မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/သင်္ခါရက္ခန္ဓကထာ အခန်း

ဝီကီရင်းမြစ် မှ

သင်္ခါရက္ခန္ဓကထာ အခန်း (ခြုံရှုသောနည်း)

၁။ အဘိသင်္ခါရဏလက္ခဏာ သင်္ခါရာ၊

၂။ အာယူဟနရသာ၊

၃။ ဝိပ္ဖါရပစ္စုပဋ္ဌာနာ၊

၄။ သေသခန္ဓတ္တယပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၂။)

၁။ ပေါင်းစည်းခြင်း = ပေါင်းစုအောင် ပြုပြင်ခြင်း,

အားထုတ်ခြင်း ကြောင့်ကြဗျာပါရသို့ ရောက်ခြင်းသဘော လက္ခဏ၊

၂။ ပေါင်းစုရုံးစည်းခြင်း (ကိစ္စ) ရသ၊

၃။ အကျိုးကို ပြုပြင်ခြင်း ပြီးစေခြင်း ဗျာပါရရှိသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှ ကြွင်းသော နာမ်ခန္ဓာ (၃)ပါး ပဒဋ္ဌာန်။

ဧတ္ထ အဘိသင်္ခါရဏလက္ခဏံ နာမ ရာသိကရဏလက္ခဏံ။ ကိံပန တန္တိ၊ သင်္ခါရာယေဝ။ ယထာဟ သင်္ခတမဘိသင်္ခရောန္တီတိ ခေါ ဘိက္ခဝေ တသ္မာ သင်္ခါရာတိ ဝုစ္စန္တီတိ။ (ဝိသုဒ္ဓိ၊၂၊၉၂။)

ရာသိကရဏလက္ခဏန္တိ သမ္ပိဏ္ဍနလက္ခဏံ၊ တတော သင်္ခါရာ အာယူဟနရသာ ဝုစ္စန္တိ။ စေတနာပဓာနတာယ ဟိ သင်္ခါရက္ခန္ဓဓမ္မာ ဧဝံ ဝုတ္တာ။ တေနေဝါဟ ကိံပန တန္တိ သင်္ခါရာယေဝါတိအာဒိ။ တတ္ထ သင်္ခတမဘိသင်္ခရောန္တီတိ ယထာ အတ္တနော ဖလံ သင်္ခတံ သမ္မဒေဝ နိပ္ဖန္နံ ဟောတိ၊ ဧဝံ အဘိသင်္ခါရောန္တီတိ အတ္ထော။ (မဟာဋီ၊၂၊၁၃၉။)

ယံ ကိဉ္စိ အဘိသင်္ခါရဏလက္ခဏံ၊ သဗ္ဗံ တံ ဧကတော ကတွာ သင်္ခါရက္ခန္ဓော။ (ဝိသုဒ္ဓိ၊၂၊၈၂။)

အဘိသင်္ခါရဏံ အာယူဟနံ ဗျာပါရာပတ္တိ၊ အဘိသန္ဒဟနံ ဝါ၊ ဥဘယထာ ပိ စေတနာပဓာနတာယ သင်္ခါရက္ခန္ဓဿ ဧဝံ ဝုတ္တံ အဘိသင်္ခါရဏလက္ခဏန္တိ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓံ ဝိဘဇန္တေန ဘဂဝတာ စက္ခုသမ္ဖဿဇာ စေတနာတိအာဒိနာ စေတနာဝ ဝိဘတ္တာ။ (မဟာဋီ၊၂၊၁၁၂။)

