုံတွေက ဥဒ္ဒိဿကစေတီ ဖြစ်ပြီး၊ အဲဒီ သက်မဲ့ စေတီ ရုပ်ပွားတွေကို သက်ရှိ ဘုရားနဲ့ တန်းတူ ထားပြီး ပူဇော်လှူဒါန်းရင် အကျိုးတူတယ်။ သက်မဲ့ အလှူခံဖြစ်တဲ့ စေတီ ရုပ်ပွားတွေက အသုံးမပြုပေမယ့် လှူဒါန်းသူရဲ့ စိတ်စေတနာ ထက်သန်ရင် တူညီတဲ့ ကုသိုလ်အကျိုး ရနိုင်ကြောင်း နားလည်ရတယ်။
အင်း .. စုပေါင်း ဆွမ်းကပ်တဲ့အခါ ရဟန်းက မိမိရဲ့ ဆွမ်းဟင်းကို အကြောင်း တစ်ခုခု (ဥပမာ .. လက်လှမ်းမမီ၊ မတည့်၊ မကြိုက်)ကြောင့် မသုံးဆောင်ပေမယ့် ယောနိသော မသိကာရ ပြု (အသင့်နှလုံးသွင်း) တတ်အောင်လည်း ဖော်ပြပါ ကျမ်းစာတွေက ဆုံးမတာပဲ။
ဇူလိုင် ၁၂၊ ၂၀၁၈။
---
၆၈၁။ အရက်အိုးပမာဤခန္ဓာ
ဘုန်းဘုန်း ဘုရား၊ သိလိုသည်များကို မေးမြန်းခွင့်ပြုပါ အရှင်ဘုရား။ တပည့်တော် သိလိုသည်မှာ .. (၁) အာသဝေါတရား လေးပါး (၂) သယမ္ဘူဉာဏ် (၃) ဝိဇ္ဇာ ၃-ပါး၊ ဝိဇ္ဇာ ၈-ပါး၊ စရဏ ၁၅-ပါး (၄) လောက သုံးပါး (၆) တမလွန်တို့၏ အဓိပ္ပာယ်ကို သိလိုပါသည် ဘုရား။
Dr. သာရ၊ ဒေါ်မြင့်မြင့်စိုး (Daly City)
---
၁။ အာသဝေါ
နံနက် အိပ်ရာထ မျက်စိနှစ်လုံး ဖွင့်ချိန်ကစပြီး အိပ်ရာဝင်ချိန်ထိ ‘မျက်စိ နား နှာ လျှာ ကိုယ် စိတ်’မှ တစ်ဆင့် မိမိတို့ကိုယ်မှာ မပြတ်ဖြစ်တဲ့ အကုသိုလ် သဘာဝတွေဟာ ဘဝပြောင်းရင်တောင် ပြောင်းပြီး လိုက်တဲ့အထိ မိမိတို့ရဲ့ ဘဝကို လွှမ်းမိုးထားတယ်။ ဥပမာ .. အာသာငမ်းငမ်း ဖြစ်မှု (လောဘ)ကြောင့် အမြင်မှားပြီး(ဒိဋ္ဌိ) အမှန်ကို မသိနိုင် (မောဟ)။ လူဟာ ဒီသုံးမျိုး ခဏမစဲ ဖြစ်နေတဲ့ နေရာဌာနပါပဲ။ ဖြစ်ပါများတော့ ဒီသုံးမျိုးဟာ လူ့ကိုယ်မှာ စွဲပြီး အထုံရနေတော့တယ်။
လူ့ခန္ဓာကိုယ်ကို အရက်အိုးလို့ ဆိုရင် ဒီတရားသုံးမျိုးက အရက်ပါပဲ။ အရက်ဟာ အရက်အိုးမှာ ထုံစိမ်နေပြီး သောက်စားသူတွေကို မူးယစ်စေသလို လောဘ ဒိဋ္ဌိ မောဟတို့လည်း မိမိဖြစ်ရာလူကို တပ်မက် အမြင်မှား မိုက်မဲမှုတွေနဲ့ ယစ်မူးစေတယ်။ “ကြာမြင့်စွာ ထုံစွဲ”ဆိုတာကို ပါဠိလို “အာသဝ”လို့ ခေါ်တယ်။ လောဘ ဒိဋ္ဌိ မောဟဆိုတဲ့ အကုသိုလ် စေတသိက် သုံးပါးကို အရက်နဲ့တူလို့ အာသဝ(အာသပေါ)တရားလို့ ခေါ်တယ်။
လူနဲ့ နတ်လောကမှာ ဖြစ်ရင် ကာမာသဝ၊ ဗြဟ္မာလောကမှာ ဈာန်တွေကို ကပ်ငြိရင် ဘဝါသဝလို့ လောဘကို အမည် နှစ်မျိုးနဲ့ ခေါ်ပြီး ဒိဋ္ဌိက ဒိဋ္ဌာသဝ၊ မောဟက အဝိဇ္ဇာသဝ၊ ပေါင်း အာသဝေါတရား ၄-ပါး ဖြစ်ပါတယ်။
၂။ သယမ္ဘူဉာဏ်
မြတ်ဗုဒ္ဓ ရရှိတော်မူတဲ့ အရဟတ္တမဂ်ဉာဏ်ကို “သယမ္ဘူဉာဏ်လို့ ခေါ်တယ် (သီဋီသစ်၊၁၊၁၈)။ “သယမေဝ ဘဝတီတိ သယမ္ဘူ (မဏိ ၁၊ ရ၈)”အရ သူတစ်ပါးထံမှ သင်ယူခြင်း မရှိဘဲ မိမိအလိုလို ထိုးထွင်း သိမြင်ပြီး ရရှိတဲ့ အရဟတ္တမဂ်ဉာဏ်။ ဒါကြောင့် “ဆရာမကူ သယမ္ဘူဂိုဏ်း တုနှိုင်းမမြင် ဘုရားရှင်”လို့ ဂုဏ်တင် ချီးမွမ်းတာ ဖြစ်ပါတယ်။
၃။ ဝိဇ္ဇာ ၃
ဉာဏ်အလင်းကို ဝိဇ္ဇာလို့ ခေါ်တယ်။ မြတ်ဗုဒ္ဓဟာ ဘုရားဖြစ်မယ့်နေ့ ညဉ့်ဦးယံမှာ အတိတ်မှာ ဖြစ်ဖူးတဲ့ ဘဝခန္ဓာ များစွာကို သိနိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သန်းခေါင်ယံမှာ အဝေးက အာရုံကို မြင်သိနိုင်တဲ့ ဒိဗ္ဗစက္ခုဉာဏ်နဲ့ မိုးသောက်ယံမှာ ကိလေသာ အားလုံးကို ကုန်စေတဲ့ အာသဝက္ခယဉာဏ်ကို ရတော်မူတယ်။ အာသဝက္ခယဉာဏ်ဆိုတာ အရဟတ္တမဂ်ဉာဏ်ပါပဲ။ ဒီဉာဏ်သုံးပါးကို “ပု၊ ဒိ၊ အာ” သို့မဟုတ် ဝိဇ္ဇာသုံးပါးလို့ ခေါ်တယ်။
အဲဒီ သုံးပါးမှာ “ဝိပဿနာဉာဏ်၊ စေတောပရိယဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ်” ထပ်ပေါင်းပြီး ဝိဇ္ဇာရှစ်ပါးလို့လည်း ဆိုတယ် (ဒီ၊ဋ္ဌ၊၃၊၁၈၈)။ အဓိပ္ပာယ်ကို ဂုဏ်တော်ဖွင့်တွေမှာ ရှာဖတ်ပါ။
စရဏ ၁၅
မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို စရဏလို့ ခေါ်တယ်။ “သီ.ဣန် ဘော.ဇာ၊ သဒ္ဓမ္မာခွန်၊ ရူပဈာန်ဟု၊ ငါးတန်စွန်းကယ်၊ ဆယ်စရဏ၊ မြတ်ဓမ္မ”လို့ အရင်မှတ်။ သီ = သီလစောင့်ခြင်း၊ ဣန် = မျက်စိ နားနှာစတဲ့ ဣန္ဒြေကို စောင့်စည်းခြင်း၊ ဘော = အစားအစာကို အတိုင်းအတာ သိခြင်း၊ ဇာ = နိုးကြားခြင်း၊ သဒ္ဓမ္မာခွန် ... “သဒ္ဓါ သတိ ဟိရိ သြတပ္ပ သုတ ပညာ ဝီရိယ” သူတော်ကောင်း ဥစ္စာ ၇-ပါး၊ ရူပဈာန် = ပ ဒု တ စ ရူပဈာန် ၄-ပါး။ ပေါင်း စရဏ ၁၅-ပါး (သုတ္တနိ၊ဋ္ဌ၊၁၊၂ဝ၃)။
၄။ လောကသုံးပါး
“သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက” ပေါင်း လောကသုံးပါး။ လူနတ်ဗြဟ္မာ ငရဲသား တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ သတ္တဝါ မျိုးစုံကို သတ္တလောက ခေါ်တယ်။ အဲဒီ သတ္တဝါတို့ တည်ရှိရာ ဘုံဌာနတွေကို ဩကာသလောကလို့ ခေါ်တယ်။ သတ္တဝါ ဘုံဆိုတဲ့ ဝေါဟာရ ပညတ်တွေရဲ့ တည်ရာ ရုပ်နာမ် တရားတွေကို သင်္ခါရလောကလို့ ခေါ်တယ်။
၆။ တမလွန်
“တမလွန်”ရဲ့ ဝေါဟာရ ရင်းမြစ်ကို မသိပါ။ ဒါပေမယ့် “တမလွန်”လို့ ဆိုရင် သေပြီးနောက် ပြန်ဖြစ်မယ့် ဘဝကို ရည်ညွှန်းကြောင်း နားလည်ရတယ်။ “ကာယဿ ဘေဒါ ပရံ မရဏာ ကိုယ်ခန္ဓာ ပျက်စီး၍ သေလွန်ပြီးနောက်” ဆိုတာမျိုး ပါဠိတော်တွေမှာ ပါတယ်။ ဗုဒ္ဓဘာသာက သေပြီးနောက် တမလွန်မှာ ဘဝရှိသေးတယ်လို့ ယုံကြည်တယ်။
ဇူလိုင် ၁၄၊ ၂၀၁၈။
---
၆၈၂။ ဒေတိဟောင်းကိုပြင်
ဆရာတော် ဘုရား၊ ပျက်စီးနေသည့် စေတီဟောင်း တစ်ဆူကို ပြုပြင်ရန် ဆန္ဒရှိသော်လည်း ဇနီး၏ မိဘတွေက “စေတီကို ဖျက်ရင် အိမ်ထောင်ပျက်တတ်တယ်”ဟု ဆိုပါသည်။ တပည့်တော်အနေနဲ့ ရှေ့တိုး၍ လုပ်သင့် မလုပ်သင့် ကရုဏာ ရှေ့ထား၍ မိန့်ကြားပေးပါ ဘုရား။ ဆရာတော်ဘုရား ကျန်းမာပါစေ။
ဆန်းဝင်း (ကိုရီးယား)
---
နှလုံးသွင်း
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခ.မနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
ပျက်စီးစေလို စိတ်ထားသို ပြောဆို ပြုမူလျှင်။
နွားခြေနောက်ပါ ဘီးလိုသာ လိုက်မှာ ဆင်းရဲပင်။
အထက်ပါ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်အရ အလုပ်တစ်ခု လုပ်မယ်ကြံရင် စေတနာနဲ့ စိတ်ထားမှန်ဖို့ လိုအပ်ကြောင်း ဦးစွာ မှတ်သားပါ။
စေတနာမှန် စိတ်ထားကောင်းနဲ့ လုပ်ရင် အကျိုးကောင်း ရမှာ သေချာပါတယ်။
လောကမှာ လူတစ်ချို့ဟာ “ဘုရားအို ကျောင်းအိုကို မပြင်ကောင်း၊ ခိုက်တတ်တယ်”လို့ ယူမှားနေကြတယ်။ အမှန်တော့ ဆင်ခြင်တုံတရား နုသေးတဲ့ ကံ ကံရဲ့ အကျိုးကို မယုံကြည်သူတို့ရဲ့ အယူအဆပါ။ ဆင်းရဲ ချမ်းသာဆိုတာ ကိုယ်လုပ်တဲ့ ကံဆိုး ကံကောင်းကြောင့်ပဲ ဖြစ်ရတယ်လို့ ဗုဒ္ဓဝါဒီတို့ ယုံကြည်ပါတယ်။ ဗုဒ္ဓဝါဒီ ဖြစ်ရင် ဒီယုံကြည်ချက် ခိုင်မြဲပါစေ။
သူတို့သုံးဦး
ဒေဝဒတ် လှိမ့်ချတဲ့ ကျောက်ပဲ့ ထိလို့ ဘုရားရှင်ရဲ့ ခြေမှာ သွေးစိမ်း တည်တဲ့အခါ ဆေးဆရာ ဇီဝကဟာ အဲဒီ ဒဏ်ရာ ပျောက်စေလိုတဲ့ စေတနာနဲ့ ဘုရားရဲ့ ခြေတော်ကို ဓားနဲ့ ခွဲပေမယ့် ကုသိုလ်ပဲဖြစ်ပါတယ်။ အသောက မင်းကြီးဟာ လူအများ ကြည်ညိုခွင့် ရအောင်လို့ ဓာတ်တော် ရှိတဲ့ စေတီကို ဖောက်၊ ဓာတ်တော်ကို ယူ၊ နိုင်ငံအနှံ့မှာ စေတီတွေတည်ပြီး ဓာတ်တော်ကို ခွဲဝေ ဌာပနာခဲ့တယ် (ဒီ၊ဋ္ဌ၊၂၊၂၀၅)။
“ရာဇဂြိုဟ်မြို့ရှိ စေတီကို ဖျက်ပြီးနောက် ဓာတ်တော်ကို မရသဖြင့် (ဖျက်ပြီး စေတီကို) မူလအတိုင်း ပြန် တည်ဆောက်စေ၏ (ညွှန်းပြီး)။
ဆုံးဖြတ်ချက်
ဒေဝဒတ်၊ ဇီဝက၊ အသောကတို့ရဲ့ ထုံးကို နှလုံးမူပြီး အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၄ဝ၈)မှာ ဆုံးဖြတ်ထားပုံက ..
မကြည်ညိုလို့ ဖျက်ဆီးလိုတဲ့ စိတ်နဲ့ စေတီ၊ ဗောဓိပင်၊ ဓာတ်တော်တွေကို ဖျက်ဆီးရင် 'လောဟိတုပ္ပါဒ = ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်တဲ့ ကံ”လို အပြစ်ကြီးတယ်။ ဓာတ်တော်ရှိတဲ့ စေတီကို ဖြစ်စေ၊ ဆင်းတုတော်ကို ဖြစ်စေ ပျက်စီးစေတဲ့ ဗောဓိကိုင်းကို ဖြတ်ကောင်းတယ်။ နားနေတဲ့ ငှက်က စေတီတော်ကို မစင်စွန့်ချရင် အဲဒီ ဗောဓိကိုင်းကို ခုတ်ဖြတ်ကောင်းတယ်။ အသုံး အဆောင်စေတီထက် ဓာတုစေတီက ပိုမြတ်လို့။ စေတီအိမ်ကို ထိုးဖောက်နေတဲ့ ဗောဓိကိုင်းကို ဖြတ်ကောင်းတယ်။ ဗောဓိပင်ရဲ့ အကိုင်းခြောက်တွေကိုလည်း ခုတ်ဖြတ် သုတ်သင်ကောင်းတယ်။
အဖြေ
ဒါကြောင့် ပျက်စီးနေတဲ့ စေတီ ဆင်းတုဟောင်းတွေကို ကြည်ညိုဖွယ် ဖြစ်လာအောင် စိတ်ထားကောင်းနဲ့ မူလနေရာမှာ ရွှေ့ပြောင်း၍ ဖြစ်စေ ပြုပြင်ရင် ကြီးမြတ်တဲ့ ကုသိုလ် ဖြစ်ပြီး စေတီ ရုပ်ပွားတွေ အရှည်တည်တံ့သလို စီးပွားတက် အိမ်ထောင်သက် ရှည်ဖို့သာ ဖြစ်ကြောင်း မှတ်ပါ။
ဇူလိုင် ၁၅၊ ၂၀၁၈။
---
မှတ်ချက်များ
“ရေစစ် ဆေး ကျောင်း၊ အဟောင်းပြုပြင်၊ သီလစင် ငါးအင် သက်ရှည်ကြောင်း” (မဟာဝင် ဝသဘမင်းဝတ္ထု)။
ဓမ္မဘေရီဆရာတော်
ပရိဿာဝနဒါနဉ္စ၊ အာဝါသဒါန မေဝ စ။
ဂိလာနဝတ္တဒါနဉ္စ၊ ဒါတဗ္ဗ မနုဇာဓိပ။
ကာတဗ္ဗ ဇိဏ္ဏကာဝါသ-ပဋိသင်္ခရဏံ တထာ။
ပဉ္စသီလသမာဒါနံ၊ ကတွာ တံ သာဓုရက္ခိယ။
ဥပေါသထူပဝါသော စ၊ ကတ္တဗ္ဗော’သထေ ဣတိ။ (မဟာဝံသ ၃၃း၇၄-၇၅ ဂါထာ)။
အသက်ရှည်ကြောင်း ကောင်းမှုတွေက . ရေစစ်အလှူ (ရေသန့်စက်အလှူ)၊ ကျောင်း အလှူ၊ လူနာ ရဟန်းတို့အား ဆေးဝတ် အလှူ၊ ကျောင်းဟောင်းကို ပြုပြင်ခြင်း၊ ငါးပါးသီလ လုံခြင်းနှင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်သုံးခြင်း။
---
၆၈၃။ ပြင်သင့်မှပြင်
ဆရာတော် ဘုရား၊ ဓမ္မကထိက ဆရာတော် တစ်ပါးက အလူပြုပြီးတဲ့အခါ `ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု’လို့ ဆုတောင်းမှ မှန်တယ်လို့ ဟောကြားပါသည်။ သို့ဖြစ်လျှင် ဩကာသ ဘုရားရှိခိုးမှာ ပါတဲ့အတိုင်း ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး စသည်မှ ကင်းလွတ် ရပါလို၏လို့ ဆုတောင်းရင် မှားပါသလား ဘုရား။
မောင်အောင် (ဉာဏပစ္စည်း လုပ်သား)
---
မရောင်ရာဆီလူး
လောကမှာ “သူများ မိုးခါးရေသောက်တိုင်း ကိုယ်မသောက်နိုင်ဘူး”ဆိုပြီး ထူးပြချင်သူတွေ မကြာခဏ တွေ့ရလေ့ ရှိတယ်။ ဟောစရာ သုတ္တန်တွေ အများကြီး ရှိရက်နဲ့ မဟုတ်တာတွေကိုမှ ပြင်ချင် ကွန့်ပြချင်သူတွေကိုတော့ ဘုန်းကြီးလည်း အားမပေးဘူး။ ဗျသနတရား ငါးပါးထဲမှာ ဒိဋ္ဌိဗျသန (အယူပျက်စီးခြင်း) ပါပြီး ဖြစ်ရက်နဲ့ မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို ထည့်မှ ဩကာသ ပိုမှန်သလိုလို၊ ရောဂဗျသန ရှိရက်နဲ့ အနာမျိုး ၉၆-ပါး ပါမှ ပြည့်စုံသလိုလို ပြောတာတွေက မရောင်ရာ ဆီလူးတွေပါ။
ကွန့်တတ်ပုံ
ဆရာကွန့် အချို့က “ဣဒံ မေ ဒါနံ ... ဣဒံ မေ သီလံ .. ဣဒံ မေ ဘာဝနံ နိဗ္ဗာနဿ ပစ္စယော ဟောတု’လို့ လုပ်တတ်တယ်။ အချိန်ကြာတာပဲ ရှိတယ်။ ပုည (ကောင်းမှု)ထဲမှာ ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးလုံး ပါနေပြီပဲ။ “ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု”ဆိုရင် လိုရင်းတိုရှင်း မဖြစ်ဘူးလား။ စကားမစပ် ... “ဣဒံ မေ ဒါနံ”နဲ့ “ဣဒံ မေ သီလံ’မှာ ဆိုဖွယ် မရှိပေမယ့် ‘ဣဒံ မေ ဘာဝနံ’ကျတော့ ပါဠိသုံး မမှန်ဘူး။ “အယံ မေ ဘာဝနာ’ဆို ဟုတ်နိုင်သေး။ ဒါမျိုး သတိရလို့ ပြောရဦးမယ် .
အဂ္ဂရဲ့အလွဲ
တစ်ခါမှာတော့ “အထူးမြတ်ဆုံး ပညာရှိ (အဂ္ဂမဟာပဏ္ဍိတ)” ဘွဲ့ရ ဆရာတော် တစ်ပါးက “ဣဒံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ’လို့ လူတွေကို ချပေးတာ ကြားရတော့ နှစ်ဦးချင်း တွေ့ချိန်မှာ “ဘုန်းကြီး .. ဣဒံ ပုညဘာဂံ မဟုတ်ဘူး ထင်တယ်နော်’လို့ ပြောတော့ သူက “ဒီလို ချပေးလာတာ ကြာပြီ” တဲ့၊ တိုပြတ်ပြတ်နဲ့ ပြန်ပြောပါတယ်။ ထောက်ပြတာကို ကျေးဇူးတင်စကား မဆိုခဲ့ပါဘူး။ ကိစ္စမရှိ .. တစ်နေ့ ကြားတတ်တဲ့ ပညာရှိတို့ရှေ့ ရောက်ရင် သူ့ရဲ့ အဂ္ဂကြီး အထုခံရမှာပေါ့။
သင်္ကန်းဆု
အင်းဝခေတ်က အရှင်မဟာအရိယဝံသထေရ်ဟာ “ပတ္တမြား အနှစ် သေတ္တာ”လို့ အဓိပ္ပာယ်ရတဲ့ ပါဠိဘာသာ ကျမ်းကြီးကို ရေးနေစဉ် ဥပုသ်နေ့ ညနေတိုင်း သံဃာကို စုဝေးပြီး ရေးပြီးသမျှကို ဖတ်ပြသတဲ့။ တစ်နေ့ “ဣမံ”လို့ ဆိုရမှာကို “ဣဒံ” လုပ်ထားလို့ ပုဂံကလာတဲ့ ဧည့်သည် ရဟန်းတစ်ပါးက ထောက်ပြတဲ့အခါ ကျမ်းပြုသူက ကျေးဇူးတင်ပြီး မိမိဝတ်နေတဲ့ နှစ်ထပ် သင်္ကန်းနဲ့ ဉာဏ်ပူဇော်သတဲ့ (သာသနဝံသပ္ပဒီပိကာ၊ စာ-၁၁ဝ)။ ဖော်ပြပါ အမျှဝေတဲ့ ပါဠိလည်း ‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ’လို့ ဆိုမှ ပါဠိသုံး မှန်ကြောင်းပါ။
အာသဝက္ခယံ
အဖြေကို မပြောခင် အာသဝက္ခယံ ကိစ္စ နည်းနည်း ပြောဦးမယ် ... မေးခွန်းထဲက ဓမ္မကထိက ပြောတယ်ဆိုတဲ့ ပါဠိ စာသားလည်း မမှန်ဘူး။ မူရင်းကျမ်းမှာ “ဣဒံ မေ ဒိနံ အာသဝက္ခယာဝဟံ ဟောတု (အံ၊ဋ္ဌ၊၁၊၄၃။ မေ၊ ငါ၏။ ဣဒံ ဒါနံ၊ ဤအလှူသည်။ အာသဝက္ခယာဝဟံ၊ အာသဝေါ တရားတို့၏ ကုန်ရာ အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း) လို့ ရှိတယ်။ သူတစ်ပါးကို သင်ပေးသူဟာ ကိုယ်တိုင် မှန်အောင် ဦးစွာ လေ့လာထားနိုင်မှ အပြစ်ကင်းနိုင်ကြောင်းပါ။
အဖြေ
ကောင်းမှုတစ်ခု လုပ်ပြီးနောက် နှစ်သက်ရာ ဆုကို တောင်းခွင့် ရှိကြောင်း ဘုန်းကြီး အကြိမ်ကြိမ် ပြောဖူးပါတယ် (ပေါင်းချုပ် ၁၊ စာ-၄၁၃။ ပေါင်းချုပ် ၂၊ စာ-၆၈၇ ရှု)။ ဒါကြောင့် အဲဒီ ဓမ္မကထိက ပြောသလို ဆုတောင်းရင်လည်း မှန်တာပဲ။ ဩကာသ ထဲကအတိုင်း ဆုတောင်းရင်လည်း မမှားပါဘူး။ ဓမ္မကထိက ပြောသလို ဆုတောင်းမှသာ မှန်ပြီး အခြားနည်းတွေ မှားတယ်ဆိုရင်တော့ အစွန်း မလွတ်နိုင်ဘူး။
ဇူလိုင် ၁၆၊ ၂ဝ၁၈။
---
လွဲစေသော်
ဝိနည်းမကြိုက်၊ လောကလိုက်၊ ဘုန်းကြီးမိုက်နှင့် လွဲစေသော်။ တရားမကြိုက်၊ အမှားလိုက်၊ မိဘမိုက်နှင့် လွဲစေသော်။
ဘုရားမကြိုက်၊ အမှားလိုက်၊ ဆရာမိုက်နှင့် လွဲစေသော်။ (ဆီးဘန်နီဆရာတော်)
---
၆၈၄။ ယနေ့ဝါဆိုသင်္ကန်း
ဆရာတော် ဘုရား၊ ဝါဆိုသင်္ကန်းကို စလှူခဲ့တာ ဝိသာခါ မဟုတ်ဘဲ စစ်သူကြီးတစ်ဦး ဖြစ်ပြီး ယခင်က ဝါကျွတ်ခါနီးမှာ လှူခဲ့ကြသော်လည်း ယနေ့ခေတ်မှာ ဝါမဆိုခင် လှူကြတာဟာ ဆင်းရဲသူမ တစ်ဦး အစေခံ လုပ်လို့ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ဆာရီဝတ်စုံကို လမ်းမှာတွေ့တဲ့ ရဟန်းငယ်အား လှူတယ်ဆိုတဲ့ သီရိလင်္ကာ ဇာတ်လမ်း တစ်ခုကြောင့် ဖြစ်ကြောင်း ဘုန်းကြီးတစ်ပါးက အွန်လိုင်းမှာ ရေထားပါတယ်။ ဝါဆိုသင်္ကန်း ကြောင်းကို ကျမ်းဂန်လာတိုင်း သိလိုပါသည် ဘုရား။
နှင်းဆုရည် (ဓမ္မစကူးလ်-ကြည့်မြင်တိုင်)
---
မိုးရေခံသင်္ကန်း
မြတ်စွာဘုရား ခွင့်ပြုတဲ့ သင်္ကန်း ၉-မျိုးထဲမှာ ပါဝင်တဲ့ “ဝဿိက.သာဋိက”ခေါ် မိုးရေခံသင်္ကန်းကို ဝိသာခါ ကျောင်းအမကြီးရဲ့ လျှောက်ထားချက်အရ မြတ်ဗုဒ္ဓ ခွင့်ပြုတော်မူတယ် (ဝိ၊၃၊၄၀၄)။ အမိုးအကာမဲ့ နေရာမှာ ထွက်ပြီး မိုးရေချိုးစဉ် ဝတ်ဖို့ ခွင့်ပြုတဲ့ သင်္ကန်း။ အနံက မြတ်စွာ ဘုရားရဲ့ အထွာနဲ့ ၂-ထွာခွဲ ရှိပြီး အလျားက ဘုရား ၆-ထွာ ရှိတယ် (ဝိ၊၂၊၂၂၄)။ အနီတိုပြီး အလျား ရှည်တယ်။ သတ်မှတ်ချိန် အတွင်းမှာပဲ အလှူခံခွင့် ဝတ်ရုံခွင့်ရှိတယ်။ မိုးရေခံသင်္ကန်းနဲ့ ဝါဆိုသင်္ကန်း မတူလို့ ဝိသာခါနဲ့ ဝါဆိုသင်္ကန်း မဆိုင်။
ဝါကျွတ်သင်္ကန်း
မိမိတို့ လှူထားတဲ့ သံဃိကကျောင်းမှာ ဝါတွင်းလေးလ သီတင်းသုံး နေထိုင်ပြီး ကျောင်းကို စောင့်ရှောက်ခဲ့လို့ ကျောင်းဒကာက ကျေးဇူးတင်လို့ ဖြစ်စေ၊ ကျောင်းဒကာ မဟုတ်သူတွေကလည်း ကြည်ညိုလို့ ဖြစ်စေ သီတင်းကျွတ်တဲ့အခါ သင်္ကန်းလှူရင် ဒီလို သင်္ကန်းကို “ဝဿာဝါသိကသင်္ကန်း”လို့ ခေါ်တယ်။ “ဝဿာဝါသိက”ကို ပါရာဇိကဏ် နိဿယသစ်မှာ “ဝါကျွတ်သင်္ကန်း”လို့ မြန်မာပြန်ပြီး တိပိဋကပါဠိမြန်မာ အဘိဓာန်မှာ ဝါဆိုသင်္ကန်းလို့ ဆိုတယ်။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ရဲ့ အလိုအရ ..
“ဝဿာဝါသိကသင်္ကန်းဟူသည် ဝါတွင်းကာလပတ်လုံး ဝါ မကျိုးအောင် နေပြီးသော ရဟန်းများအား လှူအပ်သော သင်္ကန်းတည်း။ ယခုကာလ၌ကား ဝါမဆိုခင် ဝါဆိုသည့်အခါ ဝတ်ဘို့ရန် ဝါဆိုသင်္ကန်း လှူလေ့ရှိကြ၏။ ထိုဝါဆိုသင်္ကန်းသည် ဝဿာဝါသိက သင်္ကန်း မဟုတ် (အရှင်ဇနကာဘိဝံသ၊ ဘုရားဥပဒေတော်ကြီး၊ စာ-၁၂၁)။
အမတ်တစ်ဦး
မြတ်ဗုဒ္ဓ လက်ထက်က အမတ်တစ်ယောက် စစ်ထွက်ခါနီး “ဝဿာဝါသိကသင်္ကန်း လှူချင်လို့ ကြွကြပ’လို့ ပင့်လျှောက်တဲ့အခါ ရဟန်းတွေက ဝဿာဝါသိက သင်္ကန်းကို ဝါကျွတ်ပြီးမှ အလှူခံဖို့ ခွင့်ပြုတယ် ထင်ပြီး မကြွဘဲ နေကြတယ်။ ဒါနဲ့ အမတ်ကြီးက ပင့်လျက်နဲ့ မကြွကြဘူးလို့ အပြစ်တင်တဲ့အတွက် မြတ်ဗုဒ္ဓက စစ်ထွက် နာမကျန်း စသည်ကြောင့် အရေးတကြီး လှူဒါန်းလာရင် ဝါမကျွတ်ခင် ၁၁-ရက် အတွင်း ဝဿာဝါသိက သင်္ကန်းကို အလှူခံခွင့် ပြု၏လို့ မိန့်တော်မူတယ် (ဝိ၊၁၊၃၇၄)။
‘ဝဿာ.ဝါသိက’လို့ခေါ်တဲ့ ဝါကျွတ်သင်္ကန်း သို့မဟုတ် ဝါဆိုသင်္ကန်းလည်း ယနေ့ခေတ် လှူဒါန်းတဲ့ ဝါဆိုသင်္ကန်းနဲ့ ထပ်တူ မကျတဲ့အတွက် ဝါဆိုသင်္ကန်းကို စစ်ထွက်ခါနီး အမတ်ကြီးတစ်ဦးက စပြီး လှူခဲ့တယ်လို့ မဆိုနိုင်။
ဝါဆိုသင်္ကန်း
‘ဝါဆိုသည့်အခါ ဝတ်ဘို့ရန်’ဆိုတဲ့ မဟာဂန္ဓာရုံ ဆရာတော်ရဲ့ အာဘော်အရ ... လေးလပတ်လုံး နေ့စဉ်နီးပါး မိုးရွာလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ မိုးရာသီမှာ နေ့စဉ် ဆွမ်းခံကြွကြရတဲ့ သံဃာတော်တွေ အပိုသင်္ကန်း လိုအပ်နိုင်လို့ ဝါမဆိုမီ သင်္ကန်းကပ်လှူတဲ့ အစဉ်အလာ ရှိခဲ့တာ ဖြစ်နိုင်ပြီး ဝါဆိုမယ့် သံဃာကို ရည်မှတ်ပြီး လှူလို့ “ဝါဆိုသင်္ကန်း”ခေါ်တာ ဖြစ်မယ်။ ဘယ်တုန်းက စခဲ့တယ်ဆိုတာတော့ ဆက်လေ့လာရဦးမယ်။
အဖြေ
ပြန်ချုပ်ရင် .. ဝါဆိုသင်္ကန်းကို ဝိသာခါ စလှူခဲ့တာ မဟုတ်သလို စစ်သူကြီးတစ်ဦး စလှူခဲ့တာလည်း မဖြစ်နိုင်ဘူး။ အင်း .. သီရိလင်္ကာဇာတ်လမ်း .. ဆိုတာကတော့ မဟာဂန္ဓာရုံဆရာတော်ရဲ့ အာဘော်နဲ့ နီးစပ်သလို ရှိပေမယ့် “ဋီကာတွင် ဆိုသောကြောင့် လို့ အကြောင်းပြရုံနဲ့ လက်မခံနိုင်တဲ့ ယနေ့ခေတ်မှာ အနည်းဆုံး အဲဒီ ဇာတ်လမ်း ဘယ်မှာ ပါတယ်ဆိုတာနဲ့ ဝါဆိုသင်္ကန်းနဲ့ ဘယ်လို ပတ်သက်တယ် ဆိုတာကို စာမျက်နှာ ကျမ်းညွှန်း ပြနိုင်ရမှာပေါ့။ (မေးခွန်းအမှတ် ၄၇၆။ ပေါင်းချုပ် ၄၊ စာ-၁၆၆၈ မှာလည်း ဝါဆိုသင်္ကန်း အကြောင်း ဖတ်နိုင်ပါတယ်။)
ဇူလိုင် ၂၀၊ ၂၀၁၈။
---
မြတ်သည့်သူကား စင်ဖြူမျိုးနွယ် ကျင့်မပယ်တည့် ဆင်စွယ်မှန်ငြား ပိုးမစားသို့ (မဃဒေဝ၊ ပိုဒ်-၂၆၂)
---
၆၈၅။ ဉာဏ်မဦးပေမယ့်
ဘုန်းဘုန်း ဘုရား၊ အမေရိကမှာ တရားလာပြသည့် ဘုန်းကြီး တစ်ပါးက တပည့်တော်၏ဇနီး ကွယ်လွန်ပုံကို နာမည်ကို ဖော်ပြီး ထိုဘုန်းကြီး၏ စာအုပ်တွင် ဖော်ပြပါသည်။ သူတစ်ပါးထံမှ တစ်ဆင့် ကြားသည်ကို ရေးတာဖြစ်လို့ ဖော်ပြချက်အချို့ မမှန်ပါ။ ဇနီးက Bay Bridge မှာ လုပ်နေတာ ၁၀-နှစ် ကျော်ကြာခဲ့ပြီး အရက်မူးနေသည့် အမျိုးသား တစ်ဦးက သူရှိနေတဲ့ လက်မှတ်ရုံကို ဝင်တိုက်တာ ဖြစ်ပါသည်။
“သူထိုင်နေသည့် လက်မှတ်ရုံကို ဝင်တိုက်ရာ သူပါ ပွဲချင်းပြီး သေဆုံးသွားရသည်။ အထွေအထူး မခံစားရဘူး ဆိုပေမယ့် ဒီလို သေခြင်းမျိုးကတော့ အဆင်မပြေလှပါ။ ကြိုတင်ပြင်ဆင်ချိန် ဘာမှမရသည့် သေခြင်းမျိုး ဖြစ်သည့်အတွက် ကောင်းသောအလားအာလာ ဖြစ်ဖို့ မလွယ်လှပါ”လို့ ထိုစာအုပ်မှာ ရေးတာကို ဖတ်ပြီး ရန်ကုန်ရှိ ဇနီးရဲ့ ဆွေမျိုးတွေ စိတ်မကောင်း ဖြစ်နေကြပါသည်။
တပည့်တော် မေးလျှောက်လိုသည်မှာ ..
