မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/ရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်း

ဝီကီရင်းမြစ် မှ
5456နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်းဖားအောက်တောရဆရာတော်

ရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်း

၁။ ပထဝီဓာတ်

၁။ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု၊

၂။ ပတိဋ္ဌာနရသာ၊

၃။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၁။ ပထဝီဓာတ်သည်

၁။ ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘောလက္ခဏာ ရှိ၏။

၂။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ ရှိ၏။

၃။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်ကခံထားတတ်သော သဘောတရားဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။

၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။

မှတ်ချက် --- အထက်ပါ ဘာသာပြန်ဆိုချက်မှာ အတိုဆုံး ဘာသာပြန်ဆိုချက် တစ်မျိုးပင် ဖြစ်သည်၊ ထို ဘာသာပြန်ကို နားလည်ရန် ထပ်မံရှင်းလင်းချက်များကား လိုအပ်နေမည်သာ ဖြစ်သည်။ သို့သော် စာနေ ကျဉ်းရန်လည်းကောင်း, နောက်နောက် လက္ခဏ-ရသ စသည်တို့၌ နည်းတူမှတ်ရန်လည်းကောင်း ရည်ရွယ်၍ အနည်းငယ် တိုတောင်းသော ဘာသာပြန်ဆိုမှု တစ်ခုကို ထပ်မံ တင်ပြအပ်ပါသည်။ အတိုကောက်ပင် ရေးသား ထားသော်လည်း အထက်ပါ ဘာသာပြန်အတိုင်း အရကျက်လိုက ကျက်ပါ။ သဘောအဓိပ္ပါယ်ကိုမူကား အထက် ပါ ဘာသာပြန်အတိုင်းသာ မှတ်ပါ။ ကြွင်းကျန်သော လက္ခဏ-ရသ စသည်တို့၌လည်း နည်းတူ မှတ်ပါ။

၁။ ပထဝီဓာတ်

၁။ ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘော လက္ခဏ၊

၂။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်ကခံထားတတ်သောသဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

ရှုပုံနည်းစနစ်

(၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ကလာပ်တိုင်း၌လည်းကောင်း, ရုပ်အတုများ ပါဝင်သော စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တိုင်း၌လည်းကောင်း ပထဝီဓာတ်သည် အမြဲတမ်း ပါဝင်လျက် ရှိ၏။ ခန္ဓာအိမ်အတွင်းဝယ် တစ်စိတ်သားခန့်မျှရှိသော ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ရှိသော ပထဝီဓာတ်တိုင်း ပထဝီဓာတ်တိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်ပေ။ သို့သော် ရုပ်တုံးရုပ်ခဲဟူသော ရုပ်ဃန အတုံးအခဲ ပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် ယင်း (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ ရှိသော ရုပ်ကလာပ်အမျိုးအစားတိုင်း၌ ပါဝင်သော ပထဝီဓာတ်တိုင်းကိုကား လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ရမည် ဖြစ်၏။

သို့အတွက် မိမိသိမ်းဆည်းလိုသည့် ပထဝီဓာတ်ပါဝင်သည့် ရုပ်ကလာပ်ကို ရှေးဦးစွာ ဓာတ်ခွဲပြီးလျှင် ရုပ်ပရမတ် သဘောတရားသက်သက်ကို မြင်သောအခါမှ မိမိရှုပွား သိမ်းဆည်းလိုသော ပထဝီဓာတ်ကို ရွေးထုတ်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် သိမ်းဆည်းပါ။

သို့သော် ပို၍ကောင်းသော စနစ်တစ်ခုမှာ ရုပ်ကလာပ်အလိုက် (၁၀)လုံးရှိက (၁၀)လုံး, (၉) လုံးရှိက (၉) လုံး, (၈)လုံးရှိက (၈)လုံးသော ရုပ်သဘောတရားတို့ကို ကုန်စင်အောင် ရှုခြင်းက ပို၍ကောင်းပေသည်။ စက္ခုဒွါရ = မျက်စိဌာန၌ ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးရှိရာ ယင်း (၅၄)မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ အဇ္ဈတ္တ၌ (၅၄)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌လည်း ယင်း (၅၄)မျိုးသော ရုပ်တရားတို့ကို နည်းတူ ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် သောတဒွါရ စသည်တို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း ပုံစံတူပင် ဆက်လက်သိမ်းဆည်းပါ။ ထိုကဲ့သို့ သိမ်းဆည်းနိုင်ရေးအတွက် အသင်သူတော်ကောင်းသည် ရုပ် (၂၈)ပါးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှေးဦးစွာ အလွတ်ရရှိထားဖို့ ကျေညက်နေဖို့ လိုအပ်ပေသည်။ သို့မှသာလျှင် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ကုန်စင်အောင် ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်မည် ဖြစ်သည်။

ဥပမာ --- စက္ခုဒွါရဝယ် စက္ခုဒသကကလာပ်၌ တည်ရှိနေသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းလိုသည် ဖြစ်အံ့၊ မိမိ သိမ်းဆည်းရှုပွားလိုသော စက္ခုဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ မျက်စိ၌ စက္ခုဒသကကလာပ်ပေါင်းများစွာ ရှိရာဝယ် မိမိ သိမ်းဆည်းလိုသော စက္ခုဒသကကလာပ်၌သာ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရန် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းပြီးမှ ထို (၁၀)မျိုးသော ရုပ် သဘောတရားများမှ ပထဝီဓာတ်ကို ရွေးထုတ်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ယင်းပထဝီ ဓာတ်ကို ထပ်မံ၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော ပထဝီမှကြွင်းသော အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ-စက္ခုပသာဒ ဟူသော (၉)မျိုးသော ရုပ်တရားတို့ကိုလည်း တစ် လုံးစီ တစ်လုံးစီ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ဆက်လက်၍ အစဉ်အတိုင်း သိမ်းဆည်းပါ။ အလားတူပင် စက္ခုဒွါရ၌ တည်ရှိကြသော ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇအဋ္ဌကလာပ်, ဥတုဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်တို့၌လည်း အစဉ်အတိုင်း ဆက်လက် သိမ်းဆည်းပါ။ ရုပ်ကမ္မဋ္ဌာန်း ပိုင်းတွင် ရေးသားထားသော ရုပ်ကမ္မဋ္ဌာန်း ဇယားများအတိုင်း (၅၄)မျိုးသော ရုပ်တရားတို့ကို အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ဌာနတို့၌ ကုန်စင်အောင် သိမ်းဆည်းပါ။ (၆)ဒွါရ, (၄၂)ကောဋ္ဌာသ စသည်တို့၌ ပုံစံတူပင် သိမ်းဆည်းရမည် ဖြစ်သည်။

ပထဝီဓာတ် --- စက္ခုဒသက ကလာပ်ဝယ် ရုပ်ပရမတ် သဘောတရား (၁၀)မျိုးထဲမှ ပထဝီဓာတ်ကို ရွေး ထုတ်၍ မာမှုသဘော = ခက်မာခြင်းသဘောကို မြင်အောင်ရှုပါ။ ပထဝီဓာတ်၏ သဘာဝလက္ခဏာပင်တည်း။ မဟာရာဟုလောဝါဒသုတ္တန် စသည်တို့၌ ပထဝီဓာတ်ကို ကက္ခဠံ ခရိဂတံဟု မာမှုသဘော ကြမ်းမှုသဘော သဘောနှစ်မျိုး ဟောထားတော်မူ၏။ နှစ်မျိုးလုံးကိုပင် ရှုနိုင်ပါသည်။ တစ်ဖန် ယင်းပထဝီဓာတ်သည် မိမိမှ ကြွင်းသော (၉)မျိုးသော ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်လျက် ရှိ၏။ ကိစ္စရသတည်း။ ယင်း သဘောတရားကိုလည်း မြင်အောင်ရှုပါ။ စက္ခုဒွါရ၌ စက္ခုဒသကကလာပ်ပေါင်းများစွာ ရှိရာ ယင်းပထဝီဓာတ်သည် ကလာပ်တူရုပ်တရားတို့၏သာ တည်ရာဖြစ်ခြင်း ကိစ္စ ရှိ၏၊ ကလာပ်ကွဲပြားကုန်သော ကလာပ်ပြား ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏သာ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်ပေးနိုင်၏။ ကြွင်းရုပ်ကလာပ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ထိုသို့ ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်နေသောကြောင့်ပင်လျှင် ထိုပထဝီဓာတ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ယင်းပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်က ခံထားတတ်သော သဘောတရား = အောက်က ခံလင့်သော အခြင်းအရာအားဖြင့် ဖြစ်နေသော သဘောတရားဟု ထင်လာ၏။ ပစ္စုပဋ္ဌာန်တည်း။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်နေသဖြင့် ပထဝီဓာတ်က အောက်က, ကြွင်းကလာပ်တူ ရုပ်တရားတို့က ပထဝီဓာတ် ကို မှီနေသည့် အပေါ်က တည်နေသည့် သဘောတရားများအဖြစ် ယင်းပထဝီဓာတ်ကို ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်ဝတွင် ရှေးရှူထင်လာသည်ဟု ဆိုလိုသည်။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

ပထဝီဓာတု အာပေါသင်္ဂဟိတာ တေဇောအနုပါလိတာ ဝါယောဝိတ္ထမ္ဘိတာ တိဏ္ဏံ မဟာဘူတာနံ ပတိဋ္ဌာ ဟုတွာ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၅။)

ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ဓာတ်ကြီး (၃)ပါးလျှင် နီးစွာသောအကြောင်း ရှိ၏။ အာ ပေါဓာတ်က ကလာပ်တူ ရုပ်တရားတို့ကို ပေါင်းစု ဖွဲ့စည်းပေးပါမှ, တေဇောဓာတ်ကလည်း မိမိ၏ အပူဓာတ်ငွေ့ ဖြင့် ကလာပ်တူ ရုပ်တရားတို့ကို ရင့်စေ ကျက်စေသည်၏ အစွမ်းဖြင့် စောင့်ရှောက်ပေးပါမှ, ဝါယောဓာတ်ကလည်း ကလာပ်တူ ရုပ်တရားတို့ကို ထောက်ကန်ပေးပါမှ, ပထဝီဓာတ်သည် ကလာပ်တူ မဟာဘုတ်တို့နှင့် တကွသော ရုပ်တရားတို့အား တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးနိုင်၏။ ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်း ရပ်ကိုလည်း ရွက်ဆောင်ပေးနိုင်၏။ ကျန်ဓာတ် (၃)ပါး မပါဘဲ မိမိချည်းသက်သက် ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။ သို့အတွက် ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးလျှင် အနီးကပ်ဆုံးသော အကြောင်းတရားရှိသော တရား ဖြစ်ရပေသည်။ ပဒဋ္ဌာန်ပင်တည်း။

တစ်ဖန် အာပေါဓာတ်ဖြင့် ဖွဲ့စည်းထားအပ်သော, တေဇောဓာတ်ငွေ့ဖြင့် အစဉ်စောင့်ရှောက်ထားအပ်သော, ဝါယောဓာတ်ဖြင့် ထောက်ကန်ထားအပ်သော ပထဝီဓာတ်ကလည်း အာပေါ-တေဇော-ဝါယောဟူသော မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ်ကြီး (၃)ပါးတို့၏ တည်ရာ ဖြစ်၍ ထိုဓာတ်ကြီး (၃)ပါးတို့အား တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးပြန်၏။ ပထဝီဓာတ်က ယင်းကဲ့သို့ တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့်လည်း အာပေါ ဓာတ်က ကလာပ်တူ ရုပ်တို့ကို ဖွဲ့စည်းနိုင်၏။ တေဇောဓာတ်က ကလာပ်တူ ရုပ်တို့ကို ပူစေ အေးစေ ရင့်ကျက်စေ နိုင်၏။ ဝါယောဓာတ်ကလည်း ပထဝီ၌ ရပ်တည်ရသဖြင့် ကလာပ်တူ ရုပ်တရားတို့ကို ထောက်ကန်ထားနိုင်၏။ အိမ်တစ်အိမ်ကို ကျားခေါ်သည့် သစ်သားချောင်းတစ်ချောင်းဖြင့် ထောက်ကန်ရာ၌ ထောက်ကန်မည့် သစ်သားချောင်း၏ ရပ်တည်ဖို့ရန် မြေနေရာကား လိုအပ်လျက်ပင်ရှိ၏၊ သစ်တုံးတစ်တုံးကို တစ်နေရာမှ တစ်နေရာသို့ ရွေ့သွားအောင် တွန်းကန်ရာ၌လည်း တွန်းကန်မည့်သူများ ရပ်တည်နေဖို့ရန် မြေနေရာကား လိုအပ်လျက်ပင် ရှိ၏။ ဤဥပမာများအတူ မှတ်ပါ။

ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဟူ၏သို့ အပြန်အလှန် ကျေးဇူးပြုလျက်ရှိ၏။ ယင်းသို့သော ကျေးဇူးပြုမှုကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော်၌ ဤသို့ ဟောကြားထားတော်မူ၏။ ---

စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

ဤကဲ့သို့ ပရမတ္ထတရား တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက် သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုမှုကိုပင် အဋ္ဌကထာကြီးများက ပဒဋ္ဌာန်ဟု ခေါ်ဝေါ်သုံးစွဲထားခြင်းဖြစ်၏။ သို့အတွက် ပဒဋ္ဌာန်ကို ဘုရားမဟောပါဟု တစ်ဖက်သတ် အယူသန်နေပါလျှင် အသင်သူတော်ကောင်းအတွက် အခွင့် ကောင်းကြီးများ ဆုံးရှုံးသွားနိုင်၏။ အလွန် နက်နဲသိမ်မွေ့သော ပရမတ္ထသစ္စာနယ်၌ ကျက်စားနိုင်သော စွမ်းအင် သတ္တိထူး ရှိသော အသင်သူတော်ကောင်း၏ ဉာဏ်သည် ကျက်စားခွင့် ကွန့်မြူးစမ္ပာယ်ခွင့်ကို မရရှိ ဖြစ်သွားနိုင် ပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။

၂။ အာပေါဓာတ်

၁။ အာပေါဓာတု ပဂ္ဃရဏလက္ခဏာ၊

၂။ ဗြူဟနရသာ၊

၃။ သင်္ဂဟပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၂။ အာပေါဓာတ်

၁။ ယိုစီးခြင်းသဘော လက္ခဏ၊

၂။ အတူဖြစ်သော ရုပ်တရားတို့ကို တိုးပွားစေခြင်း (ကိစ္စ) ရသ၊

၃။ ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

ဝိဿန္ဒနဘာဝေန တံ တံ ဌာနံ အပ္ပေါတိ (ပပ္ပေါတီ)တိ အာပေါ။ ကမ္မသမုဋ္ဌာနာဒိဝသေန နာနာဝိဓေသု အာပေသု ဂတန္တိ အာပေါဂတံ။ ကိံ တံ? အာပေါဓာတုယာ အာဗန္ဓနလက္ခဏံ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ဝိဿန္ဒနဘာဝေနာတိ ပဂ္ဃရဏသဘာဝေန။ အပ္ပေါတီတိ ဝိသရတိ။ ပပ္ပေါတီတိ ပါပုဏာတိ၊ သသမ္ဘာရအာပဝသေန စေတံ ဝုတ္တံ။ သော ဟိ ဝိဿန္ဒနဘာဝေန သသမ္ဘာရပထဝီသင်္ခါတံ တံ တံ ဌာနံ ဝိသရတိ ပါပုဏာတိ စ၊ လက္ခဏာပဝသေနေဝ ဝါ။ သောပိ ဟိ သဟဇာတ-အညမည-နိဿယာဒိပစ္စယတာယ သေသဘူတတ္တယသင်္ခါတံ တံ တံ ဌာနံ ဒြဝဘာဝသိဒ္ဓေန ဝိဿန္ဒနဘာဝေန အာဗန္ဓတ္တံ, အာသတ္တတ္တံ, အဝိပ္ပကိဏ္ဏဉ္စ ကရောန္တံ အပ္ပေါတိ ပပ္ပေါတီတိ ဝတ္တဗ္ဗတံ အရဟတီတိ။ (မဟာဋီ၊၁၊၄၃၀။)

ယိုစီးခြင်းသဘောဖြင့် ထိုထို ဌာနသို့ (တစ်နည်း --- ကြွင်းသောဓာတ်သုံးပါးဟု ဆိုအပ်သော ဌာနထိုထိုသို့) ရွေ့သွားတတ် ရောက်သွားတတ်သောကြောင့် အာပေါဟု ခေါ်ဆိုသည်။ သသမ္ဘာရ အာပေါဓာတ်၏ အစွမ်းဖြင့် ဤစကားကို ပြောဆိုခြင်း ဖြစ်သည်။ မှန်ပေသည် --- ထိုသသမ္ဘာရ အာပေါဓာတ်သည် အရည်အဖြစ်ဖြင့် သို့မဟုတ် ယိုစီးခြင်းသဘောဖြင့် သသမ္ဘာရ ပထဝီဟု ခေါ်ဆိုအပ်သော ထိုထို အရပ်သို့ ရွေ့တတ် ရောက်တတ်၏။

ယင်းသို့ဖြစ်သော် ပရမတ္ထဓမ္မသဘာဝ ဟူသမျှသည် ဖြစ်သည့်နေရာမှာပင် ပျက်တတ်ရကား ဖြစ်သည့်နေရာမှ အခြားတစ်နေရာသို့ မရွေ့သည်မဟုတ်လောဟု မေးမြန်းဖွယ်ရာရှိ၍ မဟာဋီကာဆရာတော်က သသမ္ဘာရ အာပေါဓာတ်၏ အစွမ်းဖြင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က မိန့်ဆိုသွားတော်မူ၏ဟု ရှင်းပြ ထား၏။

သသမ္ဘာရအာပေါ --- ဟူသည်မှာ သန္တတိဃနစသည့် ပညတ်များ လုံးဝမစင်သေးသော အာပေါ ဖြစ်သည်။ ယင်းသို့ဖြစ်သော် လက္ခဏအာပေါသည်လည်း ယိုစီးမှုသဘော မရှိတော့ပြီလောဟု မေးဖွယ်ရာ ရှိလာပြန်၏။ထိုအမေးကို ဖြေဆိုခြင်းငှာ --- လက္ခဏာပဝသေနေဝ ဝါ စသည်ဖြင့် မဟာဋီကာဆရာတော်က တစ်နည်း ထပ်မံ၍ ဖွင့်ဆိုတော်မူပြန်သည်။

သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ရုပ်တုံး ရုပ်ခဲ ရုပ်ဃနပြိုပြီးသော ပညတ်ကင်းစင်ပြီးသော ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်သော အာပေါဓာတ်သည် လက္ခဏ အာပေါ မည်၏။ ယင်းလက္ခဏ အာပေါဓာတ်သည်လည်း သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိ တို့ဖြင့် ကြွင်းဓာတ် (၃)ပါးတို့၏ အပေါင်းဟု ဆိုအပ်သော ကလာပ်တူ ရုပ်တရားတို့အား ကျေးဇူးပြုပေးတတ်သဖြင့် ကလာပ်တူ ကြွင်းဓာတ် (၃)ပါးတို့၏ အပေါင်းဟု ဆိုအပ်သော ထိုထို ဌာနသို့ မိမိ၏ ပျောင်းပျော့သော အရည် အဖြစ်ဖြင့်ပြီးသော ယိုစီးပျံ့နှံ့သောသဘောဖြင့် ဖွဲ့စည်းမှုကိုလည်းကောင်း, ငြိကပ်မှုကိုလည်းကောင်း, ဖရိုဖရဲ မရှိခြင်းကိုလည်းကောင်း ပြုသည် ဖြစ်၍ ရွေ့၏ ရောက်၏ဟု ဆိုအပ်သည်၏ အဖြစ်ကို ထိုက်သောကြောင့် ရွေ့၏ ရောက်၏ဟု ဆိုသင့်သည် ဟူလိုသော်။ (မဟာဋီ၊၁၊၄၃၀။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ ပကတိရေများ စီးသွားသကဲ့သို့ ယိုစီးမှုသဘောကို တွေ့လျှင် သသမ္ဘာရအာပေါကို တွေ့သည်မှတ်ပါ။ ပညတ်ကား လုံးဝ မစင်သေးပေ။ ဓာတ်ကမ္မဋ္ဌာန်းဖြင့် စတင်၍ သမာဓိကို ထူထောင်ခိုက်၌ သို့မဟုတ် အာနာပါနကမ္မဋ္ဌာန်းစသည့် ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် စတုတ္ထစျာန်သမာဓိသို့, (သို့မဟုတ် ဥပစာရသမာဓိ, အပ္ပနာသမာဓိ တစ်ခုခုသို့) ဆိုက်အောင် သမာဓိကို ထူထောင်ပြီးသောအခါ ရုပ်တရား တို့ကို သိမ်းဆည်းလို၍ ဓာတ်ကြီး (၄)ပါးကို စတင်၍ ရှုခိုက်၌ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မတွေ့မြင်ရသေးသည့် အချိန်ဝယ် ယောဂါဝစရပုဂ္ဂိုလ်သည် သသမ္ဘာရပထဝီဓာတ်, သသမ္ဘာရအာပေါဓာတ်, သသမ္ဘာရတေဇောဓာတ်, သသမ္ဘာရဝါယောဓာတ်တို့ဖြင့် ပြည်တည်၍ သမာဓိကို စတင်ပြုစုပျိုးထောင်ရ၏။ သမာဓိဒီဂရီ စံချိန်မီ၍ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ရှုနိုင် ဓာတ်ခွဲနိုင်သောအခါတွင်မူ လက္ခဏပထဝီ, လက္ခဏအာပေါ, လက္ခဏတေဇော, လက္ခဏဝါယောသို့ ဆိုက်ပြီ ဖြစ်၏။ ယင်း လက္ခဏပထဝီ စသည်တို့ကား အညစ်အကြေး ကင်းစင်ပြီးသော လှော်ပြီး ဦးပြီးသော ရွှေစင်ကဲ့သို့ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲ ဃနပညတ်များ လုံးဝ စင်ပြီးသော ပရမတ်အစစ် ဓာတ်အနှစ်တို့ ဖြစ်ကြ၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော ရုပ်ပရမတ်တရား အသီးအသီးကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် စနစ်တကျ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ရှုနိုင်သောအခါ သန္တတိဃန သမူဟဃနတို့နှင့်တကွ ကိစ္စဃနပါ ပြိုသွားပြီဖြစ်၍ ပညတ်အညစ်အကြေးများ လုံးဝ ကင်းစင်သွားပြီ ဖြစ်၏။ ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ရှိသော ပထဝီ-အာပေါ-တေဇော-ဝါယောတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်သောအခါ လက္ခဏပထဝီ လက္ခဏအာပေါ လက္ခဏတေဇော လက္ခဏဝါယောသို့ ဆိုက်ပြီ ဖြစ်၏။

ယင်း လက္ခဏအာပေါကား ပကတိရေများ စီးသွားသကဲ့သို့ စီးဆင်းသွားသည်ကား မဟုတ်, မိမိနှင့် အတူ ဖြစ်သော ကလာပ်တူ ကျန်ဓာတ် (၃)ပါးသို့ မိမိ၏ အရည်အဖြစ်ဖြင့် ပြီးသော ယိုစီးမှုသဘော စွတ်စိုမှုသဘော၏ ပျံ့နှံ့စိမ့်ဝင်မှုသဘောကို ဆိုလိုသည်။ ယင်း ဓာတ်သဘောတရားမှာ မိမိနှင့် အတူဖြစ်သော ကလာပ်တူ ဓာတ် (၃)ပါးကို သို့မဟုတ် ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းမှု ငြိကပ်မှု ဖရိုဖရဲ မကျဲအောင် ပြုမှုပင်တည်း။ ထိုကြောင့် ယံ အာဗန္ဓနလက္ခဏံ၊ အယံ အာပေါဓာတု -- (ဝိသုဒ္ဓိ၊၁၊၃၄၆။) -- အာပေါဓာတ်သည် ကလာပ်တူ ရုပ်တရား တို့ကို ဖွဲ့စည်းတတ်သော သဘောလက္ခဏာ ရှိ၏ -- ဟု တစ်မျိုးအားဖြင့် ဖွင့်ဆိုရပြန်လေသည်။ သို့သော် ပကတိသော ရေများ၏ ပျံ့နှံ့စီးသွားခြင်းမှာလည်း ဤ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော များစွာသော ရုပ်ကလာပ်တို့၏ ပေါင်းစုမိခြင်း တိုးပွားများပြားခြင်းကြောင့် ရုပ်ကလာပ်တို့၏ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်ခြင်း သဘောတရားပင်တည်း။

ဤအာပေါဓာတ်သည် အတူဖြစ်သော သဟဇာတ် ရုပ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စရသ ရှိ၏။ ဤအာပေါဓာတ်၏ ကိစ္စကြောင့် ရုပ်တရားများ တိုးပွားကြသဖြင့် သစ်ပင်တောတောင်များ စည်ကားပုံ, သတ္တဝါများ ကြီးထွားလာပုံ, ဝဖြိုးလာပုံကို ဆင်ခြင်လေ။ သစ်ပင်များကား တေဇောဓာတ် = ဥတု၏ အစီးအပွားပင်တည်း။ သို့သော် ယင်းတေဇောဓာတ်သည် ပထဝီဓာတ် အာပေါဓာတ် ဝါယောဓာတ်တို့၏ အထောက်အပံ့ကို ရပါမှ သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှုကို ဆက်ခံရပါမှ ဥတုဇဩဇဋ္ဌမကရုပ် အသစ်အသစ်တို့ကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏။ ပထဝီရသ, အာပေါရသရည်များကို သောက်သုံးရပါမှ သစ်ပင်များ ကြီးထွားလာနိုင်၏။ အလားတူပင် အာဟာရကို မှီဝဲကြကုန်သော သက်ရှိသတ္တဝါတို့၏ သန္တာန်ဝယ် အာဟာရဇရုပ်တို့၏ တိုးပွားမှုမှာလည်း အာပေါရသရည်၏ ကျေးဇူးပြုမှု အထောက်အပံ့ကို ရရှိပါမှသာလျှင် တိုးပွားနိုင်ပုံကို သဘော ပေါက်ပါလေ။

ပကတိသောရေသည် မုန့်မှုန့်စသည်ကို ဖရိုဖရဲ မကျဲသွားအောင် မလွင့်ပါးသွားရအောင် ပေါင်းစည်း ဖွဲ့စည်းထားသကဲ့သို့ အလားတူပင် ဤအာပေါဓာတ်သည်လည်း မိမိနှင့်အတူဖြစ်သော ကလာပ်တူ သဟဇာတ် ရုပ်တရားတို့ကို ဖရိုဖရဲ မကျဲသွားရအောင် ပေါင်းစည်း ဖွဲ့စည်းထားတတ်သည်ဟု ယင်းအာပေါဓာတ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာ၏။ ပစ္စုပဋ္ဌာန်တည်း။ ဤ သင်္ဂဟပစ္စုပဋ္ဌာန်ကိုပင် အထက်၌ ဖော်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက --- အာဗန္ဓနလက္ခဏ = မိမိနှင့်အတူဖြစ်သော ကလာပ်တူ သဟဇာတ် ရုပ်တရားတို့ကို ပေါင်းစည်းခြင်း ဖွဲ့စည်းခြင်း ဖွဲ့ထားခြင်း ဖွဲ့စည်းထားတတ်သော သဘောလက္ခဏာ ရှိ၏။-- ဟု ဆိုလေသည်။

အာပေါဓာတု ပထဝီပတိဋ္ဌိတာ တေဇောအနုပါလိတာ ဝါယောဝိတ္ထမ္ဘိတာ တိဏ္ဏံ မဟာဘူတာနံ အာဗန္ဓနံ ဟုတွာ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၅။)

ပထဝီဓာတ်၌ ထောက်ရာ တည်ရာ မှီရာကို ရရှိသော, ပူမှု အေးမှု တေဇောဓာတ်ငွေ့၏ စောင့်ရှောက်မှုကို ရရှိသော, ဝါယောဓာတ်၏ ထောက်ကန်ပေးမှု ထောက်ပံ့ထားမှုကို ရရှိသော အာပေါဓာတ်သည် ပထဝီ တေဇော ဝါယောဟူသော ကလာပ်တူ ဓာတ် (၃)ပါးတို့ကို ဖွဲ့စည်းလျက် ကျေးဇူးပြုပေးတတ်၏။ ဖရိုဖရဲ မကျဲစေခြင်းဖြင့် တွဲသွားအောင် ပြုလုပ်ပေးတတ်၏။ ယင်းသို့ ပြုလုပ်ပေးခြင်းကိုပင် အာပေါဓာတ်က ကလာပ်တူ ကျန်ဓာတ် (၃)ပါးအား သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးသည်ဟု ဆိုသည်။

တစ်ဖန် အာပေါဓာတ်သည်လည်း ဖွဲ့စည်းမှုသဘောကို ဖွဲ့စည်းစရာ အဖွဲ့စည်းခံ ကလာပ်တူ ဓာတ် (၃) ပါး ရှိပါမှသာလျှင် ပြုလုပ်နိုင်၏၊ ဖွဲ့စည်းတတ်သော သဘောတရားသည် အဖွဲ့စည်းခံ = ဖွဲ့စည်းအပ်သော သဘောတရား မရှိက မဖြစ်နိုင်။ ထိုကြောင့် ကလာပ်တူ ကျန်ဓာတ် (၃)ပါးကလည်း အာပေါဓာတ် ရပ်တည် နိုင်အောင် ကျေးဇူးပြုလျက်ပင် ရှိ၏၊ ပထဝီဓာတ်က တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေး၏၊ တေဇောဓာတ်က ပူမှု အေးမှုဖြင့် ရင့်ကျက်အောင် စောင့်ရှောက်ပေး၏၊ မပုပ်သိုးအောင် စောင့်ရှောက်ပေး၏၊ ဝါယောဓာတ်က ထောက်ကန်မှုဖြင့် ထောက်ပံ့ထား၏၊ ထိုကြောင့် အာပေါဓာတ်လည်း ရပ်တည်နိုင်၏၊ ရုပ်တရားတို့ကို တိုးပွားအောင် ပြုလုပ်ခြင်းဟူသော မိမိ၏ လုပ်ငန်းကိစ္စရပ်ကိုလည်း ရွက်ဆောင်နိုင်၏။ ထိုကြောင့် မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးသည် အာပေါဓာတ်၏ အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ပေသည်။ပထဝီဓာတ်နည်းတူပင် ဤ အာပေါဓာတ်ကိုလည်း မိမိ သိမ်းဆည်း ရှုပွားလိုသော ရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ပရမတ် ရုပ်သဘောတရားများထဲမှ အာပေါဓာတ်ကို ရွေးထုတ်ပြီးလျှင် သိမ်းဆည်း ရှုပွားပါ။

၃။ တေဇောဓာတ်

၁။ တေဇောဓာတု ဥဏှတ္တလက္ခဏာ၊

၂။ ပရိပါစနရသာ၊

၃။ မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၃။ တေဇောဓာတ်

၁။ ပူမှုသဘော (အေးမှုသဘော) လက္ခဏ၊

၂။ ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း (ကိစ္စ) ရသ၊

၃။ ကလာပ်တူ ရုပ်တရားတို့ကို နူးညံ့အောင် လျော်စွာ ပြုပြင်ပေးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

တေဇနဝသေန တေဇော၊ ဝုတ္တနယေနေဝ တေဇေသု ဂတန္တိ တေဇောဂတံ။ ကိံတံ? ဥဏှတ္တလက္ခဏံ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

တေဇနဝသေနာတိ နိသိတဘာဝေန တိက္ခဘာဝေန။ ဝုတ္တနယေနာတိ ကမ္မသမုဋ္ဌာနာဒိဝသေန နာနာဝိဓေသူတိ အာပေါဓာတုယံ ဝုတ္တနယေန။ (မဟာဋီ၊၁၊၄၃၀။)

တေဇေတိ ပရိပါစေတီတိ တေဇော -- ပကတိသော မီးသည် ထိုထိုဝတ္ထုကို ကျက်စေသကဲ့သို့လည်းကောင်း, ပူလောင်စေသကဲ့သို့လည်းကောင်း, လောင်ကျွမ်းစေသကဲ့သို့လည်းကောင်း ထို့အတူ ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေတတ် ပူစေတတ် လောင်ကျွမ်းစေတတ်သော အငွေ့ဓာတ်သဘောသည် တေဇော မည်၏။

တေဇောဓာတု ပထဝီပတိဋ္ဌိတာ အာပေါသင်္ဂဟိတာ ဝါယောဝိတ္ထမ္ဘိတာ တိဏ္ဏံ မဟာဘူတာနံ ပရိပါစနံ ဟုတွာ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၅။)

ယင်း တေဇောဓာတ်သည် ပထဝီဓာတ်တည်းဟူသော (လောင်စာ) ထောက်တည်ရာကို ရရှိပါမှ, စွတ်စိုမှု အာပေါဓာတ်က ဖွဲ့စည်းပေးပါမှ (လောင်ဆီရှိပါမှ), ဝါယောဓာတ်၏ ထောက်ကန်ပေးမှု (လေဓာတ်၏ မှုတ် ပေးမှု)ကို ရရှိပါမှ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးတို့ကို ရင့်ကျက်စေသည် ဖြစ်၍ ကျေးဇူးပြုပေးနိုင်၏။ ထိုကြောင့် မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးသည်လည်း တေဇောဓာတ်၏ အနီးကပ်ဆုံးသော အကြောင်း တရား ပဒဋ္ဌာန် ဖြစ်ရပြန်၏။

အသိတပီတာဒိပါစကာ စေတ္ထ ဥသုမာကာရဘူတာ ဥဏှတ္တလက္ခဏာ တေဇောဓာတု ပထဝီပတိဋ္ဌိတာ အာပေါသင်္ဂဟိတာ ဝါယောဝိတ္ထမ္ဘိတာ ဣမံ ကာယံ ပရိပါစေတိ၊ ဝဏ္ဏသမ္ပတ္တိဉ္စဿ အာဝဟတိ။ တာယ စ ပန ပရိပါစိတော အယံ ကာယော န ပူတိဘာဝံ ဒေဿတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)

စားမျိုလိုက်သော အစာ သောက်သုံးလိုက်သော အရည် စသည်တို့ကို ကြေကျက်စေတတ်သော ကိုယ်၌ ဖြစ်သော အပူအငွေ့ဓာတ် အခြင်းအရာသို့ ရောက်သော ပူသည်၏ အဖြစ်တည်းဟူသော လက္ခဏာ ရှိသော တေဇောဓာတ်သည် ပထဝီဓာတ်၌ ရပ်တည်ရသည်ဖြစ်၍, အာပေါဓာတ်သည် ဖွဲ့စည်းသောအားဖြင့် ပေါင်းရုံးစပ်လျက် ယူအပ်သည်ဖြစ်၍, ဝါယောဓာတ်သည် ထောက်ပံ့ထားအပ်သည် ထောက်ကန်ထားအပ်သည် ဖြစ်၍ ဤ ရုပ်တရားအပေါင်းကို (= တေဇောဓာတ်တိုင်းက ကလာပ်တူ ရုပ်တရားအပေါင်းကို) ကျက်စေ၏၊ ပူနွေးစေ၏၊ ကောင်းစွာ ထက်စေ၏။ ထိုရူပကာယ = ရုပ်တရားအပေါင်း၏ အရောင်အဆင်းနှင့် ပြည့်စုံခြင်းကိုလည်း ရွက်ဆောင်ပေးတတ်၏။ အကျိုးထူးကား --- ထိုသို့ သဘောရှိသော တေဇောဓာတ်က ကျက်စေအပ်သော ပူနွေးစေအပ်သော ထက်စေအပ်သော ဤ ရူပကာယ = ရုပ်တရားအပေါင်းသည် ပုပ်သောအဖြစ်ကိုလည်း ထင်ရှား မပြတော့ပေ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)

ပကတိသောမီးသည် ချိပ် ဖယောင်းစသည်ကို နူးညံ့အောင် ပြုနိုင်သကဲ့သို့ ဤတေဇောဓာတ် မီးသည်လည်း ကလာပ်တူ ရုပ်တရားများကို နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်ပေးတတ်သော သဘောတရားဟု ယင်းတေဇောဓာတ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ဤ တေဇောဓာတ်၏ သတ္တိကြောင့်ပင်လျှင် တေဇောဓာတ်ငွေ့ ကောင်းသူတို့သည် အသားအရေ နူးညံ့ပျော့ပျောင်းလျက် ရှိကြပေသည်။

ခန္ဓာကိုယ်၌ ပကတိရိုးရာရှိသော ကိုယ်ငွေ့ကို ဥသ္မာတေဇောဟု ခေါ်၏၊ ဆောင်းအခါ၌ နွေး၍ နွေအခါ၌ အေးသော အငွေ့ဓာတ်တည်း။ ယင်း ဥသ္မာတေဇောအပြင် သန္တပ္ပန စသော တေဇော (၄)မျိုး ရှိသေး၏။

ထိုတွင် ဥသ္မာတေဇောဓာတ်သည် ဖောက်ပြန်လာသည့်အခါ အပူဒီဂရီ တိုးတက်လျက် တစ်ရက်ခြား နှစ်ရက်ခြား စသည်ဖြင့် ဖျားစေတတ်သော တေဇောဓာတ်သည် သန္တပ္ပနတေဇော မည်၏။ ထို သန္တပ္ပနတေဇော ထက်ပင် အပူဒီဂရီ လွန်တက်၍ ပူလှ၏ ပူလှ၏ စသည်ဖြင့် ညည်းညူလျက် အကြိမ် (၁၀၀) ချက်၍ ရေအေး၌ အအေးခံထားအပ်သော ထောပတ်, ဂေါသီသစန္ဒကူး စသည်တို့ကို လိမ်းကျံမှုကို လိုလားတောင့်တသော, ယပ်လေ ခတ်မှုကို လိုလားတောင့်တသော အလွန်ပူသော တေဇောဓာတ်သည် ဍာဟတေဇော မည်၏။ မီးကဲ့သို့ လောင် ကျွမ်းတတ်သော တေဇောတည်း။ ဆံဖြူအောင်, သွားကျိုးအောင်, မျက်စိမွဲအောင်, အသားအရေတွန့်အောင်, အရွယ်ယိုယွင်း၍ အိုမင်းအောင် ပြုတတ်သော တေဇောဓာတ်သည် ဇိရဏတေဇော မည်၏။

ဤသန္တပ္ပန, ဍာဟ, ဇိရဏ အမည်ရသော တေဇောဓာတ် (၃)မျိုးတို့သည် ခန္ဓာကိုယ်၌ အမြဲပါရှိကြသည် မဟုတ်၊ သန္တပ္ပနနှင့် ဍာဟတေဇောသည် ဖျားနာသောအခါ၌သာ မူလကိုယ်ငွေ့ ပျက်လျက် အပူဒီဂရီ တက်လာသော တေဇောတည်း။ ဇိရဏတေဇောနှင့် ပတ်သက်၍ကား ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။

ယေန စ ဇီရီယတီတိ ယေန အယံ ကာယော ဇီရတိ၊ ဣန္ဒြိယဝေကလ္လတံ ဗလပရိက္ခယံ ဝလိပလိတာဒိဘာဝဉ္စ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ဇီရတီတိ ဇိဏ္ဏော ဟောတိ။ တေဇောဓာတုဝသေန လဗ္ဘမာနာ ဣမသ္မိံ ကာယေ ဇရာပဝတ္တိ, ပါကဋဇရာဝသေန ဝေဒိတဗ္ဗာတိ ဒေဿတုံ ဣန္ဒြိယဝေကလ္လတန္တိအာဒိ ဝုတ္တံ။ (မဟာဋီ၊၁၊၄၃၀။)

ဇိရဏတေဇောဓာတ်ကြောင့် ဤရူပကာယ = ရုပ်တရားအပေါင်းသည် အရွယ်ယိုယွင်း၍ အိုမင်းလာ၏၊ မျက်စိမွဲခြင်း နားထိုင်းခြင်း စသည်ဖြင့် ဣန္ဒြေချို့တဲ့ခြင်းသို့ ရောက်ရှိလာ၏၊ ခွန်အားဆုတ်ယုတ် ကုန်ခန်းခြင်းသို့ ရောက်ရှိလာ၏၊ အသားအရေတွန့်ခြင်း ဆံဖြူခြင်း စသည်တို့၏ အဖြစ်သို့ ရောက်ရှိလာ၏။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

တေဇောဓာတ်၏အစွမ်းဖြင့် ရရှိအပ်သော ဤရူပကာယ၌ အိုမင်းရင့်ရော်မှု ဇရာ၏ဖြစ်ခြင်းကို ထင်ရှားသော ပါကဋဇရာ၏ အစွမ်းဖြင့် သိရှိပါလေဟု ညွှန်ပြတော်မူခြင်းငှာ အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၁၊၄၃၀။)

ဤသို့လျှင် မဟာဋီကာဆရာတော်က ဇိရဏတေဇောကို ထင်ရှားသော ပါကဋဇရာကို ရည်ရွယ်ကြောင်း ဖွင့်ဆိုထား၏။ ရောဂါတစ်ခုခု အမြဲစွဲကပ်သည့်အခါ သို့မဟုတ် အရွယ် ဆုတ်ယုတ်ချိန် အခါဝယ် ဤခန္ဓာအိမ် အတွင်းဝယ် ရုပ်ကလာပ် အချို့၌ ရှိသော မူလကိုယ်ငွေ့မှ ဖောက်ပြန်လာသော တေဇောတည်း။ သို့သော် အရွယ်ကား အမြဲဆုတ်ယုတ်နေပေ၏။

ပါစကတေဇော

ယေန စ အသိတပီတခါယိတသာယိတံ သမ္မာ ပရိဏာမံ ဂစ္ဆတီတိ ယေနေတံ အသိတံ ဝါ ဩဒနာဒိ, ပီတံ ဝါ ပါနကာဒိ, ခါယိတံ ဝါ ပိဋ္ဌခဇ္ဇကာဒိ, သာယိတံ ဝါ အမ္ဗပက္ကမဓုဖာဏိတာဒိ သမ္မာ ပရိပါကံ ဂစ္ဆတိ၊ ရသာဒိဘာဝေန ဝိဝေကံ ဂစ္ဆတီတိ အတ္ထော။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ရသာဒိဘာဝေနာတိ ရသ-ရုဓိရ-မံသ-မေဒ-နှာရု-အဋ္ဌိ-အဋ္ဌိမိဉ္ဇ-သုက္ကဝသေန။ ဝိဝေကန္တိ ပုထုဘာဝံ အညမညဝိသဒိသဘာဝံ။ အသိတာဒိဘေဒဿ ဟိ အာဟာရဿ ပရိဏာမေ ရသော ဟောတိ၊ တံ ပဋိစ္စ ရသဓာတု ဥပ္ပဇ္ဇတီတိ အတ္ထော။ ဧဝံ ရသဿ ပရိဏာမေ ရုဓိရန္တိအာဒိနာ သဗ္ဗံ နေတဗ္ဗံ။ (မဟာဋီ၊၁၊၄၃၀။)

စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာဟူသမျှသည် ယင်းအစာအာဟာရကို အညီအမျှ ကျက်စေတတ်သော ဂဟဏီအမည်ရသော ပါစကတေဇောဓာတ် ဝမ်းမီး၏ စွမ်းအင်ကြောင့် ကြေကျက်ခြင်းသို့ ရောက်ရှိသွား၏။ အကယ်၍ ပါစကဓာတ်မီးသည် စားမျိုအပ်သော အစာအာဟာရကို အညီအမျှ မကျက်စေတတ်လျှင်လည်း ထိုအညီအမျှ မကျက်စေတတ်သော ပါစကဝမ်းမီး၏ စွမ်းအင်ကြောင့်ပင် ထိုအစာအာဟာရသည် (အတော်အသင့်) ကြေကျက်ခြင်းသို့ ရောက်ရှိသွား၏။ ကြေကျက်သွားသော ထိုအာဟာရသည် ရင့်ကျက်ခဲ့သော်-

၁။ ရသ = ရသာရည်

၂။ ယင်း ရသရည်သည် ရင့်ကျက်ခဲ့သော် ရုဓိရ = အသွေး

၃။ ယင်း အသွေးသည် ရင့်ကျက်ခဲ့သော် မံသ = အသား

၄။ ယင်း အသားသည် ရင့်ကျက်ခဲ့သော် မေဒ = အဆီခဲ

၅။ ယင်း အဆီခဲသည် ရင့်ကျက်ခဲ့သော် နှာရု = အကြော

၆။ ယင်း အကြောသည် ရင့်ကျက်ခဲ့သော် အဋ္ဌိ = အရိုး

၇။ ယင်း အရိုးသည် ရင့်ကျက်ခဲ့သော် အဋ္ဌိမိဉ္ဇ = ရိုးတွင်းခြင်ဆီ

၈။ ယင်း ရိုးတွင်းခြင်ဆီသည် ရင့်ကျက်ခဲ့သော် သုက္က = သုက်သွေး

ဤသို့ အဆင့်ဆင့် အသီးအသီး ပြောင်းလဲသွား၏။ ဤကား သမုတိသစ္စာနယ်သုံး ဝေါဟာရတည်း။ (ပရမတ္ထသစ္စာနယ်၌ကား ရုပ်ကလာပ် အမှုန်များသာလျှင် အဆင့်ဆင့် ပြောင်းလဲသွားခြင်း ဖြစ်၏။ ရုပ်ကလာပ်တို့၏သာလျှင် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေခြင်းသာ ဖြစ်၏။)

ဂဟဏီ အမည်ရသော ပါစကတေဇောဓာတ် ဝမ်းမီး၏ အစာကိုကြေကျက်အောင် ချက်ပေးမှု အထောက်အပံ့ကို ရရှိပါမှသာလျှင် စားမျိုလိုက်သော အစာအာဟာရသည် ရသဓာတ်ရည် အဖြစ်သို့ ရောက်ရှိနိုင်၏။ ယင်း ရသဓာတ်ရည်လည်း တစ်ဖန် ပါစကဝမ်းမီး၏ အရှိန်ကြောင့် = အားပေးထောက်ပံ့မှုကြောင့် ရင့်ကျက်ခြင်း ပြောင်းလဲခြင်းသို့ ရောက်လတ်သော် ယင်းရင့်ကျက်ပြောင်းလဲလာသော ရသဓာတ်ရည်ကို အစွဲပြု၍ အသွေးသည် = သွေးသည် ဖြစ်ပေါ်လာရ၏။ ဤသို့စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲသွားမှုကို သုက်သွေးတိုင်အောင် သဘောပေါက်ပါလေ။

ထို ပါစကတေဇောဓာတ်ကား ခန္ဓာကိုယ်၌ အမြဲတည်ရှိ၏၊ အစာအိမ်ဝန်းကျင် စသည်တို့၌ တည်ရှိ၏၊ ဇီဝိတလျှင် (၉)ခုမြောက် ရှိသော ဇီဝိတနဝက ကလာပ်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်ပင်တည်း။ ရှေးကံကြောင့်ဖြစ်သော ကမ္မဇရုပ်တရားတို့သာ ဖြစ်ကြ၏။ ကံအားလျော်စွာ အချို့သူတို့၌ ဝမ်းမီးကောင်း၏၊ စားသမျှ အစာကို မှန်မှန်ချက်နိုင်၏။ အချို့သူတို့၌ ဝမ်းမီးညံ့၏၊ အစာကို မှန်မှန်ကြေကျက်အောင် မချက်နိုင်။ အချို့ သူတို့၌ ဝမ်းမီးကား လွန်ကဲနေတတ်ပြန်၏။ လွန်ကဲနေသူ ညံ့နေသူတို့၌ ဝမ်းမီး၏ အနီးအပါးဝယ် တည်ရှိကြသော စိတ္တဇ-ဥတုဇ-အာဟာရဇ တေဇောဓာတ်တို့ကို တတ်သိနားလည်သော ဆရာသမားတို့နှင့် တိုင်ပင်နှီးနှော၍ စိတ်-ဥတု-အာဟာရတို့ကို ပြုပြင်ပေးပါက ပါစကတေဇောဓာတ်ဝမ်းမီးမှာ အထောက်အပံ့ကောင်းကို ရနိုင်စရာ ရှိသည်။ စိတ်ဓာတ်ကို ပြုပြင်ပေးရာ၌ ထိုစိတ်အစဉ်တွင် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့ သော လွန်ကဲမြင့်မြတ်သော အဓိစိတ္တများသာ ဆက်တိုက်ဖြစ်ခွင့် ရရှိနေပါက ထိုစိတ်များမှာ (ပုထုဇန် သေက္ခတို့၏ သန္တာန်ဝယ်) ကုသိုလ်ဇောစိတ်များပင် ဖြစ်ကြ၏။ ပစ္စုပ္ပန် ကုသိုလ်ကံတရားတို့ပင်တည်း။ အားကောင်းသော ပစ္စုပ္ပန် ကုသိုလ်ကံ၏ အထောက်အပံ့ကောင်း အမှီကောင်းကို ရရှိပါက အတိတ်က အားပျော့နေသော ပျော့ညံ့ညံ့ ဖြစ်နေသော မှေးမှိန်နေသော ကုသိုလ်ကံများသည်လည်း အကျိုးပေးရန် အခွင့်သာကောင်း သာလာတတ်ပါသည်။ ထိုသို့ အခွင့်သာလာခဲ့သော် ကံကောင်းထောက်မမှုကို ရရှိလာသော ပါစကတေဇောဓာတ် ဝမ်းမီးသည်လည်း အားကောင်းလာနိုင်ဖွယ်ရာ ရှိတတ်ပေသည်။ သို့သော် အတိတ်ကံကိုကားလှမ်း၍ ပြုပြင်လို့ မရနိုင်ပေ။ အကျိုး ပေးဖို့ရန် အခါအခွင့် မသင့်သေးသော အတိတ်ကံများကိုသာလျှင် အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာအောင် ပစ္စုပ္ပန်တွင် အားကောင်းသော ကုသိုလ်ကံများကို ခပ်များများ ထူထောင်လျက် လမ်းဖွင့်ပေးရ၏။ ထိုသို့ ပစ္စုပ္ပန်ကံ၏ အထောက်အပံ့ကို ရရှိသော အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်နေသော ကံများသည်လည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာတတ်၏။ အတိတ်ကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာလျှင် အတိတ်ကံကြောင့်သာ ဖြစ်ရသည့် ကမ္မဇရုပ်တို့တွင် ပါဝင်သော ပါစကတေဇောဓာတ် ဝမ်းမီးမှာလည်း အားကောင်းလာတတ်ပေသည်။ ယင်း ပါစကဝမ်းမီးကား အတိတ်ကံ၏ အရာသာ ဖြစ်သည်။

စိတ်ဓာတ်ကို ကုသိုလ်တရားတို့ဖြင့် အထူးသဖြင့် သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့ဖြင့် ထုံမွမ်းလျက် ပြုပြင်ပေးရသကဲ့သို့ , ထိုသို့ ပြုပြင်ပေးလိုက်သဖြင့် ခန္ဓာအိမ်ဝယ် မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့သည်လည်း အဖြစ်များလာသကဲ့သို့ အလားတူပင် သပ္ပါယမျှတသော ဥတု, သပ္ပါယမျှတသော ဆေးဝါးဓာတ်စာများကို မှီဝဲ ခြင်းဖြင့် မွန်မြတ်သော မျှတသော ဥတုဇရုပ် အာဟာရဇရုပ်များ ဖြစ်ပေါ်လာအောင်လည်း ပြုပြင်ပေးရ၏။ မွန်မြတ်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ အထောက်အပံ့ကောင်းကို ရရှိသောအခါ ကမ္မဇတေဇောဓာတ် ပါစကဝမ်းမီးသည်လည်း အရှိန်အဝါ အားကောင်းလာတတ်ပေသည်။

ဤတေဇောဓာတ်၏ လက္ခဏ-ရသ စသည်ကို ရှုရာ၌ကား (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ ရှိသော ရုပ်ကလာပ် တိုင်း၌လည်းကောင်း, ရုပ်အတုများ ပါဝင်သည့် စိတ္တဇ ဥတုဇ အာဟာရဇရုပ်ကလာပ်တို့၌လည်းကောင်း ထိုထို မိမိသိမ်းဆည်း ရှုပွားလိုသည့် ရုပ်ကလာပ်များကို ဓာတ်ခွဲပြီးလျှင် တေဇောဓာတ်ကို ရွေးထုတ်၍ ရှုပါ။ ပထဝီဓာတ်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ရှိသော ရုပ်တရားများကို တစ်လုံးပြီးတစ်လုံး အစဉ်အတိုင်း ကုန်စင်အောင် သိမ်းဆည်းရှုပွားခြင်းက ပို၍ကောင်းပေသည်။

၄။ ဝါယောဓာတ်

၁။ ဝါယောဓာတု ဝိတ္ထမ္ဘနလက္ခဏာ၊

၂။ သမုဒီရဏရသာ၊

၃။ အဘိနီဟာရပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၁။ ထောက်ကန်မှုသဘော = တောင့်မာစေမှုသဘော လက္ခဏ၊

၂။ တွန်းကန်ခြင်း = ရွေ့ရှားစေခြင်း (ကိစ္စ) ရသ၊

၃။ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှတစ်နေရာသို့

ရှေးရှူ သယ်ဆောင်ပေးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

ဝါယနဝသေန ဝါယော၊ ဝုတ္တနယေနေဝ ဝါယေသု ဂတန္တိ ဝါယောဂတံ။ ကိံတံ? ဝိတ္ထမ္ဘနလက္ခဏံ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ဝါယတီတိ ဝါယော။ (ဝိသုဒ္ဓိ၊၁၊၃၆၀။)

ဝါယတီတိ သမီရေတိ၊ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေန ဘူတသင်္ဃာတံ ဂမေတီတိ အတ္ထော။ (မဟာဋီ၊၁၊၄၄၄။)

ဝိတ္ထမ္ဘနလက္ခဏာ = အတူဖြစ်သော ရုပ်တရားတို့ကို လျော့လျော့ရဲရဲ မရှိရအောင် တောင့်မာစေခြင်းသဘော = ထောက်ကန်ထားမှုသဘောသည် ဝါယောဓာတ်၏ အမှတ်အသား လက္ခဏာပင်တည်း။ ဤဝါယောဓာတ် လွန်ကဲမြောက်မြား (= မြောက်မြား)နေသည့်အခါ ခန္ဓာကိုယ်၌ အကြောများ တောင့်တင်းနေပုံကို လည်း ကောင်း, မီးအုံပျံ ဘောလုံး စသည်တို့၌ အတွင်းက လေများ၏ တွန်းထိုး ထောက်ကန် တောင့်ထားမှုကြောင့် ဖောင်းပွ ခိုင်မာနေပုံကိုလည်းကောင်း သတိပြု၍ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်သော ဝါယောဓာတ်၏ ထိုထို ရုပ်ကလာပ် အတွင်း၌ရှိသော ကလာပ်တူရုပ်တရားများကို တောင့်ထားနိုင်မည့် အကြောင်းကို သဘောပေါက် သင့်ပြီ။

သမုဒီရဏရသ --- အတူဖြစ်သော ရုပ်တရားတို့ကို ရွေ့ရှားစေခြင်းကိစ္စဟူရာ၌ ရွေ့ရှားစေခြင်းဟူသည်မှာ တွန်းကန်မှုသဘောသာ ဖြစ်၏၊ တွန်းကန်မှု ရှိမှ လှုပ်ရှားမှု ရွေ့ရှားမှုများ ဖြစ်နိုင်၏၊ တွန်းကန်မှု မရှိလျှင် လှုပ်ရှား မှု ရွေ့ရှားမှုများ မဖြစ်နိုင်။ သို့အတွက် ရွေ့ရှားစေမှုဟူသည်မှာ တွန်းကန်မှုသဘောသာ ဖြစ်၏။ ထိုကြောင့် ပြည်ဆရာတော်ဘုရားကြီးက မိမိ ဝိသုဒ္ဓိမဂ်နိဿယ ဒုတိယတွဲ (၅၂၁)၌ သမုဒီရဏရသာ = တွန်းခြင်းကိစ္စရှိ၏ ဟုပင် ဘာသာပြန်ဆိုထားပေသည်။

