မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/ရုပ်အတု

ဝီကီရင်းမြစ် မှ

ရုပ်အတု

၁၉။ အာကာသဓာတ်

၁။ ရူပပရိစ္ဆေဒလက္ခဏာ အာကာသဓာတု၊

၂။ ရူပပရိယန္တပ္ပကာသနရသာ၊

၃။ (က) ရူပမရိယာဒပစ္စုပဋ္ဌာနာ၊

( ခ ) အသမ္ဖုဋ္ဌဘာဝဆိဒ္ဒဝိဝရဘာဝပစ္စုပဋ္ဌာနာ ဝါ၊

၄။ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သောသဘော လက္ခဏ၊

၂။ ရုပ်ကလာပ်တို့၏ အဆုံးအပိုင်းအခြားကို ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ (က) ရုပ်ကလာပ်တို့၏ နယ်ခြားဒေသ သဘောတရား,

( ခ ) မဟာဘုတ်တို့၏ မထိအပ်သည်၏အဖြစ် ဟူသော သဘောတရား,

( ဂ ) ရုပ်ကလာပ်တို့၏ အပေါက်အကြား၏အဖြစ် ဟူသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အပိုင်းခြားခံရသော ရုပ်ကလာပ်များ ပဒဋ္ဌာန်။

ယာယ ပရိစ္ဆိန္နေသု ရူပေသု ဣဒမိတော ဥဒ္ဓံ၊ အဓော၊ တိရိယန္တိ စ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။)

ယင်း အာကာသဓာတ်က ပိုင်းခြားအပ်ကုန်သော ရုပ်ကလာပ်တို့၌ ဤရုပ်ကလာပ်သည် ဤရုပ်ကလာပ်မှ အထက်၌ ဖြစ်၏၊ အောက်၌ ဖြစ်၏၊ ဘေးပတ်ဝန်းကျင်၌ ဖြစ်၏ ဤသို့ ထင်ရှားခြင်းသည်လည်း ဖြစ်ပေါ် လာ၏၊ ဤအာကာသဓာတ်ကသာ ပိုင်းခြား၍မထားလျှင် ရုပ်ကလာပ်အားလုံးတို့သည် တစ်ပြင်တည်း ဖြစ်သွားဖွယ် ရှိသောကြောင့် အထက် အောက် ဘေးဟု မရှိတော့လေရာ။

အယံ ဟိ အာကာသဓာတု တံ တံ ရူပကလာပံ ပရိစ္ဆိန္ဒန္တီ ဝိယ ဟောတိ။ ပ ။ ယာယ ပရိစ္ဆိန္နေသူတိအာဒိနာ အာကာသဓာတုယာ တံတံကလာပါနံ ကလာပန္တရေဟိ အသင်္ကရကာရဏတံ ဒေဿတိ။ (မဟာဋီ၊၂၊၁၀၁။)

လက္ခဏ --- ကောင်းကင်ပြင်ဟူသော အဇဋာကာသ, အိုးပေါက် နံရံပေါက် လေသာပြူတင်းပေါက် စသော တစ်စုံတစ်ခုသော အရာဝတ္ထုဖြင့် ထက်ဝန်းကျင် ကာရံပိုင်းခြားထားအပ်သော ပရိစ္ဆန္နာကာသ, အာကာသာနဉ္စာယတနစျာန်ပိုင်း၌လာသော ကသိုဏ်းပညတ်ကို ခွာ၍ရအပ်သော ကသိဏုဂ္ဃါဋိမာကာသဟူသော အာကာသ (၃)မျိုးကို ဤ၌မဆိုလို၊ ရုပ်ကလာပ်တစ်ခုနှင့် အခြားရုပ်ကလာပ်တစ်ခုကို မရောယှက်အောင် = ရုပ်ကလာပ်တစ်ခု၌ တည်သော ရုပ်တရားတို့နှင့် အခြားသော ရုပ်ကလာပ်တစ်ခု၌ တည်သော ရုပ်တရားတို့ကို မရောယှက်အောင် ပိုင်းခြားတတ်သော ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော ပရိစ္ဆေဒါကာသကိုသာ ဤ၌ အာကာသဓာတ် အာကာသရုပ်ဟု ဆိုလိုသည်။

စက္ခုဒသကကလာပ် စသော ထိုထို ရုပ်ကလာပ်တို့ကို ကာယဒသကကလာပ် စသော အခြားအခြားသော ရုပ်ကလာပ်တို့နှင့် ရောယှက်ခြင်း ရောစပ်ခြင်းသို့ မရောက်စေသောအားဖြင့် အာကာသဓာတ်က ပိုင်းခြားပေး၏။ ထိုသို့ ရုပ်ကလာပ်ချင်း မရောယှက်အောင် ရောစပ်မှု မရှိအောင် ပိုင်းခြားပေးခြင်းဖြင့် ထိုထို ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်သော ရုပ်တရားတို့နှင့် အခြားအခြားသော ရုပ်ကလာပ်တို့၌ တည်သော ရုပ်တရားတို့သည်လည်း ရောယှက်မှု မရှိကြပေ။ ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားအချင်းချင်း ရောယှက်မှု မရှိအောင်ကား ယင်းရုပ်တရား အသီးအသီး၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး စသည်က ပိုင်းခြား ပေးနေ၏။ ထိုကြောင့် ရုပ်ကလာပ်အချင်းချင်းလည်း ရောယှက်မှု မရှိ၊ ရုပ်အချင်းချင်းလည်း ရောယှက်မှု မရှိဟု မှတ်ပါ။

အာကာသဓာတ်သည် မိမိက ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်အောင် ပိုင်းခြားတတ်သကဲ့သို့ ထို ရုပ်ကလာပ်တို့ကလည်း အာကာသဓာတ်ဟူသော မိမိကို ပိုင်းခြားပေး၏။ ရုပ်ကလာပ်တို့ကြောင့်ပင် ရုပ်ကလာပ် တို့၏ အကြားအပေါက် အာကာသသည်လည်း ဖြစ်ပေါ်လာရ၏။ အာကာသဓာတ်က ထိုထို ရုပ်ကလာပ်တို့ကို မရောယှက်အောင် ပိုင်းခြားတတ်၏။ ဤသို့စသော စကားဖြင့် အာကာသဓာတ်၏ ထိုထို ရုပ်ကလာပ်တို့၏ အခြားအခြားသော ရုပ်ကလာပ်တို့နှင့် မရောယှက်ခြင်း၏ အကြောင်းတရားဖြစ်မှုကို ညွှန်ပြလျက် ရှိပေသည်။

ရသ --- အာကာသဓာတ်သည် ဤသို့ ရုပ်ကလာပ်တို့ကို ပိုင်းခြားသကဲ့သို့ ဖြစ်ခြင်းကြောင့်ပင် --- ဤကား ရုပ်ကလာပ်တို့၏ အထက်အဖို့, ဤကား အောက်အဖို့, ဤကား ေ့ရှ နောက် ဝဲယာ ဖီလာ အဖို့ဟု ရုပ်တို့၏ အစွန်အဆုံး အပိုင်းအခြားကို ထင်ရှားပြခြင်းကိစ္စ ရှိပေသည်။ ကိစ္စရသတည်း။ မည်မျှလောက်ပင် ရုပ်ကလာပ် အချင်းချင်း ကပ်၍ ထပ်၍ စပ်၍ စေ့၍ နေသော်လည်း ရုပ်ကလာပ်တစ်ခု တစ်ခု၏ အဆုံးအပိုင်းအခြားကား ရှိရသေး၏၊ ထိုအဆုံးအပိုင်းအခြားကို အာကာသဓာတ်က ထင်ရှားပြသည်။ အာကာသဓာတ်ကသာ ပိုင်းခြား၍ မထားလျှင် ရုပ်ကလာပ်အားလုံးတို့သည် တစ်ပြင်တည်း တစ်ဆက်တည်း ဖြစ်သွားဖွယ်ရှိသောကြောင့် အထက်, အောက်, ဘေးဟု မရှိတော့လေရာ။ အာကာသဓာတ်က ရုပ်ကလာပ်တို့ကို ပိုင်းခြားသည်ဟူရာ၌ တကယ် ပိုင်းခြားသည်ကား မဟုတ်၊ လက်နှစ်ချောင်းတို့ကို ပူးကပ်လိုက်သော် လက်ချောင်း နှစ်ခုတို့၏ အကြားအပေါက်ဟူသော အာကာသသည် ဖြစ်ပေါ်လာသကဲ့သို့ ရုပ်ကလာပ်တို့ စုပေါင်းဖြစ်ပေါ်လာသောအခါ ရုပ်ကလာပ်တို့၏ အကြား အပေါက်သည်လည်း ဖြစ်ပေါ်လာပေ၏။ ထိုကြောင့် အာကာသဓာတ်က ရုပ်ကလာပ်တို့ကို ပိုင်းခြားသကဲ့သို့ ဖြစ်၏ဟု ဆိုသည်။ တဒ္ဓမ္မူပစာရတည်း။

ပစ္စုပဋ္ဌာန် --- (က) ရူပမရိယာဒပစ္စုပဋ္ဌာနာ --- ယင်း အာကာသဓာတ်ကို ဝိပဿနာဉာဏ်ဖြင့် ရှုပွား သုံးသပ်လိုက်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင်, တိုင်းပြည် တစ်ပြည်နှင့် တိုင်းပြည် တစ်ပြည်ကို ပိုင်းခြား ထားသော နယ်ခြားဒေသကဲ့သို့, ရုပ်ကလာပ်တို့၏ နယ်ခြားဒေသ သဘောတရားဟု ရှေးရှူထင်လာ၏။ တရားကိုယ် အနက်သဘောအားဖြင့်ကား ယင်း အာကာသဓာတ်ကို ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှ ဖြစ်၍ ဉာဏ်ဖြင့် ယူအပ်၏။ ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှသာဟု ရှုနေသော ဝိပဿနာဉာဏ်ဖြင့် ယူအပ်၏။ (မဟာဋီ၊၂၊ ၁၀၁။) ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာသော ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ပင်တည်း။

( ခ ) အသမ္ဖုဋ္ဌဘာဝဆိဒ္ဒဝိဝရဘာဝပစ္စုပဋ္ဌာနာ ဝါ --- ဤ၌

၁။ အသမ္ဖုဋ္ဌဘာဝ ပစ္စုပဋ္ဌာန်,

၂။ ဆိဒ္ဒဝိဝရဘာဝ ပစ္စုပဋ္ဌာန် ---

ဤသို့ နှစ်မျိုးခွဲပါ။ အသမ္ဖုဋ္ဌဘာဝ ပစ္စုပဋ္ဌာန်ကား ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ဆိဒ္ဒဝိဝရဘာဝ ပစ္စုပဋ္ဌာန်ကား ဖလပစ္စုပဋ္ဌာန်တည်း။

၁။ အသမ္ဖုဋ္ဌဘာဝ ပစ္စုပဋ္ဌာန် --- ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော အာကာသဓာတ်ကို ဝိပဿနာ ဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထိုထိုရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိသော မဟာဘုတ်တို့သည် ယင်းအာကာသဓာတ်ကို မထိအပ် မထိနိုင်သော သဘောတရားအဖြစ်ဖြင့် ရှေးရှူ ထင်လာ၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ပင်တည်း။

အသမ္ဖုဋ္ဌံ စတူဟိ မဟာဘူတေဟီတိ ယသ္မိံ ကလာပေ ဘူတာနံ ပရိစ္ဆေဒေါ၊ တေဟေဝ အသမ္ဖုဋ္ဌံ။ ဝိဇ္ဇမာနေပိ ဟိ ကလာပန္တရဘူတာနံ ကလာပန္တရဘူတသမ္ဖုဋ္ဌဘာဝေ တံတံဘူတဝိဝိတ္တတာ ရူပပရိယန္တော အာကာသောတိ ယေသံ ယော ပရိစ္ဆေဒေါ၊ တေဟိ သော အသမ္ဖုဋ္ဌောဝ၊ အညထာ ပရိစ္ဆိန္နဘာဝေါ န သိယာ တေသံ ဘူတာနံ ဗျာပိတဘာဝါပတ္တိတော။ အဗျာပိတာ ဟိ အသမ္ဖုဋ္ဌတာတိ။ (မူလဋီ၊၁၊၁၅၂။)

အနေကေသံ ကလာပါနံ ဧကတော ဟုတွာ ဧကဃနပိဏ္ဍဘာဝေန ပဝတ္တနတော ကလာပန္တရဘူတာနံ ကလာပန္တရဘူတေဟိ သမ္ဖုဋ္ဌဘာဝေါ ဝုတ္တော။ ယတော တေသံ ဒုဝိညေယျနာနတ္တံ၊ န ပန အဝိနိဗ္ဘုတ္တဘာဝတော။ တံတံဘူတဝိဝိတ္တတာတိ တေသံ တေသံ ဘူတာနံ ဝိဘတ္တဘာဝေါ ကလာပန္တရဘူတေဟိ ဝိဘတ္တသဘာဝတာ အသံကိဏ္ဏတာတိ အတ္ထော။ ယသ္မာ ပန ယထာဝုတ္တာ ဝိဝိတ္တတာ ရူပါနံ ဩသာနံ ဟောတိ၊ တသ္မာ ရူပပရိယန္တောတိ ဝုတ္တံ။ အထ ဝါ တံတံဘူတသုညတာ။ ယေသဥှိ ပရိစ္ဆေဒေါ အာကာသော၊ တေသံ ပရိယန္တတာယ တေဟိ သုညဘာဝေါတိ လက္ခိတဗ္ဗော။ တတောယေဝ စ သော ဘူတန္တရေဟိ ဝိယ တေဟိ အသမ္ဖုဋ္ဌောတိ ဝုစ္စတီတိ။ အညထာတိ ပရိစ္ဆိန္ဒိတဗ္ဗေဟိ အသမ္ဖုဋ္ဌဘာဝါဘာဝေ။ (အနုဋီ၊၁၊၁၆၅။)

ဓမ္မသင်္ဂဏီ ပါဠိတော် စာပိုဒ် (၆၃၇)ဝယ် အာကာသဓာတ်ကို ဝေဖန် ဟောကြားတော်မူရာ၌ -- အသမ္ဖုဋ္ဌံ စတူဟိ မဟာဘူတေဟိ = ယင်း အာကာသဓာတ်ကို မဟာဘုတ်လေးပါးတို့သည် တွေ့ထိ၍ မရနိုင်ကြောင်းကို ထည့်သွင်း ဟောကြားထားတော်မူခဲ့၏။ အာကာသဓာတ်က ရုပ်ကလာပ်များကို မရောယှက်အောင် ပိုင်းခြားပေး၏၊ ယင်း အပိုင်းခြားခံရသော ရုပ်ကလာပ်တို့တွင် တည်ရှိသော အသီးအသီးသော မဟာဘုတ်တို့သည် မိမိတို့ကို ကလာပ်ချင်း မရောယှက်အောင် ပိုင်းခြားပေးနေသော အာကာသဓာတ်ကို မတွေ့ထိအပ် မတွေ့ထိနိုင်။ အကြင် ရုပ်ကလာပ်၌ မဟာဘုတ်တို့၏ အဆုံးအပိုင်းအခြားသည် ရှိ၏။ ထိုကလာပ်၌ မဟာဘုတ်တို့သည်ပင် မိမိတို့၏ အဆုံးအပိုင်းအခြားဖြစ်သည့် ယင်း အာကာသဓာတ်ကို မထိအပ် မထိနိုင်။

များစွာကုန်သော ရုပ်ကလာပ်တို့သည် တစ်ပေါင်းတည်း တစ်စုတည်း ဖြစ်ကြ၍ တစ်လုံးတစ်ခဲတည်း အတုံးအခဲအဖြစ်ဖြင့် ဖြစ်ကြခြင်းကြောင့် အချင်းချင်း ကပ်လျက် ထပ်လျက် စပ်လျက် စေ့လျက် ဆက်စပ် တည်နေ ကြကုန်သော ရုပ်ကလာပ်တို့တွင် ကလာပ်တစ်ခု အတွင်း၌ တည်ကြကုန်သော မဟာဘုတ်တို့သည် အခြားကလာပ် တို့၌ တည်ကြကုန်သော မဟာဘုတ်တို့နှင့် မဟာဘုတ် အချင်းချင်းကား ထိစပ်မှုရှိသည်သာ ဖြစ်၏။ ထိုသို့ပင် ဆက်စပ်တည်နေကြသော ကလာပ်တို့ဝယ် မဟာဘုတ်အချင်းချင်း ထိခိုက်နေပါသော်လည်း = ထိခိုက်မှု ထင်ရှား ရှိနေပါသော်လည်း ထိုထို မဟာဘုတ်တို့မှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော ရုပ်ကလာပ်တို့၏ အဆုံးအပိုင်း- အခြားသည် ရှိ၏၊ ယင်း အဆုံးအပိုင်းအခြားကား အာကာသဓာတ်ပင်တည်း။ ထိုကြောင့် ယင်းမဟာဘုတ်တို့၏ အဆုံးအပိုင်းအခြားဟူသော ယင်းအာကာသဓာတ်ကို ယင်းမဟာဘုတ်တို့က မထိအပ် မထိနိုင်သည်သာ ဖြစ်၏။

ထိုသို့ မယူဆဘဲ အာကာသဓာတ်ကို ထိုထို ရုပ်ကလာပ် အတွင်း၌ တည်ရှိကုန်သော မဟာဘုတ်တို့က ထိအပ် ထိနိုင်သည်ဟု အနက်အဓိပ္ပါယ်ကို ယူဆခဲ့သော် ရုပ်ကလာပ်တို့ကို ပိုင်းခြားခြင်း, ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရားတို့၏ အပိုင်းအခြားခံရခြင်း သဘောတရားသည် မဖြစ်နိုင်တော့လေရာ။ အဘယ်ကြောင့်နည်းဟူမူ --- ထိုထို ရုပ်ကလာပ် အသီးအသီး၌ တည်ရှိကြသော မဟာဘုတ်တို့၏ (ဗျာပိတဘာဝ) = ပျံ့နှံ့ခြင်း ရှိကုန်သည်၏ အဖြစ်သို့ ရောက်ရှိသွားခြင်းကြောင့်တည်း။ (ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့နှင့် အခြား ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့သည် ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်၊ ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ် ဤသို့ စသည်ဖြင့် ခွဲမရအောင် တွဲလျက် ခဲလျက် တစ်ပြင်တည်း တစ်စပ်တည်း ဖြစ်ခြင်းသို့ ရောက်ရှိသွားလေရာသည် ဟူလို။)

အဘယ်ကြောင့် ထိုထို ရုပ်ကလာပ် အသီးအသီး၌ တည်ရှိကြသော မဟာဘုတ်တို့၏ ပျံ့နှံ့ခြင်း ရှိကုန် သည်၏ အဖြစ်သို့ ရောက်သွားကုန်သနည်းဟူမူ --- ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့နှင့် အခြား ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်ဟူသော ထိုထို မဟာဘုတ်တို့၏ ကလာပ်ပြား မဟာဘုတ်အချင်းချင်း ပျံ့နှံ့ခြင်း မရှိမှု တွဲမှု ခဲမှု မရှိမှုသည်သာ အာကာသဓာတ်ကို မဟာဘုတ်တို့က မထိအပ် မထိနိုင်မှု ဖြစ်သောကြောင့်တည်း။

ဆိုလိုသည်မှာ --- အာကာသဓာတ်ကို မဟာဘုတ်တို့က မထိအပ် မထိနိုင်မှုမှာ မဟာဘုတ်တို့က အာကာသ ဓာတ်သို့တိုင်အောင် ပျံ့နှံ့မှု မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ မဟာဘုတ်တို့သည် အာကာသဓာတ်သို့ တိုင်အောင် ပျံ့နှံ့မှုရှိပါသည်ဟု ယူဆခဲ့လျှင် မဟာဘုတ်တို့က အာကာသဓာတ်ကို တွေ့ထိကောင်းသည်ဟု အနက် အဓိပ္ပါယ် ထွက်နေ၏။ (ဘုရားဟောနှင့်ကား အလွဲကြီး လွဲသွားပြီ ဖြစ်၏။) ယင်းသို့ မဟာဘုတ်တို့က အာကာသ ဓာတ်ကို တွေ့ထိကောင်း၍ အာကာသဓာတ်သို့တိုင်အောင် မဟာဘုတ်တို့သည် ပျံ့နှံ့ တည်နေကြသည် ဖြစ်ခဲ့လျှင် အာကာသဓာတ်က ရုပ်ကလာပ်တို့ကို ပိုင်းခြားမှုသည်လည်း မဖြစ်လေရာ၊ အပိုင်းအခြားခံရသော ရုပ်ဟူသည်လည်း မရှိနိုင်လေရာ၊ ရုပ်ကလာပ်အချင်းချင်း ကလာပ်ပြားရုပ် အချင်းချင်း ရောယှက် ရောစပ် ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။ ဤသို့လျှင် မလိုလားအပ်သော အနက်သဘောများ ကျရောက်လာဖွယ်ရာ ရှိသဖြင့် အာကာသဓာတ်ကို အပိုင်းအခြားခံရသော ရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိကြသော မဟာဘုတ်တို့က မတွေ့ထိအပ် မတွေ့ထိနိုင် ဟုသာ အဓိပ္ပါယ်ယူပါ ဟူလိုသည်။

ယင်းသို့ အဓိပ္ပါယ် ယူဆပါမှသာလျှင် ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သော = ပိုင်းခြားသကဲ့သို့ ဖြစ်သော အာကာသဓာတ်ဟူသည်လည်း ရှိ၏၊ အပိုင်းအခြားခံရသော ရုပ်ကလာပ်များ ရုပ်တရားများလည်း ရှိ၏ဟု သဘော ကျနိုင်မည်။

သို့သော် --- ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်တို့တည်း၊ ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်တို့တည်း --- ဤသို့စသည်ဖြင့် ကလာပ်ခြားကုန်သော ကလာပ်ပြားကုန်သော မဟာဘုတ်တို့၏ ကွဲပြားမှု အထူးအပြားကိုကား သိနိုင်ခဲလှ၏။ (သိနိုင်ခဲ၏ဟုသာ ဆိုသည်၊ မသိနိုင်ဟုကား မဆိုသည်ကို သတိပြုပါ။)

ထိုသို့ သိနိုင်ခဲသည် မှန်သော်လည်း --- ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့ သည်သာ ခွဲခြား၍ မရနိုင်သော ခွဲခြား၍ မဖြစ်နိုင်သော အဝိနိဗ္ဘောဂတရားများ ဖြစ်ကြသဖြင့် ကလာပ်ခြား ကုန်သော ကလာပ်ပြားကုန်သော ရုပ်ကလာပ် တစ်ခြားစီ၌ တည်ရှိကြကုန်သော ကလာပ်ပြား မဟာဘုတ်တို့၏ ခွဲခြား၍ မရနိုင်သော ခွဲခြား မဖြစ်နိုင်သော အဝိနိဗ္ဘောဂရုပ်တရားများ မဟုတ်ကြသောကြောင့် ရုပ်ကလာပ်တစ်ခု ၌ တည်သော မဟာဘုတ်တို့က အခြားရုပ်ကလာပ်တစ်ခု၌ တည်သော မဟာဘုတ်တို့ကို တွေ့ထိနိုင်ကြောင်းကို မူလဋီကာဆရာတော်က (မူလဋီ၊၁၊၁၅၂။)၌ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။

ရုပ်ကလာပ်တစ်ခု၌ တည်ရှိကြသော မဟာဘုတ်တို့နှင့် အခြားရုပ်ကလာပ်တစ်ခု၌ တည်ရှိကြကုန်သော မဟာဘုတ်တို့ကား ရောယှက်မှု မရှိကြပေ။ ထိုသို့ ရောယှက်မှု မရှိနိုင်သော်လည်း ကလာပ်ပြား မဟာဘုတ် အချင်းချင်းကား တွေ့ထိကောင်း၏ ထိခိုက်နိုင်၏။ (လက်ဝါးနှစ်ဖက်ကို တွေ့ထိကြည့်ပါ။ တွေ့ထိ၍ကား ရနိုင်၏၊ လက်ဝါးချင်းကား တစ်ခုတည်း အဖြစ်သို့ ရောနှော၍ မသွား၊ လက်ဝါး တစ်ခုစီသာ ဖြစ်သကဲ့သို့ မှတ်ပါ။) ထိုသို့ပင် ဆက်စပ်တည်နေကြကုန်သော ကလာပ်ပြား မဟာဘုတ် အချင်းချင်း ထိခိုက်နိုင်ပါသော်လည်း ထိုထို မဟာဘုတ်တို့မှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော ရုပ်ကလာပ်တို့၏ အဆုံးအပိုင်းအခြားကား ရှိသည်သာဖြစ်၏။ ယင်း အဆုံးအပိုင်းအခြားကား အာကာသဓာတ်ပင်တည်း။ (အနုဋီ၊၁၊၁၆၅။)

တစ်နည်း --- အကြင် အကြင် မဟာဘုတ်တို့၏ အပိုင်းအခြားဖြစ်သော = အကြင် အကြင် မဟာဘုတ်တို့ကို ကလာပ်ပြား မဟာဘုတ် အချင်းချင်း မရောယှက်အောင် ပိုင်းခြားတတ်သော အာကာသဓာတ်ဟူသည် ရှိ၏၊ ထိုအာကာသဓာတ်ဟူသည် ထိုထို မဟာဘုတ်တို့၏ ကင်းဆိတ်မှုသဘော = သုညသဘောသာ ဖြစ်၏။ ထိုမဟာဘုတ်တို့၏ အဆုံးအပိုင်းအခြား ဖြစ်သောကြောင့် အာကာသဓာတ်ဟူသည် ထိုမဟာဘုတ်တို့မှ ကင်းဆိတ်မှု သုညသဘောတရားဟု မှတ်သားသင့်၏။ ထိုကြောင့်ပင်လျှင် ထိုအာကာသဓာတ်ကို အခြားသော ကလာပ်ပြား မဟာဘုတ်တို့က မထိခိုက်အပ်သကဲ့သို့ (အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော) ထိုမဟာဘုတ်တို့က မထိအပ် မထိနိုင်ဟု ဆိုခြင်းဖြစ်သည်ဟု မှတ်ပါ။ (အနုဋီ၊၁၊၁၆၅။)

ယင်း အာကာသဓာတ်ကား ဖောက်ပြန်တတ်သည့် ရုပ္ပနလက္ခဏာရှိသည့် တကယ့်ရုပ်အစစ်ကား မဟုတ်၊ ဖောက်ပြန်တတ်သည့် ရုပ္ပနလက္ခဏာရှိသည့် တကယ့်ရုပ်အစစ်များနှင့် ပူးတွဲပါလာသောကြောင့်သာ မကင်း စကောင်းသော အဝိနာဘာဝနည်းအားဖြင့် ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာရှိသည့် ရုပ်စာရင်းတွင် ထည့်သွင်း၍ ရုပ်တရားဟု ခေါ်ဝေါ် သုံးစွဲထားခြင်းဖြစ်သည်။ ဖောက်ပြန်တတ်သောသတ္တိ မရှိပါဘဲလျက် ဖောက်ပြန် တတ်သောသတ္တိ ရှိသကဲ့သို့ တင်စား၍ ခေါ်ဆိုထားသော တဒ္ဓမ္မူပစာရစကားဟု မှတ်ပါ။

သို့သော် ယင်း အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ဘုရားရှင် ကိုယ်တော်တိုင်က မဟာရာဟုလောဝါဒ သုတ္တန် (မ၊၂၊၈၆။)တွင် အရှင်ရာဟုလာအား ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၅။)တွင်လည်း ပုက္ကုသာတိ အမျိုးကောင်းသား ရဟန်းတော်အား ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ညွှန်ကြား ပြသရာ၌ အာကာသဓာတ်ကို သိမ်းဆည်းရှုပွားရန် ထည့်သွင်း ဟောကြားထားတော်မူ၏။ အဘိဓမ္မာ ဓာတုဝိဘင်း ပါဠိတော် (အဘိ၊၂၊၈၆။)၌လည်း အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ အဋ္ဌကထာ ကလည်း ဤသို့ ရှင်းပြထား၏။

အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။

အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။

တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)

ဤ မဟာရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို အဘယ်ကြောင့် အကျယ်ချဲ့၍ ဟောကြားထား တော်မူပါသနည်းဟူမူ --- ဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား ပြသတော်မူလိုသည့်အတွက် ဟောကြား တော်မူခြင်း ဖြစ်၏။ မှန်ပေသည် ရှေးပိုင်းဝယ် ရုပ်ပိုင်းဆိုင်ရာ၌ မဟာဘုတ် (၄)ပါးတို့ကိုသာ ဟောကြားတော်မူ အပ်ကုန်သေး၏။ ဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားရန် မဟောကြားရသေး။ ထိုကြောင့် ဤ အာကာသဓာတ်ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားဖို့ရန် ညွှန်ပြတော်မူလိုရကား အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည်။ တစ်နည်း --- ယင်း အာကာသဓာတ်ကို ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်ပါက ယင်း အဇ္ဈတ္တိက အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော ရုပ်တရားအပေါင်းသည်လည်း ထင်ရှားခြင်းသို့ ရောက်ရှိလာနိုင်၏၊ ထို အာကာသဓာတ်ဖြင့် ဤသို့ အပိုင်းအခြားခံရသည့် ရုပ်တရားအပေါင်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်ရှားခြင်းသို့ ရောက်ရှိလာနိုင်ပုံကို ထင်ရှားပြတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ နိဗ္ဗာန်သို့ သွားရာ၌ ဦးစီးဦးကိုင် အကြီးအမှူး ဖြစ်တော်မူသော ဘုရားရှင်သည် ထိုအာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား ပြသတော်မူရလေသည်။ (မ၊ဋ္ဌ၊၃၊၉၇။)

ဤ အာကာသဓာတ်ကား ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုကို မရောယှက်အောင် ပိုင်းခြားပေးသော ရုပ်ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အာကာသဓာတ်ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် မြင်သိပါမှ ရုပ်ကလာပ်ကို မြင်နိုင်မည်။ ရုပ်ကလာပ်ကို မြင်ပါမှ ဓာတ်ခွဲနိုင်ပါမှ, ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင် ရှုပွားနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ အနတ္တဉာဏ်အမြင်သို့ ဆိုက်မည်။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာရေးသုံးတန် ဉာဏ်အမြင် သန့်ရှင်းပါမှ မဂ် ဖိုလ် နိဗ္ဗာန်သို့ ဆိုက်နိုင်မည်။ ထိုကြောင့် အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ဘုရားရှင် ကိုယ်တော်တိုင်က ညွှန်ကြား ပြသတော်မူရခြင်း ဖြစ်ပေသည်။

၂၀။ ကာယဝိညတ်

၁။ အဘိက္ကမာဒိပဝတ္တက-စိတ္တသမုဋ္ဌာန-ဝါယောဓာတုယာ သဟဇရူပကာယ-ထမ္ဘန-သန္ဓာရဏ-စလနဿ ပစ္စယော (ဝါယောဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ကာယဝိညတ္တိ၊

၂။ အဓိပ္ပါယပ္ပကာသနရသာ၊

၃။ ကာယဝိပ္ဖန္ဒနဟေတုဘာဝပစ္စုပဋ္ဌာနာ၊

၄။ စိတ္တသမုဋ္ဌာနဝါယောဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ ေ့ရှသို့တက်ခြင်း စသည်ကို ဖြစ်စေတတ်သော စိတ္တဇဝါယောဓာတ်၏ အတူဖြစ်သော

ရူပကာယကို ထောက်ပံ့ ခိုင်ခံ့စေခြင်း, ကောင်းစွာ တည်စေခြင်း, လှုပ်ရှားစေခြင်း၏

အကြောင်းဖြစ်သော (ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇ

မဟာဘုတ်တို့၏) အမူအရာ အထူးသဘော လက္ခဏ၊

၂။ လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်တုန်လှုပ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ် ပဒဋ္ဌာန်။

ထိုကာယဝိညတ်ကို, ကိုယ်ကို လှုပ်ရှားပြခြင်းဖြင့် လှုပ်ရှားပြသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း, မိမိဟူသော ဝိကာရရုပ် ကိုယ်တိုင်က လှုပ်ရှားပြသော ကိုယ်ဟု ခေါ်ဆိုအပ်သော ရူပကာယ = ရုပ်တရားအပေါင်းသို့ အစဉ်လျှောက်သဖြင့် (= လှုပ်ရှားသော ကိုယ်ကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက်သဖြင့်) သိအပ်သော ရုပ်တရား ဖြစ်သောကြောင့်လည်းကောင်း ကာယဝိညတ်ဟူ၍ ခေါ်ဆိုအပ်ပေသည်။