(၁) accident နဲ့ သေသူတိုင်း လားရာဂတိ ဆိုးပါသလား။
(၂) ဘုန်းဘုန်း သိတဲ့အတိုင်း တပည့်တော်၏ ဇနီးမှာ ရားနာတာ တရားစာအုပ် ဖတ်တာကို အလွန် ဝါသနာပါပြီး နံနက်ခင်း အလုပ် စဝင်တိုင်း ပရိတ်တရားကို အမြဲနာပါသည်။ တပည့်တော်၏ ဇနီး ငရဲကို ရောက်နိုင်ပါသလား။
(၃) ကမ္မဋ္ဌာန်းတရားပြ ဆရာတော်တစ်ပါး အနေနဲ့ လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေး အကြောင်းအရာကို နာမည်ဖော်ပြီး ရေးသင့်ပါသလား။
(၄) ဉာဏ်ဦးတယ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။ ဘုန်းဘုန်းရော ဉာဏ်ဦးထားပြီလား ဘုရား။
ဖိုးလုံး (Ryan Saw, San Lorenzo)
---
အဖြေ ၁
မြတ်ဗုဒ္ဓ စမ္ပာမြို့အနီး ရေကန်ကြီးတစ်ခု ဘေးမှာ တရားဟောစဉ် ဖားငယ်တစ်ကောင်ဟာ မြတ်ဗုဒ္ဓရဲ့ တရားသံကို နားစိုက်နေခိုက် နွားကျောင်းသား တစ်ယောက်လည်း အလွန် ငြိမ်သက်နေတဲ့ ပရိသတ်ကို ကြည့်ပြီး ဗုဒ္ဓရဲ့ တရားသံကိုပဲ အာရုံရောက်နေလို့ ကိုင်လာတဲ့ တုတ်နဲ့ အဲဒီ ဖားငယ်ရဲ့ ဦးခေါင်းကို ထောက်မိတယ်။ ဖားငယ်ဟာ တရားသံကို မှတ်ပြီး ကြည်ညိုစိတ်နဲ့ (ဓမ္မသညာယ ပသန္နစိတ္တော) ရုတ်တရက် သေပြီး တာဝတိံသာ နတ်ပြည်မှာ သွားဖြစ်တယ် (ဝိမာနဝတ္ထု-ဌ၊ ၂၀၁)။
ဖားငယ်ဟာ accident နဲ့ သေပေမယ့် နတ်ပြည်မှာ သွားဖြစ်တယ်။ ဖားဆိုတာ အဟိတ်တိရစ္ဆာန်ပဲ။ အဟိတ်စုတိနောက်မှာ တိဟိတ်ဖြစ်ခွင့် ရှိတယ် (မ-ဋီ၊၂၊၂၄၇)။
ဒီသာဓကအရ accident နဲ့ ရုတ်တရက် သေတိုင်း ဂတိ မကောင်းဘူးလို့ မဆိုနိုင်။ တိရစ္ဆာန်တောင် နတ်ပြည် သွားဖြစ်သေးတာပဲ။ သေခါနီးအာရုံ ကောင်းမိဖို့ပဲ အရေးကြီးတယ်။
လူပြန်ဖြစ်
ရှေ့ဘဝ ဖြစ်ရပ်ကို မြင်နိုင်တဲ့ “လူဝင်စား” ဖြစ်လာနိုင်သူတွေနဲ့ ပတ်သက်ပြီး လယ်တီဆရာတော်ကြီးက “ဤလူ့ဘဝ၌ အားရှိတုန်းအခါမှာ လက်နက်ဘေး ကပ်ဥပါဒ်ဘေးတို့နှင့် ရုတ်တရက် သေဆုံးကြကုန်၍ နောက်ဘဝ၌ အနာရောဂါ ကင်း၍ သန့်ရှင်း ငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရသော သူများသည် ရှေ့ဘဝကို သိတတ်ကြကုန်၏ (နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်၊ စာ-၃၂)လို့ မိန့်ပါတယ်။
ဒီစာအရ ... နယူးယောက် မျှော်စင် အဆောက်အုံကြီးထဲမှာ သေလွန်သူတွေလို ကပ်ဘေးနဲ့ ရုတ်တရက် သေဆုံးရသူတွေ လူ့ဘဝကို ပြန်ရောက်ခွင့် ရှိတဲ့အပြင် ဘဝသစ်မှာ မိခင်လောင်း ကျန်းမာ အားကောင်းရင် ဘဝဟောင်းကို ပြန်သတိရနိုင်တဲ့ “လူဝင်စား”တောင် ဖြစ်လာနိုင်တယ်။
အဖြေ ၂
“တရားနာတာ တရားစာအုပ် ဖတ်တာကို အလွန် ဝါသနာပါပြီး နံနက်ခင်း အလုပ် စဝင်တိုင်း ပရိတ်တရားကို အမြဲနာတယ်” ဆိုတာ အကျိုးရှိတဲ့ စရိုက်ဝါသနာ အာစိဏ္ဏကံတွေပဲ။ ဘုန်းကြီးဆီကပဲ စာအုပ်တွေ မှာဖတ်တာမျိုးကို အမှတ်ရပါတယ်။ ရုတ်တရက် ဖြစ်သွားတဲ့ နေ့ကလည်း အနည်းဆုံး ပရိတ်ပဋ္ဌာန်းကို နာယူနေခိုက် ဖြစ်နိုင်လို့ ဖားကလေးလိုပဲ ဘဝကောင်းကို ရောက်နိုင်ခွင့် ငါးဆယ်ရာနှုန်း မကပါဘူး။
အဖြေ ၃
ဘုန်းကြီးသာဆိုရင် ... “စာရေးသူ ဟပ်ဖ်မွန်းဗေးမြို့မှာ ရှိစဉ်က မြန်မာ အမျိုးသမီးလေး တစ်ယောက် သူအလုပ် လုပ်နေတဲ့ လက်မှတ်ရုံကို အရက်မူးပြီး မောင်းလာတဲ့ ထရပ်ကားကြီး ဝင်တိုက်မိလို့ အသက်ငယ် အရွယ်ကောင်းတုန်းမှာ ပွဲချင်းပြီး ဆုံးသွားရှာတယ်။ ဒါကြောင့် သေမယ့် ရောဂါ သေမယ့် အချိန်ဆိုတာ ကြိုမသိနိုင်လို့ တရားအလုပ် ကြိုပြီး လုပ်ထားရမယ်”လို့ပဲ ရေးမှာပါ။ ဘာကြောင့်ဆိုရင် .. နာမည်ကို ဖော်ပြီဆိုတာနဲ့ တစ်ဖက်သားရဲ့ ခံစားချက်နဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝကို နားလည်ဖို့ လိုအပ်မှာ ဖြစ်လို့ပါ။
မရယ်နဲ့တဲ့
လူမိတ်ဆွေ တစ်ယောက်နဲ့ အတူ သူ့မိတ်ဆွေ မက္ကဆီကန် အမျိုးသမီး တစ်ဦးရဲ့ ခင်ပွန်း အသုဘကို ယောင်လည်လည်နဲ့ ပါသွားစဉ် Funeral Home ထဲမှာ အမှတ်တမဲ့ ရယ်မိလို့ (ကြားရရုံ ခပ်တိုးတိုးပါ) မိတ်ဆွေက “ဦးဇင်း .. မရယ်နဲ့လေ၊ သူတို့ ဝမ်းနည်းနေကြတယ်”တဲ့။ ဘုန်းကြီးမှာ ဘာဖီလင်မှ မရှိပေမယ့် သူတို့မှာ အကြီးကြီး ရှိနေတယ်။ အဲဒီတုန်းကပင် လူနာ သွားကြည့်တောင် ဘုန်းကြီး အထူး သတိထားတယ်။
အမေးမခံ
မလ္လိကာမိဖုရား ကွယ်လွန်တော့ ကောသလမင်းကြီး လွမ်းနာ ကျပေါ့။ သူ့ရဲ့ မိဖုရားက ဘုရားလည်း ကြည်ညို၊ သဒ္ဓါတရားလည်း ကောင်း၊ နတ်ပြည်မှာ ဖြစ်တယ် ဆိုတာကိုပဲ ကြားချင်နေမှာ။ ကိုယ်ချင်း စာကြည့်။ ဒါပေမယ့် မလ္လိကာက သေခါနီး နှလုံးသွင်း မှားမိလို့ အခိုက်အတံ့ အနေနဲ့ ဘဝကူး မကောင်းတာကို သိနေလို့ ရှင်တော် ဗုဒ္ဓတောင် ကောသလမင်း မမေးဖြစ်အောင် ခုနစ်ရက်လောက် ပရိယာယ် သုံးနေလိုက်ရတယ် ဆို မဟုတ်လား (ဓမ္မပဒ၊ဋ္ဌ၊၂၊၇၆)။
အဖြေ ၄
“ဉာဏ်”ဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆိုလိုတာ ဖြစ်မယ် ထင်ပါတယ်။ အဲဒီလို ဆိုလိုခဲ့ရင် .. “ဉာဏ်ဦးတယ်” ဆိုတာ မသေခင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရထားတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နိုင်ပါတယ်။ ဘုန်းကြီး ကိုယ်တိုင်တော့ ဘာဉာဏ်မှ မဦးသေးလို့ ဘာမှ မသိတေသးတဲ့ အတွက် သူများကိုလည်း ဟောရဲဘူးလို့ပဲ ဖြေပါရစေ။
---
မှတ်ချက်များ
အရှင်ဘုရားအား လက်ဆယ်ဖြာမိုး၍ ရှိခိုးကန်တော့ပါ၏။ နားကြားဖူးပြီးသား ဖြစ်သော ဝတ္ထုကြောင်းကို ကိုးကား၍ ဟောပြောမှုကြောင့် ဟိုမိသားစုပါမက တပည့်တော်ပါ တင်မကျ ဖြစ်နေသော အယူအဆတစ်ခု လင်းကနဲ ဖြစ်ရပါ သည်။ သာဓုခေါ်၍ အဝေးမှ ထပ်မံ ကန်တော့ပါသည် အရှင်ဘုရား။
ဦးချိုချို
ဦးတင်ပါသည်ဘုရား၊ ကွယ်လွန်သူသည် တရားစာ ဖတ်ခြင်း တရားနာခြင်း စသည့် နေ့စဉ်ပြုသည့် အာစိဏ္ဏကံ ကုသိုလ်ကြောင့် အနှေးနှင့်အမြန် သုဂတိ ဘဝသို့ ရောက်မည်ဟု ယုံကြည်မိပါသည် ဘုရား။
စိုးမင်း (Phoenix)
ဦးတင်လျက်ပါဘုရား ... အဖြေတိုင်း သဘာဝ ကျလွန်းလို့ပါ။ အထက်ပါ ပို့စ်နဲ့ ပတ်သက်ပြီး လျှောက်ချင်တာက မြန်မာပြည်က ရှင်လူ အများစုဟာ personal privacy or family private life ကို မလေးစားကြဘူး ဘုရား။ အသုဘ မှာ ကျန်ရစ်သူ မိသားစု ငိုနေတာကို ဓာတ်ပုံရိုက်ပြီး fb မှာတင်၊ မှုခင်း ဖြစ်ရင်လည်း ရှုမြင်မကောင်းတဲ့ accident ပုံတွေကို ရိုက်ပြီး fb မှာ တင်တယ်။ ကျင့်ဝတ် မလိုက်နာတဲ့ သတင်းဌာနတွေက သတင်း ဆောင်းပါးတွေမှာ ထည့်သုံးတယ်။ တကယ့်ကို လူမှုရေး နားမလည် မယဉ်ကျေး သူများလို့ ခေါ်ရမလောက် ဖြစ်နေပါတယ် ဘုရား။
အဆိုးဆုံးကတော့ မြန်မာပြည်မှာ မကြာခဏ ဖြစ်နေတဲ့ မုဒိမ်းမှုနဲ့ လူသတ်မှုတွေမှာ သားကောင်များ (victims) ဖြစ်ရတဲ့ မိန်းကလေး၊ ကလေးငယ် စတာတွေကို ကာယကံရှင်ရဲ့ အရှက်နှင့် အသက်ကို မငဲ့ဘဲ သတင်းမှာ ထင်ထင်ရှားရှား ဖော်ပြကြပြီး ကျူးလွန်သူ ဒုစရိုက်ကောင် ကျတော့ မျက်နှာကို မဖော်ပြ၊ ဖော်ပြရင်လည်း မျက်လုံး သို့မဟုတ် မျက်နှာ တစ်ဝက်ကို ဖုံးကွယ်ထားတယ်။ ဒုစရိုက်ကောင်ကို ကာကွယ်ပေးသလို ဖြစ်နေလို့ ပြောင်းပြန်ကြီးပါ ဘုရား။
တပည့်တော်တို့ မြန်မာ ပြည်သားတွေ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာနှင့် ၎င်းတို့ရဲ့ ကိုယ်ပိုင် သီးခြားတည်ရှိမူ အခွင့်အရေး (privacy rights)များကို တရားတော်နှင့် တိုက်ရိုက် မဆိုင်သော်လည်း ကိုယ်ချင်းစာတရား ရှုထောင့်မှ နားလည်မှုရှိသော လူအသိုင်းအဝိုင်း ဖြစ်လာအောင် ဆရာတော်ရဲ့ ဩဝါဒများ၌ အလျဉ်းသင့်သလို ထည့်သွင်း ဆုံးမပေးဖို့ တောင်းပန် လျှောက်ထားပါသည် ဘုရား။
မောင်မင်းခန့်ကျော်
အရှိန်အဝါ ရှိတဲ့ တရားဟော ပုဂ္ဂိုလ် စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာတွေရဲ့ ဟောပြော ရေးသား တင်ပြမှု အချင်းဝက် ကျယ်ဖို့လည်း အရေးကြီးကြောင်းပါ။ (အရှင်ကေလာသ)
အထူးသဖြင့် US လိုနေရာမျိုးမှာ ဒီလို (personal privacy) ကိစ္စမျိုးက အထူးထိလွယ် ရှလွယ်ပါတယ် ဘုရား။ အမှတ်- ၃ အဖြေကို ဆရာတော်နဲ့ သဘောထား တူပါတယ်။
သီတာရွှေ
ဇူလိုင် ၂၀၊ ၂၀၁၈။
၆၈၆။ အလိုမပြည့်နိုင်
ဆရာတော် ဦးတင်ပါသည် ဘုရား။ မေးလျှောက်ခွင့် ပြုပါ ဘုရား။ အရှင်ရဋ္ဌပါလ၏ ရဟန်းဖြစ်သည့် နေရာနှင့် ရဟန္တာ ဖြစ်ချိန် မတူသည်များ တွေ့ရသည့်အတွက် မည်သို့ ယူဆသင့် ကြောင်း မိန့်ကြားစေလိုပါသည် ဘုရား။
ရိုသေလျက် အရှင်ဓမ္မသေန (ကျုံဒိုး)
---
မွေးရပ်မြေ
အရှင်ရဋ္ဌပါလရဲ့ အကြောင်းကို မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ရဋ္ဌပါလသုတ်မှာ တိုက်ရိုက် မှတ်တမ်းတင်ထားတယ်။ ဒါကြောင့် ဒီပါဠိတော်နဲ့ အဋ္ဌကထာမှာ ပါတာကို ကြည့်ရင် .. ကုရုတိုင်း “ထုလ္လကောဋ္ဌိက ရွာနေ ရဋ္ဌပါလအနွယ်ဝင် ရဋ္ဌပါလသူဌေးကြီးရဲ့ တစ်ဦးတည်းသော သားဖြစ်လို့ ရဋ္ဌပါလ သတို့သားလို့ အမည်တွင်တယ် (မ ၂။ ၂၄၅)။ ဒီနာမည်က ပဒုမုတ္တရဘုရား လက်ထက်ကပင် ရခဲ့တာ (မ၊ဋ္ဌ၊၃၊၁၉၉)။ ရဋ္ဌပါလတို့ ရွာကို ရှင်တော်ဗုဒ္ဓ ကြွရောက် တရားဟောစဉ် သဒ္ဓါတရား ပြင်းပြလာလို့ မိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဗုဒ္ဓထံမှာ ရဟန်းပြုခဲ့တယ်။
သာဝတ္ထိမှာ
အရှင်ရဋ္ဌပါလ ရဟန်းပြုပြီးနောက် မြတ်ဗုဒ္ဓဟာ ထုလ္လကောဋ္ဌိကရွာမှာ ၂-ပတ်ကြာ သီတင်းသုံးပြီး သာဝတ္ထိမြို့ကို ပြန်ကြွတယ်။ အရှင်ရဋ္ဌပါလလည်း ဗုဒ္ဓနောက်မှ သာဝတ္ထိကို လိုက်သွားတယ်။ အရှင်မြတ်ဟာ မမေ့မလျော့ မပေါ့မဆဘဲ နိဗ္ဗာန်သို့ စေလွှတ်တဲ့ စိတ်နဲ့ ပြင်းစွာ တရားအားထုတ်တဲ့အတွက် မကြာခင် ရဟန္တာ ဖြစ်သွားတယ် (မ၊၂၊၂၅ဝ)။
တရားတော်ကို အရဆောင်၍ ကျင့်သူ (နေယျပုဂ္ဂိုလ်) ဖြစ် ယနေ့ပဲ ရဟန္တာ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ တရားအားထုတ် လိုက်တာ ၁၂-နှစ်ကြာတယ် (မ၊ဋ္ဌ၊၃၊၂၀၃)။ အဲဒီ ၁၂-နှစ်အတွင်း ခုတင် ညောင်စောင်းပေါ် ကျောချပြီး မအိပ်ဘဲ ကျင့်ခဲ့တယ် (ဒီ၊ဋ္ဌ၊၂၊၃၂၈)။
ပါဠိတော်မှာ “မကြာခင် (နစိရဿဝ)”လို့ ဆိုပေမယ့် အဋ္ဌကထာမှာ ၁၂-နှစ် ကြာတယ်လို့ ထူးခြားစွာ ဖွင့်ဆိုတာကို တွေ့နိုင်တယ်။ ရဟန္တာ ဖြစ်ပြီးနောက် မွေးရပ်မြေကို ပြန်ကြွ၊ အရှင်မြတ်ရဲ့ အိမ်ရှေ့မှာ ဆွမ်းခံရပ်ပေမယ့် ဖခင်က မမှတ်မိဘူးလို့ ပါဠိတော်မှာ ပါတာကို ထောက်ရင် ဒီအချိန်ကာလကို ရည်ညွှန်း၍ပဲ မကြာခင်လို့ ဆိုတာ ဖြစ်မယ်။
ရွာအပြန်
ဗုဒ္ဓရဲ့ ခွင့်ပြုချက်နဲ့ မွေးရပ်မြေကို ပြန်ကြွစဉ် ချစ်လွန်းသူ မိဘတွေရဲ့ ပြန်သိမ်းသွင်းမှုကို ရုန်းကန် ရှောင်ကွင်းပြီး ကောရဗျမင်းရဲ့ မိဂစီရ (မူကွဲ မိဂါဇိန)မည်တဲ့ ဘေးမဲ့တောမှာ ခေတ္တသီတင်းသုံးတယ်။ ထိုစဉ် မင်းကြီး ရောက်လာပြီး “လောကမှာ အို၍ နာ၍ စည်းစိမ်ပျက်၍ ဆွေမျိုးပျက်၍ ရဟန်းပြုကြတယ်။ အရှင်ဘုရားက ငယ်၍ ကျန်းမာ၍ ချမ်းသာ၍ အခြံအရံ ပေါများ၍နေစဉ် ဘာလို့ ရဟန်းပြုသလဲ’လို့ မေးတဲ့အခါ အရှင်ရဋ္ဌပါလက မြတ်ဗုဒ္ဓ ဟောကြားတဲ့ တရားအကျဉ်း လေးမျိုးနဲ့ ပြန်လည် ဖြေကြားခဲ့တယ်။
အဲဒီအထဲ တစ်ခုက “မင်းကြီး ... သိတော်မူ မြင်တော်မူသော မြတ်ဗုဒ္ဓက “လောကသည် အလိုမပြည့်။ အမြဲ လိုနေ၏။ ရောင့်ရဲမှု မရှိ။ တပ်မက်မှု၏ ကျေးကျွန် ဖြစ်၏”လို့ ဟောတော်မူတာကို သိမြင်နားလည်တဲ့အတွက် ငါ ရဟန်းပြုခဲ့တာပါ”တဲ့။ ကျန် ၃-ခုကို မဇ္ဈိမပဏ္ဏာသမြန်မာပြန်၊ စာ-၂၆၅ မှာ ရှုပါ။
သာဝတ္ထိပဲ
ကောရဗျမင်းကို တရားဟောပြီးနောက် အရှင်မြတ် ဘယ်မှာ သီတင်းသုံးတယ်ဆိုတာ ပါဠိတော်မှာ မပါဘူး။ ဒါပေမယ့် အဲဒီ ဥယျာဉ်မှာ ပျော်သလောက် သီတင်းသုံးပြီး သာဝတ္ထိကိုပဲ ပြန်ကြွကြောင်း အဋ္ဌကထာတွေမှာ ဆိုတယ် (အံ၊ဋ္ဌ၊၁၊၂၀၃။ ထေရ၊ဋ္ဌ၊၂၊၂၉၉)။ သာဝတ္ထိမှာ သီတင်းသုံးစဉ် သဒ္ဓါပဗ္ဗဇိတ (သဒ္ဓါတရားနဲ့ ရဟန်းပြုလာသူ) တွေထဲမှာ အသာဆုံး ဧတဒဂ်ဘွဲ့ ရတယ် (အံ၊၁၊၂၁)။
စကားမစပ် မဟာသာဝကကြီး ရှစ်ဆယ်ထဲမှာ ပါဝင်တဲ့ (အံ-ဋီ၊၂၊၁၃၂) အရှင်ရဋ္ဌပါလရဲ့ ဘဝနိဂုံး ဘယ်လို ဆုံးတယ်ဆိုတာကို ကျမ်းဂန် ဖော်ပြချက် မတွေ့ရတာ အံ့ဩစရာပါပဲ။
ထူးခြားချက်
ရာဇဂြိုဟ် ဘုရင် ဗိမ္ဗိသာရမင်း၊ သာဝတ္ထိမြို့က ဝိသာခသူဌေး၊ ကုရုတိုင်း ထုလ္လကောဋ္ဌိက ရွာသား ရဋ္ဌပါလ သတို့သားတို့ဟာ ပါရမီ ဖြည့်ဖက်တွေ (အံ၊ဋ္ဌ၊၁၊၂၃၁)။ ပဒုမုတ္တရဘုရား လက်ထက်ကစပြီး အရှင်ရာဟုလာနှင့် အလွန် ချစ်ကျွမ်းဝင်သူ မိတ်ဆွေ သူငယ်ချင်းတွေ (အံ၊ဋ္ဌ၊၁၊၁၉၇)။ နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမဖို့ မြတ်ဗုဒ္ဓကို အရင်ဆုံး လျှောက်တာ ဒီအရှင်မြတ်ပါပဲ (ဝိသုဒ္ဓိ၊၂၊၂၈)။
အဖြေ
အရှင်ရဋ္ဌပါလရဲ့ အကြောင်း ပစ္စုပ္ပန် ဖြစ်ရပ်ကတော့ ပါဠိတော် မှတ်တမ်း အခိုင်အမာ ရှိနေလို့ ရဟန်းဖြစ်သည့် နေရာ၊ ရဟန္တာဖြစ်ချိန် ခြားနားချက် မရှိနိုင်ပါဘူး။ စာလုံးပေါင်း အနည်းငယ် ကွဲတာ၊ သီဟိုဠ်မူနဲ့ မတူတာလေးတွေ အနည်းအကျဉ်း ပါနေတာပဲ ရှိတယ်။ အံ၊ဋ္ဌ၊၁၊၂၀၃ မှာ သီဟိုဠ်မူအတိုင်း “ထုလ္လကောဋ္ဌိတ’ရွာလို့ ဆိုပြီး ပါဠိတော်နဲ့ အခြား ကျမ်းဂန်တွေမှာ ‘ထုလ္လကောဋ္ဌိက’ရွာပါပဲ။
အတိတ် ဖြစ်ရပ်ကို အသေးစိတ် ဖော်ပြရာမှာတော့ မဇ္ဈိမ၊ အင်္ဂုတ္တရ နိကာယ် အဋ္ဌကထာတွေနှင့် ခုဒ္ဒကနိကာယ်ဝင် ထေရဂါထာအဋ္ဌကထာ အပဒါနဋ္ဌကထာတွေမှာ အနည်းငယ် ပိုပြီး အသေးစိတ်တာ၊ အကြောင်းအရာ မပါတာ၊ အမည်နာမ မတူတာတွေကတော့ ထိုထို နိကာယ်ဆောင် ပုဂ္ဂိုလ်တွေရဲ့ အလိုကြောင့် ဖြစ်ဖွယ် ရှိပါတယ်။
ဇူလိုင် ၂၁၊ ၂၀၁၈။
---
ရက္ခင်္ဂဟူသည်
“ရက္ခင်္ဂ’ဟူသည် သီရိလင်္ကာနိုင်ငံ၌ ဥပသမ္ပဒါ (ရဟန်းခံခြင်း)ကို ပြန်လည် တည်ထောင်နိုင်ရန် နန္ဒိစက္ကမထေရ် ဦးဆောင်သည့် ရဟန်း များစွာကို ပင့်ဆောင်ခဲ့သည့် ပထမ ဝိမလဓမ္မသူရိယ မင်း၏ နိုင်ငံ မင်း၏နိုင်ငံ (ယနေ့ခေတ် ရခိုင်ပြည်နယ်) ဖြစ်သည် (စူဠဝံသ၊ ၉၄း၁၅)။
ဒုတိယ ဝိမလဓမ္မသူရိယမင်း (စူဠဝံသ၊ ၉၆း၁ဝ)နှင့် ဝိမလရာဇသီဟမင်း (စူဠဝံသ၊ ၉၈း၈၉)တို့လည်း အလားတူ ဆောင်ရွက်ခဲ့ကြ၏။ ဒုတိယ ဘုရင်နှစ်ပါး၏ လုပ်ငန်းစဉ်ကို ဒတ်ချ်တို့က ကူညီပေးခဲ့၏။ ကိတ္တိသိရိရာဇသီဟ (သီရိလင်္ကာဘုရင်)က ရက္ခင်္ဂနိုင်ငံမှ ရဟန်းတော်များအား အထူး ပူဇော်ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြ၏ (စူဠဝိသ၊ ၉၉:၂၅)။ Malalasekera, The Dictionary of Pali Proper Names III, p. 102.
---
၆၈၇။ လူဝတ်ကြောင် ရဟန္တာများ
ဘုန်းဘုန်း ဘုရား၊ ဗုဒ္ဓသာသနာတော်တွင် လူဝတ်ကြောင်နှင့် ရဟန္တာဖြစ်ခဲ့သူ ဘယ်နှစ်ယောက် ရှိပါသလဲ ဘုရား။ ဆရာတော် ဘုရား ကျန်းမာပါစေ။
ဂျိမ်းစ် သက်ဝေ (လူဝစ်စီယာနာ)
---
၁။ သုဒ္ဓေါဒန
“မြတ်ဗုဒ္ဓ ဝေသာလီမြို့၊ မဟာဝုန်တော ကူဋာဂါရကျောင်းမှာ သီတင်းသုံးစဉ် သုဒ္ဓေါဒနမင်းကြီးဟာ ထီးဖြူအောက်မှာ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်စံတယ် (ထေရီ၊ဋ္ဌ၊၁၄၅)”။ “သေခါနီး ထီးဖြူအောက် မင်္ဂလာအိပ်ရာပေါ်မှာ နေစဉ်မှာပဲ ရဟန္တာဖြစ်သွားတယ် (ဇာ၊ဋ္ဌ၊၁၊၁ဝ၆)”။ “မြတ်ဗုဒ္ဓရဲ့ ငါးဝါမြောက် (ဘုရားဖြစ်ပြီး ငါးနှစ်အကြာ၊ မြတ်ဗုဒ္ဓရဲ့ သက်တော် ၄ဝ အရွယ်) မှာ မင်းကြီးဟာ မင်္ဂလာထီးဖြူ အောက်မှာ ရဟန္တာ ဖြစ်ပြီး ထိုနေ့မှာပဲ ပရိနိဗ္ဗာန်စံတယ် (မဟာဗုဒ္ဓဝင်၊ ၆း၂၊ စာ-၈)”။
၂။ ဗာဟိယ
ဗာဟိယတိုင်းသား ဖြစ်လို့ ဗာဟိယ၊ ချုပ်သီထားတဲ့ သစ်သား ပြားကို ဝတ်ရုံလို့ “ဒါရုစီရိယ’လို့ အမည်နှစ်မျိုး ရှိသူ။ တစ်နေ့ မြတ်ဗုဒ္ဓ ဆွမ်းခံကြွနေတုန်း တရားဟောဖို့ ဇွဲနဲ့ တောင်းပန်လို့ မြတ်ဗုဒ္ဓက သူ့ကို “မြင်ရာ၌ မြင်ကာမျှ ရှုပါ (ဒိဋ္ဌေ ဒိဋ္ဌမတ္တံ)”လို့ သင်ကြား၊ တရား ဆုံးတာနဲ့ ရဟန္တာ ဖြစ်သွားလို့ ရဟန်းပြုခွင့် တောင်းတဲ့အခါ မြတ်ဗုဒ္ဓရဲ့ တိုက်တွန်းချက်နဲ့ သင်္ကန်း သပိတ် ပရိက္ခရာ ရှာဖို့ ထွက်သွားစဉ် သားပေါက် နွားမ ဝှေ့ခံရလို့ လမ်းမှာပဲ ဗာဟိယ ပရိနိဗ္ဗာန် စံတယ် (ဥဒါန၊ဋ္ဌ၊၈၅)။
မြတ်ဗုဒ္ဓက “ဧဟိ ဘိက္ခု”ခေါ်ပြီး ရဟန်းပြု မပေးတာက အဲဒီလို ခေါ်ဖို့ ကောင်းမှုအထူး မရှိလို့၊ နွားဝှေ့ ခံရတာက အတိတ်ဘဝ ရန်ကြွေးရှိလို့ ဖြစ်ကြောင်း ကျမ်းဂန်မှာ ဆိုပါတယ် (ညွှန်းပြီး)။ ဒါကြောင့် နွားဝှေ့ ခံရခါနီး နာရီပိုင်းလေးမှာ မြတ်ဗုဒ္ဓနဲ့ တွေ့ပြီး ရဟန္တာ ဖြစ်သွားတယ်လို့ ယူရင် သင့်ပါတယ်။
၃။ သန္တတိ
သန္တတိဆိုတာ ကောသလမင်းရဲ့ အမတ်။ သူ့ကို ဖျော်ဖြေမယ့် ကချေသည် မိန်းကလေးဟာ ကိုယ်ခန္ဓာ အလှကို ပြလိုတဲ့အတွက် တစ်ပတ်ကြာ ဝိတ်လျှော့ပြီး အစာမစားဘဲ နေခဲ့ရာ ပွဲနေ့ကျမှ အစာပြတ်ပြီး သေရှာတယ်။ ကချေသည်မရဲ့ အလှအပကို မကြည့်လိုက်ရတဲ့ အမတ်ခမျာ စိတ်သောက ဖြစ်ပြီး ဗုဒ္ဓဆီကို ရောက်လာတယ်။ အဲဒီ အခါမှာ မြတ်ဗုဒ္ဓက ..
“အချစ်ပြုစား အစွဲအား ခွာထား ပထမ။
ချစ်စေးတဏှာ ဝေးအောင်သာ နေပါ ဒုတိယ။
ချစ်စွဲမဲ့စွာ ရုပ်ခန္ဓာ ပူဗျာကင်းဝေးရ’လို့ ဟောတော်မူတယ်။
သန္တတိအမတ်ဟာ တရားဆုံးတာနဲ့ လူ့ဘဝနဲ့ ရဟန္တာ ဖြစ်သွားတယ်။ ဒီနောက် သန္တတိဟာ မိမိရဲ့ သက်တမ်းကို ကြည့်တဲ့အခါ မကြာတော့ကြောင်း သိလို့ (အတ္တနော အာယုသင်္ခါရံ ဩလောကေန္တော တဿ အပ္ပဝတ္တန.ဘာဝံ ဉတွာ) ပရိနိဗ္ဗာန် စံပါရစေလို့ မြတ်ဗုဒ္ဓကို လျှောက်တယ် (ဓမ္မ ပဒ၊ဋ္ဌ၊၂၊၄၉)။
ဒီဖွင့်ဆိုချက်အရ အကယ်၍ မိမိမှာ သက်တမ်း ရှိသေးရင် ပရိနိဗ္ဗာန်စံဖို့ မြတ်ဗုဒ္ဓကို မလျှောက်သေးဘူးလို့ ပြောင်းပြန် အဓိပ္ပာယ် ယူခွင့် ရှိတယ်။
၄။ ဥဂ္ဂသေန
ဥဂ္ဂသေနဟာ ကချေသည်နဲ့ အကြောင်း ပါပြီးနောက် ဘားကျွမ်းဆရာ တစ်ဖြစ်လဲ သူဌေးသား။ တစ်နေ့ ရာဇဂြိုဟ်မြို့ တစ်နေရာမှာ ပွဲခင်းခိုက် ပရိသတ်က ဆွမ်းခံကြွလာတဲ့ မြတ်ဗုဒ္ဓနဲ့ ရဟန်းသံဃာကိုပဲ အာရုံစိုက်တာကို တွေ့လို့ စိတ်မသက်သာ ဖြစ်နေစဉ် ဗုဒ္ဓက သူ့ကို ဆက်ပြခိုင်းတယ်။ ဒါနဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓပရိသတ်ပါ မိမိကို အားပေးတယ် အထင်နဲ့ အတောင် ၆၀-မြင့်တဲ့ တိုင်ထိပ်ပေါ်မှာ ရပ်ပြီး အစွမ်းကုန် ပညာပြဆဲ မြတ်ဗုဒ္ဓက..
“ဖြစ်ပြီး ဖြစ်မှာ ဖြစ်ဆဲသာ ခန္ဓာမစွဲလမ်း၊ မစွဲခန္ဓာ မွေးသေကွာ သံသာတစ်ဖက်ကမ်းလို့ ဟောတော်မူလိုက်တယ်။
ဥဂ္ဂသေနဟာ တိုင်ထိပ်မှာပဲ ရဟန္တာ ဖြစ်သွားတယ်။ တိုင်အောက် ရောက်တော့ မြတ်ဗုဒ္ဓက “ဧဟိ ဘိက္ခု” ခေါ်တော်မူလို့ ရဟန်း အဖြစ်ကို ရတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၉)။ သူ့မှာ ကုသိုလ် ပါရမီ ရှိတာ၊ သက်တမ်း မကုန်သေးတာကို သိလို့ ဗုဒ္ဓက အဲဒီလို ဆောင်ရွက်တာ ဖြစ်ကြောင်း မှတ်ယူနိုင်ပါတယ်။
၅။ ဘဒ္ဒဇိ
ဘဒ္ဒိယ သူဌေးရဲ့သား ဘဒ္ဒဇိ လုလင်ဟာ ဗုဒ္ဓထံမှာ တရားနာရင်း လူဝတ်နဲ့ ရဟန္တာ ဖြစ်သွားတဲ့အခါ ဗုဒ္ဓက ဖခင် သူဌေးကို “သင်သားဟာ တရားနာရင်း ရဟန္တာ ဖြစ်သွားပြီ။ ဒါကြောင့် သင့်သားကို ယခုပဲ ရဟန်း ပြုပေးသင့်တယ်။ ရဟန်း မပြုရင် ပရိနိဗ္ဗာန် စံလိမ့်မယ် (တေနဿ ဣဒါနေဝ ပဗ္ဗဇိတုံ ယုတ္တံ၊ နော စေ ပဗ္ဗဇတိ၊ ပရိနိဗ္ဗာယိဿတိ)’လို့ မိန့်တော်မူတယ်။ အဲဒီတော့ သူဌေးက “ငါ့သားဟာ အသက် ငယ်ငယ်ပဲ ရှိသေးတာမို့ ပရိနိဗ္ဗာန် မစံသင့်သေးဘူး၊ သားကို ရဟန်းပြုပေးပါ (န မယုံ ပုတ္တဿ ဒဟရဿဝ သတော ပရိနိဗ္ဗာနေန ကိစ္စံ နတ္ထိ၊ ပဗ္ဗာဇေထ နံ)'လို့ လျှောက်တဲ့အတွက် မြတ်ဗုဒ္ဓက သူဌေးသားကို ရဟန်းပြုပေးလိုက်တယ် (ထေရ၊ဋ္ဌ၊၁၊၃၆၅)။
ဒီအဖွင့်ကို ကြည့်ရင် ရဟန်းမပြုရင် လူဝတ်ကြောင် ရဟန္တာဟာ သေကို သေရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဆိုလိုရိပ်ထင်တယ်။ ဒါပေမယ့် ဘဒ္ဒဇိ လုလင်မှာ သက်တမ်း ရှိသေးတာ၊ ဖခင်လည်း သားကို အသက် ရှည်စေလိုတာကို သိတော်မူလို့ မြတ်ဗုဒ္ဓက အဲဒီလို မိန့်တာလို့ အေဒီ ၅-ရာစု နောက်ပိုင်းမှာ ရေးတာ ဖြစ်ဖွယ်ရှိတဲ့ ထေရဂါထာအဋ္ဌကထာရဲ့ အဆိုကို ဖြည့်ပြီး ယူရင်တော့ ဖြစ်နိုင်တန်ကောင်းရဲ့။
၆။ ဝီတသောကလူငယ်
မဇ္ဈိမနိကာယ်အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၁၃၆)မှာ ဂီတသောက (မောင်မစိုးရိမ်) အမည်ရှိ လူငယ်တစ်ယောက်လည်း လူဝတ်နဲ့ ရဟန္တာဖြစ်သွားကြောင်း ဖော်ပြတယ်။ ဝတ္ထုဖြစ်ရပ် အကျယ်ကို ရှာမတွေ့သေး။ အသောကမင်းရဲ့ ညီငယ် ဂီတသောက မထေရ်နဲ့ ဒီသူငယ် မတူ။
၇။ ယသမထေရ်
အရှင်ယသ ဖြစ်လာမယ့် လူငယ်ဟာ အိမ်မှ ထွက်လာပြီး မိဂဒါဝုန်ကို ရောက်၊ ဘုရားဖြစ်စ မြတ်ဗုဒ္ဓနှင့် တွေ့၊ တရားနာပြီး သောတာပန် ဖြစ်တယ် (ဝိ၊၃၊၂၂)။ အင်္ဂုတ္တရအဋ္ဌကထာ (၁၊ စာ-၃၁ဝ)အရ အနာဂါမ် ဖြစ်သတဲ့ (တီဏိ ဖလာနိ ပဋိဝိန္ဓိ)။ ဖခင် သူဌေးကြီးကို မြတ်ဗုဒ္ဓ တရားဟောနေစဉ် ယသလူငယ်က သိပြီးသား တရားကို ဆင်ခြင်ရင်း ရဟန္တာ ဖြစ်။ ဒီနောက် မြတ်ဗုဒ္ဓက “ဧဟိ ဘိက္ခု”လို့ မိန့်တယ် (ဝိ၊၃၊၂၂-၂၄)။ သောတာပန် သို့မဟုတ် အနာဂါမ် ဖြစ်ချိန်ထိ ရဟန်းပြုခွင့် မတောင်းတာကို ထောက်ရင် လူဝတ်နဲ့ ရဟန္တာ ဖြစ်သွားပြီးမှ ‘ဧဟိ ဘိက္ခု’ ခေါ်ခံရတဲ့ သဘောရှိတယ်။ ဓမ္မစကြာသုတ်မှာ ပဉ္စဝဂ္ဂီဝင် အရှင်ကောဏ္ဍညဟာ “သောတာပန်’ဖြစ်ပြီးတာနဲ့ “ရဟန်းပြုပါရစေ’လို့ တောင်းပန်တာကို သတိပြု။
၈။ ခေမာထေရီ
ဗိမ္ဗိသာရရဲ့ မိဖုရား ခေမာဟာ မြတ်ဗုဒ္ဓရဲ့ တရားအဆုံးမှာ လူဝတ်နဲ့ ရဟန္တာ ဖြစ်တယ်။ အဲဒီအခါ မြတ်ဗုဒ္ဓက ဗိမ္ဗိသာရကို “မင်းကြီး၊ ခေမာဟာ ရဟန်းသော်လည်း ရဟန်းသော်လည်း ပြု၊ ပရိနိဗ္ဗာန်သော် လည်း စံသင့်တယ် (မဟာရာဇ ခေမာယ ပဗ္ဗဇိတုံ ဝါ ပရိနိဗ္ဗာယိတုံ ဝါ ဝဋ္ဋတိ)”လို့ မိန့်ပါတယ်။ မင်းကြီးက “ရဟန်းပြုပါစေ အရှင်ဘုရား၊ ပရိနိဗ္ဗာန်တော့ မစံသင့်ပါဘူး”လို့ လျှောက်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၄ဝ)။ မိဖုရားရဲ့ သက်တမ်း မကုန်သေးလို့ မြတ်ဗုဒ္ဓက ထိုသို့ မိန့်တော်မူတယ်လို့ ယူရင် အောက်ပါ အဆိုနဲ့ ထပ်တူ ဖြစ်ဖို့ ရှိတယ် ..
