မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/ဝေဒနာက္ခန္ဓကထာ အခန်း

ဝီကီရင်းမြစ် မှ

ဝေဒနာက္ခန္ဓကထာ အခန်း

၁။ သုခဝေဒနာ

၁။ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ သုခံ၊

၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊

၃။ ကာယိကအဿာဒပစ္စုပဋ္ဌာနံ၊

၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ ဣဋ္ဌ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်၌ဖြစ်သော သာယာအပ်သော (= သာယာဖွယ်) သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ပဒဋ္ဌာန်။

ကုသလဝိပါကေန ကာယဝိညာဏေန သမ္ပယုတ္တံ သုခံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ဣဋ္ဌမဇ္ဈတ္တဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသလဝိပါက် ကာယဝိညာဏ်နှင့် ယှဉ်သော သုခဝေဒနာတည်း။ ယင်းသုခသဟဂုတ် ကာယဝိညာဏ်၌ စိတ်စေတသိက် သမ္ပယုတ်တရား (၈)လုံးရှိရာ ယင်းတို့မှ သုခဝေဒနာကို ရွေးထုတ်၍ ရှုပါ။

လက္ခဏ --- ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာမည်သည် အခြားအခြားသော တရားတို့နှင့် မဆက်ဆံသော သဘာဝတရားသာ ဖြစ်၏။ အနုဘဝန = အာရုံ၏ အရသာကို ခံစားခြင်းဟူသည်မှာလည်း ဝေဒနာအားလုံးတို့နှင့် ဆက်ဆံသော သာဓာရဏလက္ခဏာ ဖြစ်၏။ ထိုကြောင့် ထို သုခဝေဒနာ၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို သီးသန့့် ကိန်းသေမြဲသော ဣဋ္ဌဖောဋ္ဌဗ္ဗာရုံဖြင့် သတ်မှတ်ပြလို၍ --- ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ သုခံ - ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ ထို ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်း = ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏာကား သုခဝေဒနာ၏လက္ခဏာ ဟုတ်မှဟုတ်ပါလေစဟု လျင်းပါးဖွယ်ရာ အနေကန်သဘော မရှိသောကြောင့် ဖြစ်သည်။ (မဟာဋီ၊၂၊၁၃၇။)

ဥပဗြူဟနရသ --- စေတသိကသုခ၌လည်း သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ကိစ္စရသမှာ အကယ်၍ကား ရနိုင်ပေ၏။ သို့သော် ထိုစေတသိကသုခ၌် ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေမှုသည် ကြံဆခြင်း သဘောရှိသည်ဖြစ်၍ စေတောဘိသင်္ခါရခေါ် စိတ်ကို ပြုပြင်ပေးရခြင်း စွမ်းအင်ကြောင့်သာ ဖြစ်နိုင်၏။ ဤကာယိကသုခ၌ ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းသည်ကား ကြံဆခြင်းကင်းသည်ဖြစ်၍ သဘာဝအတိုင်း ပြီးစီးသောကြောင့် ထိုစေတသိကသုခ၌ ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းထက် အလွန်အကဲနှင့်တကွ ဖြစ်၏။ ထိုကြောင့် သမ္ပယုတ္တာနံ ဥပဗြူဟနရသံ = သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွား စေခြင်း ကိစ္စရသရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၁၃၇။)

ပစ္စုပဋ္ဌာန် --- သုခဝေဒနာကား သာယာအပ်သောကြောင့် အဿာဒ မည်ပေသည်။ ထိုကြောင့် ဘုရားရှင် က ဤသို့ ဟောကြားထားတော်မူ၏ ---

ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေသု အဿာဒေါ။ (သံ၊၂၊၂၃-၂၄။)

ရဟန်းတို့ ...ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အစွဲပြု၍ အကြင် ချမ်းသာမှု ဝမ်းမြောက်မှု သုခ သောမနဿ ဝေဒနာသည် ဖြစ်လာ၏၊ ရဟန်းတို့ ...ဤ သုခ သောမနဿဝေဒနာကို ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ အဿာဒ = သာယာဖွယ် သဘောတရားဟူ၍ ဆိုအပ်၏။ (သံ၊၂၊၂၃-၂၄။)

ထိုသုခဝေဒနာကား ကိုယ်အကြည်ဓာတ်၌ မှီ၍ဖြစ်သောကြောင့် ကာယိကလည်း အမည်ရ၏၊ သာယာဖွယ် သဘောတရားဖြစ်သောကြောင့် အဿာဒလည်း အမည်ရ၏။ ထိုသုခဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ကာယအကြည်ဓာတ်ကို မှီ၍ဖြစ်သော သာယာဖွယ် သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ (မဟာဋီ၊၂၊၁၃၇-၁၃၈။)

ပဒဋ္ဌာန် --- သုခဝေဒနာကား ကာယိန္ဒြေ အမည်ရသော ကာယပသာဒ = ကိုယ်အကြည်ဓာတ် = ကာယ ဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏၊ အခြားသော ဝတ္ထုရုပ်ကို မှီ၍ မဖြစ်၊ ထိုကြောင့် ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ်သည် သုခဝေဒနာ၏ အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။ (မဟာဋီ၊၂၊၁၃၈။)

၂။ ဒုက္ခဝေဒနာ

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ ဒုက္ခံ၊

၂။ သမ္ပယုတ္တာနံ မိလာပနရသံ၊

၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ၊

၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို ညှိုးကြုံစေခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်၌ဖြစ်သော နှိပ်စက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ပဒဋ္ဌာန်။

အနက်အဓိပ္ပါယ်များကို အထက်ပါ သုခဝေဒနာကို အစဉ်မှီး၍ သိရှိပါလေ။ ဤ ဒုက္ခဝေဒနာကား ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာဖြစ်ရကား အနိဋ္ဌဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နာမ်တရားစု (၈)လုံးမှ ဒုက္ခဝေဒနာကို ရွေးထုတ်၍ ရှုပါ။

၃။ သောမနဿဝေဒနာ

၁။ ဣဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ သောမနဿံ၊

၂။ ယထာ တထာ ဝါ ဣဋ္ဌာကာရသမ္ဘောဂရသံ၊

၃။ စေတသိကအဿာဒပစ္စုပဋ္ဌာနံ၊

၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ + ပရိကပ္ပဖြစ်သော ဣဋ္ဌာရုံကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သဘာဝအားဖြင့်ဖြစ်စေ ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို

ဣဋ္ဌ အခြင်းအရာအားဖြင့် သုံးဆောင် ခံစားခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော သာယာဖွယ် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဒဋ္ဌာန်။

