ဓားဝယ်ပုစ္ဆာအဖြေ
ဓားဝယ်ပုစ္ဆာအဖြေ
လျှောက်လွှာ
ဘုရားတပည့်တော်တို့ စိတ်ဒွိဟမကင်း၍ အလင်းကိုမသိရသော ဒါယကာ,ဒါယိကာမတစ်စုတို့က လက်စုံမိုး၍ ရှိခိုးလျှောက်ထား တောင်း ပန်ကြပါသည် လယ်တီဆရာတော်ကြီးဘုရား။
တပည့်တော်,တပည့်တော်မတို့အား အစဉ်သနားသည်ကို အကြောင်းပြု၍ အောက်၌ဖော်ပြထားသော အချက်များကို ငဲ့ကွက်ခြင်း မရှိ၊ ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ အကျိုးအပြစ်ကို ထင်ရှားသိသာကြ စေရန် အလုံးစုံအကုန် အတ္ထုပ္ပတ္တိနှင့်တကွရှင်းလင်းအောင် အတိုကောက် ရေးသား၍ ဖြေကြားဟောတော်မူမှ စိတ်ဒွိဟ ကင်းကြပါမည်ဖြစ်ပါသော ကြောင့် မနှောင့်မနှေးပြေရှင်းအောင် အမြိုက်ဆေးတိုက်ကျွေးတော် မူခဲ့စေလိုပါကြောင်း တောင်းပန်လျှောက်ထားကြပါသည် အရှင်ဘုရား။
၁။ လောကမာရဇိန် ဘုရားကြီးဝတ်တော်အတွင်း ရဟန်းများ ဝါကပ်သော် မည်သို့အပြစ်၊ အာပတ်သင့် မသင့်ကို သိလိုပါ ကြောင်း။
၂။ လောကမာရဇိန် ဘုရားကြီးဝတ်အတွင်း ရုပ်ပွါး ဆင်းတု တော်နှင့် ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော်များ သင်္ကန်း ဝတ်ရုံလျက် တရားဟောသော် မည်သို့အပြစ် အာပတ်သင့် ပါမည်နည်း။
၃။ သာသနာမြေအပေါ်တွင် ဂိုဏ်း,ဂဏ,သံဃာကြီးများထံ ကိုဖြစ်စေ, မြို့လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မည်သည့် အဆောက်အအုံမျိုးမဆို ရဟန်းသံဃာတို့ ဆောက်လုပ်အပ် မအပ်ကို သိလိုပါကြောင်း။
၄။ ၎င်းဆောက်လုပ်သော အဆောက်အအုံသည် ရဟန်း, သံဃာတော်ကိုယ်တိုင် တောင်းရမ်းပြုပြင် စီမံဆောက် လုပ်ပါက ဆောက်လုပ်သောရဟန်းမှာဘယ်လို, နေထိုင်မိ သောရဟန်းသံဃာတော်များမှာ ဘယ်လိုအပြစ် ရှိမည်ကို သိလိုပါကြောင်း။
၅။ အလှူဝတ်ဆယ်မျိုးအတွက် အသုံးချရန်ဝတ္ထုကြေးငွေများကို ဒါယကာ,ဒါယိကာမတို့က ရေစက်သွန်းချ၍ လှူဒါန်း ထားခဲ့ ကြသော ဝတ္ထုကြေးငွေများကို ရဟန်းသံဃာတို့က သိမ်းပိုက် က်ခံ ထားပြီးနောက် ထိုငွေများကို အလှူဆယ်မျိုးစေ့ အောင်သုံးစွဲခြင်း မပြုခဲ့ပါက ထိုရဟန်းသံဃာများမှာ ဘယ်လို အပြစ်,ဘယ်လို အာပတ်ထိုက်သင့်ပါမည်နည်း။
၆။ ရဟန်းသံဃာဖြစ်ပါလျက် ဝိသုဒ္ဓိနတ်မင်းကြီးလေးပါးမှတစ်ပါး အခြားသောနတ်ကို ရှိခိုးထိုက်ပါသေး သလော၊ အကယ်၍ ရှိခိုးငြားအံ့၊ ရှိခိုးသောရဟန်းသံဃာများမှာ မည်သို့အပြစ် အာပတ်များ ရှိပါသနည်း။
၇။ ရဟန်းသားမြေးဖြစ်ပါလျက် ရပ်ရွာရှိ နတ်ကွန်း, နတ်ကန္နား များကို အသစ်ဆောက်လုပ်စီမံအားထုတ်ခြင်း၊ မိမိကိုယ်တိုင် နတ်ရုပ်ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်ခြင်း၊ ၎င်းနတ် ရုပ်ကြီးများအား အသက်သွင်းသည်ဆို၍ ပွဲတင်မြှောက် ပူဇော်ခြင်း၊ ဤသို့စသည်ဖြင့် ပြုလုပ်ခြင်းများသည် ဝိနည်း သိက္ခာပုဒ်တော်အတိုင်း ထိုသံဃာ၌ အပြစ်ရှိသည်မရှိသည်ကို သိလိုပါကြောင်း။
၈။ ဉာတိပဝါရိတမဟုတ်သော ဒါယကာ,ဒါယိကာမတို့အား တောင်းရမ်းပြောဆို၍ရအပ်သောပစ္စည်းနှင့် အခြားသော သံဃာတို့အား ကျွေးမွေးလှူဒါန်းခဲ့ပါလျှင် ထိုသုံးစားသော ရဟန်းတို့အား အပ်မအပ်ပြုလုပ် တောင်းရမ်းသော ရဟန်း တို့အား အဘယ်ကဲ့သို့သော အပြစ်ဟူ၍သေချာစွာ သိချင်ပါ ကြောင်း။
၉။ ပစ္စည်းလေးပါးဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ပစ္စည်းလေး ပါး မဟုတ်သော ဒါယကာ,ဒါယိကာမတို့ ထံဖြစ်စေ၊ ခေတ္တ ကြေးငွေများကို ချေးငှါးပြီးတစ်ခုခုတွင် အသုံးချလိုက်ပြီး နောက် ထိုဝတ္ထုငွေများကို ပြန်၍မပေးနိုင်သော ရဟန်းတော် များမှာ ဘယ်လိုအပြစ်, ဘယ်လိုအာပတ်သင့်မည်ကို သိချင် ပါကြောင်း။