အဘိနီဟာရပစ္စုပဋ္ဌာနာ --- အတူဖြစ်သော စတုဇရုပ်အပေါင်းကို မူလဖြစ်သည့်နေရာ၌ ထပ်၍ အသစ် မဖြစ်စေဘဲ အရပ်တစ်ပါးဟူသော နေရာအသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်ခြင်း၏ = ဖြစ်ခြင်း၏ အကြောင်းတရား အဖြစ်ဖြင့် မိမိနှင့်အတူ ဥပါဒ်သော မဟာဘုတ် ရုပ်တရားအပေါင်းကို အရပ်တစ်ပါးသို့ ရောက်စေတတ်သော ကြောင့် ဝါယောမည်၏ --- ဟူသော အထက်တွင် တင်ပြထားသော (ဝိသုဒ္ဓိ၊၁၊၃၆၀။) အဆိုနှင့်အညီ --- မူလဖြစ် သည့် နေရာမှ စဉ်းငယ် ရွေ့ကာရွေ့ကာ ရွှေ့ကာရွှေ့ကာ နေရာ အသစ်အသစ်၌ ရုပ်ကလာပ်များ ဥပါဒ်ခြင်းသည် ထိုအသစ်အသစ် ဥပါဒ်သော ရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်သတ္တိပေတည်း။ ရှေး ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဝိညတ်ရုပ်နှင့် ပတ်သက်သည့် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်များကို ရှင်းလင်းတင်ပြ ထား၏။ မနောဒွါရိကဇောစိတ်တို့ကသာလျှင် ဣရိယာပထရုပ် = ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကုန်၏။ ထို မနောဒွါရိက ဇော (၇)တန်တို့တွင် ပထမဇောမှသည် ဆဋ္ဌဇောတိုင်အောင်သော ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် ထိုခဏ၌ ရုပ်တရားတို့ကို နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်စေခြင်းငှာကား မစွမ်းနိုင်ပေ။ သတ္တမဇောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်တို့ကသာလျှင် ရုပ်တရားတို့ကို နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်စေခြင်းငှာ စွမ်းနိုင်ကြ၏။

လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာအရပ်မှ အခြားအရပ်၌ = နေရာအသစ်အသစ်၌ နောက်ထပ် အသစ်အသစ် ဥပါဒ်ခြင်းတည်း = ဖြစ်ခြင်းတည်း။ ထိုသို့ နေရာပြောင်းရွှေ့၍ ဥပါဒ်နိုင်ခြင်း ဥပါဒ်ရ ခြင်းမှာလည်း ရှေးရှေးဇော (၆)တန်တို့ကြောင့် ဖြစ်သော ရှေးရှေးရုပ်ကလာပ်များတွင် ပါဝင်သော ဝါယောဓာတ် ၏ အားပေးထောက်ပံ့တတ်သော စွမ်းအင်သတ္တိထူးကို ဆက်ခံရသော သတ္တမဇောစိတ်ကြောင့် ဖြစ်သော နောက်နောက်သော ရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်သတ္တိကြောင့် ဖြစ်ရ၏။ သတ္တမ ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည်ကား အောက်၌ (၆)ပါးကုန်သော ဇောစိတ်တို့ကြောင့် ကောင်းစွာ ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်ဟူသော ထောက်ပံ့တတ်သော အကြောင်းတရားကို ရရှိသည့်အတွက် မိမိနှင့် အတူတကွ ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ---

၁။ ကောင်းစွာ တောင့်ထားခြင်းငှာလည်းကောင်း,

၂။ ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း,

၃။ လှုပ်ရှားစေခြင်းငှာလည်းကောင်း,

၄။ ရှေးသို့ သွားစေခြင်းငှာလည်းကောင်း,

၅။ နောက်သို့ ဆုတ်စေခြင်းငှာလည်းကောင်း,

၆။ ရှေ့တည့်တည့်သို့ ကြည့်စေခြင်းငှာလည်းကောင်း,

၇။ စောင်း၍ ကြည့်စေခြင်းငှာလည်းကောင်း,

၈။ ကွေးစေခြင်းငှာလည်းကောင်း,

၉။ ဆန့်စေခြင်းငှာလည်းကောင်း ---

စွမ်းနိုင်၏။ ထို (၇)ခုမြောက် ဇောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ ထိုသို့ စွမ်းနိုင်ခြင်းကြောင့် သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ တစ်ယူဇနာ တိုင်တိုင် သွားပြီးပြီ၊ ဆယ်ယူဇနာတိုင်တိုင် သွားပြီးပြီဟု ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

ယင်း ဝါယောဓာတ်၏ စွမ်းအင်သတ္တိကိုပင် --- အဘိနီဟာရပစ္စုပဋ္ဌာန် = အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူ သယ်ဆောင်ပေးတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်တွင် ရှေးရှူ ထင်လာ၏ --- ဟု ဆို၏။ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ဝါယောလေဓာတ် ပရမတ်တရားကို ဉာဏ်ဖြင့် ရှုလိုက်ပါက ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ထိုသဘောတရားများ ထင်ရှားနေမည် ဖြစ်သည်။သို့သော် ပရမတ်တရားတို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် အတူဖြစ်သော ရုပ်တရားအပေါင်းကို တကယ်တမ်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်နေသည်ကား မဟုတ်ပေ၊ အဟုတ်သော်ကား အထက်ဖော်ပြပါ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကြောင့် ရုပ် အသစ် အသစ်တို့၏ နေရာအသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်ခြင်းသာတည်း။

ပဒဋ္ဌာန် --- အင်္ဂမင်္ဂါနုသဋာ စေတ္ထ သမုဒီရဏဝိတ္ထမ္ဘနလက္ခဏာ ဝါယောဓာတု ပထဝီပတိဋ္ဌိတာ အာပေါသင်္ဂဟိတာ တေဇာအနုပါလိတာ ဣမံ ကာယံ ဝိတ္ထမ္ဘေတိ။ တာယ စ ပန ဝိတ္ထမိ႓တော အယံ ကာယော န ပရိပတတိ၊ ဥဇုကံ သဏ္ဌာတိ။ အပရာယ ဝါယောဓာတုယာ သမဗ္ဘာဟတော ဂမနဋ္ဌာနနိသဇ္ဇာသယနဣရိယာပထေသု ဝိညတ္တိံဒေဿတိ၊ သမိဉ္ဇေတိ၊ သမ္ပသာရေတိ၊ ဟတ္ထပါဒံ လာဠေတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)

ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်၍နေသော တွန်းကန်ခြင်း-ထောက်ကန်ခြင်း သဘောလက္ခဏာ ရှိသော ဝါယောဓာတ်သည် ပထဝီဓာတ်တည်းဟူသော ထောက်ရာတည်ရာကို ရခဲ့သော်, အာပေါဓာတ်က ဖွဲ့စည်းပေးခဲ့သော်, တေဇောဓာတ်က အငွေ့ဓာတ်ဖြင့် စောင့်ရှောက်ပေးခဲ့သော် ဤရူပကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ ခိုင်ခံ့စေ၏ = ခိုင်ခံ့အောင် ထောက်ကန်ထားနိုင်၏။ ထိုဝါယောဓာတ်က ခိုင်ခံ့အောင် တည်ငြိမ်အောင် ထောက်ကန်ထားသဖြင့် ဤရူပကာယ ခန္ဓာကိုယ်ကြီးသည် မလဲကျတော့ဘဲ ဖြောင့်ဖြောင့်မတ်မတ် ရပ်တည်နေနိုင်၏။ သွားလျှင် သွားသည့်အတိုင်း, ရပ်လျှင် ရပ်သည့်အတိုင်း, ထိုင်လျှင် ထိုင်သည့်အတိုင်း, အိပ်လျှင် အိပ်သည့်အတိုင်း မပြိုမလဲဘဲ ကောင်းစွာ တည်နေနိုင်၏၊ ငြိမ်သက်စွာ တည်နေနိုင်၏။ ဤ ခန္ဓာကိုယ်ကြီးကို တစ်နည်း ဆိုသော် ဤရူပကာယ = ရုပ်တရားအပေါင်းကို သွားလျှင် သွားသည့်အတိုင်း, ရပ်လျှင် ရပ်သည့်အတိုင်း, ထိုင်လျှင် ထိုင်သည့်အတိုင်း, အိပ်လျှင် အိပ်သည့်အတိုင်း တည်တံ့အောင် ငြိမ်နေအောင် မပြိုမလဲအောင် ထိန်းထား ထောက်ထားသော သဘောတရားကား ဝါယောဓာတ်၏ ဝိတ္ထမ္ဘနသဘောတရားပင် ဖြစ်၏။

ရှေးရှေးသော မနောဒွါရိကဇော (၆)တန်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော စိတ္တဇ ဝါယောဓာတ်တို့၏ အထောက်အပံ့ကောင်းကို ရရှိထားသော သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ် တို့တွင် ပါဝင်သော သမုဒီရဏ = တွန်းကန်ခြင်း သဘောလက္ခဏာ ရှိသော စိတ္တဇဝါယောဓာတ်ဟူသော အခြား ဝါယောဓာတ်က ဤရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာဆောင်ခဲ့သော် = စတုသမုဋ္ဌာနိက ရုပ်တရား အပေါင်းကို မူလဖြစ်သည့်နေရာမှ အခြားတစ်ပါးသော နေရာဟူသော အရပ်တစ်ပါး၌ ရွှေ့ကာရွှေ့ကာ အသစ်အသစ် ဥပါဒ်အောင် ဖြစ်အောင် တွန်းကန်ပေးခဲ့သော် သွား-ရပ်-ထိုင်-လျောင်းဟူသော ထိုထို ဣရိယာပုထ်တို့၌ ဝိညတ်ရုပ်ကို ထင်ရှားစေ၏ = ထင်ရှားပြ၏။ ထိုထို နေရာ အသစ်အသစ်၌ ရွှေ့ကာရွှေ့ကာ အဆက်မပြတ် အသစ်အသစ် ထပ်ကာထပ်ကာ ဥပါဒ်နေသော စိတ္တဇရုပ်ကလာပ်များတွင် ပါဝင်သော တွန်းကန်ခြင်း သဘော လက္ခဏာ ရှိသော (= တွန်းကန်ခြင်း လုပ်ငန်းကိစ္စ ရှိသော) ဝါယောဓာတ်က သွား-ရပ်-ထိုင်-လျောင်း စသော ကိုယ်အမူအရာ ဝိညတ်ရုပ်ကို ဖြစ်ပေါ်စေ၏။ တွန်းကန်ခြင်း သဘောလက္ခဏာ ရှိသော စိတ္တဇဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေသဖြင့် ကွေးမှု ဖြစ်ပေါ်လာ၏၊ ဆန့်မှု ဖြစ်ပေါ်လာ၏၊ လက်ခြေကို လှုပ်ရှားစေခြင်း = စံပယ်စေခြင်းကို ဖြစ်စေ၏။ ထိုသို့ ဝါယောဓာတ်က ပြုလုပ်နိုင်ခြင်းမှာ ပထဝီဓာတ်တည်းဟူသော ထောက်ရာ တည်ရာကို ရရှိပါမှ, အာပေါဓာတ်က ကလာပ်တူရုပ်တို့ကို ဖွဲ့စည်းပေးပါမှ စုစည်းပေးပါမှ, တေဇောဓာတ်က အငွေ့ဓာတ်ဖြင့် စောင့်ရှောက်ပေးပါမှသာလျှင် ပြုလုပ်နိုင်၏။ ထိုကြောင့် ဝါယောဓာတ်သည် မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးလျှင် အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ရှိသော တရား ဖြစ်ရပေသည်။

သတိပြုရန် --- အထက်ပါ ပစ္စုပဋ္ဌာန်ပိုင်းတွင် မနောဒွါရိက သတ္တမဇောစိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇဝါယောဓာတ်ကို ပဓာနထား၍ တင်ပြထားသော်လည်း ရှေးရှေး ဇောစိတ်များကြောင့် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇဝါယောဓာတ်တို့၏ အားပေးထောက်ပံ့မှု မကင်းသည်ကိုလည်း သတိပြုပါ။ တစ်ဖန် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုသတ်မှတ်ထားသော အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌ သတ္တမဇောပေါင်းလည်း အကြိမ်ပေါင်းများစွာ ဖြစ်နိုင်သည်ကိုလည်းကောင်း ယင်းသတ္တမဇောများကြောင့် စိတ္တဇ ရုပ်ကလာပ်ပေါင်းလည်း အဆက်မပြတ် များစွာဖြစ်နိုင်သည်ကိုလည်းကောင်း သဘောပေါက်ပါ။ ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် မည်သည့်သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်က အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူသယ်ဆောင်နေသည်ဟု သိဖို့ရန်မှာ လိုရင်းမဟုတ်ပါ။ လိုရင်းမှာ စိတ္တဇဝါယောဓာတ်က အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူ သယ်ဆောင်နေသည် ဟု မိမိ၏ဉာဏ်တွင် ထင်မြင်လာဖို့သာ အဓိက ဖြစ်သည်။

တစ်ဖန် စိတ္တဇဝါယောဓာတ်မှာသာ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် ရှေးရှူ သယ်ဆောင်ပါသလော၊ ကမ္မဇဝါယောဓာတ်, ဥတုဇဝါယောဓာတ်, အာဟာရဇဝါယောဓာတ်တို့ ကလည်း အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ရောက်အောင် ရှေးရှူ မသယ်ဆောင်တော့ပြီလော။ စိတ္တဇဝါယောဓာတ်မှာသာလျှင် အဘိနီဟာရပစ္စုပဋ္ဌာန် ရှိလေသလော၊ ကမ္မဇ-ဥတုဇ-အာဟာရဇ ဝါယောဓာတ်တို့၌လည်း အဘိနီဟာရပစ္စုပဋ္ဌာန် မရှိတော့ပြီလောဟု မေးရန် ရှိလာပြန်၏။ ရှိပါသည်ဟူ၍ပင် ဖြေဆိုလေရာ၏။

အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူ သယ်ဆောင်ရာ၌, တစ်နည်းဆိုသော် ရုပ်တရားတို့ကို နေရာအသစ်အသစ်၌ အဆက်မပြတ် အထပ်ထပ် ဖြစ်စေရာ၌ စိတ္တဇဝါယောဓာတ်က ပြဓာန်းလျက် ရှိ၏၊ ထိုကြောင့် ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်းဖြစ်သည်ဟု မှတ်ပါ။

စိတ္တသမုဋ္ဌာနိကေ ပန ကာယေ စလန္တေ တိသမုဋ္ဌာနိကော စလတိ န စလတီတိ။ သောပိ တထေဝ စလတိ, တံဂတိကော တဒနုဝတ္တကောဝ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။)

စိတ္တသမုဋ္ဌာန်ဖြစ်သော = စိတ်ကြောင့်ဖြစ်သော ရုပ်တရားအပေါင်းသည် လှုပ်ရှားလတ်သော် တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားလတ်သော် ကမ္မဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်ဟူသော သုံးမျိုးသော အကြောင်းတရားကြောင့်ဖြစ်သော တိသမုဋ္ဌာနိကရုပ်သည်လည်း လှုပ်ရှားလေသလော မလှုပ်ရှားလေသလော၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားလေသလော မရွေ့ရှားလေသလောဟု မေးရန်ရှိ၏။ ကံ-ဥတု-အာဟာရဟူသော သုံးမျိုးသော အကြောင်းတရားကြောင့် ဖြစ်သော တိသမုဋ္ဌာနိက ရုပ်တရားအပေါင်းသည်လည်း ထိုစိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် အတူပင်လျှင် လှုပ်ရှား၏၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့၏၊ ထိုစိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန် ရုပ်တရားအပေါင်း၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်သာ ဖြစ်၏၊ ထိုစိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန် ရုပ်တရားအပေါင်းသို့ အစဉ်လိုက်ရသည်သာ ဖြစ်၏။

ဥပမာ မြစ်တစ်ခု၏ အတွင်းဝယ် မြစ်ရေသည် စီးဆင်းနေသည် ဆိုကြစို့၊ မြစ်ရေသည် စီးဆင်းနေလတ်သော် မြစ်ရေ၌ (မြစ်ထဲ၌်) ကျရောက်လျက်ရှိကြကုန်သော သစ်ကိုင်းခြောက်, မြက်ခြောက်, သစ်ရွက်ခြောက် စသည်တို့သည်လည်း ရေနှင့်တစ်ပါတည်း စီးဆင်းသွားရကုန်သကဲ့သို့၊ ထိုရေသည် သွားလတ်သော် သွားရကုန် သကဲ့သို့ ထိုရေသည် ရပ်လတ်သော် ရပ်ရကုန်သကဲ့သို့ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော နှိုင်းခိုင်းဖွယ်ရာ ဤဥပမေယျကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။)

ထိုကြောင့် စိတ္တသမုဋ္ဌာန်ဖြစ်သည့် စိတ္တဇဝါယောဓာတ်၌သာ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ရောက်အောင် ရှေးရှူသယ်ဆောင်တတ်သော အဘိနီဟာရပစ္စုပဋ္ဌာန် ရှိသည်မဟုတ်၊ ကမ္မဇဝါယောဓာတ် ဥတုဇဝါယောဓာတ် အာဟာရဇဝါယောဓာတ်တို့၌လည်း အဘိနီဟာရပစ္စုပဋ္ဌာန် ရှိသည်သာဟု မှတ်ပါ။ (ဤ၌ ဝါယောဓာတ်က အတူဖြစ်သော ရုပ်တရားအပေါင်းကို တစ်နေရာမှ တစ်နေရာသို့ရောက်အောင် ရှေးရှူ သယ်ဆောင်၏ဟူသည် နေရာအသစ်အသစ်၌ ဥပါဒ်စေခြင်း ဖြစ်စေခြင်းကိုသာ ဆိုလိုသည် မှတ်ပါ။ အကျယ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

၅။ စက္ခုပသာဒ

၁။ (က) ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ,

( ခ ) ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု၊

၂။ ရူပေသု အာဝိဉ္ဆနရသံ၊

၃။ စက္ခုဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဒဋ္ဌုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ရူပါရုံ၌ (၏) ရှေးရှူ ထိခိုက်ခြင်းကို ထိုက်သော, (ရှေးရှူ ရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်

ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံတို့၌ (ရူပါရုံတို့ဘက်သို့) ပုဂ္ဂိုလ်ကိုလည်းကောင်း, ဝီထိစိတ်အစဉ်ကိုလည်းကောင်း

ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ စက္ခုဝိညာဏ်၏ တည်ရာဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော

(စက္ခုပသာဒ၏ မှီရာ) ကလာပ်တူ မဟာဘုတ် ပဒဋ္ဌာန်။

စက္ခုဒွါရဝယ် စက္ခုဒသကကလာပ် အတွင်း၌ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ၊ ထိုရုပ်တရားများထဲမှ စက္ခုပသာဒကို ရွေးထုတ်၍ ရှုရန် ဖြစ်သည်။ မျက်စိ၌ စက္ခုပသာဒ ကာယပသာဒဟု အကြည်ဓာတ် (၂)မျိုး ရှိနေ၏။ စက္ခုပသာဒကား စက္ခုဒသကကလာပ်တွင် ပါဝင်၏၊ ကာယပသာဒ ကား ကာယဒသကကလာပ်တွင် ပါဝင်၏။ ထိုနှစ်မျိုးတို့တွင် ရူပါရုံ၌ သို့မဟုတ် ရူပါရုံ၏ ရှေးရှူ ရိုက်ခတ်ခြင်း ထိခတ်ခြင်း ထိခိုက်ခြင်းငှာထိုက်သော စက္ခုဒသကကလာပ် အတွင်း၌ ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်းသဘောကား စက္ခုပသာဒ၏ ကိုယ်ပိုင်သဘာဝလက္ခဏာတည်း။ ရူပါရုံ၌ (၏) ရှေးရှူ ရိုက်ခတ် သည် ဖြစ်စေ, မရိုက်ခတ်သည် ဖြစ်စေ ရှေးရှူ ရိုက်ခတ်ခြင်းငှာထိုက်သော သဘောသည်သာလျှင် စက္ခုပသာဒ၏ လက္ခဏ ဖြစ်ပေသည်။

အဘိဃာတ = ရှေးရှူရိုက်ခတ်ခြင်း = ထိခတ်ခြင်း

အဘိဃာတော စ ဝိသယဝိသယီနံ အညမညံ အဘိမုခီဘာဝေါ ယောဂျဒေသာဝဋ္ဌာနံ အဘိဃာတော ဝိယာတိ ကတွာ။ သော ရူပေ စက္ခုဿ, ရူပဿ ဝါ စက္ခုမှိ ဟောတိ။ (မဟာဋီ၊၂၊၈၉။)

ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်း ထိခိုက်ခြင်းဟူသည် --- တုတ်နှစ်ချောင်းတို့ကို ရိုက်ခတ်လိုက်သဖြင့် ထိ ခိုက်ခြင်းကဲ့သို့ -- ရူပါရုံနှင့် စက္ခုပသာဒ = စက္ခုဒွါရတို့သည် တကယ်တမ်း ထိခိုက်ကြသည်ကား မဟုတ်၊ အာရုံနှင့် ဒွါရတို့ ရှေးရှူရိုက်ခတ်သကဲ့သို့ ထိခတ်သကဲ့သို့ ထိခိုက်သကဲ့သို့ ဖြစ်မှုကို ဆိုလိုသည်။ ရူပါရုံနှင့် စက္ခုဒွါရတို့၏ အချင်းချင်း ရှေးရှူမျက်နှာချင်းဆိုင်ဖြစ်မှု သင့်လျော်သောအရပ်၌ တည်နေမှုကိုပင် အဘိဃာတ = ရှေးရှူရိုက်ခတ် သကဲ့သို့ ဖြစ်၍, ရှေးရှူထိခတ်သကဲ့သို့ ဖြစ်၍, ရှေးရှူထိခိုက်သကဲ့သို့ ဖြစ်၍ ရူပါရုံ၌ (၏) ရှေးရှူထိခိုက်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ခေါ်ဝေါ်သုံးနှုန်းထားခြင်း ဖြစ်၏။ ထို ရှေးရှူထိခိုက်ခြင်းသည် ---

၁။ ရူပါရုံ၌ စက္ခုပသာဒ၏ ရှေးရှူထိခိုက်ခြင်း,

၂။ ရူပါရုံ၏ စက္ခုပသာဒ၌် ရှေးရှူထိခိုက်ခြင်း ---

ဤသို့ ရှေးရှူထိခိုက်ခြင်း နှစ်မျိုးရှိရာ နှစ်မျိုးလုံးကိုပင် သဘာဝ လက္ခဏဟု ဆိုလိုပေသည်။ (အဘိ၊ဋ္ဌ၊ ၁၊၁၅၇ - ကြည့်။) ဤကား စက္ခုပသာဒ၏ သဘောလက္ခဏာကို နှစ်နည်း ဖွင့်ဆိုရာဝယ် ပထမနည်းအဖွင့်၏ ဆိုလိုရင်း အဓိပ္ပါယ်တည်း။

ဒုတိယနည်း --- ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု။

= ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော စက္ခုပသာဒနှင့် ကလာပ်တူ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိ၏ဟု စက္ခုပသာဒ၏ လက္ခဏာကို တစ်နည်း ထပ်မံဖွင့်ဆိုထား၏။ ဤ ထပ်မံဖွင့်ဆိုချက်နှင့် ပတ်သက်၍ ဋီကာဆရာတော်များက အောက်ပါအတိုင်း ဆိုလိုရင်းကို ရှင်းလင်း တင်ပြထားတော်မူကြ၏။

ပရိပုဏ္ဏာပရိပုဏ္ဏာယတနတ္တဘာဝနိဗ္ဗတ္တကဿ ကမ္မဿ နိဒါနဘူတာ ကာမတဏှာ, ရူပတဏှာ စ တဒါယတနိကဘဝပတ္ထနာဘာဝတော ဒဋ္ဌုကာမတာဒိဝေါဟာရံ အရဟတီတိ ဒုတိယနယော သဗ္ဗတ္ထ ဝုတ္တော။ (မူလဋီ၊၁၊၁၄၇။ မဟာဋီ၊၂၊၈၉။)

ပြည့်စုံသော အာယတန, မပြည့်စုံသော အာယတနရှိသော ခန္ဓာကိုယ် အတ္တဘောကို ဖြစ်စေတတ်သော ကံ၏အကြောင်းရင်းဖြစ်သော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို လိုလားတပ်မက်သော လိုလားတောင့်တသော ကာမတဏှာသည်လည်းကောင်း, ရူပါရုံကို လိုလားတပ်မက်သော ရူပတဏှာ (သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ) သည်လည်းကောင်း ထိုစက္ခာယတန (သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန) စသော အာယတနရှိသော ဘဝကို တောင့်တမှုရှိသောကြောင့် ရူပါရုံကို မြင်ခြင်းငှာ အလိုရှိမှုစသော ဝေါဟာရကို ခေါ်ဝေါ်သုံးစွဲခြင်းငှာ ထိုက်ပေသည်။ ထိုကြောင့် စက္ခုပသာဒ၏ ကိုယ်ပိုင်သဘာဝ လက္ခဏာကို အဋ္ဌကထာဆရာတော်က ဒုတိယတစ်နည်း ထပ်မံ၍ ဖွင့်ဆိုတော်မူပြန်သည်။ သောတပသာဒ စသည်တို့၌လည်း နည်းတူမှတ်ပါ။ (မူလဋီ၊၁၊၁၄၇။ မဟာဋီ၊၂၊၈၉။)

ရူပါရုံကို မြင်လိုသည့် ရည်ရွယ်ချက်, သဒ္ဒါရုံကို ကြားလိုသည့် ရည်ရွယ်ချက် --- ဤသို့စသော ထိုထိုအာရုံကို မြင်လို ကြားလိုမှုစသော ရည်ရွယ်ချက်ဖြင့် ကောင်းမှုကုသိုလ် သင်္ခါရကံကို အားထုတ်သည်ပင်ဖြစ်စေ၊ ထိုထိုရူပါရုံ စသော စက္ခာယတနစသော ပြည့်စုံသော အာယတနရှိသော ကာမသုဂတိဘဝ, မပြည့်စုံသော အာယတနရှိသော ဗြဟ္မာဘဝ ဤသို့စသော ဘဝတစ်ခုခုကို ရည်ရွယ်တောင့်တမှုဖြင့် သင်္ခါရကံကို အားထုတ်သည်ပင်ဖြစ်စေ၊ ထိုကဲ့သို့သော တောင့်တမှုမျိုးကို ရူပါရုံကို မြင်ခြင်းငှာ အလိုရှိသည်, သဒ္ဒါရုံကို ကြားခြင်းငှာ အလိုရှိသည် --- ဤသို့ စသည်ဖြင့် ခေါ်ဝေါ်ပြောဆိုခြင်းငှာ ထိုက်သည်သာ ဖြစ်ပေသည်ဟု ဆိုလိုရင်း ဖြစ်သည်။ ရူပါရုံကို မြင်လိုသည့် ရည်ရွယ်ချက်စသည်ဖြင့် ကံကို ဆည်းပူးသည်ပင် ဖြစ်စေ၊ ထိုထို အာယတနတို့ ပြည့်စုံသည့်ဘဝ မပြည့်စုံသည့် ဘဝကို ရည်ရွယ်တောင့်တ၍ ကံကို ဆည်းပူးသည်ပင်ဖြစ်စေ၊ ထိုကဲ့သို့သော တောင့်တမှုဖြင့် ပြုစုပျိုးထောင် ထားသော ပြုစုပျိုးထောင်လိုက်သောကံမှာ ကာမတဏှာ ရူပတဏှာစသည်လျှင် အကြောင်းရင်းခံရှိသော ကံဟုပင် ခေါ်ဆိုနိုင်ပေသည်။ ယင်းကံကြောင့် ဖြစ်ပေါ်လာသော စက္ခုဒသကကလာပ် (သောတဒသကကလာပ် ဃာန ဒသကကလာပ် ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် အသီးအသီး) ၏ မှီရာ ကလာပ်တူ ဓာတ်ကြီး (၄) ပါးကို ကြည်လင်စေတတ်သော သဘောကား စက္ခုပသာဒဟူသော အမည်ကို ရရှိသည်သာ ဖြစ်ပေသည်။ (သောတပသာဒစသည် အမည်ရရှိပုံကိုလည်း နည်းတူ သဘောပေါက်ပါ။)

ဒဋ္ဌုကာမတာ --- ရူပါရုံကို မြင်တွေ့လိုသည့် တဏှာကို ရူပတဏှာဟု ခေါ်ဆို၏၊ သဒ္ဒါရုံကို ကြားလိုသည့် တဏှာကို သဒ္ဒတဏှာဟု ခေါ်ဆို၏ - ဤသို့စသည်ဖြင့် ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာတို့ ကိုလည်း သဘောပေါက်ပါ။ ထိုရူပတဏှာစသော တဏှာ (၆)မျိုးတို့သည် ထိုအတ္တဘောတည်းဟူသော ရုပ်နာမ်ကို ဖြစ်စေတတ်သော ကံကို အားထုတ်ဆဲခဏ ပြုလုပ်ဆဲခဏမှ ရှေးအဖို့၌ ကြိုတင်၍ ဖြစ်ခဲ့လျှင်ကား ပြောဖွယ်ရာ ပင် မလိုတော့ပေ။ အကယ်၍ ထိုထို အတ္တဘောတည်းဟူသော ခန္ဓာအိမ်ရုပ်နာမ်ကို ဖြစ်စေတတ်သော ကံကို အားထုတ်ဆဲ ပြုလုပ်ဆဲခဏမှ ရှေးအဖို့၌ ကြိုတင်၍ မဖြစ်ခဲ့လျှင်ကား ထိုထိုတဏှာကို ဆိုင်ရာဆိုင်ရာ အရိယမဂ် တရားဖြင့် အကြွင်းမဲ့ မပယ်သတ်ရသေးခြင်းသည်ပင်လျှင် အနုသယဓာတ်အနေဖြင့် ကိန်းဝပ်တည်နေခြင်းသည် ပင်လျှင် အကြောင်းတရားဖြစ်သည်ဟု မှတ်ပါ။ ဆိုလိုသည်မှာ တဏှာအစိုဓာတ် အစေးဓာတ်ဟူသော ကိလေသဝဋ် ကြောင့် ကမ္မဝဋ် ဖြစ်နိုင်ရကား ရူပတဏှာ စသော ကိလေသာ အစိုဓာတ် အစေးဓာတ်သည် ထိုထိုကံကို အား- မထုတ်မီ ကြိုတင်၍ ဖြစ်ရိုးဓမ္မတာ ရှိ၏။ သို့သော် ထိုထိုကံ ဟူသော ကမ္မဝဋ်ကို အားမထုတ်မီက ရူပတဏှာ စသော ကိလေသဝဋ် အစိုဓာတ် အစေးဓာတ်တို့သည် ကြိုတင်၍ မဖြစ်ခဲ့သော် ထိုရူပတဏှာ စသည့် ကိလေသာ တို့ကို အရိယမဂ်တရားဖြင့် မပယ်ရှားရသေးလျှင် ထို မပယ်သတ်ရသေးသော အနုသယဓာတ်သတ္တိသည်ပင် ထိုထိုကမ္မဝဋ်ကို ဖြစ်စေရာ၌လည်းကောင်း, ထိုထိုကမ္မဝဋ်က ထိုထိုအာယတနများ ပြည့်စုံသည့် ဘဝ, ထိုထိုအာယတနများ မပြည့်သည့်ဘဝစသော ထိုထို ဝိပါကဝဋ်ကို ဖြစ်စေခြင်း၌လည်းကောင်း လုံလောက်သော အကြောင်း- တရား ဖြစ်နိုင်ကြသည် ဟူလိုသည်။ (မဟာဋီ၊၂၊၈၉-ကြည့်။)

ထိုထိုကံကို အားထုတ်ဆဲခဏမှ ရှေးအဖို့၌ ရူပတဏှာ စသည်တို့၏ ထိုထို ရုပ်နာမ်အစဉ်၌ ထင်ရှားဖြစ်ခဲ့ ခြင်းသည် ဥပ္ပန္နတာ = ကိလေသဝဋ် ထင်ရှားဖြစ်ခြင်း အကြောင်းတရားဟု ခေါ်ဆို၏။ ထိုထိုကံကို အားထုတ်ဆဲ ခဏမှ ရှေးအဖို့၌ ရူပတဏှာ စသည်တို့သည် ထိုထိုရုပ်နာမ်သန္တာန် အစဉ်၌ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်ခဲ့သော်လည်း အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့်အတွက် အနုသယဓာတ် = အငုပ်ဓာတ် အနေအားဖြင့် ကိန်းဝပ်၍ တည်နေကြပေ၏။ ထိုကဲ့သို့ အနုသယဓာတ်သဘော အနေအားဖြင့် ကိန်းဝပ်တည်နေ ခြင်းသည် အတ္ထိတာ = အနုသယဓာတ် အနေအားဖြင့် ထင်ရှားရှိခြင်း အကြောင်းတရားဟု ခေါ်ဆို၏။ ယင်းဥပ္ပန္နတာ အကြောင်းတရား, အတ္ထိတာ အကြောင်းတရား နှစ်မျိုးလုံးသည်ပင် ကမ္မဝဋ် အမည်ရသော ကံတရားက ဆိုင်ရာ မိမိ၏ အကျိုးတရား၏ အကြောင်းတရားအဖြစ်သို့ ကပ်ရောက်နိုင်ခြင်းကြောင့် ရူပတဏှာ စသည်တို့သည် ထင်ရှားရှိသော တရားသာလျှင် ဖြစ်၏ဟု ခေါ်ဆိုနိုင်ပေသည်။ (မဟာဋီ၊၂၊၈၉။)

ထိုကြောင့် ရူပါရုံကို မြင်လိုသည့် ရူပတဏှာ စသည်တို့ကို အရင်းခံ၍ ကံကို အားထုတ်ခဲ့သည်ပင်ဖြစ်စေ၊ ရူပါရုံကို မြင်လိုသည့် ရူပတဏှာ စသည်တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမဖြစ်ခဲ့ကြသော်လည်း ရူပတဏှာ စသည်တို့ကို ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားက မပယ်ရှားရသေးသဖြင့် အနုသယဓာတ်သဘော အားဖြင့် ထင်ရှားရှိနေစဉ်ဝယ် ကံကို အားထုတ်ခဲ့သည်ပင်ဖြစ်စေ၊ ထိုကံကို ရူပတဏှာစသည်လျှင် အကြောင်းရင်းခံ ရှိသော ကံဟုပင် ဆိုနိုင်သည်။ ထို ကံကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေတတ်သောသဘောမှာ စက္ခုပသာဒစသော အမည်ကို ရရှိနိုင်သည်သာ ဖြစ်သည်။

တစ်ခါတစ်ရံ အချို့အချို့သော ယောဂီများသည် အတိတ်အကြောင်းတရားများကို ရှာဖွေရာဝယ် ဆိုင်ရာ ဆိုင်ရာ အကျိုးရုပ်နာမ်တို့ကို ဖြစ်စေတတ်သော ဆိုင်ရာအကျိုးကို ပေးနေသောကံ၏ ရှေးအဖို့၌ အဝိဇ္ဇာ-တဏှာ- ဥပါဒါန်တို့ကို ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ပီပီပြင်ပြင် ဖြစ်ခဲ့သည်ကို ရှာဖွေ၍ မတွေ့ရှိ ဖြစ်နေတတ်၏၊ သို့သော် ထိုကံကလည်း အကျိုးပေးနေသည်ကို ထင်ထင်ရှားရှား အကြောင်း-အကျိုး ဆက်စပ်၍ ရနေတတ်၏။ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ကမ္မဝဋ်၏ အကြောင်းရင်းဖြစ်သော ကိလေသဝဋ်မှာ အရိယမဂ်တရားဖြင့် မပယ်ရှားရသေး၍ အနုသယဓာတ်အနေဖြင့် အငုပ်ဓာတ်အနေဖြင့် ကိန်းဝပ်တည်နေသော အဝိဇ္ဇာ-တဏှာ- ဥပါဒါန်တို့၏ ထင်ရှားရှိခြင်းဟူသော အတ္ထိတာ အကြောင်းတရားပင် ဖြစ်သည်။

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ၊ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ။ (သံ၊၁၊၂၉၅။ စေတနာသုတ္တန်။)

ဤ စေတနာသုတ္တန်နှင့်အညီ ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဆိုင်ရာ ကိလေသဝဋ်တရားများသည် ထိုကံ၏ ရှေးအဖို့၌ ကြိုတင်၍ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားမဖြစ်ခဲ့သော်လည်း အနုသယဓာတ်သဘောအားဖြင့် တည်ရှိနေသေးလျှင်လည်း ထိုအနုသယဓာတ် ကိန်းဝပ်လျက် ရှိနေသေးသော ထိုပုဂ္ဂိုလ်၏ ပြုစုပျိုးထောင်လိုက်သော ကံသည် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်အဖြစ် ရပ်တည်နေဖို့ရန် အကြောင်းတရားပင် ဖြစ်ပေသည်။ (အကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ပြန်ကြည့်ပါ။)

(ကိစ္စ) ရသ --- ရူပေသု ပုဂ္ဂလဿ, ဝိညာဏဿ ဝါ အာဝိဉ္ဆနရသံ။ (မူလဋီ၊၁၊၁၄၇။ မဟာဋီ၊၂၊၉၀)

စက္ခုအကြည်ဓာတ်သည် အာဝဇ္ဇန်း = ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်စသော စက္ခုဒွါရဝီထိစိတ်, တဒနုဝတ္တက = နောက်လိုက် မနောဒွါရဝီထိစိတ်, ရူပါရုံကို ဆက်လက် အာရုံယူသော သုဒ္ဓမနောဒွါရဝီထိစိတ်ဟူသော ဝိညာဏ်ကို ရူပါရုံဘက်သို့ ဆွဲဆောင်သွား၏။ စိတ်ကို ဆွဲဆောင်သွားလျှင် စိတ်က သတ္တဝါကိုပါ ဆွဲဆောင်သွား သောကြောင့် ဌာနျူပစာရအားဖြင့် စက္ခုအကြည်ဓာတ်ရှိရာ သတ္တဝါကို ရူပါရုံဘက်သို့ ဆွဲဆောင်သည်ဟု ဆိုသည်။ ထိုကြောင့် ကာမဘုံသား သတ္တဝါတို့သည် စက္ခုပသာဒ၏ ဆွဲဆောင်မှုကြောင့် ရူပါရုံကို ကြည့်မိကြကုန်၏၊ မကြည့် ပါဘူးဟု စောင့်စည်းနေသော်လည်း စိတ်ကို မထိန်းနိုင်သူတို့ကား ရုတ်ခနဲဆိုလျှင် ခေတ္တခဏဖြစ်စေ ကြည့်မိတတ် ကြသေး၏။ သောတပသာဒစသည်တို့က ဆွဲဆောင်သွားခြင်းကြောင့် သဒ္ဒါရုံကို နားထောင်မိပုံ, ဂန္ဓာရုံကို မကောင်းမှန်းသိသော်လည်း နမ်းမိပုံ, အရသာတစ်ခုခုကို မကောင်းမှန်းသိလျက် မြည်းကြည့်မိတတ်ပုံ, မူးယစ်ဆေးဝါးများကို မကောင်းမှန်းသိလျက် မှီဝဲတတ်ပုံ, မကောင်းမှန်းသိလျက် ဒုက္ခရောက်မည်ဟု သိလျက် ဖောဋ္ဌဗ္ဗာရုံများကို တို့ကြည့်မိပုံ ခံစားမိပုံများကို လောကမျက်မြင်အားဖြင့် ဆင်ခြင် သဘောပေါက်ပါလေ။

အမေး --- အဘယ်ကြောင့် စက္ခုအကြည်ဓာတ်စသော အကြည်ပသာဒရုပ်များက ဆိုင်ရာဆိုင်ရာ ဝီထိစိတ် အစဉ်များကို ထိုထိုအာရုံဘက်သို့ ဆွဲဆောင်သွားနိုင်ပါသနည်းဟု မေးဖွယ်ရာ ရှိ၏။

အဖြေ --- ယင်းပသာဒရုပ် = အကြည်ဓာတ်တို့ကား အဝိဇ္ဇာ-တဏှာ-ဥပါဒါန် အရင်းခံသည့် ကံကြောင့် ဖြစ်သော ကမ္မဇရုပ်များ ဖြစ်ကြ၏။ ယင်း တဏှာမှာ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အာရုံ (၅)ပါး ကာမဂုဏ် တရားတို့ကို မြင်လို ကြားလို နမ်းလို လျက်လို ထိလိုသော = ခံစားလိုသော ကာမတဏှာ ဖြစ်ရကား အာရုံကို ခံစားလိုသော ဦးတည်ချက်ဖြင့် ပြုစုပျိုးထောင်ခဲ့သော ကံက ဖြစ်စေသော အကျိုးတရားများ ဖြစ်ခြင်းကြောင့် ယင်းအကြည်ဓာတ်တို့သည် ထိုထိုအာရုံဘက်သို့ ထိုထိုအကြည်ဓာတ်ရှိရာ သတ္တဝါနှင့် ထိုထိုသတ္တဝါ၏ စိတ်အ စဉ်ကို ဆွဲဆောင်သွားနိုင်ခြင်း ဖြစ်ပေသည်။ ထိုသို့ အဆွဲဆောင် မခံရမီ၌ ဖြစ်စေ, သို့မဟုတ် အဆွဲဆောင်ခံရသော အခါ၌ ဖြစ်စေ ---

၁။ မြင်အပ်သောတရား, မြင်တတ်သောတရား,

၂။ ကြားအပ်သောတရား, ကြားတတ်သောတရား,

၃။ ထိအပ်သောတရား, ထိတတ်သောတရား,

၄။ သိအပ်သောတရား, သိတတ်သောတရား ---

ဤရုပ်နာမ် ပရမတ်တရားတို့ကို အကြောင်းတရားနှင့်တကွ, အချိန်မီ ဝိပဿနာ မရှုနိုင်ပါက နောက်ထပ် ကာမတဏှာများ ပွားစီးနေကြဦးမည် ဖြစ်သည်။ အာရုံကိုတပ်မက်သည့် အာရုံကိုခံစားလိုသည့် ယင်းကာမတဏှာကို အခြေခံ၍ ဘဝသစ်ကို ပြုစီမံတတ်သည့် အဘိသင်္ခါရကံများသည် အသစ်ထပ်မံ၍ ဖြစ်ပေါ်လာကြ ဦးမည် ဖြစ်သည်။ ယင်းကံကြောင့် နောက်ထပ်တစ်ဖန် ဘဝသစ်၌ စက္ခုအကြည်ဓာတ် စသော အကြည်ရုပ်များ လည်း ထပ်မံ၍ ဖြစ်လာကြဦးမည်သာ ဖြစ်ပေသည်။ ဤသို့လျှင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ဦးဆောင်သည့် အနုသယကိလေသာဓာတ်တို့ကို အချိန်မီ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မပယ်သတ်နိုင်ပါက ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကြီးသည် မရပ်မနား ဆက်ကာဆက်ကာ လည်ပတ်၍ နေဦးမည်သာ ဖြစ်ပေသည်။

ပစ္စုပဋ္ဌာန် --- စက္ခုဝိညာဏာဒီနံ ယထာရဟံ ဝတ္ထုဒွါရဘာဝံ သာဓယမာနံ တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၂၊၇၆။)

စက္ခုဝိညာဏဿ ဝတ္ထုဘာဝံ နိဿယဘာဝတော အာဝဇ္ဇနသမ္ပဋိစ္ဆနာဒီနံ တဒါရမ္မဏာဝသာနာနံ ဒွါရဘာဝံ သမဝသရဋ္ဌာနတော (သမဝသရဒါနတော) (မဟာဋီ၊၂၊၉၄။)

စက္ခုပသာဒသည် စက္ခုဝိညာဏ်၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ် ဖြစ်၏။ သို့အတွက် စက္ခုပသာဒသည် စက္ခုဝိညာဏ်အား မှီရာ နိဿယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ စက္ခုပသာဒ မရှိလျှင် စက္ခုပသာဒကို မမှီရလျှင် (မျက်စိ ကာဏ်းနေလျှင်) စက္ခုဝိညာဏ်သည် မဖြစ်နိုင်ရကား စက္ခုဝိညာဏ် ဖြစ်ရေးအတွက် စက္ခုပသာဒသည် မရှိလျှင် မဖြစ်သော အကြောင်းတရား တစ်ခုပင် ဖြစ်၏။ ယင်းအကြောင်းမျိုးကို နိဿယအကြောင်းတရားဟု ခေါ်ဆိုသည်။ ယင်းနိဿယ အကြောင်းတရားကိုပင် စက္ခုပသာဒက စက္ခုဝိညာဏ်အား နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး သည်ဟု ဟောတော်မူခြင်း ဖြစ်သည်။

တစ်ဖန် စက္ခုပသာဒ မရှိက စက္ခုဝိညာဏ်သာမက ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံဟူသော စက္ခုဒွါရဝီထိစိတ်များလည်း မဖြစ်နိုင်ကြပေ။ ရူပါရုံက စက္ခုအကြည်နှင့် ဘဝင်မနောအကြည်တို့ ကို ပြိုင်တူရိုက်ခတ်ပါမှ ယင်းစက္ခုဒွါရဝီထိစိတ်များ ဖြစ်ခွင့် ရနိုင်ကြ၏။ စက္ခုအကြည်ဓာတ် မရှိက စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားများလည်း မဖြစ်နိုင်ကြ၊ စက္ခုသမ္ဖဿလည်း မဖြစ်နိုင်။ စက္ခုသမ္ဖဿက ကျေးဇူးပြုပေးပါမှသာလျှင် သမ္ပဋိစ္ဆိုင်းစသော စက္ခုဒွါရဝီထိစိတ်များလည်း ဖြစ်နိုင်ကြ၏။ သို့အတွက် စက္ခုဒွါရဝီထိစိတ်များ ဖြစ်နိုင်ရေးအတွက်လည်း စက္ခုပသာဒက ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ ယင်းသို့ ကျေးဇူးပြုပေးမှုကို သမဝသရဋ္ဌာန = စက္ခု ပသာဒသည် စက္ခုဒွါရဝီထိစိတ်တို့၏ ကောင်းစွာသက်ရောက်ရာ ဌာန ဖြစ်သည်၊ သမဝသရဒါန = စက္ခုပသာဒက စက္ခုဒွါရဝီထိစိတ်တို့အား ကောင်းစွာသက်ရောက်မှုကို ပေးသည်ဟု ဆိုသည်။ ယင်းသို့ စက္ခုပသာဒက စက္ခုဒွါရ ဝီထိစိတ်တို့၏ ကောင်းစွာသက်ရောက်ရာ ဖြစ်ခြင်းကြောင့်, စက္ခုပသာဒသည် စက္ခုဒွါရဝီထိစိတ်တို့အား ကောင်းစွာ သက်ရောက်မှုကို ပေးခြင်းကြောင့် စက္ခုပသာဒကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ---

၁။ စက္ခုပသာဒသည် စက္ခုဝိညာဏ်၏တည်ရာ ဖြစ်ခြင်းသဘောတရားဟုလည်း ထင်လာ၏။

၂။ စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်း = ဒွါရ သဘောတရားဟုလည်း ထင် လာ၏။

စက္ခုဝိညာဏ်သည် မည်သည့်စက္ခုအကြည်ဓာတ်ကို

မှီ၍ ဖြစ်ပါသနည်း

ရှေး ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် သသမ္ဘာရစက္ခု ပသာဒစက္ခု အကြောင်းများကို ပရမတ္ထသစ္စာနယ်မှ ရှင်းလင်း တင်ပြခဲ့၏။ ဤတွင် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

သမ္ဘရီယတိ ဧတေဟီတိ သမ္ဘာရာ --- စက္ခုအကြည်ဓာတ် = စက္ခုပသာဒကို ကောင်းစွာမွေးမြူကြောင်း ဆောင်ကြောင်း ဖြစ်စေကြောင်းဖြစ်သော သတ္တိကြောင့် အထောက်အပံ့ဖြစ်သော မျက်စိ၌ ဥပါဒ်ကြသော ကမ္မဇ -စိတ္တဇ-ဥတုဇ-အာဟာရဇဖြစ်သော စတုသမုဋ္ဌာနိက ရုပ်အစဉ်သန္တတိဟူသော အစိတ်အစိတ်သော အဆောက်အဦ အကြောင်းတို့သည် သမ္ဘာရမည်၏။

သဟ သမ္ဘာရေဟီတိ သသမ္ဘာရံ၊ တဒေဝ စက္ခူတိ သသမ္ဘာရစက္ခု --- စက္ခုပသာဒကို ထောက်ပံ့တတ် ကုန်သော စတုသမုဋ္ဌာနိက ရုပ်အစဉ်သန္တတိဟူသော အဆောက်အဦ အကြောင်းတရားတို့နှင့် အတူတကွ ဖြစ်တတ်သော သတ္တိကြောင့် သသမ္ဘာရ မည်၏။ ပရမတ္ထသစ္စာနယ်မှ ဆိုရသော် စက္ခုပသာဒနှင့် တကွသော စက္ခုဒွါရ၌ တည်ရှိသော (၅၄)မျိုးသော ရုပ်တရား အပေါင်းအစုပင်တည်း။

သမုတိသစ္စာနယ်မှ ဆိုရသော် --- ညိုသော မျက်မွေးတို့ဖြင့် ထက်ဝန်းကျင် ပြွမ်းသော, မျက်နက်ဝန်း မျက်ဖြူဝန်းတို့ဖြင့် ဆန်းကြယ်သော ကြာညိုပွင့်ချပ်နှင့် တူသော အသားစိုင်ကို စက္ခု = မျက်လုံးဟူ၍ သတ္တလောက၌် ခေါ်ဆို၏။

သသမ္ဘာရစက္ခုကား ပသာဒစက္ခုကို ထောက်ပံ့တတ်သော အကြောင်းတရားပင် ဖြစ်၏။ ပသာဒစက္ခုသည် ထောက်ပံ့တတ်သောအကြောင်း အဆောက်အဦနှင့်တကွဖြစ်၍ သသမ္ဘာရစက္ခုဟု ဆိုအပ်သော ထိုမျက်လုံးအိမ်၏ မျက်ဖြူဝန်းတို့ဖြင့် ခြံရံအပ်သော မျက်နက်ဝန်း၏ အလယ်၌ ရှေးရှူ မျက်နှာချင်းဆိုင် အရပ်၌ တည်ရှိကြ ကုန်သောသူတို့၏ ကိုယ်သဏ္ဌာန် အရိပ်ထင်ရာ အရပ်၌ ဝါဂွမ်းလွှာ (၇)ထပ်တို့ဝယ် သွန်းလောင်းအပ်သော ဆီ သည် ဝါဂွမ်းလွှာ (၇)ထပ်တို့ကို နှံ့စေသကဲ့သို့ မျက်လွှာ (၇)ထပ်တို့ကို နှံ့စေ၍, ချီပိုးခြင်း, ရေချိုးပေးခြင်း, တန်ဆာ ဆင်ယင်ပေးခြင်း, ယပ်ခတ်ပေးခြင်း ကိစ္စကို ဆောင်ရွက်ပေးကြကုန်သော အထိန်းတော် (၄)ဦးတို့သည် ပြုလုပ်ပေးအပ်သော မွေးမြူခြင်းရှိသော မင်းသားကဲ့သို့ ကလာပ်တူ ဖြစ်ကြကုန်သော အတူဖြစ်ကြကုန်သော ဓာတ်ကြီး (၄)ပါးတို့တွင် ---

၁။ ပထဝီဓာတ်က တည်ရာကိစ္စဖြင့် ကောင်းစွာဆောင်ထားခြင်းကိစ္စ,

၂။ အာပေါဓာတ်က ဖွဲ့စည်းထားခြင်းကိစ္စ,

၃။ တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ,

၄။ ဝါယောဓာတ်က တွန်းကန်ထားခြင်းကိစ္စ ---

ဤ လုပ်ငန်းကိစ္စကြီး (၄)ရပ်တို့ဖြင့် အတူဖြစ်သော ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့က ကျေးဇူးပြုပေးအပ် သည် ဖြစ်၍ ကလာပ်ပြား ကလာပ်ခြား ဖြစ်ကုန်သော သသမ္ဘာရစက္ခု အမည်ရသော ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့က ထောက်ပံ့ထားအပ်သည် ဖြစ်၍, တစ်နည်းဆိုသော် ကလာပ်ပြား ကလာပ်ခြား ဖြစ်ကုန်သော သသမ္ဘာရစက္ခု အမည်ရသော ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု- အာဟာရတို့က ထောက်ပံ့အပ်သည် ဖြစ်၍ (မဟာဋီ၊၂၊၉၃-၉၄။) ကလာပ်တူ ရုပ်ဇီဝိတက စောင့်ရှောက်အပ် သည် ဖြစ်၍, အတူဖြစ်သော ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့သည် ခြံရံအပ်သည် ဖြစ်၍ ပမာဏအားဖြင့် သန်းဦးခေါင်းမျှသော ပမာဏရှိသောအရပ်၌ ပျံ့နှံ့၍ တည်သည်ဖြစ်၍ စက္ခုဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်းဒွါရဖြစ်ခြင်း လုပ်ငန်းကိစ္စရပ်ကို ပြီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၅-၇၆။)

သတ္တအက္ခိပဋလဗျာပနဝစနေနေဝ စက္ခုဿ အနေကကလာပဂတဘာဝံ ဒေဿတိ။ ပ ။ တံ ပနေတံ စက္ခု အဓိဋ္ဌာနဘေဒတော, တတ္ထာပိ ပစ္စေကံ အနေကကလာပဂတဘာဝတော အနေကမ္ပိ သမာနံ သာမညနိဒ္ဒေသေန အာဝဇ္ဇနာယ ဧကတ္တာ, ဧကသ္မိံ ခဏေ ဧကေဿဝ စ ကိစ္စကရတ္တာ ဧကံ ကတွာ ဝုတ္တံ။ ဧဝမ္ပိ ဗဟူသု ကထမေကေဿဝ ကိစ္စကရတ္တံ။ ယံ တတ္ထ ဝိသဒံ ဟုတွာ ရူပါဘိဃာတာရဟံ၊ တံ ဝိညာဏဿ နိဿယော ဟောတီတိ ဂဟေတဗ္ဗံ။ ဖောဋ္ဌဗ္ဗဝိသေသော ဝိယ ကာယဝိညာဏဿ အာရမ္မဏဘာဝေ။ (မဟာဋီ၊၂၊၉၄။)

စက္ခုပသာဒသည် မျက်လွှာ (၇)လွှာတို့ကို ပျံ့နှံ့လျက် တည်နေကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုထား၏။ ယင်းသို့ ဖွင့်ဆိုသော စကားရပ်ဖြင့် စက္ခုပသာဒရုပ်၏ တစ်ပါးမက များပြားလှစွာကုန်သော ရုပ်ကလာပ်တို့၌ တည်သည်၏ အဖြစ်ကို ညွှန်ပြ၏။ [စက္ခုပသာဒသည် မျက်လွှာ (၇)လွှာတို့ကို ပျံ့နှံ့၍ တည်ခြင်းကြောင့် စက္ခု ဒသက ကလာပ် (၇)ခုသာ ရှိသည်ဟူသော အဆိုအမိန့်များမှာ ဤမဟာဋီကာ၏ အဖွင့်နှင့်ကား မညီ ဖြစ်နေပေ သည်။]

စက္ခုဝိညာဏ်သည် စက္ခုပသာဒကို မှီ၍ ဖြစ်၏ဟု ဆိုရာ၌ မျက်စိဝယ် မျက်လုံးအိမ် နှစ်ခု ရှိနေသဖြင့် မျက်လုံးနှစ်ဘက်ဟူသော တည်ရာလည်း ကွဲပြားလျက် ရှိ၏။ မျက်လွှာ (၇)လွှာတို့ကို ပျံ့နှံ့၍ စက္ခုပသာဒများ တည်နေကြောင်းကိုလည်းကောင်း, သန်းဦးခေါင်းမျှ ပမာဏရှိသော အရပ်၌ စက္ခုဒသကကလာပ်ပေါင်းများစွာ တည်ရှိကြောင်းကိုလည်းကောင်း အထက်ပါ အဋ္ဌကထာ ဋီကာတို့က ဖွင့်ဆိုထားတော်မူကြ၏၊

ထို ဖွင့်ဆိုထားတော်မူချက်များအရ ---

၁။ မျက်လုံးနှစ်လုံးဟူသော တည်ရာကွဲပြားခြင်း,

၂။ မျက်လုံး တစ်လုံးတစ်လုံး၌လည်း စိတ္တက္ခဏ တစ်ခုအတွင်း၌ တစ်ချိန်တည်း ပြိုင်တူ ဥပါဒ်ကြသော စက္ခု ဒသကကလာပ်ပေါင်း များစွာရှိခြင်းကြောင့် --

စက္ခုပသာဒပေါင်းလည်း များစွာပင် ရှိနေ၏၊ စက္ခုပသာဒပေါင်းများစွာတို့သည် ပြိုင်တူ ဥပါဒ်လျက် ရှိကြ၏။ ထိုမျှများပြားသော စက္ခုပသာဒတို့တွင် စက္ခုပသာဒတစ်ခုသည် စက္ခုဝိညာဏ်၏ တည်ရာ မှီရာ လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်ပေးနိုင်သည်သာ ဖြစ်သည်။ထိုသို့ ရွက်ဆောင်ပေးနိုင်သဖြင့် စက္ခုဝိညာဏ်သည် မည်သည့်စက္ခုပသာဒ ရုပ်ကို မှီ၍ ဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိ၏။ အဖြေမှာ ဤသို့ဖြစ်၏ ---

