မာတိကာသို့ ခုန်သွားရန်

ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၆)

ဝီကီရင်းမြစ် မှ
ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၆)
by အရှင်ကေလာသ ဓမ္မာစရိယ
5937ဓမ္မအမေးအဖြေများ ပေါင်းချုပ် (အမှတ် ၆)အရှင်ကေလာသ ဓမ္မာစရိယ

ဓမ္မအမေးအဖြေများ ပေါင်းချုပ် (၆)

ပုံနှိပ်ရာဇဝင်

254 N Wickiup Rd, Apache Junction, AZ 85119
Tel: (480)-252-2799
www.kelasa.org ---

စကားမြွက်

ငြိမ်းချမ်းလိုတဲ့ စိတ်ရှိမှ ငြိမ်းချမ်းနိုင်မှာမို့ စာဖတ်သူအားလုံး ငြိမ်းချမ်းခြင်းကို နှစ်သက်တဲ့ ကိုယ်စိတ်နဲ့ နေနိုင်ကြပါစေလို့ နှုတ်ခွန်းဆက်ပါတယ်။ ဓမ္မအမေးအဖြေတွေကို ဖတ်ပြီး မှတ်ချက်ရေးပေးကြတဲ့ ဓမ္မမိတ်ဆွေများအား ကျေးဇူးအထူးတင် ကြောင်း ဦးစွာ ဆိုပါရစေ။ ဒီစာအုပ်ပါ ဓမ္မဆိုင်ရာ မေးခွန်းတွေကို ဖြေတာနဲ့ ပတ်သက်ပြီး နည်းနည်း ဆိုစရာ ရှိတယ် .. ဖေ့စ်ဘုက် အကောင့် အချို့ရဲ့ မေးခွန်းကို ကောင်းလျက် ချန်ထားခဲ့ရပါတယ်။ အကြောင်းက ... ဘုန်းကြီးအနေနဲ့ မေးခွန်းတစ်ခုကို ဖြေပြီဆိုတာနဲ့ အားစိုက်ပြီး ကျမ်းဂန်မှာ ရှာဖွေ ဖတ်ရှုရတယ်။ အဲဒီလို မိမိကြိုးစားထားတဲ့ အဖြေဟာ မေးသူအစစ်အမှန်ဆီ တိုက်ရိုက် ရောက်သွားမှ ကျေနပ်နိုင်တာမို့ပါ။ လူတစ်ဦးကို မနှစ်သက်လို့ စာဖြေသူ ဘုန်းကြီးရဲ့ အပြောနဲ့ ထိုလူကို အနိုင်လိုချင်လို့ မေးတာမျိုး ပေါ်လွင်ရင်လည်း ဒီမေးခွန်းမျိုးကို ဖြေသင့်လျက် ချန်ထားခဲ့ပါတယ်။

မေးခွန်းတွေကို ခေါင်းစဉ်တပ်ပြီး မေးခွန်းရဲ့ အာဘော် ကိုလည်း မပျက်စေ၊ သိသင့်ရာရာလည်း စုံအောင်၊ ကျမ်းဂန် မှာရှာဖွေရင်း တွေ့ရှိသမျှကို ကျမ်းညှိပြီး သုတေသန ဆောင်း ပါးပုံစံနဲ့ ဖြေတာဖြစ်လို့ အစအဆုံးကို ကောင်းစွာ ဖတ်မိရင် သိချင်တာကို အတော်အသင့် နားလည်သွားနိုင်မှာပါ။

ဓမ္မအမေးအဖြေတွေရဲ့ မှတ်ချက်တွေမှာ အချို့က ပါဠိတော် အဋ္ဌကထာအဆိုကို မျက်ကွယ်ပြုလိုတဲ့ သဘောထား ကို တွေ့နိုင်တယ်။ ဘုန်းကြီး အနေနဲ့တော့ ခေတ်မီတယ် ဆို ရာမှာ ဘုန်းကြီးတို့ရဲ့ ထေရဝါဒ ပါဠိတော် အဋ္ဌကထာတွေကို အထင်သေး တန်ဖိုးမထားဘဲ ဗုဒ္ဓဝါဒီ မဟုတ်သူတိုင်း တစ် ပါးသားတို့ရဲ့ အယူအဆ နောက်ကိုပဲ လိုက်တာမျိုးကို မနှစ် သက်ပါ။ ယုတ္တိနှင့် အာဂမကို အဖြစ်နိုင်ဆုံး ညှိယူနိုင်အောင် ကြိုးစားပါတယ်။ ယုတ္တိကို စဉ်းစားပြီး အာဂမနှင့် ကိုက်ညီ အောင် ညှိပါတယ်။ ယုတ္တိအရ အားနည်းပြီး အာဂမ ရှိတယ် ဆိုရင်တောင် အဲဒီ အာဂမရဲ့ ဖြစ်နိုင်ခြေကို ယုတ္တိနှင့် နီးစပ် အောင်ပဲ စဉ်းစားပါတယ်။

မြန်မာနိုင်ငံ ဘုရားသမိုင်းတွေ အကြောင်းကို ထိတွေ့ရာ မှာတော့ စာဖတ်သူရဲ့ ယုံကြည်မှုနှင့် သမိုင်းရဲ့ ရှည်ကြာမှုကို လေးစားတဲ့ ရှုထောင့်က ရပ်တည်ပါတယ်။ မှားခြင်း မှန်ခြင်း ကို မိမိဘာသာ စဉ်းစားနိုင်အောင် အမြွက်မျှ ထိုးပြပြီး ရပ် ထားခဲ့ပါတယ်။ အဲဒီ ကိစ္စမျိုးမှာ လူစွမ်းကောင်း မလုပ်ရဲပါ။ ဘုန်းကြီး မစွမ်းနိုင်ဘူးလို့လည်း ယူဆပါတယ်။

အချို့မေးခွန်းတွေက အချို့ ဖေ့စ်ဘွက် အကောင့်တွေ မှာ ရေးထားတာတွေ ဖြစ်နိုင်လို့ ယင်းတို့ရဲ့ ယူဆပုံနဲ့ မတူ၊ ဒါမှမဟုတ် ဝေဖန်တာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီလို ဖြစ်ရင် တော့ ကာယကံရှင် အနေနဲ့ မိမိရဲ့ ရေးသားချက် ခိုင်လုံတယ် ဆိုတာကို သက်သေပြပြီး ပြန်ရှင်းရုံပါပဲ။

စာဖတ်သူ အနေနဲ့တော့ ယုတ္တိနဲ့ အာဂမ ညီညွတ်တာကို ရွေးချယ် လက်ခံနိုင်ပါတယ်။ ဘုန်းကြီးလည်း အလုံးစုံ ပြည့်စုံ သူ မဟုတ်လို့ ချင့်ချိန်ပြီး ယုံပါ၊ ယူရုံပါ။

ဘုန်းကြီးက စာရေးဆရာ မဟုတ်ပါဘူး။ ဒါကြောင့် စာ ရေးသူ ဆိုတဲ့ ဝေါဟာရကိုတောင် မသုံးရဲပါဘူး။ အမှန်တော့ သူတစ်ပါး မေးတာကို မိမိဖတ်နိုင်တဲ့ ကျမ်းဂန်တွေမှာ ရှာ ဖွေပြီး တိုက်ရိုက်ပါရင် ဒီလို ကျမ်းရှိလို့ ဒါတော့ဖြင့် မသင့်လို့ ဖြေပြီး တိုက်ရိုက် မပါရင် ဒါတော့ ဖြစ်တန်ကောင်းရဲ့လို့ ကျမ်း ဂန် အဆိုကို ကိုးကား ညှိပြတတ်ရုံ အဆင့်ပါ။

ဓမ္မအမေးအဖြေပေါင်းချုပ် (၆)မှာ မေးခွန်းပေါင်း ၁၂၁-ခု ပါဝင်တယ်။ အဲဒီ အထဲက နှစ်သက်ရာကို မြည်းစမ်း ဖတ်ရှုပြီး ဓမ္မအရသာ မျိုးစုံကို ခံစားနိုင်ကြပါစေ။

ဤစာအုပ် မူကြမ်းကို စစ်ဆေးပေးတဲ့ အရှင်တေဇိန္ဒ (ကထိက၊ ဝိနယပိဋကမဟာဌာန၊ နိုင်ငံတော်ပရိယတ္တိသာသ နာ့တက္ကသိုလ်၊ ရန်ကုန်)ကို ကျေးဇူးတင်ကြောင်းပါ။ မျက်နှာ ဖုံးဒီဇိုင်းဆွဲပေးတဲ့ လော့စ်အိန်ဂျယ်လိစ်မှ ကိုဟင်နရီ၊ ရန် ကုန်မှ Dr. ဉာဏ်ထွန်းကိုလည်း ကျေးဇူးတင် ကမ္ပည်း ထိုးပါ တယ်။ အားလုံး ကျန်းမာ အောင်မြင်ကြပါစေ။

၁၀၊ ၁၀၊ ၂၀၂၀။
အရှင်ကေလာသ (အရီဇိုးနား) ယူအက်စ်အေ

---

မာတိကာ

၇၀၉။ ကထိန်ခင်းခွင့် မခင်းခွင့် ၂၅၀၅-၂၅၀၈
၇၁၀။ သာသနာ့အလံထပ်ရှင်း ၂၅၀၉-၂၅၁၂
၇၁၁။ လမ်းဖြောင့်သို့ လိုက်ကြ ၂၅၁၃-၂၅၁၅
၇၁၂။ အင်္ဂုလိမာလသုတ် ၂၅၁၆-၂၅၁၈
၇၁၃။ ဂျိန်းဝါဒကိုတည်ထောင်သူ ၂၅၁၉-၂၅၂၁
၇၁၄။ မဇ္ဈိမနိကာယ်သတိ ၂၅၂၂-၂၅၂၅
၇၁၅။ ဝါဆိုသံဃာရှိမှ ကထိန်ခင်းနိုင် ၂၅၂၅-၂၅၂၇
၇၁၆။ အရှင်ယသရဲ့ မယ်တော် သုဇာတာ ၂၅၂၇-၂၅၃၄
၇၁၇။ ဆွမ်းဟင်းချက်စဉ် ၂၅၃၅-၂၅၃၆
၇၁၈။ လူမျိုးတုံး ၂၅၃၇-၂၅၄၀
၇၁၉။ မင်းတေမိရဲ့ အဓိဋ္ဌာန် ၂၅၄၁-၂၅၄၄
၇၂၀။ အရိယာကို ပြစ်မှားခြင်း ၂၅၄၄-၂၅၄၇
၇၂၁။ လိင်နှစ်ခုရှိသူနှင့် တရားထူး ၂၅၄၈-၂၅၅၁
၇၂၂။ နတ်ပြည်မှ နိဗ္ဗာန်သို့ ၂၅၅၂-၂၅၅၃
၇၂၃။ သူ့ကို ချစ်ပေမယ့် ၂၅၅၄-၂၅၅၈
၇၂၄။ ကမ္မဝါစာဖတ်နည်း ၂၅၅၉-၂၅၆၀
၇၂၅။ မငေါက်ငမ်းပါဘူး ၂၅၆၁-၂၅၆၅ ၇၂၆။ နှစ်ပါးပိုင် တစ်ပါးပျံလွန်သော် ၂၅၆၆-၂၅၇၀
၇၂၇။ ကုသိုလ်ကို ရန်ပြုသူ ၂၅၇၁-၂၅၇၅
၇၂၈။ မှတ်စုထဲက အနာထပိဏ် ၂၅၇၆-၂၅၈၃
၇၂၉။ ဥပုသ်သီလသမိုင်း ၂၅၈၄-၂၅၈၈
၇၃၀။ ချစ်မေတ္တာ သာစေကြောင်း ၂၅၈၉-၂၅၉၃
၇၃၁။ သချိုင်းမှပြန်ခေါ်ခြင်း ၂၅၉၃-၂၅၉၇
၇၃၂။ ခန္ဓာကိုယ်ထဲက ပိုးကိုသတ်ရင် ၂၅၉၈-၂၆၀၂
၇၃၃။ ပဉ္စဝဂ္ဂီ ကျမ်းညှိ ၂၆၀၃-၂၆၀၆
၇၃၄။ လယ်ထွန်ပွဲက ပဌမဈာန်ရှင် ၂၆၀၇-၂၆၀၉
၇၃၅။ အစွဲချွတ်ဂါထာ ၂၆၀၉-၂၆၁၃
၇၃၆။ မှတ်စုထဲက ယသော်ဓရာ ၂၆၁၄-၂၆၂၁
၇၃၇။ နှဲကြိုးဆရာတော်ရဲ့စာ ၂၆၂၂-၂၆၂၅
၇၃၈။ တီဗွီမှသီလခံယူခြင်း ၂၆၂၆-၂၆၂၉
၇၃၉။ အသည်းကြွေသလို ၂၆၂၉-၂၆၃၂
၇၄၀။ အဆိုကွဲရှင်းချက် ၂၆၃၃-၂၆၃၅
၇၄၁။ ဗောဓိကိုင်းကို ချိုင်ခြင်း ၂၆၃၅-၂၆၃၇
၇၄၂။ ပျာကလတ်စိန်တွေ ၂၆၃၈-၂၆၄၂
၇၄၃။ နမောတဿ ပေါင်းဆိုခွဲဆို ၂၆၄၃-၂၆၄၅
၇၄၄။ လူရဟန္တာ ထပ်ရှင်း ၂၆၄၅-၂၆၄၈
၇၄၅။ မဟာဝိဟာရထုံး နှလုံးမူ ၂၆၅၀-၂၆၅၇
၇၄၆။ မိုးကျရွှေကိုယ်သင်္ကန်း ၂၆၅၇-၂၆၆၀
၇၄၇။ အရိပ်မနင်း ဖိနပ်မစီး ၂၆၆၁-၂၆၆၃ ၇၄၈။ ဘုရားအလိုကျ ရှင်ပြုခြင်း ၂၆၆၄-၂၆၆၆
၇၄၉။ အမျိုးသမီးမဝင်ရ ၂၆၆၇-၂၆၇၁
၇၅၀။ ဘယ်သူ သက်တော်ပိုကြီးလဲ ၂၆၇၂-၂၆၇၅
၇၅၁။ ကိလေသာကိုပယ်ပုံ ၂၆၇၇-၂၆၇၉
၇၅၂။ ရဟန်းက မိဘကို ရှိမခိုးရ ၂၆၈၀-၂၆၈၂
၇၅၃။ အာပတ်ဖြေခြင်း ၂၆၈၃-၂၆၈၅
၇၅၄။ ကထာဝတ္ထုကျမ်း ၂၆၈၅-၂၆၈၇
၇၅၅။ မာန်ပေါ်တဲ့ မော်ဒန်ဆရာ ၂၆၈၈-၂၆၉၂
၇၅၆။ အတင်အရုံပြဿနာ ၂၆၉၃-၂၆၉၅
၇၅၇။ သာဓုလား ဆာဓုလား ၂၆၉၆-၂၆၉၈
၇၅၈။ အစွဲမဲ့သေခြင်း ၂၆၉၉-၂၇၀၁
၇၅၉။ သာမဏေဟာ သံဃာ ၂၇၀၁-၂၇၀၃
၇၆၀။ ရဟန်းဖြစ်မဖြစ် ၂၇၀၄-၂၇၀၅
၇၆၁။ ကရုဏာရဲ့ အခြားရှုထောင့် ၂၇၀၆-၂၇၁၁
၇၆၂။ မှတ်စုထဲက မယ်တော်မာယာ ၂၇၁၂-၂၇၁၅
၇၆၃။ စောင့်လေမျိုးမွေ ၂၇၁၆-၂၇၁၉
၇၆၄။ ဗုဒ္ဓနားရွက်တော် ၂၇၂၀-၂၇၂၂
၇၆၅။ ဆူးတွင်းပစ်ဆရာတော် ၂၇၂၃-၂၇၃၁
၇၆၆။ နိဿယသမိုင်းမှတ်စု ၂၇၃၂-၂၇၃၅
၇၆၇။ မှတ်စုထဲက သဒ္ဒနီတိ ၂၇၃၆-၂၇၄၆
၇၆၈။ ပဋ္ဌာန်းရွတ်လျှင် ၂၇၄၇-၂၇၅၀
၇၆၉။ ဝေဒနာသံယုတ်မှတ်စု ၂၇၅၁-၂၇၅၆ ၇၇၀။ ကျားကိုက်ခံရစဉ် ဘာကိုရှု ၂၇၅၇-၂၇၆၁
၇၇၁။ ရှေ့ပြေးမဂ်ဘာလဲ ၂၇၆၂-၂၇၆၇
၇၇၂။ တူကြီးလေးဖြာ ၂၇၆၈-၂၇၇၁
၇၇၃။ ဝေဒနာမချုပ် ၂၇၇၂-၂၇၇၄
၇၇၄။ ငရဲအိုး လူမရွေးသင့် ၂၇၇၅-၂၇၇၈
၇၇၅။ ကမ္မဝါဒတရားရုံးက ပယ်ချခြင်း ၂၇၇၉-၂၇၈၄
၇၇၆။ အရိုးကိုအရွက်မဖုံးရ ၂၇၈၅-၂၇၈၈
၇၇၇။ ငရဲထိန်းတို့ မီးမပူ ၂၇၈၉-၂၇၉၄
၇၇၈။ ကျေးဇူးရှင်ဗြဟ္မာနှစ်ဦး ၂၇၉၅-၂၇၉၉
၇၇၉။ သရဏဂုံတည်ရုံနဲ့ ၂၇၉၉-၂၈၀၁
၇၈၀။ ရဟန်းနဲ့ ဘွဲ့ယူဝတ်စုံ ၂၈၀၁-၂၈၀၇
၇၈၁။ ကိုယ့်ခွေးကိုတောင် ၂၈၀၈-၂၈၁၁
၇၈၂။ နာဂအမည်နဲ့ ရဟန်းခံရင် ၂၈၁၂-၂၈၁၈
၇၈၃။ ခေတ်သစ်ဘိက္ခုနီ ၂၈၁၉-၂၈၂၄
၇၈၄။ မိုဘိုင်းဂိမ်း ၂၈၂၄-၂၈၂၆
၇၈၅။ မေးခွန်းနှစ်ခု ၂၈၂၇-၂၈၂၉
၇၈၆။ ဓမ္မသရဏဂုံ ၂၈၃၀-၂၈၃၂
၇၈၇။ မအိုတော့ဘူး ၂၈၃၂-၂၈၃၄
၇၈၈။ ဝိနည်းကြီးခြင်း ၂၈၃၅-၂၈၃၈
၇၈၉။ သုဂတော်ငါးချက်သိဖွယ် ၂၈၃၉-၂၈၄၂
၇၉၀။ အပြစ်သေးသိက္ခာပုဒ်ပြဿနာ ၂၈၄၃-၂၈၄၇
၇၉၁။ အဖန်ငါးရာမက ၂၈၄၈-၂၈၄၉ ၇၉၂။ စံပြပြည့်တန်ဆာ ၂၈၅၀-၂၈၅၂
၇၉၃။ မှတ်ကရော ၂၈၅၃-၂၈၅၅
၇၉၄။ ကျမ်းစာသင်တန်း ၂၈၅၆-၂၈၅၈
၇၉၅။ လောကီချမ်းသာ ၂၈၅၉-၂၈၆၁
၇၉၆။ အောင်လံထူခွင့် ၂၈၆၂-၂၈၆၄
၇၉၇။ သဗ္ဗတ္ထကကမ္မဋ္ဌာန်း ၂၈၆၅-၂၈၆၇
၇၉၈။ အဦးဆုံး မြန်မာဖြစ် ပါဠိဗုဒ္ဓဝင် ၂၈၆၈-၂၈၇၃
၇၉၉။ ကျွတ်တမ်းဝင်သူပေါင်း ၂၈၇၄-၂၈၇၆
၈၀၀။ မင်းကြီးရဲ့ ဘုရားရှိခိုး ၂၈၇၇-၂၈၈၀
၈၀၁။ ဖုန်းနဲ့ ဒေသနာပြောရင် ၂၈၈၁-၂၈၈၅
၈၀၂။ သတိပဋ္ဌာန် ရာသက်ပန် ၂၈၈၆-၂၈၈၈
၈၀၃။ ကမ္မဋ္ဌာန်းမှ အင်းဝိဇ္ဇာသို့ ၂၈၈၉-၂၈၉၄
၈၀၄။ မှတ်စုထဲက နန္ဒမင်းသား ၂၈၉၅-၂၈၉၉
၈၀၅။ နတ်ပြည်နှင့် ရဟန္တာ ၂၉၀၀-၂၉၀၃
၈၀၆။ ရေလှူ၍ ဗိမာန်တည် ၂၉၀၄-၂၉၀၆
၈၀၇။ ဓမ္မနို့ချိုတိုက်ကျွေးသူ ၂၉၀၆-၂၉၀၉
၈၀၈။ ရွှေဇွန်းနဲ့ ဘုဉ်းပေးရင် ၂၉၁၀-၂၉၁၃
၈၀၉။ သရဏဂုံနဲ့ သာမဏေ ၂၉၁၄-၂၉၁၇
၈၁၀။ ပိုးဖလံမျိုး မီးကိုတိုး ၂၉၁၉-၂၉၂၁
၈၁၁။ ပိုက်ဖြုတ်ခြင်း ၂၉၂၂-၂၉၂၇
၈၁၂။ မယ်သက်ပြင်း ၂၉၂၈-၂၉၃၂
၈၁၃။ သားတို့ရုပ်ရည် ၂၉၃၃-၂၉၃၆ ၈၁၄။ မျိုးတုံး လမ်းစဉ်လော ၂၉၃၇-၂၉၄၁
၈၁၅။ စိတ်ကူးမိရုံနဲ့ ၂၉၄၂-၂၉၄၄
၈၁၆။ မှတ်စုထဲက အဇာတသတ် ၂၉၄၅-၂၉၅၃
၈၁၇။ ကဝိမျက်မှန် ပြန်ပြင်မှ ၂၉၅၄-၂၉၅၆
၈၁၈။ လူ့ဘဝစဖြစ်ပုံ ၂၉၅၇-၂၉၆၀
၈၁၉။ တရာဦးနှင့်ပတ်သက်သူများ ၂၉၆၁-၂၉၆၄
၈၂၀။ အနှစ်ပြည့် အမျှဝေလင်္ကာ ၂၉၆၅-၂၉၇၀
၈၂၁။ သိကြားသာသနာ ၂၄၆၇-၂၄၇၀
၈၂၂။ ကြာငါးပွင့်၊ မေတ္တေယျ ၂၉၇၄-၂၉၇၆
၈၂၃။ လေချွန်နတ် ၂၉၇၇-၂၉၇၉
၈၂၄။ ပြောင်းမရတဲ့ ဂေးစိတ် ၂၉၈၀-၂၉၈၃
၈၂၅။ သူ့ဖွင့်ဆိုက်ချက် မပြည့်စုံ ၂၉၈၄-၂၉၈၆
၈၂၆။ သုစိပုဘာ ၂၉၈၇-၂၉၈၉
၈၂၇။ ကိုယ်မှာမတတ် စာမှာတတ်သော် ၂၉၉၀-၂၉၉၂
၈၂၈။ မဟာသမယသုတ်မှတ်ဖွယ် ၂၉၉၃-၂၉၉၉
၈၂၉။ မဟာသမယအသံထွက်အထူး ၃၀၀၀-၃၀၀၃
၈၃၀။ ဓမ္မကထိကကောင်း ၃၀၀၄-၃၀၀၉
အက္ခရာစဉ်မှတ်ဖွယ် စဉ် ၁-စဉ် ၁၄ ---

လမ်းဖြောင့်သို့

ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုး လမ်းယုတ်ကို လည်းကောင်း။ ဝင်္ကဉ္စ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇေဇတွာ၊ ရှောင်ကွင်း ဖဲကြဉ်၍။ သုမဂ္ဂ၊ ကောင်းသော လမ်းခရီးသို့။ ဥဇုံ၊ ဖြောင့်ဖြောင့် မတ်မတ်။
ယန္တု၊ လိုက်သွားနိုင်ကြပါစေကုန်သတည်း။ အဟဉ္စ၊ ငါသည်တမူလည်း။
ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုး လမ်းယုတ်ကို လည်းကောင်း။ ဝင်္ကဉ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇေဇတွာ၊ ဖဲကြဉ် ရှောင်ကွင်း၍။
ဥဇုံ၊ ဖြောင့်ဖြောင့်။
သုမဂ္ဂဂေါ၊ လမ်းမှန် လမ်းကောင်းသို့ လိုက်သွားနိုင်သည်။
ဘဝေ၊ ဖြစ်ရပါလို၏။
(ပရမတ္ထစက္ခုကျမ်းနိဂုံး) ---

ကျမ်းကိုးများ

ဓမ္မအမေးအဖြေတွေမှာ ကျွမ်းထိုးမျာဠိတော် အဋ္ဌကထာ ဋီကာ အားလုံးမှာ ကမ္ဘာအေး သာသနာရေးဦးစီးဌာနက ရိုက်တဲ့ ဆဋ္ဌသံဂါယနာ မူတွေပဲ ဖြစ်ပါတယ်။ မူရင်းကျမ်းစာကို ဖတ်လိုသူမှာလည်း ပါဠိ တတ်ကျွမ်းသူသာ ဖြစ်နိုင်လို့ ဘုန်းကြီး ဖော်ပြထားတဲ့ ကျမ်းညွှန်းအတိုင်း အလွယ်တကူ ရှာဖွေ လေ့လာနိုင်မယ်လို့ ယူဆပြီး ဆဋ္ဌမူ ပါ၊ ဋ္ဌ၊ ဋီ ကျမ်းညွန်းတွေကို အထူး မဖော်ပြတော့ပါ။ အညွှန်းစနစ်ကို သိလိုရင် ပေါင်းချုပ် ပထမတွဲမှာ ရှုပါ။ ဒီမှာတော့ ထူးခြားတဲ့ ကျမ်းကိုး အချို့ကိုပဲ ဖော်ပြပါတယ်။

ပါဠိ

မဟာဝံသပါဌ် - အရှင်မဟာနာမ (P.T.S. မူ)
မဟာဝံသဋီကာ - အရှင်မဟာနာမ (P.T.S. မူ)
မဟာဗောဓိဝိသဋီကာ - ပေါင်လောင်အရှင်ကဿပ (ပေမူ)
အဘိဓာန်ဋီကာ - စတုရင်္ဂဗလအမတ် (ဆဋ္ဌမူ)
သဒ္ဒသာရတ္ထဇာလိနီ - ဆူးတွင်းပစ်ဆရာတော်
သဒ္ဒသာရတ္ထဇာလိနီဋီကာ - အမည်မသိ
လောကုပ္ပတ္တိပကာသနီ - အရှင်အဂ္ဂပဏ္ဍိတ (ပေမူ)
သဒ္ဒနီတိ ၁၊ ၂၊ ၃ - အရှင်အဂ္ဂဝံသ (ဆဋ္ဌမူ)
သံပျင်ဋီကာ - သံပျင်အမတ် (ဣစ္ဆာသယ)
မောဂ္ဂလ္လာနဗျာကရဏံ - အရှင်မောဂ္ဂလ္လာန် (ဆဋ္ဌမူ)
သာသနဝံသဒီကာ - မောင်းထောင်ဆရာတော်
ခုဒ္ဒကပါဌဋီကာ - ပထမငါးခုံဆရာတော် (ပေမူ)
ကာရိကာပါဌ် - အရှင်ဓမ္မသေနာပတိ (ပေမူ)
ကာရိကာဋီကာ - အရှင်ဓမ္မသေနာပတိ (ပေမူ) တထာဂတုပ္ပတ္တိပါဌ် - အရှင်ဉာဏဂမ္ဘီရ (ပေမူ)
တထာဂတုပ္ပတ္တိနိဒါနနိဿယ - ရေးသူမသိ (ပေမူ)
ကပ္ပါလင်္ကာရပါဌ် နိဿယ - အရှင်ဥတ္တမသီရိ (ပေမူ)
ခုဒ္ဒသိက္ခာဒီပနီပါဌ် - ပန်းလွှားဆရာတော် (ပေမူ)

မြန်မာ

ကထိနဒီပနီ - ပုပ္ဖာရုံဆရာတော် (ပေမူ)
ကထိနဝိသောဓနီ - ဗန်းမော်ဆရာတော်
ပရမတ္ထစက္ခုကျမ်း - ဒီပဲရင်းဆရေတာ်
လလိတဝိတ္ထာရ - အရှင်သုန္ဒရာဘိဝံသ
ညောင်ကန်သာသနာဝင် - ဦးသုဒဿန
ပုခန်းသာသနာဝင် - လယ်တီဦးလှပိုင်
ဝိနယသမူဟဝိနိစ္ဆယ ၁ - ဆရာတော်ကြီးများ
ပိဋကတ်တော်သမိုင်း - မင်းကြီးမဟာသီရိဇေယျသူ
သာသနာလင်္ကာရစာတမ်း - မဟာဓမ္မသင်္ကြန်
တထာဂတဥဒါနဒီပနီ - သိရိသဒ္ဓမ္မာဘိလင်္ကာရ
မဟာဒွါရနိကာယသာသနဝံသဒီပနီ - အရှင်သိရိသောဘဏထေရ်
ရွှေကျင်နိကာယသာသနာဝင် - အရှင်ပဏ္ဍိတမထေရ်
မာလာလင်္ကာရ - ဒုတိယ မဲထီးဆရာတော်
မဟာဗုဒ္ဓဝင်ဝတ္ထု - ပထမငါးခုန်ဆရာတော်
စာဆိုတော်များရတုပေါင်းချုပ် - လက်ဝဲနော်ရထာအမတ်
စွယ်စုံကျော်ထင်ကျမ်း - ကျီးသဲလေးထပ်ဆရာတော်
သမန္တစက္ခုဒီပနီ - ကျီးသဲလေးထပ်ဆရာတော်
တွင်းသင်းမြန်မာရာဇဝင် ၁ - တွင်းသင်းတိုက်ဝန်
ပရမတ္ထသရူပဘေဒနီ ၁ - မဟာဝိသုဒ္ဓါရုံဆရာတော် ဝဋဘေဒနီတရားပေါင်းချုပ် - နှဲကြိုးဆရာတော်
စာဆိုတော်ဝတ္ထု - ဒဂုန်ခင်ခင်လေး
ဓမ္မသေနာပတိအရှင်သာရိပုတ္တရာ - ပါဠိပါရဂူဦးအောင်မိုး
စတုဓမ္မသာရကိုးခန်းပျို့ - အရှင်မဟာရဋ္ဌသာရ
ဝိမတိစ္ဆေဒနီကျမ်း - ဘုရားကြီးဆရာတော်
နှောင်းတွေ့ ကျောက်စာများ - သန်းထွန်း
ရှေးဟောင်းမြန်မာကျောက်စာများ ၅ - ဦးငြိမ်းမောင်
ကပ္ပါလင်္ကာရဝဏ္ဏနာ ၁ - ဒီးဒုတ် ဦးဘချို
မင်းနန်ပျို့ - ဦးယာ
ညီတော်မင်းနန် - ပါရဂူ (ဘာသာပြန်)
ဝိနယဂဏ္ဌိပဗ္ဗဝိနိစ္ဆယကျမ်း - အရှင်ဉေယျဓမ္မမဟာထေရ်
လယ်တီဒီပနီပေါင်းချုပ် ၁ - လယ်တီဆရာတော်

English

The Buddhist Handbook - John Sneeling
The White Buddhist - Stephen Prothero
Pre-Buddhistic Indian Philosophy - B.M. Barua
Mahavira: His Life and Teachings - Bimala C. Law,
History of Buddhism in India - Tāranātha
The Light of Asia - Edwin Arnold
History of Buddhism in Ceylon - Dr. Walpola Rahula
The Life of Buddha - E. J. Thomas
Glimpses of World History - J. Nehru
The Life of the Buddha - W. Rockhill The Pali Proper Names, II, III - G.P. Mālālāsekera
The New York Times (August 30, 2015) - Jeff Stryker
Karen Ann: Quinlans Tell Their Story - Quinlans (1977)
Pāli Literature of Ceylon - G.P. Mālālāsekera
Pāli Leteratue of Burma - M. H. Bode
Samyutta Nikaya Anthology - Wheel Publication
A Digest of the Burmese Buddhist Law - Government of Burma
Gandhavamsa - Journal of PTS (1886)
Encyclopedia Britannica - Online
Encyclopaedia of Religion and Ethics, Vol. i (1908) - Hoernle

၇၀၉။ ကထိန်ခင်းခွင့် မခင်းခွင့်

ဘုန်းကြီး ဘုရား၊ ဒေါက်တာဘွဲ့ရ ဆရာတော် တစ်ပါးက ‘ကထိန်ဟာ တစ်ဦးတည်း ခင်းလို့ မရဘူး။ သံဃာ ငါးပါးထက် လျော့ပြီးတော့နေတဲ့ ကျောင်းမှာလည်း အမှန်ဆိုရင် ကထိန် ခင်းလို့ မရဘူး။ ဘေးကျောင်းက သံဃာတွေကို ငှားပြီးတော့ ငါးပါးပြည့်အောင် လုပ်လို့လည်း ဝိနည်းအရဆို မရဘူး။ မမြောက်ဘူး၊ ကထိန် မမြောက်ဘူး'ဟု အွန်လိုင်းမှာ တရား ဟောကြားပါသည်။ ရဟန်းတစ်ပါးသာ ဝါဆိုသောကျောင်း၌ အခြားကျောင်းက သံဃာတော်များကို ပင့်ပြီး ကထိန်ခင်းလို့ ရမရ သိလိုပါသည် ဘုရား။

အရှင်ကုမုဒ (ဘာတိကာရုံ)

---

ရှေးဦးစွာ ဝိနည်းအဋ္ဌကထာ (ဝိ၊ဋ္ဌ၊၃၊၃၈၈)မှာ ဖွင့်ဆိုထားတာကို မူရင်းကျမ်းအတိုင်း နိဿယမြန်မာပြန်ရဲ့ အကူအညီနဲ့ လေ့လာကြည့်မယ် ..

အနည်းဆုံး သံဃာ ငါးပါး

၁။ အနည်းဆုံး သံဃာငါးပါးရှိမှ ကထိန်ခင်းနိုင်၏။ ထိုထက် လျော့မူ မအပ်။ ပုရိမဝါကျွတ်သော ရဟန်း (ဝါဆိုလပြည့်နေ့၌ ဝါဆိုပြီး သီတင်းကျွတ် လပြည့်နေ့မှာ ဝါကျွတ်သော ရဟန်း)သာ ကထိန်ခင်းနိုင်၏။ ဝါကျိုးသူ(ဝါတွင်းမှာ ၇-ရက်ထက် အလွန် ခရီးသွားသူ)၊ ပစ္ဆိမဝါကျွတ်သူ (ဝါခေါင်လပြည့်မှာ ဝါဆိုပြီး တန်ဆောင်မုန်းလပြည့်မှာ ဝါကျွတ်သူ)များ ကထိန်ခင်းခွင့် မရှိ။

ဒီစာပိုဒ်အရ မေးခွန်းမှာ ဆိုတိုင်း “ကထိန်ဟာ တစ်ဦးတည်း ခင်းလို့မရဘူး'ဆိုတာ မှန်တယ်။ သံဃာလေးပါးက ကမ္မဝါဖတ်ပြီး ကထိန်ခင်းမယ့် ရဟန်းတစ်ပါးအား သင်္ကန်းကို ပေးအပ်ရမှာဖြစ်လို့ အနည်းဆုံး သံဃာငါးပါး လိုတယ် (မဟာဝါဘာသာဋီကာ ၂၊ စာ-၁၇၁)။

အခြားကျောင်းက ရဟန်းများ

၂။ အခြားကျောင်းမှာ ဝါဆိုသော ရဟန်းများလည်း ဤကျောင်း၌ ကထိန်မခင်းရ’ဟု မဟာပစ္စရိအဋ္ဌကထာ၌ ဆို၏။

ဒီစာပိုဒ်က “မဟာပစ္စရိ’လို့ ခေါ်တဲ့ အဋ္ဌကထာကျမ်းရဲ့ အယူဝါဒကို ဖော်ပြတယ်။ အဓိပ္ပာယ်က “သိမ်မတူတဲ့ အခြားတစ်ကျောင်းမှာ ဝါဆိုပြီး ဒီကျောင်းမှာ ကထိန်ခင်းလို့ မရဘူးလို့ ဆိုလိုတယ် (သာရတ္ထ၊ဋီ၊၃၊၃၃၅)’။ ဥပမာ .. မန္တလေးက ကျောင်းမှာ ဝါဆိုပြီး ရန်ကုန်က ကျောင်းမှာ လှူတဲ့ ကထိန် ဉတ်သင်္ကန်းကို မခံယူရဘူးလို့ ဆိုလိုတာ။

အာနိသင်

၃။ အမှန်သော် ရဟန်းအားလုံး (ဝါကျိုး၊ ပစ္ဆိမဝါကပ်၊ အခြားကျောင်းမှာ ဝါဆို)သည် ပုရိမဝါကပ်သော ရဟန်းများအား အရေအတွက် ပြည့်အောင် (ကမ္မဝါစာ ဖတ်နိုင်အောင်) ပြုပေး၏။ ၎င်းတို့သည် ကထိန်အာနိသင်ကိုမူ မရ။ ပုရိမဝါကပ်သော ရဟန်းများသာ ကထိန် အာနိသင်ကို ရ၏။

ဒီနေရာမှာ ‘အာနိသင်’ဆိုတာ ကထိန်အာနိသင် ငါးပါးကို မဆိုလို။ ကထိန်ခင်းမယ့် သင်္ကန်း (ဉတ်သင်္ကန်း)ရဲ့ အခြွေအရံအနေနဲ့ လှူဒန်းတဲ့ အခြားသင်္ကန်းတွေကို “အာနိသင်’လို့ ဆိုလိုတာ။ ဒီသင်္ကန်းတွေက သံဃိကဖြစ်နေလို့ ဝါကျိုး (ပစ္ဆိမဝါကပ်၊ အခြားကျောင်းမှာ ဝါဆို)သော ရဟန်းတို့ မရနိုင်။ စားသောက်ဖွယ်စတဲ့ တိုလီမိုလီ ပစ္စည်းတွေကိုပဲ ထိုရဟန်းတွေ ရနိုင်တယ် (မဟာဝါဘာသာဋီကာ ၂၊ စာ-၁၇၂)။

ဂိုဏ်းပြည့်ပြုခြင်း

၄။ ပုရိမဝါကပ်သော ရဟန်းသည် လေးပါး၊ သုံးပါး၊ နှစ်ပါး၊ တစ်ပါးသာရှိခဲ့လျှင် (ကမ္မဝါစာ ဖတ်မည့်) သံဃာအရေအတွက် ပြည့်အောင် အခြားရဟန်းများကို ဂိုဏ်းပြည့်ပြု၍ ကထိန်ခင်းနိုင်၏ (သစေ ပုရိမိကာ ဥပဂတာ စတ္တာရော ဝါ ဟောန္တိ တယော ဝါ ဧကော ဝါ၊ ဣတရေ ဂဏပူရကေ ကတွာ ကထိနံ အတ္ထရိတဗွီ)။

ဒီစာ ၂-ပိုဒ် (အပိုဒ် ၃ နဲ့ ၄)ကို ခြုံပြီး ပုပ္ဖာရုံဘုန်းတော်ကြီးက ဝါကျိုးသော ရဟန်း၊ ဝါမဆိုသော ရဟန်း၊ ပစ္ဆိမဝါကျွတ်သော ရဟန်း၊ အခြားကျောင်း တစ်ခု၌ ဝါကျွတ်သော ရဟန်းတို့သည် ကထိန်ခင်းသော ကျောင်း၌ ပုရိမဝါ ကျွတ်သည့် ကထိန်ခင်းထိုက်သော ရဟန်းတစ်ပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါးတို့၏ ထိုကထိနဒါနကံဂဏပူရဏ ဖြစ်ကုန်၏ (ကထိနဒီပနီ၊ ပေမူ၊ သဲ-ကျော)'လို့ ဆိုတယ်။

ကုန်းဘောင်ခေတ်မှာ ထင်ရှားခဲ့တဲ့ မူလဗန်းမော် ဆရာတော်ကလည်း “ကထိန်ခင်းရာကျောင်း၌ ဂိုဏ်းပြည့် (အရေအတွက်ပြည့်) လောက်အောင် ပုရိမဝါသား ရဟန်း ၅-ပါး မရှိခဲ့သော် ထိုကျောင်း၌ ပစ္ဆိမဝါသား ရဟန်းကို ဖြစ်စေ၊ တစ်ပါးကျောင်း၌ ဝါမှထ(ဝါကျွတ်)ကုန်သော ရဟန်းများကိုပင် ဖြစ်စေ ပင့်ခေါ်သဖြင့် ဂိုဏ်းပြည့်ပြု၍ ကထိန်ခင်းအပ်၏ (ကထိနဝိသောဓနီကျမ်း၊ စာ-၃၁၉)'လို့ ဆိုပါတယ်။

ဒီလိုမှတ်ပါ

ဒါကြောင့် “ဘေးကျောင်းက သံဃာတွေကို ငှားပြီးတော့ ငါးပါးပြည့်အောင် လုပ်လို့ ဝိနည်းအရဆို မရဘူး။ ကထိန် မမြောက်ဘူး'လို့ မဆိုနိုင်ဘူး။ ကထိန်ခင်းတဲ့ ကျောင်းမှာ ပုရိမဝါကျွတ်တဲ့ သံဃာတစ်ပါးသာရှိပေမယ့် သံဃာပြည့်အောင် အခြားကျောင်းက သံဃာကို ပင့်ဖိတ်ပြီး ကထိန်ခင်းကောင်းတယ်။ စာသင်တိုက်တွေမှာလို ဝါဆိုသံဃာ ရာချီရှိမှ ကထိန် ခင်းနိုင်တာ မဟုတ်ဘူး။

ဆရာတော် ဒေါက်တာ ပြောသလိုသာ ဆိုရင် မြန်မာပြည် အနှံ့က တောရွာမှာ တစ်ပါးစ နှစ်ပါးစ ကျောင်းထိုင်တဲ့ ဆရာတော်တွေ ကထိန်ခင်းနိုင်ကြမှာ မဟုတ်တော့ဘူး။ ပြည်ပက ကျောင်းတွေမှာလည်း တစ်ပါးတည်း သီတင်းသုံးကြတာ များပါတယ်။ အခြားကျောင်းက ပင့်ပြီးပဲ ကထိန်ခင်းရပါတယ်။

‘အမှန်ဆိုရင်’‘ဝိနည်းအရဆို’ဆိုတဲ့ ရုတ်ချည်း စကားတွေဟာ ဟောပြောသူရဲ့ ပြောဆဲခဏ စိတ်ထဲမှာ ဖြစ်နေတဲ့ မသေချာမှုရဲ့ သင်္ကေတတွေများ ဖြစ်နေလေမလား။

နိုဝင်ဘာ ၂၃၊ ၂ဝ၁၈။

---

န မဇ္ဇေထ ယသံ ပတ္တော (ဇာ၊၂၊၉၆)။
ချမ်းသာ အခြံအရံ ပေါများချိန်၌ မမေ့မလျော့နှင့်။

---

၇၁၀။ သာသနာ့အလံထပ်ရှင်း

ဆရာတော် ဘုရား၊ အွန်လိုင်းမှာ ဆရာတော် တစ်ပါးက သာသနာ့အလံ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်ပြီး အောက်ပါ အတိုင်း ရေးထားသည်ကို ဖတ်ရပါသည် ..

“ဒုတိယ ကမ္ဘာစစ်ကြီးအပြီး အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း သမ္မတလင်ကွန်းရဲ့ မိတ်ဆွေ မြောက်ပိုင်း ဗိုလ်ချုပ်ကြီး အော့လကော့က အာရှတိုက်ရဲ့ အလင်းရောင်စာအုပ် ဖတ်အပြီးမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာခဲ့ပြီးနောက်မှာ အာရှဗုဒ္ဓဘာသာ ညီလာခံကြီးမှာ “ဘာသာတိုင်းမှာ သူတို့ရဲ့ ဘာသာရေး အမှတ်အသား အလံတွေရှိသလို ဗုဒ္ဓဘာသာမှာလည်း အမှတ်အသား သာသနာ့အလံ ရှိသင့်တယ်ဟု တင်ပြပြီး သဘောတူညီမှု ရပြီးနောက်မှာ သာသနာ့အလံအတွက် ဒီဇိုင်းဆွဲဖို့ စီစဉ်ကြတော့ ဗိုလ်ချုပ်ကြီးက မဟာဗောဓိမှာ အဘိဓမ္မာတရားကို ဆင်ခြင်စဉ်က ဘုရားရှင် ရောင်ခြည်တွေ ကွန့်မြူးပုံတွေကို လှမ်းသတိရမိလိုက်ကာ ရောင်ခြည်တော် ခြောက်ပါးကို ပုံဖော် ဒီဇိုင်းဆွဲပြလိုက်ပါတယ်'။

ဆရာတော်၏ ဓမ္မအမေးအဖြေ (ဧပြီ ၅၊ ၂၀၀၈) တွင် ဖတ်ရသည်နှင့် အတော် ကွဲပြားနေသည်ကို တွေ့ရပါသဖြင့် ပြန်၍ ရှင်းပြပေးစေလိုပါသည် ဘုရား။

အရှင်တိက္ခ (ပြင်ဦးလွင်)

---

နားလည်ပုံ

ဒီစာပိုဒ်ကို မူလစာရေးသူ တကယ် ရေးမရေး မသိ။ ရေးပုံက ခပ်ရှုပ်ရှုပ်ကြီး။ ဒီလို နားလည်မယ် .... သမ္မတ လင်ကွန်းဟာ အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း။ လင်ကွန်းရဲ့ မိတ်ဆွေ မြောက်ပိုင်း ဗိုလ်ချုပ်ကြီး အော့လကော့ဟာ “အာရှတိုက်ရဲ့အလင်းရောင်' စာအုပ်ကို ဖတ်ပြီး ဗုဒ္ဓဘာသာ ဖြစ်သွား။ အာရှဗုဒ္ဓဘာသာ ညီလာခံမှာ သာသနာ့အလံ ရှိသင့်တယ်လို့ (အော့လကော့)က တင်ပြ။ ရှိသင့်ကြောင်း သဘောတူလို့ အော့လကော့ကပဲ ဘုရားရဲ့ ရောင်ခြည် ခြောက်ပါးကို ပုံဖော်ပြီး ဒီဇိုင်းဆွဲတယ်။ ဒါတွေ အားလုံး ဒုတိယကမ္ဘာစစ် အပြီးမှာ ဖြစ်ခဲ့တာလို့ ရေးသားပုံအရ ဆိုနိုင်တယ်။ ဒီစာပိုဒ်ကို အဲဒီလို နားလည်ပြီး ဆွေးနွေးရရင် ..

စကားစစ်ထိုးပွဲ

သီရိလင်္ကာ ရဟန်းတော် အရှင်ဂုဏနန္ဒနဲ့ ခရစ်ယာန် ဘုန်းတော်ကြီး ဒီသီလဝ (De Silva)တို့ ၁၈၇၃-နှစ်က သီရီလင်္ကာနိုင်ငံ၊ ပနာဒုရ(Panadura)မြို့ စကားစစ်ထိုးပွဲ အကြောင်းအရာတွေကို နိုင်ငံခြားသတင်းစာတွေမှာ ဖော်ပြကြလို့ ဗုဒ္ဓဝါဒ လှုပ်ရှားလာတယ်။ ၁၈၈၀-ပြည့်မှာ အမေရိကန်နိုင်ငံသား ဟင်နရီ စတီးလ် အောလ်ကော့ (Henry Steel Olcott)နဲ့ သီအိုဆိုဖီဆရာမ ဗလာဗာစကီ (Blavatsky)တို့ သီရိလင်္ကာ ရောက်လာပြီး ဂေါလေ(Galle)မြို့မှာ နှစ်ဦးလုံး သရဏဂုံနဲ့ ငါးပါးသီလခံယူပြီး တိုင်းပြည်သိ ဗုဒ္ဓဘာသာအဖြစ် ခံယူကြတာဟာ ဒီစကားစစ်ထိုးပွဲရဲ့ သက်ရောက်မှုပါပဲ(Stephen Prothero, The White Buddhist, p.95, John Sneeling, The Buddhist Handbook, p.107)။

အောလ်ကော့နဲ့ ဗလာဗာစကီတို့ဟာ အမေရိကမှာ နေစဉ်ကပင် သူတို့ကိုယ်သူတို့ ဗုဒ္ဓသာဝင်အဖြစ် ခံယူထားခဲ့ကြကြောင်း ဝိကိပိဒီယာမှာ ဖော်ပြတာကို တွေ့တယ်။

အောလ်ကော့

Henry Steel Olcott လို့ အင်္ဂလိပ်လို စာလုံးပေါင်းတယ်။ နယူးဂျာစီပြည်နယ်၊ အောရင့်ဂျ်မြို့မှာ ၁၈၃၂-ခုနှစ်၊ ဩဂုတ် ၂-ရက်နေ့ မွေးဖွား။ နယူးယောက်ကောလိပ်နဲ့ ကိုလံဘီယာ တက္ကသိုလ်တွေမှာ ပညာသင်။ ပြည်တွင်းစစ်အတွင်း ဗိုလ်မှူးကြီးအဆင့်နဲ့ စစ်မှုထမ်း။ သမ္မတလင်ကွန်း လုပ်ကြံခံရမှု စိစစ်ရေးကို ကူညီ။ ရှေ့နေလုပ်။ စိတ်တန်ခိုးကို စိတ်ဝင်စားတဲ့အတွက် ရုရှား အမျိုးသမီး သီအိုဆိုဖီဆရာမ ဗလာဗာစကီနဲ့ ပေါင်းပြီး ၁၈၇၅-ခုနှစ်၊ နယူးယောက်မြို့မှာ အမေရိကန် သီအိုဆိုဖီအသင်းကို စတင်တည်ထောင်။ ၁၉ဝ၇၊ ဖေဖော်ဝါရီ ၁၇၊ အိန္ဒိယတောင်ပိုင်း အချာမြို့မှာ ကွယ်လွန် (ညွန်းပြီး)။

သာသနာ့အလံ

အဖွဲ့ဝင် ဆယ်ဦးပါတဲ့ ကိုလံဘိုကော်မီတီက ၁၈၈၅-ခုနှစ်မှာ သာသနာ့အလံကို ဒီဇိုင်း ရေးဆွဲတယ်။ ဒီဇိုင်းပုံ အတွက် အောလ်ကော့ရဲ့ အကြံပေးချက် ပါတယ်။ အရွယ်ကြီးလွန်းလို့ နိုင်ငံတော်အလံနဲ့ အရွယ်တူ လုပ်ဖို့ကိုလည်း အောလ်ကော့ကပဲ အကြံပေးတာ။ ဒီအလံကို ၁၈၈၅-ခုနှစ်၊ မေ ၂၈-ရက်၊ အင်္ဂလိပ်တို့ လက်အောက်ရှိ သီဟိုဠ်မှာ ပထမဆုံးကျင်းပတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားမှာ လွှင့်ထူတယ်။ အလံမှာပါတဲ့ အရောင် ၆-မျိုးကေတာ့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်စဉ် မြတ်ဗုဒ္ဓရဲ့ကိုယ်က ထွက်တဲ့ ရောင်ခြည် ၆-ပါးကို ရည်ညွှန်းတယ် (The White Buddhist, p.116)။

အောလ်ကော့ဟာ ခပ်စောစောကပင် လူ့ကိုယ်က ထွက်တဲ့ အရောင်ကို စိတ်ဝင်စားလို့ မြတ်ဗုဒ္ဓ ပဋ္ဌာန်းကို ဆင်ခြင်စဉ်က ကိုယ်တော်က ထွက်တဲ့ ရောင်ခြည် ခြောက်သွယ်ကို ကိုယ်စားပြုဖို့ သာသနာ့အလံအဖွဲ့ကို အကြံပေးကြောင်း အွန်လိုင်းဂျာနယ် The Island မှာ ရေးတာကို ဖတ်ဖူးတယ်။

အတည်ပြု

ပြုပြင်ပြီး အလံကို အောလ်ကော့နဲ့ အနာဂါရိကဓမ္မပါလတို့ ၁၈၈၉-ခုနှစ်အတွင်း ဂျပန်နဲ့ မြန်မာနိုင်ငံကို ယူသွားပြီး မိတ်ဆက်ပေးကြတယ်။ ၁၉၅၀-ခုနှစ်၊ သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံမှာ ၂၇-နိုင်ငံရဲ့ ကိုယ်စားလှယ်တွေက ဒီအလံကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့အလံအဖြစ် အသိအမှတ်ပြုခဲ့ကြတယ် (ဝိကိပိဒီယာ)။

အောလ်ကော့က ဒုတိယ ကမ္ဘာစစ် မဖြစ်မီကပင် ကွယ်လွန်တာ။ အင်း .. သမ္မတ လင်ကွန်းကို ဗိုလ်ကြီး အဆင့်နဲ့ ၃-လ စစ်မှုထမ်းဖူးတယ်လို့တော့ မှတ်ဖူးတယ်။ ဘုန်းကြီး ရှင်းပြတာကို ဖတ်ပြီးရင် ထိုစာထဲက မရှင်းတာ မမှန်တာတွေကို အလိုလို သိသွားပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

နိုဝင်ဘာ ၂၉၊ ၂ဝ၁၈။

---

၇၁၁။ လမ်းဖြောင့်သို့ လိုက်ကြ

ဆရာတော် ဘုရား၊ အောက်ပါ ဂါထာများသည် ဘုရား ဟော လား၊ ပညာရှိတွေ ရေးစပ်တာလား သိလိုပါသည်။ နှစ်ပေါင်း များစွာ ထိုဂါထာများကို ရွတ်ဖတ်၍ ပရိတ် မရွတ်မီ မေတ္တာ အာသီသ ပြုလျက် ရှိပါသည်။ အဓိပ္ပာယ်ကို အကြမ်းဖျင်း သိပါသည် ဘုရား ..

ပရေသံ ဟိတမိဆယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
နာညေသံ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆတံ ပရော။
န ဟံသေယျံ ပရံ ပါဏံ၊ မာ မံ ဝိဟေသတံ ပရော။
န စ ဘဝေ အဟံ ဝေရီ၊ မာ ဝေရီ ဟောတု မေ ပရော။
ကုမ္မဂ္ဂဉ္စ ဝိဝဇ္ဇေတွာ၊ သုမဂ္ဂီ ယန္တု ပါဏိနော။
ဝင်္ကဉ္စာဟံ ဝိဝဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂဂေါ ဘဝေ။

ဦးသောင်းမြင့်

---

ဘုရားဟောမဟုတ်

ဖော်ပြပါ ဂါထာတွေက ဘုရားဟော မဟုတ်ဘူး။ အဓိပ္ပာယ်ကောင်းလွန်းလို့ ဖတ်မိသူတွေက အရကျက်မှတ်ပြီး တစ်ဆင့် ဖြန့်ဝေကြလို့ လူသိများနေတာ ဖြစ်ဖွယ်ရှိတယ်။ ဒီဂါထာတွေကို တတိယ သံဃရာဇာ ရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော် ဘုရာကြီး ရေးသားတဲ့ “ပရမတ္ထစက္ခုကျမ်း'မှာ နိဂုံးဆုတောင်း ဂါထာတွေအနေနဲ့ တွေ့နိုင်ပါတယ်။ ဒီစာအုပ်ကို အွန်လိုင်းမှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ အရေးအသား နားလည်လွယ်တယ်။ တီထွင်ပြီး သုံးနှုန်းတဲ့ ဝေါဟာရအသစ်တွေ အတော်များများကို သတိပြုနိုင်တယ်။

ဒီပဲရင်းဆရာတော်

ဒုတိယ ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံဆရာတော် ပျံလွန်တော်မူပြီးနောက် တတိယ ရွှေကျင်သာသနာပိုင်အဖြစ် တင်မြှောက်ခံရတယ်။ မုံရွာခရိုင် ဒီပဲယင်းမြို့နယ် ထောက်ရှာရွာ ဇာတိ၊ ၁၂၁၄-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၁၀-ရက်၊ အင်္ဂါနေ့ဖွား။ ဘွဲ့အမည် ရှင်ဉာဏဝရ။ ဆရာတော်ကြီးဟာ ပရမတ္ထစက္ခုကျမ်းအပြင် လောကစက္ခုကျမ်းအတ္တအနတ္တခွဲကျမ်းနဲ့ သဒ္ဒစူဠကသဒ္ဒါငယ်ပါဌ် (ပါဠိဘာသာ) စသည်ကို ရေးသားတော်မူခဲ့တယ်။

ဂါထာအနက်

အဟံ၊ ငါသည်။ ပရေသံ၊ သူတစ်ပါးတို့၏။ ဟိတံ၊ အကျိုးစီးပွားကို။ ဣစ္ဆေယျံ၊ လိုလားနှစ်သက်ရလို၏။ ပရော စ၊ သူတစ်ပါးကလည်း။ မေ၊ ငါ၏။ ဟိတံ၊ အကျိုးစီးပွားကို။ ဣစ္ဆတံ၊ လိုလား ... နှစ်သက်ပါစေသတည်း။ အဟံ၊ ငါသည်။ အညဿ၊ သူတစ်ပါး၏။ ဒုက္ခ၊ ဆင်းရဲဒုက္ခကို။ န ဣစ္ဆေယျံ၊ မလိုလား မနှစ်သက်ရလို။ ပရော စ၊ သူတစ်ပါးကလည်း။ မေ၊ ငါ၏။ ဒုက္ခံ၊ ဆင်းရဲကို။ မာ ဣစ္ဆတံ၊ မလိုလား မနှစ်သက်ပါစေ သတည်း။

ငါ့ကျိုးသူသာ သူ့ကျိုးငါ လိုကာနှစ်သက်စေ။
ငါ့ဆင်းရဲကို သူ့ရဲ့ကို မလိုသူငါဖြစ်ပါစေ။

အဟံ၊ ငါသည်။ ပရံ ပါဏံ၊ တစ်ပါးသော သတ္တဝါကို။ န ဟိံသေယျံ၊ မညှဉ်းဆဲရလို။ ပရော စ၊ သူတစ်ပါးကလည်း။ မံ၊ ငါ့ကို။ မာ ဝိဟေသတံ၊ မညှဉ်းဆဲဘဲ ရှိပါစေသတည်း။ အဟံ၊ ငါသည်။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝေရီ၊ ရန်သူသည်။ န ဘဝေ၊ မဖြစ်ရလို။ ပရော စ၊ သူတစ်ပါးကလည်း။ မေ၊ ငါ၏။ ဝေရီ၊ ရန်သူသည်။ မာ ဟောတု၊ မဖြစ်ဘဲ ရှိပါစေသတည်း။

ငါကသူ့ကို သူငါ့ကို နှိပ်စက်မလို ရှိပါစေ။
ငါနှင့်သူတစ်ပါး ရန်ငြိုးထား မပွားငြိမ်းသူ ဖြစ်ပါစေ။

ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။ ကုမ္မဂ္ဂဉ္စ၊ လမ်းဆိုး လမ်းယုတ်ကို လည်းကောင်း။ ဝင်္ကဉ္စ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ရှောင်ကွင်း ဖဲကြဉ်၍။ သုမဂ္ဂ၊ ကောင်းသော လမ်းခရီးသို့။ ဥဇုံ၊ ဖြောင့်ဖြောင့်မတ်မတ်။ ယန္တု၊လိုက်သွားနိုင်ကြပါစေကုန်သတည်း။

အဟဉ္စ၊ ငါသည်တမူလည်း။ ကုမ္မဉ္စ၊ လမ်းဆိုး လမ်းယုတ်ကိုလည်းကောင်း။ ဝင်္ကဉ္စ၊ လမ်းကောက် လမ်းညစ်ကို လည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ဖဲကြဉ်ရှောင်ကွင်း၍။ ဥဇုံ၊ ဖြောင့်ဖြောင့်။ သုမဂ္ဂဂေါ၊ လမ်းမှန်လမ်းကောင်းသို့ လိုက်သွားနိုင်သည်။ ဘဝေ၊ ဖြစ်ရပါလို၏။

များလှသတ္တာ လမ်းဆိုးသာ ရှောင်ခွာသွားကြစေ။
ငါလည်းမှန်စွာ လမ်းကောင်းသာ ဖြောင့်စွာလိုက်နိုင်စေ။

နိုဝင်ဘာ ၃ဝ၊ ၂ဝ၁၈။

---

၇၁၂။ အင်္ဂုလိမာလသုတ်

ဆရာတော် ဘုရား၊ တပည့်တော် အင်္ဂုလိမာလသုတ်ကို အမြဲ ရွတ်ပါသည်။ ဆရာတော်တစ်ပါး ဟောကြားသော အွန်လိုင်း တရားတွင် အင်္ဂုလိမာလသုတ်ကို လူရောဘုန်းကြီးပါ သာမန် ပုထုဇဉ်များ ရွတ်လို့ အကျိုးမရှိဘူး။ ရဟန္တာရွတ်မှ အကျိုး ရှိတာဟုဆိုပါသည်။ အဲဒီအတိုင်း မှတ်သင့်ပါသလား ဘုရား။

ဒေါ်ကြင်မြင့် (နယ်သာလန်)

---

မဟာပရိတ်

အင်္ဂုလိမာလပရိတ်က မပယ်ရှားနိုင်တဲ့ ဘေးရန်ဆိုတာ မရှိ။ ဒီပရိတ်ကို မဟာပရိတ်လို့ ခေါ်တယ်။ သားမဖွားနိုင်တဲ့ တိရစ္ဆာန်မကိုပင် အရှင်အင်္ဂုလိမာလထိုင်ပြီး သစ္စာပြုတဲ့ နေရာမှာ ချထားတဲ့ ခုံပေါ်ကို တင်လိုက်ရင် အလွယ်တကူ မွေးဖွားတယ်။ အဲဒီခုံကို ဆေးတဲ့ရေကို တိုက်ရင်တောင် ချက်ခြင်း မွေးတယ်။ အခြား ရောဂါတွေကိုလည်း ပျောက်ကင်းစေတယ်။ ကမ္ဘာဆုံးတိုင် တည်တဲ့ တန်ခိုးစွမ်းအင်ပါပဲ (မ၊ဋ္ဌ၊၃၊၂၃၃)။ ဇာတ်ကြောင်းကို အကျဉ်း မှတ်သားရရင် ..

ကိုယ်ရေး

သူ့ဖခင်က နန်းတွင်းအကြံပေး ဂဂ္ဂပုဏ္ဏား၊ မိခင်က မန္တာဏီပုဏ္ဏေမ။ ငယ်မည် အဟိံသက။ ဆရာဆိုးကို ဆည်းကပ်မိလို့ လူတွေရဲ့ လက်ညှိုးကို ဖြတ်ရာကနေ အင်္ဂုလိမာလလို့ တွင်လာ။ မိခင်ကို မသတ်မိခင် ဘုရားရှင်နဲ့ တွေ့ပြီး ရဟန်းပြု။ ဘုရင်ကောသလက အပြစ်ကို ခွင့်လွှတ်ပြီး ပစ္စည်းလေးပါး ဒကာခံတယ်။ အရှင်မြတ်က ဓုတင် ၁၃-ပါး ဆောင်နေလို့ မင်းကြီး ဖိတ်ကြားတာကို လက်မခံဘူး။ ထေရဂါထာအဖွင့်မှာ အဆို အနည်းငယ် ကွဲပြားတယ်။

အရိယာဇာတ်

အရှင်မြတ်ကို မြင်ရင် လူတွေက ထွက်ပြေးကြလို့ ဆွမ်းခံလို့ မရ။ တရားမှတ်တိုင်းလည်း ငိုသံအော်သံ ပြေးလွှားသံတွေ ထင်လာနေလို့ သမာဓိမဖြစ်နိုင်။ တစ်နေ့ အရှင်မြတ် ဆွမ်းခံ ကြွနေစဉ် ကလေး မမွေးဖွားနိုင်တဲ့ အမျိုးသမီး တစ်ဦးကို တွေ့ပြီး သနားမိကြောင်း မြတ်ဗုဒ္ဓကို လျှောက်တဲ့အခါ မြတ်ဗုဒ္ဓက သစ္စာပြုပြီး ချမ်းသာအောင် လုပ်ပေးဖို့ အောက်ပါ အတိုင်း မိန့်တော်မူတယ်..

ယတောဟံ ဘဂိနိ ... ဇာတော နာဘိဇာနာမိ သဉ္စစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။ တေန သစန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။

နှမ ... ငါသည် မွေးဖွားချိန်မှစ၍ သေစေလိုတဲ့စိတ်နဲ့ သူ့အသက်ကို မသတ်ဖူးပါ။ ဤအမှန်စကားကြောင့် သင်ရော သန္ဓေသားပါ ချမ်းသာပါစေ။

အရှင်မြတ်က မိမိမှာ သူ့အသက်ကို သတ်ခဲ့သူ ဖြစ်လို့ “သို့ဆိုမူ မမှန်စကား ဖြစ်ပါလိမ့်မည်’လို့ လျှောက်တော့ မြတ်ဗုဒ္ဓက “လူ့ဘဝဆိုတာ သတ်မှု ခိုးမှုတွေ ရှိနိုင်လို့ လူအဖြစ် မွေးဖွားတာကို မယူရ။ အရိယာဇာတ် ရဟန်းမြတ် အဖြစ်ဖြင့် မွေးဖွားတာကို ယူပါ။ အဲဒီလို ဆိုရတာကို သံသယရှိနေရင် “အရိယာယ ဇာတိယာ (အရိယာဇာတ် ရဟန်းမြတ် အဖြစ်ဖြင့်)”လို့ မိမိရဲ့ဘဝကို ပိုင်းပြီးဆိုပါ'လို့ မိန့်တယ်။ ရဟန်းအဖြစ်ကိုပင် အရိယာဖြစ်ကြောင်း ဇာတ်လို့ ဆိုလိုပါတယ်။

ရဟန်းစိတ်

အင်္ဂုလိမာလဟာ မြတ်ဗုဒ္ဓ သင်ပြတဲ့အတိုင်း ဆောင်ရွက်လို့ နောက်ပိုင်း ဆွမ်းလောင်းသူတွေ ရှိလာပြီး ဆွမ်းမခက်ခဲ၊ မိမိဘဝကို နှစ်ပိုင်း ခွဲခြားနိုင်လို့ သမာဓိလည်းရပြီး မကြာခင် ရဟန္တာ ဖြစ်သွားတယ်။ လူတစ်ထောင် သတ်လာသူက သားမမွေးနိုင်တဲ့မိန်းမကို မြင်ရုံနဲ့ သနားစိတ် ဖြစ်တာဟာ ရဟန်းပြုလို့ ဖြစ်ရတဲ့ ရဟန်းရဲ့ အစွမ်းပါပဲ (ပဗ္ဗဇ္ဇာဗလံ ဟိ ဧတံ)။ ရဟန်းကောင်းမှန်ရင် သနားကြင်နာတဲ့ နှလုံးသား ရှိမြဲ။

နားလည်ပါ

မဟာပရိတ်ကို ရွတ်ပြီး သစ္စာပြုချိန်မှာ အရှင်အင်္ဂုလိမာလ မဂ်ဖိုလ်ကို မရသေး။ သာမန်ပုထုဇဉ်ပဲ ရှိပါသေးတယ်။ ဒါကြောင့် မိမိရဲ့ ဘဝကို ပိုင်းပြီး အရှင်မြတ်လို သစ္စာပြုနိုင်ရင် မည်သူမဆို လက်တွေ့ အကျိုးရှိနိုင်ကြောင်းပါ။ သတ်ဖြတ် ဆိုးမိုက်နေသူ အဖို့တော့ ဒီကိစ္စ စဉ်းစားစရာ မလိုပါဘူး။

ဒီဇင်ဘာ ၆၊ ၂ဝ၁၈။

---

မ နင်နှင့်နင့်က စီရင်ဖန် အမှန်ဖြစ်တော့သည်။
(ထွဋ်ခေါင်ဆရာတော်)

---

၇၁၃။ ဂျိန်းဝါဒကိုတည်ထောင်သူ

ဘုန်းကြီး ဘုရား၊ ဖေ့စ်ဘက်နဲ့ ရှယ်လာသော စာတစ်ခုတွင် ဘုန်းကြီး တစ်ပါးက 'နိဂဏ္ဌနာဋပုတ္တဟာ အသက် ၃၀-မှာ နိဂဏ္ဌဂိုဏ်းဝင်ဖြစ်၊ အဝတ်မဝတ်သောကြောင့် နိဂဏ္ဌဟုခေါ်တွင်၊ လိစ္ဆဝီမင်းသား နာရဲ့သား၊ ဈာန်ရသူ ဖြစ်တယ်'လို့ သီလက္ခန် အဋ္ဌကထာနဲ့ သီလက္ခန် ဋီကာသစ်ကို ကိုးကားပြီး ဆိုထားပါသည်။ ဖော်ပြပါကျမ်းများ၌ ထိုပုဂ္ဂိုလ် ဖော်ပြသလို မတွေ့မိပါ။ နိဂဏ္ဌနာဋပုတ္တအကြောင်း သိလိုပါသည် ဘုရား။

အရှင်ဇာဂရ (ရှောက်ပင်ရွာ)

---

သူ့အမည်

ကိလေသာ အထုံးအဖွဲ့မရှိဟု ပြောဆိုသူ (ဒီ၊ဋ္ဌ၊၁၊၁၃၂)။ သံယောဇဉ် အနှောင်အဖွဲ့ မရှိဟု ပြောဆိုသူ (သီဋီသစ်၊၂၊၄၃)။ ဒါကတော့ သာမညဖလသုတ် အဋ္ဌကထာနဲ့ အဲဒီရဲ့ အဖွင့် မောင်းထောင်ဆရာတော် အရှင်ဉာဏာဘိဝံသ ရေးတဲ့ သီလက္ခန်ဋီကာသစ်မှာ ဘုန်းကြီး ရှာဖွေလို့ ရသမျှ စာသား ဖြစ်ပါတယ်။ “ကိုယ်ရှေ့ပိုင်းကိုသာ ဖုံးလွှမ်းသူ (နိဂဏ္ဌာတိ ပုရိမဘာဂပ္ပဋိစ္ဆနာ။ အံ၊ဋ္ဌ၊၃၊၈၅)။ အဝတ်ဖြူဖြင့် နိဂဏ္ဌအသွင်ကို ဆောင်သူ (ဥဒါန၊ဋ္ဌ၊၃ဝဝ)'လို့လည်း ရှိတယ်။

မိဘ၊ မွေးရပ်

နိဂဏ္ဌဆိုတာ သူ့ရဲ့ ပရိဗိုဇ်နာမည်။ နာဋဆိုတာ သူ့ဖခင်ရဲ့နာမည်ဖြစ်လို့ သူ့ကို နာဋပုတ္တလို့ခေါ်တယ်(သုတ္တနိ၊ဋ္ဌ၊၂၊၁၄၈)။ သူ့အဖေ နာမည်ရင်းက သိဒ္ဓတ္ထခတ္တိယမျိုး ဖြစ်ပြီး သူ့အမေ တြိသာလာလို့ ခေါ်တယ် (Barua, Pre-Buddhistic Indian Philosophy, p. 272)။ သူ့ကို ဝေသာလီမြို့စွန်မှာ ရှိတဲ့ ကုဏနဂရမြို့မှာ မွေးဖွားတယ်။ အသက် ၃ဝ-မှာ တောထွက်၊ ၁၂-နှစ်ကြာကျင့်၊ အသက် ၄၂-မှာ ကေဝလီ (ပြီးပြည့်စုံသူ)ဖြစ်တယ်။ အသက် ၇၂-နှစ်မှာ ပါဝါမြို့မှာ ကွယ်လွန်တယ်။ အတွင်းမှာ ကိလေသာ မရှိလို့ အပြင်မှာ အဝတ်မဝတ်လို့ နိဂဏ္ဌလို့ ခေါ်တယ် (Bimala C. Law, Mahavira: His Life and Teachings, p.53)။

ဒီပုဂ္ဂိုလ်က ယခုခေတ်ထိ အိန္ဒိယမှာ ခေတ်စားဆဲ ဖြစ်တဲ့ ဂျိန်းဝါဒကို တည်ထောင်သူ မဟာဝီရပါပဲ။

ကွယ်လွန်နှစ်

ဂျိန်းမှတ်တမ်းအရ မဟာဝီရကို ဘီစီ ၅၇ဝ-၄၉၈ လို့ဆိုတယ်။ သီဟိုဠ်သမိုင်းမှာ မြတ်ဗုဒ္ဓကို ဘီစီ ၆၂၃-၅၄၃ လို့ ဆိုတယ်။ (၁) မဟာဝီရဟာ မြတ်ဗုဒ္ဓထက် ၅-နှစ်မှ ၁၅-နှစ်အထိ အသက်ကြီးနိုင်ပြီး (၂) မဟာဝီရက မြတ်ဗုဒ္ဓထက်စောစွာ ကွယ်လွန်တယ်ဆိုတဲ့ နှစ်ချက်ကို မငြင်းနိုင်။ အသောကမင်းရဲ့ဖခင် ဗိန္ဒုသာရမင်း နန်းတက်နှစ်ကို အိန္ဒိယသမိုင်းအဆိုနဲ့ ဖော်ပြပါ ဂျိန်းမှတ်တမ်းတွေအရ မြတ်ဗုဒ္ဓရဲ့ မွေးဖွားနှစ်ကို ပညာရှင်တို့ ဝေဖန်လေ့ရှိကြတယ် (/bid, p. 52)။

မဟာဝံသကို အင်္ဂလိပ် ဘာသာပြန်သူ ပညာရှင် ဝီလျံ ဂိုင်ဂါက စူဠဝံသကျမ်းကရတဲ့ သဲလွန်စနဲ့ နှစ်ပေါင်း ၆၀-နုတ်လိုက်ပြီး မြတ်ဗုဒ္ဓရဲ့ နှစ်ကို ဘီစီ ၅၆၃-၄၈၃ လို့ယူဆခဲ့တယ်။

မစင်ကြယ်

အားလုံးကိုသိသူ ဗုဒ္ဓလို့ သူက ဝန်ခံတယ် (အံ၊၁၊၂၁၁)။ ဈာန် တန်ခိုးရှိကြောင်း ဝန်ခံပေမယ့် ရာဇဂြိုဟ်သူဌေးရဲ့ စန္ဒကူးသပိတ်ကို တန်ခိုးနှင့် မယူပြနိုင်ခဲ့ဘူး (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၁၁)။ သူ့ဝါဒမှာ ဗုဒ္ဓအဆုံးအမနဲ့ တူညီတာတွေ ပါပေမယ့် မစင်ကြယ်လို့ အယူမှားလို့ပဲ ဆိုရတယ် (ဒီ၊ဋ္ဌ၊၁၊၁၅၁)။ နိဂဏ္ဌဟာ သူ့တပည့်တွေ သေပြီးနောက် ဘယ်ကို ရောက်တယ်ဆိုတာကို မဆိုင်းမတွ ဖြေကြားလေ့ရှိတယ်။ ဒါပေမယ့် သကုလုဒါယီ ပရိဗိုဇ်က မေးခွန်းတွေ မေးတဲ့အခါမှာတော့ မဖြေဘဲ ရှောင်နေတယ်။ နောက်ဆုံး စိတ်ဆိုးတယ် (မ၊၂၊၁၉၄)။

ကွယ်လွန်

မြတ်ဗုဒ္ဓရဲ့ ခမည်းတော်ဘက်က ဦးလေး ဝပ္ပအမည်ရှိ သာကီဝင်မင်းဟာ ဗုဒ္ဓဝါဒီ မဖြစ်ခင်က နိဂဏ္ဌရဲ့တပည့် ဖြစ်ခဲ့ဖူးတယ် (အံ၊၁၊၅၁၇)။ သူအားထားရတဲ့ ဥပါလိ အမည်ရှိ သူကြွယ်က သူ့ဝါဒကို စွန့်ပြီး ဗုဒ္ဓသာဝက ဖြစ်သွားလို့ စိတ်ထိခိုက်ပြီး သွေးအန်တယ်။ ရာဇဂြိုဟ်အနီး ဗာလကရွာမှ ပါဝါမြို့ (ယခု ပါဝါပူရီ)ကို ရောက်လို့ မကြာခင် ကွယ်လွန်တယ်။

ယနေ့ ဒီမြို့မှာ မဟာဝီရရဲ့ ကိုယ်လုံးတီး မတ်ရပ် ရုပ်တုကြီး ရှိတယ်။ နာဋပုတ္တ ကွယ်လွန်လို့ မကြာခင် သူ့တပည့်တွေ အငြင်းပွားပြီး ကွဲပြဲကြတယ် (မ၊၁၊၄၉)။ နိဂဏ္ဌရဲ့ဝါဒကို မေးခွန်းအမှတ်-၉၉ (ပေါင်းချုပ် ၁၊ စာ-၃၅၉)မှာ ရှုပါ။

ဒီဇင်ဘာ ၈၊ (၂ဝ၁၈)။

---

၇၁၄။ မဇ္ဈိမနိကာယ်သတိ

ဆရာတော် ဘုရား၊ စာတစ်အုပ်တွင် ...
ဘုရားရှင်ကလည်း ဗောဓိရာဇကုမာရမင်းသားကို “န ခေါ သုခေန သုခံ အဓိဂန္တဗ္ဗေ၊ ဒုက္ခေန ခေါ သုခံ အဓိဂန္တဗ္ဗ”ဟု ဆုံးမခဲ့ပါသည်။ ထိုဒေသနာ၏ ဆိုလိုရင်းမှာ တရားထိုင် ကျင့်နေစဉ် ဓာတ်လေးပါး ဖောက်ပြန်လာသောအခါ စိတ်ချမ်းသာမှု ဖြစ်အောင် ဣရိယာပုထ်ကို လွယ်လွယ်ကူကူဖြင့် စိတ်အလိုလိုက်၍ ပြုပြင်ပေးသော အကျင့်ဖြင့် တရားကျင့်နေပါလျှင် အမြင့်ဆုံး နိဗ္ဗာန်ချမ်းသာကို မရရှိနိုင်။ ဆင်းရဲ ပင်ပန်းသည့်ကြားမှ သည်းခံ၍ စိတ်အလိုကို စွန့်လွှတ်ခြင်း အကျင့်ဖြင့်သာ နိဗ္ဗာန်ကို ရရှိနိုင်မည်ဟု ဆိုလိုပါသည်”

ဟု ရေးထားပါသည်။ တပည့်တော် နားလည်သလောက် ထိုရေးသားချက်မှာ မြတ်စွာဘုရား၏ အာဘော်နှင့် လွဲနေသည်ဟု ထင်ပါသည် ဘုရား။

ဦးဇနိန္ဒ (ဇေယျာမြေ)

---

ခြုံလေ့လာ

မဇ္ဈိမနိကာယ်လာ သုတ္တန်အချို့ရဲ့ စာသားကို ကိုးကားရင် သတိထားရတယ်။ သုတ္တန်တစ်ခုလုံးကို ခြုံငုံလေ့လာပြီးမှ မိမိကိုးကားလိုတဲ့ စာတစ်ကြောင်းကို ထုတ်ယူ ကိုးကား သင့်တယ်။ သို့မဟုတ်ရင် မှားသွားတတ်တယ်။ ဘုန်းကြီးလည်း မှားဖူးပါတယ်။ ဒါကြောင့် ဒီသုတ္တန်ရဲ့ အာဘော်ကို အရင် စစ်ကြည့်မယ်။ ဒီပါဠိတော် (မ၊၂၊၂၇၇)က ၂၃-မျက်နှာတောင်ရှိတာ ဆိုတော့ မေးခွန်းနဲ့ ပတ်သက်တာလောက်ကိုပဲ အလေးပေး ဖော်ပြီး စဉ်းစားကြတာပေါ့။

မနင်းဘူး

ဗောဓိမင်းသားရဲ့ အိမ်သစ်တက်ပွဲကို ကြွလာစဉ် မြတ်ဗုဒ္ဓဟာ မင်းသားရဲ့ လှေကားမှာ ခင်းထားတဲ့ ပိတ်ဖြူကို မနင်းလိုတဲ့အတွက် အရှင်အာနန္ဒာက ဗောဓိမင်းသားကို အဲဒီ အဝတ်ဖြူကို ပြန်ရုပ်သိမ်းခိုင်းတယ်။ မြတ်ဗုဒ္ဓ ဆွမ်းစားပြီးတဲ့အခါ မင်းသားက “ချမ်းသာသော အကျင့်ဖြင့် ချမ်းသာကို မရနိုင်။ ဆင်းရဲသော အကျင့်ဖြင့်သာလျှင် ချမ်းသာကို ရနိုင်၏ (န ခေါ သုခေန သုခံ အဓိဂန္တဗ္ဗိ၊ ဒုက္ခေန ခေါ သုခံ အဓိဂန္တဗ္ဗိ)”ဟု တပည့်တော် စဉ်းစားမိပါသည် ဘုရား'လို့ လျှောက်တယ်။

ဘာကြောင့်

ဗောဓိမင်းသားက ‘မိမိမှာ သားလေး မွေးမယ်ဆိုရင် မြတ်စွာဘုရား ဒီအဝတ်ဖြူကို နင်းပါစေ'လို့ စိတ်ထဲ အဓိဋ္ဌာန်ထားတာကိုး။ မြတ်ဗုဒ္ဓအနေနဲ့ သိတော်မူပေမယ့် နောင်လာနောင်သား ရဟန်းတွေလည်း ဒီလိုလုပ်ဖို့ ဖြစ်လာနိုင်တယ်။ ဒီလို လုပ်တဲ့အခါ သမာဓိအားနည်းလို့ ပြောကြားချက် မမှန်ရင် ရဟန်းတွေ ဆင်းရဲမယ်လို့ မြင်တော်မူလို့ မြတ်ဗုဒ္ဓ မနင်းတာ။ အဲဒီလို ရည်ရွယ်ပြီး ခင်းထားတဲ့ ပိတ်ဖြူ စသည်ကို ရဟန်းတို့ မနင်းကောင်း။ ဒါပေမယ့် မင်္ဂလာ အထိမ်းအမှတ်အတွက် ခင်းထားတဲ့ ကောဇောလို အခင်းမျိုးတွေကိုတော့ နင်းကောင်းတယ် (ဝိ၊၄၊၂၆၈။ ဝိ၊ဋ္ဌ၊၄၊၅၂)။

သူယူဆပုံ

ဒါပေမယ့် ဗောဓိမင်းသားက ‘ဒီအဝတ်ဖြူကို နင်းရင် ကာမချမ်းသာကို တွယ်တာမှု ဖြစ်တယ်လို့ မြတ်ဗုဒ္ဓ ယူဆတော်မူလို့ မနင်းတာလို့ ထင်ပြီး မိမိလည်း မြတ်ဗုဒ္ဓနဲ့ ယူဆပုံ တူပါသည်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မေးခွန်းပါ ပါဠိစာသားကို လျှောက်တာ (မ၊ဋ္ဌ၊၃၊၂၂၃)။ အမှန်က နှေင်းခေတ် ရဟန်းတွေ ဆင်းရဲအောင်လို့ မြတ်ဗုဒ္ဓက ကြိုပြီး ရှောင်တော်မူခြင်းသာ။

ဆက်လေ့လာ

ဒီသုတ္တန်ကို ဆက်လေ့လာရင် .. ငါဘုရားလည်း ဗုဒ္ဓ မဖြစ်မီ “ချမ်းသာသောအကျင့်ဖြင့် ချမ်းသာကို မရနိုင်ဘူး'လို့ တွေးပြီး အာဠာရ၊ ဥဒကတို့ဆီက ထွက်ခွာပြီး ဥရုဝေလာကိုလာ။ လူသာမန်တို့ မကျင့်နိုင်တဲ့ ‘ဒုက္ကရစရိယ’ကို ၆-နှစ်ကျင့်။ အစာအာဟာရကိုဖြတ်ပြီး ကျင့်ရာမှာ ကျောကုန်းရိုးတွေဟာ ပုတီးကုံး (ဝဋနာဝလီ)လို မြင့်ချီနိမ့်ချီ ဖြစ်ကုန်တယ်။ ဒါပေမယ့် ကိလေသာ မကုန်၊ အသိဉာဏ်ထူးကို မရ။

မလျော့မတင်း

ဒါနဲ့ ‘ခုရော နောင်ပါ ငါ့လောက် ဒုက္ခဝေဒနာကို သည်းခံပြီး ကျင့်နိုင်သူ မရှိ။ ဒီလို ကျင့်ပေမယ့် ကိလေသာ အမြစ်မပြတ်ဘူး'လို့ ဆင်ခြင်ပြီး ခမည်းတော် လယ်ထွန်မင်္ဂလာ ပြုစဉ်က ရဖူးတဲ့ ပဌမဈာန်ကိုပင် ဗောဓိဉာဏ်ရဲ့ လမ်းကြောင်းအဖြစ် ရွေးချယ်၊ ဒီဈာန်ကိုရဖို့ ကိုယ်ခန္ဓာ ခွန်အားဗလ ရှိရမယ်လို့ ဆုံးဖြတ်ပြီး အာဟာရကို ပြန်မှီဝဲ၊ ဆက်လက် အားထုတ်လို့ ဗောဓိဉာဏ်ကို ရသွားကြောင်း ဗောဓိမင်းသားကို ဟောတာပါ။ ကောက်ချက်က .. မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို ရဖို့ ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်စရာ မလိုဘူးလို့ပါပဲ။

အဖြေ

မေးခွန်းပါ ကျမ်းဂန် စာသားဟာ ဘုရားရှင်က ဗောဓိမင်းသားကို ဆုံးမတဲ့စကား မဟုတ်ဘဲ ထိုမင်းသားက ဘုရားရှင်ကို လျှောက်ခြင်း၊ ထိုလျှောက်ခြင်းကို အခြေခံ၍ မြတ်ဗုဒ္ဓက အလယ်လမ်းကို ညွန်ပြခြင်းသာ ဖြစ်တဲ့အတွက် ကိုးကားပါ စာသားရဲ့ ဆိုလိုရင်းကလည်း အဆိုပါ စာရေးသူ ယူဆသလို မဟုတ်ကြောင်းပါ။

ဒီဇင်ဘာ ၉၊ ၂ဝ၁၈။

---

၇၁၅။ ဝါဆိုသံဃာရှိမှ ကထိန်ခင်းနိုင်

ဆရာတော် ဘုရား၊ ဝါဆိုသံဃာ မရှိသော ကျောင်းတိုက်မှာ ကထိန်ခင်းလို့ ရပါသလားဘုရား။ အကြောင်း တစ်ခုကြောင့် ဝါမဆိုဖြစ်တာပါ ဘုရား။ သိမ်လည်းရှိပါသည် ဘုရား။

အလိမ္မာပျိုးခင်း

---

စာအဆို

“အခြားကျောင်းမှာ ဝါဆိုသော ရဟန်းများလည်း ဤကျောင်း၌ ကထိန်ခင်းခွင့်မရှိဟု မဟာပစ္စရိအဋ္ဌကထာ၌ ဆို၏ (အညသ္မိံ ဝိဟာရေ ဝုတ္ထဝဿာပိ န လဘန္တိတိ မဟာပစ္စရိယံ ဝုတ္တံ။ ဝိ၊ဋ္ဌ၊၃၊၃၈၈)’။ ‘သိမ်မတူတဲ့ အခြားကျောင်းမှာ ဝါဆိုပြီး ဤကျောင်းမှာ ကထိန်မခင်းရဘူးလို့ ဆိုလိုတယ် (နာနာ သီမာယ အညသ္မိံ ဝိဟာရေ ဝုတ္ထဝဿာ ဣဒ္ဓံ ဝိဟာရေ ကထိနတ္ထာရံ န လဘန္တိတိ အတ္ထော။ သာရတ္ထ၊ဋီ၊၃၊၃၃၅)'။

သာရတ္ထဋီကာ အဆိုကို ကိုးကားပြီး ထိန်တောဆရာတော်က “အထူးထူးသော ဥပစာရသိမ်ဖြင့် ပိုင်းခြားအပ်သော တစ်ပါးသော ကျောင်းတိုက်၌ ဝါကျွတ်သော ရဟန်းသည် ဤကျောင်းတိုက်၌ “ကထိန်အာနိသင်”ကို မရဟုမှတ် (ဝိနယပုစ္ဆာဝိသဇ္ဇနာကျမ်း၊ စာ-၆၃၄)'လို့ ဆုံးဖြတ်ပါတယ်။ “ကထိနတ္ထာရံ န လဘန္တိ = ကထိန်ခင်းခွင့်ကို မရကြ'ဆိုတဲ့ ဋီကာအရပဲ ကထိန်ခင်းခွင့် မရတာလို့ သေချာအောင် မှတ်ဖို့ပါ။

မခင်းနိုင်

ဒါပေမယ့် .. ဒီဆရာတော်ကြီးက ဒီဋီကာစကားကို ကိုးကားတာဟာ မဟာပစ္စရိ အဆုံးအဖြတ်ကို လိုက်နာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကြောင့် ဖော်ပြပါ အဋ္ဌကထာနဲ့ ဋီကာကျမ်းတို့ရဲ့ အဆိုကို “သံဃာတစ်ပါးဟာ မန္တလေးက ကျောင်းမှာ ဝါဆိုပြီး ရန်ကုန်ကျောင်းက ဉတ်သင်္ကန်းကို အလှူမခံကောင်းဘူး'လို့ ဘုန်းကြီးက အဓိပ္ပာယ် ယူထားပါတယ်။

အဖြေ

ဒါကြောင့် “ဝါဆိုသံဃာမရှိသော ကျောင်းမှာ ကထိန်ခင်းလို့ ရပါသလား”ဆိုရင် ဖော်ပြပါ နားလည်မှုအရ သီတင်းကျွတ်ပြီးမှ ဒီကျောင်းကို ရောက်လာတဲ့ သံဃာတစ်ပါးဟာ အဲဒီကျောင်းမှာ ကထိန် ဉတ်သင်္ကန်းကို လက်မခံနိုင်တဲ့ အတွက် ဝါဆို သံဃာမရှိတဲ့ ကျောင်းမှာ ကထိန်ခင်းဖို့ မဖြစ်နိုင်ဘူးလို့ ဖြေပါတယ်။

ဒီဇင်ဘာ ၉၊ ၂ဝ၁၈။

---

၇၁၆။ အရှင်ယသရဲ့ မယ်တော်သုဇာတာ

ဘုန်းကြီး ဘုရား၊ အွန်းလိုင်း ပို့စ်တစ်ခုတွင် ဆရာတော် တစ်ပါးက အဦးဆုံး သရဏဂုံတည်ရာမှာ ဧတဒဂ်ရတဲ့ အရှင်ယသရဲ့ မယ်တော် သုဇာတာသည် မြတ်စွာဘုရားအား ဃနာနို့ဆွမ်းကပ်လှူသူ ဥရုဝေလာအရပ်ရှိ သေနာရွာသူ သုဇာတာ မဟုတ်ကြောင်း ဆရာတော်တစ်ပါးရဲ့ အဆိုကို ကိုးကားပြီး ရေးထားပါသည်။ အကြောင်းပြချက်မှာ..

၂။ အင်္ဂုတ္တိုရ် ဧတဒဂ်ပါဠိမှာ ‘သေနိယမီတာ (သေနာရွာသူ သူဌေးသမီး)'လို့ပါပြီး ဝိနည်းမဟာဝါပါဠိတော်မှာ “ယသဿ မာတာ (ယသရဲ့ မိခင်)’လို့ သာမန်သာ ဆိုထားလို့။
၃။ ယခင်က ညောင်ပင်စောင့်နတ်ကို ကိုးကွယ်ပေမယ့် ဘုရားဖြစ်မယ့်နေ့မှာ ဘုရားကို ဆည်းကပ်တာ ဖြစ်လို့ ပထမဆုံး သရဏဂုံတည်သူလို့ ကာရဏူပစာအားဖြင့် ဆိုနိုင်။
၄။ သုဇာတာလှူတဲ့ အဦးဆုံး ဃနာနို့ဆွမ်းနဲ့ စုန္ဒလှူတဲ့ နောက်ဆုံး ဝက်ပျိုသားဆွမ်း အကျိုးတူကြောင်း မဟာပရိနိဗ္ဗာနသုတ်မှာ ဘုရားဟောတဲ့အတွက် ယခင်က ညောင်ပင်စောင့်နတ်ကို ကိုးကွယ်တဲ့ သုဇာတာကို ဘုရားဖြစ်မယ့်နေ့ ဘုရားကို ဆည်းကပ်တာ၊ ဃနာနို့ဆွမ်း ကပ်လှူတာတွေကြောင့် ပထမဆုံး သရဏဂုံတည်သူလို့ ဆိုနိုင်တယ်။
၅။ ဝိနည်းမဟာဝါ ပါဠိမှာ ‘တာ စ လောကေ အဟေသုံ ပဌမံ တေဝါစိကာ'လို့ သုဇာတာနဲ့ ၎င်းရဲ့ ချွေးမတို့ကို တေဝါစိက သရဏဂုံ (ဗုဒ္ဓ၊ ဓမ္မ, သံဃသုံးပါး)တည်သူအဖြစ် ဆိုတယ်။ ထိုဆရာတော် ရှင်းပြပုံ ယုတ္တိရှိသည်ဟု ထင်မိပါသည်။ ဘုန်းကြီးရဲ့ အယူအဆကို သိလိုပါသည် ဘုရား။

Dr. ရွှေသောင်းဝင်း

---

၁။

“နေရာဝေးလို့ သုဇာတာနှစ်ဦး မတူပါ'ဆိုတဲ့ အကြောင်းပြချက် အားနည်းပါတယ်။ သာဝတ္ထိမြို့သား အနာထပိဏ်နဲ့ သာဝတ္ထိမြို့သူ (အနာထပိဏ်ရဲ့နှမ)၊ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရနဲ့ ကောသလတိုင်းသူ (သာဝတ္ထိမြို့သူ ဖြစ်ဖွယ်ရှိ) မိဖုရားကြီး ဝေဒေဟီ၊ အရှင်မဟိန္ဒရဲ့မိခင် ဝေဋိသာမြို့သူနဲ့ ပါဋလိပုတ်မြို့သား ဘုရင် အသောကတို့ဟာ နီးမှ မနီးကြဘဲ။
လှေခေတ် လှည်းခေတ် ဆိုပေမယ့် မြို့ပြယဉ်ကျေးမှု စတင်ထွန်းကားခဲ့တဲ့ အိန္ဒိယရဲ့ အိန္ဒုမြစ်ဝှမ်းဒေသမှာ ကုန်သွယ်မှု လမ်းကြောင်းတွေ ရှည်လျားပြီး ရှေးကျတယ်။

၂။

ဝိနည်းမဟာဝါမှာ ဗာရာဏသီ ယသသူဌေးသားနဲ့ သေနာရွာသူ သုဇာတာတို့ ပတ်သက်ပုံကို အရိပ်အမြွက်မျှ မတွေ့ရ။ ယင်းအဋ္ဌကထာမှာလည်း တစ်စွန်းတစ်စတောင် မဖွင့်။
ဒါပေမယ့် .. အဲဒီ ဧတဒဂ်ပါဠိရဲ့ အဖွင့်ကို ရေးသားသူ အိန္ဒိယတောင်ပိုင်းသား ဖြစ်ဖွယ်ရှိတဲ့ အရှင်မဟာဗုဒ္ဓဃောသ ဟာ (ဗုဒ္ဓဂယာနားမှာ မွေးဖွားတာလို့တောင် ဆိုတယ်) အဲဒီ ‘သေနိယမီတာ’ပုဒ်ကို မစဉ်းစားမိဘဲ မနေပါဘူး။ အင်္ဂုတ္တရနိကာယ်ဆောင် မထေရ်တို့ရဲ့ အလိုပဲဆိုစေ၊ ဒီမထေရ်မြတ်တွေလည်း ‘သေနိယမီတာ’ကို စဉ်းစားမိကြမှာပါ။ ဒါကြောင့် ဒီအကြောင်းပြချက်ကိုလည်း မနှစ်သက်ဘူး။

၃။

ဒီအကြောင်းပြပုံလည်း မဟန်ပါဘူး။ တပုဿနဲ့ ဘလ္လိကတို့ကိုပဲ မြတ်ဗုဒ္ဓအား ဆွမ်းဦးလှူသူတွေလို့ အားလုံး လက်ခံထားကြတာပဲ။ ဒီလိုမဟုတ်ရင် သေနာရွာသူ သုဇာတာကိုပဲ ဆွမ်းဦးလှူသူလို့ ဆိုရမှာပေါ့။ သောတ္ထိယ သို့မဟုတ် သုဒ္ဓိယ (ငစင်)ကိုလည်း (ကာရဏူပစာ အားဖြင့်) မြတ်ဗုဒ္ဓကို ပထမဆုံး မြက်အခင်း(ပလ္လင်) လှူသူလို့ မှတ်တမ်း တင်သင့်တာ ပေါ့။ ညနေပိုင်းမှာ လှူတဲ့ သောတ္ထိယ (ငစင်)ကတောင် ဗုဒ္ဓဖြစ်မယ့် အချိန်နဲ့ ပိုနီးကပ်သေးတယ်။

၄။

မဟာပရိနိဗ္ဗာနသုတ်မှာ မြတ်ဗုဒ္ဓ ဒီလိုဟောတာက .. (၁) သုဇာတာရဲ့ ဆွမ်းကို ဘုဉ်းပေးရလို့ ခန္ဓာကြွင်းကျန်တဲ့ ကိလေသာငြိမ်းမှုနဲ့ စုန္ဒရဲ့ဆွမ်းကြောင့် ခန္ဓာမကြွင်းကျန်တဲ့ ကိလေသာငြိမ်းမှု တူခြင်း၊
(၂) ဘုရားဖြစ်တဲ့ရက်နဲ့ ပရိနိဗ္ဗာန်စံတဲ့ရက် ဒီနှစ်ရက်မှာ ဝင်စားတဲ့ သမာပတ်ပေါင်း အရေအတွက် တူခြင်း၊
(၃) သုဇာတာဟာ နောင်အခါ ထိုနေ့က ညောင်ပင်အောက်မှာ ထိုင်နေသူသည် ရုက္ခစိုးနတ် မဟုတ်၊ ဘုရားလောင်းပဲ၊ ငါ့ဆွမ်းကို ဘုဉ်းပေးလို့ ဗောဓိဉာဏ်ကို ရပြီးနောက်လည်း ၄၉-ရက် အစာမစားဘဲ နေနိုင်ခဲ့တယ်လို့ သိရပြီး ဝမ်းမြောက်သလို စုန္ဒလည်း ငါဟာ ဗုဒ္ဓတစ်ဆူကို နောက်ဆုံးဆွမ်း လှူဒါန်းရတယ်၊ ငါ့ဆွမ်းကို ဘုဉ်းပေးပြီးမှ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူတာလို့ တွေးပြီး အလွန် ဝမ်းသာမှု တူခြင်း ..
အဲဒီလို နှလုံးသွင်းပုံ ၃-ချက် တူညီလို့ အကျိုးကြီးမြတ်တာ ဖြစ်ပါတယ် (ဒီ၊ဋ္ဌ၊၂၊၁၆၃)။

စိတ်ပါမှ

ညောင်ပင်စောင့်နတ်ကို ကိုးကွယ်တ်တဲ့ သုဇာတာဟာ ဘုရားဖြစ်မယ့်နေ့ ညောင်ပင်အောက်မှာ ထိုင်နေတဲ့ ဗုဒ္ဓလောင်းလျာကို ဗုဒ္ဓတစ်ဆူ အနေနဲ့ လှူဒါန်းခဲ့တာ မဟုတ်။ ညောင်ပင်စောင့်နတ်အနေနဲ့ ဆည်းကပ် လှူဒါန်းခဲ့တာ။ အစိတ္တက (စိတ်မရှိသော၊ မသိသော) သရဏဂုံ မည်သည် မရှိ (မ၊ဋ္ဌ၊၃၊၂၂၆)လို့ ဖွင့်ဆိုတဲ့ အတွက် သရဏဂုံတည်တယ်လို့ မဆိုနိုင်။

သုဇာတာကိစ္စမှာက အဦးဆုံး သရဏဂုံတည်သူ ဆိုလိုတဲ့အတွက် အမိဝမ်းမှာ ရှိစဉ်ကပင် သရဏဂုံတည်ခဲ့ကြောင်း မိဘတွေ ပြောပြလို့သိရတဲ့ ဝမ်းတွင်းပါသရဏဂုံ တည်ပုံမျိုးနဲ့တော့ ထပ်တူ မယူသင့်ဘူးလို့ ဘုန်းကြီး ယူဆတယ်။

၅။

ဒီဖော်ပြချက်ကို ဘုန်းကြီး စိတ်ဝင်စားတယ် .. ‘ထိုမိန်းမတို့လည်း လောက၌ ပထမဦးဆုံး တေဝါစိက သရဏဂုံ တည်သော ဥပါသိကာမတို့ ဖြစ်ကုန်၏ (ဝိ၊၃၊၂၅)’လို့ ဆိုတဲ့ အတွက် သုဇာတာရော ချွေးမပါ နှစ်ဦးလုံး တစ်ပြိုင်နက် သရဏဂုံ တည်သွားသလို ထင်ရတယ်။ အမှန်တော့ နှစ်ဦး မကပါဘူး။ အခြွေအရံ အမျိုးသမီးတွေလည်း ပါနိုင်တာပဲ။

ဒါပေမယ့် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ ဟာ အင်္ဂုတ္တိုရ်အဖွင့်မှာ အရှင်ယသရဲ့မိခင် သုဇာတာကို ဥရုဝေလာအရပ်က သေနာရွာသူဖြစ်ကြောင်း ရေးနေစဉ် မဟာဝဂ္ဂပါဠိကိုလည်း ညွန်းဆိုတဲ့ အတွက် ဝိနည်းမဟာဝဂ္ဂပါဠိကို သုံးသပ်ခဲ့တာ သေချာတယ်။ ဒီတော့ အဲဒီ မိန်းမအုပ်စုထဲမှာ သုဇာတာဟာ အဦးဆုံး သရဏဂုံ ဧတဒဂ်ဘွဲ့ အတွက် ဆုတောင်းအထူး ရှိဖူးသူဖြစ်လို့ ချွေးမအပါအဝင် ထိုမိန်းမအုပ်စုထက် သာလွန်သူ တစ်နည်း စောပြီး နားလည်၊ စောပြီး သရဏဂုံတည်သူလို့ ဆိုခွင့်ရှိတာပဲ။

ဖတ်တတ်ရုံ

ဘုန်းကြီးတို့က ပါဠိကို ဖတ်တတ်ရုံအဆင့်ပဲ ရှိတာဖြစ်လို့ အဋ္ဌကထာကျမ်းတွေရဲ့အဆိုကို တော်ရုံနဲ့ 'နိုး'လို့ မလုပ်ရဲဘူး။ အဖြစ်နိုင်ဆုံး ညှိယူ သို့မဟုတ် ယုတ္တိရှိအောင် စဉ်းစားတဲ့နည်းကို ပိုနှစ်သက်တယ်။ အရှင်ယသရဲ့မိခင် သုဇာတာနဲ့ သေနာရွာသူ သုဇာတာ တူမတူကိစ္စမှာ ညှိယူလို့ရတဲ့အတွက် တူတယ်ဆိုတာကို ဘုန်းကြီး ထောက်ခံပါတယ်။

(စကားမစပ် ... အရှင်အာနန္ဒာ ဖွားဖက်တော် ဟုတ်မဟုတ် ကိစ္စမှာတော့ ပိုပြီး ယုတ္တိရှိတာ၊ အဋ္ဌကထာ ကျမ်းတွေမှာ အဆို အမိန့်ကွဲနေတာ၊ တိဗက်မှတ်တမ်းလို ရှေးကျတဲ့ ကျမ်းအဆိုတွေကြောင့် မဟုတ်နိုင်တဲ့ဘက်ကို ယိမ်းခဲ့ကြောင်း ဝန်ခံပါတယ်။)

ဖြစ်နိုင်ခြေ

ဒီလိုစဉ်းစားမယ် .. (သေနာရွာနဲ့နီးတဲ့) ဗောဓိပင်နဲ့ ဣသိပတနဟာ ၁၈-ယူဇနာ ဝေးတယ် (ဇာ၊ဋ္ဌ၊၁၊၉၄)။ ဒါပေမယ့် သုဇာတာဟာ ဗာရာဏီမြို့သား သူဌေးသားနဲ့ အိမ်ထောင်ကျပြီး သားမောင် ယသကို ဖွားမြင်ပြီးနောက် အိမ်ထောင် မကျခင်က တောင်းထားဖူးတဲ့ဆု ပြည့်လို့ ပေးထားတဲ့ ကတိအတိုင်း မိမိရဲ့မွေးရပ်မြေ သေနာရွာကို နှစ်စဉ်လာပြီး ညောင်ပင်ကို ပူဇော်ပသလေ့ ရှိရာကနေ ထို့နေ့က ဗုဒ္ဓလောင်းလျာ ရဟန်းနဲ့ တွေ့တာလို့ ယူရင် ရနိုင်ကောင်းပါတယ်။

သုဇာတာဟာ တစ်သိန်းတန် ရွှေခွက်ကြီးကိုတောင် စွန့်နိုင်လို့ အတော် ချမ်းသာတဲ့ တောသူဌေးသမီး ဖြစ်နိုင်တယ်။

ဒါကြောင့်လည်း ဗာရာဏသီ သူဌေးသားနဲ့ အကြောင်းပါပြီး မွေးဖွားလာတဲ့ သားမောင်ယသကို ပြာသာဒ် သုံးဆောင် (ဝိ၊၃၊၂၁)နဲ့ ထားနိုင်တာပေါ့။

ဆရာတို့ဆို

သီလက္ခန်ဋီကာကျမ်းပြု မောင်းထောင် အရှင်ဉာဏာဘိဝံသလည်း ဒီလိုပဲ ယူဆခဲ့ပုံပဲ။ “သုဇာတာယာတိ ဧဝံ နာမိကာယ ပဌမံ သရဏဂမနိကာယ ယသက္သေရမာတုယာ (သီဋီသစ်၊၂၊၆၂)တဲ့။ သီဟိုဠ်ပညာရှင် မာလာလာဆေကေရလည်း ကိစ္စကို အထူးမသုံးသပ်ခဲ့ဘူး။

ဒီဇင်ဘာ ၁၂၊ ၂၀၁၈။

---

မှတ်ချက်များ

အဲဒီ သုဇာတာ နှစ်ယောက်က တစ်ယောက်တည်း မဖြစ်ဖို့ များပါတယ်။ နို့ဃနာလှူတဲ့ သုဇာတာက သားမရှိသေးလို့ သားဆုပန်တာ။ သူသားဆုပန်ချိန်နဲ့ ဗုဒ္ဓက ယသကို တရားဟောချိန်၊ ယသအိမ် ဆွမ်းစားကြွပီး ယသမိသားစု (မယ်တော် သုဇာတာ အပါအဝင်)ကို တရားဟောချိန် အလွန်ဆုံး သုံးလပဲခြားမယ်။ ဆုတောင်းပြည့်လို့ သားလေး ရမယ်ဆိုရင် သုံးလလွယ် ကိုယ်ဝန်ပဲ ရှိအုံးမှာ။ ယသက အရွယ်ရောက်နေပြီ။ သားမရှိလို့ သားဆုပန်တာဆိုတော့ ယသရှိနေတဲ့ သုဇာတာ မဖြစ်လောက်ပါ။ အရှင်ဝိစိတ္တသာရ

အဲဒီနေ့ (ဘုရားလောင်းနဲ့ တွေ့တဲ့နေ့)က သားဆုပန်တာ ဟုတ်ဘူး။ သားဆုပန်တာ ပြည့်ခဲ့လို့ သားယသတောင် အိမ်ထောင်ကျနေတာ ကြာပေါ့။ ကတိအတိုင်း နှစ်စဉ် ညောင်စောင့်နတ်ကို လာရောက် ပူဇော်တာပါ။ ဒီအကြောင်းကို မဟာဗုဒ္ဓဝင်(အတွဲ ၂၊ စာ-၂၇၂)မှာ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး ရှင်းပြထားတယ်။ အတိုချုပ်က ..

သုဇာတာဟာ သေနာနိဂုံးသူ ဖြစ်တယ်။ အဲဒီ (သေနာနိဂုံး)မှာ လင်ဆုသားဆု ပန်တယ်။ သူ့ဆုတောင်း ပြည့်ရင် နို့ဃနာဖြင့် ပူဇော်ပါမယ်လို့ ကတိပြုခဲ့တယ်။ ဗာရာဏသီ က အမျိုးတူ သူဌေးသားနဲ့ ရလို့ ယသကို မွေးခဲ့တယ်။ ဒါက ဘုရားမဖြစ်မီ နှစ်နှစ်ဆယ် ခန့်လောက် ကတည်းက။ ဆုတောင်းပြည့်လို့ နှစ်စဉ် ဇာတိရွာကို ပြန်ပြီး ညောင်စောင့်နတ် ပူဇော်ပွဲ လုပ်တယ်။ ၁၀၃-ခုနှစ် ကျတော့ ဘုရားရှင်ကို အဲဒီ ညောင်ပင်အောက်မှာ တွေ့လို့ ညောင်စောင့်နတ် ကိုယ်ထင်ပြ အလှူခံတယ်ထင်ပြီး လှူခဲ့တယ်။ ပြီးတော့ ဗာရဏသီ ပြန်မှာပေါ့။ ဘုရားရှင်လည်း ဗာရဏသီရောက်၊ သူ့သား ယသ ဘုရားဆီရောက်၊ ရဟန်းပြု၊ သားရှာရင်း ဘုရားနဲ့ တွေ့၊ သရဏဂုံတည်၊ သူ့အရင် ... ဘယ်အမျိုးသမီးမှ ဘုရားနဲ့ မတွေရသေးလို့ သူက ပထမဆုံး သရဏဂုံတည်သူ ဖြစ်တာ။ ဓမ္မဘေရီဆရာတော်

မင်းကွန်း တိပိဋကဆရာတော်ကြီး ရေးသားတဲ့ မဟာဗုဒ္ဓဝင်အဆိုနဲ့ ဓမ္မဘေရီဆရာတော်တို့ရဲ့ ယူဆပုံက ကျမ်းဂန်နဲ့ရော ယုတ္တိအရပါ လက်ခံနိုင်တယ်လို့ ယူဆပါ ဘုရား။

အရှင်ဇနိတာလင်္ကာရ (မြစ်သား)

ပါဠိကို ဖတ်တတ်ရုံနဲ့ အဋ္ဌကထာ ဋီကာကျမ်းတွေရဲ့ အဆိုကို

---

၇၁၇။ ဆွမ်းဟင်းချက်စဉ်

ဆရာတော် ဘုရား၊ မိတ်ဆွေတစ်ဦးရဲ့ ဖခင်နှစ်လည် ဆွမ်းကပ်ကိုသွားစဉ် ဗိမ္ဗိသာရရဲ့ ဆွေးမျိုးတွေ သံဃာကို ကပ်လှူမယ့်ဆွမ်းကို ဦးဦးဖျားဖျား နှိုက်စားလို့ မကျွတ်လွတ်သူ ဖြစ်ရကြောင်း သိရပါသည်။ ဒါဖြင့်ရင် ဆွမ်းဟင်းချက်နေတုန်း အပေါ့အငန် မြည်းရင် အပြစ်ဖြစ်ပါသလား ဘုရား။

စန်းစန်းအေး (ဖလော်ရီဒါ)

---

ဖြစ်ရပ်

ဗိမ္ဗိသာရရဲ့ ဆွေမျိုး ဖြစ်ရပ်က .. ဗိမ္ဗိသာရ ဖြစ်လာမယ့် မင်းသားနဲ့ ဘုရင့်သားတော်သုံးဦး ဖုဿဘုရားအမှူးရှိတဲ့ သံဃာကို ဆွမ်းကပ်တဲ့အခါ ချက်ပြုတ် စီမံကြတဲ့ ဘုရင့်အမှုထမ်းတွေဟာ ကလေးတွေ ဗိုက်ဆာလို့ငိုရင် သံဃာကို ကပ်မယ့် ဆွမ်းဦးတွေကိုယူပြီး ကျွေးမိတယ်။ ကောင်းမွန်တဲ့ ဟင်းနံ့ကို သည်းမခံနိုင်ဘဲ ကိုယ်တိုင်လည်း စားသောက်မိကြတယ်။ အဲဒီလို သံဃာကို ရည်ညွှန်းတဲ့ ဆွမ်းဦးကို စားမိလို့ ကွယ်လွန်တဲ့အခါ ပြိတ္တာ ဖြစ်ကြတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၆၅)။

ဆွမ်းဦး

အပေါ့အငန် မြည်းလို့ ပြိတ္တာဖြစ်တာ မဟုတ်။ ပထမတော့ ကလေးအတွက်ဆိုပြီး မုန့်တစ်ချပ် သစ်သီးတစ်လုံးပဲ။ နည်းနည်းကနေ များများကို ဝန်မလေးတော့ဘူး။ နောက်ဆုံး အသည်းအမြစ်တွေကို ခပ်ယူတဲ့ထိ ဖြစ်သွားကြပုံပဲ။

ပြုပြင်ရေး

အကုသိုလ်ကို နည်းနည်းလေး ဆိုပြီး မပေါ့ရ။ နည်းနည်းဟာ များများရဲ့ အခြေခံ ဖြစ်လာနိုင်ကြောင်း ထိုဖြစ်ရပ်က သတိပေးပါတယ်။ ဆွမ်းဟင်းချက်တစဉ် မသေချာလို့ မြည်းဖို့ လိုအပ်ရင် သံဃာတွေ ကောင်းကောင်း ဘုဉ်းပေးနိုင်ပါစေ ဆိုပြီး ဟင်းအရသာ ကောင်းစေလိုတဲ့ စေတနာမှန်နဲ့ .. မြည်းတာ အပြစ်မရှိ။ အင်း၊ အရေးကြီးတာက .. ဇွန်းနဲ့ ခပ်ယူ၊ ပါးစပ်နဲ့ မြည်း၊ ကျန်တဲ့ ဟင်းရည် ဟင်းဖတ်ကို ဟင်းအိုးထဲတော့ ပြန်မထည့်ပါနဲ့။ ဖြစ်နိုင်ရင် ဆွမ်းဟင်းချက်နေစဉ် ခေါင်းပေါင်း ပေါင်းထားပါ။

အဖြေ

စေတနာ ကောင်းဖို့သာ လိုရင်းဖြစ်လို့ ဆွမ်းဟင်းချက်စဉ် ကုသိုလ်စိတ်နဲ့ ဟင်းမြည်းကောင်းတယ်လို့ မှတ်ပါ။ “ငါ ချက်တဲ့ ဆွမ်းဟင်းကို သံဃာတော်တွေ နှစ်သက်စေရမယ်'လို့ စိတ်ထဲမှာထားပြီး ချက်ပြုတ်၊ မြည်းစမ်းရင် စေတနာ ထက်သန်သလောက် ကုသိုလ်ပဲ တိုးပွားမှာပါ။

ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၈။

---

မြတ်သည်ကိုမှ မသိကြ ဗာလနှလုံးသွင်း။
(ထွဋ်ခေါင်ဆရာတော်)

---

၇၁၈။ လူမျိုးတုံး

ဆရာတော် ဘုရား၊ အလုပ်မှာ လူဖြူဗုဒ္ဓဘာသာ အမျိုးသမီး အသိတစ်ဦး ရှိပါသည်။ တပည့်တော် မြန်မာလူမျိုးမှန်း သိလို့ မြန်မာနိုင်ငံမှာ ဘာသာမတူသူတွေကို လူမျိုးတုံး သတ်နေတယ်၊ ဗုဒ္ဓဝါဒီဖြစ်ရင် သူ့အသက်ကို မသတ်သင့်ဘူး၊ မြန်မာ ဗုဒ္ဓဘာသာအများစု ကမ္မဋ္ဌာန်းမထိုင်ကြဘူးလို့ဟု ဆိုပါသည်။ ထိုအမျိုးသမီးအား မည်သို့ ပြန်ပြောသင့်ပါသလဲ ဘုရား။

Yolanda K. Khin (NV)

---

မေးခံရဖူး

‘လူမျိုးတုံး’ဆိုတာကို ဘုန်းကြီး ကိုယ်တိုင်လည်း Kinko's မှာ မိတ္တူသွားကူးတုန်းက မေးခံရဖူးတယ်။ အရပ်ရော မုတ်ဆိတ်မွေးပါ ရှည်ပြီး အသားမည်းတယ်။ ဘုန်းကြီးက “ကျုပ်တို့နိုင်ငံက လူမျိုးတွေနဲ့ ယဉ်ကျေးမှု အကြောင်း ဘာမှ မသိဘဲနဲ့ ခင်ဗျားကို ရှင်းပြဖို့ မဖြစ်နိုင်ဘူး။ သေချာတာက ဗုဒ္ဓကျမ်းစာမှာ လူကိုသတ်ဖို့ သင်ကြားတဲ့ စာတစ်ကြောင်းမျှတောင် ရှာမတွေ့နိုင်ပါဘူး'လို့ မျက်နှာထား ခပ်တင်းတင်းနဲ့ ပြောပြီး လှည့်မကြည့်ဘဲ နေလိုက်တယ်။

မှိုင်းမိနေ

“ပက်ထရိုဒေါ်လာ(ရေနံရောင်းလို့ရတဲ့ ဒေါ်လာ)တွေနဲ့ အနောက်တိုင်း မိဒီယာတစ်ခုလုံးနီးပါး မှိုင်းတိုက်ခံနေရတယ်’လို့ အီဂျစ်နွယ်ဖွား ခရစ်ယန် ဓမ္မဆရာ ယူဆာမာ ဒက်ဒေါက် (ပုဂ္ဂိုလ်)က ပြောဖူးတယ်။ အနှီ ဗုဒ္ဓဝါဒီဆိုသူနဲ့ မစ္စတာ မုတ်ဆိတ်မွှေးတို့လည်း မှိုင်းမိလို့ မှုန်နေတဲ့အတွက် ဒီလို မေးကြတာ ဖြစ်မယ်။ နိုင်ငံရေးသမား အချို့လည်း မကောင်းဘူး။ မိမိ မဲရဖို့ ကြိုးစားရာကနေ ၎င်းတို့ကြောင့် အခြားအုပ်စု တစ်ခုမှာ နာနာကျင်ကျင် ဖြစ်ကျန်ခဲ့တာတွေ ရှိပြီး ရှိဆဲပါ။

မှိုင်းရှင်းဆေး

မေးခွန်းပါ ဗုဒ္ဓဝါဒီ လူဖြူမိန်းမအတွက် အကောင်းဆုံး မှိုင်းရှင်းဆေးကတော့ မကြာခင်က ရန်ကုန်မှာ ဗွီဒီယိုနဲ့ ပြသပြီး ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ရစ်ခ် ဟိုက်ဇ်မန် ပြောတဲ့ စကားတွေပဲ ဖြစ်မယ်။ မူရင်းဗွီဒီယို ယူကျူမှာ ရှာကြည့်။ အဲဒီ ဗွီဒီယိုမှာ ရစ်ခ်ဟိုက်ဇ်မန် ပြောပြထားပုံတွေကို ဆက်ပြီး ဖတ်ကြည့်ပါ ..

ငြိမ်းချမ်းသူ

ဗုဒ္ဓဝါဒီတွေ ဒါမှမဟုတ် မြန်မာတွေကို လူသတ်သမားတွေလို့ တကယ်ယူဆရင် ဘာကြောင့် ဒီလို ယူဆရသလဲလို့ ခင်ဗျားတို့ မိမိဘာသာ ဆန်းစစ်ပါ။ ဗုဒ္ဓဘာသာနိုင်ငံတွေ၊ ဗုဒ္ဓဘာသာဝင်တွေဟာ . နေရာတိုင်းမှာ ငြိမ်းချမ်းကြပါတယ်။ ပတ်ဝန်းကျင်ကို ရန်မပြုကြပါဘူး။ ဒါပေမယ့် သူတို့မှာ မိမိကိုယ်ကို ကာကွယ်ခွင့် ရှိတယ်။ အထူးသဖြင့် တစ်ယောက်ယောက်က သူ့ကို သေစေလိုတဲ့ စိတ်နဲ့ ရန်ပြုလာရင်ပေါ့။

ဇနီးထိမှ

အနောက်တိုင်းသား ဗုဒ္ဓဝါဒီအနေနဲ့ 'ဗုဒ္ဓဝါဒီတွေ မသတ်သင့်ဘူး၊ ဘယ်သူ့ကိုမှ ဘယ်တော့မှ မနာကျင်စေသင့်ဘူး'လို့ ခင်ဗျားက ဆိုနိုင်အားတယ်။ ကောင်းပြီ၊ အို ... အနောက်တိုင်းသား ဗုဒ္ဓဝါဒီ လူကြီးမင်း ခင်ဗျား၊ တောရွာမှာနေတဲ့ ခင်ဗျားရဲ့အိမ်ထဲကို ညသန်းခေါင်လောက် လက်နက်တွေနဲ့ အတင်းဝင်လာပြီး ခင်ဗျားရဲ့ သမီးနဲ့ ဇနီးကို ဆွဲခေါ်သွားကြရင် ခင်ဗျား ကမ္မဋ္ဌာန်း ထိုင်နေမှာလား၊ ဒါမှမဟုတ် သူတစ်ပါးကို မနှိပ်စက်ရဘူးလို့ ထိုင်ပြီး တရားဟောနေမှာလား။

ရွေးလမ်းမရှိ

နိုး .. ခင်ဗျား ရရာကိုဆွဲပြီး ဒီလူတွေကို ပြန်သတ်ဖို့ ကြိုးစားမှာပဲ။ ဘာလို့ဆို ဒီလိုမလုပ်ရင် သူတို့က ခင်ဗျားရဲ့ သမီးကိုရော ဇနီးကိုပါ ချက်ခြင်း သတ်ကြတော့မှာ။ ခင်ဗျား ဒီလို မလုပ်ချင်ပါဘူး၊ ဒီလိုလုပ်ဖို့လည်း မရွေးချယ်ပါဘူး၊ ခင်ဗျား သူတို့ကို မသတ်လိုပါဘူး။ ဒါပေမယ့် သတ်ကို သတ်ရတော့မှာ။ ခင်ဗျားမှာ ရွေးစရာ လမ်းမရှိဘူးလေ။ (ရစ်ခ် ဟိုက်ဇ်မင်)။

ကာကွယ်ခွင့်

လူတိုင်းမှာ အသက်ရှင်ပြီး ဆက်လက်တည်ရှိဖို့ မိမိကိုယ်ကို ကာကွယ်ခွင့် ရှိတယ်။ ၂၀၁၇ ခုနှစ်တုန်းက လူတစ်ဦးဟာ အလာဟုရဲ့ ဆန္ဒတော်အရ ခင်ဗျားကို သတ်ဖို့ ဆုံးဖြတ်ခဲ့ရင် ခင်ဗျားလည်း ခုခံဖို့ အခွင့်အရေး ရှိကို ရှိတယ်။ ပြီးတော့ မြန်မာတွေ သူတို့ရဲ့မြေကို ကာကွယ်ခွင့် ရှိတယ်။ နိုင်ငံတိုင်းမှာ ကျူးကျော်သူတွေကို သေစေတဲ့ အထိ(သတ်ပစ်တဲ့အထိ) ကိုယ်ကိုယ်ကို ... ကာကွယ်ခွင့် ရှိကြတာပါ။ စစ်ပွဲမှာ တစ်ယောက်ယောက်တော့ ရှုံးမှာပဲလေ။

ကျုပ်တော့ ကျူးကျော်သူတွေ ရှုံးမှာပဲလို့ လုံးဝ ယုံကြည်တယ်။ သူတို့ကပဲ ဗုဒ္ဓဝါဒီတွေကိုစပြီး ရန်ပြု သတ်ဖြတ်ခဲ့တာလေ။ ဒီအရှုပ်ကို အနောက်တိုင်း မီဒီယာတွေကို အကာအကွယ်ယူပြီး သူတို့ကိုယ် သူတို့ ဖုံးကွယ်နေကြတယ် (ကေဗင် ဂျွန်စတန်၊ KJJRadio)။

ကဲ .. အမိရေ၊ အထက်ပါ မိတ်ဆွေနှစ်ဦး ပြောသလိုသာ ပြောချလိုက်ပေတော့။ ခန္တီဝါဒီရသေ့ဟာ လက်ဖြတ်ခြေဖြတ်ခံရတောင် သည်းခံတယ်လို့ ပြောလာရင် အင်း .. အဲဒီလို သည်းခံနိုင်အောင် မြန်မာတွေ ကျင့်ဆဲပါလို့ ပြန်ပြောပေါ့။ အဲဒီ so called ဗုဒ္ဓဝါဒီအဖြူမ ဘာပြန်ပြောသလဲ ဆိုတာကိုလည်း အသိပေးဦးဗျို့။ အောင်မြင်ပါစေ .. I

ဒီဇင်ဘာ ၂၂၊ ၂ဝ၁၈။

---

မှတ်ချက်များ

ခန္တီဝါဒီဇာတ်မှာ သည်းခံသူဆိုတာ ဘုရားအလောင်းတော် ပါ။ ဒါတောင် ခန္တီပါရမီကို အဓိကထားပြီး အစွမ်းကုန် ဖြည့်တဲ့ဘဝမို့ ပုဂ္ဂိုလ်ရေးအရ သည်းခံမှု သက်သက်ပဲ ဖြစ်မယ်လို့ ယူဆပါတယ် ဘုရား။ အရှင်ဝိစာရ

အရိယာက အရိယာလိုကျင့်သလို ပုထုဇဉ်ကလည်း ပုထုဇဉ်လိုပဲ ကျင့်နိုင်မယ်လို့ မြင်မိပါတယ် ဘုရား။ ဗုဒ္ဓဘာသာဝင်တိုင်း အချိန်ပြည့် ခန္တီ မေတ္တာဘာဝနာနဲ့ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ပွားများနေသူတွေ မဟုတ်ပါ။ မင်းဦး

---

၇၁၉။ မင်းတေမိရဲ့ အဓိဋ္ဌာန်

ဘုန်းဘုန်း ဘုရား၊ ဘုရားအလောင်း တေမိမင်းသားဟာ အကုသိုလ်ကို ကြောက်၍ စကားမပြောဘဲ နေခြင်းသည် ဝစီကံကို တဖက်စွန်းရောက်အောင် အထိန်းလွန်သည်ဟု ဆိုနိုင်ပါသလား ဘုရား။ ပါရမီဖြစ်ရုံနေခြင်း ဖြစ်နိုင်ပါသလား ဘုရား။

ကိုမျိုးမြင့် (ဩဇီ)

---

အနှစ်သာရ

အဓိဋ္ဌာန်’ကို ‘နှုတ်ပဋိညာဉ် စိတ်ပဋိညာဉ်ကို မရွေ့ပြောင်းခြင်း'လို့ လယ်ဆရာတော်ဘုရားကြီးက ဖွင့်ဆိုတယ် (ဥတ္တမပုရိသဒီပနီ၊ စာ-၁၉)။ အလှူပေးခြင်းစတဲ့ ကောင်းတဲ့ အလုပ်တွေကို ပါရမီမြောက်အောင် လုပ်ရာမှာ အဲဒီ အလုပ်တွေ မယိမ်းယိုင်အောင် အခိုင်အမာ ဆုံးဖြတ်ပြီးတဲ့အတိုင်း ဆောင်ရွက်တာကို အဓိဋ္ဌာန်ပါရမီလို့ ခေါ်တယ်။ အဓိဋ္ဌာန်နဲ့ ပံ့ပိုးပေးမှ အခြားပါရမီတွေလည်း ရင့်ကျက်ပြီး အထွတ်အထိပ်ကို ရောက်နိုင်တယ်။ ဒါဟာ အဓိဋ္ဌာန်ပါရမီရဲ့ အနှစ်သာရပါပဲ။

အရေးကြီး

လူသာမန်တို့အဖို့ အလှူခံ ပုဂ္ဂိုလ်ကြောင့်ဖြစ်စေ ပစ္စည်းဝတ္ထု မပြည့်စုံလို့ဖြစ်စေ အလှူဒါနနဲ့ ပတ်သက်ပြီး မလှူခင် သို့မဟုတ် လှူပြီးမှ အလိုမကျမှု တွန့်ဆုတ်မှုတွေ ဖြစ်နိုင်တယ်။ ဒါဟာ အလှူဒါနရဲ့ အန္တရာယ်ပါပဲ။ ဒီအန္တရာယ်ကို အဓိဋ္ဌာန်တွန်းအားနဲ့ ပံ့ပိုးပေးပြီး ကျော်လွှားရတယ်။ အောင်မြင်စွာ ကျော်လွှားဖို့ ဆိုရင် ဆုံးဖြတ်ချက် ခိုင်မာရမှာပဲ။ ဒါမှ အကျိုးကို မမျှော်ကိုးပဲ (နေက္ခမ္မ) ဖြောင့်ဖြောင့် (ဥပေက္ခာ) လမ်းဆုံးသို့ ရောက်အောင် ဆက်သွားနိုင်မယ်။

အများကောင်းကျိုးအတွက် အမှန်တကယ် အနစ်နာခံရင် ပစ္စည်းတွေရခြင်း၊ လေးစားခံရခြင်း၊ ကျော်ကြားခြင်းတွေ ဖြစ်လာတယ်။ ဒါတွေဟာ အသွင်ကောင်းပေမယ့် အနှစ်သာရအနေနဲ့ မကောင်းဘူး။ မက်မောလောက်စရာ မတွေ့သေးခင် စွန့်လွှတ်နိုင်ပေမယ့် အဲဒီသုံးမျိုးကြောင် အခွင့်အရေး ပိုရလာရင် ကိုယ့်ဖက်က အသာလိုချင်တယ်။ ဒါဟာ အဓိဋ္ဌာန်မခိုင်လို့ဘဲ။ အဓိဋ္ဌာန်ပျက်တာနဲ့ အခွင့်အရေးရဲ့ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ဘဲ လမ်းလွဲသွားတော့တာပဲ။

ဒါဖြင့် အဓိဋ္ဌာန်ခိုင်မြဲဖို့ အရေးမကြီးဘူးလား။ ဘုရားလောင်းဟာ မျောက်မင်းဘဝမှာ သက်ရှိတို့ ချမ်းသာဖို့အတွက် အသက်ကို စွန့်တဲ့အထိ အဓိဋ္ဌာန်မြဲခဲ့တယ်။

ဘာကြောင့်

တေမိမင်းသားဟာ ယခင်ဘဝကို အမှတ်ရနေတယ်။ မင်းအဖြစ်နဲ့ လူဆိုးကို နှိပ်ကွပ်ရင် အကုသိုလ်။ တိုင်းပြည် ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးရင် ကုသိုလ်။ အဲဒီလို အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ကို လုပ်ခွင့်ရှိပေမယ့် အကုသိုလ်နဲ့ ရောနေလို့ မင်းဘဝကို မနှစ်သက်။ ဒါနဲ့ အကုသိုလ်နဲ့ မရောတဲ့ ပါရမီကုသိုလ်ကို လုပ်နိုင်ဖို့ မင်းမလုပ်ဖို့ ဆုံးဖြတ်တာ။

မင်းမဖြစ်ဖို့ ဆွံ့အယောင်ဆောင်တဲ့ နည်းကို ရွေးတယ်။ ၁၇-နှစ်လုံးလုံး စကားပြောအောင် လုပ်ကြပေမယ့် ခိုင်မာတဲ့ အဓိဋ္ဌာန်ကြောင့် လမ်းမလွဲဘူး။ နောက်ဆုံး မင်းသားကို မြေမြှုပ်ပြီးသတ်ဖို့ ဖခင်က အမိန့်ချမှတ်တဲ့ အထိပါပဲ။

မဇ္ဈိမပဋိပဒါ

အာရုံရဲ့ ဆွဲဆောင်မှုကို တွန်းလှန်ရာမှာ အဆင်းကို အဆင်းလို့ မမြင်ဘဲ သာယာဖွယ်လို့ မြင်ရင် တွန်းလှန်ဖို့ ခက်တယ်။ အတင်းအကျပ် တွန်းလှန်ရင်လည်း အစွန်းရောက်မယ်။ အဆင်းကို အဆင်းသာမန်အဖြစ်သာ သိအောင်လုပ်ပြီး နှစ်သက်ဖွယ် ပုဂ္ဂိုလ် အရာဝတ္ထုအဖြစ် မမြင်၊ သိစရာ ရုပ်နာမ်အစုအဖြစ်သာ မြင်မယ်။ အသံ စသည်လည်း နည်းတူ။ ဒီလို မြင်ရင် အကုသိုလ် (တပ်မက်၊ ထောင်လွှား၊ အမြင်မှား)တွေ မဖြစ်။ ဒီလို မြင်နိုင်အောင် လုပ်နိုင်ရင် ပါရမီဖြစ်တာပါပဲ။

မင်းတေမိ ဖြစ်ရပ်မှာ အစွန်းရောက်ခြင်း မဟုတ်။ မဇ္ဈိမပဋိပဒါ အမြင်နဲ့ ဆွဲအားပြင်း မက်မောဖွယ် မင်းစည်းစိမ်ကို စွန့်ခြင်းသာ ဖြစ်ပြီး၊ ဒီလုပ်ရပ် အောင်မြင်ဖို့ ခိုင်မာတဲ့ အဓိဋ္ဌာန်တွန်းအား ရှိခဲ့ပုံကို ဖော်ညွှန်းခြင်းသာ ဖြစ်ပါတယ်။

အထွတ်အထိပ်

ဒါကြောင့် 'တဿ အဓိဋ္ဌာနပါရမီ ဣဓ မတ္ထကံ ပတ္တာ = ဗုဒ္ဓလောင်းလျာ၏ အဓိဋ္ဌာန်ပါရမီသည် ဤတေမိမင်းသား ဘဝတွင် အထွတ်အထိပ်သို့ ရောက်၏ (စရိယာပိဋက၊ဋ္ဌ၊၂၂၀)'လို့ ဆိုတယ်။ ဒီဇာတ်တော်မှာ မင်းတေမိရဲ့ အဓိဋ္ဌာန်ပါရမီ အမြင့်ဆုံးထိ ရောက်တာကို ပြလိုရင်းပါ။ အဓိဋ္ဌာန်ခိုင်မာလို့ အခြားပါရမီတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတာပါပဲ။

ပါရမီဆယ်ပါး

မင်းတေမိရဲ့ လုပ်ဆောင်ချက်မှာ .. ‘ထီးနန်းစွန့်(ဒါန)၊ ဒုစရိုက်ရှောင်(သီလ)၊ ဘာမှ မမျှော်ကိုး(နေက္ခမ္မ)၊ စကားမပြောတဲ့နည်း(ပညာ)၊ ဒီနည်းနဲ့ ကြိုးစား(ဝီရိယ)၊ ဒုက္ခကိုသည်းခံ(ခန္တီ)၊ မင်းအဖြစ်ရဲ့ အပြစ်ကိုမြင်(သစ္စာ)၊ ကွပ်မျက်သူကိုပင် မေတ္တာပြု(မေတ္တာ)၊ သာယာဖွယ် နာကျည်းဖွယ်ကို လျစ်လျူရှုပြီး ပန်းတိုင်အရောက်သွား(ဥပေက္ခာ)'လို့ ပါရမီ ၁၀-ပါးလုံးပါတယ်။ အကျိုးဆက်အနေနဲ့ ဘုရင်နဲ့ တိုင်းသူပြည်သားတွေ မြင့်မြတ်တဲ့အလုပ်ကို အတုလိုက်ပြီး လုပ်ကြတယ်။

ဒီဇင်ဘာ ၂၄၊ ၂၀၁၈။

---

၇၂ဝ။ အရိယာကို ပြစ်မှားခြင်း

ဆရာတော် ဘုရား၊ သံဃာအချို့သည် မိမိ တတ်သမျှ မှတ်သမျှ ဗဟုသုတကလေးဖြင့် . မဟာစည်ဆရာတော်၊ ဖားအောက်ဆရာတော်၊ လယ်တီဆရာတော်တို့၏ အယူအဆများကို ဝေဖန်ပြစ်ဆိုနေကြပါသည် ဘုရား။ ထိုသို့ ဝေဖန်ပြစ်ဆိုပါက အရိယူပဝါဒကံ ထိုက်မထိုက် သိလိုပါသည် ဘုရား။
မင်းသန့်ဇင်

---

အရိယူပဝါဒကံ

မေးခွန်းအရ နှုတ်နဲ့ဖြစ်စေ စာရေး၍ဖြစ်စေ မိမိဝေဖန်လိုက်တဲ့ ပုဂ္ဂိုလ်ဟာ အရိယာဖြစ်နေရင် အရိယာကို ပြစ်မှားရာ ရောက်လို့ အရိယူပဝါဒကံ ထိုက်သလားလို့ မေးလိုတာလို့ နားလည်ပြီး ဖြေပါမယ်။ အရိယူပဝါဒကံဆိုတာ ‘သောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာ’ဆိုတဲ့ အရိယာပုဂ္ဂိုလ်တစ်ဦးဦးကို ပြစ်မှား ပြောဆိုလို့ ဖြစ်တဲ့ အကုသိုလ်ကံ။

ဒီကံရှိနေရင် သဂ္ဂ(ဂတိကောင်း)နဲ့ မဂ္ဂ(မဂ် ဖိုလ်တရား ထူး)ကိုမရနိုင်။ ဒါပေမယ့် ထိုပုဂ္ဂိုလ်တွေကို တောင်းပန် ဝန်ချရင်တော့ သဂ္ဂမဂ္ဂကို မတားမြစ်ဘူး (မ၊ဋ္ဌ၊၂၊၉)။

ဝေဖန်ခွင့်

မြတ်ဗုဒ္ဓ ကိုယ်တိုင် ကိုယ်နှုတ် အမူအရာတွေ မနှစ်သက်တာရှိရင် မိန့်ကြားဖို့ သံဃာကို ပန်ကြားဖူးတယ် (သံ၊၁၊၁၉၂)။ “အသက် ၇-နှစ်အရွယ် ပြုသစ်စ ကိုရင်ငယ် ဆုံးမတာကိုပင် ရိုသေစွာ ခံယူပါ၏။ ထိုကိုရင်ကို ဆရာ့အရာ၌ ထားပါမည်’ဆိုတဲ့ အရှင်သာရိပုတ္တရာရဲ့ မြွက်ဟချက်ကို ကိုးကားပြီး ယောဂီဟာ ထောက်ပြတာကို ခံယူနိုင်ရမယ်လို့ ကျမ်းဂန်မှာ (မိလိန္ဒ၊၃၈၂) သင်ကြားထားတာ ရှိပါတယ်။

လယ်တီအစ

မိမိကိုယ်ကို ဝေဖန်ဖို့ တောင်းပန်တာဟာ ဗုဒ္ဓသာသနာရဲ့ ထူးခြားချက်ပါ။ လယ်တီဆရာတော်က ဋီကာကျော်ကို ဝေဖန် ပစ်တာ အမှားပေါင်း ၂၀၀-ကျော်ဆို မဟုတ်လား။ “ဒီစကားမသင့်)’“ဆင်နားရွက်ကို ဆိတ်မှာ တပ်ထားသလို’ဆိုတာမျိုးတွေ ပါတယ်။ အင်းဝခေတ် မတိုင်မီကပင် မြတ်နိုးစွာ သင်ယူလာတဲ့ ပါဠိကျမ်းကို အဲဒီလိုလုပ်တော့ ဆရာတော်ကို ပြန်နှက်တဲ့ကျမ်းတွေလည်း ဒါဇင်မက ပေါ်ထွက်လာလို့ ဋီကာမိုး ရွာတဲ့ ခေတ်လို့တောင် ပြောစမှတ် ပြုခဲ့ရတဲ့ အထိပါပဲ။

အားပေးတယ်

ဆရာတော်ကြီး ပျံလွန်တော်မူခါနီး မျက်စိကွယ်သွားတာကို ဋီကာကျော်ကို ဝေဖန်လို့ဆိုပြီး ဆရာတော်ကြီးနဲ့ ခေတ်ပြိုင်တစ်ချို့က အပြစ်တင်ကြသတဲ့ (လယ်တီဆရာတော်ကို တွေ့ဖူးလိုက်တဲ့ ဆရာကြီး အဖိုးဦးစာရိန္ဒရဲ့ ပြောပြချက်)။ အမှန်တော့ မိမိကိုယ်ကို ယုံကြည်သူအဖို့ အသက်ငယ်ခြင်း ကြီးခြင်းနဲ့ မဆိုင်ပါဘူး၊ ဝေဖန်ရဲပါတယ်။ ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို မဆန့်ကျင်သရွေ့ အဲဒီလို ဝေဖန်တာကို ဘုန်းကြီးကတော့ အားပေးတယ်။ ဒါပေမယ့် ..

နာမည်ကြီးချင်လို့ နာမည်ကြီးသူကို ဝေဖန်တိုက်ခိုက်တာမျိုး မဖြစ်သင့်။ သက်ဆိုင်သူရဲ့ ဂုဏ်သိက္ခာကို မထိပါးဘဲ အမှန်ဖြစ်လိုတဲ့ စေတနာသက်သက်နဲ့ ယဉ်ယဉ်ကျေးကျေးပဲ ဖြစ်သင့်တယ်။ ဝေဖန်သူရဲ့ အတွင်းစရိုက် မပေါ်သင့်ဘူး။

အုပ်စုဖွဲ့၍

အဘိဓမ္မာကျမ်းတွေကို ခက်တယ် ထင်ရပေမယ့် အမှန်တော့ သံယုတ္တနိကာယ်လို သုတ္တန်ကျမ်းတွေက ပိုခက်တယ်။ အချို့ အဓိပ္ပာယ် နှစ်မျိုး ဖြစ်နေတာ၊ အဋ္ဌကထာတွေ ကိုယ်တိုင်က မသေချာတာ၊ အဋ္ဌကထာနဲ့ဋီကာ အယူအဆ ကွဲတာမျိုးတွေ တွေ့ရလေ့ရှိတယ်။ မူရင်း ပါဠိတော်တွေကို အဓိပ္ပာယ်ဖော်မှု မတူရာကနေ သာသနာ့ဂိုဏ်းကွဲတွေ ပေါ်လာရတာပဲ။

ဒါကြောင့် ဓမ္မရေးရာနဲ့ ပတ်သက်လို့ အမှန်ကို ရှာဖွေတဲ့အနေနဲ့ သုတေသနပြုတာမျိုးဆိုရင် ဝါသနာတူ ပညာရှင်နှစ်ဦးသုံးဦး ဒါမှမဟုတ် အုပ်စုဖွဲ့ပြီး ဆွေးနွေးနိုင်ရင် အမှန်နဲ့ ပိုးနီးစပ်မယ်လို့ ယူဆတယ်။

ပြန်သုံးသပ်

ဝေခန်ခံရတဲ့ ဆရာတော်တွေရော တပည့်တွေပါ ဝေဖန်သူရဲ့ စိတ်စေတနာ အရည်အချင်းကို ကြည့်ပြီး အရှင်သာရိပုတ်ထုံး နှလုံးမူပြီး သူထောက်ပြတာကို ပြန်သုံးသပ်၊ ငြင်းဆို၊ သို့မဟုတ် စွန့်လွှတ်မှ လမ်းမှန်ကို ရောက်မယ်လို့ တွက်ပါတယ်။

အဖြေ

ပြန်ချုပ်ရင် ... ဝေဖန်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ဖော်ပြပြီး အရိယာပုဂ္ဂိုလ်လေးဆင့် တစ်ခုခုကို မရောက်သေးရင် အရိယူပဝါဒကံ မထိုက်။ အရိယာပုဂ္ဂိုလ် ဖြစ်နေရင်တောင် အရှင်သာရိပုတ်ရဲ့တပည့် ကိုရင်ငယ်လို အကျိုးလိုလားတဲ့ စိတ်နဲ့ အမှန်ကို ထောက်ပြတာမျိုးဖြစ်ရင် အပြစ်မရှိ။ ပြစ်မှားလိုစိတ် ရှိခဲ့ရင်လည်း အမှားကို ဝန်ချတောင်းပန်ရင် အပြစ်မှ ကင်းလွတ်တယ်လို့ ဖြေပါတယ်။

ဒီဇင်ဘာ ၂၅၊ ၂ဝ၁၈။

---

၇၂၁။ လိင်နှစ်ခုပါသူနဲ့ တရားထူး

အရှင်ဘုရား၊ ဓမ္မအမေးအဖြေပေါင်းချုပ် အတွဲ (၄) မှာပါတဲ့ အရှင်ဘုရားရဲ့ အဖြေတစ်ခုမှာ တပည့်တော် ဖတ်ဖူးတာနဲ့ မကိုက်ညီဘူး ဖြစ်နေပါတယ် ဘုရား။ အရှင်ဘုရားရဲ့ အဖြေကို ဘယ်ကျမ်းကို အမှီပြုပြီး ရေးတာလဲ ဘုရား။ လိင်အင်္ဂါနှစ်ခုရှိသူဟာ သုဂတိ အဟိတ်လို့ တပည့်တော် ဖတ်ဖူးလို့ပါ ဘုရား။ တိဟိတ်လည်း ရှိနေနိုင်လား ဘုရား။
ကောင်းခန့်သူ

---

အဓိပ္ပာယ်

ပေါင်းချုပ် (၄)၊ စာမျက်နှာ ၂၀၄၁ ကို ရည်ညွန်းတာ ဖြစ်မယ်။ အဲဒီမှာ (၁) (ဗုဒ္ဓဝါဒမှာ) လူအချို့ အကုသိုလ် မဖြစ်ဖို့ ခေတ်နဲ့ဒေသ လိုအပ်ချက်အရ တားမြစ်တာမျိုး ရှိတယ်။ ဥပမာ ... ကျားမ အင်္ဂါဇာတ် နှစ်မျိုးလုံး ရှိနေသူ (ဥဘတော ဗျည်း) ရှင်ရဟန်း ပြုခွင့်မရှိ။ (၂) ဒါပေမယ့် လူသာမန် အနေနဲ့ သီလစောင့် တရားအားထုတ်ရင် ဒီလူ တရားထူးကို ရနိုင်တယ်'လို့ ဘုန်းကြီး ဖြေခဲ့ပါတယ်။ အမှတ် (၁)အတွက် ကျမ်းညွှန်းက မဟာဝဂ္ဂပါဠိ၊ စာ-၁၂၄ ဖြစ်ပါတယ်။ အမှတ် (၂)ကတော့ ဘုန်းကြီးရဲ့ ယူဆချက် ဖြစ်ပါတယ်။

မှတ်မိနေလို့

ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ ထင်ရာရမ်းပြီး ယူဆခဲ့တာ မဟုတ်ဘူး။ ညောင်တုန်းမြို့ရှိ ရွေ့ဟင်္သာတောရကျောင်းတိုက်မှာ ကိုရင်ဝတ်နဲ့ ဓမ္မာစရိယ အောင်တဲ့နှစ် (၁၃၃၉-ခုနှစ်) နွေရာသီမှာ ခရီးမသွားဘဲ လယ်တီဆရာတော်ကြီးရဲ့ ပရမတ္ထဒီပနီ ကျမ်းမှာ ‘န သုန္ဒရံန ယုတ္တံ'ပါတဲ့ ထူးခြားတဲ့ အယူအဆတွေကို လေ့လာစဉ်က ဖတ်မိခဲ့တာကို အမှတ်ရနေလို့ အမှတ် (၂) ကို ဘုန်းကြီး ရဲရဲကြီး ဆိုခဲ့တာပါ။ ဖြေကတည်းက ထပ်မေးသူ ရှိလာရင် ပြန်ရှင်းဖို့ စဉ်းစားထားပြီးသား ဖြစ်ပါတယ်။

ဇစ္စန္ဓ (သန္ဓေကန်း)

သန္ဓေပါကန်းသူကို ပါဠိလို ဇစ္စန္ဓလို့ ခေါ်တယ်။ သန္ဓေပါ ကန်းသူစတဲ့ လူသားပုဂ္ဂိုလ်တွေဟာ သုဂတိအဟိတ် ဖြစ်ကြောင်း အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ဆိုတယ်။ ဒီကျမ်းအဖွင့် ဋီကာကျော် (စာ-၁၆၅)မှာ ဥဘတောဗျည်း ပဏ္ဍုက် စသည်လည်း သန္ဓေပါကန်းသူနဲ့ တူတယ် (သုဂတိအဟိတ်)လို့ ဆိုတယ်။ ‘ဆရာတစ်ပါး (အပရေ)တို့ကား ဒွိဟိတ်တိဟိတ် ပုဂ္ဂိုလ်များသည် သန္ဓေပါကန်းသူ မဖြစ်နိုင်ဟု ဆိုကြ၏’လို့လည်း ဋီကာကျော်မှာ ဆိုပါတယ်။ သုဂတိအဟိတ်ဆိုတာ လူ့ဘုံမှာ မွေးပေမယ့် အဟိတ်စိတ်နဲ့ ပဋိသန္ဓေနေလို့ ဘာမှ အသိဉာဏ်မရှိသူကို ဆိုလိုတာ။

ပရမတ္ထဒီပနီ

ဋီကာကျော်မှာ ဖော်ပြတဲ့ အပရေဝါဒကို လယ်တီဆရာတော်ဘုရားကြီးက “တံ န ယုတ္တံ၊ ဒီအယူအဆ မသင့်'လို့ ပယ်ခဲ့ပါတယ်။ ဆရာတော်ကြီး ရှင်းပြပုံက ..

‘အဘယ်ကြောင့်နည်းဟူမူ သန္ဓေပါကန်းသူ အချို့သည် ထိုထို အတတ်ပညာ၌ ထူးချွန်ကြသည်ကို တွေ့ရသောကြောင့်တည်း။ ဗုဒ္ဓလောင်းလျာများနှင့် ပစ္ဆိမဘဝိက (ဤဘဝမှာ ရဟန္တာဖြစ်မည့်သူ) တို့မှတစ်ပါး ကျန်သော ဒွိဟိတ်တိဟိတ် ပုဂ္ဂိုလ်များသည် အမိဝမ်းမှာရှိစဉ် သူတစ်ပါး လုံ့လကြောင့်ဖြစ်စေ၊ မိခင်အနေအထိုင် မသင့်တော်၍ဖြစ်စေ၊ ရောဂါ အမျိုးမျိုးကြောင့်ဖြစ်စေ မျက်စိ နား ပျက်စီးခြင်းမရှိဟု မသတ်မှတ်နိုင် (ပရမတ္ထဒီပနီ၊၂၂၇)'တဲ့။

ဆရာတော်ကြီးရဲ့ ယူဆချက်က ခေတ်နဲ့ အလွန်လျော်ညီပြီး ကြောင်းကျိုး ဆီလျော်ပါတယ်။

လိင်နှစ်ခု

လူ့ဘုံသား ဒွိဟိတ် တိဟိတ်တွေဟာ ကံကြောင့် မဟုတ်ဘဲ ဥတုအာဟာရစတဲ့ အခြား အကြောင်းတွေကြောင့် သန္ဓေကန်းစသည် ဖြစ်နိုင်တယ်။ ယနေ့ခေတ်မှာ သန္ဓေပါ မျက်စိမမြင် နားမကြားဘဲ ထူးချွန် ထက်မြက်သူတွေကို ကမ္ဘာတစ်ဝန်း များစွာ တွေ့နိုင်ပါတယ်။ ဋီကာကျော်အရပဲ လိင်နှစ်ခုပါသူ (ဥဘတောဗျည်း)ကိုလည်း သန္ဓေကန်းနဲ့ ထပ်တူပြုနိုင်တာပေါ့။ ကံကြောင့်မဟုတ်ဘဲ ဆေးဝါးနဲ့ မျိုးဗီဇ စသည်ကြောင့် လိင်နှစ်မျိုး ဖြစ်သွားနိုင်တာပဲ။ ဒီလိုလူသား တစ်ဦးကို အဟိတ်ပဲ၊ လုံးဝ တရားထူးနဲ့ ဝေးတယ်လို့ မဆိုနိုင်။

အဖြေ

သာမန် လူသားတစ်ဦးဖြစ်တဲ့ ဥဘဘောဗျည်းဟာ လူတစ်ဦးလိုပဲ အသိဉာဏ်နဲ့ ပြည့်စုံရင် လူ့အဖြစ်နဲ့ သီလစောင့် တရားအားထုတ်နိုင်ပြီး တရားထူးကိုလည်း တားဆီးဖွယ် မရှိဘူးလို့ လယ်တီဆရာတော်ရဲ့ ဇစ္စန္ဓအဖွင့်ကိုမှီပြီး ဘုန်းကြီး ယူဆပါတယ်။ စကားမစပ် .. အနောက်နိုင်ငံတွေမှာ မသန်စွမ်းသူတွေကို အရာရာမှာ ဦးစားပေးပါတယ်။

ဇန်နဝါရီ ၇၊ ၂ဝ၁၉။

---

မှတ်ချက်များ

အရှင်ဘုရားရဲ့အဖြေနဲ့ ဆက်စပ်ပြီး တွေးကြည့်ရင် Gay (အနီးစပ်ဆုံး ပဏ္ဍုက်လို့ အဓိပ္ပာယ် ပြန်တယ်လို့ သိရပါတယ်) တွေလည်း တိဟိတ် ရှိနိုင်တာဘဲလို့ တွေးမိတယ် ဘုရား။ အသိဉာဏ်ရှိပြီး ကောင်းကောင်းမွန်မွန် သီလကို ဆောက်တည်ရင် နိဗ္ဗာန်ကို ရနိုင်တယ်ဆိုတာ သဘာဝ ကျပါတယ် ဘုရား။ ဒါဆို အဋ္ဌကထာတွေ ဋီကာတွေကို ချင့်ချိန်ပြီးမှ ယုံသင့်တာပေါ့နော် ဘုရား။
ကောင်းခန့်သူ

ပါဠိတော် အဋ္ဌကထာ ဋီကာမှာ တိုက်ရိုက် မလာတာကို အဲဒီ ပါ ဌ ဋီနဲ့ မဆန့်ကျင်တဲ့နည်းနဲ့ အဓိပ္ပာယ် ယူဆခွင့် ရှိတယ်။ လယ်တီဆရာတော်ကြီးရဲ့ အယူအဆကို အခြေခံတာဖြစ်လို့ ဘုန်းကြီးရဲ့ ယူဆပုံဟာ ယုတ္တိအရဖြစ်စေ အာဂမအရဖြစ်စေ မဝေးလွန်းဘူးလို့ ထင်ရုံမျှပါ။ အစွန်းမရောက်တဲ့ အခြား ပညာရှင်တွေကိုလည်း မေးလျှောက်ပါဦး။ အောင်မြင်ပါစေ။
အရှင်ကေလာသ

ခေတ်မီပြီး သဘာဝကျတဲ့ အယူအဆလို့ ထင်မြင်မိပါသည် အရှင်ဘုရား။ အစွန်း မရောက်ပါဘူး ဘုရား။
တေဇမောင်

---

၇၂၂။ နတ်ပြည်မှ နိဗ္ဗာန်သို့

ဆရာတော် ဘုရား၊ ဘုရားတပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။ နတ်ပြည်မှ နိဗ္ဗာန်သို့ သွားနိုင် မသွားနိုင်ဆိုသည်ကို သနားသောအားဖြင့် ဖြေကြားတော်မူပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား။
ဓမ္မစေတမန် (သောတုဇန)

---

ဘုံပုဂ္ဂိုလ်

ဘုံပုဂ္ဂိုလ်ရ သံပေါက်ကို ကျက်မှတ်ဖူးမှာပါ။ ဆဋ္ဌမူ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ နောက်ဆက်တွဲအနေနဲ့ ပါတယ်။ အဲဒါလေးကို အရင်လေ့လာကြည့်...

ဒု သု ဒွိ တိ၊ ယာအရိ၊ ပေါင်းဘိဒွါဒသာ။
အပါယ်ဘုမ္မိ၊ ဒုဂ္ဂတိ၊ ရဘိတစ်ယောက်သာ။
လူမဟာရာဇ်၊ ဘုံနှစ်ဆစ်၊ ကြဉ်ပစ်ဒုဂ္ဂတာ။
ဒု သု မဝင်၊ တစ်ကျိပ်လျှင်၊ ထက်ခွင်နတ်ဘုံမှာ။

အဓိပ္ပာယ်

ဒုဂ္ဂတိအဟိတ်သုဂတိအဟိတ်ဒွိဟိတ်တိဟိတ်အရိယာပုဂ္ဂိုလ် ရှစ်ယောက်'လို့ ပုဂ္ဂိုလ် ၁၂-မျိုး ရှိတဲ့အထဲ အပါယ် ၄-ဘုံမှာ ‘ဒုဂ္ဂတိအဟိတ်’တစ်မျိုးပဲ ဖြစ်တယ်။ လူနဲ့ စတုမဟာရာဇ် နတ်ဘုံတွေမှာ အဲဒီ တစ်မျိုးကို ထုတ်ပြီး ကျန် ၁၁-မျိုး ဖြစ်နိုင်တယ်။ ကျန်နတ်ပြည် ငါးထပ်မှာ “ဒုဂ္ဂတိအဟိတ်နဲ့ သုဂတိအဟိတ်’မပါဘဲ ကျန် ၁၀-မျိုး ဖြစ်နိုင်တယ်။

ဒါကြောင့် အပါယ်လေးဘုံကနေ နိဗ္ဗာန်ကို ဘယ်နည်းနဲ့မျှ သွားနိုင်ဘူး။ အပါယ်လေးဘုံမှာ ဒုဂ္ဂတိအဟိတ်ပဲ ရှိတာကိုး။ လူ့နဲ့ စတုမဟာရာဇ်နတ်ဘုံမှာ ရောက်နေကြတဲ့ တိဟိတ်တွေက နိဗ္ဗာန်ကို ရောက်ခွင့်ရှိတယ်။ ဒါလည်း ပွားများအားထုတ်မှ။ ဒီလိုပဲ ကျန်နတ်ပြည် ငါးထပ်မှာရှိတဲ့ တိဟိတ်တွေလည်း ကြိုးစားရင် နိဗ္ဗာန်ကို ရောက်ခွင့် ရှိတာပေါ့။ အရိယာတွေကတော့ နိဗ္ဗာန်ကို ရပြီးသား။ ဒါကြောင့် နတ်ပြည်မှ နိဗ္ဗာန်သို့ သွားနိုင်တယ်လို့ ဖြေပါတယ်။ ဒီလိုတော့ ရှိတယ် ..

အခွင့်အလမ်း

နတ်ပြည်ဆိုတာ ကုသိုလ်ကံရဲ့ အကျိုးပေးရာဘုံ ဖြစ်လို့ ပျော်ရွှင်စရာတွေ များတဲ့အတွက် စမွေယျနဂါးမင်း နဂါးပြည်မှာ မကြာခဏ ဥပုသ်ကျိုးတာ၊ သိကြားမင်း လူ့ပြည်ဆင်းပြီး ဥပုသ်စောင့်ရတာတွေ ထောက်ရင် နတ်ပြည်မှာ ဥပုသ်စောင့်ဖို့၊ တရားအားထုတ်ဖို့ ခက်နိုင်တယ်။ ဘုရားလောင်းတွေဟာ လူ့ပြည်မှာပဲ ပါရမီဖြည့်ကြတယ်။ ဒါကြောင့် လူ့ဘဝကိုရ၊ ဗုဒ္ဓသာသနာနဲ့ ဆုံခိုက် ယခုဘဝမှာပင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကြိုးစားဖို့ ဆရာမြတ်တို့ လမ်းညွှန်ကြပါတယ် (သဂြိုဟ်ဘာသာဋီကာ၊ စာ-၃ဝ၁ ရှု)။

ဇန်နဝါရီ ၈၊ ၂ဝ၁၉။

---

၇၂၃။ သူ့ကို ချစ်ပေမယ့်

အရှင်ဘုရား၊ တပည့်တော်မ ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။ တပည့်တော်မသည် လက်ရှိ အိမ်ထောင်ရှိသူ ဘုရား။ အခြားအမျိုးသမီးတစ်ဦးကို တပည့်တော်မ ချစ်ကြိုက် သဘောကျမိနေပါသည်။ အကယ်၍ ချစ်ကြိုက်နေသော အမျိုးသမီးနှင့် အတူနေမိပါက ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက် ကျေးဇူးပြု၍ ဖြေကြားပေးပါ အရှင်ဘုရား။
နိုးနိုး

---

တရားအရင်နာ

အင်း .. အဖြေရဲ့ ခေါင်းစဉ်က ကဗျာဆန်တယ်။ နုတယ်။ ပါးစပ်နဲ့သာပြောရရင် ဘုန်းကြီးအနေနဲ့ ပီပီသသ အသံထွက်နိုင်မယ့် စကားလုံးမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် တစ်မျိုး မထင်ပါနဲ့။ တိုက်ရိုက် ကျမ်းကိုး မရနိုင်တဲ့အတွက် အဖြေကို မပြောခင်မှာ ဘုန်းကြီးဟောမယ့် ခြေဆင်းတရားကို အရင် နာကြည့်ပါ။ ပြီးမှ အဲဒီတရားထဲကရတဲ့ အတွေးအမြင်နဲ့ အဖြေကို စဉ်းစားကြည့်ကြတာပေါ့။

မိတ်ဆွေရင်း

ဘုန်းကြီး အရီဇိုးနားကို ရောက်စက ဆွမ်းနဲ့နေစရာ အဆင်ပြေအောင် ကူညီစောင့်ရှောက်တဲ့ ဒကာတစ်ဦး ရှိတယ်။ သူ တက္ကဆပ်စ်ကို ပြောင်းသွားပြီးနောက် လွန်ခဲ့တဲ့ လေးနှစ်က ကျောက်ကပ် ရောဂါနဲ့ ကွယ်လွန်ရှာပြီ။ ဘုန်ကြီး တက္ကဆပ်စ်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့မှာ သုံးလခန့် နေထိုင်စဉ် သူမကွယ်လွန်ခင် သူ့အိမ်ကို ရောက်တော့ သူ့အိမ်ထောင်ရေးကို ကျိတ်ပြီး ပြောပြတယ်။ လိုရင်းက သူ့ဇနီးက သူ့ကို ဂရုမစိုက်၊ ယောက်ျားစိတ် ပေါက်နေတဲ့ အမျိုးသမီး တစ်ဦးနဲ့ တွဲနေတယ်၊ အိမ်ကို ခေါ်အိပ်တယ်။ ရိပ်မိသလောက် ဘုန်းကြီးရဲ့ ဒကာ စိတ်ဆင်းရဲနေရတာ သေချာတယ်။

ဂေါ်ဒန်

ဒီလူ့အကြောင်းကို ဘုန်းကြီး ပြောဖူးပါတယ် (ပေါင်းချုပ် ၅၊ စာ-၂၄၉၇ ရှု)။ သူ့အဖေဟာ ကလေး ၂-ယောက်ရပြီးမှ မိသားစုကိုစွန့်၊ ကိုလိုရာဒိုကနေ အရီဇိုးနားကို ပြောင်းလာပြီး လူမည်းအမျိုးသား တစ်ဦးနဲ့ အိမ်ထောင်ပြုတယ်။ သူ့အမေဟာ သူ့ဖခင်ကို အလွန် စိတ်ဆိုးတဲ့အတွက် သူတို့မောင်နှမ လူလားမြောက်မှ သူတို့အဖေနဲ့ ကောင်းစွာ စကားပြောခွင့်ရသတဲ့။ ဂေါ်ဒန်လည်း အရီဇိုးနားကို ပြောင်းလာ၊ အိမ်ထောင်ကျ၊ ကလေးရတော့ သူ့ဖခင်ကိုရော ဖခင်ရဲ့ အဖော်ကိုပါ လေးစားစွာ ဆက်ဆံရုံမက မိသားစုနဲ့အတူ တစ်ပတ်တစ်ကြိမ် သွားပြီး လည်ပတ်ကြတယ်။

ဒါတောင်.. သူ့အဖေ ကွယ်လွန်တော့ ကျန်ရစ်တဲ့ အိမ်ကို မစ္စတာ ဂေါ်ဒန်က သိမ်းမယ်လုပ်တော့ (အရီဇိုးနားမှာ လိင်တူချင်း အိမ်ထောင်ပြုတာ တရားမဝင်ဘူး) ဘုန်းကြီး ပြောနိုင် ဆိုနိုင်ရှိတဲ့ ဂေါ်ဒန့် မိန်းမကို ဖျောင်းဖျလို့ အိမ်ကိုတော့ မသိမ်းဖြစ်ဘူး။ ဒါပေမယ့် အိမ်ပေါ်က ပစ္စည်းအချို့ကို သွားပြီး ဆွဲချသေးသတဲ့။

ပစ္ဆိမဘဝိက

ဘုရားလက်ထက်က သောရေယျကိုလည်း အမှတ်ရစရာပဲ။ ပထမတော့ ကလေးအဖေ သူဌေးသား။ ရုပ်ရည် သပ္ပာယ်တဲ့ ရဟန္တာအရှင်ကို စိတ်နဲ့ ပြစ်မှားမိလို့ တစ်ကိုယ်လုံး ဣတ္ထိယအဖြစ်သို့ ရုတ်ချည်း ပြောင်းသွား။ ရှက်လို့ ခြေဦးတည့်ရာပြေး၊ ကံကောင်းလို့ ချမ်းသာသူနဲ့ အိမ်ထောင်ကျ၊ ကလေးနှစ်ယောက်မွေး။ ရဟန္တာကို တောင်းပန်လို့ ရုတ်ချည်းပဲ အရင်အတိုင်း ယောက်ျား ပြန်ဖြစ်သွား။ ဌာနေကို မပြန်တော့ဘဲ ရဟန်းပြု။ နောက်ဆုံး ပဋိသမ္ဘိဒါလေးပါးရ ရဟန္တာ ဖြစ်သွားတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၁၀)။

သောရေယျဟာ ပစ္ဆိမဘဝိက (ဒီဘဝမှာ ရဟန္တာ ဖြစ်ကို ဖြစ်ရမယ့်) ပုဂ္ဂိုလ်မျိုး ဆိုတာကိုတော့ မှတ်ခဲ့ပေါ့။ ဒီတရားလေး နာယူပြီးနောက် ..

