မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/ပကိဏ်း စေတသိက် အပိုင်း

ဝီကီရင်းမြစ် မှ

ပကိဏ်း စေတသိက် အပိုင်း

၁။ ဝိတက္က = ဝိတက်

ဝိတက္ကေတီတိ ဝိတက္ကော၊ ဝိတက္ကနံ ဝါ ဝိတက္ကော၊ ဦဟနန္တိ ဝုတ္တံ ဟောတိ။

၁။ သွာယံ အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော၊

၂။ အာဟနနပရိယာဟနနရသော၊

၃။ အာရမ္မဏေ စိတ္တဿ အာနယနပစ္စုပဋ္ဌာနော၊

၄။ အာရမ္မဏပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၁၅၇။ ဝိသုဒ္ဓိ၊၁၊၁၃၈။)

အာရုံကို ကြံတတ်သောသဘော, ကြံခြင်းသဘောသည် ဝိတက် မည်၏။ စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍သွားအောင် တင်ပေးမှုကိုပင် ကြံခြင်းဟု ပြောဆိုကြသည်။ ထိုဝိတက်၏ လက္ခဏ စသည်ကား ဤသို့တည်း။

၁။ အာရုံ၌ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော လက္ခဏ၊

၂။ အာရုံကို ရှေးဦးအစစွာ တီးခေါက်ခြင်း, ထက်ဝန်းကျင် တီးခေါက်ခြင်း,

ရှေးရှူတီးခေါက်ခြင်း လှည့်ပတ်၍ တီးခေါက်ခြင်း

တစ်နည်း = အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း = ရှုခြင်း (ကိစ္စ) ရသ၊

၃။ အာရုံပေါ်သို့ ရောက်အောင် စိတ်ကို ရှေးရှူ ဆွဲဆောင်သွားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (ဝတ္ထု + အာရုံ + ဖဿ ...) ပဒဋ္ဌာန်။

လက္ခဏ --- မှန်ပေသည်၊ ဝိတက်သည် အာရုံ၌ စိတ်ကို တက်ရောက်စေတတ်၏၊ တင်ပေးတတ်၏၊ မင်းကျွမ်းမဝင်သော တစ်စုံတစ်ယောက်သောသူသည် မင်းကျွမ်းဝင်သော ဆွေမျိုးကိုသော်လည်းကောင်း, မိတ်ဆွေ ကိုသော်လည်းကောင်း အမှီပြု၍ နန်းတော်သို့ တက်ရောက်ခွင့်ရသကဲ့သို့ အလားတူပင် ဝိတက်ကို အမှီပြု၍ စိတ်သည် အာရုံသို့ တက်ရောက်ခွင့်ရ၏၊ ထိုကြောင့် ထိုဝိတက်ကို အာရုံ၌ စိတ်ကို ရှေးရှူတင်ပေးခြင်း သဘော လက္ခဏာရှိ၏ဟု ဆိုသည်။ စိတ်ကို အာရုံသို့ ရှေးရှူတင်ပေးလျှင် စိတ်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း အာရုံသို့ ရှေးရှူတင်ပေးပြီးသာ ဖြစ်သည်ဟု မှတ်ပါ။

မိလိန္ဒပဥှ ပါဠိတော်

အရှင်နာဂသေန မထေရ်မြတ်က ဤသို့ မိန့်ဆို၏ --- ဝိတက်သည် အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း အာကောဋနလက္ခဏာ ရှိ၏။ ဒါယကာတော် မင်းကြီး ...စည်ကို ရှေးဦးစွာ တီးခေါက်အပ်သကဲ့သို့ ထိုတီး ခေါက်ပြီးသည်မှ နောက်ကာလ၌ အဆက်ဆက် မြည်နေသကဲ့သို့ အဆက်ဆက် အသံပြုသကဲ့သို့ ဒါယကာတော် မင်းကြီး ...ဤဥပမာအတူသာလျှင် ရှေးဦးစွာ တီးခေါက်ခြင်းကို မှတ်သကဲ့သို့ အလားတူ အာရုံကို ရှေးဦးစွာ တီးခေါက်တတ်သော ဝိတက်ကို မှတ်ပါ။ အဆက်ဆက် မြည်ခြင်းကို အဆက်ဆက် အသံပြုခြင်းကို မှတ်အပ် သကဲ့သို့ အလားတူ အာရုံကို ထပ်တလဲလဲ သုံးသပ်တတ်သော ဝိစာရကို မှတ်ပါ။ --- ဤသို့ မိန့်ဆိုတော်မူ၏။ (မိလိန္ဒပဥှ၊၆၄။ အဘိ၊ဋ္ဌ၊၁၊၁၅၇။)

ဤ အာကောဋန လက္ခဏာကိုကား ဝိတက်၏ လုပ်ငန်းကိစ္စကို အမှီပြု၍ အရှင်နာဂသေန မထေရ်မြတ်က သို့မဟုတ် အဋ္ဌကထာဆရာတော်က မိန့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (အနုဋီ၊၁၊၉၄။)

သမထကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ဝင်လေ-ထွက်လေ ဤသို့ စသည်ဖြင့်လည်းကောင်း, ပထဝီ ကသိုဏ်းကို ရှုနေလျှင်လည်း ပထဝီ ပထဝီ ဤသို့ စသည်ဖြင့်လည်းကောင်း, ဝိပဿနာပိုင်းတွင်လည်း ရုပ်တရား တို့ကို သိမ်းဆည်းရာ၌ ရုပ်တရား ရုပ်တရားဟုလည်းကောင်း, နာမ်တရားတို့ကို သိမ်းဆည်းရာ၌ နာမ်တရား နာမ်တရားဟုလည်းကောင်း, ဝိပဿနာရှုရာ၌ အနိစ္စ အနိစ္စ ဤသို့ စသည်ဖြင့်လည်းကောင်း ဤသို့ စသည်ဖြင့် စီးဖြန်းနေခြင်းကိုပင် အာရုံပြုနေခြင်း အာရုံယူနေခြင်းကိုပင် ထိုအာရုံကို တီးခေါက်သကဲ့သို့ ဖြစ်၏ဟု ဆိုလိုသည်။ ရှေးဦးစွာ တီးခေါက်ခြင်းကား ဝိတက်, ထပ်ကာထပ်ကာ တီးခေါက်ခြင်းကား ဝိစာရ ဟူ၏။

ရသ --- အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း ရှေးရှူတီးခေါက်ခြင်း အာဟနန, အာရုံကို ထက်ဝန်းကျင် တီးခေါက်ခြင်း လှည့်ပတ်၍ တီးခေါက်ခြင်း ပရိယာဟနန လုပ်ငန်းကိစ္စရှိသော ဝိတက်ကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်ကို --- အာရုံကို ဝိတက်ဖြင့် ရှေးဦးစွာ တီးခေါက်အပ်သည်ကို ဝိတက်ဖြင့် ရှေးရှူတီးခေါက်အပ်သည်ကို ဝိတက်ဖြင့် ထက်ဝန်းကျင် တီးခေါက်အပ်သည်ကို ဝိတက်ဖြင့် လှည့်ပတ်၍ တီးခေါက်အပ်သည်ကို ပြုလုပ်၏-ဟု ဆိုအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၇။)

ပစ္စုပဋ္ဌာန် --- အာရုံပေါ်သို့ စိတ်ရောက်ရှိသွားအောင် အာရုံဘက်သို့ စိတ်ကို ရှေးရှူဆွဲဆောင် ခေါ်ငင်သွား တတ်သော သဘောတရားဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၇။)

ပဒဋ္ဌာန် --- ပဒဋ္ဌာန်နှင့် ပတ်သက်၍ သီးသန့့် ဖော်ပြချက် မရှိပေ။ ထိုကြောင့် အာရုံကိုပင် ပဒဋ္ဌာန်ဟု ဖော်ပြလိုက်ပါသည်။ တစ်နည်းဆိုရသော် (၁) ဝတ္ထု, (၂) အာရုံ, (၃) ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများ သည်ပင် ပဒဋ္ဌာန်ဖြစ်သည်ဟု မှတ်ပါ။

ကတ္တုသာဓန - ဘာဝသာဓန

ဝိတက္ကေတီတိ ဓမ္မတော အညဿ ကတ္တုနိဝတ္တနတ္ထံ ဓမ္မမေဝ ကတ္တာရံ နိဒ္ဒိသတိ။ တဿ ပန ဝသဝတ္တိဘာဝနိဝါရဏတ္ထံ ဝိတက္ကနံ ဝါတိ ဘာဝနိဒ္ဒေသော။ (မူလဋီ၊၁၊၈၈။)

ဝိတက္ကနန္တိ ဝိတက္ကနကိရိယာ၊ သာ စ ဝိတက္ကဿ အတ္တနော ပစ္စယေဟိ ပဝတ္တိမတ္တမေဝါတိ ဘာဝနိဒ္ဒေသော ဝသဝတ္တိဘာဝနိဝါရဏာယ ဟောတိ။ ယသ္မိံ အာရမ္မဏေ စိတ္တံ အဘိနိရောပေတိ၊ တံ တဿ ဂဟဏယောဂျံ ကရောန္တော ဝိတက္ကော အာကောဋေန္တော ဝိယ ပရိဝတ္တေန္တော ဝိယ စ ဟောတီတိ တဿ အာကောဋနလက္ခဏတာ ပရိယာဟနနရသတာ စ ဝုတ္တာ။ ဣဒဉ္စ လက္ခဏံ ကိစ္စသန္နိဿိတံ ကတွာ ဝုတ္တံ။ ဓမ္မာနဥှိ သဘာဝဝိနိမုတ္တာ ကာစိ ကိရိယာ နာမ နတ္ထိ၊ တထာ ဂဟေတဗ္ဗာကာရော။ ဗောဓနေယျဇနာနုရောဓေန ပန ပရမတ္ထတော ဧကသဘာဝေါပိ သဘာဝဓမ္မော ပရိယာယဝစနေဟိ ဝိယ သမာရောပိတရူပေဟိ ဗဟူဟိ ပကာရေဟိ ပကာသီယတိ။ ဧဝဥှိ သော သုဋ္ဌု ပကာသိတော ဟောတီတိ။ (အနုဋီ၊၁၊၉၄။)

အာရုံကို ကြံစည်တတ်သောကြောင့် ဝိတက်မည်၏ဟု အဋ္ဌကထာက ဖွင့်ဆိုထား၏။ ဤ၌ ကြံစည်တတ်၏ ဟူသော ဤစကားဖြင့် ဝိတက်ဟူသော တရားဓမ္မမှ အခြား တစ်စုံတစ်ခုသော ကြံစည်ခြင်း ကြိယာကို ပြုလုပ် တတ်သော အတ္တဟူသော ကတ္တားကို နစ်စေခြင်းအကျိုးငှာ ဝိတက်ဟူသော တရားဓမ္မကိုပင်လျှင် ကြံစည်ခြင်း ကြိယာကိုပင် ပြုလုပ်တတ်သော ကတ္တားဟူ၍ ညွှန်ပြ၏။

တစ်ဖန် အဋ္ဌကထာက --- ဝိတက္ကနံ ဝါ ဝိတက္ကော --- ဟု တစ်နည်း ထပ်ဖွင့်ထားတော်မူ၏။ ဘာဝသာဓန ဝိဂြိုဟ်တည်း။ ထိုဝိတက်၏ အလိုသို့ လိုက်ပါစေတတ်သည်၏ အဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ --- ဝိတက္ကနံ ဝါ ဝိတက္ကော = ကြံစည်ခြင်း သဘောမျှသည်သာလျှင် ဝိတက်မည်၏ ဟူ၍ ဘာဝသာဓနဖြင့် ညွှန်ပြတော်မူခြင်း ဖြစ်၏။ (မူလဋီ၊၁၊၈၈။)

ကြံစည်ခြင်းဟူသည် ကြံစည်ခြင်း အမူအရာ ကြိယာတည်း။ ထို ကြံစည်ခြင်း အမူအရာ ကြိယာဟူသည် မှာလည်း --- မိမိ၏ ဆိုင်ရာအကြောင်းတရားတို့ကြောင့် ဖြစ်ခြင်းသဘောမျှသာလျှင်တည်း။ ထိုကြောင့် ဘာဝသာဓနဝိဂြိုဟ်ကို ညွှန်ပြခြင်းသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ (= အတ္တ၏) အလိုအတိုင်း ဝိတက်၏ ဖြစ်ပေါ်လာမှုကို တားမြစ်ခြင်းငှာ ဖြစ်ပေသည်။ အကြင်အာရုံ၌ စိတ်ကို ဝိတက်က ရှေးရှူတင်ပေး၏၊ ထိုအာရုံကို ထိုစိတ်က ရယူနိုင်လောက်အောင် ဝိတက်က ပြုလုပ်ပေးလျက် အာရုံကို ရှေးဦးစွာ တီးခေါက်သကဲ့သို့လည်းကောင်း, အာရုံကို ထပ်တလဲလဲ တီးခေါက်သကဲ့သို့လည်းကောင်း ဖြစ်တတ်၏၊ ထိုကြောင့် ထိုဝိတက်၏ အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း သဘောလက္ခဏာရှိကြောင်းကိုလည်းကောင်း, အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း ကိစ္စရှိကြောင်း ကိုလည်းကောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ဝိတက်၏ ဤ အာကောဋနလက္ခဏ = အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း သဘောလက္ခဏာကိုလည်း အာဟနန ပရိယာဟနနရသ = အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း ကိစ္စရသကို အမှီပြု၍ မိလိန္ဒပဥှပါဠိတော်၌ အရှင်နာဂသေန မထေရ်မြတ်က မိန့်ဆို သွားတော်မူခြင်း ဖြစ်၏။ မှန်ပေသည် ပရမတ္ထဓမ္မတို့ဝယ် မိမိတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာမှ အလွတ်ဖြစ်သော တစ်စုံတစ်ခုသော အမူအရာ ကိရိယာမည်သည် မရှိစကောင်းပေ။ အလားတူပင် အာရုံကို ရယူတတ်သော အခြင်းအရာမည်သည်လည်း မရှိစကောင်းပေ။ သစ္စာလေးပါးကို ထိုးထွင်းသိခြင်းငှာထိုက်သော သတ္တဝါတို့၏ အတွင်းအလို အဇ္ဈာသယ ပင်ကိုဓာတ်ခံနှင့် မဆန့်ကျင်အောင် ပရမတ္ထအားဖြင့် တစ်ခုသော သဘောလက္ခဏာ သာလျှင်ရှိသော သဘာဝဓမ္မပင် ဖြစ်သော်လည်း ပရိယာယ်ဝေဝုစ် အမျိုးမျိုးတို့ဖြင့် ပညတ်တင်ကာ ပုံစံတူ စကားလုံးတို့ဖြင့် ရှင်းလင်းတင်ပြသကဲ့သို့ ဤ ဝိတက်ကိုလည်း ပုံစံတူ စကားလုံး အမျိုးမျိုးတို့ဖြင့် ရှင်းလင်းတင်ပြ ထား၏။ ဤသို့ ရှင်းလင်းတင်ပြခဲ့သော် ထိုရှင်းလင်းတင်ပြချက်သည် ကောင်းသော ရှင်းလင်းတင်ပြချက် ဖြစ်နိုင် ပေသည်။ (အနုဋီ၊၁၊၉၄။)

ဝိတက် မယှဉ်သော စိတ်များက အာရုံယူနိုင်ပုံ

ဒွေးပဉ္စဝိညာဏ်သည် အာရုံပေါ်သို့ ရောက်အောင် တင်ပေးမည့် ဝိတက်နှင့် မယှဉ်သော်လည်း စက္ခုဝတ္ထု စသည်၌ ရူပါရုံစသော ပဉ္စာရုံတို့၏ ထိခိုက်မှုက ထင်ရှားလှသောကြောင့် မိမိစွမ်းအင်ဖြင့်ပင် အာရုံသို့ တက်ရောက် နိုင်၏။ အလွန်ထင်ရှားနေသော အာရုံ၌ သမ္ပယုတ်တရားတို့ကို (= ပဉ္စဝိညာဏ်နှင့် သမ္ပယုတ်တရားတို့ကို) ဝိတက် က တင်ပေးနေဖွယ်ရာ မလိုဟု ဆိုလိုသည်။

ဒုတိယစျာန် စသည်၌လည်း ဝိတက်ကား မရှိပေ။ ဝိတက်မရှိသော်လည်း ဘာဝနာစွမ်းအားကြောင့် ဒုတိယစျာန် စသော စိတ်များသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဆိုင်ရာ သမထနိမိတ်အာရုံပေါ်သို့ တက်ရောက်နိုင်ကြ၏။ ဤအရာတွင် ဘာဝနာစွမ်းအားနှင့် ပတ်သက်၍ ဆရာမြတ်တို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးနှင့် အယူအဆ မတူမျှကြချေ။

၁။ အောက်အောက်သောစျာန်ဟူသော အပ္ပနာဘာဝနာစွမ်းအားကို ဘာဝနာစွမ်းအားအရ ကောက်ယူသော ဝါဒလည်း ရှိ၏။

၂။ ဥပစာရဘာဝနာစွမ်းအားကို ဘာဝနာစွမ်းအားအရ ကောက်ယူသော ဝါဒလည်း ရှိ၏။

ဤကျမ်းကား အောက်အောက်စျာန်ဟူသော အပ္ပနာဘာဝနာစွမ်းအားနှင့် ဒုတိယစျာန် စသည် မဥပါဒ်မီ ရှေးအနီးအပါး၌ဖြစ်သော ကာမာဝစရ ဘာဝနာစိတ်ဟူသော ဥပစာရ ဘာဝနာစွမ်းအားဟူသော ဤဘာဝနာ စွမ်းအား နှစ်မျိုးလုံးကြောင့်ပင် ဒုတိယစျာန် စသည်တို့သည် ဝိတက်၏ အကူအညီမပါဘဲ ဆိုင်ရာ သမထနိမိတ် အာရုံသို့ တက်ရောက်နိုင်ကြသည်ဟု သဘောကျလျက် ရှိ၏။

