မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/ဗြဟ္မဝိဟာရ စေတသိက်များ

ဝီကီရင်းမြစ် မှ

ဗြဟ္မဝိဟာရ စေတသိက်များ

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟု ဗြဟ္မဝိဟာရ စေတသိက် (၄)မျိုး ရှိ၏၊ ဗြဟ္မစိုရ်တရား လေးပါး ဟူ၍လည်း ခေါ်၏၊ အပ္ပမညာတရား လေးပါးဟူ၍လည်း ခေါ်၏။ ယင်းလေးမျိုးတို့တွင် မေတ္တာ၏ တရားကိုယ်မှာ အဒေါသစေတသိက်ပင် ဖြစ်သည်။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ အဒေါသတိုင်းကား မေတ္တာ မဟုတ်သဖြင့် မေတ္တာအဆင့်သို့ ရောက်နေသော အထူးသဖြင့် မေတ္တာစျာန်အဆင့်သို့ ရောက်နေသော အဒေါသ၏ လက္ခဏ ရသ စသည်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

မေတ္တာ (= အဒေါသ)

၁။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ မေတ္တာ၊

၂။ ဟိတူပသံဟာရရသာ၊

၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊

၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ။

ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိ၊ သိနေဟသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သတ္တဝါတို့၏ အကျိုးစီးပွားကိုကျင့်သော (လိုလားသော) အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော - လက္ခဏ၊

၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော ဂုဏ် ရှိ၏။ (သမ္ပတ္တိ) ရသ၊

၃။ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ် မနာပ အဖြစ်ကို ရှုသော ယောနိသောမနသိကာရ ပဒဋ္ဌာန်။

သတ္တဝါတို့ကို ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်း အေးခြင်းသည် ဤမေတ္တာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း။ ချစ်ခြင်းတဏှာ၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း၊၊ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

မေတ္တာမုခေန ဟိ ရာဂေါ ဝေဉ္ဇတိ = မေတ္တာကို ေ့ရှထား၍ ရာဂသည် လှည့်ပတ်တတ်၏၊ ရာဂက မေတ္တာ အယောင်ဆောင်၍ လှည့်ပတ်တတ်၏။ မေတ္တာပွားရင်း ရာဂ ဖြစ်လာခဲ့သော် မေတ္တာဘာဝနာ ပျက်စီးတော့၏ ဟူလိုသည်။

မေတ္တာ --- သိနိယှတီတိ ဧတ္ထ သတ္တေသု ဗျာပဇ္ဇနဝသေန လူခဘာဝဿ ပဋိပက္ခဘူတံ ဉာဏပုဗ္ဗင်္ဂမံ ဟိတာကာရပဝတ္တိဝသေန သိနေဟနံ ဒဋ္ဌဗ္ဗံ၊ န တဏှာယနဝသေန။ တံ ဟိ မောဟပုဗ္ဗင်္ဂမံ လုဗ္ဘနသဘာဝံ၊ ဣဒံ ပန အဒုဿနသဘာဝံ အလောဘသမ္ပယုတ္တံ။ (မဟာဋီ၊၁၊၃၇၈။)

သတ္တဝါတို့အပေါ်၌ ဖျက်ဆီးလိုခြင်း ဗျာပါဒ = ဒေါသ ဖြစ်ခြင်း အစေးဓာတ် အစိုဓာတ် မပါသော ခြောက် ကပ်ကပ်သဘော၏ ဆန့်ကျင်ဘက် ဖြစ်၍ ဉာဏ်ရှေးသွားရှိသော သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားသော အခြင်းအရာအားဖြင့် ဖြစ်သော သိနေဟ = အချစ်ကို ဤမေတ္တာအရာ၌ ဆိုလိုသော မေတ္တာဟု မှတ်ပါ။ တဏှာ၏ အစွမ်းဖြင့် ချစ်ခြင်း = သိနေဟကို မေတ္တာဟု မမှတ်အပ်။ မှန်ပေသည် --- ထိုတဏှာ၏ အစွမ်းဖြင့် ချစ်ခြင်း သိနေဟကား မောဟ = အသိမှားမှု = ယောက်ျား မိန်းမ စသည်ဖြင့် အသိမှားမှု ေ့ရှသွားခေါင်းဆောင် ရှိ၍ တစ်ဦးပေါ်တစ်ဦးက တပ်မက်ခြင်း လောဘသဘောတည်း။ ဤမေတ္တာကား သတ္တဝါတို့အပေါ်၌ မဖျက်ဆီးလို မပျက်စီးလိုသော မပြစ်မှားတတ်သော အဒုဿနသဘော ရှိ၍ မတွယ်တာ မတပ်မက်ခြင်း အလောဘနှင့် ယှဉ်တွဲ လျက် ရှိ၏။

မေးဖွယ် --- တဏှာချစ် = တဏှာသိနေဟသည်လည်း ဗျာပါဒ = ဒေါသနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ သို့မဟုတ် ဇောဝီထိတစ်ခု အတွင်း၌ အတူတကွ ယှဉ်တွဲ၍ မရပ်တည်ခြင်းကြောင့် ဗျာပါဒနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည် မဟုတ်ပါလားဟု မေးဖွယ် ရှိ၏။ အဖြေကား ဤသို့တည်း --- တဏှာချစ် = တဏှာသိနေဟသည် တစ်ခုသော စိတ္တက္ခဏ အတွင်း၌ သို့မဟုတ် တစ်ခုသော ဇောဝီထိအတွင်း၌ ဗျာပါဒဒေါသနှင့် အတူယှဉ်၍ မဖြစ်သည် မှန်သော်လည်း တဏှာသိနေဟကလည်း ဗျာပါဒကို မပယ်တတ်သည်၏ အဖြစ်ကြောင့်, ဗျာပါဒ ကလည်း တဏှာသိနေဟကို မပယ်တတ်သည်၏ အဖြစ်ကြောင့် ဆန့်ကျင်ဘက် ဝိရောဓိတရား မဟုတ်ပေ။ (မဟာဋီ၊၁၊၃၇၈။)

