နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ
- ရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်း
- ရုပ်အတု
- ဝိညာဏက္ခန္ဓကထာ အခန်း
- ဝေဒနာက္ခန္ဓကထာ အခန်း
- သညာက္ခန္ဓကထာ အခန်း
- သင်္ခါရက္ခန္ဓကထာ အခန်း
- သဗ္ဗစိတ္တသာဓာရဏ စေတသိက်အပိုင်း
- ပကိဏ်း စေတသိက် အပိုင်း
- အကုသိုလ်စေတသိက် (၁၄) လုံး အပိုင်း
- သောဘဏစေတသိက် (၂၅) လုံး အပိုင်း
- ဗြဟ္မဝိဟာရ စေတသိက်များ
- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း
နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ
နိဒါနကထာ = အကြောင်းပြစာတမ်းလွှာ
ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၇၂။) စသည်တို့၌ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော ကျင့်စဉ်များကို ဟောကြားတော်မူခဲ့၏။ အဋ္ဌကထာကလည်း ယင်း ဟောကြားတော်မူချက်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း ဖွင့်ဆိုသွားတော်မူခဲ့၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀-၂၆၁။)
လောကီစျာန်သော်မှလည်း စျာန်သို့ရောက်ကြောင်း ကျင့်စဉ်နှင့် ကင်း၍ အကယ်၍လည်း မပြီးစီးနိုင်- သည်ကား မှန်၏။ လောကီစျာန်၏သော်မှလည်း ပဋိပဒါကျင့်စဉ်နှင့် ကင်း၍ မပြီးစီးနိုင်သည်မှာ မှန်သော်လည်း ဤလောကုတ္တရာစျာန်အရာ၌ သုဒ္ဓိကနယ = သုဒ္ဓိကနည်းကို ပယ်၍ လောကုတ္တရာစျာန်ကို ပဋိပဒါကျင့်စဉ်နှင့် အတူတကွသာလျှင် အလေးဂရုပြု၍ ဟောကြားတော်မူခြင်းငှာ အလိုရှိတော်မူသည့်အတွက် ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော စကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူပေသည်။ ထို ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော စကားရပ်၌ အဆုံးအဖြတ်ကား ဤသို့တည်း။ ---
အကြင် ယောဂါဝစရပုဂ္ဂိုလ်သည်ကား အစမှစ၍သာလျှင် ကိလေသာတို့ကို ခွာလတ်သော် ကိလေသာတို့ကို ပယ်ခွာဖို့ရန် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းကို ပြုသောအခါ ခဲခဲယဉ်းယဉ်း ပြုရ၏၊ ကိလေသာတို့ကို ပယ်ခွာဖို့ရန် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းဟူသော သင်္ခါရ, ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂနှင့်တကွသော အကြောင်းအပေါင်းဖြင့် ကိလေသာတို့ကို ပင်ပင်ပန်းပန်း ပယ်ခွာရ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သို့ ရောက်ကြောင်းဖြစ်သော အကျင့်သည် ဒုက္ခာပဋိပဒါ ဖြစ်၏။
အကြင် ယောဂါဝစရပုဂ္ဂိုလ်သည်ကား ပယ်ခွာအပ်ပြီးသော ကိလေသာရှိသည်ဖြစ်၍ = ကိလေသာကို ပယ်ခွာပြီးလတ်သော် ဝိပဿနာကို ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်၏ ထင်ရှား ဖြစ်ခြင်းသို့ ရောက်ရှိလာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ လေးနှေးသော နှေးကွေးသော ထူးသော အဘိညာဏ် အသိဉာဏ်သည် = ဒန္ဓာဘိညာသည် ဖြစ်၏။ ဤသို့လျှင် အမှတ်မထား တစ်ပါးပါးသော ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ အမည်ရှိ၏ဟူ၍ ရှေးအဋ္ဌကထာ ဆရာတော်တို့က ပြုတော်မူအပ်ခဲ့လေသည်။ (တစ်ကြိမ် ပယ်ခွာ လိုက်လျှင် ကိလေသာတို့မှ ကွာသွားသော သကိံ ဝိက္ခမ္ဘနဝါရ, နှစ်ကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော ဒွိက္ခတ္တုံ ဝိက္ခမ္ဘနဝါရ, သုံးကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော တိက္ခတ္တုံဝိက္ခမ္ဘနဝါရ, လေးကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော စတုက္ခတ္တုံ ဝိက္ခမ္ဘနဝါရ, အကြိမ်များစွာ ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော အနေကက္ခတ္တုံ ဝိက္ခမ္ဘနဝါရ, ဤဝါရတို့တွင် မည်သည့်ဝါရကိုမဆို ဒုက္ခပဋိပဒ ဒန္ဓာဘိည မည်၏ဟု ရှေးအဋ္ဌကထာ ဆရာတော်တို့က နာမည်ပြုအပ်ရာရောက်နေသည် ဟူလိုသည်။)
ဤဝါရတို့တွင် အဘယ်ဝါရကို အဋ္ဌကထာဆရာတော်တို့က ဒုက္ခပဋိပဒ ဒန္ဓာဘိညဝါရဟု နှစ်သက်တော် မူကြကုန်သနည်းဟူမူ --- အကြင်ဝါရ၌ တစ်ကြိမ်ခွာအပ်ပြီးကုန်သော ကိလေသာတို့သည် နောက်ထပ် တစ်ဖန် အထက်အထက်၌ ဖြစ်ပေါ်လာပြီး၍, ဒုတိယအကြိမ်မြောက်လည်း ထပ်မံ၍ ခွာအပ်ကုန်ပြီးသော ကိလေသာ တို့သည် နောက်ထပ်တစ်ဖန် အထက်အထက်၌ ဖြစ်ပေါ်လာကြပြန်ကုန်၏။ တစ်ဖန် သုံးကြိမ်မြောက် ကိလေသာ တို့ကို ခွာအပ်ပြီးကုန်သော်ကား ယင်းကိလေသာတို့ကို ခွာမြဲတိုင်း ခွာထားအပ်ပြီးသည်ကိုသာပြု၍ အရိယမဂ် ဖြင့် အကြွင်းမဲ့ ပယ်သတ်အပ်ကုန်သည်၏ အဖြစ်သို့ ရောက်စေ၏။ ဤဝါရကို အဋ္ဌကထာဆရာတော်တို့က ဒုက္ခပဋိပဒ ဒန္ဓာဘိညဝါရဟု နှစ်သက်တော်မူကြကုန်၏၊ ဤ ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟူသော အမည်ကို ပြုတော်မူအပ်ပြီ။ (သုံးကြိမ်တိုင်အောင် ခွာအပ်ပါမှ ကိလေသာတို့ နောက်ထပ်မဖြစ်ဘဲ အရိယမဂ်တရားကို ပေါ်လာစေနိုင်သော ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟု ရှေးဆရာမြတ်တို့က နှစ်သက်တော်မူကြ၏၊ သုံးကြိမ် ထက်ပို၍ ကိလေသာတို့ကို ခွာရသော ဝါရတို့၏ ဒုက္ခပဋိပဒါ ဖြစ်ကြောင်းမှာ ဆိုဖွယ်ရာပင် မလိုတော့ပေ၊ ကိလေသာတို့ကို တစ်ကြိမ်ခွာရုံ နှစ်ကြိမ်ခွာရုံဖြင့် ကိလေသာတို့ကို အရိယမဂ်တရားဖြင့် ပယ်သတ်နိုင်သော ဝါရတို့ကိုကား သုခပဋိပဒါဟု ဆိုလို၏။)
ဤမျှ အတိုင်းအရှည်ရှိသော စကားဖြင့်ကား ထင်ရှားသည် မဖြစ်သေး၊ ထိုကြောင့် ဤဒုက္ခပဋိပဒါ ဒန္ဓာဘိညာ --- စသောစကားရပ်၌ ဤဆိုလတ္တံ့သောနည်းဖြင့် အစမှစ၍ ထင်စွာ ဖြစ်စေခြင်းကို သိရှိအပ်၏။ အကျယ် မှာ ဤသို့ ဖြစ်၏။ ---
ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊ အရူပံ ပရိဂ္ဂဏှာတိ။ ရူပါရူပံ ပန ပရိဂ္ဂဏှာန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပရိဂ္ဂဟေတုံ သက္ကောတိ၊ တဿ ဒုက္ခာ ပဋိပဒါ နာမ ဟောတိ။ ပရိဂ္ဂဟိတရူပါရူပဿ ပန ဝိပဿနာပရိဝါသေ မဂ္ဂပါတုဘာဝဒန္ဓတာယ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
အကြင် ယောဂါဝစရပုဂ္ဂိုလ်သည် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားကာ ယူပြီး၍ သိမ်းဆည်းပြီး၍ ဥပါဒါရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ တစ်ဖန် ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသော် သိမ်းဆည်းလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ သိမ်းဆည်းခြင်းငှာ စွမ်းနိုင်၏။ ထိုပုဂ္ဂိုလ်၏ ကျင့်စဉ်ပဋိပဒါသည် ဒုက္ခပဋိပဒါ မည်၏။ တစ်ဖန် --- ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော သိမ်းဆည်းပြီးသော ယောဂါဝစရ- ပုဂ္ဂိုလ်၏ ဝိပဿနာကို ကျင့်သုံးရာအခါ၌ အရိယမဂ်၏ ထင်ရှားဖြစ်ခြင်း၏ လေးနှေးသည်၏ အဖြစ်ကြောင့် ဒန္ဓာဘိညာ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
ပရိဂ္ဂဟေတွာ ပရိဂ္ဂဏှာတိ ---ရူပါရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော။ (မူလဋီ၊၁၊၁၁၂။)
လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ၊၁၅၈။)
ရုပ်ကိုဖြစ်စေ နာမ်ကိုဖြစ်စေ လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ယူခြင်း သိမ်းဆည်းခြင်းကို ပရိဂ္ဂဟေတွာဟုလည်းကောင်း, ပရိဂ္ဂဏှာတိဟုလည်းကောင်း ဆိုသည်။ ဤစကားရပ်ဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို ပြ၏။ ထိုသို့ ဉာဏ်ဖြင့် ပိုင်းခြား၍ယူရာ သိမ်းဆည်းရာ၌ ခက်ခက်ခဲခဲ ယူရလျှင် သိမ်းဆည်းရလျှင် ဒုက္ခပဋိပဒါ ဖြစ်၏၊ ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ယူတုန်းက လွယ်ကူခဲ့စေကာမူ နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူရာ၌ ခဲယဉ်းနေပြန်လျှင် ဒုက္ခပဋိပဒါပင်တည်း။ ဤသို့လျှင် ပဋိပဒါ နယ်မကုန်သမျှ တစ်နေရာရာ၌ ခဲယဉ်း နေလျှင် ဒုက္ခပဋိပဒါဟုချည်း ခေါ်ရသည်။ ဤစကားရပ်ဖြင့် ---