၁၀။ ဒါယကာ,ဒါယိကာမတစ်ဦးတစ်ယောက်ထံက အကြွေး ငွေ ကျပ် ၁၀၀ိ-ဖိုးလောက် ဝယ်ခြမ်းသုံးစွဲပြီး ထိုအကြွေးကို မဆပ်ပေးနိုင်ခဲ့ပါမူ ထိုရဟန်းမှာ ဘယ်လိုကံ,ဘယ်လို အာ ပတ်ဟု သိလို ပါကြောင်း။
၎င်းအထက်က ဖော်ပြထားသော အမေးပုစ္ဆာဆယ်ချက်ကို ရွာထောင်အာလံမြဝတီဆရာတော်ထံ ဖြေရှင်းပေးတော်မူပါမည့် အကြောင်း ၁၂၈၂-ခု၊ တပို့တွဲလဆန်း ၅-ရက်၊ စနေနေ့ ၁၀-နာရီအချိန် လျှောက်ထားတောင်းပန်ရာ အဖြေမပြ တုဏှိဘာဝဖြစ်နေသောကြောင့် ကမ္ဘာသူကမ္ဘာသားတို့၏ တကယ့်မှီခိုရာ ကမ္ဘာ့မဏ္ဍိုင်ကြီးဖြစ်တော်မူ သော ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ ဤအမေးပုစ္ဆာ ဆယ်ချက်လျှောက်လွှာကြီး ဆိုက်ရောက်လာပြန်ရာ အောက်ပါအတိုင်း အဖြေရေးသားပေးသနားတော်မူပါကြောင်း။
လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်
၁။ “လောကမာရဇိန် ဘုရားကြီးဝတ်တော်အတွင်း ရဟန်းတော် များဝါကပ်သော် မည်သို့အပြစ်၊ အာပတ်သင့် မသင့်ကို သိလိုပါကြောင်း” ဟူသော ပုစ္ဆာ၌
အဖြေကား။။ ဘုရားကြီးဝတ်တော်အတွင်း ဝါကပ်သော်
ဝတ်နိဗဒ်ဆောင်ရွက်၍နေပေက မည်သည့် အာပတ်မျှမသင့်၊ ဝါဆို၍ နေအပ်ပါ၏၊ ဝါတွင်းအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကိန်းဝပ် တော်မူရာ ဂန္ဓကုဋိတိုက်တော်အတွင်း၌ ဝါကပ်ရလေသကဲ့သို့တည်း။
၂။ “လောကမာရဇိန် ဘုရားကြီးဝတ်အတွင်း ရုပ်ပွါးဆင်းတု တော်နှင့်ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော်များ သင်္ကန်းဝတ်ရုံလျက် တရားဟောသော် မည်သို့အာပတ်သင့်ပါမည်နည်းဟူသော ပုစ္ဆာ၌အဖြေကား။။ ဘုရားကြီးဝတ်အတွင်း ရုပ်ပွါးဆင်းတုတော်နှင့်
ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော် များသင်္ကန်းဝတ်ရုံလျက် တရား ဟောသော် ကန့်လန့်ကာ အကွယ်အကာရှိသည်ဖြစ်အံ့၊ မည်သည့် အာပတ်မျှမသင့်၊ ကန့်လန့်ကာ အကွယ်အကာမရှိသည်ဖြစ်အံ့၊ ဗုဒ္ဓ အဂါရဝ ဒုက္ကဋ်အာပတ်သင့်တတ်၏၊ ရဟန်းတော်များနေရာ ကျောင်း ခန်းတွင်း၌ စာတိုက်ပလ္လင်နှင့် ရုပ်ပွါးဆင်းတုတော်များရှိနေခဲ့သော် ရုပ်ပွါးဆင်းတုတော်၏ရှေ့၌ ကန့်လန့်ကာ ကာရံ၍နေကြမြဲ ထုံးစံဖြစ်၏၊
၃။ “သာသနာမြေအပေါ်တွင် ဂိုဏ်း,ဂဏ,သံဃာကြီးများထံ ကိုဖြစ်စေ, မြို့လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မည်သည့် အဆောက် အအုံမျိုးမဆို ရဟန်းသံဃာတို့ဆောက်လုပ်အပ်မအပ်ကို သိလိုပါ ကြောင်း” ဟူသော ပုစ္ဆာ၌
အဖြေကား။။ ဆောက်လုပ်သောရဟန်းသည် မိမိနေထိုင်ရန်
အဖို့ဆောက်လုပ်သည်လည်းရှိရာ၏၊ ဘုရားရုပ်ပွါးတည်ထားရန် အဖို့ကိုလည်း ဆောက်လုပ်သည်လည်းရှိရာ၏၊ ရောက်လာသမျှသော ရဟန်းသံဃာများ နေထိုင်ရန် ဆောက်လုပ်သည်လည်းရှိရာ၏၊ ထိုတွင် သာသနာမြေပေါ်တွင် ရဟန်းသံဃာတော်ကြီးများထံကို ဖြစ်စေ, မြို့ လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မိမိနေထိုင်ဖို့ရန် ဆောက်လုပ် သည်ဖြစ်အံ့၊ မပန်ကြားဘဲ ဆောက်လုပ်သည့်အတွက် စောင့်ရှောက်သူ တို့ကို မရိုမသေမှုအပြစ်ရှိ၏၊ ဘုရားရုပ်ပွါးတည်ထားရန်အဖို့ ဆောက်လုပ်ခဲ့သော်လည်းကောင်း, ရောက်လာသမျှသော ရဟန်း သံဃာများ နေထိုင်ရန်အဖို့ ဆောက်လုပ်ခဲ့သော်လည်းကောင်း အပြစ်မရှိ၊ သို့သော် ထိုသာသနာမြေကို စောင့်ရှောက်သော ဂိုဏ်း,ဂဏ, သံဃာကြီး များ, မြို့လူကြီးများထံကို တိုင်ကြားပြောဆို၍ ထိုသူတို့က အခွင့်ပေးရာ၌ ဆောက်လုပ်ခြင်းငှါ သင့်လျော်၏၊