လက္ခဏ --- သဘာဝဣဋ္ဌာရုံ = ပင်ကိုယ်သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံသည် သဘာဝဣဋ္ဌာရုံ မည်၏။ အာရုံတစ်ခုသည် ပင်ကိုယ်သဘာဝအတိုင်း အနိဋ္ဌာရုံဖြစ်သော်လည်း ထိုအနိဋ္ဌ အာရုံကိုပင် ဣဋ္ဌဖြစ်အောင် ကြံစည်ပြုပြင်၍ ယူခဲ့သော် ထိုကြံစည်ပြုပြင်မှ ဣဋ္ဌဖြစ်လာရသော အာရုံသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏။ (ဥပမာ ငါးပိကား သဘာဝအနိဋ္ဌာရုံတည်း။ ထိုငါးပိကို ဣဋ္ဌဖြစ်အောင် ကြံစည်ပြုပြင်၍ ထမင်းပွဲအတွင်းသို့ ချလိုက် သောအခါ ဣဋ္ဌာရုံ တစ်ခု ဖြစ်လာရပေသည်၊ ပရိကပ္ပဣဋ္ဌာရုံတည်း။) သောမနဿဝေဒနာကား သဘာဝဣဋ္ဌာရုံ ကိုလည်း ခံစား၏၊ ပရိကပ္ပဣဋ္ဌာရုံကိုလည်း ခံစား၏။ ထိုသို့ သဘာဝအားဖြင့် ဣဋ္ဌာရုံကို ခံစားခြင်း, ပရိကပ္ပ အားဖြင့် ဣဋ္ဌာရုံကို ခံစားခြင်းသည် သောမနဿဝေဒနာ၏ သဘာဝလက္ခဏာပင်တည်း။ (မဟာဋီ၊၂၊၁၃၈။)

ရသ --- သဘာဝဣဋ္ဌာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားလျှင် ဟုတ်မှန်သည့်အတိုင်း အာရုံကို သုံးဆောင်ခံစားခြင်း မည်၏။ ပရိကပ္ပဣဋ္ဌာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားလျှင် မဟုတ်မမှန်သော အားဖြင့် အာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း မည်၏။ သောမနဿဝေဒနာကား သဘာဝ ဣဋ္ဌာရုံ ဟုတ်သည်ပင်ဖြစ်စေ, သဘာဝဣဋ္ဌာရုံ မဟုတ်သည်ပင်ဖြစ်စေ အာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့်သာ သုံးဆောင်ခံစားခြင်း ကိစ္စရသ ရှိပေသည်။ အာရုံကို အဖန်ဖန် အထပ်ထပ် အစဉ်တစိုက် ခံစားခြင်းဟု ဆိုလိုသည်။ (မဟာဋီ၊၂၊၁၃၈။)

ပဒဋ္ဌာန် --- ပဿဒ္ဓကာယော သုခံ ဝေဒယတိ။ (သံ၊၃၊၁၃၅။) = ငြိမ်းအေးသော ကာယရှိသူသည် ချမ်းချမ်းသာသာ ခံစားရ၏ - ဟု ဘုရားရှင် ဟောတော်မူသောကြောင့် ထိုသုတ်ပုဒ်ကို မှီ၍ ပဿဒ္ဓိသည် သောမနဿဝေဒနာ၏ အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ သို့သော် ထို ပဿဒ္ဓိပဒဋ္ဌာနံ ဟူသောစကားကို ကာမဂုဏ်နှင့် မစပ်သော နိရာမိသသောမနဿဝေဒနာ၏ အစွမ်းဖြင့်သာ ဖွင့်ဆိုခြင်းဖြစ်သည်ဟု သိရှိပါလေ။ (မဟာဋီ၊၂၊၁၃၈။)

ဤ သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်ကို အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း အောက်ပါအတိုင်း တင်ပြထား၏။

ဝေဒယတီတိ ဝေဒနာ၊

၁။ သာ ဝေဒယိတလက္ခဏာ၊

၂။ (က) အနုဘဝနရသာ၊

( ခ ) ဣဋ္ဌာကာရသမ္ဘောဂရသာ ဝါ၊

၃။ စေတသိကအဿာဒပစ္စုပဋ္ဌာနာ၊

၄။ ပဿဒ္ဓိပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

အာရုံ၏ အရသာကို ခံစားတတ်သော သဘောတရားသည် ဝေဒနာ မည်၏။

၁။ အာရုံကို = အာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ (က) အာရုံကို (= အာရုံ၏ အရသာကို ) ခံစားခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း --- အာရုံ၏ ဣဋ္ဌအခြင်းအရာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော သာယာတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဒဋ္ဌာန်။

အနုဘဝနရသ --- ဝေဒယိတ --- အနုဘဝန --- ဤစေတသိက်၌ လက္ခဏနှင့် ရသသည် သဘောတူ၏။ အာရုံကို ခံစားမှုသည် ထိုဝေဒနာတရား၏ အမှတ်အသား လက္ခဏလည်း ဖြစ်၏၊ အလုပ်ကိစ္စ ရသလည်း ဖြစ်၏။

ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံလေးပါး အတွင်း၌ဖြစ်သော ဝေဒနာမှန်သမျှသည် အာရုံ၏ အရသာကို ခံစားတတ်သည်၏အဖြစ်ဟူသော ဝေဒယိတလက္ခဏာ မရှိသည်မည်သည် မရှိပေ။ အနုဘဝနရသ၏ အဖြစ်ကိုကား သုခဝေဒနာ၌သာလျှင် ရအပ်၏ဟု ဆို၍ တစ်ဖန် ထိုဝါဒကို ပယ်ပြီးလျှင် သုခဝေဒနာသည်မူလည်း ဖြစ်စေ, ဒုက္ခဝေဒနာသည်မူလည်းဖြစ်စေ, အဒုက္ခမသုခဝေဒနာသည်မူလည်းဖြစ်စေ အလုံးစုံသော ဝေဒနာ ဟူသမျှသည် အနုဘဝနရသ = အာရုံ၏ အရသာကို ခံစားခြင်း ကိစ္စရသ ရှိ၏ဟု ဆိုပြီး၍ ဤအနက်ကို ပြအပ်၏။

အာရုံ၏ အရသာကို ခံစားရာဌာနသို့ ရောက်လတ်သော် ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည် အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှသာ ခံစားနိုင်ကြကုန်၏။ ဖဿသည် အာရုံကို တွေ့ထိရုံမျှသာ တွေ့ထိ နိုင်၏၊ သညာသည် အာရုံကို အမှတ်ပြု၍ သိရုံမျှသာ သိနိုင်၏၊ စေတနာသည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ရုံမျှသာ စေ့ဆော်နိုင်၏၊ ဝိညာဏ်သည် အာရုံကို သိရုံမျှ ရယူရုံမျှသာ ရယူနိုင်၏။ ထိုသို့ ဖဿ၏ အာရုံကို တွေ့ထိရုံမျှ , သညာ၏ အာရုံကို အမှတ်ပြု၍ သိရုံမျှ , စေတနာ၏ သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ရုံမျှ , ဝိညာဏ်၏ အာရုံကို ရယူရုံမျှ သဘောသည် အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှသာ ခံစားခြင်း ဖြစ်၏။ စင်စစ်မှာမူကား အာရုံ၏ အရသာကို အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် ဝေဒနာကသာလျှင် ခံစားနိုင်ပေသည်။ ထိုကြောင့် အနုဘဝနရသာဟု ဆိုသည်။ (ဤနည်း၌ --- လက္ခဏာမှာလည်း အာရုံ၏ အရသာကို ခံစားခြင်း , ရသမှာလည်း အာရုံ၏ အရသာကို ခံစားခြင်းပင်ဖြစ်၍ လက္ခဏနှင့်ရသ တူပေသည်။) (အဘိ၊ဋ္ဌ၊၁၊၁၅၃။)