၁။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း,
၂။ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း,
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း,
ဤပရိဂ္ဂဟ = သိမ်းဆည်းခြင်း သုံးမျိုးကို ဖော်ပြသည်ဟု မှတ်ပါ။
ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော ဒုက္ခေန ကသိရေန ကိလမန္တော ဝဝတ္ထပေတိ၊ ဝဝတ္ထာပိတေ စ နာမရူပေ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတုံ သက္ကောတိ၊ တဿာပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
နာမရူပမတ္တမေတံ၊ န အညော ကောစိ သတ္တာဒိကောတိ ဝဝတ္ထာပနံ နာမရူပဝဝတ္ထာပနံ။ (မူလဋီ၊၁၊၁၁၂။)
ဤသဘောတရားသည် နာမ်ရုပ်မျှသာတည်း၊ နာမ်ရုပ်မှ အခြားတစ်ပါးသော တစ်စုံတစ်ယောက်သော ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိဟု ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားခြင်းသည် နာမရူပဝဝတ္ထာပန = နာမရူပဝဝတ္ထာနဉာဏ် မည်၏။
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်လည်း ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးနောက် ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာရှိ၏ဟု နာမ်ရုပ်ကို ပိုင်းခြားမှတ်သားလေသော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားရ၏၊ ယင်းသို့ နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားမှတ်သား ပြီးနောက် ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည်လည်း ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
ဤစကားရပ်ဖြင့် ---
၄။ နာမရူပဝဝတ္ထာနဉာဏ်ကို ပြ၏။ ဒိဋ္ဌိဝိသုဒ္ဓိ နယ်ပင်တည်း။ နာမရူပပရိစ္ဆေဒဉာဏ်ပင်တည်း။
အပရော နာမရူပမ္ပိ ဝဝတ္ထပေတွာ ပစ္စယေ ပရိဂ္ဂဏှန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပရိဂ္ဂဏှာတိ၊ ပစ္စယေ စ ပရိဂ္ဂဟေတွာ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပြီး၍လည်း နာမ်ရုပ်၏ အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလတ်သော် သိမ်းဆည်းလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားယူရ၏၊ သိမ်းဆည်းရ၏။ ဉာဏ်ဖြင့် ပိုင်းခြားကာယူပြီး၍လည်း သိမ်းဆည်းပြီး၍လည်း ဝိပဿနာကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည်လည်း ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
ဤစကားရပ်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြ၏။ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတည်း။
၅။ ပစ္စယပရိဂ္ဂဟ,
၆။ အဒ္ဓါနပရိဂ္ဂဟ,
ဤပရိဂ္ဂဟ နှစ်မျိုးလုံး ပါဝင်၏။
အပရော ပစ္စယေပိ ပရိဂ္ဂဟေတွာ လက္ခဏာနိ ပဋိဝိဇ္ဈန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပဋိဝိဇ္ဈတိ၊ ပဋိဝိဒ္ဓလက္ခဏော စ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)
အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပြီးသော်လည်း သိမ်းဆည်းနိုင်ပြီးသော်လည်း ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို ထိုးထွင်း၍ သိလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ထိုးထွင်း သိရ၏။ ထိုသို့ သင်္ခါရတရားတို့၏ လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းသိပြီးနောက်လည်း ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ဤသို့လည်း ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)
လက္ခဏာနိ ပဋိဝိဇ္ဈန္တော = လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်လတ်သော် --- ဟူသော ဤစကားရပ်ဖြင့် သမ္မသနဉာဏ်ကို ပြ၏။
အပရော လက္ခဏာနိပိ ပဋိဝိဇ္ဈိတွာ ဝိပဿနာဉာဏေ တိက္ခေ သူရေ ပသန္နေ ဝဟန္တေ ဥပ္ပန္နံ ဝိပဿနာနိကန္တိံ ပရိယာဒိယမာနော ဒုက္ခေန ကသိရေန ကိလမန္တော ပရိယာဒိယတိ၊ နိကန္တိဉ္စ ပရိယာဒိယိတွာ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ ဣမံ ဝါရံ ရောစေသုံ ဣမဿ ဝါရဿ ဧတံ နာမံ ကတံ၊ ဣမိနာဝ ဥပါယေန ပရတော တိဿော ပဋိပဒါ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)
အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား သင်္ခါရတရားတို့၏ လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းကာ သိပြီးသည့်နောက်၌လည်း ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှ ရဲရင့် ကြည်လင်မှုကို ရွက်ဆောင်လတ်သော် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်း စသည်တို့၌ သာယာတပ်မက်လျက်ရှိသော ဝိပဿနာ၏ ညစ်ညူးကြောင်းဖြစ်သော နိကန္တိကို ထက်ဝန်းကျင် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် ကုန်ခန်းစေလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကုန်ခန်းစေရ၏။ တစ်ဖန် ယင်းနိကန္တိကို ဝိပဿနာ ဉာဏ်ဖြင့် ကုန်ခန်းစေပြီးနောက် ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ ဤဝါရကို အဋ္ဌကထာဆရာတော်တို့က နှစ်သက်တော်မူကြ၏၊ ဤဝါရကိုပင် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟူသော အမည်ကို ပြုတော်မူကြ၏။ ဤနည်းအတိုင်းပင် နောက်ပိုင်း၌ ဘုရားရှင် ဟောကြားထားတော်မူအပ်ကုန်သော ပဋိပဒါ သုံးမျိုးတို့ကိုလည်း နည်းမှီး၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် လောကုတ္တရာကုသိုလ်တရားတို့ကို ခွဲခြားဝေဖန်၍ ဟောကြားတော်မူရာ၌ ---
၁။ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာပုဂ္ဂိုလ်၊
၂။ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာပုဂ္ဂိုလ်၊
၃။ သုခပဋိပဒါ ဒန္ဓာဘိညာပုဂ္ဂိုလ်၊
၄။ သုခပဋိပဒါ ခိပ္ပါဘိညာပုဂ္ဂိုလ်ဟု ---
ဤသို့လျှင် ပုဂ္ဂိုလ် (၄)မျိုး ခွဲခြားဝေဖန်၍ ဟောကြားတော်မူခဲ့ပေသည်။ (အဘိ၊၁၊၇၂-၈၅။)
ဤသို့ ဟောကြားတော်မူရာ၌ ---
၁။ ပဋိပဒါပိုင်း
၂။ အဘိညာပိုင်းဟု ခွဲခြားလျက် ---
ပုဂ္ဂိုလ် တစ်မျိုး တစ်မျိုးလျှင် ပဋိပဒါပိုင်း အဘိညာပိုင်းဟု နှစ်ပိုင်းစီ နှစ်ပိုင်းစီ ခွဲ၍ ဟောကြားထားတော် မူ၏။ ထိုတွင် ---
၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း၊
၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း၊
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊
၄။ နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း ---
ဟူသော လုပ်ငန်းခွင် လေးရပ်ကား နာမရူပပရိစ္ဆေဒဉာဏ်တည်း။
၁။ ပစ္စုပ္ပန်၌ သို့မဟုတ် ပစ္စုပ္ပန်ကို ဗဟိုထား၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း ပစ္စယပရိဂ္ဂဟ၊
၂။ အတိတ် အနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း အဒ္ဓါနပရိဂ္ဂဟ၊
ဤ ပရိဂ္ဂဟနှစ်မျိုးကား ပစ္စယပရိဂ္ဂဟဉာဏ်တည်း။ ဤအထက်ပါ ---
၁။ နာမရူပပရိစ္ဆေဒဉာဏ်
၂။ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် တကွ
၃။ သမ္မသနဉာဏ်