၄။ “၎င်းဆောက်လုပ်သော အဆောက်အအုံသည် ရဟန်း, သံဃာတော်ကိုယ်တိုင် တောင်းရမ်းပြုပြင် စီမံဆောက်လုပ်ပါက ဆောက် လုပ်သောရဟန်းမှာ ဘယ်လို, နေထိုင်မိသောရဟန်းသံဃာတော်များမှာ ဘယ်လို အပြစ်ရှိမည်ကို သိလိုပါကြောင်းဟူသော ပုစ္ဆာ၌အဖြေကား။။ ရွှေငွေစသော အကပ္ပိယဝတ္ထုများကို အကပ္ပိယ
စကားဖြင့် ခံယူဆောက်လုပ်ခဲ့သော် ခံယူဆဲအခါ၌ ခံယူမှုအတွက် နိဿဂ္ဂိယပါစိတ်အာပတ်သင့်၏၊ ထိုရဟန်းနေထိုင်ခဲ့သော် နေထိုင်သည့် အတွက် ဒုက္ကဋ်အာပတ်သင့်၏၊ နေထိုင်မိသော ရဟန်းသံဃာများမှာ အကပ္ပိယအဆောက်အအုံမှန်းသိလျက် နေထိုင်ခဲ့သော် ဒုက္ကဋ်အာပတ် သင့်၏၊ မသိ၍ နေထိုင်ခဲ့သော် အာပတ်လွတ်၏၊ ဤပုစ္ဆာ၌ အကျယ် ဖြေဆိုရန် နည်းလမ်းကိုမူကား “ပဏ္ဍိတဆရာဖြေဆိုလိုက်သော ဝိသဇ္ဇနာမှာ ပြည့်စုံစွာ ပါရှိလေ၏၊
၅။အလှူဝတ်ဆယ်မျိုးအတွက် အသုံးချရန်ဝတ္ထုကြေးငွေများကို ဒါယကာ,ဒါယိကာမတို့က ရေစက်သွန်းချ ၍လှူဒါန်းထားခဲ့ကြသော ဝတ္ထုကြေးငွေများကို ရဟန်းသံဃာတို့က သိမ်းပိုက်လက်ခံထားပြီးနောက် ထိုငွေများကို အလှူဆယ်မျိုးစေ့အောင်သုံးစွဲခြင်းမပြုခဲ့ပါက ထိုရဟန်း သံဃာများမှာဘယ်လိုအပြစ်,ဘယ်လိုအာပတ်ထိုက် သင့်ပါမည်နည်း” ဟူသော ပုစ္ဆာ၌
အဖြေကား
၁။ အန္နံ=ဆွမ်းတည်းဟူသော အလှူဝတ္ထု၊
၂။ ပါနံ=အဖျော်တည်းဟူသော အလှူဝတ္ထု၊
၃။ ဃရံ=ရဟန်းသံဃာတို့နေရန် ကျောင်းတည်းဟူသော အလှူဝတ္ထု၊
၄။ ဝတ္ထံ=အဝတ်သင်္ကန်းတည်းဟူသော အလှူဝတ္ထု၊
၅။ မာလာ=ပန်းတည်းဟူသော အလှူဝတ္ထု၊
၆။ ဂန္ဓော=နံ့သာတည်းဟူသော အလှူဝတ္ထု၊
၇။ ဝိလေပနံ=နံ့သာပျောင်းတည်းဟူသော အလှူဝတ္ထု၊
၈။ သေယျာ=ညောင်စောင်းဖထိုင်၊ ဖျာယိုင်သင်းဖြူးစသော အိပ်ရာထိုင်ရာတည်းဟူသော အလှူဝတ္ထု၊
၉။ အာဝါသထော=ဧည့်သည်တို့ တည်းခိုရန် ဇရပ် တန် ဆောင်းဟူသော အလှူဝတ္ထု၊
၁၀။ ပဒီပေယျံ=ဆီမီးထွန်းရန် အဆောက်အအုံဟူသော အလှူဝတ္ထု၊
ဤကား-အလှူဝတ္ထုဆယ်ပါးတည်း၊ ဤဆယ်ပါးကို လှူရာ မှာလည်း
၁။ စေတီတော်အဖို့ လှူသည်လည်းရှိ၏၊
၂။ စာတုဒ္ဒိသာသံဃာအဖို့ သံဃိကလှူသည်လည်းရှိ၏၊
၃။ ပုဂ္ဂိုလ်အဖို့ ပုဂ္ဂလိကလှူသည်လည်းရှိ၏၊
ထိုသုံးပါးလုံး၌ပင် လှူဒါန်းသူဒါယကာမှာ စေတနာပြဋ္ဌာန်း၍ လှူဒါန်းပြီးသောကြောင့် တောင်းရမ်းပြောဆို နိုင်ခွင့် မရှိပြီ၊ စေတီအဖို့ လှူဒါန်းသောအရာ ဖြစ်ခဲ့အံ့၊ စေတိယသန္တကဖြစ်၏၊ စာတုဒ္ဒိသာသံဃာ အဖို့ လှူဒါန်းသည်ဖြစ်အံ့ သံဃိကဖြစ်၏၊ ပုဂ္ဂိုလ်အဖို့ လှူဒါန်းသည်ဖြစ်အံ့ ပုဂ္ဂလိကဖြစ်၏၊
ထိုသုံးပါးတို့တွင်
၁။ စေတိယသန္တက၌ ထိုစေတီမှာ စေတီစောင့်များ, ဘုရား ဘဏ္ဍာတော်ထိန်းလူကြီးများရှိခဲ့သော် ထိုဝတ္ထုများကို သိမ်းပိုက်၍ ထားသော ရဟန်းတော်များကို ထိုစေတီဘဏ္ဍာတော်ထိန်းများက တောင်းရမ်းပြောဆိုနိုင်၏၊ မပေးမဆပ်ဘဲ သုံးစွဲ၍နေခဲ့သော် ထိုရဟန်းမှာ စေတီနှင့်စပ်သော ဘဏ္ဍာစားထိုက်၏၊
၂။ သံဃိကသန္တက၌ ထိုဝတ္ထုများကို သိမ်းပိုက်၍ထားသော ရဟန်းတော်များကို သံဃာက တောင်းရမ်း ပြောဆိုနိုင်၏၊ မပေးမဆပ်ဘဲ သုံးစွဲ၍နေခဲ့သော် ထိုရဟန်းမှာ သံဃာနှင့်စပ်သော ဘဏ္ဍာစားထိုက်၏၊
၃။ ပုဂ္ဂလိကသန္တက၌ ထိုပုဂ္ဂိုလ်အား လှူဒါန်း၍ထားသော အရာဖြစ်သောကြောင့် အလှူဆယ်မျိုးစေ့အောင် သုံးစွဲခြင်း မပြုသော် လည်း ဘဏ္ဍာစားအဖြစ်မဆိုသာပြီ၊ မစွန့်ထိုက်သောအရာ၌ စွန့်ခဲ့သော် လည်းကောင်း၊ မသုံးထိုက်သောအရာ၌ သုံးခဲ့သော်လည်းကောင်း၊ ထိုရဟန်းမှာ သဒ္ဓါဒေယျဝိနိပါတနဒုက္ကဋ် အာပတ်သင့်၏၊ အလှူဆယ် မျိုးအတွက် အသုံးချရန် လှူဒါန်းရာ၌လည်း ပြည့်စုံလုံလောက်ရှိရန် အသုံးမချ၌ မပြည့်စုံမလုံလောက် ရှိရာ၌ အသုံးချလျှင် အသုံးချထိုက်၏၊ အထူးမှာမူကား- ဃရ,သေယျ,အာဝါသထ-ဟူသော အလှူဝတ္ထု များသည် ထာဝရမျိုးဖြစ်၍ ထိုဝတ္ထုများအတွက်ကို ထိုဝတ္ထုများ၌သာ အသုံးပြုထိုက်၏၊
