မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/ဝိညာဏက္ခန္ဓကထာ အခန်း

ဝီကီရင်းမြစ် မှ

ဝိညာဏက္ခန္ဓကထာ အခန်း

ရူပက္ခန္ဓာမှ တစ်ပါးသော နာမ်ခန္ဓာ (၄)ပါးတို့တွင် ---

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော အာရုံ၏ အရသာကို ခံစားခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် ဝေဒနာက္ခန္ဓာ မည်၏။

၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော အာရုံကို အမှတ်ပြု၍သိခြင်း အာရုံကို ရယူခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် သညာက္ခန္ဓာ မည်၏။

၃။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော ပြုပြင်ခြင်း, အားထုတ်ခြင်း ကြောင့်ကြ ဗျာပါရသို့ ရောက်ခြင်း သဘောလက္ခဏာရှိသော သဘောတရား အားလုံးသည် သင်္ခါရက္ခန္ဓာ မည်၏။

၄။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော သညာ ပညာတို့ သိပုံမှ ထူးသောအာရုံကို ရယူခြင်း သိခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုနာမ်ခန္ဓာ လေးပါးတို့တွင် ဝိညာဏက္ခန္ဓာကို သိအပ်ပြီးသော် ကျန်နာမ်ခန္ဓာ သုံးပါးတို့သည် သိလွယ်သော သဘောရှိကုန်၏၊ ထိုကြောင့် ဝိညာဏက္ခန္ဓာကို လက်ဦးမူ၍ ဖွင့်ဆိုကြောင်း သံဝဏ္ဏနာကို ပြုပေတော့အံ့။ (ဝိသုဒ္ဓိ၊၂၊၈၂။)

ဝိဇာနနလက္ခဏ

ဝိဇာနာတိ ဝိဇာနာတီတိ ခေါ အာဝုသော တသ္မာ ဝိညာဏန္တိ ဝုစ္စတိ။ (မ၊၁၊၃၆၆။)

ဝိညာဏံ စိတ္တံ မနောတိ အတ္ထတော ဧကံ။ (ဝိသုဒ္ဓိ၊၂၊၈၂။)

အထက်ပါ အဖြေမှာ အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီး၏ အမေးကို ဖြေဆိုထားတော်မူသော အရှင် သာရိပုတ္တရာ မထေရ်မြတ်ကြီး၏အဖြေ ဖြစ်၏။ မဟာဝေဒလ္လသုတ္တန်၌ လာရှိ၏။

ငါ့ရှင် ကောဋ္ဌိက ...အာရုံကို သိတတ်၏ အာရုံကို ရယူတတ်၏၊ ထိုကြောင့် ဝိညာဏ်ဟု ဆိုအပ်၏။ (မ၊၁၊၃၆၆။)

၁။ ဝိညာဏ = ဝိညာဏ်

၂။ စိတ္တ = စိတ်

၃။ မန = မနော = စိတ်

ဤသုံးမျိုးကား တရားကိုယ် အနက်သဘောအားဖြင့် အတူတူပင် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၂။)

ပရမတ္ထဓမ္မသဘာဝဟူသည် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာရသော ပဝတ္တိဓမ္မတည်းဟု ပြခြင်းငှာ ဝိဇာနနလက္ခဏံဟု ဘာဝသာဓနအားဖြင့် ဆိုသည်။ ဓမ္မသဘောမှလွတ်သော တစ်စုံတစ်ခုသော သိတတ်သော ပြုလုပ်တတ်သော ကတ္တားမည်သည် မရှိ၊ ထိုကြောင့် ဓမ္မ၏သာလျှင် ကတ္တားအဖြစ်ကို ပြခြင်းငှာ ဝိဇာနာတိ ဟူ၏။ အာရုံကိုယူတတ်သော အကြင်သဘောတရားသည် ဝိဇာနနတ္ထ = အာရုံကိုသိခြင်း အနက်သဘောအားဖြင့် ဝိညာဏ် မည်၏၊ ထိုသဘောသည်ပင် စိန္တနတ္ထ = အာရုံကိုကြံစည်ခြင်း အနက်သဘော စသောအားဖြင့် စိတ် မည်၏၊ မနနတ္ထ = သိခြင်း အနက်သဘောအားဖြင့် မနော မည်၏။ ဤသို့သော ပရိယာယ်အားဖြင့်လည်း--- (၁) ဝိညာဏံ = ဝိညာဏ်, (၂) စိတ္တံ = စိတ်, (၃) မနော = မန --- ဤသုံးပုဒ်သည် တရားကိုယ် အနက်သဘော အားဖြင့် တစ်ခုတည်းသာဟု ထိုဝိညာဏ်ကို သိစေသည်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၄၁။)

ဝိဂြိုဟ် (၃) မျိုး

ပရမတ္ထတရားစုကို ဟောပြသော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ --- စသော သဒ္ဒါတို့၌ များသောအားဖြင့် ကတ္တုသာဓန, ကရဏသာဓန, ဘာဝသာဓနဟု (၃)ဝိဂြိုဟ် ပြုနိုင်၏။ ထိုတွင် ကတ္တုသာဓနနှင့် ကရဏသာဓနသည် ပရမတ္ထသဘောကို ထိမိသော ဝိဂြိုဟ်များ မဟုတ်၊ အတ္တစွဲလမ်းသူတို့၏ အယူကို ပယ်ဖျက် ဖို့ရန် ပရိယာယ်ဆင် ဥပစာတင်၍ ပြုရသော ဝိဂြိုဟ်များတည်း။ (ပရမတ္ထ ဓမ္မသဘာဝ တစ်ခု၏ ဆိုလိုသော အနက်သဘောတရားကို သဒ္ဒါနည်းအရ ရှင်းလင်းပြသော စကားစုကို ဝိဂြိုဟ်ဟု ဆိုလိုသည်။)

ပရမတ်၌ မကျွမ်းကျင်သော ပုထုဇန် အချို့က --- ထိုထိုအမှုကို ပြုလုပ်စီမံတတ်သော ကာရက, အကျိုး ကိုလည်း ခံစားတတ်သော ဝေဒကဟု ခေါ်ဆိုရသော အတ္တသည် (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင်သည်) ခန္ဓာကိုယ်တွင်း၌ ရှိ၏။ အာရုံကို သိရာ၌ သိခြင်းကြိယာကား စိတ်တည်း၊ ထိုသိခြင်း ကြိယာကို ဖြစ်စေတတ် = ပြီးစေတတ် = သိတတ်သော ကတ္တားမှာ ယခင်အတ္တပင် ဖြစ်သည်ဟု စွဲလမ်းမှတ်ထင် ကြလေသည်၊ ထိုယူမှားချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိတတ်သော ကတ္တုသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တင်စား၍ --- ဝိဇာနာတီတိ ဝိညာဏံ = အာရုံကိုသိတတ်သောကြောင့် ဝိညာဏ်မည်၏ဟု ကတ္တုသာဓနဝိဂြိုဟ် ဖြင့် ရှင်းလင်းဖွင့်ဆိုရပေသည်။ ဤစကားမျိုးကို --- သိတတ်သော သတ္တိမရှိပါဘဲလျက် ရှိသကဲ့သို့ တင်စား၍ ပြောဆိုထားသော စကားမျိုးဖြစ်သဖြင့် တဒ္ဓမ္မူပစာရစကားဟု ခေါ်ဆိုသည်။ ယုန်၌ ဦးချိုမရှိပါဘဲလျက် ရှိသကဲ့သို့ တင်စား၍ ယုန်ချိုဟု ဆိုသော စကားကဲ့သို့ မှတ်ပါ။ ဆိုလိုသည်မှာအာရုံကိုသိရာ၌ အတ္တက သိသည်မဟုတ်, အတ္တပင် အထင်အရှား မရှိ, စိတ်ကသာ သိသည်, စိတ်ဟူသော သဘောတရားမှတစ်ပါး အခြားသိတတ်သော ကတ္တားတစ်မျိုး မရှိတော့ပြီ ဟူလိုသည်။

အချို့ကလည်း ဖဿ စသောတရားတို့သည် အတ္တကြောင့်သာ အာရုံကို သိကြရ၏၊ အတ္တသည် သိခြင်း ကြိယာကို ပြီးစေနိုင်သော ကြိယာသာဓကတမသတ္တိ ရှိ၏ဟု စွဲလမ်းကြပြန်၏၊ ထိုစွဲလမ်းချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိကြောင်းသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တဒ္ဓမ္မူပစာရအားဖြင့် ဝိဇာနာတိ ဧတေနာတိ ဝိညာဏံ = စိတ်သည် အာရုံကို သိကြောင်းဖြစ်သောကြောင့် ဝိညာဏ်မည်၏ဟု ကရဏသာဓနဝိဂြိုဟ် တစ်နည်းဆိုလျက် ရှင်းပြရပြန်သည်။ ဖဿ စသည်တို့၏ အာရုံကို သိခြင်း၏ အကြောင်းမှာ အတ္တမဟုတ်, အတ္တပင် အထင်အရှား မရှိ၊ စိတ်သည်သာလျှင် ဖဿ စသည်တို့၏ အာရုံကို သိကြောင်းတရားဖြစ်သည်ဟု ဆိုလိုသည်။

ဤသို့လျှင် အတ္တစွဲလမ်းချက်ကို ပယ်ဖျက်လို၍ ကတ္တုသာဓန ကရဏသာဓန ဝိဂြိုဟ် ပြဆိုရသော်လည်း စိတ်၌ သိတတ်သောကတ္တုသတ္တိ, သိကြောင်းကရဏသတ္တိ နှစ်မျိုးလုံးပင် မရှိရကား ထိုဝိဂြိုဟ်များသည် ပရမတ္ထ တရားကိုယ်ဓာတ်သားကို ထိမိသော ဝိဂြိုဟ် မဟုတ်၊ စင်စစ်မှာမူ --- စိတ်ဟူသည် အာရုံကိုသိခြင်း အမူအရာ ကြိယာသာ ဖြစ်သောကြောင့် --- စိန္တနံ စိတ္တံ = ဝိဇာနနံ ဝိညာဏံ --- ဟူသော ဘာဝသာဓနဝိဂြိုဟ်ဖြင့်လည်း စိတ်၏စွမ်းအင်ကို ရှင်းလင်း တင်ပြရပြန်သည်။ အာရုံကိုသိခြင်း အာရုံကိုရယူခြင်း သဘောသက်သက်သည်သာ ဝိညာဏ် မည်၏, စိတ် မည်၏ ဟူလိုသည်။ ယင်း ဘာဝသာဓနသည်သာ ပရမတ္ထတရားကိုယ် ဓာတ်သားကို ထိမိသော ဝိဂြိုဟ် ဖြစ်သည်။ ပရမတ္ထတရားတို့ကား ဗျာပါရကင်းသော နိဗျာပါရတရားတို့သာ ဖြစ်ကြသည်။

ဝိညာဏ်အပြားနှင့် ကုသိုလ်အပြား

ထိုဝိညာဏ်သည် အာရုံကိုသိခြင်း အာရုံကိုရယူခြင်း ဝိဇာနနလက္ခဏာအားဖြင့် တစ်မျိုးသာ ရှိ၏။ ဇာတ်၏ အစွမ်းဖြင့်ကား ကုသိုလ်, အကုသိုလ်, အဗျာကတဟု သုံးမျိုးရှိ၏။ ထိုတွင် ကုသိုလ်သည် ဘူမိဘေဒ = ဘုံအပြား အားဖြင့် --- ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, လောကုတ္တရာကုသိုလ်အားဖြင့် (၄)မျိုး ပြား၏။ ထိုတွင် ကာမာဝစရကုသိုလ်သည် (= မဟာကုသိုလ်သည်) (၈)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) ယင်းစိတ်တို့ ဖြစ်ပေါ်လာပုံကို ထင်ရှားဆိုပေအံ့ ---

၁။ အကြင်အခါ၌ လှူဖွယ်ဝတ္ထု၏ ပြည့်စုံခြင်း, အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်း, ပဋိရူပဒေသဝါသ --- ဟူသော သူတော်သူမြတ်တို့ရှိရာ အရပ်၌ နေထိုင်ရခြင်း, ကုသိုလ်ဖြစ်နိုင်လောက်သည့် အချိန်ကာလကောင်းနှင့် ပြည့်စုံခြင်း, မိတ်ကောင်းဆွေကောင်း မိကောင်းဖကောင်း ဆရာကောင်းသမားကောင်းနှင့် ပေါင်းသင်းရခြင်းစသော သမ္ပတ္တိစက် တို့ကိုလည်းကောင်း, အခြားအခြားသော သဒ္ဓါတရားထူပြောခြင်း, စင်ကြယ်သော သမ္မာဒိဋ္ဌိဉာဏ်ရှိခြင်း, ကုသိုလ် ပြုခြင်း၌ အကျိုးအာနိသံသကို ရှုမြင်လေ့ရှိခြင်း, သောမနဿ ပဋိသန္ဓေဖြင့် ပဋိသန္ဓေတည်နေခဲ့ရခြင်း, ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား အစရှိကုန်သော သောမနဿ ဖြစ်နိုင်လောက်သည့် အကြောင်းတရားကိုလည်း ကောင်း အစွဲပြု၍ အလွန်ရွှင်လန်းသည်ဖြစ်၍ --- အတ္ထိ ဒိန္နံ = အလှူဒါန၏ အကျိုးတရားသည် ထင်ရှားရှိ၏ - ဤသို့ စသောနည်းဖြင့် ဖြစ်ပေါ်လာသော သမ္မာဒိဋ္ဌိဉာဏ်ကို ေ့ရှသွားပြု၍ မဆုတ်မနစ်မူ၍ သူတစ်ပါးတို့က (မိမိကိုယ်ကိုလည်း မိမိက) မတိုက်တွန်း မနှိုးဆော်အပ်သည်ဖြစ်၍ ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ပုညကုသိုလ်တို့ကို ပြုလုပ်၏။ ထိုအခါဝယ် ထိုပုညကုသိုလ် စေတနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏သန္တာန်ဝယ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၈၃၊၊)

၂။ အကြင်အခါ၌ကား ဆိုခဲ့ပြီးသည့် နည်းလမ်းအတိုင်းပင် အလွန် ရွှင်လန်းတက်ကြွသော စိတ်ဓာတ်ဖြင့် သမ္မာဒိဋ္ဌိဉာဏ်ကိုပင် ေ့ရှသွားပြု၍ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလိုသောစိတ်ဓာတ် မရှိမူ၍, တွန့်တိုဆုတ်နစ်သော စိတ်ဓာတ်ရှိသည်ဖြစ်၍, သူတစ်ပါးတို့က တိုက်တွန်းအပ်သည်ဖြစ်၍ ဒါနကို ပြု၏၊ အလားတူပင် သီလကုသိုလ်, ဘာဝနာကုသိုလ် အရာ၌လည်း စိတ်ပါလက်ပါဖြင့် စိတ်ဓာတ် တက်တက်ကြွကြွ မရှိမူ၍ စိတ်မပါ့တပါဖြင့် မိမိ ကိုယ်ကို မိမိက တိုက်တွန်းအပ်သည်ဖြစ်၍, သူတစ်ပါးတို့ကသော်လည်း တိုက်တွန်းအပ်သည်ဖြစ်၍ သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကို ပြုစုပျိုးထောင်၏။ ထိုအခါ၌ ထိုသူတော်ကောင်း၏ သန္တာန်ဝယ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။

ဣမသ္မိဥှိ အတ္ထေ သင်္ခါရောတိ ဧတံ အတ္တနော ဝါ ပရေသံ ဝါ ဝသေန ပဝတ္တဿ ပုဗ္ဗပယောဂဿာ- ဓိဝစနံ။ (ဝိသုဒ္ဓိ၊၂၊၈၃။)

ဤအရာဝယ် သင်္ခါရဟူသည် အဘယ်နည်း? --- ထိုထို ဒါန သီလ သမထ ဝိပဿနာဟူသော ကုသိုလ်ကိစ္စ လုပ်ငန်းရပ်တို့၌ တွန့်တို ဆုတ်နစ်နေသော စိတ်ဓာတ်ကို မတွန့်တို မဆုတ်နစ်စေခြင်းငှာ မိမိကိုယ်ကို မိမိက တိုက်တွန်းရခြင်း သူတစ်ပါးတို့က တိုက်တွန်းရခြင်းဟူသော စိတ်ဓာတ်ကို ရှေးဦးစွာ ပြုပြင်ပေးခြင်း = ပုဗ္ဗပယောဂကိုလည်းကောင်း, ထိုပုဗ္ဗပယောဂကြောင့် နောက်စိတ်၏ ထက်သန်ခြင်းဟူသော တိက္ခဘာဝကိုလည်း ကောင်း သင်္ခါရဟု ဆိုသည်။ သင်္ခါရက ရှေးကဖြစ်၍ ကုသိုလ်က နောက်မှဖြစ်သောကြောင့် ဆိုသည်ကား မဟုတ်။ (ဝိသုဒ္ဓိ၊၂၊၈၃။ မဟာဋီ၊၂၊၁၁၇။)

၃။ အကြင်အခါ၌ကား မိဘစသော ဆွေမျိုးအပေါင်း၏ ပေးလှူပူဇော်ခြင်း ရှိခိုးခြင်း စသော အကျင့်ကို မြင် သဖြင့် မိဘစသည့် ဆွေမျိုးအပေါင်း၏ ပေးလှူခြင်း ရှိခိုးခြင်း စသော အမူအရာကို အတုလိုက်၍ ဖြစ်ပေါ် လာသော လေ့ကျက်ခြင်းရှိကုန်သော မသိ မလိမ္မာသေးကုန်သော ကလေးသူငယ်တို့သည် ရဟန်းတော်တို့ကို မြင်၍ ဖြစ်ပေါ်လာသော ဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍ အဆောတလျင် တစ်စုံတစ်ခုသာလျှင်ဖြစ်သော လက်ထဲ၌ ရှိသော လှူဖွယ်ဝတ္ထုကို ပေးလှူမူလည်း ပေးလှူကုန်၏၊ ရှိမူလည်း ခိုးကုန်၏။ ထိုအခါ၌ တတိယ မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။ (သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် စိတ် ဟူလိုသည်။ မသိ မလိမ္မာသေးသဖြင့် ဉာဏ်မယှဉ်သော ကုသိုလ်မျိုးတည်း။) (ဝိသုဒ္ဓိ၊၂၊၈၃။)

၄။ အကြင်အခါ၌ ထိုကလေးသူငယ်တို့ကို -- သင်တို့သည် ပေးလှူကြကုန်၊ ရှိခိုးကြကုန်၊ ဆွမ်းလောင်းလိုက်၊ ရှိခိုးလိုက် --- ဤသို့စသည်ဖြင့် မိဘစသော ဆွေမျိုးတို့က တိုက်တွန်းအပ်ကုန်သည်ဖြစ်၍ ဤသို့ပေးလှူခြင်း ရှိခိုးခြင်းစသော အခြင်းအရာအားဖြင့် ထိုကလေးသူငယ်တို့သည် ပြုကျင့်ကြကုန်၏။ ထိုအခါ၌ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် = စတုတ္ထစိတ်သည် ဖြစ်ပေါ်လာ၏။

၅-၈။ အကြင်အခါ၌ကား လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် စသည်တို့၏ မပြည့်စုံခြင်းကိုလည်းကောင်း, သောမနဿ ဖြစ်နိုင်လောက်သည့် အခြားအခြားသော အကြောင်းတရားတို့၏ မရှိမှုကိုလည်းကောင်း အစွဲပြု၍ အထက်ပါ ကုသိုလ်လေးမျိုးတို့၌ သောမနဿကင်းကုန်သည်ဖြစ်၍ ဒါန သီလ သမထ ဝိပဿနာ စသော ကောင်းမှုကုသိုလ်ကို ပြုကုန်ငြားအံ့၊ ထိုအခါ၌ ဥပေက္ခာသဟဂုတ် မဟာကုသိုလ်စိတ် (၄)မျိုးတို့သည် ဖြစ်ပေါ်လာကုန်၏။ (ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုးတည်း။) (ဝိသုဒ္ဓိ၊၂၊၈၃။)

ရူပါဝစရကုသိုလ်သည် ပဉ္စကနည်းအားဖြင့် စျာန်အင်္ဂါတို့နှင့်ယှဉ်သော အပြားအားဖြင့် (၅)မျိုး ပြား၏။ အရူပါဝစရကုသိုလ်သည် အာရုပ္ပစျာန် (၄)မျိုးတို့နှင့် ယှဉ်ခြင်း၏ အစွမ်းဖြင့် (၄)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။)

လောကုတ္တရာကုသိုလ်သည် သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်ဟူသော လေးပါးသော အရိယမဂ်တို့နှင့် ယှဉ်သောအားဖြင့် (၄)မျိုး ပြား၏။ ဤသို့လျှင် ကုသိုလ်ဝိညာဏ်သည် ---

၁။ မဟာကုသိုလ်စိတ် = ကာမာဝစရကုသိုလ်စိတ် ( ၈ ) မျိုး,

၂။ ရူပါဝစရကုသိုလ်စိတ် ( ၅ ) မျိုး,

၃။ အရူပါဝစရကုသိုလ်စိတ် ( ၄ ) မျိုး,

၄။ လောကုတ္တရာကုသိုလ်စိတ် ( ၄ ) မျိုး,

အားလုံးပေါင်းသော် (၂၁) မျိုးတည်း။ (ဝိသုဒ္ဓိ၊၂၊၈၃-၈၄။)

အကုသိုလ်စိတ် (၁၂) ပါး

အကုသိုလ်ဝိညာဏ်သည် ဘုံအားဖြင့် တစ်မျိုးသာ ရှိ၏။ အကုသိုလ်မှန်သမျှ ကာမာဝစရတရားသာတည်း။ အရင်းအမြစ် မူလသဘောအားဖြင့် လောဘမူလစိတ်, ဒေါသမူလစိတ်, မောဟမူလစိတ်ဟု (၃)မျိုး ပြား၏။ထိုတွင် လောဘမူစိတ်သည် (၈)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

လောဘမူစိတ် (၈) မျိုး ဖြစ်ပေါ်လာပုံ

၁။ အကြင်အခါ၌ ကာမဂုဏ်တို့၌ အပြစ်မရှိ၊ ကာမဂုဏ်တို့ကို မှီဝဲခြင်း သုံးဆောင်ခံစားခြင်းတို့၌ အပြစ်မရှိ ဤသို့ စသောနည်းဖြင့် ဥစ္ဆေဒဒိဋ္ဌိစသော မိစ္ဆာအယူကို ေ့ရှသွားပြု၍ အလွန်ရွှင်လန်းသည်ဖြစ်၍ ပင်ကိုသဘောအားဖြင့်သာလျှင် ထက်မြက်နေသော ထက်သန်နေသော မတိုက်တွန်းအပ်သောစိတ်ဖြင့် ကာမဂုဏ်တို့ကိုမူလည်း မှီဝဲသုံးဆောင်၏။ (ယခုကာလ ချဲသမားတို့ ချဲနံပါတ်ကောက်သကဲ့သို့) ဒိဋ္ဌမင်္ဂလာ = အမြင်မင်္ဂလာ, သုတမင်္ဂလာ = အကြားမင်္ဂလာ, မုတမင်္ဂလာ = အတွေ့မင်္ဂလာတို့ကိုလည်း အနှစ်သာရအားဖြင့် အမြတ်ထားလျက် ယုံကြည်၏။ (လောကီမင်္ဂလာတို့ကို လေ့လာလိုက်စားမှုများ၏။ ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင်တို့ကို အနှစ်သာရအားဖြင့် ယုံကြည်၏။ အလေးဂရုပြု၏။) ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမ လောဘမူစိတ် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

ဘဝဟူသည် ပုခက်နှင့် ခေါင်း အကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှ မရှိ --- ဤသို့စသော ဥစ္ဆေဒဒိဋ္ဌိ စသည်နှင့်ယှဉ်သော မိစ္ဆာအယူကို ေ့ရှတန်းတင်၍ ထိုမိစ္ဆာအယူဖြင့် ဖောက်ပြန်သော စိတ်ဓာတ်ရှိကုန်သော သတ္တဝါတို့သည် ဧတာဝကော ဇီဝဝိသယော ယာဝဣန္ဒြိယဂေါစရော = ဇီဝ ဟူသော သတ္တဝါ၏ တည်ရာနယ်ပယ်ကား စက္ခုစသော ဣန္ဒြေတို့ ကျက်စားနိုင်သော နယ်ပယ်မျှလောက်သာတည်း --- ဟု တမလွန်လောကရှိမှုကို လက်မခံဘဲ ပယ်လှန်၍ ကာမတို့၌ အပြစ်ဟူသည် မရှိဟု လက်ခံ၍ အပြစ်ရှိ မရှိ မရွေးချယ်တော့ဘဲ ကာမဂုဏ်တို့ကို စိတ်ကြိုက် ခံစား၏။

သားသ္မီး၏ မျက်နှာကို မြင်ရခြင်းဟူသော အကြင်လမ်းဖြင့် သားသ္မီးရသော သူတို့သည် စိုးရိမ်ကင်းသော နတ်ပြည်နိဗ္ဗာန်သို့ ရောက်ကုန်၏၊ သားသ္မီး၏ မျက်နှာကို မြင်ရခြင်းဟူသော ဤလမ်းသည် နတ်ပြည်သို့ သွားရာ၌ မချွတ်မယွင်း ဖြောင့်စင်းမှန်ကန်သော လမ်းပေတည်း။ ထိုလမ်းကို သားတိရစ္ဆာန်တို့သည်လည်းကောင်း, ငှက်တို့ သည်လည်းကောင်း မြင်သိကုန်၏။ ထိုသို့ မြင်သိခြင်းကြောင့် ထိုသားငှက်တို့သည် အမိရင်း၌သော်လည်း မေထုန် အကျင့်ကို ပြုကျင့်ကုန်၏

ဤသို့ စသောနည်းဖြင့် သား၏မျက်နှာကို မြင်ရခြင်းတည်းဟူသော ပုတ္တမုခဒဿနလမ်းစဉ်သည် နတ်ရွာ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းပေတည်း --- ဤသို့စသော မှားသောအယူကို ယူသောသူ၏ သန္တာန်၌ ကာမဂုဏ်ကို အလိုရှိသလို စိတ်တိုင်းကျ ခံစားနေသောအခါ သာယာနေသောအခါတို့၌လည်း သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမစိတ်မျိုးပင် ဖြစ်နေပေသည်။ (မဟာဋီ၊၂၊၁၂၀။)

သူတစ်ပါးတို့၏ ပစ္စည်းကို မတရားယူခြင်း အဒိန္နာဒါနအရာ၌ ဗြာဟ္မဏတို့၏ ရွှေကို ခိုးယူခြင်းသည်သာလျှင် အပြစ်ရှိ၏၊ အခြားသော ခိုးယူခြင်းသည် အပြစ်မရှိ၊ ဤကဲ့သို့သော မိစ္ဆာဂါဟ အယူမှားဖြင့် သူတစ်ပါး၏ ပစ္စည်းကို မတရားယူခြင်း၌ ယင်းပစ္စည်းတို့အပေါ် သာယာတပ်မက်သော လောဘမူစိတ်မှာလည်း ဤပထမလောဘမူစိတ် အမျိုးအစားပင် ဖြစ်၏။ ဆရာသမားတို့အတွက် မုသားပြောခြင်း, နွားတို့အတွက် မုသားပြောခြင်း, မိမိအတွက် မုသားပြောခြင်း, အသက်အတွက် မုသားပြောခြင်း, သ္မီးကိုထိမ်းမြားခြင်း မင်္ဂလာကိစ္စအတွက် မုသားစကားပြောခြင်း ဤမုသားစကားပြောခြင်းသည် အပြစ်မရှိ၊ အခြားသော မုသားစကားသည်သာ အပြစ်ရှိ၏။ ယင်းဆရာသမား စသူတို့အတွက် ကုန်းချောခြင်းသည် အပြစ်မရှိ၊ အခြားသော ကုန်းချောစကားသည် အပြစ်ရှိ၏။ ဘာရတမင်းတို့၏ စစ်ထိုးခြင်း, သီတာဒေဝီကို ဆောင်ခြင်း စသည်ကိုဆိုသော စကားသည် မကောင်းမှုကို ငြိမ်းစေခြင်းငှာ ဖြစ်၏။ --- ဤသို့စသော မိစ္ဆာဂါဟ အယူမှားဖြင့် မုသားစကား ကုန်းစကား ဘာရတမင်းတို့၏ စစ်ထိုးခန်း သီတာဒေဝီ- ကို ဆောင်ခန်းစကားတို့ကို ပြောကြားရာ၌ ယင်းမုသားစကား ကုန်းစကား စသည်တို့၌ သာယာတပ်မက်သော စိတ်မှာလည်း ဤလောဘမူ ပထမစိတ်ပင် ဖြစ်၏။ (မဟာဋီ၊၂၊၁၂၁။)

၂။ အကြင်အခါ၌ကား နုံ့သော မထက်သော စိတ်သိပ်မထက်သန်သော, မိမိသည်လည်းကောင်း သူတစ်ပါး သည်လည်းကောင်း တိုက်တွန်းအပ်သောစိတ်ဖြင့် မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ေ့ရှသွားပြု၍ ရွှင်ရွှင် လန်းလန်းပင် ကာမဂုဏ်တို့ကိုမူလည်း သုံးဆောင် ခံစား၏၊ ဒိဋ္ဌမင်္ဂလာ စသည်တို့ကိုမူလည်း အနှစ်သာရအားဖြင့် ယုံကြည်၏။ ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက ဒုတိယလောဘမူ အကုသိုလ် စိတ်သည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

၃။ အကြင်အခါ၌ကား မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ေ့ရှသွား မပြုမူ၍ မိစ္ဆာဒိဋ္ဌိနှင့် မရောမယှက် သက် သက် အလွန်ရွှင်လန်းသည် ဖြစ်၍ ပင်ကိုသဘောအားဖြင့်သာလျှင် ထက်သန်လျက်ရှိသော မတိုက်တွန်းအပ်သော စိတ်ဖြင့် မေထုန်ကိုမူလည်း မှီဝဲ၏၊ သူတစ်ပါး၏ စည်းစိမ်ကိုမူလည်း တပ်မက်သောအားဖြင့် မတရားသော နည်းလမ်း အမျိုးမျိုးဖြင့် ရရှိအောင် ရှေးရှူ ကြံစည်၏၊ ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ် မပေးသော သူ့ဥစ္စာကိုမူလည်း ခိုးယူ၏၊ အနိုင်အထက် လုယူ၏၊ ဓားပြတိုက်၏၊ လာဘ်စား၏၊ ထိုအခါမျိုး၌ သောမနဿ- သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက တတိယလောဘမူစိတ်သည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

၄။ အကြင်အခါ၌ကား နုံ့သော မထက်သော စိတ်သိပ်မထက်သန်သော မိမိသည်လည်းကောင်း, သူတစ်ပါး သည်လည်းကောင်း တိုက်တွန်းအပ်သောစိတ်ဖြင့် မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ေ့ရှသွားမပြုမူ၍ မိစ္ဆာဒိဋ္ဌိနှင့် မရောမယှက် သက်သက် ရွှင်ရွှင်လန်းလန်းပင် မေထုန်ကိုသော်လည်း မှီဝဲ၏၊ သူတစ်ပါး၏ စည်းစိမ်ကိုမူလည်း တပ်မက်သောအားဖြင့် တပ်မက်သောစိတ်ထားဖြင့် မတရားသောနည်းလမ်း အမျိုးမျိုးဖြင့် ရရှိအောင် ရှေးရှူ ကြံစည်၏၊ ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ် မပေးသော သူ့ဥစ္စာကိုလည်း ခိုးယူ၏၊ အနိုင်အထက် လုယူ၏၊ ဓားပြတိုက်၏၊ လာဘ်စား၏၊ ( မိမိက အလိုမရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာဘ်ယူမိ၏၊၊) ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စတုတ္ထလောဘမူစိတ်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

၅-၈။ အကြင်အခါ၌ကား သုံးဆောင်အပ်သော ကာမဂုဏ်တို့၏လည်း မပြည့်စုံခြင်းကို အကြောင်းပြု၍, အခြား တစ်ပါးကုန်သော သောမနဿဖြစ်နိုင်လောက်သည့် အကြောင်းတရားတို့၏လည်း မရှိခြင်းကြောင့် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ခြင်း, ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်ခြင်း, သသင်္ခါရိကဖြစ်ခြင်း, အသင်္ခါရိကဖြစ်ခြင်းဟူသော စိတ် (၄)မျိုးလုံးတို့ ၌ပင် သောမနဿ ကင်းကုန်သည်ဖြစ်၍ အထက်တွင် ဖော်ပြထားသည့်အတိုင်း လောဘနှင့်ယှဉ်သည့် မကောင်းမှု အကုသိုလ်ကို ပြုလုပ်ကြကုန်၏။ ထိုအခါမျိုး၌ ကြွင်းကုန်သော လေးမျိုးကုန်သော ဥပေက္ခာသဟဂုတ် လောဘမူ အကုသိုလ်စိတ်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

ဒေါသမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ

၁။ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်,

၂။ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် ---

ဤသို့ ဒေါသမူစိတ်သည် နှစ်မျိုးသာရှိ၏။

သူ့အသက် လျင်စွာချခြင်း = သတ်ခြင်း, သူ့ပစ္စည်းကို မတရားယူခြင်း, မုသားစကား ပြောကြားခြင်း, ကုန်းချောစကား ပြောကြားခြင်း, ကြမ်းတမ်းသောစကားကို ပြောကြားခြင်း, ပြိန်ဖျင်းသောစကားကို ပြောကြားခြင်း, သူတစ်ပါးတို့ သေကျေပျက်စီးဖို့ရန် သူတစ်ပါးတို့ကို သတ်ဖို့ရန် ကြံစည် စိတ်ကူးခြင်း စသည့် အကုသိုလ်အမှုတို့ကို ပြုလုပ်ရာဝယ် ပင်ကိုယ်သဘောအားဖြင့် ထက်ထက်သန်သန် ဖြစ်နေသော ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော, စိတ်ခက်ထန်ကြမ်းတမ်းမှု ပဋိဃနှင့်ယှဉ်သော, မိမိသည်လည်းကောင်း သူတစ်ပါးတို့သည်လည်းကောင်း မတိုက်တွန်းရသော စိတ်သည် ပထမဒေါသမူစိတ် အမျိုးအစားတည်း။ ယင်းအကုသိုလ်မှုတို့ကို ပြုရာဝယ် နုံ့သော မထက်သော စိတ်ဓာတ် သိပ်မပြင်းထန်သော ဒေါသမူစိတ်သည် မိမိသည်လည်းကောင်း သူတစ်ပါးတို့သည် လည်းကောင်း တိုက်တွန်းအပ်သော ဒုတိယဒေါသမူစိတ်မျိုးတည်း။ (ဝိသုဒ္ဓိ၊၂၊၈၄။ မဟာဋီ၊၂၊၁၂၁။)

အထက်ပါ ဒေါသဖြစ်လောက်သည့် အကုသိုလ်မှု အမျိုးမျိုးတို့ကို လွန်ကျူးရာ၌ နုံ့သော မထက်သန်လွန်း သော နုံ့သည်ဖြစ်၍ ဖြစ်ပေါ်လာသော ဒေါသမူစိတ်သည် ဧကန်အားဖြင့် သသင်္ခါရိကသာလျှင် ဖြစ်၏ဟု ဤသို့ သိဖို့ရန်ကား မတတ်ကောင်းပေ။ အကြင် ဒေါသမူစိတ်သည် မိမိကလည်းကောင်း သူတစ်ပါးတို့ကလည်းကောင်း တိုက်တွန်းခြင်းနှင့်တကွ ဖြစ်၏၊ အားထုတ်ခြင်း လုံ့လပယောဂနှင့်တကွ ဖြစ်၏၊ ထိုဒေါသမူစိတ်မျိုးသည် နုံ့သည် သာလျှင် ဖြစ်၏၊ ဤသို့ နှလုံးပိုက်တော်မူ၍ အထက်ပါအတိုင်း နုံ့သော ဒေါသမူစိတ်ကို သသင်္ခါရိကဖြစ်ကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၁၂၁။)

မောဟမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ်,

၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ် ---

ဤသို့လျှင် မောဟမူစိတ်သည် နှစ်မျိုးရှိ၏။ သမ္မာသမ္ဗုဒ္ဓဘုရားစစ် ဘုရားမှန်, သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟောကြားထားတော်မူအပ်သော မဂ်-ဖိုလ်-နိဗ္ဗာန်-ဓမ္မက္ခန်ဟု ခေါ်ဆိုအပ်သော တရားစစ် တရားမှန်, သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသံဃာစစ် သံဃာမှန်, ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား စသည့် ဝိစိကိစ္ဆာ ဖြစ်နိုင်သည့် အရာဌာနတို့၌ အမှန်အတိုင်း ဆုံးဖြတ်ချက် မချနိုင်သော ကာလ၌ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ဖြစ်၏။ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟောကြားထားတော်မူအပ်သော ရုပ်တရား နာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်၊ အတိတ် အနာဂတ်ကို ဝိပဿနာ မရှုကောင်း --- ဤသို့စသော ယုံမှားသံသယရှိနေသော စိတ်မျိုးပင်တည်း။ စိတ်မငြိမ်မသက် ဖြစ်ရာအခါ = အာရုံ အမျိုးမျိုးပေါ်သို့ စိတ်ပျံ့လွင့် နေရာအခါ၌ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ်သည် ဖြစ်ပေါ်လာ၏။

လောဘမူစိတ်၌ လောဘ-မောဟဟူသော အကုသလမူလတရား နှစ်ပါးရှိ၏။ ဒေါသမူစိတ်၌ ဒေါသ-မောဟဟူသော အကုသလမူလတရား နှစ်ပါး ရှိ၏။ ဤမောဟမူစိတ် နှစ်မျိုး၌ကား မောဟဟူသော အကုသလ မူလတရား တစ်မျိုးသာ ရှိ၏။ လောဘ ဒေါသဟူသော အခြားသော အကုသလမူလတရားများနှင့် ကင်းနေ၏။မောဟဟူသော ဟိတ်တစ်မျိုးသာရှိသော မောဟမူစိတ်သည် အခြားသော အကုသလမူလတရားမှ ကင်းနေသော ကြောင့် အလွန်တွေဝေသည်လည်းကောင်း, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စနှင့် အသီးအသီး ယှဉ်ခြင်းကြောင့် အလွန်လှုပ်ရှားသည် လည်းကောင်း ဖြစ်၏၊ ထိုကြောင့် သောမနဿဝေဒနာနှင့် မယှဉ်ဘဲ ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ရပေသည်။ထို မောဟမူစိတ်သည် တစ်ရံတစ်ဆစ်မျှသော်လည်း ပင်ကိုယ်သဘောအတိုင်း ထက်မှုမရှိ။ မှန်ပေသည် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်သည် ဝိစိကိစ္ဆာဖြစ်ရာ အာရုံအမျိုးမျိုး၌ ယုံမှားလျက် ရွေ့ရှားသည်၏ အစွမ်းဖြင့် ဖြစ်တတ်၏၊ ဥဒ္ဓစ္စသမ္ပယုတ်စိတ်သည် အာရုံအမျိုးမျိုး၌ စိတ်ပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်တတ်၏။ ယင်းသို့ဖြစ်နေသော ဤစိတ်နှစ်မျိုး၏ အဘယ်မည်သော အမှုကိစ္စ၌ ပင်ကိုယ်သဘောအားဖြင့် ထက်မြက်သည့်သဘောသည်လည်းကောင်း, မိမိကိုယ်တိုင်ကဖြစ်စေ သူတစ်ပါးတို့ကဖြစ်စေ တိုက်တွန်းအပ်သည်၏ အဖြစ်သည်လည်းကောင်း ဖြစ်သင့်ပါအံ့နည်း။ ထိုကြောင့် ထိုမောဟမူစိတ်၌ သသင်္ခါရ အသင်္ခါရ ကွဲပြားမှု မရှိပေ။

တစ်ဖန် ဥဒ္ဓစ္စစေတသိက်သည် အကုသိုလ်စိတ် (၁၂)မျိုး၌ ယှဉ်သော အကုသလသာဓာရဏစေတသိက် တစ်မျိုးဖြစ်၏။ ယင်းဥဒ္ဓစ္စသည် မောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်မှ တစ်ပါးကုန်သော အခြားအခြားကုန်သော အကုသိုလ်စိတ် (၁၁)မျိုးတို့၌ ရအပ်ပါသော်လည်း ဥဒ္ဓစ္စသည် အထူးအားဖြင့် ဤမောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်၌သာလျှင် ဗလဝ ဖြစ်၏ အင်အားကြီးမား၏၊ ထိုသို့ အင်အားကြီးမားသောကြောင့်ပင်လျှင် ယှဉ်ဖက် သမ္ပယုတ်တရား (၁၆)မျိုးတို့၌ ပဓာန = ပြဓာန်းသော တရားတစ်ခု ဖြစ်လာရ၏၊ ထိုကြောင့် ဤစိတ်ကိုသာလျှင် ဥဒ္ဓစ္စဖြင့် အထူးပြု၍ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဟု မိန့်ဆိုခြင်း ဖြစ်၏။ ထိုကြောင့်ပင်လျှင် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၁၀၃။)၌လည်း ဤစိတ်၌ပင်လျှင် ဥဒ္ဓစ္စသည် သရုပ်အားဖြင့် လာရှိ၏။ ဤသို့လျှင် ---

၁။ အခြားအခြားသော အကုသိုလ်စိတ်တို့၌ မဆက်ဆံသော ဝိစိကိစ္ဆာတရား,

၂။ ပဓာန = ပြဓာန်းသော ဥဒ္ဓစ္စတရား,

ဤတရားနှစ်မျိုးတို့၏ အစွမ်းဖြင့် မောဟမူစိတ်ကို ---

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်,

၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ်,

ဤသို့ နှစ်မျိုးရှိ၏ဟူ၍ ဟောတော်မူသည်ဟု မှတ်သားပါလေ။ ဝိစိကိစ္ဆာစေတသိက်၏ အာရုံကို မဆုံးဖြတ် နိုင်ခြင်းဟူသည် ယုံမှားသံသယပင်တည်း။ ဥဒ္ဓစ္စစေတသိက်၏ အာရုံအမျိုးမျိုး၌ ပျံ့လွင့်ခြင်းဟူသည် စိတ်မငြိမ်သက်ခြင်းပင်တည်း၊ စိတ်လှုပ်ရှားမှု သဘောတည်း။ ဤသို့လျှင် အကုသိုလ်ဝိညာဏ်သည် (၁၂)မျိုး ပြား၏။ ထို အကုသိုလ်စိတ် (၁၂)မျိုးသည် အာရုံ (၆)မျိုးတွင် အာရုံတစ်မျိုးမျိုးကို အာရုံပြု၍ ဥပေက္ခာသဟဂုတ်-အဟိတ် ကြိယာ မနောဝိညာဏဓာတ်၏ အခြားမဲ့၌ (= ပဉ္စဒွါရ၌ ဝုဋ္ဌော, မနောဒွါရ၌ မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌) ကာယဒွါရ ဝစီဒွါရ မနောဒွါရဟူသော ဒွါရသုံးပါးတို့ဖြင့် ကာယကံ ဝစီကံ မနောကံတို့၏ အစွမ်းဖြင့် ထိုက်သည့် အားလျော်စွာ ပါဏာတိပါတ အစရှိသော ကမ္မပထ၏ အစွမ်းအားဖြင့်လည်းကောင်း, ကမ္မပထ မမြောက်သော ကံ၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်ပေါ်လာ၏ဟု သိရှိပါလေ။ ထို (၁၂)မျိုးသော အကုသိုလ်စိတ်တို့တွင် ဥဒ္ဓစ္စ သဟဂုတ်စိတ်မှ တစ်ပါးသော အကုသိုလ်စိတ် (၁၁)မျိုးသည် အပါယ် (၄)ဘုံတို့၌ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ သုဂတိဘုံ၌ ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ ဥဒ္ဓစ္စသဟဂုတ်စိတ်ကား ဒုဂ္ဂတိ သုဂတိ နှစ်ဌာနတို့၌ ပဝတ္တိကျိုးကိုသာလျှင် ပေးနိုင်သော စွမ်းအားရှိ၏။ (မဟာဋီ၊၂၊၁၂၂။)