အဘိသင်္ခါရဏလက္ခဏာ --- ဟူသည် ရာသိကရဏလက္ခဏ = သမ္ပိဏ္ဍနလက္ခဏ = ပေါင်းစုခြင်း သဘော လက္ခဏာပင်တည်း၊ ထို့ကြောင့် အာယူဟနရသာ = ပေါင်းစု ရုံးစည်းခြင်း ကိစ္စရှိ၏ဟု ဆိုအပ်ကုန်သည်။ သင်္ခါရက္ခန္ဓာ တရားစုတို့၌ စေတနာ ပြဓာန်းသောကြောင့် ဤသို့ဆိုခြင်း ဖြစ်သည်။ စေတနာသည် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ဖြစ်စေ, အကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ဖြစ်စေ အတူယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ကုသိုလ် ဖြစ်ကြောင်း သို့မဟုတ် အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ တစ်ပါးစီ ကွဲမနေစေဘဲ ပေါင်းစုခြင်း ပေါင်းစုပေးခြင်း လုပ်ငန်းကိစ္စ ရှိပေသည်။ ယင်းလုပ်ငန်းကိစ္စကိုပင် အာယူဟနရသာဟု ဆိုသည်။

အကြင် အကြင် အခြင်းအရာအားဖြင့် ပြုပြင်ခဲ့သော် မိမိ၏ = စေတနာ ဦးဆောင်သည့် နာမ်တရားစု၏ အကျိုးတရားသည် ကောင်းစွာပြီးစီးလာနိုင်၏။ ထိုအကျိုးတရား ဖြစ်ပေါ်လာနိုင်လောက်သော ထိုထို အခြင်းအရာ အားဖြင့် အကြောင်းတရားတို့ကို ပြုပြင်ခြင်း ပြုစု ပျိုးထောင်ခြင်းကို ဆိုလိုပေသည်။ သို့အတွက် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ဆိုင်ရာ ကုသိုလ်ဖြစ်ကြောင်းအာရုံ သို့မဟုတ် အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ ဖရိုဖရဲ မကျဲအောင် တစ်ပါးစီ ကွဲမနေအောင် ပေါင်းစုခြင်း ပေါင်းစုရုံးစည်းခြင်း လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်နေခြင်းသည် သက်ဆိုင်ရာ ကောင်းကျိုးတရားများကို သို့မဟုတ် ဆိုးကျိုးတရားများကို ပေါ်လာနိုင်အောင် ဖြစ်လာနိုင်အောင် အကြောင်းတရားတို့ကို ပြုစုပျိုးထောင်ခြင်းပင် ဖြစ်သည်။ ထိုကြောင့် ပေါင်းစုရုံးစည်းခြင်းသည် ထိုသင်္ခါရက္ခန္ဓာ အမည်ရသော တရားစုကို မှတ်သားကြောင်း ဖြစ်၍ လက္ခဏာလည်း ဖြစ်၏။ ထိုသင်္ခါရက္ခန္ဓာ အမည်ရသော တရားစုသည် ပြီးစီးစေအပ်သည် ဖြစ်၍ ကိစ္စလည်း ဖြစ်၏ဟု မှတ်သားလေရာသည်။

ပစ္စုပဋ္ဌာန် --- ဝိပ္ဖါရပစ္စုပဋ္ဌာနာတိ ဧတ္ထ ဝိပ္ဖါရော နာမ ဝိပ္ဖါရဝန္တတာ၊ တသ္မာ သဗျာပါရပစ္စုပဋ္ဌာနာတိ အတ္ထော။ (မဟာဋီ၊၂၊၁၃၉။)

အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် အကြောင်းတရားတို့ကို ပြုပြင်ခြင်း, ပြုစုပျိုးထောင်ခြင်း, အကျိုးကို ပြီးစေခြင်း၌ ကြောင့်ကြ ဗျာပါရရှိသော သဘောတရားဟု ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေးရှူ ထင်လာပေသည်။

ပဒဋ္ဌာန် --- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာ အမည်ရသော ယှဉ်ဖက် သမ္ပယုတ်တရားစုတို့ မပါဘဲ သင်္ခါရက္ခန္ဓာချည်းသက်သက် = သင်္ခါရက္ခန္ဓာ အမည်ရသော စေတသိက်တရားစုချည်းသက်သက် ဖြစ်နိုင်စွမ်း မရှိသောကြောင့် ဝေဒနာ သညာ ဝိညာဏ်တို့ကလည်း သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု ပေးပါမှ ဖြစ်ပေါ်လာနိုင်သောကြောင့် မိမိ သင်္ခါရက္ခန္ဓာမှ ကြွင်းကျန်သော ဝေဒနာ သညာ ဝိညာဏ် နာမ်ခန္ဓာ (၃)ပါးသည် သင်္ခါရက္ခန္ဓာ၏ အနီးစပ်ဆုံးသော အကြောင်းတရား = ပဒဋ္ဌာန် ဖြစ်ရပေသည်။ ဤ ပဒဋ္ဌာန်မှာ ပဒဋ္ဌာန်ကို အထူးမဖော်ပြရာ နာမ်တရားတိုင်း၌ အလေးဂရုပြုသင့်သော အချက်ပင် ဖြစ်သည်။