ထိုကာယဝိညတ်ရုပ်သည် မိမိက လှုပ်ရှားစေအပ်ကုန်သော, တစ်နည်း မိမိ ပါဝင်တည်ရှိသော ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော မဟာဘုတ်တို့ကြောင့် အလှုပ်အရှား ခံရကုန်သော, ယင်းစိတ္တဇ ရုပ်တို့နှင့် အတူတကွ ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆက်စပ်တည်နေကြ ဖြစ်နေကြကုန်သော ဥတုဇရုပ် ကမ္မဇရုပ် အာဟာရဇရုပ်တို့သည်လည်း စိတ္တဇရုပ်သည် လှုပ်ရှားခဲ့သော် အတူရော၍ လှုပ်ရှားကြရကုန်၏။ ထိုသို့ လှုပ်ရှား ခြင်းကြောင့် ေ့ရှသို့တက်ခြင်း စသည်တို့သည် ဖြစ်ပေါ်လာကုန်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

ဝိညတ်ခေါ်ပုံ --- အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ --- လက်ခြေ စသည်ကို လှုပ်ပြသူ စကားပြောသူတို့၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ထူးခြားသော အမူအရာ တစ်မျိုးသည် ဝိညတ် မည်၏။ ထိုထူးခြားသော အမူအရာသည် ပရမတ္ထအားဖြင့် အထင်အရှားရှိသော သီးခြားရုပ်တစ်မျိုး မဟုတ် သော်လည်း ယခု လောက၌ လိမ္မာပါးနပ်သူတို့က ထိုအမူအရာထူးကို သိနိုင်သောကြောင့် ---- ဝိညာယတီတိ ဝိညတ္တိ --- အရ လှုပ်ရှားလာသော ရုပ်တရားအပေါင်းကို မြင်တွေ့ရ ကြားရခြင်းဖြင့် ယင်းဝိညတ်ရုပ်ကို သိအပ် သိနိုင်သောကြောင့် ဝိညတ် မည်၏။

ကာယဝိညတ် --- အယေဥှတ္ထ အတ္ထော --- ဝိညာပေတီတိ ဝိညတ္တိ၊ ကိံဝိညာပေတိ? အဓိပ္ပါယံ၊ ကေန? ကာယေန၊ ကီဒိသေန? ဝိပ္ဖန္ဒမာနေနာတိ။ ဒုတိယနယေ ပန ယထာဝုတ္တေန ကာယေန ဝိညာယတီတိ ကာယဝိညတ္တိ။ (မဟာဋီ၊၂၊၁၀၀။)

ဝိပ္ဖန္ဒမာနေန ကာယေန အတ္တနော ဘာဝံ = အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ --- လက်ယပ်၍ခေါ်ခြင်း စသည်၌ လက်ယပ်သော အခြင်းအရာအားဖြင့် လှုပ်ရှားသောကိုယ်၏ အစိတ်အပိုင်းကို ကာယ = ကိုယ်ဟု ဧကဒေသူပစာရအားဖြင့် ဆိုထားသည်။ ရူပကာယ တစ်ခုလုံး၏ ကာယ = ကိုယ်ဟူသော အမည်ကို လှုပ်ရှား ပြသော လက်စသော ကိုယ်၏ အစိတ်အပိုင်း၌ တင်စား၍ လှုပ်ရှားပြသော လက်စသော ကိုယ်၏ အစိတ်အပိုင်း ကိုလည်း ကာယ = ကိုယ်ဟု ခေါ်ဆိုထားသည်ဟု ဆိုလိုသည်။ ထို ကိုယ်ဖြင့် မိမိ၏ လာစေလိုခြင်း စသော အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သောကြောင့် ဝိညတ် မည်၏။ ထိုသို့ မိမိ၏အတွင်း သဘော အလိုဆန္ဒကို ကိုယ်အမူအရာထူးဖြင့် သူတစ်ပါးတို့အား သိစေရာ၌ လူတို့သည်သာမက တိရစ္ဆာန်တို့သော်မှလည်း ထိုအလိုကို သိနိုင်ကြ၏။ အလားတူပင် တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကိုလည်း တိရစ္ဆာန် အချင်းချင်းသာမက လူတို့သော်မှလည်း သိနိုင်ကြ၏၊ ထိုသို့ သိနိုင်ခြင်းမှာ ဤ ဝိညတ်ရုပ်ကြောင့်ပင် ဖြစ်၏။

ေ့ရှသို့ တက်အံ့ ၊ နောက်သို့ ဆုတ်အံ့ ၊ ကွေးအံ့၊ ဆန့်အံ့၊ လက်ယပ်ခေါ်အံ့၊ --- ဤသို့ စသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်သည် စိတ္တဇဩဇဋ္ဌမကရုပ်များကို ဖြစ်စေ၏။ ထို စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အတွင်း၌ ဝါယောဓာတ်သည် ရှိ၏၊ ထိုဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲထက်မြက် စူးရှလျက် ရှိ၏၊ ထိုဝါယောဓာတ်က မိမိနှင့် အတူတကွ ဖြစ်ဖက်ဖြစ်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်တင်း ခိုင်မာအောင် ထောက်ပံ့ထား၏၊ ထောက်ကန်ထား၏၊ လိုရာဘက်သို့ ကောင်းစွာ ရှေးရှူ ဆောင်ထား၏၊ လှုပ်ရှားစေ၏၊ ေ့ရှသို့ သွားစေ၏၊ နောက်သို့ ဆုတ်စေ၏၊ ကွေးစေ၏၊ ဆန့်စေ၏၊ လက်ယပ် ခေါ်စေ၏၊ ဤသို့စသည့် ကိုယ်အမူအရာထူးများကို ဖြစ်စေ၏။

ထိုသို့ ဖြစ်စေရာ၌ ပဉ္စဒွါရဝီထိစိတ်တို့ကား ဝိညတ်ရုပ်ကို မဖြစ်စေနိုင်ကြကုန်၊ မနောဒွါရဝီထိစိတ်တို့ကသာ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကြကုန်၏။ ထို မနောဒွါရိက ဇောစိတ်တို့တွင် ဇော (၇)ကြိမ်တို့အနက် ေ့ရှဇော (၆)တန် တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့သည် မိမိနှင့် အတူတကွဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်း ထောက်ကန်ထားခြင်းငှာလည်းကောင်း, ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း စွမ်းနိုင်ကုန်၏၊ ထိုမှ ဤှမှ လှုပ်ရှားစေခြင်းငှာကား မစွမ်းနိုင်ကုန်။ သို့သော် သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည်ကား ေ့ရှဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိကြသော ဝါယောဓာတ်တို့၏ အားပေးထောက်ပံ့တတ်သော အကြောင်းကို ရရှိသည်ဖြစ်၍ မိမိနှင့်အတူဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ ရုပ်တရားအပေါင်းကို (သွားမည့်ဘက်သို့ ရှေးရှူလျက်) ထောက်ကန်ထားခြင်းငှာလည်းကောင်း, ကောင်း စွာ ရှေးရှူ ခေါ်ဆောင်ထားခြင်းငှာလည်းကောင်း, လှုပ်ရှားစေခြင်းငှာလည်းကောင်း, ေ့ရှသို့ သွားစေခြင်းငှာလည်း ကောင်း, နောက်သို့ ဆုတ်စေခြင်းငှာလည်းကောင်း, ေ့ရှတည့်တည့်သို့ ကြည့်စေခြင်းငှာလည်းကောင်း, စောင်း၍ ကြည့်စေခြင်းငှာလည်းကောင်း, ကွေးစေခြင်းငှာလည်းကောင်း, ဆန့်စေခြင်းငှာလည်းကောင်း စွမ်းနိုင်၏။ ထို သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇဝါယောဓာတ်၏ စွမ်းအင်သတ္တိကြောင့် သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ရောက်ပြီ --- ဤသို့ ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်ရှိ ပေသည်။ (ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်များ အကြိမ်များစွာ ဖြစ်သောအခါ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီဟု ဆိုနိုင်စေသည်၊ ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ် အနည်းငယ် ဖြစ်ရုံမျှဖြင့်ကား ထိုမျှလောက် မရောက်စေနိုင်ပါ ဟူလိုသည်။) (အဘိ၊ဋ္ဌ၊၁၊၁၂၄-၁၂၅။)

ထို စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းတို့တွင် စိတ်ကြောင့်ဖြစ်ကုန်သော စိတ္တသမုဋ္ဌာနိက ရုပ်တရားတို့ကား ဝိညတ် မဟုတ်ပါ။ ထိုစိတ္တသမုဋ္ဌာနိက ဩဇဋ္ဌမက ရုပ်ကလာပ်အပေါင်းတို့တွင် တည်ရှိသော ဝါယောဓာတ်၏ တစ်နည်းဆိုသော် --- ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော မဟာဘုတ်တို့၏ အတူဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာတောင့်ထားခြင်း ထောက်ကန် ထားခြင်းငှာလည်းကောင်း, လိုရာဘက်သို့ ရှေးရှူ ဆွဲဆောင်ထားခြင်းငှာလည်းကောင်း, လှုပ်ရှားစေခြင်းငှာလည်းကောင်း အကြောင်းတရားဖြစ်စေခြင်းငှာ စွမ်းနိုင်သော တစ်မျိုးသော ထူးခြားသော အမူအရာသည် ရှိ၏၊ ဤအမူအရာထူးသည်သာ ဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ထိုဝိညတ်သည် စိတ္တဇဩဇဋ္ဌမက ရုပ်တရားတို့ကဲ့သို့ စိတ်ကြောင့် ဖြစ်သည်ကားမဟုတ်၊ (ရုပ်အစစ် မဟုတ် သောကြောင့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ဟု ဆိုလိုသည်။) ထိုသို့ပင် စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ် သော်လည်း --- အနိစ္စ ဒုက္ခ အနတ္တဖြစ်ကုန်သော သင်္ခတတရားတို့၏ ဇရာ မရဏ၏ အဖြစ်ကြောင့် ဇရာ မရဏကိုလည်း အနိစ္စ သင်္ခတ စသည်ဖြင့် ဟောကြားတော်မူသကဲ့သို့ --- အလားတူပင် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန် ရုပ်တရားတို့၏ ဝိညတ်ဟူသော ဝိကာရ = ထူးခြားသော အမူအရာ၏ အဖြစ်ကြောင့် ထိုဝိညတ် သည်လည်း စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် အမည်ရတော့သည်သာ ဖြစ်သည်။ (ဌာနဖြစ်သော စိတ္တဇ ဩဇဋ္ဌမက ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ စိတ္တသမုဋ္ဌာန အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရရုပ် ဝိညတ်ပေါ်၌ တင်စား၍ ဝိညတ်ကိုလည်း ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန်ရုပ်ဟု ခေါ်ဆိုသည် ဟူလို။) (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ဤ အမူအရာထူး = ဝိကာရကို သိစေတတ်သည်၏ အဖြစ်ကြောင့် ဝိညတ်ဟု ခေါ်ဆို၏၊ အဘယ်ကို သိစေတတ်သနည်း ဟူမူ ---

ဧကံ ကာယိကကရဏံ။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ကာယဒွါရပ္ပဝတ္တံ စိတ္တကြိယံ၊ အဓိပ္ပါယန္တိ အတ္ထော။ (မူလဋီ၊၁၊၇၂။)

ကာယဒွါရ၌ဖြစ်သော စိတ်ကြောင့်ဖြစ်သော အမူအရာ ကြိယာထူးကို သိစေတတ်၏ ဟူလိုသည်။ ထိုအမူအရာ ကြိယာဟူသည်လည်း စိတ်၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော အမူအရာ ကြိယာတည်း။

စက္ခုဝိညေယျ မနောဝိညေယျ

စက္ခုပသာဒ၏ လမ်းကြောင်းကျရာ၌ တည်သောသူသည် လက်ကိုသော်လည်းကောင်း, ခြေကိုသော် လည်းကောင်း မြှောက်လိုက်အံ့ ၊ ဦးခေါင်းကိုသော်လည်းကောင်း မျက်ခုံးကိုသော်လည်းကောင်း လှုပ်စေအံ့၊ လက် ခြေ ဦးခေါင်း မျက်လုံးတို့၏ ဤ မြှောက်ခြင်း လှုပ်ခြင်းဟူသော အမူအရာသည် စက္ခုဝိညာဏ်ဖြင့် သိအပ် သိနိုင်၏၊ ဝိညတ်ရုပ်ကိုကား စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိနိုင်၊ မနောဝိညာဏ်ဖြင့်သာ သိအပ် သိနိုင်၏။ မှန်ပေသည် စက္ခုဖြင့် = စက္ခုဝိညာဏ်ဖြင့် လက်၏ ထူးခြားသော အမူအရာ စသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော အဆင်းဟူသော ရူပါရုံကိုသာလျှင် မြင်နိုင်၏။ (ထို လှုပ်ရှားသော လက်ဟူသည် ရုပ်ကလာပ်တို့၏ အပေါင်းအစု မျှသာ ဖြစ်၏၊ ထိုလှုပ်ရှားသော ရုပ်ကလာပ်တို့၏ အတွင်း၌ တည်သော ဝဏ္ဏဓာတ် ရူပါရုံတို့၏ အပေါင်းအစုကိုသာ စက္ခုဝိညာဏ်က မြင်နိုင်သည် ဟူလိုသည်။) ဝိညတ်ရုပ်ကိုကား မနောဒွါရိကစိတ်ဖြင့် ကြံစည် စဉ်းစား၍ ----- ဤသူသည် ဤမည် ဤမည်သော အမှုကိုလည်း ပြုစေလိုယောင်တကား --- ဟု သိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ကာယဝိညတ္တီတိ ဧတ္ထ တာဝ ကာယေန အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနံ, ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ကာယဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တိ။ သယံ ကာယဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ ကာယေန သံဝရော သာဓူတိအာဒီသု အာဂတော စောပနသင်္ခါတော ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ။ ကာယဝိပ္ဖန္ဒနေန အဓိပ္ပါယဝိညာပနဟေတုတ္တာ, သယဉ္စ တထာ ဝိညေယျတ္တာ ကာယေန ဝိညတ္တီတိပိ ကာယဝိညတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

ဘာဝဿ ဂမနံ ပကာသနံ စောပနံ။ (မူလဋီ၊၁၊၁၅၁။)

ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်၏ ထူးခြားသောအမူအရာ ဝိကာရရုပ်ကို လည်းကောင်း, ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်၏ ထူးခြားသောအမူအရာ ဝိကာရ ရုပ်ကိုလည်းကောင်း ဝိညတ်ခေါ်ကြောင်းကို သတိပြုထားပါ။

(က) လက်ယပ်၍ခေါ်ခြင်း စသည်၌ လက်ယပ်သော အခြင်းအရာအားဖြင့် လှုပ်ရှားသော ကိုယ်၏ အစိတ် အပိုင်းဟူသော ကိုယ်ဖြင့် မိမိ၏ လာစေလိုသော အတွင်းသဘော အလိုဆန္ဒ စသည်ကို သိစေတတ်ကြကုန်သော လူသားတို့၏ အတွင်းသဘော အလိုဆန္ဒကို ထိုလူသားတို့၏ လှုပ်ရှားသော ကိုယ်ကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် လူသားတို့သည်လည်းကောင်း, တိရစ္ဆာန်တို့မှသော်လည်းကောင်း သိအပ်သောကြောင့် သိနိုင်သောကြောင့် ဝိညတ် မည်၏။

လှုပ်ရှားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဟူသော ကိုယ်ဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ် ကြကုန်သော တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကို ထိုတိရစ္ဆာန်တို့၏ လှုပ်ရှားသောကိုယ်ကို မှတ်ယူကြောင်းဝီထိသို့ အစဉ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် တိရစ္ဆာန်တို့သည် လည်းကောင်း, လူသားတို့သည်သော်လည်းကောင်း သိအပ်သောကြောင့် သိနိုင်သောကြောင့် ဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

ပြည်ဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်

ထို ကာယဝိညတ်ကို စတုတ္ထ မနောဒွါရဝီထိဖြင့် မြင်သူ သူတစ်ပါး သိအပ်၏။ ထိုစကားကို ထင်ရှားဆိုအံ့၊ ပဉ္စဒွါရ၌ ရူပါရုံစသော အာရုံထင်ခြင်းသို့ ရောက်လတ်သော် အကြောင်းအားလျော်စွာ ကုသိုလ်, အကုသိုလ်ဇော သည် ဖြစ်၍ ဘဝင်သို့ သက်လတ်သော် တဒနုဝတ္တက မနောဒွါရိကဇောသည် ထိုပဉ္စဒွါရိကဝိညာဉ်၏ အာရုံကို ပင်လျှင် ယူ၍ ဘဝင်သို့ သက်၏၊ တစ်ဖန် ထိုပဉ္စဒွါရ၌ပင်လျှင် ထင်ရှားသော အာရုံကို ဆုံးဖြတ် မှတ်သား၍ သုဒ္ဓမနောဒွါရဇောသည် ဘဝင်သို့ သက်၏။ ထိုကြောင့် စက္ခုဒွါရိကဇော၏ အခြားမဲ့၌ ဖြစ်ကုန်သော နှစ်ပါးကုန်သော မနောဒွါရိကဇောဝါရတို့၏ အခြားမဲ့၌ တတိယဝါရ၌ ဖြစ်သော မနောဒွါရဝီထိဖြင့်သာလျှင် ကာယ- ဝိညတ်ကို သိအပ်ရကား ပဉ္စဒွါရဝီထိနှင့်တကွ လေးဝီထိမှ သိသတည်း။ ထို စတုတ္ထဝီထိဖြင့် သိအပ်သော ကာယ- ဝိညတ်ဖြင့် ပဉ္စမဝါရ၌ မနောဒွါရဇောဝီထိဖြင့် လှုပ်သောသူ၏ အလိုကို သူတစ်ပါး သိအပ်သတည်း။ (ပြည်-ဝိသုဒ္ဓိမဂ်-နိဿယ၊၃၊၂၁၇။)

အထက်ပါ ပြည်ဆရာတော်ဘုရားကြီး၏ မိန့်ဆိုချက်ကား အောက်ပါ မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ မိန့်ဆိုချက်နှင့် တစ်ထပ်တည်း တူညီလျက်ရှိ၏။

မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်

ဝိညတ်အလိုကိုသိသော ဝီထိဖြစ်ပုံကို --- ဒွါရမူလဋီကာ, ရုပ်ပိုင်းမဏိမဉ္ဇူတို့နှင့်အညီ ပြအံ့။

၁။ လက် ခြေ ဦးခေါင်း လှုပ်၍ပြခြင်း စသည်တို့၌ လှုပ်သော လက် ခြေစသည်၌ တည်သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၍ ရှေးဦးစွာ စက္ခုဒွါရဝီထိ ဖြစ်သည်။

၂။ ထိုနောင် အတိတ် ရူပါရုံကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ၊

၃။ ထိုနောင် အတိတ် ရူပါရုံကို အညို အရွှေ စသည်ဖြင့် ဆုံးဖြတ်တတ်သော တတိယ သုဒ္ဓမနောဒွါရဝီထိ၊

၄။ ထိုနောင် ဝိညတ်ကိုသိသော စတုတ္ထ မနောဒွါရဝီထိ၊

၅။ ထိုနောင် ဤပုဂ္ဂိုလ်သည် ဤအမှုကို ပြုစေလို၏ဟု ပုဂ္ဂိုလ်၏ အလိုကိုသိသော ပဉ္စမ မနောဒွါရဝီထိ ဖြစ်သည်။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံ-ကျမ်း၊၂၉။)

လူတစ်ယောက်သည် လူတစ်ယောက်အား ရိုက်ပုတ်နေ၏။ မြင်ရသူတို့က ထိုသို့ရိုက်ပုတ်နေသည့် အမူအရာရုပ်သို့ အစဉ်လျှောက်၍ အာရုံယူတတ်သော ဝီထိစိတ်တို့ဖြင့် ထို ရိုက်ပုတ်နေသူ၏ သန္တာန်ဝယ် ဒေါသ ဖြစ်နေကြောင်း အတွင်းသဘောကို သိနိုင်၏။ လူတစ်ယောက်သည် ငြိမ်သက်စွာ ထိုင်၍ တရားနှလုံးသွင်းနေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုကိုယ်အမူအရာကို ကြည့်၍ မြင်ရသူတို့က ထိုင်နေသူ၏ သန္တာန်ဝယ် တရားနှလုံးသွင်းနေကြောင်းကို သိနိုင်၏။ ထိုသို့ သိနိုင်မှုမှာ မြင်သူသန္တာန်ဝယ် စက္ခုဒွါရ (၁) ဝီထိ, မနောဒွါရ (၄) ဝီထိသို့ ရောက်မှ အတွင်းသ- ဘောကို သိနိုင်၏။ အနည်းဆုံး ပမာဏတည်း။ ထိုထက်အလွန်ဖြစ်သော ဝီထိတို့ဖြင့်လည်း သိနိုင်သည်သာတည်း။ ခွေးနှစ်ကောင် ကိုက်နေကြရာဝယ် ခွေးအချင်းချင်းကလည်း တစ်ကောင်၏ ဒေါသကို တစ်ကောင်က သိနေ၏၊ မြင်ရသူ လူတို့ကလည်း ခွေးတို့၏ ဒေါသကို သိနိုင်ကြ၏။ ထိုသို့ အတွင်းသဘောကို သိနိုင်မှုမှာ ထိုထို မြင်တွေ့ ရသော သတ္တဝါတို့၏ ထိုထို ကိုယ်အင်္ဂါ အစိတ်အပိုင်းဟု ခေါ်ဝေါ်သမုတ်အပ်သော ရုပ်တရားအပေါင်း၏ ရူပါရုံကို အာရုံယူတတ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စသည်သို့ အစဉ်လျှောက်သဖြင့် ဤထူးခြားသော အမူအရာ ဝိကာရဖြင့် အတွင်းသဘောကို သိအပ်ရကား ---

ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ။

လှုပ်ရှားသော အခြင်းအရာအားဖြင့် ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းတွင် ပါဝင်တည်ရှိသော စိတ္တဇဝါယောဓာတ်၏ အမူအရာ အခြင်းအရာထူးဟူသော ဝိညတ်ရုပ်ဖြင့် လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က စက္ခုဒွါရဝီထိမှစ၍ ရေတွက်သော် ပဉ္စမမြောက် မနောဒွါရဝီထိ စိတ်အစဉ်ဖြင့် သိအပ်သောကြောင့်လည်း ထို ကိုယ်အမူအရာ အခြင်းအရာထူး ဝိကာရကို ဝိညတ်ဟူ၍လည်း ခေါ်သည်။

ကာယေန ဝိညတ္တိ ကာယဝိညတ္တိ။

ကိုယ်အမူအရာ အခြင်းအရာထူးဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က စက္ခုဒွါရဝီထိမှ စ၍ ရေတွက်သော် စတုတ္ထ မနောဒွါရဝီထိဖြင့် ဝိညတ်ရုပ်ကို ပဉ္စမ မနောဒွါရဝီထိဖြင့် အတွင်းသဘော အလိုဆန္ဒကို သိအပ်သောကြောင့် ကာယဝိညတ် မည်၏ ဟူလိုသတည်း။

( ခ ) သယံ ဝိညာယတီတိ ဝိညတ္တိ၊ ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ။

ဤနည်း၌ --- ကာယအရ လှုပ်ရှားသော လက်စသည် တစ်ခုလုံးကို ရသော်လည်း တစ်ခုလုံးကို မယူဘဲ ထိုလှုပ်ရှားသော လက်စသော ရူပကာယ = ရုပ်တရားအပေါင်းတွင် ပါဝင်တည်ရှိသော စိတ္တဇဝါယောဓာတ်၏ အမူအရာ အခြင်းအရာထူးဟူသော ဝိကာရရုပ်ကိုသာ ဧကဒေသူပစာရအားဖြင့် ကောက်ယူ၍ ထိုကာယသည် ပင်လျှင် အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က ကာယသို့ အစဉ်လိုက်သော ပဉ္စမ မနောဒွါရဝီထိဖြင့် သိအပ် သိနိုင်သောကြောင့် ကာယဝိညတ် မည်၏ ဟူလိုသည်။

( ဂ ) အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ။ ။ဝိညာယတီတိ ဝိညတ္တိ။ ကာယေန ဝိညတ္တိ ကာယဝိညတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

လှုပ်ရှားသောကိုယ်ဖြင့် အတွင်းသဘော အလိုဆန္ဒကို သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း, မိမိဝိကာရရုပ်ကိုယ်တိုင်က ထိုလှုပ်ရှားသောကိုယ်ဖြင့် သိအပ်သော ရုပ်တရားဖြစ်ခြင်းကြောင့် လည်း ကောင်း ---

၁။ လှုပ်ရှားသောကိုယ်ဖြင့် အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော အမူအရာ ဖြစ်သောကြောင့်,

၂။ သိအပ်သော အမူအရာဖြစ်သောကြောင့်လည်း ကာယဝိညတ်မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

ရသ -- ကိစ္စရသ -- တုတ် စသည်ဖြင့် ခြောက်လှန့်ခဲ့သော် လူကိုပင် မဆိုထားဘိ တိရစ္ဆာန်တို့သော်မှလည်း ငါတို့ကို ပုတ်ခတ်လို၏ဟု သိ၍ ဟိုဟို ဒီဒီ ထိုထို ဤဤ ပြေးသွားကြ၏။ ထိုသို့ အတွင်းသဘော အလိုဆန္ဒကို သိခြင်းမှာ ဤဝိညတ်ရုပ်ကြောင့် ဖြစ်၏။ ထိုကြောင့် ဤ ဝိညတ်ရုပ်သည် --- အဓိပ္ပါယပကာသနရသာ = အတွင်းသဘော အလိုဆန္ဒကို ထင်ရှားပြခြင်း ကိစ္စရသရှိ၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- လှေတစ်စင်းကို လိုရာအရပ်သို့ ဖြောင့်ဖြောင့်ရောက်အောင် ပဲ့က ထိန်းပေးသကဲ့သို့ မိမိ၏ ရူပကာယ = ရုပ်တရားအပေါင်းတည်းဟူသော ကိုယ်ကို မိမိ၏ အတွင်းသဘော အလိုဆန္ဒအတိုင်း တုန်လှုပ်အောင် လှုပ်ရှားအောင် ဤဝိညတ်ရုပ်က ထိန်းပေးနေ၏။ သွားလိုရာအရပ်သို့ ရောက်အောင် သွားလိုရာအရပ်သို့ ရှေးရှူလျက် စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို သွားသောအခြင်းအရာအားဖြင့် ဖြစ်အောင် ဝိညတ် ရုပ် က ပဲ့ကိုင်ပေးနေ၏။ ပရမတ်တရားတို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားနိုင်ရိုး ဓမ္မတာ မရှိ၊ ပြောင်းရွှေ့သွားနိုင်လောက်သည့် သက်တမ်း အချိန်ကာလလည်း မရှိ၊ ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိ၏၊ သို့သော် နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားများသည် သန္တတိအစဉ်အားဖြင့် ေ့ရှနှင့် နောက် ဆက်စပ်လျက် အထပ်ထပ်ကား ဥပါဒ်လျက် ရှိ၏။ တစ်ခုသော ရုပ်၏ ဥပါဒ်ကာလဝယ် ---

၁။ ဥပါဒ်ချင်းပြိုင်၍ ဖြစ်နေကြသော အခြားသော ရုပ်တရားများလည်း များစွာရှိကြ၏။

၂။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းအချိန်ကာလ ကုန်ဆုံးသွားကြသဖြင့် ပျက်သွားကြသော ရုပ်တရားများလည်း များစွာရှိကြ၏။

၃။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်း မကုန်ဆုံးကြသေးသဖြင့် ရုပ်၏ ဌီကာလသို့ ရောက်ရှိနေကြသော ရုပ်တရားများလည်း များစွာရှိကြ၏။

ဤသို့ သန္တတိအစဉ်အားဖြင့် ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေသော ရုပ်တရားတို့သည် နောက်ထပ် အသစ်အသစ် ထပ်၍ထပ်၍ ဥပါဒ်သောအခါ မူလ ဥပါဒ်နေကျနေရာတွင် ထပ်၍ မဥပါဒ်တော့ဘဲ နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားများသည်သာ အဆက်မပြတ် ထပ်ကာ ထပ်ကာ ဥပါဒ်ခြင်း ကား ဖြစ်နိုင်၏။ ယင်းသို့ နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်များ ဥပါဒ်အောင်, သက်တမ်းမကုန် ဆုံးသေးသော ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ရှေးရှေး စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်လာသော ဝိညတ်ရုပ်က ပဲ့ကိုင်၍ပေးနေ၏။ ထိုကြောင့် သွားသော အခြင်းအရာအားဖြင့် ဖြစ်အောင် ဝိညတ်ရုပ်က ပဲ့ကိုင်ပေးနေ၏ဟု ဆိုခြင်း ဖြစ်၏။ ဤ အကြောင်းပရိယာယ်အားဖြင့် ဤကာယဝိညတ်ရုပ်ကို စတုသမုဋ္ဌာနိကရူပကာယ= ရုပ်တရားအပေါင်းတည်း ဟူသော ခန္ဓာကိုယ်လှုပ်ရှားခြင်း တုန်လှုပ်ခြင်း၏ အကြောင်းတရားဖြစ်ခြင်း သဘောတရားဟု ထိုဝိညတ်ရုပ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

မိမိ ဝိညတ်ရုပ်နှင့် ကလာပ်တူဖြစ်သော စိတ္တသမုဋ္ဌာန် ဝါယောဓာတ်ကား ယင်းဝိညတ်ရုပ်၏ အနီးကပ်ဆုံး သော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။

ကာယဝိညတ်ပါဝင်သော ကာယဝိညတ္တိ နဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်တို့ကို ဓာတ်ခွဲလျက် (၉)မျိုး သို့မဟုတ် (၁၂)မျိုးသော ရုပ်ပရမတ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ထိုနောင် ကာယဝိညတ်ရုပ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။ သို့သော် ဤ၌ ဝါယောဓာတ်သည် ကျန်ဓာတ်သုံးပါး၏ အားပေးထောက်ပံ့မှုကို မရရှိပါက မိမိတစ်ဦးတည်း၏ အစွမ်းဖြင့် မိမိကိစ္စကို မရွက်ဆောင် နိုင်ရကား ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏ အမူအရာထူး အခြင်းအရာထူးဟု ဆိုထားသည်။

၂၁။ ဝစီဝိညတ်

၁။ ဝစီဘေဒပဝတ္တကစိတ္တသမုဋ္ဌာနပထဝီဓာတုယာ ဥပါဒိဏ္ဏဃဋ္ဋနဿ ပစ္စယော (ပထဝီဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ဝစီဝိညတ္တိ၊

၂။ အဓိပ္ပါယပ္ပကာသနရသာ၊

၃။ ဝစီဃောသဟေတုဘာဝပစ္စုပဋ္ဌာနာ၊

၄။ စိတ္တသမုဋ္ဌာနပထဝီဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ စကားသံအထူးကို ဖြစ်စေတတ်သော, စကားသံဖြစ်ရာဌာန၌ တည်သော ကမ္မဇ-

ပထဝီဓာတ်ကို ထိခိုက်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ်၏ သဘာဝသတ္တိ

စွမ်းအင်လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏ ထူးခြားသောအမူအရာ သဘော လက္ခဏ၊

၂။ စကားပြောဆိုသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ စကားသံ ဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ် ပဒဋ္ဌာန်။

ဝစီဘေဒ ဟူသည်

ဝစိယာ ဘေဒေါ ဝစီဘေဒေါ။ သော ပန န ဘင်္ဂေါ။ ပဘေဒဂတာ ဝါစာ ဧဝါတိ ဉာပနတ္ထံ ဝါစာ ဝစီ- ဘေဒေါတိ ဝုတ္တံ။ ဣမေဟိ သဗ္ဗေဟိပိ ပဒေဟိ သဒ္ဒဝါစာဝ ဒဿိတာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

ပဘေဒဂတာ ဝါစာ ဧဝါတိ တိဿ ဖုဿာတိ ပဘေဒဂတာ။ အထ ဝါ ဝစီသင်္ခါရေဟိ ဝိတက္ကဝိစာရေဟိ ပရိဂ္ဂဟိတာ သဝနဝိသယဘာဝံ အနုပနီတတာယ အဘိန္နာ တဗ္ဘာဝံ နီယမာနာ ဝါစာ ဝစီဘေဒေါတိ ဝုစ္စတိ။ (မူလဋီ၊၁၊၁၅၁။)