ဝိပါက် အဗျာကတ ဝိညာဏ်

ဇာတိဘေဒ = ဇာတ်ကွဲပြားမှု သဘောအားဖြင့် ဝိပါက်အဗျာကတ, ကိရိယာအဗျာကတဟု နှစ်မျိုး ပြား၏။ ထိုတွင် ဝိပါက်အဗျာကတ ဝိညာဏ်သည် ဘူမိဘေဒ = ဘုံအပြားအားဖြင့် --- ကာမာဝစရဝိပါက် ဝိညာဏ်, ရူပါ ဝစရဝိပါက် ဝိညာဏ်, အရူပါဝစရဝိပါက် ဝိညာဏ်, လောကုတ္တရာဝိပါက် ဝိညာဏ်ဟု (၄)မျိုး ပြား၏။ ထိုတွင် ကာမာဝစရဝိပါက် ဝိညာဏ်သည် ကုသလဝိပါက် ဝိညာဏ်, အကုသလဝိပါက် ဝိညာဏ်ဟု နှစ်မျိုး ပြား၏။ကုသလဝိပါက် ဝိညာဏ်သည်လည်း အဟိတ်ကုသလဝိပါက် ဝိညာဏ်, သဟိတ်ကုသလဝိပါက် ဝိညာဏ်ဟု နှစ်မျိုး ပြား၏။

၁။ အဟိတ်ကုသလဝိပါက် ဝိညာဏ် (၈)မျိုး

၂။ သဟိတ်ကုသလဝိပါက် ဝိညာဏ် (၈)မျိုး

ပေါင်းသော် ကုသလဝိပါက် ဝိညာဏ် (၁၆)မျိုးတည်း။ (နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။)

မဟာကုသိုလ်နှင့် မဟာဝိပါက်

သမ္ပယုတ္တဓမ္မာနဉ္စ ဝိသေသေ အသတိပိ အာဒါသတလာဒီသု မုခနိမိတ္တံ ဝိယ နိရုဿာဟံ ဝိပါကံ၊ မုခံ ဝိယ သဥဿာဟံ ကုသလန္တိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၈၆။)

နိရုဿာဟန္တိ ဧတ္ထ ဥဿာဟော နာမ အနုပစ္ဆိန္နာဝိဇ္ဇာတဏှာမာနသန္တာနေ ဝိပါကုပ္ပါဒနသမတ္ထတာသင်္ခါတော ဗျာပါရော၊ သော ဝိပါကေသု နတ္ထီတိ တံ နိရုဿာဟံ။ ကုသလေသု ပန အဘိညာဝသပဝတ္တေသုပိ အတ္ထေဝါတိ တံ သဥဿာဟံ။ (မဟာဋီ၊၂၊၁၂၇။)

အချို့သော ဆရာတို့၏ အလိုအားဖြင့် မဟာဝိပါက်စိတ်တို့၏ သသင်္ခါရိကဖြစ်မှု, အသင်္ခါရိကဖြစ်မှု၌ အာဂမန အကြောင်း, ပစ္စယ အကြောင်းဟု နှစ်မျိုး ရှိ၏။

၁။ အာဂမန အကြောင်း --- အာဂမနအကြောင်းဟူသည် ဝိပါက်စိတ်တို့လာခဲ့ရာ ကံအကြောင်းကို ဆိုလိုသည်။ အချို့သော ဆရာတို့၏ အလိုအားဖြင့် မျက်နှာသည် လှုပ်ရှားလတ်သော် မှန်အပြင်၌ ထင်နေသော မျက်နှာရိပ်၏ လှုပ်ခြင်းကဲ့သို့ အသင်္ခါရကုသိုလ်၏ အကျိုးဝိပါက်သည် အသင်္ခါရ ဖြစ်၏၊ သသင်္ခါရကုသိုလ်၏ အကျိုးဝိပါက်သည် သသင်္ခါရ ဖြစ်၏၊ ဤသို့လျှင် လာခဲ့ရာကံလမ်းကြောင်း၏ အစွမ်းဖြင့် မဟာဝိပါက်စိတ်တို့၌ သသင်္ခါရ, အသင်္ခါရ ဖြစ်မှုကို အလိုရှိတော်မူကြ၏။ (မဟာဋီ၊၂၊၁၂၇။)

၂။ ပစ္စယ အကြောင်း --- စွမ်းအင်အားကောင်းကုန်သော ထင်ရှားကုန်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အကြောင်းတရားတို့ကြောင့် ပဋိသန္ဓေ-ဘဝင်-စုတိဟူသော ဝိပါက်ဝိညာဏ်တို့၌ သသင်္ခါရိက အသင်္ခါရိက ဖြစ်မှုကို လည်းကောင်း, မွန်မြတ်သော ဥတု ဘောဇဉ် စသောအကြောင်း, မိမိ၏ရှေးတွင် တည်ရှိသော ဇော၏ သသင်္ခါရိက ဖြစ်မှု အသင်္ခါရိကဖြစ်မှုဟူသော အကြောင်းတရားတို့ကြောင့် တဒါရုံ ဝိပါက်ဝိညာဏ်၏ သသင်္ခါရိကဖြစ်မှု အသင်္ခါရိကဖြစ်မှုကိုလည်းကောင်း အချို့သော ဆရာမြတ်တို့က အလိုရှိတော်မူကြ၏။ (မဟာဋီ၊၂၊၁၂၇။)

အသင်္ခါရိကကုသိုလ် သသင်္ခါရိကကုသိုလ်စိတ်တို့တွင် အသင်္ခါရိကကုသိုလ်စိတ်ဖြင့် ဖြစ်စေ, သသင်္ခါရိက ကုသိုလ်စိတ်ဖြင့် ဖြစ်စေ ကုသိုလ်ကံကို အားထုတ်ပြီးလတ်သော် ထိုကံ အကျိုးပေးတော့မည့် နောက်ကာလဝယ် ပြုပြင်မှု မရှိဘဲ အားထုတ်မှု မရှိဘဲ (အကျိုးပေးတော့မည့် ယင်းကံ၏ စွမ်းအင်ကြောင့်ပင်လျှင်) ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော နိမိတ်သည် ထင်လာလတ်သော် ထိုကံကြောင့် ဖြစ်ပေါ်လာသော ပဋိသန္ဓေသည် အသင်္ခါရိက ဖြစ်၏။ ပြုပြင်မှုနှင့်တကွ အားထုတ်မှုနှင့်တကွ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော နိမိတ်သည် ထင်လာလတ်သော် ထိုကံကြောင့်ဖြစ်သော ပဋိသန္ဓေဝိပါက်ဝိညာဏ်သည် သသင်္ခါရိက ဖြစ်၏။ ဘဝင် စုတိ ဝိပါက်ဝိညာဏ်တို့ကား ပဋိသန္ဓေနှင့် တူကုန်၏။ (မိမိလုံ့လ သူတစ်ပါးလုံ့လဖြင့် ကြောင့်ကြမပြုရဘဲ ထင်လာသော ကံစသော အာရုံနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေ ဘဝင် စုတိတို့သည် အသင်္ခါရိက ဖြစ်ကုန်၏။ ကြောင့်ကြပြု၍ ထင်လာသော ကံစသော နိမိတ်တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေ ဘဝင် စုတိတို့သည် သသင်္ခါရိက ဖြစ်ကုန်၏ဟု ဆိုလိုသည်။) မိမိရှေးက ကုသိုလ် အကုသိုလ်ဇောက အသင်္ခါရိကဖြစ်လျှင် တဒါရုံသည်လည်း အသင်္ခါရိက ဖြစ်၏၊ ယင်းဇောက သသင်္ခါရိက ဖြစ်လျှင် တဒါရုံသည်လည်း သသင်္ခါရိကဖြစ်၏။ ဤသို့ မှတ်သားပါ။ (မူလဋီ၊၁၊၁၂၇။)

နိရုဿာဟ - သဥဿာဟ

မဟာကုသိုလ်နှင့် မဟာဝိပါက်တို့၌ ယှဉ်ဖက်စေတသိက် အရေအတွက်ကား ကွဲပြားမှုမရှိ တူညီလျက်ပင် ရှိ၏။ ထိုသို့ပင် ထူးထွေကွဲပြားမှု မရှိသော်လည်း ကြေးမုံအပြင် စသည်တို့၌ မျက်နှာရိပ်ကဲ့သို့ ဝိပါက်ဝိညာဏ်သည် နိရုဿာဟ = ဥဿာဟမရှိ = ဗျာပါရကင်း၏။ ကုသိုလ်ဝိညာဏ်ကား မျက်နှာကဲ့သို့ ဥဿာဟရှိ၏၊ ဗျာပါရရှိ၏။

ဥဿာဟ --- ဥဿာဟ မည်သည်ကား အရဟတ္တမဂ်ဖြင့် မပယ်သတ်အပ်သေးသောကြောင့် မပြတ်စဲ သေးသော အဝိဇ္ဇာ တဏှာ မာန ရှိသော ရုပ်နာမ် သန္တာန်အစဉ်၌ အကျိုးဝိပါက်ဝိညာဏ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဟု ဆိုအပ်သော ဗျာပါရတည်း။ ထိုဗျာပါရသည် ဝိပါက်ဝိညာဏ်တို့၌ မရှိ၊ ထိုကြောင့် ထို ဝိပါက်ဝိညာဏ်သည် နိရုဿာဟ မည်၏။ ကုသိုလ်ဝိညာဏ်တို့၌မူကား အဘိညာဏ်၏ အစွမ်းဖြင့် ဖြစ်ကုန် သော ကုသိုလ်ဝိညာဏ်တို့၌သော်လည်း ထိုအကျိုးဝိပါက်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဟု ဆိုအပ်သော ဗျာပါရသည် ရှိလျက်ပင် ဖြစ်သည်။ ထိုကြောင့် ထိုကုသိုလ်ဝိညာဏ်သည် သဥဿာဟမည်၏။ (ဝိသုဒ္ဓိ၊၂၊၈၆။ မဟာဋီ၊၂၊၁၂၇။)

အကုသလဝိပါက်ကား အဟိတ်တရားသာ ဖြစ်၏။ အဟိတ်ကုသလဝိပါက် သဟိတ်ကုသလဝိပါက်ဝိညာဏ် တို့ကား ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံတို့ကို အာရုံပြုကုန်၏။ အကုသလဝိပါက်ဝိညာဏ်ကား အနိဋ္ဌာရုံ-အနိဋ္ဌမဇ္ဈတ္တာရုံ တို့ကို အာရုံပြုကုန်၏။

၁။ အဟိတ် အကုသလဝိပါက် ( ၇ )ပါး,

၂။ အဟိတ် ကုသလဝိပါက် ( ၈ )ပါး,

၃။ သဟိတ် ကုသလဝိပါက် ( ၈ )ပါး,

အားလုံးပေါင်းသော် ကာမာဝစရဝိပါက် (၂၃)ပါးတည်း။

ရူပါဝစရကုသိုလ်ကဲ့သို့ပင် ရူပါဝစရဝိပါက်သည်လည်း (၅)မျိုးပင် ရှိ၏။ စိတ် စေတသိက် သမ္ပယုတ္တဓမ္မ အရေအတွက်အားဖြင့်လည်းကောင်း, အာရုံအားဖြင့်လည်းကောင်း ရူပါဝစရကုသိုလ်နှင့် ရူပါဝစရဝိပါက်သည် တူညီ၏။ သို့သော် ရူပါဝစရကုသိုလ်ဝိညာဏ်ကား သမာပတ်၏ အစွမ်းဖြင့် ဇောဝီထိ စိတ်အစဉ်၌ ဖြစ်၏။ ဤ ရူပါဝစရဝိပါက်ဝိညာဏ်ကား ဆိုင်ရာဆိုင်ရာ ရူပါဝစရ ဥပပတ္တိဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏။

တစ်ဖန် အရူပါဝစရကုသိုလ်ကဲ့သို့ပင် အရူပါဝစရဝိပါက်ဝိညာဏ်သည်လည်း လေးမျိုးပင် ပြား၏။ ဆိုင်ရာ ဆိုင်ရာ အရူပါဝစရ ဥပပတ္တိဘဝ၌ ယင်းအရူပဝိပါက်ဝိညာဏ်သည် ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏။ အာကာသာနဉ္စာယတန ကုသိုလ်ကြောင့် ဖြစ်ပေါ်လာရသော အာကာသာနဉ္စာယတန ဝိပါက်ဝိညာဏ်သည် အာကာသာနဉ္စာယတန ဥပပတ္တိဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏၊ ဤသို့ စသည်ဖြင့် သဘော ပေါက်ပါ။

လောကုတ္တရာဝိပါက်ဝိညာဏ်သည် လေးပါးကုန်သော အရိယမဂ်တို့နှင့်ယှဉ်သော ကုသိုလ်စိတ်၏ အကျိုး ဖြစ်သောကြောင့် လေးမျိုးပင် ပြား၏။

၁။ သောတာပတ္တိမဂ် ကုသိုလ်ကြောင့် သောတာပတ္တိဖိုလ် ဝိပါက်ဝိညာဏ်,

၂။ သကဒါဂါမိမဂ် ကုသိုလ်ကြောင့် သကဒါဂါမိဖိုလ် ဝိပါက်ဝိညာဏ်,

၃။ အနာဂါမိမဂ် ကုသိုလ်ကြောင့် အနာဂါမိဖိုလ် ဝိပါက်ဝိညာဏ်,

၄။ အရဟတ္တမဂ် ကုသိုလ်ကြောင့် အရဟတ္တဖိုလ် ဝိပါက်ဝိညာဏ် ---

ဤသို့ အသီးအသီး ဖြစ်၏။ ယင်း လောကုတ္တရာဝိပါက်ဝိညာဏ်သည် မဂ္ဂဝီထိ၏ အစွမ်းဖြင့်လည်းကောင်း, ဖလသမာပတ္တိဝီထိ၏ အစွမ်းဖြင့်လည်းကောင်း နှစ်မျိုးသော အပြားအားဖြင့် ဖြစ်၏။

ဤသို့လျှင် ကာမ, ရူပ, အရူပ, လောကုတ္တရာဟူသော ဘုံလေးပါးတို့၌ အားလုံးပေါင်းလိုက်သော် ဝိပါက် ဝိညာဏ် (၃၆)မျိုး ဖြစ်၏။ (သို့သော် အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နယ်မြေအတွင်း ၌ကား ရူပါဝစရဝိပါက်, အရူပါဝစရဝိပါက်, လောကုတ္တရာဝိပါက်ဝိညာဏ်တို့ မပါဝင်နိုင်ပေ။ လောကုတ္တရာဝိပါက် ဝိညာဏ်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်သောကြောင့် ဖြစ်၏။ ရူပါဝစရဝိပါက်ဝိညာဏ်, အရူပါဝစရဝိပါက်ဝိညာဏ်တို့ကား ရူပါဝစရသတ္တဝါ အရူပါဝစရသတ္တဝါတို့ သန္တာန်၌သာ ရူပါဝစရဘုံ အရူပါဝစရဘုံ၌သာ ဖြစ်ကြသော ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ ယင်း ရူပ အရူပ ဝိပါက်ဝိညာဏ်တို့ကို ဗဟိဒ္ဓ ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို ဝိပဿနာရှုပွားရာ၌ ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍ ရှုရာ၌ကား ရောနှော၍ ဝိပဿနာ ရှုရမည့် အရှုခံအာရုံများ ဖြစ်ကြသော်လည်း လူသားတစ်ဦးမျှသာ ဖြစ်နေသေးသော အသင်သူတော်ကောင်း အနေဖြင့် ယင်း ဝိပါက်ဝိညာဏ်တို့ချည်း သီးသန့် ထုတ်နုတ်၍ကား မရှုနိုင်ဟု မှတ်ပါ။

လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)

မဟဂ္ဂုတ်တရားတို့ကား ရရှိသူ၏ သန္တာန်၌သာ ကောင်းစွာထင်ရှားကုန်၏ဟု မိန့်ဆိုထားသောကြောင့် ရူပါဝစရဝိပါက် အရူပါဝစရဝိပါက်ဟူသော မဟဂ္ဂုတ်စိတ်တို့သည်လည်း ယင်းဝိပါက်စိတ်တို့ကို ရရှိသူတို့၏ သန္တာန် ၌သာ ကောင်းစွာထင်ရှားနိုင်သောကြောင့် ဖြစ်၏။

ကိရိယ အဗျာကတ ဝိညာဏ်

ကိရိယ အဗျာကတဝိညာဏ်သည် ကာမာဝစရ ကိရိယာ, ရူပါဝစရ ကိရိယာ, အရူပါဝစရ ကိရိယာဟု ဘူမိဘေဒအားဖြင့် သုံးမျိုး ပြား၏။

၁။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ် ဟူသော အဟိတ်ကာမာဝစရ ကိရိယာ (၃)ပါး,

၂။ မဟာကိရိယာစိတ် (၈)ပါး, = (ကာမာဝစရ မဟာကိရိယာစိတ်)

၃။ ရူပါဝစရ ကိရိယာစိတ် (၅)ပါး,

၄။ အရူပါဝစရ ကိရိယာစိတ် (၄)ပါး,

ဤသို့လျှင် ကိရိယာစိတ် အမျိုးအစား (၂၀) ရှိ၏။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဟူသော အဟိတ် ကိရိယာစိတ် (၂)မျိုးကလွဲလျှင် ကြွင်းကျန်သော ကိရိယာစိတ် (၁၈)မျိုးတို့သည် ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန် ၌သာ ဖြစ်နိုင်သော စိတ်အမျိုးအစားတို့ ဖြစ်ကြ၏။ ဤသို့လျှင် ---

၁။ ကုသိုလ်စိတ် ၂၁ မျိုး

၂။ အကုသိုလ်စိတ် ၁၂ မျိုး

၃။ ဝိပါက် အဗျာကတစိတ် ၃၆ မျိုး

၄။ ကိရိယာ အဗျာကတစိတ် ၂၀ မျိုး

အားလုံးပေါင်းသော် ၈၉ မျိုးတည်း။

(၉၀)ပြည့်ရန် တစ်ခု ယုတ်လျော့နေသဖြင့် စိတ် တစ်ခုယုတ် (၉၀)ဟု ခေါ်ဝေါ် အသုံးပြုသည်။

ဝိညာဏ်တို့၏ လုပ်ငန်းကိစ္စ (၁၄) မျိုး

ယင်းဝိညာဏ်တို့၏ လုပ်ငန်းကိစ္စသည် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, အာဝဇ္ဇန်းကိစ္စ, ဒဿနကိစ္စ, သဝနကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, ဖုသနကိစ္စ, သမ္ပဋိစ္ဆနကိစ္စ သန္တီရဏကိစ္စ, ဝေါဋ္ဌဗ္ဗနကိစ္စ, ဇဝနကိစ္စ, တဒါရမ္မဏကိစ္စ, စုတိကိစ္စတို့၏ အစွမ်းဖြင့် (၁၄)မျိုး ရှိ၏။ ဤ (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ယင်းစိတ်တို့သည် ဖြစ်ပေါ်လာကြ ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၈၇။)

၁။ ပဋိသန္ဓေကိစ္စ

မဟာကုသိုလ် အမည်ရသော ကာမာဝစရကုသိုလ် (၈)မျိုးတို့၏ စွမ်းအင်ရှိန်စော် အာနုဘော်ကြောင့် နတ်ပြည် လူ့ပြည်တို့၌ သတ္တဝါတို့သည် အကြင်အခါ၌ ဖြစ်ပေါ်လာကြရကုန်၏။ ထိုအခါဝယ် ထိုသတ္တဝါတို့၏ သန္တာန်၌ သေခါနီးကာလဝယ် ရှေးရှူထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ သဟိတ်ကာမာဝစရမဟာဝိပါက် (၈)မျိုး, လူ့ပြည်လောကတို့၌ နပုံးပဏ္ဍုက် စသည့်ဘဝသို့ ကပ်ရောက် ကြရကုန်သော သတ္တဝါတို့အား အားနည်းသော ဒွိဟိတ်ကုသိုလ်၏ အကျိုးဖြစ်သော အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ (၁)မျိုး --- ဤသို့လျှင် (၉)မျိုးသော စိတ်တို့သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်၏။

အကြင်အခါ၌ကား ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ရူပဘုံ အရူပဘုံတို့၌ သတ္တဝါတို့သည် ဖြစ်ပေါ်လာကြရကုန်၏၊ ထိုအခါမျိုး၌ ပွားများထားအပ်ပြီးသော ရူပါဝစရစျာန် အရူပါဝစရစျာန်ရှိသော သတ္တဝါတို့အား သေခါနီး ကာလ၌ ရှေးရှူထင်လာသော အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်းပဋိဘာဂနိမိတ်စသော ကမ္မနိမိတ် အာရုံကိုသာလျှင် အာရုံပြု၍ (၉)ပါးကုန်သော ရူပါဝစရဝိပါက် ဝိညာဏ် အရူပါဝစရဝိပါက် ဝိညာဏ်တို့သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်၏။

အကြင်အခါ၌ကား အကုသိုလ်၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် အပါယ်ဘုံ၌ သတ္တဝါတို့သည် ဖြစ်ကြရကုန်၏၊ ထိုအခါမျိုး၌ ပြုအပ်ပြီးသော အကုသိုလ်ကံရှိသော သတ္တဝါတို့အား သေခါနီး ကာလ၌ ရှေးရှူ ထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ တစ်ခုသော အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ မနောဝိညာဏဓာတ်သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ရှေးဦးစွာ ဤဝိညာဏက္ခန္ဓာ နိဒ္ဒေသပိုင်း၌ (၁၉)မျိုးသော ဝိပါက်ဝိညာဏ်တို့၏ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ခြင်း ကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၇-၈၈။)

ဘဝဟောင်းနှင့် ဘဝသစ်ကို, ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်ပေးခြင်းကိစ္စ, ကမ္မဘဝဟူသော အကြောင်းကံနှင့် ဥပပတ္တိဘဝဟူသော အကျိုးဝိပါက်ကို ဆက်စပ်ပေးခြင်းကိစ္စကို ပဋိသန္ဓေကိစ္စဟု ဆိုသည်။

၂။ ဘဝင်ကိစ္စ

တစ်ဖန် ပဋိသန္ဓေဝိညာဏ်သည် ချုပ်ပြီးလတ်သော် ထိုထို ချုပ်လေပြီးသော ပဋိသန္ဓေဝိညာဏ်သို့ အခြားမဲ့၌ ဖြစ်သောအားဖြင့် အစဉ်လိုက်သော ထိုထို ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏သာလျှင် အကျိုးဖြစ်၍ ဖြစ်သော, ပဋိသန္ဓေဝိညာဏ်၏ပင်လျှင် အာရုံဖြစ်သော ထိုကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ၌သာလျှင် ထိုပဋိသန္ဓေဝိညာဏ်နှင့် ဖြစ်စေတတ်သော အကြောင်းတရား, ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရား အားဖြင့် တူသည်သာလျှင်ဖြစ်သော ဘဝင်ဝိညာဏ်မည်သည် ဖြစ်ပေါ်လာ၏။ (ပဋိသန္ဓေဝိညာဏ်နှင့် ဘဝင် ဝိညာဏ်သည် အာရုံအားဖြင့်လည်း တူ၏၊ ဖြစ်စေတတ်သော အကြောင်းတရားအားဖြင့်လည်း တူ၏၊ ယှဉ်ဖက် စေတသိက် အရေအတွက်အားဖြင့်လည်း တူ၏။) နောက်ထပ်လည်း ထိုပဋိသန္ဓေဝိညာဏ်နှင့်တူသော ဘဝင် ဝိညာဏ်သည် ဖြစ်ပြန်၏ဟု မှတ်ပါ။ ဤနည်းအားဖြင့် ဘဝင်အစဉ်ကို နစ်စေတတ်သော ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းဟု ဆိုအပ်သော အာဝဇ္ဇန်းစိတ်+စေတသိက်သည် မရှိလတ်သော် ဖြစ်ပေါ်မလာလတ်သော် တသွင်သွင် စီးဆင်းနေသော မြစ်ရေအယဉ်ကဲ့သို့ အိပ်မက်ကို မမြင်မက်သော သတ္တဝါ၏ သန္တာန်ဝယ် အိပ်မွေ့ခြင်း အိပ်ပျော်ခြင်းသို့ သက်ရောက်သောအခါ စသည်တို့၌ အတိုင်းအရှည်မှ ကင်းသော, အတိုင်းအရှည်မရှိသော အရေအတွက်ရှိသော, မရေတွက်နိုင်သော ဘဝင်အယဉ်သည်လည်း ဖြစ်၍နေသည် သာတည်းဟု မှတ်သားပါ။ ဤနည်းဖြင့် ပဋိသန္ဓေဝိညာဏ်နှင့် အမျိုးတူသည်သာလျှင် ဖြစ်ကုန်သော ဝိပါက် ဝိညာဏ်တို့၏သာလျှင် ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသည်ဟု သိရှိပါလေ။ (ဥပပတ္တိဘဝ၏ မပြတ်မစဲ အမြဲ ဆက်လက် ဖြစ်ရေးအတွက် အကြောင်းအဖြစ်ဖြင့် ဖြစ်ခြင်းကိစ္စကို ဘဝင်ကိစ္စဟု ဆိုသည်။ ဝီထိစိတ်များ မဖြစ် ခဲ့သော် စိတ်အစဉ် မပြတ်စဲရေးအတွက် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏စွမ်းဟုန်ကြောင့်ပင် ပဋိသန္ဓေနှင့် အာရုံချင်းလည်းတူ၍ စေတသိက် ယှဉ်ဖက် အရေအတွက်ချင်းလည်း တူညီသောစိတ်တည်း။ ဝီထိစိတ် ဖြစ်သောအခါ ယင်းဘဝင်အယဉ်သည် ရပ်သွား၏၊ ဝီထိစိတ် မဖြစ်သောအခါ ဝီထိစိတ်အစဉ် ဆုံးသွားသောအခါ ယင်း ဘဝင်စိတ်သည် ပြန်ဖြစ်ပြန်၏။) (ဝိသုဒ္ဓိ၊၂၊၈၈။)

၃။ အာဝဇ္ဇန်း ကိစ္စ

တစ်ဖန် ဤဆိုအပ်ပြီးသောနည်းဖြင့် ဘဝင်အစဉ်သည် ဖြစ်လတ်သော် အကြင်အခါ၌ သတ္တဝါတို့၏ သန္တာန်ဝယ် စက္ခုစသော ဣန္ဒြေတို့သည် ရူပါရုံစသော အာရုံကို ယူခြင်းငှာ စွမ်းနိုင်ကုန်၏။ ထိုအခါ၌ စက္ခုပသာဒဝယ် ရူပါရုံသည် ရှေးရှူထင်ခြင်း ရှေးရှူကျရောက်ခြင်းသို့ ရောက်လတ်သော် ရူပါရုံကို အစွဲပြု၍ စက္ခုပသာဒအား ထိပါးခြင်းသည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၈၈။)

ဃဋ္ဋနာ = ထိပါးခြင်း = ရိုက်ခတ်ခြင်း = တိုက်ခိုက်ခြင်း --- သင့်လျော်သောအရပ်၌ တည်နေသော ရူပါရုံ က စက္ခုပသာဒအား ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကြောင့် မျက်လွှာ စသည်တို့၏ အောက်သို့ကျခြင်း အထက် သို့ တက်ခြင်း တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းစသည့် ကြောင့်ကြဗျာပါရ အစရှိသော အမူအရာထူး ဝိကာရနှင့် အတူတကွဖြစ်သော စက္ခုပသာဒ၏ မှီရာ မဟာဘုတ်၌ အာရုံ၏ ဣဋ္ဌအဖြစ် အနိဋ္ဌအဖြစ်ဖြင့် ချီးမြှောက်ခြင်းသည်လည်းကောင်း ရှေးရှူထိခတ်ခြင်းသည်လည်းကောင်း ဃဋ္ဋနာတည်း။ (မဟာဋီ၊၂၊၁၃၂။)

ထိုစက္ခုပသာဒအား ရူပါရုံ ထိခိုက်သည်၏ အခြားမဲ့၌ ထိခိုက်သည်၏ စွမ်းအားကြောင့် ဘဝင်သည် လှုပ်လာ၏။ (ထိုလှုပ်သော အခြင်းအရာအားဖြင့် နှစ်ကြိမ် ဖြစ်ခြင်းဖြင့် ဘဝင်အယဉ် ဘဝင်အစဉ်နှင့် မတူသော ဝီထိစိတ်၏ အကြောင်းတရား ဖြစ်မှုသို့ ကပ်ရောက်ခြင်းကိုပင် ဘဝင်္ဂစလန = ဘဝင်လှုပ်သည်ဟု ဆိုလိုသည်။ မှန်ပေသည် ထိုဘဝင်စိတ်သည် စိတ်အစဉ်၏ ရှေးအခိုက်အတန့်မှ ကွဲပြားသော ဝီထိစိတ် အခိုက်အတန့်၏ အကြောင်းတရားဖြစ်သောကြောင့် လှုပ်သကဲ့သို့ ဖြစ်နေ၏၊ ထိုကြောင့် ဘဝင်္ဂစလနဟူ၍ ဆိုသည်။) ထိုအခါ၌ ဘဝင်စိတ်သည် ချုပ်ပြီးလတ်သော် ထိုဘဝင်လှုပ်ခြင်း၏ အကြောင်းဖြစ်သော ရူပါရုံကိုပင်လျှင် အာရုံပြု၍ ဘဝင်ကို ဖြတ်ဘိသကဲ့သို့ ရူပါရုံကို ဆင်ခြင်ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်လာ၏။ သောတဒွါရ စသည်တို့၌လည်း ဤနည်းကိုပင် သိအပ်ပေသည်။ တစ်ဖန် မနောဒွါရ၌ အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်လာလတ်သော် ဘဝင်လှုပ်သည်၏ အခြားမဲ့၌ ဘဝင် အယဉ်ကို ဖြတ်သကဲ့သို့ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ဥပေက္ခာသဟဂုတ် အဟိတ် ကိရိယ မနောဝိညာဏဓာတ်သည် = မနောဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် ကိရိယ ဝိညာဏ် (၂)မျိုးတို့၏ အာရုံကို ဆင်ခြင်တတ်သော အာဝဇ္ဇန်းကိစ္စအားဖြင့် ဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၈၊)

[ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ စက္ခုဝိညာဏ်၏ ဒဿနကိစ္စ = ရူပါရုံကိုမြင်ခြင်းကိစ္စ စသည်ကို ဆိုသင့်သော် လည်း မဆိုသေးမူ၍ အာဝဇ္ဇန်းကိစ္စချင်း တူညီသောကြောင့် မနောဒွါရာဝဇ္ဇန်းကိုယူ၍ အာဝဇ္ဇန်း (၂)မျိုးလုံးကို တစ်ပေါင်းတည်း ဖွင့်ဆိုထားသည်။ ကိစ္စ (၁၄)မျိုးကို ဆိုခဲ့သော အကျဉ်း ဥဒ္ဒေသစကားနှင့် ကိစ္စများကို အစဉ် အတိုင်း ဖွင့်ပြလိုသောကြောင့် ဖြစ်၏။ (မဟာဋီ၊၂၊၁၃၂။)]

၄-၈။ ဒဿန သဝန ဃာယန သာယန ဖုသနကိစ္စ

ဘဝင်ကို ဖြတ်သကဲ့သို့ ဖြစ်ပေါ်လာသော (ရူပါရုံကို) ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ရှေးဦးစွာ စက္ခုဒွါရ၌ ဒဿနကိစ္စ = ရူပါရုံကို မြင်သိခြင်းကိစ္စကို ပြီးစီးစေလျက် စက္ခုပသာဒလျှင် မှီရာဝတ္ထုရှိသော ရူပါရုံကို သိမြင်တတ်သော စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်၍ လာ၏။

သောတဒွါရ၌ သဝနကိစ္စ = သဒ္ဒါရုံကို ကြားသိခြင်းကိစ္စကို ပြီးစီးစေလျက် သောတပသာဒလျှင် မှီရာ ဝတ္ထုရှိသော အသံ သဒ္ဒါရုံကို ကြားသိတတ်သော သောတဝိညာဏ်စိတ်သည်, ဃာနဒွါရ၌ ဃာယနကိစ္စ = အနံ့ ဂန္ဓာရုံကို နံသိခြင်းကိစ္စကို ပြီးစီးစေလျက် ဃာနပသာဒလျှင် မှီရာဝတ္ထုရှိသော အနံ့ ဂန္ဓာရုံကို နံသိတတ်သော ဃာနဝိညာဏ်စိတ်သည်, ဇိဝှါဒွါရ၌ သာယနကိစ္စ = အရသာ = ရသာရုံကို လျက်သိခြင်းကိစ္စကို ပြီးစီးစေလျက် ဇိဝှါပသာဒလျှင် မှီရာဝတ္ထုရှိသော အရသာ = ရသာရုံကို လျက်သိတတ်သော ဇိဝှါဝိညာဏ်စိတ်သည်, ကာယဒွါရ၌ ဖုသနကိစ္စ = ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်းကိစ္စကို ပြီးစီးစေလျက် ကာယပသာဒလျှင် မှီရာဝတ္ထုရှိသော ဖောဋ္ဌဗ္ဗာရုံကို ထိသိတတ်သော ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။[ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်း အကြားဌာနကို ပဉ္စဝိညာဏဌာန = ပဉ္စဝိညာဏ်စိတ်တို့ ဖြစ်ရာဌာနဟု ဆို၏။ ဌာနချင်းတူညီ၍ ဤအရာ၌ စုပေါင်း၍ပြခြင်း ဖြစ်သည်။ ဝီထိချင်းကား တစ်ဝီထိစီသာ ဖြစ်သည်။ စက္ခုဒွါရဝီထိဝယ် စက္ခုဝိညာဏ်ဖြစ်သည့် နေရာ၌ သောတဒွါရဝီထိ စသည်ဝယ် သောတဝိညာဏ် စသည်တို့ အသီးအသီးဖြစ်ခြင်းကြောင့် စုပေါင်းဖွင့်ဆိုထားသည် ဟူလိုသည်။]

ထိုပဉ္စဝိညာဏ်တို့သည် ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ = (အလိုရှိအပ်သော ဣဋ္ဌာရုံ, အလယ်အလတ် အလိုရှိ အပ်သော ဣဋ္ဌမဇ္ဈတ္တာရုံ) တို့၌ ကုသလဝိပါက် ဝိညာဏ်တို့ ဖြစ်ကုန်၏။ အလိုမရှိအပ်သော အနိဋ္ဌာရုံ, အလယ် အလတ် အလိုမရှိအပ်သော အနိဋ္ဌမဇ္ဈတ္တာရုံတို့၌ အကုသလဝိပါက် ဝိညာဏ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် (၁၀)ပါး ကုန်သော ဝိပါက်ဝိညာဏ်တို့၏ = ဒွေးပဉ္စဝိညာဏ် (၁၀)တို့၏ ဒဿနကိစ္စ, သဝနကိစ္စ, ဃာယနကိစ္စ, သာယန- ကိစ္စ, ဖုသနကိစ္စ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၈။)

၉။ သမ္ပဋိစ္ဆိုင်းကိစ္စ

စက္ခုဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဓာတု။ (အဘိ၊၂၊၉၁။)

= စက္ခုဝိညာဏဓာတ်၏ ဖြစ်ပြီး၍ ချုပ်ပြီးသည်၏ အခြားမဲ့၌ သိတတ်သော မာနသဟု ဆိုအပ်သော ထို စက္ခုဝိညာဏ်အား လျောက်ပတ်သော မနောဓာတ်ဟု ဆိုအပ်သော စိတ်သည် ဖြစ်ပေါ်လာ၏။(အဘိ၊၂၊၉၁။)

ဤသို့စသော စကားတော်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ ထိုပဉ္စဝိညာဏ်တို့၏သာလျှင် အာရုံကို ခံလင့်သကဲ့သို့သော ကုသလဝိပါက် ပဉ္စဝိညာဏ်၏ အခြားမဲ့၌ ကုသလဝိပါက် ဖြစ်သော, အကုသလဝိပါက် ပဉ္စဝိညာဏ်၏ အခြားမဲ့၌ အကုသလဝိပါက် ဖြစ်သော သမ္ပဋိစ္ဆိုင်း = မနောဓာတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့သော အခြင်းအရာအားဖြင့် နှစ်မျိုးကုန်သော ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်, အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်တို့၏ သမ္ပဋိစ္ဆနကိစ္စ = အာရုံကို ခံလင့်သကဲ့သို့သော ကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၈-၈၉။)

(ဟဒယဝတ္ထု ရှိမှုကို လက်မခံသကဲ့သို့ သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ်တို့၏ ဖြစ်မှုကိုလည်း ခွင့်မပြုနိုင်သူတို့ အတွက် ပါဠိတော်ကို ထုတ်ဆောင်ကိုးကား၍ သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ်တို့ ထင်ရှားရှိကြောင်းကို သာဓကပြ၍ ဖွင့်ဆိုခြင်း ဖြစ်၏။ ပါဠိတော်ကို တားမြစ်ခြင်းငှာ မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ မဟာဋီ၊၂၊၁၃၂။)

၁၀။ သန္တီရဏကိစ္စ

မနောဓာတုယာပိ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဝိညာဏဓာတု။ (အဘိ၊၂၊၉၂။)

= သမ္ပဋိစ္ဆိုင်းဝိပါက် မနောဓာတ်၏လည်း ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌ သိတတ်သော မာနသဟု ဆို အပ်သော ထိုသမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်အား လျောက်ပတ်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်သော စိတ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊၂၊၉၂။)

ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် သမ္ပဋိစ္ဆိုင်းဝိပါက် မနောဓာတ်သည် လက်ခံ အပ်သော အာရုံကိုပင်လျှင် စုံစမ်းလျက် အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်၏ အခြားမဲ့၌ အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံ၌ အကုသိုလ်၏ အကျိုးဖြစ်သော အကုသလဝိပါက် အဟိတ် မနောဝိညာဏဓာတ် = ဥပေက္ခာ သန္တီရဏစိတ်သည်, ကုသလဝိပါက်ဖြစ်သော သမ္ပဋိစ္ဆိုင်း မနောဓာတ်၏ အခြားမဲ့၌ ဣဋ္ဌာရုံ၌ ကုသလဝိပါက် သောမနဿသဟဂုတ် အဟိတ်မနောဝိညာဏဓာတ် = ကုသလဝိပါက် သောမနဿသန္တီရဏစိတ်သည်, ဣဋ္ဌ မဇ္ဈတ္တာရုံ၌ ဥပေက္ခာသဟဂုတ် အဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်သည် = အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် သုံးပါးကုန်သော ဝိပါက် ဝိညာဏ်တို့၏ (= အကုသလဝိပါက် ဥပေက္ခာသန္တီရဏ, ကုသလဝိပါက် သောမနဿသန္တီရဏ, ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ဟူသော သုံးပါးကုန်သော ဝိပါက်ဝိညာဏ်တို့၏) သန္တီရဏကိစ္စ = အာရုံကို စုံစမ်းခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉။)

၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စ

တစ်ဖန် သန္တီရဏစိတ်၏ အခြားမဲ့၌ ထိုသန္တီရဏစိတ်သည် စုံစမ်းအပ်သော အာရုံကိုပင်လျှင် ကောင်းစွာ ပိုင်းခြား မှတ်သားလျက် = ကောင်းစွာပိုင်းခြား မှတ်သားသကဲ့သို့သော ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယမနော ဝိညာဏဓာတ်သည် = မနောဒွါရာဝဇ္ဇန်းဟူသော ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် တစ်ခု သော အဟိတ်ကိရိယဝိညာဏ်၏ ဝေါဋ္ဌဗ္ဗနကိစ္စ = အာရုံကို ဆုံးဖြတ်ချက်ချခြင်း ကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉။)

၁၂။ ဇဝနကိစ္စ = ဇောကိစ္စ

တစ်ဖန် ဝုဋ္ဌော၏ အခြားမဲ့၌ များသော ဝီထိစိတ္တုပ္ပါဒ်တည်းဟူသော အသက်ရှိသော = ဇောဆုံးသည့် တိုင်အောင် တည်နိုင်သော သက်တမ်းရှိနေသေးသော = မဟန္တာရုံ ဖြစ်သော ရူပါရုံစသော အာရုံသည် အကယ်၍ ဖြစ်ငြားအံ့ --- ထိုသို့ မဟန္တာရုံ ဖြစ်လတ်သော် ဝုဋ္ဌောစိတ်သည် ပိုင်းခြား မှတ်သားအပ်ပြီးသော အကြင်အကြင် အာရုံ၌ပင်လျှင် ---

၁။ မဟာကုသိုလ်စိတ် ( ၈ )မျိုး,

၂။ အကုသိုလ်စိတ် (၁၂)မျိုး,

၃။ ကာမကိရိယာစိတ် (ဇောစိတ်) ( ၉ )မျိုး,

ဤ (၂၉)မျိုးသော စိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် လျင်လျင်မြန်မြန်ဖြစ်ခြင်း = အာရုံ၏ အရသာကို လျင်လျင်မြန်မြန် ခံစားခြင်း ဇဝနကိစ္စ = ဇောကိစ္စကို ရွက်ဆောင်လျက် (၆)ကြိမ်လည်းကောင်း, (၇)ကြိမ်လည်း ကောင်း စောလေ၏။ ဤကား ပဉ္စဒွါရ၌ နည်းတည်း။ (ဝိသုဒ္ဓိ၊၂၊၈၉။)

[မှတ်ချက် --- ဤ၌ ရူပါရုံစသော အာရုံသည် စိတ္တက္ခဏအားဖြင့် (၁၇)ချက်, ခဏငယ် (၅၁)ချက်ပင် အသက်ရှည်၏။ သို့သော် မိမိစဖြစ်လျှင် ဖြစ်ခြင်း ဆိုင်ရာဒွါရ၌ မထင်သေးဘဲ မိမိ ဥပါဒ်ပြီးနောက် စိတ္တက္ခဏ (၂)ချက် (၃)ချက်ခန့်လွန်မှ စက္ခုဒွါရစသော ဆိုင်ရာ ဒွါရ၌ ထင်လာ၏။ စက္ခုဒွါရဝီထိစသော ဝီထိများ ဖြစ်ရာဝယ် တဒါရုံဆုံးသည့်တိုင်အောင် မိမိ၏သက်တမ်းမှာ မကြွင်းကျန်တော့သဖြင့် ဇောဆုံးသည့်တိုင်ရုံသာ သက်တမ်း တည်ရှိနိုင်သဖြင့် ယင်းအာရုံကို မဟန္တာရုံဟု သတ်မှတ်ခြင်း ဖြစ်၏။]

မနောဒွါရ၌ကား မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထို (၂၉)မျိုးသော စိတ်တို့တွင် တစ်မျိုးမျိုးသော ကာမ ဇောစိတ်, ပရိကံ, ဥပစာ အနုလုံ, ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရ သမာဓိဇောတို့၏ အထက်၌ ရူပါဝစရ ကုသိုလ်စိတ် (၅)မျိုး, ကိရိယာစိတ် (၅)မျိုး, အရူပါဝစရကုသိုလ်စိတ် (၄)မျိုး, ကိရိယာစိတ် (၄)မျိုး, လောကုတ္တရာ မဂ်စိတ် (၄)မျိုး, ဖိုလ်စိတ် (၄)မျိုး --- ဤ (၅၅)မျိုးသော ဇောစိတ်တို့တွင် အကြင်အကြင် ဇောစိတ်သည် ယောနိသော မနသိကာရ အစရှိသော ရအပ်သော အကြောင်းအထောက်အပံ့ ရှိ၏၊ ထိုထို ရအပ်သော ယောနိသောမနသိကာရ စသော ရအပ်သော အကြောင်းအထောက်ပံ့ ရှိသော ဇောသည် စောလေ၏။ ဤသို့လျှင် (၅၅)မျိုးသော ကုသိုလ် အကုသိုလ် ကိရိယာ ဖိုလ်ဝိပါက်ဝိညာဏ်တို့၏ ဇဝနကိစ္စ = အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် လျင်လျင် မြန်မြန် ဖြစ်ခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉။)