သုံးသပ်ချက်

အပေါ်နှစ်ယောက် ဖြစ်ရပ်မှာ စွန့်ခဲ့သူ ကာယကံရှင် မိန်းမသို့မဟုတ် ယောက်ျားတို့ အနေနဲ့ ၎င်းတို့ရဲ့ ကာမကို ပိုင်ဆိုင်ဆဲဖြစ်တဲ့ ခင်ပွန်း သို့မဟုတ် ဇနီးတွေက လုံးဝ သဘောမတူနိုင်တာ ရှင်းပါတယ်။ ဒါကြောင့် လိင်တူတူ မတူတူ တရားဝင် ကွာရှင်းပြီးမှ ဇာတ်လမ်းသစ် စသင့်တယ်။ မလွှဲသာလို့ လုံခြုံမှုအတွက် လုပ်လိုက်ရတဲ့ သောရေယျ ဖြစ်ရပ်မှာတော့ မိမိရဲ့ ဘဝကြင်ဖော်သာ အဲဒီလို ဖြစ်ခဲ့ရင် မိမိအနေနဲ့ ခွင့်လွှတ်နိုင်မလွှတ်နိုင် ဆိုတာကိုပဲ ကိုယ်ချင်းစာကြည့်ပေါ့။

ရှာဖွေဆဲ

(၁) မသွားကောင်းသူ ၂) မှီဝဲလိုစိတ်ရှိ ၃) လုံ့လပြု ၄) သာယာ'လို့ အင်္ဂါလေးခုညီရင် ကံမြောက်တယ် (အဘိ၊ဋ္ဌ၊၁၊၁၄၀)။ အမှတ် ၁) အင်္ဂါအတွက် ယောက်ျားအဖို့ “မာ.ပိ မာ.ပိ ဘနှင့်ဘာ၊ ဉာ.ဂေါ.ဓမ်.သ.သာ။ ဓ.ဆန်.ဘော.ပ၊ ဩ.ဩ.ဓ၊ ကမ္မ.ဒါ.မုဟာ’လို့ မိန်းမ ၂၀၊ မိန်းမအဖို့ ‘သ.သာနှစ်တန်၊ ဓ.ဆန်.ဘော.ပ၊ ဩ.ဩ.ဓ၊ ကမ္မ. ဒါ.မုဟာ'လို့ ယောကျာ်း ၁၂ နဲ့ ဖောက်ပြန်ရင် ကံမြောက်ကြောင်း ကျမ်းဂန်မှာ ဆိုတယ် (အကျယ်ကို ပေါင်းချုပ် ၁၊ စာ-၄၃၅ မှာ ရှုပါ)။

ကျမ်းဂန်တွေမှာ ဆန့်ကျင်ဘက်လိင် (ယောက်ျားနဲ့ မိန်းမ)တို့ရဲ့ ကာမေသုမိစ္ဆာရဖြစ်ပုံကိုပဲ ဖော်ပြတာ တွေ့ဖူးတယ်။ လိင်တူချင်း (မိန်းမချင်း၊ ယောက်ျားချင်း) ကာမေသု ဖြစ်ပုံပြ ကျမ်းဂန် တိုက်ရိုက်ကို တွေ့ဖူးသူတို့ မျှဝေပါကုန်။

ကာမပိုင်

“မိမိတို့အတွေ့ကို အစိုးရသူ မရှိ၊ မိမိတို့သာ ပိုင်သောကြောင့် မိစ္ဆာစာရမဖြစ် (ပရမတ္ထသရူပဘေဒနီ ၁၊ စာ-၁၇၀)'လို့ မိန့်ဆိုပုံအရ ဒီနေရာမှာ “ကာမပိုင်’ဆိုတဲ့ ဝေါဟာရကို စဉ်းစားရလိမ့်မယ်။ မိမိရဲ့ကာမကို ပိုင်ဆိုင်သူရှိလျက်နဲ့ ပိုင်ဆိုင်သူက သဘောမတူဘဲ အခြားတစ်ဦးအား မိမိရဲ့ကာမကို မပေးကောင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ စဉ်းစားခွင့်ရှိရင် ..

အဲဒီ အခြားတစ်ဦးကို ယောက်ျား မိန်းမ ခွဲခြားဖွယ် မလိုတဲ့အတွက် ကံမြောက်တယ်လို့ ဘုန်းကြီး ယူဆတယ်။ ဆိုလိုတာက .. ယောက်ျားတို့ မသွားကောင်းတဲ့ မိန်းမ ၂ဝ-ဟာ မိန်းမချင်းနဲ့လည်း ဆိုင်တယ်၊ မိန်းမနဲ့ဆိုင်တဲ့ ယောက်ျား ၁၂-မျိုးဟာ ယောက်ျားချင်းနဲ့လည်း ဆိုင်တယ်လို့ပါ။

အဖြေ

ဒါကြောင့် .. လက်ရှိ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး အနေနဲ့ အခြားအမျိုးသမီး တစ်ဦးကို ချစ်ကြိုက်၊ အတူနေပြီး ကာမကို မျှဝေမိရင် ကာမေသုမိစ္ဆာစာရကံ မြောက်တယ်လို့ ဘုန်းကြီး အနေနဲ့ ယူဆပါတယ်။

ယှက်ထွေး၏

ဝိသုဒ္ဓါရုံဆရာတော်ကြီးက “ဤအရာသည် ယှက်ထွေး၏။ သဘောဉာဏ် အထင်ကိုသာ ရေးလိုက်သည်။ ဆွေးနွေး မေးမြန်းကြလေဦး (ညွန်းပြီး၊ စာ-၁၇၁)'လို့ အမှာပြုတဲ့ အတိုင်း အခြားသော ဆရာတော်တွေရဲ့ သုံးသပ်ချက်တွေကိုလည်း မျှော်လင့်ဆဲ ရှိကြောင်းပါ။

ဇန်နဝါရီ ၉၊ ၂ဝ၁၉။

---

သာဓုကံ မနသိကာရာယတ္တာ ဟိ သာသနသမ္ပတ္တိ။ သာသနသမ္ပတ္တိ၊ သာသနာအတွင်း၌ ရသင့်ရထိုက်သော အကျိုး၏ ပြည့်စုံခြင်းသည်။ သာဓုကံ၊ ကောင်းစွာ။ မနသိကာရာယတ္တာ ဟိ၊ နှလုံးသွင်းနှင့် စပ်သည်သာလျှင်တည်း (သံ၊ဋ္ဌ၊၂၊၂)။

---

၇၂၄။ ကမ္မဝါစာဖတ်နည်း

ဆရာတော် ဘုရား၊ အချို့ ဆရာတော်များမှာ သိမ်နုတ်ကမ္မဝါကို အပါးစေ့ ကိုင်၍ဖြစ်စေ၊ ရဟန်းခံ ကမ္မဝါကိုလည်း ၁ဝ-ပါး ၁၅-ပါးထိ ကိုင်၍ဖြစ်စေ ဖတ်စေကြပါတယ်။ အချို့ကတော့ “သုဏာတု မေ ဘန္တေ သံဃော' ဆိုတဲ့ ဉတ်ပါဠိမှာ “သုဏာတု = နာယူပါလော့'ကို ထောက်ပြီး သံဃာကုန်ဖတ်ရင် နာယူမည့် သံဃာမရှိ ဖြစ်သောကြောင့်၊ “ဧကော ဝါ ဒွေ ဝါ တယော ဝါ’ဆိုတဲ့ ပါဠိအရ သုံးပါးကိုပဲ ကမ္မဝါစာကို ဖတ်စေပြီး ကျန်သံဃာတွေက နာကြားရပါတယ်။ ဆရာတော်တွေရဲ့ အယူအဆကို မည်သို့ မှတ်သင့်ပါသနည်း ဘုရား။
တွံတေး အရှင်လေး

---

သုံးပါထိသာ

ပါဠိတော်မှာ “အနုဇာနာမိ ဘိက္ခဝေ ဒွေ တယော ဧကာနု-ဿဝနေ ကာတုံ (ဝိ၊၃၊၁၂၉) = ရဟန်းတို့၊ နှစ်ပါး သုံးပါး သော ရဟန်းလောင်းတို့ကို တစ်ပြိုင်နက် ကမ္မဝါစာ ဖတ်၍ ရဟန်းခံပေးရန် ငါဘုရား ခွင့်ပြု၏’လို့ လာတယ်။ ဒီပါဠိကို ဝိနည်းဓိုရ်များက “ရဟန်းလောင်း နှစ်ပါး၊ သို့မဟုတ် သုံးပါးထိကို တစ်ပြိုင်နက် ကမ္မဝါစာ ဖတ်ကောင်းပြီး ဒီထက်ပို၍ တစ်ပြိုင်နက် မဖတ်ကောင်း'လို့ အဓိပ္ပာယ် ယူကြတယ်။

ပါဠိတော်နည်း

ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော (ကျွမ်းကျင် လိမ္မာသော ရဟန်းက သံဃာအား သိစေရမည်)'လို့ ဟောတော်မူတဲ့ ပါဠိတော်(ဝိ၊၃၊၇၁၊ ၉၉-စသည်)အရ ကမ္မဝါစာဆရာ တစ်ပါးတည်းက ရဟန်းလောင်း တစ်ပါးကိုဖြစ် နှစ်ပါးကိုဖြစ်စေ၊ သုံးပါးထိကိုဖြစ်စေ တစ်ပြိုင်နက် ဖတ်တာကို ကျမ်းဂန်နဲ့ညီပြီး ဘုရားအလို ကျကြောင်းလည်း ဝိနည်းဓိုရ် မထေရ်မြတ်တို့ ဆုံးဖြတ်ကြောင်း ကမ္ဘာအေးမှာတုန်းက ဆွေးနွေးဖူးတာကို အမှတ်ရတယ်။

ဋီကာနည်း

ပကတတ်ရဟန်း (သီလစင်ကြယ်တဲ့ရဟန်း) ကမ္မဝါစာ ဖတ်၍ပြုသောကံသာလျှင် ကံအားလျော်သော သံဃာကပြုသော ကံမည်၏ (ကံအောင်မြင်၏)။ သို့ဖြစ်၍ ရှေးခေတ် ဝိနည်းဓိုရ် များသည် ကံပျက်စီးခြင်း၌ ယုံမှားသံသယ ကင်းစေရန် နှစ်ပါးသုံးပါးတွဲ၍ တစ်ပြိုင်နက် ကမ္မဝါစာ ဖတ်စေကြ၏’လို့ ဝိနယဝိနိစ္ဆယ (၂၊ ၃၅ဝ)မှာ ဖွင့်တယ်။ ဋီကာမှာ နှစ်ပါးသုံးပါးတွဲ၍ တစ်ပြိုင်နက် (ဒွိဟိ တီဟိ ဧကတော)’လို့ ဆိုပေမယ့် “သုံးပါးထက် ပိုပြီးလည်း ရွတ်နိုင်တယ်'လို့ ဆရာမြတ်တို့ မိန့်ပါယ် (မဟာဝါဘာသာဋီကာ၊ စာ-၂၇၁)။

ဧကော ဝါ ဒွေ ဝါ တယော ဝါ’ဆိုတာ ‘ဒွိဟိ တီဟိ ဧကတော’ဆိုတဲ့ ဋီကာစကားကို ရည်ရွယ်တာ ဖြစ်နိုင်တယ်။

ကမ္မဝါစာကို တစ်ပါးတည်း ဖတ်တာက ပါဠိတော်နည်း၊ အများစုပြီး ဖတ်တာက ဋီကာနည်းလို့ မှတ်နိုင်တယ်။ ပါဠိတော်နည်းက ဘုရားအလိုကျ ဖြစ်လို့ ပိုနှစ်သက်တဲ့ ဆရာတော်တွေလည်း ရှိတယ်။

ကြုံဖူးခဲ့

ထေရဝါဒဗုဒ္ဓတက္ကသိုလ်မှာ သိမ်နုတ်စဉ်က ဘုန်းကြီး ပါခဲ့ဖူးတယ်။ USA ဆရာတော်ကြီး အရှင်သီလာနန္ဒာဘိဝံသနဲ့ ဗန်းမော်ဆရာတော် အရှင်ကုမာရာဘိဝံသတို့ ပါတယ်။ သံဃာ အပါး ၃၀-ကျော်မယ် ထင်တယ်။ မမှတ်မိ။ အကွက်တွေ လုပ်ထားပြီး တစ်ကွက်ချင်းစီ တက်ပြီး သံဃာအားလုံး မတ်တတ် တစ်ပြိုင်နက် ကမ္မဝါစာဖတ်စဉ် နှစ်ပါးသုံးပါးက စဆကို ကျချ၊ သကိုဆသံနဲ့ ရွတ်တာကို အမှတ်ရတယ်။ ဘယ်ဆရာတော် ဆိုတာတော့ မသိ။ နိုင်ငံခြားသားတော့ မပါဘူး။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ဓမ္မာရုံကို သိမ်နုတ်တုန်းက ဆောက်ဆဲ အဆောင်ကြီးရဲ့ အပြင်ဘက် အောက်ခြေပတ်လည် တစ်ခုလုံးကို သံဃာ အနည်းဆုံး တစ်ရာအထက်က ဝိုင်းပတ်ထိုင်ပြီး ကမ္မဝါစာကို ပြိုင်တူ ဖတ်ကြတာကို အမှတ်ရတယ်။ အဲဒီတုန်းက မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကုမာရ ဦးဆောင်တယ်။

အဖြေ

မြန်မာနိုင်ငံက ဆရာတော်အများစု ဋီကာနည်းအတိုင်း ကမ္မဝါစာ ဖတ်ကြဟန်တူတယ်။ အချို့ ဆရာတော်တွေရဲ့ ယူဆပုံ အထူးလည်း ရှိနိုင်တယ်။ ဒါတွေကို ရဟန်းခံအဆုံးအဖြတ်ကျမ်းတွေမှာ လေ့လာတာက ပိုကောင်းတယ်။ ဓမ္မအမေးအဖြေမှာတော့ အခြားပရိသတ်ကို ငဲ့လို့ ဒီမျှနဲ့ ကျေနပ်ပါ။

ဇန်နဝါရီ ၁၆၊ ၂ဝ၁၉။

၇၂၅။ မငေါက်ငမ်းပါဘူး

ဘုန်းကြီး ဘုရား၊ တပည့်တော်က န.ပ.သ (ရန်ကုန်) တုန်းက ဘုန်းကြီးရဲ့တပည့် ဖြစ်ဖူးပါတယ်။ မေးစရာ ရှိလို့ပါ ဘုရား။ ဖေ့စ်ဘုတ်ကိုယ်တော် တစ်ပါးက ဘုန်းကြီးရဲ့ အဖြေတစ်ခုမှာ မေးသူက သူ့ကိုယ်သူ သေက္ခပါလို့ ဆိုတာကို ငေါက်ငမ်းမပစ်လို့ဆိုပြီး မှားတယ်ဟု ဝေဖန်နေပါတယ်။ ထိုပုဂ္ဂိုလ်ပဲ သေက္ခပုဂ္ဂိုလ် ၇-ယောက် ဆိုတာကို အသေကိုင်ထားတာကို တွေ့ရပါတယ်။ ကလျာဏပုထုဇဉ်ကို သေက္ခထဲမှာ ထည့်ယူခွင့် ရှိမရှိ ရှင်းပြပေးစေလိုပါ သည် ဘုရား။

အရှင်အဘိဝံသ (မင်းတပ်သာသနာပြုကျောင်း)

---

သေက္ခ

စကားပြောဟန်နဲ့ စာရေးဟန် ရောနေလို့ မေးခွန်းကို နည်းနည်း ပြင်လိုက်တယ်။ ဒီပြဿနာမပြီးသေးဘူး ထင်တယ်။ ဘာဖြစ်ဖြစ် ... ဘုန်းကြီး မှတ်သား နားလည်ထားပုံကိုတော့ ပြန်မျှဝေပါဦးမယ်။ အဘိဓမ္မမာတိကာ သေက္ခတိက်ကို သင်ဖူးလို့ သေက္ခပုဂ္ဂိုလ် ၇-ယောက်ဆိုတာလောက်တော့ သိတာပေါ့။ ဒါပေမယ့် အချို့အဋ္ဌကထာတွေမှာ ကလျာဏပုထုဇဉ်ကိုပါ သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်လို့ သေက္ခထဲမှာ ထည့်ယူဖို့ ဖွင့်ဆိုတာ ရှိတယ်။ အဲဒီကျမ်းရင်း အဆိုအပြည့်အစုံက ..

ကျမ်းရင်း

“အကြင် ကလျာဏပုထုဇဉ်သည် မဂ်ဖိုလ်အားလျော်သော ပဋိပတ်ကို ပြည့်စုံစွာ ကျင့်ရှိ၏။ သီလနှင့် ပြည့်စုံ၏။ စက္ခုစသော ဣန္ဒြေတို့၌ စောင့်ထိန်း၏။ ဘောဇဉ်၌ ပမာဏကို သိ၏။ နိုးကြား လုံ့လရှိ၏။ ညဉ့်ဦးယံ မိုးသောက်ယံတို့၌ ဗောဓိပက္ခိယ တရားကို ကြိုးစား ပွားများ၏။ ယနေ့ သို့မဟုတ် နက်ဖန် မဂ်ဖိုလ်တစ်ပါးပါးကို ရမည်ဟု ထင်မှတ်နေ၏။ ထို ကလျာဏပုထုဇဉ်ကိုလည်း ကျင့်ဆဲဖြစ်သောကြောင့် သေက္ခ ဟုခေါ်၏။ ဤ၌ မဂ်ဖိုလ်ကို ထိုးထွင်း၍ သိပြီးသူကိုသာလျှင် သေက္ခဟု ယူရမည်။ ပုထုဇဉ်ကို မယူရ (မ၊ဋ္ဌ၊၁၊၄၂)။

နားလည်ပုံ

“အရဟတ္တဖိုလ်ကို တောင့်တနေသော၊ အရဟတ္တဖိုလ်သို့ မရောက်သေးသော သေက္ခရဟန်း'ဆိုတဲ့ ပါဠိတော်အရ ဒီနေရာမှာ သေက္ခရဟန်းအရ မဂ်ဖိုလ်တစ်ခုခုကို ထိုးထွင်း၍ သိပြီးဖြစ်တဲ့ အရိယာသေက္ခ ရဟန်း ၇-ယောက်ကိုယူပါ (မ၊ဋီ၊၁၊၉၂)။ ဒီဋီကာစကားအရ ‘ကလျာဏပုထုဇဉ်ဟူသော ပုထုဇဉ်သေက္ခကို မယူရ’လို့ ရှင်းလင်းစွာ နားလည်နိုင်တယ်။ ကလျာဏပုထုဇဉ်ဟူသော သေက္ခရဟန်းနဲ့ အရိယာ သေက္ခရဟန်း ၇-ယောက်လို့ နှစ်မျိုး ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဝိနည်းအဆို

ဝိနည်းပါဠိတော်မှာ “ယော ပန ဘိက္ခု = အကြင်ရဟန်း' ဆိုတဲ့စကားကို ‘သေခေါ ဘိက္ခု = ကျင့်ဆဲဖြစ်သော ရဟန်း၊ အသေခေါ ဘိက္ခု = ရဟန္တာ ဖြစ်ပြီးသော ရဟန်း’လို့ မြတ်ဗုဒ္ဓ ဖွင့်ဆိုပါတယ် (ဝိ၊၁၊၂၈)။ ဒီပါဠိတော်စကားကို ‘ကလျာဏပုထုဇဉ်နှင့်တကွ အရိယာပုဂ္ဂိုလ် ၇-ယောက်တို့သည် ကျင့်ဆဲဖြစ်သောကြောင့် သေက္ခမည်၏'လို့ အဋ္ဌကထာ(ဝိ၊ဋ္ဌ၊၁၊၂၀၇)မှာ ထပ်ဖွင့်တယ်။ ဘုန်းကြီး နားလည်ပုံက “ယော ပန ဘိက္ခု= အကြင်ရဟန်းဆိုတာ ကလျဏပုထုဇဉ်ဆိုတဲ့ သေက္ခရဟန်းရော၊ အရိယာသေက္ခ ၇-ယောက်နဲ့ ရဟန္တာ ဖြစ်ပြီးတဲ့ အသေက္ခ ရဟန်းပါ အားလုံး ပါဝင်တယ်'လို့ ဖြစ်ပါတယ်။

“ဝိပဿနာ အားထုတ်မှုစသော အကျင့်နှင့် ပြည့်စုံသော ကလျာဏပုထုဇဉ်လည်း သေက္ခပုဂ္ဂိုလ်တွင် ပါဝင်နိုင်သည် ဟူလို’လို့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် မှတ်ချက်ပြုထားတာလည်း (ပါရာဇိကဏ်ဘာသာဋီကာ ၁၊ ၃၅၆) ဒီအဓိပ္ပာယ်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။

တကယ်ကျင့်သူ

တရားအားထုတ်သူဟာ “ခေါင်းပေါ်မှာ မီးလောင်နေပြီ၊ မကြာခင် သေတော့မယ်'လို့ ကိုယ့်ကိုယ်ကို နှလုံးသွင်းပြီး တရားထိုင်ရသလို ဒီနေ့ သို့မဟုတ် နက်ဖန် တရားထူး ရမယ်’လို့ နှလုံးသွင်းပြီးတော့လည်း ကြိုးစား အားထုတ်နိုင်တာပဲ။ အဲဒီစိတ်မျိုးနဲ့ တကယ် သီလစောင့် တရားအား ထုတ်နေသူတွေ ယနေ့ခေတ် ရှိတယ်။ တွေ့လည်း တွေ့ဖူးတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ကလျာဏပုထုဇဉ်ဖြစ်တဲ့ သေက္ခ (ကျင့်ဆဲ) ပုဂ္ဂိုလ်လို့ ခေါ်ခွင့် ရှိတာပေါ့။

ဘာကြောင့်

ဝေဖန် ခံရတယ်ဆိုတဲ့ အဖြေ (မေးခွန်းအမှတ်-၃၃၁၊ ပေါင်းချုပ် ၃၊ စာ-၁၀၃၈)ကို ရေးနေစဉ် ကိုယ်ငယ်စဉ်က သင်ဖူးတဲ့ “သေခေါတိ ပုထုဇ္ဇနကလျာဏကေန သဒ္ဓိ သတ္တ အရိယာ (ညွန်းပြီး)'ဆိုတဲ့ အဋ္ဌကထာ စာသားကို ဘုန်းကြီး အမှတ်ရခဲ့လို့ပဲ ပုထုဇဉ် သေက္ခဆိုတာကို ဘုန်းကြီး လက်ခံခဲ့တာ။ ဒါကြောင့် “တပည့်တော် သေက္ခပါ'လို့ ပြောလာသူကို ဘာလို့ ကိုယ်က ဆုံးဖြတ်မလဲ။ သူဘာလဲ ဆိုတာ ကိုယ်သိမှ မသိဘဲ။

ငေါက်ငမ်းတယ် ဆိုတာမျိုးက ဘိုးတော်ဘုရားခေတ်က အယူအဆပါ။ တိုးတက်ပြီး ကမ္ဘာမှာ ဒီဒဿနမျိုး မော်ဒန် အောက်သွားပြီ။ အသုံးပြုနေသေးရင်လည်း “ကြောင်တယ်'လို့ ပြောခံရမှာ သေချာတယ်။

အဖြေ

မှားမှန်းသိလျက် မျက်စိမှိတ် ဇွတ်ငြင်းတာမျိုး မဖြစ်မိအောင် လေ့ကျင့်ဆဲမို့ မှားရင် “ဆောရီ'လုပ်မယ်လို့ စိတ်ကူးခဲ့ပေမယ့် မှားတဲ့ အကြောင်းပြချက်မျိုးကို စဉ်းစားလို့ မရနိုင်ပါ။

ဇန်နဝါရီ ၁၈၊ ၂ဝ၁၉။

---

မှတ်ချက်များ

သီလဝန္တပုထုဇ္ဇနော သောတာပန္နေ သင်္ဂဟိတော၊ ကလျာဏပုဇ္ဇနေန သဟ သတ္တ ပုဂ္ဂလာ သေက္ခာ နာမ’ (သီလဝန္တ ပုထုဇဉ်ကို သောတာပန်မှာ သွင်းယူပါ။ ကလျာဏပုထုဇဉ်နဲ့ အရိယာ ၇-ယေက်ကို သေက္ခလို့ ခေါ်တယ်)ဆိုတဲ့ မုံရွေး မှတ်စုလည်း ရှိကြောင်းပါ ဆရာဘုရား။

အရှင်ကုသလ (ပိုးလေး)

---

၇၂၆။ နှစ်ပါးပိုင် တစ်ပါးပျံလွန်သော်

ဘုန်းကြီး ဘုရား၊ ရန်ကုန် - ရွှေပြည်သာမြို့ရှိ မြို့သစ်မင်း ကျောင်းတိုက်ကို တပည့်တော်၏ ရဟန်းအစ်ကို ဖြစ်သူ အရှင်စန္ဒောဘာသနှင့် တပည့်တော်သည် ဒွိသန္တက(နှစ်ပါးပိုင်) အဖြစ် စာချုပ်ချုပ်ပြီး ၂၀၁၇၊ မေလ ၁၀-ရက်နေ့၌ လက်မှတ်ထိုးခဲ့ကြပါသည်။ ၂၀၁၈၊ ဒီဇင်ဘာ ၃-ရက်နေ့က ထိုအရှင် ပျံလွန်တော်မူသွားပါသည်။ ထိုစာချုပ်ကို ချုပ်ဆိုစဉ် တပည့်တော်က ပြည်ပမှ လက်မှတ် ထိုးပေးရသဖြင့် မျက်ကွယ်ဖြစ်၍ ဒွိသန္တက မမြောက်’ဟု ဆိုသူအချို့ ရှိနေ၍ ထိုကိစ္စကို ရှင်းပြပေးစေလိုပါသည် ဘုရား။ စာချုပ်မိတ္တူကို ပူးတွဲ ပို့ပေးပါသည် ဘုရား။

အရှင်ဇဝန (Albany, NY)

---

ထင်ကြေးမျှ

ဤအဖြေသည် ဝိနိစ္ဆယမဟုတ်။ အရှင်ဇဝန (Albany, NY) ပို့ပေးသည့် စာချုပ်မိတ္တူ၊ ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်များကို ကြည့်ရှုလေ့လာ၍ ထင်မြင်ချက်ပေးရုံမျှ ဖြစ်ပါသည်။ မေးခွန်း မေးသည့် အရှင်မြတ်နှင့် နယူးယောက်မြို့တွင် တစ်ကြိမ် တွေ့ဆုံစကားပြောဖူးသော်လည်း ဘုန်းကြီးနှင့် မရင်းနှီးပါ။ ထိုအတူ အခြားတစ်ဖက်ရှိ သံဃာများနှင့် ၎င်းတို့၏ တင်ပြချက်ကိုလည်း ဘုန်းကြီးအနေဖြင့် ဘာမှ တရားဝင် မသိပါ။ နှစ်ဦးနှစ်ဖက်၏ တင်ပြချက်များကို ကြည့်ရှုစစ်ဆေးပြီး ဆုံးဖြတ်မှသာ အဆုံးအဖြတ်ဟု ဆိုနိုင်ပါမည်။

ဒွိသန္တက

ဒွိသန္တကဟူသည် ‘ရဟန်းနှစ်ပါး ပိုင်သော၊ သူပိုင်ကိုယ်ပိုင် မခွဲဝေရသေးသော ဥစ္စာတည်း။ (ဒွိန္နံ သန္နကံ ဟောတိ အဝိဘတ္တံ (ဝိ၊ဋ္ဌ၊၃၊၄)။ တပည့်တော်၏ ဥစ္စာသည် အရှင်ဘုရားအား လည်းကောင်း၊ တပည့်တော် အားလည်းကောင်း ဖြစ်ပါစေ အစရှိသောစကားဖြင့် တူသောအသုံးအဆောင် ရှိသည်ကို ပြုနိုင်၏ဟု ဆရာတို့ဆိုကြောင်း (ဂဏ္ဌိပဒကျမ်း၌) ရေး၏ (ဝဇိရ-ဋီ၊ ၅ဝဝ)'။ ထို့ကြောင့် ‘အလှူရှင်က ရဟန်းနှစ်ပါးအား လူဒါန်းပြီး မခွဲဝေရသေးသောပစ္စည်း သို့မဟုတ် ရဟန်းနှစ်ပါးသဘောတူ နှစ်ပါးပိုင်ပြုထားသောပစ္စည်း'ကို ဒွိသန္တက (နှစ်ဦးပိုင်)ဟု ဤနေရာ၌ ဆိုလိုသည်။

စာချုပ်မိတ္တူ

အခွန်တံဆိပ်ခေါင်း စာရွက်တွင် 'မြို့သစ်မင်းကျောင်းတိုက်၊ ဒွိသန္တကပြုစာချုပ်’ ခေါင်းစဉ်ဖြင့် ဒွိသန္တကပြု ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ၊ ဒွိသန္တကလက်ခံ ဆရာတော် ဘဒ္ဒန္တဇဝန နှင့် သက်သေ ၇-ဦးတို့ လက်မှတ်ထိုးထားသည့် စာချုပ်မိတ္တူကို အရှင်ဇဝန (Albany, NY) ပို့ပေး၍ ရရှိပါသည်။

စာချုပ်အရ ဖော်ပြပါ ကျောင်းတိုက်မြေနှင့် ယင်းမြေ ပေါ်ရှိ မြေစိုက်ဘုရား အပါအဝင် အဆောက်အအုံနှင့် အခြား ပစ္စည်း အားလုံးကို နှစ်ပါးပိုင်အဖြစ် ‘မမ သန္တကံ မမ စ တဝ စ ဟောတု၊ တဝ သန္တကံ မမဉ္ဇူ တုယှဉ္စ ဟောတု (တပည့်တော် ပိုင်သည်ကို တပည့်တော်ရော အရှင်ဘုရားပါ ပိုင်၏။ အရှင်ဘုရား ပိုင်သည်ကို အရှင်ဘုရားရော တပည့်တော်ပါ ပိုင်၏)'ဟု သုံးကြိမ် ရွတ်ဆိုပြီး သဘောတူ လက်မှတ်ထိုးကြကြောင်း သိရသည်။

ကတိစာချုပ်

“မြို့သစ်မင်းကျောင်းတိုက်အတွင်း ပုဂ္ဂလိကကျောင်းငယ်များ ဆောက်လုပ်၍ သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း သံဃာများ၏ ဝန်ခံကတိပြု စာချုပ်'ခေါင်းစဉ်ဖြင့် အခြားစာ ချုပ်တစ်ခုကိုလည်း အရှင်ဇဝန (Albany, NY) ပို့ပေးပါသည်။

ထိုစာချုပ်တွင် ကျောင်းဝင်းအတွင်း ယာယီကျောင်း ဆောက်ပြီး နေထိုင်ကြသော ရဟန်းများအနေဖြင့် ကျောင်း တိုက်ကို ပိုင်ဆိုင်သူ ဆရာတော်များ၏ အုပ်ချုပ်မှုအတိုင်း လိုက်နာရန်၊ စည်းကမ်းကို မလိုက်နာပါက ကျောင်းတိုက်မှ ထွက်ခွာပေးရန်နှင့် ၎င်းတို့ ဆောက်လုပ်ထားသော ယာယီကျောင်းများကို ဖျက်ယူနိုင်ပြီး လူထွက် သို့မဟုတ် ပျံလွန် ပါက အုပ်ချုပ်သူ ဆရာတော်များက ယင်းတို့ကို စီမံခန့်ခွဲရန် ဟူသော အချက်များ ပါဝင်သည်။

နှစ်ဦးပိုင်ပြုခွင့်

အရှင်ဇဝန၏ နှုတ်ပြောအရ “မြို့သစ်မင်းကျောင်းတိုက်’သည် မူလက ဆရာတော် အရှင်စန္ဒေဘာသ၏ ပုဂ္ဂလိကပိုင်ဖြစ်ပြီး၊ ထို့ကြောင့်ပင် ထိုဆရာတော်က ၎င်း၏ ရဟန်းညီဖြစ်သူ အရှင်ဇဝနအား “တပည့်တော် ပိုင်သော ဤကျောင်းတိုက်ကို အရှင်ဘုရားလည်း ပိုင်ပါသည်'ဟု ပေးအပ်ခြင်းကို ကျောင်းရှိ သံဃာများရော အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် မြို့နယ်မှ သံဃာတော်များပါ မကန့်ကွက်ဘဲ လက်ခံခဲ့ကြသည်ဟု သိရသည်။ ယခုအခါ အရှင်စန္ဒောဘာသ ပျံလွန်တော်မူသဖြင့် စာချုပ်အရရော ‘ဧကသ္မိံ ကာလကတေ ဣတရော သာမီ = (ရဟန်း နှစ်ပါးပိုင်၌) တစ်ပါးပျံလွန်သော် ကျန်ရစ်သူ ပိုင်၏ (ဝိ၊ဋ္ဌ၊၃၊၄)’ဟူသော ဝိနည်းအရအရပါ အရှင်ဇဝနသည် . ထိုကျောင်းတိုက်ကို ပိုင်ဆိုင်ခွင့်ရှိသူ ဖြစ်သည်။

စာချုပ်အရ

ပထမစာချုပ်အရ အခင်းဖြစ် ကျောင်းတိုက်ကို အရှင်စန္ဒောဘာသနှင့် အရှင်ဇဝနတို့နှစ်ပါး ဒွိ သန္တကပြုသည်မှာ မှန်သည်။ ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်အရ မြို့နယ်မှ ဆရာတော်ကြီးများကို ပင့်ဖိတ်၍ အခမ်းအနားဖြင့် ပြုခဲ့ကြောင်းလည်း သိနိုင်သည်။ ဒုတိယစာချုပ်အရ ယာယီကျောင်းဆောက် နေ ထိုင်သူ ရဟန်း ၅-ပါးက သဘောတူ လက်မှတ်ထိုးသည်မှာ မှန်သည်။ စာချုပ်နှစ်ခုလုံးကို ၂၀၁၇-ခုနှစ်၊ မေလ ၁၀-ရက်တွင် လက်မှတ်ထိုးခဲ့ကြသည်။ မေးခွန်းအရ အရှင်ဇဝနမှာ ပြည်ပမှ မျက်ကွယ် လက်မှတ်ထိုးခြင်းဖြစ်၍ ဝိနည်းနှင့် ညီမညီကိုသာ စိစစ်ရန်လိုမည်ဟု ထင်ပါသည်။

ဝိနည်းအရ

“မည်သို့ဆို၍ မည်သို့ခံယူမှ ဒွိသန္တကဖြစ်၏ဟု ပါဠိတော် အဋ္ဌကထာဋီကာတို့၌ အတိအကျမဆို။ ထို့ကြောင့် “တပည့်တော် ပိုင်သည်ကို အရှင်ဘုရားလည်း ပိုင်ပါသည်ဟု မှတ်ပါ၊

နှလုံးသွင်းပါ၊ စိတ်တွင် သိထားပါ”ဟု မည်သည့် ဘာသာ စကားဖြင့်မဆို နှုတ်မြွက်၍ ဆိုသည်ဖြစ်စေ၊ (နှုတ်မမြွက်ဘဲ) နှလုံးသွင်းသည်ဖြစ်စေ မျက်မှောက် မျက်ကွယ် နှစ်ပါးမှာပင် ဒွိသန္တက မြောက်သည်’(ဝိနယသမူဟဝိနိစ္ဆယ ၁၊ စာ-၈၉)။ “ဣတ္ထန္နာမဿ ဒေမီတိ ဝဒတိ၊ သမ္မုခါပိ ပရမ္မုခါပိ ဒိန္နံယေဝ ဟောတိ (ဝိနယသင်္ဂဟ၊ဋ္ဌ၊၇ဝ)’။

ဥပဒေအရ

လက်မှတ်ထိုးပြီး အီးမေးလ်ဖြင့် ပို့ပေးသည့် စာရွက်စာတမ်းမှာ တရားဝင်သည်။ ဥပမာ ... အမေရိကန် နိုင်ငံသားတစ်ဦး ရန်ကုန်မှ အသိအမှတ်ပြု ရှေ့နေသက်သေ (နိုတြီ)ဖြင့် လက်မှတ်ထိုးပြီး အီးမေးလ်ဖြင့် ပို့ပေးသည်ကို အမေရိကရှိ အစိုးရနှင့် ပုဂ္ဂလိကဌာနများက တရားဝင် လက်ခံသည်။ ထို့ကြောင့် လောကီ ဥပဒေနည်းအရ ပြည်ပရောက် အရှင်ဇဝန၏ လက်မှတ်မှာ တရားဝင်သည်။

အဖြေ

သို့ဖြစ်၍ အရှင်စန္ဒောဘာသ(ပျံလွန်)၏ ရဟန်းညီ အရှင် ဇဝနသည် စာချုပ်ပါအတိုင်း “မြို့သစ်မင်းကျောင်းတိုက်နှင့် ထိုဝင်းအတွင်းရှိ စာချုပ်၌ ဖော်ပြသော အရာအားလုံး'ကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ဖြစ်သင့်ကြောင်း ထင်မြင်ပါသည်။

ဇန်နဝါရီ ၂၂၊ ၂၀၁၉။

---

၇၂၇။ ကုသိုလ်ကို ရန်ပြုသူ

ဘုန်းကြီး ဘုရား၊ လူအချို့သည် ရဟန်းတစ်ပါးအား ၎င်းတို့ မကြည်ညိုသော အချိန်တွင် သူတစ်ပါးတို့ကိုပါ ထိုရဟန်း အား မကြည်ညိုအောင် ပြောဆို စည်းရုံးယူသွားကြ သည်ကို တပည့်တော်တို့၏ ပတ်ဝန်းကျင်၌ မကြာခဏ ကြုံတွေ့ရပါ သည်။ ထိုသို့ စည်းရုံးပါက အဘယ်ကဲ့သို့သော ဆိုးကျိုးကို ဖြစ်စေပါသနည်း ဖြေကြားပေးစေလိုပါသည် ဘုရား။

အရှင်ကဝိန္ဒသိရီ (ဟျူစတန်)

---

မယုံကြည်လို့

သူ့ကိုယ်သူ ဗုဒ္ဓဘာသာပါလို့ ဆိုပေမယ့် ကံနဲ့ ကံရဲ့အကျိုးကို စိတ်ထဲက မယုံကြည်သူ သို့မဟုတ် ဟန်ဆောင် ယုံပြသူတွေ လောကမှာ ရှိတယ်။ ဒီလိုလူတွေရဲ့ ပြုမူပြောဆိုပုံလည်း ကြမ်းတယ်။ ထစ်ခနဲ ကြားလိုက်တာနဲ့ ရဟန်းတစ်ပါးကို ‘အလားကောင်ပါ’လို့ လူသူရှေ့မှာ မဆင်ခြင်ဘဲ ပစ်စလက် ခတ် ပြောပစ်သူတွေ တွေ့ဖူးတယ်။ ဘုန်းကြီးကျောင်းကို သွားနေသူတွေကို မသွားစေချင်လို့ အိမ်မှာ ပါတီပွဲတွေ ဖန်တီးပြီး ကျွေးမွေးတာမျိုး၊ လှူပြီးသားကို ပြန်တောင်းတာမျိုးတွေကိုလည်း ကြုံရ ကြားရတယ်။

မဘသနိုး

လွန်ခဲ့တဲ့ ၂-နှစ်လောက်က အနုပညာ အသိုင်းအဝိုင်းက လူကြီးလူကောင်း တစ်ယောက်က “မဘသ ဘုန်းကြီးတွေကို ဆွမ်းမလောင်းဘူး'လို့ ဖေ့စ်ဘုက်ကနေ လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် ကြွေးကြော်ဖူးတာကို အမှတ်ရတယ်။ ငါလိုတစ်ယောက်က မဘသဘုန်းကြီးတွေကို ဆွမ်းမလောင်းခဲ့ရင် ငါ့လူတွေလည်း ငါ့ဖက်ပါပြီး ဆွမ်းမလောင်းဘဲ နေကြမှာဖြစ်လို့ ဟိုဘုန်းကြီးတွေ ပါးစပ်မှာ ပိုးမျှင်တန်းပြီ ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိခဲ့ရင်တော့ အလွန် အကုသိုလ်အပြစ်ကြီးပါလိမ့်မယ်။ ဒါမျိုးကို ကျမ်းဂန်မှာ လာဘန္တရာယ် (အလှူရဲ့ အန္တရာယ်)ကို ပြုသူ’လို့ သတ်မှတ်ပါတယ်။ ပရိသတ်ရဲ့ရှေ့မှာ နေခွင့်ရသူ ဖြစ်ရင် အထက်ပါ အပြောမျိုးကို ရှောင်ကြဉ်ဖို့ အထူး သတိမြဲပါလေ။

သတိချပ်

ဘာကြောင့်ဆို ... “ဓားကိုဓားချင်း လှံကိုလှံချင်း’ ‘ပစ်ရင် မှန်အောင်ပစ်တယ်’ ‘ထပ်ခါထပ်ခါ လိမ်ရင် မှန်သွားတယ်' စတဲ့ ဖြေမရတော့တဲ့ ရာဇဝင်လူဆိုးတွေရဲ့ စကားတွေကို ကြားဖူးမှာပါ။ အဲဒီလို စကားတစ်ခွန်းကြောင့်ပဲ ပြောသူရော ပြောသူရဲ့ မျိုးဆက်တွေပါ လူထုရဲ့ နှလုံးသားထဲက ထုတ်ပယ်ခံရတတ်တယ်။ မဆလခေတ်က “ဘုံကမ္ဘာဘုံရှင်းတမ်း’တိပ်ခွေ ဖန်တီးသူတွေ နောက်ပိုင်း မှိန်သွားခဲ့တာပဲ။ ‘ဝစီဘေဒ ထိတိုင်းရှ'တဲ့။ မိမိနှုတ်စကားနဲ့ မိမိရဲ့ ရှိပြီးဂုဏ်သတင်းကို မဖျက်ဆီးသင့်ပါဘူး။

အန္တရာယ်ပြုပုံ

အလှူကို အန္တရာယ်ပြုပုံ လေးမျိုးရှိတယ် .. “လှူရင်ကုန်သွားတာပဲရှိတယ်'လို့ လူပြိန်းကြိုက်အောင် ပြောဆိုပြီး မရည်ရွယ် မစီမံရသေးတဲ့ အလှူကို တားမြစ်ခြင်း၊ တစ်စုံ တစ်ဦးကို လှူမယ်လို့ ကြံရည်ရွယ် စီမံပြီးသားကို အဲဒီလို ပြောပြီး တားမြစ်ခြင်း၊ လှူခါနီး အလှူခံပုဂ္ဂိုလ် လက်ခံမယူခင် အဲဒီပုဂ္ဂိုလ်ကို မလှူပါနဲ့လို့ အနီးကပ် တားမြစ်ခြင်း၊ အလှူခံပုဂ္ဂိုလ် သုံးဆောင်ဆဲမှာ “ဘာဖြစ်လို့ သူ့ကိုလှူတာလဲ၊ မလှူနဲ့၊ ပြန်ယူပါ'လို့ သုံးဆောင်ဆဲမှာ တားမြစ်ခြင်း (မိလိန္ဒ၊၁၅၇)။ ဒီနေရာမှာ ‘အလှူ 'လို့ သာမန်ဆိုပေမယ့် ‘ကုသိုလ်ရကြောင်း အလုပ်အားလုံး'ကို ယူခွင့်ရှိတယ်။ ဥပမာ .. ကုသိုလ်အတွက် ဘုန်းကြီးကျောင်းကို သွားနေသူကို မသွားဖြစ်အောင် နှောင့်ယှက်တာမျိုးလည်း ပါခွင့်ရှိတယ်။

ဘုရားဟော

ယေဓ မစ္ဆရိနော လောကေ၊ ကဒရိယာ ပရိဘာသာကာ။
အညေသံ ဒဒမာနာနံ၊ အန္တရာယကရာ နရာ။
နိရယံ တိရစ္ဆာနယောနိ၊ ယမလောကံ ဥပပဇ္ဇရေ။
သစေ ဧန္တိ မနုဿတ္တံ၊ ဒလိဒ ဇာယရေ ကုလေ။
(သံ၊၁၊၃၁)။

ဤလောက၌ အကြင်သူတို့သည် (ကိုယ်တိုင်က) ဝန်တိုကုန်၏။ စဉ်းလဲကုန်၏။ (အလှူခံပုဂ္ဂိုလ်အား) ခြိမ်းခြောက်တတ်ကုန်၏။ ပေးလှူကုန်သော အခြားသူတို့အား အန္တရာယ်ကို ပြုတတ်ကုန်၏။ ထိုလူတို့သည် ငရဲသို့ ဖြစ်စေ၊ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ၊ ယမမင်း၏ နိုင်ငံသို့ ဖြစ်စေ ရောက်ရကုန်၏။ လူဖြစ်လာသော် ဆင်းရဲသော အမျိုး၌ ဖြစ်ရ၏။

အဓိပ္ပာယ်

အန္တရာယ်ကို ပြုတတ်ကုန်၏ဟူသည် “ပေးလှူသူ၏ နတ်ပြည် အန္တရာယ်၊ အလှူခံပုဂ္ဂိုလ်၏ လာဘ်လာဘ အန္တရာယ်၊ မိမိအဖို့ မိမိကိုယ်ကိုဖျက်ဆီးခြင်း အန္တရာယ်'ကိုပြုခြင်းတည်း (သံ၊ဋ္ဌ၊၁၊၈၅)။ မိမိကိုယ်ကို ဖျက်ဆီးခြင်းဟူသည် မစ္ဆရိယစိတ်ဖြင့် ပြုမူသောကြောင့် လားရာဂတိ၏ ပြည့်စုံကြောင်း ဖြစ်သော ကုသိုလ်တရားကို ဖျက်ဆီးခြင်းတည်း (သံ၊ဋီ၊၁၊၁၂၆)။ ဒီအဖွင့်တွေအရ မိမိရဲ့ မစ္ဆရိယစိတ်နဲ့ ပြောဆိုမိတဲ့ စကား တစ်ခွန်းဟာ မိမိကိုရော သူတစ်ပါးကိုပါ ပျက်စီးစေ တတ်ကြောင်း နားလည်ပါ။

ဆောင်ပုဒ်

ဝန်တိုစိတ်ကောက် စဉ်းလဲဖောက် ခြိမ်းခြောက်လှူခံအား။
လှူဒါပြုလာ များသူငါ ဆီးကာသူတို့ကား။
ယမနိုင်ငံ ငရဲထံ တိရစ္ဆာန်သို့သွား။
သူဆင်းရဲမျိုး လူဖြစ်ဆိုး ကောင်းကျိုးဘယ်မပွား။

ပြိတ္တာ

ပေါဋ္ဌပါဒမည်တဲ့ ရဟန္တာကြီးဟာ ဘဝတစ်ခုမှာ မင်းမာန်ယစ်ပြီး ဆွမ်းခံကြွနေတဲ့ ပစကဗုဒ္ဓါရဲ့ သပိတ်ကို လုယူပြီး ခွဲပစ်ဖူးလို့ အဝီစိငရဲကျ၊ လွတ်တော့ ဘဝပေါင်း ကုဋေကုဋာမှာ အစာကို ဝအောင်မစားနိုင်တဲ့ . ပြိတ္တာဖြစ်၊ ဘုရားလက်ထက် တံငါသည်ရဲ့ သားဖြစ်၊ အရှင်အာနန္ဒာမှ တစ်ဆင့် ဘုရားနဲ့ တွေ့၊ ရဟန်းပြု၊ ရဟန္တာ ဖြစ်သွားတယ်။

သူ့ရဲ့မိဘနဲ့ အစ်ကိုတို့လည်း မစ္ဆရိယပြဋ္ဌာန်းတဲ့ အကုသိုလ်စိတ်ကြောင့် အပ်နှာခေါင်းပေါက်လောက် ရှိတဲ့ ပါးစပ်ပေါက်နဲ့ ပြိတ္တာတွေ ဖြစ်နေကြလို့ အစာကို မြင်နေရလျက် ဝအောင် မစားနိုင်ကြတဲ့အတွက် ပြင်းစွာ ဆာလောင်နေရတာကို ဒီရဟန္တာ အရှင်မြတ်က ကုသိုလ်ပြု အမျှဝေတော့မှ ချမ်းသာသွားကြတယ် (ပေတ၊ဋ္ဌ၊၁၇၆)။

ဆင်ခြင်ပါ

မြတ်ဗုဒ္ဓကိုရော မြတ်ဗုဒ္ဓဟောကြားတဲ့ သံသရာပြစ် ဆိုတာကိုပါ အမှန်တကယ် ယုံကြည်ရင် အထက်ပါ ဟောကြားချက်တွေကို နှလုံးသွင်းပြီး မိမိက မကြည်ညို မယုံကြည်ရုံနဲ့ သူတစ်ပါးကိုပါ မိမိနောက်ပါအောင် မိမိရဲ့စိတ်မျိုး ဖြစ်သွားအောင် မစည်းရုံးမိဖို့ ထိန်းစောင့်သင့်ပါတယ်။

ဖေဖော်ဝါရီ ၂၊ ၂ဝ၁၉။

---

သုပ္ပဋိပန္နေ

နှုတ်ဖြင့် စကားကောင်း ပြောဆိုသော်ငြား ကိုယ်အကျင့် ယုတ်လျှင် ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်၌ ပျက်စီး၏။
(ဇာ၊၂၊၉၆)

---

၇၂၈။ မှတ်စုထဲက အနာထပိဏ်

ဆရာတော် ဘုရား၊ သာဝတ္ထိမြို့မှာ ဇေတဝန်ကျောင်း ရှိပြီး ဖြစ်လျက် ဝိသာခါက ပုဗ္ဗာရုံကျောင်းကို ထပ်မံ ဆောက်လုပ် ခြင်းမှာ အနာထပိဏ်နှင့် မတည့်လို့ ဖြစ်နိုင်သည်ဟု လူတစ် ယောက်က ဖေ့စ်ဘုက်မှာ ရေးပါသည်။ အနာထပိဏ်ဆိုတဲ့ နာမည်ဟာ မြတ်စွာဘုရားနဲ့ တွေ့ပြီးမှ တွင်လာတဲ့ နာမည် ဟုလည်း သူက ဆိုပါသည်။ ထိုအဆိုများ မှန်နိုင်ပါသလား။ အနာထပိဏ် သူဌေးကြီးအကြောင်း သိလိုပါ သည် ဘုရား။

နန်းခင်အေး (ယူကေ)

---

အနာထပိဏ်အကြောင်း ထူးခြားတာကို မှတ်စုထုတ်ပေးလိုက်ပါတယ်။ မေးခွန်းရဲ့ အဖြေ အဲဒီအထဲ ပါသွားမှာပါ။

ရှေးဦးဗုဒ္ဓဝါဒီ

အနာထပိဏ်ဟာ ယောက်ဖဖြစ်သူ ရာဇဂြိုဟ်သူဌေးထံ စီးပွားရေးကိစ္စနဲ့ ရောက်စဉ် ဗုဒ္ဓဖြစ်ခါစ ရာဇဂြိုဟ်မှာ သီတင်းသုံးနေတဲ့ မြတ်ဗုဒ္ဓနဲ့တွေ့ပြီး သောတာပန် တည်တယ်။ ဒီနောက် မွေးရပ်မြေဖြစ်တဲ့ သာဝတ္ထိမြို့မှာ ဇေတဝန်ကျောင်းကို ဆောက်လုပ်ပြီး မြတ်ဗုဒ္ဓနဲ့ သံဃာကို လှူတယ် (ဝိ၊၄၊၃ဝ၁-၃ဝ၆)။ ဘုရင် ဗိမ္ဗိသာရ၊ ရာဇဂြိုဟ်သူဌေးတို့လို အစောဆုံး ဗုဒ္ဓဝါဒီ ဖြစ်လာခဲ့သူ။

မြတ်ဗုဒ္ဓက သူ့ကို တွေ့တာနဲ့ အများသိ အနာထပိဏ်ဆိုတဲ့ နာမည်ကိုမခေါ်ဘဲ ငယ်နာမည် သုဒတ္တလို့ ခေါ်ခြင်း အပေါ် နှစ်သက်သွားတယ် ဆိုတဲ့အတွက် (ဝိ၊၄၊၃ဝ၄) မြတ်ဗုဒ္ဓနဲ့ မတွေ့ခင်ကတည်းက စာနာတတ်တဲ့ နှလုံးသား ရှိလို့ အနာထပိဏ်အမည် တွင်နေတာ ဖြစ်နိုင်တယ်။

သူ့မိသားစု

အနာထပိဏ်ဟာ သာဝတ္ထိမြို့ နေ သူဌေးကြီး သုမနရဲ့သား (အံ၊ဋ္ဌ၊၁၊၂၉၅)။ ဒါကြောင့် သာဝတ္ထိမြို့ ဇာတိ။ သုဘူတိ အမည်ရှိ ရဟန္တာမထေရ်ဟာ အနာထပိဏ်ရဲ့ညီ (ထေရ၊ဋ္ဌ၊၁၊၂၇)။ အရွယ်ရောက်ချိန် ရာဇဂြိုဟ်သူဌေးရဲ့ညီမ ပုညလက္ခဏဒေဝီနဲ့ အကြောင်းပါတယ် (ဇာ၊ဋ္ဌ၊၂၊၃၆၈)။ ရာဇဂြိုဟ်သူဌေးရဲ့ ဇနီးကလည်း အနာထပိဏ်ရဲ့ညီမပါပဲ (ဝိ၊၄၊၃ဝ၁)။ ကာလအမည်ရှိ သားတစ်ဦးနဲ့ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါ၊ သုမနဒေဝီလို့ သမီးသုံးဦး ရှိတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၂၃)။ သဒ္ဓ အမည်ရှိ သားရဟန်း တစ်ပါးလည်း ရှိတယ် (အံ၊၃၊၅၃၈)။

သဒ္ဓဟာ ဦးလေးတော် သုဘူတိမထေရ်ထံမှာ ရဟန်း ပြုခဲ့ကြောင်း သိရတယ် (အံ၊ဋ္ဌ၊၃၊၂၃၄)။ သားကာလ (ကာဠ)ကတော့ အစပိုင်းမှာ ဆိုးပုံရပေမယ့် ဖခင်လိမ္မာလို့ နောင်အခါ ကောင်းသွားတယ်။ အကြီးသမီးနှစ်ဦးက သောတာပန်တွေ၊ သူ့အိမ်ထောင်နဲ့သူ။ သမီးအငယ်က သကဒါဂါမ်၊ အိမ်ထောင်မရှိ။ အသက်ငယ်ငယ်နဲ့ ကွယ်လွန်တယ်။

သုမနဒေဝီ

သမီးအငယ် သုမနဒေဝီ ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ‘တထာရူပေန အဖာသုကေန အာတုရာ အာဟာရုပစ္ဆေဒံ ကတွာ (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၈)’ကို ကြည့်ပြီး ဂျီပီ မာလာလာဆေကေရ အလို .. ‘Over-whelmed with diasppointment becuase of her failure in finding a husband, she refused to eat and died. = ခင်ပွန်းတစ်ဦး ရှာမရနိုင်သဖြင့် စိတ်ဆင်းရဲမှု ဖိစီးခြင်း၌ သုမနဒေဝီသည် အစာမစားဘဲ ကွယ်လွန်ရှာ၏’။ မြန်မာပညာရှိတို့ အလို .. 'ထိုသို့ သဘောရှိသော မချမ်းမသာ ကျင်နာနှိပ်စက် တက်ပွား ထိုးကျင့်သော အနာကြောင့် အစာ အာဟာရ ဖြတ်ခြင်းကို ပြု၍ (ဓမ္မပဒ-မြန် ၁၊ ၂၂၁)'။

သီဟိုဠ် ပညာရှင်က သကဒါဂါမ် သုမနဒေဝီ အာဟာရ ကို ဖြတ်တာဟာ “ကာမရောဂါ ကုရာနတ္ထိ ဆေးမရှိလို့’။ မြန်မာပညာရှိတို့က ‘ထိုသို့ သဘောရှိသော ထိုးကျင့်သော အနာကြောင့်'။ ကြိုက်ရာကို ယူပါကုန်။

သမီးလတ်

ဗုဒ္ဓဝါဒီ မဟုတ်သူ ငယ်သူငယ်ချင်း ဥဂ္ဂသူဌေးက သူ့သားနဲ့ စူဠသုဒ္ဒါကို ပေးစားဖို့ ကမ်းလှမ်းတဲ့အခါ အနာထပိဏ်ဟာ မြတ်ဗုဒ္ဓနဲ့ တိုင်ပင်တယ်။ ရှင်တော်ဗုဒ္ဓ အနေနဲ့ ဥဂ္ဂသူဌေးရဲ့ မဂ်ဖိုလ်ရနိုင်ခွင့်ကို သိမြင်လို့ ခွင့်ပြုကြောင်း (အနုညာတော) ဆိုတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၉၁)။ အမှန်တော့ သောတာပန် သုဘဒ္ဒါလည်း ဓမ္မအရည်အချင်း ပြည့်ဝပြီးသားပါပဲ။

မြတ်ဗုဒ္ဓဟာ ဒကာရင်းရဲ့ သမီးအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မိန့်တော်မူရတာမျိုး ရှိခဲ့ကြောင်း မှတ်သားရတယ်။

မကင်းသူတွေ

သမီးကြီးလား သမီးလတ်လား မသိတဲ့သမီးက မွေးတဲ့ မြေးမတစ်ဦး (ပေတ၊ဋ္ဌ၊၁၅)၊ ခေမကအမည်နဲ့ တူတစ်ဦး၊ အမည် မထင်ရှားတဲ့ အခြားတူတစ်ဦး၊ ပေါင်း တူနှစ်ဦး (ဇာ၊ဋ္ဌ၊၂၊၃၈၈။ ဓမ္မပဒ၊ဋ္ဌ၊၂၊၃ဝဝ)၊ အိမ်ဖော် အမျိုးသမီး သုံးဦး .. ပုဏ္ဏာ (မ၊ဋ္ဌ၊၂၊၄၂)၊ ရောဟိဏီ (ဇာ၊ဋ္ဌ၊၁၊၂၆၆)နဲ့ အခြား အမည်မသိ တစ်ယောက်(ဇာ၊ဋ္ဌ၊၃၊၄၁၃)၊ အနာထပိဏ်ရဲ့ နွားတွေကို ကျောင်းပေးတဲ့ နန္ဒ၊ ဒီပုဂ္ဂိုလ်က သောတာပန် ဖြစ်ပြီးနောက် မကြာခင် ကွယ်လွန် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂ဝ၅)။

ချွေးမ

ဓနဉ္စယသူဌေးရဲ့ သမီး၊ ဝိသာခါရဲ့ အငယ်ဆုံးညီမ ဖြစ်တဲ့ သုဇာတာဟာ အနာထပိဏ်ရဲ့ ချွေးမ။ ခပ်ကြမ်းကြမ်း။ မြတ်ဗုဒ္ဓ တရားဟောနေခိုက် အိမ်ဖော်တွေနဲ့ ရန်ဖြစ်လို့ မြတ်ဗုဒ္ဓက ဟောနေဆဲတရားကို ရပ်ပြီး မယား ၇-မျိုးတရားနဲ့ ဆုံးမတော်မူလို့ သောတာပန် ဖြစ်သွားတယ် (ဇာ၊ဋ္ဌ၊၂၊၃၁၃)။ သုဇာတာဟာ ကာလရဲ့ ဇနီးလား၊ သဒ္ဓရဟန်းရဲ့ ဇနီးဟောင်းလား၊ အခြားသား တစ်ဦးလားဆိုတာကို ပညာရှိတို့ မိန့်ပါ့။

သူတို့နှစ်ဦး

အနာထပိဏ်ဟာ မြတ်ဗုဒ္ဓရဲ့ သာသာနာပြု ပထမနှစ် ရာဇဂြိုဟ်မှာ မြတ်ဗုဒ္ဓကိုတွေ့ချိန်က အိမ်ထောင်ကျပြီး စီးပွားရေး လုပ်နေပြီ။ အဲဒီနှစ်မှာပဲ ဝိသာခါရဲ့ဇာတိ ဘဒ္ဒိယမြို့ကို မြတ်ဗုဒ္ဓ ကြွတယ်ဆိုရင်တောင် အဲဒီအချိန်က ဝိသာခါ့ အသက် ၇-နှစ်ပဲရှိသေးလို့ အနာထပိဏ်ဟာ ဝိသာခါနဲ့ အသက် အတော် ကွာမယ်။ ယောက္ခမနဲ့ သမီးချွေးမ အရွယ်မျိုးပေလား။

သာသနာပြု

အရှင်ကုမာရကသပရဲ့မိခင် ဘိက္ခုနီရဲ့ ကိုယ်ဝန်ကိစ္စ ဆုံးဖြတ်တဲ့ အစည်းအဝေးမှာ ကောသလမင်းရဲ့ မင်းပရိသတ်နဲ့ အတူပါဝင် (ဓမ္မပဒ၊ဋ္ဌ၊၂၊၉၂)၊ ကောသမင်းခိုင်းလို့ မူလ မဟာဗောဓိပင်ရဲ့မျိုးစေ့က မျိုးပင်ကို ဇေတဝန်ကျောင်း အဝင်တံခါးမှာ စိုက်ပျိုးသူ (ဇာ၊ဋ္ဌ၊၄၊၂၂၈)။ အုပ်စုကွဲတဲ့ ကောသမ္ဗီမြို့သား ရဟန်းတွေ သာဝတ္ထိမြို့ကို ရောက်လာရာမှာ မြတ်ဗုဒ္ဓရဲ့ သြဝါဒအရ နှစ်ဖက်လုံးကို ဆည်းကပ်ပြီး တရားနဲ့ ညီတဲ့ ရဟန်းတွေကို လှူဒါန်း၊ သူတို့ရဲ့ ဟောပြောမှုကို နာယူ (ဝိ၊၃၊၅ဝ၄)။ ဓမ္မရေးနဲ့ ပတ်သက်လို့ ပရိဗိုဇ်တွေကို နိုင်အောင် ပြောနိုင်တဲ့ စွမ်းရည်ရှိသူ (အံ၊၃၊၄ဝ၆)။

ဒါနဘုရင်

ဇေတမင်းသားပိုင်တဲ့ ခြံမြေကို ရွှေဒင်္ဂါးတွေ ခင်းပြီး လှူနိုင်တဲ့အထိ ချမ်းသာသလို သဒ္ဓါတရားလည်း ကောင်းတယ်။ နေ့စဉ် သံဃာအပါး ၂ဝဝဝ ဆွမ်းလှူ (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၇)၊ မိမိရဲ့ အလုပ်သမား ရွာမှာလည်း ဧည့်သည် ရဟန်းများအတွက် ဆွမ်းကျွေးနိုင်အောင် စီမံထား (ဝိ၊၂၊၂၁၁)။ ဘုရားလက် ထက်မှာ အလှူဒါနနဲ့ပတ်သက်ပြီး အနာထပိဏ်ကို ကျော်နိုင် သူမရှိ။ ဒါကြောင့် ဘုရားက အနာထပိဏ်ကို ဒါနအရာမှာ ဧတဒဂ်ဘွဲ့ ပေးတော်မူတယ် (အံ၊၁၊၂၇)။

မမေးဘူး

အနာထပိဏ်ဟာ ဇေတဝန်ကျောင်းကို အနည်းဆုံး တစ်နေ့ နှစ်ကြိမ် ရောက်ပေမယ့် မြတ်ဗုဒ္ဓ ပင်ပန်းမှာစိုးလို့ ပြဿနာကို မေးမြန်းလေ့မရှိ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃)။ ဒါပေမယ့် မေးတော့ မေးပါသေးတယ် ... “အလှူခံပုဂ္ဂိုလ် ဘယ်နှစ်မျိုး ရှိပါသလဲ' တဲ့။ မြတ်ဗုဒ္ဓက “သေက္ခနဲ့ အသေက္ခ’လို့ နှစ်မျိုးရှိကြောင်း ဖြေတော်မူတယ် (အံ၊၁၊၆၄)။ အသေက္ခဆိုတာ ရဟန္တာ၊ သေက္ခဆိုတာက ကျန်အရိယာ ၇-ယောက်။ ဒီနေရာမှာ သီလစင်ကြယ်တဲ့ ပုထုဇဉ် ရဟန်းကိုလည်း သောတာပန် (သေက္ခ) ထဲမှာ ထည့်ယူရတယ် (အံ၊ဋ္ဌ၊၂၊၂၉)။

ဘုံစဉ်စံ

နာမကျန်းဖြစ်ရင် အရှင်သာရိပုတ္တရာနဲ့ အရှင်အာနန္ဒာတို့ကို ပင့်ပြီး တရားလေ့ရှိတယ် (သံ၊၃၊၃၃၂)။ ကွယ်လွန်ခါနီး ဝေဒနာပြင်းထန်စဉ် အရှင်သာရိပုတ္တရာ ကြွလာပြီး တရားဟောတယ် (မ၊၃၊၃၀၁ )။ ဘုရားရှင်ထက် စောပြီး ကွယ်လွန်ပေမယ့် ဘုရားထက် အသက်ကြီးတယ်လို့ ဆိုဖို့တော့ ခက်တယ် K. ကွယ်လွန်ပြီးနောက် တုသိတာနတ်ပြည်မှာ နတ်သားဖြစ်တယ် (သံ၊၁၊၃၁)။ သံသရာကို နှစ်သက်သူဖြစ်လို့ သုဒ္ဓါဝါသငါးဘုံမှာ ဘုံစဉ်စံပြီး အကနိဋ္ဌဘုံမှာ ပရိနိဗ္ဗာန်ပြုမယ်။ သိကြားမင်း၊ ဝိသာခါတို့လည်း ဘုံစဉ်စံတွေ (ဒီ၊ဋ္ဌ၊၂၊၃၃၂)။

မဖြစ်နိုင်

အနာထပိဏ်ဟာ ဝိသာခါ့ညီမရဲ့ ယောက္ခမဖြစ်လို့ သူတို့နှစ်ဦးဟာ နီးစပ်ဖို့ ရှိပါတယ်။ နေ့စဉ် လူမှုဘဝမှာ နီးတကျက်ကျက် ဆိုပေမယ့် အနာထပိဏ်ကို ပြိုင်ချင်လို့ ဝိသာခါက ပုဗ္ဗာရုံကျောင်းကို ဆောက်တယ်လို့တော့ ဘုန်းကြီး မယူဆရဲ ဘူး။ နှစ်ယောက်လုံးက စိတ်ပိုင်းဘဝကို ရင့်ကျက်ပြီးသား တွေပဲ။ မြတ်ဗုဒ္ဓကို ကြည်ညိုလို့ လှူတဲ့သဒ္ဓါတရား သက်သက်နဲ့ ဆောက်လုပ်တာလို့ပဲ ယူဆပါတယ်။

ဖေဖော်ဝါရီ ၅၊ ၂၀၁၉။

---

မှတ်ချက်များ

သုဘူတိသုတ် (အံ၊၃၊၅၃၈)မှာ သဒ္ဓအမည်နှင့် အနာထပိဏ် ရဲ့သား တစ်ဦး ဖော်ပြပါတယ် ဘုရား။ အဲဒီ ပုဂ္ဂိုလ်ဟာ ကာဠတော့ မဟုတ်ဘူးထင်တယ် ဘုရား။ တိပိဋကပါဠိမြန်မာ အဘိဓာန်မှာတော့ သားသမီး ၄-ဦးသာ ဆိုထားပါတယ် ဘုရား။ တကယ်ဆိုရင် သား ၂-ဦးသဖွယ် ဖြစ်နေပါတယ်။ သဒ္ဓသည်လည်း အနာထပိဏ်ရဲ့ သားဆိုရင် သားသမီး ၅-ဦးပါ ဘုရား။ သဒ္ဓသည် အနာထပိဏ်ရဲ့သား အမှန်ဟုတ် မဟုတ် ဝေဖန်စိစစ်ပါရန် လျှောက်ထားပါတယ် ဘုရား။

အရှင်ကေလာသ (ဘွဲ့အမည်တူ မှတ်ချက်ရေးသူ)

သူတော်ကောင်း နှလုံးသားနဲ့ မှတ်ချက်ရေးပြီး ချီးမြှင့်ပေးတဲ့ ဘွဲ့တူ ရဟန်းတော်အား များစွာ ကျေးဇူးတင်ပါတယ်။

ညွှန်းဆိုတဲ့ သုဘူတိသုတ်မှာ “သုဒတ္တဿ ဥပါသကဿ ပုတ္တော'ထဲက သုဒတ္တဿကို သဒ္ဓဿလို့ သီဟိုဠ်မူကွဲ ပြပေမယ့် အဋ္ဌကထာမှာ အဲဒီ ဥပါသကာကို အနာထပိဏ်ဖြစ်ပြီး ဦးလေးတော် အရှင်သုဘူတိ မထေရ်ထံမှာ ရဟန်းပြုခဲ့သူ (အံ၊ဋ္ဌ၊၃၊၃၄၅)ဆိုလို့ အနာထပိဏ်ရဲ့သား သဒ္ဓရဟန်းလို့ အတိအကျ မှတ်သားနိုင်ပါတယ်။ သဒ္ဓနဲ့ ကာလ (ကာဠ) နာမည်တူ မဖြစ်နိုင်လို့ သဒ္ဓကို အနာထပိဏ်ရဲ့ အခြားသားတစ်ဦးလို့ပဲ ယူပြီး အဖြေကို ပြန်တည်းဖြတ်ထားပါတယ်။

အရှင်ကေလာသ (အဖြေရှင်)

မာလာလာဆေကေရရဲ့ ဘာသာပြန်အရဆိုရင် ... သကဒါဂါမ် သုမနာအမျိုးသမီးက သူ့အိမ်ထောင်ဖက် ရှာမရတာနဲ့ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတာလား ဘုရား။

အရှင်ဉာဏဝရ

မာလာလာဆေကေရရဲ့ စာကို တပည့်တော်က အဲဒီလို နားလည်ပါတယ် ဘုရား။ .. refused to eat and die ကို အစာ မစားနိုင်ဘဲ ကွယ်လွန်တယ်လို့ ပြန်လို့ ရနိုင်မလား။ ကိုယ့်ကိုယ်ကို သတ်သေတာတော့ မဖြစ်နိုင်ပါဘူး။ ပြင်းထန်တဲ့ ရောဂါတစ်ခုခုကြောင့် မစားနိုင် မသောက်နိုင် ဖြစ်ပြီး ကွယ်လွန်တယ်လို့ပဲ အဓိပ္ပာယ် ယူသင့်တာပါ။

အာဟာရုပစ္ဆေဒံ ကတွာ”ကို နိဿယ အနက်ပေးပုံနဲ့ လည်း တိုက်ဆိုင်ကြည့်ပါ ဘုရား။ ပညာရှိတို့ ဝေဖန်နိုင်ဖို့ လမ်းဖွင့်ထားခဲ့တာပါ။

သုမနာ ကွယ်လွန်ခါနီးမှာ ဖခင်ကို “ကနိဋ္ဌ ဘာတိက မောင်လေး'လို့ ခေါ်တာကိုပါ အဋ္ဌကထာနည်း မဟုတ်ဘဲ အခြားတစ်နည်း အဓိပ္ပာယ် ယူရတော့ မလိုလို။ သကဒါဂါမ် ရဲ့ အရည်အချင်းကိုပါ ထည့်စဉ်းစားရတော့ မလိုလို။ ယုတ္တိရှာပြီး နောက်ထပ် ခပ်စိပ်စိပ် ဆွေးနွေးရဦးမှာဖြစ်လို့ အခြား တတ်ကျွမ်းပြီး သုတေသန လုပ်လိုတဲ့ ပညာရှင်တွေအတွက် ချန်ထားခဲ့ပါတယ် ဘုရား။

အရှင်ကေလာသ

၇၂၉။ ဥပုသ်သီလသမိုင်း

ဆရာတော် ဘုရား၊ တပည့်တော်တို့ မြန်မာပြည်သူပြည်သားများ စောင့်လေ့ရှိတဲ့ ရှစ်ပါးသီလရဲ့ သမိုင်းကြောင်းကို သိလိုပါသည် ဘုရား။ တစ်နည်းအားဖြင့် ဤသီလကျင့်စဉ်တွေကို ဗုဒ္ဓ တီထွင်ခဲ့တာလား၊ သို့မဟုတ် ဗုဒ္ဓမပွင့်မီကတည်းက ရှိခဲ့ကျင့်ခဲ့ကြတာလား ဘုရား။ လူပုဂ္ဂိုလ် အိမ်နေသူတစ်ဦးအနေနဲ့ ဥပုသ်သီလ စောင့်ရတာ ခက်လှပါတယ် ဘုရား။ ယခုခေတ်ကသတင်း နားထောင်ရင်တောင် သတင်းအစီအစဉ်မှာ သီချင်းက ပါနေတာမို့ ဆရာတော်တို့ ဘယ်လိုများ သီလစောင့်ထိန်းပါသလဲ ဘုရား။

မောင်ဇော် (နတ်မြို့)

---

ရှစ်ပါးသီလ

တစ်ခုသော နေ့လယ်ခင်းအချိန် ကျောင်းအစ်မ ဝိသာခါဟာ သူလှူဒါန်းတဲ့ ပုဗ္ဗာရုံကျောင်းမှာ သီတင်းသုံးနေတဲ့ မြတ်ဗုဒ္ဓထံ ရောက်လာပြီး ဥပုသ်နေ့ဖြစ်လို့ ဥပုသ်စောင့်နေကြောင်း လျှောက်တဲ့အခါ မြတ်ဗုဒ္ဓက အကျိုးရှိတဲ့ ဥပုသ်စောင့်နည်း ၃-မျိုးကို ရှင်းပြပြီး ... ‘သူ့သက်မသတ်၊ သူ့ဥစ္စာ မတရားမယူ၊ မေထုန်မမှီဝဲ၊ မလိမ်၊ မမူးယစ်၊ နေလွဲညစာ မစား၊ ဆိုကတီးမှုတ် ခလုတ်ဆူးငြောင့်သဖွယ် ပွဲသဘင်ကို ရှောင်ပြီး ပန်းနံ့သာ ချယ်သ အလှမပြင်၊ မြေညောင်စောင်း မြက်အခင်းမှာ အိပ်'ဟူသော သိက္ခာပုဒ်ရှစ်ခုကို ဥပုသ်သီလဟူ၍ မြတ်ဗုဒ္ဓ ဟောကြား၏။ လောကရှိ အဖိုးတန် ရတနာများသည် ဤရှစ်ပါးသီလကို တစ်ဆယ့်ခြောက်စိတ်စိတ် တစ်စိတ်မျှကို မမီနိုင် (အံ၊၁၊၂၁၅)'လို့ ဟောကြားတယ်။

ကိုးပါးသီလ

ကိုးပါးသီလ ဘုရားဟော မဟုတ်ဘူးလို့ ရေးပြောနေတာကိုလည်း တစ်ခါတစ်ရံ ဖတ်ရကြားရတယ်။ ကိုးပါးသီလကို စောင့်ရင် အကျိုးကြီးမားကြောင်း ပါဠိတော် (အံ၊၃၊၁၉၂)မှာ လာတဲ့အတွက် ကိုးပါးသီလကိုလည်း ဘုရားဟောတယ်လို့ တစ်ခါတည်း မှတ်သားပါ။ စောင့်သုံးလိုသူ့ရဲ့ ဆန္ဒအရ ဖော်ပြပြီး သိက္ခာပုဒ်ရှစ်ခုအပြင် ‘အရပ်ဆယ်မျက်နှာတို့၌ မေတ္တာစိတ် ဖြန့်၍နေခြင်း'ဆိုတဲ့ကိုးခုမြောက် သိက္ခာပုဒ်တစ်ခုထည့်ပြီး စောင့်သုံးဖို့ မြတ်ဗုဒ္ဓ ဟောကြားတာ (အံ၊ဋ္ဌ၊၃၊၂၆၆)။

ဥပုသ်နေ့

ဥပုသ်နေ့ ၂-မျိုး .. ၁) ရိုးရာ (ပကတိစာရိတ္တ) ဥပုသ်နေ့နဲ့ ၂) အကြိုအပို (ပဋိဇာဂရ) ဥပုသ်နေ့။ ရိုးရာဥပုသ်နေ့ ၆-ရက် ရှိတယ် .. လဆန်း ၈၊ ၁၄၊ ၁၅ နဲ့ လဆုတ် ၈၊ ၁၄၊ ၁၅။ ရက်မစုံရင် ၅-ရက်။ (လဆုတ် ၁၅ မရ။) ကြိုပိုဥပုသ်နေ့ ၈-ရက် .. လဆန်း ၇၊ ၉၊ ၁၃၊ ဆုတ် ၁ နဲ့ လဆုတ် ၇၊ ၉၊ ၁၃၊ ဆန်း ၁ (သံ၊၁၊၂၁၀။ သံ၊ဋ္ဌ၊၁၊၂၈၁။ သံ၊ဋီ၊၁၊၃၁၂)။ ဆန်းဆုတ် ၁၄ ရဲ့အပိုနဲ့ ဆန်းဆုတ် ၁၅ ရဲ့ အကြိုမရှိ။ ရက်မစုံလမှာ လဆန်း ၁-ရက်ဟာ ဆုတ် ၁၄ ရဲ့ အပိုဥပုသ်နေ့ ဖြစ်နိုင်။ တစ်နည်း ..

ရိုးရာဥပုသ်နေ့ ၈-ရက် .. လဆန်း ၅၊ ၈၊ ၁၄၊ ၁၅ နဲ့ လဆုတ် ၅၊ ၈၊ ၁၄၊ ၁၅။ ရက်မစုံလမှာ ၇-ရက် (လဆုတ် ၁၅ မရ)။ ကြိုပိုဥပုသ် ၁၂-ရက် .. လဆန်း ၄၊ ၆၊ ၇၊ ၉၊ ၁၃၊ ဆုတ် ၁၊ လဆုတ် ၄၊ ၆၊ ၇၊ ၉၊ ၁၃၊ ဆန်း ၁။ ဆန်းဆုတ် ၁၅ အကြိုနဲ့ ဆန်းဆုတ် ၁၄ ပိုမရှိ။ ရက်မစုံလ လဆန်း ၁-ဟာ ဆုတ် ၁၄ ရဲ့ အပိုဥပုသ်ဖြစ်နိုင် (အံ၊ဋ္ဌ၊၂၊၁၂၂။ အံ-ဋီ၊၂၊၁၁၇)။

ဥပုသ်ရက်ရှည်

ကြိုပို (ပဋိဇာဂရ) ဥပုသ်နေ့ သတ်မှတ်ပုံ အမျိုးမျိုးရှိတယ် .. သီတင်းကျွတ်လပြည့်နေ့က တန်ဆောင်မုန်း လပြည့်နေထိ တစ်လ (သံ၊ဋ္ဌ၊၁၊၂၈၁)။ နယုန်လပြည့်ကျော် ၁-ရက်နေ့က တန်ဆောင်မုန်း လပြည့်နေထိ ငါးလ (သုတ္တနိ၊ဋ္ဌ၊၂၊၁ဝ၈)။ ဥပုသ်ရက်ရှည် စောင့်တဲ့ဓလေ့ဟာ ဒီကစတာ ဖြစ်နိုင်တယ်။ အမှန်က “ဘယ်နေ့မှာမဆို လူတို့စောင့်ထိန်းတဲ့ သိက္ခာပုဒ်ရှစ်ခုကို ဥပုသ်လို့ခေါ်တယ် (ဒီ-ဋီ၊၂၊၁၉၃)'ဆိုတဲ့ စာအရဆိုရင် နှစ်သက်တဲ့ ဘယ်နေ့မှာ မဆို ဥပုသ်စောင့်သုံးနိုင်တယ်။

မှတ်သားခံရ

စပ်မိလို့ .. ၈-ရက် ဥပုသ်နေ့တွေမှာ နတ်မင်းကြီး ၄-ဦးရဲ့ အစေအပါးတွေ၊ ၁၄-ရက် ဥပုသ်နေ့မှာ ယင်းတို့ရဲ့ သားတွေ၊ ၁၅-ရက်နေ့မှာ ယင်းတို့ကိုယ်တိုင် လူ့ပြည်ကိုလာပြီး ဥပုသ်စောင့်သူ၊ မိဘပြုသူစတဲ့ ကုသိုလ်ရှင်တွေကို ရွှေပြားမှာ ရေးမှတ်ယူသွားပြီး နတ်အစည်းအဝေးမှာ ဖတ်ပြကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူတယ် (အံ၊၁၊၁၄၁)။

သုတ္တန်များ

ရှစ်ပါးသီလ စောင့်ရခြင်းရဲ့ အကျိုးကို သိချင်ရင် အင်္ဂုတ္တရပါဠိ အဋ္ဌကနိပါတ် ဥပေါသထဝဂ်က သုတ္တန် ၅-ခုကို လေ့လာပါ။ ဇေတဝန်ကျောင်းမှာ ဗောဇ္ဈအမည်ရှိ ဥပသကာကို တစ်ကြိမ်၊ ရဟန်းတွေကို နှစ်ကြိမ်၊ ပုဗ္ဗာရုံကျောင်းမှာ ဝိသာခါကို တစ်ကြိမ်၊ ဝေသာလီမှာ ဝါသေဋ္ဌ ဥပသကာကို တစ်ကြိမ် ဟောကြားတာကို တွေ့နိုင်တယ်။ ဝါသေဋ္ဌကို ဟောတုန်းက နတ်တွေ ဗြဟ္မာတွေတောင် ရှစ်ပါးသီလ ဥပုသ်စောင့်ရင် လူတွေဆို ပြောစရာတောင် မလိုဘူးလို့ မြတ်ဗုဒ္ဓ မိန့်ပါတယ်။

ဘုရားဟော

ဒါကြောင့် ရှစ်ပါးသီလ၊ ကိုးပါးသီလ ဆိုတာတွေကို ပေါ့သေးသေး မအောက်မေ့ဘဲ ဒီသီလတွေကို စောင့်သုံးဖို့ ငါတို့ရဲ့ ဘုရားရှင် ဟောကြားခဲ့တာပဲလို့ မြဲမြဲမှတ်ပြီး အခါအားလျော်စွာ စောင့်နိုင်အောင် ကြိုးစားပါ။ မြတ်ဗုဒ္ဓ လက်ထက်က ဗိမ္ဗိသာရ မင်းကြီးဟာ တစ်လ ၆-ရက် ဥပုသ်စောင့်ပြီး မိမိထံ လာသူတွေကိုလည်း ဥပုသ်စောင့် မစောင့် မေးလေ့ရှိလို့ ပြည်သူတွေ မင်းကြီးကို အတုယူကြသတဲ့ (ပေတ၊ဋ္ဌ၊၁၉၄)။ အပါယ်တံခါးပိတ်ပြီးဖြစ်တဲ့ သောတာပန် အရိယာတွေ ဥပုသ်စောင့်တယ် ဆိုတာကိုလည်း သတိပြု။

မဟာဇနကမင်းသား သင်္ဘောပျက်လို့ ပင်လယ်မှာ မျောနေစဉ် ဥပုသ်စောင့်ပုံ၊ ရံခါ ဘုရင်တွေ ဥပုသ်ဆောင် ဝင်ပုံစတဲ့ ဖော်ပြချက်တွေကိုတွေ့ရလို့ ဥပုသ်စောင့်တဲ့ အစဉ်အလာဟာ အိန္ဒိယဒဿနမှာ ထင်ရှားတဲ့ သဘောရှိတယ်။ မြတ်ဗုဒ္ဓက ဒီအစဉ်အလာကို လက်တွေ့ကျလို့ မငြင်းပယ်ပါဘူး။

ရေချိုးပါ

သုန္ဒရိကအမည်ရှိ ပုဏ္ဏားက ဂယာဆိပ်ကိုသွားပြီး ရေချိုးရင် အကုသိုလ် စင်ကြယ်တယ်လို့ လူတွေ ပြောဆိုကြကြောင်း လျှောက်တဲ့အခါ မြတ်ဗုဒ္ဓက “စိတ်သန့်ရှင်းသူအဖို့ ဥပုသ်ဆိုတာ အမြဲစောင့်ပြီးသားပါ။ (စိတ်အညစ်အကြေး စင်အောင်) ဤသာသနာမှာပဲ ရေချိုးပါ (ဣဓေဝ သိနာဟိ)။ ဂယာဆိပ်ကရေနဲ့ ရေတွင်းထဲကရေ အတူတူပါ'လို့ မိန့်တယ် (မ၊၁၊၄၈)။ ဒါကြောင့် ညစ်ပေနေတဲ့ စိတ်ကို စင်ကြယ်သွားအောင် ဥပုသ်စောင့်ပြီး ရေချိုးပေးဖို့ လိုတယ်။

လူစွမ်းကောင်း

မြတ်ဗုဒ္ဓက ဝိသာခါကို ဟောတဲ့အခါ ‘ငါသည် ဤညဉ့် ဤနေ့ပတ်လုံး ပွဲကြည့် အလှပြင် သီဆိုတီးမှုတ် မလုပ်ဘူး’လို့ ကာလသတ်မှတ်ချက် ပါတယ်။ သတ်မှတ်ချိန်မှာ အောင်မြင်အောင် ရေချိုးရမှာပေါ့။ အိမ်နေသူ လူတစ်ဦးအနေနဲ့ ဥပုသ်သီလစောင့်ရတာ ခက်နိုင်ပါတယ်။ ခက်တာကို လုပ်နိုင်မှ လူစွမ်းကောင်းလေ။ မြတ်ဗုဒ္ဓတောင် မွေးခါစ သားတော်၊ မိဖုရားနဲ့ မင်းစည်းစိမ်ကို စွန့်တာပဲ။ သတင်းချိန် သီချင်းလာမှန်းသိရင် ဥပုသ်တန်းလန်းနဲ့ သတင်းမကြည့်နဲ့ပေါ့။ ပုထုဇဉ်မျှဖြစ်တဲ့ ဆရာတော်တို့လည်း စင်လိုက် မစင်လိုက်နဲ့ လူစွမ်းကောင်းလုပ်ပြီး ကြိုးစားနေကြရတာပါပဲ။

ဖေဖော်ဝါရီ ၉၊ ၂ဝ၁၉။

---

၇၃၀။ ချစ်မေတ္တာ သာစေကြောင်း

ဆရာတော် ဘုရား၊ လူတိုင်းကို ကိုယ်နဲ့မခြား မေတ္တာထားကြည့်သော်လည်း မအောင်မြင်ပါ။ ကြာတော့ မဖြစ်နိုင်တာကို လုပ်နေရသလို ခံစားမိပါသည်။ ရင်းနှီး ပတ်သက်သူကိုသာ မေတ္တာစိတ် ဖြစ်နိုင်ပါသဖြင့် မေတ္တာထားနိုင်သည့် အသိုက်အဝန်း ကန့်သက်ချက် ရှိသည်ဟု ထင်ပါသည်။ အိမ်က ထွက်ပြီး လမ်းမှာ တွေ့သူတိုင်းကို ပြုံးပြဖို့တောင် မလွယ်ကူပါ။ ဘတ်စ်ကားပေါ်မှာ ရိုင်းပျစွာ ဆက်ဆံသူကို မည်သို့ မေတ္တာထားနိုင်ပါမည်နည်း။ ကျူးကျော်လာသူ ဘင်္ဂလီတွေကို မေတ္တာပို့ဖို့ ဖြစ်နိုင်ပါမည်လား ဘုရား။

မောင်အောင်သူ (ဓမ္မစကူးလ်)

---

အချစ်

လူတစ်ဦးနဲ့ တိုက်ရိုက် ပတ်သက်ရာကနေ စိတ်ခံစားမှုနဲ့ အတူ ဖြစ်ပေါ်လာပြီး လောကသားတွေက အချစ်လို့ နားလည်တဲ့ မေတ္တာက တစ်မျိုး။ ဒီမေတ္တာမှာ တုံ့ပြန်မှုကို မျှော်လင့်ပြီး အပြန်အလှန် ရယူလိုမှုသဘော ငုတ်လျှိုးနေတယ်။ ဘာမှ မမျှော်လင့်ပါဘူး၊ သူ့အရည်အချင်းနဲ့ သူ့ပျော်ရွှင်မှုအတွက် နှလုံးသားထဲကလာတဲ့ ဆန္ဒမွန်ပါလို့ ဆိုစေဦးတော့ .. ဒီမေတ္တာမျိုးရဲ့ ရင်းမြစ်ကိုက ပုဂ္ဂိုလ်ရေး ခံစားမှုနဲ့ အစပြုခဲ့တာပဲ။ ဒါကြောင့် အတ္တအကျိုး ရှုမြင်ခြင်းနဲ့ ကင်းဖို့ ခက်တယ်။

ချစ်သူ၊ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများအပေါ် အတ္တ ဗဟိုပြု လောဘ (တပ်မက်ခြင်း) အခြေခံနဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းရှိတဲ့ အသိုက်အဝန်းတစ်ခုထိ ဒီမေတ္တာမျိုး သက်ရောက်နိုင်ပေမယ့် စိတ်ခံစားမှု အရင်းခံပြီး အကျိုးဆက်သက်ရောက်မှုနဲ့ အခြေအနေတွေအပေါ် တည်မှီနေလို့ ပြောင်းလဲဖို့ အခြေအနေ အားကောင်းချိန်မှာ အချစ်ပျောက်ပြီး အမုန်းရောက်တတ်တယ်။

သားသမီးအရင်းလို့ မသိခင်က စိမ်းချင်တိုင်း စိမ်းခဲ့ပေမယ့် သွေးသားရင်းပါလို့ သိရသည်နဲ့ လုံးဝ ခံစားမှုပြောင်းလဲသွားတဲ့ လူ့သဘာဝနဲ့ ‘အတ္တဗဟိုပြုအခြေအနေပတ်သက်မှု'ဆိုတာတွေကို အလေးအနက် နားလည်ကြည့်ပါ။

မေတ္တာ

နောက်တစ်မျိုးက .. ပြင်ပအခြေအနေကြောင့်ဖြစ်တဲ့ ယာယီ စိတ်ခံစားမှုနဲ့ မဆိုင်ဘူး။ ပုဂ္ဂိုလ်ချင်း ပတ်သက်မှုအပေါ် မတည်မှီ။ မေတ္တာသက်ရောက်နိုင်စရာ ပုဂ္ဂိုလ်များအပေါ် နှစ်သက် ချီးမွမ်း ပြုရန်ပင်မလို။ ဒီမေတ္တာမျိုးရဲ့ ဇာစ်မြစ်က သူတစ်ပါးအပေါ် ဘဝတူသတ္တဝါတစ်ဦးအဖြစ် နားလည်မှုသက်သက်ပဲ။ သတ္တဝါတိုင်းကို တွေ့ကြုံသိ အာရုံတစ်ခုအဖြစ်သာ ရှုမြင်ရင် တစ်ကမ္ဘာလုံးကို အာရုံပြုနိုင်တယ်။ သူကိုယ် မခြားနားဘဲ အခြားတစ်ဦးအပေါ် သတ္တဝါလို့ပဲ ရှုမြင်တယ်။

အညမည

မြတ်ဗုဒ္ဓ ဖွားမြင်ချိန်မှာ စကြဝဠာကို ဟင်းလင်းပွင့်စေတဲ့ အလင်းရောင်ကြီးတစ်ခု ပေါ်ထွက်ပြီး အမှောင်ထဲက သတ္တဝါတွေ အချင်းချင်း တွေ့မြင်ခွင့်ရကြလို့ 'ကြည့်စမ်း၊ ဒီနေရာမှာ ငါတို့အပြင် အခြား သတ္တဝါတွေလည်း ရှိကြပါသေးလား (အညေပိ ကိရ ဘော သန္တိ သတ္တာ ဣရူပပန္နာ)'လို့ ဆိုကြကြောင်း (မ၊၃၊၁၆၅) မြတ်ဗုဒ္ဓ ဟောတော်မူတယ်။

ဒီဟောကြားချက်ဟာ သတ္တဝါချင်း ငါနဲ့အတူတူပဲ ဆိုတဲ့ ခိုင်မာတဲ့ အတွင်းသိဟာ သတ္တဝါတွေကို စုစည်းစေတယ်။ သိစရာ အာရုံအဖြစ် အခြားသူအပေါ် အသိအမှတ်ပြုပြီး စံတန်ဖိုးရှိတဲ့ စုစည်းမှုမျိုး။ သတ္တဝါဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်သူမှ ဒုက္ခကို အလိုမရှိ၊ မိမိလုံခြုံဖို့ ပျော်ရွှင်ဖို့ လူတိုင်း ကြိုးစားနေကြတာဖြစ်လို့ အခြားသူတွေ ရှင်သန်မှ မိမိလည်း ရှင်သန်နိုင်တယ် ဆိုတာကို နားလည်စေတယ်။

ထပ်တူပြု

သူတစ်ပါးကို ဘဝတူ သတ္တဝါအဖြစ် ရှုမြင်တယ်ဆိုတာ လူတိုင်းကို ကိုယ်နဲ့ထပ်တူ စဉ်းစားတဲ့ သဘောပါပဲ။ မိမိရဲ့ သတ္တဝါအဖြစ်ကို မျှဝေပြီး အခြားသူတွေကို မိမိက အသိအမှတ်ပြုတယ်။ သတ္တဝါဆိုတဲ့ အခြေခံပေါ်မှာ မိမိကိုယ်ကို ထပ်တူပြုခြင်းဖြင့် မိမိရဲ့ မှန်ကန်မျှတတဲ့ ကောင်းကျိုးရလာဒ်အတွက် တောင်းဆိုမှုရှိသလို အခြားသူလည်း သူ့ကောင်းကျိုးအတွက် ထိုနည်းတူ အလိုရှိကြောင်း နားလည်တယ်။ ဒီအသိနဲ့ အခြားသူရဲ့ ကောင်းကျိုးကို လိုလားပြီး ယင်းအတွက် နှစ်သက် ဝမ်းသာ ဖြစ်နိုင်တယ်။ ဒီမေတ္တာမျိုးဟာ တစ်ကိုယ်ရေ သက်ဆိုင်သူကိုသာမက စကြဝဠာတစ်ခုလုံးကိုပင် လွှမ်းခြုံနိုင်တယ်။

အားနည်း

ဒီမေတ္တာက တစ်ဦးစီရဲ့ သက်ရောက်မှုဟာ အားလုံးကို လွှမ်းခြုံပြီး လူအားလုံးရဲ့ ကောင်းကျိုးဟာ တစ်ဦးစီရဲ့ ကောင်းကျိုးလည်း ဖြစ်တယ်လို့ ယူဆတယ်။ ပိုင်းခြားချက် မရှိလို့ ဆိုခဲ့ပြီးမေတ္တာမျိုးထက် အားနည်းတယ်။ ရှိတယ်ဆိုရုံမျှ ဗီဇသဘောမျိုးလောက်ပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဗီဇရှိရင် ပင်ပေါက်အောင် တစတစ ပျိုးထောင်ယူလို့ ရတယ်။ လူတိုင်း လုပ်နိုင်တဲ့ အလုပ်မျိုး။ ဒီမေတ္တာမျိုးကို အားကောင်းအောင် လုပ်နိုင်ရင် အပေါ်က မေတ္တာမျိုးလည်း ဒီအထဲပါသွားပြီး လောကကို ပိုပြီး ထိန်းကျောင်းနိုင်တယ်။

အလိုလိုဖြစ်

အဘိဓမ္မာအရ .. နံနက် အိပ်ရာထ မျက်စိကို ဖွင့်လိုက်တာနဲ့ ကုသိုလ် ဖြစ်ရင်ဖြစ် မဖြစ်ရင် အကုသိုလ် ဖြစ်တယ်။ သတိပြုပြီး စစ်ကြည့်။ စိတ်တစ်မျိုးဟာ အလိုလို ဖြစ်ကိုဖြစ်နေတာ။ ဒါကြောင့် ပါဠိတော်မှာ ဒီစိတ်မျိုးကို 'ဥပ္ပန္န ဟောတိ = ဖြစ်ဆဲဖြစ်၏’လို့ ဟောတော်မူတယ်။ လောဘ အခြေခံတဲ့ ပထမ မေတ္တာမျိုးက နေရင်းထိုင်ရင်း အလိုလိုဖြစ်နေတဲ့ စိတ်မျိုးထဲမှာ ပါတယ်။ အဲဒီစိတ်ဖြစ်အောင် အထူးလုံ့လစိုက်စရာ မလိုဘူး။ မျက်စိ နား နှာ လျှာ ကိုယ် အတွေး ပတ်သက်မှုအရ အလိုလို ခဏတိုင်း ဖြစ်ပေါ်နေတာ။

ဗြဟ္မဝိဟာရ

ဒုတိယ မေတ္တာမျိုးကျတော့ ‘အကြင်အခါမှာ မေတ္တာနှင့် ယှဉ်သော ရူပါဝစရ ဈာန်စိတ်ဖြစ်အောင် ပွားများ၏ (ဓမ္မသင်္ဂဏီ၊ ၆၆)'လို့ ဟောတော်မူတယ်။ အဓိပ္ပာယ်က ပွားများယူမှ ရတယ်၊ အလိုလို အားကောင်း မလာနိုင်ဘူး။ ဒါကြောင့် ရှိနေတဲ့ ဗီဇလေးကို ကြီးပွား ရှင်သန်အောင် လုပ်ယူရင် ရတယ်လို့ ဆိုခဲ့တာ။ ပွားများတဲ့ နည်းတွေ ရှိတယ်။ ဗြဟ္မာတို့နေတဲ့ မေတ္တာမျိုး (ဗြဟ္မဝိဟာရ)ဆိုတာ ဒီလို မေတ္တာမျိုး။ အာရုံခြောက်မျိုးနဲ့ တိုက်ရိုက် ပတ်သက်မှု မလို။

မေတ္တာရဲ့ အခြေခံသဘောကို ရိပ်မိလောက်ပြီ။ ပွားများဆဲ အဆင့်မှာပဲ အတ္တဗဟိုပြု (ငါ၊ ငါ့လူ စသည်)၊ အခြေအနေ (ပြုံးပြဖို့ခက်စသည်)၊ သတ်မှတ်ချက် (ကားပေါ်က စော်ကားသူ၊ ဘင်္ဂလီ စသည်)ဆိုတာတွေကို ကျော်လွန်ပြီး ကောင်းစွာ အိပ်ပျော်နိုင်ပါလိမ့်မယ်။

ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၉။

---

၇၃၁။ သချိုင်းမှပြန်ခေါ်ခြင်း

အရှင်ဘုရား၊ ကွယ်လွန်သူတွေကို ၇-ရက်ပြည့်နေ့မှာ ကျန်ရစ်သူ မိသားစုက သုသာန်သွားပြီး သစ်ခက်လေး တစ်ခက်နဲ့ခေါ်ပြီး တရားနာပြီး သာဓုခေါ်စေတာဟာ တကယ်လိုက်ပါပြီး တကယ်သာဓုခေါ်နိုင်ပါသလား ဘုရား။ မြတ်စွာဘုရားလက်ထက်မှာလည်း အဲဒီလို ရှိခဲ့ပါသလား ဘုရား။ ဆရာတော် ကျန်းမာ၍ တရားထူး တရားမြတ် ရှိနိုင်ပါစေ ဘုရား။

ဝါဝါလှိုင်

---

ကြားခံဘဝ

ကြားခံဘဝ (အန္တရာဘဝ)ဆိုတာ .. စုတိနဲ့ပဋိသန္ဓေ အကြားမှာ ရှိတဲ့ ဘဝတစ်မျိုး။ သေသွားတဲ့ သတ္တဝါတွေဟာ ဒိဗ္ဗစက္ခု အဘိညာဉ်ကို မရပေမယ့် ရသလို တန်ခိုးမရှိပေမယ့် ရှိသလို မိဘလောင်းနှစ်ဦး ပေါင်းဖက်ချိန်၊ မိခင်လောင်း ဥတုလာချိန်ကို မျှော်လင့်ပြီး ခုနစ်ရက် သို့မဟုတ် ခုနစ်ရက်အလွန် တည်နေတဲ့ ဘဝတစ်မျိုး ရှိတယ်လို့ ပုဗ္ဗသေလိယ အမည်ရှိ ဗုဒ္ဓဝါဒဂိုဏ်းကွဲက ယူဆတယ်။

အန္တရာပရိနိဗ္ဗာယီ (အံ၊၂၊၄၅ဝ)၊ န ဥဘယမန္တရေန (မ၊၃၊၃ဝ၇)'စတဲ့ သုတ္တန်စကားတွေရဲ့ အဓိပ္ပာယ်ကို အလွဲအမှား ကောက်ယူတာဖြစ်လို့ ဒီအယူအဆ မမှန်ဘူးလို့ ထေရဝါဒီတို့က ပယ်တယ် (အဘိ၊ဋ္ဌ၊၃၊၂ဝ၅)။

သုတ္တန်စကား

အန္တရာဘဝကို “In-between state”လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။ “နေဝိဓ န ဟုရံ န ဥဘယမန္တရေန”မှာ “ဥဘယမန္တရေနံ”ကို P.T.S. နဲ့ ဘိက္ခုဗောဓိတို့က “There is no here nor beyond nor in between = ယခုဘဝ မရှိ၊ နောင်ဘဝ မရှိ၊ (ယခင်ယခုဘဝ) နှစ်ခုအကြား(တွင်ရှိသောအရာ)လည်းမရှိ’လို့ စာကိုယ်မှာ ဘာသာပြန်ပြီး ဘိက္ခုဗောဓိက “the passage between one and the other’လို့ အောက်ခြေမှာ မှတ်ချက်ပြုထားတယ်။

ဘာသာပြန်သူတို့ ဘယ်လို ယုံကြည်တယ် ဆိုတာကို မသိနိုင်ပေမယ့် ‘ဥဘယ = နှစ်ပါးစုံ၊ အန္တရ = အကြား = နှစ်ပါးစုံ(တို့၏) အကြား'ဖြစ်လို့ ဘာသာပြန် မှားတယ်လို့ ဆိုဖို့တော့ ခက်သား။

ထေရဝါဒ

ထေရဝါဒီတို့က ကြားခံဘဝကို လက်မခံဘူး။ အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၂၃၂)မှာ (ဒီဘဝ နောင်ဘဝဟူသော) ဘဝနှစ်ပါးစုံမှာ မဖြစ်’လို့ ဖွင့်ဆိုတယ် (န ဥဘယတ္ထ ဟောတိ)။ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ “တသ္မိံ နိရုဒ္ဓါဝသာနေ တသာနန္တရမေဝ = ထိုစုတိစိတ် ချုပ်ပြီးနောက် ထိုစုတိစိတ်၏ အခြားမဲ့၌ပင် (ဘဝသစ်)ဖြစ်ပြန်၏’လို့ ဆိုတာကို ‘ထိုစုတိစိတ်၏ အခြားမဲ့၌ပင်’ အရ ‘စုတိနှင့် ပဋိသန္ဓေ အကြားမှာ ကြားခံဘဝတစ်ခု ရှိတယ်’လို့ ယူဆသူတွေရဲ့ အယူအဆကို ပယ်တယ်လို့ ဋီကာကျော်ကျမ်း (စာ-၁၈၉)မှာ မှတ်ချက်ပြုတယ်။

နားတောင်းရှင်

နားတောင်းရှင် (မဋ္ဌကုဏ္ဍလီ) လူငယ်ဟာ သေခါနီး ညောင်စောင်ပေါ်ကနေ ဆွမ်းခံကြွနေတဲ့ ရှင်တော်ဗုဒ္ဓကို ဖူးမြင်ရလို့ ကြည်ညိုစိတ် ဖြစ်ပွားနေဆဲ ကွယ်လွန်ပြီး ချက်ခြင်းပဲ “အိပ်ပျော်နေသူ အိပ်ရာကနိုးသွားသလို (သုတ္တပ္ပဗုဒ္ဓေါ ဝိယ)” နတ်ပြည်မှာ နတ်သား သွားဖြစ်တယ်။ သူ့အဖေဟာ နေ့တိုင်း သုသာန်ကိုသွားပြီး ငိုနေလို့ သားနတ်သားက ကိုယ်ထင်ပြပြီး တရားဟော ယူရတယ် (ဓမ္မမဒ၊ဋ္ဌ၊၁၊၁၆)။

ဒီဖြစ်ရပ်အရ သေပြီးရင် ဘဝတစ်ခုမှာ ချက်ခြင်း သွားဖြစ်တယ်လို့ ထေရဝါဒီတို့ ယုံကြည်တယ်။ အလားတူဖြစ်ရပ်တွေ ကျမ်းဂန်မှာ အများကြီး ရှာတွေ့နိုင်ပါတယ်။

အသောက

အသောကမင်း ကွယ်လွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်တယ် (လောကပညတ္တိပါဌ်၊ ပေ၊ ဝီ-ကျော၊ နှစ်ကြောင်းမြောက်)။ မင်းကြီးဟာ ဒေါသစိတ်နဲ့ ကွယ်လွန်လို့ သေပြီးနောက် စပါးကြီးမြွေ ဖြစ်တယ်။ ဒါပေမယ့် သားတော် မဟိန္ဒမထေရ် တရားဟောရာမှာ ခုနစ်ရက် ဥပုသ်စောင့်ပြီး ကွယ်လွန်လို့ တာဝတိံသာမှာ ဖြစ်ပြန်တယ် (ဦးကုလားရာဇဝင် ၁၊ ၁ဝ၁)။ ဒေါသစိတ်နဲ့ ကွယ်လွန်လို့ ပါဋလိပုတ်မြို့အနီး ကန်ကြီးတစ်ခုမှာ နဂါးဖြစ်ရတယ်။ ဒါပေမယ့် ရဟန္တာ အရှင်ယသမထေရ် ဟောပြမှုကြောင့် ထိုနဂါးဘဝမှာ ခဏသာနေရပြီး ကွယ်လွန်တဲ့အခါ တုသိတာဘုံမှာ ဖြစ်တယ် (Taranitha, p. 65-66)။

မလ္လိကာ

တစ်ခါမှာ ကောသလမင်းရဲ့ မိဖုရား မလ္လိကာဟာ ရေချိုးခန်းဝင်စဉ် မွေးထားတဲ့ ခွေးလေးက မဖွယ်မရာ ပြုမူတဲ့ အတွေ့အထိကို သာယာခဲ့တာ မှန်ပေမယ့် ဘုရင်ကောသလကို ယုံအောင် လှည့်စားတာ၊ မင်းကြီးကို မဟုတ်မမှန် ပြန်စွပ်စွဲတာတွေကို ကွယ်လွန်ခါနီး အမှတ်ရပြီး ငရဲမှာ ခုနစ်ရက် ဖြစ်ပြီးနောက် တုတိသာ နတ်ဘုံမှာ ဖြစ်ရတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၇၆)။ အခြား ဒီလိုဖြစ်ရပ်မျိုး ရှိဦးမှာပါ။

ဒီဖြစ်ရပ်နှစ်ခုအရ ကွယ်လွန်ခါနီး နှလုံးသွင်းမှားသူဟာ အခိုက်အတံ့ အနေနဲ့ အပါယ်လေးဘုံ တစ်ဘုံဘုံမှာ ဖြစ်ခွင့်ရှိခြင်း .. ဆိုတာကို ကောက်ချက်ချနိုင်တယ်။

တစ္ဆေ

“ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်'လို့ အပါယ်ဘုံသားလေးမျိုးရှိရာမှာ ပြိတ္တာဘဝဟာ လူနဲ့ နီးစပ်တယ်။ သုသာန်၊ မြစ်ကမ်း အိမ်ကြိုအိမ်ကြားစသည်မှာ နေတယ် . ‘ပြောကြချင်၊ လောကတွင် တစ္ဆေရှိသည်ဟု၊ နှံ့သိကျော်ကြား။ မျိုးထူးထွေသည်တစ္ဆေရှိသည် ဟုတ်ပါဘူး၊ မြေဘုတ်ကို တစ္ဆေပြောကြတယ်၊ လောကလူအများ (သတပဒိကအဖြေ၊ ၆၆)'လို့ မန်လည်အမေးကို မင်းကွန်းဆရာတော် ဖြေပုံအရ ကိုယ်ထင်ပြ၊ အနံ့ပေး၊ အသံပြုပြီး ခြောက်လှန့်တတ်လို့ ပြိတ္တာကို တစ္ဆေ ခေါ်ကြောင်း သိရတယ်။ မြေဘုတ်နဲ့ ပြိတ္တာအတူတူ။

အဖြေ

မေးခွန်းမှာပါတဲ့ လုပ်ပုံမျိုးက ဖော်ပြပြီးအဓိပ္ပာယ်နဲ့ ကြားခံဘဝ ရှိတယ်လို့ ယူဆပြီး လုပ်တာလည်း ဖြစ်နိုင်တယ်။ ဒီလို ယုံကြည်ပြီး လုပ်ရင်တော့ ထေရဝါဒ အဆုံးအမနဲ့ မကိုက်ညီဘူး။ သို့မဟုတ် ပြိတ္တာဆိုတာကို ထေရဝါဒီတို့ မငြင်းတဲ့ အတွက် သေခါနီး အာရုံပြုမှားလို့ ပြိတ္တာဘဝကို ရောက်နေခဲ့ရင် ကျန်ရစ်သူမှာ ကူညီရမယ့် တာဝန်ရှိလို့ မိမိနားလည်တဲ့ ပုံစံနဲ့ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမျိုး ဖြစ်ရင်တော့ မငြင်းသာဘူးလို့ ယူဆတယ်။ “သာဓုခေါ်နိုင်တယ်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ အသောကမင်းနဲ့ မလ္လိကာတို့ ဖြစ်ရပ်ကို စဉ်းစားကြည့်ပေါ့။

အနီးမှာ

မြတ်ဗုဒ္ဓ လက်ထက်က .. ပြိတ္တာတစ်ကောင် ကပ်မှီနေတဲ့ ခန္ဓာကိုယ် မပျက်သေးတဲ့ လူသေအလောင်းက ပိတ်စကို ရဟန်းတစ်ပါး ပံ့သကူ ကောက်ရာမှာ အဲဒီအလောင်း မတ်တတ်ထရပ်ပြီး ပိတ်စကို ပြန်တောင်းတယ်။ ရဟန်းက မပေးလို့ ပြိတ္တာက ကျောင်းထိ နောက်ကလိုက်ပြီး တောင်းတယ် (ဝိ၊၁၊၇၂)။ ဒါက မခေါ်ဘဲတောင် လိုက်လာတဲ့ ဖြစ်ရပ်။ ဒါကြောင့် ကျန်ရစ်သူ မိသားစုက ခေါ်တဲ့အခါ ရည်ညွှန်းသူ ကြားခွင့်ရှိရင် မလိုက်လာဘူးလို့ ငြင်းနိုင်ပါ့မလား။ အမှန်တော့ သုသာန်ထိ သွားခေါ်မှ မဟုတ်၊ မိမိတို့ အနီးအနားမှာလည်း ကုသိုလ် အမျှကို မျှော်လင့်နေတဲ့ ပြိတ္တာအဖြစ်နဲ့ ရှိနိုင်တာပဲ။

မတ် ၁၊၂ဝ၁၉။

---

၇၃၂။ ခန္ဓာကိုယ်ထဲက ပိုးကိုသတ်ရင်

မရှင်းတာလေး မေးခွင့်ပြုပါ ဘုရား၊ လူ့အသက်ကို အန္တရာယ်ဖြစ်စေတဲ့ ကိုယ်ထဲက တီဘီအဆုတ် ရောဂါပိုးလိုဟာကို သေအောင်လို့ ပဋိဇီဝဆေး(antibiotic)တွေ ထိုးပေးရင် ဒါမှမဟုတ် အဲဒီလို ဆေးတွေကို ပေးရင် ဒါမှမဟုတ် အဲဒီလို ဆေးမျိုးကို သောက်ရင် ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား။ မြတ်ဗုဒ္ဓကျမ်းဂန်မှာ ဆိုတိုင်း သိလိုပါသည် ဘုရား။

Dr. ဇော်မျိုးသက် (ပြည်)

---

ပိုးမျိုးရှစ်ဆယ်

ဟံသာဝတီမူ ဘုရားရှိခိုးပေါင်းချုပ် စာအုပ်ထဲက အနုဿတိ ဆယ်ပါး ဘုရားရှိခိုးမှာ ‘ဤကိုယ်ခန္ဓာ များစွာပိုးပေါင်း ရှစ်ဆယ်အောင်း၍ မကောင်းရွံရှာ'ဆိုတဲ့ စာသားကို ငယ်ငယ်က ကျက်ဖူးလို့ အမှတ်ရနေပါတယ်။ ဒီစာအရ ဤခန္ဓာကိုယ်မှာ ပိုးအမျိုးပေါင်း ရှစ်ဆယ်ရှိကြေင်း သိရတယ်။ ဘယ်သူ ရေးတယ်ဆိုတာ မသိပေမယ့် ‘ကုလဝသေနေဝေတ္ထ အသီတိ ကိမိကုလာနိ ဝသန္တိ = အမျိုးအစားအရ ဤခန္ဓာကိုယ်မှာ ပိုးမျိုးပေါင်း ရှစ်ဆယ်ရှိ၏ (ဝိသုဒ္ဓိ၊၁၊၂၂၇။ သံ၊ဋ္ဌ၊၂၊၂၉၄။ အဘိ၊ဋ္ဌ၊၂၊၃၁)’ဆိုတဲ့ ကျမ်းဂန်တွေနဲ့ ညီပါတယ်။

‘ပိုးမျိုးရှစ်ဆယ် လူတို့ဝယ် ဘယ့်နှယ်ဘယ်သို့ နေသနည်း(စွယ်စုံကျော်ထင်ကျမ်း၊ ပိုဒ်-၈၁)’ရဲ့ အဖြေမှာ “မူလ ကမ္မဋ္ဌာန်း’အမည်ရှိ ကျမ်းမှာလာတဲ့ အဲဒီပိုးမျိုး ရှစ်ဆယ်ရဲ့ အမည်စာရင်းကိုပါ ပါဠိမြန်မာတွဲပြီး ဖော်ပြတယ်။

ရှစ်သောင်းတဲ့

ဝမ္မိကသုတ်အဖွင့်အရ ပိုးမျိုးပေါင်း ရှစ်သောင်း ရှိကြောင်းလည်း သိရတယ်။ “အရေပါးကို မှီကုန်သော၊ အရေထူကို အသားကို အကြောကို အရိုးကို ရိုးတွင်းခြင်ဆီကို မှီကုန်သော၊ အမျိုးအစားကို ရေတွက်ခြင်းအားဖြင့် ရှစ်ဆယ်ကုန်သော ပိုးမျိုးအထောင် (ပိုးမျိုးပေါင်း ရှစ်သောင်း)တို့သည် ကိုယ်၏ အတွင်း၌ပင်လျှင် ဖြစ်ကုန်၏ (မ၊ဋ္ဌ၊၂၊၃၅)။ တစ်မျိုးတစ်မျိုးမှာ အဆွယ်အပွား မျိုးကွဲတွေ များစွာ ရှိသေးလို့ ရှစ်သောင်း ဖြစ်သွားတာလို့ယူရင် ယုတ္တိနဲ့ မဝေးတန်ရာဘူး။ ဋီကာတွေမှာတော့ အမှာစကား မတွေ့မိ။

ဒီသာဓကအရ ဤခန္ဓာကိုယ်မှာ ပိုးတွေ အမျိုးမျိုး ရှိတယ်ဆိုတာကို ဗုဒ္ဓဝါဒကျမ်းဂန်မှာ ဖော်ပြကြောင်း သိနိုင်တယ်။ ‘ဆဝိနိသိတာ ပါဏာ’အရ ပါဏ(သတ္တဝါ)လို့ သုံးတာက ခေါ်လွယ်ရုံ သက်သက် ဖြစ်မယ်။

သွေးခြည်ဥ

ဂိဇ္ဈကုဋ်တောင်ပေါ်က ဒေဝဒတ် လှိမ့်ချတဲ့ ကျောက်တုံးနဲ့ ပွတ်တိုက်ပြီး ပဲ့ထွက်လာတဲ့ ကျောက်စ ထိမှန်လို့ မြတ်ဗုဒ္ဓရဲ့ ခြေတော်မှာ သွေးခြည်ဥတဲ့အခါ ‘ဆေးဆရာ ဇီဝကဟာ မြတ်ဗုဒ္ဓရဲ့ ဆန္ဒအရ အရေပြားကို ဓားငယ်နဲ့ခွဲ၊ သွေးပုပ်ကို ဖယ်ရှားပြီး ကုသပေးတယ် (ဇီဝကော တထာဂတသ ရုစိယာ သတ္ထကေန စမ္မံ ဆိန္ဒိတွာ တမှာ ဌာနာ ဒုဋ္ဌလောဟိတံ နီဟရိတွာ ဖာသု မကာသိ။ မ၊ဋ္ဌ၊၄၊၇၇။)’ ဇာတကအဋ္ဌကထာမှာ “သွေးပုပ်ကို ထုတ်၊ အသားပုပ်ကို ဖယ်ရှား၊ ဆေးကြောပြီး ဆေးလိမ်းပေးကြောင်း ဆိုတယ်။ (ဒုဋ္ဌလောဟိတံ ဝမေတွာ ပူတိမံသံ အပေနတွာ ဓောဝိတွာ ဘေသဇ္ဇံ အာလိမ္မိတွာ။ ဋ ၅၊ ၃၅၅)။ သွေးပုပ်၊ အသားပုပ် ဆိုတာကို ဆရာဝန်ရဲ့ အမြင်နဲ့ မြင်ကြည့်ပါ။

ဒီသာဓကအရ မြတ်ဗုဒ္ဓဟာ အဲဒီအရာတွေကို ခန္ဓာကိုယ်ထဲက ဖယ်ရှားဖို့ လက်ခံတော်မူတယ် ဆိုတာကို နားလည်နိုင်တယ်။ ဘာကြောင့်ဆိုရင် ..

သစ်ပင်လို

မြတ်ဗုဒ္ဓ အလိုအရ ကာမဘုံသား သတ္တဝါဖြစ်ရင် ခန္ဓာငါးပါးရှိမှ သက်ရှိလို့ ယူတယ်။ တစ်နည်းဆိုရင် အာယု = နာမ်သက် (ဇီဝိတိန္ဒြေ စေတသိက်)၊ ဥသ္မာ = အငွေ့ (ရုပ်သက်ခေါ်တဲ့ ဇီဝိတရုပ်)၊ ဝိညာဏ် = သိစိတ် .. ဒီသုံးခု အတူရှိနေတဲ့ ရုပ်ခန္ဓာကိုပဲ သက်ရှိလို့ ခေါ်တာ။ ဗုဒ္ဓအဘိဓမ္မာအရ ရုပ်သက်ရော နာမ်သက်ပါရှိမှ သတ္တဝါလို့ ဆိုနိုင်တယ်။ အဲဒီ ပိုးလို့ခေါ်တဲ့ အရာတွေမှာ ရုပ်သက်ပဲ ရှိတယ်။ နာမ်သက် မရှိဘူး။ ရူပက္ခန္ဓာ တစ်ပါးပဲ ရှိတယ်။ သတ္တဝါတွေမှာက ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ ခန္ဓာငါးပါး ရှိတယ်။ အဲဒီ ပိုးတွေက ရုပ်သက်ပဲရှိလို့ သစ်ပင်တွေရဲ့ ရှင်သန်မှုလို ဇီဝသဘော ရှိတယ် ဆိုရုံလောက်ပါပဲ။

ဇီဝသဘော

ဇီဝသဘောဆိုတာ ရှင်သန်ခြင်း၊ လှုပ်ရှားခြင်း သတ္တိရှိတာကိုဆိုလိုတယ်။ အဆပေါင်း များစွာ ချဲ့ကြည့်မှ အဲဒီ ပိုးဆိုတဲ့ အရာတွေရဲ့ ရှင်သန်၊ လှုပ်ရှားသတ္တိကို မြင်နိုင်တယ်။ ဒါပေမယ့် ဖော်ပြပြီး အဘိဓမ္မာအရ လှုပ်နေတိုင်း သက်ရှိ မဟုတ်ဘူး။ အိမ်မြှောင်ပြီးပြတ် လှုပ်နေတာဟာ ခန္ဓာဟောင်းက စိတ်ဝိညာဉ်ရဲ့ သတ္တိကြောင့်၊ ခေတ်စကားနဲ့ဆိုရင် အဲဒီအထဲရှိနေတဲ့ အာရုံကြောတွေ မသေသေးလို့။ ဒါပေမယ့် သက်ရှိတော့ မဟုတ်ဘူး။

အစွန်းမဲ့

ဗုဒ္ဓဝါဒဟာ ဒဿနအရရော ကျင့်စဉ်ပါ အစွန်း မရောက်ဘူးဆိုတာကို သတိရပါ။ ဆိုပါတော့ .. သူ့အသက်ကို မသတ်ရဆိုတာနဲ့ အိပ်ရာမှာ ကြမ်းပိုးရှိလည်း မရှင်းနဲ့၊ ဆွမ်းတော်ပွဲ ပုရွက်ဆိတ်တက်လည်း အိုကေပဲ၊ တီဘီပိုးက သက်ရှိဖြစ်လို့ ပိုးသေဆေး မသောက်နဲ့ဆိုရင် ...... 'ဥပုသ်စောင့်' ဆိုတာနဲ့ ရေတောင် မသောက်တော့ဘူး ဆိုတာလို ဖြစ်နေမှာပေါ့။ မျှတအောင် စားသောက် နေထိုင်မှ အသက်ရှည် ကျန်းမာပြီး “ဓမ္မ” ကို ကျင့်သုံးနိုင်မှာပါ။

ဧပြီ ၄၊ ၂၀၁၉။

---

လမ်းကောက်လည်းသွား လူအများ အမှားကြိုက်ခဲ့ပြီ။ လမ်းကြောင်းမမှန် မြတ်နိဗ္ဗာန် ဧကန်လွဲခဲ့ပြီ။

(ထွဋ်ခေါင်ဆရာတော်)

၇၃၃။ ပဉ္စဝဂ္ဂီ ကျမ်းညှိ

ဘုန်းကြီး ဘုရား၊ ဓမ္မစကြာ တရားဦးကို နာယူခွင့်ရခဲ့ ကြသည့် ပဉ္စဝဂ္ဂီငါးဦးသည် နိမိတ်ဖတ်သူ ပုဏ္ဏား ၈-ဦးရဲ့ သားတွေလား၊ ထိုပုဏ္ဏား ၈-ယောက်အနက် ၅-ယောက်ပဲလား ဆိုတာကို သိလိုပါသည် ဘုရား။

နိုင်သိရီ (မုဒုံ)

---

အဆိုညီစကား

“ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ် မွေးဖွားပြီး ၅-ရက်အကြာ ခမည်းတော်က ဝေဒကျမ်းတတ် ပုဏ္ဏား ၁၀၈-ဦးကို အိမ်သို့ ပင့်ဖိတ်ပြီး ကျွေးမွေးတယ်။ အဲဒီအထဲ အတော်ဆုံး ၈ဦးက မင်းသားရဲ့ ရှေ့ရေး ဘယ်လို ဖြစ်လာမယ်ဆိုတာကို ဖတ်ကြားကြတယ်’ဆိုတာကိုတော့ သံဂါယနာတင် ပါဠိဘာသာ ဗုဒ္ဓဝင်ကျမ်းတွေမှာ ခြားနားချက် မတွေ့မိပါ (မိလိန္ဒ၊၂၂၉။ ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၂၃။ မ၊ဋ္ဌ၊၂၊၉၂။ ဇာ၊ဋ္ဌ၊၁၊၆၆။ အပ၊ဋ္ဌ၊၁၊၆၈)။

ပုဏ္ဏား ၅-ဦး

နိမိတ်ဖတ်တဲ့ ပုဏ္ဏား ၈-ဦးအနက် ၃-ဦးက စကြဝတေးမင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘုရားဖြစ်မယ်လို့ နှစ်မျိုး ဟောတယ်။ ၅-ဦးကတော့ ဘုရားပဲဖြစ်မယ်လို့ တစ်မျိုးပဲဟောပြီး အိမ်ရာ မထောင်ဘဲ ကြိုတင်ရဟန်းပြုပြီး မင်းသိဒ္ဓတ် တောထွက်ချိန်ကို စောင့်နေကြတယ် (မ၊ဋ္ဌ၊၂၊၉၂။ သာရတ္ထ၊ဋီ၊၃၊၁၆၁)။ ဒီအဆိုအရ ဗုဒ္ဓလောင်းလျာကို နိမိတ်ဖတ် ဟောကြားခဲ့ကြတဲ့ ပုဏ္ဏား ၈-ဦးထဲက ဗုဒ္ဓဧကန် ဖြစ်မယ်လို့ ဟောကြားတာဟာ ကောဏ္ဍည တစ်ဦးတည်း မဟုတ်ဘဲ ပုဏ္ဏား ၅-ဦး ဖြစ်ကြောင်းနဲ့ ၎င်း ၅-ဦးသည်ပင် ပဉ္စဝဂ္ဂီ ၅-ဦး ဖြစ်လာကြောင်း မှတ်သားရတယ်။

သား ၄-ဦး

နိမိတ်ဖတ်သူ ပုဏ္ဏား ၈-ဦးအနက် ၇-ဦးက စကြဝတေးမင်း ဖြစ်ရင်ဖြစ် မဖြစ်ရင် ဘုရားဖြစ်မယ်လို့ နှစ်မျိုး ဟောကြပေမယ့် အငယ်ဆုံး ကောဏ္ဍညကတော့ ဘုရားပဲ ဖြစ်မယ်လို့ ဟောတယ်။ နောက် ၂၉-နှစ်အကြာ မင်းသိဒ္ဓတ် တောထွက်ချိန်မှာ ပုဏ္ဏား ၇-ဦးက ကွယ်လွန်သွားကြပြီ။ ကောဏ္ဍညပဲ သက်ရှိ ကျန်တယ်။ ကောဏ္ဍညဟာ မင်းသိဒ္ဓတ် တောထွက်တာနဲ့ ကွယ်လွန်သူ ပုဏ္ဏားတွေရဲ့ သားတွေဆီသွားပြီး ရဟန်းပြုဖို့ တိုက်တွန်းတဲ့အခါ ၄-ဦးပဲ သဘောတူလို့ ၎င်းတို့နဲ့အတူ ရဟန်းပြုပြီး ဥရုဝေလာမှာရှိတဲ့ မင်းသိဒ္ဓတ် နောက်ကို လိုက်သွားကြတယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၂၃။ ဇာ၊ဋ္ဌ၊၁၊၆၆)။

ဒီစာအရ နိမိတ်ဖတ် ပုဏ္ဏား ၈-ဦးအနက် အငယ်ဆုံး ကောဏ္ဍညပဲ ဘုရား ဧကန်ဖြစ်မယ်လို့ ဟောတယ်၊ ပဉ္စဝဂ္ဂီ ၅ ဦးဆိုတာ ပုဏ္ဏား ၈-ဦးထဲက အငယ်ဆုံး ကောဏ္ဍညနဲ့ ကွယ်လွန်သူ ပုဏ္ဏား ၄-ယောက်ရဲ့ သား ၄-ဦးပါပဲ။

ပယ်ထားတယ်

“ထိုပုဏ္ဏား ၈-ဦးတို့၏ သားဟုလည်း ဆိုကြ၏။ ထိုအဆိုကို အဋ္ဌကထာ၌ ပယ်ထား၏ (မ၊ဋ္ဌ၊၂၊၉၂)’လို့ ပါသရာသိသုတ် (မ၊၁၊၂၁၆)အဖွင့်မှာ “ပုဏ္ဏားတွေရဲ့သား” အဆိုကို ပယ်ထားတယ်။ ဒီပုဏ္ဏား ၅-ဦးဟာ ဝေဒကျမ်းကို တတ်လွန်းလို့ ငယ်ငယ်နဲ့ ဆရာဖြစ်နေကြကြောင်း၊ အိမ်ထောင် ရှိပြီးရင် စွန့်ဖို့ ခက်တဲ့အတွက် အိမ်ထောင်မပြုဘဲ အသက်ငယ်စဉ်မှာ ကြိုပြီး ရဟန်းပြုခဲ့ကြကြောင်းလည်း ဖွင့်ဆိုတယ်။ အသက် ၂ဝ-ခန့်မှာ ပုဏ္ဏားဆရာ ဖြစ်ခဲ့ရင် ဗုဒ္ဓလောင်းလျာ တောထွက်ချိန်မှာ သူတို့ အသက် ၅၀-ခန့်၊ တရားဦး နာချိန်မှာ အသက် ၅၆-ခန့်ရှိလို့ ယုတ္တိတော့ မဝေးလွန်းပါဘူး။

ဒါပေမယ့် အဲဒီအဋ္ဌကထာမှာပဲ ဖော်ပြတဲ့ ပုဏ္ဏား ၅-ဦးရဲ့ အမည်နဲ့ ပဉ္စဝဂ္ဂီ ၅-ဦးရဲ့အမည် မတူဖြစ်နေတာကိုတော့ အဋ္ဌကထာမှာ မရှင်းပြဘူး။ ဋီကာလည်း မဖွင့်။ ဒါကြောင့် ..

စဉ်းစားဖွယ် ၁

ပုဏ္ဏား ၈-ဦးရဲ့ အမည်ကို ‘ရာမ၊ ဓဇ၊ လက္ခဏ၊ မန္တီ (ဇောတိမန္တီ)၊ ကောဏ္ဍည(ယည)၊ ဘောဇ(သုဘောဇ)၊ သုယာမ၊ သုဒတ္တ (မိလိန္ဒ၊၂၂၉။ မ၊ဋ္ဌ၊၂၊၉၂)’လို့ ဆိုတယ်။ “ကောဏ္ဍည အနွယ်ဝင်သုဒတ္တပုဏ္ဏား'လို့ ပထမငါးခုန်ဆရာတော်ရဲ့ မဟာဗုဒ္ဓဝင်ဝတ္ထုတော်ကြီး (အတွဲ ၂၊ ၂၈ဝ)မှာဆိုလို့ ဒီရှစ်ဦးမှာ ၅-ဦးမြောက်ကို ကောဏ္ဍည အနွယ်ဝင် ယညပုဏ္ဏားလို့ ယူပြီး သုဒတ္တပုဏ္ဏားက ပဉ္စဝဂ္ဂီ ဖြစ်သူလို့ ယူနိုင်တယ်။ ဒီယုတ္တိအရ “ပုဏ္ဏား ၄-ဦးရဲ့သား'အဆိုက ပိုပြီး ခွန်းအားရှိသလိုပါပဲ။

စဉ်းစားဖွယ် ၂

ပဉ္စဝဂ္ဂီ ငါးဦးဟာ တရားအားထုတ်နေတဲ့ ဘုရားလောင်းကို ၆-နှစ်ကြာ အလုပ်အကျွေး ပြုကြတယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၃၆-စသည်)။ ဘုရားလောင်းက ဒုက္ကရစရိယကို စွန့်၊ သေနာရွာမှာ ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးလို့ ဘုရားလောင်းကိုပစ်ပြီး ၁၈-ယူဇနာဝေးတဲ့ ဗာရာဏသီမြို့အနီး ဣသိပတနကို ပြောင်းသွားကြတယ် (မ၊၂၊၉ဝ။ ဗုဒ္ဓဝံသ၊ဋ္ဌ၊၂၃၉)။ ဒါဖြင့်ရင် .. ဘုရား ဧကန်ဖြစ်မယ်လို့ ဟောခဲ့တဲ့ ဝေဒပညာ အလွန်တော်တဲ့ ဒီပုဏ္ဏား ၅-ဦးဖြစ်ရင် သူတို့ဟာ မိမိရဲ့ပညာကို မယုံကြည် ဖြစ်သွားတာလား။ ဒါမှမဟုတ် လက်ညှိုးတစ်ချောင်းပဲ ထောင်ခဲ့တဲ့ ကောဏ္ဍညဟာ ကျန် ၄-ဦးရဲ့ ဆန္ဒအတိုင်း ဗာရာဏသီကို လိုက်သွားခဲ့တာများလား။

ပညာရှိတို့ဖို့

ဖတ်မိသမျှ မြန်မာဗုဒ္ဓဝင် အားလုံးကတော့ “ကေဏ္ဍညနွယ်ဖွား ပုဏ္ဏားကပဲ ဘုရား ဧကန်ဖြစ်မယ်လို့ ဟောကြားတယ်'ဆိုတာကို နှစ်သက်ကြကြောင်း လေ့လာမိပါတယ်။ ‘တထာဂတဥဒါနဒီပနီ ၁၊ ၁၄၅။ မာလာလင်္ကာရ၊ ၃၅။ ပထမငါးခုန် မဟာဗုဒ္ဓဝင်၊ ၂၊ ၂၈ဝ။ ဇိနတ္ထပကာသနီ၊ ၁၃။ တိပိဋကမဟာဗုဒ္ဓဝင် ၂၊ ၆၆’တို့ကို ရှုပါ။ ဒါကြောင့် ပါသရာသိသုတ် အဖွင့်နဲ့ ပတ်သက်ပြီး ပညာရှိတို့ ဘယ်လို ညှိမလဲ။

ဘုန်းကြီးအထင် ... အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသဟာ မဇ္ဈိမနိကာယ်ဆောင် မထေရ်တို့ရဲ့ ဝါဒအတိုင်း ဖွင့်ဆိုခဲ့တာ ဖြစ်မယ်လို့ ယူဆမိကြောင်းပါ။
ဧပြီ ၆၊ ၂ဝ၁၉။

---

၇၃၄။ လယ်ထွန်ပွဲက ပဌမဈာန်ရှင်

အရှင်ဘုရား၊ သုဓါဒနမင်းကြီး လယ်ထွန်မင်္ဂလာ ကျင်းပသောနေ့မှာ သိဒ္ဓတ္ထမင်းသား ပဌမဈာန်ကို ဝင်စားသည်ဟု ဘယ်ကျမ်းဂန်တွင် ဆိုပါသလဲ။ ထိုအချိန်က အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် ဘယ်လောက် ရှိပါပြီလဲ။ သိဒ္ဓတ္ထမင်းသားသည် ထိုပထမဈာန်ကို မည်သည့် အသက်အရွယ်ထိ ဝင်စားနိုင်ခဲ့ပါသလဲ။ ဖြေကြားပေးပါ ဘုရား။

မောင်အာယု (NY)

---

အမှတ်ရ၏

“ငါသည် ခမည်းတော် သကျမင်း၏ လယ်ထွန်မင်္ဂလာ အမှု၌ သပြေပင်၏ အရိပ်အေး၌ ထိုင်လျက် ပဌမဈာန်ကို ပြည့်စုံစေ၍ နေဖူးသည်ကို အမှတ်ရ၏ (အဘိဇာနာမိ ခေါ ပနာဟံ ပိတု သက္ကဿ ကမ္မန္တေ သီတာယ ဇမ္ဗူ့စ္ဆာယာယ နိသိန္နော ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရိတာ)’။ ဒါက မူလပဏ္ဏာသပါဠိတော်၊ မဟာသစ္စကသုတ် (မ၊၁၊၃၁၃)လာစကားပါ။ ‘တင်ပလ္လင်ခွေ ထိုင်လျက် ထွက်လေ ဝင်လေကို အခြေပြု၍ ပဌဈာန်ကို ဖြစ်စေ၏ (မ၊ဋ္ဌ၊၂၊၁၉၁)'လို့ အဋ္ဌကထာမှာ ဖွင့်ပါတယ်။

ဒါကြောင့် ခမည်းတော် မင်းကြီးရဲ့ လယ်ထွန်မင်္ဂလာ အတွင်း မင်းသိဒ္ဓတ် ပဌမဈာန်ကို ရတဲ့အထိ အာနာပါန (ထွက်လေဝင်လေ) ကမ္မဋ္ဌာန်းကို အားထုတ်ခဲ့တယ် ဆိုတာဟာ မူရင်းပါဠိတော်မှာ လာတယ် သို့မဟုတ် မြတ်ဗုဒ္ဓရဲ့ နှုတ်ထွက်စကား ဖြစ်တယ်လို့ မှတ်ပါ။

ဘယ်အရွယ်

မင်းသိဒ္ဓတ် ဘယ်အသက် အရွယ်မှာ ဖြစ်တယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ဖူးပါ။ ဒါပေမယ့် .. “အဘိဇာနာမိ = အမှတ်ရ၏' လို့ ဆိုတဲ့အတွက် သိနိုင်မှတ်မိနိုင်တဲ့ အရွယ် .. ဥပမာ၊ ခုနစ်နှစ် ရှစ်နှစ်ခန့်လို့ဆိုရင် ယုတ္တိနဲ့ မဝေးရာဘူး။

မင်းကွန်းတိပိဋက ဆရာတော်ကြီးက “ဤအရာ၌ အလောင်းတော် သူမြတ်မှာ ဘဝများစွာ ကမ္ဘာအက်ဆက်က ထိုအာနာပါနသတိဘာဝနာကို လေ့လာတော်မူခြင်း အထုံအားကြီးလှသောကြောင့် ခဏတွင်းမှာပင် ရူပါဝစရပဌမဈာန်ကို ပေါက်ရောက် ရရှိတော်မူသည်ဟု ယုံမှားမရှိ မှတ်ယူရာ၏ (မဟာဗုဒ္ဓဝင် ၂၊ ၁၂၃)’လို့ မှတ်ချက်ပြုပါတယ်။

ဈာန်ကွယ်ချိန်

လောကီဈန်ဆိုတာ မမြဲဘူး။ ရေကန်ပေါ်က ဈာန်နဲ့ ကြွတဲ့ သာမဏေတောင် ရေကန်မှာ ရေချိုးနေတဲ့ မိန်းမပျိုရဲ့ သီချင်းသံကို အာရုံစိုက်မိလို့ ‘ကျီးကန်း အတောင်ကျိုးသလို (ဆိန္နပက္ခကာကော ဝိယ)’ဖြစ်သွားဖူးတယ် (မ၊ဋ္ဌ၊၃၊၁၇၁)။ ဒါကြောင့် ရှေးပါရမီ ကုသိုလ်ထူးကြောင့် အာနပါနအခြေခံနဲ့ ရုတ်ချည်း ပဌမဈာန်ကို ရခဲ့ပေမယ့် နန်းတော်ထဲက မင်းသားအနေနဲ့ မကြာခင် ဈာန်လျှော့သွားမယ်လို့ ထင်ပါတယ်။ ပါ၊ ဌ၊ ဋီ ဖော်ပြချက်တော့ မတွေ့ဖူးသေး။ ကြည့်ကန်ရှင်ကြီးရဲ့ အဖြေကို မျှဝေရရင်တော့

“ငယ်ကတည်းက၊ ပဌမဈာန်၊ ရသည်မှန်လျက်၊ တစ်ဖန် ဘယ်လောက်၊ အရွယ်ရောက်မှ၊ ပျောက်လေသနည်း'လို့ မုံရွေး ဇေတဝန်ဆရာတော်က မေးရာမှာ ကြည့်ကန်ရှင်ကြီး ရှင်နန္ဒဓဇဖြေပုံက “ဘုန်းလူမြတ်စွာ၊ ငယ်သောခါက၊ ဈာန်ပင် ရလည်း၊ ပဌမဉာဏ်၊ လောကီဈာန်သည်၊ ဖောက်ပြန်တတ်လျင်း၊ မကြာယွင်းလိမ့်'လို့ ဖြေပါတယ် (မှောပီဆရာသိန်း၊ ပေါရာဏဒီပနီ ၁၊ စာ-၄၄၆)။
ဧပြီ ၆၊ ၂၀၁၈။

---

မညနာ

မညနာဟူသည်ကား အထင်ကြီးခြင်းတည်း။ ဟုတ်မှန်သည်ထက် ပိုလွန်ကာ ထင်ခြင်းတည်း။ အဝိဇ္ဇာအတွက်ကြောင့် ဝိပလ္လာသတရား ဖြစ်ပွား၏။ ဝိပလ္လာသအတွက်ကြောင့် အထင်ကြီးခြင်း ဖြစ်ပွား၏။ ထိုမညနာသည် တဏှာမညနာ၊ မာနမညနာ၊ ဒိဋ္ဌိမညနာဟု သုံးပါးရှိ၏။ (ဝိပဿနာဒီပနီ) ပညတ်ကို မခွာ မလှန်နိုင်ကြသည့် အတွက် ပညတ်ကို အစွဲပြု၍ ပုထုဇဉ်တို့သည် တဏှာ၊ မာန၊ ဒိဋ္ဌိ သုံးပါးတို့ဖြင့် အမျိုးမျိုး ထင်မှားမြင်မှား စွဲလမ်းကြကုန်၏။ ယင်း တရားသုံးပါးတို့ကို ထင်မှား မြင်မှား ယူမှား စွဲလမ်းတတ်သောကြောင့် ‘မညနာတရား’ ဟူ၍လည်း ဆိုအပ်ကုန်၏။ (ပရမတ္ထစက္ခုကျမ်း)

---

၇၃၅။ အစွဲချွတ်ဂါထာ

ဆရာတော် ဘုရား၊ မိန်းမလျာ ယောက်ျားလျာ၊ အခြောက်၊ နှစ်ဖက်ချွန် ဘယ်လိုခေါ်ခေါ်ပါ ဘုရား။ သူတို့ကို ဗုဒ္ဓဘာသာ တစ်ဦး အနေနဲ့ ဘယ်လိုမြင်၊ ဘယ်လိုသဘော ထားရပါ့မလဲ ဘုရား။ တပည့်တော် ကိုယ့်ဟာကိုယ် သဘောထားကြီးတယ် ထင်ခဲ့တာ၊ ကိုယ့်တူမ ကိုယ့်သားလည်းဖြစ်ရော စိတ်ထဲ အတော်ပဲ အနေရခက်လှပါတယ် ဘုရား။ တပည့်တော်ကို ဆုံးမပေးပါ ဘုရား။

မောင်ဇော် (နတ်မြို့)

---

အတူတူပါပဲ

ရဟန်းငယ်ဘဝမှာ ဆွမ်းဒကာ ဆွမ်းအစ်မတွေလို ဘုန်းကြီးကို ကြည်ညို ဦးညွတ်သူတွေနဲ့ပဲ ထိတွေ့မှု များရာကနေ ၁၉၈၆၊ နွေရာသီအချိန်၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)မှာ စာပေးစာယူ အနီးကပ်သင်တန်း တက်စဉ် ဘာသာမတူတဲ့ လူငယ် နှစ်ဦးနဲ့ တွေ့တယ်။ အစတော့ ကိုယ်နဲ့ မတူဘူးဆိုတဲ့ အသိနဲ့ ခပ်စိမ်းစိမ်းပဲ။ ဒါပေမယ့် ခင်မင်မှုပြတဲ့အခါ ပြောဆိုဆက်ဆံပုံ မတူတာကို နားလည် ခွင့်လွှတ်၊ နောက်ဆုံး တွဲဖြစ်တဲ့အထိ ရင်းနှီးသွားတယ်။ အရွယ်အရ ထိုအသိမျိုး ဖြစ်တာ နောက်ကျကြောင်း ဝန်ခံပါတယ်။ ဒါပေမယ့် ..

ဒီဆုံတွေ့မှုဟာ နောင်အခါ ‘ကိုယ်နဲ့ မတူရုံနဲ့ တစိမ်းလူ' လို့ မမြင်မိအောင်နဲ့ “သူနဲ့ငါ အတူတူ’ဆိုတဲ့ လူ့စိတ်ထားမျိုး ဖြစ်နိုင်အောင် လေ့ကျင့်ဖို့ တွန်းအား ဖြစ်ခဲ့ပါတယ်။

အစစ်လို့ပဲ

‘ထောင်နဲ့လူသား'စာအုပ်မှာ မိန်းမနဲ့ ချွတ်စွပ်တူတဲ့ ထောင်သား တစ်ဦးအကြောင်း ပါတယ်။ အပြောအဆို သွင်ပြင်မူရာအရ ခွဲမရတဲ့အထိ မိန်းမအဖြစ်ကို ခံယူထားတဲ့အပြင် သူက အဲဒီဘဝကို အလွန် မြတ်နိုးပြီး မည်သည့် နည်းနဲ့မျှ အခြားတစ်မျိုး မပြောင်းနိုင်ဘူးတဲ့။ ဒီကိစ္စနဲ့ပဲ လူသတ်မှု ဖြစ်ပြီး ထောင်ကျခဲ့တာတဲ့။ စာရေးသူ လူထုဦးလှဟာ သူပြောတာကို နားထောင်ပြီး သူ့အပေါ် ကိုယ်ချင်းစာမိသတဲ့။ ဒါပဲလေ .. ဒါဟာ သူ့ဘဝ၊ သူ့ရွေးချယ်မှုပဲ။ ကိုယ်ချင်းစာ နားလည်ပေးရုံမှတစ်ပါး အခြားသူ ဘာတတ်နိုင်မှာလဲ။

အစွဲကြောင့်

ကိုယ်နဲ့ ပတ်သက်မှပဲ ကိုယ့်ကိုယ်ကို နားလည်ဖို့ လမ်းစပွင့်တာလို့ အကောင်းမြင်ကြည့်။ စိတ်ဆိုးနေသူကို “သည်းခံလိုက်ပါ'လို့ ပြောရတာ လွယ်ပေမယ့် ကိုယ်စိတ်ဆိုးရင် ကိုယ့်ဟာကိုယ် အေးအေးပဲ နေပါရစေလို့ လုပ်သူတွေ လောကမှာ များပါတယ်။ မုန်းစွဲချစ်စွဲ (ပဋိဃာနုနယ) မကင်းသူမှန်ရင် ဒီအတိုင်းပဲ ရှိနေမှာ။ သဘောထားကြီးဖို့ဆိုရင် ဒီအစွဲကို ဖျောက်ဖို့ အနည်းဆုံး အစွန်း မရောက်ဖို့ အဖြူအတိုင်း လက်ခံနိုင်မယ့် ဥပေက္ခာ နှလုံးသားကို လေ့ကျင့်ဖို့ လိုတယ်။

အဖြူအတိုင်း

အဲဒီ အစွဲနှစ်ခုရဲ့ အလယ်မှာ စိတ်ကိုထား။ အရှိအတိုင်း လက်ခံပြီး “ဗုဒ္ဓဝါဒအရ ပရမတ္ထသစ္စာနယ်မှာ ယောက်ျား မိန်းမလို့တောင် မရှိဘူး။ ဘာလို့ သူ့ရွေးချယ်မှုကို ကုစားမှာလဲ’ဆိုတဲ့ နှလုံးသွင်းနဲ့ အစွဲကင်းတဲ့ အကြည့်၊ တန်းတူ အမူအရာနဲ့ မိမိရဲ့ ကာယကံမေတ္တာကို ပြနိုင်အောင် လေ့ကျင့်ပါ။ သူ့ဘက်က သူ့ပကတိအခြေအနေကို ပြောင်းပစ်ဖို့ မဖြစ်နိုင်လို့ သူဟာ ကိုယ်မဟုတ်တဲ့ အတွက်ကြောင့် သူ့ကို အဖြူအတိုင်း လက်ခံရုံကလွဲပြီး အခြားနည်းလမ်း မရှာပါနဲ့။ သူ့ဆန္ဒကို အသိအမှတ် ပြုဖို့ ဆိုလိုပါတယ်။

အတုပြောင်း

ကောင်းကင်က ချမှတ်တယ်ဆိုတဲ့ သေဒဏ်၊ လက်ခြေဖြတ်ဥပဒေနဲ့ ခြိမ်းခြောက်လည်း အတုပြောင်းပဲ ဖြစ်မှာ။ လက်ခံလိုစိတ်နဲ့ လုပ်ရတာမှ မဟုတ်ဘဲ။ ဒါကြောင့်ပဲ BBC Debate တစ်ခုမှာ မီးရောင်အောက်မှာ နေကာမျက်မှန် အထူနဲ့ မျက်နှာကိုမပြဘဲ မပွင့်တပွင့် ပြောနေကြရတာပေါ့။ အသိနဲ့ ပြောင်းမှ အပြောင်းစစ်မှာ။ ဖိအားနဲ့ ဖြစ်တဲ့ အတုပြောင်းကို ဘာလုပ်မလဲ။ ကိုယ့်တူမ ကိုယ့်သား ဖြစ်လို့ပဲ အနေရမခက်ဘဲ ကိုယ်ပါ ရဲရဲကြီး လက်ခံနိုင်အောင် လေ့ကျင့်ရလိမ့်မယ်။

ဂါထာရွတ်

အချစ်စွဲကို ဖျောက်ဖို့ ဂါထာတစ်ခု ပေးမယ်။ အဓိပ္ပာယ်ကို နားလည်ခံစားပြီး ရွတ်ပွားကြည့်။ ‘ရွတ်ပွား’ဆိုတာ ထပ်ခါထပ်ခါရွတ်၊ ပုံမှန်ချိန် သတ်မှတ်ပြီးရွတ်၊ အဓိဋ္ဌာန်ပြုပြီး ရွတ်ဖို့ထိ ဆိုလိုတာ။ စိတ်အလုပ်ဆိုတာ နှစ်လ ရှည်ကြာအောင် ကြိမ်ဖန်များစွာ လုပ်ရတယ်။ အဲဒီဂါထာက ..

ဒိဝါ တပတိ အာဒိစာ၊ ရတ္တိ.မာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟော ရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ သာဒရံ။

နေမင်းဖန်ဝါ နေ့ချိန်ခါ ရောင်ဝါတောက်ပ၏။
လမင်းစန္ဒာ ညအခါ ကြည်ကာလင်းလက်၏။
မင်းဝတ်တန်ဆာ ဝတ်ဆင်ပါ ရာဇာတင့်တယ်၏။
ရဟန္တာရှင် ဈာန်မြူးရွှင် ကြည်လင်ဘုန်းပွင့်၏။
ငါးဖြာတေဇ ကြီးဗုဒ္ဓ နေ့ညထွန်းလင်း၏။
တေဇဖြိုးလတ် သုံးလူ့နတ် ဦးညွတ်ရှိခိုး၏။

စဉ်းစားကြည့်မယ် .. သမ္မတ သို့မဟုတ် စစ်ဗိုလ်ချုပ် တွေရဲ့ တင့်တယ်မှု သို့မဟုတ် အရှိန်အဝါကို သူတို့ ရေချိုးနေတုန်း ရှာလို့ ရပါ့မလား။ နေက နေ့အခါ၊ လကျတော့ ညအခါ တောက်ပတယ်ဆိုတာဟာ လနေတို့ရဲ့ အရှိတရား သို့မဟုတ် အမှန်တရားပဲလေ။ ဒီအရှိတရားဟာ လနေတို့ တည်ရှိသရွေ့ မပြောင်းလဲဘူး။ ဒါကြောင့် အရှိတရားဆိုတာ ထိုအရှိတရားကို နားလည်သူတို့ ရှာတွေ့ချိန်မှာ တန်ဖိုးရှိပြီး အကျိုးရှိတဲ့ သက်ရောက်မှုကို ဖြစ်စေမှာ သေချာပါတယ်။
ဧပြီ ၈၊ ၂၀၁၉။

---

၇၃၆။ မှတ်စုထဲက ယသော်ဓရာ

ဆရာတော် ဘုရား၊ မဟာဗုဒ္ဓဝင်ကျမ်းမှာ ယသောဓရာထေရီ ကွယ်လွန်ပုံကို မဖော်ပြပါ။ ဆရာကြီး ဦးမင်းယုဝေရဲ့ ဟောပြောချက်အရ ယသောဓရာ ထေရီမဟာ သက်တော် ၇၈-နှစ်ထိ ရှည်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်နိုင်လျှင် ယသောဓရာ ထေရီမအကြောင်း အပြည့်အစုံ သိလိုပါသည် ဘုရား။

ဆုနှင်းရည် (ဓမ္မစကူးလ်ဆရာမ)

---

မျိုးရိုးဆက်

ကပိလဝတ်မင်းမှ သီဟဟနုမင်းသားနဲ့ ယသောဓရာ မင်းသမီး .. ဒေဝဒဟမင်းမှ အဉ္စနမင်းသားနဲ့ ကစ္စာနာမင်းသမီး ကပိလဝတ်မင်းသား သီဟဟနုနဲ့ ဒေဝဒဟမင်းသမီး ကစ္စာနာတို့မှ “သုဒ္ဓေါဒန၊ ဓောတောဒန၊ သက္ကောဒန၊ သုက္ကောဒန၊ အမိတောဒန’လို့ သားတော် ၅-ပါးနဲ့ ‘အမိတာ၊ ပါလိတာ'လို့ သမီးတော် ၂-ပါး ဒေဝဒဟမင်းသား အဉ္စနနဲ့ ကပိလဝတ္ထု မင်းသမီး ယသောဓရာတို့မှ ‘သီရိမဟာမာယာ၊ ပဇာပတိဂေါတမီ’ သမီးတော် ၂-ပါးနဲ့ ‘ဒဏ္ဍပါဏီ၊ သုပ္ပဗုဒ္ဓ' သားတော် ၂-ပါး ဖွားမြင် (မဟာဝံသ ၂:၁၅-၂:၂၀)။

မိဘ၊ မွေးရပ်
ကပိလဝတ်မင်းသား သုဒ္ဓေါဒနဟာ ဒေဝဒဟမင်းသမီးတွေ ဖြစ်တဲ့ သီရိမဟာမာယာနဲ့ မဟာပဇာပတိတို့ ညီအစ်မနဲ့ စုံဖက်ရာမှာ ညီမတော်မှ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီမင်းသမီးကို ဖွားမြင်ပြီး၊ အစ်မတော်မှ သိဒ္ဓတ္ထမင်းသားကို ဖွားမြင်။ ဒေဝဒဟမင်းသား သုပ္ပဗုဒ္ဓက ကပိလဝတ်မင်းသမီး အမိတာနဲ့စုံဖက်ရာမှာ သမီးတော် ဘဒ္ဒကစ္စာနာနဲ့ ဒေဝဒတ္တမင်းသားကို ဖွားမြင်တယ် (ယင်း ၂:၂၁-၂၂)။ ဘဒ္ဒကစ္စာနာဟာ ဒေဝဒတ္တရဲ့ ညီမတော်၊ ဘုရားလောင်း မင်းသိဒ္ဓတ်ရဲ့ ကြင်ယာတော်ပါ (မဟာဝံသ၊ဋီ၊၁၊၁၃၆)။

တိဗက်မှတ်တမ်းမှာ မင်းသိဒ္ဓတ်ရဲ့ကြင်ယာ ယသော်ဓရာကို သုပ္ပဗုဒ္ဓရဲ့ညီတော် ဒဏ္ဍပါဏီရဲ့ သမီးတော်လို့ ဆိုတယ် (Rockhill, The Life of the Buddha, p. 20, Foot Note 2)။ မင်းသိဒ္ဓတ်ရဲ့ နန်းတော်မှာ ယသောဓရာ အမည်နဲ့ ဒဏ္ဍပါဏီရဲ့ သမီးတစ်ဦးလည်း ရှိတယ်လို့ ယူရင် သင့်နိုင်မလား။

ယသော်ဓရာလို့ မြန်မာတို့ သိကြတဲ့ မင်းသိဒ္ဓတ်ရဲ့ ကြင်ယာတော် ဘဒ္ဒကစ္စာနာဟာ ဒေဝဒဟထီးနန်းမှာ မွေးဖွားပြီး ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်ရဲ့ မိခင်ဘက်က ညီမဝမ်းကွဲ ဖြစ်တယ်လို့ မှတ်သားပါ။

အမည်ကွဲတွေ

ယသော်ဓရာရဲ့ နာမည်ကွဲတွေက .. ရာဟုလမာတာ (8 ၃။ ၁၁၅)၊ ဘဒ္ဒကဉ္စနာ (ဗုဒ္ဓဝံသ၊ ၃၈ဝ)၊ ဘဒ္ဒကစ္စာနာ (မဟာဝံသ ၂:၂၄)၊ ယသောဓရာ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၄၆)၊ ဗိမ္မာဒေဝီ (ဇာ၊ဋ္ဌ၊၂၊၃၅၂)၊ ဗိမ္ဗသုန္ဒရီ (ဇာ၊ဋ္ဌ၊၆၊၃၃၂)။ ဗိမ္မာဒေဝီကနေ ရာဟုလမင်းသားကို ဖွားမြင်ပြီးနောက် ရာဟုလမာတာလို့ ထင်ရှားလာတာ (ဒီ၊ဋ္ဌ၊၂၊၁၆)။ ရွှေအဆင်းရှိလို့ ဘဒ္ဒကဉ္စနာလို့ခေါ်ပေမယ့် နောင်အခါ ကစ္စာနာ(ဘဒ္ဒကစ္စာနာ) လို့ပဲခေါ် (အံ၊ဋ္ဌ၊၁၊၂၉ဝ)။ လလိတဝိတ္ထာရကျမ်း (စာ-၃၇၅)မှာ ဂေါပါလို့ ဆိုတယ်။ မဟာဗုဒ္ဓဝင် (အတွဲ ၂၊ စာ-၁၅၂)မှာ “ဘဒ္ဒကစ္စာနာ ငယ်မည်သာသော ယသောဓရာဒေဝီ'တဲ့။ ယသော်ခရာဟာ သကျအနွယ် ဖြစ်လို့ ကစ္စာနာ (ကစ္စာနအနွယ်)လို့ ဆိုရာမှာတော့ စဉ်းစားဖွယ် ရှိဦးမယ်။

မိဖုရား

ယသော်ဓရာဟာ ... ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်နဲ့ တစ်နေ့တည်း မွေးလို့ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၁၅၈ စသည်) မင်းသိဒ္ဓတ်နဲ့ သက်တူရွယ်တူပါ။ သက်တော် ၁၆-နှစ်မှာ ကပိလဝတ်မင်းသား သိဒ္ဓတ္ထရဲ့ ကြင်ယာတော် ဖြစ်လာ။ ဆယ်စုနှစ် တစ်ခုကျော် အကြာမှာ သားတော် ရာဟုလာကို ဖွားမြင်။ မွေးဖွားတဲ့ နေ့မှာပဲ မင်းသိဒ္ဓတ် တောထွက်။

မှတ်တမ်းတစ်ခုမှာ မွေးဖွားပြီး ၇-ရက်မြောက်မှာ တောထွက်တယ်ဆိုပေမယ့် အခြားအဋ္ဌကထာ ကျမ်းတွေမှာ မပါလို့ မွေးတဲ့နေ့ တောထွက်တယ်.. ဆိုတာကိုပဲ အတည်ယူဖို့ ဇာတ်အဋ္ဌကထာမှာ အမှာပြုတယ် (ဇာ၊ဋ္ဌ၊၁၊၇၃)။

လောကဓံ

ချစ်ပါလျက် မင်းသိဒ္ဓတ်က တိတ်တဆိတ် 'ထွက်တော်မူ နန်းက ခွါ'တဲ့အခါ မွေးကင်းစ သားတော်လေးနဲ့ သခင်မဲ့ တစ်ကိုယ်တည်း နေခဲ့ရမယ့် ယသော်ဓရာရဲ့ သောကကို လလိတဝိတ္ထာ ရကျမ်း (စာ-၃၇၅)မှာ ပြပုံက ..

န ပိဝိဿာမျာဟံ ပါနံ၊ န ခါဒိဿံ သုဘောဇနံ။
သယိဿာမိ ဘုမျာ ယာဝ၊ န ဒက္ခိဿံ နရုတ္တမံ။
ဗြဟ္မစာရံ စရိဿာမိ၊ ဟိတွာ နှာနံ ဇဋာဓရံ။

သုံးလူ့ထွတ်တင် တို့သခင် မမြင်တွေ့လေဘဲ။
ရေမသောက်လို မစားလို နေကိုနေမည်ခဲ။
မြေကြမ်းအခင်း အိပ်မည်ချင်း မယွင်းမှန်မလွဲ။
ဗြဟ္မစာမျိုး အကျင့်တိုး ရေလည်းမချိုးဘဲ။

အာရှအလင်းရောင် ( The Light of Asia, p.117) ကဗျာမှာ သရုပ်ဖော် ရေးဖွဲ့ပုံက ..

Oh! Creacures of the wandering wing,
If ye shall light where my dear Lord is hid,
Say that Yasodharā lives nigh to death
For one word of his mouth, one tough of him!

အို လှည့်လည်တဲ့ တောင်ပံရှင် သတ္တဝါတို့
ငါ့ ချစ်သခင် ပုန်းရာ မင်းတို့ နားမိရင်
သူ့ နှုတ်စကားတစ်ခွန်း၊ သူ့ အထိတစ်ခုအတွက်
ယသော်ဓရာ သေလုနီးပေါ့ ပြောလိုက်ပါ့။

ချစ်ခွင့်မရှိပြီ

မင်းသိဒ္ဓတ် ဗုဒ္ဓဖြစ်ပြီး ကပိလဝတ်မြို့မှာ ဆွမ်းခံကြွစဉ် နန်းဆောင် ပြတင်းပေါက်က သားတော် ရာဟုလာကို ပြညွှန် ရင်း ကျက်သရေရှိပုံကို ပါဠိ ၁၀-ဂါထာနဲ့ ချီးကျူးခဲ့တယ်။ “ဧသ ဟိ တုယှံ ပိတာ နရသီဟော (ဤကား သင်၏ ခမည်းတော် ယောက်ျားမြတ်တည်း)”အစချီတဲ့ နရသီဟ ၁ဝ-ဂါထာလို့ ထင်ရှားတယ် (ဇာ၊ဋ္ဌ၊၁၊၁ဝ၄)။ ယသော်ဓရာ ပြတင်းပေါက်က ကြည့်ပုံကို ပညာရှိတို့ သရုပ်ဖော်ပုံက ..

သီယံ ဥဋ္ဌာယ ဖန္တီ၊ ဗိမ္မာ သာ ဒဋ္ဌုကာမိနီ။
သီဟပဉ္စရတော ဌတွာ၊ အဒက္ခိ ပေမစေတသာ။


သာ ဗိမ္ဗာ၊ ထိုဦးသစ်ရွှေလှော် ယသော်နန်းနွယ် ရာဟုမယ်သည်။ ဒဋ္ဌုကာမိနီ၊ ကပ္ပီနန်းသို့ ဖြန့်မြန်းကြွဝင် ဘုရားရှင်ကို ဖူးမြင်လိုလှ ဆန္ဒတွေ ပြင်းပြသည်ဖြစ်၍။ ဖန္ဒန္တီ၊ ဣန္ဒြေ လှုပ်ဆောင် တည်တံ့အောင် မနေနိုင်ဘဲ ယောင်ယောင် မှားမှား ရွှေကိုယ်တော် လှုပ်ရှားလျက်။ သီယံ ဥဋ္ဌာယ၊ လျောင်း စက်ရာ သလွန်မြတ် ရတနာထက်မှ ခန္ဓာတော် နုန်းလျသော်လည်း အမြန်ရုန်း၍ ကုန်းကာ ထပြီးလျှင်။ သီဟပဉ္စရတော၊ ရွှေခြင်္သေ့ရုပ် ထုလုပ်မွှမ်းတင် ရောင်ရှင်ထိန်တောက် ပြတင်းပေါက်၌။ ဌတွာ၊ မပွင့်တပွင့် အသာဖွင့်၍ အခန့်သင့် ရပ်တော်မူပြီးသော်။ ပေမစေတသာ၊ ပုထုဇဉ်ဓလေ့ အငွေ့မပြယ် တာတွယ်ယိုဖိတ် ချစ်ခင်သည့်စိတ်ဖြင့်။ အဒက္ခိ၊ ကိုယ်တော့်ရုပ်ပုံ ရွှေကြေးမုံကို အာရုံတော် စူးစိုက်၍ ဦးခိုက်ကာ ဖူးမြော်လိုက်ရှာလေသတည်း။ (MRTV မှာ ရီရီသန့်ဆို)။

ဘုရားဖူးလို ဗိမ္မာပျို လျင်လိုစိတ်စောသည်။
မပွင့်တပွင့် လေသာဖွင့် ချစ်ခွင့်မရှိပြီ။

စန္နကိန္နရီ

သုဒ္ဓေါဒနမင်းကြီး ပင့်လို့ ကပိလဝတ်နန်းတော်မှာ မြတ်ဗုဒ္ဓ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ယသော်ဓရာ လာမဖူးဘဲနေလို့ ဗုဒ္ဓ ကိုယ်တိုင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့နဲ့ အတူ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးပါ ယသော်ဓရာ့အခန်းကို ကြွပြီး ယသောဓရာ သစ္စာရှိခဲ့ပုံကို ညွှန်းတဲ့ စန္ဒကိန္နရီ ဇာတ်ကို ဟောကြားတယ်။ မြန်မာပညာရှိတို့ သရုပ်ဖော်ပုံက ..