တိဿ ဖုဿ ဤသို့ စကားလုံးအားဖြင့် ကွဲပြားခြင်းသို့ ရောက်သော စကားသံ အထူးသည်ပင် ဝစီဘေဒ မည်၏။ (ဝစီဘေဒဟူသည် ဤ၌ ပျက်ခြင်း ဘင်ကို မဆိုလို။) တစ်နည်းအားဖြင့် စကားသံကို ပြုစီမံတတ်သည် ဖြစ်၍ ဝစီသင်္ခါရ ဟု ခေါ်ဆိုအပ်သော ဝိတက် ဝိစာရတို့ဖြင့် မည်သည့်စကားကို ပြောဆိုမည်ဟု ကြံစည်နေခိုက်၌ အသံမထွက်မီ တလှုပ်လှုပ် လှုပ်နေစေကာမူ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ မရောက်သေးသောကြောင့် ကွဲကွဲပြားပြား မရှိရကား ဝစီဟုသာ ခေါ်ရ၏၊ ဝစီဘေဒဟု မခေါ်နိုင်။ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ ရောက်မှ စကားသံ ကွဲကွဲပြားပြား ဖြစ်သောကြောင့် ထိုသောတဝိညာဏ်၏ အာရုံအဖြစ်သို့ရောက်အောင် ဆောင်ပို့ အပ်သော စကားသံ အထူးကို ဝစီဘေဒဟု ခေါ်ဆိုသည်။

ယင်း ဝစီဘေဒကား ဝိညတ် မဟုတ်သေး၊ ယင်း ဝစီဘေဒကို ဖြစ်စေတတ်သော စောပနဟူသော ပြောပြ ပြောဆိုသော စကားတွင် ပါဝင်သော အတွင်းသဘောအလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော, သူတစ်ပါး တို့ကလည်း ထိုစကားသံဖြင့်ပင် ပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို သိအပ် သိနိုင်သော ထူးခြားသော အမူအရာကိုသာ ဝစီဝိညတ်ဟု ခေါ်ဆိုပေသည်။ ယင်း ထူးခြားသော အမူအရာဟူသည် စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့၏ (= ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းလေးပါးကြောင့် ဖြစ်သော ပထဝီဓာတ် တို့၏) အထူးသဖြင့် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ထိုထို အက္ခရာ အသံဖြစ်ရာ ဌာန၌ ရှိကြကုန်သော ကမ္မဇပထဝီဓာတ်တို့၏ ပထဝီဓာတ်အချင်းချင်း အသံထွက်ပေါ်လာနိုင်လောက်အောင် ပွတ်ချုပ်ထိခိုက်လျက် အလွန်နီးကပ်စွာ ဥပါဒ်ခြင်းသဘော ဖြစ်၏၊ ယင်းသဘောကိုပင် ဝိညတ္တိဃဋ္ဋနာ = ပွတ်ချုပ် ထိခိုက်သော အခြင်းအရာအားဖြင့် ဖြစ်သော ဝစီဝိညတ်ရုပ်ဟု ခေါ်သည်။

(က) ဝါစာယ အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနံ, ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ဝစီဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တိ။

( ခ ) သယဉ္စ ဝစီဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ သာဓု ဝါစာယ သံဝရောတိအာဒီသု အာဂတာ စောပနသင်္ခါတာ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။

( ဂ ) ဝစီဃောသေန အဓိပ္ပါယဝိညာပနဟေတုတ္တာ, သယဉ္စ တထာ ဝိညေယျတ္တာ ဝါစာယ ဝိညတ္တီတိပိ ဝစီဝိညတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

(က) ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ။

စကားသံဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သိစေကြကုန်သောသူတို့၏ အတွင်းသဘော အလို ဆန္ဒကို အခြားသူတို့သည်လည်းကောင်း, တိရစ္ဆာန်တို့သည်လည်းကောင်း (= တိရစ္ဆာန်တို့ပင်သော်လည်းကောင်း), အော်မြည်ကြကုန်သော တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကို အခြားတိရစ္ဆာန်တို့သည်လည်းကောင်း လူတို့ပင်သော်မှလည်းကောင်း ထိုပြောဆိုသူ၏ ထိုအော်မြည်သူ၏ စကားသံကို အော်မြည်သံကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် အတွင်းသဘော အလိုဆန္ဒ (= ဘာဝ)ကိုသိအပ်၏၊ သိနိုင်၏၊ ထိုသို့ သိကြောင်းဖြစ်သောကြောင့် ထို ထူးခြားသော အမူအရာ ဝိကာရသည် ဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

၁။ ခေါ်ဝေါ်ပြောကြားခြင်း စသည်ကို ပြုသောသူ၏ အသံကို ကြားသောသူအား ပစ္စုပ္ပန် သဒ္ဒါရုံကို (= ကြားနေ သော အသံကို) အာရုံပြု၍ ရှေးဦးစွာ သောတဒွါရဝီထိ ဖြစ်၏။

၂။ ထိုနောင် ထိုအတိတ်သဒ္ဒါရုံကို အာရုံပြု၍ တဒနုဝတ္တကမနောဒွါရဝီထိ၊

၃။ ထိုနောင် အမည်နာမပညတ်ကို အာရုံပြု၍ တတိယ သုဒ္ဓမနောဒွါရဝီထိ၊

၄။ ထိုနောင် ဝစီဝိညတ်ကို အာရုံပြု၍ စတုတ္ထ မနောဒွါရဝီထိ၊

၅။ ထိုနောင် (ပြောဆိုသော) ပုဂ္ဂိုလ်၏ အလိုကိုသိသော ပဉ္စမ မနောဒွါရဝီထိ ဖြစ်၏။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံ-ကျမ်း၊၂၉။)

( ခ ) သယံ ဝိညာယတီတိ ဝိညတ္တိ၊ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။

မိမိဟူသော (ဝစီဝိညတ်) ဝိကာရရုပ် ကိုယ်တိုင်ကလည်း စကားသံကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက် သဖြင့် သိအပ်သောတရား ဖြစ်သောကြောင့်လည်း ဝိညတ် မည်၏။ --- ဝါစာယ သံဝရော သာဓု = ဝစီဒွါရဖြင့် စောင့်စည်းခြင်းသည် ကောင်း၏ --- ဤသို့ အစရှိသော ပါဠိရပ်တို့၌ လာရှိသော, ပြောပြသော စကားတွင် ပါဝင်သော ထူးခြားသော အမူအရာ = စောပနဟု ဆိုအပ်သော စကားသံသည်ပင် ဝစီဝိညတ် မည်၏။

( ဂ ) အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ၊ ဝိညာယတီတိ ဝိညတ္တိ။ ဝါစာယ ဝိညတ္တိ ဝစီဝိညတ္တိ။

ပြောဆိုလိုက်သော စကားသံဖြင့် ပြောဆိုသောမိမိ၏ အတွင်းသဘော အလိုဆန္ဒကို ကြားနာသူ သူတစ်ပါး တို့ကို သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း မိမိဟူသော ဝိကာရရုပ်ကိုယ်တိုင် ထိုပြောပြသော စကားသံဖြင့် သိအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း စကားသံဖြင့် အတွင်းသဘော အလိုဆန္ဒ = ဘာဝကို သိစေတတ်သော အမူအရာ အထူးဖြစ်သောကြောင့် ဝစီဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

ဝိညတ္တိ ဃဋ္ဋနာ

ဣဒံ ဝက္ခာမိ ဧတံ ဝက္ခာမီတိ ဥပ္ပဇ္ဇမာနံ ပန စိတ္တံ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု ဝဏ္ဏော ဂန္ဓော ရသော ဩဇာတိ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ။ တေသံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ပထဝီဓာတု ဥပါဒိန္နကံ ဃဋ္ဋယမာနာဝ ဥပ္ပဇ္ဇတိ။ တေန ဓာတုသင်္ဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတီတိ အယံ စိတ္တသမုဋ္ဌာနသဒ္ဒေါ နာမ။ အယံ န ဝိညတ္တိ၊ တဿာ ပန စိတ္တသမုဋ္ဌာနာယ ပထဝီဓာတုယာ ဥပါဒိန္နကဃဋ္ဋနဿ ပစ္စယဘူတော ဧကော အာကာရဝိကာရော အတ္ထိ။ အယံ ဝစီဝိညတ္တိ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

ဝိညတ္တိပစ္စယာ ဃဋ္ဋနာ ဝိညတ္တိဃဋ္ဋနာ ဝိညတ္တိ ဧဝ ဝါ။ ဃဋ္ဋနာကာရပဝတ္တဘူတဝိကာရော ဟိ ဃဋ္ဋနာတိ ဝုတ္တော။ သင်္ဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတိ, န ပုဗ္ဗာပရဘာဝေန။ (မူလဋီ၊၁၊၇၆။)

ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထီတိ ဥပတ္ထမ္ဘနေန ဝိနာ ပဌမစိတ္တသမုဋ္ဌာနာပိ ဃဋ္ဋနာကာရေန ပဝတ္တတီတိ ဃဋ္ဋနတ္ထံ ဥပတ္ထမ္ဘနေန ပယောဇနံ နတ္ထိ၊ လဒ္ဓါသေဝနေန စိတ္တေနေဝ ဃဋ္ဋနဿ ဗလဝဘာဝတော စာတိ အဓိပ္ပါယော။ ဥပတ္ထမ္ဘနံ နတ္ထိ အတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ။ (မူလဋီ၊၁၊၇၆။)

လဒ္ဓါသေဝနေနာတိ လဒ္ဓပုဗ္ဗာဘိသင်္ခါရေန။ စိတ္တေနေဝါတိ ပဌမစိတ္တေနေဝ။ သတ္တ ဇဝနာနိ သတ္တ အက္ခရာနိ နိဗ္ဗတ္တေန္တီတိ ဝါဒံ ပဋိက္ခိပိတွာ ဧကဇဝနဝါရပရိယာပန္နာနိ စိတ္တာနိ ဧကမက္ခရံ နိဗ္ဗတ္တေန္တီတိ ဝဒန္တိ။ ကိဉ္စာပိ ပဌမစိတ္တေနပိ ဃဋ္ဋနာ နိပ္ဖဇ္ဇတိ၊ ဧကေဿဝ ပန ဗဟုသော ပဝတ္တနေန အတ္ထိ ကောစိ ဝိသေသောတိ ပုရိမဇဝနသမုဋ္ဌိတာဟိ ဃဋ္ဋနာဟိ ပဋိလဒ္ဓါသေဝနေန သတ္တမဇဝနေန သမုဋ္ဌိတာ ဃဋ္ဋနာ ပရိဗျတ္တမက္ခရံ နိဗ္ဗတ္တေ- တီတိ ဥပတ္ထမ္ဘနံ နတ္ထီတိ န သက္ကာ ဝတ္တုံ။ လဒ္ဓါဘိသင်္ခါရေန ပန ပဌမစိတ္တေနပိ ဃဋ္ဋနာ ဗလဝတီ ဟောတီတိ အဋ္ဌကထာယံ ဥပတ္ထမ္ဘနကိစ္စံ နတ္ထီတိ ဝုတ္တံ သိယာ၊ သဗ္ဗမေတံ ဝီမံသိတွာ ဂဟေတဗ္ဗံ။ (အနုဋီ၊၁၊၈၂-၈၃။)

ဤ အထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းကား ဤသို့တည်း။

ဤစကားကို ဆိုအံ့၊ ထိုစကားကို ဆိုအံ့ဟု ဖြစ်ပေါ်လာသော စိတ်သည် ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟူသော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်တို့ကို = ဩဇဋ္ဌမကရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေ၏။ ထိုရုပ်တရားတို့၏ အတွင်း၌ စိတ္တသမုဋ္ဌာန် ပထဝီဓာတ်သည် = စိတ်ကြောင့် ဖြစ်သည့် ပထဝီဓာတ်သည် ဥပါဒိန္နက အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရားအပေါင်းကို (= ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးမျိုးကြောင့်ဖြစ်သော ရုပ်တရားအပေါင်းကို) ထိခိုက်လျက်သာလျှင် ဖြစ်ပေါ်လာ၏။

[မှတ်ချက် --- ဥပါဒိန္နဟု ဆိုရာ၌ ကမ္မဇရုပ်ကိုသာ ရ၏။ ဥပါဒိန္နကဟု ဆိုရာ၌ကား ထိုကမ္မဇရုပ် ပါရှိသော ခန္ဓာကိုယ်၌ ရှိသမျှ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် လေးမျိုးလုံး ရ၏။ (အဋ္ဌသာလိနီဘာသာဋီကာ၊ ၂၊၁၅၈။) ထို ရုပ်လေးမျိုးလုံးသည်ပင် ဆိုင်ရာ အကြောင်းတရားများ မကုန်သေးသမျှ ဖြစ်-တည်-ပျက်-ရုပ် သန္တတိအစဉ်အားဖြင့် အဆက်မပြတ် ဖြစ်လျက်ရှိရာ ဤစကား ထိုစကားကို ပြောဆိုလိုသော စိတ်ကြောင့် ဖြစ်ကုန်သော ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော စိတ္တဇရုပ်ကလာပ်များ ဖြစ်ပေါ်လာသောအခါ အတူပါလာသော ဝိကာရဝစီဝိညတ်ရုပ်၏ စွမ်းအင်ကြောင့် မူလရှိရင်း ကမ္မဇ-စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်များနှင့် အထူးသဖြင့် ယင်းရုပ်တရားတို့တွင် ပါဝင်သော ပထဝီဓာတ်နှင့် စိတ္တသမုဋ္ဌာန် ပထဝီဓာတ်သည် ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာပေသည် ဟူလို။]

ထိုသို့ စိတ္တသမုဋ္ဌာန် ပထဝီဓာတ်နှင့် စတုသမုဋ္ဌာန် ပထဝီဓာတ်တို့ ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာသည် နှင့်တစ်ပြိုင်နက် --- မာကျောသော တုတ်ချောင်း နှစ်ချောင်း၏ အချင်းချင်း ပွတ်ချုပ်ထိခိုက်မိသောအခါ ရိုက်ခတ် မိသောအခါ ဖြစ်ပေါ်လာသော အသံကဲ့သို့ --- အသံ သဒ္ဒရုပ်သည်လည်း ထွက်ပေါ်လာလေသည်။ ဤသဒ္ဒရုပ်ကား စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန် သဒ္ဒရုပ် မည်၏။ ဤ သဒ္ဒရုပ်သည် ဝစီဝိညတ်ရုပ် မဟုတ်ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

အဟုတ်မှာမူ -- ထိုစိတ္တသမုဋ္ဌာန် ပထဝီဓာတ်၏ ဥပါဒိန္နက အမည်ရသော စတုဇပထဝီဓာတ်ကို (= စတုသမုဋ္ဌာန် ပထဝီဓာတ်ကို) အထူးသဖြင့် ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ် ထိခိုက်ခြင်း၏ အကြောင်းတရားဖြစ်၍ ဖြစ်သော တစ်မျိုးသော ထူးခြားသောအမူအရာသည် ရှိ၏၊ ဤထူးခြားသော (ဤစကား-ထိုစကားကို ပြောဆိုသည့်) အမူအရာသည်သာလျှင် ဝစီဝိညတ် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

စာလန --- ဃဋ္ဋန --- ဤတွင် စာလန အသုံးအနှုန်းနှင့် ဃဋ္ဋန အသုံးအနှုန်း နှစ်မျိုးကို မူလဋီကာ၌ ခွဲခြား ဖော်ပြထား၏။

န ဟိ စာလနံ ဥပါဒိန္နဃဋ္ဋနန္တိ။ စာလနဥှိ ဒေသန္တရုပ္ပါဒနပရမ္ပရတာ၊ ဃဋ္ဋနံ ပစ္စယဝိသေသေန ဘူတ- ကလာပါနံ အာသန္နတရုပ္ပါဒေါတိ။ (မူလဋီ၊၁၊၇၆။)

ကာယဝိညတ္တိပိုင်း = ကာယဒွါရပိုင်း၌ --- ရှေးရှေး ရုပ်ကလာပ်၌ ပါဝင်တည်ရှိသော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်ကြောင့် နောက်နောက် ရုပ်ကလာပ်တို့ ဥပါဒ်ကြသောအခါ မူလနေရာ၌ အသစ်အသစ် ထပ်၍ မဥပါဒ်နိုင်ကြဘဲ အဆင့်ဆင့် နေရာရွှေ့၍ အသစ်အသစ် ရုပ်ကလာပ်တို့ကို ဥပါဒ်စေခြင်းကို စာလန လှုပ်ရှားစေခြင်းဟု ဆို၏။ ဆိုလိုရင်းမှာ ဥပါဒ်ပြီးသော ရုပ်ကလာပ်ဟူသမျှတို့သည် မိမိဖြစ်ရာအရပ်မှ ပရမတ်တို့၏ ဓမ္မတာအတိုင်း မရွှေ့ပြောင်းနိုင်။ ထိုကြောင့် ဆက်ကာ ဆက်ကာ အရပ်တစ်ပါး၌ ရွှေ့၍ ရွှေ့၍ အသစ်အသစ် ဥပါဒ်စေခြင်းကို စာလန = လှုပ်ရှားစေခြင်းဟု ခေါ်သည် ဟူလို။

[မှတ်ချက် --- မနောဒွါရိက ဇောစိတ်တို့ကသာ လှုပ်ရှားမှု = ဣရိယာပထရုပ် = ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကြ ကုန်၏။ ထိုမနောဒွါရိက ဇောဝီထိတို့တွင်လည်း ဇော (၇)တန် ရှိသည့်အနက် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့ကား အတူဖြစ်ဖက် = သဟဇာတ ရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ မစွမ်းနိုင်ကြကုန်။ ယင်းရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော ရှေးရှေး ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိ ကြကုန်သော စိတ္တဇဝါယောဓာတ်တို့ကား သတ္တမဇောစိတ်ကြောင့် ဖြစ်ကြကုန်သော နောက်နောက်သော ရုပ်ကလာပ်တို့ကို နေရာ အသစ်အသစ်၌ ဥပါဒ်အောင် အားပေးထောက်ပံ့နိုင်သော စွမ်းအားကား ရှိကြ၏။ယင်းရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကြကုန်သော ရှေးရှေးသော စိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိကြသော ရှေးရှေးသော စိတ္တဇဝါယောဓာတ်တို့၏ အထောက်အပံ့ကောင်းကို ရရှိသော သတ္တမဇောစိတ်ကြောင့် ဖြစ်ကုန်သော နောက်နောက်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော စိတ္တဇဝါယောဓာတ်တို့သည် မိမိနှင့် အတူဖြစ်ဖက် သဟဇာတဖြစ်ကြသော စတုသမုဋ္ဌာနိကရူပကာယ ရုပ်တရားအပေါင်းကို နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်စေခြင်းငှာ စွမ်းနိုင်ကြ၏။ ယင်းသို့ နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ဥပါဒ် စေခြင်းကိုပင် စာလန = လှုပ်ရှားစေခြင်းဟု ခေါ်သည်။ ထိုကြောင့် --- သတ္တမစိတ္တေန ပန သမုဋ္ဌိတာ ဝါယော- ဓာတု ဟေဋ္ဌာ ဆဟိ စိတ္တေဟိ သမုဋ္ဌိတံ ဝါယောဓာတုံ ဥပတ္ထမ္ဘနပစ္စယံ လဘိတွာ အတ္တနာ သဟဇာတံ ရူပ- ကာယံ။ ပ ။ စာလေတုံ။ ပ ။ သက္ကောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။) === သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇ ဝါယောဓာတ်သည် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်သော စိတ္တဇဝါယောဓာတ်ဟူသော အားပေးထောက်ပံ့တတ် သော အကြောင်းတရားကို ရရှိသည်ဖြစ်၍ မိမိနှင့် အတူဖြစ်ဖက် သဟဇာတ စတုသမုဋ္ဌာနိကရူပကာယ = ရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ စွမ်းနိုင်၏ဟု ဖွင့်ဆိုထား၏။]

ဝစီဝိညတ်ပိုင်း၌ကား စာလနဟု မသုံးဘဲ ဃဋ္ဋနဟု သုံးစွဲထားသည်။ ဝစီဝိညတ်ဟူသော ကျေးဇူးပြုမှုကြောင့် စိတ္တဇဘူတရုပ်နှင့် စတုဇဘူတရုပ်တို့၏ (အထူးသဖြင့် ကမ္မဇဘူတရုပ်တို့၏) အသံထွက်ပေါ်လာလောက်အောင် အလွန်နီးကပ်စွာ ဥပါဒ်ခြင်းဖြစ်ခြင်းကို ဃဋ္ဋန = ပွတ်ချုပ်ထိခိုက်ခြင်းဟု ခေါ်ဆိုသည်။ မှန်ပေသည် ပွတ်ချုပ် ထိခိုက်သော အခြင်းအရာအားဖြင့်ဖြစ်သော ဘူတရုပ်တို့၏ ထူးခြားသော အမူအရာကို ဃဋ္ဋနာဟူ၍ ဆိုအပ် ပေသည်။ ပွတ်ချုပ် ထိခိုက်သည်နှင့် အတူတကွ တစ်ပြိုင်နက် အသံသည် ဖြစ်ပေါ်လာ၏၊ ေ့ရှနောက် အဖြစ်ဖြင့် ဖြစ်သည်ကား မဟုတ်။ (မူလဋီ၊၁၊၇၆။)

မည်သည့် စိတ်နည်း?

ထို ဝစီဝိညတ်ရုပ်ကို ဖြစ်ပေါ်စေတတ်သော စိတ္တသမုဋ္ဌာန် ပထဝီဓာတ်ကို တစ်နည်းဆိုရသော် စိတ္တသမုဋ္ဌာန် ပထဝီဓာတ် အဝင်အပါဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်များကို ဖြစ်ပေါ်စေသော အကြောင်းရင်းစိတ်သည် မည်သည့် စိတ်ပါနည်းဟု မေးဖွယ်ရာရှိ၏။ အဖြေမှာ ပုထုဇန်သေက္ခများအတွက် ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို ပါဝင်သည့် မနောဒွါရိကဇောဝီထိစိတ် အစဉ်များပင် ဖြစ်ကြ၏။

အဋ္ဌကထာဆရာတော်ကား ပထမဇောကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်က စ၍ ထိုထို အက္ခရာဖြစ်ရာ လည်ချောင်း အာစောက် စသည့် ဌာန၌ တည်ရှိသော စတုဇပထဝီဓာတ်နှင့် အထူးသဖြင့် ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သည်ဟု အယူရှိတော်မူ၏။

ထိုသို့ ပထမဇောကစ၍ ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် အက္ခရာဖြစ်ရာ ဌာန၌ တည်ရှိကြသော စတုဇ ပထဝီဓာတ်တို့သည် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့သည် ထိခိုက်လျှင်ပင် အသံဖြစ်သော် ဝီထိတိုင်းမှာပင် ဇော (၇)ချက်အတွက် အသံ (၇)ဆင့် = အက္ခရာ (၇)လုံးစီ ဆိုသောသူလည်း ဆိုရလေရာ၏၊ နာသောသူလည်း ကြားရလေရာ၏၊ ထိုသို့လည်း မဆိုရ မကြားရခဲ့။ ထိုကြောင့် အဋ္ဌကထာဆရာတော်၏ ဝါဒကို ဋီကာဆရာတော် တို့က စူးစမ်းဆင်ခြင်၍ ယူရန် မိန့်မှာတော်မူကြသည်။ (အနုဋီ၊၁၊၈၂-၈၃ - ကြည့်။)

ထောက်ပံ့ဖွယ်ကိစ္စ မရှိပုံ

ရှေးရှေး ဇောဝီထိများက ရွတ်ဆိုလို၍ စိတ်ကူးခြင်းကို ပုဗ္ဗာဘိသင်္ခါရဟု ခေါ်၏။ ရွတ်ဆိုဖို့ရန် ပြုစုပျိုး ထောင်မှုတည်း။ ထို ပုဗ္ဗာဘိသင်္ခါရကိုပင် သုတ္တန်နည်းအရ အာသေဝနဟု ခေါ်ဆိုထားသည်။ ပဋ္ဌာန်းဒေသနာတော်၌ကား ဝီထိခြားရာ၌ အာသေဝနပစ္စည်းကို ဘုရားရှင် ဟောတော်မမူသောကြောင့် သုတ္တန်နည်းဟု ဆိုသည်။

ကာယကမ္မဒွါရကထာဟူသော ကာယဝိညတ်ပိုင်း၌ ရှေးရှေးဇော (၆)တန်ကြောင့် ဖြစ်သော ဝါယောဓာတ်က သတ္တမဇောကြောင့်ဖြစ်သော ဝါယောဓာတ်ကို ထောက်ပံ့ပုံကို ဖွင့်ဆိုသကဲ့သို့ ဤဝစီကမ္မဒွါရကထာဟူသော ဝစီ ဝိညတ်ပိုင်း၌ ရှေးရှေးဇောကြောင့်ဖြစ်သော ပထဝီဓာတ်က ဝစီဝိညတ်ကို ဖြစ်စေမည့် စိတ္တဇပထဝီဓာတ်ကို ထောက်ပံ့ဖွယ် မလိုဟု အဋ္ဌကထာဖွင့်ဆိုရာ၌ စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့သည် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့သည် ပထဝီဓာတ်အချင်းချင်း ထိခိုက်ရာဝယ် သုတ္တန်နည်းအားဖြင့် ပုဗ္ဗာဘိသင်္ခါရဟု ခေါ်ဆို အပ်သော ရှေးရှေးသော မနောဒွါရိကဇောဝီထိစိတ်တို့၏ အာသေဝန အကြောင်းအထောက်အပံ့ကို ရခဲ့ပြီးဖြစ် သောကြောင့် ပထမဇောကြောင့်ဖြစ်သော ပထဝီဓာတ်သည်ပင် စတုဇပထဝီဓာတ်တို့နှင့် အထူးသဖြင့် ကမ္မဇ ပထဝီဓာတ်တို့နှင့် ပွတ်ချုပ် ထိခိုက်နိုင်ရကား ယင်း ပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ် ထိခိုက်ကြဖို့ရန် ရှေးရှေး ပထဝီဓာတ်တို့က အထောက်အပံ့ ပေးနေဖွယ်မလိုဟု ဆိုလိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၉ - ကြည့်။)

စူးစမ်းဆင်ခြင်၍ ယူပါ

ဥပတ္ထမ္ဘနံ နတ္ထိ အတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ။ (မူလဋီ၊၁၊၇၆။)

မူလဋီကာဆရာတော်သည် --- ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ = ပြောဆိုလိုသောအခါ ပထမဆုံးစိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်သည်လည်း အခြားပထဝီဓာတ်နှင့် အချင်းချင်း ထိခိုက်မိ၏။ ထိုကြောင့် မထိခိုက်မီ ထိခိုက်ဖို့ရန် ရှေးရှေး စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်က နောက်နောက် စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်အား ထောက်ပံ့နေဖွယ် ကိစ္စသည်လည်း မရှိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။) ဟူသော အဋ္ဌကထာဆရာတော်၏ စကားကို နှစ်သက်ဟန် မတူ။ မူလဋီကာဆရာတော်ကား မထိခိုက်မီ ထောက်ပံ့နေသော ပထဝီဓာတ်ရှိသေး၏ဟု ယူလိုဟန် တူ၏။ ထိုကြောင့် -- ဝိစာရေတွာ ဂဟေတဗ္ဗံ = ရှေးရှေးစိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်က နောက် နောက် စိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်အား အားပေးထောက်ပံ့မှု = ဥပတ္ထမ္ဘနကိစ္စ ရှိ-မရှိကို စူးစမ်းဆင်ခြင်၍ လက်ခံရန် ဖွင့်ဆိုထား၏။ (မူလဋီ၊၁၊၇၆။)

ဤအရာတွင် အနုဋီကာဆရာတော်က မူလဋီကာဆရာတော်၏ အဆိုကို ထောက်ခံလျက် ဤသို့ ရှင်းလင်း တင်ပြထား၏။

ပထမဇောစိတ်ကြောင့်လည်း အထက်တွင် ရှင်းပြထားသည့်အတိုင်း ထိုပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ် ထိခိုက်ခြင်းကိစ္စသည် ပြီးစီးနိုင်သည်ကား မှန်၏၊ သို့သော် တစ်ခုသော အက္ခရာ၏ အကြိမ်များစွာ ထပ်၍ ထပ်၍ ဖြစ်ရခြင်းအားဖြင့် တစ်စုံတစ်ခုသော အနည်းငယ် ထူးခြားချက်ကား ရှိနိုင်၏၊ ထို ရှေးရှေး ဇောစိတ်တို့ကြောင့် ဖြစ်ရကုန်သော စိတ္တဇပထဝီဓာတ်တို့နှင့် စတုဇပထဝီဓာတ်တို့၏ ပထဝီဓာတ်တို့ အချင်းချင်း ကြိမ်ဖန်များစွာ ပွတ်ချုပ်ထိခိုက်ခြင်းတို့မှ ရအပ်သော အာသေဝနပစ္စည်း အထောက်အပံ့ရှိသော သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့၏ (အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့၏) ပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ်ထိခိုက်ခြင်းသည် ထင်ရှားသော အက္ခရာ အသံကို ဖြစ်စေနိုင်၏၊ ထိုကြောင့် ရှေးရှေး ဇောစိတ်တို့ကြောင့် ဖြစ်သော ပထဝီဓာတ်က နောက်နောက် ဇောစိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်အား အားပေးထောက်ပံ့ဖွယ် = ဥပတ္ထမ္ဘနကိစ္စ မရှိပါဟု ပြောဆိုခြင်းငှာ မတတ်ကောင်းပေ။ (ဥပတ္ထမ္ဘနကိစ္စ ရှိရမည်သာ ဟူလိုသည်။) သို့သော် ဤအဆို အားလုံးကိုပင် စူးစမ်းဆင်ခြင်၍သာ ယူပါ။ (အနုဋီ၊၁၊၈၂-၈၃။)

တောင်မြို့ဆရာတော်ဘုရားကြီး၏ အဆို

ဧကဿပိ အက္ခရဿ အနေကေဟိ ဇဝနေဟိ နိဗ္ဗတ္တေတဗ္ဗတ္တာ တထာ နိဗ္ဗတ္တိယမာနတာယ အသမတ္ထသဘာဝတ္တာ န ဝိညာတဝိသေသာ န ဘိန္နာ ဧဝါတိ အာဟ သဝ။ ပ ။ ဘိန္နာတိ။ (အနုဋီ၊၁၊၁၆၄။)

မူလဋီကာဆရာတော်, အနုဋီကာဆရာတော် နှစ်ပါးလုံးတို့ပင် ရှေးရှေးသော စိတ္တဇပထဝီဓာတ်တို့က နောက် နောက်သော စိတ္တဇပထဝီဓာတ်တို့အား အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘနကိစ္စမရှိဟူသော အဋ္ဌကထာ ဆရာတော်၏ အဆိုကို အားရကျေနပ်ဟန် မရှိကြပေ။ သို့သော် တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက မိမိ၏ အဋ္ဌသာလိနီဘာသာဋီကာ (၂၊၅၈၉။)တွင် ဤသို့ မိန့်ဆိုထားတော်မူ၏။

အက္ခရာတစ်လုံးသည် ရဿအက္ခရာပင် ဖြစ်စေကာမူ လက်ဖျောက်တစ်ချက်တီးခန့် အချိန်ကြာမြင့်ရကား ထိုအက္ခရာ အသံပီသစွာ ထွက်ပေါ်သည့်တိုင်အောင် (ရွတ်ဆိုလိုသော ရွတ်ဆိုသော) ဇောဝီထိစိတ် အစဉ်ပေါင်း များစွာ ဖြစ်ရပေလိမ့်မည်။ ထိုကြောင့် ရှေးရှေး ဇောဝီထိတို့ကြောင့်ဖြစ်သော (စိတ္တဇ) ပထဝီဓာတ်တို့က (ထိုထို အက္ခရာ အသံဖြစ်ရာ ဌာန၌ တည်ရှိကြသော စတုဇပထဝီဓာတ်တို့နှင့် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့နှင့် ပထဝီဓာတ် အချင်းချင်း) အထပ်ထပ် ထိခိုက်နေရာဝယ် အသံ မပီသသေးမီ ထောက်ပံ့နေသည်ဟု ဆိုရသော်လည်း အသံပီသမှု အတွက်သာ ထောက်ပံ့နေရခြင်းဖြစ်၍ ထိခိုက်မှု = ဃဋ္ဋနာအတွက်မှာ ထောက်ပံ့စရာ မလိုသော ကြောင့် ဥပတ္ထမ္ဘနကိစ္စံ နတ္ထိ = ရှေးရှေး ဇောစိတ်တို့ကြောင့်ဖြစ်သော ပထဝီဓာတ်က (နောက်နောက်သော ဇော စိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်အား) ထောက်ပံ့ဖွယ် မလိုဟု အဋ္ဌကထာ ဆိုပါသည်။ ထိုကြောင့် အဋ္ဌကထာ စကားသည် အသင့်ပင်ဖြစ်၏ဟု ထင်၏။ (အဋ္ဌသာလိနီဘာသာဋီကာ၊၂၊၅၈၉။)