ရှေး သမာဓိ ထူထောင်သည့်အပိုင်းတွင် = အာနာပါနဿတိ သမာဓိပိုင်းတွင် ရေးသား တင်ပြခဲ့ပြီးသည့် အတိုင်း စျာန်ရအောင် အားသစ်စသာရှိသေးသော သမထကမ္မိက ယောဂါဝစရသူတော်စင်သည် အောက်အောက် သောစျာန်ကို ရရှိပြီး၍ အထက်အထက်စျာန်သို့ ကူးလိုခဲ့သော် အောက်အောက်သောစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်နိုင်ပါမှ အထက်အထက်သောစျာန်သို့ တက်ရောက်နိုင်ရကား အောက်အောက်သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ထားမှု ဘာဝနာစွမ်းအားသည်လည်း အထက်အထက်သော စျာန်သို့ တက်ရောက်နိုင်ခြင်း၏ အကြောင်းတစ်ရပ်ပင် ဖြစ်သည်။

တစ်ဖန် အောက်အောက်သောစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော်လည်း ဤမျှတွင် ရပ်နားမနေဘဲ အထက်အထက်သောစျာန်ကို ရရှိအောင် နောက်တစ်ဖန် ဆက်လက်၍ အာနာပါနပဋိဘာဂ နိမိတ်စသော စျာန်ရနိုင်သည့် သမထနိမိတ်အာရုံကိုပင် အာရုံပြု၍ တစ်နည်းဆိုရသော် အောက်အောက်သော စျာန်၏ အာရုံဖြစ်သော သမထနိမိတ်အာရုံကိုပင် အာရုံပြု၍ ပဉ္စကနည်းအားဖြင့် ဝိတက်ပြုတ်အောင်, စတုက္က နည်းအားဖြင့် ဝိတက် ဝိစာရပြုတ်အောင် ပြုတ်နိုင်အောင် ရည်ရွယ်၍ ယင်း သမထဘာဝနာ လုပ်ငန်းရပ်ကို ဆက်လက်၍ ကြိုးပမ်းရပြန်၏။ ဆက်လက်၍ ပွားများရပြန်၏။ ထိုသို့ ပွားများအားထုတ်ရာ၌ ဒုတိယစျာန် စသော အထက်အထက်စျာန်သည် မဥပါဒ်မီ မဖြစ်မီ ရှေးအနီးအပါး၌ ဖြစ်သော ကာမာဝစရ ဥပစာရဘာဝနာက အာနာပါနပဋိဘာဂနိမိတ်စသော စျာန်ရနိုင်သည့် သမထနိမိတ်အာရုံကို မိမိရရ လှလှပပ ဂဃနဏ အသားကျအောင် ယူပြီးမှသာလျှင် ဒုတိယစျာန်စသည့် အထက်အထက်သောစျာန်တို့သည် ဥပါဒ်နိုင်ကြ၏ ဖြစ်ပေါ်လာနိုင် ကြ၏။ သို့အတွက် ဒုတိယစျာန် စသည်တို့၏ အနီးအပါး၌ တည်ရှိသော ဥပစာရဘာဝနာစွမ်းအားသည်လည်း ဝိတက်မပါသည့် ဒုတိယစျာန် စသည်တို့၏လည်း အာနာပါနပဋိဘာဂနိမိတ် စသော သမထနိမိတ်အာရုံသို့ တက်ရောက်နိုင်ရန် အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ ထိုကြောင့် ဝိတက်မပါသော ဒုတိယစျာန် စသည်တို့သည် အောက်အောက်သော အပ္ပနာဘာဝနာစွမ်းအားနှင့် မိမိ မိမိတို့၏ အနီးအပါး၌ တည်ရှိသော ဥပစာရဘာဝနာ စွမ်းအားတို့ကြောင့် ဝိတက်မပါဘဲ ဘာဝနာအာရုံပေါ်သို့ တက်ရောက်နိုင်ကြသည်ဟု မှတ်ပါ။

အောက်တွင် ဆက်လက်၍ တင်ပြထားသော မဟာဋီကာဆရာတော်၏ အဆုံးအဖြတ်တွင် ပရိစယေနာတိ သန္တာနေ ပဝတ္တဝိတက္ကဘာဝနာသင်္ခါတေန ပရိစယေန --- ဟူသော စကားရပ်များမှာ အထက်ပါ အယူအဆများ အတွက် ထောက်ထားစရာ သာဓကရပ်များပင် ဖြစ်ကြသည်။

မဟာဋီကာဆရာတော်၏ ဖြတ်ထုံး

ယဒိ ဧဝံ ကထံ အဝိတက္ကံ စိတ္တံ အာရမ္မဏံ အာရောဟတီတိ? ဝိတက္ကဗလေနေဝ။ ယထာ ဟိ သော ပုရိသော ပရိစယေန တေန ဝိနာပိ နိရာသင်္ကော ရာဇဂေဟံ ပဝိသတိ၊ ဧဝံ ပရိစယေန ဝိတက္ကေန ဝိနာပိ အဝိတက္ကံ စိတ္တံ အာရမ္မဏံ အာရောဟတိ။ ပရိစယေနာတိ စ သန္တာနေ ပဝတ္တဝိတက္ကဘာဝနာသင်္ခါတေန ပရိစယေန။ ဝိတက္ကဿ ဟိ သန္တာနေ အဘိဏှံ ပဝတ္တဿ ဝသေန စိတ္တဿ အာရမ္မဏာဘိရုဟဏံ စိရပရိစိတံ။ တေန တံ ကဒါစိ ဝိတက္ကေန ဝိနာပိ တတ္ထ ပဝတ္တတေဝ။ ယထာ တံ ဉာဏသဟိတံ ဟုတွာ သမ္မသနဝသေန စိရပရိစိတံ ကဒါစိ ဉာဏဝိရဟိတမ္ပိ သမ္မသနဝသေန ပဝတ္တတိ၊ ယထာ ဝါ ကိလေသသဟိတံ ဟုတွာ ပဝတ္တံ သဗ္ဗသော ကိလေသရဟိတမ္ပိ ပရိစယေန ကိလေသဝါသနာဝသေန ပဝတ္တတိ။ ဧဝံ သမ္ပဒမိဒံ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၁၊၁၆၆။)

အကယ်၍ စိတ်သည် ဝိတက်ကို အမှီပြု၍ အာရုံသို့ တက်ရောက်ရသော် ဝိတက် မယှဉ်သော အဝိတက္က စိတ်သည် အဘယ်သို့လျှင် အာရုံသို့ တက်ရောက်နိုင်ပါသနည်းဟု မေးဖွယ်ရာ ရှိ၏ --- ဝိတက်၏ အစွမ်းကြောင့် သာလျှင် အဝိတက္ကစိတ်သည် အာရုံသို့ တက်ရောက်နိုင်သည်ဟု ဖြေဆိုလေရာ၏။

အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း မင်းကျွမ်းဝင်သူကို အမှီပြု၍ နန်းတော်သို့ တက်ရောက်ခွင့် ရသော ယောက်ျားသည် နန်းတော်သို့ အရောက်အပေါက်များ၍ အလေ့အကျင့် ရလာသောအခါ ထို မင်းကျွမ်းဝင်သူ မပါဘဲလည်း ယုံမှားခြင်း ရွံ့ရှားခြင်း ရွံ့ကြောက်ခြင်း ကင်းသည် ဖြစ်၍ မင်းနန်းတော်သို့ ဝင်ရောက်ရဲသကဲ့သို့ အလားတူပင် ပရိစယ = အလေ့အကျင့်ရသဖြင့် ဝိတက်နှင့် ကင်း၍လည်း ဝိတက် မပါသော အဝိတက္ကစိတ်သည် အာရုံသို့ တက်ရောက်နိုင်၏။ ဤ၌ ----- ပရိစယေန = အလေ့အကျင့်ရသဖြင့် ဟူသည် စိတ်အစဉ်သန္တာန်၌ မပြတ်ဖြစ်နေသော ဝိတက္ကဘာဝနာဟု ခေါ်ဆိုအပ်သော အလေ့အကျင့်ရမှုဖြင့်ဟု ဆိုလိုသည်။

ဝိတက္ကဘာဝနာဟူသည် ---

၁။ ဝိတက်နှင့် ယှဉ်သော အပ္ပနာဘာဝနာ ---

၂။ ဝိတက်နှင့် ယှဉ်သော ဥပစာရဘာဝနာ ---

ဤဘာဝနာ နှစ်မျိုးပင်တည်း။ ပထမစျာန်သည် ဝိတက်နှင့် ယှဉ်သော အပ္ပနာဘာဝနာ ဖြစ်၏။ ပထမစျာန်ကို ရရှိပြီးနောက် ဒုတိယစျာန် စသည့် အထက်အထက် စျာန်များကို မရမီ, အထက်အထက် စျာန်များသို့ မတိုင်မီ အတွင်း၌ ဖြစ်ပေါ်နေသော ဒုတိယစျာန် စသည့် အထက်အထက် စျာန်တို့၏ အနီး၌ ကပ်လျက်ရှိသော ဘာဝနာ သည် ဥပစာရဘာဝနာ ဖြစ်၏။

မှန်ပေသည် --- စိတ်အစဉ်သန္တာန်၌ မပြတ်ဖြစ်နေသော ဝိတက်၏ အစွမ်းကြောင့် စိတ်၏ အာရုံသို့ ရှေး ရှူ တက်ရောက်ခြင်းသည် ကြာမြင့်စွာ အလေ့အကျင့် ရပြီးသား ဖြစ်နေ၏။ ထိုကြောင့် ထိုစိတ်သည် တစ်ရံတစ်ခါ ဝိတက်နှင့် ကင်း၍လည်း ထိုအာရုံ၌ ဖြစ်သည်သာတည်း။ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးချက် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်သော စိတ်ကား ဉာဏ်နှင့် အတူတကွ ဖြစ်သော ဉာဏသမ္ပယုတ် မဟာကုသိုလ် (မဟာကြိယာ) စိတ်တည်း။ ထိုဉာဏသမ္ပယုတ်စိတ်သည် သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံး သပ်ဖန် များသဖြင့် ကြာသော် အလေ့အကျင့် ရလာ၏၊ ရှုပွားသုံးသပ်မှု အသားကျလာ၏။ လေ့ကျင့်မှု အောင်မြင် လာသောအခါ တစ်ခါတစ်ရံ ရှုပွားသုံးသပ်နေသော ဝိပဿနာစိတ်သည် ဉာဏ်မှ ကင်းသော ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လာတတ်၏။ ဉာဏ် ကင်းသော ထိုစိတ်သည်လည်း ဝိပဿနာ ရှုပွားသုံးသပ်သည်၏ အစွမ်းဖြင့် ဆက်လက် ဖြစ်နေသည်သာ ဖြစ်၏။ ဤဥပမာကဲ့သို့ ဝိတက် မပါသော စိတ်သည်လည်း စိတ်အစဉ်သန္တာန်၌ မပြတ်ဖြစ်နေ သော ဝိတက္ကဘာဝနာဟု ခေါ်ဆိုအပ်သော အလေ့အကျင့်ဖြင့် ဝိတက်နှင့် ကင်း၍လည်း အာရုံသို့ တက်ရောက် နိုင်သည်သာ ဖြစ်သည်။

နောက်ဥပမာ တစ်မျိုးကား --- ကိလေသာနှင့် အတူတကွ ဖြစ်၍နေသော ထိုစိတ်သည် (အရဟတ္တမဂ်သို့ ရောက်ရှိသဖြင့် အရဟတ္တဖိုလ်၌ တည်နေသော ရဟန္တာအရှင်မြတ်၏ သန္တာန်ဝယ်) အချင်းခပ်သိမ်း ကိလေသာမှ ကင်းငြိမ်းသွားသော်ငြားလည်း ရှေးသံသရာတစ်လျှောက်၌ လေ့ကျင့်ခဲ့ဖူးသော = လေ့ကျက်ခဲ့ဖူးသော ကိလေသာ အထုံဝါသနာ ဓာတ်ငွေ့၏ အစွမ်းဖြင့် ဆက်လက် ဖြစ်ပေါ်၍နေတတ်သေး၏။ ဤဥပမာအတူ ဝိတက်၏ အစွမ်း ဖြင့် အာရုံပေါ်သို့ တက်ရောက်နိုင်မှု လေ့ကျင့်သား ရပြီးသော ထိုစိတ်သည် ဝိတက်နှင့် ကင်း၍သော်လည်း ထို အာရုံ၌ ဖြစ်နိုင်သည်သာဟု မှတ်ပါ။ (မဟာဋီ၊၁၊၁၆၆။)

အပ္ပနာဟူသည်

တတ္ထ ဟေဋ္ဌာ ဝုတ္တလက္ခဏာဒိဝိဘာဂေန အပ္ပနာ သမ္ပယောဂတော ရူပါဝစရဘာဝပ္ပတ္တေန ဝိတက္ကေန စေဝ ဝိစာရေန စ သဟ ဝတ္တတိ, ရုက္ခော ဝိယ ပုပ္ဖေန စ ဖလေန စာတိ ဣဒံ စျာနံ သဝိတက္ကံ သဝိစာရန္တိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၁၊၂၁၀။)

ဝိတက္ကဿ ကိစ္စဝိသေသေန ထိရဘာဝပ္ပတ္တေ ပဌမဇ္ဈာနသမာဓိမှိ ပစ္စနီကဒူရီဘာဝကတေန ထိရဘာဝေန တံသဒိသေသု ဝိတက္ကရဟိတေသု ဒုတိယဇ္ဈာနာဒိသမာဓီသု စ အပ္ပနာတိ အဋ္ဌကထာဝေါဟာရောတိ ဝိတက္ကဿ အပ္ပနာယောဂေါ ဝုတ္တော၊ အညထာ ဝိတက္ကောဝ အပ္ပနာတိ တဿ တံသမ္ပယောဂေါ န သိယာတိ။ (မူလဋီ၊၁၊၁၀၁။)

တံသဒိသေသူတိ မဟဂ္ဂတဘာဝါဒိနာ ပဌမဇ္ဈာနသမာဓိသဒိသေသု။ (အနုဋီ၊၁၊၁၀၈။)

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်၌ (အဘိ၊၁၊၁၈။) ဝိတက္ကော အပ္ပနာ ဗျပ္ပနာ --- ဤသို့ စသည်ဖြင့် ဝိတက်ကိုပင် အပ္ပနာဟု ဟောကြားထားတော်မူ၏။

အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၂၁၀။)၌ကား --- ဝိတက်ကို အပ္ပနာစျာန်နှင့် ယှဉ်ကြောင်း ဖွင့်ဆို ထား၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ မူလဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။

အပ္ပနာနှင့် ယှဉ်သော တရားဟူသည် ဝိတက် ဝိစာရပင်တည်း။ ဝိတက်ကို ပါဠိတော်၌ -- အပ္ပနာ ဗျပ္ပနာ -- စသည်ဖြင့် အပ္ပနာဟု နာမည်တပ်၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ထိုကြောင့် ဝိတက်တည်းဟူသော အပ္ပနာသည် အဘယ်နည်းအားဖြင့် --- အပ္ပနာသမ္ပယောဂ = အပ္ပနာနှင့် ယှဉ်သော တရား ဖြစ်နိုင်ပါသနည်းဟု မေးဖွယ် ရှိ၏။ --- အဖြေကား --- ပါဠိတော်၌ ဝိတက်ကိုသာ အပ္ပနာဟု ဟောကြားထားတော်မူသော်လည်း အဋ္ဌကထာ အသုံးအနှုန်းအားဖြင့် ဝိတက်၏ ကိစ္စ အထူးကြောင့် ခိုင်မြဲသည်၏ အဖြစ်သို့ ရောက်သော ပထမစျာန် သမာဓိ၌လည်းကောင်း, ဆန့်ကျင်ဘက် နီဝရဏ စသည်တို့မှ ဝေးကွာခြင်းကြောင့် ပထမစျာန်သမာဓိနှင့် အလား တူသော ဒုတိယစျာန်သမာဓိ စသည်တို့၌လည်းကောင်း အပ္ပနာဟု ခေါ်ဝေါ် သုံးစွဲထားသည်။ အဋ္ဌကထာ ဝေါဟာရ = အဋ္ဌကထာ အသုံးအနှုန်းတည်း။ ထိုကြောင့် ပထမစျာန်သမာဓိနှင့် ယှဉ်သော ဝိတက်ကို အပ္ပနာ သမ္ပယောဂ = အပ္ပနာနှင့် ယှဉ်သော တရားဟု ဆိုနိုင်ပါသည်။ အလားတူပင် ဒုတိယစျာန် စသည်တို့ကိုလည်း အဋ္ဌကထာ ဝေါဟာရအားဖြင့် အပ္ပနာဟုပင် ဆိုသည်။ အဋ္ဌကထာ ဝေါဟာရမှ တစ်ပါးသော ပါဠိတော် ဝေါဟာရအားဖြင့် အနက် အဓိပ္ပါယ်ကို ယူအပ်ခဲ့သော် ဝိတက်သည်သာလျှင် အပ္ပနာ ဖြစ်သောကြောင့် ထိုဝိတက် ၏ ထိုအပ္ပနာ = ဝိတက်နှင့် ယှဉ်ခြင်းသည် မဖြစ်နိုင်တော့လေရာ။ (မူလဋီ၊၁၊၁၀၁။)

အဋ္ဌကထာ ဝေါဟာရအားဖြင့် စျာန်သမာဓိမှန်သမျှကို အပ္ပနာဟူ၍ = အပ္ပနာစျာန်ဟူ၍ပင် ခေါ်ဆိုသည် မှတ်ပါ။

၂။ ဝိစာရ

အာရမ္မဏေ တေန စိတ္တံ ဝိစရတီတိ ဝိစာရော၊ ဝိစရဏံ ဝါ ဝိစာရော၊ အနုသဉ္စရဏန္တိ ဝုတ္တံ ဟောတိ။ သွာယံ ---

၁။ အာရမ္မဏာနုမဇ္ဇနလက္ခဏော၊

၂။ တတ္ထ သဟဇာတာနုယောဇနရသော၊

၃။ စိတ္တဿ အနုပ္ပဗန္ဓနပစ္စုပဋ္ဌာနော (အနုပ္ပဗန္ဓပစ္စုပဋ္ဌာနော)၊

၄။ အာရမ္မဏပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။)

စိတ်သည် ထိုသဘောတရားကြောင့် အာရုံ၌ လှည့်လည် ကျက်စားတတ်၏၊ ထိုကြောင့် အာရုံ၌ စိတ်၏ လှည့်လည်ဖြစ်ကြောင်း သဘောတရား = အာရုံ၌ စိတ်ကို လှည့်လည်စေတတ်သော သဘောတရားသည် ဝိစာရ မည်၏။ အာရုံ၌ အဖန်ဖန် ကောင်းစွာ လှည့်လည်ခြင်းဟု ဆိုလို၏။