တရားကိုယ် --- သတ္တဝါတို့၏ အပေါ်၌ အကျိုးစီးပွားကို လိုလားတောင့်တသော ခန္ဓာအစဉ်သည် မိတ္တ မည်၏။ ထိုခန္ဓာအစဉ်၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် မိတ္တ အမည်ရသော သတ္တဝါတို့ အပေါ်၌ အကျိုးစီးပွား ကို လိုလားတောင့်တသော ခန္ဓာအစဉ်၌ ဖြစ်သောတရားသည် = အဒေါသသည် မေတ္တာ မည်၏။ တစ်နည်း -ချစ်ခင်အပ်သော လေးစားအပ်သော ပိယပုဂ္ဂိုလ်သည် မိတ္တ မည်၏။ ထိုမိတ္တ အမည်ရသော ပိယပုဂ္ဂိုလ်အာရုံ၌ ဖြစ်သော = ပိယပုဂ္ဂိုလ်ကို အာရုံပြု၍ ဖြစ်သော တရားသည် = အဒေါသသည် မေတ္တာ မည်၏။ တစ်နည်း --- ဤချစ်ခြင်းမေတ္တာသည် ချစ်တတ်သောသူ၏ ချစ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော သဘောတရား = အဒေါသတည်း။ ဤသို့ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။ မဟာဋီ၊၁၊၃၇၈။)

အာရုံ --- ပညတ္တိဓမ္မဝသေန ဧကော ဝါ သတ္တော အနေကေ ဝါ သတ္တာ အာရမ္မဏံ။ (အဘိ၊ဋ္ဌ၊၁၊၂၃၉။ ဝိသုဒ္ဓိ၊၁၊၃၁၃။)

သတ္တဝါတစ်ဦးကို ဖြစ်စေ သတ္တဝါအများကို ဖြစ်စေ အာရုံပြု၍ ဖြစ်ပေါ်လာသော ဟိတဇ္ဈာသယ = အကျိုး စီးပွားကို လိုလားတောင့်တသော နာမ်ခန္ဓာအစဉ်မှ (ဇောနာမ်တရား - ၃၄ မှ) အဒေါသ မေတ္တာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကို ရှုပါ။ ယင်း နာမ်တရားတို့သည် မေတ္တာစျာန်၏ ပုဗ္ဗဘာဂ = ေ့ရှအဖို့၌ ဖြစ် သော နာမ်တရား, မေတ္တာစျာန်အခိုက်၌ ဖြစ်သော နာမ်တရားဟု နှစ်မျိုးရှိကာ နှစ်မျိုးလုံး၌ပင် ရှုနိုင်သည်။ မေတ္တာစျာန်၏ ေ့ရှအဖို့၌ ဖြစ်သော နာမ်တရားတို့ကား ကာမာဝစရတရားများ ဖြစ်ကြ၍ မေတ္တာစျာန်အခိုက် နာမ်တရားတို့ကား ရူပါဝစရတရားတို့ ဖြစ်ကြသည်။ ကျန်ဗြဟ္မဝိဟာရတရားတို့၌လည်း နည်းတူမှတ်ပါ။

၂၃။ ကရုဏာ

၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ၊

၂။ ပရဒုက္ခာသဟနရသာ၊

၃။ အဝိဟိံသာပစ္စုပဋ္ဌာနာ၊

၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ။

ဝိဟိံသူပသမော တဿာ သမ္ပတ္တိ၊ သောကသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇-၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုခြင်းဟူသော

အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ပယ်ရှားလိုသည်၏ အဖြစ်ဖြင့် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို သည်းမခံနိုင်ခြင်း (ကိစ္စ) ရသ၊

၃။ သတ္တဝါတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏

ဆန့်ကျင်ဘက်ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- သတ္တဝါတို့ကို မညှဉ်းဆဲခြင်းကို ရှေးရှူ ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ဆင်းရဲဒုက္ခဖြင့် အနှိပ်စက်ခံရကုန်သော သတ္တဝါတို့၏ ခိုကိုးရာမဲ့ကို

ရှုမြင်တတ်သော ယောနိသောမနသိကာရ ပဒဋ္ဌာန်။

သတ္တဝါတို့အပေါ်၌ ညှဉ်းပန်းနှိပ်စက်တတ်သော ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်း သမ္ပတ္တိ မည်၏။ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခ လွှမ်းမိုးခံရ ခြင်းကြောင့် သောက၏ ဖြစ်ခြင်းသည် ကရုဏာ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏။

ကရုဏာမုခေန သောကော ဝေဉ္ဇတိ = ကရုဏာကို ေ့ရှထားလျက် သောကသည် လှည့်စားတတ်၏၊ သောကသည် ကရုဏာယောင်ဆောင်၍ လှည့်စားတတ်၏။ ကရုဏာလိုလိုနှင့် သောက ဖြစ်နေတတ်သည် ဟူလို သည်။

ကရုဏာ --- ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ။ ကိရီယတိ ဝါ ဒုက္ခိတေသု ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

ကမ္ပနန္တိ စ ပရေသံ ဒုက္ခံ ဒိသွာ တဿ အပနေတုကာမဿ အသဟနာကာရေန စိတ္တဿ အညထတ္တံ။ တယိဒံ သပ္ပုရိသာနံယေဝ ဟောတီတိ အာဟ သာဓူနန္တိ။ သပ္ပုရိသာ ဟိ သပရဟိတသာဓနေန သာဓူတိ ဝုစ္စန္တိ။ (မဟာဋီ၊၁၊၃၇၈။)