၄။ ဥပက္ကိလေသ ( = ဝိပဿနာ၏ ညစ်ညူးကြောင်းတရား) တို့မှ လွတ်မြောက်သည်တိုင်အောင်သော ဥဒယဗ္ဗယဉာဏ် = မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ တိုင်အောင်သော ဉာဏ်စဉ်ပိုင်းကို ပဋိပဒါပိုင်းဟု သတ်မှတ်ထားတော်မူ၏။
ဥပက္ကိလေသ (= ဝိပဿနာ၏ ညစ်ညူးကြောင်းတရား) တို့မှ လွတ်မြောက်သွားသော ---
၁။ ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း)
၂။ ဘင်္ဂဉာဏ်
၃။ ဘယဉာဏ်
၄။ အာဒီနဝဉာဏ်
၅။ နိဗ္ဗိန္ဒဉာဏ်
၆။ မုစ္စိတုကမျတာဉာဏ်
၇။ ပဋိသင်္ခါဉာဏ်
၈။ သင်္ခါရုပေက္ခာဉာဏ်
၉။ အနုလောမဉာဏ်
ဤဝိပဿနာဉာဏ် (၉)မျိုးတို့ကား ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်းတည်း။
၁၀။ အရိယမဂ်ဉာဏ်
ဤ အရိယမဂ်ဉာဏ်ပိုင်းကား ဉာဏဒဿနဝိသုဒ္ဓိပိုင်းတည်း။ (ဤ ဉာဏ်စဉ်များ၏ အနက် အဓိပ္ပါယ်သည် ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ဤ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်းနှင့် ဉာဏဒဿနဝိသုဒ္ဓိပိုင်းကို အဘိညာပိုင်းဟု အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က သတ်မှတ်ထားတော်မူပေသည်။ ထိုတွင် ---
၁။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ပဋိပဒါပိုင်းတွင်လည်းကောင်း အဘိညာပိုင်းတွင်လည်းကောင်း နှစ်ပိုင်းလုံး၌ ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
၂။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ သို့သော် အဘိညာပိုင်းတွင်ကား ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ ထိုပုဂ္ဂိုလ်မျိုးသည် ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
၃။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင် ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏၊ သို့သော် အဘိညာပိုင်းသို့ ရောက်သောအခါ၌ကား ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သုခပဋိပဒါ ဒန္ဓာဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
၄။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင်လည်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ အဘိညာပိုင်းတွင်လည်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ကား သုခပဋိပဒါ ခိပ္ပါဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
ဤကား အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းတည်း။ ထိုတွင် ပဋိပဒါပိုင်း၌ ရုပ်- နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။
အဘယ်ကြောင့် ထိုကဲ့သို့ သိမ်းဆည်းနေရပါသနည်းဟု မေးရန်ရှိ၏၊ အဖြေကိုသိလိုပါက အောက်ပါ --
၁။ မဟာဗုဒ္ဓဝင်၏ ဖွင့်ဆိုချက်နှင့်
၂။ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်တို့၏ ဖွင့်ဆိုချက် ----
ဤဖွင့်ဆိုချက် ရှင်းလင်းချက်တို့ကို အသင်သူတော်ကောင်းသည် ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
မဟာဗုဒ္ဓဝင်၏ ဖွင့်ဆိုချက် - ဃနလေးပါး
ဤအရာ၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါး ရှိသည်။
၁။ ထိုလေးပါးတို့တွင် ေ့ရှနောက်ဖြစ်သော ရုပ်နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရားလုံး တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်း စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သန္တတိ ဃန မည်၏။
ဤ၌ အခြားမရှိသောအားဖြင့် ဖြစ်ခြင်းဟူသည်မှာ ေ့ရှတရား၏ ဘင်ခဏနှင့် ပြိုင်လျက် နောက်တရားက ဖြစ်ခြင်း, တစ်နည်း --- ေ့ရှတရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။၎င်းင်းကို (ပုရိမပစ္ဆိမာနံ နိရန္တရတာ = ေ့ရှတရား နောက်တရားတို့၏ အကြားမရှိသည်၏ အဖြစ်) ဟူ၍ ဋီကာဆရာတော်ကြီးများ ခေါ်ဆို အသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင် ဖြစ်ပွားခြင်းဖြင့် အဖြစ်တရားဘက်က အားရှိကာ ဖုံးလွှမ်းထားအပ်သကဲ့သို့ ဖြစ်၍ အပျက်တရားဘက်က မထင်ရှားသောကြောင့် ယခု တွေ့မြင်ရသောတရားသည် ယခင် တွေ့မြင်ရသော တရားပင်တည်းဟု မှတ်ယူသောအနေဖြင့် လူများ အပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို ထင်းမီးစ တစ်ခုကို ကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီးဟု ထင်ရမှုက သက်သေခံလျက် ရှိသည်။ (ဤကား သန္တတိဃနတည်း။)
၂။ ဖဿ အစရှိသော နာမ်တရား, ပထဝီအစရှိသော ရုပ်တရားတို့၏ ထိုထို နာမ်ကလာပ် ရုပ်ကလာပ်တို့၌ တစ်ပေါင်းတည်း တစ်စုတည်းအနေဖြင့် ပရမတ္ထတရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သမူဟဃန မည်၏။
နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွားကြသောအခါ တရားလုံး (သဘာဝသတ္တိ) တစ်ခုတည်းသာ ဖြစ်ကြ သည်မဟုတ်၊ နာမ်တရားဘက်ကလည်း အနည်းဆုံး ရှစ်မျိုး (စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် ခုနစ်ပါးကို ဆိုလိုသည်။) ရုပ်တရားဘက်ကလည်း အနည်းဆုံး ရှစ်မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်၊၊) ဖြစ်ပွားကြသည်၊ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိ ရှစ်မျိုးတို့ သဘာဝသတ္တိ တစ်မျိုးတည်းဟု ထင်မှတ်ယူ ရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို သမူဟဃန ခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း။)
၃။ နာမ်ကလာပ် တစ်ခုတစ်ခု ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရား အသီးသီးတို့သည် ဆိုင်ရာဆိုင်ရာ မိမိ မိမိတို့၏ ကိစ္စအလုပ်ကို ပြီးပြေစေကြလျက် ဖြစ်ပွားကြလေသည်၊ ထိုသို့ ဖြစ်ပွားကြရာ၌ (အဘိဓမ္မာ ဉာဏ်ပညာမျက်စိ မရှိသောသူတို့အဖို့မှာ) ဤကား ဖဿ၏ အလုပ်ကိစ္စ, ဤကား ဝေဒနာ၏ အလုပ် ကိစ္စ, ဤကား သညာ၏ အလုပ်ကိစ္စ စသည်ဖြင့်လည်းကောင်း, ဤကား ပထဝီ၏ ကိစ္စ, ဤကား အာပေါ၏ကိစ္စ, ဤကား တေဇော၏ ကိစ္စ, ဤကား ဝါယော၏ ကိစ္စ စသည်ဖြင့်လည်းကောင်း အလုပ်ကိစ္စ အထူးကို သိဖို့ရန် ခဲယဉ်းလှကုန်၏၊ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စ အထူးကို သိနိုင်ခဲသော အနေဖြင့် တရားလုံးတစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားမှုကို ကိစ္စဃန ခေါ်သည်။ (ဤကား ကိစ္စဃနတည်း။)
၄။ နာမ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို နာမ်တရားတို့၏ အာရုံတစ်ခုကို စု၍ပေါင်း၍ အာရုံပြုသော အနေဖြင့်လည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို ရုပ်တရားတို့၏ အာရုံတစ်ခုတည်း အနေဖြင့်လည်းကောင်း, ပရမတ္ထတရားသား (သဘာဝသတ္တိ) တစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို အာရမ္မဏဃန ခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း။)
အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရား အနေဖြင့် ဖြစ်ပွားကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့် သဘာဝအားဖြင့် ကိစ္စအားဖြင့် အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသော အနေအားဖြင့် တရားလုံးတရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်းကို အစဉ်အတိုင်း သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမ္မဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ [ဤ ဃနလေးပါး အကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ (၆၀)နှင့် ဓမ္မသင်္ဂဏီ အနုဋီကာ စာမျက်နှာ (၆၆)တို့မှ ထုတ်နုတ် ဖေါ်ပြအပ်ပါသည်။]
ငရုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကိုတည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ။ ---
ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်။ ပရမတ္ထသို့ အသိဉာဏ် အမြင်ဆိုက်ရောက်မှ ဃနပြိုသည်၊ ဃနပြိုမှ အနတ္တအသိဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင်မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃန မပြို၊ ဃန မပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထိုကြောင့် အနတ္တ လက္ခဏာကို ဃနဖုံးသည်ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။ (မဟာဗုဒ္ဓဝင် စတုတ္ထတွဲ၊ စာမျက်နှာ-၃၂၃-၃၂၅။)
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၏ ဖွင့်ဆိုချက်
ဃနဝိနိဗ္ဘောဂ --- (ပု) ---- [ဃန + ဝိနိဗ္ဘောဂ။ ဝိနိဘုဉ္ဇနံ ဝိနိဗ္ဘောဂဿ ကရဏံ ဝိနိဗ္ဘောဂေါ၊ ဉာဏံ။ ဓမ္မာနံ ဃနဿ ဧကတ္တဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ ။ အဋ္ဌသာ၊ ယော။ ၇၆ ။ ဝိနိဘုဇ္ဇနံ ပုထက္ကရဏံ ဝိနိဗ္ဘောဂေါ၊ ဃနဿ သမူဟဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ သမ္မော၊ ယော။ ၁၄၇။]
အပေါင်းအစုကို ခွဲခြား-ဝေဖန်-စိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟု ထင်မှုကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်း။
ပရမတ္ထတရားတို့သည် ဝီထိစိတ် အစဉ်အရ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ စသည် ဖြင့် အစဉ်အတိုင်း ဖြစ်နေကြ၏၊ ယင်းသို့ ဖြစ်နေရာ၌ ေ့ရှစိတ်နောက်စိတ်တို့သည် တစ်ခုတည်း မဟုတ်သော် လည်း ထိုစိတ်တို့၏ အကြားကာလ အခြားမရှိသောကြောင့် တစ်စိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် သန္တတိဃန မည်၏။
တစ်စိတ်တည်းကဲ့သို့ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌) မထင်ဘဲ --- ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ (သန္တတိဃနကို ခွဲခြမ်း စိတ်ဖြာ ၍သိခြင်း၊ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးခြင်း) မည်၏။
စိတ်တစ်လုံးတစ်လုံး၌ ဖဿ ဝေဒနာ သညာစသည်ဖြင့် စေတသိက်များစွာ ယှဉ်၏၊ စိတ်တစ်လုံးတစ်လုံးသည် ဖဿ ဝေဒနာ သညာစသော စေတသိက်များစွာနှင့် အတူတကွဖြစ်၏၊ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်နေကြသောကြောင့် ဖဿ ဝေဒနာ သညာစသည်ဖြင့် ခွဲခြားမသိတော့ဘဲ ဓမ္မတစ်ခုတည်းကဲ့သို့ ဖြစ်၍နေခြင်းသည် သမူဟဃန မည်၏။
ဓမ္မတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ --- စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သမူဟဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သမူဟဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။
ဖဿ ဝေဒနာစသော တရားများ၌ ဖဿသည် သံဃဋ္ဋနကိစ္စ, ဝေဒနာသည် အနုဘဝနကိစ္စ စသည်ဖြင့် ကိစ္စ အသီးအသီး ကွဲပြားကြ၏၊ ယင်းသို့ ကိစ္စကွဲပြားသော်လည်း စိတ်တစ်လုံးတည်းဝယ် အတူတကွ ယှဉ်၍ ဖြစ်ကြရာ၌ ထိုထိုတရားတို့၏ ကိစ္စအထူးကို မသိနိုင်လောက်အောင် ကိစ္စအားဖြင့် တစ်ခုတည်း ဖြစ်နေခြင်းသည် ကိစ္စဃန မည်၏။
ကိစ္စတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဖဿသည် သံဃဋ္ဋနကိစ္စ ရှိ၏၊ ဝေဒနာသည် အနုဘဝနကိစ္စ ရှိ၏ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = ကိစ္စဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ ကိစ္စဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။
စက္ခုဒွါရဝီထိ၌ ဖြစ်ကြသော စိတ် စေတသိက် တစ်စဉ်တစ်တန်းလုံးသည် ရူပါရုံ တစ်ခုတည်းကို အာရုံပြုသည့်အတွက် တစ်ခုတည်းမဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ တစ်ခဲနက် ဖြစ်နေခြင်းသည် အာရမ္မဏဃန မည်၏။
အာရုံတူ၍ တစ်ခုတည်းဖြစ်နေသော်လည်း တစ်ခုတည်းကဲ့သို့မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့်လည်းကောင်း၊ ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့်လည်းကောင်း ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = အာရမ္မဏဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ အာရမ္မဏဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။ (နေတ္တိ၊ဋ္ဌ၊၁၅၄။ သံ၊ဋီ၊၁၊၂၇၁။ မူလဋီ၊၁၊၆၀။)
အနတ္တလက္ခဏာကို ဘုရားပွင့်ရာ သာသနာတွင်းမှာသာ ထင်မြင်နိုင်သည်၊ သာသနာပ၌် မထင်မြင်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)
အနတ္တလက္ခဏာကို သန္တတိစသော ဃန ဖုံးလွှမ်းမှုကြောင့် မသိနိုင် မမြင်နိုင် မထင်နိုင်ခြင်း ဖြစ်၏၊ ဃနကို ဖြိုခွဲဖျက်ဆီးနိုင်လျှင်ကား အနတ္တလက္ခဏာလည်း ဟုတ်မှန်သောသဘောအတိုင်း ထင်မြင်လာတော့သည်။ (အဘိ၊ဋ္ဌ၊၂၊၄၇။)
ယထာ ပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ။ (မ၊ဋ္ဌ၊၁၊၂၇၆။ ဝိသုဒ္ဓိ၊၁၊၃၄၃။)
နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၈။)
ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၃၇။)
ဃနဝိနိဗ္ဘောဂံ ကတွာတိ ကမ္မဋ္ဌာနံ ဂဟေတွာ သမူဟာဒိဃနဂ္ဂဟဏံ ဘိန္ဒိတွာ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅၄။)
(တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊က-ဝဂ်-အတွဲ-၆၊စာမျက်နှာ-၉၈၆-၉၈၇။)
[မှတ်ချက် --- ဤကား မဟာဗုဒ္ဓဝင်ကျမ်းနှင့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတို့၌ လာရှိသော ဃနလေးပါး အကြောင်းအရာများ ဖြစ်ကြပါသည်။ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၏ ဃနလေးပါးနှင့် ပတ်သက်သော ရှင်းလင်းချက်များကို ပထမတွဲတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါသည်။]
ယောဂါဝစရပုဂ္ဂိုလ်သည် ပရမတ္ထဓမ္မတို့ကို ပရမတ္ထဓမ္မသို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရတော့မည် ဖြစ်၏။ ထိုသို့ သိမ်းဆည်းရာ၌ ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် အသင်သူတော်ကောင်းသည် မလွှဲမရှောင်သာ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရတော့မည်သာ ဖြစ်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူရတော့မည်သာ ဖြစ်၏။ ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းအပေါင်းတို့သည် နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ ဧကန်အကြောင်းရင်းစစ် တစ်ခုဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ပရမတ္ထသို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းနိုင်ကြ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ကြပါစေကုန်သတည်း။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ကို ရှုသင့်ပုံ
ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကျင့်စဉ်
ဣဓ ဘိက္ခဝေ ဘိက္ခု ----
၁။ ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော။
၂။ ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော။
၃။ ဣတိ သညာ၊ ဣတိ သညာယ သမုဒယော၊ ဣတိ သညာယ အတ္ထင်္ဂမော။
၄။ ဣတိ သင်္ခါရာ၊ ဣတိ သင်္ခါရာနံ သမုဒယော၊ ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော။
၅။ ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော။ (ဒီ၊၂၊၂၃၉။)
= ရဟန်းတို့ ...ဤ သာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် ---