ဤအထက်ပါ ရှင်းလင်းချက်များကို ကြည့်ပါက ---အတိတ် အကြောင်းတရားများကြောင့် ပစ္စုပ္ပန် အကျိုး တရားများ ဖြစ်ပုံ, ပစ္စုပ္ပန် အကြောင်းတရားများကြောင့် အနာဂတ် အကျိုးတရားများ ဖြစ်ပုံ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် သည့်တိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်စွမ်း သိမ်းဆည်းနိုင်စွမ်း ရှုနိုင်စွမ်း ရှိသူသည်သာလျှင် ဤသင်္ခါရက္ခန္ဓာ၏ လက္ခဏ ရသ စသည်ကို ပစ္စက္ခဉာဏ်ဖြင့် ပုံစံမှန် ရှုမြင်နိုင်မည် ဖြစ်သည်။

အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် အကြောင်းတရားတို့ကို ပြုစုပျိုးထောင်ပုံ သဘောတရား, စေတနာ ဦးဆောင်သည့် သင်္ခါရက္ခန္ဓာတရားစု၌ အကျိုးကို ပြီးစီးစေတတ်သော ဗျာပါရရှိမှု သဘောတရားတို့မှာ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ပြီးပါမှသာလျှင် သဘောကျ လက်ခံနိုင်မည့် အရာဌာနတို့ ဖြစ်ကြသည်။

ရှုကွက်နမူနာပုံစံ --- မိမိ၏ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားတို့ကြောင့် ပစ္စုပ္ပန် ကလလရေကြည် တည်စခိုက်ဝယ် ရုပ်ကလာပ် (၃)မျိုး, ရုပ် အမျိုးအစား (၃၀)တို့ ထင်ရှားဖြစ်ပေါ်လာပုံ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှုပါ။ ဝိပါက်နာမ်တရားတို့၌လည်း နည်းတူ ရှုပါ။ အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်၌လည်း နည်းတူ သဘောပေါက်ပါ။ ထိုကြောင့် ဤ သင်္ခါရက္ခန္ဓာ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်မှာ တစ်စိတ်တစ်ဒေသအားဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသူ သူတော်ကောင်းတို့သည်သာလျှင် ရှုနိုင် သဘောပေါက်နိုင်သော အကြောင်းအရာဌာန တစ်ခုသာ ဖြစ်သည်။

ဤအရာ၌ ကံက တစ်နည်း အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့က ဆိုင်ရာ အကျိုးတရားတို့ကို ဖြစ်စေရာ၌ ဂတိ-ဥပဓိ-ကာလ-ပယောဂတို့၏ အထောက်အပံ့ကို ရပါမှ ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော အကြောင်းတရားတို့နှင့် ပေါင်းဆုံမိပါမှ အကျိုးပေးဖို့ရန် အခွင့်အလမ်း သာလာတတ်၏။ ယင်းအကြောင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်း၌ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေး မတင်ပြရသေးသည့်အတွက် ဤအပိုင်းတွင် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြပေအံ့။

သမင်္ဂိတာ = သမင်္ဂီ (၅) ပါး

ဂတိ-ဥပဓိ-ကာလ-ပယောဂတို့နှင့် ပေါင်းဆုံမိသော ကံသည် ဆိုက်ရောက်ရာ အကျိုးကို ဖြစ်စေရာ၌ သမင်္ဂိတာ = သမင်္ဂီ (၅)ပါး အကြောင်းကိုလည်း သိထားသင့်သဖြင့် ဤ၌ သမင်္ဂီ (၅)ပါး အကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၄၁၉-၄၂၀။), ဥပရိပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၈၇။), အင်္ဂုတ္တရ အဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၃၆၄။) တို့၌ လာရှိသည့်အတိုင်း အကျဉ်းချုပ်ကာ ထပ်မံ၍ တင်ပြအပ်ပါသည်။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် အကျယ်ရှင်းပြခဲ့၏။)