ယခုမျက်မြင်မှာပင် ဆင်းရဲဒုက္ခရောက်နေသူကို မြင်ရသောအခါ ကိုယ်ချင်းစာနာတတ်သော သူတော်စင် တို့၏ စိတ်သည် တုန်လှုပ်လာတတ်၏။ တုန်လှုပ်ခြင်းဟူသည်မှာ ထိုဆင်းရဲမှုကို ပယ်ရှားလို မဆင်းရဲအောင် ပြုလိုသည် ဖြစ်၍ ထိုသူတစ်ပါး၏ ဆင်းရဲဒုက္ခကို မိမိကပါ သည်းမခံနိုင်သော အခြင်းအရာအားဖြင့် စိတ်၏ တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းတည်း။ ထိုသို့ ဖြစ်ခြင်းသည်လည်း သူတော်ကောင်းတို့၏ သန္တာန်၌သာ ဖြစ်နိုင်၍ သာဓူနံ = သူတော်ကောင်းတို့၏ဟု ဆိုသည်။ သို့အတွက် သူတစ်ပါးသည် ဆင်းရဲဒုက္ခ ရောက်လတ်သော် သူတစ်ပါး၏ သန္တာန်ဝယ် ဆင်းရဲဒုက္ခသည် ဖြစ်လတ်သော် သနားကြင်နာတတ်သည့် သူတော်စင်တို့၏ စိတ်နှလုံးကို တုန်လှုပ် အောင် ပြုတတ်သော သဘောတရားသည် ကရုဏာ မည်၏။

တစ်နည်း --- သူတစ်ပါး၏ ဆင်းရဲဒုက္ခကို ညှဉ်းဆဲတတ် = ဖျက်စီးတတ် = မမြင်ရခြင်းသို့ ရောက်စေတတ် = ပယ်ဖျောက်တတ်သော သဘောတရားသည် ကရုဏာ မည်၏။

တစ်နည်း --- ဒုက္ခိတသတ္တဝါတို့ အပေါ်၌ ဖြန့်ခြင်း၏ အစွမ်းဖြင့် = ထိုဒုက္ခိတသတ္တဝါ အာရုံနှင့် မိမိ၏ စိတ်ဓာတ်တို့ ဓာတ်သဘာဝအလိုက် တွေ့ထိသည်၏ အစွမ်းဖြင့် ဖြန့်တတ်သော သဘောတရား = ဒုက္ခိတသတ္တဝါတို့ အပေါ်၌ ကျရောက်နေသော ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာ၏ အစွမ်းဖြင့်သာ အာရုံပြု သည်၏ အစွမ်းဖြင့် ဖြန့်တတ် အာရုံပြုတတ်သော သဘောတရားသည် ကရုဏာ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

လက္ခဏ ရသ --- သတ္တဝါတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်ကျရောက်နေသော ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောသည် ကရုဏာ၏ သဘောလက္ခဏာပင်တည်း။ တကယ် ပယ်ရှားသည်ပင် ဖြစ်စေ မပယ်ရှားလိုက်ရသည်ပင် ဖြစ်စေ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော သာ ကရုဏာ၏ သဘာဝလက္ခဏာ ဖြစ်သည်။ ပယ်ရှားလိုသည့်အတွက် သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို မြင်ရ ကြားရ၍ သည်းမခံနိုင်ခြင်းသည် ယင်း၏ လုပ်ငန်းကိစ္စ ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- ဝိဟိံသာခေါ်သော ဒေါသသည် သူတစ်ပါးကို ညှဉ်းဆဲလို နှိပ်စက်လို၏။ ကရုဏာကား မညှဉ်းပန်း မနှိပ်စက်လိုသည့်အပြင် ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော သဘော ဖြစ်၏။ ထိုကြောင့် ယင်းကရုဏာ တရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော သူတော်ကောင်းတို့၏ ဉာဏ်တွင် ဝိဟိံသာတရား၏ ဆန့်ကျင်ဘက်သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ကရုဏာတရား ကိန်းဝပ်နေသူ သူတော်ကောင်း၏ သန္တာန်ဝယ် သတ္တဝါတို့ အပေါ်၌ ညှဉ်းပန်းနှိပ်စက်လိုသော စိတ်ထားများ မရှိသဖြင့် သတ္တဝါတို့ အပေါ်၌ မညှဉ်းဆဲခြင်းကို ရှေးရှူ ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။ ဤ၌လည်း ကရုဏာမှာ ကာမာဝစရ ရူပါဝစရဟု နှစ်မျိုးပင် ရှိနိုင်၏၊ ကရုဏာစျာန်ဝင်စားနိုင်သူတို့ကား နှစ်မျိုးလုံး၌ပင် ရှုနိုင်၏။ ဒုက္ခိတသတ္တဝါ တစ်ဦးကို ဖြစ်စေ သို့မဟုတ် သတ္တဝါအားလုံးကို ဖြစ်စေ အာရုံယူ၍ ကရုဏာစျာန် ဝင်စားကာ ဥပစာရအခိုက် အပ္ပနာစျာန်အခိုက် နှစ်မျိုးလုံး၌ ရှုနိုင်သည်။ ကရုဏာစျာန်ကို မဝင်စားနိုင်သူ စျာန် ကို မရသူတို့ကား ကရုဏာ ဖြစ်နေကျ ဒုက္ခိတသတ္တဝါ တစ်ဦးကို သို့မဟုတ် ဒုက္ခိတသတ္တဝါ အများစုကို အာရုံ ယူ၍ ရှုပါ။ စျာန်မရသူတို့အတွက် ကာမာဝစရတရားသာ ဖြစ်သည်။

၂၄။ မုဒိတာ

၁။ ပမောဒနလက္ခဏာ မုဒိတာ၊

၂။ အနိဿာယနရသာ၊

၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊

၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ။

အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သုခိတသတ္တဝါတို့အပေါ်၌ ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော လက္ခဏ၊

သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော -- လက္ခဏ၊

၂။ သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- ငြူစူခြင်း ဣဿာ၏ ဆန့်ကျင်ဘက် ဖြစ်၍ ထိုဣဿာကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ်ဂုဏ်သိရ်တို့၌ မမွေ့လျော် မနှစ်သက်ခြင်း အရတိကို

ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- အရတိကို ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ သတ္တဝါတို့၏ စည်းစိမ် ကုံလုံပြည့်စုံသည်ကို အသင့်ရှုမြင်နိုင်သော ယောနိသောမနသိကာရ -- ပဒဋ္ဌာန်။