ခေမာ မိဖုရားဟာ ရဟန္တာ ဖြစ်သွားပြီးနောက် မိမိရဲ့ ယုသင်္ခါရ (သက်တမ်း) မကုန်သေးတာကို သိတဲ့အတွက် ရဟန်းပြုခွင့် တောင်းဖို့ နန်းတော်ကို ပြန်လာစဉ် ဘုရင်ကို ရှိမခိုးဘဲ နေတယ်။ ဘုရင်ကလည်း မိဖုရားရဲ့ အမူအရာကို ကြည့် သိနေလို့ ရွှေထမ်းစင်နဲ့ ဘိက္ခုနီမ ကျောင်းကို ပို့ပြီး ရဟန်း ပြုစေတယ် (အံ၊ဋ္ဌ၊၁၊၂၆၆)။
ရှစ်ပါးမျှ
“လူရဟန္တာ ငါးဦးမှာ စံရှာ နိဗ္ဗာန်နန်း’လို့ ဆိုပေမယ့် ဘုန်းကြီးလေ့လာမိသမျှ လူ့အသွင်နဲ့ ရဟန္တာဖြစ်တာ ယောက်ျား ၇-ဦးနဲ့ အမျိုးသမီး ၁-ဦး၊ ပေါင်း ၈-ဦး ရှိတယ်။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက် အဓိပ္ပာယ်နဲ့ ဖြစ်စေ ထပ်တွေ့နိုင်ပါသေးတယ်။ အဲဒီတော့ ထပ်ဖြည့်ကြတာပေါ့။ သိထားတဲ့ သူတော်ကောင်းတို့ ထပ်ဖြည့်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။ မေးခွန်း အမှတ် (ပေါင်းချုပ် ၄၊ စာ-၁၈၆၆) ကိုလည်း ဖတ်သင့်ပါတယ်။
အစာနှင့် ဝမ်း
(မိလိန္ဒ) အရှင်ဘုရား၊ အရဟတ္တဖိုလ်ကို ရသူဟာ သေလွန်ရသည်ဆိုရင် အရဟတ္တဖိုလ်ဟာ ငြိမ်းချမ်းပါရဲ့လား။
(အရှင်နာဂသေန) မင်းကြီး၊ လူ့သွင်ပြင်က အားနည်းတဲ့ အတွက် လူဝတ်နဲ့ ရဟန္တာဖြစ်ရင် .. ထိုနေ့မှာပဲ ရဟန်း ပြုရင်ပြု၊ မပြုရင် ပရိနိဗ္ဗာန်သော်လည်း စံတယ်။ ဒါဟာ အရဟတ္တဖိုလ်ရဲ့ အပြစ် မဟုတ်ဘူး။ လူ့သွင်ပြင်ရဲ့ အပြစ်သာ ဖြစ်ပါတယ်။ အသက် ရှည်စေတဲ့ အစားအစာ ဖြစ်ပေမယ့် ဝမ်းမီး မကောင်းလို့ အစာ မကြေရင် အစာရဲ့ အပြစ်မဟုတ်ဘူး။ ဝမ်းမီး အားနည်းခြင်းရဲ့ အပြစ်ပါ (မိလိန္ဒ-မြန်၊ ၂၇၅)။
လူ့ဘဝနဲ့ ရဟန္တာ ဖြစ်သူဟာ ရဟန္တာ ဖြစ်ခြင်းကြောင့် သေတာ မဟုတ်ဘူး။ ပစ္ဆိမဘဝိက(နောက်ဆုံး ပဋိသန္ဓေနေသူ) ဖြစ်လို့ ဒီဘဝခန္ဓာ မကုန်ဆုံးခင် ရဟန္တာ ဖြစ်ကို ဖြစ်ရမှာမို့ ..
၁) သေခါနီး အချိန်ကျမှ ရဟန္တာဖြစ်ရင် သက်တမ်း ကုန်လို့
၂) ရဟန်းပြုနိုင်ရင် သက်တမ်း မကုန်သေးလို့ ဖြစ်ကြောင်း မှတ်သင့်ပါတယ်။
ဇူလိုင် ၂၄၊ ၂၀၁၈။
---
၆၈၈။ ဓနဉ္ဇာနီသာသနာပြုပုံ
ဘုန်းကြီး ဘုရား၊ ဘုန်းကြီး၏ “နမော တဿနှင့် ဘုရားရှိခိုး သူများ အဖြေတွင် ဓနဉ္ဇာနီ ပုဏ္ဏေးမသည် ကောသလတိုင်း စဉ္စလိကပ္ပရွာမှာ နေသူဟု သိရပါသည်။ သို့ရာတွင် သဂါထာဝဂ္ဂ သံယုတ်၊ ဓနဉ္ဇာနိသုတ်မှာ ဖော်ပြသော ဓနဉ္ဇာနီလည်း နမော တဿနှင့် ဘုရားရှိခိုးပြီး ရာဇဂြိုဟ်မြို့မှာ နေထိုင်ပါသည်။ ဤ ကွဲပြားချက်ကို ရှင်းပြပေးစေလိုပါသည် ဘုရား။
အရှင်သီလာစာရ (ကင်းမော်)
---
ကျမ်းဂန်မှာ ပါတာတွေကို အနှစ်ချုပ်ပြီး ရှင်းပြမှ နားလည်နိုင်မှာ ဖြစ်လို့ သည်းခံပြီး ဆုံးအောင် ဖတ်ပါ။ လိုက်နာစရာ မှတ်သားစရာတွေလည်း ကျန်အောင်လို့ပါ။
ဓနဉ္ဇာနီ
မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် ဘာရဒွါဇအနွယ် ပုဏ္ဏားတစ်ဦး၏ ဇနီးဖြစ်သူ ရတနာသုံးပါးကို အလွန် ကြည်ညိုသည့် ဓနဉ္ဇာနီပုဏ္ဏေးမသည် ခင်ပွန်းအတွက် အစားအသောက်ကို ယူလာစဉ် ခလုတ်တိုက်မိပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးကြိမ် ရွတ်ဆို ဘုရားရှိခိုး၏။ ( ဘာသာမတူသည့်) ခင်ပွန်းဖြစ်သူ ဘာရဒွါဇ စိတ်ဆိုးပြီး မြတ်ဗုဒ္ဓနှင့် ဝါဒလာပြိုင်သည်..
(ဘာရဒွါဇ) ဘာကို ပယ်မှ ချမ်းသာရ သောက ကင်းသနည်း။
(မြတ်ဗုဒ္ဓ) ဒေါသပယ်မှ ချမ်းသာရ သောကကင်းသတည်း။
ဘာရဒွါဇ မြတ်ဗုဒ္ဓရဲ့ အဖြေကို သဘောကျ၊ ရဟန်းပြု၊ နောက်ဆုံးမှာ ရဟန္တာ ဖြစ်သွားတယ် (သံ၊၁၊၁၆၂။ ဓနဉ္ဇာနီသုတ်)။ ဒီပါဠိတော် မှတ်တမ်းကို အဋ္ဌကထာမှာ ရှင်းပြပုံက ..
ဟင့်အင်း
ဓနဉ္ဇာနီဆိုတာ ဗြဟ္မာကြီးရဲ့ ဦးခေါင်းက မွေးဖွားသည် ဆိုတဲ့ ဇာတ်အမြင့်ဆုံး ပုဏ္ဏားမျိုးရဲ့ နာမည်။ ဒီပုဏ္ဏေးမက သောတာပန် အရိယာ။ ခင်ပွန်းနဲ့ ဘာသာမတူ။ ခင်ပွန်းက ပုဏ္ဏားဆရာတွေကို အိမ်ဖိတ်ပြီး ကျွေးမွေးရင် ခင်ပွန်း အလိုကို လိုက်တတ်တာ မနာလိုစိတ် မရှိတာကြောင့် ဓနဉ္ဇာနီက ပါဝင် ကူညီတယ်။ ဇနီးက ဗုဒ္ဓအမှူးပြုတဲ့ သံဃာကို ဆွမ်းကပ်ရင်တော့ ဘာရဒွါဇ အိမ်က ထွက်ပြေးမြဲ။
တစ်နေ့ ... ဘာရဒ္ဓါဇက သူ့ဇနီးကို “ငါ နက်ဖြန် ဆရာတွေကို အိမ်ဖိတ်ပြီး ထမင်းကျွေးမယ်။ သူတို့ စားသောက်နေတုန်း နမော တဿ ကြီးကို မလုပ်ပါနဲ့ဆိုတော့ ဓနဉ္စာနီက “ငက ရှင်တော် ဗုဒ္ဓကို သတိရလိုက်တိုင်း အဲဒီလို မလုပ်ဘဲ နေကို မနေနိုင်ပေါင်’တဲ့။ “အိမ်တစ်ရာရှိတဲ့ ရွာရဲ့ တံခါးပေါက်ကိုပင် ပိတ်နိုင်လျက် မင့်ရဲ့ ဟောဒီ ပါးစပ်တစ်ပေါက်ကို မပိတ်နိုင်ဘူးလား” “ဟင့်အင်း”။
မတုန်လှုပ်
ပင်ကိုက ရှားစူးလို ခက်ထန်တဲ့ ဘာရဒွါဇ စိတ်ကို မထိန်းနိုင်ဘဲ ဓားကို ဆွဲပြီး “ငါပြောသလို မလုပ်ရင် နင့်တစ်ကိုယ်လုံး ဒီဓားနဲ့ နပ်နပ်စဉ်းပစ်မယ်”လို့ ခြိမ်းခြောက်တယ်။ ယုံကြည်မှု ခိုင်ပြီးသူ သောတာပန် ဓနဉ္စာနီက “ငါက ဗုဒ္ဓရဲ့ သမီးတော်ပါ။ ငါ့ကို ဖြတ်လိုဖြတ်၊ သတ်လိုသတ်၊ ဗုဒ္ဓမြတ်ရှင်ရဲ့ ဂုဏ်ကျေးဇူးကို မချီးမွမ်းဘဲတော့ မနေနိုင်’လို့ ပြန်ကြိမ်းတာ ဂါထာငါးရာတောင် ရှိသတဲ့။ ဘာရဒွါဇလည်း ဓားကို ပစ်ချပြီး အလျှော့ပေးလိုက်ရတယ် “ကြိုက်သလိုသာ လုပ်တော့ဗျား”တဲ့။
နမော တဿ
နောက်နေ့မနက် ပုဏ္ဏားဧည့်ခံပွဲမှာ ပုဏ္ဏားတွေနဲ့ အတူထိုင်ပြီး ထမင်းစားမယ့် ခင်ပွန်းဖို့ စားစရာ ယူလာစဉ် သစ်တုံးကို ခလုတ်တိုက်မိတယ်။ သတိကောင်းလို့ ကိုင်လာတဲ့ခွက် လွတ်မကျဘဲ ချက်ခြင်း ဗုဒ္ဓကိုအာရုံရသွားပြီး ဗုဒ္ဓရှိရာ ဝေဠုဝန်ကျောင်းဆီ လက်အုပ်ချီရင်း “နမော တဿ”ကို သုံးကြိမ် ဆိုပစ်တယ်။
ဆရာ ပုဏ္ဏားတွေရဲ့ ထမင်းလုတ်တွေ လက်က လွတ်ကျ၊ စိတ်ဆိုးပြီး ဆက်မစားဘဲ ထပြန်ကုန်တယ်။ ဒါကြောင့် ဘာရဒွါဇလည်း စိတ်ဆိုးပြီး ဗုဒ္ဓနဲ့ သွားတွေ့တာ (သံ၊ဋ္ဌ၊၁၊၂ဝရ)။
အဆဲကျော်
မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် အဆဲကျော် ဘာရဒွါဇသည် ဘာရဒွါဇအနွယ် ပုဏ္ဏား ရဟန်းပြုသွားသဖြင့် စိတ်ဆိုးပြီး မြတ်စွာဘုရားကို ကြမ်းတမ်းသည့် စကားလုံးများဖြင့် လာရောက် ဆဲဆိုသည်။ မြတ်ဗုဒ္ဓက “ပုဏ္ဏား၊ သင် ဆဲရေးသော စကားများကို ငါ မခံယူ။ အဲဒါတွေက သင့်ဆီမှာပဲ ကျန်နေမှာ”ဟု မိန့်ပြီး တရား ဆက်ဟောသည် ..
အမျက်ထွက်သူ ပြန်ထွက်မူ ထိုသူ လူယုတ်မာ။
အမျက်မထွက် အောင်နိုင်ခက် စစ်မက်အောင်သည်သာ။
အမျက်ငြိမ်းမူ နှစ်ဦးသူ ကျိုးတူကျင့်သည်သာ။
အဆဲကျော် ဘာရဒွါဇလည်း မြတ်ဗုဒ္ဓရဲ့ တရားကို သဘောကျ၊ ရဟန်းပြု၊ ရဟန္တာ ဖြစ်သွားတယ် (သံ၊၁၊၁၆၃။ အက္ကောသကဘာရဒွါဇသုတ်)။ မြတ်ဗုဒ္ဓကို ဂါထာငါးရာနဲ့ ဆဲလို့ ‘အဆဲကျော် (အက္ကောသက) ဘာရဒွါဇ’လို့ သံဂါယနာတင် မထေရ်တွေက နာမည် ပေးခဲ့တာ။ ဓနဉ္ဇာနီရဲ့ ခင်ပွန်း ဘာရဒွါဇကြီးရဲ့ ညီ။ အစ်ကိုကြီး ရဟန်းပြုသွားတာကို မကြိုက်လို့ မြတ်ဗုဒ္ဓကို လာဆဲတာ (သံ၊ဋ္ဌ၊၁၊၂ဝ၉)။
အသုန္ဒရိက
မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် အသုန္ဒရိကဘာရဒွါဇ (ပုဏ္ဏား)သည် ဘာရဒ္ဓဇမျိုး ပုဏ္ဏား မြတ်ဗုဒ္ဓ ထံမှာ ရဟန်းပြုသွားသဖြင့် စိတ်ဆိုးပြီး ကြမ်းတမ်းသော ကားလုံးများဖြင့် မြတ်ဗုဒ္ဓအား လာရောက် ဆဲဆို၏။ မြတ်ဗုဒ္ဓမူ ကား ဆိတ်ဆိတ်သာ နေတော်မူ၏။ ထိုအခါ ပုဏ္ဏားက “ရဟန်း ... ငါ အောင်ပြီ”ဟု ဆို၏။ မြတ်ဗုဒ္ဓက ..
“ကြမ်းကြုတ်ရမ်းကား မိုက်စကား ဆိုငြားမအောင်ရာ။
မတုံ့နှုတ်တွင် ခန္တီဝင် သူလျှင်အောင်သည်သာ”တဲ့။
အသုန္ဒရိကဘာရဒွါဇ မြတ်ဗုဒ္ဓရဲ့ တရားကို သဘောကျ၊ ရဟန်းပြု၊ နောက်ဆုံး ရဟန္တာ ဖြစ်သွားတယ် (သံ၊၁၊၁၆၅။ သုန္ဒရိကဘာရဒွါဇသုတ်)။ ဒီပုဏ္ဏားက အဆဲကျော်ရဲ့ ညီ (သံ၊ဋ္ဌ၊၁၊၂၁၀)။
ဗိလင်္ဂိက
မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် ဗိလင်္ဂိက ဘာရဒွါဇ ပုဏ္ဏားသည် ဘာရဒွါဇမျိုး ပုဏ္ဏား မြတ်ဗုဒ္ဓထံ မှာ ရဟန်းပြုသွားသဖြင့် စိတ်မချမ်းသာ ဖြစ်သဖြင့် မြတ်ဗုဒ္ဓထံ ရောက်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ ရှေ့မှာ ထိုင်နေ၏။ ပုဏ္ဏား၏ စိတ်ကို သိသဖြင့် မြတ်ဗုဒ္ဓက··
“ကိလေကင်းကွာ ရဟန္တာ သင်သာပြစ်မှားလျှင်။
လေညာလွှင့်ပစ် မြူသို့လှစ် ဆိုးပြစ်သင့်ဆီတွင်’ဟု မိန့်တော်မူ၏။
မြတ်ဗုဒ္ဓရဲ့ တရားကို သဘောကျ၊ ရဟန်းပြု၊ နောက်ဆုံး သူလည်း ရဟန္တာဖြစ် (သံ၊၁၊၁၆၆။ ဗိလဂိက ဘာရဒွါဇသုတ်)။ ယမကာ ရောင်းပြီး ချမ်းသာလို့ သံဂါယနာတင် မထေရ်များက ဗိလိကလို့ နာမည်ပေး။ အသုန္ဒရိကရဲ့ ညီ။ အစ်ကိုသုံးဦး ရဟန်းပြုသွားလို့ စိတ်မကောင်း ဖြစ်နေတာ (သံ၊ဋ္ဌ၊၁၊၂၁၁)။
သင်္ဂါရဝ
မြတ်ဗုဒ္ဓ ကောသလတိုင်းမှာ လှည့်လည်စဉ် စိဉ္စလိကပ္ပ ရွာသူ ဓနဉ္ဇာနီပုဏ္ဏေးမသည် ခလုတ်တိုက်မိသဖြင့် “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးကြိမ် ရွတ်ဆို ဘုရားရှိခိုး၏။ ထိုစဉ် သင်္ဂါရဝ အမည်ရှိ ပညာတတ်လူငယ်က “ဗေဒင်ကျမ်းတတ် ပုဏ္ဏား ဆရာများ ရှိပါလျက် ထိုဦးပြည်း ရဟန်း၏ ဂုဏ်ကို ရွတ်ဆိုဘိ၏”ဟု ဆို၏။ ဓနဉ္ဇာနီက “လူငယ်က ရှင်တော်ဗုဒ္ဓရဲ့ ဂုဏ်ရည်ကို မသိသေးလို့ပါ”ဟု ဆို၏။ “ဒါဖြင့် တို့ ရွာကို ရဟန်းဂေါတမ ရောက်ရင် ပြောပါ”ဟု လူငယ်က ဆို၏။
တစ်ခါသော် မြတ်ဗုဒ္ဓ ထိုရွာသို့ ကြွလာ၏။ ပုဏ္ဏေးမက အကြောင်းကြား၍ သင်္ဂါရဝလုလင် မြတ်ဗုဒ္ဓနှင့် တွေ့၊ တရားဆွေးနွေး၊ နောက်ဆုံး သရဏဂုံ တည်တယ် (မ၊၂၊၄၂၄။ သင်္ဂါရဝသုတ်)။ ဒီပါဠိတော်ကို အဋ္ဌကထာမှာ အကျယ် ရှင်းပြပုံက..
ကိုယ့်သဘော
ဓနဉ္ဇာနီဟာ ဘာရဒွါဇမျိုး ပုဏ္ဏားရဲ့ ဇနီး၊ သောတာပန်။ ဘာရဒွါဇဟာ ယခင်က ပုဏ္ဏား ဆရာတွေကို အိမ်မှာ ကျွေးမွေးခဲ့ပေမယ့် အိမ်ထောင်ကျပြီးနောက် ဓနဉ္ဇာနီရဲ့ အမျိုးဂုဏ် အလှဂုဏ်ကို ငှဲ့ပြီး စိတ်အနှောင့်အယှက် မပေးလိုလို့ ထိုဆရာတွေနဲ့ ဆက်ပြတ်နေတယ်။ ဆရာတွေက တွေ့တိုင်း စကားနာထိုးကြလို့ “မိန်းမရေ ... မိန်းမရဲ့ နှုတ်ကို တစ်နေ့လောက် ထိန်းနိုင်ရင် ငါ့ဆရာတွေကို အိမ်မှာ ဖိတ်ကျွေးချင်တယ်”ဆိုတော့ ဓနဉ္ဇာနီက “ကိုယ်ရှာထားတဲ့ ပစ္စည်း ကိုယ့်သဘောပဲ”တဲ့။
နှစ်ဖက်ချွန်
ဓနဉ္ဇာနီဟာ ပုဏ္ဏားတွေကို ဧည့်ခံရင်း ဝတ်ရုံစွန်းနဲ့ ခလုတ်တိုက်မိပြီး ‘နမော တဿ’ကို သုံးကြိမ် ဆိုတယ်။ ပုဏ္ဏားတွေ ကို က “ဒီလူ (ဓနဉ္ဇာနီရဲ့ ခင်ပွန်း)ဟာ ရဟန်းဂေါတမရဲ့ မိတ်ဆွေ၊ နှစ်ဖက်ချွန် (ဥဘတောပက္ခိကော)’ဆိုပြီး မစားသောက်ဘဲ ပြန်သွားကြတယ်။ ဘာရဒွါဇဟာ ဇနီးကို စိတ်ဆိုးပြီး အချေအတင် ပြောဖို့ မြတ်ဗုဒ္ဓနဲ့ သွားတွေ့၊ ဖော်ပြပါ မေးခွန်းကို မေး၊ နောက်ဆုံး ရဟန္တာ ဖြစ်သွားတယ်။
“အက္ကောသက၊ (အ)သုန္ဒရိက၊ ပိင်္ဂလ (ဗိလင်္ဂိက)”အမည်ရှိ ဘာရဒွါဇ (ဓနဉ္ဇာနီရဲ့ ခင်ပွန်း)ရဲ့ ညီသုံးဦးလည်း မြတ်ဗုဒ္ဓကို ကျေနပ်လို့ သွားတွေ့ရာက ရဟန်းပြု၊ ရဟန္တာ ဖြစ်ကြတယ်။ သင်္ဂါရဝ လုလင်ကတော့ ၎င်းတို့ရဲ့ ညီအငယ်ဆုံးပါပဲ (မ၊ဋ္ဌ၊၃၊၃ဝ၇)။
ကျမ်းညှိ
သံယုတ္တနိကာယ်လာ “ဓနဉ္ဇာနီ၊ အက္ကောသ၊ အသုန္ဒရိက၊ ဗိလင်္ဂက”သုတ္တန်လေးခုပါ ဖြစ်ရပ်တွေက မြတ်ဗုဒ္ဓ ရာဇဂြိုဟ် ဝေဠုဝန်မှာ သီတင်းသုံးစဉ်က ဖြစ်တယ်။ မဇ္ဈိမနိကာယ် သင်္ဂါရဝသုတ် ဖြစ်ရပ်က ကောသလတိုင်း စိဉ္စလိကပ္ပရွာမှာ ဖြစ်တာ။ ဒါဖြင့်ရင် ဓဉ္ဇာနီရော ဘာရဒွါဇ ညီအစ်ကို ငါးယောက်ပါ ဘယ်မှာ နေကြသလဲ၊ မဂဓတိုင်း ရာဇဂြိုဟ်လား ကောသလတိုင်း စိဉ္စလိကပ္ပ လားဆိုတော့ ...
ပညာရှင် မာလာလာဆေရက “ဓဉ္ဇာနီဟာ ရာဇဂြိုဟ် မြို့သူ ဖြစ်နိုင်တယ်။ သင်္ဂါရဝ လုလင်ကို မြတ်ဗုဒ္ဓနဲ့တွေ့ဖို့ တိုက်တွန်းတာလည်း ဓနဉ္ဇာနီပဲ။ ဒါပေမယ့် သူက ကောသလတိုင်း က စိဉ္စလိကပ္ပ (သီဟိုဠ်မူ စဏ္ဍလကပ္ပ)မှာ နေထိုင်တာ”လို့ ဆို (The Dictionary of Pali Proper Names, II, p. 1100)
ဘိက္ခုဗောဓိရဲ့ သံယုတ္တနိကာယ် အင်္ဂလိပ်ဘာသာပြန်မှာ “ဓနဉ္ဇနီ’လို့ စာလုံးပေါင်းပြီး မဇ္ဈိမနိကာယ်အင်္ဂလိပ် ပြန်မှာတော့ “ဓာနဉ္စာနီ’လို့ စာလုံးပေါင်းတယ်။ သူတို့ နေထိုင်တဲ့ အရပ် ဒေသ အကြောင်းကို မဖော်ပြ။
အဖြေ
သံယုတ်ပါဠိတော်အရ ညီအစ်ကို လေးဦး မြတ်ဗုဒ္ဓနဲ့ တွေ့တာ တော့ ရာဇဂြိုဟ်မှာပါပဲ။ ဒါပေမယ့် စိဉ္စလိကပ္ပမှာ ဖြစ်ခဲ့တာကို မကျေနပ်လို့ ရာဇဂြိုဟ်ကို လိုက်လာကြတာလို့ ယူရင် ယုတ္တိနဲ့ မဝေးပါဘူး။ ကောသလမင်းတောင် ရာဇဂြိုဟ်ကို ပြေးလာသေး တာပဲ။ မဇ္ဈိမပဏ္ဏာသ သင်္ဂါရဝသုတ်အရ မြတ်ဗုဒ္ဓ ဝိလိကပ္ပကို ကြွတော့မှ ဓနဉ္ဇာနီရဲ့ မတ်အငယ်ဆုံး သင်္ဂါရဝလုလင် အဲဒီမှာ မြတ်ဗုဒ္ဓနဲ့ တွေ့တာ။ ဒါကြောင့် ဘုန်းကြီးအထင် .. ဓနဉ္ဇာနီဟာ စိဉ္စလိကပ္ပမှာ နေထိုင်တာ ဖြစ်နိုင်တယ်။
သံယုတ်အဋ္ဌကထာမှာ “နမော တဿကို မဆိုဖို့ ကတိမ ပေးတဲ့အတွက် ခင်ပွန်းက ဓားနဲ့ကြိမ်းလို့ ဓနဉ္စာနီက ဂါထာငါး ရာနဲ့ ပြန်ကြိမ်း၊ သစ်သားမှာ ခလုတ်တိုက်”ဆိုပေမယ့် မဇ္ဈိမ ပဏ္ဏာသ အဋ္ဌကထာမှာတော့ ဓနဉ္ဇာနီက “ကိုယ်ရှာထားတာ ကိုယ့်သဘောပဲ’လို့သာ ဆိုပြီး အဝတ်စွန်းနဲ့ ခလုတ် တိုက်မိ တယ်လို့ ဆိုတယ်။ နိကာယ်ဆောင်တို့ ယူဆပုံ မတူကြဘူး။
စကားမစပ် ... သောတာပန် ဓနဉ္ဇာနီဟာ နမော တဿ ဘုရားရှိခိုးနဲ့ ခင်ပွန်းကိုရော မတ်လေးယောက်ကိုပါ ရဟန္တာဖြစ် အောင် လုပ်ပေးနိုင်တဲ့ တကယ့် သာသနာပြု အကျော်ပါပဲ။
မှတ်ချက်
တပည့်တော်နှင့် အင်မတန် ရင်းနှီးတဲ့ ဆရာတော်ကြီး တစ်ပါးက သစ္စာလေးပါး တရားတော်ကို ဟောကြားပြသမှ သာသနာပြုတယ်လို့ မိန့်ကြားပါတယ် ဘုရား။ နမော တဿ ဘုရား ရှိခိုးခြင်းနှင့်ပင် သာသနာပြု အကျော်ဆိုပါက ဆရာတော်ကြီးများ တရား ဟောနိုင်အောင် စီစဉ်ဆောင်ရွက်ပေး ခဲ့တာတွေကိုလည်း သာသနာပြုတယ်လို့ မဆိုနိုင်ဘူးလား ဘုရား။
ဦးအောင်ခင်
ဓနဉ္ဇာနီဟာ ဓားကြိမ်းခံ ဆန့်ကျင်ပြီး ခဲရာခဲဆစ်နဲ့ သူ့ခင် ပွန်းနဲ့ မတ်လေးယောက်ကို ရဟန္တာ ဖြစ်ခွင့်သာအောင် လုပ် ပေးတာကို နှစ်သက်လွန်းလို့ သာသနာပြု အကျော်လို့ မွှမ်းဆိုခဲ့တာပါ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေ ပြန့်ပွားဖို့ စေတနာကောင်းနဲ့ လုပ်တဲ့ အလုပ်မှန်ရင် နည်းများ ကြီးငယ်မဟူ သာသနာပြုတယ်လို့ ဆိုခွင့် ရှိပါတယ်။
အရှင်ကေလာသ
ဇူလိုင် ၂၆၊ ၂၀၁၈။
၆၈၉။ ရဟန္တာနှင့် ဆေးလိပ်
ဆရာတော် ဘုရား၊ ကမ္မဋ္ဌာန်းပြ ဆရာတော်အချို့မှာ ရဟန္တာ ဖြစ်နေသည်ဟု ထင်ရအောင် ဟောပြောကြပါသည်။ ဒါပေမယ့် အချို့မှာ ဆေးလိပ်သောက်၊ ဆေးငုံ၊ ကွမ်းစားခြင်းများကိုလည်း တွေ့ရပြန်ပါသည်။ ရဟန္တာများ ဆေးလိပ် သောက်ပါသလား ဘုရား။ ဆရာတော် ကျန်းမာပါစေ။
ယောဂီတစ်ဦး
---
ဆေးလိပ်
ဆေးလိပ်ဆိုတာကို သစ်ရွက် စသည်နဲ့ လိပ်ထားတဲ့ အလိပ်လို့ ယူဆရင် .. ပါဝင်တဲ့ ပစ္စည်းတွေ မတူနိုင်လို့ ခွဲခြားပြီး ပြောသင့်တယ်။ ထိမ်တော ဝိနည်းအဆုံးအဖြတ် (စာ-၅၇၄)မှာတော့ “ဆေးလုံး၊ ဆေးလိပ်၊ ကွမ်း၊ ကွမ်းသီး၊ ထုံး”ဆိုတဲ့ ဝေါဟာရတွေကို သုံးပြီး ဆေးရွက်ကြီးနဲ့ လိပ်ထားတဲ့ ဆေးလိပ်ကို ဂိလာန ရဟန်းအား ခွင့်ပြုကြောင်း ဂိလာန မဟုတ်ရင် မအပ်ကြောင်း ဆုံးဖြတ်ပါတယ်။
သင်္ဂဇာ
လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က မော်လမြိုင်မြို့မှာ ရဟန်းဝတ်နဲ့ ၆-နှစ်ကျော် နေခဲ့ဖူးတဲ့ ရဟန်းလူထွက် အဖိုး ဆရာကြီး ဦးစာရိန္ဒရဲ့ နှုတ်ပြောစကား တစ်ခု .. ရဟန်းတွေ ဆေးလိပ်မ သောက်ရန် လျှောက်ဖို့ မင်းတုန်းမင်းက ဆရာတော်တွေကို နန်းတော်သို့ ပင့်ဖိတ် ဆွမ်းကပ်ပြီးတဲ့အခါ သင်္ဂဇာဆရာတော်က ဆေးရွက်ကြီးကို ဒူးပေါ်တင် ဖုန်သုတ်နေတာနဲ့ ဘုရင်လည်း ရိပ်မိပြီး မလျှောက်ဖြစ်တော့ဘူး ဆိုပဲ။ ဒါပေမယ့် ..