ကောင်းမှု မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာဟူသော သန္နိဋ္ဌာနစေတနာ မဖြစ်မီ မတိုင်မီ ရှေးအဖို့၌ အားထုတ်ကြောင်း ကုသိုလ်စေတနာ အကုသိုလ် စေတနာတို့သည် အာယူဟနသမင်္ဂိတာ မည်၏။

ကောင်းမှု မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာဟူသော သန္နိဋ္ဌာနစေတနာတို့သည် စေတနာသမင်္ဂိတာ မည်၏။

တစ်နည်း --- ကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ, မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော အကုသိုလ်စေတနာတို့ အသီးအသီး ဖြစ်ကြလေသည်။ ထိုကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာတို့၏ သန္တတိပစ္စုပ္ပန် အနေအားဖြင့် ထင်ရှားရှိခိုက်ကို အာယူဟနသမင်္ဂိတာ = အာယူဟနသမင်္ဂီ = အားထုတ်ကြောင်း ကုသိုလ်သင်္ခါရတရားစု သို့မဟုတ် အားထုတ်ကြောင်း အကုသိုလ်သင်္ခါရတရားစုနှင့် ပြည့်စုံနေခြင်းဟု ခေါ်ဆို၍ ထိုစေတနာတို့၏ ခဏပစ္စုပ္ပန်အနေအားဖြင့် ထင်ရှားရှိခိုက်ကို စေတနာသမင်္ဂိတာ = စေတနာသမင်္ဂီ = စေ့ဆော်ပြုလုပ်မှုနှင့် ပြည့်စုံနေခြင်းဟု အသီးအသီး ခေါ်ဆိုလေသည်။

ထိုကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏငယ် သုံးချက် အသက်စေ့၍ ချုပ်ပျောက်သွားကြသောအခါ အခြား ဝိပါက်ဝိညာဏ်များကဲ့သို့ ဤရုပ်နာမ်ခန္ဓာ သန္တာန်အစဉ်၌ အဆက်ပြတ် အစပြတ် ချုပ်ပျောက်သွားကြသည် မဟုတ်ဘဲ အကြောင်းအခွင့် ညီညွတ်ပြည့်စုံလျှင် အကျိုးဝိပါက်ဝိညာဏ်စိတ် တရားလုံး တစ်ခုအနေဖြင့် အကျိုးဝိပါက်ရုပ် တရားလုံး တစ်ခုအနေဖြင့် ထင်ရှားဖြစ်ပေါ် လာစေနိုင်သော သတ္တိထူးကို ဤရုပ်နာမ် သန္တာန်အစဉ်၌ မြှုပ်နှံပြီးမှ ထားရှိခဲ့ပြီးမှ ချုပ်ပျောက်သွားကြလေသည်။ ထိုအမူအရာ သတ္တိထူးကား ဤရုပ်နာမ်ခန္ဓာ အစဉ်၌ အဟောသိကံ မဖြစ်သေးသမျှ ကာလပတ်လုံး ရဟန္တာ အဖြစ်နှင့် ပရိနိဗ္ဗာန် မစံရသေးသမျှ ကာလပတ်လုံး ငုတ်ကိန်း လိုက်ပါလျက် ရှိချေသည်။ ထို အမူအရာ သတ္တိထူးနှင့် ပြည့်စုံနေခြင်းကို ကမ္မသမင်္ဂိတာ = ကံအမူအရာ သတ္တိထူး = ကမ္မသတ္တိထူးနှင့် ပြည့်စုံခြင်းဟု ခေါ်ဆို၏။ အတိုကောက်အားဖြင့် ကံဟု ခေါ်ဆိုပေသည်။