အရတိ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ပျောက်ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း၊ ကောင်းစွာ ကိစ္စပြီးစီးခြင်းတည်း။ ဂေဟသိတပီတိ = ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ပီတိ၏ အစွမ်းဖြင့် ပျော်ရွှင်ခြင်း၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း။

မုဒိတာ --- မောဒန္တိ တာယ တံသမင်္ဂိနော, သယံ ဝါ မောဒတိ, မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

မုဒိတာနှင့် ပြည့်စုံသော သတ္တဝါတို့၏ တစ်နည်း မုဒိတာတရားနှင့် ပြည့်စုံသော သဟဇာတ်တရားတို့၏ သူတစ်ပါး၏ စည်းစိမ်းဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်ကြောင်း ဖြစ်သော သဘောတရားသည် မုဒိတာ မည်၏၊ တစ်နည်း မိမိဟူသော မုဒိတာကိုယ်တိုင် သူတစ်ပါး၏ စည်းစိမ်းဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်တတ်သော ကြောင့် မုဒိတာ မည်၏။ တစ်နည်း --- သူတစ်ပါး၏ စည်းစိမ်ဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်ခြင်းမျှသာ ဖြစ် သော သဘောတရားသည် မုဒိတာ မည်၏။

လက္ခဏ - ရသ --- ပမောဒနလက္ခဏာတိ ပရသမ္ပတ္တိယာ ပမောဒနလက္ခဏာ။ အနိဿာယနရသာတိ ဣဿာယနဿ ဥသူယနဿ ပဋိပက္ခဘာဝကိစ္စာ။ (မဟာဋီ၊၁၊၃၇၉။)

ဥစ္စာစည်းစိမ် ဂုဏ်သိရ်နှင့် ပြည့်စုံသော သုခိတသတ္တဝါကို မြင်လျှင် ထို ဥစ္စာစည်းစိမ် ဂုဏ်သိရ်ဟူသော သူတစ်ပါး၏ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း၌ ကြည်ရွှင် ဝမ်းမြောက်ခြင်း သဘောကား မုဒိတာ၏ လက္ခဏာ ပင်တည်း။ မုဒိတာသည် သူတော်စင်တို့ကို သို့မဟုတ် သူတော်စင်တို့၏ စိတ်နှလုံးကို ကြည်ရွှင် ဝမ်းမြောက် စေနိုင်သော သဘောရှိရကား ဣဿာရှိသူများကဲ့သို့ သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်းသည်, တစ်နည်း ဣဿာ၏ ဆန့်ကျင်ဘက် ဖြစ်၍ ဣဿာကို ပယ်ဖျက်ခြင်းသည် မုဒိတာ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- သတ္တာနံ သမ္ပတ္တိယာ, ပန္တသေနာသနေသု, အဓိကုသလဓမ္မေသု စ အသဟနံ အရမဏံ အရတိဣစ္စေဝ သင်္ဂဟံ ဂစ္ဆတိ၊ တဿာ ဝိဟနနာကာရေန ပစ္စုပတိဋ္ဌတိ, တဿ ဝါ ဝိဃာတံ ဝူပသမံ ပစ္စုပဋ္ဌပေတီတိ အရတိဝိဃာတပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၁၊၃၇၉-၃၈၀။)

၁။ ပရသမ္ပတ္တိဟူသော သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၌ သည်းမခံနိုင်ခြင်း မမွေ့လျော်နိုင်ခြင်းသည် လည်း အရတိ မည်၏။

၂။ ပန္တသေနာသန အမည်ရသော အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့၌ သည်းမခံနိုင်ခြင်း, မမွေ့လျော်နိုင်ခြင်း, အဓိကုသလဓမ္မ အမည်ရသော လွန်မြတ်သော ကုသို်လ်တရား ဖြစ်ကြကုန်သော သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းတို့၌ သည်းမခံနိုင်ခြင်းသည်လည်း အရတိ မည်၏။

ယင်းနှစ်မျိုးသော အရတိတို့တွင် ဤ၌ သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၌ သည်းမခံနိုင်ခြင်း မမွေ့လျော်နိုင်ခြင်းဟူသော ပထမအရတိကိုသာ အလိုရှိအပ်ပေသည်။ ဒုတိယအရတိတရားကိုကား ထိန မိဒ္ဓတို့၏ ပဒဋ္ဌာန်ပိုင်း စသည်၌ ဖွင့်ဆိုထား၏။

ဤမုဒိတာတရားသည် ယင်းပရသမ္ပတ္တိတို့၌ သည်းမခံနို်င်ခြင်း မမွေ့လျော်နိုင်ခြင်း အရတိတရားကို ပယ်ရှား ဖျက်ဆီးတတ်၏။ တရားကိုယ်အားဖြင့် အရတိဟူသည် ဒေါသ ဣဿာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်များ တည်း။ ဤမုဒိတာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ပရသမ္ပတ္တိတို့၌ မမွေ့လျော်နိုင်သော အရတိ တရားကို ပယ်ဖျောက်တတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ တစ်နည်း --- မုဒိတာကြောင့် အရတိ ပျောက်ငြိမ်းရသဖြင့် မုဒိတာသည် အရတိ၏ ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်ပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်နှင့် ဖလပစ္စုပဋ္ဌာန်တို့ပင်တည်း။

ပဒဋ္ဌာန် --- သတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို နည်းမှန်လမ်းမှန် ရှုမြင်တတ်သော ယောနိသောမနသိကာရသည် မုဒိတာ ဖြစ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရား ဖြစ်ပေသည်။ သတ္တဝါတို့သည် ဤ ပစ္စုပ္ပန်ဘဝတွင်လည်း ဉာဏ် ဝီရိယတို့ကို ေ့ရှတန်းသို့တင်၍ ဥစ္စာစည်းစိမ် ဂုဏ်သိရ်နှင့် ပြည့်စုံအောင် ကြိုးစား အားထုတ် ပြုလုပ်ခြင်း ပစ္စုပ္ပန်ကံလည်း ရှိရ၏၊ မိဘမိတ်ဆွေ စသည့် အမှီကောင်းကို ရရှိရန်နှင့် ကြိုးစားတိုင်း လည်း အောင်မြင်ရန် အတိတ်ကံလည်း ရှိရ၏။ ထိုသို့ အတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးနှင့် ညီညွတ်သူတို့ကား ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၏ ကုံလုံပြည့်စုံ တိုးတက်ကြခြင်းမှာ ဓမ္မတာသာ ဖြစ်၏၊ ယင်းသို့ နှလုံးသွင်းတတ်လျှင် ယောနိသောမနသိကာရပင် ဖြစ်၏။ ဤသို့စသည်ဖြင့် ယောနိသောမနသိကာရကို သဘောပေါက်ပါလေ။