၁၃။ တဒါရုံကိစ္စ

တစ်ဖန် ဇော၏အဆုံး၌ ပဉ္စဒွါရဝယ် အတိမဟန္တာရုံ, မနောဒွါရဝယ် ဝိဘူတာရုံ = ထင်ရှားသော အာရုံသည် အကယ်၍ ဖြစ်ငြားအံ့ ။ ထိုသို့ အတိမဟန္တာရုံ ဝိဘူတာရုံဖြစ်လတ်သော် ကာမာဝစရသတ္တဝါတို့အား ကာမာဝစရ ဇော၏ အဆုံး၌သာလျှင် ---

၁။ ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ, အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံတို့၏ အစွမ်းကြောင့်လည်းကောင်း,

၂။ ရှေးရှေး ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကံ၏ စွမ်းအင်ကြောင့်လည်းကောင်း,

၃။ ဇောစိတ် စသည်တို့၏ စွမ်းအင်ကြောင့်လည်းကောင်း,

အကြင်အကြင် အကြောင်းအထောက်အပံ့သည် ရအပ်ပြီး ဖြစ်၏၊ ထိုထို အကြောင်း၏ စွမ်းအင်ကြောင့် တဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုးမျိုးသော ဝိပါက်ဝိညာဏ်သည် --- အထက်အညာသို့ ဆန်တက်သော လှေနောက်သို့ စိုးစဉ်း အနည်းငယ်သော ခဏပတ်လုံး အစဉ်လိုက်ပါသွားသော ရေကဲ့သို့ --- ဘဝင်စိတ်၏ အာရုံမှ အခြားတစ်ပါးသောအာရုံ၌ စောသော ဇော၏နောက်သို့ အစဉ်လိုက်လျက် တစ်ကြိမ် နှစ်ကြိမ် ဖြစ်ပေါ်လာ၏။ ထိုဝိပါက် ဝိညာဏ်ကို ဇော၏အဆုံး၌ မူလဘဝင်၏အာရုံ၌ ဖြစ်ခြင်းငှာထိုက်သည် ဖြစ်ပါသော်လည်း ထိုဇော၏ အာရုံကို မိမိက အာရုံပြု၍ ဖြစ်သောကြောင့် တဒါရုံဟူ၍ ဆိုအပ်၏။ ဤသို့လျှင် (၁၁)ပါးကုန်သော ဝိပါက်ဝိညာဏ်တို့၏ တဒါရုံကိစ္စ = ဇောယူသည့် အာရုံကို ဆက်လက် အာရုံပြုခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉-၉၀။)

အထက်တွင် တဒါရုံဖြစ်ဖို့ရန် စွမ်းအင် (၃)မျိုးကို ဖော်ပြထား၏။ ထိုတွင် ---

တယိဒံ အာရမ္မဏေန ဝေဒနာပရိဝတ္တိဒဿနတ္ထံ ဝုတ္တံ။ (မဟာဋီ၊၂၊၁၃၃။)

အာရုံဖြင့် ဝေဒနာပြောင်းလဲပုံကို ပြခြင်းငှာ အာရုံ၏ စွမ်းအင်ကြောင့် တဒါရုံဖြစ်မှုကို ဆိုသည်။

၁။ ဣဋ္ဌာရုံဖြစ်လျှင် သောမနဿတဒါရုံ (၅)မျိုး ဖြစ်၏။

၂။ ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် ကုသလဝိပါက် ဥပေက္ခာတဒါရုံ (၅)မျိုး ဖြစ်၏။

၃။ အနိဋ္ဌာရုံဖြစ်လျှင် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်၏။

ဤသို့ ဝေဒနာ အပြောင်းအလဲကို သိစေလို၍ အာရုံ၏ အစွမ်းဖြင့် ဝေဒနာဖြစ်ပုံကို ဆိုသည်။ တစ်ဖန် ကံ၏ စွမ်းအင်ကြောင့် တဒါရုံ ဖြစ်ပုံကိုလည်း ဤသို့ဖွင့်ဆိုထား၏။ ---

ပုရိမကမ္မဝသေနာတိ ဣဒံ တဒါရမ္မဏဝိသေသဒဿနတ္ထံ။ န ဟိ ပဋိသန္ဓိဇနကမေဝ ကမ္မံ တဒါရမ္မဏံ ဇနေတိ၊ အထ ခေါ အညကမ္မမ္ပိ၊ တံ ပန ပဋိသန္ဓိဒါယိနာ ကမ္မေန နိဗ္ဗတ္တေတဗ္ဗတဒါရမ္မဏတော ဝိသဒိသမ္ပိ နိဗ္ဗတ္တေတီတိ။ (မဟာဋီ၊၂၊၁၃၃-၁၃၄။)

ရှေးကံစွမ်းအင်ကြောင့်လည်း တဒါရုံဖြစ်ပုံကို ပြဆိုသော ဤစကားကား တဒါရုံ ထူးထွေကွဲပြားမှုကို ပြခြင်း အကျိုးငှာ ဆိုခြင်း ဖြစ်၏။ မှန်ပေသည် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသည်သာလျှင် တဒါရုံကို ဖြစ်စေသည် မဟုတ်သေး၊ စင်စစ်သော်ကား ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံမှ အခြားတစ်ပါးသော ကံသည်လည်း တဒါရုံကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ထိုအခြားတစ်ပါးသော ကံကား ပဋိသန္ဓေကို ဖြစ်စေတတ်သော = ပဋိသန္ဓေကျိုးကို ပေးတတ်သော ကံသည် ဖြစ်စေအပ်သော တဒါရုံမှ အခြားတစ်ပါးသော မတူသော တဒါရုံကိုလည်း ဖြစ်စေ၏ဟု သိပါလေ။ (မဟာဋီ၊၂၊၁၃၃-၁၃၄။)

အချို့ ဆရာမြတ်တို့၏ အယူ

ဧတ္ထ စ ကေစိ ပဋ္ဌာနေ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတီတိ ဝိပါကဓမ္မဓမ္မာနံ ဧဝ အနန္တရံ တဒါရမ္မဏံ ဝုတ္တန္တိ ကိရိယဇဝနာနန္တရံ န ဣစ္ဆန္တိ။ (မဟာဋီ၊၂၊၁၃၄။)

ဤအရာ၌ အချို့သော ဆရာမြတ်တို့သည် ပဋ္ဌာန်းဒေသနာတော်၌ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ (အဘိ၊၈၊၁၃၃။) = ကုသိုလ် အကုသိုလ်ဇောသည် ချုပ်ပြီးလတ်သော် ဝိပါက်ဝိညာဏ်သည် တဒါရုံ အဖြစ်ဖြင့် ဖြစ်ပေါ်လာ၏ --- ဤသို့လျှင် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသော ဝိပါကဓမ္မဓမ္မ အမည်ရသည့် ကုသိုလ် အကုသိုလ်ဇောတို့၏သာလျှင် အခြားမဲ့၌ တဒါရုံကို ဘုရားရှင်သည် ဟောကြားထားတော် မူ၏၊ ထိုကြောင့် ကိရိယာဇော၏ အခြားမဲ့၌ တဒါရုံကို အလိုရှိတော်မမူကြကုန်။ (မဟာဋီ၊၂၊၁၃၄။)

အကြောင်းပြချက်မှာ ဤသို့ဖြစ်၏ --- ကြမ်းတမ်းသော လှုပ်ရှားခြင်းရှိသော လှေ၏ နောက်သို့သာ မြစ်ရေ အယဉ်သည် အစဉ်လိုက်သကဲ့သို့ ကြမ်းတမ်းသော လှုပ်ရှားခြင်းရှိသော ဇော၏နောက်သို့သာ ဘဝင်သည် အစဉ် လိုက်၏ (= တဒါရုံ ကျနိုင်၏။)။ ဖက်ခွက်နောက်သို့ မြစ်ရေယဉ်သည် အစဉ်မလိုက်သကဲ့သို့ ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်ဝယ် ငြိမ်ငြိမ်သက်သက် ဖြစ်ခြင်းသဘောရှိသော ကြိယာဇော၏ နောက်သို့ မူကား ဘဝင်သည် အစဉ်မလိုက်နိုင် (= တဒါရုံ မကျနိုင် = ဇောယူသည့် အာရုံကို ယူတတ်သော အာရုံပြုသော ဝိပါက်ဝိညာဏ်သည် ဇော၏ အခြားမဲ့၌ မဖြစ်နိုင်။) --- ဤကား အသင့်ယုတ္တိတည်း။ --- ဤကား ကြိယာဇော နောက်၌ တဒါရုံကို အလိုမရှိကြသော ဆရာမြတ်တို့၏ အကြောင်းပြချက်တည်း။ (မဟာဋီ၊၂၊၁၃၄။)

ထိုစကားကို စူးစမ်းဆင်ခြင်သင့်ပေသည်ဟု မဟာဋီကာဆရာတော်က မှတ်ချက်ချထား၏ --- ရသင့် ရ- ထိုက်သော တရားပင် ဖြစ်လင့်ကစား တစ်စုံတစ်ခုသော အဓိပ္ပါယ်ဖြင့် အချို့သောအရာ၌ ဟောတော်မမူခြင်းကို ပါဠိတော်ဝယ် တွေ့မြင်နေရ၏။ ပုံစံထုတ်၍ ဆိုရသော် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် အကုသိုလ်တရားကို အကျယ် ဝေဖန်၍ ဟောကြားတော်မူရာ အကုသလနိဒ္ဒေသ၌ ရသင့်ရထိုက်သော်လည်း အဓိပတိကို ဟောတော်မမူ သကဲ့သို့တည်း။ သည်မျှသာမကသေး အကြင်ဖက်ခွက်ကို ပုံတူအဖြစ်ဖြင့် ညွှန်ပြထား၏၊ ထိုဖက်ခွက်သည်လည်း ပုံတူအဖြစ်ဖြင့် ပြအပ်သော ကြိယာဇောနှင့် တူသည်ကားမဖြစ်။ လှေနှင့် ဖက်ခွက်တို့၏ မြစ်ရေယဉ်ကို လည်စေခြင်း သည်လည်းကောင်း သွားခြင်းသည်လည်းကောင်း အချင်းချင်း မတူပေ။ ထိုကြောင့် လှေနောက်သို့ မြစ်ရေယဉ်၏ အစဉ်လိုက်ခြင်းသည်လည်းကောင်း, ဖက်ခွက်နောက်သို့ မြစ်ရေယဉ်၏ အစဉ်မလိုက်ခြင်းသည်လည်းကောင်း သင့်ပေ၏။ သို့သော်လည်း ဤ တဒါရုံအရာ၌ ကြိယာဇောနှင့် ကြိယာဇောမှ တစ်ပါးကုန်သော ကုသိုလ်ဇော အကုသိုလ်ဇောတို့၏ ဘဝင်အယဉ်ကို လည်စေခြင်းသည်လည်းကောင်း သွားခြင်းသည်လည်းကောင်း = ဇော ကိစ္စကို ရွက်ဆောင်လျက် ဖြစ်သွားခြင်းသည်လည်းကောင်း တူညီ၏။ ထိုကြောင့် ဤကြိယာဇောသို့ တဒါရုံ၏ အစဉ်မလိုက်ခြင်းသည်လည်းကောင်း, ကုသိုလ်ဇော အကုသိုလ်ဇောနောက်သို့သာ တဒါရုံ၏ အစဉ်လိုက်ခြင်းသည် လည်းကောင်း မသင့်ပေ။ ထိုကြောင့် စူးစမ်း ဆင်ခြင်သင့်ပေသည်။ (မဟာဋီ၊၂၊၁၃၄။)

မဟာဋီကာဆရာတော်ကား အောက်ပါ မူလဋီကာ၏ အဆိုကို မနှစ်သက်၍ အထက်ပါ စကားရပ်များကို ဖွင့်ဆိုသွားခြင်း ဖြစ်၏။

မူလဋီကာဆရာတော်၏ ဝါဒ

တဿ ကုသလတော စတ္တာရိ သောမနဿသဟဂတာနိ, အကုသလတော စတ္တာရိ, ကိရိယတော ပဉ္စာတိ ဣမေသံ တေရသန္နံ စိတ္တာနံ အညတရေန ဇဝိတပရိယောသာနေ တဒါရမ္မဏံ ပတိဋ္ဌဟမာနံ သောမနဿ- သဟဂတအသင်္ခါရိကတိဟေတုကစိတ္တမ္ပိ ဒုဟေတုကစိတ္တမ္ပိ ပတိဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၃။)

ကိရိယတော ပဉ္စာတိ ဣမေသံ။ ပ ။ ပတိဋ္ဌာတီတိ ကိရိယဇဝနာနန္တရဉ္စ တဒါရမ္မဏံ ဝုတ္တံ။ ပဋ္ဌာနေ (အဘိ၊၈၊၃၆၆။) ပန ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတီတိ ဝိပါကဓမ္မဓမ္မာနမေဝ အနန္တရာ တဒါရမ္မဏံ ဝုတ္တံ။ ကုသလတ္တိကေ စ သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတောတိအာဒိနာ (အဘိ၊၈၊၁၃၃။) ကုသလာကုသလဇဝနမေဝ ဝတွာ တဒနန္တရံ တဒါရမ္မဏံ ဝုတ္တံ, န အဗျာကတာနန္တရံ၊ န စ ကတ္ထစိ ကိရိယာနန္တရံ တဒါရမ္မဏဿ ဝုတ္တဋ္ဌာနံ ဒိဿတိ။ ဝိဇ္ဇမာနေ စ တသ္မိံ အဝစနေ ကာရဏံ နတ္ထိ၊ တသ္မာ ဥပပရိက္ခိတဗ္ဗော ဧသော ထေရဝါဒေါ။ ဝိပ္ဖါရိကဥှိ ဇဝနံ နာဝံ ဝိယ နဒီသောတော ဘဝင်္ဂံ အနုဗန္ဓတီတိ ယုတ္တံ၊ န ပန ဆဠင်္ဂုပေက္ခဝတော သန္တဝုတ္တိံ ကိရိယဇဝနံ ပဏ္ဏပုဋံ ဝိယ နဒီသောတောတိ။ (မူလဋီ၊၁၊၁၃၄။)

အဋ္ဌကထာ၌ (အဘိ၊ဋ္ဌ၊၁၊၃၂၃။) မောရဝါပီအရပ်၌ သီတင်းသုံးတော်မူသော မဟာဒတ္တမထေရ်မြတ်ကြီး ၏ဝါဒကို တင်ပြထား၏။ ထိုမထေရ်မြတ်ကြီး၏ ဝါဒ၌ --- သောမနဿသဟဂုတ်တိဟိတ် အသင်္ခါရိက စိတ်ဖြင့် ကံကို အားထုတ်ပြီးလတ်သော် ထိုကံကြောင့် သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ တည်နေလာသော ပုဂ္ဂိုလ်၏ သန္တာန်၌ ---

၁။ မဟာကုသိုလ် သောမနဿဇော (၄)မျိုး

၂။ လောဘမူ သောမနဿဇော (၄)မျိုး

၃။ မဟာကြိယာ သောမနဿဇော (၄)မျိုး

၄။ ဟသိတုပ္ပါဒ် ကြိယာဇော (၁)မျိုး

ဤ (၁၃)မျိုးသော ဇောတို့၏ အဆုံး၌ တဒါရုံသည် တည်လတ်သော် ---

၁။ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်,

၂။ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်,

ဤ နှစ်မျိုးတွင် တစ်မျိုးမျိုးသော မဟာဝိပါက်စိတ်သည် တဒါရုံအဖြစ် ရပ်တည်လာ၏ဟု မိန့်ဆိုထား၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၃။)

ဤအရာတွင် မဟာဒတ္တမထေရ်မြတ်ကြီးက ကာမကြိယာဇော (၅)မျိုး၏နောင် တဒါရုံ ကျနိုင်ကြောင်းကို မိန့်ဆိုထားတော်မူ၏။ အလားတူပင် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရသော သင်္ဂြိုဟ်ကျမ်း၌လည်း အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကလည်း --- သောမနဿသဟဂတကြိယာဇဝနာဝသာနေ သောမနဿသဟဂတာနေဝ တဒါ- ရမ္မဏာနိ ဘဝန္တိ = သောမနဿသဟဂုတ် ကြိယာဇော၏ အဆုံး၌ သောမနဿသဟဂုတ်သာလျှင် ဖြစ်ကုန်သော တဒါရုံတို့သည် ဖြစ်နိုင်ကြောင်းကို ဖွင့်ဆိုထား၏။ ထိုအဆိုကို စူးစမ်း ဆင်ခြင်ထိုက်ကြောင်းကို မူလဋီကာဆရာ- တော်က ဖွင့်ဆိုထား၏ --- မူလဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ---

ပဋ္ဌာန်းဒေသနာတော်၌ --- ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ = ကုသိုလ်ဇော အကုသိုလ်ဇောသည် ချုပ်ဆုံးပြီးလတ်သော် ဝိပါက်စိတ်သည် တဒါရုံအဖြစ်ဖြင့် ဖြစ်ပေါ်လာ၏ --- ဟု ပဋ္ဌာန်း ဒေသနာတော် (အဘိ၊၈၊၃၆၆။)၌ ဝိပါကဓမ္မဓမ္မ အမည်ရသောအကျိုးပေးခြင်းသဘောရှိသော ကုသိုလ်တရား အကုသိုလ်တရားတို့၏သာလျှင် အခြားမဲ့၌ တဒါရုံကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ကုသလတိက် ၌လည်း (အဘိ၊၈၊၁၃၃။) --- သေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း, ပုထုဇန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကုသိုလ် တရားကို အနိစ္စအားဖြင့်လည်းကောင်း, ဒုက္ခအားဖြင့်လည်းကောင်း, အနတ္တအားဖြင့်လည်းကောင်း = အနိစ္စဟု လည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ဝိပဿနာရှုပွား သုံးသပ်တော်မူကြကုန်၏။ ဝိပဿနာဇောဝီထိသည် ချုပ်ပျက်လတ်သော် ဝိပဿနာဇော၏အဆုံး၌ ဝိပါက်စိတ်သည် တဒါရုံအဖြစ်ဖြင့် ဖြစ်ပေါ် လာ၏ --- ဤသို့ စသောနည်းဖြင့် ကုသိုလ်ဇော အကုသိုလ်ဇောကိုသာလျှင် ဟောတော်မူပြီး၍ ထိုကုသိုလ် အကုသိုလ်၏ အခြားမဲ့၌ တဒါရုံကို ဟောကြားထားတော်မူ၏။ အဗျာကတတရားတို့၏ အခြားမဲ့၌ တဒါရုံကို ဟောကြားထားတော်မမူ။ တစ်စုံတစ်ခုသော ပါဠိတော် စကားရပ်၌လည်း ကြိယာဇော၏ အခြားမဲ့၌ တဒါရုံ၏ ဟောတော်မူအပ်ရာဌာနကို မတွေ့မြင်အပ်၊ ထိုကြိယာဇော၏ နောက်၌ တဒါရုံသည် ထင်ရှားရှိလျက်လည်း ဟောတော်မမူခြင်း၌ အကြောင်းတရားသည် မရှိဖြစ်ခဲ့၏၊ ထိုကြောင့် ထိုမဟာဒတ္တမထေရ်မြတ်ကြီး၏ ဝါဒကို စူးစမ်းဆင်ခြင်ထိုက်၏။

မှန်ပေသည် --- လှေ၏ နောက်သို့ မြစ်ရေအယဉ်သည် အစဉ်လိုက်သကဲ့သို့ ထို့အတူ မငြိမ်မသက် လှုပ် လှက်ခြင်းရှိသော ဇောသို့ ဘဝင်သည် အစဉ်လိုက်၏၊ ဤသို့ဖြစ်ခြင်းသည် သင့်၏ ယုတ္တိရှိ၏။ ပြောင်းပြန်အားဖြင့် ဆိုရမူ --- မျောလာသော ဖက်ခွက်၏နောက်သို့ မြစ်ရေအယဉ်သည် အစဉ်မလိုက်သကဲ့သို့ ထို့အတူ ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ ငြိမ်သက်သော ဖြစ်ခြင်းရှိသော ကြိယာဇော၏နောက်သို့ တဒါရုံသည် အစဉ်မလိုက်ပေ။ ဤသို့ မှတ်သားပါလေ။ ထိုကြောင့် ထိုမဟာဒတ္တမထေရ်မြတ်၏ ဝါဒကို စူးစမ်းဆင်ခြင်ထိုက် ပေသည်။ (မူလဋီ၊၁၊၁၃၄။)

ဤမူလဋီကာဆရာတော် အရှင်အာနန္ဒမထေရ်မြတ်၏ အယူအဆကို မဟာဋီကာဆရာတော် အရှင်ဓမ္မပါလ မထေရ်က မနှစ်သက်သဖြင့် မဟာဋီကာ၌သာမဟုတ် အနုဋီကာ (အနုဋီ၊၁၊၁၄၁)၌လည်း မဟာဋီကာ၌ကဲ့သို့ပင် အလားတူ ပြန်လည် ချေပထားပေသည်။

ဆဠင်္ဂုပေက္ခာ

တတ္ထ ယာ ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ၊ န ဒုမ္မနော၊ ဥပေက္ခကော စ ဝိဟရတိ သတော သမ္ပဇာနောတိ ဧဝမာဂတာ ခီဏာသဝဿ ဆသု ဒွါရေသု ဣဋ္ဌာနိဋ္ဌဆဠာရမ္မဏာပါထေ ပရိသုဒ္ဓပကတိဘာဝါဝိဇဟနာကာရဘူတာ ဥပေက္ခာ၊ အယံ ဆဠင်္ဂုပေက္ခာ နာမ။ (ဝိသုဒ္ဓိ၊၁၊၁၅၅။)

= ဤသာသနာတော်၌ အာသဝေါကုန်ပြီးသော ရဟန်းတော်သည် စက္ခုဖြင့် ရူပါရုံကိုမြင်၍ ဝမ်းမြောက်မှုလည်း မဖြစ်၊ ဝမ်းနည်းမှုလည်း မဖြစ်၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုကာ သာလျှင် နေ၏ (အံ၊၂၊၂၄၇။) ဤသို့ ပါဠိတော်၌ လာရှိသော အာသဝေါကုန်ပြီးသော ရဟန္တာအရှင်မြတ်၏ သန္တာန်၌ ဒွါရ (၆)ပါးတို့၌ ဣဋ္ဌ အနိဋ္ဌဖြစ်သော အာရုံ (၆)ပါးသည် ထင်လာလတ်သော် ထက်ဝန်းကျင် စင်ကြယ် သော ပြကတေ့သဘောကို မစွန့်သော အခြင်းအရာဖြစ်သော အာရုံကို အညီအမျှ လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တတာ စေတသိက်ဟု ဆိုအပ်သော အကြင် ဥပေက္ခာသည် ရှိ၏၊ ရဟန္တာအရှင်မြတ်တို့၏ ဤ ဥပေက္ခာသည် ဆဠင်္ဂုပေက္ခာ မည်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၅။)

ရဟန္တာ အရှင်မြတ်တို့သည် စိတ်ကို နိုင်နင်းတော်မူသဖြင့် ဣဋ္ဌဖြစ်သော အာရုံ (၆)ပါးကို အနိဋ္ဌကဲ့သို့ ရှုတော်မူနိုင်၏။ အနိဋ္ဌဖြစ်သော အာရုံ (၆)ပါးကိုလည်း ဣဋ္ဌကဲ့သို့ ရှုတော်မူနိုင်၏။ ဒွါရ (၆)ပါးတို့၌ ထင်လာသော အာရုံ (၆)ပါးတို့၌ စိတ်ကို အလယ်အလတ် အခြင်းအရာ၌ ထားတော်မူနိုင်၏။ အညီအမျှ လျစ်လျူရှုနိုင်၏။ တရားကိုယ်မှာ တတြမဇ္ဈတ္တတာ စေတသိက်တည်း။ ဤ စေတသိက်ကိုပင် ဆဠင်္ဂုပေက္ခာဟု ခေါ်သည်။

၁၄။ စုတိကိစ္စ

တဒါရုံ၏ အဆုံး၌ကား တစ်ဖန် ဘဝင်သည်သာလျှင် ဖြစ်ပြန်၏။ (ပဝတ္တိ အခါကိုသာ ရည်၍ ဆိုသည်၊ တဒါရုံနောင် စုတိမကျကောင်း ဘဝင်သာကျကောင်းသည်ဟု ဆိုလိုရင်း မဟုတ်ပါ။ --- မဟာဋီ၊၂၊၁၃၄။) ယင်း ဘဝင်အယဉ်သည် ပြတ်လတ်ပြီးပြန်သော် တစ်ဖန် အာဝဇ္ဇန်း အစရှိသော ဝီထိစိတ်တို့သည် ဖြစ်ပြန်ကုန်၏။ ဤသို့သောနည်းဖြင့် ရအပ်သော အကြောင်းရှိသော စိတ်အစဉ်သည် ဘဝင်၏ အခြားမဲ့၌ အာဝဇ္ဇန်းသည်လည်း ကောင်း, အာဝဇ္ဇန်း၏ အခြားမဲ့၌ ရူပါရုံကို မြင်သိခြင်း = ဒဿနကိစ္စရှိသော စက္ခုဝိညာဏ်စသော စိတ်တို့သည် လည်းကောင်း ဤသို့ စသည်ဖြင့် စိတ်တို့၏ ကိန်းသေမြဲသော စိတ္တနိယာမ၏ အစွမ်းဖြင့်သာလျှင် အဖန်တလဲလဲ တစ်ခုသောဘဝ၌ ဘဝင်မကုန်သေးသမျှ ကာလပတ်လုံး ဘဝင်ကုန်ဆုံးသည်တိုင်အောင် ဖြစ်ပေါ်နေပေ၏။ မှန်ပေသည် --- ဘဝတစ်ခု၌ အလုံးစုံသော စိတ်တို့၏ နောက်ဆုံးဖြစ်သောဘဝင်စိတ်ကိုပင် ထိုထိုဘဝမှ ရွေ့လျော- သွားခြင်းကြောင့် စုတိဟူ၍ ဆိုအပ်၏။ ထိုကြောင့် ထိုစုတိစိတ်သည်လည်း (ပဋိသန္ဓေဝိပါက်ဝိညာဏ်နှင့် ဘဝင် ဝိပါက်ဝိညာဏ်ကဲ့သို့ပင်) (၁၉)မျိုးပင် ရှိ၏။ ဤသို့လျှင် (၁၉)မျိုးသော ဝိပါက်ဝိညာဏ်တို့၏ စုတိ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၉၀။)

စုတိမှ တစ်ဖန် (ဘဝသစ်၌) ပဋိသန္ဓေသည် ဖြစ်ပြန်၏၊ ပဋိသန္ဓေမှ တစ်ဖန် ဘဝင်သည် ဖြစ်ပြန်၏၊ ဤ- သို့ချည်းနှင်နှင်အားဖြင့် သုံးပါးသော ဘဝ, ငါးပါးသော ဂတိ, ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ, ကိုးပါးသော သတ္တာဝါသ တို့၌ တလုံလဲလဲ ကျင်လည်ကုန်သော သတ္တဝါတို့၏ သန္တာန်ဝယ် မပြတ်မစဲသော စိတ်အစဉ်သည် တလည်လည် ဖြစ်နေသည်သာတည်း။

သံသရာစက် ပြတ်ပုံ --- ဤ ဆိုအပ်ပြီးသောနည်းဖြင့် တပြောင်းပြန်ပြန် ကျင်လည်ကုန်သော ထိုသတ္တဝါ တို့တွင် အကြင်သတ္တဝါသည် မဇ္ဈိမပဋိပဒါ = နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ကောင်းမွန်မှန်ကန်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို အစွဲပြု၍ အရဟတ္တဖိုလ်သို့ ရောက်ရှိသွား၏၊ ထိုရဟန္တာပုဂ္ဂိုလ်မြတ်၏ စုတိစိတ်တော် သည် ချုပ်ပြီးလတ်သော် စိတ်သည် ချုပ်သည် ပီပီသာလျှင် ဖြစ်ပေသတည်း။ (ဝိသုဒ္ဓိ၊၂၊၉၀။)

ဤတွင် ပဋိသန္ဓေမှ စုတိသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း ဖြစ်ပေါ်သွားကြသော စိတ်တို့၏ အလုပ် လုပ်ပုံ လုပ်ငန်းကိစ္စ (၁၄)မျိုး အကြောင်းကို အကျဉ်းချုပ်၍ ရေးသားတင်ပြပြီးလေပြီ။ ယခုအခါ၌ ဝိညာဏက္ခန္ဓာ၏ လက္ခဏ-ရသ စသည်တို့ကို ဆက်လက်တင်ပြပေအံ့။

၁။ ဝိညာဏက္ခန္ဓာ

အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၁၀၆။)

၁။ ဝိဇာနနလက္ခဏံ စိတ္တံ၊

၂။ ပုဗ္ဗင်္ဂမရသံ၊

၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊

၄။ နာမရူပပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

နာမပဒဋ္ဌာနံ။ (အရူပဘုံအတွက်။)

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော လက္ခဏ၊

၂။ အာရုံကို သိမှု၌ ပဓာန ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်အစဉ်အဆက် မပြတ်ရအောင် နောက်နောက်စိတ်ကို ဖွဲ့စပ်တတ်သော သဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ နာမ်+ရုပ် (အရူပဘုံအတွက် --- နာမ်) ပဒဋ္ဌာန်။

ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။) ဟူသော မူလဋီကာနှင့် အညီ သိခြင်းဟူသည် အာရုံကို အာရုံယူ၍ရခြင်း = ရယူခြင်းသဘော ဖြစ်သည်။

လက္ခဏ --- စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ကာမ, ရူပ, အရူပ, လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ရှိသော စိတ်ဟူသမျှသည် အာရုံကိုသိမှု ဝိဇာနနလက္ခဏာ မရှိသည်မည်သည် မရှိပေ၊ အလုံးစုံသော စိတ်ဟူသမျှသည် အာရုံကိုသိမှု ဝိဇာနနလက္ခဏာ ရှိသည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ဘဝင်စိတ်ကို မသိစိတ်ဟု ဘာသာပြန်ဆိုချက်မှာ, တစ်နည်းဆိုရသော် မသိစိတ်တစ်မျိုး ရှိသည်ဟူသော အယူအဆများမှာ ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် တစ်နည်းဆိုရသော် ဗုဒ္ဓအဘိဓမ္မာနှင့်ကား ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်နေ၏။ ဘဝင်စိတ်သည်လည်း လွန်ခဲ့သော အတိတ်ဘဝ သေခါနီး ကာလဝယ် ထင်ခဲ့သော မရဏာသန္နဇောသည် ယူခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို သိမြဲ ဓမ္မတာဖြစ်ရကား ပစ္စုပ္ပန် အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးကို မသိမှုကို အကြောင်းပြု၍ မသိစိတ်ဟု ဆိုရန်မသင့် သည်သာ ဖြစ်ပေသည်။

ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)

တံ အာရမ္မဏူပလဒ္ဓိသင်္ခါတံ ဝိဇာနနံ လက္ခဏံ ဧတဿာတိ ဝိဇာနနလက္ခဏံ။ (မဟာဋီ၊၂၊၁၁၂။)

သိခြင်း --- ဟူသည် အာရုံကို ရယူခြင်းသဘောတည်း။ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူရာ စက္ခု အကြည်ဓာတ်ကို အာရုံယူ၍ရလျှင် စက္ခုအကြည်ဓာတ်ကို သိသည်ဟု ခေါ်ဆိုရ၏၊ အကယ်၍ စက္ခုအကြည် ဓာတ်ကို လှမ်း၍ အာရုံယူကြည့်ရာ အာရုံယူ၍ မရဖြစ်လျှင် စက္ခုအကြည်ဓာတ်ကို သိသည်ဟု မခေါ်ဆိုနိုင်ပေ။ ထိုကြောင့် အာရုံကို ရယူခြင်း သဘောကိုပင် သိသည်ဟု ဆိုပေသည်။ ထိုစိတ်ဝယ် ထိုအာရုံကို ရယူခြင်းဟု ဆိုအပ်သော သိမှုသဘော လက္ခဏာသည် ရှိ၏၊ ထိုကြောင့် ထိုစိတ်သည် အာရုံကို ရယူခြင်း အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ ရှိပေသည်။

ပုဗ္ဗင်္ဂမရသ --- ပုရေစာရိက ပုဗ္ဗင်္ဂမ, ပဓာန ပုဗ္ဗင်္ဂမဟု ပုဗ္ဗင်္ဂမ နှစ်မျိုးရှိ၏။

ရှေးဦးစွာဖြစ်၍ ေ့ရှကသွားရသော ေ့ရှကဖြစ်ရသော ေ့ရှသွားခေါင်းဆောင်သည် ပုရေစာရိက ပုဗ္ဗင်္ဂမ မည်၏။ အချုပ် ပဓာန နာယက အကြီးအမှူးဖြစ်၍ ပြဓာန်းသော ေ့ရှသွားခေါင်းဆောင်သည် ပဓာနပုဗ္ဗင်္ဂမ မည်၏။ ထိုသို့ ပုဗ္ဗင်္ဂမ နှစ်မျိုးရှိရာ စိတ်နှင့် စေတသိက် နှစ်မျိုးတို့တွင် စိတ်သည် တကယ်ေ့ရှက ဖြစ်သွားရသည် မဟုတ်၊ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ စိတ်နှင့်စေတသိက်တို့သည် ပြိုင်တူသာ ဖြစ်ကြရ၏၊ ပြိုင်တူသာ တည်ကြ ရ၏၊ ပြိုင်တူသာ ပျက်ကြရ၏။ သို့သော် ယင်းစိတ်စေတသိက် တရားစုတို့တွင် စိတ်သည် အာရုံကိုသိမှု အာရုံကို ရယူမှု၌ ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင် တရားပင် ဖြစ်၏။ ထိုကြောင့် ပုဗ္ဗင်္ဂမရသ = အာရုံကို သိမှု အာရုံကို ရယူမှု၌ ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စ ရသ ရှိ၏ဟု ဆိုသည်။ မနော ပုဗ္ဗင်္ဂမာဟူသော ဒေသနာတော်များနှင့် အညီပင်တည်း။

စက္ခုစသော ဒွါရသို့ ရူပါရုံစသော အာရုံများ ဆိုက်ရောက်လာသောအခါ အာရုံကို ထင်စွာဖြစ်စေရာ၌ စိတ်သည် ပြဓာန်းသော ပဓာန ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ မှန်ပေသည် ---

စက္ခုဒွါရ = မျက်စိဖြင့် မြင်ထိုက်သော ရူပါရုံကို စိတ်ဖြင့်သာလျှင် သိ၏။

သောတဒွါရ = နားဖြင့် ကြားထိုက်သော သဒ္ဒါရုံကို စိတ်ဖြင့်သာလျှင် သိ၏။

ဃာနဒွါရ = နှာခေါင်းဖြင့် နမ်းရှူထိုက်သော ဂန္ဓာရုံကို စိတ်ဖြင့်သာလျှင် သိ၏။

ဇိဝှါဒွါရ = လျှာဖြင့် သာယာထိုက်သော ရသာရုံကို စိတ်ဖြင့်သာလျှင် သိ၏။

ကာယဒွါရ = ကိုယ်ဖြင့် တွေ့ထိထိုက်သော ဖောဋ္ဌဗ္ဗာရုံကို စိတ်ဖြင့်သာလျှင် သိ၏။

မနောဒွါရဖြင့် သိထိုက်သော ဓမ္မာရုံကို မနောဝိညာဏ်စိတ်ဖြင့်သာလျှင် သိ၏။

ဤသို့လျှင် ဒွါရသို့ ဆိုက်ရောက်လာသော အာရုံကို ထင်စွာဖြစ်စေရာ၌ စိတ်သည်သာလျှင် ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင် ဖြစ်ပေသည်။ ထိုကြောင့် စိတ်သည် အာရုံကို သိမှု၌ ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင် ဖြစ်ရပေသည်။ ထိုကြောင့် စိတ်သည် အာရုံသိမှု၌ ပြဓာန်းသော ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စရှိ၏ဟု ဆိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၅-၁၅၆။)

နဂရဂုတ္တိကဿ ဝိယ စိတ္တဿ အာရမ္မဏဝိဘာဝနမတ္တံ ဥပဓာရဏမတ္တံ ဥပလဒ္ဓိမတ္တံ ကိစ္စံ၊ အာရမ္မဏပဋိဝေဓနပစ္စာဘိညာဏာဒိ ပန ကိစ္စံ ပညာသညာဒီနန္တိ ဝေဒိတဗ္ဗံ။ (မူလဋီ၊၁၊၈၇။)

နဂရဂုတ္တိကမည်သော မြို့စောင့်ယောက်ျားသည် မြို့လယ်လမ်းဆုံ လမ်းခွ၌ ထိုင်၍ --- ဤသူကား မြို့ နေသူတည်း၊ ဤသူကား ဧည့်သည်တည်း --- ဟု ရောက်လာတိုင်း ရောက်လာတိုင်းသော လူကို စူးစမ်းမှတ်သား၏၊ ပိုင်းခြားသတ်မှတ် ဆုံးဖြတ်၏။ ထိုမြို့စောင့်ယောက်ျားကဲ့သို့ပင် စိတ်၏ အာရုံကို ထင်စွာ ဖြစ်စေခြင်းမျှသည် ကပ်၍ ဆောင်ခြင်းမျှသည် အာရုံကို ရယူခြင်းမျှသည် စိတ်၏ လုပ်ငန်းကိစ္စပင်တည်း။ ပရမတ္ထဓမ္မတည်းဟူသော အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်းသည် ပညာ၏ လုပ်ငန်းကိစ္စတည်း။ ရှေးအမှတ်ဖြင့် နောက်ထပ် အာရုံကို သိခြင်းသည် သညာ စသည်တို့၏ လုပ်ငန်းကိစ္စတည်း။ ဤသို့ သိပါ။ (မူလဋီ၊၁၊၈၇။)

ဝိဇာနာတီတိ သညာပညာကိစ္စဝိသိဋ္ဌံ ဝိသယဂ္ဂဟဏံ အာဟ။ (မူလဋီ၊၁၊၆၅။)

သညာပညာကိစ္စံ သညာဏကရဏပဋိဝိဇ္ဈနာနိ၊ တဒုဘယဝိဓုရာ အာရမ္မဏူပလဒ္ဓိ ဝိဇာနာတီတိ ဣမိနာ ဝုစ္စတီတိ အာဟ သညာ။ ပ ။ ဂဟဏန္တိ။ (အနုဋီ၊၁၊ရဝ။)

အာရုံကို သိရာ၌ သညာသိ ပညာသိ ဝိညာဏ်သိဟု ကွဲပြားလျက် ရှိ၏၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မှတ်မိရုံသာ သိခြင်း မှတ်သိ သိခြင်း မှတ်သားထားသည့်အတိုင်း သိခြင်းသည် သညာသိတည်း။ ပရမတ္ထဓမ္မ သဘာဝတို့၏ သဘောမှန်ကို အစမှ ဆုံးသည်တိုင်အောင် = (နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့တိုင်အောင်) ကမ်းကုန်အောင် အမှားမရှိ အမှန်အတိုင်း သိခြင်းသည် ပညာသိတည်း။ အာရုံ တစ်ခုခုကို ရအောင်ယူခြင်းသည် ဝိညာဏ်သိတည်း။ ဤသို့လျှင် အသိ (၃)မျိုး ကွဲပြားရာ သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံ ထူးခြားသော အသိကိုပင် ဝိဇာနန အမည်ရသော ဝိညာဏ်သိဟု မှတ်ပါ။

ပစ္စုပဋ္ဌာန် --- တဒေတံ ပစ္ဆိမံ ပစ္ဆိမံ ဥပ္ပဇ္ဇမာနံ ပုရိမံ ပုရိမံ နိရန္တရံ ကတွာ သန္ဒဟနမေဝ ဥပဋ္ဌာတီတိ သန္ဒဟနပစ္စုပဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၅၆။)

ထိုစိတ်သည် နောက်နောက်၌ ဖြစ်လတ်သော် ရှေးရှေး၌ ဖြစ်သော စိတ်ကို အကြားမရှိသည်ကို ပြု၍ စိတ်အစဉ်အဆက် မပြတ်ရအောင် ဖွဲ့စပ်တတ်သော သဘောတရား ဖြစ်သည်ဟု ယင်းစိတ်ကို ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ဉာဏ်တွင် ရှေးရှူထင်လာ၏။ ခဏိကမရဏ သဘောအားဖြင့် ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်ပျက်သွားလေသော ရှေးစိတ်က မိမိ၏ အခြားမဲ့၌ ဆက်လက်၍ အသစ် ဖြစ်ပေါ်လာ သော နောက်စိတ်အား အနန္တရ သမနန္တရ စသော ပစ္စယသတ္တိတို့ဖြင့် စိတ်အစဉ် မပြတ်အောင် ကျေးဇူးပြုပေးသည် ဟူလိုသည်။

သန္ဒဟနံ စိတ္တန္တရဿ အနုပ္ပဗန္ဓနံ။ (မူလဋီ၊၁၊၈၇။)

သန္ဒဟန = ဆက်စပ်လျက် ဖြစ်ခြင်းဟူသည် တစ်ပါးသောစိတ်ကို အစဉ်မပြတ်အောင် ဖွဲ့စပ်ခြင်းတည်း။ နောက်စိတ်တစ်ခု ဖြစ်ခြင်းသည် ချုပ်ပြီးသော ရှေးစိတ်နှင့် အကြားမရှိအောင် ဖွဲ့စပ်ခြင်းပင် ဖြစ်သည်။ ယင်းသို့ အကြားမရှိအောင် ဆက်စပ်လျက် နောက်စိတ်ဖြစ်ပေါ်လာအောင် ချုပ်ပြီးသော ရှေးစိတ်က နောက်စိတ်အား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသည်။

ပဒဋ္ဌာန် --- စိတ်တို့မည်သည် ယှဉ်ဖက်စေတသိက် မပါဘဲ မိမိ စိတ်ချည်းသက်သက် ဖြစ်နိုင်သည့်စွမ်းအင် မရှိရကား ယှဉ်ဖက်စေတသိက် နာမ်တရားများသည် စိတ်ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံးသော အကြောင်းတရားများ ဖြစ်ကြ၏။ တစ်ဖန် စိတ်သည် (နာမ်တရားတို့သည်) ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် မရှိပါက မဖြစ်နိုင်သဖြင့် မှီရာဝတ္ထုရုပ်သည်လည်း စိတ်ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတစ်ခုပင် ဖြစ်၏။ တစ်ဖန် အသိစိတ်တို့၏ သိစရာအာရုံသည် ရူပါရုံကဲ့သို့သော ရုပ်တရားဖြစ်မူ ထိုအာရုံရုပ်သည်လည်း စိတ်၏ အနီးစပ်ဆုံး အကြောင်းတရားပင် ဖြစ်၏၊ သိစရာအာရုံ ရှိပါမှ သိမှုသဘော ဖြစ်နိုင်၏။ မှီရာဝတ္ထုရုပ်များက ဝတ္ထုပုရေဇာတ နိဿယသတ္တိဖြင့် အာရုံရုပ်များက အာရမ္မဏပစ္စယသတ္တိဖြင့် စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏၊ ထိုကြောင့် ပဉ္စဝေါကာရဘုံဝယ် စိတ်၏ အနီးစပ်ဆုံးအကြောင်းတရားမှာ နာမ်ရုပ် ဖြစ်ရပေသည်။ အရူပဘုံ၌ကား ရုပ်တရား မရှိသောကြောင့် အရူပဘုံ၌ စိတ်၏ အနီးစပ်ဆုံးအကြောင်းတရားမှာ ယှဉ်ဖက်စေတသိက် နာမ်ပင် ဖြစ်သည်။