၆။ “ရဟန်းသံဃာဖြစ်ပါလျက် ဝိသုဒ္ဓိနတ်မင်းကြီးလေးပါးမှ တစ်ပါး အခြားသောနတ်ကို ရှိခိုးထိုက်ပါသေးသလော၊ အကယ်၍ ရှိခိုးငြားအံ့၊ ရှိခိုးသောရဟန်းသံဃာများမှာ မည်သို့အပြစ်အာပတ်များ ရှိပါသနည်းဟူသော ပုစ္ဆာ၌
အဖြေကား။။ ဝိသုဒ္ဓိနတ်မင်းကြီးမှတစ်ပါး အခြားသောနတ်ကို ရှိမခိုးအပ်၊ ရှိခိုးခဲ့သော် ရှိခိုးသောရဟန်း မှာ ဒုက္ကဋ်အာပတ်သင့်၏၊
၇။ “ရဟန်းသားမြေးဖြစ်ပါလျက် ရပ်ရွာရှိနတ်ကွန်း,နတ်ကန္နား များကို အသစ်ဆောက်လုပ်စီမံအား ထုတ်ခြင်း၊ မိမိကိုယ်တိုင် နတ်ရုပ် ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်စေခြင်း၊ ၎င်းနတ်ရုပ်ကြီးများအား အသက်သွင်းသည်ဆို၍ ပွဲတင်မြှောက်ပူဇော်ခြင်း၊ ဤသို့စသည်ဖြင့် ပြုလုပ်ခြင်းများသည် ဝိနည်းသိက္ခာပုဒ်တော်အတိုင်း ထိုသံဃာ၌ အပြစ်ရှိ သည် မရှိသည်ကို သိလိုပါကြောင်းဟူသော ပုစ္ဆာ၌
အဖြေကား။။ လူဖြစ်သူတို့မှာ နတ်တို့၌ ပြုသင့်ပြုထိုက်သော အမှုကို ရှေးဦးစွာပြဆိုရာ၏၊ အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် မုဏ္ဍရာဇဝဂ် ပထမသုတ်၌ အနာထပဏ်သူဌေးကြီးအား ဤသို့ဟောတော်မူ၏၊ ပုနစပရံ ဂဟပတိ အရိယသာဝကော ဥဋ္ဌာနဝီရိယာဓိ ဂတေဟိ ဘောဂေဟိ ဗာဟာဗလပ ရိစိတေဟိ သေဒါဝက္ခိတ္တေဟိ ဓမ္မိကေဟိ ဓမ္မလဒ္ဓေဟိ ပဉ္စဗလိံ ကတ္တာ ဟောတိ ဉာတိဗလိံ အတိထိဗလိံ ပုဗ္ဗပေတဗလိံ ရာဇဗလိံ ဒေဝတာဗလိံ၊ အယံ စတုတ္ထော ဘောဂါနံ အာဒိယော။ [၎င်းပါဠိတော်] အနက်ကား။။ ဂဟပတိ=သူကြွယ်၊ ပုနစပရံ=ထိုမှတစ်ပါးလည်း၊ အရိယသာဝကော=တပည့်သားဖြစ်သောသူသည်၊ ဥဋ္ဌာနဝီရိယာဓိ ဂတေဟိ=ထကြွ,လုံ့လ,ဝီရိယတို့ဖြင့် ရအပ်ကုန်သော၊ ဗာဟာဗလ ပရိစိတေဟိ=လက်ရုံးအားဖြင့် စုဆောင်းအပ်ကုန်သော၊ သေဒါ ဝက္ခိတ္တေဟိ=ချွေးထွက်စာဖြစ်ကုန်သော၊ ဓမ္မိကေဟိ=တရားနှင့် လျော်ကုန်သော၊ ဓမ္မလဒ္ဓေဟိ=တရားသဖြင့်ရအပ်ကုန်သော၊ ဘောဂေဟိ=စည်းစိမ်ဥစ္စာတို့ဖြင့်၊ ပဉ္စဗလိံ=ငါးပါး သောပူဇော်ခြင်းကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ဉာတိဗလိံ=ယခုဘဝတွင် အသက်ဝိညာဉ်ထင်ရှားရှိသော မိဘဘိုးဘွားစသော ဆွေမျိုးတို့အား ကျွေးမွေးပံ့ထောက် ချီးမြှောက်ပူဇော်ခြင်းကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ အတိထိဗလိံ=မိမိနေရာသို့ရောက်လာသော ဧည့်သည် အာဂန္တုတို့အား ကျွေးမွေးပံ့ထောက် ချီးမြှောက် ပူဇော်ခြင်းကို၊ ကတ္တာ= ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ပုဗ္ဗပေတဗလိံ=တမလွန်ဘဝသို့ ပြောင်းသွားလေပြီးသော မိဘ ဘိုးဘွာတို့အား မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်းတည်းဟူသော ပူဇော်မှုကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ရာဇဗလိံ=အစိုးရမင်းတို့အား မိမိ၌ကျရောက်သော အခွန်ဘဏ္ဍာတို့ကို ကျေကုန်စွာ ဆောင်ရွက်ခြင်းဟူသော ပူဇော်မှုကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ဒေဝတာဗလိံ=ကိုယ်စောင့်နတ်, အိမ်စောင့်နတ်,ရပ်စောင့်နတ်,မိရိုးဖလာ ကိုးကွယ်ရာပြုကြသော နတ်အပေါင်းတို့အား ပြုလုပ်တင်သမြဲဖြစ်သော ပူဇော်မှုကို၊ ကတ္တာ=ပြုလေ့ ရှိသည်၊ ဟောတိ=ဖြစ်၏၊ အယံ=ဤသည်ကား၊ စတုတ္ထော=လေးခုမြောက် သော၊ ဘောဂါနံ=စည်းစိမ်တို့၏၊ အာဒိယော=ယူထိုက်ရထိုက်သော အကြောင်းအရာများ ပေတည်း။