၁။ (က) ဤကား ရုပ်တရားတည်း၊
( ခ ) ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
၂။ (က) ဤကား ဝေဒနာတရားတည်း၊
( ခ ) ဤကား ဝေဒနာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား ဝေဒနာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
၃။ (က) ဤကား သညာတရားတည်း၊
( ခ ) ဤကား သညာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား သညာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
၄။ (က) ဤကား သင်္ခါရ (စေတသိက်သင်္ခါရ) တရားတို့တည်း၊
( ခ ) ဤကား သင်္ခါရတရားတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား သင်္ခါရတရားတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
၅။ (က) ဤကား ဝိညာဏ် (အသိစိတ်ဝိညာဏ်) တရားတည်း၊
( ခ ) ဤကား ဝိညာဏ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား ဝိညာဏ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅) ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ (ဒီ၊၂၊၂၃၉။ မဟာသတိပဋ္ဌာနသုတ္တန်၊ ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ။)
ဤအထက်ပါ သတိပဋ္ဌာန်ကျင့်စဉ် ဒေသနာတော်၌ ---
၁။ ဣတိ ရူပံ = ဤကား ရုပ်တရားတည်း။
၂။ ဣတိ ဝေဒနာ = ဤကား ဝေဒနာတရားတည်း။
၃။ ဣတိ သညာ = ဤကား သညာတရားတည်း။
၄။ ဣတိ သင်္ခါရာ = ဤကား သင်္ခါရတရားတို့တည်း။
၅။ ဣတိ ဝိညာဏံ = ဤကား ဝိညာဏ်တရားတည်း။
ဤသို့ ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍နေရန် ယောဂါဝစရ ရဟန်းတော်အား ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။
ယင်း ညွှန်ကြားတော်မူချက်၏ ဆိုလိုရင်း အနက်သဘောတရားကို အဋ္ဌကထာ-ဋီကာတို့က အောက်ပါ အတိုင်း ဖွင့်ဆိုထားတော်မူကြ၏။ ---
တတ္ထ ဣတိ ရူပန္တိ ဣဒံ ရူပံ, ဧတ္တကံ ရူပံ, ဣတော ဥဒ္ဓံ ရူပံ နတ္ထီတိ ရုပ္ပနသဘာဝဉ္စေဝ ဘူတုပါဒါယဘေဒဉ္စ အာဒိံကတွာ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။
ဣတိ ဝေဒနာတိအာဒီသုပိ အယံ ဝေဒနာ, ဧတ္တကာ ဝေဒနာ, ဣတော ဥဒ္ဓံ ဝေဒနာ နတ္ထိ။ အယံ သညာ။ ဣမေ သင်္ခါရာ။ ဣဒံ ဝိညာဏံ, ဧတ္တကံ ဝိညာဏံ, ဣတော ဥဒ္ဓံ ဝိညာဏံ နတ္ထီတိ ဝေဒယိတ-သဉ္ဇာနန-အဘိသင်္ခရဏ-ဝိဇာနနသဘာဝဉ္စေဝ သုခါဒိ-ရူပသညာဒိ-ဖဿာဒိ-စက္ခုဝိညာဏာဒိဘေဒဉ္စ အာဒိံကတွာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန အနဝသေသဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏပရိဂ္ဂဟော ဝုတ္တော။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)
လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေနာတိ ကက္ခဠာဒိလက္ခဏဝသေန, သန္ဓာရဏာဒိရသဝသေန, သမ္ပဋိစ္ဆနာဒိပစ္စုပဋ္ဌာနဝသေန, ဘူတတ္တယာဒိပဒဋ္ဌာနဝသေန စ။ (သံ၊ဋီ၊၂၊၅၈။)
အမေး --- ဘုရားရှင်သည် --- ဤကား ရုပ်တရားတည်း။ ဤကား ဝေဒနာတရားတည်း။ ဤကား သညာ တရားတည်း။ ဤကား သင်္ခါရတရားတို့တည်း။ ဤကား ဝိညာဏ်တရားတည်းဟု ဤဥပါဒါနက္ခန္ဓာ (၅) ပါးတို့၌ အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍ နေထိုင်ရန် ယောဂါဝစရ ရဟန်းတော်အား ညွှန်ကြားထားတော်မူ၏။ ဤသို့ ညွှန်ကြားတော်မူရာဝယ် ယောဂါဝစရ ရဟန်းတော်သည် ယင်းဥပါဒါနက္ခန္ဓာ (၅) ပါးတို့ကို မည်သို့မည်ပုံ သိရမည်နည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုရမည်နည်းဟု မေးရန်ရှိ၏။
အဖြေ --- အဖြေမှာ ဤသို့ ဖြစ်၏။
၁။ ဤကား ရုပ်တရားတည်း၊ ရုပ်တရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန်မရှိဟု အအေးအပူ စသော အကြောင်းတရားတို့ကြောင့် ရှေးရှေး ဖြစ်ပေါ်သွားသော ရုပ်သန္တတိ = ဖြစ်စဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိ = ဖြစ်စဉ်၏ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှုဟူသော ရုပ္ပနသဘာဝ = ဖောက်ပြန်ခြင်းသဘောကိုလည်း ကောင်း, ဘူတရုပ် ဥပါဒါရုပ်တည်းဟူသော ထူးထွေကွဲပြားသော (၂၈)မျိုးသော ရုပ်ကိုလည်းကောင်း အစပြု၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်း ဖြစ်သည်။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်အားလုံးကို ကုန်စင်အောင် သိရမည်၊ သိအောင် ရှုရမည်ဟု ဆိုလိုသည်။
ဤကား ဝေဒနာတရားတည်း စသည်တို့၌လည်း ---
၂။ ဤကား ဝေဒနာတရားတည်း၊ ဝေဒနာတရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန် ဝေဒနာမည် သည် မရှိ။
၃။ ဤကား သညာတရားတည်း။ ပ ။
၄။ ဤသည်တို့ကား သင်္ခါရတရားတို့တည်း။ ပ ။
၅။ ဤကား ဝိညာဏ်တရားတည်း၊ ဝိညာဏ်တရားသည် ဤမျှသာတည်း၊ ဤထက်အပိုအလွန် ဝိညာဏ်တရား မည်သည် မရှိဟု ---
၂။ ဝေဒနာက္ခန္ဓာ၏ အာရုံ၏ အရသာကို ခံစားမှုသဘော,
၃။ သညာက္ခန္ဓာ၏ အာရုံကို အမှတ်ပြု၍ သိမှုသဘော,
၄။ သင်္ခါရက္ခန္ဓာ၏ မိမိအကြောင်းတရားတို့သည် အညီအညွတ် ပြီးစေအပ်သော အကျိုးတရားကို ဖြစ်ပေါ် လာအောင် ပြုပြင်တတ် ပြီးစေတတ်သောသဘော,
၅။ ဝိညာဏက္ခန္ဓာ၏ အာရုံကို ပိုင်းခြားယူတတ်မှု သိမှုသဘောကိုလည်းကောင်း,
၂။ ဝေဒနာက္ခန္ဓာ၏ သုခဝေဒနာ စသည်ဖြင့် ကွဲပြားမှု,
၃။ သညာက္ခန္ဓာ၏ ရူပသညာ စသည်ဖြင့် ကွဲပြားမှု,
၄။ သင်္ခါရက္ခန္ဓာ၏ ဖဿ စေတနာ စသည်ဖြင့် ကွဲပြားမှု,
၅။ ဝိညာဏက္ခန္ဓာ၏ စက္ခုဝိညာဏ် စသည်ဖြင့် ကွဲပြားမှုကိုလည်းကောင်း ---
အစပြု၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝေဒနာ -သညာ-သင်္ခါရ-ဝိညာဏ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်း ဖြစ်သည်။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တရားအားလုံးကို အကြွင်းအကျန် မရှိ ကုန်စင်အောင်သိရမည် သိအောင်ရှုရမည်ဟု ဆိုလိုသည်။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)
အထက်ပါ အဋ္ဌကထာများ၌ --- အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။ အနဝသေသဝေဒနာသညာ သင်္ခါရဝိညာဏပရိဂ္ဂဟော ဝုတ္တော --- ဟူသော စကားများကို သတိပြုပါ။ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။
၁။ ရုပ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်
၂။ နာမ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်
၃။ ရုပ်တရားဘက်ကလည်း တစ်လုံးလောက်, နာမ်တရားဘက်ကလည်း တစ်လုံးလောက်ကိုသာ ---
လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည် ဟူ၍ကား မညွှန်ကြားပေ။ အနဝသေသ = ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဟူ၍သာ ညွှန်ကြားထားတော်မူ၏။ ထိုကြောင့် ရုပ်ဓာတ် တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် နာမ်ဓာတ် တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် ရုပ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်, နာမ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်ကို ရှုလျှင် ကိစ္စပြီးနိုင်သည် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည်ဟူသော အဆိုအမိန့်များမှာ ဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်းချွတ်ချော်နေသော အယူအဆတို့သာ ဖြစ်ကြသည်ဟု မှတ်သားနာယူလေရာသည်။
အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ---
၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီ-အာပေါ-တေဇော-ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာ ဆိုင်ရာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,
၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,
၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္ဓသညာဟူသော သညာအပြားကို လည်းကောင်း, ယင်းသညာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,
၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ စသော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ကိုလည်းကောင်း, ယင်းစေတသိက် အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်း ကောင်း,
၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူသော ဝိညာဏ်အပြားကိုလည်းကောင်း, ယင်းအသီးအသီးသော ဝိညာဏ်၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း သိအောင် ရှုရမည်။
ဤအချက်ကိုကား တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့ စွဲမြဲစွာ မှတ်သား နာယူထားပါ။
မနှိုင်းယှဉ်သင့်ပါ
အရှင်သာရိပုတ္တမထေရ်အလောင်း ဖြစ်တော်မူသော ဥပတိဿပရိဗိုဇ်သည် အရှင်အဿဇိ မထေရ်မြတ် ထံမှ --- ယေ ဓမ္မာ ဟေတုပ္ပဘဝါ --- စသော တရားဒေသနာ ဂါထာတစ်ခုကို ကြားနာရရုံမျှဖြင့် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းဖြစ်တော်မူသော ကောလိတပရိဗိုဇ်သည်လည်း အရှင်သာရိပုတ္တထံမှပင် ယင်း --- ယေ ဓမ္မာ ဟေတုပ္ပဘဝါ --- စသော တရားဂါထာကိုပင် ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ အရှင်ဗာဟိယဒါရုစိရိယ အလောင်းလျာသည်လည်း ဘုရားရှင်ထံမှ (ရှေး နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း) ဒိဋ္ဌေ ဒိဋ္ဌမတ္တံ --- ကျင့်စဉ် အကျဉ်းချုပ်ကို နာကြားရရုံမျှဖြင့် အရဟတ္တဖိုလ်၌ တည်တော် မူခဲ့၏။
ဤအရှင်မြတ်ကြီးတို့သည် အဘယ်မှာလျှင် ရုပ်တရား နာမ်တရားတို့ကို အသေးစိတ် ရှုပွားသုံးသပ်ဖို့ရန် အချိန်ရရှိနိုင်ပါအံ့နည်း၊ အဘယ်မှာလျှင် ရုပ်တရား နာမ်တရားတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်း ရှုပွားဖို့ရန် အချိန်ရနိုင်ပါအံ့နည်းဟု မေးမြန်းကြပြန်၏၊ ဆင်ခြေပေးကြပြန်၏။ ဤအချက်နှင့် ပတ်သက်၍ အသင်သူတော်ကောင်းသည်လည်း သံသယမကင်း ရှိနေသေးသည် ဖြစ်ငြားအံ့၊ အောက်ပါ စကားရပ်များကို ဖတ်ရှုကြည့်ပါ။
စတေဿာပိ စေတာ ပဋိသမိ႓ဒါ ဒွီသု ဌာနေသု ပဘေဒံ ဂစ္ဆန္တိ သေက္ခဘူမိယဉ္စ အသေက္ခဘူမိယဉ္စ။
တတ္ထ အဂ္ဂသာဝကာနံ မဟာသာဝကာနဉ္စ အသေက္ခဘူမိယံ ပဘေဒဂတာ။ အာနန္ဒတ္ထေရ-စိတ္တဂဟပတိ ဓမ္မိကဥပါသက-ဥပါလိဂဟပတိ-ခုဇ္ဇုတ္တရာဥပါသိကာဒီနံ သေက္ခဘူမိယံ။ ဧဝံ ဒွီသု ဘူမီသု ပဘေဒံ ဂစ္ဆန္တိယောပိ စေတာ အဓိဂမေန ပရိယတ္တိယာ သဝနေန ပရိပုစ္ဆာယ ပုဗ္ဗယောဂေန စာတိ ဣမေဟိ ပဉ္စဟာကာရေဟိ ဝိသဒါ ဟောန္တိ။ ပ ။ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ ပ ။
တတ္ထ ဗုဒ္ဓါ စ ပစ္စေကဗုဒ္ဓါ စ ပုဗ္ဗယောဂဉ္စေဝ အဓိဂမဉ္စ နိဿာယ ပဋိသမိ႓ဒါ ပါပုဏန္တိ။ သာဝကာ သဗ္ဗာနိပိ ဧတာနိ ကာရဏာနိ။ (ဝိသုဒ္ဓိ၊၂၊၇၂။)
ယာဝ အနုလောမဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။ တဥှိ တေသံ သမီပပ္ပဝတ္တံ။ (မဟာဋီ၊၂၊၈၄။)
အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့သော အဂ္ဂသာဝကတို့သည် အဂ္ဂသာဝကဗောဓိဉာဏ်ကို ရရှိရေးအတွက် အဂ္ဂသာဝကအလောင်းလျာဘဝဖြင့် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော် များကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ရ၏။ အရှင်ဗာဟိယဒါရုစိရိယအလောင်းလျာသည်လည်း ခိပ္ပါဘိည ဧတဒဂ် ဘွဲ့ထူးကို ရရှိသည့် မဟာသာဝကတစ်ဦး ဖြစ်ရေးအတွက် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ရ၏။ ဤအရှင်မြတ်ကြီးတို့ကား ဤဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌ ပဋိသမိ႓ဒါ လေးပါးကို ရရှိတော်မူကြသည့် ပဋိသမိ႓ဒါပတ္တ ရဟန္တာအရှင်မြတ်ကြီးတို့ ဖြစ်ကြ၏။
ဤ ပဋိသမိ႓ဒါ လေးပါးတို့သည်ကား သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အောက်မဂ် အောက်ဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော သေက္ခဘုံ၌လည်းကောင်း, အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော အသေက္ခဘုံ၌လည်းကောင်း ဤနှစ်မျိုးသော ဘုံဌာနတို့၌ ထိုထို အထူးအပြားကို အဟုတ်အမှန်သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏။
ထိုနှစ်ပါးသော အရာတို့တွင် အဂ္ဂသာဝကတို့၏လည်းကောင်း, မဟာသာဝကတို့၏လည်းကောင်း ပဋိသမိ႓ဒါဉာဏ်တို့သည် အသေက္ခဘုံ၌ ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏ = ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမိ႓ဒါဉာဏ် လေးပါးတို့ကိုလည်း ရရှိတော်မူကြ၏။
အရှင်အာနန္ဒာမထေရ်မြတ်, စိတ္တသူကြွယ်, ဓမ္မိကဥပါသကာ, ဥပါလိသူကြွယ်, ခုဇ္ဇုတ္တရာဥပါသိကာမ --- အစရှိသော ပုဂ္ဂိုလ်တို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည်ကား သေက္ခဘုံ၌် ထိုထို ပဋိသမ္ဘိဒါဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏။
[အရှင်အာနန္ဒာ မထေရ်မြတ်သည် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိတော်မူသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိတော်မူ၏။ စိတ္တသူကြွယ် ဓမ္မိကဥပါသကာကြီးတို့သည် အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိကြသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိသွားကြ၏။ ဥပါလိသူကြွယ်နှင့် ခုဇ္ဇုတ္တရာ ဥပါသိကာမတို့သည်လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိသောအခါ ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ ရရှိ သွားကြ၏။]
ဤသို့လျှင် သာဝကတို့သည် သေက္ခဘုံ, အသေက္ခဘုံ နှစ်မျိုးတို့၌ ပဋိသမ္ဘိဒါဉာဏ် အထူးအပြားသို့ ရောက်ရှိနိုင်ကြကုန်သော်လည်း ထိုပဋိသမ္ဘိဒါဉာဏ်တို့သည် ---
၁။ အဓိဂမ = အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြားရှိသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းကြောင့်လည်းကောင်း,
၂။ ပရိယတ္တိ = ဘုရားရှင်၏ ပရိယတ်တရားတော်ကို သင်ယူခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကြောင့်လည်းကောင်း,
၃။ သဝန = ထိုပါဠိတော်၏ အနက် အဋ္ဌကထာကို နာကြားခြင်းကြောင့် သို့မဟုတ် တရားနာခြင်းကြောင့် လည်းကောင်း,
၄။ ပရိပုစ္ဆာ = ပါဠိတော် အဋ္ဌကထာစသည်တို့၌ ပဒတ္ထ = ပုဒ်နက်သဘောအားဖြင့် အသိခက်သောပုဒ်, အဓိပ္ပါယတ္ထ = အနက်အဓိပ္ပါယ်အားဖြင့် အသိခက်သော ပုဒ်တို့ကို မေးမြန်းလျှောက်ထားခြင်း ဆုံးဖြတ် ခြင်းကြောင့်လည်းကောင်း, (ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် စသည်တို့နှင့်စပ်သော အနက် အဓိပ္ပါယ်တို့ကို မေးမြန်းလျှောက်ထားခြင်း ဆုံးဖြတ်ခြင်းကြောင့်လည်းကောင်း,)
၅။ ပုဗ္ဗယောဂ = ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံ အသွားအပြန်တို့၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း = ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်လျက် အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ဖြစ်သော မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာ ဘာဝနာကို ပွားများ အားထုတ်ခဲ့ဖူးခြင်းကြောင့်လည်းကောင်း ---
ဤ (၅)မျိုးသော အကြောင်းတရားတို့ကြောင့် စင်ကြယ်သန့်ရှင်းကုန်၏။ ထိုတွင် ---
၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း,
၂။ ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း ---
၁။ ပုဗ္ဗယောဂဟူသော ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာဘာဝနာကို ပွားများ အားထုတ်ခဲ့ဖူးခြင်းကြောင့််လည်းကောင်း,
၂။ အဓိဂမဟူသော အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရှိတော်မူခြင်းကြောင့်လည်းကောင်း ---
ဤ အကြောင်းတရား နှစ်မျိုးကို အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ်တို့သို့ ရောက်ရှိတော်မူကြကုန်၏။ သာဝက တို့သည်ကား အထက်တွင်ဖော်ပြထားသော ထိုအကြောင်းတရား (၅)ပါးလုံးတို့ကိုပင် အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ် တို့သို့ ရောက်ရှိသွားကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၇၂။)
၁။ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊ အကြောင်း၏အကျိုး၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။
၂။ ဒုက္ခသစ္စာ၏အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။ အကြောင်းတရား၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်၏။
၃။ ထိုဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော အတ္ထ ဓမ္မ သဘာဝတရားတို့၌ အခေါ်အဝေါ် အသုံးအနှုန်းကို ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် အထူးသဖြင့် မာဂဓဘာသာစကား၌ ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏။
၄။ အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန်ပြန်၍သိသော ဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏။ (အဘိ၊၂၊၃၀၇-၃၀၈။ ဝိသုဒ္ဓိ၊၂၊ရဝ-၇၂။)
အထက်တွင် တင်ပြထားသော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်ကြီးတို့ကား အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါ ဉာဏ်တို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြသော သူတော်ကောင်းကြီးများ ဖြစ်တော်မူကြ၏။ ထိုကဲ့သို့သော အသိထူး ဉာဏ်ထူးကြီးများကို ရရှိတော်မူနိုင်ရန် အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလ ပတ်လုံး, အရှင်ဗာဟိယဒါရုစိရိယ ကိုယ်တော်မြတ်ကြီးသည် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ရှေးရှေး ဘုရားရှင် တို့၏ သာသနာတော်တွင်း၌ အထက်တွင် တင်ပြထားသော အကြောင်းတရား အချို့တို့ကို ဖြည့်ကျင့် ဆည်းပူးတော် မူခဲ့ကြပြီး ဖြစ်တော်မူကြ၏။ ထိုအကြောင်းတရား (၅)ပါးတို့တွင် ဤ၌ အထူး အလေးဂရုပြု၍ ပြောဆိုလိုသော အကြောင်းတရားကား ပုဗ္ဗယောဂ ဟူသော အကြောင်းတရားပင် ဖြစ်၏။ ထိုအရှင်မြတ်ကြီးတို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ ဖြစ်လေ့ရှိသော သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေတော်မူခဲ့ဖူးကြ၏။ တစ်နည်းအားဖြင့် ဆိုရသော် ---
၁။ ဒုက္ခသစ္စာ အမည်ရသော --- အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ- ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူး၏၊ သိခဲ့ဖူး၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းတရားများကို ဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူး၏၊ နင်းနယ်ခဲ့ဖူး၏။
၂။ သမုဒယသစ္စာ အမည်ရသော -- ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူး၏၊ သိခဲ့ဖူး၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ဉာဏ် ဖြင့် ကြိတ်ချေခဲ့ဖူး၏၊ နင်းနယ်ခဲ့ဖူး၏။
၃။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော -- ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူး၏၊ နင်းနယ်ခဲ့ဖူး၏၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခဲ့ဖူး၏၊ သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို လျစ်လျူရှုနိုင်သော ဥဒါသိန်မူနိုင်သော သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်အောင် လုံ့လကြိုးကုတ် အားထုတ်ခဲ့ဖူး၏။
ဤအချက်တို့ကား ထိုသူတော်ကောင်းကြီးတို့၏ ပုဗ္ဗယောဂတည်း။ ထိုကြောင့် ထိုသူတော်ကောင်းကြီး တို့တွင် အဂ္ဂသာဝကကြီး နှစ်ဦးသားတို့သည် ဤဘဝဝယ် သောတာပန် မဖြစ်မီ အချိန်၌, အရှင်ဗာဟိယဒါရုစိရိယသည် အရဟတ္တဖိုလ်သို့ မဆိုက်မီ အချိန်၌ သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် မကြိတ်ချေလိုက်ရသော်လည်း ကြိတ်ချေဖို့ရန် အချိန် မရလိုက်သော်လည်း ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ကား ယင်းသင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးသည်သာ ဖြစ်ကုန်၏၊ နင်းနယ်ခဲ့ဖူးသည်သာ ဖြစ်ကုန်၏။ ထိုကဲ့သို့ ဉာဏ်ဖြင့် ကြိတ်ချေ နင်းနယ် ခဲ့ဖူးခြင်းသည်ပင်လျှင် သစ္စာလေးပါးကို ထွင်းဖောက်သိမြင်ရေး၌ အားကြီးသောမှီရာ ဥပနိဿယ အကြောင်းတရား တစ်ခု ဖြစ်လာရပေသည်။
ထိုကဲ့သို့ ပြည့်စုံလုံလောက်သော ပုဗ္ဗယောဂရှိပြီးသူ သူတော်ကောင်းကြီးများနှင့် အသင်သူတော်ကောင်းသည် ပခုံးချင်းတက်၍ မယှဉ်ပြိုင်သင့်လှပေ။ အကယ်၍ ပခုံးချင်းယှဉ်ပြိုင်လိုသည် ဖြစ်အံ့၊ ထိုသူတို့သည်ပင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းဘဲ မဂ် ဖိုလ် နိဗ္ဗာန်ကို ရသွားကြ၏၊ ငါသည်လည်းပဲ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းလျှင်လည်း မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်သည်ဟု အထင်ရောက်ခဲ့သည် ဖြစ်အံ့၊ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတို့ သောတာပန် ဖြစ်တော်မူသွားကြသည့် တရားဂါထာလေးကို နာကြားကြည့်ပါ၊ သို့မဟုတ် ဖတ်ရှုကြည့်ပါ။
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော။
၁။ အကြင် ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာတရားလျှင် အမွန်အစ ရှိကြကုန်၏၊ ထို ဒုက္ခသစ္စာတရား တို့ကိုလည်းကောင်း,
၂။ ထို ဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်း သမုဒယသစ္စာတရားကိုလည်းကောင်း,
၃။ ထို ဒုက္ခသစ္စာ (သမုဒယသစ္စာ) တရားတို့၏ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း နိရောဓသစ္စာတရားကိုလည်းကောင်း,
၄။ ထို နိရောဓသစ္စာ = နိဗ္ဗာန်သို့ ဆိုက်ရောက်ကြောင်း မဂ္ဂသစ္စာတရားကိုလည်းကောင်း ---
တထာဂတ အမည်ရတော်မူသော ဘုရားရှင်သည် ဤ သစ္စာလေးပါးတရားကို ဟောကြားတော်မူ၏။ မဟာသမဏ အမည်ရတော်မူသော ရဟန်းမြတ် ဖြစ်တော်မူသော ဂေါတမ ရှင်တော်မြတ်ဘုရားသည် ဤကဲ့သို့သော အယူဝါဒ ရှိတော်မူ၏။ (ဝိ၊၃၊၅၁။ ခု၊၃၊၂၇။)
ဤအထက်ပါ တရားဂါထာ တစ်ပုဒ်ကို ကြားနာရရုံမျှဖြင့် အဂ္ဂသာဝကကြီး နှစ်ဦးတို့သည် သောတာပတ္တိဖိုလ်၌ တည်တော်မူခဲ့ကြ၏။ အသင်သူတော်ကောင်းသည်လည်းပဲ ဤအထက်ပါ ဂါထာဒေသနာတော်ကို ကြားနာရရုံမျှဖြင့် သို့မဟုတ် ဖတ်ရှုကြည့်ရရုံမျှဖြင့် သောတာပတ္တိမဂ် ဖိုလ်၌ တည်သည် မတည်သည်ကို မိမိကိုယ် ကို မိမိ ဆန်းစစ်ကြည့်ပါ၊ မေးမြန်းကြည့်ပါ။ အကယ်၍ သောတာပန် မဖြစ်ပါဟု အဖြေပေးနိုင်လျှင်ကား လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ကြိတ်ချေရမည်ဟူသော ကျမ်းဂန် အဆိုအမိန့် များကို ပြန်လည်၍ ဆန်းစစ်သင့်လှပေသည်။