ပဟာသ --- ပဟာသော ဂေဟသိတပီတိဝသေန ပဟဋ္ဌဘာဝေါ ဥပ္ပိလာဝိတတ္တံ။ (မဟာဋီ၊၁၊၃၈၀။)

ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့နှင့် ကုံလုံပြည့်စုံသော သတ္တဝါတို့ကိုလည်းကောင်း, ထိုသတ္တဝါတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကိုလည်းကောင်း တွေ့မြင်သောအခါ ယောနိသောမနသိကာရ မဖြစ်ဘဲ တစ်ခါတစ်ရံ အယောနိသောမနသိကာရ ဖြစ်တတ်၍ ထိုသတ္တဝါနှင့် ယင်း၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့ အပေါ်၌ တပ်မက်မှု တဏှာလောဘ အရင်းခံလျက် ကြည်ရွှင် ဝမ်းမြောက်မှု ပီတိလည်း ဖြစ်တတ်၏။ ယင်းပီတိကား တဏှာလောဘ စသည့် ကိလေသာ တို့၏ စံအိမ် ဖြစ်သော ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ဂေဟသိတပီတိတည်း။ ယင်းဂေဟသိတပီတိ၏ စွမ်း အင်ဖြင့် ရွှင်လန်းဝမ်းမြောက်မှု စိတ်တက်ကြွမှုသည် ပဟာသ မည်၏။ တရားကိုယ်အားဖြင့် လောဘ ပြဓာန်းသော လောဘမူသောမနဿသဟဂုတ် စိတ္တုပ္ပါဒ်များတည်း။ ယင်း ပဟာသ ဖြစ်ပေါ်ခဲ့သော် မုဒိတာသည် ပျက်စီး လေပြီ။ ပဟာသကား မုဒိတာအတုတည်း။

မုဒိတာစျာန်ကို ရသူတို့ကား မုဒိတာစျာန်ကို ရအောင် ပြန်၍ နှလုံးသွင်းပါ။ ထိုသို့ နှလုံးသွင်းရာ၌ ဥပစာရ သမာဓိအခိုက်၌လည်းကောင်း, အပ္ပနာစျာန်သမာဓိအခိုက်၌လည်းကောင်း မုဒိတာနှင့် ယှဉ်သော ဇောနာမ်တရား အုပ်စုမှ မုဒိတာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကိုရှုပါ။ ဥပစာရသမာဓိအခိုက်၌ ကာမာဝစရ တရား ဖြစ်၍ အပ္ပနာစျာန်သမာဓိအခိုက်၌ ရူပါဝစရတရား ဖြစ်သည်။ မုဒိတာစျာန်ကို မဝင်စားနိုင်သူတို့ကား မုဒိတာဖြစ်ရာ သတ္တဝါတစ်ဦးကို ဖြစ်စေ အများကိုပင် ဖြစ်စေ အာရုံယူ၍ မုဒိတာပွားကာ မုဒိတာနှင့် ယှဉ်သော ဇောအုပ်စုနာမ်တရားများမှ မုဒိတာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကို ရှုပါ။

ဥပေက္ခာ ဗြဟ္မဝိဟာရ

၁။ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ၊

၂။ သတ္တေသု သမဘာဝဒဿနရသာ၊

၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊

၄။ ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာယိဿန္တီတိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ။

ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိ၊ ဂေဟဿိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပ္ပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)

၁။ သတ္တဝါတို့အပေါ်၌ လျစ်လျူရှုခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်းသို့မကျ ညီမျှသည်၏ အဖြစ်ကိုသာ ရှုခြင်း (ကိစ္စ) ရသ၊

၃။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်း၏ ငြိမ်းအေးခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သတ္တဝါတို့သည် မိမိတို့ပြုသော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုဆန္ဒအတိုင်း ---

(က) သုခရှိသူတို့သော်လည်း ဖြစ်ကုန်လတ္တံ့နည်း၊ (မေတ္တာပို့တိုင်း မချမ်းသာနိုင် ဟူလို။)

( ခ ) ဒုက္ခမှလည်း လွတ်နိုင်ကုန်လတ္တံ့နည်း၊ (ကရုဏာပွားသူ၏ အလိုအတိုင်း ဆင်းရဲမှ မလွတ်နိုင် ဟူလို။)

( ဂ ) လက်ရှိစည်းစိမ်မှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း၊ (မုဒိတာပွားသူ၏ အလိုအတိုင်းလည်း လက်ရှိ စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ဘဲ မရှိနိုင် ဟူလို။)

ဤသို့သော အခြင်းအရာအားဖြင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို

ရှုတတ်သော ကမ္မဿကတာဉာဏ် ပဒဋ္ဌာန်။

မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းအေးခြင်းသည် = မုန်းတတ်သော ဒေါသ, ချစ်တတ်သော လောဘ၏ ငြိမ်းအေး ခြင်းသည် ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း။ ကာမဂုဏ်အိမ်၌ မှီသော ဂေဟဿိတ အညာဏုပေက္ခာ၏ ဖြစ်ခြင်းသည် ဝိပတ္တိတည်း = ပျက်စီးခြင်းတည်း။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)

အညာဏုပေက္ခာ -- သောမနဿဒေါမနဿရဟိတံ အညာဏမေဝ အညာဏုပေက္ခာ။ (မူလဋီ၊၁၊၁၀၇၊၊)