အသံသည် ပြောဆိုလိုသူ၏ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် အသံဖြစ်ရာဌာန၌ တည်ရှိကြသော စတုဇပထဝီဓာတ်တို့၏ (အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့၏) ပထဝီဓာတ် အချင်းချင်း ထိခိုက်မှုကြောင့် ဖြစ်ရိုး မှန်သော်လည်း ဆိုလိုရာ အသံထင်ရှားအောင် ဖြစ်ပေါ်လာမှုမှာ ဝိညတ်၏ အတွက်သာ ဖြစ်သောကြောင့် = ထိုထို ပြောဆိုလိုသော ပြောဆိုနေသော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီဓာတ်နှင့် တကွသော မဟာဘုတ်တို့ကြောင့် ဖြစ်သော ဝစီဝိညတ်၏ ပဲ့ကိုင်ပေးမှုအတွက် ထင်ရှားလာရသောကြောင့် အဓိပ္ပါယံ ဝိညာပေတိအရ ဝစီဝိညတ်က ပြောဆိုသူ၏ အတွင်း သဘောအလိုဆန္ဒကို သိစေသည်ဟု ဆိုရလေသည်။ အရက်ဆိုင်၌ ဆိုင်းဘုတ်ကို မြင်ပြီးမှ အတွင်း၌ အရက်ရှိ ကြောင်းကို သိရသကဲ့သို့ ဝစီဝိညတ်ဟူသော ဆိုင်းဘုတ်ကို သိပြီးမှ အတွင်းသဘော အလိုဆန္ဒကို ကြားရသူက သိနိုင်သောကြောင့် ဝိညာယတီတိ ဝိညတ္တိအရ နာကြားရသူက မနောဒွါရဝီထိ စိတ်အစဉ်ဖြင့် ထိုဝစီဝိညတ် ကိုလည်း သိအပ်ပုံကို သတိပြုပါလေ။ ပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို ကြားနာသူအား သိစေတတ် သောကြောင့်လည်းကောင်း, ကြားနာသူက ထိုပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို သိအပ်သောကြောင့် လည်းကောင်း ဝိညတ်မည်၏ ဟူလိုသည်။

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

ဝစီဝိညတ်သည် ဤစကား ထိုစကားကို ဆိုလိုသောသူအား နှုတ်မြွက်၍ ဆိုခြင်းကို ပြုတတ်သော သတ္တမ ဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် ထိုထို (အသံဖြစ်ရာ) ဌာန်၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်၏ ထိခိုက်ခြင်းကြောင့် ထိုစိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း (= ဝိကာရ = အမူအရာထူး) ဟူသော လက္ခဏာရှိရကား သဝိညာဏကသတ္တဝါတို့၏ အသံဟု ဆိုအပ်သော စကားဖြင့် ထိုစကားကို ပြောဆိုသောသူတို့၏ အလိုကို ဤသူ သည် ဤအမှုကို ပြုစေလို၏, ဤသည်ကား ဤသူ၏ အလိုတည်းဟု သူတစ်ပါးတို့ကို သိစေတတ်သော သတ္တိ ကြောင့်လည်းကောင်း, ဝစီဝိညတ်ဟူသော မိမိကိုလည်း ထိုပြောဆိုသော စကားဖြင့် အလိုကို ဆင်ခြင်၍ မသိမီ လက်ဦးကပင် စတုတ္ထမနောဒွါရိကစိတ်ဖြင့် သူတစ်ပါးတို့ သိအပ်သော သတ္တိကြောင့်လည်းကောင်း ဤစကားကို ထိုစကားကို ပြောဆိုအံ့ဟု ကြံစည်သောသူအား နှုတ်မြွက်၍ ပြောဆိုခြင်းကို ပြုတတ်သော သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇပထဝီဓာတ်၏ (၁) လည်ချောင်း, (၂) အာစောက်, (၃) လျှာထိပ်, (၄) သွား, (၅) နှုတ်ခမ်း ဟူသော အက္ခရာဖြစ်ရာ ဌာန်ငါးပါးတို့၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်ခြင်း၏ အကြောင်း ဖြစ်သော (၁) ပြောဆိုသောစကား, (၂) ပြောဆိုခြင်းကိရိယာ, (၃) ပြောဆိုကြောင်းဖြစ်သော ပထဝီဓာတ်တို့မှ အလွတ်အသီး ဖြစ်သော ကြီးစွာသော ကျောက်ကို ချီကြွသော အားရှိသောယောက်ျား၏ အားကုန် ကိုင်ယူသော အခါ၌ အားထုတ်သော ဗျာပါရ အခြင်းအရာ အထူးကဲ့သို့ ပြောဆိုခြင်း၏ အကြောင်းအဖြစ်ဖြင့် ရအပ်သော စိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း (= ဝိကာရ)သည် ဝစီဝိညတ် မည်၏ ဟူလိုသည်။ ထို ဝစီဝိညတ်သည် နားဖြင့်ကြား၍ သိအပ်သော သောတဝိညေယျတရား မဟုတ်၊ စိတ်ဖြင့်သာ ဆင်ခြင်၍ သိအပ်သော မနော- ဝိညေယျတရားတည်း။ သစ်ပင် တော တောင် စသော အဝိညာဏက = (သက်မဲ့) အသံ၌လည်း မဖြစ်၊ လူ တိရစ္ဆာန် စသော သဝိညာဏက (= သက်ရှိ) အသံ၌သာ ဖြစ်သတည်း။ ခဲစွ။

ဤသို့ ပြုအံ့ , ဤသို့ မူအံ့ , ဤသို့ ဆိုအံ့ , ဤသို့ ပြောအံ့ဟု ကြံသောသူအား အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ဇောခုနစ်ချက် တဒါရုံနှစ်ချက် ထိုနောင် ဘဝင်။ ဤ မနောဒွါရဝီထိ အစဉ်ကျရာ၏။ ထိုဝီထိ၌ ဇောခုနစ်ချက်တွင် သတ္တမဇောသည် ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဤရုပ် ရှစ်ပါးကို ဖြစ်စေ၏။ ထိုရုပ်အစု၌ပါသော စိတ္တဇဝါယောဓာတ်သည်သာ ကာယဝိညတ်နှင့်တကွ ဖြစ်၍ လက်ခြေလှုပ်ခြင်း စသည်ကို ဖြစ်စေတတ်၏။ ပထမဇောစသော ဇောခြောက်ချက်ကြောင့်ဖြစ်သော ဝါယောဓာတ်တို့သည် ကား ယခင် ဝါယောဓာတ်အား အထောက်အပင့်မျှသာဖြစ်၍ လက်ခြေလှုပ်ခြင်း စသည်ကို မဖြစ်စေကုန်၊ ဤကား ကာယဝိညတ်ဖို့။ ။ ထိုရုပ်အစု၌ ပါသော စိတ္တဇပထဝီဓာတ်သည်သာ ထိုထို အက္ခရာဖြစ်ရာ ဌာန်၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်သည်ဖြစ်၍ က-ခ စသော အက္ခရာအသံကို ဖြစ်စေတတ်၏။ ပထမဇော စသော ဇောခြောက်ချက်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်တို့သည်ကား ယခင် (သတ္တမဇောစိတ်ကြောင့် ဖြစ်သော) ပထဝီဓာတ်၏ အထောက်အပင့်မျှသာ ဖြစ်၍ က-ခ စသော အက္ခရာအသံကို မဖြစ်စေနိုင်ကုန်၊ ဤကား ဝစီဝိညတ်ဖို့။

ဤအရာ၌ ထမ်းပိုးခုနစ်ဆက်ကသော လှည်းတွင် သတ္တမ ထမ်းပိုး၌ကသော နွားတို့သာ လှည်းကို လှုပ်စေ ရွေ့စေနိုင်သည်၊ အကြွင်း ခြောက်ဆက်၌ကသော နွားကိုကား အထောက်အပင့်မျှသာ လှည်းကို မလှုပ်မရွေ့ စေနိုင်သကဲ့သို့ဟု လောကူပမာ ဆောင်သည်။

ဝစီဝိညတ်၌ သတ္တမဇောကြောင့်ဖြစ်သော ပထဝီဓာတ်မှာမှ အသံဖြစ်သည်ဟု ဆိုခဲ့သော ဤအယူကား ဋီကာဆရာတို့ ဝါဒတည်း။ အဋ္ဌကထာဆရာကား ပထမဇောကြောင့်ဖြစ်သော ပထဝီဓာတ်က စ၍ ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သည် အယူရှိသည်။

ထိုသို့ ပထမဇောက စ၍ဖြစ်သော ပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သော် ဝီထိတိုင်းမှာပင် ဇော (၇)ချက်အတွက် အသံ (၇)ဆင့် အက္ခရာ (၇)လုံးစီ ဆိုသောသူလည်း ဆိုရလေရာ၏၊ နာသောသူလည်း ကြားရလေ ရာ၏၊ ထိုသို့လည်း မဆိုရ မကြားရခဲ့၊ ထိုကြောင့် အဋ္ဌကထာဆရာဝါဒကို ဋီကာဆရာတို့ ဆင်ခြင်လေကုန်သည်။

၁။ ဤ ဝိညတ်ဒွေး၌ လှုပ်ရှားသောကိုယ်, ဆိုသောစကားကို စက္ခုဝိညာဏ်, သောတဝိညာဏ်ဟူသော ပထမ စိတ်ဖြင့် (= စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ ဟူသော ပထမ ဝီထိစိတ်ဖြင့်) လက်ဦးစွာ မြင်ရ ကြားရသည်။

၂။ ထိုနောင် ဤ အမူ, ဤ အသံသော် ဤသို့ ဖြစ်မြဲဟူ၍ ဒုတိယ မနောဒွါရိကစိတ်ဖြင့် အတိတ်ဖြစ်သော သင်္ကေတအမှတ်ကို ဆင်ခြင်၍ သိသည်။

၃။ ထိုနောင် ဤအရာ၌လည်း ဤသို့ ဖြစ်သည်ဟု သင်္ကေတအမှတ်ရှိတိုင်း တတိယ မနောဒွါရိကစိတ်ဖြင့် ပစ္စုပ္ပန် အကြောင်းအရာကို ဆင်ခြင်၍ သိသည်။

၄။ ထိုနောင် ထိုအကြောင်းအရာနှင့် စပ်သော ဖောက်ပြန်ခြင်း အထူးကို စတုတ္ထ မနောဒွါရိကစိတ်ဖြင့် ဆင်ခြင် ၍ ဤသို့ ဖောက်ပြန်ခြင်းကား ဝိညတ်ဖြစ်သည်ဟု သိသည်။

၅။ ထိုနောင် ထိုသို့ ဖောက်ပြန်ခြင်း အထူးကိုထောက်၍ ပဉ္စမ မနောဒွါရိကစိတ်ဖြင့် ကိုယ်လက်လှုပ်ခြင်း, စကားမြွက်ဆိုခြင်းကို ပြုသောသူတို့၏ အလို (ဘာဝ)ကို သိသည်။

ဤသို့ ဝိညတ်နှင့်အလိုကို သိသောအစဉ်၌ (သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယ စေတသာ။ နာမံ တတိယ စိတ္တေန၊ အတ္ထံ စတုတ္ထ စေတသာ။) ဟူသော ဂါထာကိုမှီ၍ ယူလေ။

နွေလအခါ ရေရှားပါးရာ၌ ရေရှိသည်ကို သိစိမ့်သောငှာ တံခွန် ထန်းရွက်စသော အမှတ်ကို စိုက်ထူသော် ထိုအမှတ်ကို လက်ဦးစွာ မြင်သည်၊ ထိုနောင် ရေရှိရာ၌ မှတ်ထားမြဲဟု အတိတ်ကို သိသည်၊ ထိုနောင် ဤမှာလည်း ရေရှိသည်ဟု ပစ္စုပ္ပန်ကို သိသည်၊ ထိုနောင် ထိုသို့ ရေရှိကြောင်းကို အမှတ်ထားခြင်း အမူအထူးကို သိသည်၊ ထိုနောင် ရေကို သုံးဆောင်စေလို၍ ထားသတည်းဟု ထားသောသူတို့၏ အလိုကို သိသည်။ ဤသို့ ဝိညတ်နှင့် အလိုကို ယူလွယ်စေခြင်းငှာ လောကူပမာ ဆောင်သတည်း။ (ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၀-၂၂၂။)

တိုက်တွန်းပါရစေ

ဤတွင် ဝိညတ်ရုပ်များနှင့် ပတ်သက်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုတော်မူချက် ဖွင့်ဆို တော်မူချက်များနှင့် ရှေးရှေး ဆရာမြတ်တို့၏ မှတ်ချက်များ ဝေဖန် သုံးသပ်ချက်များကို တင်ပြ ပြီးလေပြီ။ ဤ အကြောင်းအရာတို့ကား အတက္ကာဝစရဟု ခေါ်ဆိုသော အတွေးအခေါ်ပညာရှင်တို့၏ ကျက်စားရာ နယ်မြေကား မဟုတ်ပါ။ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် ဟူသော သမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည့် နယ်မြေသာ ဖြစ်ပေသည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်ဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာကို ရရှိထားပြီးသူဟု ယုံကြည်ပါလျှင် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်သင့်သော စူးစမ်းကြည့်သင့်သော အကြောင်းအရာသာ ဖြစ်သည်။ ဘုရားရှင်၏ တရား များသည် သန္ဒိဋ္ဌိကဂုဏ်တော်နှင့် ပြည့်စုံတော်မူသော တရားတော်များသာ ဖြစ်သဖြင့် မိမိ၏ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထိုးထွင်းသိအောင် ကြိုးပမ်းခြင်းဖြင့်သာ အမှန်တရားကို ရှာဖွေပါဟု တိုက်တွန်းပါရစေ။

ဝစီဝိညတ် အရာဝယ် ---

၁။ စိတ္တဇပထဝီဓာတ်က ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားတစ်ရပ်,

၂။ စိတ္တဇပထဝီဓာတ်က စတုဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားတစ်ရပ်,

ဤသို့ စကားနှစ်ရပ် လာရှိရာ အချင်းချင်း မဆန့်ကျင်ပြီလောဟု မေးရန်ရှိ၏။ မဆန့်ကျင်ပါဟူ၍ ဖြေဆို လေရာ၏။

စိတ္တဇပထဝီဓာတ်က ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားရပ်မှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုတော်မူခြင်း မိန့်ဆိုတော်မူခြင်း ဖြစ်၏။ ပဓာန = ပြဓာန်းသော ကမ္မဇပထဝီဓာတ်ကို ဆိုသဖြင့် မပြဓာန်းသော စိတ္တဇပထဝီ, ဥတုဇပထဝီ, အာဟာရဇပထဝီတို့ကိုလည်း ကောက်ယူရသော နည်းအားဖြင့် မိန့်ဆိုခြင်း ဖြစ်၏။

အသံကောင်းမှု အသံမကောင်းမှုတို့မှာ အတိတ်ကံနှင့် ဆက်သွယ်လျက် ရှိ၏။ ဒီဃနိကာယ် ပါထိကဝဂ် ပါဠိတော် လက္ခဏသုတ္တန်ဝယ် (ဒီ၊၃၊၁၄၁။) ဘုရားသည် ဗြဟ္မဿရ = ဗြဟ္မာမင်း၏ အသံနှင့်တူသော အင်္ဂါ ရှစ်ဖော်နှင့် ပြည့်စုံတော်မူသော အသံတော်ရှိခြင်းတည်း ဟူသော မဟာပုရိသ လက္ခဏာတော်ကို အတိတ်ဘဝ ထိုထိုဝယ် သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်၏ အဆောက်အဦ ဖြစ်တော်မူသော ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့စဉ်က ရုန့်ရင်းကြမ်းတမ်းသော ဖရုသဝါစာ စကားမှ ရှောင်ကြဉ်တော်မူခြင်းတည်းဟူသော ဝိရတိပြဓာန်းသော မဟာကုသိုလ်စေတနာ, သိမ်မွေ့နူးညံ့ ပျော့ပျောင်းသည့် ချစ်ခင်မြတ်နိုးဖွယ် စကားကို ပြောဆို ကြောင်းဖြစ်သော မေတ္တာပြဓာန်းသော မဟာကုသိုလ်စေတနာ --- ဤ ကုသိုလ်စေတနာတို့ကြောင့် ရရှိတော် မူကြောင်း လာရှိ၏။

ထိုကြောင့် အသံကောင်းခြင်း မကောင်းခြင်းတို့မှာ အတိတ်ကံနှင့် ဆက်သွယ်လျက် ရှိ၏။ အတိတ်ကံသည် အသံဖြစ်ရာ ဌာန၌ ကမ္မဇရုပ်တို့ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိ၏။

၁။ ကမ္မဇပထဝီဓာတ်တို့ကား တုံး (= အုန်းမောင်း)နှင့် တူ၏။

၂။ စိတ္တဇပထဝီဓာတ်ကား လက်ရိုက်နှင့် တူ၏။

၃။ ယင်း စိတ္တဇပထဝီဓာတ်နှင့် အတူဖြစ်သော စိတ္တဇဝါယောဓာတ်ကား ရိုက်သောလက် = ခေါက်သောလက်နှင့် တူ၏။

ဤ အင်္ဂါသုံးချက် စုံညီလျှင် အချိုးကျ အဆင်ပြေလျှင် ကောင်းမွန်လျှင် အသံကောင်း၏။ အင်္ဂါရပ် တစ်ခုခု သော်လည်းကောင်း, နှစ်ခုသော်လည်းကောင်း, သုံးခုလုံးသော်လည်းကောင်း ချို့တဲ့ပါက အသံကောင်း ထွက်လာ ဖို့ရန် မလွယ်ကူပေ။ ထိုအင်္ဂါ (၃)ရပ်တို့တွင် (၂-၃)အင်္ဂါရပ် နှစ်မျိုးတို့ကား လူသားတိုင်း၌ ရနိုင်၏။ အမှတ် (၁) အင်္ဂါရပ်ကား အတိတ်ကံနှင့် ဆက်သွယ်လျက်ရှိ၏။ ထိုကြောင့် အတိတ်ကံ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇပထဝီဓာတ်မှာ အသံဖြစ်ပေါ်လာရေးအတွက် ပြဓာန်းသော အကြောင်းတရားတစ်ခု ဖြစ်နေ၏။

သို့သော် လည်ချောင်း စသော အသံဖြစ်ရာ ထိုထို ဌာန၌ ကမ္မဇရုပ်-စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ် တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောမွှေထားသကဲ့သို့ ပွတ်ချုပ်ထိခိုက်လျက် အလွန် နီးနီးကပ်ကပ် ဖြစ်နေကြ၏။ ရုပ်ကလာပ်တို့မှာလည်း အလွန့်အလွန် သိမ်မွေ့ သေးငယ်သော ပရမာဏုမြူခန့်လောက်ရှိသော သို့မဟုတ် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်ဖွယ်ရာရှိသော အမှုန်ကလေးတို့သာ ဖြစ်ကြ၏။ ယင်းသို့ အလွန်နီးကပ်စွာ ဥပါဒ်နေကြသော ရုပ်ကလာပ်တို့တွင် စိတ္တဇပထဝီဓာတ်က ထိုထို အသံဖြစ်ရာဌာန၌ တည်ရှိသော ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်မိပါက ရိုက်ခတ်မိပါက အလွန်နီးကပ်နေသော စိတ္တဇပထဝီ, ဥတုဇပထဝီ, အာဟာရဇပထဝီဓာတ်တို့ကိုလည်း ရိုက်ခတ်မိသည်သာ ဖြစ်၏။ ထိုကြောင့် ပြဓာန်းသော ကမ္မဇပထဝီဓာတ်ကို ကောက်ယူသဖြင့် မပြဓာန်းသော စိတ္တဇပထဝီ, ဥတုဇပထဝီ, အာဟာရဇပထဝီဓာတ်တို့ကိုလည်း ကောက်ယူရသော ပဓာနနည်းအားဖြင့် မိန့်ဆိုခြင်း ဖြစ်ကြောင်းကို အထက်၌ ဆိုခဲ့ခြင်း ဖြစ်၏။ ထိုကြောင့် စိတ္တဇပထဝီဓာတ်က စတုဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည့်အတွက် ရိုက်ခတ်သည့်အတွက် အသံဖြစ်ပေါ်လာရသည်ဟူသော စကားမှာ ပဓာန အပဓာန = ပြဓာန်း မပြဓာန်း ရုပ်အားလုံးကို သိမ်းကျုံး၍ အကြွင်းအကျန်မရှိ ကုန်စင်အောင် အနာဝသေသ နည်းအားဖြင့် ဖွင့်ဆိုသော စကားဟု မှတ်ပါ။

ဥပါဒါရုပ် မည်နိုင်ပါသလား?

ကာယဝိညတ်သည် စိတ္တဇဝါယောဓာတ်၏ ဖောက်ပြန်ခြင်း = အမူအရာထူး = ဝိကာရရုပ်ဖြစ်၍ ဝစီဝိညတ် သည် စိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း = အမူအရာထူး = ဝိကာရရုပ်ဖြစ်ရကား ဝိညတ်ဒွေးသည် မဟာဘုတ် (၄)ပါးလုံးကို စွဲ၍ မဖြစ်သောကြောင့် ဥပါဒါရုပ် မမည်သင့်ဟု စောဒနာ ငြားအံ့ ---

ဝိညတ်ဒွေးသည် မဟာဘုတ် (၄)ပါးလုံးကိုပင် စွဲမှီ၍ ဖြစ်သည်၊ လှုပ်ရှားစေသော အရာ၌ ဝါယောဓာတ်သာ လွန်ကဲသောကြောင့်, အသံဖြစ်စေသော အရာ၌လည်း ပထဝီဓာတ်သာ လွန်ကဲသောကြောင့် ဥက္ကဋ္ဌနည်းအားဖြင့် ယခင် ဓာတ်နှစ်ပါး၏ ဖောက်ပြန်ခြင်းမျှသာ ဆိုသည်။ မသီးမခြားကောင်းသော အဝိနိဗ္ဘောဂရုပ် ဖြစ်ရကား မဟာဘုတ် (၄)ပါးလုံးကို စွဲ၍ ဖြစ်သောကြောင့် ဝိညတ်ဒွေးသည် ဥပါဒါရုပ် မည်သင့်သည်သာ ဖြေလေ။ (ပြည်-ဝိသုဒ္ဓိမဂ် နိဿယ၊၃၊၂၂၂။)

ထမ္ဘနာတိ ဝါယောဓာတုအဓိကာနံ ဘူတာနံ ထမ္ဘနာကာရော ဝိညတ္တီတိ အတ္ထော။ (မူလဋီ၊၁၊၁၅၁၊၊)

ဤ မူလဋီကာနှင့် အညီတည်း။ ရှုကွက် --- ဝစီဝိညတ်ပါသော ဝစီဝိညတ္တိဒသက ကလာပ်, သို့မဟုတ် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ်ဟူသော မိမိ ရှုလိုသည့် ရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ဝစီဝိညတ် ရုပ်ကို ရွေးထုတ်၍ အထက်တွင် ရေးသားထားသည့်အတိုင်း ဝစီဝိညတ်၏ လက္ခဏ ရသ စသည်ကို ရှုပါ။

၂၂။ ရူပဿ လဟုတာ

၁။ အဒန္ဓတာလက္ခဏာ ရူပဿ လဟုတာ၊

၂။ ရူပါနံ ဂရုဘာဝဝိနောဒနရသာ၊

၃။ လဟုပရိဝတ္တိတာ ပစ္စုပဋ္ဌာနာ၊

၄။ လဟုရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော

= ပေါ့ပါးမှုသဘော,

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော

= ပေါ့ပါးမှုသဘော,

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော

= ပေါ့ပါးမှုသဘော လက္ခဏ၊

၂။ ထိုရုပ်တို့၏ လေးလံမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

၃။ ထိုရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပေါ့ပါးသော ထိုရုပ်များ ပဒဋ္ဌာန်။

၂၃။ ရူပဿ မုဒုတာ

၁။ အထဒ္ဓတာလက္ခဏာ ရူပဿ မုဒုတာ၊

၂။ ရူပါနံ ထဒ္ဓဘာဝဝိနောဒနရသာ၊

၃။ သဗ္ဗကိရိယာသု အဝိရောဓိတာပစ္စုပဋ္ဌာနာ၊

၄။ မုဒုရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော

= နူးညံ့မှုသဘော လက္ခဏ၊

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော

= နူးညံ့မှုသဘော လက္ခဏ၊

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော

= နူးညံ့မှုသဘော လက္ခဏ၊

၂။ ထိုရုပ်တို့၏ ခက်ထန်ကြမ်းတမ်းမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

၃။ အလုံးစုံသော ကိုယ်မှုကိစ္စတို့၌ မဆန့်ကျင်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နူးညံ့သော ထိုရုပ်များ ပဒဋ္ဌာန်။

၂၄။ ရူပဿ ကမ္မညတာ

၁။ သရီရကိရိယာနုကူလကမ္မညဘာဝလက္ခဏာ ရူပဿ ကမ္မညတာ၊

၂။ အကမ္မညတာဝိနောဒနရသာ၊

၃။ အဒုဗ္ဗလဘာဝပစ္စုပဋ္ဌာနာ၊

၄။ ကမ္မညရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈-၇၉။)

၁။ စိတ်+ဥတု+အာဟာရကြောင့် ဖြစ်ကုန်သော ရုပ်အစစ်တို့၏ ကိုယ်မှုကိစ္စတို့အားလျော်စွာ

အမှု၌ ခံ့ညားမှု အချိုးကျ အဆင်ပြေမှုသဘော လက္ခဏ၊

၂။ (ဝါယောဓာတ် ပျက်ပြားသဖြင့်) ကိုယ်မှုကိစ္စ၌ မခံ့ညားမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

၃။ ရုပ်တို့၏ အားမနည်းသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အမှု၌ ခံ့ညားသော ထိုရုပ်များ ပဒဋ္ဌာန်။

ဤ လဟုတာ မုဒုတာ ကမ္မညတာ ရုပ်သုံးခုအပေါင်းသည် အချင်းချင်း မစွန့်ကြပေ၊ တစ်ပါးဖြစ်လျှင် ကျန်နှစ်ပါးသည် ဖြစ်မြဲတည်း။ စိတ္တဇရုပ်၌ဖြစ်စေ, ဥတုဇရုပ်၌ဖြစ်စေ, အာဟာရဇရုပ်၌ဖြစ်စေ ပါဝင်လျက် အတူဖြစ်ခဲ့သော် ပြိုင်တူပင် ဖြစ်လေ့ရှိကြ၏။ ထိုသို့ ပြိုင်တူဖြစ်သဖြင့် ယင်းရုပ်တို့၏ တစ်ခုနှင့်တစ်ခု မတူ ထူးခြားမှုကိုလည်း သိနိုင်ခဲသော သဘောရှိ၏။ ထိုသို့ သိနိုင်ခဲသော်လည်း ဆိုင်ရာ သဘာဝလက္ခဏာများကား ကွဲပြားလျက်ပင် ရှိပေသည်။

ဓာတုက္ခောဘော ဝါတပိတ္တသေမှပကောပေါ၊ ရသာဒိဓာတူနံ ဝါ ဝိကာရာဝတ္ထာ။ ဒွိဓာ ဝုတ္တောပိ အတ္ထတော ပထဝီဓာတုအာဒီနံ ဓာတူနံယေဝ ဝိကာရောတိ ဒဋ္ဌဗ္ဗော။ ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာဝိက္ခိတ္တစိတ္တတာ။ (မဟာဋီ၊၂၊၁၀၁။)

ဤ လဟုတာစသော ရုပ်များကား သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ အထူးသဖြင့် ကာမသတ္တဝါတို့၏ သန္တာန်၌သာ ဖြစ်ကြ၏။ စိတ်ဓာတ်များ မကြည်မလင်ရှိခြင်း, ပျံ့လွင့်နေခြင်း, ဥတု မမျှတခြင်း, အာဟာရ မမျှတခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဤခန္ဓာအိမ်၌ တည်ရှိကြသော လေ-သည်းခြေ-သလိပ်တို့သည် ပျက်ပြားကုန်လတ်သော် ဓာတ်ကြီး (၄)ပါးတို့သည်လည်း ချောက်ချားလာကုန်၏။ အထူးသဖြင့် အာဗန္ဓန = ဖွဲ့စည်းခြင်း သဘောရှိသော အာပေါဓာတ်သည် ဖောက်ပြန် ပျက်ပြားခဲ့သော် သို့မဟုတ် လွန်ကဲခဲ့သော် စိတ္တဇ- ဥတုဇ-အာဟာရဇရုပ်တို့သည် နုံးချည့်လျက်ရှိခြင်း သို့မဟုတ် လေးလံလျက်ရှိခြင်းကြောင့် ထိုအခါမျိုး၌ လဟု တာရုပ် မဖြစ်နိုင်ချေ။

ကက္ခဠ = ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်များ ပျက်ပြားခဲ့လျှင် သို့မဟုတ် လွန်ကဲခဲ့လျှင် စိတ္တဇ- ဥတုဇ-အာဟာရဇဟူသော တိဇနိပ္ဖန္နရုပ်များသည် ခိုင်မာမှု လျော့ရဲလျက်ရှိခြင်း, သို့မဟုတ် ကြမ်းတမ်း ခိုင်မာ လျက် တောင့်တင်းလျက် ရှိခြင်းကြောင့် ထိုအခါမျိုး၌ နူးညံ့မှု မုဒုတာ မဖြစ်နိုင်ချေ။

ဝိတ္ထမ္ဘန = ထောက်ကန်ခြင်း တောင့်တင်းခိုင်မာစေခြင်း သဘောလက္ခဏာရှိသော ဝါယောဓာတ် ပျက်ပြား လျှင် သို့မဟုတ် လွန်ကဲလျှင် ယင်း တိဇနိပ္ဖန္နရုပ်များ (= စိတ်-ဥတု-အာဟာရကြောင့်ဖြစ်သော ရုပ်များ) သည် လှုပ်ရှားမှု တွန်းကန်မှု အားနည်းလျက်ရှိခြင်း, သို့မဟုတ် အားများလျက်ရှိခြင်းကြောင့် ထိုအခါမျိုး၌ ကမ္မညတာ မဖြစ်နိုင်ချေ။ (တေဇောဓာတ်ကား ဥတုဇရုပ်ကို ဖြစ်စေနိုင်သော ဥတုဖြစ်၍ ဖောက်ပြန်မှု အားလုံး၌ အလိုက်သင့် ပါဝင်လျက် ရှိ၏။)

အကြင်အခါ၌ကား စိတ်ဓာတ်ကြည်လင်မှု မပျံ့လွင့်မှု တည်ကြည်မှုရှိခြင်း, ဥတု မျှတခြင်း, အာဟာရ မျှတခြင်းဟူသော အကြောင်းအထောက်အပံ့ကောင်းတို့ကြောင့် လေ-သည်းခြေ-သလိပ်တို့သည် မျှတ ညီညွတ် ကြ၏၊ လမ်းမှန်စည်းကျ တည်နေကြ၏။ စိတ္တဇမဟာဘုတ်, ဥတုဇမဟာဘုတ်, အာဟာရဇမဟာဘုတ်တို့သည်လည်း မျှတ ညီညွတ်ကြကုန်၏။

ထိုအခါမျိုး၌ အနာရောဂါ ကင်းသောသူ၏ = ကျန်းမာနေသော ပုဂ္ဂိုလ်၏ ကိုယ်လက်များသည် ပေါ့ပါး သွက်လက်သကဲ့သို့ စိတ္တဇ ဥတုဇ အာဟာရဇဟူသော တိဇနိပ္ဖန္နရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်နိုင်ခြင်း မလေးမလံ မနှေးမကန် မနုံ့မနှေးသော သဘောများ ထူးထူးခြားခြား ထင်ရှားလာပေသည်။ ဤကဲ့သို့သော တိဇရုပ်တို့၏ ပေါ့ပါးမှု အမူအရာထူးသည် ဝိကာရရုပ် မည်၏။ ထိုဝိကာရရုပ်သည် ရူပဿ လဟုတာ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။)