မသောက်နဲ့
ဆေးလိပ်ထဲက ဓာတ်တစ်မျိုးဟာ ကုသဖို့ ဆေးမရှိတဲ့ ကင်ဆာရောဂါကို ဖြစ်စေလို့ ကမ္ဘာတစ်ဝန်းလုံးမှာ ဆေးလိပ် မသောက်ဖို့ လူတွေကို ပညာပေးနေတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ဆေးလိပ်သောက်သူနဲ့ ပတ်သက်ပြီး လူအများစုရဲ့ အမြင်က အဆိုးဖက်ကို များလို့ ဒကာဒကာမတို့ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်သင့်တဲ့ ရဟန်းတော်များအဖို့ ဝိနည်းက ခွင့်ပြုရင်တောင် ဆေးလိပ် မသောက်သင့်ပါဘူး။ အခြား ထေရဝါဒ နိုင်ငံတွေမှာလည်း ရဟန်းတွေ ဆေးလိပ် သောက်တာကို လူအများစု မနှစ်သက်ကြဘူး။
လုံးဝမအပ်
ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမည်း စသည်ကတော့ သစ်ရွက် စက္ကူစသည်နဲ့ လိပ်သည်ဖြစ်စေ မလိပ်သည် ဖြစ်စေ မထဲမှာ ပါတယ်။ ယင်းတို့နဲ့ ပေါင်းစပ် ထုတ်လုပ်တဲ့ အမှုန့် အခဲ အတောင့် အပြား အရည် စတာတွေလည်း မဇ္ဇပါပဲ။ ဒါကြောင့် အဲဒါမျိုးတွေကတော့ လုံးဝ မအပ်ဘူး။ (ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်ကို မေးခွန်း-၃၀၇၊ ပေါင်းချုပ် ၂၊ စာ-၉၅၁-၉၅၆ မှာ ရှု)။
အဖြေ
တစ်ဆင့်စကား ကြားဖူးတယ် ... မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ပုသိမ်ကို ရောက်စဉ် ချမ်းသာ ပြည့်စုံပုံရတဲ့ ဒကာမတစ်ဦးက “ညက ဒီကျောင်းမှာ ရဟန္တာတစ်ပါး ကြွနေတယ်လို့ အိပ်မက် မြင်တဲ့အတွက် လာရောက် ဖူးမြော်ရခြင်း ဖြစ်ကြောင်း” ဆရာတော်ကို လျှောက်တဲ့အခါ ရိုးသားဖြောင့်မတ်တော်မူလွန်းတဲ့ ဆရာတော်ကြီးက ပါလာတဲ့ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို အိတ်ထဲက ထုတ်ပြီး ဖွာရင်း “ဒကာမကြီး ရဟန္တာဆိုရင် ဒီလို ဆေးလိပ် သောက်ပါ့မလားဗျ”လို့ မိန့်သတဲ့။ အင်း .. ဆရာတော်ကြီး အနေနဲ့ ဒကာမ ယုံကြည်အောင် မိန့်တော်မူတာပါလို့ ဆိုနိုင်ဖွယ်ရှိပေမယ့် ခေတ်သစ် ကမ္မဋ္ဌာန်း ဆရာများအဖို့ ဆေးလိပ် ကွမ်းယာကို ရှောင်ပါလို့ပဲ ဘုန်းကြီးတော့ အကြံပြုချင်တယ်။
ဇူလိုင် ၂၉၊ ၂၀၁၈။
---
၆၉၀။ ဗုဒ္ဓေါလို့ ယောင်မယ်
ဆရာတော် ဘုရား၊ တပည့်တော်၏ မိခင်မှာ သူ့ခန္ဓာကိုယ်ကို အမတ်တမဲ့ ထိမိလို့ပဲ ဖြစ်စေ ခလုတ်တိုက်ရင် ဖြစ်စေ ပါးစပ်မှ “ဗုဒ္ဓေါ မြတ်စွာဘုရား”ဟု ယောင်လေ့ရှိပါသည်။ အဲဒီလို ယောင်လျှင် ငရဲကြီးတယ်လို့ မိတ်ဆွေတစ်ဦးက ပြောလာပါသည်။ အဲဒါ မှန်ပါသလား အရှင်ဘုရား။
သဉ္ဇာနှင်းနွယ် (ကမ္ဘာအေး)
---
ဗုဒ္ဓအာရုံ
ကြားဖူးတဲ့အတိုင်း ကောသလတိုင်း စဉ္စလိကပ္ပမြို့သူ သောတာပန် အရိယာဖြစ်နေတဲ့ ဓနဉ္ဇာနီ အမျိုးသမီးဟာ ရပ်ရင် ထိုင်ရင် ချေဆတ်ရင် ချောင်းဆိုးရင် “နမော ဗုဒ္ဓဿ”လို့ ဆိုလေ့ရှိတယ်။ တစ်ခါတစ်ရံ “နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ”လို့ အောင်မြင်တဲ့ အသံနဲ့ အရှည်ကြီး ဆိုပြီး ဘုရားရှိခိုးပစ်လေ့ရှိတယ် (သံ၊ဋ္ဌ၊၁၊၂၀၇)။ ဒါဟာ အချိန်တိုင်း မြတ်စွာဘုရားကို အာရုံပြု အမှတ်ရနေတဲ့ သဘောပဲ။ စာလို ဗုဒ္ဓါနုဿတိ (ဗုဒ္ဓကို အဖန်ဖန် အမှတ်ရခြင်း)ပဲပေါ့။
ဒါကြောင့် “ဗုဒ္ဓေါ မြတ်စွာဘုရား”လို့ ယောင်တာ ကောင်းပါတယ်။ ယောင်တယ်ဆိုတဲ့ အဆင့်ကို လွန်ပြီး အဲဒီလို ဆိုဆဲမှာ မြတ်ဗုဒ္ဓကို စူးစိုက် အာရုံပြုလိုက်နိုင်ရင် ပိုကောင်းတယ်။ ဒီအတိုင်း အလေ့အကျင့် လုပ်ပါများရင် ဒါဟာ အာစိဏ္ဏကံ (အလေ့အကျင့် များတဲ့ကံ) ဖြစ်သွားပြီး အခြားကံတွေရဲ့ အကျိုးပေးခွင့်ကို ဖြတ်တောက်နိုင်တဲ့အထိ အားကောင်းသွားနိုင်တယ်။
ဗုဒ္ဓဂုဏ်
ရှောင်တခင် ပြုမိရင်ဖြစ်စေ ယုတ်စွအဆုံး လျှပ်စီးလက် မိုးချုန်းရင် ဖြစ်စေ မြတ်ဗုဒ္ဓကို အာရုံပြုတာဟာ ဗုဒ္ဓါနုဿတိ အာရုံနဲ့ နေတာဖြစ်လို့ မှန်တယ်။ ဒါကြောင့် ဒီအလေ့အကျင့်ကို ကိုယ်တိုင်လည်း လုပ်ပါ။ သူတစ်ပါးကိုလည်း လေ့ကျင့်ဖို့ တိုက်တွန်းပါ။ “ပညာကြီးပြီး အသိဉာဏ်ရှိရင် ရှိသလောက် မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ယုံကြည်တယ် (ယဿ ယဿ ဟိ ပညာ မဟတီ ဉာဏံ ဝိသဒံ၊ သော သော ဗုဒ္ဓဂုဏေ မဟန္တတော သဒ္ဒဟတိ။ ဒီ၊ဋ္ဌ၊၃၊၅၉)။
ဆွဲကိုင်စရာ
နေ့စဉ် ဘုရားရှိခိုးတုန်း စိတ်ထဲမှာ ထင်လာလေ့ရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ပုံတော်နဲ့ ဂုဏ်တော်ကို ယောင်ဆဲကာလ လျှပ်တစ်ပြက် မြင်နိုင်အောင် လေ့ကျင့်ကြည့်ပါ။ အဲဒီလို ကုသိုလ် နှုတ်အကျင့် (ဝစီကုသိုလ် အာစိဏ္ဏကံ) ဖြစ်နေသူ တစ်ယောက်အဖို့ ရုတ်တရက် ကြုံလာနိုင်ဖွယ်ရှိတဲ့ အန္တရာယ်ကို ရှောင်ကွင်းနိုင်တယ်။ ရှောင်တခင် ဖြစ်ရပ် တစ်ခုခုနဲ့ ကွယ်လွန်ရရင်တောင် ဂတိကောင်းမှာ ဖြစ်ဖို့ အခွင့်အလမ်း ရှိတယ်။
မိမိရဲ့ ဘဝနိဂုံးကို မသိနိုင်တဲ့ ပုထုဇဉ်တစ်ဦးအဖို့ ကုသိုလ် နှုတ်အကျင့်ကလေး ရှိနေရင် ဘဝရဲ့ ထောက်တည်ရာ မဖြစ်နိုင်ဘူးလား။ ဒါကြောင့် ဗုဒ္ဓေါလို့ ယောင်တတ်အောင် လေ့ကျင့်ပါ။ သောတာပန်လို ဂတိသေချာတယ်လို့ မဆိုနိုင်ပေမယ့် အနည်းဆုံး ဘဝရဲ့ ဆွဲကိုင်စရာလေးတော့ ဖြစ်နေမှာပါ။
ဇူလိုင် ၃၀၊ ၂၀၁၈။
မှတ်ချက်များ
အင်ဒိုနီးရှား နိုင်ငံမှာ အရင်က ဗုဒ္ဓသာသနာ အလွန်အမင်း ထွန်းကားခဲ့တယ်၊ ဘယ်လောက်တောင် ထွန်းကားခဲ့သလဲ ဆိုရင် ယနေ့ခေတ် အင်ဒိုနီးရှား နိုင်ငံသား တစ်ယောက်ရဲ့ ကျောကို အမှတ်တမဲ့ သွားထုရင် “ဗု’လို့ ယောင်တယ်လို့ စာတစ်အုပ်မှာ ဖတ်ဖူးပါတယ်။ သျှစ်တီ
အင်း ... ဒါကြောင့် အဓိပ္ပာယ်ကို သိအောင် လုပ်ပြီး အလေ့အကျင့် လုပ်ဖို့ အကြံပေးတာပေါ့။
အရှင်ကေလာသ
---
၆၉၁။ အမုန်းသံယောဇဉ်
ဘုန်းဘုန်း ဘုရား၊ ချစ်ခြင်းကြောင့် သံယောဇဉ် ဖြစ်တာကို နားလည်ပါသည်။ သံယောဇဉ် ဆယ်ပါးထဲမှာ ဒေါသ (အမုန်းတရား) ပါဝင်ပြန်ရာ နားမလည်နိုင်သဖြင့် အမုန်းတရားက သံယောဇဉ်ဖြစ်ပုံကို ရှင်းပြပေးစေလိုပါသည် ဘုရား။
ချစ်ဆုဝေ (ဓမ္မစကူးလ်)
---
တွဲစပ်ခြင်း
“သံယောဇန”ဆိုတဲ့ပါဠိကို မြန်မာသံနဲ့ သံယောဇဉ်လို့ ဆိုတယ်။ သံ = ခိုင်ခံ့စွာ၊ ယောဇဉ် = တွဲစပ် ချည်နှောင်ခြင်း။ သက်ရှိချင်း ဖြစ်စေ သက်ရှိနဲ့ သက်မဲ့ဖြစ်စေ နှစ်မျိုးစီရှိမှ တွဲစပ်နိုင်တယ်။ လူနှစ်ဦး တွဲစပ်ဖို့ဆိုရင် “ချစ်ခြင်း”ဆိုတဲ့ ဆက်သွယ်မှုလိုတယ်။ ‘ချစ်ခြင်း’မရှိရင် မတွဲစပ်နိုင်လို့ ‘ချစ်ခြင်း”ဆိုတဲ့ ကြားခံ သဘာဝဟာ နှစ်ဦးသား တွဲစပ်ရာမှာ အရေးပါတယ်။
ဒီလိုပဲ တစ်ဦးက အခြားတစ်ဦးကို မုန်းတယ် ဆိုရာမှာလည်း ဒီနှစ်ဦးကို “မုန်းခြင်း’ဆိုတဲ့ အရာနဲ့ တွဲစပ်ထားလိုက်တာ။ အဲဒါ အမုန်းသံယောဇဉ်ပါပဲ။
အချစ်နဲ့
ချစ်သူကို မကြာခဏ သတိရတဲ့အခါ ချစ်သူဟာ မိမိရဲ့ အတွေးအာရုံထဲမှာ ပေါ်လာတယ်။ ချစ်သူ အိမ်ထဲမှာ ရောက်နေရင် ချစ်ခံရသူလည်း သူ့စိတ်ထဲမှာ ရှိနေလို့ အိမ်ထဲမှာပဲ ရှိမယ်။ ထိုသူနှစ်ဦးရဲ့ နီးစပ်မှုဟာ ထက်ကြပ်မကွာ ဖြစ်နေတယ်။ ဒါဟာ သူတို့နှစ်ဦး အကြား အချစ်နဲ့ ဆက်သွယ်နေတဲ့ သဘော။ အဘိဓမ္မာ ဝေါဟာရနဲ့ အချစ်သံယောဇဉ် ဖြစ်နေတာ။
အမုန်းနဲ့
ချစ်သူကို ချစ်လို့ ကြည့်သလို မုန်းသူကိုလည်း အမုန်းစိတ်နဲ့ ကြည့်လို့ အမုန်းခံရသူဟာ မုန်းသူရဲ့ စိတ်မျက်စိထဲ ရောက်နေတာပဲ။ ဒီလိုနဲ့ မုန်းသူနဲ့ အမုန်းခံရသူတို့ နီးစပ်နေတယ်။ ထိုသူနှစ်ဦး အကြား အမုန်းနဲ့ ဆက်သွယ်နေတယ်။ တစ်နည်း အမုန်းသံယောဇဉ် ဖြစ်နေတယ်။
လူ့ဘဝတုန်းက ရန်ငြိုးသွယ်မိလို့ နောင်ဘဝတွေထိ တစ်လှည့်စီ အနိုင်ယူကြတဲ့ ကာဠယက္ခိနီ ဝတ္ထုဖြစ်ရပ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၉)ဟာ အမုန်းသံယောဇဉ်ရဲ့ ထင်ရှားတဲ့ သာဓကပါပဲ။
ချစ်မုန်းမဲ့
ချစ်မုန်းရှိတဲ့ အတွက် ချစ်သူ ဒုက္ခရောက်ရင် ဝမ်းနည်း၊ မုန်းသူ ဒုက္ခရောက်ရင် ဝမ်းသာ ဖြစ်တယ်။ နွားနှစ်ကောင်ကို ထမ်းပိုးမှာ တုပ်ချည်ထားတဲ့အခါ တစ်ကောင် ရုန်းရင် အခြား တစ်ကောင်ပါ လှုပ်ရှားသလို၊ တိုင်နှစ်လုံးကို ကြိုးနဲ့ ချည်ထားရင် တစ်လုံး လှုပ်တာနဲ့ အခြားတိုင်ပါ လှုပ်သလိုပဲ။ တစ်ခုနဲ့ တစ်ခု ဆက်သွယ် နေတာကိုး။ တစ်ခါမှ မသိဖူးသူဟာ စိတ်အာရုံမှာ မပေါ်လာနိုင်။ သူဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး။ သူနဲ့ မနီးစပ်ဘူး။ ရှင်းပါတယ် ... ဒါဟာ ချစ်မုန်း သံယောဇဉ် မရှိလို့။
မုန်းချစ်ကြီး
ထူးခြားတာက ... တစ်ခါတစ်ရံ ရာထူး စည်းစိမ် ရုပ်ရည် ခြားနားလို့ အချစ်နဲ့ မနီးစပ်နိုင်ရင် ဦးစွာ အမုန်းနဲ့ အစပြု၊ စိတ်အာရုံထဲ နီးစပ်၊ ဆက်သွယ်မိရာကနေ အမုန်းဟာ အချစ် ဖြစ်သွားတာမျိုး ရှိတယ်။ ဒါကြောင့် ရုပ်လှ ရုပ်ဆိုး၊ ဆင်းရဲ ချမ်းသာ၊ အနိမ့်အမြင့်ကို တော်လှန်သွားကြတဲ့ ဖြစ်ရပ်တွေ လောကမှာ တွေ့နေရတာ။ မုန်းတယ်လို့ တွင်တွင် ပြောပြီး ချစ်သွားတာမျိုး ကြုံဖူးမှာပေါ့။ မုန်းလို့ ချစ်သွားတဲ့ “မုန်းချစ်ကြီး”။ ဒါကြောင့် “မုန်းတယ်”ဆိုတာမျိုး ဖြစ်မိတာနဲ့ မရိုးတော့ဘူး လို့ သတိပြုလိုက်ရင် “ချစ်မုန်းမဲ့ဇုန်’တစ်ခုမှာ ရပ်တည်ပြီး မှားနဲ့ အမှန်ကို ဆုံးဖြတ်ခွင့် ရသွားနိုင်တယ်။
ဩဂုတ် ၈၊ ၂၀၁၈။
---
၆၉၂။ ရဟန္တာကိုရင် ကံဆောင်ခွင့်
ရိုသေစွာ မေးလျှောက်အပ်ပါသည် ဆရာတော်ဘုရား။ အသက် ခုနစ်နှစ်မျှဖြင့် ရဟန္တာ ဖြစ်သွားသည့် ရှင်သာမဏေများသည် ရဟန်းတော်များနှင့် အတူ သိမ်ထဲမှာ ကံဆောင်ခွင့် ရှိမရှိ သိလိုပါသည် ဘုရား။
ရှင်ဝိစာရ (မန္တလေး)
---
အဆင့်မတူ
သာမဏေနဲ့ ရဟန်း မတူ။ ခေါင်းရိတ်၊ သင်္ကန်းဝတ်၊ သရဏဂုံ ယူရင် သာမဏေ ဖြစ်တယ်။ သာမဏေတွေက ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ရုရှ၊ ခန္ဓကမှာ လာတဲ့ ဝတ်ကြီး ဝတ်ငယ် ၁၄-ပါးကို ဆောက်တည်တယ်။ ရဟန်းကျတော့ အနည်းဆုံး သံဃာ ၅-ပါး (အိန္ဒိယမှာ ၁၀-ပါး)နဲ့ သိမ်ထဲမှာ ကမ္မဝါစာ ဖတ်ပြီး ရဟန်းဖြစ်ကြောင်း ကြေညာရတယ်။ ကျင့်သုံး သိက္ခာပုဒ် အနေနဲ့လည်း အနည်းဆုံး ၂၂၇-ပါး၊ အများဆုံး ကုဋေကိုးထောင်ကျော် ရှိတယ်။
ရဟန္တာ
ရှင်၊ ရဟန်း ဖြစ်ခြင်းနဲ့ ရဟန္တာ ဖြစ်ခြင်းလည်း မတူ။ ရဟန္တာ ဆိုတာက စိတ်ပိုင်းဘဝကို အပြည့်အစုံ ကျင့်ပြီးတဲ့ ပုဂ္ဂိုလ်။ ကိလေသာ ၁၀-ပါးလုံးကို ပယ်ပြီးသူ။ ရဟန်း သာမဏေ မိန်းမ ယောက်ျား အားလုံး ရဟန္တာ ဖြစ်ခွင့် ရှိတယ်။ သာသနာ့ အစဉ်အလာအရ နောက်မှ ရဟန်းပြုပြီး ရဟန္တာ ဖြစ်သွားသူက အယင် ရဟန်း ပြုနေတဲ့ ပုထုဇဉ် ရဟန်းကို ရှိခိုး၊ လူရဟန္တာက ပုထုဇဉ် ရဟန်း သာမဏေကို ဦးချရတယ်။ သံဃာဟာ လူ သာမဏေနှင့် အတူ သံဃာ့ကံကို မဆောင်ရွက်။
တစ်ခြားစီ
ဒါကြောင့် “ရဟန်း၊ ရဟန္တာ၊ သာမဏေ’ဆိုတာ သတ်မှတ်ချက် တစ်ခြားစီ ဖြစ်လို့ ရဟန္တာ သာမဏေဟာ ရဟန်းတွေနဲ့ အတူ သိမ်ထဲဝင်ပြီး သံဃာ့ကိစ္စကို မဆောင်ရွက်နိုင်။ ဒါပေမယ့် အချို့ သာမဏေတွေကို မြတ်ဗုဒ္ဓ ကိုယ်တိုင် ဥပသမ္ပဒ ရဟန်းအဖြစ် သတ်မှတ်ပေးတာတွေ ရှိတယ်။ ဒီသာမဏေမျိုး ကျတော့ ဗုဒ္ဓုပသမ္ပဒါ (ဘုရားကိုယ်တိုင် ရဟန်းပြုပေးတာ) ဖြစ်လို့ ရဟန်းတွေနဲ့ အတူ ကံဆောင်ခွင့် ရှိတယ်။ ဥပမာ .
အထူးခွင့်
သာဝတ္ထိမြို့ သူဌေးရဲ့ သားငယ်ဟာ အသက် ရ-နှစ်မှာ ရဟန္တာကြီး တစ်ပါးက တရားထိုင်ပုံကို သင်ပြတဲ့အခါ ယခင်ဘဝက ဆောက်တည်ဖူးတဲ့ သရဏဂုံကို ဆင်ခြင်ပြီး ဝိပဿနာပွား၊ ရဟန္တာ ဖြစ်သွားတယ်။ မြတ်ဗုဒ္ဓက သူ့ကို ရဟန်းပြုပေးတယ် (တံ ဘဂဝါ ဥပသမ္ပာဒေတိ။ အပဒါန၊ဋ္ဌ၊၂၊၃၉)။
ဘဒ္ဒသာမဏေကိုလည်း “ဧဟိ ဘဒ္ဒ = ဘဒ္ဒ၊ လာခဲ့”လို့ ခေါ်ပြီး မြတ်ဗုဒ္ဓကိုယ်တိုင် ရဟန်းပြုပေးတယ် (ထေရဂါထာ၊ဋ္ဌ၊၂၊၁၃၂)။ သောပါက သာမဏေကတော့ မြတ်စွာရားရဲ့ မေးခွန်း ၁၀-ခု (ကုမာရပဉှာ)ကို ဖြေနိုင်လို့ ရဟန်း ဖြစ်သွားတယ် (ထေရဂါထာ၊ဋ္ဌ၊၂၊၁၃၅)။
ဒီသာမဏေမျိုးက ရဟန္တာ ဖြစ်ပြီးနောက် ရဟန်းအဖြစ်ကို ပါ ရသွားတဲ့အတွက် သံဃာနှင့်အတူ သိမ်ထဲမှာ သံဃာ့ကံကို ဆောင်ရွက်နိုင်ခွင့် ရှိတယ်။
ချွင်းချက်
၇-နှစ်အရွယ် သံကိစ္စကို အရှင်သာရိပုတ္တရာ ရှင်ပြုပေးတော့ ခေါင်းရိတ်ပြီးတာနဲ့ ရဟန္တာ ဖြစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၄၂၅)။ ၇-နှစ်သား ပဏ္ဍိတလည်း သာမဏေပြုပြီး ရှစ်ရက်မြောက်မှာ ရဟန္တာ ဖြစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၉)။ သူတို့ကိုတော့ မြတ်ဗုဒ္ဓက ရဟန်းပြုပေးတယ်လို့ မဖော်ပြ။ ဒါကြောင့် ရဟန္တာ သာမဏေ အဖြစ်နဲ့ အသက် ၂၀ ပြည့်တဲ့ထိ နေရဖွယ် ရှိတယ်။
ပါရမီအရ ချက်ခြင်း ဥပသမ္ပဒ ရဟန်းအဖြစ်ကို မရကြတဲ့ သံကိစ္စ၊ ပဏ္ဍိတ စသူတို့လို ရဟန္တာ သာမဏေတွေ ကျတော့ ရဟန်းတွေနဲ့ အတူ ကံဆောင်ခွင့် မရှိနိုင်ဘူး။ (မေးခွန်း ၄၃၈၊ ပေါင်းချုပ် ၃၊ စာ-၁၄၈၉ မှာ ခုနစ်နှစ်အရွယ် ရဟန္တာ သာမဏေများ အကြောင်း လေ့လာနိုင်ပါတယ်။)
ဇူလိုင် ၁၁၊ ၂၀၁၈။
---
၆၉၃။ ရဟန်းသိက္ခာဘီလျံ
ဆရာတော် ဘုရား၊ ရဟန်းတော်များ၏ သိက္ခာပုဒ်ပေါင်း ကုဋေ ကိုးထောင်ကျော်ဟု ကြားဖူးပါသည်။ ထိုမျှသော သိက္ခာပုဒ်များကို ပုံနှိပ်ရန်ပင် မလွယ်ကူနိုင်၍ များပြားလွန်းသည်ဟု ထင်ပါသည်။ ကျမ်းဂန်မှာ အတိအကျ ဖော်ပြပါသလား။ ရှင်းပြပေးစေလိုပါသည် ဘုရား။
ဒကာ ရှိန်ဝင်း
---
ကျမ်းထွက်
ရဟန်း သိက္ခာပုဒ်ပေါင်း ကုဋေကိုးထောင်ကျော် ရှိတယ် ဆိုတာကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၄၄)နဲ့ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ပဋိသံ၊ဋ္ဌ၊၁၊၁၈၈)တွေမှာ ဖော်ပြတယ် ..
“နဝကောဋိသဟဿာနိ၊ အသီတိသတကောဋိယော။
ပညာသသတသဟဿာနိ၊ ဆတ္တိံသ စ ပုနာပရေ။
ဧတေ သံဝရဝိနယာ၊ သမ္ဗုဒ္ဓေန ပကာသိတာ။
ပေယျာလမုခေန နိဒ္ဓိဋ္ဌာ၊ သိက္ခာ ဝိနယသံဝရေ။
မြတ်စွာဘုရား အကျယ်အားဖြင့် ပညတ်တော်မူသော သံဝရ ဝိနည်းခေါ် ဤသိက္ခာပုဒ်တို့သည် ကုဋေကိုးထောင် တစ်ရာရှစ်ဆယ်နှင့်၊ ထို့ပြင် ငါးသန်း သုံးသောင်း ခြောက်ထောင် ရှိကုန်၏။ ဤသိက္ခာပုဒ်တို့ကို ဝိနည်းပိဋက၌ ပေယျာလ အမြွက်ဖြင့် (သံဂါယနာတင် မထေရ်မြတ်တို့) ချုံး၍ ပြထား၏ (ပြည်မူ၊ ဝိသုဒ္ဓိမဂ်နိဿယ ၁၊ ၁၂၃)။
ဘီလျံပေါင်း
ရှေးဆရာမြတ်တို့က “နေ.နတ်.နီ.တိုင်၊ ဂ.နိုင်.မိုး.နန်၊ ဟုန်း.ယာဉ်.ဈာန်’လို့ သင်္ကေတ ပြုတယ်။ အားလုံး ဂဏန်း ၁၁-လုံး ပါတယ်။ ပိဋကတ်သင်္ချာ နည်းအရ နောက်ကစပြီး ဂဏန်းကို ချရေးရင် ‘၉၁,၈၀၅,၀၃၆,ဝဝဝ’။ ကိုးသောင်း တစ်ထောင် ရှစ် ရာ့ ငါးသန်း၊ သုံးသောင်း ခြောက်ထောင်လို့လည်း ဖတ်နိုင်ပါလိမ့်မယ်။
တစ်နည်း တစ်ဘီလျံဆိုရင် တစ်ရဲ့ နောက်မှာ သုည ၉-လုံး ရှိတယ်။ ဒါကြောင့် ၁,၀၀၀,၀၀၀,၀၀၀ ကို တစ်ဘီလျံလို့ ဖတ်ရင် ‘၉၁ ဘီလျံ၊ ၈ဝ၅ သန်း၊ ၃ သောင်း၊ ၆ ထောင်’လို့လည်း ဖတ်နိုင်မယ်။ တစ်ထရီလျံဆိုရင် တစ်ရဲ့ နောက်မှာ သုည ၁၂-လုံး ရှိလို့ (အားလုံး ဂဏန်း ၁၃-လုံး ရှိရမှာ ဖြစ်တဲ့အတွက်) ကိုးထရီလျံလို့တော့ မဖတ်နိုင်ဘူး။
ဝါဒတစ်မျိုး
ဘိက္ခုဉာဏမောဠိ မထေရ်ရဲ့ ဝိသုဒ္ဓိမဂ် အင်္ဂလိပ်ဘာသာပြန်မှာ အောက်ပါအတိုင်း ဆိုတယ်.. “Nine thousand millions, and a hundred and eighty millions as well, (သန်းပေါင်း ကိုးထောင် တစ်ရာ ရှစ်ဆယ်) and fifty plus a hundred thousand, (ထောင် တစ်ရာ = တစ်သိန်း။ သိန်းပေါင်း ငါးဆယ် = ငါးသန်း) and thirty-six again to swell, (၃၆ ထောင် = သုံးသောင်း ခြောက်ထောင်)။
(The Path of Purification, p. 46) ဒါကို “သန်းပေါင်း ကိုးထောင် တစ်ရာ ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်’လို့ နားလည်ရတဲ့ အတွက် “ကိုးဘီ ကျီ၊ တစ်ရာရှစ်ဆယ် ငါးသန်း၊ သုံးသောင်း၊ ခြောက်ထောင်”လို့ ဖြစ်ပါတယ်။ ဘိက္ခုဉာဏမောဠိထေရ်က “ဤ၌ ကောဋိ-ပုဒ်ကို ၁,၀၀၀,၀၀၀ သို့မဟုတ် ၁၀၀,၀၀၀ သို့မဟုတ် ၁၀,၀၀၀ ဟု ယူခြင်းအပေါ် မူတည်၏’လို့ အမှာပြုပါတယ်။
ဦးဖေမောင်တင်ရဲ့ အင်္ဂလိပ်ပြန် (The Path of Purity, p. 53) မှာတော့ “ဆယ်သန်း တစ်ကုဋေ’လို့ အောက်ခြေ မှတ်ချက်ပြုတယ်။
ဘိက္ခုဉာဏမောဠိ ယူဆပုံက သီဟိုဠ်နည်း ဖြစ်ဖွယ်ရှိပြီး မြန်မာ အစဉ်အလာနဲ့ မတူဘူး။ ဦးဖေမောင်တင်ရဲ့ ယူဆချက် က “နေနတ်နီးတိုင်’နဲ့ ကိုက်ညီတယ်။
ဘယ်လို
အင်း . သိက္ခာပုဒ် တစ်ခုကို စာတစ်ကြောင်းနှုန်းနဲ့ စာစီဦး တော့၊ ဆဋ္ဌမူ ပိဋကတ်အတိုင်း စာတစ်မျက်နှာကို ပျမ်းမျှ ၃၃ ကြောင်းခန့်နဲ့ စာမျက်နှာပေါင်း ၂၇၈ ကုဋေ ဖြစ်မယ်။ စာမျက်နှာ ၅၀၀ ရှိတဲ့ စာအုပ်ဖွဲ့ရင် အုပ်ရေပေါင်း ၅ သန်းမက ဖြစ်သွားမယ်။ လက်ရှိ ဝိနည်းငါးကျမ်း (ငါးအုပ်)မှာ စာမျက်နှာပေါင်း ၂၂၆၀ ပဲ ရှိတယ်။
ကုဋေကိုးထောင်ကျော် သိက္ခာပုဒ်ကို ဘယ်လို ရေတွက်တယ်ဆိုတာအတွက် ကျမ်းဂန် အတိအကျကို ဘုန်းကြီး ရှာဖွေဆဲ။ တွေ့ဖူးတဲ့ ပညာရှိတို့ မျှဝေပါကုန်။
ယူဆပုံ
စဉ်းစားမိတာကို တင်ပြရရင် .. “ဝိနည်းပိဋက၌ ပေယျာလ အမြွက်ဖြင့် (သံဂါယနာတင် မထေရ်မြတ်တို့) ချုံ့၍ ပြထား၏”ဆိုတဲ့စကားအရ သိက္ခာပုဒ်တွေကို ချုံးပြီး သံဂါယနာ တင်တယ်။ မြတ်ဗုဒ္ဓ အကျယ် ပညတ်ထားတာက အဲဒီ သင်္ချာအတိုင်း ဖြစ်တယ်လို့ ဆိုနိုင်ဖွယ် ရှိတယ်။
ဩဂုတ် ၈၊ ၂၀၁၈။
---
၆၉၄။ ဝိသာခါဥဒါန်း
ဆရာတော် ဘုရား၊ တရားတစ်ခုတွင် ဝိသာခါသည် ပုဗ္ဗာရုံ ကျောင်းကြီးကို ဆောက်လုပ်ပြီးသောအခါ အပျော်လွန်ပြီး ဗိုက်ကို ဗျောတီး ကခုန်၍ ကျောင်းတိုက်ကို လှည့်လည်သည်ဟု တရားဟော ပုဂ္ဂိုလ်က ဆိုပါသည်။ ဝိသာခါ ကျောင်းအမသည် သောတာပန် ဖြစ်ပါလျက် ဘာကြောင့် အဲဒီလို သတိလက်လွတ် ပြုပါသနည်း အရှင်ဘုရား။
မောင်သန်းမြင့် (ကလော)
---
ယူဆထားပုံ
“မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသော် ရာဂမကင်းသေးသော ရဟန်းအချို့သည် လက်မောင်းကို မြှောက်ချီ၍ ငိုကြွေးကြ၏။ ထိုထိုဤဤ လူးလှမ့်ကြ၏ (ဒီ-မြန် ၂၊ ၁၅၁)။ “ရာဂမကင်းသေးသူ ဟူသည် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်များတည်း။ (ဒီ၊ဋ္ဌ၊၂၊၁၈၇)’။ ဒီအဆိုအရ သောတာပန်တွေ ရင်ဘတ်စည်တီးကြွေး သေးတယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့်ပဲ ငိုကြွေးတဲ့စိတ် (ဒေါသ)နှင့် ခွဲမရအောင် အတူဖြစ်တဲ့ အပါယဂမနီယ (အပါယ် ရောက်ကြောင်း) မဟုတ်တဲ့ ဣဿာ မစ္ဆရိယကို အဘိဓမ္မာ မာတိကာ ဒဿနတိက် ပထမပုဒ်(သောတာပတ္တိမဂ်သည် ပယ်အပ်သော တရား)အရ ကောက်မှာ မကြဉ်ဘဲ ထားတာကို ဘုန်းကြီး ထောက်ခံနေတာပေါ့။
ဆိုလိုတာက ငိုခြင်းရဲ့ ဆန့်ကျင်ဘက် ပျော်ခြင်းဆိုတာလည်း သောတာပန်မှာ ဖြစ်နိုင်သေးတာမို့ ဝိသာခါဟာ လုပ်ချင်နေတဲ့ ကုသိုလ်ဆန္ဒ ပြီးမြောက်သွားတာကို ဝမ်းသာလွန်းလို့ သီချင်းဆိုတယ် ကတယ် ဆိုတာမျိုး မလုပ်ဘူးလို့တော့ ဧကန်မဆိုနိုင်။ Who knows .. ဒါပေမယ့်..
ဥဒါန်းကျူး
ဝိသာခါ ကျောင်းအမကြီး ဗိုက်ကို ဗျောတီးပြီး သီချင်းဆိုတယ် ကတယ် ဆိုရာမှာတော့ မူရင်းကျမ်းအဆိုကို လေ့လာမှ အဖြေမှန် ထွက်မယ့် သဘောရှိတယ်။ ကျမ်းရင်း အဆိုက ..
ဝိသာခါဟာ ကျောင်းပူဇော်ပွဲ ပြီးတဲ့နေ့ ညချမ်းအချိန် သားသမီး မြေးတွေ ခြံရံပြီး “ငါ ယခင်က ဖြစ်ချင်ခဲ့တာတွေ အားလုံး ပြည့်စုံသွားပါပြီ’ဆိုပြီး ကျောင်းတိုက်ကို လှည့်လည် ရင်း သာယာတဲ့အသံနဲ့ ဂါထာ(ပါဠိကဗျာ)တွေကို ရွတ်ဆိုတယ်။ ဒါကို ကြားမိတဲ့ ရဟန်းတွေက ကျောင်းအမကြီး သီချင်းဆိုနေတယ် ထင်ပြီး မြတ်စွာဘုရားကို “ဝိသာခါ ရူးသွားပြီလား ဘုရား”လို့ လျှောက်တဲ့အခါ မြတ်စွာဘုရားက..
“ဝိသာခါ သီချင်းဆိုတာ မဟုတ်၊ မိမိရဲ့ ဆန္ဒတွေ ပြည့်စုံ သွားလို့ ကြည်ရွှင်စိတ်နဲ့ ဥဒါန်းကျူးတာ’လို့ မိန့်တော်မူတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၆၃)။ ဝိသာခါဟာ ငြိမ့်ညောင်းပြီး အောင်မြင်တဲ့ အသံနဲ့ နားထောင် ကောင်းအောင် ပါဠိကဗျာကို ရွတ်ဆိုတာ (ဥဒါန်းကျူးတာ)။
အဖြေ
သီချင်းဆိုတာ မဟုတ်ရင် အပျော်လွန်ပြီး ဗိုက်ကို ဗျောတီး ကခုန်တာလည်း မဖြစ်နိုင်ဘူး။ နောက်တစ်ချက်က . သောတာပန်ဟာ ငါးပါးသီလသာ မြဲပြီး ရှစ်ပါးသီလတော့ မမြဲဘူး။ သားသမီး အယောက် ၂၀-တောင် မွေးပစ်တာကိုပဲ ကြည့်။ ဒါကြောင့် သီချင်း ဆိုတာလောက်နဲ့ သတိလက်လွတ် လုပ်တယ် သို့မဟုတ် ရူးသွားပြီလို့လည်း မဆိုနိုင်ပါဘူး။
ဩဂုတ် ၁၈၊ ၂၀၁၈။
---
၆၉၅။ အလံရှူးရောဂါ
ဘုန်းဘုန်း ဘုရား၊ အဖွားကြီး တစ်ဦးက Hot ဖြစ်နေတဲ့ ဘုန်းကြီး တစ်ပါးကို ရည်ညွှန်းပြီး “ကမ္မဋ္ဌာန်းပြ ဘုန်းကြီးတွေ အစုံ ဆီမှာ တရားထိုင်ဖူးပေမယ့် တရားအရသာကို မသိခဲ့ဘူး။ တရားတောင် ကောင်းကောင်း မထိုင်တတ်ခဲ့ဘူး။ ဒီဆရာတော်နဲ့ ကျမှ တရားထူးကို ရသွားတယ်။ သူ့ကို သောတာပန် ဖြစ်ပြီလို့ ဆရာတော်က ပြောတယ်။ ဒီဆရာတော်ကမှ မြတ်စွာဘုရားရဲ့ တရားအစစ် အမှန်ကို ဟောတာ၊ ဆရာတော်က ရဟန္တာ ဖြစ်နေပြီ”ဟု တပည့်တော်ကို ပြောပါသည်။ တစ်ခုခု မှားနေသည်ဟု ထင်မိသဖြင့် ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။
ထက်အောင် (El Cerrito, CA)
---
ခဲရှောင်ရန်
လိမ္မာတဲ့ ယောဂီ တစ်ဦးအနေနဲ့ “ဘုန်းကြီးတွေ အစုံဆီမှာ တရားထိုင်ဖူးပေမယ့် တရား ကောင်းကောင်း မထိုင်တတ်ခဲ့ဘူး။ ဒီဆရာတော်နဲ့ ကျမှ တရားထူးကို ရသွားတယ်”ဆိုတဲ့ အပြောမျိုးကို ရှောင်သင့်တယ်။ တရားထိုင်တယ်သာပြောတာ၊ ဘာယောဂီ ညာယောဂီသာ အမည်ခံတာ တရားမရသေးတဲ့ လူက ရာနှုန်း ပိုများတဲ့အတွက် ကိုယ့်ကို ဖြစ်စေ ကိုယ့်ဆရာကို ဖြစ် ပတ်ဝန်းကျင်က အရေးခဲ၊ အပြောခဲ၊ ခဲအစစ်တွေနဲ့ ဝိုင်းပစ်တာကို ခံရနိုင်လို့ပါ။
ဘုရားလော
မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေမှာ “ယထာဝါဒီ တထာကာရီ” သူတစ်ပါးကို ဟောမြွက်သလို ကိုယ်တိုင်လည်း ကျင့်ကြံသူဆိုတာ ပါတယ်။ လောကမှာ ကြီးပွားရေးကျမ်း ငွေရှာနည်း ကျမ်းတွေ ရေးတော့ ရေးကြတာပဲ။ ကိုယ်တိုင်က ဘာမှ မလုပ်ဘူး။ အချို့ ကိုယ်ကျင့်သီလ ဆိုတာမျိုးကို ရေးကြ ဟောပြောကြပြီး ကိုယ်တိုင်က ယစ်အိုးထဲ နှာခေါင်း မြုပ်ထားတာတွေလည်း အများကြီး။ အမှန်တော့ သူများကို တံဆိပ် ကပ်ပေးဖို့ ထက် ကိုယ်တိုင် ဘယ်လောက် ကျင့်ပြီးပြီလဲဆိုတဲ့ လက်တွေ့ ပိုအရေးကြီးပါတယ်။ ဗုဒ္ဓသာသနာမှာ သူများကို “သောတာပန် ဖြစ်ပြီ’ဆိုတာမျိုးကို မြတ်စွာဘုရားပဲ မိန့်တော်မူမယ်လို့ ဘုန်းကြီး ထင်ပါတယ်။
အရင့်တွေ
လူချမ်းသာ အင်ဂျင်နီယာ တစ်ဦးက “အနီးကပ် ဆည်းကပ်ရင် မကြည်ညို စရာတွေ တွေ့မိမှာစိုးလို့ နာမည်ကြီးတဲ့ ဆရာတော်တွေကို အဝေးက အဝေးက ကြည်ညိုတာပဲ ကောင်းတယ်လို့ ဆိုဖူးတယ်။ သူ့အဆို အပြည့်အစုံ မှန်မမှန် မသိ။ မြတ်ဗုဒ္ဓကတော့ “သီလ ရှိမရှိ အတူတူ ကြာကြာ နေကြည့်မှ သိနိုင်၏။ ပညာရှိ မရှိ ကြာကြာ ဆွေးနွေးကြည့်မှ သိနိုင်၏။ ကိုယ်တိုင်က ပညာရှိပြီး စဉ်းစားတတ်မှလည်း သိနိုင်၏။ ရွှေငွေကို သာယာ၊ စန္ဒကူးနံ့သာ လိမ်းကျံပြီး ကာမဂုဏ်ကို ခံစားနေသူ သင်လို လူဝတ်ကြောင် တစ်ဦးအဖို့ ရဟန္တာ ဟုတ်မဟုတ် သိရန် ခက်ခဲ၏ (သံ၊၁၊ရ၈)”တဲ့။ ဒါက သူတော်ယောင်တွေကို ရဟန္တာကြီးတွေပါလို့ လက်ညှိုးထိုးပြတဲ့ ကောသလ မင်းကို မြတ်စွာဘုရားက ပြောပစ်တာဗျို့။
အင်း .. နှုတ်ခမ်းကို ရဲရဲနီအောင် ဆိုး၊ ရွှေလက်ကောက် အပြည့်ဝတ်ပြီး အခမ်းအနား တက်လာတဲ့ “နှုတ်ခမ်းနီအရင့်တွေကို တွေ့ဖူးမှာပေါ့။ အနီလို အချို့က ‘ရဟန္တာပါ”လို့ ပြောခံရမှာကို ပညာရှိ ဆရာတော် တစ်ပါးသာ ဖြစ်ရင် ရှက်မှာ သေချာတယ်။ စဉ်းစားစရာ နည်းနည်း ပေးဦးမယ် ..