ဤ မူလဋီကာဆရာတော်၏ အလိုအားဖြင့် သောမနဿဝေဒနာ ဒေါမနဿဝေဒနာတို့နှင့် မယှဉ်ဘဲ လောဘမူဥပေက္ခာဝေဒနာ မောဟမူဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သော မောဟသည်ပင် အာရုံကို လျစ်လျူရှုတတ်သော သဘောရှိရကား အညာဏုပေက္ခာ မည်လေသည်။

သို့သော် အဘိဓမ္မာ သမ္မောဟဝိနောဒနီအဋ္ဌကထာ ခုဒ္ဒကဝတ္ထုဝိဘင်း ဆက္ကနိဒ္ဒေသဝဏ္ဏနာ၌ အောက်ပါ အတိုင်း ဖွင့်ဆိုထား၏။

ဥပေက္ခာတိ အညာဏသမ္ပယုတ္တာ ဥပေက္ခာဝေဒနာ။ အညာဏုပေက္ခာတိပိ ဧတာသံယေဝ နာမံ။ (အဘိ၊ဋ္ဌ၊၂၊၄၈၉-၄၉၀။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်ကို ကိုးကား၍ အနုဋီကာဆရာတော်က အောက်ပါအတိုင်းလည်း တစ်နည်း ဖွင့်ဆိုထားတော်မူ၏။

အညာဏသမ္ပယုတ္တာပိ ဝါ ဥပေက္ခာဝေဒနာ အညာဏုပေက္ခာ။ (အနုဋီ၊၁၊၁၁၅။)

ဉာဏ်၏ ဆန့်ကျင်ဘက် မောဟနှင့်ယှဉ်သော (= လောဘမူဥပေက္ခာသဟဂုဏ်စိတ် လေးမျိုးနှင့် မောဟမူ ဒွေး၌ ယှဉ်သော) ဥပေက္ခာဝေဒနာသည်လည်း တစ်နည်းအားဖြင့် အညာဏုပေက္ခာပင် မည်သည်ဟု ဖွင့်ဆို ထား၏။

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုထားတော်မူသည်နှင့်အညီ လောဘမူဥပေက္ခာသဟဂုတ်စိတ် လေးခု၊ မောဟမူဒွေး၌ ယှဉ်သော မောဟသည်လည်းကောင်း, ဥပေက္ခာဝေဒနာသည်လည်းကောင်း အညာဏုပေက္ခာ မည်သည်ဟု မှတ်ပါ။ ကာမဂုဏ်အိမ်၌ မှီသော ယင်းအညာဏုပေက္ခာ၏ ဖြစ်ခြင်းသည် ဥပေက္ခာ ဗြဟ္မဝိဟာရ၏ ပျက်စီးခြင်းပင် ဖြစ်သည်။

မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန်တို့ကို တတိယစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများ နိုင်သူတို့သည်သာ ဤဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို ရအောင် ဆက်လက် ပွားများအားထုတ်နိုင်၏။ ကသိုဏ်း ပညတ် ပဋိဘာဂနိမိတ် စသော အခြားအခြားသော သမထနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ စျာန်ကို ရပြီးသူသည် မိမိ ရရှိပြီးသည့် တတိယစျာန်မှ ထ၍ ဤဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်ကို ရရှိအောင် ဆက်လက်၍ ပွားခဲ့သော် ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို မရနိုင်။ အာရုံချင်း မတူသောကြောင့် ဖြစ်သည်။ ဗြဟ္မဝိဟာရစျာန်တို့ကား သတ္တဝါပညတ်ကိုသာ အာရုံပြုကြသည်။ (အဘိ၊ဋ္ဌ၊၁၊၂၄၀။)

အထက်ပါ လက္ခဏ ရသ စသည်ကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိပြီးဖြစ်သော ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ယင်း ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာနူပစာရခေါ်သော ဥပစာရသမာဓိအခိုက်၌ ရှိသော ဥပစာရဇောနာမ်တရား (၃၃)လုံးမှ တတြမဇ္ဈတ္တတာစေတသိက်ကို ရွေးထုတ်၍ လည်း ရှုနိုင်သည်။ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သမာဓိအခိုက်၌ တည်ရှိသော နာမ်တရား (၃၁)လုံးမှ တတြမဇ္ဈတ္တတာစေတသိက်ကို ရွေးထုတ်၍သော်လည်း ရှုနိုင်၏။ ဥပေက္ခာ (၁၀)မျိုးတွင် အကျုံးဝင်သော ဗြဟ္မဝိဟာရုပေက္ခာ၏ တရားကိုယ်မှာ ဝေဒနာက္ခန္ဓာစာရင်းဝင် ဥပေက္ခာဝေဒနာ မဟုတ်၊ သင်္ခါရက္ခန္ဓာစာရင်းဝင် တတြမဇ္ဈတ္တတာစေတသိက် ဖြစ်သည်ဟု မှတ်ပါ။

သင်္ခါရက္ခန္ဓကထာ အခန်း ပြီး၏။

__________

နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပုံစနစ်

ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် နာမ်တရားများ၏ သဘာဝလက္ခဏာကို ဦးစားပေး၍ နာမ်တရားများကို သိမ်း ဆည်းပုံကို ရေးသားတင်ပြခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ယင်းနာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့၏ အစွမ်းဖြင့် သိမ်းဆည်းပုံကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ နာမ်တုံး နာမ်ခဲတည်းဟူသော နာမ်ဃန အသီးအသီးကို ပြိုကွဲအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရှုနည်းစနစ်ပင် ဖြစ်သည်။

အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည် အာရုံယူထားပါ။ အာနာပါနစျာန် နာမ်တရားတို့က စတင်၍ သိမ်းဆည်းလိုသည် ဖြစ်အံ့။ အာနာပါနပထမစျာန်၌ နာမ်တရား (၃၄)လုံးရှိရာ ရှေးဦးစွာ ယင်းနာမ်တရား (၃၄)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီးအသီးကို ကျေပွန်အောင် နှုတ်တိုက်ရ အောင် ကျက်ထားပါ။ ကျေကျေညက်ညက် ပိုင်ပိုင်နိုင်နိုင် အလွတ်ရရှိသောအခါ ပထမစျာနသမာပတ္တိ ဝီထိဇယားတွင် ဖော်ပြထားသည့်အတိုင်း ---