၁။ အာရုံကို အဖန်ဖန် ဆုပ်နယ်ခြင်း = သုံးသပ် ဆင်ခြင်ခြင်း = ပွတ်တိုက်ခြင်းသဘော လက္ခဏ၊

၂။ ထိုအာရုံ၌ အတူဖြစ်သော သဟဇာတ်တရားတို့ကို အဖန်ဖန် အထပ်ထပ် ယှဉ်ကပ်စေခြင်း (ကိစ္စ) ရသ၊

၃။ ယူအပ်ပြီးသော အာရုံ၌ စိတ်ကို အစဉ်မပြတ်အောင် ဖွဲ့စပ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (တစ်နည်း --- ဝတ္ထု + အာရုံ + ဖဿ ...) ပဒဋ္ဌာန်။

ဝိတက်နှင့် ဝိစာရ

ထိုဝိတက် ဝိစာရတို့၏ ဝိတက်ယှဉ်ရာ (၅၅)ပါးသော အချို့စိတ်၌ မကွေမကွာ ယှဉ်ကြသော်လည်း အာရုံ ယူမှု၌ ကြမ်းတမ်းသည်၏ အဖြစ်ကြောင့်လည်းကောင်း, ေ့ရှသွား ဖြစ်ခြင်းကြောင့်လည်းကောင်း ခေါင်းလောင်း၏ ရှေးရှူ ထိုးခတ်ခြင်းကြောင့် ရှေးဦးစွာ ဖြစ်ပေါ်လာသော အသံကဲ့သို့ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူ တင်ပေးတတ်သည်၏ အဖြစ်ကြောင့် စိတ်၏ အာရုံ၌ ရှေးဦးစွာ ကျရောက်ခြင်း သဘောသည် ဝိတက်တည်း။

အာရုံယူမှု၌ သိမ်မွေ့သည့်သဘော ဖြစ်ခြင်းကြောင့်လည်းကောင်း, အာရုံကို အဖန်ဖန် ဆုပ်နယ်ခြင်း သုံး- သပ် ဆင်ခြင်ခြင်း ပွတ်တိုက်ခြင်းသဘော ရှိသည့်အတွက်ကြောင့်လည်းကောင်း ခေါင်းလောင်း၏ အဆက်မပြတ် မြည်သံ = ကြေးညည်းသံကဲ့သို့ အာရုံ၌ စိတ်ကို အစဉ်မပြတ် ဖွဲ့စပ်ခြင်းသဘောသည် ဝိစာရတည်း။

တစ်ဖန် ဤ ဝိတက် ဝိစာရ နှစ်ပါးတို့တွင် အာရုံ၌ ရှေးဦးပထမ ဖြစ်ရာအခါ၌ စိတ်၏ တုန်လှုပ်ကြောင်း ဖြစ်သော ဝိတက်သည် အာရုံယူမှု၌ အထူးသဖြင့် တုန်လှုပ်ခြင်းသဘော ရှိ၏။ ဤ ဝိတက်သည် ကောင်းကင်သို့ ပျံတက်လိုသော ငှက်ကြီး၏ အတောင်ခတ်ခြင်းနှင့်လည်း တူ၏၊ ပန်းရနံ့သို့ အစဉ်လိုက်သောစိတ် ရှိသော ပျား ပိတုန်း၏ ပဒုမ္မာကြာတောသို့ ရှေးရှူ ပျံသွားခြင်းနှင့်လည်း တူ၏။

ဝိစာရကား ငြိမ်သက်သော ဖြစ်ခြင်း ရှိ၏၊ စိတ်၏ အလွန် မတုန်လှုပ်မှု သဘောတည်း။ ကောင်းကင်၌ ပျံတက်ပြီးသော ငှက်ကြီး၏ အတောင်ကို ဆန့်၍ လေဟုန်စီးကာ ငြိမ်သက်စွာ ပျံနေခြင်းနှင့်လည်း တူ၏၊ ပဒုမ္မာ ကြာတောသို့ ရှေးရှူ ရောက်ပြီးသော ပျားပိတုန်း၏ ပဒုမ္မာကြာတော၏ အထက်၌ (ဘေးရန် ရှိ-မရှိ စသည်ကို စူးစမ်းရန် သိဖို့ရန်) ရစ်ဝဲခြင်းနှင့်လည်း တူ၏။

ဝါဒတစ်မျိုး --- ရှေး မဟာအဋ္ဌကထာ၌ကား --- အာရုံ၌ စိတ်ကို ရှေးရှူ တင်ပေးတတ်သည်၏ အဖြစ်ဖြင့် ဖြစ်ပေါ်လာသော ဝိတက်သည် --- ကောင်းကင်၌ ပျံသွားသော ငှက်ကြီး၏ အတောင် နှစ်ဘက်တို့ဖြင့် လေဟုန်ကို ယူ၍ အတောင်တို့ကို ကောင်းစွာ တည်နေစေ၍ ပျံသွားခြင်းနှင့် တူ၏၊ မှန်သည် ထိုဝိတက်သည် တစ်ခုတည်းသော အာရုံ ရှိလတ်သော် အပ္ပနာသို့ ရောက်၏။

အာရုံကို အဖန်ဖန် ဆုပ်နယ်တတ်သော သုံးသပ်ဆင်ခြင်တတ် ပွတ်တိုက်တတ်သည်၏ အဖြစ်ဖြင့် ဖြစ်သော ဝိစာရသည် ငှက်ကြီး၏ လေအဟုန်ကို ယူခြင်းငှာ အတောင်တို့ကို လှုပ်ရှားစေလျက် = အတောင် ခတ်လျက် ပျံသန်းခြင်းနှင့် တူ၏။ မှန်သည် ထိုဝိစာရသည် အာရုံကို အဖန်ဖန် ဆုပ်နယ်တတ် သုံးသပ်တတ် ဆင်ခြင်တတ် ပွတ်တိုက်တတ်၏။ ---

ဤသို့လျှင် ဖွင့်ဆိုထား၏။ ထို ရှေးမဟာအဋ္ဌကထာ၌ ဖွင့်ဆိုအပ်သော စကားသည် အာရုံ၌ စိတ်ကို အစဉ်မပြတ် ဖွဲ့စပ်ခြင်းအားဖြင့် ဖြစ်ရာအခါ ဖြစ်သော ဥပစာရဘာဝနာ အပ္ပနာဘာဝနာ အခိုက်၌ = ဥပစာရ သမာဓိအခိုက် အပ္ပနာစျာန်သမာဓိအခိုက်၌ အလွန် သင့်မြတ်လှပေသည်။ (ဥပစာရဘာဝနာ အပ္ပနာဘာဝနာ ဖြစ်ရာအခါဝယ် ဝိတက်သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံနိမိတ် တစ်ခုတည်းပေါ်၌ တည် လျက် အဆက်မပြတ် ဖြစ်နေသောကြောင့် ဝိတက်၏ သမထနိမိတ်အာရုံကို ယူပုံသည်လည်း အလွန် ငြိမ်သက် ရကား ရှေးမဟာအဋ္ဌကထာ စကားသည်လည်း သင့်မြတ်၏ ဟူလိုသည်။)

ဆက်၍ ဆိုရသော် ဤသို့ ဖြစ်၏ --- ထိုဝိတက် ဝိစာရ နှစ်ပါးတို့၏ ထိုပြဆိုခဲ့သော ထူးခြားမှုသည် ပထမ စျာန် ဒုတိယစျာန်တို့၌ ထင်ရှား၏။ (ဝိတက်၏ ထူးခြားမှုဖြစ်သော စိတ်ကို အာရုံသို့ ရှေးရှူ တင်ပေးခြင်း အခြင်း အရာသည် ကြမ်းတမ်းသောသဘော ရှိရကား ပဉ္စကနည်း --- ပထမစျာန်အခိုက်၌ ထင်ရှား၏။ ပဉ္စကနည်း --- ဒုတိယစျာန် အခိုက်၌ ထိုဝိတက် မရှိတော့သည့်အတွက် ဝိစာရ၏ ထူးခြားမှုဖြစ်သော အာရုံကို ဆုပ်နယ်ခြင်း သုံးသပ်ခြင်း ပွတ်တိုက်ခြင်း အခြင်းအရာသည် ထင်ရှား၏။) (မဟာဋီ၊၁၊၁၆၇။)

ပထမစျာန်ထက် ဒုတိယစျာန်က ပို၍ ငြိမ်သက်၏။ ဝိတက်သည် ပထမစျာန်၌သာ ယှဉ်၍ ပို၍ ငြိမ်သက် သော ဒုတိယစျာန်၌ မရှိရကား ဝိတက် မရှိခြင်းကြောင့်ပင် ပထမစျာန်ထက် ဒုတိယစျာန်က ပို၍ ငြိမ်သက်ခြင်း ဖြစ်၏၊ သို့အတွက် ဝိတက် ဝိစာရတို့၏ အကြမ်း အနုအားဖြင့် ထူးခြားကြောင်း ထင်ရှားသည် ဟူလိုသည်။

နောက်ထပ် ဥပမာများ --- အညစ်အကြေး တင်နေသော ကြေးခွက်ကို လက်တစ်ဘက်ဖြင့် မြဲစွာ ကိုင်၍ အခြား လက်တစ်ဘက်ဖြင့် ဆပ်ပြာမှုန့် ဘရွတ်တံ စသည့် ပွတ်တိုက်ခြင်းငှာ လျောက်ပတ်သော အရာဝတ္ထုဖြင့် ထက်ဝန်းကျင် ပွတ်တိုက်သူ၏ မြဲစွာ ဆုပ်ကိုင်ထားသော လက်နှင့် ဝိတက်သည် တူ၏၊ ဆုပ်နယ် သုံးသပ် ပွတ် တိုက်နေသော လက်နှင့် ဝိစာရသည် တူ၏။

ထို့ပြင် တုတ်တစ်ခုဖြင့် ပုတ်ခတ်ခြင်းဖြင့် အိုးထိန်းစက်ဘီးကို လည်စေ၍ အိုးခွက်ကို ပြုလုပ်သော အိုးထိန်းသည်၏ ဖိနှိပ်သော လက်နှင့် ဝိတက်သည် တူ၏၊ ဤမှ ဤမှလည်း = ထိုထို ဤဤ လှည့်လည်ကြောင်း ဖြစ်သော လက်နှင့် ဝိစာရသည် တူ၏။

ကြေးလင်ပန်း သစ်သားပျဉ်ချပ် စသည်တို့၌ အလယ်တည့်တည့်၌ စူးတစ်ချောင်းဖြင့် စိုက်ထား၍ ထိုစူး၌ ကြိုးတပ်ပြီးလျှင် ဘေးပတ်လည် အရပ်၌ အလိုရှိသလောက် အဝန်းအဝိုင်း အရေးအသားကို ပြုလုပ်သောသူ၏ အလယ်၌ ကောင်းစွာ ဖိနှိပ်၍ စိုက်၍ တည်သော စိုက်၍ ထားသော စူးသည် စိတ်ကို အာရုံသို့ ရှေးရှူ တင်ပေး တတ်သော ဝိတက်နှင့် တူ၏။ ဘေးပတ်ဝန်းကျင်၌ ထက်ဝန်းကျင် လှည့်ပတ်ကြောင်း စူးသည် အာရုံကို အဖန်ဖန် ဆုပ်နယ်တတ် သုံးသပ်တတ် ဆင်ခြင်တတ် ပွတ်တိုက်တတ်သော ဝိစာရနှင့် တူ၏။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။ မဟာဋီ၊၁၊၁၆၇။)

၃။ အဓိမောက္ခ

အဓိမုစ္စနံ အဓိမောက္ခော။ သော ---

၁။ သန္နိဋ္ဌာနလက္ခဏော၊

၂။ အသံသပ္ပနရသော၊

၃။ နိစ္ဆယပစ္စုပဋ္ဌာနော၊

၄။ သန္နိဋ္ဌေယျဓမ္မပဒဋ္ဌာနော၊ (သန္နိဋ္ဌာတဗ္ဗဓမ္မပဒဋ္ဌာနော။)

အာရမ္မဏေ နိစ္စလဘာဝေန ဣန္ဒခီလော ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

အာရုံ၌ သက်ဝင်ခြင်း အာရုံကို ဆုံးဖြတ်ခြင်း သဘောသည် အဓိမောက္ခတည်း၊ ထို အဓိမောက္ခ၏ လက္ခဏာ စသည်တို့မှာ ဤသို့တည်း ---

၁။ အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချခြင်းသဘော လက္ခဏ၊

၂။ ထို ဤ ရွေ့ရှား အာရုံကို မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာတရား၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဆုံးဖြတ်အပ်သော အာရုံဓမ္မ ပဒဋ္ဌာန်။

လက္ခဏ --- ဤ၌ --- အဓိမုစ္စန = အာရုံ၌ သက်ဝင်ခြင်း ဟူသည် အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချခြင်း၏ အစွမ်းဖြင့် အာရုံ၌ သက်ဝင်မှုဟု သိပါ။ သို့သော် ယုံကြည်သင့် ယုံကြည်ထိုက်သော ပသာဒနီယဝတ္ထုတို့၌ သက်ဝင် ယုံကြည် ဆုံးဖြတ်တတ်သော ပသာဒ သဒ္ဓါ၏ အစွမ်းဖြင့် အာရုံ၌ သက်ဝင်မှုမျိုးကား မဟုတ်ပေ၊ မှားမှားမှန်မှန် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် အာရုံ၌ ဆုံးဖြတ်ချက် ချခြင်းသည် အဓိမုစ္စန = အာရုံ၌ သက်ဝင်ခြင်း မည်၏။ အာရုံကို မှားမှားမှန်မှန် ဆုံးဖြတ်ချက် မချနိုင်သော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပါဏာတိပါတ စသည့် ဒုစရိုက်တို့၌လည်းကောင်း, ဒါန သီလ စသည့် သုစရိုက်တို့၌လည်းကောင်း စိတ်အစဉ်၏ ဖြစ်ပေါ်ခြင်း မရှိနိုင်သောကြောင့်တည်း။ (မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မတွန့်မဆုတ်ဘဲ အာရုံ၌ သက်ဝင် ဆုံးဖြတ်နိုင်သော ဤအဓိမောက္ခ၏ ဆုံးဖြတ်ချက် ချမှုကြောင့် ပါဏာတိပါတ စသော ဒုစရိုက်, ပါဏာတိပါတ ဝိရတိ စသော သုစရိုက်မှုများ ထမြောက် အောင်မြင်ရလေသည်။) သဒ္ဓါကား ကြည်ညိုသင့် ကြည်ညိုထိုက် ယုံကြည်သင့် ယုံကြည် ထိုက်သော ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် စသော ပသာဒနီယဝတ္ထုတို့၌ ယုံကြည် သက်ဝင် ဆုံးဖြတ်မှု ပသာဒါဓိမောက္ခတည်း။ ဤကား ဤအဓိမောက္ခနှင့် သဒ္ဓါတို့၏ ထူးခြားမှုတည်း။ (မဟာဋီ၊၂၊၁၄၆။)

ဤအဆိုများအရ သာသနာပ အယူအဆ ရှိသူတို့သည်လည်း မိမိတို့ ဆိုင်ရာ ဘုရား တရား သံဃာတို့၌ ယုံကြည် သက်ဝင်မှု ဆုံးဖြတ်နိုင်မှုတို့မှာ သဒ္ဓါ မဟုတ်၊ ဤအဓိမောက္ခ စေတသိက်သာဟု မှတ်ပါ၊ မိစ္ဆာဓိမောက္ခ တည်း။ ဒိဋ္ဌိနှင့် ယှဉ်သော အဓိမောက္ခစေတသိက်ဟု ဆိုလိုသည်။

မေးခွန်းတစ်ရပ် --- ပဉ္စဒွါရဝီထိများသည် ပရမတ်ကိုသာ အာရုံပြုနိုင်ကြ၏၊ ယင်း ပဉ္စဒွါရဝီထိများတွင် ပါဝင်သော ဝုဋ္ဌောသည်ကား မိမိ၏ ေ့ရှတွင် ကပ်လျက် ရှိသော သန္တီရဏစိတ်က စူးစမ်းအပ်ပြီးသော ပရမတ္ထ အနက်သဘော၌ မှားသောအားဖြင့် ဖြစ်စေ မှန်သောအားဖြင့် ဖြစ်စေ ဆုံးဖြတ်သော အခြင်းအရာအားဖြင့် ဖြစ်၍ မိမိ၏ နောက်၌ ဆက်လက် ဖြစ်ဆဲ ဖြစ်ကြကုန်သော ဇောတို့၏ မိမိ၏ ဆုံးဖြတ်ချက်က မှန်၍ ယောနိသော မနသိကာရ ဖြစ်လျှင် ထိုယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇောဖြစ်ခြင်းငှာ, မိမိ၏ ဆုံးဖြတ်ချက်က မှားနေ၍ အယောနိသောမနသိကာရ ဖြစ်နေလျှင် ထိုအယောနိသောမနသိကာရ အားလျော်စွာ အကုသိုလ်ဇော ဖြစ်ခြင်းငှာ အနန္တရ စသော သတ္တိထူးတို့ဖြင့် ကျေးဇူးပြုပေးတတ်၏။ ယင်းသို့ဖြစ်သော် ဝိစိကိစ္ဆာနှင့် ယှဉ်သော ဝိစိကိစ္ဆာ သမ္ပယုတ်ဇောတို့၌ ဝုဋ္ဌောက မည်သို့မည်ပုံ ကျေးဇူးပြုသနည်းဟု မေးဖွယ်ရာ ရှိ၏။ --- အဖြေကား ဤသို့တည်း ---

တေသမ္ပိ ဧကံသေနေဝ သံသပ္ပနာကာရဿ ပစ္စယတာယ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၁၄၆။)

ထို ဝိစိကိစ္ဆာသမ္ပယုတ်ဇောတို့အားလည်း ဧကန်အားဖြင့်သာလျှင် သို့လော သို့လော တွေးတော ယုံမှား ထို ဤ ရွေ့ရှားသော = သံသပ္ပန အခြင်းအရာ၏ အကြောင်းတရား အဖြစ်ဖြင့် ဝုဋ္ဌောကို မှတ်သားပါ။ (မဟာဋီ၊၂၊၁၄၆။)