ထိုအခါမျိုး၌ ထို တိဇနိပ္ဖန္နရုပ်တို့၏ ကောင်းစွာနယ်ထားအပ်သော သားရေ၏ နူးညံ့မှုကဲ့သို့ နူးညံ့မှု ပျော့ပျောင်းမှုသဘော, ခပ်သိမ်းသော ပြုဖွယ်ကိစ္စထူး ဟူသမျှတို့၌ အလိုဆန္ဒရှိတိုင်း ပြုလုပ်နိုင်မှု သဘောတရား များသည်လည်း ထူးခြားစွာ ထင်ရှားလာကုန်၏။ (တန်ခိုးဣဒ္ဓိပါဒ်များကို အသုံးပြုသောအခါ၌ အလိုရှိသလို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်သကဲ့သို့ တရားထိုင်သည့်အခါ ခန္ဓာကိုယ်ကို တောင့်အောင် သီးသန့့် တမင် ထောက် ကန်ပေးနေရမှု တောင့်ပေးနေရမှု မရှိဘဲ အလိုရှိသလို အလိုက်သင့် စိတ်တိုင်းကျ ထိုင်နိုင်မှုမျိုး စသည်ကို ဆိုလိုသည်၊၊) ဤကဲ့သို့သော တိဇနိပ္ဖန္နရုပ်တို့၏ ပျော့ပျောင်း နူးညံ့မှု အမူအရာထူးသည် ရူပဿ မုဒုတာ ဝိကာရ ရုပ် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၂-၃၆၃။)

ထိုအခါမျိုး၌ လှော်ပြီး ဦးပြီးသောရွှေသည် မိမိပြုလုပ်လိုရာ ပုတီး နားဍောင်း စသော ပြုဖွယ်ရာ ဟူသမျှ၌ ကောင်းမွန်ခံ့ညားသကဲ့သို့ ကိုယ်ဖြင့်ပြုလုပ်ရမည့် ဒါန သီလ ဘာဝနာစသော ထိုထို ပြုလုပ်ဖွယ်ရာ လုပ်ငန်း ကိစ္စရပ်တို့၌ တွန့်တို ဆုတ်နစ်ခြင်း မရှိဘဲ ကောင်းမွန်ခံ့ညားခြင်း သဘောတရားများသည်လည်း ထူးထူးခြားခြား ထင်ရှားလာကုန်၏။ ဤကဲ့သို့သော တိဇနိပ္ဖန္နရုပ်တို့၏ ကောင်းမွန် ခံ့ညားမှု အမူအရာထူးသည် ကမ္မညတာ ဝိကာရရုပ် မည်ပေသည်။ ဤကား ယင်း ဝိကာရရုပ် သုံးမျိုးတို့၏ မတူကွဲပြားမှုဆိုင်ရာ အမှတ်အသားများတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၆၂-၃၆၃။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ လဟုတာသည် အနာရောဂါကင်းသူနှင့် တူ၏။

၂။ မုဒုတာသည် ကောင်းစွာ ကြိတ်နယ်ထားအပ်ပြီးသော သားရေနှင့် တူ၏။

၃။ ကမ္မညတာသည် လှော်ပြီး ဦးပြီးသော ရွှေစင်နှင့် တူ၏။

ဤအရာ၌ ကောင်းစွာ ကြိတ်နယ်ထားအပ်ပြီးသော သားရေဥပမာနှင့် ကောင်းစွာ လှော်ပြီး ဦးပြီးသော ကောင်းစွာ မှုတ်လွှင့်ထားအပ်သော အညစ်အကြေးရှိသော ရွှေဥပမာတို့ကို ပုံစံထုတ်ယူခြင်း ဆိုခြင်းသည် မုဒုတာ ရုပ်၏ နူးညံ့မှုသဘော, ကမ္မညတာရုပ်၏ အမှု၌ ခံ့ညားမှုသဘောတို့နှင့် တူညီသော ရုပ်ကို ပုံစံတူ ပြခြင်းမျှ အတွက်သာ ဆိုခြင်းဖြစ်သည်။ သားရေနှင့် ရွှေတို့၌ ဤဝိကာရရုပ် အရာဝယ် အလိုရှိအပ်သော မုဒုတာရုပ် ကမ္မညတာရုပ်တို့ ရှိသောကြောင့် ဆိုသည်ကား မဟုတ်ပါ။ လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ကား ဣန္ဒြိယဗဒ္ဓ အမည်ရသော စက္ခုစသော ဣန္ဒြေနှင့်စပ်သော သက်ရှိ ရုပ်သန္တတိအစဉ်၌သာ တည်ရှိ၍ အနိန္ဒြိယဗဒ္ဓဖြစ်သော သက်မဲ့လောက ရုပ်သန္တတိအစဉ်၌ မတည်ရှိသောကြောင့် ဖြစ်သည်။ (မဟာဋီ၊၂၊၁၀၂။)

ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာဝိက္ခိတ္တစိတ္တတာ။ တေ စ တံတံဝိကာရဿ ဝိသေသပစ္စယဘာ- ဝတော ဝုတ္တာ၊ အဝိသေသေန ပန သဗ္ဗေ သဗ္ဗေသံ ပစ္စယာ။ ယတော နေသံ အညမညာဝိဇဟနံ။ (မဟာဋီ၊၂၊၁၀၁-၁၀၂။)

၁။ ဥတုမျှတခြင်းသည် = သပ္ပါယမျှတသော ဥတုကို မှီဝဲရခြင်းသည် ဥတုဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။

၂။ အာဟာရမျှတခြင်း = သပ္ပါယဖြစ်သော အာဟာရကို မှီဝဲရခြင်းသည် အာဟာရဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။

၃။ စိတ်ဓာတ်ကြည်လင်ခြင်း စိတ်မပျံ့လွင့်ခြင်း စိတ်တည်ကြည်မှုရှိခြင်းသည် စိတ္တဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။

သို့သော် အထူးမမ သာမညအားဖြင့် ဆိုရမူ အထက်ပါ သုံးမျိုးကုန်သော အလုံးစုံကုန်သော အကြောင်း တရားတို့သည်ပင် အလုံးစုံကုန်သော ဥတုဇ, အာဟာရဇ, စိတ္တဇဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ တစ်နည်း ရုပ်အားလုံးတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။ ယင်းသို့ ဖြစ်ခြင်းကြောင့်ပင် ထိုရုပ်တရားတို့၏ အချင်းချင်း တစ်ပါးသည် တစ်ပါးကို မစွန့်လွှတ်နိုင်ခြင်းပင် ဖြစ်သည်။ (မဟာဋီ၊၂၊၁၀၁-၁၀၂။)

သက်မဲ့လောကနှင့် ကမ္မဇရုပ်လောက

လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့သည် ဣန္ဒြိယဗဒ္ဓဖြစ်သော စက္ခုစသော ဣန္ဒြေနှင့် စပ်သော သက်ရှိ ရုပ်လောက၌သာ ရှိသည်ဖြစ်လတ်သော် လဲ, ဝါဂွမ်း စသည်တို့၌ လဟုတာ စသည်တို့သည် ရှိကြသည် မဟုတ်လော ဟူမူ --- ထို လဲ, ဝါဂွမ်း စသည်တို့၌ ပရမတ္ထအားဖြင့် လဟုတာ စသည်တို့သည် မရှိကုန်။ သို့သော် လေးလံမှု စသည်တို့၏ အကြောင်းဖြစ်သော မဟာဘုတ်တို့၏ မရှိခြင်းကြောင့် ထို လဲ, ဝါဂွမ်း စသည်တို့၌ ပေါ့ပါးမှုစသော ပညတ်မျှသာ ရှိသည် ဟူပေ။

ဣန္ဒြိယဗဒ္ဓေပိ ရူပဘဝေ န သန္တိ ဒန္ဓတ္တကရာဒိဓာတုက္ခောဘာဘာဝတော။ (မဟာဋီ၊၂၊၁၀၂။)

စက္ခုစသော ဣန္ဒြေတို့နှင့်စပ်သော ဖြစ်ခြင်းရှိသော ရူပဘဝ = ရူပါဝစရ ရုပ်လောက၌လည်း လေးလံမှု စသည်ကို ပြုလုပ်ပေးတတ်သော ဓာတ်ချောက်ချားခြင်း၏ ထင်ရှားမရှိခြင်းကြောင့် ယင်း လဟုတာစသော ရုပ်တို့ သည် မရှိကြကုန်။ (မဟာဋီ၊၂၊၁၀၂။)

ကသ္မာ ပန ကမ္မဇရူပေသု လဟုတာဒယော န ဟောန္တီတိ? ပစ္စုပ္ပန္နပစ္စယာပေက္ခတ္တာ။ အညထာ သဗ္ဗဒါဘာဝီဟိ လဟုတာဒီဟိ ဘဝိတဗ္ဗံ သိယာတိ။ (မဟာဋီ၊၂၊၁၀၂။)

ထို လဟုတာစသော ရုပ်သုံးမျိုးတို့သည် ကမ္မဇရုပ်တို့၌ မရှိကြကုန်၊ စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၌သာ ရှိကြကုန်၏၊ အဘယ်ကြောင့်နည်းဟူမူကား --- ကံကား အတိတ်၊ ဤ ရုပ်တို့ကား ပစ္စုပ္ပန်အကြောင်းကို ငဲ့သော ကြောင့်တည်း။ ထိုသို့ မယူဆဘဲ ကမ္မဇရုပ်တို့၌လည်း လဟုတာ စသည်တို့သည် ရှိကြကုန်၏ဟု ယူဆခဲ့လျှင် လဟုတာ စသည်တို့သည် ခန္ဓာအိမ်၌ အမြဲတမ်း ဖြစ်နေကြဖွယ်ရာသာ ရှိပေတော့သည်၊ ထိုသို့ကား မရှိဖြစ်ခဲ့၏၊ တစ်ခါတစ်ရံသာ အကြောင်းညီညွတ်မှု ရှိပါမှ လဟုတာ စသည်တို့သည် ဖြစ်ခွင့်ရကြသည်။ ထိုကြောင့် တိဇရုပ်တို့ ၌သာ လဟုတာ စသည်တို့သည် ရှိကြသည်ဟူပေ။ (မဟာဋီ၊၂၊၁၀၂။)

ရှုကွက် --- စိတ္တဇ ဥတုဇ အာဟာရဇ ရုပ်ကလာပ်တို့ရှိရာ (၆)ဒွါရနှင့် ထိုထို ကောဋ္ဌာသတို့၌ အခါအခွင့် အားလျော်စွာ ရနိုင်ရကား မိမိ သိမ်းဆည်းရှုပွားလိုသော ယင်းလဟုတာ စသည်တို့ပါသော ရုပ်ကလာပ်တစ်ခုကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ၊ ထိုရုပ်ပရမတ်တရားတို့မှ လဟုတာ စသည်ကို ရွေးထုတ်၍ လက္ခဏ-ရသ စသည်ကို ရှုပါ။

၂၅။ ရူပဿ ဥပစယ

၁။ အာစယလက္ခဏော ရူပဿ ဥပစယော၊

၂။ ပုဗ္ဗန္တတော ရူပါနံ ဥမ္မုဇ္ဇာပနရသော၊

၃။ (က) နိယျာတနပစ္စုပဋ္ဌာနော၊

( ခ ) ပရိပုဏ္ဏဘာဝပစ္စုပဋ္ဌာနော ဝါ၊

၄။ ဥပစိတရူပပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၆၃-၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော,

( ခ ) ဣန္ဒြေပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ရှေးအဖို့မှ = ရှေးဖြစ်သော အနာဂတ်အဖို့မှ = မဖြစ်မီ ရှေးအစွန်းမှ ရုပ်တရားတို့ကို

ပေါ်လှာစေသကဲ့သို့ ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ (က) ဤသည်တို့ကား ရုပ်တရားတို့တည်းဟု ထိုရုပ်တရားတို့က ဆောင်နှင်းပြသကဲ့သို့

ဖြစ်ခြင်း သဘောတရား = အပ်နှင်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း - ရုပ်အစစ်တို့၏ ပြည့်ပြည့်စုံစုံဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖြစ်ဆဲရုပ်များ ပဒဋ္ဌာန်။

၂၆။ ရူပဿ သန္တတိ

၁။ ပဝတ္တိလက္ခဏာ ရူပဿ သန္တတိ၊

၂။ အနုပ္ပဗန္ဓနရသာ၊

၃။ အနုပစ္ဆေဒပစ္စုပဋ္ဌာနာ၊

၄။ အနုပ္ပဗန္ဓရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ေ့ရှနောက် အစဉ်မပြတ် ဆက်ကာ ဆက်ကာ

ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ေ့ရှနောက် အစဉ်မပြတ် အဆင့်ဆင့် ဖွဲ့စပ်ခြင်း (ကိစ္စ) ရသ၊

၃။ ေ့ရှနောက် အစဉ်မပြတ် စေ့စပ် ဖွဲ့ယှက်တတ်သော သဘောတရား

= (အဆက်မပြတ် ဖြစ်တတ်သော သဘောတရား) ပစ္စုပဋ္ဌာန်၊

၄။ ေ့ရှနောက် အစဉ်မပြတ် ဖွဲ့စပ်အပ်သကဲ့သို့ဖြစ်သော ရုပ်တရား ပဒဋ္ဌာန်။

အာစယ - ဥပစယ - သန္တတိ

ဤအရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (အဋ္ဌသာလိနီအဋ္ဌကထာကို ကိုးကား၍) အောက်ပါအတိုင်း မှတ်ချက် ချ၍ ရှင်းလင်း တင်ပြထား၏။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

ဤ ဥပစယ သန္တတိ ဟူသော ရုပ်နှစ်ပါး အပေါင်းသည်လည်း ဇာတိရုပ် တစ်ခုတည်း၏သာလျှင် အမည် ဖြစ်ပေသည်၊ သို့ဖြစ်သော်ငြားလည်း ဖြစ်ပုံအခြင်းအရာ ထူးသောအားဖြင့်လည်းကောင်း, ကျွတ်ထိုက်သသူ ဝေနေယျတို့၏ အလိုအဇ္ဈာသယအားဖြင့်လည်းကောင်း ဥပစယ သန္တတိဟူ၍ အကျဉ်းညွှန်ပြကြောင်း ဥဒ္ဒေသဒေသနာကို ဘုရားရှင်သည် ပြုတော်မူပေသည်။ ဤ ဥပစယ သန္တတိ နှစ်ပါးတို့၌ ပရမတ္ထတရားကိုယ် အနက်သဘောအား ဖြင့်ကား ပရမတ် ရုပ်အစစ်တို့၏ဖြစ်မှု ဥပါဒ်ချည်းသာ ဖြစ်၍ ထူးခြားမှုကား မရှိပေ။ ထိုကြောင့် ဤ ဥပစယ သန္တတိ ပုဒ်တို့ကို အကျယ်ဝေဖန် ဟောပြတော်မူရာ နိဒ္ဒေသဒေသနာတော်၌ ---

ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော၊ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ၊၁၊၁၇၁-၁၇၈။)

ဤသို့ ဟောကြားထားတော်မူ၏၊ ယင်း ပါဠိတော်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

= ရုပ် အာယတန (၁၀-ပါးခွဲ)တို့၏ ရှေးဦးဖြစ်စ ဖြစ်သောကြောင့် အကြင် ဥပါဒ်ဖြစ်သော အခိုက်အတန့်ကို အာစယဟူ၍ ဟောတော်မူအပ်၏၊ ထိုအာစယဟူ၍ ဟောတော်မူအပ်သော ဥပါဒ်ဖြစ်သော အခိုက်အတန့် သည်ပင် ရူပဿ ဥပစယ မည်၏၊ ရှေးဦးဖြစ်စ ဥပါဒ် အခိုက်အတန့် ဖြစ်သောကြောင့်တည်း။ --- အာဒိတော စယော ဥပစယော --- ဟု ပြုပါ။ ဥပသဒ္ဒါသည် ပထမတ္ထတည်း။ ရုပ်အစစ်တို့၏ ရှေးဦးအစ ပထမဥပါဒ် အခိုက်အတန့်သည် ဥပစယ မည်၏ ဟူလိုသည်။

တစ်ဖန် ထိုရုပ်အာယတန (၁၀-ပါးခွဲ)တို့တွင်သာလျှင် နောက်ထပ် ဖြစ်ကုန်သော အာယတနတို့၏ အကြင် ဥပါဒ်ဖြစ်သော အခိုက်အတန့်ကို အထက်အထက်၌ ပွားစီးခြင်း၏ အကြောင်းဖြစ်သောကြောင့် ရူပဿဥပစယ ဟူ၍ ဟောတော်မူအပ်၏၊ ထို အထက်အထက်၌ ပွားစီးခြင်း၏ အကြောင်းဖြစ်သောကြောင့် ဥပစယဟူ၍ ဟော တော်မူအပ်သော ထိုဖြစ်ခြင်းဥပါဒ် အခိုက်အတန့်သည်ပင်လျှင် သန္တတိ မည်၏၊ ေ့ရှနောက် အစဉ်မပြတ် စေ့စပ် ဖွဲ့ယှက်သောအားဖြင့် ဖြစ်ခြင်းသဘော ရှိသောကြောင့်တည်း။

ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်းတည်း။ အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၆၃။) ၌လည်း ---

အာစယော နာမ နိဗ္ဗတ္တိ၊ ဥပစယော နာမ ဝဍ္ဎိ၊ သန္တတိ နာမ ပဝတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ရှေးဦးအစ ဖြစ်ခြင်းသည် အာစယ မည်၏။ ရှေးဦးအစ ဖြစ်ခြင်းသည်လည်းကောင်း, အထက်၌ တိုးပွားခြင်း သည်လည်းကောင်း = အထက် အထက်၌ တိုးပွား၍ ဖြစ်ခြင်းသည်လည်းကောင်း ဥပစယ မည်၏။ အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်လျက် ဖြစ်ခြင်းသည် သန္တတိ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ဤသို့ ဖွင့်ဆိုပြီး၍ အောက်ပါ ဥပမာကို ပြုတော်မူသည်။

နဒိတီရေ ခတကူပသ္မိဥှိ ဥဒကုဂ္ဂမနကာလော ဝိယ အာစယော နိဗ္ဗတ္တိ၊ ပရိပုဏ္ဏကာလော ဝိယ ဥပစယော ဝဍ္ဎိ၊ အဇ္ဈောတ္ထရိတွာ ဂမနကာလော ဝိယ သန္တတိ ပဝတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

၁။ မြစ်ကမ်း သဲခုံ၌ တူးအပ်သော လက်ယက်တွင်းငယ်၌ ရေစ၍ထွက်ရာ ကာလကဲ့သို့ ရုပ်တို့၏ ဖြစ်စသည် အာစယ မည်၏။

၂။ ရေပြည့်ရာကာလကဲ့သို့ ရုပ်တို့၏ အထက်အထက်၌ တိုးပွားခြင်းသည် = တိုးပွား၍ ဖြစ်ခြင်းသည် ဥပစယ မည်၏။

၃။ တွင်းငယ်ကို ရေလွှမ်းလျှံ၍ စီးသွားသောကာလကဲ့သို့ ရုပ်တို့၏ အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်လျက် အထပ်ထပ် ဖြစ်ခြင်းသည် သန္တတိ မည်၏။

ဤ ဥပမာကို ပြုအပ်ပေသည်။ ဤ ဥပမာ စကားရပ်၏ အဆုံး၌လည်း ---

ဧဝံ ကိံကထိတံ ဟောတီတိ? အာယတနေနဟိ အာစယော ကထိတော၊ အာစယေန အာယတနံ ကထိတံ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ဤသို့ ဆက်လက် ဖွင့်ဆိုထားတော်မူ၏။ ဤအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဥပစယ သန္တတိတို့ကို အကျယ်ဖွင့်ဆို ဟောကြားတော်မူရာ၌ အထက်တွင် တင်ပြထားသည့်အတိုင်း ---

ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော။ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ၊၁၊၁၇၁-၁၇၈။)

ဤသို့စသည်ဖြင့် ဟောကြားထားတော်မူ၏။ (ပါဠိတော်၏ ဆိုလိုရင်းကို အထက်၌ ရေးခဲ့ပြီ။) ထိုသို့ ဟော ကြားတော်မူရာဝယ် အာယတနာနံဟု အာယတနသဒ္ဒါဖြင့် အာယတနရုပ်တရားတို့ကို တိုက်ရိုက် ဟောကြားတော်မူလိုက်သဖြင့် ထို အာယတနတို့၏ ဥပါဒ်ခြင်းဟူသော အာစယကိုလည်း ဌာနူပစာရအားဖြင့် ဟောပြီး ဖြစ်တော့သည်။ (ဌာနဖြစ်သော ပရမတ် ရုပ်အစစ်တို့၏ အာယတနဟူသော အမည်ကို ဌာနီဖြစ်သော ယင်းရုပ် အစစ်တို့၏ ဥပါဒ်ခြင်းသဘော၌ တင်စား၍ ယင်းရုပ်အစစ်တို့၏ ဥပါဒ်ခြင်းသဘောကိုလည်း ဌာနူပစာရအားဖြင့် အာယတနဟု ဟောကြားထားတော်မူပြီးပင် ဖြစ်သည်ဟူလို။) ထိုကြောင့် အာယတနေန အာစယော ကထိတော = အာယတနဖြင့် အာစယကိုပါ ဟောပြီးဖြစ်၏ဟု ဆိုသည်။

အဘယ်ကြောင့်နည်းဟူမူ အာစယ ဥပစယ သန္တတိတို့သည် ရုပ်တို့၏ ဖြစ်ခြင်းဥပါဒ်ချည်း ဖြစ်သောကြောင့် အာစယ အမည်ရသည်သာ ဖြစ်ရကား အာယတနတို့ဖြင့် အာစယ ဥပစယ သန္တတိတို့ကို ပြအပ်သည် ဖြစ်သောကြောင့် ထိုအာယတနတို့ဖြင့် (= ထိုအာယတနတို့ကို ဟောတော်မူခြင်းဖြင့်) အာစယကို ဟောတော်မူပြီး ဖြစ်တော့၏ ဟူလိုသည်။ (မဟာဋီ၊၂၊၁၀၃ - ကြည့်။)

တစ်ဖန် အာစယ = ဖြစ်ခြင်းဟူရာ၌လည်း ဖြစ်တတ်သော ရုပ်အာယတနတို့ မရှိကြဘဲ ဖြစ်ခြင်းဟု မရှိနိုင်။ ဖြစ်မှုဟူသည် ရုပ်အစစ်တို့၏ တစ်နည်းဆိုရသော် သင်္ခတ ပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော သင်္ခတလက္ခဏာ (၃)မျိုးတို့တွင် ဥပါဒ်ဟူသော အမှတ်အသား လက္ခဏ တစ်မျိုးမျှသာ ဖြစ်၏၊ တကယ့် ရုပ်အစစ်ကား မဟုတ်ပေ။ ဖြစ်မှု အာစယကို တိုက်ရိုက် ဟောကြားတော်မူလိုက်သဖြင့် ဖြစ်တတ်သော တရားဟူသော အာစယ၏တည်ရာ ရုပ်အာယတနကိုလည်း ဌာနျူပစာရအားဖြင့် ဟောပြီးဖြစ်တော့၏။ (ဌာနီဖြစ်သော ရုပ်အစစ် တို့၏ဖြစ်မှု ဥပါဒ်၏ အာစယဟူသော အမည်ကို ဌာနဖြစ်သော ရုပ်အစစ် = အာယတနတို့အပေါ်၌ တင်စား၍ ဌာနဖြစ်သော အာယတနတို့ကိုလည်း ဌာနျူပစာရအားဖြင့် အာစယဟု ဟောတော်မူသည် ဟူလိုသည်။) ထိုကြောင့် အာစယေန အာယတနံ ကထိတံ = အာစယဖြင့်လည်း အာယတနကို ဟောပြီးပင်ဖြစ်၏ဟူပေ။ ဤ၌ ဥပစယနှင့် သန္တတိတို့သည်လည်း ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ်ချည်း ဖြစ်သောကြောင့် အာစယော အရ၌ ဥပစယနှင့် သန္တတိတို့သည်လည်း အကျုံးဝင်သည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။ ဝိသုဒ္ဓိ၊၂၊၇၉။) ဤကား အဋ္ဌကထာတို့၏ ဆိုလိုရင်းတည်း။

တသ္မာ ယာ ရူပါနံ ပဌမာဘိနိဗ္ဗတ္တိ၊ သာ အာစယော။ ယာ တေသံ ဥပရိ အညေသမ္ပိ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ ဝဍ္ဎိအာကာရေန ဥပဋ္ဌာနတော ဥပစယော။ ယာ တေသမ္ပိ ဥပရိ ပုနပ္ပုနံ အညေသံ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ အနုပဗန္ဓာကာရေန ဥပဋ္ဌာနတော သန္တတီတိ စ ပဝုစ္စတီတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

ထိုကြောင့် ရုပ်အာယတန ဖြစ်ကြကုန်သော ရုပ်အစစ်တို့၏ ဘဝတစ်ခု၌ အသစ်စက်စက် ရှေးဦးအစ ဖြစ်ခြင်းသည် အာစယ မည်၏။ ထိုတစ်ဘဝတွင်ပင် အသစ်စက်စက် ရှေးဦးအစ ဖြစ်ကုန်သော ရုပ်တို့၏ အထက် အထက်၌ ဖြစ်ကုန်သော တစ်ပါးသော ရုပ်တို့၏လည်း ဖြစ်စဖြစ်သော ဥပါဒ် အခိုက်အတန့်သည် ရှိ၏၊ ထိုဖြစ်ခြင်း ဥပါဒ်သည် ရှေးဖြစ်လင့်သော ရုပ်ပေါ်တွင် ပွားစီးသော အခြင်းအရာအားဖြင့်ဖြစ်သော သဘောတရားဟု ယောဂီ ပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာသောကြောင့် ဥပရိ စယော ဝဍ္ဎိ = အထက် အထက်၌ တိုးတက်၍ ဖြစ်ခြင်း ဟူသော အနက်သဘောအရ ဥပစယ မည်၏။

ထိုအာစယ ဥပစယဟူသော ရုပ်တို့၏လည်း အထက်၌ အဖန်ဖန် အထပ်ထပ် စုတိတိုင်အောင် ဖြစ်ကုန်သော တစ်ပါးသော ရုပ်တို့၏ အကြင် ဖြစ်စဖြစ်သော ဥပါဒ် အခိုက်အတန့်သည် ရှိ၏၊ ထိုဖြစ်စဖြစ်သော ဥပါဒ်သည် ရုပ်တို့၏ ေ့ရှနောက် အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်သော အခြင်းအရာအားဖြင့် ဖြစ်နေသော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာသောကြောင့် သန္တတိ မည်၏။ ဤသို့လည်း ဆိုသင့်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

အာဒိတော စယော အာစယော၊ ပဌမုပ္ပတ္တိ။ ဥပရိ စယော ဥပစယော။ ပဗန္ဓော သန္တတိ။ (မူလဋီ၊၁၊၁၅၂။)

အစစွာ စီခြင်း = ဖြစ်ခြင်းသည် အာစယ မည်၏၊ ရှေးဦးစွာ ဖြစ်ခြင်းတည်း။ အထက်၌၊ တစ်နည်း --- နောက်ထပ်ဖြစ်ခြင်းသည် ဥပစယ မည်၏။ အဆက်မပြတ် ဖွဲ့စပ်ဖြစ်ခြင်းသည် သန္တတိ မည်၏။ ဤကား ဤသုံးမျိုး တို့၏ အထူးတည်း။

ဤအလိုသော် အာစယ-ဥပစယ-သန္တတိ သုံးထွေပြားသည်ဟု မှတ်ပါ။

ဥပစယ - သန္တတိ

ယင်းသို့ အာစယ ဥပစယ သန္တတိ သုံးမျိုးဖြစ်သင့်သော် အဘယ်ကြောင့် ဘုရားရှင်သည် ဓမ္မသင်္ဂဏီ ဥဒ္ဒေသပါဠိတော်၌ ဥပစယ သန္တတိ နှစ်မျိုးကိုသာ ဟောကြားတော်မူအပ်ပါသနည်း? အဖြေမှာ ဤသို့ ဖြစ်၏။

တတ္ထ ဥဒ္ဒေသေ အဝုတ္တောပိ အာစယော ဥပစယသဒ္ဒေနေဝ ဝိညာယတိ။ (မူလဋီ၊၁၊၁၅၂။)

ဥဒ္ဒေသပါဠိတော်၌ ဘုရားရှင်သည် မဟောကြားထားအပ်ပါသော်လည်း ဟောကြားထားအပ်သော ဥပစယ သဒ္ဒါဖြင့် အာစယကိုပါ သိအပ်သောကြောင့် အာစယကို ဥပစယ၌ ထည့်သွင်း၍ ဟောကြားတော်မူပါသည် ဟူပေ။ (မူလဋီ၊၁၊၁၅၂။)

ပါဠိယံ ပန ဥပ-သဒ္ဒေါ ပဌမတ္ထော ဥပရိအတ္ထော စ ဟောတီတိ အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတီတိ အယမတ္ထော ဝိညာယတီတိ။ အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတ္တတာ အာပဇ္ဇေယျ။ (မူလဋီ၊၁၊၁၅၂။)

အာစယောတိ ဥပစယမာဟ၊ ဥပစယောတိ စ သန္တတိံ။ (မူလဋီ၊၁၊၁၅၃။)

ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဟောကြားထားတော်မူအပ်သော ဥပစယ ပုဒ်ဝယ် ဥပ-သဒ္ဒါသည် ---

၁။ ပဌမတ္ထ = အာဒိဟူသော ရှေးဦးအစ အနက်ကိုလည်း ဟော၏။

၂။ ဥပရိအတ္ထ = အထက်ဟူသော အနက်ကိုလည်း ဟော၏။

ထိုကြောင့် အာစယ ဥပစယဟု နှစ်ပုဒ်ဟောသော်လည်း --- အာဒိတော စယော ဥပ္ပတ္တိ = နိဗ္ဗတ္တိ ဥပစယော အရ ရုပ်အစစ်တို့၏ ရှေးဦးအစဖြစ်ခြင်း အာစယဖြင့် ဥပစယကို ယူပါ။ ဤသို့ယူသော် ဤ ဥပစယ၌ ဥပ-သဒ္ဒါ ကား ပဌမတ္ထ = ရှေးဦးအစ အနက်ဟောတည်း။

ဥပရိစယော ဝဍ္ဎိ သန္တတိ --- အရ ဥပရိ အနက်ဟော ဥပသဒ္ဒါ ရှေးရှိသော ဥပစယဖြင့် အထက်အထက်၌ တိုးပွား၍ ဖြစ်ခြင်း သန္တတိကို ယူပါ။ ထိုကြောင့် အာစယ ဥပစယဟု နှစ်ပုဒ် ဟောကြားထားတော်မူသော်လည်း အာဒိတော စယော ဥပ္ပတ္တိ အာစယော, ဥပရိ စယော ဝဍ္ဎိ ဥပစယော မူ၍ အာစယဖြင့် ဥပစယကိုယူ, ဥပစယဖြင့် သန္တတိကိုယူက ကိစ္စကုန်၏။ ဥပစယော သန္တတိ ဟောသော်လည်း အာဒိတော စယော ဥပစယော မူ၍ ဥပစယဖြင့် အာစယကိုယူ, သမ္ဗန္ဓော ဟုတွာ တနီယတေ သန္တတိ၊ ပမ္ဗန္ဓော = ေ့ရှနောက် ဖွဲ့ယှက်လျက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသော ဖွဲ့စပ်သော ရုပ်အစဉ်သည် သန္တတိတည်းဟု ယူ၍ ယင်းသန္တတိဖြင့် ဥပစယကို ယူက ကိစ္စကုန်၏။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၈ - ကြည့်ပါ။)

ဥပသဒ္ဒါ၏ အာဒိအနက်ဟူသော ပထမ ရှေးဦးအစဖြစ်ခြင်း အနက်ဟောမှုကို မယူဘဲ ဥပရိအနက်ဟူသော အထက်အထက်၌ တိုးတက်၍ ဖြစ်မှုကိုသာ ယူခဲ့ပါမူ အာစယ = ရုပ်အစစ်တို့၏ ရှေးဦးအစ ပထမဦးစွာ ဖြစ်မှု = ပဌမုပ္ပတ္တိကို ဘုရားရှင် မဟောကြားရာ ရောက်လေရာသည်။ (မူလဋီ၊၁၊၁၅၂။)