မော့ကြည့်
ဘုန်းကြီး ကမ္ဘာအေးမှာ နေတုန်းက ဘုန်းကြီးလေး ဦးနန္ဒဝန် (ယခု ထားဝယ် သာသနာပြု) မိန့်ဖူးတယ် .. တစ်ခါမှာ ရန်ကုန်က သူ့ရဟန်း အမတွေနဲ့အတူ ခန္ဓာကိုယ်က ရောင်ခြည် လွှတ်တယ်လို့ နာမည်ကြီးနေတဲ့ စမ်းကလေး ဆရာတော်ကို သွားဖူးကြသတဲ့။ ဟိုရောက်တော့ “ဒီနေ့ည ဆရာတော် တန်ခိုးမယ်"ဆိုတာကို ကျောင်းဝင်းထဲမှာ လူအတော် များများ ပြောနေကြသတဲ့။ ပြောသူ အများစုက ဘုန်းကြီးကို မှီခို၊ ဘုန်းကြီးနဲ့ ပတ်သက်၊ ဘုန်းကြီးဆီက ဝေစုရ၊ ဘုန်းကြီးနဲ့ ဝေစားမျှစားတွေ။ အလံရှူးတွေ။
ဒါနဲ့ ကျောင်းပေါ်ကို တက်သွားတော့ ‘ချုပ်စရီတွင်’ ဆရာတော့် ရုပ်သွင်ကို ရုတ်ချည်း တွေ့မြင်ရပုံက ဘုရားခန်းရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်ရင်း ဗျာများနေပြီး ပါးစပ်ကလည်း “လူတွေ အမိုးပေါ်ကို မော့မကြည့်ဘဲ ဘယ်ကို ကြည့်နေကြမှန်း မသိဘူး’လို့ ကျောင်းဝင်းထဲက လူအုပ်ကို ကြည့်ပြီး အပြစ်တင်နေသတဲ့။ ရောင်ခြည်က ဘုန်းကြီးကိုယ်မှ တစ်ဆင့် အမိုးကို ဖောက်ပြီး ထွက်လာမှာဆိုပဲ။
အဲသလို ဘေးလူတွေ မှုတ်လွန်း မြောက်လွန်းလို့ ဖောင်းကား မြောက်တက်ပြီး ပြန်မကျနိုင်ရာကနေ ခဲမှန်လို့ နောက်ဆုံး ရောင်ခြည် ကွယ်ရုံမက လူပါ ပျက်စီးသွားတယ်။
ကွေးနှိုက်မှ
ဒါမျိုး အမှန်ပဲ ရှိဖူးတယ်။ ရှိတုန်းပဲ။ အမှန်တော့ “လာဘ်ပေါ် ဘုန်းကြီးမယ့် လမ်းနဲ့ နိဗ္ဗာန်ရဖို့ လမ်းဟာ တခြားစီပဲ (ဓမ္မပဒ၊ ၇၅-ဂါထာ)။ လာဘ်ရဖို့ဆိုရင် ကိုယ်နဲ့ နှုတ်နဲ့ ကောက်ကျစ်မှုတစ်ခုခု လုပ်လေ့ရှိတယ်။ ထောပတ် အိုးထဲက ထောပတ်ကို လိုချင်ရင် လက်ကို ကွေးပြီး နှိုက်ယူရသလိုပဲ။ ဒါပေမယ့် ကြွားဝါ ဟန်ဆောင်လို့ မဟုတ်ဘဲ အစစ်အမှန် အကျင့်ကောင်းလို့ ကြားအမြင် များလို့ ရတဲ့ လာဘ်လာဘကတော့ ဓမ္မိက ဖြစ်လို့ (တရားနဲ့ ညီလို့) ခွင့်ပြုတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၄၄)”။
နာမည်ကြီးရုံနဲ့ ရဟန္တာ ဖြစ်ပြီလို့ မထင်ပါနဲ့။ ပညာရှိ ရဟန်းရှင်လူတို့ ဘယ်လောက် လေးစားသလဲ၊ လက်ခံသလဲ၊ ဘယ်လို မြင်ကြသလဲ ဆိုတာနဲ့ နှိုင်းယှဉ်ပြီးမှ အထိန်းအကွပ်နဲ့ ဆည်းကပ်သင့်တယ်။
ပျက်စီးခြင်း
ဖရီးမောင့် (ကာလီဖိုးနီးယား)က အမျိုးသမီးတစ်ဦး .. အပြောကောင်းတဲ့ ဓမ္မကထိက ဘုန်းကြီး တစ်ပါးကို ကြည်ညိုလွန်းလို့ ဘုန်းကြီးက ပရိုဂျက်တာ ဆိုတာနဲ့ သွားဝယ် သူများထက် ဦးအောင်လှူပြ၊ ကင်မရာဆို ကင်မရာ။ မောင်ဖြစ်သူ အပြောအရ သူ့အစ်မဟာ အဲဒီ ဘုန်းကြီးကို ရဟန္တာလို့တောင် ထင်နေသတဲ့။ မကြာခင်မှာ သူ့ရဟန္တာကြီး လူထွက်ရော .. ခုဆို ဘုန်းကြီးတွေ ဟန်ဆောင်တယ်၊ အလကားပဲလို့ ဘုန်းကြီး မြင်တိုင်း အကုသိုလ် ဖြစ်နေတော့တာပဲတဲ့။ ဒါဟာ သဒ္ဓါတရား ပျက်စီးသွားတဲ့ သဘောပဲ။
ဓမ္မကထိက ဥတ္တမကျော်ကို ကြည်ညို လွန်ရာမှ အနှီ ဖရီးမောင့် အမျိုးသမီးလို သဒ္ဓါတရား ပျက်စီးသွားတဲ့ အောင်ဆန်းမြို့ ကျန်းမာရေးမှူး သင်တန်းကျောင်းက ဆရာတစ်ဦးကိုလည်း ဘုန်းကြီး ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-လောက်က တွေ့ခဲ့ဖူးကြောင်းပါ။
ဒါကြောင့် အစကတည်းက အသိပညာတရား ဦးဆောင်တဲ့ ကြည်ညိုမှု၊ ဆည်းကပ်မှု၊ လှူဒါန်းမှု မဖြစ်သင့်ဘူးလား။
မှတ်ချက်များ
တို့ကတော့ လမ်းဘေးမှာ မျက်လှည့် ပြပြီး ကြော်ငြာ ကောင်းကောင်းနဲ့ အော်ရောင်းနေတဲ့ ဆေးများကို ဝေးဝေး ရှောင်တယ်။ ဓမ္မဘေရီဆရာတော်
ဂုဏဝန္တေ ပဿန္တိ ဇနာ = လူတွေဟာ ဂုဏ်ရှိသူကို ရွေးမြင် တယ် ဆိုပေမယ့် သဒ္ဓမ္မနဲ့ မဆန့်ကျင်တဲ့ ဂုဏ်ရှိမှ မြင်သူရော အမြင်ခံရသူပါ အကျိုးရှိမယ်လို့ ထင်ပါတယ်။ အရှင်ကဝိဿရ
ဩဂုတ် ၂၁၊ ၂၀၁၈။
၆၉၆။ နတ်မေထုန်
ဘုန်းဘုန်း ဘုရား၊ “နတ်သမီး တစ်ဖက် ငါးရာ”ဆိုတဲ့စကားဟာ ကျားသတ္တဝါတွေကို ဦးစားပေးလွန်းသည်ဟု ထင်ပါသည်။ တစ်နေ့ တစ်ယောက် တွေ့တောင် တစ်ပတ်လည်ဖို့ သုံးနှစ်ခန့် ကြာပါမည်။ လူပြက်တွေ ပြောသလို ပတ္တလားကို တီးတံနဲ့ အပေါ်က ဗျင်းခနဲ ဆွဲသလိုများ ဖြစ်နေမလား။ နတ်တွေ အိမ်ထောင် ပြုပါသလား။ လူတွေလို ကာမဂုဏ် ခံစားပါသလား။ ကျမ်းဂန်မှာ မည်သို့ ဆိုပါလဲ၊ သိလိုပါသည် ဘုရား။
မြိုင်မင်းသန့် (ရန်ကုန်)
---
ဘုန်းရှင်မ
“တန်ဆာ ဆင်ထားသည့် နတ်သမီး နတ်သားတို့သည် ကခုန် သီဆိုကြ၏။ လိုတရ နတ်သမီး .. သင်သည် ထိုနတ်သမီး နတ်သားတို့ကို စိုးပိုင်သူ ဖြစ်၏ (ဝိမာန၊၂၈၆-ဂါထာ)”။ “ဘုန်းရှင် နတ်သမီး .. သင့်ဗိမာန်သည် ပန်းတွေနှင့် ဝေသဖြင့် လှပ၏။ နတ်သား နတ်သမီး အခြံအရံများဖြင့် တင့်တယ်၏ (ယင်း၊ ၉၃-ဂါထာ)”။ ပါဠိတော်မှာ ဒီလို စာသားမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဘုန်းရှင် နတ်သမီးတွေကို နတ်သားတွေက ခြံရံရတာ ရှိတယ်လို့ ဦးစွာ မှတ်သားပါ။ လူတွေလိုပဲပေါ့..
နိုင်ငံရေး ခေါင်းဆောင် အမျိုးသမီး နိုင်ငံခြားကို ရောက်ရင် ကြိုဆိုဂုဏ်ပြုတာ တပ်သားတွေလား တပ်သမီးတွေလား။
မခွဲခြားဘူး
ကုသိုလ် ကံအကျိုးပေးဆိုတာ ကျားမ မခွဲခြားပါဘူး။ နတ်သား ဘုန်းကြီးတော့ နတ်သမီးတွေ ခြံရံ၊ နတ်သမီး ဘုန်းကြီးတော့ နတ်သားတွေ ခြံရံပေါ့။ ငါးရာ တစ်ထောင်ဆိုတဲ့ အရေအတွက် ကများရာလိုက်ပြီး ပြောခြင်း ဖြစ်နိုင်ပါတယ်။ နတ်သားတိုင်းလည်း ဒီလို မများနိုင်ပါဘူး။ တစ်ချို့ ရှိချင်မှတောင် ရှိမှာ။ ပြီး .. နတ်သား တစ်ယောက်က နတ်သမီးငါးရာကို ဇနီးအဖြစ် ပေါင်းသင်း နေထိုင်တဲ့ အဓိပ္ပာယ်မျိုးလည်း မဟုတ်နိုင်ဘူး။ အခြွေအရံတွေပဲ ဖြစ်သင့်တယ်။ လူ့လောကနဲ့ နိုင်းယှဉ်ကြည့် ..
ဦးစားပေး
ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်ကို မောင်းမပေါင်း ဘယ်လောက် ခြံရံသည်ဆိုစေ စည်းစိမ်စံ ဆယ်စုနှစ် တစ်ခုကျော် အတွင်း ယသော်ဓရာနဲ့ သားတော်တစ်ပါးပဲ ဖွားမြင်တာ ကြည့်ရင် ကျန်တာက အခြံအရံတွေပါပဲ။ “စာဆိုတော်ဝတ္ထု’အရ မင်းတုန်းမင်းမှာ မိဖုရား ၄၀-ကျော် ရှိသတဲ့။ ဒေါ်နယ်ထရန့် ကြီးတောင် ခုမှ စာရင်း ပေါက်လာတာ အပြာမယ် ၂-ယောက်တဲ့။ သိကြားမင်းမှာတော့ မိဖုရားပေါင်း တစ်သောင်းနဲ့ ခြောက်ထောင်ရှိ ဆိုပဲဗျို့ (သက္ကဿ သောဠသသဟဿာနိ မဟေသီနံ၊ ဝိမာန၊ဋ္ဌ၊၁၆၇)။ Any way ဆိုပါစို့၊ မင်းတုန်းမင်း နေရာမှာ လင်အယောက် ၄၀-ကျော် ရှိနေတဲ့ ရှိဖူးတဲ့ နိုင်ငံခေါင်းဆောင် အမျိုးသမီး တစ်ယောက်နဲ့ အစားထိုးကြည့်။ ဖြစ်နိုင်ရဲ့လား။ အင်း .. အဲဒီလို သဘာဝရဲ့ ဦးစားပေးမှုကိုတော့ “ကျားမ တန်းတူရေး သမား”တို့ အသိအမှတ် ပြုပါကုန်။
သုံးနှစ်ခန့်
နတ်ကို နတ်လိုပဲ စဉ်းစားလေ။ လူတို့ နှစ်တစ်ရာဟာ သိကြားမင်းရဲ့ တာဝတိံသာမှာ တစ်ရက်ပဲ ရှိသတဲ့။ လူတို့ သုံးနှစ်ခန့်ဟာ တာဝတိံသာ နတ်တွေအဖို့ ခဏပဲ နေမယ် (ခန့်မှန်း ၃၉-မိနစ်နဲ့ ၂၇-စက္ကန့်)။ ဒါဆို စဉ်းစားလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဟို .. သိကြားမင်းရဲ့ မိဖုရား တစ်သောင်းခြောက်ထောင် ကိစ္စကိုတော့ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားယူ။ ကံအရာ ဆန်းကြယ်ပါတယ်။ စာရေးဆရာ မောင်ထင်ရဲ့ လေယူလေသိမ်းနဲ့ ‘လူ့ကံ လူ့ကံလို့ မြန်မြန် ပြောရင် တရုတ်စကား ဖြစ်သွား”သတဲ့။
အနုသီချင်း
ဗုဒ္ဓစာပေမှာ “မဉ္ဇူသရို့ ညှို့မျက်ရှင် ကြန်အင် ပြည့်စုံသည်။ နှမ သက်လယ် မောင့်မျက်ခြယ် အကယ်ချစ်မိပြီ” အဲဒီလို နတ်တွေ သီဆိုတဲ့ ဘုရားတိုင် အနုသီချင်းတွေ ရှိတယ်။ နတ်တွေ လူပျို လှည့်တယ် (ဒီ၊၂၊၂၁၃)။ နတ်တွေမှာ သားတွေ သမီးတွေက ရင်ခွင်မှာ၊ ဇနီးမယားတွေက အိပ်ရာပေါ်မှာ ဥပပါတ် (ဘွားခနဲ) ဖြစ်လာတယ် (မ၊ဋ္ဌ၊၂၊၂၀၁)။ လင်ယောက်ျားတွေကိုလည်း အဲဒီလိုပဲ ယူနိုင်ကောင်းပါတယ်။
ဒါကြောင့် နတ်တွေလည်း လူတွေလို အိမ်ထောင် ပြုတယ် လို့ မှတ်ပါ။ နတ်သမီးတွေက ၁၆-နှစ်၊ နတ်သားတွေက ၂၀-နှစ်အရွယ်လိုပဲ ရာသက်ပန် ထင်ရတယ်။ နတ်တွေမှာ သေခြင်း ရှိပေမယ့် ဇရာ(အိုခြင်း)သဘော မထင်ရှား (မ၊ဋ္ဌ၊၄၊၁၂၁)။
ကာမဂုဏ်
ကာမဂုဏ် ဆိုတာကို လိင်ကိစ္စလို့ နားလည်လိုက်မယ်။ နတ်ပြည် ၆ထပ်လုံးက နတ်တွေမှာ မေထုန်မှီဝဲခြင်း ကိစ္စ ရှိတယ် (ဒီ၊ဋ္ဌ၊၃၊၁၈၃)။ ဒါပေမယ့် နတ်တွေမှာ သုက်လွှတ်ခြင်း မရှိလို့ လူတွေလိုတော့ မဟုတ်ဘူး။ (ဒေဝတာနံ သုက္ကဝိဿဋ္ဌိ နာမ နတ္ထိ။ အဘိ၊ဋ္ဌ၊၃၊၁၆ဝ)။ ဒါဖြင့် .. ဘယ်လို မှီဝဲကြသလဲ “လူနှင့် တူသော်လည်း အညစ်အကြေး မဖြစ်ပေါ်ကြဘဲ သွေးသား လှုပ်ရှားရုံမျှဖြင့် ပြီးစီးကြလေ၏ (သင်္ဂြိုဟ်ဘာသာဋီကာ၊ စာ-၂၉၈)”။ ဝါဒကွဲ တစ်ရပ်က ..
“ရယ်ရုံမျှ၊ ကြည့်ရုံမျှ၊ ပွေ့ဖက်ရုံမျှဖြင့် နတ်တွေမှာ ကာမကိစ္စ ပြီးတယ်လို့ အချို့ မထေရ်တွေက ဆိုကြပေမယ့် အဋ္ဌက ထာမှာ ဒီအယူအဆကို ပယ်ထားတယ်။ ဘာကြောင့်ဆို ကိုယ်နဲ့ မထိတွေ့ဘဲ ကာမကိစ္စ မဖြစ်နိုင်လို့ပါဘဲ (ဒီ၊ဋ္ဌ၊၃၊၁၈၃)”။
အဓိပ္ပာယ်က မေထုန်ကိစ္စဆိုတာ ကိုယ်ချင်း ထိတွေ့မှသာ ဖြစ်နိုင်လို့ (သုက်မထွက်ပေမယ့်) နတ်တွေလည်း လူတွေလိုပဲ မေထုန်မှီဝဲတယ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် တောင်မြို့ ဆရာတော်ကြီးက “သွေးသား လှုပ်ရှားရုံမျှ’လို့ ယူဆပုံ ရပါတယ်။
ဝသုဗန္ဓု
ဝသုဗန္ဓုဆိုတာ အဘိဓမ္မကောသျှကာရိကာကျမ်း (သဗ္ဗတ္ထိဝါဒ အဘိဓမ္မာကျမ်း)ကို ရေးတဲ့ မထေရ်ရဲ့ နာမည်။ ဓိမ္မ သမုစ္စယကျမ်းပြု အသင်္ဂရဲ့ ညီ။ ထေရဝါဒ အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသထက် အနည်းငယ် ရှေးကျဖွယ် ရှိတယ်။ ဒီကျမ်းရဲ့အဖွင့် ဘာသံကိုလည်း ဒီမထေရ်ဘဲ ရေးခဲ့တယ်။ ဒီဝါတွင်းမှာ ဒီကျမ်းရဲ့ အင်္ဂလိပ်ဘာသာပြန် (ဘုံခန်း)ကို လေ့လာနေတာနဲ့ တိုက်ဆိုင်လို့ နည်းနည်း ရှည်လိုက်ဦးမယ်။ သည်းခံပြီး ဆက်ဖတ်ကြည့်··
“စတုမဟာရာဇ်နှင့် တာဝတိံသာနတ်တွေက မြေပေါ်မှာ နေတယ်။ သူတို့က လူလိုပဲ နှစ်ယောက် အတူယှဉ်တွဲ နေထိုင်ပြီး လေမှတစ်ဆင့် ၎င်းတို့ရဲ့ ကာမဆန္ဒကို ထုတ်လွှင့်ကြတယ်။ ဘာလို့ဆို ၎င်းတို့မှာ သုက်သွေး မရှိလို့။ ယာမာနတ်တွေက ပွေ့ဖက်၍၊ တုသိတာနတ်တွေက လက်ကို ထိကိုင်၍၊ နိမ္မာနရတိ နတ်တွေက ပြုံးရယ်၍၊ ပရနိမ္မိတဝသဝတ္တီ နတ်တွေက အချင်းချင်း စိုက်ကြည့်၍ ကာမဆန္ဒကို ငြိမ်းစေကြတယ် (Abhidharmakośabhāsyam, Vol. II, p. 465)'။
ဒီကျမ်းမှာ နတ်တွေရဲ့ သဘာဝနဲ့ ဆိုင်တဲ့ ဝေဘဿိက ဂိုဏ်းသားတို့ရဲ့ ဝိဘာသာကျမ်းလာ အဆိုကွဲ တွေကိုပါ ဖော်ပြ ထားတာ တွေ့ရတယ်။ စကားမစပ် . အရှင်မဟာဗုဒ္ဓဃောသ ကေစိထိုးခဲ့တာ သဗ္ဗတ္ထိဝါဒဂိုဏ်းသား မထေရ်တွေများ ဖြစ် လေမလား။ ဒါပေမယ့် နတ်တွေမှာ သုက်သွေးမရှိ ဆိုတာတော့ နှစ်ဂိုဏ်းလုံး လက်ခံတာကို တွေ့နိုင်တယ်။
မှတ်ချက်များ
မဟာယာန (အဘိဓမ္မာကာသျှ) မှာပဲ ရှိတာလား ဘုရား။ ဒီလို ဘုံအလိုက် ကွဲသွားတာက တပည့်တော်တို့ ထေရဝါဒ မှာရော မရှိဘူးလား ဘုရား။ အရှင်နေမိန္ဒ
ပါထိကဝဂ္ဂဋီကာ (ဒီ၊ဋီ၊၃၊၂ဝ၈)မှာ အဲဒီ အဘိဓမ္မကောသျှ ဘာသျှာ အဆိုအတိုင်း ဖော်ပြပြီး ဒီအဆိုကို ပယ်ထားကြောင်း ဆိုပါတယ်။ စာရှည်မည် စိုး၍ မထည့်ခဲ့တာပါ။ “ကေစိ”အရ ဘယ်ဂိုဏ်းသားတွေ ဆိုတာကိုတော့ ဋီကာမှာ မဖော်ပြပါဘူး။ ထင်ခွင့်ရှိလို့ ဘုန်းကြီး ထင်ကြည့်လိုက် တယ်။ ကျေးဇူးတင်ပါတယ်။ အရှင်ကေလာသ
ဆရာတော် ရေးသလို စာတစ်ပိုဒ် ဝါကျတစ်ကြောင်းတောင် ရေးဖို့ မလွယ်ကူဘူးလို့ ခံစားမိပါတယ်။ ထူးခြားတဲ့ စာပိုဒ် တိုင်း ဝါကျတိုင်း နီးပါးမှာ ကျမ်းကိုး ပါနိုင်ဖို့ မလွယ်ကူလှပါ ဘုရား။ ဆရာတော် ကျန်းမာပါစေ။ အရှင်ကုမုဒ (ဝမ်းတွင်း)
နတ်နှင့်လူ အချိန်ညှိပုံ
၁ဝဝဝ ရက် + ၃၆၅ ရက် = ၂.၇၃၉၇ (လူနှစ်)
၂.၇၃၉၇ လူနှစ် - ၁ဝဝ နှစ် = ၀.၀၂၇၃၉၇ (နတ်ရက်)
ဝ.ဝ၂ရ၃၉၇ × ၂၄ နာရီ = ဝ.၆၅၇၅ (နတ်နာရီ)
၀.၆၅ရ၅ X ၆ဝ မိနစ် = ၃၉.၄၅၂ (နတ်မိနစ်)
၁-ရက်ကို ၁-ယောက်နှုန်းနဲ့ တာဝတိံသာ နတ်သမီး ၁၀၀၀ကို နတ်သား တစ်ယောက် လည်ပတ်ရင် နတ်အချိန်နဲ့ ၃၉-မိနစ်နဲ့ ၂၇-စက္ကန့် ကြာမယ်။ မစိုးမြတ်သူ (Chandler, AZ)
ဩဂုတ် ၂၄၊ ၂၀၁၈။
---
၆၉၇။ သုံးဆယ့်တစ်ဘုံ
ဘုန်းဘုန်း ဘုရား၊ တပည့်တော်က ၃၁-ဘုံသားတွေကို မေတ္တာ ပို့ရင် တပည့်တော်ရဲ့ သူငယ်ချင်း တစ်ယောက်က “၃၈...ဘုံပါ ဆို။ Dr. လုပ်တာနဲ့ ဘာသာ ထိခိုက်တော့မှာ။ မယုံရင် ဘုန်း ဘုန်းတွေကို မေးကြည့်”လို့ ပြောတာ နှစ်ခါရှိပြီ ဘုရား။ ဘယ်လို ကွဲနေတယ် ဆိုတာကို သိလိုပါသည် ဘုရား။
ကိုမျိုးမြင့် (ဩဇီ)
---
ဘဝသံသရာ
“သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်း ရောက်တော့ ကရွတ်ကင်း လျှောက်တဲ့ တေဘုမ္မာ .. အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ”။ “ဘဝ သံသရာ’သီချင်းကို နားထောင်တတ်ရင် “သုံးဆယ့်တစ်ဘုံ၊ တေဘုမ္မာ” ဆိုတာတွေကို တွေ့မှာပေါ့။ ဘုံအနေနဲ့ တစ်ခုစီ ရေ တွက်ရင် သုံးဆယ့်တစ်ဘုံ ရှိတယ်။ အုပ်စုလိုက် ပြောရင် ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ “တေဘုမ္မာ” ဘုံသုံးမျိုး ရှိတယ်။
နည်းနည်း ပြန်ချဲ့ရင် “ကာမ ၁၁-ဘုံ၊ ရူပ ၁၆-ဘုံ၊ အရူပ ၄-ဘုံ။ အားလုံး ပေါင်းရင် ၃၁-ဘုံ။ နည်းနည်း ပြန်ပြီး အ သေးစိတ်ရင် .... အပါယ် ၄-ဘုံ၊ လူ့ဘုံ ၁၊ နတ်ဘုံ ၆၊ ပေါင်း ကာမ ၁၁-ဘုံ။ ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃၊ တတိယဈာန် ၃၊ စတုတ္ထဈာန် ရ-ဘုံ။ ပေါင်း ရူပ ၁၆-ဘုံ။ အရူပ ၄-ဘုံ။ စုစုပေါင်း ၃၁-ဘုံ။
နောက်တစ်မျိုး ပြောရင် .. ကာမဘုံသား ၁၁..မျိုး၊ ဗြဟ္မာဘုံသား အမျိုး ၂၀ လို့လည်း မှတ်နိုင်တယ်။ ရူပနဲ့ အရူပ ဆိုတာ ဗြဟ္မာ့ဘုံသားတွေ။
ဤသို့ပြုရ
ရှေးဟောင်း အမျှဝေ လင်္ကာမှာ “များစွာလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ’လို့ တွေ့ဖူးပါလိမ့်မယ်။ အဲဒီစာ အရလည်း “၃၁-ဘုံ’ဆိုတာကို မှတ်မိအောင် လုပ်ထားပါ။ ထေရဝါဒ အဘိဓမ္မာအရတော့ ၃၁-ဘုံပဲ ရှိတယ်။ ဒီ့ထက် အပိုအလို မရှိဘူး။
ကာရိကာ
ဗုဒ္ဓဝါဒ ရှေးဦး အဘိဓမ္မာကျမ်းဖြစ်တဲ့ အဘိဓမ္မကောသ ကာရိကာကျမ်းနဲ့ ၎င်းရဲ့အဖွင့် ဘာလျှံထဲက ‘လောကဓာတု အခန်း (ဘုံခန်း)”ကို လေ့လာနေတာနဲ့ ကြုံလို့ အဲဒီထဲက ထုတ်ထားတဲ့ မှတ်စုလေးတွေကို နည်းနည်း မျှဝေခွင့်ပြုပါ။ ထေရဝါဒနဲ့ အားလုံးနီးပါး တူပါတယ်။ ဒီကျမ်းမှာ စဉ်ပုံက ..
‘ကာမဓာတု၊ ရူပဓာတု၊ အရူပဓာတု’လို့ ဓာတု ၃-မျိုး။ ဒီနေရာမှာ ဘုံ ၃...မျိုးပါပဲ။ 'နရက (နိရယ)၊ ပေတ၊ တိရစ္ဆာန၊ မနုဿ၊ ဒေဝ’လို့ ဂတိ (လားရာ) ၅-မျိုး။ အဲဒီ အနက် နိရယ ဂတိမှာ .. အပူငရဲ ၈၊ အအေးငရဲ ၈။ တိရစ္ဆာန်မှာ .. နဂါးမင်း တွေက တစ်ကမ္ဘာ အသက်ရှည်။ ပေတတွေ..အမျိုးမျိုးရှိ၊ ယမမင်းကို ပြိတ္တာမင်းလို့ ဆိုထား။ မနုဿဂတိ (လူ့ဘုံ)ကို ကျွန်းကြီး လေးကျွန်းနဲ့ ပိုင်းခြားပြ။ ဒေဝဂတိမှာ .. အသူရ ကာယ်နဲ့ နတ်ပြည် ၆ ထပ်၊ ရူပ ၁၇-ဘုံ၊ အရူပ ၄-ဘုံတွေ ပါဝင်။ အားလုံးပေါင်း ၃၂-ဘုံ။
သက်တမ်း သတ်မှတ်ပုံလည်း အရှင်အနုရုဒ္ဓါရဲ့ အဘိဓမ္မတ္ထ သင်္ဂဟ (သင်္ဂြိုဟ်)ကျမ်းထဲကနဲ့ အားလုံးနီးပါးတူ။ တာဝတိံသာရဲ့ သက်တမ်းက လူ့တို့နှစ်နဲ့ ၃-ကုဋေ၊ ၆-သန်း၊ ၅-သိန်း။ အကနိဋ္ဌဘုံမှာ ကမ္ဘာပေါင်း ၁-သောင်း၊ ၆-ထောင်။ ဘဝဂ်ဘုံလို့ ခေါ်တဲ့ နေဝသညာနာသညာယတန ဘုံမှာ ကမ္ဘာပေါင်း ၈-သောင်း (သင်္ဂြိုဟ်ကျမ်းမှာ ၈-သောင်း၊ ၄-ထောင်)။
ရူပ ၁၇-ဘုံ
အသုရကာယ်ကို ဒေဝမှာ ပြပေမယ့် “ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်’လို့ အပါယ် ၄-ဘုံ အနေနဲ့ ရေတွက်နိုင်တယ်။ လူ့ဘုံ ၁၊ နတ်ပြည် ၆ ဖြစ်လို့ ကာမ ၁၁-ဘုံပါပဲ။
ဗြဟ္မာ့ဘုံထဲက စတုတ္ထဈာန် ၈-ဘုံ ယူရာမှာ .. အနတ္တက (Anabhraka)ဘုံ ၁၊ ပုညပ္ပသဝ (Puyaprasava)ဘုံ ၁၊ ဝေဟပ္ဖိုလ် ဘုံ ၁ (အသညသတ်ဘုံကို ဝေဟပ္ဖိုလ်ဘုံရဲ့ အစိတ်အပိုင်း နေနဲ့ယူပြီး ဘုံတစ်ခု အနေနဲ့ သီးသန့် မယူ)၊ သုဒ္ဓါဝါသ ၅၊ ပေါင်း စတုတ္ထဈာန် ၈-ဘုံ ဖြစ်သွားလို့ ရူပ ၁၇-ဘုံ။ အခေါ် အဝေါ်တွေ အားလုံး တူတယ်။ ပါဠိနဲ့ သက္ကတ စာလုံးပေါင်း မတူတာပဲ ရှိတယ်။
မှတ်ချက်များ
၃၈-ဘုံလို့ ပြောတာက နတ်ပြည် ၆-ထပ်ကို ၆-ဘုံ ယူသ လို ငရဲကြီး ၈-ထပ်ကို ၈-ဘုံ ယူပြီး ၃၈-ဘုံလို့ စကားကပ်ပြောတာ ဖြစ်နိုင်ပါတယ်။
ဓမ္မရေစင် ဆရာတော်
မှန်ပါတယ် .. ရင်းနှီးလို့ ကပ်ပြောတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် စာဖတ်သူရဲ့ အသိထဲမှာ ၃၁-ဘုံ ဆိုတာပဲ ကျန် စေချင်လို့ “ဘဝသံသရာ” ‘ဤသို့ပြုရ’တွေနဲ့ အစဖော်ပေးပြီး ၃၈-သင်္ချာကို မထိတာပါ။ ဗဟုသုတ အနေနဲ့ ဝါဒတစ်ပါးကို ပြောတဲ့အခါလည်း ၃၂ သင်္ချာကို ရှောင်ပြီး 'ကာရိကာ'လို့ ကျမ်းအမည်ကိုပဲ ခေါင်းတပ်ပါတယ်။ အရှင်ကေလာသ
ဩဂုတ် ၂၅၊ ၂၀၁၈။
---
၆၉၈။ ဤသို့ပြုရအဖွင့်
ဆရာတော် ဘုရား၊ “ဘုံကိုးဝနဲ့၊ ဝိညာဏဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ”ဆိုတဲ့ နေရာမှာ “ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ”ဆို ဘာကို ဆိုလိုပါသလဲ ဘုရား။ မသိ၍ မေးခြင်း ဖြစ်ပါသည် ဘုရား။
ရှမ်းလေး
---
ဘာကြောင့်
“ဘုရားရှိခိုး အမျိုးမျိုးမူဟောင်း’ မှာပါတဲ့ ‘ဤသို့ပြုရ’အစချီတဲ့ ရှေးဟောင်း ရေစက်ချထဲက စာသားပါ။ ဒီရေစက်ချမှာ ဘုရားဟော သုတ္တန်လာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါလို့ ဘုန်းကြီးကတော့ ဒီရေစက်ချကိုပဲ အသုံးပြုပါတယ်။ လေးနက်တဲ့ အတိုင်း အဓိပ္ပာယ်ကို ရေးပြဖို့ လိုမယ်ထင်လို့ အထက်ပါ ခေါင်းစဉ်နဲ့ အဖြေတစ်ခု ဖန်တီးလိုက်ပါတယ်။
စာကိုယ်
ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင်းမိုရ်တောင် ဦး မကကျူးသား ကျေးဇူးအရှင် မွေးမိခင်နှင့် ဘခင်တို့ အား ရငြားပါစေ ပေးငှဝေ၏။ မသွေနိစ္စ ဤကာယကို စောင့်ထပေတတ် ကိုယ်စောင့်နတ်လည်း မလပ်စေရ ပေးဝေငှ၏။
မိတ္တဆွေဉာ ဆရာသမား ဘိုးဘွားကစ ယမရာဇာ ဒေဝါ ယက္ခ ဣန္ဒဘုမ္မာ အာကာသနတ် အထူးမှတ်၍ မြတ်ပုည ကုသလကို ရကြပါစေ ပေးငှဝေ၏။
သဗ္ဗေသတ္တာ သတ္တဝါဟု နာနာလောက အနန္တတွင် မ ပြတ်စဉ်ကာ သတ္တာဝါသ ဘုံကိုးဝနှင့် ဝိညာဏဌိတိ တည်ရှိခုနစ်ပါး များစွာလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ် သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေ၏။
ဝသုန္ဒြေ ဤမြေပံသု သိလာထုလည်း သက်သေအမှု တည်စေသော်။ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြ ပါကုန်လော့။ သာဓု သာဓု သာဓု။
ခက်ဆစ်
မသွေနိစ္စ = အမြဲမပြတ်၊ မလပ်စေရ = ချန်မထားဘဲ၊ မိတ္တ = မိတ်ဆွေ၊ ဆွေဉာ = ဆွေမျိုး၊ ယမရာဇာ = ယမမင်း၊ ဒေဝါ = နတ်၊ ယက္ခ = ဘီလူး၊ ဣန္ဒ = သိကြား၊ ဘုမ္မာ = ကမ္ဘာမြေမှာ နေတဲ့နတ် (ဘုမ္မစိုး၊ ရုက္ခစိုး)၊ အာကာသနတ် = အာကာသမှာ နေတဲ့နတ်၊ သဗ္ဗေ သတ္တာ = သတ္တဝါ အားလုံး၊ နာနာလောက = ဘဝအမျိုးမျိုး၊ အနန္တ = အဆုံးမဲ့၊ မပြတ်စဉ် ဖြစ်စဉ်ကာ = မပြတ်ဘဲ၊ သတ္တာဝါသ (သတ္တာလို့ ရေးချသံနဲ့ ဖတ်) = သတ္တဝါတို့ရဲ့ နေရာ၊ ဘုံကိုးဝ = ဘုံ ၉-မျိုး၊ ဝိညာဏဌိတိ = ပဋိသန္ဓေ ဝိညာဏ် ဖြစ်ရာဌာန၊ ဝသုန္ဒြေ = မြေကြီး၊ ပံသု = မြေကြီး၊ သိလာ = မြေကြီး။
အဓိပ္ပာယ်ချုပ်
ယခုပြုတဲ့ ဤကုသိုလ်ရဲ့ အဖို့ကို .. မြင်းမိုရ်တောင်မက ကျေးဇူးကြီးတဲ့ မိဘနှစ်ပါးတို့အား အမျှပေးပါ၏။ ဤကိုယ်ကို အမြဲ စောင့်တဲ့ ကိုယ်စောင့် နတ်ကိုလည် ချန်မထားဘဲ အမျှပေးပါ၏။
မိတ်ဆွေ၊ ဆွေမျိုး၊ ဆရာ၊ ဘိုးဘွား၊ ယမမင်း၊ နတ်ဗြဟ္မာ၊ ဘီလူး၊ သိကြား၊ မြေနေနတ် (ဘုမ္မစိုး၊ ရုက္ခစိုး)၊ ဝေဟင်နေနတ်တို့ကိုလည်း အထူးရည်မှတ်ပြီး ဤမြင့်မြတ်သော ကုသိုလ်အဖို့ ကို အမျှပေးပါ၏။
ဘဝအမျိုးမျိုးမှာ အစဉ်မပြတ် ဖြစ်နေကြတဲ့ သတ္တဝါ အား လုံး၊ သတ္တဝါတွေ နေတဲ့ ဘုံဌာန ကိုးမျိုးမှာ (ရှိတဲ့ သတ္တဝါတွေ)၊ ပဋိသန္ဓေဝိညာဉ် တည်ရာဌာန ခုနစ်မျိုးမှာ (ရှိကြတဲ့ သတ္တဝါ တွေ)၊ သုံးဆယ့်တစ်ဘုံ အတွင်းရှိ ဝေနေယျသတ္တဝါ အားလုံး ကိုလည်း အမျှပေးပါ၏။
ဤမြေကြီးသည် သက်သေအရာ၌ တည်ပါစေ။ ကြားနိုင် သူ အားလုံး အမျှယူကြပါ။ ဝမ်းမြောက်ပါ၏။
အထက်ပါအတိုင်း အဓိပ္ပာယ်ကို ကောင်းစွာ နားလည် သွားတဲ့အခါ လိုရင်း တိုရှင်းနဲ့ ဘယ်လောက် အရသာရှိသလဲ ဆိုတာကို ခံစားကြည့်နိုင်ပါတယ်။
ဝိညာဏဌိတိ
ပဋိသန္ဓေ ဝိညာဏ်တို့ရဲ့ တည်ရာဌာနကို “ဝိညာဏဌိတိ”လို့ ခေါ် တယ်။ “တည်ရှိခုနစ်ပါး’ဆိုတော့ ဝိညာဏ်တည်ရာ ဘုံဌာနကို တူရာပေါင်း အုပ်စုခွဲရင် ရ-မျိုး ရှိတယ်။ အဲဒါတွေက ..