ဆိုလိုရင်းသဘော --- ဝုဋ္ဌောသည် ဝိစိကိစ္ဆာသမ္ပယုတ်ဇောအားလည်း ကျေးဇူးပြုပေးသည်သာ ဖြစ်သည်။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်၌ ဘုရားစစ် ဘုရားမှန် ဟုတ်ပါ၏လောဟု သံသယ ဖြစ်လျှင် = သံသပ္ပန ဖြစ်လျှင် ထိုဘုရားစစ် ဘုရားမှန် ဟုတ်ပါ၏လော ဟူသော သံသယ = ဝိစိကိစ္ဆာအား ဝုဋ္ဌောကလည်း ဘုရားစစ် ဘုရားမှန် ဟုတ်ပါ၏လောဟု ဆုံးဖြတ်သော အခြင်းအရာအားဖြင့် ကျေးဇူးပြုပေး၏။ ဝုဋ္ဌော၏ ဘုရားစစ် ဘုရား- မှန် ဟုတ်ပါ၏လော ဟူသော ဆုံးဖြတ်သော အခြင်းအရာကိုပင် ဝုဋ္ဌောက သံသပ္ပနာကာရဟု ခေါ်သော ဝိစိကိစ္ဆာ သမ္ပယုတ်ဇောအား ကျေးဇူးပြုပေးသည်ဟု ဆိုလိုသည်။ တရားရတနာ စသည်တို့၌ သံသယ ဖြစ်မှုတို့၌လည်း နည်းတူ သဘောပေါက်ပါလေ။

အသံသပ္ပနရသော --- အာရုံ တစ်ခုတည်း၌ မရပ်တည်နိုင် မဆုံးဖြတ်နိုင်ဘဲ ထက်ဝန်းကျင် အာရုံ၌ ရွေ့ရှား သွားလာခြင်းဟူသော သံသပ္ပနကိုပင် သံသယ = ယုံမှားခြင်းဟု ခေါ်၏။ အဓိမောက္ခသည် ထိုသံသပ္ပနကို ဆန့် ကျင်ဘက် ပြုလျက် မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချခြင်း ကိစ္စ ရှိ၏။ အငြိမ် မနေနိုင်သည့် ကလေးသူငယ်ကဲ့သို့ ထိုအာရုံ ဤအာရုံ၌ ရွေ့ရှားလျက် ပြုရအံ့လော မပြုရအံ့လောဟု ဆုံးဖြတ်ချက် မချနိုင်သော သံသယ၏ ဆန့်ကျင်ဘက် စိတ်အမူအရာသည် အသံသပ္ပနတည်း။ အဓိမောက္ခသည် ထို အသံသပ္ပန ကိစ္စ ရှိသည် ဟူလိုသည်။ (မူလဋီ၊၁၊၉၃။ မဟာဋီ၊၂၊၁၄၆။)

ပဒဋ္ဌာန် --- ယေသု စိတ္တုပ္ပါဒေသု အယံ သန္နိဋ္ဌာနလက္ခဏော အဓိမောက္ခော၊ တေသံ အာရမ္မဏဓမ္မော ဧဝ သန္နိဋ္ဌေယျဓမ္မော။ (မဟာဋီ၊၂၊၁၄၆။)

အကြင် စိတ္တုပ္ပါဒ်တို့၌ ဤအာရုံကို သန္နိဋ္ဌာန်ကျအောင် ဆုံးဖြတ်ချက် ချခြင်း သဘောလက္ခဏာ ရှိသော အဓိမောက္ခ စေတသိက်သည် ဖြစ်ပေါ်၏။ ထိုစိတ္တုပ္ပါဒ်တို့၏ အာရုံဖြစ်သော တရားဓမ္မသည်သာလျှင် ဆုံးဖြတ် အပ်သော သန္နိဋ္ဌေယျဓမ္မ မည်၏။ ယင်း သန္နိဋ္ဌေယျဓမ္မသည်ပင် အဓိမောက္ခ၏ အနီးစပ်ဆုံး အကြောင်းတရား ဖြစ်သည်။ (မဟာဋီ၊၂၊၁၄၆။)

ဤစကားရပ်ကို ထောက်ရှုပါက ဝုဋ္ဌောစိတ်၌လည်း အဓိမောက္ခစေတသိက်သည် ယှဉ်ရကား ဝုဋ္ဌောစိတ်က ဆုံးဖြတ်အပ်သည့် သန္နိဋ္ဌေယျ အာရုံဓမ္မကို ရယူ၍, ဝုဋ္ဌောနှင့် ယှဉ်ဖက်သမ္ပယုတ် ဖြစ်သော အဓိမောက္ခစေတသိက် ကသာလျှင် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချသည်ဟု မှတ်ပါ။ တစ်နည်း --- အာရုံကို ဆုံးဖြတ်ချက်ချသော အခြင်းအရာအားဖြင့် ဖြစ်သည်ဟု မှတ်ပါ။

ဤ အဓိမောက္ခစေတသိက်ကို အာရုံ၌ လှုပ်ရှားခြင်း မရှိသည်၏ အဖြစ်ကြောင့် မြို့ဝ၌ ခိုင်မြဲစွာ စိုက်ထူ ထားအပ်သော မြို့တံခါးတိုင်ကြီးနှင့် ပမာတူ၏ ဟူ၍ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

၄။ ဝီရိယ

၁။ ဥဿဟနလက္ခဏံ (ဥဿာဟလက္ခဏံ) ဝီရိယံ၊

၂။ သဟဇာတာနံ ဥပတ္ထမ္ဘနရသံ၊

၃။ အသံသီဒနဘာဝပစ္စုပဋ္ဌာနံ၊

၄။ (က) သံဝိဂ္ဂေါ ယောနိသော ပဒဟတီတိ ဝစနတော သံဝေဂပဒဋ္ဌာနံ။

( ခ ) ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ၊

သမ္မာ အာရဒ္ဓံ သဗ္ဗသမ္ပတ္တီနံ မူလံ ဟောတီတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၄။ ဝိသုဒ္ဓိ၊၂၊၉၃။)

၁။ ထိုထို ကိစ္စကို ကောင်းစွာ ကြိုးစား အားထုတ်ခြင်းသဘော = လွန်စွာ လုံ့လပြုခြင်းသဘော လက္ခဏ၊

တစ်နည်း-ရသည့်ဆင်းရဲ အံကြိတ်ခဲ၍ အမြဲသည်းခံခြင်းသဘော လက္ခဏ၊

၂။ သဟဇာတ်တရားတို့ကို အားပေးထောက်ပံ့ ခိုင်ခံ့စေခြင်းသဘော (ကိစ္စ) ရသ၊

၃။ မဆုတ်နစ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ (က) သံဝေဂဉာဏ် ရှိသူသည် နည်းမှန်လမ်းမှန် ကြိုးစား အားထုတ်၏။ (အံ၊၁၊၄၃၀။)

ဤသို့ ဘုရားရှင် ဟောတော်မူခြင်းကြောင့် သံဝေဂဉာဏ် ပဒဋ္ဌာန်၊

( ခ ) တစ်နည်း-ဝီရိယာရမ္ဘဝတ္ထု ပဒဋ္ဌာန်။

၁။ ဝီရဿဘာဝေါ ဝီရိယံ = ရဲရင့်သူ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဝီရိယ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၃၊၊)

၂။ ဝီရာနံ ဝါ ကမ္မံ ဝီရိယံ = တစ်နည်း ရဲရင့်သူတို့၏ လုပ်ငန်းရပ်သည် ဝီရိယ မည်၏။ ဤ ကမ္မ = လုပ်ငန်းရပ် ဟူရာ၌ ထိုလုပ်ငန်းရပ်ကို ဝီရိယဖြင့် ပြုလုပ်ရသောကြောင့် အကျိုးလုပ်ငန်းရပ်၏ ကမ္မအမည်ကို အကြောင်း ဝီရိယ၌ တင်စားထားသော ဖလူပစာရစကားဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

၃။ ဝိဓိနာ ဝါ နယေန ဥပါယေန ဤရယိတဗ္ဗံ ပဝတ္တယိတဗ္ဗန္တိ ဝီရိယံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

တစ်နည်း --- တစ်စုံတစ်ခုသော ပြုဖွယ် လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ဖို့ရန် ကြိုတင်၍ စီမံအပ်သော ပုဗ္ဗပယောဂကို ဝိဓိ = အစီအရင်ဟု ခေါ်သည်။ ထိုအစီအရင်ကိုပင် နယ = နည်းလမ်း, ဥပါယ = သင့်သော အကြောင်း = ဥပါယ်ဟု ဖွင့်သည်။ ထိုပုဗ္ဗပယောဂဟူသော အစီအရင် နည်းလမ်း ဥပါယ်ဖြင့် ဖြစ်စေထိုက်သော သဘောတရား သည် ဝီရိယ မည်၏။ အားထုတ်မှု, ထိုထို ကိစ္စကို ပြီးမြောက်အောင် လွန်စွာ အားထုတ်မှု, အဆင့်ဆင့် အားထုတ်မှုတည်း။ (ဆိုလိုရင်းကား ကိစ္စတစ်ခုကို ပြုလုပ်ဖို့ရန် ပျင်းရိသောကြောင့် ဝီရိယ မဖြစ်သူ၏ သန္တာန်၌ ထိုအလုပ်ကို မလုပ်ခြင်းကြောင့် ရရှိမည့် အပြစ်, ပြုလုပ်ခြင်းကြောင့် ရရှိမည့် အကျိုးတရားကို စဉ်းစား ဆင်ခြင်လိုက်သောအခါ ထိုအလုပ်ကို လုပ်ဖို့ရန် ဝီရိယ ဖြစ်ပေါ်လာ၏၊ ထိုဝီရိယမျိုးကို ရည်ရွယ်၍ ဝိဓိနာ ဤရယိတဗ္ဗံ = သင့်လျော်သော ပုဗ္ဗပယောဂ ဥပါယ အစီအရင်ဖြင့် ဖြစ်စေအပ်သော တရားဟု ဆိုသည်။) ထို ဝီရိယသည်ပင် ပျင်းရိသူ ဖြစ်ဖို့ရန် အကြောင်းတရားဖြစ်သော ကောသဇ္ဇတရားကို လွှမ်းမိုးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက် သဘောကြောင့် ဣန္ဒြိယ = ဣန္ဒြေလည်း မည်၏။ တစ်နည်း သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း အဆင့်ဆင့် အားပေးထောက်ပံ့ခြင်း သဘောလက္ခဏာ၌ မိမိ၏ အစိုးရသူ၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုလုပ်စေတတ် သောကြောင့် ဣန္ဒြေလည်း မည်၏၊ ဝီရိယနှင့် ဣန္ဒြေ နှစ်ခုပေါင်းစပ်၍ ဝီရိယိန္ဒြေဟု ခေါ်ဆိုသည်။ ထိုဝီရိယ၏ လက္ခဏာကို အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။

တံ ပနေတံ ဥပတ္ထမ္ဘနလက္ခဏဉ္စ ဝီရိယံ, ပဂ္ဂဟဏလက္ခဏဉ္စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

ထိုဝီရိယသည် သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခြင်း သဘောလက္ခဏာလည်း ရှိ၏၊ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း သဘောလက္ခဏာလည်း ရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

ပြိုလုမတတ် ယိုင်နေသော အိမ်အိုကြီး တစ်လုံးသည် အာဂန္တုက ဖြစ်သော ထောက်ပံ့တတ်သော ထောက်တိုင်တို့ဖြင့် ထောက်ကန်ထားမှုဖြင့် တည်နေရသကဲ့သို့ ဤဥပမာအတူပင်လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝီရိယ တည်းဟူသော ထောက်တိုင်သည် ထောက်ပံ့အပ်သည် ဖြစ်၍ အလုံးစုံသော ကုသိုလ်တရားတို့မှ မယုတ်မလျော့ ခြင်း ဖြစ်၏။ ဤသို့လျှင် ရှေးဦးစွာ ဝီရိယ၏ သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခြင်း = ဥပတ္ထမ္ဘနလက္ခဏာ ရှိပုံကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

ထိုကြောင့် အရှင်နာဂသေနမထေရ်မြတ်ကြီးက ဤသို့ မိန့်ဆိုထားတော်မူ၏။

ဒါယကာတော် မဟာရာဇာ ...ယောက်ျားသည် အိမ်ပြိုလုလတ်သော် ထိုအိမ်ကို အခြားသော ထောက် တိုင်ဖြင့် ထောက်ထားရသကဲ့သို့ ထောက်ထားအပ်သည် ဖြစ်လတ်သော် ဤသို့ ထောက်ခြင်းဟူသော အကြောင်း ကြောင့် ထိုအိမ်သည် မလဲမပြိုရာသကဲ့သို့ ဒါယကာတော် မဟာရာဇာ ...ဤဥပမာအတူပင်လျှင် ဝီရိယသည် သမ္ပယုတ်တရားတို့ကို ထောက်ပံ့ထားခြင်း သဘောလက္ခဏာ ရှိ၏။ ဝီရိယသည် ထောက်ပံ့အပ်ကုန်သော ခပ်သိမ်း ကုန်သော ကုသိုလ်တရားတို့သည် မဆုတ်ယုတ်ကုန် မလျှောကျကြကုန်။ (ခု၊၁၁၊၃၅။ အဘိ၊ဋ္ဌ၊၁၊၁၆၄။)

ဥပမာ တစ်နည်း --- အနည်းငယ်သော စစ်တပ်နှင့် (= အားနည်းသော စစ်တပ်နှင့်) အင်အား ကြီးမားသော (= စစ်သားအရေအတွက် လက်နက်အင်အား စသည်ဖြင့် အဘက်ဘက်မှ အင်အား ကြီးမားသော) စစ်တပ်တို့ သည် စစ်တိုက်ပွဲ ဖြစ်လတ်သော် အင်အားနည်းသော စစ်တပ်သည် ဆုတ်နစ်ရ၏၊ ထိုသို့ ဆုတ်နစ်ရခြင်းကြောင့် ဘုရင်မင်းကြီးအား တပ်ဆုတ်ရကြောင်းကို သံတော်ဦး တင်ရာ၏၊ ဘုရင်မင်းကြီးသည် စစ်သည်ဗိုလ်ပါ အလုံးအရင်း အားကြီးသော စစ်ကူကို စေလွှတ်ရာ၏။ ထို အားရှိသော အင်အားကြီးမားသော စစ်ကူသည် ချီးမြှောက်အပ် ထောက်ပံ့အပ်သော မိမိစစ်တပ်သည် တစ်ပါးသော ရန်သူစစ်တပ်ကို ရှုံးစေရာသကဲ့သို့ အနိုင်တိုက်ရာသကဲ့သို့ ဤဥပမာအတူပင်လျှင် ဝီရိယသည် မိမိနှင့် အတူဖြစ်ဖက် သမ္ပယုတ်တရားတို့အား တွန့်ဆုတ်ခြင်းငှာ ဆုတ်နစ်ခြင်းငှာ အခွင့်မပေး၊ မြှောက်ပင့်ပေးထား၏၊ ချီးမြှောက်ထား၏၊ ထိုကြောင့် ဝီရိယသည် သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း ပဂ္ဂဟလက္ခဏာ = ပဂ္ဂဟဏလက္ခဏာလည်း ရှိပေသည်။ (အဋ္ဌကထာဆရာတော်သည် ဤဥပတ္ထမ္ဘနလက္ခဏာနှင့် ပဂ္ဂဟလက္ခဏာ နှစ်မျိုးကို မိလိန္ဒပဥှာပါဠိတော်-၃၅-၃၆ ကို ကိုးကား၍ ဖွင့်ဆိုထားတော်မူခြင်း ဖြစ်သည်။ ဤဥပတ္ထမ္ဘနလက္ခဏာကိုပင် ဥပတ္ထမ္ဘနရသဟုလည်း သုံးစွဲထားပေသည်။) (အဘိ၊ဋ္ဌ၊၁၊၁၆၃-၁၆၄၊၊)

ဥဿာဟလက္ခဏာ = ဥဿဟနလက္ခဏာ --- ဥဿာဟော တံတံကိစ္စသမာရမ္ဘော, ပရက္ကမော ဝါ။ (မဟာဋီ၊၂၊၁၄၁။)

တတ္ထ အာရမ္ဘဓာတူတိ ပဌမဝီရိယံ ဝုစ္စတိ။ နိက္ကမဓာတူတိ ကောသဇ္ဇတော နိက္ခန္တတ္တာ တတော ဗလဝတရံ။ ပရက္ကမဓာတူတိ ပရံ ပရံ ဌာနံ အက္ကမနတော တတောပိ ဗလဝတရံ။ (ဝိသုဒ္ဓိ၊၁၊၁၂၈။)

ဥဿာဟ ဟူသည် ---

၁။ ထိုထို ကိစ္စကို ကောင်းစွာ အားထုတ်ခြင်း အာရမ္ဘဝီရိယဓာတ် = ပထမ ဝီရိယဓာတ်,

၂။ ပျင်းရိသူဖြစ်ကြောင်း ကောသဇ္ဇတရားမှ ထွက်မြောက်ကြောင်း ဖြစ်သောကြောင့် ထို အာရမ္ဘဝီရိယဓာတ် ထက် ပို၍ အားကောင်းသော နိက္ကမဝီရိယဓာတ်,

၃။ အလွန်ထက်မြက်သည်ထက် ထက်မြက်ခြင်း စသည့်အဖြစ်ဟု ဆိုအပ်သော အဆင့်ဆင့် ကြိုးစားအားထုတ် ပါမှ ရောက်နိုင်ရနိုင်သည့် (စျာန်-မဂ်-ဖိုလ်-နိဗ္ဗာန်ကဲ့သို့သော) အရာဌာနသို့ ဆင့်ကာဆင့်ကာ တက်ရောက် နိုင်သည်၏ အဖြစ်ကြောင့် ထို နိက္ကမဝီရိယဓာတ်ထက်လည်း လွန်ကဲသန်မြန်သော ပရက္ကမဝီရိယဓာတ်,

ဤ သုံးမျိုးသော ဝီရိယဓာတ်တည်း။ မဟာဋီကာ၌ အာရမ္ဘဝီရိယဓာတ်နှင့် ပရက္ကမဝီရိယဓာတ်ကိုသာ ဖွင့်ဆိုခြင်းသည် အာဒိဒီပက, အန္တဒီပကနည်းဟု မှတ်ပါ။ တစ်နည်း မိဂပဒဝလဉ္ဇနနည်းဟု မှတ်ပါ။