ဤဖော်ပြပါ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကား ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး အတွက် ခြုံငုံ၍ဆိုသော စကားများ ဖြစ်ကြသည်။ ခွဲ၍ ရှုခဲ့သော်အောက်ပါ အတိုင်း ရှုပါ။

၂။ ပဋိသန္ဓေစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ပဋိသန္ဓိစိတ္တံ၊

၂။ ပဋိသန္ဓာနရသံ၊

၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊

၄။ နာမရူပပဒဋ္ဌာနံ။

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော

အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဘဝနှစ်ခုကို = ေ့ရှနောက် စိတ်အစဉ်ကို ဆက်စပ်ပေးခြင်း (ကိစ္စ) ရသ၊

၃။ ဘဝနှစ်ခုကို = ေ့ရှနောက် စိတ်အစဉ်ကို ဆက်စပ်ပေးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ပဒဋ္ဌာန်။

၃။ ဘဝင်စိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ဘဝင်္ဂစိတ္တံ၊

၂။ ဘဝင်္ဂရသံ၊

၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊

၄။ နာမရူပပဒဋ္ဌာနံ။

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော

အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ေ့ရှနောက် စိတ်အစဉ်မပြတ်ရအောင် ဘဝ၏ အကြောင်းတရားအဖြစ်

တည်နေခြင်း = (ဘဝင်ကိစ္စ) (ကိစ္စ) ရသ၊

၃။ ေ့ရှနောက် စိတ်အစဉ်မပြတ်ရအောင် စိတ်အစဉ်ကို ဆက်စပ်ပေးတတ်သော သဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ပဒဋ္ဌာန်။

ဤ ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်တို့ဝယ် ကိစ္စအရ ပဋိသန္ဓေကိစ္စနှင့် ဘဝင်ကိစ္စကို ဖော်ပြထားပါသည်။ ပုဗ္ဗင်္ဂမရသဟု ဆိုကလည်း ရရှိသည်သာ ဖြစ်ပါသည်။ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ်တရားစုတို့တွင် အာရုံကို သိမှု အာရုံကို ရအောင်ယူမှု၌ ဝိညာဏက္ခန္ဓာမှာ အမြဲ ပြဓာန်းလျက်ပင် ရှိသောကြောင့် ဖြစ်၏။

၄။ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာ မနောဓာတ်

၁။ စက္ခုဝိညာဏာဒိပုရေစရရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု၊

၂။ အာဝဇ္ဇနရသာ၊

၃။ ရူပါဒိအဘိမုခဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။ (သာ ဥပေက္ခာ ယုတ္တာဝ ဟောတိ။) (ဝိသုဒ္ဓိ၊၂၊၈၆။)

၁။ စက္ခုဝိညာဏ် စသည်တို့၏ ေ့ရှသွားဖြစ်၍ (ေ့ရှကဖြစ်၍) ရူပါရုံစသည့် အာရုံတို့ကို

သိခြင်းသဘော = ရယူခြင်းသဘော လက္ခဏ၊

၂။ (ရူပါရုံစသည့် ပဉ္စာရုံကို) နှလုံးသွင်းခြင်း = ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာ-

အားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံစသည့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်စိတ်အစဉ် ပြတ်စဲခြင်း = ဘဝင်စိတ် ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

မနောဓာတ် -- အယံ ပန မနောဝိညာဏတော ဥပ္ပန္နာပိ ဝိသိဋ္ဌမနနကိစ္စာဘာဝေန မနောမတ္တာ ဓာတူတိ မနောဓာတု။ (မဟာဋီ၊၂၊၁၂၉။)

ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မနောဝိညာဏ်မှ ဖြစ်ပေါ်လာသော်လည်း (= ဘဝင်မနောဝိညာဏ် ချုပ်ပျက်ပြီးမှ ဘဝင်မနောဝိညာဏ်က အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် ဖြစ်ပေါ်လာသော မနောဝိညာဏ် ဖြစ်သော်လည်း) ဝိသိဋ္ဌမနနကိစ္စ ဟူသော အာရုံကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်မှု မရှိသေးပေ။ ရူပါရုံ စသည်ကို ရူပါရုံ စသည်ဟုပင် မသိသေး = အာရုံ မယူနိုင်သေးပေ။ မနောဒွါရနှင့် စက္ခုဒွါရ၌ ထိုရူပါရုံ ရှေးရှူ ကျရောက်လာမှုလောက်မျှကိုသာ သိသေးသော ဓာတ်သဘာဝဖြစ်သဖြင့် မနောဓာတ်ဟုခေါ်ဆိုခြင်း ဖြစ်သည်။ (မနောဒွါရနှင့် သောတဒွါရစသည့် ဒွါရတို့၌ သဒ္ဒါရုံစသည့် ဆိုင်ရာအာရုံတို့ ရှေးရှူကျရောက်လာရာ၌လည်း နည်းတူပင်တည်း၊၊)

ရသ --- အာဝဇ္ဇနရသာတိ အာဘောဂရသာ၊ စိတ္တသန္တာနဿ ဝါ ပုရိမာကာရတော အညထာ ဩဏောဇနရသာ။ (မဟာဋီ၊၂၊၁၂၉။)

အာရုံကို နှလုံးသွင်း ဆင်ခြင်ခြင်းသည် ယင်းစိတ်၏ လုပ်ငန်းကိစ္စရပ် ဖြစ်သည်။ ဒွါရ၌ ရှေးရှူကျရောက် လာသော အာရုံကို --- အဘယ် အရာပါလိမ့် --- ဟု ဆင်ခြင်မှု နှလုံးသွင်းမှုမျှသာ ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင် စူးစမ်းဆင်ခြင်မှု နှလုံးသွင်းမှုမျိုးကား မဟုတ်သေးပေ။ ဤရှင်းလင်းချက်မျှဖြင့် အားရကျေနပ်မှု မရနိုင်သေး၍ မဟာဋီကာဆရာတော်က နောက်တစ်နည်း ထပ်မံ၍ ရှင်းပြတော်မူပြန်သည်၊ ထိုရှင်းလင်းချက်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ဤအာဝဇ္ဇန်းစိတ် = (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) မဖြစ်မီ ဘဝင်စိတ်များ အဆက်မပြတ် ဖြစ်နေ၏။ ဘဝင်အယဉ်ဟု ခေါ်၏၊ ယင်းဘဝင်စိတ်သည် အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကိုသာ အာရုံယူသော အခြင်း အရာအားဖြင့် ဖြစ်နေ၏။ ဤသည်ကိုပင် ပုရိမာကာရ = ရူပါရုံ စသည့်အာရုံတို့၏ ဆိုင်ရာဒွါရတို့၌ ရှေးရှူ မကျရောက်မီ = မထင်မီ ရှေး၌ ဖြစ်နေသော အခြင်းအရာဟု ခေါ်၏။ ယင်း စိတ်အစဉ်၏ ရှေး၌ ဖြစ်နေသော အခြင်းအရာသည် ဆိုင်ရာ ဒွါရ၌ ရူပါရုံ စသည့်အာရုံတို့ ရှေးရှူကျရောက်လာသောအခါ = ထင်လာသောအခါ ဘဝင်အယဉ် ရပ်စဲသွားချိန်တွင် ရပ်စဲသွား၏၊ ဘဝင်ရပ်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကို = (ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို) အာရုံယူမှု အခြင်းအရာကိုလည်း စွန့်လွှတ်ပြီး ဖြစ်သွား၏။ ဘဝင် ရပ်စဲသွားမှုသည် အာဝဇ္ဇန်းစိတ် မဥပါဒ်မီ = ဥပါဒ်ကာလသို့ မရောက်မီ ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်၏ ဘင်ကာလ၌ ရပ်စဲသွားခြင်း ဖြစ်၏။ အာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာသောအခါ စိတ်အစဉ်သည် မူလဘဝင်၏ အာရုံဖြစ်သော အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကို မယူတော့ဘဲ နောက်ထပ် ဆိုင်ရာဒွါရ၌ ထင်လာသည့် ရူပါရုံ အစရှိသော ပစ္စုပ္ပန်အာရုံကို လှမ်း၍ အာရုံယူ၏။ ထိုသို့ စိတ်အစဉ်၏ မူလအာရုံယူနေသည့် အာရုံဟောင်းကို အာရုံယူနေသည့် အခြင်းအရာမှ အာရုံသစ်တစ်ခုကို လှမ်း၍ အာရုံယူသည့် အခြင်းအရာသို့ ပြောင်းသွားအောင် အာဝဇ္ဇန်းစိတ်က ဆောင်ရွက်ပေးသည်။ ဤသည်ကိုပင် အာဝဇ္ဇန်းစိတ်၏ လုပ်ငန်းကိစ္စ = စိတ်အစဉ်၏ ရှေး၌ဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း ကိစ္စရှိ၏ဟု ဆိုပေသည်။ရှေးဖြစ်သော အခြင်းအရာမှ အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် စိတ်အစဉ်သည် ဖြစ်ပေါ်လာသောအခါ ရှေး၌ဖြစ်ခဲ့သော အခြင်းအရာကို စွန့်လွှတ်စေ၍ နောက်ထပ်ဖြစ်သော အသစ်အခြင်းအရာကို ယူစေသည် = မူလအာရုံကို စွန့်လွှတ်စေ၍ နောက်ထပ်ထင်လာသော အာရုံသစ်ကို ယူစေသည်ဟု ဆိုလိုသည်။ သို့သော် မူလ အာရုံကိုယူသော စိတ်ကားတခြား, အာရုံသစ်ကိုယူသော စိတ်ကား တခြားသာ ဖြစ်၏။ ဧကတ္တနည်းအားဖြင့် စိတ်အစဉ်အတန်း တစ်ခုတည်းဟု ယူ၍ ဆိုခြင်းဖြစ်သည်။

ပဒဋ္ဌာန် --- ဘဝင်အစဉ် ဘဝင်အယဉ် ပြတ်စဲမှ အာဝဇ္ဇန်းစိတ် ဖြစ်ခွင့်ရနိုင်၏။ ဘဝင်အစဉ် ဘဝင်အယဉ် မရပ်စဲသေးသမျှ အာဝဇ္ဇန်းစိတ် ဖြစ်ခွင့်မရနိုင်။ စိတ္တက္ခဏ တစ်ခုအတွင်း၌ နှစ်မျိုးသော စိတ်တို့သည် ပြိုင်တူ မဥပါဒ်နိုင် မဖြစ်နိုင်သောကြောင့် ဖြစ်၏။ ထိုကြောင့် အာဝဇ္ဇန်းစိတ်ဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားမှာ ဘဝင်အယဉ် ပြတ်စဲခြင်းပင် ဖြစ်၏၊ တစ်နည်းဆိုရသော် ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်ပင် ဖြစ်၏။ ယင်း ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်စိတ်က အာဝဇ္ဇန်းစိတ်အား အနန္တရစသော ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာ အောင် ကျေးဇူးပြုပေး၏။ (ဝိသုဒ္ဓိ၊၂၊၁၁၉ - ကြည့်။)

ဥပေက္ခာဝေဒနာ --- အပုဗ္ဗာရမ္မဏာ သကိဒေဝပဝတ္တမာနာ သဗ္ဗထာ ဝိသယရသံ အနုဘဝိတုံ န သက္ကောတီတိ ဣဋ္ဌာဒီသု သဗ္ဗတ္ထ ဥပေက္ခာယုတ္တာဝ ဟောတိ။ (မဟာဋီ၊၂၊၁၂၉။)

ဤအာဝဇ္ဇန်းစိတ်သည် ယခုမှ ထင်လာသော အာရုံသစ်ကိုသာ ဦးစွာ အာရုံပြုရသော စိတ်ဖြစ်၏၊ ထိုသို့ အာရုံသစ်ကိုသာ ဦးစွာ အာရုံပြုရ၍ တစ်ကြိမ်သာ ဖြစ်ရသဖြင့် အချင်းခပ်သိမ်း နည်းမျိုးစုံဖြင့် အာရုံ၏ အရသာကို အားရှိပါးရှိ ခံစားခြင်းငှာ မစွမ်းနိုင်သေးပေ။ သို့အတွက် ဣဋ္ဌ, ဣဋ္ဌမဇ္ဈတ္တ, အနိဋ္ဌ, အနိဋ္ဌမဇ္ဈတ္တဖြစ်သော အာရုံ အားလုံးတို့၌ပင် ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်၍ ဖြစ်ရပေသည်။ (မဟာဋီ၊၂၊၁၂၉။)

ဉာဏ်ပညာရင့်ကျက်သူ ပရိယတ္တိ အခြေခံရှိသူတို့ကား ဤရှင်းလင်းချက်မျှဖြင့် ဤအာဝဇ္ဇန်းစိတ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ရှုကွက်ကို သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ သို့သော် အဘိဓမ္မာအရာ၌ ပရိယတ္တိ အခြေခံ အားနည်းသူတို့ကား သဘောပေါက်နိုင်ဖွယ်ရာရှိမည် မဟုတ်သေးပေ။ ထိုပုဂ္ဂိုလ်တို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

ဤ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော ပဉ္စာရုံ = အာရုံ ငါးမျိုးကို အာရုံပြု၏။ ထိုအာရုံ ငါးမျိုးတို့သည်လည်း ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ဆိုင်ရာဒွါရဝယ် အားလုံး ပြိုင်တူ ထင်လာကြသည်ကား မဟုတ်ပေ။ ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မိမိ၏ ဥပါဒ်-ဌီ-ဘင်ဟူသော အချိန်ကာလ အတွင်းဝယ် ယင်းအာရုံ ငါးမျိုးတို့အနက် အာရုံ တစ်မျိုးမျိုးကိုသာ အာရုံပြုနိုင်ပေသည်။ ထိုကြောင့် အာရုံအလိုက် ခွဲ၍ သီးသန့် ရှုရမည် ဖြစ်သည်။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော အာဝဇ္ဇန်းစိတ်ကို ပုံစံထုတ်၍ ယင်းလက္ခဏ -ရသ စသည့်ရှုကွက်ကို တင်ပြအပ်ပါသည်။

ပဉ္စဒွါရာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်။

၁။ စက္ခုဝိညာဏ်၏ ရှေးကဖြစ်၍ ရူပါရုံကို သိခြင်း = ရူပါရုံ အာရုံကို ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို နှလုံးသွင်း ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော

အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် ဘဝင်အာရုံကို စွန့်စေခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ပြတ်စဲခြင်း = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် ပဒဋ္ဌာန်။

ရှုကွက် --- အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်လည်၍ အာရုံယူထားပါ။ ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်၌ စိတ်စေတသိက် (၁၁)လုံးရှိရာ ယင်းနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ သို့သော် တကယ်လက်တွေ့ ရှုရာ၌ကား ယှဉ်ဖက် စေတသိက် (၁၀) လုံးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် အသီးအသီးကိုလည်း တစ်ဆက်တည်း ရှုခြင်းက ပို၍ကောင်း ပေသည်။ စိတ္တက္ခဏတိုင်း၌ ဃန အသီးအသီး ပြိုရေးအတွက်ပင် ဖြစ်သည်။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဉ္စဒွါရာဝဇ္ဇန်း အသီးအသီး၌လည်း ဤနည်းပင်တည်း။ နည်းမှီး၍သာ ရှုပါ။ စက္ခုဝိညာဏ်စသော ဝီထိစိတ္တက္ခဏတို့၌လည်း စိတ်စေတသိက် နာမ်တရားစုတို့ကို တစ်ဆက်တည်း ကုန်စင်အောင် ရှုခြင်းက ပို၍ ကောင်းပေသည်။

၅။ စက္ခုဝိညာဏ်

၁။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ၊

၂။ ရူပမတ္တာရမ္မဏရသံ၊

၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ရူပါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိခြင်း ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံ အရောင်မျှကိုသာ သိခြင်း အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရူပါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ် ကင်းချုပ်ခြင်း ပဒဋ္ဌာန်။

စက္ခုဝိညာဏ် အမည်ရခြင်း

စက္ခုဝိညာဏန္တိ ကာရဏဘူတဿ စက္ခုဿ ဝိညာဏံ၊ စက္ခုတော ဝါ ပဝတ္တံ, စက္ခုသ္မိံ ဝါ နိဿိတံ ဝိ- ညာဏန္တိ စက္ခုဝိညာဏံ။ ပရတော သောတဝိညာဏာဒီသုပိ ဧသေဝ နယော။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။)

ရူပါဒီနံ ပစ္စယာနံ အညဝိညာဏသာဓာရဏတ္တာ အသာဓာရဏေန ဝတ္ထုနာ စက္ခုဝိညာဏံ သောတဝိညာဏန္တိ နာမံ ဥဒ္ဓဋံ။ စက္ခာဒီနံ တိက္ခမန္ဒဘာဝေ ဝိညာဏာနံ တိက္ခမန္ဒဘာဝါ ဝိသေသပစ္စယတ္တာ စ။ (မူလဋီ၊၁၊၁၂၄။)

ဝိသေသပစ္စယတ္တာတိ အဓိကပစ္စယတ္တာ။ (အနုဋီ၊၁၊၁၃၂။)

စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာရေးအတွက် အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရားများ ရှိကြ၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်၍ အာရုံယူထားပါ။) ပစ္စုပ္ပန်အကြောင်းတရားတို့တွင် စက္ခုပသာဒ, ရူပါရုံ, အာလောက, မနသိကာရ စသော အကြောင်းတရားများ ပါဝင်ကြ၏။ ယင်း အကြောင်းတရားတို့တွင် ရူပါရုံသည် စက္ခုဝိညာဏ်၏သာ အာရုံအကြောင်းတရား ဖြစ်သည်မဟုတ်သေး၊ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းစသော စက္ခုဒွါရဝီထိ စိတ်များနှင့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုကြ သိကြသော နောက်လိုက် မနောဒွါရဝီထိ သုဒ္ဓမနောဒွါရ ဝီထိစိတ်များ၏လည်း အာရုံအကြောင်းတရားလည်း ဖြစ်နိုင်၏။ သို့အတွက် ရူပါရုံဖြင့် သတ်မှတ်၍ ယင်းစိတ်ကို အမည်တပ်ရန်မှာလည်း စိတ်အများစုနှင့် ဆက်ဆံနေသော အမည်မျိုးဖြစ်၍ ခွဲခြားသိဖို့ရန် မလွယ်ကူပေ။ စက္ခု ပသာဒကား စက္ခုဝိညာဏ်စိတ် တစ်မျိုးနှင့်သာ ဆက်ဆံ၏၊ စက္ခုပသာဒသည် စက္ခုဝိညာဏ်စိတ် တစ်မျိုးတည်း ၏သာ မှီရာဝတ္ထု နိဿယ အကြောင်းတရားဖြစ်၏၊ ထိုကြောင့် အခြားတရားတို့နှင့် မဆက်ဆံသော စက္ခုပသာဒ ဟူသော အကြောင်းဖြင့်သာ နာမည်တပ်လို၍ စက္ခုဝိညာဏံ =

၁။ မှီ၍ ဖြစ်ရာ အကြောင်းတရားဖြစ်သော စက္ခုပသာဒ၏ ဝိညာဏ်,

၂။ စက္ခုပသာဒကြောင့် ဖြစ်ပေါ်လာသော ဝိညာဏ်,

၃။ စက္ခုပသာဒ၌ မှီဖြစ်သော ဝိညာဏ်ဟု

ဤသို့ မိန့်တော်မူသည်။ ဘေရိသဒ္ဒေါ = စည်သံ။ သဒ္ဒ သဒ္ဒါသည် အသံအားလုံးနှင့် ဆက်ဆံသော်လည်း သဒ္ဒေ့ရှက ဘေရိပုဒ်ဖြင့် အထူးပြုလိုက်၍ ဘေရိသဒ္ဒဟု ဖြစ်လာသောအခါ အသံအားလုံးကို မယူရတော့ဘဲ (ဘေရိ = စည် + သဒ္ဒ = အသံ) စည်သံကိုသာ ယူရသကဲ့သို့, အင်္ကုရသဒ္ဒါသည် အညွန့်အားလုံးကို ဟောသော်လည်း ရှေးက ယဝပုဒ်ဖြင့် အထူးပြု၍ ယဝင်္ကုရဟု ဖြစ်လာသောအခါ မုယောညွန့်ကိုသာ ယူရသကဲ့သို့ အလားတူပင် စက္ခုဝိညာဏ်ဟု အမည်တပ်ရာ၌လည်း အများနှင့် မဆက်ဆံသော အသာဓာရဏနည်းအားဖြင့် နာမည် တပ်ထားသည်ဟု မှတ်ပါ။

မူလဋီကာ၌ကား အသာဓာရဏနည်းအပြင် အဓိကနည်းအားဖြင့်လည်း စက္ခုဝိညာဏ်ဟု ခေါ်ဆိုထား ကြောင်းကို အကြောင်းပြထားသေး၏။ စက္ခုပသာဒ အားကောင်းလျှင် ထက်မြက်စူးရှကြည်လင်လျှင် စက္ခုဝိညာဏ် ၏ အသိအမြင်လည်း အားကောင်း၏ ထက်မြက်စူးရှ၏၊ စက္ခုပသာဒကနုံ့လျှင် အားသေးလျှင် သိပ်မကြည်လျှင် စက္ခုဝိညာဏ်၏ အသိအမြင်လည်း အားသေး၏၊ မှုန်ရီရီ ဖြစ်နေတတ်၏၊ သို့အတွက် စက္ခုပသာဒသည် စက္ခု ဝိညာဏ်ဖြစ်ဖို့ရန် အခြားအကြောင်းတရားတို့ထက် သာလွန်ထူးကဲသော အကြောင်းတရား ဖြစ်သောကြောင့်လည်း စက္ခုဝိညာဏ်ဟု စက္ခုဖြင့် အထူးပြု၍ နာမည်တပ်ရသည်။ ဤအလိုသော် အဓိကနည်းဟု မှတ်ပါ။ သောတ ဝိညာဏ် စသည်တို့၌လည်း ဤနည်းပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ မူလဋီ၊၁၊၁၂၄။ အနုဋီ၊၁၊၁၃၂။)

လက္ခဏ --- စက္ခုသန္နိဿိတဉ္စ တံ ရူပဝိဇာနနဉ္စာတိ စက္ခုသန္နိဿိတရူပဝိဇာနနံ၊ စက္ခုသန္နိဿိတရူပဝိဇာနနံ လက္ခဏံ ဧတဿာတိ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ။

စက္ခုသန္နိဿိတ = စက္ခုဝတ္ထုကို မှီ၍ ဖြစ်သောစိတ် --- ဟူသော စကားရပ်ဖြင့် ရူပါရုံကို အာရုံပြုသော စက္ခုဝိညာဏ်မှ တစ်ပါးသော စက္ခုဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်များကို ပယ်လိုက်ပြီး ဖြစ်၏။ စက္ခုဝိညာဏ်မှ တစ်ပါးသော စက္ခုဒွါရဝီထိစိတ်များနှင့် နောက်လိုက် မနောဒွါရဝီထိ စသော ဝီထိစိတ်များသည် ရူပါရုံကို အာရုံ ပြုကြသည် သိကြသည် မှန်သော်လည်း စက္ခုဝတ္ထု = စက္ခုပသာဒကို မှီ၍ ဖြစ်သော စိတ်များကား မဟုတ်ကြပေ။ စက္ခုဝိညာဏ်စိတ် တစ်မျိုးတည်းသာလျှင် စက္ခုဝတ္ထု = စက္ခုပသာဒကို မှီ၍ ဖြစ်သည်။ ထိုကြောင့် စက္ခုဝတ္ထုကို မှီ၍ ဖြစ်သောစိတ်ဟု ဆိုသဖြင့် စက္ခုဝတ္ထုကို မှီ၍ မဖြစ်သော စိတ်အားလုံးကို ပယ်ပြီးဖြစ်ပေသည်။

ရူပဝိဇာနန = ရူပါရုံကိုသိခြင်းဟူသော စကားရပ်ဖြင့် စက္ခုပသာဒကို မှီ၍ စက္ခုဝိညာဏ်နှင့် အတူယှဉ်တွဲ ဖြစ်ကြကုန်သော ဖဿစသော သမ္ပယုတ်တရားတို့ကို နစ်စေ၏။ ဖဿစသော သမ္ပယုတ်တရားတို့သည် စက္ခု ဝိညာဏ်နှင့် ယှဉ်ခိုက် ရူပါရုံကိုပင် အာရုံပြုကြသော်လည်း ထို ဖဿစသော တရားတို့သည် ရူပါရုံကိုသိခြင်း = ရူပါရုံကို ရယူခြင်း ရူပဝိဇာနနလက္ခဏာ မရှိကြပေ။ ရူပါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ဖုသနလက္ခဏာစသည့် လက္ခဏာသာ ရှိကြကုန်၏။ ထိုကြောင့် စက္ခုသန္နိဿိတ = စက္ခုဝတ္ထုကို မှီ၍ဖြစ်ခြင်း, ရူပဝိဇာနန = ရူပါရုံကိုသိခြင်း ရယူခြင်းသည် စက္ခုဝိညာဏ် တစ်မျိုးတည်းနှင့်သာ သက်ဆိုင်သော ကိုယ်ပိုင်သဘာဝ လက္ခဏာ ဖြစ်ပေသည်။ ဤ စက္ခုသန္နိဿိတ + ရူပဝိဇာနန ဟူသော စကားနှစ်ရပ်ဖြင့် စက္ခုဝတ္ထုက နိဿယ ပစ္စယသတ္တိဖြင့် ရူပါရုံက အာရမ္မဏပစ္စယသတ္တိဖြင့် စက္ခုဝိညာဏ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ဟုလည်း ထင်ရှားပြလျက် ရှိ၏။ (မူလဋီ၊၁၊၁၂၄-ကြည့်။)

ကိစ္စရသ --- ရူပမတ္တဿ အာရမ္မဏဿ ဂဟဏံ ကိစ္စမေတဿာတိ ရူပမတ္တာရမ္မဏရသံ။ (မူလဋီ၊၁၊၁၂၄။)

စက္ခုဝိညာဏ်သည် ရူပါရုံအရောင်မျှကိုသာ အာရုံပြုခြင်း သိခြင်း ရယူခြင်း ကိစ္စရသ ရှိ၏၊ အရောင်ကလွဲ၍ တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရားကိုမျှ မသိပေ။ မတ္တ = မျှ = ရူပါရုံအရောင်မျှ --- ဟူသော စကားဖြင့် ရူပါရုံမှ တစ်ပါးသောအာရုံကို စက္ခုဝိညာဏ်က အာရုံပြုမှု ရယူမှုကို နစ်စေသကဲ့သို့ အလားတူပင် ရူပါရုံ၌လည်း ရသင့်ကုန်သော အချို့ကုန်သော အညို အရွှေစသည့် အထူးတို့ကို သိမှုကို နစ်စေသည်။ မှန်ပေသည် စက္ခုဝိညာဏ်သည် ဝဏ္ဏ = အရောင်အဆင်းမျှကိုသာ သိ၍ အရောင်အဆင်းမှ တစ်ပါးသော တစ်စုံတစ်ခုသော, ထိုအဆင်း၌တည်သော အညို အရွှေစသော အထူးကို အာရုံယူခြင်းငှာ မစွမ်းနိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည်-

ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ။ (အဘိ၊၂၊၃၂၃။)

= ပဉ္စဝိညာဏ်တို့ဖြင့် (ဆိုင်ရာ) အာရုံသို့ ရှေးရှူကျရောက်ခြင်းမှတစ်ပါး အခြား တစ်စုံတစ်ခုသော တရားကို မသိ။ (အဘိ၊၂၊၃၂၃။)

ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေ၏။

န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ = တစ်စုံတစ်ခုသော တရားကို မသိဟူသည် မနောပုဗ္ဗင်္ဂမာ ဓမ္မာ --- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော တစ်စုံတစ်ခုလည်း ဖြစ်သော ကုသိုလ်ကိုသော်လည်းကောင်း, အကုသိုလ်ကိုသော်လည်းကောင်း မသိပေ။

အညတြ အဘိနိပါတမတ္တာတိ အညတြ အာပါတမတ္တာ။ (အဘိ၊၂၊၃၃၃။)

ရူပါရုံ စသည်တို့၌ ပဉ္စဝိညာဏ်တို့၏ ရှေးရှူကျရောက်ခြင်းမျှကို ထား၍ တစ်နည်း ရူပါရုံ စသည်တို့သို့ ပဉ္စဝိညာဏ်တို့၏ ရှေးရှူကျရောက်ခြင်းမျှကို ထား၍ တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရား စသည်ကို ပဉ္စဝိညာဏ်တို့က မသိပေ။ ဤ၌ ရူပါရုံ စသည်တို့၌ ရှေးရှူကျရောက်ခြင်းဟူသည်လည်း ပဉ္စဝိညာဏ်တို့နှင့် ရူပါရုံ စသည်တို့၏ ပေါင်းဆုံခြင်းပင်တည်း။ ရူပါရုံ စသည်ကို သိခြင်းမျှကို အဘိနိပါတမတ္တ-ဟု ဆိုသည်။

ဆိုလိုရင်းသဘော --- အလွန်ပညာရှိသော ယောက်ျားပင် ဖြစ်ချင်ဖြစ်ပါစေ၊ ထိုယောက်ျားသော်မှလည်း စက္ခုပသာဒ စသည်သို့ ရှေးရှူကျရောက်လာကုန်သော ရူပါရုံ စသည်တို့ကို ထား၍ အခြား တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရားတို့တွင် တစ်ခုသောတရားကိုမျှလည်း ပဉ္စဝိညာဏ်တို့ဖြင့် မသိပေ။ ဤ ပဉ္စဝိညာဏ်တို့တွင် ---

၁။ စက္ခုဝိညာဏ်သည် ရူပါရုံကို မြင်ကာမတ္တ မြင်ရုံမျှသာ ဖြစ်၏၊

၂။ သောတဝိညာဏ်သည် သဒ္ဒါရုံကို ကြားကာမတ္တ ကြားရုံမျှသာ ဖြစ်၏၊

၃။ ဃာနဝိညာဏ်သည် ဂန္ဓာရုံကို နံကာမတ္တ နံရုံမျှသာ ဖြစ်၏၊

၄။ ဇိဝှါဝိညာဏ်သည် ရသာရုံကို သာယာကာမတ္တ သာယာရုံမျှသာ ဖြစ်၏၊

၅။ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိကာမတ္တ တွေ့ထိရုံမျှသာ ဖြစ်၏၊

ထိုပဉ္စဝိညာဏ်တို့၏ မြင်ခြင်းစသော အတိုင်းအရှည်မှလွတ်သော အခြားတစ်စုံတစ်ခုသော ကုသိုလ် စသည်ကို သိခြင်းမည်သည် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၃၈၇-၃၈၈။)

ယာ ပနာယံ ပါဠိ ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာတိ၊ တဿာ ရူပါဒီနံ အာပါတမတ္တံ မုဉ္စိတွာ အညံ ကဉ္စိ ဓမ္မသဘာဝံ န ပဋိဝိဇာနာတီတိ အယမတ္ထော ဒိဿတိ။ န ဟိ ရူပံ ပဋိဂ္ဂဏှန္တမ္ပိ စက္ခုဝိညာဏံ ရူပန္တိ စ ဂဏှာတီတိ။ (မူလဋီ၊၂၊၂၀၁။)

အညန္တိ ရူပံ နီလန္တိ ဧဝမာဒိဓမ္မဝိသေသံ။ တေနာဟ ဓမ္မသဘာဝန္တိ။ ရူပန္တိ စ န ဂဏှာတီတိ ရူပါရမ္မဏမ္ပိ သမာနံ ရူပံ နာမေတန္တိ န ဂဏှာတိ။ (အနုဋီ၊၂၊၂၀၂။)

ဤဋီကာများ၏ ဖွင့်ဆိုချက်အရ စက္ခုဝိညာဏ်သည် အရောင်မျှကိုသာ သိသည်ဆိုသော်လည်း အရောင်ဟု = ရူပါရုံဟုလည်းကောင်း, အညိုရောင် အရွှေရောင် စသည်ဖြင့်လည်းကောင်း ဓမ္မသဘာဝ တစ်စုံတစ်ရာကို မသိ။ စက္ခုဝိညာဏ်နှင့် ရူပါရုံတို့၏ ရှေးရှူပေါင်းဆုံမိခြင်းမျှသာ ဖြစ်၏။ စက္ခုဝိညာဏ်သည် ရူပါရုံကို ခံယူပါသော် လည်း ရူပါရုံဟူ၍ပင် မခံယူနိုင် မသိနိုင်သောကြောင့် ဖြစ်သည်။ သောတဝိညာဏ် စသည်တို့၌လည်း ဤနည်း ပင်တည်း။ (မူလဋီ၊၂၊၂၀၁။ အနုဋီ၊၂၊၂၀၂။)

ပစ္စုပဋ္ဌာန် --- စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာခဲ့သော် ရူပါရုံကို အာရုံပြု၍သာလျှင် ဖြစ်ပေါ်လာ သောကြောင့် ထိုစက္ခုဝိညာဏ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထိုရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူ တတ်သော သဘောတရား အဖြစ်ဖြင့် ရူပါရုံကို အာရုံယူတတ်သောတရားဟု ထင်လာရကား --- ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ = ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရားဟု ယောဂီဉာဏ်တွင် ရှေးရှူထင်လာ၏ဟု ဆိုခြင်းဖြစ်သည်။ (မဟာဋီ၊၂၊၁၂၅။)

ပဒဋ္ဌာန် --- ဤ၌ ကိရိယမနောဓာတ်ဟူသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်တည်း။ စက္ခုပသာဒနှင့် ဘဝင်မနော အကြည်ဓာတ်သို့ = စက္ခုဒွါရနှင့် မနောဒွါရသို့ ရှေးရှူ ကျရောက်လာသော ရူပါရုံကို ဦးစွာ ဆင်ခြင်သော အာဝဇ္ဇန်းစိတ် = ဆင်ခြင်စိတ် ဖြစ်၏။

ကောင်းစွာ ချုပ်ပျက်သွားကြကုန်သော နာမ်တရားတို့သည် မိမိ၏ အခြားမဲ့၌ မိမိချုပ်ပြီးလျှင် ချုပ်ပြီးခြင်း ဆက်လက်ဖြစ်ပေါ်လာကြမည့် နာမ်တရားတို့အား ဖြစ်ခွင့်ကိုပေးသောအားဖြင့် အနန္တရ သမနန္တရ နတ္ထိ ဝိဂတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးတတ်ကုန်ရကား --- မှီရာ ဝတ္ထုရုပ်နှင့် အာရုံတရားတို့သည် ဆိုင်ရာ နာမ်တရားတို့၏ အနီးစပ်ဆုံး အကြောင်းတရားများ ဖြစ်ကြကုန်သကဲ့သို့ အလားတူပင် ယင်းအာဝဇ္ဇန်းစိတ် ကင်းချုပ်မှ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ခွင့်ရသောကြောင့် အာဝဇ္ဇန်း၏ ကင်းချုပ်ခြင်းကို စက္ခုဝိညာဏ်ဖြစ်ဖို့ရန် အနီးစပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဟု ဆိုပေသည်။ သောတဝိညာဏ် စသည်တို့၌လည်း ဤဆိုခဲ့ပြီးသည့် နည်းအတိုင်းပင် ဆိုလိုရင်း အနက်သဘောတရားကို သိရှိပါလေ။ (မဟာဋီ၊၂၊၁၂၅။)

စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရားစု အားလုံးတို့၏ ပစ္စုပ္ပန် အကြောင်းတရားများ ဖြစ်ကြသော (၁) စက္ခုပသာဒ, (၂) ရူပါရုံ, (၃) အာလောက, (၄) မနသိကာရဟူသော အကြောင်းတရား (၄)ပါးတို့တွင် မနသိကာရဟူသော အကြောင်းတရား တစ်ခုကိုသာ ဤ၌ ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

၁။ စက္ခုပသာဒ၏ မပျက်စီးခြင်း --- သေလေပြီးသောသူ၏ စက္ခုပသာဒသည်လည်း ပျက်စီးပြီးပင် ဖြစ်၏။ အသက်ရှင်နေသေးသော ပုဂ္ဂိုလ်၏ ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်လေပြီးသော စက္ခုပသာဒသည်လည်း ပျက်စီးပြီးပင် မည်၏။ သည်းခြေသည်သော်လည်းကောင်း, သလိပ်သည်သော်လည်းကောင်း, သွေးသည်သော် လည်းကောင်း မြှေးယှက်ထားအပ်သည်ဖြစ်၍ စက္ခုဝိညာဏ်၏ အကြောင်းတရားဖြစ်ဖို့ရန် မစွမ်းနိုင်သော စက္ခု ပသာဒသည်လည်း ပျက်စီးပြီးပင် မည်၏။ စက္ခုဝိညာဏ်၏ မှီရာအကြောင်းတရား ဖြစ်ဖို့ရန် စွမ်းနိုင်သော စက္ခု ပသာဒသည် အသမိ႓န္န = မပျက်စီးသည် မည်၏။ သောတပသာဒ စသည်တို့၌လည်း ဤနည်းပင်တည်း။

၂။ ရူပါရုံ၏ ထင်ခြင်း --- စက္ခုပသာဒသည် မပျက်စီးပါသော်လည်း အပြင်အပ ဗဟိဒ္ဓ၌တည်သော ရူပါရုံသည် (= ဗာဟိရာယတန = အပြင်အာယတနဖြစ်သော ရူပါရုံသည်) စက္ခုဒွါရ၌ ရှေးရှူကျခြင်းသို့ မရောက်လတ်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။

၃။ အရောင်အလင်းဟူသော မှီရာ --- တစ်ဖန် ထိုရူပါရုံသည် စက္ခုဒွါရ (မနောဒွါရ)၌ ရှေးရှူကျခြင်းသို့ ထင်ခြင်းသို့ ရောက်ရှိလာပါသော်လည်း အရောင်အလင်းဟူသော မှီရာသည် မရှိလတ်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။

၄။ မနသိကာရ အကြောင်းရင်းရှိမှု --- ထိုအရောင်အလင်းသည် ထင်ရှားရှိသော်လည်း ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် (= ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုသည်) ဘဝင်ကို မလည်စေအပ်သော် မရပ်စေနိုင်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ ဘဝင်ကို လည်စေအပ်သော်သာလျှင် ရပ်စေနိုင်သော် သာလျှင် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏။ ယင်း ပဉ္စဒွါရာဝဇ္ဇန်းကိုပင် (ဝီထိပဋိပါဒက) မနသိကာရဟု ခေါ်သည်။

ဤသို့ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွသာလျှင် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤအကြောင်းတရား (၄)ပါးတို့ကို ရရှိ၍ စက္ခုဝိညာဏ်သည် (= စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရား စုသည်) ဖြစ်ပေါ်လာပေ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၁။) စက္ခုဝိညာဏ်နှင့်တကွသော သမ္ပယုတ်တရားစု၏ အကြောင်း တရားကို ဖော်ပြသောအရာဖြစ်၍ ဖဿစသော သမ္ပယုတ် အကြောင်းတရား လျော့သွားသည်ဟု မှတ်ပါ။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်ကြည့်ပါ။)

ရှုကွက် --- စက္ခုဝိညာဏ် စိတ္တက္ခဏ၌ စက္ခုဝိညာဏ်နှင့်တကွ နာမ်တရား (၈)လုံးရှိရာ ယင်းနာမ်တရား (၈)လုံးမှ စက္ခုဝိညာဏ်ကို ရွေးထုတ်၍ ရှုရန်ဖြစ်သည်။

ပဏ္ဍရ = ဖြူစင်ပါသည်

နိဒ္ဒေသဝါရေ စက္ခုဝိညာဏံ ပဏ္ဍရန္တိ ဝတ္ထုတော ဝုတ္တံ။ ကုသလဥှိ အတ္တနော ပရိသုဒ္ဓတာယ ပဏ္ဍရံ နာမ၊ အကုသလံ ဘဝင်္ဂနိဿန္ဒေန၊ ဝိပါကံ ဝတ္ထုပဏ္ဍရတ္တာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။)

ဝတ္ထုပဏ္ဍရတ္တာတိ သယံ ကဏှဓမ္မာနံ အပ္ပဋိပက္ခတ္တာ သဘာဝပရိသုဒ္ဓါနံ ပသာဒဟဒယဝတ္ထုနိဿယာနံ ဝသေန ပဏ္ဍရသဘာဝံ ဇာတန္တိ အဓိပ္ပါယော။ အယံ ပန နယော စတုဝေါကာရေ န လဗ္ဘတီတိ တတ္ထ ဘဝင်္ဂဿ တတော နိက္ခန္တာကုသလဿ စ ပဏ္ဍရတာ န သိယာ၊ တသ္မာ တတ္ထ ပဏ္ဍရတာယ ကာရဏံ ဝတ္တဗ္ဗံ။ သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာတိ။ (မူလဋီ၊၁၊၁၂၅။)

ဓမ္မသင်္ဂဏီပါဠိတော် နိဒ္ဒေသဝါရ (အဘိ၊၁၊၁၀၅။)၌ စက္ခုဝိညာဏ်ကို ပဏ္ဍရ = ဖြူစင်၏ဟူ၍ မှီရာဝတ္ထု အားဖြင့် ဟောကြားထားတော်မူ၏။ နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များ ဖြစ်ကြသည့် ပသာဒရုပ်များနှင့် ဟဒယ ဝတ္ထုတို့သည် မိမိတို့က ကဏှဓမ္မ အမည်ရကြသည့် မည်းညစ်ကုန်သော အကုသိုလ်တရားတို့၏ ဆန့်ကျင်ဘက် မဟုတ်ကြသောကြောင့် ကုသိုလ်ကဲ့သို့ ဆန့်ကျင်ဘက် (အကုသိုလ်)ကို ထောက်၍ ပဏ္ဍရ = ဖြူစင်ကြသည်ကား မဟုတ်ကြပေ။ ရုပ်တရားများ ဖြစ်ကြ၍ ပင်ကိုယ်သဘောအတိုင်း ဖြူစင်ကြသည်။ ထိုဖြူစင်သော ပသာဒရုပ်, ဟဒယဝတ္ထုကို မှီရခြင်းကြောင့် ဝိပါက်စိတ်တို့သည်လည်း ရွှေပင်နားတော့ရွှေကျေး ဟူ၏သို့ ပဏ္ဍရ = ဖြူစင်ကြ ရ၏။

ကုသိုလ်တရားသည် မိမိဟူသော ကုသိုလ်၏ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ အကုသိုလ်တရားသည် ဘဝင်၏အကျိုးဆက်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ ဝိပါက် ဝိညာဏ်သည် မှီရာဝတ္ထု၏ ဖြူစင်သည်၏ အဖြစ်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။)

ဤအဋ္ဌကထာ၌ ဖွင့်ဆိုထားသော နည်းကား စတုဝေါကာရဘုံ၌ = အရူပဘုံ၌ မရနိုင်။ မှီရာဝတ္ထုရုပ် မရှိ သော အရူပဘုံ၌ ဝတ္ထုပဏ္ဍရဟူသော မှီရာဝတ္ထု၏ ဖြူစင်ခြင်းဟူသော အကြောင်းတရားကို မရနိုင်။ အရူပဘုံ ၌လည်း ပဋိသန္ဓေ ဘဝင် စုတိ စသော ဝိပါက်ဝိညာဏ်များ ရှိခဲ့၏။ ဝိပါကံ ဝတ္ထု ပဏ္ဍရတာယ = မှီရာဝတ္ထုရုပ်၏ ဖြူစင်ခြင်းကြောင့် ဝိပါက်ဝိညာဏ်၏ ဖြူစင်ကြောင်းကိုလည်း အထက်ပါ အဋ္ဌကထာ၌ ဖွင့်ဆိုလျက် ရှိ၏။ ထို အဋ္ဌကထာအရမူ ဝတ္ထုရုပ်ကို မမှီရသော အရူပ ဘဝင်ဝိပါက် ဝိညာဏ်သည်လည်း ပဏ္ဍရ = ဖြူစင်မှု မဖြစ်နိုင်ဟု အဓိပ္ပါယ်သက်ရောက်လျက် ရှိ၏။ ထိုဘဝင်မှထွက်သော အကုသိုလ်၌ကား အဘယ်မှာလျှင် ပဏ္ဍရ = ဖြူစင်မှု ဖြစ်နိုင်တော့ပါအံ့နည်း။ ထိုကြောင့် စတုဝေါကာရ အမည်ရသော နာမ်ခန္ဓာ လေးပါးသာရှိသော အရူပဘုံ၌ ထို ဝိပါက်တရား, ထို အကုသိုလ်တရားတို့အတွက် ပဏ္ဍရ = ဖြူစင်မှု ဖြစ်ရခြင်း၏ အကြောင်းကို ရှာသင့်သေး၏၊ ဆိုသင့်သေး၏။ (မူလဋီ၊၁၊၁၂၅။)