အဋ္ဌသာလိနီ အဋ္ဌကထာနှင့် ဋီကာအဖွင့်များ

အာစယောတိ နိဗ္ဗတ္တိ။ သော ရူပဿ ဥပစယောတိ ယော အာယတနာနံ အာစယော ပုနပ္ပုနံ နိဗ္ဗတ္တမာနာနံ၊ သောဝ ရူပဿ ဥပစယော နာမ ဟောတိ၊ ဝဍ္ဎီတိ အတ္ထော။ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတီတိ ယာ ဧဝံ ဥပစိတာနံ ရူပါနံ ဝဍ္ဎိ၊ တတော ဥတ္တရိတရံ ပဝတ္တိကာလေ သာ ရူပဿ သန္တတိ နာမ ဟောတိ၊ ပဝတ္တီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ပါဠိယံ ပန ဥပ-သဒ္ဒေါ ပဌမတ္ထော ဥပရိအတ္ထော စ ဟောတီတိ အာဒိစယော ဥပစယော၊ ဥပရိစယော ဥပစယောတိ အယမတ္ထော ဝိညာယတီတိ။ အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတ္တတာ အာပဇ္ဇေယျ။ (မူလဋီ၊၁၊၁၅၂။)

ယော အာယတနာနံ အာဒိစယတ္တာ အာစယော ပုနပ္ပုနံ နိဗ္ဗတ္တမာနာနံ၊ သောဝ ရူပဿ ဥပရိစယတ္တာ ဥပစယောတိ အဓိပ္ပေတံ အတ္ထံ ပါဠိယံ ယောဇေတွာ ဒေဿတုံ ပါဠိယံ ပနာတိအာဒိ ဝုတ္တံ။ ဥပသဒ္ဒေါ ပဌမတ္ထော ဒါနံ ဘိက္ခဝေ ပဏ္ဍိတုပညတ္တန္တိအာဒီသု ဝိယ။ ဥပရိအတ္ထော စ သမ္မဋ္ဌေ ဥပသိတ္တေ စ၊ တေ နိသီဒိံသု မဏ္ဍပေတိအာဒီသု ဝိယ။ (အနုဋီ၊၁၊၁၆၆။)

ဓမ္မသင်္ဂဏီ ပါဠိတော်၌ --- ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော --- ဟု အာစယနှင့် ဥပစယကို အရတူ ဟောတော်မူ၏။

တစ်ဖန် ယော ရူပဿ ဥပစယော, သာ ရူပဿ သန္တတိ --- ဟု ဥပစယနှင့် သန္တတိကို အရတူပင် ဟောကြားထားတော်မူ၏။ အဋ္ဌကထာဆရာတော်ကား ဤသို့ ခွဲထား သတ်မှတ်တော်မူ၏။

ပါဠိတော်၌ အာစယသဒ္ဒါကို ဥဒ္ဒေသဝယ် မဟောအပ်ပါသော်လည်း ဥပစယော၌ ဥပသဒ္ဒါသည် - (၁)ပထမ အနက်, (၂) ဥပရိအနက် ဤအနက် (၂)မျိုးကို ဟောသောကြောင့် ---

၁။ အာဒိစယ --- ဖြစ်သော ဥပစယ၊

၂။ ဥပရိစယ --- ဖြစ်သော ဥပစယ၊

ဤသို့ အနက် (၂)မျိုးကို သိနိုင်၏။

၁။ အာဒိစယဖြစ်သော ဥပစယ --- ဒါနံ ဘိက္ခဝေ ပဏ္ဍိတုပညတ္တံ = (ပဏ္ဍိတ-ဥပညတ္တံ) = ရဟန်းတို့ ...ဒါနကို ပညာရှိသူတော်ကောင်းတို့က ရှေးဦးအစ ပညတ်ထားအပ်၏။ (အံ၊၁၊၁၄၉။) ဤ ပါဠိတော်၌ ဥပညတ္တံ-ဝယ် ဥပသဒ္ဒါသည် အစဟူသော အနက်ကို ဟောသကဲ့သို့ ဤ ဥပစယ၌ ဥပသဒ္ဒါသည်လည်း အစဟူသော အနက်ကို ဟော၏။ ဘဝတစ်ခုဝယ် ပဋိသန္ဓေခဏ၌ ဂဗ္ဘသေယျက သတ္တဝါတို့၏ ကာယ ဘာဝ ဝတ္ထုဒသကတို့ အစဆုံး ဥပါဒ်ခြင်းကိုလည်းကောင်း , သံသေဒဇ ဩပပါတိက သတ္တဝါတို့၏ စက္ခု သောတ စသော ဒသက (၇)ပါးတို့၏ အစဆုံး ဥပါဒ်ခြင်းကိုလည်းကောင်း --- အာဒိတော စယော အာစယော၊ ပဌမုပ္ပတ္တိ = အာဒိစယော ဥပစယော --- (မူလဋီ၊၁၊၁၅၂။) ဟူသည်နှင့်အညီ အာစယလည်း မည်၏၊ ဥပစယလည်း မည်၏။ ဘဝတစ်ခု၌ ရထိုက်သမျှ ရုပ်အစစ်တို့၏ ပထမအဦးဆုံး အစဆုံး ဥပါဒ်ခြင်းသဘောတည်း။ ဤ ပထမဖြစ်ခြင်း အနက်ရှိသော ဥပစယနှင့် မြစ်ကမ်းပါး၌ လက်ယက်တွင်းတူးရာ ပထမဦးစွာ ရေထွက်ခြင်းသည် တူ၏။

၂။ ဥပရိစယော ဥပစယော --- သမ္မဋ္ဌေ ဥပသိတ္တေ စ၊ တေ နိသီဒိံသု မဏ္ဍပေ = တံမြက်လှည်းထားအပ်သည် လည်း ဖြစ်သော, အထက်၌ ရေသွန်းဖျန်းထားအပ်သည်လည်း ဖြစ်သော မဏ္ဍပ်၌ ထိုသူတို့သည် ထိုင်နေကုန်ပြီ ဤပါဠိတော်ဝယ် ဥပသိတ္တေ-၌ ဥပသဒ္ဒါသည် ဥပရိအတ္ထ = အထက်ဟူသော အနက်ကိုလည်း ဟောသကဲ့သို့ (= တံမြက်လှည်းပြီးသား မြေပေါ်၌ ထပ်မံ၍ ရေသွန်းဖျန်းမှုကို ဥပသိတ္တေ၌ ဥပသဒ္ဒါက ညွှန်ပြသကဲ့သို့) ဤ ဥပစယ၌ ဥပသဒ္ဒါသည် ဥပရိအတ္ထ = အထက်ဟူသော အနက်ကိုလည်း ဟော၏၊ ထိုကြောင့် တစ်ဘဝအတွက် ရထိုက်သမျှ ရုပ်တို့၏ အထက်အထက်၌ ဖြစ်ခြင်း = အဖန်ဖန် အထပ်ထပ် ဖြစ်ခြင်း = တိုးတက်၍ ဖြစ်ခြင်းကိုလည်း ဥပစယဟုပင် ခေါ်၏။ မြစ်ကမ်းပါးဝယ် လက်ယက်တွင်းတူးရာ၌ ပထမဦးဆုံး ရေထွက်လာခြင်းသည် အာဒိအနက် = ပထမအနက်ရှိသော ဥပစယနှင့် တူ၍ တစ်တွင်းလုံး ရေပြည့်သည်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ထွက်လာခြင်းသည် ဥပရိအနက်ရှိသော ဥပသဒ္ဒါနှင့်ယှဉ်သော ဥပစယနှင့် တူ၏။ ဤဥပမာအရ --- တစ်ဘဝ အတွက် ရထိုက်သမျှရုပ်များ မစုံခင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း = တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းကိုလည်း ဥပစယဟုပင် ခေါ်၏ဟု မှတ်ပါ။ ဂဗ္ဘသေယျက = အမိဝမ်း၌ ကိန်းအောင်းလျက် ပဋိသန္ဓေ တည်နေကြရသော သတ္တဝါတို့၌ (၁၁)သတ္တာဟ (ဋီကာကျော်အလို သတ္တမသတ္တာဟ) လောက်ကြာမှ စက္ခု သောတ ဃာန ဇိဝှါဒသကတို့ ဖြစ်ကြ၏၊ ထိုအခါကျမှ တစ်ဘဝအတွက် ရထိုက်သမျှ ရုပ်များ စုံသည်။ ထိုကြောင့် စက္ခု သောတ ဃာန ဇိဝှါ ဒသကတို့ ဖြစ်သည့်တိုင် အောင် အတွင်း၌ အားလုံးသော ရုပ်တို့၏ ဖြစ်ခြင်းဥပါဒ်ကို ဥပစယဟုချည်း မှတ်ပါ။

သံသေဒဇ, ဩပပါတိက သတ္တဝါတို့၌ ရှေးဦးအစ ပဋိသန္ဓေစိတ်နှင့် အတူဥပါဒ်ကြသော ကမ္မဇရုပ်တို့၏ အစဦးစွာ ပထမ ဖြစ်ခြင်းဥပါဒ်ကို အာဒိအနက် = ပထမအနက် ရှိသော အာစယ = ဥပစယဟုလည်းကောင်း, ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဟူသော စတုသမုဋ္ဌာနိက ရုပ်တရားအားလုံးတို့၏ ပြည့်စုံ သည်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းဥပါဒ်ကို ဥပရိအနက် ရှိသော ဥပစယဟုလည်းကောင်း မှတ်ပါ။

၃။ သန္တတိ --- သမ္ဗန္ဓော ဟုတွာ တနီယတေ သန္တတိ = သမ္ဗန္ဓာ တတိ သန္တတိ --- ဤသို့လျှင် တစ်ဘဝ၌ ရထိုက်သမျှ ရုပ်ကလာပ်များ ပြည့်စုံသည်တိုင်အောင် ရုပ်တရားတို့၏ အကြင် တိုးပွားလာခြင်းသည် ရှိ၏၊ ထိုတိုးပွား ခြင်းထက် သာ၍လွန်စွာ တစ်ဘဝ၌ ရထိုက်သမျှရုပ်များ ပြည့်စုံပြီးနောက် ဆက်၍ ဖြစ်ရာအခါ၌ ရုပ်တရားတို့၏ တိုးပွားခြင်းကို သန္တတိဟု ခေါ်၏။ မြစ်ကမ်းပါး၌ လက်ယက်တွင်းတူးရာ တွင်းပြည့်အောင် ရေထွက်ပြီးနောက် တွင်းကိုလျှံ၍ ရေများစီးထွက်သွားခြင်းသည် သန္တတိနှင့် တူ၏ဟု အဋ္ဌကထာတို့၌ ဥပမာပြ၏။

ထိုကြောင့် အမိဝမ်းဝယ် ကိန်းအောင်းလျက် ပဋိသန္ဓေ တည်နေကြရကုန်သော ဂဗ္ဘသေယျက သတ္တဝါတို့ သန္တာန်၌ စက္ခုဒသကကလာပ် စသည်ရုပ်ကလာပ်တို့ ပထမအကြိမ်ဖြစ်ပြီးနောက် တစ်နည်းဆိုရသော် ဣန္ဒြေ ပြည့်စုံသည်တိုင်အောင် စတုသမုဋ္ဌာနိက ရုပ်တရားတို့ ဖြစ်ပြီးနောက် အထက်အထက်၌ ဆက်ကာ ဆက်ကာ ရုပ်ကလာပ်များစွာတို့၏ မသေမချင်း ဥပါဒ်မှုကို သန္တတိဟုချည်း ခေါ်၏။ အညှိကိုစွဲ၍ ဖြစ်ကြရသော သံသေဒဇ သတ္တဝါ, ကိုယ်ထင်ရှားဖြစ်ကြရသော ဩပပါတိက သတ္တဝါတို့၌လည်း စတုသမုဋ္ဌာနိက ရုပ်တရားတို့ စုံစုံလင်လင် ဖြစ်ပြီးသည်မှ အထက် အထက်၌ နောက်ထပ်၍ ဥပါဒ်သမျှကို သန္တတိဟုပင် ခေါ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။ မူလဋီ၊၁၊၁၅၂ - ကြည့်။)

ဤအဖွင့်များအရ အာစယ, ဥပစယ, သန္တတိတို့သည် အာယတနတို့၏ ဖြစ်ခြင်း ဥပါဒ်အားဖြင့် တူကြ၏၊ ဥပါဒ်ခြင်း၏ တည်ရာ အာယတနချင်းကား မတူကြဟု မှတ်ပါ။

၁။ အစဆုံးဖြစ်သော အာယတန,

၂။ ရုပ်မစုံခင် = ရုပ်စုံသည့်တိုင်အောင် ဖြစ်သော အာယတန,

၃။ ရုပ်စုံပြီးနောက် ဆက်၍ ကျယ်ပြန့်သော အာယတန,

ဤသို့ ကွဲပြားကြသည် ဟူလို။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၄၁၀-၄၁၁။ အဋ္ဌသာလိနီဘာသာဋီကာ၊၄၊၂၂-၂၃ - ကြည့်ပါ။)

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

သမ္ဗန္ဓော ဟုတွာ တနီယတေ သန္တတိ။ ။ သမ္ဗန္ဓော ဟုတွာ = အဆင့်ဆင့် စေ့စပ်ဖွဲ့ယှက်သည် ဖြစ်၍။ တနီယတေ = ကျယ်ခြင်း ပြန့်ခြင်း။ သန္တတိ = အဆင့်ဆင့် စေ့စပ်ဖွဲ့ယှက်သည် ဖြစ်၍ ကျယ်ခြင်း ပြန့်ခြင်း။ သံပုဗ္ဗ = သံရှေးရှိသော တနု-ဓာတ် တိ-ပစ္စည်း ဘာဝသာဓ်တည်း။

၁။ တစ်ဘဝတည်းတွင် ရှေးက မဖြစ်ဖူးသေးသော ရုပ်တို့၏ ဖြစ်စသည် ဥပစယ မည်၏၊ တစ်ကြိမ် ဖြစ်ဖူး၍ တစ်ဖန် ထိုနောက် ရုပ်တို့၏ ဖြစ်စဉ်သည် သန္တတိမည်ရကား ဂဗ္ဘသေယျကသတ္တဝါတို့၏ ကာယဒသက, ဝတ္ထု ဒသက, ဘာဝဒသက ကမ္မဇကလာပ် သုံးစည်းတို့၏ ရှေးဦး ဖြစ်စသည် ဥပစယ၊ တစ်ဖန်ထပ်၍ ဖြစ်စဉ်သည် သန္တတိ။

၂။ ပဋိသန္ဓေ၏ ဌီကာလ၌ ဥတုဇရုပ်တို့၏ ဖြစ်စသည် ဥပစယ၊ ယင်းရုပ်တို့၏ ထပ်၍ ဖြစ်စဉ်သည် သန္တတိ။

၃။ ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပ္ပါဒက္ခဏ = ဥပါဒ်ခဏ၌ စိတ္တဇရုပ်တို့၏ ဖြစ်စသည် ဥပစယ၊ ယင်းရုပ်တို့၏ ဒုတိယဘဝင် စသည်၌ ဖြစ်စဉ်သည် သန္တတိ။

၄။ ဗဟိဒ္ဓဩဇာ နှံ့သကာလ၌ အာဟာရဇရုပ်တို့၏ ဖြစ်စသည် ဥပစယ၊ ယင်းရုပ်တို့၏ နောက်ပြီး တစ်ဖန် ဆက်ကာဆက်ကာ ဖြစ်စဉ်သည် သန္တတိ။

၅။ မိမိကာလရောက်၍ စက္ခုဒသက, သောတဒသက, ဃာနဒသက, ဇိဝှါဒသကတို့၏ ရှေးဦးဖြစ်စသည် ဥပစယ၊ နောက်ပြီး တစ်ဖန် ဆက်ကာဆက်ကာ ဖြစ်စဉ်သည် သန္တတိမည်၏ ဟူလိုသည်။ ဤဆိုခဲ့ပြီးသော ဥပစယ, သန္တတိကို ဂဗ္ဘသေယျက သတ္တဝါအား ရည်၍ ဆိုသတည်း။

၆။ သံသေဒဇ ဩပပါတိကသတ္တဝါတို့၌ကား ပဋိသန္ဓေခဏဝယ် ရုပ်တို့၏ ဥပါဒ်သည် ဥပစယ မည်၏။ ထိုမှ နောက်၌ စုတိတိုင်အောင် နိပ္ဖန္နရုပ်တို့၏ ဖြစ်စဉ်သည် အဆင့်ဆင့် စေ့စပ်သဖြင့် ကျယ်ခြင်း, ပြန့်ခြင်းဟူသော ဖြစ်စဉ် ဖြစ်သောကြောင့် သန္တတိ မည်၏ မှတ်လေ။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၆-၂၂၇။)

ပြည်ဆရာတော်ဘုရားကြီး၏ ဤ ခွဲထားသတ်မှတ်ချက်များမှာ အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတိ --- (မူလဋီ၊၁၊၁၅၂။) လက်ရှိမူ စကားရပ်ကို ကိုးကား၍ သတ်မှတ်ထားသော မှတ်ချက်များ ဖြစ်ကြ၏။ သို့သော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကား ယင်း မူလဋီကာ စကားရပ်၌ --- အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတိဟု မရှိသင့်ဘဲ --- အာဒိစယော ဥပစယော၊ ဥပရိစယော ဥပစယောဟုသာ ရှိသင့်ကြောင်းကို အောက်ပါအတိုင်း ဆုံးဖြတ်ထား၏။

စာအုပ်များ၌ --- ဥပရိစယော သန္တတိဟု တွေ့ရ၏၊ ဥပရိစယသည် သန္တတိ မဟုတ်သေး၊ ဥပစယ၏ နောက်၌ အဆက်ဆက်ဖြစ်ခြင်းကိုသာ သန္တတိဟု ခေါ်၏၊ ထိုကြောင့် --- အာဒိစယော ဥပစယော၊ ဥပရိစယော ဥပစယောတိဟုသာ ရှိသင့်၏။ ထိုသို့ ရှိသင့်ကြောင်းကို --- အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတ္တတာ အာပဇ္ဇေယျ = ဥပသဒ္ဒါ၏ အာဒိအနက် = ပထမရှေးဦး အစဖြစ်ခြင်းအနက် ဟောမှုကို မယူဘဲ ဥပရိအနက်ဟူသော အထက်အထက်၌ တိုးတက်၍ ဖြစ်မှုကိုသာ ယူခဲ့ပါမူ အာစယ = ရုပ်အစစ်တို့၏ ရှေးဦးအစ ပထမဦးစွာဖြစ်မှု = ပဌမုပ္ပတ္တိကို ဘုရားရှင်သည် မဟောကြားရာ ရောက်လေရာသည် --- ဟူသော နောက် လဒ္ဓဒေါသဝါကျ = ရရှိနိုင်သော အပြစ်ကို ဖော်ပြသော ဝါကျကိုထောက်လျှင် သာ၍ သိသာသည်။ (အဋ္ဌသာလိနီဘာသာဋီကာ၊၄၊၃၄၃-၃၄၄။)

ဤ တောင်မြို့ဆရာတော်၏ မှတ်ချက်များမှာလည်း ---

အာဒိတော စယော အာစယော၊ ပဌမုပ္ပတ္တိ။ ဥပရိစယော ဥပစယော။ ပဗန္ဓော သန္တတိ။ (မူလဋီ၊၁၊၁၅၂။)

= အစ၌ဖြစ်ခြင်း ပထမဦးစွာဖြစ်ခြင်းသည် အာစယ မည်၏။ အထက်၌ဖြစ်ခြင်း နောက်ထပ်ဖြစ်ခြင်းသည် ဥပစယ မည်၏။ အဆက်မပြတ် ဖွဲ့စပ်လျက် ဖြစ်ခြင်းသည် သန္တတိ မည်၏။ (မူလဋီ၊၁၊၁၅၂။)

ဤဖွင့်ဆိုချက်များနှင့် နှီးနှောမိလျက်ပင် ရှိပါသည်။ မြစ်ကမ်းပါးဝယ် တူးအပ်သော လက်ယက်တွင်း၌ ရေထွက်လာပုံ ဥပမာနှင့်လည်း နှီးနှောမိလျက်ပင် ရှိသည်။ ဤအာစယ ဥပစယ သန္တတိတို့မှာ ရုပ်အာယတနတို့၏ ဖြစ်မှု ဥပါဒ်ချည်းသာ ဖြစ်ကြသဖြင့် --- မိမိသိမ်းဆည်း ရှုပွားလိုသော ရုပ်အစစ် တစ်မျိုးမျိုး၏ ---

၁။ ဘဝတစ်ခု၌ ခေါင်ဆုံးဖြစ်မှု ဥပါဒ်ကိုလည်းကောင်း,

၂။ ထိုရုပ်၏ နောက်ထပ် အဆက်ဆက်ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း,

ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်း၍ အထက်တွင် တင်ပြထားသည့်အတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါက လုံလောက်သည်သာ ဖြစ်ပါသည်။

တသ္မာ ယာ ရူပါနံ ပဌမာဘိနိဗ္ဗတ္တိ၊ သာ အာစယော။ ယာ တေသံ ဥပရိ အညေသမ္ပိ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ ဝဍ္ဎိအာကာရေန ဥပဋ္ဌာနတော ဥပစယော။ ယာ တေသမ္ပိ ဥပရိ ပုနပ္ပုနံ အညေသံ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ အနုပဗန္ဓာကာရေန ဥပဋ္ဌာနတော သန္တတီတိ စ ပဝုစ္စတီတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

ပြည်ဆရာတော်ဘုရားကြီးကား အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့်အညီ ---

၁။ ဘဝတစ်ခု၌ ရုပ်အာယတနတို့၏ အသစ်စက်စက် ရှေးဦးအစဖြစ်ခြင်းသည် အာစယ မည်၏။ ပထမအကြိမ် ဖြစ်ခြင်းတည်း။

၂။ ထိုရုပ်အာယတနတို့၏ ဒုတိယအကြိမ် ထပ်ဖြစ်ခြင်းသည် ဥပစယ မည်၏။

၃။ ထိုရုပ်အာယတနတို့၏ တတိယအကြိမ်မှစ၍ စုတိတိုင်အောင် အထပ်ထပ် ဆက်စပ်ဖွဲ့ယှက်လျက် ဖြစ် ခြင်းသည် သန္တတိ မည်၏။

ဤသို့ ခွဲခြား သတ်မှတ်တော်မူလို၏။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၉ - ကြည့်။) (အထက်ပါ အဋ္ဌကထာ၏ ဘာသာပြန်ကို အထက်၌ ရေးသားတင်ပြခဲ့ပြီ။)

ပစ္စုပဋ္ဌာန် --- ဥပစယ၏ ပစ္စုပဋ္ဌာန် နှစ်မျိုးရှိရာဝယ် ---

၁။ နိယျာတနပစ္စုပဋ္ဌာနော = ဤသည်တို့ကား ရုပ်တရားတို့တည်းဟု ထိုရုပ်တို့က ဆောင်နှင်းပြသကဲ့သို့ ဖြစ်ခြင်းသဘောတရား = အပ်နှင်းတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာမှုကား အာဒိစယ - အနက်ဟော = ရှေးဦးအစ ဖြစ်ခြင်းအနက်ဟော ဥပစယ၏ ပစ္စုပဋ္ဌာန်တည်း။

၂။ ပရိပုဏ္ဏဘာဝပစ္စုပဋ္ဌာနော = ရုပ်အစစ်တို့၏ ပြည့်ပြည့်စုံစုံ ဖြစ်လာမှု သဘောတရားဟု ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာမှုကား ဥပရိစယ = အထက်အထက်၌ တိုးပွား၍ဖြစ်ခြင်း အနက်ဟော ဥပစယ၏ ပစ္စုပဋ္ဌာန်တည်း။

ရှုကွက် --- ဥပစယ၏ လက္ခဏ-ရသ-စသည်ကို သိမ်းဆည်းလိုပါက ရှေးဦးစွာ ပဋိသန္ဓေအခါ၌ဖြစ်စေ, ထိုထို သတ္တာဟ၌ဖြစ်စေ ခေါင်ဆုံးစ၍ ဥပါဒ်သော မိမိရှုလိုသည့် ရုပ်ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းလျက် ယင်းရုပ်ပရမတ်အစစ်တို့၏ ဖြစ်မှု ဥပါဒ်ကို အာရုံယူ၍ သိမ်းဆည်း ရှုပွားပါ။ သန္တတိ၏ လက္ခဏ-ရသ စသည်ကို သိမ်းဆည်းရှုပွားလိုပါက ယ္ခုတရားထိုင်နေဆဲ အချိန်၌ ရုပ်ကလာပ် တစ်ခု၏အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့၏ သို့မဟုတ် ရုပ်ကလာပ် အများစု၏ အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့၏ ဖြစ်ခြင်း ဥပါဒ်ကို အာရုံယူ၍လည်း ရှုနိုင်၏။ ဘဝတစ်ခုဝယ် တစ်ကြိမ်ဖြစ်ပြီးနောက် သို့မဟုတ် နှစ်ကြိမ်ဖြစ်ပြီးနောက် အထက် အထက်၌ တိုးတက်၍ တိုးပွား၍ ဖြစ်နေသော ရုပ်ကလာပ်တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ် အများစု၏ အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို အာရုံယူ၍လည်း ရှုနိုင်ပါ၏။ ဉာဏ်မငုံမိပါက ရုပ်ကလာပ် တစ်ခုခုကို ဦးတည်၍ ယင်းရုပ်ကလာပ် အတွင်း၌ တည်ရှိသော ရုပ်တရားတို့၏ (၁) ရှေးဦးအစဖြစ်မှုကို အာရုံယူ၍ ဥပစယကိုလည်းကောင်း, (၂) တစ်ကြိမ်ဖြစ်ပြီးနောက် သို့မဟုတ် နှစ်ကြိမ်ဖြစ် ပြီးနောက် ယင်းရုပ်တရားတို့၏ ရှေးနှင့်နောက် ဆက်စပ်ဖွဲ့ယှက်လျက် အထပ်ထပ်ဖြစ်ခြင်း ဥပါဒ်ကို အာရုံယူ၍ သန္တတိကိုလည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။

၂၇။ ရူပဿ ဇရတာ

၁။ ရူပပရိပါကလက္ခဏာ ရူပဿ ဇရတာ၊

၂။ ဥပနယနရသာ၊

၃။ သဘာဝါနပဂမေပိ နဝဘာဝါပဂမပစ္စုပဋ္ဌာနာ, ဝီဟိပုရာဏဘာဝေါ ဝိယ၊

၄။ ပရိပစ္စမာနရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၅။)

၁။ ရုပ်အစစ်တို့၏ ရင့်ကျက်ခြင်း ဟောင်းခြင်းသဘော လက္ခဏ၊

၂။ ပျက်ခြင်း ဘင်သို့ = မရဏသို့ ကပ်၍ဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ ဆိုင်ရာသဘာဝလက္ခဏာ မကင်းသေးသော်လည်း အသစ်၏ အဖြစ်မှ (အသစ်၏

အဖြစ်ဟု ဆိုအပ်သော ဖြစ်ခြင်း အခိုက်အတန့်မှ) ကင်းခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

(ကောက်စပါးတို့၏ ဟောင်းကုန်သည်၏ အဖြစ်ကဲ့သို့ မှတ်ပါ။)

၄။ ရင့်ကျက်ဆဲရုပ်များ ပဒဋ္ဌာန်။

ကိစ္စရသ --- ဇရာသို့ရောက်သော ရုပ်အား ဘင်သည် မချွတ်ဖြစ်လတ္တံ့သော = အဝဿံဘာဝီ ဖြစ်၍ ဥပနယနရသာ = ဘင်၏အနီးသို့ = ပျက်ခြင်း သေခြင်း မရဏ၏အနီးသို့ ကပ်၍ဆောင်ခြင်း ကိစ္စရှိ၏ ဟူပေသည်။

ပစ္စုပဋ္ဌာန် --- သဘာဝါနပဂမေပီတိ ကက္ခဠတာဒိသဘာဝဿ အဝိဂမေပိ။ ဌိတိက္ခဏေ ဟိ ဇရာ၊ န စ တဒါ ဓမ္မော သဘာဝံ ဝိဇဟတိ နာမ။ နဝဘာဝေါ ဥပ္ပါဒါဝတ္ထာ၊ တဿ အပဂမဘာဝေန ဂယှတီတိ အာဟ နဝဘာဝါပဂမပစ္စုပဋ္ဌာနာတိ။ (မဟာဋီ၊၂၊၁၀၃။)

ရုပ်တရားတို့၏ ကက္ခဠတ္တ = ခက်မာခြင်း စသော ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာသည် ဇရာ ဟူသော ဌီကာလ ဌီခဏ၌ တည်ရှိတုန်းပင် တည်ရှိနေဆဲပင် ဖြစ်သည်။ ထိုဌီကာလ၌ ပရမတ်တရားတို့သည် မိမိတို့ဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာများကို မစွန့်လွှတ်သေးပေ။ ထိုဌီကာလ၌ ပရမတ်တို့၏ ဖြစ်မှု ဥပါဒ် သဘောကား ကင်းပြီးဖြစ်၏၊ ယင်းဥပါဒ် အခိုက်အတန့်ကိုပင် --- နဝဘာဝ = အသစ် အဖြစ် --- ဟု ခေါ်ဆိုရသည်။ ဌီကာလ = ဌီခဏ၌ကား ယင်းဖြစ်ခြင်း = ဥပါဒ်ဟူသော အသစ်အဖြစ်မှ ကင်းခြင်းသဘောတရားဟု ယောဂါဝစရ ပုဂ္ဂိုလ်၏ဉာဏ်တွင် ရှေးရှူထင်နေပေသည်။ ကောက်စပါးသည် ဟောင်းသွားသည့်အခါ စပါး၏သဘော မပြောင်း သေးသော်လည်း အသစ်သဘောမှ အဟောင်းသဘောသို့ ပြောင်းသကဲ့သို့, ဇရာ၏ဖြစ်ရာ သက်ရှိသက်မဲ့ ရုပ်တရား တို့၌ မူလဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာ မပြောင်းသေးသော်လည်း ဥပါဒ်ဟူသော အသစ်သဘောမှ ဇရာ ဟူသော ဌီကာလ = ရင့်ကျက်ခြင်းသဘောသို့ ပြောင်းသွား၏၊ ထိုကြောင့် ဆိုင်ရာသဘာဝလက္ခဏာ မကင်းသေး သော်လည်း အသစ်၏ အဖြစ်မှ (= အသစ်၏အဖြစ်ဟု ဆိုအပ်သော ဖြစ်ခြင်း ဥပါဒ် အခိုက်အတန့်မှ) ကင်းခြင်း သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာ၏ဟု ဆိုခြင်းဖြစ်သည်။ [ပရမတ်အစစ် ဖြစ်ကြ ကုန်သော နိပ္ဖန္နရုပ်တို့သည် စိတ္တက္ခဏအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်း ရှည်ကြ၏။ ထိုတွင် ဖြစ်မှု ဥပါဒ်နှင့် ပျက်မှု ဘင်ကို နှုတ်၍ ကြွင်းကျန်သော ခဏငယ် (၄၉)ချက် အချိန်ကာလကား ယင်းရုပ် တရားတို့၏ ဌီကာလ ဖြစ်၏။ ယင်းဌီကာလကိုပင် ဇရာဟု ခေါ်ဆို၏။ ယင်းဇရာကို ရည်ညွှန်းထားသော ရှင်းလင်း ချက်များတည်း။]

သုတ္တန်နည်း - ဇာတိ - ဇရာ - မရဏ

အချို့သော သုတ္တန္တဘာဇနီယနည်းများ အလိုအားဖြင့် အမိဝမ်းဝယ် ကိန်းအောင်း တည်နေရခြင်းသည် ဇာတိ = ပဋိသန္ဓေ တည်နေရခြင်း မည်၏။ ဖြစ်ဆဲဘဝမှ ရွေ့လျောရ သေရခြင်းသည် မရဏ မည်၏၊ မသေမီ အတွင်း၌ တည်နေရခြင်းသည် ဇရာ မည်၏။ ထိုဇာတိ ဇရာ မရဏတို့ကား ပရမတ္ထသစ္စာ အသုံးအနှုန်း မဟုတ်ကုန်။ သမ္မုတိသစ္စာနယ်သုံး ပညတ်သုံးမျှသာဖြစ်၍ သမ္မုတိ ဇာတိ ဇရာ မရဏတို့တည်း။