ဥပမာဆောင်၍ ပြခြင်း

ဝေဒနာသည် ရှင်ဘုရင်နှင့် တူ၏၊ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည် စားဖိုသည်နှင့် တူ၏။ စားဖိုသည်သည် အမျိုးမျိုးသော အရသာရှိသော ဘောဇဉ်ကို ချက်ပြုတ်စီမံပြီးသောအခါ ပွဲတော်အုပ်၌ ထည့်ပြီး လျှင် တံဆိပ်ခတ်နှိပ်လိုက်၏။ (ပိတ်ထားသောအဖုံးကို အခြားလူတစ်ယောက်ယောက်က ဖွင့်၍ အဆိပ်ခတ်လိုက်မည်စိုးသောကြောင့် ထိုသို့ မဖွင့်နိုင်အောင် တံဆိပ်နှိပ်လိုက်သည်။) ယင်း တံဆိပ်နှိပ်ပြီးသော ပွဲတော်အုပ်ကို ဘုရင်မင်းမြတ်၏ အနီး၌ ချထား၍ တံဆိပ်ကို ဖျက်လိုက်၏၊ ပွဲတော်အုပ်ကို ဖွင့်လိုက်၏၊ အလုံးစုံသော ဟင်းလျာ ဟူသမျှတို့မှ အဦးအဖျား အဦးအဖျားကို ယူ၍ ခွက်တစ်ခု၌ စုပေါင်းထည့်လိုက်၍ အဆိပ်စသော အပြစ်ဒေါသ ရှိ-မရှိကို စုံစမ်းခြင်းအကျိုးငှာ စား၍ ပြရ၏။ ထိုမှနောက်၌ ဘုရင်မင်းမြတ်အား အမျိုးမျိုးသော ကောင်းမြတ် သော အရသာ ရှိသော ဘောဇဉ်ကို ဆက်သရ၏။ ဘုရင်မင်းမြတ်သည် အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်း တမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် အလိုရှိရာ အလိုရှိရာ ဘောဇဉ်ကို ပွဲတော်အုပ် တည်တော်မူ၏။

ထိုဥပမာ စကားရပ်၌ စားဖိုသည်၏ ထမင်းဟင်းလျာကို အဆိပ်ရှိ-မရှိ အပြစ်ရှိ-မရှိ စုံစမ်းရခြင်းမျှကဲ့သို့ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့၏ အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှလောက်ကိုသာ ခံစားနိုင် ခြင်းသည် ဖြစ်ပေါ်လာ၏။ မှန်ပေသည် --- စားဖိုသည်သည် ပွဲတော်အုပ်အတွက် တည်ထားအပ်သော ထမင်း ဟင်းလျာ၏ တစ်စိတ်တစ်ဒေသမျှကိုသာ စုံစမ်းရသကဲ့သို့ ဤဥပမာအတူ ဝေဒနာမှကြွင်းသော တရားတို့သည်လည်း အာရုံ၏ အရသာ၏ တစ်စိတ်တစ်ဒေသမျှလောက်ကိုသာလျှင် ခံစားကြရကုန်၏။ ဘုရင်မင်းမြတ်သည်ကား အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် အလိုရှိတိုင်း ပွဲတော်တည်နိုင် သကဲ့သို့ ဤအတူ ဝေဒနာသည်လည်း အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင် အဖြစ်ဖြင့် အာရုံ၏အရသာကို ခံစားနိုင်၏။ ထိုကြောင့် - အနုဘဝန ရသာ - ဟူ၍ဆို၏။(အဘိ၊ဋ္ဌ၊၁၊၁၅၃။)

တစ်နည်း ဖွင့်ဆိုပုံ

အပ္ပနာစျာန်သို့ မဆိုက်သေးသော ခဏိကသမာဓိ = ပရိကမ္မသမာဓိ , ဥပစာရသမာဓိတို့နှင့် ယှဉ်သော သုခ = သောမနဿဝေဒနာ , ဝိပဿနာဉာဏ်နှင့် ယှဉ်သော သောမနဿဝေဒနာ --- ဤဝေဒနာတို့ကို အထူး ရည်ညွှန်း၍ တစ်နည်း လက္ခဏ-ရသ စသည့် ရှုကွက်ကို ဤသို့ ဖွင့်ဆိုထား၏ ---

၁။ သာတလက္ခဏံ သုခံ (= သောမနဿံ)၊

၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊

၃။ အနုဂ္ဂဟဏပစ္စုပဋ္ဌာနံ၊

၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

၁။ မိမိကိန်းရာ သတ္တဝါနှင့် သမ္ပယုတ္တဓမ္မတို့ကို အာရုံ၌ သာယာစေတတ်သော သဘောတရား - လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွားစေခြင်း (ကိစ္စ) ရသ၊

၃။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိ ပဒဋ္ဌာန်။

သုခယတီတိ သုခံ၊ ယဿ ဥပ္ပဇ္ဇတိ၊ တံ သုခိတံ ကရောတီတိ အတ္ထော။ သုဋ္ဌု ဝါ ခါဒတိ, ခနတိ စ ကာယစိတ္တာဗာဓန္တိ သုခံ၊ သောမနဿဝေဒနာယေတံ နာမံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ချမ်းသာစေတတ်သော သဘောတရားသည် သုခ မည်၏၊ ဤသုခသည် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ခဲ့သော် ထိုသတ္တဝါကို ချမ်းသာအောင် ပြုလုပ်ပေးတတ်၏ဟု ဆိုလို၏။ တစ်နည်းအားဖြင့် ကာယအာဗာဓ, စိတ္တအာဗာဓ ဟူသော ကိုယ်နာ စိတ်နာ နှစ်ဖြာသော ဒုက္ခဝေဒနာကို လွန်စွာခဲစားတတ်, တူးလည်း တူးဖြိုတတ်သောကြောင့် သုခ မည်ပေသည်။ ဤ၌ သုခဟူသည် သောမနဿဝေဒနာ၏ အမည် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ဤအထက်ပါ သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်တို့မှာ ကာမာဝစရ မဟာကုသိုလ် သောမနဿ ဝေဒနာ၏ လက္ခဏ-ရသ စသည်တို့ ဖြစ်ကြသည်။ ဤသောမနဿဝေဒနာကို စျာနင်္ဂရာသိပိုင်းတွင် အဋ္ဌကထာက အထက်ပါအတိုင်း ဖွင့်ဆိုထား၏။ ထိုကြောင့် ဥပစာရသမာဓိနယ်မြေ အတွင်း၌ ဖြစ်ပေါ်နေကြသော ဥပစာရ စျာန်ဇောနှင့် ယှဉ်သော သောမနဿဝေဒနာ , ဝိပဿနာပိုင်းတွင် ဝိပဿနာဇောနှင့် ယှဉ်သော သောမနဿ ဝေဒနာတို့ကို အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။ ရူပါဝစရကုသိုလ်၌လည်း စတုက္ကနည်းအရ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၌ သောမနဿဝေဒနာနှင့် ယှဉ်လျက် ရှိ၏။

အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၂၁၃။)၌ ကာမာဝစရ ပထမ မဟာကုသိုလ်စိတ်၌ ဟောကြားထား တော်မူအပ်ကုန်သော ဖဿ။ ပ ။ အဝိက္ခေပ - ဤ (၅၆)မျိုးသော တရားတို့ကို ဤ ရူပါဝစရပထမစျာန်၌ လည်း ဟောကြားထားတော်မူအပ်ကုန်၏။ ကာမာဝစရနှင့် မဟဂ္ဂုတ်ရူပါဝစရဟု ဘုံအားဖြင့်သာ ထူးခြားမှု ရှိ၏။ ကြွင်းကျန်သော သဘောတရားများကို ကာမာဝစရ ပထမ မဟာကုသိုလ်စိတ်၌ ဖွင့်ဆိုအပ်ခဲ့သည့် အတိုင်း နည်းတူ မှတ်ပါဟု မှာကြားထား၏။ ထိုကြောင့် ကာမာဝစရနာမ်တရားစုတို့၏ လက္ခဏ-ရသ စသည့် ရှုကွက်နှင့် ရူပါဝစရ နာမ်တရားစုတို့၏ လက္ခဏ-ရသ စသည့် ရှုကွက်တို့မှာ ယေဘုယျအားဖြင့် တူညီသည်ဟု မှတ်ပါ။ အကယ်၍ ထူးခြားမှုရှိခဲ့လျှင် ထပ်၍ ဆိုမည်။

ထိုကြောင့် အထက်တွင် နောက်ဆုံးတင်ပြထားသော သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်တို့မှာ ကာမာဝစရမဟာကုသိုလ်နှင့် ယှဉ်သော သောမနဿဝေဒနာ , ရူပါဝစရကုသိုလ်နှင့် ယှဉ်သော သောမနဿ ဝေဒနာဟူသော သောမနဿဝေဒနာ နှစ်မျိုးလုံးနှင့် သက်ဆိုင်၏ဟု မှတ်ပါ။ အထူးသဖြင့် ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ နယ်မြေတို့၌ တည်ရှိသော ဥပစာရစျာန် အပ္ပနာစျာန်တို့နှင့် ယှဉ်သော ဝေဒနာတို့၏ ရှုကွက်တို့တည်း။ ယင်း ဥပစာရစျာန် အပ္ပနာစျာန် အခိုက်တို့၌ ဝေဒနာမှာ ပီတိနှင့် ယေဘုယျအားဖြင့် ယှဉ်တွဲ ဖြစ်သဖြင့် ပီတိနှင့် သုခဝေဒနာတို့၏ အထူးကို အဋ္ဌကထာဆရာတော်က ဤသို့ ဆက်လက်၍ ရှင်းလင်းတင်ပြထားတော်မူ၏။

ပီတိနှင့် သုခ

ထိုပီတိနှင့် သုခတို့၏ အချို့သော ပီတိယှဉ်ရာ စိတ်တို့၌ မကွေမကွာ ယှဉ်တွဲဖြစ်ခြင်းသည် ထင်ရှားရှိပါ သော်လည်း ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် (= အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော နှစ်သက်မြတ်နိုးဖွယ် ဣဋ္ဌာရုံကို ရရှိခြင်းကြောင့်) ယင်းဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်ခြင်း သဘောတရားသည် ပီတိတည်း။ရရှိအပ်ပြီးသော ယင်းဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောတရားသည် သုခတည်း။ အကြင်စိတ်၌ ပီတိယှဉ်၏၊ ထိုပီတိယှဉ်ရာ စိတ်၌ သုခသည်လည်း ယှဉ်၏။ အကြင်စိတ်၌ သုခသည် ယှဉ်၏၊ ထိုသုခယှဉ်ရာ စိတ်၌ မြဲသောအားဖြင့် ပီတိသည် မယှဉ်ပေ။ ပီတိကို သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူအပ်၏၊ သုခကို ဝေဒနာက္ခန္ဓာဖြင့် သိမ်းယူအပ်၏။ ကန္တာရခရီးခဲ၌ ပင်ပန်းနွမ်းနယ်နေသူ၏ ဇာတဿရရေအိုင်ကြီး တည်ရှိရာ တောအုပ်ကြီး၏ အကြောင်းအရာကို ကြားသိရခြင်း, ရေကို မြင်ရခြင်းတို့၌ကဲ့သို့ ပီတိကို, တောအုပ်ကြီး၏ အရိပ်အတွင်းသို့ ဝင်ရောက်သွားရခြင်း, ရေကို သုံးဆောင်ရခြင်းတို့၌ကဲ့သို့ သုခကို မှတ်ပါ။

ယောက်ျားတစ်ဦးသည် ကျော်လွှားလွန်မြောက်ရန် ခက်ခဲလှသော ကြီးစွာသော ခရီးခဲကို သွားနေစဉ် နွေနေပူရှိန်ဒဏ်၏ နှိပ်စက်မှုကို ခံယူရသည်ဖြစ်၍ ပင်ပန်းနွမ်းနယ်ရကား အလွန် ရေမွတ်သိပ် ဆာလောင်နေ၏။ ရှေးရှူ ခရီးရင်ဆိုင်အရပ်၌ ယောက်ျားတစ်ဦးကို တွေ့မြင်ရ၍ အဘယ်အရပ်၌ သောက်ရေသည် ရှိပါသနည်းဟု မေးကြည့်ရာ ထိုယောက်ျားက - အမောင် ...ဤတောအုပ်ကို လွန်လျှင်လွန်ခြင်းပင် ဇာတဿရရေအိုင်ရှိသော တောအုပ်ကြီး ရှိလေရဲ့၊ ထိုတောအုပ်သို့ရောက်လျှင် ရေကို ရရှိပေလတ္တံ့ --- ဟု ပြောပြ၏။ ထို ပင်ပန်းနွမ်းနယ် နေသော ယောက်ျားသည် ထိုခရီး ရင်ဆိုင်လာနေသူ ယောက်ျား၏ စကားကို ကြားရ၍ အလွန် ရွှင်လန်းသွား၏။

ထိုနောင် ခရီးဆက်လက်သွားလေသော် မြေပြင်ပေါ်၌ ခရီးသွားသမားတို့ စွန့်ပစ်ထားသဖြင့် ကျရောက်နေ ကြကုန်သော ကြာပွင့်ဖတ်, ကြာရိုး, ကြာရွက် အစရှိသည်တို့ကို တွေ့မြင်ရ၍ အလွန်အမင်း ရွှင်လန်းလျက် ခရီး ကို ဆက်လက်သွားလေသော် လမ်းခရီး၌ အဝတ်စိုစို ဆံပင်စိုစိုနှင့် ယောက်ျားတို့ကို တွေ့မြင်ရပြန်၏၊ ရေကြက် ဥဒေါင်း အစရှိသော ကြက် ငှက်တို့၏ တွန်သံ အော်သံကို ကြားရပြန်၏၊ ဇာတဿရရေအိုင်ကြီး၏ ဘေးပတ်ဝန်းကျင်၌ ပေါက်ရောက်နေသော စိမ်းစိုညိုမှိုင်း အုပ်ဆိုင်းလျက်ရှိသော ပတ္တမြားကွန်ရက်နှင့်တူသော တောအုပ်ကြီး ကိုလည်း တွေ့မြင်ရပြန်၏။ ဇာတဿရရေအိုင်ကြီး၏ အတွင်းသို့ လှမ်းမြော်၍ ကြည့်လိုက်ပြန်ရာ ဥပ္ပလကြာ, ပဒုမ္မာကြာ, ကုမုဒြာကြာ အစရှိသည့် ကြာမျိုးစုံတို့ကိုလည်း တွေ့မြင်ရပြန်၏၊ အထူးကြည်လင်သော ရေကိုလည်း တွေ့မြင်ရ၏။