(၁) ရုပ်သွင်ရော ပဋိသန္ဓေစိတ်ပါ မတူတဲ့ဘုံ (နာနတ္တကာယ နာနတ္တသညီ)။ ဥပမာ ... ကာမသုဂတိ ရ-ဘုံ (လူ့ဘုံ ၁၊ နတ်ပြည် ၆)။ လူအချင်းချင်း၊ နတ်အချင်းချင်း၊ လူနဲ့နတ် ရုပ် သွင်တွေ မတူ၊ ပဋိသန္ဓေစိတ်လည်း တိဟိတ်၊ ဒွိဟိတ်၊ အဟိတ် လို့ သုံးမျိုး ဖြစ်နိုင်။
(၂) ရုပ်သွင်မတူ ပဋိသန္ဓေစိတ်တူတဲ့ဘုံ (နာနတ္တကာယ ဧကတ္တသညီ)။ ဥပမာ .. အကုသလဝိပါက် သန္တီရဏ ပဋိသန္ဓေ စိတ် တစ်ခုသာ ရှိတဲ့ အပါယ် ၄-ဘုံ၊ ပထမဈာန် ဝိပါက်စိတ် တစ်ခုသာရှိတဲ့ ပထမဈာန် သုံးဘုံ။ ပေါင်း ၇-ဘုံ။ အပါယ်ဘုံ သားချင်း၊ ပထမဈာန် ဗြဟ္မာဘုံသားချင်း၊ အပါယ်သားနဲ့ ဗြဟ္မာ ဘုံသားတွေ ရုပ်သွင် မတူ။
(၃) ရုပ်သွင်တူ ပဋိသန္ဓေစိတ်မတူ (ဧကတ္တကာယ နာနတ္တသညီ)။ ဥပမာ .. ဒုတိယဈာန်ဝိပါက် တတိယဈာန်ဝိပါက် ပဋိ သန္ဓေစိတ် နှစ်ခုနဲ့ ပဋိသန္ဓေ နေကြတဲ့ ဒုတိယဈာန် ၃-ဘုံ။
(၄) ရုပ်သွင်ရော ပဋိသန္ဓေစိတ်ပါတူ (ဧကတ္တကာယ ဧကတ္တသညီ)။ ဥပမာ .. စတုတ္ထဈာန် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေ နေ ကြတဲ့ တတိယဈာန် ၃-ဘုံ။
ပါဠိတော်မှာ တတိယဈာန် သုံးဘုံကိုသာ ပြပေမယ့် အဋ္ဌ ကထာမှာ ဝေဟပ္ဖိုလ် ဘုံကိုပါ ထည့်ယူဖို့ ဖွင့်ဆိုတယ်။ အချို့ ဆရာတွေက ဗုဒ္ဓ မပွင့်တဲ့ အချို့ ကမ္ဘာတွေမှာ သတ္တဝါ မရှိတဲ့ သုဒ္ဓါဝါသ ၅-ဘုံကို ဝိညာဏဌိတိနဲ့ သတ္တာဝါသ နှစ်မျိုးလုံးမှာ ထည့်ဘူး။ မဟာသိဝ မထေရ်ကတော့ မူလပဏ္ဏာသ၊ မဟာ သီဟနာဒသုတ် (မ၊၁၊၁၁၆) အဆိုကို ကိုးကားပြီး နှစ်မျိုးလုံး မှာ ထည့်သွင်းတယ်။ အရှင်မြတ်ရဲ့ အဆိုမှာ ပါဠိတော်နဲ့ မဆန့် ကျင်လို့ သင့်မြတ်တယ် (အံ၊ဋ္ဌ၊၃၊၁၆၅)။
ဒါကြောင့် ဝေဟပ္ဖိုလ် ၁-ဘုံ၊ သုဒ္ဓါဝါသ ၅-ဘုံကိုပါ ထည့် ရင် အားလုံး “ဧကတ္တကာယ ဧကတ္တသညီ” ၉-ဘုံ။
(၅) အာကာသာနဉ္စာယတန = အာကာသာနဉ္စာယတန အရူပ၀ိပါက် ပဋိသန္ဓေဝိညာဉ် တည်ရာ ၁-ဘုံ၊
(၆) ဝိညာဏဉ္စာယတန = ဝိညာဏဉ္စာယတန အရူပ၀ိပါက် ပဋိသန္ဓေ ဝိညာဉ် တည်ရာ ၁-ဘုံ၊
(၇) အာကိဉ္စညာယတန = အာကိဉ္စညာယတန အရူပ ဝိပါက် ပဋိသန္ဓေဝိညာဉ် တည်ရာ ၁-ဘုံ၊
၂၉-ဘုံ
ဝိညာဏဋ္ဌိတိ (ပဋိသန္ဓေ ဝိညာဏ်တည်ရာဘုံ)က အုပ်စုအနေနဲ့ ရ-မျိုး၊ ဘုံအနေနဲ့ ၂၉-ဘုံ ရှိတယ် .. အပါယ် ၄-ဘုံ၊ ကာမ သုဂတိ ရ-ဘုံ၊ ပထမဈာန် ၃-ဘုံ၊ ဒုဈာန် ၃၊ တဈာန် ၃၊ အရူပ ၃-ဘုံ၊ ဝေဟပ္ဖိုလ် ၁၊ သုဒ္ဓဝါသ ၅။ ပေါင်း ၂၉-ဘုံ။
အသညသတ်ဘုံမှာ ဝိညာဏ် မရှိလို့၊ နေဝသညာနာသညာယတနဘုံမှာ သိမ်မွေ့တဲ့အတွက် ဝိညာဏ် ရှိမရှိ မသတ်မှတ်နိုင်လို့ ဝိညာဏဌိတိ (ဝိညာဏ် တည်ရာဘုံ)ထဲမှာ မထည့်ဘူး (အံ၊ဋ္ဌ၊၃၊၁၆၅)။ ဒါဖြင့် မပါတာ ၂-ဘုံ။ (ပေါင်း ၃၁-ဘုံ။)
သတ္တာဝါသ
သတ္တဝါတွေ နေထိုင်ရာဌာန ကိုးမျိုးကို “သတ္တာဝါသ ဘုံကိုးဝ’ လို့ ဆိုတယ်။ ဖော်ပြပြီး ဝိညာဏဌိတိ ၇-မျိုးထဲမှာ မပါခဲ့တဲ့ အ သညသတ္တ ၁-ဘုံနဲ့ နေဝသညာနာသညာယတန ၁-ဘုံကို ထပ် ထည့်ရင် ဘုံ ၇-မျိုး ဖြစ်သွားပြီး ‘သတ္တာဝါသ ဘုံကိုးဝ”လို့ နောက် အမည်တစ်မျိုးနဲ့ ခေါ်ခြင်း ဖြစ်ပါတယ်။
အကျဉ်းမှတ် ဆောင်ပုဒ်က··
“လူ့ရပ် နတ်ဌာန်၊ ခွန်လျှင် နာ-နာ၊ ပထမာ ဈာန်၊ လေး တန် ပါယ်ခွင်၊ ခွန်လျှင် နာ-ဖီး၊ ဒွေးဈာန် သုံးရပ်၊ ဧး-နာ မှတ်လော့၊ အသညတ်မည်၊ တစ်လီဆိုရိုး၊ ကြွင်း ကိုးရူပ၊ ...ပြ၏၊ လေးအရူပါ၊ ဘုံကိုးဖြာသည်၊ သတ္တာဝါသ၊ မှတ်ကုန်ကြ (အနည်းငယ် ပြင်ထားပါတယ်)”။
ဘုရားဟော
“သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ၊ တည်ရှိခုနစ်ပါး”ဆိုတာ “သတ္တာဝါသသုတ် (အံ၊၃၊၂၀၁)နဲ့ ဝိညာဏဌိတိသုတ် (အံ၊၂၊၄၂၇) တွေမှာ ပါလို့ အင်္ဂုတ္တရနိကာယ်လာ ဘုရားဟော ဒေသနာတော်အစစ် ဖြစ်ကြောင်းပါ။ မေးခွန်းအမှတ်-၂၈၈ (ပေါင်း ချုပ် ၂၊ စာ-၈၈၆) ကိုလည်း ဖတ်ပါ။
ဩဂုတ် ၂၇၊ ၂၀၁၈။
---
၆၉၉။ ရွှေပြားပေါ်မှ စာရင်း
ဆရာတော် ဘုရား၊ တစ်နှစ်ကို တစ်ကြိမ် သင်္ကြန်ချိန် ရောက် တိုင်း သိကြားမင်းက လူ့ပြည်ကို ဆင်းလာပြီး ကုသိုလ် ပြုသူ တွေကို ရွှေပုရပိုက်နှင့် မှတ်တမ်းတင်းပြီး အကုသိုလ် ပြုသူ တွေကို ခွေးရေ ပုရပိုက်နှင့် မှတ်တမ်း တင်သည်ဟု အရပ်ထဲ တွင် ပြောကြပါသည်။ အဲဒါ မှန်ပါသလား ဘုရား။
မောင်မြင့်နွယ် (ဓမ္မစကူးလ်)
---
စာရင်းပြု
လဆန်း ၈-ရက်နေ့၊ လဆုတ် ၈-ရက်နေ့များ (၂-ရက်)၌ နတ် မင်းကြီး လေးယောက်၏ အလုပ်အကျွေးများသည် ... လဆုတ် ၁၄-ရက်နေ့၌ နတ်မင်းကြီး လေးယောက်၏ သားများသည် လဆန်း ၁၅-ရက်နေ့၌ နတ်မင်းကြီး လေးယောက် ကိုယ်တိုင် သည် ... လူသားတွေ ကုသိုလ် များများ ပြုကြသလောဟု စုံ စမ်းရန် လူ့ပြည်၌ လှည့်လည်ကြ၏။
လူတွေ ကောင်းမှုကို အနည်းငယ်သာ ပြုကြသည်ကို တွေ့ လျှင် နတ်အစည်းအဝေး၌ “နတ်ပြည်မှာ ဆုတ်ယုတ်ပြီး ငရဲမှာ စည်ကားလှ၏”ဟု စိတ်မကောင်း ဖြစ်ကြ၏။ လူတွေ ကောင်းမှု များများ ပြုကြသည်ကို တွေ့လျှင် “နတ်ပြည်မှာ စည်ကားပြီး ငရဲမှာ ဆုတ်ယုတ်လိမ့်မည်”ဟု ဝမ်းသာကြ၏။ (အံ၊၁၊၁၄၁)။
လှည့်လည်ကြ၏-ဟူသည် သိကြားမင်း၏ တိုက်တွန်း ချက်အရ နတ်မင်းကြီး လေးယောက်သည် ၎င်းတို့၏ အလုပ် အကျွေးများအား လူ့ပြည်သို့ သွား၍ ကောင်းမှုရှင် စာရင်းကို ရွှေပြားပေါ်၌ ရေးမှတ်ပြီး ယူလာရမည်(ပုညကာရာနံ နာမ ဂေါတ္တာနိ သုဝဏ္ဏပန္နေ လိစိတွာ အာနေထ)ဟု စေခိုင်း၏။ (အံ၊ဋ္ဌ၊၂၊၁၂၂)။
အဖြေ
ဒီစာအရ သိကြားမင်းရဲ့ စေခိုင်းချက်အရ နတ်တွေဟာ တစ်လ လေးကြိမ်စီ လူ့ပြည်ကို ဆင်းပြီး ကောင်းမှုရှင် စာရင်းကို ရွှေ ပြားပေါ်မှာ ရေးမှတ်ပြီး နတ်ပြည်ကို ယူသွားတယ်လို့ မှတ် သားရတယ်။ တစ်နှစ် တစ်ကြိမ်ဆင်း၊ သိကြားမင်း ကိုယ်တိုင် ဆင်း၊ မကောင်းမှု ပြုသူကို ခွေးရေ ပုရပိုက်မှာရေး ဆိုတာမျိုး တော့ ကျမ်းဂန်မှာ မတွေ့မိကြောင်းပါ။
ဩဂုတ် ၂၈၊ ၂၀၁၈။
---
၇၀၀။ အကုသိုလ်စိတ်ကို အားနည်း
ဆရာတော် ဘုရား၊ တပည့်တော်သည် ပုံမှန် တရားထိုင်သည် မှာ နှစ်အတော် ကြာပါပြီ ဘုရား။ ရိပ်သာကိုလည်း တစ်နှစ် နှစ်ကြိမ်ထက် မနည်း ဝင်ပါသည်။ အန်ကယ်က တရားနှင့် နေ တာပဲဟု ဘေးလူ အချို့ရဲ့ ချီးမွမ်းတာကို ကြားဖူးပါသည်။ သို့ ရာတွင် ပွင့်လင်းစွာ ဝန်ခံရမူ မိုးချုပ် အိပ်ရာဝင်ချိန် ပြန်စဉ်း စားမိတိုင်း အကုသိုလ်စိတ် အဖြစ်များတဲ့ရက်က ပိုများသည်ဟု ထင်ပါသည် ဘုရား။ ဒီလိုသာ ဖြစ်ရင် ဘဝကူး ကောင်းဖို့ မ လွယ်ကူဟုလည်း ခံစားမိပါသည်။ အကုသိုလ်စိတ် အဖြစ်နည်း အောင် တားဆီးနိုင်မယ့် နည်းလမ်း ရှိလျှင် ညွှန်ကြားပေးစေ လိုပါသည် ဘုရား။
ဒကာ ရှိန်ဝင်း
---
အမှတ်တမဲ့
ရိပ်သာဝင်တိုင်း အကုသိုလ်စိတ် နည်းရမယ်ဆိုရင် ရိပ်သာမှာ နေတဲ့ ဘုန်းကြီးတွေ အကုသိုလ်စိတ် ကုန်တာ ကြာလှပေါ့။ ဘေးလူက ချီးမွမ်းစကား ဆိုပေမယ့် မိမိကိုယ်ကို အမှန်အ တိုင်း သုံးသပ်နိုင်တာကိုပဲ သူတော်ကောင်း လက္ခဏာလို့ ဆို ခွင့်ရှိပါတယ်။ ကိုယ့်စိတ်ကို ကိုယ်အသိဆုံးပဲ မဟုတ်ပါလား။ ဘုန်းကြီးတို့လည်း နေ့စဉ်ဘဝမှာ အကုသိုလ်နဲ့ မကင်းနိုင်ဘူး။ သိက္ခာပုဒ်၊ သင်္ကန်း၊ ဓမ္မတွေနဲ့ ထိန်းချုပ် ထားရင်းက မကြာခဏ လွတ်သွားတာမျိုး ကြုံရတယ်။ အမှတ်တမဲ့ နေသူအဖို့ တစ်နေ့တာ အလုပ် အပြော အကြံတွေကို အကောင်း ငါးဆယ် ရာနှုန်း ဖြစ်နိုင်ဖို့ မလွယ်ဘူး။
ဆရာ့နည်း
ဘုန်းကြီး အသက် ၁၈-နှစ်(ကိုရင်)၊ ညောင်တုန်းမြို့၊ ရွှေဟင်္သာ တောရတိုက်မှာ စာသင်စဉ် အဋ္ဌသာလိနီ(ကျမ်းစာ)ကို ပို့ချတဲ့ လင်္ကာရဘုန်းကြီးက အဓိပ္ပာယ်ရှင်းရင်း “နေ့တိုင်း ကုသိုလ် စိတ် များများဖြစ်အောင် လုပ်တဲ့နည်း´ကို သင်ပေးဖူးတယ်။ ဆရာဘုန်းကြီး ကိုယ်တိုင်လည်း ကျင့်သုံးနေတယ်လို့ ယုံကြည် ရတယ်။ အရွယ်ရလို့ လက်တွေ့ ကျင့်သုံးလိုစိတ် ဖြစ်ချိန်မှာ ဆရာ့စကားကို သတိရလာလို့ စာသားကို ပြန်ရှာ၊ စာမှာပါ တိုင်း ကြိုးစားပြီး ကျင့်သုံးပါတယ်။ အလွန် အသုံးတည့်လို့ အဲဒီနည်းကို မျှဝေပါတယ်..
ကန့်သတ်
ကုသိုလ် ဖြစ်အောင်ပဲ ကြံပြောလုပ်မယ်၊ ဒွါရ ၆-ပါးမှ ကုသိုလ် စိတ်ကိုပဲ အဝင်ခံမယ်၊ ကုသိုလ်သတိကို မြဲစေမယ်၊ အကြံဆိုး တွေ ဝင်လာရင် မောင်းထုတ်ပစ်မယ်လို့ ကိုယ့်စိတ်ကို ပြတ် သားစွာ ကန့်သတ် ဆုံးဖြတ်ပါ။ ဒီလိုလုပ်ရင် ဒီကန့်သတ်ချက် အောင်မြင်အောင် ဂရုစိုက်ရလို့ များသောအားဖြင့် အကုသိုလ် အာရုံကို ရှောင်နိုင်တယ်။ မလွှဲသာလို့ အကုသိုလ် အာရုံနဲ့ တွေ့ ရင်တောင် အကုသိုလ် ဖြစ်သွားတဲ့ အဆင့်ကို မရောက်နိုင်။ ကုသိုလ် အတွေးအကြံများသာ ဆက်ဖြစ်နေတယ်။ ဒါကို ပါဠိ လို “နိယမိတ’နည်း ခေါ်တယ်။
ပြောင်းပစ်
ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်ကို ကုသိုလ်စိတ် အဖြစ် ပြောင်း ပစ်ရတယ်။ ဆန့်ကျင်ဖက် လိင်ကို မြင်လို့ ကိလေသာစိတ် ဖြစ် ရင် အရွယ်အလိုက် မိဘမောင်နှမ စသည် သတ်မှတ်ပြီး သူတို့ အပေါ် သနားစိတ် ဝင်အောင် လုပ်ရတယ်။ ကိုယ်ခန္ဓာထဲက အ ညစ်အကြေးကို မြင်အောင်ကြည့်ပြီး အသုဘသညာ (စက်ဆုပ် ဖွယ်အသိ)နဲ့လည်း ထိန်းနိုင်တယ်။ ရပြီးသား ပရိတ် ပဋ္ဌာန်း တွေကို အာရုံပြုနေလိုက်ရင်လည်း တဒင်္ဂမှာ ငြိမ်းသွားတယ်။ တဒင်္ဂတွေ များလာလေ ငြိမ်းချမ်းချိန် များလေပါပဲ။ ဒါကို ပါဠိ လို “ပရိဏာမိတ’နည်း။
မပြတ်မလပ်
ကုသိုလ် အလုပ်ကိုပဲ အစဉ်မပြတ် လုပ်နေရင် အကုသိုလ် ဖြစ် ခွင့်မသာဘူး။ ဆရာတော် အချို့ ပုတီးဆောင်တာကို တွေ့ဖူး မယ်။ ဗုဒ္ဓါနုဿတိ (ဘုရားဂုဏ်ပွား)၊ မရဏဿတိ (သေခြင်းကို ဆင်ခြင်) .. တစ်ခုခုကို အဆက်မပြတ် ပွားနေတာ။ တရားနာတာ။ ကုသိုလ်ရမယ့် စာကို ဖတ်တာ၊ ရေးတာ၊ ကြံစည်တာ၊ ကုသိုလ် ဝေယျာဝစ္စတွေနဲ့လည်း အကုသိုလ် ဖြစ်ခွင့် မသာအောင် လုပ်နိုင်တယ်။ နေ့စဉ် အလုပ် လုပ်ရသူအဖို့ အားလပ် ချိန်တိုင်းမှာ ကုသိုလ်စိတ်ကိုပဲ.. အဝင်ခံဖို့ လေ့ကျင့်နိုင်တယ်။ ဒါကို “သမုဒါစာရ’နည်း ခေါ်တယ်။
အသင့်မြင်
လူတိုင်းကို ငါ့လောက် မဟုတ်ဘူးလို့ ထင်နေသူ အချို့ကို တွေ့ ဖူးမှာပေါ့။ ဒီလို မွေးရာပါတွေအဖို့ အသင့်နှလုံး သွင်းနိုင်ဖို့ ခက် မယ်။ ကုသိုလ် ဖြစ်ကြိမ်လည်း နည်းမယ်။ ဒါကြောင့် နှလုံး သွင်းကောင်း ရှိဖို့ဆိုရင် ရှေးကုသိုလ်ကံ လည်းရှိမှ။ သင့်တင့် အရပ်မှာ နေ၊ သူတော်ကောင်းနဲ့ ပေါင်းဖော်၊ သူတော်ကောင်း တရားကို နာယူခြင်းတွေနဲ့ နှလုံးသွင်းကောင်း (ယောနိသော မနသိကာရ) ဖြစ်အောင် လုပ်နိုင်တယ်။ တတ်နိုင်သမျှ ကုသိုလ် ဖြစ်အောင် သင့်တော်သလို နှလုံးသွင်းဖို့ အလေ့အကျင့် ပြုရ မယ်။ ဒါကိုတော့ “အာဘုဇိတ’နည်းတဲ့။
ပြန်ချုပ်
ဒါတွေကတော့ အဋ္ဌသာလိနီကျမ်း မဟာကုသိုလ်စိတ် အဖွင့် (အဘိ၊ဋ္ဌ၊၁၊၁၁၇)ကို သင်ယူစဉ်က စာချရင်း ဆရာဘုန်းကြီး ညွှန်ပြတဲ့ “အကုသိုလ်စိတ် အဖြစ်နည်းအောင် တားဆီးနိုင်မယ့် နည်း’ ဖြစ်ပါတယ်။ ကျမ်းဂန်မှာ အခြား နည်းလမ်းကောင်းတွေ လည်း ရှိဦးမှာပါ။ အောင်မြင်ပါစေ။
မှတ်ချက်များ
တပည့်တော်ကတော့ ထွေရာလေးပါး သိပ်မသွားတော့ဘဲ အိမ်မှာပဲ အနေများအောင် နေပြီး တတ်နိုင်သလောက် အမှတ် သတိ ကပ်ထားပါတယ် ဘုရား။ ဆရာတော် ပြောသလိုဘဲ အာရုံကို အမြဲတမ်းလိုပဲ မြင်ရင် မြင်တယ် ကြားရင် ကြား တယ် ထိရင် ထိတယ် စသည်ဖြင့် သတိကပ်ထားတာ တပည့် တော်အတွက် အကုသိုလ် လျော့သွားတယ်လို့ အောက်မေ့ပါ တယ်ဘုရား။ မဟာစည်မှာ တရား သွားအားထုတ်စဉ်က လည်း ဆရာတော်ကြီးက အမြဲတမ်း အမှတ်သတိကို စိပ်စိပ် မှတ်နိုင် အောင် ကြိုးစားဖို့ မှာပါတယ် ဘုရား။ ဦးတင်ပါတယ် ဘုရား။ ဦးအောင်ခင် (Anaheim, CA)
သတိပဋ္ဌာန် (သတိပြဋ္ဌာန်း)ဆိုတာ အဲဒါပါပဲ ဒကာကြီး။ သာဓု သာဓု သာဓု။ အရှင်ကေလာသ
ဩဂုတ် ၂၉၊ ၂၀၁၈။
၇၀၁။ ဒိဋ္ဌိတိုင်း ငရဲမကျ
ဆရာတော် ဘုရား၊ ထင်ရှားသည့် ဆရာတော် တစ်ပါး ပြုစု သည့် ကျမ်းစာတွင် “ဆိုလိုရင်းက ထင်ရှားပင်ကို ရှိနေတဲ့ ရုပ် နာမ် သက္ကာယထဲမှာ ငါစွဲ အတ္တဒိဋ္ဌိ မထည့်နဲ့။ အတ္တဒိဋ္ဌိဟာ သက္ကာယဒိဋ္ဌိပဲ၊ အဲဒါ တန်းလန်းနဲ့ သေရင် အပါယ်ငရဲ လားမှာပဲ”ဟု ဖတ်ရပါသည်။ သက္ကာယဒိဋ္ဌိ တန်းလန်းနှင့် သေလျှင် အပါယ်ကျမည် ဟူသော အဓိပ္ပာယ် ဖြစ်မည်ဟု ထင်ပါသည်။ မှန်ပါသလား ဘုရား။
ဦးညိုဝင်း (မြောင်းမြ)
---
တစ်ပါတည်း
မေးလိုတာတော့ “သက္ကာယဒိဋ္ဌိကြောင့် အပါယ်ကျသလား”ဆို တဲ့ အဓိပ္ပာယ် ဖြစ်မယ်။ ဒါပေမယ့် ကျမ်းဂန်မှာ အခြား ဒိဋ္ဌိတွေ နဲ့ တွဲပြလေ့ရှိလို့ တွဲမှတ်ရမယ့် အခြား ဒိဋ္ဌိအချို့ကိုပါ တစ်ပါ တည်း ပြောလိုက်မယ် ..
မြွေပွေးလို
ကုသိုလ်ကံ (အလုပ်ကောင်း) အကုသိုလ်ကံ (အလုပ်ဆိုး)ဆို တာ မရှိဘူးလို့ အကြောင်းကံကို ပယ် (အကြိယဒိဋ္ဌိ)၊ ကောင်း ကျိုး ဆိုးကျိုး မရှိဘူးလို့ ကံရဲ့အကျိုးကို ပယ်(နတ္ထိကဒိဋ္ဌိ)၊ အဲဒီ နှစ်မျိုးလုံး ဘာမှ မရှိ (အဟေတုကဒိဋ္ဌိ)။ ဒီအယူ ၃-မျိုးနဲ့ သေ ရင် အပါယ်ဂတိမြဲလို့ “နိယတမိစ္ဆာဒိဋ္ဌိ’လည်း ခေါ်တယ် (အဘိ၊ဋ္ဌ၊၃၊၁ဝ၁)။ ကမ္ဘာပျက်တောင် ပိဋ္ဌိစကြဝဠာ ငရဲမှာ ဖြစ်ရတယ် (အံ၊ဋ္ဌ၊၁၊၃၇၂)။ ဒီဝါဒကို ဒီကမ္ဘာမှာ ဩက္ကလာ ဇနပုဒ်သား ဝဿနဲ့ ဘည အမည်ရှိသူတို့ စထွင်ခဲ့သတဲ့ (မ၊၃၊၁၂၁)။
ဒီအယူမှား သုံးမျိုး တစ်မျိုးမျိုး ရှိနေသူဟာ သေရင် လုံးဝ ငရဲကျ၊ ဒီဘဝ တရားထူးဆိုတာ ဝေလာဝေး။ ဒီလူမျိုးကို မြွေ ပွေး မြွေဟောက်လို ဝေးဝေးရှောင် (ဒီ၊ဋ္ဌ၊၁၊၁၅ဝ)။
တစ်စွန်းစွဲ
ပါဠိလို “အန္တဂ္ဂါဟိကာ”လို့ ခေါ်တယ်။ “မြဲ” သို့မဟုတ် “ပြတ်”ဆို နှစ်စွန်းအနက် တစ်ခုခုကို အသေဆုပ်ကိုင် ထားသူ။ ယူပုံ ဆယ်မျိုးပြတယ် .. လောကသည် မြဲ၏၊ မမြဲ၊ လောကသည် အ ဆုံး ရှိ၏၊ မရှိ၊ ကိုယ်သည် အသက် အသက်သည် ကိုယ်၊ အသက်နှင့် ကိုယ်သည် တခြားစီ၊ သတ္တဝါသည် သေပြီးနောက် ဖြစ်၏၊ မဖြစ်၊ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း ရှိ၏ မဖြစ်သည်လည်း ရှိ၏၊ သေပြီးနောက် ဖြစ်သည်လည်း ဟုတ် မဖြစ်သည်လည်း မဟုတ် (ပဋိသံ၊၁၄၉)။
အထက်ပါ အယူမျိုး ယူထားသူဟာ အယူဖောက်ပြန်လို့ ဒီဘဝ တရားအားထုတ်ပေမယ့် တရားထူးကို မရနိုင်။ ဒါပေ မယ့် ကမ္မပထ မမြောက်လို့ သေရင် ဂတိကောင်းကို မျှော်လင့် နိုင်သေးတယ် (အံ၊ဋ္ဌ၊၁၊၃၆၉။ အံ၊ဋီ၊၃၊၂၂၅)။
ကိုယ်ခန္ဓာစွဲ
ထင်ရှား ရှိနေတဲ့ ခန္ဓာကိုယ်ကို စွဲလန်းတာကို “သက္ကာယဒိဋ္ဌိ” လို့ ခေါ်တယ်။ စွဲလန်းပုံ နှစ်ဆယ် ရှိတယ် .. ရုပ်ကို အတ္တ (ကိုယ်)ဟု ရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု ရှု၊ အတ္တ၌ ရုပ်ဟုရှု၊ ရုပ်၌ အတ္တဟု ရှု။ ဝေဒနာကို အတ္တ (ကိုယ်)ဟု ရှု၊ (ကြွင်း ခန္ဓာကို) ဝေဒနာရှိသော အတ္တဟု ရှု၊ အတ္တ၌ ဝေဒနာဟု ရှု၊ ဝေဒနာ၌ အတ္တဟု ရှု။ သညာကို အတ္တ(ကိုယ်)ဟု ရှု၊ (ကြွင်း ခန္ဓာကို) သညာရှိသော အတ္တဟုရှု၊ အတ္တ၌ သညာဟုရှု၊ သညာ၌ အတ္တဟု ရှု။ သင်္ခါရ၊ ဝိညာဏ တို့၌လည်း ၄-မျိုးစီ။ ပေါင်း ရှုပုံ ၂၀ (မ၊၃၊၆၈)။
အပါယ်မကျ
ပုထုဇဉ်မှန်ရင် လူတိုင်းမှာ ဒီလို သက္ကာယဒိဋ္ဌိ ငုတ်လျှိုးနေ တယ်။ ငုတ်လျှိုးနေရုံနဲ့ ကမ္မပထ မမြောက်ဘူး။ ဒါကြောင့် ဒီဒိဋ္ဌိ ကို အခြေခံတဲ့ အကုသိုလ်ကို မလုပ်ရင် ဒီဒိဋ္ဌိ ကိန်းနေရုံနဲ့ ငရဲမ ကျဘူး။ ဒီသက္ကာယဒိဋ္ဌိကို ပယ်ပြီး သတိနဲ့ တရားရှုမှတ်ရင် ဒီ ဘဝ မဂ်ဖိုလ်ကိုလည်း ရတယ် (အံ၊ဋ္ဌ၊ ၃၊၃၆၉)။
အဖြေ
အဖြေ ပေါ်ပါပြီ။ ကျမ်းဂန် အဆိုကို ကြည့်ပြီး မိမိဘာသာ မှန် မမှန် ဆုံးဖြတ်ရုံပဲ။ “အဲဒါ တန်းလန်းနဲ့ သေရင် အပါယ်ငရဲ လားမှာပဲ’ဆိုတာ အဲဒီ ဆရာတော်ရဲ့ အယူအဆ သက်သက် ဖြစ်ရင် ဖော်ပြပါ ကျမ်းဂန်နဲ့ မညီဘူးလို့တော့ ဆိုရမှာပေါ့။
ဩဂုတ် ၂၉၊ ၂၀၁၈။
---
အမုန်းသင်တန်း
Only Islamic societies' Mosques in this country are places which teach and prease hatrate of other minorities every single week. (Douglas Murray (BBC Big Questions))
ဒီဗြိတိန်နိုင်ငံ အတွင်းရှိ မူဆလင်တို့ရဲ့ ဗလီတွေပဲ အခြား လူ မျိုးတွေအပေါ် အမုန်း တရားတွေကို အပတ်စဉ် သင်ကြား ချီးမွမ်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒေါက်ဂလပ်စ် မောရီ
---
၇၀၂။ အဝသံသရာ
ဘုန်းဘုန်း ဘုရား၊ စန္ဒယားကို စသင်ချိန်က ဆရာကြီးထံမှ ဘဝသံသရာ သီချင်းကို သင်ယူခဲ့ရပါသည်။ တီးခတ်လာသည် မှာလည်း ကြာပါပြီ။ အဓိပ္ပာယ်ကိုတော့ ပြည့်စုံစွာ နားမလည် ပါ။ သို့ပါ၍ ဘုန်းဘုန်းမှ ရှင်းပြပေးစေလိုပါသည် ဘုရား။ ဘုန်း ဘုန်း၏ ပညာဂုဏ်ကို ရိုသေ ဦးခိုက်လျက်ပါ ဘုရား။
စိုင်းခမ်းနောင် (စန္ဒယား)
---
အားပေးခြင်း
အတီးပညာကို စတင် သင်ယူတာနဲ့ ဘုရားရှိခိုး တီးလုံးတွေကို သင်ရတယ်လို့ ဂီတမှူးတစ်ဦး ပြောဖူးတယ်။ ရှေးဦး ဂီတပညာ ရှင်တွေဟာ ဘုန်းကြီးကျောင်းနဲ့ မဝေးလွန်းဘူး။ ဒါကြောင့် သူ တို့ ရေးဖွဲ့တဲ့ မြန်မာ့မဟာဂီတ အများစုလည်း ဗုဒ္ဓဝါဒက သင် ကြားတဲ့ တွေးခေါ် မြော်မြင်မှုနဲ့ များစွာ ဆက်နွယ်နေတယ်လို့ ဆိုနိုင် ကောင်းပါတယ်။ ခေတ်သစ် အဆိုကျော်အချို့ ဘုရားရှိး ကျောင်း (ချတ်ချ်)တွေက စတင်ကြတာပဲ။ ဗုဒ္ဓဝါဒ ဒဿနကို အားပေးတဲ့ အနေနဲ့ ဒီမေးခွန်းကို ဖြေပါတယ်။
တိပ်ခွေရဲ့ အဖုံးဖော်ပြချက်အရ ဘဝသံသရာ သီချင်းကို ဆရာကြီး ဦးသုခ ရေးတယ်။ ဘုန်းကြီး အသက် ၈-နှစ်ခန့် ပင် တောရွာထိ ပေါက်နေပြီ ဖြစ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀- ကျော်က ရေးခဲ့တာ ဖြစ်မယ်။ ဦးသုခ ကိုယ်တိုင် သီဆိုတဲ့ သီ ချင်း စာသား အပြည့်အစုံက..