ထိုတွင် ဇရာသည် သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲအောင် မထင်ရှားသေးခင် ရင့်ရော်နေခြင်း သည် ပဋိစ္ဆန္နဇရာ မည်၏။ ဖုံးကွယ်နေသော အိုခြင်းသဘောတရားဟူလို။ သွားကျိုး ဆံဖြူ စသည်ထင်ရှားအောင် ရင့်ရော်ယိုယွင်း အိုမင်းခြင်းသည် ပါကဋဇရာ မည်၏။ ထင်ရှားသော အိုခြင်းသဘောတရား ဟူလိုသည်။ ဤ၌ လည်း သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်းတို့ကား ဇရာမဟုတ်၊ ဤကိစ္စတို့သည် ဇရာကြောင့် ဖြစ် ရကား ဇရာသည် ပြုအပ်သော ကိစ္စဖြစ်၏။ သို့အတွက် သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်းတို့ကို ဇရာဟု ခေါ်ဝေါ်ခြင်းမှာ အကျိုးဖြင့် အကြောင်းဇရာကို ညွှန်ပြသော ဖလူပစာရစကားဟု မှတ်ပါ။ အကြောင်းမူ --- န ဟိ ဇရာ စက္ခုဝိညေယျာ = ဇရာတရားအစစ်ကို စက္ခုဝိညာဏ်ဖြင့် မမြင်အပ် မမြင်နိုင်သောကြောင့် ဖြစ်သည်။ ယင်းတို့ကား ဇရာကြောင့် ရောက်ထိုက် ရထိုက်သော အကျိုးတရားများပင် ဖြစ်ကြသည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။)

အသက်ကြီးသူတို့၌ အိုမှု ထင်ရှားပုံ

ဤအရာ၌ - အသက်အရွယ် ငယ်သူ ကြီးသူ ဟူသမျှ၌ပင် ခဏဇရာ သန္တတိဇရာ = ဤဇရာ နှစ်ပါး ထင်ရှား ဖြစ်ရှိကြပါလျက် အသက်အရွယ် ငယ်သူတို့မှာမူ ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း စသော ဇရာသဘော မပေါ်လွင် မထင်ရှားမူ၍ အဘယ်ကြောင့် အသက်အရွယ်ကြီးရင့်သောသူတို့မှာမှ ထို ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း စသော ဇရာသဘော ပေါ်ပေါ်လွင်လွင် ထင်ရှားရသနည်း ဟု မေးမြန်းဖွယ် ရှိ၏။

အဖြေကား - ဇရာဒဏ်ချက် အနှိပ်စက်နာသောကြောင့် အသက်ကြီးရင့်သူတို့မှာသာ ထိုဆံဖြူခြင်း, သွားကြွေ ခြင်း, အသားအရေတွန့်လိပ်ခြင်း စသော ဇရာသဘောတို့ ပေါ်ပေါ်လွင်လွင် ထင်ရှားကြကုန်၏ - ဟု ဖြေဆိုရာ၏။

ချဲ့ဦးအံ့ --- ကလလရေကြည် ပဋိသန္ဓေတည်နေချိန်မှ အစပြု၍ သတ္တဝါတို့မှာ အစဉ်သဖြင့် ရှေးရှေးရုပ် များ၏ ဌီခဏတည်းဟူသော ဇရာသို့ ရောက်သောအချိန်၌ အသစ်အသစ် ဥပါဒ် ဖြစ်ပေါ်လာကြရသည့် နောက် နောက် ရုပ်များသည် ရှေးရှေး ရင့်ရော်ပြီးသော ရုပ်များ၏ သဘောအားလျော်စွာ ရင့်ရော်ကြကာ အထူးသဖြင့် ရင့်ရော်ကြကာ ထိုထက် အထူးသဖြင့် ရင့်ရော်ကြကာ ဥပါဒ်ထင်ရှား ဖြစ်ပွား၍ လာကြရလေသည်။ ထိုကြောင့် တစ်ရက်ထက် တစ်ရက်, တစ်လထက် တစ်လ, တစ်နှစ်ထက် တစ်နှစ်, တစ်ရွယ်ထက် တစ်ရွယ် အစဉ်သဖြင့် အလွန့်အလွန် ရင့်ရော်သော ရုပ်များ၏ ရင့်ရော်ချိန်ဟု ခေါ်ဆိုအပ်သော ဌီခဏ၌ နောက်ထပ်အသစ် ဥပါဒ် ဖြစ်ပွားကြရသော ရုပ်တရားများသည် ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း အစရှိသော ဇရာ သဘော ပေါပေါပေါ်လွင်လျက် ထင်ရှား ဥပါဒ်ကြရလေသည်။ ထိုကြောင့် အသက်ကြီးရင့်သူတို့မှာသာ ထိုဆံဖြူ ခြင်း သွားကြွေခြင်း အသားအရေတွန့်ခြင်း စသော ဇရာသဘောတို့ ပေါပေါပေါ်လွင် ထင်ရှားကြကုန်သည်။

ထိုဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်းများသည် မျက်စိဖြင့်ကြည့်၍ မြင်အပ်သော စက္ခုဝိညေယျတရားများဖြစ်ကြ၍ ဇရာတရားအစစ် မဟုတ်ကြကုန်၊ ဇရာတရား၏ ဒဏ်ချက်များသာ ဖြစ်ကြလေသည်။ ဇရာတရားအစစ်ကား စိတ်ဖြင့်သာ ကြံဆ၍ သိအပ်သော မနောဝိညေယျတရား ဖြစ်လေသည်။ (စက္ခုဒွါရိကဝီထိစိတ်ဖြင့် မသိနိုင်၊ မနောဒွါရိကဝီထိစိတ်များဖြင့်သာ သိနိုင်သည်ဟူလို။)

ထင်ရှားစေဦးအံ့ --- ရေကြမ်းတိုက်စား၍သွားသော ရေသွားလမ်း, မီးအကြီးအကျယ် လောင်ကျွမ်း၍ သွားသော မီးသွားလမ်းတို့၌ ရေဒဏ် မီးဒဏ်ကြောင့် မြက်သစ်ပင်များ ကျိုးပြတ်ပျက်စီး၍ ကျန်ရစ်ခြင်း, မီးသွေး ပြာများသာ ကြွင်းကျန်ရစ်ခြင်း စသည်တို့ကို မြင်ရ၍ တိုက်စီးသွားသောရေ, လောင်ကျွမ်းသွားသောမီးတို့ကိုကား စိတ်ဖြင့်ကြံဆကာသာ သိရလေသည်။ (ရေကြမ်းတိုက်စားလျက် ဖြတ်ကျော်စီးဆင်းသွားပြီးနောက် ရေမစီးသော အခါမှ ရေသွားလမ်းကို သွားကြည့်ခြင်း, မီးအကြီးအကျယ် လောင်ကျွမ်းသွားပြီးနောက် မီးငြိမ်းပြီးသောအခါမှ မီးမရှိတော့သောအခါမှ မီးသွားလမ်းတို့ကို သွားရောက်ကြည့်ခြင်းတို့ကို ရည်ညွှန်းထားသည်ဟု မှတ်ပါ။)

ထိုအတူ ဇရာတည်းဟူသော ရေကြမ်း ဇရာတည်းဟူသော မီးကြီး တိုက်စား လောင်ကျွမ်း၍သွားသော လမ်းခရီးဟု ဆိုအပ်သော အလွန့်အလွန် ရင့်ရော်သော ရင့်ရော်သောရုပ်တရားတို့၌ ဖြစ်ပေါ်ကြသည့် မျက်စိဖြင့် မြင်ကောင်းသော ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း သို့မဟုတ် ဖြူသောဆံများ ကျိုးပဲ့သော သွားများ တွန့်လိပ်သော အသားအရေများ စသည့်သဘောများကို ဇရာရေကြမ်း ဇရာမီးကြီးတို့ နှိပ်စက်တိုက်စား လောင်ကျွမ်းသွားသော ဒဏ်ချက်များဟူ၍သာ မှတ်ယူအပ်ကုန်၏။ ထိုဒဏ်ချက်များကို မြင်ရသဖြင့် ဇရာရေကြမ်း ဇရာမီးကြီးတို့ကို စိတ်ဖြင့် မှန်းဆ၍ သိအပ်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ အဘိ၊ဋ္ဌ၊၂၊၉၂။ မဟာဗုဒ္ဓဝင်၊၅၊၇၃၃-၇၃၄ - ကြည့်။)

ထပ်မံရှင်းလင်းချက်များ

န စ ခဏ္ဍိစ္စာဒီနေဝ ဇရာတိ ကလလကာလတော ပဘုတိ ပုရိမရူပါနံ ဇရာပတ္တက္ခဏေ ဥပ္ပဇ္ဇမာနာနိ ပစ္ဆိမရူပါနိ ပရိပက္ကရူပါနုရူပါနိ ပရိဏတပရိဏတာနိ ဥပ္ပဇ္ဇန္တီတိ အနုက္ကမေန သုပရိဏတရူပပရိပါကကာလေ ဥပ္ပဇ္ဇမာနာနိ ခဏ္ဍိစ္စာဒိသဘာဝါနိ ဥပ္ပဇ္ဇန္တိ။ တာနိ ဥဒကာဒိမဂ္ဂေသု တိဏရုက္ခသံဘဂ္ဂတာဒယော ဝိယ ပရိပါကဂတမဂ္ဂသင်္ခါတေသု ပရိပက္ကရူပေသု ဥပ္ပန္နာနိ ဇရာယ ဂတမဂ္ဂေါ ဣစ္စေဝ ဝုတ္တာနိ, န ဇရာတိ။ (မူလဋီ၊၁၊၁၅၃။)

ရုပ်တရားတို့ကား စိတ္တက္ခဏ (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းရှည်ကြ၏။ ပဋိသန္ဓေ၏ ဥပါဒ် ကာလမှစ၍ ကမ္မဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်-ဌီ-ဘင် ခဏငယ်တိုင်း၌ ဘဝတစ်လျှောက်လုံးဝယ် ကံအရှိန် မကုန်သမျှ ဖြစ်နေကြ၏။ ဥတုဇရုပ်တို့သည်လည်း ပဋိသန္ဓေ၏ ဌီကာလမှစ၍ = ပဋိသန္ဓေနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်ကြသော ကမ္မဇရုပ်တို့၏ ဌီကာလမှစ၍ ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ထိုထို ဌီကာလသို့ ရောက်ရှိလာသော ထိုထို ရုပ်ကလာပ်တိုင်း၌ ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ဖြစ်ပေါ်လာကြ၏။ စိတ္တဇရုပ် တို့သည်လည်း ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကာလမှစ၍ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ်တို့၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ ဖြစ်ကြ၏။ အာဟာရဇရုပ်တို့သည်လည်း ဩဇာပျံ့နှံ့ရာ အချိန် ကာလမှ စ၍ ထိုထို ရုပ်ကလာပ်တွင် ပါဝင်သော ဩဇာ၏ ရုပ်၏ ဌီကာလသို့ ရောက်ရှိတိုင်း ရောက်ရှိတိုင်း ဩဇဋ္ဌမကရုပ်များ ဖြစ်ပွားလာကြ၏။ ယင်းသို့ဖြစ်သော ရုပ်တရားတိုင်းသည် စိတ္တက္ခဏကြီး (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းရှည်သည်သာ ဖြစ်၏။ ထိုကြောင့် ယခုကဲ့သို့ တရားထိုင်နေဆဲ ရုပ်တရားတို့ကို သိမ်းဆည်း နေဆဲ ပစ္စုပ္ပန် အခိုက်အခါမျိုး၌ တစ်ခုသော စိတ္တက္ခဏ၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏငယ် သုံးခုတို့တွင် တစ်ခုခုမှ စောင့်ကြည့်လျှင် ---

၁။ အသစ် စ၍ ဥပါဒ်သော ရုပ်တရားများကိုလည်း တွေ့နိုင်၏၊

၂။ စိတ္တက္ခဏ (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းစေ့၍ ချုပ်ဆုံးသွားသော ဘင်ကာလသို့ ရောက်ရှိ သော ရုပ်တရားများကိုလည်း တွေ့နိုင်၏။

၃။ ရှေးရှေးသော စိတ္တက္ခဏများက, ရှေးရှေးသော စိတ္တက္ခဏ၏ ခဏငယ် အခိုက်အတန့်က ဖြစ်ခဲ့ကြသဖြင့် စိတ္တက္ခဏ (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းမစေ့သေးသဖြင့် ဆက်လက်ဖြစ်ဆဲ တည်ဆဲ ဌီကာ- လ၌ တည်ရှိခိုက် ရုပ်တရားများကိုလည်း တွေ့နိုင်၏။ (ဤ သဘောတရားကို ဉာဏ်ဖြင့်မြင်အောင် အာရုံ ယူထားပါ။)

ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်မှစ၍ ရုပ်တရားတို့ ဖြစ်လာကြရာဝယ် ရှေးရှေး၌ ဖြစ်ကုန်သော ရုပ်တရားတို့၏ ဇရာဟူသော ဌီကာလသို့ ရောက်ဆဲခဏ၌ အသစ်အသစ်သော ရုပ်တရားတို့သည် ဥပါဒ်ထင်ရှား ဖြစ်ပွားလာကြကုန်၏၊ ယင်းသို့ နောက်ထပ်ဖြစ်ပေါ်လာကုန်သော အသစ်အသစ်သော ရုပ်တရားတို့သည် မိမိတို့ ရှေးက ဖြစ်နှင့်ပြီးသော ရင့်ကျက်ခြင်း ဇရာအခိုက် ဌီအခိုက်သို့ ရောက်နေကြသော ရုပ်တရားတို့သို့ အစဉ်လိုက်၍ ဖြစ်ကြရ၏။ ယင်းသို့ ရင့်ကျက်သော ရုပ်တရားများသို့ အစဉ်လိုက်၍ ဖြစ်ကြရသော နောက်နောက်သော အသစ်အသစ် ရုပ်တို့သည် ရင့်ကျက်သည်ထက် သာ၍ ရင့်ကျက်ကုန်သော ရုပ်တရားတို့ ဖြစ်လာကြရကုန်၏။ ထိုနည်း အားဖြင့် အစဉ်အတိုင်း ဖြစ်လာကြရာ အလွန်ရင့်ကျက်သော ရုပ်တို့၏ ရင့်ကျက်ရာ ဟာနိဒသက = အားအင် ဆုတ်ယုတ်သည့် အသက် (၅၀)ကျော်အရွယ် စသည့် အချိန်ပိုင်းကာလ၌ ဖြစ်ပေါ်လာကြကုန်သော ရုပ်တရားတို့သည် သွားကျိုး ဆံဖြူ စသော သဘောအားဖြင့် ဖြစ်ပေါ်လာကြရကုန်၏။

လောက ဥပမာ

လောက ဥပမာကား --- ရေများ ဖြတ်ကျော်စီးဆင်းမှု ရေလွှမ်းမိုးသွားမှု ဒဏ်ကို ခံရသော တောတောင် မြက်သစ်ပင် စသည်တို့သည် ထိုရေ၏ ချိုးဖျက်မှု ဒဏ်ကို ခံကြရကုန်၏။ မြက်သစ်ပင် စသည်တို့သည် ရေကြောင့် ကျိုးပျက်ကြရ၏။ တောမီးလောင်ခဲ့သော် တောတွင်း၌ရှိသော မြက်သစ်ပင်အပေါင်းကို တောမီးက ချိုးဖဲ့ ဖျက်ဆီး လေသည်။ မီးကြောင့် တောသစ်ပင်အပေါင်းတို့သည် ကျိုးပဲ့ ပျက်စီးကြရကုန်၏၊ လောင်ကျွမ်းသွားကြရကုန်၏။ ရေဖြတ်ကျော်စီးဆင်းသွားသော လမ်းသည်လည်း ထင်ရှားကျန်ရစ်၏၊ မီးတိုက်စား လောင်မြိုက်သွားသော မီးဖြတ် ကျော်သွားသော လမ်းသည်လည်း ထင်ရှားကျန်ရစ်၏။ ထိုသို့ပင် ရေသွားလမ်း မီးသွားလမ်းသည် ထင်ရှားကျန်ရစ် ပါသော်လည်း ထိုရေသွားလမ်းသည် ရေမဟုတ်၊ ထိုမီးသွားလမ်းသည် မီးမဟုတ်။ (ရေကျသွားပြီးရာအချိန်, မီးလောင်ပြီးရာအချိန်, မီးငြိမ်းပြီးရာအချိန်ကို အာရုံယူကြည့်ပါ။)

ရေသွားလမ်းသည် ရေမဟုတ်သကဲ့သို့, မီးသွားလမ်းသည် မီးမဟုတ်သကဲ့သို့ ဤဥပမာအတူ --- ရင့်ကျက် သော ဇရာ၏ သွားအပ်သောလမ်းဟု ဆိုအပ်ကုန်သော ရင့်ကျက်သော ရုပ်တို့၌ ဖြစ်ပေါ်လာကြရကုန်သော ရုပ်တို့ကိုလည်း ဇရာ၏ ဖြတ်ကျော်သွားရာ လမ်းဟူ၍သာလျှင် ခေါ်ဆိုအပ်ကုန်သည်။ ဇရာကား မဟုတ်။ ယင်း ရင့်ကျက်သော ရုပ်တို့၏ ဌီကာလကိုသာ ဇရာဟု ခေါ်သည်။ ယင်း ဌီကာလဟူသော ဇရာကား မနောဝိညာဏ် ဖြင့်သာ = ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်သာ သိနိုင်သော မနောဝိညေယျတရားသာ ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ အဘိ၊ဋ္ဌ၊၂၊၉၂။ မူလဋီ၊၁၊၁၅၃။)

ဤ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်လိပ်ခြင်းတို့ကား ကာလကြာသောအခါ၌ ဖြစ်ပေါ်လာကုန်သော ဇရာ၏ လုပ်ငန်းကိစ္စတို့တည်း။ အသက်တမ်း ဆုတ်ယုတ်လာခြင်း, စက္ခုစသော ဣန္ဒြေတို့၏ ရင့်ကျက်လာခြင်း တို့ကား ဇရာကြောင့် ရောက်ထိုက်သော အကျိုးတရား = ပကတိတရားတို့ပင်တည်း။ ကာလကြာညောင်းမှ ထင်ရှားလာသော ပကတိ သဘောတရားများပင်တည်း။ အိုခြင်း = ဇရာသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်၏ သက်တမ်း သည် တဖြည်းဖြည်း ဆုတ်ယုတ်လာ၏။ ငယ်ရွယ်စဉ်အခါ၌ အလွန်ကြည်လင်ကုန်သော အလွန်သိမ်မွေ့သော မိမိဆိုင်ရာအာရုံကို လွယ်လွယ်ကူကူ ယူခြင်းငှာ စွမ်းနိုင်ကုန်သော စက္ခုစသော ဣန္ဒြေတို့သည် အိုခြင်းဇရာသို့ ဆိုက်ရောက်လာသော ပုဂ္ဂိုလ်၏ သန္တာန်၌ ရင့်ရော်လာကုန်၏၊ ရှုပ်ပွေနေတတ်ကုန်၏၊ မရှင်းမလင်း ဖြစ်လာကုန်၏၊ အလွန်ထင်ရှားသည့် မိမိ၏ ဆိုင်ရာအာရုံကိုသော်မှ အာရုံယူခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်၏။ ထိုကြောင့် အသက်တမ်းဆုတ်ယုတ်လာခြင်း ဣန္ဒြေရင့်ကျက်ခြင်းတို့ကား ဇရာကြောင့် ရရှိလာသော အကျိုးတရားတို့ပင်တည်း။ ယင်း သက်တမ်းဆုတ်ယုတ်ခြင်း ဣန္ဒြေရင့်ကျက်ခြင်းတို့ကိုလည်း ဇရာဟုပင် ဘုရားရှင် ဟောကြားတော်မူခြင်းမှာ ဖလူပစာရ စကားဟု မှတ်ပါ။ အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ အကြောင်းဇရာကို ညွှန်ပြသော ဖလူပစာရ စကားချည်းတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ အဘိ၊ဋ္ဌ၊၂၊၉၃။)

တစ်ဖန် ထိုဇရာသည် ပါကဋဇရာ = ထင်ရှားသောဇရာ၊ ပဋိစ္ဆန္နဇရာ = ဖုံးကွယ်အပ်သော မထင်ရှားသော ဇရာဟု နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် သွားကျိုးခြင်း စသည်တို့ကား မြင်ရခြင်းကြောင့် ရုပ်တရားတို့၌ ဇရာသည် ပါကဋဇရာ = ထင်ရှားသောဇရာ မည်၏။ တစ်ဖန် နာမ်တရားတို့၌ ဇရာကား သွားကျိုးခြင်း ဆံဖြူခြင်း စသည်တို့ ကဲ့သို့သော ရှုမြင်အပ် ရှုမြင်နိုင်သော ထူးခြားသော အမူအရာဖောက်ပြန်ခြင်းကို မတွေ့မမြင်ရခြင်းကြောင့် နာမ်တရားတို့ဇရာ = ဌီကာလသည် ပဋိစ္ဆန္နဇရာ = ဖုံးကွယ်အပ်သော မထင်ရှားသောဇရာ မည်၏။ ထိုတွင် ဆံဖြူခြင်း သွားကျိုးခြင်း စသော ထိုထို အခြင်းအရာအားဖြင့် ဖြစ်နေကြကုန်သော ရုပ်တရား အပေါင်းအစုတို့၏ ရူပါရုံအရောင်အဆင်းကို စက္ခုဝိညာဏ်ဖြင့်ကား မြင်နိုင်၏။ ထိုအရောင်အဆင်းကား သိလွယ်သောကြောင့် ဖြစ်၏။ ထိုအရောင်အဆင်းကို စက္ခုဝိညာဏ်ဖြင့် မြင်တွေ့ပြီးမှ မနောဒွါရဖြင့် ကြံစည်စိတ်ကူး၍ ဤသွားတို့ကို ဇရာ တရားက ပုတ်ခတ်အပ်ကုန်ပြီ ဟု ဇရာကို သိရှိ၏။ တောတွင်း ရေရှိရာ အရပ်၌ ဖွဲ့ချည်ထားအပ်သော နွားချို စသည်တို့ကို တွေ့မြင်ရသော် အောက်အရပ်၌ ရေရှိကြောင်းကို သိရခြင်းကဲ့သို့ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၉၃။)

တစ်ဖန် အဝီစိဇရာ သဝီစိဇရာဟုလည်း နှစ်မျိုးရှိပေသည်။ ရှေးဇရာနှင့် နောက်ဇရာတို့၏ အကြားကို သိဖို့ရန် မလွယ်ကူသောကြောင့် အကြားမရှိဟုပင် ထင်ရသော = တစ်ဆက်တည်းဖြစ်နေသည်ဟု ထင်ရသော ဇရာကို အဝီစိဇရာဟု ခေါ်၏။ ဥပမာ ပတ္တမြား-ရွှေ-ငွေ-သန္တာ-လ-နေ စသည်တို့၌ တည်ရှိသော ဇရာမျိုးတည်း။ ပတ္တမြား စသည်သည် သင်္ခါရထုံးစံအတိုင်း ဖြစ်-တည်-ပျက် သင်္ခတလက္ခဏာရှိသော တရားဖြစ်၍ ရင့်ကျက်မှုဇရာ ရှိနေသော်လည်း ထိုရင့်ရော်ခြင်း ဇရာနှစ်ခု၏ အကြားကို သာမန်မျက်စိဖြင့် မသိမမြင်ရသဖြင့် ရင့်ရော်သည်ဟု လွယ်ကူစွာ မသိရ မသိနိုင်သကဲ့သို့တည်း။

ဤ လက္ခဏ-ရသ စသည်ကို သိမ်းဆည်းရှုပွားနိုင်သော ဤအဆင့်သို့ ရောက်ရှိလာသော အသင်သူတော်ကောင်းသည် ယင်းပတ္တမြား၌ တည်ရှိကြသော ဓာတ်ကြီးလေးပါးတို့ကို မြင်အောင် စိုက်ရှုပါ။ ထိုသို့ ရှုလိုက်နိုင်သော် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိလာနိုင်ပါသည်။ ရုပ်ကလာပ်များကို လွယ်လွယ်ကူကူ မတွေ့ခဲ့သော် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်များကို တွေ့ရှိနိုင်ပါသည်။ ယင်းရုပ်ကလာပ် အသီးအသီး၌ ဓာတ်ခွဲကြည့်ပါက ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်း ရုပ်တရားတို့မှာ ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲဖြစ်ပွားလာကြသော ဥတုဇရုပ် တို့သာတည်း။ ယင်းရုပ်တရားတို့မှာလည်း စိတ္တက္ခဏ (၁၇)ချက်ပင် သက်တမ်းရှည်ကြ၏။ ခဏငယ် (၅၁)ချက် သက်တမ်းရှည်ကြ၏။ ဌီကာလမှာ ခဏငယ် (၄၉)ချက်ပင် ဖြစ်၏။ ကလာပ်တစ်ခု၏ ဌီကာလနှင့် ယင်းကလာပ်၏ အတွင်း၌ရှိသော တေဇောဓာတ်ကြောင့်ပင် ဆင့်ကဲဖြစ်ပွားလာရသော ဒုတိယရုပ်ကလာပ်၏ ဌီကာလတို့မှာ သာမန် ပကတိမျက်စိဖြင့် မမြင်နိုင်။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့်သာ သိနိုင် မြင် နိုင်၏။ ထိုကြောင့် ပတ္တမြား စသည်သည် သင်္ခတတရားတို့ ဖြစ်ကြ၍ သင်္ခါရထုံးစံအတိုင်း ဖြစ်-တည်-ပျက် သင်္ခတလက္ခဏာရှိသဖြင့် ရင့်ကျက်မှု ဇရာ ထင်ရှားရှိနေပါသော်လည်း ထိုရင့်ရော်ခြင်း ဇရာနှစ်ခု၏ အကြားကို သာမန် ပကတိမျက်စိဖြင့် မသိ မမြင်နိုင်ရကား ရင့်ရော်သည်ဟု လွယ်ကူစွာ မသိနိုင်သော ဇရာမျိုး တည်ရှိသော တရားမျိုးတည်း။

လူတို့၏ မန္ဒဒသက = ပညာနုံ့သော (၁၀)နှစ်တွင်းအရွယ်နှင့် ခိဋ္ဋဒသက = မြူးထူးပျော်ပါး ကစားတတ်သည့် အသက် (၂၀)တွင်း အရွယ်သည်လည်းကောင်း၊ ပန်း သစ်သီး ရွက်နုတို့၏ အဆင်းအရောင်သည်လည်းကောင်း ေ့ရှနောက် အရွယ်ချင်း, အရောင်အဆင်းချင်း မတူကြသောကြောင့် ရင့်ရော်လာပုံ ထင်ရှားရကား သဝီစိ = သိလွယ်သော အကြားရှိသော ဇရာမည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၄-၃၆၅။ အဘိ၊ဋ္ဌ၊၂၊၉၃။)

၂၈။ ရူပဿ အနိစ္စတာ

၁။ ပရိဘေဒလက္ခဏာ ရူပဿ အနိစ္စတာ၊

၂။ သံသီဒနရသာ၊

၃။ ခယဝယပစ္စုပဋ္ဌာနာ၊

၄။ ပရိဘိဇ္ဇမာနရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊၂၊၈၀။)

၁။ ရုပ်အစစ်တို့၏ ထက်ဝန်းကျင်အားဖြင့် ပြိုပျက်ခြင်းသဘော လက္ခဏ၊

၂။ (ဌီကာလသို့ရောက်သော ရုပ်ကို ဖျက်ဆီးသည်၏ အဖြစ်ဖြင့်)

ရုပ်အစစ်တို့ကို နစ်မြုပ်စေခြင်း (ကိစ္စ) ရသ၊

၃။ ရုပ်အစစ်တို့၏ ကုန်ခြင်း ပျက်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ထက်ဝန်းကျင်အားဖြင့် ပြိုပျက်ဆဲသော ရုပ်များ ပဒဋ္ဌာန်။

ကိစ္စရသ --- သာ ပန ယသ္မာ ဌိတိပ္ပတ္တံ ရူပံ ဝိနာသဘာဝေန သံသီဒန္တီ ဝိယ ဟောတီတိ ဝုတ္တံ သံသီဒနရသာတိ။ (မဟာဋီ၊၂၊၁၀၃-၁၀၄။)

ရုပ်တရားတို့၏ ခဏဘင်ဟူသော ပျက်ခြင်းသဘောသည် မြဲသော သဘောတရား မဟုတ်သောကြောင့် = မမြဲသော သဘောတရား ဖြစ်ခြင်းကြောင့် အနိစ္စ မည်၏။ ထိုအနိစ္စဖြစ်သော ရုပ်၏ အနိစ္စဖြစ်ကြောင်းဖြစ်ရာ မမြဲခြင်း လက္ခဏာသည် အနိစ္စတာ = ရူပဿ အနိစ္စတာ မည်၏။ ထိုရူပဿ အနိစ္စတာသည် ဌီကာလသို့ ရောက်ရှိနေသော ရုပ်တရားကို ဖျက်ဆီးသည်၏ အဖြစ်ဖြင့် စင်စစ် မနစ်မြုပ်စေသော်လည်း နစ်မြုပ်စေသကဲ့သို့ ဖြစ်ခြင်းကြောင့် ရုပ်တို့ကို နစ်မြုပ်စေခြင်း ကိစ္စ ရှိ၏ဟု ဆိုသည်။ ပျက်သွားသော ရုပ်တရားများကား လုံးဝ ကွယ်ပျောက်သွားကြ၏၊ ထိုသို့ လုံးဝ ကွယ်ပျောက်သွားမှုသည် နစ်မြုပ်သွားသကဲ့သို့ ဖြစ်သည် ဟူလိုသည်။

ပစ္စုပဋ္ဌာန် --- ရုပ်တရားတို့၏ ဘင်ကာလ ဖြစ်သောကြောင့် ကုန်တတ်ပျက်တတ်သော အခြင်းအရာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်က ယူသောကြောင့် ရုပ်အစစ်တို့၏ ကုန်တတ်ပျက်တတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာသည်ဟူပေ။

ရှုပုံ နည်းစနစ်

ရုပ် (၂၈)ပါးတို့၏ လက္ခဏ-ရသ စသည်တို့ကား ဤတွင် ပြီးဆုံးပြီ ဖြစ်ပေသည်။

၁။ သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲ,

၂။ သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ,

၃။ ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ,

ဤသုံးမျိုးသော ရုပ်ဃနဟူသော ရုပ်တုံး ရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ရေးအတွက် ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်များကို ပိုက်စိပ်တိုက်၍ ရှုပါ။ စက္ခုဒွါရ မျက်စိ၌ ရုပ်ကလာပ် (၆) မျိုး ရုပ် (၅၄)မျိုးရှိရာ ထိုရုပ်တရားအားလုံးကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှုပါ။

စက္ခုဒသကကလာပ်တွင် ရုပ်သဘောတရား (၁၀)မျိုးရှိရာ ပထဝီမှစ၍ စက္ခုပသာဒသို့တိုင်အောင် (၁၀) မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီ အစဉ်အတိုင်း ရှုပါ။ အစဉ်အတိုင်းဟူသည် --- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ဇီဝိတ, စက္ခုပသာဒ ဟူသော ဇယားတွင် ဖော်ပြထားသည့် အစဉ်ကို ဆိုလို ပေသည်။

စက္ခုဒသကကလာပ်၌ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ၌ လက္ခဏ-ရသ စသည်ဖြင့် သိမ်းဆည်းပြီးသောအခါ အလားတူပင် စက္ခုဒွါရ မျက်စိ၌ ကာယဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကိုလည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ပထဝီမှသည် ကာယပသာဒသို့တိုင်အောင် အသီးအသီး ဆက်လက်၍ သိမ်းဆည်းပါ။ ဤနည်းအားဖြင့် စက္ခုဒွါရ၌ (၅၄)မျိုးသော ရုပ်တရားတို့ကို ကုန်စင်အောင် ရှုပါ။ အကယ်၍ စက္ခုဒွါရ၌ ဇီဝိတနဝကကလာပ် ရုပ်တရားတို့ကိုပါ ထည့်သွင်း၍ ရှုပါက ပို၍ ကောင်းမွန်သည်သာ ဖြစ်သည်။ စက္ခုဒသကကလာပ်၌ ရှိသော ပထဝီဓာတ်ကို ရှုပြီးဖြစ်၍ ထိုစက္ခုဒွါရ မျက်စိ၌ပင် ကာယဒသကကလာပ် စသည်၌ရှိသော ပထဝီဓာတ်ကိုလည်း မရှုဘဲ မနေပါနှင့်၊ (၅၄)မျိုးသော, ဇီဝိတနဝကကလာပ် ရုပ်တရားတို့နှင့်ပေါင်းသော် (၆၃)မျိုးသော ရုပ်တရားတို့ကို ရုပ်တရားတိုင်း ရုပ်တရားတိုင်း၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ ရုပ်ကလာပ် အသီးအသီး၌ ရုပ်ဃန = အတုံးအခဲ အသီးအသီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားနေသော လုပ်ငန်းခွင်ကြီး တစ်ခု ဖြစ်၏၊ မွန်မြတ်သော ကျင့်စဉ်ကောင်းကြီး တစ်ခု ဖြစ်၏။ လေးဘက်ပုတ်ထားသော သစ်တုံးကြီး တစ်တုံးကို လေးဘက်လေးတန်မှ လှည့်ပတ်၍ ကြည့်ရှုသုံးသပ်နေသကဲ့သို့ ပရမတ်တရား တစ်လုံးကို လေးဘက်လေးတန်မှ လှည့်၍ ဉာဏ်ဖြင့် ကြည့်ရှုသုံးသပ်နေသော ပရမတ္ထဉာဏစက္ခုကို ဖြူစင်သန့်ရှင်းစေသော, ပရမတ္ထသစ္စာနယ်၌ ကျက်စားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ကို စင်ကြယ်သည်ထက် စင်ကြယ်, သန့်ရှင်းသည်ထက် သန့်ရှင်း, လင်းသထက် လင်း, ရှင်းသထက် ရှင်းစေသော သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထုတ်ဆောင်ကယ်တင်နိုင်သည့် စွမ်းအင် အပြည့်အဝရှိသော နိယျာနိက အကျင့်ကောင်းကြီး တစ်ခုပင် ဖြစ်သည်။