ထိုယောက်ျားသည် အလွန့်အလွန် ရွှင်လန်းသည်ဖြစ်၍ ဇာတဿရရေအိုင်သို့ သက်ဆင်း၍ အလိုရှိတိုင်း ရေချိုး၏၊ အလိုရှိသလောက် ရေကို အဝသောက်၏၊ ရေကို အားရပါးရ သောက်လိုက်ရသဖြင့် အားရပါးရ ရေ ချိုး လိုက်ရသဖြင့် နေပူရှိန်ဒဏ်ကြောင့် ခရီးပန်းမှုဒဏ်ကြောင့် ရေငတ်မွတ်သိပ်မှုဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့ရသော ပူပန်မှုမှန်သမျှ ငြိမ်းအေးသွား၏။ ကြာစွယ် ကြာဥ ကြာစေ့ အစရှိသည်တို့ကိုလည်း အလိုရှိတိုင်း ခဲစားလိုက်၏။

ကြာညိုပန်း စသည်တို့ကိုလည်း ပန်ဆင်လိုက်၏။ ကြာပန်းတို့ကို ပန်ဆင်၍ ဟင်းညံ့မြစ်တို့ကို ပစ်တင်၍ ရေမှ တက်ခဲ့၏။ ပုဆိုးကို လဲ၍ ရေသနုတ်ကို နေပူ၌ လှန်း၍ အေးမြသော သစ်ပင်ရိပ်၌ ညင်းညင်းသာသာ တိုက်ခတ် လာသော လေပြည်လေညင်းကို ခံလျက် လျောင်းစက်လိုက်၏။ အဟောသုခံ အဟောသုခံ = ဩော် ...ချမ်းသာလေစွ, ဩော် ...ချမ်းသာလေစွဟု ပြောဆိုနိုင်သည့် အခြေသို့ ရောက်ရှိသွား၏။ ဤဥပမာအတူ မှတ်ပါ။

ဥပမာနနှင့် ဥပမေယျကို နှီးနှော၍ ပြဆိုရသော် ဤသို့ဖြစ်၏ --- ဇာတဿရ ရေအိုင်ကြီးရှိရာ တောအုပ် အကြောင်းကို ကြားရရာ အခါမှစ၍ ဇာတဿရအိုင်ကြီး အတွင်း၌ရှိသော ရေကို တွေ့မြင်ရရာ အခါသို့တိုင်အောင် အလွန်ရွှင်လန်းရာ အခါကဲ့သို့ ေ့ရှအဖို့၌ဖြစ်သော အာရုံ၌ အလွန်ရွှင်လန်းသော အခြင်းအရာရှိသော ပီတိကို မှတ်ပါ။ ရေချိုးပြီး၍ ရေကို သောက်သုံးပြီး၍ အေးမြသော သစ်ပင်ရိပ်၌ ညင်းညင်းသာသာ တိုက်ခတ်လာသော လေပြည်လေညင်းကို ခံလျက် ဩော် ...ချမ်းသာစွ, ဩော် ...ချမ်းသာစွဟု ပြောဆိုသော ယောက်ျား၏ လျောင်းစက်ရာအခါကဲ့သို့ အားရှိသည်၏အဖြစ်သို့ရောက်သော အာရုံ၏ အရသာကို ခံစားခြင်းဟူသော အခြင်း အရာအားဖြင့် ကောင်းစွာတည်သော သုခကို မှတ်ပါ။

ဇာတဿရ ရေအိုင်ကြီးရှိသော တောအုပ်အကြောင်းကို ကြားရရာအခါ, တောရိပ်သို့ ဝင်ရာအခါ, ရေကို မြင်ရရာအခါ, ရေကို သုံးဆောင်ရာအခါ စသည့် ထိုထို အခါ၌ ပီတိ သုခတို့၏ ထင်ရှားသည်၏အဖြစ်ကြောင့် ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် ဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်ခြင်း သဘောတရားသည် ပီတိ တည်း၊ ရရှိအပ်ပြီးသော ယင်းဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောတရားသည် သုခတည်း။ --- ဟူသော ဤစကားကို ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် ဖွင့်ဆိုတော်မူအပ်ပြီဟု သိပါ။ အကယ်စင်စစ်မှာမူကား-- အကြင်စိတ်၌ ပီတိသည် ယှဉ်၏၊ ထိုပီတိယှဉ်ရာ စိတ်၌ သုခသည်လည်း ရှိသည်သာတည်း။ဟု ဤစကားကို ဆိုအပ်ခဲ့ပြီးသည်သာတည်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၀-၁၆၁။)

လောဘမူ သောမနဿဝေဒနာ

အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်မှာ ကာမ ရူပတည်းဟူသော ကုသိုလ်သောမနဿဝေဒနာအတွက် ရှုကွက် ဖြစ်သည်။ အကုသိုလ် လောဘမူ သောမနဿဝေဒနာဖြစ်မူ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်တို့ကို အထက်ပါ ကုသိုလ်သောမနဿဝေဒနာ ရှုကွက်အတိုင်းပင် ရှုပါ။ သို့သော် ပဒဋ္ဌာန်၌ကား ပဿဒ္ဓိသည် ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သောမနဿဝေဒနာနှင့်သာ သက်ဆိုင်သဖြင့် ယင်းပဿဒ္ဓိသည် လောဘမူ သောမနဿ ဝေဒနာ၏ ပဒဋ္ဌာန် မဖြစ်နိုင်ပေ။

၁။ ဒေါမနဿဝေဒနာ၌ ဟဒယဝတ္ထုသည် ပဒဋ္ဌာန်ဖြစ်သကဲ့သို့ ဤလောဘမူ သောမနဿဝေဒနာ၌ ဟဒယဝတ္ထုသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။

၂။ သဘာဝ ပရိကပ္ပဖြစ်သော ဣဋ္ဌာရုံသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။

၃။ ဖဿသမုဒယာ ဝေဒနာသမုဒယော = ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟူသော ဒေသနာတော်များနှင့် အညီ ဖဿ ဦးဆောင်သည့် ယင်း သောမနဿဝေဒနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားစုသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။

ဤ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသည်လည်းကောင်း, (၃)မျိုးလုံးသည်လည်းကောင်း ယင်း လောဘမူ သောမနဿဝေဒနာ၏ ပဒဋ္ဌာန် ဖြစ်နိုင်၏။ အဟိတ် သောမနဿသန္တီရဏစိတ်နှင့် ယှဉ်သော သောမနဿဝေဒနာ ၌လည်း နည်းတူ မှတ်ပါ။

၄။ ဒေါမနဿဝေဒနာ

၁။ အနိဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ ဒေါမနဿံ၊

၂။ ယထာ တထာ ဝါ အနိဋ္ဌာကာရသမ္ဘောဂရသံ၊

၃။ စေတသိကာဗာဓပစ္စုပဋ္ဌာနံ၊

၄။ ဧကန္တေနေဝ ဟဒယဝတ္ထုပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၈။ ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ ပရိကပ္ပဖြစ်သော အနိဋ္ဌာရုံကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သဘာဝအားဖြင့်ဖြစ်စေ, ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို

အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ်စက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဧကန်အားဖြင့်သာလျှင် ဟဒယဝတ္ထု ပဒဋ္ဌာန်။