ဤငါးပါးတို့တွင် “ဒေဝတာဗလိံဟူသော ပုဒ်အရကို မဟာ ပရိနိဗ္ဗာနသုတ်၌ ဤသို့ဟောတော်မူ၏၊
ကိန္တိ တေ အာနန္ဒ သုတံ၊ ဝဇ္ဇီ ယာနိ တာနိ ဝဇ္ဇီနံ
ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရောန္တိ ဂရုံကရောန္တိ မာနေန္တိ ပူဇေန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေန္တီတိ။
သုတမေတံ ဘန္တေ ဝဇ္ဇီ ယာနိတာနိ ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရောန္တိ ဂရုံကရောန္တိ မာနေန္တိ ပူဇေန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေန္တီတိ။
ယာဝကီဝဉ္စ အာနန္ဒ ဝဇ္ဇီ ယာနိတာနိ ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရိဿန္တိ ဂရုံကရိဿန္တိ မာနေဿန္တိ ပူဇေဿန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေဿန္တိ၊ ဝုဒ္ဓိယေဝ အာနန္ဒ ဝဇ္ဇီနံ ပါဋိကင်္ခါ၊ နောပရိဟာနိ။
[၎င်းပါဠိတော်] အနက်ကား။။ အာနန္ဒ=အာနန္ဒာ၊ ကိန္တိ=အသို့လျှင်၊ တေ=သင်သည်၊ သုတံ=ကြားဖူးသနည်း၊ ဝဇ္ဇီ=ဝေသာလီပြည်ဝဇ္ဇီမင်း တို့သည်၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်းအစဉ်အဆက်တို့၏၊ အဗ္ဘန္တရာနိစေဝ=မြို့တွင်း၌ လည်းဖြစ်ကုန်ထသော၊ ဗာဟိရာနိစ=မြို့ပ၌လည်းဖြစ်ကုန်ထသော၊ ယာနိတာနိဝဇ္ဇီစေတိယာနိ=အကြင်ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ်နေရာသစ်ပင်တည်းဟူသော နတ်စေတီ တို့သည်၊ သန္တိ=ရှိကုန်၏၊ တာနိ=ထိုနတ်စေတီတို့ကို၊ သက္ကရောန္တိ= အရိုအသေပြုမြဲပြုကြကုန်၏လော၊ ဂရုံကရောန္တိ=အလေးအမြတ် ပြုမြဲပြုကြကုန်၏လော၊ မာနေန္တိ=အမြတ်တနိုးပြုမြဲ ပြုကြကုန်၏လော၊ ပူဇေန္တိ=ပူဇော်မြဲ ပူဇော်ကြကုန်၏လော၊ တေသဉ္စ=ထိုနတ်စေတီတို့အား လည်း၊ ဒိန္နိပုဗ္ဗံ=ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ ကတပုဗ္ဗံ= ရှေးပြုလုပ်မြဲ အရိုးအစဉ်ဖြစ်ထသော၊ ဓမ္မိကံ=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်းသည်ဖြစ်၍ တရားနှင့်လျော်သော၊ ဗလိံ=ပူဇော်မှုကို၊ နော ပရိဟာပေန္တိ=မဆုတ်မယုတ်စေဘဲ ပြုမြဲပြုကြကုန်၏လော၊ ဣတိ=ဤသို့၊ ပုစ္ဆိ=မေးတော်မူ၏၊ ဘန္တေ=အရှင်ဘုရား၊ ဧတံ=ဤအကြောင်း အရာကို၊ မေ=အကျွန်ုပ်သည်၊ သုတံ=ကြားဖူးပါ၏၊ ဝဇ္ဇီ=ဝေသာလီပြည် ဝဇ္ဇီမင်း တို့သည်၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်းအစဉ်အဆက်တို့၏၊ အဗ္ဘန္တရာနိစေဝ=မြို့တွင်း၌ လည်းဖြစ်ကုန် ထသော၊ ဗာဟိရာနိစ=မြို့ပ၌လည်းဖြစ်ကုန်ထသော၊ ယာနိတာနိဝဇ္ဇီစေတိယာနိ=အကြင်ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ်နေရာသစ်ပင်တည်းဟူသော နတ် စေတီတို့သည်၊ သန္တိ=ရှိကုန်၏၊ တာနိ=ထိုနတ်စေတီတို့ကို၊ သက္ကရောန္တိ= အရိုအသေပြုမြဲပြုကြကုန်၏၊ ဂရုံကရောန္တိ=အလေးအမြတ် ပြုမြဲပြုကြ ကုန်၏၊ မာနေန္တိ=အမြတ်တနိုးပြုမြဲ ပြုကြကုန်၏၊ ပူဇေန္တိ=ပူဇော်မြဲ ပူဇော်ကြကုန်၏၊ တေသဉ္စ=ထိုနတ် စေတီတို့အားလည်း၊ ဒိန္နိပုဗ္ဗံ= ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ ကတပုဗ္ဗံ=ရှေးပြုလုပ်မြဲ အရိုးအစဉ်ဖြစ်ထသော၊ ဓမ္မိကံ=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်း သည်ဖြစ်၍ တရားနှင့်လျော်သော၊ ဗလိံ=ပူဇော်မှုကို၊ နောပရိဟာပေန္တိ= မဆုတ်မယုတ်စေဘဲ ပြုမြဲပြုလုပ်ကြကုန်၏၊ ဣတိ=ဤသို့၊ သုတံ=ကြား ဖူးပါ၏၊ အာနန္ဒ=အာနန္ဒာ၊ ယာဝကီဝဉ္စ=အကြင်မျှလောက်လည်း၊ ဝဇ္ဇီ=ဝေသာလီပြည်ဝဇ္ဇီမင်းတို့သည်၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်း အစဉ်အဆက်တို့၏၊ အဗ္ဘန္တရာနိစေဝ=မြို့တွင်း၌လည်းဖြစ်ကုန်ထသော၊ ဗာဟိရာနိစ= မြို့ပ၌လည်းဖြစ်ကုန်ထသော၊ ယာနိတာနိဝဇ္ဇီစေတိယာနိ=အကြင် ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ် နေရာသစ်ပင် တည်းဟူသော နတ်စေတီတို့သည်၊ သန္တိ=ရှိကုန်၏၊ တာနိ=ထိုနတ်စေတီတို့ကို၊ သက္ကရိဿန္တိ=အရိုအသေပြုမြဲ ပြုကြကုန်လတံ့၊ ဂရုံကရိဿန္တိ=အလေးအမြတ် ပြုမြဲပြုကြကုန်လတံ့၊ မာနေဿန္တိ= အမြတ်တနိုးပြုမြဲ ပြုကြကုန်လတံ့၊ ပူဇေဿန္တိ=ပူဇော်မြဲ ပူဇော်ကြ ကုန်လတံ့၊ တေသဉ္စ=ထိုနတ်စေတီတို့အားလည်း၊ ဒိန္နိပုဗ္ဗံ=ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ ကတပုဗ္ဗံ=ရှေးပြုလုပ်မြဲ အရိုးအစဉ် ဖြစ်ထသော၊ ဓမ္မိကံ=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်းသည်ဖြစ်၍ တရားနှင့်လျော်သော၊ ဗလိံ=ပူဇော်မှုကို၊ နောပရိဟာပေဿန္တိ=မဆုတ် မယုတ်စေဘဲ ပြုမြဲပြုလုပ်ကြကုန်လတံ့၊ အာနန္ဒ=အာနန္ဒာ၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်း ဆက်တို့၏၊ ဝုဒ္ဓိယေဝ=ပစ္စုပ္ပန်သံသရာ ချမ်းသာနှစ်ပါးပွါးများခြင်းကို သာလျှင်၊ ပါဋိကင်္ခါ=အလိုရှိအပ်၏၊ ပရိဟာနိ=ဆုတ်ယုတ်ခြင်းကို၊ နောပါဋိကင်္ခါ=အလိုမရှိအပ်။
ဤပါဠိတော်ကိုထောက်၍ လူဖြစ်သောသူတို့မှာ ပစ္စုပ္ပန်အကျိုး အတွက် လောကပါလနတ်များကို ရှိခိုးကောင်း၏၊ ပူဇော်ကောင်း၏၊ နတ်ကွန်း,နတ်ကန္နားကို ဆောက်လုပ်ကောင်း၏၊ စီမံကောင်း၏၊ မိမိကိုယ်တိုင် နတ်ရုပ်ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်ကောင်း၏၊ ပွဲတင်မြှောက် ပူဇော်ခြင်းကို ပြုလုပ်ကောင်း၏၊ ရဟန်းဖြစ်သော သူတို့မှာမူကား- နတ်များကို ရှိခိုးခြင်းငှါမပအ်၊ နတ်ကွန်း,နတ်ကန္နားများကို ကိုယ်တိုင်မဆောက်ကောင်း၊ လူများကို ဆောက်လုပ်ကြစေရန် စေ့ဆော်ကောင်း၏၊ နတ်ရုပ်ကြီးများကို ရဟန်းကိုယ်တိုင် မထုလုပ် ကောင်း၊ လက်ခကံကျွေးပေး၍ လူများကို ထုလုပ်စေအပ်၏၊ ၎င်းနတ်ရုပ် ကြီးများအား ပွဲတင်မြှောက်ပူဇော်ခြင်းကို ရဟန်းကိုယ်တိုင်မပြုအပ်၊ လူများကို ပြုလုပ်စေအပ်၏၊ ဤအလုံးစုံကိုလည်း ယခုဘဝ၌ အန္တရာယ် ကင်း၍ ချမ်းသာသုခကိုရခြင်းငှါ ပြုအပ်၏၊ ရတနာသုံးပါးကိုလည်း အမြတ်တနိုး ကိုးကွယ်လျက်ရှိသောကြောင့် နတ်များကို ထိုသို့ပြုသော် လည်း သရဏဂုံမပျက်။
၈။ ဉာတိပဝါရိတမဟုတ်သော ဒါယကာ,ဒါယိကာမတို့အား တောင်းရမ်းပြောဆို၍ရအပ်သော ပစ္စည်းနှင့် အခြားသောသံဃာတို့အား ကျွေးမွေးလှူဒါန်းခဲ့ပါလျှင် ထိုသုံးစားသော ရဟန်းတို့အား အပ်မအပ်၊ ပြုလုပ် တောင်းရမ်းသော ရဟန်းတို့အား အဘယ်ကဲ့သို့သော အပြစ်ဟူ၍ သေချာစွာ သိချင်ပါကြောင်း။
၉။ ပစ္စည်းလေးပါးဖိတ်ကြားသူ ဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ပစ္စည်းလေးပါးမဖိတ်ကြားသူ ဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ခေတ္တ ကြေးငွေများကို ချေးငှါးပြီးတစ်ခုခုတွင် အသုံးချလိုက်ပြီးနောက် ထိုဝတ္ထုငွေများကို ပြန်၍မပေးနိုင်သော ရဟန်းတော်များမှာ ဘယ်လိုအပြစ်,ဘယ်လိုအာပတ်သင့်မည်ကို သိချင်ပါကြောင်း။
၁၀။ ဒါယကာ,ဒါယိကာမတစ်ဦးတစ်ယောက်ထံက အကြွေး ငွေကျပ် ၁၀၀ိ-ဖိုးလောက် ဝယ်ခြမ်းသုံးစွဲပြီး ထိုအကြွေးကို မဆပ်ပေးနိုင်ခဲ့ပါမူ ထိုရဟန်းမှာ ဘယ်လိုကံ,ဘယ်လိုအာ ပတ်ဟု သိလိုပါကြောင်း။ [ဤအမေး ၃-ချက်မှာ “ပဏ္ဍိတဆရာ အဖြေရှိလေပြီ။]