သင်္ဂြိုဟ်ဘာသာဋီကာ၏ ရှင်းလင်းချက်

ဝီရဿ = ရဲရင့်သောသူ၏၊ ဘာဝေါ = ဖြစ်ရာဖြစ်ကြောင်း သဘောတရားသည်၊ ဝီရိယံ = ဝီရိယ မည်၏၊ ဧတံ = ဤဝီရိယသည်၊ ဥဿာဟလက္ခဏံ = ရသည့်ဆင်းရဲ, အံကြိတ်ခဲ၍, အမြဲသည်းခံခြင်း လက္ခဏာ ရှိ၏၊-- လုံ့လ ဝီရိယ ရှိသူသည် ထိုထိုကိစ္စ၌ ရဲရင့်၏၊ သို့အတွက် ရဲရင့်သူ၏ ဖြစ်ကြောင်းကား ဝီရိယပင်တည်း။ ဝီရိယ ရှိသူသည် တစ်စုံတစ်ခု အမှုကိစ္စကို ပြုရသည့်အတွက် ရရှိမည့် ဒုက္ခကို မကြောက်မရွံ့ သည်းခံနိုင်ရည် ရှိ၏။- [ဥ = ဒုက္ခလာဘေ = ဆင်းရဲကို ရလတ်သော် + သဟနံ = သည်းခံနိုင်ခြင်းသည်။ ဥဿာဟော = ဥဿာဟ မည် ၏။] (သင်္ဂြိုဟ်ဘာသာဋီကာ၊၁၀၀။)

ဥပတ္ထမ္ဘနရသ --- သမ္ပယုတ်တရားတို့ကို ပျင်းရိသူဖြစ်ကြောင်း ကောသဇ္ဇအဖို့၌ ကျရောက်ခွင့်ကို မပေးမူ၍ ဆောင်ထားခြင်း, သင့်လျော်သော ခွန်အားကို ပေးခြင်း, ချီးမြှောက်ခြင်းသည် ဝီရိယ၏ ဥပတ္ထမ္ဘနကိစ္စတည်း = သမ္ပယုတ်တရားတို့ကို အားပေးထောက်ပံ့ ခိုင်ခံ့စေခြင်း လုပ်ငန်းကိစ္စတည်း။ (မဟာဋီ၊၂၊၁၄၁။)

လဲပြိုကာနီး အိမ်အိုကြီးကို ကျားခေါ်သော ထောက်တိုင်ဖြင့် မလဲမပြိုရအောင် ထောက်ကန်ထားသကဲ့သို့ သမ္ပယုတ်တရားတို့ကို ထိုထို လုပ်ငန်းကိစ္စရပ်၌ ရော့ရော့ရဲရဲ (လျော့လျော့ရဲရဲ) မရှိရအောင် ထောက်ပံ့ထားမှု ကိစ္စတည်း။ ထိုသို့ ထောက်ပံ့ထားမှုကြောင့် ဝီရိယနှင့်ယှဉ်သော သမ္ပယုတ်တရားတို့သည် ဒါနမှု သီလမှု ဘာဝနာမှု စသော ထိုထို လုပ်ငန်းရပ်တို့၌ ထထကြွကြွ တက်တက်ကြွကြွ ရှိကြခြင်း ဖြစ်သည်။

အသံသီဒနဘာဝပစ္စုပဋ္ဌာန် --- ထိုထို ဒါနမှု သီလမှု ဘာဝနာမှု စသော လုပ်ငန်းရပ်တို့၌ စိတ်ဓာတ် မထက်သန်သူ ပျင်းရိသူ ဖြစ်ရန် အကြောင်းတရားများမှာ ထိနမိဒ္ဓ လွန်ကဲပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်တည်း။ ယင်းပျင်းရိသူ ဖြစ်ကြောင်း ထိနမိဒ္ဓ လွန်ကဲပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ် = စိတ် စေတသိက်တရားစုကို ကောသဇ္ဇဟု ခေါ်၏။ ထိုထို လုပ်ငန်းကိစ္စရပ်တို့၌ စိတ်ဓာတ် ဆုတ်နစ်မှု တွန့်ဆုတ်မှု = သံသီဒနဟုလည်း ခေါ် ၏။ ထိုကောသဇ္ဇ = သံသီဒနတရားကို ဝီရိယသည် လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။ သို့အတွက် ဝီရိယသည် သံသီဒန၏ ပဋိပက္ခဓမ္မ = ဆန့်ကျင်ဘက်သဘောတရား အသံသီဒန မည်၏။ ဝီရိယသည် ထို ကောသဇ္ဇ = သံ- သီဒနတရားဟူသော ပျင်းကြောထူမှုများကို လွှမ်းမိုးဖိစီး နှိပ်စက်လျက် ထိုထို ဒါနမှု သီလမှု ဘာဝနာမှု စသည်တို့၌ အရေးကြုံက နောက်မဆုတ်တတ်သော သဘောတရားဟု ဝီရိယကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ (သံသီဒန၏ မရှိခြင်း သဘောမျှသည် ဝီရိယ မဟုတ် ဟူလို။) (မဟာဋီ၊၂၊၁၄၁။)

သံဝေဂပဒဋ္ဌာနံ - သံဝေဂဉာဏ်

၁။ ဇာတိဘေး = ပဋိသန္ဓေ တည်နေရမှု ဘေးဆိုးကြီး

၂။ ဇရာဘေး = အိုရမှု ဘေးဆိုးကြီး

၃။ ဗျာဓိဘေး = နာရမှု ဘေးဆိုးကြီး

၄။ မရဏဘေး = သေကျေ ပျက်စီးရမှု ဘေးဆိုးကြီး

၅။ အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီး

၆။ အတိတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ

၇။ အနာဂတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ

၈။ အာဟာရ ပရိယေသန ဒုက္ခ = ပစ္စုပ္ပန်၌ အစာအာဟာရ (စည်းစိမ်ဥစ္စာ) ရှာမှီးရခြင်း ဒုက္ခ ---

ထို (၈)ဌာနတို့ကို အာရုံပြု၍ စဉ်းစားဆင်ခြင်သောအခါ ထိတ်လန့် ကြောက်ရွံ့ကြောင်း ဖြစ်သော ဩတ္တပ္ပ နှင့်တကွ = ဩတ္တပ္ပနှင့် ယှဉ်လျက် ဉာဏ်သည် ဖြစ်ပေါ်လာရ၏၊ သဟောတ္တပ္ပဉာဏ်ဟု ခေါ်၏။ ယင်း သဟောတ္တပ္ပ ဉာဏ်ကိုပင် သံဝေဂဟု ခေါ်၏။ ထိုသံဝေဂဉာဏ် ရှိသူသည် ဒါနမှု သီလမှု ဘာဝနာမှု စသည့် ကုသိုလ်ကောင်းမှု များ၌ ထက်ထက်သန်သန် အားတက်သရော ရှိတတ်ရကား ထိုသံဝေဂဉာဏ်သည် ဝီရိယဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။

သံဝေဂပဒဋ္ဌာနန္တိ အဋ္ဌသံဝေဂပုဗ္ဗိကာယ ကုသလကိရိယာယ။ (မဟာဋီ၊၂၊၁၄၁။)

သံဝေဂဉာဏ်အရ (၈)မျိုးသော သံဝေဂဉာဏ်လျှင် ပြဓာန်းခြင်း ရှိသော ပုထုဇန်သေက္ခများအဖို့ မဟာကုသိုလ် စိတ်စေတသိက်တရားစု, အသေက္ခ = ရဟန္တာအရှင်မြတ်များအဖို့ မဟာကြိယာ စိတ်စေတသိက်တရားစု တို့ကို အရကောက်ယူပါ။ (မဟာဋီ၊၂၊၁၄၁။)

ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ --- သုတ်ပါထေယျပါဠိတော်၌ လာရှိသော သင်္ဂီတိသုတ်ကို မှီး၍ (မူလဋီ၊ ၁၊၈၉။ မဟာဋီ၊၂၊၁၄၁။)၌ ဝီရိယာရမ္ဘဝတ္ထု (၈)ပါးကို ဖွင့်ဆိုထား၏။ အတိုချုပ်မှာ ဤသို့ ဖြစ်၏။

(၁) ခရီးသွားခါနီးနေခြင်း, (၂) ခရီးသွားပြီးစဖြစ်ခြင်း,

(၃) တစ်စုံတစ်ခုအမှုကိစ္စကို ပြုခါနီးနေခြင်း, (၄) ပြုပြီးစဖြစ်ခြင်း,

(၅) မကျန်းမမာစပြုနေခြင်း, (၆) ကျန်းမာပြီးစဖြစ်ခြင်း,

(၇) ဆွမ်းလုံလောက်စွာ မရခြင်း, (၈) အလွန်ပေါများစွာ ရခြင်း,

ဤ (၈)ပါး၌ ေ့ရှနောက် အစီအစဉ်မှာ အဋ္ဌကထာ၌ ညွှန်ပြသော အစီအစဉ်အတိုင်း ဋီကာဆရာတော် များက ဖွင့်ဆိုသွားတော်မူကြခြင်းပင် ဖြစ်သည်။ ပါဠိတော်၌ကား ေ့ရှနောက် အစီအစဉ် တစ်မျိုး လာရှိပေသည်။ အစီအစဉ် မတူသော်လည်း သဘောအဓိပ္ပါယ်ကား တူညီလျက်ပင် ရှိသည်။

ဝီရိယာရမ္ဘဝတ္ထု --- ဧတာနိ အနုရူပပစ္စဝေက္ခဏာသဟိတာနိ အဋ္ဌ ဝီရိယာရမ္ဘဝတ္ထူနိ၊ တံမူလကာနိ ဝါ ပစ္စဝေက္ခဏာနိ။ (မူလဋီ၊၁၊၈၉။ မဟာဋီ၊၂၊၁၄၁။)

ဝီရိယဖြစ်ခြင်းအား လျော်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်နှင့် အတူတကွဖြစ်သော ဤ (၈)ပါးတို့သည် ဝီရိယဖြစ်ကြောင်း ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏။ တစ်နည်း ထို (၈)ပါးလျှင် အကြောင်းရင်းခံ ရှိကုန်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်တို့သည် = ဆင်ခြင်ဉာဏ် ပြဓာန်းသော စိတ်စေတသိက် တို့သည် ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏။

ဤတွင် နည်းမှန် လမ်းမှန် နှလုံးသွင်း ဆင်ခြင်ပုံ မဆင်ခြင်ပုံ = နည်းမှား လမ်းမှား နှလုံးသွင်း ဆင်ခြင်ပုံတို့ကို ပိုမို၍ သဘောပေါက်စေရန် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌ လာရှိသော ကုသီတာရမ္ဘဝတ္ထု သုတ္တန်ကို ဆက်လက် တင်ပြအပ်ပါသည်။

ကုသီတာရမ္ဘဝတ္ထု သုတ္တန်

ရဟန်းတို့ ...ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။ အဘယ် (၈)မျိုးတို့နည်းဟူမူ ---

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် တစ်စုံတစ်ခုသော ပြုဖွယ်အမှုကိစ္စကို ပြုလုပ်ရတော့မည် ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် တစ်စုံတစ်ခုသော ပြုဖွယ်အမှုကိစ္စကို ပြုလုပ်ရတော့မည်၊ အမှုကိစ္စကို ပြုလုပ် ရသော ငါ၏ကိုယ်သည် ပင်ပန်းလိ့မ်မည်၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ပထမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၂။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် တစ်စုံတစ်ခုသော ပြုဖွယ်အမှုကိစ္စကို ပြုလုပ်ပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် အမှုကိစ္စကို ပြုလုပ်ပြီးပြီ၊ အမှုကိစ္စကို ပြုလုပ်ရသော ငါ၏ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေး သည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ဒုတိယ ပျင်းရိခြင်း၏ အကြောင်းတည်း။

၃။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားရတော့မည် ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီးသွားရတော့မည်၊ ခရီးသွားသော ငါ၏ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက် ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား တတိယ ပျင်းရိခြင်း၏ အကြောင်းတည်း။

၄။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီးသွား ပြီးပြီ၊ ခရီးသွားပြီးသော ငါ၏ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသော တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား စတုတ္ထ ပျင်းရိခြင်း၏ အကြောင်းတည်း။

၅။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ စျာန် ဝိပဿနာ မဂ် ဖိုလ် တရားထူး တရားမြတ်ကို ရရှိရန် သမထ ဝိပဿနာ ဘာဝနာ အမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ပဉ္စမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၆။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် လေးလံ၏၊ စျာန် ဝိပဿနာ မဂ် ဖိုလ် တရားထူး တရားမြတ်ကို ရရှိရန် သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ စိုစွတ်သော ပဲကဲ့သို့ လေးလံနေ၏၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ဆဋ္ဌ ပျင်းရိခြင်း၏ အကြောင်းတည်း။

၇။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်း အား --- ငါ့အား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်နေ၏၊ အိပ်ခြင်းငှာ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးမည် --- ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား သတ္တမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၈။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် အနာရောဂါမှ ထမြောက်လာစ ဖြစ်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ထိုရဟန်းအား --- ငါသည် အနာရောဂါမှ ထမြောက်လာစ ဖြစ်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ အနာရောဂါမှ ထမြောက်လာစဖြစ်သော ငါ၏ကိုယ်သည် အားမရှိ၊ စျာန် ဝိပဿနာ မဂ် ဖိုလ် တရားထူး တရားမြတ်ကို ရရှိရန် သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရ သေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား အဋ္ဌမ ပျင်းရိခြင်း၏ အကြောင်းတည်း။

ရဟန်းတို့ ...ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။

ရဟန်းတို့ ...ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။ အဘယ် (၈)မျိုးတို့နည်း ဟူမူ ---

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် (သင်္ကန်းချုပ်ခြင်း ဆိုးခြင်း သပိတ်ဖုတ်ခြင်း စသော) အမှုကိစ္စကို ပြုလုပ်ရမည် ဖြစ်၏။ ထိုရဟန်းအား --- ငါသည် အမှုကိစ္စကို ပြုလုပ်ရတော့မည်၊ အမှုကိစ္စကို ပြု လုပ်ရသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် မရောက်ရသေး သော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစောကပင် ဝီရိယကို အားထုတ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ပထမ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၂။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် အမှုကိစ္စကို ပြုလုပ်ပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် အမှုကိစ္စကို ပြုလုပ်ပြီးပြီ၊ အမှုကိစ္စကို ပြုလုပ်သော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက် ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရ သေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ဒုတိယ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၃။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားရမည် ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီးသွားရတော့မည်၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်ကူ၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစော ကပင် ဝီရိယကို အားထုတ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရ သေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား တတိယ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၄။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီး သွားပြီးပြီ၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား စတုတ္ထ ကြိုးစားအားထုတ် ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၅။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုငါ၏ ကိုယ်သည် ပေါ့၏၊ (စျာန် ဝိပဿနာ မဂ် ဖိုလ်ကို ရရှိရန်) သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် လျောက်ပတ်၏၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန် မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ပဉ္စမ ကြိုးစားအားထုတ်- ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၆။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် အားရှိ၏၊ (စျာန် ဝိပဿနာ မဂ် ဖိုလ်ကို ရရှိရန်) သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် လျောက်ပတ်၏၊ ယခုငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ဆဋ္ဌ ကြိုးစားအား ထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၇။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်း အား --- ငါ့အား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ငါ၏ အနာရောဂါသည် တိုးပွားရာသော အကြောင်း ရှိ၏၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသော တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစောကပင် ကြိုတင်၍ ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အား ထုတ်၏။ ရဟန်းတို့ ...ဤသည်ကား သတ္တမ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၈။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် အနာရောဂါမှ ထမြောက်စ ဖြစ်၏၊ အနာရောဂါမှ ထ မြောက်၍ မကြာသေး၊ ထိုရဟန်းအား --- ငါသည် အနာရောဂါမှ ထမြောက်စ ဖြစ်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ငါ့အား အနာရောဂါသည် ဖြစ်ပြန်ရာသော အကြောင်း ရှိ၏၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရ ရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစောကပင် ကြိုတင်၍ ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား အဋ္ဌမ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

ရဟန်းတို့ ...ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။ (အံ၊၃၊၁၄၇-၁၅၀။)

ဤတွင် ကုသီတာရမ္ဘဝတ္ထု သုတ္တန် ပြီးဆုံးပေပြီ။

ဝီရိယရှိသူသည် သို့မဟုတ် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ်ဟူသော နည်းမှန် လမ်းမှန် နှလုံး သွင်းတတ်သော ဆင်ခြင်ဉာဏ်ရှိသူသည်ကား ---

၁။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေခြင်း,

၂။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုပြီးကာစ ဖြစ်နေခြင်း,

၃။ ခရီးသွားခါနီးနေခြင်း,

၄။ ခရီးသွားပြီးကာစ ဖြစ်ခြင်း,

၅။ ဆွမ်း လုံလောက်စွာ မရခြင်း,

၆။ ဆွမ်း လုံလောက်စွာ ရခြင်း,

၇။ မကျန်းမမာစ ပြုနေခြင်း,

၈။ ကျန်းမာပြီးစ ဖြစ်ခြင်း ---

ဤ အချက်အလက်တို့ကို အကြောင်းပြု၍လည်း ဘုရားရှင်၏ အဆုံးအမကို နှလုံးသွင်း၍ ဘာဝနာတရား ကြိုးစားအားထုတ်ရန်သာ တာစူလျက် ရှိ၏၊ ကြိုးလည်း ကြိုးစား၏၊ အားလည်း အားထုတ်၏၊ ယောက်ျားမြတ်တို့၏ ဇွဲလုံ့လ ဝီရိယကို, မိန်းမမြတ်တို့၏ ဇွဲလုံ့လ ဝီရိယကို ေ့ရှတန်းသို့ အမြဲတမ်း ပင့်တင်ထား၏။

တစ်စုံတစ်ခုသော သင်္ကန်းဆိုးခြင်း သပိတ်ဖုတ်ခြင်း စသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေလျှင် လည်း ယင်းအမှုကိစ္စကို ပြုလုပ်နေဆဲ၌ ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင်လျက် ယင်းအမှုကိစ္စ ကို မပြုလုပ်ခင် ဘာဝနာအမှုကို အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်၏။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုပြီးစ ဖြစ်လျှင်လည်း ထိုအမှုကိစ္စကို ပြုခဲ့စဉ်က ဘာဝနာအလုပ် ပျက်ကွက်မှုကို ဆင်ခြင်လျက် အတိုးချ၍ ကြိုးစားအားထုတ်ပြန်၏။