မျက်လုံးနှစ်ဘက်ဟူသော တည်ရာအားဖြင့် ကွဲပြားမှုရှိခြင်း, မျက်လုံး တစ်လုံးတစ်လုံး၌လည်း စက္ခုဒသက ကလာပ်ပေါင်းများစွာ ရှိခြင်းကြောင့် စက္ခုပသာဒပေါင်းလည်း များပင်များသော်လည်း စက္ခုပသာဒချင်း တူညီ သဖြင့် တူညီရာ စုပေါင်းညွှန်ပြသော သာမညနိဒ္ဒေသနည်းအားဖြင့် ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း စိတ်၏ စက္ခုဒွါရတစ်ဝီထိ အတွင်း၌ တစ်ခုတည်းသာ ဖြစ်သောကြောင့်လည်းကောင်း, စက္ခုဝိညာဏ်ဟူသော စိတ္တက္ခဏ တစ်ခုအတွင်း၌ တစ်ခုတည်းသော စက္ခုပသာဒကသာလျှင် စက္ခုဝိညာဏ်၏ တည်ရာဖြစ်ခြင်း လုပ်ငန်း ကိစ္စရပ်ကို ပြုတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း (စက္ခုပသာဒပေါင်းများစွာကို) တစ်ခုတည်းပြု၍ ဖွင့်ဆို ထား၏။ ဤသို့ပင် ဖွင့်ဆိုထားသော်လည်း များစွာကုန်သော စက္ခုပသာဒတို့တွင် စက္ခုပသာဒ တစ်ခုတည်း၏သာ လျှင် စက္ခုဝိညာဏ်၏တည်ရာ လုပ်ငန်းကိစ္စကို ပြုတတ်သည်၏ အဖြစ်ကို အဘယ်သို့ ယူဆရမည်နည်း ---

ထိုများစွာသော စက္ခုပသာဒရုပ်တို့တွင် တစ်ခု တစ်ခုသော စက္ခုပသာဒကား အထူးကြည်လင်သန့်ရှင်း၍ ရူပါရုံ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာ ထိုက်နေ၏၊ ထိုကဲ့သို့သော စက္ခုပသာဒသည် စက္ခုဝိညာဏ်၏ မှီရာ နိဿယ ဖြစ်ပေသည်ဟု ယူပါ။ အဘယ်ကဲ့သို့ မှတ်သားရမည်နည်းဟူမူ --- ကာယအကြည်ဓာတ်ခေါ် ကာယပသာဒများသည် ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေကြ၏၊သို့သော်လည်း ထူးကဲသော ဖောဋ္ဌဗ္ဗဓာတ် တို့၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယပသာဒသည်သာလျှင် ကာယဝိညာဏ်၏မှီရာ နိဿယဖြစ်နိုင် သကဲ့သို့တည်းဟု မှတ်ပါ။ တစ်ကိုယ်လုံး၌ ကာယဒသကကလာပ်ပေါင်းကား များစွာရှိနေသဖြင့် ကာယပသာဒ ပေါင်းလည်း များစွာပင် ရှိနေ၏။ တစ်ကိုယ်လုံး၌ ကာယပသာဒ = ကာယအကြည်ဓာတ်များသည် အနှံ့အပြားပင် တည်ရှိနေသော်လည်း ထိုကာယအကြည်ဓာတ်အားလုံးကို မှီ၍ ကာယဝိညာဏ်စိတ် တစ်ခုသည် ဖြစ်ပေါ်လာ သည်ကား မဟုတ်။ ဖောဋ္ဌဗ္ဗဓာတ် (ပထဝီ-တေဇော-ဝါယော) တို့၏ ထိခိုက်မှု ထင်ရှားသည့် နေရာ၌ တည်ရှိသော ကာယအကြည်ဓာတ်ကိုသာ မှီ၍ ကာယဝိညာဏ်စိတ် ဖြစ်သကဲ့သို့ မှတ်ပါ။ (မဟာဋီ၊၂၊၉၄။)

လက်တွေ့စမ်းသပ်ကြည့်သင့်သည်

ဤ မဟာဋီကာဆရာတော်၏ အယူအဆ အဆိုအမိန့်များကို အသင်သူတော်ကောင်းသည် တကယ်လက်တွေ့ စမ်းသပ်ကြည့်သင့်၏၊ တကယ်လက်တွေ့ သုတေသန ပြုလုပ်သင့်၏။ အချို့သော ဆရာမြတ်တို့ကား ဤ မဟာဋီကာဆရာတော်၏ အယူအဆကို လက်မခံလိုကြပေ။ စက္ခုပသာဒပေါင်း များစွာကိုပင် စက္ခုဝိညာဏ်သည် မှီဖြစ်ရ၏ဟု အယူရှိတော်မူကြ၏။ သို့သော် ဉာဏ်ထက်မြက်သူ အချို့အချို့သော ယောဂါဝစရ သူတော်ကောင်း တို့ကား မဟာဋီကာဆရာတော်၏ အယူအဆကို လက်ခံလျက်ပင် ရှိကြပေသည်။

ပဒဋ္ဌာန် --- ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော စက္ခုပသာဒ၏ မှီရာ ကလာပ်တူ မဟာဘုတ်ဓာတ်ကြီး (၄)ပါးလျှင် အနီးကပ်ဆုံးသော အကြောင်းတရား ရှိ၏။ မျက်စိ၌ စက္ခုဒသကကလာပ်ပေါင်း များစွာရှိရာ စက္ခုပသာဒသည် မိမိနှင့်ကလာပ်တူ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ မှီ၏၊ ကလာပ်ပြား ကလာပ်ခြားလျက်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို မမှီပေ။ အကြောင်းမူ စက္ခုပသာဒဟူသည် ထိုထို မိမိတို့၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ ကြည်လင်စေတတ်သော သဘော ဖြစ်ခြင်းကြောင့်တည်း။

ဤစက္ခုပသာဒ၏ ( ခ ) အမှတ်ပြ လက္ခဏာနှင့် ဤပဒဋ္ဌာန် ရှုကွက်တို့ကား ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် တင်ပြထား သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီးသူ သူတော်ကောင်းတို့သာ ရှုနိုင်သည့် ရှုကွက်များ ဖြစ်ကြ၏။ အတိတ် ဘဝက ဤလူ့ဘဝသို့ ရောက်ကြောင်း ကံကို ပြုစုပျိုးထောင်ရာဝယ် လူ့ဘဝ ခန္ဓာ (၅)ပါးကို လိုလားတပ်မက်သော ကာမတဏှာက အရင်းခံလျက် ရှိခဲ့သော်, ထိုကာမတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ပင် ဤလူ့ဘဝ ခန္ဓာ (၅)ပါးတို့ကို ရရှိခဲ့သော် ထိုခန္ဓာ (၅)ပါးတို့တွင် ရူပါရုံလည်း ပါဝင်လျက်ပင် ရှိ၏။ ထိုကြောင့် လူ့ဘဝ လူ့ ခန္ဓာကို လိုလားတပ်မက်လျှင် ရူပါရုံကို လိုလားတပ်မက်မှုလည်း အကျုံးဝင်လျက်ပင် ရှိ၏။ သို့သော် အချို့ဆရာမြတ်တို့ကား ဤ၌ ရူပါရုံအတွက် သီးသန့် ရည်ရွယ်တောင့်တမှုမျိုးကို ဆိုလိုသည်ဟု အဆိုပြုတော်မူကြပြန်၏။ အသင်သူတော်ကောင်း၏ အတိတ်ဘဝ ရုပ်နာမ်သန္တာန်အစဉ်၌ ဤလူဘဝ ရောက်ကြောင်း ကာမတဏှာ အရင်းခံ သည့် အဘိသင်္ခါရကုသိုလ်ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ရူပါရုံကို မြင်တွေ့လိုကြောင်း သီးသန့် တောင့်တချက် သည် ရှိချင်လည်း ရှိမည်၊ မရှိသော်လည်း ဖြစ်ချင်ဖြစ်မည်။ အမျိုးသားဘဝ သို့မဟုတ် အမျိုးသမီးဘဝကို လိုလား တပ်မက်မှု လိုလားတောင့်တမှုကား = ကာမတဏှာကား ဥပါဒ်-ဌီ-ဘင် အနေအားဖြင့်သော်လည်းကောင်း, အနုသယဓာတ် အနေအားဖြင့်သော်လည်းကောင်း ထင်ရှားဖြစ်ခဲ့သည်သာတည်း၊ ထင်ရှားတည်ရှိခဲ့သည်သာ တည်း။ ထိုကြောင့် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရ-ကံကြောင့် တစ်နည်းဆိုရသော် အတိတ်အကြောင်းတရား (၅)ပါးကြောင့် စက္ခုပသာဒ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ ဖြစ်ပေါ်လာပုံကို ရှေးဦးစွာ ဉာဏ်ဖြင့် မြင်အောင် ရှုပါ သိမ်းဆည်းပါ။ ယင်းစက္ခုပသာဒ၏မှီရာ ကမ္မဇ မဟာဘုတ်တို့ကို ဉာဏ်ဖြင့် မြင်သောအခါ ယင်းမဟာဘုတ်တို့ကို ကြည်လင်စေတတ်သောသဘော = စက္ခုပသာဒကို မြင်အောင် တစ်ဖန်ဆက်၍ ရှုပါ။ ထိုအခါတွင် ကာမတဏှာ အရင်းခံသည့် ကံကြောင့် ဖြစ်သော ကမ္မဇမဟာဘုတ် (= စက္ခုပသာဒ၏မှီရာ ကမ္မဇမဟာဘုတ်) တို့ကို ကြည်လင်စေတတ်သော သဘောလက္ခဏာ ရှိသော စက္ခုပသာဒကိုလည်းကောင်း, စက္ခုပသာဒ၌ မိမိနှင့်ကလာပ်တူ ယင်းကမ္မဇမဟာဘုတ်လျှင် အနီးကပ် ဆုံးသော အကြောင်းပဒဋ္ဌာန် ရှိမှုကိုလည်းကောင်း အသင်သူတော်ကောင်းသည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မည် ဖြစ်ပေသည်။

စက္ခုပသာဒ၏ (က) အမှတ်ပြ လက္ခဏာကား ပစ္စယပရိဂ္ဂဟဉာဏ် မရရှိသေးသော်လည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှုနိုင်သည်သာ ဖြစ်သည်။ အမှတ် (ခ) လက္ခဏာနှင့် ပဒဋ္ဌာန်တို့ကား ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိသော သူတော်ကောင်းသည်သာလျှင် ရှု၍ ရနိုင်သော ရှုကွက်ဖြစ်သည်။ ထိုကြောင့် နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ဤကျမ်း၌ကား လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို အချို့အချို့သော ပရမတ္ထဓာတ်သားတို့ကို ငဲ့၍ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသူတို့ ရှုရန် တင်ပြထားခြင်း ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အဝင်အပါ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပြီးသော အခါ၌လည်း တစ်ဖန်ပြန်၍ ---

၁။ ရုပ်တရားကို သိမ်းဆည်းခြင်း (ရူပပရိဂ္ဂဟ)

၂။ နာမ်တရားကို သိမ်းဆည်းခြင်း (အရူပပရိဂ္ဂဟ)

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း (ရူပါရူပပရိဂ္ဂဟ)

၄။ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း (နာမရူပဝဝတ္ထာန)

၅။ ပစ္စုပ္ပန်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း (ပစ္စယပရိဂ္ဂဟ)

၆။ အတိတ် အနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း (အဒ္ဓါနပရိဂ္ဂဟ)

ဤလုပ်ငန်းရပ်ကြီးတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရဦးမည်သာ ဖြစ်သည်။ အောက်ပါ ဋီကာစကားရပ်ကို ဖတ်ရှုကြည့်ပါ။

နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

နာမ်ရုပ်ကို ပိုင်းခြားသိတတ်သော နာမရူပပရိစ္ဆေဒဉာဏ်သည်လည်းကောင်း, ထိုနာမ်ရုပ်၏ အကြောင်း တရားကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်သည်လည်းကောင်း, ပထမအကြိမ် နှလုံး သွင်းရုံမျှဖြင့် ရရှိနိုင်သည် ပြည့်စုံနိုင်သည်ကားမဟုတ်၊ စင်စစ်မှာမူ တပြောင်းပြန်ပြန် ဉာဏ်ဖြစ်ခြင်းဟု ခေါ်ဆို အပ်သော ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ထိုးထွင်း သိခြင်းဖြင့်သာလျှင် ဖြစ်ပေါ်လာနိုင်၏၊ တစ်ကြိမ်တစ်ခါ သိရုံမျှဖြင့် လိုရင်းကိစ္စမပြီး၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိရှိပါမှ လိုရင်းကိစ္စ ပြီးစီးနိုင်သည်။ ထိုကြောင့် ယင်းဉာဏ် (၂)ပါးကို အနုဗောဓဉာဏ်ဟု ခေါ်ဆို၏။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

သောတပသာဒ စသည်တို့၌လည်း ဤစက္ခုပသာဒ၌ ရှင်းလင်းတင်ပြထားသော ရှင်းတမ်းများကို နည်းမှီး၍ သဘောပေါက်ပါလေ။

၆။ သောတပသာဒ

၁။ (က) သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊

( ခ ) သောတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ သောတံ၊

၂။ သဒ္ဒေသု အာဝိဉ္ဆနရသံ၊

၃။ သောတဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊

၄။ သောတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) သဒ္ဒါရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) သဒ္ဒါရုံကို ကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံတို့၌ (သဒ္ဒါရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ သောတဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဒါရုံကို ကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော (သောတပသာဒ၏ မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

သောတသည် သသမ္ဘာရသောတ, ပသာဒသောတဟု နှစ်မျိုးရှိကြောင်းကို ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြ ခဲ့ပြီး ဖြစ်၏။ သောတပသာဒသည် သမုတိသစ္စာနယ်သုံး ဝေါဟာရအားဖြင့် ဆိုရသော် သသမ္ဘာရသောတဟု ဆိုအပ်သော နားပေါက်၏ အတွင်းဝယ် စိုပြည်နုပျိုသိမ်မွေ့သော နီစွာသော အမွေးစီရရီ ပေါက်ရောက်နေသော လက်စွပ်သဏ္ဌာန်ရှိသော အရပ်၌ တည်နေ၏။ ပထဝီဓာတ်က တည်ရာဖြစ်၍ ကောင်းစွာဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းထားခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေးအပ်သည် ဖြစ်၍, အားပေးထောက်ပံ့တတ်သော စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ကလာပ်တူ ရုပ်ဇီဝိတက စောင့်ရှောက်အပ်သည် ဖြစ်၍ ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ သောတဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, သောတဝိညာဏ်နှင့် တကွသော သောတဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်းဒွါရ ဖြစ်ခြင်းကိစ္စကို ထိုက်သည့်အားလျော်စွာ ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၆။)

၇။ ဃာနပသာဒ

၁။ (က) ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊

( ခ ) ဃာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ ဃာနံ၊

၂။ ဂန္ဓေသု အာဝိဉ္ဆနရသံ၊

၃။ ဃာနဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဃာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ဂန္ဓာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံတို့၌ (ဂန္ဓာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ ဃာနဝိညာဏ်၏တည်ရာ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော

(ဃာနပသာဒ၏မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

ဃာနအကြည်ဓာတ်သည် ပသာဒဃာန သသမ္ဘာရဃာန အမည်ရ၍ ကြွင်းကျန်သော (၅၃) မျိုးသော ရုပ်တရားများသည် သသမ္ဘာရဃာန အမည်ရကြောင်း ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့၏။ ယင်းရှင်းလင်းချက်မှာ ပရမတ္ထသစ္စာနယ်မှ ရှင်းလင်းချက်တည်း။ သမုတိသစ္စာနယ်၌ကား ဃာနပသာဒသည် သသမ္ဘာရဃာနဟု ဆိုအပ် သော နှာခေါင်း၏အတွင်းဝယ် ဆိတ်ခြေခွာသဏ္ဌာန်ရှိသော အရပ်၌ တည်နေ၏။ ပထဝီဓာတ်က တည်ရာဖြစ်လျက် ဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေးအပ်သည်ဖြစ်၍, အားပေးထောက်ပံ့တတ်သော စိတ္တဇရုပ် -ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ကလာပ်တူ ဇီဝိတရုပ်က စောင့်ရှောက်အပ်သည်ဖြစ်၍, ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့ဖြင့် ခြံရံ အပ်သည်ဖြစ်၍ ဃာနဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, ဃာနဝိညာဏ်နှင့် တကွသော ဃာနဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းကိစ္စကို ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၆။)

၈။ ဇိဝှါပသာဒ

၁။ (က) ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ၊

( ခ ) သာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏာ ဝါ ဇိဝှါ၊

၂။ ရသေသု အာဝိဉ္ဆနရသာ၊

၃။ ဇိဝှါဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနာ။

၄။ သာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ရသာရုံ၌ (၏) ရှေးရှူ ထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူ ရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ရသာရုံတို့၌ (ရသာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ ဇိဝှါဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော (ဇိဝှါပသာဒ၏ မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

ဇိဝှါပသာဒသည် လျှာလယ်၏ အထက်၌ အလယ်ပြတ်သော ကြာရွက်၏ အဖျားပိုင်းသဏ္ဌာန် ရှိသော အရပ်၌ -- ပထဝီဓာတ်က တည်ရာဖြစ်လျက် ကောင်းစွာဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေး အပ်သည်ဖြစ်၍, အားပေးထောက်ပံ့တတ်ကုန်သော စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ် ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ကလာပ်တူ ဇီဝိတရုပ်က စောင့်ရှောက် အပ်သည်ဖြစ်၍, ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ ဇိဝှါဝိညာဏ်၏ မှီရာဝတ္ထု ဖြစ်ခြင်း, ဇိဝှါဝိညာဏ်နှင့်တကွသော ဇိဝှါဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်း လုပ်ငန်းကိစ္စကို ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၆။)

၉။ ကာယပသာဒ

၁။ (က) ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော၊

( ခ ) ဖုသိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏော ဝါ ကာယော။

၂။ ဖောဋ္ဌဗ္ဗေသု အာဝိဉ္ဆနရသော၊

၃။ ကာယဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနော၊

၄။ ဖုသိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၀။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ဖောဋ္ဌဗ္ဗာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံတို့၌ (ဖောဋ္ဌဗ္ဗာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ ကာယဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော (ကာယပသာဒ၏ မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်များသည် ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေ၏။ ထိုကမ္မဇရုပ်များ တည်ရှိရာ ကိုယ်အရပ်တိုင်း၌ ကာယာယတနခေါ် ကာယပသာဒ = ကိုယ်အကြည်ဓာတ်သည် ဝါဂွမ်း လွှာဝါဂွမ်းစိုင်၌ ဆီအစေးသည် ပျံ့နှံ့စိ့မ်ဝင်၍ တည်နေသကဲ့သို့ ပထဝီဓာတ်က တည်ရာအဖြစ်ဖြင့် ကောင်းစွာ ဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းထားခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ထားခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေးအပ်သည် ဖြစ်၍, အားပေးထောက်ပံ့တတ်ကုန်သော စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့ အပ်သည်ဖြစ်၍, ကလာပ်တူ ဇီဝိတရုပ်က စောင့်ရှောက်အပ်သည်ဖြစ်၍, ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ- ဩဇာတို့ဖြင့် ခြံရံအပ်သည်ဖြစ်၍, ကာယဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, ကာယဝိညာဏ်နှင့် တကွသော ကာယဒွါရဝီထိစိတ် တို့၏ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းကိစ္စကို ပြီးစီးစေလျက် တည်နေပေ၏။ (အဘိ၊ဋ္ဌ၊၁၊၃၄၈။)

မေးမြန်းဖွယ် အချက်တစ်ရပ်

ကာယာယတန = ကာယပသာဒသည် ခန္ဓာကိုယ်ဝယ် ဥပါဒိန္နက အမည်ရသည့် ကမ္မဇရုပ်တည်ရှိရာ တစ်ကိုယ်လုံး၌ ဝါဂွမ်းလွှာ၌ ပျံ့နှံ့၍ တည်နေသော ဆီအစေးကဲ့သို့ ပျံ့နှံ့၍ တည်နေခဲ့သော် မျက်လုံးအတွင်း နားအတွင်း နှာခေါင်းအတွင်း လျှာလယ်အရပ်တို့၌လည်း တည်နေရမည် ဖြစ်သောကြောင့် ဒွါရချင်း ဆက်ကပ် လျက် ဆက်စပ်လျက် ရှိရကား အခြားအခြားသော စက္ခုဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်တို့၌ ပါဝင်သော ရုပ်တရားတို့နှင့် လက္ခဏာချင်း ရောနှော၍ မသွားနိုင်ပြီလော၊ ကာယာယတနသည် ဥပါဒိန္နက = ကမ္မဇရုပ် တည်ရှိရာ ခန္ဓာကိုယ်တစ်ခုလုံး၌ ပျံ့နှံ့နေလျှင်, စက္ခုပသာဒ၏ အတွင်း၌ ကာယာယတနက ထိုးဖောက်ဝင်ရောက် နေစရာ ရှိသောကြောင့် စက္ခုပသာဒဝယ် ကာယာယတနသဘောလည်း ပါဝင်လျက် နေရာ၏၊ ထိုသို့ ပါဝင်နေလျှင် စက္ခုပသာဒမှာလည်း ဖောဋ္ဌဗ္ဗာရုံ၏ ထင်ရာအရိပ်အယောင် ရှိနေ၍, ကာယာယတနမှာလည်း ရူပါရုံ၏ ထင်ရာ အရိပ်အယောင် ရှိနေရကား စက္ခုပသာဒနှင့် ကာယပသာဒ = ကာယာယတနတို့သည် လက္ခဏာချင်း ရောနှော ဖွယ်ရာ မရှိပြီလောဟု မေးရန်ရှိ၏။

အဖြေ -- မှီရာ မဟာဘုတ်ချင်းအားဖြင့်လည်းကောင်း, လက္ခဏာချင်းအားဖြင့်လည်းကောင်း ကွဲပြားသည့် အတွက် ကာယပသာဒနှင့် စက္ခုပသာဒ စသည်တို့သည် ရောယှက်ဖွယ်မရှိပါ ဟူပေ။

အဘယ်ကြောင့်နည်း -- ကလာပ်ချင်း ရောနှောမှု မရှိသောကြောင့် ဖြစ်သည်။ ကာယဒသကကလာပ်နှင့် စက္ခုဒသကကလာပ်စသော ထိုထိုကလာပ်တို့သည် ဆန်မှုန့် နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောထားဘိသကဲ့သို့ ခန္ဓာအိမ်ဝယ် ရောနှောပျံ့နှံ့၍ နေသည်ကားမှန်၏၊ သို့သော် ဆန်မှုန့်နှင့် နနွင်းမှုန့်တို့သည် သမအောင်ရောနှော၍ ထားအပ်သော်လည်း ဆန်မှုန့်ကားတခြား, နနွန်းမှုန့်ကားတခြား အမှုန့်ချင်း တခြားစီသာ ဖြစ်ကြ၏။ အလားတူပင် ကမ္မဇရုပ်ကလာပ်ရှိရာတိုင်း၌ ကာယဒသကကလာပ်များ ပျံ့နှံ့နေသည်မှန်သော်လည်း ပျံ့နှံ့၍ဖြစ်နိုင်ရာ ဒွါရကိုသာ ရည်ရွယ်၍ ပြောဆိုခြင်း ဖြစ်သည်။ ရုပ်ကလာပ်တိုင်းသည် အားလုံး ကာယဒသကကလာပ်ချည်းဟု ဆိုနေသည် ကား မဟုတ်ပေ။ ခန္ဓာအိမ်ဝယ် ထိမှု = ဖောဋ္ဌဗ္ဗဓာတ်ကို သိနိုင်သည့် = ကာယဝိညာဏ်စိတ် မှီဖြစ်နိုင်သည့် နေရာတိုင်း၌ ကာယပသာဒနှင့် တကွသော ကာယဒသကကလာပ်များ တည်ရှိနိုင်ပုံကိုသာ ဆိုလိုရင်း ဖြစ်သည်။ ထိမှုကို သိနိုင်သည့် နေရာတိုင်း၌ ကာယအကြည်ဓာတ်ကား ရှိလျက်ပင် ဖြစ်သည်။ သို့အတွက် ခြေသည်းဖျား, လက်သည်းဖျား, ဆံဖျားစသော ထိုထိုဒွါရမှလွဲလျှင် တစ်ကိုယ်လုံးလိုလို၌ ကာယဒသကကလာပ်များသည် ပျံ့နှံ့၍ အခြားအခြားသော ရုပ်ကလာပ်များနှင့် ရောနှောလျက် တည်ရှိနေပေသည်။ တစ်ကိုယ်လုံး၌ ကာယဒသက ကလာပ်ချည်းသက်သက် ရှိသည်ဟူ၍ကား မမှတ်လင့်။ ပရမတ္ထ သဘောအားဖြင့်မူ အခြားအခြားသော ရုပ်ကလာပ်များ လုံးဝမရှိဘဲ တစ်ကိုယ်လုံး၌ ကာယာယတနချည်းသက်သက် မတည်နိုင်သောကြောင့် ဖြစ်၏။ စက္ခု ပသာဒရှိရာ သန်းဦးခေါင်းခန့် ပမာဏရှိသော အလွန်သေးငယ်သော အရပ်ဒေသ၌်ပင်လျှင် ကာယပသာဒနှင့် စက္ခုပသာဒတို့သည် ကာယဒသကကလာပ် စက္ခုဒသကကလာပ်အနေဖြင့် ရုပ်ကလာပ်အမှုန်ချင်း ရောနှော ပေါင်းစပ်လျက် တည်ရှိနေပေ၏။ အခြားအခြားသော နေရာဌာန၌ကား ပြောဖွယ်ရာပင် မလိုတော့ပေ။

ကလာပ်အမှုန်ချင်း ရောနှော ပေါင်းစပ်နေသော်လည်း ကလာပ်အမှုန်ချင်းကား တစ်ခုစီသာ ဖြစ်၏၊ သဲမှုန်ချင်း ရောနှောနေသော်လည်း တစ်မှုန်စီသာ ဖြစ်သကဲ့သို့ မှတ်ပါ။ ထိုသို့ ရုပ်ကလာပ်ချင်း ရောယှက်မှုမရှိဘဲ သီးသန့် ကလာပ်တစ်ခုစီသာ ဖြစ်သောကြောင့် ကာယပသာဒ၏မှီရာ မဟာဘုတ်နှင့် စက္ခုပသာဒစသည်တို့၏ မှီရာ မဟာဘုတ်တို့လည်း အချင်းချင်း မရောယှက်ဘဲ တစ်ခြားစီသာ ဖြစ်ကြ၏။ ကာယပသာဒသည် မိမိနှင့် ကလာပ်တူ ကာယဒသကကလာပ်၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ မှီ၏။ စက္ခုပသာဒစသည် သည်လည်း အလားတူပင် မိမိနှင့်ကလာပ်တူ စက္ခုဒသကကလာပ်စသည်၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကိုသာ မှီ၏။ စက္ခုဒသကကလာပ်၌ တည်ရှိသော စက္ခုပသာဒ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို ကာယပသာဒက မမှီ၊ အလားတူပင် ကာယပသာဒ၏မှီရာ ကာယဒသကကလာပ်၌ တည်ရှိသော မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့ကိုလည်း စက္ခုပသာဒ စသည်တို့က မမှီကြပေ။ မိမိ မိမိတို့၏ ဆိုင်ရာ မှီရာ မဟာဘုတ် ကိုယ်စီ ပါလျက် ရှိ၏။ ဤသို့လျှင် ကာယပသာဒနှင့် စက္ခုပသာဒ စသည်တို့သည် မှီရာ မဟာဘုတ်ချင်းကလည်း ကွဲပြား ခြားနားလျက် ရှိကြ၏။ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်သဘာဝ လက္ခဏာချင်းကလည်း ကွဲပြားခြားနားလျက် ရှိကြ၏။ ထိုသို့ မှီရာမဟာဘုတ်ချင်း မတူကွဲပြားခြင်း ဆိုင်ရာ ဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာချင်း ကွဲပြားခြင်းကြောင့် ပသာဒချင်းလည်း ရောယှက်မှု မရှိ၊ ကွဲပြားလျက်ပင် ရှိ၏ဟု မှတ်ပါ။

ထိုကြောင့် စက္ခုဒသကကလာပ် စသော ကလာပ်တို့မှ သီးခြားထုတ်နုတ်၍ ကာယဒသကကလာပ်ချည်း သက်သက် တည်ရှိရာ အရပ်ကို ပညတ်တင်၍ ပြောပြခြင်းငှာ မတတ်နိုင်သဖြင့် ကမ္မဇရုပ်များ ပျံ့နှံ့လျက် တည်ရှိရာ နေရာတိုင်းလိုလို၌ ကာယာယတန တည်ရှိနိုင်သည်ဟူ၍သာ ဖွင့်ဆိုခြင်း ဖြစ်သည်။

ထိုသို့ ရုပ်ကလာပ်ချင်း မရောယှက်သဖြင့် ကလာပ်တစ်ခုစီ တစ်ခုစီ သီးသန့်တည်ရှိရကား ရုပ်ကလာပ်များ ကို ဓာတ်ခွဲလျက် ပရမတ်သို့ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ကာယဒသကကလာပ်စသော ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ စသော ကလာပ်တူ ရုပ်တရားတို့၏သော်မှလည်း ကိုယ်ပိုင်သဘာဝလက္ခဏာအချင်းချင်း ရောယှက်မှုမရှိ၊ မတူထူးခြား ကွဲပြားမှုရှိသည်ကို သဘောပေါက်နိုင်ရာသည်။ ကလာပ်တူရုပ်တရားတို့၏သော်မှလည်း ရုပ်တရားအချင်းချင်း ကိုယ်ပိုင်သဘာဝလက္ခဏာချင်း မတူထူးခြား ကွဲပြားမှုရှိသေးလျှင် ကလာပ်ကွဲပြားကုန်သော ရုပ်တရားတို့၏ သဘာဝလက္ခဏာတို့၏ ရောယှက်မှုမရှိ၊ မတူထူးခြား ကွဲပြားမှုရှိပုံမှာ ဆိုဖွယ်ရာပင်မရှိ ဖြစ်တော့၏။ (အဘိ၊ဋ္ဌ၊၁၊၃၄၉-၃၅၃- စသည်၌ ကြည့်ပါ။)

၁၀။ ရူပါရုံ

၁။ စက္ခုပဋိဟနနလက္ခဏံ ရူပံ၊

၂။ စက္ခုဝိညာဏဿ ဝိသယဘာဝရသံ၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၅။ ဝိသုဒ္ဓိ၊၂၊၇၆။)

၁။ စက္ခုပသာဒ၌ (ကို) ထိခိုက်ခြင်းသဘော = ရိုက်ခတ်ခြင်းသဘော လက္ခဏ၊

၂။ (က) စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်း = (စက္ခုဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း) (ကိစ္စ) ရသ၊

( ခ ) စက္ခုဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း

(= အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ်) (သမ္ပတ္တိ) ရသ၊

၃။ စက္ခုဝိညာဏ်၏ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ရူပါရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

ဝိသယနှင့် ဂေါစရ

ဝိသယဘာဝေါ အာရမ္မဏပစ္စယတာ။ ကာမံ သာ ဧဝ ဂေါစရတာ၊ တထာပိ ဝိသယဂေါစရာနံ အယံ ဝိသေသော အနညတ္ထဘာဝေါ တဗ္ဗဟုလစာရိတာ စ စက္ခုဝိညာဏဿ။ (မဟာဋီ၊၂၊၉၄။)

ဝိသယဂေါစရာနံ ဝိသေသော အနညတ္ထဘာဝေါ တဗ္ဗဟုလစာရိတာ စ စက္ခုဝိညာဏဿ။ (မူလဋီ၊၁၊၁၅၀။)

စက္ခုဝိညာဏ်၏ ရူပါရုံမှ အခြားတစ်ပါးသော အာရုံ၌ မဖြစ်ခြင်း (= အနညတ္ထဘာဝ) သဘောသည် ဝိသယ မည်၏။ စက္ခုဝိညာဏ်၏ အထူးသဖြင့် ဖြစ်ရာအာရုံဟု ဆိုလိုသည်။ စက္ခုဝိညာဏ်၏ ထိုရူပါရုံ၌ များစွာဖြစ်ခြင်း ရှိသည်၏အဖြစ် (တဗ္ဗဟုလစာရိတာ) သည် ဂေါစရ မည်၏။

နွားအများ၏ ကျက်စားရာစားကျက်ကို နွားမှတစ်ပါးသော အခြားသတ္တဝါများသည် သွားလာကျက်စား၍ နေသော်လည်း နွားတို့၏ ကျက်စားရာအဖြစ်က များသောကြောင့် တဗ္ဗာဟုလ္လနည်းအားဖြင့် ဂေါစရဟု ခေါ်ရသကဲ့ သို့ စက္ခုဝိညာဏ်၏သာ အများဆုံးကျက်စားရာဖြစ်၍, သမ္ပဋိစ္ဆိုင်း စသည်တို့ကား ဤရူပါရုံ၌လည်း ကျက်စား လိုက် အခြားအာရုံများ၌လည်း ကျက်စားလိုက် ဖြစ်သောကြောင့် ရူပါရုံကို စက္ခုဝိညာဏ်၏ ဂေါစရဟု တဗ္ဗာ ဟုလ္လ နည်းအားဖြင့် ခေါ်ဆိုလေသည်။

ရူပါရုံ အမည်ရခြင်း

ဝဏ္ဏဝိကာရံ အာပဇ္ဇမာနံ ဟဒယင်္ဂတဘာဝံ ရူပယတီတိ ရူပံ၊ ရူပမိဝ ပကာသံ ကရောတိ သဝိဂ္ဂဟမိဝ ဒေဿတီတိ အတ္ထော။ အနေကတ္ထတ္တာ ဝါ ဓာတူနံ ပကာသနတ္ထော ဧဝ ရူပသဒ္ဒေါ ဒဋ္ဌဗ္ဗော။(မဟာဋီ၊၂၊၈၇။)

ရူပယတိ ဟဒယင်္ဂတဘာဝံ ပကာသေတီတိ ရူပံ --- အဆင်း၏ ဖောက်ပြန်ခြင်းသို့ ရောက်ရှိသည်ဖြစ်၍ စိတ်၌ဖြစ်သောသဘောကို ထင်ရှားပြတတ်သောကြောင့် ရူပါရုံ မည်၏။ အဆင်း၏ ဖောက်ပြန်ခြင်းသို့ ရောက် လတ်သည်ရှိသော် အရုပ်ကိုယ်ကဲ့သို့ ထင်ရှားသည်ကို ပြုလုပ်တတ်၏၊ အထည်ကိုယ်ရှိသော အရာဝတ္ထုကဲ့သို့ ထင်ရှားပြတတ်၏။ သောမနဿဖြစ်နေသည့်အခါ အဆင်းကြည်လင်၍ ဒေါမနဿဖြစ်နေသည့်အခါ အဆင်း နီမြန်းခြင်း ညှိုးနွမ်းခြင်း စသည်ဖြင့် စိတ်၌ ဖြစ်ပေါ်နေသော သဘောကို အပြင်ဘက် အဆင်းအရောင်က ထင်ရှားပြတတ်သည် ဟူလို။ ဤသဘောမှာ သက်ရှိသတ္တဝါတို့၏ ရူပါရုံအရောင်နှင့်သာ လျော်ရကား သက်ရှိ သက်မဲ့ ရူပါရုံအားလုံးနှင့် သက်ဆိုင်အောင် တစ်နည်း ကြံတော်မူကြပြန်၏။

ရူပယတိ ဒဗ္ဗံ ပကာသေတီတိ ရူပံ --- တည်ရာဒြပ်ကို ထင်ရှားပြတတ်သောကြောင့် ရူပါရုံမည်၏။ အဆင်း၏ တည်ရာဝတ္ထု ဒြပ်စုသည် = ရုပ်ကလာပ်အမှုန်များသည် အဆင်းအရောင်ကြောင့်သာ ထင်ရှားရသည် ဟူလိုသည်။အဖြူ အနီ အကြောင်အကျား အနက် စသော အဆင်းအရောင် အမျိုးမျိုးကို ရူပဟု မှတ်ပါ။

တတ္ထ ယသ္မာ ဒီဃာဒီနိ ဖုသိတွာ သက္ကာ ဇာနိတုံ၊ နီလာဒီနိ ပနေဝံ န သက္ကာ၊ တသ္မာ န နိပ္ပရိယာယေန ဒီဃံ ရူပါယတနံ၊ တထာ ရဿာဒီနိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၄။)

အတို အရှည်စသော ပုံသဏ္ဌာန်တို့ကိုကား မျက်စိဖြင့် = စက္ခုဝိညာဏ်ဖြင့် မမြင်ရသော်လည်း တွေ့ထိ ကြည့်သော် ကိုင်တွယ်စမ်းသပ်ကြည့်သော် သိနိုင်၏၊ ထိုကြောင့် မုချအားဖြင့် အရှည် အတိုစသော ပုံသဏ္ဌာန်သည် ရူပါရုံမဟုတ်ဟု မှတ်ပါ။ အရာဝတ္ထု တစ်ခုခု၏ အဖြူ အနီစသော အရောင်အဆင်းကိုကား တွေ့ထိကြည့်ရုံ သက်သက်မျှဖြင့် ကိုင်ကြည့်ရုံ သက်သက်မျှဖြင့် ဖြူသည်-နီသည် စသည်ဖြင့် မသိနိုင်။ မကိုင်ကြည့်သော်လည်း စက္ခုဝိညာဏ်ဖြင့်ကား အဖြူ-အနီစသည့် အရောင်အဆင်းကို သိနိုင်၏၊ ထိုကြောင့် အရောင်အဆင်းသည်သာ ရူပါရုံမည်၏။ ရုပ်ကလာပ်တို့ကို ယောဂါဝစရပုဂ္ဂိုလ်များ မြင်တွေ့ရခြင်းသည် ထိုထို ရုပ်ကလာပ်တွင် တည်ရှိသော ရူပါရုံအရောင်က ထင်ရှားပြသောကြောင့်သာ မြင်တွေ့ရခြင်း ဖြစ်၏။ အရောင်အဆင်း အမျိုးမျိုးဟူသော ရူပါရုံက ရုပ်ကလာပ်ဟူသော ဒြပ်ကို ထင်ရှားပြနေသောကြောင့် ဖြစ်၏။ တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်ကို မြင်တွေ့ပါမှလည်း ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မည် ဖြစ်သည်။ ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ဃနခေါ်သည့် ရုပ်တုံး ရုပ်ခဲများပြိုအောင် အသီးအသီး ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှလည်း အနတ္တလက္ခဏာသည် ဟုတ်မှန်တိုင်းသော သဘောလက္ခဏာ အားဖြင့် ထင်ရှားလာမည် ဖြစ်၏။ လက္ခဏာရေးသုံးတန် ဉာဏ်အမြင် သန့်ရှင်းပါမှ မဂ် ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။ ထိုကြောင့် ဘူတရုပ်နှင့် ဥပါဒါရုပ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေ ကြသည်ဟု ရှေးတွင် ရှင်းပြခဲ့ခြင်း ဖြစ်သည်။ ဘူတရုပ်ကို ထင်ရှားမသိက ဥပါဒါရုပ်ကို ထင်ရှားမသိနိုင်၊ ဥပါဒါရုပ်ကို ထင်ရှားမသိကလည်း ဘူတရုပ်ကို ထင်ရှားမသိနိုင်ဟူသော အဆိုကို သဘောပေါက်နိုင်လောက်ပေပြီ။

၁၁။ သဒ္ဒါရုံ

၁။ သောတပဋိဟနနလက္ခဏော သဒ္ဒေါ၊

၂။ သောတဝိညာဏဿ ဝိသယဘာဝရသော၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊

၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ သောတပသာဒ၌ (ကို) ထိခိုက်ခြင်း (ရိုက်ခတ်ခြင်း) သဘော လက္ခဏ၊

၂။ (က) သောတဝိညာဏ်၏ အာရုံဖြစ်ခြင်း = သောတဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း (ကိစ္စ) ရသ၊

၂။ ( ခ ) သောတဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း

= အာရမ္မဏပစ္စယ သတ္တိဟူသောဂုဏ် (သမ္ပတ္တိ) ရသ၊

၃။ သောတဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (သဒ္ဒါရုံ) ၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

သပ္ပတီတိ သဒ္ဒေါ၊ ဥဒါဟရီယတိ, သကေဟိ ဝါ ပစ္စယေဟိ သပ္ပီယတိ သောတဝိညေယျဘာဝံ ဥပနီယတီတိ အတ္ထော။ (မဟာဋီ၊၂၊၈၇။)

ရွတ်ဆိုအပ်သောကြောင့် သဒ္ဒ မည်၏။ တစ်နည်း --- မိမိဆိုင်ရာ အကြောင်းတရားတို့က နားဖြင့် ကြားအပ် သည်၏ အဖြစ်သို့ = သောတဝိညာဏ်သည် သိအပ်သည်၏ အဖြစ်သို့ ရောက်စေအပ် ကပ်၍ ဆောင်အပ်သော ကြောင့် သဒ္ဒ မည်၏။ သောတဝိညာဏ်၏ အာရုံဖြစ်သမျှ သက်ရှိသက်မဲ့ အသံအားလုံးကို သဒ္ဒဟု ခေါ်ဆို၏။

၁၂။ ဂန္ဓာရုံ

၁။ ဃာနပဋိဟနနလက္ခဏော ဂန္ဓော၊

၂။ ဃာနဝိညာဏဿ ဝိသယဘာဝရသော၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊

၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ ဃာနပသာဒ၌ (ကို) ထိခိုက်ခြင်း = (ရိုက်ခတ်ခြင်း) သဘော လက္ခဏ၊

၂။ (က) ဃာနဝိညာဏ်၏ အာရုံဖြစ်ခြင်း = (ဃာနဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း) (ကိစ္စ) ရသ၊

( ခ ) ဃာနဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့်

ပြည့်စုံခြင်း = (အာရမ္မဏပစ္စယသတ္တိဟူသော ဂုဏ်) (သမ္ပတ္တိ) ရသ၊

၃။ ဃာနဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ဂန္ဓာရုံ) ၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

ဂန္ဓယတီတိ ဂန္ဓော၊ အတ္တနော ဝတ္ထုံ သူစယတိ အပါကဋံ ဣဒံ သုဂန္ဓံ, ဒုဂ္ဂန္ဓန္တိ ပကာသေတိ၊ ပဋိစ္ဆန္နံ ဝါ ပုပ္ဖဖလာဒိံ ဣဒမေတ္ထ အတ္ထီတိ ပေသုညံ ကရောန္တံ ဝိယ ဟောတီတိ အတ္ထော။ (မဟာဋီ၊၂၊၈၈။)

မိမိ၏တည်ရာ ဝတ္ထုဒြပ်ကို ဤဝတ္ထုသည် ကောင်းသောအနံ့ ရှိ၏၊ ဤဝတ္ထုသည် မကောင်းသောအနံ့ ရှိ၏ဟု မထင်ရှားသော ဝတ္ထုကို ထင်ရှားအောင် ပြတတ်သောကြောင့် ဂန္ဓ မည်၏။ နှင်းဆီပန်း စသော ဝတ္ထုကို ဖုံးဝှက်၍ ထားသော်လည်း ရနံ့သင်းလာလျှင် ဝှက်၍ မရတော့ဘဲ ထိုရနံ့က မိမိ၏ တည်ရာ နှင်းဆီပန်းဒြပ်ကို ထင်ရှားပြတော့၏၊ ဒူးရင်းသီးကို ဖုံးဝှက်၍ ထားသော်လည်း ရနံ့သင်းလာလျှင် ဖုံးဝှက်၍ မရတော့ဘဲ ထိုရနံ့က မိမိ၏တည်ရာ ဒူးရင်းသီးဒြပ်ကို ထင်ရှားပြတော့၏။ ထိုကြောင့် အပွင့်အသီး စသည်ကို ဖုံးဝှက်၍ ထားအပ်ပါ သော်လည်း ဤအသီးအပွင့်သည် ဤနေရာမှာ ရှိ၏ဟု ကုန်းမတိုက်တတ်သော်လည်း ကုန်းတိုက်ခြင်းကို ပြုလုပ်သကဲ့သို့ ဖြစ်သောကြောင့်လည်း ဂန္ဓ မည်၏။ တဒ္ဓမ္မူပစာ ဥပရိက္ချာ စကားမျိုးတည်း၊ စကားကြီး စကား ကျယ် တင်စား၍ ဆိုသောစကားတည်း။ ကောင်းကောင်းဆိုးဆိုး အနံ့ဟူသမျှကို ဂန္ဓဟု ခေါ်သည်။

၁၃။ ရသာရုံ

၁။ ဇိဝှါပဋိဟနနလက္ခဏော ရသော၊

၂။ ဇိဝှါဝိညာဏဿ ဝိသယဘာဝရသော၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊

၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ ဇိဝှါပသာဒ၌ (ကို) ထိခိုက်ခြင်း (= ရိုက်ခတ်ခြင်း) သဘော လက္ခဏ၊

၂။ (က) ဇိဝှါဝိညာဏ်၏ အာရုံဖြစ်ခြင်း = ဇိဝှါဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း (ကိစ္စ) ရသ၊

( ခ ) ဇိဝှါဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့်

ပြည့်စုံခြင်း (= အာရမ္မဏပစ္စယသတ္တိဟူသော ဂုဏ်) (သမ္ပတ္တိ) ရသ၊

၃။ ဇိဝှါဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ရသာရုံ) ၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

ရသန္တိ တံ သတ္တာတိ ရသော၊ အသာဒေန္တီတိ အတ္ထော။ (မဟာဋီ၊၂၊၈၈။)

ထိုရသာကို သတ္တဝါတို့သည် သာယာတတ်ကုန်သောကြောင့် ကောင်းသည်ဖြစ်စေ, ဆိုးသည်ဖြစ်စေ ဇိဝှါ ဝိညာဏ်ဖြင့် သာယာအပ်သမျှ အာရုံပြုအပ်သမျှ အရသာမှန်သမျှကို ရသဟု ခေါ်ဆိုသည်။ ချို-ချဉ်-ငန်-စပ်- ဖန်-ခါးဟူသော အရသာ (၆)ပါးလုံးပင်တည်း။

ကံ၏ စွမ်းအင်သာ ဖြစ်သည်

ဤအထက်တွင် ရှင်းလင်းတင်ပြထားသော ပသာဒရုပ် အကြည်ဓာတ်များမှာ မိမိ မိမိတို့၏ မှီရာ ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေတတ်သော သဘောတရားများသာ ဖြစ်ကြ၏။ မိမိ မိမိတို့၏ မှီရာ ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေတတ်မှု သဘောတရားချင်းကား တူညီလျက်ပင် ရှိ၏။ ယင်းသို့ တူညီနေလျှင် ဤကား စက္ခုပသာဒ, ဤကား သောတပသာဒဟု ဤသို့စသည်ဖြင့် ကွဲပြားအောင် ထူးခြားအောင် ပြုလုပ်ပေး တတ်သော အကြောင်းထူးကား အဘယ်ပါနည်းဟု မေးဖွယ်ရာ ရှိ၏။

ကမ္မမေဝ နေသံ ဝိသေသကာရဏံ၊ တသ္မာ ကမ္မဝိသေသတော ဧတေသံ ဝိသေသော၊ န ဘူတဝိသေသတော။ (အဘိ၊ဋ္ဌ၊၁၊၃၅၀။)

ပသာဒ = အကြည်ဓာတ်ချင်း တူညီပါသော်လည်း ဤကား စက္ခုအကြည်ဓာတ်, ဤကား သောတအကြည် ဓာတ် စသည်ဖြင့် အချင်းချင်း တစ်ခုနှင့်တစ်ခု မတူထူးခြားအောင် ပြုလုပ်ပေးတတ်သော ထူးခြားသော အကြောင်း တရားကား ကံပင် ဖြစ်သည်။ ကံထူးခြားမှုကြောင့်သာ ထိုအကြည်ဓာတ်များ တစ်ခုနှင့်တစ်ခု မတူကွဲပြား ထူးခြား ရသည်။ မိမိတို့၏ မှီရာ ဆိုင်ရာမဟာဘုတ် ထူးခြားကွဲပြားမှုကြောင့် အကြည်ဓာတ်များ ကွဲပြားကြရသည်ကား မဟုတ်ပေ။

အကြည်ဓာတ်ချင်း တူသော်လည်း စက္ခုအကြည်ဓာတ်မှာ ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို ခံရတတ်သော သဘော ရှိ၏၊ အသံ သဒ္ဒါရုံ စသည်တို့၏ ရှေးရှူ ရိုက်ခတ်မှု ထိခိုက်မှုကို ခံရတတ်သော သဘောကား မရှိပေ။ တစ်ဖန် သောတအကြည်ဓာတ်မှာ အသံသဒ္ဒါရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို ခံရတတ်သော သဘောရှိ၏၊ ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို ခံရတတ်သော သဘောကား မရှိပေ။ ဤသို့ စသည်ဖြင့် မတူကွဲပြားမှုကို သဘောပေါက်ပါ။ အကြည်ဓာတ်ချင်း တူညီပါလျက် ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေတတ် သော သဘောတရားချင်း တူညီပါလျက် ဤသို့လျှင် အကြည်ဓာတ် တစ်ခုနှင့်တစ်ခု အချင်းချင်း မတူကွဲပြားမှု ရှိအောင် ပြုပြင်ပေးတတ်သော အကြောင်းတရားမှာ အကြည်ဓာတ်အမျိုးမျိုးတို့ အပါအဝင်ဖြစ်သည့် ခန္ဓာအိမ်ကို လိုလားတပ်မက်သည့် တဏှာလျှင် အကြောင်းရင်းခံ ရှိသော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံတရားပင် ဖြစ်သည်။ ကံသည်ပင်လျှင် အကြောင်းရင်းစစ် ဖြစ်သည်။ ထိုထို အာယတနတို့နှင့် ပြည့်စုံသော, မပြည့်စုံသော ခန္ဓာကိုယ် အတ္တဘောတည်းဟူသော ဘဝကို လိုလားတောင့်တသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံအပ်သော သင်္ခါရ-ကံကား အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ချယ်လှယ်သည့်ပုံစံအတိုင်း ထိုထိုအာယတနများကို ရရှိအောင် ဖန်တီး ပေးနေသည်။ ထိုကြောင့် မဟာဘုတ်တို့ ထူးထွေကွဲပြားမှုကြောင့် အကြည်ဓာတ်များ ထူးထွေကွဲပြားရသည် မဟုတ် ဘဲ ကံကြောင့်သာလျှင် အကြည်ဓာတ်များ ထူးထွေကွဲပြားရသည်ဟု မှတ်ပါ။ ပသာဒရုပ်တို့ကား ကံအမျိုးမျိုးကြောင့် လည်း ဖြစ်နိုင်၏၊ ကံတစ်ခုတည်းကြောင့်လည်း ဖြစ်နိုင်၏၊ ကံအမျိုးမျိုးကြောင့်ဖြစ်သော ပသာဒရုပ်တို့၏ ထူးထွေ ကွဲပြားမှုကား အကြောင်းကွဲပြားခြင်းကြောင့် အကျိုးကွဲပြားရသဖြင့် ဆိုဖွယ်မရှိ၊ ကံတစ်ခုတည်းကြောင့်ဖြစ်သော ပသာဒရုပ်တို့၏ ထူးထွေကွဲပြားမှုကား ထိုကံ၏အကြောင်းရင်းဖြစ်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့၏ ထူးထွေ ကွဲပြားမှုကြောင့် ဖြစ်ရပေသည်။ (အနုဋီ၊၁၊၁၅၈ - ကြည့်။)

သမ္ပတ္တ - အသမ္ပတ္တ

ကံထူးခြားမှုကြောင့် ထူးခြားမှု ရှိကြကုန်သော ထို ပသာဒရုပ်တို့တွင်--- အသမ္ပတ္တဝိသယဂ္ဂါဟကရုပ်, သမ္ပတ္တဝိသယဂ္ဂါဟကရုပ် --- ဟု နှစ်မျိုးရှိရာ စက္ခုပသာဒနှင့် သောတပသာဒတို့ကား အသမ္ပတ္တဝိသယဂ္ဂါဟက ရုပ်တို့တည်း။ ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒတို့ကား သမ္ပတ္တဝိသယဂ္ဂါဟကရုပ်တို့တည်း။

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ စက္ခု စသော ပသာဒရုပ် (၅)မျိုးကို ဂေါစရဂ္ဂါဟက = အာရုံကိုယူတတ်သော ရုပ်ဟု ဖွင့်ဆိုထား၏။ အဋ္ဌသာလိနီအဋ္ဌကထာ (၃၅၀-၃၅၁။) ၏ အဖွင့်များနှင့် အညီပင်တည်း။ စက္ခုဝိညာဏ်က ရူပါရုံကို အာရုံယူရာ = ရူပါရုံကိုသိရာ၌ စက္ခုပသာဒကို မှီ၍သာလျှင် ရူပါရုံကို အာရုံယူရ ယူနိုင်သောကြောင့် ဌာနီဖြစ်သော စက္ခုဝိညာဏ်၏ ရူပါရုံကို အာရုံယူတတ်မှုသဘောကို ဌာနဖြစ်သော စက္ခုပသာဒအပေါ်၌ တင်စား၍ ဌာနျူပစာရအားဖြင့် စက္ခုပသာဒကိုပင် ဂေါစရဂ္ဂါဟက = အာရုံကို ယူတတ်သောရုပ်ဟု ဆိုထားသည်။ တစ်နည်း --- စက္ခုပသာဒကား စက္ခုဝိညာဏ်၏ ဝတ္ထုပုရေဇာတနိဿယပစ္စည်း အကြောင်းတရားတည်း။ စက္ခုဝိညာဏ်ကား ဝတ္ထုပုရေဇာတနိဿယပစ္စယုပ္ပန် အကျိုးတရားတည်း။ မှီရာအကြောင်းတရားနှင့် မှီတတ်သော အကျိုးတရား တည်း။ စက္ခုပသာဒက မှီရာအကြောင်းတရားဖြစ်၍ စက္ခုဝိညာဏ်က မှီရာစက္ခုပသာဒရှိ၍ ဖြစ်ပေါ်လာရသော အကျိုးတရား ဖြစ်သောကြောင့် အကျိုးစက္ခုဝိညာဏ်၏ ရူပါရုံကိုယူတတ်သော ဂေါစရဂ္ဂါဟကဟူသော အမည်ကို မှီရာအကြောင်းစက္ခုပသာဒ အပေါ်၌ တင်စား၍ ဖလူပစာရအားဖြင့် အကြောင်းစက္ခုပသာဒကို ဂေါစရဂ္ဂါဟက ဟုဆိုသည်။ သောတပသာဒ စသည်တို့၏ ဂေါစရဂ္ဂါဟက အမည်ရပုံကိုလည်း နည်းတူသဘောပေါက်ပါ။

ထိုသို့ အာရုံကိုယူကြရာ၌ စက္ခုသောတတို့ကား မိမိတို့မှီရာ မဟာဘုတ်ထံသို့ မရောက်လာသော ရူပါရုံ သဒ္ဒါရုံတို့ကို ယူတတ်သောကြောင့် အသမ္ပတ္တဝိသယဂ္ဂါဟကရုပ်တို့ မည်ကြ၏။ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒတို့ကား မိမိတို့၏မှီရာ မဟာဘုတ်တို့ထံသို့ ထိကပ် ငြိကပ် ဆိုက်ရောက်လာသော ဂန္ဓာရုံ-ရသာရုံဖောဋ္ဌဗ္ဗာရုံတို့ကို အသီးအသီး ယူတတ်သောကြောင့် သမ္ပတ္တဝိသယဂ္ဂါဟကရုပ်တရားတို့ မည်ကြ၏။

ဤ၌ သမ္ပတ္တ-အသမ္ပတ္တ သဒ္ဒါတို့သည် ရူပါရုံ စသည်တို့၏ လာခြင်း မလာခြင်းအဓိပ္ပါယ်ကို မပြ၊ အာရုံ တို့သည် မဟာဘုတ်အဆက်ဆက် ရိုက်ခတ်လျက် မဟာဘုတ်အဆက်ဆက်အားဖြင့် လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ ဆိုင်ရာပသာဒ၏မှီရာ ဆိုင်ရာ မဟာဘုတ်သို့ ထိမိသောအားဖြင့် ငြိကပ်သောအားဖြင့် ရောက်ခြင်း မရောက်ခြင်း အဓိပ္ပါယ်ကိုသာ ပြသည်။

ဧဝံ ကမ္မဝိသေသတော ဝိသေသဝန္တေသု စ ဧတေသု စက္ခုသောတာနိ အသမ္ပတ္တဝိသယဂ္ဂါဟကာနိ၊ အတ္တနော နိဿယံ အနလ္လီနနိဿယေ ဧဝ ဝိသယေ ဝိညာဏဟေတုတ္တာ။ ဃာနဇိဝှါကာယာ သမ္ပတ္တဝိသယဂ္ဂါဟကာ၊ နိဿယဝသေန စေဝ, သယဉ္စ အတ္တနော နိဿယံ အလ္လီနေယေဝ ဝိသယေ ဝိညာဏဟေတုတ္တာ။ (အဘိ၊ဋ္ဌ၊၁၊၃၅၀-၃၅၁။)