သဘာဝအနိဋ္ဌာရုံဟူသည် ပင်ကိုယ်သဘာဝအတိုင်း အနိဋ္ဌဖြစ်သော အာရုံတည်း။ ပရိကပ္ပအနိဋ္ဌာရုံဟူသည် ပင်ကိုယ်က ဣဋ္ဌာရုံဖြစ်သော်လည်း အယောနိသောမနသိကာရ စသော အကြောင်းတရားတို့ကြောင့် အနိဋ္ဌဟု စွဲယူထားသော အာရုံတည်း။ သာသနာပ အယူအဆရှိကြသော တိတ္ထိတို့သည် ဘုရားရှင်ကဲ့သို့သော အတိဣဋ္ဌာရုံ ကိုပင် အနိဋ္ဌဟု စွဲယူသကဲ့သို့ မှတ်ပါ။ ထိုသဘာဝအနိဋ္ဌာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခဲ့သော် ဟုတ်မှန်သည့်အတိုင်း သုံးဆောင်ခံစားခြင်း မည်၏။ သဘာဝဣဋ္ဌာရုံကို ပရိကပ္ပအားဖြင့် ကြံစည်စိတ်ကူး၍ အနိဋ္ဌဖြစ်အောင် ပြုပြင်ကြံစည်၍ အနိဋ္ဌအခြင်းအရာအားဖြင့် ထိုအာရုံကို ခံစားလျှင် မဟုတ်မမှန်သောအားဖြင့် သုံးဆောင်ခံစားသည် မည်ပေသည်။ ယင်းသဘောကိုပင် -- ဟုတ်ဟုတ်ငြားငြား ဟုတ်သည်မူလည်းဖြစ်သော မဟုတ်သည်မူလည်းဖြစ်သော သဘာဝအနိဋ္ဌာရုံ ပရိကပ္ပအနိဋ္ဌာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစား ခြင်း ကိစ္စရသ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။

ပစ္စုပဋ္ဌာန် --- သူတစ်ပါး အပေါ်၌ မကျေမနပ် ဒေါသဖြစ်နေလျှင် စိတ်နာလွန်းလို့ဟု ပြောဆိုလေ့ ရှိကြ၏။ စိတ်ရောဂါ တစ်မျိုးပင် ဖြစ်၏။ ယင်းစိတ်ရောဂါမျိုးကိုပင် စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ် စက်တတ်သော သဘာဝတရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဒေါမနဿဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ် ၏ ဉာဏ်ဝတွင် စိတ်ရောဂါအဖြစ်ဖြင့် ထင်လာသည် ဟူလို။

ပဒဋ္ဌာန် --- ဒေါမနဿဝေဒနာ၏ ကာမ (၁၁)ဘုံတည်းဟူသော ကာမလောကဓာတ်၌သာ ဖြစ်သော ကြောင့် ဧကန်အားဖြင့် ဟဒယဝတ္ထုကိုသာ အမှီရမှ ဖြစ်နိုင်ရကား ဟဒယဝတ္ထုသည် ဒေါမနဿဝေဒနာ ဖြစ်ရေး အတွက် အရေးပါ အရာရောက်လှသော အနီးကပ်ဆုံး အကြောင်းတရား = ပဒဋ္ဌာန် ဖြစ်ရပေသည်။ (မဟာဋီ၊၂၊၁၃၈။)

ဒေါသအုပ်စု၊ ဒေါသ-ဣဿာအုပ်စ၊ု ဒေါသ-မစ္ဆရိယအုပ်စု၊ ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရားစု အသီးအသီးတို့မှ ဒေါမနဿဝေဒနာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။

၅။ ဥပေက္ခာဝေဒနာ

၁။ မဇ္ဈတ္တဝေဒယိတလက္ခဏာ ဥပေက္ခာ၊

၂။ သမ္ပယုတ္တာနံ နာတိဥပဗြူဟနမိလာပနရသာ၊

၃။ သန္တဘာဝပစ္စုပဋ္ဌာနာ၊

၄။ နိပ္ပီတိကစိတ္တပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ + ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တာရုံကို

အလယ်အလတ် လျစ်လျူခံစားခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း မညှိုးကြုံစေလွန်းခြင်း (ကိစ္စ) ရသ၊

၃။ ငြိမ်သက်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပီတိကင်းသောစိတ် = ပီတိမယှဉ်သောစိတ် ပဒဋ္ဌာန်။

ဤ ဥပေက္ခာဝေဒနာကား သဘာဝအားဖြင့် အလယ်အလတ် သဘောရှိသော အာရုံ, ပရိကပ္ပအားဖြင့် အလယ်အလတ် သဘောရှိသော အာရုံကို ခံစားခြင်း သဘောလက္ခဏာ ရှိ၏။ တစ်နည်း အာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်း သဘောလက္ခဏာ ရှိ၏။ အာရုံကလည်း အလယ်အလတ် ခံစားမှုကလည်း အလယ်အလတ် ဟူလိုသည်။ ထိုကြောင့် မဇ္ဈတ္တဝေဒယိတလက္ခဏာ = သဘာဝ ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုသည်။

ထိုသို့ သဘာဝ-ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို အလယ်အလတ် ခံစားခြင်း သဘော လက္ခဏာ ရှိသောကြောင့်ပင်လျှင် မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း မညှိုးကြုံ စေလွန်းခြင်း ကိစ္စရသ ရှိခြင်း ဖြစ်သည်။

သန္တဘာဝပစ္စုပဋ္ဌာန် --- ငြိမ်သက်သည်၏အဖြစ် - ငြိမ်သက်သော သဘောတရားဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်လာ၏ဟူသော စကားကို အပြစ်ကင်းသော ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာ၏ အစွမ်းဖြင့် ပြောဆိုသောစကားဟု သိရှိပါလေ။ အလုံးစုံသော ဥပေက္ခာဝေဒနာအတွက် ပြောဆိုသောစကား မဟုတ်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၁၃၈။)

မဟာစည်ဆရာတော်ဘုရားကြီး၏အယူ

ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကို ပြုစုရေးသားတော်မူသော မဟာစည်ဆရာတော်ဘုရားကြီးက မိမိ၏ မဟာဋီကာနိဿယ ဤအပိုင်း၌ ဤသို့ မှတ်ချက် ရေးသားထားတော်မူ၏။

အကုသိုလ် ဥပေက္ခာပင်ဖြစ်သော်လည်း အကုသိုလ် သောမနဿ, ဒေါမနဿတို့ထက် ငြိမ်သက်သည်ကို ယူလျှင်မူ အလုံးစုံသော ဥပေက္ခာ၏ အစွမ်းအားဖြင့်လည်း သန္တဘာဝပစ္စုပဋ္ဌာန် သင့်ရာသေး၏။ (ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ၊၃၊၃၁၆။)

စျာနုပေက္ခာ

၁။ မဇ္ဈတ္တလက္ခဏာ စျာနုပေက္ခာ၊

၂။ အနာဘောဂရသာ၊

၃။ အဗျာပါရပစ္စုပဋ္ဌာနာ၊

၄။ ပီတိဝိရာဂပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၂၁၈။)

၁။ အလယ်အလတ်၌ တည်မှုသဘော လက္ခဏ၊

၂။ မွန်မြတ်သော ပဏီတသုခ၌သော်မှ နှလုံးမသွင်းခြင်း (ကိစ္စ) ရသ၊

၃။ မွန်မြတ်သော ပဏီတသုခ၌ ကြောင့်ကြမစိုက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