စက္ခုဒွါရ၌ ရှုသကဲ့သို့ သောတဒွါရ စသည်တို့၌လည်း ပုံစံတူပင် ရှုပါ။ (၄၂ )ကောဋ္ဌာသတို့၌လည်းကောင်း၊ စိတ္တဇကလာပ် (၈)စည်း, ဥတုဇကလာပ်(၄)စည်း, အာဟာရဇကလာပ် (၂)စည်းတို့၌လည်းကောင်း ပုံစံတူပင် ရုပ်တရားတိုင်း ရုပ်တရားတိုင်း၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဆက်လက် သိမ်းဆည်းပါ။ထိုနောင် လက္ခဏရုပ် (၄)မျိုးကို ဆက်လက်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် အားဖြင့် သိမ်းဆည်း ရှုပွားပါ။ ဥပစယနှင့် သန္တတိကို အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ခွဲခြားသတ်မှတ်၍ ရှုပါ။ ဇရတာကို ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့၏ တည်မှု ဌီကာလကို အာရုံယူ၍ ရှုပါ။ အနိစ္စတာကို ယင်းရုပ်တရားတို့၏ ပျက်မှု ဘင်ကို အာရုံယူ၍ ရှုပါ။

အဇ္ဈတ္တ၌ အထက်ပါအတိုင်း ရုပ်အစစ် ရုပ်အတုတို့ကို ကုန်စင်အောင် သိမ်းဆည်း ရှုပွားပြီးသောအခါ ဗဟိဒ္ဓ၌လည်း နည်းတူပင် ရှုပါ။ ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ တစ်လှည့်စီ လှည့်၍ ရှုပါ။ အတိတ် အနာဂတ် ရုပ်တရားတို့၌လည်း နည်းတူရှုနိုင်ပါက ပို၍ ကောင်းသည်သာ ဖြစ်သည်၊ တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ချေသည်။

နှစ်စုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ဤသို့လျှင် မဟာဘုတ်ဓာတ်ကြီး (၄)ပါး, ဥပါဒါရုပ် (၂၄)ပါးအားဖြင့် ရုပ် (၂၈)ပါးသည် ပါဠိတော်၌တိုက် ရိုက်လာ၏။ ထိုရုပ် (၂၈)ပါးလုံးသည် လောဘ စသော ဟိတ်တရားလည်း မဟုတ်၊ ယှဉ်ဖက်ဟိတ် မရှိ၊ ဟိတ်နှင့် မယှဉ်သည့် ဟေတုဝိပ္ပယုတ္တတရား ဖြစ်ကြ၏။ ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရားနှင့်တကွ ဖြစ်သောတရား အကြောင်းရှိသောတရားတည်း။ လောကီ၌ အကျုံးဝင်သည့် လောကီတရား ဖြစ်၏။ အာသဝေါတရား တို့သည် အာရုံယူအပ်သော သာသဝတရား ဖြစ်၏။ ဤသို့ စသောအားဖြင့် တစ်မျိုးသာ ရှိ၏။

၂။ ထို (၂၈)မျိုးသော ရုပ်တရားသည် ---

(က) အဇ္ဈတ္တိက, ဗာဟိရ,

( ခ ) ဩဠာရိက, သုခုမ,

( ဂ ) ဒူရ, သန္တိက,

(ဃ) နိပ္ဖန္န, အနိပ္ဖန္န,

( င ) ပသာဒရူပ, န ပသာဒရူပ,

( စ ) ဣန္ဒြိယ, အနိန္ဒြိယ,

(ဆ) ဥပါဒိဏ္ဏ, အနုပါဒိဏ္ဏ ---

ဤသို့ စသောအားဖြင့် ခွဲတမ်းချလိုက်သော် နှစ်မျိုး နှစ်မျိုးစီ ရှိ၏။

(က) စက္ခုစသော ပသာဒရုပ် ငါးပါးသည် အတ္တဘာဝ = အတ္တဘောကို အစွဲပြု၍ ဖြစ်သည်၏ အဖြစ်ကြောင့် အဇ္ဈတ္တိကရုပ် မည်၏။ အဇ္ဈတ္တိကရုပ် (၅)မျိုးမှ ကြွင်းသော (၂၃)ပါးသော ရုပ်သည် ထိုအဇ္ဈတ္တိကမှအပ ဖြစ်သောကြောင့် ဗာဟိရရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

အာဟိတော အဟံ မာနော ဧတ္ထာတိ အတ္တာ၊ အတ္တဘာဝေါ။ တံ အတ္တာနံ အဓိကိစ္စ ဥဒ္ဒိဿ ပဝတ္တာ အဇ္ဈတ္တာ၊ ဣန္ဒြိယဗဒ္ဓဓမ္မာ၊ တေသု ဘဝံ အဇ္ဈတ္တိကံ၊ စက္ခာဒိ။ (မဟာဋီ၊၂၊၁၀၆။)

ငါ - ဟူသော ထောင်လွှားတတ်သော မာနကိုထားရာ အတ္တဘောသည် = ခန္ဓာကိုယ် အတ္တဘောသည် အတ္တ မည်၏။ ယင်းအတ္တကို အစွဲပြု၍ ရည်၍ဖြစ်သော စက္ခုစသော ဣန္ဒြေနှင့်စပ်သော တရားအပေါင်းသည် အဇ္ဈတ္တ မည်၏။ ယင်း (နိယကဇ္ဈတ္တဟူသော) အဇ္ဈတ္တတို့၌ဖြစ်သော စက္ခုစသော ပသာဒရုပ် ငါးပါးသည် အဇ္ဈတ္တိက မည်၏။ (မဟာဋီ၊၂၊၁၀၆။) အဋ္ဌကထာနည်း၌ကား အဇ္ဈတ္တနှင့် အဇ္ဈတ္တိက တူ၏။ ဏိက-ပစ္စည်း အနက်မရှိ။

( ခ ) ပသာဒရုပ် (၅)ပါး, အာရုံရုပ် (၇)ပါး, ပေါင်းသော် (၁၂)မျိုးသော ရုပ်တရားသည် ဝိသယီ ဝိသယ = အကြည်ရုပ် = အခံဓာတ်ရုပ်နှင့် အာရုံရုပ် = အတိုက်ဓာတ်ဖြစ်၍ ထိခိုက်သည်၏ အစွမ်းဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် အာရုံယူအပ်သည်၏ အဖြစ်ကြောင့် ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသောရုပ် မည်၏။ (ဃဋ္ဋနဝသေန ဂဟေ တဗ္ဗတော-ဝိသုဒ္ဓိ၊၂၊၈၁။) ကြွင်းသော (၁၆)မျိုးသော ရုပ်သည် ဒွါရနှင့် အာရုံ (= ဝိသယီနှင့် ဝိသယ) ထိခိုက်သည်၏ အစွမ်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံမယူအပ်သောကြောင့် သုခုမရုပ် မည်၏။ (အသင်သူတော်ကောင်းသည် ရုပ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်များကို ပြန်လည်၍ အာရုံ ယူထားပါ။ ရူပါရုံအရောင်၏ ရှေးရှူရိုက်ခတ်မှုကို ခံယူရသော အကြည်ဓာတ်ကို စက္ခုအကြည်ဟု ဤသို့ စသည်ဖြင့် သိမ်းဆည်းမှုမျိုးကို ဆိုလိုသည်။) (ဝိသုဒ္ဓိ၊၂၊၈၁။)

( ဂ ) ထိုသုခုမရုပ်သည်ပင်လျှင် သိမ်မွေ့သည်ဖြစ်၍ ထိုးထွင်း၍ သိနိုင်ခဲသော သဘောရှိသည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောဉာဏ်နှင့် ဝေးရကား ဒူရေရုပ် မည်၏။ ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကရုပ်ကား ရုန့်ရင်းကြမ်းတမ်းသည်ဖြစ်၍ ထိုးထွင်း၍ သိလွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏ အနီး၌ ဖြစ်ရကား သန္တိကေရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

(ဃ) ရုပ်အစစ် (၁၈)မျိုးသည် ---

၁။ ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သော ပရိစ္ဆေဒရုပ် မဟုတ်ခြင်း,

၂။ ရုပ်အစစ်တို့၏ အမူအရာထူး = ဝိကာရ မဟုတ်ခြင်း,

၃။ ရုပ်အစစ်တို့၏ ဖြစ်တည်ပျက် - လက္ခဏ မဟုတ်ခြင်းကြောင့်

မိမိ၏ ကက္ခဠတ္တ = ခက်မာခြင်းစသော ကိုယ်ပိုင် သဘာဝသတ္တိစွမ်းအင်ကို အာရုံပြုသောအားဖြင့်သာလျှင် ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် ပိုင်းခြား၍ ယူအပ်သည်၏ အဖြစ်ကြောင့် ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပြီးစေအပ်သော နိပ္ဖန္နရုပ် မည်၏။ နိပ္ဖန္နရုပ် (၁၈)မျိုးမှ ကြွင်းသော ရုပ် အတု (၁၀)မျိုးသည် မိမိသဘောအားဖြင့် ပိုင်းခြား၍ မယူအပ်သည်၏ အဖြစ်ကြောင့် အသီးအခြား ကံစသော အကြောင်းကြောင့် မပြီးသော အနိပ္ဖန္နရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

အာကာသဓာတ်ဟူသည် ရုပ်ကလာပ်တို့၏ အကြားအပေါက်မျှသာ ဖြစ်၏။ ဝိညတ်ရုပ်တို့သည် စိတ္တဇ ရုပ်တို့၏, လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့သည် စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၏ အမူအရာထူး ဝိကာရမျှသာ ဖြစ်၏။ ဥပစယ သန္တတိ ဇရတာ အနိစ္စတာတို့သည် ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှု သဘောမျှသာဖြစ်၏။ ထိုကြောင့် ဤ (၁၀)မျိုးသော ရုပ်တို့သည် ရုပ်အစစ်တို့မပါဘဲ မိမိတို့ချည်းသက်သက် အသီးအခြား ဖြစ်နိုင်ကြ သော ရုပ်တရားတို့ မဟုတ်ကြပေ။ ရုပ်တရားတို့ကို ဖြစ်စေတတ်သော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်း တရားကြောင့် ရုပ်အစစ်တို့မပါဘဲ မိမိတို့ချည်းသက်သက် ပြီးစီးလာသော ရုပ်တရားတို့လည်း မဟုတ်ကြပေ။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်အစစ်များကို အာရုံမယူဘဲ ယင်းရုပ်အတုတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ သက်သက်ကိုသာ အာရုံယူ၍ သိမ်းဆည်းခဲ့သော် သိမ်းဆည်း၍ ဉာဏ်ဖြင့် ပိုင်းခြား၍ မယူနိုင်။ ရုပ်အစစ်တို့နှင့်သာ ပူးကပ်၍ သိမ်းဆည်းရှုပွားပါမှ ရရှိနိုင်သည် ဟူလိုသည်။

( င ) စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ၊ ဣတရံ တတော ဝိပရီတတ္တာ နပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)

သောတာဒီနမ္ပိ စက္ခုနော ဝိယ ပသန္နသဘာဝတ္တာ ဧဝ ယထာသကံ ဝိသယဂ္ဂဟဏပစ္စယတာတိ ဒ- ေဿန္တော အာဟ စက္ခာဒိ။ ပ ။ ပသာဒရူပန္တိ။ (မဟာဋီ၊၂၊၁၀၇။)

စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟူသော ရုပ် (၅)မျိုးသည် မိမိတို့ဆိုင်ရာ အသီးအသီးသော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံယူခြင်း၏ အကြောင်းဖြစ်သောကြောင့်, ကြေးမုံအပြင်ကဲ့သို့ အထူးသဖြင့် ကြည်လင်သည်၏ အဖြစ်ကြောင့် ပသာဒရုပ် မည်၏။ ပသာဒရုပ်မှ တစ်ပါးသော (၂၃)မျိုးသော ရုပ်သည် ပသာဒရုပ်တို့ကဲ့သို့ အာရုံကိုယူခြင်း၏ အကြောင်းတရားလည်း မဟုတ်သောကြောင့်, ပသာဒရုပ်တို့ကဲ့သို့ ကြည်လင် သော ရုပ်တရားတို့လည်း မဟုတ်ကြသောကြောင့် = မကြည်သော ရုပ်တို့သာ ဖြစ်ကြသောကြောင့် ပသာဒ မဟုတ်သောရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

အထူးသတိပြု၍ မှတ်သားပါ

ဤအထက်ပါ စကားရပ်၌ --- အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ = ပသာဒရုပ်တို့သည် ကြေးမုံအပြင်ကဲ့သို့ ကြည်လင်ကြောင်း ဖွင့်ဆိုချက်ကို အထူးဂရုပြု၍ မှတ်သားပါ။ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း ရှုပွားရာ၌ အလွန် အရေးကြီးသော မှတ်တိုင်ကြီးတစ်ခု ဖြစ်၏။ ပသာဒရုပ် = အကြည်ရုပ် (၅)မျိုးတို့တွင် ---

၁။ စက္ခုပသာဒ = စက္ခုအကြည်သည် မျက်စိ၌သာ ရှိ၏။

၂။ သောတပသာဒ = သောတအကြည်သည် နား၌သာ ရှိ၏။

၃။ ဃာနပသာဒ = ဃာနအကြည်သည် နှာခေါင်း၌သာ ရှိ၏။

၄။ ဇိဝှါပသာဒ = ဇိဝှါအကြည်သည် လျှာ၌သာ ရှိ၏။

၅။ ကာယပသာဒ = ကာယအကြည်သည်ကား မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး (၆)ဒွါရလုံး၌ = တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် ရှိ၏။

ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာကိုယ်၌ ဓာတ်ကြီး (၄)ပါးတို့ကို အာရုံယူ၍ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ သမာဓိကို ထူထောင်လိုက်သောအခါ ကြေးမုံအပြင်ကဲ့သို့ ကြည်လင်နေသော အတုံးအခဲ အပြင်ကြီးကို ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်ရောက်စအချိန်မှ စ၍ သို့မဟုတ် ဆိုက်ရောက်ခါနီးအချိန်မှ စ၍ တွေ့တတ်၏။ ဃနဟူသည့် ရုပ်တုံးရုပ်ခဲများ မပြိုမီ ပရမတ္ထအစစ်သို့ ဉာဏ်အမြင် မဆိုက်သေးမီ အကြည်ရုပ် (၅)မျိုးတို့ကို အတုံးလိုက် အခဲလိုက် အပြင်လိုက် ကြေးမုံအပြင်ကဲ့သို့ တွေ့မြင်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ကာယအကြည်မှာ တစ်ကိုယ်လုံး၌ အနှံ့အပြားတည်ရှိသဖြင့် ဃနမပြိုမီ အကြည်ဓာတ်များကို ပြင်လိုက်ကြီး တွေ့မြင်ခြင်းပင် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ယင်းကဲ့သို့ တွေ့မြင်ခြင်းမှာ အထက်ပါ အဋ္ဌကထာစကားရပ် ဋီကာစကားရပ်တို့နှင့်လည်း ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်လျက် ရှိ၏။ အောက်ပါ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူအပ်သော ဓမ္မသင်္ဂဏီပါဠိတော်မြတ်ကြီးနှင့်လည်း ရေပူနှင့် ရေအေး ရောသကဲ့သို့ တစ်သားတည်းပင် ညီညွတ်လျက် ရှိပေ၏။

၁။ ယံ စက္ခု စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၂။ ယံ သောတံ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၃။ ယံ ဃာနံ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၄။ ယာ ဇိဝှါ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၅။ ယော ကာယော စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ... (အဘိ၊၁၊၁၅၇-၁၆၁။)

စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယတို့သည် မိမိ မိမိ၏ကလာပ်တူ မဟာဘုတ်တို့ကိုမှီ၍ ဖြစ်ပေါ်လာသော ပသာဒရုပ် = အကြည်ရုပ်များ ဖြစ်ကြကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်ပင် အဓိပ္ပါယ်ရှိရှိဖြင့် ထိထိမိမိ ဟော ကြားထားတော်မူခဲ့၏။ သိတော်မူ မြင်တော်မူ၍ ဟောကြားထားတော်မူသော ဘုရားရှင်၏ ရွှေနှုတ်တော်မှ တိုက် ရိုက် ထွက်ပေါ်လာသော မုခပါဌ်တော်များပင် ဖြစ်ကြသည်။ ယင်း အကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် စိုက်ရှုပါက ရုပ်ကလာပ်အမှုန်များကို စတင်တွေ့ရှိမည် ဖြစ်ပေသည်။

( စ ) ပသာဒရုပ် ငါးပါးနှင့် ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ ဤရုပ် (၈)မျိုးသည် အစိုးရသည်၏ အဖြစ်တည်း ဟူသော သဘောကြောင့် ဣန္ဒြိယရုပ် မည်၏။ (ဣန္ဒြိယပစ္စည်းပိုင်း၌ ပြန်ကြည့်ပါ။) ကြွင်းသောရုပ် (၂၀)သည် အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောမရှိသောကြောင့် အနိန္ဒြိယရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

(ဆ) ဤရုပ်သည် ငါ၏အကျိုးတည်းဟု ကံသည် မိမိ၏ အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်၏ အဖြစ်ကြောင့် ကမ္မဇရုပ်သည် ဥပါဒိဏ္ဏ = ဥပါဒိန္နရုပ် မည်၏။ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်သည် ကံသည် မိမိ ၏ အကျိုး၏အဖြစ်ဖြင့် မစွဲယူအပ်သည်၏ အဖြစ်ကြောင့် အနုပါဒိဏ္ဏ = အနုပါဒိန္နရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

သုံးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ရူပါရုံသည် မြင်အပ်သည်၏ အဖြစ်နှင့်တကွ ဖြစ်သော, ထိပါးအပ်သည်နှင့်တကွ ဖြစ်သော သနိဒဿန သပ္ပဋိဃရုပ် မည်၏။

၂။ ရူပါရုံမှ ကြွင်းသော ဩဠာရိကရုပ် (၁၁)မျိုးသည် မြင်အပ်သည်၏အဖြစ် မရှိ၊ ထိပါးအပ်သည်၏အဖြစ်နှင့် တကွ ဖြစ်သော အနိဒဿန သပ္ပဋိဃရုပ် မည်၏။

၃။ သုခုမရုပ် (၁၆)ပါးသည် မြင်အပ်သည်၏အဖြစ် မရှိ၊ ထိပါးအပ်သည်၏အဖြစ် မရှိသော အနိဒဿန အပ္ပဋိဃရုပ် မည်၏။ (ဤ၌ စက္ခုဝိညာဏ်ဖြင့် မြင်မှု မမြင်မှုကိုသာ ဆိုလိုသည်။ မနောဝိညာဏ်ဖြင့် မြင်မှု မမြင်မှုကို မဆိုလို။) (ဝိသုဒ္ဓိ၊၂၊၈၁။)

၁။ ဣန္ဒြိယရုပ် (၈)မျိုးနှင့် ဟဒယဝတ္ထုရုပ် (၁)မျိုး --- အားလုံးပေါင်းသော် ဤရုပ် (၉)မျိုးသည် ကံကြောင့်သာ ဧကန်ဖြစ်သောကြောင့် ဧကန် ကမ္မဇရုပ် မည်၏။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ အာကာသ --- ဤရုပ် (၉)မျိုးသည် အနေကန်အားဖြင့်သာ ကံကြောင့် ဖြစ်သောကြောင့် အနေကန် ကမ္မဇရုပ် မည်၏။

၂။ စိတ်ကြောင့်ဖြစ်သောရုပ်, ဥတုကြောင့်ဖြစ်သောရုပ် အာဟာရကြောင့်ဖြစ်သောရုပ်သည် ကံမှ တစ်ပါးသော အကြောင်းကြောင့်ဖြစ်သော အကမ္မဇရုပ် မည်၏။

၃။ ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ ဟူသော လက္ခဏရုပ် လေးပါးသည် ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့တွင် မည်သည့် တစ်စုံတစ်ခုသော အကြောင်းကြောင့်မှ မဖြစ်သော နေဝကမ္မဇံ နာကမ္မဇံရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

၁။ စိတ်ကြောင့်ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုး, အသံ = သဒ္ဒါရုံ, အာကာသဓာတ်, ကာယဝိညတ်, ဝစီဝိညတ်, လဟုတာ မုဒုတာ ကမ္မညတာ -ဤ (၁၅)မျိုးသောရုပ်သည် စိတ္တဇရုပ် မည်၏။

၂။ ကမ္မဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်သည် စိတ်ကြောင့်မဖြစ်သော အစိတ္တဇရုပ် မည်၏။

၃။ လက္ခဏရုပ် လေးမျိုးသည် နေဝစိတ္တဇံ နာစိတ္တဇံရုပ် မည်၏။

၁။ အာဟာရကြောင့်ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုး, အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ --- ဤ (၁၂) မျိုးသောရုပ်သည် အာဟာရကြောင့် ဖြစ်သော အာဟာရဇရုပ် မည်၏။

၂။ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ်သည် အာဟာရကြောင့် မဖြစ်သော အနာဟာရဇရုပ် မည်၏။

၃။ လက္ခဏရုပ် (၄)မျိုးသည် နေဝအာဟာရဇံ နအနာဟာရဇံရုပ် မည်၏။

၁။ ဥတုကြောင့် ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုး, အသံ = သဒ္ဒါရုံ, အာကာသဓာတ်, လဟုတာ မုဒုတာ ကမ္မညတာ --- ဤ (၁၃)မျိုးသော ရုပ်သည် ဥတုကြောင့်ဖြစ်သော ဥတုဇရုပ် မည်၏။

၂။ ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်သည် ဥတုကြောင့် မဖြစ်သော အနုတုဇရုပ် မည်၏။

၃။ လက္ခဏရုပ် (၄)မျိုးသည် နေဝဥတုဇံ နအနုတုဇံရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

လေးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ရူပါယတန = ရူပါရုံသည် စက္ခုဝိညာဏ်၏ အာရုံဖြစ်သောကြောင့် ဒိဋ္ဌ မည်၏။

၂။ သဒ္ဒါယတန = သဒ္ဒါရုံသည် သောတဝိညာဏ်၏ အာရုံဖြစ်သောကြောင့် သုတ မည်၏။

၃။ ဂန္ဓာယတန-ရသာယတန-ဖောဋ္ဌဗ္ဗာယတန = ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံသည် မိမိတို့ ထံမှောက်သို့ ဆိုက် ရောက်လာသော အာရုံကိုယူတတ်သော ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေတို့၏ အာရုံဖြစ်သောကြောင့် မုတ မည်၏။

(က) ဃာနဝိညာဏ်သည် ဃာနိန္ဒြေသို့ ဆိုက်ရောက်လာသော ဂန္ဓာရုံကို,

( ခ ) ဇိဝှါဝိညာဏ်သည် ဇိဝှိန္ဒြေသို့ ဆိုက်ရောက်လာသော ရသာရုံကို,

( ဂ ) ကာယဝိညာဏ်သည် ကာယိန္ဒြေသို့ဆိုက်ရောက်လာသော ဖောဋ္ဌဗ္ဗာရုံကို, အာရုံယူတတ်၏။ ထိုကြောင့် ယင်းအာရုံ သုံးမျိုးသည် မုတ မည်၏။

၄။ ကြွင်းသော (၂၁)မျိုးသောရုပ်သည် မနောဝိညာဏ်၏သာလျှင် အာရုံဖြစ်သောကြောင့် ဝိညာတ မည်၏။

၁။ နိပ္ဖန္နရုပ် (၁၈)ပါးသည် ရူပရူပရုပ် မည်၏။

၂။ အာကာသဓာတ်သည် ပရိစ္ဆေဒရုပ် မည်၏။

၃။ ကာယဝိညတ် ဝစီဝိညတ် လဟုတာ မုဒုတာ ကမ္မညတာ --- ဤရုပ် (၅)မျိုးသည် ဝိကာရရုပ် မည်၏။

၄။ ဇာတိ ဇရာ ဘင်္ဂ = ဥပစယ သန္တတိ ဇရတာ အနိစ္စတာ --- ဤ (၄)မျိုးသည် လက္ခဏရုပ် မည်၏။

၁။ ဟဒယရုပ်သည် ဝတ္ထုရုပ် မည်၏၊ ဒွါရရုပ် မမည်။

၂။ ကာယဝိညတ် ဝစီဝိညတ် နှစ်မျိုးသည် ဒွါရရုပ် မည်၏၊ ဝတ္ထုရုပ် မမည်။

၃။ ပသာဒရုပ် (၅)မျိုးသည် ဝတ္ထုရုပ်လည်း မည်၏၊ ဒွါရရုပ်လည်း မည်၏။

၄။ ကြွင်းသော (၂၀)မျိုးသောရုပ်သည် ဝတ္ထုရုပ်လည်း မမည်၊ ဒွါရရုပ်လည်း မမည်။ (ဝိသုဒ္ဓိ၊၂၊၈၁။)

ငါးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ဟဒယဝတ္ထုနှင့် ဣန္ဒြိယရုပ် (၈)မျိုးသည် ကံကြောင့်သာလျှင်ဖြစ်သော = ကံဟူသော အကြောင်းတစ်မျိုး တည်းကြောင့်သာဖြစ်သော ဧကဇရုပ် မည်၏။

ဝိညတ်ရုပ် နှစ်မျိုးသည် စိတ်ကြောင့်သာဖြစ်သော = စိတ်ဟူသော အကြောင်းတစ်မျိုးတည်းကြောင့်သာ ဖြစ်သော ဧကဇရုပ် မည်၏။

၂။ သဒ္ဒါယတန = သဒ္ဒါရုံသည် စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏။ ထိုကြောင့် ထိုသဒ္ဒါရုံသည် အကြောင်း နှစ်မျိုးကြောင့်ဖြစ်သော ဒွိဇရုပ် မည်၏။

၃။ လဟုတာ, မုဒုတာ, ကမ္မညတာ --- ဤရုပ် (၃)မျိုးသည် စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏၊ အာဟာရကြောင့်လည်း ဖြစ်၏။ ထိုကြောင့် ထိုရုပ် (၃)မျိုးသည် အကြောင်း (၃)မျိုးကြောင့်ဖြစ်သော တိဇရုပ် မည်၏။

၄။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုးနှင့် အာကာသဓာတ်သည် --- ကံကြောင့် ဖြစ်သည်လည်း ရှိ၏၊ စိတ်ကြောင့် ဖြစ်သည်လည်း ရှိ၏၊ ဥတုကြောင့် ဖြစ်သည် လည်း ရှိ၏၊ အာဟာရကြောင့် ဖြစ်သည်လည်း ရှိ၏။ ထိုကြောင့် ဤရုပ် (၉)မျိုးသည် အကြောင်း (၄)မျိုးကြောင့်ဖြစ်သော စတုဇရုပ် မည်၏။

၅။ လက္ခဏရုပ် (၄)မျိုးသည် မည်သည့်အကြောင်းကြောင့်မျှ မဖြစ်သောကြောင့် နကုတောစိဇာတရုပ် = နကုတောစိသမုဋ္ဌာန်ရုပ် မည်၏။

ရုပ်အစစ်တို့၏ ဖြစ်မှု ဥပါဒ်သည် ဥပစယ သန္တတိဟု နှစ်မျိုးခွဲထားသော ဇာတိတည်း။ ဥပါဒ်၏ ဥပါဒ်သည် = ဇာတိ၏ ဇာတိသည် မရှိကောင်းပေ၊ မရှိသည်သာ ဖြစ်၏။ ဥပါဒ်ပြီးသော ရုပ်၏ ရင့်ခြင်းမျှသည်သာ ဇရာဖြစ်၏၊ ပျက်ခြင်းမျှသည်သာ မရဏဖြစ်၏။ ထိုကြောင့် လက္ခဏရုပ် (၄)မျိုးသည် တစ်စုံတစ်ခုသော မည်သည့် အကြောင်း ကြောင့်မျှ မဖြစ်သည့် နကုတောစိဇာတရုပ် မည်၏။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ အာကာသဓာတု အာပေါဓာတု ရူပဿ လဟုတာ, ရူပဿ မုဒုတာ, ရူပဿ ကမ္မညတာ, ရူပဿ ဥပစယော, ရူပဿ သန္တတိ, ကဗဠီကာရော အာဟာရော၊ ဣမေ ဓမ္မာ စိတ္တသမုဋ္ဌာနာ။ (အဘိ၊၁၊၂၃၉။)

ဤသို့စသော ပါဠိတော်တို့၌ ဥပစယ သန္တတိဟူသော ဇာတိရုပ်ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်မှုကို ခွင့်ပြုထားတော်မူ၏။ ထို တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်မှုကိုလည်း ရုပ်ကို ဖြစ်စေတတ်ကုန် သော ကံ-စိတ်-ဥတု-အာဟာရ ဟူသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့၏ မိမိ မိမိကိစ္စကို ပြီးစေသော အာနုဘော်၏ ထင်ရှားရှိသောခဏ၌ ယင်းရုပ်တရားတို့၏ ဇာတိသဘောတရား၏ မြင်အပ်သည်၏ အဖြစ်ကြောင့် ခွင့်ပြုတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၂။)

ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ ကံကြောင့် ကမ္မဇရုပ် ဖြစ်ပုံ,

၂။ စိတ်ကြောင့် စိတ္တဇရုပ် ဖြစ်ပုံ,

၃။ ဥတုကြောင့် ဥတုဇရုပ် ဖြစ်ပုံ,

၄။ အာဟာရကြောင့် အာဟာရဇရုပ် ဖြစ်ပုံ ဟူသော

ဆိုင်ရာဆိုင်ရာ အကြောင်းတရားကြောင့် ဆိုင်ရာဆိုင်ရာ အကျိုးရုပ်တရားတို့၏ ဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရာ၌ ထိုထို အကြောင်းတရားတို့၏ ထိုထို အကျိုး တရားတို့ကို ဖြစ်ပေါ်လာအောင် မိမိ မိမိ၏ကိစ္စကို ရွက်ဆောင်နေဆဲခဏ၌ မိမိ မိမိ၏ကိစ္စကို ပြီးစေသော အာနုဘော် ထင်ရှားရှိနေဆဲခဏ၌ ရုပ်တရားတို့၏ ဖြစ်မှု ဇာတိကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် တွေ့မြင် နေ၏။ ထိုသို့ ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားတို့၏ မိမိ မိမိ၏ ကိစ္စကို ပြီးစေသော အာနုဘော် ထင်ရှားရှိနေဆဲခဏ၌ ယင်း ဇာတိသဘောကို ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် တွေ့မြင်အပ်သောကြောင့် တစ်စုံတစ်ခုသော အကြောင်းတရားကြောင့် ယင်းဇာတိရုပ်၏ ဖြစ်မှုကို ဘုရားရှင်သည် ခွင့်ပြုတော်မူအပ်ပေသည်။ ဆိုင်ရာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာကြရသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် တွေ့မြင်ရသကဲ့သို့ ယင်းရုပ်တရားတို့ကို ဉာဏ်ဖြင့် မြင်သောအခါ ယင်းရုပ်တရားတို့၏ ဖြစ်မှု ဇာတိကိုလည်း မြင်တွေ့ရသည်သာ။ ဤအကြောင်းပရိယာယ်ကြောင့် ဘုရားရှင် ခွင့်ပြုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၁၁၁ - ကြည့်။)

ရူပက္ခန္ဓကထာ အခန်း ပြီး၏။