ဤအဆင့်သို့တိုင်အောင် အသိဉာဏ် ပေါက်ရောက်လျက်ရှိသော အသင်သူတော်ကောင်းသည် ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းတို့ကို ကျေညက်ပြီးဖြစ်သဖြင့် ရုပ်တရား နာမ်တရားတို့၏ ရုပ်ကလာပ် နာမ်ကလာပ် ဟူသော ဓမ္မပုဉ္ဇ = တရားအစုအပုံအလိုက် အုပ်စုအလိုက်သာ ဖြစ်နိုင်ပုံကို ပြန်လည်၍ အာရုံယူထားပါ။ စက္ခု ပသာဒသည်လည်း စက္ခုဒသကကလာပ် အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏၊ ယင်းရုပ်ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါက ရုပ်သဘောတရား (၁၀)မျိုး ပါဝင်နေသည်ကို တွေ့ရှိနိုင်၏။ တစ်ဖန် အာရုံဖြစ်သော ရူပါရုံမှာ လည်း ရုပ်ကလာပ်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏၊ အဋ္ဌကလာပ် နဝကကလာပ် ဒသကကလာပ်စသော အုပ်စုအလိုက်သာ ဖြစ်၏။ မိမိအာရုံယူလိုက်သော ရူပါရုံမှာ ထိုရုပ်ကလာပ်တို့တွင် တစ်မျိုးမျိုး၌ ပါဝင်သော ရူပါရုံ ဖြစ်၏။ (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ပရမတ်ရုပ်တရားတို့တွင် ပါဝင်သော ရူပါရုံသာ ဖြစ်၏။

စက္ခုပသာဒဘက်၌လည်း စက္ခုပသာဒ၏မှီရာ ဓာတ်ကြီး (၄)ပါး ရှိနေ၏။ ရူပါရုံဘက်၌လည်း ရူပါရုံ၏မှီရာ ဓာတ်ကြီး (၄)ပါး ရှိနေ၏။ ဤအချက်ကို သတိပြုထားပါ။

ရူပါရုံသည် စက္ခုပသာဒ၌ ထိခိုက်လာသောအခါ ထင်လာသောအခါ ရူပါရုံ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့က စက္ခုပသာဒ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့၌ မငြိမကပ် မထိမစပ်ဘဲ ထိခိုက်ထင်လာသည်။

သဒ္ဒါရုံဟူသည်မှာလည်း အသံသဒ္ဒါရုံလျှင် (၉)ခုမြောက် ရှိသော သဒ္ဒနဝကကလာပ် အနေဖြင့် ဖြစ်ရိုး ဓမ္မတာတည်း။ (ရုပ်အစစ်တို့ကိုသာ ဦးစားပေး၍ ဆိုနေသည်ကို သတိပြုပါ။) သဒ္ဒါရုံသည် သောတပသာဒ၌ ထိခိုက်လာသောအခါ ထင်လာသောအခါ သဒ္ဒါရုံ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့က သောတပသာဒ၏ မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့၌ မငြိမကပ် မထိမစပ်ဘဲ ထင်လာသည်။

ထိုကြောင့် စက္ခုပသာဒ သောတပသာဒတို့သည် မိမိ၏မှီရာမဟာဘုတ်သို့ မငြိမကပ် မထိမစပ်သော မှီရာမဟာဘုတ်ရှိသော = အနလ္လီနနိဿယဖြစ်သော ရူပါရုံ သဒ္ဒါရုံကို အာရုံယူကြသည်ဟု ဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့်နည်း? အကြောင်းကား ဤသို့တည်း ---

မိမိစက္ခုပသာဒ၏ မှီရာမဟာဘုတ်, မိမိသောတပသာဒ၏ မှီရာမဟာဘုတ်သို့ မငြိမကပ် မထိမစပ်သည် သာဖြစ်သော မှီရာမဟာဘုတ်ရှိသည့် ရူပါရုံ သဒ္ဒါရုံ၌ စက္ခုဝိညာဏ် သောတဝိညာဏ်တို့ ဖြစ်ခြင်းကြောင့်တည်း။ စက္ခုပသာဒ သောတပသာဒတို့၏ မှီရာမဟာဘုတ်သို့ ရူပါရုံ သဒ္ဒါရုံတို့၏ မှီရာမဟာဘုတ်က မငြိမကပ် မထိမစပ်ဘဲ ထင်လာသောအခါ ထိုသို့ မဟာဘုတ်အချင်းချင်း ငြိကပ်မှု ထိစပ်မှုမရှိသော ရူပါရုံ သဒ္ဒါရုံသည် စက္ခုဝိညာဏ် သောတဝိညာဏ်တို့ ဖြစ်ရန်လုံလောက်သော အကြောင်းတရား တစ်ခုဖြစ်သည်ဟု ဆိုလိုသည်။ စက္ခုဝိညာဏ် သောတဝိညာဏ်တို့ ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားများစွာ ရှိနေ၍ အကြောင်းတရားတစ်ခုဟု ဆိုခြင်း ဖြစ်သည်။ ဉာဏ်နုံ့သူများအတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည် ---

အသင်သူတော်ကောင်းသည် ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်လည်၍ အာရုံယူထားပါ။ စက္ခုဝိညာဏ်သည် ---

၁။ စက္ခုပသာဒက ဝတ္ထုပုရေဇာတနိဿယပစ္စယသတ္တိ = ရှေးဦးအစအတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ဖြစ် သော စက္ခုဝိညာဏ်၏ ရှေးကဖြစ်သော စက္ခုပသာဒက မှီရာအကြောင်းတရားအဖြစ် ကျေးဇူးပြုပေးခြင်း,

၂။ ရူပါရုံက အာရမ္မဏ ပစ္စယသတ္တိဖြင့် = အာရုံအကြောင်းတရား အဖြစ်ရပ်တည်၍ ကျေးဇူးပြုပေးခြင်း,

၃။ ဖဿ စသော ယှဉ်ဖက် စေတသိက်တရားစုတို့က သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်း,

၄။ အာလောက = အရောင်အလင်းက အားကြီးသော မှီရာဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်း,

၅။ မနသိကာရ အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုက အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးခြင်း,

၆။ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားသော သင်္ခါရကံက နာနာက္ခဏိက ကမ္မပစ္စယသတ္တိ ဥပနိဿယယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်း,

ဤသို့စသော အကြောင်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရ၏။

ထိုတွင် ရူပါရုံသည် စက္ခုပသာဒ၌ ရောက်ထိ ငြိကပ် ပိညပ်နေလျှင် အာလောက အရောင်အလင်းအင်္ဂါ ပျက်ကွက်သွားရာ၏။ လက်ညှိုးနှင့် လက်မအဖျားကို ထိကပ်၍ကြည့်ပါ။ ထိုသို့ ပွတ်ချုပ်ထိကပ်နေသော လက်ညှိုးနှင့်လက်မ နှစ်ခုအကြား၌ အရောင်အလင်း မရနိုင်သည်ကို ကြည့်ပါ။ အလားတူပင် ရူပါရုံသည် စက္ခု ပသာဒ၌ ထိစပ် ငြိကပ် ပိညပ်နေလျှင် ယင်းရူပါရုံနှင့် စက္ခုပသာဒ အကြားဝယ် အရောင်အလင်းကို မရရှိနိုင်၊ ရူပါရုံသည် စက္ခုပသာဒ၌ မထိမစပ် မငြိမကပ် မပိမညပ်မှသာလျှင် အာလောကအင်္ဂါကို ရနိုင်၏။ ထိုကြောင့် စက္ခုဝိညာဏ်၏မှီရာ စက္ခုပသာဒသည် မိမိသို့ မရောက်မထိ မငြိမကပ်သည့် ရူပါရုံကိုသာ ယူနိုင်လေသည်။

တစ်ဖန် သောတဝိညာဏ်ဖြစ်ဖို့ရန် အကြောင်းအင်္ဂါသည် ---

၁။ သောတပသာဒ,

၂။ သဒ္ဒါရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ အာကာသ = အကြားအပေါက်,

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း သမ္ပယုတ်တရားစု,

၆။ အတိတ် အကြောင်းတရား ဖြစ်ကြသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ---

ဤသို့သော အကြောင်းအင်္ဂါရပ်များ ရှိကြ၏။ ထိုတွင် သဒ္ဒါရုံသည် သောတပသာဒ၌ ရောက်ထိ ငြိကပ် ပိညပ်နေလျှင် အာကာသ = အပေါက်အကြားအင်္ဂါရပ်သည် ပျက်ကွက်သွားလေရာ၏။ သဒ္ဒါရုံနှင့် သောတပသာဒ အကြားတွင် အာကာသ = အကြားအပေါက် ရှိပါမှလည်း သောတဝိညာဏ်က သဒ္ဒါရုံကို ကြားနိုင်၏။ ထိုကြောင့် သဒ္ဒါရုံသည် သောတပသာဒ၌ မထိမစပ် မငြိမကပ် မပိမညပ်မှသာ အာကာသအင်္ဂါကို ရနိုင်သောကြောင့် သောတ ဝိညာဏ်၏မှီရာ သောတပသာဒသည် မိမိထံမှောက်သို့ မရောက်မထိ မငြိမကပ်ခင်သာ သဒ္ဒါရုံကို ယူနိုင်လေသည်။ ထိုကြောင့် စက္ခုပသာဒနှင့် သောတပသာဒတို့သည် အသမ္ပတ္တဝိသယဂ္ဂါဟကရုပ်တို့ ဖြစ်ကြ၏။

ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒတို့ကား မိမိတို့ထံမှောက်သို့ ရောက်ထိငြိကပ်သော အာရုံကိုသာ ယူနိုင်ကြ၏။

ဂန္ဓာရုံသည် ဃာနပသာဒ၌ ထိခိုက်ထင်လာသောအခါ ဂန္ဓာရုံ၏မှီရာ မဟာဘုတ်တို့က ဃာနပသာဒ၏ မှီရာ မဟာဘုတ်တို့၌ ငြိမိ ကပ်မိ ထိမိ စပ်မိမှ ထိခိုက်ထင်လာ၏။ ရသာရုံသည် ဇိဝှါပသာဒ၌ ထိခိုက်ထင်လာသောအခါ ရသာရုံ၏မှီရာ မဟာဘုတ်တို့က ဇိဝှါပသာဒ၏မှီရာ မဟာဘုတ်တို့၌ ငြိမိ ကပ်မိ ထိမိ စပ်မိမှ ထိခိုက် ထင်လာ၏။

ဃာနဝိညာဏ်ဖြစ်ဖို့ရန် အကြောင်းအင်္ဂါများမှာ ---

၁။ ဃာနပသာဒ,

၂။ ဂန္ဓာရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ ဝါယောဓာတ်,

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု,

၆။ အတိတ်အကြောင်းတရား (၅)ပါး ---

ဤသို့စသည့် အင်္ဂါရပ်တို့ ဖြစ်ကြ၏။ ထိုတွင် ဂန္ဓာရုံသည် နှာခေါင်း၏အနီးအပါး၌ ရောက်ရှိနေသော်လည်း နှာခေါင်းကို ပိတ်ထားလိုက်လျှင် အနံ့မရသေး၊ နှာခေါင်းကို ဖွင့်ပြီးလျှင် ဗဟိဒ္ဓလေက ဆောင်သွင်း၍ အသက် ရှူခြင်း = ဝင်သက်လေရှိမှသာလျှင် ဂန္ဓာရုံရုပ်ကလာပ်၌ပါသော ဂန္ဓာရုံ၏မှီရာ မဟာဘုတ်များနှင့် ဃာနဒသက ကလာပ်၌ ပါသော ဃာနပသာဒ၏မှီရာ မဟာဘုတ်တို့သည် မဟာဘုတ်အချင်းချင်း ထိမိ ကပ်မိကြသည်၊ ထိုသို့ ရောက်ထိ ငြိကပ်မှသာ ဃာနပသာဒက ဂန္ဓာရုံကို ယူနိုင်သည်။

တစ်ဖန် ဇိဝှါဝိညာဏ်၏ ဖြစ်ဖို့ရန် အကြောင်းအင်္ဂါရပ်များမှာ ---

၁။ ဇိဝှါပသာဒ,

၂။ ရသာရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ အာပေါဓာတ်,

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု,

၆။ အတိတ်အကြောင်းတရား (၅)ပါး ---

ဤသို့စသည့် အင်္ဂါရပ်တို့ ဖြစ်ကြ၏။ ထိုတွင် အနီးအပါးဝယ် စားသောက်ဖွယ်ရာများ ရောက်နေသော်လည်း အရသာကို မသိသေး၊ ဇိဝှါပသာဒ၏မှီရာ မဟာဘုတ်ပေါ်သို့ ရသာရုံ၏မှီရာ မဟာဘုတ်များ = စားသောက်ဖွယ် ရာများ ရောက်ထိငြိကပ်မှသာ အာပေါဓာတ်ခေါ်သည့် လျှာရည်က စိုစွတ်အောင်ပြုသဖြင့် အရသာကို သိရှိရ လေသည်၊ ဇိဝှါဝိညာဏ်စိတ် ဖြစ်ရလေသည်။

ထိုကြောင့် ဃာနပသာဒ ဇိဝှါပသာဒတို့သည် မိမိတို့၏မှီရာ မဟာဘုတ်သို့ ဂန္ဓာရုံ ရသာရုံတို့၏မှီရာ မဟာဘုတ်တို့က ငြိကပ်ထိစပ်လျက် ထိခိုက်ထင်လာသော ဂန္ဓာရုံ ရသာရုံကိုသာ အာရုံယူကြသည်၊ ထိုဂန္ဓာရုံ ရသာရုံမျိုး ၌သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုဂန္ဓာရုံ ရသာရုံမျိုးသည်သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့ ဖြစ်ပေါ်လာရန် အကြောင်းတစ်ခု ဖြစ်ပေသည်။

ဖောဋ္ဌဗ္ဗာရုံဟူသည်ကား ပထဝီ-တေဇော-ဝါယော ဓာတ် (၃)ပါးတည်း။ ယင်း ဓာတ် (၃)ပါးသည်သာလျှင် တွေ့ထိ၍ ရစကောင်းသောကြောင့် ဖောဋ္ဌဗ္ဗဓာတ်ဟူသော အမည်ကို ရရှိပေသည်။ ဖောဋ္ဌဗ္ဗာရုံသည် မိမိကိုယ် တိုင်က မဟာဘုတ်ဓာတ် (၃)ပါး ဖြစ်သောကြောင့် ကာယပသာဒ၏မှီရာ မဟာဘုတ်၌ ကိုယ်တိုင် ငြိကပ် ထိစပ် နိုင်၏။ ထိုကြောင့် ကာယပသာဒသည် မိမိ၏မှီရာ မဟာဘုတ်တို့သို့ ကိုယ်တိုင်ငြိကပ် ထိစပ်လာသော ဖောဋ္ဌဗ္ဗာရုံ ကို အာရုံယူ၏ဟု ဆိုပေသည်။

ကာယဝိညာဏ်၏ ဖြစ်ဖို့ရန် အကြောင်းအင်္ဂါရပ်များသည် ---

၁။ ကာယပသာဒ,

၂။ ဖောဋ္ဌဗ္ဗာရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ ပထဝီဓာတ် (ကာယပသာဒ၏မှီရာ ပထဝီဓာတ်),

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု,

၆။ အတိတ်အကြာင်းတရား (၅)ပါး ---

ဤသို့စသည့် အင်္ဂါရပ်တို့ ဖြစ်ကြ၏။ ထိုတွင် တွေ့ထိဖွယ်ရာ ဖောဋ္ဌဗ္ဗာရုံများသည် အနီးအပါး၌ ရောက်ရှိနေ သော်လည်း မသိနိုင်သေး၊ ကာယဝိညာဏ်စိတ် မဖြစ်နိုင်သေး၊ ကာယပသာဒ၏မှီရာ မဟာဘုတ်၌ ယင်း ဖောဋ္ဌဗ္ဗာရုံက ထိခိုက်မှသာလျှင် ယင်းဖောဋ္ဌဗ္ဗာရုံ၏သဘောကို သိနိုင်လေသည်၊ ကာယဝိညာဏ်စိတ် ဖြစ်နိုင်လေသည်။

ကာယပသာဒဟူသည်လည်း ကာယဒသကကလာပ် အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာတည်း၊ ကာယဒသက ကလာပ်၌ ရုပ်ပရမတ် သဘောတရား (၁၀)မျိုးရှိရာ ယင်းတို့တွင် ဓာတ်ကြီး (၄)ပါးတို့ ပါဝင်လျက် ရှိကြ၏။ ကာယပသာဒ၏ မှီရာ မဟာဘုတ်တို့တည်း။ ယင်း မဟာဘုတ်တို့ကို ကြည်လင်စေတတ်သော သဘောကား ကာယပသာဒတည်း။ ယင်း ကာယပသာဒကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ သိမ်းဆည်းထားပါ။

တစ်ဖန် အာရုံဖြစ်သော ဖောဋ္ဌဗ္ဗဓာတ် (၃)ပါးတို့သည်လည်း ရုပ်ကလာပ်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ အဋ္ဌကလာပ် နဝကကလာပ် ဒသကကလာပ် စသည်တို့တွင် တစ်မျိုးမျိုးသော ကလာပ်တည်း။ သို့သော် အသင်သူတော်ကောင်း သိမ်းဆည်းထားသော ကာယပသာဒနှင့် အာရုံဖြစ်သည့် ဖောဋ္ဌဗ္ဗဓာတ်တို့မှာ ကလာပ်တူ ရုပ်တရားများ မဟုတ်ကြပေ၊ ကလာပ်ပြား ကလာပ်ခြား ကလာပ်ကွဲပြားသော ရုပ်တို့သာ ဖြစ်ကြ၏။

အသင်သူတော်ကောင်းသည် ကာယပသာဒကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ [ဥပမာ သမုတိသစ္စာနယ်သုံး ဝေါဟာရအရ တရားထိုင်လျက် နှလုံးသွင်းနေခိုက် လက်နှစ်ခုကို ထပ်ထားလေရာ အောက် လက်ဖဝါးတွင် တည်ရှိသော (၄၄)မျိုးသော ရုပ်တရားများထဲမှ ကာယပသာဒကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်း ဆည်းပြီးသောအခါ] ယင်းကာယပသာဒနှင့် အနီးကပ်ဆုံးဖြစ်ကြသည့် (ထပ်ထားသော အပေါ်လက်ခုံ၌ တည် ရှိသော (၄၄)မျိုးသော ရုပ်တရားများထဲမှ) ဖောဋ္ဌဗ္ဗဓာတ်များကို အာရုံယူကြည့်ပါ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်း ဆည်းပါ။

ပထဝီ-တေဇော-ဝါယောဟူသော ယင်း ဖောဋ္ဌဗ္ဗဓာတ် တစ်ခုခုက သို့မဟုတ် ဖောဋ္ဌဗ္ဗဓာတ် (၃)ပါးတို့က မိမိ သိမ်းဆည်းထားသော ကာယပသာဒ၏ မှီရာ မဟာဘုတ်သို့ ကိုယ်တိုင်ငြိကပ် ထိစပ်လျက် ထင်လာသောအခါ ယင်း ငြိကပ်ထိစပ်လာသော ဖောဋ္ဌဗ္ဗဓာတ်ကို အာရုံယူ၍ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်လာပုံကို ဆက်လက် သိမ်းဆည်းပါ၊ သို့မှသာလျှင် ကာယပသာဒ၏ မိမိသို့ ငြိကပ် ထိစပ် ပိညပ်လာသော ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ တတ်သည့် သမ္ပတ္တဝိသယဂ္ဂါဟကရုပ် ဖြစ်ပုံကို သဘောကျနိုင်မည်။

မဟာဘုတ် အချင်းချင်းသာ

ဤအရာဝယ် ငြိကပ်မှု ထိစပ်မှုနှင့်ပတ်သက်၍ သတိပြုရန် အချက်တစ်ရပ်ကား --- ငြိကပ် ထိစပ်ရာ၌ မဟာဘုတ်အချင်းချင်းသာ ငြိကပ်နိုင် ထိစပ်နိုင်၏၊ ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော အာရုံနှင့် ပသာဒတို့ကား ဖောဋ္ဌဗ္ဗ သဘော မရှိသောကြောင့် မငြိကပ် မထိစပ်နိုင်၊ ထိုကြောင့် မှီရာ မဟာဘုတ်အချင်းချင်း ငြိကပ် မငြိကပ် ထိစပ် မထိစပ်ကိုသာ ဆိုရခြင်း ဖြစ်သည်ဟု မှတ်ပါ။

ပထဝိသန္နိဿိတ

ပထဝိသန္နိဿိတန္တိ ကာယပသာဒပစ္စယံ ပထဝိသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။ ကာယဒွါရသ္မိဥှိ ဗဟိဒ္ဓါမဟာဘူတာရမ္မဏံ အဇ္ဈတ္တိကံ ကာယပသာဒံ ဃဋ္ဋေတွာ ပသာဒပစ္စယေသု မဟာဘူတေသု ပဋိဟညတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ကာယဝိညာဏ်စိတ် ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားစုတို့တွင် ပထဝီဓာတ်လည်း ပါဝင်လျက် ရှိ၏။ ယင်းပထဝီဓာတ်မှာ ဖောဋ္ဌဗ္ဗာရုံ ရှေးရှူရိုက်ခတ်လာသော ကာယပသာဒ၏မှီရာ ကလာပ်တူမဟာဘုတ် (၄)ပါး တို့တွင်ပါဝင်သော ပထဝီဓာတ်တည်း။ ကာယပသာဒအား ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့က သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့်ကျေးဇူးပြုပေးလျက်ရှိ၏။ ကလာပ်တူဓာတ်ကြီး (၄)ပါးကို အမှီရပါမှ ကာယပသာဒသည် ဖြစ်နိုင်၏။ ထိုကြောင့် ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့သည် ကာယပသာဒ၏မှီရာ နိဿယအကြောင်းတရားတို့ ဖြစ်ကြ၏။ ယင်းကာယပသာဒ၏မှီရာ နိဿယအကြောင်းဖြစ်သော ပထဝီဓာတ်ဟူသော မှီရာကို ရရှိပါမှသာလျှင် ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်၏။ ထိုပထဝီဓာတ်နှင့် ကင်း၍ကား မဖြစ်နိုင်။ ကာယပသာဒ ကာယဒွါရ၌ ဗဟိဒ္ဓ မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံသည် ရှေးရှူရိုက်ခတ်သောအခါ အဇ္ဈတ္တဖြစ်သော ကာယပသာဒကို ထိခိုက်၍ ယင်းကာယပသာဒ၏မှီရာ အကြောင်းတရားဖြစ်ကုန်သော မဟာဘုတ်တို့၌ ထိခိုက်၏၊ ကာယပသာဒတွင်သာမက ကာယပသာဒ၏မှီရာ မဟာဘုတ်သို့တိုင်အောင် ထိခိုက်ပေ၏။ ယင်းမဟာဘုတ်တို့တွင် ပထဝီဓာတ်သည် အပြဓာန်းဆုံးသော ဓာတ်တစ်ပါး ဖြစ်၏။ အကြောင်းတစ်ခု ဖြစ်၏။ ထိုကြောင့် ပထဝီဓာတ်ကို ကာယဝိညာဏ်၏ အကြောင်းတစ်ခုအဖြစ် ဆိုသည်။

ဖောဋ္ဌဗ္ဗာရုံ ထင်မှု

ကိံ ပနေတာနိ တီဏိ မဟာဘူတာနိ ဧကပ္ပဟာရေနေဝ အာပါထံ အာဂစ္ဆန္တိ၊ ဥဒါဟု နောတိ? အာဂစ္ဆန္တိ။ ဧဝံ အာဂတာနိ ကာယပသာဒံ ဃဋ္ဋေန္တိ န ဃဋ္ဋေန္တီတိ? ဃဋ္ဋေန္တိ။ ဧကပ္ပဟာရေနေဝ တာနိ အာရမ္မဏံ ကတွာ ကာယဝိညာဏံ ဥပ္ပဇ္ဇတိ နုပ္ပဇ္ဇတီတိ? နုပ္ပဇ္ဇတိ၊ အာဘုဇိတဝသေန ဝါ ဟိ ဥဿဒဝသေန ဝါ အာရမ္မဏကရဏံ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၉။)

ဖောဋ္ဌဗ္ဗဓာတ် အမည်ရသော မဟာဘုတ်ဓာတ် (၃)မျိုးတို့သည် ကာယပသာဒနှင့် ဘဝင်မနောအကြည် ဓာတ်ဟူသော ယင်းဖောဋ္ဌဗ္ဗဓာတ်တို့ကို အာရုံပြုနိုင်လောက်ရာ အရပ်သို့ ရှေးရှူကျရောက် နေခြင်းကို အာပါတဂမနဟု ခေါ်သည်။ တစ်နည်းအားဖြင့် ကာယပသာဒ = ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်၌ ယင်းဖောဋ္ဌဗ္ဗဓာတ်တို့ ထင်နေမှုကို အာပါထဂမနဟု ခေါ်သည်။ ထိုသို့ ရှေးရှူကျရောက်မှု ထင်နေမှုမှာ ဖောဋ္ဌဗ္ဗ ဓာတ်သုံးပါးလုံးသည် တစ်ပြိုင်တည်း ရှေးရှူကျရောက်နိုင်ပါသလားဟူမူ အဖြေမှာ ရှေးရှူကျရောက်နိုင်သည် ထင်နိုင်သည် ဟူ၏။

ထိုသို့ ရှေးရှူကျရောက်ရုံမျှဖြင့် ကာယပသာဒ၌ ထိခိုက်မှု မထိခိုက်မှုမှာ မသေချာသေးသဖြင့် ရှေးရှူ ကျရောက်လာကုန်သော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်တို့သည် ကာယပသာဒ၌ တစ်ပြိုင်နက်တည်း ထိခိုက်ကြပါ သလောဟူမူ --- အဖြေမှာ --- ထိခိုက်ကြသည် --- ဟူ၍ ဖြစ်၏။

တစ်ပြိုင်နက်တည်း ထိခိုက်ကြသော်လည်း နှလုံးသွင်းမှု မနသိကာရ မရှိလျှင် (= ပဉ္စဒွါရာဝဇ္ဇန်း စိတ်- စေတသိက် နာမ်တရားစုတို့ မဖြစ်ကြလျှင်) ကာယဝိညာဏ်စိတ်သည် မဖြစ်နိုင်သေးရကား ထိုဖောဋ္ဌဗ္ဗဓာတ် (၃)ပါးတို့ကို ကာယဝိညာဏ်စိတ်သည် တစ်ပြိုင်နက်တည်း အာရုံပြု၍ ဖြစ်နိုင်ပါသလား = ကာယဝိညာဏ် စိတ္တက္ခဏ တစ်ခုတည်းဖြင့် သိနိုင်ပါသလားဟူမူ မဖြစ်နိုင် မသိနိုင်ဟူ၍ ဖြေဆိုရာ၏။

အာဘုဇိတ = နှလုံးသွင်းမှု၏ စွမ်းအင်ကြောင့်သော်လည်းကောင်း, ဥဿဒ = ယင်းဖောဋ္ဌဗ္ဗဓာတ် (၃)မျိုး တို့တွင် ဓာတ်သဘာဝ တစ်ခုခု၏ သတ္တိ ထက်မြက် များပြားခြင်း၏ စွမ်းအင်ကြောင့်သော်လည်းကောင်း, ကာယပသာဒ၏ များပြားသည်၏ စွမ်းအားကြောင့်သော်လည်းကောင်း, အာရုံပြုခြင်း, အာရုံကို သိခြင်း သဘောတရား သည် ဖြစ်ပေါ်လာ၏။

အာဘုဇိတ = နှလုံးသွင်းမှု၏ စွမ်းအင်

သပိတ်တွင် ဆွမ်းအပြည့် ထည့်၍ ဆောင်ယူလာခဲ့သော် ဆွမ်းလုံးတစ်လုံးကို ကိုင်၍ မာသလော ပျော့သလော = နပ်သလော မနပ်သလောဟု စူးစမ်းသောပုဂ္ဂိုလ်သည် ထိုဆွမ်းလုံး၌ တေဇောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ဝါယောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ထိုသို့ပင် ရှိပါသော်လည်း ထမင်းလုံးကို စမ်းကြည့်သူက ကြမ်းသလား, နုသလား, မာသလား, ပျော့သလား, နပ်သလား, မနပ်သလား -- ဟု စမ်းကြည့်သောကြောင့် ပထဝီဓာတ်ကိုသာ နှလုံးသွင်းနေ၏၊ ထိုသို့ နှလုံးသွင်းခဲ့သော် ကာယဝိညာဏ်စိတ်သည် ကာယဝိညာဏ် စိတ္တက္ခဏ တစ်ခု အတွင်း၌ ပထဝီဓာတ်ကိုသာ သိ၏၊ ပထဝီဓာတ်ကိုသာ အာရုံပြု၏။

ရေနွေး၌ လက်ကိုချ၍ နှစ်၍ စူးစမ်းသော ပုဂ္ဂိုလ်သည် ရေနွေးဟူသည် ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်း အစုသာ ဖြစ်ခြင်းကြောင့် ထိုရေနွေး၌ ပထဝီဓာတ်လည်း အကယ်၍ကားရှိနေ၏၊ ဝါယောဓာတ်လည်း အကယ်၍ ကားရှိနေ၏၊ ထိုသို့ပင် ရှိပါသော်လည်း စမ်းကြည့်သောသူသည် ပူသလော အေးသလောဟု သိလိုစိတ်ဖြင့်သာ စမ်းကြည့်သောကြောင့် တေဇောဓာတ်ကိုသာ နှလုံးသွင်းနေ၏၊ ထိုသို့ တေဇောဓာတ်ကိုသာ နှလုံးသွင်းခဲ့သော် ကာယဝိညာဏ်စိတ်သည် ကာယဝိညာဏ်စိတ္တက္ခဏ တစ်ခုအတွင်း၌ တေဇောဓာတ်ကိုသာ သိ၏၊ တေဇောဓာတ် ကိုသာ အာရုံပြု၏။

လေသောက်ပြူတင်းကို ဖွင့်လျက် လေကို မိမိကိုယ်ကို တိုက်ခတ်စေလျက် တည်နေ ရပ်နေသော ပုဂ္ဂိုလ် သည် လေပြည်လေညင်း တိုက်ခတ်လတ်သော် --- လေပြည်လေညင်းဟူသည်မှာလည်း ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်ခြင်းကြောင့် --- ထိုလေ၌ ပထဝီဓာတ်သည်လည်း အကယ်၍ကား ရှိပေ၏၊ တေဇောဓာတ် သည်လည်း အကယ်၍ကား ရှိပေ၏၊ ထိုသို့ပင် ရှိပါသော်လည်း လေတိုက်ခံနေသူက ဝါယောဓာတ်ကိုသာလျှင် နှလုံးသွင်းနေ၏၊ ဝါယောဓာတ်ကိုသာ အာရုံပြုနေ၏၊ ထိုကြောင့် ထိုသူ၏ ကာယဝိညာဏ်စိတ်သည် (ထိုကာယဝိညာဏ်စိတ္တက္ခဏ တစ်ခုအတွင်း၌) ဝါယောဓာတ်ကိုသာ သိ၏၊ ဝါယောဓာတ်ကိုသာ အာရုံပြုနေ၏။

ဤသို့လျှင် နှလုံးသွင်းမှု၏ စွမ်းအင်ကြောင့် ကာယဝိညာဏ်စိတ်သည် နှလုံးသွင်းသည့် ဖောဋ္ဌဗ္ဗဓာတ် အာရုံကိုသာ အာရုံပြုသည် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၉။)

ဥဿဒ = အာရုံ၏ စွမ်းအင်များပြားမှု (က)

ပုဂ္ဂိုလ်တစ်ဦးဦးသည် ချော်မူလည်း လဲငြားအံ့ ၊ ဦးခေါင်းဖြင့် သစ်ပင်ကိုသော်လည်း တိုက်မိငြားအံ့၊ ထမင်း စားစဉ် ကျောက်ခဲကိုသော်လည်း ကိုက်မိငြားအံ့၊ ထိုပုဂ္ဂိုလ်သည် ထိုသို့ချော်လဲရာ, သစ်ပင်ကို တိုက်မိရာ, ကျောက်ခဲ ကို ကိုက်မိရာ၌ --- ချော်လဲမိရာ မြေ, တိုက်မိရာ သစ်ပင်, ကိုက်မိရာ ကျောက်ခဲဟူသည် ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုသာ ဖြစ်ခြင်းကြောင့် --- ထိုမြေ ထိုသစ်ပင် ထိုကျောက်ခဲ၌ တေဇောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ဝါယောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ထိုသို့ပင် ရှိငြားသော်လည်း ထိုမြေ, ထိုသစ်ပင်, ထိုကျောက်ခဲ တို့၌ ပထဝီဓာတ်၏ စွမ်းအင်သတ္တိက များပြားခြင်းကြောင့် ကာယဝိညာဏ်စိတ်သည် ပထဝီဓာတ်ကိုသာ အာရုံပြု သည်။ (ဤ၌ -- များပြားခြင်း -- ဟူရာဝယ် ရုပ်အရေအတွက်များခြင်း, ရာခိုင်နှုန်း အချိုးအစားများခြင်း မဟုတ်၊ မြေ-သစ်ပင်-ကျောက်ခဲတို့၌ ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ ထက်မြက် များပြားခြင်းတည်း။)

မီးကျီးခဲဟူသည် တေဇောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်လွန်ကဲနေသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် တို့၏ အပေါင်းအစုသာတည်း။ မီးကျီးခဲကို နင်းမိသောသူသည်လည်း ထိုမီးကျီးခဲ၌ ပထဝီဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ ဝါယောဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ ထိုသို့ပင် ရှိငြားသော်လည်း တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင်က လွန်ကဲ ထက်မြက် များပြားသည့် စွမ်းအားကြောင့် ကာယဝိညာဏ်သည် တေဇောဓာတ် ကိုသာ အာရုံပြု၏၊ နင်းမိသော ထိုအချိန်၌ ပူမှု တေဇောဓာတ်ကိုသာ သိနေပေ၏။

တိုက်ခတ်နေသော လေပြင်းမုန်တိုင်းဟူသည်မှာလည်း ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ ထက်မြက်နေသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ အလွန်အားကြီးသော လေပြင်း မုန်တိုင်းသည် နားရွက်ကို ပုတ်ခတ်၍ နားထိုင်း နားပင်းသူ ဖြစ်အောင် ပြုလုပ်သကဲ့သို့ တိုက်ခတ်လာ၏၊ ရိုက်ခတ် လာ၏၊ ထိုအားကြီးသောလေ၌ ပထဝီဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ တေဇောဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ ထိုသို့ပင် ရှိငြားသော်လည်း ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်က လွန်ကဲထက်မြက် များပြား နေသည့် စွမ်းအားကြောင့် ကာယဝိညာဏ်သည် ဝါယောဓာတ်ကိုသာ အာရုံပြု၏၊ ထိုအချိန်၌ ဝါယောဓာတ်ကိုသာ သိနေ၏။ ဤကား ဖောဋ္ဌဗ္ဗာရုံ၏ စွမ်းအင် အနည်းအများသို့လိုက်၍ ကာယဝိညာဏ်စိတ် ဖြစ်ပုံတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

ဥဿဒ = ကာယပသာဒ၏ များပြားမှုစွမ်းအင် (ခ)

ပထဝီ-တေဇော-ဝါယောဟူသော ဖောဋ္ဌဗ္ဗအာရုံတို့၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲများပြားမှုကို အာရုံ ယူ၍ လွန်ကဲရာ ဓာတ်သဘာဝသတ္တိကိုသာ အာရုံပြုလျက် ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာသည် မဟုတ် သေး၊ ကာယပသာဒ = ကာယအကြည်ဓာတ် များပြားမှုကိုလည်း အကြောင်းပြု၍ ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာပေသည်။ ပထဝီ-တေဇော-ဝါယော ဓာတ်တစ်ခုခုကို အာရုံပြုသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိုဖောဋ္ဌဗ္ဗ ဓာတ်တို့သည် ပြိုင်တူ ကာယအကြည်ဓာတ်များစွာကို ထိမိရာ၌ ကာယအကြည်ဓာတ်တိုင်းကို မှီ၍ ကာယ ဝိညာဏ် စိတ်ပေါင်းများစွာ ပြိုင်တူ မဖြစ်ကြပေ။ အပ်ချောင်းများကို စုပေါင်းစည်းထားသော အပ်စည်းဖြင့် အထိုးခံရသူ၏ သန္တာန်ဝယ် တစ်ပြိုင်နက်တည်း ကိုယ်ကို = ကာယအကြည်ဓာတ်ပေါင်းများစွာကို အပ်စည်းသည် ထိခိုက်မိ၏၊ ထိုသို့ပင် တစ်ပြိုင်နက် ထိခိုက်အပ်ပါသော်လည်း အကြင်အကြင် ထိရာအရပ်၌ ကာယပသာဒ အကြည်ဓာတ်များသည် များပြား၏၊ ထိုထို အကြည်ဓာတ်များပြားရာ အပ်၏ ထိမိရာ အရပ်၌သာလျှင် ကာယ ဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ မှန်ပေသည် --- အကြင်အကြင် အရပ်၌ ဖောဋ္ဌဗ္ဗဓာတ်၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်ခြင်းသည် အားရှိ၏၊ ထိုထိုအရပ်၌ ကာယဝိညာဏ်စိတ်သည် ရှေးဦးစွာ ဖြစ်ပေါ်လာ၏။

ကြက်တောင်ဖြင့် အနာကို ဆေးကြောအပ်သော် ထိုထိုကြက်တောင်မျှင် ကြက်တောင်မျှင်သည် ကာယ- ပသာဒကို ထိခိုက်၏၊ ထိုသို့ပင် ထိခိုက်ပါသော်လည်း အကြင်အကြင် အရပ်၌ ကာယပသာဒသည် များပြား၏၊ ထိုကာယပသာဒ များပြားရာအရပ်၌သာလျှင် ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာပေသည်။ ဤကား ကာယအ- ကြည်ဓာတ် များပြားမှုကို အကြောင်းပြု၍လည်း ကာယဝိညာဏ်စိတ် ဖြစ်ပေါ်လာပုံတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၇၀၊၊)

စိတ်၏ အာရုံအမျိုးမျိုးသို့ ပြောင်းယူပုံ

ဤတွင် နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားပုံနှင့် ကွင်းဆက်အဖြစ် သိသင့်သော အချက်တစ်ရပ်ကား အသိစိတ်၏ အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့ခြင်းပင် ဖြစ်သည်။ စိတ်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်း အားဖြင့် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားပါသနည်း --- ဤအချက်နှင့် ပတ်သက်၍ အဋ္ဌသာလိနီ အဋ္ဌကထာက အောက်ပါအတိုင်း ရှင်းပြထား၏။

ကထံ ပန စိတ္တဿ အာရမ္မဏတော သင်္ကန္တိ ဟောတီတိ? ဒွီဟာကာရေဟိ ဟောတိ အဇ္ဈာသယတော ဝါ ဝိသယာဓိမတ္တတော ဝါ။ (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

၁။ အတွင်းသဘောအလို အဇ္ဈာသယဓာတ်ခံကြောင့်သော်လည်းကောင်း,

၂။ အာရုံ၏ လွန်ကဲမှုကြောင့်သော်လည်းကောင်း ---

ဤနှစ်မျိုးသော အကြောင်းတရားတို့ကြောင့် စိတ်၏ အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့ခြင်းသည် ဖြစ်၏၊ စိတ်သည် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့ အာရုံယူသွား၏။

အဇ္ဈာသယကြောင့် ပြောင်းပုံ

ကျောင်းပူဇော်ပွဲ ဘုရားပူဇော်ပွဲ စသည်တို့၌ ထိုထိုစေတီတော်တို့ကိုလည်းကောင်း, ထိုထိုရုပ်ပွားဆင်းတုတော် တို့ကိုလည်းကောင်း ရှိခိုးဝတ်ပြုအံ့ ၊ ထို့ပြင် လှပစွာ ပြုလုပ်စီမံ ရေးဆွဲထားအပ်သော ပန်းချီဆေးရေးရုပ် = ပန်းချီကားချပ်, အဆန်းတကြယ် ပြုလုပ်ထားအပ်သော ခြူးပန်းခြူးနွယ်တို့ကိုလည်း ကြည့်ရှုအံ့ --- ဟု ဤကဲ့သို့သော အလိုအဇ္ဈာသယ ဆန္ဒဓာတ်ဖြင့် ဘုရားပွဲတော်, ကျောင်းပူဇော်ပွဲတော် စသောပူဇော်ပွဲသို့ သွားသောသူသည် စေတီတော်တစ်ဆူကို သို့မဟုတ် ရုပ်ပွားဆင်းတုတော်တစ်ဆူကို ရှိခိုးဝတ်ပြုပြီး၍သော်လည်း အခြားသော စေတီ တော်တစ်ဆူကို သို့မဟုတ် ရုပ်ပွားဆင်းတုတော်တစ်ဆူကို ရှိခိုးဝတ်ပြုခြင်းငှာ သွားနေသည်သာ ဖြစ်၏။ ပန်းချီ ကားတစ်ချပ်ကို ကြည့်ရှုပြီး၍သော်လည်း အခြားသော ပန်းချီကားချပ် အရုပ်တစ်ခုကို ကြည့်ရှုခြင်းငှာ သွားနေ သည်သာ ဖြစ်၏။ ဤသို့လျှင် စိတ်သည် အတွင်းသဘောအလိုဆန္ဒ အဇ္ဈာသယဓာတ်ကြောင့် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားသည် မည်ပေသည်။ (ယခုကာလဝယ် ဘုရားဖူးယာဉ်ဖြင့် တစ်ပြည်လုံးအနှံ့ ဘုရား ဖူးသွားရာ၌ ဘုရားဖူးသွားသူ၏ စိတ်ဓာတ်များသည် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားခြင်းမှာ ဘုရားဖူးလှည့်လည်နေသူ၏ အတွင်းအဇ္ဈာသယဓာတ်ကြောင့် ဖြစ်ရသကဲ့သို့ မှတ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

ဝိသယာဓိမတ္တ = အာရုံ၏ လွန်ကဲမှုကြောင့် ပြောင်းပုံ

ကေလာသတောင်ထွဋ်နှင့် တူတော်မူသော မဟာစေတီတော်ကို ကြည့်ရှုဖူးမြော်လျက် ရပ်တည်နေသည် ဖြစ်ပါသော်လည်း နောက်ဘက်တစ်နေရာမှ အလုံးစုံသော တူရိယာတို့ကို တစ်ပြိုင်နက် ဆူညံစွာ တီးအပ်ကုန် လတ်သော် မူလဖူးမြော်နေသော မဟာစေတီတော်၏ ရူပါရုံကို စွန့်လွှတ်၍ သဒ္ဒါရုံဘက်သို့ စိတ်သည် ပြောင်း- ရွှေ့သွား၏။ [ဧကတ္တနည်းအရ စိတ်ချင်းတူ၍ ဆိုခြင်းတည်း။ စိတ်၏ တကယ်တမ်းအားဖြင့် ပြောင်းရွှေ့သွားမှု- ကို ဆိုလိုရင်း မဟုတ်၊ ပရမတ်တရားတို့မည်သည် ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိသောကြောင့် ဖြစ်၏။ သို့သော် နာမ်သန္တတိအစဉ်အားဖြင့် ဖြစ်ပေါ်နေသော စိတ်အစဉ်သည် ရူပါရုံကို အာရုံပြုသော စိတ်အစဉ်များ ချုပ်ပျောက်သွားပြီးနောက် သဒ္ဒါရုံကို အာရုံပြုသော စိတ်အစဉ်များ ဆက်လက် ဖြစ်ပေါ်လာမှုကိုသာ ဆိုလိုရင်း ဖြစ်ပေသည်။]

နှစ်လိုမြတ်နိုးးဖွယ် အနံ့ရှိကုန်သော ပန်းတို့ကိုသော်လည်းကောင်း, နံ့သာတို့ကိုသော်လည်းကောင်း ဘုရားရှင် အား ပူဇော်ရန်အတွက် ဆောင်ယူလာလတ်ကုန်သော် တူရိယာသံဟူသော သဒ္ဒါရုံကို စွန့်လွှတ်၍ ဂန္ဓာရုံဘက် သို့ စိတ်သည် ပြောင်းရွှေ့သွား၏။ (သဒ္ဒါရုံကို အာရုံပြုနေသော စိတ်အစဉ်များ မဖြစ်တော့ဘဲ ဂန္ဓာရုံကို အာရုံ ပြုသော စိတ်အစဉ်များသည် ဆက်လက်ဖြစ်ပေါ်လာကြသည် ဟူလိုသည်။) ဤသို့လျှင် အာရုံ၏ လွန်ကဲမှုကြောင့် စိတ်သည် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားသည် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

အသင်သူတော်ကောင်းအတွက် ဆေးကောင်း တစ်ခွက်

ဤအထက်ပါ အဆိုအမိန့်များမှာ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ် များသည်, အထူးသဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပတ်တကုတ် စီးဖြန်းပွားများ အားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်များသည် အထူးအလေးဂရုပြု၍ နာယူမှတ်သားကြရမည့် အချက်များပင် ဖြစ်ကြသည်။

မိမိက ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းလိုပါက ဝိပဿနာ ရှုလိုပါက မိမိ၏အလို အဇ္ဈာသယ ဆန္ဒဓာတ်အတိုင်း အချိန်မရွေး သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်၏။ အလားတူပင် သဒ္ဒါရုံစသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းလို ဝိပဿနာရှုလိုပါကလည်း မိမိ၏အလို အဇ္ဈာသယ ဆန္ဒဓာတ်အတိုင်းပင် အချိန်မရွေး သိမ်းဆည်းနိုင် ဝိပဿနာ ရှုပွားနိုင်သည်သာ ဖြစ်သည်။ အာရုံ (၆)ပါးတို့တွင် မည်သည့်အာရုံကိုမဆို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို မိမိအလိုရှိလျှင် အလိုရှိသည့်အခါ၌ သိမ်းဆည်းနိုင် ဝိပဿနာရှုပွားနိုင်သည်သာ ဖြစ်သည်။ ပေါ်ရာကို စောင့်ဆိုင်း၍ ရှုနေရန်ကား မလိုပါ။

ထိုသို့ မိမိ၏အလို အဇ္ဈာသယ ဆန္ဒဓာတ်အတိုင်း ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရား တို့ကို သိမ်းဆည်း ရှုပွားပြီးနောက် သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ဆက်လက်သိမ်း ဆည်း ရှုပွားလိုက သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။

အကယ်၍ ထိုသို့ မိမိ၏အလိုဆန္ဒ အဇ္ဈာသယအတိုင်း ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်နေကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းနေခိုက် ဝိပဿနာ ရှုနေခိုက်ဝယ် သဒ္ဒါရုံ၏ လွန်ကဲမှုကြောင့် သဒ္ဒါရုံဘက်သို့ စိတ်အစဉ် ပြောင်းရွှေ့သွားသောအခါ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း ပြောင်း၍ သိမ်းဆည်းလိုက ဝိပဿနာရှုလိုက သိမ်းဆည်းနိုင် ဝိပဿနာရှုနိုင်သည်သာ ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ မိမိက စိတ်ကို နိုင်နိုင်နင်းနင်း ထိန်းကွပ်နိုင်၍ ထိန်းချုပ်နိုင်၍, အာရုံလွန်ကဲမှုနောက်သို့ မိမိ၏စိတ်ကို မလိုက်ပါစေဘဲ, မိမိ သိမ်းဆည်းရှုပွားလိုသည့် အာရုံတစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကိုသာ ဝီထိ တစ်ခုပြီးတစ်ခု ဆက်လက်သိမ်းဆည်း ရှုပွားလိုပါက အာယတန ဒွါရအလိုက်လည်း သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်ပေသည်။ (သိမ်းဆည်းပုံ နည်းစနစ်များကို နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ရေးသား တင်ပြခဲ့ပြီ။)

ဓာတ်ကြီး (၄) ပါးတို့၏ စွမ်းအင်

ဤနေရာတွင် ဖောဋ္ဌဗ္ဗာရုံ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်လက်၍ ရေးသားတင်ပြရမည့် အပိုင်း ဖြစ်သည်။ သို့သော် ဖောဋ္ဌဗ္ဗာရုံဟူသည် ပထဝီဓာတ်-တေဇောဓာတ်-ဝါယောဓာတ်တို့သာ ဖြစ်ကြသဖြင့် အထက်၌ ရေးသားတင်ပြခဲ့သည့် အတိုင်းသာ မှတ်သားပါ။ ဤတွင် အခွင့်သင့်၍ ဓာတ်ကြီး (၄)ပါးတို့၏ စွမ်းအင် အကြောင်းကို ဆက်လက် တင်ပြအပ်ပါသည်။

အာပေါဓာတ် --- ပထဝီဓာတ် အစရှိသော ဘူတရုပ်ကို ဖွဲ့စည်းတတ်သော အစိုဓာတ် အစေးဓာတ် သ- ဘောသည် အာပေါဓာတ်တည်း။

သံတွေခဲ အစရှိသည်တို့ကို အာပေါဓာတ်သည် ဖွဲ့စည်း၍ တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်လျစ် နေသည်တို့ကို ပြုလုပ်တတ်၏၊ အတုံးအခဲဖြစ်အောင် ပြုလုပ်တတ်၏။ ထိုအာပေါဓာတ်သည် ဖွဲ့စည်းအပ်သည်၏ အဖြစ်ကြောင့် ထိုသံတွေခဲ အစရှိသော ဝတ္ထုတို့သည် တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်ကျစ်လျစ်လျစ် အတုံးအခဲကြီးတို့ ဖြစ်နေကြကုန်၏။ ကျောက်တောင်, ထန်းစေ့, ဆင်စွယ်, နွားဦးချို အစရှိသည်တို့၌လည်း ဤနည်းပင်တည်း။ မှန်ပေသည် ဤကျောက်တောင် အစရှိသော အစိုင်အခဲ အတုံးအခဲ အားလုံးတို့ကို အာပေါ ဓာတ်ကသာလျှင် ဖွဲ့စည်း၍ တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပြုလုပ်ထား၏၊ အာပေါဓာတ်က ဖွဲ့စည်းထားသည့် အတွက်ကြောင့်သာလျှင် တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်ကျစ်လျစ်- လျစ် အတုံးအခဲကြီးတို့ ဖြစ်နေကြကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁။)

သံတွေခဲ စသည်တို့၌ တည်ရှိသော ပထဝီဓာတ်သည် ထိုကဲ့သို့ သံတွေခဲ စသည်ဖြစ်အောင် ဖွဲ့စည်းထား တတ်သော အာပေါဓာတ်က မဖွဲ့စည်းအပ်သည် ဖြစ်လတ်သော် ပြန့်ကျဲနေလေရာ၏၊ ထိုကြောင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ ဥပမာ --- သင့်လျော်သော ပမာဏရှိသော ရေသည် မြေမှုန်တို့ကို ဖွဲ့စည်း၍ မြေညက်စိုင်ခဲကို ပြုလုပ်၍ ထားနိုင်၏။ (ရေက နည်းနေလျှင်လည်း ဖွဲ့မထားနိုင်၊ ရေက များလွန်းနေလျှင်လည်း အရည် ဖြစ်သွားလိမ့်မည်။ ထိုကြောင့် သင့်လျော်သော ပမာဏ ရှိသော ရေဟု ဆိုသည်။ ဘိလပ်မြေ-သဲ-ကျောက်ခဲတို့ကို သင့်လျော်သော အချိုးအတိုင်း ရေဖြင့် ဖွဲ့စပ်ပေးပါက ခိုင်မာသည့် အင်္ဂတေတုံးကြီး တစ်ခုကို ရနိုင်၏။) ဤဥပမာအတူပင် သံတွေခဲ စသည်တို့၌လည်း ထိုအခဲဖြစ်ခြင်းအား လျော် သော အကြောင်းတို့ကြောင့် ထိုအခဲ၌ပင် ပါဝင်ဖြစ်ပေါ်နေသော အာပေါဓာတ်သည် ထိုအခဲအဖြစ်ဖြင့် ဖွဲ့စည်း၍ ထား၏ဟု မှတ်ပါ။ (မူလဋီ၊၁၊၁၅၄။)

ဧဝန္တိ ယထာ သသမ္ဘာရုဒကံ သသမ္ဘာရပထဝိယာ အာဗန္ဓကံ၊ ဧဝံ ပရမတ္ထုဒကံ ပရမတ္ထပထဝိယာတိ ဒေဿတိ။ တဒနုရူပပစ္စယေဟီတိ အတ္တနော အာဗန္ဓနာနုဂုဏေဟိ အာဗန္ဓိယမာနေဟိ သန္ဓာရဏာဒိကိစ္စေဟိ ပုရိမေဟိ စ ပထဝီအာဒီဟိ။ (အနုဋီ၊၁၊၁၆၇။)

အထက်တွင် သံတွေခဲဖြစ်အောင် မြေစိုင်ခဲဖြစ်အောင် အဆောက်အဦနှင့် တကွသော သသမ္ဘာရ ပထဝီ ဓာတ်ကို အဆောက်အဦနှင့် တကွသော ရေဟူသော သသမ္ဘာရ အာပေါရေဓာတ်က ဖွဲ့စည်းထားသဖြင့် သံတွေခဲ မြေစိုင်ခဲစသည့် အတုံးအခဲကြီးများ ဖြစ်နေပုံကို အဋ္ဌကထာနှင့် မူလဋီကာတို့က ဖွင့်ဆိုထား၏။

သသမ္ဘာရပထဝီဟူသည် ကလာပ်တူ ရုပ်တရားတို့နှင့် အတူတကွ သံတွေခဲ မြေစိုင်ခဲ စသည့် အတုံးအခဲ ကြီးများ ဖြစ်အောင် ပေါင်းစုတည်နေသော ရုပ်ကလာပ်ပေါင်းများစွာတို့၌ တည်ရှိသော ပထဝီဓာတ်တည်း။ သသမ္ဘာရအာပေါဓာတ်ဟူသည်လည်း ကလာပ်တူရုပ်တရားတို့နှင့် တကွသော အရည်အဖြစ်ဖြင့် တည်နေသော ရုပ်ကလာပ်ပေါင်းများစွာတို့၌ တည်ရှိသော အာပေါဓာတ်တည်း။

သသမ္ဘာရအာပေါဓာတ်က သသမ္ဘာရပထဝီဓာတ်ကို သံတွေခဲ မြေစိုင်ခဲ စသည်ဖြစ်အောင် ဖွဲ့စည်းထား သကဲ့သို့ အလားတူပင် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ပရမတ်အာပေါဓာတ်ကလည်း မိမိနှင့် ကလာပ်တူ ပရမတ်ပထဝီဓာတ်ကို တစ်နည်း --- ကလာပ်တူ ဘူတရုပ်ကို ဖွဲ့စည်းထားသည်ဟု ယင်းအဋ္ဌကထာ ဋီကာ စကားရပ်တို့က ညွှန်ပြလျက် ရှိ၏။

ပရမတ္ထသစ္စာနယ်၌ကား သံတွေခဲ မြေစိုင်ခဲဟူသည် မရှိ။ သံတွေခဲ မြေစိုင်ခဲဟူသည် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟု ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော ပထဝီ ကား ပရမတ္ထပထဝီတည်း။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော အာပေါဓာတ်ကား ပရမတ္ထအာပေါဓာတ် တည်း။

မိမိဟူသော အာပေါဓာတ်၏ ဖွဲ့စည်းခြင်းကိစ္စအားလျော်သော ဂုဏ်ရှိကုန်သော, အာပေါဓာတ်က ဖွဲ့စည်း ဖွယ်ဖြစ်ကုန်သော ကလာပ်တူရုပ်တရားတို့ကို တည်ရာအဖြစ်ဖြင့် ကောင်းစွာဆောင်ထားခြင်း သန္ဓာရဏ စသောကိစ္စရှိကုန်သော ထိုရုပ်ကလာပ်တွင် ပါဝင်သော ကလာပ်တူပထဝီဓာတ် စသည်ကိုလည်းကောင်း, ထိုရုပ်ကလာပ်မဖြစ်မီ ေ့ရှအဖို့၌ဖြစ်ကုန်သော ရှေးရှေးကလာပ်၌ တည်ရှိကုန်သော ပထဝီဓာတ် စသည်တို့ကိုလည်းကောင်း သံတွေခဲ မြေစိုင်ခဲစသော အစိုင်အခဲဖြစ်ခြင်းအားလျော်သော အကြောင်းတရားတို့ဟူ၍ မှတ်ပါ။ ယင်းအကြောင်း တရားတို့ကြောင့်ပင် အာပေါဓာတ်က သံတွေခဲ မြေစိုင်ခဲ စသည် အတုံးအခဲကြီးများ ဖြစ်လာသည့်တိုင်အောင် ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းထား၏ဟု ဆိုလိုသည်။ (အနုဋီ၊၁၊၁၆၇။)

အသင်သူတော်ကောင်းသည် ဗဟိဒ္ဓလောက၌ သက်ရှိသက်မဲ့ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါ သံတွေခဲ မြေစိုင်ခဲ စသည်တို့၌လည်း ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲကြည့်ပါက ပရမတ်ရုပ်သဘောတရား (၈)မျိုးစီကိုသာ တွေ့ရှိ နိုင်မည် ဖြစ်၏။ ယင်းရုပ်တရားတို့ကား ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ်ကြောင့် = ဥတုကြောင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာတည်း။ ယင်းတေဇောဓာတ် = ဥတု၏ ကျေးဇူးပြုမှု အရှိန်အဝါမကုန်သေးသမျှ အထပ်ထပ် ဖြစ်နေဦးမည်သာ ဖြစ်၏။ ရုပ်တရားတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြသဖြင့် ရှေးရှေးရုပ်များ မချုပ်ဆုံးမီ သက်တမ်းမကုန်ဆုံးသေးမီ နောက် နောက်အသစ်အသစ်သော ရုပ်ကလာပ်များ = ရုပ်တရားများသည် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြ၏၊ ရုပ်တို့၏ ဓမ္မတာပင်တည်း။ အလားတူပင် သံတွေခဲ စသည်တို့၌ တည်ရှိကြသော ရုပ်တရားတို့သည်လည်း ရှေးရှေး ရုပ်တရားများ သက်တမ်းမကုန်ဆုံးသေးမီ နောက်နောက် ရုပ်တရားတို့သည် အဆက်မပြတ် အထပ်ထပ် ဖြစ်နေ ကြ၏။ ယင်းသို့ဖြစ်နေကြသော ရုပ်တရားတို့တွင် သက်တမ်းမကုန်ဆုံးသေးသဖြင့် ရုပ်၏ ဌီကာလသို့ ရောက်ရှိနေ ကြသော ရှေးရှေးရုပ်ကလာပ်တို့တွင် ပါဝင်သော ပထဝီဓာတ်စသော အကြောင်းတရားတို့ကြောင့်လည်းကောင်း အသစ်အသစ် ဥပါဒ်ကြသော ရုပ်ကလာပ်တို့တွင် ပါဝင်သော ကလာပ်တူ ပထဝီဓာတ် စသော အကြောင်းတရား တို့ကြောင့်လည်းကောင်း ဤသို့ဖြစ်သော လျော်သော အကြောင်းတရားတို့ကြောင့် အာပေါဓာတ်သည် ကလာပ်တူ ရုပ်တရားတို့ကို သံတွေခဲစသည့် အစိုင်အခဲများဖြစ်အောင် ဖွဲ့စည်းထားနိုင်ပေသည်။ ပထဝီဓာတ်စသော ဖွဲ့စည်း စရာရှိပါမှ ဖွဲ့စည်းမှုသဘောတရား ဖြစ်နိုင်သည်။ ထိုကြောင့် ရှေးရှေးကလာပ်, မိမိအာပေါဓာတ်နှင့် ကလာပ်တူ နောက်နောက်ကလာပ်တို့၌ တည်ရှိသော ပထဝီဓာတ်စသော မဟာဘုတ်တို့သည် အာပေါဓာတ်၏ ဖွဲ့စည်းမှု လုပ်ငန်းကိစ္စကို ပြုလုပ်နိုင်ရန် လျော်သောအကြောင်းတရားများ ဖြစ်ကြ၏။ သံတွေခဲစသည်တို့၌ ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသဓာတ်မှာ စိပ်၏၊ ကလာပ်တစ်ခုနှင့် ကလာပ်တစ်ခု အလွန် နီးနီးကပ်ကပ် ပွတ်ချုပ် ထိခိုက်လျက်ဖြစ်၏။ သိပ်သည်း၏၊ အလေးချိန်စီး၏။ မြေစိုင်ခဲ၌ကား ကလာပ်တို့၏ အကြားအပေါက် အာကာသ ဓာတ်မှာ ကျဲ၏။ ထိုကြောင့် သံတွေခဲကဲ့သို့ အလေးချိန်မစီးပေ။

ပထဝီဓာတ် --- ပထဝီဓာတ်သည် ကြွင်းသော ဓာတ် (၃)ပါးတို့၏ တည်ရာ ဖြစ်သလော မဖြစ်သလောဟူမူ ဖြစ်၏ ဟူပေ။ ပထဝီဓာတ်သည် ကလာပ်တူ ကျန်ဓာတ် (၃)ပါးတို့နှင့် တွေ့ထိ၍ တည်ရာ ဖြစ်သလော, သို့မဟုတ် မတွေ့ထိမူ၍ တည်ရာ ဖြစ်သလော?