ဒဟန္တ သတ္တဝဿာနိ၊ သောကဂ္ဂိံ အဿုဝါရိနာ။
ပါဒပိဋ္ဌေ နိဗ္ဗာပေသိ၊ ရောဒမာနာ ယသောဓရာ။


ခုနစ်နှစ်ကြာ လောင်ပူဗျာ ငိုကာခြေစက်မှီ။
မျက်ရည်ရေစင် ဆေးသန့်လျှင် မေခင်ငြိမ်းခဲ့ပြီ။

ခုနစ်ရက်မြောက်နေ့မှာ သားတော် ရာဟုလာကို အမွေ တောင်းခိုင်း၊ မြတ်ဗုဒ္ဓက သာသနာ့အမွေကိုပဲ ပေးလိုက်တော့ ယသော်ဓရာ ပိုပြီး အထည်းကျန် အဖော်မဲ့သွားမှာပေါ့။

သောကနိဂုံး

မြတ်ဗုဒ္ဓ ၅-ဝါရမှာ မိထွေးတော် ဂေါတမီနဲ့ သကျအမျိုးသမီး ၅၀၀-တို့ ရဟန်းပြုခွင့်ရ။ ယသော်ဓရာက နောက်မှ ရဟန်းပြုပြီး မြတ်ဗုဒ္ဓ သီတင်းသုံးတဲ့ သာဝတ္ထိကို လိုက်လာ။ သားတော်နဲ့ရော မြတ်ဗုဒ္ဓနဲ့ပါ နီးစပ်နိုင်ဖို့ ရည်ရွယ်ရင်းနဲ့ပေါ့။ ထိုစဉ်က ရှင်ဟုလာ ရဟန်းမဖြစ်သေး (ဇာ၊ဋ္ဌ၊၂၊၃၅၂)။

ယသော်ဓရာ ရဟန်းပြုပြီးနောက် ဘဒ္ဒကစ္စာနာထေရီလို့ပဲ ထင်ရှားတယ် (အံ၊ဋ္ဌ၊၁၊၂၉ဝ)။ ရဟန်းပြုပြီး လခွဲအ တွင်း ရဟန္တာဖြစ်တယ် (အပဒါန၊၂၊၄၀၃-ဂါထာ)။ ယသော်ဓရာဟာ ဇနပဒကလျာဏီ (နန္ဒမင်းသားရဲ့ ကြင်ယာ)ထက် စောပြီး ရဟန်းပြုခဲ့တာ (ထေရီ၊ဋ္ဌ၊၈၄)။ နောင်အခါ မဟာအဘိညာဏ် (ကြီးမား ကျယ်ပြန့်တဲ့ အဘိညာဏ်)ကို ဝင်စားနိုင်ရာမှာ ဧတဒဂ်ရ (အံ၊ဋ္ဌ၊၁၊၂၈၉)။ ဒီအဘိညာဏ်မျိုးရသူ ဘုရားတစ်ဆူမှာ ၄-ပါးပဲ ရှိ။ ဒီဘုရားလက်ထက် လေးပါးက အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်၊ အရှင်ဗာကုလနဲ့ အရှင်မ ယသောဓရာတို့ပါပဲ (မဟာဗုဒ္ဓဝင် ၆:၂၊ စာ-၁၃ဝ)။

မိထွေးတော်ဂေါတမီ ရဟန်းပြုချိန်မှာ ရှင်ရာဟုလာ ၁၂-နှစ်ဆိုတော့ ရှင်ရာဟုလာ ရဟန်းမဖြစ်ခင် (နောက်ထပ် နှစ်အတွင်း) ဖြစ်နိုင်လို့ ယသော်ဓရာ ရဟန်းပြုချိန်မှာ သက်တော် ၄၀-ကျော်ပြီလို့ ဆိုနိုင်တယ်။

တပည့်မိခင်

သာဝတ္ထိမှာနေစဉ် တစ်နေ့ ရှင်ရာဟုလာ မိခင်ကို လာတွေ့ခိုက် လေနာထနေတာတွေ့တော့ လူ့ဘဝတုန်းက သရက်သီးဖျော်ရည် သောက်ရင် ပျောက်တာကို အမှတ်ရပြီး ဆရာ ဖြစ်သူ အရှင်သာရိပုတ်ကို လျှောက်။ အရှင်မြတ်က ကောသလမင်းထံ သွားအလှူခံ။ ယသော်ဓရာထေရီ နေမကောင်းလို့ အလှူခံကြောင်းသိရလို့ မင်းကြီးက သရက်ဖျော်ရည် ပုံမှန် ပို့ပေးတယ် (ဇာ၊ဋ္ဌ၊၂၊၃၅၃)။

နောက်တစ်ကြိမ် လေနာထပြန်ရာ အရှင်သာရိပုတ်ကပဲ ကောသလမင်းဆီမှာ ထောပတ်ဆွမ်းနဲ့ ငါးကြင်းသားဟင်းကို အလှူခံပေးရတယ် (ဇာ၊ဋ္ဌ၊၂၊၃၉ဝ)။ သူတော်ကောင်းတို့ရဲ့ တုံ့ပြန်မှုဟာ ကြည်ညိုစရာပါ။

ပါရမီရှင်

ဒီပင်္ကရဗုဒ္ဓကို ပူဇော်ဖို့လာကြတဲ့ ပရိသတ်ထဲမှာ သူဌေးသမီး သုမိတ္တာလည်း ပါတယ်။ သူဟာ အလွန် တက်ကြွစိတ်နဲ့ ဗုဒ္ဓအတွက် လမ်းပြုပြင်နတဲ့ သုမေဓာရသေ့အပေါ် ‘ကြည်ညိုချစ်'ဖြစ်မိပြီး ဘုရားကို ပူဇော်ဖို့ယူလာတဲ့ ကြာပန်း ရှစ်ခိုင်အနက် ငါးခိုင်ကို သုမေဓာရသေ့ကိုမျှဝေရင်း ‘အရှင်၊ အရှင်က ဒီကြာငါးခိုင်နဲ့ ဗုဒ္ဓကို ပူဇော်ပါ။ တပည့်တော်က ကျန် သုံးခိုင်နဲ့ ပူဇော်ပါ့မယ်။ ဒီကုသိုလ်ကြောင့် အရှင့်ဗောဓိဉာဏ်ခရီးမှာ အရှင်နဲ့ ဆုံစည်းပါရစေ’လို့ လျှောက်တယ်။

ဒီပင်္ကရာဘုရားက “သုမေဓာဟာ ဘုရားဧကန် ဖြစ်မယ်၊ သုမိတ္တာလည်း ဘဝများစွာ ပါရမီဖြည့်ဖက် ဖြစ်မယ်'လို့ ဗျာဒိတ်ပေးတော်မူတယ် (အပဒါန၊၂၊၂၆၈-၂၆၉)။

နေဝင်ချိန်

ယနေ့မှာပဲ သက်တမ်း ကုန်ပြီလို့ သိတဲ့အခါ ယသော်ဓရာထေရီဟာ မြတ်ဗုဒ္ဓထံသွားပြီး 'တပည့်တော်၏ အသက် ၇၈ နှစ်ရှိပါပြီ။ သက်တမ်း ကုန်ပြီဖြစ်၍ အရှင်ဘုရားတို့ကို စွန့်ပြီး သွားပါတော့မည် ဘုရား။ ယနေ့ညမှာပင် ပရိနိဗ္ဗာန်စံပါအံ့” လို့ လျှောက်တယ်။ အဲဒီအချိန်က ရာဇဂြိုဟ်အနီးရှိ ဘိက္ခုနီမ ကျောင်းမှာ သီတင်းသုံးနေတာ။ မြတ်ဗုဒ္ဓလည်း ရာဇဂြိုဟ် အနီး တောင်ဝှမ်းတစ်ခုမှာ သီတင်းသုံးနေချိန် (အပဒါန၂၊ စာ-၂၆၄)။ ဒီနောက် မြတ်ဗုဒ္ဓ မိန့်ကြားလို့ တန်ခိုးပြာဋိဟာ ပြတော်မူပြီး အဲဒီညမှာ ပရိနိဗ္ဗာန်စံတယ်။
ဧပြီ ၉၊ ၂၀၁၉။

---

၇၃၇။ နှဲကြိုးဆရာတော်ရဲ့စာ

ဘုန်းကြီး ဘုရား၊ မိတ်ဆွေ ဆရာတော်တွေနှင့် ဆွေးနွေးရင်း “နာဟံ ဒါသော ဘဋော တုယှံ' ဂါထာကို ထေရာပဒါန်မှာလို လို ဇိနာလင်္ကာရမှာလိုလို ဖြစ်နေပါတယ် ဘုရား။ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)ကို ရေးပေးခဲ့တာလို့ ဓမ္မကထိက ဆရာတော်တစ်ပါး ဟောတာကို ကြားဖူးကြောင်းလည်း ဆိုပါတယ် ဘုရား။ ဖြစ်နိုင်လျှင် ထိုဂါထာရဲ့ ကျမ်းညွှန်းကို ရလိုပါသည် ဘုရား။

အရှင်ကုသလနန္ဒ (ခေတ္တ-ကိုလံဘို)

---

မှတ်စုတန်ဖိုး

ငယ်စဉ်က စာတစ်အုပ်ကို ဖတ်တိုင်း ကြိုက်တာတွေ့ရင် လာစာအုပ်ထဲမှာ ရေးမှတ်ထားလေ့ ရှိပါတယ်။ ရန်ကုန်ရောက်တော့ မှတ်စုအဟောင်းတွေကို ဒိုင်ယာရီစာအုပ် အသစ်တွေမှာ ပြန်ကူးထားတယ်။ အားလုံး ဒိုင်ယာရီစာအုပ် ၆-အုပ် ရှိဖူးရာမှာ ရန်ကုန်မှာ ထားခဲ့လို့ ခြကိုက်သွားတဲ့ အထဲမှာ ၄-အုပ် ပါသွားတယ်။ ယခု ဘုန်းကြီး လက်ထဲမှာ ၂-အုပ် ပဲ ရှိတော့တယ်။ အဲဒီ ဂါထာကို အလွတ်ရဖူးလို့ မှတ်စုစာအုပ်ကို လှန်လှောကြည့်ရာမှာ ကံကောင်းလို့ တွေ့ပါတယ် ..

နာဟံ ဒါသော ဘဋော တုယှံ၊ နာဟံ ပေါသာမိ ဒါနိ တံ။
တွမေဝ ပေါသေန္တော ဒုက္ခံ၊ ပတ္တော ဝဋေ အနပ္ပကံ။

မြန်မာပြန်
အဟံ၊ ငါသည်။ တုယှံ၊ သင်ခန္ဓာကိုယ် အကောင်းပုပ်၏။ န ဒါသော၊ ကျေးကျွန်လည်း မဟုတ်။ န ဘဋော၊ မင်းခယော-က်ျားလည်း မဟုတ်။ ဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ တံ၊ သင်ခန္ဓာကိုယ်ကို။ န ပေါသာမိ၊ သင့်အလိုလိုက် သင့်အကြိုက်ကို လိုက်ကာလိုက်ကာ မမွေးမြူနိုင်ပါအံ့။ တွမေဝ၊ သင်ခန္ဓာယုတ် အကောင်ပုပ်ကိုသာလျှင်။ ပေါသေန္တော၊ မဝဝရေး မလှလှရေး ရှာဖွေကာ မွေးခဲ့ရသည်ဖြစ်၍။ ဝဋေ၊ သံသရာဝဋ် မကျွတ်မစဲ ဝဋ်ဆင်းရဲ၌။ အနပ္ပကံ၊ ဤရွေ့ဤမျှ ဂဏန်းချ၍ မရပိုင်းခြား အတိုင်းမသိ များသော။ ဒုက္ခံ၊ ငရဲ ပြိတ္တာ စစွာမကြွင်း ဆင်းရဲခြင်းသို့။ ပတ္တော၊ များစွာဘဝ ရောက်ဖူးလှလေပြီ။ (ဝဋဘေဒနီကျမ်း)

နှဲကြိုးလော

နှဲကြိုးဆရာတော် ဆိုတာ ရှိဖူးပါတယ်။ “ဇလွန်မြို့နယ်၊ နှဲကြိုးရွာမှာ သီတင်းသုံးလို့ နှဲကြိုးဆရာတော်တွင်။ မွေးဖွားတာက ဇလွန်မြို့နယ်၊ ကျုံတုန်းရွာ၊ ညောင်ဝိုင်းရပ်။ မြန်မာ ၁၂၁၂-ခုနှစ် ဖွား၊ ငယ်မည် မောင်ဘိုးသာ။ ရဟန်းဘွဲ့ အရှင်ဇိန။ မြန်မာနှစ် ၁၂၇၆၊ သက်တော် ၆၄၊ သိက္ခာ တော် ၄၅ မှာ ပျံလွန်။ ဝဋဘေဒနီ၊ သမ္မောဟဆေဒနီ၊ သမ္မောဟဒီပနီ၊ သုတ်ကမ္မဋ္ဌာန်း၊ဓာတုဝန္ဒနာဒိ၊ အဘိဓမ္မတ္ထနိယံ၊ သိက္ခာပဒဝိနိစ္ဆယ၊ နှဲကြိုးရှင်ကျင့်ဝတ်.. စသည်ကိုရေး'လို့ ဘုန်းကြီး စုဆောင်းဆဲ 'မြန်မာနိုင်ငံ သာသနာ့ဂန္ထဝင် ကျမ်းပြုပုဂ္ဂိုလ်ကျော်များ' ကျမ်းမှာ မှတ်စုရှိပါတယ်။

ဝဋ္ဋဘေဒနီကျမ်းကို နှဲကြိုးဆရာတော် ရေးပါတယ်။ ဒါကြောင့် အမည်မသိ ရှေးစာဆိုတစ်ဦး ရေးတဲ့ အဲဒီဂါထာရဲ့ မြန်မာပြန် အနက်ကိုတော့ အလွန် အနက်ပေးကောင်းတဲ့ နှဲကြိုးဆရာတော် ရေးတယ်လို့ ဆိုနိုင်ပါတယ်။ ဝဋဘေဒနီကျမ်းကို ဘုန်းကြီးကျောင်းတွေမှာ ရှာရင် ရနိုင်ပါတယ်။

မဖြစ်နိုင်

မင်းကွန်း တိပိဋကဆရာတော်က 'တြိသတ္တဒွေးဧက (၁၂၇၃) ဖွား'ဖြစ်လို့ ဆရာတော် မဖွားခင်ကပင် ဒီပါဠိဂါထာက ရှိပြီးသားပါ။ ဒါကြောင့် မူရင်းဂါထာနဲ့ မူရင်း မြန်မာအနက်ကို မင်းကွန်း ဆရာတော်ကရေးတာ မဖြစ်နိုင်။ မင်းကွန်း ဆရာတော်နဲ့ သက်တော် အလွန် မကွာတဲ့ ဘုန်းကြီးတို့ဆရာ ညောင်တုန်းမြို့ ရွှေဟင်္သာတောရ၊ လင်္ကာရတိုက်ကျောင်း ဆရာတော်တို့လည်း နှဲကြိုးဆရာတော်ရဲ့ ဝဋဘေဒနီကျမ်း ကူးယူနေတာကို ဘုန်းကြီး တွေ့ဖူးတယ်။

အနက်ဆန် ပိုကောင်းအောင် . တိပိဋကဆရာတော်က ပြန်ရေးတာမျိုး၊ မူရင်းဂါထာကိုပဲ သဒ္ဒါအနက် ပိုချောအောင် ပြန်လည် မွမ်းမံတာမျိုးတော့ ရှိနိုင်ပါတယ်။ (စကားမစပ် .. 'တွမေဝ'ကို 'တံယေ၀'လို့ ပြင်ရင် ပိုချောမလားလို့။)
ဧပြီ ၁၄၊ ၂၀၁၉။

မှတ်ချက်များ

တမေဝ’လည်း သင့်မြတ်မယ် ထင်ပါကြောင်း ဘုရား။
အရှင်ဣန္ဒာဝုဓ

သင့်မြတ်ပါတယ်။ ပုံနှိပ်စဉ် တအက္ခရာမှာ ဝဆွဲ ပိုသွားဖြစ်နိုင်သလို တပည့်တော် ရေးကူးတုန်းက မှားတာလည်း ဖြစ်နိုင်ပါတယ်။
အရှင်ကေလာသ

အရင်ကတော့ နပသ (ရန်ကုန်)က မင်းကွန်းဆရာတော် ဘုရားကြီး ရုပ်တုဆောင်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပေးသော ဩဝါဒဆိုပြီး ကျောက်စာ ထွင်းထားတာတော့ ၂ဝဝ၇ အထိ ရှိသေးတယ် ဘုရား။ နာဂစ် ဖြစ်ပြီးနောက် ရုပ်တုဆောင် ပြန်ပြင်တဲ့အခါမှာ အဲဒီ ကျောက်စာပါသည့် အခြမ်းကို အပေါက်လုပ်ပြီး ကျောက်စာကို ဖြိုဖျက်လိုက်ကြတယ် ဘုရား။ ကျောက်စာ အပျက် အစီးတောင် ဘွဲ့နှင်းသဘင်ခန်းမ နောက်က ညောင်ပင်အောက်မှာ ဟိုတုန်းက ပုံထားတာ တွေ့ဖူးခဲ့ပါတယ် ဘုရား။ မူရင်းရေးသားမှုကိုတော့ သေချာမသိပါ ဘုရား။ ရိုသေစွာ ဦးတင်ပါသည် ဘုရား။
အရှင်ဝါသေဋ္ဌ (ဥက္ကံ)

အလွန် အဖိုးတန်တဲ့ သမိုင်းမှတ်ချက်ပါ ဘုရား။ တပည့်တော်တို့ ရှိစဉ်က အဲဒီကျောက်စာ မရောက်သေးဘူး ထင်တာပဲ။ သာသနာတော် ထွန်းကားပြန့်ပွားရေးဌာနက တင်ထားတဲ့ E-library မှာ နှဲကြိုးဆရာတော်ရဲ့ ဝဋဘေဒနီတရား ပေါင်းချုပ် PDF ဖိုင်ကို ရနိုင်ပါတယ်။
အရှင်ကေလာသ

၇၃၈။ တီဗွီမှသီလခံယူလျှင်

ဆရာတော် ဘုရား၊ တပည့်တော်မမှာ လေဖြတ်ထားပါသဖြင့် အကူအညီ မရှိဘဲ ဘုန်းကြီးကျောင်းကို မသွားနိုင်ပါ။ ဆွမ်းခံကြွနေတဲ့ ကိုရင်လေးလည်း ဇာတိရွာကို ပြန်ကြွသွားပါသဖြင့် တီဗွီမှပဲ သီလခံယူရပါသည်။ အဲဒီလို ခံယူပါက သီလမရဟု မိတ်ဆွေများအချို့ ဆိုနေကြပါသဖြင့် ထိုကိစ္စကို ရှင်းပြပေးစေလိုပါသည် အရှင်ဘုရား။

ဒေါ်မလေး (တောင်ဥက္ကလာ)

---

ဓညဝတီ(ရခိုင်) ရဟန်းတော်တွေ မေးလျှောက်တာကို လယ်တီဆရာတော် ဖြေထားတဲ့ အဖြေကို ဦးစွာ လေ့လာပြီးမှ ယုတ္တိကို ကျမ်းညှိကြတာပေါ့။

ရခိုင်ရဟန်းတို့မေး

ရဟန်းသံဃာတော်များ ထင်ရှားရှိလျက် ဘုရားရုပ်ပွား ဆင်းတုတော်ထံမှာ သီလခံယူသော်လည်း သီလမရဟု ပုဂ္ဂိုလ်အချို့တို့ ထုတ်ဆိုမိန့်ဟ ပြောဆိုကြ၏။ ထိုစကားသည် ဘုရားအလိုတော်ကျ ဗုဒ္ဓမတညု ကျမ်းပြုလိမ်မာ အဋ္ဌကထာ ဆရာ၏ အယူနှင့် တူပါမည်လော။

လယ်တီအဖြေ

လူတို့သီလ၌ သီလခံယူသူ၏ နှုတ်ပဋိညာဉ် အတွက် ရသည် မဟုတ်။ လူတို့အား သီလပေးမှုမည်သည် သိက္ခာပုဒ် အစဉ်ကို ကျေပြွန်စွာ ရရှိခဲ့သော် ရဟန်းများအထံသို့ မသွားမူ၍၊ စေတီရှိရာသို့ မသွားမူ၍ မိမိနေရာ၌ပင်လျှင် မိမိအလိုအလျောက် နှုတ်မြွက်၍ ဆောက်တည်လျှင်လည်း ရတော့သည်သာ ဖြစ်၏။ ဘုရားရုပ်ပွား ဆင်းတုတော်ထံမှာ ခံယူရာ၌ ဆိုဖွယ်မရှိ၊ သီလလည်းရ၏၊ ဘုရားကို ရိုသေသမှု ကုသိုလ်လည်း ပွားများ၏။ ထို့ကြောင့် ရဟန်းသံဃာတော်များ ထင်ရှားရှိလျက် ဘုရားရုပ်ပွား ဆင်းတုတော်ထံမှာ ခံယူသော်လည်း သီလ မရဟု ဆိုကြသော ပုဂ္ဂိုလ်များ၏ စကားသည် ကျမ်းဂန်မရှိ၊ ယုတ္တိမရ၊ မန္ဒပုဂ္ဂိုလ်တို့၏ စကားသာတည်း။ (နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ် ၁၊ စာ-၂၈)

အဓိပ္ပာယ်ချုပ်

သီလပေးတဲ့ ဆရာတော်တွေက သီလဆောက်တည်သူတွေ အစဉ်တကျ ဆိုနိုင်အောင် ရှေ့ကဆိုပေးရုံသာ။ သီလ ဆိုတာကို ဆရာတော်တွေက ရော့ယူသွားလို့ ပေးလို့ရတာမျိုး ဟုတ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ဆောက်တည်ရတာမျိုး။ ဒါကြောင့် မိမိဘာသာ တစ်နေရာမှာ ထိုင်ပြီး သီလဆောက်တည်မယ်လို့ ဆန္ဒပြု၊ သိက္ခာပုဒ်ကို နှုတ်က မြွက်ဆိုလိုက်ရင် သီလကို စောင့်ထိန်းသရွေ့ သီလရှိနေတာပဲ။ စေတီ၊ ဆင်းတု ရှေ့မှာ ဆောက်တည်ရင်တော့ သီလရရုံသာမက ဘုရားကို အရိုအသေပြုတဲ့ ကုသိုလ်ကိုပါ အပိုရတယ်။

သင်္ခပါလ

သင်္ခပါလ နဂါးမင်းဟာ ဥပုသ်ဆောက်တည်မယ်လို့ အဓိဋ္ဌာန်ပြု၊ သီလခံယူ(သမာဒိန္နသီလော)ပြီး တောင်ပို့ထိပ်မှာ “ငါ၏ အသားအရေတို့ကို အလိုရှိသူတို့ ယူကြစေ”လို့ အသက်ကိုစွန့်ပြီး လပြည့်လကွယ် နေ့တွေမှာ ဥပုသ်စောင့်တယ် (ဇာ၊ဋ္ဌ၊၅၊၁၇၃)။ စပယျနဂါးမင်းလည်း “ငါ့ကို ပြုလိုရာ ပြုပါစေ” လို့ အဓိဋ္ဌာန်ပြုပြီး အလမ္ပာယ် လက်ထဲမှာ နှိပ်စက်ခံရပေမယ့် အဓိဋ္ဌာန်မဖျက်ဘဲ ဥပုသ်စောင့်တယ် (ဇာ၊ဋ္ဌ၊၄၊၄၆ဝ)။ သာဓိနမင်း (ဇာ၊ဋ္ဌ၊၄၊၃၅၅)တို့လည်း ဒီလိုပဲ ဥပုသ်စောင့်တာပါပဲ။ ဒါကြောင့် ဘုန်းကြီးမရှိဘဲ သီလဆောက်တည်နိုင်တယ်ဆိုတဲ့ လယ်တီဆရာတော်ရဲ့ အဆိုကို အဲဒီ ဇာတ်တော်တွေက ထောက်ခံကြောင်း တွေ့နိုင်ပါတယ်။ ဒါပေမယ့် ..

ဘဝင်ပျင်း

တစ်ချို့က မကျန်းမာလို့ မဟုတ်။ “ဘုန်းကြီးကျောင်းကို သွားမှလား၊ ငါက မိရိုးဖလာလွန် ဗုဒ္ဓဘာသာ'ဆိုပြီး သွားနိုင်လျက် ဘဝင်နဲ့ အပျင်းရောဂါကြောင့် မသွားတာ။ ဒါမျိုးတော့ မသင့်ဘူး။ ဘာလို့ဆို ဘုန်းကြီးကျောင်းကို သွားရင် တရားနာ၊ စေတိယင်္ဂဏ (စေတီယင်ပြင် သန့်ရှင်းရေး စသည်) ဝတ်၊ သံဃာ့ဝတ်တွေ လုပ်ခွင့်ကြုံ၊ သားသမီး မြေးမြစ်တွေလည်း တုယူနိုင်တာပေါ့။ ရဟန်းသံဃာနဲ့ နီးစပ်လို့ မသိတာကို သိခွင့်ရ၊ တစ်ကြိမ်ထက် တစ်ကြိမ် ဗဟုသုတ တိုးလာနိုင်တာပေါ့။ မြတ်ဗုဒ္ဓ လက်ထက်က ဝိသာခါ၊ အနာထပိဏ်တို့လည်း ဘုန်းကြီးကျောင်းကို ပုံမှန်သွားခဲ့ကြတာပဲ။

ဧပြီ ၁၇၊ ၂၀၁၉။

---

မှတ်ချက်များ

သမာဒါနဝိရတီ = ဆောက်တည်ရှောင်’မဟုတ်သော်ငြား သမ္ပတ္တဝိရတီ = တွေ့ရှောင်’လဲ သီလဖြစ်တန်ရာပါ၏။ ဓမ္မဘေရီအရှင်ဝီရိယ

---

၇၃၉။ အသည်းကြွေသလို

အရှင်ဘုရား၊ ဘုန်းကြီးတစ်ပါးက အွန်လိုင်းမှာ မင်းဘူးရွှေစက်တော်ကို အစစ်မဟုတ်၊ ပုံမှားရိုက်ထားတာ၊ သမိုင်းအမှား၊ တိပိဋက ဆရာတော်တွေကအစ အဲဒီ သမိုင်းအမှားကို မျက်စိမှိတ် ယုံကြည်နေကြတာ၊ မိမိကပဲ အဲဒီ သမိုင်းအမှားကို တော်လှန်ရဲတာလို့ ရေးထားသည်ကို တွေ့ရပါသည်။ တပည့်တော်တို့သည် ထိုစက်တော်ရာ အတုကြီးကို သွားဖူးလို့ ကုသိုလ် ရပါဦးမည်လား ဘုရား။

လှလှမြင့်

---

တော်လှန်သူ

အများစုကို သို့မဟုတ် အများစုရဲ့ ယုံကြည်မှုကို တော်လှန်ရင် ထိုအများစုက တော်လှန်သူ အနည်းစုကို သူပုန်လို့ သတ်မှတ်လေ့ ရှိတယ်။ အင်္ဂလိပ်တွေက ဆရာစံကို သူပုန်ဗိုလ်လို့ဆိုခဲ့တာကို အမှတ်ရမှာပေါ့။ မေးခွန်းကို မဖြေခင် အခြေခံကို အရင်ဖတ်ကြည့်။ ပြီးရင် အဖြေပေါ်မှာပါ ..

တူမည်လော

အရှင်ပုဏ္ဏဟာ မြတ်ဗုဒ္ဓထံက ဩဝါဒထူးကို ခံယူပြီး သာဝတ္ထိမြို့ ဇေတဝန်ကျောင်းကနေ နှုတ်ကြမ်း လူကြမ်းတွေ များတဲ့ သုနာပရန္တတိုင်း ဝါဏိဇရွာကို ခြေကျင်ကြွ။ အရှင်မြတ် ဟောပြောလို့ လူအချို့ ယဉ်ကျေးသွားတဲ့အခါ ဒီရွာကို ဗုဒ္ဓကိုယ်တိုင် ကြွတယ်။ ရွာကိုမဝင်ခင် သစ္စဗန္ဓတောင်ပေါ်မှာ အရင်နားပြီး အဲဒီမှာနေတဲ့ရသေ့ကို အရင်ချေချွတ်၊ ရွာထဲမှာ ဆွမ်းခံကြွပြီးအပြန် နမ္မဒါမြစ်ကမ်းမှာ သီတင်းသုံးခိုက် နမ္မဒါနဂါးမင်း တောင်းပန်လို့ မြစ်ကမ်းမှာ ခြေတော်ရာတစ်ဆူနဲ့ သစ္စဗန္ဓတောင်သို့ အပြန်မှာ ရဟန္တာရသေ့ တောင်းပန်လို့ တောင်ပေါ်ရှိ ကျောက်သားပေါ်မှာ ခြေတော်ရာ တစ်ဆူ ပြတော်မူတယ်(မ၊ဋ္ဌ၊၄၊၂၃၉။ သံ၊ဋ္ဌ၊၃၊၂၅)။

ခြေကျင်ကြွလို့

အပရန္တနဲ့ သုနာပရန္တဟာ အတူတူ ဖြစ်နိုင်တဲ့အပြင် “သုနာပရန္တ’ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အရရော ပထဝီကျမ်းတွေ အဆိုအရပါ ဒီဒေသဟာ အိန္ဒိယရဲ့ အနောက်ဖျားမှာ ရှိနိုင်တယ်လို့ မော်လမြိုင် တောင်ပေါက် ဆရာတော်က ဆိုတယ် (ဗုဒ္ဓသာသနိကပဌဝီဝင်၊ စာ-၂၁၇)။

အရှင်ပုဏ္ဏမထေရ် သာဝတ္ထိမြို့ကနေ သုနာပရန္တတိုင်းကို တန်ခိုးနဲ့မကြွဘဲ ခြေကျင်ပဲ ကြွတော်မူနိုင်လို့ တောင်ပေါက် ဆရာတော်ရဲ့အဆိုကို ယုတ္တိအရ လက်ခံနိုင်ဖွယ် ရှိတယ်လို့ ဘုန်းကြီး ယူဆပါတယ်။

မခိုင်လုံ

မြန်မာ့စွယ်စုံကျမ်းမှာ “ဒွတ္တပေါင်မင်း (၄၄၃-ဘီစီ)၊ ညောင်ဦး စောရဟန်းမင်း (၉၄၆-၉၉၁-အေဒီ)၊ ကျောင်းဖြူမင်း (၉၉၁-၁၀၁၃-အေဒီ)တို့ စက်တော်ရာကို ကိုယ်တိုင် အဖူးအမြော် ရောက်၊ အနော်ရထာမင်း (၁၀၄၄-၁၀၇၇-အေဒီ)၊ ကျန်စစ်မင်း (၁၀၈၄-၁၁၁၃-အေဒီ)နဲ့ အလောင်းစည်သူမင်း (၁၁၁၃-၁၁၆၀-အေဒီ)တွေက ရွှေတွေ မြေတွေ လှူဒါန်းကြောင်း’ဆိုပေမယ့် ခိုင်လုံတဲ့ ခေတ်ပြိုင် ကျောက်စာလို အထောက်အထား ရှိမရှိ လေ့လာရဦးမယ်။ ဒါပေမယ့် ..

သေချာတယ်

တံတားဦးတည်မော်ကွန်းမှာ ရှင်မဟာသီလဝံသက ‘ကျယ်ပြောနောင်လာ၊ ငါ့ရိုက်ရာကား၊ သုနာပရန်၊ ကျွန်းမွန်အောင်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ်နှစ်ထပ်၊ စက်ရှင်ကွပ်၍’လို့ ရေးခဲ့သလို ရှင်မဟာရဋ္ဌသာရကလည်း ရွှေစက်တော်သွား တောလားမှာ “တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောင်ပြိုးပြက်သည်'လို့ ရေးတယ်။ ဒါကြောင့် အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ မတိုင်ခင်ကပင် စက်တော်ရာ စေတီတော် တည်ရှိပြီး ဖြစ်နေတာတော့ သေချာတယ်။

ဧပြီ ၁၅၊ ၂၀၁၉ နေ့က ပြင်သစ်မှာ မီးခသွားတဲ့ နော် ထရာဒမ်း ဘုရားကျောင်းဟာ နှစ်ပေါင်း ၈၀၀-ကျော်ပြီတဲ့။ ဥရောပမှာ ရှေးအကျဆုံး ဘုရားကျောင်းဆိုပဲ။ အဲဒီ ဘုရားကျောင်းရဲ့ အမိုးချွန်ကြီး မီးကျွမ်းလို့ ကျိုးကျတာကို ပြင်သစ်လူမျိုးတွေက အသည်းနှလုံး ကြွေကျသလို ခံစားကြရပါသတဲ့။ ရွှေစက်တော်နဲ့ သမိုင်းခေတ် အလွန်ကြီး မကွာနိုင်ပါဘူး။ ရွှေစက်တော်ကတောင် ရှေးကျရင် ကျနေမှာ။

သမိုင်းတန်ဖိုး

ဒါကြောင့် ဒီလို သမိုင်းတန်ဖိုး ကြီးမားတဲ့ အမျိုးဂုဏ်ဆောင် ကိုးကွယ်စရာတစ်ခုကို ခိုင်လုံတဲ့ သက်သေတစ်ခုခု မချပြနိုင်ဘဲ ဘုန်းကြီးတော့ တော်လှန်ရေးစကား မပြောရဲဘူး။ ဒီနေရာမှာ စစ်ခြင်း တုခြင်းကို ငြင်းဖို့ထက် အဲဒီလို ရှေးဟောင်း အဖိုးတန် ရတနာတစ်ပါးကို ပိုင်ဆိုင်ရတာ အတွက် ဂုဏ်ယူပြီး တအံ့တဩ ဖူးမြော်နိုင်ဖို့ သဒ္ဓါတရားကိုပဲ မွေးမြူသင့်တယ်လို့ ယူဆပါတယ်။

ဧပြီ ၁၇၊ ၂၀၁၉။

---

မှတ်ချက်များ

ဘုရား ဂုဏ်တော်ကို စိတ်မှန်းပြီး ကြည့်ညိုလျှင်ပင် ကုသိုလ်ရနိုင်သဖြင့် သဒ္ဓါစိတ်ဖြင့် ယုံကြည်ပါသည် ဘုရား။

ကိုစိုးမင်း (ဖိနစ်စ်)

အများပြည်သူတို့ရဲ့ တည်ရှိပြီးသား ကြည်ညိုစိတ်ကို လျော့ပါးအောင် မရေးသင့် မပြောသင့်။ ရွှေစက်တော်ဟာ ရွှေစက်တော်ပါပဲ။

အောင်ချမ်းသာ

---

၇၄ဝ။ အဆိုကွဲ ရှင်းချက်

ဆရာတော် ဘုရား၊ ကျမ်းကိုး ခိုင်လုံမှုကြောင့် ဆရာတော်၏ ဓမ္မအမေးအဖြေများကို ယုံကြည်စွာ ဖတ်ပါသည်။ “ရပ်သွား ထိုင်လျှင် လျောင်းစဉ်တွင် မြဲယှဉ်သတိ ရှိနေပါ။ သင့်မြတ် ဘောဇဉ်စားဆဲပင် ဆင်ခြင်နှိုင်းချင့် ကျင့်ပေရာ။ ပါးရှားဝေဒနာ ကင်းရောဂါ မာမာစွမ်းကျန်း လန်းလေသာ။ ဝိတ်ကျပေါ့ သွက် နေမခက် အစာကျက်၍ သက်ရှည်မှာ'ဆိုတဲ့ ကောသလမင်းရဲ့ ဝိတ်ချနည်းစာသားကို နှစ်သက်လို့ ကူးယူပြီး တပည့်တော်၏ Wall မှာ တင်ထားပါသည် ဘုရား။

အွန်လိုင်းမှာ ဆရာတော်တစ်ပါးက ‘ပညာသင်ပြီး ကောသလတိုင်းကို ပြန်ရောက်စ ကောသလမင်းသားဟာ ဥဗ္ဗိရီနဲ့ ချစ်သူဖြစ်သွားပြီး နန်းသိမ်းဘိသိက်ခံယူပွဲမှာ သူမလက်ကို ဆုပ်ကိုင်ကာ ကောလဘုရင် ဖြစ်လာခဲ့'ဟု ဆိုပါသည်။ အဲဒါ မှန်ပါသလား ဘုရား။ ဆရာတော်၏ အဖြေ၌ အဲဒီလို ဖော်ပြတာမျိုး မတွေ့မိပါ။

မောင်အုန်း (ကောလင်း)

---

မူရင်းကြည့်

ကေသလမင်း အကြောင်းကို ဖြေဖူးပါတယ်။ မေးခွန်းအမှတ် ၃၅၀ (ပေါင်းချုပ် ၃၊ စာ-၁၁၃၅)မှာ ရှုပါ။ ဘုန်းကြီးရဲ့ အဖြေတွေမှာ လိုအပ်တဲ့ နေရာတိုင်းမှာ ကျမ်းညွှန်းကို ဖော်ပြလေ့ရှိပါတယ်။ ကျမ်းဂန်မှာ မပါဘဲ ပါသယောင်ပြုပြီး ရမ်းမရေးပါဘူး။ ဥဗ္ဗိရီအကြောင်း ကျမ်းညွှန်းလည်း ပါပြီးသားပါ။ ကြည့်နိုင်ရင် အဲဒီညွှန်းပြီး မူရင်းကျမ်းတွေကို ကိုယတ်တိုင် ကြည့်ဖို့ တိုက်တွန်းပါတယ်။ (မူရင်းမေးခွန်းထဲက သတ်ပုံနဲ့ အသုံးအနှုန်းအချို့ကို အနည်းငယ် ပြင်ပေးလိုက်ပါတယ်။)

ကျမ်းရင်းဆို

မူရင်းကျမ်းမှာ “သာ ဝယပ္ပတ္တကာလေ ကောသလ ရညာ အတ္တနော ဂေဟံ နီတာ (ထေရီ၊ဋ္ဌ၊၅၆)'လို့ ဖော်ပြပုံအရ ဥဗ္ဗိရီဟာ ကောသလမင်းသား ဘုရင်ဖြစ်ပြီးမှ နန်းတော်ကို ရောက်လာတဲ့ သဘောရှိပါတယ်။ ဒါ့အပြင် နှစ်အနည်းငယ် (ကတိပယသံဝစ္ဆရ = ၂-နှစ် ၃-နှစ်)ကြာမှ သမီးတော် တစ်ပါး ဖွားလို့ ဘိသိက်သွန်းပေးတယ်လို့လည်း ဆိုတယ် (ညွန်းပြီး)။

ကောသလ မင်းသားဟာ ပညာသင်ရာ တက္ကသိုလ်မြို့ က ပြန်ရောက်စ ထီးနန်းမရခင် ... သာဝတ္ထိမြို့သူ သူဌေးသမီး ဥဗ္ဗိရီနဲ့ ချစ်သူဖြစ်သွားတယ် ဆိုတာမျိုး သို့မဟုတ် ဥဗ္ဗိရီရဲ့ လက်ကို ဆုပ်ကိုင်ပြီး နန်းသိမ်းဘိသိက်ခံယူပွဲ လုပ်တယ် ဆိုတာမျိုးတော့ မတွေ့မိ။ (ထေရီဂါထာ အဋ္ဌကထာမှာ ဗရိလို့ သံတိုနဲ့ပဲ ဖော်ပြပေမယ့် တိပိဋကပါဠိမြန်မာ အဘိဓာန်မှာ ဥဗ္ဗိရီလို့ သံရှည်နဲ့ ဖော်ပြတယ်။) ဒါ့အပြင် ..

ဆိုနိုင်ခဲစွ

ရှေးက ဘုရင်တွေဟာ ထီးနန်းအစဉ်အလာကို တော်ရုံနဲ့ မပယ်ကြလို့ သာမန်သာဝတ္ထိမြို့သူ အရပ်သားဥဗွီရီနဲ့ ဘိသိက်ခံတယ်လို့ဆိုဖို့ အတော်ခက်မယ်။ စုဖုရားကြီးနဲ့ ဘိသိက်ခံ မလို့ ဘိသိက်တော်ဆက် စာတမ်းကို ဖတ်ခါနီး ငယ်ချစ် စုဖုရားလတ်က သီပေါမင်းရဲ့ဘေးမှာ အတင်းဝင်ထိုင်ပြီး ဘိသိက် လုခံတာမျိုး (ဒဂုန်ခင်ခင်လေး၊ စာဆိုတော်ဝတ္ထု၊ စာ-၃၇၂။ စာပေမွေ့သူစာအုပ်တိုက်၊ ၁၉၇၅-ရှု) အပါအဝင် ဘုရင်အနည်းငယ်က လွဲရင် မင်းတုန်းမင်းတောင် ငယ်ချစ် မယ်သဲနဲ့ ဘိသိက်မခံခဲ့ဘူး မဟုတ်လား။

အဲဒီတော့ ပြည်တော်ပြန်စ ကောသလမင်းသားနဲ့ သာဝတ္ထိမြို့သူ ဥဗ္ဗိရီတို့ ချစ်သူဖြစ်သွားကြောင်း၊ ဥဗ္ဗိရီရဲ့ လက်ကို ဆုပ်ကိုင်ပြီး . ဘိသိက်ခံကြောင်း အဆိုရဲ့ ကျမ်းညွှန်းကို ဖြစ်နိုင်ရင် သက်ဆိုင်သူ ဆရာတော်ထံမှာပဲ မေးလျှောက်ကြည့်ဖို့ အကြံပြုပါတယ်။

ဇွန် ၁၄၊ ၂ဝ၁၉။

---

၇၄၁။ ဗောဓိကိုင်းကို ချိုင်ခြင်း

ဆရာတော် ဘုရား၊ တပည့်တော်မတို့ နယူးယောက်မှာ ရာသီဥတု အေးလွန်းတာကြောင့် ဗောဓိပင်ကို မြေမှာချ စိုက်၍ မရပါသဖြင့် အိမ်ထဲမှာပဲ စိုက်ပျိုး ပူဇော်ထားပါသည်။ ကြည်ညိုဖွယ် ဖြစ်အောင် ဗောဓိကိုင်းများကို ဖြတ်တောက် ခုတ်ချိုင်ကောင်းပါသလား ဘုရား။

Dr. တင်မာထွန်း

---

အိမ်နဲ့ ဗောဓိကိုင်း

ဗောဓိအတ္တချို့ ဂေဟံ၊ န ဂေဟတ္ထာယ ဗောဓိ = အိမ်ဆိုတာ ဗောဓိပင်(ကို ဖူးမြော်ဖို့ သို့မဟုတ် ဗောဓိပင်ကို ထားဖို့) အတွက်ပဲ၊ အိမ် (အရိပ်ရဖို့ အိမ်လှပဖို့ စသည် ..)အတွက် ဗောဓိပင်စိုက်တာ မဟုတ်။ ဒါကြောင့် ဗောဓိကိုင်းက အိမ်ကို ထိုးလာရင် မဖြတ်ကောင်း (အဘိ၊ဋ္ဌ၊၂၊၄ဝ၈)'။ သီရိလင်္ကာမှာ အိမ်ကိုထိုးနေတဲ့ ဗောဓိကိုင်းတွေကို မဖြတ်ဘဲ ထားတာ ဒီအဆိုကြောင့် ဖြစ်လေမလား။ ယိုးဒယားမှာ ဒကာမတွေဆီက အလှူပစ္စည်းကို ရဟန်းက လက်နဲ့ မထိမကိုင်သလို ဗောဓိပင်ကို အလွန် ရိုသေလေးစားခဲ့တဲ့ သီဟိုဠ်တို့ရဲ့ အစဉ်အလာကြောင့်လည်း ဖြစ်နိုင်တယ်။

ဒါပေမယ့် ဒီနေမှာ ဗောဓိကိုင်းကိုဖြတ်တဲ့ ရည်ရွယ်ချက်က အိမ်မပျက်စီးအောင်လို့ အိမ်ကို ကာကွယ်ဖို့ ဖြတ်တာ။ နေရာဒေသ အခြေအနေအရ ကြည်ညိုဖွယ် ဖြစ်အောင် လှပအောင် စေတနာကောင်းနဲ့ ဗောဓိပင်ကို ခုတ်ချိုင်ရာမှာ တော့ စဉ်းစားစရာတွေ ရှိတယ် ..

ယုတ္တိအမြင်

သစ်သား သို့မဟုတ် ကျောက်သား အရိုင်းတုံးကို ကြည်ညိုဖွယ် ဗုဒ္ဓဆင်းတုတော် ဖြစ်လာအောင် ပန်းပုဆရာတို့ ဖြတ်တောက် ဆစ်ထုရာမှာ ဖူးမြင်ရသူများ မြတ်ဗုဒ္ဓရဲ့ ပကတိရုပ်သွင်ကို အာရုံယူနိုင်ဖို့ ဖြစ်ပါတယ်။ ဗောဓိပင်ပွားတွေ စိုက်ပျိုး ပူဇော်ကြတာလည်း မဟာဗောဓိပင်အောက်မှာ မြတ်ဗုဒ္ဓ ဗောဓိဉာဏ် ရတော်မူပုံကို အာရုံပြုနိုင်ဖို့ပါ။ ဒီယုတ္တိအမြင်နဲ့ ကျမ်းအဆိုကို ညှိရရင် ..

ကြည်ညိုစိတ်

“ဗောဓိပင်ကို သုတ်သင်ရန် (သန့်ရှင်းရန်) အကိုင်းခြောက်ကို ဖြစ်စေ၊ ဆွေးမြေ့နေသော အကိုင်းကိုဖြစ်စေ ဖြတ်ကောင်းသည်သာ။ ဘုရားရှင် ကိုယ်တော်၌ သုတ်သင်သကဲ့သို့ ကုသိုလ်ဖြစ်၏ (ညွန်းပြီး)'အရ ‘ဗောဓိပင်ကို သုတ်သင်ဖို့' ဆိုရာမှာ ‘ကြည်ညိုစိတ်နဲ့ တင့်တယ်လှပအောင် လုပ်တာလည်း ပါနိုင်တယ်'လို့ အဓိပ္ပာယ်ယူပြီး ..

အကိုင်းခြောက် အကိုင်းဆွေးကို ဖြတ်ကောင်းသလို မလိုအပ်တဲ့ နေရာက ထွက်လာတဲ့ အကိုင်းစိမ်းကိုလည်း ခုတ်ချိုင် ဖြတ်တောက်ခွင့် ရှိတယ်လို့ ဘုန်းကြီး ယူဆပါတယ်။ ‘ဖြတ်ကောင်းသည်သာ’လို့ ဆိုထားပုံအရလည်း ‘လိုအပ်ရင် ဖြတ်ပါ’ဆိုတဲ့ အဓိပ္ပာယ်မျိုး ယူခွင့်ရှိပါတယ်။ ပြိုပျက်ရင် ဖြစ်စေ မသပ်ရပ်ရင်ဖြစ်စေ စေတနာကောင်းနဲ့ စေတီနဲ့ မြတ်ဗုဒ္ဓဆင်းတုတွေကို ပြုပြင်မွမ်းမံကောင်းသလိုပါပဲ။

ဇွန် ၁၇၊ ၂ဝ၁၉။

---

မှတ်ချက်များ

ဒေဝဒတ် ကျောက်မောင်းဆင် လှိမ့်ချတာက ဘုရားရှင် ခြေမတော် သွေးခြေဥရုံသာ။ ဒါပေမယ့် ပြစ်မှားလိုစိတ် ရှိလို့ အန္တရိယကံကြီး ထိုက်တယ်။ ဆရာဇီဝကက သွေးခြေဥကို ခွဲစိတ်တာ အရေမပါ ကွဲတယ်။ ဒါပေမယ့် အနာပျောက်စေလိုတဲ့ စေတနာကြောင့် ကုသိုလ်ထူးကြီးရတယ်။ စေတနာဟာ ကံပါပဲ။

ဓမ္မဘေရီဆရာတော်

စေတနာကောင်းရင် အလုပ်ကောင်းတဲ့ အတွက် အကျိုးပေးလည်း ကောင်းရမှာပါ။

ဝင်းထွန်း

---

၇၄၂။ ပျာကလတ်စိန်တွေ

ဘုန်းကြီး ဘုရား၊ ဘိက္ခုနီသိက္ခာပုဒ် ဝတ္ထုကြောင်း တစ်ခုမှာ ပါသည့် ဖော်ပြချက်နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်တစ်ဦးက အွန်လိုင်းမှ မေးနေပါသဖြင့် ဖြေကြားပေးစေလိုပါသည် ဘုရား။

အရှင်ဥပါလိ၏ ဥပဇ္ဈာယ်ဆရာ ရသေ့ညီနောင် ရှင်တစ်ထောင် အဝင်အပါ ရဟန္တာကြီး အရှင်ကပ္ပီတကသည် သုသာန်၌ သီတင်းသုံးစဉ် သိက္ခာဝါကြီးသည့် ဆဗ္ဗဂ္ဂီ ရဟန်းမ တစ်ဦး ကွယ်လွန်သဖြင့် ရုပ်အလောင်းကို ကျန်ရစ်သူ ဆဗ္ဗဂ္ဂီ ရဟန်းမတို့က အရှင်မြတ်၏ ကျောင်းအနီး မီးသင်္ဂြိုဟ်၊ အရိုးစေတီတည်ပြီး ထိုစေတီသို့သွား၍ ငိုကြပါသည်။ ထိုငိုသံများ နှိပ်စက်သဖြင့် အရှင်မြတ်က ထိုစေတီကို ဖျက်ဆီးပြီး ကစဉ့်ကရဲ ဖြန့်ကြဲထားသည်ဟု ဆိုပါသည်။ ရဟန္တာကြီး တစ်ပါးသည် သူတစ်ပါး၏ ကိုးကွယ်ခံ ပစ္စည်းကို ထိုကဲ့သို့ မညှာမတာ ဖျက်ဆီးသည်မှာ သင့်ပါမည်လား၊ ဖျက်ခိုင်းသူ ရဟန္တာ၏ စိတ်ကို ဟိတ်နှင့်တကွ ဖော်ပြပေးပါဟု မေးထားပါသဖြင့် အဖြေကို သိလိုပါသည် ဘုရား။

ဆရာ့တပည့် ထွန်းဝေ (နန္ဒဝံသ)

---

ဖျက်ကြချေ

အိုးလုပ်သမားရဲ့သား အရှင်ဓနိယ ဆောက်လုပ်ထားတဲ့ သိကြားကွမ်းသွေးကောင် အဆင်းလို နီရဲတောက်ပပြီး လှပတဲ့ မြေညက်ကျောင်းကလေးကို တွေ့တဲ့အခါ မြတ်ဗုဒ္ဓက ‘မဂ်ဖိုလ်မမှီး အချည်းနှီးသော ဓနိယရဟန်းသည် သတ္တဝါတွေကို မသနားပေဘူး။ ရဟန်းတို့၊ ဓနိယရဲ့ကျောင်းကိုသွားပြီး ဖျက်ကြချေ။ မြေညက်ကျောင်းကို မဆောက်ကြနှင့်'လို့ မိန့်တယ်။ အရှင်ဓနိယက လာဖျက်ကြတဲ့ ရဟန်းတွေကို “ရှင်တော် ဗုဒ္ဓက ဖျက်ခိုင်းရင်တော့ ဖျက်ကြပေါ့ ဘုရား”တဲ့ (ဝိ၊၁၊၅၂)။

ဒီနေရာမှာ အဲဒီလို ဆုံးမလွယ်ကူတဲ့ အရှင်ဓနိယရဲ့ စိတ်ထားကို ဘုန်းကြီးတော့ လေးစားတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော့ ‘လုပ်ချင်ရာ လုပ်လို့ရပြီ’လို့ဆိုတဲ့ တောထွက် ကိုယ်တော်ကြီး သုဘဒ္ဒနဲ့ တစ်ခြားစီပဲ။

ဘာကြောင့်

အရှင်ဓနိယ ပင်ပန်းကြီးစွာ ဆောက်လုပ်ထားတဲ့ ကျောင်းကို မဟာကရုဏာရှင် မြတ်ဗုဒ္ဓ ဘာကြောင့် ဖျက်ခိုင်းရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ‘ရဟန်းတွေ အဲဒီလို ကျောင်းမျိုးကို မဆောက်ကောင်းလို့၊ မဆောက်ကောင်းလို့ဘဲ တိတ္တိတို့ရဲ့ အကျင့်နဲ့တူလို့ ဖျက်ခိုင်းတာ။ ဒါကြောင့် ဝိနည်းကျွမ်းကျင်သူရဟန်းသည် ရဟန်းတစ်ပါး မအပ်တဲ့ အသုံးအဆောင်ကို သုံးဆောင်နေတာတွေ့ရင် ယင်းကို ဖျက်ဆီးကောင်းတယ်၊ မဖျက်ပါနဲ့ ပြန်ပေးပါလို့ ထိုရဟန်းက ဆိုခွင့်မရှိဘူးလို့ ကျမ်းဂန်မှာ (ဝိ၊ဋ္ဌ၊၁၊၂၅၁။ သာရတ္ထ-ဋီ၊၂၊၁၁၈)' ဆိုပါတယ်။

ဒီနေရာမှာ “အရှင်ဓနိယရဲ့ မြေညက်ကျောင်းကို ဖျက်ခိုင်းတဲ့ ရှင်တော်ဗုဒ္ဓရဲ့ စိတ်ကို ဟိတ်နှင့်တကွ ဖော်ပြပေးပါ’လို့လည်း မေးခွင့် ရှိလာမှာပေါ့။

အချောင်နေဖို့

ဆဗ္ဗဂ္ဂီဆိုတာ ခေါင်းဆောင် ၆-ပါးရှိတဲ့ ရဟန်းအုပ်စု။ သာဝတ္ထိမြို့သား သူငယ်ချင်းတွေ။ အချောင်နေချင်လို့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလ္လာန်တို့ထံမှာ သင်္ကန်းဝတ်ပြီး သာ-ဝတ္ထိ ရာဇဂြိုဟ် ကီဋာဂိရိမြို့ တွေမှာ သုံးစုခွဲပြီး နေကြတယ်။ သူတို့မှာ နောက်ပါ တပည့်တွေရှိတယ်။ ဒီအထဲ သာဝတ္ထိအုပ်စုက သိက္ခာပုဒ် အသစ်ကို ဖြစ်ပေါ်စေပေမယ့် ပညတ်ပြီးသားကို မချိုးဖောက်ဘူး။ သီလရှိတယ်။ မြတ်ဗုဒ္ဓ ဒေသစာရီ ကြွရင် လိုက်ပါလေ့ရှိတယ်။ ကျန်အားလုံးက သိက္ခာပုဒ် အသစ်ကိုလည်း ဖြစ်ပေါ်စေ၊ ပညတ်ပြီးသားကိုလည်း ချိုးဖောက်တယ်။ အလဇ္ဇီ (အရှက်မဲ့သူ)တွေ (ဝိ၊ဋ္ဌ၊၂၊၁၉၉)။

ပျာကလတ်စိန်

မြတ်ဗုဒ္ဓ ဝါတော်နှစ်ဆယ် လွန်ပြီးမှ ဒီဆဗ္ဗဂ္ဂီ ရဟန်းအုပ်စု ပေါ်လာတာ (ဝဇိရ-ဋီ၊ ၅၂၆)။ ဒါကြောင့် မြတ်ဗုဒ္ဓ သာဝတ္ထိမြို့မှာ အမြဲသီတင်းသုံးပြီးမှ ဒီအေချာင်သမားတွေ လာပြီး သိက္ခာပုဒ်တွေ တစ်ခုပြီးတစ်ခု ပညတ်ရတဲ့ သဘောရှိတယ်။ စူဠဝဂ္ဂပါဠိတော် ဘိက္ခုနီခန္ဓကကို ကိုးကားပြီး ပညာရှင် လာလာဆေကေရ ပုဂ္ဂိုလ်က ဒီရဟန်းအုပ်စုမှာ သူတို့လို သိ-က္ခာပုဒ်ကို ချိုးဖောက်လိုတဲ့ ဘိက္ခုနီ တပည့်တွေလည်း ရှိတယ်လို့ ဆိုတယ် (Plai Proper Mames, II, p. 926)။ “ဆဗ္ဗ-ဂ္ဂိယာ ဘိက္ခုနိယော = ဆဗ္ဗဂ္ဂီ ရဟန်းမများ'လို့ ထိုထို သိက္ခာပုဒ်တွေရဲ့ နိဒါန်းမှာလည်း အများကြီး တွေ့ရပါတယ်။

ဒီနေရာမှာ ကောက်ချက်ချလိုတာက “ဆဗ္ဗဂ္ဂီရဟန်းမတွေ’ဆိုတာ သူတို့ရဲ့ ဆရာတွေလို သီလသိက္ခာကို များစွာ မြတ်နိုးသူတွေ မဟုတ်ဘူး။ အရပ်စကားနဲ့ပြောရင် ‘ဘိက္ခုနီ ပျာကလတ်စိန်တွေ”။

သူတို့ဘာလဲ

“ဘိက္ခုနီတွေရဲ့ငိုသံကို မကြိုက်လို့ ဖျက်ဆီးတယ်’ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဋီကာတွေမှာ အထူးမဖွင့်။ ဒါပေမယ့် အဲဒီလို ဖျက်ဆီးနိုင်လောက်သော ဝိနည်းနဲ့ မညီခြင်း စတဲ့ အခြားအကြောင်းတရားလည်း ရှိနိုင်တယ်။ အရှင်ဓနိယ ကျောင်းကို မြတ်ဗုဒ္ဓ ဖျက်ခိုင်းတာကို ထောက်။ အရိုးစေတီကို ဖျက်ဆီးတဲ့ အရှင်ကပ္ပိတကကို သတ်ပစ်ဖို့ထိ ကြံစည်တာ၊ မိမိဆရာကို အသိပေးတဲ့ တပည့်ဖြစ်သူ ဝိနည်းဧတဒဂ်အရှင်ဥပါလိကိုပင် ဝိုင်းပြီး ဆဲဆိုကြတဲ့အတွက် ဒီဘိက္ခုနီတွေမှာ သူတော်ကောင်း စိတ်ဓာတ် မရှိတာ သေချာတယ်။

အဖြေ

အရှင်ဓနိယရဲ့ မြေညက်ကျောင်းကို မြတ်ဗုဒ္ဓက ရဟန်းတွေကို ဖျက်ဆီးခိုင်းတာ သေချာတယ်။ အရှင်ကပ္ပိတက မထေရ်ဟာ ဥရုဝေလာက ရသေ့ညီနောင် ရှင်တစ်ထောင် အပါအဝင် ရဟန္တာ၊ အရှင်ဥပါလိရဲ့ ဥပဇ္ဈာယ်ဆရာ ဖြစ်တာလည်း အမှန်ပါပဲ။ ဒီဘုရား ရဟန္တာ အရှင်မြတ်ကြီးတွေဟာ သူတစ်ပါးကို နစ်နာစေလို ပျက်စီးစေလိုတဲ့ စိတ်ဆိုး စိတ်ယုတ်နဲ့ ထိုကဲ့သို့ မဖျက်ဆီးတာတည်း သံသယ ဝင်စရာမလို၊ သေချာရမှာပဲ။

အဲဒီ ဘုရား ရဟန္တာတွေမှာ ဖြစ်တဲ့ ‘ဟိတ်နဲ့တကွသော စိတ်’လား .. အို ဒါကတော့ အဘိဓမ္မာကို သင်ဖူးမှာမို့ သိပြီးသား နေမှာပါ။ ဖြေစရာ မလိုတော့ပါဘူး။

ဇွန် ၁၈၊ ၂ဝ၁၉။

---

မှတ်ချက်များ

အလွန် ကြောင်းကျိုး ဆီးလျော်ရုံမက ပြည့်စုံပြီး စေ့စပ် သေချာလှတယ်လို့ ခံစားမိပါတယ် ဆရာတော် ဘုရား။ ဆရာတော် ကျန်းမာစွာ သာသနာပြုနိုင်ပါစေ။ ကျေးဇူးတင်ပါတယ် ဘုရား။

ဒေါ်မြင့်စိန် (အုတ်ကလန်)

ယောနိသော မနသိကာရ မြတ်ဓမ္မ နေ့ညနှလုံးသွင်း။

(ထွဋ်ခေါင်ဆရာတော်)

---

၇၄၃။ နမော တဿ ပေါင်းဆို ခွဲဆို

ဆရာတော် ဘုရား၊ အွန်လိုင်းမှာ ဘုန်းကြီးတစ်ပါးက နမော တဿ ဘဂဝတော-လို့ တဿနဲ့ ဘဂဝတောကို ပေါင်းဆိုမှ မှန်တယ်ဟု ဆိုပါသည်။ တပည့်တော်က နမော ... တဿ ဘဂဝတော-လို့ နှုတ်ကျိုးနေလို့ ပြင်ရခက်နေပါသည်။ နမော တဿကို ဘယ်လို အမှန်ဆိုရမလဲ ဘုရား။ နမော တဿ မြန်မာအနက်ကိုလည်း ရလိုပါသည် ဘုရား။
ရင်ရင်အေး (ကမ္ဘာအေး)

---

အမှတ်ရ

မန္တလေးက ဘွဲ့ကြီးတစ်ခု ရထားတဲ့ ဘုန်းကြီးတစ်ပါးနဲ့ အတူ ဝါဆိုစဉ်က တဿနဲ့ ဘဂဝတော-ကို ပေါင်းရမလား ခွဲဆိုရမလားလို့ မေးဖူးတယ်။ “အတက်အထွက်၊ နိယတ် ..အနိယတ်'စတဲ့ ပါဠိသဒ္ဒါ စည်းကမ်းတွေကို ကျွမ်းတဲ့ အဲအရှင်က ပေါင်းဆိုမှ မှန်တယ်လို့ တရားသေ ပြောဖူးတယ်။ သူစာလိုက်ဖူးတဲ့ ဆရာတွေလည်း ပေါင်းပြီးပဲ ဆိုပါသတဲ့။ သူက “စာမေးပွဲဘဝင်’ရှိတာမို့ နားထောင်ရုံပါပဲ။ မိမိဆီက ဗဟုသုတကို မျှဝေဖို့ ခက်သူတွေ လောကမှာ ရှိတတ်ပါတယ်။

သူ့ဆီက

ဘုန်းကြီးက နိုင်တော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှာ စာသင်သားအဖြစ်နဲ့ ၂-နှစ်၊ စာချဘုန်းကြီး အဖြစ်နဲ့ ၁၂-နှစ် (၁၉၈၆-ကနေ ၂၀၀၀-ထိ) နေခဲ့ဖူးတယ်။ အဲဒီမှာတော့ “နမော ... တဿ ဘဂဝတော .. အရဟတော .. သမ္မာသမ္ဗုဒ္ဓဿ'လို့ တဿနဲ့ ဘဂဝတော-ကို ပေါင်းဆိုပြီးတော့ပဲ ဘုရားရှိခိုးရတယ်။ ‘အဲဒီလို ပေါင်းဆိုမှ မှန်တာလား'လို့ နှံ့စပ်စေ့စပ်ပြီး သုတေသနဉာဉ်ရှိတဲ့ အရှင်စန္ဒဝရ-မြောင်းမြ (ပျံလွန်ရှာပြီ)ကိုမေးတော့ သူက “ဘယ်လိုဆိုဆို မှန်ပါတယ်'တဲ့။

တဿနဲ့ ဘဂဝတောကို ပေါင်းဆိုလည်း မှန်တယ်၊ တစ်ပုဒ်စီ ခွဲဆိုလည်း မှန်ပါတယ်။ ဘုန်းကြီးစန်က “ဓနဉ္ဇာနီသုတ် အဖွင့် ဋီကာ'ကို ညွှန်းပါတယ် ..

ငါးပုဒ်ဂါထာ

နမော ။ပ။ သမ္မာသမ္ဗုဒ္ဓသာတိ ဧဝံ ဝုတ္တာ ပဉ္စပဒိကဂါထာ။ သတ္ထုသာသနေ ဟိ လောကိယစ္ဆန္နံ အနပေက္ခိတွာ ဧသော ပဉ္စပဒိကဂါထာတိ ဒဋ္ဌဗ္ဗာ = နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ဟု ဆိုရသော ငါးပုဒ်ရှိသော ဂါထာ။ မှန်၏၊ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ ဤ နမော တဿ-စသည်ကို လောကီ အလိုဆန္ဒကို မငဲ့ကွက်ဘဲ (ရွတ်ဆိုရသော) ငါးပုဒ်ရှိသော ဂါထာဟု မှတ်ရမည် (သံ၊ဋီ၊၁၊၂၅၄)'။

နမော တဿ ဘုရားရှိခိုးကို ငါးပုဒ်ပါတဲ့ဂါထာ ‘ငါးပုဒ်ဂါထာ'လို့ ခေါ်တယ်။ နမော တဿ-လို့ လက်ချိုးဆိုကြည့်ရင် ငါးပုဒ် ရှိတယ်လေ။

ခွဲဆိုအနက်

အရဟတော၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူပေသော။ ဘဂဝတော၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံပေသော။ တဿ၊ ထိုမြတ်စွာဘုရားအား။ နမော = နမာမိ၊ ရှိခိုးပါ၏။

ပေါင်းဆိုအနက်

အရဟတော၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သစ္စာဉေယျ ဓမ္မအပုံအလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူပေသော။ တဿ ဘဂဝတော၊ ထိုဘုန်းတော်သခင် ဘုရားရှင်အား။ နမော = နမာမိ၊ ရှိခိုးပါ၏။ (ကျက်မှတ်လွယ်ရုံပါ)။

မျှဝေပါ

ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရတိုက်မှာ အဋ္ဌသာလိနီကို ပို့ချတော်မူတဲ့ ပဌမကျော် ဘဒ္ဒန္တဣန္ဒာဝုဓဉာဏာဘိဝံသ (ပျံလွန်)ဆီမှာ သင်ခဲ့ရတဲ့ “နမော တဿ” အနက်မှာ သဒ္ဒါနည်းလည်းမှန်၊ အနက်ဆံလည်း ငြိမ့်ညောင်းပြီး အလွန် ပြည့်စုံပါတယ်။ အရင်က မှတ်စုစာအုပ်မှာ ရှိပေမယ့် ခုရှာမတွေ့ဘူး။ မှတ်မိသူတို့ မျှဝေကြပါ။ ဆရာတော်က တသဿနဲ့ ဘဂဝတောကို ပေါင်းဆိုတာကို နှစ်သက်ကြောင်းပါ။
ဇွန် ၁၇၊ ၂ဝ၁၉။

---

၇၄၄။ လူရဟန္တာ ထပ်ရှင်း

အရှင်ဘုရား၊ ဗာဟိယဒါရုစီရိယ ရဟန္တာကို ရဟန်းမပြုလိုက်ရသော်လည်း အပဒါန်ပါဠိတော်မှာ ဗာဟိယဒါရုစီရိယ မထေရ်ဟု မှတ်တမ်းတင်ပါသည်။ တစ်ခြား သန္တတိ အမတ်လို လူဝတ်နဲ့ရဟန္တာ ဖြစ်သူများကို မထေရ်စာရင်း သွင်းတာ မတွေ့ရပါ။ မေးလျှောက်လိုသည်မှာ အရိယာဖြစ်သွားသူ မှန်သမျှ ရဟန်းမပြုရသော်ငြား ထေရထေရီ အလိုလို ဖြစ်သွားပါသလား၊ ရှင်းပြပေးပါ ဘုရား။
ဘုရားတပည့် ခိုင်ဟိန်း (နှောပင်ရွာ)

---

လူအရိယာပဲ

မေးခွန်းရဲ့ နောက်ဆုံးပိုင်းကို အရင်ဖြေရရင် .. အရိယာ ဖြစ်သွားသူမှန်သမျှ ရဟန်းမပြုရသော်ငြား ထေရထေရီ အလိုလို မဖြစ်သွားနိုင်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာတွေက လူဝတ်နဲ့နေနိုင်တဲ့အတွက် ရဟန်းမပြုသရွေ့ လူအရိယာပဲ ဖြစ်နိုင်ပြီး ရဟန်းအရိယာအနေနဲ့ ထေရထေရီ မဖြစ်နိုင်။ ထေရထေရီ ဖြစ်ချင်ရင် ရဟန်းပြုရမှာပေါ့။ လူဝတ်နဲ့ ရဟန္တာ ဖြစ်သူတွေမှာတော့ ဆွေးနွေးစရာ ရှိတယ်။

လူဝတ်နဲ့ ရဟန္တာ ဖြစ်သွားသူတွေကို မေးခွန်းအမှတ်- ၆၈၇ (ပေါင်းချုပ် ၅၊ စာ-၂၄၁၇)မှာ ရှုပါ။ ဒီမှာတော့ မေးခွန်းနဲ့ ပတ်သက်တာကိုပဲ အနည်းငယ် ထပ်ပြောပါမယ်။

ရှစ်ပါးထဲမှာ

ဘုန်းကြီး လေ့လာမိသမျှ လူ့အသွင်နဲ့ ရဟန္တာဖြစ်တာ ....... ဒနမင်း၊ သန္တတိအမတ်၊ ဗာဟိယဒါရုစီရိယ၊ ဂီတသောက လူငယ်၊ ဥဂ္ဂသေန သူဌေးသား၊ ဘဒ္ဒဇိလုလင်၊ ယသ သတို့သား၊ ခေမာမိဖုရား'လို့ ကျား ၇-ဦးနဲ့ မ ၁-ဦးအနက် ပထမ ၄-ဦးက ရဟန်းမပြုဘဲ ပရိနိဗ္ဗာန်စံတယ်။ ကျန် ၄-ဦးက ရဟန္တာဖြစ်ပြီး ရဟန်းအဖြစ်နဲ့ သက်တော် ရှည်ကြတယ်။

ဘာကြောင့်

သက်တော်ရှည် ၄-ဦးထဲက ဘဒ္ဒဇိ၊ ယသနဲ့ ခေမာမိဖုရားတို့ပဲ ထေရထေရီဂါထာနဲ့ အပဒါန်တွေမှာ မှတ်တမ်းတင်တယ်။ ဥဂ္ဂသေန မတွေ့မိ။ ပရိနိဗ္ဗာန်စံသူတွေထဲက သုဒ္ဓေါဒနမင်း၊ သန္တတိအမတ်တို့ရဲ့ မှတ်တမ်း မတွေ့မိ။ ဗာဟိယဒါရုစီရိယ ရဟန္တာကတော့ ‘ဘီလူးပူးနေတဲ့ နွားမ ခတ်လို့ အမှိုက်ပုံမှာ လဲနေစဉ် မိမိရဲ့ ဘဝဖြစ်စဉ်ကို ပြောပြခဲ့ကြောင်း' ထေရာပဒါန်မှာ (အပဒါန၊၂၊၁၃၀) ဆိုတယ်။

အပဒါန်ဆိုတာ .. ရဟန္တာ ရဟန္တာမတွေရဲ့ အဋ္ဌပ္ပတ္တိ။ ထေရထေရီဂါထာဆိုတာ .. ထင်ရှားတဲ့ ရဟန္တာမထေရ် မထေရ်မတွေရဲ့ ကိုယ်တိုင် မြွက်ဆိုချက်တွေ။ ဒါတွေကို သံဂါယနာတင် မထေရ်တို့က ကျမ်းစာအဖြစ် စုစည်းခဲ့တာ။ “သာဝကပါရမီထူး ရှိသူတွေကိုပဲ အပဒါန်မှာ မှတ်တမ်း တင်တာဖြစ်လို့ ထေရထေရီ ဂါထာမှာပါတဲ့ မထေရ် မထေရ်မအချို့ အပဒါန်မှာ မပါဘူး (ထေရထေရီဂါထာ-မြန်၊ စာ-၄)'။

ပါရမီထူးရှိသူ

ဗာဟိယ ဒါရုစီရိယ ရဟန္တာဟာ .. သပိတ်သင်္ကန်း ရှာဆဲမှာပရိနိဗ္ဗာန်စံတာ၊ သာမဏေလား ရဟန်းလားလို့ အခြားရဟန်းတွေက သံသယဖြစ်တာတွေကို ထောက်ရင် ပရိနိဗ္ဗာန်စံစဉ်မှာ ပျဉ်ချပ်အဝတ်နဲ့ပဲ ရှိဦးမယ်။ ဒါပေမယ့် သူ့အလောင်းကို ဗုဒ္ဓကိုယ်တိုင် ရဟန်းတွေကို သင်္ဂြိုဟ်ခိုင်း၊ ဓာတ်တော်ကို စေတီတည်ခိုင်းတဲ့ပြင် ပရိနိဗ္ဗာန်စံပြီးမှ ခိပ္ပါဘိည ဧတဒဂ်ဘွဲ့လည်းပေးတယ် (အပဒါန၊ဋ္ဌ၊၂၊၂၃၈)။ဒါကြောင့် ဒီရဟန္တာဟာ သာဝက ပါရမီထူးရှိသူ ဖြစ်ကြောင်း သိနိုင်တယ်။

အဖြေ

အဖြေပေါ်ပါပြီ ... သာဝက ပါရမီထူးလည်း ရှိမယ်၊ ကိုယ်တိုင် မြွက်ဆိုချက်လည်း ရှိမယ်ဆိုရင် ထေရထေရီ ဂါထာမှာရော အပဒါန်မှာပါ ပါနိုင်ပြီး ကိုယ်တိုင် မြွက်ဆိုချက်သာရှိပြီး သာဝကပါရမီထူး မရှိရင် ထေရထေရီဂါထာမှာပဲ ပါနိုင်တယ်၊ နှစ်မျိုးလုံးမရှိရင် နှစ်မျိုးလုံးမှာ မပါနိုင်ဘူးလို့ ယေဘုယျ ဆိုနိုင်ပါတယ်။ ဗာဟိယဒါရုစီရိယ ရဟန္တာကြီး အမှိုက်ပုံမှာ လဲနေစဉ် ရွတ်ဆိုတဲ့ ဂါထာတွေက ထေရာပဒါန်မှာပဲ ပါတယ်။

သုဒ္ဓေါဒနမင်း၊ သန္တတိအမတ်တို့ဟာ သက်တော် ရှည်ခဲ့ရင် ရဟန်းပြုကို ပြုမှာဖြစ်လို့ ၎င်းတို့ရဲ့ မှတ်တမ်း ရှိခဲ့ရင်တောင် ဗာဟိယဒါရုစီရိယလို မထေရ်လို့ပဲ သံဂါယနာ တင်မယ်လို့ ထင်မြင်ကြောင်းပါ။
ဇွန် ၂ဝ၊ ၂ဝ၁၉။

မှတ်ချက်များ

ဗာဟိယဒါရုစိရိယက အိမ်ရာတည်ထောင်မှုကို စွန့်ခွာပြီး ပရိဗိုဇ်ရဟန်းအဖြစ် နေလာခဲ့သူ ဖြစ်နေတာကလည်း သုဒ္ဓေါဒနတို့ သန္တတိတို့ထက် ထူးခြားတယ်။
ဓမ္မဘေရီ ဆရာတော်

ဆရာတော့် အလိုအရ ပရိဗိုဇ်ရဟန်း ဖြစ်နေတာကြောင့်လည်း ကျန်နှစ်ယောက်ထက် ထူးခြားပြီး ‘မထေရ်’လို့ သုံးနိုင်ခွင့် ပိုများပါတယ်။
အရှင်ကေလာသ

သာဓု သာဓု သာဓုပါ ဘုရား။ နောက်ဆုံး သေခါနီးမှာ ဘဝ ပြတ်သွားတဲ့ လူတွေ ဘုရားပွင့်ပြီး နောက်ပိုင်း အများကြီးရှိမယ်လို့ ထင်ပါသည် ဘုရား။ ကိလေသာကုန်ဖို့ ရဟန်းပြုဖို့ လိုပါသလား ဘုရား။
ဦးအောင်ခင်

ဒုက္ခက္ခယ = ဘုရားပွင့်ပြီး နောက်ပိုင်း ဒုက္ခကုန်ဆုံးသွားသူတွေ အများကြီး ရှိနိုင်ပါတယ်။ ကိလေသာ အချို့အဝက် ကုန်ဖို့ ရဟန်းပြုစရာ မလိုဘူး။ ကိလေသာ အားလုံးကုန်ပြီးရင် ရဟန်းပြုကို ပြုသွားပါတော့တယ်။
အရှင်ကေလာသ

မိမိထင်မြင်ချက် ကောက်ချက်ကို အားလုံးခြုံပြီး ဆွဲပြတာလည်း ကောင်းပါတယ် ဘုရား။
အရှင်သြသဓ

မှန်ပါ့ ဘုရား၊ ‘ဘာကြောင့်'ဆိုတဲ့ ခေါင်းစဉ်ခွဲ အောက်က စာ နှစ်ပိုဒ်ကို ရေးနိုင်ဖို့ အနည်းဆုံး ကျမ်းစာအုပ် ၆-အုပ်ထက် မနည်းကို ဖတ်ရမှာဖြစ်လို့ ဆရာရဲ့ သုတေသန ဝီရိယကို မလေးစားဘဲ မနေနိုင်ပါ ဘုရား။
တပည့် ကုသလ

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိယော ဒါရုစီရိယော (အံ၊၁၊၂၅)မှာ ဗာဟိယဒါရုစီရိယကို ဘုရားကိုယ်တိုင် ဘိက္ခုစာရင်းထဲ ထည့်ပြီး ဟော တော်မူခြင်း အကြောင်းကိုလည်း ဒီပို့စ်ထဲက အဖြေအတိုင်း မှတ်ယူလို့ ရနိုင်ပါသလား ဘုရား။
ချင်းတွင်း ဘိက္ခု

ရနိုင်ပါတယ်။ ယုတ္တိအရ ဗာဟိယဒါရုစီရိယ ပရိနိဗ္ဗာန်စံစဉ် သင်္ကန်း မဝတ်ရသေးပေမယ့် ဘုရားရှင်က ဘိက္ခုလို့သုံးလို့ပဲ ‘မထေရ်’လို့ သံဂါယနာ မှတ်တမ်းတင်တာ ဖြစ်နိုင်တယ်။
အရှင်ကေလာသ

---

၇၄၅။ မဟာဝိဟာရထုံး နှလုံးမူ

ဆရာတော် ဘုရား၊ အွန်လိုင်း ပို့စ်တစ်ခု ဖတ်လိုက်ရပါသည်။ အဲဒီပို့စ်မှာ လိုရင်းက “ဘုန်းကြီးကျောင်းက သင်္ကန်းကို ဝယ်ပြီး ဘုန်းကြီးကို ပြန်လှူတာမျိုးလို သူများ လှူပြီးသား ပစ္စည်းကို ဝယ်ပြီးပြန်လှူရင် ကုသိုလ် မရဘူးဆိုတာ ဟုတ်ပါသလား'ဆိုတဲ့ မေးခွန်းကို နိုင်ငံခြားသား ရဟန်းတော်က ဖြေသည်ဆိုပြီး အောက်ပါအတိုင်း တွေ့ရပါသည် ဘုရား ..

၁။ (က) ဒကာမကို ရဟန်းက သင်္ကန်းတွေကို ပိုက်ဆံနဲ့ ရောင်းလိုက်ရင် ရဟန်းလည်း ငရဲကျမယ်၊ သာသနာကို ဖျက်ဆီးရာ ရောက်လို့ ဒကာမလည်း ငရဲကျမယ် (ခ) ရဟန်းသည် ပိုက်ဆံ မသုံးရ၊ ပစ္စည်း မရောင်းရ။ ဖလှယ်တာ မလုပ်ရလို့ အဲဒီလို လုပ်ရင် ငရဲကြီးတယ်။

၂။ (က) ဝေဘူဆရာတော်ဟာ ပိုက်ဆံကို စာအိတ်နဲ့ ကပ်လည်း လက်မခံပါဘူး။ ဝိနည်း မလိုက်နာတဲ့ ရဟန်းတွေကို အားပေးတဲ့ ဒကာဒကာမတွေဟာ အကုသိုလ်ကို အကြီးကြီး စုနေတာလို့ ဝေဘူဆရာတော်က မိန့်တယ်။ (ခ) ဒါကြောင့် ရဟန်းတွေ ဝိနည်းကျိုးပေါက်အောင် အားပေးတဲ့ ဒကာမတွေ အကုသိုလ်ကို စုတယ်၊ ငရဲကြီးတယ်။ အားမပေးရင် ကုသိုလ်တွေစု၊ နတ်ပြည် နိဗ္ဗာန်နဲ့ နီးတယ်။

၃။ ခုခေတ် ရဟန်းတွေကို ဝိနည်း လိုက်နာလား မလိုက်နာဘူးလားလို့ သွားစစ်ရင် အများကြီး ခက်ခဲနိုင်တယ်။

၄။ (က) ‘ဝိနည်းနဲ့မညီရင် ငရဲကြီးတယ်လို့ ဋီကာကျမ်းမှာ ပါတယ်’လို့ ဒကာ ဒကာမတွေက ရဟန်းကို ဆုံးမရမယ် (ခ) ဘုန်းကြီးကျောင်းမှာ အပိုသင်္ကန်းတွေကို အများကြီးစုမထားဘဲ လိုတဲ့နေရာမှာ ပြန်လှူဖို့ မေတ္တာနဲ့ အကြံပေးရမယ်။

ဒီဖြေဆိုချက်အပေါ် ဆရာတော်၏ သုံးသပ်ချက်ကို မျှဝေပေးပါ ဘုရား။ ရှိခိုး ဦးတင်လျက်ပါ ဘုရား။
အောင်ကျော်ကျော် (ဒဟတ်ကုန်း)

---

၂၁-ရာစု ရဟန်း သာမဏေတွေရဲ့ နေထိုင်မှုဘဝနဲ့ အတော်အတန် လိုက်လျောညီထွေ ဖြစ်သင့်တယ်ဆိုတဲ့ ရှုထောင့်ကနေ ဆွေးနွေးပါမယ်။ လျောက်ပတ်တဲ့ နှလုံးသွင်း ရှိနိုင်ဖို့ စဉ်းစားစရာ အတွေးစတွေကို ဦးစွာ မျှဝေပါမယ်။ ပြီးမှ အဖြေကို စဉ်းစားကြတာပေါ့။

ပြောင်းလဲခြင်း

“ဗုဒ္ဓသာသနာ တည်တံ့ရန် ပရိယတ္တိသည် မူလဖြစ်၏ (ဒီ၊ဋ္ဌ၊၃၊၈၂)ဟူသော အဋ္ဌကထာ ကျမ်းများ၌ ဖော်ပြချက်သည် ဓမ္မပဒတွင်တွေ့ရသည့် “အနည်းငယ်မျှသာ ပရိယတ္တိ သင်ကြားမှုရှိသော်လည်း ဓမ္မကို သိမြင်သူသည် ပရိယတ္တိကို များစွာ သင်ကြားသော်လည်း ဓမ္မကို မသိမြင် သူထက် ပိုမြတ်၏ (ဓမ္မပဒ၊ ၁၉-၂၀ ဂါထာ)ဟူသော မူလအတွေးအမြင်နှင့် ဆန့်ကျင်၏’လို့ Dr. ဝါလ်ပိုလာ ရာဟုလာက သုံးသပ်ခဲ့ပါတယ်။

သီရိလင်္ကာမှာ ဘီစီ ၁-ရာစု ကုန်ခါနီး သူပုန်ဘေးကြီး၊ အငတ်ဘေးကြီးတွေနဲ့ကြုံပြီး တိုင်းပြည်ဖရိုဖရဲဖြစ်စဉ် တိပိဋကဆောင် ပုဂ္ဂိုလ်များ နည်းပါးသွားပြီး ဗုဒ္ဓဓမ္မ ကွယ်ပျောက်မယ့် အန္တရာယ်ကြုံလို့ သံဃာတော်များရဲ့ အယူအဆ အဲဒီလို ပြောင်းလဲသွားတာ ဖြစ်နိုင်ကြောင်းလည်း ဆိုတယ် (History of Buddhism in Ceylon, W. Rahula, p. 159)။

ပြင်ဆင်ခြင်း

အေဒီ ၅-ရာစု သီရိလင်္ကာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓသာသနာ တစ်ရှိန်ထိုး တိုးတက်ပြီး ကျောင်းတိုက်ကြီးတွေကို လယ်ယာမြေတွေနဲ့ သောက်သုံးရန် ရေတွင်း ရေကန်တွေ လှူဒါန်းလာကြတယ်။ ဒီတော့ ဒါတွေကို စီမံခန့်ခွဲဖို့လည်း လိုအပ်လာလို့ ဝိနည်းသိက္ခာပုဒ် အချို့ကို လိမ်မာပါးနပ်စွာ ပြုပြင်ခဲ့ကြကြောင်းလည်း ၎င်းက သုံးသပ်ခဲ့ပါတယ် ..

“ရေကန်ကို တူးလော့ဟုဆိုလျှင် အပ်၏။ ရေကန်ကို ဤနေရာ၌ တူးလော့ဟုဆိုလျှင် မအပ် (ဝိ၊ဋ္ဌ၊၃၊၂၁)။ ဤသည်မှာ အခက်အခဲကို ကျော်လွားရန် စကားလုံးများကို လှည့်စားလိုက်ခြင်းသာ ဖြစ်၏ ( Ibid, p. 167)’။

အိုင်တီခေတ်

လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ရဟန်း သာမဏေတွေဟာ ဘုန်းကြီးကျောင်းမှာ “ဘော ဒေဝပုတ္တ၊ အိုနတ်သား’နဲ့ ဘဝကို စခဲ့ကြရတာ။ မျက်မှောက် အခြေအနေက ဖေ့စ်ဘုက်လို ဆိုရှယ်မီဒီယာတွေ၊ ဗွီဒီယိုဂိမ်းတွေ၊ တီဗွီတွေ မတရား ထွန်းကားတဲ့ ခေတ်သစ်။ ဖေ့စ်ဘွက် မကြည့်နဲ့၊ တီဗွီမကြည့်နဲ့လို့ ရဟန်းငယ် သာမဏေငယ်တွေကို ဆုံးမဖို့ အလွန် ခက်မယ်။ “ဗြောင်” မလုပ်ရရင် ခိုးလုပ်မှာပဲ။ ဒါကြောင့် အထက်ပါ မဟာဝိဟာရထုံးကို နှလုံးမူပြီး ယေဘုယျအမြင်နဲ့ ဖြေရရင် ..

အဖြေများ

၁။ (က) ရဟန်းရော ဒကာမပါ ငရဲမကျပါဘူး။ နည်းလမ်း မှန်ရင် ရဟန်းလည်း ချမ်းသာပြီး ဒကာမလည်း ကုသိုလ်ရတယ်။ ဘုန်းကြီးဟာ သင်္ကန်းကို ရောင်းမိရုံနဲ့၊ ဒကာမဟာ ဘုန်းကြီးဆီက သင်္ကန်းကိုဝယ်ပြီး လှူမိရုံနဲ့ နှစ်ဦးလုံး ငရဲကျရတော့မယ် ဆိုရင် မလွန်ဘူးလား။ မသကာ ဘုန်းကြီးမှာ အာပတ်သင့်ရုံပဲ ရှိမှာပေါ့။

သင့်တဲ့နည်း

ဘုန်းကြီး အခုနေတဲ့ ကျောင်းမှာလုပ်ပုံက .. ဝါဆို ကထိန်မှာ သင်္ကန်း ကပ်လိုသူတွေ မြန်မာပြည်က ဖြစ်စေ ယိုးဒယားကဖြစ်စေ သင်္ကန်းမမှာကြဘူး။ ပွဲနေ့မှာ ဝေယျာဝစ္စ ဆောင်ရွက်သူတွေက ကျောင်းမှာ ၎င်းတို့ သိမ်းထားတဲ့ သင်္ကန်းကိုပဲ ပူဇော်ယူပြီး လှူကြတယ်။ ဒီတော့ ဒကာဒကာမတွေလည်း ဝါဆိုသင်္ကန်း ကထိန်သင်္ကန်း လှူခွင့်ရှိပြီး ရရှိတဲ့ အလှူငွေကို ဘုန်းကြီးကျောင်း အသုံးစရိတ် (ရေ၊ မီး၊ အမှိုက်၊ အာမခံ၊ တယ်လီဖုန်း .. စသည်) လုပ်နိုင်တာပေါ့။

ဒီနည်းကို ရာနှုန်းပြည့် မှန်ပါတယ်လို့ လက်မခံနိုင်ရင်တောင် ယေဘုယျအနေနဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ သင့်မြတ်နိုးမယ်လို့ ယူဆပါတယ်။

အလွမ်းပြေ

ဝိသာခါကျောင်းအမ သူ့ရဲ့ ‘မဟာလတာ’ဝတ်ရုံကို ဇေတဝန် ကျောင်းမှာ မေ့ကျန်ခဲ့တဲ့အခါ အရှင်အာနန္ဒာက သိမ်းထား။ အရှင်အနာန္ဒာရဲ့ လက်နဲ့ ကိုင်ရွှေ့ပြီး သိမ်းဆည်းထားတာနဲ့ပဲ အဲဒီဝတ်ရုံကို ကျောင်းအမကြီးက ပြန်မယူတော့ဘဲ အရှင်မြတ်ကို လှူဒါန်း။ ဒါပေမယ့် အရှင်မြတ်အနေနဲ့ ထိန်းသိမ်းဖို့ ခက်တယ်ဆိုပြီး ကိုးကုဋေ (သန်းကိုးဆယ်)နဲ့ တန်ဖိုးဖြတ်၊ သူ့ဟာသူ ပြန်ဝယ်ယူပြီး အပ်စပ်တဲ့ အသုံးအဆောင်ဖြစ်တဲ့ ပုဗ္ဗာရုံကျောင်းကို ဆောက်လှူတယ်(ဓမ္မပဒ၊ဋ္ဌ၊၁၊၂၆ဝ)။ ဝိသာခါ အလွမ်းပြေလေး တွေးကြည့်ပေါ့။

မပြောရ

“သင်္ကန်း လှူချင်လို့ သင်္ကန်းတစ်စုံ ရောင်းပါ ဘုန်းဘုန်း'လို့တော့ ဘုန်းကြီးကို ဒဲ့ကြီး မပြောနဲ့ပေါ့။ ဘုန်းကြီး ညွှန်းဆိုတဲ့ ဝေယျာဝစ္စ ဆောင်ရွက်သူဆီက တစ်ဆင့်၊ ဒါမှမဟုတ် ဘုန်းကြီး ညွှန်ကြားတဲ့အတိုင်း လုပ်ပါ။

(ခ) ဝိနည်းမှာ ရွှေငွေကို အရှင်ဘုရားအတွက်ပါ ဆိုပြီး လှူမလို့ ရှေ့မှာ ချထားတာကိုတောင် သာယာစိတ်နဲ့ ငြိမ်မနေကောင်းဘူး'တဲ့။ ဒါပေမယ့် ရဟန်းသံဃာဟာ မှန်ကန်တဲ့ နည်းနဲ့ ရွှေငွေကို အလှူခံကောင်းတယ်လို့တော့ ချွင်းချက်မဲ့ နားလည်ပါ (ပါတိမောက်ဘာသာဋီကာ၊ စာ-၁၇၇ ရှု)။

၂။ (က) (ခ) ဝေဘူဆရာတော် ခရီးသွားလိုရင် လေယာဉ် လက်မှတ် လှူချင်တဲ့လူတွေ အလုအယက် ရှိမှာပဲ။ ရဟန်းငယ်တစ်ပါး စာသင်တိုက်ကို သွားရင် အိမ်က မိဘတွေက ကျန်းမာရေးနဲ့ စာအုပ်စာတမ်းဖိုးဆိုပြီး ပိုက်ဆံတွေ ထည့်ပေးရပြီလေ။ ဒါလောက်နဲ့ သူတို့ကို ငရဲလားဖို့ အကုသိုလ် စုနေတယ်၊ နတ်ပြည်နဲ့ဝေးပြီ ဆိုတာမျိုး ဖြစ်သင့်သလား။

၃။ ဒါပေါ့ .. သေချာတာပေါ့။ ၂၁-ရာစုပဲ ဥစ္စာ။ ကိုယ်တိုင်ရော လွယ်နိုင်ရဲ့လားလို့ ကိုယ့်ဟာကိုယ် မာယာလွတ် ဆန်းစစ်ကြည့်ပေါ့။ ရွှေကျင်ဆရာတော်က ဝိနည်းသံသယရှိလို့ ဘခင်ကို “ဘခင် အစစ် မှန်ပါ၏လော'လို့ သွယ်ဝိုက်ပြီး မေးတဲ့အခါ ဘခင်က ‘ဤကိစ္စမှာ ဒကာကြီးတာဝန် မဟုတ်ပါ။ မောင် ပဉ္စင်း၏ ဒကာမကြီးကိုသာ မေးမြန်းပါလေ'လို့ ပြန်ပြောသတဲ့ (ရွှေကျင်နိကာယသာသနာဝင်၊ စာ-၁၄၄)။

ဝိနည်းအရ အလှူခံပါလို့ မပြောဘဲ တစိမ်းဆီက အလှူမခံကောင်း။ မိဘအရင်းဆီကပဲ အလှူခံကောင်းလို့ ဒီလိုမေးတာ။ ဒါကို နှောင်းခေတ် ဆရာတော်အချို့က ‘အိုဗာ’ဖြစ်လွန်းတယ်လို့ ဝေဖန်တယ်။ တကယ်သာ အဲဒီလို ပြောခဲ့ရင် ဟို .. မယ်တော်ကြီးခမျာ ဘယ်လို ခံစားသွားရရှာမလဲ။

အနုအရင့်

ယနေ့ နက်ဖြန် တရားရတော့မလို အပြင်းအထန် တရားအားထုတ်နေတဲ့ ရဟန်းအဖို့ အနုမြူလောက် အပြစ်ကို သံသရာဘေးလို့ ရှုမြင်သူ (အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ) ဖြစ်သင့်တယ်၊ ဖြစ်ရမယ်။ ဒါပေမယ့် ... နည်းပညာ အဆမတန် တိုးတက်တဲ့ ခေတ်မှာ ရဟန်းတော်တွေ အားလုံးကို တစ်တန်းစားတည်း မရှုမြင်သင့်ပါဘူး။ အနုအရင့် အကြီးအငယ် ခွဲမြင်သင့်တယ်။ ခု .. စာသင်တိုက်တွေမှာ ကိုရင်ငယ် ရဟန်းငယ်တွေ နည်းပါးလာနေတယ်ဆို မဟုတ်လား။

အနှီနိုင်ငံခြားသား ရဟန်းတော်ဆိုသူလို ဘယ်နှစ်ဦးရှိမလဲ။ ဒါတောင် အချို့က အနေချောင်လို့ သာသနာ့ဘောင်ထဲ ရောက်လာပြီး အများကြိုက် ဟန်ဆောင်နေပြပြီး ဒုံရင်းကို ပြန်ကျသွားတာတွေ အများကြီး။ ဒါကြောင့် အယူဝါဒ မတူတဲ့ဘဝက လာတဲ့လူတွေကို မြတ်ဗုဒ္ဓတောင် ချက်ချင်း ရဟန်းဝတ်ခွင့် ပြုတော်မမူဘူး (ဝိ၊၃၊၉၈။ ဝိ၊ဋ္ဌ၊၃၊၂၇၂)။

၄။ (က) ဘယ်ဋီကာကျမ်းတော့ မသိဘူး။ ရမ်းချတာပဲ နေမှာ။ ပါတိမောက်နိဒါန်းမှာ “အာပတ်သင့်နေမှန်း သိလျက်နဲ့ စင်ကြယ်ရဲ့လားလို့ မေးတာကို ငြိမ်နေရင် ဒုက္ကဋ်အာပတ်သင့်ပြီး ယင်းက ဈာန်မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို ပြုနိုင်တယ်'လို့ မြတ်ဗုဒ္ဓ ဟောပါတယ်။ ဒါတောင် သတိမရလို့ ငြိမ်နေမိရင် အဲဒီရဟန်း အာပတ် မသင့်ဘူး။

(ခ) ဘယ်ဘုန်းကြီးမှ ကိုယ်ပိုင်သင်္ကန်း တစ်လှည်းတိုက် ဘီရိုထဲ ထည့်ထားမယ် မထင်ပါဘူး။ နာမည်ကျော် ဆရာတော်ကြီးတွေ ပြန်လှူဒါန်းနေကြတာပဲ။ မိမိရဲ့ဘုန်းကံနဲ့ ရေစက်၊ ဆေးရုံ၊ စာသင်ကျောင်း၊ စာသင်တိုက်တွေလည်း ဆောက်လှူနေကြတာပဲ။ မသိလို့ မကြားဖူးလို့ ဖြစ်မှာပါ။
ဇွန် ၂၁၊ ၂ဝ၁၉။

---

၇၄၆။ မိုးကျရွေကိုယ်သင်္ကန်း

အရှင်ဘုရား၊ ဆရာတော်ကြီး တစ်ပါးက ကထိန်အာနိသင် ရအောင် လှူဒါန်းဖို့ မိုးကျရွေကိုယ်သင်္ကန်း ဖြစ်ရမယ်။ ဘုန်းကြီးကျောင်း ဘီရိုထဲက ထုတ်ပေးတဲ့သင်္ကန်း မဟုတ်ရဘူး၊ ဒကာအိမ်က ယူလာပြီး လှူတဲ့ သင်္ကန်းဖြစ်ရမယ်လို့ ဟောမှတ်သားဖူးပါ ဘုရား။ အဲဒါ မှန်ပါသလား ဘုရား။
ကိုသန်းဌေး (Fremont, CA)

---

ကထိန်မြောက်

၁။ သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်ထိ တစ်လအတွင်း
၂။ နတ်၊ လူ၊ သီတင်းသုံးဖော်ငါးဦး (တစ်ဦးဦး) က
၃။ ဘုန်းကြီးကျောင်းတစ်ခုရှိ သီတင်းကျွတ်လပြည့်နေ့မှာ ဝါကျွတ်တဲ့သံဃာထံသွားပြီး
၄။ ‘ဤကထိန်လျာသင်္ကန်းကို သံဃာတော်အား လှူပါ၏။ သံဃာသည် ဤသင်္ကန်းဖြင့် ကထိန်ခင်းတော်မူပါ'ဟု လှူဒါန်းသဖြင့်
၅။ သံဃာသည် ထိုနေ့မှာပင် ကထိန်ခင်းရင် ‘ကထိန်မြောက်'တယ်။

ထပ်ရှင်း (၁)

၁။ အခြားအချိန်မှာ ကထိန်မခင်းကောင်း
၂။ သီတင်းသုံးဖော်ငါးဦး ... ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမ၊ သိက္ခမာန်
၃။ ဝါတွင်းခရီးသွားလို့ ဝါကျိုးရင်၊ ဝါမဆိုရင်၊ ဝါခေါင်လပြည့်နေ့ ဝါကပ်ပြီး တန်ဆောင်မုန်းလပြည့်မှာ ဝါကျွတ်ရင် .. အဲဒီသံဃာ ကထိန်ကို လက်မခံရ
၄။ သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ်အနက် တစ်ခုခုကိုသာ ဉတ်သင်္ကန်း လုပ်ရမယ်
၅။ နောက်နေ့မှ ခင်းရင် ကထိန်မမြောက်။

ထပ်ရှင်း (၂)

ရဟန်းတစ်ပါး ဆွမ်းခံကြွစဉ် ရလာတဲ့ သင်္ကန်းကို ဘီရိုထဲ သိမ်းထားပြီးမှ နှစ်ရက်ခန့် အကြာမှာ ကထိန်သင်္ကန်း အဖြစ် လှူဒါန်းတယ် ဆိုပါစို့ .. လူဒကာတစ်ဦးလည်း ဝေယျာဝစ္စ ဆောင်ရွက်သူတို့ ဘုန်းကြီးကျောင်းမှာ သိမ်းထားတဲ့ ဘီရိုထဲက သင်္ကန်းကို ၎င်းတို့ထံကပဲ ပူဇော်ယူပြီးတော့ အဲဒီကျောင်းမှာ ဖြစ်စေ အခြားကျောင်းမှာ ဖြစ်စေ ကထိန်သင်္ကန်းအဖြစ် လှူဒါန်းတယ် ဆိုပါစို့ ..

ထပ်ရှင်း (၃)

ထပ်ရှင်း (၂) ပါ သင်္ကန်း နှစ်မျိုးလုံးသည် .. ကျောင်းရှိ သံဃာ တစ်ပါးပါးက အလှူရှင်တွေကို အဲဒီသင်္ကန်းနဲ့ ဒီကျောင်းမှာ ကထိန်ခင်းပါလို့ မတိုက်တွန်းရင်၊ သူတို့ရဲ့ သဒ္ဓါတရား သက်သက်နဲ့ပဲ လှူဒါန်းရင်၊ သူတို့လှူမယ့် သင်္ကန်းနဲ့ ကျောင်းရှိ သံဃာ ဘာမှ မပတ်သက်ရင် ... မိုးကျရွှေကိုယ် သင်္ကန်း မဟုတ်ဘူးလို့ ဆိုနိုင်မလား။ မဆိုနိုင်ရင် ကထိန်မြေက်တယ်။ ဒါကြောင့် ကထိန်အာနိသင်လည်း ရမှာပေါ့။

ဒီလိုတွေး

ဘုန်းကြီးကျောင်းက ဘီရိုမှာ ဝေယျာဝစ္စ ဆောင်ရွက်သူတွေ သင်္ကန်းကို သိမ်းထားတာ။ ကျောင်းမှာရှိတဲ့ သံဃာက စောင့်ရှောက်ရုံပဲ။ အဲဒီသင်္ကန်းနဲ့ ဘုန်းကြီးနဲ့ တိုက်ရိုက် မပတ်သက်ဘူး။ ဘုရား လက်ထက်ကလိုတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် အချို့ဝိနည်းကို ပရိယာယ်နဲ့ ရတာပဲ။ ဥပမာ မြင်းခွာရွက်ကို “ကပ္ပိယံ ကရောဟိ’ လုပ်ပေမယ့် မြေကိုချရင် အပင်ပေါက်ဦးမှာပဲလေ။

အာနိသင် ၂-မျိုး

ကထိန်အာနိသင် ၂-မျိုးရှိတယ် .. ၁။ ကထိန်အာနိသင် ငါးပါး (အနာမန္တစာရ-စသည့် ငါးပါး) ၂။ ဉတ်သင်္ကန်း (ကထိန်မကြီးသင်္ကန်း)က တစ်ထည် သို့မဟုတ် တစ်စုံပါပဲ။ အခြားသင်္ကန်း၊ ထီး၊ ဖိနပ်စတဲ့ အခြံအရံကိုလည်း အာနိသင်လို့ ခေါ်တယ်။ ကထိန်မြောက်ရင် ဒီနှစ်မျိုးလုံးကို ကထိန်ခင်းတဲ့ ကျောင်းက သံဃာတွေ ခံစားခွင့် ရှိတယ်။ ဒါပေမယ့် .. သင်္ကန်းတွေကတော့ သံဃိက ဖြစ်နေလို့ ဝါကျိုး၊ ပစ္ဆိမဝါကပ်၊ အခြားကျောင်းမှာ ဝါဆိုသော ရဟန်းတို့ မရနိုင်။ စားဖွယ်သောက်ဖွယ်စတဲ့ တိုလီမိုလီ ပစ္စည်းတွေကိုပဲ ထိုရဟန်းတွေ ရနိုင်တယ် (မဟာဝါဘာသာဋီကာ ၂၊ စာ-၁၇၂)။

အရေးကြီး

ဒီနေရာမှာ ဉတ်သင်္ကန်းခေါ် သိမ်ထဲဝင်ပြီး ကထိန်ခင်းမယ့် သင်္ကန်းသာ အရေးကြီးတာကို သတိပြုပါ။ ဒီသင်္ကန်းကိုပဲ ဂရုတစိုက် သတိထားပြီး လုပ်ရင် အောင်မြင်ပါတယ်။ ပြောသလောက် မခက်ပါဘူး။ အခြံအရံ သင်္ကန်းတွေကတော့ ဝါဆိုသင်္ကန်းလိုပဲ အတော်အတန် လွတ်လပ်ပါတယ်။
ဇွန် ၂၁၊ ၂၀၁၉။

မှတ်ချက်များ

ဘုန်းကြီးကျောင်းက ဆရာတော်ကို ကထိန်ခင်းပါရစေလို့ ကြိုပြီး လျှောက်ထားကောင်းပါသလား ဘုရား။
ဒေါ်နုနု (ကိုလိုရာဒို)

လျှောက်ကောင်းပါတယ်။ ကထိန်င်္ကန်းပါ ဆိုပြီး ကျောင်းရှိ ရဟန်းကို ကြိုမအပ်ရ။ အပ်ရင် အပ်တဲ့နေ့ပဲ ကထိန်ခင်းရမှာ။ ဘာမှ မပြောဘဲ ထားခဲ့ရင် ရတယ်။
အရှင်ကေလာသ

---

၇၄၇။ အရိပ်မနင်း ဖိနပ်မစီး

ဘုန်းဘုန်း ကျန်းမာပါစေ။ မေးချင်တာတစ်ခု ပေါ်လာလို့ပါ ဘုရား။ ငယ်ငယ်က အိမ်ရှေ့မှာ ဆွမ်းရပ်တဲ့ သံဃာများကို ဆွမ်းလောင်းတဲ့အခါ အရိပ်ကို မနင်းဖို့၊ ဖိနပ်စီး မလောင်းဖို့ မိဘများက ဆုံးမပါသည်။ ရွှေတိဂုံဘုရားကို ရောက်ပြန်တော့ အရိပ်ရှိတဲ့ဖက်မှာ ရှိခိုးဝတ်ပြုပါသည်။ အရိပ်ကိုနင်းပြီး ဖိနပ်မချွတ်ဘဲ ဆွမ်းလောင်းလျှင် အလှူမြာက်ပါသလား။ အကျိုးအပြစ်ကို သိလိုပါသည် ဘုရား။
ဆွေဇင်မြင့် (ဓမ္မစကူးလ်)

---

ဘုရားအရိပ်

‘ခမည်းတော်ရဲ့ အရိပ်က အေးချမ်းတယ် (ဝိ၊၃၊၁၁၅)'ဆိုပြီး အမွေတောင်းရင်း ဘုရားနောက်က သားတော် ရာဟုလာ လိုက်သွားရာမှာ အရိပ်ဆိုတာ မြတ်ဗုဒ္ဓရဲ့ မေတ္တာရိပ် ဖြစ်နိုင်သလို .. ဘုရားရှင်မှာ ခြေရာတော် မထင်ကြောင်း ဆိုပေမယ့် (အံ၊ဋ္ဌ၊၂၊၂၉၉)၊ အရိပ်တော် မထင်ကြောင်း မတွေ့ဖူးလို့ ဆွမ်းဘုဉ်းပေးပြီး ပြန်အကြွ ခုနစ်အရွယ် သားတော်ရဲ့စကားဖြစ်တာကြောင့် မြတ်ဗုဒ္ဓရဲ့ ပကတိ အရိပ်လည်း ဖြစ်နိုင်တယ်လို့ ယူဆခွင့်ရှိရင် သားတော် ရာဟုလာအနေနဲ့ မြတ်ဗုဒ္ဓရဲ့ အရိပ်ကို ခိုမိနိုင်တယ်ပေါ့။

ကံမမြောက်

နံနက်ခင်းနဲ့ ညနေခင်း အရိပ်ရှည်ထိုးချိန် ရဟန်းသံဃာနဲ့ ဘုရား စေတီများမှ ဖြာဆင်းတဲ့ အရိပ်ဟာ ယင်းတို့နဲ့ ပတ်သက်လို့ အထူးရိုသေတဲ့ အနေနဲ့ ရှောင်ကွင်းကြတာ ဖြစ်နိုင်တယ်။ ဂါရဝမင်္ဂလာတိုးလို့ ကောင်းပါတယ်။ ဒါကြောင့် ဆွမ်းကြွ သံဃာတန်းနဲ့ဆုံရင် ရိုသေစိတ်နဲ့ ရပ်ပြီး လက်အုပ်ချီပါ။ အရေးကြီးနေရင် အရိုအသေပေးပြီး ဖြတ်သွားနိုင်ပါတယ်။ အရိပ်ဟာ ဒြပ် (သက်ရှိခန္ဓာ၊ သင်္ကန်း၊ ဓာတ်တော်၊ ဆင်းတု စသည်) မဟုတ်တဲ့အတွက် မလွှဲသာလို့ နင်းမိရုံနဲ့ အကုသိုလ်ကံ မမြောက်နိုင်ဘူး။

ဒါကြောင့် စေတီတော်ရဲ့ အေးမြတဲ့ အရိပ်ကို ခိုပြီး မေတ္တာပို့သူအဖို့ အပြစ်မရှိနိုင်ပါဘူး။ ဘုရားအရိပ်ကို ခိုပြီး မတော်တာကို လုပ်ရင်သာ အဲဒါအတွက် အပြစ်ရှိမှာပါ။

ဖိနပ်မစီး

ဖိနပ်မချွတ်ဘဲ ဆွမ်းလောင်းလည်း အလှူမြောက်ပါတယ်။ ဖိနပ်ချွတ်ပြီး လှူရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် ရဟန်းဟာ ဖိနပ်စီးထားသူ၊ ဦးရစ်ပေါင်း (ဦးထုပ် ဆောင်း)ထားသူတွေကို တရား မဟောကောင်းလို့ ရဟန်းက ဆွမ်းအလှူရှင်တွေကို ‘သဗ္ဗတိယော’လေး ရွတ်ပြီး တရားစကား ပြောခွင့်မသာဖြစ်နိုင်လို့ ဆွမ်းလောင်း ဆွမ်းကပ်စဉ်မှာ ဖိနပ်မစီးတာ၊ ဦးထုပ်မဆောင်းတာ ပိုကောင်းတယ်။

ရိုသေစေချင်

နန်းမတော် မယ်နုရဲ့ အုတ်ကျောင်းအလှူ ရေစက်ချ အခမ်းအနားမှာ ဘကြီးတော်မင်းက တံတောင်အောက်မှာ ကတ္တီပါ ခေါင်းအုံးခံပြီး ရှိခိုးတဲ့အခါ ရှိခိုးပုံမမှန်လို့ ဆရာတော် ဦးဗုဓ်က သီလမပေးဘဲနေသတဲ့ (ဦးသုဒဿန၊ ညောင်ကန်သာသ နာဝင်၊ စာ-၁၅၇)။ ဒါလည်းပဲ ကျန်းမာလျက်နဲ့ လုပ်တာကြောင့် မရိုသေရာ ရောက်လို့ ဖြစ်မယ်။ မကျန်းမာလို့ ခုတင်ပေါ်မှာ လှဲနေရသူ အဖို့တော့ ချွင်းချက် ရှိသင့်တယ်။ ရိုသေစိတ်ထား ရှိဖို့ပဲ အဓိကပါ။

ဘာကြောင့်

အလှူပေးရာမှာ ရိုရိုသေသေလုပ်မှ စည်းစိမ်ပေါခြင်း၊ အခြွေအရံ အပေါင်းအသင်းတွေ မိမိစကားကို နားထောင်ခြင်း စတဲ့ အကျိုးတွေကို ရကြောင်း မြတ်ဗုဒ္ဓ ဟောပါတယ် (အံ၊၁၊၃၇၅)။ ဒါကြောင့် ဖိနပ်စီးတာကို မလေးစားခြင်း အဓိပ္ပာယ်နဲ့ ယူဆတဲ့ ယဉ်ကျေးမှုမှာ ဖိနပ်ချွတ်ပြီး လှူပါ။ အဲဒီလို မယူဆရင်တော့ သူ့အရပ်နဲ့သူ့ဇာတ်ပဲ ဖြစ်သင့်ပါတယ်။ သီရိလင်္ကာမှာ ဘုန်းကြီးဖက် ခြေထိုးထိုင်တာကို လက်ခံသလိုပေါ့။ မေးခွန်းအမှတ်-၅၅ (ပေါင်းချုပ် ၁၊ စာ-၂၁၄)မှာ ဖြေထားတာကိုလည်း ပြန်ဖတ်ပါ။
ဇွန် ၂၃၊ ၂ဝ၁၉။

မှတ်ချက်များ

အရုဏ်တန်းဆွမ်း ကြွတဲ့သံဃာကို လေညာမှနေပြီး ဆွမ်းမ လောင်းဖို့လည်း သင်ကြားပါသည် ဘုရား။
မေသက်ဦး

လေကြောင်း ပြောင်းနိုင်တာပဲ။ မလွှဲသာလို့ ဖြစ်ရတာမျိုးတော့ ခွင့်လွှတ်နိုင်ပါတယ်။
အရှင်ကေလာသ

၇၄၈။ ဘုရားအလိုကျ ရှင်ပြုခြင်း

ဆရာတော် ဘုရား၊ ရှေ့နှစ်မှာ တပည့်တော်တို့၏ မြေးများကို ရှင်ပြုလိုပါသဖြင့် ဘုရားရှင်၏ အလိုတော်ကျ ရှင်ပြုနည်းကို သိလိုပါသည် ဘုရား။ ဆရာတော် ကျန်းမာပါစေ။

ကြင်ကြင် (မေရီလန်း)

---

ရွေးချယ်ခွင့်

အမွေတောင်းရန် လိုက်လာတဲ့ သားတော် ရာဟုလာကို မြတ်ဗုဒ္ဓရဲ့ခွင့်ပြုချက်နဲ့ အရှင်သာရိပုတြာ ရှင်ပြုပေးပုံက ..
၁) ဆံ မုတ်ဆိတ်ကို ရိတ်
၂) သင်းပိုင်ကို ဝတ်၊ အပေါ်ရုံ သင်္ကန်းကို ရုံ
၃) သံဃာတွေရဲ့ရှေ့မှာ ထိုင်၊ ဦးချပြီးနောက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဓမ္မံ သရဏံ ဂစ္ဆာမိသံဃံ သရဏံ ဂစ္ဆာမိ'ကို သုံးကြိမ် ဆိုခိုင်းတယ်။ သရဏဂုံ ဆိုပြီးတာနဲ့ ရာဟုလာမင်းသား သာမဏေ ဖြစ်သွားတယ် (ဝိ၊၃၊၁၁၅)။ ဆယ်ပါးသီလ၊ သေခိယ ၇၅၊ ဝတ်ကြီး ဝတ်ငယ် ၁၄-ပါးလည်း တစ်ပါတည်း ပြည့်စုံသွားတယ်။ ဒါကို ဘုရားအလိုကျ ရှင်ပြုခြင်းလို ဆိုနိုင်ပါတယ်။ မင်းသား စစ်ပေမယ့် မခမ်းနားဘူး။

ရှင်လောင်းကို မင်းဝတ်တန်ဆာ ဝတ်ဆင်၊ ဆင်မြင်းစီးပြီး ခမ်းနားစွာ ရှင်ပြုတဲ့ အစဉ်အလာဟာ အသောက မင်းကြီးက ညီတော် အိမ်ရှေ့မင်းကို သပ်ရပ်စွာ ဝတ်ဆင်စေပြီး စစ်သည်အခြံအရံနဲ့ အသောကာရုံကျောင်းသို့ ပို့ဆောင် ရဟန်းပြုပေးတာ (ဝိ၊ဋ္ဌ၊၁၊၄၁)ကို အတုယူကြတာ ဖြစ်ဖွယ်ရှိတယ်။ အဲဒီလို ရွေးချယ်ခွင့် နှစ်မျိုး ရှိပုံကို သိရပြီးနောက် ..

ကိုယ်ပါပဲ

ဘုန်းကြီးကတော့ မလိုအပ်ဘဲ ခမ်းနားတာကို အားမပေးဘူး။ “နေရာကျဉ်းပေမယ့် ... သပ်ရပ် သန့်ရှင်း၊ စုလစ်မွန်းချွန် မရှိပေမယ့် လုံခြုံရင် ရဟန်းနေတဲ့ကျောင်း၊ စားပွဲ ကုလားထိုင် စုတ်ပေမယ့် ရှိတာလေးနဲ့ အလုပ်လုပ်’နေရရင် ပြည့်စုံပြီလို့ ယူဆတယ်။ ဒီအခြေခံနဲ့ဆိုရရင် ... ဘုရား အလိုကျဖြစ်တဲ့ ပထမနည်းကိုပဲ ဘုန်းကြီး ရွေးမှာပါ။ ဒါမေယ့် လူတွေရဲ့ စရိုက်အရ တစ်ဦးနဲ့တစ်ဦး အကြိုက်ဝါသနာ လုပ်ချင်တဲ့ ဆန္ဒတွေ ခြားနားနိုင်တာကိုတော့ အပြစ်မမြင်ပါဘူး။

ဒါကြောင့် အသောကထုံးအရ တတ်နိုင်တဲ့ အင်အားနဲ့ မိမိတို့ရဲ့ ရင်သွေးတွေကို သာသနာ့ဘောင်သို့ သွတ်သွင်းခွင့် ရှိတယ်။ ဒါပေမယ့် အိမ်ရာတည်ထောင် လူ့ဘောင်ကို ခေတ္တခဏ ခွာရှောင်ပြီး ပဗ္ဗဇိတဒုလ္လဘအဖြစ်ကို ရယူသူနဲ့ ကုသိုလ်ပါဝင်သူ ဥပါသကာများအဖို့ ရဟန်းပြုနေဆဲနဲ့ ရဟန်းပြုပြီးနောက် စိတ်ချမ်းသာရမှာကိုတော့ သတိပြုပါ။

အကျိုးရှိစေ

အရေးကြီးတာက ရှင်ရဟန်း တစ်ခါပြုဖို့ အချိန်၊ ငွေနဲ့ လူတွေ အများကြီး ရင်းနှီး မြှုပ်နှံရတဲ့အတွက် အကျိုးရှိအောင် လုပ်ပေးနိုင်တဲ့ ဆရာနဲ့နေရာကို ရွေးချယ်ဖို့ လိုတယ်။ ဆည်းကပ်မယ့် ပုဂ္ဂိုလ် နာမည်ကြီးတိုင်း မိမိမှာ အကျိုးမရှိနိုင်ဘူး။ ထိုပုဂ္ဂိုလ်က မိမိတို့ကို ဂရုတစိုက် မသင်ပေးနိုင်ရင် လူထွက်တဲ့အခါ မိမိတို့မှာ ပရိယတ် (ဗုဒ္ဓဘာသာ ဗဟုဿုတ) သို့မဟုတ် ပဋိပတ်(တရားထိုင်ခြင်း) တစ်ခုခု မပါလာလို့ ရှင်ရဟန်း ပြုရကျိုး မနပ်ဘူး။ တမင်တကာ လူမှုရေးရည်ရွယ်ချက်နဲ့ ဘုန်းကြီး ဝတ်ရင်တော့ ဦးရွှေအောင်ရဲ့ လေယူလေသိမ်းနဲ့ “ဓမ္မကို ဘန်းပြတာ"လို့ ဆိုမှာပေါ့။

ဆရာကောင်း

ယတြာချေရုံ၊ ဗျာပါငြိမ်းရုံ၊ ဂေါက်သီးရိုက်ပြီး စီးပွားဖက် မိတ်ဆွေရှာသလို စုပေါင်း ရဟန်းခံပွဲမှာ မိတ်ဆွေ ရရုံ၊ အရက် ဘိန်းဆေး ဖြတ်ရုံ၊ ရောဂါသက်သာရုံ၊ နာမည်သတင်း အဖတ်ဆယ်ရုံ ရည်ရွယ်ချက်နဲ့ ရဟန်းပြုရုံမျှ မဟုတ်ဘဲ မှန်ကန်သေချာတဲ့ ဘာသာရေး ဗဟုသုတတစ်ခုခု လူ့ဘဝကို ပါလာသင့်တာပေါ့။ သို့မဟုတ်ရင် ကုသိုလ်ရတယ် ဆိုတာလောက်ပဲရှိလို့ အချိန်ကုန် လူပန်းတာအတွက် အမြတ်နည်းမယ်။

ဒါကြောင့် ရှင်ရဟန်း မပြုခင်မှာ မိမိအား သို့မဟုတ် ပတ်သက်သူအား . ဘာသာရေး ဗဟုသုတကို ကောင်းမွန် မှန်ကန်စွာ သင်ကြားပေးတဲ့ ပိဋကတ် အရည်အချင်းရှိတဲ့ ဆရာကောင်းကို ရွေးချယ်မိဖို့ အရေးကြီးပါတယ်။ ရှင်ပြုပုံ အသေးစိတ်ကို မေးခွန်း အမှတ်-၆၆၃ (ပေါင်း ချုပ် ၅၊ စာ-၂၃၄၄) မှာလည်း ရှုပါ။
ဇူလိုင် ၉၊ ၂၀၁၉။

---

၇၄၉။ အမျိုးသမီးမဝင်ရ

ဆရာတော် ဘုရား၊ ကျေးလက်ဒေသတချို့မှာ သိမ်ထဲ အမျိုးသမီး မဝင်ရ တားမြစ်တာ၊ နောက် တချို့ ဘုရား နယ်မြေများမှာ အမျိုးသမီး မဝင်ရ သတ်မှတ်ချက် ထားတာတွေဟာ ပိဋကတ်တော်မှာ ဗုဒ္ဓရဲ့ တားမြစ်ချက်ကြောင့်လား၊ တခြား အယူဝါဒ တစ်ခုခုကြောင့် ယခုလို တားမြစ်ခြင်းလား ဆိုတာ သံသယကင်းစွာ သိလိုပါ၍ ဖြေကြား ပေးတော်မူပါ ဘုရား။

အရှင်ဇဝန (နယူးယောက်)

---

သူနာပြုမေး

တစ်ခါက တပည့် သူနာပြုဆရာမ တစ်ဦးက “ဘုန်းဘုန်း၊ မြတ်စွာဘုရားလည်း ဒီလိုပဲ မွေးတာ မဟုတ်လား'လို့ ခပ်တည်တည်နဲ့ ဘုန်းကြီးကို မေးဖူးတယ်။ ခပ်ကြမ်းကြမ်း ဘာသာမဲ့ဝါဒီ စာရေးဆရာ ခရစ္စတိုဖာဟစ်ချင်းစ်ရဲ့ ဟောပြောပွဲ အပြီး လူတစ်ဦးက “ဗုဒ္ဓဘာသာကို ဘယ်လို မြင်ပါသလဲ’ဆိုတော့ ကိုယ့်လူက ပခုံးကိုတွန့်၊ ခေါင်းကို ဝဲဖက်သို့စောင်း၊ လက်နှစ်ဖက်ကို လှန်ပြပြီး ‘ဗုဒ္ဓကို သူ့အမေရဲ့ လက်ယာဖက် နံဘေးက မွေးတယ်တဲ့၊ ခင်ဗျား ယုံလား'လို့ ပြန်မေးတယ်။

ဒီကိစ္စမှာ ... လူသားအစစ် သိဒ္ဓတ္ထမင်းသား ဘဝကနေ မဇ္ဈိမပဋိပဒါကိုကျင့်၊ ဗောဓိဉာဏ်ကိုရလို့ ဗုဒ္ဓ(သိသူ)နဲ့ တွဲပြီး ဘုရားလို့ ဆိုတာဖြစ်တော့ လူသားလိုပဲ မွေးဖွားပြီး လူသားလိုပဲ အိုနာသေကို မလွန်ခဲ့ဘူးလို့ အမှန်ကို မှတ်သားပါ။ ဓမ္မရဲ့ အခြေခံဟာ သဘာဝအတိုင်းပါပဲလို့ ဆိုချင်တာပါ။

ခေတ်ရဲ့ရှေ့မှာ

အမျိုးသမီးတွေ တရားထူး(မဂ်ဖိုလ်ဉာဏ်)ကို ရနိုင်ပါသလား' လို့ အရှင်အာနန္ဒာက ရှင်တော်ဗုဒ္ဓကို မေးတဲ့အခါ “အမျိုးသမီးတွေ တရားအားထုတ်ရင် အရိယာအဆင့် အားလုံးကို ရတာပေါ့'လို့ ဖြေပါတယ် (ဝိ၊၄၊၄၄၃)။ အမျိုးသမီးတွေ ခေါင်းတုံး၊ သင်္ကန်းစည်း၊ သိမ်ထဲဝင်ပြီး ရဟန်းခံဖို့ ခွင့်ပြုခဲ့တာ ဗုဒ္ဓဘုရားပါပဲ (ဝိ၊၄၊၄၄၇)။ တရားဟောတဲ့ နေရာ၊ ပညာဉာဏ်၊ တန်ခိုးဣဒ္ဓိပါဒ်လို နေရာတွေမှာ ဘိက္ခုနီတွေကို ဘိက္ခုတွေနဲ့ တန်းတူထားပြီး အတော်ဆုံး အသာဆုံး ဧတဒဂ်ဘွဲ့ ပေးတာလည်း ဗုဒ္ဓဘုရားပါပဲ (အံ၊၁၊၂၂-၂၃)။
အဲဒီခေတ်က မြတ်ဗုဒ္ဓရဲ့ အထက်ပါ မြွက်ဆိုချက်ဟာ အလွန် ခေတ်ရှေ့ကို ရောက်ပါတယ်။ အမျိုးသမီးအခွင့်အရေးလို့ ထအော်ကြတာက မကြာသေးပါဘူး။

ဓမ္မအမှန်

လောကရဲ့ ကိုးကွယ်ခံ မြတ်ဗုဒ္ဓဟာ သေပြီး ပုပ်ဆွေးနေပြီ ဖြစ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ ကျွန်မရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်စကို ကိုယ်တိုင် ခွာယူ၊ လျှော်ဖွပ်၊ သင်္ကန်းချုပ်၊ ဆိုးပြီးဝတ်ရုံပါတယ်။ ဒီသင်္ကန်းဟာ အမွန်မြတ်ဆုံး ပံသကူ .. သင်္ကန်းပါပဲ။ မြတ်ဗုဒ္ဓဟာ အဲဒီလို ပရမတ္ထဝါဒီ (သဘာဝအတိုင်းမြင်သူ)ပါ။ “မိန်းမတစ်ဦး ဖြတ်သွားတာကို တွေ့လိုက်ပါသလား'လို့ မေးတဲ့အခါ ရဟန်းက “အရိုးစုတစ်ခု” ဖြတ်သွားတာကိုတော့ တွေ့မိပါရဲ့ ’လို့ ဖြေဖူးတယ်။

ဗုဒ္ဓရဲ့ ဓမ္မအမှန်မှာ အရာရာကို အဲဒီလို ပရမတ်မျက်မှန်နဲ့ပဲ ကြည့်တယ်။ ဒါတွေဟာ ဘာသာရေးမှာ မိန်းမ ယောက်ျား မခွဲခြားဘူးဆိုတဲ့ အဓိပ္ပယ်ပဲပေါ့။

ငရဲကြီးလား

ဘုရားပေါ်ကို တက်ရုံနဲ့ ငရဲကြီးတယ်ဆိုရင် ယောက်ျားတွေ တက်လည်း ငရဲကြီးရမှာပေါ့။ ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ ဘုရားပေါ်မှာ ရည်းစားနဲ့ ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင် လုပ်ရင်၊ ဘုရားပစ္စည်းကို ခိုးရင်၊ ဘုရားကို မရိုမသေလုပ်ရင်၊ စက္ကူစုတ်နဲ့ ဆီးယိုထုပ် အခွံတွေ ပစ်ချရင်တော့ ငရဲကြီးမှာပေါ့။ ဒါကို သတိပြုမိရင် အမျိုးသမီးတွေ ဘုရားငြမ်းပေါ် မတက်ရဆိုရင် ဆီလျော်တဲ့ ယုတ္တိရှိပေမယ့် အမျိုးသမီး ဘုရားပေါ်ကို မတက်ရလို့ ဆိုရာမှာတော့ ဓမ္မမှန်ရှုထောင့်အရ အကြောင်းပြချက် မရှိပါဘူး။

မပတ်သက်

ဗုဒ္ဓဝါဒမှာ အယုတ်အမြတ်ဆိုတာ အဖိုအမ၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အသားရောင်၊ ဇာတ်-စသည်နဲ့ လုံးဝမဆိုင်ဘူး။ ဒါကြောင့် ဘုရားပေါ်ကို မိန်းမမတက်ရဆိုရာမှာ ဗုဒ္ဓရှင်တော် ဟောကြားတဲ့ ဓမ္မမှန်နဲ့ မပတ်သက်ပါဘူး။ သဘာဝရဲ့ သတ်မှတ်ချက်ကို အခြေခံဖွယ်ရှိတဲ့ လူတွေရဲ့အသိမှာ ရှိထားပြီးဖြစ်တဲ့ “ရှေးရိုးစွဲ နားလည်မှု'ကြောင့်လို့ဆိုရင် နားလည်နိုင်ပြီး ယုတ္တိနဲ့ မဝေးလွန်းဘူးလို့ ဘုန်းကြီး ယူဆတယ်။ ဒီလို စဉ်းစားပြီး နားလည်ကြည့်မယ် ..

ခြားနားချက်

ကမ္ဘာအေးမှာ နေစဉ် ညနေ လိုဏ်ဂူကို ပတ်ပြီးလမ်းလျှောက်တော့ ခွန်ရှစ်အရွယ် ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ဂေါက်ကွင်းဖက်က ပြေးလာပြီး ဘဲဥကန်နား အရောက်မှာ ယောက်ျားလေးက ခါးလောက်မြင့်တဲ့ သံဆန်ခါ ခြံစည်းရိုးကို ခုန်တက်ပြီး ဒီဖက်ကို လွှားခနဲ ခုန်ချတယ်။ ကောင်မလေးကလည်း ကောင်လေးကို လိုက်တုပြီး အားကျမခံ အဲဒီလို ခုန်ချတယ်။ ဒါပေမယ့် သံတိုင်စွန်းမှာ ဂါဝန်ဖျား ချိတ်မိလို့ ဂါဝန်ပြဲပြီး မှောက်လျက် ကျတယ်။

သဘာဝအသိ

အမျိုးသမီးတစ်ဦး လမ်းပေါ်မှာ ဝတ်လစ်စလစ် အိပ်နေလို့ သင့်နိုင်ပါ့မလား။ ယောက်ျားက မိန်းမနှစ်ယောက် တစ်ပြိုင်နက် ယူတာ၊ မိန်းမက ယောက်ျားနှစ်ယောက် တစ်ပြိုင်နက် ယူတာ ဘယ်ဟာက အခြေအနေ ပိုဆိုးမလဲ။ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းဖို့ ဘယ်လောက် အရေးဆိုစေ အားလုံး ထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေ အားလုံး အမျိုးသားတွေရဲ့ အကျင့်စရိုက်လို ဖြစ်ကုန်ပြီဆိုရင် လောကကြီးဟာ ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားနိုင်တယ်။

ဒီသဘာဝအရ ပရမတ္ထတရားရဲ့ တစ်ဖက်မှာ အဖိုနဲ့အမ နက်နဲတဲ့ ခြားနားချက် ရှိတာလည်း အမှန်ပါပဲ။ ‘အမျိုးသမီး မဝင်ရ’ တားမြစ်ချက်ဟာ လူတွေရဲ့ အဲဒီမွေးရာပါ သဘာဝကြောင့်ပဲ ဖြစ်မယ်။ ဒါကိုပဲ “အခြား အယူဝါဒ တစ်ခု’လို့ ဆွဲယူလို့ ရနိုင်ကောင်းပါတယ်။ ဒါမှမဟုတ် ဗုဒ္ဓဝါဒ မတိုင်မီ အလွန်ရှေးကျတဲ့ အချိန်ကပင် ရှိနှင့်နေတဲ့ ယုံကြည်မှုတစ်ခု လို့ ဆိုရင်လည်း မငြင်းသာပါဘူး။

သူတို့ကျတော့

အီရန်မှာ အမျိုးသမီးတစ်ဦး လက်တစ်ညှိုးစာ ဆံစုကို တစ်စိမ်းတစ်ရံ ယောက်ျားကို ပြမိရင် ကြိမ်ဒဏ် ၇၅-ချက်တဲ့။ “ယောက်ျားကို မိန်းမဖို့ ဖန်ဆင်းသည် မဟုတ်။ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏။ သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသောအ ခွင့် မရှိကြ။ ပညတ်တရား စီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏ အုပ်စိုးခြင်းကို ဝန်ခံကြရမည် (၁ ကော၊ ၁၁:၉။ ၁၄:၃၅၊)'။

ဒါမျိုးတွေနဲ့ စာရင် “အမျိုးသမီးမဝင်ရ'ဆိုတဲ့ ကိစ္စက အများကြီး သာပါသေးတယ်။

အနောက်တိုင်းက သတင်းသမားနဲ့ လူ့အခွင့်အရေး သမားဆိုသူ အများစုဟာ အထက်ပါ သင်ကြားချက်မျိုးတွေကျတော့ ဘာကြောင့် လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် မပြောကြတာလဲ။
ဇူလိုင် ၁၇၊ ၂၀၁၉။

---

၇၅ဝ။ ဘယ်သူ သက်တော်ပိုကြီးလဲ

အရှင်ဘုရား၊ အရှင်သာရိပုတ္တရာသည် သက်တော် အဘယ်မျှတွင် ပရိနိဗ္ဗာန် စံပါသလဲ။ မြတ်စွာ ဘုရားနဲ့ အရှင်သာရိပုတ္တရာ ဘယ်သူက သက်တော် ပိုကြီးပါသလဲ အရှင်ဘုရား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ အရှင်ဘုရား။

ပိုင်ဖြိုး (ဓမ္မစကူးလ်)

---

ရှာဖွေဆဲ

အရှင်သာရိပုတ္တရာ သက်တော် ဘယ်လောက်မှာ ပရိနိဗ္ဗာန်စံသလဲဆိုတာကို ပါဠိကျမ်းဂန်မှာ ရှာဖွေဆဲပါ။ ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာ(ပါဠိပါရဂူဦးအောင်မိုး)၊ မဟာဗုဒ္ဓဝင်ကျမ်း (မင်းကွန်းတိပိဋကဆရာတော်)၊ Pali Properar Names (မာလာလာဆေကေရ)နဲ့ The life of Sriputta (ဘိက္ခုဉာဏပုဏ္ဏက)တို့လည်း အရှင်သာရိပုတ္တရာရဲ့ သက်တော်ကို မဖော်ပြကြ။ အခြား ရေးသားချက်အချို့ တွေ့ပေမယ့် ရင်းမြစ် မခိုင်လုံ။ ဒါကြောင့် ဖြစ်နိုင်ခြေကို သုံးသပ်ပြရရင် ..

သူ့မိခင်

အရှင်သာရိပုတ္တရာမှာ စုန္ဒ၊ ဥပသေန၊ ရေဝတလို့ ညီတော် သုံးဦးနဲ့ စာလာ၊ ဥပစာလာ၊ သီသူပစာလာလို့ နှမတော် သုံးဦးရှိတယ်။ အရှင်သာရိပုတ္တရာပါဆို အားလုံး မွေးချင်း ခုနစ်ယောက်။ အရှင်မြတ်က အကြီးဆုံး။ အငယ်ဆုံး ညီတော် ရေဝတ အသက် ၇-နှစ်မှာ အရှင်သာရိပုတ္တရာဟာ မြတ်ဗုဒ္ဓရဲ့ အဂ္ဂသာဝကဖြစ်နေပြီ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၉၈)။ အရှင်သာရိပုတ် ပရိနိဗ္ဗာန်စံတော့ ၄၄-ဝါ ရှိပြီ (သံ၊ဋ္ဌ၊၃၊၂၅၁)။ ဒီအချိန် မယ်တော်ကြီး မကွယ်လွန်သေးဘူး။

ခန့်မှန်းခွင့်

သားသမီး ခုနစ်ယောက်ရဲ့ မယ်တော်ကြီး ရူပသာရီဟာ အသက်ငယ်စဉ် အိမ်ထောင်ကျခဲ့ဖွယ် ရှိတယ်။ ဆိုပါစို့ ... အသက် ၂၀ ခန့်မှာ အိမ်ထောင်ကျ၊ သားကြီးဖြစ်တဲ့ အရှင်မြတ်က အသက် ၂၀-ခန့်မှာ ရဟန်းပြု၊ ရဟန်းပြုပြီး ၄၄ နှစ် အကြာ သက်တော် ၆၄-မှာ ပရိနိဗ္ဗာန်စံ။ အဲဒီ အချိန် မယ်တော်ကြီး အသက် ၈၄-နှစ်’ဆိုရင် ယုတ္တိမဝေးဘူး။ ဒါကြောင့် အရှင်သာရိပုတ္တရာဟာ မြတ်ဗုဒ္ဓထက် သက်တော် ငယ်တယ်လို့ ခန့်မှန်းခွင့် သာတယ်။

မြတ်ဗုဒ္ဓနဲ့ သက်တော် အတူတူပါလို့ ဆိုဖို့တော့ အားနည်းတယ်။ ဘာကြောင့်ဆို ..အရှင်မြတ် သက်တော် ၈၀ မှာ မယ်တော့်အသက် ၁၀၀-နှစ် ဝန်းကျင်ရှိနေမှာ ဖြစ်လို့။ နာမကျန်းဖြစ်နေတဲ့ အရှင်သာရိပုတ္တရာရဲ့ အခန်းဝကို နံနက်စောစော လျှောက်လာနိုင်လို့ (သံ၊ဋ္ဌ၊၃၊၂၅၀) အဲဒီတုန်းက မယ်တော် အသက် ပိုငယ်တယ် ဆိုတာကို အားသာစေတယ်။ စကားမစပ် ..သက်တော် ၅၆-မှာ ကွယ်လွန်တဲ့ မယ်တော်မာယာ (ဥဒါန၊ဋ္ဌ၊၂၅၄)နဲ့ သုဒေဓါဒန မင်းကြီးကို သက်တော် အတူတူလို့ ယူပြီး .. မင်းကြီးဟာ မြတ်ဗုဒ္ဓ သက်တော် ၄၀-အရွယ်မှာ ပရိနိဗ္ဗာန်စံတဲ့အတွက် ထိုချိန် သက်တော် ၉၆-နှစ်လို့ ခန့်မှန်းခွင့် ရှိတယ်။

သူငယ်ချင်း

အရှင်သာရိပုတ်ရဲ့ ညီတော် အရှင်စုန္ဒက “ငါ့နောင်တော်ရဲ့ အလွန် ရင်းနှီးသော သူငယ်ချင်း (ဥတ္တမသဟာယက) ဖြစ်တဲ့ ငါရဲ့ ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ (မဟာဗုဒ္ဓဝင်၊ ၆:၁၊ စာ- ၈၂)ဆိုတဲ့အသုံး၊ အရှင်အာနန္ဒာက မြတ်ဗုဒ္ဓအား “အရှင်သာရိပုတ္တရာသည် တပည့်တော်ကို ဆုံးမပါ၏ (သံ၊၃၊၁၄၀)' လို့ လျှောက်ပုံတွေကိုကြည့်ရင် အရှင်သာရိပုတ္တရာဟာ အရှင်အနန္ဒာနဲ့ သက်တော် ရွယ်တူ သို့မဟုတ် အနည်းငယ် ကြီးနိုင်တယ်ဆိုတဲ့ဖက်ကို အားသာစေတယ်။ ဒါနဲ့ တစ်ချိန်တည်း အရှင်အာနန္ဒာဟာ မြတ်ဗုဒ္ဓရဲ့ ဖွားဖက်တော် ဆိုတာလည်း စဉ်းစားဖွယ် ဖြစ်သွားပြန်ရော။

အဖြေ

ပြန်ချုပ်ရင် .. အရှင်သာရိပုတ္တရာဟာ သက်တော် ၆၅-၇၀ အတွင်း ပရိနိဗ္ဗာန်စံဖွယ် ရှိတယ်၊ မြတ်ဗုဒ္ဓထက်လည်း သက်တော် ငယ်နိုင်တယ်လို့ ယူဆကြောင်းပါ။
ဇူလိုင် ၂၀၊ ၂၀၁၉။

---

မှတ်ချက်များ

တကယ့် လက်တွေ့ အခြေအနေနဲ့ စဉ်းစားရင် ယုတ္တိရှိပါသဖြင့် လက်ခံနိုင်ပါသည် ဘုရား။ မျိုးဇော်-ကသာ
အရှင်သာရိပုတ္တရာက ရှင်အာနန္ဒာကို ဆုံးမခြင်းက ဝါတော်အရ မဖြစ်နိုင်ဘူးလား ဘုရား။
Bhikkhu Visvs

ဝါတော်အရလည်း ဖြစ်နိုင်ပါတယ် ဘုရား။ အရှင်အာနန္ဒာက မြတ်စွာဘုရားနဲ့ သက်တော်တူနေရင် အရှင်သာရိပုတ္တရာထက် သက်တော် ၁၀-နှစ်မက ကြီးနိုင်လို့ သမားရိုးကျ ယူဆပုံကိုလွန်ပြီး စဉ်းစားကြည့်တာပါ။ ဒီအဖြေမှာပါတာတွေက ဖြစ်နိုင်ခြေကို ခန့်မှန်းကြည့်ခြင်းမျှသာ ဖြစ်ကြောင်းပါ။ ဒါကြောင့် အဖြေရဲ့အစမှာ ကျန်းဂန်မှာ မတွေ့သေးဘူးလို့ ဖော်ပြထားတာပါ ဘုရား။ အရှင်ကေလာသ

ဘုန်းကြီး .. အရှင်အာနန္ဒာက မင်းသား ၆-ယောက်နဲ့ အတူ ပါလာတယ်လို့ ဝိနည်းမဟာဝါမှာ ဆိုတော့ ဘုရားနဲ့ သက်တော် မကွာဘူး အဓိပ္ပာယ်မို့ ဘယ်လို ညှိယူရမလဲ ဘုရား။
အရှင်ကုသလ

အရှင်အာနန္ဒာကို မြတ်ဗုဒ္ဓရဲ့ ဖွားဖက်တော် မဟုတ်ဆိုတဲ့ အယူအဆဟာ Out of Pali Canon ဖြစ်လို့ အတော် လစ်ဘရယ် ဖြစ်သွားပါပြီ။ လက်ခံဖို့ခက်မယ်။ ဒါပေမယ့် ထူးခြားတာက အဋ္ဌကထာတွေမှာ ဝါဒကွဲ ရှိနေတာ၊ တိဗက်မှတ်တမ်းတွေအရ အလွန် အသက်ငယ်နေတာတွေလည်း တွေ့ရလို့ ယုတ္တိအရ စဉ်းစားသင့်တာလည်း အမှန်ပါပဲ။ ညှိယူမယ်ဆိုရင် ... ယသော်ဓရာ၊ မာယာ၊ အနုရုဒ္ဓ၊ အာနန္ဒ ဆိုတဲ့ နာမည်တွေဟာ အလွန် အသုံးများလို့ ပါဠိတော်ထဲက နာမည်ကို နာမည်တူအနေနဲ့ လက်ခံနိုင်မှ ဖြစ်မယ်။ မြတ်ဗုဒ္ဓ ဝါတော် ၂၀ နောက်ပိုင်းမှ အရှင်အာနန္ဒာ အလုပ်အကျွေး ဖြစ်လာရတဲ့ အကြောင်းရင်းကိုပါ ရှုမြင်ပုံအသစ်နဲ့ စဉ်းစားရမယ့် သဘောပဲ။ အရှင်ကေလာသ

ဘုန်းကြီး ယူဆပုံ ကြောင်းကျိုး ဆီလျော်ပါတယ် ဘုရား။ ယုတ္တိအရ အရှင်အာနန္ဒာ အသက် ၈၀ မှာ သက်တော် ၈၀ ဗုဒ္ဓဘုရားရှင်ကို ရေကြည်တော် ကပ်ဖို့ဆိုတာ စဉ်းစားရတာ တစ်မျိုးကြီး။ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နောက်ထပ် နှစ်ပေါင်း ၄၀ လောက် သက်တော် ရှည်သေးတယ်ဆိုတာလည်း ခုခေတ် အမြင်နဲ့ နည်းနည်းတော့ ကွာလှမ်းတယ် ဘုရား။ ဒါပေမယ့် အများစု ဘုန်းကြီးရဲ့ အယူအဆကို လက်ခံမယ်လို့ မထင်ပါ ဘုရား။ ဆရာ ကျန်းမာ သက်ရှည်ပါစေ။
အရှင်ကုသလ

ယူဆခွင့်တော့ ရှိပါတယ်။ အဋ္ဌကထာဝါဒကွဲ ရှိလို့ မှားရင် တောင် အကာအကွယ် ရှိပါတယ်။ တိဗက်မှတ်တမ်းဆိုတာလည်း အေဒီ ၂-ရာစုမတိုင်မီကပင် ရှိနေခဲ့တာဖြစ်လို့ အရှင်မဟာဗုဒ္ဓဃောသ ထက်တောင် ရှေးကျတယ်။ ဒါကြောင့် အစဉ်အလာ ယူဆပုံကနေ ခွဲထွက်ပြီး ဖြစ်နိုင်ကောင်းရဲ့လို့ မှန်ဆရုံသာ။ ဒီလိုပဲ ဖြစ်ရမယ်လို့ တရားသေ ဆုပ်ကိုင်မထားပါဘူး။ အောင်မြင်ပါစေ။
အရှင်ကေလာသ

ဗီဇာနိ တျာသု ရူဟန္တိ
တျာသု၊ ထိုမိန်းမတို့၌။ ဗီဇာနိ၊ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက စကြဝတေး မန္ဓာတ်အစရှိသော မျိုးစေ့တို့သည်။ ရူဟန္တိ၊ ရောက်ကုန်၏ (ဇာ၊၂၊၉၃)။

---

၇၅၁။ ကိလေသာကိုပယ်ပုံ

ရိုသေစွာ မေးလျှောက်အပ်ပါသည် အရှင်ဘုရား။ ရဟန္တာ ဖြစ်လျှင် ကိလေသာ လုံးဝ မရှိတော့တာလား၊ မဖြစ်တော့တာလား၊ နှစ်ခုလုံးလား။ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

ကိုစိုးမင်း (Phoenix, AZ)

---

အဖြေကို ကောင်းစွာ နားလည်ဖို့ ကိလေသာဖြစ်ပုံနဲ့ ပယ်ပုံတွေကို အခြေခံကျကျ နားလည်ရမှာ ဖြစ်လို့ အောက်ပါ ရှင်းလင်းချက် အကျဉ်းချုပ်ကို ဦးစွာ ဖတ်ကြည့်ပါ ..

အဆင့်သုံးမျိုး

ကိလေသာ ၁၀-ပါးဖြစ်ပုံ အဆင့် ၃-ခုရှိတယ် ..
၁) ကိန်းဝပ် (အနုသယ)
၂) ထကြွ (ပရိယုဋ္ဌာန)
၃) ကျူးလွန် (ဝီတိက္ကမ)။ ဖြစ်တည်ပျက် သုံးချက်နဲ့ စေတသိက်အဖြစ်ကို မရောက်သေးဘဲ စိတ်မှာပဲ ငုပ်လျှိုးနေတာ ကိန်းဝပ်အဆင့်။ ဒွါရ ၆-ပါး (မျက်စိစသည်)နဲ့ အာရုံ(အဆင်းစသည်)တွေ တိုက်ဆိုင်ဆဲ စိတ်တံခါးဝမှာပဲ သောင်းကျန်းနေတာ ထကြွအဆင့်။ ကိုယ်နှုတ်ကို ရောက်သွားရင် ကျူးလွန်အဆင့်။

ပယ်ပုံငါးမျိုး

ပါဠိသက်ဝေါဟာရ “ပဟန်’လို့ခေါ်တဲ့ ကိလေသာကို ပယ်ပုံ ၅-မျိုး ရှိတယ် ..
၁) ခဏပယ် (တဒင်္ဂပဟာန်)
၂) ကြာကြာပယ် (ဝိက္ခမ္ဘနပဟာန်)
၃) အကြွင်းမဲ့ပယ် (သမုဆဒပဟာန်)
၄) အငွေ့ အေးအောင်ပယ် (ပဋိပ္ပသမ္ဘနပဟာန်)
၅) အာရုံပြု မခံရအောင်ပယ် (နိဿရဏပဟာန်)။ သတ္တဝါတို့ သန္တာန်မှာ အဆင့် ၃-မျိုးနဲ့ရှိနေတဲ့ ကိလေသာကို ပယ်ပုံ ၅-မျိုး။

ကျင့်စဉ်သုံးမျိုး

သီလ သမာဓိ ပညာလို့ ကျင့်စဉ် ၃-မျိုး ရှိတယ်။ ဒီကျင့်စဉ် ၃-မျိုးနဲ့ ကိလေသာ အဆင့် ၃-မျိုးကို ပယ်တယ်။ ဘယ်ကျင့်စဉ်နဲ့ ဘယ်အဆင့်ကို ပယ်သလဲ ဆိုရင် ..
၁။ သီလ တစ်နည်း ကာမကုသိုလ် ကျင့်စဉ်နဲ့ ကျူးလွန် ဆင့်ကို ပယ်တယ်။ ထကြွ ကိန်းဝပ် ကိလေသာကို မပယ်နိုင်လို့ ထကြွရာမှ သောင်းကျန်းပြီး ကျူးလွန် အဆင့်ကို မကြာခဏ ပြန်ရောက်လာတဲ့ အတွက် သီလနဲ့ပယ်တာကို ခဏပယ် (တဒင်္ဂပဟန်)။
၂။ ပထမဈာန် ဒုတိယဈာန်စတဲ့ ဈာန်သမာဓိ တစ်နည်း မဟဂ္ဂုတ်ကုသိုလ် ကျင့်စဉ်နဲ့ ထကြွအဆင့် ကိလေသာကို ပယ်တယ်။ ဒါပေမယ့် ဈာန်ရဲ့ ဆန့်ကျင်ဖက်တရားနဲ့ ကြုံရင် ဈာန်ပျက်စီးပြီး ကျူးလွန်အဆင့်ကို . ပြန်ကျသွားတယ်။ သီလထက် အားကြီးလို့ ရုတ်တရက် မထကြွနိုင်အောင် ခွာထားတဲ့ အတွက် ကြာကြာပယ် (ဝိက္ခမ္ဘနပဟန်)။
၃။ မဂ်ပညာ (လောကုတ္တရာ) ကျင့်စဉ်နဲ့ ကိန်းဝပ်အဆင့်ကို ပယ်တယ်။ အကြွင်းအကျန်မရှိ အကြွင်းမဲ့ ပယ်တယ်။ ဒီအဆင့်ရှိ ကိလေသာတွေကို ပယ်ပြီးတဲ့ပုဂ္ဂိုလ်မှာ အဲဒီကိလေသာ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။ ဒါကို အကြွင်းမဲ့ ပယ် (သမုစ္ဆေဒပဟာန်)။
၄။ မဂ်ဖိုလ်ပညာနဲ့ ပယ်ပြီးတဲ့ ကိလေသာတွေကို အရှိန်အငွေ့မျှ မကျန်အောင်လုပ်တာကို ပဋိပ္ပဿမ္ဘနပဟာန်
၅။ မဂ်ဖိုလ်ပညာနဲ့ နိဗ္ဗာန်ကို ရခြင်းဖြင့် အာရုံပြုမခံရအောင် တစ်နည်း သန္တာန်နဲ့ မနီးစပ်ဘဲ အပြီးကျွတ်လွတ်အောင် ပြုတာကို နိဿရဏပဟာန်

ရဟန္တာ

မဂ်ဖိုလ်ပညာနဲ့ နိဗ္ဗာန်ကို သိမြင်ပြီး ပုဂ္ဂိုလ်ကို အရိယာလို့ ခေါ်တယ်။ သောတာပန်သကဒါဂါမ်အနာဂါမ်နဲ့ ရဟန္တာလို့ ၄-ယောက်။ ကိလေသာ ၁၀-ပါးထဲ မှာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို သောတာပတ္တိမဂ်နဲ့ပယ်။ ကျန်ကိလေသာ အားလုံးရဲ့ အပယ်ရောက်စေတတ်တဲ့သတ္တိကို သကဒါဂါမိမဂ်နဲ့ ပါးသွားအောင်လုပ်။ အနာဂါမိမဂ်နဲ့ ဒေါသကိုပယ်။ လောဘ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပတို့ကို အရဟတ္တမဂ်နဲ့ပယ်။ ဆိုင်ရာမဂ်နဲ့ ပယ်ပြီးနောက် ဖိုလ်စိတ်နဲ့နေတဲ့ ပုဂ္ဂိုလ်ကို သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ခေါ်တယ်။

အဖြေ

ရဟန္တာဆိုတာ အရဟတ္တမဂ်နဲ့ ကိလေသာ အားလုံးကို အကြွင်းမဲ့ အရှိန်အငွေ့မျှ မကျန်စေဘဲ ကိလေသာ အားလုံးမှ အပြီး ကျွတ်လွတ်သွားသူဖြစ်လို့ ‘ရဟန္တာဖြစ်လျှင် ကိလေသာ လုံးဝ မရှိတော့တာ၊ မဖြစ်တော့တာ'လို့ နားလည်ပါ။
ဇူလိုင် ၂၄၊ ၂၀၁၉။

---

၇၅၂။ ရဟန်းက မိဘကို ရှိမခိုးရ

တရားစခန်းများတွင် ဘုရားရတနာ တရားရတနာ သံဃာရတနာတည်းဟူသော ရတနာသုံးပါးတို့နှင့် အမိအဖ ဆရာသမားများကို ရိုသေမြတ်နိုး လက်စုံမိုးပြီး ရှိခိုးပါ၏ဘုရားဟု ကမ္မဋ္ဌာနဆရာတော်က တိုင်ပေးပြီး ယောဂီများက လိုက်ဆိုရပါတယ်။ ရဟန်းများအနေဖြင့် အမိအဖ ဆရာသမားနေရာမှာ ဘယ်လို စိတ်ထားသင့်ပါသလဲ ဘုရား၊ လိုက်ဆိုခွင့် ရှိပါသလား ဘုရား။ နောက် ဝစီကံ မနောကံဖြင့် မိဘများကို ရှိခိုးကောင်းပါသလား ဘုရား။

အရှင်သုမန အညတြဘိက္ခု

---

ရှိမခိုးရ

ကျမ်းဂန်မှာ ရဟန်းတို့ ရှိမခိုးကောင်းသူ ဆယ်ယောက် ဖော်ပြတယ် .. ‘မိမိထက် ရဟန်းသိက္ခာ ငယ်သူ၊ လူနှင့် သာမဏေ၊ အယူမှားကို မစွန့်လို့ နှင်ထုတ်ထားတဲ့ သိက္ခာကြီးသူ၊ မိန်းမ၊ ပဏ္ဍုက်၊ ပရိဝါသ်နေသော ရဟန်း၊ (သံဃာဒေသည် အာပတ်ကို ကုစားနေစဉ် အာပတ်သင့်ပြန်လို့) အရင်းသို့ ပြန်သော ရဟန်း၊ မာနတ်ပေးထိုက်တဲ့ ရဟန်း၊ မာနတ်ကျင့်ဆဲ ရဟန်း၊ အဗ္ဗာန်သွင်းထိုက်တဲ့ ရဟန်း (ဝိ၊၄၊၃၂၁)'။ ဒီအထဲ မှာ လူနှင့် သာမဏေဆိုတာ ပါတယ်။ လူဝတ်ကြောင်နဲ့ ကိုရင် (ရှင်သာမဏေ)ကို ရဟန်းက ရှိမခိုးရဆိုတဲ့ အဓိပ္ပာယ်ပါ။

‘လူဝတ်ကြောင်’ကို မိဘနဲ့ အခြားလူလို့ ခွဲခြားပြတာမျိုး မတွေ့ဖူးဘူး။ ဒါကြောင့် လူ(လူဝတ်ကြောင်)လို့ ပြောလိုက်တာနဲ့ လူဝတ်ကြောင် ဖြစ်နေတဲ့ မိဘတွေပါ ရှိမခိုးရရဘူး အဓိပ္ပာယ်မှာ ပါသွားတယ်။ ‘ရှိမခိုးရဘူး'လို့ သာမန်ပဲဆိုလို့ ကာယ၊ ဝစီ၊ မနော' သုံးမျိုးလုံး ပါတယ်။

ခွဲမှတ်သင့်

အဲဒီလို ထင်ယောင် ထင်မှားတွေ ဖြစ်နိုင်လို့ပဲ ဩကာသကို မူသစ် မထွင်သင့်ဆိုတဲ့ ဆရာတော်အချို့ရဲ့ အဆိုကို ဘုန်းကြီး ထောက်ခံနေတာပေါ့။ ဟိုရိပ်သာက ဩကာသ တစ်မျိုး ဒီရိပ်သာတစ်မျိုးဆိုရင် ဩကာသမျိုးစုံ ဆိုတတ်မှ ရိပ်သာကို ဝင်ရတော့မလို ဖြစ်နေတယ်။ မေတ္တာပို့လည်း ဒီအတိုင်း။ ဒီမေးခွန်းမှာတော့ ကမ္မဋ္ဌာန်း မထိုင်ခင် စိတ်ရှင်းအောင်လို့ ရတနာသုံးပါးနဲ့ မိဘဆရာသမားကို ကန်တော့တာဆိုတဲ့ အဓိပ္ပာယ်နဲ့ စဉ်းစားကြည့်မယ် ..