မူလဋီကာ၏ ဝါဒ --- မိမိ မူလဋီကာဆရာတော်၏ ဝါဒမှာ ဤသို့ဖြစ်၏။

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ၊၁၊၉။)

ရဟန်းတို့ ...စိတ်သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလျက် ရှိ၏၊ အာဂန္တုက အကုသိုလ် အညစ်အကြေးတို့ကြောင့်သာ ညစ်နွမ်းရ၏ --- (အံ၊၁၊၉။)

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် စိတ်သည် ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏၊ အာဂန္တုက အကုသိုလ် အညစ်အကြေးတို့ကြောင့်သာ ညစ်နွမ်းရသည်၊ ထိုကြောင့် ပဏ္ဍရ = ဖြူစင်ခြင်း - ဟူသော အမည်သည် စိတ်၏ ပင်ကိုယ်သဘောအတိုင်း ရအပ်သော အမည်သာ ဖြစ်ပါသည်။ မှီရာဝတ္ထု စသည်ကြောင့် ပဏ္ဍရ ဖြစ်ရသည် = ဖြူစင်ရသည် မဟုတ်ပါ။ ဤကား မူလဋီကာဆရာတော်၏ အယူတည်း။ (မူလဋီ၊၁၊၁၂၅၊၊)

၆။ သောတဝိညာဏ်

၁။ သောတသန္နိဿိတသဒ္ဒဝိဇာနနလက္ခဏံ သောတဝိညာဏံ၊

၂။ သဒ္ဒမတ္တာရမ္မဏရသံ၊

၃။ သဒ္ဒါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ သဒ္ဒါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ သောတဝတ္ထုကို မှီဖြစ်၍ သဒ္ဒါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံ အသံမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ သဒ္ဒါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဒါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ သောတပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ သဒ္ဒါရုံတို့၏ သောတဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ အာကာသကို မှီသည်လည်းကောင်း (= အာကာသသန္နိဿိတ),

၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ သောတဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ဤ၌ ထုတ်ပြထားသည်။

တတ္ထ အာကာသသန္နိဿိတန္တိ အာကာသသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န ဝိနာ တေန။ န ဟိ ပိဟိတကဏ္ဏစ္ဆိဒ္ဒဿ သောတဝိညာဏံ ပဝတ္တတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် သောတပသာဒနှင့် သဒ္ဒါရုံ၏ အကြားတွင် အာကာသရှိဖို့ လိုအပ်၏။ ဟာလာဟင်းလင်း, ကောင်းကင် အာကာသဟူသော မှီရာကို ရရှိပါမှသာလျှင် သောတဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏၊ ထိုအာကာသဓာတ်နှင့် ကင်း၍ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် ---နား၏ အပေါက်ဟူသော နားခလောင်းကို ပိတ်ဆို့ထားသူ၏ သန္တာန်၌ သောတဝိညာဏ်စိတ်သည် မဖြစ်ပေါ် လာနိုင်။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

၇။ ဃာနဝိညာဏ်

၁။ ဃာနသန္နိဿိတဂန္ဓဝိဇာနနလက္ခဏံ ဃာနဝိညာဏံ၊

၂။ ဂန္ဓမတ္တာရမ္မဏရသံ၊

၃။ ဂန္ဓာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဂန္ဓာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ဃာနဝတ္ထုကို မှီဖြစ်၍ ဂန္ဓာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံ = အနံ့မျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ဂန္ဓာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဂန္ဓာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ ဃာနပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ ဂန္ဓာရုံတို့၏ ဃာနဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ ဝါယောဓာတ်ကို မှီရသည်လည်းကောင်း (= ဝါယောသန္နိဿိတ),

၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဃာနဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

တတ္ထ ဝါယောသန္နိဿိတန္တိ ဃာနဗိလံ ဝါယုမှိ ပဝိသန္တေယေဝ ဥပ္ပဇ္ဇတိ၊ တသ္မိံ အသတိ နုပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် ဝါယောသန္နိဿိတ = ဝါယောဓာတ်ကို မှီသည် ဟူသည် နှာခေါင်းပေါက်၏ အတွင်းသို့ အနံ့ ဂန္ဓာရုံကို သယ်ဆောင်လာသောလေသည် ဝင်ရောက်လာပါမှသာလျှင် ဃာနဝိညာဏ် သည် = ဃာနဝိညာဏ်နှင့်တကွသော သမ္ပယုတ်တရားစုသည် ဖြစ်ပေါ်လာနိုင်၏၊ ထိုလေ၏ ဝင်ရောက်လာခြင်း သည် မရှိလတ်သော် မဖြစ်နိုင်ဟု ဆိုလို၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

၈။ ဇိဝှါဝိညာဏ်

၁။ ဇိဝှါသန္နိဿိတရသဝိဇာနနလက္ခဏံ ဇိဝှါဝိညာဏံ၊

၂။ ရသမတ္တာရမ္မဏရသံ၊

၃။ ရသာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ရသာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ဇိဝှါဝတ္ထုကို မှီဖြစ်၍ ရသာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရသာရုံ = အရသာမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ရသာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရသာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ ဇိဝှါပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ ရသာရုံတို့၏ ဇိဝှါဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ အာပေါဓာတ်ကို မှီရသည်ဖြစ်၍လည်းကောင်း (= အာပေါသန္နိဿိတ),

၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဇိဝှါဝိညာဏ်သည် ဖြစ်ပေါ် လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ထိုတွင် မနသိကာရကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

တတ္ထ အာပေါသန္နိဿိတန္တိ ဇိဝှါတေမနံ အာပံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န ဝိနာ တေန။ သုက္ခဇိဝှါနဥှိ သုက္ခခါဒနီယေ ဇိဝှါယ ဌပိတေပိ ဇိဝှါဝိညာဏံ နုပ္ပဇ္ဇတေဝ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် အာပေါသန္နိဿိတ = အာပေါဓာတ်ကို အမှီရသည်ဟူသည် လျှာကို စွတ်စိုစေတတ်သော ဟင်းရည် သွားရည်စသော အာပေါဓာတ် ရသရည်ကို ရရှိပါမှသာလျှင် ဇိဝှါဝိညာဏ် သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏၊ ထို အာပေါဓာတ် ရသဓာတ်ရည်နှင့် ကင်း၍ ဖြစ်ပေါ် မလာနိုင်။ မှန်ပေသည် ခြောက်သွေ့နေသော လျှာရှိသူတို့၏ သန္တာန်၌ ခြောက်သွေ့သော ခဲဖွယ်ကို လျှာပေါ်၌ တင်ထားအပ်ပါသော်လည်း ဇိဝှါဝိညာဏ်သည် မဖြစ်နိုင်သည်သာတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

၉။ ကာယဝိညာဏ်

၁။ ကာယသန္နိဿိတဖောဋ္ဌဗ္ဗဝိဇာနနလက္ခဏံ ကာယဝိညာဏံ၊

၂။ ဖောဋ္ဌဗ္ဗမတ္တာရမ္မဏရသံ၊

၃။ ဖောဋ္ဌဗ္ဗာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဖောဋ္ဌဗ္ဗာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ကာယဝတ္ထုကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ဖောဋ္ဌဗ္ဗာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ ကာယပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ ဖောဋ္ဌဗ္ဗာရုံတို့၏ ကာယဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ ပထဝီဓာတ်ကို အမှီရသည်ဖြစ်၍လည်းကောင်း,

၄။ မနသိကာရလျှင် အကြောင်းရှိသည်ဖြစ်၍လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

တတ္ထ ပထဝိသန္နိဿိတန္တိ ကာယပသာဒပစ္စယံ ပထဝိသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။ ကာယဒွါရသ္မိဥှိ ဗဟိဒ္ဓါမဟာဘူတာရမ္မဏံ အဇ္ဈတ္တိကံ ကာယပသာဒံ ဃဋ္ဋေတွာ ပသာဒပစ္စယေသု မဟာဘူတေသု ပဋိဟညတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် ပထဝီဓာတ်ကို အမှီရသည်ဟူသည် ကာယပသာဒနှင့် ကလာပ်တူ ဖြစ်သော မိမိ ကာယပသာဒ၏ မှီရာ နိဿယ အကြောင်းတရားဖြစ်သော ဓာတ်ကြီး (၄)ပါးတို့တွင် အကျုံးဝင်သော ပထဝီဓာတ်ဟူသော မှီရာကို ရရှိပါမှသာလျှင် သမ္ပယုတ်တရားတို့နှင့်တကွသော ကာယဝိညာဏ်သည် ဖြစ်ပေါ်လာ နိုင်၏။ မှန်ပေသည် ကာယပသာဒ = ကာယဒွါရ၌ ဗဟိဒ္ဓဖြစ်သော = ကလာပ်ပြားဖြစ်သော ပထဝီ, တေဇော, ဝါယောဟူသော ဖောဋ္ဌဗ္ဗဓာတ် မဟာဘုတ်အာရုံသည် အဇ္ဈတ္တိကဖြစ်သော ကာယပသာဒ = ကာယဒွါရကို ထိခိုက် သည် ဖြစ်လတ်သော် ကာယပသာဒ ကာယဒွါရ၌သာ တန့်ရပ်မနေဘဲ ယင်းကာယပသာဒ = ကာယဒွါရ၏မှီရာ ကလာပ်တူ မဟာဘုတ်တို့၌ ထိခိုက်မိ၏ = ကလာပ်တူ မဟာဘုတ်တို့သို့တိုင်အောင် ထိခိုက်မိ၏။ ထိုအထိခိုက် ခံရသော မဟာဘုတ်တို့တွင် ပထဝီဓာတ်ကား ပြဓာန်းလျက် ရှိ၏။ ကာယပသာဒ၏မှီရာ ပထဝီဓာတ် မဟာဘုတ်ကို ထိထိမိမိ ထိခိုက်မိပါမှသာလျှင် သမ္ပယုတ်တရားနှင့် တကွသော ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ၌ အဇ္ဈတ္တိကမဟာဘုတ် ဗဟိဒ္ဓမဟာဘုတ်ဟူသော ဝေါဟာရ အသုံးအနှုန်းနှင့် ပတ်သက် ၍ နားရှင်းအောင် အောက်ပါ အကြောင်းအရာကို ဆက်ဖတ်ပါ။

ပဉ္စဝိညာဏ်တို့၌ ဝေဒနာ

ကေဝလဥှိ စက္ခုဝိညာဏာဒီသု ဥပေက္ခာ ဘာဇိတာ၊ ကာယဝိညာဏေ သုခန္တိ အယမေတ္ထ ဝိသေသော။ သောပိ စ ဃဋ္ဋနဝသေန ဟောတီတိ ဝေဒိတဗ္ဗော။ စက္ခုဒွါရာဒီသု ဟိ စတူသု ဥပါဒါရူပမေဝ ဥပါဒါရူပံ ဃဋ္ဋေတိ၊ ဥပါဒါရူပေယေဝ ဥပါဒါရူပံ ဃဋ္ဋေန္တေ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ န ဟောတိ၊ စတုန္နံ အဓိကရဏီနံ ဥပရိ စတ္တာရော ကပ္ပါသပိစုပိဏ္ဍေ ဌပေတွာ ပိစုပိဏ္ဍေဟေဝ ပဟတကာလော ဝိယ ဖုဋ္ဌမတ္တမေဝ ဟောတိ၊ ဝေဒနာ မဇ္ဈတ္တဋ္ဌာနေ တိဋ္ဌတိ။ ကာယဒွါရေ ပန ဗဟိဒ္ဓါ မဟာဘူတာရမ္မဏံ အဇ္ဈတ္တိကကာယပသာဒံ ဃဋ္ဋေတွာ ပသာဒပစ္စယေသု မဟာဘူတေသု ပဋိဟညတိ၊ ယထာ အဓိကရဏီမတ္ထကေ ကပ္ပါသပိစုပိဏ္ဍံ ဌပေတွာ ကူဋေန ပဟရန္တဿ ကပ္ပါသပိစုပိဏ္ဍံ ဆိန္ဒိတွာ ကူဋံ အဓိကရဏိံ ဂဏှာတီတိ နိဃံသော ဗလဝါ ဟောတိ၊ ဧဝမေဝ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ ဟောတိ။ ဣဋ္ဌေ အာရမ္မဏေ သုခသဟဂတံ ကာယဝိညာဏံ ဥပ္ပဇ္ဇတိ၊ အနိဋ္ဌေ ဒုက္ခသဟဂတံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)

ဧတ္ထ စ ဗဟိဒ္ဓါတိ ဧတံ နိဒဿနမတ္တံ။ အဇ္ဈတ္တမ္ပိ ဟိ အာရမ္မဏံ ဟောတီတိ။ ဝိညာဏဓာတုနိဿယဘူတေဟိ ဝါ အညံ ဗဟိဒ္ဓါတိ ဝုတ္တံ။ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ ဟောတိ၊ တတော ဧဝ ဣဋ္ဌာနိဋ္ဌဖောဋ္ဌဗ္ဗသမာယောဂေ သုခဒုက္ခပစ္စယာ ဓာတုအနုဂ္ဂဟဓာတုက္ခောဘာ စိရံ အနုဝတ္တန္တိ။ (မူလဋီ၊၁၊၁၂၅။)

စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ ဥပေက္ခာဝေဒနာကို ဝေဖန်ဟောကြား ထားတော်မူ၏။ ကာယဝိညာဏ်၌ကား ဣဋ္ဌာရုံ၌ သုခဝေဒနာကို အနိဋ္ဌာရုံ၌ ဒုက္ခဝေဒနာကို ဝေဖန်ဟောကြား ထားတော်မူ၏။ ထိုကဲ့သို့ ပဉ္စဝိညာဏ်တို့၌ ဝေဒနာများ မတူထူးခြားမှုမှာ ဒွါရနှင့် အာရုံတို့၏ ထိခိုက်မှုနှင့် စပ်သဖြင့် မတူထူးခြားမှု ဖြစ်ရသည်ဟု သိပါ။

စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရတို့၌ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဟူသော အသီးအသီးသော ဥပါဒါရုပ်ကသာလျှင် မိမိဆိုင်ရာ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒဟူသော အသီးအသီး သော ဥပါဒါရုပ်ကိုသာလျှင် ထိခိုက်ပေသည်။ ဥပါဒါရုပ်၌ပင်လျှင် ဥပါဒါရုပ်က ထိခိုက်လတ်သော် ထိခိုက်မှုဟူသော ရုပ်ချင်းပွတ်တိုက်မှုသည် အားမရှိ ဖြစ်နေ၏။ ပေ (၄)ခုတို့၏ အထက်၌ ဝါဂွမ်းစိုင် (၄)ခုတို့ကို အသီးအသီး တင်ထား၍ နောက်ထပ် ဝါဂွမ်းစိုင်တို့ဖြင့်ပင်လျှင် ပုတ်ခတ်ရာအခါကဲ့သို့ ဥပါဒါရုပ်ချင်း ထိခိုက်မှုအားသည်လည်း တွေ့ထိအပ်ကာမျှသည်သာ ဖြစ်၏၊ ထိုကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ ဆိုင်ရာအာရုံ၏ အရသာကို ခံစားမှုဝေဒနာသည် အလယ်အလတ် ဥပေက္ခာအရာ၌သာ တည်နေပေသည်။

သို့သော် ကာယဒွါရ၌ကား ဗဟိဒ္ဓဖြစ်သော = ကာယဝိညာဏ်၏ မှီရာကာယပသာဒနှင့် ကလာပ်ပြား ဖြစ်သော ပထဝီ တေဇော ဝါယောဟူသော မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံသည် အဇ္ဈတ္တိက ကာယပသာဒကို ထိခိုက်၍ ကာယပသာဒ၏ မှီရာ အကြောင်းတရား ဖြစ်ကုန်သော ကလာပ်တူ မဟာဘုတ်တို့၌ သွားရောက်ထိခိုက်မိ၏။ ပေ၏ အထက်၌ ဝါဂွမ်းစိုင်ကို တင်ထား၍ သံတူဖြင့် ပုတ်ခတ်လတ်သော် ဝါဂွမ်းစိုင်ကို ကျော်ဖြတ်၍ သံတူသည် ပေကို သွားရောက်ထိ၏၊ ထိုကြောင့် ထိခိုက်မှု ပွတ်တိုက်မှု စွမ်းအားသည် အလွန်အားရှိသကဲ့သို့ --- ဤ ဥပမာ အတူပင်လျှင် ကာယပသာဒ၌ ဖောဋ္ဌဗ္ဗာရုံ၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်မှုစွမ်းအားသည် ကာယပသာဒတွင် သာမက ကာယပသာဒ၏ မှီရာမဟာဘုတ်ကိုပါ သွားရောက်ထိခိုက်သဖြင့် ပွတ်ချုပ်ထိခိုက်မှု စွမ်းအားသည် အလွန်ကြီးမားပေသည်။ ထိုကြောင့် ဣဋ္ဌာရုံ၌ သုခသဟဂုတ် ကာယဝိညာဏ်, အနိဋ္ဌာရုံ၌ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်သည် ဖြစ်ပေါ်လာပေ၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)

ဤ၌ အဋ္ဌကထာဆရာတော်က --- ဗဟိဒ္ဓါ မဟာဘူတာရမ္မဏံ = ဗဟိဒ္ဓ မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို ထိခိုက်ကြောင်း ဖွင့်ဆိုခြင်းမှာ နိဒဿနနည်း ဥပလက္ခဏနည်းဟု မှတ်ပါ။ သဘောပေါက် လွယ်ကူစေရန် ပုံစံတစ်ခုကို ထုတ်၍ ညွှန်ပြခြင်းသာ ဖြစ်သည်။ အဇ္ဈတ္တ ရုပ်ကလာပ်များ၌ တည်ရှိသော ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်များသည်လည်း အဇ္ဈတ္တကာယပသာဒကို ပွတ်ချုပ်ထိခိုက်မှု ရှိသည်သာ ဖြစ်ပေသည်။ (မူလဋီ၊၁၊၁၂၅။)

တစ်နည်း --- ကာယဝိညာဏဓာတ်သည် ကာယပသာဒဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်ရ၏၊ တစ်ဖန် ထိုကာယ ပသာဒဝတ္ထုရုပ်သည် ဥပါဒါရုပ်ဖြစ်ရကား မိမိနှင့် ကလာပ်တူဖြစ်သော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ မှီ၍ ဖြစ်ရ၏၊ ထိုကာယပသာဒ၏ မှီရာ ကလာပ်တူ မဟာဘုတ်ကား မိမိကာယပသာဒကို လာရောက်ထိခိုက်သော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ် မဟုတ်ပေ။ ထိုကြောင့် ကာယဝိညာဏ်၏ အဆင့်ဆင့် မှီရာမဟာဘုတ်မှ တစ်ပါးသော ကလာပ်မတူသော ကလာပ်ကွဲပြားသော ကလာပ်ပြားမဟာဘုတ် ဖောဋ္ဌဗ္ဗာရုံကို မိမိခန္ဓာကိုယ်တွင်း အဇ္ဈတ္တ၌ပင် ရှိသည်ဖြစ်စေ, ခန္ဓာကိုယ်၏ပြင်ပ ဗဟိဒ္ဓ၌ပင် ရှိသည်ဖြစ်စေ ဗဟိဒ္ဓမဟာဘုတ် ဖောဋ္ဌဗ္ဗာရုံဟုပင် ခေါ်ဆိုသည်။ ကာယဝိညာဏ်၏ စွဲမှီ၍ဖြစ်ရာ ဖြစ်သော ကာယပသာဒ၏ မှီရာမဟာဘုတ်နှင့် ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်တို့သည် မဟာဘုတ်အမည်ချင်း တူညီသော်လည်း ကလာပ်ချင်း မတူ၊ ကွဲပြားကြသည် ဟူလိုသည်။ (မူလဋီ၊၁၊၁၂၅။)

ဝေဒနာ ကြာမြင့်စွာ ဖြစ်ပုံ

ကာယပသာဒနှင့် ဖောဋ္ဌဗ္ဗာရုံတို့၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်ခြင်းသည် အားရှိ၏၊ ထိုသို့ အားရှိသော ကြောင့်ပင်လျှင် ကောင်းသောအတွေ့အထိကို တွေ့ထိရခြင်း စသည်ဖြင့် ဣဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် ပေါင်းဆုံ ထိခိုက်မိ သောအခါ သုခဝေဒနာ၏ အကြောင်းရင်းဖြစ်သော --- (၁) ကာယပသာဒ, (၂) ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ, (၃) ဖဿစသော ယှဉ်ဖက်သမ္ပယုတ်တရားများ --- ဤသို့စသော မှီရာ နိဿယဓာတ်တို့သည် သုခဝေဒနာ အဆက်ဆက် ဖြစ်ပေါ် လာဖို့ရန် အကြောင်းတရားများ ဖြစ်ကြကုန်၏။ ယင်း မှီရာ နိဿယဓာတ်တို့က အားပေးထောက်ပံ့ ချီးပင့်လျက် ရှိကြသဖြင့် သုခဝေဒနာတို့သည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လာကြရကုန်၏။ သုခဝေဒနာ အဆက်ဆက် ဖြစ်ဖို့ရန် အားပေးထောက်ပံ့ ချီးပင့်တတ်သော အကြောင်းတရားတို့က အချိန်ကြာမြင့်စွာ ဖြစ်ကြသောကြောင့် အကျိုး သုခဝေဒနာသည်လည်း အချိန်ကြာမြင့်စွာ အဆက်ဆက် ဖြစ်ပေါ်ရပေသည်။ (အကြောင်းတရားတို့တွင် အတိတ် အကြောင်းတရားတို့လည်း ပါဝင်လျက်ရှိသည်ကို သတိပြုပါ။)

တစ်ဖန် တစ်စုံတစ်ခုသော အရာဝတ္ထုနှင့် ထိခိုက်မိခြင်း စသည်ဖြင့် အနိဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် ပေါင်းဆုံမိသောအခါ၌လည်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော (၁) ကာယပသာဒ, (၂) အနိဋ္ဌဖောဋ္ဌာဗ္ဗာရုံ, (၃) ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားများ --- ဤသို့စသော မှီရာ နိဿယဓာတ် = နိဿယအကြောင်းတရားတို့သည် ဒုက္ခဝေဒနာ အဆက်ဆက် ဖြစ်ဖို့ရန် ချောက်ချား ဖောက်ပြားသော ဓာတ်များအဖြစ်ဖြင့် ကြာမြင့်စွာ ဖြစ်ကြလေ သည်။ (ဤ၌လည်း အကြောင်းတရားစုတွင် အတိတ်အကြောင်းတရားများလည်း ပါဝင်ကြသည်သာ ဖြစ်ကုန်၏။ ဘုရားရှင် သန္တာန်တော်၌ ဦးခေါင်းတော် ခဲတော်မူရခြင်း, ခါးတော်နာရခြင်း စသော ကာယိကဒုက္ခဝေဒနာများကို သတိပြုပါ။) ဒုက္ခဝေဒနာ အဆက်ဆက် ဖြစ်ပေါ်လာဖို့ရန် အားပေးထောက်ပံ့ ချီးပင့်တတ်သော အကြောင်းတရား တို့က အချိန်ကြာမြင့်စွာ ဖြစ်ကြသောကြောင့် အကျိုးဒုက္ခဝေဒနာသည်လည်း အချိန်ကြာမြင့်စွာ အဆက်ဆက် ဖြစ်ပေါ်ရလေသည်။ (မူလဋီ၊၁၊၁၂၅။)

ဃဋ္ဋန = ထိခိုက်မှု

ရူပါရုံက စက္ခုပသာဒကို ထိခိုက်မှု, သဒ္ဒါရုံက သောတပသာဒကို ထိခိုက်မှု, ဂန္ဓာရုံက ဃာနပသာဒကို ထိခိုက်မှု, ရသာရုံက ဇိဝှါပသာဒကို ထိခိုက်မှု, ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို ထိခိုက်မှုဟူသည် ဝိသယဖြစ်သော အာရုံ၏ ဝိသယီဖြစ်သော ပသာဒနှင့် သင့်လျော်လျောက်ပတ်သော အရပ်၌ ရှေးရှူရင်ဆိုင် ရပ်တည်မှုကို ဆိုလို ပေသည်။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒကို ထိခိုက်ပြီးလျှင် ကာယပသာဒ၏ မှီရာမဟာဘုတ်တို့၌လည်း ထိခိုက် ၏ဟူသော စကားရပ်၌လည်း ပရမတ္ထဝေါဟာရအားဖြင့်မူ မိမိဖောဋ္ဌဗ္ဗာရုံကိုယ်တိုင်က တစ်စုံတစ်ခုသော တရားကို သွားရောက်ထိခိုက်သည်ကား မဟုတ်ပါ၊ အခြားတစ်စုံတစ်ခုသော တရားကလည်း ထိခိုက်စေသည် ထိခိုက်ပေး သည်လည်း မဟုတ်ပါ၊ ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော အခြား တစ်စုံတစ်ခုသောတရား၌ ဖောဋ္ဌဗ္ဗသဘော မရှိသောကြောင့် = မတွေ့ထိတတ်သော အဖောဋ္ဌဗ္ဗသဘောသာ ရှိသောကြောင့် ဖြစ်၏။

အဟုတ်အမှန်မူကား ဝိသယဖြစ်သော အာရုံရုပ်နှင့် ဝိသယီဖြစ်သော ပသာဒရုပ် = အကြည်ဓာတ်တို့၏ ဖြစ်ပေါ်ကြခြင်းသည် တစ်ခုနှင့်တစ်ခု ရှေးရှူရင်ဆိုင်အဖြစ်သို့ ရောက်ရှိခြင်းကြောင့် ဆိုင်ရာဝိညာဏ်သည် ဖြစ်ပေါ် လာရ၏။ ထိုသို့ ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်းတရားအဖြစ်ဖြင့် ထူးခြားသည်၏အဖြစ်သို့ ရောက်ရှိခြင်းကိုပင် ထိခိုက်အပ် - ထိခိုက်တတ်သည်၏ အဖြစ်ဖြင့် = ထိခိုက်အပ်သောတရား, ထိခိုက်တတ်သောတရားဟု ခေါ်ဝေါ် သုံးစွဲခြင်း ဖြစ်သည်။ ထိုကြောင့် ယင်းရုပ်တရားတို့ကို သပ္ပဋိဃရုပ်တရားတို့ဟူ၍ ဓမ္မသင်္ဂဏီပါဠိတော်၌ (အဘိ၊ ၁၊၂၁၄။) ဟောကြားထားတော်မူ၏။ (သနိဒဿနသပ္ပဋိဃရုပ် အနိဒဿနသပ္ပဋိဃရုပ်ဟု ဟောကြားထားတော် မူ၏ဟု ဆိုလိုသည်။)

ဥပါဒါရုပ်က ဥပါဒါရုပ်ကို ထိခိုက်၏, မဟာဘုတ်က ဥပါဒါရုပ်ကို ထိခိုက်၏ --- ဤသို့စသော စကားများကို ထိခိုက်တတ်သော သတ္တိမရှိပါဘဲလျက် သတ္တိရှိသကဲ့သို့ တင်စား၍ တဒ္ဓမ္မူပစာရအစွမ်းဖြင့် ခေါ်ဝေါ်သုံးစွဲထား သည်ဟု သိပါ။ (အနုဋီ၊၁၊၁၃၂။)

ကာယဒွါရ၌ ဗဟိဒ္ဓဖြစ်သော မဟာဘုတ်ဖောဋ္ဌဗ္ဗာရုံသည် အဇ္ဈတ္တိက ကာယပသာဒကို ထိခိုက်ပြီး၍ ကာယပသာဒ၏ မှီရာအကြောင်းတရား ဖြစ်ကုန်သော ကာယပသာဒနှင့် ကလာပ်တူ မဟာဘုတ်တို့၌ ထိခိုက်၏ဟု အဋ္ဌကထာ၌ (အဘိ၊ဋ္ဌ၊၁၊၃၀၄။) ဖွင့်ဆိုထား၏။ ဤ၌ ကာယပသာဒကို ထိခိုက်မှုနှင့် ကာယပသာဒ၏ မှီရာ မဟာဘုတ်တို့ကို ထိခိုက်မှုမှာ သမာနကာလ = တူညီသောကာလ ရှိ၏။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒနှင့် ကာယပသာဒ၏ မှီရာ မဟာဘုတ်ကို ပြိုင်တူရိုက်ခတ်၏။ ပေ၏ အထက်၌ တင်ထားသော ဝါဂွမ်းစိုင်နှင့် ပေကို သံတူဖြင့် ရိုက်ခတ်ခြင်း ဥပမာကို အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)၌ ပြထား၏။ ဤဥပမာကို ဝါဂွမ်းစိုင်နှင့်ပေ နှစ်မျိုးလုံးကို သံတူက ထိခိုက်ပုံကို ပြခြင်းအကျိုးငှာသာ အဋ္ဌကထာက မိန့်ဆိုတော်မူခြင်း ဖြစ်၏၊ မှီတတ်သော ဝါဂွမ်းစိုင်ကို ထိခိုက်ခြင်း, မှီရာပေကို ထိခိုက်ခြင်းတို့၏ ေ့ရှ-နောက်၏ အဖြစ်ကို ပြခြင်းအကျိုးငှာ ဖွင့်ဆိုအပ်သည်ကား မဟုတ်ပေ။ (မူလဋီ၊၁၊၁၂၅။)

မဟာဘုတ်ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒ၏ မှီရာဖြစ်ကုန်သော ကလာပ်တူမဟာဘုတ်တို့၌ ထိခိုက်ကုန် လတ်သော် ကာယပသာဒကိုလည်း ထိခိုက်ပြီး မည်သည် ဖြစ်၏။ ---- ဤသို့ဆို၍ ပသာဒနှင့် မဟာဘုတ်ကို ထိ-ခိုက်မှုကို ဆိုသော စကားကို စူးစမ်းဆင်ခြင်သင့်ကြောင်း --- ဆရာမြတ်တို့က မိန့်ဆိုကြပြန်၏။ (အနုဋီ၊၁၊၁၃၃။)

ဤအကြောင်းအရာတို့ကား ပဉ္စဝိညာဏ်နာမ်တရားစုတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းရာ၌ သိထားသင့်သော အကြောင်းအရာတို့ပင် ဖြစ်ကြသည်။ ဤ လက္ခဏာဒိစတုက္ကပိုင်း၌ အဋ္ဌကထာ ဆရာတော်သည် အချို့ အချို့သော တရားတို့၌ ပဒဋ္ဌာန်ကို ထုတ်ပြထားတော်မမူပေ။ ထိုအခါ၌ နည်းမှီးနိုင်ရန် အလို့ငှာ မနောဝိညာဏ်နာမ်တရားစုတို့၏ ပစ္စုပ္ပန်အကြောင်း တရားတို့ကိုလည်း အခွင့်ကြုံခိုက် ဆက်လက်၍ တင်ပြအပ်ပါသည်။

မနောဝိညာဏ်နာမ်တရားစုတို့၏ ပစ္စုပ္ပန်အကြောင်း

မနောဝိညာဏ် အမည်ရသော ဝိပါက်နာမ်တရားစုတို့၌ အတိတ်အကြောင်း, ပစ္စုပ္ပန်အကြောင်း နှစ်မျိုးလုံး ရှိ၏။ ကုသိုလ် အကုသိုလ် ကြိယာ နာမ်တရားစုတို့၌ကား အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန် အကြောင်း တရားသာရှိသည်။ ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် အားလုံးတို့နှင့် သက် ဆိုင်သော အကြောင်းတရားတို့ကို အဋ္ဌကထာတွင် ဤသို့ တင်ပြထား၏။

အသမိ႓န္နတ္တာ မနဿ, အာပါထဂတတ္တာ ဓမ္မာနံ, ဝတ္ထုသန္နိဿိတံ, မနသိကာရဟေတုကံ စတူဟိ ပစ္စယေဟိ ဥပ္ပဇ္ဇတိ မနောဝိညာဏံ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ။ တတ္ထ မနောတိ ဘဝင်္ဂစိတ္တံ။ တံ နိရုဒ္ဓမ္ပိ, အာဝဇ္ဇနစိတ္တဿ ပစ္စယော ဘဝိတုံ အသမတ္ထံ မန္ဒထာမဂတမေဝ ပဝတ္တမာနမ္ပိ သမိ႓န္နံ နာမ ဟောတိ၊ အာဝဇ္ဇနဿ ပန ပစ္စယော ဘဝိတုံ သမတ္ထံ အသမိ႓န္နံ နာမ။ အာပါထဂတတ္တာ ဓမ္မာနန္တိ ဓမ္မာရမ္မဏေ အာပါထဂတေ။ ဝတ္ထုသန္နိဿိတန္တိ ဟဒယဝတ္ထုသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။ အယမ္ပိ ပေဥှာ ပဉ္စဝေါကာရဘဝံ သန္ဓာယ ကထိတော။ မနသိကာရဟေတုကန္တိ ကိရိယမနောဝိညာဏဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေယေဝ ဥပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၃၂၂-၃၂၃။)

၁။ ဘဝင်စိတ်၏ = မနောဒွါရ၏ မပျက်စီးသေးသည်၏ အဖြစ်ကြောင့်လည်းကောင်း,

၂။ မနောဒွါရဝယ် ဓမ္မာရုံတို့၏ ရှေးရှူကျရောက်လာခြင်းကြောင့်လည်းကောင်း,

၃။ ဟဒယဝတ္ထုကို မှီရသည်ဖြစ်၍လည်းကောင်း,

၄။ မနသိကာရဟူသော အကြောင်းရှိသည် ဖြစ်၍လည်းကောင်း --

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ မနောဝိညာဏ်သည် ဖြစ်ပေါ်၍လာ၏။ ထိုတွင် မန ဟူသည်ကား ဘဝင်စိတ်ပင်တည်း။ မနောဒွါရပင်တည်း။ ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်လေပြီးသော ဘဝင်စိတ်သည်လည်း မနောဒွါရာဝဇ္ဇန်းစိတ်၏ အနန္တရပစ္စည်း အကြောင်းတရားဖြစ်ဖို့ရန် မစွမ်းနိုင်။ မနောဒွါရာဝဇ္ဇန်းစိတ်၏ အနန္တရအကြောင်းတရားအဖြစ်သို့ မကပ်ရောက်မူ၍ မိမိ၏ ပင်ကိုယ်ဖြစ်နေကျ သဘာဝအတိုင်း ဖြစ်နေသော နုံ့သော အားအစွမ်းရှိသည်၏ အဖြစ်သို့ ရောက်သည် သာလျှင်ဖြစ်သော ဘဝင်စိတ်သည်လည်း မနောဒွါရာဝဇ္ဇန်းစိတ်အား အနန္တရပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူး မပြုနိုင်။ ယင်းသို့ အာဝဇ္ဇန်းစိတ်အား ဖြစ်ပေါ်လာအောင် အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်သော ဘဝင်စိတ်သည် သမ္ဘိန္န = ပျက်စီးသော ဘဝင်စိတ် မည်၏။

မန္ဒထာမဂတံ နာမ ကိရိယစိတ္တဿ ပစ္စယဘာဝံ အနုပဂန္တွာ သယမေဝ ပဝတ္တမာနံ။ (မူလဋီ၊၁၊၁၃၄။)

အိပ်ပျော်နေရာအခါ၌ ဘဝင်များကဲ့သို့ နိုးနေရာအခါ၌လည်း အာဝဇ္ဇန်းဖြစ်အောင် ကျေးဇူးမပြုနိုင်သော ဘဝင်များကို --- မန္ဒထာမဂတ --- ဟုဆိုသည်။ မှန်၏ --- ရှေးဝီထိနှင့် နောက်ဝီထိ၏ အကြား၌ ဘဝင်များစွာ ခြား၍ နေရခြင်းမှာ ယင်းဘဝင်တို့က အာဝဇ္ဇန်းဖြစ်အောင် ကျေးဇူးမပြုနိုင်သောကြောင့်တည်း။ အာဝဇ္ဇန်းစိတ်အား ဖြစ်ပေါ်လာအောင် အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော ဘဝင်သည် အသမိ႓န္န = မပျက်စီးသော ဘဝင် မည်၏။

ယင်း အသမိ႓န္နဖြစ်သော မနောဒွါရ၌ ဓမ္မာရုံ အမည်ရသော တရားစုတို့၏ ရှေးရှူကျရောက်လာခြင်း ထင်ခြင်းသည်လည်း မနောဝိညာဏ် နာမ်တရားစုတို့ဖြစ်ရန် အကြောင်းတရား တစ်ခုပင် ဖြစ်၏။

တစ်ဖန် ယင်း မနောဝိညာဏ် နာမ်တရားစုသည် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ရမှသာလျှင် ဖြစ်ပေါ်လာနိုင်၏၊ ဟဒယဝတ္ထုနှင့် ကင်း၍ကား မဖြစ်နိုင်။ ဤ ဟဒယဝတ္ထုဟူသော အကြောင်းတရားကို ပဉ္စဝေါကာရဘုံကိုသာ ရည်၍ ဆိုသည်ဟု မှတ်ပါ။

တစ်ဖန် ကိရိယမနောဝိညာဏဓာတ် အမည်ရသော မနောဒွါရာဝဇ္ဇန်းကို ဤ၌ မနသိကာရဟု ဆိုသည်။ မနသိကာရ အမည်ရသော ထိုမနောဒွါရာဝဇ္ဇန်းက ဘဝင်ကို လည်စေနိုင်မှသာလျှင် မနောဝိညာဏ်သည် ဖြစ်ပေါ် လာနိုင်၏။ ဤကား မနောဝိညာဏ်နှင့်တကွသော နာမ်တရားစု၏ ဖြစ်ပေါ်လာရန် အကြောင်းတရား (၄)မျိုးတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၂၂-၃၂၃။)

ဤအကြောင်းတရားတို့သည် ထိုက်သည့်အားလျော်စွာ မနောဝိညာဏ် နာမ်တရားစု၏ ပဒဋ္ဌာန်များ ဖြစ်နိုင် ကြ၏ဟု ကြိုတင်၍ မှတ်သားထားပါ။ သို့သော် ဤအကြောင်းတရားတို့မှာ အထူးသဖြင့် ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် နာမ်တရားအားလုံးတို့နှင့် ဆက်ဆံသော အကြောင်းတရားများ ဖြစ်နေခြင်းကြောင့် အဋ္ဌကထာ များ၌ ရံခါ အချို့အချို့သော နာမ်တရားတို့၏ ပဒဋ္ဌာန်ကို ထုတ်ဆောင်၍ မပြခြင်း ဖြစ်သည်။ ပဒဋ္ဌာန် မရှိ၍ကား မဟုတ်ဟု ကြိုတင် မှတ်သားထားပါ။

၁၀။ သမ္ပဋိစ္ဆိုင်း = လက်ခံ (ဝိပါက်မနောဓာတ်)

၁။ စက္ခုဝိညာဏာဒီနံ အနန္တရံ ရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု၊

၂။ ရူပါဒီနံ သမ္ပဋိစ္ဆနရသာ ( = ရူပါဒိသမ္ပဋိစ္ဆနရသာ။)

၃။ တထာဘာဝပစ္စုပဋ္ဌာနာ ( = ရူပါဒိသမ္ပဋိစ္ဆနဘာဝ ပစ္စုပဋ္ဌာနာ။)

၄။ စက္ခုဝိညာဏာဒိအပဂမပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံစသည်ကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံစသည့် အာရုံကို လက်ခံခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံစသည့် အာရုံကို လက်ခံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စက္ခုဝိညာဏ် စသည်တို့၏ ကင်းချုပ်ခြင်း ပဒဋ္ဌာန်။

ဤအထက်ပါ လက္ခဏ-ရသ စသည်တို့မှာ အာရုံ (၅)ပါးအတွက် ခြုံ၍ ရေးသားထားချက် ဖြစ်၏။ ဤ စိတ်သည် စိတ္တက္ခဏတစ်ခု အတွင်း၌ အာရုံ (၅)မျိုးလုံးကို ပြိုင်တူမသိပေ။ ထိုကြောင့် လက္ခဏ-ရသ စသည်ကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံအလိုက် ခွဲ၍ တစ်ခုစီ သီးသန့်ရှုပါ။ ရူပါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်း- စိတ်ကို ပုံစံထုတ်၍ ထပ်မံရေးသားတင်ပြအပ်ပါသည်။ သမ္ပဋိစ္ဆိုင်း၌ စိတ်စေတသိက် နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရားစုမှ အသိစိတ်ဝိညာဏ်ကို ရွေးထုတ်၍ ရှုပါ။ သဒ္ဒါရုံ စသည်ကို အာရုံပြုသော သမ္ပဋိစ္ဆိုင်း၌လည်း နည်းမှီး၍ ရှုပါ။

၁။ စက္ခုဝိညာဏဿ အနန္တရံ ရူပါရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု၊

၂။ ရူပါရမ္မဏသမ္ပဋိစ္ဆနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ စက္ခုဝိညာဏာပဂမပဒဋ္ဌာနာ။

၁။ စက္ခုဝိညာဏ်၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို လက်ခံခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံကို လက်ခံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စက္ခုဝိညာဏ်၏ ကင်းချုပ်ခြင်း ပဒဋ္ဌာန်။

မနောဓာတ် --- သဘာဝသုညတနိဿတ္တဋ္ဌေန မနောယေဝ ဓာတု မနောဓာတု။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)

အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု --- နှင့်အညီ မိမိသဘောကို ဆောင်နေသောကြောင့် = မိမိသဘော အတိုင်း ထင်ရှားသောကြောင့် ဓာတ်ဟု ဆို၏။ ဓာတ်ဟုဆိုလျှင် ပရမတ္ထအားဖြင့် ထင်ရှားရှိသောတရား, အတ္တမှ ကင်းဆိတ်သောတရား, သတ္တဝါမဟုတ်သောတရားဟု အဓိပ္ပါယ် နက်ထွက်၏။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေး သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘာဝတရားလည်း ဖြစ်၏၊ အတ္တမှကင်းဆိတ်သော တရားလည်း ဖြစ်၏၊ သတ္တဝါမဟုတ်သော တရားလည်း ဖြစ်၏။ ယင်း စိတ် (၃)မျိုးသည် ဓာတ်ဟူသော အမည်ကို ရရှိ၏။ သို့သော် ယင်းစိတ် (၃)မျိုးသည် ဆိုင်ရာအာရုံကို သိကာမတ္တ သိရုံမျှသာဖြစ်၍ အခြားအခြားသော ဝိညာဏ် များလောက် သိမှု အားမကောင်းသောကြောင့် မနောယေဝ ဓာတု မနောဓာတု --- အရ သိကာမတ္တ သိရုံမျှသာ ဖြစ်သောဓာတ် = မနောဓာတ် မည်ပေသည်။