တစ်နည်း --- အာပေါဓာတ်သည် ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးတို့ကို ဖွဲ့စည်းလတ်သော် တွေ့ထိ၍ ဖွဲ့စည်းသလော၊ သို့မဟုတ် မတွေ့ထိမူ၍ ဖွဲ့စည်းသလော?

ပထဝီဓာတ်သည် မတွေ့မထိမူ၍သာလျှင် အာပေါဓာတ်၏ တည်ရာဖြစ်၏။ (အာပေါဓာတ်သည် တွေ့ထိ၍ မရကောင်းသော အဖောဋ္ဌဗ္ဗရုပ် ဖြစ်ခြင်းကြောင့် ပထဝီဓာတ်သည် အာပေါဓာတ်ကို မထိမူ၍သာလျှင် အာပေါဓာတ်၏ တည်ရာဖြစ်ခြင်းကိစ္စကို ရွက်ဆောင်ပေး၏။)

ပထဝီဓာတ်သည် ကလာပ်တူ တေဇောဓာတ်ကိုလည်းကောင်း ဝါယောဓာတ်ကိုလည်းကောင်း တွေ့ထိ၍ တေဇောဓာတ်၏လည်းကောင်း ဝါယောဓာတ်၏လည်းကောင်း တည်ရာဖြစ်၏။

တစ်ဖန် --- အာပေါဓာတ်သည် ကလာပ်တူ ပထဝီဓာတ်ကိုလည်းကောင်း တေဇောဓာတ် ဝါယောဓာတ်တို့ကို လည်းကောင်း မတွေ့မထိမူ၍သာလျှင် ဖွဲ့စည်း၏။ အကယ်၍ အာပေါဓာတ်သည် ကလာပ်တူဓာတ် (၃)ပါးကို တွေ့ထိ၍ ဖွဲ့စည်းသည် ဖြစ်ငြားအံ့၊ ဤသို့တွေ့ထိ၍ ဖွဲ့စည်းလတ်သော် အာပေါဓာတ်သည် ဖောဋ္ဌဗ္ဗာယတန မည်သည် ဖြစ်လေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁။)

မှန်ပေသည် --- ဖောဋ္ဌဗ္ဗာရုံ ဖြစ်ကုန်သော ဓာတ် (၃)ပါးတို့၏ တွေ့ထိထိုက်သည်၏အဖြစ်ဖြင့် အချင်းချင်း မှီရာ၏ အဖြစ်သည် ဖြစ်သကဲ့သို့ ဤအတူ ဖောဋ္ဌဗ္ဗဓာတ်, ဖောဋ္ဌဗ္ဗမဟုတ်သော အာပေါဓာတ်တို့၏ တွေ့ထိထိုက် သည်၏အဖြစ်ဖြင့် အချင်းချင်း မှီရာ၏အဖြစ်သည် မဖြစ်နိုင်ပေ။ ဤသို့သော အဋ္ဌကထာဆရာတော်၏ ဆိုလိုသော သဘောကို သိပါ။ တစ်ဖန် အသီးအသီး တစ်လုံးစီတစ်လုံးစီ ခွဲခြား၍ဖြစ်ခြင်း မရှိကြကုန်သော အချင်းချင်း တစ်ပါးသည် တစ်ပါးအား အညမညပစ္စယသတ္တိဖြင့် အပြန်အလှန် ကျေးဇူးပြုနေကြကုန်သော ကလာပ်တူ မဟာဘုတ် (၄)ပါးတို့၌ အချင်းချင်းမှီရာ၏အဖြစ်ကို တားမြစ်ခြင်းငှာ မတတ်ကောင်း၊ အသီးအသီး တစ်လုံးစီတစ်လုံးစီ ရုပ်ကလာပ်တစ်ခု အတွင်း၌ ခွဲခြား၍မဖြစ်နိုင်သည့် အဝိနိဗ္ဘောဂရုပ်တို့ ဖြစ်ခြင်းကြောင့် ရုပ်ကလာပ်တစ်ခု အတွင်း၌ တစ်ပေါင်းတည်းဖြစ်၍ ဖြစ်ကုန်သော အတူတကွဖြစ်ကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့၌လည်း ထိခြင်း မထိခြင်း တို့ကို စိစစ်ခြင်းငှာ မသင့်ကုန်ဟု မှတ်ပါ။ (မူလဋီ၊၁၊၁၅၄-၁၅၅။) ထိခြင်း-မထိခြင်းဟူသည် ကလာပ်မတူသော ရုပ်များ၌ စိစစ်၍ရကောင်းသော သဘောတည်း။ ကလာပ်တူရုပ်တို့၌ တစ်ကလာပ်တည်း အတွင်းဝယ် ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ် (၃)ပါးနှင့် အာပေါ မဟာဘုတ်တို့၏လည်းကောင်း, ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်အချင်းချင်းလည်းကောင်း ထိခြင်း မထိခြင်းကို စိစစ်ခြင်းငှာ မသင့်ပါ ဟူလိုသည်။

တေဇောဓာတ် ဝါယောဓာတ် --- တေဇောဓာတ် ဝါယောဓာတ်တို့၏လည်း ကြွင်းကုန်သော ပထဝီဓာတ် အာပေါဓာတ်တို့၌ မိမိ မိမိ၏ ကိစ္စကိုပြုခြင်း၌ ဤနည်းပင်တည်း။ --- တေဇောဓာတ်သည် ကလာပ်တူ ပထဝီဓာတ် ကို ထိ၍ လောင်မြိုက်၏၊ ကျက်စေ၏၊ ထိုသို့ပင် ထိ၍ လောင်မြိုက်ပါသော်လည်း ထိုပထဝီဓာတ်သည် ပူသည် ဖြစ်၍ လောင်မြိုက်သည်မဟုတ်၊ ကျက်သည်မဟုတ်။ အကယ်၍ ပထဝီဓာတ်သည် အပူဖြစ်၍ လောင်မြိုက်သည် ဖြစ်အံ့၊ ကျက်သည် ဖြစ်အံ့၊ ဤသို့ဖြစ်လတ်သော် ပထဝီဓာတ်သည် ဥဏှတ္တလက္ခဏာ = ပူသောလက္ခဏာရှိသည် ဖြစ်လေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁။)

ပထဝီဓာတ်သည် ပူသည်ဖြစ်၍ လောင်မြိုက်သည်မဟုတ် ကျက်သည်မဟုတ်ဟူသော ဤစကားရပ်ဖြင့် ပထဝီဓာတ်၌ တေဇောဓာတ်၏ သဘာဝလက္ခဏာ ရှိမှုကိုသာလျှင် ပယ်မြစ်၏၊ ပထဝီဓာတ်၌ အေးမှုရှိသည်၏ အဖြစ်ကို ခွင့်မပြုပါ။ ပထဝီဓာတ််၌ တေဇောဓာတ်၏ ဥဏှတ္တလက္ခဏာဟူသော သဘာဝလက္ခဏာ ရှိမှုကို ပယ် မြစ်ကြောင်းဖြစ်သော -- န ဥဏှာ ဟုတွာ စျာယတိ = ပထဝီဓာတ်သည် ပူသည်ဖြစ်၍ လောင်မြိုက်သည် မဟုတ် ကျက်သည်မဟုတ်ဟူသော စကားဖြင့်ပင် ပထဝီဓာတ်၌ သီတတေဇော၏ သဘာဝလက္ခဏာ ဖြစ်သော အေးမှု ရှိသည်၏ အဖြစ်ကိုလည်း ပယ်မြစ်အပ်ပြီးသာ ဖြစ်တော့၏။ မှန်ပေသည် --- တေဇောဓာတ်သည်ပင် သီတ = အအေး ဖြစ်၏။ (သီတ = အေးမှုဟူသည် တေဇောဓာတ်ပင်တည်း။) အဘယ်ကြောင့် သိနိုင်ပါသနည်း? ဆီးနှင်းကျရာအခါ စသည်တို့၌ သီတတေဇော၏ ထက်ဝန်းကျင် ထိုထိုအရာဝတ္ထုကို ကျက်အောင် ချက်တတ် သည်၏ အဖြစ်ကို တွေ့မြင်ရခြင်းကြောင့် သိနိုင်ပါ၏ဟူပေ။ (ရေခဲပြင်များ၌ သားငါးတို့ကို မြှုပ်ထားပါက ကျက်သွားသော ဟူ၏။)

သီတတေဇော ဥဏှတေဇောတို့၏ အချင်းချင်း ဆန့်ကျင်ဘက်တို့၏ အဖြစ်ကြောင့် ဥဏှတေဇောနှင့် အတူတကွ သီတဟူသော မဟာဘုတ်တစ်မျိုးသည် ရုပ်ကလာပ်တစ်ခုအတွင်း၌ မဖြစ်နိုင်၊ ထိုကြောင့် တေဇောသည် ပင်လျှင် သီတ = အအေးဖြစ်၏ဟူသော စကားသည် သင့်မြတ်၏။ တစ်ဖန် ဥဏှတေဇော လွန်ကဲသော ရုပ်ကလာပ် ၌ သီတတေဇော၏ မဖြစ်ခြင်းသည်လည်းကောင်း, သီတတေဇော လွန်ကဲသော ရုပ်ကလာပ်၌ ဥဏှတေဇော၏ မဖြစ်ခြင်းသည်လည်းကောင်း, သီတတေဇော ဥဏှတေဇော နှစ်မျိုးတို့၏ အချင်းချင်း ဆန့်ကျင်ဘက်တို့၏ အဖြစ် ကြောင့် သီတတေဇော ဥဏှတေဇောဟု တေဇောဓာတ်၏ နှစ်မျိုးနှစ်စားအားဖြင့် ထူးထူးထွေထွေ ဖြစ်ခြင်း၌ သင့်မြတ်သည်သာဟု မှတ်ပါ။ (မူလဋီ၊၁၊၁၅၅။)

အပူဖျား ဖျား၍ အပူရှိန်မြင့်မားနေရာမှ အပူရှိန်လျော့ကျသွားသောအခါ ကိုယ်အေးပြီဟု အသိအမှတ် ပြုကြ၏။ ဤဥပမာအတူ ဥဏှသဘော နုံ့သွားသောအခါ အားပျော့သွားသောအခါ နုံ့သောအားပျော့သော ဥဏှ သဘောတရား၌ သီတ = အအေးဟု အသိအမှတ်ပြုသောကြောင့် (များများပူသည်ကို အပူဟု အသိအမှတ်ပြု၍ နည်းနည်းပူသည်ကို အအေးဟု အသိအမှတ်ပြုသောကြောင့်) တေဇောသည်ပင် သီတတည်းဟု ဆိုသည်။ ဤသဘောတရားကို အဘယ်သို့လျှင် သိနိုင်ပါသနည်းဟူမူ --- ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်းကဲ့သို့ ---သီတ = အအေးဟု သိခြင်း အသိအမှတ်ပြုခြင်း၏ အခိုက်အတန့် ပိုင်းခြားသတ်မှတ်အပ်သော သဘောတရား ဖြစ်ခြင်းကြောင့် သိအပ်ပါ၏။ ထင်ရှားစေအံ့ --- နေပူထဲ၌ ရပ်တည်ပြီးနောက် အရိပ်ထဲသို့ ဝင်ရောက်လာကုန်သော သူတို့အား သီတ = အအေးဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုအရိပ်၌ပင်လျှင် မြေတိုက်တွင်းမှ ထွက်လာသော သူတို့အား ဥဏှ = အပူဟုသိခြင်းသည် ဖြစ်ပေါ်လာ၏ဟု သိပါ။ (အနုဋီ၊၁၊၁၆၈။)

မြစ်၏ အေ့ရှဘက်ကမ်း၌ တည်နေသူအဖို့ မြစ်၏ အနောက်ဘက်ကမ်းသည် ထိုမှာဘက်ကမ်းတည်း၊ မြစ်၏ အေ့ရှဘက်ကမ်းသည် ဤမှာဘက်ကမ်းတည်း။ မြစ်၏ အနောက်ဘက်ကမ်း၌ တည်နေသူအဖို့ အေ့ရှ ဘက်ကမ်းသည် ထိုမှာဘက်ကမ်းတည်း၊ အနောက်ဘက်ကမ်းသည် ဤမှာဘက်ကမ်းတည်း။ အလားတူပင် သစ်ပင်ရိပ်သည် နေပူမှလာသူအတွက် အေး၏ဟု အသိအမှတ်ပြုနိုင်သော်လည်း မြေတိုက်ထဲမှလာသူအဖို့ ပူ၏ဟု အသိအမှတ်အပြုခံရပြန်၏။ ထိုကြောင့် သီတဟု အသိအမှတ်ပြုခြင်းသည် အခိုက်အတန့်အားဖြင့် ပိုင်းခြား သတ်မှတ်အပ်သော သဘောတရား ဖြစ်ခြင်းကြောင့် --- တေဇောသည်ပင် သီတ, သီတသည်လည်း တေဇောဟု သိနိုင်ပါသည်ဟု ဆိုလိုသည်။ သို့သော် သီတတေဇောနှင့် ဥဏှတေဇောတို့သည် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ကား နှစ်မျိုးလုံး မရနိုင်။ ထက်မြက်သော တေဇော အပူဓာတ်လွန်ကဲသော တေဇောကို ဥဏှ, နုံ့သောတေဇောကို သီတဟု ဆို၏။ ကလာပ်တစ်ခုအတွင်း၌ နှစ်မျိုးလုံးကား ပြိုင်တူမဖြစ်နိုင်။ ဥဏှနှင့် သီတတို့သည် ရုပ်ကလာပ်တစ်ခု ၏ အတွင်း၌ ပြိုင်တူဖြစ်ခဲ့သော် ဥဏှကား တေဇောဓာတ်ဖြစ်သဖြင့် သီတမှာ အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောဟု ယုံမှားဖွယ် ရှိ၏။ အာပေါဓာတ် ဝါယောဓာတ်တို့၏ သီတသဘောဟူသည် မရှိနိုင်။ အာပေါဓာတ်နှင့် ဝါယောဓာတ်သည် သီတသဘော ဖြစ်ခဲ့မူ သီတသဘောတရားသည် ဥဏှသဘောတရားနှင့် အတူတကွ တစ်ခုတည်းသော ရုပ်ကလာပ်အတွင်း၌ ရလေရာ၏။ သို့သော် ရကား မရအပ်ပေ။ ဤရုပ်ကလာပ်တို့တွင် အာပေါဓာတ် ၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်၌လည်းကောင်း, ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်၌လည်းကောင်း သီတသဘော၏ အမြဲ မရှိလေသောကြောင့် ထိုကဲ့သို့ အာပေါဓာတ် ၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော အချို့သော ရုပ်ကလာပ်, ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ သော အချို့သော ရုပ်ကလာပ်၌ သီတသဘောကို မရအပ် မရနိုင်ရကား သီတသဘောတရားသည် အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောတရား မဟုတ်ဟု သိနိုင်ပေ၏။ (အနုဋီ၊၁၊၁၆၈။)

အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရေပူ၌် = ရေပူဟု ခေါ်ဝေါ်သမုတ်အပ်သော ရုပ်ကလာပ်တို့၏ အပေါင်းအစု၌ သီတသဘောကား မရှိ။ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော နွေအခါဝယ် ကွင်းပြောင်ကြီး သဲသောင်ပြင်ကြီးတို့ကို ဖြတ်ကျော်တိုက်ခတ်လာသော လေပူ၌ = လေပူဟု ခေါ်ဝေါ် သမုတ်အပ်သော ရုပ်ကလာပ်တို့၏ အပေါင်းအစု၌ သီတသဘောကား မရှိ။ ထိုကြောင့် သီတသဘောသည် အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောမဟုတ်ဟု သိနိုင်၏။ အကယ်၍ သီတသဘောသည် အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောတရားဖြစ်ခဲ့လျှင် ဥဏှသဘောနှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ရရှိလေရာ၏၊ ရကားမရ ဖြစ်နေ၏။ ထိုကြောင့် သီတသဘောသည် တေဇောဓာတ်၏ သဘောသာဖြစ်သည်ဟု မှတ်ပါ။ ဤကား ဆိုလိုရင်းတည်း။

ကြံရည်ကိုချက်၍ တင်လဲခဲ ကြံသကာခဲကို ပြုလုပ်လိုက်သော် အာပေါဓာတ်သည် ခက်မာသွားသလော မသွားသလောဟူမူ အာပေါဓာတ်သည် ခက်မာသည် မဖြစ်။ မှန်ပေသည် --- ထိုအာပေါဓာတ်သည် ယိုစီးခြင်း သဘောလက္ခဏာ ရှိ၏၊ ပထဝီဓာတ်သည် ခက်မာခြင်း သဘောလက္ခဏာ ရှိ၏။ ထိုသို့ပင် ဖြစ်ပါသော်လည်း သဘာဝသတ္တိစွမ်းအင် ညံ့သော နုံ့သော အတိုင်းအရှည်ရှိသော အာပေါဓာတ်သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲ သော ပထဝီဓာတ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည် ဖြစ်ရလေပြီ။ (အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင်က ညံ့သောကြောင့် သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ပထဝီဓာတ်သို့လိုက်၍ တင်လဲခဲဖြစ်ရသည် ဟူလို။)

မှန်ပေသည် --- ထိုအာပေါဓာတ်သည် အရည်ဟူသော အခြင်းအရာအားဖြင့် တည်သည်၏ အဖြစ်ကိုကား စွန့်၏ (= ကြံရည်ဖြစ်စဉ်က အရည်အဖြစ်ဖြင့် တည်နေသော သဘောတရားကို တင်လဲခဲ ကြံသကာခဲ ဖြစ်လာသော အခါ စွန့်လိုက်၏။) ယိုစီးခြင်း ပဂ္ဃရဏ သဘောလက္ခဏာကိုကား မစွန့်။ တင်လဲခဲသည် အရည်ဖြစ်၍ ကြေမွသွား ပါသော်လည်း ပထဝီဓာတ်သည် အရည်ဖြစ်သွားသည် ကြေမွသွားသည် မဟုတ်။ မှန်ပေသည် --- ပထဝီဓာတ်သည် ခက်မာခြင်း ကက္ခဠလက္ခဏာ ရှိ၏၊ အာပေါဓာတ်သည် ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာ ရှိ၏။ ထိုသို့ပင် ဖြစ်ပါသော်လည်း သဘာဝသတ္တိစွမ်းအင် ညံ့သော နုံ့သော အတိုင်းအရှည်ရှိသော ပထဝီဓာတ်သည် သဘာဝသတ္တိ စွမ်းအင် လွန်ကဲသော အတိုင်းအရှည်ရှိသော အာပေါဓာတ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိ၏။ (သဘာဝသတ္တိ စွမ်းအင် ညံ့သော နုံ့သော ပထဝီဓာတ်သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲသော အာပေါဓာတ်သို့လိုက်၍ တင်လဲရည်ဖြစ်ရသည် ဟူလို။) ထိုပထဝီဓာတ်သည် အခဲဟူသော အခြင်းအရာအားဖြင့် တည်နေသောသဘောကို စွန့်လိုက်၏။ ခက်မာခြင်း = ကက္ခဠ လက္ခဏာကိုကား မစွန့်ပေ။

စတုန္နံ ဟိ မဟာဘူတာနံ ဘာဝညထတ္တမေဝ ဟောတိ၊ လက္ခဏညထတ္တံ နာမ နတ္ထိ။ တဿ အဘာဝေါ အဋ္ဌာနပရိကပ္ပသုတ္တေန ဒီပိတော။ ဝုတ္တေဥှတံ --- သိယာ အာနန္ဒ စတုန္နံ မဟာဘူတာနံ အညထတ္တံ ပထဝီဓာတုယာ အာပေါဓာတုယာ တေဇောဓာတုယာ ဝါယောဓာတုယာ၊ နတွေဝ ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတဿ အရိယသာဝကဿ သိယာ အညထတ္တန္တိ။

အယေဥှတ္ထ အတ္ထော --- အာနန္ဒ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု ပရိဝတ္တိတွာ ပဂ္ဃရဏလက္ခဏာ အာပေါဓာတု နာမ ဘဝေယျ၊ အရိယသာဝကဿ ပန အညထတ္တံ နာမ နတ္ထီတိ။ ဧဝမေတ္ထ အဋ္ဌာနပရိကပ္ပေါ အာဂတော။ (အဘိ၊ဋ္ဌ၊၁၊၃၇၂။)

ဘာဝညထတ္တန္တိ ခရာနံ ဂုဠာဒီနံ ဒဝတာ မုဒုတာ ရသာဒီနဉ္စ ဒဝါနံ ခရတာ ပစ္စယဝိသေသေဟိ ဩမတ္တာဓိမတ္တပထဝီဓာတုအာဒိကာနံ ဥပ္ပတ္တိ။ လက္ခဏညထတ္တံ ကက္ခဠာဒိလက္ခဏဝိဇဟနံ၊ တံ ဧတေသံ န ဟောတိ၊ ဩမတ္တာဓိမတ္တတာသင်္ခါတံ ဘာဝညထတ္တံယေဝ ဟောတီတိ အတ္ထော။ (မူလဋီ၊၁၊၁၅၅။)

ဘာဝညထတ္တ --- ဘာဝသဒ္ဒါသည် ပရမတ္ထ အထည်ကိုယ်သဘောကို ဟော၏၊ ပရမတ္ထ သဘာဝသတ္တိ စွမ်းအင် ညံ့နေသော နုံ့နေသော ဓာတ်တစ်မျိုးသည် ပရမတ္ထသဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဓာတ်တစ်မျိုး နောက်သို့ လိုက်ပါရခြင်းသည် ဘာဝညထတ္တ မည်၏။ ပင်ကိုယ်က ခက်မာနေသော တင်လဲခဲသည် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင်က ညံ့လာသဖြင့် နုံ့လာသဖြင့် အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင်က လွန်ကဲလာသော အခါ အရည်ဖြစ်လာ၏၊ ထိုသို့ အရည်ဖြစ်လာခြင်းသည် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် ညံ့လာခြင်း နုံ့ လာခြင်း, အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲလာခြင်းဟူသော ဘာဝညထတ္တတည်း။ ပင်ကိုယ်က အရည်ဖြစ်နေသော ကြံရည်စသည်တို့၏ အတုံးအခဲဖြစ်၍ မာလာခြင်းသည် ပထဝီဓာတ်၏ သဘာဝသတ္တိ စွမ်းအင်က လွန်ကဲလာ၍ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင်က ညံ့လာခြင်း နုံ့လာခြင်းဟူသော ဘာဝညထတ္တတည်း။ ဤသို့ စသည်ဖြင့် သိပါ။

လက္ခဏညထတ္တ --- လက္ခဏာတစ်မျိုးမှ လက္ခဏာတစ်မျိုးသို့ ပြောင်းလဲခြင်းသည် လက္ခဏညထတ္တ မည်၏။ ဓာတ်ကြီး (၄)ပါးတို့၌ ထိုလက္ခဏညထတ္တကား မဖြစ်နိုင်။ ပထဝီဓာတ်သည် မိမိ၏ ခက်မာမှု ကက္ခဠ လက္ခဏာကို မစွန့်၊ အာပေါဓာတ်သည် မိမိ၏ယိုစီးမှု ပဂ္ဃရဏ လက္ခဏာကို မစွန့်၊ တေဇောဓာတ်သည် မိမိ၏ ပူမှု ဥဏှတ္တ လက္ခဏာကို မစွန့်၊ ဝါယောဓာတ်သည် မိမိ၏ ထောက်ကန်မှု ဝိတ္ထမ္ဘန လက္ခဏာကို မစွန့်။ မှန်ပေသည် --- ဓာတ်ကြီး (၄)ပါးတို့၌ မိမိ မိမိ၏ ကိုယ်ပိုင် သဘာဝသတ္တိစွမ်းအင်၏ ယုတ်မှု ညံ့မှု နုံ့မှုသဘောနှင့် လွန်ကဲမှု သဘောဟူသော ဘာဝညထတ္တသာလျှင် ရှိ၏၊ မိမိ မိမိ၏ကိုယ်ပိုင် သဘာဝသတ္တိစွမ်းအင်ဟူသော လက္ခဏာတစ် မျိုးမှ လက္ခဏာတစ်မျိုးသို့ ပြောင်းလဲခြင်း = လက္ခဏညထတ္တမည်သည် မရှိသည်သာတည်း။ ထိုလက္ခဏညထတ္တ၏ မရှိနိုင်ခြင်းကို အဋ္ဌာနပရိကပ္ပသုတ် (အံ၊၁၊၂၂၃။)ဖြင့် ရှေးရှေး အဋ္ဌကထာဆရာတော်တို့က ထုတ်ဆောင်ပြတော် မူ၏ ----

အာနန္ဒာ ...ပထဝီဓာတ်၏လည်းကောင်း, အာပေါဓာတ်၏လည်းကောင်း, တေဇောဓာတ်၏လည်း- ကောင်း, ဝါယောဓာတ်၏လည်းကောင်း အညထတ္တ = လက္ခဏညထတ္တ = လက္ခဏာတစ်မျိုးမှ လက္ခဏာတစ်မျိုးသို့ ပြောင်းလဲခြင်းဟူသော တစ်မျိုးတစ်ဖုံ၏ အဖြစ်သည် ဖြစ်သော်လည်း ဖြစ်တန်ရာ၏။ (အမှန်အားဖြင့်ကား မဖြစ် နိုင်ပါ ဟူလို။) သမ္မာသမ္ဗုဒ္ဓဘုရား၌ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သက်ဝင်၍ တည်နေသော ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံသော အရိယသာဝက၏ သမ္မာသမ္ဗုဒ္ဓဘုရား၌ ယုံကြည်သော အခြင်းအရာမှတစ်ပါး, မယုံကြည်သော အခြင်းအရာဟူသော တစ်မျိုးတစ်ဖုံ၏ အဖြစ်သည် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ရာ။ (တိကအင်္ဂုတ္တိုရ်, အာနန္ဒဝဂ်, နိဝေသကသုတ်။)

မှန်ပေသည် ဤဆိုလတ္တံ့သည်ကား ဤသုတ်၌ ဆိုလိုရင်း အနက်သဘောတည်း။ --- အာနန္ဒာ ... ခက်မာခြင်း ကက္ခဠလက္ခဏာ ရှိသော ပထဝီဓာတ်သည် ပြောင်းလဲ၍ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာ ရှိသော အာပေါဓာတ်မည်သည် ဖြစ်သော်လည်း ဖြစ်ရာသေး၏၊ အရိယသာဝက၏ကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်၌ သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် သက်ဝင်၍ယုံကြည်ခြင်းမှတစ်ပါး မယုံကြည်ခြင်းဟူသော တစ်မျိုးတစ်ခြား၏ အဖြစ်မည်သည် မရှိနိုင် သည်သာတည်း ---- ဟုဆိုလို၏။ ဤသို့လျှင် ဤသုတ်ပါဠိတော်၌ ဖြစ်ဖို့ရန်အကြောင်းမဟုတ်သည်ကို ကြံဆခြင်း သည် လာရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁-၃၇၂။ မူလဋီ၊၁၊၁၅၅။)

၁၄။ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်

၁။ ဣတ္ထိဘာဝလက္ခဏံ ဣတ္ထိန္ဒြိယံ၊

၂။ ဣတ္ထီတိ ပကာသနရသံ၊

၃။ ဣတ္ထိလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ ဣတ္ထိ = အမျိုးသ္မီး ဖြစ်ကြောင်းသဘော လက္ခဏ၊

၂။ ဤသူကား အမျိုးသ္မီးဟုထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ (က) ဣတ္ထိလိင်္ဂ = အမျိုးသ္မီး အသွင်သဏ္ဌာန်

( ခ ) ဣတ္ထိနိမိတ္တ = အမျိုးသ္မီးဟုသိကြောင်း အမှတ်အသား

( ဂ ) ဣတ္ထိကုတ္တ = အမျိုးသ္မီး အပြုအမူ

(ဃ) ဣတ္ထိအာကပ္ပ= အမျိုးသ္မီးအသွင်အပြင်တို့၏ အကြောင်းဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဣတ္ထိန္ဒြေ၏မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ပဒဋ္ဌာန်။

(က) ဣတ္ထိလိင်္ဂ ---- လိင်္ဂေတိ ဂမေတိ ဗောဓေတီတိ လိင်္ဂံ = အမျိုးသ္မီးဟု သိစေတတ်သော အသွင်သဏ္ဌာန် ---- ရုပ်ကလာပ်အများ စုပေါင်း၍ တည်နေခြင်းကိုပင် သဏ္ဌာန = သဏ္ဌာန်ဟု ခေါ်သည်။ ယင်းရုပ်ကလာပ်တို့တွင် ဣတ္ထိဘာဝရုပ်ပါဝင်သော ဘာဝဒသကကလာပ်များလည်း တစ်ကိုယ်လုံး အနှံ့အပြား တည်နေလျက် များစွာ ပါဝင်နေကြ၏၊ ယင်းဣတ္ထိဘာဝရုပ် ပါဝင်သည့် ဘာဝဒသကကလာပ်နှင့် တကွသော ရုပ်ကလာပ်တို့၏ စုပေါင်း၍ တည်နေခြင်းကိုပင် ဣတ္ထိလိင်္ဂ = အမျိုးသ္မီး အသွင်သဏ္ဌာန်ဟု ခေါ်၏။ အမျိုးသ္မီး၏ လက်, ခြေ, လည်ပင်း, ရင်ဘတ် စသည်တို့၏ ပုံသဏ္ဌာန်သည် အမျိုးသား၏ လက်, ခြေ, လည်ပင်း, ရင်ဘတ် စသည်တို့၏ ပုံသဏ္ဌာန်ကဲ့သို့ မဟုတ်ပေ။ မှန်ပေသည် ---- အမျိုးသ္မီးတို့၏ အောက်ပိုင်းကိုယ်သည် ရှင်းရှင်းလင်းလင်း ရှိ၏၊ အထက်ပိုင်းကိုယ်ကား မရှင်းလင်းပေ။ လက်ခြေတို့ကား ငယ်ကုန်၏၊ မျက်နှာကား သေးငယ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။)

( ခ ) ဣတ္ထိနိမိတ္တ ---- အမျိုးသ္မီးဟု သိကြောင်း အမှတ်အသား ---- အမျိုးသ္မီးတို့၏ ရင်သားကား မရှင်းလင်း၊ မျက်နှာကား မုတ်ဆိတ်ကျင်စွယ် ပါးမျိုင်းမွေးမရှိ၊ ဆံထုံးပုံ အဝတ်ကို ကိုင်တွယ်ပုံသည်လည်း အမျိုးသားတို့၏ ဆံထုံးပုံ အဝတ်ကိုင်ပုံကဲ့သို့ မဟုတ်ပေ။ ဤသည်တို့ကား အမျိုးသ္မီးဟုသိကြောင်း အမှတ်အသားတို့တည်း။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။)

( ဂ ) ဣတ္ထိကုတ္တ ---- အမျိုးသ္မီးတို့၏ အပြုအမူ ---- အမျိုးသ္မီးတို့သည် ငယ်ရွယ်စဉ်အခါ၌ ဗန်းငယ် ကျည်ပွေ့ ငယ်တို့ဖြင့် ကစားတတ်ကြကုန်၏။ ဆန်းကြယ်သော ယမင်းရုပ်ငယ်တို့ဖြင့် ကစားတတ်ကြကုန်၏၊ မတ္တိကဝါက အမည်ရသော လျှော်ဖြင့် ချည်မျှင်ငယ် မည်သည်ကို ငင်တတ်ကြကုန်၏။ ဤသည်တို့ကား အမျိုးသ္မီးတို့၏ အပြု အမူတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။)

(ဃ) ဣတ္ထိအာကပ္ပ ---- သွားပုံလာပုံစသော အခြင်းအရာ အသွင်အပြင် ---- အမျိုးသ္မီးတို့သည် သွားကုန် လတ်သော် မရှင်းမလင်း သွားတတ်ကြကုန်၏။ ရပ်ကုန်လတ်သော် မရှင်းမလင်း ရပ်တတ်ကြကုန်၏၊ လျောင်းကုန် လတ်သော် မရှင်းမလင်း လျောင်းစက်တတ်ကြကုန်၏။ ထိုင်ကုန်လတ်သော် မရှင်းမလင်း ထိုင်တတ်ကြကုန်၏၊ ခဲဖွယ်ကို ခဲကုန်လတ်သော် မရှင်းမလင်း ခဲတတ်ကြကုန်၏၊ စားဖွယ်ကို စားကုန်လတ်သော် မရှင်းမလင်း စားတတ် ကြကုန်၏။ မှန်ပေသည် ---- မရှင်းမလင်း သွားလာနေထိုင်တတ်သူ အမျိုးသား တစ်ဦးဦးကိုတွေ့သော် မိန်းမသွား သွား၏၊ မိန်းမရပ် ရပ်၏၊ မိန်းမအိပ် အိပ်၏၊ မိန်းမထိုင် ထိုင်၏၊ မိန်းမခဲ ခဲ၏၊ မိန်းမစား စား၏ ---- ဤသို့ စသည်ဖြင့် ပြောဆိုတတ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၅၇-၃၅၈။)

ဣတ္ထိဘာဝ = ဣတ္ထိသဘာဝ = အမျိုးသ္မီးဟုသိကြောင်း ထင်ရှားသော အမှတ်အသားသည် ဣတ္ထိဘာဝရုပ် မည်၏။ ပုရိသဘာဝ = ပုရိသသဘာဝ = အမျိုးသားဟုသိကြောင်း ထင်ရှားသော အမှတ်အသားသည် ပုရိသ ဘာဝရုပ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

အယံ ကမ္မဇော ပဋိသန္ဓိသမုဋ္ဌိတော။ ဣတ္ထိလိင်္ဂါဒီနိ ပန ဣတ္ထိန္ဒြိယံ ပဋိစ္စ ပဝတ္တေ သမုဋ္ဌိတာနိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

သကေန သကေန ကမ္မစိတ္တာဒိနာ ပစ္စယေန သမုဋ္ဌိတာနိပိ ဣတ္ထိလိင်္ဂါဒီနိ ဣန္ဒြိယသဟိတေ သရီရေ ဥပ္ပဇ္ဇမာနာနိ တံတဒါကာရာနိ ဟုတွာ ဥပ္ပဇ္ဇန္တီတိ ဣတ္ထိန္ဒြိယံ ပဋိစ္စ သမုဋ္ဌဟန္တီတိ ဝုတ္တာနိ။ (မူလဋီ၊၁၊၁၅၀။)

သတ္တဝါတို့သည် ရှေးရှေးဘဝဝယ် ဤလူဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကံကို ပြုစုပျိုးထောင်စဉ် ကာလ၌ အမျိုးသ္မီးဖြစ်သူက မိမိ၌ရှိသော ဣတ္ထိလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ကို သဘောကျသော တဏှာ အရင်းခံ၍ ကံကို ပြုစုပျိုးထောင်ခဲ့၏၊ ထိုတဏှာမှာလည်း အမျိုးသ္မီးဟု အသိမှားမှု အဝိဇ္ဇာအပေါ်၌ အခြေတည်စိုက်လျက် ရှိ၏၊ ထိုကံသည် အမျိုးသ္မီး၏ လိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပ စသည်တို့ ဖြစ်ပေါ်လာဖို့ရန် အကြောင်းရင်း ဖြစ်၏။

အလားတူပင် အမျိုးသားဖြစ်သူကလည်း မိမိ၏ ပုရိသလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ကို နှစ်သက်သဘော ကျသော တဏှာကို အရင်းခံ၍ ဤလူ့ဘဝရောက်ကြောင်းကံကို ပြုစုပျိုးထောင်ခဲ့၏၊ ယင်းတဏှာသည်လည်း အမျိုးသားဟု အသိမှားမှု အဝိဇ္ဇာအပေါ်၌ အခြေတည်လျက်ပင် ရှိ၏။ ထိုကံသည် ပုရိသလိင်္ဂ စသည်တို့ ဖြစ်ပေါ် လာဖို့ရန် အကြောင်းရင်း ဖြစ်၏။

အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ အရင်းခံသည့် အကြောင်းရင်းကံသည် ဣတ္ထိဘာဝရုပ် (ပုရိသဘာဝရုပ်) ကို ဖြစ်စေ၏။ ယင်းဘာဝရုပ်သည် ပဋိသန္ဓေအခါမှစ၍ စိတ္တက္ခဏတိုင်း၏ ဥပါဒ်-ဌီ-ဘင် ခဏငယ်တိုင်း ခဏငယ် တိုင်း၌ ကံအရှိန်မကုန်သေးသမျှ ကာလပတ်လုံး ဘဝတစ်လျှောက်လုံးဝယ် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအထားဖြင့် ဖြစ်ပေါ်လျက် ရှိ၏။

ဤသို့လျှင် ဘာဝရုပ်သည် ပဋိသန္ဓေအခါမှစ၍ ဖြစ်ပေါ်ခဲ့သော်လည်း ဣတ္ထိလိင်္ဂ စသည်, ပုရိသလိင်္ဂ စသည်တို့ကား ပဝတ္တိအခါကျမှသာ ဖြစ်ပေါ်ခွင့် ရကြကုန်၏။ ယင်းသို့ဖြစ်ရာ၌ ဣတ္ထိန္ဒြေ အမည်ရှိသော ဣတ္ထိဘာဝရုပ်ရှိသူ၏ သန္တာန်၌သာ ဣတ္ထိလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏။ ပုရိသိန္ဒြေ အမည်ရှိသော ပုရိသဘာဝရုပ်ရှိသူ၏ သန္တာန်၌သာ ပုရိသလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏။ အဘယ်ကြောင့်နည်းဟူမူ ကံချင်း မတူညီကြသောကြောင့် ဖြစ်၏။ အဘယ်ကြောင့် ကံချင်းမတူကြသနည်းဟူမူ ကံ၏အကြောင်းရင်းခံဖြစ်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်ချင်း မတူညီသောကြောင့် ဖြစ်၏။ အမျိုးသ္မီးဖြစ်လိုသည့် စိတ်ဓာတ်, အမျိုးသားဖြစ်လိုသည့် စိတ်ဓာတ်ဟူသော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ဆန်းကြယ်သလောက် ကံဆန်းကြယ်၏၊ ကံဆန်းကြယ်သဖြင့် ကံ၏အကျိုးဖြစ်သော ဘာဝရုပ်ချင်း မတူညီကြခြင်း ဖြစ်၏။ ဘာဝရုပ်ချင်း မတူညီကြသောကြောင့် ဣတ္ထိဘာဝ ရုပ်ကို အစွဲပြု၍ ဣတ္ထိလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏၊ ပုရိသဘာဝရုပ်ကို အစွဲပြု၍ ပုရိသလိင်္ဂ-နိမိတ္တ -ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏။

ဤသို့လျှင် အဝိဇ္ဇာ အရင်းခံသည့် တဏှာ ချယ်လှယ်ထားသော ကံ၏ ဆန်းကြယ်မှုကြောင့် အထီးနှင့် အမ၏ လိင်္ဂ စသည်တို့သည် မတူညီကြသော်လည်း ထိုလိင်္ဂ စသည်တို့သည် ဣတ္ထိန္ဒြိယ (= ဣတ္ထိဘာဝရုပ်) ရှိသူ၌သာ ဣတ္ထိလိင်္ဂ စသည်တို့၏ ဖြစ်ခြင်း, ပုရိသိန္ဒြိယ (= ပုရိသဘာဝရုပ်) ရှိသူ၌သာ ပုရိသလိင်္ဂ စသည်တို့၏ ဖြစ်ခြင်းကြောင့် - ဣတ္ထိန္ဒြိယံ ပဋိစ္စ ဣတ္ထိလိင်္ဂါဒီနိ သမုဋ္ဌဟန္တိ = ဣတ္ထိန္ဒြေ (= ဣတ္ထိဘာဝရုပ်) ကို အကြောင်းပြု၍ ဣတ္ထိလိင်္ဂ စသည်တို့သည် ဖြစ်ပေါ်လာကြကုန်၏ဟု ဆိုသည်။ (အဘိ၊ဋ္ဌ၊၁၊၃၅၇-၃၅၈။ မူလဋီ၊၁၊၁၅၀။)

ဥပမာ --- မျိုးစေ့ရှိသော် မျိုးစေ့ကို အစွဲပြု၍ သစ်ပင်သည် တဖြည်းဖြည်း ကြီးပွားလာရ၏၊ သစ်ပင်သည် ကြီးပွားလာလတ်သော် အခက်အခွနှင့် ပြည့်စုံလာ၏။ အခက်အခွသည် တဖြည်းဖြည်း ပြည့်စုံလာသော် ကောင်းကင်ကို ပြည့်စေ၍ သစ်ပင်သည် တည်လာရသကဲ့သို့ ဤဥပမာအတူပင် ဣတ္ထိဘာဝရုပ်ဟူသော ဣတ္ထိန္ဒြေသည် ရှိလတ်သော် ဣတ္ထိလိင်္ဂ စသည်တို့ ဖြစ်ပေါ်လာကုန်၏။ ပုရိသဘာဝရုပ်ဟု ဆိုအပ်သော ပုရိသိန္ဒြေသည် ထင်ရှားရှိ လတ်သော် ပုရိသလိင်္ဂ စသည်တို့သည် ဖြစ်ပေါ်လာကုန်၏။

ဣတ္ထိန္ဒြေ ပုရိသိန္ဒြေကား ဗီဇ = မျိုးစေ့နှင့် တူ၏။ ဗီဇ = မျိုးစေ့ကို အစွဲပြု၍ ကြီးပွားတိုးတက်ပြီး ကောင်းကင် အပြည့်တည်နေသော သစ်ပင်ကဲ့သို့ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့ကို အစွဲပြု၍ ဣတ္ထိလိင်္ဂ စသည်တို့, ပုရိသလိင်္ဂ စသည်တို့ ဖြစ်ပေါ်လာပုံသည် တူ၏ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

ရုပ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော မူရင်း အကြောင်းတရားတို့မှာ ကံ-စိတ်-ဥတု-အာဟာရ တို့ပင်တည်း။ ယင်းရုပ်တရားတို့သည် အမျိုးသ္မီး ခန္ဓာအစဉ်ဝယ် စုဝေးတည်နေပုံ, အမျိုးသား ခန္ဓာအစဉ်ဝယ် စုဝေးတည်နေပုံ သဏ္ဌာန်ချင်းလည်း မတူကြ။ ဆံထုံးပုံ အဝတ်ဝတ်ပုံ, ကစားပုံ, သွားပုံ , လာပုံ စသည်တို့သည် လည်း မတူညီကြ။ ထိုမတူညီမှုများကို အဝိဇ္ဇာတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော ဘာဝရုပ်က ချယ်လှယ်ထား၏၊ စိုးမိုးထား၏၊ ချုပ်ကိုင်ထား၏။ ဣတ္ထိဘာဝရုပ်က ဣတ္ထိလိင်္ဂ စသည့်အခြင်းအရာအားဖြင့် ဖြစ်အောင်, ပုရိသလိင်္ဂ စသည့်အခြင်းအရာအားဖြင့် မဖြစ်အောင်, ပုရိသဘာဝရုပ်ကလည်း ပုရိသလိင်္ဂ စသည့် အခြင်းအရာအားဖြင့်သာ ဖြစ်အောင် ဣတ္ထိလိင်္ဂ စသည့်အခြင်းအရာအားဖြင့် မဖြစ်အောင် စိုးမိုးအုပ်ချုပ်ထား၏။ အကြီးအကဲအဖြစ် ချုပ်ကိုင်ထား၏။ ထိုကြောင့် ဣတ္ထိဘာဝရုပ်ကို ဣတ္ထိန္ဒြေ, ပုရိသဘာဝရုပ်ကို ပုရိသိန္ဒြေဟု ခေါ်ဆိုရခြင်း ဖြစ်၏။ (မူလဋီ၊၁၊၁၅၀။)

ဣန္ဒြိယပစ္စည်း မထိုက်ခြင်း

ဣတ္ထိဘာဝရုပ်က ဣတ္ထိလိင်္ဂ စသောအခြင်းအရာ ရှိသော ရုပ်တို့ကို ဖြစ်စေရာ၌ အကြောင်းတစ်ပါးဖြစ်လျှင်, ပုရိသဘာဝရုပ်က ပုရိသလိင်္ဂ စသောအခြင်းအရာ ရှိသော ရုပ်တို့ကိုဖြစ်စေရာ၌ အကြောင်းတစ်ပါးဖြစ်လျှင် အဘယ်ကြောင့် ဣန္ဒြိယပစ္စည်း, ဣန္ဒြိယတ္ထိပစ္စည်း, ဣန္ဒြိယအဝိဂတပစ္စည်း အဖြစ်ဖြင့် မဟောအပ်ပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိ၏။ အဖြေကား ဤသို့တည်း --- ပဋ္ဌာန်းပစ္စည်းတပ်ရာ၌ ပဋ္ဌာန်းပစ္စယသတ္တိဖြင့် ကျေးဇူးပြုရာ၌-

၁။ တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းတရားဟူသော ဇနကသတ္တိ,

၂။ အားပေးထောက်ပံ့တတ်သော အကြောင်းတရားဟူသော ဥပတ္ထမ္ဘကသတ္တိ သို့မဟုတ် စောင့်ရှောက်တတ် သော အနုပါလကသတ္တိ ---

ဤသတ္တိ တစ်မျိုးမျိုး ရှိရ၏။ ဤဘာဝရုပ်သည် ကလာပ်တူဖြစ်သော ဘာဝဒသကကလာပ်၌သော်မှလည်း ကလာပ်တူရုပ်တရားတို့ကို ဖြစ်စေတတ်သော ဇနကသတ္တိ မရှိ။ ထိုဘာဝဒသကကလာပ်အတွင်း၌ ရှိသော ဘာဝရုပ် နှင့်တကွသော ရုပ်တရားတို့ကို အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ အရင်းခံသည့် ကံကသာလျှင် တိုက်ရိုက် ဖြစ်စေတတ်သော ဇနကသတ္တိဖြင့် ကျေးဇူးပြုပေးနေ၏။ ထိုရုပ်တို့သည် ကံကြောင့်သာ ဖြစ်နေကြရ သော ကမ္မဇရုပ်တို့သာ ဖြစ်ကြ၏။ တစ်ဖန် ရုပ်ဇီဝိတိန္ဒြေသည် ကလာပ်တူ ကမ္မဇရုပ်များကို အနုပါလကသတ္တိဖြင့် စောင့်ရှောက်တတ်သကဲ့သို့ ဘာဝရုပ်သည် ကလာပ်တူရုပ်များကို စောင့်ရှောက်တတ်သော အနုပါလကသတ္တိလည်း မရှိ။ အာဟာရသည် (= အာဟာရဇဩဇာသည်) အခြားအခြားသော ရုပ်ကလာပ်၌ တည်ရှိသော ကလာပ်ပြား ရုပ်များကို --- (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း) ထောက်ပံ့တတ်သကဲ့သို့ ဘာဝရုပ်သည် ကလာပ်တူ ရုပ်တရားတို့ကို ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိလည်း မရှိ။ ကလာပ်ပြား ဖြစ်ကြကုန်သော ရုပ်တရားတို့ကို လည်း ဇနကသတ္တိ, အနုပါလကသတ္တိ , ဥပတ္ထမ္ဘကသတ္တိတို့ဖြင့် ဘာဝရုပ်က ကျေးဇူးမပြုနိုင်။ ထိုကြောင့် ဣန္ဒြိယ, အတ္ထိ, အဝိဂတပစ္စည်း အဖြစ်ဖြင့် ဘုရားရှင်သည် ဟောတော်မမူအပ်။ (မူလဋီ၊၁၊၁၅၀- ၁၅၁။) (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်း ရှင်းပြခဲ့၏။)

စက္ခုဝိညေယျ - မနောဝိညေယျ

တတ္ထ ဣတ္ထိန္ဒြိယံ န စက္ခုဝိညေယျံ၊ မနောဝိညေယျမေဝ။ ဣတ္ထိလိင်္ဂါဒီနိ စက္ခုဝိညေယျာနိပိ မနောဝိညေယျာနိပိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

လိင်္ဂါဒိအာကာရေသု ရူပေသု ရူပါယတနဿ စက္ခုဝိညေယျတ္တာ လိင်္ဂါဒီနံ စက္ခုဝိညေယျတာ ဝုတ္တာ။ (မူလဋီ၊၁၊၁၅၁။)

ဣတ္ထိဘာဝရုပ် ပုရိသဘာဝရုပ်ကိုကား စက္ခုဝိညာဏ်ဖြင့် မမြင်နိုင် မသိနိုင်။ ဘာဝရုပ်တို့သည် စက္ခုဝိညာဏ်ဖြင့် သိနိုင် မြင်နိုင်သည့် စက္ခုဝိညေယျတရားများ မဟုတ်ကြကုန်။ (ဘာဝရုပ်သည် တစ်ကိုယ်လုံး အနှံ့အပြား ရှိသော ရုပ်တစ်မျိုး ဖြစ်သဖြင့် မျက်စိ၌ တည်ရှိသော ဘာဝရုပ်ကို ပကတိမျက်စိဖြင့် မြင်နိုင် မမြင်နိုင်ကို စမ်းသပ် ကြည့်ပါ။) ယင်းဘာဝရုပ်ကို မနောဝိညာဏ်စိတ်ဖြင့်သာလျှင် သိနိုင်၏၊ မြင်နိုင်၏။ ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂ စသည်တို့ ကိုကား စက္ခုဝိညာဏ်ဖြင့်လည်း သိထိုက်ကုန်၏၊ သိနိုင်ကုန်၏၊ မနောဝိညာဏ်ဖြင့်လည်း သိထိုက်ကုန်၏၊ သိနိုင် ကုန်၏။

ဣတ္ထိလိင်္ဂ, ပုရိသလိင်္ဂ စသည်တို့ကား ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်ကြောင်းကို ရှေး၌ ရှင်းပြခဲ့၏။ယင်း ဣတ္ထိလိင်္ဂ, ပုရိသလိင်္ဂ စသောအခြင်းအရာတို့၌ တည်ရှိကြကုန်သော ရုပ်တရားစုတို့၌ = ရုပ်ကလာပ်တို့၌, ယင်းရုပ်ကလာပ် အသီးအသီးကို ဓာတ်ခွဲကြည့်သော် ရုပ်ကလာပ်တိုင်း၌ ရူပါယတန = ရူပါရုံလည်း ပါဝင်လျက်ပင် ရှိ၏။

ယင်း ရူပါယတန = ရူပါရုံကိုကား သို့မဟုတ် ရူပါရုံတို့၏ အပေါင်းအစုကိုကား စက္ခုဝိညာဏ်ဖြင့်လည်း သိနိုင်၏ မြင်နိုင်၏၊ မနောဝိညာဏ်ဖြင့်လည်း သိနိုင်၏ မြင်နိုင်၏။ ထိုကြောင့် ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂ စသည်ကို စက္ခုဝိညေယျတရား = စက္ခုဝိညာဏ်ဖြင့်လည်း သိနိုင်သောတရား, မနောဝိညေယျတရား = မနောဝိညာဏ် ဖြင့်လည်း သိနိုင်သောတရားဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ မူလဋီ၊၁၊၁၅၁။)

၁၅။ ပုရိသဘာဝရုပ်

၁။ ပုရိသဘာဝလက္ခဏံ ပုရိသိန္ဒြိယံ၊

၂။ ပုရိသောတိ ပကာသနရသံ၊

၃။ ပုရိသလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ အမျိုးသားဖြစ်ကြောင်းသဘော လက္ခဏ၊

၂။ ဤသူကား အမျိုးသားဟု ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ (က) ပုရိသလိင်္ဂ = အမျိုးသား အသွင်သဏ္ဌာန်,

( ခ ) ပုရိသနိမိတ္တ = အမျိုးသားဟုသိကြောင်း အမှတ်အသား,

( ဂ ) ပုရိသကုတ္တ = အမျိုးသား အပြုအမူ,

(ဃ) ပုရိသအာကပ္ပ = အမျိုးသား အသွင်အပြင်တို့၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပုရိသိန္ဒြေ၏မှီရာ ကမ္မဇ မဟာဘုတ် ပဒဋ္ဌာန်။