စာကိုယ်
ဘဝသံသရာ .. ရှည်လျား ထွေပြား မနေမနား တသွားတည်းသွားကြတာ .. (၂) ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက် ဆင်း တစ်ယောက်တက် ဆက်လက် ထွက်ခွာလာ .. (၂) လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပျော်လိုက် ရွှင်လိုက် ငိုကာရယ်ကာ .. ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ (၂)
တွေ့ကြုံ ဆုံကွဲ တခရီးတည်း ဝမ်းနည်းဝမ်းသာ ဝိပလ္လာ .. ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်ပါလည်း ဖြစ်ရမှာ အော် ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ.. မဖြစ်ချင်တာတွေ လည်း ဖြစ်ရမှာ ... သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်း ရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ။
သံသရာ
ခန္ဓာ အာယတန ဓာတ်တို့ အဆက်မပြတ် ဖြစ်နေတာကို သံသရာ ခေါ်တယ်။ ဒီဘဝသည်ပင် သံသရာပါပဲ။ သေပြီးနောက် လည်း ဒီတရားတွေ အစဉ်မရပ်ဘဲ ဆက်ဖြစ်ဦးမယ်။ ဒါကို ဘဝသံသရာ ခေါ်တယ်။ ဘဝသံသရာဟာ အဆုံးမထင် ရှည် လျားတဲ့ ခရီးကို မရပ်မနား တသွားတည်း သွားနေတဲ့ ရထား ကြီးလိုပါပဲ။ ဘဝရထားကြီးပေါ်မှာ သတ္တဝါတွေဟာ စုံလင် ထွေ ပြားတဲ့ သွင်ပြင်ပုံစံနဲ့ ခရီး မဆုံးသေးသရွေ့ တစ်ယောက်ဆင်း တစ်ယောက်တက် ခရီးဆက်နေကြရတယ်။
ကံပိုင်ရှင်
ဘဝရထားကို လည်ပတ်စေတဲ့ အကြောင်းရင်းက လိုချင်၊ စိတ် ဆိုး၊ မသိမိုက်မဲ ဆိုတဲ့ တရားသုံးပါး။ မသိမှု (အဝိဇ္ဇာ)ကြောင့် တပ်မက် စိတ်ဆိုး ဖြစ်ရာကနေ အကောင်း အဆိုးတွေလုပ် (သင်္ခါရ)။ ကောင်းကျိုး တွေ့တော့ ပျော်၊ ဆိုးကျိုး ကြုံတော့ငို။ ရယ်လည်းခဏ ဆွေးခဏမို့ ဘယ်ဟာမျှ မတည်မြဲ။ ဖောက်လွဲ ဖောက်ပြန် သဘာဝကြီး။ အမှန်တော့ ငိုရတာ ကိုယ်လုပ်လို့၊ ရယ်ရတာလည်း ကိုယ့်လက်ချက်ပါပဲ။ သူသူငါငါ ကိုယ့် အလုပ် ရဲ့ အကျိုးဆက်ကိုပဲ ပိုင်ဆိုင်နေကြရတာ။
ဝဋ်အတွင်း
ခရီးဖော်တွေ တွေ့ဆုံ ချစ်ခင်ပြီးမှ ခွဲခွာသွား။ အမြင်မမှန်လို့ ဝမ်းသာရ ဝမ်းနည်းရ၊ ဖြစ်ချင်တာတွေ မဖြစ်၊ မဖြစ်ချင်တာတွေ ဖြစ်လာလို့ ကိုယ့်ကိုယ်ကို အစိုးမရကြဘူး။ သုံးဆယ့်တစ်ဘုံဝင် (ကံပစ်ချခံ ဘုံဌာန ၃၁-ခု)၊ အုပ်စုတူရာပေါင်း တေဘုမ္မာလို့ ခေါ် တဲ့ ကာမ ရူပ အရူပ ဘုံသုံးပါး အတွင်းမှာ ကံရဲ့ စီမံသတ်မှတ် ချက်အတိုင်း သည်မှဟို ဟိုမှသည် ထက်အောက် စုံဆန် ကျင် လည်ကြရတယ်။ ပစ္စည်းတင်တဲ့ အဝတ်ခွေ (ကရွတ်ခွေ) ပေါ်မှာ ကင်းသတ္တဝါ ဝိုင်းကြီးပတ်ပတ် သွားနေသလိုပါပဲ။
ရည်ရွယ်
ကံဆိုတာ အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းတယ်။ ခရီးပန်း တိုင်ကို ရောက်နိုင်မယ့် အလုပ်ကောင်းတွေ လုပ်ပြီး ဘဝရ ထားပေါ်မှာ လိုက်ပါကြစေခလို။
ဩဂုတ် ၃၁၊ ၂၀၁၈။
---
ဆင်းရဲခြင်း
Poverty is the worst form of violence. (Mahatma Gandi)
ဆင်းရဲခြင်းဟာ အဆိုးဆုံး အကြမ်းဖက်မှု ပုံစံတစ်မျိုးပဲ။
---
၇၀၃။ အရက်ပါတဲ့ ဆေး
ဆရာတော် ဘုရား၊ သေရည် အရက်ကို ကျန်းမာရေးအတွက် အနည်းငယ်မျှ သောက်လျှင် သီလမပျက်၊ တစ်ကြိမ်တစ်ခါ သောက်ရုံဖြင့်လည်း အပါယ်မကျဟု ဆရာဝန်တစ်ဦးက ဆိုပါ သည်။ ထိုစကား မှန်ပါသလား ဘုရား။ အရက်ပါတဲ့ ဆေးကို သောက်ကောင်း မသောက်လည်း သိလိုပါသည် ဘုရား။
ဟိန်းနေလင်း
---
အင်္ဂါရပ်
ငါးပါးသီလအဖွင့် အဋ္ဌကထာ (ခုဒ္ဒကပါဌ၊ဋ္ဌ၊၂၁)မှာ ကံမြောက် တဲ့ အရက်သောက်ခြင်း ဖြစ်ဖို့ အင်္ဂါရပ် ၄-ခု ဖော်ပြပါတယ် သုရာငါးမျိုး မေရယငါးမျိုး ဆိုတဲ့ မူးယစ်ပစ္စည်း တစ်ခုခု ဖြစ် ခြင်း၊ သောက်လိုစိတ် ရှိခြင်း၊ သောက်ဖို့ လုံ့လပြုခြင်း၊ မျိုချ ခြင်း။ ပေါင်းပြောရင် သေအရက် ဖြစ်ခြင်းနဲ့ သောက်ခြင်းပါပဲ။ ဒီအင်္ဂရပ် ၄-မျိုးနဲ့ ကိုက်ညီရင် နည်းများမဟူ သီလလည်း ကျိုး ကံလည်း မြောက်တယ်။ “ကံမြောက်”ဆိုတာကို အပါယ် ကို ကျစေနိုင်တယ်လို့ အဓိပ္ပာယ်ယူပါ။
ငါမျိုးသရုပ်
သုရာ (သေရည်) ငါးမျိုး .. “ဆန်မှုန့်၊ မုန့်၊ ထမင်း၊ တဆေး၊ ဖန်ခါးသီး မုန်ညင်းစေ့ စသည်ရောစပ် ပစ္စည်း’ ငါးမျိုးနဲ့ လုပ်တဲ့ မူးယစ်ပစ္စည်းကို သေရည်ခေါ်တယ်။ မေရယ (အရက်) ငါးမျိုး - ပန်းပွင့်စိမ်ရည်၊ အသီးစိမ်ရည်၊ စပျစ်သီးစိမ်ရည်၊ ကြံရည် ထန်းရည်ကို စိမ်(ဖောက်)တဲ့ အရည်၊ ဖန်ခါးသီးစသည် ပါဝင် တဲ့ ရောပြွမ်းစိမ်ရည်။ ဒီစိမ်ရည် ငါးမျိုးကို အရက်ခေါ်တယ်။
လူတွေရဲ့ သတိပျက်ပြားပြီး အသိဉာဏ်ကို ဖောက်ပြန်စေတဲ့ ခေတ်ပေါ် သေအရက် မျိုးစုံနဲ့ မူးယစ်ပစ္စည်း အားလုံး ဖော်ပြပါ သေရည်နဲ့ အရက်ထဲမှ ထည့်ယူရမယ်။
ဘယ်လောက်
“အယုတ်သဖြင့် သမန်းမြက်ဖျားဖြင့်သော်လည်း သောက်အံ့၊ ပါ စိတ်အာပတ်သင့်၏ (ဝိ၊၂၊၁၄၆)”ဆိုတဲ့ ပါဠိတော်အရ မြက်ဖျား နဲ့တို့ပြီး သောက်ရင်ပဲ ရဟန်းရဲ့ သီလပျက်တယ်။ သီလပျက် ရင် ကံလည်း မြောက်တာပဲ။ ရဟန်းသီလ ပျက်သလို လူသီလ လည်း ပျက်တယ်။ ဒါကြောင့် ဖော်ပြပြီး အင်္ဂါလေးရပ်နဲ့ ညီရင် No Excuse ပါပဲ။ ကျန်းမာရေးလည်း မလုပ်ပါနဲ့။ တစ်ကြိမ် တစ်ခါလည်း မစမ်းပါနဲ့။
ခြွင်းချက်
ဟင်းရဲ့ အနံ့အရသာ ကောင်းဖို့ ဟင်းထဲမှာ အရက် အနည်း ငယ် ထည့်ချက်ကောင်းတယ်။ ဆေးဖော်ရာမှာ ဆေးအာနိသင် စွမ်းဖို့ အရက် အနည်းငယ် ထည့်ကောင်းတယ်။ ဒါပေမယ့် သေအရက်ရဲ့ အဆင်း အနံ့ အရသာ ထင်ရှားနေရင် မအပ်ဘူး (ဝိ၊ဋ္ဌ၊၃၊၁၂၇)။ ဒီအဖွင့်အရ သေအရက်နံ့ မသိမသာ ပါနေရုံနဲ့ မူးယစ်ပစ္စည်းလို့ ဆိုနိုင်ဖွယ် မရှိ။ ဒါကြောင့် အရက်နဲ့ ချက်တဲ့ ဟင်း၊ အရက်ပါတဲ့ ဆေးအချို့ကို အသုံးပြုကောင်းတယ်။
အခြား ပစ္စည်းတွေနဲ့ ရောလိုက်လို့ ဓာတ်ပြုပြီး အာနိသင် ပျက်သွားတဲ့ အခြေအနေမှာ မူးယစ်စေနိုင်တဲ့ သတ္တိ မရှိတော့ လို့ အရက်လို့ မဆိုနိုင်တဲ့ အတွက် အပေါ်မှာ ဖော်ပြတဲ့ ‘သမန်း မြက်ဖျား’ဆိုတဲ့ အနည်းဆုံး ပမာဏပြ စကားနဲ့လည်း မဆန့် ကျင်ဘူးလို့ ဆိုနိုင်ဖွယ် ရှိပါတယ်။
အပြစ်ကြီးငယ်
ရဟန်းအဖို့ ပုရွက်ဆိတ်ကို သတ်တာနဲ့ ဆင်ကိုသတ်တာ အာ ပတ် အတူတူပဲ။ ဒါပေမယ့် ကံအကျိုးပေးမှာတော့ လုံ့လ ပ ယောဂ နည်းများအရ အကုသိုလ်အပြစ် ကြီးငယ် ကွာတယ်။ ဒီလိုပဲ အရက်သောက်ရင် သီလပျက်၊ ကံမြောက် ဆိုပေမယ့် သောက်တဲ့ အရက်ပမာဏ နည်းများအရတော့ အကျိုးပေး ပေါ့လေး ခြားနားခွင့် ရှိပါတယ်လို့ ယူဆရင် ယုတ္တိနဲ့ မဝေးတန် ရာပါဘူး။ သမ္မောအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၃၆၇)၊ သိက္ခာပဒ ဝိဘင်း အဖွင့်က ရတဲ့ အတွေးအမြင်ပါ။
အများရဲ့အစ
အများရဲ့အစ အနည်းက။ ဒါကြောင့် နည်းနည်းလေး သောက် တာလို့ အကြောင်း မပြသင့်ဘူး။ နည်းနည်းလေးက များများ လာတတ်လို့ပါ။ နည်းနည်းတောင် မရှောင်နိုင်ရင် များလာရင် ပိုမရှောင်နိုင် ဖြစ်မှာပေါ့။
စက်တင်ဘာ ၆၊ ၂၀၁၈။
---
အကြွေးတင်အောင် မလှူနဲ့
ဧကေန ဘောဂေ ဘုဉ္ဇယျ၊ ဒွီဟိ ကမ္မံ ပယောဇယေ။
စတုတ္ထဉ္စ နိဓာပေယျ၊ အာပဒါသု ဘဝိဿတိ (ဒီ၊၃၊၁၅၃)။
တစ်ဖို့လှူစား နှစ်စီးပွား ကျန်အားအရံ ထားရမည်။
သုတ်သိင်္ဂါလ လေးပုံပြ ဗုဒ္ဓလမ်းညွှန်သည်။ (စားဖို့ထဲက ခွဲ၍ လှူရန် အဋ္ဌကထာမှာ ဖွင့်ဆို၏။)
---
၇၀၄။ အရက်သောက်တာ ဒုစရိုက်
ဘုန်းကြီး ဘုရား၊ အွန်လိုင်းမှာ ဘုန်းကြီးတစ်ပါးက အရက် သောက်ခြင်းသည် ဒုစရိုက် ဟုတ်မဟုတ်ဆိုတာနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဆုံးဖြတ်ထားတာကို တွေ့ရပါသည်။ တပည့် တော်ကတော့ ဘဝင်မကျလှပါ။ ဆရာတော်၏ ထင်မြင်ချက်ကို ကြားနာလိုပါသည် ဘုရား ..
၁။ ဋီကာကျော် ကျမ်းမှာ ရသာရုံတို့၌ စွဲလမ်းတပ်မက်တဲ့ မှား ယွင်းတဲ့အကျင့် ဖြစ်တာကြောင့် ကာမေသုမိစ္ဆာစာရဆိုတဲ့ ဒုစ ရိုက်ထဲမှာ ထည့်သွင်းသင့်တယ်ဟု မှတ်ချက်ပြုထားပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တာနဲ့ သဘောတူတယ်ပေါ့။ ဒါ ကြောင့် ဒုစရိုက်ထဲ ပါတယ်ဟု မှတ်သားရပါမည်။
၂။ အရက်ဟာ မကောင်းတာ မှန်ပေမယ့် အပါယ်ဘုံသို့ သေချာ ကျစေနိုင်တဲ့ ဒုစရိုက်တော့ မဟုတ်ဘူး။ ပြောလိုတာက အရက် သောက်ပေမယ့် ကျန်ဒုစရိုက်တွေကို မကျူးလွန်ခဲ့ရင် အပါယ် ဒုဂ္ဂတိသို့ မရောက်နိုင်။ နိယတမိစ္ဆာဒိဋ္ဌိနှင့် ပဉ္စာနန္တရိယကံက လွဲရင် ဘယ်အကုသိုလ်ကံမှ ငရဲဘုံသို့ မသေချာပါ။ ဥပမာ ..
အရက်မူးရင် အေးအေးနေပြီး ပြဿနာမရှာတဲ့ အသက် ၈၀-ကျော် အရက်သမားတစ်ဦး ဒေါနခြံ ရပ်ကွက်မှာ ရှိတယ်။ အိမ်က ကလေးတွေ အတုလိုက်မှာ စိုးလို့ ဆိုင်မှာပဲ သွား သောက်တယ်။ တကယ်လို့ ဒီအဖိုးသေရင် အပါယ်ငရဲ ကျမယ် လို့ သေချာ ပြောမရပါ။
၃။ အအေးပိုင်း ဒေသတွေမှာ ဆေးဝါးအဖြစ် သောက်ကြတာလဲ ရှိပါတယ်။ အရက်အပေါ် အခွန် ဖြေလျှော့ ပေးလိုက်လို့ အမေ ရိကန်နိုင်ငံ စီးပွားရေး တက်လာခဲ့တယ်။ ဒါတွေက ဒုစရိုက်ထဲမှာ မပါရတဲ့ ရှင်းလင်းချက်တွေပါ။
၄။ အဖြေရဲ့ အောက်က မန့်တစ်ခုမှာ အရက်သောက်သူ တစ် ယောက်ကလည်း “အလုပ်ကပြန်ရင် အရက်သောက် ထမင်း စားပြီး မိသားစုနဲ့အတူ တီဗွီကြည့် အိပ်ပါတယ်။ ရိပ်သာကို လည်း ဝင်တယ်။ ပုတီးလက်မှာ မြဲပါတယ်”လို့ ရေးထားတာ တွေ့ရပါသည်။ အတည်လား လှောင်ပြောင်တာလား မသိပါ။
ဆရာအရှင်အား ဦးခိုက်လျက်ပါ ဘုရား ...
တပည့် သုမန (မြစ်ခြေ)
---
ဝိသုဒ္ဓါရုံ
သုရာမေရယနဲ့ ပတ်သက်ပြီး ရှေးက ဆရာတော်ကြီးတွေ ဆုံး ဖြတ်ထားတဲ့ အလွန် ပြည့်စုံခိုင်လုံတဲ့ အဆုံးအဖြတ်တွေ အများ ကြီး ရှိပါတယ်။ အဲဒီအထဲ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ဆုံးဖြတ်ပုံက..
“(အရက်သောက်) ဘိန်းစား၊ ဆေးခြောက်ရှူလျှင် သုရာ မေရယမဇ္ဇပ္ပမာဒဋ္ဌာန သိက္ခာပုဒ်ပျက်ရကား ကမ္မပထ မြောက်သောကြောင့် ငရဲစသော အပါယ်ဘုံတို့၌ ဖြစ် ကောင်း ရောက်ကောင်း၊ ဖြစ်ထိုက် ရောက်ထိုက်၏ဟု အမြဲ မှတ်ရမည် (ဝိသုဒ္ဓါရုံအဆုံးအဖြတ်၊ စာ-၁၁၇)တဲ့။
ကံမြောက်
“ပဉ္စပိ ကမ္မပထာ ဧဝ (ပဉ္စပိ၊ ပါဏာတိပါတ အစ သုရာမေရယ အဆုံး ငါးပါးလုံးသည်။ ကမ္မပထာ ဧဝ၊ အပါယ် လားကြောင်း မကောင်းသော ကံတို့ ချည်းသာတည်း။ အဘိ၊ဋ္ဌ၊၂၊၃၆၆)”။
ဘဝကောင်း ဘဝဆိုးသို့ ရောက်ကြောင်းကံကို ကမ္မပထ လို့ ခေါ်တယ် (ကမ္မာနေဝ သုဂတိဒုဂ္ဂတီနံ ပထဘူတတ္တာ ကမ္ဘ ပထာ နာမ။ ဒီ၊ဋ္ဌ၊၃၊၂၃၁)။ ကမ္မပထ ဖြစ်တာကို “ကံမြောက် တယ်’လို့လည်း သုံးတယ်။ “တမလွန် ကောင်းကျိုး ဆိုးကျိုး ကို ဖြစ်စေတဲ့ ကံဖြစ်တယ်’လို့ ဆိုလိုတာ။ ဒါကြောင့် ဆရာ တော်ကြီးရဲ့ ဆုံးဖြတ်ချက်ကို “အရက် သောက်ရင် ကံမြောက် လို့ အပါယ်ရောက်တယ်လို့ နားလည်ပါ။
ဝိနည်းဓိုရ်အဆို
ဓမ္မာစရိယ ငါးဘွဲ့ရ မြစ်ကြီးနား အရှင်ဝိစိတ္တသာရာဘိဝံသဆိုသူ ရဲ့ အယူမှားကို ဆုံးဖြတ်တဲ့ သီးခြား ဝိနည်းဓိုရ် အမှတ်-၁၆ အဖွဲ့ဝင် ဆရာတော်တွေကလည်း “ငါးပါးသီလ (တစ်ပါးပါး)ကို ဖောက်ဖျက် ကျူးလွန်လျှင် အကုသိုလ် ဖြစ်သည်။ ဒုစရိုက် ဖြစ် သည်။ ငရဲကြီးသည် (ယင်း၊ စာ-၅၁)”လို့ မိန့်ထားပါတယ်။
ဓမ္မအမေးအဖြေများ ပေါင်းချုပ် လေးတွဲလုံးမှာ အရက်နဲ့ ပတ်သက်ပြီး အတော်အတန် ဆွေးနွေးထားပြီး ဖြစ်လို့ ဒီနေရာ မှာ ဘုန်းကြီး အကျယ် မချဲ့တော့ပါဘူး။ မေးခွန်း စာပိုဒ်တွေမှာ ဆိုတာလောက်ကို ကြည့်ပြီး သုံးသပ်ရရင် ..
အပိုဒ် ၁
မေဓာဝီ ဆရာဆိုင်ရဲ့ ဋီကာကျော် မြန်မာပြန် မူရင်း (အတွဲ ၂၊ စာ-၁၂၄)မှာ ‘ရသာရုံဟု ဆိုအပ်ကုန်သော ကာမဂုဏ်တို့၌ မှား ယွင်း လွန်ကျူးသော အကျင့် ဖြစ်သောကြောင့် သုရာသောက် ခြင်းကိုလည်း ဤကာမေသုမိစ္ဆာစာရ၌သာ ပေါင်းအပ်၏ဟု ဆို ကုန်၏”လို့ ဆိုပါတယ်။
“ထည့်သွင်းသင့်တယ်ဟု မှတ်ချက်ပြု’တာ မဟုတ်ပါဘူး။ “ပေါင်းယူပါဟု ဆရာမြတ်တို့ (ဆရာစဉ်ဆက်) မိန့်ဆိုကြတယ်” လို့ပဲ မူရင်းကျမ်းဂန်မှာ ဆိုပါတယ်။ “သင့်တယ်”လို့ ဆိုရင် အ ဓိပ္ပာယ် အနေနဲ့ ခွန်အား မရှိဘူးလေ။
ဒါကြောင့် မြန်မာပြန် တည်းဖြတ်သူတွေက အောက်ခြေမှာ “ပါဏာတိပါတ စသော ကံလေးပါး၏ အကြောင်း ဖြစ်သော ကြောင့်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရနှင့် သဘောတူသော ကြောင့် လည်းကောင်း သုရာပါနကို သီးခြားခွဲ၍ မဆိုဟုမှတ်” လို့ မှတ်ချက်ပြုတာကိုပဲ ကြည့်။
သုရာပါနကို ဒုစရိုက်တစ်ပါး အနေနဲ့ သီးခြား မယူ၊ ကာမေသုမိစ္ဆာရနဲ့ သုရာပါနကို ပေါင်းပြီး ဒုစရိုက် တစ်ပါးပဲ ယူပါ လို့ ဆိုလိုတယ်။ ဒါဖြင့်ရင် .. သုရာပါနဟာ ဒုစရိုက် ၁၀-ပါးထဲ မှာ ပါတယ်လို့ပဲ ခြွင်းချက်မဲ့ မှတ်ရမှာပေါ့။
အပိုဒ် ၂
ပထမပိုဒ်မှာ “ဒုစရိုက်လို့ မှတ်ပါ ဆိုပြီးမှ ဒီမှာ ဒုစရိုက် မဟုတ် ဘူးလို့ ဆိုပြန်လို့ အဆိုနှစ်ရပ် ဆန့်ကျင်နေတယ်။ အပါယ်ကို ကျစေတဲ့ ဒုစရိုက်နဲ့ အပါယ်ကို မကျစေတဲ့ ဒုစရိုက်လို့ ခွဲခြား လို့မှ မရဘဲ။ အပါယ်လေးပါး တစ်ပါးပါးကို ရောက်စေတတ် လို့ပဲ ဒုစရိုက်လို့ ဆိုတာ။ အရက်ဟာ နည်းများမဟူ သောက် ရုံနဲ့ ကမ္မပထ မြောက်တဲ့အတွက် အကျိုးပေးခွင့် ကြုံတိုင်း ဒုဂ္ဂတိမှာ ပဋိသန္ဓေကျိုး ပဝတ္တိအကျိုးကို ဖြစ်စေပါတယ်။
ဒီနေရာမှာ အရက်သောက်ရင် “ကျန် ဒုစရိုက်တွေကို ကျူးလွန်ရင်”လည်း ကမ္မပထ မြောက်တယ် ဆိုတာဟာ အဓိက ပါ။ နိယတမိစ္ဆာဒိဋ္ဌိတွေ ပဉ္စာနန္တရိယကံတွေနဲ့ ဘာမှ မဆိုင်ပါ ဘူး။ ဒီလိုပါ··
တစ်သက်လုံး တံငါသည် လုပ်ခဲ့သူဟာ သေခါနီးမှာ ကု သိုလ်ကံ ကူပေးရင် ဂတိကောင်းခွင့် ရှိတယ်။ ဒါပေမယ့် ငါး သတ်တဲ့ အကုသိုလ်ကံက ပျောက်မသွားဘူး။ ဒီလိုပဲ အရက် သောက်တာဟာ ကမ္မပထ မြောက်တဲ့ အတွက် အကုသိုလ်ကံ အကျိုးပေး ပျက်ပြယ် မသွားဘူး။ အရိပ်လို ရှိနေတယ်။ နောင် ဘဝ တစ်ခုမှာ ပဋိသန္ဓေကျိုး မပေးရင်တောင် ပဝတ္တိအခါ ရူး သွပ်ခြင်းစတဲ့ ဆိုးကျိုးကို ပေးကိုပေးမှာ။
အပိုဒ် ၃
လူထုကို မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ လမ်းညွှန် ဟောကြားတဲ့ ရဟန်းမြတ် တစ်ပါးအနေနဲ့ ဒီအပိုဒ်-၃ ဖော်ပြချက်မျိုးကို လုံးဝ ရှောင်သင့် တယ်။ အေးလွန်းလို့ နွေးသွားအောင် သို့မဟုတ် ဆေးအဖြစ် ဝိုင်အရက် သောက်တယ်ဆိုတဲ့ အပြုအမူဟာ မြန်မာ့ယဉ်ကျေး မှုမှာ မရှိပါဘူး။ မြန်မာတွေက ဘယ်လောက် အေးအေး အဲဒီလို လုပ်ကို မလုပ်ဘူး။ အရက်ကို အခွန် လျှော့ကောက်လို့ စီးပွား တက်တာကို အားကျရင် သမီးပျိုတွေကို ပြည့်တန်ဆာ လုပ်နေ တာကို ချီးမွမ်းတဲ့ အဆင့်ထိ ရောက်သွားနိုင်တယ်။
အေးတဲ့ အရပ်က လူတွေက “ရွှေပြောင်ပြောင် တောင်ပေါ် က ဘုရားကို လက်ညှိုး ထိုးပြပြီး သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေတယ်၊ ရွှေတွေကို ခွာပြီး ဆေးရုံဆောက်ရင် ပိုမ ကောင်းဘူးလားလို့ ဆိုမှာပေါ့။ သူနဲ့ ကိုယ်နဲ့ ယဉ်ကျေးမှုမှ မတူတာကြီး။ လုပ်ရဲလို့ လုပ်ချင်တဲ့လူက လိုင်စင်ရ အရက်ဆိုင် ဖွင့်တယ်ပဲ ထား။ ကိုယ်က ဘာသာရေးနဲ့ သွားမထိပါနဲ့။ သွား ထိရင် တောက အရက်ပုန်းဆိုင်တွေက တို့လည်း နိုင်ငံ စီးပွား တက်အောင် ကူညီနေတာလို့ ပြောလာရင် မခက်လား။
ဗုဒ္ဓဝါဒီတို့ ဆောက်တည်လေ့ရှိတဲ့ အာဇီဝဋ္ဌမက သီလမှာ ပါတဲ့ “မိစ္ဆာဇီဝ’ဆိုတာ အရက်နဲ့ မူးယစ်ဆေးတွေ ရောင်းတာ၊ လူကုန် ကူးတာ လက်နက် ရောင်းတာတွေ ပါတယ်လေ။
အပိုဒ် ၄
ဒီအပိုဒ်ကို အထူး ရှင်းစရာ မလိုပါဘူး။ အပိုဒ် ၁၊ ၂၊ ၃ မှာလို ဆိုနေမှဖြင့် ဒီလိုပဲ လာတော့မှာပေါ့။ ရဲတွေ လက်မလည်နိုင် ဖြစ်သွားနိုင်တယ်။ အင်း .. အတည်ပြောရင် ဘာသာရေးနဲ့ ဝေး တဲ့ လူ၊ သိရက်နဲ့ နောက်ပြောင် ပြောရင် အဖြေကို မကြိုက်လို့ ဖြစ်မယ်။ စကားမစပ် .. အလုပ်က ပြန်ရင် အရက် သောက် တယ်ဆိုတဲ့ စကားနဲ့ လက်မှာ ပုတီးမြဲတယ် ဆိုတဲ့ စကားနှစ် ရပ် အလွန်ပဲ မဟပ်စပ်ဘူး ဖြစ်နေကြောင်းပါ။
မှတ်ချက်များ
ဘာမှ ဆင်ခြေ ပေးနေစရာ မလိုပါဘူး။ မဇ္ဇပ္ပမာဒဋ္ဌာန = မူး ယစ်မေ့လျော့ခြင်းဟာ “အပ္ပမာဒေန သမ္ပာဒေထ = မမေ့ မလျော့ခြင်းနဲ့ ပြည့်စုံစေကြ” ဆိုတဲ့ ဘုရား အမိန့်တော်ကို တိုက်ရိုက် ဆန့်ကျင်လို့ မိစ္ဆာဒိဋ္ဌိထဲတောင် ထည့်လို့ ရတယ်။ (တစ်သာသနာလုံးကို ဆန့်ကျင်တဲ့ အလုပ် စစ်စစ်။) ဒါပဲ ...
ဓမ္မဘေရီဆရာတော်
ဆရာတော်ရဲ့ မိန့်ဆိုချက်က တိုတိုနဲ့ လိုရင်းမိ ထိလွန်းလို့ မှတ်သားစရာ ကောင်းပါတယ်။
အရှင်ကေလာသ
ဆေးမှာ အများအားဖြင့် အရက်ပါလေ့ ရှိပါတယ် ဘုရား။ သည်ဆေးကို ဆေးဝါအဖြစ် သောက်သုံးရုံဖြင့် ငါးပါးသီလ ပျက်မည်ဟု မထင်မှတ်မိပါ ဘုရား။
Dr. ဦးဝင်း
မူးယစ်လိုတဲ့ ဆန္ဒမပါရင် ပြီးတာပါပဲ။ ကော်မက်သာဇင်က လွဲရင် ဘယ်ဆေးမှ မူးယစ်လောက်အောင် မဖြစ်ဘူး ထင်ပါတယ်။
ဓမ္မဘေရီဆရာတော်
ဆေးမှာ ပါတဲ့ အရက်ဟာ အရက်ရဲ့ အဆင်း အနံ့ အရသာ မထင်ရှားရင် သီလမပျက်ကြောင်း ကျမ်းဂန်မှာ ဆိုပါတယ်။ ဆေးအကြောင်း များများ နားမလည်ဘူး။ ဓမ္မဘေရီဆရာ တော် မိန့်တဲ့ ဆေးအပြင် အခြားလည်း ရှိနိုင်ဦးမယ်။ ဆရာ ဝန်တွေက ပိုသိနိုင်ဖွယ် ရှိတယ်။
အရှင်ကေလာသ
‘မူးယစ် မေ့လျော့စေတတ်သော” အဓိပ္ပာယ်အရ ဆေးလိပ် သောက်ခြင်းရော မပါဘူးလားဘုရား။ ဆေးလိပ်ဟာ အရက် တို့ ဘိန်းတို့နှင့် တန်းတူ သို့မဟုတ် ပို၍ လူကို ဆိုးကျိုးဖြစ် စေပါတယ် ဘုရား။
အောင်ခန့်ဇော်
ဆေးလိပ်ထဲမှာ ပါတဲ့ ပစ္စည်းကို ကြည့်ပြီး ဆုံးဖြတ်ရပါလိမ့် မယ်။ အထဲမှာ ပစ္စည်းက ဆေးရွက်ကြီး ဖြစ်ရင် ဂိလာန ရ ဟန်းတွေ အဲဒီ ဆေးရွက်ကြီးရဲ့ အလိပ်က ရတဲ့ အငွေ့ အခိုးကို ရှူဖွာခွင့် ရှိပြီး၊ ဂိလာန မဟုတ်ရင်တော့ ရှူဖွာခွင့် မရှိဘူးလို့ ဆရာမြတ်တို့ ဆုံးဖြတ်ပါတယ်။ ရဟန်းတွေ အပ် စပ်ရင် လူတွေလည်း သီလ မကျိုးဘူးလို့ ဆိုနိုင်ပါတယ်။ ဆေလိပ်ထဲမှာ ဆေးခြောက်လို ယစ်မျိုး ပစ္စည်းတွေ ပါနေ ရင်တော့ လုံးဝ မအပ်ပါဘူး။
အရှင်ကေလာသ
စက်တင်ဘာ ၈၊ ၂၀၁၈။
---
အရှေ့မှာညောင် တောင်ကားငှက်ပျော မြောက်ကြောလက်ပံ နောက် ယံသဖန်း ဒန်းနှင့်သပြေ မစိုက်လေနှင့်။ (ပုံပြဆေးအဘိဓာန်)
၇၀၅။ ဝါဆိုစဉ် ဗုဒ္ဓဝင်
ဆရာတော် ဘုရား၊ ဓမ္မစကူးလ် တစ်ခုမှာ မြတ်စွာဘုရား ဝါဆို စဉ်အတိုင်း ဗုဒ္ဓဝင်ကို သင်ပေးချင်လို့ မြတ်စွာဘုရား၏ ဝါဆိုစဉ် ကို သိလိုပါသည်။ FB မိတ်ဆွေ ဆရာတော် တစ်ပါး၏ ပို့စ်မှာ သာဝတ္ထိမြို့မှာ ဝါတော် ၂၀ တိုင်တိုင် သီတင်းသုံးတယ် ဆိုပြီး မှ ဇေတဝန်မှာ ၁၉-ဝါ၊ ပုဗ္ဗာရုံမှာ ၆-ဝါလို့ ဆိုသဖြင့် ရှေ့နောက် မညီ ဖြစ်နေပါသည် ဘုရား။ ကျက်မှတ်သင့်သော ဘုရားရှိခိုး ပါဠိဂါထာကိုလည်း ရှိလျှင် ရလိုပါသည် ဘုရား။
အရှင်အာစိဏ္ဏ (ဘန့်ဘွေးကုန်း)
---
အဘိဓာန်ဋီကာ ပါဠိကျမ်းကြီးကို ရေးသားခဲ့တဲ့ ပင်းယခေတ် စတုရင်္ဂဗလအမတ် ရေးတဲ့ ဝဿတ္တမဂါထာ (ဝါဆိုစဉ် ဘုရားရှိ ခိုး)ရှိပါတယ်။ ဝါဆိုစဉ်နဲ့ ပတ်သက်ပြီး မူကွဲ အနည်းငယ် ရှိရာ မှာ ဒီဂါထာ ဖော်ပြချက်က ဗုဒ္ဓဝံသအဋ္ဌကထာ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၄)၊ အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၂၊၃၀)တို့နဲ့ ညီလို့ ခွန်းအား ရှိပါ တယ်။ မြန်မာသံပေါက်နဲ့ တွဲမှတ်ရင် ဘုရားရှိခိုးရင်း ဗုဒ္ဓဝင် အကျဉ်းကိုလည်း လွယ်လွယ်နဲ့ သိသွားပါလိမ့်မယ် ..