အမေး --- ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းနှစ်မျိုးဟူသော စိတ် (၃)မျိုးသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘာဝအနက်, အတ္တမှ ကင်းဆိတ်သော သုညတအနက်, သတ္တဝါမဟုတ်သော နိဿတ္တအနက် သဘောတရား ရှိသောကြောင့် အာရုံကို သိကာမတ္တ သိရုံမျှဖြစ်သော မနောဓာတ် မည်၏ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထား၏၊ ထိုသို့ ဖြစ်လျှင် ပဉ္စဝိညာဏ် မနောဝိညာဏ် အမည်ရသော အခြားစိတ်များ၏လည်း သဘာဝဓမ္မ သုညတဓမ္မ နိဿတ္တဓမ္မ ဖြစ်သောကြောင့် မနောဓာတ်ဟူသော အမည်သည် ဖြစ်သင့်သည် မဟုတ်ပါလော၊ ဤသို့ မေးငြားအံ့ ---

အဖြေ --- ပဉ္စဝိညာဏ် မနောဝိညာဏ်တို့က မနောဓာတ်ထက် ထူးခြားသော သိခြင်းကိစ္စ ရှိသောကြောင့် မနောဓာတ် ဟူသော သာမညအမည်သည် မဖြစ်သင့်ဟု ဖြေဆိုရာ၏။

အကျယ်အဖြေ --- စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်၏ စက္ခုဝတ္ထုစသည့် မိမိဆိုင်ရာ ဝတ္ထု၌သာမှီခြင်း, အမြဲဖြစ်ရာ ရူပါရုံစသော အာရုံ၌သာ မြင်ခြင်းစသော ကိစ္စကို ပြု၍ ဖြစ်ရခြင်းသည် မနောဓာတ်မှ ထူးခြားပုံတည်း။

ပဉ္စဝိညာဏ်သည် မိမိနှင့် မှီရာ မတူသော ဟဒယဝတ္ထုကို မှီ၍ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ် ေ့ရှသွားရှိ၏၊ သမ္ပဋိစ္ဆိုင်းသည် မိမိနှင့် မှီရာမတူသော စက္ခုဝတ္ထု စသည်ကို မှီသော ပဉ္စဝိညာဏ် ေ့ရှသွားရှိ၏၊ သန္တီရဏစသော မနောဝိညာဏ်သည်ကား မှီရာတူသော ဟဒယဝတ္ထုရုပ်ကိုချည်း မှီသော သမ္ပဋိစ္ဆိုင်းစသော စိတ်သာလျှင် ေ့ရှသွား ရှိ၏။ ထိုကြောင့် သန္တီရဏစသော မနောဝိညာဏ်သည် ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ ဖြစ်သော မှီရာတူသော ရှေးစိတ်မှ အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှု အရှိန်အဝါကို ဆက်ခံရသောကြောင့် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်းတို့ထက် အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။

ပဉ္စဒွါရာဝဇ္ဇန်းသည် မှီရာ မတူသော ပဉ္စဝိညာဏ်အားလည်းကောင်း, ပဉ္စဝိညာဏ်သည် မှီရာ မတူသော သမ္ပဋိစ္ဆိုင်းအားလည်းကောင်း အနန္တရစသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးရ၏၊ သန္တီရဏ စသည့် မနောဝိညာဏ်ကား ထိုကဲ့သို့မဟုတ်၊ မှီရာ တူသော ဝုဋ္ဌော စသည်အားသာ အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏။ ထိုကြောင့် သန္တီရဏစသော မနောဝိညာဏ်သည် ပဉ္စဒွါရာဝဇ္ဇန်းထက်လည်းကောင်း, ပဉ္စဝိညာဏ်ထက်လည်းကောင်း အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။

မနောဒွါရဟူသည် ဘဝင်စိတ်တည်း၊ ဝီထိစိတ် (= ပဉ္စဒွါရဝီထိစိတ်) ဖြစ်သောအခါ ပဉ္စဒွါရာဝဇ္ဇန်းသည် စ၍ ဖြစ်ရ၏၊ ထိုကြောင့် ထို ပဉ္စဒွါရာဝဇ္ဇန်းသည် မနောဒွါရနိဂ္ဂမနမုခ = မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန်းသည် မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်သကဲ့သို့ သန္တီရဏစသော မနောဝိညာဏ် တို့သည် မနောဒွါရမှ ထွက်ကြောင်း အစအဝ မဖြစ်ကြပေ။ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းထက် အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။

ဤပြခဲ့သော အကြောင်းတို့ကြောင့် မနောဝိညာဏဓာတ်သည် အာရုံကို သိမှု၌ ထူးခြားသော သိခြင်းကိစ္စ ရှိရကား ---

မနော = သိ

ဝိညာဏ = အထူးသိ

ဤ မနော + ဝိညာဏဟူသော အမည်နှစ်ရပ်ကို ပေါင်းစပ်၍ --- မနောဝိညာဏဓာတ် = အာရုံကို အလွန်အကြူး အထူးသိတတ်သောဓာတ် --- ဟု အမည်ရသည်။ ယင်းမနောဝိညာဏဓာတ်သည် အာရုံကို အလွန် အကြူး အထူးသိခြင်းကိစ္စ ရှိပေသည်။ မနောဓာတ် ပဉ္စဝိညာဏဓာတ်တို့မှ ထူးခြားမှုတည်း။

ထိုသို့ ထူးသော သိခြင်းကိစ္စမှ ကင်းသော အာရုံကို သိကာမတ္တ သိရုံမျှဖြစ်သော ဓာတ်သည် မနောဓာတ် မည်၏၊ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း နှစ်မျိုးဟူသော (၃)မျိုးသောစိတ်ကို မနောဓာတ်ဟူ၍သာ ခေါ်ဆို၏၊ ထူးသော မန ဟူ၍ မဆို။ ထိုကြောင့် - မနော ဧဝ ဓာတု မနောဓာတု - ၌ ဧဝ-သဒ္ဒါသည် မတ္တ = မျှ ဟူသော အနက်ရှိ၏ဟု မှတ်ပါ။ ထို ဧဝသဒ္ဒါသည် ဝိညာဏ်၏ ထူးသော သိခြင်းကိစ္စကို နစ်စေခြင်း အနက်ရှိသော ကြောင့်တည်း။ ပဉ္စဝိညာဏ် မနောဝိညာဏ်တို့၏ ထူးသော သိခြင်းမျိုးသည် ထိုမနောဓာတ်၌ မရှိ ဟူလိုသည်။

တစ်ဖန် --- ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်ဟူသော မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်၏၊ သမ္ပဋိစ္ဆိုင်းကား သန္တီရဏစသော မနောဝိညာဏ်သို့ ဝင်ကြောင်း အစအဝ ဖြစ်၏၊ ဤသို့ ထွက်ကြောင်း အဝ, ဝင်ကြောင်း အဝ ဖြစ်သောကြောင့် မနောဓာတ် (၃)ပါးမှာ အာရုံကို အထူးသိခြင်း အလွန်အကြူးသိခြင်း အသိကြီးသိခြင်းဟူသော ဝိဇာနနကိစ္စမှ ကင်းရသည်။

ထိုကဲ့သို့ ဝိဇာနနကိစ္စမှ ကင်းသောကြောင့် ယင်းဓာတ် (၃)ပါးကို ဝိညာဏသဒ္ဒါဖြင့် အထူးပြု၍ မနောဝိညာဏ်ဟုလည်း မဆိုအပ်၊ စက္ခုဝိညာဏ် စသည်တို့ကဲ့သို့ ဝိညာဏ်ဟုလည်း မဆိုအပ်။ မှန်ပေသည် --- ထို မနောဓာတ်မည်သော ဝိညာဏ်သည် (ပဉ္စဒွါရာဝဇ္ဇန်းသည်) ဘဝင်တည်းဟူသော မနကြောင့် ဖြစ်ရ၍ မနအား ကျေးဇူးပြုရသည်ကား မဟုတ်၊ ပဉ္စဝိညာဏ်ကို ကျေးဇူးပြုနေရ၏။ သမ္ပဋိစ္ဆိုင်း မနောဓာတ်သည် သန္တီရဏဟူသော မနအား ကျေးဇူးပြုရသော်လည်း ရှေးက မနကြောင့် မဖြစ်ရ, ပဉ္စဝိညာဏ်ကြောင့်သာ ဖြစ်ရ၏။

ပဉ္စဒွါရာဝဇ္ဇန်းသည် ဒဿနကိစ္စ = မြင်ခြင်းကိစ္စ စသည်ကို အသီးအသီး ရွက်ဆောင်သော ပဉ္စဝိညာဏ်အား ကျေးဇူးပြုရ၍ သမ္ပဋိစ္ဆိုင်းကား ထိုပဉ္စဝိညာဏ်တို့ကြောင့် ဖြစ်ရသည့်အတွက် မနောဓာတ်တို့တွင် ပဉ္စဒွါရာဝဇ္ဇန်း သည် ထိုဝိညာဏ်တို့၏ ေ့ရှသွားဖြစ်၍ သမ္ပဋိစ္ဆိုင်းက ထိုဝိညာဏ်တို့၏ နောက်လိုက် ဖြစ်ရသည်။ ထိုကြောင့် မနောဓာတ်တို့မှာ အာရုံကို အထူးသိခြင်းဟူသော ဝိသေသဝိဇာနနကိစ္စ မရှိရကား မနောဟုသာ နာမည်ရသော ဓာတ်တစ်မျိုး ဖြစ်ရသည်။ (မူလဋီ၊၁၊၁၂၅-၁၂၆။)

၁၁။ သန္တီရဏ (= အဟိတ်ဝိပါက် မနောဝိညာဏဓာတ်)

၁။ အဟေတုကဝိပါကာ သဠာရမ္မဏဝိဇာနနလက္ခဏာ ဒုဝိဓာပိ သန္တီရဏာဒိကိစ္စာ မနောဝိညာဏဓာတု၊

၂။ သန္တီရဏာဒိရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၅။ ဝိသုဒ္ဓိ၊၂၊၈၅။)

သောမနဿ ဥပေက္ခာအားဖြင့် နှစ်မျိုးပြားသော သန္တီရဏ စသော လုပ်ငန်းကိစ္စကို ရွက်ဆောင်သော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ အာရုံကို စူးစမ်းခြင်း စသော (ကိစ္စ) ရသ၊

၃။ အာရုံကို စူးစမ်းတတ်သော သဘောတရား စသည် ပစ္စုပဋ္ဌာန်၊

၄။ မှီရာ ဟဒယဝတ္ထုရုပ် ပဒဋ္ဌာန်။

အဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်ကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဘုရားရှင်သည် သောမနဿနှင့် ဥပေက္ခာ နှစ်မျိုးခွဲ၍ ဟောကြားထားတော်မူခဲ့၏။ ယင်း ပါဠိတော်နှင့်အညီ အထက်ပါ လက္ခဏ-ရသ စသည်၌ အဋ္ဌကထာက ဒုဝိဓာဟု နှစ်မျိုးခွဲ၍ ဖော်ပြထားခြင်း ဖြစ်၏။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ကား ယင်းစိတ် နှစ်မျိုးလုံး ကိုပင် အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ, အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟု အမည် တပ်ထားပေသည်။ ယင်းအမည်မှာ အသိများသဖြင့် ယင်းအမည်သို့လိုက်၍ အထက်၌ သန္တီရဏစိတ်ဟု အမည် တပ်ထားပေသည်။ သန္တီရဏစိတ်ဟု အမည်တပ်ထားသော်လည်း ခေါ်ဝေါ် လွယ်ကူစေရန်အတွက်သာ ထိုကဲ့သို့ အမည်တစ်ခု တပ်ထားခြင်း ဖြစ်၏၊ သန္တီရဏ = စူးစမ်းသည့် အလုပ်တစ်ခုတည်းကိုသာ ပြုလုပ်သည်ဟူ၍ကား မယူဆစေလို။

အဟိတ်ကုသလဝိပါက် သောမနဿသဟဂုတ် မနောဝိညာဏဓာတ် = သောမနဿ သန္တီရဏစိတ်သည် ဣဋ္ဌာရုံ၌သာလျှင် ဧကန်ဖြစ်ခြင်း သဘောရှိသောကြောင့် သောမနဿဝေဒနာနှင့် အမြဲယှဉ်၍ ပဉ္စဒွါရဝီထိများ၌ သန္တီရဏကိစ္စနှင့် ဇော၏နောင် တဒါရုံကိစ္စ --- ဤ ကိစ္စ နှစ်မျိုးကို ဆောင်ရွက်သည်၊ သန္တီရဏဌာန တဒါရုံဌာန ဟူသော နှစ်ဌာန၌ ဖြစ်သည်။

အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် မနောဝိညာဏဓာတ်သည် = ဥပေက္ခာ သန္တီရဏသည် ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဖြစ်ခြင်းသဘောရှိသောကြောင့် ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်ဖြစ်၍ သန္တီရဏကိစ္စ တဒါရုံကိစ္စ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စအားဖြင့် (၅)ကိစ္စ ပြုလုပ်ဆောင်ရွက်သဖြင့် သန္တီရဏဌာန, တဒါရုံဌာန, ပဋိသန္ဓေ ဌာန, ဘဝင်ဌာန, စုတိဌာနဟူသော (၅)ဌာန၌ ထိုက်သလို ဖြစ်သည်။

အဟိတ်အကုသလဝိပါက် မနောဝိညာဏဓာတ်လည်း တစ်မျိုး ရှိသေး၏။ ယင်းစိတ်ကို သင်္ဂြိုဟ်ကျမ်းက အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်ဟု အမည်တပ်ထားပေသည်။ ယင်းစိတ်သည်လည်း အပါယ်လေးဘုံ၌ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စကို ဆောင်ရွက်၍ ပဝတ္တိအခါဝယ် ကာမ (၁၁)ဘုံ၌ အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက် သန္တီရဏကိစ္စ တဒါရုံကိစ္စတို့ကို ထိုက်သလို ဆောင်ရွက်သည်။

ယင်းကုသလဝိပါက် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်တို့၏ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ ရှုကွက်ကို အထက်တွင် ရေးသားခဲ့သည့် ပဋိသန္ဓေဘဝင်တို့ကို နည်းမှီး၍ ရှုပါ။ယင်းသန္တီရဏစိတ် သုံးမျိုးတို့၏ သန္တီရဏကိစ္စ တဒါရုံကိစ္စကို ရွက်ဆောင်ခိုက်၌ လက္ခဏ-ရသ စသည့် ရှုကွက်ကို ဤအပိုင်းတွင် တင်ပြမည် ဖြစ်သည်။ ရှေးဦးစွာ သန္တီရဏကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ စသည့် ရှုကွက်ကို ထပ်မံ၍ တင်ပြပါသည်။ အထက်တွင် သန္တီရဏစိတ် အမျိုးအစားချင်း တူညီ၍ အာရုံ (၆)ပါးကို အာရုံပြုသော သန္တီရဏစိတ်အားလုံးကို စုပေါင်း၍ အဋ္ဌကထာက ဖော်ပြသွားခြင်း ဖြစ်၏။ လက်တွေ့ရှုရာ၌ကား ကုသလဝိပါက် သန္တီရဏက ဣဋ္ဌာရုံကို အာရုံပြု၏၊ အကုသလဝိပါက် သန္တီရဏက အနိဋ္ဌာရုံကို အာရုံပြု၏။ သန္တီရဏစိတ် တစ်ခုတည်းကလည်း စိတ္တက္ခဏတစ်ခု အတွင်းဝယ် ဣဋ္ဌ အနိဋ္ဌ စသည်ပြားသော အာရုံ (၆)ပါးလုံးကို တစ်ပြိုင် နက်တည်း အာရုံမပြုနိုင် ဖြစ်ခဲ့၏၊ ထိုကြောင့် အာရုံအလိုက် တစ်ခုစီ ခွဲ၍ ရှုရမည် ဖြစ်သည်။ ခွဲရှုပုံကို ရူပါရုံကို ပုံစံထား၍ ဖော်ပြပေအံ့။

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု ---

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊

၂။ သန္တီရဏရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။

အဟိတ်ဝိပါက် သန္တီရဏကိစ္စကို ရွက်ဆောင်သော မနောဝိညာဏဓာတ်သည် ---

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို စူးစမ်းဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံကို စူးစမ်းဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထု ပဒဋ္ဌာန်။

သဒ္ဒါရုံ စသည်ကို အာရုံပြုသော သန္တီရဏစိတ် စသည်ကိုလည်း နည်းမှီ၍ ရှုပါ။ ဤ သန္တီရဏစိတ် (၃) မျိုးသည် သန္တီရဏကိစ္စတပ်ခိုက် ရူပါရုံမှ ဖောဋ္ဌဗ္ဗာရုံတိုင်အောင်သော အာရုံ (၅)ပါးကို ထိုက်သလို အာရုံပြု၏။ တဒါရုံ ကိစ္စတပ်ခိုက်၌ကား အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၏။ ဤသန္တီရဏစိတ်၌ သောမနဿဖြစ်လျှင် ပီတိယှဉ်၍ စိတ်စေတသိက် (၁၂)လုံး ရှိ၏။ ဥပေက္ခာဖြစ်လျှင် ပီတိမယှဉ်၍ စိတ်စေတသိက် (၁၁)လုံး ရှိ၏။ ယင်းနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ တဒါရုံကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ စသည့် ရှုကွက်ကို တဒါရုံပိုင်း၌ တင်ပြပါမည်။ ဤတွင် ဝီထိစိတ်အစဉ်အတိုင်း သန္တီရဏနောင်၌ ဆက်လက်၍ဖြစ်သော ဝုဋ္ဌောစိတ်၏ လက္ခဏ-ရသ စသည်ကို ဆက်လက် တင်ပြအပ်ပါသည်။

၁၂။ ဝုဋ္ဌော (= သာဓာရဏာ ကိရိယ မနောဝိညာဏဓာတ်)

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊

၂။ ကိစ္စဝသေန ပဉ္စဒွါရမနောဒွါရေသု ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ အဟေတုကဝိပါက မနောဝိညာဏဓာတု ဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ်သည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်ခြင်း

မနောဒွါရ၌ အာရုံကို ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

၃။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား

မနောဒွါရ၌ အာရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဉ္စဒွါရ၌ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ်၏ ချုပ်ပျက်ခြင်း,

မနောဒွါရ၌ ဘဝင်၏ ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။

အဟိတ်ကိရိယာစိတ်သည် (၃)မျိုး ရှိ၏။ ---

၁။ ကိရိယ မနောဓာတ်ဟူသော ပဉ္စဒွါရာဝဇ္ဇန်း,

၂။ ပုထုဇန်, သေက္ခ, အသေက္ခ အားလုံးနှင့်ဆက်ဆံသော ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ်ဟူသော မနောဒွါရာဝဇ္ဇန်း,

၃။ ပုထုဇန်, သေက္ခတို့နှင့် မဆက်ဆံသော အသေက္ခ ရဟန္တာအရှင်မြတ်တို့နှင့်သာ ဆက်ဆံသော သောမနဿသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ်ဟူသော ဟသိတုပ္ပါဒ် ---

ဤသို့လျှင် အဟိတ်ကိရိယာစိတ် (၃)မျိုး ရှိ၏။ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း = မနောဓာတ်၏ လက္ခဏ-ရသ စသည်ကို ရှေး၌ ရေးခဲ့ပြီ။ မနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသ စသည်ကို ယခု တင်ပြနေခြင်း ဖြစ်၏။ မနောဒွါရာဝဇ္ဇန်းကား ပဉ္စဒွါရ၌ ဝုဋ္ဌောကိစ္စ, မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ပြုလုပ်ဆောင်ရွက်သဖြင့် ယင်းစိတ်ကို (၂)ကိစ္စ, (၂)ဌာနတွဲ၍ အဋ္ဌကထာဆရာတော်က ရေးသား တင်ပြထား၏။ သို့သော် လက္ခဏ-ရသ စသည်ကို လက်တွေ့ ရှုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ပဉ္စဒွါရ၌ ဝုဋ္ဌောကိစ္စကို ဆောင်ရွက်သော စိတ်ကို သတ်သတ်ရှု၍ မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ဆောင်ရွက်သော စိတ်ကို သတ်သတ်ခွဲ၍ ရှုပါ။ စိတ္တက္ခဏချင်းလည်း မတူသော ကြောင့်လည်းကောင်း, အာရုံမှာ တူညီမှု ရှိသည့်အခါ ရှိနိုင်၍ ကွဲပြားမှု ရှိသည့်အခါလည်း ရှိနိုင်သောကြောင့် လည်းကောင်း ခွဲရှုပါမှသာလျှင် အသိဉာဏ် သန့်ရှင်းနိုင်မည်။ တစ်ဖန် ဝုဋ္ဌောစိတ် တစ်ခုတည်းက စိတ္တက္ခဏ တစ်ခုအတွင်း၌ ရူပါရုံစသည့် အာရုံ (၅)မျိုးလုံးကို ပြိုင်တူ မသိနိုင်ပေ။ ထိုကြောင့် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ် လာသော ဝုဋ္ဌောစိတ်ကို ပုံစံတစ်ခုအဖြစ် ထပ်မံ၍ ရေးသား တင်ပြအပ်ပါသည်။ သဒ္ဒါရုံ စသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝုဋ္ဌော စသည်၌လည်း နည်းမှီး၍ ရှုပါလေ။

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ရူပါရမ္မဏဝိဇာနနလက္ခဏာ၊

၂။ ဝေါဋ္ဌဗ္ဗနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = ဝုဋ္ဌောသည် ---

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ခြင်း (ကိစ္စ) ရသ၊

၃။ သန္တီရဏ ယူထားသည့် အာရုံကိုပင် (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်)

ဆုံးဖြတ်သကဲ့သို့ဖြစ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ်တို့တွင် တစ်မျိုးမျိုး၏

ကင်းချုပ်ခြင်း = ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။

ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာတိ ပဉ္စဒွါရေ သန္တီရဏေန ဂဟိတာရမ္မဏံ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ဝေါဋ္ဌဗ္ဗနရသာ၊ မနောဒွါရေ ပန ဝုတ္တနယေန အာဝဇ္ဇနရသာ။ (မဟာဋီ၊၂၊၁၂၉-၁၃၀။)

သန္တီရဏစိတ်က စူးစမ်းထားသည့် ယူထားသည့် အာရုံကိုပင် ဣဋ္ဌဖြစ်သည် သို့မဟုတ် အနိဋ္ဌဖြစ်သည် စသည်ဖြင့် မှတ်တတ် ဆုံးဖြတ်တတ်သကဲ့သို့ ဖြစ်သောကြောင့် ဆုံးဖြတ်ခြင်း ကိစ္စ-ရသ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။ စက္ခုဒွါရဝီထိစသည့် ပဉ္စဒွါရဝီထိ နာမ်တရားစုတို့သည် ရူပါရုံစသည့် ဆိုင်ရာပဉ္စာရုံတို့နှင့် ရှေးရှူရင်ဆိုင် ကျရောက် ခြင်း သဘောမျှသာ ဖြစ်၏။ အာရုံကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ကြသည်လည်း မဟုတ်သေးပေ။ အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် (မနောဒွါရဝီထိများကဲ့သို့) ခံစားနိုင်ကြသည်လည်း မဟုတ်သေးပေ။ ထိုကြောင့် ပဉ္စဒွါရဝီထိ၌ အကျုံးဝင်သော ဝုဋ္ဌောသည်လည်း အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချခြင်းငှာလည်း မစွမ်းနိုင်သေးပေ။ စက္ခုဝိညာဏ်သည် အရောင်မျှကိုသာ သိသကဲ့သို့ အရောင်မျှကိုသာ အာရုံပြုနိုင်သေးသကဲ့သို့ ဝုဋ္ဌောသည်လည်း အရောင်မျှကိုသာ သိသေးသော အရောင်မျှကိုသာ အာရုံပြုနိုင် နှလုံးသွင်းနိုင်သေးသော အဆင့်တွင်သာ ရှိသေး၏။ ထိုကြောင့် ဝုဋ္ဌောသည် ထင်လာသော အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် မချနိုင်သေးသည့်အတွက် --- ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော = သန္တီရဏက စူးစမ်း ထားသည့် ယူထားသည့် အာရုံကိုပင် ဣဋ္ဌဖြစ်သည် သို့မဟုတ် အနိဋ္ဌဖြစ်သည် စသည်ဖြင့် မှတ်တတ် ဆုံးဖြတ်တတ် သကဲ့သို့ဖြစ်သည် --- ဟု မဟာဋီကာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ သို့သော် ဤအရာဌာန ကား ပညာရှိသူတော်ကောင်းများသည် ပညာဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ ယူသင့်သော အရာမျိုးသာ ဖြစ်ပေသည်။

ထပ်ဆင့်မေးခွန်းတစ်ခု

ဤအရာ၌ အချို့ သူတော်ကောင်းများက ထပ်ဆင့်၍ မေးကြပြန်၏။ ဝုဋ္ဌော၌ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုမှာ ဝီရိယ အဝင်အပါ (၁၂)လုံး ရှိ၏၊ ထိုတွင် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ရာ၌ ဝုဋ္ဌောစိတ်က ဆုံးဖြတ်လေသလော၊ သမ္ပယုတ်တရားဖြစ်သည့် အဓိမောက္ခ စေတသိက်ကပင် ဆုံးဖြတ်လေသလောဟု မေးကြပြန်၏။

စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ကာမ-ရူပ-အရူပ-လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ ရှိသော စိတ်ဟူသမျှသည် အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ မရှိသော စိတ်မည်သည် မရှိ၊ စိတ်အားလုံးသည် အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ ရှိသည် ချည်းသာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ဝုဋ္ဌောစိတ်ကား ရူပါရုံစသည့် အာရုံကို သိခြင်း = ရယူခြင်း သဘောလက္ခဏာသာ ရှိ၏။ ဝုဋ္ဌောနှင့်ယှဉ်သော အဓိမောက္ခ စေတသိက်ကား အာရုံကို ဆုံးဖြတ်ချက်ချခြင်း သန္နိဋ္ဌာနလက္ခဏာ ရှိ၏။

အထက်ပါ မဟာဋီကာက ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဝုဋ္ဌောစိတ်က သန္တီရဏ ယူထားသည့် အာရုံ ကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ဆုံးဖြတ်ချက်ချသည်ကား မဟုတ်ပေ။ ပိုင်းခြားမှတ်တတ် ဆုံးဖြတ်သကဲ့သို့သာ ဖြစ်ခြင်း ဖြစ်သည်။ ဝုဋ္ဌောစိတ်၏ သဘာဝလက္ခဏာမှာ အာရုံကို သိခြင်း = အာရုံကို ရယူ ခြင်း သဘောလက္ခဏာမျှသာ ဖြစ်သည်။ အဓိမောက္ခစေတသိက်ကသာလျှင် အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချ၏။ သို့သော် ဝုဋ္ဌောစိတ်မပါဘဲ ယင်းအဓိမောက္ခစေတသိက်ချည်းသက်သက် ဖြစ်နိုင်သည်ကား မဟုတ်။ အသိစိတ်တို့သည် --- ပုဗ္ဗင်္ဂမရသံ --- ဟူသည်နှင့်အညီ ယှဉ်ဖက်စေတသိက်များ၏ အာရုံကို ရယူမှု၌ ပဓာန အချုပ်ပြဓာန်းသော အလုပ်ကိစ္စကို ပြုလုပ်ကြသဖြင့် ဤ၌လည်း ဝုဋ္ဌောစိတ်သည် ရူပါရုံစသည့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် သိမှု၌, ယှဉ်ဖက်စေတသိက်တရားတို့၏လည်း ဣဋ္ဌအခြင်းအရာ သို့မဟုတ် အနိဋ္ဌ အခြင်းအရာအားဖြင့် ထိုအာရုံကို အာရုံယူမှု၌ ပဓာန အချုပ်ခေါင်းဆောင်ပင် ဖြစ်ရကား သဟစရဏနည်းအားဖြင့် ဝုဋ္ဌောစိတ်က ဣဋ္ဌ သို့မဟုတ် အနိဋ္ဌစသည်ဖြင့် ဆုံးဖြတ်သည်ဟု ဆိုထားခြင်းပင် ဖြစ်သည်။ တကယ်တမ်း အာရုံကို ဆုံးဖြတ်ချက်ချခြင်းသည် သန္နိဋ္ဌာနလက္ခဏာရှိသော အဓိမောက္ခစေတသိက်၏ အရာသာဖြစ်သည်။ အဓိမောက္ခစေတသိက်၏ လုပ်ငန်းကိစ္စ၌ ဝုဋ္ဌောစိတ်က ဦးဆောင်လျက်ရှိ၍ ဝုဋ္ဌောစိတ်က ဆုံးဖြတ်သည်ဟု ဆိုထားခြင်း ဖြစ်သည်။

သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း ဝုဋ္ဌောနှင့် ယှဉ်ဖက် အဓိမောက္ခစေတသိက် နှစ်မျိုးလုံးတို့သည်ပင် မဟာဋီကာဆရာတော် ဖွင့်ဆိုထားတော်မူသည့်အတိုင်း အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်သည်ကား မဟုတ်သေးပေ။ ဆုံးဖြတ်သကဲ့သို့သာ ဖြစ်နိုင်သေးသည်ဟု မှတ်ပါ။ အာရုံကို တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်သည့် စွမ်းအားမှာ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု ကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားစုတို့၌ အကျုံးဝင်သော အဓိမောက္ခစေတသိက်၏ အရာသာ ဖြစ်ပေသည်။

ရှုကွက် --- ဝုဋ္ဌော၌ နာမ်တရား (၁၂)လုံး ရှိသဖြင့် ယင်းတရားစုတို့မှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။

၁၃။ ဇော - ကုသိုလ်ဇော

၁။ အနဝဇ္ဇသုခဝိပါကလက္ခဏံ ကုသလံ၊

၂။ အကုသလဝိဒ္ဓံသနရသံ၊

၃။ ဝေါဒါနပစ္စုပဋ္ဌာနံ၊

၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

၁။ အဝဇ္ဇပဋိပက္ခတ္တာ ဝါ အနဝဇ္ဇလက္ခဏမေဝ ကုသလံ၊

၂။ ဝေါဒါနဘာဝရသံ၊

၃။ ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊

၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

၁။ အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းသဘော လက္ခဏ၊

၂။ အကုသိုလ်ကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ ဖြူစင်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ ယောနိသောမနသိကာရ ပဒဋ္ဌာန်။

တစ်နည်း သာဝဇ္ဇ = အပြစ်နှင့်တကွ ဖြစ်သော အကုသိုလ်၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ---

၁။ အပြစ်မရှိခြင်းသာလျှင် ဖြစ်သောသဘော လက္ခဏ၊

၂။ ဖြူစင်ခြင်း (သမ္ပတ္တိ) ရသ၊

၃။ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးတရားရှိမှု (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ယောနိသောမနသိကာရ ပဒဋ္ဌာန်။

ကုသိုလ်ဟူသည်

ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို လှုပ်ရှားစေတတ် ဖျက်ဆီးတတ်ကုန်သည်၏ အဖြစ်ကြောင့် ကုသိုလ်မည်ကုန်၏။ (ကုသိုလ်စိတ်နှင့်တကွသော ယှဉ်ဖက်သမ္ပယုတ်တရား အားလုံးကို ရည်ညွှန်းထားသည်။) ယင်းကုသိုလ် နာမ်တရားစုတို့သည် စက်ဆုပ်အပ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန်ဖြင့်လည်း လှုပ်ရှားစေတတ်ကုန်၏၊ ဝိက္ခမ္ဘနပဟာန်ဖြင့်လည်း လှုပ်ရှားစေတတ်ကုန်၏၊ သမုစ္ဆေဒပဟာန် ဖြင့်လည်း အကြွင်းမဲ့ ဖျက်ဆီးတတ်ကုန်၏။ ထိုသို့ စက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ပဟာန် (၃)ပါးတို့ဖြင့် လှုပ်ရှားစေတတ် ဖျက်ဆီးတတ်ကုန်သည်၏ အဖြစ်ကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း --- အကုသိုလ်တရားတို့သည် စက်ဆုပ်ဖွယ်ကောင်းသော ရွံရှာဖွယ်ကောင်းသော အခြင်းအရာ အားဖြင့် သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တတ် ဖြစ်တတ်ကုန်သည်၏ အဖြစ်ကြောင့် ကုသတို့ မည်ကုန်၏။အကြင် နာမ်တရားစုတို့သည်ကား စက်ဆုပ်ဖွယ် ရွံရှာဖွယ်ကောင်းသော အခြင်းအရာအားဖြင့် သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တည်နေကြကုန်သော ကုသမည်သော အကုသိုလ်တရားတို့ကို ဖြတ်တောက်ပစ်တတ်ကြကုန်၏၊ ထိုကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တို့ မည်ကုန်၏။ အကုသိုလ်တရားတို့သည် ရာဂ ဒေါသ မောဟ မာန်မာန စသော မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် တရားဆိုးတို့နှင့် ယှဉ်ကုန်သောကြောင့်လည်းကောင်း, အပါယ် သံသရာဝဋ်ဆင်းရဲ အစရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုး၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း ရွံရှာစက်ဆုပ်ဖွယ် တရားတို့ ဖြစ်ကြ၏။ ထို ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ဖြတ်တတ်ကုန်၏ ဟူသည် တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန်တို့ဖြင့် ထိုက်သည့်အားလျော်စွာ ပယ်သတ်ခြင်းတည်း။ ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ်သည် တဒင်္ဂအားဖြင့်, မဟဂ္ဂုတ်ကုသိုလ်သည် ဝိက္ခမ္ဘနအားဖြင့်, လောကုတ္တရာ မဂ်ကုသိုလ်သည် သမုစ္ဆေဒအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း စက်ဆုပ်အပ်ကုန်သော အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်ဖြင့် နည်းပါးအောင် ပြုတတ်သည်၏ အဖြစ်ကြောင့်, သမုစ္ဆေဒပဟာန်ဖြင့် အဆုံးကို ပြုတတ်သည်၏ အဖြစ်ကြောင့် ဉာဏ်သည် ကုသ မည်၏။ ဝိပဿနာ မဟာကုသိုလ်နှင့် ယှဉ်သော ဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန်ဖြင့် နည်းပါးအောင် ခေါင်းပါးအောင် ပြုတတ်၏။ ရူပါဝစရစျာန်ကုသိုလ် အရူပါဝစရစျာန်ကုသိုလ်နှင့် ယှဉ်သောဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာ ခွာထား နိုင်၏၊ နည်းပါးအောင် ခေါင်းပါးအောင် ပြုနိုင်၏။ လောကုတ္တရာမဂ်ကုသိုလ်နှင့် ယှဉ်သော အရိယမဂ်ဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒပဟာန်ဖြင့် အဆုံးကို ပြုတတ်၏။ ထိုကြောင့် ယင်းဉာဏ် အသီးအသီးသည် ကုသ မည်၏။ ကုသမည်သော ဉာဏ်သည် ရယူထိုက်ကုန်သည်၏ အဖြစ်ကြောင့် ဖြစ်စေထိုက်ကုန်သည်၏ အဖြစ်ကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ဤ၌ ဖြစ်စေဟူသည်လည်း ဉာဏ်က ဉာဏသမ္ပယုတ် ကုသိုလ်တရားတို့ကို သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးခြင်း ဖြစ်စေခြင်း, ဉာဏဝိပ္ပယုတ် ကုသိုလ်တရားတို့ကို ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်း ဖြစ်စေခြင်းတည်း။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း --- သမန်းမြက်တို့ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သောအခါ ယင်းသမန်းမြက်တို့သည် ဆုပ်ထားသော လက်၏ အတွင်းဘေး (၂)ဘက်၌ တည်သော လက်၏ အစိတ်အပိုင်းအရပ်ကို ဖြတ်တတ်ကုန်သကဲ့သို့ ရှတတ် ကုန်သကဲ့သို့ ဤဥပမာအတူပင် --- ဤကုသိုလ်တရားတို့သည်လည်း ဖြစ်ပြီးသော ကိလေသာ, မဖြစ်သေးသော ကိလေသာတို့၏ အဖြစ်ဖြင့် နှစ်ဘက်သော အဖို့၌ ဖြစ်သော ကိလေသာ အသင်းအပင်းကို သမန်းမြက်တို့ကဲ့သို့ ဖြတ်တတ်ကုန်သည်၏ အဖြစ်ကြောင့်လည်း ကုသိုလ်တို့ မည်ကုန်၏။

၁။ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊

၂။ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ (မ၊၁၊၈၉။)

၁။ မဖြစ်ကုန်သေးသော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့၏ မဖြစ်ခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ ကြိုးစား အားထုတ်၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ လုံ့လ ကြိုးကုတ်၏။

၂။ ဖြစ်ပြီးကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ ကြိုးစား အားထုတ်၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ လုံ့လ ကြိုးကုတ်၏။ (မ၊၁၊၈၉။)

သမ္မပ္ပဓာန် (၄)ပါးတို့တွင် ဤသမ္မပ္ပဓာန် (၂)ပါးကို သတိပြုပါ။ ထိုသမ္မပ္ပဓာန်၌ သမ္မာဝါယာမမဂ္ဂင် အဆင့်သို့ ရောက်ရှိလာသော ဝီရိယသည် ဖြစ်ပြီးသော အကုသိုလ်ကိုပယ်ခြင်း, မဖြစ်သေးသော အကုသိုလ်ကို မဖြစ်စေခြင်း အားဖြင့် ကိစ္စ နှစ်ပါးကို ရွက်ဆောင်သကဲ့သို့ ကုသိုလ်တရားတို့သည်လည်း ဖြစ်ပြီးသောကိလေသာ မဖြစ်သေးသော ကိလေသာတို့၏ အဖြစ်ဖြင့် နှစ်ဘက်သော အဖို့၌ ဖြစ်သော ကိလေသာ အသင်းအပင်းကို ဖြတ်တတ်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း အဖွင့်များ

အပိစ အာရောဂျဋ္ဌေန, အနဝဇ္ဇဋ္ဌေန, ကောသလ္လသမ္ဘူတဋ္ဌေန စ ကုသလံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

အာရောဂျဋ္ဌ --- အရောဂဿ ဘာဝေါ အာရောဂျံ --- ဟူသည်နှင့်အညီ အနာရောဂါကင်း၍ ကျန်းမာခြင်း ဂုဏ်ကို --- အာရောဂျဟု ခေါ်၏။ အရောဂ၌ ရောဂါဟူသည် (၁) အာတုရတာ = ကျင်နာခြင်းဟူသော ညောင်းညာကိုက်ခဲခြင်း = သွားကိုက်ခြင်း, နားကိုက်ခြင်း, ခါးကိုက် ခါးနာခြင်း စသည်တည်း။ (၂) ဂေလည = မကျန်းမမာ ဖျားနာခြင်း = ငှက်ဖျား အပူဖျား ပုလိပ်ဖျား စသော အဖျားရောဂါများတည်း။ (၃) ဗျာဓိ = အနာ ဖြစ်ခြင်း ဤ (၃)မျိုးလုံးနှင့် ဆိုင်၏။ ထိုကြောင့် အာရောဂျ၏ သရုပ်ကိုပြရာ၌ --- အနာတုရတာယ, အဂေလညေန, နိဗျာဓိတာယ --- ဟု ထို (၃)မျိုးလုံး၏ မရှိခြင်းကို ပြသည်။

ကစ္စိ နု ဘောတော ကုသလံ (ခု၊၅၊၃၂၇။ ခု၊၆၊၇၇။) = အရှင်အား ကျန်းမာခြင်းဂုဏ်သည် ထင်ရှားရှိပါ ၏လော (= ကျန်းမာပါ၏လော) --- ဟူသော မဟာဟံသဇာတ် ပါဠိတော်၌ ရူပကာယ ခန္ဓာကိုယ်၌ ကျင်နာခြင်း မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အဖျားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အနာမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ထို (၃)မျိုးသော ရောဂါမရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့် ကုသလသဒ္ဒါကို ဟောတော်မူအပ်သကဲ့သို့ အလားတူပင် နာမ်တရား၌လည်း ကိလေသာတည်းဟူသော ထိုးကျင့် နာကျင် ကိုက်ခဲခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ကိလေသာတည်းဟူသော မကျန်းမာသူ၏ အဖြစ်၏လည်းကောင်း, ကိလေသာတည်းဟူသော အနာ၏လည်းကောင်း မရှိသည့်အတွက် ထို (၃)မျိုးသော ရောဂါမရှိသည်၏ အဖြစ် ဟူသော အနက်ကြောင့် ကုသလဟူ၍ သိရှိပါလေ။ ဤအလို ကုသိုလ်ဟူသည် ကိလေသာတည်းဟူသော ထိုးကျင့် ဖျားနာရောဂါ မရှိသောတရား ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

အနဝဇ္ဇဋ္ဌ --- ကိလေသာတည်းဟူသော အပြစ်, ကိလေသာတည်းဟူသော အညစ်အကြေး ဒေါသ, ကိလေသာတည်းဟူသော ပူပန်မှု ပူလောင်မှု၏ မရှိခြင်းကြောင့် = မရှိသည့်အတွက် ကုသိုလ်တရားစုတို့သည် အနဝဇ္ဇတရား အပြစ်မရှိသော တရားတို့ ဖြစ်ကြ၏။ ထိုသို့ အပြစ်မရှိသည်၏ အဖြစ်ဟူသော အနက်သဘော ကြောင့်လည်း ကုသိုလ် မည်၏။

ကောသလ္လဋ္ဌ --- ကုသလ သဒ္ဒါသည် ---

၁။ အာရောဂျ = ကျန်းမာခြင်း အနာကင်းခြင်း အနက်,

၂။ အနဝဇ္ဇ = အပြစ်မရှိခြင်း အနက်,

၃။ သုခဝိပါက = ကောင်းသော ချမ်းသာသော အကျိုးကိုပေးခြင်း အနက်,

၄။ ဆေက = လိမ္မာခြင်း အနက်တို့ကို ဟော၏။

ကုသလဿ ဘာဝေါ ကောသလ္လံ --- ဟု ပြုသောအခါ ယင်း ကောသလ္လ-သဒ္ဒါသည် အာရောဂျဂုဏ် အနဝဇ္ဇဂုဏ် သုခဝိပါကဂုဏ်တို့ကိုလည်း ဟောခွင့်ရှိ၏။ ဆေက = ကျွမ်းကျင်နားလည်သူ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာ အနက်ကိုလည်း ဟော၏။ ထိုကြောင့် --- ကောသလ္လံ ဝုစ္စတိ ပညာ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)ဟု အဋ္ဌ ကထာက ဖွင့်ဆိုထား၏။

ကျွမ်းကျင်နားလည်သူ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာကို ကောသလ္လဟူ၍ ဆို၏။ ကုသိုလ်နာမ်တရားစု တို့သည် ကောသလ္လ အမည်ရသော ဉာဏ်ပညာကြောင့် ကောင်းစွာ ဖြစ်ပေါ်လာကြရ၏။ ဉာဏ်ပညာကြောင့် ကောင်းစွာ ဖြစ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ယင်းနာမ်တရားစုသည် ကုသိုလ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

ဧကဒေသူပစာရ --- ကုသိုလ်တရားအားလုံးတို့၏ ကောသလ္လဟူသော အမည်ကို ယင်း ကုသိုလ်တရား တို့တွင် အကျုံးဝင်သော အစိတ်ဖြစ်သော ပညာ၌ တင်စား၍ အစိတ်ဖြစ်သောပညာကို ကောသလ္လဟူ၍ ဖွင့်ဆို ထားသော ဧကဒေသူပစာရစကားဟု မှတ်ပါ။

ဉာဏသမ္ပယုတ် = ဉာဏ်နှင့်ယှဉ်သော ကုသိုလ်သည် ဤသို့လျှင် ကောသလ္လ အမည်ရသော ဉာဏ်ပညာ ကြောင့် ကောင်းစွာဖြစ်ပေါ်လာရသည်၏ အဖြစ်ဟူသော အနက်သဘောကြောင့် ကုသလမည်သည် ရှိပါစေဦးတော့၊ ဉာဏဝိပ္ပယုတ် = ဉာဏ်နှင့်မယှဉ်သော ကုသိုလ်သည် အဘယ်နည်းဖြင့် ကုသလမည်သည် ဖြစ်နိုင်ပါ သနည်း။ ဤကား အမေးတည်း။ (ဉာဏဝိပ္ပယုတ်ကုသိုလ်ကား ဉာဏ်မပါသော ကုသိုလ်မျိုး ဖြစ်သဖြင့် ဉာဏ် ကြောင့်ဖြစ်သည်ဟု မဆိုနိုင်သည့်အတွက် ထိုသို့မေးခြင်း ဖြစ်သည်။)