တစ်နည်း -- သမ္ပယုတ်တရားတို့ကို မွန်မြတ်သော ပဏီတသုခ၌

ကြောင့်ကြမစိုက်စေခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ ဖလ ပစ္စုပဋ္ဌာန်၊

၄။ ပီတိ၌ စက်ဆုပ်ခြင်း (= ပီတိကို လွန်မြောက်ခြင်း) ပဒဋ္ဌာန်။

ဤစျာနုပေက္ခာကား စတုတ္ထစျာန်နှင့်ယှဉ်သော ဥပေက္ခာဝေဒနာ မဟုတ်၊ တတိယစျာန်နှင့်ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ပင်တည်း။ ထို တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ပထမစျာန် ဒုတိယစျာန်တို့၌လည်း ရှိသည်သာဖြစ်၏။ သို့သော် ပထမစျာန် ဒုတိယစျာန်တို့၌ ယင်းတတြမဇ္ဈတ္တု ပေက္ခာ၏ မထင်ရှားသော ကိစ္စရှိသောကြောင့် --- ဥပေက္ခကော စ ဝိဟရတိ = တတြမဇ္ဈတ္တုပေက္ခာနှင့် ပြည့်စုံ သည်ဖြစ်၍ နေ၏ဟု ဟောတော်မမူဘဲ ဤတတိယစျာန်၌သာလျှင် ဘုရားရှင်က --- ဥပေက္ခကော စ ဝိဟရတိ = တတြမဇ္ဈတ္တုပေက္ခာနှင့် ပြည့်စုံသည်ဖြစ်၍ နေ၏ --- ဟု ဟောတော်မူခြင်း ဖြစ်သည်။ ပထမစျာန်၌ ဝိတက် ဝိစာရ, ဒုတိယစျာန်၌ ပီတိတို့က လွှမ်းမိုးထားသည့်အတွက် တတြမဇ္ဈတ္တုပေက္ခာ၏ လုပ်ငန်းကိစ္စရပ် မထင် ရှားခြင်း ဖြစ်သည်။ ဤ တတိယစျာန်၌ကား ဝိတက် ဝိစာရ ပီတိတို့သည် မလွှမ်းမိုးအပ်သည့် အဖြစ်ကြောင့် ဦးခေါင်းထောင်နေ, မော့နေ, မော်နေသကဲ့သို့ဖြစ်၍ ထင်ရှားသော ကိစ္စရှိသည် ဖြစ်ရကား တတြမဇ္ဈတ္တုပေက္ခာ ကို ဟောကြားတော်မူခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၂၁၈။)

ဤ၌ တတြမဇ္ဈတ္တတာဟူသည် အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်းပညတ် ပဋိဘာဂနိမိတ်စသော သမထ နိမိတ်အာရုံ၌ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ယင်း သမထနိမိတ် အာရုံမှ စိတ်ဓာတ် နောက်တွန့်ဆုတ်သွားမှု သဘော = စိတ်ဓာတ် ကျဆင်းသွားမှုသဘော, သမထနိမိတ်အာရုံကို အကြောင်းပြု၍ စိတ်ဓာတ် တက်ကြွ မြင့်မောက်မှုသဘော ထောင်လွှားမှုသဘော စသည်တို့ဘက်သို့ မရောက်အောင် အညီအမျှ အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်မှုတည်း။ တတိယစျာန် နာမ်တရားစုမှ ယင်းတတြမဇ္ဈတ္တတာစေတသိက်ကို ရွေး ထုတ်၍ အထက်ပါအတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။

အနာဘောဂရသာ --- မွန်မြတ်သော တတိယစျာန်ချမ်းသာ၌သော်မှ ကိုင်းညွတ်တတ်သော တဏှာ မရှိရကား ယင်းတဏှာ၏ ဆန့်ကျင်ဘက် = ပဋိပက္ခ ကိစ္စ ရှိ၏။ ထိုကြောင့် မွန်မြတ်သော ပဏီတသုခဟူသော တတိယစျာန်ချမ်းသာ၌သော်မှ နှလုံးမသွင်းခြင်း ကိစ္စ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။ (မူလဋီ၊၁၊၁၀၃။) ဤတတိယစျာန် ချမ်းသာကား လောကီ ချမ်းသာသုခ မှန်သမျှတို့တွင် အသာဆုံး အမြတ်ဆုံး ချမ်းသာတည်း။ ထိုကြောင့် ပဏီတ သုခဟု ဆိုသည်။

တစ်ဖန် ရူပါဝစရ စတုတ္ထစျာန်ခန်း၌လည်း ဥပေက္ခာဝေဒနာ၏ လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း ဖော်ပြထား၏။

အဒုက္ခမသုခ = ဥပေက္ခာ ဝေဒနာ

၁။ ဣဋ္ဌာနိဋ္ဌဝိပရီတာနုဘဝနလက္ခဏာ ဥပေက္ခာ၊

၂။ မဇ္ဈတ္တရသာ၊

၃။ အဝိဘူတပစ္စုပဋ္ဌာနာ၊

၄။ သုခနိရောဓပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၂၂၂။)

၁။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော

(= ဣဋ္ဌမဇ္ဈတ္တာရုံ၏ အရသာကို ခံစားခြင်းသဘော) လက္ခဏ၊

၂။ အလယ်အလတ် မဇ္ဈတ္တသဘော၌ တည်ခြင်း = လျစ်လျူရှုခြင်း (ကိစ္စ) ရသ၊

၃။ မထင်ရှားသော ခံစားမှု သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သုခချုပ်ခြင်း = (သုခချုပ်ရာ စတုတ္ထစျာန်၏ ဥပစာရ) ပဒဋ္ဌာန်။

ဤစတုတ္ထစျာန်ကား ဒုက္ခ မရှိခြင်းကြောင့် အဒုက္ခ, သုခလည်း မရှိခြင်းကြောင့် အသုခဖြစ်သော စျာန် တည်း။ ဤ အဒုက္ခမသုခံဟူသော ပါဌ်ဖြင့် ဤစတုတ္ထစျာန်၌ ဒုက္ခ သုခ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော တတိယ ဝေဒနာကို ဖော်ပြ၏။ ဒုက္ခ သုခ၏ မရှိခြင်းမျှကိုသာ ပြသည်ကား မဟုတ်။ တတိယဝေဒနာမည်သည် အဒုက္ခ မသုခ ဝေဒနာတည်း။ ဥပေက္ခာဝေဒနာဟူ၍လည်း ခေါ်ဆို၏။ ထို အဒုက္ခမသုခဝေဒနာသည် ဣဋ္ဌာရုံ အနိဋ္ဌာ ရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော လက္ခဏာ ရှိပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၂၂။)

ဤ သဘောလက္ခဏာအရ ယင်းစတုတ္ထစျာန် - ဥပေက္ခာဝေဒနာ၏ အာရုံမှာ ဣဋ္ဌ, ဣဋ္ဌမဇ္ဈတ္တ အာရုံသာ ဖြစ်သည်ဟု မှတ်ပါ။ တစ်ဖန် ယင်းဝေဒနာသည် အလယ်အလတ် မဇ္ဈတ္တ၌တည်သော လျစ်လျူရှုခြင်း ကိစ္စ ရှိသဖြင့် အာရုံကို ခံစားမှုမှာလည်း အလယ်အလတ် ခံစားမှုသာတည်း။ အာရုံလည်း မဇ္ဈတ္တ, ခံစားမှုလည်း မဇ္ဈတ္တဟု ဆိုလိုသည်။