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး,

၂။ ဇောအသီးအသီး၌ နာမ်တရား (၃၄) လုံးစီ ---

ဤသို့ အသီးအသီးရှိရာ မနောဒွါရာဝဇ္ဇန်းတွင် အသိစိတ်ကို = မနောဒွါရာဝဇ္ဇန်းစိတ်ကို စတင်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ဖဿ၏ လက္ခဏ-ရသ စသည်ကို ရှုပါ။ ထိုနောင် ဝေဒနာ = ဥပေက္ခာဝေဒနာ၏ လက္ခဏ-ရသ စသည်ကို ရှုပါ။ ဤသို့စသည်ဖြင့် မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ အတွင်း၌ တည်ရှိကြသော --- အသိစိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ --- ဟူသော (၁၂)လုံးသော ပရမတ်တရားတို့၏ လက္ခဏ-ရသ စသည်တို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲ၍ (၁၂)လုံး ပြည့်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။

ထိုနောင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ဥပစာရသမာဓိဇော အသီးအသီး၌လည်းကောင်း, ပထမစျာန်ဇော အသီးအသီး၌လည်းကောင်း နာမ်တရား (၃၄)လုံးစီ အသီးအသီးရှိရာ ယင်းနာမ်တရားတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ အသိစိတ်မှ စ၍ ပညာသို့တိုင်အောင် နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်း ဆည်းပါ။ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ ရှိသော နာမ်တရားများကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ကျေနပ်အောင် သိမ်းဆည်းပြီးသောအခါ ဒုတိယစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော နာမ်တရား တို့ကိုလည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ တတိယစျာနသမာပတ္တိ စတုတ္ထစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။

ဤနည်းကိုမှီး၍ ဓမ္မာရုံအမည်ရသော ရုပ်အစစ် ရုပ်အတုတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကောင်း အုပ်စု နာမ်တရား = ကုသိုလ်ဇောစောသည့် မနောဒွါရဝီထိနာမ်တရား, မကောင်းအုပ်စုနာမ်တရား = အကုသိုလ် ဇော စောသည့် မနောဒွါရဝီထိနာမ်တရားတို့တွင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား တိုင်း နာမ်တရားတိုင်း၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကုန်စင်အောင် ပိုက်စိပ်တိုက်၍ သိမ်းဆည်းပါ။

ထိုသို့ သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခုတွင် ဖဿ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပြီး ဖြစ်၍ အခြား စိတ္တက္ခဏတစ်ခုတွင် တည်ရှိသော ဖဿကိုလည်း မရှုဘဲ မထားပါနှင့်။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဃန အသီးအသီးကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနေသော လုပ်ငန်းရပ် ဖြစ်၍ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရားတိုင်းကိုပင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဝီထိ စိတ္တက္ခဏတိုင်းရှိ နာမ်တရားတိုင်းကို သိမ်းဆည်းဖို့ လိုအပ်ပေသည်။ ရံခါ ဝီထိစိတ်တို့၏ အကြားအကြား၌ ရှိ သော ဘဝင်နာမ်တရားတို့၌လည်း ယင်းနာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ လက္ခဏ-ရသ စသည်ကိုလည်း သိမ်းဆည်းပါ။

ထိုသို့ သိမ်းဆည်းနိုင်ရန်အတွက် ဤလက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြထားသော နာမ်ခန္ဓာ (၄)ပါး = စိတ် စေတသိက်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကျေပွန်စွာ အလွတ်ရထားဖို့ လိုပေသည်။ ခန္ဓာ (၅)ပါးလုံး၌ ကျေကျေပွန်ပွန် အလွတ်ရရှိနေပါမှ ရှုကွက်ကို သဘောပေါက်နိုင်မည်။

ရူပါရုံလိုင်း နာမ်တရားများကို သိမ်းဆည်းပုံ အမြွက်

ရူပါရုံလိုင်း ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ ဖြစ်အံ့။

၁။ ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်၌ နာမ်တရား --- (၁၁)လုံး,

၂။ စက္ခုဝိညာဏ် = မြင်သိ၌ နာမ်တရား --- ( ၈ )လုံး,

၃။ သမ္ပဋိစ္ဆိုင်း = လက်ခံ၌ နာမ်တရား --- (၁၁)လုံး,

၄။ သန္တီရဏ = စုံစမ်း၌ နာမ်တရား --- (၁၂)လုံး,

၅။ ဝုဋ္ဌော = ဆုံးဖြတ်၌ နာမ်တရား --- (၁၂)လုံး,

၆။ ဇော အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ,

၇။ တဒါရုံ အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ,

ဝီထိတို့၏ အကြား၌ရှိသော ဘဝင်၌ နာမ်တရား --- (၃၄)လုံး,

၁။ မနောဒွါရာဝဇ္ဇန်း = ဆင်ခြင်ဆုံးဖြတ်၌ နာမ်တရား --- (၁၂)လုံး,

၂။ ဇော အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ,

၃။ တဒါရုံ အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ ---

ဤသို့စသည်ဖြင့် ရှိကြ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား ပထမအတန်းကို အာရုံယူထားပါ။) ယင်းစိတ္တက္ခဏ တိုင်း၌ နာမ်တရားများကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ ပဉ္စဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရား အသီးအသီးကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် သိမ်းဆည်းပြီးမှ စက္ခုဝိညာဏ် စိတ္တက္ခဏ၌ ရှိသော နာမ်တရား (၈)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီးအသီးကို ဆက်လက်၍ တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်းပါ။