ဥပမာ --- တာလဝဏ္ဋဟူသော အမည်သည် ထန်းရွက်ယပ်ဝန်း၏ အမည်ဖြစ်သည်။ ထန်းရွက်တို့ဖြင့် မပြုလုပ်ဘဲ နှီး စသည်တို့ဖြင့် ပြုလုပ်ထားသော ယပ်ဝန်းကိုလည်း ထိုထန်းရွက်ယပ်ဝန်းနှင့် တူသည့်အတွက် တင်စား၍ --- တာလဝဏ္ဋ = ထန်းရွက်ယပ် --- ဟု ခေါ်ဆိုသကဲ့သို့ --- အလားတူပင် ဉာဏဝိပ္ပယုတ်ကုသိုလ် နာမ်တရားစုကိုလည်း ကုသိုလ်ဟူ၍သာလျှင် သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

မုချအားဖြင့် မှတ်ရန်

ပရိယာယ်မဖက် မုချသက်သက်အားဖြင့်ကား ဉာဏသမ္ပယုတ် ကုသိုလ်သည် ---

၁။ အာရောဂျဋ္ဌ = အနာရောဂါကင်းခြင်းဟူသော အနက်,

၂။ အနဝဇ္ဇဋ္ဌ = အပြစ်မရှိခြင်းဟူသော အနက်,

၃။ ကောသလ္လသမ္ဘူတဋ္ဌ = ကောသလ္လ အမည်ရသော ဉာဏ်ပညာကြောင့် ဖြစ်ရခြင်းဟူသော အနက် ---

ဤ (၃)မျိုး အပြားရှိသော အနက်သဘောကြောင့် ကုသိုလ် မည်၏။ ဉာဏဝိပ္ပယုတ်ကုသိုလ်ကား ---

၁။ အာရောဂျဋ္ဌ = အနာရောဂါကင်းခြင်းဟူသော အနက်,

၂။ အနဝဇ္ဇဋ္ဌ = အပြစ်မရှိခြင်းဟူသော အနက် ---

ဤ (၂)မျိုးသော အနက်ကြောင့်သာလျှင် ကုသိုလ်ဟူသော အမည်ကို ရရှိပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅၊၊)

အနဝဇ္ဇသုခဝိပါကလက္ခဏ --- ကုသိုလ်၏ လက္ခဏ-ရသ စသည်ကို ပြဆိုရာဝယ် အဋ္ဌကထာ၌ (၂)နည်း တင်ပြထား၏။ ပထမနည်း၌ ကုသိုလ်၏ လက္ခဏကို ပြဆိုရာဝယ် အနဝဇ္ဇဟူသော စကား, သုခဝိပါကဟူသော စကား --- ဤစကား နှစ်ပုဒ်တို့ဖြင့် သတ်မှတ်၍ ပြဆိုထား၏။

ဤကုသိုလ်တရားတို့ဝယ် ပြောဆို ကဲ့ရဲ့ထိုက်သော အပြစ်အနာအဆာ မရှိသောကြောင့် ဤကုသိုလ်တရား တို့သည် အနဝဇ္ဇ မည်၏။ ကဲ့ရဲ့ထိုက်သည်၏အဖြစ်ဟူသော အပြစ်မှကင်းကုန်သော တရား, ကိလေသာ အပြစ် အနာအဆာ မရှိကုန်သော တရားတို့ဟု ဆိုလို၏။

ထိုအနဝဇ္ဇဟူသော ပုဒ်ဖြင့် ထိုကုသိုလ်တရားတို့၏ မကဲ့ရဲ့ထိုက်ကုန်သည်၏ အဖြစ်ကို ညွှန်ပြ၏။ ကဲ့ရဲ့ဖွယ် အပြစ်၏ ကင်းခြင်းမျှကို ညွှန်ပြသည်ကား မဟုတ်။ ကုသိုလ်မှ အခြားတစ်ပါးလည်း ဖြစ်ကုန်သော ကိလေသာ အပြစ်အနာအဆာ မရှိကြကုန်သော ဝိပါက်အဗျာကတတရား, ကိရိယအဗျာကတတရားတို့သည်လည်း ရှိကြကုန်သေးသည်သာတည်း။ ထိုကြောင့် အနဝဇ္ဇ-ဟူသော စကားမျှဖြင့် ကုသိုလ်တရားတို့သည် အနဝဇ္ဇလက္ခဏာ ရှိကုန်၏ဟု ဤမျှသာ ဆိုလိုက်လျှင် အဗျာကတတရားတို့သည်လည်း ကိလေသာအပြစ် မရှိသောကြောင့် အနဝဇ္ဇ ပင်ဖြစ်ရကား ထိုအဗျာကတတရားတို့သည်လည်း ကုသိုလ်ဖြစ်မှု၌ လျဉ်းပါးဖွယ် = ယုံမှားဖွယ်ရှိသောကြောင့် အဗျာကတတရားတို့၏ ကုသိုလ်၏ အဖြစ်သို့ ရောက်ခြင်းဟူသော အပြစ်ကို မြင်၍ ထိုအပြစ်ကို ပယ်ရှားခြင်းငှာ သုခဝိပါကဟူသော စကားတစ်ရပ်ကို အဋ္ဌကထာဆရာတော်က ထပ်ဆင့်၍ဖွင့်ဆိုရပြန်သည်။ (မူလဋီ၊၁၊၃၁၊၊)

တစ်နည်း --- မဇ္ဈိမပဏ္ဏာသပါဠိတော် ဗာဟိတိကသုတ္တန် (မ၊၂၊၃၁၈။)၌ ဘုရားရှင်၏ ကာယသမာစာရ, ဝစီသမာစာရ, မနောသမာစာရကို အနဝဇ္ဇဟု အရှင်အာနန္ဒာ မထေရ်မြတ်က မိန့်ဆိုထား၏။ ထိုသုတ္တန်၌ --အဝဇ္ဇ-၏ ဆန့်ကျင်ဘက်အနက်ကို အနဝဇ္ဇဟု မဆိုရ၊ မနောသမာစာရတို့တွင် ပဋိပဿဒ္ဓိပဟာနသတ္တိ = အရိယ မဂ်တရားဖြင့် ပယ်ရှားအပ်ပြီးသော ကိလေသာ အပူမီးတို့ကို အငြိမ်းကြီးငြိမ်းအောင် ထပ်၍ ငြှိမ်းသတ်သော သတ္တိဖြင့် ကဲ့ရဲ့ဖွယ် အပြစ်တို့မှ ငြိမ်းပြီးသော အရိယဖိုလ်တရားတည်းဟူသော မနောသမာစာရအထူးကိုလည်းကောင်း, ကဲ့ရဲ့ဖွယ် အပြစ်တို့မှ ကင်းသော သမာစာရသာမည သုံးပါးလုံးကိုလည်းကောင်း အနဝဇ္ဇဟု ဆိုသည်။ ဤ၌-အနဝဇ္ဇကား ထိုဗာဟိတိကသုတ်၌လာသော အနဝဇ္ဇမျိုး မဟုတ်။ အကုသလာ၌ အ (=န)သည် ဆန့်ကျင်ဘက် ပဋိပက္ခ-အနက်ကို ဟောသကဲ့သို့ ဤ-အနဝဇ္ဇ၌ န-သဒ္ဒါသည်လည်း အဝဇ္ဇပဋိပက္ခ = အပြစ်၏ ဆန့်ကျင်ဘက်ဖြစ်သော အနဝဇ္ဇ ဖြစ်၏။ ထိုသို့ အပြစ်ရှိသော အဝဇ္ဇတရားတို့၏ ထိပ်တိုက်ဆန့်ကျင်ဘက် ပဋိပက္ခတရား တို့ကို အနဝဇ္ဇဟု ဆိုသောကြောင့် ပဋိပက္ခ = ဆန့်ကျင်ဘက်တရားမှန်လျှင် ပယ်သတ်အပ်သော တရားသဘော = အပယ်သတ်ခံရသော တရားသဘောနှင့် ပယ်သတ်တတ်သော တရားသဘောသာ ရှိသဖြင့် ထိုအနဝဇ္ဇသဒ္ဒါဖြင့် ကုသိုလ်တရားတို့က အဝဇ္ဇ = အကုသိုလ် အပြစ်တို့ကို ဖျက်ဆီးသတ်ဖြတ်နိုင်သည့် စွမ်းအင်သတ္တိရှိသည်၏ အဖြစ်ကို ပြအပ်ပြီးပင် ဖြစ်တော့သည်။ (မူလဋီ၊၁၊၃၁။)

တစ်ဖန် အနဝဇ္ဇသဒ္ဒါဖြင့် ကုသိုလ်တရားတို့သည် အကုသိုလ်တရားတို့ကို သတ်တတ်သောတရားဟု အဓိပ္ပါယ်ပြပြီးဖြစ်လျှင် ကုသိုလ်အတွက် အကုသိုလ် အဗျာကတတို့နှင့် မဆက်ဆံသော သီးခြားလက္ခဏာကို ပြပြီးဖြစ်သောကြောင့် လိုအပ်သော အနက်ပြည့်စုံပြီး ဖြစ်ပါလျက် အဘယ်အကျိုးငှာ --- သုခဝိပါကလက္ခဏာ ကို ဆိုရပြန်ပါသနည်းဟု မေးဖွယ် ရှိလာပြန်၏။ ---

အကျိုးကို ပေးခြင်း = အကျိုးကို ဖြစ်စေခြင်း ဟူသော သဝိပါက လက္ခဏာသည် အဗျာကတတရားတို့မှ ထူးခြားသော လက္ခဏာ ဖြစ်စေကာမူ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် ဆက်ဆံသော လက္ခဏာ ဖြစ်၏။ ထို လက္ခဏာ၌ ကုသိုလ်၏ သုခဝိပါကလက္ခဏာ = ကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာသည် အကုသိုလ်၏ ဒုက္ခဝိပါကလက္ခဏာ = မကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာမှ ထူး၏။ ထိုအထူးကို ပြခြင်းငှာ သုခဝိပါက-ဟူသော စကားရပ်ကို ကူစွက်ရပြန်ပေသည်။ (မူလဋီ၊၁၊၃၁။)

ကုသိုလ်တရားတို့၏ ကောင်းမြတ်သော ဣဋ္ဌအကျိုးတရားသည်ကား ထင်ရှားနေသည်သာ ဖြစ်၏၊ ထိုကြောင့် ထိုကုသိုလ်တရားတို့သည် သုခဝိပါက = ကောင်းမြတ်သော ဣဋ္ဌအကျိုးရှိသော တရားတို့ မည်ကုန်၏။ အကျိုးပေးနိုင်ခြင်း = အကျိုးကို ဖြစ်စေနိုင်ခြင်းဟူသော ဝိပါကသဘောသည် ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် ဆက်ဆံသော သာမညသဘော ဖြစ်၏။ ထိုကြောင့် --- သုခဝိပါက --- အတွက် ကောင်းသော ဣဋ္ဌအကျိုးရှိ၏ ဟူသော အနက်ကိုသာ တိုက်ရိုက်ရသော်လည်း ထိုသုခဝိပါက သဒ္ဒါက ကောင်းသော ဣဋ္ဌအကျိုးရှိခြင်းမျှကိုသာ ညွှန်ပြသည် မဟုတ်၊ ထိုကောင်းသော ဣဋ္ဌအကျိုးကို ဖြစ်စေနိုင်သောစွမ်းအင် ကမ္မသတ္တိရှိ၏ဟူသော အနက် တိုင်အောင် ညွှန်ပြသည်၊ ဆိုလိုရင်းကား သုခဝိပါကသဒ္ဒါဖြင့် ကုသိုလ်တရားတို့မှာ ဖြစ်ဆဲခဏ၌ပင် နောင်အခါ အကျိုးကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိ ရှိနေသည်ဟူသော အနက်သဘောကို ညွှန်ပြသည်ဟူလို။ (ကုသိုလ် တရားတို့သည် ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်ပျက်သွားသော်လည်း ယင်းစွမ်းအင်ကမ္မသတ္တိကား ရုပ်နာမ် သန္တာန်အစဉ်၌ အကျိုးမပေးရသေးသမျှ များသောအားဖြင့် ပျောက်ပျက်မသွားဘဲ ကြွင်းကျန်လျက်ပင် ရှိပေသည်၊၊) (မူလဋီ၊၁၊၃၁။)

အပြစ်မရှိသော တရားတို့လည်း ဟုတ်၏၊ ထိုအပြစ်မရှိသော တရားတို့ဟူသည် ကောင်းသော အကျိုးရှိသော တရား = ကောင်းသော အကျိုးကို ဖြစ်စေတတ်သော တရားတို့လည်း ဟုတ်၏၊ ထိုနှစ်ပါးသော သတ္တိကြောင့် ကုသိုလ်တရားတို့သည် အနဝဇ္ဇသုခဝိပါကတရားတို့ မည်ကုန်၏။ ထိုကြောင့် ကုသိုလ်တရားတို့သည် အပြစ်မရှိ ကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာ ရှိကုန်၏။

အနဝဇ္ဇဟူသောစကား, သုခဝိပါကဟူသော စကား နှစ်ရပ်တို့တွင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ပဝတ္တိသုခ = ကုသိုလ်တရားတို့၏ ဖြစ်တုန်းဖြစ်ဆဲ အခိုက်မှာပင် ချမ်းသာခြင်းသုခ ရှိမှုသဘောကို ပြ၏။ သုခဝိပါကဟူသော စကားရပ်ဖြင့် ဝိပါကသုခ = ထိုကုသိုလ်က အကျိုးပေးသောအခါ ကောင်းမြတ်သော ဣဋ္ဌအကျိုးကိုပေး၏ဟူသော အနက်သဘောကို ပြ၏။ မှန်ပေသည် -- အနဝဇ္ဇဟူသော စကားရပ်သည် မိမိဟူသော ကုသိုလ်တရား၏ ကိလေသာ အပြစ်အနာအဆာ ကင်းကင်းရှင်းရှင်းဖြင့် ဖြစ်ခြင်း သဘောတရား = ဖြစ်ပေါ်ပုံ သဘာဝ၏ အစွမ်းဖြင့် ကုသိုလ်၏ လက္ခဏာအဖြစ်ကို ညွှန်ပြသော စကားတည်း။ သုခဝိပါကဟူသော စကားရပ်သည် ကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရာ ကာလမှ တစ်ပါးသော နောက်ကာလ၌ ကောင်းမြတ်သော ဣဋ္ဌဝိပါက်အကျိုးတရားကို ဖြစ်စေခြင်း၌ ကုသိုလ် တရား၌ စွမ်းအင် ကမ္မသတ္တိရှိသည်၏ အဖြစ်အားဖြင့် လက္ခဏာ၏ အဖြစ်ကို ပြသော စကားတည်း။ (မူလဋီ၊၁၊၃၁။)

ထို့ပြင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ကုသိုလ်တရားတို့၏ အတ္တသုဒ္ဓိ = မိမိ ကုသိုလ်တရားကိုယ်တိုင်က ကိလေသာ အညစ်အကြေး ကင်းစင်သဖြင့် စင်ကြယ်မှုရှိခြင်းကို ဖော်ပြ၏၊ သုခဝိပါကဟူသော စကားရပ်ဖြင့် ကုသိုလ်တရားတို့၏ စင်ကြယ်သော အကျိုးရှိကုန်သည်၏ အဖြစ်ကို ဖော်ပြ၏။

ထို့ပြင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ကုသိုလ်တရားကို အကုသိုလ်၏ သဘောမှ နစ်စေ၏။ (ကုသိုလ်တရား တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်လာခိုက်ဝယ် ထိုကုသိုလ်စိတ္တုပ္ပါဒ်၌ စိတ်စေတသိက်တို့သည် (၃၄-၃၃-၃၂) စသည်ဖြင့် ပြိုင်တူဖြစ်ကြရာဝယ် ထိုစိတ်စေတသိက်အုပ်စု၌ ရာဂ-စသော ကိလေသာ အပြစ်အနာအဆာ အညစ်အကြေးများသည် လုံးဝ မပါရှိသဖြင့် ကုသိုလ်တရားတို့သည် ဖြစ်ခိုက်၌လည်း အပြစ်ကင်းသော သဘောရှိသောကြောင့် ကုသိုလ်တရားကို အကုသိုလ်သဘောမှ နစ်စေ၏ဟု ဆိုသည်။) သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ဣဋ္ဌဝိပါကဟူသော ကောင်းမြတ်သော အကျိုးရှိသည်၏ အဖြစ်ကို ပြတတ်သောကြောင့် အကျိုးပေးမှုသဘော မရှိသော အဗျာကတသဘောမှလည်း နစ်စေ၏။ (မူလဋီ၊၁၊၃၂။)

တစ်နည်း --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ကုသိုလ်တရားတို့၏ ကိလေသာ အပြစ်အနာအဆာတို့၏ ဆန့်ကျင်ဘက် အဖြစ်ကို ပြခြင်းကြောင့် လုပ်ငန်းကိစ္စ အနက်သဘောရှိသော ရသအားဖြင့် အကုသိုလ်ကို ဖျက်ဆီးခြင်း ကိစ္စရသရှိမှုကို ဖော်ပြ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ပြည့်စုံခြင်း အနက်သဘောရှိသော သမ္ပတ္တိရသအားဖြင့် ကောင်းမြတ်သောအကျိုးနှင့် ပြည့်စုံပုံ သမ္ပတ္တိရသ ရှိမှုကို ဖော်ပြ၏။ (မူလဋီ၊၁၊၃၂။)

ထို့ပြင် --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်လာသော အခြင်းအရာဟူသော ဥပဋ္ဌာနာကာရ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းကုသိုလ်တရား သည် ဖြူစင်သော ဝေါဒါနတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ ရှေးရှူထင်လာမှု ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ရှိမှုကို ဖော်ပြ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် အကျိုး = ဖလ အနက်သဘောရှိသော ပစ္စုပဋ္ဌာန် အားဖြင့် ယင်းကုသိုလ်တရားတို့၏ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးရှိမှု = ဖလပစ္စုပဋ္ဌာန်ကို ဖော်ပြ၏။ (မူလဋီ၊၁၊၃၂။)

ထို့ပြင် --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ယောနိသောမနသိကာရ = နှလုံးသွင်းမှန်မှုဟူသော ကုသိုလ် တရားတို့၏ အနီးကပ်ဆုံးသော အကြောင်း = ပဒဋ္ဌာန်ကို ထင်ရှားစွာ ဖော်ပြ၏။ ထို ယောနိသောမနသိကာရ ဟူသော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းမှုကြောင့်ပင် ထိုကုသိုလ်တရားတို့သည် အပြစ်မရှိသော ကိလေသာ အပြစ် ကင်းသော တရားတို့ ဖြစ်ကြရ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ကုသိုလ်တရားတို့က အခြားသော ကုသလဝိပါက်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ဖြစ်မှုကို ဖော်ပြ၏။ မှန်ပေသည် --- ထိုကုသိုလ်တရားတို့သည် ကောင်းမြတ်သော ဝိပါက်အကျိုးတရားတို့၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ (မူလဋီ၊၁၊၃၂။) ထိုကြောင့် အနဝဇ္ဇဟူသော စကားရပ် သုခဝိပါကဟူသော စကားရပ် --- ဤစကား နှစ်ရပ်တို့ဖြင့် ကုသိုလ်၏ သဘာဝလက္ခဏာကို အဋ္ဌကထာဆရာတော်က ညွှန်ပြ ဖွင့်ဆိုတော်မူရသည်ဟု မှတ်ပါ။

အဋ္ဌကထာဝယ် ကုသိုလ်၏ လက္ခဏ-ရသ စသည်ကို (၂)နည်း ဖွင့်ဆိုရာဝယ် နောက်နည်း၌ လက္ခဏအရ အနဝဇ္ဇလက္ခဏာ တစ်ခုတည်းကိုသာ ဖော်ပြ၍ သုခဝိပါကကို --- ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ = ကောင်းမြတ်သော ဣဋ္ဌအကျိုးတရားရှိမှု သဘောတရားဟု ဖလပစ္စုပဋ္ဌာန်အဖြစ်ဖြင့် ပြဆိုထားပေသည်။ ပထမနည်း၌ ရသဝယ် အကုသလဝိဒ္ဓံသနရသံ = အကုသိုလ်ကို ဖျက်ဆီးခြင်းရသမှာ ကုသိုလ်၏ ကိစ္စရသ ဖြစ်၏။ ဒုတိယနည်း၌ ဝေါဒါနဘာဝရသံ = ဖြူစင်သည်၏ အဖြစ်ဟူသော ရသမှာ သမ္ပတ္တိရသ ဖြစ်၏။ ကိစ္စရသကြောင့် ရရှိလာသော ပြည့်စုံ လာသော ဂုဏ်တစ်မျိုးပင် ဖြစ်သည်။

၁၃။ ဇော - အကုသိုလ်ဇော

ကိလေသာတုရတာယ အနာရောဂျဋ္ဌေန ကိလေသဝဇ္ဇသဗ္ဘာဝတော သာဝဇ္ဇဋ္ဌေန အဝိဇ္ဇာသမ္ဘူတတာယ အကောသလျသမ္ဘူတဋ္ဌေန အကုသလန္တိ စ ---

၁။ သာဝဇ္ဇဒုက္ခဝိပါကလက္ခဏံ အကုသလံ၊

၂။ အနတ္ထဇနနရသံ၊

၃။ သံကိလေသပစ္စုပဋ္ဌာနံ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။

၁။ ဂါရယှဘာဝတော ဝါ သာဝဇ္ဇလက္ခဏံ၊

၂။ သံကိလေသဘာဝရသံ၊

၃။ အနိဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အနုဋီ၊၁၊၁၂၆။)

၁။ အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသော အကျိုးရှိခြင်းသဘော လက္ခဏ၊

၂။ အကျိုးမဲ့ကို ဖြစ်စေခြင်း = မကောင်းကျိုးကို ဖြစ်စေခြင်း (ကိစ္စ) ရသ၊

၃။ စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ပဒဋ္ဌာန်။

တစ်နည်း --- အကုသိုလ်တရားတို့သည် စင်စစ် ကဲ့ရဲ့ထိုက်သောကြောင့် ---

၁။ အပြစ်နှင့်တကွ ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ စိတ်အစဉ် ညစ်နွမ်းသည်၏ အဖြစ်နှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊

၃။ မကောင်းသော အနိဋ္ဌဝိပါက အကျိုးရှိမှု (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ပဒဋ္ဌာန်။

ကိလေသာတည်းဟူသော ထိုးကျင့်ကိုက်ခဲမှု ရှိနေသည့်အတွက်ကြောင့် အကုသိုလ်တရားတို့သည် အနာ ရောဂါ မကင်းသည့် ကိလေသာအနာရောဂါ ထင်ရှားရှိနေသည့် တရားတို့ ဖြစ်ကြ၏။ အနာရောဂျတရားတို့ ဖြစ်ကြ၏။ ကိလေသာ အပြစ်အနာအဆာများ ထင်ရှားရှိနေသော သဘောတရားများ ဖြစ်ခြင်းကြောင့် သာဝဇ္ဇ တရားတို့လည်း ဖြစ်ကြ၏။ ကုသိုလ်အရာ၌ ပညာသည် ကောသလ္လတရား ဖြစ်သကဲ့သို့ အကုသိုလ်အရာ၌ အဝိဇ္ဇာ = မောဟသည် အကောသလ္လတရား ဖြစ်၏။ အဝိဇ္ဇာသည် အကုသိုလ်တရားတို့၏ အရင်းအမြစ် မူလတရား တစ်ခု ဖြစ်၏။ အခြေခံအကျဆုံးသော အကြောင်းရင်း ဖြစ်၏။ ထိုကြောင့် အကုသိုလ်တရားတို့သည် အကောသလ္လ မည်သော အဝိဇ္ဇာကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော အကောသလ္လတရားတို့လည်း ဖြစ်ကြ၏။

ကိလေသာတည်းဟူသော ထိုးကျင့်ကိုက်ခဲမှု ရှိနေသည့်အတွက် ကိလေသာ အနာရောဂါ ထင်ရှားရှိနေသော သဘောတရား ဖြစ်ခြင်းကြောင့်လည်းကောင်း, ကိလေသာ အပြစ်အနာအဆာ ထင်ရှားရှိနေသည့် သဘောတရား ဖြစ်သည့်အတွက် အပြစ်နှင့်တကွ ဖြစ်သော သာဝဇ္ဇသဘောတရား ဖြစ်ခြင်းကြောင့်လည်းကောင်း, မလိမ္မာသည့် အကောသလ္လ အမည်ရသော အဝိဇ္ဇာကြောင့် ထင်ရှားဖြစ်ပေါ်လာရသည့်အတွက် အကောသလ္လတရားကြောင့် ထင်ရှားဖြစ်ရခြင်းဟူသော အနက်သဘောကြောင့်လည်းကောင်း အကုသိုလ် မည်၏။

သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာတိ ဧတ္ထ စ ဝုတ္တဝိဓိအနုသာရေန အတ္ထော စ ယောဇနာ စ ယထာသမ္ဘဝံ ဝေဒိတဗ္ဗာ။ (မူလဋီ၊၁၊၃၂။)

အကုသိုလ်၏ လက္ခဏာကို ပြဆိုရာ၌ ကုသိုလ်ဝယ် ဆိုအပ်ပြီးသော အစီအစဉ်ကို အစဉ်လိုက်၍ အနက် အဓိပ္ပါယ်ကိုလည်းကောင်း, အနက်အဓိပ္ပါယ် ယှဉ်စပ်ပုံ ယောဇနာကိုလည်းကောင်း သိရှိပါလေ --- ဟု အထက်ပါ အတိုင်း မူလဋီကာဆရာတော်က အမိန့်ရှိထား၏။ ထိုသို့ မိန့်ဆိုရာ၌ ယထာသမ္ဘဝံ = ဖြစ်သင့်သည့်အားလျော်စွာဟု မိန့်ဆိုထားတော်မူသောကြောင့် ဖြစ်သင့်သလို အနက်အဓိပ္ပါယ် ယှဉ်တွဲပုံကို (အနုဋီကာ၊၁၊၃၁-၃၂။)တို့၌ ဖော်ပြ ထားသည်။

သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ အကုသလာ။ (အဘိ၊ဋ္ဌ၊၁၊၈၂။)

အကုသိုလ်တရားတို့သည် အပြစ်နှင့်တကွ ဖြစ်ခြင်း, မကောင်းသော အကျိုးရှိခြင်း = မကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာရှိကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတော်မူ၏။ ထိုတွင် သာဝဇ္ဇ --- ဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ ကဲ့ရဲ့ထိုက်သည့် ရာဂစသော ကိလေသာအပြစ် ရှိမှုသဘောကို ညွှန်ပြ၏။ အကုသိုလ်မှ တစ်ပါးကုန်သော အခြားအခြားဖြစ်ကုန်သော အကုသိုလ်၏ အကျိုးဝိပါက် အဗျာကတ တရားတို့သည်လည်း ရှိကြ၏၊ ထိုအကုသလဝိပါက် အဗျာကတတရားတို့သည်လည်း မကောင်းသော အလိုမရှိအပ် သော အနိဋ္ဌအကျိုးတရားတို့သာ ဖြစ်ရကား ကဲ့ရဲ့ထိုက်သော သဘောများသာ ဖြစ်ကြသောကြောင့် --- အကယ်၍ အကုသိုလ်တရားတို့၏ သဘာဝလက္ခဏာကို ဖော်ပြရာ၌ သာဝဇ္ဇ စကားရပ်တစ်ခု သက်သက်မျှဖြင့်သာ ဖော်ပြ ခဲ့လျှင် ထိုအကုသလဝိပါက် အဗျာကတတရားတို့၏လည်း အကုသိုလ်အဖြစ်သို့ ရောက်ဖွယ်ရာ အပြစ်ဒေါသကို မြင်တော်မူ၍ ထိုအပြစ်ကို ရှောင်လွှဲဖို့ရန်အတွက် အဋ္ဌကထာဆရာတော်သည် ဒုက္ခဝိပါကဟူသော နောက်စကားရပ်ကိုလည်း ထပ်မံ ဖွင့်ဆိုတော်မူရပြန်သည်။ (အနုဋီ၊၁၊၃၁။)

တစ်နည်း --- သာဝဇ္ဇ၌ အဝဇ္ဇ သဒ္ဒါသည် ရာဂ အစရှိကုန်သော ဧကန် အကုသိုလ်တရားတို့၌သာ ထင်၏။ ထိုကြောင့် ထိုရာဂစသော တရားတို့နှင့် အတူဖြစ်ကြကုန်သော တရားတို့သည်သာလျှင် သာဝဇ္ဇ = အပြစ်ရှိသော တရားတို့ ဖြစ်ကြ၏။ ယင်းသို့ဖြစ်သော်လည်း ကုသိုလ်အဗျာကတတရားတို့မှ အကုသိုလ်တရားတို့၏ ထူးခြားမှုကို သာဝဇ္ဇဟူသော စကားရပ်ဖြင့်ပင်လျှင် ပြပြီးဖြစ်၏၊ ထိုသို့ပင်ဖြစ်သော်လည်း အဗျာကတတရားတို့မှ ထူးခြားသော ကုသိုလ် အကုသိုလ်တရားတို့၏ ကုသိုလ် အကုသိုလ် နှစ်ခုလုံးနှင့် ဆက်ဆံသော သဝိပါကတာလက္ခဏာ = အကျိုးရှိခြင်း = အကျိုးကိုဖြစ်စေခြင်း သဘောလက္ခဏာရှိသောကြောင့် ထိုလက္ခဏာ၌ ကုသိုလ်တရားနှင့် အကုသိုလ်တရားတို့၏ မတူကွဲပြားမှု ထူးခြားမှုကို ဖော်ပြခြင်းငှာ ဒုက္ခဝိပါကလက္ခဏံ = မကောင်းသောအကျိုးရှိခြင်း = မကောင်းသောအကျိုးကိုပေးခြင်း သဘောလက္ခဏာရှိကြောင်းကို ထပ်လောင်း၍ ဖွင့်ဆိုတော်မူရပြန်ပေသည်။ (အနုဋီ၊၁၊၃၁။)

ဤ၌ --- ဒုက္ခဝိပါက --- အတွက် မကောင်းသော အနိဋ္ဌအကျိုးရှိ၏ --- ဟူသော အနက်ကိုသာ တိုက်ရိုက် ရသော်လည်း ထိုဒုက္ခဝိပါက သဒ္ဒါက မကောင်းသော အကျိုးရှိခြင်းမျှကိုသာ ညွှန်ပြသည် မဟုတ်၊ ထိုမကောင်းသော အနိဋ္ဌအကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိသည် အကုသိုလ်တရား၌ ထင်ရှားရှိ၏ဟူသော အနက်တိုင်အောင် ညွှန်ပြသည်။ ဆိုလိုရင်းကား ဒုက္ခဝိပါက သဒ္ဒါဖြင့် --- အကုသိုလ်တရားတို့မှာ ဖြစ်ဆဲခဏ၌ပင် နောင်အခါ မကောင်းသော အနိဋ္ဌအကျိုးကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိသည် ထင်ရှားရှိနေသည် ဟူသော အနက်သဘောကို ညွှန်ပြသည် ဟူလို။

သတိ သံသာရပ္ပဝတ္တိယာ အဟောသိကမ္မံ နာမ န ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)

အပရာပရိယဝေဒနိယကံ အမည်ရသော အလယ်ဇော (၅)တန်တို့၏ စွမ်းအင်ကမ္မသတ္တိကား သံသရာခရီး၌ ဆက်လက်ဖြစ်ရခြင်းသည် ထင်ရှားရှိခဲ့ပါမူ အကျိုးကို မဖြစ်စေနိုင်သည့် အဟောသိကံမည်သည် မဖြစ်စကောင်းပေ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)

အနက်အဓိပ္ပါယ် ယှဉ်စပ် ယောဇနာပုံ

သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာဟူသော စကားရပ်ဝယ် သာဝဇ္ဇဟူသော ေ့ရှစကားရပ်ဖြင့် အကုသိုလ်တရား တို့၏ ဖြစ်တုန်းဖြစ်ဆဲ အခိုက်မှာပင် ဒုက္ခရှိမှုသဘောကို ညွှန်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် ထိုအကုသိုလ်က အကျိုးပေးသောအခါ ကာယိကဒုက္ခ စေတသိကဒုက္ခဟူသော ဆင်းရဲသည့် မကောင်းကျိုးကို ပေး၏ဟူသော အနက်သဘောကို ညွှန်ပြ၏။ (ပါဏာတိပါတစသော ထိုထို ဒုစရိုက်ကို လွန်ကျူးဆဲခဏ၌ ကာယိ ကဒုက္ခ စေတသိကဒုက္ခ ဖြစ်ပုံကိုလည်းကောင်း, ထိုအကုသိုလ်ကံက အကျိုးပေးသောအခါ အပါယ်ဝဋ်ဆင်းရဲ ဒုက္ခ အစရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ရရှိနိုင်ပုံကိုလည်းကောင်း မြော်ခေါ်လေ။) (အနုဋီ၊၁၊၃၂။)

မှန်ပေသည် --- သာဝဇ္ဇဟူသော ရှေးစကားရပ်သည် မိမိဟူသော အကုသိုလ်တရား၏ ဖြစ်ခြင်းသဘော = ဖြစ်ပေါ်ပုံ သဘောတရား၏ အစွမ်းဖြင့် လက္ခဏာကိုပြကြောင်း စကားဖြစ်၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်သည် အကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရာကာလမှ တစ်ပါးသော နောက်ကာလ၌ မကောင်းသော အနိဋ္ဌဝိပါက် အကျိုး တရားကို ဖြစ်စေခြင်း၌ အကုသိုလ်တရားဝယ် စွမ်းအင် ကမ္မသတ္တိရှိမှု လက္ခဏာကို ပြသော စကားရပ် ဖြစ်သည်။ (အနုဋီ၊၁၊၃၂။)

ထို့ပြင် သာဝဇ္ဇဟူသော ပထမစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ အဝိသုဒ္ဓဘာဝ = မစင်ကြယ်သော သဘာဝရှိမှုကို ဖော်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် အဝိသုဒ္ဓဝိပါက = မစင်ကြယ်သော အကျိုး ဝိပါက်ရှိမှုကို ဖော်ပြ၏။

ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့ကို ကုသိုလ်၏သဘောမှ နစ်စေ၏။ အကုသိုလ်တရားတို့ ဖြစ်ခိုက်၌ ထိုအကုသိုလ်စိတ္တုပ္ပါဒ်ဝယ် သောဘဏ အမည်ရသော တင့်တယ်ကောင်းမြတ်သော စိတ်တို့နှင့် ယှဉ်တွဲဖြစ်လေ့ရှိသော သောဘဏ အမည်ရသော အကောင်းစေတသိက်များသည် မပါဝင်နိုင်ကြပေ။ ကုသိုလ်တရားနှင့် အကုသိုလ်တရားတို့သည် စိတ္တက္ခဏ တစ်ခုအတွင်း၌လည်းကောင်း, ဝီထိစဉ် တစ်ခုအတွင်း၌ လည်းကောင်း ပြိုင်တူ ဖြစ်ရိုးဓမ္မတာလည်း မရှိကြ။ အကုသိုလ်ဖြစ်ခိုက် ယင်းအကုသိုလ်စိတ်ဝယ် အပြစ်ကင်းလတ် ဖြူစင်ကောင်းမြတ်သော အလောဘ အဒေါသ အမောဟစသော ကုသိုလ်သဘောတရားများ မပါဝင်နိုင်ကြပေ။ ထိုကြောင့် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့ကို ကုသိုလ်၏သဘောမှ နစ်စေ၏ဟု ဆိုသည်။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် ဒုက္ခဝိပါကဟူသော ဆင်းရဲသော အကျိုးရှိမှုကို ဖော်ပြသောကြောင့် အကုသိုလ်တရား၏ အကျိုးပေးမှုသဘော မရှိသော အဗျာကတ သဘောမှလည်း နစ်စေ၏။ သောဘဏ စေတသိက်တို့သည် အချို့ အချို့သော ဝိပါက်ကြိယာ အဗျာကတတရားတို့၌လည်း ယှဉ်တွဲ၍ ဖြစ်လေ့ရှိကြ၏။ သို့သော် အဗျာကတတရားတို့ကား သောဘဏစေတသိက်များနှင့် ယှဉ်တွဲဖြစ်တတ်သော်လည်း အကျိုးကို ဖြစ်စေခြင်းသဘော မရှိပေ။ (အနုဋီ၊၁၊၃၂။)

ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်

တစ်နည်း --- သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ ကိလေသာ အပြစ်အနာအဆာများ ရှိမှုကို ထင်ရှားဖော်ပြခြင်းကြောင့် လုပ်ငန်းကိစ္စ အနက်သဘောရှိသော ရသအားဖြင့် အကျိုးမဲ့ကိုဖြစ်စေမှု ကိစ္စရသ ရှိမှုကို ထင်ရှားပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် သမ္ပတ္တိ အနက်သဘောရှိသော ရသအားဖြင့် အနိဋ္ဌဝိပါကဟူသော အလိုမရှိအပ် မနှစ်သက်အပ်သော မကောင်းသောအကျိုး ဆင်းရဲသောအကျိုးနှင့် ပြည့်စုံပုံ သမ္ပတ္တိရသ ရှိမှုကို ဖော်ပြ၏။ (အနုဋီ၊၁၊၃၂။)

ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်လာသော အခြင်းအရာဟူသော ဥပဋ္ဌာနာကာရ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းအကုသိုလ်တရား သည် စိတ်အစဉ်ကို ညစ်ညူးစေတတ် ညစ်နွမ်းစေတတ်သော ညစ်ညူးကြောင်း သံကိလေသတရားဟု ယောဂီတို့၏ ဉာဏ်အား ရှေးရှူထင်လာမှု ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန် ရှိမှုကို ဖော်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကား ရပ်ဖြင့် အကျိုး = ဖလ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းအကုသိုလ်တရားတို့၏ ဒုက္ခဝိပါက = မကောင်းသော ဆင်းရဲသော အကျိုးရှိမှု ဖလပစ္စုပဋ္ဌာန်ကို ဖော်ပြ၏။ (အနုဋီ၊၁၊၃၂။)

ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အယောနိသောမနသိကာရ = နှလုံးသွင်းမှားမှုဟူသော အကုသိုလ် တရားတို့၏ နီးစွာသောအကြောင်း ပဒဋ္ဌာန်ကို ထင်ရှားစွာ ဖော်ပြ၏။ ထိုနှလုံးသွင်းမှားမှု အယောနိသောမနသိကာရကြောင့်ပင် ထိုအကုသိုလ်တရားတို့သည် အပြစ်ရှိသော အကုသိုလ်တရားတို့ ဖြစ်ကြရ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် အကုသိုလ်တရားတို့က အခြားသော အကုသလဝိပါက် အကျိုးတရားတို့၏ နီးစွာသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်မှုကို ထင်ရှားစွာ ဖော်ပြ၏။ အကြောင်းမူ ထိုအကုသိုလ်တရားတို့သည် ဒုက္ခဝိပါက = မကောင်းသောအကျိုးတရား = ဆင်းရဲသော အကျိုးတရား၏ အကြောင်းတရားပင် ဖြစ်ကြသည်။ ထိုကြောင့် အဋ္ဌကထာဆရာတော်သည် အကုသလ = အကုသိုလ်၏ သဘာဝလက္ခဏာကို ဖွင့်ဆိုရာ၌ သာဝဇ္ဇဟူသော စကားရပ်, ဒုက္ခဝိပါကဟူသော စကားရပ် ဤစကား နှစ်ရပ်တို့ဖြင့် ဖွင့်ဆို ပြသတော်မူခြင်း ဖြစ်ပေသည်။ (အနုဋီ၊၁၊၃၂။)

ပစ္စုပဋ္ဌာန် ရှုကွက်

ဤအထက်ပါ အကုသိုလ်တရားတို့၏ ဣဋ္ဌဝိပါက ပစ္စုပဋ္ဌာန် = အလိုရှိအပ် ကောင်းမြတ်သော အကျိုး တရားရှိမှု ဖလပစ္စုပဋ္ဌာန်, အကုသိုလ်တရားတို့၏ အနိဋ္ဌဝိပါက ပစ္စုပဋ္ဌာန် = အလိုမရှိအပ်သော ဆင်းရဲသော အကျိုးတရားရှိမှု ဖလပစ္စုပဋ္ဌာန် --- ဤပစ္စုပဋ္ဌာန် ရှုကွက်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် အသင်သူတော်ကောင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ဒေသအားဖြင့် ရထားပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကုသိုလ်ကံကြောင့် ကောင်းသောအကျိုးတရားများ ရရှိပုံကိုလည်းကောင်း, အကုသိုလ်ကံကြောင့် အပါယ်ပဋိသန္ဓေစသည့် မကောင်းသောအကျိုးတရားများ အတိတ်ဘဝထိုထို၌ ရရှိခဲ့ပုံကိုလည်းကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ သဘောကျနိုင်မည့် ကျေနပ်လက်ခံနိုင်မည့် အရာဌာနမျိုးပင် ဖြစ်သည်။ ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ပိုင်းမျှ ရရှိထားပြီးဖြစ်ပါမှ ဤဖလပစ္စုပဋ္ဌာန် ကိုလည်း ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်အောင် သိမ်းဆည်း ရှုပွားနိုင်မည် ဖြစ်ပေသည်။ ဤကဲ့သို့သော အကြောင်းအရာ အချို့ကို ငဲ့ကွက်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပစ္စယပရိဂ္ဂဟဉာဏ် တစ်စိတ်တစ်ဒေသ ရရှိထားပြီးသည့် နောက်ပိုင်း၌ ရှုရန် ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

လက္ခဏနှင့် ရသ

စိတ်အားလုံးသည် အာရုံကိုသိမှု အာရုံကိုရယူမှု ဝိဇာနန သဘောလက္ခဏာ ရှိကြသည်ချည်းသာ ဖြစ်ကြ၏။ ကုသိုလ်ဇောစိတ်, အကုသိုလ်ဇောစိတ်တို့သည်လည်း အာရုံကိုသိမှု အာရုံကိုရယူမှု သဘောလက္ခဏာ ရှိကြသည် သာ ဖြစ်ကြ၏။ သို့သော် အခြားအခြားသော ဝိညာဏ်တို့ထက် ထူးကဲသောစွမ်းအင် ကမ္မသတ္တိထူးရှိသော သဘာဝ လက္ခဏာကို ထင်ရှားဖော်ပြလို၍သာ အထက်ပါအတိုင်း ကုသိုလ် အကုသိုလ်ဝိညာဏ်တို့၏ သဘာဝလက္ခဏာ များကို ဖွင့်ဆိုထားသည်ဟု မှတ်ပါ။

အာရမ္မဏေန ပန ပသာဒေ ဃဋ္ဋိတေ တွံ အာဝဇ္ဇနံ နာမ ဟောဟိ။ ပ ။ တွံ ဇဝနံ နာမ ဟောဟီတိ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ နတ္ထိ။ အတ္တနော အတ္တနော ပန ဓမ္မတာယ ဧဝ အာရမ္မဏေန ပသာဒဿ ဃဋ္ဋိတကာလတော ပဋ္ဌာယ ကိရိယမနောဓာတုစိတ္တံ ဘဝင်္ဂံ အာဝဋ္ဋေတိ၊ စက္ခုဝိညာဏံ ဒဿနကိစ္စံ သာဓေတိ၊ ဝိပါကမနောဓာတု သမ္ပဋိစ္ဆနကိစ္စံ သာဓေတိ၊ ဝိပါကမနောဝိညာဏဓာတု သန္တီရဏကိစ္စံ သာဓေတိ၊ ကိရိယမနောဝိညာဏဓာတု ဝေါဋ္ဌဗ္ဗနကိစ္စံ သာဓေတိ၊ ဇဝနံ အာရမ္မဏရသံ အနုဘဝတီတိ အယံ စိတ္တနိယာမော နာမ။ (အဘိ၊ဋ္ဌ၊၁၊၃၁၄။)