နားမရှုပ်ထွေးစေရန် အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြပါရစေ။ ဤစတုတ္ထစျာန်မှာ စတုက္ကနည်းအရ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို အခြေခံ၍ တစ်ဆင့်ပြီး တစ်ဆင့် တက်လာရသော စျာန်ဖြစ်၏။ အကယ်၍ အသင်သူတော်ကောင်းသည် ဤကျမ်းတွင် ရေးသား တင်ပြထားသည့်အတိုင်း အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြု၍ ပထမစျာန်မှသည် စတုတ္ထစျာန်သို့တိုင်အောင် စတုက္ကနည်းအားဖြင့် သမာဓိထူထောင်ထားသူ ဖြစ်အံ့၊ ယင်းပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၏ အာရုံ မှာလည်း အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံပင် ဖြစ်၏။ စျာန် လေးပါးလုံး တို့၏ အာရုံမှာ အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ တစ်မျိုးတည်းသာ ဖြစ်၏။ အာရုံချင်း တူညီနေ၏။

သို့သော် ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံမှာ ပထမစျာန် ဒုတိယစျာန် အခိုက်၌ ဣဋ္ဌာရုံ ဖြစ်နေ၍ တတိယစျာန်နှင့် စတုတ္ထစျာန် အခိုက်၌ ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်နေ၏။ တတိယစျာန် အခိုက်၌ အထက် စျာနုပေက္ခာ ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း တတိယစျာန်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာစေတသိက်၏ စွမ်းအားကြောင့် တတိယစျာန်နှင့် ယှဉ်သော သမ္ပယုတ်တရားအားလုံးတို့သည် ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံကို အလယ် အလတ် ဣဋ္ဌမဇ္ဈတ္တ အခြင်းအရာ၌တည်အောင် ထားနိုင်ကြ၏။ အာရုံမှာ မဇ္ဈတ္တဖြစ်သော်လည်း ခံစားမှုမှာ သုခ ဖြစ်နေသေး၏။

ဤစတုတ္ထစျာန်၌ကား အာရုံလည်း မဇ္ဈတ္တ, ခံစားမှုလည်း မဇ္ဈတ္တပင် ဖြစ်သည်။ အဘယ်ကြောင့်နည်း?

သုခဝေဒနာသည် စတုတ္ထစျာန်သို့ မဆိုက်မီ အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ စတုတ္ထစျာန်၏ ဥပစာရသမာဓိ နယ်မြေမှစ၍ သုခဝေဒနာသည် ချုပ်ပျက် သွား၏။ ဥပေက္ခာဝေဒနာသည် စတင်၍ ဖြစ်ပေါ်လာ၏။ တတိယစျာန် အခိုက်မှ စွမ်းအင်ထက်မြက် စူးရှလာသော တတြမဇ္ဈတ္တတာစေတသိက်၏ အားပေးထောက်ပံ့မှုကြောင့် စတုတ္ထစျာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာနှင့် တကွသော သမ္ပယုတ်တရားစုတို့သည် အာနာပါနပဋိဘာဂနိမိတ် အာရုံကို အလယ်အလတ် မဇ္ဈတ္တ အခြင်း အရာ၌ တည်အောင် ထားနိုင်သည့် စွမ်းအင်များ ပြည့်ဝလာကြ၏။ ထိုကြောင့် စတုတ္ထစျာန်နှင့် ယှဉ်သော သမ္ပယုတ်တရားစုတို့သည် တတြမဇ္ဈတ္တတာနှင့် ဥပေက္ခာဝေဒနာတို့ ပြဓာန်းသော ဘာဝနာ၏ စွမ်းအားကြောင့် အာရုံကိုလည်း အလယ်အလတ် မဇ္ဈတ္တ အခြင်းအရာ၌ တည်အောင် ထားနိုင်၏။ အာရုံ၏ အရသာကိုလည်း အလယ်အလတ် မဇ္ဈတ္တ သဘောအားဖြင့်သာ ခံစား၏။ အာရုံလည်း မဇ္ဈတ္တ, ခံစားမှုလည်း မဇ္ဈတ္တပင် ဖြစ်ရသည်။

အဝိဘူတပစ္စုပဋ္ဌာနာ --- သုခ ဒုက္ခတို့ကား ထင်ရှားသော ခံစားမှုတို့တည်း။ သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ခံစားချက်များကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝတွင် အလွန် ထင်ရှားပေ၏။ သို့သော် အဒုက္ခမသုခ ဝေဒနာ ကား သုခ ဒုက္ခတို့ကဲ့သို့ ထင်ရှားသော အခြင်းအရာရှိသော ခံစားမှုမျိုး မဟုတ်ပေ။ ကျောက်ဖျာအပြင်၌ ဖြတ်ကျော် သွားသော သားသမင်၏ ခြေရာ လမ်းကြောင်းကဲ့သို့ ဥပေက္ခာဝေဒနာမှာ ထိုသုခ ဒုက္ခဝေဒနာတို့ဖြင့် မှန်းဆ ယူအပ်သော မထင်ရှားသော အခြင်းအရာ ရှိ၏ဟု ထိုဥပေက္ခာဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာပေသည်။ မိဂပဒဝလဉ္ဇနနည်းဖြင့် သိနိုင်သည် ဟူလိုသည်။ (မူလဋီ၊၁၊၁၀၄။)

ပဒဋ္ဌာန် --- သုခနိရောဓော နာမ ဣဓ စတုတ္ထစျာနုပစာရော။ (သာရတ္ထ၊၁၊၃၇၉။)

သုခဝေဒနာ ချုပ်မှုမှာ စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်မှ စ၍ ချုပ်၏။ ထိုသုခဝေဒနာ ချုပ်မှ ဥပေက္ခာ ဝေဒနာ ဖြစ်လာနိုင်ပေသည်။ သို့အတွက် သုခဝေဒနာ ချုပ်ရာ စတုတ္ထစျာနုပစာရသည် ဥပေက္ခာဝေဒနာ ဖြစ်ပေါ် လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။

တစ်ဖန် ရူပါဝစရစျာန်တွင် အကျုံးဝင်သော ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ်တရား (၄)ပါးတွင် ပါဝင်တည်ရှိသော ဥပေက္ခာဗြဟ္မဝိဟာရ၏ လက္ခဏ-ရသ စသည်ကိုလည်း အဋ္ဌသာလိနီအဋ္ဌကထာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့တွင် ဖွင့်ဆိုထား၏။ ဥပေက္ခာဗြဟ္မဝိဟာရ၏ တရားကိုယ်မှာ တတြမဇ္ဈတ္တတာစေတသိက်ပင် ဖြစ်သည်။ ယင်းဗြဟ္မ ဝိဟာရုပေက္ခာ၏ လက္ခဏ-ရသ စသည်ကို ဗြဟ္မဝိဟာရစေတသိက်ပိုင်းတွင် ကြည့်ပါ။

ဝေဒနာက္ခန္ဓကထာ အခန်း ပြီး၏။

__________