ဥပမာ ပဉ္စဒွါရာဝဇ္ဇန်း၌ အသိစိတ်မှ စ၍ အဓိမောက္ခတိုင်အောင်, စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်မှ စ၍ မနသိကာရတိုင်အောင် စိတ်တိုင်း စေတသိက်တိုင်း၏ လက္ခဏ ရသ စသည်ကို သိမ်းဆည်းပါ။ ဤသို့စသည့် ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း, ဘဝင်စိတ္တက္ခဏတို့၌လည်းကောင်း သဘောပေါက်ပါလေ။

နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က ရူပါရုံလိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် သိမ်းဆည်းခဲ့သည့်အတိုင်း ယင်းအကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏ တိုင်း၌ တည်ရှိကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ကုန်စင်အောင် ရှုပါ။ သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ကြွင်းကျန်သော ဓမ္မာရုံလိုင်းတို့၌လည်း နည်းတူ သဘောပေါက်ပါလေ။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိစိတ်တို့၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်တရား တို့ကိုပါ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရံခါ သိမ်းဆည်းရန် ညွှန်ကြားရခြင်းမှာ ဃန အသီးအသီး ပြိုရေးအတွက်ပင် ဖြစ်ပါသည်။ သို့သော် ယင်း ဘဝင်နာမ်တရားတို့မှာ ပစ္စုပ္ပန် အာရုံ (၆)ပါးတို့ကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုး တို့တွင် တစ်မျိုးမျိုးသော ထိုက်သင့်ရာ အာရုံကိုသာ အာရုံပြုသဖြင့် အတိတ်အကြောင်းတရားများကို သိမ်းဆည်း ပြီးရာ ဤအခါတွင်မှ ပုံစံမှန် ပြည့်ပြည့်စုံစုံ ရှုနိုင်မည်ဖြစ်သည့်အတွက် ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုပြီးရာ ယခုအခါ၌ ထပ်မံ၍ အရှုခိုင်းခြင်း ဖြစ်ပါသည်။

ဗဟိဒ္ဓသို့

ဣတိ အဇ္ဈတ္တံဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)

ဤသို့စသော မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်များနှင့်အညီ အသင်သူတော်ကောင်းသည် ---

၁။ အဇ္ဈတ္တ၌ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားများနှင့် ရုပ်အတုတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ပိုက်စိပ်တိုက်၍ သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌လည်း ယင်း ရုပ်တရားတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဃနပြိုအောင် ဆက်လက်၍ သိမ်းဆည်းပါ။

၂။ အဇ္ဈတ္တ၌ ရူပါရုံ စသည့် (၆)လိုင်းလုံးဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို နေရာတကျ သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌ လည်း ယင်းနာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို နည်းတူ သိမ်းဆည်းပါ။

၃။ အသင်ယောဂီသူတော်ကောင်းသည် ေ့ရှပိုင်းတွင် ရေးသားတင်ပြခဲ့သော ရုပ်နာမ်ခွဲပုံကို ပြန်လည်၍ အာရုံ ယူပါ။ ဥပမာ ရူပါရုံလိုင်းဝယ် ပဉ္စဒွါရာဝဇ္ဇန်း၌ ---

က။ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

ခ။ စိတ် စေတသိက် (၁၁)လုံးက နာမ်တရား,

စက္ခုဝိညာဏ်၌ ---

က။ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

ခ။ စိတ် စေတသိက် (၈)လုံးက နာမ်တရား ---

ဤသို့စသည်ဖြင့် ရုပ်နာမ်ခွဲပုံကို ပြန်လည်၍ အာရုံယူထားပါ။ ယင်းပုံစံအတိုင်းလည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်ဖန် ထပ်မံ၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဥပမာ ပဉ္စဒွါရာဝဇ္ဇန်းအခိုက်၌ ရုပ်တရား ဘက်၌ ဟဒယဝတ္ထုနှင့်တကွ ရုပ် (၅၄)မျိုး + ရူပါရုံ ရှိ၏။ ယင်းရုပ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စု- ပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်ဖန် ထပ်၍ သိမ်းဆည်းပါ။ ထိုနောင် ပဉ္စဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်း ကုန်စင်အောင် တစ်ဖန် ထပ်၍ သိမ်းဆည်းပါ။ ဤနည်းအတိုင်း အဇ္ဈတ္တ၌ (၆)လိုင်းလုံးဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရုပ်တရား အသီး အသီး, နာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ၌လည်း နည်း တူပင် သိမ်းဆည်းပါ။ ထိုနောင် --- သောမနဿ တိဟိတ်ပဋိသန္ဓေ တည်နေခဲ့သူ သူတော်ကောင်း ဖြစ်အံ့ --

၁။ ပဋိသန္ဓေအခိုက်၌ တည်ရှိခဲ့သော ရုပ်တရား (၃၀)နှင့် နာမ်တရား (၃၄)လုံးတို့၏လည်းကောင်း,

၂။ စုတိအခိုက်၌ ဖြစ်လတ္တံ့သော ရုပ်တရား အသီးအသီးနှင့် နာမ်တရား (၃၄)တို့၏လည်းကောင်း ---

လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ အတိတ် အနာဂတ် ရုပ်နာမ်တို့ ၌လည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်ပါက ပို၍ ပို၍ ကောင်းသည်သာ ဖြစ် ပေသည်။ ရုပ်နာမ်နှင့် ပက်သက်သော အသိဉာဏ်များ ပို၍ ပို၍ သန့်ရှင်းရန်အတွက်ပင် ဖြစ်ပေသည်။

[မှတ်ချက် --- စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရှုရမည်ဟု ဆိုသဖြင့် အယူအဆ မမှားစေလိုပါ။ စိတ္တက္ခဏ တိုင်းဟူသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် တင်ပြထားသည့် စိတ္တက္ခဏတိုင်းကိုသာ ဆိုလိုပါသည်။ စိတ္တက္ခဏ အမျိုးအစားကိုသာ ဆိုလိုသည်။ ဘဝတစ်လျှောက် ဖြစ်ဖြစ်သမျှ စိတ်အားလုံးကို မဆိုလိုပါ။]

__________