ဧကန္တေန ပန အာရမ္မဏရသံ ဇဝနမေဝ အနုဘဝတိ။ (အဘိ၊ဋ္ဌ၊၁၊၃၁၂။)

ပရမတ္ထသစ္စာနယ်၌ --- သင်က ဘဝင်မည်သောစိတ် ဖြစ်လော၊ သင်က အာဝဇ္ဇန်းမည်သောစိတ် ဖြစ်လော၊ သင်က ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်မည်သောစိတ် ဖြစ်လော၊ သင်က သမ္ပဋိစ္ဆိုင်းမည်သောစိတ် ဖြစ် လော၊ သင်က သန္တီရဏမည်သောစိတ် ဖြစ်လော၊ သင်က ဝုဋ္ဌောမည်သောစိတ် ဖြစ်လော၊ သင်က ဇောမည်သော စိတ် ဖြစ်လော၊ ဤသို့ တစ်စုံတစ်ယောက်သော ကိုယ်တိုင် ပြုစီမံတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း, သူတစ်ပါးကို ပြုလုပ်စေတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိပေ။ (အဘိ၊ဋ္ဌ၊၁၊၃၁၂။)

ဆိုင်ရာအာရုံသည် ဆိုင်ရာပသာဒကို ထိခိုက်အပ်သော် သင်က အာဝဇ္ဇန်းမည်သည် ဖြစ်လော။ ပ ။ သင်က ဇောမည်သည် ဖြစ်လော ဤသို့လျှင် တစ်စုံတစ်ယောက်သော ကိုယ်တိုင်ပြုလုပ်သူသည်လည်းကောင်း, သူတစ်ပါးကို ပြုလုပ်စေတတ်သူသည်လည်းကောင်း မရှိပေ။ အလျော်အားဖြင့် ဆိုရမူ --- မိမိ၏ ထုံးစံ ဓမ္မတာ အားဖြင့်လျှင် အာရုံက ပသာဒကို ထိခိုက်မိရာအခါမှစ၍ ကိရိယမနောဓာတ် = ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဘဝင်ကို လည်စေ၏၊ စက္ခုဝိညာဏ်သည် မြင်ခြင်းကိစ္စ = ဒဿနကိစ္စကို ပြီးစေ၏။ ဝိပါက်မနောဓာတ်သည် အာရုံကို လက်ခံခြင်း = သမ္ပဋိစ္ဆိုင်းကိစ္စကို ပြီးစေ၏၊ ဝိပါက်မနောဝိညာဏဓာတ်သည် အာရုံကို စူးစမ်းခြင်း = သန္တီရဏကိစ္စ ကို ပြီးစေ၏။ ကိရိယမနောဝိညာဏဓာတ်သည် (= မနောဒွါရာဝဇ္ဇန်းစိတ်သည်) အာရုံကို (ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ခြင်း ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စကို ပြီးစေ၏၊ ဇောသည် အာရုံ၏ အရသာကို ခံစား၏။ ဤကား စိတ္တနိယာမ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၄။)

ဧကန်အားဖြင့် အာရုံ၏ အရသာကို ဇောကသာလျှင် ခံစားနိုင်၏။ စက္ခုဝိညာဏ်စသော ဝိပါက်စိတ်တို့သည် ကုသိုလ် အကုသိုလ်တို့၏ သုခ, ဒုက္ခ = ကောင်းကျိုး ဆိုးကျိုးမျှသာဖြစ်၍, ဣဋ္ဌ အနိဋ္ဌ အာရုံကို ဣဋ္ဌပဲ အနိဋ္ဌပဲဟု ပိုင်ပိုင်နိုင်နိုင် ခွဲခြားမှု မပြုတတ်ကြပေ။ ဇောသည်သာလျှင် ရဇ္ဇန = တပ်မက်စရာ အာရုံ၌ တပ်မက်မှု, ဝိရဇ္ဇန = မတပ်မက်စရာ အာရုံ၌ မတပ်မက်မှု စသည်ကို ပြုသောအားဖြင့် ဣဋ္ဌ အနိဋ္ဌစသည့် ခွဲခြားမှုကို ပြုတတ်၏၊ ထိုကြောင့် ဇောသည်သာလျှင် ဧကန်အားဖြင့် အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် ခံစားနိုင်၏။ ယင်းဇောတို့တွင် လည်း ပဉ္စဒွါရိကဇောတို့သည် ပဉ္စာရုံတို့နှင့် ရှေးရှူရင်ဆိုင် ကျရောက်ရုံမျှသဘောသာ ဖြစ်ကြသဖြင့် မနောဒွါရိက ဇောများလောက် အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် မခံစားနိုင်ကြပေ။ မနောဒွါရိကဇောတို့ကသာလျှင် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချလျက် ပို၍ ပိုင်ပိုင်နိုင်နိုင် အာရုံ၏ အရသာကို ခံစားနိုင်ကြ၏၊ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် အာရုံ၏ အရသာကို ခံစားနိုင်ကြ၏၊ ခံစားခြင်းကိစ္စကို ရွက်ဆောင်နိုင်ကြ၏။ ယင်းသို့ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် အာရုံ၏ အရသာကို ခံစားခြင်းကိစ္စကို ဇဝနကိစ္စဟု ခေါ်ဆို၏။ ကုသိုလ်ဇော အကုသိုလ်ဇောတို့သည် ယင်းဇဝနကိစ္စကိုလည်း ရွက်ဆောင် နိုင်ကြသည်သာ ဖြစ်၏။ ဝိညာဏ်တို့၏ သို့မဟုတ် နာမ်တရားတို့၏ လုပ်ငန်းကိစ္စ (၁၄)မျိုးတို့တွင် ဇဝနကိစ္စလည်း ပါဝင်လျက်ပင် ရှိ၏။ ထိုကုသိုလ်တရား အကုသိုလ်တရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌လည်း ယင်းဇောများသည် အာရုံ၏ အရသာကို အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် သုံးဆောင်ခံစားတတ်သော သဘောတရားဟု ထင်လာနိုင်သည်သာ ဖြစ်ပေသည်။

ပဒဋ္ဌာန် --- ပဉ္စဒွါရဝီထိများ၌ ဝုဋ္ဌောနာမ်တရား (၁၂)လုံး, မနောဒွါရဝီထိများ၌ မနောဒွါရဝဇ္ဇန်းနာမ်တရား (၁၂)လုံးကိုပင် ယောနိသောမနသိကာရဟုလည်းကောင်း, အယောနိသောမနသိကာရဟုလည်းကောင်း ခေါ်ဆို၏။ ပဒဋ္ဌာန်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယောနိသောမနသိကာရ အမည်ရသော ယင်းနာမ်တရား (၁၂)လုံး ကြောင့် ကုသိုလ်တရား ဖြစ်ပုံကိုလည်းကောင်း, အယောနိသောမနသိကာရ အမည်ရသော ယင်းနာမ်တရား (၁၂)လုံးကြောင့် အကုသိုလ်တရား ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

အထက်ပါ ကုသိုလ်တရား သို့မဟုတ် အကုသိုလ်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာယတနအလိုက် ဖြစ်ပေါ်နေကြကုန်သော ကုသိုလ်တရား သို့မဟုတ် အကုသိုလ်တရားတို့တွင် မိမိ သိမ်းဆည်းလိုသော ဇောနာမ်တရားစုမှ အသိစိတ် ဝိညာဏ်ကို ရွေးထုတ်၍ ရှုပါ။

ပဉ္စဒွါရိကဇော

ပဉ္စဒွါရဝီထိများ၌ ဝုဋ္ဌောနာမ်တရားစုကို ယောနိသောမနသိကာရ, သို့မဟုတ် အယောနိသောမနသိကာရဟု ဆိုရခြင်းမှာ ပဓာနနည်းတည်း။ ပဉ္စဒွါရဝီထိများ၌ ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရားစုတို့သည်လည်း ကုသိုလ်ဇောဖြစ်ဖို့ရန် သို့မဟုတ် အကုသိုလ်ဇောဖြစ်ဖို့ရန် အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။ အောက်ပါ အဋ္ဌကထာစကားရပ်ကို ဖတ်ရှုကြည့်ပါ။

ဣဒံ ပန ဇဝနံ ကုသလတ္ထာယ ဝါ အကုသလတ္ထာယ ဝါ ကော နိယာမေတီတိ? အာဝဇ္ဇနဉ္စေဝ ဝေါဋ္ဌဗ္ဗနဉ္စ။ အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန ယောနိသော ဝဝတ္ထာပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိ အဋ္ဌာနမေတံ။ အာဝဇ္ဇနေန အယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန အယောနိသော ဝဝတ္ထာပိတေ ဇဝနံ ကုသလံ ဘဝိဿတီတိပိ အဋ္ဌာနမေတံ။ ဥဘယေန ပန ယောနိသော အာဝဋ္ဋိတေ, ဝဝတ္ထာပိတေ စ ဇဝနံ ကုသလံ ဟောတိ၊ အယောနိသော အကုသလန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဤဇောကို ကုသိုလ်ဇော စောဖို့ရန်သော်လည်းကောင်း, အကုသိုလ်ဇော စောဖို့ရန်သော်လည်းကောင်း အဘယ်တရားက မြဲစေပါသနည်း၊ အဘယ်တရားက ကုသိုလ်ဖြစ်စေ, သို့မဟုတ် အကုသိုလ်ဖြစ်စေဟု အမြဲ သတ်မှတ် ဆုံးဖြတ်ချက် ချမှတ်ပေးပါသနည်း?

ပဉ္စဒွါရာဝဇ္ဇန်းသည်လည်းကောင်း ဝုဋ္ဌောသည်လည်းကောင်း မြဲစေ၏။ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ဟု အမြဲသတ်မှတ် ဆုံးဖြတ်ချက် ချမှတ်ပေး၏။

မှန်ပေသည် -- ပဉ္စဒွါရာဝဇ္ဇန်းက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းအားဖြင့် နည်းမှန်လမ်းမှန် ဘဝင်ကို လည်စေအပ်သည်ရှိသော်, ဝုဋ္ဌောက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းအားဖြင့် အာရုံကို ပိုင်းခြားသတ်မှတ် အပ်သည်ရှိသော် ဇောသည် အကုသိုလ်ဇော ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည် သင့်သောအကြောင်း မဟုတ်။ ပဉ္စဒွါရာဝဇ္ဇန်းက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှားလမ်းမှား ဘဝင်ကို လည်စေ အပ်သည်ရှိသော်, ဝုဋ္ဌောက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှားလမ်းမှား အာရုံကို ပိုင်းခြားသတ်မှတ်အပ်သော် ဇောသည် ကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည်လည်း သင့်သောအကြောင်း မဟုတ်ပေ။ အလျော်အားဖြင့် ဆိုရမူ -- ပဉ္စဒွါရာဝဇ္ဇန်း-ဝုဋ္ဌော နှစ်မျိုးလုံးက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်း အားဖြင့် နည်းမှန်လမ်းမှန် ဘဝင်ကိုလည်စေအပ်သော်လည်းကောင်း, အာရုံကို ပိုင်းခြား သတ်မှတ်အပ်သော် လည်းကောင်း ဇောသည် ကုသိုလ်ဖြစ်၏။ စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှား လမ်းမှား ဘဝင်ကို လည်စေအပ်သော်လည်းကောင်း, အာရုံကို ပိုင်းခြား သတ်မှတ်အပ်သော်လည်းကောင်း ဇော သည် အကုသိုလ်ဖြစ်၏ဟု မှတ်သားပါလေ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ပဉ္စဒွါရဝီထိများ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့်ဝုဋ္ဌော နှစ်မျိုးလုံးသည်ပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ မည်သည်ဟု မှတ်ပါ။ မနောဒွါရဝီထိများ၌ကား မနောဒွါရာဝဇ္ဇန်းသည်ပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ မည်ပေသည်။ ဤ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က ရူပါရုံအရောင်ကို = ရူပါရုံမျှ = အရောင်မျှသာ နှလုံးသွင်းခဲ့သော် နည်းမှန်လမ်းမှန် ဘဝင်ကို လည်စေ၍ နည်းမှန်လမ်းမှန် အာရုံကို ပိုင်းခြားမှတ်သားသည် ဖြစ်ရကား ယင်းကဲ့သို့သော နှလုံးသွင်းမှုမျိုးကို ယောနိသောမနသိကာရဟု ဆို၏။ အကယ်၍ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က လောဘဇော စောနိုင်လောက်သည့် ဣဋ္ဌအခြင်းအရာ, ဒေါသဇော စောနိုင်လောက်သည့် အနိဋ္ဌအခြင်းအရာ စသည်ဖြင့် နှလုံးသွင်းခဲ့သော် ဘဝင်ကို နည်းမှန်လမ်းမှန် မလည်စေသည်ဖြစ်၍ အာရုံကို နည်းမှားလမ်းမှား ပိုင်းခြားသတ်မှတ်သောကြောင့် ယင်းကဲ့သို့ သော နှလုံးသွင်းမှုမျိုးကို အယောနိသောမနသိကာရဟု ဆိုသည်။ သဒ္ဒါရုံ စသည်ကို နှလုံးသွင်းရာ၌လည်း နည်းတူ ပင်တည်း။

ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်ကား ဝုဋ္ဌောနာမ်တရားစု (၁၂)လုံးတို့ကိုသာယူ၍ အကြောင်း-အကျိုး သိမ်းဆည်းပုံကို ရေးသားတင်ပြခဲ့၏။ ဉာဏ်နုသူ ယောဂီသူတော်စင်တို့အတွက် ငဲ့ညှာ၍ ပဓာနနည်းအားဖြင့် တင်ပြခဲ့ခြင်းပင် ဖြစ်၏။ သို့သော် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင်ကား ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်မျိုးလုံးကိုပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရအဖြစ် ထည့်သွင်း ဖော်ပြထားပေသည်။

တစ်ဖန် ဇော၏နောင်တွင် ဆက်လက်၍ ရံခါဖြစ်တတ်သော တဒါရုံ၏လည်းကောင်း, ဘဝ၏ အဆုံးဖြစ်သည့် စုတိစိတ်၏လည်းကောင်း, လက္ခဏ-ရသ စသည်ကို အဋ္ဌကထာ ဋီကာတို့၌ သီးသန့့်ရေးသားထားသည်ကို မတွေ့ရပေ။ ထိုသို့ သီးသန့့်ထုတ်နုတ်၍ မတင်ပြရာ၌ စိတ်အားလုံးအတွက် ခြုံ၍ ရေးသားတင်ပြထားသော ဝိညာဏက္ခန္ဓာ၏ လက္ခဏ-ရသ စသည်ကို နည်းမှီး၍ ရှုပါ။ နာမ်တရားတို့၏ ကိစ္စကြီး (၁၄)ရပ်တို့တွင် တဒါရုံမှာ တဒါရမ္မဏကိစ္စ, စုတိမှာ စဝနကိစ္စကို ရွက်ဆောင်သဖြင့် ရသနေရာ၌ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပေသည်။ ပစ္စုပဋ္ဌာန်၌လည်း အလားတူပင် မှတ်ပါ။ ပဒဋ္ဌာန်အရာ၌ကား ဝီထိစိတ်တို့၌ အနန္တရ အကြောင်းတရားကို ဦးစားပေး၍ အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုထားသည်။ ထိုကြောင့် တဒါရုံ စသည်တို့၏ လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း မှတ်ပါ။ ရူပါရုံကို အာရုံပြုသည့် တဒါရုံကို ပုံစံထုတ်၍ (အဘိ၊ဋ္ဌ၊၁၊၃၀၅။)၌ လာရှိသော သန္တီရဏကို နည်းမှီး၍ ရေးသား တင်ပြအပ်ပါသည်။

၁၄။ တဒါရုံ

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏံ (သဠာရမ္မဏဝိဇာနနလက္ခဏံ) တဒါရမ္မဏံ၊

၂။ တဒါရမ္မဏရသံ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဇဝနာပဂမပဒဋ္ဌာနံ။

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဇောယူသည့် အာရုံနောက်သို့လိုက်၍ အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ဇောယူသည့် အာရုံနောက်သို့လိုက်၍ အာရုံယူတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဇောစိတ်၏ ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

သဒ္ဒါရုံ စသည့် အာရုံတို့ကို အာရုံပြုသည့် တဒါရုံ စသည်တို့ကိုလည်း နည်းမှီး၍ ရှုပါ။ ဤအထက်ပါ တဒါရုံ ရှုကွက်မှာ ဇောနှင့်ကပ်လျက်ရှိသော ပထမတဒါရုံအတွက် ရှုကွက်ဖြစ်သည်။ ဒုတိယတဒါရုံဖြစ်မူ ပဒဋ္ဌာန် အရာ၌ --- ပထမတဒါရမ္မဏာပဂမပဒဋ္ဌာနံ = ပထမတဒါရုံ၏ ချုပ်ပျက်သွားခြင်း = ကင်းခြင်းသည် ဒုတိယတဒါရုံ ဖြစ်ပေါ်လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားဖြစ်သည်ဟု မှတ်ပါ။ တဒါရုံနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသစသည့် ရှုကွက်ကို ရှုပါ။ ယခုတစ်ဖန် ပဉ္စဒွါရဝီထိများ၏ နောင်၌ ဆက်လက် ဖြစ်ပေါ်လာကြသော မနောဒွါရဝီထိ, ဓမ္မာရုံကို အာရုံယူကြသည့် မနောဒွါရဝီထိ --- ထိုမနောဒွါရဝီထိ အမျိုးမျိုးတို့၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသစသည့် ရှုကွက်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

၁၅။ မနောဒွါရာဝဇ္ဇန်း

(ဥပေက္ခာသဟဂုတ် အဟိတ် ကိရိယမနောဝိညာဏဓာတ်)

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊

၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

၃။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း (ဘဝင်္ဂုပစ္ဆေဒ) ပဒဋ္ဌာန်။

ဤအထက်ပါ ဖွင့်ဆိုချက်မှာလည်း အာရုံ (၆)ပါးလုံးကို ခြုံ၍ ဖွင့်ဆိုထားသည့် အာရုံ (၆)ပါးလုံးနှင့် ဆက်ဆံ နေသည့် ရှုကွက် ဖြစ်နေသဖြင့် ဉာဏ်နုသူတို့အတွက် ရှုကွက်ကို သဘောပေါက်စေရန် ရှုတတ်ရန် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်းကို ပုံစံထုတ်၍ ထပ်မံတင်ပြအပ်ပါသည်။

ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ---

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊

၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊ (မနောဒွါရေ အာပါတဂတံ ရူပါရမ္မဏံ အာဝဇ္ဇနရသာ။)

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည်

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ မနောဒွါရ၌ထင်လာသော ရူပါရုံကို (= ရှေးရှူကျရောက်လာသော ရူပါရုံကို) ဆင်ခြင်ခြင်း - (ကိစ္စ) ရသ၊

၃။ မနောဒွါရ၌ထင်လာသော ရူပါရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

ယင်းမနောဒွါရာဝဇ္ဇန်း၌ ယှဉ်ဖက် သမ္ပယုတ်နာမ်တရားစုတို့မှာ (၁၂)လုံး ရှိကြသဖြင့် ယင်းနာမ်တရားစုတို့မှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါအတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။ သဒ္ဒါရုံစသည့် အာရုံများကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်း၌လည်း နည်းမှီး၍ ရှုပါလေ။

၁။ ပစ္စုပ္ပန်ရူပါရုံကို သိသော စက္ခုဒွါရဝီထိ တစ်ဝီထိ၊ (ပထမဝီထိ)

၂။ စက္ခုဒွါရဝီထိဖြင့် ယူထားအပ်သော အတိတ်ရူပါရုံကို သိသော တဒနုဝတ္တက မနောဒွါရဝီထိ တစ်ဝီထိ၊ (ဒုတိယဝီထိ)

၃။ စက္ခုဒွါရဝီထိ တဒနုဝတ္တက မနောဒွါရဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကို ညို၏ ဝါ၏ ပြာ၏ နက်၏ စသည်ဖြင့် ပိုင်းခြားနိုင်သော သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ၊ (တတိယဝီထိ)

၄။ ယင်းဝီထိ (၃)မျိုးတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကိုစွဲ၍ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်တည်းဟု သင်္ကေတရှိဖူးသည်နှင့် လျော်စွာသိသော သုဒ္ဓမနောဒွါရဝီထိ၊ (စတုတ္ထဝီထိ)

၅။ ယင်း (၄)ဝီထိတို့ဖြင့် သိအပ်ပြီးသော ရူပါရုံ အတ္ထပညတ် ပုံသဏ္ဌာန်ဒြပ်တို့တွင် တစ်ခုခုကို သိသော (ပဉ္စမ) မနောဒွါရဝီထိ။

ဤပဉ္စမမနောဒွါရဝီထိကျမှ ယောက်ျား မိန်းမ အိုး ပုဆိုး စသည့် အတ္ထပညတ်ကို အာရုံပြု၍ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်၍ ကြည်ညိုခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း စသည် ဖြစ်၏။ ပဉ္စမမြောက် မနောဒွါရဝီထိ၏ နောက်၌ ဆက်လက်ဖြစ်ပေါ် လာကြကုန်သော မနောဒွါရဝီထိတို့ ၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏။ ပဉ္စမမြောက် မနောဒွါရဝီထိမှစ၍ ဆက်လက်ဖြစ်ပေါ်လာကြသော မနောဒွါရဝီထိတို့ဝယ် မနောဒွါရာဝဇ္ဇန်းနှင့်ယှဉ်သော အဓိမောက္ခစေတသိက်, ဇော အသီးအသီးနှင့်ယှဉ်သော အဓိမောက္ခ စေတသိက်၏ စွမ်းအင်မှာ အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့် မြင့်မားသောအဆင့်သို့ ရောက်ရှိလာ၏။

မနောဒွါရဝီထိတို့၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်းစိတ်ကား ယောနိသောမနသိကာရ အရာ, အယောနိသော မနသိကာရ အရာတို့၌ ဇောနှင့် အလားတူနေ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) အကုသိုလ်ဇောများသည် အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ် သကဲ့သို့ မနောဒွါရာဝဇ္ဇန်းကလည်း အာရုံကို ဆင်ခြင်ရုံသာမက နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အယောနိသော မနသိကာရ အခြင်းအရာအားဖြင့်လည်း နှလုံးသွင်းတတ်၏၊ ဆင်ခြင် ဆုံးဖြတ်တတ်၏။ အလားတူပင် ဝိပဿနာ ဇောများသည် တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် ယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ် ဆင်ခြင်ဆုံးဖြတ်တတ် ရှုပွားသုံးသပ်တတ်သကဲ့သို့ ယင်းဝိပဿနာဇောတို့၏ ရှေး၌ ကပ်လျက် တည်ရှိသော မနောဒွါရာဝဇ္ဇန်းကလည်း ယင်းသင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် ယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ်၏ ဆင်ခြင် ဆုံးဖြတ်တတ်၏။ ထိုကြောင့် ယင်းမနောဒွါရာဝဇ္ဇန်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အာရုံကို ဆင်ခြင်ရုံသာမက ဆုံးလည်း ဆုံးဖြတ်တတ်၏ဟု မှတ်ပါ။ ထိုကြောင့် ယင်းစိတ်ကို အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း မှတ်ချက် ချထား၏ ---

မဟာဂဇစိတ် = ဆင်ပြောင်ကြီးနှင့်တူသောစိတ်

ဥပေက္ခာသဟဂတာတိ ဣဒံ စိတ္တံ တီသု ဘဝေသု သဗ္ဗေသံ သစိတ္တကသတ္တာနံ သာဓာရဏံ၊ န ကဿစိ သစိတ္တကဿ နုပ္ပဇ္ဇတိ နာမ။ ဥပ္ပဇ္ဇမာနံ ပန ပဉ္စဒွါရေ ဝေါဋ္ဌဗ္ဗနံ ဟောတိ၊ မနောဒွါရေ အာဝဇ္ဇနံ။ ဆ အသာဓာရဏဉာဏာနိပိ ဣမိနာ ဂဟိတာရမ္မဏမေဝ ဂဏှန္တိ။ မဟာဂဇံ နာမေတံ စိတ္တံ။ ဣမဿ အနာရမ္မဏံ နာမ နတ္ထိ။အသဗ္ဗညုတဉာဏံ သဗ္ဗညုတဉာဏဂတိကံ နာမ ကတမန္တိ ဝုတ္တေ ဣဒန္တိ ဝတ္တဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၃၃။)

ဤမနောဒွါရာဝဇ္ဇန်းစိတ်သည် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးတို့၌ စိတ်ရှိသော သတ္တဝါအားလုံး တို့နှင့် ဆက်ဆံ၏၊ တစ်စုံတစ်ယောက်သော စိတ်ရှိသော သတ္တဝါ၏ သန္တာန်၌ မဖြစ်သည်မည်သည် မရှိ၊ ဤ စိတ်သည် ထင်ရှားဖြစ်ပေါ်လာလတ်သော် ပဉ္စဒွါရ၌ ဝုဋ္ဌော, မနောဒွါရ၌ အာဝဇ္ဇန်း ကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာ၏။ သာဝကတို့နှင့် မဆက်ဆံသော သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့နှင့်သာ ဆက်ဆံသော (၆)ပါး ကုန်သော အသာဓာရဏ ဉာဏ်တော်တို့သည်သော်မှလည်း ဤမနောဒွါရာဝဇ္ဇန်းစိတ်က ယူပေးအပ်သော အာရုံကို သာလျှင် အာရုံယူနိုင်ကြကုန်၏။ ဤမနောဒွါရာဝဇ္ဇန်းစိတ်သည် ဆင်ပြောင်ကြီးနှင့် တူသောစိတ် မည်၏။ ဤ မနောဒွါရာဝဇ္ဇန်းစိတ်၏ အာရုံမဟုတ်သော တရားမည်သည် မရှိစကောင်းပေ။ --- သဗ္ဗညုတဉာဏ် မဟုတ်ပါဘဲလျက် သဗ္ဗညုတဉာဏ်နှင့် အလားတူသော တရားမည်သည် အဘယ်နည်း? --- ဤသို့ မေးလတ်သော် ဤ မနောဒွါရာဝဇ္ဇန်းစိတ်တည်း --- ဟု ဖြေဆိုလေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၃၃။)

မဟာဂဇ --- ဆင်ပြောင်ကြီးသည် အားကြီးသကဲ့သို့ ဤ မနောဒွါရာဝဇ္ဇန်းစိတ်သည်လည်း သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီး၏ ေ့ရှသွားဖြစ်ရကား သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီးကဲ့သို့ အလုံးစုံကို အာရုံပြုနိုင်သည့် အတွက် အားကောင်းလှ၏။ ထိုကြောင့် ဆင်ပြောင်ကြီးနှင့် တူသောစိတ်ဟု ဆိုသည်။

၁၆။ ဟသိတုပ္ပါဒ်စိတ်

သောမနဿသဟဂတာဟေတုကကိရိယာ ---

၁။ သဠာရမ္မဏဝိဇာနနလက္ခဏာ၊

၂။ ကိစ္စဝသေန အရဟတံ အနုဠာရေသု ဝတ္ထူသု ဟသိတုပ္ပါဒနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဧကန္တတော ဟဒယဝတ္ထုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

သောမနဿသဟဂုတ် အဟိတ် ကိရိယစိတ် = ဟသိတုပ္ပါဒ်စိတ်သည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ကိစ္စ၏ အစွမ်းဖြင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာလျှင် မမြတ်ထွတ်ကုန်သော

အရိုးစု ပြိတ္တာ အဆင်းစသော အာရုံတို့၌ ပြုံးရွှင်ခြင်းကိုသာလျှင် ဖြစ်စေခြင်း (ကိစ္စ) ရသ၊

၃။ ထိုကဲ့သို့ ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဧကန်အားဖြင့် မှီရာဖြစ်သော ဟဒယဝတ္ထု ပဒဋ္ဌာန်။

ဤ ဟသိတုပ္ပါဒ်စိတ်သည် အခြားသော ပုထုဇန် သေက္ခတို့နှင့် မဆက်ဆံသော ရဟန္တာအရှင်မြတ်တို့၏ သာလျှင် သီးခြား ကိုယ်ပိုင်ဥစ္စာဖြစ်သော စိတ်တည်း၊ ဒွါရ (၆)ပါးတို့၌ ရနိုင်၏။

စက္ခုဒွါရ၌ဖြစ်ပုံ --- ကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းအား လျောက်ပတ်သော နေရာဌာန တစ်ခုကို တွေ့ မြင်ရ၍ ရဟန္တာအရှင်မြတ်သည် ဝမ်းမြောက်တော်မူသောအခါ ပြုံးရွှင်တော်မူသောအခါ ဤစိတ်ဖြင့် ဝမ်းမြောက် တော်မူ၏။

သောတဒွါရ၌ဖြစ်ပုံ --- သံဃိက ပစ္စည်းဘဏ္ဍာကို ခွဲခြား ဝေဖန်ပေးရာ အရပ်သို့ ရောက်ရှိသောအခါ ကျယ်လောင်သော အသံကိုပြု၍ (= တပည့်တော်အတွက် ပေးပါ, တပည့်တော်၏ ဥပဇ္ဈာယ်ဆရာအတွက် ပေးပါ, တပည့်တော်၏ နိဿယည်းဆရာအတွက် ပေးပါ စသည်ဖြင့် အသံကျယ်ကျယ် ကျယ်ကျယ် ပြောဆို၍) ပစ္စည်း လေးပါးတို့၌ အလွန် မက်မောသော စိတ်ထားရှိကုန်သည် ဖြစ်၍ ဝေစုရသော ပစ္စည်းတို့ကို မြင်ရ ကြားရသော် ဤသို့ သဘောရှိသည် မည်သော ပစ္စည်းလေးပါးတို့၌ အလွန် လိုလားတပ်မက်သူ တစ်ယောက် ဖြစ်ဖို့ရန် အကြောင်းရင်းစစ်ဖြစ်သော လျှပ်ပေါ်လော်လည်တတ်သော တဏှာကို ငါသည် ပယ်ရှားအပ်ပြီးပေပေါ့ဟု ဤသို့ တွေး၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့်ပင် ဝမ်းမြောက်တော်မူ၏။

ဃာနဒွါရ၌ဖြစ်ပုံ --- အမွှေးနံ့သာတို့ဖြင့်လည်းကောင်း, ပန်းတို့ဖြင့်လည်းကောင်း စေတီတော်ကို ပူဇော်တော် မူသော ရဟန္တာအရှင်မြတ်သည် ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့်ပင်လျှင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။

ဇိဝှါဒွါရ၌ဖြစ်ပုံ --- အရသာနှင့် ပြည့်စုံသော မွန်မြတ်သော ဆွမ်းကို ရရှိ၍ သီတင်းသုံးဖော် အရှင်ကောင်း အရှင်မြတ်တို့အား ခွဲခြားဝေဖန် လှူဒါန်း၍ သုံးဆောင်တော်မူသော ရဟန္တာအရှင်မြတ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော သာရဏီယကျင့်ဝတ်ကို ငါသည် ဖြည့်ကျင့်အပ်ပေပြီတကား ဤသို့တွေး၍ ဤဟသိတုပ္ပါဒ် ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။

ကာယဒွါရ၌ဖြစ်ပုံ --- ခန္ဓက၌ လာရှိသော ဘုရားရှင် ပညတ်ထားတော်မူအပ်သော ဥပဇ္ဈာယဝတ် အာစရိယဝတ် အစရှိသော ထူးကဲမြင့်မြတ်သော အာဘိသမာစရိက ကျင့်ဝတ်ကို ဖြည့်ကျင့်တော်မူသော ရဟန္တာအရှင် မြတ်သည် ဥပဇ္ဈာယ်ဆရာတော်အား မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်း တံပူကပ်ခြင်း စသည်ဖြင့် -- ကာယဒွါရ ၌ ငါသည် ကျင့်ဝတ်ပဋိပတ်ကို ဖြည့်အပ်ပေပြီ --- ဤသို့တွေး၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။

မနောဒွါရ၌ကား အတိတ် အနာဂတ်ကို အာရုံပြု၍ ဖြစ်တတ်၏။ ဇောတိပါလလုလင်ဘဝ (မ၊၂၊၂၃၆။), မဂ္ဃဒေဝ = မဃဒေဝမင်းဘဝ (မ၊၂၊၂၆၂။), ကဏှရသေ့ဘဝ (ခု၊၅၊၂၀၂။) ဤသို့စသော ဘဝတို့ဝယ် ပြုအပ်ပြီး သော ဖြည့်ကျင့် ဆည်းပူးအပ်ပြီးသော အကြောင်းအရာကို ဆင်ခြင်တော်မူ၍ ဘုရားရှင်သည် ပြုံးတော်မူခြင်းကို ထင်ရှား ပြုတော်မူ၏။ ထို ပြုံးတော်မူခြင်းကိစ္စသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် သဗ္ဗညုတဉာဏ်တို့၏ ကိစ္စ တည်း။ ထိုဉာဏ်တော်မြတ် နှစ်မျိုးတို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီးသည်၏ အဆုံး၌ကား ဤဟသိတုပ္ပါဒ်စိတ်သည် ဘုရားရှင်၏ စိတ်တော်အစဉ်ကို ရွှင်စေလျက် ဖြစ်ပေါ်လာ၏။

နောင်အနာဂတ်ကာလ၌ တန္တိဿရ မည်သော ပစ္စေကဗုဒ္ဓါသည် ဖြစ်လတ္တံ့၊ မုဒိင်္ဂဿရ မည်သော ပစ္စေကဗုဒ္ဓါသည် ဖြစ်လတ္တံ့ ဤသို့ မြင်တော်မူ၍ ဘုရားရှင်သည် ပြုံးတော်မူခြင်းကို ထင်ရှားစွာ ပြုတော်မူ၏။ ထိုပြုံးတော်မူခြင်း ကိစ္စသည်လည်း အနာဂတံသဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်တို့၏ ကိစ္စတည်း။ ထိုနှစ်မျိုး ကုန်သော ဉာဏ်တော်တို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီးသည်၏ အဆုံး၌ကား ဤဟသိတုပ္ပါဒ် ဇောစိတ်သည် ဘုရားရှင်၏ စိတ်တော်အစဉ်ကို ရွှင်စေလျက် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၃၂-၃၃၃။)

မူလဋီကာ၏ ဖွင့်ဆိုချက်

အတိတ် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်, အနာဂတ် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်, ပစ္စုပ္ပန် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် ------ ဤဉာဏ်တော်မြတ် သုံးပါးတို့နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ အလုံးစုံသော ကာယကံမှုမှန်သမျှသည် (ဝစီကံမှု မှန်သမျှသည်, မနောကံမှုမှန်သမျှသည်) ဉာဏ်တော်၏ နောက်သို့သာ အစဉ်လိုက်၍ ဖြစ်တော်မူ၏ --- ဤသို့ စသည်ဖြင့် ဟောတော်မူသောကြောင့် --- ဉာဏ်နှင့် မယှဉ်သော ဤဟသိတုပ္ပါဒ်စိတ်၏ ဘုရားရှင်၏ သန္တာန်တော် ၌ ဖြစ်နိုင်၏ ဟူသော စကားကို စဉ်းစားသင့်၏ဟု မူလဋီကာ ဆရာတော်က ဖွင့်ဆိုထားတော်မူ၏။ (မူလဋီ၊၁၊၁၃၇။)

ဤဟသိတုပ္ပါဒ်ဇောစိတ်၌ --- ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ-ဝိတက်-ဝိစာရ-အဓိမောက္ခ-ဝီရိယ-ပီတိဟု စေတသိက် (၁၂)လုံး ယှဉ်၏။ ဟသိတုပ္ပါဒ်စိတ်နှင့် ပေါင်းသော် နာမ်တရား (၁၃)လုံး ရှိ၏။ ထိုတွင် ပညိန္ဒြေ အမည်ရသော ဉာဏ်ကား မပါဝင်ပေ။ ဤဟသိတုပ္ပါဒ်စိတ်သည် ဉာဏ်နှင့်မယှဉ် သောကြောင့် အထက်ပါ အဋ္ဌကထာ ဖွင့်ဆိုချက်ကို စဉ်းစားသင့်ကြောင်း မူလဋီကာဆရာတော်က တင်ပြသွား တော်မူခြင်း ဖြစ်၏။

အနုဋီကာဆရာတော်၏ သုံးသပ်ချက်

အနုဋီကာဆရာတော်ကား ဤသို့ မိန့်ဆိုထားတော်မူ၏ --- ရဟန္တာအရှင်မြတ်သည် ပဉ္စဒွါရ၌ ပဓာနဖြစ်သည့် ကြည်ညိုဖွယ်ရာ ဌာနကို မြင်တွေ့ရ၍ ဤဟသိတုပ္ပါဒ်စိတ်ဖြင့် ဝမ်းမြောက်ရုံ သောမနဿဖြစ်ရုံမျှသာ ဖြစ်နိုင်၏, မပြုံးနိုင်သေး၊ ပြုံးခြင်းဝိညတ်ရုပ်ကို ပဉ္စဒွါရိကစိတ်တို့က မဖြစ်စေနိုင်သောကြောင့်တည်း။ ထိုကြောင့် အဋ္ဌကထာဝယ် (အဘိ၊ဋ္ဌ၊၁၊၃၃၂။) ပဉ္စဒွါရ၌ --- သောမနဿိတော ဟောတိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏ ဟု ဤမျှသာ ဖွင့်ဆိုထား၏။ မနောဒွါရကျမှ ဟာသယမာနံ သိတံ ပါတွာကာသိ = ပြုံးရွှင်ခြင်းကို ပြုတော် မူကြောင်းကို ဖွင့်ဆိုထား၏။ ထိုပြုံးရွှင်တော်မူခြင်းသည် ဤဟသိတုပ္ပါဒ်စိတ်ဖြင့် ဖြစ်စေအပ်သည် မှန်သော်လည်း ဘုရားရှင်၏ ပြုံးရွှင်တော်မူခြင်းကို ပြုတော်မူခြင်းသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် အနာဂတံသဉာဏ်တော် သဗ္ဗညုတဉာဏ်တော်တို့ ဖြစ်ပြီးနောက်မှ အစဉ်လိုက်၍ ဖြစ်ခြင်းကြောင့် ဤဟသိတုပ္ပါဒ်စိတ်သည် ဉာဏပုဗ္ဗင်္ဂမ = ဉာဏ်တော်လျှင် ေ့ရှသွား ပြဓာန်းခြင်းရှိသော တရားလည်း ဖြစ်၏၊ ဉာဏာနုပရိဝတ္တိ = ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သော တရားလည်း ဖြစ်၏။ ဤသို့ ဟသိတုပ္ပါဒ်စိတ်သည် (ဉာဏ်နှင့် မယှဉ်သော်လည်း ) ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်လျက် ဖြစ်မှုရှိခဲ့သော် ပါဠိတော်နှင့် အဋ္ဌကထာတို့၏ တစ်စုံတစ်ခုသော ဆန့်ကျင်မှု သဘော တရားသည် မရှိပါ။ ထိုကြောင့်ပင် အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၃၃။)၌ ထို ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် (အနာဂတံသဉာဏ်တော်) သဗ္ဗညုတဉာဏ်တော်တို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီး၏ အဆုံး၌ ဤဟသိတုပ္ပါဒ် စိတ်သည် ဖြစ်ပေါ်လာ၏ဟု ဖွင့်ဆိုသွား၏။ ဤသဘောတရားကို ဤသို့သာ မချွတ်ဧကန် အလိုရှိသင့်ပေသည်။ ဤသို့ မယူဆနိုင်ခဲ့သော် = ဉာဏ်နှင့် မယှဉ်သောစိတ် မှန်သမျှသည် ဘုရားရှင်၏ သန္တာန်တော်၌ မဖြစ်နိုင်ဟု ယူဆလက်ခံခဲ့သော် ဉာဏ်နှင့် မယှဉ်သော မနောဒွါရာဝဇ္ဇန်းစိတ်၏လည်း ဘုရားရှင်၏ သန္တာန်တော်၌ ဖြစ်ခြင်း သည် မသင့် ဖြစ်လေရာ၏။ မှန်ပေသည် --- ထို မနောဒွါရာဝဇ္ဇန်း၏လည်း ပြုံးရွှင်ခြင်းကဲ့သို့သော ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်သတ္တိရှိမှုကို ဆုံးဖြတ်ထားတော်မူ၏။ ထိုသို့ ဆုံးဖြတ်ထားအပ်သောကြောင့် မနောဒွါရာဝဇ္ဇန်းစိတ်၏ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်သတ္တိရှိမှုသည် ထင်ရှားရှိလတ်သော် ထိုမနောဒွါရာဝဇ္ဇန်း စိတ်ကြောင့် ဖြစ်ပေါ်လာသော ဝိညတ်ရုပ်၏ ကာယကံ စသည် ဖြစ်မှုကို ဆင်ခြင်ခြင်း၏ ဖြစ်မှုကို မဆီးတား မဖွဲ့ချည်ထားနိုင်ဟု မှတ်ပါ။ (အနုဋီ၊၁၊၁၄၄။) ကာယကံမှု စသည်ကို ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်းသည် ဘုရားရှင်၏ သန္တာန်တော်၌ ဖြစ်သင့်၏ဟု ဆိုလိုသည်။

ဤဟသိတုပ္ပါဒ်စိတ်ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာဖြစ်သော စိတ်တစ်မျိုး ဖြစ်သဖြင့် အကယ်၍ အသင်သူတော်ကောင်းသည်လည်း ပါရမီအားလျော်စွာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါမူ အထက်ပါ ရှုကွက် ကို ရှုနိုင်ပေလိ့မ်မည်။

ပြုံးရွှင်မှုကို ဖြစ်စေတတ်သော စိတ်များ

၁။ ပုထုဇန်ပုဂ္ဂိုလ်တို့သည် ---

(က) မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄)မျိုး

( ခ ) လောဘမူ သောမနဿသဟဂုတ်စိတ် (၄)မျိုး

ဤ (၈)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်ကြကုန်၏။

၂။ ကျင့်ဆဲသေက္ခ အရိယာ သူတော်ကောင်းတို့သည် (သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တို့သည်)-

(က) မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄)မျိုး

( ခ ) လောဘမူ သောမနဿဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၂)မျိုး

ဤ (၆)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်တော်မူကြကုန်၏။

၃။ အသေက္ခ = ကျင့်ပြီး ရဟန္တာအရှင်မြတ်တို့သည် ---

(က) မဟာကြိယာ သောမနဿသဟဂုတ်စိတ် (၄)မျိုး

( ခ ) ဟသိတုပ္ပါဒ်စိတ် (၁)မျိုး

ဤ (၅)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်တော်မူကြကုန်၏။

ဤသို့လျှင် ပြုံးရွှင်စေတတ်သော စိတ်တို့သည် (၁၃)မျိုးတို့တည်း။

၁၇။ စုတိစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ စုတိစိတ္တံ၊

၂။ စဝနရသံ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဇဝနတဒါရမ္မဏဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနံ။

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော

အာရုံ (၃)မျိုးတို့တွင် အာရုံ တစ်မျိုးမျိုးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဘဝမှ ရွေ့လျောခြင်း (ကိစ္စ) ရသ၊

၃။ ဘဝမှ ရွေ့လျောတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ (က) ဇောနောင် စုတိကျအံ့ ဇော၏ချုပ်ပျက်ခြင်း

( ခ ) တဒါရုံနောင် စုတိကျအံ့ တဒါရုံ၏ ချုပ်ပျက်ခြင်း

( ဂ ) ဘဝင်နောင် စုတိကျအံ့ ဘဝင်၏ ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။

စုတိနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။

ဝိညာဏက္ခန္ဓကထာ အခန်း ပြီး၏။

__________