(၁) မဆိုသင့်

တရားမထိုင်ခင် တရားကို အနှောင့်အယှက် ပြုနိုင်တဲ့ ကံတွေ အကျိုးပေးခွင့် မသာအောင် ‘ရတနာသုံးပါး၊ မိဘ ဆရာသမားကို တောင်းပန်တာမျိုး' အချို့ရိပ်သာတွေမှာ လုပ်တာတွေ့ရတယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်ရင် ‘ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား'လို့ အဓိပ္ပာယ် ထွက်စေတဲ့ စာသားကို ပရိသတ်အားလုံးကို သိမ်းကျုံးပြီး မတိုင်ပေးသင့်ဘူးလို့ ထင်တယ်။ ခင်ပွန်းဆယ်ပါးကို ပွဲတင်ရှိခိုးတဲ့ ရဟန်းတွေလည်း ဒီအထဲ ပါတယ်။ မိဘကျေးဇူး ကြီးတာနဲ့ သီလ သမာဓိ ပညာဂုဏ် တစ်ခြားစီပါ။

(၂) ဆိုကောင်း

'ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား'လို့ ဆိုမယ့် အစား “မာန်ကိုမတင်း အပြစ်ကင်းအောင် စိတ်ရင်းမှန်စွာ တောင်းပန်ပါ၏’ဆိုရင် မကောင်းဘူးလား။ ဒီစာသားအတိုင်း မဟုတ်ရင်တောင် ဒီအဓိပ္ပာယ်မျိုးပေါ့။ ဒါမျိုးဖြစ်ရင် လူရော ရဟန်းပါ လက်အုပ်ချီ နှုတ်မြွက်ပြီး ပြိုင်တူဆိုနိုင်ကောင်းဖွယ် ရှိပါတယ်။ အနည်းဆုံး မေးခွန်းထဲကအတိုင်း တွေးစရာ မရှိတော့ဘူးပေါ့။
ဇူလိုင် ၃၀၊ ၂၀၁၉။

---

မှတ်ချက်များ

အေးဘုရား .. ဖေ့စ်ဘွက်မှာ ခုခေတ် ရဟန်းငယ်အချို့ အမေကို ခြေသည်းညှပ်ပေးနေတာတို့၊ ကလေးငယ် (မိန်းကလေး)ကို ပွေ့ချီ ချော့မြူနေတာတို့ တွေ့တွေ့နေရတိုင်း “ဂုဏ်တက်နေတာလား၊ ဂုဏ်ပျက်နေတာလား'တောင် မကွဲကြတော့ပါလားလို့ အံ့ဩမိတယ်။ ဓမ္မဘေရီအရှင်ဝီရိယ
အသစ်ထွင်ကြရာကနေ အပြစ်တွေ ဖြစ်နေကြတာ ဘုရား။ ကျေးဇူးများလှပါတယ် ဘုရား။ အရှင်နေမိန့်
တရားဟော ဓမ္မကထိက တစ်ချို့က မူရင်းဩကာသ ဘုရားရှိခိုးမှာ မိဘ၊ ဆရာဆိုတာကို ဖြည့်စွက်ထားတာကို ကြားရစဉ်က သိပ်ဘဝင် မကျခဲ့ပါ။ ဆရာတော်ရဲ့ ဖြေဆိုချက် ကြားနာရ၍ နှစ်သက် ဝမ်းမြောက်ပါ၏ အရှင်ဘုရား။ သာဓု သာဓု .. သာဓုပါ ဘုရား။
သန်းထွန်း (တိုကျို)

၇၅၃။ အာပတ်ဖြေခြင်း

အရှင်ဘုရား၊ သံဃာတွေ အာပတ်ဖြေတယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်ပါလဲ ဘုရား။ ပြီးတော့ တပည့်တော် တရားပွဲတွေ မှာ ကြုံဖူးတာက တရားနာလာတဲ့ လူတွေက ပုဝါတွေ တ ဘက်တွေကို .. တရားဟောမယ့် ဆရာတော် ကြွလာမယ့် လျှောက်လမ်းမှာ ခင်းကြပါတယ်။ ဒါကို အချို့ ဆရာတော် တွေက ဘာမှ မမိန့်ပါဘူး။ အနည်းငယ်သော ဆရာတော်သာ အဲလို မလုပ်ဖို့ တားမြစ်ပါတယ်။ ဘာဖြစ်လို့ပါလဲ ဘုရား။ ဆရာတော် ကျန်းမာ၍ တရားထူးကို ရနိုင်ပါစေ ဘုရား။

ဝါဝါလှိုင်

---

အာပတ်ဖြေ

ပြုမိတဲ့ အပြစ်ကို ပြန်တွေးပြီး တနှံ့ စိတ်မချမ်းသာ ဖြစ်နေရင် အဟောင်းဟာ အသစ်ဖြစ်ပြီး “ခုတ်လေပွားလေ" ဖြစ်တယ်။ ပုထုဇဉ်ရဟန်းတွေအဖို့ စိတ်ရိုင်းဝင်ချိန်မှာ အာပတ် သင့်တာပါပဲ။ ဒါကြောင့် စိတ်ယဉ်တို့ လွမ်းမိုးချိန်မှာ သင့်ပြီး အာပတ်တွေ ငြိမ်းအောင် ရှင်တော်ဗုဒ္ဓက အာပတ်ဖြေခွင့် ပေးထားပါတယ်။ “အာပတ်ဖြေ'ဆိုတာ ဖြစ်ပြီး အပြစ်ကို “လျှော်ပစ်တာ၊ ဘုရားအမိန့်နဲ့ အပြစ်ကို ပယ်ပစ်တာမျိုး မဟုတ်ဘူး။ မတိုးပွားဘဲ ရပ်တံ့သွားအောင် လုပ်ခြင်းသာ ဖြစ်ပါတယ်။ အာပတ်သင့်လို့ ဖြစ်ရတဲ့ အကုသိုလ်ကို ကုသိုလ်နဲ့ အရှိန်သတ်လိုက်တဲ့ သဘောပါပဲ။

“ဖြစ်ပြီး အကုသိုလ်ကို ပြန်မဖြစ်အောင် ကြိုးစားခြင်းဟာ နိဗ္ဗာန်ရောက်ကြောင်း အင်္ဂါရပ်တစ်ခု (ဗောဓိပက္ခိယ) ဖြစ်ကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။

အာပတ်ဖြေပုံ

ဘုန်းကြီးတွေ အာပတ်သင့်ရင် သင့်တဲ့ရဟန်းက “ဤမည် သော သိက္ခာပုဒ်ကျိုးပေါက်၍ အာပတ်သင့်ပါသဖြင့် ထို အာပတ်ကို အရှင်ဘုရားအား ပြောကြားပါ၏”လို့ အခြား ရဟန်း တစ်ပါးကိုပြောတဲ့အခါ အပြောခံရဟန်းက “တစ်ဖန် အာပတ်မသင့်အောင် စောင့်ထိန်းပါ ဘုရား'လို့ သတိပေးတယ်။ အာပတ်ရှင်က တကယ် စောင့်ထိန်းလိုစိတ်နဲ့ “မှန်ပါ့ဘုရား”လို့ ဆိုရင် အာပတ်ငြိမ်းတယ်။ အာပတ်သင့်လို့ ဖြစ်ရတဲ့ အကုသိုလ်ကို ထပ်မဖြစ်အောင် ပြန်ချုပ်တဲ့ သဘောပါပဲ။ လူတွေအာပတ်ဖြေပုံကို မေးခွန်းအမှတ်-၆၆၉ (ပေါင်း ချုပ် ၅၊ စာ-၂၃၆၁ မှာ ရှုပါ)။

နောင်သားတို့ဖို့

ဗောဓိမင်းသားရဲ့ အိမ်သစ်တက်ပွဲကို ကြွတဲ့အခါ မြတ်ဗုဒ္ဓဟာ မင်းသားက လှေကားမှာ ခင်းထားတဲ့ ပိတ်ဖြူကို မနင်းဘူး။ အကြောင်းက ... ဗောဓိမင်းသားက မိမိမှာ သားလေး မွေးမယ်ဆိုရင် မြတ်စွာဘုရား ဒီအဝတ်ဖြူကို နင်းပါစေ'လို့ စိတ်ထဲ အဓိဋ္ဌာန်ထားတယ်။ မြတ်ဗုဒ္ဓအနေနဲ့ သိတော်မူပေမယ့် နောင်လာနောင်သား ရဟန်းတွေကို ဒီလိုလုပ်လို့ မမှန်ရင် ရဟန်းတွေ ဆင်းရဲမှာကို မြင်တော်မူလို့ ကြိုပြီး ရှောင်တဲ့ အနေနဲ့ မြတ်ဗုဒ္ဓ မနင်းခဲ့တာ (ဝိ၊၄၊၂၆၈။ ဝိ၊ဋ္ဌ၊၄၊၅၂)။

အဖြေ

“ဆရာတော်အချို့သာ အဲလိုမလုပ်ဖို့ တားမြစ်တာ'ဟာ ဗောဓိမင်းသားကို မြတ်ဗုဒ္ဓ တားမြစ်သလို ဖြစ်နိုင်တယ်။ အဲဒီလို ရည်ရွယ်ရင် ဝိနည်းအရ မနင်းကောင်းလို့။ ဒါပေမယ့် မင်္ဂလာအထိမ်းအမှတ်နဲ့ ခင်းထားတဲ့ ကောဇောစသည်ကိုတော့ နင်းကောင်းတယ် (ဝိ၊၄၊၂၆၈။ ဝိ၊ဋ္ဌ၊၄၊၅၂)။ 'ဆရာတော်အချို့ ဘာမှမမိန့်'တာဟာ တရားဟောသူကို ကြည်ညိုစိတ် သက်သက်နဲ့ ခင်းထားတာလို့ ယူဆလို့ ဖြစ်နိုင်တယ်။

ဇူလိုင် ၃ဝ၊ ၂ဝ၁၉။

---

၇၅၄။ ကထာဝတ္ထုကျမ်း

ဘုန်းကြီး ဘုရား၊ အွန်လိုင်းမှာ ရဟန်းတစ်ပါးက ကထာဝတ္ထုကျမ်းကို ဘုရားမဟောဟု ရေးထားပါသည်။ ထိုစကား မှန်မမှန်နှင့် ထိုကျမ်းအကြောင်းကို သိလိုပါသည် ဘုရား။

အရှင်ခေမိန္ဒာလင်္ကာရ (ဒီပဲရင်း)

---

ဘုရားဟော

ဓမ္မသင်္ဂဏီဝိဘင်္ဂဓာတုကထာပုဂ္ဂလပညတ္တိကထာဝတ္ထုယမက (ယမိုက်)ပဋ္ဌာန (ပဋ္ဌာန်း)လို့ အဘိဓမ္မာ ၇-ကျမ်း ရှိတယ်။ ဒီအထဲ ကထာဝတ္ထုကျမ်းနဲ့ ပတ်သက်ပြီး “နောင်အခါ မိမိအယူ၌ သုတ်ငါးရာ၊ ဆန့်ကျင်ဘက်အယူ၌ သုတ်ငါးရာ ထုတ်ဆောင်ပြီး သုတ်ပေါင်း တစ်ထောင်ဖြင့် အရှင်မောဂ္ဂလိပုတ္တတိသမထေရ် ဟောကြားမည်ကို သိတော်မူ၍ မာတိကာ အကျဉ်းမျှကိုသာ ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့၏ (အဘိ၊ဋ္ဌ၊၃၊၁ဝ၅၊ ၁ဝ၇)'လို့ အဋ္ဌကထာမှာ မှတ်ချက်ပြုတယ်။

ယင်းမာတိကာ(အကျဉ်း)ကို ‘အဋ္ဌမုခါဝါဒယုတ္တိ’လို့ ခေါ်ပြီး တစ်ဘာဏဝါရမပြည့် (ညွန်းပြီး)။ ဒါကိုပဲ ကထာဝတ္ထုကျမ်းအဖြစ် အဘိဓမ္မာ ၇-ကျမ်းမှာ ထည့်သွင်းပြီး ပဌမသံဂါယနာတင်တယ် (သာရတ္ထ၊ဋီ၊၁၊၆၃)။ ဒါကြောင့် ကထာဝတ္ထုကျမ်းကို ဘုရားဟောလို့ မှတ်ပါ။

ကထာဝတ္ထု

ပဌမေ ဝဿသတေ နတ္ထိဒုတိယေ ဝဿသတန္တရေဘိန္နာ သတ္တရသ ဝါဒါဥပ္ပန္နာ ဇိနသာသနေ
(ဒီပဝံသ၊ ၅:၅၃)
“ပထမ နှစ်တစ်ရာအတွင်း ဂိုဏ်းကွဲ မရှိ။ ဒုတိယ နှစ် တစ်ရာ အတွင်းမှာမူ ဗုဒ္ဓသာသနာ၌ ဂိုဏ်းကြီး ဆယ့်ရှစ် ဂိုဏ်း ကွဲပြားသွား၏’အရ ဒုတိယ သံဂါယနာမှာလည်း အကျဉ်းပဲ သံဂါယနာ တင်တယ်လို့ ဆိုနိုင်တယ်။ သာသနာ ဒုတိယ နှစ်တစ်ရာ အတွင်းမှာ ဂိုဏ်းကြီး ၁၈-ဂိုဏ်း ကွဲပြားသွားပြီး သာသနာနှစ် သုံးရာစု အသောကခေတ်မှာ ကထာဝတ္ထုကျမ်း အကျယ် ပေါ်လာတယ်။

ပေါ်ပေါက်ချိန်

သာသနာနှစ်ဆိုတာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံ (ကွယ်လွန်)တဲ့ နှစ်ကစပြီး ၁-နှစ်၊ ၂-နှစ် စသည် ရေတွက်လာတာ။ အသောကမင်းဟာ သာသနာနှစ် ၂၁၈-မှာ ဘိသိက်ခံ၊ ယင်းနောက် ၄-နှစ်အကြာမှာ မင်းကြီး ဗုဒ္ဓဝါဒီဖြစ်၊ ရဟန်းတုများကို ရှင်းလင်းပြီးနောက် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က ကထာဝတ္ထုကျမ်းကို ဟောကြား (အဘိ၊ဋ္ဌ၊၃၊၁၁ဝ)၊ သာသနာနှစ် ၂၃၅-မှာ တတိယသံဂါယနာမှာ အရှင်မြတ်ရဲ့ကျမ်း (ကထာဝတ္ထုအကျယ်)ကို ထည့်သွင်းပြီး သံဂါယနာ တင်ခဲ့တယ်။

အိန္ဒိယ မှတ်တမ်းအရ အသောကမင်းဟာ ၂၆၈-ဘီစီမှာ ဘိသိက်ခံတယ် (J. Nehru, Glimpses of World History, p.62)။ ဒါဟာ သာသနာနှစ် ၂၇၅ ဖြစ်လို့ သာသနာမှတ်တမ်း နဲ့ ၅၇-နှစ်ခန့် ကွာခြားတာကို မှတ်ပြီး တတိယ သံဂါယနာ တင်နှစ်ကို ခန့်မှန်းကြည့်ပါ။

အဖြေ

ရှင်တော်ဗုဒ္ဓက မာတိကာမျှ (အမြွက်မျှ)ဟောခဲ့တဲ့ ကထာဝတ္ထုကျမ်းကို မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း သုံးရာနီးပါး အကြာ (သာသနာ ၂၂၂-၂၅ဝ အတွင်း)မှာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က ထပ်မံ၍ အကျယ်ဟောကြား သို့မဟုတ် ရေးသားကြောင်း မှတ်နိုင်ပါတယ်။

သြဂုတ် ၂၊ ၂ဝ၁၉။

---

၇၅၅။ မာန်ပေါ်တဲ့ မော်ဒန်ဆရာ

အဘိဓမ္မာကို ရတနာဃရသတ္တာဟမှာ ဆင်ခြင်တယ်လို့ ဆိုပါ တယ်။ ဝိနည်းမဟာဝါမှာ သတ္တသတ္တာဟကို ဖော်ပြရာမှာ ၅- ခုပဲ တွေ့ရတယ်။ ရတနာဃရသတ္တာဟ မတွေ့ရ။ မဟာဝါက စောတယ်။ ဆဋ္ဌမူက ပါရာဇိကဏ်ကို ဝိ ၁ သတ်မှတ်ပေမယ့် မော်ဒန်ဆရာတွေက ဝိနည်းမဟာဝါကို ဝိ ၁ လို့ သတ်မှတ် တယ်။ အဲမှာ ရတနာဃရသတ္တာဟ မပါ။ ဒါကြောင့် အဘိဓမ္မာပိဋက တစ်ခုလုံးကို ဘုရားဟောလို့ သတ်မှတ်ဖို့ တွန့် ဆုတ်နေကြတယ်။ ဘုန်းကြီးအမြင် သိချင်ပါတယ် ဘုရား။

အရှင်ဝိစိတ္တသာရ

‘အဘိဓမ္မာ ဘုရားဟော’ ခေါင်းစဉ်နဲ့ မေးခွန်း အမှတ်-၁၇၄ (ပေါင်းချုပ် ၂၊ စာ-၆ဝ၃)မှာ ဆွေးနွေးထားပြီး ရှိတယ်။ တစ်ခါတော့ ရှုထောင့် တစ်မျိုးနဲ့ ပြန်ပြောကြည့်မယ် ..

အဋ္ဌကထာ

မြတ်ဗုဒ္ဓ အာဘော်ကျအောင် အဓိပ္ပာယ် ဖွင့်ဆိုတာကို အဋ္ဌကထာလို့ ခေါ်တယ်။ အဋ္ဌကထာဟာ ဗုဒ္ဓလက်ထက်ကပင် ရှိတယ်လို့ ထေရဝါဒီတို့ ယုံကြည်တယ် (အနုဋီ၊၁၊၁၁)။ ဗုဒ္ဓကို သိမီတဲ့ အရှင်မဟာကဿပ အရှင်အာနန္ဒာစတဲ့ မထေရ်စဉ်ဆက်တို့ရဲ့ ပို့ချစဉ်ပါပဲ။ ဒါကြောင့်ပဲ ထေရဝါဒ (မထေရ်ကြီးတို့ရဲ့ အယူအဆ)လို့ ခေါ်တာ။ ‘မဟာ(မူလ)မဟာပစ္စရိကုရုန္ဒီအန္ဓကသင်္ခေပသီဟဠ (ပေါရာဏ)'လို့ ရှေးဟောင်း အဋ္ဌကထာကျမ်းတွေ ရှိဖူးတယ်။

ဘာသာပြန်

ဘုရားလက်ထက်က အဋ္ဌကထာ (ပို့ချစဉ်၊ သင်ကြားချက်၊ အဓိပ္ပာယ် ဖွင့်ဆိုချက်)ကို အရှင်မဟာကဿပ အမှူးပြုတဲ့ ရဟန္တာ ၅၀၀-က ပထမသံဂါယနာ တင်တယ်။ ဒုတိယ၊ တတိယလို့ သံဂါယနာတွေလည်း တင်ခဲ့ကြတယ်။ အဲဒီ (သံဂါယနာ သုံးတန်တင်) အဋ္ဌကထာတွေကို အရှင်မဟိန္ဒတို့က သီဟိုဠ်ကို ယူလာပြီး သီဟိုဠ်ဘာသာ ပြန်ဆိုကြတယ်'လို့ ထိုထို အဋ္ဌကထာတွေရဲ့ ကျမ်းဦးပဏာမမှာ ဆိုတယ်။

အချုပ်ရေးသူ

အဲဒီ သီဟိုဠ်ဘာသာ အဋ္ဌကထာကျမ်းတွေဟာ ကျယ်ဝန်းပြီး သင်ယူဖို့ခက်ခဲလို့ သာသနာနှစ် ၉၀၀-ကျော်အချိန်မှာ ပေါ် ထွန်းတဲ့ အရှင်မဟာဗုဒ္ဓဃောသက မူရင်းကျမ်းတွေရဲ့ အနှစ်သာရ မပျက်စေဘဲ အတိုချုပ်ပြီး ပါဠိဘာသာနဲ့ အဋ္ဌကထာသစ်တွေကို ရေးတယ်။ အဓိပ္ပာယ် မှန်လို့လည်း ထိုခေတ်က မထေရ်ကျော်တို့ လက်ခံကြတာ။ ဒါကြောင့် “ရှင်ဗုဒ္ဓဃောသ ရဲ့အဋ္ဌကထာ’တွေကိုလည်း မြတ်ဗုဒ္ဓကို သိမီတဲ့ မထေရ်တို့ရဲ့ ပို့ချစဉ်အနေနဲ့ ထေရဝါဒီတို့ ယုံကြည်ကြတယ်။

ပါဠိဘာသာ အဋ္ဌကထာကျမ်းသစ်တွေ ခေတ်စားလာလို့ အရှင်မဟိန္ဒတို့ အသုံးပြုခဲ့တဲ့ သီဟိုဠ်ဘာသာ အဋ္ဌကထာကျမ်းတွေ နောင်အခါ ပျောက်ကွယ်သွားတယ်။

ငါးခုမဟုတ်

ဝိနည်း မဟာဝဂ္ဂပါဠိ (ဝိ၊၃၊၂-၄)မှာ သတ္တာဟ ၄-ခု (ပလ္လင်္က၊ အဇပါလ၊ မုစလိန္ဒ၊ ရာဇာယတန)နဲ့ ဥဒါန်းပါဠိ (၇၇-၈၇)မှာ သတ္တာဟ ၃-ခု (ရာဇာယတနမပါ) ဖော်ပြတာကို တွေ့ဖူးတယ်။ ဒါပေမယ့် မထေရ်စဉ်ဆက်တို့ရဲ့ မှတ်သားချက် (ထေရဝါဒ)အရ သတ္တာဟ ၇-ခုလို့ ဆိုတယ်။ ဥဒါန်းတွေကို မှတ်တမ်းတင်တဲ့ ဥဒါန်းပါဠိတော်မှာတော့ ဥဒါန်းကျူးတဲ့ ရက်သတ္တပတ် သုံးခုကိုပဲ ဖော်ပြတာ ဖြစ်မယ်။

ပါဠိတော်နဲ့ အဋ္ဌကထာ ခြားနားရပုံနဲ့ ပတ်သက်ပြီး ရန်ကုန်၊ ကမ္ဘအေးမှာ နေတုန်းက ဆွေးနွေးဖူးတယ် ...

အနက် ၂-မျိုး

‘ထမင်းစားပြီး အိပ်ရာဝင်တယ်’ဆိုရာမှာ ချက်ခြင်း အိပ်ရာမဝင်။ ပန်းကန်ဆေး၊ ပါးစပ်ဆေး၊ ရေအိမ်ဝင်တွေ လုပ်ရသေးတယ်။ ပြီးမှ အခြားကို မသွားဘဲ အိပ်ရာဝင်တာ။ ဒီဥပမာမှာ စားပြီးနောက် အခြားမသွားတာကို တားမြစ်နက် (ပဋိက္ခေ ပတ္ထ)လို့ ခေါ်ပြီး ပါးစပ်ဆေးစသည် လုပ်တာကို ခွင့်ပြုနက် (အနုညာတတ္ထ) ခေါ်တယ်။ ထို့အတူ ‘ဗောဓိပင်ရင်းမှ ဆိတ်ကျောင်းညောင်ပင်အနီးသို့ ချဉ်းကပ်၏'လို့ဆိုရာမှာ ချက်ခြင်းမချဉ်းကပ်သေးဘဲ ခွင့်ပြုနက်အနေနဲ့ အောက်ပါ သတ္တာဟ ၃-ခုကိုလည်း ယူခွင့် ရှိတယ် ..

သတ္တာဟ ၃-ခု

၁) အနိမိသသတ္တာဟ = သဗ္ဗညုတဉာဏ်ကိုရတဲ့ ဗောဓိပင်နဲ့ ပလ္လင်ကို မတ်တတ်ရပ်ပြီး စူးစိုက်စွာ ကြည့်နေတဲ့ ၇-ရက်။
၂) စင်္ကမသတ္တာဟ = ပလ္လင်နဲ့ ရပ်နေခဲ့တဲ့ နေရာနှစ်ခုအကြား ပစ္စဝေက္ခဏာဉာဏ်စေစားပြီး စင်္ကြံကြွတော်မူတဲ့ ၇-ရက်။
၃) ရတနဃရသတ္တာဟ = နတ်တို့ ဖန်ဆင်းတဲ့ ရတနာအိမ် တစ်နည်း အဘိဓမ္မာတရားရတနာကို သုံးသပ်တဲ့နေရာ (အဓိပ္ပာယ် နှစ်ခုလုံး အသင့်ချည်း) မှာ ၇-ရက်။

စေတီသုံးဆူ

ဖော်ပြပါ သတ္တာဟသုံးခုရဲ့ အထိမ်းအမှတ်အနေနဲ့ ‘အနိမိသစေတီရတနစင်္ကမစေတီရတနဃရစေတီ’တွေ တည်ခဲ့ကြကြောင်း ကျမ်းဂန်မှာ (ဇာ၊ဋ္ဌ၊၁၊၉ဝ) ဆိုတယ်။ ဒီစေတီတွေနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အနောက်တိုင်း သား ဗုဒ္ဓဝင်ရေးသူတစ်ဦး မှတ်ချက်ပြုပုံက...

'These shrines were probably real places or sites in the time of the commentators. (E. J. Thomas, The life of Buddha, p. 85) = ထိုစေတီများ (ပါဠိတော်မှာ မပါ သည့်စေတီသုံးဆူ)သည် အဋ္ဌကထာဆရာများ လက်ထက်က အမှန် တည်ရှိခဲ့သော နေရာဌာနများ ဖြစ်ဖွယ်ရှိ၏’တဲ့။

ဒါဖြင့် ဒီစေတီတွေတောင် အနည်းဆုံး နှစ်ပေါင်း ၁၆၀၀ ကျော်ပြီ။ စေတီရှိတယ်ဆိုတဲ့ အယူအဆက ဒီထက် များစွာ ရှေးကျနေမှာ။ ဒီတော့ ခုမှ ဖတ်မှတ်ပြီး တွေးထားမိတာလေးကိုတောင် ဦးနှောက်ထဲက ထုတ်ပစ်ဖို့ လွယ်ရဲ့လား။

ကိုယ့်အမြင်

မထေရ်ကြီးတို့ရဲ့ အစဉ်အလာ မှတ်သားချက်(ထေရဝါဒ) ဖြစ်လို့ ပါဠိကျမ်းစာတွေကို ဖတ်တတ်ရုံမျှ အဆင့်ရှိတဲ့ ဘုန်းကြီးအနေနဲ့ မှတ်ချက် မပေးနိုင်ပါ။ ဒီလိုတော့ ဆိုခွင့်ရှိတယ် “မာန်အတော်ပါတဲ့ မော်ဒန်ဆရာ'တွေဟာ အလင်းရောင် မရှိဘဲ သက်ရှိတွေ ဖန်ဆင်းတာကို နှုတ်ဆိတ်နိုင်ပေမယ့် ဗုဒ္ဓကျမ်းစာထဲမှာ သူတို့ နားမလည်နိုင်ရင်တော့ လွယ်လွယ်နဲ့ မှတ်ချက်ပြုဖို့ ဝန်မလေးကြဘူးလို့။

ဩဂုတ် ၃၊ ၂ဝ၁၉။

---

မှတ်ချက်များ

မှန်ပါ့ ဘုရား။ တပည့်တော် အမြင်အရ ရတနာဃရ သတ္တာဟကို မဟာဝဂ္ဂအဋ္ဌကထာက အဇပါလကထာ စာ-၂၃၉ မှာ ပါတယ်လို့ ထင်ပါတယ် ဘုရား။
အရှင်နေမိန္ဒ

အဋ္ဌကထာကိုတော့ ပြောလို့ မရပါ။ အဋ္ဌသာလိနီ၊ မဟာဝါ အဋ္ဌကထာတို့က အရှင်ဗုဒ္ဓဃောသ လက်ရာတွေ။ ပါဠိတော်မှာကို ပါနေသင့်တာ။
အရှင်ဝိစိတ္တသာရ

မှန်ပါ့။ အဋ္ဌကထာဆိုတာ သမိုင်းမှာရှိပါတယ် ဘုရား။
အရှင်နေမိန္ဒ

သဗ္ဗညု ဘုရားရှင်က ပဋ္ဌာန်းကို ဟောမဟော စဉ်းစားတာ ထက် ဤမျှနက်နဲ ကျယ်ဝန်းတဲ့ ဒေသနာကြီး ဟောစွမ်းနိုင် တဲ့ ပုဂ္ဂိုလ်ကို သဗ္ဗညုဆိုသင့် မဆိုသင့် စဉ်းစားကြည့်ခိုင်း ရင် ပိုအဆင်ပြေမယ်။
ဓမ္မဘေရီ အရှင်ဝီရိယ

---

၇၅၆။ အတင်အရုံပြဿနာ

ဆရာတော် ဘုရား၊ မြန်မာဘုရင်တို့ အုပ်စိုးစဉ်က ဖြစ်ပေါ်ခဲ့ဖူးသော အတင်အရုံပြသနာ သို့မဟုတ် တုံဂိုဏ်း ရုံဂိုဏ်းအကြောင်းကို သိလိုပါသည်။ ထိုဂိုဏ်းကွဲ နှစ်ခုမှာ ဘယ် အချိန်တွင် စတင်၍ ဘယ်အချိန်တွင် ဘယ်လို ငြိမ်းသွားသည် ကို သိလိုပါသည် ဘုရား။

အရှင်နန္ဒသာရ

---

အသစ်ထွင်

ချင်းတွင်းမြစ် အနောက်ဖက်ကမ်းရှိ ‘တုံရွာ’မှာ သီတင်းသုံး တဲ့ ရွားဦးကျောင်း ဆရာတော် အရှင်ဂုဏာလင်္ကာရဟာ သာမဏေတွေ ရွာတွင်းကိုဝင်ရင် သင်္ကန်းမရုံဘဲ လက်ကန်တော့ တင် ယပ်တောင်ကို ကိုင်၍ ဝင်စေပြီး ‘တုံတောနေဂိုဏ်း' နာမည်နဲ့ ဂိုဏ်းသစ်ထွင်တယ်။ သင်္ကန်းမရုံဘဲ လက်ကန်တော့ တင်လို့ ‘အတင်ဂိုဏ်း’၊ ‘တုံရွာ’ကို အစွဲပြုပြီး ‘တုံဂိုဏ်း’လည်း တွင်တယ်။ ဒါ စနေမင်းလက်ထက် (အေဒီ ၁၆၉၈-၁၇၁၄)။

အရုံဂိုဏ်း

တစ်ခေတ်တည်းမှာပဲ တောင်ငူ အရှင်ဗုဒ္ဓကိုရနဲ့ အရှင်ဝိစိတ္တ၊ ဒီပဲရင်း အရှင်သုနန္ဒ၊ တလုတ်မြို့ ငရံ့အိုးရွာ အရှင်ကလျာဏတို့က ရှင်ရဟန်းတို့ ရွာတွင်းကိုဝင်ရင် သင်္ကန်းရုံ၊ ယပ်ကိုင် စေလို့ ‘အရုံတောနေဂိုဏ်း'လို့ နာမည်သစ်တွင်တယ်။ ဒီအုပ်စုကစာပေ ကျမ်းဂန် တတ်ကျွမ်းကြတယ်။ သင်္ကန်းရုံတာကို အကြောင်းပြု၍ပင် “အရုံဂိုဏ်း'လို့ တွင်သွားပုံရပါတယ်။
အစပိုင်းမှာ ဘုရင်က သတိမမူ ဂူမမြင်လို့ တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း အငြင်းပွားမှုမရှိဘဲ အမှုမဲ့သာ နေခဲ့ကြတယ်။

အငြင်းပွား

တင်္ဂနွေမင်းလက်ထက် (အေဒီ ၁၇၁၄-၁၇၃၃)မှာတော့ ‘အရုံ’ နဲ့‘အတင်” သူမှန်ကိုယ်မှန် အငြင်းပွားကြတယ်။ ဒါနဲ့ ဘုရင်က တာဝန်ပေးလို့ ပိဋကတ် တတ်ကျွမ်းတဲ့ ‘ဝဏ္ဏဗောဓန သတ်အင်း'ကျမ်းပြု အရှင်ဥက္ကံသမာလာ ဆုံးဖြတ်ပေမယ့် ‘အတင်’ဖက်မှာ မင်းကျွမ်းဝင် ရဟန်းတွေ အားကောင်းလို့ “တောချုံထူရာမှာ အောင်းနေတဲ့ ကျားသစ်ကိုဖမ်း၍ မရနိုင်သလို” အမှုကို ပြီးပြေအောင် မလုပ်နိုင်။

ဒါမျိုးသတိ

ဟံသာဝတီရောက်မင်း (အေဒီ ၁၇၃၃-၁၇၅၂)လက်ထက်မှာ အရုံဖက်က ကျမ်းတတ်အကျော် ပထမ ကျော်အောင်စံထား ဆရာတော်နဲ့ အတင်ဖက်က အရှင်ပါသံသတို့ ခေါင်းတည်ဆိုကြပေမယ့် မင်းကျွမ်းဝင် ရဟန်းတို့ အားကောင်းလို့ အမှု မငြိမ်း။ အလောင်းမင်းတရားလက်ထက် (အေဒီ ၁၇၅၂-၁၇၆၀)လည်း ဘုရင်ခန့်တဲ့ အတုလဘွဲ့ခံ သာသနာပိုင် အရှင်အတင်ဂိုဏ်းဝင် ဖြစ်နေလို့ ဆုံးဖြတ်ခွင့် မသာ။

မှေးမှိန်ရုံမျှ

အလောင်းမင်းတရားရဲ့ သားတော်ကြီး နောင်တော်ကြီးမင်း (အေဒီ ၁၇၆၀-၁၇၆၃)လက်ထက် အရုံဂိုဏ်းဝင် တောင်တွင်းဆရာတော် ခင်ကြီးဖျော် သာသနာပိုင် ဖြစ်ပေမယ့် သာသနာပိုင်ဟောင်း အရှင်ယသတို့ စာသွင်းလို့ ဖြေရှင်းခွင့်မရ၊ အမှု မငြိမ်း။ ၎င်းမင်းရဲ့ ညီတော် ဆင်ဖြူရှင်မင်း (အေဒီ ၁၇၆၃-၁၇၇၆) လက်ထက် အရုံဂိုဏ်းဝင် ပဌကျော် စရစ်ဆရာတော် သာသနာပိုင်ဖြစ်လို့ အတင်ဂိုဏ်းသားတို့ မှေးမှိန်တယ်။

သင်္ကန်းချွတ်

စဉ့်ကူးမင်း (အေဒီ ၁၇၇၆-၁၇၈၁) လက်ထက် အရုံဂိုဏ်းဝင် မာန်လည်ဆရာတော် သာသနာပိုင်ဖြစ်ပြီး အတင်အရုံ ပြဿနာကို နန်းတော်မှာ ငြင်းခုံစေတဲ့အခါ အတင်တို့ ရှုံးပြီး ငြင်းခုံမှု ယာယီငြိမ်းတယ်။ ဒါပေမယ့် ဘိုးတော်ဘုရား (အေဒီ ၁၇၈၂-၁၈၁၉) နန်းတက်စ အရှင်ယသတို့က ထပ်မံ ငြင်းဆိုဖို့ စာတင်တဲ့အတွက် ပထမဗားကရာဆရာတော် ဦးဆောင်ပြီး ငြင်းဆိုတဲ့အခါ အတင်တို့ ဒုတိယအကြိမ် ရှုံးတယ်။

ဒီတစ်ကြိမ်မှာ သာသနာပိုင်ဟောင်း အတုလယသ အမှူးရှိတဲ့ အတင်ဂိုဏ်း ခေါင်းဆောင်တွေကို သင်္ကန်းချွတ်၊ အဝတ်ဖြူလဲပြီး နယ်ခြားကို ပို့တယ် (ပုခန်းသာသနာဝင်၊ စာ-၁၇၄)။ အတင်တို့ နောက်ထပ် ခေါင်းမထောင်နိုင်တော့ဘူး။

မင်း ၈-ဆက်

နာမည်ကျော် အတင်အရုံပြဿနာဟာ စနေမင်း လက်ထက်စခဲ့ပြီး ဘိုးတော်ဘုရား လက်ထက်တွင်မှ ငြိမ်းတယ်။ အားလုံး မင်း ၈-ဆက်၊ နှစ်ပေါင်း ၈၅ နှစ်ခန့် ကြာခဲ့တယ်။ သက် တမ်းရှည်တဲ့ အငြင်းပွားမှုပါပဲ။

ဩဂုတ် ၄၊ ၂ဝ၁၉။

---

၇၅၇။ သာဓုလားဆာဓုလား

ဆရာတော် ဘုရား၊ တပည့်တော် သားတွေက USA မှာ မွေးလို့ ပါဠိကို Romanization နည်းနဲ့ အသံထွက်ပါတယ်။ တပည့်တော်က မြန်မာနည်းနဲ့ အသံထွက်ပါတယ်။ ဥပမာ သာဓုကို သူတို့က ဆာဓုလို့ ထွက်ပါတယ်။ ဘယ်အသံ ထွက် က မှန်ပါသလဲ ဘုရား။ သားတွေ ဖတ်သလို ဖတ်တတ်ဖို့ ဘယ်စာကို လေ့လာ ဖတ်ရှုရမလဲ ဘုရား။

မောင်ဇော် (နတ်မြို့)

---

မှတ်ဖူးတယ်

ရွာမှာတုန်းက အဖိုးဆရာကြီး ဦးစာရိန္ဒဖတ်တဲ့ ဗုဒ္ဓဓမ္မလော ကစာစောင်ပါ ဆောင်းပါးတစ်ခုရဲ့ အဖွင့်စာသား “စ မွန်တာ ကြက်ကဝါလေ စောက်'ကို စိတ်ဝင်စားလို့ ဆက်ဖတ်ရင်း မွန် တို့က ‘သမန္တာ စက္ကဝါဠေသု'ကို အဲဒီလို ဖတ်ကြောင်း သိရ တယ်။ အသေးစိတ်ကို မမှတ်မိတော့ပေမယ့် ရေးသူဟာ အဲဒီလို ဖတ်တာကိုမကြိုက် သို့မဟုတ် မှားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး နားလည်ရတယ်။ စာခေါင်းစဉ်ရော ရေးသူပါ မမှတ်မိ။

အဖိုးရှင်းပုံ

ကြက်’ဆိုရင် ကြက်သတ္တဝါ၊ ‘စောက်’ဆိုရင် ဆဲတာလို့ နား လည်ထားလို့ ဘုန်းကြီးလည်း မှားတယ်ဆိုတာကို ထောက်ခံတယ်ဆိုတော့ အဖိုးက 'ဝိသုဒ္ဓါရုံဆရာတော်ဆီ ပညာလာ သင်တဲ့ မွန်ရဟန်းတွေကို ကမ္မဝါစာကို ပီအောင် မဖတ်ဘဲ ရဟန်း ဖြစ်လာတယ် ဆိုပြီး ရဟန်းထပ်ခံပေးဖို့ တပည့်တွေက လျှောက်တဲ့အခါ ဆရာတော်ကြီးက မွန်လို ရဟန်းခံတော့ မွန်ရဟန်း ဖြစ်တာပဲ ဆိုပြီး ခွင့်မပြုကြောင်း' ရှင်းပြတယ်။ အမှန်တော့ “ကြက်ကဝါလေ စောက်’ဆိုတာ ‘ကျ-က-ဝါ ငွေ-ဆု’လို့ မွန်တို့ အသံထွက်တာကို စာရေးသူက သူကြားမိသလို ဗမာလို ရေးလိုက်တာ ဖြစ်ပုံရပါတယ်။

မဖြစ်နိုင်

ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်တဲ့ သီရိလင်္ကာ၊ ယိုးဒယား၊ လာအို၊ ကဘာဒီးယားနိုင်ငံတွေမှာ ‘’ကို “အို’၊ ‘စဆဇဈည’ကို ‘ကျ ချဂျယျည’၊ ‘’ကို ‘ဆ’လို့ အသံထွက်ပါလျက် မြန်မာ တစ်ဦးတည်းက ဘာကြောင့် အသံထွက် မတူရသလဲ ဆိုတာ ကိုတော့ ဘာသာဗေဒ ပညာရှင်တွေ ဆုံးဖြတ်ဖို့ ထားခဲ့မယ်။ Romanized ပါဠိကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ တရုတ် မည်သူမဆို အသံထွက်နိုင်တာတော့ သေချာတယ်။

စကားမစပ် . မြန်မာတို့က ပါဠိကို မြန်မာအသံ နောက် လိုက်ပြီး ရေးမှား ရွတ်မှားလေ့ ရှိတာကို သတိပြုမိတယ်။ ဥပမာ .. ဂန္ထဝံသကို ဂန္ဓဝံသမထုရာကို မဓုရာ .. စသည် (ရှေးပေမူတွေမှာ)။ ရူပါယတနံကို ယူပါယဒနံရသာယတနံကို ယသာယဒနံ စသည် (ဓမ္မကထိက အချို့ ပဋ္ဌာန်းရွတ်တာကို နားထောင်ကြည့်)။ ဒါမျိုးကိုတော့ မှန်တယ်လို့ မဆိုင်နိုင်။

ဖောလိုလိုက်

ဆဋ္ဌမူ ပါဠိတော် စာအုပ်တွေရဲ့ ဒုတိယ စာမျက်နှာတိုင်းနီးပါး The Pali Alphabet in Burmese and Roman Characters ဆိုတဲ့ စာမျက်နှာပါတယ်။ အဲဒီမှာ သားတွေ ဖတ်တဲ့ အင်္ဂလိပ် ပါဠိစာလုံးပေါင်းပုံကို လေ့လာနိုင်တယ်။ သားတွေ နောက်က ဖော်လိုလိုက်တာ ကောင်းတယ်။ ဘိက္ခုဗောဓိလို အနောက်တိုင်းသားတွေ ရွတ်တဲ့ ပါဠိကို နားထောင်ပြီးတော့ လည်း သားတွေနဲ့ လိုက်ရောလို့ ရနိုင်တယ်။

ဩဂုတ် ၁၂၊ ၂၀၁၉။

---

မှတ်ချက်များ

“ရေးတော့အမှန် ဖတ်တော့အသံ’ဆိုသလိုပါပဲ။ ပါဠိစာပေ မှာကို မူလစကားတွေကို လျှာက မလိုက်နိုင်တဲ့အခါ ယ ဝမဒနတရလ-အက္ခရာတွေနဲ့ အစားထိုး အသံထွက်ရ တာရှိ တယ်၊ အင်္ဂလိပ်လဲ အတူတူပါပဲ၊ အင်ဒီအာကို အိန်ဒီးယား အသံထွက်သလိုပေါ့။ အဓိပ္ပာယ် နားလည်ဖို့ အဓိကပါပဲ။ ဝေါဟာရ ပညတ်ဆိုတာကိုက တစ်ယောက်နဲ့ တစ်ယောက် သိစေခြင်းလို့ ဆိုတာပဲဟာ။ မွန်တွေက ဩကာသကို အောက် ကစ-လို့ အသံထွက်လို့ အထက်ကစပါ ဒကာကြီးလို့ နောက်မိခဲ့ဖူးတယ်။
ဓမ္မဘေရီအရှင်ဝီရိယ

ဆရာ့စာအရ မွန်တွေ ဖတ်တာဟာ Ronanization နည်းနဲ့ အသံထွက်ပုံနဲ့ တူတယ်လို့ နားလည်မိပါတယ် ဘုရား။ ဌာန်ကရိုဏ်း ပယတ် မှန်အောင် ရွတ်ရင် ကျချဂျဂျ(ဟ်)ည ဖြစ် သွားနိုင်သလားလို့ပါ ဘုရား။
အရှင်ကုသလ

---

၇၅၈။ အစွဲမဲ့ သေခြင်း

တပည့်တော်၏မိခင် ကွယ်လွန်ခါနီးမှာ ဝေစုသတ်မှတ်ပြီး စာ သင်တိုက်တစ်ခု၌ ကျောင်းဆောက် လှူဒါန်းရန် မှာကြားခဲ့ ပါသည်။ သို့ရာတွင် အတူနေ သားနှင့်ဖခင်၏ ညီမတို့က ထို ငွေကို အဝေးနေ သားသမီးများအား အသိမပေးဘဲ ခွဲဝေယူ သွားကြပါသည်။ ယခုအခါ မိခင်မှာ မကျွတ်မလွတ် ဖြစ်နေပါ သည်။ မိတ်ဆွေများက မိခင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အကြံပေးပါသည်။ ဆရာတော် မည်သို့ ဆုံးမလိုပါသလဲ ဘုရား။

မေသဇင်ဝင်း (စင်္ကာပူ)

---

သန်းဖြစ်သူ

သာဝတ္ထိမြို့သား တိသအမည်ရှိ ရဟန်းဟာ ကိုယ်တိုင် ချုပ် ဆိုးတဲ့ သင်္ကန်းသစ်ကို အလွန်နှစ်သက်ပြီး နက်ဖြန် ဝတ်မယ် လို့ ပြင်ထားပြီးမှ ညမှာ ရုတ်တရက်ပျံလွန်တယ်။ သင်္ကန်းကို စွဲလန်းစိတ်နဲ့ ပျံလွန်လို့ အဲဒီသင်္ကန်းမှာ သန်း(သတ္တဝါ) ဖြစ်တယ်။ ဒီသင်္ကန်းကို သံဃာအား ပေးဝေမယ်လုပ်တော့ သန်းကလေး မကျေမနပ်နဲ့ ပြေးလွားအော်နေတဲ့ အသံကို ဒိဗ္ဗသောတ အဘိညာဉ်နဲ့ ရှင်တော်ဗုဒ္ဓ ကြားသိလို့ သံဃာကို ပြစ်မှားမိရင် ဒီထက်ဆိုးတော့မှာပဲဆိုပြီး သန်းငယ်ရဲ့ သက် တမ်းကုန်တဲ့ထိ ၇-ရက် စောင့်ခိုင်းတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၁၈)။

မငဲ့ကွက်ရ

မဟာသုဒဿန စကြဝတေးမင်း စုတေခါနီးမှာ မိဖုရားကြီးက ထီးနန်း၊ မိဖုရားနဲ့ သားတော် စသည်ကို ငဲ့ကွက်ဖို့ သံတော်ဦးတင်တဲ့အခါ မင်းကြီးက ‘ငဲ့ကွက်ခြင်းရှိပြီး စုတေခြင်းသည် ဆင်းရဲ၏။ ငဲ့ကွက်ခြင်းရှိပြီး စုတေခြင်းသည် ကဲ့ရဲ့ခံရ၏ (ဒီ၊၂၊၁၅၈)'လို့ မိန့်တယ်။ ဘာကြောင့် အဲဒီလို မိန့်သလဲဆိုတာ ကို မိမိ၏ အိမ်မှာပင် ပြိတ္တာ(ဘီးလူး) ခွေးနွားကြွက် သန်းစသည် ဖြစ်ကြောင်းဖြစ်၍ ကဲ့ရဲ့ခံရခြင်း ဖြစ်၏ (ဒီ၊ဋ္ဌ၊၂၊၂၂၆)'လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။

ဘုရားစသော အရိယာတို့ ကဲ့ရဲ့ကြောင်းဒုဂ္ဂတိ (ဘဝဆိုး)မှာ ဖြစ်ကြောင်းဖြစ်၍ (တစ်စုံတစ်ခုကို) ငဲ့ကွက် (စွဲ လန်း)ပြီး သေခြင်းမျိုး မဖြစ်သင့်ဟု ဆိုလို၏ (ဒီ-ဋီ၊၂၊၂ဝ၂)' လို့လည်း အမှာပြုတယ်။

မေးခွန်အရ

မေးခွန်းကို ဒီလို သုံးသပ်မယ် ... ကွယ်လွန်သူဟာ မကွယ်လွန်ခင်က ၁) သူ့ပိုင်ဆိုင်မှုအချို့ကို ကျောင်းဆောက် လှူဒါန်းလိုခဲ့ခြင်း ၂) ကျန်ရစ်သူတွေက ထိုပစ္စည်းကို သူဖြစ်ချင်တဲ့အတိုင်း မလုပ်ဘဲ ကိုယ်ကျိုးအတွက် ခွဲဝေယူပြီးသား ဖြစ်နေခြင်းဆိုတဲ့ နှစ်ချက်ကို တွေ့နိုင်တယ်။ ဒါကြောင့် အထက်ပါ ကျမ်းဆိုတွေအရပဲ ၃) မကျွတ်လွတ်ခြင်းဆိုတဲ့ အခြေအနေ တစ်ရပ်ဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ဘုန်းကြီး ယူဆ တယ်။ ဒီတော့ ဘာလုပ်သင့်သလဲ ..

အဖြေ

ဗိမ္ဗိသာရမင်းက သူ့ဆွေမျိုးဟောင်းတွေ တောင်းဆိုလို့ သူတို့ ကို အထူးရည်ညွှန်းပြီး ကုသိုလ်ပြုပေးပုံ (ဓမ္မပဒ၊ဋ္ဌ၊၁၊၆၆)၊ အရှင်သာရိပုတ္တရာ ကိုယ်တိုင် ငါးဘဝအလွန်က မိခင်ဖြစ်ဖူး တဲ့ ပြိတ္တာမကို အထူးရည်စူး၊ ဗုဒ္ဓအမှူးပြုတဲ့ သံဃာအား အလှူပြုပြီး အမျှပေးဝေပုံ (ပေတ၊ဋ္ဌ၊၇၅)တွေကို နမူနာယူပြီး မိခင်ရည်မှန်းခဲ့တဲ့ ကုသိုလ်ကောင်းမှုကို ပြီးမြောက် အောင် လုပ်ပြီး အမျှပေးဝေသင့်ကြောင်းပါ။

ဩဂုတ် ၁၅၊ ၂၀၁၉။

---

၇၅၉။ သာမဏေဟာ သံဃာ

ဘုန်းဘုန်း ဘုရား၊ သံဃာကို ရည်မှန်းပြီး မည်သို့ လှူဒါန်းပါမည်နည်း။ သံဃာ အဓိပ္ပာယ်ကို သိလိုပါသည်။ သံဃာ ထဲမှာ ကိုရင်ငယ်တွေ ပါမပါလည်း သိလိုပါသည် ဘုရား။

ခင်ခင်သန်း (ဓမ္မစကူးလ်)

---

အဓိပ္ပာယ်

သံဃာ့ကံကို အညီအညွတ် ဆောင်ရွက်နိုင်လို့ သံဃာခေါ်တယ်။ ဒီအဓိပ္ပာယ်ကပဲ သံဃာအားလုံးနဲ့ ဆိုင်တယ် ( ဝိ-နယာလင်္ကာရ၊၁၊၁၇၆)’။ သံဃာ ၂-မျိုးရှိတယ် .. (၁) သမ္မတိသံဃာ = သိမ်ထဲမှာ ကမ္မဝါစာဖတ်ပြီး ရဟန်းဖြစ်လာသူ အားလုံး (ကင်္ခါ၊ဋ္ဌ၊၈၅)နဲ့ (၂) အရိယသံဃာ = မဂ်ဖိုလ်ကို ရပြီးသူ အားလုံး (သံဃန္တိ အဋ္ဌအရိယပုဂ္ဂလသမူဟံ။ အံ၊ဋ္ဌ၊၂၊၉၁)။ ဝိနည်းအရတော့ ရဟန်း ၄-ပါးနှင့် ယင်းအထက်ကို သံဃာလို့ သုံးတယ်။

အမှတ်(၁)မှာ လူနှင့် သာမဏေ မပါနိုင်။ အမှတ်(၂)မှာ ရဟန်း သာမဏေ လူတွေ ပါခွင့်ရှိတယ်။ အမှတ် (၂) ရဟန်းတွေက အမှတ်(၁)မှာလည်း ပါခွင့်ရှိတယ်။

လူသံဃာမရှိ

၂၂၇-ပါးသော ရဟန်းသီလကြောင့်ပဲ အမှတ်(၂)မှ ရဟန်းတွေ အမှတ်(၁)မှာ ပါဝင်နိုင်ပြီး အဲဒီ သီလမရှိတဲ့လူနဲ့ သာမဏေတို့ မပါနိုင်။ အရိယာ ဖြစ်ခြင်းနဲ့ ရဟန်းတို့ရဲ့ သွင်ပြင်မှာ တစ်ခြားစီ၊ သို့မဟုတ် ဂုဏ်ရည်မတူ။ ပူဇော်ခံထိုက်တာက ရဟန်းသွင်ပြင်ကြောင့်။ တစ်နည်းဆိုရင် သံဃာလို့ သတ်မှတ်ဖို့ ရဟန်းသီလသာ ပဓာနဖြစ်ပြီး တရားကပဓာန မဟုတ်လို့ သံဃာဆိုတဲ့ အထဲမှာ လူအရိယာတွေ မပါနိုင်ဘူး။ အမှတ် (၂)ကို ဒက္ခိဏေယျ (မြတ်သော အလှူကို ခံထိုက်သူ) လို့လည်း ခေါ်တယ်။

လူရဟန္တာ

အညာ ဧဝ ဟိ အယံ ဇာတိပူဇနေယျဝတ္ထု လိင်္ဂ = အရိယာဇာတ်သည် (ရဟန်းအသွင်နှင့်) တစ်ခြားစီသာ ဖြစ်၏။ (ရဟန်း၏) သွင်ပြင်ကား ပူဇော်ကြောင်း ဝတ္ထုတည်း (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၂)’အရ ‘အရိယာဇာတ်'လို့ သာမန် ဆိုခြင်း၊ ရဟန္တာဖြစ်ပြီးတဲ့ ရဟန်းငယ်ဟာ မိမိထက် သိက္ခာကြီးတဲ့ ပုထုဇဉ် ရဟန်းကို ရှိခိုးအရိုအသေ ပေးရခြင်းဆိုတဲ့ ဝိနည်းအရ သုဒ္ဓေါဒနမင်းကြီးသန္တတိ အမတ်တို့လည်း ပရိနိဗ္ဗာန် မစံခင်မှာ ပုထုဇဉ် ရဟန်းငယ်ကို တွေ့ခဲ့ရင် ရှိခိုးဦးညွတ်ရမယ်။

အလှူအဒါန်း

လာဘ်လာဘကို အကြောင်းပြု၍မူ .. အယုတ်ဆုံးအားဖြင့် ရဟန်းတစ်ပါး သာမဏေတစ်ပါးသည်ပင် သံဃာ၌ ပါဝင်နိုင်သတဲ့ (လာဘံ ပန ဥပါဒါယ အန္တမသော ဧကောပိ အနု-ပသမ္ပန္နောပိ သံဃောတိ သင်္ချ ဂစ္ဆတိ ကိရ။ ဝဇိရ-ဋီ၊ ၁၂ဝ)’ ဆိုတဲ့စာအရ သံဃာတွေ ကံဆောင်တဲ့ နေရာမှာ သာမဏေဟာ သံဃာမဖြစ်နိုင်ပေမယ့် အလှူအဒါန်း ကိစ္စမှာတော့ သာမဏေကိုပါ သံဃာလို့ ဆိုနိုင်တယ်။ ဒါကြောင့် သံဃာတစ်ပါးကို အများလို့ ရည်မှန်း၊ သာမဏေတွေကိုပါ သံဃာထဲ ထည့်ပြီး အာရုံပြုနိုင်တယ်။

ဩဂုတ် ၁၆၊ ၂ဝ၁၉။

---

ရေကြောင့် ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း၊ စင်စစ်မထင်၊ ရေကြောင့် စင်၏၊ ထို့သွင်မှန်စွာ၊ စိတ်ကြောင့်သာလျှင်၊ ယုတ်မာညစ်ညူး၊ အထူးစင်ကြယ်၊ လူဝယ်နှစ်မျိုး၊ ဖြစ် မြဲရိုးတည်း။

(မဃဒေဝ၊ ပိုဒ်-၂၅၂)

၇၆၀။ ရဟန်းဖြစ်မဖြစ်

ဘုန်းကြီး ဘုရား၊ ရဟန်းခံမှာ ကမ္မဝါစာ ဖတ်တဲ့အခါ အချို့ မထေရ်ကြီးတွေက “သုဏာတု မေ အာဝုသော"လို့ ဖတ်ပြီး အချို့ မထေရ်ကြီးတွေ ကျတော့ ‘သုဏာတု မေ ဘန္တေ'လို့ပဲ ဖတ်ပါတယ်။ အဲဒီလိုဖတ်ရင် ကံပျက်တယ်လို့ ယူဆတာမျိုး ရှိနေလို့ ဘုန်းကြီးရဲ့ အယူအဆကို သိလိုပါသည် ဘုရား။

အရှင်ကုသလ (ခေတ္တ-ထိုင်းနိုင်ငံ)

---

မေးခွန်းက

ရဟန်းခံတဲ့အခါ သိမ်ထဲမှာ စာရွက်အချပ်ရှည်တွေကို ကိုင်ပြီး ရဟန်းတွေ သုံးပါးတွဲစသည် သံပြိုင်ဖတ်တာကို 'ကမ္မဝါစာ (ပုံစံကျပြန်တမ်း)' ဖတ်ခြင်းလို့ခေါ်တယ်။ ဒီလို ဖတ်ရာမှာ ဖတ်ကြားတဲ့ သံဃာတွေထဲမှာ သိက္ခာအကြီးဆုံး ပုဂ္ဂိုလ်က အာဝုသောလို့ ငယ်သူကို ရည်ညွန်းတဲ့ အသုံးနဲ့ ဖတ်ရတယ်။ ငယ်သူတွေက ဘန္တေလို့ ကြီးသူကို ရည်ညွန်းတဲ့ အသုံးနဲ့ ဖတ်ရတယ်။ အဲဒီလို မဖတ်ရင် ရဟန်းဖြစ် မဖြစ် သိလိုကြောင်း မေးတာ ဖြစ်ပါတယ်။

မချောမွတ်

ဘုန်းကြီး ကိုယ်တိုင်လည်း သိက္ခာကြီးပေမယ့် ဘန္တေလို့ပဲ ဖတ်တာ များတယ်။ ကိုယ့်အသံ အာဝုသောက သီးခြား ဖြစ်နေမှာကို မကြိုက်လို့။ အခြားထေရ်ကြီးတွေက အာဝုသောလို့ဖတ်တော့လည်း ကိုယ့်နားထဲ မချောမွတ်သလို ထောက်တောက်တောက် ခံစားရတယ်။ ဒါနဲ့ ရဟန်းခံ အဆုံးအဖြတ်တွေမှာ ရှာကြည့်တော့ အဖြေတွေ့ပါတယ်။ ဒါကြောင့် ဒီအတိုင်းပဲ ဖတ်မြဲ ဖတ်တယ်။ အဖြေက..

ကျမ်းအဆို

'မထေရ်ကြီးက ဘန္တေလို့ ဖတ်ရင်ဖြစ်စေ၊ မထေရ်ငယ်ကလည်း အာဝုသောလို့ ဖတ်ရင်ဖြစ်စေ ကံမပျက်ပါဘူး။ တစ်ကြိမ်မှာ အာဝုသောလို့ ဖတ်ပြီး၊ နောက်တစ်ကြိမ်မှာ ဘန္တေလို့ ဖတ်ရင်တောင် ဒီနှစ်ပုဒ်လုံးက ခေါ်ဝေါ်ခြင်း အဓိပ္ပာယ် ပြည့်စုံလို့ ကံမပျက်ဘူးလို့ အချို့က ဆိုကြတယ် (ဝိနယာလင်္ကာရ၊ဋီ၊၁၊၂၈၃)။ ဒါက တောင်ဖီလာ ဆရာတော်ရဲ့ အဆုံးအဖြတ်ပါ။ ကြိုက်ရင် ယူနိုင်ပြီး မကြိုက်ရင်တော့ အကြောင်းပြချက် ရှာပေါ့။

ဩဂုတ် ၁၇၊ ၂ဝ၁၉။

---

မှတ်ချက်များ

'ဝတ်ဉတ် ကမ္မဝါ သိမ် ပရိသာ'အရ ဘယ်လိုဖတ်ဖတ်၊ အာလုပ်ပါရင် ကံမြောက်တယ်လို့ပဲ ဆရာစရိယဝါဒအရ မှတ်မိပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ

ဖော်ပြပါ ဝိနယာလင်္ကာရဋီကာနဲ့ အညီ ဆရာမြတ်တို့ မိန့်တာ ဖြစ်နိုင်ပါတယ် ဆရာတော်။ အရှင်ကေလာသ

---

၇၆၁။ ကရုဏာရဲ့ အခြားရှုထောင့်

ဆရာတော် ဘုရား၊ ရဟန်းတစ်ပါးသည် ရေထဲမှာ နစ်မျောနေတဲ့ မိခင်ကိုပင် ဆွဲယူပြီး မကယ်ဆယ်ကောင်းဟု ဆိုပါ သည်။ အဲဒီလို မလုပ်ဖို့ ဝိနည်းသိက္ခာပုဒ် ရှိပါသလား ဘုရား။ ရေလွမ်းဧရိယာ တစ်ခုက ရဟန်းတော် တစ်ပါးရဲ့ ဆောင်ရွက်ချက် ဓာတ်ပုံကိုပြပြီး လူတစ်ယောက် ကဲ့ရဲ့သည်ကို ကြားမိ၍ မေးမြန်း ရခြင်း ဖြစ်ပါသည် ဘုရား။

လင်းသီရိ (လူမှုကယ်ဆယ်ရေး)

---

ကျမ်းဂန်

ရဟန်းသည် ရာဂစိတ်မွှန်ပြီး ဖောက်ပြန်သောစိတ်ဖြင့် အမျိုးသမီး၏ ကိုယ်ခန္ဓာကို ထိတွေ့သုံးသပ်လျှင် သံဃာဒိသေသ် အာပတ်သင့်၏ (ဝိ၊၁၊၁၇၃)။ အမျိုးသမီး ကိုင်ထားသော ကြိုး (တုတ်၊ ပဝါ စသည်)ကို ရာဂစိတ်ဖြင့် ကိုင်ဆွဲမူ ထုလ္လစဉ်း အာပတ်သင့်၏ (ယင်း၊ ၁၈၆)။ အမိ၊ သမီး၊ အစ်မ၊ နှမ တို့ကို အမိ၊ သမီး၊ အစ်မ၊ နှမဟူသော ချစ်ခြင်းဖြင့် ထိကိုင်မူ ဒုက္ကဋ် အာပတ်သင့်၏ (ယင်း၊ ၁၈၄)။ ရာဂစိတ်နဲ့ မွေးကင်းစ မိန်းကလေးကိုပင် မထိကိုင်ရ (ယင်း၊ ၁၇၄)။

အခါတစ်ပါး အမျိုးသမီးအများက ရဟန်းတစ်ပါးကို အတင်းအကြပ် ဆွဲငင်ကြသော်လည်း ရဟန်းသည် ရာဂစိတ်ဖြင့် မသာယာသဖြင့် အာပတ်မသင့် (ယင်း၊ ၁၈၅)။ ဒါတွေက ရာဂစိတ်နဲ့ အမျိုးသမီးကို မထိကိုင်ဖို့ ဝိနည်း ပါဠိတော်မှာ ပညတ်ထားတဲ့ သိက္ခာပုဒ်တွေပါ။

လုပ်ထုံးနည်း

'မိခင် မြစ်ထဲရေနစ်လျှင် ရဟန်းက လက်နှင့် ဆွဲကိုင်ပြီး မကယ်ရ။ လှေသစ်တုံး စသည်ကို ပို့ပေးရမည်။ ယင်းတို့ မရှိလျှင် သင်္ကန်းကို ရှေ့သို့ ချပေးရမည်။ ဒါကို ကိုင်ပါဟုကား မဆိုရ။ ကိုင်လာလျှင်မူ ဆွဲယူသွားရမည်။ ကြောက်နေလျှင် အားပေးစကား ဆိုပါ။ ကြောက်စိတ်နှင့် သားရဟန်းကို ဆွဲကိုင် ဖက်တွယ်လျှင် ဖယ်ပါဟု မတားမြစ်ဘဲ ကုန်းပေါ်ကို ဆယ်ယူရမည် (ဝိ၊ဋ္ဌ၊၂၊၁၂၈ဝိနယသင်္ဂဟ၊ဋ္ဌ၊၂၈)'။

ယူဆပုံနှစ်မျိုး

‘မိခင် မြစ်ထဲ ရေနစ်လျှင်-ဟူသည် အလွန်ဆုံးကို ဖော်ပြခြင်း ဖြစ်၏။ တစ်စိမ်း အမျိုးသမီးများ၌လည်း သနားစိတ်ဖြင့် မိခင်အား ဆောင်ရွက်သကဲ့သို့ လုပ်ပေးလျှင် အာပတ်မသင့် ဟု ဆိုကြ၏။ မိခင်ဟုဆိုသောကြောင့် တစ်စိမ်း အမျိုးသမီးများကို မလုပ်ကောင်းဟု ဆိုသူများလည်း ရှိ၏ (ဝိနယာလင်္ကာ၊ဋီ၊၁၊၈ဝ)'။ ဒီယူဆပုံ နှစ်မျိုးအနက် အင်းဝခေတ် ဝိနယာလင်္ကာဋီကာ ကျမ်းပြု တောင်ဖီလာဆရာတော်ဟာ ပထမအယူကို နှစ်သက်တာ တွေ့ရတယ်။ ဆရာတော်ရဲ့ အဆုံးအဖြတ်ကို ဆက်ပြီး ဖတ်ကြည့်ပါ ..

လျစ်လျူမရှုရ

“ဆွဲကိုင်ပါဟု ပြောသော်လည်း အားအင် မရှိသောကြောင့် အဝတ်စသည်ကို မကိုင်ဆွဲနိုင်သော ရေနစ်သူ(မိခင်)အား သနားစိတ်၊ အန္တရာယ်မှ လွတ်မြောက်စေလိုသော စိတ်ကြောင့် မကိုင်ကောင်းသည်ကိုပင် စဉ်းစားချိန် မရဘဲ ရုတ်တရက် ဆံပင်စသည်ကို လှမ်းဆွဲသော သားရဟန်းမှာ အာပတ် မသင့် သည်သာတည်း။ ဤစကား မှန်၏၊ အသက်အန္တရာယ် ရှိနေသော မိခင်ကို လျစ်လျူ မရှုစကောင်းသင့် (န ဟိ မီယမာနံ မာတရံ ဥပေက္ခိတုံ ဝဋ္ဋတိ)’။

“ဆွေမျိုးမတော်သူ အမျိုးသမီး၌လည်း ဤနည်းအတိုင်း ပင် ပြုရမည်။ အလွန်ဆုံးအားဖြင့် မိခင်ကိုတောင် မကိုင်ကောင်းဟု ဖော်ပြရန် မိခင်ဟုဆိုခြင်း ဖြစ်၏။ မကိုင်ကောင်းခြင်း အတူတူ ဖြစ်သောကြောင့် တစ်စိမ်း အမျိုးသမီးများကိုလည်း မိခင်အား ဆောင်ရွက်သကဲ့သို့ ပြုသော ရဟန်းမှာ အာပတ် မသင့်သည်သာတည်း (ယင်း၊ ၈ဝ)’။

ဒီနေရာမှာ ‘အသက်အန္တရာယ် ကြုံနေသော မိခင်ကို ဖြစ်စေ၊ တစ်စိမ်းသော အမျိုးသမီးကို ဖြစ်စေ လျစ်လျူရှု မထားသင့်'ဆိုတဲ့ အဓိပ္ပာယ်ကို တောင်ဖီလာ ဆရာတော်ကြီး နှစ်သက်တာကို တွေ့ရပါတယ်။

ခေတ်ရှေ့ပြေး

ဒီဆုံးဖြတ်ပုံအရ ... တစ်စိမ်း အမျိုးသမီးပင် ဖြစ်စေကာမူ သနားစိတ်၊ အန္တရာယ်မှ လွတ်မြောက်စေလိုစိတ်နဲ့ ဆံပင်စသည်ကို ရှောင်တခင် ဆွဲကိုင်ပြီး အသက်ဘေးမှ ကယ်တင်တဲ့ ရဟန်း အာပတ် မသင့်ဘူးလို့ နားလည်မိပါတယ်။ ဝိနည်း အလွန်လေးစားပြီး သီလတန်ခိုးကြောင့် ကညစ်ဓားငယ် ရေ ကူးတဲ့အတွက် ဓားမကူး ဆရာတော်လို့ပင် ကျော်ကြားခဲ့တဲ့ တောင်ဖီလာဆရာတော်ရဲ့ အဆုံးအဖြတ်ဟာ အလွန် ခေတ် ရှေ့ကို ပြေးပါတယ်။ ဇင်ပုံပြင်လေးကို ဆက်ဖတ်ကြည့် ..

ဇင်ပုံပြင်

ဇင်ဗုဒ္ဓဘာသာမှာ “ဘုန်းကြီး နှစ်ပါးနဲ့ အမျိုးသမီး တစ်ဦး ခေါင်းစဉ်နဲ့ ပုံဝတ္ထုတစ်ခု ရှိတယ် .. (A story of two monks and a woman လို့ရိုက်ပြီး Google မှာ ရှာကြည့်ပါ)။

အလွန် ချစ်ခင်ရင်းနှီးကြတဲ့ မထေရ်အိုတစ်ပါးနဲ့ သား အရွယ် ရဟန်းငယ်တစ်ပါး ခရီးရှည် သွားကြသတဲ့။ တစ်နေရာမှာ မြစ်ထဲ ရေနစ်ပြီး အဝတ်မပါ ဗလာကိုယ်ချည်း ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့တော့ မထေရ်အိုဟာ ရုတ်တရက် ကိုယ်ရုံ သင်္ကန်းကို ချွတ်၊ မြစ်ထဲ ခုန်ဆင်း၊ အမျိုးသမီးကို ဆွဲယူကယ်တင်ပြီး အပိုသင်္ကန်းနဲ့ အမျိုးသမီးရဲ့ အရှက်ကို ကာကွယ်ပေးလိုက်တယ်။

ရဟန်းငယ်ဟာ ဒီလုပ်ပုံကို မကြိုက်လို့ မထေရ်အိုကို ကျောင်းကို ရောက်တဲ့အထိ စကားမပြောတော့ဘူး။ မထေရ်အိုက မေးတဲ့အခါ ရဟန်းငယ်က “အရှင်ဘုရားဟာ ဝိနည်းကို ချိုးဖောက်ပြီးပြီ။ ရဟန်း မစစ်တော့ဘူး”လို့ ဖြေတယ်။ “ဘယ် ဝိနည်းကို ချိုးဖောက်ပါသလဲ’လို့ မေးတော့ ‘အဝတ်မရှိတဲ့ အမျိုးသမီးကို ကိုင်ဆွဲရုံမက ရဟန်းရဲ့ သင်္ကန်းနဲ့တောင် အဲဒီ အမျိုးသမီးရဲ့ ကိုယ်ကို ခြုံပေးတယ်။ ဒါဟာ ဝိနည်းကို ချိုး ဖောက်တာပဲ'။ အဲဒီတော့ ရဟန်းအို ပြန်ရှင်းပုံက ..

“ငါ့ရှင် ပြောတာတွေ အားလုံး သိပ်မှန်ပေါ့။ တပည့်တော်က မြစ်ထဲ ရေနစ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အသက်ကို ကယ်ပြီး မြစ်ကမ်းပေါ်ကို ဆယ်ယူခဲ့တယ်။ အမျိုးသမီး အချမ်းသက်သာ၊ နွေးထွေးပြီ နေကောင်းသွားအောင် လုပ်ပေး တယ်။ ပြီးတော့မှ အဲဒီအမျိုးသမီးကို အဲဒီမြစ်ကမ်းမှာပဲ ထားခဲ့တယ်။ ဒါပေမယ့် ငါ့ရှင်ကတော့ ဒီအမျိုးသမီးကို ခုချိန်ထိ ပခုံးပေါ် တင်ထားဆဲပဲ။ ငါ့ရှင်ဟာ နှစ်ကာလ ကြာခဲ့ပေမယ့် ဗုဒ္ဓဝါဒကို ဘာမျှ နားမလည်သေးပါကလား'တဲ့။ ဒီပုံပြင်ရဲ့ ရည်ညွှန်းချက်က ..

ရည်ညွန်းပုံ

စည်းမျဉ်းဆိုတာ လမ်းညွှန်၊ လမ်းရဲ့ သင်္ကေတ၊ ဒါပေမယ့် လမ်းမဟုတ်။ အတိတ်ကို လွန်မြောက်ပါ။ မိမိလုပ်ရပ်ကို ပြန်စဉ်းစားရင် ရက်လနှစ်တွေ ကြာတဲ့အထိ ဂုဏ်ယူနိုင်တဲ့နည်းနဲ့ ဘဝကို နေထိုင်ပါ။ အခြားတစ်ဦးရဲ့ ရွေးချယ်မှုကို နားမလည်ရင် အလျင်အမြန် မဆုံးဖြတ်ပါနဲ့။ မဆုံးဖြတ်သေးဘဲ ဦးစွာ အချက်အလက်တွေကို သိအောင်လုပ်ပါ။ လူဆိုတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါ။ ဒါကြောင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ နေနိုင်အောင် ကြိုးစားပါ။

ဒီဇင်ပုံပြင်က အတွေးစ တစ်ခုကို ဖွင့်ပေးနိုင်မယ်လို့ ယူ ဆပါတယ်။ ကျမ်းဂန်စကားကို လက်တွေ့ကျအောင် စဉ်းစားနိုင်ဖို့ အထောက်အကူ ပြုနိုင်ကောင်းပါတယ်။

အခြားရှုထောင့်

မထေရ်ကျော် အချို့ ဝိနည်းကို အတိအကျ ထိန်းစောင့်တော်မူကြတာကို အလွန် လေးစားပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အခြားသူတွေကို ကိုယ်ချင်းစာခြင်း ငဲ့ညှာခြင်း ရှုထောင့်နဲ့ ကွာဟနေသလားလို့ပါ။ ဥပမာ .. ဆရာတော် အိမ်မှာကျိန်းမှာမို့ အိမ့်ရှင်တွေ အခြားသွားအိပ် ဆိုတာမျိုး။ အမှန်တော့ အဲဒီလို ပုဂ္ဂိုလ်မြတ်တို့ အိမ်မှာ ညကျိန်း ပင့်ခံရရင်တောင် ဝိနည်းနဲ့ မညီဘူး ဆိုပြီး ငြင်းပယ်သင့်ပါတယ်။

အဖြေ

အင်း ... အချို့ဝိနည်းမှာ အလျှော့အတင်းတွေ ပရိယာယ်နဲ့ အာပတ် လွတ်နိုင်တာတွေ ရှိတာကို နားလည်ပြီး တောင်ဖီလာ ဆရာတော်ရဲ့ အဆုံးအဖြတ်ကို နှစ်သက်နိုင်မယ်လို့ ယူဆပါတယ်။ လူ့အသက် တစ်ချောင်းဆိုတာ ကယ်ကောင်းပါ တယ်လေ။ ကိုယ့်ဝိနည်းအတွက် လူ့အသက်တစ်ခုကို မျက်ကွယ် မပြုသင့်ဘူးဆိုတဲ့ အခြေခံပေါ် ရပ်တည်ပြီး ဆရာတော်ကြီးရဲ့ ယူဆပုံဟာ အင်မတန် ချစ်စရာကောင်းပါတယ်။ ဒါနဲ့ ဘုန်းကြီး အာပတ်လွတ်ဖို့ သာမဏေကို လူဝတ်လဲခိုင်းတဲ့ ကိစ္စမျိုးထိ စဉ်းစားစရာတွေ ဖြစ်သွားနိုင်တယ်။

ဩဂုတ် ၁၈၊ ၂ဝ၁၉။

---

မှတ်ချက်များ

မာတုဂါမော နာမ မစ္စုပါသော (ဇာ၊၂၊၉၃)။
မာတုဂါမဟူသည် သေမင်း၏ ကျော့ကွင်းနှင့် တူ၏။

---

၇၆၂။ မှတ်စုထဲက မယ်တော်မာယာ

ဆရာတော် ဘုရား၊ မြတ်စွာဘုရားရဲ့ မယ်တော် နတ်ရွာစံပြီး နောက် တာဝတိံသာ နတ်ပြည်မှာ နတ်သားဖြစ်သွား ပါသည်။ ထိုနတ်သား၏ အမည်မှာ သေတကေတုလား သန္တုသိတလား ဘုရား။ ဖြစ်နိုင်လျှင် မယ်တော်မာယာ အကြောင်းကိုလည်း သိလိုပါသည် ဘုရား။

သီဒါလွင် (ဓမ္မစကူးလ်)

---

မြတ်ဗုဒ္ဓကို နို့ချိုတိုက်ကျွေးပြီး စောင့်ရှောက်တော်မူတဲ့ မိထွေးတော် ဂေါတမီရဲ့ ဘဝအကြောင်းကို ကျမ်းဂန်မှာ အတော်အတန် အပြည့်အစုံ တွေ့နိုင်ပေမယ့် သက်တော် မရှည်ရှာတဲ့ မယ်တော်ရင်း မဟာမာယာရဲ့ လှုပ်ရှားမှုကို ဖော်ပြတာတော့ နည်းတယ်။ တွေ့မိသမျှ ဖော်ပြရရင် ..

မိဘမျိုးရိုး

ဒေဝဒဟ သကျဘုရင် အဉ္စနမင်းဟာ မယ်တော်မာယာရဲ့ ဖခင်၊ မြတ်ဗုဒ္ဓရဲ့ ဘိုးတော်ပါ။ မိခင်ကတော့ ဇယသေန အမည်ရှိ သကျမင်းရဲ့ သမီးတော် ယသောဓရာဒေဝီ (မဟာဝံသ ၂:၁၇)။ အဉ္စနမင်းကို မဟာသုပ္ပဗုဒ္ဓလည်း ခေါ်ပြီး (သုတ္တနိ၊ဋ္ဌ၊၂၊၈၉)၊ ယသောဓရာ မိဖုရားကိုတော့ သုလက္ခဏာလို့လည်း ခေါ်တယ် (အပဒါန၊၂၊၂၁၅)။ စကားမစပ် .. မင်းသိဒ္ဓတ်ရဲ့ ကြင်ရာတော် နာမည်ဟာ ဖွားတော်ရဲ့ နာမည်နဲ့ တူတယ်။

မွေးချင်းများ

ဒေဝဒတ်ရဲ့ ဖခင် သုပ္ပဗုဒ္ဓမင်းနဲ့ ဒဏ္ဍပါဏီတို့ဟာ မယ်တော်မာယာနဲ့ မောင်နှမအရင်းတွေ (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၈-၃ဝ)။ နောင်အခါ မဟာပဇာပတိလို့ ခေါ်တွင်လာတဲ့ မိထွေးတော်ဂေါတမီဟာ မယ်တော်မာယာရဲ့ ညီမတော်အရင်း (ထေရီ၊ဋ္ဌ၊၁၄၄)။ ဒါကြောင့် မယ်တော်မာယာမှာ မွေးချင်း ၃-ယောက် ရှိပြီး မဟာသုပ္ပဗုဒ္ဓနဲ့ သုပ္ပဗုဒ္ဓတို့ မတူကြောင်းကို မှတ်နိုင်တယ်။

မိဖုရားဘဝ

မဟာမာယာနဲ့ မဟာပဇာပတိတို့ ညီအစ်မ နှစ်ဦးဟာ ငယ်ရွယ်စဉ်ကပင် ကပိလဝတ်မင်းသား သုဓါဒနဲ့ စုံဖက်ပြီး ကပိလဝတ် ထီးနန်းကို စိုးစံခဲ့ဖွယ် ရှိတယ်။ ဒါပေမယ့် သက်တော် ၅၆-နှစ် အရွယ်ကျမှ မယ်တော် မာယာဟာ ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်ကို ဖွားမြင်တယ် (ဥဒါန၊ဋ္ဌ၊၂၅၂)။ မကြာခင် တစ်ရက် နှစ်ရက်မှာပဲ ညီမတော် ဂေါတမီကလည်း နန္ဒမင်းသားကို ဖွားမြင်တယ် (မ၊ဋ္ဌ၊၄၊၂၂၂)။ ဒါဖြင့် ညီအစ်မ နှစ်ယောက်လုံး တစ်ပြိုင်နက် ကိုယ်ဝန်ဆောင်ကြတာပေါ့။

နတ်ရွာစံ

မယ်တော်မာယာဟာ သိဒ္ဓတ္ထမင်းသားကို မွေးဖွားပြီး ၇-ရက် အကြာမှာ နတ်ရွာစံ (ဥဒါန၊ဋ္ဌ၊၂၅၂)။ မဟာပဇာပတိက သက်တော် ၁၂၀-ရှည် (မဟာဗုဒ္ဓဝင် ၆:၂၊ ၁၀)။ ဥပမာ အသက် ၁၀-နှစ်ကွာတဲ့ ညီအစ်မတွေ ဆိုပါစို့၊ မဟာပဇာပတိ မြတ်ဗုဒ္ဓကို နို့ချိုတိုက်ကျွေးချိန်မှာ သက်တော် ၄၆။ ဒီတော့ နှစ်ယောက်လုံး သက်တော် အတန်ငယ် ကြီးရင့်မှ သားတော်တွေ ဖွားမြင်ကြတယ်လို့ ဆိုနိုင်လေမလား။

တမလွန်

ကွယ်လွန်ပြီးနောက် တာဝတိံသာ နတ်ပြည်မှာ နတ်သား ဖြစ်ကြောင်း ဆိုပေမယ့် နတ်သားအမည်ကို ခိုင်လုံတဲ့ ပါဠိတော်နဲ့ နိကာယ်အဋ္ဌကထာ၊ ဋီကာတွေမှာ ရှာမတွေ့သေး။ မာတိကာအရကောက် နိဒါန်းမှာ “မယ်တော် ဖြစ်ဖူးသော သန္တုသိတ နတ်သား'၊ မဟာဗုဒ္ဓဝင်မှာလည်း မယ်တော်မာယာဟာ သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ၇-ရက်မြောက်မှာ သေလွန်ပြီး “သန္တုသီတ အမည်ရှိသော နတ်သား ဖြစ်လေ၏ (အတွဲ ၂၊ စာ-၁၁၂)’လို့ ဆိုတယ်။

အမည်နှစ်ခု

ဂေါတမဗုဒ္ဓ လောင်းလျာ တုသိတာနတ်ဘုံမှာ ဖြစ်စဉ်က အမည် သန္တုသိတနတ်သား (သန္တုသိတော နာမဟံ တဒါဗုဒ္ဓဝံသပါဠိ)။ ယင်းသည် ရိုးရိုးနတ်သား မဟုတ်၊ နတ်မင်း (ဗုဒ္ဓဝံသ၊ဋ္ဌ၊၇၂) (နိဿယတွေမှာ သန္တုဿိတလို့ မူကွဲ)။ သိဒ္ဓတ္ထမင်းသား ဘဝမတိုင်ခင် တုသိတာနတ်ဘုံမှာ သေတကေတု အမည်ရှိ နတ်သား ဖြစ်ခဲ့တယ် (ဝိ၊ဋ္ဌ၊၁၊၁၃ဝမ၊ဋ္ဌ၊၁၊၁၂၉)။

သေတကေတုနဲ့ သန္တုသိတ’နာမည် ၂-ခုလုံး သိဒ္ဓတ္ထမင်းသား ဖြစ်လာမယ့် နတ်သား တစ်ဦးတည်းကို အမည်ကွဲ နှစ်ခုနဲ့ ဖော်ပြတာ ဖြစ်ဖွယ်ရှိတယ်။

တောင်တွင်းဆို

တောင်တွင်းဆရာတော် ခင်ကြီးဖျော်ရေးတဲ့ မာတိကာဂဏ္ဌိကျမ်း (မာတိကာအရကောက် ၇၅-စောင်တွဲ၊ စာ-၂၇၆) မှာ မယ်တော်မာယာရဲ့ တမလွန်ဘဝကို ‘သန္တုသိတဒေပုတ္တော-ဟု ဓမ္မပဒအဋ္ဌကထာ၌ လာသည်'လို့ ဆိုတယ်။ ခင်ကြီးဖျော် ကိုးကားတဲ့ ပါဠိကို ဆဋ္ဌမူ ဓမ္မပအဋ္ဌကထာမှာ မတွေ့ရ။ “မာတာ တုသိတဝိမာနတော အဂန္တာ'လို့ သာမန်ပဲ ဆိုတယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၄၂)။ ခင်ကြီးဖျော် ကြည့်တဲ့စာမူမှာ အဲဒီအတိုင်း အမှန်တကယ် ပါမပါ မသိနိုင်။

ခင်ကြီးဖျော်က မြန်မာ ၁၀၈၆-နှစ်ဖွားပြီး ၁၁၂၄-မှာ ပျံလွန်။ အရှင်ဝရတေဇောက မာတိကာအရကောက်ကို မြန်မာ ၁၁၄၉-နှစ်မှာ ရေးလို့ မာတိကာအရကောက်ကို ရေးသူက နှစ် ၃၀-ခန့် နောက်ကျ။ ဒါဖြင့် မာတိကာ နိဒါန်း စကားဟာ တောင်တွင်း ဆရာတော်ရဲ့ စာကြောင့် များလား၊ ဒါမမဟုတ် အဲဒီခေတ်က အဲဒီအတိုင်း ပို့ချနေကြလို့များလား။

ယုတ္တိရှိ

သီဟိုဠ်ပညာရှင် မာလာလာဆေကေရကတော့ ထေရဂါထာ ပါဠိတော်လာ ဂါထာအမှတ် ၅၃၄-၅၃၅ နဲ့ ယင်းအဋ္ဌကထာ ဖွင့်ကို ညွန်းပြီး “မာယာဒေဝပုတ္တ' အမည်နဲ့ မွေးဖွားကြောင်း ဆိုတယ်။ အနာထပိဏ် ကွယ်လွန်တဲ့အခါ အနာထပိဏိက နတ်သား သွားဖြစ်တာကိုထောက်ရင် သူ့အဆို ယုတ္တိရှိတယ်။ ပါဠိ၊ အဋ္ဌကထာ အသွားအလာ အရလည်း မငြင်းသာဘူးလို့ ယူဆကြောင်းပါ။

ဩဂုတ် ၁၉၊ ၂ဝ၁၉။

---

၇၆၃။ စောင့်လေမျိုးမွေ

ဆရာတော် ဘုရား၊ အွန်လိုင်းမှာ ဘုန်းကြီးတစ်ပါးက “စေတီတစ်ဆူကို ရှေးဟောင်း အမွေပျက်မှာစိုးလို့ အုတ်ခဲပုံ အတိုင်း ထားတာနဲ့ သံသရာ ကုသိုလ်ရေးအတွက် ကုသိုလ်ယူ ပြုပြင်မွမ်းမံတာက ဘယ်အရာက ရှိသင့်သလဲ၊ ဘယ်အရာ က ကောင်းမြတ်သလဲ၊ ဖြေပါ'လို့ ရေးပါသည်။ မဖြေတတ် ဖြစ်နေလို့ ဆရာတော်၏အဖြေကို သိလိုပါသည် ဘုရား။

အောင်မြတ်မိုး (ပုဂံဧည့်လမ်းညွန်)

---

အမှန်တကယ် ရေးထားသူ ရှိခဲ့ရင်လည်း ယူဆပုံမတူရင် သူရောကိုယ်ပါ ယူဆခွင့်ရှိတယ်လို့ပဲ ဆိုပါရစေ။ ဦးစွာ အရှေ့နဲ့ အနောက် ရှုမြင်ပုံ မတူတာကို နည်းနည်း သုံးသပ်ပြပါမယ် ..

အရိုင်းအတိုင်း

ဒီဖက်မှာ အမျိုးသား ဥယျာဉ်တွေ၊ ပန်းခြံတွေကို သွားရင် “Keep wildlife wild = အရိုင်းကို အရိုင်းအတိုင်း ထားပါ’ဆိုတဲ့ စာတန်းကို တွေ့ရလေ့ရှိတယ်။ လူနဲ့အိမ်မွေး တိရိစ္ဆာန်တွေကို မြင်ရလို့ဖြစ်တဲ့ စိတ်ဖိစီးမှုဟာ အရိုင်းတို့ကို သေစေနိုင်တဲ့အထိ ဒုက္ခပေးပါသတဲ့။ သူတို့ဘာသာ ရှာလို့ရတဲ့ အစာကပဲ သူတို့အတွက် ဓာတ်စာ။ လူကျွေးတဲ့ အစာဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကို ပုံမှန် မဖြစ်စေဘူးတဲ့။ အရိုင်းတို့နဲ့ အတူ ရောဂါ အမျိုးမျိုးလည်း ပါလာနိုင်ပါသတဲ့။

ဖမ်းလွှတ်ဒါန

မြန်မာတွေက ဘုရားပေါ် ရောက်ရင်တော့ ကြင်နာပြတတ်နိုင်လွန်းလို့။ သနားလို့ဆိုပြီး ငှက်တွေကို ဘုရားပေါ်မှာ ပါလာတဲ့ အစာကို ပစ်ကျွေးတယ်။ လူဖမ်းထားတဲ့ စာကလေးငှက်တွေကို ပိုက်ဆံပေးဝယ်ပြီး ပြန်လွှတ်တယ်။ ဖမ်းတဲ့လူကဖမ်း၊ လွှတ်တဲ့လူကလွှတ်။ ဖမ်းလွှတ်ဒါနနဲ့ ဖမ်းလွှတ်သံသရာ လည်နေတယ်။ ပတ်ဝန်းကျင်လည်း ညစ်ပတ်၊ ရောဂါလည်း ရဦးမှာ။ ဘုန်းကြီးအထင် တစ်ခုခုတော့ မှားနေပြီ။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတာ ဒါမျိုးလား။

အံ့ရှက်ကြီး

ကိုယ့်ရဲ့ အိမ်အောက်က အိမ်မွေး ခွေးပေါက်စတွေကိုတော့ လမ်းဘေးကို ပို့ပစ်တယ်။ ဒါဟာ ခွေးလေခွေးလွင့် ပြဿနာရဲ့အစပဲ။ ခွေးတွေက အစာလည်းမဝ လူနဲ့လည်း မနီးစပ်တော့ ရိုင်းပြီး ရန်ရှာတယ်။ များလာတော့ မြူနီစီပယ် မနိုင်တော့ဘူး။ ဒီမှာလည်း ရုတ်တရက် လွတ်သွားလို့၊ ပိုင်ရှင် သေသွားလို့၊ မကျွေးနိုင်တော့လို့ စွန့်ပစ်ခံ ခွေးလေတွေ အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမယ့် လိုက်ဖမ်း၊ ဆေးကု၊ ကျွေးမွေးတဲ့ ခွေးဒုက္ခသည် စခန်းတွေ အများကြီး။

အရှေ့က လမ်းဘေးခွေးကို သနားလို့ ကောက်ယူ၊ လေယာဉ်ပေါ်တင်၊ အနောက်ကို ခေါ်လာပြီး ခွေးလိမ်မာ ဖြစ်အောင် လုပ်ပစ်တဲ့ အနောက်တိုင်းသူ တစ်ဦးကို သတင်းမှာ တွေ့လိုက်ရလို့ အံ့ရှက်ကြီး ခံစားရတယ်။

စိုးရမှာပဲ

စေတီတစ်ဆူ ရှေးဟောင်း အမွေပျက်မှာကို စိုးကို စိုးရိမ်ရမှာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ခန့်က တည်ဆောက်ခဲ့တဲ့ စေတီပုထိုးတွေကို ပကတိအတိုင်း မြင်နိုင်မှ အဲဒီခေတ် ဗုဒ္ဓဝါဒ အဆုံးအမ၊ ယုံကြည်မှုတွေရဲ့ ပုံရိပ်ကို ခန့်မှန်းပြီး သက်မဲ့ သက်သေတွေအဖြစ် ယင်းတို့က ရပ်တည်နိုင်မှာ။ ယနေ့ တည်ဆောက်တဲ့ စေတီက ယနေ့ကိုပဲ သက်သေပြမှာပေါ့။ မိဘဘိုးဘွားတို့ ပေးခဲ့တဲ့ လက်ဝတ်ရတနာကို အသစ် ပြန်လုပ်ရင် ယခင်ရှိပြီး ခံစားမှုရဲ့ ခွန်အားနဲ့ မတူနိုင်တော့ဘူး။

အုတ်ခဲတန်ဖိုး

ပဏိတ်နေရူးက ၁၂-နှစ် အရွယ် အင်ဒီရာဂန္ဒီကို ပေးတဲ့ စာမှာ သောင်ပြင်မှာ တွေ့ရတဲ့ လုံးချောနေတဲ့ ကျောက်စရစ်ခဲလေးတစ်ခုရဲ့ ရာဇဝင်နဲ့ တန်ဖိုးကို ပြောပြဖူးတယ်။ ဒီနေရာမှာ ‘အုတ်ခဲပုံ အတိုင်း’ထားကို ထားရမှာ။ ဒီအုတ်ခဲက ရိုးရိုး အုတ်ခဲ မဟုတ်ဘူး။ သူ့မှာ သမိုင်းရှိလို့ သူ့ကိုပဲ မြတ်နိုးတာ။ သူ့ကိုကြည့်ပြီး သူ့ကိုထုတ်လုပ်သူ သို့မဟုတ် လှူဒါန်းသူတွေရဲ့ သဒ္ဓါတရားကို လေးစားဖို့ မြန်မာတိုင်းမှာ တာဝန်ရှိတယ်။

အစားမထိုးရ

သံသရာအတွက် ကုသိုလ်ယူ ပြုပြင်မွမ်းမံ’။ သံသရာကို အမှန်ရည်ရွယ်ရင် အခြား ကုသိုလ်လုပ်စရာတွေ အများကြီးပါ။ သံသရာအတွက် ကုသိုလ် စုရမယ်လို့ မြတ်ဗုဒ္ဓ ဟောပါ တယ်။ ဒါကို မငြင်းပါဘူး။ အဟောင်းကို အသစ်နဲ့ မလဲဖို့၊ ထီးဟောင်းကို ထီးသစ်နဲ့ လဲမပစ်ဖို့၊ သမိုင်းရှိတဲ့ အုတ်ခဲတွေကို ထုချေပြီး အုတ်ခဲသစ်နဲ့ မလဲပစ်ဖို့ကိုပဲ ဆိုလိုနေတာ။

တစ်ခါမှာ ရွှေတိဂုံဘုရား စောင်းတန်းက ကျွန်းအစစ်နဲ့ ထွင်းထားတဲ့ သမိုင်းဝင် ကနုတ်ပန်း အဟောင်းတွေကို ချိုးခြေပြီး စွန့်ပစ်ဖူးတယ်။ အမွေကို တန်ဖိုးထားတတ်သူအဖို့ နောက်ထပ် ရွှေကနုတ်ပန်းနဲ့ အစားထိုးရင်တောင် ယခင် တန်ဖိုးအတိုင်း မခံစားနိုင်တော့ဘူး။

ဥပဒေနဲ့

အိန္ဒိယက ရှေးဟောင်း ဗုဒ္ဓဝင်နေရာတွေကို ဗမာပြည်မှာဆို ရွှေချထားလို့ ဝင်းနေမှာပဲလို့ ပြောသံကြားဖူးတယ်။ သေချာတာက အိန္ဒိယအစိုးရဟာ ရှေးဟောင်း နေရာတိုင်းကို စနစ်တကျ သတ်မှတ်ပြီး ဥပဒေနဲ့ ကောင်းစွာ စောင့်ရှောက်ထားတယ် ဆိုတာပါပဲ။ အရာရာကို ရွေနဲ့ချည်း တန်ဖိုးမဖြတ်နိုင်ဘူး။ ရွှေကြောင့်ပဲ အီဂျစ်က ပိရမစ်တွေ ဖျက်ဆီးခံခဲ့ရတယ်။

အဖြေ

ဘယ်အရာက ရှိသင့်သလဲ၊ ဘယ်အရာက ကောင်းမြတ်သလဲ'ကို မိမိဘာသာ ဖြေပါ။ အနည်းဆုံး အခြားတစ်ဖက်ရဲ့ ရှုမြင်ပုံကို ရိပ်မိမယ်လို့ ယူဆပါတယ်။

ဩဂုတ် ၂ဝ၊ ၂ဝ၁၉။

---

မှတ်ချက်များ

ဆရာတော် ပညာသားပါပါ ဖြေလိုက်တာပဲ။ တွေးကြပါစေပေါ့။
ကိုစိုးမင်း (Phoenix)

---

၇၆၄။ ဗုဒ္ဓနားရွက်တော်

ဆရာတော် ဘုရား၊ နိုင်ငံခြားသား တစ်ယောက်က မြတ်စွာဘုရား၏ ဆင်းတုတော်မှာ နားရွက်တော် ဘာကြောင့် အဲဒီလောက် ရှည်နေရသလဲလို့ မေးပါသည်။ မဖြေတတ်သဖြင့် ဆရာတော့်ထံမှ မှတ်သားလိုပါသည် ဘုရား။

Dr. စန်းစန်းတင့် (ကိုလိုရာဒို)

---

ပုဂ္ဂိုလ်ထူး

စာဆို ဦးပုညက 'မဟာဗြဟ္မ လျှာကုဋေဖြင့် ဆန်းနေဂိုဏ်း ညီ ဂါထာစီ၍ ကျူးသီမြွက်ဖော် ဆိုလှည့်သော်လည်း ဘုန်းတော်ကဲလွန် အနေကန်ကို ဝေဖန်ချီးမြှောက် ပြီးမရောက် လိမ့်'တဲ့။ သံဂါယနာတင် မထေရ်တို့ကလည်း 'ဗုဒ္ဓေါ ဟဝေ ကပ္ပသတေဟိပိ ဒုလ္လဘော = ဗုဒ္ဓဟူသည် ကမ္ဘာအရာတို့ဖြင့် ပင် စင်စစ် တွေ့ရခဲ၏'လို့ မိန့်ဆိုတဲ့အတိုင်း အဲဒီလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူးမှာ သူလို ကိုယ်လိုတို့နဲ့ မတူတဲ့ ထူးခြားတဲ့ ရုပ်သွင်နဲ့ စိတ်ထား ရှိနေမှာ သေချာတယ်။

အချိုးကျရုံ

မြတ်ဗုဒ္ဓရဲ့ ကိုယ်ခန္ဓာမှာပါတဲ့ အထူးခြားဆုံး အမှတ်အသားကြီး ၃၂-ခုထဲမှာ နားရွက်နှင့် ပတ်သက်တာ မတွေ့မိ။ အမှတ်အသားငယ် ၈၀-ထဲမှာတော့ '(၄၇) အာယတရုစိရကဏ္ဏတာ = ရှည်ပြီး လှပတင့်တယ်သော နားရွက်တော် ရှိခြင်း'ဆိုတာ ပါတယ်။ အဲဒီလိုထူးခြား အမှတ်အသားငယ်ရှိကြောင်း ကျမ်းဂန်မှာ ပါတဲ့အတွက် ရုပ်တုတော်မှာလည်း ကျမ်းအဆိုနဲ့ ညီအောင် ထုလုပ်ခြင်း ဖြစ်ကြောင်း သမန္တစက္ခုဒီပနီကျမ်း (စာ- ၃၃၁)မှာ ဆုံးဖြတ်တယ်။ ဒါပေမယ့်...

တောင်မြို့

တောင်မြို့ဆရာတော်က “ရှည်-ဟုဆိုသော်လည်း အချို့ဆင်း တုတော်များ၌ ထုထားသကဲ့သို့ ပခုံးတော် ထောက်အောင် ရှည်လျားသည် မဟုတ်ပါ။ ကျိုး၍ မသွားအောင် ရုပ်တုတော် ပြုလုပ်သော ဆရာတို့က ထောက်ထားဟန် တူပါသည် (ရတနာ့ဂုဏ်ရည်၊ စာ-၂၉၇)'တဲ့။ အချို့ နှောင်းခေတ် ကြေးသွန်း ဆင်းတုတွေမှာ နားရွက်အောက် တစ်ဆက်တည်းမှာ ပခုံးကို ထောက်နေတဲ့ သံချောင်းရှည်ကို ဘုန်းကြီး တွေ့ဖူးတယ်။

လူသာမန်ထက် ထူးခြားစွာ ရှည်ပေမယ့် အချိုးကျပြီး ဖူးမြင်လို့ ကောင်းတဲ့အနေမျိုးပဲ ရှိမှာပါ။ ပခုံးတော်ကို ထောက်နေတဲ့ အထိတော့ မရှည်တန်ရာဘူးလို့ပဲ ယူဆပါတယ်။

ဂန္ဓာရဆင်းတု

အေဒီ ၁-ရာစု ခန့်က ကနိသျှခေတ် ဂန္ဓာရနိုင်ငံ (ပါကစ္စတန် အရှေ့မြောက်ပိုင်း)မှာ ထုလုပ်ပြီး ယနေ့ထိ ရှေးအကျဆုံးလို့ ယူဆရတဲ့ ဗုဒ္ဓဆင်းတုတွေကို လေ့လာရင် နားရွက်တော် ရှည်ပေမယ့် ဖူးမြင်လို့ သပ္ပာယ်ရုံပဲ တွေ့ရပါတယ်။ အချို့ ဆင်းတုတွေမှာ နားရွက်တော် ကြီးလွန်း ထူလွန်းနေတာမျိုး လည်း တွေ့ရတယ်။ ဘာအဓိပ္ပာယ်လဲ ဆိုတာတော့ လေ့လာရဦးဖွယ် ရှိမယ်။ ထုလုပ်သူရဲ့ အနုပညာစွမ်းရည်လား၊ ဆင်ခံမြင်းခံတွေလို အဓိပ္ပာယ် တစ်မျိုးရှိလား။ စဉ်းစားစရာပါ။

လီရှန်ဆင်းတု

တရုတ်နိုင်ငံ ဆီချွန်မြို့ရှိ အေဒီ ၈ဝဝ-ရာစု လက်ရာ ကျောက်တောင် ကမ်းပါးကြီးကို ထွင်းထုပြီး ကမ္ဘာ့အကြီးဆုံး ဆင်းတု (အမြင့် ၂၃၃-ပေ)ဖြစ်တဲ့ လီရှန် မဟာဗုဒ္ဓဆင်းတုကြီး (The Leshan Giant Buddha)ရဲ့ နားရွက်တော်လည်း ရှည်နေတာကိုတွေ့နိုင်တယ်။ ဒါနဲ့ ပတ်သက်ပြီး ၎င်းတို့ အဓိပ္ပာယ် ဖွင့်ဆိုပုံမှာ စိတ်ဝင်စားဖွယ် ကောင်းတယ် ..

“သိဒ္ဓတ္ထမင်းသားဟာ စည်းစိမ်ရှင်အဖြစ် မွေးဖွားပြီး နားရွက်တော်မှာ ရတနာစီခြယ်တဲ့ နားဝတ်တန်ဆာတွေနဲ့ လေးလံခဲ့ပေမယ့် ဒါတွေ အားလုံးကို စွန့်၊ ဆံမုတ်ဆိတ်ကို ပယ်၊ ဖန်ရည်စွန်း အဝတ်ကို ဝတ်ပြီး စိတ်ပိုင်းဘဝ ဖြူစင်အောင် အားထုတ်လို့ ဗောဓိဉာဏ်ကို ရတဲ့အခါ အဲဒီလောကီ ရတနာတွေထက် အဆများစွာ လေးလံ တန်ဖိုးကြီးတဲ့ လောကုတ္တရာရတနာကို ဆင်သထားတဲ့ နားရွက်တော် ပိုင်ရှင် ဖြစ်သွားတယ် (Sara Bullard ရဲ့ Why does the Buddha have long ears? ဆောင်းပါးကို National Geographic အွန်လိုင်း မဂ္ဂဇင်းမှာ ဖော်ပြချက်)'။

မြတ်ဗုဒ္ဓရဲ့ နားရွက်တော် ရှည်တာဟာ ဗောဓိဉာဏ်အတွက် လောကီစည်းစိမ်ကို ပယ်ခဲ့တာရဲ့ သင်္ကေတအထိမ်းအမှတ် ဖြစ်ပါသတဲ့။

ဩဂုတ် ၂၁၊ ၂ဝ၁၉။

---

၇၆၅။ ဆူးတွင်းပစ်ဆရာတော်

ဘုန်းကြီး ဘုရား၊ တပည့်တော်ရဲ့ မြန်မာနိုင်ငံဖြစ် ပါဠိသဒ္ဒါ ကျမ်းများအကြောင်း သုတေသနစာတမ်းကို ကြီးကြပ် ပေး နေတဲ့ ထိုင်းဘုန်းကြီးက မကြာခင်က ဖေ့စ်ဘုတ်မှာ တွေ့ရ တဲ့ မြန်မာဆရာတော် တစ်ပါးရဲ့ ဗွီဒီယိုဖိုင်ကို ပြပြီး မြန်မာ ရဟန်းတွေ မြန်မာ့ပါဠိစာပေသမိုင်းကို မသိဘူးဟု အထင် သေးစကား ဆိုနေပါသည်။ အဲဒီဖိုင်မှာ “သဒ္ဒသာရတ္ထဇာလိနီ” ခေါ်တဲ့ ပါဠိသဒ္ဒါကျမ်းကို ပုဂံ အနော်ရထာမင်း လက်ထက် မှာ ရေးတယ်ဟု ထိုဆရာတော်က ဆိုထားပါသည်။ ဆရာ မြတ်၏ အယူအဆကို သိလိုပါသည် ဘုရား။

အရှင်ကုသလ (ခေတ္တ-ထိုင်းနိုင်ငံ)

---

ဆိုးပြစ်ကိုသိ

“မသိသူအဖို့ အသိပညာ စကားဟာ နားခါးစရာ (ဒုပ္ပညဿ ပညာကထာ ဒုက္ကထာ)’တဲ့။ လွန်ခဲ့တဲ့ ၆-နှစ်က ဓမ္မဘေရီ ဆရာတော်နဲ့ ရှေးဟောင်း ပါဠိကျမ်းတွေအကြောင်း ပြော နေစဉ် အနီးမှာရှိတဲ့ မြန်မာပြည်က လာလည်တဲ့ နာမည်ကြီး ဘုန်းကြီး သမ်းဝေနေတာကို သတိထားမိလို့ ငါ့ရဲ့ ဗဟုသုတ တစ်ပဲသားကို လူရှေ့မှာကြွားသလို ဖြစ်သွားပြီလားလို့ တွေး ပြီး ရှက်မိခဲ့တယ်။ နယ်ပယ်စုံသိသူ မဖြစ်နိုင်ပါဘူး။ လေ့လာ မှ သိမှာပေါ့။ ဒါကြောင့် မသိဘူးလို့ ပြောတာကို မရှက်ပါနဲ့။

ခုခေတ် ဗွီဒီယိုဖိုင် ဆိုတာတွေက အနုမြူ ဓာတ်ရောင် ခြည်လိုပဲ။ ပြန့်ပြီးရင် တားဆီးရ ခက်တဲ့အမျိုး။ မှားမိရင် တကယ် ပြင်ရ ခက်ပါတယ်။ ဒါကြောင့် မသေချာရင် နှုတ် မဆော့တာ အကောင်းဆုံးပါ။ ရမ်းချလိုက်ရင် သိသူတွေရဲ့ အကြားမှာ ကဲ့ရဲ့စရာ ဖြစ်တတ်တယ်။ မေးခွန်းပါ ကျမ်းစာ ရှင်နဲ့ ပေါ်ထွန်းရာခေတ်ကို ရှာပေးလိုက်ပါတယ် ..

အိမ်ပြေးလေး

မြန်မာ ၇၁၃ (သာသနဝံသပ္ပဒီပိကာ၊ စာ-၉၉)၊ ကျော်စွာမင်း (ကိတ္တိသီဟသူရ) လက်ထက် သာစည်ရွာသား ကလေးငယ် တစ်ဦး ကျောင်းကို စာသင်သွားခိုင်းရတာ ခက်လွန်းလို့ မိဘ က ဒဏ်ပေးတဲ့အနေနဲ့ ဆူးချုံပေါ် ပစ်တင်ထားခဲ့တယ်။ ဒါနဲ့ ကလေးက အိမ်မပြန်တော့ဘဲ ကျောင်းမှာပဲနေ။ အရွယ် ရောက် ပဉ္စင်းဖြစ်၊ ပုဂံကိုလာပြီး ပညာသင်။ စာပေကျမ်းဂန် တတ်ကျွမ်းလို့ ပုဂံမှာ ဆရာသမားတွေ ချီးမြှောက်ခံရ။

အိမ်အပြန်

သားနောက်ကို ဘခင် လိုက်လာ။ သားကို ဆွမ်းပြုစု။ ဘခင် တိုက်တွန်းလို့ မိခင်နဲ့ တွေ့ဖို့ ရွာအပြန် ပင်းယမြို့ကို ဝင်ပြီး ဘုရားဖူးကြစဉ် ... ကျော်စွာမင်းက ကျောင်းကြီးတစ်ဆောင် ဆောက်ပြီး “သီလပြည့်စုံ၊ ပညာတတ်တဲ့ ပုဂ္ဂိုလ် မည်သူမဆို တက်နေပါစေ'လို့ သတင်းလွှင့်ထားသတဲ့။ ဒါကို ကြားတော့ ရွာအပြန် အိမ်ပြေး ကိုယ်တော်လည်း ဘာမပြော ညာမပြော အဲဒီ ကျောင်းပေါ် တက်နေလိုက်သတဲ့။

မင်းဆရာ

ဆင်ဖြူ ၄-စီးရှင် ကျော်စွာမင်းက သူ့ကျောင်းပေါ်ကို တက် နေတဲ့ ပုဂ္ဂိုလ်ကို စုံစမ်းဖို့ နာမည်ကျော် စတုရင်္ဂဗလအမတ် ကို လွှတ်လိုက်တယ်။ ဒီအမတ်က ပါဠိအဘိဓာန်ဋီကာ ကျမ်း ကြီးကို ရေးသူ။ ကိုယ်တော်က ပိဋကတ်သုံးပုံက ခက်ရပ် ခက်ဆစ်ကို အမတ် မေးတိုင်းဖြေနိုင်လို့ အမတ်ကြီးရဲ့ မှတ် ချက်နဲ့ ဘုရင်က ကိုယ်တော်ကို ကျောင်းလှူ။ ကိုယ်တော့် ဘခင်ကိုလည်း သူဌေးရာထူးနဲ့ မြှောက်းစားသတဲ့။ သူဌေးရွာ သာစည်ဆိုတာ ဒီသမိုင်းက ဆင်းသက်လာတာတဲ့။

ဆူးတွင်းပစ်

မင်းဆရာ ဖြစ်ပြီးနောက် ‘သဒ္ဒသာရတ္ထဇာလိနီ’ အမည်ရှိ ပါဠိ သဒ္ဒါကျမ်းကို ရေး (သာသနဝံသ၊ စာ-၁၀၁။ ပိဋကတ်တော် သမိုင်း၊ စာပိုဒ်-၄ဝ၅။ M. H. Bode, Pali literature o Burma, p.27)။ ဒီကျမ်းက ဂါထာဗန္ဓနဲ့ ရေးတဲ့ ပါဠိသဒ္ဒါ ကျမ်းတွေထဲမှာ ကာရိကာပြီးရင် အကြီးဆုံးပဲ။ ၅၁၆-ဂါထာ ရှိတယ်။ ငယ်စဉ်ဖြစ်ရပ်ကို အကြောင်းပြုပြီး ဆူးတွင်းပစ် ဆရာတော် (ကဏီကခိပ)လို့ တွင်တယ်။ ပုဂံမှာ ကျော်ကြား ပြီးမှ ပင်းယကို ရောက်လာလို့ ‘ပုဂံဆရာတော်’လည်း တွင် တယ်။ ရဟန်းဘွဲ့ အရှင်နာဂိတ

ဘယ်ခေတ်

သာရမဉ္ဇူသာ အမည်ရှိ သဒ္ဒသာရတ္ထဇာလိနီဋီကာရဲ့ နိဂုံး အ ဖွင့်အရ .. ကျော်စွာမင်း နန်းစံ ၁၀-နှစ်၊ ၎င်းရဲ့ညီ သီဟသူရ (မောပါမင်း) ၃-နှစ်။ ၎င်းညီ ဥဇနာမင်း ၃-လ။ မကြာခင် မြောက်ဖက်ကမ်း(စစ်ကိုင်း)မှ သတိုးမင်းဖျားက (ပင်းယ)မြို့ကို သိမ်းပြီး ၄-နှစ်နန်းစံ။ ထိုမင်းနောက် တရဘျ (တရဖျား လည်းခေါ်) မင်းပြု (တရငျဝှယကုမာရော ရဇ္ဇ ကာရေသိ)။ ဒီမင်း နန်းစံ ၁၂-နှစ်မြောက်မှာ သဒ္ဒသာရတ္ထဇာလိနီကျမ်းကို ရေးတယ် (ယင်းဋီကာ နိဂုံး၊ စာ-၁၆၁)။

သာရမဉ္ဇူသာဋီကာကိုတော့ ကျမ်းနိဂုံးနဲ့ ပိဋကတ်တော် သမိုင်း(ပိုဒ်-၄ဝ၉)အရ ပင်းယမှာ ရေးကြောင်းကိုသာ သိရပြီး ရေးဘွဲ့အမည် မဖော်ပြ။ ဒါပေမယ့် နိဂုံးဖော်ပြပုံအရ မူ ရင်းကျမ်းနဲ့ နှစ်ကာလ အလွန် မကွာနိုင်ဘူးလို့ ယူဆရတယ်။ ရတနာပူရ အဝမြို့ အရှင်အရိယာလင်္ကာရ ပြုစုတဲ့ အခြား ဋီကာကျမ်း တစ်စောင် ရှိသေးကြောင်းလည်း သိရတယ်။

ဆင်ခြင်ဖွယ်

ပင်းယ ဒုတိယဆက် ဥစ္စနာမင်း (မြန်မာ ၆၈၁-၇ဝ၃)က မြန် မာ ၆၈၂-မှာ စကား ၇-ကျောင်း ဆောက်ပြီး တင်လှူတဲ့ သံဃာစာရင်းမှာ “ကုလားကျောင်းကို သဒ္ဒသာရတ္ထဇာလိနီဋီ ကာကိုပြုသော ရှင်ဝါစိဿရ’အား လှူကြောင်း တွင်းသင်း ရာဇဝင်သစ် (၁၊ စာ-၁၇၇)မှာ ဆိုတယ်။ ဒီဋီကာ နိဂုံးစကား အရ နောက်ထပ် ၅၉-နှစ်ကြာမှ မူရင်းကျမ်းကို ရေးမှာဖြစ်လို့ ဒီအဆိုကို စဉ်းစားဖွယ် ရှိတယ်။ မူရင်းကျမ်းပြု ဆူးတွင်းပစ် အရှင်နာဂိတနဲ့ လွဲတာများလား။

တရဖျားမင်း

ရာဇဝင်များအရ ... သတိုးမင်းဖျားဟာ ပင်းယမှာ ၇-လသာ နေပြီး အင်းဝမှာ နန်းသစ် တည်တယ်။ နန်းစံ ၃-နှစ်။ ယင်းနောက် ထိုမင်းရဲ့ ယောက်ဖ အမြင့်မြို့စား တရဖျား (နောင် အခါ မင်းကြီးစွာစော်ကဲ)က မြန်မာ ၇၂၉-မှာ အင်းဝမှာ မင်း ပြု။ ဒီမင်းနန်းစံ ၃၃-နှစ်။ ဒါဖြင့် သဒ္ဒသာရတ္ထဇာလိနီကျမ်း ကို မြန်မာ ၇၄၁-ခုနှစ်၊ ပင်းယခေတ်ကုန်၊ အင်းဝခေတ် အစ ပိုင်း၊ မင်းကြီးစွာစော်ကဲ လက်ထက် ပင်းယမြို့မှာ ရေးတယ်။ မြန်မာ ၇၂၆-မှာ ပင်းယပျက်ပြီး ၁၅-နှစ်အကြာပေါ့။

ကျမ်းညှိ

ကျော်စွာမင်းက နန်းစံ ၁၀-နှစ်ဖြစ်လို့ ဒီ ၁၀-နှစ်အတွင်း (မြန်မာ ၇၁၃-၇၂၂)မှာ အဘိဓာန်ဋီကာကို ရေးဖွယ် ရှိတယ်။ ဆူးတွင်းပစ်ဆရာတော်ဟာ ဒီမင်းလက်ထက်မှာ အမတ်ကြီး ဖြစ်နေတဲ့ စတုရင်္ဂဗလနဲ့ သက်တော် အလွန် မကွာနိုင်။ ဒါ ကြောင့် သာသနဝံသနဲ့ ပိဋကတ်တော်သမိုင်းတို့ အဆိုလည်း ယုတ္တိရှိတယ်။ နန်းစံမင်းတွေ နန်းစိုက်မြို့ တွေ ပြောင်းပေ မယ့် ဆရာတော်ကတော့ ပင်းယကျောင်းမှာပဲ သီတင်းသုံး ဖွယ် ရှိတယ်။ ဒါကြောင့် မင်းဆရာဖြစ်တော့ ထိုကျမ်းကို ရေး ကြောင်း ဖော်ပြကြတာ ဖြစ်မယ်။

နိဂုံးဆုတောင်း

ပီယာဘိချာတေ နဂရေ ဝိသာလေ၊
ဂန္တေသု သာရာဘိမတံ ဂဟေတွာ။
ယာ ဘာသိတာ သာ နဘယာ သမတ္တာ၊
သဗ္ဗေပိ သတ္တာ နိဘယာ ဘဝန္တု။

ပင်းယမည်တွင် မြို့စည်ပင် ထေရ်ရှင်နေစဉ်က၊
ထိုထိုကျမ်းမှ နှစ်သာရ ထုတ်နုတ်ယူကာပြ။
သဒ္ဒသာရာ ဇာလီသာ ကောင်းစွာပြီးပြီပ၊
သဗသတ္တာ အားလုံးမှာ ဘေးကွာရန်ကင်းကြ။

ဝဋ္ဋေသု ဝတ္တံ တိဘဝေသု ဝုယှံ၊
ရောဂါဒိဝဇ္ဇံ ဝိဟတော ဘဝေယျံ။
ဖုသာမိ ဗုဒ္ဓံ အရိမေတ္တေယျသင်္ချေ၊
ဒါနဉ္စ ဒတွာ ပိဋကံ ဓရေယျ။

(ဓရေယျံ-၌ ဆန်းကြောင့် ရဿ)
ဘဝသုံးဖြာ ဝဋ်ရေပြာ မျောပါသွားရစဉ်၊
လောဘစသည် မကပ်ပြီ ရွှေပြည်နိဗ္ဗာန်ဝင်။
အရိမေတ္တ စောဗုဒ္ဓ ဖူးရအမှန်ပင်။
အလှူမပြတ် ပိဋကတ် ကျမ်းလည်းတတ်စေချင်။

ရတုပိုဒ်စုံ

စတုရင်္ဂဗလအမတ်ကြီး မေးပြီး ပုဂံဆရာတော်ခေါ် ဆူးတွင်း ပစ်ဆရာတော် ဖြေဆိုတဲ့ ရတုသုံးပိုဒ်ကိုလည်း လက်ဝဲနော်ရ ထာအမတ် စုဆောင်ခဲ့တဲ့ စာဆိုတော်များရတု ပေါင်းချုပ်မှ ဝါသနာရှင်များ လေ့လာနိုင်စေရန် ကူးယူဖော်ပြပါတယ် ..

(အမတ်မေး) ရွေဘဝါးတော်အောက်၊ ၊ ကျွန်၏လျှောက်ဖြင့်၊ လျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည်း၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေ စင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက်၊ နိကာယ်လုံးစုံ၊ ကျမ်းသုံးပုံဝယ်၊ အာရုံညွတ်ညွတ်၊ ပရမတ်ကို၊ အထွတ်ဘုန်း ခိုင်၊ သိမြင်နိုင်က၊ ကျော်လှိုင်ပေါက်ပြ၊ ကြည့်လကလျှင်၊ ဘဝ သုံးမည်၊ လူနတ်ပြည်၌၊ မည်သည့်ကုသိုလ်၊ နှိုင်းဆိုမတန်၊ နိဗ္ဗာန်လက်လှမ်း၊ နန်းပွင့်ငြမ်းသည်။ ။ ရွှင်ဝမ်းမြောက် တော်မူစေသော။

(ဆူးတွင်းဖြေ) အထွေအထွေ၊ ၊ မေးတိုင်းဖြေအံ့၊ ပရမေဘုန်း ခေါင်၊ ငါးမာန်အောင်၏၊ များမြောင်သံကျော်၊ နှုတ်နက်တော် ကို၊ ရေသော်အံ့ဘွယ်၊ မိုးထက်ကြယ်သို့၊ နိကာယ်ငါးအင်၊ အင်္ဂါ ကိုးတန်၊ ဓမ္မခန်ပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်းကုန် အာင်ကို၊ များမြောင်စေ့ရေ၊ မတွေ့လေလည်း၊ ကြံထွေအစွမ်း၊ သင်ရိုးကျမ်းဖြင့်၊ စူးစမ်းဆင်ခြင်၊ ဉာဏ်ဝင်သောလျောက်၊ ပါဌ် ထောက်အာဂုံ၊ လာတုံမဖောက်၊ ဖြေရိုးကောက်အံ့၊ ထွက် မြောက်ဘဂဝါ၊ ရဟန္တာသာမန်၊ ဇောဟန်မပျက်၊ ခုနက်ချက် တည့်၊ အသက်ဆုံးစွန်၊ နိဗ္ဗာန်ခန္ဓာ၊ ငြိမ်းသောခါ၌၊ အနိစ္စာဒုက္ခ၊ အနတ္တသဘော၊ အာရုံဇောဟု၊ စစ်ကြောကျမ်းဂန်၊ ပြရိုးညွှန် သည်။ ။ အမှန်မှတ်နေရာတမုံ့။

(အမတ်မေး) မင်း၏တရား၊ ၊ ကျင့်ဆယ်ပါးနှင့်၊ မမှားအယူ၊ နတ်လူပူဇော်၊ မင်းရဲကျော်ဝယ်၊ ကျွန်တော်ရင်းစစ်၊ အဖြစ် ရှေးဦး၊ ပါခဲ့ဖူးသား၊ ကျေးဇူးထိုက်လှာ၊ မရဏာသန်၊ ဇောငါး တန်လျှင်၊ လွန်၍ခုနစ်၊ အဖြစ်သဘော၊ မဇောလေကောင်း၊ ဇောလေကောင်းတည်း၊ အကြောင်းထွေငေါ်၊ တစ်နည်းသော် မူ၊ နိရော်အထွတ်၊ သမာပတ်ကို၊ လူနတ်ဗြဟ္မာ၊ ဝင်သောခါ၌၊ ချမ်းသာငြိမ်းမျှ၊ ခံစားကြသား၊ နေဝသသညာ၊ နာသညာ နှောင်း၊ ရကောင်းဘဝင်၊ ဖိုလ်နှင့်ပင်တည့်၊ သို့စင်ဟူရွေ့၊ အယူ မသိ၊ ဝိစိကိစ္ဆာ၊ စွန်းသင်္ကာကို၊ ဉာဏ်ဝါလင်းပြောင်၊ ထွတ် ဘုန်းခေါင်သည်၊ ၊ ပျောက်အောင် ဖျောက်တော်မူစေသော။

(ဆူးတွင်းဖြေ) နိရောဓအထွတ်၊ ၊ သမာပတ်ကို၊ လူနတ် ဗြဟ္မာ၊ ကိုးရာလည်းထား၊ ဘုရားမြတ်စွာ၊ ဝင်သောခါ၌၊ ချမ်းသာငြိမ်း မြ၊ နေဝသညာ၊ နာသညာနှောင်း၊ ရကောင်းသည်ကို အမှန် ဆိုပိမ့်၊ ဖိုလ်ကားတစ်ချက်၊ ဘဝင်တက်မူ၊ နှစ်ရက်ဖြင့်သာ၊ အာဝဇ္ဇနာတက်ကောင်း၊ အကြောင်းဆိုသော်၊ ဝသီဘော်ကြောင့်၊ မြတ်ကျော်ဘုရား၊ လျင်လျားမဆိုင်း၊ ပိုင်းပိုင်းဖြတ်၍၊ မပြတ် ပစ္စဝေက္ခဏာ၊ သမာပတ္တိ၊ ဝီထိများစွာ၊ ဇောတိဖြာလျက်၊ ဉာဏ်ဝါလျှံဖတ်၊ စိတ်ကိုဟူက၊ စိုးမိုးရ၍၊ ကလာကြာတင်၊ ဘဝင်တေထွထွေ၊ မကျပေတည်း၊ တထွေလျင်ပါ၊ ပစကာဗုဒ္ဓ၊ သာဝကအား၊ ခြားတုံသုံးချက်၊ ဘဝင်ထက်မှ၊ တက်အံ့မနော၊ ဝီထိဇောသည်၊ ၊ သဘောမှန်ပေစွာတမုံ့။

(အမတ်မေး) နာမ်နှင့်ရုပ်ကို၊ ၊ ပေါင်းချုပ်ကြွင်းမဲ့၊ သင်္ချာဖွဲ့ သော်၊ တစ်ဆယ့်လေးကိစ္စ၊ ဆယ်ဌာနဖြင့်၊ ဒွါရခြောက်ထပ်၊ ခြောက်ရပ်အာရုံ၊ ခြောက်စုံဝိညာဉ်၊ ခြောက်စဉ်ဝီထိ၊ ဂတိငါး ဖြာ၊ ရုပ်လေးမြွာနှင့်၊ ခန္ဓာအာယတနဓာတ်၊ ဥပါဒ်ရှီဘင်၊ ဘဝင် ဇောစိတ်၊ နိမိတ်မကွာ၊ တဒါရမ္မဏ၊ အရထိုထို၊ ပုဂ္ဂိုလ်အဖြား၊ ဝါကရားနှင့်၊ ဘုရားမြတ်မွန်၊ နိဗ္ဗာန်ယူနီး၊ မြေကြီးမိုးပြင်၊ ကောင်ကင်နှံ့သိ၊ စုတိတော် စိတ်၊ အဟိတ်နှင်နှင်၊ သုံးပါးတွင်၌၊ ဘယ်လျှင်အာရုံ၊ ပြုတုံသနည်း၊ ရိုက်ကြည်းကျော်ဟိုး၊ နန်းပွင့် ရိုးသည်၊ ၊ ဖြေရိုးကောက်တော်မူစေသော။

(ဆူးတွင်းဖြေ) အံ့ချီးကြား၍၊ တရားသံဝေ၊ ရကုန်စေလော့၊ မြူတေထွန်းဝင်း၊ သုံးလူ့မင်းမူ၊ သံညင်းဖြားယောင်း၊ တရား မောင်းမြင့်၊ တစ်သောင်းစကြဝဠာ၊ တိုက်များမှာက၊ လာတုံလူ နတ်၊ ပရိသတ်ကို၊ ချေချွတ်ဆောင်ဆောင်၊ မဂ္ဂင်ဖောင်ဖြင့်၊ ရောက်အောင်နိဗ္ဗာန်၊ ပို့ခဲ့ညွန်မှ၊ မလွန်ငါသာ၊ အနိစ္စာကို၊ ကုသိ နာရုံ၊ အင်ကြင်းစုံ၌၊ ဝင်တုံများထွေ၊ ကုဋေထက်ဝန်း၊ သုံးသန်း ခြောက်သိန်း၊ စက်မွေ့ကိန်းသော်၊ ရှုမိန်းသမာပတ်၊ ဝင်စမှတ် တည်း၊ လူနတ်ဗြဟ္မာ၊ အာကာမိုးပြင်၊ ကောင်းကင်မဆံ့၊ ပူဇော် အံ့လျက်၊ အရွှံ့ရံပတ်၊ တို့စောထွတ်လျှင်၊ မချွတ်နိဗ္ဗာ၊ ဝင်သောခါ၌၊ အနိစစာဒုက္ခ၊ အနတ္တသာ၊ ဈာန်အင်္ဂါကို၊ ပစ္စဝေက္ခ ဏာသဘော၊ လျင်ငါးဇောမှ၊ ... တိတ်တောအောင်ထွန်း၊ မစ္စု မာန်ကို၊ လွန်ခဲ့ကျော်ဘိ၊ စုနိတော်စိတ်၊ အတိတ်နှင်နှင်၊ သုံးပါး တွင်မူ၊ ထင်၏တစိ၊ ဂတိနိမိတ်၊ တိဟိတ်ပဋိသန္ဓေ၊ ယူနေ သောခါ၊ တုသိတာမှ၊ ပဉ္စာလောကန၊ ကြည့်ပြီးမှလျှင်၊ ဘဝ ပြောင်းလှာ၊ ဤကြောင်းခြာကို၊ ပညာရှိထွေ၊ ကြံမိစေလေ ့၊ သဓဘဝင်၊ သုံးအင်စုတိ၊ တူဘိအာရုံ၊ ပြုတုံမချွတ်၊ ပရမတ် လည်း၊ ၊ ဟောမှတ်ဧကန်သာတမုံ့။

နဝဒေး၊ နတ်ရှင်နောင်တို့ ရတုထက် ရှေးကျပြီး ရှေးအ ကျဆုံး ရတုစာရင်းမှာ ပါနိုင်တယ်။ ဒီအချိန်က အရှင်မဟာ သီလဝံသ (မြန်မာ ၈၁၅-ဖွား)၊ အရှင်မဟာရဋ္ဌသာရ (မြန်မာ ၈၃၀-ဖွား)တို့ မမွေးဖွားလောက်သေးဘူး။

ဩဂုတ် ၂၄၊ ၂ဝ၁၉။

---

မှတ်ချက်များ

ဆရာတော်ရဲ့ အဖြေ လွန်စွာ ပြည့်စုံကောင်းမွန်သဖြင့် သာဓု သာဓု သာဓုပါ ဘုရား။

ကိုသန်းဌေး (Fremont)

သမိုင်းဆက်စပ်မှု ကွင်းဆက်ကလေးတွေ အားကောင်း တယ် ဘုရား။ တပည့်တော်က အဲလို သမိုင်းကို ချောင်ကြိုချောင်ကြား ရှာဖတ်ရတာ အားကြီးပျင်းတော့ အခုလို ရှာပြီး စစ်ပြီးသားလေး အဆင်သင့် ဖတ်ရတော့ .. ဟန်ကျတယ် ဘုရား။ ကျေးဇူးပါ။ အရှင်သြသဓ (ဓမ္မာနန္ဒဝိဟာရ)

---

၇၆၆။ နိဿယသမိုင်းမှတ်စု

ဆရာတော် ဘုရား၊ မေးလျှောက်ခွင့်ပြုပါ ဘုရား။

၁) မြန်မာဘာသာဖြင့် နိဿယရေးရုံနှင့် ထိုဆရာတော်ကို အဋ္ဌကထာဆရာဟု ခေါ်နိုင်ပါသလား။ ၂) ပါဠိပဌမပြန် စာ မေးပွဲတွေပေါ်လာလို့ မြန်မာနိဿယတွေ ရေးရတယ်ဆိုတာ မှန်ပါသလား။ ၃) ဆရာတော် ဦးဗုဓ်က မြန်မာပြန်နိဿယ ကို အဦးဆုံးရေးပြီး သမိုင်းသစ် စတင်တယ်ဆိုတာ ဖြစ်နိုင်ပါ မည်လား။ အောက်ပါ အွန်လိုင်း ရေးသားချက် တစ်ရပ် ကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည် ဘုရား ..

“မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ခေတ်တွေမှာ ပါဠိ ပထမပြန် စာမေးပွဲတွေ ပေါ်လာပြီး ပါဠိဘာသာ ကျမ်းစာ တွေကို လေ့လာရန် စာသင်သား ရဟန်းများ အခက်ကြုံပါ တယ်။ ဒီတော့ ဆရာတော် ဦးဗုဓ်က ဒွေမာတိကာနိဿယ၊ ရူပသိဒ္ဓိနိဿယစတဲ့ မြန်မာနိဿယကျမ်းစာကို သမိုင်းသစ် စတင် ရေးသားလိုက်တော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မြန် မာပြန် အဋ္ဌကထာဆရာအဖြစ် မှတ်တမ်း ဝင်သွားတယ်။ ဒီနောက် ပြည်ဆရာတော် မအူဆရာတော် နေရင်းဆရာ တော် ပခုက္ကူဂဏဝါစက-စသည့် ကျမ်းပြုဆရာတော်များ ပါဠိတော်နိဿယ၊ ကျမ်းရင်းသုံးကျမ်း အဋ္ဌကထာတွေ ကို နိဿယ ပြန်ဆိုပြီး ခက်ဆစ်အဓိပ္ပာယ် ရေးခဲ့ကြတယ်။ ဒီလို နိဿယမြန်မာပြန်ဆိုကြတဲ့ ဆရာတော်ကြီးတွေ အား လုံးလည်း မြန်မာပြန် အဋ္ဌကထာဆရာများပင် ဖြစ်ပါသည်”။

အရှင်ဇောတာလင်္ကာရ (မလေးရှား)

---

နိဿယဆိုတာ

မေ = မယာ၊ ငါသည်။ ဧဝံ၊ ဤသို့။ သုတံ၊ မှတ်သားခဲ့ရ၏’ စသည်ဖြင့် ပါဠိတစ်ချက် အနက်တစ်ချက် (word by word) မြန်မာပြန်ပြီး အဓိပ္ပယ်ဖော်တာကို “နိဿယပြန်တယ်အနက်ပြန်တယ်အနက်ပေးတယ်'လို့ ခေါ်တယ်။ ဒီနည်းနဲ့ ပရိတ်ကြီး ၁၁-သုတ်ကို နိဿယပြန်ရင် “ပရိတ်ကြီးနိဿယ’ ခေါ်တယ်။ ပါရာဇိကဏ်ပါဠိတော်ကို အနက်ပြန်ရင် ပါရာဇိ ကဏ်ပါဠိတော်နိဿယ-စသည်။

ပါဠိဘာသာနဲ့ ရေးထားတဲ့ ဘုရားဟော ပါဠိတော်၊ ယင်း ကို အဓိပ္ပာယ်ဖွင့်တဲ့ အဋ္ဌကထာ၊ ယင်းကို ထပ်ပြီးဖွင့်တဲ့ ဋီ ကာကျမ်းတွေမှာ နိဿယကျမ်းတွေ ရှိတယ်။ ရှေးခေတ်က ဆရာတော်တွေ ရေးခဲ့တာ။ ဘုန်းကြီးရဲ့ ဒီဂျစ်တယ် စာကြည့် တိုက်မှာ ပါဠိတော်နိဿယ ၇၆-အုပ်၊ အဋ္ဌကထာနိဿယ ၁၂၀-အုပ်၊ ဋီကာနိဿယ ၃၀-အုပ်၊ ပေမူအပါအဝင် အခြား နိဿယ ၂၃-အုပ် ရှိတယ်။

ရှေ့ပြေးများ

မြန်မာနှစ် ၅၃၆-မှာ နန်းတက်တဲ့ နရပတိစည်သူမင်း နန်းစံ ၃- နှစ်မှာ ပေါင်လောင်ရွာဇာတိ အရှင်ကဿပဟာ မဟာဗော ဓိဝင်ဋီကာကို ရေးပြီး ယင်းကျမ်းကို သိင်္ဃဝိဇယ မင်းသားက မြန်မာ ၅၆၅-မှာ ပေတင်တယ် (ပဉ္စဝဿသတေ ယာတေပဉ္စဆဋ္ဌိမ ဟာယနေ။ ပေမူ၊ ယင်းနိဂုံးရှု)။ အဲဒါ သာသနာနှစ်- ၁၇၄၇။ ခုဒ္ဒသိက္ခာနိဿယ ဟောင်းကိုပါ ဒီအရှင် ရေးတယ် (ပိဋကတ်တော်သမိုင်း၊ ပိုဒ်-၇၆၀။ သက္ကရာဇ်ကို ကျမ်းဆိုနဲ့ ညှိယူထားတယ်)။ “ခုဒ္ဒသိက္ခာနိဿယေ ဝုတ္တံ (ဝိနယာလင်္ကာ ရ၊ဋီ၊၁၊၂၇)’လို့ တောင်ဖီလာဆရာတော် ညွန်းခဲ့တာဟာ ပေါင်လောင် အရှင်ကဿပရဲ့ နိဿယ ဖြစ်နိုင်တယ်။

ပုဂံကျစွာမင်း (မြန်မာ ၅၉၃-၆၁၁) လက်ထက် သဒ္ဒတ္ထ ဘေဒစိန္တာကျမ်း'ကို ရေးတဲ့ သဒ္ဓမ္မသိရိမထေရ်က ဗြိဟဇ်နိ ယျည်းကို ရေးတယ် (အမေးတော်ဖြေ၊ စာ-၅၆၇)။ ပုဂံခေတ် နှောင်းပိုင်း နိဿယစာရင်းကို မြန်မာ ၈၀၀-မှာ ရေးထိုးတဲ့ ရွှေစည်းခုံဘုရား အနောက်ဖက်ရှိ တက်နွယ်ကျောင်း (တက် နွဲ့ချောင်းကျောင်းလည်းခေါ်) ကျောက်စာအရ ဒီခေတ် (မြန် မာ ၇၀၀-ကျော်၊ ပုဂံခေတ်နှောင်း)မှာရှိတဲ့ နိဿယစာရင်းမှာ ‘ရူပသိဒ္ဓိနိဿရေည်’ကို တွေ့နိုင်တယ် (ပဒရူပသိဒ္ဓိနိဒါန-ရှု)။

ပုဂံမင်းသား ဂုဏ္ဏန္တရာဇ် (မြန်မာ ၉၈၇)ရဲ့ဆရာ အရှင် ဂုဏဝဋံသက မထေရ်လည်း ဒီဃနိကာယ် ပါဠိတော်နဲ့ အဋ္ဌ ကထာ နိဿယတွေကို ရေးတယ် (ပိဋကတ်သမိုင်း၊ ပိုဒ်-၄၆၃၊ ၅၇၅)။ ဒီမှတ်တမ်းများအရ ပေါင်လောင် အရှင်က-ဿပ၊ အရှင်သဒ္ဓမ္မသိရိ၊ အရှင်ဂုဏဝဋံသကတို့ကို ရှေးဦး နိဿယကျမ်းပြု ဆရာများအဖြစ် မှတ်တမ်းတင်နိုင်တယ်။

အဖြေ ၁

ယေဘုယျအနေနဲ့ မူရင်း ပါဠိတော်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့ ကျမ်းကို အဋ္ဌကထာခေါ်ပေမယ့် ဘာသာပြန်နိဿယ ဆိုတာ လည်း တိုင်းရင်း ဘာသာစကားနဲ့ ပါဠိ၊ အဋ္ဌထကာ၊ ဋီကာတို့ရဲ့ အဓိပ္ပာယ်ကို နားလည်အောင် လုပ်ပေးတာပဲ။ ဒီကျမ်း တွေဟာ စာသင်ပေးတဲ့ ဆရာတစ်ဆူ ဖြစ်ရုံမက အားကိုးရ တဲ့ ဆရာ့ဆရာကြီးတွေလို့တောင် ဆိုနိုင်တယ်။ ဒါကြောင့် ပါဠိတစ်ချက် အနက်တစ်ချက် ဘာသာပြန်တဲ့ နိဿယကျမ်း တွေကို မြန်မာအဋ္ဌကထာလို့ ဆိုခွင့်ရှိပါတယ်။

အဖြေ ၂

ဒီလိုပါ ... ပိဋကတ်တော်သမိုင်းကျမ်းပါ ကျမ်းပြီးနှစ်တွေကို လေ့လာကြည့်ရင် သာလွန်မင်း လက်ထက် (မြန်မာ ၉၉၆- ၁၀၁၀)မှာ နိဿယကျမ်းတွေ အများဆုံး ထွက်ခဲ့တာတွေ့ရ တယ်။ ပထမဆုံး ဝိနည်းငါးကျမ်း ပါဠိတော်နဲ့ အဋ္ဌကထာ နိဿယကို ဒီခေတ်မှာ ရေးတာ။ ဒီးမင်းလက်ထက်ပဲ ပါဠိ ပဌမပြန်စာမေးပွဲကို မြန်မာသက္ကရာဇ် ၁၀၀၀-ပြည့်မှာ စတင် ကျင်းပခဲ့သတဲ့ (ပုခန်းသာသနာဝင်၊ စာ-၁၅၃)။

အဖြေ ၃

ဒါတော့ မဖြစ်နို်င်ဘူး။ ဆရာတော် ဦးဗုဓ်ဟာ မြန်မာပြန် နိဿယကို အဦးဆုံးရေးပြီး သမိုင်းစတင်သူ မဟုတ်ပါဘူး။ ဦးဗုဓ်၊ ပြည်၊ မအူ၊ နေရင်းဆိုတာတွေက ကုန်းဘောင်ခေတ် လယ်လောက်ထိ ရောက်သွားပြီ။ ဖော်ပြပြီး မှတ်စုအရ ပေါင် လောင် အရှင်ကဿပပဲ သမိုင်းစတင်သူ၊ မြန်မာပြန် အဋ္ဌ ကထာဆရာအဖြစ် မှတ်တမ်းဝင်နိုင်ဖွယ် ရှိတယ်။ နိဿယ ကျမ်းတွေဟာ ပုဂံခေတ် ကတည်းက ရှိခဲ့ကြောင်းပါ။

ဩဂုတ် ၂၅၊ ၂ဝ၁၉။

---

၇၆၇။ မှတ်စုထဲက သဒ္ဒနီတိကျမ်း

ဘုန်းကြီး ဘုရား၊ တပည့်တော်က နိုင်ငံတော်ပရယတ္တိ (ရန် ကုန်)မှာ နေစဉ်က ဘုန်းကြီး၏တပည့် ဖြစ်ဖူးပါသည်။ ယခင် ဘုန်းကြီး ရေးထားသည့် သဒ္ဒနီတိကျမ်းအကြောင်း သုတေ သနစာတမ်းကို ရလိုကြောင်း တပည့်တော်၏ တပည့်တစ်ဦး က လျှောက်သဖြင့် ဖြစ်နိုင်လျှင် ထိုစာတမ်းကို ပြန်လည် တင်ပေးစေလိုပါသည် ဘုရား။

အရှင်နန္ဒဝံသ (ငပုတော)

---

မိတ်ဆက်

သဒ္ဒနီတိသည် မြန်မာနိုင်ငံ၏ ပါဠိဘာသာ တတ်ကျွမ်းမှုကို ကျော်ကြားစေပြီး ဤကျမ်းကို ယနေ့တိုင် ပါဠိဂန္ထဝင် ကျမ်း အဖြစ် ပုံနှိပ်ထုတ်ဝေဆဲ ဖြစ်သည်။ ကျမ်းပြုပုဂ္ဂိုလ်လည်း ယ နေ့တိုင် ကျော်ကြားဆဲ ဖြစ်သည်။ ဤကျမ်းကြီးသည် က- စ္စည်းသဒ္ဒါကျမ်း နောက်သို့လိုက်ပြီး ပါဠိပိဋကတ်ကို အခြေခံ သည်။ ပဒမာလာဓာတုမာလာသုတ္တမာလာဟု အပိုင်း ၃- ပိုင်းပါဝင်ပြီ အခန်း ၂၅-ခန်း ရှိသည်။ ဓာတုမာလာ၌ ကျမ်းပြု ဆရာက ပါဠိပုံစံများကို သက္ကတနှင့် နှိုင်းယှဉ်ပြထားသည် (M.H. Bode, Pali literature of Burma, p.17)။

ကျမ်းပြုသူ

မြန်မာနိုင်ငံ ပုဂံခေတ်တွင် ပရိယတ္တိကျွမ်းကျင်သည့် မထေရ် ကျာ်သုံးပါး ရှိခဲ့သည်။ ယင်းတို့မှာ ၁) အရှင်မဟာအဂ္ဂပဏ္ဍိတ ၂) အရှင်အဂ္ဂပဏ္ဍိတနှင့် ၃) အရှင်အဂ္ဂဝံသတို့ ဖြစ်သည်။

ထိုတွင် အမှတ် ၂) အရှင်အဂ္ဂပဏ္ဍိတသည် “လောကုပ္ပ- တ္တိပကာသနီ’ကျမ်းကို ရေးသည်။ ထိုကျမ်းနိဂုံး၌ “ဘုန်းကျက် သရေနှင့်ပြည့်စုံပြီး ထက်ဝန်းကျင်ကောင်းသော ဂုဏ်သတင်း ရှိသော မဟာအဂ္ဂပဏ္ဍိတ၏တပည့် အရှင်အဂ္ဂပဏ္ဍိတ စီရင် သော လောကုပ္ပတ္တိပကာသနီကျမ်း (ပေမူ)'ဟု ဖော်ပြသည်။

အမှတ် ၃) အရှင်အဂ္ဂဝံသသည် ဤသဒ္ဒနီတိကျမ်းကို စီ ရင်သည်။ ဤမထေရ် သုံးပါးတို့၏ ဆက်စပ် ပတ်သက်မှုကို သဒ္ဒနီတိကျမ်းနိဂုံး၌ “ထိုအရှင်အဂ္ဂဝံသသည် အရှင်အဂ္ဂပဏ္ဍိ တ၏တူ(နှမသား)ဖြစ်၏။ ထိုတူနှင့် ဦးရီး (အရှင်အဂ္ဂဝံသနှင့် အရှင်အဂ္ဂပဏ္ဍိတ)တို့ နှစ်ပါးလုံးသည် အရှင် မဟာအဂ္ဂပဏ္ဍိ တ၏ ဥပဇ္ဈာယ်ယူတပည့်များ ဖြစ်ကြ၏’ဟု ဖော်ပြသည်။

သူ့ဇာတိ

ဂန္ထဝံသကျမ်း၌ အရှင်အဂ္ဂဝံသသည် ဇမ္ဗူဒီပတိုင်းသား (ဇမ္ဗူ ဒီပိကာ)ဖြစ်ပြီး ပေါက္ကာရာမခေါ် အရိမဒ္ဒနပုရ၌ သဒ္ဒနီတိ ကျမ်းကို ရေးခဲ့ကြောင်း ဆိုသည် (Journal of the ဏali Tex Society, 1886, p.76)။ ဤ၌ ဇမ္ဗူဒီပဟူသည် မြန်မာ နိုင်ငံ ကိုပင် ရည်ရွယ်ဟန် ရှိသည်။ အကြောင်းမူ ထိုအချိန်က မြန် မာနိုင်ငံ၌ ဗုဒ္ဓသာသနာ ကောင်းစွာ တည်တံ့နေပြီ ဖြစ်သောကြောင့်တည်း။ သေချာစေရန် ရာဇဝင်စဉ် မထေရ်စဉ်ကို စနစ်တကျ စီစစ်ရဦးဖွယ်ရှိသည်။ ကျမ်းစာကို ရေးသားစဉ်က အရှင်အဂ္ဂဝံသနှင့် အရှင်အဂ္ဂပဏိတတို့ မြန်မာနိုင်ငံ၊ ပုဂံမြို့၌ သီတင်းသုံးခဲ့သည်ဟုကား အတိအကျ ဆိုနိုင်သည်။

ကျမ်းပြုခေတ်

သာသနဝံသပ္ပဒီပိကာကျမ်း၌ “သာသနာသက္ကရာဇ် ၁၆၉၇-ခု နှစ် (အေဒီ ၁၁၅၃)တွင် ပိဋကတ်သုံးပုံ၏ အခြေပါဒဖြစ်သော သဒ္ဒါနည်း၌ လိမ္မာစေခြင်းငှာ ပိဋကတ်သုံးပုံကို နှီးနှောရှာဖွေ ၍ ပုဂံအရှင်အဂ္ဂဝံသမထေရ်က သဒ္ဒနီတိကျမ်းကို ရေးသား ကြောင်း' (ယင်း၊ စာ-၈၃)၊ သာသနာလင်္ကရစာတမ်း၌မူ ထို ဖော်ပြပါအတိုင်း “နိဒါန်း၌ ဂါထာဆောင်၍ဆိုကြောင်း (ယင်း၊ စာ-၁၁၈)' ပြဆိုသည်။ ဖော်ပြပါ အဆိုကိုပင် ပါဠိပညာရှင် များ ဖြစ်ကြသည့် ယode (PLB, p. 16) Dr. Malalasekera (PIC, p. 185) တို့ ကလည်း ထောက်ခံ တင်ပြကြသည်။

မခိုင်လုံ

သို့ရာတွင် လက်ရှိ သဒ္ဒနီတိစာကိုယ် ပဏာမပါဠိဂါထာများ၌ ယင်းသို့ ဖော်ပြသော ဂါထာကို မတွေ့ရချေ။ ဖော်ပြပါ ဂါထာ ပျောက်ဆုံးနေဟန်ရှိပြီး ယခုတွေ့ရသည့် ဂါထာ၏ အဓိပ္ပာယ် မှာ ‘သဒ္ဒလက္ခဏာကို သိလိုသူများသည် ပညာရှိများအတွက် ကျွန်ုပ် သန့်ရှင်းစင်ကြယ်စွာ ရေးသားမည် ဖြစ်သည့် သဒ္ဒ နီတိကျမ်းကို သင်ယူသင့်၏’ဟု ဖြစ်သည်။ ထို့ကြောင့် သာသ နဝံသနှင့် သာသနာလင်္ကာရတို့ အဆိုမှာ မခိုင်လုံပေ။

ကျောက်စာ

မင်းကြီး မဟာသီရိဇေယသူ၏ ပိဋကတ်တော်သမိုင်းကျမ်း (စာပိုဒ်-၃၈၃)၌ကား သဒ္ဒနီတိကျမ်းကို ကျစွာမင်းလက်ထက် ၌ စီရင်ကြောင်း ဆိုသည်။ လှေသင်းအတွင်းဝန်၏ ဝေါဟာ ရလီနတ္ထဒီပနီ (စာ-၇၄)၌လည်း ထိုနည်းအတူ ဆိုသည်။ ထို နှစ်ကျမ်း၏ အဆိုကို အရှင်သိရီသောဘနမထေရ် စီရင်သည့် “မဟာဒွါရနိကာယသာသနဝံသဒီပနီ'ကျမ်း၌ ပုဂံမြို့ သရပါ တံခါး အနောက်ဖက်၌ ဂူနှင့်တည်ရှိသော မဟာအဂ္ဂပဏိတ စေတီကျောက်စာကို ကိုးကားပြီး ထောက်ခံထားသည်။

ယင်းကျောက်စာကို မဟာအဂ္ဂပဏ္ဍိတ၏ တပည့်ကြီး လောကုပ္ပတ္တိပကာသနီ ကျမ်းပြု အရှင်အဂ္ဂပဏ္ဍိတ ရေးထိုး ခဲ့သည်။ ထိုကျောက်စာအရ .. “အရှင်မဟာအဂ္ဂပဏ္ဍိတသည် သက်တော် ၃၇-နှစ်တွင် ဗုဒ္ဓဂယာ၊ မဟာဗောဓိသို့ ကြွတော် မူသည်။ ၎င်းမှအပြန် ခရီးတစ်ဝက် အရောက် သာသနာနှစ် ၁၇၁၇-ခုနှစ်၊ ကောဇာ ၅၃၅-ခုနှစ်၊ တပေါင်းလဆုတ် ၃-ရက်၊ အင်္ဂါနေ့ အရုဏ်မတက်မီတွင် ပျံလွန်တော်မူ၏’ဟု ဆို သည်။ ယင်းမှာ အေဒီ ၁၁၇၄-ဖြစ်သည်။

ထိုကျောက်စာ၌ “အရှင်မဟာအဂ္ဂပဏ္ဍိတ၏ ရုပ်ကလာပ် ကို သဂြိုဟ်သည့် နေရာ၌ စေတီတစ်ဆူ တည်ပြီး၊ ၂-နှစ် ကြာပြီးနောက် ထိုမထေရ်၏ သပိတ်နှင့် သင်္ကန်းများကို ဂူ ဘုရားတစ်ခု၌ တပည့်ဖြစ်သူ အဂ္ဂပဏ္ဍိတ အရှင်မြတ်က ဌာပ နာထားခဲ့သည်။ အရှင်အဂ္ဂပဏ္ဍိတသည် သာသနာနှစ် ၁၇၃၁၊ မြန်မာ-၅၄၉ (အေဒီ ၁၁၈၈)တွင် ပျံလွန်တော်မူသည်'ဟု လည်း ဖော်ပြသည်။

ငြင်းဆိုချက်

ယင်းကျောက်စာ ဖော်ပြချက်အရ အရှင်သိရိသောဘနထေရ် က အောက်ပါအတိုင်း ငြင်းဆိုသည် ..

“အကယ်၍ ဗုဒ္ဓဂယာဘုရားဖူးသူ အရှင်မဟာအဂ္ဂပဏိတ သည် ပျံလွန်တော်မူချိန် သာသနာနှစ် ၁၇၁၇(အေဒီ ၁၁၇၄) တွင် အသက် ၃၇-နှစ်သာရှိသေးပါလျှင် ထိုအချိန်က သူ့တ ပည့် အရှင်အဂ္ဂပဏိတသည် ရဟန်းတစ်ပါးအနေဖြင့် သိက္ခာ ဘယ်လောက် ရှိပြီနည်း။ ရဟန်း သိက္ခာ ၇-ဝါ သို့မဟုတ် အသက် ၂၇-နှစ်ရှိပြီဟုဆိုလျှင် သူ၏တူဖြစ်သူ အရှင်အဂ္ဂဝံ သ အသက်မည်မျှ ရှိနိုင်မည်နည်း။ သာသနာလင်္ကာရတွင် ဆိုသည့်အတိုင်း အေဒီ ၁၁၅၃-တွင် အရှင်အဂ္ဂဝံသ သဒ္ဒနီတိ ကျမ်းကို ရေးသားနိုင်ပါမည်လော။ သို့ဖြစ်၍ ဝေါဟာရလီ နတ္ထဒီပနီနှင့် ပိဋကတ်တော်သမိုင်းတို့၌ ဖော်ပြသည့်အတိုင်း ကျစွာမင်း လက်ထက် (အေဒီ ၁၂၃၄-၅၀)အတွင်း သဒ္ဒနီတိ ကျမ်းကို ရေးသားသည် (ညွန်းပြီး၊ စာ-၃၄၅-၃၄၈)’။

အားသာခြင်း

သို့ဖြင့် သဒ္ဒနီတိကို ရေးသားသည့်ခုနှစ်မှာ အယူအဆ နှစ်မျိုး ဖြစ်နေသည်။ ၁) အလောင်းစည်သူမင်း (အေဒီ ၁၁၁၇-၆၇) လက်ထက် အေဒီ ၁၁၅၃-တွင် ရေးသားသည် သို့မဟုတ် ၂) ကျစွာမင်း လက်ထက် (အေဒီ ၁၂၃၄-၅ဝ)အတွင်း ရေးသား သည်ဟု ဖြစ်သည်။ သဒ္ဒနီတိကျမ်းစာကိုယ်၌ ဖော်ပြချက်များ အရမူ ကျစွာမင်း လက်ထက် ရေးသားသည်ဟူသော ဒုတိယ အဆိုက ပိုပြီး ခွန်အားရှိကြောင်း တွေ့ရသည်။

သူ့စာအဆို (၁)

အရှင်အဂ္ဂဝံသသည် သဒ္ဒနီတိကျမ်းကိုရေးစဉ် ပါဠိတော် အဋ္ဌ ကထာဋီကာနှင့် သီဟိုဠ်မြန်မာ ကျမ်းစာပေါင်း ၁၅၀-ကျော် ကို မှီငြမ်းခဲ့သည်။ ထိုကျမ်းများတွင် အဘိဓမ္မတ္ထသင်္ဂဟနာမ ရူပပရိုဆဒနှင့် ပရမတ္ထဝိနိစ္ဆယကျမ်းတို့ ပါဝင်သည်။ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းကို ဖော်ပြရာ၌ အရှင်အနုရုဒ္ဓါ၏ အမည်ကို ပါ ဖော်ပြခဲ့သည် (နီတိဓာတု၊၃၆)။

အရှင်အနုရုဒ္ဓါ၏ ပေါ်ထွန်းရာခေတ်ကို အတိအကျ မဆို နိုင်သော်လည်း သာသနာနှစ် ၁၇၀၇-မှ ၁၇၄၀-ထိ (အေဒီ ၁၁၆၄-၁၁၉၇) သီဟိုဠ်ကျွန်း ပုလတ္ထိမြို့ ၌ မင်းပြုသော ပရ- က္ကမဗာဟုမင်းလက်ထက် ထိုမင်း၏ကျောင်း၌ သီတင်းသုံး၍ ထိုမင်း တောင်းပန်မှုကြောင့် သာရတ္ထဒီပနီဋီကာ စသည်ကို ပြုစုသော အရှင်သာရိပုတ္တရာထက် ရှေးကျသည်ဟုကား ဆို နိုင်သည်။ အကြောင်းမူ အရှင်သာရိပုတ္တရာသည် အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၏ သီဟိုဠ်ဘာသာနိဿယကျမ်းတစ်စောင် ရေး သားခဲ့သောကြောင့် ဖြစ်သည်။ သို့သော် နှစ်ပေါင်းမည်မျှ ရှေး ကျသည်ဟုကား အတိအကျ မဆိုနိုင်ချေ။

အရှင်အနုရုဒ္ဓါသည် အေဒီ ၁၁ ရာစုထက် မစောနိုင်ဟု ပါဠိစာပေသမိုင်း ပညာရှင်တို့ ယူဆကြသည် (Pali Literat- ure of Ceylon, p.163)။ ထို့ကြောင့် သဒ္ဒနီတိကျမ်းကိုလည်း အစောဆုံး အေဒီ ၁၂-ရာစုတွင် ရေးသည်ဟု ဆိုနိုင်သည်။

သူ့စာအဆို (၂)

သဒ္ဒနီတိ ဂိနိသဒ္ဒါအဖွင့်တွင် ပါဠိတော်၌ ဂိနိသဒ္ဒါ ရှိကြောင်း သက်သေပြပြီး “ကေစိဝါဒ'ကို ထုတ်ပြပြီး ယင်းကေစိဝါဒကို ပယ်ထားသည် “ကေစိ ပနေတ္ထ သန္နိဝသေန အကာရလောပံ သညောဂါဒိဿ စ ဂကာရဿ လောပံ ဝဒန္တိ၊ တမ္ပိ န ယုဇ္ဇတိ (နီတိပဒ၊ ၃၄၄)'။ ယင်းအပယ်ခံ ကေစိဝါဒကို မောဂ္ဂလ္လာန် ပါဠိသဒ္ဒါကျမ်း “သံယောဂါဒိ လောပေါ’သုတ်၌ “သံယောဂဿ ယော အာဒိဘူတော ဝယဝေါ တဿ ဝါ ကွစိ လောပေါ ဟောတိ။ ပုပ္ဖသာ ဇာယတေ ဂိနိ'ဟု တွေ့ရသည်။

မောဂ္ဂလ္လာန်ကျမ်းမှာ သာသနာ ၁၇၄၉ (အေဒီ ၁၁၆၅) နောက်ပိုင်းတွင် ရေးသားသောကျမ်းဖြစ်၍ သဒ္ဒနီတိသည် အေဒီ ၁၁၆၅-ထက် ရှေးကျသောကျမ်းလည်း မဖြစ်နိုင်ပေ။

သူ့စာအဆို (၃)

တစ်ဖန် သဒ္ဒနီတိဓာတုမာလာ ဗုဓဓာတ်အဖွင့်၌ “ကေစိ ပန ကမနပိ ဗုဒ္ဓသဒ္ဒဿ သိဒ္ဓံ ဣစ္ဆန္တာ ဧဝံ နိဗ္ဗစနံ ကရောန္တိ “သမ္မာသမ္ဗုဓါ ၀တ သော ဘဂဝါတိ အဓိဂတဂုဏဝိသေ သေဟိ ခီဏာသဝေဟိ ဗုဇ္ဈိတာတိ ဗုဓါ”တိ (နီတိဓာတု၊ ၂၂၇)'ဟုဆိုသည်။ ယင်းအပယ်ခံ စကားရပ်ကို သံပျင်ဋီကာ (စာ-၄၅)၌ တွေ့ရသည်။

သူ့စာအဆို (၄)

ထို့ပြင် ဓရဓာတ်ကို ဖွင့်ရာ၌ “ကေစိ ပန ဓမ္မသဒ္ဒဿ ပဝတ္တိဝိသယာနံ ဒသဓာဝ ပရိစ္ဆေဒံ ဝဒန္တိ..
ဉေယျမဂ္ဂေ စ နိဗ္ဗာနေ၊ သဘာဝေ အထ ဇာတိယံ။ မာနေ ဝိသယပုညေသု၊ ဘာဝေ ပါဝစေနပိ စ။
ဣမေသု ဒသသွတ္တေသု၊ ဓမ္မသဒ္ဓေါ ပဝတ္တတိ' (နီတိဓာတု၊ ၃၃၉)။ ဤဂါထာကို သံပျင်ဋီကာ (စာ-၄၅)၌ တွေ့ရသည်။

ခန့်မှန်းဖွယ်

သံပျင်ဋီကာကို ပုဂံနရပတိစည်သူ မင်းလက်ထက် သံပျင်အ မတ် ပြုစုသည်ဟု သာသနဝံသ (စာ-၈၄)နှင့် ပိဋကတ်သ မိုင်း (စာပိုဒ်-၃၇၅)တို့၌ ပြဆိုကြသည်။ သံပျင်ဋီကာ၌မူ နိဂုံး မျှပင် မပါပေ။ ထိုဖော်ပြချက် မှန်လျှင် နရပတိစည်သူမင်း အေဒီ ၁၁၇၅-၁၂၁၂ (မြန်မာ ၅၃၆-၅၇၃) လက်ထက်၌ ရေး သော သံပျင်ဋီကာထက် နောက်ကျသော သဒ္ဒနီတိသည် နရ ပတိစည်သူမင်း နှောင်းပိုင်း၌ဖြစ်စေ၊ နောက်မင်း တစ်ဦးဦး လက်ထက်မှာ ဖြစ်စေ ရေးသည်ဟု ခန့်မှန်းနိုင်သည်။

ယုတ္တိစစ်ခြင်း

သဒ္ဒနီတိကျမ်း၌ ဖော်ပြသော ကျမ်းစာများကို သက္ကရာဇ် စဉ် ကြည့်လျှင် ... ၁) အဘိဓမ္မတ္ထသင်္ဂဟ အေဒီ ၁၁-ရာစု နောက် ပိုင်း ၂) မောဂ္ဂလ္လာန်သဒ္ဒါကျမ်း အေဒီ ၁၁၆၅ နောက် ပိုင်း၃) သံပျင်ဋီကာ အေဒီ ၁၁၇၅-၁၂၁၂ ခုနှစ်အတွင်းဟု ဖြစ်သည်။

ဖော်ပြပါ ကျမ်းသုံးခုအနက် သံပျင်ဋီကာခေတ်နှင့် အရှင် အဂ္ဂပဏ္ဍိတနှင့် အရှင်အဂ္ဂဝံသတို့၏ ဆရာပျံလွန်သည့် ခုနှစ် အေဒီ ၁၁၇၄ တို့မှာ အလွန် နီးစပ်ကြောင်း တွေ့နိုင်သည်။

သဒ္ဒနီတိ

အကယ်၍ သဒ္ဒနီတိကို အရှင်မဟာအဂ္ဂပဏိတ ပျံလွန်ပြီး နောက် နှစ်-၅၀ (အေဒီ ၁၁၈၈-၁၂၃၈)အတွင်း ရေးသည်ဟု ယူဆလျှင် အေဒီ ၁၁၇၅-၁၂၁၂ တွင် မင်းတိုင်ပင် အမတ်ကြီး ဖြစ်နေသည့် သံပျင်ဋီကာကျမ်းပြု ပုဂ္ဂိုလ်နှင့် မရှေးမနှောင်း ဖြစ်၍ လက်ခံနိုင်ဖွယ် ရှိသည်။

တစ်နည်းဆိုမူ နရပတိစည်သူမင်း (အေဒီ ၁၁၇၅-၁၂၁၂) နောက်ပိုင်း ၁၃-ရာစု၏ ပထမ နှစ်ဝက်အတွင်း ရေးသားခဲ့ သည်ဟု ယူဆနိုင်ဖွယ် ရှိသည်။

ဆင်ခြင်

ပုဂံ အရှင်ဥတ္တရာဇီဝသည် သီဟိုဠ်ကျွန်းသို့ သာသနာ ၁၇၁၄ (အေဒီ ၁၁၇၁)တွင် ကြွတော်မူသည်။ ထိုအချိန်၌ အရှင်ဥတ္တ ရာဇီဝသည် မင်းဆရာကြီး ဖြစ်နေပြီ (ကလျာဏီ ကျောက်စာ မြန်မာပြန်၊ စာ-၄၁)။ သို့ရာတွင် ဤအချိန်၌ အရှင်အဂ္ဂပဏ္ဍိ တနှင့် အရှင်အဂ္ဂဝံသတို့ဆရာ.. အရှင်မဟာအဂ္ဂပဏ္ဍိတမှာ သက်တော် ၃၅-နှစ်သာ ရှိသေးသည်။ အကြောင်းမူ ပျံလွန် ချိန် အေဒီ ၁၁၇၄ ၌ အရှင်မဟာအဂ္ဂပဏ္ဍိတ၏ သက်တော် ၃၇-နှစ်သာ ရှိသေးကြောင်း မဟာအဂ္ဂပဏ္ဍိတ ကျောက်စာ၌ ဖော်ပြသောကြောင့်တည်း။

သို့ဖြစ်၍ သဒ္ဒနီတိကျမ်းကို အရှင်ဥတ္တရာဇီဝတို့ သီဟိုဠ် သို့ မကူးမီကပင် ရေးသားသည်ဟူသော ဖော်ပြချက်နှင့်၊ အ ရှင်အဂ္ဂပဏ္ဍိတ၊ အရှင်အဂ္ဂဝံသ၊ အရှင်ဥတ္တရာဇီဝ ဟူသောဆရာစဉ်ကို ဖော်ပြသည့် သာသနဝံသ၊ သာသနာလင်္ကာရတို့ စကားမှာ ဆင်ခြင်ဖွယ် ရှိသည်။

ဆုတောင်း

အရှင်အဂ္ဂဝံသသည် ကျမ်းနိဂုံး၌ ဆုတောင်းဂါထာရှစ်ပုဒ် ရေး ခဲ့သည်။ ဆုတောင်း အများစုမှာ သာသနာ အဓွန့်ရှည်ရန်နှင့် သူတစ်ပါးတို့ အတွက်သာ ဖြစ်သည် ..

သူများဖို့

ကျမ်းစာပြုရ ကုသလ သတ္တများဝေနေ။
လောကထက်လွန် ချမ်းသာမွန် အမှန်ရောက်ကြစေ။
စေတီသုံးဖြာ စောင့်ဒေဝါ ချမ်းသာသစ်ကြစေ။
ကိုယ်စောင့်နတ်ပါ သူတကာ ချမ်းသာမြဲကြစေ။
ဗြဟ္မာသဟံ လေးနတ်ရံ မကျန်လောင်းမေတ္တေ။
သိကြားမာတလိ စောင့်ကြဘိ မုနိသာသနေ။
ထေရ်ကြီးထေရ်ငယ် ထေရ်ရွယ်ရွယ် စင်ကြယ်ကြပါစေ။
မြေထက်တည်ပါ လူတကာ ရာဇာစောင့်ပါစေ။
မိုးမင်းဒေဝါ ချိန်မှန်စွာ ရွာကာသွန်းဖြိုးစေ။

ကိုယ့်ဖို့

အဟံ တု ပရမံ ဗောဓံ၊ ပါပုဏေယျ မနာဂတေ။
တံ ပတွာ သကလေ သတ္တေ၊ မောစေယျံ ဘဝဗန္ဓနာ။
ဗောဓိသဗ္ဗဉ် နောင်ခါတွင် ငါလျှင်ဆိုက်ရောက်စေ။
ဆိုက်ပြီးထိုခါ များဗိုလ်ပါ နှောင်ခွာဖြေရစေ။
(နီတိသုတ္တ၊၄၃၂)။

အရှင်အဂ္ဂဝံသကား ဘုရားဆုပန် ပုဂ္ဂိုလ် ဖြစ်သည်။

ကျမ်းဂုဏ်ရည်

“မြန်မာနိုင်ငံပါဠိစာပေသမိုင်း'ကျမ်းကို ရေးသားသူအင်္ဂလိပ် အမျိုးသမီး ပါဠိပညာရှင် M.H. Bode က သဒ္ဒနီတိသည် မြန် မာနိုင်ငံမှ သီရိလင်္ကာသို့ပေးသည့် ပထမဆုံးသော တုံ့ပြန် လက်ဆောင် ဖြစ်သည်ဟု ဆိုခဲ့သည်။ သဒ္ဒနီတိကား သီဟိုဠ် နှင့် ဥရောပတိုက်တွင် ထင်ရှားသည့် ကမ္ဘာကျော် ပါဠိသဒ္ဒါ ကျမ်းကြီးလည်း ဖြစ်၏။ ကျမ်းစာ ရေးပြီးနောက် နှစ်အနည်း ငယ်အကြာ သဒ္ဒနီတိစာမူတစ်စောင် သီဟိုဠ် မဟာဝိဟာရ ကျောင်းတိုက်သို့ ယူလာခဲ့ရာ သီဟိုဠ် ရဟန်းတော်များက ဝမ်းမြောက်စွာ ကြိုဆိုကြလျက် သီဟိုဠ် ပညာရှင်များ ရေး သားသည့် သဒ္ဒါကျမ်း အားလုံးထက် သာလွန်သည်ဟု ချီး မွမ်းကြသည် ( Pali Literatue of Burma, p. 16)။ 3 ဩဂုတ် ၂၇၊ ၂ဝ၁၉။

---

မှတ်ချက်။

မြန်မာနှစ် ၅၈၅ (သာသနာ ၁၇၆၇)၊ ပုဂံ ဇေယျ သိင်္ခ(နားတောင်းများ)မင်း လက်ထက် ရေးထိုးတဲ့ သိင်္ဃဝီရ သုဇ္ဇဗိုလ် ကျောက်စာပါ ပိဋကတ်ကျမ်းစာ လှူတဲ့ စာရင်းမှာ သံပျင်ဋီကာကို တွေ့ရပြီး (ကြောင်းရေ ၁၄)၊ သဒ္ဒနီတိကို မတွေ့ရတာ ကြည့်ရင် အေဒီ ၁၂၂၄-ထိ သဒ္ဒနီတိကျမ်း မရှိ သေးဘူးလို့ ဆိုနိုင်လေမလား။ မြန်မာနှစ် ၈၀၀ (သာသနာ ၁၉၈၂၊ အေဒီ ၁၄၃၉)ရေးတဲ့ တက်နွယ်ကျောင်းကျောက်စာ မှာတော့ နှစ်ကျမ်းလုံးကို တွေ့နိုင်ကြောင်းပါ။

၇၆၈။ ပဋ္ဌာန်းရွတ်လျှင်

ရိုသေလေးမြတ်စွာ လျှောက်ထားပါသည် .. အရှင်ဘုရား။

ပဋ္ဌာန်းပါဠိတော် ကျမ်းကြီးကို ရွတ်ဖတ် ပူဇော်ရာတွင် ..
၁။ ။ ပ ။ (ပေယျာလ)ကို ထည့်သွင်း ရွတ်ဖတ်ရန် လိုမလို။
ဟု ရွတ်လို့ရော ရပါသလား။
၂။ စာပိုဒ် ခေါင်းစဉ်များ ရွတ်ဖတ်ရန် လိုမလို။
၃။ အထက်ပါများ ထည့်သွင်း ရွတ်ပါက အပြစ်သင့်မသင့်။
နည်းစနစ်မှန်ကို သိလိုပါသည်။ လိုအပ်ပါက ဖြည့်စွက်ပြီး နည်းစနစ် အမှန်ကို ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်။ တပည့်တော် ပဋာန်းပါဠိတော် ၅-ကျမ်းကို ယခု ၆-ကြိမ်မြောက် ရွတ်ဖတ်ပူဇော်နေပါသည်။ အချို့ ဓမ္မမိတ်ဆွေများနှင့် အငြင်းပွားဖွယ် ဖြစ်နေသဖြင့် သံသယ ရှင်းလင်းစေရန် မေးမြန်းခြင်း ဖြစ်ပါသည် ဘုရား။

ကိုစိုးမင်း (Phoenix)

---

အခြေခံ

ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ခြင်းဆိုတာ စေတနာသဒ္ဓါမေတ္တာသစ္စာဆိုတဲ့ နာမ်တရားတွေ ဖြစ်ပြီး ဒီနာမ်တရားတွေဟာ ဘာဝနာအဆင့်ကို မရောက်သေးရင်တောင် ကြိမ်ဖန်များစွာ ရွတ်ဖတ်ရာမှ ထူးခြားတဲ့စွမ်းရည် ရှိလာတယ်။ ဒီနာမ်တရားတွေကို အဇ္ဈတ္တနှလုံးသားမှာ စိမ့်ထုံသွားအောင် စူးစူးစိုက်စိုက် ရွတ်ပွားခြင်းသည်ပင် ဆန္ဒစိတ္တဝီရိယဝီမံသဆိုတဲ့ ဣဒ္ဓိပါဒ်အဖြစ်သို့ ရောက်သွားပြီး ကောင်းကျိုးသက်ရောက်မှုတွေ ဖြစ်ရတယ်။ ဒီယုံကြည်မှု အခြေခံနဲ့ ရွတ်ဖတ်တာပဲ။

သရဘည

ဂီတသံနဲ့ တရားဟောတာ ရွတ်ဖတ်တာကို မြတ်ဗုဒ္ဓ ခွင့်မပြု။ ဒါပေမယ့် “အနုဇာနာမိ ဘက္ခဝေ သရဘညံ = အသံထင်ရှားအောင် ရွတ်ဖတ်ခြင်းကို ခွင့်ပြု၏ (ဝိ၊၄၊၂၄၃)’အရ သရဘညကိုတော့ မတားမြစ်ဘူး။ “သုတ္တန်ကိုဖြစ်စေ သုတ္တန်၏ အနက်အဓိပ္ပာယ်ကိုဖြစ်စေ အသံဖြင့် ရွတ်ဆိုခြင်းကို သရဘညဟု ခေါ်၏ (သာရတ္ထ၊ဋီ၊၃၊၂၇၇)'။ သံတိုသံရှည် သံလေး သံပေါ့တွေကို ဂရုစိုက်ပြီး နားထောင် ... ကောင်းအောင် ရွတ်တာကို ‘သရဘည’လို့ နားလည်ရတယ်။

ဂရုစိုက်ပုံ

သဝေထိုးရေးချသဝေထိုးရေးချလုံးကြီးတင်ဆံခတ်နှစ်ချောင်းငင်သေးသေးတင်’အသံတွေကို သံရှည်ရွတ်ရတယ်။ ယေဘုယျအနေနဲ့ မြန်မာသံမှာ ဒီအခြေခံကို သတိထားပြီး ရွတ်ရင် အသံမကောင်းပေမယ့် နားထောင်လို့ ကောင်းတယ်။ ဥပမာ “ဟေတုပစ္စယော .. တိဟေတူဟေတုသမ္ပယုတ္တကာ .. နံဓမ္မာ ... နံဧဝံ ... မေ ... သုတံဒွေ မေ . ဘိက္ခဝေ .. အန္တာမဇ္ဈိမာ ပဋိပဒါ

ဘာအဓိက

ဒကာမတစ်ယောက် တွေ့ဖူးတယ် .. သူခမျာ ရွတ်ဖတ်ဖို့ အလွန် ဝါသနာပါ၊ သဒ္ဓါတရားကောင်းပေမယ့် ... “ဗုတ်ခံသနံ ဂစ်ဆာမိ၊ ဓမန်းသနံ ဂစ်ဆာမိ’နဲ့ ချသွားလိုက်တာ သူ့ကို ကြည့်ပြီး မောတယ်။ သူ့ကို အတော် ပြန်ပြင်ပေးယူရတယ်။ သတ်မှတ်ခေါက်ရေ ပြည့်အောင်လို့ “သောင်ပြင်မှာ လှေကို ကြိုးနဲ့ ပြေးဆွဲသလို' မရွတ်ရ။ အပူအပင်ကင်းတဲ့ စိတ်နဲ့ အေးအေးသက်သာ ရွတ်ရတယ်။ ပြီးချင်သလောက် ပြီးစေ၊ နားထောင်ကောင်းဖို့ စိတ်တည်ငြိမ် အေးချမ်းဖို့သာ အဓိက။

ယူဆပုံ

သဒ္ဓါတရားနဲ့ စိတ်စိုက်ပြီး ရွတ်ဖို့၊ ရွတ်တဲ့အခါ မြန်မာသံနဲ့ သင့်လျော်တဲ့ အခြေခံ သံနေသံထားပုံစံနဲ့ သရဘည ဖြစ်ဖို့ပဲ လိုတယ်လို့ ယူဆတယ်။ ဆိုလိုတာက စေတနာနဲ့ နားထောင်ကောင်းအောင် ပီပီသသ ရွတ်ဖို့၊ အထူးသဖြင့် ... ယနဲ့ရကို သံကွဲဖို့ (ယူပါရဒနံ-မလုပ်မိဖို့)နဲ့ ပစ်ကို 'မပြစ်ဘဲ' တစ် .. ခစ်လို့ရွတ်နိုင်ဖို့က ပိုအရေးကြီးတယ်။ ပေယျာလတို့ စာပိုဒ်ခေါင်းစဉ်တို့က သိပ်အရေးမပါဘူးလို့ ဘုန်းကြီး ယူဆတယ်။ ဒီအခြေခံတွေနဲ့ ဖြေရရင် ..