(က) ပုရိသလိင်္ဂ --- အမျိုးသား၏ လက် , ခြေ , လည်ပင်း, ရင်ဘတ် စသည်တို့၏ အသွင်သဏ္ဌာန်သည် အမျိုးသ္မီးကဲ့သို့ မဟုတ်၊ အမျိုးသ္မီးနှင့် မတူပေ။ အမျိုးသားတို့၏ အထက်ပိုင်းကိုယ်ကာယကား ရှင်းလင်း၏၊ အောက်ပိုင်း ကိုယ်ကာယကား မရှင်းလင်းပေ။ လက်ခြေတို့ကား ကြီးကုန်၏၊ မျက်နှာကား ကြီး၏။

( ခ ) ပုရိသနိမိတ္တ --- အမျိုးသားဟုသိကြောင်း အမှတ်အသား --- အမျိုးသားတို့၏ ရင်သားကား ရှင်းလင်း၏၊ မုတ်ဆိတ် ပါးမျိုင်းမွေး ကျင်စွယ်တို့ ပေါက်ရောက်ကုန်၏၊ ဆံထုံးပုံ အဝတ်ဝတ်ပုံသည် အမျိုးသ္မီးတို့နှင့် မတူညီပေ။

( ဂ ) ပုရိသကုတ္တ --- အမျိုးသားတို့၏ အပြုအမူ --- ငယ်ရွယ်စဉ်အခါဝယ် ရထားငယ် ထွန်ငယ် စသည်တို့ဖြင့် လယ်ထွန်တမ်း ကူးသန်းရောင်းဝယ်တမ်း စသည်ဖြင့်ကစားခြင်း, သဲကန်ပေါင်ရိုး ပြုလုပ်၍ ရေကန်တူးတမ်း ကစားခြင်း စသည်ကား အမျိုးသားတို့၏ အပြုအမူတည်း။

(ဃ) ပုရိသအာကပ္ပ --- အမျိုးသား အသွင်အပြင် --- အမျိုးသားတို့၏ သွားဟန်လာဟန် စားဟန် သောက်ဟန် စသောအပြုအမူကား အမျိုးသ္မီးတို့ကဲ့သို့ မဟုတ်ဘဲ သန့်သန့်ရှင်းရှင်း ရှိကြကုန်၏။ ရှင်းရှင်းလင်းလင်း သွားတတ် လာတတ်သော ပြုမူတတ်သော အမျိုးသ္မီးကိုတွေ့သော် အမျိုးသားလိုပင် သွားလာ၏ --- စသည်ဖြင့် ပြောဆိုတတ် ကြပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

ရှုကွက် --- (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့တွင် ဘာဝဒသကကလာပ် ရနိုင်ရာ ကောဋ္ဌာသတို့၌ ဘာဝဒသကကလာပ်၌ ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ဓာတ်ခွဲလျက် ဘာဝရုပ်ကို ရွေးထုတ်၍ အထက်တွင်ဖော်ပြ ထားသည့်အတိုင်း မိမိ၏ ဘာဝရုပ်၏ လက္ခဏ-ရသ စသည်တို့ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။

ဤဘာဝရုပ်ကား ကာယဒသကကလာပ်ကဲ့သို့ပင် တစ်ကိုယ်လုံး အနှံ့အပြား တည်ရှိ၏၊ ကိုယ်အင်္ဂါ အစိတ် အပိုင်း တစ်နေရာ၌သာ တည်ရှိသော ရုပ်တရားမျိုး မဟုတ်ပေ။ ထိုကြောင့် (၆)ဒွါရတို့၌လည်းကောင်း ထိုက် သင့်ရာ ရသင့််ရာ ကောဋ္ဌာသတို့၌လည်းကောင်း ဘာဝဒသကကလာပ် ရှိရာဌာနတိုင်း၌ ရှုပါ။

ဤဘာဝရုပ်သည် တစ်ကိုယ်လုံး အနှံ့အပြား တည်ရှိသော်လည်း ဘာဝဒသကကလာပ် အနေဖြင့်သာ တည်ရှိသဖြင့် ကာယဒသကကလာပ်စသော အခြားအခြားသော ရုပ်ကလာပ်တို့နှင့် ကလာပ်ချင်း မရောယှက်ပေ။ ရုပ်ကလာပ်ချင်း မရောမယှက် သီးခြားတည်ရှိသောကြောင့် မှီရာမဟာဘုတ်ချင်းလည်း မရောမယှက် သီးခြားစီ တည်ရှိ၏၊ မှီရာမဟာဘုတ်ချင်း မရောမယှက်ခြင်းကြောင့် အခြားအခြားသော ရုပ်တရားတို့နှင့်လည်း သဘာဝ သတ္တိ စွမ်းအင်ချင်း မရောမယှက် သီးသန့်သာ တည်ရှိ၏။

ဗဟုသုတရေးရာ အဖြာဖြာ

ဤ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ နှစ်မျိုးလုံးသည် ကမ္ဘာဦးကာလ၌ ဖြစ်ကြသော လူသားတို့၏ သန္တာန်ဝယ် ပဝတ္တိ အခါကျမှ ဖြစ်ပေါ်လာရ၏။ (မြေဆီ-မြေလွှာ-နွယ်ချိုတို့ ကွယ်ပျောက်ပြီးနောက် သလေးဆန်ကို စားသုံးကြသော အခါမှ ကျင်ကြီး ကျင်ငယ်စွန့်ရန် လမ်းများ ပေါ်ပေါက်လာ၏၊ ထိုအခါကျမှ ဣတ္ထိဘာဝရုပ် ပုမ္ဘာဝရုပ်များလည်း ဖြစ်လာကြ၏။) ကမ္ဘာဦးကာလမှ နောက်ပိုင်းကာလ၌ကား ပဋိသန္ဓေအခါ၌ ဘာဝရုပ်သည် စ၍ ဖြစ်၏။ (ဒီ၊၃၊ရဝ-၇၃)

ပဋိသန္ဓေအခါ၌ ဖြစ်သော ဘာဝရုပ်ပင် (ဣတ္ထိန္ဒြေ ပုရိသိန္ဒြေပင်) ဖြစ်သော်လည်း = ပဋိသန္ဓေက စ၍ အဆက်မပြတ် ဖြစ်ပေါ်လာသော ဘာဝရုပ်ပင်ဖြစ်သော်လည်း ပဝတ္တိအခါ၌ လှုပ်ရှားတတ်၏၊ ပြောင်းလဲတတ်၏၊ ပဝတ္တိအခါ၌ အဆက်မပြတ် ဖြစ်နေသော ဘာဝရုပ်သည်လည်း ပဝတ္တိအခါ၌ပင် လှုပ်ရှားတတ်၏၊ပြောင်းလဲ တတ်၏။

တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော ဣတ္ထိလိင်္ဂံ ပါတုဘူတံ ဟောတိ။ တေန ခေါ ပန သမယေန အညတရိဿာ ဘိက္ခုနိယာ ပုရိသလိင်္ဂံ ပါတုဘူတံ ဟောတိ။ (ဝိ၊၁၊၄၃။)

ထိုအခါ၌ မထင်ရှားသော ရဟန်းတစ်ပါး၏ သန္တာန်ဝယ် ဣတ္ထိလိင်သည် (ဣတ္ထိဘာဝရုပ်သည်) ထင်ရှား ဖြစ်ပေါ်လာ၏။ ထိုအခါ၌ မထင်ရှားသော ဘိက္ခုနီမတစ်ပါး၏ သန္တာန်ဝယ် ပုရိသလိင်သည် (= ပုရိသဘာဝ ရုပ်သည်) ထင်ရှား ဖြစ်ပေါ်လာ၏။ (ဝိ၊၁၊၄၃။)

ဤသို့လျှင် ပဝတ္တိအခါ၌ကား လိင်အပြောင်းအလဲ ရှိတတ်၏။ အမျိုးသားသည်လည်း အမျိုးသ္မီး ဖြစ်သွား တတ်၏၊ အမျိုးသ္မီးသည်လည်း အမျိုးသား ဖြစ်လာတတ်၏။

တစ်ဖန် ဤနှစ်မျိုးသော လိင်တို့တွင် ပုရိသလိင်သည် မြတ်၏၊ ဣတ္ထိလိင်သည် ယုတ်ညံ့၏၊ ထိုကြောင့် ပုရိသလိင်သည် အားကောင်းသော အားရှိသော အကုသိုလ်ကြောင့် ကွယ်ပျောက်ရ၏၊ ဣတ္ထိလိင်သည် အားမရှိ သော အားနည်းသော ကုသိုလ်ကြောင့် တည်လာရ၏။ ဣတ္ထိလိင်သည်ကား ကွယ်ပျောက်လတ်သော် အားနည်း သော အားမရှိသော အကုသိုလ်ကြောင့် ကွယ်ပျောက်သွားရ၏၊ ပုရိသလိင်သည် အားကောင်းသော အားရှိသော ကုသိုလ်ကြောင့် တည်လာရ၏။ ဤသို့လျှင် လိင်နှစ်မျိုးလုံးသည် အကုသိုလ်ကြောင့် ကွယ်ပျောက်ရ၏၊ ကုသိုလ် ကြောင့် တည်လာရ၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

သုဂတိဘဝကို ရည်ရွယ်၍ --- ကုသိုလ်ကြောင့် တည်လာရ၏ --- ဟု ဆိုသည်။ ဒုဂ္ဂတိဘဝ၌ကား --- အကုသိုလ်ကြောင့်ပင် မူလလိင် ကွယ်ပျောက်၍ အကုသိုလ်ကြောင့်ပင် လိင်အသစ် ဘာဝရုပ်အသစ်သည် တည်လာရ၏ဟု မှတ်ပါ။ အဘယ်ကြောင့်နည်း --- ထိုဒုဂ္ဂတိဘုံ၌ ဘာဝရုပ်ကား အကုသိုလ်ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ဖြစ်သောကြောင့်တည်း။ ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေ တည်နေရခြင်းသည် အကုသိုလ်ကြောင့်သာ ပဋိသန္ဓေ တည်နေရသဖြင့် ပဋိသန္ဓေအခါ၌ ဘာဝရုပ်သည် အကုသိုလ်ကြောင့်သာ ဖြစ်ရသကဲ့သို့ အလားတူပင် ပဝတ္တိအခါ ၌လည်း ဘာဝရုပ်သည် ဖြစ်ပေါ်လာလတ်သော် အကုသိုလ်ကြောင့်သာ ဖြစ်ပေါ်လာရ၏။ (မူလဋီ၊၁၊၁၅၁။)

လိင်ပြောင်းသွားသော်

ဘာဝရုပ် ပြောင်းသွားသောအခါ ဘာဝရုပ်၏ အကျိုးဆက်ဖြစ်သော လိင်္ဂနိမိတ္တတို့လည်း ပြောင်းကြရ၏။ ကုတ္တအာကပ္ပတို့ကား အနည်းငယ်ခန့် ကြာပြီးမှ မသိမသာ တဖြည်းဖြည်း ပြောင်းသွားကြ၏။ ဘာဝရုပ်သည် ကမ္မဇရုပ် ထုံးစံအတိုင်း ဘဝတစ်လျှောက်ဝယ် (စုတိခါနီးကာလမှလွဲလျှင်) စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း, ဌီကာလတိုင်း, ဘင်ကာလတိုင်း၌ အဆက်မပြတ် အထပ်ထပ် ဖြစ်၍နေရာ လိင်ပြောင်းခါနီး အခါဝယ် အစဉ်အတိုင်း အဆက်မပြတ် ဖြစ်၍လာသော မူလဘာဝရုပ်သည် အဖြစ်ရပ်၍, အသစ်ဘာဝရုပ်သည် ကံကြောင့် ဆက်၍ ဖြစ်၏။ မူလဘာဝရုပ် အဖြစ်ရပ်သည်နှင့် တစ်ပြိုင်နက် လိင်္ဂနိမိတ္တတို့နှင့်ဆိုင်သော ကမ္မဇရုပ်- စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့လည်း အဖြစ်ရပ်ကြ၍, အသစ်ဘာဝရုပ်၏ အကျိုးဆက်ဖြစ်သော လိင်္ဂနိမိတ္တ တို့နှင့်ဆိုင်သော ကမ္မဇရုပ်-စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်များသည် ဆက်လက်၍ ဖြစ်ကြ၏။ ဤသို့ ရုပ်အပြောင်းအလဲ ဖြစ်ခြင်းကို လိင်ပြန်ခြင်းဟု ခေါ်ကြရသည်။

ဥဘတောဗျည်း

အမျိုးသ္မီးဖြစ်ထိုက်သောကံ = ဣတ္ထိလိင်ဖြစ်ထိုက်သောကံ, အမျိုးသားဖြစ်ထိုက်သောကံ = ပုရိသလိင် ဖြစ်ထိုက်သောကံဟူသော နှစ်ပါးစုံသော ကံကြောင့်ဖြစ်သော အင်္ဂါဇာတ်ရှိသူ = ဥဘတောဗျည်း၏ သန္တာန်၌ ဣတ္ထိန္ဒြေ သို့မဟုတ် ပုရိသိန္ဒြေဟူသော ဣန္ဒြေတစ်မျိုးသာ ဖြစ်သလော၊ သို့မဟုတ် ဣတ္ထိန္ဒြေ ပုရိသိန္ဒြေဟူသော ဣန္ဒြေနှစ်မျိုးလုံးတို့ပင် ဖြစ်ကုန်သလော --- ဤကား အမေးတည်း။

အဖြေ --- လိင်နှစ်မျိုးရှိသော ဥဘတောဗျည်း၏ သန္တာန်၌ ဣန္ဒြေ တစ်မျိုးသာ ရှိ၏ = (ဘာဝရုပ် တစ်မျိုး သာရှိ၏။) မိန်းမဥဘတောဗျည်း၏ သန္တာန်၌ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်သာ ရှိ၏။ ယောက်ျားဥဘတောဗျည်း၏ သန္တာန်၌ ပုရိသိန္ဒြေ = ပုရိသဘာဝရုပ် တစ်မျိုးသာ ရှိ၏။ ဤကား အဖြေတည်း။

ဤသို့ ဥဘတောဗျည်း၌ ဣန္ဒြေတစ်ပါးသာ = ဘာဝရုပ်တစ်မျိုးသာ ရှိလတ်သော် နှစ်ခုမြောက်သောဗျည်း၏ (= နှစ်ခုမြောက်သော အင်္ဂါဇာတ် နိမိတ်၏) မရှိခြင်းသည် ဖြစ်လေရာ၏။ အဘယ်ကြောင့်နည်း ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ = ဣတ္ထိဘာဝရုပ် ပုရိသဘာဝရုပ်ကို ဗျည်းဖြစ်ခြင်း၏ အကြောင်းဟူ၍ (အင်္ဂါဇာတ်ဖြစ်ခြင်း၏ အကြောင်းဟူ၍) ဆိုခဲ့ပြီ (= ဣတ္ထိန္ဒြေသည် ဣတ္ထိဗျည်းဖြစ်ခြင်း၏ ပုရိသိန္ဒြေသည် ပုရိသဗျည်းဖြစ်ခြင်း၏ အကြောင်းဟုဆိုခဲ့ပြီ။) ထို ဒုတိယဣန္ဒြေသည်လည်း ထိုဥဘတောဗျည်း၏ သန္တာန်၌ မရှိ ဖြစ်ခဲ့၏၊ ထိုကြောင့် ထိုဥဘတောဗျည်း သန္တာန်၌ ဒုတိယဗျည်း၏ မရှိခြင်းသည် ဖြစ်လေရာ၏။ ဤကား အမေးတည်း။

အဖြေ --- ထိုဥဘတောဗျည်းအတွက် ဣန္ဒြေသည် = ဘာဝရုပ်သည် ဗျည်းဖြစ်ခြင်း၏ အကြောင်းတရား မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ --- အခါခပ်သိမ်း မရှိခြင်းကြောင့်တည်း။ ထပ်မံ ရှင်းလင်းတင်ပြပေအံ့ -အမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ အကြင်အခါဝယ် အခြားအမျိုးသ္မီး တစ်ဦးအပေါ်၌ ရာဂစိတ် = တပ်မက် သောစိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌သာလျှင် ထိုအမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ ယောက်ျားဗျည်း = ယောက်ျားနိမိတ်သည် ထင်ရှားလာ၏။ ဣတ္ထိဗျဉ္ဇနံ ပဋိစ္ဆန္နံ ဂုဠှံ ဟောတိ --- အမျိုးသ္မီးဗျည်းသည် = အမျိုးသ္မီးနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏။

အကယ်၍ ယင်းအမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ အကြင်အခါဝယ် အမျိုးသားတစ်ဦးအပေါ်၌ ရာဂစိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌သာလျှင် ထိုအမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ မိန်းမဗျည်း = မိန်းမနိမိတ်သည် ထင်ရှားဖြစ်ပေါ်လာ၏။ ယောက်ျားဗျည်းသည် = ယောက်ျားနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက် နေ၏။

ယောက်ျားဥဘတောဗျည်းသည် အကြင်အခါဝယ် အမျိုးသ္မီးတစ်ဦးအပေါ်၌ ရာဂစိတ် ဖြစ်နေ၏၊ ထိုအခါ မျိုး၌သာလျှင် ထိုယောက်ျားဥဘတောဗျည်း၏ သန္တာန်၌ ယောက်ျားဗျည်း = ယောက်ျားနိမိတ်သည် ထင်ရှားလာ ၏။ မိန်းမဗျည်း = မိန်းမနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏။

အကယ်၍ ယောက်ျားဥဘတောဗျည်းသည် အကြင်အခါဝယ် အခြားယောက်ျားတစ်ဦး အပေါ်၌ ရာဂစိတ် ဖြစ်နေ၏၊ ထိုအခါမျိုး၌သာလျှင် ထိုယောက်ျားဥဘတောဗျည်း၏ သန္တာန်၌ မိန်းမဗျည်း = မိန်းမနိမိတ် သည် ထင်ရှားလာ၏။ ယောက်ျားဗျည်း = ယောက်ျားနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏။

တစ်ဖန် ထိုဥဘတောဗျည်းတို့၏ ဣန္ဒြေသည် = ဘာဝရုပ်သည် ဒုတိယဗျည်း = ဒုတိယနိမိတ် ဖြစ်ဖို့ရန် အကြောင်းတရားသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် အခါခပ်သိမ်းလည်း ဗျည်းနှစ်မျိုးလုံး = နိမိတ်နှစ်ခုလုံးသည် တည်နေလေရာ၏၊ စင်စစ် တည်ကားမတည်။ ထိုကြောင့် ထိုဥဘတောဗျည်း၏ ထိုဣန္ဒြေသည် (= ထိုဘာဝရုပ်သည်) ဗျည်း = နိမိတ်ဖြစ်ဖို့ရန် အကြောင်းမဟုတ်ပေ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

ကမ္မသဟာယံ ပန ရာဂစိတ္တမေဝေတ္ထ ကာရဏံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

အလျော်အားဖြင့်ဆိုရမူ ကံဟူသော အဖော်သဟဲ (= အဖော်သဟာယ်) ရှိသော ရာဂစိတ်သည်သာလျှင် ဤဒုတိယနိမိတ် ဖြစ်ရာ၌ အကြောင်းတရားပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

ယသ္မာ တဿ ဧကမေဝ ဣန္ဒြိယံ ဟောတိ၊ တသ္မာ ဣတ္ထိဥဘတောဗျဉ္ဇနကော သယမ္ပိ ဂဗံ႓ ဂဏှာတိ၊ ပရမ္ပိ ဂဏှာပေတိ။ ပုရိသဥဘတောဗျဉ္ဇနကော ပရံ ဂဗံ႓ ဂဏှာပေတိ၊ သယံ ပန န ဂဏှာတီတိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

ဆက်၍ ဆိုဦးအံ့ --- ထိုဥဘတောဗျည်း၏ သန္တာန်၌ (= သဏ္ဌာန်၌) ဣန္ဒြေတစ်မျိုး = ဘာဝရုပ်တစ်မျိုးသာ ရှိသောကြောင့် မိန်းမဥဘတောဗျည်းသည် ကိုယ်တိုင်လည်း (အခြားယောက်ျားတို့နှင့် ပေါင်းဖော်ခဲ့သော်) ကိုယ်ဝန် ကို ယူနိုင်၏။ အခြားအမျိုးသ္မီး တစ်ဦးကိုလည်း (မိမိနှင့် ပေါင်းဖော်ခြင်းဖြင့်) ကိုယ်ဝန်ကို ယူစေနိုင်၏။

ယောက်ျားဥဘတောဗျည်းကား (အခြားအမျိုးသ္မီးတစ်ဦးကို ပေါင်းဖော်ခြင်းဖြင့်) သူတစ်ပါးကို ကိုယ်ဝန်ကို ယူစေနိုင်၏။ မိမိကိုယ်တိုင်ကား (အခြားယောက်ျားတို့နှင့် ပေါင်းဖော်ခြင်းဖြင့်) ကိုယ်ဝန်ကို မယူနိုင်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

န ပန တိဋ္ဌတိ = အခါခပ်သိမ်း မတည်ဟူသည်

အခါခပ်သိမ်း နိမိတ်နှစ်ခုသည် မတည်ဟု ဆိုသော်လည်း အထင်အရှား မတည်ခြင်းကို ဆိုလိုဟန်တူသည်။ ဘာကြောင့်နည်း။ ရှေး၌ --- ပုရိသဗျဉ္ဇနံ ပါကဋံ ဟောတိ၊ ဣတ္ထိဗျဉ္ဇနံ ပဋိစ္ဆန္နံ ဂုဠှံ ဟောတိ = မိန်းမဥဘတောဗျည်းသည် အခြားအမျိုးသ္မီးတစ်ဦး အပေါ်၌ ရာဂစိတ် ဖြစ်ပေါ်နေသောအခါ ယောက်ျားဗျည်း = နိမိတ်သည် ထင်ရှားလာ၏၊ မိန်းမဗျည်း = နိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏ -- ဟု ဆိုခဲ့သောကြောင့်တည်း။ ထိုကြောင့် ယောက်ျားဥဘတောဗျည်း၌ ယောက်ျားနိမိတ် ထင်ရှား၍ မိန်းမနိမိတ်က မထင်မရှား ရှိနေ၏ဟုလည်းကောင်း, မိန်းမဥဘတောဗျည်း၌ မိန်းမနိမိတ်က အထင်အရှားရှိ၍ ယောက်ျားနိမိတ်က မထင်မရှား ရှိ၏ဟုလည်းကောင်း မှတ်ယူထိုက်သည်။ (အဋ္ဌသာလိနီဘာသာဋီကာ၊၄၊၁၀။)

ဣန္ဒြေတစ်မျိုးသာ ရှိနိုင်ပုံ

တယိဒံ ဒွယံ ယသ္မာ သန္တာနေ သဟ န ပဝတ္တတိ ယဿ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတီတိ? နောတိအာဒိဝစနတော။ တသ္မာ ဥဘတောဗျဉ္ဇနကဿပိ ဧကမေဝိန္ဒြိယံ ဟောတီတိ ဝုတ္တံ။ (မူလဋီ၊၁၊၁၅၁။)

ဣတ္ထိန္ဒြေ , ပုရိသိန္ဒြေဟူသော ဘာဝရုပ်နှစ်မျိုးလုံးသည် သတ္တဝါတစ်ယောက်၏ သန္တာန်၌ အတူတကွကား မဖြစ်နိုင်၊ အဘယ်ကြောင့် သိနိုင်ပါသနည်းဟူမူ --- ဘုရားရှင်သည် ဣန္ဒြိယယမိုက်ပါဠိတော်၌ ---

ယဿ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတီတိ? နော။ (အဘိ၊၇၊၁၁၇။)

အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ဣတ္ထိန္ဒြေသည် ဖြစ်နေဆဲ ဖြစ်၏၊ ထိုဣတ္ထိန္ဒြေ ဖြစ်နေဆဲ (ထင်ရှားရှိနေဆဲ) ပုဂ္ဂိုလ်၏ သန္တာန်၌ ပုရိသိန္ဒြေသည် ဖြစ်ဆဲလောဟု မေးခဲ့သော် ဖြစ်ဆဲမဟုတ်ဟု ဖြေဆိုရာ၏။

ဤသို့စသော စကားတော်ကို ဟောကြားထားတော်မူသောကြောင့် သိနိုင်ပါ၏ ဟူပေ။ ထိုသို့ သတ္တဝါ တစ်ဦး၏ သန္တာန်၌ ဣန္ဒြေနှစ်မျိုး = ဘာဝရုပ်နှစ်မျိုးတို့၏ ပြိုင်တူမဖြစ်နိုင်ခြင်းကြောင့် ဥဘတောဗျည်း၏ သန္တာန် ၌လည်း တစ်မျိုးသာလျှင်ဖြစ်သော ဣန္ဒြေသည် = ဘာဝရုပ်သည် ဖြစ်နိုင်၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆို သွားတော်မူခြင်း ဖြစ်သည်။ (မူလဋီ၊၁၊၁၅၁။)

ဆရာဝန်ကြီးများ၏ စွမ်းအင်

မျက်မှောက်ခေတ်ဝယ် ဆရာဝန်ကြီးများသည် ထိုကဲ့သို့သော ဗျည်းနှစ်ခုရှိသူ ဥဘတောဗျည်းအား ဗျည်းနှစ်ခု ရှိသူ၏ ကြိုက်နှစ်သက်ရာ ဗျည်းတစ်ခုတည်းရှိသူဖြစ်အောင် ခွဲစိတ်ကုသနိုင်ကြသောဟူ၏။ ဘာဝရုပ်သည် ကမ္မဇရုပ် ဖြစ်သဖြင့် ကံကြောင့်သာ ပြောင်းလဲနိုင်၏ဟု တစ်ဖက်သတ် အယူမသီးသင့်ပေ။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း ကံ၏အဖော်သဟဲကို ရရှိသော ရာဂစိတ်၏ စွမ်းအင်ကြောင့် ဥဘတော ဗျည်း၏ သန္တာန်ဝယ် ဗျည်းနိမိတ်တစ်ခုခု ထင်ရှားလာနိုင်ကြောင်း အဆိုကိုလည်း သတိပြုပါ။

တစ်ဖန် ဥဘတောဗျည်းသည် အတိတ်ဘဝဝယ် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်လျှင်အရင်းခံရှိသော ဗျည်းနှစ်ခုကို ရရှိစေနိုင်သော ကံကို ပြုစုပျိုးထောင်ခဲ့၏။ ထိုကံသည် ကာလ-ဂတိ-ပယောဂ-ဥပဓိဟူသော ပစ္စုပ္ပန် အကြောင်း တရားတို့နှင့် ပေါင်းဖော်မိပါမှ အကျိုးပေးဖို့ရန် အခွင့်အလမ်း သာလာ၏။

ထိုဥဘတောဗျည်းသည် တစ်ဘက်က ဗျည်းနှစ်ခုကိုရစေနိုင်သော ကံကို အားထုတ်ခဲ့ငြားသော်လည်း တစ်ဘက်ကလည်း ယခုကဲ့သို့ ခွဲစိတ်ကုသပါက ဗျည်းတစ်ခုကိုသာ ရရှိနိုင်စေသော ကံမျိုးကိုလည်း ထူထောင်ခဲ့သူ ဖြစ်လေရာ၏။ ဗျည်းနှစ်ခုကို ရစေနိုင်သော ကံ၏စွမ်းအင်ကို သို့မဟုတ် ကံ၏အကျိုးတရားကို ဗျည်းတစ်ခုကိုသာ ရစေနိုင်သော ကံက အနိုင်ယူနိုင်သော စွမ်းအင်ရှိလာချိန်ဝယ် ဥဘတောဗျည်းရှိသူ၏ ဆရာဝန်နှင့် ခွဲစိတ်ကုသခြင်း ဟူသော ပယောဂ = ကြိုးစား အားထုတ်မှုကို အမှီရသဖြင့် ဗျည်းတစ်ခုကိုသာ ရစေနိုင်သော ကံ၏စွမ်းအင်ကြောင့် ဗျည်းတစ်ခုသာ ရရှိသွားခြင်းဖြစ်သည်ဟု မှတ်ပါ။ ကာလ-ဂတိ-ပယောဂ-ဥပဓိဟူသော အကြောင်းတရားတို့နှင့် ပေါင်းဖော်ရသဖြင့် ဗျည်းတစ်ခုကိုသာ ရစေနိုင်သောကံက အကျိုးပေးခြင်းပင် ဖြစ်သည်။ ဘာဝရုပ်သည် ကမ္မဇရုပ် ဧကန်ဖြစ်သဖြင့် ကံအကြောင်းတရားနှင့် အဆက်အသွယ် မကင်းနိုင်သည်ကိုကား သတိပြုရမည် ဖြစ်ပေသည်။ ထိုသို့ ခွဲစိတ်ကုသရာ၌ နိမိတ္တ-ကုတ္တ-အာကပ္ပတို့မှာ ခွဲစိတ်ပြီးလျှင်ပြီးခြင်း ပြောင်းလဲမှု မဖြစ်သေးဘဲ တစ်နေ့တစ်ခြား တဖြည်းဖြည်း ပြောင်းလဲသွားသည်ဟု ဆို၏။

၁၆။ ရုပ်ဇီဝိတ

၁။ သဟဇာတရူပါနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ၊

၂။ တေသံ ပဝတ္တနရသံ၊

၃။ တေသညေဝ ဌပနပစ္စုပဋ္ဌာနံ၊

၄။ ယာပယိတဗ္ဗဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ အတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်းသဘော လက္ခဏ၊

၂။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့တိုင်အောင်

ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း (ကိစ္စ) ရသ၊

၃။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဘင်မတိုင်မီ အသက်ရှည်အောင်

တည်အောင် ထားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိသည် ဖြစ်စေအပ် မျှစေအပ် အသက်ရှည်စေအပ်သော ကလာပ်တူ ကမ္မဇမဟာဘုတ် ပဒဋ္ဌာန်။

လက္ခဏ --- ဤရုပ်ဇီဝိတိန္ဒြေသည် ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော မိမိနှင့် အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်သောကြောင့် ကမ္မဇရုပ်များ၏ အသက်ပေတည်း။ ရုပ်ဇီဝိတသည် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်သော်လည်း ကလာပ်ပြား ကမ္မဇရုပ်တို့ကိုကား မစောင့်ရှောက်နိုင်။ စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့သည် မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများ ဖြစ်ကြသည့် စိတ်-ဥတု-အာဟာရတို့သည် ထင်ရှားရှိနေခိုက်မှာပင် ဖြစ်ကြရသောကြောင့် --- အမိထင်ရှားရှိနေသော သားကို နို့ထိန်းစသည့် သူတစ်ပါးက စောင့်ရှောက်ဖွယ် မလိုတော့သကဲ့သို့ တစ်ပါးသော တရားတို့က စောင့်ရှောက်ဖွယ်မလို၊ စိတ်-ဥတု-အာဟာရတို့ကပင် မိမိတို့ ဆိုင်ရာ ရုပ်တရားများကို တည်တံ့အောင် စောင့်ရှောက်နိုင်ကြလေသည်။ ဤကမ္မဇရုပ်တို့မှာ မိမိတို့ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဇနကအကြောင်းကံ ချုပ်ဆုံးပြီးနောက် တော်တော် ကြာမှ, အချို့သော ကမ္မဇရုပ်များကား အကြောင်းရင်းကံနှင့် ဘဝပေါင်းများစွာ ကွာခြားပြီးမှ ယင်းကံ၏ အကျိုး တရားအဖြစ်ဖြင့် ဖြစ်ပေါ်လာရကား --- အမိမဲ့သားကို နို့ထိန်းက အသက်ရှည်အောင် စောင့်ရှောက်ရသကဲ့သို့ ယင်းကမ္မဇရုပ်တို့ကိုလည်း စိတ္တက္ခဏ (၁၇)ချက်ဟူသော ရုပ်တရားတို့၏ သက်တမ်းဓမ္မတာ အချိန်စေ့အောင် တည်တံ့နိုင်ရေးအတွက် ရုပ်ဇီဝိတိန္ဒြေက စောင့်ရှောက်ပေးရလေသည်။ ထိုကြောင့် တစ်ခုသော စက္ခုဒသကကလာပ်၌ ပါရှိသော ဇီဝိတက ထိုရုပ်ကလာပ်၌ပင် ပါဝင်ကြသော (၉)မျိုးသော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်၏။ တစ်ခုသော သောတဒသကကလာပ်၌ ပါဝင်သော ဇီဝိတက ထိုကလာပ်၌ပင် ပါဝင်ကြသော (၉)မျိုးသော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်၏၊ ဤသို့စသည်ဖြင့် ကမ္မဇရုပ်ကလာပ်တိုင်း၌ ပါဝင်သော ဇီဝိတက မိမိ၏ ကလာပ်တူ ကမ္မဇရုပ်များကို စောင့်ရှောက်သည်ဟု သိရှိပါလေ။ ကမ္မဇရုပ်ကလာပ်တိုင်း၌ ဤဇီဝိတကား ပါမြဲဓမ္မတာတည်း။

ကိစ္စရသ --- ပဝတ္တနရသ --- ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ရှိသော အတူဖြစ်သော ကလာပ်တူ ကမ္မဇ ရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့တိုင်အောင် ဖြစ်စေခြင်းဟူသည် မျှစေခြင်း အသက်ရှည်စေခြင်းပင်တည်း။ မကွယ် မပျောက်သေးဘဲ ထင်ရှားရှိစေခြင်းကို ဆိုလိုပေသည်။

ဇီဝိတသည် အတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တို့ကို အစဉ်စောင့်ရှောက်ခြင်း အနုပါလနလက္ခဏ, မျှစေ အသက်ရှည်စေခြင်း = ပဝတ္တနရသစသော အစီအရင် ထင်ရှားရှိသော်လည်း -- ရေသည် ကြာ စသည်တို့ကို ထင်ရှားရှိခိုက်၌သာလျှင် စောင့်ရှောက်သကဲ့သို့ --- ဇီဝိတသည်လည်း စောင့်ရှောက်အပ်သော ကလာပ်တူ ကမ္မဇရုပ် တရားတို့ ထင်ရှားရှိနေခိုက်၌သာလျှင် ထိုအတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တရားတို့ကို စောင့်ရှောက်ပေသည်။

နို့ထိန်းသည် သူတစ်ပါးမွေးသော မင်းသားကို စောင့်ရှောက်သကဲ့သို့ မိမိ မိမိတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော ကံကြောင့်ဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တရားတို့ကို ကလာပ်တူ ဇီဝိတက စောင့်ရှောက်ပေး၏။ ထိုသို့ စောင့် ရှောက်သော်လည်း --- လှေသူကြီးသည် လှေကို ကမ်းတစ်ဘက်သို့ရောက်အောင် လှော်ခတ်ရာ၌ လှေနှင့် စပ်နေ သော မိမိကိုယ်ကိုလည်း ကမ်းတစ်ဘက်သို့ ရောက်စေသကဲ့သို့ = ကမ်းတစ်ဘက်သို့ ရောက်စေအပ်သော လှေနှင့် ဆက်စပ်သဖြင့်သာလျှင် မိမိသည်လည်း ကမ်းတစ်ဘက်သို့ ရောက်ရသကဲ့သို့ --- အလားတူပင် ဇီဝိတသည်လည်း မိမိသည် မျှစေအပ် အသက်ရှည်စေအပ်သော ကလာပ်တူကမ္မဇရုပ်နှင့် ဆက်စပ်သဖြင့်သာလျှင် ဖြစ်ပေါ်လာနိုင်၏၊ မျှနိုင်၏၊ အသက်ရှည်နိုင်၏။ မိမိတစ်ဦးချင်း မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိ။ သို့အတွက် အတူဖြစ်ဖက် ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်းကိစ္စလည်း ပြီးစီးသွားပေသည်။

အကယ်၍ ကမ္မဇရုပ်တို့၏ ရပ်တည်မှုသည် ဇီဝိတိန္ဒြေနှင့် ဆက်စပ်မှု ရှိနေလျှင် အဘယ်ကြောင့် ဇီဝိတ သည် ကမ္မဇရုပ်များကို အခါခပ်သိမ်းတည်အောင် မထားနိုင်ပါသနည်းဟု မေးဖွယ်ရာ ရှိ၏၊ အကြောင်းကား ဤသို့တည်း --- ဘင်ကာလမှအထက်၌ ဇီဝိတက အတူဖြစ်သော ကလာပ်တူကမ္မဇရုပ်တို့ကို မမျှစေနိုင် အသက် မရှည်စေနိုင်။ အကြောင်းမူ မိမိ ဇီဝိတသည်လည်းကောင်း, မိမိသည် မျှစေအပ် အသက်ရှည်စေအပ်သော ကလာပ် တူ ကမ္မဇရုပ်တို့သည်လည်းကောင်း ဘင်ကာလမှနောက်၌ မတည်ကြတော့သောကြောင့် ဖြစ်၏။

ထိုသို့ ဘင်ခဏ၏အထက်၌ မမျှစေနိုင် အသက်မရှည်စေနိုင်ဆိုသော်လည်း --- ဇီဝိတသည် အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို အစဉ်စောင့်ရှောက်ခြင်း, မျှစေခြင်း, အသက်ရှည်စေခြင်း, ဥပါဒ်မှသည် ဘင်သို့မတိုင်မီ တည်အောင်ထားခြင်း, တည်စေခြင်း အာနုဘော်မှ လုံးဝကင်းသွားသည်ကား မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ ဆိုအပ်ခဲ့ပြီးသော ဥပါဒ်မှသည် ဘင်သို့မတိုင်မီ ထိုထို ခဏတိုင်း ခဏတိုင်း၌ အသစ်အသစ် ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်ပေါ်လာသော ထိုထို အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို ထိုထိုကလာပ်တူ ဇီဝိတက စောင့်ရှောက်ခြင်း မျှစေခြင်း အသက်ရှည်စေခြင်းစသော ကိစ္စလုပ်ငန်းရပ်ကို ပြီးစီးစေသောကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၇၇။)

အနိစ္စ - ဒုက္ခ - အနတ္တ သဘော

ဇီဝိတသည်လည်းကောင်း, မိမိဇီဝိတသည် မျှစေအပ် အသက်ရှည်စေအပ်သော ကမ္မဇရုပ်တို့သည်လည်း ကောင်း ဘင်ကာလမှ နောက်၌ အဘယ်ကြောင့် မတည်နိုင်ကြပါသနည်း ဟူမူ ---

ရူပံ ဘိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော၊ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။)

ရဟန်းတို့ ... ရုပ်တရားသည် အနိစ္စတည်း။ ရုပ်တရား၏ ဖြစ်ပေါ်လာဖို့ရန် တိုက်ရိုက်ဖြစ်စေတတ်သော အကြင် ဟေတုအကြောင်းတရား = ဇနကအကြောင်းတရားသည်လည်း ရှိ၏၊ အကြင် အားပေးထောက်ပံ့တတ် သော ဥပတ္ထမ္ဘကအကြောင်းတရား ပစ္စယအကြောင်းတရားသည်လည်း ရှိ၏။ ထိုဇနကအကြောင်းတရား ဥပတ္ထမ္ဘက အကြောင်းတရားသည်လည်း အနိစ္စသာတည်း။ ရဟန်းတို့ ...အနိစ္စဖြစ်သည့် အကြောင်းတရားများကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်တရားသည် အဘယ်မှာလျှင် နိစ္စ ဖြစ်နိုင်ပါအံ့နည်း။ (သံ၊၂၊၂၀။) ဒုက္ခဖြစ်ပုံ အနတ္တဖြစ်ပုံကိုလည်း ပုံစံတူပင် ဟောကြားထားတော်မူ၏။

ရုပ်တရားတို့၏ ဟေတုအကြောင်း ဇနကအကြောင်းတရားများမှာ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့ သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ပင် ဖြစ်ကြ၏။ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း ပစ္စယအကြောင်းတရားတို့မှာ စိတ်ဥတုအာဟာရတို့ ဖြစ်ကြ၏။ ရုပ်ဇီဝိတသည် အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ် တို့ကို အနုပါလကသတ္တိဖြင့် စောင့်ရှောက်တတ်သော အနုပါလကအကြောင်းတရားပင် ဖြစ်၏။

မိမိတို့ကို ဖြစ်စေတတ်, အားပေးထောက်ပံ့တတ်, စောင့်ရှောက်တတ်သော အကြောင်းတရားတို့ ကိုယ်တိုင်က အနိစ္စ-ဒုက္ခ-အနတ္တတရားတို့သာ ဖြစ်ကြခြင်းကြောင့် ယင်း အနိစ္စ-ဒုက္ခ-အနတ္တတရားတို့ကြောင့် ထင်ရှားဖြစ်ပေါ် လာကြရသော ဇီဝိတသည်လည်းကောင်း, ဇီဝိတနှင့် ကလာပ်တူ ကမ္မဇရုပ်တို့သည်လည်းကောင်း အနိစ္စ-ဒုက္ခ -အနတ္တတရားတို့သာ ဖြစ်ကြရ၏။ ထိုကြောင့် ဇီဝိတသည်လည်းကောင်း, မိမိဇီဝိတသည် မျှစေအပ် အသက်ရှည် စေအပ်သော ကမ္မဇရုပ်တို့သည်လည်းကောင်း ဘင်ကာလမှနောင်၌ မတည်ရှိနိုင်ကြခြင်း ဖြစ်၏။

ထို အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်း အနုပါလနကိစ္စ = ဥပါဒ်မှသည် ဘင်သို့ မတိုင်မီ ကလာပ်တူ ကမ္မဇရုပ်တို့ကို မျှစေခြင်း အသက်ရှည်စေခြင်း ပဝတ္တနကိစ္စစသော ထိုထိုကိစ္စကို ပြီးစေခြင်း မှာလည်း ဇီဝိတ၏ အသက်ရှင်မှုဟူသော ထူးခြားချက် အကြောင်းတရားကြောင့် ဖြစ်သည်။ ဣန္ဒြိယဗဒ္ဓ အမည် ရသော စက္ခုစသော ဣန္ဒြေတို့နှင့် ဆက်စပ်နေသော ရုပ်တရား၏ မတရူပ အမည်ရသော သူသေအလောင်းကောင် ၏ ရုပ်မှ ထူးခြားမှုကိုလည်းကောင်း, ကမ္မဇရုပ်နှင့် ကမ္မဇရုပ်သို့ အစဉ်လိုက်၍ဖြစ်သော ရုပ်၏ စိတ္တဇရုပ်-ဥတုဇရုပ် အာဟာရဇရုပ်တို့မှ ထူးခြားမှုကိုလည်းကောင်း ဇီဝိတိန္ဒြေက ပြုလုပ်၍ပေးသည်။ ဇီဝိတိန္ဒြေကြောင့်သာလျှင် ထိုရုပ် တရားတို့၏ အချင်းချင်း ထူးခြားမှု ရှိနေကြခြင်း ဖြစ်၏။ တစ်ဖန် ဇီဝိတိန္ဒြေသည် အတူဖြစ်ဖက် ကမ္မဇရုပ်တရားတို့ ၏ ဥပါဒ်မှသည် ဘင်သို့မတိုင်မီ တစ်ခဏမျှ တည်နေနိုင်ရေး ခဏဋ္ဌိတိ အတွက်သက်သက်သာ အကြောင်းတရား ဖြစ်သည် မဟုတ်သေး၊ ကမ္မဇရုပ် သန္တတိအစဉ်၏ မပြတ်မစဲ အမြဲပင် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပေါ်ရေးအတွက်လည်း အကြောင်းတရားဖြစ်သည်ဟု မှတ်ပါ။ အကယ်၍ ကမ္မဇရုပ် သန္တတိအစဉ်၏ မပြတ်မစဲ အမြဲတမ်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပေါ်ရေးအတွက်လည်း အကြောင်းတရား မဟုတ်ပါဟု ယူဆခဲ့လျှင် အသက်ကုန်ခြင်းကြောင့် သေခြင်း = အာယုက္ခယမရဏဟူသည် မသင့်လေရာ မရှိလေရာ မဖြစ် နိုင်လေရာ။ (မဟာဋီ၊၂၊၉၆။) ရှေးရှေးကမ္မဇရုပ်များ မချုပ်ဆုံးမီ နောက်နောက်ကမ္မဇရုပ်များ အသစ်အသစ် ဥပါဒ်လျက် အထပ်ထပ်ဖြစ်ပေါ်၍ တည်နေခြင်းကို ပဗန္ဓဌိတိ = ပဗန္ဓာနုပစ္ဆေဒဟု ခေါ်၏။ ဇီဝိတိန္ဒြေသည် ကလာပ်တူ ကမ္မဇရုပ်တရားတို့ကို အနုပါလကသတ္တိဖြင့်သာ ကျေးဇူးပြုသည် မဟုတ်သေး၊ ပဗန္ဓဌိတိ အတွက် လည်း ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

ဤ ဇီဝိတိန္ဒြေသည်လည်း စားအပ် ခဲအပ် လျက်အပ် သောက်အပ်သော အစာကို ကြေကျက်စေတတ်သော ပါစကဝမ်းမီးဟု ခေါ်ဆိုအပ်သော ပါစကတေဇောဓာတ်နှင့်တကွသော ကမ္မဇရုပ်ကလာပ်တို့၌လည်းကောင်း, ဆံဖျား အမွေးဖျား ခြေသည်းဖျား လက်သည်းဖျား ခြောက်သွေ့သော အရေဖျားကို ချန်ထား၍ ကြွင်းသော တစ်ကိုယ်လုံး၌ တည်ရှိသော ကမ္မဇရုပ်ကလာပ်တိုင်း၌လည်းကောင်း နှံ့စေလျက် တည်ရှိပေသည်။ မိမိရှုလိုသည့် ကမ္မဇရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ဇီဝိတကို ရွေးထုတ်၍ လက္ခဏ-ရသ စသည်ကို အထက်တွင် ရေးသားတင်ပြ ထားသည့်အတိုင်း ရှုပါ။

၁၇။ ဟဒယဝတ္ထု

၁။ မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။

၂။ တာသညေဝ ဓာတူနံ အာဓာရဏရသံ၊

၃။ ဥဗ္ဗဟနပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ မနောဓာတ် + မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ထိုဓာတ်နှစ်ပါးတို့၏သာလျှင် တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ ထိုဓာတ်နှစ်ပါးတို့ကို ထမ်းဆောင်ထားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ဟဒယဝတ္ထု)၏မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ပဒဋ္ဌာန်။

နှလုံးအိမ်အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိသော တစ်လက်ဖက်ဝက်မျှသော သွေးကို အမှီပြု၍ ---

၁။ ပထဝီဓာတ်က တည်ရာအဖြစ် ကောင်းစွာ ဆောင်ထားခြင်းကိစ္စ,

၂။ အာပေါဓာတ်က ဖွဲ့စည်းပေးခြင်းကိစ္စ,

၃။ တေဇောဓာတ်က ရင့်ကျက်စေခြင်းကိစ္စ,

၄။ ဝါယောဓာတ်က တွန်းကန်ပေးခြင်းကိစ္စ,

ဤကိစ္စတို့ဖြင့် ကျေးဇူးပြုအပ်သည် ကျေးဇူးပြုပေးသည် ဖြစ်၍ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက သတ္တိ ရှိကုန်သော ဥတုဇရုပ်-စိတ္တဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော ဥတု-စိတ်-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍ ဇီဝိတိန္ဒြေက စောင့်ရှောက်ပေးအပ်သည် ဖြစ်၍ မနောဓာတ် မနောဝိညာဏ ဓာတ်တို့နှင့်တကွ ယှဉ်ဖက်စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ မှီရာဝတ္ထု ဖြစ်ခြင်းကိစ္စကို ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၈။)

မနောဓာတ် + မနောဝိညာဏဓာတ်နှစ်ပါးကို ဟဒယဝတ္ထုရုပ်က မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေး၏၊ ထိုသို့ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေရကား ထိုဓာတ်နှစ်ပါးတို့၏ တည်ရာဖြစ်သောကြောင့် ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်လိုက်သည့်အခါ ဓာတ်နှစ်ပါးကို မိမိဟဒယဝတ္ထု၏ အထက်ပေါ်မှာတင်လျက် ထမ်း ဆောင်ထားသကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေးရှူထင်လာပေသည်။ (မဟာဋီ၊၂၊၉၈။)

ဟဒယဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးနောက် ဟဒယဝတ္ထုကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်တို့ကို ရှုပါ။

ဝသန္တိ စိတ္တစေတသိကာ ဧတ္ထာတိ ဝတ္ထု၊ ဟဒယမေဝ ဝတ္ထု ဟဒယဝတ္ထု။ --- ဟဒယဝတ္ထုရုပ်သည် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်ခြင်း လက္ခဏာ ရှိရကား ထိုဓာတ်နှစ်ပါးဟူသော စိတ် စေတသိက် တို့၏ နေရာဖြစ်သည် ဟူလိုသည်။ လောက၌ တစ်စုံတစ်ခုသော ဝတ္ထုသည် တစ်စုံတစ်ခုသော ဝတ္ထု၌ တည်သည် နေသည်ကဲ့သို့ (အဆောက်အအုံ တစ်ခုပေါ်၌ လူတစ်ယောက် ရပ်တည်နေသကဲ့သို့) စင်စစ်အားဖြင့် တည်သည် နေသည် မဟုတ်၊ ပရမတ်တရားတို့သည် ကြောင့်ကြမဲ့သော နိဗျာပါရဓမ္မ ဖြစ်သောကြောင့် တရားတစ်ပါးနှင့် တရားတစ်ပါး စပ်၍ဖြစ်ကာမျှကိုပင် တည်သည် နေသည် ဆိုသတည်း။ အရာရာတိုင်း၌ နည်းတူတည်း။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၁၆။)

နှလုံးသား နှင့် နှလုံးသွေး

ဟဒယမည်သော နှလုံးသား = နှလုံးအိမ်သည် အရောင်အဆင်းအားဖြင့် ပဒုမ္မာကြာပွင့်၏ ပြင်ဘက်၌ရှိ သော အရောင်အဆင်းကဲ့သို့ ဖျော့တော့ကြော့သွေးသော အရောင်အဆင်း ရှိ၏ (= နီဖျော့ဖျော့ရောင် ဟူလိုသည်၊) ပုံသဏ္ဌာန်အားဖြင့် အပေါ်ပွင့်ချပ်ကို ခွာ၍ စောက်ထိုးဆွဲထားသော ပဒုမ္မာကြာပုံသဏ္ဌာန် ရှိ၏။ အပြင်အပ သားကား ပြေပြစ်ချောမြေ့၏၊ အတွင်းသားကား သပွတ်သီးအူကဲ့သို့ ရှုပ်ထွေး၏၊ ပညာရှိသသူအား အထက်ထိပ်ဖျား အနည်းငယ် ပွင့်ယောင်ရှိ၏။ ပညာမဲ့သသူ ပညာနုံ့သသူအား အထက်ထိပ်ဖျား ငုံယောင် ရှိ၏။ ယင်းနှလုံးသား ၏ အတွင်း၌ ပုန်းညက်စေ့ တည်ရာမျှလောက်သော တွင်းငယ်ဝယ် တစ်လက်ဆွမ်းခွဲမျှလောက်သော သွေးသည် တည်နေ၏။ ယင်းသွေး၌ ဟဒယဒသကကလာပ်ပေါင်း များစွာရှိ၏၊ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့် အတိုင်း ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး ရှိ၏။) ယင်း ဟဒယဒသကကလာပ်တို့တွင် ဟဒယဝတ္ထုရုပ် ပါဝင်၏။ ယင်းဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ် မနောဝိညာဏဓာတ်တို့သည် ဖြစ်ပေါ်ကြ ကုန်၏။ ထိုသွေးသည် ---

၁။ ရာဂ ထူပြောသောသူအား နီသောအဆင်း ရှိ၏။

၂။ ဒေါသ ထူပြောသောသူအား မည်းသောအဆင်း ရှိ၏။

၃။ မောဟထူပြောသောသူအား သားဆေးရည်နှင့် တူသောအဆင်း ရှိ၏။

၄။ ဝိတက် ထူပြောသောသူအား ပဲကုလားပြုတ်ရည်နှင့် တူသောအဆင်း ရှိ၏။

၅။ သဒ္ဓါ ထူပြောသောသူအား မဟာလှေကားပန်းပွင့်နှင့် တူသောအဆင်း ရှိ၏။

၆။ ပညာ ထူပြောသောသူအား ကျောက်ရည်တိုးစိမ့်သောငှာ ကောင်းစွာသွေးအပ်ပြီးသော အကြွင်းမဲ့ ဆေး ကြောပွတ်တိုက်ထားအပ်သော ပတ္တမြားစစ်ကဲ့သို့ အရောင်ရှိသည်, ကြည်လင်သည် အထူးသဖြင့် ကြည်လင် သည် မနောက်ကျုသည် ဖြူစင်သည် ထက်ဝန်းကျင် စင်ကြယ်သည်ဖြစ်၍ တောက်ပသော အရောင်ရှိ၏ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။)

ဤသို့ စရိုက် (၆)ပါးနှင့်လျော်သော အရောင်အဆင်းရှိသော ထိုနှလုံးသွေးကိုမှီ၍ နှလုံးသား၏ အတွင်း၌ တည်သော ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် ဟဒယမည်သော ရုပ်သည်ပင်လျှင် မနောဓာတ် + မနောဝိညာဏဓာတ်ဟူသော စိတ်-စေတသိက်တို့၏ တည်ရာဖြစ်သည် ဟူလို။ ထိုသွေးများကို ပြန့်နှံ့လျက် တည်နေ သော ဝတ္ထုရုပ်တစ်မျိုးကို ဟဒယဟု ခေါ်ဆိုခြင်းသည် ဧကဒေသူပစာရ စကားတည်း။

ဟဒယန္တိ ဟဒယမံသံ။ (အဘိ၊ဋ္ဌ၊၂၊၂၂၈၊ ဝိသုဒ္ဓိ၊၁၊၂၄၈။)

နှလုံးသား နှလုံးအိမ်တစ်ခုလုံးကို ဟဒယဟု ဆို၏။ အပေါင်းဖြစ်သော နှလုံးသား နှလုံးအိမ်တစ်ခုလုံး၏ ဟဒယဟူသော အမည်ကို အစိတ်ဖြစ်သော နှလုံးအိမ်အတွင်း တွင်းငယ်၌ တည်ရှိသော သွေးများကို ပြန့်နှံ့လျက် တည်နေသော ဝတ္ထုရုပ်တစ်စိတ်၌ တင်စား၍ အစိတ်ဖြစ်သော ဝတ္ထုရုပ်တစ်စိတ်ကို ဟဒယဟု ခေါ်ဝေါ်ထား သောကြောင့် ဧကဒေသူပစာရ စကားတည်း။ (ဧကဒေသျူပစာဟုလည်း ဆိုကြ၏။)

ဟဒယဝတ္ထုကို ဘုရားရှင် ဟောတော်မူပါသည်

ဤရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်၍ တိုက်ရိုက် ဟောကြားထားတော်မူသော ပါဠိတော်ကား မရှိ၊ ဓမ္မသင်္ဂဏီ ရူပကဏ္ဍ ပါဠိတော်သည် ရုပ်ဟူသမျှကို ထုတ်ဆောင် ဟောကြားထားတော်မူသော ပါဠိတော်ပင် ဖြစ်၏။ ထိုပါဠိတော်၌သော်မှ ထုတ်ပြခြင်း မရှိ၊ သို့သော် ထိုထို ပါဠိတော်များကို သဲလွန်စပြု၍ ဤဝတ္ထုရုပ် ရှိ ထိုက်ကြောင်းကို အဋ္ဌကထာ ဋီကာတို့က လက်ခံထားတော်မူကြလေသည်။

သဲလွန်စပါဠိတော် --- ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

အကြင်ရုပ်တရားကို မှီ၍ မနောဓာတ်သည်လည်းကောင်း, မနောဝိညာဏဓာတ်သည်လည်းကောင်း ဖြစ်ကြ ကုန်၏၊ ထိုရုပ်သည် မနောဓာတ်အားလည်းကောင်း, မနောဝိညာဏဓာတ်အားလည်းကောင်း, ထိုမနောဓာတ် မနောဝိညာဏဓာတ်တို့နှင့် ယှဉ်ဖက် စေတသိက်တို့အားလည်းကောင်း မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ဤကား အာဂမယုတ္တိတည်း။ အာဂုံ ပါဠိတော်ပင်တည်း။ ဟဒယဝတ္ထုသည် မနောဓာတ် မနောဝိညာဏ ဓာတ်တို့၏ မှီရာလက္ခဏာရှိ၏ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ အာဂုံပါဠိအားဖြင့်လည်းကောင်း, အကြောင်း ယုတ္တိအားဖြင့်လည်းကောင်း နှစ်မျိုးအားဖြင့် သိသင့်ရာ အထက်ပါ ပါဠိတော်မှာ ဟဒယဝတ္ထုရုပ်ရှိကြောင်း အာဂုံ ပါဠိတော်ပင် ဖြစ်သည်။ ဤပါဠိတော်ကို ထောက်ထားလျှင် ---