(၁)
မဟာကာရုဏိကော နာထော၊ လောကဟိတံ ဂဝေသန္တော။
ပထမံ ဣသိပတနေ၊ ဒုတိယံ တတိယဉ္စေဝ။
လောကစီးပွား ကောင်းကျိုးအား ဘုရားရှာခဲ့ပြီ။ ပထမဝါ မိဂဒါ ဗာရာတိုင်းမြတ်မည်။
သဗ္ဗညုဗုဒ္ဓ ဖြစ်ပြီးနောက် ပထမဝါ (ဝါတွင်းသုံးလ)ကို ဗာရာဏသီမြို့၊ ဣသိပတနအမည်ရှိ မိဂဒါဝုန်တောမှာ သီတင်းသုံး၊ သီတင်ကျွတ်ပြီးနောက် ဥရုဝေလာ အရပ်ကို ကြွ။
(၂)
စတုတ္ထသတ္တရသမ-ဝီသတိမေ ဂိရိဗ္ဗဇေ။
ပဉ္စမဉ္စ ဝေသာလိယံ၊ ဆဋ္ဌံ မကုလပဗ္ဗတေ။
ဒုတစနှင့် သတ္တရ ဝီသရာဇဂြိုဟ်။
ဝေသာပဉ္စ မကုလ ဆဋ္ဌဝါတော်ဆို။
ဒုတိယဝါ၊ တတိယဝါ၊ စတုတ္ထဝါ၊ ၁၇-ဝါမြောက်၊ ၂၀-ဝါ မြောက်၊ ပေါင်း ၅-ဝါတိုင်တိုင် (ဝါတွင်း ၃-လစီ ငါးကြိမ်) ရာဇ ဂြိုဟ်မြို့၊ ဗိမ္ဗိသာရမင်း လှူဒါန်းတဲ့ ဝေဠုဝန်ကျောင်းမှာ သီတင်း သုံး။ ဝေသာလီမြို့အနီး ကူဋာဂါရသာလာ (ပြာသာဒ်ကျောင်း)မှာ ပဉ္စမဝါဆို။
ထင်ရှားဖြစ်ရပ် ... ၁၇-ဝါမြောက်မှာ ဒေဝဒတ်က အဇာတ သတ်နဲ့ ပေါင်းပြီး မြတ်ဗုဒ္ဓကို လုပ်ကြံ။ ၂၀-မြောက် ဝါမှာတော့ အဇာတသတ် မြတ်ဗုဒ္ဓကို ကိုးကွယ်သူ ဖြစ်လာ။
မကုလ (မကုဠ)တောင် (သီဟိုဠ်မူအရ မကုလတောင်)မှာ ဆဋ္ဌမဝါဆို။ ဒီမှာ ဝါဆိုတုန်း ဟောကြားတဲ့ သုတ္တန် သို့မဟုတ် ထူးခြားဖြစ်ရပ် မတွေ့မိ။ အရှင်ပုဏ္ဏမထေရ် သီတင်းသုံးတဲ့ သုနာပရန္တ အရပ်ရှိ မကုလကာရာမ ကျောင်းအတွင်းရှိ မဏ္ဍလမာလာ ဖြစ်ဖွယ်ရှိကြောင်း မာလာလာဆေကရ (ပုဂ္ဂိုလ်)က ယူဆ။ ဒါပေမယ့် ဒီ(မဏ္ဍလမာလာ)မှာ မြတ်ဗုဒ္ဓ ၇-ရက်သာ သီ တင်းသုံးခဲ့တယ် (သံ၊ဋ္ဌ၊၃၊၂၂)။
(၃)
သတ္တမဉ္စ တာဝတိံသေ၊ ဘဂ္ဂေသု ပန အဋ္ဌမံ။
ကောသမ္ဘိယဉ္စ နဝမံ၊ ဒသမီ ပါလိလေယျကေ။
တာဝတိံ သတ္တ တိုင်းဘဂ္ဂ အဋ္ဌဝါတော်မှီ။
ကောသမ်နဝ ဒသမ ပါလိလေယျဆီ။
တာဝတိံသာ နတ်ပြည်၊ ပင်လယ်ကသစ်ပင်ရင်းရှိ ပဏ္ဍု ကမ္ဗလာ ကျောက်ဖျာပေါ်မှာ သတ္တမဝါဆိုပြီး အဘိဓမ္မာ တရား ဟော။ ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့အနီး ဘေသကဠာတောမှာ အဋ္ဌမဝါဆို။ ကောသမ္ဘီမြို့ ဃောသိတာရုံ ကျောင်းမှာ နဝမဝါ။ ကောသမ္ဘီမြို့အနီး ပါလိလေယျတောမှာ ဒသမဝါ။ ဒီမှာ ဖြစ်ရပ် တွေက ကျမ်းဂန်မှာ ထင်ရှားလို့ အသိများပါတယ်။
(၄)
ဧကာဒသမံ နာဠာယံ၊ ဒိဇဂါမေ ဓိရော ဝသိ။
ဝေရဉ္ဇာယံ ဒွါဒသမံ၊ ဝသိ လောကဟိတော ဇိနော။
နာဠာမည်သာ ပုဏ္ဏားရွာ ဧကာဒသမီ။
ဝေရဉ်ဆယ့်နှစ် ဆယ့်သုံးဖြစ် ဆယ့်ရှစ်ဆယ့်ကိုးသည်။
၁၁-ဝါမြောက်ဝါ နာလာအမည်ရှိ ပုဏ္ဏားရွာ။ ဒီရွာက မဂဓ တိုင်း ဂယာရွာနဲ့ ဗောဓိပင်တို့ရဲ့ အနီးမှာရှိ။ ဆာပါရဲ့ ခင်ပွန်း ဥပက မေးဖွားတဲ့ရွာ (Puli Proper Names, II. P. 57)။ ဖြစ်ရပ် အထူးမတွေ့မိ။ ဝေရဉ္စာမြို့အနီး နရုအမည်ရှိ တမာပင် အနီး မှာ ၁၂-ဝါမြောက် သီတင်းသုံး။ ဒီဝါမှာ အငတ်ဘေးနဲ့ ကြုံ။
(၅)
တေရသဋ္ဌာရသမက-ဧကူနဝီသတိမေ စ။
စာလိယပဗ္ဗတေယေဝ၊ ဇေတေ ဗုဒ္ဓသမံ နာထော။
တောင်စာလိယာ စောဗုဒ္ဓါ သုံးဝါစံမြန်းပြီ။
ဆယ့်လေးဇေတ ကပိလ ပဉ္စဒသမီ။
စာလိယတောင် အနီးရှိ စာလိယရွာကြီးကို မှီ၍ ၁၃-ဝါ မြောက်၊ ၁၈-ဝါမြောက်၊ ၁၉-ဝါမြောက်၊ ပေါင်း ၃-ဝါ တိုင်တိုင် သီတင်းသုံး။ ဒီရွာရဲ့ အနီးမှာ ထိုစဉ်က မြတ်စွာဘုရားရဲ့ အလုပ် အကျွေး အရှင်မေဃိယ ဆွမ်းခံကြွတဲ့ ဇမ္ဗူ့ရွာနဲ့ သရက်ဥယျာဉ် တွေရှိတဲ့ ကိမိကာလာ ခေါ်တဲ့ မြစ်တွေရှိ။
ဝါဒကွဲ တစ်ရပ်က ... ဝဇိရဗုဒ္ဓိဋီကာ (ဝဇိရ၊၆၆)မှာ ၁၈- ဝါမြောက်ကို ရာဇဂြိုဟ်မှာ ဆိုကြောင်း မိန့်တယ်။ ဖော်ပြပြီး အဋ္ဌကထာ နှစ်ကျမ်းနဲ့ မညီ။
သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ ၁၄-ဝါမြောက်။ အနာထ ပိဏ်သူဌေးပင့်လို့ ပထမဆုံးအကြိမ် ဝါတွင်းသုံးလ သီတင်းသုံး တာ။ အဲဒီတုန်းက နာမည်ကျော် မဟောသဓဇာတ်ကို ဟော တယ်။ မွေးရပ်မြေ ကပိလဝတ္ထုမြို့ နိာဓာရုံကျောင်းမှာ ၁၅- ဝါမြောက် သီတင်းသုံး။ မွေးရပ်မြေမှာ ဒီတစ်ကြိမ်ပဲ ဝါဆိုတယ်။
(၆)
ကပိလေ ပဉ္စဒသမံ၊ အာဠဝိယံ ဇိနော သောဠသမံ သာဝတ္ထိယံ တတော၊ စတုဝီသတိ ဝဿာနိ။
သောဠသမှီ အာဠဝီ ကျန်သည်နှစ်ဆယ့်လေး။
ဆယ့်နှစ်စီသာ ဇေပုဗ္ဗာ ညီစွာမြန်းခဲ့သေး။
၁၆-ဝါမြောက်ကို အာဠဝီမြို့အနီး အင်္ဂါဠဝ နတ်ကွန်းမှာ ဝါဆို။ အာဠာဝက ဘီးလူးကို အောင်တဲ့နေရာ။ ပထမ ဝါ ၂၀- အတွင်း ဝါဆိုတဲ့ နေရာမမြဲ။
၂၁-ဝါမှစပြီး ၄၄-ဝါထိကို သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်း တိုက်နဲ့ ပုဗ္ဗာရုံ ကျောင်းတိုက်တွေမှာ တစ်လှည့်စီ သီတင်းသုံး။ ဇေတဝန်မှာ ၁၂-ဝါ၊ ပုဗ္ဗာရုံမှာ ၁၂-ဝါစီ။ ၁၄-ဝါမြောက်နဲ့ပါဆိုရင် အနာထပိဏ်ရဲ့ ဇေတဝန်မှာ မြတ်ဗုဒ္ဓ ၁၃-ဝါ သီတင်းသုံးခဲ့ ကြောင်း ဆိုနိုင်တယ်။
(၇)
ပုဗ္ဗာရာမေ စ ဇေတေ စ၊ ဝသိတွာ ပရိယာယေန။
အန္တိမေ ပန ဝဿမှိ၊ ဝေဠုဝေ ဝသိတံ ဝန္ဒေ။
ဝေဠုဝရွာ ဝါဆိုကာ ကုသိနာသို့ချီ။
ဆယ့်ငါးဌာနီ သုံးလစီ ဝါမှီကပ်ခဲ့ပြီ။
သုံးလူ့ရှင်ပင် ကျွန်းထိပ်တင် ကြည်ရွှင်ရှိခိုးသည်။
ပရိနိဗ္ဗာန် စံလွန်ခါနီး ၄၅-ဝါမြောက်ကို ဝေသာလီမြို့ အနီး ဝေဠုဝရွာငယ်မှာ သီတင်းသုံး “(ငါဘုရားမူကား ဤဝေဠုဝ ရွာ ငယ်၌ ဝါဆိုအံ့ (အဟံ ပန ဣဝ ဝေဠုဝါဂါမကေ ဝဿံ ဥပဂစ္ဆာမိ။ ဒီ၊၂၊၈၄)။ ဒီရွာမှ တစ်ဆင့် ပလ္လတိုင်း ကုသိနာရုံသို့ ကြွပြီး ပရိနိဗ္ဗာန်စံ။
စကားမစပ် .. တောင်ဖီလာဆရာတော်ရဲ့ ယသဝဍ္ဎနဝတ္ထု (စာ-၂၀)မှာ ဝေဠုဝရွာမှာ ဝါကပ်တာကို မဖော်ပြ။
ဆယ့်ငါးဌာနီ
မြတ်ဗုဒ္ဓ ဝါဆိုခဲ့တဲ့ အရပ်ဌာန ၁၅-ခု .. ဣသိပတန အမည် ရှိတဲ့ မိဂဒါဝုန်၊ ရာဇဂြိုဟ်က ဝေဠုဝန်ကျောင်း၊ ဝေသာလီရှိ ကူဋာဂါရကျောင်း၊ မကုလတောင်၊ တာဝတိံသာ၊ ဘဂ္ဂတိုင်း ဘေသကဠာဝန၊ ကောသမ္ဘီ ဃောသိတာရုံကျောင်း၊ ကောသမ္ဘီ မြို့အနီး ပါလိလေယျတော၊ ဂယာရွာကြီးနားက နာဠာ ပုဏ္ဏား ရွာ၊ ဝေရဉ္ဇာမြို့ နဠရုတမာပင်အနီး၊ စာလိယတောင်၊ ကပိလ ဝတ္ထုမြို့၊ နိာဓာရုံကျောင်း၊ အာဠဝီမြို့၊ အနာထပိဏ်ကောင်းမှု ဇေတဝန်ကျောင်း၊ ဝိသာခါကောင်းမှု ပုဗ္ဗာရုံကျောင်း။
(ဆောင်)
မိဂဒါယာ ရာဇာ ဝေသာ.မကုလ။
တာဝ.ဘဂ္ဂါ ကောသမ္ဗာ နာဠာ.ပါလိယျ။
ဝေရ.စာလီ တိုင်းကပ္ပီ နေပြည်အာဠဝ။
ဇေတ.ပုဗ္ဗာ ဆယ့်ငါးဖြာ ဝါဆိုစဉ်ဌာန။
ဝါဒကွဲညှိ
ဓမ္မပဒအဋ္ဌကထာကျမ်း (၁၊ ၃)မှာ “ဇေတဝန်မှာ ၁၉-ဝါ၊ ပုဗ္ဗာရုံ မှာ ၆-ဝါ၊ ပေါင်း သာဝတ္ထိမြို့မှာ ၂၅-ဝ”လို့ ဖွင့်တာနဲ့ ပတ်သက် “ဝါအနေနဲ့ ၂၄-ဝါ၊ နှစ်အနေနဲ့ ၂၅-နှစ်’လို့ယူရင် ဗုဒ္ဓဝံသ၊ အင်္ဂုတ္တရ အဋ္ဌကထာတွေနဲ့ ညီကြောင်း သမန္တစက္ခုဒီပနီ (စာ- ၆၃၀)မှာ မိန့်တယ်။ ဒါကြောင့် “ဇေတဝန်ကျောင်းမှာ ၂၁.ဝါ မြောက်မှ စပြီး ၁၉-ဝါ၊ ပုဗ္ဗာရုံမှာ ၄၀-မြောက်ဝါမှ စပြီး ၆-ဝါ တိုင်တိုင် သီတင်းသုံး”ဆိုတဲ့ ဇိနတ္ထပကာသနီ (စာ-၁၁၅) အဆို ကိုလည်း အဲဒီ အတိုင်း ညှိယူနိုင်ပါတယ်။
တစ်လှည့်စီ
ဂါထာမှာ ပါတဲ့ “ပရိယာယေန = အလှည့်အလည်အားဖြင့်’ကို တောင်ခွင်ဆရာတော်ရဲ့ ဂုဠတ္ထဝိနိစ္ဆယ (ပေမူ၊ -ဝမ်း)မှာ အဓိပ္ပာယ် ယူပုံက “သူဌေးနှစ်ယောက် ဆောက်သည်ကျယ်စွာ ကျောင်းပြုဗ္ဗာနှင့် မဟာဇေတဝန် ကျောင်းတော်မွန်၌ အကြိုက် သင့်ရာ လှည့်ကာလဲကာ ဆယ့်နှစ်ဝါစီ အညီမျှစေ မြဲကပ်ပေ၏” လို့ တစ်ကျောင်းကို ၁၂-ဝါစီ အညီအမျှ ဖြစ်ပါတယ်။
သမန္တစက္ခုဒီပနီ (စာ-၆၃၃)ကတော့ “သာဝတ္ထိမှာ ပုဗ္ဗာရုံ မွန် ဇေတဝန်ဟု နှစ်တန်ကျောင်းမှာ လူးလာမဝေး နှစ်ဆယ့် လေးဝါ နေပြီးခါမှ”လို့ သာမန်ပဲ ဆိုပါတယ်။ ဤဓမ္မအမေးအဖြေက တောင်ခွင်ဆရာတော်ရဲ့ အယူအဆ နောက်ကို လိုက်ထားတာ တွေ့ပါလိမ့်မယ်။
စက်တင်ဘာ ၁၁၊ ၂၀၁၈။
---
၇၀၆။ သီဝလိတစ်ဂါထာ
အရှင်ဘုရား၊ ရှင်သီဝလိဂါထာတော်ကို ဘုရား ဟောခဲ့တာလား၊ ရှင်သီဝလိ ကိုယ်တိုင် ဟောခဲ့တာလား။ ရှေးပညာရှိများ ရေး စပ်ခဲ့တာလား ဘုရား။
နီလာမင်း
---
ရေးဖွဲ့သူ
ရှင်သီဝလိအကြောင်း အဖြေမှာ ရှင်သီဝလိဂါထာ ၁၀-ပုဒ် ရှိ ကြောင်း ဆိုခဲ့ပေမယ့် မထေရ်အကြောင်းက အဓိကဖြစ်လို့ ၁၀-ဂါထာ အကြောင်းကို မသုံးသပ်ခဲ့ဘူး။ မြန်မာ ၁၃၂၈-ခုနှစ် ထုတ်၊ ဟံသာဝတီမူ ဘုရားရှိခိုး အမျိုးမျိုးမူဟောင်း စာအုပ်မှာ ဘယ်သူရေးတယ် ဆိုတာကို ဖော်မပြ။ ထေရဂါထာနဲ့ ထေရာ ပဒါန်တွေမှာလည်း အစအန မတွေ့ရ။ သုတေသန လုပ်ထား တာကိုလည်း မတွေ့ဖူးသေး။
ဒါကြောင့် ဘုရားရော အရှင်သီဝလိပါ မဟောလို့ မှတ်ပါ။ ပါဠိဂါထာ ရေးဖွဲ့တတ်သူ တစ်ဦး ရေးတယ်လို့ပဲ ဆိုနိုင်ပါလိမ့် မယ်။ ဘယ်ပုဂ္ဂိုလ် ဘယ်တုန်းက ဆိုတာတော့ မသိဘူး။ မူကွဲ ဂါထာ အချို့လည်း တွေ့ရတယ်။
ပါဠိသုံး
ဂါထာရေးဖွဲ့ပုံ အနေနဲ့ ပထမရွှေဆကျင်ရာတော် ရေးဖွဲ့တဲ့ “ဝိစိ တြဝန္ဒနာဘုရားရှိခိုး”လို ရွတ်ဖတ်ပူဇော်လို့ မချောမွတ်ဘူး။ ပါဠိ သုံး အချို့ကို သုံးသပ်ရဖွယ်လည်း ရှိတယ်။ ဥပမာ ... သော ရဟော ပစ္စယာဒီနံ (ဂါထာ အမှတ်-၁၀)။ ပစ္စယာဒီနံ၊ ပစ္စည်း လေးပါး အစရှိသော ပူဇော်အထူးတို့ကို။ ရဟော၊ ခံယူတော်မူ ထိုက်သော’လို့ နိဿယ ပြန်ထားပေမယ့် အမှန်က “ရဟော”ကို “ခံယူထိုက်သော’လို့ ဆိုနိုင်ဖို့ ခက်တယ် (တိပိဋကပါဠိ မြန်မာ အဘိဓာန် ကြည့်)။
“ရဟော”ကို “အရဟော”လို့ အဓိပ္ပာယ်ယူပြီး “ရဟော = အရဟော၊ ခံယူတော်မူထိုက်သော”လို့ ဆိုရင်တော့ ဖြစ်နိုင်စရာ ရှိတယ် (သော မမ ဂီတရံ အရဟော န ဟောတိ။ ဇာ၊ဋ္ဌ၊၇၊၈)။ ဒီလိုဖြစ်ရင် သန္နိစပ် သင်္ကေတ (သောရဟော)လို့ ပြရင် ပိုကောင်းမယ်။
တစ်ဂါထာ
ယိုးဒယား သီဟိုဠ်တွေမှာတော့ သီဝလိဂါထာ တစ်ပုဒ်ပဲ တွေ့ တယ်။ အနည်းငယ်စီ ကွဲလွဲပေမယ့် ယိုးဒယား ဇင်းမယ် အရပ် မှာ ရေးတဲ့ ‘ဥပ္ပါတသန္တိ’ ကျမ်းထဲက ဂါထာအမှတ် ၁၀၀ နဲ့ အတော် နီးစပ်တာကို တွေ့ရတယ်။ ဥပ္ပါတသန္တိ ကျမ်းလာ သီ ဝလိဂါထာလို့ ဆိုနိုင်ကောင်းပါတယ် ....
လာဘီန’မုတ္တမော ထေရော၊
သီဝလိ ဣတိ ဝိဿုတော။
သော ရတော ပစ္စယာဒိမှိ၊
သဒါ သောတ္ထိ ကရောတု နော။
နိဿယ
သီဝလိ ဣတိ၊ အရှင်သီဝလိဟူ၍။ ဝိဿုတော၊ ကျော်စော ထင် ရှားတော်မူသော။ ယော ထေရော၊ အကြင် မထေရ်ကျော်သည်။ လာဘီနံ၊ လာဘ်ပေါများကုန်သော သူတို့တွင်။ ဥတ္တမော၊ သာ လွန် မြင့်မြတ်တော်မူ၏။ ပစ္စယာဒိမှိ၊ ပစ္စည်းလေးပါး စသည်၌။ (အတိဂေဓာ၊ လွန်စွာ မက်မောခြင်းမှ။) ရတော = ဝိရတော၊ ရှောင်ကြဉ်တော်မူ၏။ သော။ ထိုအရှင်သီဝလိ မထေရ်သည်။ နော၊ အကျွန်ုပ်တို့အား။ သဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ကိုယ် စိတ်နှစ်ဖြာ ချမ်းသာခြင်းကို။ ကရောတု၊ ပြုတော်မူပါ ဘုရား။ “အာရတောတိ ဒူရတော ရတော (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၇၄)’ ဟူသော အဖွင့်နှင့် အညီ “ရတော’ကို ရှောင်ကြဉ်တော်မူ၏လို့ အနက်ပြန်ပါတယ်။
စက်တင်ဘာ ၁၂၊ ၂၀၁၈။
---
ရေကြောင့် ညွှန်ဖြစ်၊ ထိုညွန်ညစ်လည်း စင်စစ်မထင် ရေ ကြောင့် စင်၏။ ထို့သွင်မှန်စွာ စိတ်ကြောင့်သာလျှင် ယုတ်မာ ညစ်ညူး အထူးစင်ကြယ် လူဝယ်နှစ်မျိုး ဖြစ်မြဲရိုးတည်း။ (မဃဒေဝ၊ ပိုဒ်-၂၅၂)
---
၇၀၇။ ဟိုဆန္ဒမတူလို့
ဆရာတော် ဘုရား၏ သီလ သမာဓိ ပညာဂုဏ်များကို ရိုသေ စွာ ဦးခိုက်ကန်တော့၏ ဘုရား။ လူ့လောက အရှုပ်ထုပ်မှာ ကြုံ တွေ့ရတာလေးကို မေးရင် သင့်မသင့် စဉ်းစားနေရာမှ အားတင်း၍ မေးလျှောက်တာပါ ဘုရား။
အလွန် ရိုးသားသူ သူငယ်ချင်းမှာ နှစ်သက်နေသူ ရှိလျက် နှင့် မိဘပေးစားသည့် မိန်းကလေးကို လက်ထပ်ခဲ့ပါသည် ဘုရား။ အတူနေပြီးမှ သိလာရတာက ..
မိန်းကလေးမှာ မိန်းမလို ဝတ်စားဆင်ယင် ပြုမူနေထိုင် သော်လည်း မိန်းမစိတ် မရှိပါ။ အကြင်လင်မယားတို့၏ အပြုအမူ ကို မနှစ်သက်ပါ။ အပေါင်းအသင်းတွေက အရက်သောက်ပြီး အိပ်ရာဝင်ခိုင်းသော်လည်း စော်ကားသလို ဖြစ်နေ၍ သူငယ် ချင်းက လက်မခံပါ။ တပည့်တော် သိလိုသည်မှာ ဇနီးမယားကို အပေါင်းအသင်းတွေ ခိုင်းသလို ပြုလျှင် ကာမေသုမိစ္ဆာစာရ ဖြစ် ပါသလား ဘုရား။
အောင်မြင် (မင်္ဂလာတောင်ညွန့်)
---
ဘာကြောင့်
ဖြေရတာ ခပ်ကျပ်ကျပ်ပဲ။ ဘာကြောင့် မနှစ်သက်သလဲ ဆိုတာကို အမှန်အတိုင်း သိပြီး ပြောမှ မျှတမယ်လို့ ထင်ပါတယ်။ ရှက်ကြောက် လွန်းလို့ ဖြစ်ရင် နှစ်ဦးလုံး “အကြင်လင်မယား’ ဆိုတဲ့ အသိ ရှိနေရုံပါပဲ။ “မိန်းမလို ဝတ်စား နေထိုင်တဲ့ မိန်းမ တော့ မိန်းမအစစ်ပဲ။ ဒါပေမယ့် မေထုန်ကိစ္စကိုတော့ မိန်းမ အနေနဲ့ မပြုလိုဘူးလို့ ဆိုလိုရင် ဘုန်းကြီး ကြုံဖူးပုံက
ဂိုဒန့်အဖေ
ဘုန်းကြီးနဲ့ ရင်းနှီးတဲ့ အမေရိကန်လူဖြူ မစ္စတာဂိုဒန် ပြောပုံ ဂိုဒန့်အဖေဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ မိဘတွေကို မလွန် နိုင်လို့ အိမ်နီးချင်း ဓမ္မဆရာရဲ့ သမီးဖြစ်တဲ့ သူ့အမေကို လက် ထပ်ခဲ့ပေမယ့် သူ့ညီမကို မွေးပြီး မကြာခင် သူ့အမေကိုရော သူ တို့ မောင်နှမကိုပါ ပစ်ထားခဲ့ပြီး နောက်အိမ်ထောင် ပြုတယ်။ သူ့အဖေရဲ့ နောက်အိမ်ထောင်က လူမည်း ယောက်ျားကြီး။ အို ဘယ့် .. ကံကြမ္မာရယ်။
ဂိုဒန့်အဆိုအရ သူ့အဖေဟာ “ယောက်ျားလို ဝတ်စား နေထိုင်တဲ့ ယောက်ျားအစစ် ဖြစ်ပေမယ့် မေထုန်ကိစ္စမှာတော့ မိန်းမအနေနဲ့ နေရတာကို နှစ်သက်သူ” ဖြစ်ပါသတဲ့။
ဆန္ဒမတူရင်
ကာမေသုမိစ္ဆာစာရ ကံမြောက်ဖို့ အင်္ဂါ ၄-ရပ်ရှိတယ် .. မသွား လာထိုက်သူ (တရားမဝင်သူ) ဖြစ်ခြင်း၊ ထိုတရားမဝင်သူ၌ မှီဝဲ လိုစိတ်ရှိခြင်း၊ လုံ့လပြုခြင်း၊ မဂ်ချင်း ထိတွေ့တာကို သာယာ ခြင်း (အဘိ၊ဋ္ဌ၊၁၊၁၄၁)။
အင်္ဂါရပ် အမြင်အရဆိုရင် တရားဝင် လက်ထပ်ထားတဲ့ ဇနီးခင်ပွန်း ဖြစ်လို့ အပြစ်မရှိဘူးလို့ ထင်ရပေမယ့် “မေထုန်’ဆို တာကိုက ‘တပ်မက်စိတ် ဖြစ်ခြင်း တူနေတဲ့ ကျားမ နှစ်ဦးရဲ့ အလုပ်’လို့ အဓိပ္ပာယ်ရှိတာ။ ဒါကြောင့် ဆန္ဒမတူရင် လိင်အ ကြမ်းဖက်မှု (sexual abuse) ဖြစ်သွားနိုင်တယ်။
“အတင်းအကျပ် ပြုခြင်း မပြုခြင်း၊ အလိုတူခြင်း မတူခြင်း အလိုက် အပြစ်ကြီး အပြစ်ပေါ့ ကွဲပြားတဲ့ အတွက် (သီ-ဋီ- သစ်၊၁၊၃၃၄)” ဆန္ဒတူခြင်းဟာ အရေကြီးတယ်။
မိစ္ဆာကာမ
ဆဂတိဒီပနီကျမ်းမှာ ဖော်ပြပုံက .. “ကာမေသုမိစ္ဆာစာရ လေးမျိုးရှိ၏။ ယင်းတို့မှာ မမှီဝဲသင့်ချိန်၌ မှီဝဲခြင်း၊ နေရာဒေသ မ ဟုတ်သည်၌ မှီဝဲခြင်း၊ အင်္ဂါမဟုတ်သည်၌ မှီဝဲခြင်း၊ ဓမ္မနှင့် မလျော်သူတို့၌ မှီဝဲခြင်းတို့တည်း။ ထိုတွင် မမှီဝဲသင့်ချိန်၌ မှီဝဲ ခြင်းဟူသည် သေခါနီးနေသူ၊ ကိုယ်ဝန်ရှိသူ၊ ကလေးငယ်အား နို့တိုက်သူ၊ (မေထုန်ကို) အလို မရှိသူ၊ အမစိတ် မရှိသူ (နပုံး)၊ အင်္ဂါဇာတ်တွင် ဆင်းရဲနာကျင် ဖြစ်နေသူတို့၌ မှီဝဲခြင်းတည်း (ဆဂတိဒီပနီကျမ်း၊ ပေမူ၊ ဖံ-ဝမ်း၊ ဖံ-ကျော)။
မပြုကောင်း
ဆဂတိဒီပနီမှာ ဖော်ပြတဲ့ ‘အမစိတ် မရှိသူ’ဆိုတာ “မိန်းမလို ဝတ်စား နေထိုင်ပေမယ့် မိန်းမအနေနဲ့ မေထုန်ဆန္ဒ မရှိသူ”ပါပဲ။ “အဖိုစိတ် မရှိသူ” (ဂိုဒန့်အဖေလို ယောက်ျား) ကိုလည်း ယူနိုင် တာပဲ။ ဆဂတိဒီပနီ ကျမ်းအရ တရားဝင် ဇနီးမယား ဖြစ်ပေ မယ့် ဒီလို မိန်းမမျိုးကို အတင်းအကြပ် ပြုရင် ကာမေသုမိစ္ဆာရ ဖြစ်တယ်။ သဘာဝယုတ္တိ ရှိတဲ့ အတွက် ဒီအဆိုကို ဘုန်းကြီး နှစ်သက်ကြောင်းပါ။
ဆက်လေ့လာ
ဆဂတိဒီပနီကျမ်းမှာ ဖော်ပြထားတဲ့ မိစ္ဆာကာမလေးပါး ဆွေး နွေးချက် အပြည့်အစုံကို စိတ်ဝင်စားရင် မေးခွန်းအမှတ်-၃၅၄ (ပေါင်းချုပ် ၃၊ စာ-၁၁၅၀)မှာ အကျယ် ရှုပါ။
စက်တင်ဘာ ၁၂၊ ၂၀၁၈။
---
၇၀၈။ စေတီဘေးက တံခွန်တိုင်
ဆရာတော် ဘုရား၊ စေတီဘေးမှာ တံခွန်တိုင်ကို ဘာကြောင့် စိုက်ထူပါသလဲ။ တံခွန်တိုင်ထိပ်မှာ နားနေတာဟာ ကရဝိတ် လား ဟင်္သာလား သိလိုပါတယ်ဘုရား။ ငှက်က အဘယ် ကြောင့် ပတ္တမြားလုံးကို ကိုက်ထားပါသဲ။ တံခွန်တိုင်ရဲ့ ပတ် လည်မှာ တွေ့ရတဲ့ နတ်ဗြဟ္မာရုပ်တွေ အကြောင်းကိုလည်း ရှင်း ပြပေးပါ ဘုရား။
မောင်အုန်း (ဧည့်လမ်းညွှန်)
---
ဧည့်လမ်းညွှန် သင်တန်းတက်စဉ်က သင်ရမယ်လို့တော့ ထင်ပါ တယ်။ အနည်းဆုံးတော့ သိပြီးသား အကြောင်းအရာထဲမှာ ထပ်ဖြည့်နိုင်အောင် ဘုန်းကြီးမှာ ရှိထားတဲ့ ဗဟုသုတလေးကို မျှဝေပါတယ် ..
တံခွန်တိုင်
တံခွန်မှာ တံဆိုတာ အတံ (အချောင်း)၊ ခွန်ရဲ့ မူရင်းဖြစ်တဲ့ ကွန် ‘ပျံတက်သော’။ ဒါကြောင့် တံခွန်ဆိုတာ ပျံတက်နေတဲ့ အတံ။ ဒီနေရာမှာ အတွင်းမှာ ဝါခြမ်းပြား(စသည်) ခံပြီး အပြင် က စက္ကူ သို့မဟုတ် ပိတ်စနဲ့ ပတ်ထားတဲ့ ဖျာလိပ်လို အလုံး ကို တံခွန်လို့ မှတ်ပါ။ မြန်မာအဘိဓာန်အရ တံခွန်ဆိုတာ အလံ တစ်မျိုးပါပဲ။ ၁၀၈-ကွက် စက်လက္ခဏာမှာ တံခွန် ပါတာကို သတိပြုမိတယ်။
အဲဒီ တံခွန်ကို တိုင်မှာ ချိတ်ဆွဲထားလို့ တံခွန်တိုင်လည်း ခေါ်တယ်။ တိုင်ထိပ်မှာ ဟင်္သာငှက်ပုံ ရှိလို့ ဟင်္သာ တိုင်လည်း ခေါ်တယ်။ ဟင်္သာငှက်ပုံ ရှိရတာက ..
ဟင်္သာမင်း
ဇဝနဟံသဇာတ်အရ ဘုရားလောင်း ဟင်္သာငှက်မင်းဟာ အရှင် အာနန္ဒာလောင်း ဗြဟ္မဒတ်မင်း တောင်းပန်လို့ မိမိရဲ့ ပျံသန်းနှုန်း မြန်ပုံကို ပြသဖို့ လည်မှာ ခြူဆွဲပြီး တိုင်ထိပ်မှာ နားနေတယ်။ တိုင်ရင်းကနေ လေးသည်တော် ၄-ဦးက အရပ် ၄-မျက်နှာသို့ ပစ်လွှတ်တဲ့ မြားတွေကို မြေပေါ်မကျခင် ဖမ်းယူပြီး ပစ်သူရဲ့ ခြေရင်းမှာ ပြန်ချပေးတယ်။ မြန်လွန်းလို့ ဘယ်သူမှ သေချာ မမြင်ရဘဲ ခြူသံကိုပဲ ကြားရတယ်။
ဒါထက် မြန်တာ ဘာရှိသေးလဲလို့ မင်းကြီးက မေးတော့ “သေခြင်းတရားပါပဲ”လို့ ဖြေပြီး တရားပြတယ်။ မင်းကြီး သံဝေ ဂရ၊ ငှက်မင်းကို အလွန် သဘောကျသွားတဲ့ အတွက် ငှက်မင်း နားနေခဲ့တဲ့ တိုင်ထိပ်မှာ ဟင်္သာငှက်ပုံ ထုလုပ်ပြီး ဂုဏ်ပြုတယ် (ဇာ၊ဋ္ဌ၊၄၊၂၁၂)။
စေတီဘေးမှာ တိုင်စိုက်ပြီး တိုင်ထိပ်မှာ ဟင်္သာငှက်ပုံကို ထားတာဟာ စေတီနံရံတွေမှာ ဇာတက သရုပ်ဖော် ပန်းချီပန်း ပု စီမံလေ့ရှိသလို ဖြစ်မယ်။ ဇာတက မူရင်းမှာ ခြူကို လည်မှာ ဆွဲတယ်ဆိုပေမယ့် ကြည့်ကောင်းအောင် နှုတ်သီးနဲ့ ကိုက်ချီ ဟန် ပုံဖော်တာ ဖြစ်နိုင်တယ်။
ပိဏ္ဍောလ
မှတ်စုတစ်ခုအရ ဘုရားလက်ထက်က ရာဇဂြိုဟ်သူဌေး စီမံတဲ့ အတောင် ၆၀-ခန့် မြင့်တဲ့ တိုင်ထိပ်မှာ ချိတ်ထားတဲ့ စန္ဒကူး သား သပိတ်ကို အရှင်ပိဏ္ဍောလ မထေရ်က ဈာန်တန်ခိုးနဲ့ ယူတာကို အထိမ်း အမှတ်ပြုပြီး ဘုရား စေတီတွေရဲ့ အနီးမှာ မြင့်မားတဲ့ တိုင်လုံးကြီးတွေ စိုက်ထူ၊ တိုင်ထိပ်မှာ ဟင်္သာငှက်ရုပ် သို့မဟုတ် စေတီရဲ့ ထီးတော်ငယ် သို့မဟုတ် စေတီငယ် သဏ္ဌာန် ထားရှိပြီး အပေါ်မှ တံခွန်တွေ ချိတ်ဆွဲထားကြောင်း လည်း အဆိုရှိတယ်။ အယူအဆ နှစ်ရပ်လုံး ယုတ္တိရှိပါတယ်။
အဓိပ္ပာယ်
မာနကို “လေခတ်သော တံခွန်’နဲ့ နှိုင်းယှဉ်လေ့ ရှိတယ်။ ဒါ ကြောင့် အဝေးမှ တံခွန်ကို လှမ်းမြင်ရစဉ် ဘုရား ဖူးသူရဲ့ စိတ် မှာ မာန်မာကိုချဖို့ အမှတ်ရစေတယ်။ တိုင်ထိပ်က ဟင်္သာရုပ် ကလည်း ဘုရားလောင်း ဟင်္သာမင်း ဆုံးမလို့ ဗြဟ္မဒတ်မင်း သံဝေဂ ရသွားသလို “အာယုသင်္ခါရ (အသက်ဇီဝိန်) ဆိုတာ ဟင်္သာမင်းရဲ့ မြန်နှုန်းထက် များစွာ ပိုမြန်တယ်။ မမေ့လျော့ကြ နဲ့ (သံ၊၁၊၄၅၆)’လို့ နှိုးဆော်တယ်။ ထီးတော် ဆိုရင်တော့ တစ်မဂ် တစ်ဖိုလ် ရအောင် ကြိုးစားဖို့ သတိပေးခြင်းပေလော။
ဟင်္သာငှက်
တံခွန်တိုင်ထိပ်က ငှက်က ဟင်္သာငှက် ဖြစ်နိုင်ကြောင်း ဆိုခဲ့ပြီ။ ကရဝိတ်ငှက်က နှုတ်သီးချွန်၊ ခြေတံရှည်ပြီး လည်ဆံမွှေး ပေါက်ပုံ မတူဘူး။ ပြီးတော့ အချို့ ပန်းချီကားတွေအရ ရှေး တုန်းက ဘုရင်တွေ အမြတ်တနိုး အသုံးပြုတဲ့ ကရဝိတ်ငှက် သဏ္ဌာန် ဖောင်တွေရဲ့ နှုတ်သီးမှာ အသီး အလုံးတစ်ခု ကိုက် ထားတာကို မတွေ့မိ။ ဒါပေမယ့် ကန်တော်ကြီး ကရဝိတ်ဟို တယ်ရဲ့ နှုတ်သီးမှာတော့ အသီးကို ကိုက်ထားပြန်တယ်။ ခေတ်အလိုက် ပြောင်းလဲသွားခြင်းပေလော။
အဲဒီ အလုံးက အပြင်မှာ ပတ္တမြားလုံး ဖြစ်ချင် ဖြစ်နိုင်ပေ မယ့် အမှန်က ဟင်္သာမင်းကို ရည်ရွယ်တာဆိုရင် ခြူလုံး ကိုယ် စားပြုတာသာ ဖြစ်နိုင်တယ်။
ခရုသင်းကိုင်
နတ်ဗြဟ္မာ ရုပ်တွေ မဟုတ်ဘူး။ သိကြားမင်း ရုပ်တု ၃-ခု၊ ပဉ္စ သီခ အမည်ရှိ နတ်သားရုပ် ၁-ခု။ 'မြတ်မုနိလျှင် ဗောဓိမဏ္ဍိုင် ပင်ရိပ်မြိုင်၌ လေးဆိုင်ဓမ္မ ပွင့်ကာလဝယ် မာဃနတ်မင်း ခရု သင်းဖြင့် သံညှင်းသာယာ ပူဇော်လှာသို့ (သုံးပုံတံချူကျမ်း၊ ၄၉)’အရ ဗုဒ္ဓဂယာ မဟာဗောဓိမှာ မာရ်နတ်ကို အောင်မြင်ပြီးစ သိကြားမင်း ခရုသင်းမှုတ်တာကို ရည်ညွှန်းတဲ့ အနေနဲ့ ခရု သင်းကိုင် သိကြားရုပ်တုကို တံခွန်တိုင်ခြေမှာ ထားတာ။
ရှိခိုးနေသူ
မြတ်စွာဘုရားအား မင်္ဂလသုတ်ကို ဟောကြားဖို့ တောင်းပန ရန် မထင်မရှား နတ်အသွင်နဲ့ သိကြားမင်း လာရောက် ရှိခိုး နေပုံ။ “ညဦးအလွန် သန်းခေါင်ယံ၌ ခြောက်တန်ပစ်ဆာ ကင်း လွတ်ရာကား အဘိဝါဒန ဦးနှိမ် ချ၍ ခယလုလု ဟောမည်မှုဖြင့် “ဗဟု ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ၊ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ” ဂါထာမွန်ဖြင့် ဟောညွှန်စိမ့်ငှာ လျှောက်လာလေငြား တိုင်အနားဝယ် သိကြားသဏ္ဌာန် ကဲ့အ ဟန်သို့ (ယင်း၊ စာ-၅၀)”။
သံချောင်းကိုင်
မြတ်စွာဘုရားရဲ့ မေးခွန်းကို မဖြေဘဲ နေတဲ့ အမ္ဗဋ္ဌလုလင်အား သိကြားမင်း ခြောက်လှန့်ဟန် ရုပ်တု။ “အမ္ဗဋ္ဌအား ... မေးထ သောခါ ဆိုရာမရှိ လျင်းမသိ၍ တုဏှိဘာဝ မဟမပြန် မာန်ခက် ထန်လျက် ခုခံသောထွေ နေသည်ပုဏ္ဏား သူမိုက်အားကို ရားအနုသာသန ဩဝါဒဖြင့် ဆုံးမပိမ့်ငှာ လျှံဝါရဲရဲ သံချောင်းစွဲ မလွဲဆတ်ဆတ် ဖြတ်မည်ပြုဟန် (ယင်း၊ စာ- ၅၀)။
စောင်းပိုက်သူ
မြတ်စွာ ဘုရားကို ဖူးမြင်ခွင့် တောင်းရန် သိကြားမင်း စေလွှတ် လိုက်တဲ့ အဆိုကျော် ပဉ္စသီခ နတ်သားရုပ်။ ‘ပဉ္စသီခ မည်ထ ထင်ရှား ထိုနတ်သားလျှင် .... ခြောက်ရောင်သခင် မြတ်ရှင်ပင်ကို ဖူးမြင်ရကြောင်း စောင်းပဏ္ဍဝ သံချိုမြဖြင့် ခယတောင်းပန် သောဟန်သို့ (ယင်း၊ စာ-၅၁)”။
စက်တင်ဘာ ၁၅၊ ၂၀၁၈။
---
အကြီးဆုံး ဆင်းရဲ
We think sometimes that poverty is only being hungry, naked and homeless. The poverty of being unwanted, unloved and uncared for is the greatest poverty. We must start in our own homes to remedy this kind of poverty. Mother Teresa
တစ်ခါတစ်ရံ ကျွန်မတို့က ဆာလောင်တာ ဝတ်စရာ မရှိတာ အိုးအိမ်မဲ့တာတွေကိုပဲ ဆင်းရဲတယ်လို့ ထင်ကြတယ်။ စွန့်ပစ် ခံရမှု ကြင်နာ မခံရမှုနဲ့ ဂရုစိုက် မခံမှုတွေကြောင့် ဖြစ်ရတဲ့ ဆင်းရဲမှုက အကြီးဆုံး ဆင်းရဲမှုပါ။ ဒီလို ဆင်းရဲမှု မျိုးကို ကုစားဖို့ မိမိတို့ အိမ်ကပဲ စတင်ရမှာပါ။ မာသာ ထရီစာ
အစွမ်းနှစ်ခု
နာလမ္မတေ ဒေဋ္ဌိကတံ၊ န နိသီဒတိ ပေါရုသေ။
သဒ္ဒတ္ထ သက္ကဝိ.ရိဝ၊ ဒွယံ ဝိဒွါ အပေက္ခတေ။
မြန်မာပြန်
ဝိဒ္ဓါ၊ ပညာရှိသည်။ ဒေဋ္ဌိကတံ၊ ကံစွမ်းသက်သက်ကိုသာ။ နာလမ္ဗတေ၊ တွဲလောင်းမခို။ ပေါရုသေ၊ လူစွမ်း သက်သက် ၌လည်း။ န နိသီဒတိ၊ မရပ်တည်။ သက္ကဝိ၊ စာဆိုကောင်း သည်။ သဒ္ဒတ္ထ၊ စကားလုံးကောင်း အနက်ကောင်း နှစ်ခု ကောင်းခြင်းကို။ အပေက္ခတေ ဣဝ၊ ရှုမြင်သကဲ့သို့။ ဒွယံ၊ ကံစွမ်း လူစွမ်း နှစ်မျိုးလုံးကို။ အပေက္ခတေ၊ ရှုမြင်၏ (သက္ကတ ကဗျာဆရာကြီး မာဃ)။
ကံစွမ်းကိုသာ မခိုရာ ရှောင်ပါ လူစွမ်းချည်း။
စကားလုံးအနက် ကောင်းနှစ်ချက် သက္ကဝိတို့နည်း။
ကံစွမ်းလူစွမ်း နှစ်ခုစွမ်း ရှုစမ်းမပြတ်တည်း။
စက်တင်ဘာ ၁၅၊ ၂၀၁၈။