အဖြေ ၁

ဆိုပါစို့ ... ‘တယော ခန္ဓာ ။ပ။ ဒွေ ခနေ ့ဓ ။ပ။ (သံခိတ္တံ။)’ အချို့က တွေ့ရတိုင်းပဲ ဖတ်တယ်။ (တယော ခန္ဓာ ပဒွေ ခန္ဓေ ပသံခိတ္တံ)။ အချို့က ။ပ။ နေရာမှာ ‘ပေယျာလ’လို့ ဖတ်တယ်။ (တယော ခန္ဓာ ပေယျာလဒွေ ခန္ဓေ ပေယျာလသံခိတ္တံ)။ တစ်ချို့က “တယော ခန္ဓာဒွေ ခန္ဓေသံခိတ္တံ’လို့ ။ပ။ ကို ထည့်မရွတ်ဘူး။ အားလုံး သင့်ဖွယ် ရှိပါတယ်။ ဘာကြောင့်ဆိုရင် .. ။ပ။ ဆိုတာ ရှေ့မှာ ပါပြီးသားကို ပြန်မရေးချင်လို့ သံဂါယနာတင် မထေရ်တို့ရဲ့ 'မြှုပ်သင်္ကေတ'ပါ။

မြှုပ်ထားတာကို ဖော်မရွတ်နိုင်တဲ့အဆုံး အရှိအတိုင်းပဲ ရွတ်ရမှာဖြစ်လို့ မိမိအသံနဲ့ အဆင်ပြေသလို နားထောင်ကောင်းအောင်ရွတ်ဖို့ပဲ လိုပါတယ်။

အဖြေ ၂

၅၅-သာရမ္မဏဒုက ၃-ပစ္စယဝါရ ၁-ပစ္စယာနုလောမ ဝိဘင်္ဂဝါရ ဟေတု (ပဋ္ဌာန၊၃၊၃၇၃) '။ ဒါက ရှင်းအောင်ဆိုပြီး ဆဋ္ဌသံဂါယနာ ဝန်ဆောင် မထေရ်မြတ်တို့ ထည့်ခဲ့တဲ့ စာပိုဒ်ခေါင်းစဉ်။ ဒါမျိုးကိုလည်း သံဂါယနာဝန်ဆောင်တွေကို လေးစားတဲ့အနေနဲ့ ထည့်ရွတ်နိုင်တယ်။ ဂဏန်းတွေကို ဖြုတ်ရွတ်ရင် နားထောင်ရတာ ပိုကောင်းမယ်။ စာပိုဒ်ခေါင်းစဉ်မှန်း သိသာအောင် “ဟေတု” ဆုံးတဲ့အခါ သံနေသံထားနဲ့ စဉ်းငယ်ရပ်၊ အသက်ရှူ၊ ပြီးမှ ဆက်ဖတ်။ ဒါကို ထည့်မဖတ်ရင်လည်း ဘာအပြစ်မှ မဖြစ်နိုင်ပါဘူး။

အဖြေ ၃

ရည်ရွယ်ချက်နဲ့ စိတ်ထားကို အစမှာ ရှင်းပြထားပြီ။ ဒါကြောင့် မှားရွတ်မိတယ်ဆိုတောင် မသိလို့ ဆိုမှားတာ ဖြစ်လို့ နားထောင်မကောင်းရုံက လွဲပြီး အပြစ်ဆိုတာမျိုး မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ဒီနေရာမှာ အပြစ်ဆိုတာကို အကုသိုလ်လို့ ဆိုလိုရင် ပိုတောင် မဖြစ်နိုင်ပါဘူး။

ဩဂုတ် ၂၈၊ ၂ဝ၁၉

---

၇၆၉။ ဝေဒနာသံယုတ်မှတ်စု

အရှင်ဘုရား၊ မြတ်စွာဘုရား ဟောကြားတော်မူသည့် နာမည်ကြီးလှသော ဝေဒနာသံယုတ်၏ အကျဉ်း အနှစ်ချုပ်ကို မြတ်စွာဘုရား၏ အာဘော်မပျက် သိလိုပါသည် ဘုရား။

ကိုသန်းဌေး (Fremont)

---

နိဒါန်း

ဝေဒနာအကြောင်း ဟောကြားတာတွေကို ဝေဒနာသံယုတ်။ သံယုတ္တနိကာယ်မှာ ပါတယ်။ သဂါထာဝဂ်နိဒါနဝဂ်ခန္ဓဝဂ်သဠာယနတဝဂ်မဟာဝဂ်လို့ သံယုတ် ငါးကျမ်း ရှိတဲ့အနက် ၄-ခုမြောက် သဠာယနဝဂ်မှာ ပါ။ ဒီကျမ်းမှာလည်း သံယုတ်ခေါ် အခန်းပေါင်း ၁ဝ-ခုရှိတဲ့အထဲ နှစ်ခုမြောက် အခန်း။ စာအုပ်အနေနဲ့ ညွန်းရင် သံယုတ်ပါဠိ ဒုတိယအုပ်၊ စာမျက်နှာ ၄ဝ၇-မှ ၄၃၃-ထိ။ သင်္ကေတ နဲ့ ဖော်ပြရင် သံ၊၂၊၄ဝ၇-၄၃၃။

အခန်းငယ်

ဝေဒနာသံယုတ်ကိုပဲ “သဂါထာဝဂ္ဂ (ပါဠိဆောင်ပုဒ်ပါ)၊ ရဟောဂတဝဂ္ဂ (ဆိတ်ငြိမ်ရာမှာနေစဉ်)၊ အဋ္ဌသတဝဂ္ဂ (တစ်ရာ့ရှစ်)’လို့ အခန်းငယ် ၃-ခု ထပ်ခွဲတယ်။ ပထမခန်းနဲ့ ဒုတိယခန်းမှာ ၁၀-သုတ်စီနဲ့ တတိယခန်းမှာ ၁၁-သုတ်၊ အားလုံး ဝေဒနာသံယုတ်မှာ ၃၁-သုတ်။ ဒီအထဲ ၁၅-သုတ်ကို နားလည်ရင် ကျန်တဲ့ သုတ္တန်တွေကိုပါ နားလည်နိုင်လို့ ဒီ ၁၅-သုတ်ကို အနှစ်ချုပ်ပြီး လေ့လာကြည့်ရေအာင်

သဂါထာဝဂ္ဂ

သုခဒုက္ခဥပေက္ခာ-ဟု ဝေဒနာသုံးမျိုးရှိ၏။ သမာဓိရှိသူသည် ဝေဒနာသုံးမျိုးကို သိမြင်ပြီး ငြိမ်းချမ်း၏ (သမာဓိသုတ်)။ ယင်းဝေဒနာသုံးခုကို ဒုက္ခဟုရှုမြင်သူသည် တမ်မက်မှုကင်း၏ (သုခသုတ်)။ သုခ၌ ရာဂါနုသယ (စွဲမက်ခြင်း)ကို၊ ဒုက္ခ၌ ပဋိဃာနုသယ (အမျက်ထွက်ခြင်း)ကို၊ အဒုက္ခမသုခ၌ အဝိဇ္ဇာနုသယ(တွေဝေခြင်း)ကို ပယ်ပြီးသူသည် ဒုက္ခကုန်ဆုံးသူ ဖြစ်၏ (ပဟာနသုတ်)။

ကိုယ်မှာဖြစ်သော ဒုက္ခဝေဒနာသည် ဝဲသြဃနှင့် တူ၏။ ကိုယ်ဒုက္ခကို ခံစားရ၍ ပူပန်သူ ပုထုဇဉ်သည် ဝဲဩဃ၌ ထောက်တည်ရာ မရသူတည်း။ ယင်းကို ခံနိုင်ရည်ရှိသည့် အရိယာတပည့်ကား ဝဲဩဃ၌ ထောက်တည်ရာ ရသူတည်း (ပါတာလသုတ်)။ သုခကို ဒုက္ခဟု ရှုရမည်။ ဒုက္ခကို ဆူးငြောင့်ဟု ရှုရမည်။ အဒုက္ခမသုခကို အနိစ္စဟု ရှုရမည်။ ဤသို့ ရှုသူသည် တဏှာကို ဖြတ်သူတည်း (ဒဋ္ဌဗ္ဗသုတ်)။

ပုထုဇဉ်ရော အရိယာပါ ဝေဒနသုံးမျိုးကို ခံစားကြ၏။ ခံစားပုံ ခြားနားသည်မှာ .. ပုထုဇဉ်သည် ဒုက္ခကို ခံစားရစဉ် ပူဆွေး၏။ ပူပန်၏။ ထို့ကြောင့် ကိုယ်သာမက စိတ်ပါ ဆင်းရဲရ၏။ ငြောင့်စူးနေသူ နောက်ထပ် ငြောင့်တစ်ချောင်း ထပ်စူးသကဲ့သို့ ဖြစ်၏။ ပုထုဇဉ်၌ ပဋိဃာနုသယသည် ကိန်း၏။ သူသည် ဝေဒနာတစ်ခုခုကို ခံစားရစဉ် ကိလေသာနှင့် ယှဉ်၍သာ ခံစား၏။ ထို့ကြောင့် ပုထုဇဉ်ကို ဒုက္ခရှိနေသူဟု ဆိုရ၏။

အရိယာတပည့်ကား ဒုက္ခကို ခံစားရစဉ် မစိုးရိမ်၊ မပူပန်။ ထို့ကြောင့် ကိုယ်ဆင်းရဲသော်လည်း စိတ်မဆင်းရဲ။ ငြောင့်တစ်ချောင်းသာ စူးသကဲ့သို့ ဖြစ်၏။ ယင်း၌ ပဋိဃာနုသယ မကိန်း။ ကာမချမ်းသာကို မတောင့်တသဖြင့် ရာဂါနုသယ မကိန်း။ ဝေဒနာတို့၏ ဖြစ်ခြင်း ချုပ်ခြင်းကို အမှန်အတိုင်း သိသဖြင့် အဝိဇ္ဇာနုသယ မကိန်း။ သူသည် ဝေဒနာတစ်ခုခုကို ကိလေသာနှင့်ယှဉ်၍ မခံစား။ ထို့ကြောင့် သူ့ကို ဒုက္ခနှင့်အတူ ရှိမနေသူဟု ဆိုရ၏ (သလ္လသုတ်)။

ဝေသာလီ ကူဋာဂါရကျောင်းမှာ မြတ်ဗုဒ္ဓ သီတင်းသုံးစဉ် လူနာဇရပ်သို့ ကြွပြီး ဤသို့ ဟောတော်မူ၏..

သုခဝေဒနာ ဖြစ်လာသော် “ဤသုခသည် ကိုယ်ခန္ဓာကြောင့် ဖြစ်ရ၏။ ကိုယ်ခန္ဓာသည် မမြဲသောကြောင့် ဤသုခလည်း မမြဲ”ဟု သုခနှင့် ခန္ဓာအပေါ် မမြဲခြင်းကို ရှုနေလျှင် သုခ၌ ရာဂကင်း၏။ ထိုအတူ ဒုက္ခ၌ ပဋိဃ၊ အဒုက္ခမသုခ၌ အဝိဇ္ဇာကင်းအောင် ရှုရမည်။ ဝေဒနာသုံးပါး တစ်ပါးပါးကို ခံစားရစဉ် ကိလေသာ မဖြစ်အောင် ခံစား၏။ ကိုယ်အသက် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားလျှင် ခံစားသည့်အတိုင်း သိ၏။ ကွယ်လွန်ပြီးနောက် ဤဘဝမှာပင် ခံစားမှုဟူသမျှ ငြိမ်းမည်ဟု သိ၏။ ဆီနှင့် မီးစာကုန်သော် မီးငြိမ်းသကဲ့သို့တည်း (ပဌမဂိလာနသုတ်)။

ဝေဒနာသုံးပါးသည် ဖသဿကြောင့် ဖြစ်၏။ ဖဿချုပ်သော် ထိုဝေဒနာသုံးပါးချုပ်၏။ ဥပမာ ... သစ်သားနှစ်ချောင်း

၂၇၅၄ အရှင်ကေလာသ ဓမ္မအမေးအဖြေများပေါင်းချုပ် ၆ ကို ပွတ်တိုက်မှုကြောင့် မီးပွင့်၏။ သစ်သားနှစ်ချောင်း ကွဲကွာသော် မီးငြိမ်းသွားသကဲ့သို့တည်း (ဖသမူလကသုတ်)။

ရဟောဂတဝဂ္ဂ

ရဟန်းတစ်ပါးသည် ဆိတ်ငြိမ်ရာ၌နေစဉ် “ဝေဒနာမှန်သမျှ ဒုက္ခ၌ အကျုံးဝင်၏ဟု ဘယ်ရည်ရွယ်ချက်ဖြင့် ဟောကြားပါသနည်း'ဟု တွေးမိ၍ မြတ်ဗုဒ္ဓထံ သွားပြီး မေးလျှောက်ရာ သင်္ခါရမှန်သမျှ မမြဲခြင်းသဘောကို ရည်ရွယ်ပြီး ဟောကြားကြောင်း' ဗုဒ္ဓက ဖြေကြား၏။ ထို့ပြင် ပထမဈာန် ဝင်စားသူအား ဝစီဝိညတ်၊ ဒုတိယဈာန် ဝင်စားသူအား ဝိတက်ဝိစာရ၊ တတိယဈာန် ဝင်စားသူအား ပီတိ၊ စတုတ္ထဈာန် ဝင်စားသူအား ထွက်သက်ဝင်သက်နိရောဓသမာပတ် ဝင်စားသူအား သညာဝေဒနာ၊ ရဟန္တာအား ရာဂဒေါသမောဟ ငြိမ်းခြင်း ဟူသော ငြိမ်းအေးခြင်း ၆-မျိုးကိုလည်း ဆက်လက်၍ ဟောကြား၏ (ရဟောဂတသုတ်)။

ကောင်းကင်တွင် အရှေ့လေ၊ အနောက်လေ၊ မြူပါသောလေ၊ အေးသောလေစသည်ဖြင့် လေအမျိုးမျိုး တိုက်ခတ်သကဲ့သို့ ဤခန္ဓာကိုယ်မှာလည်း သုခ၊ ဒုက္ခ စသည်ဖြင့် ဝေဒနာအမျိုးမျိုး ဖြစ်ပေါ်နေကြောင်း ဟောကြား၏။ (ပထမအာကာသသုတ်)။ တည်းခိုဇရပ်တွင် ဧည့်သည် အမျိုးမျိုး လာရောက် တည်းခိုကြသကဲ့သို့ ဤခန္ဓာမှာလည်း သုခ၊ ဒုက္ခ စသော ဝေဒနာအမျိုးမျိုး ဖြစ်ပေါ်နေကြောင်း ဟောကြား၏ (အဂါရသုတ်)။

တစ်ခါသော် အရှင်အာနန္ဒာက “ဝေဒနာဟူသည် အဘယ်ပါနည်း။ ဝေဒနာဖြစ်ကြောင်းကား အဘယ်ပါနည်း' စသည်ဖြင့် မေးလျှောက်၏။ ဗုဒ္ဓက “ဝေဒနာ သုံးမျိုးရှိ၏။ ဖသကြောင့် ဝေဒနာဖြစ်၏။ ဖဿချုပ်သော် ဝေဒနာချုပ်၏။ အင်္ဂါရှစ်ပါးရှိသော ... အရိယာမဂ်သည် ... ဝေဒနာချုပ်ရာသို့ ရောက်ကြောင်း အကျင့်ဖြစ်၏'ဟု ဖြေကြား၏။ သင်္ခါရတို့ အစဉ်အတိုင်း ချုပ်ပုံကိုလည်း ဆက်လက်၍ ဟောကြား၏ (ပထမအာနန္ဒသုတ်)။

တစ်ခါ၌မူ ပဉ္စကင်္ဂအမည်ရှိ လက်သမားတစ်ဦးက အရှင်ဥဒါယီအား “ဝေဒနာ ဘယ်မျှရှိသည်ဟု ဗုဒ္ဓ ဟောပါသလဲ'ဟုမေး၏။ သုံးပါးရှိသည်ဟု ဟောကြောင်း ဖြေသော် လက်သမားက သုခနှင့်ဒုက္ခ နှစ်မျိုးကိုသာ ဗုဒ္ဓ ဟောကြောင်းဆိုသဖြင့် ဆရာဒကာ အငြင်းပွားကြ၏။ အရှင်အာနန္ဒာ ကြားသိ၍ ဗုဒ္ဓအား မေးလျှောက်သော် မြတ်ဗုဒ္ဓက ဝေဒနာကို ၂-ပါး၊ ၃-ပါး၊ ၅-ပါး၊ ၆-ပါး၊ ၁၈-ပါး၊ ၃၆-ပါး၊ ၁၀၈-ပါးရှိ၏’ဟု ဆိုနိုင်ကြောင်း မိန့်တော်မူ၏ (ပဉ္စကင်္ဂသုတ်)။

အဋ္ဌသတဝဂ္ဂ

ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးစဉ် သီဝက အမည်ရှိ ပရိဗိုဇ်က ဗုဒ္ဓအား “ရှေးဘဝကံကြောင့်သာ ဤဘဝ၌ ချမ်းသာဆင်းရဲ ခံစားရ၏ဟု ယူဆသူအချို့ ရှိ၏။ အရှင်ဘုရားက မည်သို့ ဆိုပါသနည်းဟု မေးလျှောက်၏။ ဗုဒ္ဓက “ဝေဒနာသည် ရှေးဘဝ ကံကြောင့်သာ ဖြစ်သည် မဟုတ်။

သည်းခြေ၊ သလိပ်၊ လေတို့ကြောင့် ဖြစ်သော ဝေဒနာ၊ ထိုသုံးပါး ပေါင်းဆုံ၍ ဖြစ်သော ဝေဒနာ၊ ဥတုဖောက်ပြန်၍ ဖြစ်သော ဝေဒနာ၊ မဆင်မခြင်ပြု၍ဖြစ်သော ဝေဒနာ၊ သူတစ်ပါး ပယောဂ ကြောင့် ဖြစ်သော ဝေဒနာဟု အမျိုးမျိုးရှိပြီး ယင်းကို ကိုယ်တိုင် သိနိုင်ကြောင်း"" မိန့်တော်မူ၏ (သီဝကသုတ်)။

ကာယိက (ကိုယ်မှာဖြစ်)၊ စေတသိက (စိတ်မှာဖြစ်)ဟု ဝေဒနာ ၂-မျိုး။ သုခဒုက္ခအဒုက္ခမသုခဟု ဝေဒနာသုံးမျိုး။ သုခိန္ဒြေဒုက္ခိန္ဒြေသောမနဿိန္ဒြေဒေါမနဿိန္ဒြေဥပေက္ခန္ဒြေဟု ဝေဒနာ ၅-မျိုး။ သောမနဿဒေါမနဿဥပေက္ခာကို သုံးသပ်မှု ၆-မျိုးဖြင့်မြှောက်သော် ဝေဒနာ ၁၈-မျိုး။ သုခဒုက္ခဥပေက္ခာဟူသော ဝေဒနာ ၃-ပါးတွင် တစ်ပါးစီ၌ ကာမဂုဏ်ကိုမှီသော ဝေဒနာ ၆-ပါး၊ ကာမဂုဏ်မှ ထွက်မြောက်မှုကို မှီသော ဝေဒနာ ၆-ပါးအားဖြင့် ဝေဒနာ ၃၆-မျိုး။ ယင်းဝေဒနာ ၃၆-မျိုးကို ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ၃-ပါးဖြင့် မြှောက်သော် ဝေဒနာ ၁၀၈-မျိုး ဖြစ်၏ (အဋ္ဌသတသုတ်)။

ကိလေသာ အာမိသနှင့် တကွဖြစ်သော ပီတိအာမိသကင်းသော ပီတိ၊ ပို၍ အာမိသကင်းသော ပီတိဟု ပီတိသုံးမျိုး၊ ထိုအတူ သုခသုံးမျိုး၊ ဥပေက္ခာသုံးမျိုး၊ လွတ်မြောက်ခြင်း သုံးမျိုးစီ ရှိ၏ (နိရာမိသသုတ်)။

အနှစ်ချုပ်ကို ဤမျှနားလည်ထားရင် ခန္ဓဝဂ္ဂသံယုတ်မြန်မာပြန်ကို ဖတ်ရတာ လွယ်ပါလိမ့်မယ်။

စက်တင်ဘာ ၃၊ ၂၀၁၉။

---

၇၇၀။ ကျားကိုက်ခံရစဉ် ဘာကိုရှု

အရှင်ဘုရား၊ ကမ္မဋ္ဌာန်း တရားပြဆရာအချို့က တရားအားထုတ်နေတဲ့ ယောဂီများ ဝေဒနာကို သည်းခံနိုင်အောင် အားပေးတဲ့အနေနဲ့ ရှေးအခါက တောထဲမှာ တရားအားထုတ်ကြတဲ့ ရဟန်းတစ်စုထဲက ရဟန်းတစ်ပါးကို ကျားချီသွားပြီး တောင်ကမ်းပါးမှာ ခြေဖျားကစပြီး ကျားစားခံရတဲ့ အကြောင်း ဟောလေ့ရှိပါတယ် ဘုရား။ ခြေဖျားကစပြီး၊ ကိုယ်အထက်ပိုင်းကို ကျားစားခံရတဲ့ ရဟန်းဟာ ဝေဒနာကို သည်းခံရှုမှတ်ယင်း၊ မဂ်အဆင့်ဆင့် တက်သွားပြီး အသက်မဆုံးမီ၊ အရဟတ္တမဂ် ဆိုက်တယ်လို့ ဟောပါတယ်။

ယခုနှစ်ထဲ မကြာမီက ပျံတော်မူသွားတဲ့ နာမည်ကြီး ရိပ်သာ ဆရာတော်ကြီးရဲ့ တရားထဲမှာလည်း နာကြားရ ဖူးပါတယ် ဘုရား။ သို့သော် အချို့ ဆရာများက၊ ဒီကျားစားခံရတဲ့ ရဟန်းတော်ဟာ ဝေဒနာရှုတာ မဟုတ်ဘဲ မူလကမ္မဋ္ဌာန်း (အာနာပါန)ကို ရှုတယ်လို့ ဖတ်ရပါတယ် ဘုရား။

တပည့်တော် သိလိုတာက .. (၁) ဒီဖြစ်ရပ်ဟာ မည်သည့် မြတ်စွာဘုရားရဲ့ သာသနာမှာ ဖြစ်တာပါလဲ ဘုရား။ (၂) ဘယ်ကမ္မဋ္ဌာန်းကို ရှုတာ အမှန်ပါလဲ ဘုရား။

အရှင်ဘုရားအား ရှိခိုးဦးတင်လျက်
ဒေါက်တာ ထိန်ဝင်း
(Vancouver City, Washington State, USA)
စက်တင်ဘာ ဝ၃၊ ၂ဝ၁၉။

---

ကျမ်းရင်းရှု

ဖော်ပြပါဝတ္ထု ဖြစ်ရပ်တွေကို ဖော်ပြတဲ့ မူရင်းကျမ်းကို အရင်းဆုံး လေ့လာကြည့်မယ်။ ပြီးမှ အဖြေကို ဆွေးနွေးတာပေါ့။ ဘာလို့ဆို တစ်ဆင့်စကားနဲ့ ကြားရ မှတ်သားရတဲ့ ဖြစ်ရပ်အချို့ဟာ ‘ဥဒယဗ္ဗယ = ဖြစ်ပျက်’ကနေ ‘ဥဒကဗက = ရေနဲ့ဗျိုင်း'ဖြစ်သွားသလို တစ်ခါတစ်ရံ နားလည်မှု လွဲမှားပြီး မူလအာဘော် မဟုတ်ဘဲ ဖြစ်နေတတ်လို့။ ရေးသား ဟောပြောသူ မသေချာရင် သို့မဟုတ် အပိုအဆာ ထည့်လွန်းရင် အန္တရာယ် ပိုများတယ်။

တိဿမထေရ်

သာဝတ္ထိမြို့သား တိဿသူဌေးသားဟာ ပစ္စည်းကိုစွန့်၊ ရဟန်းပြုပြီး တောမှာ တစ်ပါးတည်း တရားအားထုတ်တယ်။ ကျန်ခဲ့တဲ့ သူ့ပစ္စည်းတွေကိုရလိုဇောနဲ့ သူ့ညီရဲ့ဇနီးက ငွေပေးသတ်ခိုင်းတဲ့ လူသတ်သမားတွေ ဝိုင်းခံရတဲ့အခါ ယင်းတို့ ယုံအောင် မိမိရဲ့ပေါင်ရိုး ၂-ချောင်းကို ချိုးပြီး တစ်ည စောင့်ခိုင်းထားစဉ် “ဝေဒနာကို ပယ်ခွာ၍ (နှလုံးမသွင်းဘဲ)' မိမိရဲ့သီလစင်ကြယ်မှုကို ဆင်ခြင်ရင်း နှစ်သက် ဝမ်းမြောက် (ပီတိပါမောဇ္ဇ) ဖြစ်တယ်။ ထို့နောက် တစ်ညလုံး ဝိပသနာပွားရာမှာ မိုးလင်းတာနဲ့ ရဟန္တာ ဖြစ်သွားတယ် (ဒီ၊ဋ္ဌ၊၂၊၃၃၉)။

ဝေဒနာကို ခွာ၍-ဟူသည် ပေါင်းရိုး ကျိုးခြင်းကြောင့် ဖြစ်သော နာကျင်မှုဝေဒနာကို နှလုံးမသွင်းဘဲ (ဂရုမစိုက်ဘဲ) ပယ်ခွာ၍ (ဝေဒနံ ဝိက္ခမ္ဘေတွာတိ ဦရုဋ္ဌိဘေဒပစ္စယံ အမနသိကာရေန ဝိနောဒေတွာ)ဟု ဆိုလို၏။ မထေရ်သည် မိမိသီလကို ဆင်ခြင်စဉ် သီလစင်ကြယ်မှုကို အကြောင်းပြု ဖြစ်ပေါ်သော အားကောင်းသည့် ပီတိပါမောဇ္ဇသည် ပေါင်ကျိုး၍ဖြစ်သော ဒုက္ခဝေဒနာကို ကင်းစေ၏ (ဒီ-ဋီ၊၂၊၂၈၃)'။

ဋီကာဖွင့်အရ တိဿမထေရ်က လူသတ်သမားတွေ ယုံအောင်လို့ ပေါင်ကို ချိုးပစ်တာ၊ ဝေဒနာကမ္မဋ္ဌာန်းရှုဖို့ ချိုးပစ်တာ မဟုတ်ဘူးလို့ နားလည်ရတယ်။

ရဟန်းတစ်ပါး

မြတ်ဗုဒ္ဓထံမှ ကမ္မဋ္ဌာန်းယူပြီး တောမှာ တရားသွားအားထုတ်ကြတဲ့ ရဟန်း ၃၀-ထဲက ရဟန်းငယ်တစ်ပါး ညအချိန် ကျားဆွဲခံရတယ်။ သီတင်းသုံးဖော်တွေက မီးရှူးတွေ တုတ်တွေနဲ့ လိုက်ပြီး ကျားကို ချောက်လှန့်ကြပေမယ့် မရနိုင်တဲ့အဆုံး ‘သူတော်ကောင်းရေ ... အခု အရဟတ္တဖိုလ်ပေါက် ကျင့်ရမယ့် အချိန်ပဲ’လို့ သတိပေးကြ။ ရဟန်းငယ်ဟာ ကျားရှေ့မှာ လဲနေစဉ် “ဝေဒနာကို ပယ်ခွာ၍' ဝိပသနာရှုပွားတယ်။ ခြေဖမိုးကိုစားစဉ် သောတာပန်၊ ဒူခေါင်းမှာ သကဒါဂမ်၊ ချက်မှာ အနာဂါမ်၊ နှလုံးကိုမစားမီ ရဟန္တာ ဖြစ်သွားတယ် (ညွန်းပြီး)။

ဒီဝတ္ထုမှာပါတဲ့ “ဝေဒနာကို ပယ်ခွာ၍’ဆိုတဲ့ စကားရပ်ကိုတော့ ဋီကာမှာ ဘယ်လို ပယ်ခွာတယ်လို့ ထပ်မဖွင့်ဘူး။ အပေါ် ဖြစ်ရပ်နဲ့ တူလို့ ဖြစ်နိုင်တယ်။

အဖြေ (၁)

သာဝတ္ထိမြို့သား တိဿသူဌေး'ဆိုတဲ့ စကား၊ 'မြတ်ဗုဒ္ဓထံမှ ကမ္မဋ္ဌာန်းယူပြီး’ဆိုတဲ့ စကားတွေဟာ ယခင်ဘုရား လက်ထက်ကို ရည်ညွန်းတာ မဖြစ်နိုင်။ အဋ္ဌကထာစာ သွားအရ ဖြစ်ရပ် နှစ်ခုလုံး ဒီဘုရားလက်ထက်လို့ ယူဆရတယ်။

အဖြေ (၂)

ဖြစ်နေတဲ့ “ဝေဒနာကို နှလုံးမသွင်း (အမနသိကာရ)’ဆိုတာ အဲဒီဝေဒနာကို မရှုဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဋီကာအရ ပထမ ဖြစ်ရပ်မှာ ဝေဒနာကြောင့် နှလုံးမသာယာမှု အရိပ်အယောင်မျှ မဖြစ်ဘူး။ သီလကို ဆင်ခြင်လို့ ဖြစ်တဲ့ ပီတိ(နှစ်သက်မှု)၊ ပါမောဇ္ဇ(ဝမ်းမြောက်မှု)နဲ့ ဝေဒနာကို ပယ်ကြောင်း ဆိုတယ် (ဥဠာရံ ပီတိပါမောဇ္ဇံ ဥပ္ပဇ္ဇမာနံ ဦရုဋ္ဌိဘေဒဇနိတံ ဒုက္ခဝေဒနံ ဝိက္ခဘသိ)။ ဒီတော့ သူရှုနေတာဟာ မူလကမ္မဋ္ဌာန်း အာရုံ ဖြစ်တဲ့ အာနာပါန-စသည် တစ်ခုခု ဖြစ်မယ်။

ကျားကိုက်ခံရတဲ့ရဟန်းလည်း ‘သီလဓုတင်ဂုဏ်နဲ့ ပြည့်စုံသော ငါ'လို့ ရဟန္တာဖြစ်ပြီးနောက် မြွက်တဲ့ ဥဒါန်းစကားအရ သီလကိုဆင်ခြင်လို့ဖြစ်တဲ့ ပီတိပါမောဇ္ဇနဲ့ ဖြစ်စေ၊ ခြားနည်းနဲ့ ဖြစ်စေ “ဝေဒနာကို ပယ်ခွာ’တာ ဖြစ်နိုင်တယ်။

မတူနိုင်

မြတ်ဗုဒ္ဓ လက်ထက်နဲ့ နှောင်းခေတ်တွေမှာ သူတော်ကောင်း အချို့ ထိုသို့ အသက်အန္တရာယ်နဲ့ကြုံရစဉ် ပြင်းပြတဲ့ ဝေဒနာကို ကြံ့ကြံ့ခံပြီး တရားရှုမှတ်လို့ မဂ်ဖိုလ်ကို ရသွားတာတွေ ရှိတယ်။ သတိပဋ္ဌာန်ပွားများကျိုး ပေါ်လွင်အောင် သက်သေပြဖို့ မှတ်တမ်းတင်ခံရတဲ့ စံပြဖစ်ရပ်တွေပါ။

ဒီနေရာမှာ “ဝေဒနာကို ကြံ့ကြံ့ခံ’တာကတော့ တစ်ဦးနဲ့ တစ်ဦး မတူနိုင်ဘူးလို့ ယူဆပါတယ်။

တောင်ဖီလာဆရာတော်က မိမိပေါင်ကို ဓားနဲ့လှီးရာမှာတော့ ညအချိန် မိမိအနီးမှာ ရှိနေတဲ့ မလုံမခြုံ ဝတ်ထားတဲ့ နန်းတွင်းသူ အမျိုးသမီးအာရုံကို ပယ်ဖျောက်ပြီး ပိုထင်ရှားလာတဲ့ ဒုက္ခဝေဒနာကို ရှုမှတ်ဖို့လည်း ဖြစ်နိုင်တာပဲ။ ဝေဒနာလည်း အရှုခံတရားပဲလေ။ ဒါကြောင့် “ဝေဒနံ ဝိက္ခမ္ဘေတွာ ဝေဒနာကို ပယ်ခွာ၍’ဆိုရာမှာ ပဂုဏဖြစ် (လေ့ကျင့်ကျွမ်းဝင် ထင်ရှား)တဲ့ ကမ္မဋ္ဌာန်းအာရုံနဲ့ ဝေဒနာကို ပယ်ခွာ၍လို့ ဖြည့်ပြီးမှတ်ရင် ကျမ်းဂန် မလွတ်တန်ရာပါဘူး။

စက်တင်ဘာ ၄၊ ၂ဝ၁၉။

---

သူ့အကြောင်း

အကြောင်းအရာ၊ ရေးပုံ၊ သုံးနှုန်းတဲ့ ဝေါဟာရကို ကြည့်ပြီး လူ့စိတ်ကို အကဲခတ်နိုင်တယ်။ အချို့ ဖေ့စ်ဘုက်တွေကို ဝင်ကြည့်ရင် သူသုံးတဲ့ အရုပ်၊ သူရေးတဲ့ စာတွေနဲ့ အဲဒီလူ တစ်ဦး အကြောင်းကို အကြမ်းဖျင်းတော့ သိသွားတာပဲ။

---

၇၇၁။ ရှေ့ပြေးမဂ်ဘာလဲ

ဘုန်းကြီး တပည့်တော် စန္ဒနပါ၊ အွန်လိုင်းပေါ်မှာ ပုဗ္ဗဘာဂမဂ် အကြောင်းတွေ့လို့ပါ ဘုရား။ အရိယာ ဖြစ်မည့်သူများ အရိယာမဖြစ်ခင် ပုဗ္ဗဘာဂမဂ်မှာ ကိုယ်ဖြစ်မယ့် မဂ်က အရင် ထင်လာတယ်၊ ဒါကိုလိုချင်လို့ ကြိုးစားလိုက်မှ ဆိုင်ရာ အသီးသီး ဖြစ်လာတယ်။ ရဟန္တာ ဖြစ်မည့်သူလည်း ပုဗ္ဗဘာဂမဂ်မှာ အရဟတ္တမဂ် အရင် ဖြစ်တယ်၊ ဒါကို လိုချင်လို့ ကြိုးစားမှ သောတာပန်သကဒါဂါမ်အနာဂါမ်ပြီးမှ ရဟန္တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုစာဟော ပြောချက်ကိုပါ ပို့ပေးပါတယ်ဘုရား။ ပုဗ္ဗဘာဂမဂ်နဲ့ ရဟန္တာ ဖြစ်ပုံကို ရှင်းပြပေးပါ ဘုရား။

ရိုသေစွာဖြင့် တပည့် စန္ဒန

---

သူ့စာအရ

မောင်စန္ဒန ဓာတ်ပုံရိုက်ပြီး ပို့ထားတဲ့ စာအပိုင်းအစတွေကို ဘုန်းကြီး နားလည်ပုံ အကျဉ်းချုပ်ပြီး ပြောရရင် ..
၁) ကျောက်သင်္ဘောနဲ့ မိုးကုတ်ဆရာတော်တွေဆီမှာ တရားထိုင်ဖူးတဲ့ ကျမ်းကြီးပေါက် (လို့ဆိုတဲ့) ဒကာတွေက “သောတာပန် ဖြစ်ပြီးမှ သကဒါဂါမ်အနာဂါမ် ဖြစ်သလား၊ ရဟန္တာဖြစ်ပြီးမှ သောတာပန်သကဒါဂါမ်အနာဂါမ် ဖြစ်သလား'လို့ ထိုစာဟောပြောသူ ဘုန်းကြီးကို မေးတယ်။
၂) ထိုဘုန်းကြီးက အံ့ဩပြီး ခင်ဗျားတို့ ရဟန္တာ တစ်ပါးပါးကို ကိုးကွယ်ဖူးလို့ ဒီလိုဘယ်သူမှ မမေးတတ်တဲ့ မေးခွန်းကိုမေးတာ ဖြစ်ရမယ်ဆိုတော့ ထိုပုဂ္ဂိုလ်တွေက သူတို့ ဆရာက စွန်းလွန်းဆရာတော် ဦးကဝိပါလို့ ဖြေတယ်။
၃) စွန်းလွန်းဆရာတော်က “ဟေ့ ... အောင်မြင့်၊ ရဟန္တာ ဖြစ်ပြီးမှ သောတာပန်သကဒါဂါမ်အနာဂါမ်တည်တာကွ’လို့ ထိုဒကာတွေကို ပြောတယ်။ ထိုအချိန်က ၎င်းတို့မှာ အသက်ငယ်လို့ မမေးရဲခဲ့ပေမယ့် ခုတရားပွဲမှာ ထိုဘုန်းကြီးရဲ့ဟောကွက်ကို နားထောင်ပြီး ဖြေနိုင်မယ်ထင်လို့ မေးတာ။ စာဟော ဘုန်းကြီးရဲ့ အဖြေက ..
၄) ခင်ဗျားတို့ စာပေမှာ ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ရှေ့ပြေး မဂ် ရှိတယ်။ ရှေ့ပြေးမဂ်မှာကို ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်က အရဟတ္တမဂ် ကျလာတယ်။ ကိုယ်ဖြစ်မယ့်မဂ်က အရင်ကျတယ်။ ဒါကို လိုချင်လို့ ကြိုးစားလိုက်မှ ဆိုင်ရာမဂ်တွေ အသီးသီး ဖြစ်လာတယ်။ သောတာပန်လောက် ဖြစ်မယ့် သူကတော့ သောတာပတ္တိမဂ်ပဲ ကျတယ်။
၅) ထိုစာရေးသူက “ဘုန်းကြီးဟာ ဝေဒနာတွေချုပ်ပြီး လွတ်နေတဲ့ နေရာကို ရခဲ့ဘူးတယ်။ သောတာပန်မှာလည်း ဝေဒနာချုပ်တယ်၊ ချမ်းသာတာ ရတယ်။ ဒီလိုနဲ့ ကျင့်ကျင့်သွားရင်း ကိုယ်လိုတဲ့နေရာ ရောက်သွားတော့ ကိစ္စပြီးသွားတာ'လို့ ရှင်းပြလိုက်တော့ ထိုလူတွေက ရှိခိုးပြီး သေပျော်ပါပြီ ဘုရားလို့ လျှောက်တယ်။
၆) ရှေ့ပြေးမဂ် တစ်ချက်ပဲ ကျတယ်။ ဒါကြောင့် ဝေဒနာချုပ်တဲ့ ပုဂ္ဂိုလ်တစ်ချက်ပဲ ချုပ်လို့ရတယ်။ အရဟတ္တမဂ် ကျမယ့်သူ ဘာခံစားမှုမှမရှိ ဗလာကြီး။ ဝေဒနာ တကယ် ချုပ်ပြီးဖူးတဲ့ ပုဂ္ဂိုလ် သူလိုချင်တဲ့ မဂ်တစ်လုံး မြင်ထားပြီးပြီ။

သူ့အဆိုတွေကို အထက်ပါ နားလည်မှုအတိုင်း မသုံးသပ်ခင် သူ့အဆိုထဲက ပုဗ္ဗဘာဂမဂ်ဆိုတာရဲ့ မူရင်းကျမ်းဂန် ဆိုကို အရင် လေ့လာကြည့်မယ်..

ပုဗ္ဗဘာဂမဂ်

ပုဗ္ဗဘာဂမဂ်ဆိုတာ လောကီမဂ်ကို ခေါ်တာ (ပုဗ္ဗဘာဂမဂ္ဂန္တိ လောကိယမဂ္ဂ။ မ၊ဋီ၊၃၊၂၄၂)။ လောကီမဂ်ဆိုတာ ‘ကာမကုသိုလ်စိတ်၌ယှဉ်သော သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာသတိသမ္မာသမာဓိ-ဟူသော ပုဗ္ဗဘာဂဝိပဿနာမဂ် (လောကုတ္တရာမဂ်၏ ရှေ့အဖို့၌ဖြစ်သော ဝိပဿနာနှင့် ယှဉ်သောမဂ်)တည်း။ ဤမဂ်အခိုက်၌ မုချအားဖြင့် မဂ္ဂင် ၅-ပါးသာဖြစ်၏ (အဘိ၊ဋ္ဌ၊၂၊၁၁၃)။ ဒီအခိုက်မှာ ဒီမဂ္ဂင်စေတသိက်တွေက အာရုံ ၆-ပါးကို သင့်သလို အာရုံပြုတယ်။

မဂ်စိတ် ၄-ပါးနဲ့ ယှဉ်တဲ့ ‘သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာသတိသမ္မာသမာဓိ'ဆိုတဲ့ ‘သောတာပတ္တိမဂ် ဂ-ပါး ၇-ပါး၊ သကဒါဂါမိမဂ် ဂ-ပါး ၇-ပါး၊ အနာဂါမိမဂ် ဂ-ပါး ၇-ပါး၊ အရဟတ္တမဂ် ဂ-ပါး ၇-ပါး'ကို လောကုတ္တရမဂ် (မဂ္ဂသစ္စာ)လို့ ခေါ်ပြီး ဒီတရားတွေက နိဗ္ဗာန်ကို အာရုံပြုတယ် (အဘိ၊ဋ္ဌ၊၂၊၁၁၃)။

အဘိဓမ္မာ ကျမ်းဂန်မှာ ပုဗ္ဗဘာဂမဂ် (လောကီမဂ်)နဲ့ လောကုတ္တရာမဂ်ကို အဲဒီလို သရုပ်ခွဲပါတယ်။ ဒါလောက်ဆိုရင်ပဲ အဓိပ္ပာယ်က အတော် ပေါ်နေပါပြီ။ ဒါပေမယ့် ပုဗ္ဗဘာဂမဂ်ကို ဖော်ပြတဲ့ မူရင်းသုတ်ကို နည်နည်း ထိကြည့်ဦးမယ် ..

အဓိပ္ပာယ်မှန်

အသက်မွေးမှုကို အကြောင်းပြုပြီး (ဥပမာ .. ဘုန်းကြီးချင် လာဘ်ပေါချင်လို့ ဈာန်မဂ်ဖိုလ်ကိုမရဘဲ ရတယ်လို့ အရိပ်အမြွက်မျှပင် လိမ်ပြောခြင်း၊ မိန်းမနဲ့ ယောက်ျား နှစ်ဦးအကြား လင်မယားဖြစ်ဖို့ အောင်သွယ်ပေးခြင်း .. စတဲ့) သိက္ခာပုဒ်ကို ကျူးလွန်လို့ ဖြစ်ရတဲ့ အငြင်းပွားမှုတွေထက် “မဂ်၌ဖြစ်စေ၊ အကျင့်၌ဖြစ်စေ သံဃာချင်း ငြင်းခုံမှုဖြစ်သော် ထိုငြင်းခုံမှုသည် နတ်လူအားလုံးအတွက် ပိုပြီး အကျိုးမဲ့ကို ဖြစ်စေ၏ (မ၊၃၊၃၃)’လို့ မြတ်ဗုဒ္ဓ ဟောကြားပါတယ်။ အဓိပ္ပာယ်က ..

လောကုတ္တရာမဂ်ကို ဆိုက်ပြီးမူ ငြင်းခုံမှု အားလုံး ငြိမ်း၏။ မဂ်ဖိုလ်ကိုရပြီးသော ပုဂ္ဂိုလ်များအဖို့ အငြင်းပွားမှု မည်သည် မရှိ။ ဤ၌ ပုဗ္ဗဘာဂမဂ် (မဂ်၏ ရှေးအဖို့၌ဖြစ်သော လောကီမဂ်)နှင့် ပုဗ္ဗဘာဂပဋိပဒါ (မဂ်၏ ရှေးအဖို့၌ ဖြစ်သော အကျင့်)ကို ရည်ရွယ်၏ (မ၊ဋ္ဌ၊၃၊၂၅)’။ “ပုဗ္ဗဘာဂမဂ်ဟူသည် လောကီမဂ်တည်း (မ၊ဋီ၊၃၊၂၄၂)'။ လောကီမဂ်ရဲ့ အရကောက် မဂ္ဂင် ၅-ပါးက ဒုက္ခသစ္စာ

ကျမ်းဂန်နဲ့ညှိပြီး ပုဗ္ဗဘာဂမဂ်ရဲ့ အဓိပ္ပာယ်မှန်ကို အဲဒီလို နားလည်ပြီးနောက် အွန်းလိုင်စာသား ထုတ်နုတ်ချက်ကို သုံးသပ်ကြည့်မယ် ..

၁။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်တွေရဲ့ ကျောက်သင်္ဘော ဝါဒနဲ့ မိုးကုတ်ဝါဒ အဆုံးအဖြတ်တွေမှာတော့ ပုဗ္ဗဘာဂမဂ်ဆိုတာနဲ့ ပတ်သက်ပြီးဖော်ပြမှု မတွေ့မိ။ လောကုတ္တရာမဂ် ကိစ္စမှာ အောက်မဂ် အောက်ဖိုလ်ကို မရဘဲ အထက်မဂ် အထက် ဖိုလ်ကို မရနိုင်ကြောင်း အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်)ကျမ်းကို ကြေကြေညက်ညက် သရုပ်ကွဲအောင် သင်ဖူးရင် နားလည်နိုင်တယ်။
၂။ ထိုစာကို ရေးတဲ့ ဘုန်းကြီးဟာ မိမိသည် ရဟန္တာ ဖြစ်နေလို့ ထိုဒကာတွေ မေးတာကို နားလည်နိုင်တာလို့ သွယ်ဝိုက်ပြီး အဓိပ္ပာယ် သက်ရောက်စေတယ်။ တစ်မဂ် တစ်ဖိုလ်ကို အမှန်ရနေရင် အပြစ်မရှိပေမယ့် ဒီလို မဟုတ်ရင် စတုတ္ထသိက္ခာပုဒ်နဲ့ ငြိနိုင်လို့ ဆင်ခြင်သင့်တယ်။
၃။ “စွန်းလွန်းဂူထေရုပ္ပတ္တိအကျယ်’ကျမ်းမှာ စွန်းလွန်းဆရာတော် အဲဒီလို ယူဆတယ် ဆိုတာမျိုး အရိပ်အမြွက် မတွေ့မိ။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် တရားထူးကို ရရှိတဲ့ ရက်စွဲ ဖော်ပြချက်ဟာ ဒီမှာ ဖော်ပြထားတဲ့ ယူဆပုံနဲ့ ဆန့်ကျင်တယ်။
စွန်းလွန်းဂူဆရာတော်ဟာ မိမိ တရားအားထုတ်လို့ အသိဉာဏ်ထူးကို ရရှိတဲ့အခါ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ကျမ်းတတ် ဆရာတော်တွေရဲ့ မေးမြန်းချက်တွေကို ကျမ်းဂန်နဲ့ ညီအောင် ဖြေကြားနိုင်တယ်။ လူဝတ်နဲ့တုန်းက လယ်တီဆရာတော်ရဲ့ တပည့်တွေထံမှာ ကြားနာ နည်းခံဖူးတယ်။
၄။ ပုဗ္ဗဘာဂမဂ်ရဲ့ အဓိပ္ပာယ်မှန်ကို ရှင်းပြပြီး ဖြစ်လို့ ဒီစာပိုဒ်ကို ထပ်ရှင်းဖွယ် မလို။ အရိယာမဂ်တို့ မည်သည် နှစ်ကြိမ်ဖြစ်ရိုး မရှိပါဘူး။ မဂ်စိတ္တက္ခဏ တစ်ချက်သာ ဖြစ်ကြောင်းလည်း ကျမ်းဂန်မှာ ဆိုတယ်။
၅။ အမှတ် (၂) မှာ ဘုန်းကြီး သုံးသပ်တာကို ဒီဖော်ပြချက်က ထောက်ခံတယ်။
၆။ ဝေဒနာ တကယ်ချုပ်တာနဲ့ မဂ်တစ်လုံးကို မြင်တယ်ဆိုတဲ့ ဟောပြောပုံကိုတော့ ဘဝင်မကျဘူး။ တရားထိုင်လို့ သိတဲ့ အသိဟာ ကျမ်းဂန်နဲ့ညှိလို့ ရဖို့တော့ လိုမယ်။ ယောဂီကောင်းတို့ မည်သည် ခင်ဗျားတို့ စာပေမှာ ဘယ်လို ပါတယ်ဆိုတာကို ကျုပ်မသိဘူး။ ကျုပ်က လက်တွေ့အားထုတ်လို့ သိထားတာကိုပဲ ပြောနေတာလို့ ပရိယတ္တိ သို့မဟုတ် ပိဋကတ်သုံးပုံကို ကျောမခိုင်းကောင်းဘူး။

စက်တင်ဘာ ၅၊ ၂ဝ၁၉။

---

မရေတွက်နိုင်

လောက၌ ဂဏန်းသင်္ချာဖြင့် ရေတွက် တိုင်းတာ၍ မရနိုင်သော အရာ လေးမျိုးရှိ၏။ ယင်းတို့မှာ အာကာသသတ္တဝါစကြဝဠာဗုဒ္ဓဉာဏ်တော်တို့ ဖြစ်၏။

(ဗုဒ္ဓဝံသ၊ ၃၀၅)

---

၇၇၂။ တူကြီးလေးဖြာ

ဆရာတော် ဘုရား၊ သိချင်တာလေး မေးလျှောက်ခွင့်ပြုပါ ဘုရား။ ခုခေတ်တွင် မိန်းမယောက်ျား တန်းတူအခွင့် အရေး အတွက် ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေ လှုပ်ရှား နေကြပါ တယ်။ ဗုဒ္ဓသာသနာမှာ ဝါတော် ၇ဝ-ရတဲ့ ရဟန်းမကြီးတွေ က ဝါမရသေးတဲ့ ပြုသစ်စ ရဟန်းငယ်တွေကို ရှိခိုးရမယ်ဆို တဲ့ ဗုဒ္ဓရဲ့ ပညတ်ချက်ဟာ ယောက်ျားတွေက မိန်းမတွေ ထက် မြတ်လို့လား။ ဘာကြောင့် အဲဒီလို ခွဲခြားရသလဲဆိုတာ ကို ရှင်းပြပေးစေလိုပါသည် ဘုရား။

မေမြတ်သူ (ဓမ္မစကူးလ်)

---

မပိုင်တဲ့ခေတ်

ပုရေ ပုရတ္ထ (ပုရဿ-လည်းရှိ)၊ ကာ ကဿ ဘရိယား၊ ဓိပ္ပာယ်ကြားပိမ့်၊ ရှေ့ဖျားကမ္ဘာ၊ ပေါ်ခါလည်းကောင်း (ဘူရိဒတ် ဇာတ်ပေါင်းပျို့၊ ပိုဒ်-၆၄)'အရ ကမ္ဘာဦးက ကိုယ့်မယား သူ့မယားတောင် မရှိဘူးတဲ့။ အဝတ်လည်း မဝတ်ဘူး။ အမ္မာဇန်က ကမ္ဘာသစ်နဲ့ ပြတ်နေသူတွေလို နေမယ်။ လုံလုံခြုံခြုံ နူးနူးညံ့ညံ့ ဝတ်တတ်လာတော့ ယဉ်ယျေးမှု တိုးတက်လာ သတဲ့။ ဗုဒ္ဓကျမ်းဂန်မှာ ဟိရီ(အရှက်)နဲ့ ဩတပ္ပ(အကြောက်) ကို လောကစောင့်တရားလို့တောင် ဆုံးမတယ်။

ပုရေ၊ ရှေးဖြစ်သော။ ပုရတ္ထ၊ ကမ္ဘာဦးကာလ၌။ ကာ၊ အဘယ် မိန်းမသည်။ ကဿ၊ အဘယ် ယောက်ျား၏။ ဘရိယာ၊ မယားနည်း (မုံရွေးမှတ်စု၊ ပိုဒ်-၂၀၃)။

နိုးဘရာတွေ

‘ငါ့ဘော်ဒီကို ငါပိုင်လို့ ငါဖော်တာ ငါ့အခွင့်အရေးပဲ’ ဆိုပြီး ကျားမ တန်တူရေး ဣတ္ထိယဝါဒီအချို့ ‘နိုးဘရာ’ လုပ်ပြကြ တာကို သတင်းတွေမှာ မြင်ရတယ်။ ‘မြင်ဖန်များရင် ရိုးအီ သွားပြီး လိင်အကြမ်းဖက်မှု နည်းသွားမယ်'တဲ့။ အမှန်တော့ စပြီး ဖုံးခဲ့ရတာကိုက အနိုင်ကျင့်ခံရလို့ ဖြစ်မှာ။ သဘာဝကို ဖီဆန်လို့ မရစကောင်းပါဘူး။ အင်္ဂလိပ်ဘုရင်မ ‘တော့ပ် လက်စ်'လုပ်ပြီး သရဖူဆောင်း မိန့်ခွန်းချွေတဲ့ခေတ် မတိုင်ခင် ဒီကမ္ဘာလည်း နျူကလီယာဗုံးထဲ ပါသွားလောက်ပါပြီ။

တူကြီးလေးဖြာ တူသောခါ ပြည်ရွာပျက်လတံ့'တဲ့။ တူကြီးလေးဖြာ .. အိမ်နဲ့ ဘုန်းကြီးကျောင်း၊ ဘုန်းကြီးနဲ့ လူ၊ ကျားနှင့်မ၊ တောနဲ့မြို့ ။ ဒီဆိုရိုးက အတည်မယူနိုင်ရင်တောင် စဉ်းစားရမယ့် အထဲမှာ ပါတယ်။

ငြင်းဆိုချက်

မြတ်ဗုဒ္ဓ ပွင့်ချိန်မှာ အိန္ဒိယတိုက်ငယ် တစ်ခုလုံးဟာ အတ္တ ရှိတယ်၊ ဖန်ဆင်းရှင် ရှိတယ်လို့ ယုံကြည်နေကြတာကို ဗုဒ္ဓက အတ္တမရှိ၊ ကိုယ့်ကိုယ်ကို ကိုယ်ပဲ ဖန်ဆင်းတယ်ဆိုတော့ အဲဒီခေတ်လူတို့ နားထဲ ဘယ်လိုနေမလဲ။ မြတ်ဗုဒ္ဓလို ပါရမီရှင် ပုဂ္ဂိုလ်ထူးမို့သာ သမိုင်းဦးကပင် လူ့နှလုံးသားထဲ စွဲမြဲလာတဲ့ အယူအဆဟောင်းကို ပယ်စွန့်နိုင်တာ။ မြတ်ဗုဒ္ဓဟာ အဲဒီလို အခြေခံကျပြီး ရေးကြီးတဲ့ မမှန်တဲ့ အယူအဆတွေကိုတော့ ပြတ်သားစွာ ငြင်းဆိုခဲ့တယ်။

အံ့မခန်းတွေ

မြတ်ဗုဒ္ဓရဲ့ ဆောင်ရွက်ချက် အများစုဟာ အဲဒီခေတ်နဲ့ ကြည့် ရင် အလွန်ပဲ ခေတ်ရှေ့ကို ရောက်နေတယ်။ ဇာတ်ခွဲခြားမှုကို အလွန် ရှေ့တန်းတင်ချိန် ဇာတ်မြင့်သူ .. ဗုဒ္ဓကိုယ်တိုင် ဇာတ်နိမ့်တွေရဲ့ ဆွမ်းကို ဘုဉ်းပေးပြီး ဇာတ်စနစ်ကို တော် လှန်တာ၊ အမျိုးသမီးတွေကို အလွန် ဖိနှိပ်ချိန် ၎င်းတို့ကို သိမ်ထဲဝင်ပြီး ရဟန်းပြုပေးတာတွေဟာ အဲဒီခေတ်အဖို့ အံ့မခန်း လုပ်ရပ်တွေပါ။ ဒါပေမယ့် အလွန် အရေးမကြီးတဲ့ အိန္ဒိယ ရှေးဟောင်း ဓလေ့ထုံးစံ အချို့ကိုတော့ မငြင်းပယ်ခဲ့ဘူး။

လိမ္မာလွန်းလို့

ဧတဒဂ်ဘွဲ့ရ ရဟန်းနဲ့ ရဟန်းမ၊ ဥပါသကာနဲ့ ဥပါသိကာမ တွေဟာ သူ့နေရာအလိုက် အရည်အချင်းအရ အလွန် မကွာ နိုင်ပါဘူး။ အချို့နေရာမှာ အမျိုးသမီးက အမျိုးသားထက် ပင် သာနိုင်တယ်။ ဒါပေမယ့် ရဟန်းတွေထဲမှာ ဘယ်သူက၊ ဥပါသိကာမတွေထဲမှာ ဘယ်ဝါကလို့ ကျားမ ခွဲခြားပြီး သတ် မှတ်ပုံဟာ အင်မတန် လိမ္မာတော်မူလို့ပါပဲ။ လူအများစုရဲ့ အတွင်းစိတ်မှာ လိုလားစွာ လက်မခံရင် ယူဆချက် တစ်ခု ဟာ မတွင်ကျယ်ဘူး၊ ကြာကြာလည်း မခံဘူး။

ကျမ်းဂန်ဆို

မဟာပဇာပတိ ဂေါတမီက အရှင်အာနန္ဒာမှ တစ်ဆင့် မြတ်ဗုဒ္ဓကို လျှောက်တယ် “ရဟန်းဖြစ်စေ၊ ရဟန်းမဖြစ်စေ သိက္ခာစဉ်အရ ရှိခိုးအရိုအသေ ပေးရန် ခွင့်ပြုပါ ဘုရား”တဲ့။ သိက္ခာငယ်သူက ကြီးသူကို ရှိခိုးရတာဖြစ်လို့ သိက္ခာငယ်တဲ့ ရဟန်း က သိက္ခာကြီးတဲ့ ရဟန်းမ (ဘိက္ခုနီမ)ကို ရှိခိုးဖို့ အဲဒီလို လျှောက်တာ။ ဒီတော့ မြတ်စွာဘုရားက “ဒီကိစ္စကို ခွင့်ပြုရန် မဖြစ်နိုင်။ အခြားသာသနာ (ဘာသာ)တွေမှာလည်း ရဟန်း တွေက ဘိက္ခုနီ (မာတုဂါမ)ကို ရှိခိုး ခရီးဦးကြို မပြုကြဘူး (ဝိ၊၄၊၄၄၈)’လို့ မိန့်တယ်။

ခြေလှမ်းမကျဲ

ခေတ်ပြိုင် ဗုဒ္ဓအမည်ခံ တတ္ထိဆရာတွေရဲ့ ဝါဒရေးရာ တိုက်ခိုက်မှု ရှိခဲ့ရင် ဓမ္မပြန့်ပွားမှုကို နှေးကွေးစေနိုင်လို့ ခေတ်ကို တော်လှန်တယ် ဆိုပေမယ့် ခြေလှမ်း မကျဲလွန်းဘဲ အချို့ကို လျစ်လျူရှုပြီး ထိန်းကွပ်ဖို့ လိုတယ်။ ဒါကြောင့် မိထွေးတော် လျှောက်တာကို မြတ်ဗုဒ္ဓ ငြင်းဆိုတာ ဖြစ်နိုင်တယ်။ အယုတ် အမြတ်ဆိုတာ အသိပညာ၊ အကျင့်စရဏနဲ့ပဲ ဆိုင်တာပါ။

စက်တင်ဘာ ၈၊ ၂၀၁၉။

---

ကံသည် အလုပ်

ကံကိုချည်းသာ အရာရာ ကိုးကာမပေါ့ရာ။ အတိတ်ကံကား ချုပ်ကွယ်သွား ထင်ရှားမရှိပါ။ ပစ္စုပ္ပန္န ကံကူမှ ကိစ္စပြီးမြောက်ရာ။
ကံဟူသမျှ အလုပ်ပ မှတ်ကြဧကန်သာ။ (ရွှေဟင်္သာဆရာတော်)

---

၇၇၃။ ဝေဒနာမချုပ်

ဘုန်းဘုန်း၊ ကမ္မဋ္ဌာန်းပြ ဆရာတော်တစ်ပါးက “မဟာပလ္လင်ထိုင်ပြီး တရားအားထုတ်သူဟာ ဝေဒနာတွေ ချုပ်ပြီး လွတ် သွားတဲ့ နေရာကို ရောက်ရင် မဂ်ဆိုက်တော့တာပဲ'ဟု ဟော ကြားပါသည်။ ထိုစကားကို ရှင်းလင်းပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။

မေဇော်လွင် (စင်ကာပူ)

---

နားလည်မှု

ဝေဒနာသံယုတ်မှာ ဝေဒနာ ၂-မျိုး၊ ၃-မျိုး၊ ၅-မျိုး စသည်ဖြင့် အမျိုးမျိုးရှိကြောင်း ဟောပါတယ်။ “ဝေဒနာတွေချုပ်’ဆိုတာကို ‘မဟာပလ္လင်ထိုင်’ဆိုတဲ့ မေးခွန်းပါ စကားရိပ်အရ ဒီနေရာ မှာ ဒီခန္ဓာကိုယ်မှာဖြစ်တဲ့ ကိုယ်ဆင်းရဲ အမျိုးမျိုးကို ရည်ရွယ် ရင်၊ တစ်နည်း အဲဒီလိုထိုင်လို့ ဖြစ်လာတဲ့ ပြင်းထန်တဲ့ ကိုယ် ဆင်းရဲ အမျိုးမျိုးကို မလှုပ်မယှက် ပျောက်သွားတဲ့ အထိ အောင့်ခံနိုင်ရင် ဝေဒနာချုပ်ပြီး မဂ်ဆိုက်ကြောင်း ဆိုလိုတယ် လို့ နားလည် ယူဆပြီး ဖြေရရင် ..

သတိပဋ္ဌာန်

ညောင်းတာ ကိုက်တာ ယားယံတာစတဲ့ ဝေဒနာတွေ ပျောက် အောင် တရားထိုင်တာ မဟုတ်ဘူး။ ဒီဝေဒနာတွေကို တောင့် ထားတင်းထား ချွေးဒီးဒီကျ မှောက်လဲသွားတဲ့အထိ အောင့် ထားဖို့လည်း မလိုပါဘူး။ “ကျင်ကြီးကျယ် ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏ (ဒီ၊၃၊၂၃၃)' အရ ဘာလုပ်လုပ် အိမ်သာဝင်ရာမှာပင် သတိရှိနေဖို့သာ အဓိက။ ဒီလို သတိမြဲအောင် အားထုတ်တာကိုပဲ သတိပဋ္ဌာန် ကျင့်စဉ်လို့ ခေါ်တာပါ။ “အ ပြည့်ဖြည့်ထားတဲ့ ဆီခွက်ကို မဖိတ်ကျအောင် သတိထား၍ ယူဆောင်ရသလို နိဗ္ဗာန်ကို ရလိုတဲ့ ယောဂီဟာ မိမိစိတ်ကို ကာယဂတာသတိ အာရုံမှာ ထားပြီး စောင့်ရှောက်ရမယ် (ဇာ၊၁၊၂၂)'လို့ ရှင်တော် ဗုဒ္ဓ ဟောကြားပါတယ်။

ဘုရားသော်မှ

ဒီခန္ဓာကိုယ်ဟာ ရှေးဘဝ ကံဟောင်းရဲ့ အကျိုးဆက်ပါ။ ခန္ဓာ ကိုယ်ရှိနေရင် ဝေဒနာ ရှိနေမှာပဲ။ ခန္ဓာဖြစ်ကြောင်း ချုပ်လို့ ခန္ဓာသစ်မရှိမှဝေဒနာချုပ်ဆိုတာ ဖြစ်မှာ။ ဈာန်စိတ် သို့မ ဟုတ် အတော်အတန် အားကောင်းတဲ့ သမာဓိနဲ့ အခိုက် အတံ့ ပျောက်အောင် လုပ်နိုင်ပေမယ့် သမာဓိမရှိတဲ့ သာမန် အချိန် ဝေဒနာ ပြန်ပေါ်မှာပဲ။ ညအချိန် သမာပတ်ကို ဝင်စား နေခိုက် အရှင်သာရိပုတ်ရဲ့ ရိတ်ပြီးစ ဦးခေါင်းကို ဘီလူးတစ် ကောင် လက်သီးနဲ့ အားကုန် ထုရိုက်တာကို သမာဓိမှ ထပြီး နောက် မဆိုစလောက်ပဲ ခံစားရသတဲ့ (ဥဒါန၊ ၁၂၃)။

သာမန်အချိန်မှာ ဘုရားရှင်လည်း ဝေဒနာ မချုပ်ပါဘူး။ ပိဋ္ဌိမေ အာင်္ဂလာယတိ = ငါ့ကျောကုန်း နာတယ်’ ဆိုပြီး တ ရားဟောနေရင်း ဟောလက်စတရားကို ရပ်ပြီး အရှင်အာ နန္ဒာကို ဆက်ပြီး တရားဟောခိုင်းတာ ရှိတယ် (မ၊၂၊၁၇)။

ဘာအတွက်

ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ကိုက်ခဲ နာကျင်တဲ့ ဝေဒနာ ချုပ်အောင်၊ နတ်ပြည်ကို သွားပြီး ဝေဇယန္တာပြာ သာဒ် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာတွေကို ကြည့်နိုင်အောင် ရည်ရွယ်ပြီးလုပ်တာ မဟုတ်ဘူး။ ခန္ဓာငါးပါးရဲ့ အနိစ္စ ဒုက္ခ အနတ္တသဘာဝကို အရှိအတိုင်း သိနေအောင် လုပ်တာ။ ဒီသ ဘာဝကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ထူးနဲ့ သိသွားရင် ပန်းတိုင်ကို ရောက်တာပဲ။ ဘုန်းကြီးတစ်ပါး သို့တည်းမဟုတ် လူတစ် ယောက်က ခင်ဗျား သောတာပန် ဖြစ်နေပြီဆိုပေမယ့် မိမိ ကိုယ်ကိုမိမိ ဝေဖန် ဆန်းစစ်နိုင်အောင် ပညာရှိတို့ ဟောပြော ရေးသားတာတွေကို ဖတ်ရှု နားထောင်သင့်ကြောင်းပါ။

စက်တင်ဘာ ၁၁၊ ၂ဝ၁၉။

---

မှတ်ချက်များ

ရှင်းလင်းချက် သဘာဝကျလို့ နှစ်သက်ပါတယ် ဘုရား။ သောတာပန် လူထွက်ပါလို့ ကိုယ်တိုင် ဝန်ခံသူကိုလည်း ကြုံ ဖူးပါတယ် ဘုရား။ Dr. ထိန်ဝင်း

တပည့်တော် အဲလို ဟောတာကို ကိုယ်တိုင် နာဖူးပါတယ် ဘုရား။ ဆရာကောင်း သမားကောင်းများနဲ့ မကြုံမိ တရား မနာမိ စာမသင်မိရင် အလွဲကြီး လွဲသွားနိုင်ပါတယ် ဘုရား။
ခင်စောဦး

စာတတ် ပေတတ်ဟူသော မာန်မာနကား တပည့်တပန်း များကို တသီတစ်တန်းကြီး အမြဲတမ်း အပြစ်ဖြစ်နေအောင် မှောက်မှားစေတတ်၏။
အရှင်ရာဇဓမ္မာဘိဝံသ

---

၇၇၄။ ငရဲအိုး လူမရွေးသင့်

ဆရာတော်ဘုရား၊ ဓမ္မကထိက ဘုန်းကြီးတစ်ပါးက ကယ် ဆယ်ရေးအတွက် ပို့ထားသော ဆန်အိတ်များကို ခိုးယူသ ဖြင့် လူမျိုးနှစ်ခုနှင့် ဘာသာရေးနှစ်ခုကို နှိုင်းယှဉ်ပြီး နှိမ့်ချ ဟောပြောသဖြင့် ထိုဘုန်းကြီးအား နှိမ့်ချခံရသူတွေက မ ကျေမနပ်ဖြစ်ပြီး အွန်လိုင်းမှာ ဆဲဆိုရေးသားကြ၍ လူအများ အကုသိုလ် ဖြစ်ကြရပါသည်။ ဘုန်းကြီးတစ်ပါး အနေနဲ့ တစ် ဖက်သားကို အဲဒီလို နှိမ့်ချပုတ်ခတ်သော စကားများကို ပြော ကောင်းပါသလား ဘုရား။

ပန်းနုဇံ (စင်္ကာပူ)

---

ဒီလိုယူမယ်

ထိုအရပ်မှာ ဒုက္ခရောက်နေတဲ့ ထိုဘာသာဝင်တွေဖို့ ပို့ထားတဲ့ ဆန်အိတ်တွေကို ထိုလူတွေက ခိုးတယ်။ အခြား အရပ်တစ် ခုမှာ ကပ်ဘေးဆိုက်နေတဲ့ အခြားဘာသာ ကိုးကွယ်သူတွေ ကတော့ သူတို့အတွက် ပို့ထားတဲ့ ဆန်အိတ်တွေကို မခိုးဘူး။ ဒါကြောင့် ခိုးတဲ့အရပ်သား ဘာသာဝင်အားလုံး သူခိုးတွေ၊ ငရဲအိုးထဲ ဇောက်ထိုး ဆင်းမယ့်လူတွေ၊ မခိုးသူတွေကတော့ နတ်ပြည်ကို တက်မယ့်လူတွေလို့ အဓိပ္ပာယ်ယူပြီး ဖြေရရင် ..

စဉ်းစားစရာ

စဉ်းစားစရာ ပြောစရာတွေ အများကြီး ရှိနိုင်တယ်။ ပင်လယ် နား နေသူတွေ စကားပြောရင် အော်ပြောတတ်တယ်။ သူတို့ အရပ်မှာ ကျယ်ကျယ်ပြောမှ ကြားတာကိုး။ အခြားအရပ်ကို ရောက်ခိုက် ထမင်းဝိုင်းမှာ သူတို့ချင်း ပြောတာကို ရန်ဖြစ်နေ တာလို့ ဧည့်သည်က ထင်တဲ့အထိပဲ။ ဒီစရိုက်ကြောင့် သူတို့ အားလုံးကို ရိုင်းတယ်လို့ ကောက်ချက်ဆွဲရင် မျှတပါ့မလား။ ဓလေ့စရိုက် မတူတဲ့ ဖြစ်စဉ်အရ နတ်သြဇာဟာ လူတွေအ တွက် အဆိပ် ဖြစ်နိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ခွေးသား၊ မျောက်သား၊ ကြောင်သား၊ မြွေ သား၊ ဝေလငါးသားစားတဲ့ လူမျိုးတွေမို့ အရိုင်းတွေလို့ ပြော ရင် စာကလေးငှက်ကြော် ဖွတ်ပဒတ်ကြော် စားသူကိုလည်း သူတို့က အရိုင်းတွေလို့ ပြန်ပြောမှာပဲ။

လူဖိနပ်မစီးရဲ

တစ်ခါမှာ ဘုန်းကြီးလူထွက် သာသနာရေးအရာရှိ ဆိုးကျော် ကြီးတစ်ဦး စစ်ဗိုလ်တွေနဲ့အတူ ရန်ကုန် ဘုန်းကြီးကျောင်း အလှူပွဲကို လိုက်လာတယ်။ သူက ဘုန်းကြီးစီး ဖိနပ်ကို စီး လာတယ်။ သတိပြုမိသူတစ်ဦးက ဘာလို့ ဘုန်းကြီးစီး ဖိနပ် ကို စီးတာတုန်း၊ ယတြာချေတာလား မေးတော့ လူစီးဖိနပ် စီးရင် ခိုးခံရလွန်းလို့ ဖြစ်ကြောင်း ဖြေသတဲ့။ ဒါတောင် အဲဒီ ခေတ်က။ ခုခေတ်မှာ ဘုန်းကြီး စီးဖိနပ်တောင် အသစ်ဆိုရင် ချမ်းသာ မပေးတော့ဘူးလို့ ကြားသိရတယ်ဗျို့။ ရန်ကုန် အလှူပွဲမှာ ဖိနပ်စောင့်ပုလိပ် လိုမယ့် အနေမျိုး။

ဂျပန်မတွေ

ဘုန်းကြီး ကမ္ဘာအေးမှာ နေတုန်းက .. ဂျပန်က ဗုဒ္ဓဘာသာ အုပ်စုတစ်ခု ရောက်လာပြီး သံဃာတွေကို ဘောလ်ပင်၊ ခဲတံစတဲ့ တိုလီမုတ်စလေးတွေ လောင်းလှူဖို့ သံဃာတွေ ဘုရား ဝတ်ပြုအပြီး ကမ္ဘာအေး သိမ်တော်ကြီးထဲ ဝင်ပြီး တန်းစီ စောင့်နေကြတယ်။ မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်း အတွင်း မှာ ဂျပန်အမျိုးသမီး ၄-ဦး ဖိနပ်ပျောက်လို့ ပြောလိုက် ရယ် လိုက် ပြေးပြေးလွှားလွှား လိုက်ရှာနေကြတာနဲ့ ကြုံခဲ့ဖူး တယ်။ အဲဒီတုန်းက ဘုန်းကြီးဖြင့် ကိုင်ဆွဲလာတဲ့ အလှူ ပစ္စည်းထည့်တဲ့ ကြွပ်ကြွပ်အိတ်ကို ကြည့်ပြီး ရှက်မိတယ်။

ရန်ကုန်သားခမျာတွေ အူမ မတောင့်လို့ သီလမစောင့် နိုင်ရှာကြဘူး။ ဗုဒ္ဓဘာသာလား၊ ဘာသာခြားလား ဆိုတာ တော့ မသိဘူး။ မြို့ကြီးသားတို့ ဖိနပ်ခိုးတာတော့ အမှန်ပဲ။

ယုံကြည်အောင်

မေးခွန်းပါ ဒုက္ခသည်ဆိုတာက ရန်ကုန် မန္တလေးလို မြို့ကြီး မဖြစ်နိုင်။ တောမြို့ သို့မဟုတ် တောရွာပဲ ဖြစ်မှာ။ အများစု က ပညာလည်းမတတ် ငတ်လည်း ငတ်နေကြတာပါ။ ဒါကို နားလည် သနားစိတ်နဲ့ မခိုးရဲအောင် မခိုးချင်အောင် ငရဲခန်း ပျို့စာဆို ရှင်အဂ္ဂသမာဓိထုံး နှလုံးမူပြီး ငရဲကိုပြ ချိုသာစွာ သင်ပြရမှာက အနှီတရားဟောဆရာလို သူတော်ကောင်း တွေရဲ့ တာဝန်သာ ဖြစ်ပါလိမ့်မယ်။

ဒါလေးကို သာဓကပြုပြီး တစ်ဒေသလုံးကို လက်ညှိုး ထိုး၊ ကဲ့ရဲ့သရော် မလုပ်ဘဲ နှလုံးသား အချင်းဝက် ရှည်ပြမှ မျှတပြီး လူမျိုးချင်း ဘာသာချင်း စည်းလုံးခြင်း ယုံကြည် ခြင်းဆိုတာမျိုး ဖြစ်လာနိုင်မှာပါ။

နိုးဝိနည်းပါပဲ

ရဟန်းဟာ အကြောင်းဆယ်မျိုးနဲ့ အခြားသူကို နှိမ့်ချပြီး မပြောရဘူးလို့ ဝိနည်းပညတ် ရှိပါတယ်။ ဒီ ၁၀-မျိုးက ‘ဇာတ် (ဇာတ်နိမ့် ဇာတ်မြင့်)၊ လူမျိုး၊ အလုပ်အကိုင်၊ အတတ်ပညာ၊ သူ့မှာရှိတဲ့ ရောဂါ၊ လူပုံသဏ္ဌာန်၊ ဖြစ်တတ်တဲ့ ကိလေသာ (ဒီ လူက နှာဘူး)၊ အာပတ် (ဒီဘုန်းကြီးက အာပတ်ချိုး၊ ဟေ့ ထောင်ထွက်)၊ မအေ-လတစ်ချောင်းငင် လုံးကြီးတင် ဝစ္စနှစ် လုံးပေါက် ခွေးမသား .. (ဝိ၊၅၊၂၄၈)’။

ငွေမကိုင် မျက်လွှာချ အလွန် ဝိနည်းကြီးပြပေမယ့် သူ တစ်ပါးကို ဖော်ပြပါ အကြောင်း ၁၀-မျိုးနဲ့ နှိမ့်ချပုတ်ခတ် လုပ်ရင် အဲဒီ ဘုန်းကြီး နိုးဝိနည်းပါပဲ

ငရဲအိုးရှိတယ်

ကိုယ့်စကားကြောင့် ဘာလို့ လူအများကို အကုသိုလ် ဖြစ် စေမှာလဲ။ ဒေသ၊ လူမျိုး၊ ကိုးကွယ်ရာတွေကို မသုံးသပ်ဘဲ ပြောသင့်ပုံက ... ခွေးလေးတွေဟာ သခင့်လက်ကို နှုတ်သီး လေးနဲ့ တင်းတင်းဖိ၊ အစာကို လျှာလေးနဲ့ထိုးပြီး သခင့်လက် က အစာကို ရယူတယ်။ အသိဉာဏ်ရှိတဲ့ လူတွေကတော့ ငတ်ပြီဆိုရင် အရိုင်းစိတ်တွေ ဝင်တယ်။ ကိုယ့်ကို ပေးဖို့ထား တဲ့ ဆန်အိတ်တွေကို ခိုးယူတဲ့ အထိပါပဲ။ ဒီအရိုင်းစိတ်မျိုးကို သိမ်းထားကြရင် လူမရွေးတဲ့ ငရဲအိုးက ဒကာဒကာမတို့ကို စောင့်ကြိုနေမှာကို ကြောက်ကြ .. စသည်ပေါ့။

စက်တင်ဘာ ၁၄၊ ၂ဝ၁၉။

---

၇၇၅။ ကမ္မဝါဒတရားရုံးက ပယ်ချခြင်း

ဘုန်းကြီး ဘုရား၊ မိဘကိုသတ်တာနဲ့ ပတ်သက်ပြီး အွန်လိုင်း မှာ ဖတ်ရတဲ့ မွေးခွန်းအချို့ကို ပို့ပေးလိုက်ပါသည်၊ အချိန်ရ လျှင် ဘုန်းကြီး ဖြေကြားပေးပါ ဘုရား ..

၁) မိဘမှန်း သိလျက် သတ်တာနဲ့၊ မိဘမှန်း မသိဘဲ သတ် တာ (ဥပမာ၊ လင်ကောင် မပေါ်လို့ စွန့်ပစ်ခံရတဲ့ ကလေး မျိုး) အကျိုးပေး တူပါသလား၊ ဘာကြောင့်ပါလဲ။

၂) နင်းမိသူ သေစေဆိုပြီး ထောင်တဲ့ မိုင်းဗုံးကို မိဘတွေ နင်း မိလို့ သေရင် အန္တရိယကံ ထိုက်ပါသလား (မိဘမှန်း သိရင် သတ်မယ့်လူ ရှိနိုင်ပါတယ်)၊ ဘာကြောင့်ပါလဲ။

၃) ဗိုက်ခွဲ မွေးတဲ့အခါ အကြောင်း မညီညွတ်လို့ မိခင်သေရင် ထိုကံမျိုး ဖြစ်ထိုက်ပါသလား (အချို့ တိရစ္ဆာန်တွေ အမိဗိုက် ကို ကိုက်ဖောက်ပြီး မွေးတာဟာ မိခင်ကို သေစေတာပဲ)။

၄) ကိုယ်ဝန်ဆောင် မွေးပေးရုံနဲ့ ပြစ်မှားသူကို ထိုမျှ ကြီး လေးတဲ့အပြစ်ကို ဖြစ်စေတာဟာ ဘာကြောင့်ပါလဲ။

အရှင်ဇိနောရသာလင်္ကာရ (ကံမ)

---

ကျမ်းဂန်မှာ ဖွင့်ဆိုထားတာတွေ အများကြီးထဲက မေး ခွန်းနဲ့ ပတ်သက်တဲ့ အချက်အလက် အချို့ကို ဖတ်မှတ် ထားရင် အဖြေကို ရိပ်မိနိုင်လောက်ပါတယ် ..

ပဉ္စာနန္တရိယ

ပဉ္စ = ငါးမျိုး။ အနန္တရိယ = သေပြီးနောက် ဒုတိယဘဝမှာ ဒေဝဒတ် မြေမျိုခံရသလို သက်တမ်းရှည် ငရဲမှာ ဖြစ်ကိုဖြစ်ရတော့မယ့် ကုစားလို့ မရအောင် အပြစ်ကြီးတဲ့ အကုသိုလ်။ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားကို သွေးစိမ်းတည် စေ၊ သံဃာသင်းခွဲ။ “ဒီငါးမျိုးထဲက တစ်ခုခုကို ကျူးလွန်မိရင် အပြစ်လွတ်အောင်လို့ ဒီကမ္ဘာမျှကြီးတဲ့ ရတနာထုပ်နဲ့ ဗုဒ္ဓဘု ရားတစ်ဆူကို တစ်သက်လုံး လှူဒါန်း၊ ဗုဒ္ဓဘုရားရဲ့ သင်္ကန်း စွန်းကို ဆွဲထားရင်တောင် မလွတ်တော့ဘူး (အံ၊ဋ္ဌ၊၁၊၃၅၄)။

လူတွေသာ

“လူသားက တိရစ္ဆာန်မိဘကို သတ်ရင်၊ တိရစ္ဆာန်က လူမိဘ ကို သတ်ရင်၊ တိရစ္ဆာန်က တိရစ္ဆာန်မိဘကို သတ်ရင် အနန္တရိ ယကံ မထိုက်။ ဒါပေမယ့် အနန္တရိယကံနဲ့ အလားတူတဲ့ အ ပြစ်လို အလွန်ကြီးလေးတယ်။ လူတွေ အတွက်သာ အနန္တရိ ယကံ ထိုက်တယ်ဆိုတာ ဖြစ်နိုင်တယ် (အံ၊ဋ္ဌ၊၁၊၃၅၅)'။

ဆိတ်စက်လှည့်

အနန္တရိယကံ ထိုက်ခြင်း မထိုင်းခြင်းနဲ့ ပတ်သက်ပြီး နှောင်း လူတို့ ဆုံးဖြတ်နိုင်အောင် အဋ္ဌကထာမှာ ဆိတ်သတ္တဝါ ဥပမာ နဲ့ စက်လှည့် ၄-မျိုး (ဧဠကစတုက္က)ကို ဖော်ပြပုံက ..

‘(၁) ဆိတ်ကို သတ်မည်ဟူသော ဆန္ဒဖြင့် ဆိတ်ရှိရာ အ ရပ်၌ ရှိနေသည့် လူသားအမိကိုဖြစ်စေ အဖကိုဖြစ်စေ သတ် မိလျှင် အနန္တရိယကံ ထိုက်၏။ (၂) ဆိတ်ကို သတ်မည်ဟူ သော ဆန္ဒဖြင့်ဖြစ်စေ (၃) အမိအဖကို သတ်မည်ဟူသော ဆန္ဒဖြင့်ဖြစ်စေ ဆိတ်ကို သတ်သူသည် အနန္တရိယကံမထိုက်။ (၄) မိဘကို သတ်မည်ဟူသော ဆန္ဒဖြင့် မိဘကို သတ်လျှင်မူကား အနန္တရိယကံ ထိုက်သည်သာတည်း (အံ၊ဋ္ဌ၊၁၊၃၅၅)။

ဘာကြောင့်

‘လူတစ်ယောက်သည် အိပ်နေသော ဆိတ်ကို ညအချိန် သတ် မည်ဟု မှတ်ထား၏။ ညအချိန်၌မူ ထိုနေရာတွင် အိပ်နေ သော အမိကိုဖြစ်စေ အဖကိုဖြစ်စေ (မှားပြီး) သတ်မိ၏။ ထို သူသည် ဣမံ ဝတ္ထု မာရေမီတိ စေတနာယ အတ္ထိဘာဝတော ဃာတကော စ ဟောတိ၊ အနန္တရိယ ကမ္မဉ္စ ဖုသတိ၊ (ဤသတ္တဝါကို သတ်မည်ဟူသော စေတနာ ရှိသည်ဖြစ်သောကြောင့် သတ်သူလည်း ဖြစ်၏၊ အနန္တရိယကံကိုလည်း ထိ၏) (ဝိ၊ဋ္ဌ၊၂၊၄၃)'။

ကောက်ချက်

အဲဒီ ကျမ်းစာ စကားတွေကို ကောက်ချက်ချကြည့်ရင် .. ၁) လူသားအစစ်ဖြစ်တဲ့ သားသမီးက ၂) လူသား အစစ်ဖြစ် တဲ့ မိဘကို ၃) သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သတ်မိရင် အနန္တရိယကံ ထိုက်တယ်။ ၄) ဘာကြောင့်ဆို .. သက်ရှိလို့ သိခြင်း၊ သတ်လိုစိတ်ရှိခြင်း၊ သတ်ခြင်း၊ သေခြင်းဆိုတဲ့ လူ သတ် အင်္ဂါရပ်တွေ ပြည့်စုံလို့။ မေးခွန်းကို ဖြေကြည့်မယ် ..

အဖြေ ၁

မိဘမှန်းသိလျက် သတ်လို့ မိဘသေရင် ဆိတ်စက်လှည့် အ မှတ်(၄)အရ အနန္တရိယကံ ထိုက်သည်သာ။ ဘာကြောင့်လို့ မေးဖွယ် မလိုတော့ဘူး။ မသိဘဲ သတ်ရာမှာတော့ ဆိတ်စက် လှည့် အမှတ် (၁)အရ အနန္တရကံ ထိုက်တယ်။ ဖော်ပြပါ ဝိ နည်းအဋ္ဌကထာ စကားအရ သတ်လိုသော စေတနာ ရှိတဲ့အတွက် ရဟန်းဆိုရင် လူသတ်ကံမြောက်လို့ ပါရာဇိက ကျ သည်သာမက အနန္တရိယကံပါ ထိုက်တယ်။ လူဆိုရင်တော့ အနန္တရိယကံ ထိုက်ရုံသာ။

သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အနန္တရိယကံ မြောက်တာ ချင်းတူနေလို့ အကျိုးပေး အနေနဲ့လည်း ခြားနားဖွယ် မရှိ၊ တူတယ်လို့ မှတ်ပါ။

အဖြေ ၂

သက်ရှိကို သေစေဖို့ ရည်ရွယ်ခဲ့တဲ့ အတွက် ဆိတ်စက်လှည့် အမှတ်(၁)အရ အနန္တရိယကံ ထိုက်တယ်။ ဘာကြောင့်ဆိုရင် ‘သက်ရှိလို့ သိခြင်း၊ သတ်လိုစိတ်ရှိခြင်း၊ သတ်ခြင်း၊ သေခြင်း' ဆိုတဲ့ လူသတ် အင်္ဂါရပ်တွေ ပြည့်စုံလို့။ ဒီနေရာမှာ “မိဘမှန်း သိခဲ့ရင် မသတ်မယ့်လူ ဖြစ်ခြင်း မဖြစ်ခြင်း’နှင့် ဆိုင်ဖွယ် မရှိ။ စေတနာနဲ့တကွ သက်ရှိကို သေအောင်လုပ်တဲ့ ထိုလူရဲ့ ပယောဂ (လုံ့လပြု အားထုတ်မှု)နဲ့ပဲ ဆိုင်မယ် ထင်ပါတယ်။

အဖြေ ၃

လူသားအနေနဲ့ ဗိုက်ခွဲ မွေးတာ အဆင်မပြေလို့ သို့တည်း မဟုတ် အသက်ကြီးမှ ဓမ္မတာအတိုင်း မွေးတဲ့အခါ မမွေးနိုင် လို့ မိခင်သေဆုံးရင် ကလေးမှာ အနန္တရိယကံ မထိုက်။ ဘာ ကြောင့်ဆို အနန္တရိယကံ ထိုက်စေတဲ့ ဆိတ်စက်လှည့် အမှတ် (၁) (၄)တို့နဲ့ မကိုက်ညီလို့။ တစ်နည်း ပြောရင် သူ့ကြောင့် မိ ခင် သေရပေမယ့် သန္ဓေသား အနေနဲ့ ‘သက်ရှိလို့ သိခြင်း၊ သတ်လိုစိတ် ရှိခြင်း၊ သတ်ခြင်း'ဆိုတဲ့ အင်္ဂါရပ်တွေ မပြည့်စုံနိုင်လို့။ တိရစ္ဆာန် ဖြစ်ရင်တော့ ဆိတ်စက်လှည့် အမှတ် (၂)နဲ့ (၃) အရ အနန္တရိယကံ မထိုက်။

အဖြေ ၄

ဒီမေးခွန်းရဲ့ အဖြေက အရှေ့နဲ့အနောက် ယူဆပုံ မတူနိုင်။ ဘုန်းကြီးဆီ လာနေတဲ့ အဖိုးကြီး James McSheal က မင်္ဂ သုတ်ထဲက “မိဘကို စောင့်ရှောက်ပါ'ဆိုတာကို ငြင်းတယ်။ သူ့အမေတော့ ကျေးဇူးရှိလို့ ဖြစ်နိုင်ပြီး အဖေကတော့ လူမှန်း မသိခင်ကပင် သူ့ကို စွန့်သွားလို့ ကျေးဇူးဆပ်ဖို့ လုံးဝ မဖြစ် နိုင်ဘူးတဲ့။ ယူအက်စ်မှာ အဆင်ပြေနေတဲ့ မြန်မာမ တစ်ဦး လည်း နိုင်ငံခြား ထွက်မယ့်ကိစ္စ သူ့အဖေ ဘာမှ မကူညီဘဲ ကန့်ကွက်ခဲ့လို့ သူ့အဖေကို ကျေးဇူးဆပ်စရာ မလိုဘူးလို့ ယူ ဆနေကြောင်း တစ်ဆင့်စကား သိရတယ်။

သီဒါမည်သား

မိကိုညာက၊ ဘကိုလက်ဝဲ၊ ကိုင်စွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ် ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့်၊ ကျေး ဇူးလှယ်ပြိုင်၊ မဆပ်နိုင်ခဲ့ (ကိုးခန်း၊ ပိုဒ်-၅၅)'လို့ မြန်မာတို့ က ဆုံးမတယ်။ ဘုန်းကြီးလူထွက် တစ်ဦးက ပြင်းပြတဲ့ ဖခင် မေတ္တာ စတင်ဖြစ်ပုံကို ပြောပြဖူးတယ်။ သူ့သားကို မမွေးခင် ကတော့ သူ့အမေနဲ့ ကိုယ်နဲ့ ချစ်သူနှစ်ဦး အနေနဲ့ မိမိတို့ရဲ့ နှလုံးသား အလိုဆန္ဒကို ဖြည့်ဆည်းရုံ၊ ပျော်ရုံပါးရုံ သက် သက်ပဲလို့ ထင်ခဲ့ပေမယ့် ..

ပြောင်းလဲခြင်း

မွေးတဲ့နေ့က ဆေးရုံမှာ သားမျက်နှာကို မြင်ရတော့ အဲဒီ အထင်တွေ လွင့်စဉ်ကုန်တယ်။ စိတ်ထဲ ဘယ်လို ခံစားရ တယ်ဆိုတာကို ပါးစပ်နဲ့မပြောပြနိုင်။ ဆေးရုံက အိမ်အပြန် ရထားပေါ်မှာ သားငိုသံကို ကြားနေရတယ်။ မျက်လုံး မှိတ် လိုက်တာနဲ့ သားမျက်နှာ ပေါ်လာတယ်။ အဲဒီညက ပျော် လွန်းလို့ အိပ်မပျော်။ သူ့အမေလည်း အသက်စွန့် မွေးရပြီး သူ့လိုပဲ ခံစားမှု လုံးဝ ပြောင်းသွားတယ်။

ဒါကြောင့်ပဲ ‘ကိုယ်လုံးဟိုက်လည်း၊ ဖက်ပိုက်ရင်ခွင်၊ ရှေ့ တွင်လည်းထား၊ ရှုပျော်ပါး၍၊ သား၏ရုပ်ရည်၊ သီဒါမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်း ဖြင့် .. (ကိုးခန်း၊ ၉၇) လို့ စာဆိုရှင်တို့ ရေးဖွဲ့ခဲ့ကြတာပေါ့။

ငြင်းခွင့်မရှိ

မိဘရဲ့ တာဝန်ကျေခြင်း မကျေခြင်းဟာ မိဘရဲ့ တာဝန်သာ။ ဗုဒ္ဓဝါဒ အဆုံးအမအရ ... အဖေက ကမ္ဘာကျော် သူခိုး မုဒိမ်း ကောင်ဖြစ်လို့ သားသမီးက အဖေအဖြစ် စွန့်လွှတ်ရင် လော ကတရားရုံးက လက်ခံဖွယ်ရှိပေမယ့် ကမ္မဝါဒ တရားရုံးက တော့ ပယ်ချပါလိမ့်မယ်။ ဘာကြောင့်လဲလို့ မမေးပါနဲ့။ မိဘ ဖြစ်ခြင်းကြောင့်ပဲ အဲဒီလောက် ကြီးလေးတဲ့ အပြစ်ကို ဖြစ် စေတာလို့ မှတ်ထားရုံပါ။

စက်တင်ဘာ ၁၅၊ ၂၀၁၉။

---

၇၇၆။ အရိုးကို အရွက်မဖုံးရ

ဘုန်းကြီး ဘုရား၊ ဖေ့စ်ဘုက်မှာ စာရေးနေတဲ့ ဘုန်းကြီး တစ် ပါးက ‘ချစ်သူနှစ်ဦး တွေ့ဆုံ ချစ်ကြိုက်ရာမှာ အကြောင်း ၂- ခုရှိတယ် .. ၁) ရှေးဘဝတွေက ပေါင်းဆုံကာ အတူ နေထိုင်ခဲ့ ဖူးတာကြောင့် ဖြစ်စေ၊ ၂) လက်ရှိဘဝမှာ သူ့အကျိုးစီးပွားကို ဖြည့်ဆည်း ဆောင်ရွက်ပေးတာကြောင့် ဖြစ်စေ၊ ချစ်သူမောင် နှံတို့အား ချစ်ခြင်းမေတ္တာ တရားသည် ဖြစ်ပေါ်လာ၏ဟု ဘု ရားရှင်က ဓမ္မပဒမှာ မိန့်ထားခဲ့ပါတယ်’ဟု ရေးထားပါသည်။ အဲဒီလို ဟောကြားတာမျိုး ဓမ္မပဒပါဠိတော်မှာ မတွေ့မိပါ။ အခြား ပါဠိတော်များတွင် ရှိမရှိ သိလိုပါသည် ဘုရား။

တပည့် ဇောတ (မုဒုံ)

---

သတ်ပုံပြင်

မေးခွန်းတိုအောင် ပါဠိဂါထာကို မထည့်ဘဲ မူလရေးသူရဲ့ မြန် မာ ပြန်လောက်ပဲ ထည့်ပါတယ်။ သတ်ပုံမှားတွေကိုတော့ ပြင်လိုက်တယ်။ ခုခေတ် အွန်လိုင်း ရေးသားချက် အများစုမှာ သတ်ပုံ မှားတာကို သတိပြုမိတယ်။ “စာတမ်း ဖက်တယ်' ‘ကွန်ပျူတာ လက်ကွပ်’စတဲ့ အမှားမျိုးကို ခွင့်မလွှတ်နိုင်ပါ။ နှောင်းလူတို့ အမှားကို အမှန်လို့ ယူဆမသွားခင် ကိုယ့်ရဲ့ စာပေကို ကိုယ်တို့ပဲ ပြန်ပြီး ထိန်းရမှာပါ။

ပါဠိတော်ပါပဲ

အချို့က မိမိ သိထား သို့မဟုတ် ရထားပြီးတဲ့ စာတိုပေစကို ကျမ်းရင်းမှာ သေသေချာချာ ရှာဖွေ စစ်ဆေးတာ မလုပ်မိဘဲ မြတ်စွာဘုရား ဟောပါတယ်လို့ ရေးမှား ဟောမှား လုပ်မှားမိ တတ်တယ်။ ဓမ္မကထိက ဆရာတော်တစ်ပါးက “ခန္တာ ဘိယျော န ဝိဇ္ဇတိ = ဘုရားက သည်းခံတာဟာ အမြတ်ဆုံး တဲ့’လို့ ဟောတာကို ကြားလိုက်ရတယ်။ အမှန်က ဘုရားရဲ့ စကား မဟုတ်၊ သိကြားမင်းက မာတလိကို ပြောတဲ့စကား သာ ဖြစ်ပါတယ် (သံ၊၁၊၂၂၃)။

သူ့အဓိပ္ပာယ်လည်း လွဲနေတယ်။ “မာတလိ၊ အခြားသူ တွေက သိကြားမင်း ကြောက်လို့ သည်းခံတာလို့ ထင်ထင် မထင်ထင် သည်းခံခြင်းရဲ့ အကျိုးကို ကိုယ်ပဲ ရတာ။ သည်းခံ ခြင်းရဲ့ အကျိုးထက် သာတာ မရှိဘူး'လို့ အမှန်မှတ်ပါ။

ဘုရားဟော

ဓမ္မပဒ ပါဠိတော်မှာတော့ ဒီဂါထာကို မတွေ့မိ။ ဒါပေမယ့် သံဂါယနာ ဝန်ဆောင်တို့က အဲဒီ ဂါထာရဲ့ မူရင်းကျမ်းကို (ခု ၅၊ ၆၆)လို့ အောက်ခြေမှတ်ချက် ပေးထားပါတယ်။ ဇာတက ပါဠိ၊ ပထမအုပ်၊ စာမျက်နှာ-၆၆ ကို ရည်ညွန်းတာပါ ..

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလီဝ ယထောဒကေ။

ရဟန်းတို့၊ ကြာနှင့် ရေဖြစ်ပန်းများသည် ရေနှင့်ညွန် နှစ်မျိုး ကို အမှီပြု၍ ဖြစ်လာသကဲ့သို့ ဘဝဟောင်း၌ အတူ နေဖူး ခြင်း၊ ပစ္စုပ္ပန်တွင် အပြန်အလှန် အကျိုးစီးပွား ဆောင်ရွက် ခြင်း(ဟူသော အကြောင်းနှစ်ပါး)ကြောင့် ချစ်ခြင်း မေတ္တာ သည် ဖြစ်ပေါ်လာရ၏။

မူရင်းဘယ်မှာ

သာကေတမြို့သား ပုဏ္ဏားအို လင်မယားက သံဃာခြံရံပြီး ဆွမ်းခံကြွလာတဲ့ ရှင်တော် ဗုဒ္ဓကိုတွေ့တော့ ပျောက်ဆုံး နေတဲ့ သားကြီးကို ပြန်တွေ့ရသလို ဝမ်းမြောက် မျက်ရည် ကျကြ၊ အိမ်ကိုပင့်ပြီး အလှူကြီးပေးကြလို့ မြင်ရုံမျှနဲ့ ယင်း သို့ ဖြစ်ရသည်မှာ အဘယ်ကြောင့်ပါလဲ’လို့ ရဟန်းတွေက ... မေးလျှောက်တဲ့အခါ မြတ်ဗုဒ္ဓ မိန့်တော်မူတဲ့ ဂါထာ ဖြစ်ပါ တယ်။ ဒီဂါထာကို အောက်ပါ အတိုင်း အဓိပ္ပာယ် ဖွင့်တယ် ..

ရှေးဘဝ၌ မိဘ၊ သားသမီး၊ ညီအစ်ကို၊ မောင်နှမ၊ ဦးကြီး ဦး လေး၊ ဒေါ်ကြီး ဒေါ်လေး၊ ဇနီး ခင်ပွန်း၊ သူငယ်ချင်း၊ မိတ် ဆွေအဖြစ်နဲ့ အတူတကွ နေထိုင်ခဲ့ဖူးခြင်းနှင့် ယခုဘဝ အ ချင်းချင်း အပြန်အလှန် အကျိုးကို ဆောင်ရွက်ခြင်းဟူသော အကြောင်း နှစ်ပါးကြောင့် ပေမ(ချစ်ခြင်း) မည်သည် ဖြစ်ရ ၏ (ဇာ၊ဋ္ဌ၊၂၊၂၁၆)’။

ဒီအထိ ဖတ်ပြီးရင် ဒီဂါထာဟာ ဗုဒ္ဓနှုတ်ထွက် ဖြစ် ကြောင်း အဖြေပေါ်ပြီ။ ဒါပေမယ့် ..

အချစ်ဒဿနလော

‘ချစ်သူနှစ်ဦး’‘ချစ်သူမောင်နှံ’ဆိုတဲ့ မေးခွန်းဖော်ပြပုံအရ အချစ်ဒဿနလိုလို ဖြစ်နေတယ်။ ရှင်တော် ဗုဒ္ဓရဲ့ နှုတ်တော်နဲ့ ဒါမျိုးကို မြွက်ဟတယ်လို့တော့ မယူဆရဲဘူး။ သာကေတ ဇာတ်တော်က မေတ္တာပါရမီနဲ့ မိဘလုပ်ကျွေးခြင်း မင်္ဂလာကို ဖော်ညွန်းတာပါ။ ချစ်သူနှစ်ဦး အတွက်ကိုသာ ရည်ရွယ်တာ မဟုတ်ဘူး။ လူအချင်းချင်း မြင်ရုံကြားရုံနဲ့ ချစ်ကျွမ်းဝင်ရတာ ဟာ ‘အတူပြုဖူး ရှေးကုသိုလ်ထူး ရှိလို့’ဆိုတာလောက်ပါပဲ။

ပါဠိတော် စကားတွေကို ရှင်းပြတဲ့အခါ မြတ်ဗုဒ္ဓရဲ့ မူလ ရည်ရွယ်ရင်း အာဘော် ပျောက်မသွားဖို့၊ အရိုးကို အရွက်ဖုံး မသွားဖို့ အရေးကြီးပါတယ်။

စက်တင်ဘာ ၁၇၊ ၂ဝ၁၉။

---

မှတ်ချက်များ

ဂါထာက ပါဠိတော်ဆိုရင် ပါဠိတော်ဆိုရင် ဇာတက၊ ဇာတက၊ အဋ္ဌကထာဆိုရင်တော့ ဓမ္မပဒဝိနည်း-စသည် ကျမ်းတော်တော် များများမှာ ပါပါ တယ်။ ဟောကြားသူ ဆရာတော်သည် ဓမ္မပဒအဋ္ဌကထာ ကို ဖတ်ဖူးလို့ ထင်သည်။
အရှင်ပညာသိရိ

ပါဠိတော်မှာ တိုက်ရိုက်လာရင် ဘုရားရှင် ဟောတော်မူတာ လို့သုံးပြီး အဋ္ဌကထာ စကားဆိုရင်တော့ အဋ္ဌကကထာ ဆရာ မိန့်တယ်လို့ ဆိုရမှာပေါ့။ ရေးသားသူဟာ ပါဠိတော် စကားနဲ့ အဋ္ဌကထာစကားကို ရောနေတာ ဖြစ်ပါလိမ့်မယ်။ ဘုရားရှင်က ဓမ္မပဒမှာ မိန့်ထားခဲ့ပါတယ်’လို့ သူရေးထား တယ်လေ။ မေးသူက ဒါကို မကြိုက်တာ ဖြစ်မယ်လို့ နား လည်ပြီး ဒီအဖြေကို ရေးခဲ့တာပါ။

“ဘုရားရှင်က ဇာတကပါဠိတော်မှာ မိန့်ပါတယ်'၊ ဒါမှမဟုတ် “ဘုရားရှင် မိန့်ပါတယ်’ဆိုရင် ဒီမေးခွန်း မဖြစ်လာနိုင်ဘူးလို့ ထင်ပါတယ်။
အရှင်ကေလာသ

၇၇၇။ ငရဲထိန်းတို့ ငရဲမီးမပူ

ဘုန်းဘုန်း ဘုရား၊ ငရဲပြည်မှာ ငရဲထိန်းများ ရှိသည်ဟု ကြားဖူးပါသည်။ ဘုရားတန်ဆောင်းရှိ ပန်းချီကား သရုပ်ဖော်တွေ မှာလည်း တွေ့ဖူးပါသည်။ ထိုငရဲထိန်းများကိုကျတော့ အလွန် အပူရှိန် ပြင်းလှသည်ဆိုသော ငရဲမီးအပူ ဟပ်မဟပ် သိလိုပါသည် ဘုရား။
မေနွယ်ဝင်း (ဓမ္မစကူးလ်)

---

ငရဲဟူသည်

လက်ရှိ ခန္ဓာဟာ ယခင်ခန္ဓာဟောင်း တစ်ခုရဲ့ ကိုယ်နှုတ် စိတ် လုပ်ဆောင်မှု သုံးခုကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက် ဖြစ်ပြီး ဒီခန္ဓာရဲ့ ကောင်းဆိုး အခြေအနေဟာ အဲဒီသုံးခု အ ပေါ် တည်မှီခဲ့ကြောင်း ဗုဒ္ဓဝါဒီတို့ ယုံကြည်တယ်။ ငရဲဆိုတာ ခန္ဓာဟောင်းမှာ ပြုမိတဲ့ ဆိုးပြစ်အတွက် ပေးဆပ်ရတဲ့ ဘုံ ဌာန၊ သို့မဟုတ် ဆိုးပြစ်ရဲ့ အကျိုးဆက် အနေနဲ့ ဖြစ်ရတဲ့ ခန္ဓာသစ်ရဲ့ တည်နေရာပါ။ ဒီဌာနအကြောင်း ကျမ်းဂန် ဖော် ပြချက်အချို့ကို လေ့လာရင်း အဖြေပေါ်သွားပါလိမ့်မယ် ..

နှုတ်ဆိတ်လို့

“ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ငရဲသို့ ရောက် သော သတ္တဝါတို့ကို မြင်တော်မူ၏။ လူ့ဘဝ၌ မကောင်းမှုကို ပြုသောကြောင့် ငရဲသို့ ရောက်လာသူအား ငရဲထိန်းတို့က ယမမင်းထံ ခေါ်သွား၏။ ယမမင်းသည် ထိုသူအား စစ်ဆေး ပြီး အပြစ်ရှိသဖြင့် သင်ပြုသည့် အကုသိုလ်ကို သင်သာလျှင် ခံရလိမ့်မည်ဟုဆိုပြီး ဆိတ်ဆိတ်နေစဉ် ငရဲထိန်းတို့က ထိုသူ အား မဟာငရဲသို့ ပို့လိုက်ကြ၏။ ထိုသူသည် အကုသိုလ်ကံ အကျိုးပေး မကုန်သရွေ့ ထိုငရဲ၌ ခံနေရ၏ (မ၊၃၊၂၁၆)'။

လူဖြစ်ချင်သူ

ယမရာဇသုတ် (အံ၊၁၊၁၄ဝ)အရ ယမမင်းဟာ အကုသိုလ် ကြောင့် ငရဲသို့ ရောက်လာသူတွေကို ကြည့်ရင်း ‘ငါသည် လူ့ ဘဝကိုရပြီး ဗုဒ္ဓဘုရား ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတ ရားကို ကြားနာရလို့ တရားထူးကိုရရင် သိပပ်ကောင်းမှာပဲ လို့’ အကြံပေါ်ဖူးပါသတဲ့။ အဲဒီလို ယမမင်း အကြံဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာ သူများ အပြောကြောင့် သိတာမဟုတ်ဘဲ ကိုယ်တိုင် (သဗ္ဗညုတဉာဏ်နဲ့) သိမြင်ပြီး မြွက်ဆိုတယ်လို့ လည်း အဲဒီသုတ်မှာ မိန့်ပါတယ်။

ဒီပါဠိတော်တွေအရ ငရဲဘုံနဲ့ ယမမင်းဆိုတာဟာ ဘု ရားဟော ဖြစ်ကြောင်း နားလည်ဖို့ ရည်ရွယ်ပါတယ်။

ယမမင်း

“ယမမင်းဟူသည် (စတုမဟာရာဇ် နတ်မျိုးဝင်) ဝေမာနိက မျိုး ပြိတ္တာမင်းဖြစ်၏။ ရံခါ နတ်ဗိမာန်၌ စည်းစိမ်ခံစားရပြီး ရံခါ မကောင်းကျိုးကို ခံစားရ၏။ တရားစောင့်သော မင်း ဖြစ်၏။ (ငရဲဘုံသို့ ဝင်ပေါက်)လေးခုတွင် ယမမင်း တစ်ဦးစီ ရှိ၏ (မ၊ဋ္ဌ၊၄၊၁၈၃)’။ ‘မိဿကကုသိုလ် (ဥပမာ ခိုးပြီး အလှူ ပေးခြင်း)ကြောင့် ယမမင်းဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရားအားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏ (အံ-ဋီ၊၂၊၁၁၄)’။

သူ့မျက်လုံး

“သိကြားမင်း၏ ဝဇိရ(စိန်)လက်နက်၊ ဝေသဝဏ်နတ်မင်း ၏ သန်လျက် လက်နက်၊ ယမမင်း၏ (ဒေါသဖြင့် ကြည့်လျှင် ပြာကျစေနိုင်သော) မျက်လုံးလက်နက်၊ အာဠဝကဘီလူး၏ ဘွဲ့ဖြူလက်နက်ဟု လက်နက်ကြီး လေးမျိုးရှိ၏ (သံ၊ဋ္ဌ၊၁၊၂၉၆)’။ ယမမင်းရဲ့ မျက်လုံးက ထိတဲ့နေရာကို ပြာကျသွား စေတဲ့ ခုခေတ် လေဆာလက်နက်လိုများ ဖြစ်လေမလား။

ငရဲထိန်း

ငရဲဘုံ၌ နှိပ်စက်မှုများ ရှိသောကြောင့် နှိပ်စက်သူ ငရဲထိန်း များ ရှိ၏ (အဘိ၊၄၊၄၃၀)။ လူလောကမှာ နှိပ်စက်သည့် သူသတ်သမား အာဏာပါးကွက်သား ရှိသကဲ့သို့ ငရဲဘုံ၌ ငရဲ ထိန်းများရှိ၏ (မ၊ဋ္ဌ၊၄၊၁၆၄)။ ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီး နှိပ်စက်ကလူ မပြုနိုင် (သံ-ဋီ၊၂၊၈၆)။

ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေအရ ငရဲထိန်းနှင့် ပတ် သက်ပြီး ဤမျှသာ သိရတယ်။ ယင်းတို့ရဲ့ အကြောင်း မြန်မာ ပညာရှိတို့ မိန့်ဆိုပုံ နှစ်မျိုး မှတ်သားရတယ် ..

အယူအဆ ၁

ဋီကာကျော်အဖွင့် မဏိသာရမဉ္ဇူသာဋီကာ (ပါဠိဘာသာ)နဲ့ ဇာတ်ဝိသောဓန (မြန်မာဘာသာ)ကျမ်းတွေကို ရေးသားတဲ့ အင်းဝခေတ် အရှင်မဟာအရိယဝံသရဲ့ အလိုအရ .. “ငရဲထိန်းတို့ကား ငရဲသူ မဟုတ်။ ရက္ခိုက်ဘီလူးမျိုး ဟူ၏။ ငရဲသူ မဟုတ်ဘဲ ငရဲမီးပူကို ခံချိတုံအံ့လော ဟူအံ့၊ ငရဲမီးပူ မနှိပ်စက်နိုင်သည်ဖြစ်၍ ငရဲသူကို ညှဉ်းဆဲရအံ့သော ကံ ကြမ္မာဖြင့် ငရဲထိန်းဟု ဖြစ်သတည်း။ ကမ္မဝိပါကော အစိန္တေယျော (ကံအရာ မကြံရာ)ဟု ဒေဝဒူတဋီကာ (မ၊ဋီ၊၃၊၃၆ဝ။ အံ-ဋီ၊၂၊၁၁၂)၎င်း ဆို၏။ ငရဲထိန်းတို့ မကောင်းမှု ဖြစ် မဖြစ်ကိုကား မဆို။

ငါတို့အလိုကား မကောင်းမှုကား ဖြစ်၏။ ငရဲသူ သတ္တဝါ တို့သည် ဂုဏ်မရှိသော သတ္တဝါ ဖြစ်၍သာလျှင် မဟာသာဝဇ္ဇ (အပြစ်ကြီး) မဖြစ်သည် ဟူလို၏။ ယမမင်းအား မကောင်းမှု ဖြစ်ပါတန်၏တကား ဟူအံ့၊ မေး၍မဆိုလျှင် တုဏှိဘော (ဆိတ်ဆိတ်) နေဘိရကား မကောင်းမှု ရှိပါ၏ မဟူပေအပ်။ ငရဲထိန်းတို့သာ မကောင်းမှု ဖြစ်သည်ဟု ငါတို့အလို (ဇာတ် ဝိသောဓနကျမ်း၊ ပေမူ၊ ခီ-ခု)'။

နားလည်မှု ၁

ဒီစာအလို ငရဲထိန်းဟာ ရက္ခိုက် ဘီလူးမျိုး၊ ငရဲသားနဲ့ အမျိုး ဇာတ်မတူ။ ငရဲသားကို နှိပ်စက်ရမယ့်ကံနဲ့ ဖြစ်လာလို့ ယင်း တို့ကို ငရဲမီးပူ မဟပ်နိုင်။ မြွေပါကို အဆိပ်ပြင်းတဲ့ မြွေတွေ သေအောင် မကိုင်နိုင်သလို ဖြစ်မယ်။

နားလည်မှု ၂

အမိန့် မချမှတ်ခဲ့လို့ ယမမင်းမှာ အပြစ်မရှိ။ ငရဲသားတွေကို နှိပ်စက်လို့ ငရဲထိန်းတို့မှာ အကုသိုလ် ဖြစ်တယ်။ ဒါပေမယ့် ငရဲသားဟာ အဟိတ်ပဋိသန္ဓေနေလို့ တိရစ္ဆာန်အဆင့်သာ ရှိ တဲ့အတွက် သီလပညာရှိသူကို သတ်တာလောက် အပြစ်မ ကြီး လေးဘူး'လို့ နားလည်ရတယ်။

ဝါဒကွဲတစ်ခု

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ရဲ့ အလိုအရ ငရဲထိန်းတွေ လည်း ဝေမာနိက ပြိတ္တာမျိုးပါပဲ။

“ငရဲထိန်းများလည်း ယမမင်းနှင့် အမျိုးဇာတ် တူ၏။ ငရဲမီး ဟူသည် ကံကြောင့်ဖြစ်သော ဥတုဇရုပ်ဖြစ်၍ ငရဲခံရမည့် သူ များသာပူပြီး ငရဲထိန်းများမှာမူ ပူလောင်ခြင်း မရှိ။ အကု သိုလ် နည်းနည်းဖြင့် ငရဲသို့ ရောက်လာသူများကိုသာ စစ် ဆေးခြင်း ဖြစ်၏ (သင်္ဂြိုဟ်ဘာသာဋီကာ၊ စာ-၂၈၄)။

ကျမ်းညှိခြင်း

ဝါဒကွဲဆိုပေမယ့် အဓိပ္ပာယ်တူတယ်။ ဝေမာနိကပြိတ္တာထဲမှာ ရက္ခိုက်ဘီလူးမျိုးတွေ ပါဝင်တာပဲ။ ပိယင်္ကရမာတာ ဘီလူးမ ဟာ ဝေမာနိကပြိတ္တာမျိုး (သံ၊ဋ္ဌ၊၁၊၂၈၃)။ ဒါကြောင့် ယမ မင်းနဲ့ ငရဲထိန်းတို့ဟာ စာတုမဟာရာဇ်နတ်ဝင် ဝေမာနိက ပြိတ္တာမျိုးဖြစ်ပြီး အဟိတ်၊ ဒွိဟိတ်၊ တိဟိတ်ပဋိသန္ဓေ နေခွင့် ရှိသူတွေ။ ငရဲသားတွေကတော့ အပါယ်ပဋိသန္ဓေပဲ နေသူ တွေဖြစ်လို့ အဲဒီဘဝမှာ မဂ်ဖိုလ်ကို မရနိုင်။

ငရဲမီးပူ မဟပ်နိုင်တဲ့ အကြောင်းပြချက်လည်း အခြေခံ အရ ဆရာတော်ကြီးနှစ်ပါးရဲ့ ယူဆပုံ တူပါတယ်။

ခြားနားချက်

ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှ ပြန်ပေါ်မလာတော့ တဲ့ ထာဝရငရဲ မရှိပါဘူး။ ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကု သိုလ်ကြောင့် ယာယီပေးဆပ်ရတဲ့ ဘဝတစ်ခုသာ ဖြစ်ပြီး ငရဲ ကနေ လူ့နတ်ဘဝတွေကို ပြန်ရောက်ပြီး တရားအားထုတ် ခွင့်ကြုံလို့ မဂ်ဖိုလ်ကို ရနိုင်ပါသေးတယ်။ ဒါဟာ ခွင့်လွှတ် ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းဝပ်နေတဲ့ အင်မတန် လှပတဲ့ ဗုဒ္ဓဒဿနပါပဲ။

စက်တင်ဘာ ၁၈၊ ၂၀၁၉။

---

မှတ်ချက်များ

ငရဲသားတွေက ဂုဏ်သိမ်သူတွေ ဖြစ်ကြပေမယ့် နှိပ်စက် ညှဉ်းပန်းရတဲ့ ငရဲထိန်းတွေရဲ့ အကုသိုလ်ကံဟာ အချိန်ကြာ တာနဲ့အမျှ တဖြည်းဖြည်း ရာဝင်အိုးပြည့်သလို သဘောမျိုး ရှိလို့ “ငရဲထိန်းဆိုတာ ငရဲသားရဲ့ အကုသိုလ် ကံအလျောက် ပေါ်လာတဲ့သူတွေ ဖြစ်လေမလား၊ ငရဲသား အပြစ်ကုန်ရင် သူတို့လည်း ကွယ်ပျောက်ကုန်တဲ့ သဘော ရှိလေမလား'လို့ စဉ်းစားမိပါတယ်။ နို့မို့ဆို ငရဲထိန်းတွေဟာ အကုသိုလ် စက် ကွင်းက လွတ်စရာလမ်းစ ပျောက်နေတဲ့ သဘောမျိုး တွေ့ နေရလို့ပါ အရှင်ဘုရား။
ကျော်သူရ

ငရဲဆိုတာ အပါယ်ဘုံဖြစ်လို့ ကုသိုလ်ပြုခွင့် အနည်းဆုံး နေ ရာပဲ။ နှိပ်စက်နေသရွေ့ အကုသိုလ်ကို စုနေမှာ။ ကျမ်းစာ အရ ငရဲထိန်းဟာ အပါယ်ဘုံသား မဟုတ်လို့ အချို့ ဆင်ခြင် တုံတရား ရှိတယ်။ အချိန် ကန့်သတ်ချက် ရှိတယ်။ ရာသက် ပန် နှိပ်စက်နေရတာမျိုးတော့ မဖြစ်နိုင်။
အရှင်ကေလာသ

---

၇၇၈။ ကျေးဇူးရှင်ဗြဟ္မာနှစ်ဦး

ဆရာတော် ဘုရား၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်စဉ်က အနောမာ မြစ်ကမ်းမှာ ပဒုမ္မာ ကြာသင်္ကန်း ကပ်လှူတဲ့ ဗြဟ္မာနှင့် လောကကို တရားဟောဖို့ တောင်း ပန်တဲ့ ဗြဟ္မာနှစ်ယောက်မှာ အတူတူလား တစ်ခြားစီလား ဘုရား၊လူသားများအတွက် ကျေးဇူးများပါသဖြင့် ထိုဗြဟ္မာ နှစ်ယောက် အကြောင်းကို သိလိုပါသည် ဘုရား။
လဲ့လဲ့နွယ်စန်း (ဓမ္မစကူးလ်)

---

ဃဋိကာရ

ဃဋိကာရဆိုတာ ကသပဘုရား လက်ထက်က အိုးလုပ်သ မားရဲ့ နာမည်။ သူက အနာဂါမ်အရိယာ။ ဘုရားဆီ မသွား လိုတဲ့ သူ့မိတ်ဆွေရင်း ဂေါတမဗုဒ္ဓ လောင်းလျာ ဇောတိပါလ လုလင်ကို ဆံပင်ဆွဲပြီး ဘုရားဆီ ခေါ်သွားဖူးတယ်။ ကဿပ ဘုရားဟာ ဃဋိကာရရဲ့ အိမ်ကိုကြွပြီး ထမင်းဟင်းကို ကိုယ် တိုင် ခူးခပ်ပြီး ဘုဉ်းပေးတာကို နှစ်သက်လွန်းလို့ ၁၅-ရက် ပီတိသုခတွေ ဖြစ်ရသတဲ့။ ကွယ်လွန်တဲ့အခါ သုဒ္ဓါဝါသဘုံမှာ ဃဋိကာရအမည်နဲ့ ဗြဟ္မာဖြစ်တယ် (မ၊၂၊၂၄၂။ မ-ဋ၊၂၊၄၂)။

ဒီဃဋိကာရ ဗြဟ္မာဟာ မိတ်ဆွေဟောင်း ဖြစ်တဲ့ ဗုဒ္ဓ လောင်းလျာ မင်းသိဒ္ဓတ် တောထွက်တဲ့နေ့ အနောမာမြစ် ကမ်းမှာ ဆံတော်ပယ်ပြီးတဲ့အခါ ပရိက္ခရာ ၈-ပါးကို လာ ရောက် ကပ်လှူတယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၃၃)။

ကြာသင်္ကန်း

ကမ္ဘာတည်ဦးစ ဗောဓိမဏ္ဍိုင် (ဗုဒ္ဓဂယာ)အရပ်မှာ ကမ္ဘာ့နိ မိတ်အနေနဲ့ ပေါက်လာတဲ့ ပဒုမ္မာကြာရုံမှာ ဗုဒ္ဓလောင်းလျာရဲ့ ပါရမီကြောင့် အသင့်ပါလာတဲ့ ပရိက္ခရာရှစ်ပါးကို ဃဋိကာရ ဗြဟ္မာက ယူလာပြီး ကပ်လှူကြာင်း (အပဒါန၊ဋ္ဌ၊၁၊၁၂၈) ဆိုတယ်။ ဒါကို ရည် ရွယ်ပြီး အမြတ်ငါးဆူကဗျာမှာ ..

‘ငါးဆူရွှေကြာ၊ နိမိတ်လာ၍၊ ငါးဖြာမြွာလျက်၊ တပင်နက် ဝယ်၊ ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက၊ ငါးစုံသင်္ကန်း၊ ကြိုင်ပျံ့ မွန်းကို၊ ငါးခန်းဘုံနေ၊ ယူတုံလေ၍ ..စသည်’လို့ စာဆို အရှင် မဟာရဋ္ဌသာရ စပ်ဆိုခဲ့ပါတယ်။

ငါးဆူရွှေကြာ

အဲဒီကမ္ဘာဦး ပဒုမ္မာကြာရုံမှာ ကြာပန်းတစ်ပွင့်ပါရင် ဒီကမ္ဘာ မှာ ဘုရားတစ်ဆူပဲ ပွင့်မယ်။ နှစ်ပွင့်ဆို နှစ်ဆူ ... စသည်။ ကြာပန်းမပွင့်ရင် အဲဒီကမ္ဘာမှာ ဘုရားမပွင့်ဘူးဆိုတဲ့ နိမိတ် ပဲ။ ဒီဘဒ္ဒကမ္ဘာမှာ ကြာရိုးတစ်ခုက အညှာငါးခုနဲ့ ငါးပွင့်ပါလို့ ဘုရားငါးဆူပွင့်မယ်။ (ကြာရုံငါးခုက ငါးပွင့်ပွင့်တာ မဟုတ်။) ယခု ၄-ဆူ ပွင့်ပြီး တစ်ဆူပွင့်ဦးမယ်လို့ ဒီဃနိကာယ် အဋ္ဌကထာ(ဒီ၊ဋ္ဌ၊၂၊၅)မှာ ဆိုတယ်။ ကြာပန်းပွင့် မပွင့်သာဆိုပြီး ကြာပွင့်မှာ ပရိက္ခရာရှစ်ပါး ပါတယ်လို့တော့ မဆိုဘူး။

ပံသုကူလော

ဖော်ပြပါ အပဒါန်အဋ္ဌကထာကို အမည်မသိ ရှေးမထေရ် တစ် ပါး စီရင်တယ်။ ဒီကျမ်းမှာ “ဣဒ္ဓိမယပရိက္ခရာ = ဗုဒ္ဓလောင်းလျာရဲ့ ကုသိုလ်ပါရမီကြောင့် ကမ္ဘာဦးကြာရုံကရတဲ့ သင်္ကန်း’ လို့ ဆိုပေမယ့် အရှင်မဟာဗုဒ္ဓဃောသ စီရင်တဲ့ သုတ္တနိပါတ် အဋ္ဌကထာ (သုတ္တနိ၊ဋ္ဌ၊၂၊၁၁၁)မှာတော့ “ဒေဝဒတ္တိယ ပံသုကူလစီဝရ = ဃဋိကာရဗြဟ္မာ လှူတဲ့ ပံသုကူသင်္ကန်း’လို့ ဆို တယ်။ ဒီလို ဝါဒနှစ်မျိုး ဖြစ်နေတာကို တွေ့ရတယ်။

နှစ်မျိုးလုံး

နှောင်းခေတ် အဋ္ဌကထာဆရာများ အနေနဲ့ ထိုထို နိကာယ် ဆောင်တို့ရဲ့ ယူဆပုံအတိုင်း ဖွင့်ဆိုကြတာဖြစ်လို့ ဝါဒနှစ်မျိုး လုံးကို မှတ်သင့်တယ်။ ဒါကြောင့် ဃဋိကာရဗြဟ္မာ လှူတဲ့ သင်္ကန်းဟာ ..

၁) ကမ္ဘာဦး ကြာပွင့်က ရတဲ့ ကြာသင်္ကန်းဆိုလည်း မှန် တယ်၊ သို့မဟုတ်
၂) ဃဋိကာရ ကိုယ်တိုင် ကပ်လှူတဲ့ ပံသုကူ င်္ကန်း’ဆို လည်း ငြင်းနိုင်တဲ့ သာဓက မရှိပါဘူး။

ဘယ်ဇာတိ

မုံရွေး ဇေတဝန်ဆရာတော်က ဃဋိကာရဗြဟ္မာဟာ အကနိဋ္ဌ ဘုံက လာတာဖြစ်လို့ ဒုဿစေတီလည်း အဲဒီဘုံမှာ ရှိတယ် လို့ ဆိုတယ် (သမန္တစက္ခုဒီပနီ၊ စာ-၅၇၄)။ ကျီးသဲလေးထပ် ဆရာတော်ကတော့ “အင်္ဂုတ္တုရ်ဋီကာ စသည်အရ အကနိဋ္ဌဘုံ မှာ ဒုဿစေတီ ရှိတယ်’လို့ ဆိုတယ် (စွယ်စုံကျော်ထင်၊ စာ-၁၆၇)။ ကျီးသဲကျမ်းညွန်းကိုတော့ ရှာဖွေဆဲပါ။ အဋ္ဌကထာ ကျမ်းတွေမှာ ဃဋကာရဟာ သုဒ္ဓါဝါသဘုံက လာကြောင်းကိုသာ ဆိုပြီး သုဒ္ဓါဝါသ ငါးဘုံထဲက ဘယ်ဘုံက ဆိုတာကိုတော့ အတိအကျ ဖော်ပြခြင်း မရှိ။

ယူဆနိုင်ဖွယ်

ဃဋိကာဗြဟ္မာက ဗုဒ္ဓအား အဝိဟာဘုံမှာ ဖြစ်တဲ့ ဥပကစတဲ့ ပုဂ္ဂိုလ် ၇-ယောက်အကြောင်း မေးလျှောက် (သံ၊၁၊၃၂)လို့ ဃဋိကာရဟာ အိုးလုပ်သမားဘဝက ကွယ်လွန်ပြီး သုဒ္ဓါဝါသ ငါးဘုံထဲက အဝိဟာဘုံမှာ ဖြစ်တယ်လို့ ယူဆခွင့်ရှိတယ်။ ဒါကြောင့် ဃဋိကာရဟာ အဝိဟာသုဒ္ဓါဝါသဘုံက လာခဲ့တာ။ ဒီလိုဆိုတော့ သူယူသွားတဲ့ မင်းသိဒ္ဓတ်ရဲ့ဝတ်ရုံကို ဌာပနာတဲ့ ဒုဿစေတီလည်း အဲဒီမှာပဲ ရှိမယ်။

သဟမ္ပတိ

သဟမ္ပတိနာမကေန၊ မဟာဗြဟ္မမန ယာစိတော’ဆိုတဲ့ ဓမ္မစကြာသုတ် နိဒါန်းစကားအရ သဟမ္ပတိဗြဟ္မာရဲ့ နာမည် လည်း ဗုဒ္ဓဝါဒီအများစုရဲ့ နှုတ်မှာစွဲပြီး မှတ်မိနေကြတယ်။ အမှန်တော့ ဓမ္မစကြာသုတ်ကိုပဲ ဟောဖို့ တောင်းပန်တာ မ ဟုတ်။ ဘုရားဖြစ်ခါစ မြတ်ဗုဒ္ဓဟာ “ငါ့တရားက အဆန် တရား၊ လောကကြီးကား ကန်းစွ’လို့ စိတ်ထဲ ဆင်ခြင်နေတာ ကို သိလို့ လောကကို တရားဟောကြားဖို့ လာလျှောက်တာ။ ဒီဗြဟ္မာရဲ့ ဇာတိကတော့ ..

သူက ကသပဘုရား လက်ထက်က သဟက အမည် ရတဲ့ ရဟန်းဖြစ်ပြီး .. ဒီဘုရားရဲ့ သာသနာမှာ ပထမဈာန်ကို ရတဲ့အထိ တရားအားထုတ်၊ ပျံလွန်တော့ ပထမ ဈာန်ဘုံမှာဖြစ်တယ် (သံ၊ဋ္ဌ၊၁၊၁၈၂)။ တစ်နည်း ဒီဘုရားလက်ထက် အနာဂါမိဖိုလ်ကို ရပြီး သုဒ္ဓါဝါသဘုံမှာ ဖြစ်တယ် (သုတ္တနိ၊ဋ္ဌ၊၂၊၁၉၆) ။ ဒီမှာလည်း ဝါဒနှစ်မျိုး .. ပထမဈာန်ဘုံသား၊ သို့ မဟုတ် သုဒ္ဓါဝါသဘုံသား။

အဖြေ

ကြာသင်္ကန်းလှူတဲ့ ဗြဟ္မာက မြတ်ဗုဒ္ဓရဲ့ မိတ်ဆွေဟောင်း ဃဋိကာဗြဟ္မာ၊ လောကကို တရားဟောဖို့ တောင်းပန်တဲ့ ဗြဟ္မာက သဟမ္ပတိ ဖြစ်လို့ ထိုနှစ်ဦး မတူပါကြောင်း။
စက်တင်ဘာ ၂ဝ၊ ၂ဝ၁၉။

---

၇၇၉။ သရဏဂုံတည်ရုံနဲ့

ဘုန်းကြီး ဘုရား၊ သရဏဂုံတည်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် အွန်လိုင်း ရေးသားချက်တစ်ခု၌ ‘ဧတံ ခေါ သရဏံ ခေမံ” စ သော ပါဠိဂါထာကို ကိုးကားပြီး “သရဏဂုံဟာ ဘေးရန် ကင်း စေတယ်၊ သရဏဂုံတည်ရုံမျှနဲ့ တရားကို အထူးအား မထုတ် ဘဲ မဂ်ကိုရစေနိုင်တယ်'ဟု ဆိုပါသည်။ သရဏဂုံ တည်ရုံမျှနဲ့ မဂ်ကို ရစေနိုင်ပါသလား ဘုရား။
အရှင်သုဝီရ

---

မူရင်းအဓိပ္ပာယ်

ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။ ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ (ဓမ္မပဒ၊ ၁၉၂-ဂါထာ)။

ဒီဂါထာရဲ့ အဓိပ္ပာယ်က “ဤရတနာသုံးပါးကို ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း ဖြစ်၏။ မွန်မြတ် သောကိုးကွယ်ခြင်း ဖြစ်၏။ ဤရတနာသုံးပါးကို ကိုးကွယ် ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏'လို့ ဖြစ်ပါတယ်။

တောတွေ တောင်တွေကို ကိုးကွယ်နေကြတဲ့ ရသေ့တွေ ကို အကြောင်းပြုပြီး မြတ်ဗုဒ္ဓက လူတွေဟာ ကြောက်ရွံ့ ထိတ်လန့်ကြလို့ တောတောင်၊ အရံ၊ သစ်ပင်၊ နတ်ကွန်း စတာတွေကို ကိုးကွယ်ကြကြောင်း၊ ယင်းတို့မှာ ကိုးကွယ်ရာ အစစ် မဟုတ်၊ ဆင်းရဲငြိမ်းရန် မဟုတ်ကြောင်း ဟောတော် မူပြီးနောက် ဘုရားတရား သံဃာဆိုတဲ့ ရတနာသုံးပါးကို ကိုး ကွယ်မှသာ ဘေးကင်း မွန်မြတ်ပြီး ဆင်းရဲခပ်သိမ်း ငြိမ်း ကြောင်း ဟောတော်မူလိုတာ ဖြစ်ပါတယ်။

အဖြေ

ရတနာသုံးပါးကို ကိုးကွယ်ရင် တစ်နည်း သရဏဂုံတည်ရင် မွေးခြင်း အိုနာသေခြင်းစတဲ့ ဆင်းရဲအပေါင်းမှ လွတ်မြောက် နိုင်ကြောင်း ဆိုလိုပါတယ်။ ဒါပေမယ့် တရားကို အထူး အား ထုတ်စရာ မလိုဘဲ သရဏဂုံ တည်ရုံမျှနဲ့ မဂ်ဖိုလ် ဉာဏ်ကို ရနိုင်တယ်လို့တော့ မဆိုလိုပါဘူး။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အဲဒီလို အဓိပ္ပာယ်မျိုး မဆိုနိုင်ပါဘူး။ ဒါကြောင့် ဖော်ပြပါ ဂါထာကို ကိုးကားပြီး ‘သရဏဂုံတည်ရုံနဲ့ အထူး တ ရားအားမထုတ်ဘဲ မဂ်ဖိုလ်ဉာဏ်ကို ရတယ်လို့ မဆိုနိုင် ကြောင်း ချွင်းချက်မဲ့ မှတ်သားပါ။
အောက်တိုဘာ ၅၊ ၂၀၁၉။

---

၇၈ဝ။ ရဟန်းနဲ့ ဘွဲ့ယူဝတ်စုံ

ဘုန်းကြီး ဘုရား၊ တပည့်တော် ၄-နှစ်တိုင်တိုင် ကြိုးစား၍ ရခဲ့သော Ph.D ဘွဲ့အတွက် ဘွဲ့နှင်းသဘင်ကို တက်ချင် နေပါ သည်။ အခမ်းအနား တက်မည်ဆိုပါကလည်း ဘွဲ့ဝတ်စုံကို မဝတ်မနေရ သတ်မှတ်ချက် ရှိနေပြန်ရာ ရဟန်းဘဝနဲ့ ဘွဲ့ ဝတ်စုံကို မအပ်စပ်ဘူးလို့ ယူဆတဲ့အထဲမှာ ရဟန်းဒကာမ တွေလည်း ပါဝင်နေသဖြင့် ချီတုံချတုံ ဖြစ်နေပါသည် ဘုရား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုန်းကြီး၏အမြင်ကို သိပါရစေဘုရား။
အရှင်တေဇာလင်္ကာရ (ဘန်ကောက်)

---

ရိပ်သာဆရာမို့

ညီအစ်ကိုလို ခင်မင်ရင်းနှီးတဲ့ ဒေါက်တာဘွဲ့ရ ဆရာတော် တစ်ပါးက “တပည့်တော်ရဲ့ ကျမ်းကို ကြီးကြပ်ခဲ့ကြတဲ့ ဆရာ ဆရာမတွေ (အနောက်တိုင်းသား အများစု)က တပည့်တော် ကို ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ဖို့ တိုက်တွန်းကြ တယ်။ ကိုယ်တိုင် ကြိုးစားထားရတာ ဖြစ်လို့ တက်ချင်တာ ပေါ့။ ဒါပေမယ့် ကိုယ်က ရိပ်သာမှာ တရားပြနေသူဆိုတော့ ဆင်ခြင်ရတယ်လေ။ အပြစ်ပြောချင်သူတွေက မျက်စိ ဒေါက် ထောက် ကြည့်နေကြတာ။ ဒါနဲ့ နားလည် မပေးနိုင်သူတွေ အကုသိုလ် မဖြစ်အောင်ဆိုပြီး ကိုယ့်ရဲ့ဆန္ဒကို မျိုသိပ်ထား လိုက်ရတယ်'လို့ လွန်ခဲ့တဲ့ ၁၅-နှစ်ခန့်က မိန့်ဖူးတယ်။

တစ်ခါတစ်ရံမှာ ဘဝပေး အခြေအနေအရ အဲဒီလို ဆန္ဒ ကို အလျှော့ပေးရတာမျိုး ရှိနိုင်ပါတယ်။ အလွန် သင့်မြတ်ပါ တယ်။ ဒါပေမယ့် ..

အတွေ့အကြုံ

ဘုန်းကြီး နယူးယောက်ကို ပထမအကြိမ် ရောက်စဉ်က မ အေးလွန်းတဲ့ မတ်လ။ တစ်နေ့မှာ မြို့ပတ်ရထားတွေ စီး တတ်အောင်လို့ သင်္ကန်းရုံပြီး ဟန်တစ်ခွဲသားနဲ့ တစ်ဦး တည်း မြေအောက်ရထား သွားစီးတယ်။ ကျောင်းဆင်းချိန် ကျောင်းဝတ်စုံနဲ့ အလယ်တန်းအရွယ် လူမည်းလေး တစ် သိုက်နဲ့ သွားတိုးလို့ ဗျိုင်းကို ကျီးကန်းဝိုင်းထားသလို ဖြစ်ဖူး တယ်။ သင်္ကန်းကို ဝိုင်းဆွဲကြတယ်။ နမတ်စတေး လုပ်သူ တွေပါသလို ရိုင်းတဲ့ကောင်တွေလည်း ပါတယ်။ နောက်ဆုံး အန္တရာယ် မကင်းဘူးလို့ ခံစားမိတာနဲ့ ဘူတာကြီး (တိုင်းမ် စကွဲယား)ကို မရောက်ခင် ဆင်းပြေးခဲ့ရတယ်။

နောင်အခါ အပြင်ထွက်ရင် ကုတ်အကျီကို ခြုံတယ်။ ဒီ တော့ တစ်နေ့တစ်နေ့ လူပေါင်းများစွာ အသုံးပြုတဲ့ ထိုင်ခုံ မှာ ထိုင်ရပေမယ့် နိသီဒိုင်ကို ခင်းထိုင်ရသလို သင်္ကန်း မညစ် ပတ်တဲ့ပြင် ပိုပြီးလုံခြုံတယ်လို့ ခံစားရတယ်။ ဒီလို ပတ်ဝန်း ကျင်မှာ နေဖူးမှ ဒါမျိုးကို အပြည့်အဝ နားလည်နိုင်မှာပါ။

သေမှာပေါ့တဲ့

နိုင်ငံတော်သံဃမဟာနာယက မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်သိရိန္ဒာဘိဝံသ (ပျံလွန်) ဆောင်းရာသီ နယူးယောက် မြို့ကိုရောက်စဉ် သင်္ကန်းပေါ်က ကုတ်အင်္ကျီရှည်ကို ဝတ်လို့ ဒကာတစ်ဦးက 'မြတ်စွာဘုရားဟာ အလွန် အေးတဲ့ ရာသီမှာ နှစ်ထပ်သင်္ကန်းကြီးနဲ့ ကိုယ်တိုင် နေကြည့်ပြီးမှ အအေးဒဏ် ကို ခံနိုင်လို့ ရဟန်းတွေကိုလည်း သင်္ကန်းသုံးထည် ခွင့်ပြု ကြောင်း မှတ်ဖူးပါတယ်။ ကုတ်အင်္ကျီ မဝတ်ရင် မရဘူးလား” လို့ မေးပါသတဲ့။ ဆရာတော်က 'ရပါတယ်’တဲ့။ ‘မဝတ်ဘဲ နေ ရင် ဘာဖြစ်မလဲ'လို့ ဆက်မေးတော့ ဆရာတော်က ‘မဝတ်ဘဲ နေရင် သေမှာပေါ့'လို့ မိန့်ပါသတဲ့။

ဆရာတော် အများစု အမေရိကလို အေးတဲ့နိုင်ငံကို သာ သနာပြုကြွရင် ခြေအိတ်၊ အင်္ကျီလက်ရှည်တို့ ဝတ်တော်မူကြ ပါတယ်။ ပင့်လျှောက်သူတို့ တာဝန်မပိုအောင် ကျန်းမာရေး ကို အထူးဂရု စိုက်ရပါတယ်။

အရေးကြုံရင်

မင်းဘေး၊ အငတ်ဘေး၊ ခရီးကြမ်း၊ ရောဂါ၊ ရန်သူ၊ တစ်ခုခု လုပ်ခံရမှာကို ကြောက်ရ-စတဲ့ အကြောင်းကြောင့် ဥပဇ္ဈာယ် ဆရာမရှိဘဲ ကိုယ့်ဟာကိုယ် သင်္ကန်းကို ဝတ်ရုံပြီး ရဟန်း အသွင်ကို ဆောင်ရပေမယ့် သာယာခြင်းမရှိဘဲ စိတ်ထဲ သန့် ရှင်းနေသမျှ အသွင်ခိုးခြင်းအပြစ် မဖြစ်ဘူးလို့ ကျမ်းဂန်မှာ ဆိုပါတယ် (ကင်္ခါ၊ဋ္ဌ၊၁၄၅)။ ဒါတော့ အန္တရာယ် ကင်းအောင် လို့ သင်္ကန်းကို ဝတ်ပြီး ခိုလှုံတာ။ (အင်း .. ဆော်ဒီလို နိုင်ငံ တွေနဲ့တော့ တကယ့် ပြောင်းပြန်ကြီး။)

ထောင်ကျဖူးတဲ့ သံဃာတွေ ထောင်ဝတ်စုံနဲ့ ရင်းနှီးကြ ပါတယ်။ ဟုတ်ပါတယ် .. ထောင်စည်းကမ်းအရ အတင်း ဝတ်ခိုင်းလို့ မဝတ်ဘဲနေရင် နှိပ်စက်ခံရမှာမို့ မိမိ ဆန္ဒမပါဘဲ သင်္ကန်းကို ချွတ်ပြီး ထောင်ဝတ်ကို ဝတ်ရတာ။

ဒီသဲလွန်စနဲ့

မိမိစိတ်ထဲ သန့်ရှင်းနေသမျှ (ယာဝ သော သုဒ္ဓမာနသော)' နဲ့ ‘ဆန္ဒမပါခြင်း’ဆိုတဲ့ သဲလွန်စတွေအရ အရေးကြုံချိန် သို့ မဟုတ် အခြေအနေအရ သင်္ကန်းကို ဝတ်ခြင်း မဝတ်ခြင်း လုပ်ပေမယ့် မိမိစိတ်ထဲ သန့်ရှင်းနေသမျှ အပြစ်မကြီးဘူးလို့ ဆိုချင်တာပါ။ လူဝတ်လဲပြီး ကျောင်းတက်တာမျိုးတော့ ခွင့် မလွှတ်ပါဘူး။ ဘွဲ့ဝတ်စုံကို သင်္ကန်းအပေါ်က ခဏတဖြုတ် ခြုံတဲ့ကိစ္စမှာတော့ လုပ်ချင်လို့ လုပ်ပေမယ့် လူထွက်ဖို့ဆန္ဒနဲ့ လုပ်တာ မဟုတ်လို့ နားလည်ပေးနိုင်ပါတယ်။ မိုးရာသီမှာ မိုး ကာအင်္ကျီခဏခြုံသလို၊ ဆောင်းရာသီမှာ ညအိပ်ရင် သင်္ကန်း ပေါ်က စောင်ခြုံသလို သဘောထားနိုင်ပါတယ်။

အလဇ္ဇီလော

ဒီဝတ်ရုံကြီးက လူမြင်ကွင်းမှာ ရဟန်းနဲ့ မအပ်စပ်ပါဘူး။ လူ တွေနဲ့လည်း တူနေတယ် (သေယျထာပိ ကာမဘောဂိနော)။ ဘွဲ့ယူ အခမ်းအနား တက်ချင်စိတ်နဲ့ ဒီမအပ်တာကြီးကို အ သုံးပြုမိလို့ ဒုက္ကဋ် အာပတ်တော့ သင့်ပါလိမ့်မယ်။ ဒုက္ကဋ် အာပတ်ဆိုတာ အာပတ်ခုနစ်မျိုးအနက် ဒေသနာကြားပြီး ကုစား ရင် ပြေပျောက်နိုင်တဲ့ အပြစ်အသေးဆုံး အာပတ်မျိုးပါ။ သူ သူ ကိုယ်ကိုယ် ရဟန်းမှန်းရင် ဒုက္ကဋ်အာပတ်တော့ မကင်းပါ ဘူး။ ဓမ္မကို သံပြိုင်ပို့ချမိရင်ပဲ ဒီထက် အပြစ်ကြီးတဲ့ အာပတ် က သင့်နေပြီ။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဘွဲ့ဝတ်စုံ နဲ့ ဘွဲ့နှင်းသဘင် တက်ရုံမိနဲ့ မဂ်ဖိုလ်ကို မတားမြစ်ပါဘူး။

ညှိုးနွမ်းစေသူ

ဘုန်းကြီးဝတ်နဲ့ ဒီလိုလုပ်တာဟာ အများအမြင်မှာ ကဲ့ရဲ့စရာ ဖြစ်လို့ သာသနာကို ညှိုးနွမ်း စေတယ်ဆိုတဲ့ အမြင်မျိုးကို ဘုန်းကြီးတော့ မကြိုက်နိုင်ပါ။ ပညာရေးကို အားပေးသူ အ များစုတော့ ရဟန်းတစ်ပါးဟာ အမှန်တကယ် မိမိကြိုးစားလို့ ရရှိတဲ့ Ph.D လို ဘွဲ့အတွက် ကောင်းစွာ ရုံထားတဲ့ သင်္ကန်းရဲ့ အပေါ်က ဘွဲ့ဝတ်စုံကို အချိန်ပိုင်းမျှ ခြုံတာဟာ သာသနာကို မညှိုးနွမ်းစေတဲ့အပြင် ဂုဏ်တောင် တက်စေတယ်လို့ ဆိုမှာ ပါ။ အမေရိကလို နိုင်ငံက Ph.D ဘွဲ့ရတဲ့ သီရိလင်္ကာရဟန်း အရေအတွက်ဟာ မြန်မာရဟန်းတွေထက် ပိုများတယ်။ ဒီ အထဲ တိဗက် ရဟန်းတွေက အများဆုံးပဲ။

ဟုတ်ပြီ .. ပရိယတ္တိ စာမေးပွဲကြီတွေလည်း အောင်မြင် တော်မူထားတယ်။ ကျောင်းတိုက်ကြီးမှာလည်း စာပေပို့ချ နေ၊ ဒါမှမဟုတ် စာသင်တိုက်ကြီး ထောင်ထားတယ်။ ဒါပေ မယ့် ကြည်ညိုသူကို အကြည်ညို ပျက်စေတဲ့ ပြောဆို ရေး သားခြင်းမျိုးကို လုပ်တာလောက် ဆိုးပါ့မလား။

ဒီနေရာမှာ The Seekers's Glossery of Buddhism (p. 463) စာအုပ်မှာ ဖော်ပြတဲ့ မဟာယာနဘက်က ထေရဝါဒ ကို မြင်တဲ့ ပုံပြင်တစ်ခုကို ဖတ်ကြည့်ပါ (မဟာယာနဆိုတာနဲ့ နှာခေါင်းရှုံ့ရင် သူ ့ထက် ညံ့သွားနိုင်တာကို သတိပြု) ..

မဟာယာနပုံပြင်

ရွာကြီးတစ်ရွာမှာ အဖိုးအိုတစ်ဦးနဲ့ လူငယ်တစ်ဦး ရှိတယ်။ နှစ်ဦးလုံး အင်မတန် စိတ်ထား ပြည့်ဝပြီး ရက်ရောသူတွေ။ တစ်ရွာလုံးကို ကျွေးထားနိုင်လောက်အောင် ချမ်းသာကြ တယ်။ တစ်ခါမှာ ငတ်မွတ် ခေါင်းပါးဘေးနဲ့ ကြုံလို့ နှစ်ဦး လုံးက မိမိတို့ရဲ့ ဆန်စတဲ့ အစားအစာတွေကို မျှဝေကြရာမှာ လူငယ်က အစားအစာထုပ်ကို ကျောပေါ်ရွက်ပြီး တစ်အိမ် ဝင် တစ်အိမ်ထွက် ဝေငှပေးတယ်။ အဖိုးအိုကတော့ ငါ့အိမ် မှာပဲ လာယူကြ၊ ခွက်အမျိုးအစားက ဘယ်လိုပဲ ဖြစ်ရမယ် စတဲ့ စည်းကမ်းတွေ များလွန်းလို့ အများစုက လူငယ်ဆီ မှာပဲ တောင်းကြသတဲ့။ ပုံပြင်က ဒါပါပဲ။

အနည်းဆုံးတော့ ဒီပုံပြင်က စဉ်းစားစရာ အတွေးစ တစ် ခုကို ပေးနိုင်မယ်လို့ မျှလင့်ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက ယိုးဒယားလူမျိုး ဗုဒ္ဓဝါဒီ တစ်စုကို “ခုအချိန်ဟာ နှစ်ဆယ့်တစ်ရာစု ဖြစ်တယ်ဆိုတာကို ခင်ဗျားတို့ မမေ့ကြပါ နဲ့’လို့ သတိပေးဖူးတယ်။ ဒါလောက် ဆိုရှယ်မီဒီယာ ထွန်း ကားတဲ့ခေတ်မှာ အရာရာမှာ ပွင့်လင်း မြင်သာတဲ့ တွေးမြင် ပုံမျိုး ဖြစ်သင့်ပြီလို့ ယူဆကြောင်းပါ။
အောက်တိုဘာ ၆၊ ၂၀၁၉။

---

မှတ်ချက်များ

သင်္ကန်းဆိုတာ အဓိကက ရာသီဥတုဒဏ်ကို ကာကွယ်ဖို့၊ အရှက်အကြောက်ကို ကာကွယ်ဖို့ဆိုတဲ့ မူလရည်ရွယ်ချက် ကို နားမလည်ကြဘဲ အစဉ်အလာ မြင်ရိုးမြင်စဉ်နဲ့ပဲ တိုင်း နေကြသူတို့ကို အတော် ရှင်းပြရခက်တယ် ဆရာတော်။
ဓမ္မဘေရီ အရှင်ဝီရိယ

စဉ်းစား တွေးတော ဆင်ခြင်စရာတွေနဲ့ပါ။
ကိုစိုးမင်း (Phoenix)

သံဃာတော်တွေ ယိုးဒယားက ထီးကို စပြီး ဆောင်းတုန်း ကလည်း မြင်ရိုးမြင်စဉ် မဟုတ်လို့ လူအချို့ ကဲ့ရဲ့ကြပါသေး တယ် ဘုရား။ အခု ရန်ကုန်မှာလည်းပဲ သံဃာတစ်ချို့ ကား မောင်းပါတယ် ဘုရား။
မောင်ပေါက်ကျိုင်း

သံဃာတွေ အမြင်ကျဉ်းနေသေးသမျှ နိုင်ငံရေးသမားတွေ ဆွဲစားတာ ဆွဲသုံးတာ ခံနေကြရဦးမှာပဲ။
အရှင်ကုသလ

၇၈၁။ ကိုယ့်ခွေးကိုတောင်

ဆရာတော် ဘုရား၊ မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ အချို့သော အစိုးရကျောင်းများမှာ ဆရာက တပည့်ကို ရိုက်၍ ဆုံးမပါသည်။ မြင်းသည် အရိုက်ခံရမှာ ကြောက်လို့ လိမ္မာသလို ဆရာက တပည့်ကို ရိုက်နှက်၍ ဆုံးမမှ တပည့် လိမ္မာမည်ဟုလည်း ဓမ္မပဒဂါထာကို ကိုးကား၍ ဆိုပါ သည်။ ဆရာတော်၏ အမြင်ကို သိလိုပါသည် ဘုရား။

ဒီပငြိမ်းစံ (ဓမ္မစကူးလ်)

---

ကြိမ်နဲ့မြင်း

“မြင်းကောင်းသည် ကိုယ်ကို ကြိမ်မထိအောင် ရှောင်သကဲ့သို့ ရဟန်းတရား အားထုတ်သူသည် အိပ်ခြင်းကို ရှောင်၏။ ရှက်ကြောက်ခြင်းဖြင့် အကြံမှားကို တားဆီး၏။ လောက၌ ထို ပုဂ္ဂိုလ်မျိုး အနည်းငယ်သာ ရှိ၏ (ဓမ္မပဒ၊ ၁၄၃-ဂါထာ)’။ ဒီဂါထာမှာ မြင်းကောင်းဟာ ကြိမ်နဲ့ ရိုက်မခံရအောင် နိုးကြားစွာ နေသလို သံဝေဂနှလုံးသားနဲ့ မမေ့မလျော့ တရားအားထုတ်ဖို့ ရဟန်းတွေကို တိုက်တွန်းခြင်းသာ ဖြစ်လို့ တပည့်ကို ရိုက်ပြီး ဆုံးမတာနဲ့ ဘာမှ မပတ်သက်ပါဘူး။

သူတို့ဆုံးမပုံ

အမေရိကမှာ ကလေးတွေကို Time-Out လုပ်ပြီး ဒဏ်ပေးတဲ့စနစ်ရှိတယ်။ Time-Out ဆိုတာ အမူအကျင့် ကြမ်းသူ သို့မဟုတ် မကောင်းသူကို သတ်မှတ်ချိန်ထိ ဆော့ခြင်း၊ အခြား သူတွေနဲ့ ပတ်သက်ခြင်းမရှိစေဘဲ တစ်ဦးတည်း ငြိမ်ငြိမ် ထိုင်နေခိုင်းတာ။ “သတိပေး (Check the behavior)ရှင်းပြ (Tell them why)အချိန် (Sit in Time-Out)ပြောတိုင်း လုပ် (End Time-Out)ချီးမွမ်း (Priase the Children)’လို့ အဆင့် ၅- ဆင့် ရှိတယ်။ စာမရလို့ ... ဒဏ်ပေးတာ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းအောင် အရင်မှတ်ပါ။

အဓိပ္ပာယ်

မကောင်းတဲ့ အပြုအမူမျိုး မလုပ်ဖို့ အရင်သတိပေး။ မလိုက်နာရင် ဒဏ်ပေးမယ်၊ ဘယ်လို ပေးမယ်ဆိုတာ ရှင်းပြ (ဒီမှာပဲ ထိုင်နေရမယ် သို့မဟုတ် မဆော့ရ မကိုင်ရ စသည်)။ တစ်နှစ် အရွယ်ကို တစ်မိနစ်၊ သုံးနှစ်ကို သုံးမိနစ် စသည် သတ်မှတ်။ မထိုင်ရင် လက်နဲ့ကိုင်၊ သို့မဟုတ် ပွေ့ချီပြီး နေရာကိုယူသွား၊ အန္တရာယ်တော့ ကင်းစေရမယ် (ဆောင့်ခြင်း ကန်ခြင်း မလုပ်အောင် ထိန်းပေး)။ ဒဏ်ပေးခိုက် သတ်မှတ်ချက်ကို မပြင်ရ၊ စကားမပြောရ၊ ငြိမ်ငြိမ်နေမနေ စောင့်ကြည့်။ အနည်းဆုံး စက္ကန့်ပိုင်းမျှ ဖြစ်စေ ငြိမ်ငြိမ်နေရင် ချီးမွမ်းစကား ဆိုပြီး မိမိ မေတ္တာကို ပြန်ပြပြီး ပုံမှန်အတိုင်း နေပါစေ။

ငြိမ်းချမ်းရေးချောင်

ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူးဟောင်း အာနိုးရဲ့ဇနီး မာရီယာနဲ့ ဒလိုင်းလားမားတို့ တွေ့ဆုံခန်း တစ်ခုမှာ .. ဒလိုင်းလားမားနေတဲ့ ဓမ္မသာလာမြို့ကို မာရီယာ အလည်အပတ် ရောက်စဉ် အဲဒီက စာသင်ကျောင်းမှာ အမူအကျင့် မကောင်း တဲ့ ကလေးတွေကို Time-Out အစား Peace Corner (ငြိမ်းချမ်းရေးချောင်)ကို ပို့တာကို တွေ့ပါသတဲ့။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်း သိပ်လှပတာပဲ။ အဲဒါ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အိုင်ဒီယာများ ဖြစ်လေမလား။

သူတို့ဥပဒေ

ဒီဖက်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးကို ဥပဒေနဲ့ အထူးကာကွယ်ထားတယ်။ ကျောင်းမှာ ဆရာဆရာမတွေက ကျောင်းသားကို လက်ဖျားနဲ့တောင် မထိရဘူး။ ကလေးမှာ အိမ်ကဒဏ်ရာတွေ ပါလာရင် ကျောင်းအာဏာပိုင်တွေက ချက်ခြင်း ရဲကိုတိုင်ပစ်တယ်။ မတိုင်ရင် သူတို့တာဝန် ဖြစ်သွားမယ်။ မိဘတွေ သားသမီးကို ရိုက်ပြီး ဆုံးမခွင့် မရှိဘူး။ နေပြည်တော် Wisdom Hill က ဖြစ်ရပ်မျိုးဆိုရင် ဖြစ်တဲ့နေ့ကပင် သက်ဆိုင်သူအားလုံး ဖမ်းခံရမှာ။

လူကို အသာထား .. Animal Crulity Law အရ တိရစ္ဆာန်ကိုတောင် မနှိပ်စက်ရပါဘူး။ ကိုယ်မွေးတဲ့ ခွေးကြောင် စသည်ကို အိမ်ထဲမှာ ချည်းနှောင် လှောင်ပိတ်ပြီး ရိုက်နှက်နေတာကို ဘေးအိမ်ကလူ သိလို့ ပုလိပ်ကို လှမ်းခေါ်ရင် ဒဏ်ငွေ ဒေါ်လာ တစ်ထောင်ကနေ ငါးထောင်၊ ထောင်ဒဏ် တစ်နှစ်ကနေ ငါးနှစ်ထိ ကျခံရနိုင်တယ်။

သာဓုခေါ်မလား

“ဆုံးမစကား ဆိုသည်များကို မှတ်သားဝမ်းထဲ စိတ်မစွဲလျှင် သဲဒဏ်ရေဒဏ် ပေးရမှန်သည် ခံမည်သာကြံလော မင်းတို့ ကျော'ဆိုတဲ့ ရှင်မဟာသီလဝံသရဲ့ ဆုံးမစာအရ ဆုံးမစကားကို နားမထောင်သူကို သဲကျုံးရေခပ်စသည် လုပ်ခိုင်းပြီး ဒဏ်ပေးမယ်၊ ကျောကိုလည်း တုတ်နဲ့ရိုက်မယ်၊ ခံဖို့သာ ကျောကို ပြင်ပေတော့ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒဏ်ပေးရိုက်နှက်ပြီး ဆုံးမလို့ ကြောက်သွားရင် ဆုံးမတာကို လိုက်နာပြီး လိမ္မာမယ်ဆိုတဲ့ အခြေခံယူဆချက်ကို ဒီဆုံးမစာမှာ တွေ့နိုင်တယ်။

မြကေတုရဲ့ စာအရ ‘မင်းတုန်းမင်းဟာ ငယ်စဉ်က ဘုန်းကြီး ရိုက်လို့ဖြစ်သွားတဲ့ ကျောကဒဏ်ကို ပြလေ့ရှိသတဲ့ (နန်းဓလေ့မှတ်တမ်းများ၊ စာ-၁၇၃)'။ ဒါပေမယ့် အရွယ်မရောက်သေးတဲ့ မင်းသားငယ်ကို ကျောမှာ သေရာပါ ဒဏ်ရာရတဲ့ထိ ဘုန်းကြီးက ရိုက်နှက်နေတာကို မဟာကရုဏာရှင် ရှင်တော် ဗုဒ္ဓသာ မြင်တော်မူခဲ့ရင် “သာဓု’ မခေါ်တန်ရာပါဘူး။

ကောင်းရာတု

ဘုန်းကြီးတော့ အခြားတစ်ဦးရဲ့ ကိုယ်ခန္ဓာကို နာကျင်အောင် လုပ်ဖို့ ဘယ်သူ့မှာမှ အခွင့်ထူး မရှိဘူးလို့ ယူဆတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်ရော ကြောက်ပြီးလုပ်ရတာနဲ့ နားလည်ပြီး လက်ခံရတာ ဘာကို ပိုကြိုက်ပါသလဲ။ အင်း ... ကိုယ်မကြိုက်တာကို အခြားသူလည်း မကြိုက်ပါဘူး။ ဒါကြောင့် Time-Out တို့ Peace Corner တို့လို နူးညံ့ ပျော့ပျောင်းတဲ့ ဆုံးမနည်းကို အတု မယူသင့်ဘူးလား။

အရှေ့အနောက် ဘာညာနဲ့ မဆိုင်ပါဘူး။ ကောင်းရာကို တုနိုင်ရင် ကောင်းကျိုးကိုယ်မှာ တည်ပါလိမ့်မယ်။

အောက်တိုဘာ ၁၃၊ ၂၀၁၉။

---

၇၈၂။ ‘နာဂ’အမည်နဲ့ ရဟန်းခံရင်

ဘုန်းကြီး ဘုရား၊ အွန်လိုင်းမှာ ဘုန်းကြီးတစ်ပါးက ရဟန်းလောင်းကို ‘နာဂ’လို့ ဘွဲ့အမည်သစ်နဲ့ ကမ္မဝါစာဖတ်ရင် “ရဟန်း လုံးဝမဖြစ်ဘူး'လို့ ဆိုပါသည်။ ၎င်းအနေနဲ့ အားလုံးကို သေချာ ဖတ်ပြီးမှ အာစရိယမုဋ္ဌိအပြင် ကိုယ်ပိုင်ဉာဏ်နဲ့ပါ တွေးခေါ်ပြီး အမှားကို တွန်းလှန်တာ ဖြစ်ကြောင်း၊ ရှေ့က ဆရာတော်ကြီးတွေ စာပေမနှံ့စပ်လို့ မှားနေတာဖြစ်ကြောင်းနဲ့၊ ဝိမတိဆဆဒနီကျမ်း၊ ဝိမတိဋီကာ၊ ကင်္ခါကျမ်းတွေကို မှီငြမ်းပြုကြောင်း ဆိုပါသည်။ အများကို ထိခိုက်သည်ဟု ယူဆ၍ ထိုပို့စ်နဲ့ ပတ်သက်ပြီး ဘုန်းကြီး၏ အမြင်ကို သိလိုပါသည် ဘုရား။ ပို့စ်မူရင်းနဲ့ မှတ်ချက်အချို့ကို ကူးယူပြီး ဘုန်းကြီး၏ Message Box မှာ ထားခဲ့ပါသည်။ အချိန်ရလျှင် ဖြေကြားပေးစေလိုပါသည် ဘုရား။

အရှင်သုဇနသာရ (သီတဂူ)

---

နှပ်ညှစ်သံ

ဂျပန်ဘုရင် နာရုဟီတို နန်းတက်ပွဲ အခမ်းအနားအတွင်း ကျီးကန်းအော်သံတွေ ကြားရတယ်။ ထူးခြားတာက အားလုံး အတွေးကိုယ်စီနဲ့ ငြိမ်သက် တိတ်ဆိတ်နေချိန် ရာထူး အလိုက် အကျအန ဝတ်စားဆင်ယင်ထားကြတဲ့ ဖိတ်ကြား ဧည့်သည်ကြီးများဖက်မှ နှပ်ညှစ်သံ နှစ်ကြိမ် အကျယ်ကြီး ကြားလိုက်ရခြင်းပါပဲ (ဗွီဒီယိုဖိုင် ၂:၁၂:၂၅ လောက်မှာ ကြည့်။) အစောင့်တစ်ဦးက အသံလာရာဖက်ကို မသိမသာ လှည့်ကြည့်တာကို တွေ့နိုင်တယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုတာ ဒါမျိုးပဲ။ တစ်လျှောက်လုံး ကောင်းနေပေမယ့် မှားမိတဲ့ စကားတစ်ခွန်း၊ အလုပ်တစ်ခုကြောင့် ပြောစမှတ် မကျန်သင့်ဘူး။

ကျမ်းရင်းဆို

အငြင်းပွားစေတဲ့ ဝိမတိဋီကာ (၂၊ ၁၂၉-၁၃၀)ကို ဦးစွာ လေ့လာကြည့်မယ် ..