တစ်ဖန် ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့သော အရှင်ဗာဟိယဒါရုစိရိယ အလောင်းလျာအား ဘုရားရှင် ဟောကြားပေးတော်မူသည့် --- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ --- ကျင့်စဉ်ကို နာကြားကြည့်ပါ၊ သို့မဟုတ် ဖတ်ရှုကြည့်ပါ။ ထိုတရားတော်ကို နာကြားပြီးသောအခါ သို့မဟုတ် ဖတ်ရှုပြီးသောအခါ မိမိသည်လည်းပဲ အရှင် ဗာဟိယဒါရုစိရိယကဲ့သို့ အရဟတ္တဖိုလ်၌ တည်-မတည်ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ --- အရဟတ္တဖိုလ်၌ မတည်ပါ --- ဟု အဖြေထွက်ခဲ့လျှင်ကား အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်နှင့်ကား ပခုံးချင်း တက်၍ မယှဉ်ပြိုင်သင့်လှပေ။ သိတော်မူ မြင်တော်မူ၍ ဟောကြားထားတော်မူသော ဘုရားရှင်၏ တရားတော်၌ လည်းကောင်း, တရားတော်၏ အနက်အဓိပ္ပါယ်ကို သိလွယ်အောင် ဖွင့်ဆိုထားတော်မူကြသော အဋ္ဌကထာတို့ အပေါ်၌လည်းကောင်း တရားစစ်တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသား အမျိုးကောင်း သမီး မှန်သမျှသည် ယုံကြည်ကိုးစားသော စိတ်ထား ဖြူစင် ဖြောင့်စင်းသော မနသိကာရတရား ထင်ရှားရှိသင့်လှ ပေသည်။
လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် အဓိပ္ပါယ်
လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)
၁။ လက္ခဏ --- သဘာဝလက္ခဏာ သာမညလက္ခဏာဟု လက္ခဏာ နှစ်မျိုးရှိ၏။ အနိစ္စလက္ခဏာ ဒုက္ခ လက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာ သုံးပါးတို့သည် သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သော ကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏။ ယင်းအများဆိုင် သာမညလက္ခဏာကား ဝိပဿနာပိုင်းနှင့်သာ သက်ဆိုင်သဖြင့် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ် တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏။
ရုပ်တရားအားလုံးတို့၏ အပူအအေးစသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးကဖြစ်သွားသော ရုပ်သန္တတိအစဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းဟူသော ဖြစ်ပုံအခြင်းအရာ မတူညီဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ဖြစ်ခြင်း = ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏။ နာမ်တရားအားလုံးတို့၏လည်း မိမိတို့အာရုံပြုရာ ဆိုင်ရာဆိုင်ရာ အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းခြင်းသဘော = နမနလက္ခဏာသည်လည်း နာမ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏။ ဤရုပ်တရား နာမ်တရားတို့၏ ရုပ္ပနလက္ခဏာ, နမနလက္ခဏာဟူသော သာမညလက္ခဏာကား ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းနှင့် သက်ဆိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ပင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏။
ထိုထို ရုပ်တရား နာမ်တရားတို့၏ အများနှင့် မဆက်ဆံသော မိမိ၏ ကိုယ်ပိုင်အမှတ် အသား သဘောရင်းကို သဘာဝလက္ခဏာဟု ခေါ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ယင်းပရမတ္ထဓမ္မ အသီးအသီး၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမည် ဖြစ်၏။
၂။ ရသ --- ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။) ရသော တေဿဝ အတ္တနော ဖလံ ပတိ ပစ္စယဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃။)
ထိုထို ရုပ်တရား နာမ်တရား၏ မိမိ၏အကျိုးကို အစွဲပြု၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ရသ ဟု ခေါ်ဆိုသည်။ ယင်း ရသသည်လည်း ပရမတ္ထ ဓာတ်သားတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်း စုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ, တစ်နည်း ထင်ရှားရှိနေသော ဂုဏ်ဟူသော သမ္ပတ္တိရသဟု ရသနှစ်မျိုး ရှိ၏။ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍ အချို့တရား၌ သမ္ပတ္တိရသ ထင်ရှား၏။ ထို ရသများသည် ဆိုင်ရာ တရား၌ ထင်ရှားလတ္တံ့။
၃။ ပစ္စုပဋ္ဌာန် --- ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။) ဥပဋ္ဌာနာကာရောတိ ဂဟေတဗ္ဗဘာဝေန ဉာဏဿ ဥပဋ္ဌဟနာကာရော။ ဖလံ ပန အတ္တနော ကာရဏံ ပဋိစ္စ တပ္ပဋိဗိမ္ဗဘာဝေန, ပဋိမုခံ ဝါ ဥပဋ္ဌာတီတိ ပစ္စုပဋ္ဌာနံ။ (မူလဋီ၊၁၊၆၄။) ပစ္စုပဋ္ဌာနံ တဿ ပရမတ္ထတော ဝိဇ္ဇမာနတ္တာ ယာထာဝတော ဉာဏဿ ဂေါစရဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃။)
ထိုထို ရုပ်တရား နာမ်တရား၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဟုတ်တိုင်းမှန်စွာ ဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်ကို ပစ္စုပဋ္ဌာန်ဟု ခေါ်၏။ ထိုပစ္စုပဋ္ဌာန်သည်လည်း ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ဖလ ပစ္စုပဋ္ဌာန်ဟု (၂)မျိုး ရှိ၏။ ထိုတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်ဟူသည် ထိုထို ပရမတ္ထဓာတ်သား တရားတစ်ခုခုကို ရှုဆင်ခြင်သည့်အခါ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်အား ထင်လာမြင်လာသော အခြင်းအရာတည်း။ ဖလပစ္စုပဋ္ဌာန်ဟူသည် မိမိ၏ အကြောင်းတရားကို အစွဲပြု၍ ထိုအကြောင်းတရားနှင့် တူသည်၏ အဖြစ်ဖြင့် အကြောင်းသို့ ရှေးရှုတည်နေတတ်သော သဘောတည်း။ ကိစ္စရသကြောင့် ရထိုက်သော အကျိုးတရားပင်တည်း။
၄။ ပဒဋ္ဌာန် --- အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။) ပဒဋ္ဌာနံ အာသန္နကာရဏံ၊ တေနဿ ပစ္စယာယတ္တဝုတ္တိတာ ဒဿိတာ။ (ဒီ၊ဋီ၊၂၊၅၃။)
ထိုထို ပရမတ္ထဓာတ်သားကို ဖြစ်ပေါ်စေတတ်သော ဝေးသောအကြောင်းတရား နီးသောအကြောင်းတရား ဟူသော အကြောင်းတရား များစွာတို့တွင် အနီးကပ်ဆုံးသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏။ ထိုပဒဋ္ဌာန် ဟူသော စကားဖြင့် ထိုပရမတ်တရား၏ အကြောင်းတရားနှင့်စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကို ညွှန်ပြလျက် ရှိ၏။
ကြိုတင်သိမှတ်ရန်
ရုပ်တရား နာမ်တရားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရမည် ရှုပွားရမည်ဖြစ်ရာ, ရုပ်တရား နာမ်တရားတို့မည်သည် မှာလည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိဘဲ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိသည့်အလျောက် ရုပ်ကလာပ် နာမ်ကလာပ်များကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှ ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပြည့်ပြည့်စုံစုံ ပုံစံမှန် သဘောပေါက်နိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။
ဤ လက္ခဏာဒိစတုက္ကပိုင်းတွင် ပါဠိကျက်လိုသူတို့အတွက် ပါဠိသက်သက်ကိုလည်း ဖော်ပြထား၏၊ ပါဠိ ကို မကျွမ်းကျင်သူတို့အတွက် မြန်မာပြန်သက်သက်ကိုလည်း အတိုကောက် ကျက်မှတ်လွယ်ကူရန် ရေးသားထား၏။ ထိုတွင် ---
၁။ လက္ခဏ,
၂။ ရသ,
၃။ ပစ္စုပဋ္ဌာန်,
၄။ ပဒဋ္ဌာန် ---
ဤသို့ အစဉ်အတိုင်း အသီးအသီး မှတ်ပါ။ ဘာသာပြန်ဆိုရာ၌ ပြည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ် နိဿယနှင့် ထိုထို ကျမ်းဆရာမြတ်တို့၏ ဘာသာပြန် အမျိုးမျိုးတို့ကို မှီငြမ်းပြု၍ အတိုဆုံး အလွယ်ဆုံးဖြစ်အောင် ကျက်မှတ်၍ လွယ်ကူအောင် စီစဉ်ထား၏။ ပါဠိတစ်ချက် အနက်တစ်ချက် ဘာသာပြန်ဆိုနည်းမှာ ပါဠိကို ကျွမ်းကျင်သူများအတွက် အလွန်ကောင်းမွန်သော အလွန်တိကျသော ဘာသာပြန်ဆိုနည်း တစ်ခုပင် ဖြစ်သော်လည်း ပါဠိစာပေ၌် မကျွမ်းကျင်သူများအဖို့ကား ကျက်မှတ်ရန် မလွယ်ကူလှသဖြင့် မြန်မာပြန်သက်သက်ကိုသာ ရေးသားတင်ပြထား၏။