၁။ စက္ခုဝိညာဏ်၏မှီရာ စက္ခုဝတ္ထု,

၂။ သောတဝိညာဏ်၏မှီရာ သောတဝတ္ထု,

၃။ ဃာနဝိညာဏ်၏မှီရာ ဃာနဝတ္ထု,

၄။ ဇိဝှါဝိညာဏ်၏မှီရာ ဇိဝှါဝတ္ထု,

၅။ ကာယဝိညာဏ်၏မှီရာ ကာယဝတ္ထုများ ရှိသကဲ့သို့,

၆။ မနောဓာတ် မနောဝိညာဏဓာတ်တို့၏မှီရာ ဝတ္ထုရုပ်တစ်မျိုး ရှိသည်ဟု ယူဆရပေမည်။

ဓမ္မသင်္ဂဏီပါဠိတော်၌ မဟောခြင်း၏ အကြောင်း

ထိုဆိုခဲ့သည့်အတိုင်း မနောဓာတ် မနောဝိညာဏဓာတ်တို့၏မှီရာ ဝတ္ထုရုပ်တစ်မျိုး ရှိသင့်လျှင် ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ အဘယ်ကြောင့် ဟဒယဝတ္ထုရုပ်ကို ဟောတော်မမူပါသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ကား အာရမ္မဏ ဒုကဒေသနာ ပျက်မည်စိုးသောကြောင့် ဝတ္ထုဒုက်ကိုလည်း ဟောတော်မမူဘဲ ချန်လှပ်ထားတော်မူသည်။

စက္ခုဝိညာဏ် စသည်တို့သည် ဧကန်အားဖြင့် စက္ခုဝတ္ထု စသည်လျှင်မှီရာရှိကုန်သကဲ့သို့ ဤအတူ မနော ဝိညာဏ်သည် ဧကန်အားဖြင့် ဟဒယဝတ္ထုလျှင် မှီရာရှိသည်ကား မဟုတ်ပေ။ (ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် သည် ဟဒယဝတ္ထုရုပ်ကိုမှီ၍ ဖြစ်ငြားသော်လည်း စတုဝေါကာရဘုံ၌ မနောဝိညာဏ်သည် ဟဒယဝတ္ထုရုပ်ကိုမှီ၍ မဖြစ်ပေ။) ဤသည်မှာလည်း အကြောင်းတစ်ရပ် ဖြစ်၏။

တစ်ဖန် ရူပကဏ္ဍပါဠိတော်၌ ဧကက-ဒုက-တိကမှစ၍ ဧကာဒသကတိုင်အောင် ရုပ်တရားတို့ကို နည်းအမျိုး မျိုးဖြင့် စုပုံလျက် ဟောကြားထားတော်မူ၏။

ထိုတွင် ဝတ္ထုဒုက စသော ဒေသနာတော်သည် မှီတတ်သောတရားနှင့် စပ်သဖြင့် ဖြစ်ပေါ်လာရ၏။ ဒုက ဒေသနာတော်၌ ---

၁။ အတ္ထိ ရူပံ စက္ခုဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ စက္ခုဝိညာဏဿ န ဝတ္ထု။

၂။ အတ္ထိ ရူပံ သောတဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ သောတဝိညာဏဿ န ဝတ္ထု။

၃။ အတ္ထိ ရူပံ ဃာနဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ ဃာနဝိညာဏဿ န ဝတ္ထု။

၄။ အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ န ဝတ္ထု။

၅။ အတ္ထိ ရူပံ ကာယဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ ကာယဝိညာဏဿ န ဝတ္ထု။ (အဘိ၊၁၊၁၄၆။)

၁။ အတ္ထိ ရူပံ စက္ခုဝိညာဏဿ ဝတ္ထု = စက္ခုဝိညာဏ်၏မှီရာ ဝတ္ထုရုပ်သည် ရှိ၏။ (စက္ခုဝတ္ထုကို ပြတော်မူ လိုသည်။) အတ္ထိ ရူပံ စက္ခုဝိညာဏဿ န ဝတ္ထု = စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်များသည်လည်း ရှိ၏။ (စက္ခုဝတ္ထုရုပ်မှ ကြွင်းသမျှ ရုပ်အားလုံးကို ပြတော်မူလိုသည်။)

ဤသို့စသည်ဖြင့် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်တို့၏ အသီးအသီးသော မှီရာဝတ္ထုရုပ် ဖြစ်ကြသည့် သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ရုပ်တရားတို့ကိုလည်းကောင်း, ယင်းဝိညာဏ် အသီးအသီး၏ မှီရာဝတ္ထု မဟုတ်သော ရုပ်တရားတို့ကိုလည်းကောင်း ခွဲခြား၍ ဟောကြားထားတော်မူ၏။ ဤသို့ ဟောကြားတော်မူပြီးလျှင် --- မနောဓာတ် + မနောဝိညာဏဓာတ် အမည်ရသော အကြင်မနောဝိညာဏ် သည်လည်း (ပဉ္စဝေါကာရဘုံဝယ်) ဧကန်အားဖြင့် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏၊ ထိုမနောဝိညာဏ်နှင့် စပ်သဖြင့်လည်း ---

၆။ အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု။ အတ္ထိ ရူပံ မနောဝိညာဏဿ န ဝတ္ထု။ = မနောဝိညာဏ်၏ မှီရာဖြစ်သော ဝတ္ထုရုပ်သည် ရှိ၏။ (ဟဒယဝတ္ထုတည်း။) မနောဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဟဒယဝတ္ထုမှကြွင်းသော ရုပ်အားလုံးတည်း။)

ဤ (၆)ခုမြောက် ဒုက်ကို ဟောပြတော်မူသင့်ပါလျက် ဘုရားရှင်သည် ဟောပြတော် မမူပေ။

အကယ်၍ ဟောတော်မူလျှင် --- အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု = မနောဝိညာဏ်၏ မှီရာဖြစ်သော ဝတ္ထုရုပ်သည် ရှိ၏ --- ဟူသော ဤစကားအရ မနောဝိညာဏ်၏မှီရာ ဟဒယဝတ္ထုရုပ်ကို ကောက်ယူ၍, အတ္ထိ ရူပံ မနောဝိညာဏဿ န ဝတ္ထု = မနောဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏ဟူသော ဤစကားအရ ဟဒယဝတ္ထုမှ ကြွင်းသမျှ ရုပ်အားလုံးကို ကောက်ယူရပေလိမ့်မည်။ ဤသို့ ကောက်ယူ၍ ရနိုင်ဖွယ်ရာ ရှိသော် လည်း, ယင်း ဝတ္ထုဒုက်နှင့် တစ်ဆက်တည်း ဟောရမည့် အာရမ္မဏဒုက် စသည်တို့သည် ဝတ္ထုဒုက်နှင့် လျော်ညီ သော ဒုက် စသည်တို့ မဖြစ်နိုင်ကုန်။

မလျော်ညီပုံကို ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။

၁။ အတ္ထိ ရူပံ စက္ခုဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ စက္ခုဝိညာဏဿ နာရမ္မဏံ။

၂။ အတ္ထိ ရူပံ သောတဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ သောတဝိညာဏဿ နာရမ္မဏံ။

၃။ အတ္ထိ ရူပံ ဃာနဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ ဃာနဝိညာဏဿ နာရမ္မဏံ။

၄။ အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ နာရမ္မဏံ။

၅။ အတ္ထိ ရူပံ ကာယဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ ကာယဝိညာဏဿ နာရမ္မဏံ။ (အဘိ၊၁၊၁၄၆-၁၄၇။)

၁။ စက္ခုဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရူပါရုံတည်း။) စက္ခုဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရူပါရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၂။ သောတဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည်ရှိ၏။ (သဒ္ဒါရုံတည်း။) သောတဝိညာဏ်၏ အာရုံမဟုတ် သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၃။ ဃာနဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံတည်း။) ဃာနဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၄။ ဇိဝှါဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရသာရုံတည်း။) ဇိဝှါဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရသာရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၅။ ကာယဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံတည်း။) ကာယဝိညာဏ်၏ အာရုံမဟုတ် သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

ဤဒုက် (၅)ဒုက်တို့ကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ဤဒုက် (၅)ဒုက်ကို ဟောကြားတော် မူပြီးနောက် ---

၆။ အတ္ထိ ရူပံ မနောဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ မနောဝိညာဏဿ နာရမ္မဏံ။

= မနောဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။

မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။

ဤသို့ ဟောတော်မူခြင်းငှာ မတတ်ကောင်းဖြစ်နေ၏။ အကြောင်းမူ မနောဝိညာဏ်၏ အာရုံဖြစ်သောရုပ်မှာ ရုပ်တရားအားလုံးဖြစ်၍ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်မှာ မရှိကောင်းသောကြောင့် ဖြစ်၏။ ထိုကြောင့် ဤ (၆)ခုမြောက် အာရမ္မဏဒုက်အတွက် တစ်ဘက် = တစ်ခြမ်း ပျက်ဖွယ်ရာ ရှိ၏။ ယင်းသို့ဖြစ်သော် ဝတ္ထုဒုက်နှင့် အာရမ္မဏဒုက်တို့သည် ကွဲပြားသော ဂတိ = ကွဲပြားသော အသွားအလာ ရှိကုန်သည် ဖြစ်လေကုန်ရာ၏။ ဒေသနာတော်သည် တူသောကိစ္စ ရှိသည် တူသောရသ ရှိသည် မဖြစ်လေရာ။ တူသောရသ ရှိသော တူသောကိစ္စ ရှိသော ဒေသနာတော်ကို ဟောပြတော်မူခြင်းငှာ အလိုရှိသော ဆန္ဒဓာတ်တော်သည် ဤဒုကဒေသနာတော်အရာ၌ (= ဤရူပကဏ္ဍ၌) ဘုရားရှင်၏အလို အဇ္ဈာသယဓာတ်တော်ပင်တည်း။ ဤအာရမ္မဏဆဋ္ဌဒုက် တစ်ဘက်ပျက်မည့် အရေးကို မြင်တော်မူသောကြောင့် ဝတ္ထုဒေသနာတော်နှင့် အာရမ္မဏဒေသနာတော်ကို အသွားအလာတူထား၍ ဟောပြတော်မူပါမှ ကျွတ်ထိုက်သသူ ဝေနေယျတို့သည် နားလည်ဖွယ်ရှိရကား အာရမ္မဏဒေသနာ၌ ဆဋ္ဌဒုက် မရအတူတူ ဝတ္ထုဒေသနာမှာလည်း ဆဋ္ဌဒုက်ကို ရသင့်ပါလျက် ဘုရားရှင်သည် ချန်လှပ်ထားတော်မူခဲ့သည်။ ထိုကြောင့် ထိုဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ ဟဒယဝတ္ထုကို ဘုရားရှင်သည် ဟောတော်မမူအပ်၊ မရသင့်သော ကြောင့် ဟောတော်မမူခဲ့သည်ကား မဟုတ်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၉၆-၉၇။)

ဒုက = ဒုက် --- ဟူသည် ပရမတ္ထဓမ္မ အမည်ရကြသော စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်တရားတို့ကို နှစ်ဖို့ နှစ်စု ပြု၍ နှစ်ပုံ ပုံ၍ ဟောကြားထားတော်မူသော ဒေသနာတော်များတည်း။ ဤ ရူပကဏ္ဍ၌ကား ရုပ်တရားတို့ကို နှစ်ဖို့နှစ်စု ပြု၍ ဟောကြားထားတော်မူ၏။ ယင်းဒေသနာမျိုးကို ဒုက်ဟု ခေါ်ဆိုသည်။ အာဂမယုတ္တိဟူသော ပါဠိတော် အာဂုံနည်းအားဖြင့် ဟဒယဝတ္ထု ရှိသင့်ကြောင်းကို တင်ပြပြီး၍ ယခုအခါ သဘာဝယုတ္တိ = အကြောင်း ယုတ္တိအားဖြင့် ဟဒယဝတ္ထုရှိသင့်ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည။

သဘာဝယုတ္တိဖြင့် နှိုင်းချိန်ကြည့်ပါ

အထက်တွင် တင်ပြထားသော --- ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ ---ဟူသော ဒေသနာတော်နှင့်အညီ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော မနောဝိညာဏ်၏မှီရာ = မှီ၍ဖြစ်ရာ ရုပ်တစ်မျိုးကား ရှိသည်ဟုပင် ယူဆရပေမည်။ ဤဝတ္ထုရုပ်ဟူသည် မဟာဘုတ်ကြီး (၄)ပါးလည်း မဖြစ်လေရာ၊ အဘယ်ကြောင့်နည်း --- မဟာဘုတ်တို့ကို ဥပါဒါရုပ်များက မှီပြီးဖြစ်သောကြောင့်တည်း။ ထိုကြောင့် ထိုဝတ္ထုရုပ်ဟူသည် ဥပါဒါရုပ်တို့တွင် မည်သည့်ရုပ် ဖြစ်သင့်ကြောင်းကို စိစစ်ဖွယ်ရှိ၏။ ဥပါဒါရုပ် (၂၄)ပါးတွင်လည်း အနိပ္ဖန္နရုပ်တို့မှာ အထည်ကိုယ် (ပရမတ္ထအထည်ကိုယ်) ထင်ရှားသော ရုပ်များကား မဟုတ်ကြ၊ ပရမတ်အစစ်လည်း မဟုတ်သောကြောင့် အနိပ္ဖန္နရုပ်တို့ဝယ် စိစစ်ဖွယ် မလို၊ ပရမတ်အစစ် ဖြစ်သော နိပ္ဖန္နဥပါဒါရုပ် (၁၄)ပါး၌သာ စဉ်းစားဖွယ် ရှိတော့သည်။

ပရမတ်အစစ်ဖြစ်သော နိပ္ဖန္နဥပါဒါရုပ် (၁၄)ပါးတွင် စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယဟူသော ပသာဒရုပ် = အကြည်ရုပ် (၅)ပါးမှာ စက္ခုဝိညာဏ်စသော ဝိညာဏဓာတ် (၅)ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ် မနောဝိညာဏဓာတ်တို့က ပသာဒရုပ် (၅)ပါးကို မှီ၍ မဖြစ်နိုင်ကုန်။ ရူပ-သဒ္ဒ-ဂန္ဓ-ရသနှင့် ဩဇာရုပ်တို့ကိုလည်း မှီ၍ မဖြစ်နိုင်ကုန်။ အဘယ်ကြောင့်နည်းဟူမူ --- ထို ရူပ-သဒ္ဒ-ဂန္ဓ-ရသ-ဩဇာတို့ကား စက္ခုစသော ဣန္ဒြေနှင့် စပ်သော သက်ရှိသတ္တဝါတို့၏ ရုပ်နာမ်သန္တာန်အစဉ်မှ အပြင်အပဖြစ်သော သက်မဲ့လောက၌လည်း ဖြစ်ကြသော ကြောင့်တည်း။ သစ်ပင်-ရေ-မြေ-တောတောင်စသော ဣန္ဒြေနှင့် မစပ်သည့် သက်မဲ့ရုပ်လောက၌ မနောဓာတ် မနောဝိညာဏဓာတ် နှစ်ပါးတို့သည်လည်း မတည် ဖြစ်ကုန်၏။ ထိုကြောင့် ထိုရူပ-သဒ္ဒ-ဂန္ဓ-ရသ-ဩဇာတို့ကို ထိုဓာတ်နှစ်ပါးတို့က မှီ၍ ဖြစ်မှုမှာလည်း မသင့်သာ ဖြစ်၏။

ဘာဝရုပ် နှစ်မျိုးလုံး မရှိကြသည့် နပုံး ပဏ္ဍုက်တို့၏ သန္တာန်၌လည်း ဤမနောဓာတ် မနောဝိညာဏဓာတ် များလည်း ဖြစ်နေကြသောကြောင့် ဣတ္ထိန္ဒြေ ပုရိသိန္ဒြေဟူသော ဘာဝရုပ်တို့ကို ဤဓာတ်နှစ်ပါးတို့၏ မှီ၍ဖြစ်မှု မှာလည်း မသင့်သာ ဖြစ်ပြန်၏။ တစ်ဖန် ဤဓာတ်နှစ်ပါးသည် ဇီဝိတိန္ဒြေကိုလည်း မမှီနိုင်။ အဘယ်ကြောင့်နည်း --- ဇီဝိတိန္ဒြေမှာ အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ရခြင်း အလုပ်ကိစ္စတစ်မျိုး ရှိပြီးဖြစ်သော ကြောင့်တည်း။ အလုပ်ကိစ္စတစ်ခု ရှိနေသူသည် အခြားကိစ္စတစ်ခုကို မရွက်ဆောင်နိုင်သကဲ့သို့, ဇီဝိတရုပ်မှာ မလွှဲမရှောင်သာသော ကိစ္စက ရှိပြီးဖြစ်၍ သူတစ်ပါး၏ အမှီကို မခံနိုင်တော့ပြီဟု ဆိုလို၏။

ထိုကြောင့် အကြွင်းကိုယူရသော ပါရိသေသနည်းအားဖြင့် ဤမနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုရုပ်သည် ဟဒယဝတ္ထုရုပ်ပင်တည်းဟု သိအပ် သိနိုင်ပေ၏။ (မဟာဋီ၊၂၊၉၇။)

မှန်ပေသည် --- မနောဓာတ် မနောဝိညာဏဓာတ် နှစ်ပါးအပေါင်းကို နိပ္ဖန္နဥပါဒါရုပ်လျှင် မှီရာရှိ၏ဟူ၍ ဆိုခြင်းငှာ တတ်ကောင်း၏။ အဘယ်ကြောင့်နည်းဟူမူ --- ပဉ္စဝေါကာရဘုံ၌ နာမ်တရား၏ ရုပ်တရားနှင့်ဆက်စပ် သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်တည်း။ မှန်ပေသည် --- အကြင်အကြင် ဝိညာဏ်သည် ရုပ်တရားနှင့် ဆက်စပ်သော ဖြစ်ခြင်းရှိ၏၊ ထိုထို ဝိညာဏ်ကို နိပ္ဖန္နဥပါဒါရုပ်လျှင် တည်ရာ မှီရာ ရှိသည်ကို မြင်တွေ့ရ၏၊ ဥပမာ --- စက္ခုဝိညာဏဓာတ်ကဲ့သို့တည်း။ ပဉ္စဝေါကာရဘုံ၌ --- ဟူသော အထက်ပါ အထူးပြု၍ ပြောဆိုထားသော စကားကို မနောဝိညာဏဓာတ်၏ အစွမ်းဖြင့် ဝိသေသနပြုထားသည်ဟု မှတ်ပါ။ ပဉ္စဒွါရာဝဇ္ဇန်း-သမ္ပဋိစ္ဆိုင်းဒွေး ဟူသော မနောဓာတ်သည်ကား စတုဝေါကာရဘုံ၌ မရှိသည်သာ ဖြစ်၏။ (မဟာဋီ၊၂၊၉၇။)

အမေး --- ပဉ္စဝေါကာရဘုံဝယ် ဟဒယဝတ္ထုသည် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်ဖြစ်ခဲ့လျှင် ဣန္ဒြိယနိဿယပစ္စည်း အဖြစ်ကိုလည်း ပြီးစီးစေခြင်းကြောင့် = ဣန္ဒြိယပစ္စယသတ္တိ နိဿယ- ပစ္စယသတ္တိတို့ဖြင့် ဟဒယဝတ္ထုက မနောဝိညာဏ်အား ကျေးဇူးပြုပေးမှုကို ပြီးစီးစေခြင်းကြောင့် ဟဒယဝတ္ထု ဟူသော အကြောင်းတရားသည် ပဋ္ဌာန်းဒေသနာတော် ဣန္ဒြိယပစ္စည်း အကြောင်းတရားနှင့် ဆန့်ကျင်သော အကြောင်းတရား ဖြစ်ရာသည် မဟုတ်လော --- ဤကား အမေးတည်း။

အဖြေ --- ဟဒယဝတ္ထုက ဓာတ်နှစ်ပါးတို့အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်းကို တားမြစ်ထားမှုကို တွေ့မြင်အပ်သည်၏ အဖြစ်ကြောင့် ဆန့်ကျင်သော အကြောင်းတရား မဖြစ်ပါ ဟူ၏။

အကျယ်မှာ ဤသို့ဖြစ်၏ --- စက္ခုပသာဒ၏ ကြည်လင်မှုစွမ်းအင်, ကြည်လင်သောစက္ခုပသာဒ၏ အရေ အတွက်များမှု စွမ်းအင်အားကောင်းခဲ့သော် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်၏ စွမ်းအင်မှာ ထက်မြက် စူးရှလာ၏။ အလွန်သေးငယ်သော ရူပါရုံတို့ကိုသော်လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိလာ၏။ စက္ခုပသာဒ၏ ကြည်လင်မှုစွမ်းအင် လျော့နည်းသွားလျှင်, ကြည်လင်သော စက္ခုပသာဒ၏ အရေအတွက် စွမ်းအင်လျော့နည်း သွားလျှင် ရူပါရုံကိုမြင်တတ်သော စက္ခုဝိညာဏ်၏ စွမ်းအင်မှာလည်း နုံ့သွားတတ်၏။ ထင်ရှားသော ရူပါရုံကိုပင် မှုန်ဝါးဝါး မြင်တတ်၏။ စက္ခုပသာဒ၏ အားနည်းမှု စက္ခုပသာဒရုပ်တို့၏ ဖြစ်မှု အရေအတွက် နည်းပါးလာမှုကြောင့် ဖြစ်၏။ ဤသို့လျှင် စက္ခုဝိညာဏ်၏ မှီရာဖြစ်သော စက္ခုဝတ္ထုရုပ်သည် စက္ခုဝိညာဏ်၏ နုံ့သည်၏အဖြစ် ထက်မြက် သည်၏အဖြစ်ကို စီရင်တတ်၏။

စက္ခုဝတ္ထုရုပ်သည် စက္ခုဝိညာဏ်၏ နုံ့သည်၏အဖြစ်, ထက်မြက်သည်၏အဖြစ်ကို စီရင်ခြင်းကဲ့သို့ ဟဒယ ဝတ္ထုရုပ်သည် မနောဓာတ် မနောဝိညာဏဓာတ် နှစ်ပါးအပေါင်း၏ နုံ့သည်၏အဖြစ် ထက်မြက်သည်၏အဖြစ် စသည်ကို မစီရင်နိုင်၊ ဤသို့ မစီရင်နိုင်ခြင်းကြောင့် ဟဒယဝတ္ထု၏ ဤ ဣန္ဒြိယပစ္စည်းဖြစ်မှုကို တားမြစ်ချက်ကို တွေ့မြင်ရ၏။ ထိုကြောင့်ပင်လျှင် ထိုဟဒယဝတ္ထု၏ ဣန္ဒြိယပစ္စယသတ္တိဖြင့် မနောဓာတ် မနောဝိညာဏဓာတ်တို့ အား ကျေးဇူးပြုမှုကို ပဋ္ဌာန်းဒေသနာတော်၌ ဘုရားရှင်သည် ဟောတော်မမူခဲ့ပေ။ ထိုသို့ မဟောခြင်းဖြင့် ဟဒယ ဝတ္ထု၏ ထိုဓာတ်နှစ်ပါး အပေါင်း၏ နုံ့သည်၏အဖြစ် ထက်သည်၏အဖြစ်ကို စီရင်ခြင်းဟု ဆိုအပ်သော သဟဇာတိန္ဒြယနိဿယပစ္စယသတ္တိ, ဝတ္ထုပုရေဇာတိန္ဒြိယနိဿယပစ္စယသတ္တိဖြင့် ထိုဓာတ်နှစ်ပါးအား ကျေးဇူးပြုတတ် သည်၏အဖြစ်ကို တားမြစ်အပ်၏။ (တားမြစ်ပြီးပင် ဖြစ်တော့၏။) (မဟာဋီ၊၂၊၉၇။)

အမေး --- မနောဓာတ် မနောဝိညာဏဓာတ်ဟူသော ဓာတ်နှစ်ပါးအပေါင်း၏ မှီရာဖြစ်သော ရုပ်သည် ဟဒယဝတ္ထုရုပ်သည်လည်းကောင်း, ဥပါဒါရုပ်သည်လည်းကောင်း ဖြစ်ချင်ဖြစ်ပါစေ၊ သို့သော် ဤ ဟဒယဝတ္ထု ရုပ်သည် ကံလျှင်ဖြစ်ကြောင်းရှိသော ကမ္မသမုဋ္ဌာန်ရုပ် ဖြစ်၏။ သီးခြား ကိန်းသေမြဲသော ကိစ္စရှိ၏၊ (မနောဓာတ် မနောဝိညာဏဓာတ်တို့၏ တည်ရာဖြစ်ခြင်း ကိစ္စကို ဆိုလိုသည်။) နှလုံးသားအရပ်၌သာလျှင် = နှလုံးအိမ်၏ အတွင်း၌ရှိသော သွေးအရပ်၌သာလျှင် တည်၏ --- ဤသို့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် သိနိုင်ပါသနည်း၊ ဤကား အမေးတည်း။

အဖြေ --- ဟဒယဝတ္ထုသည် မှီရာဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝတ္ထုရုပ်ကဲ့သို့ ကံလျှင်ဖြစ်ကြောင်း ရှိသော ကမ္မသမုဋ္ဌာန်ရုပ် ဖြစ်၏၊ ထိုကြောင့်ပင်လျှင် ကိန်းသေမြဲသော ကိစ္စ ရှိ၏။ ဤ၌ မှီရာဝတ္ထုရုပ် ဖြစ်ခြင်းဟူသည် မနောဝိညာဏ်၏ မှီရာဖြစ်မှုကို ဆိုလိုပေသည်။ (မဟာဋီ၊၂၊၉၇-၉၈။)

[ဤအပိုင်းကား အသင်သူတော်ကောင်းကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမည့် အပိုင်းပင်ဖြစ်သည်၊ သို့မှသာလျှင် အထက်ပါ မဟာဋီကာ၏ အဖြေကို သဘောကျ လက်ခံနိုင်မည်။]

အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ကိဉ္စိ စိန္တေန္တဿ ဟဒယဿ ခိဇ္ဇနတော တတ္ထေတမဝဋ္ဌိတန္တိ ဝိညာယတိ။ (မဟာဋီ၊၂၊၉၈။)

ဤသို့ ရေးသားတင်ပြခဲ့သော ပါဠိတော်နှင့် ယုတ္တိများအရ ဝတ္ထုရုပ်တစ်မျိုး ရှိထိုက်ကြောင်းကား ထင်ရှား ပေပြီ၊ ထိုဝတ္ထုရုပ်၏ နှလုံးအိမ်အတွင်း၌ တည်ရှိကြောင်းကိုလည်း ဤသို့ သိရာ၏ ---

တစ်စုံတစ်ခုသော အကြံအစည်ကို လေးလေးနက်နက် စိတ်ပါလက်ပါ စူးစူးစိုက်စိုက် ကြံစည်စဉ်းစား သောအခါ (အထူးသဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ အာရုံကို စူးစူးစိုက်စိုက် ကြံစည်မိသည့်အခါ) ကြံစည်သူ၏ နှလုံးသား၏ ပင်ပန်းခြင်းကြောင့် ဤဟဒယဝတ္ထုသည် ထိုနှလုံးသား အရပ်၌ တည်၏ဟု သိနိုင်ပါ၏။ (မဟာဋီ၊၂၊၉၈။)

တစ်စုံတစ်ခုသော စိတ်မချမ်းမြေ့ဖွယ်ရာ အာရုံကို စူးစူးစိုက်စိုက် ကြံစည်မိသည့်အခါ ယင်းဒေါသမူစိတ် ကြောင့် စိတ္တဇရုပ်တို့သည်လည်း အဆက်မပြတ် ဖြစ်ပေါ်လာရာ ယင်းစိတ္တဇရုပ်တို့တွင် ပါဝင်သော (စိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်သော) တေဇောဓာတ်၏ အပူရှိန် သဘာဝသတ္တိစွမ်းအင်သည် ထက်မြက်စူးရှလာ၏။ ယင်း တေဇောဓာတ်၏ အပူရှိန် စွမ်းအင်သည် မိမိနှင့် နီးစပ်ရာ ရုပ်ကလာပ်များ၌ တည်ရှိသော တေဇောဓာတ်ကို ထပ်ဆင့် အားပေးလျက် ရှိ၏။ အပူရှိန်ဓာတ်ငွေ့သည် နီးစပ်ရာ မဟာဘုတ်များသို့ ကူးစက်ပျံ့နှံ့သွား၏။ ယင်း စိတ်၏မှီရာ ဝတ္ထုရုပ်များသို့လည်း ကူးစက်သွား၏။ သမုတိသစ္စာနယ်မှ ဆိုရသော် စိတ်၏မှီရာ ဟဒယဝတ္ထုနှင့် တကွသော ဟဒယဒသကကလာပ်များ၏ ပျံ့နှံ့ရာ နှလုံးအိမ်အတွင်း၌ တည်ရှိသော သွေးများသို့လည်း ကူးစက်ပျံ့နှံ့ သွား၏။ ထိုသို့ ကူးစက်သဖြင့် ရင်များ ပူလာတတ်၏။

မမျှော်လင့််ဘဲ ဗြုန်းကနဲ ပြင်းထန်သော အသံတစ်ခုကို ကြားရာ၌လည်းကောင်း, တစ်စုံတစ်ယောက်က ခြောက်လှန့်လိုက်သည့် အခါတို့၌လည်းကောင်း စိတ်ဓာတ်တုန်လှုပ်သဖြင့် နှလုံးသွေးနှင့် ရင်များ ခုန်နေတတ်၏။

အပြင်းအထန် သောက နှိပ်စက်သည့်အခါ နှလုံးကွဲတတ်၏ = ရင်ကွဲတတ်၏၊ မနောပဒေါသိက နတ်တို့ကဲ့သို့ သေကျေ ပျက်စီးသွားတတ်၏။ အလွန်ပျော်ရွှင်သည့်အခါ၌လည်း ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ခံစားနေရတတ်၏။

ဤအချက်များကို ထောက်ဆ၍ မနောဝိညာဏ်စိတ်၏ မှီရာ ဤ ဟဒယဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်း၌ တည်ရှိသည်ဟု ယုံကြည်ထိုက်လှပေပြီ၊ ဤသို့ နှလုံးအိမ်အတွင်း၌ တည်ရှိသောကြောင့်ပင်လျှင် ဤဝတ္ထုရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်ရလေသည်။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၄၀၀-၌လည်း ကြည့်ပါ။)

နှလုံးအိမ်ကို အစားထိုး၍ ကုသမှု

မျက်မှောက်ခေတ် ဆရာဝန်ကြီးများသည် နှလုံးအိမ်ကို အစားထိုး၍ ကုသနိုင်စွမ်း ရှိလာကြ၏။ အောင်မြင်မှု ရှိတန်သလောက်လည်း ရှိကြ၏။ ဤအချက်နှင့်ပတ်သက်၍ ဗုဒ္ဓအဘိဓမ္မာ ရှုထောင့်မှ ရှင်းလင်းတင်ပြဖို့ရန် အခွင့်အလမ်းကြီးကား ဆိုက်ရောက်လာပေပြီ။

ကျမ်းပြုအကျော်အမော် ဖြစ်တော်မူကြသော ဆရာတော်ဘုရားကြီးများ၏ အယူအဆများကိုလည်း အသင် သူတော်ကောင်းသည် သိရှိပြီး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဤတွင် ဤကျမ်း၏ သုံးသပ် ဝေဖန်ချက်ကိုလည်း အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

အန္တော စဿ ပုန္နာဂဋ္ဌိပတိဋ္ဌာနမတ္တော အာဝါဋကော ဟောတိ၊ ယတ္ထ အဍ္ဎပသတမတ္တံ လောဟိတံ သဏ္ဌာတိ၊ ယံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။)

အထ ဝါ ယသ္မိံ ရူပကလာပေ ဟဒယဝတ္ထု၊ တမ္ပိ လောဟိတဂတိကမေဝ ဟုတွာ တိဋ္ဌတီတိ ယံ နိဿာယာတိ ဝုတ္တံ။ (မဟာဋီ၊၁၊၃၀၆-၃၀၇။)

= ယင်းနှလုံးသား၏ အတွင်း၌ ပုန်းညက်စေ့တည်ရာမျှလောက်သော တွင်းငယ်သည် ရှိ၏။ ယင်းတွင်းငယ် ဝယ် တစ်လက်ဆွမ်းခွဲမျှလောက်သော = တစ်လက်ဖက်၏ ထက်ဝက် အတိုင်းအရှည် ရှိသော = လက်ခုပ်ဝက်မျှ လောက်သော သွေးသည် တည်နေ၏။ ယင်းသွေး၌ ဟဒယဒသကကလာပ်ပေါင်းများစွာ ပျံ့နှံ့၍ တည်နေ၏၊ ယင်းဟဒယဒသကကလာပ်တို့တွင် ဟဒယဝတ္ထုရုပ် ပါဝင်၏၊ ယင်းဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ် မနော- ဝိညာဏဓာတ်တို့သည် ဖြစ်ပေါ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။ မဟာဋီ၊၁၊၃၀၆-၃၀၇။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ရှင်းလင်း ဖွင့်ဆိုချက်များနှင့်အညီ မနောဓာတ် မနောဝိညာဏဓာတ် တို့၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်သည် နှလုံးအိမ်၏ အတွင်းဝယ် တွင်းငယ်၌ တည်ရှိသော သွေးတို့၌ ပျံ့နှံ့လျက် ဥပါဒ်သော ဟဒယဒသကကလာပ်တို့၌ တည်ရှိသည်ဟု မှတ်သားထားပါ။ ဟဒယဝတ္ထုသည် နှလုံးအိမ်၌ တည်ရှိ သည်မဟုတ်၊ နှလုံးအိမ်အတွင်း တွင်းငယ်၌ တည်ရှိသော သွေး၌သာ ပျံ့နှံ့လျက် တည်ရှိသည်ဟူသော ဆိုလိုရင်း သဘောကို အထူးဂရုပြု၍ မှတ်သားထားပါ။

လောဟိတ = သွေးနှစ်မျိုး

လောဟိတန္တိ ဒွေ လောဟိတာနိ သန္နိစိတလောဟိတဉ္စ သံသရဏလောဟိတဉ္စ။ တတ္ထ သန္နိစိတလောဟိတံ ဝဏ္ဏတော နိပက္ကဗဟလလာခါရသဝဏ္ဏံ၊ သံသရဏလောဟိတံ အစ္ဆလာခါရသဝဏ္ဏံ။ သဏ္ဌာနတော ဥဘယမ္ပိ ဩကာသသဏ္ဌာနံ။ ဒိသတော သန္နိစိတလောဟိတံ ဥပရိမာယ ဒိသာယ ဇာတံ၊ ဣတရံ ဒွီသု ဒိသာသု ဇာတံ။ ဩကာသတော သံသရဏလောဟိတံ ဌပေတွာ ကေသလောမဒန္တနခါနံ မံသဝိနိမုတ္တဋ္ဌာနဉ္စေဝ ထဒ္ဓသုက္ခစမ္မဉ္စ ဓမနီဇာလာနုသာရေန သဗ္ဗံ ဥပါဒိန္နကသရီရံ ဖရိတွာ ဌိတံ၊ သန္နိစိတလောဟိတံ ယကနဋ္ဌာနဿ ဟေဋ္ဌာဘာဂံ ပူရေတွာ ဧကပတ္ထပူရမတ္တံ ဟဒယဝက္ကပပ္ဖါသာနံ ဥပရိ ထောကံ ထောကံ ပဂ္ဃရန္တံ ဝက္ကဟဒယယကနပပ္ဖါသေ တေမယမာနံ ဌိတံ။ တသ္မိဥှိ ဝက္ကဟဒယာဒီနိ အတေမေန္တေ သတ္တာ ပိပါသိတာ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၃၃။ ဝိသုဒ္ဓိ၊၁၊၂၅၃။)

သွေးသည် ---

၁။ ကောင်းစွာ စုဝေးတည်နေသော သန္နိစိတသွေး,

၂။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးဟု

သွေး (၂)မျိုးတို့ ရှိကုန်၏။ ထိုသွေး (၂)မျိုးတို့တွင် ကောင်းစွာ စုဝေးတည်နေသော သန္နိစိတသွေးသည် အရောင်အဆင်းအားဖြင့် ကျက်ပြီးသော ပျစ်ချွဲသော ချိပ်ရည်အဆင်း ရှိ၏။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးသည် ကြည်သော ချိပ်ရည်အဆင်း ရှိ၏။ ပုံသဏ္ဌာန်အားဖြင့် သွေး (၂)မျိုးလုံးသည် တည်ရာအရပ် နှင့် တူသော ပုံသဏ္ဌာန်ရှိ၏။ ဖြစ်ရာ အရပ်ဒေသအားဖြင့် ကောင်းစွာ စုဝေး တည်နေသော သန္နိစိတသွေးသည် ခန္ဓာကိုယ်၏ အထက်ပိုင်း အရပ်၌ ဖြစ်၏။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးသည် ဆံပင်- မွေးညင်း-သွား-ခြေသည်း-လက်သည်းတို့၏ အသားမှ လွတ်ရာဌာနကိုလည်းကောင်း, ကြမ်းတမ်းခြောက်သွေ့သော အရေထူ အရေပါးကိုလည်းကောင်း ချန်လှပ်ထား၍ အကြော၏ အတွင်းဝယ် အကြောတည်းဟူသော ကွန်ယှက်ကို = ကွန်ရက်ကို အစဉ်လိုက်သောအားဖြင့် ဥပါဒိန္နကသရီရ အမည်ရသော တဏှာ-မာန-ဒိဋ္ဌိတို့က ငါ့ကိုယ်ဟု စွဲလမ်းမှတ်ယူအပ်သော တစ်ကိုယ်လုံးကို ပျံ့နှံ့၍ တည်၏။

ကောင်းစွာ စုဝေးတည်နေသော သန္နိစိတသွေးကား အသည်းတည်ရာ ဌာန၏ အောက်ဘက် အဖို့ဘာဂကို ပြည့်စေ၍ တစ်ကွမ်းစားပြည့် = တစ်သပိတ်ပြည့်ခန့် အတိုင်းအရှည် ရှိသည်ဖြစ်၍ နှလုံးအိမ်, အညှို့ = ကျောက်ကပ်, အဆုတ်တို့၏ အထက်၌ အနည်းငယ် အနည်းငယ် ယိုချလျက် ယိုစီးလျက်, အညှို့ = ကျောက်ကပ်, နှလုံး, အသည်း, အဆုတ်တို့ကို စိုစွတ်စေလျက် တည်နေ၏။ မှန်ပေသည် ထိုသွေးသည် အညှို့ = ကျောက်ကပ်, နှလုံးအိမ် စသည်တို့ကို မစိုစွတ်စေလတ်သော် သတ္တဝါတို့သည် ရေမွတ်သိပ် ဆာလောင်လာကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၃။ ဝိသုဒ္ဓိ၊၁၊၂၅၃။)

ဤအထက်ပါ အဋ္ဌကထာ အဖွင့်များနှင့်အညီ နှလုံးအိမ်အတွင်းဝယ် တွင်းငယ်၌ တည်ရှိသော သွေးသည် အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေး အမျိုးအစားတွင် ပါဝင်သည်ဟု မှတ်သားထားပါ။

ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းဝယ် (၄၂)ကောဋ္ဌာသတို့ လာရှိ၏။ (အဘိ၊၂၊၈၆။ ဝိသုဒ္ဓိ၊၁၊၃၅၉။) ယင်း (၄၂)ကောဋ္ဌာသတို့တွင် ဝါယောကောဋ္ဌာသ (၆)ပါး လာရှိ၏။ ယင်း ဝါယောကောဋ္ဌာသ (၆)မျိုးတို့တွင် အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော ဝါယောကောဋ္ဌာသ တစ်မျိုး ပါရှိ၏။

အင်္ဂမင်္ဂါနုသာရိနော ဝါတာတိ ဓမနီဇာလာနုသာရေန သကလသရီရေ အင်္ဂမင်္ဂါနိ အနုသဋာ သမိဉ္ဇနပသာရဏာဒိနိဗ္ဗတ္တကာ ဝါတာ။ (အဘိ၊ဋ္ဌ၊၂၊၆၆-၆၇။)

အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသည် အကြောတည်းဟူသော ကွန်ရက် (= ကွန်ယှက်)ကို အစဉ်လျှောက်သောအားဖြင့် တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ်တို့သို့ အစဉ် ပျံ့နှံ့ကုန်သော ကွေးခြင်း ဆန့်ခြင်း အစရှိသည်ကို ဖြစ်စေတတ်ကုန်သော လေတို့တည်း။ (အဘိ၊ဋ္ဌ၊၂၊၆၆-၆၇။)

အကြောတို့ကို လျှောက်သွားနေသော သွေးသည် အထက်ပါ အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော အကြောတည်းဟူသော ကွန်ရက်ကို အစဉ်လျှောက်သောအားဖြင့် တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ်တို့သို့ အစဉ်ပျံ့နှံ့ကုန်သော လေတို့၏ စွမ်းအင်သတ္တိကြောင့် တစ်ကိုယ်လုံးသို့ အကြောအတွင်းမှနေ၍ လည်ပတ် သွားလာနေခြင်း ဖြစ်၏။ ဤကား သမုတိသစ္စာနယ်မှ ရှင်းလင်းချက် ဖြစ်သည်။

သွေးဟူသည် လေဟူသည်

ဤတွင် ပရမတ္ထသစ္စာနယ်မှ အဆိုအမိန့်များကို ဆက်လက်၍ တင်ပြပါရစေ ---

ဧဝံ စတုသမုဋ္ဌာနေသု စတုဝီသတိကောဋ္ဌာသေသု စတုစတ္တာလီသ စတုစတ္တာလီသ ရူပါနိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤသို့လျှင် ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား (၄)ပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ် လာကြကုန်သော စတုသမုဋ္ဌာန်ဖြစ်ကုန်သော (၂၄)မျိုးသော ကောဋ္ဌာသတို့၌ (၄၄)မျိုး (၄၄)မျိုးသော ရုပ်တရား တို့သည် ရှိကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤအထက်ပါ (၂၄)ကောဋ္ဌာသတို့၌ သွေးကောဋ္ဌာသလည်း ပါဝင်လျက် ရှိ၏။ အသင်သူတော်ကောင်း သည်, ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်း တင်ပြထားခဲ့သည့်အတိုင်း, သွေး၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

၁။ ကာယဒသကကလာပ် ၁၀

၂။ ဘာဝဒသကကလာပ် ၁၀

၃။ စိတ္တဇအဋ္ဌကလာပ် ၈

၄။ ဥတုဇအဋ္ဌကလာပ် ၈

၅။ အာဟာရဇအဋ္ဌကလာပ် ၈

အားလုံးပေါင်းသော် ၄၄

ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)တို့သည် သွေး၌ တည်ရှိကြ၏။ သို့သော် နှလုံးအိမ် အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိကြသော သွေး၌ကား ရုပ်ကလာပ် အမျိုးအစားနှင့် ရုပ်အမျိုးအစားတို့မှာ အောက်ပါအတိုင်းဖြစ်ကြ၏။

မနောဒွါရေ ဟဒယဝတ္ထုကာယဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၉)

၁။ ဟဒယဒသကကလာပ် ၁၀

၂။ ကာယဒသကကလာပ် ၁၀

၃။ ဘာဝဒသကကလာပ် ၁၀

၄။ စိတ္တဇအဋ္ဌကလာပ် ၈

၅။ ဥတုဇအဋ္ဌကလာပ် ၈

၆။ အာဟာရဇအဋ္ဌကလာပ် ၈

အားလုံးပေါင်းသော် ၅၄

ဤသို့လျှင် နှလုံးအိမ်အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိသော သွေး၌ကား ရုပ်ကလာပ် အမျိုးအစား (၆)မျိုး ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြ၏။

ပရမတ္ထသစ္စာနယ်၌ကား နှလုံးဟူသည် နှလုံးအိမ်ဟူသည် သွေးဟူသည် မရှိ၊ (၅၄)မျိုးကုန်သော ပရမတ္ထ ရုပ်သဘောတရားတို့သာ တည်ရှိကြ၏၊ အမျိုးအစားကိုသာ (၅၄)မျိုးဟုဆိုသည်၊ အရေအတွက်ကိုကား မဆိုလိုပါ။ တစ်မျိုး တစ်မျိုး၌ ရုပ်အရေအတွက်ကား များစွာရှိနိုင်၏။ ယင်းပရမတ္ထ ရုပ်တရားတို့ကား ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် ပျက်သွားကြကုန်၏။ မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက်, တစ်စက္ကန့်ဟူသော အချိန် ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှည်ကြ၏။ စိတ္တက္ခဏအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၅၁)ချက်သာ သက်တမ်းရှိကြ၏။ သက်တမ်းကား အလွန်တိုတောင်း၏။

ရူပဓမ္မာပိ ယတ္ထ ဥပ္ပဇ္ဇန္တိ၊ တတ္ထေဝ ဘိဇ္ဇန္တိ၊ န ဒေသန္တရံ သင်္ကမန္တိ။ (အနုဋီ၊၁၊၁၆၂။)

ရုပ်တရားတို့မည်သည်မှာလည်း ဖြစ်သည့်နေရာ၌သာလျှင် ပျက်သွားကြ၏၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားရိုး, ပြောင်းရွှေ့နိုင်ရိုး ဓမ္မတာ မရှိကြ။ ပရမတ္ထသစ္စာနယ်တည်း။

တစ်ဖန် အင်္ဂမင်္ဂါနုသာရိနော ဝါတာ = အကြောတည်းဟူသော ကွန်ရက်ကို အစဉ်လျှောက်သောအားဖြင့် တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ်တို့သို့ အစဉ်ပျံ့နှံ့ကုန်သော ကွေးခြင်း ဆန့်ခြင်း, သွေးကိုလည်ပတ်စေခြင်း စသည်တို့ကို ဖြစ်စေတတ်ကုန်သော အကြော၏ အတွင်း၌ တည်ကုန်သော လေတို့ဟူသည် (၃၃)မျိုးသော ရုပ်တရားတို့၏ အစုအပုံတို့သာတည်း။

သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ စ ဩဇဋ္ဌမကာနီတိ တေတ္တိံသ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

အထက်ပါ အကြောအတွင်း၌ တည်သော ဝါယောကောဋ္ဌာသ၌ ---

၁။ ဇီဝိတနဝကကလာပ် ၉

၂။ စိတ္တဇအဋ္ဌကလာပ် ၈

၃။ ဥတုဇအဋ္ဌကလာပ် ၈

၄။ အာဟာရဇအဋ္ဌကလာပ် ၈

အားလုံးပေါင်းသော် ၃၃

ရုပ်ကလာပ် အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးတို့တည်း။ အသင်သူတော်ကောင်းသည် အကြော အတွင်း၌ တည်နေသော ယင်းလေကောဋ္ဌာသကို ရှေးဦးစွာ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် စွမ်းအင်ဖြင့် မြင်အောင်ရှုပါ။ လေကိုမြင်သောအခါ ယင်းလေ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိမည်ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲကြည့်ပါက အထက်ပါ (၃၃)မျိုးသော ရုပ်တရားတို့ကို တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်တရားတို့၌ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်သည် လွန်ကဲလျက် ရှိ၏၊ ထက်မြက်လျက် ရှိ၏၊ စူးရှလျက် ရှိ၏။ သို့သော် ယင်း ရုပ်တရားတို့မှာလည်း အနိစ္စတရားတို့သာ ဖြစ်ရကား ဖြစ်ပြီးသည်နှင့် ပျက်သွားကြ၏။ သို့သော် ---

၁။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးဟု ခေါ်ဆိုသော ရုပ်တရားတို့သည်လည်းကောင်း,

၂။ အကြောအတွင်းမှ ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သွားနေသော အင်္ဂမင်္ဂါနုသာရိနော ဝါတာဟု ခေါ်ဆိုသော ရုပ်တရားတို့သည်လည်းကောင်း ---

မိမိတို့ကို ဖြစ်ပေါ်စေတတ်ကုန်သော ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရားတို့က အဆက်မပြတ် ကျေးဇူးပြုပေးနေသမျှ ကာလပတ်လုံး အကျိုးတရား ဖြစ်ကြရကုန်သော မိမိတို့ ရုပ်တရားတစ်စု တို့သည်လည်း အကြောင်းမကုန်သေးသမျှ ဖြစ်ပျက်သန္တာန်အစဉ်အားဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြရသည်သာ ဖြစ်၏၊ အထပ်ထပ် ဖြစ်နေကြရဦးမည်သာ ဖြစ်၏။

ယင်းသို့ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေရသော ပရမတ္ထဓမ္မ သဘာဝတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိ မမြင်သေးသူတို့ကား သွေးဟု သိကြ၏၊ လေဟု သိကြ၏။ သမုတိသစ္စာနယ်တည်း။ ထိုကြောင့် သမုတိသစ္စာနယ်သုံး ဝေါဟာရနှင့်အညီ ဆက်လက်၍ ရှင်းလင်း တင်ပြအပ်ပါသည်။

ယင်းနှလုံးအိမ်၏ အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိသော ဟဒယဝတ္ထုနှင့် တကွသော ဟဒယဒသကကလာပ်ရုပ်တို့၏ ပျံ့နှံ့၍ တည်ရာဖြစ်သော သွေးသည် အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးဖြစ်၏။ နှလုံးအိမ် အတွင်း၌ အမြဲတည်နေသော သွေးကား မဟုတ်ပေ။ ယင်းသွေးများ သည် အကြောများအတွင်းမှ တစ်ကိုယ်လုံးသို့ လည်ပတ် သွားလာနေရသဖြင့် ဟဒယဝတ္ထုရုပ်များလည်း သွေးသွားရာနောက်သို့ လိုက်ပါ၍ ဖြစ်နေကြသည်ဟူ၍ကား မယူဆလေရာ။ နှလုံးအိမ်၏ အတွင်းဝယ် တွင်းငယ်၌ တည်ခိုက် သွေးတို့၌သာ ပျံ့နှံ့လျက် ဟဒယဒသကကလာပ်အနေဖြင့် ဟဒယဝတ္ထုရုပ်များသည် အနိစ္စ အနေအထားအားဖြင့် ဖြစ်နေကြ၏ဟုသာ မှတ်သားထားပါ။

အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော အကြော၏အတွင်းသို့ အစဉ်လျှောက်သွားနေသော ဝါယောဓာတ်၏ တွန်းကန်ပေးနေသည့် စွမ်းအင်ကြောင့် သံသရဏသွေးများသည် တစ်ကိုယ်လုံးသို့ လည်ပတ်သွားလာနေခြင်း ဖြစ်၏။ ယင်းသို့ တွန်းအားပေးနေသော ဝါယောဓာတ်တို့မှာ ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ဖြစ်ပေါ်လာကြကုန်သော စတုသမုဋ္ဌာနိက ဝါယောဓာတ်တို့ပင် ဖြစ်ကြ၏။

ထိုအကြောင်းတရားတို့တွင် သံသရဏသွေး၌ ပါဝင်သော ကမ္မဇရုပ်, အကြောအတွင်း၌ တည်သော လေ၌ ပါဝင်သော ကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော ကံ၏ အကျိုးပေးပုံကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

ကာလောပဓိပယောဂါနံ၊ ဂတိယာ စ ယထာရဟံ။

သမ္ပတ္တိဉ္စ ဝိပတ္တိံ စ၊ ကမ္မမာဂမ္မ ပစ္စတိ။ (အဘိဓမ္မာဝတာရအဋ္ဌကထာ။)

အတိတ်ဘဝက ပြုစုပျိုးထောင်ထားသော ကုသိုလ်ကံသည် ---

၁။ ကာလသမ္ပတ္တိ = အကျိုးပေးဖို့ရန် အချိန်ကာလနှင့် ပြည့်စုံခြင်း,

၂။ ဥပဓိသမ္ပတ္တိ = အကျိုးပေးဖို့ရန် ဥပဓိရုပ်နှင့် ပြည့်စုံခြင်း,

၃။ ပယောဂသမ္ပတ္တိ = အကျိုးပေးဖို့ရန် လုံ့လပယောဂနှင့် ပြည့်စုံခြင်း,

၄။ ဂတိသမ္ပတ္တိ = အကျိုးပေးဖို့ရန် ဂတိဘဝနှင့် ပြည့်စုံခြင်း,

ဤအကြောင်းတရားတို့နှင့် ပေါင်းဆုံမိလတ်သော် အကျိုးပေးဖို့ရန် အခွင့်အလမ်းများသည် ပွင့်လန်း သာယာလျက် ရှိ၏။ သို့သော် ကာလဝိပတ္တိ, ဥပဓိဝိပတ္တိ, ပယောဂဝိပတ္တိ, ဂတိဝိပတ္တိဟူသော အကြောင်းတို့နှင့် ပေါင်းဆုံမိလတ်သော် အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်တတ်၏။ အခွင့်အလမ်းများ ပိတ်ဆို့နေတတ်၏။ (အကျယ်ကို သင်္ခါရက္ခန္ဓာပိုင်းတွင် ကြည့်ပါ။)

အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်ကံသည် ယင်း ကာလ-ဥပဓိ-ပယောဂ-ဂတိတည်းဟူသော သမ္ပတ္တိစက်တို့၏ အထောက်အပံ့ကောင်းကို ရရှိခဲ့သော် သံသရဏသွေးနှင့် အကြောအတွင်း၌ တည်သော လေ (အင်္ဂမင်္ဂါနုသာရိနော ဝါတာ)တို့တွင် ပါဝင်သော ကမ္မဇရုပ်တို့ကို အချိုးတကျ ဖြစ်စေမည်သာ ဖြစ်၏။

အကယ်၍ ကုသိုလ်ကံက ကမ္မဇရုပ်တို့ကို အချိုးတကျ ဖြစ်စေလျှင်, စိတ်-ဥတု-အာဟာရတို့ကလည်း စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို အချိုးတကျ ဖြစ်စေနိုင်လျှင် --- ကံ-စိတ်-ဥတု-အာဟာရတည်း ဟူသော အကြောင်းတရားတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ယင်း သံသရဏသွေးနှင့် အကြောအတွင်း၌ တည်သော လေတို့သည်လည်း အချိုးကျကျ လည်ပတ်နေကြမည်သာ ဖြစ်ပေသည်။ ယင်းသို့ လည်ပတ်ရာ၌ နှလုံးအိမ်ကား အရေးကြီးသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုပင် ဖြစ်၏။

နှလုံးအိမ်သည် သံသရဏသွေးကို တစ်ကိုယ်လုံးသို့ လည်ပတ်စေတတ်သော တွန်းကန်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်ပေးတတ်သော အင်္ဂမင်္ဂါနုသာရိနော ဝါတာ အမည်ရသော ဝါယောဓာတ်တို့ကို အားကောင်းလာအောင် ထောက်ပံ့တတ်သော ကိရိယာတစ်မျိုး ဖြစ်၏။

ဆရာဝန်ကြီးများသည် နှလုံးအိမ်ကို အစားထိုး၍ ကုသရာ၌ ယင်းသံသရဏသွေးကို လည်ပတ်နေအောင် အကြောအတွင်းမှ ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်နေသော အင်္ဂမင်္ဂါနုသာရိနော ဝါတာ အမည်ရသော ဝါယောဓာတ်များ အားကောင်းလာအောင် နှလုံးကဲ့သို့ပင် အားပေး ထောက်ပံ့တတ်သော စက်ကိရိယာ တစ်မျိုးကို အသုံးပြုကြရ၏။

ယင်းစက်ကိရိယာ၏ တွန်းကန်နေသော လေဟူသည် ပရမတ္ထသစ္စာနယ်မှ ဆိုရသော် ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့၏ အစုအပုံသာ ဖြစ်၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဝါယောဓာတ်က တွန်းကန်ခြင်း သမုဒီရဏကိစ္စဖြင့် အားပေးထောက်ပံ့လိုက်သောအခါ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်နေသော အကြောအတွင်း ၌ တည်ရှိသော အင်္ဂမင်္ဂါနုသာရိနော ဝါတာ အမည်ရသော လေသည် အားကောင်းမြဲ အားကောင်းလျက်ပင် ရှိ၏။ သံသရဏသွေးကို လည်ပတ်စေနိုင်သော စွမ်းအင်များ ဆက်လက် တည်ရှိလျက်ပင် ရှိနေ၏။

နှလုံးအိမ် ခေတ္တ မရှိသော်လည်း သံသရဏသွေး၏ လည်ပတ်မှုနှင့် အကြောအတွင်း၌ရှိသော ဝါယော ဓာတ်တို့၏ တွန်းကန်မှုမှာ ပုံမပျက်ပင်ရှိနေ၏။ ယင်း အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော ဝါယောဓာတ်၏ စွမ်းအားကြောင့် သံသရဏသွေး အမည်ရသော ရုပ်တရားတို့သည် နေရာအသစ်အသစ်၌ ပြောင်း၍ ဥပါဒ်နိုင်ခြင်းပင် ဖြစ်၏။