၁။ ကမ္မဝါ ဖတ်လွယ်စေရန် ဥပဇ္ဈာယ်ဆရာကိုရော ရဟန်းလောင်းကိုပါ ကမ္မဝါစာဖတ်ခါနီးမှာ မျိုးရိုးနာမည် သို့မဟုတ် နာဂ တိဿ ဒတ္တစတဲ့ ယာယီပေးထားတဲ့ နာမည်တွေနဲ့ ကမ္မဝါစာ ဖတ်ကောင်းတယ်။ (တသ္မိံ ဝါ ခဏေ သုခဂ္ဂဟဏတ္ထံ နာမံ ပညာပိတံ၊ တံ သဗ္ဗ ဂဟေတွာပိ အနုသာဝနာ ကာတဗ္ဗာ။ ယထာ ဥပဇထာယသ၊ ဧဝံ ဥပသမ္ပဒါပေက္ခသပိ ဂေတ္တာဒိနာမေန, တင်္ခဏိကနာမေန စ အနုသာဝနံ ကာတုံ ဝဋ္ဋတိ။)

အမည်သစ်နဲ့ ဖတ်စဉ် လိုက်နာရမယ့် စည်းကမ်းကို ဋီကာမှာ ဆက်လက် ညွန်ကြားပုံအချုပ်က ... “အနုသာသက ဉတ် (ရဟန်းလောင်း ဆုံးမမယ့်အကြောင်း သံဃာကို အသိပေးခြင်း)မတိုင်ခင် အမည်သစ် ပေးရမယ်၊ ကမ္မဝါစာ ဖတ်ခါနီးမှာလည်း သူတို့ သတိရအောင် ဥပဇ္ဈာယ်ကိုရော ရဟန်းလောင်းကိုပါ နာမည်သစ်ကို ထပ်ပြောရမယ်။ အမည်ရင်းနဲ့ ဖတ်လိုက် နောက်မှည့် နာမည်သစ်နဲ့ ဖတ်လိုက် မလုပ်ရ'။

ဥပဇ္ဈာယ်နဲ့ ရဟန်းလောင်းတို့ရဲ့ အမည်သုံးသပ်ပုံ အထူးကို သေချာအောင် ဋီကာမှာ ဆက်ရှင်းပုံက ..

၂။ ဥပဇ္ဈာယ် လုံးဝမရှိခြင်း၊ ဥပဇ္ဈာယ်ဆရာက အဘဗ္ဗ (ပဏ္ဍုက်စသည်) ဖြစ်ခြင်းတွေမှာ ဥပဇ္ဈာယ်ကို သုံးသပ်ပြီး ကမ္မဝါဖတ်ရင် ကံအောင်တဲ့အတွက် ဥပဇ္ဈာယ်မရှိသူ စသည်ရဲ့ ဥပသမ္ပဒါကံလို အမည်ရင်း သို့မဟုတ် အမည်သစ်နဲ့ မဖတ်ဘဲ အခြားအမည်နဲ့ ‘တိဿ ဥပသမ္ပဒါပေခာ’ စသည်ဖြင့် ဥပဇ္ဈာယ်ကို သုံးသပ်ပြီးဖတ်ရင် ကံအောင်တယ် ဆိုပေမယ့် .. (တတ္ထ ကိဉ္စာပိ ဥပဇ္ဈာယသေဝ နာမံ အဂ္ဂဟေတွာ ယေန ကေနစိ နာမနေ ‘တိသဿ ဥပသမ္ပဒါပခာ’တိအာဒိနာပိ ပုဂ္ဂလေ ပရာမဋ္ဌေ ကမ သုကတမဝေ ဟောတိ အနုပဇ္ဈာယကာဒီနံ ဥပသမ္ပဒါကမ ဝိယ ဥပဇ္ဈာယဿ အဘာဝေပိ အဘဗ္ဗောပိ ကမ္မဝါစာယ ပုဂ္ဂလေ ပရာမဋ္ဌေ ကမ္မဿ သိဇ္ဈနတော။)

မှတ်ချက်။ ‘ကိဉ္စာပိ’နောက်က ဝါကျဟာ “ကမ္မဿ သိဇ္ဈန တော’ရောက်မှ ဆုံးတာကို သတိပြု။

၃။ ရဟန်းလောင်းရဲ့ အမည်ရင်း သို့မဟုတ် အမည်သစ်နဲ့ မဖတ်ဘဲ အခြားအမည်နဲ့ အဲဒီလို ဖတ်ရင် ကံပျက်တယ်။ ရဟန်းမဖြစ်။ နာမည်ပေးထားတဲ့ ရဟန်းလောင်း သိမ်ထဲမှာ မရှိခြင်းနဲ့ ရဟန်းလောင်းအမည်ကို ကမ္မဝါစာ မဖတ်ခြင်းတို့ကြောင့် သိမ်အပြင်မှာရှိတဲ့ အခြားလူသာမဏေ ရဟန်းမဖြစ်သလိုပဲ။ (ဥပသမ္ပဒါပေက္ခသ ပန ယထာသကံ နာမံ ဝိနာ အညေန နာမနေ အနုဿာဝိတေ ကမ္မံ ကုပ္ပတိ၊ သော အနုပသမ္ပနာဝ ဟောတိ။ တတ္ထ ဌိတေ အညော အနုပသမ္ပနာ ဝိယ ဂဟိတ နာမသ ဝတ္ထုပုဂ္ဂလဿ တတ္ထ အဘာဝါ, ဧတသ စ နာမဿ အနုဿာဝနာယ အဝုတ္တတ္တာ။)

အမှန်နားလည်

ရဟန်းခံရာမှာ ဥပဇ္ဈာယ်ဆရာ သိမ်ထဲမှာ မရှိပေမယ့် ‘အာယ သူ့တော တိဿ'လို့ ကမ္မဝါဖတရင် ကံမပျက်။ ဥပဇ္ဈာယ် ဆရာ လုံးဝမရှိ သို့မဟုတ် ဥပဇ္ဈာယ်က အဘဗ္ဗ (ပဏ္ဍုက်သည်) ဖြစ်နေရင်တောင် ကမ္မဝါကို ဖတ်ရိုးဖတ်စဉ်အတိုင်း ‘အာယသ္မတော တိသသ'လို့ ပုဂ္ဂိုလ်ကိုသုံးသပ်ပြီး ထည့်ဖတ်သွားရင် ကံမပျက်သလို၊ ဥပဇ္ဈာယ်ရဲ့ နာမည်ရင်း နာမည်သစ်မှတစ်ပါး အခြား ဘယ်အမည်နဲ့ ဖတ်ဖတ် ကံမပျက်။

ဒါပေမယ့် ရဟန်းလောင်းကိုတော့ အဲဒီလို မလုပ်ရ။ နာမည်ရင်း သို့မဟုတ် နာဂစတဲ့ နာမည်သစ်မှတစ်ပါး အခြား အမည်တစ်မျိုးနဲ့ ကမ္မဝါဖတ်ရင် ကံပျက်တယ်။ ရဟန်းမ ဖြစ်။ နာမည်ရှိတဲ့ .. ရဟန်းလောင်းက သိမ်ထဲမှာ မရှိတာ၊ ရဟန်းလောင်းရဲ့ နာမည်ကို ကမ္မဝါ မဖတ်တာတွေကြောင့် သိမ်အပြင်မှာရှိတဲ့ တစ်ခြား လူသာမဏေ ရဟန်း မဖြစ်သလိုပါပဲ'လို့ ဋီကာအဆိုကို အမှန်အတိုင်း နားလည်ပါ။

ပို့စ်မှာဆိုပုံ

Message Box ကရတဲ့ ပို့စ်မှာ ဖော်ပြပုံက..

၁။ ကမ္မဝါစာဖတ်တာ လွယ်အောင်လို့ ဥပဇ္ဈာယ်ဆရာရဲ့ နာမည်ရင်းအစား တိသလို့ နာမည်သစ်ပေးပြီး “အာယသ္မတော တိသဿ ဥပသမ္ပဒါပေက္ခာ’စသည် ဖတ်တာတော့ မှန်တယ်။ ဘာကြောင့်လဲ .. တတ္ထ ကိဉ္စာပိ ဥပဇ္ဈာယဝ နာမံ အဂ္ဂဟေတွာ ယေန ကေနစိ နာမနေ ‘တိသဿ ....ပက္ခော’တိ အာဒိနာပိ ပုဂ္ဂလေ ပရာမဋ္ဌေ ကမ္မံ သုကတမဝေ ဟောတိ’လို့ ဝိမတိဋီကာ ဆိုလို့။

၂။ ဒါပေမယ့် ရဟန်းလောင်းကိုတော့ အဲဒီလို မဖတ်ကောင်း။ ဥပမာ .. နာမည်ရင်း ရှင်သုမနကို “သုဏာတု မေ ဘန္တေ သံဃော၊ အယံ သုမနော’လို့ မဖတ်ဘဲ ‘နာဂ’ လို့ နာမည်သစ် ပေးပြီး ‘သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ'လို့ ဖတ်ရင် အဲဒီ ရဟန်းလောင်းသည် ရဟန်းလုံးဝမဖြစ်။ ဘာကြောင့်လဲ “ဥပသမ္ပဒါပေက္ခသ ပန ယထာသကံ နာမံ ဝိနာ အညေန နာမနေ အနုဿာဝိတေ ကမ္မံ ကုပ္ပတိ၊ သော အနုပသမ္ပန္နောဝ ဟောတိ”လို့ ဝိမတိဋီကာမှာ ဆိုလို့။ ကံပျက်ပုံက ..

တတ္ထ ဌိတေ အညော အနုပသမ္ပန္နေ ဝိယ ဂဟိတ နာမသ ဝတ္ထုပုဂ္ဂလဿ တတ္ထ အဘာဝါ, ဧတသ စ နာမဿ အနုဿာဝနာယ အဝုတ္တတ္တာ = ခုရွတ်ဖတ်တဲ့ နာဂဆိုတဲ့ မည်ရှိသူက သိမ်ထဲမှာ မရှိတာကြောင့်၊ တစ်ခါ ရှင်သုမန၏ ဘွဲ့ကို ကမ္မဝါစာထဲမှာ ထည့်ဖတ်တာ မဟုတ်တာကြောင့် ရဟန်းလုံးဝ မဖြစ်ပါဘူး။

ဘာလွဲသလဲ

ဒီပို့စ်ရှင်က ဝိမတိဋီကာကို သေချာဖတ်ပြီးမှ ရေးတာ ဆိုပေမယ့် မူရင်းအဆို အမှတ် (၁)ကို မသုံးသပ်ခဲ့တဲ့အပြင် အမှတ် (၂) နဲ့ (၃)ကို နားလည်မှု လွဲတဲ့အတွက် အဲဒီလို ယူဆတာလို့ ဘုန်းကြီး ထင်တယ်။ ဋီကာမူရင်းအဆို အမှတ် (၁) အရပဲ နာဂလို့ ယာယီ နာမည်ပေးပြီး ဖတ်ရင် ရဟန်း ဖြစ်တယ်လို့ အလွယ်တကူ နားလည်နိုင်ပါတယ်။ ‘ယထာ သင်္ကနာမံ = ရဟန်းလောင်းရဲ့ နာမည်ရင်း’ဆိုတာ ကမ္မဝါစာ ဖတ်ခါနီး ရှိနေတဲ့ နာမည်ကို ဆိုလိုတာ။ ဒါကြောင့် နာမည်ဟောင်းပဲ ဖြစ်ဖြစ်၊ သိမ်ထဲရောက်မှ ပေးထားတဲ့ ‘နာဂ’ဆိုတဲ့ အမည်သစ်ပဲဖြစ်ဖြစ် နှစ်မျိုးလုံးကို ယူရတယ်။ ဒါ့အပြင် ပို့စ်ရှင် ကိုးကားတဲ့ စာသားအားလုံးက ပုဂ္ဂိုလ်(ဥပဇ္ဈာယ်)နဲ့ ဝတ္ထု(ရဟန်းလောင်း)ကို သုံးသပ်မှု ဖြစ်မဖြစ် ဆိုတာကို ဖော်ပြတာ။

ဝိမတိစ္ဆေဒနီ

ဋီကာစကား အမှတ် (၂)နဲ့ (၃)ကို ဘုရားကြီးဆရာတော်က “ဥပဇ္ဈာယ်၏ အမည်ရင်း အမည်သစ်ဖြင့် ဖတ်ဖတ်၊ သူ့အမည်မှ တစ်ပါးသော အခြားအမည်ဖြင့် ဖတ်ဖတ်၊ ပုဂ္ဂလပရာမသန မပျက်။ ရဟန်းလောင်း၏ကား သူ့အမည်ရင်း အမည်သစ် ကြိုက်ရာ အမည်ဖြင့်သာဖတ်၊ သို့မှ ဝတ္ထုပရာမသန မပျက်။ အခြားအမည်ဖြင့်ဖတ်လျှင် ဝတ္ထုပရာမသန ပျက်သည်။ ကံမအောင်။ ထို့ကြောင့် အနုသာသက သမ္မုတိ ဉတ် မှစ၍ ဉတ္တိစတုတ္ထ ကမ္မဝါစာအထိ .. ရဟန်းလောင်းအမည်ကို သူ့အမည်ဖြင့်သာ ဖတ်၊ တခြားအမည်ဖြင့် မဖတ်အပ်ဟု မှတ် (ဝိမတိဆဒနီကျမ်း၊ စာ-၈၅)’လို့ အဓိပ္ပာယ် ဖွင့်တယ်။ ဆရာတော်ကြီး ဖော်ပြပုံ တိုရှင်းပြီး လိုရင်းကို ထိမိပါတယ်။

သူ့ဂုဏ်ကိုနှိမ့်

“မဟာဝိသုဒ္ဓါရုံ၊ အဘယာရာမ၊ ပခုက္ကူ၊ မဟာဝိသုတာရာမမူ၊ ....... ဖြတ်သူ ဆရာတော်ကြီးတွေကို အစွဲပြုပြီး ကမ္မဝါစာမူတွေ တွေ့ဖူးတဲ့အထဲ အားလုံးမှာ ရဟန်းလောင်းကို နာဂလို့ အမည်သစ် ပေးဖတ်ဖို့ ညွှန်ကြားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် “ရှေ့ဆောင် ဆရာတော်တွေကြီးတွေ စာပေမနှံ့ စပ်ဘူး'လို့ ဆိုရင် မိမိက အဲဒီဆရာတော်ကြီးတွေထက် သာတယ် လို့ ဆိုလိုတာဖြစ်လို့ အတ္ထုက္ကံသန (ကိုယ့်ဂုဏ်ကိုဖော်) ပရဝမ္ဘန(သူ့ဂဏ်ကိုနှိမ့်)သဘော သက်ရောက်သွားပါတယ်။

အောက်တိုဘာ ၂၃၊ ၂၀၁၉။

---

မှတ်ချက်များ

ကိဉ္စာပိ’လှမ်း၊ တစ်ခန်းဝန်ခံ၊ ပယ်လှန်တဝ၊ ဖြေဖို့ပြ’ဆိုတဲ့ နိယံက ဒီနေရာမှာ ပညာပြသွားတာ ဘုရား။ ပို့စ်ရှင်ဟာ ဝါကျနှစ်ခုလုံးကို ပေါင်းပြီး မစဉ်းစားမိခဲ့လို့ ‘ကမ္မဝါစာ ဖတ်တဲ့အခါ ဥပဇ္ဈာယ်ဖြစ်ရင် နာမည်နဲ့လူနဲ့ မကိုက်ပေမယ့် ကံမပျက်၊ ရဟန်းလောင်းကျတော့ နာမည်နဲ့ လူနဲ့ ကိုက်ညီမှ ကံအောင်တယ် ́လို့ ဝိမတိဋီကာရဲ့ အာဘော်ကို အမှန်အတိုင်း နားမလည်ခဲ့တာ ဘုရား။ နာမည်ဆိုတာ “နာမည်ရင်း၊ နာမည်သစ်' နှစ်ခုလုံးပါပဲ။ အရှင်ဝိစိတ္တ (ရွှေတံခွန်) တပည့်တော်ကတော့ ဒီလို ပို့စ်မျိုး ရေးရဲတာကို အံ့ဩမိပါတယ်။ နှောင်းခေတ် ရဟန်းခံပွဲတွေမှာ ၇၅-ရာနှုန်းမကသော ဆရာတော်တွေက ‘နာဂ’လို့ပဲ ဖတ်ကြတာပါ ဘုရား။ တွေ့ဖူးသမျှ ကမ္မဝါစာ စာအုပ်တွေမှာလည်း “နာဂ”လို့ ဖတ်ဖို့ ညွှန်ကြားပါတယ် ဘုရား။

အရှင်ပညာဇောတ

---

၇၈၃။ ခေတ်သစ်ဘိက္ခုနီ

ဆရာတော် ဘုရား၊ တပည့်တော်တို့ မြို့နားမှာ အမျိုးသမီး ရဟန်းအချို့ ရှိပါသည်။ လူ့ဘဝတုန်းက ခွဲစိတ်ကု ဆရာဝန်ကြီးဖြစ်လို့ သူ့မရဲ့ ဗုဒ္ဓသာသနာအပေါ် ကြည်ညိုမှုကို လေးစားတဲ့အတွက် တပည့်တော်တို့ မိသားစုအနေနဲ့ တတ်နိုင်သမျှ ထောက်ပံ့ပါသည်။ အမျိုးသမီး ရဟန်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်မှ ထေရဝါဒ ဆရာတော်ကြီး အချို့၏ သဘောထားကိုလည်း ၎င်းတို့ ဟောကြားသည့် တရားများမှတစ်ဆင့် ကြားဖူးပါသည်။ အမျိုးသမီး ရဟန်းအား ပစ္စည်းလေးပါး လှူဒါန်းလျှင် အပြစ် ဖြစ်ပါသလား၊ ဆရာတော်၏ အမြင်ကို သိလိုပါသည် ဘုရား။

မောင်ဇော် (နတ်မြို့)

---

လိုအပ်ချက်အရ

အရှင်ဘုရားဟာ အမျိုးသမီး ဖြစ်လာနိုင်ပါသလားလို့ မေးတဲ့အခါ ဘုန်းတော်ကြီး ဒလိုင်းလားမားက အကယ်၍ အမျိုးသမီးခန္ဓာကိုယ်က အမျိုးသားခန္ဓာကိုယ်ထက် အသုံးဝင်တယ်လို့ယူဆပြီး တိဗက် ဒလိုင်းလားမားဥပဒေက အလိုရှိခဲ့ရင် အမျိုးသမီး ဒလိုင်းလားမား ဖြစ်လာနိုင်တာပေါ့လို့ ဖြေတယ်။ သူ့အဖို့ ဒီလိုဖြေရတာဟာ နှစ်ပေါင်း ၇ဝဝ နီးပါး အမြစ်တွယ်နတဲ့ အစဉ်အလာနဲ့ သူ့ကိုလေးစားတဲ့ အနောက်တိုင်းပရိသတ်တို့အကြား အတော် ဖြေရခက်မယ်။ သူ့ရဲ့လိုက်လျောညီထွေ အတွေးအမြင်ကိုတော့ ချီးကျူးရမှာပါ။

ဗုဒ္ဓသာသနာကို အကျိုးမယုတ်စေနိုင်တဲ့ အချို့ ကိစ္စမျိုးကို ခါးတောင်းကျိုက် အငြင်းပွားနေရင် အကျိုးထက် အပြစ်က ပိုးများတယ်ဆိုတဲ့ သဘောမျိုးကို ဆိုလိုတာပါ။

ရဟန်းမိန်းမ

အချို့က “သာသနာနှစ် ငါးရာနောက်ပိုင်းမှာ ဘိက္ခုနီ (ရဟန်းမိန်းမ) အဆက်အနွယ် လုံးဝမရှိတော့တာ သိသာထင်ရှားတယ်'လို့ ဆိုတယ်။ အမေရိကန်လူမျိုး ဆရာတော် ဘိက္ခု ဗောဓိလို သုတေသီတွေကတော့ သီရိလင်္ကာ ပဉ္စမကဿပမင်း (အေဒီ ၉၂၉-၉၃၉) လက်ထက်ထိ၊ တစ်နည်း မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးနောက် နှစ်ပေါင်း ၁၅၆၂ (အေဒီ ၉၃၉+ဘီစီ ၆၂၃)နှစ်ထိ ဘိက္ခုနီ ရှိသေးတယ်လို့ ဆိုတယ်။ အတော် ကွာလှမ်းတယ်။ ပထမအဆိုမှာ သမိုင်းကျမ်းကိုး အစအန မဖော်ပြပေမယ့် သုတေသီတွေမှာတော့ ကျမ်းကိုး ရှိတယ် ..

ဥပဿယံ ကရိတွာန၊ သာ ဧဝ ပဒလဉ္စနေ။
ဘိက္ခုနီနံ အဒါ ထေရဝံသေ သဗ္ဗတ္ထ ပူဇိတေ။

သူမ(ဝဇိရာဒေဝီ)သည် ပဒလဉ္စန(အရပ်)မှာ ကျောင်းတစ်ဆောင် ဆောက်လုပ်စေပြီး ထိုကျောင်းကို လူအများ လေးစားခံရသော ထေရဝံသ(ထေရဂိုဏ်းဝင်) ဘိက္ခုနီတို့အား လှူဒါန်း၏။ (မဟာဝံသ၊ ၅၂:၆၃)။

သီရိလင်္ကာဘုရင် ပဉ္စမကဿပမင်း (အေဒီ ၉၂၉-၉၃၉) ရဲ့ မိဖုရား ဝဇိရာဒေဝီက ထေရဝါဒဂိုဏ်းဝင် ဘိက္ခုနီတွေကို ကျောင်းလှူဒါန်းကြောင်း မှတ်တမ်းတင်တဲ့ ဂါထာ ဖြစ်ပါတယ်။ မဟာဝံသကျမ်းမှာ သဘာဝလွန် ဖော်ပြချက် အချို့ ပါပေမယ့် အခိုင်လုံဆုံး သမိုင်းကျမ်းကြီး ဆိုတာကိုတော့ ပညာရှင်တို့ မငြင်းကြပါဘူး။

အဆက်ပြတ်လို့

အမျိုးသမီးတွေ ရဟန်းပြုရင် ဘိက္ခုနီရော ဘိက္ခုပါ နှစ်မျိုးလုံးနဲ့ သိမ်ထဲမှာ ကမ္မဝါဖတ်ရမယ်ဆိုတဲ့ ဝိနည်းရှိလို့ ဘိက္ခုနီတွေဟာ သာသနာနှစ်ငါးရာ သို့မဟုတ် အေဒီ ၁၀-ရာစု နောက်ပိုင်း အဆက်ပြတ်သွားတဲ့အတွက် ယနေ့ခေတ်မှာ အမျိုးသမီးတွေ ဘုန်းကြီးဝတ်လို့ မရတော့ဘူးလို့ အများစုက ယူဆတယ်။ ဒါပေမယ့် မူလမင်းကွန်း ဇေတဝန်ဆရာတော်နဲ့ အရှင်အာဒိစ္စဝံသ (ဦးအောင်မြတ်ထွဋ်)လို ပုဂ္ဂိုလ်အချို့က ဝိနည်းအရပဲ အမျိုးသမီးများ ရဟန်းပြုခွင့် ရှိနိုင်သေးပုံကို တင်ပြကြလို့ “ဘိက္ခုနီအရေးတော်ပုံ” ဖြစ်ဖူးတယ်။

ရပါတယ်တဲ့

နှောင်းခေတ်မှာ ထေရဝါဒီ ရဟန်းအများစု အမျိုးသမီးများ ဘုန်းကြီးဝတ်ခွင့်ကို ငြင်းဆိုပြီး သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံက ရဟန်းအနည်းစုသာ ထောက်ခံတာ တွေ့ရတယ်။ ပညာရှင် ဘိက္ခုဗောဓိတို့လည်း မူလမင်းကွန်း ဆရာတော်တို့ရဲ့ အဆိုကို ထောက်ခံပြီး ထပ်ဖြည့်ကျမ်းကိုးတွေနဲ့တကွ ယနေ့ခေတ် အမျိုးသမီးတွေ ဘိက္ခုနီပြုခွင့် ရနိုင်သေးကြောင်း အလွန်ကြောင်းကျိုး ဆီလျော်စွာ တင်ပြထားတာတွေ ရှိတယ်။ ပျံတော်မူသွားတဲ့ ပညာရှင် ဆရာတော်ကြီး တစ်ပါးကတော့ “မြန်မာပြည်က မထေရ်အများစု လက်ခံလာချိန်မှာ ဘိက္ခုနီ ပြုခွင့် ရလာနိုင်စရာ ရှိပါတယ်’လို့ မိန့်ဖူးတယ်။

အမျိုးသမီး ဖြစ်ခြင်းကြောင့် အခွင့်အရေး ခြားနားခြင်း မရှိရာမှာ ဗုဒ္ဓဝါဒဟာ ထိပ်ဆုံးက ပါတယ်လို့တော့ ဘုန်းကြီး ယုံကြည်တယ်။ မေးခွန်း အမှတ်-၁၄၄၊ ၄၈၇၊ ၅၄၂ တွေကို ဖတ်ဖို့လည်း ညွှန်ပါတယ်။

သီခြားစီ

မေးခွန်းမှာ ‘အမျိုးသမီး ရဟန်း'လို့ ဖော်ပြလိုက်တာနဲ့ပဲ မနှစ်သက်သူတွေက နှာခေါင်းရှုံ့လေမလားတော့ မသိ။ အခြားတစ်ဖက်ကလည်း ဘုန်းကြီးနှင့် တစ်ဝိုင်းတည်း ဆွမ်းဘုဉ်း ပေးလိုတာ၊ ဘုန်းကြီးတွေနဲ့အတူ သံဃာစင်မှာ ထိုင်လိုတာတွေ ကြားရတယ် .. မြတ်ဗုဒ္ဓလက်ထက်က ဘိက္ခုနဲ့ ဘိက္ခုနီ တစ်သိမ်တည်းမှာ ဥပုသ်အတူပြု၊ ဆွမ်းခံအပြန် လမ်းဘေးအတူ ထိုင်ပြီး အာပတ်ဖြေကြနဲ့ နီးစပ်လွန်းလို့ လူတွေက ‘ပေးစား’ကြသတဲ့။ ဒါနဲ့ သီးခြားစီ နေထိုင်ကြဖို့ မြတ်ဗုဒ္ဓ ပညတ်တော်မူရတယ် (ဝိ၊၄၊၄၅ဝ)။

ဖြစ်သင့်တာ

ဘိက္ခုတို့ ဆွမ်းဘုဉ်းပေးစဉ် ဘိက္ခုနီတွေက စီမံပေးတယ် ဆိုတဲ့ ပါဠိတော်(ဝိ၊၂၊၂၂၉)အရ ဘိက္ခုနဲ့ဘိက္ခုနီ တစ်ဝိုင်းတည်း ဆွမ်းမစားကြဘူးလို့ ယူဆရတယ်။ ဘိက္ခုနီဟာ “ကိုယ်က ဝါကြီးပေမယ့် ဝါငယ်တဲ့ ဘိက္ခုတွေကို ရှိခိုးရမယ်’ဆိုတဲ့ ဂရုဓံ (သိက္ခာပုဒ်)ကိုလည်း လိုက်နာရတယ်။ ဘိက္ခုနီပြုခွင့်ရှိတယ်လို့ ယူဆသူတို့အရ ဘိက္ခုနီဟာ သင့်မြတ်တဲ့ သံဃာစင်မှာ ရှိသင့်တယ်။ “အကပ်ခံပြီး ဆွမ်းစားရမယ်’ဆိုတဲ့ သိက္ခာပုဒ်ကို ဘိက္ခုနီတွေလည်း စောင့်ထိန်းရလို့ ဘိက္ခုနီကို ဘိက္ခုလိုပဲ ဆွမ်းကပ်ရမယ်။ ဘိက္ခုနီ မရှိသင့်ဘူးလို့ ယူဆလိုသူတို့ အလိုအရတော့ သီလရှင်လိုပဲ သဘောထားဖွယ် ရှိပါတယ်။

မတောင်းဆို

ဘိက္ခုနီပြုတဲ့ ရည်ရွယ်ချက်က မာန်မာနကို ခဝါချပြီး တပ်မက် စိတ်ဆိုးစတဲ့ စိတ်ယုတ်တွေကို ပယ်ဖို့ပါ။ မိထွေးတော်ကြီးဟာ အဲဒီနှလုံးသွင်းနဲ့ ဘိက္ခုနီပြုခဲ့တာပါ။ ဒါကြောင့် ငါ ဘိက္ခုနီပဲလို့ လူရှေ့မှာ နေရာရဖို့ အဓိကမဖြစ်သင့်။ ဘိက္ခုနီ အဖြစ်ခံယူပြီး မိမိရဲ့နယ်ပယ်အတွင်း မြတ်ဗုဒ္ဓချမှတ်တဲ့ စည်းကမ်းနဲ့ နေထိုင်ရင်း သာသနာ့တာဝန်ကို ထမ်းဆောင်ရင် အများစု နားလည်နိုင်တဲ့ အချိန်မှာ ရသင့်တဲ့ အခွင့်အရေးကို မတောင်းဆိုဘဲ ရလာမှာပါ။

ထောက်ပံ့ခြင်း

ဤမျှ ဖတ်မိရင် ကြည်ညိုတတ်သူအဖို့ ဘုန်းကြီးရဲ့ အာဘော်ကို ရိပ်မိနိုင်ပြီလို့ ယူဆပါတယ်။ အပြစ် ဖြစ်မဖြစ်တော့ စိတ်ထား သာပဓာန ဖြစ်ပါတယ်။ သူ့ကို မကြိုက်လို့ အခြားသူကို အားပေးတယ် ဆိုတာမျိုးတော့ မဖြစ်သင့်။ “ဗုဒ္ဓသာသနာ’ ဆိုတဲ့ အသိလေးကို ရင်မှာပိုက်၍ ‘ကုသိုလ်ရအောင် လုပ်နေကြတာပဲ'လို့ ကိုယ့်ကိုယ်ကို နှလုံးသွင်းပြီး ချွေနှဲစာလေးနဲ့ တတ်စွမ်းသမျှ လှူဒါန်း ထောက်ပံ့ပြုရင် မရကုသိုလ် ဘယ်ရှိပါ့မလဲ။ ကုသိုလ် ဧကန် ရသည်သာပ။ ထိုင်ပြီး သူတစ်ပါးကို ဝေဖန်နေသူတွေပဲ အကုသိုလ် အပြစ်ဖြစ်မှာပေါ့။

နိုဝင်ဘာ ၂၅၊ ၂ဝ၁၉။

---

၇၈၄။ မိုဘိုင်းဂိမ်း

ဆရာတော် ဘုရား၊ မိုဘိုင်းဂိမ်းနဲ့ ပတ်သက်ပြီး မေးလျှောက်စရာရှိလို့ပါ ဘုရား။ မေးချင်တာက မိုဘိုင်းဂိမ်းတွေမှာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ဖြတ်ကြတာတွေ ပါတယ်ဘုရား။ ဒါကြောင့် ဒီဂိမ်းတွေ ဆော့နေသူဟာ အကုသိုလ်အပြစ် ဖြစ်ပါသလား။ သီလစောင့်ထားရင် ထိုသီလ ပျက်ပါသလား။ ပုတီးစိပ် တရားထိုင်လို့ကော ရပါသလား ဘုရား။

မျိုးဇင်

---

ဂိမ်းဆိုတာ

ဘုန်းကြီးနဲ့ ရင်းနှီးတဲ့ ကွန်ပျူတာချိုးလေး တစ်ယောက်က ကိုယ့်ဟာကိုယ် ကွန်ပျူ ပရိုဂရမ်ရေးပြီး ကိုယ်ဖန်တီးတဲ့ ဂိမ်းကို ဆော့ကြောင်း ပြောဖူးတယ်။ ဂိမ်းဆိုတာ ကွန်ပျူတာ သိပ်ကျွမ်းကျင်သူတွေ ရေးတဲ့ ပရိုဂရမ်တွေပါ။ ကွန်ပျူတာနဲ့ဆော့ရင် ကွန်ပျူတာဂိမ်း၊ မိုဘိုင်းဖုန်းနဲ့ ဆော့ရင် မိုဘိုင်းဂိမ်းလို့ ခေါ်မှာပေါ့။ တိုက်ခိုက် သတ်ဖြတ်တာတွေပါတဲ့ ဂိမ်းရှိသလို မသတ်မတိုက်တဲ့ ဂိမ်းလည်း ရှိမှာပါ။ ဆရာဝန်တွေက အသက်ကြီးလို့ မေ့တတ်သူတွေ မှတ်ဉာဏ်ကောင်းအောင် ဆော့ခိုင်းတဲ့ ဂိမ်းမျိုးတွေ ရှိကြောင်း သိရတယ်။ ဂိမ်းဆိုတာ ပရိုဂရမ်ရုပ်၊ သက်ရှိ မဟုတ်ဘူး။

ဘယ်လိုအပြစ်

ဂိမ်းမှာ တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်တာတွေ ပါပေမယ့် ကိုယ်တိုင်က သက်ရှိကို သတ်ဖြတ်တာ မဟုတ်လို့ သူ့သက်သတ်တဲ့ အကုသိုလ် မဖြစ်။ အဲဒီလိုပဲ 'ခိုး၊ ကြာခို၊ လိမ်၊ အရက်ဘိန်းသုံး'တာတွေ ပါနိုင်ပေမယ့် ဂိမ်းဆော့သူအနေနဲ့ ဒီလေးမျိုးကို ကျူးလွန်တဲ့ အကုသိုလ်ကံ မမြောက်။ ငါးပါးသီလ မကျိုးပေါက်ဘူးလို့ မှတ်ဖို့ပါ။ ဥပုသ်သီလ စောင့်ထားရင်တော့ ဂိမ်းအများစု တီးလုံးတွေ ပါတတ်လို့ နစ္စဂီတသိက္ခာပုဒ် ပျက်ပြီး ကျန်သိက္ခာပုဒ်တွေတော့ မပျက်ဘူး။ ယေဘုယျအနေနဲ့ ဂိမ်းဆော့ရုံနဲ့ ပဉ္စသီလ မပျက်၊ ဂိမ်းမဆော့တဲ့ အချိန်မှာ ပုတီးစိပ် တရားထိုင်လို့ ရပါတယ်။ ဒါပေမယ့် ..

ဂိမ်းစွဲရောဂါ

ဂိမ်းဆော့တာဟာ လောင်းကစား စွဲသလို စွဲတတ်တယ်။ လောင်းကစား စွဲသွားပြီဆိုရင် ကိုယ်ကျင့်တရား၊ အရှက်၊ ဂုဏ်သိက္ခာ ဆိုတာတွေ မရှိတော့ဘူး။ ကျောင်းက ကြိုလာတဲ့ လူမမယ် မိမိရဲ့ သားငယ်ကို ပြန်ပေးဆွဲပါတယ် ဆိုပြီး ဇနီးဆီက ငွေညှစ်ယူတဲ့ အထိပါပဲ။ ဂိမ်းလည်း ဒီသဘောမျိုး ရှိတယ်။ တိုးတက်ပြီး နိုင်ငံတွေမှာ ကလေးရော လူကြီးပါ အနည်းနဲ့အများ ဂိမ်းစွဲရောဂါ ရှိတယ်။ မိဘနဲ့ အထိအတွေ့ နည်းပြီး ဂိမ်းစွဲတဲ့ ကလေးတွေဆို ပုံမှန်စိတ် မဟုတ်ဘူး။ ငူတူတူကြီးပဲ။ အိုင်ဖုန်း အိုင်ပက် တက်ဘလက် တစ်ခုခု ရတာနဲ့ ဘိန်းစားတွေ ဘိန်းမျိုလိုက်သလို ဖြစ်သွားတာပဲ။

ဒါ့အပြင်

ပဉ္စသီလ ကျိုးပေါက်တဲ့အထိ ကမ္မပထ မမြောက်ပေမယ့် အကုသိုလ် စိတ်တွေတော့ ဖြစ်နေတာပဲ။ တစ်ချို့ဆို ပစ်ကွာချကွာ လို့တောင် ထအော်ပစ်တယ်။ လက်ကလည်း အဆက်မပြတ် လုပ်နေတယ်။ ဒါကြောင့် ကာယ၊ ဝစီ၊ မနော သုံးပါးလုံးမှာ ကုသိုလ်သုစရိုက် ဖြစ်ခွင့် မရှိတာတော့ သေချာတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေးဆို မဟုတ်လား။ သူများ စိတ်ကူးယဉ်ထားတဲ့ ဂိမ်းတွေကိုဆော့ပြီး မိမိရဲ့တန်ဖိုးရှိတဲ့ အချိန်ကို ဘာလို့ ဖြုန်းတီးပစ်မှာလဲ။ ဘဝတိုတိုအတွင်း ကုသိုလ်၊ ပညာ၊ ဥစ္စာ တိုးအောင် လုပ်နိုင်ရင် ပိုကောင်းတာပေါ့။

နိုဝင်ဘာ ၂၆၊ ၂ဝ၁၉။

---

ဗုဒ္ဓါ နာမ မဟန္တာ သတ္တဝိသေသာ (ဒီ၊ဋ္ဌ၊၂၊၂၅၇)
ဗုဒ္ဓတို့မည်သည် မြင့်မြတ်ထူးခြား သတ္တဝါများ ဖြစ်ကြ၏။

၇၈၅။ မေးခွန်းနှစ်ခု

(က) မဟာဝါပါဠိတော် (ဝိ၊၃၊၁၁၉-၁၂၅)အရ ပဏ္ဍုတ် စ သော သာမဏေများ ရဟန်းမခံရ။ “ဥပသမ္ပနာ နာသေ တဗာ'ဟု ပြဆိုထားပါတယ် ... ဘုရား။ ၎င်းတို့ ရဟန်းခံလျှင် ရဟန်း ဖြစ်နိုင်ပါသလား၊ လုံးလုံး ရဟန်း မဖြစ်နိုင်ဘူးလို့ ဆိုထားတာလား ဘုရား။

(ခ) လွန်ခဲ့သော ၂-နှစ်ခန့်က တပည့်တော်၏ဖခင် ဆုံးသွား ခဲ့ပါသည်။ ဒကာကြီးသည် စိတ်ညစ်လွန်းလို့ ထမင်းမစား ရေ မသောက်ဘဲ အရက်ကို နေ့စဉ် သောက်ပါသည်။ ကွယ်လွန် မည့်နေ့ နံနက်တွင် တပည့်တော်ကို အရက် ယူခိုင်းပါသည်။ တပည့်တော်လည်း အတင်းခိုင်းလို့ မယူချင်ဘဲ သောက်ရေ ခွက်နှင့် တစ်ခွက် ယူပေးမိပါသည်။ နေ့လယ်ခင်း၌ အမော ဖောက်၍ ညပိုင်း၌ ဆုံးသွားပါသည်။ တပည့်တော်သည် ပိတု ဃာတကကံ ထိုက်မထိုက် သိလိုပါသည် ဘုရား။

ရှင်ရေဝတ (သီရိမင်္ဂလာတပ်ဦးကျောင်း၊ စခန်းကြီးကျေးရွာ၊ သရက်မြို့။)

---

ရဟန်းမဖြစ်

'ပဏ္ဍုက်၊ မိမိဘာသာ သင်္ကန်းဝတ်ပြီး ဘုန်းကြီးလုပ်သူ၊ ရဟန်းဝတ်နဲ့ ဘာသာခြား အဖြစ်ခံယူသူ၊ လူယောင်ဆောင် နိုင်တဲ့ နဂါးစသည်၊ အမိသတ် အဖသတ်စတဲ့ အနန္တရိယကံ ထိုက်သူ ၅-ဦး၊ ဘိက္ခုနီမကို အဓမ္မမေထုန်မှီဝဲသူ၊ ကျားမအင်္ဂါ နှစ်မျိုးရှိသူ၊ ရဟန်းဝတ်စဉ် ပါရာဇိကကျပြီး လူဖြစ်သွားသူ၊ အသက် ၂၀ မပြည့်သူ'လို့ ရဟန်းခံပေးပေမယ့် ရဟန်းမဖြစ် သူ ၁၃-မျိုးရှိတယ်။ အသေးစိတ်သိလိုရင် ထိုထိုဝိနည်းအဆုံး အဖြတ်ကျမ်းတွေမှာ လေ့လာပါ။ မေးခွန်းနဲ့ဆိုင်လို့ ပဏ္ဍုက် ၅-မျိုးကိုတော့ အကျဉ်းမျှ ဖော်ပြရရင် ..

ခြွင်းချက်နဲ့

အာသိတ္တ (သုက်ကို ပါးစပ်နဲ့ယူပြီး ရာဂငြိမ်းသူ)၊ ဥသူယ (သူများရဲ့ မေထုန်ကို ချောင်းကြည့်ပြီး ငြိမ်းသူ)၊ ပက္ခ (နှစ်ပတ်တစ်ကြိမ် အရူးအမူး ရာဂထကြွသူ)၊ ဩပက္ကမိက (ဝှေးစေ့ကို ထုတ်ထားသူ)၊ နပုံး (ကျားမအင်္ဂါဇတ် မပီပြင်သူ)'လို့ ပဏ္ဍုက် ၅-မျိုးအနက် ပထမ ၂-မျိုး (အာ၊ ဥ)ကို ရဟန်းခံပေးကောင်းတယ်။ ဘာကြောင့်ဆို .. ကိလေသာ ထကြွမှုကို ဆင်ခြင်တုံတရားနဲ့ ထိန်းနိုင်လို့ (ဝိမတိ-ဋီ၊၂၊၁၁၈)။ ပက္ခ-ကိုတောင် သာမန်အချိန်မှာ ရဟန်းခံပေးကောင်းတယ်လို့ ကုရုန္ဒိအဋ္ဌကထာမှာ ဖွင့်ဆိုတယ်။ ကျန် ၃-မျိုးကိုတော့ ရဟန်းခံ မပေးကောင်း (ဝိ၊ဋ္ဌ၊၃၊၂၉၇)။

(က) အဖြေ

ဒီအဖြေက မေးခွန်းမှာ ပါပြီးသားပဲ။ ဥပသမ္ပန္နော နာသေ တဗာ'ဆိုတာ ရဟန်းခံပေးထားရင် အသွင်ကိုဖျက် (လူဝတ်လဲ)ရမယ်လို့ ဆိုလိုတာ။ ပါဠိတော်ရဲ့ ရှေ့နားမှာ “ပဏ္ဍုက် သည် ရဟန်းမဖြစ်။ ယင်းကို ရဟန်း မပြုပေးကောင်း’လို့ ပါ တယ်။ ဒါကြောင့် ‘၎င်းတို့ ရဟန်းခံရင် လုံးလုံး ရဟန်းမဖြစ်ဘူး'လို့ မှတ်ပါ။ ကျန် ၁၂-မျိုးလည်း ..

(ခ) အဖြေ

လူသတ်ကံ မြောက်ဖို့ သတ်မိသူရဲ့ စိတ်စေတနာ အဓိကကျတယ်။ သေစေလိုစိတ်နဲ့ သတ်ပြီးမှ အဖေမှန်း သိသွားရင် ‘ဆောရီ’လုပ်လို့ မရတော့ဘူး။ အနန္တရိကံ ထိုက်ကို ထိုက်သွားပြီ။ မေးခွန်းအရ ‘နေ့လယ်ခင်း အမောဖောက်၊ ညမှာ ဆုံးရခြင်း'ဟာ အရက်ကြောင့်လို့ ဆိုလိုရင် .. ‘မယူချင်ဘဲ သောက်ရေခွက်နဲ့ တစ်ခွက် ယူပေးမိစဉ်' ကိုယ့်စိတ်ထဲ ဘယ်လို ဖြစ်ခဲ့သလဲ။ ဒါလောက် ဖြစ်သွားမယ် မထင်လို့ သနား အားနာပြီး ပေးမိတာဆိုရင် အနန္တရိယကံ မထိုက်ဘူး။ ‘ဒါလောက်တောင် ပြောဆိုမရတာ သေပေစေ’ဆိုပြီး စိတ်ဆိုး ဒေါသနဲ့ ပေးမိရင်တော့ မလွတ်နိုင်ဘူး။

နိုဝင်ဘာ ၂၇၊ ၂ဝ၁၉။

---

ဓမ္မသတ္တိ

တေသု စိတ္တပ္ပသာဒေါပိ၊ ဒုက္ခတော ပရိမောစယေ။ ပဂေဝါ နုကိရိယာ တေသံ၊ ဓမ္မဿ အနုဓမ္မတော။

(စရိယာပိဋက)

ရတနာသုံးပါး၌ ကြည်ညိုစိတ် ဖြစ်ကာမျှဖြင့် ဆင်းရဲမှ လွတ် မြောက်နိုင်၏။ သူတော်ကောင်းတို့၏ တရားလမ်းစဉ် အတိုင်း အတုလိုက်၍ ကျင့်ကြံနိုင်ပါမူ ဆိုဖွယ် မရှိပြီ။

---

၇၈၆။ ဓမ္မသရဏဂုံ

ဘုန်းဘုန်း ဘုရား၊ ဗုဒ္ဓဓမ္မသံဃာဟူသော သရဏဂုံ သုံးပါး တွင် မည်သည့် သရဏဂုံက အဓိကကျပါသနည်း။ သုံးပါးလုံး အရေးကြီးပါသလား။ တစ်ခုကိုပဲ ပုတီးစိပ်လျှင် ရပါသလား သိလိုပါသည် ဘုရား။

မေနှင်းပွင့် (ဓမ္မစကူးလ်)

---

ဗုဒ္ဓသရဏဂုံ

သတိရပြီး နေတာကို အနုဿတိလို့ ခေါ်တယ်။ အနုဿတိ (သတိရစရာ) ၁၀-ပါး ရှိတဲ့အနက် ဗုဒ္ဓကို သတိရနေရင် အဲဒီသတိကြောင့် “နှလုံး၏ အလိုပြည့်တယ်'လို့ သုဘူတိထေရာ ပဒါန် (အပဒါန၊၁၊၇၄)မှာ မိန့်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးပေမယ့် ရှင်တော်ဗုဒ္ဓရဲ့ ဂုဏ်တော်ကို အာရုံပြုပြီး ဘာဝ နာဖြစ်အောင် ပွားများနေရင် အကျိုးကြီးလို့ အနုဿတိ ဘာဝနာကို ပွားများရာမှာ ဗုဒ္ဓသရဏဂုံဟာ အမြတ်ဆုံးပါပဲ။

ဓမ္မသရဏဂုံ

ဓမ္မဝိနယကို လိုက်နာကျင့်သုံးခြင်းဖြင့် ကိုးကွယ်တာကို ဓမ္မသရဏဂုံလို့ ခေါ်တယ်။ ရှင်တော်ဗုဒ္ဓ လွန်ပြီးနောက် ဓမ္မနဲ့ ဝိနယဟာ ကြည်ညိုသူ ရဟန်း ရှင်လူတို့ရဲ့ ဆရာပါပဲ (သော ဝေါ မမစ္စယေန သတ္ထာ)။ ဓမ္မ(အဆုံးအမ)ရှိမှ ဗုဒ္ဓဝါဒ တည်နိုင်တယ်။ ဒါကြောင့် “စိရံ တိဋ္ဌတု သဒ္ဓမာ = သဒ္ဓမ္မသုံးဖြာ သာသာနာ ရှည်ကြာ တည်တံ့စေ’လို့ အဋ္ဌကထာ ဆရာမြတ်တို့ ဆုတောင်း အထူးပြုခဲ့ကြတယ်။

သံဃသရဏဂုံ

ဓမ္မကို ကိုယ်တိုင် ကျင့်သုံးပြီး ကျင့်သုံးလိုသူတွေကို မျှဝေဖြန့်ချိပေးကြတဲ့ အရိယာသံဃာ သမ္မုတိသံဃာကို ၎င်းတို့ရဲ့ မျှဝေမှုကို ခံယူခြင်းဖြင့် ကိုးကွယ် ဆည်းကပ်တာကို သံဃသရဏဂုံလို့ ခေါ်တယ်။ စစ်မှန်တဲ့ သံဃာဟာ လမ်းညွန်မှုကို ခံယူလိုသူတွေနဲ့ သင့်လျော်တဲ့ ဓမ္မအမှန်ကို မျှဝေနိုင်တယ်။ အဲဒီလို စွမ်းနိုင်အောင်လည်း မိမိတို့ရဲ့ဘဝကို ဓမ္မကို သင်ယူလေ့လာ ကျင့်သုံးတဲ့ နေရာမှာ မြှုပ်နှံထားကြသူတွေ။

ဘာအဓိက

ဗုဒ္ဓမရှိရင် ဓမ္မနဲ့သံဃာ ဘယ်ရှိလာပါ့မလဲ။ ဗုဒ္ဓ အရေးကြီးတာပေါ့။ ဗုဒ္ဓမရှိတဲ့ခေတ်မှာ ဓမ္မမရှိရင် ဗုဒ္ဓနဲ့သံဃာ မရှိလာနိုင်။ ဓမ္မလည်း အရေးကြီးပြန်ရော။ ဗုဒ္ဓနဲ့ဓမ္မကို စာပေ သို့မ ဟုတ် မီဒီယာမှတစ်ဆင့် သိနိုင်ပေမယ့် သံဃာမရှိရင် ကျင့်သုံးပုံ နည်းစနစ် ယောင်ဝါးဝါး ဖြစ်နေမှာမို့ သံဃာလည်း ရှိပါမှ။ ဒါကြောင့် ရှင်တော် ဗုဒ္ဓကို ဆရာဝန် ဆိုရင်၊ ဓမ္မက ဆေး၊ သံဃာက သူနာပြုပေါ့။ ဗုဒ္ဓဝါဒီအဖို့ သုံးပါးလုံး အဓိကပါပဲ။

အဖြေ

ဒီလိုတော့ ဆိုနိုင်တယ် ... ပုတီးစိပ်ပြီး ဂုဏ်တော် ပွားရာမှာ မိမိဆန္ဒ အတိုင်းပါပဲ။ နှစ်သက်ရာ တစ်ခုခုကိုဖြစ်စေ၊ သုံးမျိုးလုံးကိုဖြစ်စေ စိပ်နိုင်ပါတယ်။ သရဏဂုံသုံးပါးလုံး ကြာရှည်စွာ တည်တံ့ဖို့ ဆိုရင်တော့ ဓမ္မသရဏဂုံ အဓိက ကျတယ်။ ဝိနည်း မရှိရင် သံဃာမရှိနိုင်။ ဓမ္မကွယ်ပျောက် နေတဲ့အရပ်မှာ ဗုဒ္ဓနဲ့ သံဃအကြောင်း မသိနိုင်ဘူး။ သီဟိုဠ်ဘုရင်က အရှင်မဟိန္ဒတို့ကို စတွေ့တော့ ‘လူလော နတ်လော’ ဝေခွဲမရဆို မဟုတ်လား။ ဒါကြောင့် ဓမ္မအမှန် ထွန်းကားရေးက ပိုပြီး အရေးကြီးကြောင်း စဉ်းစားမိပါတယ်။

နိုဝင်ဘာ ၂၈၊ ၂ဝ၁၉။

---

၇၈၇။ မအိုတော့ဘူး

ဆရာတော် ဘုရား၊ ယခုအခါ သိပ္ပံပညာရှင်များသည် မကြာမီသော ကာလ၌ မအိုအောင် လုပ်လာနိုင်မယ့် လမ်း စကို တွေ့ရှိထားပါသည်။ တစ်ချိန်တွင် နှစ်ပေါင်းရာထောင် အသက်ရှည်အောင်ပင် လုပ်နိုင်မည်ဟု မျှော်မှန်း နေကြပါ သည်။ အဲဒီ မျော်မှန်းချက်နှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ က မည်သို့ မြင်ပါသလဲ။ ရှင်းပြပေးစေလိုပါသည် ဘုရား။

Dr. သုခ (ယင်းမာပင်)

---

မဆီလျော်

၂၀၁၈-ခုနှစ်က Compassion and Technology ခေါင်းစဉ်နဲ့ Al (ဉာဏ်တု) ပညာရှင်တွေ၊ မျိုးဗီဇဆိုင်ရာ ဆရာဝန်တွေနဲ့ သံတမန်တွေပါ တက်ရောက်တဲ့ ဟောပြောပွဲမှာ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို တစ်ဦးက အထက်ပါ မေးခွန်းမျိုး မေးတော့ 'ဒီမေးခွန်းက ကြောင်းကျိုး မဆီလျော်ပါဘူး'လို့ ဒလိုင်းလားမားက ပြန်ဖြေတယ်။ သူက ကမ္ဘာကြီးပူနွေးလာတာ၊ ကမ္ဘာ့လူဦးရေ တိုးလာနေတာ၊ ဘီစီ သုံးထောင်လောက်ကပင် အိန္ဒိယ ယောဂီများ မသေနည်းကို ရှာဖွေခဲ့ကြတာတွေနဲ့ ရှင်းပြတယ်။ သူ ရှင်းပြတာကို အခြေခံပြီး မေးခွန်းကို ဖြေရရင် ..

ပူနွေးလာလို့

ကမ္ဘာ့အပူရှိန် မြင့်လာလို့ တောင်နဲ့ မြောက်ဝင်ရိုးစွန်းတွေက ရေခဲတောင်တွေ အရည်ပျော်ကျလာတဲ့ အတွက် ဒီရာ စုနှစ်အတွင်း ကမ္ဘာ့နေရာဒေသ အတော်များများ ရေဖုံးလွှမ်းဖွယ်ရှိတယ်။ အပူရှိန် မြင့်နှုန်းကို ခုထိ မထိန်းနိုင်တဲ့အပြင် ပိုမြင့်လာဖို့ ရှိနေတယ်။ သမုဒ္ဒရာရေ မြင့်လာပေမယ့် ကမ္ဘာမြေခြောက်သွေ့လို့ သောက်သုံးရေ မလုံလောက်။ ကမ္ဘာ့လူဦးရေက မကြာခင် ဆယ်ဘီလျံ ဖြစ်တော့မယ်တဲ့။ မွေးဖွားနှုန်းကို ဘယ်လို ထိန်းနိုင်မလဲ။ ဇနီးတွေ အများကြီးယူနေတဲ့ အုပ်စုကလည်း ရှိပြန်။ ဒါကြောင့် အသက်ရှည်ရင်တောင် သုခဘုံ ဖြစ်နိုင်မလား။

ရှေးခေတ်က

မအိုနည်းကို ရှာကြံတာ အိန္ဒိယယောဂီ(ဆာဒူး) တွေက ခုခေတ် သိပ္ပံပညာရှင်တွေထက် ပိုရှေးကျတယ်။ သူတို့က ဘီစီသုံးထောင်လောက်ကပင် ကမ္မဋ္ဌာန်းထိုင်တာ၊ ယောဂနည်းနဲ့ လေ့ကျင့်တာတွေနဲ့ အသက်ရှည်အောင် မအိုအောင် လုပ်ကြတယ်။ နှစ် ၂၀၀-နီးပါးလောက် အသက်ရှည်တာတော့ ကြားဖူးတယ်။ ဒီထက် ပိုမရှည်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ရင် သိပ္ပံပညာရှင်တွေက အကောင်းမြင်သလောက် ကျုပ်(ဒလိုင်း လားမား)ကတော့ အတော် အဆိုးမြင်သဗျ။ နျူကလီယာဗုံး၊ ဓာတုလက်နက်၊ ပိုးမွှာလက်နက် ဆိုတာတွေကိုလည်း တိတ်တဆိတ် ထုတ်လုပ်နေကြတယ်လေ။

ဗုဒ္ဓမိန့်မြွက်

ရှင်တော် ဗုဒ္ဓကတော့ “ယော စိရံ ဇီဝတိ၊ သော ဝဿသတံ အခွံ ဝါ ဘိယျော (ဒီ၊၂၊၃) = အသက် အရှည်ဆုံးသူသည် အနှစ်တစ်ရာဖြစ်စေ၊ ယင်းထက် အနည်းငယ် ပိုလွန်၍ ဖြစ် စေ အသက်ရှင်နေရ၏’လို့ ဟောတော်မူပါတယ်။ ဗုဒ္ဓသာသနာ မှတ်တမ်းအရ သက်တော် ၁၆၀ မှာ ပရိနိဗ္ဗာန်စံတဲ့ အရှင် ဗာကုလ ရဟန္တာမထေရ်ဟာ အသက်အရှည်ဆုံး ဖြစ်ပါတယ်။ ဒီအရှင်မြတ်လည်း သက်တော် ၂ဝဝ ပြည့်အောင် မရှည်ပါဘူး (ဒီ၊ဋ္ဌ၊၂၊၆)'။ ဒီပါဠိတော်နဲ့ အဋ္ဌကထာ စကားသည်ပင် “ဗုဒ္ဓဘာသာက မည်သို့မြင်ပါသလဲ’ရဲ့ အဖြေပါ။

နိုဝင်ဘာ ၂၈၊ ၂ဝ၁၉။

---

၇၈၈။ ဝိနည်းကြီးခြင်း

ဆရာတော် ဘုရား၊ မကြာခင်က ဓမ္မမိတ်ဆွေ တစ်ဦး၏ အိမ်သို့ကြွသော ဆရာတော်မှာ အလွန် ဝိနည်းကြီးပါသည်။ ဆရာတော် ကြွနေစဉ် ဆရာတော် အာပတ်မသင့်အောင် ဓမ္မမိတ်ဆွေ လင်မယားမှာ တပည့်တော်၏ အိမ်သို့ ရွှေ့အိပ်ကြပါ သည်။ ညမှာ တစိမ်းလူရှိနေသဖြင့် သူတို့အိမ်က ခွေးမလေး ဟောင်လို့ ဘေးအိမ်က ရဲကို တိုင်ပါသည်။ သို့ဖြစ်ပါမူ ရဟန်းသံဃာကို အိမ်သို့ ညကျိန်း ပင့်သင့်ပါသလား ဘုရား။

အောင်သက်ဝေ (ကနေဒါ)

---

ဝိနည်းအရ

အမိုးတူပြီး လှေကားကို အတွင်းက တပ်ထားရင် နှစ်ထပ် သုံးထပ် စသည် ရှိရင်တောင် အတွင်းရှိ အခန်းအားလုံးကို တစ်မိုး တစ်ရံတည်းလို့ ခေါ်တယ်။ ရဟန်းဟာ အဲဒီလို အိမ် ကျောင်း ဇရပ် ဟိုတယ် စသည်မှာ လူသာမဏေနဲ့ အတူ ၃-ညထက် ပိုမအိပ်ရ၊ တိရစ္ဆာန်မ အပါအဝင် မာတုဂါမနဲ့တော့ ဒီလိုနေရာမျိုးမှာ တစ်ညတောင် အတူမအိပ်ရ။ အမိုးတူပေ မယ့် အထပ် သို့မဟုတ် အခန်းကူးလို့ မရမှ အိပ်လို့ ရတယ်။

မလွတ်နိုင်

ဒီသိက္ခာပုဒ်အရ ဆရာတော်အချို့ အချို့အိမ်မှာ ညမကျိန်း ကြဘူး။ အမှန်တော့ သင်္ဘော၊ မီးရထား၊ လေယာဉ် စသည်နဲ့ လှေကားကို အတွင်းကထားပြီး တစ်ခန်းနဲ့တစ်ခန်း ကူးလို့ရ တဲ့ ဘုန်းကြီးကျောင်းတောင် အာပတ် မလွတ်နိုင်။ နာမကျန်းတဲ့ ရဟန်းအား အထူးခွင့်ပြုချက် မရှိတဲ့အတွက် ဒီသိက္ခာပုဒ်ကို အတိအကျ လိုက်နာရင် နေထိုင် မကောင်းလို့ ခုခေတ် ဆေးရုံကို တက်ဖို့တောင် ခက်နိုင်တယ်။

မေးခွန်းမှာ ‘ညအချိန် ခွေးမလေး ဟောင်တယ်'ဆိုလို့ ဒီသိက္ခာပုဒ်ဟာ မသိဘဲ အိပ်မိလည်း အာပတ်သင့်လို့ အဆိုပါ ဝိနည်းဆရာတော်မှာ ခွေးမလေးနဲ့ အတူအိပ်လို့ ဒုက္ကဋ်အာပတ် သင့်သေးတယ်။ ခွေးဟောင်သံ ကြားပြီးနောက် အထီး လော အမလောဆိုတဲ့ သံသယနဲ့ မအိပ်ဘဲထိုင်နေ၊ သို့မဟုတ် ခုတင်ပေါ် ကျောမချဘဲနေမှ အာပတ် လွတ်မှာ (ဝိ၊ဋ္ဌ၊၁၊၂၅၄)။ ဒါတောင် ဒီသိက္ခာပုဒ်ကို အသေးစိတ် သိထားပါမှ။

အဖြေ

ဒါကြောင့် ၁) ကြည်ညိုသူက ဆရာတော့် ဆန္ဒအတိုင်း “အိမ်က ဖယ်ပေး (သို့မဟုတ် လုံးချင်းအိမ် ငှားပေး)'လုပ် နိုင်ရင် လုပ်၊ ၂) မလုပ်နိုင်ရင် ဆရာတော်က နားလည်ပေးသင့်တယ်၊ ၃) မပေးနိုင်ရင် အဲဒီလို ဆရာတော်မျိုးကို အိမ်မှာ ညကျိန်း မပင့်နဲ့ပေါ့။ အဖြေက ဒီမှာတင် ပြီးပြီ။ ဒါပေမယ့် သည်းခံပြီး ဆက်ဖတ်ကြည့်ဦး ..

မိမိရွေးချယ်မှု

ကြည်ညိုသူအဖို့ ‘ဒီလို ဝိနည်းကြီးလို့ သူက အခြားရဟန်းတွေထက် ပိုသီလရှိတယ်၊ ရဟန်းစစ်တယ်'လို့တော့ မယူဆ စေချင်ဘူး။ ရဟန်းသံဃာနဲ့ ပတ်သက်ရင် ‘ဟီန (အနိမ့်ဆုံး ကျင့်နိုင်သူ)၊ မဇ္ဈိမ (အလယ်အလတ် ကျင့်နိုင်သူ)၊ ဥက္ကဋ္ဌ (အမြင့်ဆုံး ကျင့်နိုင်သူ)'လို့ ခွဲမြင်နိုင်ရင် ကောင်းမယ်။ ဒီသုံးမျိုးနဲ့ အလဇ္ဇီ(ရှက်ကြောက်မဲ့)နဲ့ ဒုဿီလ (ဘာသီလမှ မရှိ)ဆိုတဲ့ အရေခြုံ အဆင့်ကိုလည်း ခွဲခြား နားလည်သင့်ပါတယ်။

ရည်ရွယ်ချက်

ရဟန်းငယ်တွေ နေရာမရှိလို့ တရားဟော ဓမ္မာရုံမှာ လူတွေနဲ့ အတူတူအိပ်တော့ ညမှာ ယောင်တာဟောက်တာ သင်းပိုင်ကျွတ်တာတွေ ဖြစ်လို့ လူတွေ ကဲ့ရဲ့ခံရခြင်းနဲ့ ရဟန္တာကြီး အရှင်အနုရုဒ္ဓါကို အိမ်မှာ ကျိန်းဖို့ပင့်တဲ့ ဒကာမက လင် သားပြုဖို့ ဖြားယောင်းခြင်းတို့ကြောင့် ဒီပညတ်ချက်နှစ်ခု ဖြစ်ပေါ်ခဲ့တာ။ ဒါဖြင့် အဲဒီလိုဖြစ်ဖို့ အခြေအနေမရှိရင် ဟီနနဲ့ မဇ္ဈိမအဆင့် ကျင့်နိုင်သူ အနေနဲ့ လက်ခံနိုင်ပါတယ်။

လက်တွေ့အရ ၂၁-ရာစု ရဟန်းသံဃာတွေဟာ ပိဋကတ်သင် (ဂန္ထဓုရ)၊ တရားထိုင် (ဝိပသနာဓုရ)ဆိုတဲ့ ဓုရ နှစ်မျိုးကိုသာမက ပရဟိတနဲ့ အခြားကိစ္စတွေကိုပါ ဆောင်ရွက် ကြလို့ ဥက္ကဋ္ဌချည်း ဖြစ်ဖို့ ခက်တယ်။ ဆက်တွေးဦး ..

လူသားဝါဒ

ကမ္ဘာပေါ်မှာ လူသားဝါဒနဲ့ ကရုဏာကို မြှင့်တင်ဖို့ ဗုဒ္ဓအဆုံးအမကို စံနမူပြုနေတာတွေ ရှိတယ်။ အပြောအဆို နူးညံ့တဲ့ ဆရာဝန် သူနာပြုတွေကိုတွေ့ တိုင်း လွန်ခဲ့တဲ့ နှစ် ၄၀-ခန့်က မျက်စိနားနှာခေါင်းဆေးရုံမှာ သူနာပြုတွေ ဆူပူ ငေါက်ငမ်းခံခဲ့ရတာကို အမှတ်ရတယ်။ ဝိနည်းကြီးတဲ့ ဆရာတော်အချို့ ယောဂီတွေကို ဆူငေါက်တာကိုလည်း ကြုံဖူးတယ်။

အခြေခံမတူ

ကရုဏာနဲ့ ဒေါသဟာ သဘာဝအရ လက္ခဏာစသည် တစ်ခြားစီပါ။ ဒါကြောင့် “ကရုဏာဒေါသ’ဆိုတာကို မ ကြိုက်နိုင်ပါ။ သူတစ်ပါးကို မိုးကြိုးပစ် သေပါစေ'လို့ဆိုရင် ဖရုသဝါစာ ကံမြောက်တယ် (ပရမတ္ထသံခိပ်၊ဋီ၊၂၊၁၁၆)။ မိဘဆရာတို့က ဆူကြိမ်းရာမှာတော့ နှုတ်ကြမ်းပေမယ့် စေတနာ သိမ့်မွေ့ရင် ဖရုသဝါစာ မဖြစ်ဘူးတဲ့ (မ၊ဋ္ဌ၊၁၊၂ဝ၄-စသည်)။ လက်တွေ့မှာ နှုတ်ရော စေတနာပါ ကြမ်းတာမျိုး မရှိနိုင်ဘူးလား။

ဒီလိုပါ ..

သိက္ခာပုဒ် ပညတ်တော်မူခြင်းရဲ့ ရည်ရွယ်ချက်ကို မထိခိုက်ရင် ရဟန်းဟာ အဆင်မပြေနိုင်တဲ့ ပတ်ဝန်းကျင်မှာ ဒီလိုပဲ ဖြစ်ရမယ်လို့ အသေမဆုပ်ကိုင်ဘဲ မိမိရဲ့ ဝိနည်းကြောင့် သူတစ်ပါးတို့ရဲ့ ကိုယ်စိတ် ပင်ပန်းမှု မဖြစ်အောင် နေထိုင်သင့်တယ်။ ဒီလိုမဟုတ်ရင် ကရုဏာဆိုတဲ့ အခြားကျင့်စဉ် တစ်ခု ကို ထိခိုက်မလားလို့ပါ။

ဒီဇင်ဘာ ၃၊ ၂ဝ၁၉။

---

မှတ်ချက်များ

ဒီကိစ္စက လူတွေပြောရတာ ခက်တယ် ဘုရား။ တစ်ဖက်က ဆရာတော်လည်း မထိအောင်၊ ကျန်ရဟန်း အများစုလည်း အဆင်ပြေအောင်၊ ကြားချပြီး မျှတအောင် ဖြေရတာ မလွယ်ဘူး ဘုရား။ တပည့်တော်လည်း ကြုံခဲ့ဖူးတယ်ဘုရား။

အရှင်သြသဓ (ဓမ္မာနန္ဒဝိဟာရ)

---

၇၉ဝ။ သုဂတောငါးချက်သိဖွယ်

ဆရာတော် ဘုရား၊ အောက်ပါ ပါဠိတော်ကို အဓိပ္ပာယ်နဲ့ အသံထွက် မှန်ကန်စွာ ရွတ်လိုပါတယ် ဘုရား ..

သုဂတော သုဂတဓာနံ၊ သုဂတော သုန္ဒရမ္ပိ စ။ သုဂတော ယာတိ နိဗ္ဗာနံ၊ သုဂတော တေ နမော နမာ။

ဦးအောင်ခင် (Anaheim, CA)

---

မူကွဲရှိတယ်

‘သုဂတောငါးချက်ဂါထာ'ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်ပါ မူကွဲကိုလည်း တွေ့ရတယ်။ မူကွဲက အဓိပ္ပာယ်နဲ့ ဆန်းဂိုဏ်း အရ ပိုသင့်ဖွယ် ရှိတယ်။ သဒ္ဒါရေးတော့ သိပ်မဖြောင့်ဘူး။

သုဂတော သုဂတဋ္ဌာနံ၊ သုဂတော သုန္ဒရမ္ပိ စ။ သုဂတော ယာတိ နိဗ္ဗာနံ၊ သုဂတော တေ နမော နမေ။

‘တစ်ဂါထာ ဆုံးရင် ပုတီးတစ်လုံးချ၊ သုဂတော ငါးချက် ရ၏'ဆိုတဲ့ ညွန်ကြားပုံအရ သုဂတောငါးချက်ဆိုတာ ‘သုဂတ'ပုဒ် ငါးကြိမ် ပါတာကို ဆိုလိုဟန် တူတယ်။

သဒ္ဓါကိုငဲ့၍

ဒီဂါထာကို ဘုရားဟော ပါဠိတော်နဲ့ အဋ္ဌကထာ ဋီကာတွေမှာ မတွေ့နိုင်။ ဘယ်ဆရာတော် ရေးတယ် ဆိုတာကိုလည်း မသိနိုင်ဘူး။ သဒ္ဒါရေးနဲ့ အဓိပ္ပာယ်အရလည်း ဆိုဖွယ် ရှိနေ တယ်။ ဒါပေမယ့် သဒ္ဓါတရား အရင်းခံနဲ့ ရွတ်ဖတ်ပူဇော်ရင် မရွတ်ဘဲ နေတာထက် သာတယ်ဆိုတဲ့ နားလည်မှုနဲ့ တောင်းပန်သူရဲ့ ဆန္ဒအရ သင့်မြတ်အောင် ကြံဆပြီး ဖြေဆိုပါမယ်။ သုဂတကို မူရင်းအဋ္ဌကထာ ကျမ်းမြတ်တွေမှာ ဖွင့်ဆိုတာကို အရင် လေ့လာပြီးမှ မေးခွန်းပါ ဂါထာရဲ့ အသံထွက်နဲ့ အနက် မြန်မာပြန်တွေကို လေ့လာတာပေါ့။

ကျမ်းရင်းဆို

အဋ္ဌကထာကျမ်းတွေ (ဝိ၊ဋ္ဌ၊၁၊၈၉-စသည်)ရဲ့ ဂုဏ်တော်အဖွင့်တွေမှာ သုဂတမည်ပုံကို အောက်ပါအတိုင်း အဓိပ္ပာယ် လေးမျိုး ဖွင့်ဆိုကြတယ် ..

၁) သောဘနဂမနတ္တာ သုဂတော = တင့်တယ်သော အရိယာမဂ်ဟူသော သွားခြင်း ရှိသောကြောင့် သုဂတမည်၏။
၂) သုန္ဒရံ ဌာနံ ဂတတ္တာပိ သုဂတော = အိုသေကင်း လတ် ကောင်းသော နိဗ္ဗာန်သို့ ကြွသောကြောင့် သုဂတမည်၏။
၃) သမ္မာ ဂတတ္တာပိ သုဂတော။ ဒီအဖွင့်မှာ အဓိပ္ပာယ် ၂-မျိုး ယူနိုင်တယ်
(က) ပယ်ပြီးကိလေသာသို့ တစ်ဖန် ပြန်မလာဘဲ ကြွသွားသောကြောင့် သုဂတမည်၏။
(ခ) ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းမှစ၍ ပါရမီ ဆယ်ပါးကို ဖြည့်လျက် ကောင်းစွာ ကြွလာခဲ့ပြီး ဖြစ်သောကြောင့် သုဂတမည်၏။
၄) သမ္မာ ဂဒတ္တာပိ သုဂတော = ဟုတ်မှန်သော စကား၊ အကျိုးရှိသောစကား ဤစကား နှစ်မျိုးကို ဟောမိန့်တော်မူသောကြောင့် သုဂတမည်၏။

အသံထွက်

ဘုန်းကြီးက ပါဠိတော်အဋ္ဌကထာ ဋီကာတွေမှာ မပါဘူးလို့ ပြောတဲ့အတွက် ယုံကြည်မှု လျော့မသွားပါနဲ့။ ဘုရားဟော မဟုတ်ပေမယ့် သဒ္ဓါအားနဲ့ လုပ်ရင် ထက်မြက်ပါတယ်။ ပါဠိကို ရွတ်ဖတ်ရင် အသံထွက်မှန်ဖို့ အရေးကြီးတယ်။ ပိုပြီး သင့်မြတ်ဖွယ် ရှိလို့ ဘုန်းကြီး ဖော်ပြထားတဲ့ မူကွဲဂါထာနဲ့ပဲ တိုက်ဆိုင်ပြီး အသံထွက်ကို လေ့ကျင့်ကြည့်
သုဂတော သုဂတတ်ထာနံ၊
သုဂတော သုန်ဒရံပိ စ (သုန်ဒယံ မလုပ်နဲ့)၊
သုဂတော ယာတိ (ရာတိ မလုပ်နဲ့) နိပ်ဗာနံ၊
သုဂတော တေ နမော နမေ (န-မော .. န-မေ လို့မခွဲနဲ့)။

မြန်မာအနက်

သုဂတော သုဂတဋ္ဌာနံ = တင့်တယ်သာညှင်း အရိယာမဂ် တည်းဟူသော ကြွသွားခြင်း ရှိတော်မူသော မြတ်စွာဘုရား။ (ဌာန-အရ အဖွင့်နဲ့ ညီအောင် အရိယာမဂ်ကို ယူပါတယ်။)

သုဂတော သုန္ဒရမ္ပိ = မကောင်းဒုက္ခ သင်္ခါရကင်း ကောင်းခြင်းအမှန် မြတ်နိဗ္ဗာန်သို့ ဧကန် ကြွသွားတော်မူသော မြတ်စွာဘုရား။

သုဂတော၊ ထိုထိုမဂ်ဖြင့် ပယ်ဖျက်တွန်းခွာ ကိလေသာ သို့ တစ်ခါနောက်ကျော့ မရောက်တော့ဘဲ ခိုင်မြဲကောင်း မြတ် ကြွတော်မူတတ်သော မြတ်စွာဘုရားသည်။ နိဗ္ဗာနံ ယာတိ၊ နိဗ္ဗာန်သို့ ကြွတော်မူပါပေ၏။

သုဂတော၊ ဒီပင်္ကရာ ထွဋ်ချာသနင်း ခြေတော်ရင်းမှ စ၍ ဗောဓိ မဏ္ဍိုင်ထိအောင် ပါရမီဖြည့်ကာ ကောင်းစွာ ကြွတော်မူခဲ့သော မြတ်စွာဘုရားသည်။ နိဗ္ဗာနံ ယာတိ၊ နိဗ္ဗာန်သို့ ကြွတော်မူပါပေ၏။

(မှတ်ချက်။ အဋ္ဌကထာမှာ ဖော်ပြတဲ့ ‘သမ္မာ ဂတတ္တာ'ရဲ့ ဖွင့်နှစ်မျိုး ယူပြီး သုဂတောငါးချက်လို့ ယူရင် မငြင်းသာပါဘူး။)

သုဂတော = သုဂတ = စကားခြောက်မျိုး ပြောဆိုရိုးတွင် ကျိုးရှိဟုတ်မှန် သူနာခံလို မနာလိုဟု ထိုနှစ်မျိုးသာ ချိန် ခါချင့်မျှော် ကောင်းစွာ ဟောမိန့်တော်မူတတ်သော အို မြတ်စွာဘုရား။

တေ = ရှင်တော် ဘုရားအား။ နမော ကာယဝစီ မနောချီလျက် အဉ္ဇလီညွတ်လျိုး လက်စုံးမိုး၍ ရှိခိုးပါ၏ ဘုရား။ နမေ = နမာမိ = ဘယ လာဘ ကုလကြဉ်ကာ တစ်ဖန် ရိုသေစွာ ရှိခိုးပါ၏ မြတ်စွာဘုရား။

ဒီဇင်ဘာ ၆၊ ၂ဝ၁၉။

---

အကွယ်သုံးပါး

ဘုရားကို စေတီ ကွယ်တတ်သည်။
တရားကို စာအုပ်အုပ် ကွယ်တတ်သည်။
သံဃာကို ဘုန်းကြီး ကွယ်တတ်သည်။

(ပေါရာဏစကားပုံ)

---

၇၉ဝ။ အပြစ်သေးသိက္ခာပုဒ်ပြဿနာ

ဘုန်းကြီး ဘုရား၊ ပါချုပ်ဆရာတော်ကြီးက ဥပဒေရဲ့ သဘောအရ ပြင်ဖို့လိုရင် ပြင်ခွင့်ရှိရမှာ ဖြစ်လို့ အပြစ်သေး သိက္ခာပုဒ် အချို့ကို သံဃာညီရင် ပြင်ခွင့်ရှိတယ်၊ မြတ်စွာဘုရားရဲ့ ဝိနည်းတော်ဆိုတာ အကြိမ်ကြိမ် ပြင်ခဲ့ရတာလို့ ဟောကြားပါ သည်။ ထိုဟောကြားချက်ကို လူတစ်စုက အဓမ္မဝါဒလို့ ဝေဖန်ပြောဆိုနေကြသဖြင့် ကြည်ညိုသူအများ စိတ်မချမ်းမသာဖြစ်ရပါသည်။ သံဃာညီရင် အပြစ်သေး ဝိနည်းသိက္ခာများကို ပြင်လို့ ရနိုင်ပါသလား ဘုရား။

အရှင်သောဘိတ (သရက်-အောင်မင်္ဂလာ)

---

ကျမ်းရင်းဆို ၁

ပရိနိဗ္ဗာန် စံခါနီးမှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို “အာနန္ဒာ၊ သံဃာသည် ငါကွယ်လွန်သောအခါ၌ အပြစ်သေး သိက္ခာပုဒ်တို့ကို နုတ်ပယ်လိုခဲ့သော် နုတ်ပယ်လော့'လို့ မိန့်တော်မူတယ် (ဒီ၊၂၊၁၂၇)။ ဒီဆိုကို ‘ပဌမသံဂါယနာမှာ အရှင်မဟာကသပ မထေရ်ကြီးက မထုတ်ပယ်ဘူးဆိုတာကို သိတော်မူလို့ ဘုရားက အဲဒီလို မိန့်တာ (ဒီ၊ဋ္ဌ၊၂၊၁၈၄)’လို့ ဖွင့်တယ်။ သံဃာတွေကို စုံစမ်းလိုလို့ အဲဒီလိုမိန့်တာ။ ဒုက္ခမှ လွတ်လိုကြတဲ့ ဗုဒ္ဓသားတော်တွေဟာ ရှိပြီး သိက္ခာပုဒ်တွေကို ကျင့်သုံးရတာကိုပင် အားမရနိုင်တာမို့ ဘယ်လိုလုပ် ပညတ်ပြီး သိက္ခာပုဒ်ကို ထုတ်ပယ်လိုကြမလဲ (မိလိန္ဒ၊၁၄၆)လို့လည်း အရှင်နာဂသေန မထေရ်က ရှင်းပါတယ်။

သူ့မှတ်ချက်

ဒါပေမယ့် အရှင်အာနန္ဒာက အပြစ်သေးသိက္ခာပုဒ် ဘာလဲ ဆိုတာကို မမေးမိ။ ဒါကို ဒီဃနိကာယ် အင်္ဂလိပ်ဘာသာပြန် (စာ-၅၄၇)မှာ Maurice Walshe က 'သံဃာသည် ဤမိန့်တော်မူချက် (အပြစ်သေး သိက္ခာပုဒ်များကို ပယ်လိုက ပယ်လော့)ကို အကောင်အထည် မဖော်ခဲ့ချေ။ အဓိကအကြောင်း မှာ အရှင်အာနန္ဒာက အပြစ်သေးသိက္ခာပုဒ် ဟူသည်ကို သေချာအောင် မြတ်ဗုဒ္ဓအား မမေးမြန်းခဲ့သောကြောင့်တည်း။ ယင်းသည် ယနေ့ခေတ်တွင် ငြင်းခုံဆွေးနွေးရန် မသင့်လျော်သော အကြောင်းအရာ ဖြစ်၏’လို့ မှတ်ချက်ပြုပါတယ်။

ကျမ်းရင်းဆို ၂

ပဌမသံဂါယနာ တင်ပြီးစမှာ အရှင်အာနန္ဒာက ဤကိစ္စကို မထေရ်ကြီးတွေကို လျှောက်ပေမယ့် “အပြစ်သေးသိက္ခာပုဒ်' ဆိုတာ မသေချာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သံဃာ့ဥသျှောင် အရှင်မဟာကသပက “သိက္ခာပုဒ်အချို့ကို လူတွေလည်း သိနေပြီးဖြစ်တယ်။ ဆရာဘုရား ကွယ်လွန်လို့ မီးခိုးငြိမ်းရုံရှိသေး၊ သူ့တပည့်တွေက သက္ခာပုဒ်ကို ပယ်နေကြပြီလို့ ကဲ့ရဲ့ဖွယ်လည်းဖြစ်တဲ့အတွက် ဖြည့်စွက်ခြင်း ထုတ်ပယ်ခြင်း မလုပ်ဘဲ ပညတ်ပြီး သိက္ခာပုဒ်အတိုင်းပဲ ရိုသေစွာကျင့်သုံးကြစို့၊ သဘောတူရင် ဆိတ်ဆိတ်နေတော်မူကြပါ ဘုရား'လို့ ကြေညာပြီး ကန့်ကွက်သူ မရှိတဲ့အတွက် ဒီအဆိုကို အတည်ပြုခဲ့တယ် (ဝိ၊၄၊၄၈၅)။

မှတ်တမ်းအရ

'အပြစ်သေး သိက္ခာပုဒ်ဆိုတာကို သေချာအောင် မြတ်စွာဘုရားအား မမေးလိုက်ခြင်း . စတဲ့ ' အကြောင်းအရာ ငါးခုနဲ့ မထေရ်ကြီးတွေက အရှင်အာနန္ဒာကို အပြစ်တင်ကြတယ် (ဝိ၊၄၊၄၈၆)။ အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၄၊၁၃၃)မှာ 'အဲဒါ ငါ့ရှင်ရဲ့ ဟာကွက်ပဲ'ဆိုတဲ့ အဓိပ္ပာယ်မျိုးဖွင့်ပုံအရ ပြစ်တင်သူ မထေရ်ကြီးတွေဟာ စိတ်ပိုင်းဘဝ ပြည့်စုံပြီးဖြစ်လို့ မိမိတို့ ချစ်ကြည်ညိုတဲ့ အရှင်အာနန္ဒာရဲ့ မဆိုစလောက် အပြစ်ကို စိတ်ရင်း အမှန်နဲ့ ဆုံးမရုံမျှ ဆိုခြင်းသာ။ အနောက်တိုင်းသားအချို့ ရေးသလို ဗုဒ္ဓက ချီးမြှောက်လွန်းလို့ ဗုဒ္ဓကွယ်လွန်ချိန် ဝိုင်းနှိမ်တယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး။

အကြိမ်ကြိမ်ပြင်

ပညတ်ပြီးသား သိက္ခာပုဒ်အချို့ကို ပြင်ရပါတယ်။ ဗုဒ္ဓဘုရားကိုယ်တိုင် လိုအပ်လို့ ပြင်တာကို ဆိုလိုတာပါ။ ဆရာတော်ကြီးက “အကြိမ်ကြိမ် ပြင်ရတယ်’ဆိုတာ ဒါကို ဆိုလိုတာ ဖြစ် မယ်။ ပါရာဇိကသိက္ခာပုဒ် လေးပါးကိုပဲကြည့်၊ နှစ်ခါစီပညတ် တော်မူရတာချည်း။ ပထမပါရာဇိကဆို သုံးကြိမ် ပညတ်ရတယ်။ ဒါလည်းပဲ မြတ်ဗုဒ္ဓအနေနဲ့ ပညတ်ရန် အကြောင်း ဖြစ်ပေါ်မှ တရားဒေသနာနဲ့သိစေပြီး အပြစ်ထင်ရှားမှ သိက္ခာပုဒ်ကို ပညတ်တော်မူတာ ဖြစ်လို့ပါ။ မြတ်စွာဘုရား ပညတ်ပြီးသား သိက္ခာပုဒ်ကို သံဃာက ပြင်တယ် ဆိုတာမျိုးတော့ ထေရဝါဒမှာ မရှိသေးဘူး။

လိမ္မာပါးနပ်စွာ

အဋ္ဌကထာဖွင့်အရ အရှင်မဟာကဿပရဲ့ စွမ်းအားနဲ့ မပြင် ဘူးဆိုတာကို သိတော်မူလို့၊ မိလိန္ဒပဉှာကျမ်းအရ ရဟန်းတွေကို စုံစမ်းလိုလို့ 'ပြင်ချင်ရင် ပြင်ကြပေါ့'လို့ မိန့်တာဖြစ်တဲ့အတွက် 'ပညတ်ပြီးသားကို မပြင်ရ'လို့ မှတ်ရုံပါပဲ။

ဒါပေမယ့် .. မြတ်စွာဘုရား ကိုယ်တိုင် လိုအပ်ရင် ပြင် တော်မူတယ် ဆိုတာတော့ သေချာတယ်။ အေဒီ ၅-ရာစုမှာ ထေရဝါဒီ မထေရ်ကြီးများဟာ ဝိနည်းသိက္ခာပုဒ် အချို့ကို လိမ္မာပါးနပ်စွာ ပြင်ခဲ့ကြတာမျိုး ရှိခဲ့ကြောင်း Dr. ဝါလ်ပိုလာ ရာဟုလာလည်း သုံးသပ်ဖူးတယ် ( History of Buddhism in Ceylon, Walpola Rahula, p. 167)။

ညွှန်ကြားလွှာ

တစ်နိုင်ငံလုံးရှိ သံဃာများ တင်မြှောက်တဲ့ နိုင်ငံတော်သံဃမဟာနာကအဖွဲ့က သာသနာတော်သန့်ရှင်းတည်တံ့ရေး ရှေးရှုပြီး ဝိနည်းမှာ တိုက်ရိုက် မပါပေမယ့် မျက်မှောက်ခေတ် လူနေမှုပုံစံအရ လိုအပ်လို့ ထုတ်ပြန်တဲ့ ညွန်ကြားလွှာတွေ ရှိတယ်။ ဒါကို “ပညတ္တံ န ပညပေတိ)’နဲ့ ဆန့်ကျင်တယ်လို့ မပြောနိုင်ဘူး။ တစ်နည်း သံဃာညီလို့ ပညတ်ချက်အသစ် ထုတ်ပြန်တဲ့ သဘောမျိုးလို့ ဆိုခွင့် မရှိဘူးလား။ အသစ်လုပ်ခွင့်ရှိရင် မဟာဝိဟာရဝါသီထေရ်ကြီးများရဲ့ ထုံးကို နှလုံးမူပြီး ဝိနည်းကျမ်းဂန်ကို မှီငြမ်းပြု၍ပင် အဟောင်းကို ပြင်ခွင့်ရော မရှိနိုင်ဘူးလား။

သတ္တိရှိစွာ

အရှင်မဟာကဿပရဲ့ ဆုံးဖြတ်ချက်၊ မိလိန္ဒပဉှာကျမ်းနဲ့ အဖွင့်ကျမ်းတို့ရဲ့ ဖော်ပြချက်ဟာ ရှင်တော်ဘုရား ပရိနိဗ္ဗာန်စံပြီး စနဲ့ တစ်စုံခုသော နှောင်းခေတ်ထိ အလွန် သင့်မြတ်ပေမယ့် အရှေ့အနောက် တိုးလျှိုပေါက်တဲ့ ခုလို အခါမျိုးမှာတော့ အရာရာကို ဒါမှဒါလို့ ခါးတောင်းကျိုက် ဆုပ်ကိုင်ထားဖို့ ခက်နိုင်တယ်။ ဒါကြောင့် ဆရာတော်ကြီး အနေနဲ့ 'ငါကွယ်လွန်သော အခါ သိက္ခာပုဒ် အသေးတို့ကို ပယ်လိုရင် ပယ်ကြ'ဆိုတဲ့ ဘုရားဟောနဲ့ ပတ်သက်ပြီး မိမိရဲ့ ထင်မြင်ချက်ကို သတ္တိရှိရှိနဲ့ ပါဠိတော်ကို တိုက်ရိုက် ချဉ်းကပ်ပြီး ဆိုတာ ဖြစ်လေမလားလို့ ဘုန်းကြီး ယူဆကြောင်းပါ။

ဒီဇင်ဘာ ၁၃၊ ၂၀၁၉။

---

မှတ်ချက်များ

ယနေ့ခေတ်မှာ အဖွင့်ကျမ်းများ နောက်သို့ မလိုက်ဘဲ ပါဠိတော်များကို တိုက်ရိုက် ယူခွင့် ရှိပါသလား ဆရာဘုရား။

အရှင်ကုသလ

အရှင်မဟာဗုဒ္ဓဃောသရဲ့ အဆိုကို ဒီအရှင်ထက် နောက်ကျတဲ့ အရှင်မဟာနာမမထေရ် ဝေဖန်တာ ရှိဖူးတယ် (ပဋိသမ္ဘိ ဒါမဂ္ဂအဋ္ဌကထာမှာရှု)။ ဋီကာဟောင်းတွေကို ဋီကာသစ်တွေမှာ ဝေဖန်တာ ပယ်တာတွေလည်း ရှိတယ်။

အရှင်ကေလာသ

၇၉၁။ အဖန်ငါးရာမက

ဆရာတော် ဘုရား၊ မိမိကိုယ်ကို သုတ်သေသူဟာ ပါဏာ တိပါတကံ မြောက်ပါသလား။ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ မိမိကိုယ်ကို သတ်သေတယ်လို့ ဆိုတာ ကျမ်းဂန်မှာ ရှိပါသလား ဘုရား။
မသန်းသန်း (ဓမ္မစကူးလ်)

---

အင်္ဂါငါးပါး

ပါဏာတိပါတ (သက်သတ်တဲ့ကံ) မြောက်တယ်လို့ ဆိုနိုင်ဖို့ အင်္ဂါငါးချက် ရှိတယ် .. ၁) အသက်ခံရသူဟာ သက်ရှိ ဖြစ်ခြင်း ၂) သတ်သူက သက်ရှိသတ္တဝါလို့ သိနေခြင်း ၃) သတ်လိုစိတ် ရှိခြင်း ၄) သတ်ခြင်း ၅) သေခြင်း။ ဒီအင်္ဂါ ငါးပါး ပြည့်စုံရင် သူ့သက်သတ် (ပါဏာတိပါတ)တဲ့ အပြစ် ထိုက်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတာကို ကြည့်ရင် ... ကိုယ်ဟာ သက်ရှိပဲလေ၊ ကိုယ့်ကိုယ် သက်ရှိလို့ သိနေတာပဲ၊ သတ်ချင်စိတ် ဖြစ်လာလို့ သတ်တာပဲ၊ သေရင်တော့ ပါဏာ တိပါက ထိုက်တာပေါ့။

အဖန်ငါးရာ

ဒီဘဝမှာ ကိုယ့်ကိုယ်ကို သတ်သေလို့ နောင်ဘဝ ငါးရာ တိုင်တိုင် အဲဒီလိုပဲ ကိုယ့်ကိုယ်ကို သတ်ဦးမယ် ဆိုတာမျိုး ကျမ်းဂန်မှာ မတွေ့ဖူးပါ။ တွေ့ဖူးသူ ပညာရှိတို့ ညွန်းပါ ကုန်။ ဘုန်းကြီးအထင် သဘင်သည်စကား သို့မဟုတ် ရမ်း ရေးမိတဲ့ ဖြစ်လေမလားလို့တော့ စဉ်းစားမိပါတယ်။ ကျမ်းဂန်အရ ဒီလိုတော့ ရှိနိုင်ပါတယ် ..

ကမ္မနိယာမအရ .. အပရာပရိယကံ အနေနဲ့ နိဗ္ဗာန် မရမီ စပ်ကြားမှာ အကျိုးပေးခွင့် ကြုံတိုင်း ဒီအကုသိုလ်ကံက အကျိုးပေးနေမှာ။ ဒါကြောင့် ဘဝငါးရာ ဘဝငါးထောင် မကလည်း ဖြစ်နိုင်တာပဲ။ ဒီလို ဘဝသံသရာမှာ ကြိမ်ဖန်များစွာ အကျိုးပေးနေမှာကိုပဲ ရည်ရွယ်ပြီး “အဖန်ငါးရာ ငါးကမ္ဘာ”လို့ တင်စားပြီး ပြောတာမျိုးလည်း ဖြစ်နိုင်တယ်။ ဥပမာ .. “တစ်ခုမက တစ်ရာမေးလည်း ရပါတယ်'လို့ ဆိုရာမှာ ဘယ်လောက်ပဲ မေးမေး ရပါတယ်လို့ အဓိပ္ပာယ် ယူရသလိုပေါ့။

ဒီဇင်ဘာ ၁၈၊ ၂ဝ၁၉။

---

ကျင်ကြီးသည် အေးသည်ဖြစ်စေ နွေးသည်ဖြစ်စေ အဆင်း လှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဖွယ်သာတည်း။
မသူတော်သည် အမျက်ထွက်သည် ဖြစ်စေ၊ မထွက်သည် ... ဖြစ်စေ၊ စကား လှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံ့ဖွယ် သာတည်း။

---

၇၉၂။ စံပြပြည့်တန်ဆာ

ဆရာတော် ဘုရား၊ ပြည့်တန်ဆာမတွေနဲ့ ပျော်ပါး သွားလာသူသည် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား၊ ရှင်းပြပေး စေလိုပါသည် ဘုရား။
ဘုန်းမြင့်ဆွေ (ကသာ)

---

အင်္ဂါလေးပါး

ကာမေသုမိစ္ဆာစာရကံ မြောက်ဖို့ အင်္ဂါလေးရပ် ရှိတယ် .. ၁) ကာမကို ပိုင်ဆိုင်သူ ရှိနေလို့ မဆက်ဆံကောင်းတဲ့ မိန်းမ ဖြစ်ခြင်း ၂) ဆက်ဆံလိုစိတ် ရှိခြင်း ၃) ဆက်ဆံခြင်း ၄) သာယာခြင်း။ ကျမ်းဂန်မှာ အမျိုးသားတွေအတွက် ဒီအင်္ဂါ လေး ရပ်ကို ဖော်ပြတယ်။ အမျိုးသမီးများအတွက် သီးခြား မဖော်ပြပေမယ့် အလားတူ ၁) မဆက်ဆံအပ်တဲ့ ယောက်ျား ဖြစ်ခြင်း ၂) ဆက်ဆံလိုစိတ် ရှိခြင်း ၃) ဆက်ဆံခြင်း ၄) သာယာခြင်းလို့ လေးမျိုးပဲ ရသင့်ပါတယ်။ မသွားအပ်တဲ့ မိန်းမနဲ့ ယောက်ျား သရုပ်ကို မေးခွန်းအမှတ်-၁၄၇၊ (ပေါင်းချုပ် ၅၊ စာ- ၂၃၄) မှာ လေ့လာနိုင်ပါတယ်။

ဇနီးတစ်ကျိပ်

ကျမ်းဂန်မှာ ကာမေသုမိစ္ဆာစာရကံ မထိုက်တဲ့ ဇနီးမယား ၁၀- မျိုး ပြတယ် (ညွှန်းပြီးရှု)။ အဲဒီ ဆယ်မျိုးထဲမှာ 'မုဟုတ္တိ အချိန်ပိုင်း အခကြေးငွေ ပေးပြီး ဇနီးမယားအဖြစ် ပြုထားသူ (ခဏမယား)'ဆိုတာ ပါဝင်တယ်။ ခုခေတ်အခေါ် ပြည့်တန်ဆာဟာ ကာမေသုမိစ္ဆာစာရကံ မထိုက်တဲ့ ဇနီးမယားတစ်မျိုးပဲ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ခဏမယားဟာ ၁) လင်မရှိတဲ့ လွတ်လပ်သူ ဖြစ်နိုင်သလို ၂) လင်ရှိပေမယ့် လင်က အလိုတူ ခွင့်ပြုထားသူလည်း ဖြစ်နိုင်တယ်။ နှစ်မျိုးလုံး ကံ မမြောက်ဘူး။ လင်က ခွင့်မပြုဘဲ တိတ်တဆိတ် လုပ်ရင် တော့ ကံမြောက်တယ်။

တာဝန်ကျေမှ

ခဏမယားဟာ ယောက်ျား တစ်ယောက်ဆီက အခကြေးငွေ ယူထားပြီးရင် သူနဲ့ တာဝန်မကျေခင် အခြားတစ်ယောက်ကို လက်မခံရ။ လက်ခံရင် ကျားမ နှစ်ယောက်လုံး ကာမေသု မိစ္ဆာစာရ ဖြစ်တယ်။ ပထမလူက မဆက်ဆံတော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် ပေးထားတဲ့ငွေကို ပြန်မယူပေမယ့် နှစ် ယောက်လုံး ကာမေသု မဖြစ်။ ပြည့်တန်ဆာနဲ့ ပတ်သက်ပြီး အိန္ဒိယယဉ် ကျေးမှုကို အခြေခံတဲ့ ရှေးခေတ်အမြင်ဟာ ယနေ့ခေတ် အမြင်ထက် အတော် ပွင့်လင်းလွတ်လပ်ပြီး ထူးခြားတာကို တွေ့နိုင်တယ်။ ပြည့်တန်ဆာဟာ ငါးပါးသီလ မကျိုးပေါက်ကြောင်း ကျမ်းဂန်မှာ ဆိုတယ်။

ကုရုဓမ္မ

ကုရုတိုင်းသားတို့ရဲ့ အခြေခံ ကိုယ်ကျင့်တရား = ငါးပါးသီလ ကို ကုရုဓမ္မ။ ကုရုတိုင်းမှာ ပြည့်တန်ဆာတွေလည်း ငါးပါး သီလ မြဲသတဲ့။ လုလင်တစ်ယောက်ဟာ ပြည့်တန်ဆာမ တစ် ဦးကို ငွေတစ်ထောင် ပေးပြီး ပြန်လာခဲ့မယ် ဆိုပြီး ပျောက်သွားလိုက်တာ သုံးနှစ်ကြာတဲ့အထိ ပေါ်မလာ။ ပြည့်တန်ဆာမခမျာ သူ့ငွေကို လက်ခံမိပြီး ဖြစ်နေလို့ သီလပျက် မှာစိုးလို့ အခြားသူကို လက်မခံ။ ကြာတော့ လစားဝတ်နေရေး မပြည်မလည် ဖြစ်လာလို့ တရားရုံးမှာ အဆုံးဖြတ်ခံရာမှာ တရားရုံးက ဧည့်သစ်သည်ကို လက်ခံစေလို့ ခွင့်ပြုလိုက် တယ်။ ဒါပေမယ့် ..

ဧည့်သည်သစ်ရဲ့ ငွေကို လက်ခံမယ် လုပ်နေတုန်း သုံးနှစ်ကျော်က လုလင် ရုတ်တရက် ပြန်ပေါ်လာလို့ အသစ်ကို ငြင်းပြီး အဟောင်းကိုပဲ လက်ခံလိုက်တယ်။ ဒီတော့မှ ဒီလုလင်ဟောင်းက မိမိဟာ သိကြားမင်း ဖြစ်ကြောင်း၊ ဒီပြည့်တန်ဆာမရဲ့ ကိုယ်ကျင့်သီလကို စမ်းသပ်ခဲ့တာ ဖြစ်ကြောင်း လူတွေကို ရှင်းပြသတဲ့ (ဇာ၊ဋ္ဌ၊၂၊၃၃၁)။

ဒီဇင်ဘာ ၁၉၊ ၂ဝ၁၉။

---

မဏိံ မိဂေါ ပဿန္တောပိ၊ တိဏံ ခါဒံဝ ဂစ္ဆတိ။
သမင်သည် ပြည်တန် ပတ္တမြားကို မြင်သော်လည်း တန်ဖိုးကို မသိသဖြင့် မြက်ကိုသာ စား၍ တောသို့ ဝင်၏။

---

၇၉၃။ မှတ်ကရော

ဆရာတော် ဘုရား၊ လန်ဒန်မှာနေတဲ့ ဗလီဆရာ အီမန် အန် ဂျန် ချောင်ဒရီ ဆိုသူက ၎င်းတို့ ကျမ်းမြတ်ထဲက စာပိုဒ်ကို ကိုးကားပြီး 'ဂျီဟဒ် = ဘုရားသခင်အတွက် တိုက်ပွဲဆင်နွှဲပါ' လို့ လူငယ်တွေကို စည်းရုံးပါသည်။ ဒီလူ စည်းရုံးတာ ခံရတဲ့ အင်္ဂလန်က လူငယ်တွေ ကိုယ်မှာ ဗုံးကပ်ပြီး အပြစ်မဲ့သူတွေကို သတ်ပါသည်။ အဲဒီလို သူတစ်ပါး အသက်ကို သတ်ချင်အောင် သတ်အောင် အခြားသူကို စည်းရုံး တိုက်တွန်းသူသည် အကုသိုလ် ဖြစ်ပါသလား၊ အပါယ်ငရဲသို့ ကျပါသလား။ ရှင်းပြပေးစေလိုပါသည် ဘုရား။
လွန်းပါပို (ယူအက်စ်အေ)

---

ကျမ်းယုတ်

ဗုဒ္ဓအဘိဓမ္မာအရ ကုသိုလ် ပျောက်ရင် အကုသိုလ် ရောက် တယ်။ ဘာအတွက် ဘယ်သူ့ အတွက်ပဲ ဖြစ်ဖြစ် သတ်ခိုင်းတာဟာ မကောင်းမှုပါ။ မကောင်းမှုကို လုပ်ဖို့ တိုက်တွန်းတဲ့ စိတ်ဟာ အကုသိုလ်စိတ်။ ဒါကြောင့် သတ်ဖို့ လှုံ့ဆော်တာနဲ့ ပဲ အဲဒီလူမှာ အကုသိုလ် တစ်ပုံတစ်မကြီး ဖြစ်နေပြီ။ အဲဒီလို လုပ်ဖို့ တိုက်တွန်းတဲ့ ကျမ်းစာလည်း ကျမ်းမြတ် မဖြစ်နိုင်ဘူး။ ကျမ်းယုတ်ပဲ ဖြစ်မှာ။ အဲဒီလို တိုက်တွန်းတဲ့ တမန် သို့မဟုတ် ဘုရားဆိုသူတွေလည်း လူကောင်း မဖြစ်နိုင်ဘူး။

လုပ်ဖြစ်မှ

ဒါပေမယ့် တိုက်တွန်းခံရသူက တိုက်တွန်းတိုင်း မလုပ်ရင်၊ လုပ်ရင်တောင် ကိစ္စ မပြီးမြောက်ရင် သူ့သက် သတ်မှုမှာ ပြည့်စုံရမယ့် အင်္ဂါရပ်တွေ မပြည့်စုံသေးလို့ ကမ္မပထ (အပါယ် လားကြောင်း အလုပ်) ဖြစ်တဲ့ အခြေအနေထိ မရောက်သေးတဲ့အတွက် အပါယ်ရောက်တဲ့အထိ အပြစ်မကြီးသေး ဘူး။ တိုက်တွန်းတဲ့ အကြမ်းဖက်မှုကိစ္စ ပြီးမြောက်သည်ထိ တိုက်တွန်းခံရသူက လုပ်ရင်တော့ တိုက်တွန်းသူရော ကျူး လွန်သူပါ နှစ်ဦးလုံး အပါယ်ကို လားမှာပဲ။

ကျမ်းဂန်ဆို

'သတ္တဝါ၏ အသက်ကို ကိုယ်တိုင်လည်း သတ်လေ့ရှိ၏။ သတ္တဝါ၏ အသက်ကို သတ်ခြင်း၌ သူတစ်ပါးကိုလည်း တိုက်တွန်း၏။ သတ္တဝါ၏ အသက်ကို သတ်ခြင်း၌ အလိုတူ အလိုပါလည်း ဖြစ်၏။ သတ်ခြင်းကို ချီးလည်း ချီးမွမ်း၏။ ဤ တရား ၄-ပါးနှင့် ပြည့်စုံသူကို သူ၏ကံသည် ငရဲ၌ ပစ်ချ၏ (အံ၊၁၊၅၇၆)။ ဒီပါဠိတော်မှာ ဒုစရိုက် ၁၀-ပါးလုံးကို ဤ နည်းအတိုင်း ဟောတော်မူတာကို တွေ့ရတယ်။

ဒီ ၄-ပါးက လူသတ် အင်္ဂါ မဟုတ်လို့ တစ်ပါးပါးနှင့် ပြည့် စုံရင် ငရဲကျတယ်လို့ ယူရမှာ။

အပြစ်တူ

'တိုက်တွန်းသူ (စည်းရုံးသူ)သည် သတ္တဝါ၏ အသက်ကို သတ်ခြင်းစသော မကောင်းမှုတို့၌ လူတစ်ရာကို တိုက်တွန်းလျှင် ထိုလူတစ်ရာလုံး၏ အကုသိုလ်နှင့် ညီမျှသည်သာလျှင် ဖြစ်သော အကုသိုလ်သို့ ရောက်၏ (အံ၊ဋ္ဌ၊၁၊၃၇၃)'။

အကြမ်းဖက်ဖို့ လှုံ့ဆော် စည်းရုံးသူ ဗလီဆရာ အီမန် အန်ဂျမ် ချောင်ဒရီဟာ အစ္စလာမ်မစ် နိုင်ငံအတွက် တမလွန် မှာ အပျိုစင် ၇၂-ဦး ရမယ်လို့ ယုံကြည်ပြီး အပြစ်မဲ့သူတွေကို သတ်ပြီး သေပွဲဝင်သွားကြသူတွေ အားလုံးရဲ့ အပြစ်အစုအ ပေါင်းနဲ့ ညီမျှတဲ့ အကုသိုလ်ကို အတုံးလိုက် အခဲလိုက်ကြီး ပြုရာ ရောက်တယ်။

မှတ်ကရော

တရားဥပဒေ စိုးမိုးတဲ့ အင်္ဂလန်နိုင်ငံမှာ အစိုးရသိသွားတဲ့ နောက်ပိုင်း အဲဒီ ဗလီဆရာကိုလည်း ဖမ်းပြီး ထောင်ချလိုက် တယ်။ သူ့တပည့် အသိုင်အဝိုင်းကိုလည်း ပြည်နှင်ဒဏ်ပေး၊ သို့မဟုတ် နိုင်ငံသားအဖြစ် စွန့်လွှတ်လိုက်တာ တွေ့ရတယ်။ ဒါကြောင့် သူတို့ရဲ့ လောကတရားဥပဒေဟာ သဘာဝတရား ဥပဒေနဲ့ ဆီလျော် ညီညွတ်တယ်လို့ ဆိုနိုင်မလား။

(မှတ်ချက်။ ။ ဒီနေရာမှာ အဲဒီ ဗလီဆရာ၊ အဲဒီ ဗလီဆရာ ကိုး ကားတဲ့ ကျမ်းစာ၊ အဲဒီ ဗလီဆရာက အဲဒီ ကျမ်းစာရဲ့ အ- ဓိပ္ပာယ်ကို ကောက်ယူပုံကိုပဲ ရည်ရွယ်ကြောင်းပါ။ (ဒီလူက အိမ်ဖြူတော်မှာ 'အဠာဥ အကဗာ'အလံ လွှင့်ထူဖို့ထိ သူ့ လူတွေကို စည်းရုံးနေတယ်လို့ Fox သတင်းသမား Sean Hinity နဲ့ အင်တာဗျူးမှာ ဆိုတယ်။ အဲဒီ ဗွီဒီယို ဖိုင်တွေ ဒီစာကို ရေးနေချိန်ထိ You Tube မှာ အဖျက် မခံရသေးဘူးဗျို့။ စိတ်ဝင်စားရင် ရှာကြည့်ပါ။)

ဒီဇင်ဘာ ၂၈၊ ၂ဝ၁၉။

---

၇၉၄။ ကျမ်းစာသင်တန်း

ဆရာတော် ဘုရား၊ တပည့်တော်သည် ဘာသာမတူတဲ့ သူ ငယ်ချင်း တစ်ယောက်နဲ့အတူ သူတို့ရဲ့ ကျမ်းစာ အကြောင်း ကို သိလိုရင်းနဲ့ ကျမ်းစာသင်တန်း တက်ခဲ့ပါသည်။ သင်တန်း တက်နေတာကို သိကြတဲ့ အခြား မိတ်ဆွေများက တပည့် တော်ကို ဘာသာကူးပြောင်းဖို့ ကြိုးစားနေတယ်လို့ ထင်ကြ ပါသည်။ ထိုလုပ်ဆောင်ချက်ကြောင့် တပည့်တော်၏ သရဏဂုံ ပျက်မပျက် သိလိုပါသည် ဘုရား။
မင်းသုခ (လမ်းမတော်)

---

သရဏဂုံ

အဖြေကို နားလည်နိုင်အောင် ဦးစွာ သရဏဂုံအကြောင်းကို ခုဒ္ဒကပါဌ အဋ္ဌကထာနဲ့ ပထမငါးခုံဆရာတော်ရဲ့ ခုဒ္ဒပါဌ ဋီကာတွေမှာ ဖွင့်ဆိုတာကို အရပ်စကားနဲ့ အကျဉ်းချုပ် ကောက်နုတ်ပြရရင် ..

သရဏ = ကိုးကွယ်ရာပဲ(လို့)။ ဂမန = ယုံကြည်တဲ့ စိတ်။ သရဏဂုံ = ကိုးကွယ်ရာပဲလို့ ယုံကြည်တဲ့စိတ်။ ရှင်တော် ဗုဒ္ဓဟာ အကျင့်မှန်ကိုကျင့်လို့ ကိလေသာကုန်ပြီး ဆင်းရဲငြိမ်းတဲ့ အတွက် ကိုးကွယ်ရာ သို့မဟုတ် သရဏ ဖြစ်တယ်။ သတော်မူတဲ့အတိုင်း ပြန်ဟောတော့ ဒီဟောကြားချက်တွေလည်း ဆင်းရဲ ငြိမ်းလိုသူတွေရဲ့ သရဏပါပဲ။ ဒီလမ်းစဉ်ကို လိုက်နာကျင့်ကြံလို့ ဆင်းရဲငြိမ်းသွားကြတဲ့ သံဃာတွေလည်း ယုံကြည်ထိုက်သူ ကိုးကွယ်ထိုက်သူ သရဏတွေပါပဲ။

ဒါဖြင့် . ဘုရား တရားသံဃာကို သရဏဂုံလို့ မဆိုနိုင်ဘူး။ သရဏလို့သာ ဆိုနိုင်တယ်။ ယုံကြည် ဆည်းကပ်သူရဲ့ စိတ်ကိုပဲ သရဏဂုံလို့ ဆိုကြောင်း ခွဲမှတ်ပါ။

တည်မြဲသူ

ဒါကြောင့် သရဏဂုံ တည်ဖို့ဆိုရင် ယုံကြည် ဆည်းကပ်တဲ့ စိတ် ရှိရမှာပေါ့။ အဲဒီစိတ် မရှိရင် သရဏဂုံ မတည်နိုင်။ ဗုဒ္ဓ ဘာသာဝင် မဖြစ်နိုင်။ ပုထုဇဉ်အဖို့ ဒီစိတ် မြဲနေဖို့ ခက်တယ်။ သရဏသုံးပါး တစ်ပါးပါး အပေါ် ရံခါ ယုံကြည်မှုလျော့ပြီး ပျက်သွားနိုင်တယ်။ ဒီလိုဖြစ်ရင် အိမ်မှာ ဘုရားကျောင်းရှိ ပေမယ့် ဘုရားရှိခိုးပေမယ့် ဗုဒ္ဓဘာသာဝင်လို့ဆိုဖို့ ခက်တယ်။ အရိယာတွေရဲ့ မဂ်ဉာဏ်နဲ့အတူ ဖြစ်ပေါ်တဲ့ သရဏဂုံက တော့ တည်မြဲတယ်။ ဘယ်တော့မှ မပျက်တော့ဘူး။

ညစ်နွမ်းခြင်း

'ညစ်နွမ်း'ဆိုတာ ယုံကြည်မှုကို တွေဝေစေတဲ့ စိတ်တွေ ဖြစ်ပြီး ယုံကြည် ဆည်းကပ်စိတ် လျော့ရဲသွားတာကို ဆိုလို တယ်။ ဒီလိုဖြစ်ရင် ကောင်းကျိုးလည်း မဖွံ့ဖြိုးနိုင်။ သရဏ သုံးပါးရဲ့ ဂုဏ်ရည်ကို ... မသိရင် (သိအောင်လုပ်)၊ အသိမှား ရင် (သိထားတာမှန်မှ)။ သံသယဝင်ရင် (ရှေ့နှစ်ခု သေချာဖို့ လို)၊ မရိုသေရင် သရဏဂုံ ညစ်နွမ်းတယ်။ ဒီအထဲမှာ .. ကိုယ် တိုင် သီလ၊ သမာဓိ၊ ပညာကို ကျင့်ကြည့်လို့ အကုသိုစိတ် အတော်အတန် လျော့ပါးသွားတာကို တွေ့ရင် ထိုသူ ရိုသေဖို့ ဝန်မလေးတော့ဘူး။ ရိုသေတတ်သွားတယ်။

ဗုဒ္ဓဒဿနမှာ အယုတ်အမြတ်ကို စိတ်ဆိုး စိတ်ယုတ်နဲ့ပဲ ခွဲခြားတယ်။ ဒါကြောင့် စိတ်ဆိုး စိတ်ယုတ်ကို 'ဇက်လွှတ်' မပေးဘဲ သတိပညာနဲ့ ထိန်းစောင့်နိုင်သူဟာ ရိုသေထိုက်သူ ပါပဲ။ နည်းနည်းစောင့်ရင် နည်းနည်းမြတ်၊ များများစောင့်ရင် များများမြတ်၊ အပြည့်အစုံစောင့်ရင် အမြတ်ဆုံးပဲ။

အဖြေ

ကိုယ့်စိတ်ထဲ သရဏ ၃-ခုကို ယုံကြည်မြဲ ရှိနေရင် သူတို့ အကြောင်း သိအောင် လေ့လာတာ၊ လက်တွေ့ သိချင်လို့ လိုက်ဆိုတာ လိုက်လုပ်တာတွေကြောင့် သရဏဂုံ မပျက်၊ မညစ်နွမ်းပါဘူး။ သရဏဂုံဆိုတာ စိတ်ပဲလေ။ နိုင်းအီလင်း ဗင်းကြောင့် ယူအက်စ်က ပင်တာဂွန်မှာတောင် ဘာသာရေး ကျမ်းစာ အချို့ရဲ့ သင်ကြားမှုတွေဟာ လောကရဲ့ ကောင်းကျိုးလား အန္တရာယ်လား ဆိုတာကို သိအောင် လေ့လာနေကြကြောင်း အီဂျစ် ခရစ်ယာန် တရားဟောဆရာ ယူဆာမာ ဆိုသူ ဟောပြောတာကို ကြားဖူးတယ်။ ဒ

ဒီဇင်ဘာ ၃ဝ၊ ၂ဝ၁၉။

---

အကုသိုလ်မှာ လိမ္မာတတ်မှု အမြဲရှု ခေါ်ပြုမိစ္ဆာဉာဏ်။ (အဘိဓမ္မတ္ထဂုဠှတ္ထ ၁၊ ၃၀၂)

---

၇၉၅။ လောကီချမ်းသာ

ဆရာတော် ဘုရား၊ အွန်လိုင်းမှာ ဆရာတော်တစ်ပါးက မြတ်စွာ ဘုရားဟာ လောကမှ ထွက်မြောက်ရေးကိုပဲ ဟောကြားသယောင် ရေးသားတာကို ဖတ်ရပါသည်။ လောကီ ချမ်းသာရေးအတွက် မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်များ ရှိလျှင် ဖော်ပြ ပေးစေလိုပါသည် ဘုရား။
ဝင်းနိုင် (ဇလွန်)

---

အကျိုးနှစ်တန်

သုတ္တန်ပိဋကတ်ကို လေ့လာရင် မြတ်စွာဘုရားဟာ လောကီ လောကုတ္တရာ ချမ်းသာ နှစ်မျိုးကို ဟောကြားကြောင်း အလွယ်တကူ တွေ့နိုင်တယ်။ ရှင်တော် ဗုဒ္ဓရဲ့ အဓိက ရည်ရွယ်ချက်က သတ္တဝါတွေ ဘဝသံသရာမှ လွတ်မြောက်ရေး ဖြစ်လို့ လောကီချမ်းသာ အတွက်တော့ မလွှဲ မရှောင်သာမှ 'ခရီးသွားဟန်လွှဲ'ပဲ ဟောတော်မူတယ်လို့ ဆိုနိုင်ကောင်းပါတယ်။ မင်္ဂလသုတ်၊ ပရာဘဝသုတ်၊ သိင်္ဂါလသုတ်တို့ လောက်ကိုပင် သတိပြုမိရင် လောကီအကျိုး အတွက် ဘုရားဟောကြောင်း ထင်ရှားပါတယ်။

ဒီဃဇာဏု

မြတ်စွာဘုရား လက်ထက်က ဒီဃဇာဏု (ဦးဒူးရှည်) အမည်ရှိတဲ့ ကောလိယမင်းသား (နိဿယကိုကြည့်)က မြတ်ဗုဒ္ဓကို လျှောက်တယ် .. 'ရှင်တော် ဘုရား၊ တပည့်တော်တို့က ကျဉ်းမြောင်းတဲ့ လူ့ဘောင်မှာ ဇနီးမယား သမီးသားတွေနဲ့ အတူနေရ၊ အဝတ်ကောင်းတွေ အမွှေးနံ့သာတွေ ဝတ်စားလိမ်းကျံပြီး နေရတဲ့ လောကီကာမဂုဏ်မှ မရုန်းထွက်နိုင်သေးပါ။ သံသရာ လွတ်မြောက်ရေး အတွက် မကြိုးစားနိုင်သေးပါ။ သို့ပါ၍ ဒီဘဝ နောင်ဘဝ ချမ်းသာကြောင်း တရားကို ဟောတော်မူပါ ဘုရား'တဲ့။

ပစ္စုပ္ပန်ဖို့

ဒါယကာ၊ ဒီဘဝ ချမ်းသာဖို့ဆိုရင် .. 'အလုပ်ကို တတ်ကျွမ်း ပြီး ဆင်ခြင်ဉာဏ် ပြဋ္ဌာန်းတဲ့ ဝီရိယ၊ ရှာဖွေထားတာကို မဖြုန်းတီးခြင်းနဲ့ မပျက်စီးအောင် စောင့်ရှောက်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းပြီး အတုယူ ပေါင်းသင်းထိုက်တဲ့ မိတ်ဆွေကောင်း၊ အသုံးနဲ့အဖြုန်း မျှအောင် ဂရုစိုက်'ဆိုတဲ့ လေးမျိုး ရှိရတယ်။ 'ကာမလိုက်စား၊ အရက်ဘိန်းစွဲ၊ လောင်းက စားစွဲ၊ အဲဒီသုံးမျိုးလုပ်သူနဲ့ ပေါင်း'ရင်တော့ ဆင်းရဲမယ်။

'အရက်ဘိန်းစွဲ၊ ညအချိန် အပျော်အပါး လှည့်လည်သွား (ပါတီ၊ ဘား၊ နိုက်ကလပ်၊ မာဆပ်သွား)၊ အလုပ်ဖျက်ပြီး ပွဲလမ်း အသွားများ၊ လောင်းကစားစွဲ၊ ဥပဒေမလွတ်တဲ့ လုပ်ကို လုပ်သူတွေနဲ့ ပေါင်းသင်း၊ လက်ကြောမတင်း'ဆိုတဲ့ ခြောက်မျိုးလည်း စီးပွား ပျက်ကြောင်းတွေပါပဲ (ဒီ၊၃၊၁၄၈- စသည်)။ ဖြည့်မှတ်ပေါ့။

တမလွန်ဖို့

'ရတနာသုံးပါးရဲ့ အဆုံးအမကို ယုံကြည်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းခြင်း၊ စွန့်ကြဲပေးကမ်း လှူဒါန်းဒါန ပရဟိတတွေ ရှိခြင်း၊ ဆင်ခြင်တုံတရားနဲ့ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်သ ဘာဝကို သိမြင်ခြင်း'ဆိုတဲ့ လေးမျိုးရှိရင် တမလွန်မှာ ဆင်းရဲဘူး။ ဒီအထဲ ကိုယ်နှုတ်မှာ အပြစ်ကင်းအောင် ထိန်းစောင့်မှု သီလ အရေးကြီးတယ်။ အဲဒါလုံရင် ယဉ်ကျေးပြီး ကောင်းကျိုး ရတယ်။ စိတ်မှာပါ အကုသိုလ် မဖြစ်အောင် ထိန်းစောင့်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါအတွက် သမထ ဝိပဿနာ ဘာဝနာ နှစ်မျိုးကို အားထုတ်ရတယ်။

(အကျယ်သိလိုရင် ဖော်ပြထားတဲ့ သုတ္တန်မူရင်းတွေ၊ ယင်း တို့ကို အခြေခံ ဟောထားတဲ့ တရား၊ ရေးထားတဲ့ စာတွေကို နားထောင် ဖတ်ရှုပြီး ဆက်လေ့လာပါ။)

ဒီဇင်ဘာ ၃၁၊ ၂ဝ၁၉။

---

ရာဇဓီတေပိ ပတျာဝ၊ ဣဿရာ နော စ အညကာ။ ဇာယေ နဋ္ဌိပိ ပါတေယျံ၊ ပတိ နဋ္ဌိပိ ဇာယိယံ။
ဘုရင့်သမီး ဖြစ်သော်လည်း လင်သာ ပိုင်၏။ အခြား မည်သူမျှ မပိုင်။ မယား ပျောက်သော် လင့်တာဝန်။ လင်ပျောက်သော် မယား တာဝန်။

---

၇၉၆။ အောင်လံထူခွင့်

ဘုန်းကြီးကေ ဘုရား၊ စိတ်ထဲမှာ သံသယဖြစ်နေတဲ့ တပည့် တော်ရဲ့ အတွေးလေးကို ဖြေပေးပါ ဘုရား။ လူဝတ်ကြောင်များ အတွက် အနာဂါမ်သည် အမြင့်ဆုံးဖြစ်ပြီး အရဟတ္တမဂ်ဖိုလ်ကို ခံစားချင်ရင် သင်္ကန်း ဝတ်အသွင်သို့ ပြောင်းရသည်ဟု ဆိုပါသည်။ သို့ဖြစ်မူ ဘိက္ခုနီသာသနာ မရှိတော့သည့်အတွက် အမျိုးသမီးများ သင်္ကန်းဝတ်ရန် အခက်အခဲရှိမည်ဟု ထင်မိပါသည်ဘုရား။ အရဟတ္တမဂ်ဖိုလ်ကို ခံစားလိုသည့် ယနေ့ခေတ် အမျိုးသမီးများသည် မည်သို့ အသွင်ပြောင်းသင့် ပါသနည်း။ ကရုဏာရှေ့ထား၍ ဖြေကြားပေးပါဘုရား။ ဆရာတော် ကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ပါစေ။
ဦးလှတော ဆရာတော်

---

နားလည်ထားပုံ

'အခွင့်အရေးဆိုတာ ကိုယ်ပိုင်ပစ္စည်း။ တစ်ဦးချင်းစီမှာ မွေးကတည်းက အလိုလို ပါလာတာ။ ယောက်ျား မိန်းမ အဖြူအမည်း ဆင်းရဲချမ်းသာ ပညာ ရာထူး လူမျိုးနိုင်ငံ မခွဲခြားဘူး။ ဒီလိုအခြေခံ နားလည်မှု ရှိလို့ပဲ သမိုင်းတစ်လျှောက် သွေးမြေ မကျခဲ့ရုံမက ကျနေတဲ့ သွေးကိုပင် ရပ်တံ့စေပြီး ဗုဒ္ဓဝါဒ ပြန့်ပွားခဲ့တာပါ။

နိုးဘိက္ခုနီမို့

'ဘိက္ခုနီသာသနာ မရှိတော့သည့်အတွက် အမျိုးသမီးများ သင်္ကန်းဝတ်ရန် အခက်အခဲ ရှိမည်ဟု ထင်မိပါသည် ဘုရား'။ ထင်ရုံ မထင်ပါနဲ့ ဘုရား။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၃)ရဲ့ ဆုံးဖြတ်ချက်အရ ယနေ့ခေတ်မှာ ဘိက္ခုနီ လုံးဝမရှိနိုင်တော့ဘူး။ ရဟန်းသင်္ကန်းပဲ အရဟတ္တဓဇ (အရဟတ္တဖိုလ်ရဲ့ အောင်လံ)ဖြစ်လို့ တစ်ခြား မည်သည့် အသွင် ကိုမှ မပြောင်းနိုင်ပါဘူး။ အဖြေက ဤမျှသာ။ ဒါပေမယ့် အဖြေ ရှာရဦးမယ့် မေးခွန်းတွေတော့ ရှိနေပါတယ် .

ဘယ်လိုလဲ

ခုခေတ်မှာ ကမ္ဘာအရပ်ရပ်က လူတွေ ဗုဒ္ဓဓမ္မကို စိတ်ဝင်စားပြီး တရားအားထုတ်မှုတွေ တိုးပွားလာနေပါတယ်။ ကုသိုလ်ပါရမီထူး ပါလာလို့ အမျိုးသမီးတစ်ဦး ရဟန္တာဖြစ်ခဲ့ရင် အလိုလို သက်တမ်း ကုန်ရမှာလား။ ဒါမှမဟုတ် သက်တမ်း ကုန်တော့မယ့်လူပဲ ရဟန္တာ ဖြစ်မှာလား။ ဒါမှမဟုတ် ဆုတ်ကပ်မို့လို့ ဘယ်လောက် တရားထိုင်ထိုင် ရဟန္တာ မဖြစ်နိုင်တော့ဘူးလား။ နိုးဆိုရင် .. အမျိုးသမီးတွေကတောင် ပိုပြီး ရဟန္တာဖြစ်ခွင့် ရှိဦးမှာ (ရိပ်သာတွေကို သွားကြည့်)။

ကရုဏာရှင်

နိုးဘိက္ခုနီလို့ ယတိပြတ် ဆိုသူတို့ ရှိသလို ဘိက္ခုနီ ယက်စ် လုပ်လိုသူတွေလည်း ရှိနေကြတယ်။ ဘိက္ခုနီ မရှိသင့်ဘူးလို့ ဆုံးဖြတ်သူတွေကလည်း မရှိနိုင်တဲ့ အကြောင်းပြချက်ကို ရှာဖွေပြောဆိုမှာပဲ။ ရှိသင့်တယ်လို့ ယူဆသူတွေကလည်း ရှိသင့် ရှိနိုင်တဲ့ယုတ္တိကို စဉ်းစားပြီး ပြောဆိုကြမှာပဲ။ မဟာကရုဏာရှင် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိခဲ့ရင် “မာတုဂါမတွေ ကိုယ့်ဟာကိုယ် အေးအေးပဲနေကြ၊ သင်တို့ ရှုပ်ရင် သာသနာ မြန်မြန်ကွယ်မှာ'လို့ မိန့်တော်မူမှာလား။

အတွေးစ

ဆယ်စုနှစ် ငါးခုကျော် အလွန်က အင်္ဂလိပ်စာကို တိရစ္ဆာန်စာ ဆိုပြီး ဘုန်းကြီးတွေကို သင်ခွင့်မပြုဖို့ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းကိုးတွေနဲ့ ငြင်းဆိုခဲ့ကြတဲ့ ရဟန်းပညာရှိ လူ ပညာရှိတို့ အနေနဲ့ Ph.D နောက်ဆက်ပါမှ ခေတ်မီတယ်လို့ ယူဆလာတဲ့ ယနေ့ခေတ် သံဃာတွေကိုတွေ့ရင် ဗုဒ္ဓသာသနာ ပျက်ပါပြီလို့ ဆိုဖွယ်ရှိပေမယ့် ပြင်ပကမ္ဘာရဲ့ ရိုက်ခတ်မှုနဲ့ အတူ ခေတ်အမြင်အရ အတော်များများ မသိစိတ်နဲ့ လက်ခံနိုင်ပြီလို့တော့ ယူဆရတယ်။ ဘိက္ခုနီ ဆိုတာလည်း တစ်ချိန်မှာ ဒီလိုများ ဖြစ်လာနိုင်လေမလား။

မေးခွန်း အမှတ်-၁၄၄ (ပေါင်းချုပ် ၂၊ စာ- ၅၁၇)မှာ ဘိက္ခုနီနဲ့ ပတ်သက်တဲ့ ပညာရှင်တို့ ယူဆပုံအချို့ကို ဆွေး နွေးထားတာ ရှိတယ်။ အဲဒါလေး ရှာပြီး ဖတ်ကြည့်ဖိုလည်း တိုက်တွန်းပါတယ်။

ဇန်နဝါရီ ၂၊ ၂ဝ၂ဝ။

---

အတိုင်းအတာ အကန့်အသတ်ရှိသော ချမ်းသာ (မတ္တာ သုခ)ကို စွန့်လွှတ်ရဲမှ ကျယ်ပြန့်သော ချမ်းသာ (ဝိပုလ သုခ)ကို ရမည် (ဓမ္မပဒ၊ ၅၅)။

---

၇၉၇။ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း

ဆရာတော် ဘုရား၊ 'သဗ္ဗတ္ထကမ္မဋ္ဌာန်း' ပွားများပုံကို သိလိုပါ သည် ဘုရား။ ဆွမ်းကြွကိုယ်တော်ကြီးက ဒီကမ္မဋ္ဌာန်းကို အားထုတ်ရင် အခြားကမ္မဋ္ဌာန်းတွေကို အားထုတ်ပြီးသား ဖြစ်သွားသည်ဟု မိန့်ကြားလို့ပါ ဘုရား။ ဆရာတော် ဘုရား တရားထူး ရနိုင်ပါစေ။
ဒေါ်မြသူဇာ (ရန်ကုန်)

---

မေးခွန်းပြင်

'သဗ္ဗတ္ထကမ္မဋ္ဌာန်း' မဟုတ်ဘူး။ အမည်မှန်မှာ ကကြီးတစ်လုံး အပိုပါတယ် ...... 'သဗ္ဗတ္ထကကမ္မဋ္ဌာန်း'။ ဒီကမ္မဋ္ဌာန်းကို ပွားရင် အခြား ကမ္မဋ္ဌာန်းတွေကို အားထုတ်စရာ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်။ ကမ္မဋ္ဌာန်း အားထုတ်မှုနဲ့ စပ်ဆိုင် သမျှမှာ ဘာဝနာရဲ့ ပရိကံ (ရှေးဦးလုပ်ဆောင်မှု) အနေနဲ့ ငါး မိနစ် ဆယ်မိနစ်လောက် ပွားများရင် အကျိုးများလို့ 'သဗ္ဗတ္ထ က (အားလုံးဆိုင်)' ကမ္မဋ္ဌာန်းလို့ ခေါ်တာ။ ဒီကမ္မဋ္ဌာန်း ၃- မျိုးရှိတယ် .. မေတ္တာပွားမရဏဿတိ (သေခြင်းကို ဆင် ခြင်)၊ အသုဘရှု (ဝိ၊ဋ္ဌ၊၂၊၂၁)။

မေတ္တာပွား

'အနီးနေ ဓမ္မမိတ်ဆွေများ၊ အနီးနေ နတ်ဒေဝါများ၊ အစိုးရ မင်းများ' (.. စသည် နီးစပ်သူတွေကို ပိုင်းခြား၊ အာရုံပြုပြီး) အဝေရာ ဟောန္တု = ရန်သူ ကင်းကြပါစေ။ အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆိုးဒေါသ ကင်းကြပါ စေ။ အနီဃာ ဟောန္တု၊ = နှိပ်စက်ခံရခြင်း ကင်းကြပါစေ။ သုခီ အတ္တာနံ ပရိဟရန္တု = နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ပြီးမှ သဗ္ဗေသတ္တာ = သတ္တ ဝါအားလုံး .. (ထိုလေးမျိုးနဲ့ ပွား)။ အကျိုးက မိမိစိတ် နူးညံ့၊ အစိုးရသူနဲ့ နတ်ဒေဝါတို့ရဲ့ စောင့်ရှောက်မှုကို ရရှိ။

အသုဘ

'ဒီခန္ဓာကိုယ်ဟာ နှပ်၊ တံတွေး၊ သလိပ်၊ သွေး၊ ပြည်၊ အစာ သစ်၊ အစာဟောင်းတွေနဲ့ ပြည့်နေတဲ့ စက်ဆုပ်ဖွယ်ပါတ ကား'လို့ မိမိ ခန္ဓာကိုယ်ရဲ့ မတင့်တယ်မှုသဘာဝကို ဆက်ပြီး နှစ်မိနစ်ခန့် ဆင်ခြင်။ ဒီလို ဆင်ခြင်ရင် တရားအားထုတ်ခိုက် စိတ်အာရုံထဲ ပေါ်လာတဲ့ နှစ်သက်ဖွယ်အာရုံကို သတိနဲ့ ချက် ခြင်း ပယ်ခွာနိုင်တယ်။ ဒီလိုနဲ့ ပွားများဆဲ ဝိပဿနာအာရုံမှာ စိတ်ကို တည်မြဲစေတယ်။

မရဏဿတိ

'မွေးဖွားလာသူ မှန်သမျှ သေကြရတာချည်း။ ငါလည်း သေ မှာ မုချ။ သေခြင်းကို ဘယ်သူမှ မလွန်ဆန်နိုင်'လို့ ဝိပဿနာ ကမ္မဋ္ဌာန်း မစခင် သေခြင်းတရားကိုလည်း နှစ်မိနစ်လောက် ဆက်ပြီး ဆင်ခြင်ရင် မာန်မာနတွေကျ၊ တရားသံဝေရပြီး တရားကို မပျင်မရိ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်စေတယ်။ 'သေရင် ကုသိုလ်သည်သာ အားကိုးရာပဲ'လို့ နားလည်ပြီး ကုသိုလ်ပြုဖို့ တွန်းအားလည်း ဖြစ်တယ်။

သဗ္ဗတ္ထက ကမ္မဋ္ဌာန်း ၃-ပါးအပြင် ဘုရားဂုဏ်ကို ပွား များခြင်း (ဗုဒ္ဓါနုဿတိ)ကိုပါ ထည့်ပြီး စတုရာရက္ခ (အစောင့် ၄-ပါး ကမ္မဋ္ဌာန်း)လို့လည်း ကျမ်းဂန်မှာ ဖော်ပြပါတယ် (ခုဒ္ဒသိက္ခာ၊ ၄၆၁-ဂါထာ)။

ဗုဒ္ဓါနုဿတိ

ဂုဏ်တော် ကိုးပါးလုံးကို ဖြစ်စေ၊ လွယ်ကူရာ တစ်ပါးပါးကို ဖြစ်စေ နှစ်မိနစ်လောက် ဆက်ပြီး ပွားများ။ ဥပမာ .. 'ကိလေ သာ အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရား' လို့ ထပ်ခါထပ်ခါ ဆင်ခြင်ရင် သဒ္ဓါဆန္ဒတွေ အားကောင်း တယ်။ စိတ်ကြည်လင်ပြီး ကြည်နူးတယ်။ . အကုသိုလ်ကို ကာ ကွယ်ပေးလို့ ဒီလေးပါးကို အစောင့် ၄-ပါးလို့ ခေါ်တာ။

(မှတ်ချက်။ ။ အဲဒီ ၄-မျိုးအနက် ဘာကို အရင် ပွားရမယ်လို့ သတ်မှတ်ချက်တော့ မတွေ့မိ။ ဒါကြောင့် နှစ်သက်ရာကို အရင် ပွားများနိုင်တာပေါ့။)

ဇန်နဝါရီ ၃၊ ၂ဝ၂ဝ။

---

ဂါဝေါ ဗဟိ တိဏဝ၊ ဩမသန္တိ ဝရံ ဝရံ။
နွားတို့မည်သည် အခြားတစ်ပါး၌ရှိသော နုရာကောင်းရာ မြက်ကိုသာ ခုံမင်ကြ၏။ (ဇာ၊၁၊၂၄၂)။

၇၉၈။ အဦးဆုံး မြန်မာဖြစ် ပါဠိဗုဒ္ဓဝင်

ဆရာတော် ဘုရား၊ ဗုဒ္ဓဝင်စာပေတွေကို လေ့လာနေသော ဂျာမန်လူမျိုး ကျောင်းသားတစ်ဦးက မြန်မာပြည်မှာ ပါဠိဘာသာဖြင့် ရေးသားသော ဗုဒ္ဓဝင်ကျမ်း အကြောင်းကို မေးမြန်းပါသည် ဘုရား။ ဖြစ်နိုင်လျှင် သနားသဖြင့် ဖြေကြားပေးစေလိုပါသည် ဘုရား။
လပြည့်ငြိမ်း (NY)

---

ဝါသနာအရ

စာပေသမိုင်းကို စိတ်မဝင်စားသူအဖို့ ဒီမေးခွန်းက ပျင်းစရာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘုန်းကြီး ကိုယ်တိုင်က ဒါမျိုးကို စိတ်ဝင်စားတာ၊ မှတ်စုလည်း အဆင်သင့် ရှိတာတွေကြောင့် မေးခွန်းကို ဖြေလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်သို့ သွားရောက်ပြီး လိုအပ်တဲ့ပေမူ အစိတ်အပိုင်းကို ဓာတ်ပုံရိုက် ပို့ပေးတဲ့ ရန်ကုန်က ဒကာ ဦးမိုးကိုကိုအား ကျေးဇူးတင်ပါတယ်။

ပိဋကတ်သမိုင်း

မိုင်းခိုင်းမြို့စား ပိဋကတ်တော်အုပ် မင်းကြီး မဟာသိရိဇေယသူ ရေးတဲ့ ပိဋကတ်တော်သမိုင်းကျမ်းမှာ '(စာပိုဒ်) ၃၄၇။ တထာဂတုပ္ပတ္တိ-မှာ ဇမ္ဗူဒိပ်ကျွန်း တမ္ဗဒီပတိုင်း အရိမဒ္ဒနာ မည်သော ပုဂံမြို့ ရှင်ဉာဏဂမ္ဘီ ပြုသည်။ (စာပိုဒ်) ၈၇၈။ တထာဂတုပ္ပတ္တိ-မှာ နိဿယ မရှိ'လို့ မှတ်တမ်းတင်တယ်။ ဒါကြောင့် တထာဂတုပ္ပတ္တိ-ကျမ်းကို ပုဂံခေတ် မြန်မာနိုင်ငံမှာ ပါဠိဘာသာနဲ့ ရေးတာလို့ နားလည်ရတယ်။ 'တထာဂတ = ဗုဒ္ဓရဲ့၊ ဥပ္ပတ္တိ = အကြောင်းအရာ = ဗုဒ္ဓဝင်'ပါပဲ။

ပေမူနှစ်ခု

သထုံမြို့ ဦးဘိုးသီးပိဋကတ်တိုက်မှာ 'တထာဂတုပ္ပတ္တိပါဌ်' ခေါင်းစဉ်နဲ့ ပေမူတစ်ခု (ပေထုပ်အမှတ်-၅၃၈)၊ ရန်ကုန်မြို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ 'တထာဂတုပ္ပတ္တိနိဒါန ဝဏ္ဏနာပါဌ်နိဿယ' ခေါင်းစဉ်နဲ့ တစ်မူ (ပေထုပ်အမှတ်- ၆၆၂၃)လို့ ပေနှစ်မူ တွေ့တယ်။ ဦးဘိုးသီးမူက တထာဂတုပ္ပတ္တိပဌ် ပါဠိသက်သက် ဖြစ်ပြီး တက္ကသိုလ်မူ ပေထုပ်မှာတော့ တထာဂတုပ္ပတ္တိပါဌ် (ပါဠိ)ကိုရော ရေးသူအမည် မပါတဲ့ ယင်းရဲ့ နိဿယကိုပါ တွေ့တယ်။ နှစ်မူလုံးမှာ ပါဠိသတ်ပုံ မှားနေတာတွေ အများကြီး တွေ့တယ်။

ကျမ်းပြီးနှစ်

ဦးဘိုးသီးပေမူရဲ့ နိဂုံးမှာ ကျမ်းပြီးနှစ်ကို 'လောကနာထဿ နိဗ္ဗာနဝဿာနဉ္စ ပမာဏတော သဟဿမှိ ဝဿေ ""စ ဧတ္ထ"" သတေ အဋ္ဌဝီသာဓိကေ ဉာဏဂမ္ဘီရောတိ ဂရူဟိ ဒိန္နနာမေနိဒံ ကတံ ထေရေန တထာဂတုပ္ပတ္တိနိဒါနန္တိ'လို့ တွေ့ရပြီး တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မူမှာတော့ 'စ ဧတ္ထ' နေရာမှာ 'ပတ္တေ'လို့ တွေ့တယ်။ နိဿယဆရာလည်း 'ပတ္တေ'ကိုပဲ အတည်ယူပြီး မြန်မာပြန် အနက်ပေးတဲ့ အတွက် တာထာဂတုပ္ပတ္တိကျမ်းကို သာသနာနှစ် ၁၁၂၈-မှာ ရေးပြီးတယ် ဆိုရမလိုပါဘဲ။ ဒါပေမယ့် ..

ကျမ်းပြုသူ

မြန်မာနှစ် ၄၂၆ (သာသနာ-၁၆၀၈)မှာ နန်းတက်တဲ့ သိရိတြိဘုဝနာဒိစ္စမင်း(ကျန်စစ်သား) လှူဒါန်းတဲ့ နန္ဒာကျောင်းတိုက်မှာ သီတင်းသုံးသူ အရှင်ဓမ္မသေနာပတိ မထေရ်က ကာရိကာ သဒ္ဒါငယ်ကျမ်းကို ရေးကြောင်း စာကိုယ်ရဲ့ နိဂုံးနဲ့ ယင်းဋီကာ ပဏာမအဖွင့်တွေမှာ ဆိုတယ်။ ဂန္ထဝံသကျမ်း (စာ-၇၃)မှာ ကာရိကာကျမ်းကို ရေးဖို့ တောင်းပန်သူဟာ အရှင်ဉာဏဂမ္ဘီရလို့ ဆိုပေမယ့် သူ့ရဲ့နေရပ်ကိုတော့ မဖော်ပြဘူး။

ဂန္ထဝံသအဆိုကို လက်ခံနိုင်ရင် အရှင်ဉာဏဂမ္ဘီရဟာ ပိဋကတ်တော်သမိုင်း(ပိုဒ်-၃၄၇)မှာ ဖော်ပြတဲ့ တထာဂတုပ္ပတ္တိ ကျမ်းကိုရေးသူ ဖြစ်နိုင်ကြောင်း M. H. Bode က ဆိုတယ် (Pali Paliliterature of Burma, p. 16 )။ တထာဂတုပ္ပတ္တိ ကျမ်းပြီးနှစ် (သာ-၁၁၂၈)ကိုတော့ ပြန်စဉ်းစားရမှာပေါ့။

ဓမ္မသတ်

ဟံသာဝတီရောက်မင်း လက်ထက် မြန်မာ-၁၀၉၅ (သာသနာ-၂၂၇၇)မှာ ပဌမကျော်အောင်စံထား ဆရာတော်ရဲ့ တပည့် ပုပ္ပါးအနီး မဲထီးရွာဇာတိ အရှင်ခေမာစာရ ရေးစီရင်တဲ့ ဝိနိစ္ဆယရာသီဓမ္မသတ် (မြန်မာ-၁၁၂၉ ကျမ်းပြီး)မှာလည်း 'ထို့ကြောင့် "အညမညမ္ပိ ဃာဋေတိ၊ ပဂေဝ ဣတရာ ပဇာ"ဟူ၍ တထာဂတုပ္ပတ္တိ ၌ ဆိုသတည်း' (ဓမ္မသတ် ၃၄-စောင်တွဲ၊ အိမ်မှုခန်း။ စာ-၄၉၀)လို့ ပါဠိဘာသာ တထာဂတုပ္ပတ္တိကျမ်းကို ညွှန်းထားတာ တွေ့ရတယ်။

ကျောက်စာ

မြန်မာနှစ် ၈၀၀ (သာသနာ-၁၉၈၂)မှာ ရေးထိုးတဲ့ တက်နွယ်ကျောင်းကျောက်စာ၊ ကြောင်းရေ ၇-မှာ တထာဂတုပ္ပတ္တိ-ကို တွေ့တယ် (ဦးငြိမ်းမောင်၊ ရှေးဟောင်းမြန်မာကျောက်စာများ ၅၊ စာ-၃၀)။ ပုဂံ ဇေယျသိင်္ခ (နားတောင်းများ)မင်း လက်ထက် မြန်မာနှစ် ၅၈၅ (သာသနာ-၁၇၆၇)မှာ ရေးတဲ့ သိင်္ဃဝီရသုဇ္ဇဗိုလ် ကျောက်စာ၊ ကြောင်းရေ ၁၃-မှာလည်း တထာဂတုပ္ပတ္တိ-ကို တွေ့တယ် (သန်းထွန်း၊ နှောင်းတွေ့ကျောက်စာများ၊ စာ-၂၂)။

ဒီအချိန်မှာ ပိဋကတ်တော်မ ဓမ္မနန္ဒပုဂ္ဂိုလ်ရေးတဲ့ မြန်မာဘာသာ 'တထာဂတုပ္ပတ္တိ' (သာသနာ-၂၂၂၈ ရေးပြီး) မရှိသေးလို့ ကျောက်စာ နှစ်ခုလုံး ပါဠိ 'တထာဂတုပ္ပတ္တိပါဌ်'ကိုပဲ ညွှန်းတာ ဖြစ်နိုင်တယ်။

ယုတ္တိစစ်ရင်

ဂန္ထဝံသကျမ်း အဆိုနဲ့ ပညာရှင် M. H. Bode ရဲ့ ခန့်မှန်းချက်ကို လက်ခံနိုင်ရင် အရှင်ဉာဏဂမ္ဘီရဟာ သိင်္ဃဝီရသုဇ္ဇဗိုလ် ကျောက်စာကို ရေးထိုးတဲ့ မြန်မာနှစ် ၅၈၅ (သာသနာ-၁၇၆၇)ထက် စောရမယ်။ ဒါပေမယ့် ပုဂံသား ရေးတာဖြစ်လို့ ဖော်ပြပါ နိဂုံးစာသားအတိုင်း တထာဂတုပ္ပတ္တိကျမ်း-ကို သာသနာ-၁၁၂၈ မှာ ရေးပြီးတယ်ဆိုတာလည်း မဖြစ်နိုင်။ သာသနာနှစ်-၁၆၀၀ နောက်ပိုင်းကျမှ ပုဂံမှာ သာသနာ ထွန်းကားတာ မဟုတ်လား။

ပါဌ်ပျက်ပုံရ

တက္ကသိုလ်မူနဲ့ နိဿယအလို 'စ ဧတ္ထ'ကို 'ပတ္တေ'လို့ ယူတာဟာ ပြွတ်သိပ်နေတဲ့ ပေလက်ရေးမူရဲ့ အနေအထားအရ ဖြစ်နိုင်ပေမယ့် ပိဋကတ်တော်သမိုင်း၊ ဂန္ထဝံသကျမ်းနဲ့ M. H. Bode တို့ အဆိုတွေနဲ့ ညှိမရလို့ ယုတ္တိမရှိဘူး။ ဦးဘိုးသီးမူမှာ တွေ့ရတဲ့ 'စ ဧတ္ထ'ဆိုတာ 'စ သတ္တ' ဖြစ်မလားလို့ ဘုန်းကြီး ယူဆတယ်။ 'သဟဿမှိ ဝဿ စ သတ္တသတေ' ဆိုရင် ယုတ္တိနဲ့ မဝေးတန်ရာဘူး။
ဒီလို ပြင်နိုင်ခဲ့ရင် .. တထာဂတုပ္ပတ္တိ ကျမ်းပြီးနှစ် သာသနာ-၁၇၂၈ ဖြစ်လို့ အရှင်ဓမ္မသေနာပတိနဲ့ အလွန် မကွာနိုင်ဘဲ ကာရိကာကို ရေးဖို့ တောင်းပန်တာလည်း ဖြစ်နိုင်တယ်။

ဆရာ၊ ကျောင်းတိုက်

ကျမ်းပြုသူ အရှင်ဉာဏဏမ္ဘီရဟာ ကျမ်းနိဂုံးမှာ မိမိ သီတင်းသုံးတဲ့ ကျောင်းနဲ့ ဆရာရဲ့ ဘွဲ့အမည်ကိုပါ ဖော်ပြခဲ့တယ် .. 'အတ္တနော အာစရိယဘူတေန ဓမ္မရာဇဿ ဂရုနာ ဝဇိရဗုဒ္ဓိနာမကေန မဟာထေရေန သဒ္ဓိ ဉာဏဂမ္ဘီရောတိ ဂရုကာနံ ဂဟိတနာမေန ဂူဟနိက္ခန္တ ဝိဟာရဝါသိနာ ထေရေန ကတာ တထာဂတုပ္ပတ္တိနိဒါနဝဏ္ဏနာတိ'။ ဒီစာအရ သူ့ဆရာဟာ မင်းဆရာ (ဓမ္မရာဇဿ ဂရု) ဖြစ်ပြီး ဘွဲ့အမည်က အရှင်ဝဇိရဗုဒ္ဓိ မဟာထေရ်၊ သူနေတဲ့ ကျောင်းက ဂူဟနိက္ခန္တ ကျောင်း သို့မဟုတ် ဂူထွက်ကျောင်း ဖြစ်ကြောင်း သိရပါတယ်။

ဆုတောင်း

ဣမိနာ ကတပုညေန၊ မေတ္တေယျဇိနသာသနေ။ ပဗ္ဗဇိတော သုဒ္ဓသီလော၊ ပါကဋော အဂ္ဂပုဂ္ဂလော။ သုဏေယျာဟံ တဿ ဓမ္မံ၊ ကရေယျ မနုသာသနံ။ ပစ္ဆာနုတ္တရသမ္ဗောဓိ၊ ပါပုဏေယျ မနာဂတေ။
ကျမ်းပြုရခွင့် ကုသိုလ်ဖြင့် နှောင်းပွင့်ရှင်မေတ္တေ။
ရဟန်းဖြူစင် အမြတ်တွင် ငါလျှင်ထင်ရှားစေ။
ဗုဒ္ဓတရား နာကျင့်ပွား အများသိစွမ်းစေ။
နောင်ခါချိန်မှန်း ဗောဓိပန်း ဆွတ်လှမ်းနိုင်ပါစေ။
တထာဂတုပ္ပတ္တိကျမ်းပြု အရှင်ဉာဏဂမ္ဘီရလည်း ထိုခေတ် အခြား ပုဂ္ဂိုလ်များလို ဘုရားဆုပန်ပုဂ္ဂိုလ်ထူး ဖြစ်ကြောင်းပါ။

ရှေးအကျဆုံး

ဘုန်းကြီး လေ့လာမိသမျှ ပုဂံခေတ် ကျမ်းစာအချို့ကို သက္ကရာဇ်စဉ်ရင် .. ကာရိကာပါဌ် (ကျမ်းပြီးနှစ် မဖော်ပြ)။ တထာဂတုပ္ပတ္တိပါဌ် (သာသနာ-၁၇၂၈)။ မဟာဗောဓိဝင်ဋီကာ (သာသနာ-၁၇၄၇)။ သဒ္ဒနီတိ (သာသနာ-၁၇၉၈-၁၈၃၅ အတွင်း)။ သဒ္ဒသာရတ္ထဇာလိနီ (သာသနာ-၁၉၂၃)။ သင်္ခေပဝဏ္ဏနာ (သာသနာ-၁၉၉၀) .. စသည်။

ဒါကြောင့် ကာရိကာ-ဟာ ရှေးအကျဆုံး မြန်မာရေး ပါဠိ သဒ္ဒါကျမ်း ဖြစ်နိုင်သလို 'တထာဂတုပ္ပတ္တိပါဌ်'လည်း အဦးဆုံး မြန်မာဖြစ် ပါဠိဗုဒ္ဓဝင်ကျမ်း ဖြစ်လေမလား။
ဇန်နဝါရီ ၈၊ ၂ဝ၂ဝ။

---

၇၉၉။ ကျွတ်တမ်းဝင်သူပေါင်း

ဆရာတော် ဘုရား၊ ဘုရားရှင် တစ်ဆူမှာ ထိုဘုရားရှင်နဲ့အတူ ကျွတ်တမ်းဝင်နိုင်တဲ့ ပုဂ္ဂိုလ်အရေအတွက်ကို သတ်မှတ်ပြီးသား ဖြစ်တယ်လို့ ကြားဖူးပါသည်။ တပည့်တော်တို့ရဲ့ ဂေါတမဘုရားရှင် လက်ထက်မှာ အဘယ်မျှသော ဝေနေယျ သတ္တဝါ အရေအတွက် ကျွတ်တမ်း ဝင်သွားခဲ့ပါသလဲ သိလိုပါသည် အရှင်ဘုရား။
သီရိအောင် (ဓမ္မစကူးလ်)

---

သုံးနှုန်းတဲ့ ဝေါဟာရနဲ့ အဲဒီ ဝေါဟာရကို အခြေခံပြီး ယူဆပုံကို လေ့လာဖို့ လိုမယ်။ ပြီးမှ အဖြေကို သွားတာပေါ့..

အသင်္ချေယျ

အသင်္ချေယျဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပာယ်က ရေတွက်လို့ မရနိုင်အောင် များပြားခြင်း။ အဲဒီလို များပြားတဲ့ နေရာဌာနကို တစ်ခုနှစ်ခုစသည် ရေတွက်လို့ ရတယ်။ မရေတွက်နိုင်အောင် များပြားသော နေရာတစ်ခုသည် တစ်အသင်္ချေ၊ နောက် တစ်ခုကို နှစ်အသင်္ချေ စသည်။ ဒီနေရာမှာ အသင်္ချေယျ သို့မဟုတ် အသင်္ချေ ဆိုတာကို အဲဒီလို အဓိပ္ပာယ် ယူရတယ်။ (အသင်္ချေယျေ-တိ ဂဏေတုံ အသည္ဟုဏေယျေ။ ဇာ၊ဋ္ဌ၊၅၊၂၉၀)။ ကျမ်းဂန်မှာ ၁၅- အသင်္ချေ တွေ့နိုင်တယ် ..