ခရီးသွားခါနီး ဖြစ်နေလျှင်လည်း ခရီးသွားဆဲခဏ၌ ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင် လျက် ခရီးမသွားခင် ကြိုတင်ကာ ကြိုးစားအားထုတ်ပြန်၏။ ခရီးသွားပြီးစ ဖြစ်လျှင်လည်း ခရီးသွားခဲ့စဉ်က ဘာဝနာအမှု ပျက်ကွက်မှုကို ဆင်ခြင်လျက် အတိုးချ၍ ကြိုးစားအားထုတ်ပြန်၏။

ဆွမ်းလုံလောက်စွာ မရလျှင်လည်း --- ထိုငါ၏ ကိုယ်သည် ယခုအခါ ပေါ့ပေါ့ပါးပါး ရှိ၏၊ ဘာဝနာအမှု ကိစ္စ ပြုရန် ခံ့ညား၏၊ ယခု ငါသည် ကြိုးစား အားထုတ်အံ့ --- ဟု ဤသို့ ဆင်ခြင် နှလုံးပိုက်တော်မူလျက် ကြိုးစားအားထုတ်ပြန်၏။ ဆွမ်းမျှတပါကလည်း --- ထိုငါ၏ ကိုယ်သည် ယခုအခါ အားရှိ၏၊ ဘာဝနာအမှုကိစ္စ ကို ပြုလုပ်ရန် ခံ့ညား၏၊ ယခုအခါ ငါသည် ကြိုးစားအားထုတ်အံ့ --- ဟု နှလုံးသွင်း ဆင်ခြင်လျက် ကြိုးစားအား ထုတ်ပြန်၏။

မကျန်းမမာစပြုနေလျှင်လည်း မကျန်းမမာစဉ် ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင်၍ ဘာဝနာအမှုကို အလေးဂရုပြု၍ ကြိုးစားအားထုတ်ပြန်၏။ ကျန်းမာပြီးစ ဖြစ်လျှင်လည်း မကျန်းမမာခဲ့စဉ်က ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းခဲ့သည်ကို ဆင်ခြင်၍ အတိုးချကာ ကြိုးစားတော်မူ ပြန်၏။ --- ဤသို့လျှင် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် ေ့ရှသွားရှိပါက ဤ (၈)ပါးသည် ဝီရိယ ဖြစ်ပေါ်လာရန် အကြောင်း တရားများ ဖြစ်ရကား ဝီရိယာရမ္ဘဝတ္ထု အမည်ရလေသည်။ ဤ (၈)ပါးသည်ပင် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် မရှိပြန်၍ ကောသဇ္ဇတရား = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ် တွန့်ဆုတ်မှုတရား အားကြီးသူမှာ ပျင်းရိခြင်း၏ အကြောင်းဝတ္ထုများလည်း ဖြစ်ရပြန်ပေသည်။

ပျင်းရိခြင်း ကောသဇ္ဇတရား ထူပြောလျက် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် မရှိသူကား တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေ လျှင်လည်း အမှုကိစ္စကို ပြုလုပ်ရာ၌ ပင်ပန်းမည့်အရေး ကို တွေးတော ဆင်ခြင်လျက် အိပ်၏။ အမှုကိစ္စ ပြုပြီးပြန်ကလည်း အမှုကိစ္စ ပြုခဲ့စဉ်က ပင်ပန်းမှုကို အကြောင်း ပြလျက် အိပ်ပြန်၏။ ခရီးသွားခါနီး ဖြစ်နေလျှင်လည်း ခရီးသွားဆဲခဏ၌ ပင်ပန်းရမည့်အရေးကို မျှော်တွေးလျက် အိပ်၏၊ ခရီးသွားပြီးပြန်ကလည်း ခရီးသွားခဲ့စဉ်က ပင်ပန်းမှုကို အကြောင်းပြလျက် အိပ်ပြန်၏။ ဆွမ်းမမျှတလျှင် လည်း ဆွမ်းခံခဲ့စဉ်က ပင်ပန်းမှု ဆွမ်းမမျှတ၍ အားမရှိမှုကို ဆင်ခြေပေးလျက် အိပ်၏၊ ဘောဇနသပ္ပါယ မျှတ ပြန်ပါကလည်း ဝဝစားပြီး၍ ခန္ဓာကိုယ် လေးလံမှုကို အကြောင်းပြုလျက် အိပ်ပြန်၏။ အနည်းငယ် မကျန်းမမာစ ဖြစ်လျှင်လည်း အိပ်မှတော်မည်ဟု ဆင်ခြင်လျက် အိပ်ပြန်၏၊ ကျန်းမာပြီးစ ဖြစ်လျှင်လည်း အားမရှိသေးမှုကို အကြောင်းပြလျက် အိပ်ပြန်၏။ ဤသို့လျှင် ဤ (၈)ပါးသည် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် ေ့ရှသွားမရှိသူ ပျင်းကြောထူနေသူအဖို့ ပျင်းရိခြင်း၏ အကြောင်းဝတ္ထုများလည်း ဖြစ်ရပြန်ပေသည်။

ဤဝီရိယသည်လည်း အကောင်းအဆိုး နှစ်ဘက်ရ စေတသိက်ပင်တည်း။ လောဘ ဒေါသမောဟ ဣဿာ မစ္ဆရိယ ဒိဋ္ဌိ မာန ဒုစ္စရိတ သံကိလေသ စသည့် တရားဆိုးတို့ ဖြစ်အောင်လည်း ကြိုးစား၏။ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာဆိုင်ရာ ကုသိုလ်တရားတို့ ဖြစ်ထွန်းပေါ်ပေါက်လာအောင်, ဘာဝနာဉာဏ် ပြည့်စုံသည့်တိုင် အောင် တိုးပွားအောင်လည်း ကြိုးစား၏။ မိစ္ဆာဝါယာမ သမ္မာဝါယာမဟု နှစ်မျိုးပင် ရှိပေသည်။ မိစ္ဆာဝါယာမကို ရှောင်၍ သမ္မာဝါယာမကို ဖြစ်အောင် ကြိုးစားဖို့ လို၏။ ကြိုးစားက ဘုရားဖြစ်နိုင်၏။

ဝီရိယဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။

= ဝီရိယရှိသူအား အဘယ်မည်သော အမှုသည် မပြီးစီးဘဲ ရှိနိုင်ရာအံ့နည်း၊ ပြီးစီးရမည်သာတည်း။

ဝါယမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။ (ဇာ၊ဋ္ဌ၊၁၊၄၇၆။)

ယောက်ျားဟူက ကြိုးစားရမည်သာတည်း၊ ပညာရှိမှန်က ပျင်းရိမှု မရှိလေရာ။

ပညာရှိသူတော်ကောင်းမှန်က ---

၁။ မဖြစ်ပေါ်သေးသော အကုသိုလ်တရားများကို မဖြစ်အောင်,

၂။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားများကို ပယ်နိုင်အောင်,

၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်လာအောင်,

၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများကို တိုးပွားအောင်

ကြိုးပမ်းရမည်သာ ဖြစ်၏။ လူသားတိုင်းတွင် စွမ်းအင်သတ္တိများ ရှိကြ၏။ ယင်း စွမ်းအင်သတ္တိများကို ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ပါက ယင်း စွမ်းအင်များက ဘုရားအဖြစ်သို့ ရောက်ရှိသည်တိုင်အောင်ပင် ပို့ဆောင်၍ ပေးနိုင်မည် ဖြစ်ပေသည်။ အခြားအခြားသော အရာဌာနမျိုးတို့သို့ ရောက်ရှိနိုင်ရေးကား ပြောဆိုဖွယ် ရာပင် မလိုတော့ချေ။ ဗုဒ္ဓဘုရားရှင်၏ ပါရမီ (၁၀)ပါးတို့တွင် ဝီရိယပါရမီသည်လည်း တစ်ပါး အပါအဝင်ပင် ဖြစ်ပေသည်။ ဤအချက်ကို နိဗ္ဗာန်ကို အလိုရှိသော သူတော်ကောင်းတိုင်းသည် မမေ့သင့်ပေ။

၅။ ပီတိ

ပီဏယတီတိ ပီတိ၊ သာ ---

၁။ သမ္ပိယာယနလက္ခဏာ၊

၂။ ကာယစိတ္တပီဏနရသာ၊ ဖရဏရသာ ဝါ၊

၃။ ဩဒဂျပစ္စုပဋ္ဌာနာ၊

၄။ အာရမ္မဏပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။ ဝိသုဒ္ဓိ၊၁၊၁၃၉။)

ကိုယ်စိတ်တို့ကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေတတ်သော သဘောတရားသည် ပီတိ မည်၏။

၁။ အာရုံကို နှစ်သက်ခြင်း (ချစ်မြတ်နိုးခြင်း) သဘော လက္ခဏ၊

၂။ (က) ကိုယ်စိတ်နှစ်ပါးကို နှစ်သက် ပြည့်ဖြိုး ပွားတိုးစေခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း --- မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်စိတ်တို့ကို ရွှင်လန်း တက်ကြွစေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (တစ်နည်း --- ဝတ္ထု, အာရုံ, ဖဿ) ပဒဋ္ဌာန်။

ထိုပီတိသည် (၅)မျိုး ရှိ၏။ ---

၁။ ခုဒ္ဒိကာပီတိ --- ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်း ထခြင်းမျှကိုသာလျှင် ပြုလုပ်ခြင်းငှာ စွမ်းနိုင်သော ပီတိ၊

၂။ ခဏိကာပီတိ --- လျှပ်စစ် ပြက်သည်နှင့် တူသော ခဏခဏ ဖြစ်၍ ခဏခဏ ပျက်သော ပီတိ၊

၃။ ဩက္ကန္တိကာပီတိ --- လှိုင်းတံပိုးသည် သမုဒ္ဒရာကမ်းသို့ သက်ရောက်၍ သက်ရောက်၍ ပျက်သကဲ့သို့ တစ်ကိုယ်လုံးသို့ လွှမ်းမိုးသကဲ့သို့ သက်ရောက်၍ သက်ရောက်၍ ပျက်သောပီတိ၊

၄။ ဥဗ္ဗေဂါပီတိ --- ဤပီတိကား သန်မာ အားရှိ၏၊ ထိုပီတိ ကိန်းဝပ်ရာ ခန္ဓာကိုယ်ကို အထက်သို့ ပျံတက်သည် ကို ပြု၍ ကောင်းကင်၌ လေခတ်သော ဂွမ်းပုံကဲ့သို့ ခုန်လွှားပျံတက်စေခြင်း အတိုင်းအရှည်သို့ ရောက်စေ သော ပီတိ၊

၅။ ဖရဏာပီတိ --- ဥဗ္ဗေဂါပီတိထက် ကြာရှည်စွာ တစ်ကိုယ်လုံး၌ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို ပျံ့နှံ့ စိမ့်ဝင်စေသော ပီတိ၊

ဤသို့လျှင် ပီတိ (၅)မျိုးရှိပေသည်။ ထိုတွင် ဥဗ္ဗေဂါပီတိ၏ စွမ်းအင်ကို အဋ္ဌကထာတွင် အောက်ပါအတိုင်း တင်ပြထား၏။

ဥဗ္ဗေဂါပီတိ

ဤ ဥဗ္ဗေဂါပီတိသည် သန်မာအားရှိရကား ထိုပီတိ ကိန်းဝပ်ရာ ခန္ဓာကိုယ်ကို အထက်သို့ ပျံတက်သည်ကို ပြု၍ ကောင်းကင်၌ လေခတ်သော ဂွမ်းပုံကဲ့သို့ ခုန်လွှား ပျံတက်စေနိုင်သော စွမ်းအားရှိ၏။ ပုဏ္ဏဝလ္လိကအရပ်၌ နေလေ့ရှိသော မဟာတိဿမထေရ်မြတ်ကြီးသည် လပြည့်နေ့၌ ညချမ်းအခါဝယ် ပုဏ္ဏဝလ္လိကကျောင်းတိုက် အတွင်း၌ တည်ရှိသော စေတီရင်ပြင်သို့ သွား၍ လရောင်ကို ကြည့်၍ မဟာစေတီသို့ ရှေးရှူသည်ဖြစ်၍ ဤအချိန် အခါ၌ ရဟန်းယောက်ျားပရိသတ်, ရဟန်းမိန်းမပရိသတ်, ဥပါသကာပရိသတ်, ဥပါသိကာမပရိသတ်ဟူသော ပရိသတ် (၄)မျိုးတို့သည် မဟာစေတီတော်မြတ်ကြီးကို ရှိခိုးနေကြလေယောင်တကား၊ ရှေးယခင်အခါတုန်းက ပင်ကိုယ်ပကတိအားဖြင့် မြင်အပ်ပြီးသော အာရုံ၏ အစွမ်းဖြင့် ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိကို ဖြစ်စေ၍, အင်္ဂတေအပြင်၌ ပေါက်လိုက်သောကတ္တီပါဘောလုံးသည် မြေကမာသဖြင့် အထက်သို့ မြောက်တက်လာသကဲ့သို့ ကောင်းကင်၌ ပျံတက်၍ မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌သာလျှင် ရပ်တည်ခဲ့ဖူးလေပြီ။ (အဘိ၊ဋ္ဌ၊၁၊၁၅၉။)

တစ်ဖန် ဂိရိကဏ္ဍကကျောင်းတိုက်ကြီး၏ အမှီပြုရာ ဆွမ်းခံရွာဖြစ်သော ဝတ္တဂါလကရွာ၌ တစ်ဦးသော အမျိုးသမီးသည်လည်း အလွန်အားကောင်းသော အလွန်အားရှိသော ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိ၏ စွမ်းအားကြောင့် ကောင်းကင်၌ ပျံတက်ခဲ့ဖူးလေပြီ။ အကျယ်မှာ ဤသို့ဖြစ်၏ ---

ထိုအမျိုးသမီး၏ မိဘနှစ်ပါးတို့သည် ညချမ်းအခါ၌ တရားတော်ကို နာယူရန်အလို့ငှာ ဂိရိကဏ္ဍကတောင် ပေါ်၌ တည်ရှိသော ဂိရိကဏ္ဍကကျောင်းတိုက်သို့ သွားခါနီး ဖြစ်ကုန်လတ်သော် --- ချစ်သမီး ...သင်သည် လေးလံသော ကိုယ်ဝန်ရှိ၏၊ အခါမဲ့ ညအခါ၌ လှည့်လည်ခြင်းငှာစွမ်းနိုင်မည်ကား မဟုတ်၊ ငါတို့သည် သင့်အတွက် ကုသိုလ်အဖို့အစုကို ပြု၍ တရားတော်ကို နာယူခဲ့ကြပါကုန်အံ့ --- ဟု ပြောဆို၍ ထွက်ခွာသွားကြ၏။

ထိုအမျိုးသမီးသည် လိုက်လိုပါသော်လည်း ထိုမိဘတို့၏ စကားကို ပယ်မြစ်ခြင်းငှာ မစွမ်းနိုင်သည် ဖြစ်၍ အိမ်၌ ကျန်ရစ်ခဲ့ရ၏၊ အိမ်တံခါး၌ ရပ်တည်၍ လရောင်ဖြင့် ဂိရိကဏ္ဍက တောင်ပေါ်ကျောင်းတိုက်အတွင်း တောင်ထိပ်၌ တည်ရှိသော စေတီတော်အား ဆီမီးဖြင့် ပူဇော်နေသည်ကို လှမ်းမြင်ရ၏၊ ပရိသတ် (၄)ပါးတို့သည် လည်း ပန်းနံ့သာ အစရှိသော ပူဇော်ဖွယ်ဝတ္ထုတို့ဖြင့် စေတီတော်ကို ပူဇော်မှုကို ပြုကြ၍ လက်ယာရစ် လှည့်လည် နေသည်တို့ကို တွေ့မြင်နေ၏၊ ရဟန်း သံဃာတော်အပေါင်း၏ တရားတော်ကို စုပေါင်း ရွတ်ဖတ် ပူဇော်နေသော အသံတော်ကိုလည်း ကြားနေရ၏။

ထိုအခါ၌ ထိုအမျိုးသမီး၏ သန္တာန်ဝယ် ဤသို့ အကြံဖြစ်၏ --- အကြင်သူတို့သည် ကျောင်းတိုက်သို့သွား၍ ဤသို့သဘောရှိသော စေတီရင်ပြင်တော်၌ လှည့်လည် ဖူးမြော်ခွင့်ကိုလည်းကောင်း, ဤသို့သဘောရှိသော ချိုမြိန် ကောင်းမြတ်သော အရသာနှင့် တူသော တရားစကားတော်ကို နာကြားခွင့်ကိုလည်းကောင်း ရရှိကြကုန်၏၊ ဤ ကဲ့သို့သော မွန်မြတ်သော အခွင့်ထူးကြီးကို ရရှိကြကုန်သော ဤလူသားတို့သည် ဘုန်းကံရှိကြပါပေကုန်စွ ဤသို့ သော စိတ်အကြံသည် ဖြစ်ပေါ်လာ၏။

ထိုအခါ ပုလဲအစုအပုံကြီးနှင့် တူသော စေတီတော်မြတ်ကြီးကို လှမ်း၍ ဖူးမြော်စဉ်မှာပင်လျှင် အထက်သို့ ပျံတက်နိုင်သော စွမ်းဟုန်ရှိသော ဥဗ္ဗေဂါပီတိသည် ထင်ရှားဖြစ်ပေါ်ခဲ့လေပြီ။ ထိုအမျိုးသမီးသည် ကောင်းကင်၌ ပျံတက်၍ မိဘတို့၏ ရှေးဦးစွာပင်လျှင် ကောင်းကင်ခရီးမှ စေတီရင်ပြင်တော်၌ သက်ဆင်း၍ စေတီတော်ကို ရှိခိုး၍ တရားတော်ကို နာကြားလျက် ရပ်တည်နေလေ၏။ (မိဘတို့က တောင်ပေါ်ကျောင်းသို့ တက်နေရသော ကြောင့် နောက်ကျနေ၏။)

အမျိုးသမီးငယ် တောင်ပေါ်သို့ ရောက်ရှိပြီးနောက် မိဘတို့ တောင်ပေါ်သို့ ဆိုက်ရောက်လာသောအခါ ထိုအမျိုးသမီးကို မိဘတို့က လာမေးကြ၏ -- ချစ်သမီး ...သင်သည် အဘယ်လမ်းဖြင့် လာသနည်း၊ -- ဟု မေးကြ၏။