အတိတ်ကံကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇရုပ်ဖြစ်သည့် ဟဒယဝတ္ထုရုပ်သည်လည်း ဟဒယဒသက ကလာပ်အနေဖြင့် ယင်းသွေးတို့၌ ပျံ့နှံ့လျက် အသစ်အသစ် ဥပါဒ်လျက်ပင် ရှိ၏။ နှလုံးအိမ် အတွင်း၌ ဖြတ်သန်း သွားလာရာမှ ခေတ္တအားဖြင့် မူလ နှလုံးအိမ်အတွင်း သံသရဏသွေးများ ဖြစ်နေကျနေရာ ဝန်းကျင်တွင်ပင် ယင်းသံသရဏသွေးများ၌ ပျံ့နှံ့လျက် ဆက်လက်၍ ဥပါဒ်လျက်ပင် ရှိ၏၊ အတိတ်ကံ အရှိန်မကုန်သေးသမျှ ဆက်လက်၍ ဥပါဒ်နေကြဦးမည်သာ ဖြစ်ကြ၏။ ထိုကြောင့် ထိုအချိန်တွင် မနောဓာတ်-မနောဝိညာဏဓာတ်တို့လည်း ထိုက်သလို ဖြစ်နေကြမည်သာ ဖြစ်သည်။

နှလုံးအိမ်ကို အစားထိုးပြီးသောအခါ၌ကား သံသရဏသွေးများသည် ယင်းနှလုံးအိမ်အသစ်ကို ဖြတ်သန်း၍ အင်္ဂမင်္ဂါနုသာရိနော ဝါတာ ဟူသော ဝါယောဓာတ်၏ တွန်းကန်သည့် စွမ်းအင်ကြောင့် ဆက်လက်၍ လည်ပတ်နေ မည်သာ ဖြစ်ပေသည်။ ကံအရှိန် မကုန်သမျှ ဤနည်းအတိုင်းပင် ဖြစ်နေမည် ဖြစ်သည်။ ကံအရှိန်ကုန်လျှင်ကား ရပ်ဆိုင်းသွားပေလိမ့်မည်။

၁။ ဆရာဝန်များ၏ ကုသပေးနိုင်သည့် အချိန်ကာလ, လူနာ၏လည်း ကုသမှုကို ခံယူနိုင်သည့် အချိန်ကာလ ဟူသော ကာလသမ္ပတ္တိ,

၂။ ကုသပေးနိုင်သည့် နေရာဒေသ, ကုသမှုကို ခံယူနိုင်သည့် နေရာဒေသဟူသော ဂတိသမ္ပတ္တိ,

၃။ ဆရာဝန်ကြီးများ၏ ကြိုးစားအားထုတ်မှု လုံ့လပယောဂ, လူနာ၏ ကြိုးစားအားထုတ်မှု လုံ့လပယောဂ ဟူသော ပယောဂသမ္ပတ္တိ,

၄။ လူနာ၏ ကုသမှုကို ခံယူနိုင်သည့် ဥပဓိသမ္ပတ္တိ = ကိုယ်ခံအားနှင့် ပြည့်စုံခြင်း ---

ဤကဲ့သို့သော အကြောင်းအထောက်အပံ့ကောင်းများကို ရရှိသည့်အတွက် အတိတ်ကံသည် ဟဒယဝတ္ထုနှင့် တကွသော ကမ္မဇရုပ်တို့ကို ဆက်လက် ဖြစ်စေနိုင်ခြင်း ဖြစ်၏။ ကမ္မဇရုပ်တည်းဟူသော အထောက်အပံ့ကောင်းကို ရရှိသည့်အခါ စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့သည်လည်း ဖြစ်မြဲပင် ဖြစ်နေကြပေလိမ့်မည်။

ဤ ရှင်းလင်းချက်များအရ နှလုံးအိမ်ဟူသည် သံသရဏသွေး အမည်ရသော စတုသမုဋ္ဌာနိက ရုပ်တရား တို့၏ ဖြတ်သန်းသွားလာရာ လမ်းကြောင်း ဖြစ်သည်ကိုကား သဘောပေါက်သင့်ပြီ။ နှလုံးအိမ်ကို ခွဲစိတ်ကုသရာ၌ ယင်း သံသရဏသွေးတွင် ပါဝင်တည်ရှိသော ဟဒယဝတ္ထု ရုပ်များသည် မူလဖြစ်နေကျနေရာ၌ မဥပါဒ်ဘဲ နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်မှုကို သဘောကျသင့်ပေ၏။ ကာယဝိညတ်ရုပ်၏ စွမ်းအားကြောင့် တစ်နည်း ဆိုသော် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ်နှင့် တကွသော မဟာဘုတ်တို့၏ စွမ်းအင်ကြောင့် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးတိ့ုကြောင့် ဖြစ်သော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းသည် (သွားရာ, လာရာ, ကွေးရာ, ဆန့်ရာ စသည်တို့၌) နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်ကြသကဲ့သို့ မှတ်ပါ။

အယူအဆတစ်မျိုး

ဟဒယံ သရီရဗ္ဘန္တရေ ဥရဋ္ဌိပဉ္ဇရမဇ္ဈံ နိဿာယ ဌိတံ။ (အဘိ၊ဋ္ဌ၊၂၊၅၇။ ဝိသုဒ္ဓိ၊၁၊၃၅၁။)

ဥရဋ္ဌိသင်္ဃာဋော ပဉ္စရသဒိသတာယ ဥရဋ္ဌိပဉ္ဇရန္တိ ဝုတ္တော။ (မဟာဋီ၊၁၊၄၄၀။)

နှလုံးသားသည် ခန္ဓာကိုယ်၏အတွင်း ရင်ရိုးချိုင့် = ရင်ဘတ်ရိုးချိုင့်၏ အလယ်ကိုမှီ၍ တည်၏။ ရင်ဘတ်ရိုး၏ အောက်နား၌ အချိုင့်ရှိ၏၊ ထိုချိုင့်၏ အလယ်ကိုမှီ၍ ဟဒယ = နှလုံးသည် တည်၏။ ထီး၏ ခရိုင်များ ပေါင်းဆုံရာ အရပ်ကို ထီးချိုင့်ဟု ခေါ်ဝေါ်သုံးစွဲသကဲ့သို့ ရင်ဘတ်ရိုးတို့၏ ပေါင်းဆုံရာအရပ်ကို ထီးချိုင့်နှင့် တူသောကြောင့် ဥရဋ္ဌိပဉ္ဇရ = ရင်ရိုးချိုင့် = ရင်ဘတ်ရိုးချိုင့်ဟု ခေါ်၏။ (အဘိ၊ဋ္ဌ၊၂၊၅၇။ ဝိသုဒ္ဓိ၊၁၊၃၅၁။ မဟာဋီ၊၁၊၄၄၀။)

ဤ အထက်ပါ အဋ္ဌကထာ၏ အဖွင့်ကို ကြည့်၍ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားက မိမိ၏ သမ္မောဟဝိနောဒနီ ဘာသာဋီကာတွင် အောက်ပါအတိုင်း မှတ်ချက်ချထား၏။

ဤအဆိုကို ကြည့်၍ ပါဠိ၌ သုံးအပ်သော ဟဒယ = နှလုံးသားဟူသည် ယခုခေတ် ဆရာဝန်တို့ စမ်းသပ် အပ်သော ရင်ဘတ်၏ ဝဲဘက်၌ သားမြတ်အောက်နားဝယ် တည်သော နှလုံးသားမဟုတ်ဟု ခွဲခြားမှတ်သားပါ။ သို့သော် ထိုနှလုံးသား၏ အဆက်အသွယ်ကား ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ (သမ္မောဟဝိနောဒနီဘာသာဋီကာ၊၁၊၁၇၈။)

ထိုရင်ချိုင့် အရပ်ဝယ် နှလုံးအိမ်နှင့် ဆက်သွယ်နေသော သွေးကြောကြီးများ ရှိနေကြ၏။ အခြား အခြား သော သွေးကြောများလည်း ထိုက်သလို ရှိနေကြ၏။ ယင်းသွေးကြောကြီးတို့၏ အတွင်း၌ သွေးလေတို့၏ လှုပ်ရှားမှု စွမ်းအင် ကြီးမားလာသောအခါ ရင်တွင်း၌ လှုပ်ရှားမှုများ ပိုမို၍ ပြင်းထန်လာတတ်၏။ သွေးလေတို့၏ လှုပ်ရှားမှု ပြင်းထန်ရခြင်းမှာလည်း ကံ-စိတ်-ဥတု-အာဟာရတို့ အပေါ်၌ အခြေစိုက်လျက် ရှိ၏။ သွေးလေတို့၏ လှုပ်ရှားမှု ပြင်းထန်ရခြင်းမှာ ကံကြောင့်လည်း ဖြစ်နိုင်၏၊ စိတ်ကြောင့်လည်း ဖြစ်နိုင်၏၊ ဥတုကြောင့်လည်း ဖြစ်နိုင်၏၊ အာဟာရကြောင့်လည်း ဖြစ်နိုင်၏၊ စိတ်လှုပ်ရှားမှု ပြင်းထန်လာလျှင် နှလုံးသွေး၌တည်သော စိတ္တဇဩဇဋ္ဌမက ကလာပ်တို့တွင် ပါဝင်သော စိတ္တဇဝါယောဓာတ်, အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော အကြောအတွင်းရှိ လေ၌ တည်သော စိတ္တဇဩဇဋ္ဌမကကလာပ်တို့တွင် ပါဝင်သော စိတ္တဇဝါယောဓာတ်သည် စွမ်းအင်သတ္တိ ထက်မြက် လာ၏၊ စူးရှလာ၏၊ လွန်ကဲလာ၏။ ထိုအခါတွင် ထိုစိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြီးမားမှုကြောင့် အတူဖြစ်ဖက် သဟဇာတ ရုပ်တရားများ ဖြစ်ကြသည့် စတုသမုဋ္ဌာနိက ရုပ်တရားများ ဖြစ်ကြသော သွေး-လေတို့သည်လည်း လှုပ်ရှားမှု ပြင်းထန်လာကြ၏၊ တုန်ခါမှုစွမ်းအင်များ ကြီးထွားလာကြ၏။ ထိုအခါတွင် ရင်ချိုင့်အတွင်း၌ ရှိသော သွေးလေတို့၏ လှုပ်ရှားမှုမှာလည်း ပြင်းထန်လာ၏။ ဤကား နှလုံးအိမ်နှင့် ရင်ရိုးချိုင့်အတွင်း သွေးကြောကြီး တို့၌ တည်ရှိသော သွေးလေတို့၏ အဆက်အသွယ် မကင်းပုံတည်း။

အကယ်၍ ရင်ချိုင့်အတွင်းဝယ်ရှိသော သွေးကြောကြီးတို့၏ အတွင်း၌ တည်သော သွေးတို့ကို မှီ၍ ဟဒယ ဝတ္ထုရုပ်များသည် ဖြစ်နေကြသည်ဟု လက်ခံငြားအံ့၊ နှလုံးအိမ်ကို အစားထိုး၍ ကုသမှုမှာ ဟဒယဝတ္ထုနှင့် အလှမ်းကွာသွားပြီ ဖြစ်၏။ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာ ဟဒယဝတ္ထုနှင့် ပတ်သက်၍ အငြင်း ပွားမှုမှာလည်း ဝေးကွာသွားဖွယ်ရာ ရှိ၏။

သို့သော် -- ဟဒယသည် ခန္ဓာကိုယ်၏အတွင်း ရင်ရိုးချိုင့်၏ အလယ်ကိုမှီ၍ တည်၏ -- ဟူသော စကားကို သမီပူပစာရအားဖြင့် ဖွင့်ဆိုသောစကားဟု ယူသင့်၏။

ဂင်္ဂါယံ သဿံ တိဋ္ဌတိ = ဂင်္ဂါမြစ်၌ ကောက်ပင်သည် တည်ရှိ၏ --- ဟု ဆိုရာဝယ် ဂင်္ဂါမြစ် အတွင်း၌ ကောက်ပင်ကား မတည်နိုင်။ ဂင်္ဂါမြစ်၏ ကမ်းပါး၌သာ ကောက်ပင်သည် တည်နိုင်၏။ ကောက်ပင်၏ အနီးအပါး၌ တည်ရှိသော ဂင်္ဂါမြစ်၏ ဂင်္ဂါဟူသော အမည်ကို ဂင်္ဂါမြစ်နှင့် နီးကပ်သော ကမ်းနားဒြပ်၌ တင်စား၍ အနီးဖြစ်သော ကမ်းနားဒြပ်ကို ဂင်္ဂါဟု ခေါ်ဆိုသကဲ့သို့ --- အလားတူပင် နှလုံးအိမ်အတွင်း ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ ဟဒယဝတ္ထုရုပ်တို့၏ ပျံ့နှံ့တည်ရှိရာ သွေးနှင့် ရင်ရိုးချိုင့်အလယ် သွေးကြောတို့ အတွင်း၌ တည်ရှိသော သွေးတို့ကား ဂင်္ဂါမြစ်နှင့် ဂင်္ဂါမြစ်ကမ်းပါးကဲ့သို့ အလွန်နီးကြ၏။ နှလုံးအိမ်အတွင်း တွင်းငယ်၌ တည်ရှိသော သွေးတို့၌ ပျံ့နှံ့လျက်ရှိသော ဟဒယဝတ္ထုရုပ်တို့၏ ဟဒယဟူသော အမည်ကို အနီးဖြစ်သော ရင်ရိုးချိုင့်အတွင်း သွေးကြောတို့၌ တည်သော သွေး၌ တင်စား၍ ယင်းသွေးကို ဟဒယဟု ခေါ်ဆိုထားခြင်း ဖြစ်သည်။ တစ်နည်း --- ပကတိသော နှလုံးသား၏ ဟဒယဟူသော အမည်ကို အနီးဖြစ်သော ရင်ရိုးချိုင့်အတွင်း သွေးကြောတို့၌ တည်သော သွေး၌ တင်စား၍ ယင်းသွေးကြောတို့အတွင်း၌ တည်သော သွေးကိုလည်း သမီပူပစာရအားဖြင့် ဟဒယဟု ခေါ်ဆိုထားသည် မှတ်ပါ။

အကြောင်းမှာ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ယင်း သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၌ပင် အဋ္ဌကထာဆရာတော်ကိုယ်တိုင်က --- နှလုံးအိမ်အတွင်း ပုန်းညက်စေ့၏ တည်ရာမျှလောက်သော တွင်းငယ်၌ တစ်လက်ဆွမ်းခွဲမျှလောက်သော သွေး၌ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာ ဟဒယဝတ္ထု ရုပ်သည် ပျံ့နှံ့လျက် တည်ရှိ၏ --- ဟု ဖွင့်ဆိုထား၏။ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။)

ရင်ရိုးချိုင့်၏ အလယ်၌ ထိုမျှလောက်သော သွေးများ၏ တည်ရာ တွင်းငယ်လည်း မတည်ရှိ ဖြစ်နေ၏။ ကြီးမားသော သွေးကြောတို့သာ တည်ရှိနေ၏။ ဤသည်မှာလည်း အကြောင်းတစ်ရပ် ဖြစ်၏။ ယောဂီအများစုကို သုတေသနပြုကြည့်ရာ နှလုံးအိမ်အတွင်း၌ အခန်း (၄)ခန်းရှိရာ သွေးလွှတ်ကြောကြီးနှင့် အနီးကပ်ဆုံးဖြစ်သည့် လက်ဝဲဘက် အောက်ဆုံး အခန်းဖြစ်သည့် တွင်းငယ်ဝယ် တည်ရှိသော သွေး၌သာ မနောဓာတ် မနောဝိညာဏဓာတ်တို့၏မှီရာ ဟဒယဝတ္ထုရုပ်ကို တွေ့ရှိကြောင်း ဝန်ခံကြ၏။ ထိုကြောင့် --- ဟဒယသည် ခန္ဓာကိုယ်၏ အတွင်း ရင်ရိုးချိုင့်၏ အလယ်ကို မှီ၍ တည်၏ --- ဟူသော အဋ္ဌကထာစကားကို သမီပူပစာရစကားဟု ဆိုခြင်းဖြစ်သည်။

စေတီနှင့် စေတီအိမ်

ဓာတ်တော်မွေတော်များကား စေတီတည်း။ ဓာတ်တော်မွေတော်တို့၏ ကိန်းဝပ်ရာ အဆောက်အအုံကား စေတီအိမ်တည်း။ စေတီတော်ကို ပြန်လည် တည်ဆောက်သည်ဟူရာ၌ ဓာတ်တော်မွေတော်တို့၏ ကိန်းဝပ်ရာ စေတီအိမ်ကိုသာ အသစ်ပြန်လည် တည်ဆောက်ခြင်း ဖြစ်၏။ ဓာတ်တော်မွေတော်တို့ကို အသစ်ပြန်လည် တည်ဆောက်သည်ကား မဟုတ်။

ဓာတ်တော်မွေတော်နှင့် ဟဒယဝတ္ထုရုပ်ကား တူ၏၊ စေတီအိမ်နှင့် နှလုံးအိမ်ကား တူ၏။ နှလုံးအိမ်ကို အစားထိုး၍ ကုသခြင်းသည် စေတီအိမ်ကို အသစ် ပြန်လည်တည်ဆောက်ခြင်းနှင့် တူ၏။ စေတီအိမ်ကို အသစ် ပြန်လည်တည်ဆောက်၍ ရနိုင်သော်လည်း ဓာတ်တော်မွေတော်တို့ကို အသစ် ပြန်လည်တည်ဆောက်ဖို့ရန် မဖြစ် နိုင်သကဲ့သို့ အလားတူပင် နှလုံးအိမ်ကို အသစ် ပြန်လည်တည်ဆောက်၍ ရနိုင်သော်လည်း ဟဒယဝတ္ထုရုပ်ကို ကမ္မဇရုပ် ဧကန်ဖြစ်နေသည့်အတွက် ပြန်လည်တည်ဆောက်၍ မရနိုင်သည်ကိုကား သဘောကျသင့်လေရာသည်။ရှေးဦးစွာ ဟဒယဒသကကလာပ်တွင် ပါဝင်သော (၁၀)မျိုးသော ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်ကို ရွေးထုတ်၍ အထက်တွင် ရေးသားတင်ပြ ထားသည့်အတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။

၁၈။ ကဗဠီကာရ အာဟာရ

၁။ ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော၊

၂။ ရူပါဟရဏရသော၊

၃။ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော၊

၄။ ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၂၊၈၀။)

၁။ စားမျိုအပ်သော အစာအာဟာရ၏ အဆီအစေး ဩဇာသဘော လက္ခဏ၊

၂။ အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း (ကိစ္စ) ရသ၊

၃။ အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် ရူပကာယကိုထောက်ပံ့

ခိုင်ခံ့စေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စားမျိုအပ်သော အစာအာဟာရ ပဒဋ္ဌာန်။

ဩဇာလက္ခဏောတိ ဧတ္ထ အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပတ္ထမ္ဘဗလကာရော ဘူတနိဿိတော ဧကော ဝိသေသော ဩဇာတိ။ (မူလဋီ၊၁၊၁၅၄။ မဟာဋီ၊၂၊၁၀၄။)

အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရောတိ ရသဟရဏီဓမနိဇာလာနုသာရေန သရီရာဝယဝေ အနုပ္ပဝိဋ္ဌဿ အာဟာရရသဿ အဗ္ဘန္တရာဟာရပစ္စယော သ္နေဟော၊ ယော လောကေ ရသဓာတူတိ ဝုစ္စတိ။ (အနုဋီ၊၁၊၁၆၆။)

အာဟာရဟူသည် စားမျိုအပ်သော ထမင်းစသော ဝတ္ထုတို့၌ပါသော အဆီအစေး ဩဇာတည်း။ ယင်းစားမျိုအပ်သော ထမင်းစသော ဝတ္ထုတို့သည် ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြောင်းကို ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဆိုခဲ့ပြီ။ အိုး ခွက် ပုဂံ စသည်တို့၌ စားဖွယ်သောက်ဖွယ်အဖြစ် တည်နေခိုက်၌လည်း ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။ စားမျိုပြီး၍ ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့ခင် အစာသစ် ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိခိုက်၌လည်း ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။ အသင်သူတော်ကောင်းသည် စားမျိုအပ်သော အစာအာဟာရ၌, သို့မဟုတ် အစာသစ် ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိနေသေးသော အစာသစ်၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနိုင်ပေမည်။ ယင်းရုပ်တရားတို့မှာ ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားနေကြသော ဩဇာလျှင် (၈)ခု မြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာတည်း။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုပင် ထမင်း-အစာသစ် ဤသို့ စသည်ဖြင့် ခေါ်ဝေါ်နေခြင်း ဖြစ်၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာကို သို့မဟုတ် ဩဇာချည်းသက်သက်ကို ထမင်းကဲ့သို့ အလုတ်ပြုလုပ်၍ မလွေးနိုင်၊ မစားနိုင်၊ ဩဇာ၏ တည်ရာဝတ္ထုဖြစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုဖြစ်သော ထမင်းစသည့် ဝတ္ထုကိုသာလျှင် အလုတ်ပြု၍ ထမင်းဆုပ်ပြု၍ လွေးနိုင် စားနိုင်သည်။ အဘယ်ကြောင့်နည်းဟူမူ --- ဥတုဇဩဇဋ္ဌမကရုပ်တို့ကား ကလာပ် တစ်ခုတစ်ခု၌ ရုပ်သဘောတရား (၈)မျိုးစီရှိရာ ကလာပ်တစ်ခု အတွင်း၌ တည်ရှိကြသော ရုပ်တို့သည် တစ်ခုစီ တစ်ခုစီ ခွဲထုတ်ယူ၍ မရစကောင်းသော အဝိနိဗ္ဘောဂရုပ်များ ဖြစ်သောကြောင့် ဩဇာချည်းသက်သက် အလုတ်အလွေး ပြု၍ လွေးမရ စားမရနိုင်။

ဣဒံ ပန သဝတ္ထုကံ ဩဇံ ဒေဿတုံ ဝုတ္တံ။ (မဟာဋီ၊၂၊၁၀၄။)

ဧဝံ ဝတ္ထုဝသေန နာမံ ဥဒ္ဓရိတွာ ...(အဘိ၊ဋ္ဌ၊၁၊၃၆၆။)

ထိုကြောင့် --- ကဗီဠကာရော အာဟာရော --- ဟူသော ပါဌ်ဖြင့် ဩဇာကို တိုက်ရိုက်မပြဘဲ ဩဇာ၏ တည်ရာဝတ္ထုဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုဟူသော အလုတ်အလွေးပြု၍ ရစကောင်းသော ထမင်းစသော ဝတ္ထုကို ညွှန်ပြသည်။ ဤသို့ ညွှန်ပြလိုသောကြောင့် ဤဩဇာကို ကဗဠီကာရ အာဟာရဟူသော အမည်ဖြင့် ဘုရားရှင်သည် ထုတ်ဆောင်၍ ဟောကြားတော်မူသည်။ ထိုကြောင့် အာဟာရအရ ဩဇာကို ဌာနျူပစာရအားဖြင့် ကောက်ယူရသည်။ ဌာနီဖြစ်သော ဩဇာဓာတ်၏ အာဟာရဟူသော အမည်ကို ဌာနဖြစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုဟူသော ထမင်းစသော ဝတ္ထု၌ တင်စား၍ ထမင်းစသော ဝတ္ထုကိုပင် ဩဇာဟု ခေါ်ဝေါ်သုံးစွဲထားသည် ဟူလိုသည်။ ယင်းဩဇာဓာတ်သည်လည်း အလုတ်အလွေးပြု၍ စားမျိုအပ်သော်သာလျှင် အာဟာရ ကိစ္စကို ပြီးစီးစေနိုင်၏၊ အလုတ်အလွေးပြု၍ မစားမျိုခဲ့သော်ကား အာဟာရကိစ္စကို မပြီးစီးစေနိုင်၊ ထိုကြောင့်ပင် ယင်းအာဟာရ-ဩဇာကို ကဗဠီကာရ သဒ္ဒါဖြင့် ကူစွက်၍ ဟောတော်မူသည်။

[မှတ်ချက် --- ဤအရာ၌ ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြပါရစေ --- ရှေးရှေး ဆရာတော်ကြီးများက ကဗဠီကာရ အာဟာရဟူသော စကားလုံးကို အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရဟု ဘာသာပြန်ဆိုထားတော်မူခဲ့ကြ၏။ ထိုဘာသာပြန်မှာ အလွန်အဆင့်မြင့်သော ဘာသာပြန်ဆို ချက် ဖြစ်၏။ရုပ်တို့မည်သည် = ပရမတ်တရားတို့မည်သည် ဖြစ်သည့်နေရာ၌သာ ပျက်သွားကြ၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားရိုး ဓမ္မတာ မရှိကြပေ။ ဝါးနေစဉ် စားနေစဉ်၌ အစာအာဟာရဟု ခေါ်ဝေါ်သမုတ် အပ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့ကား တစ်မျိုးတစ်ခြား တစ်ပါးသာတည်း။ မျိုချစဉ် အစာအာဟာရဟု ခေါ်ဝေါ်သမုတ်အပ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့ကား တစ်မျိုးတစ်ခြား တစ်ပါးသာတည်း။ စားမျို ဝါးမျိုပြီး၍ အစာသစ် ကောဋ္ဌာသအဖြစ် တည်ရှိနေကြသော အစာအာဟာရဟု ခေါ်ဝေါ်သမုတ်အပ်သော ဥတုဇ ဩဇဋ္ဌမကရုပ်တို့ကား တစ်မျိုးတစ်ခြား တစ်ပါးသာတည်း။ ယင်းပရမတ် ရုပ်တရားတို့သည် ဝါးမျို စားမျိုလောက် သည်တိုင်အောင် ရပ်တန့် တည်တံ့နိုင်သော အချိန်ကာလ သက်တမ်းရှိသော တရားမျိုးတို့ကား မဟုတ်ကြပေ။ ထိုကြောင့် ကဗဠီကာရ အာဟာရ အမည်ရသော ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့ကို တကယ်တမ်းမျို၍ ရနိုင် လောက်အောင် သက်တမ်းမရှိသဖြင့်လည်း ယင်း ကဗဠီကာရ အာဟာရ ဟူသောပုဒ်ကို အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရဟု ဘာသာပြန်ဆိုတော်မူကြသည်။ ယင်းပရမတ် ရုပ်- တရားတို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလကို ကုဋေ (၅၀၀၀) ကျော်ခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်း တည်ရှိသော ပရမတ်တရားတို့ ဖြစ်ကြ၏။ စားမျို ဝါးမျိုနိုင် လောက်အောင် အချိန်ပေးနိုင်သော ပရမတ်တရားတို့ကား မဟုတ်ကြပေ။ သို့သော် ရှေး ရုပ်သန္တတိအစဉ်နှင့် နောက်နောက် ရုပ်သန္တတိအစဉ်တို့သည်ကား တစ်ထပ်တည်း တူညီနေသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်နေ ကြသဖြင့် ဧကတ္တနည်းအရ စားမျို ဝါးမျိုအပ်သော ကဗဠီကာရာဟာရဟု ဆိုခြင်းဖြစ်သည်။ တစ်ဖန် အထက် တွင် ရှင်းပြထားသည့် အတိုင်း ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာချည်း သက်သက် ကလာပ်တူ ရုပ်တရားများ မပါဘဲလည်း စားမျို ဝါးမျို၍လည်း မရနိုင်၊ ကလာပ်တူ ရုပ်တရားတည်းဟူသော ဝတ္ထုနှင့်တကွ သာလျှင် စားမျို ဝါးမျို၍ ရနိုင်၏။ ထိုကြောင့်လည်း --- အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့ သော အာဟာရဟု ရှေးရှေး ဆရာတော်ဘုရားကြီးတို့က ဘာသာပြန်ဆိုတော်မူကြခြင်း ဖြစ်သည်။ ဧကတ္တနည်း အရ ကဗဠီကာရ အာဟာရ အမည်ရသော ယင်းဩဇာဓာတ်သည်လည်း အလုတ်အလွေးပြု၍ စားမျိုအပ်သော် သာလျှင် အာဟာရကိစ္စကို ပြီးစီးစေနိုင်၏ = အာဟာရဇရုပ်ကို ဖြစ်စေနိုင်၏၊ အလုတ်အလွေးပြု၍ မစားမျိုခဲ့သော်ကား အာဟာရကိစ္စကို မပြီးစီးစေနိုင် = အာဟာရဇရုပ်ကို မဖြစ်စေနိုင်။ ထိုကြောင့်ပင် ယင်းအာဟာရ ဩဇာကို ကဗဠီကာရ-သဒ္ဒါဖြင့် ကူစွက်၍ ဟောတော်မူသည်။]

ထင်ရှားစေအံ့ --- အလုတ်အလွေးပြု၍ စားမျို ဝါးမျိုလိုက်သော ထမင်းစသော ဝတ္ထုဟူသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာဓာတ်သည် အစာအိမ်ဝန်းကျင် စသည်တို့၌ တည်ရှိသော (ဇီဝိတ နဝကရုပ်ကလာပ်တို့တွင် အကျုံးဝင်သော) အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ် ဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊ ယင်းအသစ်အသစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့ကို သမုတိသစ္စာနယ်သုံး ဝေါဟာရဖြင့် ပြောဆိုရလျှင် ရသဟရဏီ အမည်ရသော အရသာကို ဆောင်ယူတတ်သော အကြောကွန်ရက် = အကြောကွန်ယှက်သို့ အစဉ် လျှောက်သဖြင့် ကိုယ်အင်္ဂါကြီးငယ် အစိတ်အပိုင်း အရပ်ရပ်၌ စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ရသဓာတ်ရည်များ ဟုခေါ်၏။ ယင်းရသဓာတ်ရည်၏ အဆီအနှစ်သည် ဩဇာမည်၏။ ဤကား သမုတိသစ္စာနယ်သုံး ဝေါဟာရတည်း။ ပရမတ္ထသစ္စာနယ်၌ကား ယင်းရသဓာတ်ရည်တို့မှာ ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အစုအပုံသာ ဖြစ်ကြ၏။ ထမင်း စသော ဝတ္ထု၌ တည်သော မူလ ဥတုဇဩဇာ၏ သားသ္မီးများပင်တည်း။

ယင်း ရသဓာတ်ရည်ဟူသော ဩဇဋ္ဌမကရုပ်တို့ကား, ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော် ထမင်း စသော စားမျိုအပ်သော ဝတ္ထု၌တည်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကြောင့် ဖြစ်ပေါ်လာ ရသောကြောင့် (= ကဗဠီကာရ အာဟာရ ဩဇာကြောင့် ဖြစ်ပေါ်လာရသောကြောင့်) ယင်းရသဓာတ်ရည်ဟူသော အသစ်အသစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့ကို အာဟာရဇဩဇဋ္ဌမကရုပ်များဟု ခေါ်ဆို၏။

တစ်ကိုယ်လုံး အင်္ဂါကြီးငယ် အသွယ်သွယ်သို့ ရသဟရဏီ အကြောကွန်ရက်တို့မှတစ်ဆင့် စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ယင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ယင်း အာဟာရဇဩဇာသည် ---

၁။ ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာ,

၂။ စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော စိတ္တဇဩဇာ,

၃။ ဥတုဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဥတုဇဩဇာ,

၄။ ကလာပ်ပြား အာဟာရဇရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာ,

ဤ အသီးအသီးသော ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိသော အသီးအသီးသော ဩဇာကို အားပေးထောက်ပံ့တတ်၏၊ ခွန်အားကို ပြုလုပ်ပေးတတ်၏၊ အားရှိအောင် ထောက်ပံ့တတ်၏။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းကို ပြန်ကြည့်ပါ။) ယင်းသို့ အားပေးထောက်ပံ့တတ်သော ခွန်အားကို ပြုလုပ်ပေးတတ်သော မိမိ မိမိဆိုင်ရာ ကလာပ်တူ မဟာဘုတ် (၄)ပါးကို မှီ၍ ဖြစ်သော အဆီအစေးဟူသော တစ်ခုသော ရုပ်အထူးသည် ဩဇာ မည်၏။ ယော လောကေ ရသဓာတူတိ ဝုစ္စတိ = ယင်းဩဇာကို လောက၌ ရသဓာတ်ရည်ဟု ခေါ်ဆိုသည်။ (မူလဋီ၊၁၊၁၅၄။ အနုဋီ၊၁၊၁၆၆။)

ဤအဖွင့်များအရ --- အရသာကို ဆောင်ယူတတ်သော ရသဟရဏီ အကြောများသို့ အစဉ်လျှောက်၍ သွားသော ခန္ဓာအိမ်အတွင်း ကိုယ်အင်္ဂါကြီးငယ် အသွယ်သွယ်၌ စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ရသဓာတ်ရည် အမည်ရသော, အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ အကျုံးဝင်သော, ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ဖြစ်ပေါ်နေသော စတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအင်ရှိသော အာဟာရဇဩဇာသည်သာလျှင် မုချအားဖြင့် ကဗဠီကာရာဟာရ = ကဗဠီကာရအာဟာရ ဟူသော အမည်ကို ရရှိပေသည်ဟု မှတ်ပါ။

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)

ကဗဠီကာရ အာဟာရသည် ဤစတုသမုဋ္ဌာနိကရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေး၏။ (ပဋ္ဌာန၊၁၊၇။)

ဤသို့ ဟောကြားထားတော်မူ၏။ ထမင်း စသောဝတ္ထု၌ တည်သော မူလ ဥတုဇဩဇဋ္ဌမကရုပ်တို့၌ အကျုံး ဝင်သော ဥတုဇဩဇာသည် စတုသမုဋ္ဌာနိကရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် တိုက်ရိုက် ကျေးဇူးပြု၍ မပေးနိုင်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော ယင်းဥတုဇဩဇာကြောင့် ထပ်ဆင့် ဖြစ်ပွားလာကြသော ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကသာလျှင် စတုသမုဋ္ဌာနိက ရုပ်တရားတို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏။ ယင်းသို့ အာဟာရဇဩဇာက စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးအား အာဟာရပစ္စယသတ္တိဖြင့် အားပေးထောက်ပံ့လိုက်သောအခါ စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးသည် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ ဖြစ်စေပြန်၏။ ဤသို့ ဖြစ်စေနိုင် သည့် စွမ်းအင်ကိုပင် စတုသမုဋ္ဌာနိကဩဇာသည် ဤ စတုသမုဋ္ဌာနိကရူပကာယ = ရုပ်တရားအပေါင်းအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဆိုသည်။ ထိုကြောင့် ပဋ္ဌာန်းအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆို ထား၏။

ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

စတုသမုဋ္ဌာနိက ရုပ်သန္တတိအစဉ်၌ တည်ရှိသော ဩဇာသည် ကဗဠီကာရ အာဟာရ မည်၏ ----- ဟု ဖွင့် ဆိုထား၏။

ဤအထက်ပါ အရပ်ရပ်သော ဖွင့်ဆိုချက်များအရ ---

၁။ စားမျိုအပ်သော ထမင်းစသော ဝတ္ထုတို့၌ = ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ခေါ်၏။ (ဌာနျူပစာရတည်း။)

၂။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော ထမင်း စသောဝတ္ထု၌ တည်သော ဥတုဇဩဇာကြောင့် ဖြစ် ပေါ်လာရသော ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော ဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ခေါ်၏။ (ကာရဏူပစာရတည်း။)

၃။ ယင်း အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသော, အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ် ကို ထပ်မံ ဖြစ်စေနိုင်သော စတုသမုဋ္ဌာနိက ရုပ်သန္တတိအစဉ်၌ တည်ရှိသော အသီးအသီးသော စတုသမုဋ္ဌာနိကဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ခေါ်၏။ (ကာရဏူပစာရတည်း။)။

ဤသို့ အသီးအသီး မှတ်သားပါ။ ထိုတွင် ဌာနျူပစာရ ဖြစ်ပုံကို အထက်တွင် ရေးခဲ့ပြီ၊ ကာရဏူပစာရ ဖြစ်ပုံကို ဤသို့ မှတ်ပါ။

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကား ကမ္မဇ ဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော စားမျိုလိုက်သော ထမင်း စသည်၌ တည်သော ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာရ၏။ ထိုကြောင့် ယင်း ဥတုဇဩဇာက အကြောင်းတရား, ရသဓာတ်ရည် အမည်ရသော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား အကျိုးတရားတည်း။ အကြောင်းတရားဖြစ်သော ဥတုဇဩဇာ၏ ကဗဠီကာရ အာဟာရဟူသော အမည်ကို အကျိုးဖြစ်သော အာဟာရဇဩဇာ၌ တင်စား၍ အကျိုးဖြစ်သော အာဟာရဇဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ကာရဏူပစာရအားဖြင့် ခေါ်ဆို၏။

တစ်ဖန် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော အာဟာရဇ ဩဇာက အားပေးထောက်ပံ့ပါမှသာလျှင် အသီးအသီးသော စတုသမုဋ္ဌာနိကဩဇာသည် အသစ်အသစ်သော ဩဇဋ္ဌမကရုပ်တို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏ ဖြစ်ပေါ်စေနိုင်၏၊ ထိုသို့ ဖြစ်ပေါ်စေခြင်းဖြင့် စတုသမုဋ္ဌာနိက ရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏ ခိုင်ခံ့အောင် အားပေးထောက်ပံ့နိုင်၏။ ထိုကြောင့် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော အာဟာရဇဩဇာက အကြောင်းတရား, ယင်း အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးက အကျိုးတရားတည်း။ အားပေးထောက်ပံ့တတ်သော အကြောင်းတရားဖြစ်သော အာဟာရဇဩဇာ၏ ကဗဠီကာရ အာဟာရဟူသော အမည်ကို အထောက်ပံ့ခံရသော အကျိုးတရားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ၌ တင်စား၍ အကျိုးဖြစ်သော စတုသမုဋ္ဌာနိကဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ကာရဏူပစာရအားဖြင့် ခေါ်ဆိုထား၏။ တစ်နည်း ---

ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

အလုတ်အလွေးပြု၍ စားမျိုအပ်သော ကဗဠီကာရ အာဟာရလျှင် တည်ရာဝတ္ထု ရှိသောကြောင့် ကဗဠီကာရ အာဟာရဟူသော ဤအမည်သည် ထို စတုသမုဋ္ဌာနိကဩဇာ၏ အမည်ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

အဓိဝစနံ နာမံ ရှိရာ ဥပစာဟူသော ပရိဘာသာနှင့်အညီ ဤအထက်ပါ ပဋ္ဌာန်းအဋ္ဌကထာ၏ အဖွင့်စကား များသည် ဥပစာ စကားချည်းသာတည်း။ ဌာနဖြစ်သော အလုတ်အလွေးပြု၍ စားမျိုအပ်သော ထမင်းစသော ဝတ္ထုဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဥတုဇဩဇာ၏ ကဗဠီကာရ အာဟာရဟူသော အမည်ကို ဌာနီဖြစ်သော စတုသမုဋ္ဌာနိကဩဇာ၌ တင်စား၍ ဌာနီဖြစ်သော စတုသမုဋ္ဌာနိကဩဇာကိုလည်း ဌာနူပစာရ အားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုသည် ဟူလိုသည်။ အလုတ်အလွေးပြု၍ စားမျိုအပ်သော ကဗဠီကာရ အာဟာရ၌ ရပ်တည်ရပါမှ စတုသမုဋ္ဌာနိကဩဇာသည် စတုသမုဋ္ဌာနိကရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်သည်။ ထိုကြောင့် ဌာနူပစာ ဆိုသည်။

ဝတ္ထုနှင့် ဩဇာ

အာဟာရ = ဩဇာရုပ်ဟူသည် စားမျိုအပ်သော ထမင်းစသည်ဖြင့် ခေါ်ဝေါ်အပ်သော ဥတုဇဩဇဋ္ဌမက ရုပ်တို့၌ တည်သော အဆီအစေး အနှစ်ဩဇာတည်း။ ထိုဩဇာကို ဩဇာချည်းသက်သက် သီးသန့် ထုတ်နှုတ်၍ ထမင်း စသည်ကဲ့သို့ အလုတ်ပြု၍ မလွေးနိုင် မစားနိုင်၊ ဩဇာ၏ တည်ရာဝတ္ထုဖြစ်သော ထမင်းစသည်ကိုသာ တစ်နည်းဆိုရသော် ထမင်း စသည်ဖြင့် ခေါ်ဝေါ်ထားသော ဩဇာနှင့်တကွသော ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုသာ အလုတ်ပြု၍ လွေးနိုင် စားနိုင်သည်။ ယင်းဩဇာ၏ တည်ရာ ထမင်း စသည်ကို ဝတ္ထုဟု ခေါ်ဆိုသည်။ တစ်နည်းဆိုသော် စားမျိုအပ်သော ထမင်း စသည်ဖြင့် ခေါ်ဝေါ်အပ်သော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ဩဇာမှတစ်ပါးသော ရုပ်တရားတို့ကို ဩဇာ၏ တည်ရာဝတ္ထုဟု ခေါ်သည်။ သတ္တဝါတို့သည် ဩဇာနှင့် တကွသော ထမင်းစသော ဝတ္ထုကို စားမျို ဝါးမျိုလိုက်၏။ ထိုအခါ ဝတ္ထု၏ လုပ်ငန်းကိစ္စနှင့် ဩဇာ၏ လုပ်ငန်းကိစ္စကို (အဘိ၊ဋ္ဌ၊၁၊၃၆၆။)၌ ဤသို့ ခွဲခြား ပြသထား၏။

အမေး --- ဤဝတ္ထုနှင့် ဩဇာတို့တွင် ထမင်းစသော ဝတ္ထု၏ ကိစ္စကား အဘယ်နည်း၊ ဩဇာ၏ ကိစ္စကား အဘယ်နည်း --- ဤကား အမေးတည်း။

အဖြေ --- ဝတ္ထုသည် ဘေးရန်ကို ပယ်ရှားခြင်းကိစ္စကို ပြုလုပ်၏၊ ဩဇာသည် စောင့်ရှောက်ခြင်းကိစ္စကို ပြုလုပ်၏။ အကျယ်မှာ ဤသို့ဖြစ်၏။ ---

ထမင်းစသော ဝတ္ထုသည် ဘေးရန်ကို ပယ်ရှားနိုင်၏၊ စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်။ ဩဇာသည် စောင့်ရှောက်နိုင်၏၊ ဘေးရန်ကို ပယ်ရှားခြင်းငှာ မစွမ်းနိုင်။ ဝတ္ထုနှင့် ဩဇာ နှစ်မျိုးလုံးတို့သည်လည်း တစ်ပေါင်းတည်း ဖြစ်၍ စောင့်ရှောက်ခြင်းငှာလည်းကောင်း, ဘေးရန်ကို ပယ်ရှားခြင်းငှာလည်းကောင်း စွမ်းနိုင်ကုန်၏။

ဤဘေးရန်မည်သည် အဘယ်နည်း? --- ကံကြောင့်ဖြစ်သော ကမ္မဇတေဇောဓာတ် ဝမ်းမီးတည်း။ ထမင်း စသော ဩဇာ၏ တည်ရာဝတ္ထုသည် ကမ္မဇတေဇောဓာတ်ဟူသော ကမ္မဇဝမ်းမီး၏ ဘေးရန်ကို ပယ်ရှားခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်၏။ ဝမ်းတွင်း၌ ထမင်းစသော ဝတ္ထုသည် မရှိလတ်သော် ကမ္မဇတေဇောဓာတ် ဝမ်းမီးသည် ထလာ၍ လောင်စရာ အစာမရှိသဖြင့် ဝမ်းလွှာဝမ်းရေကို = အစာအိမ်ကို အရဖမ်းယူလေ၏ လောင်မြိုက်လေ၏။ငါဆာ၏၊ အစာပေးကြကုန်ဟု ပြောဆိုစေ၏။ အစာကို ထည့်ပေးလိုက်သောအခါ အစာကို စားပြီးရာအခါ၌ကား ဝမ်းလွှာ ဝမ်းရေ = အစာအိမ်ကို လွှတ်လိုက်၍ ထည့်ပေးလိုက်သော ထမင်းစသော ဝတ္ထုကို လောင်မြိုက်ပြန်၏။ ထိုအခါ ထိုသတ္တဝါသည် စိတ်တည်ကြည်မှုကို ရရှိနိုင်ပေသည်။

ဩဇာကား ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့ကို အားပေး ထောက်ပံ့တတ်၏။ (ရသဓာတ်ရည်အဆင့်သို့ ရောက်သွားသော ဩဇာကို ဆိုလိုသည်။) ယင်းဩဇာ၏ အားပေး ထောက်ပံ့မှုကြောင့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးသည် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ ပြန်၏။ ဤသို့ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိက ရူပကာယ ရုပ်တရား အပေါင်းကို စောင့်ရှောက်ပေး၏၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ခွန်အားကို ပြုလုပ်ပေး၏၊ သို့သော် ကမ္မဇဝမ်းမီး၏ လောင်မြိုက်မှု ဘေးရန်ကိုကား အကာအကွယ်မပေးနိုင်။ သို့အတွက် ဝတ္ထုနှင့်ဩဇာ နှစ်ခုပေါင်းမှသာလျှင် ကမ္မဇ ဝမ်းမီး၏ ဘေးရန်ကိုလည်း ကာကွယ်နိုင်၏၊ စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း အဓွန့် ရှည်စွာ ဆက်လက် တည်တံ့အောင် စောင့်ရှောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၆-၃၆၇ - ကြည့်။)

တစ်နည်း ဖွင့်ဆိုပုံ

ရူပံ ဝါ အာဟရတီတိပိ အာဟာရော။ (အဘိ၊ဋ္ဌ၊၁၊၃၆၆။)

ဩဇဋ္ဌမကရုပ်အပေါင်းကို ဆောင်တတ်သောကြောင့်လည်း အာဟာရ မည်ပေသည်။ ဤ၌ ဆောင်တတ်၏ ဟူသည် စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌ တည်သော ဥတုဇဩဇာ၏ ပါစကတေဇောဓာတ် ဝမ်းမီး၏ အကူအညီဖြင့် ဩဇဋ္ဌမကအာဟာရဇ ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းပင်တည်း။ ယင်းသို့ ဖြစ်စေမှုကိုပင် ရူပါဟရဏရသော = အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသ ရှိ၏ဟု ဆိုပေသည်။

အသင်သူတော်ကောင်းသည် ကဗဠီကာရ အာဟာရမည်သော ဩဇာ၏ လက္ခဏ ရသ စသည်ကို ရှုရာ၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဩဇာ (၃)မျိုးကို ခွဲ၍ ရှုပါ။

၁။ အလုတ်အလွေးပြု၍ စားမျိုအပ်သော ထမင်းစသော ဝတ္ထုဟု ခေါ်ဆိုသော ဥတုဇဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကိုယူ၍ ရှုပါက ယင်းဩဇာ၏ ကိစ္စရသမှာ အထက်ပါအတိုင်းပင် ဖြစ်၏ = ကမ္မဇ ဝမ်းမီး၏ အထောက်အပံ့ဖြင့် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေခြင်း အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသပင် ဖြစ်၏။ ဤကား ပထမ ကဗဠီကာရ အာဟာရ ဩဇာတည်း။

၂။ ဒုတိယ ကဗဠီကာရ အာဟာရဩဇာ --- အထက်ပါ ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာကိုအာရုံယူ၍ ရှုပါ။ ရသဓာတ်ရည် အမည်ရသော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာ၏ အထောက်အပံ့ကို ရရှိသော ကလာပ်ပြားသော အာဟာရဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာသည်လည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့် အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသ ရှိ၏။

၃။ တတိယ ကဗဠီကာရ အာဟာရဩဇာ --- ကမ္မဇဩဇာ , စိတ္တဇဩဇာ , ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာဟူသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးကိုလည်း အာရုံယူ၍ ရှုပါ။ ရသဓာတ်ရည် အမည် ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ---

(က) ကမ္မဇဩဇာကလည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

( ခ ) စိတ္တဇဩဇာကလည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

( ဂ ) ဥတုဇဩဇာကလည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

(ဃ) ကလာပ်ပြားသော အာဟာရဇဩဇာကလည်း ကလာပ်ပြားသော ရသဓာတ်ရည် အမည်ရသော ဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

ဤသို့ ဖြစ်စေခြင်းဖြင့် အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသပင် ရှိ၏။ ဤ၌ ကမ္မဇဩဇာ စသည်ဖြင့် (၄)မျိုးရှိရာ တစ်မျိုးစီ ခွဲရှုပါ။ အာဟာရဇဩဇာမှာ အမှတ် (၂)တွင်လည်း ပါဝင်၍ ဤအမှတ် (၃)၌ ထပ်ပါနေ၏။ အထောက်ပံ့ ခံရသော အာဟာရဇဩဇာနှင့် ထောက်ပံ့တတ်သော အာဟာရဇဩဇာတို့မှာ ကလာပ်ချင်း မတူ၊ ကွဲပြားကြသည်ဟု မှတ်ပါ။ ဤ အာဟာရဇရုပ်မှာ (၁၀)ကြိမ် (၁၂)ကြိမ်သော်လည်းကောင်း, ထိုထက်အလွန်သော်လည်းကောင်း ဖြစ်နိုင်၍ ခွဲဆိုခြင်းဖြစ်သည်။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

ပစ္စုပဋ္ဌာန် --- ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော = အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ခိုင်ခံ့စေတတ်သော သဘောတရားဟု ယင်းဩဇာကို ရှုနေေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာ၏။ --- စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌တည်သော ဩဇာကြောင့် ရသဓာတ်ရည်များ ဖြစ်လာ၏၊ ယင်းရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာက ကမ္မဇဩဇာ စသည့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးအား အားပေးထောက်ပံ့လိုက်သောအခါ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလာကြ၏။ တစ်ကြိမ် စားလိုက်သော အစာအာဟာရသည် (၇)ရက် ပတ်လုံးသော်လည်းကောင်း, ထိုထက် အလွန်သော်လည်းကောင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေခြင်းဖြင့် ဤ ရူပကာယ = ရုပ်တရားအပေါင်းကို အရှည်ခိုင်ခံ့ တည်တံ့အောင် ထောက်ပံ့ထားနိုင်သည့် စွမ်းအားရှိ၏။ အကြိမ်ကြိမ် မျှတအောင် စားသုံးနေသော အာဟာရကား ဆိုဖွယ်ရာပင် မရှိတော့ပြီ။ ယင်းသို့ အာဟာရဇ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့သည် ဖြစ်ပွားလာကြသဖြင့် တိုးပွားလာကြသဖြင့် များပြားလာကြသဖြင့် ရူပကာယကြီး တစ်ခုလုံးသည် ခိုင်ခံ့လာ၏၊ တောင့်တင်း ခိုင်မာလာ၏၊ ခွန်အားကောင်းလာ၏၊ ယင်းသို့ ရူပ- ကာယကြီး တစ်ခုလုံးကို ခိုင်ခံ့အောင် ခွန်အားကောင်းအောင် ထောက်ပံ့တတ်သော သဘောတရားဟု ဝိပဿနာ ဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ ယင်းဩဇာရုပ်ကို ရှုပွား သိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်ဝ၌ ရှေးရှူထင်လာပေသည်။

ဖလူပစာရစကား

ကဗဠီကာရ အာဟာရ --- ဩဇာအရ စားမျိုအပ်သော စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌တည်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာကို အာရုံယူ၍ ရှုသည်ဖြစ်အံ့ --- ယင်းဥတုဇဩဇာက စတုသမုဋ္ဌာနိက ရူပကာယဟူသော ဤရုပ်တရားအပေါင်းကို တိုက်ရိုက် အားပေးထောက်ပံ့မှုကို မပြုနိုင် = စတုသမုဋ္ဌာ- နိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် တိုက်ရိုက် ကျေးဇူးပြုမှု ထောက်ပံ့မှုကို မပြုနိုင်။ အထက်တွင် အကြိမ် ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ယင်းဥတုဇဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များကို ဖြစ်စေ၏။ တစ်ကိုယ်လုံးသို့ ပျံ့နှံ့ ဖြစ်ပွားစေ၏။ ရသဓာတ် ရည် အမည်ရသော ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာကသာလျှင် စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးအား အားပေးထောက်ပံ့နိုင်၏၊ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏။ ယင်းသို့ ကျေးဇူးပြု ပေးသဖြင့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ ဖြစ်စေပြန်၏။ ထိုအခါတွင် စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းသည် ခိုင်ခံ့လာ၏၊ ခွန်အား ကြီးမားလာ၏။

ထိုကြောင့် ရသဓာတ်ရည် မည်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာတို့ကသာလျှင် စတုသမုဋ္ဌာနိကရူပကာယ ရုပ်တရားအပေါင်းကို အားပေးထောက်ပံ့နိုင်၏။ သို့သော် ယင်း ဩဇာဓာတ်တို့က စတုသမုဋ္ဌာနိကရုပ်တရားတို့အား ထောက်ပံ့နိုင်မှုသည် စားမျိုလိုက်သော ထမင်း စသော ဝတ္ထု၌ တည်သော ကဗဠီကာရ အာဟာရ မည်သော ဥတုဇဩဇာ၏ အကြောင်း အထောက်အပံ့ကား မကင်းပေ။ (မကင်းပုံကို သဘောပေါက်သင့်ပြီ။)

ထိုကြောင့် အကျိုးဖြစ်သော ရသဓာတ်ရည်မည်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌တည်သော အာဟာရဇ ဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာတို့၏ ရူပကာယ = ရုပ်တရားအပေါင်းအား ခိုင်ခံ့အောင် တည်တံ့အောင် အားပေး ထောက်ပံ့တတ်သော စွမ်းအင်သတ္တိကို အကြောင်းဖြစ်သော စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌ တည်သော ဥတုဇဩဇာဟူသော ကဗဠီကာရ အာဟာရ၌ တင်စား၍ ယင်း ကဗဠီကာရ အာဟာရကပင် စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို အားပေးထောက်ပံ့တတ်သည်ဟုဆိုသော ဖလူပစာရစကားတည်းဟု မှတ်ပါ။ အကယ်၍ ရသဓာတ်ရည် မည်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာ တို့ကို ကဗဠီကာရ အာဟာရအဖြစ် အာရုံယူ၍ ရှုခဲ့သော် ဖလူပစာရ ကြံဖွယ် မလိုတော့ပြီ။ ယင်းဩဇာတို့က ဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိက ရုပ်တရားတို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ် အားပေး ထောက်ပံ့တတ်သောကြောင့်တည်း။

ပဒဋ္ဌာန် --- ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော = အလုတ်အလွေးပြု၍ စားမျိုအပ်သော အစာ အာဟာရလျှင် အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ရှိ၏။ --- ဤပဒဋ္ဌာန်မှာ အရသာကို ဆောင်ယူတတ်သော အကြောကွန်ရက်တို့သို့ အစဉ်လျှောက်လျက် ခန္ဓာကိုယ်၏ အင်္ဂါကြီးငယ် အသွယ်သွယ်သို့ စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဩဇာနှင့် စတုသမုဋ္ဌာနိက ဩဇာ အသီးအသီး၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် တစ်ခုပင် ဖြစ်သည်။ ယင်းဩဇာ အသီးအသီးသည် မိမိ မိမိ၏ ကလာပ်တူ မဟာဘုတ်ကိုလည်း မှီရသည်သာ ဖြစ်သဖြင့် ကလာပ်တူ မဟာဘုတ်သည်လည်း အနီးကပ် ဆုံးသော အကြောင်းတရားပင် ဖြစ်နိုင်၏၊ သို့သော် အနီးကပ်ဆုံးသော အကြောင်းများစွာထဲက အထူးခြားဆုံးသော အကြောင်းတစ်ခုကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြသည်ဟု မှတ်ပါ။

တစ်ဖန် စားမျိုအပ်သော ထမင်းစသော ဝတ္ထု၌ တည်သော ဥတုဇဩဇဋ္ဌမကရုပ်တို့၌ အကျုံးဝင်သော ဥတုဇဩဇာ၏ အနီးကပ်ဆုံးသော ပဒဋ္ဌာန်မှာ မိမိ၏မှီရာ ကလာပ်တူ မဟာဘုတ်ပင် ဖြစ်သည်။ ယင်း ကလာပ်တူ မဟာဘုတ်တို့ကိုပင် ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထု = အလုတ်အလွေးပြု၍ စားမျိုအပ်သော ဝတ္ထု -ဟု သမုတိ သစ္စာနယ်မှ ဆိုသည်။

ထိုကြောင့် ကဗဠီကာရ အာဟာရဩဇာ အားလုံးတို့၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ကို အလုတ် အလွေးပြု၍ စားမျိုအပ်သော ထမင်းစသော ဝတ္ထုဖြစ်ကြောင်း အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်၏။ သို့သော် ရသ ဓာတ်ရည် အမည်ရသော အာဟာရဇဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီး၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်မှာ ယင်း စားမျိုအပ်သော ထမင်းစသော ဝတ္ထု၌တည်သော ဥတုဇဩဇာသာ လိုရင်း ပဓာန ဖြစ်သည်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကိုရသော ယင်းဥတုဇဩဇာကသာလျှင် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေလျက် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးအား ထပ်ဆင့် အားပေးထောက်ပံ့တတ်သောကြောင့် ဖြစ်သည်။