၁၂၈၂-ခု၊ တပေါင်းလဆန်း ၁၅-ရက်နေ့ ၃-နာရီ မိနစ်-၃၀ အချိန်တွင် ပဲခူးဒိစတြိတ် ကဝမြို့ ငါးထပ်ဘုရားကြီး ပရဝဏ်အတွင်း ခေတ္တလယ်တီစံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဖြေဆိုတော်မူအပ်သော ဓားဝယ်ပုစ္ဆာအဖြေ ပြီး၏၊
ပဏ္ဍိတဆရာဖြေဆိုချက်
ဇယတု။။ မြဝတီဆရာတော်ဘုရားထံလျှောက်ထားသော ပုစ္ဆာဆယ်ချက်ကို မဖြေမကြားဘဲနေသည့်အတွက် ဒါယကာတို့က စိတ်ဒွိဟမကင်း ရှင်းလင်းဖြေဆိုစေလိုကြောင်းနှင့် လျှောက်ထား တောင်းပန်ကြရာ ဆရာပဏ္ဍိတက အကျဉ်းသင်္ခေပဖြင့် အများသိကြ စေရန် ပါဌ်သံပါဠိမရှိမပါ ကျမ်းလာအဟုတ် စကားပြင်ဖြင့် ဖြေထုတ်လိုက် သော ဝိသဇ္ဇနာကား
ဆယ်ချက်သောပုစ္ဆာတို့တွင် အစဉ်ကိုမပြဘဲ မိဿကရော ယှဉ်တွဲ၍ ကွဲကွဲပြားပြား ခြားနားသိသာအောင် ဖြေဆိုပေတော့အံ့။
ကောသလအိပ်မက်ခန်းတွင် ဘုရားသခင် ဟောကြားတော်မူခဲ့ သည်မှာ
ငါဘုရားသာသနာဆုတ်ယုတ်သောအခါ ပါပမင်းလက်ထက် လောလုပ္ပတဏှာအတွက်ကြောင့် ပစ္စည်းများကို ငဲ့ကွက်ခြင်းသဘော ထား၍ ငါဘုရားတရားကို သာယာစွာအသံနေအသံထားနှင့် ဟောကြား ပြသကုန်လတံ့၊ ထိုရောအခါ ၎င်းသဒ္ဒတဏှာကာမဂုဏ်အဟုန်သံကို ကြားနာရ၍ များစွာသောပစ္စည်း, များစွာသောရွှေငွေတို့ကို လှူကြကုန် လတံ့၊ ထိုသို့ဟောပြောသော အလဇ္ဇီပါပဘိက္ခုရဟန်းစုတို့သည် အဖိုးနဂ္ဃ ထိုက်သော စန္ဒကူးနံ့သာများကို မစင်ဘင်ပုပ်နှင့်လဲ၍ စားဘိသကဲ့သို့ အဖိုအနဂ္ဃထိုက်သော လောကုတ္တရာတရားကို မစင်ဘင်ပုပ်နှင့်တူသော ရွှေငွေပစ္စည်းဘဏ္ဍာတို့ဖြင့် လဲ၍စားသော အလဇ္ဇီပါပဘိက္ခုရဟန်း တို့သည် ပေါ်ပေါက်လတံ့
ဟု ဟောတော်မူသော ပါရာဇိကဏ်အဋ္ဌကထာ, တေရသကဏ် ဋီကာတွင် လာသည်ကိုထောက်ထား၍ သာသနာတော်မရွေ့ရှားရအောင် သတိထားကြရမည်။
[ဤကား-ပထမသာသနာပြုစာတမ်းတည်း။]
၈။ ရဟန်းတို့မှာ ဉာတိပဝါရိတမဟုတ်သောသူတို့ထံ ဝစီဝိညတ် ဖြင့်တောင်းခံ၍ရသော ပစ္စည်းများကို သုံးစွဲစားသောက်ခဲ့လျှင် အာပတ် သင့်ကြောင့်၊ ရွှေငွေတို့ကို ကိုယ်တိုင်ခံခြင်း, သူတစ်ပါးကိုခံစေခြင်း, အနီး၌ ထားသည်ကို သာယာခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်ခြင်း, ၎င်းရွှေငွေတို့ဖြင့် ရောင်းဝယ်၍ရသော ပစ္စည်းများနှင့်ဇရပ်,တန်ဆောင်း, ကျောင်း,ကန်,အာဝါသပြုလုပ်ခြင်း, ၎င်းဇရပ်,တန်ဆောင်း,ကျောင်း,ကန်, အာဝါသတို့၏ အရိပ်ကိုပင်မခိုအပ်ကြောင်း၊ ၎င်းရွှေငွေတို့ဖြင့် ရောင်းဝယ်၍ရအပ်သောပစ္စည်းရပ်ဟူသမျှကိုပင် မသုံးဆောင်အပ် ကြောင်း၊ ထိုဝတ္ထုပစ္စည်းဖြင့် တူးအပ်သောရေတွင်း,ရေကန်စသည်တို့မှ ထွက်သော ရေကိုပင် မသောက်အပ်ကြောင်း၊ ၎င်းဝတ္ထုတို့ဖြင့် ဝယ်၍ရအပ်သောမျိုးစေ့တို့ကို စိုက်၍ရအပ်သော သစ်သီးများကိုလည်း မစားကောင်း၊ ဤသို့စသည်ဖြင့် မအပ်ကြောင်းကို ပါရာဇိကဏ် အဋ္ဌကထာတို့၌ များစွာပင်လာသည် မယုံလျှင် ကြည့်ကြပါလေ။
သီတင်းသုံးဘော်ငါးယောက်တို့မှာကား အကြင်မျှလောက် သောကာလပတ်လုံး မသိသေး၊ ထိုမျှလောက်သောကာလပတ်လုံး သုံးဆောင်ခဲ့လျှင် အာပတ်မှလွတ်ပါသေး၏၊ သိသောအခါကစ၍ သုံးဆောင်ခဲ့လျှင် အာပတ်သင့်တော့သည်၊ ၎င်းမအပ်သောအမှုတို့ကို ပြုကျင့်သောရဟန်းတို့ကို တစ်ပါးသောသူတို့က ချီးမွမ်းထောမနာခြင်း, တရားဟောတိုက်တွန်းခြင်း-စသည်တို့ကိုပြုလုပ်သော ရှင်လူရဟန်း တို့ကိုလည်း သာသနာတော်ကို ကွယ်စေသောဟူ၍ မှတ်ကြရမည်ဟု ၎င်းအဋ္ဌကထာတွင်လာသည်၊ မယုံလျှင် လှန်၍ကြည့်ကြလေ။ [ဤကား-ဒုတိယသာသနာပြုစာတမ်းတည်း။]