ကောင်းကင်ခရီးဖြင့် လာခဲ့ပါ၏၊ သွားရိုးမြေလမ်းဖြင့် လာခဲ့သည် မဟုတ်ပါဟု အဖြေပေးလိုက်၏။

ချစ်သမီး ...ကောင်းကင်ခရီးဖြင့် သွားလာခြင်းမည်သည်ကို ရဟန္တာပုဂ္ဂိုလ်တို့သာ လှည့်လည်တော် မူကြကုန်၏၊ သင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရောက်ရှိလာပါသနည်း --- ဟု မေးမြန်းကြ၏။

ကျွန်တော်မ၏ (ကျွန်တော်မသည်) လရောင်အောက်တွင် တင့်တယ်စမ္ပာယ်စွာ တည်နေတော်မူသော စေတီတော်ကို ဖူးမြော်လျက် ရပ်တည်နေလတ်သော် ဘုရားဂုဏ်လျှင် အာရုံရှိသော အလွန်အားကောင်းသော အလွန် အင်အားပြည့်ဝစုံညီလျက် ရှိသော ပီတိသည် တဖွားဖွား ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ကျွန်တော်မသည် မိမိ၏ မတ်မတ်ရပ်လျက် ရပ်တည်နေမှန်းကိုပင် မသိလိုက်ပါ၊ ထိုင်နေမှန်းကိုပင် မသိလိုက်ပါ၊ စင်စစ်မှာမူ ယူထား အပ်ပြီးသော ဘုရားဂုဏ်တော် အာရုံဖြင့်သာလျှင် ကောင်းကင်သို့ ပျံတက်၍ စေတီတော်မြတ်၏ ရင်ပြင်တော် ပေါ်၌ ရပ်တည်လာပါ၏ဟု ပြောပြ၏။

ဤသို့လျှင် ဥဗ္ဗေဂါပီတိသည် ကောင်းကင်၌ ပျံတက်စေခြင်းတည်းဟူသော အတိုင်းအရှည် ပမာဏ ရှိပေ သည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၉-၁၆၀။)

ဖရဏာပီတိ --- ဖရဏာပီတိကား ဥဗ္ဗေဂါပီတိထက် ကြာရှည်စွာ တစ်ကိုယ်လုံး၌ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို ပျံ့နှံ့စိမ့်ဝင်စေသော ပီတိ ဖြစ်၏၊ ဤဖရဏာပီတိသည် ဖြစ်ပေါ်လာလတ်သော် ယင်းပီတိ ကိန်းဝပ် ရာ ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် လေဖြင့်မှုတ်၍ ပြည့်စေအပ်သော စည်ပေါင်းကဲ့သို့လည်းကောင်း, ကြီးစွာသော တောင်ကျချောင်းရေအလျဉ်သည် ပြေးဝင် စီးဝင်အပ်သော တောင်ဝှမ်းကဲ့သို့လည်းကောင်း အစဉ်မပြတ် ထက်ဝန်းကျင်မှ တွေ့နှံ့အပ်၏ = ထိုပီတိနှင့်ယှဉ်သော စိတ်ကြောင့် ဖြစ်သော ပဏီတ စိတ္တဇရုပ်တို့သည် တစ်ကိုယ် လုံး၌ အစဉ်မပြတ် ထက်ဝန်းကျင် အနှံ့အပြား တွေ့ထိနေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ခုဒ္ဒိကာပီတိကား လျင်လျင်မြန်မြန် ကြက်သီးမွေးညင်းထခြင်းကို ပြု၍ ပျက်ခဲ့သော် တစ်ဖန် ပြန်မပေါ်လာတော့ပေ။ တစ်ကြိမ်တစ်ခါလောက်သာ ဖြစ်တတ်သော ပီတိတည်း။ ခဏိကာပီတိကား အကြိမ်များစွာ ဖြစ်တတ်၏။ ဥဗ္ဗေဂါပီတိထက် ဖရဏာပီတိသည် ပို၍ ငြိမ်သက်ရကား တုန်လှုပ်မှု မရှိသောကြောင့်လည်းကောင်း, ကြာမြင့်စွာတည်ခြင်းသဘော ရှိသောကြောင့်လည်းကောင်း သာ၍ မွန်မြတ်၏ = ပဏီတ တရ ဖြစ်၏။

ထို (၅)မျိုးသော ပီတိသည် ကိုယ်ဝန်ကို ယူလတ်သော် = ကိုယ်ဝန် တည်လတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယပဿဒ္ဓိ = စေတသိက်တို့၏ ငြိမ်းအေးခြင်း, စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းအေးခြင်း ဟူ သော နှစ်မျိုးသော ပဿဒ္ဓိကို ပြည့်စုံစေ၏၊ (ပီတိသည် ရင့်ကျက်လာလျှင် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်သော ကြောင့် ထိုပဿဒ္ဓိ ဖြစ်ဖို့ရန် ရင့်ကျက်နေသည်ကိုပင် ပီတိက ပဿဒ္ဓိဟူသော သားကို မွေးဖွားရန် ကိုယ်ဝန်ကို ယူသည်ဟု ဆိုသည်။) ပဿဒ္ဓိသည် ကိုယ်ဝန်ကို ယူလတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယိကသုခ စေတသိကသုခဟု နှစ်မျိုးပြားသော ချမ်းသာသုခကို ပြည့်စုံစေ၏။ သုခသည် ကိုယ်ဝန်ကို ယူလတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟု (၃)မျိုးပြားသော သမာဓိကို ပြည့်စုံ စေတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၉-၁၄၀။ အဘိ၊ဋ္ဌ၊၁၊၁၅၉-၁၆၀။)

ပီတိနှင့် သုခ

ပီဏနရသာတိ ပရိဗြူဟနရသာ။ ဖရဏရသာတိ ပဏီတရူပေဟိ ကာယဿ ဗျာပနရသာ။ (မဟာဋီ၊၁၊၁၆၈။)

ပီတိသည် ကိုယ်စိတ်နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေခြင်းကိစ္စ = မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးကို ပျံ့နှံ့စေခြင်းကိစ္စ ရှိရကား ပီတိ ဖြစ်သည့်အခါ ပွင့်လန်းသော ပဒုမ္မာကြာပန်းကဲ့သို့ စိတ်ဓာတ် သည်လည်း ပွင့်လန်း တိုးပွားလာ၏၊ ပီတိနှင့်ယှဉ်သော ရွှင်လန်းသော စိတ်ဓာတ်ကြောင့် စိတ္တဇရုပ်များသည် တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်ပေါ်လျက်ရှိ၏၊ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်များတည်း။ ယင်း ပဏီတ စိတ္တဇ ရုပ်တို့၏ တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်နေမှုကိုပင် --- အကျိုး စိတ္တဇရုပ်တို့၏ ပျံ့နှံ့မှုကို အကြောင်း ပီတိ အပေါ်၌ (ပီတိနှင့်ယှဉ်သော စိတ်အပေါ်၌) တင်စား၍ ဖလူပစာရအားဖြင့် ပီတိသည် တစ်ကိုယ်လုံး၌ ပျံ့နှံ့သည် စိ့မ်ဝင်သည်ဟု ဆိုသည်။ ယင်းသို့ ပီတိသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ စိမ့်ဝင်နေသဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး သည် မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ဖြင့် စည်ပင် တိုးပွား၍ နေလေသည်ဟု ဆိုရပေသည်။ (ပီတိကား ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နိုင်သော တရားဖြစ်သည်ကို သတိပြုပါ။)

စေတသိကသုခ အမည်ရသော သုခဝေဒနာကား --- မိမိကိန်းရာ သတ္တဝါနှင့် သမ္ပယုတ်တရားတို့ကို အာရုံကို သာယာစေတတ်သော သဘောလက္ခဏာ ရှိ၍ --- သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းကိစ္စ, သမ္ပယုတ် တရားတို့ကို ချီးမြှောက်ခြင်း ပစ္စုပဋ္ဌာန် ရှိပေသည်။

ထိုပီတိနှင့် သုခတို့၏ အချို့သောစိတ်၌ မကွေမကွာယှဉ်ခြင်း ရှိပါသော်လည်း ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် နှစ်သက်ခြင်း သဘောတရားကား ပီတိတည်း။ ရအပ်ပြီးသော ထိုဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောကား သုခတည်း။ အကြင်စိတ်၌ ပီတိ ရှိ၏၊ ထိုစိတ်၌ သုခလည်း ရှိ၏၊ အကြင်စိတ်၌ သုခ ရှိ၏၊ ထိုစိတ်၌ မြဲသောအားဖြင့် ပီတိသည် မရှိတတ်ပေ။ ပီတိကို သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူ ရေတွက်အပ်၏။ သုခကို ဝေဒနာက္ခန္ဓာဖြင့် သိမ်းယူ ရေတွက်အပ်၏။ ကန္တာရခရီးခဲ၌ ပင်ပန်း နွမ်းနယ်နေသူ၏ တောအုပ်ကြီးနှင့် ရေရှိရာ ဇာတဿရအိုင်ကြီး အကြောင်းကို ကြားရခြင်း မြင်ရခြင်းတို့၌ နှစ်သက်ကျေနပ်မှု ရရှိခြင်းကား ပီတိတည်း။ တောရိပ်သို့ ဝင်ရခြင်း ရေကို သုံးဆောင်ရခြင်းတို့၌ နှစ်သက်ကျေနပ်မှု ရရှိခြင်းကား ပီတိတည်း။ တောရိပ်သို့ ဝင်ရခြင်း ရေကို သုံးဆောင် ရခြင်းတို့၌ ရရှိသော ချမ်းသာမှုကား သုခတည်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ပစ္စုပဋ္ဌာန် --- လက္ခဏ ရသတို့ကား ထင်ရှားသိသာပြီ။ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ်ရာ၌ မရဖူးသေးသော သမာဓိများကို ရရှိလာသောအခါ, မရဖူးသေးသော ဝိပဿနာဉာဏ်များ ကို ရရှိလာသောအခါ မသိဖူးသေးသော တရားများကို သိရှိခွင့် ရလာသောအခါ နှစ်သက်ရွှင်မျှို့ ပီတိဆို့နေတတ်၏။ မျက်ရည်များ ကျလာတတ်၏၊ ဝမ်းသာသောမျက်ရည် ကြည်နူးသောမျက်ရည် နှစ်သက်သောမျက်ရည်များတည်း။ ကိုယ်ပြုံးစိတ်ပြုံး ဤနှစ်ပြုံးဖြင့် တပြုံးပြုံး တရွှင်ရွှင် ဖြစ်ကာ ဘာဝနာလုပ်ငန်းရပ်၌ ကိုယ်ရောစိတ်ပါ အလွန် တက်တက်ကြွကြွ ဖြစ်နေတတ်၏၊ ယင်းသို့ဖြစ်မှုမှာ ပီတိကြောင့် ဖြစ်ပေါ်လာရသဖြင့် ဤအခါမျိုးတွင် ပီတိ၏ ဩဒဂျပစ္စုပဋ္ဌာန် = ကိုယ်စိတ်တို့ကို ရွှင်လန်းတက်ကြွစေတတ်သော သဘောတရားများသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အလွန် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။

ပဒဋ္ဌာန် --- ပဒဋ္ဌာန်ကို အဋ္ဌကထာများ၌ သီးသန့့် ဖော်ပြထားမှု မရှိပေ။ သို့အတွက် အာရမ္မဏ ပဒဋ္ဌာနံ-ဟု အာရုံကိုပင် ပဒဋ္ဌာန်အဖြစ် ထည့်သွင်း ဖော်ပြထားပါသည်။ တစ်နည်းဆိုရသော် --- (၁) ဝတ္ထု, (၂) အာရုံ, (၃) ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများသည်ပင် ပဒဋ္ဌာန် ဖြစ်သည်။

ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ဖြစ်စေ၊ ဒါန သီလသမထ ဝိပဿနာဘာဝနာရေးများ၌ ဖြစ်စေ ဝီရိယသန်သန်ဖြင့် မှန်မှန်ကြီး ကြိုးစားသူတို့သည် တစ်နေ့နေ့၌ မိမိရည်ရွယ်သလောက် ပေါက်ရောက် အောင်မြင် သော အကျိုးတရားကို ရရှိသွားကြ၏၊ ထိုအခါ မိမိ၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းရပ်များကို ကြည့်၍ ပီတိ ဖြစ်နေတတ်လေသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည်ပင် မဟာဗောဓိပလ္လင်တော်မှ ထတော်မူပြီးနောက် ကိလေသာအားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင်အရပ်ကို ကျေနပ်သော လက္ခဏာ လွန်စွာ နှစ်သက်သော ပီတိဖြင့် (၇)ရက်ပတ်လုံး မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်ရှုတော်မူခဲ့ဖူးလေသည်။

တရားဘာဝနာကို လေ့လာလိုက်စားသူ ယောဂီသူတော်စင်တို့သည်လည်း တရားကို သဘောကျ၍ အောင် မြင်မှုကို ရရှိလာသောအခါ ထိုင်ရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်လေသည်။ ဤသို့လျှင် ဝီရိယရှင် တို့၌ မြင့်မြတ်သော ပီတိများသည်လည်း များစွာ ဖြစ်ထွန်း ပေါ်ပေါက်၍လာတတ်ပေသည်။

အဖိုးတန်သော ပီတိ တစ်မျိုး --- သူတော်ကောင်းတစ်ဦးသည် ဘဝတစ်လျှောက်တွင် မိမိ ပြုစုပျိုးထောင်မိ ခဲ့သော ဒါန သီလ သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့တွင် တစ်ခုခုသော ကုသိုလ်ကို သေခါနီး မရဏာသန္န အခါဝယ် ပြန်လည်၍ ဆင်ခြင်နိုင်၏ အမှတ်ရနိုင်၏ အောက်မေ့နိုင်၏ အာရုံယူနိုင်၏။ ထိုသို့ အာရုံယူနိုင်သဖြင့် အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ခဲ့သော မိမိ၏ ကောင်းမှုကုသိုလ်ကို အာရုံပြု၍ နှစ်သက် ဝမ်းမြောက်မှု ပီတိပန်းများ ပွင့်လန်းဝေဆာလျက် ဘဝကို အဆုံးသတ်နိုင်ခဲ့လျှင်ကား သံသရာခရီးကို အဆုံးမသတ်နိုင်သေးသည့် သူတော်ကောင်းများအဖို့ ထိုပီတိမှာ တန်ဖိုးမဖြတ်နိုင်သော တရားပင် ဖြစ်သည်။

ဤသာသနာတော်တွင် (၅)နှစ်သားအရွယ်၌ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူသော ပဉ္စသီလသမာဒါနိယမထေရ်အလောင်း သူတော်ကောင်းသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်း ပေါ်ပေါက်တော်မူခဲ့သော အနောမဒဿီဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ အနှစ်တစ်သိန်းတို့ ကာလ ပတ်လုံး ငါးပါးသီလကို မကျိုးမပေါက် မပြောက်မကျားအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့၏။ သေခါနီးကာလဝယ် အနှစ်တစ်သိန်းတို့ ကာလပတ်လုံး ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မိမိ၏သီလကို ပြန်လည် ဆင်ခြင်လိုက်သောအခါ တစ်ကြိမ်တစ်ခါမျှသော်လည်း ထိုသီလ၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုကို မတွေ့ရှိရသဖြင့် အလွန် အားရ ရွှင်လန်းသည့် ပီတိပန်းများသည် ပွင့်လန်းလျက် လာရှိပေ၏။ ပီတိ ပြဓာန်းသည့် သီလကို အာရုံပြုနေသည့် ကုသိုလ်ဇောများက မရဏာသန္နဇော၏ နေရာကို အရယူသွားနိုင်ခဲ့၏။ နတ်ရွာသုဂတိသို့ ရောက်ရှိသွား၏။ ထို သီလကုသိုလ်ကြောင့် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး အပါယ်လေးဘုံသို့ တစ်ကြိမ်တစ်ခါမျှ သော်လည်း မလားမရောက်ရဘဲ လူြ့ပည် နတ်ပြည်တို့၌သာ စုန်ဆန် ကျင်လည်ခဲ့ရ၏။ သံသရာတစ်လျှောက်၌ ဘဝတိုင်း ဘဝတိုင်းဝယ် ရုပ်အဆင်း လှပတင့်တယ်သူ, စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူ, ပညာဉာဏ်ကြီးမားသူသာ ဖြစ်ခဲ့ရ၏။ လူသားတိုင်း သတ္တဝါတိုင်း လိုလားတောင့်တသော အရာများပင် ဖြစ်ကြ၏။ သံသရာခရီး၌ ကျင်လည် နေရသော အသင်သူတော်ကောင်းသည်လည်း ဤကဲ့သို့ မွန်မြတ်သော အကျိုးထူးများကို ပေးနိုင်သည့် စွမ်းအင် အပြည့်အဝ ရှိသော ဤကဲ့သို့သော သီလကို အဘယ်ကြောင့် မကျိုးမပေါက် မပြောက်မကျားအောင် မထိန်းသိမ်း မစောင့်ရှောက်ဘဲ နေထိုက်ပါအံ့နည်း။ (အပဒါန်၊၁၊၈၄။)

၆။ ဆန္ဒ

ဆန္ဒောတိ ကတ္တုကာမတာယေတံ အဓိဝစနံ၊ တသ္မာ သော ---

၁။ ကတ္တုကာမတာလက္ခဏော ဆန္ဒော၊ (ကတ္တုကမျတာလက္ခဏော ဆန္ဒော။)

၂။ အာရမ္မဏပရိယေသနရသော၊

၃။ အာရမ္မဏေန အတ္ထိကတာပစ္စုပဋ္ဌာနော၊

၄။ တဒေဝဿ ပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၇၆-၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ဤ ဆန္ဒဟူသည် အာရုံကို ပြုခြင်းငှာ = ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်၏ အမည်တည်း။ အာရုံ တစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်း သဘောသည် ဆန္ဒတည်း။