ဤအဖွင့်များအရ အာယူဟနသမင်္ဂိတာနှင့် စေတနာသမင်္ဂိတာဟူသော သမင်္ဂီ နှစ်မျိုးကို သင်္ခါရဟု ခေါ်ဆို၍ ကမ္မသမင်္ဂိတာကို ကမ္မဘဝ သို့မဟုတ် ကံ ဟု ခေါ်ဆိုသည် မှတ်ပါ။

သံသရာခရီး ဆက်ရန်ရှိနေသေးသော ပုထုဇန် သေက္ခ သတ္တဝါတို့အဖို့ ဘဝတစ်ခုခုကို ရည်ရွယ်တောင့်တ၍ မိမိတို့ ပြုစုပျိုးထောင်ထားခဲ့သော ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံတို့သည် အကျိုးပေးခွင့်သာ၍ အကျိုး ပေးရန် အချိန်တန်သောအခါ သေခါနီးကာလ၌ ဒွါရ (၆)ပါးတို့တွင် ဆိုင်ရာဒွါရ တစ်ခုခု၌ အကျိုးပေးတော့မည့် ကံ၏ စွမ်းအင် ကမ္မသတ္တိထူးကြောင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဟူသော နိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်လာမြဲ ဓမ္မတာ ဖြစ်ပေသည်။ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှကာလပတ်လုံး ထိုထိုသတ္တဝါတို့ ထိုထို ဘုံဘဝမှ စုတေ၍ ထိုထိုဘုံဘဝသို့ ရောက်တော့မည့်ဆဲဆဲတွင် ဖြစ်ရိုးဓမ္မတာကြီး တစ်ခုပင်ဖြစ်၏။ ထိုထင်လာ တိုင်းသော အာရုံကို အခြားမဲ့နောက်ဘဝ၌ လိုက်ပါထင်မြင်နိုင်လောက်အောင် = နောင်လာမည့် အနာဂတ်ဘဝသစ် ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၏ အာရုံ ဖြစ်နိုင်လောက်အောင် အားရှိစွာယူပြီးမှ ဤဘဝက စုတိစိတ်ကျမြဲ ဖြစ်မြဲ ဓမ္မတာ ဖြစ်သည်။ ထိုသို့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးထင်မှုနှင့် ပြည့်စုံခြင်းကို ဥပဋ္ဌာနသမင်္ဂိတာဟု ခေါ်ဆို၏။

ထိုနောက် ဤဘဝမှ စုတေ၍ ထိုသက်ရောက်သင့်ရာ ဘုံဘဝ၌ ပဋိသန္ဓေဝိပါက်ဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ (ပဉ္စဝေါကာရဘုံဝယ် ဝိပါက်ဝိညာဏ်နှင့်အတူ ကမ္မဇရုပ်များလည်း ဖြစ်ပေါ်လာကြ၏။) ပဋိသန္ဓေ အခါ၏ နောက်ပိုင်းကာလဖြစ်သော ပဝတ္တိအခါ၌လည်း ထိုကံ၏ အကျိုးဖြစ်သော ဝိပါက်ဝိညာဏ်စိတ်များသည် အခြားအခြားသော ဝီထိစိတ်တို့ မဖြစ်သောအခါ၌ ဘဝအယဉ် စိတ်အစဉ် မပြတ်ရန် ဘဝ၏ အကြောင်းအဖြစ် တည်နေမှုဟူသော ဘဝင်ကိစ္စလုပ်ငန်းရပ်ကို ဆောင်ရွက်လျက် ထပ်တလဲလဲ ဖြစ်ပွားကြလေသည်။ ထိုသို့ ပဋိသန္ဓေ ဝိပါက်ဝိညာဏ် ပဝတ္တိဝိပါက်ဝိညာဏ်တို့ ဖြစ်ပွားပြည့်စုံလာကြသည်ကို ဝိပါကသမင်္ဂိတာ = အကျိုးဝိပါက်နှင့် ပြည့်စုံခြင်းဟု ခေါ်ဆိုအပ်ပေသည်။