၃-၄။ မအပ်မရာသော သင်္ကန်းသပိတ်ပရိက္ခရာတို့ကို ဝတ်ရုံ သုံးစွဲသောရဟန်းတို့ကို မြင်ခဲ့ပါလျှင် ၎င်းသင်္ကန်းသပိတ်ပရိက္ခရာတို့ကို ဖျက်ဆီးဖြိုခွဲခြင်းကိုပြုကြသော ရဟန်းများမှာ အပြစ်မရှိဟုလာ သည်တစ်ရပ်၊ တစ်ပါးသောသူတို့ စိုးပိုင်းသောသိမ်တွင်း,အရာမ်တွင်း၌ မင်းကျွမ်းဝင်သော ရဟန်းတို့က အသင်းအပင်းကိုရ၍ အတင်းအဓမ္မ ဆောက်လုပ်ထားသော ဝတ္ထုများကို သုံးကြိမ်တိုင်တိုင် ပြောဆို၍မရခဲ့လျှင် အစဉ်အတိုင်းအမိုးအကာများကို ဖျက်ဆီး၍ပုံထား၊ တိုင်,အုတ်စသော ဝတ္ထုများကို ဖျက်ဆီး၍ပုံထားပြီးလျှင် ဥစ္စာရှင်တို့ကို လာ၍ယူကြပါဟု စေခိုင်းရမည်၊ လာ၍မယူဘဲပျောက်ပျက်သွားခဲ့သော်လည်း ဖျက်ဆီးဖြိုခွဲ သောသူမှာ အပြစ်မရှိကြောင်းကို ၎င်းအဋ္ဌကထာ အဒိန္နာဒါန်သိက္ခာ ပုဒ်မှာ ကြည့်ကြပါလေ၊ တွေ့ပါလိမ့်မည်။
[ဤကား-တတိယသာသနာပြုစာတမ်းတည်း။] ၆-၇။ နတ်တို့ကိုကိုးကွယ်သောအရာမှာ နတ်ဝင်မ(နတ်ကတော်) တစ်ယောက်သည် နတ်တို့၏နေရာ နတ်ကွန်း,နတ်တဲ၌နေပြီးလျှင် လာလာသမျှသောသူတို့ကို နတ်တို့အား ပူဇော်ကိုးကွယ်သောသူတို့မှာ အကျိုးစီးပွါး များလတံ့-ဟု အယူမှားအောင်ပြုလုပ်ခြင်း, လှည့်ဖြား၍ စားသောက်ခြင်းကြောင့် ပြိတ္တာဘုံ၌ကြီးစွာသောဒုက္ခကို ခံစား၍နေ ရကြောင်းကို ပါရာဇိကဏ်အဋ္ဌကထာ စတုတ္ထသိက္ခာပုဒ်တွင် လာသည် ကိုထောက်၍ အလွန်ကြောက်အပ်ကြောင်း၊ ရှိခိုးကိုးကွယ်အပ်သော ပုဂ္ဂိုလ်ထဲတွင်မပါခြင်းကြောင့် ရဟန်းတို့မှာနတ်တို့ကို ရှိခိုးကိုးကွယ်လျှင် အာပတ်သင့်ကြောင်းကို သိကြလေ။
[ဤကား-စတုတ္ထသာသနာပြုစာတမ်းတည်း။]
၉-၁၀။ ရဟန်းတို့မှာ တစ်စုံတစ်ယောက်သော သူတို့ထံ ဝတ္ထုကြေးငွေကို ချေးငှား၍မပေးနိုင်လျှင် ဘဏ္ဍာ စားထိုက်ကြောင်း ဘဏ္ဍာစားဆိုသည်မှာ ဥစ္စာရှင်ကတောင်း၍မရလျှင် ငါတို့ဥစ္စာမရပြီ ဟုဝန်ချခြင်း၊ ရဟန်းကလည်း မပေးပြီဟုဝန်ချခြင်း၊ နှစ်ပါးစုံဝန်ချလျှင် ရဟန်းတို့မှာ အဒိန္နာဒါန်ကံထိုက်၍ ပါရာဇိကကျကြောင်း ကို အဒိန္နာဒါန် သိက္ခာပုဒ်အဖွင့် ပါရာဇိကဏ် အဋ္ဌကထာ၌လာသည်၊ မယုံလျှင်ကြည့်ကြ ပါလေ။
[ဤကား-ပဉ္စမသာသနာပြုစာတမ်းတည်း။]
၅။ အလှူဆယ်ပါးတို့တွင် တစ်ပါးပါးကိုရည်မှတ်၍ လှူလိုက် သောပစ္စည်းတို့ကို အလှူဆယ်ပါးတို့တွင် တစ်ပါးပါးကိုမျှ မပြုလုပ်ဘဲ သုံးစွဲစားသောက်ခဲ့လျှင် ရှေးနည်းအတူ ဘဏ္ဍာစားထိုက်၍ နှစ်ဦးနှစ်ဝ ဝန်ချခဲ့လျှင် ရဟန်းမှာ ပါရာဇိကကျကြောင်း၊ ၎င်းအဋ္ဌကထာတွင် လာပြန်သည်၊ မယုံလျှင်ကြည့်ကြပါလေ။
[ဤကား-ဆဋ္ဌမသာသနာပြုစာတမ်းတည်း။]
ဤမျှလောက်အကျဉ်းအားဖြင့် ပဏ္ဍိတ-ဆရာဖြေဆိုလိုက်သော ဝိသဇ္ဇနာကို ယခုထင်ရှားရှိသော မြဝတီဆရာတော်၊ လယ်တီဆရာ တော်၏ တပည့်ဦးပညာသီလ, အောင်မင်္ဂလာဆရာတော်ကလေး ဓားဝယ်မြို့ ပညာရှိတို့ထံ ဟုတ်-မဟုတ်၊ မှန်မမှန်ကို ဧကန်-ဧကသိကြလို လျှင် မြန်မြန်ပင် ပုံနှိပ်တင်၍ပြကြလေ။
[၁၂၈၂-ခု၊ တပို့တွဲလပြည့်ကျော် ၅-ရက်နေ့တွင် ပဏ္ဍိတဆရာ ဖြေဆိုလိုက်သော
ဝိသဇ္ဇနာ-သာသနာပြုစာတမ်းတည်း။]
ဆောင်ပုဒ်လင်္ကာ
၁။ ရပ်ရပ်ရွာရွာ၊ သာသနာ၊ ရောင်ဝါဧကန်ညှိုးလတံ့။
၂။ အသံသာသာ၊ တရားစာ၊ ဆွဲခါ-ငင်ခါဟောလတံ့။
၃။ တရားနာလာ၊ ထိုသူမှာ၊ တဏှာဧကန်ပွါးလတံ့။
၄။ တဏှာပွါးလျှင်၊ ဒုက္ခပင်၊ လျင်လျင်ခံရပေလတံ့။
၅။ တဏှာကိုပင်၊ ကုသိုလ်ထင်၊ အမြင်မှားလတံ့။
၆။ တရားမှန်းမသိ၊ လူဒုဗ္ဗိ၊ ပေါ်ရှိထိုခါ များလတံ့။
၇။ တရားဆိုတာ၊ ဘယ်လိုဟာ၊ မသိရှာထိုခါ များလတံ့။
၈။ တရားအမှန်၊ ဟောကြပြန်၊ မနာခံသူများလတံ့။
၉။ များသောအခါ၊ သာသနာပ၊ ကွယ်ကြသည်ပဲဗျို့။ “ပဏ္ဍိတဆရာ-ဖြေဆိုချက်ပြီး၏၊
ဓားဝယ်ပုစ္ဆာအဖြေပြီး၏၊
***