၁။ အာရုံကို ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်ဟူသော သဘော

= အာရုံကို ပြုလုပ်လိုခြင်း သဘော (လိုလားတောင့်တခြင်း သဘော) လက္ခဏ၊

၂။ အာရုံကို ရှာမှီးခြင်း (ကိစ္စ) ရသ၊

၃။ အာရုံကို အလိုရှိသော သဘောတရား = အာရုံကို လိုလားတောင့်တမှု သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ထို အလိုရှိအပ်သော အာရုံ ပဒဋ္ဌာန်။

လက္ခဏ --- ဆန္ဒနံ ဆန္ဒော၊ အာရမ္မဏေန အတ္ထိကတာ။ (မဟာဋီ၊၂၊၁၄၆။)

ဆန္ဒော ကာမော --- (အဘိ၊၂၊၂၆၆။) စသော ပါဠိတော်တို့၌ တဏှာကို ဆန္ဒဟု ဘုရားရှင်သည် ဟောကြား ထားတော်မူ၏။ ။ဆန္ဒံ ဇနေတိ ဝါယမတိ --- (အဘိ၊၂၊၂၅၅။) စသော ပါဠိတော်တို့၌ ဝီရိယကိုလည်း ဆန္ဒဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ထိုတဏှာနှင့် ဝီရိယကို နစ်စေလို၍ --- ကတ္တုကာမတာ ယေတံ အဓိဝစနံ = အာရုံကို ပြုလုပ်လိုမှု သဘော အာရုံကို လိုလားတောင့်တမှု သဘောသည် ဆန္ဒ မည်ပေသည်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ကတ္တုကာမတာ --- ဟူသည် အာရုံကို ပြုခြင်းငှာ အလို ရှိမှု သဘော = ကရဏိစ္ဆာကို ဆိုလို၏။ ထို ကရဏိစ္ဆာကိုလည်း မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ဆက်လက်၍ ရှင်းပြထားတော်မူ၏။

စေတသိကဿ စ ဓမ္မဿ သာရမ္မဏတ္တာ ကရဏိစ္ဆာ နာမ အာလမ္ဗနဿ အာလမ္ဗိတုကာမတာမုခေနေဝ ဟောတီတိ အာရမ္မဏကရဏိစ္ဆာလက္ခဏော ဆန္ဒော ကတ္တုကာမတာလက္ခဏော ဝုတ္တော။ (မဟာဋီ၊၂၊၁၄၆၊၊)

မာတိကာပါဠိတော်ဝယ် ဘုရားရှင်သည် ပရမတ္ထဓာတ်သားတို့ကို သာရမ္မဏာဓမ္မာ အနာရမ္မဏာဓမ္မာဟု နှစ်စုခွဲ၍ ဟောကြားတော်မူခဲ့၏။ စိတ်စေတသိက်တရားစုတို့ကား အာရုံကို ယူတတ်သည့် သာရမ္မဏတရားစုတွင် ပါဝင်ကြ၏။ ဆန္ဒစေတသိက်သည်လည်း အာရုံကို ယူတတ်သည့် သာရမ္မဏတရားစုတွင် ပါဝင်သော စေတသိက် တစ်ခုပင် ဖြစ်၏။ ယင်း ဆန္ဒစေတသိက်သည် အာရုံကို ယူတတ်သည့် သာရမ္မဏဓမ္မ ဖြစ်ခြင်းကြောင့် အာရုံကို ပြုလုပ်လိုခြင်း ပြုလိုခြင်း ကရဏိစ္ဆာ မည်သည် အာရုံကို ဆွဲကိုင်ခြင်း အာရုံပြုခြင်းငှာ အလိုရှိသည်၏ အဖြစ်ကို ေ့ရှသွားပြုသဖြင့်သာလျှင် ဖြစ်သော သဘောတရားတည်း။ ထိုကြောင့် အာရုံပြုလိုခြင်း လက္ခဏာရှိသော ဆန္ဒကို ကတ္တုကာမတာလက္ခဏ = အာရုံကို ပြုလုပ်လိုခြင်း လက္ခဏာရှိ၏ဟု ဆိုပေသည်။

ကတ္တုကာမတာ --- ဝယ် ကတ္တု၌ ကရ-ဓာတ်သည် အလုံးစုံသော ဓာတ်၌ နှံ့ရကား ---

၁။ ရူပါရုံကို မြင်မှုကို ပြုလိုခြင်း = မြင်လိုခြင်း

၂။ သဒ္ဒါရုံကို ကြားမှုကို ပြုလိုခြင်း = ကြားလိုခြင်း

၃။ ဂန္ဓာရုံကို နမ်းရှူမှုကို ပြုလိုခြင်း = နမ်းရှူလိုခြင်း

၄။ ရသာရုံကို အရသာခံစားမှုကို ပြုလိုခြင်း = အရသာခံလိုခြင်း = စားလို ခဲလို သောက်လို လျက်လိုခြင်း

၅။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိမှုကို ပြုလိုခြင်း = တွေ့ထိလိုခြင်း

၆။ ဓမ္မာရုံကို သိမှုကို ပြုလိုခြင်း = သိလိုခြင်း

ဤသို့ အာရုံ (၆)ပါးလုံးကို ပြုလုပ်လိုခြင်း အာရုံပြုလိုခြင်းသည် ဆန္ဒ၏ သဘောလက္ခဏာတည်း။ သို့သော် ဆန္ဒ၏ အာရုံကို ပြုလုပ်လိုခြင်း အာရုံပြုလိုခြင်း သဘောသည် လောဘ၏ အာရုံကို လိုချင်ပုံကဲ့သို့ သာယာငြိကပ် တပ်မက်ခြင်း သဘောမျိုး မဟုတ်ပေ။ လောဘနှင့် ဆန္ဒတို့သည် သဘောတရားချင်း ကွာဟသော်လည်း အတူ ယှဉ်တွဲ၍ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖြစ်နိုင်ကြသည်သာ ဖြစ်၏။

လောဘဖြစ်လောက်သည့် လောဘနေယျ အာရုံ ကာမဂုဏ်ကို အလိုရှိရာ၌ကား လောဘက ပြဓာန်း၍ လောဘသဘောသို့ ဆန္ဒက လိုက်လျောရပေသည်။ လောဘက အာရုံကို သာယာငြိကပ် တပ်မက်မှုသဘောဖြစ်၍ ဆန္ဒက ယင်းအာရုံကို အလိုရှိမှုသဘော = သာယာ ငြိကပ် တပ်မက်လိုမှုသဘောတည်း။

အလားတူပင် ဒေါသ စသည်နှင့် ယှဉ်တွဲရာ၌လည်း ဆန္ဒသည် ဒေါသ စသည့် သဘောသို့ လိုက်လျောရ ပေသည်။ ဒေါသက စိတ်ခက်ထန် ကြမ်းတမ်းမှုသဘော, ဆန္ဒက စိတ်ခက်ထန် ကြမ်းတမ်းလိုမှုသဘောတည်း။ ဤသဘောတရားများကိုပင် နားလည်လွယ်အောင် အောက်ပါအတိုင်း မှတ်ပါ။

လောဘနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို လောဘ ဖြစ်လိုမှုသဘော၊

ဒိဋ္ဌိနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (လောဘ) ဒိဋ္ဌိ ဖြစ်လိုမှုသဘော၊

မာနနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (လောဘ) မာန ဖြစ်လိုမှုသဘော၊

ဒေါသနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို ဒေါသ ဖြစ်လိုမှုသဘော၊

ဣဿာနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) ဣဿာ ဖြစ်လိုမှုသဘော၊

မစ္ဆရိယနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) မစ္ဆရိယ ဖြစ်လိုမှုသဘော၊

ကုက္ကုစ္စနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) ကုက္ကုစ္စ ဖြစ်လိုမှုသဘော၊

ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်တွင် သဘောပေါက်ပါ။

အလားတူပင် အကောင်းအုပ်စုဘက်၌လည်း ဒါန သီလ စသည်တို့ကဲ့သို့သော သဒ္ဓါပြဓာန်းသော လုပ်ငန်း ရပ်တို့၌ သဒ္ဓါပြဓာန်းသော စိတ်အစဉ်တို့၌ သဒ္ဓါနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို သဒ္ဓါ ဖြစ်လိုမှုသဘောဟုလည်း ကောင်း၊ သမာဓိထူထောင်သည့် အပိုင်းဝယ် သမာဓိပြဓာန်းသော စိတ်အစဉ်၌ သမာဓိနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို သမာဓိ ဖြစ်လိုမှုသဘောဟုလည်းကောင်း၊ ပညာစခန်းဝယ် ပညာပြဓာန်းသော စိတ်အစဉ်၌ ပညာနှင့် ယှဉ်တွဲနေသော ဆန္ဒကို ပညာ ဖြစ်လိုမှုသဘောဟုလည်းကောင်း (= စက္ခုအကြည်ဓာတ်ကို ထွင်းဖောက်သိလိုမှု၊ ရုပ်တရားကို ထွင်းဖောက်သိလိုမှု၊ နာမ်တရားကို ထွင်းဖောက်သိလိုမှု၊ အကြောင်းတရား အကျိုးတရားတို့ကို ထွင်းဖောက်သိလိုမှု၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို ထွင်းဖောက်သိလိုမှု --- ဤသို့စသည့် ထိုးထိုးထွင်းထွင်း သိလိုမှု သဘောတရားများသည် ပညာနှင့် ယှဉ်တွဲနေသော ဆန္ဒ၏ သဘောများတည်း။) ဝီရိယနှင့် ယှဉ်တွဲနေသော ဆန္ဒကို ဝီရိယ ဖြစ်လိုမှုသဘောဟုလည်းကောင်း ဤသို့စသည်ဖြင့်လည်း သဘောပေါက်ပါလေ။

ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် --- ဆန္ဒ၏ အာရုံကို ပြုလုပ်လိုခြင်း အာရုံကို ပြုလိုခြင်း သဘောလက္ခဏာ ရှိသောကြောင့်ပင်လျှင် ဆန္ဒသည် အာရုံကို ရှာမှီးခြင်း လုပ်ငန်းကိစ္စ, အာရုံကို လိုလားတောင့်တမှု ပစ္စုပဋ္ဌာန်လည်း ရှိရပေသည်။ အလိုရှိအပ်သော အာရုံသည်ပင် ဆန္ဒဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းလည်း ဖြစ်ရပေသည်။

လက်လှမ်းပုံ --- အာရမ္မဏဂ္ဂဟဏေ အယံ စေတသော ဟတ္ထပ္ပသာရဏံ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ဤ ဆန္ဒကို အာရုံကို ယူခြင်း၌ စိတ်၏ လက်ကို ဆန့်တန်းခြင်းနှင့် = လက်လှမ်းခြင်းနှင့် တူ၏ ဟူ၍ မှတ် သားပါ။ ဆန္ဒ၏ အာရုံကို လိုလားတောင့်တမှုသည် စိတ်၏ အာရုံဘက်သို့ လက်လှမ်းနေပုံနှင့် တူလှပေသည် ဟူလိုသည်။ ဤစကားကား ဆန္ဒ၏ လိုလားတောင့်တပုံ ထင်ရှားစေရန် စိတ်၏ လက်မရှိသော်လည်း ဆန္ဒကို စိတ်၏ လက်ကဲ့သို့ တင်စား၍ ပြောဆိုသော တဒ္ဓမ္မူပစာစကားတည်း။

ဤ ဆန္ဒသဘောတရားသည်လည်း သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသောအခါ အလွန်ထင်ရှား၏။ ကလေးသူငယ် တစ်ဦးသည် ဖခင်၏လက်မှ မိခင်၏လက်သို့ လိုက်ချင်၍ လက်လှမ်း၏၊ ဤလိုက်ချင်မှုသည် ဆန္ဒတည်း။ ဟိုသွားချင်မှု သည်လာချင်မှု တစ်စုံတစ်ယောက်ကို တွေ့ချင်မှု မြင်ချင်မှု ကြားချင်မှု နာချင်မှု နမ်းချင်မှု စားချင်မှု ကိုင်ချင်မှု ထိချင်မှု တတ်သိနားလည်ချင်မှု အစုစုသည် ဆန္ဒချည်းတည်း။

သွာယံ ကုသလေသု ဥပ္ပန္နော ကုသလစ္ဆန္ဒောတိ ဝုစ္စတိ ယောနိသောမနသိကာရသမုဋ္ဌာနတ္တာ။ (မဟာဋီ၊၂၊၁၄၆။)

ဒါန ပြုလိုမှု၊ လှူချင်မှု၊ သီလ ဆောက်တည်လိုမှု၊ သီလ ခိုင်မြဲချင်မှု၊ သမာဓိကို ပွားများလိုမှု၊ ခိုင်မြဲသော သမာဓိကို လိုချင်မှု၊ ဝိပဿနာကို ပွားများလိုမှု၊ ဝိပဿနာဉာဏ်ကို လိုချင်မှု၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုမှု၊ နိဗ္ဗာန်ကို လိုချင်မှု၊ ဘုရား ဖြစ်ချင်မှု၊ ပစ္စေကဗုဒ္ဓါ ဖြစ်ချင်မှု၊ အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက ဖြစ်ချင်မှု၊ ရှင်ဘုရင် ဖြစ်ချင်မှု၊ သူဌေး ဖြစ်ချင်မှု၊ နတ် ဖြစ်ချင်မှု၊ ဗြဟ္မာ ဖြစ်ချင်မှု၊ ရသေ့ရဟန်း ဖြစ်ချင်မှု --- ဤသို့စသော ကုသိုလ်ရချင်မှု မှန်သမျှသည်လည်း ကုသလစ္ဆန္ဒပင်တည်း။ အကြောင်းမူ ထိုကုသိုလ်ဆန္ဒ = ကုသလစ္ဆန္ဒတို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိသောကြောင့် နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သော သူတော်ကောင်းတို့၏ သန္တာန်၌သာ ဖြစ်နိုင်သောကြောင့်တည်း။

တော်ရုံတန်ရုံ လိုချင်မှု၌ ဆန္ဒကား အားသေး၏ အားပျော့၏၊ မရမနေ လိုချင်မှု မဖြစ်မနေ လိုချင်မှုများ၌ ဆန္ဒကား အားကြီး၏၊ ခွန်အားကြီးမား၏။ ဤဆန္ဒကို အရင်းခံ၍ ဝီရိယသန်သန်ဖြင့် ပါရမီဖြည့်တော်မူသောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရား ဖြစ်တော်မူရ၏၊ ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူရ၏၊ အဂ္ဂသာဝက ဖြစ်တော်မူရ၏၊ မဟာသာဝက ဖြစ်တော်မူရ၏၊ ပကတိသာဝက ဖြစ်တော်မူရ၏။ လူ ဖြစ်ရ၏၊ နတ် ဖြစ်ရ၏၊ ဗြဟ္မာ ဖြစ်ရ၏။

ထိပ်တန်းသို့ရောက်ရန် အခြေခံဆန္ဒမျှ မရှိသေးလျှင် ထိပ်တန်းသို့ရောက်ရန် ထက်သန်သော လုံ့လဝီရိယကို မည်သူမျှ ပြုကြမည်ကား မဟုတ်။ သို့ဖြစ်၍ မွန်မြတ်သော အကျိုးကျေးဇူး တစ်ခုခုကို ရယူလိုသော ဆန္ဒဓာတ် ကိုကား ရှေးဦးစွာ ဖြစ်ပေါ်လာစေရ၏။ ဤဆန္ဒမျိုးကို အာသာဆန္ဒ = လိုလားတောင့်တမှုဟုလည်း ခေါ်ဆို၏။ ထိုနောက် အာသာဆန္ဒ ရှိရုံမျှဖြင့် ဆုတောင်းပန်ထွာနေရုံမျှဖြင့် မိမိမျှော်မှန်းထားသည့် အထက်တန်းကျသည့် ထိပ်တန်းဘဝသို့ မရနိုင်သေးကြောင်းကို နားလည်သဘောပေါက်လျက် စိတ်ပါလက်ပါ ဝီရိယစိုက်ထုတ်၍ ကြိုးပမ်း ရမည်သာ ဖြစ်၏။

သမ္မာသမ္ဗောဓိအလောင်းအလျာ ပစ္စေကဗောဓိအလောင်းအလျာ အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက ဟူသော သာဝကအလောင်းအလျာကြီးတို့သည်လည်း မိမိတို့မျှော်မှန်းထားသည့် ဗောဓိဉာဏ် အသီးအသီးကို ရရှိရေးအတွက် အလိုအာသာဆန္ဒ ပြင်းပြစွာဖြင့် ပါရမီ အလီလီတို့ကို ဖြည့်ကျင့်တော်မူရရိုး ဓမ္မတာသာ ဖြစ်ကြ၏။ ပါရမီအလီလီတို့ကို မဖြည့်ကျင့်ဘဲ ဗောဓိဉာဏ် အသီးအသီးကို ရရှိကြသူတို့ကား မဟုတ်ကုန်။ မိမိတို့ မျှော်မှန်းသည့် အထက်တန်းကျသည့် ဘဝကို ပါရမီတို့ကို အရင်းတည်၍ အရယူတော်မူနိုင်သူတို့သာ ဖြစ်ကြ၏။

ယခုကာလ လူ့ဘက် ရှင့်ဘက်၌ အထက်တန်းရောက်နေကြသူတို့သည်လည်း ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာ ပြီးစီးနိုင်သော မိုးကျရွှေကိုယ်တော်များကား မဟုတ်ကြချေ၊ အာသာဆန္ဒ အလိုက် ဝီရိယစိုက်လျက် ကြိုးပမ်းထားသူတွေသာ များကြ၏။ ထိုကြောင့် အလွန်ရခဲသော လူ့ဘဝကို ရှေးကံ ကောင်း ထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒ ထိပ်တန်းသို့ ရောက်လိုသော သဘာဝ ဓမ္မများ ကင်း၍ အဖျင်းအအ အပျင်းအနတွေသာ ဖြစ်နေကြပါလျှင် အပါယ်လေးဘုံက ဆီးကြိုလျက်သာ ရှိနေမည် ဖြစ်ပေသည်။ ထိုကြောင့် မိမိကိုယ်ကို ယခုဘဝ၌လည်း အထက်တန်းရောက် မဂ်လမ်းပေါက်အောင် နောင်သံသရာ ၌လည်း အထက်တန်းရောက် မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်င ဖြစ်စေကုန် ရာသည်။

ဆန္ဒဝတော ကိံ နာမ န သိဇ္ဈတိ = ဆန္ဒရှိသူမှာ မပြီးစီးနိုင်သော အရာမရှိ။

အာသာ ဖလဝတီ သုခါ = တောင့်တမှုသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏။

__________