၁၅-အသင်္ချေ

ဓမ္မစကြာသုတ်ကို ဟောစဉ်က မဂ်ဖိုလ်ကို ရသွားကြတဲ့ လူနတ်ဗြဟ္မာတွေဟာ အသင်္ချေယျ (ဘယ်မျှလို့ မရေတွက်နိုင်)။ မဟာသမယသုတ်၊ ဗုဒ္ဓဝံသဒေသနာ၊ မင်္ဂလသုတ်၊ မဟာရာဟုလောဝါဒ သုတ်စတဲ့ သုတ္တန်ကြီး ၁၅-ခုကို ဟောစဉ်လည်း ထို့အတူဖြစ်လို့ အသင်္ချေယျ ၁၅-ခု ရတယ်။ အဘိဓမ္မာ တရားဟောစဉ် ကုဋေရှစ်ဆယ် စသည်ဖြင့် ကုဋေ ၆-ဌာန၊ ရတနသုတ် ဟောစဉ် ရှစ်သောင်း စသည် သောင်းဌာန ၁၅-ခု (မိလိန္ဒ၊၁၈။ ဥဒါန၊ဋ္ဌ၊၂၉၅)။

၂၄-အသင်္ချေ

သီလက္ခန်ဋီကာ(ဟောင်း) မှာ 'အသင်္ချေယျဌာန နှစ်ဆယ့်လေးဌာနရှိပြီး ကုဋေတစ်သိန်း ဌာနမှာ အလွန် များပြားကြောင်း ဆိုတယ် (စတုဝီသတိယာ ဌာနေသု အသင်္ချေယျာ အပရိမေယျာ ဒေဝမနုဿာ မဂ္ဂဖလာမတံ ပိဝိသု။ ကောဋိ သတသဟဿ ပမာဏေနာပိ ဗဟူ ဧဝ။ သီ၊ဋီ၊၁၊၃၁၇)။

အနာဂတဝံသအဋ္ဌကထာမှာ ဖော်ပြပုံ ... 'ဘုရားဖြစ်ပြီးစ နတ်ဖန်ဆင်းတဲ့ ရတနာဃရ သတ္တာဟမှာ စံနေစဉ် ဘယ်မျှ သော သတ္တဝါတွေကို ချေချွတ်နိုင်မလဲလို့ ဆင်ခြင်တဲ့အခါ နှစ်ဆယ့်လေး အသင်္ချေ၊ ကုဋေလေးသန်း၊ ခုနစ်သိန်း ကျွတ်တမ်းဝင်နိုင်မှာကို မြင်တော်မူပြီ (ကိတ္တကာ မယာ ဝိနေတဗ္ဗာ သတ္တာတိ? စတုဝီသတိ အသင်္ချေယျသတ္တစတ္တာလီသ ကောဋိ သတသဟဿသင်္ခါတပရိစ္ဆိန္နေ ဝေနေယျေ ပဿိ (ယင်း အဋ္ဌကထာကျမ်း၊ ပေမူ၊ ဗု-ကျော)'။

တထာဂတုပ္ပတ္တိကျမ်း (ပေမူ၊ ထူ-ကျော)မှာတော့ ..
'စတုဝီသတိ အသင်္ချေယျာ၊ သဋ္ဌိ စေဝ စ ကောဋိယော။ ပါဏာနိ သတသဟဿာနိ၊ ဧကော ဗုဒ္ဓေါ ပမောစယိ။
တစ်ဆူ (တစ်ဆူ)သော ဘုရားရှင်သည် နှစ်ဆယ့်လေး အသင်္ချေ၊ ကုဋေခြောက်ဆယ်နှင့် တစ်သိန်းမျှသော သတ္တဝါများကို (ဘဝသံသရာမှ) လွတ်မြောက်စေပြီ'လို့ ဆိုတယ်။

အပိုအလို

အဲဒီကျမ်းတွေမှာ အရေအတွက် ဖော်ပြပုံ အနည်းငယ်စီ ကွဲပြားကြပေမယ့် ဘုရားရှင်ဟာ ရဟန္တာငါးရာ ခြံရံပြီး ကြွလာတယ်ဆိုပေမယ့် ငါးရာ အရေအတွက်က အပိုအလို ရှိနိုင်သလို ပိုပိုလိုလို ပြောနိုင်တဲ့ အရာမျိုး ဖြစ်လို့ မဆန့်ကျင်ဘူးလို့ ဆိုခွင့်ရှိတယ်။

အဖြေ

အစအဆုံး ဖတ်ပြီးရင် အဖြေ ပေါ်ပါပြီ။ မေးခွန်းမှာ 'ပုဂ္ဂိုလ် အရေအတွက်ကို သတ်မှတ်ပြီးသား' ဆိုတာ အနာဂတဝံသ အဋ္ဌကထာ ဆိုပုံကို ကြည့်ပြီ ဆိုကြတာ ဖြစ်မယ်။ ဒါပေမယ့် အတိအကျကြီးတော့ မမှတ်သင့်။ ယေဘုယျ အနေနဲ့သာ မှတ်သင့်ကြောင်းပါ။
ဇန်နဝါရီ ၉၊ ၂ဝ၂ဝ။

---

၈၀၀။ မင်းကြီးရဲ့ ဘုရားရှိခိုး

ဘုန်းဘုန်း ဘုရား၊ တပည့်တော်သည် တရားမှတ်တာကို အချိန်အနည်းငယ်သာ လုပ်ဖြစ်သော်လည်း နေ့၏ သုံးပုံနှစ်ပုံလောက်ကို ဣရိယာပုထ်လေးပါးနဲ့ နှုတ်က ရွတ်ဖတ်ပူဇော် ပါသည်။ သာသနာရေးဦးစီးဌာနက ထုတ်ဝေတဲ့ သီရိမင်္ဂလာပရိတ်တော် စာအုပ်ကို လက်ကိုင်ပြုပါသည်။ ရွတ်ဖတ်ပူဇော်ရန် သင့်လျော်သော နမော တဿ ဘုရားရှိခိုးကြီးရဲ့ မြန်မာ အနက်ကို ချီးမြှင့်တော်မူပါ ဘုရား။
လွင်လွင်ငြိမ်း (အထပြ-ငြိမ်း)

---

မှန်တဲ့အလုပ်

ရွတ်ဖတ် ပူဇော်တာဟာ စိတ်ကို ကြည်လင် ငြိမ်းချမ်းစေပြီး စိတ်တည်ကြည်မှု (သမာဓိ)ကို အထောက် အပံ့ပြုပါတယ်။ ရွတ်ဖန်များရင် စကားလုံးတွေမှာ စွမ်းအင်တွေ ရှိလာမှာပဲ။ သာသနာရေးက ထုတ်တဲ့ သီရိမင်္ဂလာပရိတ်စာအုပ်ကို လက်ကိုင်ပြုတာ ကောင်းတယ်။ ပရိတ်၊ အစွမ်းထက်၊ မန္တာန်စတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေထားတဲ့ စာအုပ်အများစုဟာ တတ်သိပညာရှိတွေ တည်းဖြတ် စစ်ဆေးထားတာ မဟုတ်လို့ စာနေစာထား မမှန်တာ များတယ်။

ကောင်းလွန်းလို့

နမော တဿနဲ့ ပတ်သက်တာကို မေးခွန်းအမှတ်-၇၄၃ မှာ ဖြေထားတယ်။ အဲဒီတုန်းက စာရှည်မှာစိုးလို့ မေးခွန်းနဲ့ သင့်ရုံ တိုပြတ်ပြတ်ပဲ မြန်မာအနက် ရေးခဲ့တယ်။ ခုတစ်ကြိမ်မှာတော့ အလွန် ပြည့်စုံကောင်းမွန်တဲ့ နမော တဿရဲ့ မြန်မာ အနက်ကို မျှဝေလိုက်ပါတယ်။ မူလရေးသားသူက မဟာသီရိဇေယသူ ဘွဲ့ခံ မိုင်းခိုင်းမြို့စား ပိဋကတ်တော်အုပ်မင်းကြီး ဦးယံ ဖြစ်ပါတယ်။ ၎င်းပြုစုတဲ့ ပိဋကတ်တော်သမိုင်း ကျမ်းရဲ့ ကျမ်းဦး ဘုရားရှိခိုး ပဏာမပါပဲ။

ကျက်မှတ်ရန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အရဟတော၊ အခေါင်နင်းနှိမ် နောင်ဖျင်းသိမ်၍ တစ်ကြိမ် မလှန် တစ်ဖန်အသစ် မဖြစ်စေတတ် အရဟတ္တမဂ် ရွှေသန်လျက်ဖြင့် ခြေဖျက်သုတ်သင် နုတ်ငင်ချိုးဖြတ် သတ်တော်မူပြီးသည့် အဖြစ်ကြောင့် တစ်ထောင့်ငါးရာ ကိလေသာတို့မှ လွန်စွာ ဝေးတော်မူပြီးထသော။
အရဟတော၊ လောကသုံးဖြာ လူတကာကို ချမ်းသာ အလုံးဆုံကွယ်ပျောက် ဒုက္ခရောက်အောင် မွှေနှောက် ကန့်ကွက်နှိပ်စက်မှောင့်ရောင့် ပိတ်ဆီးနှောင့်သား တစ်ထောင့်ငါးရာ ကိလေသာချန် တွင်းပရန်ကို ပဟာန်အရဟတ္တမဂ် ရွှေသန်လျက်ဖြင့် ခြေဖျက်သုတ်သင် နုတ်ငင်ချိုးဖြတ် သတ်တော်မူပြီးထသော။
အရဟတော၊ မဏ္ဍိုင်ဗောဓိ ရပ်သီရိဝယ် ဝီရိယခြေ သီလမြေ၌ ရပ်နေပြီးလျက် သဒ္ဓါလက်ဖြင့် ကမ္မက္ခယ ဉာဏ ပုဆိန် စွဲချိန်ကိုင်ကာ သံသရာစက် အကန့်အကွက်ကို ချိုးဖျက် တော်မူပြီးထသော။
အရဟတော၊ သုံးဘုံရပ်သူ နတ်လူဗြဟ္မာ သတ္တဝါတို့၏ သဒ္ဓါကြည်ဖြူ၊ ပူဇော်သက္ကာရ ဝိသေသပစ္စည်း အနည်းနည်း လှူရန်ကို ခံတော်မူထိုက်ထသော။
အရဟတော၊ မြင်ကြားသိလူ ဘယ်သူမနီး ပိတ်ဆီး ကွယ်ကာ ဆိတ်ငြိမ်ရာ၌ ရံခါတဆစ် အညစ်အကျု မကောင်းမှုကို ပြုလေ့ရှိတော်မမူထသော။

သမ္မာသမ္ဗုဒ္ဓဿ၊ မဖောက်မပြန် ရှေ့ညွှန်မရှာ ဆရာမရှိ မိမိအလိုလို ကိုယ်တော်တိုင်သာ ငါးဖြာဥယျ ဓမ္မလုံးစုံ တရားပုံကို အာရုံပြဲပြဲ ကြွင်းမဲ့တိတိ ဉာဏ်မျက်စိဖြင့် မြင်သိ တော်မူပြီးထသော။
သမ္မာသမ္ဗုဒ္ဓဿ၊ မချွတ်မလွဲ အမြဲဟုတ်မှန် ဧကန္တသား စင်စစ်အားဖြင့် တစ်ပါးနတ်လူ လှောက်ကူဆော်ကြိုး မနိုးစေဘဲ မနှိုးဘဲသာ ဝါသနာသတ္တိ ကပ်ငြိရှိန်စော် အာနုဘော်နှင့်တကွ မောဟငိုက်မိန်း စက်ကိန်းထန်ပြင်း သန့်ရှင်းကြည်ချမ်း မသမ်းမညို အလိုလို နိုးတော်မူပြီးထသော။
သမ္မာသမ္ဗုဒ္ဓဿ၊ နေအရုဏ်လင့် ပဒုံပွင့်သို အသင့်ပေါင်းယှက် အဂ္ဂမဂ်ကြောင့် နှိုင်းဖက်မရှိ အပရိမိတ ဂုဏအထူး ကျေးဇူးများစွာ တန်ဆာဂုဏ်ရှင် သဗ္ဗညုတ ဉာဏ်တော်ရ၍ လောကမဏ္ဍိုင် မွှေးကြိုင်ပျံ့လွင့် ကားကားဆင့်လျက် ပွင့်ပနတ်လူ ဘယ်သူမဆို လိုကိုမံရှင် ကိုးဂုဏ်တင်၍ ပွင်တော်မူထသော။
သမ္မာသမ္ဗုဒ္ဓဿ၊ ဘူမိရွှေညာ ခေမာအောင်ခန်း လမ်းခရီးဦး ရန်ဆူးရန်ငြောင့် မနှောင့်မယှက် မခက်မထိ မငြိမတွယ် တင့်တယ်လျောက်ပတ် ထူးမြတ်ကောင်းမွန် ရှေ့ညွှန်နတ်လူ ဘယ်သူမပြ အရိယမဂ်လမ်းဖြင့် ရွှေနန်းနိဗ္ဗာန်သို့ ရွှေဉာဏ် ရှေးရှု အာရုံပြုသောအားဖြင့် ကြွသွားတော်မူပြီးထသော။

တဿ ဘဂဝတော၊ ထိုဣဿရိယ၊ စသည်အပြား၊ ဘုန်းခြောက်ပါးရှင်၊ ဘုရားသခင်အား။
နမော၊ အကျွန်ုပ် လက်အုပ်မြှောက်ချီ ဝစီမနော ပြန့်ပြောကြည်စွာ သဒ္ဓါမြတ်နိုး ရှိခိုးပါ၏။
(မှတ်ချက်။ ။ မူရင်းမှာ ဝါ-သဒ္ဒါနဲ့ ပြပေမယ့် ဆိုဖြောင့်အောင် ပါဠိပုဒ်ကို အစားထိုးပေးပါတယ်။ အရဟတော ၅-နက်၊ သမ္မာသမ္ဗုဒ္ဓဿ ၄-နက်။)
ဇန်နဝါရီ ၉၊၂၀၂၀။

---

အရိယဝံသ ၄-ပါး
သင်္ကန်း ဆွမ်း ကျောင်း၌ ရောင့်ရဲ့၍ ဘာဝနာ၌ ပျော်မွေ့ခြင်းဟူသော အရိယဝံသတရား လေးပါးရှိလျှင် နေရာ မရွေး ပျော်နိုင်ပြီး နတ်ဗြဟ္မာတို့ လေးစားကြ၏။
(အံ၊၁၊၃၃၆)

---

၈၀၁။ ဖုန်းနဲ့ ဒေသနာပြောရင်

ဆရာတော် ဘုရား၊ ၁) တယ်လီဖုန်းနဲ့ ဒေသနာကြားကောင်းပါသလား၊ ၂) ရဟန်း တစ်ပါးထံမှာ ရဟန်း လေးငါးပါး စုပြီး တစ်ပြိုင်နက် ဒေသနာ ကြားကောင်းပါသလား ဘုရား။
မေးသူတွေ
အရှင်သုမနာစာရ (ဘီးလင်း)

---

ဒီမေးခွန်းမျိုး မကြာခဏ မေးတာ တွေ့ရတယ်။ စာမေးပွဲတွေမှာ ခုဒ္ဒသိက္ခာကျမ်းကို ပြဋ္ဌာန်းတာမရှိလို့ ဒီကိစ္စကို အသိနည်းတာ ဖြစ်နိုင်တယ်။ ခုဒ္ဒသိက္ခာကျမ်းမှာ ဒေသနာ မပြောကောင်းသူနဲ့ မပြောကောင်းပုံ စာရင်းကို ဖော်ပြထားတာ ရှိပါတယ်။ အဲဒါကို ပန်းလွှားဆရာတော်ရဲ့ ခုဒ္ဒသိက္ခာဒီပနီ (ပေမူ၊ ဂိ-ကျော)၊ ဆရာတော် ဦးဗုဓ်မူ ခုဒ္ဒသိက္ခာနိဿယ တို့နဲ့ အညီ ဖော်ပြရရင် ..

ခုဒ္ဒသိက္ခာ

အဒေသနာဂါမိနိယံ၊ အနာပတ္တိ စ ဒေသိတံ။ နာနာသံဝါသ နိဿီမဋ္ဌိတာနံ စတုပဉ္စဟိ။ မနာသာ ပကတတ္တာနံ၊ နာနေကာတိ န ဒေသယေ။ (၃၉၈-ဂါထာ)
၁။ အဒေသနာဂါမိနိယံ = နှုတ်မြွက်ဆန်းသာ ကြားတုံပါလည်း ကြားရာမရောက် ထမမြောက်သော ပါရာဇိကနဲ့ သံဃာဒိသေသ် အာပတ်ကို ဒေသနာ မပြောကောင်း။ (ဒေသနာ ပြောပေမယ့် အာပတ် မစင်ကြယ်ဟူလို)။
ဒါပေမယ့် ... သံဃာဒိသေသ် အာပတ်ကိုတော့ ကုစားစဉ်မှာ ပရိဝတ် မာနတ် မဆောက်တည်ခင် ဒေသနာ ပြောကောင်းတယ်။
၂။ အနာပတ္တိ = ဣန္ဒြေ မစောင့်စည်းလို့ သီလပျက်တာ၊ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားမိလို့ သီလပျက်တာက အာပတ် မဟုတ်တဲ့အတွက် ဒေသနာ မပြောကောင်း။
၃။ ဒေသိတံ = ဒေသနာ ပြောထားပြီးသား အာပတ်ကို နောက်ထပ် ပြန်မပြောကောင်း။
၄။ နာနာသံဝါသဿ = အယူဝါဒ မတူသူ၊ အယူမတူလို့ နှင်ထုတခံထားရသူထံမှာ ဒေသနာ မပြောကောင်း။
၅။ နိဿီမဋ္ဌိတဿ = ဒေသနာပြောသူက သိမ်အတွင်းမှာနေပြီး ဒေသနာခံသူက သိမ်အပြင်မှာ ဖြစ်စေ၊ အခြားသိမ်မှာ ဖြစ်စေ ရှိနေရင် ဒေသနာ မပြောကောင်း။
၆။ စတူဟိ ပဉ္စဟိ = ပဝါရဏာပြုရာမှာလို ဝါတူရာအလိုက် လေးပါး ငါးပါး ဖြစ်စေ ဒီထက် အလွန်ဖြစ်စေ စုပေါင်းပြီး သံဃာ တစ်ပါးထံမှာ ဒေသနာ မပြောကောင်း။ တစ်ပါးထံမှာ နှစ်ပါးသုံးပါး စုပြီး ပြောကောင်းတယ် (ခုဒ္ဒသိက္ခာပုရာဏဋီကာ၊ ၂၀၃)။
၇။ မနသာ = နှုတ်မမြွက်ပါ စိတ်ဖြင့်သာလျှင် ဒေသနာ မပြောကောင်း။
၈။ အပကတတ္တာနံ = သီလ မစင်ကြယ်တဲ့ ရဟန်းထံမှာသနာ မပြောကောင်း (အဆုံးရောက်ငြား သုံးပါးနှင်ထုတ် ဥပုသ်ပဝါရဏာ ချန်ကာထားအပ် ပကတတ်မဟုတ်တဲ့ ရဟန်းထံမှာ ဒေသနာ မပြောကောင်း)။
၉။ နာနေကာတိ = ထူးထွေများပြားတဲ့ အာပတ်ကို တစ်ခုသော အာပတ်လို့ ဒေသနာ မပြောကောင်း။ ဒါကြောင့် များပြားသော အကြောင်း အမျိုးမျိုးကြောင့် သင့်သော အာပတ်အားလုံး (အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော)လို့ ခုခေတ်မှာ ဆိုကြတယ်။

အဖြေ ၁

၁။ အမှတ် (၅) ဖော်ပြချက်အရ သိမ်အတွင်းက ရဟန်းက သိမ်အပြင်က ရဟန်းကိုဖြစ်စေ အခြား သိမ်ထဲက ရဟန်းကို ဖြစ်စေ ဒေသနာ မကြားကောင်းတဲ့ အတွက် မြို့ရွာ ရပ်ကွက် အဝေးမှာ ရှိနေကြတဲ့ သံဃာအချင်ချင်း ဒေသနာ မပြောကောင်းဘူး။ ဒါကြောင့် တယ်လီးဖုန်းနဲ့ ဒေသနာ မပြောကောင်းဘူးလို့ မှတ်ရမှာပါ။ ဒီလိုလည်း စဉ်းစားနိုင်တယ် ..

အာပတ်ငြိမ်းပုံ

ရဟန်း အာပတ်သင့်ရင် 'သမ္မုခါ (မျက်မှောက်)၊ ပဋိညာ (ဝန်ခံ)၊ တိဏဝတ္ထာရက (ကံဆောင်)'ဆိုတဲ့ သုံးမျိုးနဲ့ ငြိမ်းစေနိုင်တယ်။ ပုဂ္ဂလသမ္မုခါ (ရဟန်း ၁-ပါး၊ ၂-ပါးနဲ့ ၃-ပါး)ရဲ့ မျက်မှောက်၊ သံဃသမ္မုခါ (ရဟန်း ၄-ပါး၊ ၄-ပါးထက် အလွန်)ရဲ့ မျက်မှောက်၊ ဓမ္မ (အမှုမှန်ခြင်း)၊ ဝိနယ (သိက္ခာပုဒ်)လို့ သမ္မုခါ (မျက်မှောက်) ၄-မျိုး ရှိတယ်။ သမ္မုခါနဲ့ ပဋိညာ နှစ်မျိုးနဲ့ အာပတ် ငြိမ်းပုံက ..

ပုဂ္ဂိုလ်ရှေ့ဆိုင်

အပြစ်ပေါ့ အာပတ်ကို ရဟန်းတစ်ပါးထံမှာ ဒေသနာကြားစဉ် အာပတ်ကို ရှုပါကြောင်း၊ နောင် မသင့်အောင် စောင့်စည်းမည် ဖြစ်ကြောင်း ဝန်ခံရင် သမ္မုခါပဋိညာ နှစ်မျိုးနဲ့ အာပတ်ကို ငြိမ်းစေတာ။ ဒေသနာကြားသူနဲ့ ဒေသနာခံသူတို့ မျက်မှောက် ထင်ရှား ရှိနေတာကို 'ပုဂ္ဂလသမ္မုခါ'လို့ ခေါ်တယ် (ကင်္ခါ၊ဋ္ဌ၊၂၉၁)။ ဒီစာအရလည်း မျက်မှောက်လို့ ဆိုတဲ့အတွက် အဝေးက ဖုန်းနဲ့ ဒေသနာ မကြားနိုင်ဘူး။

အဖြေ ၂

အမှတ် (၆)ဖော်ပြချက်အရ သီလစင်ကြယ်တဲ့ ရဟန်းတစ်ပါး (ပုဂ္ဂလ)၊ သို့မဟုတ် နှစ်ပါးသုံးပါး (ဂဏ)၊ သို့မဟုတ် လေးပါးနဲ့ ယင်းအထက် (သံဃာ) ထံမှာ ရဟန်း ၁-ပါး သို့မဟုတ် ၂-ပါး သို့မဟုတ် ၃-ပါး စုပေါင်းပြီး တစ်ပြိုင်နက် ဒေသနာပြောကောင်းတယ်။ ၄-ပါးနဲ့ ယင်းထက် အများစုပြီး သံဃ၊ ဂဏ၊ ပုဂ္ဂလထံမှာ ဒေသနာ မပြောကောင်းဘူးလို့ မှတ်ပါ။

န ဒဋ္ဌဗ္ဗံ

မထေရ်ကျော် တစ်ပါး ရေးထားပုံ .. ပုဂ္ဂိုလ်မျက်မှောက် (ပုဂ္ဂလသမ္ဗုခ) ဆိုရာမှာ သံဃကံပြုတာ မဟုတ်လို့ ဒေသနာခံသူ ကိုယ့်ရှေ့ ရှိနေစရာမလို။ မျက်စိမမြင်သူဟာ အာပတ်ကို သိပါတယ်လို့ အသံ (သမ္မုခါ)နဲ့ ကြားပြီး နောင်အခါ စောင့်စည်းပါ့မယ်လို့ နှုတ်နဲ့ဝန်ခံ(ပဋိညာပြု)ရတယ်။ ဒီတော့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ တယ်လီဖုန်း ဖေ့စ်တိုင်းမ်နဲ့ ဒေသနာကြားတာ ဖြစ်နိုင်ပါသတဲ့။ ယုတ္တိရှိပေမယ့် အာဂမ မရှိတဲ့အတွက် 'န တံ သာရတော ဒဋ္ဌဗ္ဗံ'။
တစ်ပါးတည်း နေရင်တော့ 'ရဟန်း တစ်ပါးပါးနဲ့ တွေ့တဲ့အခါ ဒေသနာ ပြောမယ်'လို့ နှလုံးသွင်းနေရင် အာပတ်ကို ဖုံးထားရာ မရောက်ဘူးလို့ ဆရာတို့ ဆုံးမကြောင်းပါ။
ဇန်နဝါရီ ၁၃၊ ၂ဝ၂ဝ။

---

အရှင်ဥတ္တိယ ဆုံးမပုံ
အာဗာဓေ မေ သမုပ္ပန္နေ၊ သတိ မေ ဥဒပဇ္ဇ။ အာဗာဓော မေ သမုပ္ပန္နော၊ ကာလော မေ နပ္ပမဇ္ဇိတုံ။

---

၈၀၂။ သတိပဋ္ဌာန် ရာသက်ပန်

ဆရာတော်ဘုရား၊ သတိနဲ့ နေထိုင်တယ်ဆိုတာ ဘယ်လို နေတာပါလဲ ဘုရား။ စိတ်ထဲ ဖြစ်လာတဲ့ စိတ်တွေကို သတိမထားမိတာက များပါတယ် ဘုရား။ ဒေါသအလျောက် ပြောဆိုလုပ်မိတာ များပါတယ် ဘုရား။ ကြိုက်မိ လိုချင်မိပါတယ် ဘုရား။ တစ်ခါတလေပဲ စိတ်ထဲ ဖြစ်နေတာကို သတိထားမိပါတယ် ဘုရား။ အဲဒီ သတိထားမိပြီး နောက်ဆက်တွဲ ဘာဆက်လုပ်ရပါမလဲ ဘုရား။ အထူးသဖြင့် ကိုယ်လိုချင်တာက မလိုချင်သင့်တာ ဖြစ်နေတဲ့အခါ၊ စိတ်ထဲက ဒေါသစိတ်၊ လောဘစိတ်၊ အားငယ်စိတ်တွေကို ပျောက်စေချင်တဲ့အခါ ခြုံမေးရရင် ... ဆရာတော် မိန့်ဖူးတဲ့ 'လေ့ကျင့်ထားတဲ့ သတိပညာ'ရအောင် ဘယ်လို လေ့ကျင့်ယူရမလဲ ဘုရား။ တပည့်တော်ဟာ တရားစခန်း သုံးလေးမျိုး ဝင်ဖူးပါတယ် ဘုရား။
အဝေးမှ ဦးတင်လျက် မောင်ဇော် (နတ်မြို့)

---

သတိနဲ့နေခြင်း

သတိပဋ္ဌာန်ဆိုတာ 'အာရုံ၌ သက်ဝင်ပျံ့နှံ့၍ ဖြစ်တတ်သော သတိ၊ အာရုံ၌ စွဲမြဲစွာ တည်သော သတိ (ဒီ၊ဋ္ဌ၊၂၊၃၄၄)'လို့ အဓိပ္ပာယ် ရတယ်။ 'သတိနဲ့ စွဲမြဲစွာ ရှုခြင်း စူးစိုက် ရှုခြင်း'လို့ ဆိုနိုင်တယ်။ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားလို့ အာရုံ လေးမျိုးရှိလို့ သတိပဋ္ဌာန်လေးမျိုး ပြားရတယ်။ ရုပ်ကို စူးစိုက်ရှု၊ ခံစားမှုကို စူးစိုက်ရှု စသည် . သတိနဲ့ နေတယ်ဆိုတာ အဲဒီ သတိပဋ္ဌာန်နဲ့ နေတာ။

နေပုံအဆင့် ၁

ရှုတဲ့အခါ ဘာစိတ် ဘာခံစားမှု ပျောက်အောင် ဆိုပြီး ရှုရတာမျိုး မဟုတ်။ အရှိသဘာဝအတိုင်း အမှန်သိဉာဏ်နဲ့ ရှုရတယ် (ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗိ)။ ဒါကြောင့် အဲဒီ ဖြစ်နေတဲ့ စိတ်၊ ပေါ်နေတဲ့ ခံစားမှု စသည် .. ကိုပဲ သိနေအောင် လုပ်ရတယ်။ ဆက်ပြီးတော့လည်း သိနေအောင်ပဲ လုပ်ရမှာ။ သတိမြဲလေ သတိပဋ္ဌာန် အားကောင်းလေပဲ။ လေ့ကျင့်ထားတဲ့ သတိဆိုတာ အဲဒါမျိုး။

နေပုံအဆင့် ၂

အားထုတ်စမှာ အချိုးမကျနိုင်။ အသက်ရှူ ကျပ်သလိုလို။ 'ဖြစ်မယ် မထင်ဘူး' ဆိုတာမျိုးထိ ဖြစ်တယ်။ စိတ်တည်ငြိမ် (သမာဓိအားကောင်း)မှ အမှန်သဘာဝကို သိနိုင်တာ (သမာဟိတော ယထာဘူတံ ပဇာနာတိ)။ သမာဓိ အရှိန်ရတာနဲ့ ကိလေသာလျော့ပြီး သိမြင်မှုတွေ ဖြစ်တယ်။ တိုးတက်အောင် ရှုမှတ်နိုင်လေ သိမြင်မှုအဆင့် မြင့်လေပဲ။ လေ့ကျင့်ထားတဲ့ ပညာဆိုတာ အဲဒါမျိုး။

အဖြေ ၁

'သတိမထားမိတာ များပါတယ် ဘုရား'အတွက် အဆင့် ၁ ကို အရင်ပိုင်အောင် ကြိုးစား။ နတ်မြို့လို နေရာမှာနေပြီး ရုန်းကန်ရသူ တစ်ဦးအနေနဲ့ ဘာဝနာကို လုပ်ချင်တဲ့စိတ် ရှိနေတာသည်ပင် ငါ့မှာ ပါရမီရှိတယ်၊ ငါလုပ်ရင် ပိုင်ပါတယ်လို့ အာမခံတဲ့ သဘောပဲ။ ဘာဝနာ ဆိုတာကိုက ကြိမ်ဖန်များစွာ လုပ်ရတာ မျိုး။ တရားစခန်း အမျိုးအစား၊ ဝင်တဲ့ ကြိမ်ရေနဲ့ သိပ်မဆိုင်ဘူး။

အဖြေ ၂

'ဒေါသအလျောက် လုပ်မိတာ များတယ်'အတွက် သမာဓိ အရှိန်ရလာရင် ကိလေသာ လျော့တယ်ဆို မဟုတ်လား။ ဒါကြောင့် ကိုယ်နားလည်တဲ့ ရိပ်သာနည်းအတိုင်း ပုံမှန်လေးသာ တရားထိုင်ဖြစ်အောင် အဓိဋ္ဌာန်ထားပါ။ လူတွေနဲ့ မကင်းနိုင်တဲ့ ဘုန်းကြီးတို့လည်း ဒီလိုပဲ နေရတာပါ။ ဝိနည်းနဲ့ ထိန်းထားလို့ အတော်အသင့် ခံသာပေမယ့် လောဘ ဒေါသတွေနဲ့ မကင်းနိုင်ဘူး။

ရာသက်ပန်

'သတိမြဲလို့ သမာဓိ အားကောင်းလာရင် ပညာနောက်က လိုက်လာပြီး အဲဒီပညာနဲ့ လောကကို နားလည်တယ်'ဆိုတဲ့ သီအိုရီပါ။ 'တစ်ခါတလေပဲ သတိထားမိတယ်'ဆိုတာ သတိမမြဲလို့။ မထိန်းနိုင်သေးတာလည်း လေ့ကျင့် အားထုတ်မှု မပြည့်စုံသေးလို့။ အိမ်နေသူ လူတစ်ဦးအဖို့ ဝိပဿနာ ဘာဝနာဆိုတာ ရာသက်ပန် ကြိမ်ဖန်များစွာ လုပ်နေရတဲ့ အလုပ်မျိုးပါ။ အောင်မြင်ပါစေ ..
ဇန်နဝါရီ ၁၅၊ ၂ဝ၂ဝ။

---

၈၀၃။ ကမ္မဋ္ဌာန်းမှ အင်းဝိဇ္ဇာသို့

ဆရာ ဘုရား၊ ခရစ်နှစ် ၈၅-မှာ သရေခေတ္တရာမြို့သား ရဟန်းတော်တစ်ပါး ပါဠိဘာသာနဲ့ ရေးတဲ့ ဥတ္တမသီရိကျမ်း အကြောင်းကို သိလိုပါသည် ဘုရား။ ထိုကျမ်းကို မြန်မာနိုင်င့မ်ာ ရေးတဲ့ ပထမဆုံး ပါဠိကျမ်းဟု ဆိုနိုင်ပါသလား ဘုရား။ လေးစား ဦးတင်လျက်ပါ ဆရာ ဘုရား။

အရှင်ကုသလ (ဘန်ကောက်)

---

အမှန်က ပထမဆုံး မြန်မာဖြစ်ပါဠိကျမ်း ဟုတ် မဟုတ်ကို ပဲ ဖြေရမှာပါ။ ဒါပေမယ့် မေးခွန်းပါကျမ်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် တွေ့ရလို့ သည်းခံပြီး ဖတ်ကြည့်ပါကုန်။

တောင်ငူမှ

ဒုတိယ စစ်ကိုင်းမြို့တည်မင်း လက်ထက်၊ တောင်ငူမှ စစ်ကိုင်းမှာ စာလာသင်သူ ရဟန်းတော် အရှင်ဝရသာမိဟာ အဓိပ္ပာယ် နားမလည်နိုင်တဲ့ ပါဠိဘာသာနဲ့ ရေးထားတဲ့ ကျမ်းစာတစ်ခုကို ယူလာတယ်။ စစ်ကိုင်း ရောက်တော့ မသိတာ မရှိဘူးလို့ ဆိုရလောက်အောင် ဗဟုသုတဉာဏ်ကြီးတဲ့ မင်းကိုးကွယ်ခံ တောင်တွင်း ဆရာတော် ခင်ကြီးဖျော်ကို ဆက်ကပ်တယ်။ ကျမ်းနာမည် 'ကပ္ပါလင်္ကာရပဌ်'တဲ့။ ခင်ကြီးဖျော်က အဲဒီကျမ်းကို နိဿယ မြန်မာပြန် ရေးပါတယ်။

နိဂုံးအဆို

ကျမ်းနိဂုံး ဖော်ပြပုံ . 'သရေခေတ္တရာမြို့ အရှေ့ဘက်၊ ဆင်ဦးခေါင်းနှင့် တူသော တောင်၏ တောင်ဘက် နံရံရှိ၊ ဒိဗ္ဗစက္ခု၊ ရသေ့ သီတင်းသုံးခဲ့သည်ဆိုသော ကျောက်ဂူအနီး၌၊ သာသနာ ၆၂၉ (အေဒီ ၈၅)တွင် သုပညာနဂရဆိန္နမင်း၏ ရာဇ သင်္ချာအမတ် လှူဒါန်းသောကျောင်းမှာ သီတင်းသုံးသူ အရှင် ဥတ္တမသီရိသည် ထိုကျောက်ဂူပြို၍ရရှိသော ကြေးနီပုရပိုက်မှ စာများကိုပေပေါ်မှာ ရေးတင်ခဲ့သော ကပ္ပါလင်္ကာရကျမ်း'တဲ့။ ပေတင်သူ့ နာမည်နဲ့ 'ဥတ္တမသီရိကျမ်း'လည်း ခေါ်တယ်။

ကျမ်းဖြစ်လာပုံ

အရှင်ဥတ္တမသီရိဟာ ပြိုသွားတဲ့ ကျောက်ဂူထဲက ရတဲ့ ကြေးနီပုရပိုက်ကို ချဉ်ရေနဲ့ ဆေးကြည့်တဲ့အခါ အံ့ဖွယ် အက္ခရတွေ ပေါ်လာပြီး ထိုအက္ခရာတွေကို ရေးကူးမပြီးခင် လေပြင်းတိုက်၊ ကောင်းကင်မှာ ထစ်ချုန်း မြည်ဟည်းလျက် မှောင် အတိ ဖြစ်သွားပြီး ကြေးနီပုရိုက်လည်း ပျောက်ကွယ်သွားတယ်။ မပျောက်ပျက်ဘဲ ကျန်နေတဲ့ သင်္ခပုရပိုက်ပေါ်မှာ ရေးကူးပြီး စာအချို့ကို သာသနာငါးထောင် တည်အောင် အရှင်ဥတ္တသီရိက ပေပေါ်မှာ ရေးတင်ခဲ့ကြာင်း ဆိုတယ်။

ဒီကျမ်းဟာ နှစ်ပေါင်း ၁၁၀၀ ကျော် တိမ်မြုပ် ပျောက်ကွယ်နေရာမှ သာသနာ ၂၃၀၄ မှာ တောင်ငူ အရှင်ဝရသာမိနဲ့ ခင်ကြီးဖျော်ကြောင့် ပြန်လည် ထင်ရှားလာပြီး၊ သာသနာ ၂၃၅၆ မှာ မတ္တရာမြို့အနီး ထုံးသစ်ရွာဇာတိ ရဟန်း ၇-ဝါရ အရှင်သဒ္ဓမ္မနန္ဒီက မူလကျမ်းမှာ နောက်ထပ် ဂါထာ ၃၁ ပုဒ်နဲ့ ဖြည့်စွက်ပြီး ရေးသားတယ် (ဒီးဒုတ်ဦးဘချို၊ ကပ္ပါလင်္ကာရ ဝဏ္ဏနာကျမ်း ၁၊ စာ-၈)။

အကြောင်းအရာ

ကျမ်းမှာပါတဲ့ အကြောင်းအရာ အချုပ်က .. စာဖို၊ စာမ (အသံထွက် စဖို၊ စမ)လို့ အက္ခရာ နှစ်မျိုးရှိ။ နေကညွှန်းတဲ့ အက္ခရာကို စဖို၊ လက ညွှန်းဆိုတဲ့ အက္ခရာကို စမလို့ ခေါ်။ နေညွှန်း အက္ခရာ ၃-လုံး ရှိတယ် .. နေထွက်စမှာ ဂ၊ မွန်းတည့် ဝ၊ နေဝင် ဂ (ဂ၊ဝ၊ဂ)။ ဝသည် မူလအက္ခရာ၊ ကျန် ၂-လုံးသည် ဘူတအက္ခရာ။ လညွှန်း အက္ခရာ ၅-လုံး .. လဆန်း ၃-ရက်မှာ ဂ၊ ၈-ရက် ဓ၊ လပြည့် ဝ၊ လဆုတ် ၈-ရက် ဗ၊ လကွယ်ခါ နီး ပ (ဂ၊ဓ၊ဝ၊ဗ၊ပ)။ ဝသည် မူလ၊ ကျန် ၄-လုံးသည် ဘူတအက္ခရာ။

လညွှန်း ၅ လုံးမှာ ဂ၊ဓ နဲ့ ပ၊ဗတို့ သဘောတူ (ဂကို လှန် ပ၊ ဓကို လှန် ဗ)။ အဲဒီ ဂနဲ့ဗကို ပယ်ရင် ပ၊ဝ၊ဓ ၃-လုံးကျန်။ နေညွှန်း ၃-လုံးမှာ ဂ နှစ်လုံးကို ပေါင်းစပ်ရင် က (ဂ+ဂ) ဖြစ်တယ်။ နေလ နှစ်ခုပေါင်း က၊ဝ၊ပ၊ဝ၊ဓ ၅-လုံးရ။ အဲဒီမှာ က၊ပ၊ဓကို အောက်-ထက်လှန်ရင် က၊ပ၊ဓ။ ယ၊ဂ၊ဗ။ မူလအက္ခရာ ဝ နှစ်လုံးနဲ့ ပေါင်းရင် ... 'က၊ပ၊ဓ၊ဝ။ ယ၊ဂ၊ဗ၊ဝ' လို့ အတုမဲ့အကျိုးကို ပေးစွမ်းတဲ့ အခြေခံ စမအက္ခရာ ၈-လုံး ရတယ်။ ဒီအက္ခရာတွေကို နံသင့်ကောက်ပြီး ပေါင်းရင် ၃၃ (၂+၅+၇ .. စသည်)။

ဒီကျမ်းမှာ အဲဒီလို အက္ခရာတွေရဲ့ အဓိပ္ပာယ်တွေကို စကားဝှက် သင်္ကေတတွေနဲ့ ဖော်ပြတယ်။ ပေမူမှာ အင်းကွက်တွေကို တွေ့ရတယ်။ အားလုံးကိုတော့ နားမလည်ဘူး။

စမဂါထာ

အရှင်ဥတ္တမသီရိ ပေတင်တယ်ဆိုတဲ့ ဆိုခဲ့ပါ ကပ္ပါလင်္ကာရ ကျမ်းရဲ့ ကျမ်းဦး ပဏာမအနေနဲ့ စမဂါထာ နှစ်ပုဒ် ပါတယ်။ ဒီဂါထာတွေက လောကီ လောကုတ္တရာ ကောင်းကျိုးကို ပေးစွမ်းတယ်လို့ ယုံကြည်ကြတယ်။ အဓိပ္ပာယ်ကောင်းလို့ ကျက်မှတ်လိုသူများ အတွက် အဲဒီ နှစ်ဂါထာကို မျှဝေပါတယ်။ ခင်ကြီးဖျော်ရဲ့ နိဿယပြန် အနက်ပါ ..

ကရာကရော တမံ မောဟံ၊
ပဗောဓေသိ ဇနမ္ဗုဇံ။
ဓမေတွာ ဓမ္မရံသီဟိ၊
ဝရံ သော ဒေတု မေ ဖလံ။

ကရာကရော၊ ရောင်ခြည်တော် ခြောက်ပါး၏ တည်ရာ ဖြစ်သော မြတ်စွာဘုရားတည်းဟူသော နေမင်းသည်။ တမံ မောဟံ၊ သစ္စာလေးပါး မြတ်တရားကို ဖုံးထားတတ်သော အဝိဇ္ဇာတည်းဟူသောမှောင်အမိုက်ကို။ ဓမ္မရံသီဟိ၊ တရားတည်းဟူသော ရောင်ခြည်တို့ဖြင့်။ ဓမေတွာ၊ ဖျက်ဆီး၍။ ဇနမ္ဗုဇံ၊ ကျွတ်ထိုက်သော သတ္တဝါတည်းဟူသော ကြာကို။ ပဗောဓေသိ၊ သစ္စာလေးပါးကို သိစေသောအားဖြင့် ပွင့်စေတော်မူပြီ။ ကရာကရော၊ ရောင်ခြည်ခြောက်သွယ် တင့်တယ် သားနား ဘုရားတည်းဟူသော နေမင်းသည်။ မေ၊ ငါ့အား။ ဝရံ၊ မြတ်သော။ ဖလံ၊ ကောင်းကျိုးကို။ ဒေတု၊ ပေးပါစေသတည်း။

ယမိတဗ္ဗယမော ဒန္တော၊
ဂမိတဗ္ဗဂမာဓိကော။
ဗလံ မာရဿ ယော ဇိနော၊
ဝရံ သော ဒေတု မေ ဇယံ။

ယမိတဗ္ဗယမော၊ ဣန္ဒြေကို စောင်ရှောက်တော်မူသည် ဖြစ်၍။ ဒန္တော၊ ယဉ်ကျေးတော်မူသော။ ဂမိတဗ္ဗဂမော၊ သိအပ်သော တရားတို့ကို သိတော်မူသည်ဖြစ်၍။ အဓိကော၊ လွန်ကဲထူးမြတ်တော်မူသော။ ယော ဇိနော၊ အကြင်မြတ်စွာဘုရားသည်။ မာရဿ၊ မာနတ်မင်း၏။ ဗလံ၊ စစ်သည်ဗိုလ်ပါအားကို။ ဇိတော၊ အောင်တော်မူလေပြီ။ သော ဇိနော၊ ထိုမြတ်စွာဘုရားသည်။ မေ၊ ငါ့အား။ ဝရံ၊ မြတ်သော။ ဇယံ၊ အောင်ခြင်းကို။ ဒေတု၊ ပေးပါစေသတည်း။

ဒီဂါထာတွေမှာ ပါဒလေးခုစီရဲ့ အစမှာ က၊ပ၊ဓ၊ဝ။ ယ၊ဂ၊ ဗ၊ဝ အက္ခရာ ၈-လုံးကို တွေ့နိုင်တယ်။

အင်းကျမ်းပြု

အရှင်ဥတ္တမသီရိဟာ သရေခေတ္တရာမြို့ အရှေ့ဘက် မဇ္ဈဂုံးရွာ တောင်ယာရှင် ဦးပေါစ ဒေါ်ညှာတို့ရဲ့သား။ အသက် ၇-နှစ်မှာ နန်းတွင်း ဆရာတော်ထံ သာမဏေပြု။ ၁၉-နှစ်မှာ ပိဋကတ် သင်ရိုးပေါက်။ ရဟန်းပြုပြီး တရားအားထုတ်။ နှစ်ဝါရမှာ တရားပေါက်သည် ဆိုပြီး သုမုန္ဒရီမင်း ကိုးကွယ်ခံရ။ ဖော်ပြပြီး ကြေးနီ ပုရပိုက်ကို ရရာမှ တရားအလုပ်ကို စွန့်ပြီး အင်းကျမ်းပြု ပုဂ္ဂိုလ် ဖြစ်သွားတယ်။ ဒီကျမ်းက အရည်းကြီးတို့ရဲ့ အင်းကျမ်း ဖြစ်ကြောင်း သိရတယ် (ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ စာ-၄၂)။

မဆိုရဲပါ

ကပ္ပါလင်္ကာရကျမ်းကို သာသနာ ၆၂၉ မှာ ရေးတယ် ဆိုလို့ သာသနာ ၉၃၀ မှာပေါ်တဲ့ အဋ္ဌကထာ ကျမ်းပြုဆရာ အရှင်မဟာဗုဒ္ဓဃောသရဲ့ ဘိုးအေ မကတောင် ဖြစ်နေလို့ စဉ်းစားစရာတွေ ရှိတယ်။ ရေးတာက သရေခေတ္တရာခေတ် ဆိုတော့ ဒီအချိန်မှာ မြန်မာအက္ခရာတွေ အဲဒီလောက် ပီပီပြင်ပြင် ဖြစ်နေပြီလော။ ဓမ္မနီတိကျမ်းလို မူရင်းသက္ကတကို ပါဠိ ဘာသာနဲ့ ပြန်ရေးတာလော။ ဘယ်သူ ရေးတာလဲ .. စတဲ့ စဉ်းစားဖွယ် လေ့လာစရာတွေ ရှိသေးလို့ ဘုန်းကြီးအနေနဲ့ မြန်မာဖြစ် ပထမဦးဆုံး ပါဠိကျမ်းလို့ မဆိုရဲပါ။

ဇန်နဝါရီ ၁၇၊ ၂ဝ၂ဝ။

---

နကုလပိတုသို့ မြတ်ဗုဒ္ဓ၏ ဩဝါဒ

အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ (သံ၊၂၊၂)။

ကိုယ်ခန္ဓာ နာကျင်သော်လည်း စိတ်နာကျင်မှု မရှိသူ ဖြစ်အောင် ကျင့်ရမည်။

---

၈၀၄။ မှတ်စုထဲက နန္ဒမင်းသား

ဆရာတော် ဘုရား၊ မြတ်စွာဘုရားနှင့် အဖေတူ အမေကွဲမှ မွေးဖွားသော နန္ဒမင်းသား အကြောင်းကို သိလိုပါသည်။ နန္ဒမင်းသားနှင့် မြတ်စွာဘုရား ဘယ်သူက သက်တော် ပိုကြီးပါသလဲ ဘုရား။

နန်းညွန့်မြိုင် (ဓမ္မစကူးလ်)

---

မြတ်စွာဘုရားရဲ့ အဖေတူ အမေကွဲညီတော် ဖြစ်ပေမယ့် နန္ဒမင်းသားအကြောင်း ကျမ်းဂန်ဖော်ပြချက် နည်းတယ်။ ရှိသမျှ မှတ်စုနဲ့ ထူးခြားတာလောက်ကို ဖော်ပြရရင် ..

နှစ်ရက်သုံးရက်

နန္ဒမင်းသားဟာ ဘုရာ့ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနဲ့ ဘုရားမယ်တော် မဟာမာယာရဲ့ ညီမတော် မဟာပဇာပတိ ဂေါတမီရဲ့ သားတော်ဖြစ်လို့ မြတ်စွာဘုရားရဲ့ အဖေတူ အမေကွဲညီတော်ပါ။ မြတ်စွာဘုရားထက် နှစ်ရက် သုံးရက်ပဲ ငယ်တယ်။ မိထွေးတော်ဟာ သားတော်ရင်း နန္ဒကို နို့ထိန်းတွေဆီ အပ်ပြီး ဗုဒ္ဓလောင်းလျာကိုတော့ ကိုယ်တိုင် နို့ချိုတိုက်ကျွေးတယ် (မ၊ဋ္ဌ၊၄၊၂၂၂)။ ဒါနဲ့ သူတို့ ညီအစ်မတွေ တစ်ပြိုင်နက် ကိုယ်ဝန်ဆောင်ကြတယ်လို့ မှတ်သားရတယ်။

ညီမတော်

နန္ဒမင်းသားမှာ ဇနပဒကလျာဏီ အမည်နဲ့ အလွန်ချောမော လှပတဲ့ ညီမရင်း တစ်ဦးရှိတယ်။ သက်တော် ဘယ်လောက်ငယ်မယ် ဆိုတာတော့ ခန့်မှန်းဖို့ ခက်ပါတယ်။ ယသော်ဓရာ့နောက်မှ ဘိက္ခုနီပြုတာ (အံ၊ဋ္ဌ၊၁၊၂၈၀)၊ နန္ဒမင်းသား သက်တော် ၃၆-နှစ်ခန့်မှာ သူနဲ့ ဘိသိက်ခံတာ (သကျတို့ ထုံးစံအရ ညီမရင်းကိုပဲ လက်ထပ်တယ်)၊ အလှအပကို အပြစ်ပြောတယ်ဆိုပြီး ရှင်တော် ဗုဒ္ဓကို မတွေ့ဘဲ နေတာတွေ ကြည့်ရင် အတော် ငယ်မယ်လို့ ထင်တယ်။

နံ့သာမခြောက်ခင်

ရှင်တော် ဗုဒ္ဓ ဗောဓိဉာဏ်ကို ရပြီးနောက် ကပိလဝတ္ထုမြို့ကို ပထမဆုံးအကြိမ် ကြွလာစဉ် သုံးရက်မြောက်နေ့ဟာ နန္ဒအဖို့ အဘိသိက်ခံ၊ ညီမတော်နဲ့ လက်ထပ်တဲ့နေ့။ မင်္ဂလာဦးည မတိုင်ခင်မှာ ဗုဒ္ဓက သပိတ်ကိုကိုင်ပြီး ကျောင်းကို လိုက်ပို့ခိုင်းရာကနေ အားနာပါးနာနဲ့ ရဟန်းပြုခဲ့တယ်။ ဗုဒ္ဓနောက်ကို လိုက်သွားခါနီး ချစ်သူဇနီး ပြောလိုက်တဲ့ စကားကို ကဗျာဆရာကြီး အဿဃောသ သရုပ်ဖော်ပုံက ..

'နှမတော်ရဲ့ ပါးပြင်ပေါ်က စန္ဒကူးနံ့သာ ခြောက်မသွားခင် မောင်တော် နှမတော်ဆီ အရောက် ပြန်လာခဲ့ရမယ်။ တကယ်လို့ မောင်တော် ကြာနေရင် မောင်တော့်ကို ပြစ်ဒဏ် ပေးရလိမ့်မယ်။ မောင်တော် အိပ်ပျော်နေတဲ့အခါ ခဏခဏ နှိုးနေမှာပဲ (ပါရဂူ၊ ညီတော်မင်းနန်)'။

မင်းသမီးက စာမရီယပ်တောင်နဲ့ မျက်နှာကိုအုပ်ပြီး ပြူတင်းပေါက်ကို ဖွင့်အကြည့် သပိတ်ချီ မင်းသားနဲ့ အကြည့်ချင်း ဆုံမိပုံကို စာဆို ဦးယာ သရုပ်ဖော်ပုံက ..

'စာမရီရုပ်၊ မျက်စုံအုပ်သည်၊ လက်လှုပ်နန်းခက်၊ ပြူတင်းရွက်ကို၊ ရွှေလက်တော်နှင့်၊ ခြုန်းခြုံန်းဖွင့်၍၊ သခင့်အလှည့်၊ မယ့်အကြည့်နှင့်၊ မှာသည့်တိုင်းပင်၊ ဆိုင်ကြမြင်သော်၊ ရွှေရင်လဲ့ဥ၊ ဖြူနှစ်နုကို၊ ထု၍စတေ၊ ကြုံရချေသည်၊ ကံလေအလို၊ ထပ်ထပ်ဆိုလျက် .. (မင်းနန်ပျို့၊ ပိုဒ်-၂၄)'။

သူ့ဖြစ်အင်

အရှင်နန္ဒဟာ ဗုဒ္ဓထက် လက်လေးသစ်ပဲ အရပ်တိုတယ်။ အလွန် ချောမောလှပသူ။ တစ်ခါမှာ မြတ်စွာဘုရား သင်္ကန်းနဲ့ အရွယ်တူတဲ့ သင်္ကန်းကို ဝတ်ရုံပြီး လာတာကို သူ့ထက် သိက္ခာကြီးတဲ့ မထေရ်တွေက ခပ်လှမ်းလှမ်းက မြင်ရတဲ့အခါ ဗုဒ္ဓ ကြွလာတယ်ထင်ပြီး နေရာက ထပေးကြရလို့ ဗုဒ္ဓရဲ့ သင်္ကန်းပမာဏထက် ငယ်တာကို ဝတ်ဖို့ သိက္ခာပုဒ် ပညတ်တော်မူရတယ် (ဝိ၊၂၊၂၂၅)။

သာသနာမှာ ရဟန်းဝတ်နဲ့ မပျော်ပါသဖြင့် သိက္ခာချပြီး လူထွက်တော့မယ်လို့ သီတင်းသုံးဖော်တွေကို ရင်ဖွင့်တယ်။ မြတ်ဗုဒ္ဓ သိတဲ့အခါ ဘာလို့ လူထွက်ချင်တာလဲလို့ မေးတော့ နှမတော် မှာလိုက်တဲ့ စကားတွေကို ကြားယောင်နေလို့ဖြစ်ကြောင်း ဖြေတယ်။ ဒါနဲ့ ရှင်တော် ဗုဒ္ဓက နတ်ပြည်ကို ခေါ်သွား၊ နတ်သမီးတွေကိုပြပြီး ဒါတွေကို လိုချင်ရင် သာသနာမှာ ပျော်ပျော်နေပါလို့ တိုက်တွန်းတယ် (ဥဒါန၊ ၁ဝ၁)။

တစ်ခါမှာ သင်္ကန်းကို သပ်ရပ်စွာဝတ်၊ မျက်နှာကို မျက်ရေးကွင်း အလှပြင်၊ တောက်ပတဲ့ သပိတ်ကို ကိုင်ပြီး ဗုဒ္ဓအနီးမှာ ထိုင်နေတယ်။ ဗုဒ္ဓက 'နန္ဒရေ၊ သဒ္ဓါတရားနဲ့ ရဟန်းပြုလာတဲ့ အမျိုးကောင်းသား သင့်အဖို့ အဲဒီ အနေအထိုင်မျိုး မသင့်ဘူး။ တောရဆောက်တည်၊ ပံသုကူသင်္ကန်းကို ဆောင်၊ မထင်မရှား ဆွမ်းခံစားပြီး ရောင့်ရဲနိုင်တဲ့ ကာမဂုဏ်ကို မငဲ့ကွက်သူ ဘဝနဲ့ နန္ဒကို ငါ ဘယ်တော့ မြင်တွေ့ရပါ့မလဲ နော်' လို့ မိန့်တော်မူတယ် (သံ၊၁၊၄၆၈)။

နတ်ပြည်က နတ်သမီးတွေကို ပြပြီး ပြန်လာလို့ မကြာခင် ရှင်တော် ဗုဒ္ဓက အဲဒီလို မိန့်တော်မူတာ (သံ၊ဋ္ဌ၊၂၊၂၁၉)။ ဒီဖြစ်ရပ် သုံးခုလုံး သာဝတ္ထိမြို့ ဇေတဝန်မှာ ဖြစ်ခဲ့တာ။ အဲဒီအချိန်က အရှင်မြတ် ရဟန္တာ မဖြစ်သေးဘူး။

ပါရမီရှင်မို့

အဲဒီနောက် အရှင်မြတ်ဟာ မြတ်ဗုဒ္ဓ မိန့်တော်မူတဲ့ အတိုင်း ဓုတင်တွင် ဆောက်တည်ပြီး တရားကို ကြိုးစား အားထုတ်တယ်။ လမ်းကြောင်းမှန်ပေါ် ရောက်သွားတဲ့အခါ ဘဝများစွာ ဖြည့်ဆည်းထားတဲ့ ပါရမီရှိပြီးဖြစ်တဲ့အတွက် စူးဝင်နေတဲ့ ကာမဂုဏ်ဆူးကို လွယ်လွယ်ပဲ ပယ်ထုတ်နိုင်ပြီး နှစ်ရက်သုံးရက် အတွင်း ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်ပြီးနောက် ဝမ်းသာလွန်းလို့ ဥဒါန်းကျူးရင့်ပုံ ..

မသင့်ရှုမြင် ငါ့ကိုယ်ပင် ဆင်ယင်မာန်ယစ်ခဲ့။
ရာဂစူးဝင် ငါ့စိတ်လျှင် မျောက်သွင်လှုပ်ရှားခဲ့။
နောင်ချစ်မြတ်ရှင် နည်းကျွမ်းကျင် မဂ္ဂင်လမ်းသို့ငဲ့။
ဘဝညွန်တွင် မမြုပ်ခင် ငါလျှင် ကူးနိုင်ရဲ့။
(ထေရဂါထာ၊၂၅၂)။

အထက်ပါ သာဝတ္ထိ ဖြစ်ရပ်များအရ ... မြတ်ဗုဒ္ဓ ရာဇဂြိုဟ်မှာ ဒုတိယဝါ ကပ်တဲ့နှစ်ကျမှ အနာထပိဏ်နဲ့ တွေ့တာ ဖြစ်လို့ (မဟာဗုဒ္ဓဝင် ၃၊ စာ-၁၈၀) အရှင်နန္ဒဟာ ရဟန်းပြုပြီး အနည်းဆုံး တစ်နှစ်ကျော် ၂-နှစ် လောက်ထိ ရဟန္တာ မဖြစ်သေးဘူးလို့ ဆိုနိုင်ဖွယ် ရှိတယ်။

ဧတဒဂ်ရှင်

ရဟန္တာ ဖြစ်ပြီးနောက် အရပ်ဆယ်မျက်နှာကို ကြည့်တိုင်း ဆင်ခြင်တုံတရား လေးပါး (ကျိုးရှိကျိုးမဲ့ကို ဆင်ခြင်၊ မိမိနဲ့ သင့်တော်အောင် ဆင်ခြင်၊ မမှားအောင် ဆင်ခြင်၊ အသွားအလာ ဆင်ခြင်၊ အကျယ်ကို ဒီ၊ဋ္ဌ၊၁၊၁၆၅ ရှု) မရှိဘဲ ရှုကြည့်တော်မမူ။ ဒါကြောင့် ဣန္ဒြေခြောက်ပါး (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ကို စောင့်စည်းရာမှာ ရှင်တော် ဗုဒ္ဓပြီးရင် အသာဆုံး ဧတဒဂ် ရတော်မူတယ် (အံ၊ဋ္ဌ၊၁၊၂၄၄)။

မြတ်စွာဘုရားရဲ့ ညီတော် ရဟန္တာကြီးရဲ့ ဘဝနိဂုံး ဘယ်မှာ ဘယ်လို ကုန်ဆုံးပြီး သက်တော် ဘယ်လောက်မှာ ပရိနိဗ္ဗာန်စံတယ် ဆိုတာကို ကျမ်းဂန်မှာ ရှာဖွေဆဲပါ။

ဇန်နဝါရီ ၁၈၊ ၂ဝ၂ဝ။

---

၈၀၅။ နတ်ပြည်နှင့် ရဟန္တာ

ဆရာတော် ဘုရား၊ နတ်ပြည်မှာ ရဟန္တာ ရှိမရှိ သိလိုပါသည် ဘုရား။ နတ်ပြည်မှာ ရဟန္တာဖြစ်အောင် တရားအားထုတ်၍ ရနိုင်ပါသလား ဘုရား။

မောင်မောင်သိန်း (စိန်ဓူဝံ)

---

စုံစုံလင်လင် မှတ်နိုင်ဖို့ အောက်ပါ ကျမ်းဂန် အဆိုကို ဦးစွာ ဂရုတစိုက် လေ့လာကြည့်ရအောင် ..

ကျမ်းဂန်ဆို

'အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော သောတာပန် (သကဒါဂါမ်၊ အနာဂါမ်)တို့သည် အသက်ထက်ဆုံး လူ့အသွင်ဖြင့် တည်နိုင်၏။ ရဟန္တာအဖြစ်သို့ ရောက်မူကား ပရိနိဗ္ဗာန်သော်လည်း စံ၏။ ရဟန်းသော်လည်း ပြု၏။ စာတုမဟာရာဇ်-စသော ကာမာဝစရနတ်ပြည် (ခြောက်ဘုံ)ရှိ နတ်တို့ ရဟန္တာဖြစ်လျှင် (ကာမဂုဏ်အာရုံ ပေါများသဖြင့်) ဆိတ်ငြိမ်ရာ အရပ် မရှိသောကြောင့် ချက်ခြင်းပင် ပရိနိဗ္ဗာန်စံကြ၏ဘုမ္မဇိုး နတ် ဖြစ်မူကား(တောတောင်များ၌) ဆိတ်ငြိမ်ရာအရပ် ရှိသောကြောင့် ရဟန္တာ အဖြစ်ဖြင့် သက်တမ်းအတိုင်း တည်နိုင်ကြ၏ (ဒီ၊ဋ္ဌ၊၃၊၉၇)'။

အဖြေ ၁

စာတုမဟာရာဇ်-စတဲ့ နတ်ပြည် ခြောက်ထပ်ရှိ နတ်တွေ ရဟန္တာ ဖြစ်တာနဲ့ ချက်ခြင်းပင် ပရိနိဗ္ဗာန်စံကြတဲ့ အတွက် (မုဟုတ္တမ္ပိ န တိဋ္ဌတိ) နတ်ပြည်မှာ အသက်ထင်ရှား ရှိနေတဲ့ နတ်ရဟန္တာ ဆိုတာမျိုး မရှိနိုင်။ တစ်နည်း ပြောရင် နတ်ပြည်မှာ ရဟန္တာ မရှိနိုင်။

အဖြေ ၂

'ပရိနိဗ္ဗာန် ပြုကြ၏'အရ နတ်တစ်ဦးဟာ တကယ် တရားအားထုတ်ရင် အဲဒီ ဘုံဌာနမှာ ရဟန္တာတော့ ဖြစ်နိုင်တယ်။ သို့သော် မလွယ်။ ဘာကြောင့်ဆို .. ကုသိုလ် အကျိုးပေးအရ စည်းစိမ်ခံတဲ့ နေရာဖြစ်တော့ ကာမဂုဏ်မရှိတဲ့ နေရာဟူ၍ပင် မရှိတဲ့အတွက် (မူလဋီ၊၂၊၂၃၃) ကမ္မဋ္ဌာန်းထိုင်ဖို့ မဖြစ်နိုင်။ သိကြားမင်းတောင် ဥပုသ်သီလ စောင့်ချင်လို့ လူ့ပြည်သို့ ဆင်းခဲ့ရသတဲ့ (ဇာ၊ဋ္ဌ၊၇၊၁၅၄)'။

ယူဆချက်

နတ်ခြောက်ဘုံမှာ ရှိတဲ့ သောတာပန် သကဒါဂါမ် အရိယာတွေဟာ နတ်သောတာပန်၊ နတ်သကဒါဂါမ်အနေနဲ့ သက်တမ်းကုန်အောင် နေနိုင်ကြပေမယ့် အနာဂါမ်တွေကျတော့ 'ကာမဂုဏ်မရှိတဲ့ နေရာဟူ၍ပင် မရှိတဲ့' နတ်ပြည်မှာ ကြာကြာ စံနေကြဖွယ်မရှိဘဲ သုဒ္ဓါဝါသလို ဗြဟ္မာ့ပြည်ကို ပြောင်းကြဖွယ် ရှိတယ်လို့ ဘုန်းကြီး ယူဆပါတယ်။

အထူးမှတ်

ဘုမ္မဇိုးနတ်ဖြစ်ရင် ရဟန္တာဖြစ်တဲ့ထိ တရားလည်း ထိုင်နိုင်တယ်။ ရဟန်းပြုစရာ မလိုဘဲ ရဟန္တာအဖြစ်နဲ့လည်း သက်တမ်းကုန်တဲ့အထိ နေနိုင်တယ်။ ဒါကြောင့် သာရတ္ထဒီပနီ ဋီကာ ကျမ်းပြု အရှင်သာရိပုတ္တရာ၊ တောင်ဖီလာဆရာတော်၊ နေရင်း မဏိရတနာကျောင်းနေ အရှင်အရိယာလင်္ကာရ-စတဲ့ မထေရ်ကျော် အချို့ဟာ ဒုတိယဘဝမှာ သက်တမ်းရှည် ဘုမ္မဇိုးနတ် ဖြစ်ဖို့ ဆုတောင်းခဲ့ကြတယ်။

ဇန်နဝါရီ ၂၃၊ ၂ဝ၂ဝ။

---

အမျိုးသမီးတွေ ဘုမ္မဇိုးနတ် ဖြစ်ဖို့ ဆုတောင်းနိုင်ပါသလား ဘုရား။

ဖြိုးဖြိုးပပစိုး

ဆုတောင်းတယ် ဆိုတာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပါ။ ဘယ်သူ့ဆီမှ ခွင့်ပန်စရာ မလိုပါဘူး။ ကုသိုလ် ပြုပြီးတိုင်း ကိုယ်ဖြစ်ချင်တာကို ဆုတောင်းပါ။ ဆန္ဒရှိရင် ဖြစ်ကို ဖြစ်ပါတယ်။ (ဆန္ဒဝတော ကိံ နာမ န သိဇ္ဈတိ။)

အရှင်ကေလာသ

---

အမှိုက်ကားလိုလူ

တစ်ခါသော် တက္ကစီငှားပြီး လေဆိပ်ကိုသွား၏။ ကားဆရာသည် Free Way ပေါ်တွင် အလယ်လိုင်းမှ ဖြည်းဖြည်း မှန်မှန် သွားနေစဉ် ဘယ်လိုင်းမှ ကားသည် မီးမပြဘဲ လမ်းကြော ပြောင်းပြီး တက္ကစီရှေ့သို့ ရှောင်တခင် ဖြတ်ဝင်လျက် ညာလိုင်းသို့ ဆက်၍ ကူး၏။ တက္ကစီဆရာသည် အချိန်မီ ဘရိတ်ကို အုပ်လိုက်နိုင်သဖြင့် ကံကောင်းသွား၏။ တိုက်မိရန် လက်မတင်သာ လို၏။

ဖြတ်မောင်း ကားဆရာသည် ကားတံခါးကို ဖွင့်၍ ဒေါသမျက်လုံးဖြင့် လှည့်ကြည့်ပြီး တက္ကစီဆရာကို အော်ဟစ် ဆဲဆိုရင်း လက်ခလယ်ကို ထောင်ပြ၏။

တက္ကစီဆရာသည် ပြုံးယောင်သန်း မျက်နှာဖြင့် မည်သို့မျှ မတုံ့ပြန်ဘဲ နေ၏။ အမှန်က တက္ကစီဆရာ၏ အမှားမဟုတ်။ ဖြတ်ဝင်သူ၏ စည်းကမ်းမဲ့ခြင်းသာ ဖြစ်၏။ 'သူ့အမှားပဲ၊ ခင်ဗျား ဘာလို့ ငြိမ်နေရတာလဲ၊ တစ်ခုခုတော့ ပြန်ပြောသင့်တာပေါ့'ဟု ခရီးသည်က ပြောသည်တွင် တက္ကစီဆရာ ပြန်ပြောပုံက..

'အမှိုက်ကားလို လူတွေ အများကြီး ရှိပါတယ်။ ဒီလူတွေက မကျေနပ်တာ၊ စိတ်ဆိုးစရာ၊ စိုးရိမ်စရာတွေ စိတ်ထဲ ပြည့်နေကြတာပဲ။ အဲဒီ စိတ်အမှိုက်တွေကို စွန့်ပစ်ဖို့ သူတို့မှာ နေရာလိုတယ်ဗျ။ တစ်ခါတစ်ရံ တွေ့ရာ လူပေါ် စွန့်ပစ်တော့တာပဲ။ ကျုပ်တို့က သူစွန့်တဲ့ အမှိုက်ကို ဘာလို့ လက်ခံမလဲ။ သူ့ဆီက အမှိုက်ကို လက်ခံပြီး ကျုပ်တို့က စွန့်ပစ်စရာ မလိုပါဘူး'ဟူ၏။

(ဩဂုတ် ၆၊ ၂၀၁၆ ကိုယ်တွေ့)။

---

၈၀၆။ ရေလှူ၍ ဗိမာန်တည်

ဆရာတော် ဘုရား၊ ရေအကျိုး ၇-ပါးလား၊ ၁၀-ပါးလား ဘုရား။ ရေလှူရကျိုးကို ရှင်းလင်းစွာ သိလိုပါသည် ဘုရား။

ပန်းသာခိုင်

---

ရေသည်မ

ဝိပဿီ ဘုရားလက်ထက် ရေရောင်းပြီး အသက်မွေးရတဲ့ ဆင်းရဲသူ အမျိုးသမီးဟာ ဘုရားအမှူးရှိတဲ့ သံဃာကို သောက်သုံးရေ လှူဒါန်းတဲ့ ကုသိုလ်ကြောင့် အကျိုးထူး ၇-မျိုး ရခဲ့တယ် ... ရေရှားတဲ့ နေရာမှာ နေရစေကာမူ ရေမရှား၊ ပူခြင်းအိုက်ခြင်းမရှိ၊ ရောဂါမရှိ၊ ကိလေသာကင်းလို့ စိတ်သန့်ရှင်း၊ အညစ်အကြေး ကင်းလို့ အဆင်းလှ၊ ကိုယ်နံ့ကောင်း၊ မိုးကို အလိုရှိရင် မိုးရွာ (ထေရီအပဒါန၊ ၁၉၇)။

ဆောင်ပုဒ်

တောင်ဖျားသစ်ပင်၊ ကောင်းကင်ရေရှား၊ နေမိငြားလည်း၊ မရှားလွယ်ကာ၊ ပူဆာအိုက်ခြင်း၊ ကင်းသည် အနာ၊ ကိလေသာကြေး၊ ကင်းဝေးစင်ကြယ်၊ စိတ်ဝယ် သန့်ရှင်း၊ ညစ်ကြေးကင်း၍၊ အဆင်းတင့်တယ်၊ ရွှေသဖွယ်သို့၊ ကိုယ်ဝယ်ကောင်းစွာ၊ နံ့သာအလား၊ မိုးကား တောင့်တ၊ ရွာရစင်စစ်၊ ခုနစ်ကျေးဇူး၊ ခံရဖူးသည်၊ ကြည်နူးရိုသေ လှူမိစေ (သုံးပုံတံချူကျမ်း၊ စာ-၂၃)။

ဒီရေအလှူရှင် အမျိုးသမီးဟာ ဂေါတမ ဗုဒ္ဓလက်ထက် မှာ ဥဒကဒါယိကာ ထေရီဘဝနဲ့ ရဟန္တာ ဖြစ်ပြီးနောက် 'ရေခပ်ကုသိုလ်နဲ့ တာဝတိံသာနတ်ပြည်မှာ မိမိရဲ့ဗိမာန်ကို ဖန်ဆင်းခဲ့ကြောင်း ပြောပြတယ် (တတ္ထ မေ သုကတံ ဗျမုံ၊ ဥဒဟာ-ရေန နိမ္မိတံ၊ ညွှန်းပြီး)။

အကျိုး ၁၀-ပါး

ထေရီအပဒါန်အရ .. အဲဒီ ရေအလှူရှင် အမျိုးသမီးဟာ 'အသက်ရှည်၊ အဆင်းလှ၊ ချမ်းသာ၊ အခြံအရံများ၊ ဂုဏ်ရှိန်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့'ဆိုတဲ့ အကြောင်းအရာ ဆယ်မျိုးမှာ အခြား နတ်သမီးတွေထက် သာလွန်ကြောင်း သိရတယ် (ယင်း၊ ၁၁၉-ဂါထာ)။ ရေအလှူဗိမာန်ရှင် နတ်သမီး (ဝိမာန၊၄၃)မှာ ဖော်ပြတဲ့ ရေလှူ အကျိုးတွေကိုပါ တူရာပေါင်းပြီး ပညာရှိတို့က ရေအကျိုး ဆယ်ပါးလို့ ဆိုကြဟန် တူပါတယ်။

ဆောင်ပုဒ်

ဝိသုဒ္ဓံ ကိတ္တိ ယသောစ၊ သီဃံ ဝိဂတပိပါသံ။ အာယုဝဏ္ဏ သုခံ ဗလံ၊ ပဋိဘာနံ ဣမေ ဒသ။
(ပါဠိတော် မဟုတ်၊ ရေးသူအမည်မသိ။)

ဝိသုဒ္ဓံ = သန့်ရှင်းစင်ကြယ်ခြင်း (ကိုယ်သန့်ရှင်း၊ စိတ်စင်ကြယ်)၊ ကိတ္တိ = ကျော်စောခြင်း၊ ယသော = အခြွေအရံများခြင်း၊
သီဃံ = ရောဂါကင်းလို့ လျင်မြန် ဖျတ်လတ်ခြင်း၊ ဝိဂတပိပါသံ = ရေငတ်ခြင်းမရှိ (ရေမရှား ဟူလို)၊ အာယု = အသက်ရှည်ခြင်း၊ ဝဏ္ဏ = အဆင်းလှခြင်း၊ သုခံ = ချမ်းသာခြင်း၊ ဗလံ = ခွန်အားကြီးခြင်း (ကျန်းမာလို့)၊ ပဋိဘာနံ = ဉာဏ်ပညာကြီးခြင်း။

အဖြေ

ဒါကြောင့် ရေအကျိုး ၇-ပါး ဆိုဆို ၁၀-ပါး ပြောပြော ကျမ်းဂန်နဲ့ မလွတ်လို့ နှစ်မျိုးလုံး မှန်တယ်လို့ ဆိုနိုင်ပါတယ်။

ဇန်နဝါရီ ၂၃၊ ၂ဝ၂ဝ။

---

၈၀၇။ ဓမ္မနို့ချိုတိုက်ကျွေးသူ

ဆရာတော် ဘုရား၊ မြန်မာ အဆိုတော်များသည် 'တို့ဘုရားသော်မှ နို့တစ်လုံးဖိုးကျေ'ဟု မိခင်မေတ္တာ သရုပ်ဖော် သီချင်းများ သီဆိုကြပါသည်။ ထိုစကားကြောင့် လူအချို့မှာ ဘုရားရှင်သော်မှ အမေ့ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေတာ၊ ငါတို့လို ပုထုဇဉ်တွေ အနေနဲ့ ဘယ်ကျေပါ့မလဲဟု ပြောဆိုလေ့ ရှိပါသည်။ ဘုရား ရဟန္တာဟူသည် သူတစ်ပါး အကြွေး မကျေဘဲ ပရိနိဗ္ဗာန် စံရိုးထုံးစံမရှိဟု မှတ်သားဖူးပါသဖြင့် ထိုသီချင်းစာသားမှာ ကျမ်းဂန်နှင့် ညီညွတ်မှုရှိမရှိ သိလိုပါသည် ဘုရား။

အရှင်နန္ဒဝံသ (သစ္စာမြေ)၊ မိုးကုတ်မြို့။

---

အကြံယူပါ

ငယ်ငယ်က ရှင်ပြုပွဲတွေမှာ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်တောထွက်ခန်းကို ဟောလန်ကြီး သရက်ပင်ထိပ်ထိ တင်ပြီး ဖွင့်လို့ 'ဖွားဖက်တော် ခန္ဒီက ရှေ့တော်သွင်းစေ မောင်မင်း'ဆိုတဲ့ စကားကို အမှတ်ရဆဲပါ။ 'ယသော်ဓရာယိုးဒယား'မှာ အဆိုတော်အချို့ 'ကနို့ကနတ်မြင်း'လို့ ဆိုတာကိုလည်း ကြားဖူးတယ်။ မင်းသိဒ္ဓတ်ရဲ့ စီးတော်မြင်း အမည်အမှန်က 'ကဏ္ဍက (အသံထွက် အမှန် ကန်ဒက)'ဖြစ်ပါတယ်။ နာမည်လွဲရုံက ခံသာတယ် ဆိုနိုင်ပေမယ့် အယူအဆမှားရင် ဓမ္မကို အန္တရာယ်ပြုရာရောက်လို့ ငရဲကြီးတယ်။

ဒါကြောင့် ဗုဒ္ဓဓမ္မနဲ့ ပတ်သက်တာကို အနုပညာပစ္စည်း ဖန်တီးရင် အကြောင်းအရာ အသံထွက်ကအစ မမှားအောင် ဘာသာရေး ပညာရှိတို့နဲ့ ဦးစွာ ညှိနှိုင်းဖို့ အကြံပေးပါတယ်။

မိထွေးတော်

မေးခွန်းရဲ့ အဖြေအတွက် ထေရီအပဒါန်လာ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံခါနီး မြတ်ဗုဒ္ဓကို လျှောက်တဲ့ အောက်ပါ စကားရပ်ကို ဖတ်ပြီး အဖြေ ရှာကြည့်ပါ ..

'သားတော် ဘုရား၊ တပည့်တော်က နို့ချိုတိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရူပကာယ (ရုပ်ခန္ဓာ) ကြီးထွားအောင် မွေးမြူခဲ့လို့ အရှင်ဘုရားရဲ့ မိခင်ပါ။ အရှင်ဘုရားက တပည့်တော်ကို ဓမ္မနို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ (တရားအစု) ကြီးထွားအောင် မွေးမြူခဲ့လို့ တပည့်တော်ရဲ့ ဖခင်ပါ။

တပည့်တော် တိုက်ကျွေးတဲ့ ပကတိနို့ရည်က မွတ်သိပ်မှုကို ခဏသာ ငြိမ်းစေနိုင်ပါတယ်။ အရှင်ဘုရား တိုက်ကျွေးတဲ့ ဓမ္မနို့ရည် (ဓမ္မခီရံ)ကတော့ (တဏှာကြောင့်ဖြစ်တဲ့) မွတ်သိပ်မှု မျိုးစုံကို ထာဝရ ငြိမ်းစေပါတယ်။ တပည့်တော်ကို ကိလေသာ အနှောင်အဖွဲ့မှ လွတ်အောင် စောင့်ရှောက်တော်မူတဲ့ အတွက် အရှင်ဘုရားမှာ တပည့်တော်ရဲ့ နို့ဖိုးကြွေး မရှိပါဘုရား (အပဒါန၊၂၊စာ-၂၀၉)'။

မယ်တော်ရင်း

'ခုနစ်ရက်မျှ နို့ချိုတိုက်ကျွေးတဲ့ မယ်တော်ရင်းကိုရော နို့ဖိုး´ကြွေး ကျေပါရဲ့လား'လို့ မေးစရာ ရှိတယ်။ အဘိဓမ္မာ တရားကို နာယူပြီးတဲ့အခါ 'မဟာမာယာ (နတ်သား)' သောတာပန် တည်တယ် (မဟာမာယာပိ သောတာပတ္တိဖလေ ပတိဋ္ဌဟိ။ ဓမ္မပဒ၊ဋ္ဌ၊၂၊၁၄၅)။ မယ်တော်မာယာရဲ့ နတ်သားဘဝ နာမည် စိစစ်ချက်ကို မေးခွန်း-၇၆၂ (ပေါင်းချုပ် ၆၊ စာ-၂၇၁၁) မှာ ရှုပါ။ မယ်တော် နတ်သားကိုလည်း သောတာပန် တည်တဲ့အထိ ဓမ္မနို့ရည် တိုက်ကျွေးတဲ့ အတွက် နို့ဖိုးကြွေး မရှိဘူးလို့ မှတ်နိုင်ပါတယ်။

ဒီစာအရ 'လောကနို့ရည် တိုက်ကျွေးတာကို ဓမ္မနို့ရည်နဲ့ ပြန်ဆပ်လို့ မြတ်ဗုဒ္ဓမှာ နို့ဖိုးကြွေး မရှိဘူး'လို့ နားလည်ရတယ်။ ဒီနေရာမှာ 'နို့ဖိုးကြွေးမရှိ (အနဏော တွံ မဟာမုနေ)' ဆိုတာကို လောကီ ဝေါဟာရနဲ့ 'ကျေးဇူးကြွေး ကျေတယ်'လို့ ယူနိုင်တယ်။ ဘာကြောင့်ဆို ..

အကြွေးမရှိ

'အကြွေး'ဆိုတာ ဝိပါက်ကြွေးကို ဆိုလိုရင် .. ၁) အတိတ် ကံကြွေးနဲ့ ၂) အနာဂတ် ကံကြွေးလို့ နှစ်မျိုးရှိတယ်။ ဘုရား ရဟန္တာတို့မှာ ခန္ဓာအကြွင်း ရှိနေသေးလို့ အမှတ် ၁) ပဲ ရှိတယ်။ ဘုရားရှင် ခါးနာတာ၊ အရှင်မောဂ္ဂလ္လာန် ခိုးသားရိုက်ခံရတာ .. စသည်လိုမျိုး။ ဘုရား သို့မဟုတ် ရဟန္တာ ဖြစ်ပြီးနောက် ခန္ဓာသစ် မရှိတော့လို့ အမှတ် ၂) မရှိ။ ဒါကြောင့် သံသရာ နို့ဖိုးကြွေး မရှိ။ ဒါပေမယ့် ..

မွေးကင်းစ မင်းသိဒ္ဓတ်ကို 'နို့ချိုတိုက်ကျွေး'တဲ့ မယ်တော်အပေါ် 'ကျေးဇူးကြွေး'ရှိတယ်လို့တော့ လောက စကားနဲ့ ဆိုနိုင်တယ်။ အရှင်အာနန္ဒာက 'မိထွေးတော်ဟာ ရှင်တော် ဘုရားကို နို့ချိုတိုက်ကျွေးပါတယ်'လို့ လျှောက်တာလည်း ဒီကျေးဇူးကို ထောက်ရှုတော်မူပါဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါကြောင့် နို့ချိုတိုက်ကျွေးဖူးတဲ့ ကျေးဇူးရှင် မယ်တော်မိနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာ လောကကို အဘိဓမ္မာ တရား ဟောတယ်လို့ ဆိုရိုးပြုရင် ယုတ္တိနဲ့ မဝေးပါဘူး။

ဖေဖော်ဝါရီ ၅၊ ၂ဝ၂ဝ။

---

ကံရှိမှ ဥစ္စာတင်သည်။
ဉာဏ်ရှိမှ ဟုတ်ရာမြင်သည်။

၈၀၈။ ရွှေဇွန်းနဲ့ ဘဉ်းပေးရင်

ဆရာတော် ဘုရား၊ ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်စဉ် နာမည်ကျော် ဆရာတော်ကြီး တစ်ပါးမှာ ရွှေဇွန်း ရွှေခက်ရင်းနဲ့ ဆွမ်းဘုဉ်းပေးသည်ကို တွေ့ခဲ့ရပါသည်။ ရဟန်းသံဃာသည် ရွှေဇွန်း ရွှေခက်ရင်းနှင့် ဆွမ်းဘုဉ်းပေးကောင်းပါသလား ဘုရား။ ရှိခိုး ဦးတင်ပါသည် ဘုရား။

စန်းမြခိုင် (လော့စ်အိန်ဂျလီ)

---

ဝိနည်းအရ

'အထည်ဝတ္ထုရင်းကိုက မအပ်သောကြောင့် ရွှေခွက် ငွေခွက် ကြေးဝါခွက် ဖလ်စစ်ခွက်တို့ကို ရဟန်းသည် မကိုင်တွယ် (မသုံးစွဲ)ကောင်း (ဝိ၊ဋ္ဌ၊၄၊၈ဝ)'။ ဒါကြောင့် ဆွမ်းကျွေးတဲ့အခါ လူတွေက ငွေရေခွက် ငွေကွမ်းအစ်၊ ငွေထုံးဗူး၊ ငွေဖလား စသည်နဲ့ ကပ်ရင် မအပ် (စူဠဝါဘာသာဋီကာ၊ စာ-၂၇၆)။

ကျောင်းအသုံးအဆောင် ဖြစ်မူကား ကိုင်ကောင်း မကိုင်ကောင်း ပစ္စည်းအားလုံး အပ်၏ (ဝိ၊ဋ္ဌ၊၄၊၈၀)။ ဒီအဋ္ဌကထာစကားကို 'ကျောင်း၏ အသုံးအဆောင် အဖြစ်ဖြင့် တစ်ရံတစ်ခါ သုံးဆောင်ခြင်းကိုသာ အပ်၏ဟု ဆိုလိုဟန်တူသည်'လို့ စူဠဝါဘာသာဋီကာမှာ (စာ-၂၇၆) မှတ်ချက်ပြုပါတယ်။

ဝေါဟာရအဖွင့်

'ကျောင်းအသုံးအဆောင် (သေနာသနပရိဘောဂ)'ဆိုတာကို 'ကျောင်းရဲ့ပစ္စည်း၊ ကျောင်းပိုင်ပစ္စည်း အနေနဲ့ အသုံးပြုတဲ့ အသုံးအဆောင်၊ သို့မဟုတ် ကျောင်းသုံးပစ္စည်း'လို့ အဓိပ္ပာယ်ဖွင့်တယ် (သေနာသန သန္တကံ ကတွာ ပရိဘောဂေါ။ ကင်္ခါဋီကာသစ်၊ ၃၆၆)။ စူဠဝါဘာသာဋီကာမှာလည်း 'ကျောင်းအသုံးအဆောင် အဖြစ်ဖြင့် ကျောင်းအား လှူထားသော (သံဃိက ပုဂ္ဂလိက မဟုတ်သော) ရွှေခုတင်၊ ရွှေကုလားထိုင်၊ ရွှေရေခွက်၊ ငွေထွေးခံ၊ ငွေရေတကောင်း စသည် .. လို့ အဓိပ္ပာယ် ဖွင့်ပါတယ် (ညွှန်းပြီး)။

ဒီအလိုအရ ကျောင်းအသုံးအဆောင် ဆိုတာ ကျောင်းတိုင်ကို စိန်စီ ရွှေချ၊ ရွှေပန်းခက် ငွေပန်းခက်တွေနဲ့ မွမ်းမံခြင်းမျိုးသာမက ကျောင်းကို လှူထားတဲ့ ရွှေခုတင်၊ ရွှေကုလားထိုင်စတဲ့ ကျောင်းပေါ်မှာ တည်ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေကိုပါ ယူတယ်။

ရွှေစေတီ

တစ်ခါမှာ ဥတ္တရမင်းသားက မဟာပဒုမထေရ်ကြီးထံသို့ ရွှေစေတီ တစ်ဆူ ပေးပို့လိုက်တယ်။ မထေရ်ကြီးက မအပ်ဘူးဆိုပြီး ငြင်းပယ်တယ် (ဝိ၊ဋ္ဌ၊၂၊၁၃၀)။ ဒါပေမယ့် ... မထေရ်ကို ကြည်ညိုလို့ မထေရ်ပူဇော်ဖို့ ပို့တာဖြစ်လို့ ပယ်တာ။ ဓာတ်တော်ကို ဌာပနာဖို့ပါ ဘုရားလို့ လျှောက်ပြီးလှူရင် လက်ခံကောင်းတယ် (ပါရာဇိကဏ်ဘာသာဋီကာ ၃၊ စာ-၅၆၂)။

ဝါဒတစ်မျိုး

အရှင်ဉေယျဓမ္မမဟာထေရ် စီရင်တဲ့ ဝိနယဂဏ္ဌိပဗ္ဗဝိနိစ္ဆယ ကျမ်းမှာ 'အိပ်ရာ နေရာသည်ပင်လျှင် အသုံးအဆောင် ဖြစ်၏၊ အိပ်ရာနေရာ အဖြစ်ဖြင့် အသုံးပြုအပ်သော ကျောင်းဆောင်၊ ခုတင်၊ ထိုင်ခုံ၊ ဖျာ၊ အခင်းတို့ကိုသာ သေနာသနပရိဘောဂ (ကျောင်းအသုံးအဆောင်) အဖြစ်ဖြင့် ယူရမည်။ ကျောင်း၌ ထားအပ်သော လှူအပ်သော ပစ္စည်းဟူသမျှကို သေနာသနပရိဘောဂ အဖြစ်ဖြင့် မယူအပ် (ယင်း၊ ဣစ္ဆာသယမူ၊ စာ-၄၈)။ ဒီဝါဒအရ အိပ်ရာ နေရာကိုသာ သေနာသနပရိဘောဂလို့ ယူလိုပုံပဲ။

ဘုန်းကြီးအထင် .... သပိတ်၊ သင်္ကန်းအတွက် သီသန့် ပညတ်ချက် ရှိပြီးဖြစ်လို့ 'ရွှေခုတင်၊ ရွှေကုလားထိုင်၊ ရွှေရေခွက်၊ ငွေရေတကောင်း .. စသည်'တို့ကိုပါ ထည့်သွင်းတဲ့ ဘာသာဋီကာ ဆရာတော်ရဲ့ ယူဆပုံက အဋ္ဌကထာဖွင့်နဲ့ ပိုပြီး လိုက်လျော ညီထွေရှိတယ်လို့ ယူဆတယ်။

အဖြေ

ကျမ်းရင်းနဲ့ ဖွင့်ဆိုပုံတွေရ .. ရွှေဇွန်း၊ ရွှေခက်ရင်းကို ကိုယ်ပိုင်ပြုပြီး သုံးစွဲရင် မအပ်ဘူးလို့ ဖြေပါတယ်။ တောင်မြို့ဆရာတော်တော်အလို 'ကျောင်း၏ အသုံးအဆောင် အဖြစ်ဖြင့် တစ်ရံတစ်ခါ သုံးဆောင်ခြင်း'ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျန်းမာရေးကြောင့် ... ဥပမာ၊ အသက်ကြီးလို့ လက်တုန်တဲ့ အတွက် ရိုးရိုးစတီးဇွန်းနဲ့ ဟင်းရည်ကို ခပ်ယူရင် ဖိတ်ကျလို့ .. ရွှေဇွန်း၊ ရွှေခက်ရင်းနဲ့ အသုံးပြုတာမျိုး ဖြစ်ရင် (ကြွားလိုလို့ မဟုတ်ရင်) အပ်ဖွယ် ရှိပါတယ်။

ဖေဖော်ဝါရီ ၁၃၊ ၂ဝ၂ဝ။

---

မှတ်ချက်များ

အရွယ်ပမာဏနှင့် အဆင်းအရောင် လုံလောက်တဲ့ မြေသပိတ်နှင့် သံသပိတ် နှစ်မျိုးကိုသာ ခွင့်ပြုပြီး ဖြစ်ခြင်းနဲ့၊ 'ခေါမ ကေသေယ ကပ္ပါသ သာဏ ဘင်္ဂ ကမ္ဗလာ'လို့ သင်္ကန်း ၆-မျိုးနှင့် အနုလောမ သင်္ကန်းတွေကို ခွင့်ပြုပြီး ဖြစ်ခြင်းတို့ကြောင့် 'ရွှေသင်္ကန်း၊ ရွှေသပိတ်' အပ်သလား၊ မအပ်သလားလို့ သံသယ ဖြစ်ဖွယ်မရှိနိုင်ပါ ဆရာဘုရား။ ဦးတင်ပါသည် ဘုရား။
အရှင်ကုသလ

ခေါမ = ခုံချည်သင်္ကန်း (ခေါမတိုင်းဖြစ် သင်္ကန်း)၊ ကောသေယ = ပိုးသင်္ကန်း၊ ကပ္ပါသ = ပိတ်သင်္ကန်း၊ သာဏ = ပိုက်ဆံလျှော်ချည်သင်္ကန်း၊ ဘင်္ဂ = ဘန်ချည်သင်္ကန်း၊ ကမ္ဗလာ = ခြင်္သေ့ သစ် ကျား လူဆံပင် စသည် မဟုတ်တဲ့ သားမွေးသင်္ကန်း။ အနုလောမသင်္ကန်း ဆိုတာ အဲဒီ ၆-မျိုး မှာ သင့်သလို ပါဝင်နိုင်တဲ့ သင်္ကန်းတွေ။ ဥပမာ ... ဘွဲ့ဖြူ လျှော်သင်္ကန်း၊ တရုတ်ပိုးချည်သင်္ကန်း၊ နတ်ဒေဝါတို့ လှူတဲ့ သင်္ကန်း စသည်။ အရှင်ကေလာသ

ရူပံ ဇီရတိ မစ္စာနံ၊ နာမ ဂေါတ္တံ န ဇီရတိ။ (သံ၊၁၊၄၀)
သတ္တဝါတို့၏ ရုပ်သည် ဆွေးမြေ့၏။
အမည်အနွယ်သည် မဆွေးမြေ့။

---

၈၀၉။ သရဏဂုံနဲ့ သာမဏေ

ဆရာတော် ဘုရား၊ ဆရာတော်၏ အမေးအဖြေများကို ကျမ်းကိုးသာဓက ခိုင်လုံသောကြောင့် အလွန် နှစ်ခြိုက်ပါသည် ဘုရား။ ဆရာတော်၏ အဖြေတစ်ခုတွင် သာမဏေကို သံဃာဟု ဆိုပါသည်။ အွန်လိုင်း ရေးသားချက် တစ်ခုအရ သံဃံ သရဏံ ဂစ္ဆာမိ-၌ သာမဏေများ မပါဝင်ဟု ဗောဓိပက္ခိယ ဒီပနီကျမ်းကို ကိုးကား၍ ဆိုပါသည်။ ဒီအဆိုနှစ်ရပ်ကို ရှင်းပြစေလိုပါသည် ဘုရား။

အရှင်အရိယဝံသ (မြို့မစာသင်တိုက်၊ ရန်ကုန်)

---

မပတ်သက်

သာမဏေဟာ သံဃာ-ဆိုတဲ့ ခေါင်းစဉ်နဲ့ (မေးခွန်းအမှတ်- ၇၅၉) အဖြေမှာ 'သမ္မုတိသံဃာ-ဆိုတာ သိမ်ထဲမှာ ကမ္မဝါစာဖတ်ပြီး .. ရဟန်းဖြစ်လာသူ အားလုံး (ကင်္ခါ၊ဋ္ဌ၊၈၅)'ဆိုတဲ့ ကျမ်းဂန်အရ သမ္မုတိသံဃာထဲမှာ လူနဲ့ သာမဏေတို့ မပါနိုင်ကြောင်း ဆိုခဲ့တယ်။ အဓိပ္ပာယ်က လူသံဃာ၊ သာမဏေ သံဃာ ဆိုတာမျိုး မရှိဘူးလို့ ဆိုလိုတယ်။ ဒီအဓိပ္ပာယ်အရ 'သံဃံ သရဏံ ဂစ္ဆာမိ-၌ သာမဏေများ ပါဝင် မပါဝင်'ဆိုတာနဲ့ အလွန်ကြီး မပတ်သက်ဘူးလို့ ထင်ပါတယ်။

ထည့်သွင်းခွင့်

'သံဃာတွေ ကံဆောင်တဲ့ နေရာမှာ သာမဏေဟာ သံဃာ မဖြစ်နိုင်ပေမယ့် အလှူအဒါန်း ကိစ္စမှာတော့ သာမဏေကိုပါ သံဃာထဲမှာ ထည့်သွင်းနိုင်တယ် (ဝဇိရ-ဋီ၊ ၁၂၀)'လို့ ကျမ်းဆိုရှိတဲ့ အတွက် သံဃာတစ်ပါးကို အများလို့ ရည်မှန်းပြီး အာရုံပြုရာမှာတော့ သာမဏေတွေကိုပါ ချန်မထားဖို့လည်း အဲဒီမှာ ဖြေခဲ့ပါတယ်။ 'ဆရာတော်၏ အဖြေတစ်ခုတွင် သာမဏေကို သံဃာဟု ဆိုပါသည်'ဆိုတာ ဒါကို ရည်ရွယ်ရင် မှန်ပါတယ်။ ဒီအဓိပ္ပာယ်နဲ့ပဲ အဖြေကို ဆက်စဉ်းစားပါမယ်။

ချင့်ချိန်ပြီးယူ

သိက္ခာ ၃-ပါး၊ ဝိသုဒ္ဓိ ၇-ပါး၊ ဗောဓိပက္ခိယ ၃၇-ပါးကို ကျင့်နေသူဟာ ပုထုဇဉ် လူသာမန်ပင် ဖြစ်ပေမယ့် သောတာပတ္တိမဂ်သို့ ရောက်ဆဲ သေက္ခပုဂ္ဂိုလ်မှာ ပါဝင်ပြီး သုပ္ပဋိပန္နတဲ့ ဂုဏ်တစ်စိတ်နဲ့ ပြည့်စုံရုံမက 'ဓမ္မာနုဓမ္မပဋိပန္နအရိယာ'လို့ ခေါ်ကြောင်း၊ ဒါပေမယ့် သံဃံ သရဏံ ဂစ္ဆာမိနဲ့ သံဃာ့ဂုဏ် ၉-ပါးထဲက သာဝကသံဃော-အရ သံဃာမှာတော့ သီလရှိတဲ့ ကလျာဏပုထုဇဉ် ဘိက္ခု ဘိက္ခုနီကိုသာ ယူရမည် ဖြစ်ကြောင်း လယ်တီဆရာတော် မိန့်ပါတယ် (လယ်တီဒီပနီ ပေါင်းချုပ် ၁၊ စာ-၃၉၈)။

ဒီနေရာမှာ ပုထုဇဉ် သေက္ခနဲ့ ပတ်သက်တာကို ရှင်းပြနေတာ ဖြစ်လို့ ပုထုဇဉ် ဘိက္ခု ဘိက္ခုနီကိုသာယူဖို့ ကန့်သတ်ပြီး မိန့်ဆိုတာကို တွေ့နိုင်တယ်။ အမှန်က 'သံဃံ သရဏံ'နဲ့ 'သာဝက သံဃော'မှာပါတဲ့ သံဃာအရ ပုထုဇဉ်ရော အရိယာပါ နှစ်မျိုးလုံးကိုယူမှ မှန်တယ်။ အဓိပ္ပာယ်က .. ဒီလိုရေးလို့ ဒါပဲလို့ တစ်ထစ်ချ မယူဘဲ ရှေ့နောက်ကို ချင့်ချိန်ပြီး နားလည်ဖို့ လိုကြောင်း ဆိုလိုပါတယ်။

သံဃာအသုံး

ဝိနည်းသုံးအရ သိမ်ထဲဝင် ရဟန်းခံထားတဲ့ ရဟန်းအရေအတွက် လေးပါးနဲ့ လေးပါးအထက်ကို သံဃာလို့ ခေါ်တာပဲ။ ဒါပေမယ့် မဂ်ဖိုလ်တို့ရဲ့ အပေါင်းအစုကိုလည်း သံဃာလို့ ခေါ်တယ် (ပရမတ္ထတော မဂ္ဂဖလာနေဝ သံဃော။ အဘိ၊ဋ္ဌ၊၃၊၂၅၇)။ ဘုရားအမှူးရှိတဲ့ ရဟန်းတို့ရဲ့ အပေါင်းအစုကိုလည်း သံဃာလို့ ခေါ်တယ် (ဗုဒ္ဓပ္ပမုခံ သံဃံ သန္ဓာယ 'ပုညံ အာကင်္ခမာနာနံ၊ သံဃော ဝေ ယဇတံ မုခ'န္တိ ဝုတ္တံ။ မ၊ဋ္ဌ၊၃၊၂၇၈)။ ဒုတိယ ဖွင့်ဆိုတဲ့ အဓိပ္ပာယ် နှစ်ခုမှာ သံဃာအရ သာမဏေတွေ ပါခွင့်ရှိတယ်။

ပူဇော်ခံအသွင်

အညာ ဧဝ ဟိ အယံ ဇာတိ၊ ပူဇနေယျဝတ္ထု၊ လိင်္ဂ = အရိယာဇာတ်သည် (ရဟန်းအသွင်နှင့်) တစ်ခြားစီသာ ဖြစ်၏။ (ရဟန်း၏) သွင်ပြင်ကား ပူဇော်ကြောင်း ဝတ္ထုတည်း'အရ ရဟန်းအသွင်ဆိုရာမှာ ယနေ့ပြုသစ်စ သာမဏေကိုပါ ထည့်ယူရတယ် (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၂)။ သာမဏေငယ်ကို မရိုသေတာဟာ ရဟန်းကို မရိုသေရာ ရောက်တယ် (ဒဟရသာမဏေရမ္ပိ ပန ဒိသွာ ဥက္ကမိတွာ မဂ္ဂ အဒေန္တော .. ဘိက္ခုံ အဝဇာနာတိ နာမ။ သံ၊ဋ္ဌ၊၁၊၁၂၂)။ သာမဏေဟာ သွင်ပြင်နဲ့ ဝေါဟာရအရ ဘိက္ခုနဲ့ တန်းတူပဲ။

ဂုဏ်ရည် ၅-ခု

'သရဏ (ကိုးကွယ်ရာ)'လို့ ခေါ်ဖို့ ဂုဏ်ရည် ၅-ခု ရှိတယ် .. 'ဘေးရန်ကိုပယ်၊ ကြောက်ရွံ့ခြင်းကိုပယ်၊ ဆင်းရဲကိုပယ်၊ ကောင်းတဲ့ ဘဝကိုပယ်၊ ကိလေသာကိုပယ်'။ ဒီဂုဏ် ၅-မျိုး ရှိလို့ ဗုဒ္ဓ ဓမ္မ သံဃာ သုံးပါးကို သရဏခေါ်တယ် (ဘယံ သန္တာသံ ဒုက္ခံ ဒဂ္ဂတိပရိကိလေသံ ဟနတီတိ သရဏံ။ ဒီ၊ဋ္ဌ၊၁၊၂၀၅)။ သာမဏေမှာ သရဏဖြစ်နိုင်တဲ့ အဲဒီ ဂုဏ်ရည်တွေ ရှိတယ်။ နိဂြောဓသာမဏေနဲ့ အသောကမင်းကို ဥပမာပြု။ လမ်းဘေးမှာ ငွေအလှူခံတဲ့ ကိုရင်နဲ့တော့ မဆိုင်ဘူး။

'အနည်းငယ်ကို လှူပေမယ့် ကြီးကျယ်တဲ့ အကျိုးကို ပေးစွမ်းလို့ သံဃာသည် ကိုးကွယ်ရာ (သရဏ)ဖြစ်တယ် (ဒီ၊ဋ္ဌ၊၁၊၂၀၆)'ဆိုတဲ့ ဖွင့်ဆိုချက်အရ ဖြစ်တဲ့ သံဃာထဲမှာ ကိုရင် နိဂြောဓ မပါနိုင်ဘူးလား။

ဆောင်

ဘေးရန်ကိုပယ် အကြောက်ကွယ် အပါယ်မလားရ။
ဆင်းရဲထွေထွေ ဆိုးကိလေ ငြိမ်းစေ သရဏ။

အဖြေ

ဒါလောက်ဆို ဘုန်းကြီးရဲ့ အဖြေကို ရိပ်မိလောက်ပါပြီ။ ဟုတ်ပါတယ် .. သာမဏေဟာ သံဃာ့ကံတွေကို ပြုနိုင်တဲ့ သံဃာတော့ မဟုတ်။ ဒါပေမယ့် ဖော်ပြီး ကျမ်းဂန် အဆိုတွေအရ သရဏလို့ ခေါ်ထိုက်တဲ့ အထဲမှာတော့ ပါခွင့်ရှိတယ်လို့ ဘုန်းကြီး ယူဆကြောင်းပါ။ ဆက်လက် ဆွေးနွေးပါကုန်။

ဖေဖော်ဝါရီ ၁၄၊ ၂ဝ၂ဝ။

---

မှတ်ချက်များ

'သံဃံ သရဏံ ဂစ္ဆာမိ'မှာ ပါတဲ့ သံဃာနဲ့ 'သုဏာတု မေ ဘန္တေ သံဃော'လို့ ဝိနည်းမှာပါတဲ့ သံဃာကို ထပ်တူ မပြုရ။ အတူတူ မယူရ။ သံဃံ သရဏံ-မှာက သမ္မုတိ ပရမတ္ထဆိုတဲ့ သံဃာအပေါင်း ဖြစ်လို့ သာမဏေ ပါဝင်နိုင်ပြီး၊ သုဏာတု မေ-မှာတော့ စတုဝဂ္ဂ ပဉ္စဝဂ္ဂ-စတဲ့ သံဃာ့ကံကို ပြုနိုင်တဲ့ သိမ်ထဲမှာ ဥပသမ္ပန္န(ရဟန်း) အဖြစ် သမုတ်ထားတဲ့ ရဟန်းအပေါင်းကိုပဲ ယူရတယ်လို့ ခွဲမှတ်ရင် မှန်ပါသလား ဆရာဘုရား။
အရှင်ကုသလ

မှန်ပါတယ်။ အဲဒီအတိုင်း ယူဖို့ကိုပဲ ဆိုလိုတာပါ။ စာကို အစအဆုံး နားလည်အောင် .. ကောင်းစွာ ဖတ်တာကို ကျေးဇူးတင်ပါတယ်။
အရှင်ကေလာသ

သံဃာကို မရိုသေခြင်း
ဧကဘိက္ခုသိမ္ပိ ဟိ အဂါရဝေ ကတေ သံဃေ ကတော ယေဝ ဟောတိ (မ၊ဋ္ဌ၊၃၊၂၇-၂၈)။
ရဟန်းတစ်ပါးကို မရိုမသေပြုရင် သံဃာတစ်ရပ်လုံးကို မရိုသေရာ ကျတာပါပဲ။

---

၈၁၀။ ပိုးဖလံမျိုး မီးကိုတိုး

ဆရာတော် ဘုရား၊ တပည့်တော်မ ဘုရားမှာ ထွန်းညှိ မီးပူဇော်ထားတဲ့ ဖယောင်းတိုင် မီးလျှံကို ပိုးကောင်တွေ ဝင်တိုးပြီး သေကြပါသည်။ တပည့်တော်မ တရားထိုင်ပြီးနောက် ပိုးကောင် အသေတွေကိုပြပြီး ကုသိုလ်ထက် အကုသိုလ် များနေပြီလို့ ခင်ပွန်းက ပြောသဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ သေစေ လိုစိတ် မရှိခဲ့တာ အမှန်ပါဘုရား။ တပည့်တော်မမှာ အကုသိုလ် ဖြစ်မဖြစ် သိလိုပါသည် ဘုရား။

မေစစ်ဟန် (ဓမ္မစကူးလ်)

---

အင်္ဂါ ၄-ရပ်

သူ့သက်သတ်ကံ မြောက်ဖို့ (အကုသိုလ်ဖြစ်ဖို့) ဆိုရင် 'အသက်ရှိမှန်း သိခြင်း၊ သေစေလိုတဲ့ စိတ်ရှိခြင်း၊ သတ်ဖို့ အားထုတ်ခြင်း (ဥပမာ .. အသတ်ခိုင်း၊ လက်နက်ရှာပေး၊ သေချင်အောင် ပြောဆို၊ သတ်နည်း သေနည်းပေး ... စသည်)၊ အသတ်ခံရသူ သေခြင်း'လို့ အင်္ဂါ ၄-ရပ် ရှိတယ်။ အဲဒီ ၄-ချက်နဲ့ အညီ စစ်ကြည့်ရင် ..

'ဘုရားမီး ပူဇော်စဉ်က ပိုးကောင် ဘယ်မှာ ရှိနေမှန်း တောင်မသိ၊ ဆီမီးအလင်းကဲ့သို့ အသိပညာနဲ့ ပြည့်စုံသူဖြစ်ဖို့ပဲ စိတ်ထဲက ရည်ရွယ်ခဲ့တာ၊ ဘုရားကို ရည်မှန်ပြီး မီးပူဇော်ခဲ့ခြင်းသာ၊ ဒါကြောင့်ပဲ ပိုးကောင်သေတာဟာ ကိုယ်နဲ့ မဆိုင်'။ အဲဒီလို တစ်ချက်ခြင်း ပြစ်စစ်ရင် ဆီမီးပူဇော်သူ အကုသိုလ် အပြစ်လွတ်တယ်။

ဖြတ်ထုံးများ

ဆွမ်းခံကြွစဉ် ခုံရှည်ပေါ်မှာ ပိတ်စနဲ့ ဖုံးထားတဲ့ ကလေးကို ဖိထိုင်မိလို့ ကလေးသေတယ်။ သေစေလိုစိတ် မရှိလို့ ထိုရဟန်း လူသတ်ကံ မဖြစ်။ မဆင်မခြင်ထိုင်လို့ ဒုက္ကဋ်အာပတ်ပဲ သင့်တယ် (ဝိ၊၁၊၁၀၀)။ ဆဗ္ဗဂ္ဂီ ရဟန်းတွေ တောမီးရှို့ရာကနေ လူအချို့ သေတယ်။ ဒါပေမယ့် သူတို့မှာ သေစေလိုစိတ် မရှိခဲ့လို့ လူသတ်ကံ မမြောက် (ပါရာဇိကမကျ) (ဝိ၊၁၊၁၁၁)။ ဒီနမူနာ ဖြတ်ထုံးတွေအရလည်း ဘုရားမီး ပူဇော်သူ အပြစ်လွတ်တာ ထင်ရှားတယ်။ ဒါပေမယ့် ..

သီအိုရီအရ

Encyclopedia Britannica ဖော်ပြမှုတစ်ခု .. နေကြာပန်းလို အချို့ အပင်တွေနဲ့ အင်းဆက်ပိုး အချို့ဟာ အလင်းရောင်ကြောင့် အတွင်းက ဆဲလ်တွေ လှုပ်ရှားပြီး အလင်းရောင်ရှိရာသို့ တူရူ(ရှေ့ရှု)၊ အချို့ ဆန့်ကျင်ဘက် (ဝေးရာဖက်)သို့ အလိုလို ရွေ့လျားတတ်တဲ့ သဘာဝရှိတယ်။ အင်းဆက်တွေဟာ နှစ်သန်းပေါင်း များစွာအတွင်း နည်းမျိုးစုံနဲ့ တဖြည်းဖြည်း ပြောင်းလဲခဲ့ရာမှာ အဲဒီလို ရွေ့ရှားမှုကြောင့်လည်း ပါ တယ်။ သူတို့ဟာ ညအခါမှာ ကြယ်လအရောင်ကို သုံးပြီး ကမ္ဘာတစ်လွှားသို့ ခရီးနှင်ကြသတဲ့။

ဥပမာ.. ပိုးဖလံတွေဟာ လရောင်ရှိရာ အရှေ့တည့်တည့်သို့ ပျံသွားနေတာကို တွေ့နိုင်တယ်။ လူတို့ ထွန်းညှိတဲ့ ဖယောင်တိုင် မီးရောင်လို အလင်းတုနဲ့ ထိတွေ့တဲ့အခါမှာတော့ သူတို့ မျက်စိလည်ပြီး မီးရောင်ရှိရာသို့ ဒိုင်ဗင်ထိုး ဝင်ကြလို့ 'ပိုးဖလံမျိုး မီးကိုတိုး (Drawn like a moth to a flame)'ဆိုတာ ဖြစ်ရတယ်။ သူတို့ သေဆုံးရတာဟာ Man-made Problem ကြောင့်တဲ့။
ဒီသီအိုရီအရ .. ဘုရားပူဇော်တဲ့ မီးကို ဖြစ်ကတတ်ဆန်း ပြီးစလွယ် မလုပ်ဘဲ ကောင်းမွန် သပ်ရပ်ပြီး ပတ်ဝန်းကျင်နဲ့ သက်ရှိတို့ အန္တရာယ်ကင်းအောင် ဂရုတစိုက် စနစ်တကျ စီမံသင့်ကြောင်းပါ။

ဖေဖော်ဝါရီ ၁၅၊ ၂ဝ၂ဝ။

---

မှတ်ချက်များ

မှန်ပါ ဆရာတော်ဘုရား၊ မြတ်စွာဘုရား သီတင်းသုံး တော်မူခဲ့တဲ့ ခုနစ်ထပ် မြင်တဲ့ မူလဇေတဝန် ကျောင်းတော်ကြီးတောင် နှောင်းတစ်ခေတ်မှာ ဘုရားမီးပူဇော်တဲ့ ဆီမီးကြောင့် မီးလောင်ကျွမ်းသွားကြောင်း မှတ်သားဖူးပါသဖြင့် ဘုရားမီးကိုလည်း စည်းကမ်းတကျပဲ ပူဇော်သင့်ပါတယ် ဘုရား။
ဒကာ ခင်ဇော် ကနေဒါ

မှန်တယ် ကျောင်းဒကာရေ .. တရုတ် ဘုရားဖူး ရဟန်းတော် ဖာဟီယန်ရဲ့ မှတ်တမ်း Tran. by Samuel Beal, Buddhist Records of Western World, p. xlv မှာ ဒီအကြောင်း ပါတယ်။
အရှင်ကေလာသ

---

၈၁၁။ ပိုက်ဖြုတ်ခြင်း

ဆရာတော် ဘုရား၊ ဘဝရဲ့ နောက်ဆုံးအခြေအနေကို ရောက်နေပြီး ဆက်လက် အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့တဲ့ လူနာနဲ့ ပတ်သက်ပြီး ဆရာဝန်က သက်ဆိုင်သူရဲ့ သဘောတူညီချက် တောင်းတဲ့အခါ .. ဥပမာ၊ အောက်ဆီဂျင်ပိုက် စသည်ကို ဖြုတ်ဖို့၊ သို့မဟုတ် ဆေးအကူနဲ့ အသက်ရှင်နေမှုကို ရပ်ဖို့ သဘောတူညီချက် တောင်းတဲ့အခါ .. ယက်စ်၊ နိုး အဖြေပေးတဲ့ သားသမီး မိဘ ညီအစ်ကို မောင်နှမ စသည်များ အနေနဲ့ အပြစ် ဖြစ်မဖြစ် သိလိုပါသည် ဘုရား။

ဇံဇံသာမြင့် (နယူးအင်္ဂလန်)

---

နားလည်ပုံ

မေးခွန်းရဲ့ အဓိပ္ပာယ်ကို 'လူနာတစ်ဦးရဲ့ နောက်ဆုံး အခြေအနေမှာ ခုတင်ဘေးမှာ ထောင်ထားတဲ့ အောက်ဆီဂျင်ပိုက်၊ ဆီးချူပြွန်၊ နှလုံးခုန်နှုန်းတိုင်း ကိရိယာ စသည်ကို ဖြုတ်ရင် အဲဒီလူနာ အသက်ရှူရပ်ပြီး မကြာခင် သေဆုံးတယ်'လို့ နားလည်ပြီး 'ပိုက်ဖြုတ်ခြင်း'လို့ပဲ ခေါင်းစဉ်ပေးပါတယ်။ အမှန်တော့ ဆေးရုံမှာ ဖြစ်နိုင်တဲ့ အခြေအနေအရ ဒီထက်မက နားလည်စရာ ဆွေးနွေးစရာတွေ ရှိနိုင်တယ်။ ဘုန်းကြီး နားလည်ထားတာကို အခြေခံပြီး ဖြေရရင် ..

ဒီလိုခွဲမှတ်

ဒီနေရာမှာ ၁) ကမ္ဘာ့အချို့နေရာတွေမှာ ဥပဒေနဲ့ ခွင့်ပြုထားတဲ့ (ဥပမာ ., အမေရိကမှာ ဘားမောင့်၊ မွန်တာနာ၊ အော်ရီဂန်၊ ဝါရှင်တန်ပြည်နယ်တွေမှာ Death with dignity Act အရ ခွင့်ပြုတဲ့) euthanasia (ယူသနေးရှား) =ညင်သာစွာ ဇီဝိန်ခြွေပေးခြင်း သို့မဟုတ် Mercy killing = ကရုဏာနှင့် အဆုံးစီရင်ပေးခြင်းနဲ့ ၂) ဤမေးခွန်းပါ အခြေအနေနဲ့ ပတ်သက်တဲ့ ယခုဆိုမယ့် 'ပိုက်ဖြုတ်ခြင်း' .. လို့ နှစ်မျိုးရှိကြောင်း ဦးစွာမှတ်ပါ။ အမှတ် ၁) ကို မေးခွန်းအမှတ် ၁၀၆ (ပေါင်းချုပ် ၂၊ စာ-၆၃၄)မှာ ရှုပါ။

ဆရာဝန်အမြင်

အမှတ် ၂) အခြေအနေနဲ့ ပတ်သက်ပြီး အမေရိက ဆေးရုံမှာ အလုပ်လုပ်နေဆဲ ဖြစ်တဲ့ ဆရာဝန်တစ်ဦး ပြောပြပုံက ..

မိမိရောဂါ အခြေအနေအရ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့တဲ့အခါ မိမိဆန္ဒနဲ့ DNR (Do Not Resuscitate သို့မဟုတ် no code or allow natural death) လုပ်ဖို့ မှတ်ပုံတင်ထားတဲ့ လူနာမျိုးကို ခရမ်းရောင် လက်ပတ်နဲ့ ထားတယ် (အချို့နိုင်ငံတွေနဲ့ ခြားနားနိုင်တယ်)။ ဒီလိုဖြစ်ရင် သူ့ဆန္ဒအတိုင်းပေါ့။ ဒီလို မှတ်ပုံတင်မထားဘဲ မေ့မြောနေသူ ဖြစ်ရင် ဆရာဝန်က လူနာရှင်ကို Resuscitate (သတိပြန်ရစေခြင်း) လုပ်မလုပ် မေးတယ်။ အသက်အရွယ်နဲ့ ရောဂါအရ (ဥပမာ .. ကလီစာပျက်စီးနေခြင်း စသည်) Resuscitate လုပ်ရင်လည်း လုံးဝ မျှော်လင့်ချက် မရှိတော့ ဆိုရင်..

ဒီလူနာမျိုးက စက်ကြောင့်သာ အသက်ရှူနေပြီး 'သေလျက်နဲ့ ရှင်နေသူ သို့မဟုတ် ရှင်လျက် သေနေသူ'လို့ ဆိုနိုင်သူ။ ဆရာဝန်တွေ လက်မြှောက်ထားပြီ။ ဒီအဆင့်မှာ လူနာရဲ့ သေခြင်းဟာ ပိုက်ဖြုတ်သူ သို့မဟုတ် DNR လူနာ အဖြစ် ဆက်မထားဖို့ သဘောတူသူနဲ့ ပတ်သက်မှု မရှိ။

ကျမ်းနှင့်ညှိ

ကျမ်းဂန်အရ လူသတ်ကံ မြောက်ဖို့ အင်္ဂါ ၄-ရပ် ပြည့်စုံရတယ် .. 'လူသားဖြစ်ခြင်း၊ အသက်ရှိမှန်း သိခြင်း၊ သေစေလိုတဲ့ စိတ်ရှိခြင်း၊ သတ်ဖို့ အားထုတ်ခြင်း (ဥပမာ .. အသတ်ခိုင်း၊ လက်နက်ရှာပေး၊ သေချင်အောင် ပြောဆို၊ သတ်နည်း သေနည်းပေး .. စသည်)၊ အသတ်ခံရသူ သေခြင်း'။ ဒီဆရာဝန် ပြေတာကို ဒီအင်္ဂါ ၄-ချက်နဲ့ ညီမညီ စစ်ကြည့်ရင် ..

လူသားတော့ ဟုတ်ပါ့၊ ဒါပေမယ့် ဆရာဝန် အမြင်အရ သက်ရှိလို့ ဆိုဖို့တောင် မသေချာ၊ ဘယ်သူမှ သေစေလိုစိတ် ရှိမှာ မဟုတ်၊ ဆရာဝန်တွေ လက်လျှော့ထားပြီး ဖြစ်လို့ သက်ရှူစက် စသည်ကို ဖြုတ်ဖို့ သဘောတူတာ (သေအောင် လုပ်ဖို့ သဘောတူတာ မဟုတ်)၊ ဒါကြောင့် လူနာ သေတာဟာ လူနာရှင် သဘောတူခြင်းနဲ့ မပတ်သက်။

သတ်ခိုင်းခြင်း

သတ်ခိုင်းတာနဲ့ ပတ်သက်ပြီး ကျမ်းဂန်မှာ သတ်မှတ်ချက် ၆-မျိုး ပြတယ် ...... 'သတ်မယ့်လူ၊ အချိန်၊ နေရာ၊ လက်နက် (သတ်မယ့် ပစ္စည်း)၊ ဣရိယာပုထ် (အိပ်နေစဉ်သတ် စသည်)၊ သတ်နည်း (ခေါင်းဖြတ်၊ ဗိုက် ဖောက် စသည်)'။ 'မောင်ကကို ညအချိန် သူ့အိမ်မှာ အိပ်နေစဉ် ဓားနဲ့ ဦးခေါင်းကို ဖြတ်'ပြီးသတ်ခိုင်းရာမှာ တစ်ခုခုလွဲရင် ခိုင်းသူ အပြစ်လွတ်တယ် (ဝိ၊ဋ္ဌ၊၂၊၄၆-၄၇)။ တစ်ပြိုင်နက် အဲဒီ ၆-မျိုလုံး စုံမှ မဟုတ်။ မောင်ကကို သတ်ခိုင်းတာ မောင်ခကို သတ်လိုက်ရင် ခိုင်းသူ အပြစ်လွတ် .. စသည်။

'ပိုက်ဖြုတ်ခြင်း'ဟာ အဲဒီ သတ်မှတ်ချက် ၆-မျိုးနဲ့ ငြိဖို့လည်း အလှမ်းကွာတယ်။ ဒါကြောင့် 'ဆရာဝန် အနေနဲ့ ကောင်းသလိုသာ လုပ်ပါ၊ ဆရာဝန်ကို အပ်ပါတယ် ပြောပြီး ဆိုင်းထိုးပေးရင်' လျော်ကန်တဲ့ အဖြေဖြစ်ကြောင်း ထိုဆရာဝန်ကပဲ အကြံပေးပါတယ်။ ဒါပေမယ့် ..

ဗုဒ္ဓအဘိဓမ္မာအရ လူဟာ မိခင်ဝမ်းမှာ ပဋိသန္ဓေ စနေတာနဲ့ ဘဝကို တပ်မက်တဲ့ လောဘဇောစိတ် စဖြစ်တဲ့ အတွက် ပုထုဇဉ်တို့ရဲ့ ဘဝတည်ရှိဖို့ မျှော်လင့်ချက်ဟာ အလွန် ကြီးမားတယ်။ ဒါကြောင့် အလွန် သတိထားပြီး လုံးဝသေချာမှ လုပ်ရမယ့် ကိစ္စမျိုး ဆိုတာကိုတော့ သတိချပ်သင့်တယ်။ ယနေ့ လူသားတွေရဲ့ ဘဝဆက်ရှိဖို့ ကြိုးစားမှု တစ်ခုကို အဖြေနဲ့ အလွန် မဆိုင်ပေမယ့် ထူးခြားလို့ မျှဝေပါရစေ ..

မျှော်လင့်မှုကြီး

ဘုန်းကြီးနေတဲ့ မြို့နဲ့ ၄၅-မိုင်အကွာမှာ ကန္တာရ ရာသီဥတုနဲ့ နေချင်စရာ ကောင်းပြီး လူချမ်းသာတွေ နေတဲ့ Scottsdale မြို့ဆိုတာ ရှိတယ်။ ဒီမြို့မှာ သေပြီးစ အလောင်းကို နိုက်တြိုဂျင် အရည်နဲ့ အေးခဲပြီး သိမ်းဆည်းပေးတဲ့ 'ကိုယ်ခန္ဓာဘဏ်' ရှိတယ်။ အခု ၁၄၇ ဦး သိမ်းထားပြီ။ နည်းပညာ တိုးတက်တဲ့ အနာဂတ် တစ်နေ့ .. အသက်ပြန်ရှင်ဖို့ ရည်ရွယ်တာ။ ဒေါ်လာ နှစ်သိန်း ပေးရတယ်။ အသက်အာမခံနဲ့ ပေးတာ ဖြစ်လို့ လူအများစု လုပ်နိုင်တယ်ဆိုပဲ (CNBC.com မှာ ကြည့်)။

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကတော့ 'ဒီကိစ္စနဲ့ ပတ်သက်ရင် သိပ္ပံပညာရှင်တွေ အကောင်းမြင်သလောက် ကျုပ်တော့ အတော် အဆိုးမြင်သဗျ။ နျူကလီယာဗုံး၊ ဓာတုလက်နက်၊ ပိုးမွှားလက်နက် ဆိုတာတွေကိုလည်း လူတွေပဲ တိတ်တဆိတ် လုပ်နေကြတယ်။ လူဦးရေ တိုးပွားနှုန်း၊ ရိက္ခာပြတ်လပ်မှုတွေကို ဘယ်လို ရှင်းမလဲ'လို့ မိန့်ပါတယ်။

ဖေဖော်ဝါရီ ၁၈၊ ၂ဝ၂ဝ။

---

မှတ်ချက်များ

မကြာခဏ အမေးလည်း ခံနေရ၊ ဒီအခြေအနေမျိုးကို တွေ့နေကျမို့ ဖြေရကျပ်တဲ့ မေးခွန်းပါ။ အခု အဖြေလေး တစ်ခု ရသွားလို့ ကျေးဇူးပါ ဘုရား။
အရှင်ဩသဓ

ဆရာတော် ရေးတဲ့ 'ပိုက်ဖြုတ်ခြင်း'မှာ အသက်ရှူ ထောက်အကူပြုစက်၊ သွေးလှည့်ပတ်မှု လုပ်ဆောင်ပေးတဲ့စက်၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရအတွက် အရည်အမျိုးမျိုးကို နှာခေါင်းမှ တစ်ဆင့် အစာအိမ်သို့ ပိုက်ဖြင့် ဖြစ်စေ၊ သွေးကြောမှ တစ်ဆင့်ဖြစ်စေ သွင်းပြီး အသက်ဆက်နေစေခြင်း အားလုံး ပါဝင်နိုင်ပါတယ်။ မိမိဆန္ဒနဲ့ ကြိုပြီး Resuscitate မလုပ်ဖို့ မှတ်ပုံတင်ထားတဲ့ လူနာကို DNR လက်ပတ်နဲ့ ထားတယ်။ မှတ်ပုံတင်မထားဘဲ လူနာ သတိလစ်နေရင် Power of Attorney ရှိသူ သို့မဟုတ် Living Will ရှိသူက လူနာကိုယ်စား ဆုံးဖြတ်ခွင့်ရှိပါတယ်။
Dr. ကျော်ဇံမြင့်

ဦးနှောက် ဒဏ်ရာရပြီး လေးပတ် ဆက်တိုက် သတိ ပြန်မရ ဖြစ်နေတဲ့ လူနာကို ဆရာဝန်တွေက Persistent Vegetative State (PVS)လို့ သတ်မှတ်ပါသတဲ့။ ဘုန်းကြီး နားလည်ပုံအရ PVS ဆိုတာ လူသားပင် ဖြစ်သော်ငြား သစ်ပင်တစ်ပင်လို အသက်ရှူတယ်လို့ ဆိုရုံမျှ အခြေအနေလို့ ဖြစ်ပါတယ်။ စဉ်းစားနိုင်ဖို့ပါ။ ဆရာဝန် တစ်ဦးနဲ့ တစ်ဦး ပြောဆို ရေးသားပုံ အနည်းငယ် ကွဲပြားတာကိုလည်း တွေ့ရတယ်။ ဆရာဝန်တွေရဲ့ ဘာသာရေး ယုံကြည်မှုနဲ့လည်း ပတ်သက်နိုင်တယ်။
အရှင်ကေလာသ

သူ့ပညာ
ယာဝဒေဝ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။ (ဓမ္မပဒ၊ ၂၃)
လူမိုက်၏ အတတ်ပညာ အရှိန်အဝါ အခြံအရံ ကြီးခြင်းသည် ၎င်းအား အကျိုးမဲ့ရန်သာ ဖြစ်၏။

---

၈၁၂။ မယ်သက်ပြင်း

'ပိုက်ဖြုတ်ခြင်း'ကို ပိုနားလည်နိုင်ဖို့ ရည်ရွယ်ပြီး ဘုန်းကြီး လေ့လာမိတဲ့ 'မယ်သက်ပြင်း' အကြောင်းကို ဆက်ပြီး ဖော်ပြပါတယ်။ အဲဒီ မေးခွန်းကိုပဲ ရည်ညွှန်းတာပါ။

ပါတီပွဲမှာ

လွန်ခဲ့တဲ့ ၃၅-နှစ်က Karen Ann အမည်ရှိ အသက် ၂၁ နှစ် အရွယ် အမေရိကန်သူ မိန်းကလေးရဲ့ ကိစ္စကြောင့် 'သေခွင့် (The Right to Die)'နဲ့ ပတ်သက်ပြီး ကမ္ဘာတစ်လွှား ငြင်းခုန်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။

တစ်နေ့မှာ သူ့ သူငယ်ချင်း တစ်ဦးရဲ့ မွေးနေ့ပါတီကို သွားတယ်။ အဲဒီတုန်းက သူ ဝိတ်ချနေလို့ အစာ မစားသလောက်နဲ့နေတာ နှစ်ရက်ရှိပြီ။ ပါတီမှာ ဂျင်အရက် အနည်းငယ်နဲ့ စိတ်ဖြေဆေး တစ်ပြား သောက်တယ်။ မကြာခင် ခေါင်းမူးတယ်ဆိုလို့ မိတ်ဆွေတွေက အိမ်ကို ပြန်ပို့ပေးပြီး အိပ်ယာပေါ်မှာ ထားတယ်။ ခဏအကြာမှာ သူအသက်ရှူ ရပ်သွားလို့ လူနာတင်ကား ခေါ်ပြီး ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံမှာ စက်အကူနဲ့ အသက်ပြန်ရှူလာပေမယ့် သတိ ပြန် မရလာတော့ဘူး။

သစ်ပင်လို

Karen ဟာ ၁၅-မိနစ်ကျော် အသက်ရှူ ရပ်သွားလို့ ဦးနှောက် ဒဏ်ရာရသွားတဲ့ အတွက် ပြန်မကောင်းလာနိုင်တော့ဘူးလို့ ဆေးရုံက ဆိုတယ်။ အသက်ရှူ ရပ်သွားရတဲ့ အကြောင်းရင်းကိုတော့ မသိရ။ လေးပတ် ဆက်တိုက် သတိပြန်မရ ဖြစ်နေလို့ ဆေးရုံက သူ့ကို Persistent Vegetative State (PVS) အဆင့် သတ်မှတ်လိုက်တယ်။ လူနာဟာ လူသားပင် ဖြစ်သော်ငြား သစ်ပင်တစ်ပင်လို အသက်ရှူတယ် ဆိုရုံမျှ အခြေအနေလို့ ဆိုနိုင်လေမလား။ မျက်လုံးတွေ မလှုပ်ရှား၊ သို့မဟုတ် ဦးတည်ရာ တစ်ဖက်ကို အတူတူ မရွေ့တော့ဘူး။ ဦးနှောက်လှုပ်ရှားမှု အလွန် နှေးကွေးသွားပြီ။

ဆေးရုံမှာ လအတန် ကြာပေမယ့် Karen ရဲ့ အခြေအနေ မတိုးတက်လာဘူး။ အကူစက်နဲ့ပဲ အသက်ရှူရပြီး ပိုက်နဲ့ အစာသွင်းရတယ်။ ကိုယ်အလေးချိန်လည်း ပေါင် ၈၀-ထိ ကျဆင်းသွားတယ်။

ဖြုတ်ပေးပါ

အဲဒီ အခြေအနေမှာ သူ့မိဘတွေက အသက်ရှူစက် (Ventilator)နဲ့ အသက်ရှူခိုင်းတာဟာ လူနာကို နာကျင်စေတဲ့ အတွက် ယင်းကို ဖြုတ်ပေးဖို့ ဆရာဝန်တွေကို ပြောတယ်။

ကက်သိုလစ် ခရစ်ယန်တို့ရဲ့ ယူဆပုံအရ လူနာကို စက်ကိရိယာတွေနဲ့ (extraordinary means) အသက်ရှူအောင် ဆွဲဆန့်ထားတာဟာ နာကျင်အောင် လုပ်ရာရောက်လို့ လူနာကိုယ်တိုင်က ဖြစ်စေ၊ သို့မဟုတ် လူနာ သတိမရတော့ရင် ဆုံးဖြတ်နိုင်ခွင့်ရှိသူက ဖြစ်စေ သဘာဝအတိုင်း အသက်ကုန်အောင် လုပ်တာဟာ (ဥပမာ .. အသက်ရှူစက်ကို ဖြုတ်ခိုင်းခြင်း .. စသည်ဟာ) ပြုလုပ်သူရဲ့ ကိုယ်ကျင့်သီလကို မကျိုးပေါက်စေဘူးလို့ ယူဆတယ်။

တရားရုံး

ဆေးရုံ အရာရှိတွေက မောရစ်စ်ခရိုင် (နယူးဂျာစီပြည်နယ်) ရဲ့ ဥပဒေအရ အဲဒါကို ဖြုတ်လို့ လူနာသေရင် လူသတ်မှု မြောက်တဲ့အတွက် လုပ်မပေးဘူး။ ဒါနဲ့ မိဘတွေက ၁၂- ဆက်မြောက် ပုပ်ရဟန်းမင်း ပိုင်းယပ်စ် (Pope Pius XII)ရဲ့ ကြေညာချက်ကို ကိုးကားပြီး ခရိုင်တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ တရားရုံးကို တင်တယ်။ ဆရာဝန်တွေက အသက်ရှူစက်ကို မဖြုတ်လိုတာ၊ ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်သာ အဓိက ဖြစ်တာကြောင့် နယူးဂျာစီ လူသတ်မှုဥပဒေနဲ့ ငြိကြောင်း တရားသူကြီးက ဆုံးဖြတ်တယ်။

Karen ရဲ့ မိဘတွေက အလျှော့မပေးဘဲ တိုင်းတရားရုံးကို အယူခံတင်တယ်။ ဒီမှာတော့ ပုဂ္ဂိုလ် တစ်ဦးစီရဲ့ ကိုယ်ပိုင် အခွင့်အရေးဟာ သူ့မိဘတွေ တောင်ဆိုးတဲ့ အထဲမှာ အကြုံးဝင်တယ် ဆိုပြီး အသက်ရှူစက်ကို ဖြုတ်ပေးဖို့ အမိန့်ချမှတ်တယ်။ ဒါပေမယ့် ..

ပန်းပန်လျက်

အသက်ရှူစက်ကို ဖြုတ်လိုက်ပေမယ့် Karen က အသက်ရှူရပ်မသွားဘူး။ မိဘတွေက 'ဘုရားသခင် သတ်မှတ်တဲ့အချိန်မှာ သဘာဝအတိုင်း ဘဝနိဂုံးချုပ်ဖို့ကိုသာ ရည်ရွယ်ပြီး အသက်ရှူစက်ကိုပဲ ဖြုတ်ခိုင်းတာ၊ အစာသွင်းတဲ့ ပိုက်ကို မဖြုတ်ခိုင်းခဲ့ပါဘူး'လို့ ဆိုတယ်။ ဒီလိုနဲ့ အသက်ရှူစက်ကို ပြန်တပ်ပြီး သူ့ကို သူလို ဘဝတူ လူနာတွေကို စောင့်ရှောက်တဲ့ ဌာနမှာ ရွှေ့ထားလိုက်တယ်။ Karen ဟာ PVS အနေနဲ့ နောက်ထပ် ၉-နှစ်ကြာတဲ့အထိ အသက်ရှူနေခဲ့တယ်။

ခွဲစိတ်တော့

သူ့မိဘတွေက စက်နဲ့ အသက်ရှူတာကို ဖြုတ်လိုက်ရင် မကြာခင် သေမယ်လို့ ထင်ခဲ့တယ်။ ပြီး .. သူတို့က ပိုက်နဲ့ အစာသွင်းတာကိုတော့ လူနာကို နာကျင်မှု မဖြစ်စေဘူးလို့ ယူဆကြပုံပဲ။ Karen ကွယ်လွန်ပြီးနောက် ဦးနှောက်ကို ခွဲစိတ်လေ့လာတဲ့အခါ အသက်ရှူခြင်းနဲ့ နှလုံးခုန်ခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ ပင်စည်ပိုင်း (brain stem) မပျက်စီးဘဲ သိစိတ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း (thalamus)ပဲ ပျက်စီးသွားကြောင်း တွေ့ရသတဲ့။

သူ့ဖြစ်ရပ်ကြောင့် အမေရိက အပါအဝင် ကမ္ဘာတစ်ဝန်း သေခွင့် (The Right to Die)နဲ့ ပတ်သက်ပြီး ဆွေးနွေး ငြင်းခုန်းမှုတွေ ယနေ့ထိ မြင့်တက်ဆဲပါပဲ။

၇-ဘီလျံ

Jeff Stryker အမည်ရှိသူ ရေးတဲ့ The New York Times ဆောင်းပါး တစ်ပုဒ်အရ အမေရိကမှာ အဲဒီလို လူနာတွေကို စောက်ရှောက်ရတဲ့ ဆေးဘက် အသုံးစရိတ်ဟာ နှစ်စဉ် ဘီလျံကနေ ၇-ဘီလျံထိ ရှိတယ်လို့ ၁၉၉၄-ခုနှစ် နယူးအင်္ဂလန် ဆေးဂျာနယ်မှာ ဖော်ပြပါသတဲ့။ ခုဆို အဲဒီထက်တောင် ပိုများနေလေမလား။ The Right to Die ကို ထောက်ခံသူတွေက ကျန်ရစ်သူတွေ အပေါ် သက်ရောက်စေတဲ့ အဲဒီလို ဘေးထွက် ဆိုးကျိုးတွေကိုလည်း ဝေဖန် ထောက်ပြနေကြကြောင်းပါ။ ကျန်ရစ်သူ မိသားစုတွေက ဆေးရုံအကြွေးကို တစ်သက်လုံး ဆပ်ရတဲ့ ပြဿနာလည်း ရှိပါသတဲ့။

အင်း ... စကားမစပ်၊ လူသားပင် ဖြစ်သော်လည်း သစ်ပင်လိုပဲဆိုတဲ့ ဆေးပညာ အသုံးအနှုန်း PVS ကိုတော့ ဘုန်းကြီး စိတ်ဝင်စားတယ်။ PVS လူနာက နှလုံးခုန်တယ်။ အသက်လည်းရှူတယ်။ သိစိတ်တော့ မရှိဘူး။ ဗုဒ္ဓဝါဒ ရှုထောင့်က ဘယ်လို ယူသင့်တယ်ဆိုတာကို ကျမ်းဂန်တတ်သိ ပညာရှိတို့ မိန့်ပါကုန်။

Refs: Karen Ann, by Quinlan J. and J.D. (1977)
Right to Die; Life after Quinlan, by Jeff Strker (The New York Times).
ဖေဖော်ဝါရီ ၂၈၊ ၂ဝ၂ဝ။

---

Whoever practices righteousness in the morning, at noon or at night, they will have a happy morning, a happy noon and ahappy night.
နံနက် နေ့လယ် ညနေခင်းတို့၌ သုစရိုက်ကို ကျင့်သူသည် ပျော်ရွှင်ဖွယ် နံနက် နေ့လယ် ညနေခင်းတို့ ရှိလိမ့်မည်။
(အံ၊၁၊၂၉၉)။

၈၁၃။ သားတို့ရုပ်ရည်

ဆရာတော် ဘုရား၊ အွန်လိုင်း ပို့စ်တစ်ခုတွင် မိခင်လည်း မ စောင့်ရှောက်၊ အစ်ကို အစ်မ စသည်တို့လည်း မစောင့်ရှောက်သည့် သမီးနှင့် လွန်ကျူးသော ဖခင်သည် ကာမေသုမိစ္ဆာ စာရကံ မထိုက်ဟု ဆိုပါသည်။ ဒီအဖြေအရ ဖခင်သည် လွတ် လပ်သူ သမီးကို ကျူးလွန်လျှင် သို့မဟုတ် သမီးက ဖခင် လူ လွတ်ကို လက်ခံလျှင် ဒုစရိုက်မဖြစ်၊ ထို့ကြောင့် အပါယ် မကျ ဟု နားလည်ရပါသည်။ ဒီအယူအဆ သို့မဟုတ် ဒီအဆုံး အမ ထွန်းကားလျှင် လူ့လောက ယဉ်ကျေးနိုင်ပါမည်လား ဘုရား။
ဦးသိန်း (လမ်းမတော်)

---

လွတ်လပ်တယ်

ကာမေသုမိစ္ဆာစာရ-နဲ့ ပတ်သက်ပြီး အိန္ဒိယ ရှေးထုံးကို အခြေခံဖွယ်ရှိတဲ့ ဗုဒ္ဓဝါဒရဲ့ အမြင်ဟာ အခြား ဘာသာရေး ယဉ် ကျေးမှုတွေနဲ့ တူချင်မှ တူမယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျား မ နှစ်ဦးလုံးအဖို့ အတော် လွတ်လပ်တယ်လို့ ဘုန်းကြီး ထင် တယ်။ လွတ်လပ်တယ်ဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ဆို လိုတာ။ နောက်တစ်မျိုး ပြောရရင် ပြင်ပ ဖန်ဆင်းရှင် သို့မဟုတ် တန်ခိုးရှင်ရဲ့ ဩဇာလောင်းရိပ် လုံးဝ မရှိဘူး။ မိမိစိတ် ကိုပဲ အခြေခံပြီး ရှုမြင်တယ်လို့ ယူဆတာပါ။

ဘယ်သူပိုင်

'အမိစောင့်၊ အဖစောင့်၊ ဖမိနှစ်ဦးစောင့်၊ အစ်ကို မောင်စောင့်၊ အစ်မ ညီမစောင့်၊ ဆွေမျိုးစောင့်၊ လူမျိုးစောင့်၊ သီတင်းသုံး ဖော်စောင့် (ဝိ၊၁၊၂၀၂)'ဆိုတဲ့ စောင့်ရှောက်ခံ အရွယ်ရောက် အမျိုးသမီး ရှစ်မျိုးကို အိမ်ထောင် မကျသေးရင် ကာမပိုင် ယောက်ျား မရှိလို့ အပျိုလို့ ခေါ်တယ်။ အိမ်ထောင် မကျဖူး သေးတဲ့ အရွယ်ရောက် ယောက်ျားဆိုရင် လူပျိုပေါ့။ အိမ် ထောင် ကျဖူးပေမယ့် ယခု အိမ်ထောင် မရှိရင်တော့ လူလွတ် (Single) သို့မဟုတ် အအိုတွေပေါ့။

ဒီနေရာမှာ စောင့်ရှောက်တယ်ဆိုတာ သူတစ်ပါးတို့ နိုင်မကျင့်အောင် .. ကာကွယ်ပေးရုံပါပဲ။ ဒါပေမယ့် . စောင့် ရှောက်သူတွေဟာ စောင့်ရှောက်ခံသူတွေရဲ့ ကာမ(လိင်ကိစ္စ) ကို မပိုင်ကြပါဘူး။ အဆုံးအဖြတ် မပေးနိုင်ကြပါဘူး။ ကာမကို ပိုင်တာက ကာယကံရှင်ပါပဲ။ ကိုယ်ပိုင်တဲ့ ကာမကို လွတ်လပ်သူ အချင်းချင်း ပေးရင် ယူရင် ကာမေသုမိစ္ဆာစာရ မဖြစ်ဘူး။ တကယ့် privacy right ပါပဲ။

ခပ်ကြပ်ကြပ်

ဒီတော့ ကိုယ်ပိုင်တာကို ကိုယ်ပေးတာဟာ ဟိုဖက်ကလည်း လက်ခံနိုင်လောက်အောင် လွတ်လပ်သူ ဖြစ်ရင် နှစ်ဦးလုံး အပြစ်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဥပမာ ,, မေးခွန်းပါ အဖေနဲ့ သမီးကိစ္စမျိုး။ အဖေရော သမီးပါ လွတ်လပ်သူ ဖြစ်လို့ နှစ်ဦး သဘောတူမိကြရင် ကာမေသုမိစ္ဆာစာရ မဖြစ်။ အမေနဲ့ သား၊ မောင်နဲ့ နှမတို့ရဲ့ ဇာတ်လမ်းကိုလည်း ဒီလိုပဲ ယူနိုင်စရာပါ။

'အဖေနဲ့ သမီး အဝှါပြုတာ ရတယ်'ဆိုတော့ ယခုအမြင် နဲ့တော့ တစ်မျိုးကြီးပဲ။ အမျိုးဇာတ်ကို စောင့်ထိန်းဖို့ အလွန် အရေးကြီးတဲ့ ရှေးခေတ် အိန္ဒိယမှာ မောင်နှမ အရင်းချင်း၊ ဝမ်းကွဲ မောင်နှမချင်း လက်ထပ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ ရှိတယ်။ ဒါကြောင့် နှလုံးသွင်းပုံချင်း မတူတာဖြစ်လေ မလား လို့ပဲ တွေးမိပါတယ်။

ဖြစ်ရပ်တစ်ခု

မြတ်ဗုဒ္ဓ လက်ထက် သာဝတ္ထိမြို့မှာ သားအမိနှစ်ယောက် ဘိက္ခု ဘိက္ခုနီ ဝတ်ပြီး ဇေတဝန်ကျောင်းမှာ ဝါဆိုကြတယ်။ သားအမိချင်း မကြာမကြာ တွေ့ကြတယ်။ တွေ့ရာကနေ ကိုယ်လက်နှီးနှောမှု ဖြစ်လာတယ်။ နောက်တော့ ရင်းနှီးပွင့် လင်းလာပြီး ကျူးလွန်အဆင့်ကို ရောက်သွားတယ်။ 'အမိ သည် သား၌၊ သားသည်လည်း အမိ၌ တပ်မက်စိတ် ဖြစ်နိုင် ကြောင်း' မြတ်ဗုဒ္ဓ မိန့်ပါတယ် (အံ၊၂၊၆၀)။ ဒါမျိုးကတော့ ရှားပါး ဖြစ်ရပ်လို့ပဲ ဆိုနိုင်အံ့ ထင်ပါတယ်။

'မိန်းမတို့ရဲ့ အာရုံငါးပါးဟာ ယောက်ျားတို့ရဲ့ စိတ်ကို အ ဆွဲဆောင်နိုင်ဆုံး ဖြစ်သလို ယောက်ျားတို့ရဲ့ အာရုံ ငါးပါးဟာ လည်း မိန်းမတို့ရဲ့ စိတ်ကို အဆွဲဆောင်နိုင်ဆုံးပါပဲ (အံ၊၁၊၁- ၂)'လို့ မြတ်ဗုဒ္ဓ ဟောပါတယ်။

တရားသုံးပါး

'အမိ၊ အဒေါ်စတဲ့ မသင့်မြတ်တဲ့ အရာမှာ ဆန္ဒရာဂ (မေထုန် စိတ်)နဲ့ တပ်မက်ခြင်း (အဓမ္မရာဂ)၊ အချိန်မဟုတ် နေရာ မရွေး ဆန္ဒရာဂ ပြင်းပြခြင်း (ဝိသမလောဘ)၊ ယောက်ျားချင်း မိန်းမချင်း ဆန္ဒရာဂဖြစ်ခြင်း (မိစ္ဆာဓမ္မ)'ဆိုတဲ့ တရား ၃-မျိုး ထွန်းကားချိန်ကို လောကရဲ့ ဆုတ်ကပ် ဖြစ်ကြောင်း ဟော ကြားတာကို ထောက်ရင် အဲဒီလို ဖြစ်တာကို မကောင်းမှု အနေနဲ့ မြင်တာတော့ သေချာတယ်။

ဒါကြောင့် မြန်မာယဉ်ကျေးမှုမှာ 'သားတို့ရုပ်ရည် သီဒါ မည်'လို့ မွှမ်းတင်ပေမယ့် 'အရွယ်ရောက်ရင် သမီးသားတို့ ရော မိဘများပါ အဝတ်အစား အနေအထိုင် အပြောအဆို ဆင်ခြင်ရမယ်'လို့ ဆုံးမမှု ရှိနေတာ ဖြစ်မယ်။

အဖြေ

အဖေနဲ့ သမီးကိစ္စကို ပြန်ကောက်ရင် ... ဒါမျိုးက ဆုတ်ကပ် အခါမှာ ဖြစ်တဲ့ လူသားမဆန်တဲ့ ရာဂစိတ်မျိုးဖြစ်လို့ ဒီအဆုံး အမ လူ့ဘောင်မှာ ထွန်းကားဖို့ကို ဗုဒ္ဓဝါဒက လုံးဝ အားမပေး ပါဘူး။ မိစ္ဆာစာရ မဖြစ်ဘူး ဆိုပေမယ့် အဓမ္မဝိသမမိစ္ဆာ ဖြစ်လို့ ပစ္စုပ္ပန် တမလွန် ကောင်းကျိုး မဖြစ်နိုင်ပါဘူး။ ဒါ ကြောင့် ဒုစရိုက်ထဲမှာ အလိုလို ပါပြီးသားပါပဲ။
ဖေဖော်ဝါရီ ၂၁၊ ၂ဝ၂ဝ။

---

Conquer hate with love, evil with good, meanness with generosity and lies with truth.
အမုန်းကို အချစ်ဖြင့်၊ မကောင်းသူကို ကောင်းပြခြင်းဖြင့်၊ စေးနှဲသူကို ရက်ရောခြင်းဖြင့် အနိုင်ယူပါ (ဓမ္မပဒ၊ ၂၂၃-ဂါထာ)။

---

၈၁၄။ မျိုးတုံး လမ်းစဉ်လော

ဆရာတော် ဘုရား၊ ဆရာတော်ကြီး တစ်ပါး ဟောကြားသည့် တရားတစ်ခုတွင် မြတ်စွာဘုရားကို 'လူမျိုးတုံး'အောင် လုပ်သူလို့ စွပ်စွဲကြောင်း နာယူ မှတ်သား ရပါသည်။ မြတ်စွာဘုရား ဟောကြားသော တရားကြောင့် လူမျိုးတုံးအောင် သတ်ဖြတ်သော အုပ်စုမျိုး ထိုခေတ်အချိန် က ရှိခဲ့ဖူးပါသလား ဘုရား။
တောထွက် ကိုယ်တော်ကြီး

---

မူရင်းအဆို

'မျိုးတုံး' သို့မဟုတ် 'လူမျိုးတုံး'ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက် နိုင်တဲ့ သဲလွန်စကို မာဂဏ္ဍီယသုတ် (မ၊၂၊၁၆၉)မှာ တွေ့ရပါ တယ်။ မူရင်း ဟောကြားမှုရဲ့ အာဘော်ကို နားလည်နိုင်ဖို့ ဒီသုတ်ကို အမြွက်မျှ လေ့လာရင်..

မြတ်ဗုဒ္ဓဟာ နံနက်ပိုင်း ဘာရဒွါဇပုဏ္ဏားရဲ့ မီးတင်းကုပ် မှာ သီတင်းသုံးပြီး နေ့သန့်စင်ဖို့ အနီးရှိ တောအုပ်ကို ကြွ တော်မူခိုက် မာဂဏ္ဍီအမည်ရှိ ပရိဗိုဇ် အဲဒီ မီးတင်းကုပ်ကို ရောက်လာတယ်။ မြတ်ဗုဒ္ဓအတွက် ခင်းထားတဲ့ မြက်အခင်း ကို တွေ့တဲ့အခါ မာဂဏ္ဍီက 'ရဟန်းဂေါတမသည် ကြီးပွား ခြင်းကို ဖျက်ဆီးသူ (မ ၂၊ နိဿယ၊ စာ-၁၆၆)၊ အညွန့်တုံးသူ (မ-မြန် ၂၊ ၁၈၀)ဖြစ်လို့ သူထိုင်ခဲ့တဲ့ အခင်းကို တွေ့ရတာ ဟာ ဆိုးတာပဲ'လို့ ဘာရဒွါဇကို ပြောတယ်(ဘူနဟု သမ-ဏော ဂေါတမော။ မ၊၂၊၁၇၀)။

သူတို့အယူ

မာဂဏ္ဍီတို့ ပရိဗိုဇ်အုပ်စုက 'မျက်စိနားနှာ လျှာကိုယ်စိတ် (ဒွါ ရ ၆-ပါး)နဲ့ ခံစားတဲ့ အာရုံ ၆-ပါးကို တိုးပွား (ကြီးပွား) အောင် လုပ်ရမယ်လို့ ယုံကြည်တယ်။ ဥပမာ ... မမြင်ဖူးတာ ကို မြင်ဖူးအောင် ကြည့်၊ မကြားဖူးတာကို ကြားဖူးအောင် နားထောင်၊ မနမ်းဖူးတာကို နမ်း .. စသည်။ ဒါကြောင့် ဒွါရ ၆- ပါးကို ပိတ်ဆို့ (ထိန်းစောင့်)ဖို့ ဟောတော်မူတဲ့ မြတ်စွာ ဘုရားကို 'ဘူနဟု = အာရုံ ၆-ပါး၏ ကြီးပွားခြင်းကို ဖျက်ဆီး သူ၊ အညွန့်တုံးသူ'လို့ ဝေဖန်လိုခြင်း ဖြစ်ကြောင်း အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၁၄၇)မှာ ဖွင့်ဆိုတယ်။

ဆွေးနွေးပုံ

ပုဏ္ဏားနဲ့ ပရိဗိုဇ်တို့ ပြောဆိုနေတာကို အဘိညာဉ်နဲ့ သိတော် မူတဲ့အတွက် ညနေစောင်း အချိန်မှာ ထိုမီးတင်းကုပ်ကို မြတ် ဗုဒ္ဓ ပြန်ကြွလာတယ်။ မာဂဏ္ဍီ ပရိဗိုဇ်နဲ့ တွေ့တဲ့အခါ 'ကြီး ပွားခြင်းကို ဖျက်ဆီးသူ၊ အညွန့်တုံးသူ (ဘူနဟု)'ဆိုတာနဲ့ ပတ်သက်ပြီး မျက်နှာချင်းဆိုင် သာယာချေငံစွာ ဆွေးနွေး တော်မူတယ် ..

(ဗုဒ္ဓ) မာဂဏ္ဍီ ... မျက်စိနားနှာ လျှာကိုယ်စိတ် (ဒွါရ ၆-ပါး) သည် ရူပါရုံ အစရှိသော အာရုံ ၆-ပါး၌ မွေ့လျော်၏။ ငါသည် ထိုဒွါရ ၆-ပါးကို လုံအောင် ပိတ်ဆို့ထားသူ ဖြစ်၏။ ဒါကို ရည်ရွယ်၍ ငါ့အား 'ကြီးပွားခြင်းကို ဖျက်ဆီးသူ၊ အညွန့်တုံး သူ'လို့ သင် ဆိုလိုပါသလော။

(မာဂဏ္ဍီ) ဟုတ်ပါသည် အသျှင်။ ကျွန်ုပ်တို့ ကျမ်းဂန်မှာ လည်း ဒီအတိုင်းပင် ဆိုပါ၏။
(ဗုဒ္ဓ) မာဂဏ္ဍီ .. ငါသည် ရဟန်းမပြုမီက ဒွါရ ၆-ပါးဖြင့် ကာမဂုဏ်ကို ခံစားဖူး၏။ နောင်အခါ ထိုကာမ ဂုဏ်ကြောင့် ဖြစ် သော ပူလောင်ခြင်းကို သိမြင်ခဲ့၏။ ကာမဂုဏ်၏ အပြစ်ကို အမှန်အတိုင်း သိပြီး ကာမတဏှာကို ပယ်စွန့်၍ အတွင်း၌ ငြိမ်းအေးသော စိတ်ဖြင့် နေခဲ့ပြီ။

ဗုဒ္ဓဥဒါန်း

လာဘ်တကာမှာ ကင်းရောဂါ သေချာအကောင်းဆုံး။
ချမ်းသာစစ်မှန် မြတ်နိဗ္ဗာန် ကဲလွန် အမြတ်ဆုံး။
ဘေးကင်းလမ်းစဉ် ရှစ်မဂ္ဂင် ပြိုင်ယှဉ်အသာဆုံး။
(မာဂဏ္ဍီ) အသျှင်ဂေါတမ၊ (ဂါထာမှာ ပါတဲ့) ပထမ စာနှစ် ကြောင်းကို ရှေးပရိဗိုဇ်ဆရာ အဆက်ဆက်တို့ ပြောဆိုသည် ကို ကျွန်ုပ်လည်း မှတ်သားဖူးပါ၏။ အသျှင်ဂေါတမ မိန့်ဆို သော စကားသည် ကျွန်ုပ် ကြားဖူးသည်နှင့် ညီညွတ်ပါ၏။

(ဗုဒ္ဓ) မာဂဏ္ဍီ၊ သို့ဖြစ်မူ အနာကင်းခြင်းဟူသည် အဘယ် နည်း၊ နိဗ္ဗာန်ဟူသည် အဘယ်နည်း။
(မာဂဏ္ဍီ) ကိုယ်ခန္ဓာကို ပွတ်သပ်ပြလျက် 'အနာကင်းခြင်း ဟူသည် ဤသည်ပင်တည်း။ နိဗ္ဗာန်ဟူသည် ဤသည်ပင် တည်း။ ကျွန်ုပ်သည် ရောဂါမရှိ၊ ချမ်းသာပါ၏'။
(ဗုဒ္ဓ) မာဂဏ္ဍီ၊ အနာကင်းခြင်းနှင့် နိဗ္ဗာန်ဆိုသည်ကို သိနိုင်သော ပညာဉာဏ်မျက်စိ သင့်မှာ မရှိသေး။ သို့ဖြစ်၍ သူတော် ကောင်းတွေကို ဆည်းကပ်ပါဦးလော့'။

လေးလစောင့်

ဆွေးနွေးအပြီး မာဂဏ္ဍီဟာ မြတ်ဗုဒ္ဓရဲ့ တပည့်အဖြစ် ခံယူ တယ်။ ရဟန်းပြုခွင့် ပေးဖို့ လျှောက်တဲ့အခါ 'ဝါဒတစ်ပါး ရှိဖူးသူသည် ရဟန်းမပြုမီ ဗုဒ္ဓသာနာရဲ့ အဆုံးအမကို လေး လကြာ လေ့လာပြီးနောက် ကြိုက်နှစ်သက်မှသာ ရဟန်းပြု နိုင်ကြောင်း' မြတ်ဗုဒ္ဓ မိန့်တော်မူတယ်။ နောက်တော့ ရဟန်း ပြု၊ အသျှင်မာဂဏ္ဍီ ဖြစ်သွားပြီး တရား အားထုတ်၊ မကြာမီ ရဟန္တာ ဖြစ်သွားတယ်။

မှားသတဲ့

'ဘူနဟု'ဆိုတဲ့ ပါဠိဝေါဟာရကို အဓိပ္ပာယ်ယူပုံနဲ့ ပတ်သက် ပြီး ဆဋ္ဌသံဂါယနာ ဝန်ဆောင်အဖွဲ့က ရေးသားတဲ့ မဇ္ဈိမ ပဏ္ဏာသပါဠိတော်နိဿယ (စာ-၁၆၅)မှာ ဖော်ပြတဲ့ ဆုံးဖြတ် ချက်ကို နားလည်းရုံ အကျဉ်းချုပ် ဖော်ပြရရင် ..

'ဘူန (သက္ကတလို ကြူဏ)ဆိုတာ ကိုယ်ဝန်သူငယ် ဖြစ် ပြီး ဘူနဟန (ကြူဏဟန)ကို ကိုယ်ဝန်ကို ဖျက်ဆီးသူလို့ သက္ကတ ဟိန္ဒီ အင်္ဂလိပ် အဘိဓာန်တွေမှာ ဆိုတယ်။ ဒါ ကြောင့် မာဂဏ္ဍီက ဘုရားရှင်ကို ကိုယ်ဝန်ကို ဖျက်ဆီးသူ (မျိုးတုံးအောင် လုပ်သူ)လို့ ဆိုလိုတာဖြစ်တဲ့ အတွက် အဋ္ဌ ကထာရဲ့ ဖွင့်ဆိုချက် မှားတယ်'လို့ ဟားဗဒ်တက္ကသိုလ်ထုတ် ဝိသုဒ္ဓိမဂ်ကျမ်းရဲ့ နိဒါန်းမှာ ဆိုတယ်။ ဒါပေမယ့် ..

မမှားနိုင်

ဖော်ပြပါ အဘိဓာန်နဲ့ ဗြာဟ္မဏကျမ်းစာတွေနဲ့ မညီဘူးလို့ ဆိုလိုက ဆိုနိုင်ပေမယ့် .. ဘူနဟု-ပုဒ်ကို ဒွါရ ၆-ပါးလုံးမှာ သုံးထားတဲ့အပြင် မာဂဏ္ဍီ ကိုယ်တိုင်က ကျွန်ုပ်တို့ ကျမ်းဂန် မှာလည်း ဒီအတိုင်းဆိုတယ်လို့ ဝန်ခံတဲ့အတွက် 'ဘူန = ကြီး ပွားခြင်း၊ ဟန = ဖျက်ဆီးသူ'ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သင့် တယ်။ အဋ္ဌကထာ၊ ဋီကာတွေမှာ ဒီအတိုင်းပဲ ဖွင့်ဆိုတယ်။ ဘူနဟု-ပါရှိတဲ့ နေရာ အားလုံးမှာ ကိုယ်ဝန်ကို ဖျက်ဆီးသူ ဆိုတဲ့ အဓိပ္ပာယ်နဲ့ မဆီလျော်။ ဒါကြောင့် ..

ဒီလိုညှိရင်

အဆိုပါ အဘိဓာန်တွေမှာ ပါတဲ့ ကြူဏဟနနဲ့ ပါဠိဝေါဟာရ ဘူနဟု (ဘူနာန) အနက်တူ မဟုတ်ပါဘဲ အနက်တူအဖြစ် ရောထွေး သွားခြင်းလော၊ သို့မဟုတ် ပါဠိဘာသာမှာ ကြီး ပွားခြင်းဟော ဘူတ-မှ တနဲ့ န ရောထွေးသွားခြင်းလော-လို့ နိဿယ ဆရာတို့ သုံးသပ်ပါတယ်။ သီဟိုဠ် အက္ခရာမှာ တနဲ့ န ဆင်တူ ယိုးမှား သို့မဟုတ် နီးစပ်စွာ တူညီပါသတဲ့။

အင်း .. ဗုဒ္ဓကျမ်းဂန်မှာ 'လူမျိုးတုံး'ဆိုတဲ့ ဝေါဟာရ ရှိခဲ့ ရင်တောင် မြတ်စွာဘုရားရဲ့ တရားကြောင့် လူမျိုးတုံး သတ် ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး လုံးဝ မဟုတ်ပါကြောင်း။
မေ ၁၉၊ ၂ဝ၂ဝ

---

၈၁၅။ စိတ်ကူးမိရုံနဲ့

ဆရာတော် ဘုရား၊ ကာယကံ ဝစီကံ မနောကံလို့ ကံသုံးမျိုး ရှိရာမှာ မနောကံဟာ အလွန် ထိန်းရခက်ပါတယ် ဘုရား။ အ ပြင်ပန်းအရ ဟန်ဆောင်ထားနိုင်ပေမယ့် စိတ်ထဲမှာ နာနာ ကျင်ကျင် သို့မဟုတ် တပ် တပ်မက်မက် ဖြစ်မိသော အခါမျိုး ရှိပါသည်။ ထိုသို့ဖြစ်ပါက ဒုစရိုက် ဖြစ်ပါသလား။ ရဟန်းသံ ဃာတော်များ အနေနဲ့လည်း အာပတ်မှ စင်ကြယ်နိုင်ပါမည် လား အရှင်ဘုရား။
လင်းထက်အောင်

---

မနောကံ

'သူပစ္စည်းကို လိုချင်တဲ့ လောဘ၊ စိတ်ဆိုးဒေါသ၊ အယူမှား ဒိဋ္ဌိ'လို့ မနောကံ ၃-မျိုး။ သူပိုင်တာကို အချောင် ကိုယ်ပိုင် ဖြစ်စေချင်မှုသာ မနောကံ။ နည်းမှန်နဲ့ ရယူလိုခြင်း (ဥပမာ .. တောင်း၊ ငှား၊ ဝယ်)၊ အလားတူကို ပိုင်ဆိုင်လိုခြင်းတို့မှာ လောဘသာမန်၊ မနောကံ မမည်။ သေကြေ ပျက်စီးစေလိုတဲ့ အကြမ်းစား ဒေါသသာ မနောကံမည်။ သာမန် စိတ်ဆိုးရုံမျှ သည် ဒေါသသာမန်။ နိယတမိစ္ဆာဒိဋ္ဌိသာ မနောကံမည်။ အ ကြွင်းမှာ ဒိဋ္ဌိသာမန်။ (နိယတမိစ္ဆာဒိဋ္ဌိကြောင့် ဖြစ်သော) မနောကံသည် အပြစ် အကြီးဆုံး (မ၊၂၊၃၆)။ နိယတမိစ္ဆာဒိဋ္ဌိ ကံ ၃-မျိုး ရှိတယ် ..

နတ္ထိကဒိဋ္ဌိ = စေတနာ၏ အကျိုးမရှိ။ ကောင်းမှု မကောင်းမှုတို့၏ အကျိုးရင်း အကျိုးဆက် မရှိ။ ဤဘ၀ နောင်ဘဝ မရှိ။ မိဘကို ပြုစုရကျိုး မရှိ။ 'ကုသိုလ် အကုသိုလ် အ တွက် အကျိုးပေးစရာ မရှိ၊ သေရင် ပြီးတာပဲ'လို့ စွဲမြဲစွာ ယုံ ကြည်ပြီး အကျိုးကို ပယ်ခြင်း။

အဟေတုကဒိဋ္ဌိ = သတ္တဝါတို့ရဲ့ ဆူကြုံနိမ့်မြင့် ညစ်နွမ်း သန့်စင်မှုတွေ ဖြစ်ရတဲ့ အကြောင်းတရားမရှိ၊ ဒါကြောင့် အ ကျိုးတရား ဆိုတာလည်း မရှိ။

အကြိယဒိဋ္ဌိ = ကောင်းမှု မကောင်းမှုကို ပြုပေမယ့် ပြု ရာမရောက်။ ကိုယ်တိုင်ပြုသည် ဖြစ်စေ၊ သူတစ်ပါးကို ပြု ခိုင်းသည် ဖြစ်စေ ပြုရာမရောက်။ ကံ မရှိ၊ ကံရဲ့ အကျိုး မရှိ။

မနောကံအကြောင်း အဲဒီလို အကြမ်းမျှ သိပြီးရင်တော့ ဆောင်ရန်၊ ရှောင်ရန်ကို ရိပ်မိနိုင်ပါပြီ။ အဲဒီလို မြန်ဆန်လွန်း တဲ့ စိတ်ကို သီလနဲ့ ထိန်းစောင့်ဖို့၊ အဆင့်မြင့် သမာဓိနဲ့ အ ဆင့်မြင့် ပညာကို ရဖို့ဆိုရင် အဲဒီသီလ အခြေခံမှာ ရပ်တည်ဖို့ မြတ်ဗုဒ္ဓ ဟောကြားပါတယ်။

အာပတ်မသင့်

မြတ်ဗုဒ္ဓ လက်ထက်က ပုထုဇဉ် ရဟန်းတစ်ပါးဟာ ခဝါဆိပ် ကို သွားခိုက် အဖိုးတန် အဝတ်ကို မြင်မိရာမှ ခိုးယူလိုစိတ် ဖြစ်မိတဲ့အတွက် 'ငါ ပါရာဇိက ကျပြီလား'လို့ သံသယဖြစ်ပြီး မြတ်စွာဘုရားကို မေးလျှောက်တဲ့အခါ 'ခိုးယူလိုစိတ် ဖြစ်ရုံမျှ ဖြင့် အာပတ်မသင့် (အနာပတ္တိ ဘိက္ခု စိတ္တုပ္ပါဒေ)'လို့ မြတ် ဗုဒ္ဓ ဆုံးဖြတ်တော်မူပါတယ် (ဝိ၊၁၊၇၀)။ ဒီဆုံးဖြတ်ချက် ကြောင့်ပဲ 'မနော ဒွါရေ အာပတ္တိ နာမ နတ္ထိ (စိတ်တံခါး၌ အာပတ်မည်သည် မရှိ)'လို့ အဋ္ဌကထာ ဆရာမြတ်တို့ ဆိုရိုး ပြုပါတယ် (ကင်္ခါ၊ဋ္ဌ၊၁၁၂)။
ပုထုဇဉ်တို့၏ စိတ်မည်သည် ရာဂစသည်ကြောင့် ပက တိသဘောကို စွန့်၍ အမျိုးမျိုးသို့ ပြေးလွှား၏။ စိတ်ကူးမိရုံ ဖြင့် အာပတ်ကို ပညတ်မူ အာပတ်ကို ထိန်းစောင့်နိုင်မည့်သူ မရှိနိုင်ရာ။ သို့တစေ စိတ်အလိုသို့ လိုက်သူလည်း မဖြစ်သင့်။ (စိတ်ရိုင်းတို့ ဖြစ်ပေါ်လာသော်) အပြစ်ကို ဆင်ခြင်ပြီး ထို စိတ်ရိုင်းကို တားဆီးရမည် (ဝိ၊ဋ္ဌ၊၁၊၃၂၉)။ အာရုံလွှဲခြင်း ပြစ်ကို ရှုခြင်းနဲ့ ထိန်းကွပ်နိုင်ပါတယ်။
မေ ၂၀၊ ၂၀၂၀။

---

ဘဝကွေ့ဝယ်

ဘဝထိုထို လမ်းတိုတို၌ လျှပ်လိုခဏ တွေ့ကြရခိုက် မေတ္တာ့မဏ္ဍိုင် တူစိုက်ပြိုင်စို့ တတ်နိုင်သမျှ ချစ်ကြပါစို့ ဘဝလမ်းတာ တိုတောင်းစွာကို သာယာသမှု ငါတို့ပြုစို့ ညစ်ကျူမထင် စိတ်ဖြူစင်ဖြင့် များရှင်လူသူ ငါတို့ကူစို့ နိဗ္ဗူမြတ်နန်း ခေမာကမ်းသို့ တက်လမ်းပြညွှန် ခရီးမွန်ဝယ် အားသွန်ကြိုးစား ရောက်လိုအားနှင့် တရားရှာဖွေမွေ့ပါစို့။
(ငွေတာရီ)

---

၈၁၆။ မှတ်စုထဲက အဇာတသတ်

ဆရာတော် ဘုရား၊ အဇာတသတ်မင်းသည် ဖခင်ကို သတ်ပြီး နောက် ဘုရားသာသနာကို အလွန် ကြည်ညိုပြီး ပထမ သံဂါ ယနာကို တင်ခဲ့ကြောင်း သိရသော်လည်း ဤမင်းအကြောင်း ကို သာသနာဝင် ကျမ်းဂန်တို့၌ တစ်စုတစ်စည်းတည်း မဖတ် ဖူးပါ။ ဖြစ်နိုင်လျှင် အဇာတသတ်မင်းအကြောင်းကို သိလိုပါ သည် ဘုရား။ ဆရာတော် ကျန်းမာပါစေ။
ရှင်ကျော်လင်္ကာ

---

မိဘ၊ မွေးရပ်၊ မွေးချင်း

မဂဓဘုရင် ဗိမ္ဗိသာရမင်းနဲ့ ပသေနဒီ ကောသလမင်းရဲ့ နှမ တော် ဝေဒေဟီ မိဖုရား (ကောသလတိုင်းသူ ဖြစ်လို့ ကောသလာဒေဝီ လည်းခေါ်)ဟာ အဇာတသတ်ရဲ့ မိဘတွေ (ဒီ၊ဋ္ဌ၊၁၊၁၂၇)။ တိဗက်မှတ်တမ်းများအရ သူ့မိခင်ရဲ့ အမည်ကို ဝါသဝီ လို့ဆိုတယ် (Rockhill, The Life of the Buddha, p.63)။ ထေရဝါဒ ကျမ်းများအရ ဗိမ္ဗိသာရမင်း သက်တော် ၃၆ (နန်း သက် ၂၀)၊ မြတ်ဗုဒ္ဓရဲ့ သက်တော် ၄၁-နှစ်ခန့်မှာ အဇာတ သတ်ကို မွေးဖွားတယ်။ ရာဇဂြိုဟ် ထီးနန်းဟာ သူ့ဇာတိပါပဲ။

ပဒုမ၀တီရဲ့သား အဘယမင်းသား (ထေရ၊ ၂၂၅)၊ အမ္ဗပါ လီရဲ့သား ဝိမလကောဏ္ဍည (ထေရ၊ဋ္ဌ၊၁၊၁၈၃)၊ မိခင်အမည် မထင်ရှားတဲ့ သီလဝ (ထေရ၊ဋ္ဌ၊၂၊၂၁၈)၊ ဇယသေန (မ၊၃၊၁၆၉-၁၇၇)၊ သားတော် စုန္ဒနဲ့ သမီးတော် စုန္ဒီ (အံ၊၂၊၂၉)လို့ အဇာတသတ်မှာ အဖေတူ အမေကွဲ ယောက်ျား ၅-ယောက်နဲ့ မိန်းမတစ်ယောက်၊ ပေါင်း မွေးချင်း ၆-ယောက် ကျမ်းဂန် မှာ ရှာတွေ့တယ်။

နာမည်ရင်း

သူ့ကို ကိုယ်ဝန်ရှိစဉ် သူ့အမေက သူ့အဖေ့ ညာလက်မောင်း သွေးကို သောက်ချင်တာကို ပုဏ္ဏားတွေက အဖေကို သတ် မယ့်သူလို့ နိမိတ်ဖတ်လို့ မမွေးခင်ကပင် အဖေကို ရန်ပြုသူ ဆိုတဲ့ အဓိပ္ပာယ်နဲ့ 'အဇာတသတ်'လို့ တွင်ခဲ့တာ။ ငယ်နာ မည် အရင်းတော့ ဟုတ်ပုံမရ။ မိဖုရား ဝေဒေဟီက သူ့ကိုယ် ဝန်ကို ဖျက်ဖို့ ကြိုးစားခဲ့သေးပေမယ့် ဘုရင်က ခွင့်မပြု။ ကိုယ်ဝန်ကို ဖျက်ဖို့ မိဖုရား သွားခဲ့တဲ့ နေရာကို နောင်အခါ မဒ္ဒကုစ္ဆိလို့ ခေါ်တွင်တယ် (သံ၊ဋ္ဌ၊၁၊၇၃)။

ဂျိမ်းမှတ်တမ်း ဘဂဝတီသုတ်မှာ ဖော်ပြတဲ့ ကုဏိယမင်း (King Kuniya)ကို သမိုင်းဆရာတို့က အဇာတသတ်နဲ့ ထပ် တူပြုကြတယ် (Hoernle, Encyclopaedia of Religion and Ethics, Vol. i, p. 260)။ အမည်ရင်းလား ဘွဲ့အမည်လား ဆိုတာကိုတော့ မသိရ။

မင်း၊ မိဖုရား

အသက်ငယ်စဉ်မှာ မြတ်ဗုဒ္ဓကို ရန်ပြုဖို့ အကြံရှိနေတဲ့ ရှင် ဒေဝဒတ်ရဲ့ စည်းရုံးတာကို ခံလိုက်ရပြီး ဒေဝဒတ်ကို ဂယာ သီသအရပ်မှာ ကျောင်းဆောက် လှူတယ် (ဇာ၊ဋ္ဌ၊၁၊၂၀၁)။ ဒေဝဒတ်က ဗုဒ္ဓကို သတ်ဖို့ ကြံစည်ရာမှာ အကြိမ်များစွာ ကူ ညီပေးခဲ့တယ်။ နောက်ဆုံး ဒေဝဒတ် တိုက်တွန်းလို့ ဖခင်ကို သတ်ပြီး မင်းပြုတယ် (ဒီ၊ဋ္ဌ၊၁၊၁၂၆ စသည်)။ အဲဒါ ဘုရားပရိနိဗ္ဗာန် မစံမီ ၈-နှစ်ဖြစ်လို့ သူ့အသက် ၁၆-နှစ်။

သားသမီး

ဥဒယဘဒ္ဒ အမည်ရှိ သားတော် တစ်ပါး ရှိတယ် (ဒီ၊၁၊၄၇)။ စစ်ရှုံးသူ တူမောင် အဇာတသတ်ကို ဦးလေးတော် ကောသ လမင်းက သမီးတော် ဝဇိရကုမာရီနဲ့ ထိမ်းမြားပေးကြောင်း (ဇာ၊ဋ္ဌ၊၂၊၃၆၃) ဆိုပေမယ့် ဒီသားတော်ဟာ ဒီမင်းသမီးရဲ့ သားတော် ဟုတ် မဟုတ် မသေချာဘူးလို့ ထင်တယ်။

စကားမစပ် အဇာတသတ်မင်းဟာ စည်းစိမ်နဲ့ အာ ဏာယစ်မူးသူ ဖြစ်ပုံရပေမယ့် မိဖုရားဇယား သိပ်မရှုပ်တဲ့ သ ဘောရှိပြီး သူ့မှာ အခြား မိဖုရားတွေ ရှိမရှိ ရှာဖွေဆဲပါ။

နိုင်ငံရေး

(၁) အမွေကြောင့်

အဖိုးဖြစ်သူ မဟာကောသလမင်းက ကာသိရွာရဲ့ အခွန်ကို သူ့မိခင် ဝေဒေဟီကို ပေးခဲ့တယ်။ သူ့မိခင်ဟာ ခင်ပွန်းစိတ်နဲ့ ကွယ်လွန်တဲ့အခါ မောင်ဖြစ်သူ ကောသလမင်းက အဲဒီ အ ခွန်ကို ဆက်မပေးတော့ဘူး။ ဒါကြောင့် အဇာတသတ်က သူ့ ဦးလေးကို စစ်တိုက်တယ်။ အဇာတသတ် သုံးကြိမ်နိုင်တယ်။ စစ်တိုက်နည်း ကျွမ်းကျင်တဲ့ ဓနုဂ္ဂဟတိဿ မထေရ်နဲ့ အ ခြားမထေရ် တစ်ပါးတို့ ပြောဆိုနေတာကို နားထောင်မိတဲ့ ကောသလမင်းက အကြံရသွားပြီး ပြန်တိုက်ရာမှာ အဇာတသက်ကို လက်ရ ဖမ်းမိပေမယ့် ကောသလမင်းက တူတော်မောင် အဇာတသတ်ကို နောက်မလုပ်ဖို့ ဆုံးမပြီး သမီးတော် ဝဇိရကုမာရီနဲ့ လက်ထပ်ပေးတဲ့ အပြင် ကာသိမြို့ကိုလည်း ပြန်ပေးလိုက်တယ် (ဇာ၊ဋ္ဌ၊၂၊၃၆၃)။

(၂) အပြန်အလှန်

ကောသလမင်းကို သားတော် ဝိ ဘ မင်းသားက နန်းချ လုပ်ကြံတဲ့အခါ ကောသလမင်းဟာ တူတော် အဇာတသတ် ဆီက အကူအညီ တောင်းဖို့ ထွက်ပြေးလာစဉ် ရာဇဂြိုဟ်မြို့ တံခါးအနီး ကွယ်လွန်။ အဲဒါကို အဇာတသတ်ကပဲ ခမ်းနား စွာ သင်္ဂြိုဟ်ပေးခဲ့တယ် (ဇာ၊ဋ္ဌ၊၄၊၁၅၄)။

(၃) ကျူးကျော်သူ

အဇာတသတ်ဟာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် မစံခင် တစ်နှစ်ခန့်မှာ ဝဇ္ဇီတိုင်းရဲ့ မြို့တော် ဝေသာလီကို ကျူးကျော်ဖို့ စီစဉ်တယ်။ အမတ်ကြီး ဝဿကာရကို ဗုဒ္ဓထံ လွှတ်ပြီး အရိပ်အမြွက် ကားကို နားထောင်စေတယ်။ ဗုဒ္ဓထံမှ ဝဇ္ဇီတို့ လိုက်နာတဲ့ စည်းလုံး ညီညွတ်ရေး တရားကို နာရတဲ့အခါ အကင်းပါးတဲ့ ဝဿကာရဟာ ဝဇ္ဇီတို့ကို အောင်နိုင်မယ့် နည်းပရိယာယ်ကို သိသွားခဲ့တယ် (သံ၊၂၊၂၆၈)။
အဇာတသတ်ဟာ အလွန် အစွမ်းထက်တဲ့ ဆင်ကို ရယူ ပိုင်ဆိုင်လိုမှုအတွက် ဝေသာလီဘုရင် ဆေဍဂနဲ့ စစ်တိုက် ကြောင်း ဂျိမ်းမှတ်တမ်း ဘဂဝတီသုတ်မှာ ဆိုကြောင်းလည်း မှတ်သားရတယ် (Hoernle, Encyclopaedia of Religion and Ethics Vol. i, p. 260)။

(၄) မြို့တည်

နောင်အခါ မဂဓနိုင်ငံရဲ့ မြို့တော် ဖြစ်လာတဲ့ ပါဋလိပုတ် မြို့ကို အဇာတသတ် တည်ခဲ့တာ။ ယခုခေတ် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်မှာ ရှိတဲ့ ပတ္တနားမြို့ကြီးကို ရောက်ရင် လွန် ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က အဇာတသတ်မင်းရဲ့ အ ရှိန်အဝါကို သတိရစရာပါပဲ။

သူ့စရိုက်

ငယ်စဉ်က ဖခင် ဗိမ္ဗိသာရရဲ့ လက်ကိုဆွဲပြီး သူဌေးကြီး ဇောတိကရဲ့ ခမ်းနားလှတဲ့ အိမ်ကို အလည်သွားစဉ် ဒီလောက် ချမ်းသာသူရဲ့ ပစ္စည်းကို မသိမ်းဆည်းတဲ့ အတွက် သူ့ဖခင်ကို 'ငါ့ အဖေ သိပ် မိုက်တာပဲ (အန္ဓဗာလော မမ ပိတာ)'လို့ တွေး ဖူးသတဲ့။ သူမင်းဖြစ်တော့ ဇောတိကရဲ့ ပစ္စည်းကို သိမ်းဖို့ ကြိုးစားပေမယ့် ဇောတိကရဲ့ ရှေးဘုန်း ရှေးကံကို မယှဉ်နိုင် ပါဘူး (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၃၉။ ၄၄၇)။ အဇာတသတ်ကို စည်းစိမ် နဲ့ အာဏာ ယဇ်မူးသူလို့ ဆိုနိုင်တဲ့ နောက်ဖြစ်ရပ် တစ်ခုက ..

ညီအစ်ကိုဝမ်းကွဲ တော်တဲ့ သီလဝမင်းသားကို နန်းလုမှာ စိုးလို့ သတ်ဖို့ အမျိုးမျိုး ကြိုးစားတယ် (မင်းဖြစ်ပြီးမှ လုပ် တာ ဖြစ်နိုင်လို့ ဒီအချိန်မှာ ဖခင်ဗိမ္ဗိသာရ ကွယ်လွန်ပြီလို့ ဆို ဖွယ်ရှိတယ်)။ သီလဝက ဒီဘဝမှာ ရဟန္တာ မဖြစ်ဘဲ သေကို မသေတဲ့ ပုဂ္ဂိုလ်မျိုး။ ဒါကြောင့် မြတ်ဗုဒ္ဓ စေခိုင်းလို့ အရှင် မောဂ္ဂလ္လာန်က တန်ခိုးနဲ့ ဖန်ဆင်းတဲ့ဆင်နဲ့ သီလဝကို ဘုရား ဆီ ပို့ပေးတယ်။ ဘုရားရဲ့ တရားကို နာ၊ ရဟန္တာ ဖြစ်သွားတဲ့အခါ အရှင်သီလဝမထေရ်ဟာ ကောသလတိုင်းကို သွားပြီး ရှောင်နေတယ်။

အဇာတသတ်က လူလွှတ်ပြီး အရှင်မြတ်ကို သတ်ခိုင်း တယ်။ လူသတ်သမားတွေဟာ အရှင်သီလဝ ရဟန္တာရဲ့ တ ရားကို နာရပြီး အရှင်မြတ်ထံမှာ ရဟန်းပြုသွားကြတယ် (ထေရ၊ ၃ဝ၉၊ ထေရ၊ဋ္ဌ၊၂၊၂၁၈)။

ကိုယ့်စည်းစိမ် ကျတော့ .. အဇာတသတ်က ဖခင် ဗိမ္ဗိ သာရကို သတ်ပြီး မင်းပြုတဲ့အခါ ဖခင်ရဲ့ မိတ်ဆွေရင်း ဖြစ် တဲ့ ဥဇ္ဇေနီပြည့်ရှင် စဏ္ဍပဇ္ဇောတမင်းက သူ့ကို စစ်ဆင်လာ မယ်လို့ လူထုအကြား ကောလာဟလတွေ ဖြစ်ခဲ့လို့ ထိုမင်း အပေါ် မယုံကြည်နိုင်ဘူး။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတဲ့နှစ် (နန်းရ ပြီး ရှစ်နှစ်ကြာတဲ့)အထိ ရာဇဂြိုဟ်မြို့ကို အသင့် ပြင်ထားခဲ့ ပေမယ့် ထိုမင်းက အမှန်တကယ် မတိုက်ခိုက်ခဲ့ဘူးလို့ ယူဆ ရတယ် (မ၊၃၊၅၈)။

မြတ်ဗုဒ္ဓကို သွားဖူးတဲ့ ညက သံဃာတွေရဲ့ ငြိမ်းချမ်း ငြိမ်သက်ပုံကို တွေ့တဲ့အခါ သူ့သား ဥဒယဘဒ္ဒကို ရဟန်းပြု စေလိုတဲ့ ဆန္ဒ ဖြစ်တာလည်း မိမိရဲ့ နန်းစည်းစိမ် အတွက် သူ့သားအရင်းကို သံသယရှိလို့ ဖြစ်ပါသတဲ့ (ဒီ၊ဋ္ဌ၊၁၊၁၃၉)။ လွဲခဲ့သူ
အဇာတသတ်ဟာ ငယ်စဉ်အခါ ဖခင်နဲ့အတူ မြတ်ဗုဒ္ဓထံကို မကြာခဏ ရောက်ဖူးဖွယ်ရှိပေမယ့် ဒေဝဒတ်လို မိတ်ဆွေမျိုး နဲ့ ပေါင်းမိလို့ ဖခင်ကို သတ်ခဲ့မိတာ။ ဒါအတွက် သားတော် တစ်ပါးရ ပြီးနောက် နောင်တရပြီး စိတ်မချမ်းမသာ ဖြစ် တယ်။ နောက်ဆုံး ဆေးဆရာ ဇီဝကရဲ့ အကြံပြုချက်နဲ့ မြတ် ဗုဒ္ဓကို ဖူးမြှော်၊ သာမညဖလသုတ်ကို ကြားနာပြီး ဗုဒ္ဓရဲ့ တ ပည့်အဖြစ် ခံယူ။ ဒီအချိန်က သူ့မှာ သောတာပန် ဖြစ်နိုင်တဲ့ ဉာဏ်ရှိပေမယ့် ဖခင်ကို သတ်မိလို့ မဂ်ဖိုလ်နဲ့ လွဲခဲ့ရတယ် (ဒီ၊ဋ္ဌ၊၁၊၂၁၂)။

ကြည်ညိုသူ

သာမညဖလသုတ်ကို နာကြားရပြီးနောက် မြတ်စွာဘုရားနဲ့ သို့မဟုတ် တပည့် သာဝကတွေနဲ့ ကိုယ်ကျင့် တရားဆိုင်ရာ ဆွေးနွေးမှု များများ မရှိခဲ့ဘူးလို့ ယူဆရတယ်။ ရတနာ သုံးပါးကိုတော့ များစွာ ပူဇော်ခဲ့တယ် (ဒီ၊ဋ္ဌ၊၁၊၂၁၂)။ မြတ်စွာ ဘုရားကိုလည်း အလွန် ကြည်ညိုတယ်။ ဒေဝဒတ်ရဲ့ တပည့် မဏိကာရဲ့သား ဥပကအမည်ရှိသူက ဗုဒ္ဓကို မရိုမသေ ပြော ဆိုတဲ့အခါ အဇာတသတ် အလွန် စိတ်ဆိုးပြီး ငေါက်ငမ်း နှင်ထုတ်ပစ်တယ် (အံ၊၁၊၅၀၁)။

ခွင့်မလွှတ်

အဇာတသတ်ဟာ နိဂဏ္ဌ (ဂျိမ်းဝါဒီ)တွေကို အလွန် နှစ်သက် ပုံ မရ။ ဗုဒ္ဓသာဝက အရှင်မောဂ္ဂလ္လာန် ခိုးသားတွေ သတ်ခံရ တာကို စုံစမ်းတဲ့အခါ နိဂဏ္ဌတွေရဲ့ လက်ချက် ဖြစ်ကြောင်း သိရလို့ နိဂဏ္ဌ ငါးရာကို လည်ပင်းလောက် နက်တဲ့ တွင်းထဲ ထည့်ပြီး မီးရှို့ကွပ်မျက်ပစ်တယ် (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၃)။ သူ့အနေ နဲ့ အယူ မတူသူတွေကို သည်းခံနိုင်ပေမယ့် အဲဒီလို အကြမ်း ဖက်တာကိုတော့ ခွင့်မလွှတ်နိုင်တဲ့ သဘောပါပဲ။ ဒီကိစ္စမှာ တိတ္ထိတွေဆီက လာဘ်ယူတဲ့ သူ့ဦးလေးကြီး ကောသလမင်း ထက်တော့ သာတယ်။

အဲဒီလောက်

နန်းသက် ၈-နှစ် (သူ့အသက် ၂၄)မှာ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတဲ့ အခါ အမတ်တွေက မင်းကြီး ကြေကွဲပြီး ရှော့ဖြစ်မှာ စိုးလို့ ဒီအကြောင်းကို ချက်ခြင်း မပြောဘဲ ပူလောင်လာရင် သည်း ခံနိုင်ဖို့ စတုမဓုအိုးထဲမှာ စိမ်နေစေပြီးမှ ပြောသတဲ့။ ဗုဒ္ဓ ပရိ နိဗ္ဗာန် စံပြီလို့ ကြားဆဲခဏမှာ သတိမေ့ပြီး ကယောင်က တမ်း ဖြစ်သွားတယ်။ ပြီးတော့ ရာဇဂြိုဟ် အနီးဝန်းကျင်ရှိ မြတ်ဗုဒ္ဓနဲ့ ပတ်သက်တဲ့ နေရာတွေဆီ ခြေဦးတည့်ရာ သွားခဲ့ တယ် (ဒီ၊ဋ္ဌ၊၂၊၁၉၈-၉)။ ပုထုဇဉ်တွေထဲမှာ အဇာတသတ်ဟာ ဗုဒ္ဓကို အကြည်ညိုဆုံး ဖြစ်ကြောင်း သိကြားမင်းတောင် ချီး မွမ်းရသူ (ဒီ၊ဋ္ဌ၊၂၊၂၀၂)။

စေတီတည်

မြတ်ဗုဒ္ဓရဲ့ ဓာတ်တော် ဝေစုရဖို့ စစ်တပ် စေလွှတ်တယ်။ ရရှိ တဲ့ ဓာတ်တော်ဝေစုကို ရာဇဂြိုဟ်မှာ စေတီတည်ပြီး ဌပနာ တဲ့အပြင်၊ ဓာတ်တော်တွေရဲ့ အနာဂတ် အန္တရာယ်ကို မြင် တော်မူတဲ့ အရှင်မဟာကဿပရဲ့ အကြံပြုချက်အရ ရဟန္တာ တွေရဲ့ အကူညီနဲ့ ရာမရွာရှိ ဓာတ်တော်မှ တစ်ပါး အခြား တိုင်းပြည်က ဓာတ်တော် အားလုံးကိုပါ ရယူစေပြီး သူ့စေတီ မှာ ဌပနာခဲ့တယ် (ဒီ၊ဋ္ဌ၊၂၊၂၀၃)။

သံဂါယနာ

ပထမသံဂါယနာ တင်နိုင်အောင် အစွမ်းကုန် ကူညီခဲ့တယ် (ဝိ၊ဋ္ဌ၊၁၊၉)။ နှောင်းခေတ် မြန်မာ သာသနာဝင် ကျမ်းတွေမှာ ပထမသံဂါယနာ အပြီးမှာ အရှင်မဟာကဿပနဲ့ အဇာတ သတ်မင်းတို့ တိုင်ပင်ပြီး သက္ကရာဇ်ဖြို၊ ဘုရား ပရိနိဗ္ဗာန်စံ နှစ်ကို ပထမ ၁-နှစ်လို့ သတ်မှတ်ပြီး ကောဇာနှင့် သာသနာ နှစ်ကို ညီအောင်ပြုခဲ့ကြောင်း ဆိုကြပေမယ့် ဒီပဝံသမဟာဝံသနဲ့ အဋ္ဌကထာ၊ ဋီကာတွေမှာ မတွေ့မိ။

သာသနာလင်္ကာရစာတမ်း (စာ၊ ၁၃)မှာ နဝစန္ဒေကိန်း ကို အကုန်ချေကြောင်း သာရတ္ထဒီပနီဋီကာကို ကိုးကားပေ မယ့် ထိုဋီကာမှာ ရှာမတွေ့။ ရှေးဦးဗုဒ္ဓဝင်ဖြစ်တဲ့ တထာဂတဥဒါနဒီပနီကျမ်းမှာလည်း သက္ကရာဇ်ဖြိုကြောင်း မဖော်ပြ။

ကံကုန်၊ တမလွန်

ဖခင်ဗိမ္ဗိသာရ ကွယ်လွန်တဲ့နေ့မှာ အဇာတသတ်လည်း သား တော် ဥဒယဘဒ္ဒကို မွေးဖွားတယ်။ ဒီသားကပဲ အဇာတသတ် ကို လုပ်ကြံတယ် (ဒီ၊ဋ္ဌ၊၁၊၁၃၉)။ အဇာတသတ်ဟာ ၃၂-နှစ် နန်းစံတယ်ဆိုလို့ (မဟာဝံသ ၂:၃၁) သူ့သား အသက် ၂၄-မှာ သူ လုပ်ကြံခံရတာ ဖြစ်ဖွယ်ရှိတယ်။

သေလွန်ပြီးနောက် လောလကုမ္ဘီ ငရဲမှာ ဖြစ်တယ်။ ဒီငရဲ မှာ နှစ်ပေါင်း သုံးသောင်း ခံရပြီးနောက် ဝိဇိတာဝီအမည်ရှိ ပစ္စေကဗုဒ္ဓ အဖြစ်နဲ့ ကျွတ်တမ်းဝင်မယ် (ဒီ၊ဋ္ဌ၊၁၊၁၃၈)။
မေ ၂၇၊ ၂ဝ၂ဝ။

---

၈၁၇။ ကဝိမျက်မှန် ပြန်ပြင်မှ

ဆရာတော် ဘုရား၊ တပည့်တော်ရဲ့ သားတွေက သူ့အဖွား ရှိစဉ်က သင်ပေးထားလို့ သရဏဂုံ၊ ငါးပါးသီလ၊ ဘုရားဂုဏ်တော်တွေက နှုတ်ကျိုးနေပြီ ဘုရား။ အဲဒါကို အွန်လိုင်း မိတ်ဆွေ ဘုန်းဘုန်း တစ်ပါးက အချို့ မှားနေလို့ ပြင်ခိုင်းတာကို ခင်းပွန်းက အဓိပ္ပာယ်ကို နားလည်ရင် ပြီးတာပဲ၊ အရေးမကြီးတဲ့ အမှားပါဆိုပြီး သူ့အမေ သင်ပေးခဲ့တဲ့ အတိုင်းထားဖို့ ပြောပါတယ်။ သားလေးတွေ ဘုရားစာကို ငြီးငွေ့သွားမှာလည်း စိုးရိမ်တယ် ဘုရား။

သင်းချယ်ရီ

---

ဗဟာဒူး

ငယ်စဉ်အခါ အိပ်ရာ မဝင်ခင်မှာ ဖခင် သင်ပေးလို့ မင်္ဂလသုတ်ကို ရဖူးတယ်။ ဘုန်းကြီးကျောင်းကို ရောက်ခိုက် ဘုန်းကြီးက ဆိုခိုင်းတော့ .. ""ရန်းမင်္ဂလံ ဒွါဒသဟိ ... ဗာဒူး ဒေဝါ နုဿာ စ""။ ဘုန်းကြီးက ရယ်ပြီး မောင်ရင့် မင်္ဂလသုတ်မှာ ဗဟာဒူးလည်း ပါသကွဲ့တဲ့။ (အဲတုန်းက ရေဒီယိုက အသံလွှင့်လို့ တောမှာ ဘောလုံးသမား ဗဟာဒူး နာမည်ကို သိကြတယ်။) ကိုရင်ဝတ်ပြီးမှ ပြင်ချင်စိတ်နဲ့ တဖြည်းဖြည်း ပြန်ပြင်ယူခဲ့ရတယ်။ တသက်လုံး ဗဟာဒူး ဖြစ်မနေသင့်ဘူးလေ။

ကဝိမျက်မှန်

ကဝိဆိုတာ ပညာရှိ။ မေတ္တသုတ်မှာ ... 'သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဗော ကုလေသွ နနုဂိဒ္ဓေါ'လို့ ဆဋ္ဌမူ ပါဠိမှန်ရှိလျက်နဲ့ အချို့က ယနေ့ထိ ""သန္တိန္ဒြိယော စ နိပကော စ အပ္ပဂတ္တော""မှာ ရပ်ပြီး ""ကုလေသွ နနုဂိဒ္ဓေါ၊ န စ ခုဒ္ဒ မာစရေ ကိဉ္စိ""လို့ အလွဲအတိုင်း ပရိတ်ရွတ်နေတာကို 'အဲဒါ ကဝိမျက်မှန် ကွဲလို့ ဖြစ်ရတာ'လို့ ရွှေဟင်္သာတောရတိုက်မှာ နေစဉ်က ဆရာဘုန်းကြီး မိန့်ဖူးတယ်။ ကဝိမျက်မှန် ပုံနှိပ်တိုက်က ထုတ်တဲ့ ဆယ်စောင်တွဲ စာအုပ်ရဲ့ ပုံနှိပ်အမှား ဖြစ်ပါသတဲ့။ အဲဒီ ကဝိမျက်မှန် အမှားကို ပြန်မပြင်သင့်ဘူးလား။

ပြင်ရမယ်

အင်္ဂုတ္တရနိကာယ်လာ သာသနာ ကွယ်ကြောင်းတရား ၁၅-မျိုးထဲမှာ တစ်ခုက ... 'အဓိပ္ပာယ်မှန်ကို မဖော်ပြနိုင်သော ပုဒ်ဗျည်းတို့ဖြင့် ပါဠိကို သင်ကြားကုန်၏။ မမှန်သော ပုဒ်ဗျည်းတို့ဖြင့် သင်ယူထားသော ပါဠိ၏ အဓိပ္ပာယ်ကို နားမလည်နိုင်။ ဤသည်မှာ သာသနာကွယ်ရန် အကြောင်းတရား (တစ်ခု) ဖြစ်၏ (အံ၊၂၊၁၅၇)'။ ဒါကြောင့် ပုဒ်ပါဌ် မှန်အောင် သင်ယူဖို့ လိုကိုလိုတယ်။

ပုဒ်ပါဌ်မမှန်ရင် အဓိပ္ပာယ်လွဲမှာပဲ။ ဥပမာ .. ဗုဒ္ဓံ သာဏံ ဂစ္ဆာမိ။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သာဏံ၊ လျှော်ကြမ်းဟူ၍။ ဂစ္ဆာမိ၊ သိမှတ်ပါ၏။ နားလည်ရင် ပြီးတာပဲ ဆိုပြီး ဒါမျိုးကို မပြင်ဘဲ ထားသင့်ပါသလား။

ပြည်ပမှာ

ပြည်ပမှာ ကြီးပြင်းကြရတဲ့ မြန်မာကလေးတွေ အများစုမှာ ကျောင်းစာအပြင် သင်တန်းအမျိုးမျိုးတွေ ရှိကြလို့ မြန်မာစာသင်ဖို့ဆီ မရောက်နိုင်ကြဘူး။ ဒါကြောင့် အင်္ဂလိပ်အက္ခရာနဲ့ ရေးထားတဲ့ ပါဠိစာအုပ်နဲ့ပဲ သင်ရတယ်။ အသံထွက်တော့လည်း အင်္ဂလိပ်လိုပဲ ထွက်ရတယ်။ ပါဠိတတ်ကျွမ်းတဲ့ အင်္ဂလိပ်တွေ မြန်မာလို အသံမထွက်ပါဘူး။ သူ့တို့မှာ အများလက်ခံနိုင်တဲ့ နည်းစနစ် ရှိတယ်။ အင်္ဂလိပ်က သူ့ကလေးကို ဗမာအသံထွက်နဲ့ ဘယ်လောက်အထိ သင်ပေးနိုင်မလဲ။ သူ့ကလေး ကြီးလာတော့ အင်္ဂလိပ်လိုပဲ ဖတ်ရမှာပါ။

နိုင်ငံခြားသားအချို့ မြန်မာသီချင်း ဆိုပြသလို လူကြိုက်အောင် အပျော်တမ်း လုပ်ပြတဲ့ အဆင့်လောက်ပဲ ရှိမှာပါ။

အဖြေ

အင်း .. ဒါလောက်ဆို ဘုန်းကြီးရဲ့ အာဘော်ကို ရိပ်မိလောက်ပါပြီ။ ဒါပေမယ့် ပြင်ခြင်း မပြင်ခြင်းဆိုတာတော့ မိမိရဲ့ ရွေးချယ်မှုပဲ ဖြစ်သင့်ပါတယ်။

ဇွန် ၅၊ ၂ဝ၂ဝ။

---

မှတ်ချက်များ

'အဟံ ဘန်းဒေ' 'တိသယေန' 'ဓမန်း သဏံ' 'အဒိန္န ဒါနာ'တို့လို ခေါက်ရိုး ကျိုးအောင် မှားနေပြီးသားကို ပြင်ရတာ အတော် ခက်တယ် ဆရာဘုရား။

အရှင်ကုသလ (ဘန်ကောက်)

---

၈၁၈။ လူ့ဘဝစဖြစ်ပုံ

ဆရာတော် ဘုရား၊ လူ့ဘ၀ ဘာကြောင့် ဘယ်လို စပြီးဖြစ်လာတယ် ဆိုတာကို သိလိုပါသည်။ ဒီလူ့ဘဝမှာ သန္ဓေသား ကြီးထွား ဖြစ်ပေါ်ပုံကို မြတ်စွာဘုရား ဘယ်လို ဟောကြားခဲ့ပါသလဲ ဘုရား။

အောင်ဆန်းဦး (Phoenix)

---

ဖြေတရား

ထာဝရ တည်မြဲနေတယ်ဆိုတဲ့ ဘုရားကို အခြေပြု တည်ဆောက်တဲ့ ယုံကြည်မှုကို အဓိက ငြင်းပယ်တဲ့ အုပ်စုက လူဟာ သေရင် ဒီဘဝ ပိုင်ဆိုင်မှုတွေကို စွန့်ခဲ့ရမှာ ကြောက်လို့ နောက်ဘဝကို မျှော်လင့်တာလို့ ဆိုတယ်။ သူတို့က 'ဒီဘဝမှာ ချမ်းသာအောင်လုပ်၊ ကျေနပ်အောင်နေ၊ သူတစ်ပါးကို မထိခိုက်နဲ့၊ နောင်ဘဝအတွက် မလိုဘူး'တဲ့။

ဒါဖြင့်ရင် သူတို့ရော သေမှာကို မကြောက်ကြဘူးလား။ လက်ရှိဘဝကို စွဲလန်းပြီး ကြောက်စိတ်နဲ့ ဒီလို အကြောက်ဖြေ အတွေးမျိုး ဖြစ်နေရတာလို့ရော မဆိုနိုင်ဘူးလား။

ဘာကြောင့်

မငြင်းပါနဲ့ .. လူတိုင်း လက်ရှိဘဝကို တပ်မက်တာချည်းပဲ။ ကံကံရဲ့အကျိုးနဲ့ ဘဝသံသရာကို ယုံကြည်တဲ့ ဗုဒ္ဓဝါဒီတွေရဲ့ ခြားနားချက်က ဒီဘဝရဲ့ ကောင်းမှုကြောင့် နောက်ဘဝ ကောင်းကျိုးကို မျှော်လင့်သလို မကောင်းမှုကြောင့် ရရှိမယ့် ဆိုးကျိုးတွေကိုလည်း ကြောက်တဲ့ အတွက် မကောင်းတာကို ရှောင်ပြီး ကောင်းတာကို လုပ်ဖို့ ကြိုးစားခြင်းပါပဲ။ ဗုဒ္ဓဝါဒီတို့ အရ ""ချမ်းသာဖို့ ကျေနပ်နိုင်ဖို့"" ဒီဘဝမှာ လုပ်ဖြစ်သွားတဲ့ အဆိုးအကောင်း နှစ်မျိုးသော အလုပ်တွေဟာ နောင်ဘဝသစ်ကို ဖြစ်စေတဲ့ တွန်းအားပါပဲ။

ဘယ်လို

တစ်သက်လုံး ကိုယ်လုပ်ထားတာတွေ တပြုံကြီး သေခါနီး စိတ်အာရုံမှာ ထင်လာတယ်။ ရရှိဦးမယ့် ဘဝသစ်ရဲ့ အရိပ်အယောင်တွေကိုလည်း တွေ့နေရတယ်။ ဘဝကို တပ်မက်ခြင်း (ထိုပုဂ္ဂိုလ်တို့ ပြောတဲ့ ချမ်းသာအောင် လုပ်ချင်၊ ကျေနပ်အောင် နေချင်ခြင်းတွေ)က အဲဒီထင်လာတဲ့ အာရုံတွေကို စွဲနေတယ်။ ဖျောက်ပစ်လို့ကို မရနိုင်ဘူး။ ညနေချမ်းမှာ တောရိပ် တောင်ရိပ်တွေ မြေပြင်ပေါ် ဖြန့်ပြီး ဖုံးလွှမ်းထားသလို အဲဒီ အာရုံနိမိတ်တွေက သေခါနီး စိတ်အာရုံကို လွှမ်းမိုးကြီးစိုးနေတယ်။

ဘဝသစ်

ယခုဘဝရဲ့ နောက်ဆုံး သိစိတ် (သေစိတ် = စုတိစိတ်) ဖြစ်တာနဲ့ စွဲမြဲနေတဲ့ အဲဒီလွှမ်းမိုးဆဲ အာရုံနဲ့ပဲ ဘဝသစ်မှာ တည်မှီရာ ရုပ်နှင့်တကွ ပဋိသန္ဓေစိတ် ဖြစ်တယ်။ ဒါဟာ ဘဝသစ်ပဲ။ ဒီဘဝသစ် ဖြစ်သွားရတာဟာ ကိုယ်လုပ်ထားတဲ့ အလုပ်တွေရဲ့ တွန်းအားနဲ့ ဘဝဆက်ရှိဖို့ ပြင်းပြစွာ စွဲလန်းမှုတို့ကြောင့်ပါပဲ။ ရှင်တော် ဗုဒ္ဓက တရားဦး ဓမ္မစကြာဒေသနာမှာ 'ပေါနောဗ္ဘဝိကာ = တပ်မက်မှုဟာ ဘဝသစ်ကို ဖြစ်စေတယ်'လို့ ဟောညွှန်ပါတယ်။ တမလွန်ဘဝကို ဗုဒ္ဓဘုရား ဟောကြားကြောင်း ဒီစာအရ သိနိုင်တယ်။

သန္ဓေဦး

ဗုဒ္ဓအဘိဓမ္မာအရ အလုပ်ရဲ့ သတ္တိနဲ့ အစွဲကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိသန္ဓေစိတ်ရဲ့ တည်မှီရာရုပ်မှာ ရုပ်ကလာပ် သုံးစည်း (ရုပ်ပေါင်းသုံးဆယ်) ပါတယ်။ 'ကလလရေကြည်'ဆိုတာ အဲဒါ ပါပဲ။ ပကတိမျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်တယ်။ အဲဒါလောက် သေးငယ်တဲ့ အနေအထားကနေ တဖြည်းဖြည်း ကြီးပွားလာပုံကို ရှင်တော် ဗုဒ္ဓက..
ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။
အဗ္ဗဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတေ ဃနော။
ဃနာ ပသာခါ ဇာယန္တိ၊ ကေသာ လောမာ နခါပိစ။ (သံ၊၁၊၂ဝ၈)

ကလလမည် ထိုရေကြည် ဖြစ်တည် စဦးတည်း။
အမြှုပ် သားတစ် မာခဲကျစ် ဆက်၍ ဖြစ်သတည်း။
ခက်မငါးဖြာ မွှေးဆံပါ စုံလာ ခြေလက်သည်း"။

လူတွေမှာ သန္ဓေဦး အချိန်ကနေ ရက်သတ္တ တစ်ပတ်ခန့်စီ အတွင်း အဲဒီလို တိုးတက် ဖြစ်ပေါ်တယ်။ ခက်မငါးဖြာ ဖြစ်ချိန်နဲ့ ဆံပင် မွှေညှင်း ခြေသည်း လက်သည်းတွေ ပေါက်လာချိန်ကြားမှာ ရက်သတ္တပတ်တွေ ခြားတယ်။ ၄၂-ပတ်ခန့် အကြာ သန္ဓေသား ရင့်မှ ဆံပင် မွှေညှင်းတို့ ပေါက်လာတယ်လို့ အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၂၇၅)မှာ မိန့်ပါတယ်။

ဒါလည်း တိရိစ္ဆာန်တွေနဲ့တော့ ကြီးထွားပုံ အချိန်ကာလ မတူနိုင်ဘူး။ ဖိုမျိုးဥနဲ့ မမျိုးဥ ပေါင်းစပ်ပြီးချိန်ကို ကလလ ရေကြည် ခေါ်တယ်လို့ ဘုန်းကြီး ယူဆပါတယ်။ ဒီအချိန်ဟာ လူသား သက်ရှိပဲဖြစ်လို့ ဆက်လက် မကြီးပွားအောင်၊ မရှင်သန်အောင် စေတနာနဲ့ လုပ်ခဲ့ရင် လူသတ်မှုကံ ထိုက်တယ်။ အဖြေ လုံလောက်ပါပြီ။

ဇွန် ၁၁၊ ၂၀၂၀။

---

အစမထင်

ဧဝံ ကမ္မေ ဝိပါကေ စ၊ ဝတ္တမာနေ သဟေတုကေ။ ဗီဇရုက္ခာဒိကာနံဝ၊ ပုဗ္ဗာ ကောဋိ န နာယတိ။
ဗီဇရုက္ခာဒိကာနံ၊ မျိုးစေ့... သစ်ပင်စသည်တို့၏။ ပုဗ္ဗာ ကောဋိ၊ ရှေးအစွန်းကို။ န နာယတိ ဣဝ၊ မသိအပ် (မသိနိုင်)သကဲ့သို့။ ဧဝံ = တထာ၊ ထိုအတူ။ သဟေတုကေ၊ အကြောင်းနှင့်တကွ။ ပဝတ္တမာနေ၊ ဖြစ်သော။ ကမ္မေ စ၊ ကံ၌လည်းကောင်း။ ဝိပါကေ စ၊ ဝိပါက်၌လည်းကောင်း။ ပုဗ္ဗာ ကောဋိ၊ ရှေးအစွန်းကို။ န နာယတိ၊ မသိအပ်။
(ဝိသုဒ္ဓိ၊၂၊၂၃၇)

---

၈၁၉။ တရားဦးနှင့် ပတ်သက်သူများ

အရှင်ဘုရား၊ ဟေမဝတနတ်နဲ့ သာတာဂိရနတ်တို့လည်း ဓမ္မစကြာသုတ်ကို နာရတယ်လို့ ကြားဖူးပါတယ်။ အဘယ်ကြောင့် ပဉ္စဝဂ္ဂီ ရဟန်းတွေကိုပဲ တရားဦးနာရသူလို့ ဆိုပါသလဲ ဘုရား။ ဟေမဝတသုတ်နှင့် အနတ္တလက္ခဏသုတ် ဘယ်သုတ်ကို အရင် ဟောကြားပါသလဲ ဘုရား။

ဆရာလေး စန္ဒာသိင်္ဂီ (နယူးယောက်)

---

မိတ်ဆွေတွေ

နတ်ဘီလူးမင်း (ယက္ခရာဇာ) မိတ်ဆွေ နှစ်ဦး ရှိဖူးတယ်။ တစ်ဦးက ပုဂ္ဂိုလ်ထူးတွေ ထွန်းကားတဲ့ မဇ္ဈိမဒေသ အလယ်ပိုင်းက သာတတောင်မှာ နေလို့ သာတာဂိရ၊ နောက်တစ်ဦးက နက်ရှိုင်းတဲ့ ဟိမဝန္တာတောမှာ နေလို့ ဟေမဝတ ခေါ်တယ်။ တန်ခိုးကြီး၊ အခြွေအရံ များပြီး သက်တမ်းရှည်တဲ့ ဘုမ္မစိုးနတ်မျိုးပေါ့။ မိမိတို့နေတဲ့ အရပ်မှာ ထူးခြားဖြစ်ရပ်ရှိရင် ပြောကြားဖို့ သူတို့ အချင်းချင်း ကတိရှိကြတယ်။

ငလျင်လှုပ်ခြင်း စတဲ့ ထူးခြားဖြစ်ရပ် ၃၂-မျိုးဟာ မြတ်ဗုဒ္ဓ မိဂဒါဝုန်မှာ ဓမ္မစကြာတရားကို ဟောကြားလို့ ဖြစ်ပေါ်ရကြောင်းကို သာတာဂိရနတ်က ဦးစွာသိခဲ့တယ်။ ဒါကြောင့် အခြွေအရံတွေနဲ့ အတူ မိဂဒါဝုန်သို့ ရောက်လာပြီး တရားဦးကို ဝင်ရောက် နာယူတယ်။ ဒါပေမယ့် ..

ဟေမဝတသုတ်

သူ့မိတ်ဆွေကို မတွေ့တာနဲ့ ကတိအတိုင်း အသိပေးချင်လွန်းလို့ တရားမပြီးဆုံးခင် ပရိသတ်ထဲက ထွက်ပြီး မိတ်ဆွေ ဟေမဝတဆီကို လာခဲ့တယ်။ ဟေမဝတလည်း ဟိမဝန္တာအတွင်း အခါမဲ့ ပန်းမျိုးစုံ ပွင့်နေပုံကို မိတ်ဆွေ သာတာဂိရကို အသိပေးဖို့အလာ လမ်းမှာ ဆုံကြတယ်။ မြတ်ဗုဒ္ဓ ဓမ္မစကြာတရားကို ဟောကြားလို့ ထိုသို့ ထူးခြားမှုတွေ ဖြစ်ရကြောင်း သာတာဂိရက ပြောပြတယ်။ ဗုဒ္ဓဂုဏ်ကို ဆွေးနွေးပြီး သူတို့နှစ်ဦး ဘုရားထံ ရောက်လာ၊ သိလိုတာကို မေးမြန်း၊ ဘုရားက ဖြေတာ 'ဟေမဝတ သုတ္တန်' ဖြစ်လာတယ်။

တစ်ဆင့်ကြားနဲ့

ကိုယ်ဝန် အရင့်အမာ ရှိနေတဲ့ ရာဇဂြိုဟ်မြို့သူ ကာဠိ အမည်ရှိ အမျိုးသမီးဟာ ထိုညက အိမ်အပေါ်ထပ် လေသာပြတင်းကိုဖွင့်ပြီး လေညှင်းခံနေစဉ် ထိုနတ်ဘီလူး နှစ်ဦးရဲ့ ဘုရားဂုဏ်နဲ့ ပတ်သက်တဲ့ ပြောဆိုပုံကို ကြားရပြီး 'ဘုရားဆိုတာ အဲဒီလို ပုဂ္ဂိုလ်ပဲ'လို့ ဆင်ခြင်ရင်း သောတာပန် တည်တယ်။ သူဟာ လူအမျိုးသမီးထဲမှာ ပထမဆုံး အသိ ဦးသူပါပဲ။ သူ့ကို တစ်ဆင့်ကြားနဲ့ ကြည်ညိုသူတွင် အသာဆုံး(ဧတဒဂ်)အဖြစ် နောင်အခါ ရှင်တော်ဗုဒ္ဓ ချီးမွမ်းခဲ့တယ် (အံ၊၁၊၂၈)။

တစ်ထိုင်တည်း

နတ်ဘီလူး နှစ်ဦး ဘုရားထံ ရောက်တော့ ညသန်းခေါင်ချိန်။ မြတ်စွာဘုရား ဓမ္မစကြာကို ဟောပြီးစ၊ တင်ပလ္လင်ခွေတောင် မဖျက်ရသေးဘူး။ ကဿပဘုရားရှင် လက်ထက်က ပညာရှင် ဝိနည်းဓိုရ် ရဟန်းတွေ ဖြစ်ခဲ့ကြပြီး မသင့်လျော်တဲ့ အပြုအမူကြောင့် နတ်ဘီလူး ဖြစ်နေကြရတဲ့ ၎င်းတို့ နှစ်ဦးအနက် ဟေမဝတရဲ့ အမေးနဲ့ ရှင်တော်ဗုဒ္ဓရဲ့ အဖြေကို ဟေမဝတသုတ်(သုတ္တနိ၊၃၀၂)မှာ မှတ်တမ်း တင်ထားပြီး အကျယ်ကို ယင်းအဖွင့် (သုတ္တနိ၊ဋ္ဌ၊၁၊၁၉၂)မှာ လေ့လာနိုင်တယ် ..

(ဟေမဝတ မေး) အဘယ်ရှိက သည်လောက ဖြစ်ရပါသနည်း။
(မြတ်ဗုဒ္ဓ ဖြေ) ခြောက်ပါးရှိက သည်လောက ဖြစ်ရပါလေသည်။

အတွင်းအာယတန ခြောက်ပါး (မျက်စိ နား နှာ လျှာ ကိုယ်စိတ်)၊ အပြင်အာယတန ခြောက်ပါး (အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောအာရုံ) ရှိရင် လောကလို့ ခေါ်တဲ့ သတ္တဝါ ဖြစ်ရကြောင်း .. စသည်။

ဟေမဝတအဓိဋ္ဌာန်

ဟေမဝတသုတ်ကို နာယူအပြီးမှာ ၎င်းတို့ နှစ်ဦးနဲ့ အခြွေအရံတွေပါ သောတာပန် တည်ကြပြီး ဘုရားကိုရော တရားကိုပါ အလွန် ကြည်ညိုသွားတဲ့ အတွက် ဟေမဝတ ဆိုပုံက

တေ မယံ ဝိစရိဿာမ၊ ဂါမာ ဂါမီ နဂါ နဂံ။
နမဿမာနာ သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။
အရပ်တိုင်းတွင် တို့ချစ်ရှင် တို့ပင်ချီးမွမ်းမည်။
မြတ်ရှင့်တရား ပူဇော်ပွား တို့များလှည့်လည်မည်။

အဖြေ

အထက်ပါ ဖြစ်စဉ်ကို ကြည့်ရင် ... သာတာဂိရနဲ့ ဟေမဝတတို့ဟာ ပဉ္စဝဂ္ဂီငါးဦးကို ဟောကြားတဲ့ ဓမ္မစကြာတရားကို အကြောင်းပြုပြီးမှ ဓမ္မစကြာရဲ့ တစ်စိတ် တစ်ဒေသမျှကို နာရသူတွေ ဖြစ်ကြောင်းနဲ့၊ ဓမ္မစကြာသုတ်ကို ဟောပြီးစ၊ ဝါဆိုလပြည့်ည သန်းခေါင်မှာပဲ ဟေမဝတသုတ်ကို ဟောကြားကြောင်း တွေ့နိုင်တယ်။ အနတ္တလက္ခဏသုတ်ကို ဝါဆိုလပြည့်ကျော် ၅-ရက်နေ့ ကျမှ ဟောတယ်။

ဇွန် ၂၃၊ ၂ဝ၂ဝ။

---

မှတ်ချက်များ

ဓမ္မစကြာသုတ်ကို နာယူကြတဲ့ နတ်တွေ ဗြဟ္မာတွေဟာ ကုဋေ ကုဋာချီပြီး များပြားကြောင်း ဆိုပါတယ်။ အချို့က အစမှ အဆုံးထိ နာယူကြရဖွယ်ရှိပြီး အချို့ကတော့ ဟေမဝတ သာတာဂိရိတို့လို တစ်ဆင့်ကြားနဲ့ လိုက်လာကြပြီး တစ်ပိုင်း တစ်စမျှ နာယူကြရဖွယ် ရှိပါတယ်။ ဒါပေမယ့် လူသား အနေနဲ့တော့ ပဉ္စဝဂ္ဂီငါးဦးပဲ တရားဦးနာရသူ ဖြစ်နိုင်ပါလိမ့်မယ်။

အရှင်ကုသလ (ဘန်ကောက်)

မာန်လျှော့
ငါသာငါ့ပြင် ငါမမြင်ဟု တုရင်တစ်ဆူ ပြုမိမူ ထိုသူ
သူ့အောက် နေ့ချင်းရောက်လိမ့်။ (ရွှေကျင်ဆရာတော်)

---

၈၂၀။ အနှစ်ပြည့် အမျှဝေလင်္ကာ

ဆရာတော် ဘုရား၊ သတ္တာဝါသ၊ ဘုံကိုးဝနဲ့၊ ဝိညာဏဌိတိ၊ တည်ရှိခုနစ်ပါး'ဆိုတဲ့ နေရာမှာ 'ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ' ဆိုတာကို သိလိုပါသည် ဘုရား။

Dr. တင်မာထွန်း (NY)

---

ဘာကြောင့်

'ဤသို့ပြုရ'အစချီတဲ့ ရှေးဟောင်း ရေစက်ချထဲက စာသားပါ။ ဒီရေစက်ချမှာ ဘုရားဟော ... သုတ္တန်လာ လေးနက်တဲ့ အဓိပ္ပာယ်တွေပါလို့ ဘုန်းကြီးတော့ ဒီရေစက်ချကိုပဲ အသုံးပြုပါတယ်။ လေးနက်တဲ့အတွက် အဓိပ္ပာယ်ကို ရေးပြဖို့ လိုမယ်ထင်လို့ အထက်ပါ ခေါင်းစဉ်နဲ့ အဖြေတစ်ခု ဖန်တီးပါတယ်။

စာကိုယ်

ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင်းမိုရ်တောင် ဦးမကကျူးသား ကျေးဇူးအရှင် မွေးမိခင်နှင့် ဘခင်တို့အား ရငြားပါစေ အမျှဝေ၏။ မသွေနိစ္စ ဤကာယကို စောင့်ထပေတတ် ကိုယ်စောင့်နတ်လည်း မလပ်စေရ ပေးဝေငှ၏။ မိတ္တဆွေဉာ ဆရာသမား ဘိုးဘွားကစ ယမရာဇာ ဒေဝါယက္ခ ဣန္ဒဘုမ္မာ အာကာသနတ် အထူးမှတ်၍ အမြတ်ပုည ကုသလကို ရကြပါစေ အမျှဝေ၏။
သဗ္ဗေသတ္တာ သတ္တဝါဟု နာနာလောက အနန္တတွင် မပြတ်စဉ်ကာ သတ္တာဝါသ ဘုံကိုးဝနှင့် ဝိညာဏဌိတိ တည်ရှိခုနစ်ပါး များစွာလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျအား အမျှကုသိုလ် ပေးဝေလို၏။

ထိုကုသလ ဤပုညကို အမျှရကြသည် ဖြစ်စေသော်။ ဝသုန္ဒြေ ဤမြေပံသု သိလာထုလည်း သက်သေအမှု တည်စေသော်။
အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူ တော်မူ ကြပါကုန်လော့။ သာဓု သာဓု သာဓု။

ခက်ဆစ်

မသွေနိစ္စ = အမြဲမပြတ်၊ မလပ်စေရ = ချန်မထားဘဲ၊ မိတ္တ = မိတ်ဆွေ၊ ဆွေဉာ = ဆွေမျိုး၊ ယမရာဇာ = ယမမင်း၊ ဒေဝါ ယက္ခ (ယက္ခဒေဝါ) = နတ်ဘီလူးများ (တစ်နည်း ဒေဝါ = နတ်ဗြဟ္မာ၊ ယက္ခ = ဘီလူး)၊ ဣန္ဒ = သိကြား၊ ဘုမ္မာ = ကမ္ဘာမြေပေါ်မှာ နေတဲ့နတ် (ဘုမ္မစိုး၊ ရုက္ခစိုး)၊ အာကာသနတ် = အာကာသမှာ နေတဲ့နတ် (နတ်ပြည် ၆-ထပ်၊ ဗြဟ္မာ ၂၀)၊ သဗ္ဗေ သတ္တာ = သတ္တဝါ အားလုံး၊

နာနာလောက = ဘဝအမျိုးမျိုး၊ အနန္တ = အဆုံးမဲ့၊ မပြတ်စဉ်ကာ = ဖြစ်စဉ် မပြတ်ဘဲ၊ သတ္တာဝါသ (သတ္တာလို့ ရေးချသံနဲ့ဖတ်) = သတ္တဝါတို့ရဲ့ နေရာ၊ ဘုံကိုးဝ = ဘုံ ၉-မျိုး၊ ဝိညာဏဌိတိ = ပဋိသန္ဓေဝိညာဏ်စိတ် ဖြစ်တည်ရာဌာန၊ ဝသုန္ဒြေ = မြေကြီး၊ ပံသု = မြေကြီး၊ သိလာ = မြေကြီး။

အဓိပ္ပာယ်ချုပ်

ယခုပြုတဲ့ ဤကုသိုလ်ရဲ့ အဖို့ကို .. မြင်းမိုရ်တောင်မက ကျေးဇူးကြီးမားတဲ့ မိဘနှစ်ပါးတို့အား အမျှပေးပါ၏။ ဤကိုယ်ကို အမြဲစောင့်တဲ့ ကိုယ်စောင့် နတ်ကိုလည်း ချန်မထားဘဲ အမျှပေးပါ၏။ မိတ်ဆွေ၊ ဆွေမျိုး၊ ဆရာ၊ ဘိုးဘွား၊ ယမမင်း၊ နတ်ဘီလူး (တစ်နည်း နတ်ဗြဟ္မာ၊ ဘီလူး)၊ သိကြား၊ မြေနေနတ် (ဘုမ္မစိုး၊ ရုက္ခစိုး)၊ ဝေဟင်နေ နတ်တို့ကိုလည်း အထူးရည်မှတ်ပြီး ဤမြတ်သော ကုသိုလ်အဖို့ကို အမျှပေးပါ၏။

ဘဝအမျိုးမျိုးမှာ အစဉ်မပြတ် ဖြစ်နေကြတဲ့ သတ္တဝါ အားလုံး၊ သတ္တဝါတွေ နေထိုင်တဲ့ ဘုံဌာန ကိုးမျိုးမှာ (ရှိတဲ့ သတ္တဝါတွေ)၊ ပဋိသန္ဓေဝိညာဏ် တည်ရာဌာန ခုနစ်မျိုးမှာ (ရှိတဲ့ သတ္တဝါတွေ)၊ သုံးဆယ့်တစ်ဘုံ အတွင်းရှိ ဝေနေယျ (ကျွတ်ထိုက်သူ) သတ္တဝါ အားလုံးကိုလည်း အမျှပေးပါ၏။ ဤမြေကြီးသည် သက်သေအရာ၌ တည်ပါစေ။ ကြားနိုင်သူ အားလုံး အမျှယူကြပါ။ ဝမ်းမြောက်ပါ၏။

အထက်ပါအတိုင်း အဓိပ္ပာယ်ကို ကောင်းစွာ နားလည်သွားတဲ့အခါ လိုရင်း တိုရှင်းနဲ့ ဘယ်လောက် အရသာရှိသလဲ ဆိုတာကို ခံစားကြည့်နိုင်ပါတယ်။

Oh .. yes

စကားမစပ် ... အချို့က 'ကြားကြားသမျှ'ဆိုလို့ 'မကြားနိုင်သူတွေ မပါဘူးလား'လို့ စကားကပ်ပြီး မေးလေ့ရှိတယ်။ စကားမကပ်ဘဲ ပြန်ဖြေပါတယ် .. Oh yes၊ မကြားနိုင်ရင် မရပါဘူး။ သာဓုခေါ်မှ ကုသိုလ်ရတယ် ဆိုမဟုတ်လား၊ မကြားရင် မသိရင် ဘယ့်နှယ်လုပ် သာဓုခေါ်ပါ့မလဲ။ အမှန်တော့ ဒီနေရာမှာ အားလုံး (မည်သူမဆို)ကို အမျှဝေပါတယ်လို့ သာမန်ပဲ နားလည်ရင် လုံလောက်ပါတယ်။ အဲဒါလောက် ကပ်ပြီး စဉ်းစားနေစရာ မလိုလောက်ပါဘူး။ အမျှဝေမယ့် သတ္တဝါတွေ ကျန်အောင်လို့ပဲ သတ္တဝါသတွေ ဝိညာဏဌိတိတွေနဲ့ပါ ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။

သတ္တာဝါသ

သတ္တဝါတွေ နေထိုင်ရာဌာန ကိုးမျိုးကို “သတ္တာဝါသ ဘုံကိုးဝ လို့ ဆိုတယ်။ ဘုံ ၉-မျိုးသရုပ်ကို အောက်ပါ အကျဉ်းမှတ် ဆောင်ပုဒ်ကို မှီပြီး မှတ်ကြည့်မယ် ..

လူ့ရပ် နတ်ဌာန်၊ ခွန်လျှင် နာ-နာ၊ ပထမာ ဈာန်၊ လေးတန် ပါယ်ခွင်၊ ခွန်လျှင် နာ-း၊ ဒွေးဈာန် သုံးရပ်၊ ဧး-နာမှတ်လော့၊ အသညတ်မည်၊ တစ်လီဆိုရိုး၊ ကြွင်းကိုးရူပ၊ ဧး-ဧးပြ၏၊ လေးအရူပါ၊ ဘုံကိုးဖြာသည်၊ သတ္တာဝါသ၊ မှတ်ကုန်ကြ။

ဘုံကိုးဝယူပုံ

(၁) 'လူ့ရပ် နတ်ဌာန်၊ ခွန်လျှင် နာ-နာ'အရ 'နာ-နာ' ဆိုတာ 'နာနတ္တကာယ နာနတ္တသညီ'ပါဠိရဲ့ အတိုမှတ်။ အဓိပ္ပာယ်က ရုပ်သွင်ရော ပဋိသန္ဓေစိတ်ပါ မတူတဲ့ဘုံ။ လူ့ရပ် နတ်ဌာန်- အရ လူ့ဘုံ ၁၊ နတ်ပြည် ၆။ ခွန်လျှင်-အရ ပေါင်း ၇-ဘုံ။ လူနဲ့နတ်၊ လူချင်း၊ နတ်ချင်း၊ ရုပ်သွင်တွေ မတူ၊ ပဋိသန္ဓေ စိတ်လည်း တိဟိတ်၊ ဒွိဟိတ်၊ အဟိတ် သုံးမျိုးဖြစ်နိုင်။ 'နာ-နာ'ဘုံအုပ်စု သတ္တဝါတွေ နေရာဌာန တစ်ခု။

(၂) 'ပထမာဈာန်၊ လေးတန်ပါယ်ခွင်၊ ခွန်လျှင် နာ-း'အရ 'နာ-ဧး'ဆိုတာ နာနတ္တကာယ ဧကတ္တသညီ။ ရုပ်သွင်မတူ ပဋိသန္ဓေစိတ် တူတဲ့ဘုံ။ ပထမာ ဈာန်-အရ ပထမဈာန် ၃-ဘုံ (ပထမဈာန်ဝိပါက် ပဋိသန္ဓေ)၊ လေးတန်ပါယ်ခွင်-အရ အပါယ် ၄-ဘုံ (အပါယ်ပဋိသန္ဓေ)။ ခွန်လျှင်-အရ ပေါင်း ၇-ဘုံ။ အပါယ်ဘုံသားနဲ့ ပထမဈာန်ဘုံသား ရုပ်သွင် မတူ၊ ဘုံသားချင်းလည်း မတူ။ 'နာ-ဧး'ဘုံအုပ်စု နေရာတစ်ခု။

(၃) 'ဒွေးဈာန် သုံးရပ်၊ ဧး-နာ မှတ်လော့'အရ 'ဧး-နာ'ဆိုတာ ဧကတ္တကာယ နာနတ္တသညီ။ ရုပ်သွင်တူ ပဋိသန္ဓေစိတ် မတူတဲ့ဘုံ။ ဒွေးဈာန် သုံးရပ်-အရ ဒုတိယဈာန် ၃-ဘုံ (ဒုတိယဈာန်ဝိပါက် ၁၊ တတိယ ဈာန်ဝိပါက် ၁၊ ပေါင်း ပဋိသန္ဓေစိတ် ၂-ခု)။ 'ဧး-နာ'ဘုံအုပ်စု နေရာတစ်ခု။

(၄) 'အသညတ်မည်၊ တစ်လီဆိုရိုး'အရ အသညသတ်ဘုံ တစ်ဘုံ နေရာတစ်ခု။

(၅) 'ကြွင်းကိုးရူပ၊ ဧး-ဧးပြ၏'အရ 'ဧး-ဧး'ဆိုတာ ဧကတ္တကာယ ဧကတ္တသညီ။ ရုပ်သွင်ရော ပဋိသန္ဓေ စိတ်ပါ တူတဲ့ဘုံ။ ကြွင်းကိုးရူပ-အရ တတိယဈာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ် ၁၊ သုဒ္ဓဝါသ ၅ (စတုတ္ထဈာန်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေ)။ ပေါင်း ၉-ဘုံ။ 'ဧး-ဧး'ဘုံအုပ်စု နေရာတစ်ခု။

(၆-၉) 'လေးအရူပါ'အရ အရူပ ၄-ဘုံ။ အာကာသာနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊ နေဝသညာနာသညာယတနဘုံ။ တစ်ဘုံစီကို သတ္တဝါတွေရဲ့ နေရာဌာန တစ်ခုစီ ယူပြီး ပေါင်း သတ္တဝါတို့ နေရာဌာန ၄-ခု။

'ဘုံကိုးဖြာသည်၊ သတ္တာဝါသ၊ မှတ်ကုန်ကြ'အရ အမှတ် (၁)မှ (၉)ထိ နေရာဌာန အုပ်စု ၉-ခုကိုပင် 'သတ္တာဝါသ ဘုံကိုးဝ'လို့ ခေါ်ကြောင်း မှတ်ပါ။

ဝိညာဏဌိတိ

ပဋိသန္ဓေ ဝိညာဏ်တို့ရဲ့ တည်ရာဌာနကို 'ဝိညာဏဌိတိ'လို့ ခေါ်တယ်။ ‘တည်ရှိခုနစ်ပါး'အရ ဝိညာဏ် တည်ရာ ဘုံဌာန ၇-မျိုး ရှိတယ်။ ဖော်ပြပြီး သတ္တာဝါသ ဘုံကိုးဝအနက် အမှတ် (၄) အသညသတ်ဘုံနဲ့ အမှတ် (၉) နေဝသညာနာသညာယတနဘုံကို မထည့်ရ။ အမှတ် (၄)မှာ ဝိညာဏ် မရှိလို့၊ အမှတ် (၉)မှာ သိမ်မွေ့တဲ့အတွက် ဝိညာဏ်ရှိမရှိ မသတ်မှတ်နိုင်လို့ ဝိညာဏဌိတိ (ဝိညာဏ် တည်ရာဘုံ)ထဲမှာ မပါနိုင် (အံ၊ဋ္ဌ၊၃၊၁၆၅)။ အဲဒီ ၂-မျိုး မပါတဲ့ ကျန်ဘုံ ၇-မျိုးကိုပင် 'ဝိညာဏဌိတိ တည်ရှိ ခုနစ်ပါး'လို့ ဆိုတယ်။

ဘုရားဟော

သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ၊ တည်ရှိခုနစ်ပါး” ဆိုတာ “သတ္တာဝါသသုတ် (အံ၊၃၊၂၀၁)နဲ့ ဝိညာဏဌိတိသုတ် (အံ၊၂၊၄၂၇)’တွေမှာ ပါလို့ အင်္ဂုတ္တရနိကာယ်လာ ဘုရားဟော ဒေသနာတော် အစစ် ဖြစ်ကြောင်းပါ။ ဒါကြောင့် ဖြုတ်ခြင်း ပြင်ခြင်း မပြုဘဲ ရှေးပညာရှိတို့ ရေးသားခဲ့တဲ့ အဲဒီ စာသားတွေကို ရိုသေစွာ ထိန်းသိမ်းဖို့ လိုပါကြောင်း။

ဇွန် ၂၄၊ ၂ဝ၂ဝ။

---

၈၂၁။ သိကြားသာသနာ

ဆရာတော် ဘုရား၊ သာသနာငါးထောင် တစ်ဝက်ကျိုးတဲ့အခါ ဗုဒ္ဓသာသနာကို သိကြားမင်းက စောင့်ရှောက်ပြီး ထိုသိကြားသာသနာသည် နောက်ထပ် နှစ်ပေါင်း နှစ်ထောင့်ငါးရာ တည်လိမ့်မည်ဟု လူကြီးများ ပြောဆိုသည်ကို ကြားဖူးခဲ့ပါ သည်။ အဲဒီလို မြတ်စွာဘုရား ဟောကြားပါသလား ဘုရား။

အေးအေးမူ (ဒူဘိုင်း)

---

မဖတ်ဖူးပါ

သာသနာဆိုတာ အဆုံးအမ လမ်းညွှန်လို့ အဓိပ္ပာယ်ရှိတဲ့ အတွက် ဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမ ဗုဒ္ဓဟောတဲ့ တရားလို့ ဆိုလိုတယ်။ ဒါကြောင့် သိကြားသာသနာ သို့မဟုတ် သိကြားရဲ့ အဆုံးအမ သိကြားဟောတဲ့ တရားဆိုတာမျိုး မရှိနိုင်။ သာသနာနှစ် နှစ်ထောင့်ငါးရာ သို့မဟုတ် ငါးထောင်ကျော်ရင် သိကြားမင်းက ဗုဒ္ဓသာသနာကို ဆက်ပြုမယ်ဆိုတဲ့ ရေးသားချက်မျိုးကို သံဂါယနာတင် ထေရဝါဒ ပါဠိတော် အဋ္ဌကထာ ဋီကာတွေမှာ ဘုန်းကြီး မဖတ်ဖူးပါ။

ကတိစကား

ဘုရားဖြစ်ပြီးစမှာ 'ငါ၏ တရားကား နက်နဲ၏။ အဝိဇ္ဇာဖြင့် မှောင်ပိန်းနေသော လေကသားတို့အဖို့ ရေဆန်ခရီးနှင့် တူ၏' လို့ နှလုံးသွင်းပြီး တရားဟောဖို့ ကြောင့်ကြ မပြုဘဲနေစဉ် သိကြားမင်းဟာ သဟမ္ပတိ ဗြဟ္မာနှင့်အတူ ပါလာပြီး 'ရှင်တော် ဘုရား၊ ကျွတ်ထိုက်သူတို့အား ဓမ္မကို ဟောတော်မူပါ။

ဓမ္မကို မလိုက်နာသူများအား လိုက်နာအောင် တပည့်တော် ကူညီပါမည်။ ရှင်တော် ဘုရားက ဓမ္မစက်ကို လှည့်တော်မူပါ။ အာဏာစက်ကို တပည့်တော် တာဝန်ယူပါသည် ဘုရား'လို့ ကတိပေးတယ် (ဒီ၊ဋ္ဌ၊၁၊၂၃၆)။

ကတိအတိုင်း

ဒီကတိအတိုင်း ဘုရားရှင်ကို သိကြား ကူညီတဲ့ ဖြစ်ရပ်တွေ ရှိတယ် .... ဘုရားရှင် မေးတာကို အမ္ဗဋ္ဌလုလင်က မဖြေဘဲ တင်းနေလို့ သိကြားမင်းက စိန်လက်နက်ကို ပြပြီး ဝန်ခံစေတယ် (ဒီ၊၁၊၈၉)။ သစ္စကပရိဗိုဇ် ချွတ်ခန်း (မ၊၁၊၂၉၄)၊ စိဉ္စမာဏဝိကာချွတ်ခန်း (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၇)တွေမှာ သိကြား ကူညီခဲ့တယ်။ သိကြားမင်းဟာ ဧရာမ ထင်ပုံကြီးကို မီးရှို့ပြီး မီးပူဇော်နေကြတဲ့ ဗုဒ္ဓဝါဒီ မဟုတ်သူ လူအုပ်စုကြီးကို ဗုဒ္ဓဆီ ခေါ်လာ၊ တရားနာခိုင်းပြီး ယုံကြည်မှု မှန်အောင်လည်း လုပ်ပေးဖူးတယ် (သံ၊၁၊၂၃၄)။

သာသနာ နှောင်းပိုင်းမှာလည်း သိကြားမင်းက ကူညီပုံ အလားတူ ဖော်ပြချက်တွေ ရှိတယ်။ ဒါပေမယ့် ဗုဒ္ဓသာသနာ တည်တံ့အောင် သိကြားမင်းက ပြုမယ်ဆိုတဲ့ ဖော်ပြမှုမျိုးတော့ ကျမ်းဂန်မှာ မရှိ။ ကူညီဖို့ ကတိပေးတာနဲ့ သိကြားသာသနာ မဆိုင်ဘူး။

ဖြစ်နိုင်ခြေ

ကဿပဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ရဟန်းရှင်လူတို့ တရားပျက်စဉ် သိကြားမင်းက မုဆိုး၊ မာတလိနတ်က ခွေးနက်ကြီး အသွင်နဲ့ လူ့ပြည်ကို ဆင်း၊ 'လောကကြီး ပျက်တော့မယ်'လို့ လှည့်လည် ဟစ်အော်၊ လူတွေ ထိတ်လန့်ပြီး တရားကျင့်၊ ဒီလိုနဲ့ ထိုဘုရားရှင်ရဲ့ သာသနာ နောက်ထပ် နှစ်ပေါင်း တစ်ထောင် ကြာအောင် ဆက်လက် တည်တံ့ခဲ့တယ် (ဇာ၊ဋ္ဌ၊၄၊၁၈၁)။ ပြန်လည် ဆန်းသစ်သွားတဲ့ သာသနာနှစ် တစ်ထောင်ကို 'သိကြားပြုတဲ့ သာသနာ သို့မဟုတ် 'သိကြားသာသနာ'လို့ ဆိုခွင့် ရှိတယ်။
ဒီဖြစ်ရပ်ကို ရည်ညွှန်းပြီး 'သိကြားသာသနာ'အယူအဆ ပေါ်ပေါက်လာတာ ဖြစ်ဖွယ်ရှိကြောင်းပါ။

ဇွန် ၂၆၊ ၂ဝ၂ဝ။

---

Wise Person

It is by three things that the wise person can be recognized. What three? He sees his own faults as they are, on seeing them he tries to correct them, when others acknowledge their faults he forgives them.

အချက် သုံးရပ်နှင့် ပြည့်စုံသူကို ပညာရှိဟု သိနိုင်၏။ ယင်းသုံးရပ်မှာ .. မိမိ၏ အပြစ်ကို သိခြင်း၊ အမှားဟုသိလျှင် ပြုပြင်ခြင်း၊ သူတစ်ပါးက အပြစ်ကို တောင်းပန်သော် ခွင့်လွှတ်ခြင်းတို့ ဖြစ်၏။ (အံ၊၁၊၁၀၁)

---

၈၂၂။ ကြာငါးပွင့်၊ မေတ္တေယျ

မေးလျှောက်ပါသည် ဘုန်းကြီး ဘုရား (၁) ဘုရား ငါးဆူပွင့် မယ့် နိမိတ်ပုံအနေနဲ့ ဒီကမ္ဘာတည်ဦးစမှာ ကြာပွင့်ကြီး ငါးပွင့် ပေါ်လာတယ်လို့ ဗုဒ္ဓ ဟောပါသလား (၂) ရှေ့ဘုရား လေးဆူဟာ ဒီကမ္ဘာ့ သက်တမ်း သိပ္ပံအဆို ၄.၅၄၃ ဘီလျံအတွင်းမှာ ပွင့်ခဲ့တာလား (၃) အရိမေတ္တေယျ ဘုရား ပွင့်ဦးမယ်လို့ ဗုဒ္ဓ ဟောပါသလား (၄) ဘယ်တော့ ပွင့်မှာပါလဲ၊ ဒီဘုရားလောင်း ခုဘယ်မှာ ရှိနေပါသလဲ ထေရဝါဒ ကျမ်းဂန် အဆိုနှင့်အညီ ဖြေကြား ပေးစေလိုပါသည် ဘုရား။

တပည့် လူပြန်တော်

---

မငြင်းပါနဲ့

'သံဝဋ္ဋ (ကမ္ဘာလောက ပျက်ဆဲကာလ)၊ သံဝဋ္ဌာယီ (ပျက်ပြီးတိုင်း ဆက်ရှိကာလ)၊ ဝိဝဋ (ကမ္ဘာလောက ဖြစ်တည်ဆဲ ကာလ)၊ ဝိဝဋ္ဌာယီ (ဖြစ်တည်ပြီးတိုင်း ဆက်ရှိကာလ)လို့ ကပ္ပ(ကမ္ဘာ)လေးမျိုး ရှိတယ်။ ထိုကာလ တစ်ခုစီဟာ ဤရွေ့ ဤမျှလို့ နှစ်ကာလ ပိုင်းခြား သတ်မှတ်ဖို့ မလွယ်ကူတဲ့ အထိ ရှည်ကြာတယ်'လို့ မြတ်ဗုဒ္ဓ ဟောပါတယ် (အံ၊၁၊၄၆၀)။ ဒါဟာ ဧရာမ မှန်ပြောင်းကြီးတွေနဲ့ မီနိုင်သလောက် ကြည့်ပြီး ပြောတဲ့ ယနေ့ သိပ္ပံအဆိုနဲ့ လုံးဝနီးပါး ကိုက်ညီတဲ့ မိန့်ကြားချက် ဖြစ်တာကို မငြင်းနိုင်ပါဘူး။

မိမိ လေ့ကျင့်ထားတဲ့ အဘိညာဏ်ရဲ့ စွမ်းအားနဲ့ အဲဒီ သံဝဋ္ဋ ဝိဝဋ ကပ်ကာလ များစွာအတွင်း ဖြစ်တည်နေကြတဲ့ သတ္တဝါတွေရဲ့ ဘဝကို သိမြင်ကြောင်းလည်း မြတ်ဗုဒ္ဓ ဝန်ခံ ထားပါတယ် (ဝိ၊၁၊၅-စသည်)။ သူလို သိချင်ရင် သူလို ကျင့်ရဦးမှာမို့ ဒီကိစ္စကို မငြင်းပါနဲ့။

ငါးဆူရွှေကြာ

ကမ္ဘာဦး ပဒုမ္မာကြာရုံမှာ ကြာပန်း တစ်ပွင့်ပါရင် ဒီကမ္ဘာမှာ ဘုရားတစ်ဆူပဲ ပွင့်မယ်။ နှစ်ပွင့်ဆို နှစ်ဆူ .. စသည်။ ကြာ ပန်းမပွင့်ရင် အဲဒီကမ္ဘာမှာ ဘုရား မပွင့်ဘူးဆိုတဲ့ နိမိတ်ပဲ။ ဒီဘဒ္ဒကမ္ဘာမှာ ကြာရိုးတစ်ခုက အညှာငါးခုနဲ့ ငါးပွင့်ပါလို့ ဘုရားငါးဆူပွင့်မယ် (ကြာရုံငါးခုက ငါးပွင့်ပွင့်တာ မဟုတ်)။ ယခု ၄-ဆူ ပွင့်ပြီးပြီ။ တစ်ဆူပွင့်ဦးမယ်လို့ အဋ္ဌကထာမှာ ဆိုတယ် (ဒီ၊ဋ္ဌ၊၂၊၅။ အပဒါန၊ဋ္ဌ၊၁၊၁၂၈)။

အဖြေ ၁

ကမ္ဘာတည်ဦးစမှာ ဗုဒ္ဓဘုရား ငါးဆူပွင့်မယ့် နိမိတ်ပုံအနေနဲ့ ကြာပွင့်ကြီး ငါးပွင့် ပေါ်လာတယ်လို့ မူရင်း ပါဠိတော်မှာ မဖတ်ဖူးဘူး။ ဒါပေမယ့် ဘုရားရှင် လက်ထက်ကပင် ရှိတယ် လို့ ထေရဝါဒီတို့ ယုံကြည်ထားကြတဲ့ အဋ္ဌကထာ ကျမ်းတွေ မှာတော့ အထက်ပါအတိုင်း တွေ့ မိပါတယ်။

အဖြေ ၂

နေရဲ့ သက်တမ်း ၄.၅၇၁ ဘီလျံကို အခြေပြုပြီး ကမ္ဘာ့သက်တမ်း ၄.၅၄၃ ဘီလျံ၊ လရဲ့ သက်တမ်း ၄.၅၃ ဘီလျံလို့ သိပ္ပံဆရာတို့ ခန့်မှန်းရုံပါပဲ။ အတိအကျ မဟုတ်ပါဘူး။ ဗုဒ္ဓကျမ်းဂန်အရ ဝိဝဋ္ဌာယီ (ဖြစ်တည်ပြီးတိုင်း ဆက်ရှိဆဲကာလ) အတွင်း လူသားတို့ရဲ့ သက်တမ်းဟာ အလွန့်အလွန် ရှည်သွားလိုက် အလွန့်အလွန်တို သွားလိုက်တွေ ဖြစ်တယ်။ အဲဒီ ဖြစ်စဉ်အတွင်း လူ့သက်တမ်း နှစ်ရှစ်သောင်းနဲ့ ယင်းအောက်၊ တစ်ရာနဲ့ ယင်းအထက်တွေမှာ ဘုရားလေးဆူ ပွင့်ပြီး ဖြစ်ကြောင်း သိရတယ် (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၄၉)။
ဒါကြောင့် ယေဘုယျအနေနဲ့ အဲဒီ ၄.၅၄၃ ဘီလျံ သို့မဟုတ် မသေချာ၊ သို့မဟုတ် အလွန့်အလွန် ကြာမြင့်တဲ့ နှစ်ကာလတွေ အတွင်း ရှည်တို ဖြစ်စဉ်မှာ ဘုရားလေးဆူ ပွင့်ပြီးဖြစ်တယ်လို့ပဲ ဆိုရပါလိမ့်မယ်။

အဖြေ ၃-၄

ကမ္ဘာ့ လူ့သက်တမ်းဟာ လက်ရှိထက် တိုသွားဦးမယ်။ တဖန် တိုရာမှ အလွန့်အလွန် ရှည်သွားပြီး ပြန်တိုလာဦးမယ်။ အဲဒီလို တိုလာနေချိန် လူ့သက်တမ်း နှစ်ရှစ်သောင်းမှာ မေတ္တေယျဘုရား ပွင့်မယ် (ဒီ၊၃၊၆၃)။ ဘုရားဖြစ်ဖို့ စောင့်မျှော်နေတဲ့ မေတ္တေယျဟာ တုသိတာနတ်ဘုံမှာ ရှိနေတယ် (မဟာဝံသ၊ အခန်း ၃၂၊ ၇၃-ဂါထာ)။ ပါရမီပြည့်ပြီးတဲ့ ဘုရားလောင်းတွေဟာ တုသိတာ နတ်ဘုံမှာပဲ နေတယ် (ဥဒါန၊ဋ္ဌ၊၂၅၁)။ မေတ္တေယျဟာ ပါရမီ ပြည့်ပြီးသား။

ငါးဆူရွှေကြာ အကြောင်း လေ့လာချက် အပြည့်အစုံကို မေးခွန်းအမှတ်-၇၇၈ (စာ၊ ၂၇၉၅)မှာ ရှုပါ။ ဒ
ဇူလိုင် ၆၊ ၂ဝ၂ဝ။

---

၈၂၃။ လေချွန်နတ်

ဆရာတော် ဘုရား၊ တပည့်တော် ငယ်ငယ်က ကွယ်လွန်သူတွေ ရောက်နေတဲ့ ဘဝကို သိသည်ဆိုသော လေချွန်နတ် အကြောင်းကို ကြားဖူးပါသည်။ အိမ်နီးချင်း အမေ့မိတ်ဆွေ အချို့ သွားရောက် မေးမြန်တဲ့အခါ အားလုံး ကွက်တိ မှန်သည်ဟု သိရပါသည်။ ဗုဒ္ဓကျမ်းဂန်မှာ လေချွန်နတ်ဆိုတာ ရှိပါသလား အရှင် ဘုရား။

ခင်ငြိမ်းငြိမ်း (ဂျမေကာ)

---

ယုံကြည်မှု

ဗုဒ္ဓဘာသာမှာ အမြင်မှန် (သမ္မာဒိဋ္ဌိ)ဖြစ်ဖို့ အင်္ဂါရပ် ဆယ်မျိုး ရှိတဲ့အနက် လူတွေ မမြင်နိုင်တဲ့ ငရဲ ပြိတ္တာ အသုရကာယ် နတ် ဗြဟ္မာ ဆို့တဲ့ (ဩပပါတိက) သတ္တဝါတွေ ရှိတာကို ယုံကြည်မှု ပါတယ် (မ၊၁၊၃၅၈)။ ဒါကြောင့် လူ့မျက်စိနဲ့ မမြင်ဖူးရုံနဲ့ မရှိဘူးလို့ ငြင်းရင် သမ္မာဒိဋ္ဌိ ပျက်နိုင်ကြောင်း ဦးစွာ သတိချပ်သင့်တယ်။ မြတ်ဗုဒ္ဓဟာ မိမိရဲ့စိတ်ကို အဘိညာဏ် စွမ်းအင် ဖြစ်ပေါ်လာတဲ့အထိ ပွားများပြီးနောက် အဲဒီလို ဘဝမျိုး ရှိတယ်လို့ ဟောခဲ့ပါတယ်။

ဘုံမဲ့သတ္တဝါ

(၁) ပြိတ္တာ။ ချမ်းသာနဲ့ ဝေးလို့ ပြိတ္တာလို့ ခေါ်တယ်။ သူတို့မှာ သီးခြားဘုံဌာန မရှိ။ ၎င်းတို့ နေထိုင်တဲ့ တော တောင် မြစ် ချောင်း သုသာန် စသည်ကိုပင် ပြိတ္တာဘုံလို့ ဆိုတယ်။ တစ္ဆေ သူရဲ ဘီလူး စသည်ဖြင့် အမျိုးမျိုး ရှိတယ်။ နှစ်ပေါင်း များစွာ မစားမသောက်ရ၊ လူတွေရဲ့ သလိပ် တံတွေး မစင် စသည်ကို စားရတယ်။ အချို့ ပြိတ္တာတွေက မစားမသောက်ရရုံမက ငရဲ သားတွေလို ဆင်းရဲခံရတယ် (လက္ခဏသံယုတ်ရှု)။
(၂) အသုရကာယ်။ နတ်တွေလို မပျော်ပါးနိုင် မတောက်ပနိုင်လို့ ဒီအမည်ကိုရ။ ဘုံဌာန သီးခြားမရှိ။ ပြိတ္တာမျိုးမှာ ပါဝင်တယ် (အဘိ၊ဋ္ဌ၊၃၊၂၀၄)။ သမုဒ္ဒရာကမ်းခြေ မြစ်ဆိပ် စသည်မှာနေ။ အလွန် ဆာလောင် မွတ်သိပ်နေကြသူတွေ။ ရေငတ်လို့ မြစ်ဆိပ်ကို ဆင်းရင် ရေပြင်က သဲဖြစ်၊ သမုဒ္ဒရာကို ဆင်းလည်း ရေပြင်ဟာ ကျောက်ဖျာ အဖြစ်သို့ ပြောင်းသွားတယ် (မဟာနိ၊ဋ္ဌ၊၁၁)။
ဒီပုဂ္ဂိုလ် ၂-မျိုးလုံးဟာ ဒုဂ္ဂတိအဟိတ် (အပါယ်ဘုံသား) ဖြစ်လို့ မကျွတ်ထိုက်။ တိရိစ္ဆာန်တွေလို အသိဉာဏ် မရှိတဲ့ သတ္တဝါမျိုးလို့ ဆိုလိုတယ်။

နတ်အသုရာ

နတ်ပြိတ္တာလည်း ခေါ်တယ်။ ဝေပစိတ္တိလို အသုရာတွေက တာဝတိံသာ နတ်ပြည်မှာပါတယ် (တာဝတိံသေသု ဒေဝေသု၊ ဝေပစိတ္တိသုရာဂတာ။ နာမရူပပရိစ္ဆေဒ၊ ၄၃၇-ဂါထာ)။ ဝေမာနိကပြိတ္တာ (ရံခါ စည်းစိမ်စံ၊ ရံခါ ဒုက္ခခံ)တို့ကိုလည်း နတ်အသုရာထဲမှာ သွင်းတယ်။ မတရားမှုနဲ့ ရတဲ့ ပစ္စည်းနဲ့ ကုသိုလ်လုပ်ရင် ဒီဘဝမျိုးမှာ ဖြစ်ရတယ်။ သုဂတိ အဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပဋိသန္ဓေ နေကြတယ်။ တိဟိတ်ဖြစ်ရင် ကျွတ်ထိုက်တယ်။ နာမည်ကျော် ယမမင်းဟာ ဒီပြိတ္တာမျိုး။

ကျီးသဲအဖြေ

ကျည်းကန်ရှင်ကြီး ရှင်နန္ဒဓဇက ... 'လူတို့ပညတ် လေချွန်နတ်သည်နတ်ဘယ်ဘုံ သွင်းမည်နည်း'လို့ သံပေါက်ကဗျာနဲ့ မေးခွန်းထုတ်တာကို ကျီးသဲလေးထပ် ဆရာတော်က 'လေချွန်နတ်သည် ယမမင်း၏ အုပ်စု ဖြစ်သော ဝိနိပါတိက အသုရာ နတ်ပြိတ္တာမျိုး ဖြစ်၍ စာတုမဟာရာဇ်၌ ဝင်သည်' လို့ ဖြေပါတယ် (စွယ်စုံကျော်ထင်၊ စာ-၂၇၆)။ လေချွန်နတ်ဟာ ကုန်းဘောင် ခေတ်ဦးပိုင်းကလည်း ရှိခဲ့ပုံပဲ။

'ယမမင်းကို ဝိနိပါတိက အသုရာ နတ်ပြိတ္တာမျိုး'လို့ ကျီးသဲ ဆရာတော်က ဖြေတော့ 'ယမမင်းဆိုတာ ဝေမာနိက နတ်ပြိတ္တာမျိုး'ဆိုတဲ့ အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၁၆၄)စကားနဲ့ မဆန့်ကျင်ဘူးလားလို့ မေးဖွယ်ရှိတယ်။ မဆန့်ကျင်ပါဘူး အပါယ်ဘုံသား ဝိနိပါတိက (ဒီ၊ဋီ၊၃၊၂၀၈)ရှိသလို စာတုမဟာရာဇ် နတ်မျိုးဝင် ဝိနိပါတိက (ဒီဋ္ဌ၊၂၊၁၀၀)လည်း ရှိသည်ဆိုကြောင်းပါ။
ဇူလိုင် ၈၊ ၂ဝ၂ဝ။

---

၈၂၄။ ပြောင်းမရတဲ့ ဂေးစိတ်

ဘုန်းဘုန်း ဘုရား၊ သိချင်တာလေး မေးခွင့်ပြုပါ ဘုရား။ (၁) မွေးရာပါ စိတ်သည် ဒီဘဝ သေဆုံးသည် အထိ မပြောင်းမလဲ တသမတ်တည်း သွားတာလား ဘုရား၊ ဥပမာ .. မိန်းမစိတ်၊ ယောက်ျားစိတ်၊ ဂေးစိတ်။ (၂) အဲဒီစိတ်ကို ပြောင်းလဲလို့ ရနိုင်ပါသလား။ ရသည်ဆိုလျှင် မည်သို့ ပြောင်းလဲနိုင်ပါသလဲ။ (၃) အတိတ်ဘဝ ကာမေသုမိစ္ဆာရ ကံကြောင့် ဒီဘဝမှာ ဂေးဖြစ်တယ်ဆိုတာ မှန်ပါသလား ဘုရား။

အမည်မဖော်လိုသူ

---

မမြဲတဲ့စိတ်

အဘိဓမ္မာအရ ခုနက စိတ်ဟာ ခုစိတ်မဟုတ်။ လျှပ်တစ်ပြက်အတွင်း စိတ်ပေါင်း ကုဋေကုဋာချီ ဖြစ်ပျက်တယ်။ စိတ်ဆိုတာ ဖြစ်စဉ်မျှပါပဲ။ ဒါကြောင့် မွေးကတည်းက ပါလာတဲ့ စိတ်ဟာ သေဆုံးသည်အထိ မပြောင်းမလဲ တသမတ်တည်း မသွားဘူး။ ဒါ့အပြင် မှောင်နေစဉ် သစ်ငုတ်ကို ကျားလို့ ထင်ခဲ့ပေမယ့် အလင်းရတဲ့အခါ အသိပြောင်းသွားသလို ပတ်ဝန်းကျင်၊ လေ့လာမှုစတဲ့ အပြင် အာယတနတွေကြောင့် တွေ့ကြုံ နားလည်မှု၊ ယုံကြည်မှု စသည်တို့မှာ အမြဲ ပြောင်းလဲနေတယ်။ ဒါပေမယ့် ..

မပြောင်းနိုင်

ကာမဘုံသားတို့မှာ ရုပ် ၂၈-မျိုး ဆိုပေမယ့် ဣတ္ထိ ဘာဝရုပ်ကို ယောက်ျားတို့ မရ၊ ပုရိသ ဘာဝရုပ်ကို မိန်းမတို့ မရတဲ့အတွက် ကိုယ်စီမှာ ၂၇-ပဲ ရှိတယ်။ ဒီဘာဝရုပ် နှစ်ခုဟာ အုပ်ချုပ်သူ မင်း ၂-ပါးနဲ့ တူပြီး ဣတ္ထိ ပုရိသ နှစ်နိုင်ငံမှာ ကံ စိတ် ဥတု အာဟာရဆိုတဲ့ နိုင်ငံသားတွေက မိန်းမပုံစံ ယောက်ျားပုံစံ ကျအောင် ကိုယ်ခန္ဓာ သွင်ပြင်၊ ပြုံးရယ် ပြောဆိုပုံ၊ သုံးအဆောင်၊ ဟန်ပန် မူရာတွေကို ပြုလုပ်ပေးတယ်။ အဲဒီ ပုံစံအောက်မှာ ဣတ္ထိယစိတ် ပုရိသစိတ်တွေ ဖြစ်လာတယ်။

အဲဒီလို ပုံစံကျ ဖြစ်လာရတဲ့ ဣတ္ထိယစိတ်ကို ပုရိသစိတ် ဖြစ်အောင် မပြောင်းနိုင်။ ပုရိသစိတ်ကို ဣတ္ထိယစိတ် ဖြစ်အောင်လည်း ပြောင်းလဲလို့ မရ။

ဂေးစိတ်

ဘာဝရုပ်ဆိုတာ အထီးအမဖြစ်ဖို့ အကြောင်းခံရုပ်။ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီး တည်တယ်။ အင်္ဂါဇာတ်ကို ခေါ်တာ မဟုတ်။ ဒီကိုယ်ခန္ဓာကို ဣတ္ထိဘာဝရုပ် အုပ်စိုးပြီး သူ့နိုင်ငံသားတွေက ဣတ္ထိယပုံစံ သွင်းတဲ့အခါ ယောက်ျား အင်္ဂါဇာတ် ရှိပေမယ့် သွင်ပြင် ဟန်ပန် စိတ်ထား စသည်က ဣတ္ထိယပုံစံ ဖြစ်မယ်။ ပုံစံကျ ဖြစ်လာတဲ့ အဲဒီစိတ်ကို ဂေးစိတ်လို့ ဆိုနိုင်ပြီး ပြောင်းလဲလို့ မရနိုင်။ အင်္ဂါဇာတ် ဆိုတာက ဘာဝရုပ်ရဲ့ အကျိုးဆက် ဖြစ်လို့ အုပ်ချုပ်သူ့ အလိုကျ သူ့အလိုလို ဖြစ်စေ၊ ဖန်တီးလို့ ဖြစ်စေ ပြောင်းနိုင်တယ်။

နှစ်မျိုးလုံး

သာရတ္ထသင်္ဂဟကျမ်းအရ 'မိစ္ဆာစာရ ကျူးလွန်ကမူ မုန်းကြသူများ ရန်သူပွား၏ ရှားပါးလာဘ်မှာ ချမ်းသာမရ မိန်းမပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရ၍ လက္ခဏ ဣန္ဒြေ ယွင်းသွေချို့သိမ် စိုးရိမ်များစွာ ချစ်သူကွာ၏'လို့ သိရပါတယ်။ ဒါပေမယ့် ..

ဘာဝရုပ် အုပ်စိုးပုံ အပြောင်းအလဲဟာ ယခင်ဘဝရဲ့ အကျိုးဆက် ဖြစ်နိုင်သလို ပစ္စုပ္ပန် အထောက်အပံ့နဲ့လည်း မကင်းဘူး။ ဒါကြောင့် သိပ္ပံနဲ့ ရုပ်ဝါဒ အလွန် တိုးတက်တဲ့ ခုလိုခေတ်မှာ မျိုးဗီဇ၊ အနေအထိုင်၊ အစားအသောက်၊ ဆေးဝါး စတဲ့ အကြောင်းတွေကြောင့် လူ့ခန္ဓာရဲ့ မူလသဘာဝ ဖောက်ပြန်လို့လည်း ဖြစ်နိုင်တယ်။

မယူဆဘူး

ယောက်ျားတွေ သူများမယားကို ကျူးလွန်ရင် ဒီဘဝ စီးပွားပျက်၊ သေရင် ငရဲကျ၊ ငရဲက လွတ်တော့ မိန်းမဖြစ်၊ ဝှေးစေ့ထုတ်ခံရတယ် (ဓမ္မပဒ၊ဋ္ဌ၊၁၊၂ဝ၈)။ ဒီနေရာမှာ ယောက်ျားကနေ မိန်းမ ဖြစ်သွားတာကို အကုသိုလ်ရဲ့ အကျိုးအနေနဲ့ ဆိုပေမယ့် မိန်းမအဖြစ်ကို နှိမ့်ချတာလို့ ဘုန်းကြီး မယူဆဘူး။ မိန်းမ မဖြစ်ဖူးတဲ့ ယောက်ျား၊ ယောက်ျား မဖြစ်ဘူးတဲ့ မိန်းမရယ်လို့ မရှိဘူးဆို မဟုတ်လား (ဓမ္မပဒ၊ဋ္ဌ၊၁၊၂၀၇)။ ယောက်ျားက မိန်းမအဖြစ်ကို စွဲလန်းရင်လည်း မိန်းမဖြစ်နိုင်သလို မိန်းမလည်း ထို့အတူပါပဲ (အံ၊၂၊၄၄၀)။ ဒ
ဇူလိုင် ၁ဝ၊ ၂ဝ၂ဝ။

မှတ်ချက်များ

ဆရာတော် ဘုရား၊ ဘာဝရုပ်တို့၏ အုပ်စိုးမှုကို ပြောင်းလဲလို့ ရနိုင်ပါသလား ဘုရား။ ဥပမာ .. မိန်းမ ခန္ဓာကိုယ်မှာ ပုရိသဘာဝရုပ်တွေ အုပ်စိုးလာအောင်၊ ယောက်ျား ခန္ဓာကိုယ်မှာ ဣတ္ထိဘာဝ ရုပ်တွေ အုပ်စိုးလာအောင် ပြုပြင်လို့ ရနိုင်ပါသလား ဘုရား။
ပပစိုး

အင်း .. ဒီခန္ဓာကိုယ်ဟာ ကံ စိတ် ဥတု အာဟာရ အပေါ်မှာ တည်မှီနေတာ ဖြစ်လို့ အဲဒီ အကြောင်း လေးပါးနဲ့လည်း ညီညွတ်မယ်၊ ပစ္စုပ္ပန် အထောက်အပံ့ဖြစ်တဲ့ ခေတ်နည်းနဲ့ ပြုပြင်ခြင်း (ဥပမာ ဆေးစား၊ ဆေးထိုး၊ အထိအတွေ့) တွေလည်း ရှိမယ်ဆိုရင် ပြောင်းနိုင်ခွင့် ရှိမယ်လို့ ယူဆပါတယ်။ ထင်မြင်ရုံမျှပါ။
အရှင်ကေလာသ

'မိန်းမပဏ္ဍုက် မျိုးယုတ်ခါခါ'အရ ပဏ္ဍုက် ဖြစ်ရတာကို ယုတ်ညံ့တယ်လို့ ဆိုလိုတာလား ဘုရား။
ပန်းအိ

'မိန်းမ၊ ပဏ္ဍုက်၊ အမျိုးညံ့သူ' အခါခါ ဖြစ်ရတယ်လို့ ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ သက်ရှိ အားလုံးဟာ ကံ စိတ် ဥတု အာဟာရ-ဟူသော အကြောင်းလေးပါးရဲ့ အုပ်ချုပ်ခံဖြစ်လို့ အရှိအတိုင်း လက်ခံပြီး ပရမတ္ထသစ္စာ အမြင်နဲ့ ကြည့်နိုင်ရင် မျှတပါတယ်။ အရှင်ကေလာသ

---

၈၂၅။ သူ့ဖွင့်ဆိုချက် မပြည့်စုံ

ဆရာတော် ဘုရား၊ တပည့်တော်က သင်္ဂြိုဟ်ကိုးပိုင်းကို သင်ဖူးရုံက လွဲ၍ စာမတတ်ပါ၊ ဘာဘွဲ့မှလည်း မရပါ ဘုရား။ ဒါပေမယ့် ဖေ့စ်ဘုက်မှ ရှယ်လာသော 'မဟာသမယသုတ် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် (၁)' အမည်ရှိ စာတစ်ခုတွင် 'ကမ္ဘာစကြဝဠာ အသီးသီးတွေမှာ နေထိုင်နေကြတဲ့ နတ် ဗြဟ္မာ အများစုဟာ (အရူပဗြဟ္မာနှင့် သမာပတ်ဝင်စားနေတဲ့ ဗြဟ္မာတွေ မပါဝင်) စည်းဝေးတိုင်ပင်ကာ ဘုရားရှင်နဲ့ ရဟန္တာ ငါးရာကို ဖူးမြင်ဖို့ရန် ရောက်လာကြပါတယ်'လို့ ရေးပြီး 'မှီငြမ်း။ ။ မဟာသမယသုတ် ပါဠိတော်၊ အဋ္ဌကထာ' လို့ အောက်ခြေမှာ ... ဖော်ပြပါတယ်။ မဟာသမယသုတ်လာ နတ်အစည်းအဝေးမှာ အသညသတ် ဗြဟ္မာတွေလည်း မပါနိုင်ဘူးလို့ ထင်ပါတယ် ဘုရား။

တောနေ ရဟန်း (ရှောက်ပင်ရွာ)

---

ခွင့်မလွှတ်

ဒါပေါ့လေ .. စာမတတ်ဘူး ဘွဲ့မရဘူးလို့ ပွင့်လင်းစွာ ဝန်ခံထားမှတော့ မှားရင်လည်း ခွင့်လွှတ်နိုင်တာပေါ့။ ဘွဲ့ထူး ဂုဏ်ထူးကို ထုတ်ပြလေ လှုပ်ပြလေ အရေးအသား အပြောအဆို သတိထားရလေပဲ။ ရမ်းချလို့ မရလေဘဲ။ ဘယ်လောက်ပဲ သေချာပါတယ်လို့ စိတ်ထဲမှာ စွဲနေပါစေ မှတ်မိနေသည် ဆိုပါစေ စာအုပ်ကို ကြည့်ဖြစ်ဖို့တော့ အလွန် အရေးကြီးပါတယ်။ ကိုယ်ရေးတဲ့ စာကို သုတေသန သို့မဟုတ် လေ့လာချက် သို့မဟုတ် ဝေဖန်ချက်လို့ ခေါင်းစဉ် တပ်လေ သေချာဖို့ လိုလေပဲ။

ဒီလို မဟုတ်ရင် မိမိရေးတဲ့ စာတွေ တန်ဖိုး မတက်လာနိုင်ဘူး။ 'ထုသရာသိမှ နိခါတခါဏု ဝိယ = ဖွဲပုံမှာ စိုက်တဲ့ ငုတ်တိုင်လို (ဒီ၊ဋ္ဌ၊၂၊၉၆)' ဖြစ်နေမှာပဲ။

အသေးစိတ်

နည်းနည်း ကလိကြည့်မယ် .. မေးခွန်းမှာ ပါတဲ့ စာသားထဲက 'ကမ္ဘာစကြဝဠာ'ဆိုတဲ့ အသုံးကိုက ခပ်ပွပွပဲ။ ပါဠိမှာ ကပ္ပကို ကပ် = ကမ္ဘာလို့ ခေါ်တယ်။ စက္ကဝါဠကို စကြဝဠာကို ခေါ်တယ်။ အင်္ဂလိပ်မှာလည်း ကမ္ဘာကို planet လို့ခေါ်ပြီး စကြဝဠာကို universe တဲ့။ ပါဠိတော်မှာ ပါတဲ့ 'ဒသ လောကဓာတု'ဆိုတဲ့ အသုံးကို အဋ္ဌကထာဖွင့်နဲ့ ညီအောင် သုံးနှုန်းသင့်တယ်လို့ ဆိုလိုတာပါ။

မပြည့်စုံ

ဟုတ်ပါ့ .. အောက်မှာ ပါဠိတော်နဲ့ အဋ္ဌကထာကို မှီငြမ်းပါကြောင်း ဆိုလျက်နဲ့ 'အရူပဗြဟ္မာနှင့် သမာပတ် ဝင်စားနေတဲ့ ဗြဟ္မာတွေ မပါဝင်'လို့ ရေးရင် ကျမ်းရင်းကို ကြည့်နိုင်သူက မပြည့်စုံဘူးလို့ ဝေဖန်မှာပေါ့။ ဘာလို့ဆို ဒါက မှတ်သားထိုက်တဲ့ အရေးကြီးတဲ့ ဖော်ပြချက်ပဲလေ။ စုဝေးလာတာ 'ယေဘုယျေန = အများစု'ဆိုတော့ အနည်းစု သို့မဟုတ် အချို့ ရောက်မလာကြဘူးလို့ အလိုလို နားလည်နိုင်ပြီး အဲဒါ ဘယ်သူတွေလဲလို့လည်း မေးစရာ ရှိနေပြန်တာကိုး။

တိုက်ရိုက်

အဋ္ဌကထာဖွင့် တိုက်ရိုက် ရှိနေသားပဲ .. မန္ဒာ န သန္နိပတိတာ အသညာ အရူပါဝစရဒေဝတာ သမာပန္န ဒေဝတာ စ = အနည်းငယ်သော အသညသတ်ဗြဟ္မာအရူပါဝစရဗြဟ္မာနှင့် သမာပတ် ဝင်စားသော ဗြဟ္မာများသည် (မဟာသမယ) နတ်ဗြဟ္မာ အစည်းအဝေးသို့ ရောက်မလာကြ (ဒီ၊ဋ္ဌ၊၂၊၂၇၁)။

စကားမစပ် .. မူလစာရေးသူဟာ အဋ္ဌကထာ စာကိုယ်ကို မကြည့်မိဘဲ၊ 'အသညာ' နေရာမှာ 'အညတြ'ဆိုတဲ့ ပါဌ်ပျက်ကို အတည်ယူပြီး အနက်ပြန်ထားတဲ့ နိဿယဟောင်း (အတွဲ ၂၊ စာ-၁၆၃)ကိုပဲ ကြည့်ရေးတဲ့ သဘောရှိတယ်။ ဟုတ်ပါတယ် .. မဟာသမယသုတ်လာ နတ်ဗြဟ္မာ အစည်းအဝေးမှာ အသညသတ် ဗြဟ္မာတွေလည်း မပါနိုင်ဘူးလို့ အပြည့်အစုံ မှတ်သားရမှာပါ။
ဇူလိုင် ၁၅၊ ၂ဝ၂ဝ။

---

၈၂၆။ သုစိပုဘာ

ဆရာတော် ဘုရား၊ ယနေ့ခေတ် အဘိဝံသလို၊ ဓမ္မာစရိယလို ဘုန်းကြီး စာမေးပွဲတွေဟာ ကမ္ဘာကျော် တက္ကသိုလ်တွေမှာ အသုံးပြုနေတဲ့ ပညာရေး စနစ်ဖြစ်တယ်လို့ ရိုးရာစွဲသန်တဲ့ ရဟန်းအချို့ ရေးသားနေတာကို ဖတ်နေရပါတယ်။ မြန်မာနိုင်ငံ ရဟန်းတော်များ ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး အသေအချာ သတ်မှတ်ထားတဲ့ မူဝါဒ ရှိပါသလား ဘုရား။

ဆန်းတင့်ဦး (ထားဝယ်)

---

ဦးနုစကား

၁၉၈၆-ခုနှစ်၊ ဝါတွင်းကာလ တစ်ချိန်မှာ နိုင်ငံခြားက ပြန်ရောက်ခါစ ဝန်ကြီးချုပ်ဟောင်း ဦးနုက ပိဋကတ်သုံးပုံကို အင်္ဂလိပ်ဘာသာပြန်ဖို့ ပိဋကဘာသာပြန်အသင်းကို တည်ထောင်တယ်။ အသင်းဖွင့်ပွဲကို ဝိသာခါတန်ဆောင်း (တန်ဆောင်းအမည် မသေချာ၊ ယခု သထပရုံး)မှာ ကျင်းပလို့ အဲဒီအချိန်က ကမ္ဘာအေး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်က သံဃာတွေကို ပင့်တဲ့အတွက် ဘုန်းကြီးလည်း ဆရာတော်တွေနဲ့ အတူ ရောယောင်ပြီး ပါသွားဖူးတယ်။ အခမ်းအနားမှာ ဦးနုက ..

မငြင်းပါဘူး

'ပထမကြီးအောင်တဲ့ သံဃာတွေဟာ ခုခေတ် ဘီအေ၊ အမ် အေ ဘွဲ့ရတွေထက် သာကြောင်း၊ ဓမ္မစရိယ (သူ့အသံထွက် အတိုင်း) စာချတန်း အောင်ပြီးရင် ကနေ့ခေတ် ပါရဂူဘွဲ့ရတွေထက် အဆင့်မြင့်ပါကြောင်း' သံဃာတွေကို လျှောက်တယ်။ အဲဒီတုန်းက ဘုန်းကြီး အသက် ၂၇-နှစ်။ ဦးနုရဲ့ အသံက ကြေးချောင်း နှစ်ခုကို ရိုက်ခတ်သလို မာပြီး စူးရှတယ်။ အလွန် အပြော ကောင်းပါတယ်။ သူ့ စကားကြောင့် ရုံထားတဲ့ လည်းပင်းက သင်္ကန်းကော်လာစကို ဆွဲမိသူထဲ ဘုန်းကြီး ပါခဲ့ကြောင်း မငြင်းပါဘူး။

သတ်ပုံကလည်း မှား၊ သပိတ်သံ အိတ်သံလည်း ပါတော့ ဘုန်းကြီးလူထွက် ဘွဲ့ကြီးရတွေကို ရေးတတ် ဖတ်တတ် အဆင့် သတ်မှတ်နေကြတာကို ဦးနုက အဲဒီလို ပြောပစ်တာ။

လေကိုလျှော့

ဘုန်းကြီး အသက် ၂၄-နှစ်ကျမှ အင်္ဂလိပ်စာ အေဘီစီကို သင်ရပေမယ့် သုံးလေးနှစ်လောက်ဆို အတော်အသင့် ရေးတတ်သွားတယ်။ အသက် ၁၄-နှစ်လောက်က သင်လာတဲ့ ပါဠိကို ရေးဖို့ကျတော့ အတော် ဖျစ်ညှစ်ယူရတယ်။ သူများ ရေးထားတာကို ကြည့်ပြီး သိသလိုလို ရှိပေမယ့် ကိုယ်တိုင် ရေးတဲ့အခါ မသွက်ဘူး။ ရေးကျင့်ရှိမှ ရေးနိုင်တယ်ဆိုတာ မှန်ပေမယ့် ရေးနိုင်သူက ရာနှုန်း နည်းပါတယ်။ ရထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ ရေးနိုင်တဲ့အဆင့် မမျှတဘူးလို့ ထင်တယ်။ တစ်ခုခုတော့ လိုနေသလားပဲ။

လွတ်ချက်က

'သုစိပုဘာ၊ ဝိလိသိဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့' ဆိုတဲ့ အရှင်မဟာရဋ္ဌသာရ ဆုံးမစာကို ရှေးခေတ်က ရဟန်းတော်များရော လူတွေအတွက် ပါ ပညာသင်နည်း စနစ်လို့ ယေဘုယျ ဆိုနိုင်အံ့ ထင်ပါတယ်။ သု = ကြားနာ၊ စိ = ကြံစည်၊ ပု = မေးမြန်း၊ ဘာ = ဆွေးနွေး၊ နှိုင်းယှဉ် (စမ်းသပ်)၊ လိ ရေးသား၊ သိ = လေ့ကျင့်၊ ဓာ = နှုတ်တက်ဆောင်။ ဒီမှာ ဖော်ပြတာတွေ အားလုံးဟာ နိုင်ငံတကာ စံနှုန်းမီတယ် ဆိုရင် မငြင်းသာပါဘူး။ ဒါပေမယ့် ..

မေးခွန်းထဲက ဘုန်းကြီး စာမေးပွဲတွေမှာ အဲဒီ အက္ခရာ ရှစ်လုံးထဲက ဘာတွေ လွတ်သလဲဆိုတာကို အဲဒီ ရိုးရာစွဲသန်တို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ပေါ့။ ဘယ်လောက် မေးမြန်း (ဆွေးနွေး)၊ ဘယ်လို နှိုင်းယှဉ် ရေးသား၊ ဘယ်လောက် လေ့ကျင့် .. စသည်။ ပေါ်လွင်ပါတယ် ..
ဇူလိုင် ၁၆၊ ၂ဝ၂ဝ။

မှတ်ချက်များ

ဂူးဂေါ်လ်မှာ ရှာကြည့်တော့ ၂၀၂၀-ပြည့်နှစ်မှာ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်ကြီး ၁၀-ခု အနက် နံပါတ် ၁ အဖြစ် အောက်စ်ဖို့တက္ကသိုလ်ကို သတ်မှတ်တာကို တွေ့တယ်။ ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ့အဆင့် ဘယ်လောက် သတ်မှတ်ထားတယ် မသိ။ မေသံလွင်ငြိမ်း (NC)

---

၈၂၇။ ကိုယ်မှာမတတ် စာမှာတတ်သော်

ဆရာတော် ဘုရား၊ တပည့်တော်က ဆရာတော့် တပည့် (ဘုန်းကြီး ဦးဝိဝေက)ရဲ့ တပည့်ပါ ဘုရား။ ယခု သီရိလင်္ကာ နိုင်ငံမှာ Ph.D. သင်တန်း တက်နေပါတယ်။ အွန်လိုင်းမှာ ဘုန်းကြီးတစ်ပါးက 'သိန်းပေါင်း များစွာ ကုန်ခံပြီးမှ ရယူခဲ့တဲ့ ဒေါက်တာဘွဲ့တွေဟာ အဘိဝံသဘွဲ့ရ အရှင်မြတ်တွေလောက် မတွင်ကျယ်။ အဘိဝံသ အရှင်မြတ်တွေက အဘိဝံသ၊ တိပိဋက ... စတဲ့ စာမေးပွဲတွေမှာ ပုစ္ဆကဆရာအဖြစ် နေရာတစ်ခု အခိုင်အမာ ရှိထားတယ်'လို့ ဆိုပါတယ်။ Ph.D. ဘွဲ့တွေက လူရှိန်ရုံပဲ ရှိတယ်လို့လည်း ဆိုပါတယ်။ တပည့်တော် Ph.D. သင်တန်းတက်တာ မှားခဲ့ပါသလား ဘုရား။

အရှင်ဝိဇ္ဇာနန္ဒ (ကိုလံဘို)

---

အမှတ်ရဖွယ်

မေးခွန်း စာသားကို ဖတ်ရင်း ညောင်တုန်းမြို့၊ ရွှေဟင်္ကာ တောရတိုက်မှာနေစဉ်က ဝေဇယန္တာတိုက်ကျောင်း ဘုန်းကြီး (ဘဒ္ဒန္တကုသလာဘိဝံသ-ပျံလွန်)ရဲ့ 'စာမေးပွဲလေး အောင်တယ်ဆိုရင်ပဲ မြောက်ကြွကြွနဲ့ နဖူးမောက် နှာခေါင်းကောက်ဖြစ်ကုန်ပြီ'ဆိုတဲ့ ခပ်နှိပ်နှိပ် ဩဝါဒကို အမှတ်ရပြီး ဒီမေးခွန်းကို ဖြေဖြစ်ခဲ့တာ။ အမှန်က ရဟန်းသံဃာတို့ စာသင်တာဟာ ဘယ်နေရာမှာ ငါက ဥက္ကဋ္ဌပဲ .. ဘာပဲ ညာပဲလို့ 'နေရာတစ်ခု'နဲ့ အခြားသူတွေကို ယှဉ်ပြိုင် ကြွားဝါ ထောင်ပြဖို့ မဟုတ်ပါဘူး။ ရည်ရွယ်ချက် အမှန်က ..

ဂါဟတ်ပြတ်ဖို့

ပါဠိစကားလုံး ဂါဟကို ရှေးပညာရှိတို့က ဂါဟတ်လို့ ပါဠိပျက် ဝေါဟာရ တီထွင်ခဲ့ကြတယ်။ အဓိပ္ပာယ်က ဖမ်းယူ၊ စွဲလမ်းတတ်တဲ့ တရား .. တဏှာ၊ မာန၊ ဒိဋ္ဌိလို့ ဂါဟ သုံးမျိုးရှိတယ်။ သိသမျှလေးနဲ့ အားလုံး ငါ့အောက်ပဲလို့ အထင်ရောက်၊ လောဘ နောက်ကိုလိုက်၊ လူပြိန်းကြိုက်တွေ ရေးပြောနေရင် ကိုယ်မှာ မတတ်ဘဲ စာကိုပဲ တတ်တာ။ သာသနာအတွက် ဘာအတွက်လို့ ခေါင်းစဉ်တပ်ပေမယ့် သူတို့ ကိုယ်တိုင် ဂါဟကိုက်ခံနေရတာကို သူတို့ရဲ့ စာတွေ စကားတွေမှာ ပညာရှိတို့ ကောင်းစွာ မြင်သာ ရှာတွေ့နိုင်တယ် ..
ဂန္တေ ဉာတေပိ နော ကာယေ၊
ဂါဟော ဂါဟတိ ပုဂ္ဂလံ။
ဂန္တေ ဉာတေ အဉာတေ ဝါ၊
ကာယေ ဉာတေ ဝိဂစ္ဆတိ။

ကိုယ်မှာမတတ် စာမှာတတ် ဂါဟတ်ကိုက်တတ်သည်။
စာတတ်မတတ် ကိုယ်မှာတတ် ဂါဟတ်ပြတ်လေသည်။
(ပရမတ္ထစက္ခုကျမ်း၊ စာ-၄၁)

ဂါဟတ်အကိုက် မခံရအောင်၊ ဂါဟတ်ပြတ်အောင် တစ်နည်း မာန်ကို လျှော့ဖို့ စာသင်ကြတာပါ။

အပြောနဲ့ အလုပ်

ဖေ့စ်ဘုက်မှာ ရေးတယ်ဆိုတာက ကိုယ်ထင်တာကို ကိုယ်ရေးတာပဲ။ ဘယ်လောက် တူတူတန်တန် ခိုင်ခိုင်လုံလုံ ရေးနိုင်ပြောနိုင်တယ် ဆိုတာကို စာပေလိုက်စားတဲ့ ပညာရှိတို့ မြင်ပါတယ်။ ကိုယ့်စာ၊ ကိုယ့်အရေးအသားတွေက ကိုယ့်အကြောင်းကို ဖော်ပြပြီးသားပါပဲ။ အရည်အချင်းဟာ ဖေ့စ်ဘုက်မှာ မိတ်ဆွေ ဘယ်လောက်ရှိ၊ လိုက်ခ် ဘယ်လောက်လုပ်ဆိုတာတွေနဲ့ အလွန် မပတ်သက်နိုင်ဘူး။ စံနှုန်းဆိုတာကို အရည်အချင်းနဲ့ပဲ သတ်မှတ်နိုင်တာပါ။ ဒါကြောင့် လုပ်ပြနိုင်ဖို့ပဲ လိုပါတယ်။ လှုပ်ပြစရာ မလိုပါဘူး။

မကြားဖူးသေး

အရည်အချင်း ပြည့်မီတဲ့ ဘွဲ့ကို ရခဲ့ရင် အများအတွက် တစ်ထောင့် တစ်နေရာမှာ အကျိုးပြုခွင့်ရမှာ သေချာပါတယ်။ သူရောကိုယ်ပါ အကျိုးရှိရင် ဒီအလုပ်ကို လုပ်တာ မမှားပါဘူး။ မမှားရင် ဆက်လုပ်ရုံပါ။ ဘွဲ့ရပြီးရင် မေးခွန်း စာသားရှင်လို နှာခေါင်းမကောက် နဖူး မမောက်အောင်တော့ သတိထား။ ဘုန်းကြီး သိတဲ့ ဒေါက်တာဘွဲ့ရ မထေရ်မြတ် တစ်ပါးဆို ရန်ကုန်၊ မန္တလေး အပါအဝင် တက္ကသိုလ် အတော် များများက ပါရဂူတန်း ကျမ်းစာတွေကို စိစစ်ပေးဖို့ ယုံကြည်စွာ တာဝန်ပေးခံရတာပဲ။ အင်း .. ကြားဖူးချင်တယ်။
ဇူလိုင် ၂၅၊ ၂ဝ၂ဝ။

---

၈၂၈။ မဟာသမယသုတ်မှတ်ဖွယ်

ဆရာတော် ဘုရား၊ မဟာသမယသုတ်ကို ရွတ်ဖတ်တဲ့အခါ မြတ်စွာဘုရားနှင့် သံဃာကို ဖူးမြော်ဖို့ စုဝေး ရောက်လာကြတဲ့ နတ်တွေ ဗြဟ္မာတွေရဲ့ အမည်များကိုသာ တွေ့ရပါသည်။ ထိုနတ်ဗြဟ္မာ အစည်းအဝေးမှာ မြတ်စွာဘုရားသည် အဘယ်တရားဒေသနာကို ဟောကြားခဲ့ပါသလဲ အရှင်ဘုရား။

နှင်းနှင်းအေး (အတ္တလန္တာ)

---

မဟာသမယသုတ်ရဲ့ မူရင်းကို ဒီဃနိကာယ်၊ မဟာဝဂ္ဂ ပါဠိ၊ ၇-ခုမြောက်သုတ္တန် (ဒီ၊၂၊၂၀၄)အဖြစ် တွေ့နိုင်ပါတယ်။ ဒီသုတ္တန်အကြောင်း မှတ်ဖွယ်အထူးကို ဘုန်းကြီး လေ့လာမိသလောက် အကျဉ်းမျှ ဖော်ပြပါမယ်။ အဖြေက အဲဒီမှာ ပါသွားမှာပေါ့။

---

ရဟန္တာငါးရာ

ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် သကျမင်းတွေဟာ ရောဟိဏီမြစ်ရေ ခွဲဝေရေးနဲ့ ပတ်သက်ပြီး စစ်ပွဲ ဆင်နွှဲခါနီး ရှင်တော်ဗုဒ္ဓရဲ့ တရားကြောင့် လက်နက်ချ ငြိမ်းချမ်းရေး ရခဲ့ကြတယ်။ ဒါကို နှစ်သက်ပြီး နှစ်ဖက်မင်းတွေက သကျလူငယ် ၂၅၀ စီ မြတ်ဗုဒ္ဓကို ဝန်းရံဖို့ ပေးအပ်တယ်။ မြတ်ဗုဒ္ဓက သူတို့ အားလုံးကို ရဟန်းပြုပေးတယ်။ ဆန္ဒမရှိဘဲ သင်္ကန်း ဝတ်ခဲ့ကြရတဲ့ ရဟန်းငယ်တွေ သာသနာမှာ မပျော်မှန်း ကြမှန်း သိတဲ့အခါ မြတ်ဗုဒ္ဓက ယင်းတို့ရဲ့ စိတ်အာရုံ လွှဲတဲ့အနေနဲ့ တန်ခိုးနဲ့ ကုဏာလရေအိုင်ကို ခေါ်သွားတယ်။

အဲဒီမှာ ကုဏာလဇာတ်ကို ဟောကြားတဲ့အခါ ရဟန်းငယ် အားလုံး ဈာန်ရတဲ့ သောတာပန်တွေ ဖြစ်သွားကြတယ်။ ဒါကြောင့် မဟာဝုန်ကို အပြန်မှာတော့ မိမိရဲ့ တန်ခိုးနဲ့ပဲ ဗုဒ္ဓကို ဝန်ရံပြီး လိုက်ခဲ့ကြတယ်။

ကျက်သရေည

ရဟန်းဘဝနဲ့ ပျော်မွေ့နေကြပြီဖြစ်တဲ့ ရဟန်းငယ်တွေဟာ မဟာဝုန်မှာ အထက်မဂ်ဖိုလ် အတွက် တရား အားထုတ်ကြရင်း တစ်ပါးပြီး တစ်ပါး ရဟန္တာ ဖြစ်ကြတယ်။ ငါးရာလည်း ပြည့်ရော နယုန်လပြည့်ညရဲ့ လဝန်းကလည်း ညစ်မျိုးမထင် ကြည်လင်စွာ ထွက်ပြူခဲ့ပြီ။ သူတို့ အားလုံး မြတ်ဗုဒ္ဓလိုပဲ ခတ္တိယ သကျမင်းမျိုး၊ မင်းအဖြစ်ကို စွန့်ပြီး ရဟန်းပြု၊ ကိလေသာ စင်ကြယ်တဲ့ ရဟန္တာအဖြစ်နဲ့ ကိလေသာ စင်ကြယ်ပြီးသူ မြတ်ဗုဒ္ဓကို ဝန်းရံနေကြတာ ဖြစ်လို့ အလွန်အမင်း ကျက်သရေခတဲ့ ညချမ်းအချိန်ပါပဲ။

မဟာသမယ

မြတ်ဗုဒ္ဓနဲ့ ထိုရဟန္တာငါးငယ် ငါးရာကို ဖူးမြော်ဖို့ စကြဝဠာ တိုက် တစ်သောင်းက နတ်ဗြဟ္မာတွေ မဟာဝုန်တောမှာ စုဝေးနေကြတာကို မဟာသမယ (အစည်းအဝေးကြီး)လို့ ခေါ်တယ်။ အသညသတ်၊ အရူပဗြဟ္မာနဲ့ သမာပတ် ဝင်စားနေကြတဲ့ နတ်ဗြဟ္မာမှ တစ်ပါး နတ်ဗြဟ္မာ အများစုဟာ ဒီအစည်းဝေးကို လာကြတယ်။ သမာပတ်က နိုးထလာတဲ့ သုဒ္ဓါဝါသ ရဟန္တာ ဗြဟ္မာ လေးဦးလည်း သိတာနဲ့ ချက်ခြင်း လိုက်လာပြီး ပရိသတ် အစွန်ကနေ မြတ်ဗုဒ္ဓကို ဂါထာတစ်ပုဒ်စီနဲ့ လျှောက်ကြတယ်။

ကိုယ့်နာမည်

အစည်းအဝေးမှာ ရှိနေတဲ့ တန်ခိုးနည်း နတ်ဗြဟ္မာအချို့ရဲ့ စိတ်ထဲမှာ ရှင်တော်ဗုဒ္ဓဟာ ငါတို့နာမည်ကို ခေါ်ဝေါ်ပါ့မလားလို့ အားငယ်နေကြတာကို မြတ်ဗုဒ္ဓ သိမြင်တော်မူတယ်။ လောကမှာ သုတိအသာဆုံးဟာ မိမိနာမည်ကို ခေါ်သံပါပဲ။ ဒါကြောင့် ယင်းတို့ ကျေနပ်အာင် တရားမဟောခင် နတ်ဗြဟ္မာ အားလုံးရဲ့ နာမည်ကို ဦးစွာ ပြောကြားမည် ဖြစ်ကြောင်း ရဟန်းတွေကို မြတ်ဗုဒ္ဓ မိန့်ပါတယ် (ဒီ၊ဋ္ဌ၊၂၊၂၇၄)။

တာဝ၊ ဓမ္မဒေသနာမှ ရှေးဦးစွာ (သုတ်မဟာဝါဘာသာဋီကာ ၃၊ ၁၉၀)အရ တရားမဟောခင် (နာမည်တွေကို ပြောတယ်)လို့ ဆိုတာပါ။ ဒီသုတ်မှာ ဖော်ပြတဲ့ နတ်ဗြဟ္မာတို့ရဲ့ အမည်တွေကို အကျဉ်းချုပ် ဖော်ပြရရင် ..

မြေနေနတ်

ကပိလဝတ်မြို့နေ နတ် ၇-ထောင်၊ ဟိမဝန္တာနေ ၆-ထောင်၊ သာတာဂိရိတောင်နေ ၃-ထောင်၊ စုစုပေါင်း ၁-သောင်း ၆-ထောင်။ ဝေဿာမိတ္တတောင်နေ ၅-ရာ။ ရာဇဂြိုဟ်အနီး ဝေပုလ္လတောင်နေ ကုမ္ဘီရ နတ်စစ်သူကြီး အမှူးပြုတဲ့ အသိန်းမကသော နတ်တွေ။ ဓတရဋ္ဌ ဝိရူဠက ဝိရူပက္ခ ကုဝေရ နတ်မင်း ၄-ဦးနဲ့ ၎င်းတို့ရဲ့ များပြားလှတဲ့ ဣန္ဒခေါ် သားတော်များ။ ဒီနတ်မင်း လေးဦးတို့ရဲ့ ကျေးကျွန်တွေ ဖြစ်တဲ့ မာယာနတ်စတဲ့ နတ် ၉-ဦး။ ပနာဒ သြပမည မာတလိ စတဲ့ နတ်မင်း (ဒေဝရာဇာ) ၁၁-ယောက်။

စကြဝဠာ တစ်သောင်းမှာရှိတဲ့ ဓတရဋ္ဌနတ်မင်း တစ်သောင်းလည်း အချွေအရံ နတ်ပေါင်း ကုဋေတစ်သိန်းစီ ခြံရံပြီး ရောက်လာကြ။ ဝိရူဠကစသည်လည်း ထိုနည်းအတိုင်း။

နဂါး၊ ဂဠုန်၊ အသူရာ

နာဂသအိုင်မှာ နေတဲ့ နဂါး၊ ဝေသာလီမြို့နေ နဂါးစတဲ့ နဂါးနာမည် ၇-မျိုးနဲ့ ယင်းတို့ရဲ့ ဆွေမျိုးများ။ နဂါးအမည်နဲ့ ခေါ်ဝေါ်တဲ့ ဧရာဝဏ်ဆင်နတ်။ ထိုနဂါးတွေကို နိုင်တဲ့ ဂဠုန်တွေလည်း ဘုရားတန်ခိုးနဲ့ ရန်မပြုဘဲ အချင်းချင်း ချိုသာတဲ့ ကားတွေနဲ့ ဘုရားကို ချဉ်းကပ်ကြ။ အသုရာတွေဟာ သိကြားမင်းကို စစ်ရှုံးပေမယ့် သိကြားမင်းရဲ့ ညီနောင်တွေပါပဲ။ တန်ခိုးကြီးပြီး အခြံအရံ များတယ်။ ဒီအသုရာ အုပ်စုဝင် နတ်တွေရဲ့ နာမည်တွေက ၇-မျိုး။

ဝေဟင်နတ်

အာပေါနတ် အစရှိတဲ့ နတ်အုပ်စု ၁၀-ခု။ ဝေဏ္ဍုနတ် စတဲ့ အုပ်စု ၁၀-ခု။ သဟဘူနတ် အစရှိတဲ့ အုပ်စု ၁၀-ခု။ သမာနနတ်စတဲ့ အုပ်စု ၁၀-ခု။ သုက္ကနတ်စတဲ့ အုပ်စု ၁၀-ခု။ ခေမိယနတ်စတဲ့ အုပ်စု ၁၀-ခု။ အားလုံး အမျိုးအနွယ်တူ နတ်အုပ်စုပေါင်း ၆၀။ အမျိုးအမည်တူ အခြားနတ်တွေလည်း ရှိသေး။ ဒီနတ်တွေဟာ မြတ်ဘုရားနဲ့ အရိယာသံဃာရဲ့ ဂုဏ်ကို ကြွေးကြော်ပြီး မဟာဝုန်သို့ လာကြတယ်။ ဒါကတော့ ဝေဟင်နေ (အာကာသဋ္ဌ) နတ်တွေ။ နာမည် အသေးစိတ် စုစုပေါင်း ၆၀ ရှိတယ်။ ရေတွက်ကြည့်ပါ။

ဗြဟ္မာတွေ

အရိယာတွေ ဖြစ်ကြတဲ့ သုဗြဟ္မာနဲ့ ပရမတ္တ အမည်ရှိ ဗြဟ္မာ နှစ်ဦး အတူတူ လာခဲ့ကြ။ သနကိုမာရ၊ တိဿ၊ လက်ချောင်းတွေနဲ့ စကြဝဠာကို အရောင်အဝါ ပြန့်စေနိုင်တဲ့ ဗြဟ္မာ တစ်ထောင်၊ ဗြဟ္မာတစ်ထောင် အခြံအရံရှိတဲ့ မဟာဗြဟ္မာကြီး၊ ဗြဟ္မာတစ်ထောင်ကို အစိုးရတဲ့ မဟာဗြဟ္မာ ၁၀-ဦး၊ ဟရိတမည်တဲ့ မဟာဗြဟ္မာကြီးက ဗြဟ္မာတစ်သိန်း အခြံအရံနဲ့ အတူလာရောက်တယ်။

ပရိသတ် အားလုံးအနက် ဝေဟင်နေနတ် (အာကာသဋ္ဌ နတ်)တွေရဲ့ အမည် သေးစိတ်က ပိုများတာကို တွေ့ရတယ်။

နိမ္မတဗုဒ္ဓ

အမည်တွေကို ခေါ်ဝေါ်ပြီးတဲ့အခါ အပိတ်အပင် အတားအဆီး မရှိတဲ့ ဗုဒ္ဓဉာဏ်တော်နဲ့ နတ်ဗြဟ္မာ ပရိသတ်ကြီးထဲက ကျွတ်ထိုက်သူ အုပ်စုကိုယူ၊ တဖန် ယင်းတို့ကို စရိုက် ၆-ပါး အလိုက် ၆-အုပ်စု ခွဲပြီး မေးခွန်းတွေ မေးပြီး တရား ဟောကြားဖို့ ဆုံးဖြတ်တော်မူတယ်။ နတ်ဗြဟ္မာတို့ရဲ့ စရိုက်ကို သိပြီး မေးစွမ်းနိုင်သူ လောကမှာ ဗုဒ္ဓမှ တစ်ပါး အခြားမရှိလို့ နိမ္မိတဗုဒ္ဓ (တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ အခြား ဗုဒ္ဓတစ်ဆူ)နဲ့ အမေးအဖြေလုပ်ပြီး ဟောကြားပါတယ်။ မဟာသမယနေ့မှာ ဟောကြားတဲ့ သုတ္တန်တွေက ..

သုတ္တန်တွေ

ရာဂစရိုက် ရှိသူများဖို့ သမ္မာပရိဗ္ဗာဇနီယသုတ် (သုတ္တနိ၊၃၃၂)၊ ဒေါသစရိုက် ရှိသူများဖို့ ကလဟဝိဝါဒ သုတ် (သုတ္တနိ၊၄၁၃)၊ မောဟစရိုက်ရှင်များ အဖို့ မဟာဗျူဟသုတ် (သုတ္တနိ၊၄၁၈)၊ ဝိတက်စရိုက် များသူ အဖို့ စူဠဗျူဟသုတ် (သုတ္တနိ၊၄၁၅)၊ သဒ္ဓါစရိုက်များအတွက် တုဝဋသုတ် (သုတ္တနိ၊၄၂၁)၊ ဗုဒ္ဓိစရိုက် ရှိသူများ အဖို့ ပုရာဘေဒသုတ် (သုတ္တနိ၊၄၁၁)၊ ပေါင်း သုတ္တန် ၆-ခု။ ဒီသုတ္တန်တွေကိုလည်း မဟာသမယ နေ့မှာ ဟောကြားတဲ့ အတွက် မဟာသမယသုတ်လို့ ခေါ်ခွင့် ရှိတယ် (သုတ္တနိ၊ဋ္ဌ၊၂၊၈၅)။

ဒါ့အပြင် .. ကပိလဝတ္ထုနဲ့ ကောလိယ နှစ်နိုင်ငံရဲ့ စစ်ကို ပြေငြိမ်းစေတဲ့ အတ္တဒဏ္ဍသုတ် (သုတ္တနိ၊၄၂၄)ကိုလည်း မဟာသမယနေ့ မတိုင်ခင် ရက်ပိုင်းလောက် အလိုက ဟောကြားတာဖြစ်ကြောင်း မှတ်ပါ။

အဆိုးအုပ်စု

တရားနာယူဖို့ မဟာဝုန်ကို လာနေကြတဲ့ နတ်ဗြဟ္မာ ပရိသတ်ကြီးကို မာရ်နတ်နဲ့ အပေါင်းပါတွေက လမ်းက ဖြတ်ပြီး 'လာကြ၊ ဝိုင်းကြ၊ ဖမ်းကြ၊ တုပ်ချည်ကြ၊ ဘယ်သူ့ကိုမှ မလွတ်စေနဲ့'ဆိုပြီး လိုက်လံ နှောင့်ယှက်ကြပေမယ့် မအောင်မြင်ဘဲ မာရ်နတ်ကြီး မိမိဘာသာပဲ ဒေါသပေါက်ကွဲပြီး ပြန်ဆုတ်ခဲ့ရတယ်။ လောကမှာ ဘယ်လောက်ပဲ အကောင်း လုပ်စေ နှောင့်ယှက် ဖျက်ဆီးလိုတဲ့ အဆိုးအုပ်စု ရှိမြဲပါပဲ။

ဒါလေးကို အာရုံပြုပြီး စိတ်ဓာတ်ခွန်းအား မြှင့်တင်နိုင်ပါစေ။ မာရ်နတ် အသင်းအပင်းဝင် လူသားမျိုး မဖြစ်ဖို့လည်း မိမိကိုယ်ကို ဆင်ခြင်နိုင်ပါစေ။

ဩဂုတ် ၁၉၊ ၂ဝ၂ဝ။

---

မှတ်ချက်များ

ဘုန်းကြီးဘုရား သီဟိုဠ်က နတ်သမီး တစ်ဦးဟာ ဘုရား ဟောတဲ့ မဟာသမယသုတ်ကို နာယူခဲ့ရတယ် ဆိုတာ ဟုတ်ပါသလား။

သန်းသန်းဆင့်

ဟုတ်ပါတယ် .. အဲဒီ နတ်သမီးက မြတ်စွာဘုရားဟာ သူ့ကို ကြည့်ပြီး ဟောနေတယ် ထင်လို့ ကြောက်ကြောက်နဲ့ လှိုင်းတွေ ကြားမှာတောင် ပုံးနေခဲ့ရသတဲ့ (ဩတ္တပမာနာ ဦမီသု နိလယာမိ။ ဒီ၊ဋ္ဌ၊၂၊၂၈၈)။

အရှင်ကေလာသ

ပါဠိအသံထွက်တွေ မမှန်လို့ တပည့်တော်တို့ ရွတ်ရင် အကျိုးရှိပါ့မလား ဘုရား။

အောင်သူ

ဒီသုတ်မှာက နတ်ဗြဟ္မာတွေရဲ့ နာမည်တွေ ဖြစ်လို့ အသံထွက် မှန်သင့်တယ်။ ပါဠိတတ်တဲ့ ပုဂ္ဂိုလ်တွေထံမှာ သင်ယူပြီးမှ ဖတ်တာ ပိုကောင်းတယ်။

အရှင်ကေလာသ

---

၈၂၉။ မဟသမယအသံထွက်အထူး

ဘုန်းကြီး ဘုရား၊ ဘုန်းကြီးရဲ့ မဟာသမယသုတ် ရှင်းလင်းချက်တွေကို နားထောင်ရတာ ဗဟုသုတ တိုးပါသည်။ အွန်လိုင်းမှာ နားထောင်ရတဲ့ မဟာသမယသုတ် ရွတ်ဖတ် သံတွေမှာ အသံထွက် ကွဲပြားနေတာကို သတိပြုမိပါသည်။ အောက်ပါ စာလုံးများ၏ အသံထွက်မှန်ကို သိလိုပါသည် ဘုရား ..

အရှင်ဝိစာရ (ကွမ်းခြံ)

---

သိလိုတဲ့ ပါဠိစာလုံးတွေကို မေးခွန်းမှာ ဖော်ပြပေမယ့် နှစ်ခါပြန် မဖြစ်အောင် ဖြုတ်ထားတာပါ။ ထင်ရှားလွန်းတဲ့ ပါဠိပုဒ် အချို့ကိုလည်း မဖြေဘဲ ချန်ထားခဲ့ပါတယ် ..

အန္တရ.ဟိတာ

သုဒ္ဓါဝါသေသု ဒေဝေသု အန္တရဟိတာ-မှာ (၁) အန္တ-ရဟိတာ လား (၂) အန္တရ-ဟိတာ လား။ အန္တရ + ဓာ (အဒဿနေ) + တ လို့ သဒ္ဒါကျမ်းတွေမှာ ပုဒ်ခွဲပြတာကို မှတ်သားဖူးပါတယ်။ ဒါကြောင့် အမှတ် (၂) အသံထွက်ကို ယူပါ။ စကားမစပ် ရေးတော့ အမှန် ဖတ်တော့ အသံဆိုတာကို မြန်မာစကားမှာ မှန်နိုင်ပေမယ့် ပါဠိဘာသာမှာ ဒီလို မဖြစ်နိုင်ဘူးလို့ ယူဆရင်းစွဲ ရှိပါတယ်။

အနုကဿာမိ

(၁) သိလောကမနုကဿာမိ = သိလောကံ အနုကဿာမိအနုကဿာမိ-ကို ပဝတ္တယိဿာမိ = ဖြစ်စေအံ့-လို့ အဋ္ဌကထာမှာ ဖွင့်တယ်။ ရွတ်ဆိုအံ့-လို့ အဓိပ္ပာယ် ယူနိုင်တယ်။ (၂) သိလောကမနုပဿာမိ = သိလောကံ အနုပဿာမိ-ဆိုရင် 'အနုပဿာမိ = အဖန်ဖန် ရှုအံ့' အဓိပ္ပာယ် ဖြစ်လို့ ယုတ္တိမရှိ။ ဒါကြောင့် အမှတ် (၁)ကို အမှန်ယူပါ။ ဆဋ္ဌမူမှာလည်း အမှတ် (၁)ပဲ ရှိတာပါ။

ဂိရိဂမ္ဘီရံ

ဂိရိဂမ္ဘီရံ = တောင်ခေါင်း။ ဆဋ္ဌမူ မဟာသမယသုတ် (ဒီ၊၂၊၂၀၄)မှာ ဂိရိဂဗ္ဘရံ-လို့ပဲ ရှိပါတယ်။ (၂) ဂိရိပတ္တရံ-လို့ အချို့ ရွတ်ဆိုရာမှာ ဂိရိပမ္ဘာရံ-လို့ ရေးချသံနဲ့ ရွတ်ရင် ပုဒ်ပါဌ် မှန်နိုင်ပေမယ့် တောင်ရဲ့ ချိုင့်ဝှမ်းလို့ အဓိပ္ပာယ် ရလို့ ဒီနေရာနဲ့ မသင့်လျော်နိုင်ဘူး။

ဝါသ.နေသိနော

တိပိဋကပါဠိမြန်မာ အဘိဓာန်မှာ ဝါသဝနေသီ-ကို ဝါသဝ + နေသီ (နေသီ = နေသ + ဏီနေသ ဂတိစလနေသု)လို့ ပုဒ်ခွဲ ပြပါတယ်။ ဒါကြောင့် ဝါသဝ.နေသိနော-လို့ အသံထွက်သင့်တယ်။ ဝါသဝ = သိကြားမင်း။ နေသီ = ပို့ဆောင်သူ (သိကြားမင်းကို ပို့ဆောင်ပေးရသူလို့ အဓိပ္ပာယ် ယူနိုင်လေမလား)။ ဝါသ.ဝနေသိနော-လို့ အသံထွက်သူတွေရဲ့ အဓိပ္ပာယ် ယူပုံကို မသိပါ။

နာဂသာ

နာ.ဂသာ သို့မဟုတ် နာဂ.သာ၊ ဘယ်လို ဖတ်ရင် မှန်သလဲ။ တိပိဋကပါဠိမြန်မာ အဘိဓာန်မှာ ပုဒ်ခွဲ မပြဘူး။ ယဒိစ္ဆာ နာမ်- လို့ပဲ ဖော်ပြတယ်။ ဒါဖြင့် နှစ်မျိုးလုံး သင့်နိုင်ပါတယ်။

နာ.ဂသ ရေအိုင်မှာ နေတဲ့ နဂါးမျိုး တွေဆိုတဲ့ အဓိပ္ပာယ်နဲ့ နာ.ဂသ-လို့ ရွတ်တာကို ဘုန်းကြီး နှစ်သက်တယ်။

ဝေဃနသာ

ဝေဃန.သာ လား၊ ဝေဃ.နသာ လား။ တိပိဋကပါဠိမြန်မာ အဘိဓာန်မှာ ဝေဃနသ-လို့ တည်ပုဒ်ပြပေမယ့် ပုဒ်ကို ခွဲမပြဘူး။ ဝေ.ခန.သ (ဝိ + ခနု + အသ) (= သစ်မြစ် သစ်ဥကို တူးဆွ စားသောက်သူ)ပုဒ်နဲ့ တူလေမလားလို့ ဆိုတယ်။ ဒါကြောင့် 'ဝေ.ခန.သ'လို့ ဖတ်သလို 'ဝေ.ဃန.သာ'လို့ ဖတ်ရင် သင့်နိုင်တယ်။ 'ဝေဃ.နသာ'လို့ ဖတ်သူရဲ့ ယူဆပုံကို မသိပါ။

ဇုတိမန္တော

အချို့ ဆရာတော်တွေက သာရတ္ထဋီကာ (၁၊ ၁၁၁)ကို ကိုးကားပြီး ဇုတီမန္တော-လို့ ဒီဃသံနဲ့ ဖတ်တယ်။ ဆဋ္ဌမူ မဟာဝဂ္ဂပါဠိ (ဒီ၊၂၊၂၀၅)မှာ ဇုတိမန္တော-လို့ပဲ ရှိတယ်။ တိပိဋကပါဠိမြန်မာ အဘိဓာန် ဖော်ပြပုံအရ နှစ်ပုဒ်သင့် ဖြစ်နိုင်တယ်။

အဖတ်မှားတွေ

စာအုပ်မှာ ကာလကဉ္စာ မဟာဘိသ္မာ-ရှိတာကို မဟာဘိက္ခာ-လို့ ဘာကြောင့် ရွတ်တာလဲ။ အဖတ် မှားတာပါ။ စာအုပ်မှာ ပဟာရာဒေါ-ရှိတာကို ဘာကြောင့် မဟာရာဒေါ-လို့ ဖတ်သလဲ။ ဒါလည်း အဖတ်မှား။ သတ္တရီ-လို့ တဝမ်းပူနဲ့ ရှိတာကို သတ္ထရိ-လို့ ထဆင်ထူးနဲ့ ဖတ်တာလည်း အဖတ်မှားပါပဲ။ သုံးမရအောင် မှားနေတာတွေ အချို့ကိုတော့ စာမျက်နှာ မများအောင် ချန်ထားခဲ့ပါတယ်။

ဘာကြောင့်

နိုင်ငံခေါင်းဆောင် တစ်ဦးက အခြားနိုင်ငံ ခေါင်းဆောင်ရဲ့ နာမည်ကို အသံထွက်မှားလို့ လူပြောစရာ ဖြစ်ဖူးတယ်။ အခမ်းအနားမှူးလို နာမည်ကို မိတ်ဆက်ပေးရသူတွေဟာ တစ်ဦးစီရဲ့ နာမည်ကို အသံထွက် မှန်အောင် ဂရုစိုက်ကြတယ်။ အတ္တန္တာလေဆိပ်မှာ အိုင်ဒီကတ် မေ့ကျန်ခဲ့တာကို ဝန်ထမ်းက 'ကီးလဆ . ကီးလဆ'လို့ အော်ခေါ်တာကို ကြားပေမယ့် ကိုယ့်ကို ခေါ်တယ်လို့ မသိတာမျိုး ကြုံဖူးတယ်။ ဒါကြောင့် မဟာသမယလို အမည်နာကို အဓိကပြုတဲ့ သုတ်မျိုးမှာ ပါဠိ အသံထွက်ကို ဂရုစိုက်သင့်ပါတယ်။

စက်တင်ဘာ ၈၊ ၂၀၂၀။

---

မငြင်းသူ

နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ၊ လောကောဝ မယာ ဝိဝဒတိ။ န ဘိက္ခဝေ ဓမ္မဝါဒီ ကေနစိ လောကသ္မိံ ဝိဝဒတိ။ (သံ၊၂၊၁၁၃-၁၁၄)

ရဟန်းတို့ .. ငါသည် လောကနှင့် မငြင်းခုန်။ လောကကြီးကသာလျှင် ငါနှင့် ငြင်းခုန်၏။ တရားသဖြင့် ပြောဆိုသူသည် လောက၌ မည်သူနှင့် မငြင်းခုန်ချေ။

---

၈၃၀။ ဓမ္မကထိကကောင်း

ဆရာတော် ဘုရား၊ ဓမ္မကထိကကောင်းတို့၏ လက္ခဏာကို မှတ်သားလိုပါသည်။ ဘုရားဟော သုတ္တန်တွေမှာ မည်ကဲ့သို့ ဟောကြားပါသနည်း ဘုရား။ ပရိတ်ကို ဝိပဿနာရှုပြီး ရွတ်မှသာ အကျိုးရှိပါသလား ဘုရား။ ပရိတ်ရွတ်ဖို့ ဘုရား ဟောကြားပါသလား။ ပရိတ်ကြီး ၁၁-သုတ်ကို ဘုရား ဟောပါသလား အရှင်ဘုရား။ ရဟန်းသည် လူပရိသတ်ကို ငါဟာဖြင့် နတ်တွေ နာနာဘာဝတွေနဲ့ စကားပြောရသည်ဟု ပြောဆို ကောင်းပါသလား ဘုရား။

ဆရာတော် ကျန်းမာပါစေ အရှင်ဉာဏ (ပြင်ဦးလွင်)

---

ရဟန္တာ့စကား

ဓမ္မကထိကနှင့် ပတ်သက်တဲ့ သုတ္တန်တွေကို သံ၊၁၊၂၅၈။ သံ၊၂၊၁၃၂။ အံ၊၁၊၄၅၅ တွေမှာ အပြည့်အစုံ ဖတ်ရှုလေ့လာနိုင် ပါတယ်။ ဒီနေရာမှာတော့ သုတ္တန်အဆို အားလုံးကို မသုံးသပ်ဘဲ မြတ်ဗုဒ္ဓ လက်ထက်က ပဉ္စာလမင်း ဘဝကနေ ဘုရားရှင်ရဲ့ တရားကို နာရပြီးနောက် သဒ္ဓါတရား ဖြစ်ပေါ်ပြီး ရဟန်းပြု၊ ဘုရားရှင် နောက်က သာဝတ္ထိကို လိုက်ပါလာပြီး ဝိပဿနာပွား တရားအားထုတ်၊ ရဟန္တာ ဖြစ်သွားတဲ့ ဝိသာခ ပဉ္စာလပုတ္တ (ပဉ္စာလ မင်းသမီးရဲ့သားတော် ဝိသာခ) မထေရ် မိန့်ကြားခဲ့တဲ့ ဓမ္မကထိကကောင်းတို့ရဲ့ လက္ခဏာတွေကို မြန်မာပြန် ဖော်ပြရရင် ..

ဓမ္မကထိက

၁။ မိမိကိုယ်ကို မပလွှား လေမထွားရာ။ ပညာ (ဘွဲ့ဒီဂရီ)၊ နာမည်ကြီး စသည်ကြောင့် အပေါ်စီးက မပြောရာ။
၂။ သူတစ်ပါးတို့ကို မရှုတ်ချရာ (သူ့ဂုဏ်ကို နှိမ့်၍ မဆိုရာ)။
၃။ သူတစ်ပါးတို့ကို အထင်အမြင် မသေးရာ၊ သူတစ်ပါးတို့ကို ငုံ့မကြည့် ရာ။
၄။ အဘိညာဉ်ရ ရဟန္တာများကို ထိခိုက်ပြီး မဆိုရာ။
၅။ လာဘ်ပေါဖို့ မျှော်လင့်ပြီး မိမိတော်ကြောင်း တတ်ကြောင်း ကို ပရိသတ်အလယ်၌ ထုတ်ဖော်ပြီး မပြောဆိုရာ။
၆။ မပျံ့လွင့်ရာ၊ ဟိုရောက် ဒီရောက် မပြောရာ။
၇။ ကောင်းစွာ နှိုင်းချိန်၍ သင့်သော အချိန်၌ အကျိုးရှိတဲ့ စကားကို ဆိုရာ၏။
၈။ အကျင့်သီလနှင့် ပြည့်စုံသူ တစ်နည်း ဟန်မဆောင်သူ ဖြစ်ရ မည် (ထေရဂါထာ၊ ၂၆၀။ ထေရ၊ဋ္ဌ၊၁၊၄၂၄)။

ဆောင်

လေမထွားရာ မနှိမ့်ပါ ငုံ့ကာ မကြည့်ချေ။
ရဟန္တာကို မထိဆို လာဘ်လို မပွပေ။
မပျံ့မလွင့် နှိုင်းချိန်ချင့် ကောင်းကျင့်မြဲပါစေ။

စိတ်ထား

တရားနာ ပုဂ္ဂိုလ်တွေ ချီးမွမ်းတာကို မသာယာရ။ မနာယူရင် (ပရိသတ်နည်းရင်)လည်း စိတ်မချမ်းသာ မဖြစ်ရ (သံ၊၁၊၁၁၃)။ အရှင်သာရိပုတ္တရာလို အလွန် ဉာဏ်ကြီးရှင် ဓမ္မကထိက (တရားဟောပုဂ္ဂိုလ်)တွေတောင် ဘုရင့်အမိန့် စာ ကိုဖတ်တဲ့ စာဖတ်သမား အဆင့်သာ (လိခိတပဏ္ဏဝါစကော ဝိယ)။ အမိန့် ထုတ်ပြန်သူ ဘုရင်လို မြတ်စွာဘုရားသာ ဓမ္မကထိက အစစ် (မ၊ဋ္ဌ၊၁၊၁၉၇)။

ပရိတ်ရွတ်ခြင်း

ပရိတ်ဆိုတာ 'စေတနာ သဒ္ဓါ သစ္စာ မေတ္တာ'ဆိုတဲ့ နာမ်တရားတွေ။ ဒီတရားများ နှလုံးသားထဲ စိမ့်ထုံအောင် စူးစိုက်ရွတ်ပွားရင် 'ဆန္ဒ စိတ္တ ဝီရိယ ဝီမံသ'တွေ ဖြစ်လာပြီး အကျိုးကို ပြီးစေတယ်လို့ သံသယရှင်းစွာ မှတ်ပါ။ ဘုရားရှင် နာမကျန်းစဉ် အရှင်စုန္ဒရဲ့ ဗောဇ္ဈင် ၇-ပါး တရားကို ကြားနာလို့ ကျန်းမာသွားတယ် (သံ၊၃၊၇၂)။ သုတ္တန်တွေဟာ ရွတ်ဖတ် နာယူသူတွေရဲ့ နှလုံးအိမ်ကို တရှိန်ရှိန် စိမ့်ထုံလာစေပြီး သဒ္ဓါ ပီတိ ပဿဒ္ဓိ သုခတို့ တစ်ခုမှတစ်ခု ကူးစက်ပြီး သမာဓိကို ပြီးမြောက်စေတယ်။ ဒီတရား အားလုံးဟာ ငြိမ်းချမ်းတဲ့ နာမ် တရားတွေ ဖြစ်လို့ ရောဂါ အပူကို ကင်းစေနိုင်တယ်။

လည်မျိုကို တုတ်နဲ့ ရိုက်ပြတာ၊ နားထင်ကို Drill Machine နဲ့ ထိုးပြတာ၊ လက်ညှိုးနဲ့ ထောက်ပြီး တစ်ကိုယ်လုံးကို ထောင်ပြတာတွေက ရုပ်ကို လေ့ကျင့်လို့ ရလာတဲ့ စွမ်းအင်တွေ။ စိတ်ကို လေ့ကျင့်ရင် ဒီထက် ပိုကြီးတဲ့ စွမ်းအင်ကို ရနိုင်တယ်လို့ ဗုဒ္ဓဝါဒီတို့ ယုံကြည်တယ်။

ပရိတ်သမိုင်း

ရတန၊ မေတ္တ၊ ခန္ဓ၊ ဓဇဂ္ဂ၊ အာဋာနာဋိယ၊ အင်္ဂုလိမာလ၊ ဗောဇ္ဈင်္ဂ-သုတ်တွေကို အရံအတား (ပရိတ်) အနေနဲ့ ရွတ်ဖို့ ဘုရား ဟောတယ်။ ဒါကြောင့် ပရိတ်ကြီးအစ ဘုရားလက်ထက်က။ မိလိန္ဒမင်းခေတ် (ဘီစီ ၁-ရာစုခန့်)မှာ 'ရတန၊ မေတ္တ၊ ခန္ဓ၊ မောရ၊ ဓဇဂ္ဂ၊ အာဋာနာဋိယ၊ အင်္ဂုလိမာလ'လို့ ၇-သုတ် (မိလိန္ဒ၊၁၅၂)။ အရှင်မဟာဗုဒ္ဓဃောသခေတ် (အေဒီ ၅-ရာစု)မှာ 'ရတန၊ မေတ္တ၊ ခန္ဓ၊ မောရ၊ ဓဇဂ္ဂ၊ အာဋာနာဋိယ၊ ဗောဇ္ဈင်္ဂ၊ ဣသိဂိလိ'လို့ ၈-သုတ် (ဝိ၊ဋ္ဌ၊၁၊၁၂၉)။

ပရိတ္တဋီကာကို ရေးတဲ့ မြန်မာ အရှင်တေဇောဒီပ ခေတ် (မြန်မာ ၉၇၁)မှာ 'မင်္ဂလ၊ ရတန၊ မေတ္တ၊ ခန္ဓ၊ မောရ၊ ဓဇဂ္ဂ၊ အာဋာနာဋိယ၊ အင်္ဂုလိမာလ၊ ဗောဇ္ဈင်္ဂ'လို့ ၉-သုတ် (ယင်း၊ ၁၀၇)။ အင်းဝ ခေတ်နောက်ပိုင်း (မြန်မာနှစ် ၁၀၀၀-ကျော်)မှာတော့ 'ဝဋ္ဋသုတ်၊ ပုဗ္ဗဏှသုတ်'တို့ကို ထည့်သွင်းပြီး ပရိတ်ကြီး ၁၁-သုတ် ဖြစ်လာတယ် (ဆဋ္ဌမူ ပရိတ္တပါဠိ နိဒါန်း)။

ပရိတ်ကြီးရင်းမြစ်

မင်္ဂလ (သုတ္တနိ၊၃၁၈)။ ရတန (သုတ္တနိ၊၃၁၂)၊ ရတနသုတ် နိဒါန်း (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၇၅)။ မေတ္တ (သုတ္တနိ၊၃၀၀)။ ခန္ဓ (ဝိ၊၃၊၂၄၅။ အံ၊၁၊၃၈၄၊ ဇာ၊၁၊၅၃)။ မောရ (ဇာ၊၁၊၃၈)။ ဝဋ (ဇာ၊၁၊၉။ စရိယာ၊၄၁၅)။ ဓဇဂ္ဂ (သံ၊၁၊၂၂၀)။ အာဋာနာဋိယ ဝိပဿ စ-မှ ဟိတံ ဒေဝမနုဿာနံ-ထိ (ဒီ၊၃၊၁၅၉)၊ အဘိဝါဒန သီလိဿ (ဓမ္မပဒ၊၂၉)၊ ကြွင်း ရှေးဆရာများ။ အင်္ဂုလိမာလ (မ၊၂၊၃၀၆)၊ ဗောဇ္ဈင်္ဂ (သံ၊၃၊၇၁-၇၃ ဂိလာန သုတ် ၃-သုတ်ကို ရှေးဆရာများ ဂါထာ ဖွဲ့စီထား)။ ပုဗ္ဗဏှ .. ယံ ကိဉ္စိ ဝိတ္တံ (သုတ္တနိ၊၃၁၂)၊ သုနက္ခတ္တံ စတဲ့ ၃-ဂါထာ (အံ၊၁၊၂၉၉)၊ ကြွင်း ရှေးပညာရှိများ။

ဘုရားဟော ၈-သုတ်၊ ဘုရားဟောနဲ့ ရှေးဆရာတို့ရဲ့ ပါဠိကို ရောထားတာက ၂-သုတ်၊ ဘုရားဟော ပါဠိတော်ကို မှီငြမ်းပြုပြီး ဂါထာဖွဲ့ထားတာ ၁-သုတ် ဖြစ်လို့ ပရိတ်ကြီး အားလုံးကို ဘုရားဟောလို့ ဆိုနိုင်တယ်။

ယူမှား ပြောမှား

သုတ္တန် တရားတော်တွေမှာ မကောင်းသဖြင့် ကျင့်သူဟာ အယူအဆ လွဲပြီး အမှန်ကို မသိဘဲ အယူမှား တတ်တယ်။ အယူမှားကို ယူမိလို့ ဘုရားရှင်ကိုလည်း စွပ်စွဲရာရောက်တဲ့ အပြင် ကိုယ့်ကိုယ်ကို တူးဖြို (ဖျက်ဆီး)ရာလည်း ရောက်ပြီး အကုသိုလ် တရားဆိုးတို့ များစွာ တိုးပွားတယ် (သုတ္တေ ဒုပ္ပဋိပန္နော အတ္တာနဉ္စ ခနတိ၊ ဗဟုဉ္စ အပုညံ ပသဝတီတိ၊ တတော မိစ္ဆာဒိဋ္ဌိကံ ပါပုဏာတိ။ ဒီ၊ဋ္ဌ၊၁၊၂၃)။

နတ်နဲ့စကားပြော

အရှင်မောဂ္ဂလ္လာန်က ဂိဇ္ဈကုဋ်တောင်မှာ အရိုးစုပြိတ္တာတွေကို မြင်တယ်လို့ မြတ်ဗုဒ္ဓကို လျှောက်တဲ့အခါ မြင်နိုင်စွမ်း မရှိတဲ့ အခြား ရဟန်းတွေက ဈာန်မဂ်ဖိုလ်ကို ကြွားဝါတယ်ဆိုပြီး အရှင်မြတ်ကို ပြစ်တင်ကြတယ်။ အဲဒီတော့ မြတ်ဗုဒ္ဓက 'ငါ ဘုရားရဲ့ တပည့်တွေဟာ ဒိဗ္ဗစက္ခု ဉာဏ်အမြင် ရှိပေစွ၊ ငါ ဘုရားဟာ ထိုအရိုးစု ပြိတ္တာတွေကို ယခင်ကပင် မြင်ခဲ့ပြီး ဖြစ်ပေမယ့် သက်သေ မရှိလို့ မပြောခဲ့ဘူး။ မောဂ္ဂလ္လာန်သည် အမှန်ကို မြင်တာ ဖြစ်လို့ အာပတ်မသင့်'လို့ မိန့်ပါတယ် (ဝိ၊၁၊၁၄၄။ ဝိ၊ဋ္ဌ၊၂၊၉၇)။

အန္တရာယ်

ဒီနေရာမှာ ... အရှင်မောဂ္ဂလ္လာန်ရဲ့ အရိုးစုပြိတ္တာတွေကို မြင်တယ်ဆိုတဲ့ စကားကို ဈာန်မဂ်ဖိုလ်ကို ရကြောင်း ပြောတာလို့ အခြားရဟန်းတွေက ယူဆသလို နတ်တွေကို မြင်တယ်၊ နတ်တွေနဲ့ စကားပြောတယ်လို့ ကြေညာသူ ရဟန်းရဲ့ ပရိသတ်ကလည်း အလားတူ ယူဆနိုင်တာပေါ့။ ဒီလိုဖြစ်ရင် သီတင်းသုံးဖော် အချင်းချင်းကို ပြောတာ အာပတ်သေးပေမယ့် နာမည်ကြီးအောင် ရည်ရွယ်ပြီး လူတွေကို အဲဒီလို ပြောရင်တော့ သာသနာတော်မှ အလိုလို လျှောကျပြီးသား ဖြစ်နေမယ်။ နတ်တွေနဲ့ စကားပြောတာလည်း အတူတူပါပဲ။

အောက်တိုဘာ ၁၄၊ ၂ဝ၂ဝ။

---

ဗောဇ္ဈင်သုတ်

စုဏ္ဏိယ ဗျာကရုဏ်းဖြစ်သော ဗောဇ္ဈင် လေးသုတ်တို့ သည်ကား မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ လာ၏။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော- အစရှိသော ဤရှစ်ဂါထာခွဲတို့ သည်ကား သီဟိုဠ် မဟာဝိဟာရဝါသီ ရဟန္တာ အရှင် မြတ်တို့ ဟောတော်မူသော ဂါထာတို့တည်း။

(စလင်း ပရိတ်ကြီးနိဿယ၊ စာ-၂၅၄)