ကံသည် အကျိုးဝိပါက်ကို ဖြစ်စေရာ၌ ဂတိ, ဥပဓိ, ကာလ, ပယောဂဟူသော အကြောင်းတို့နှင့် ပေါင်းဆုံမိမှ သာလျှင် အကျိုးကို ဖြစ်စေနိုင်၏။ ဤအကြောင်းကို ကျယ်ပြန့်နက်ရှိုင်းစွာ သဘောပေါက်နားလည်နိုင်ရန် ကမ္မန္တရ ဝိပါကန္တရ ဇာနနဉာဏ = ကံ၏ ထူးထွေကွဲပြားမှု အကျိုးဝိပါက်၏ ထူးထွေကွဲပြားမှုကို သိတတ်သော ဉာဏ်တော် တည်းဟူသော ဒုတိယဗလဉာဏ်တော် အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

ဒုတိယဗလဉာဏ်တော်

(က) တတ္ထ ကတမံ တထာဂတဿ အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ဉာဏံ၊ ဣဓ တထာဂတော ပဇာနာတိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ။ (အဘိ၊၂၊၃၅၁။)

(က) ထိုဉာဏ်တို့တွင် အဘယ်ဉာဏ်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ထားအပ်သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်သည် ဖြစ်လေသနည်း? ဤလောက၌ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။

၁။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် (လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ကဲ့သို့သော) ကောင်းသော ပြည့်စုံသော ဂတိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသော ဥပဓိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် မင်းကောင်းမင်းမြတ်, သူတော်သူမြတ်တို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဟူသော ပြည့်စုံသော ကာလသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် ကောင်းသော လုံ့လပယောဂ = ကောင်းသော ကြိုးစားအားထုတ်ခြင်းဟူသော ပြည့်စုံသော ပယောဂသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၃၅၁။)

( ခ ) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။ (အဘိ၊၂၊၃၅၁။)

၁။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသော ဂတိသို့ ရှေးရှူရောက်၍ = ပျက်စီးသော ဂတိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ပျက်စီးသော ဥပဓိသို့ ရှေးရှူရောက်၍ = ပျက်စီးသော ဥပဓိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် မကောင်းသော မင်း, မကောင်းသော လူတို့၏ ကာလဟူသော ပျက်စီးသော ကာလသို့ ရှေးရှူရောက်၍ = ပျက်စီးသော ကာလကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် လုံ့လပယောဂ ချို့တဲ့ခြင်းဟူသော ပျက်စီးသော ပယောဂသို့ ရှေးရှူရောက်၍ = ပျက်စီးသော ပယောဂကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁။)

( ဂ ) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ။ (အဘိ၊၂၊၃၅၁။)

၁။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသော ဂတိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန် လတ်သော် အကျိုး မပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ပျက်စီးသော ဥပဓိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် မကောင်းသောမင်း, မကောင်းသောလူတို့၏ ကာလတည်းဟူသော ပျက်စီးသော ကာလသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် လုံ့လပယောဂ ချို့တဲ့ခြင်းတည်းဟူသော ပျက်စီးသော ပယောဂသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁။)

(ဃ) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တီတိ ယာ တတ္ထ ပညာ ပဇာနနာ။ ပ ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ဉာဏံ။ (အဘိ၊၂၊၃၅၁-၃၅၂။)

၁။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ကဲ့သို့သော ကောင်းသော ပြည့်စုံသော ဂတိသို့ ရှေးရှူ ရောက်၍ = ပြည့်စုံသော ဂတိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသော ဥပဓိသို့ ရှေးရှူရောက်၍ = ပြည့်စုံ သော ဥပဓိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် မင်းကောင်းမင်းမြတ်, သူတော်သူမြတ်တို့၏ ဖြစ်ထွန်းပေါ်ပေါက်ရာ ကာလတည်း ဟူသော ပြည့်စုံသော ကာလသို့ ရှေးရှူရောက်၍ = ပြည့်စုံသော ကာလကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် ကောင်းသော လုံ့လပယောဂ = ကောင်းသော ကြိုးစားအားထုတ်ခြင်းဟူသော ပြည့်စုံသော ပယောဂသို့ ရှေးရှူရောက်၍ = ပြည့်စုံသော ပယောဂကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့ သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁-၃၅၂။)

ထိုဉာဏ်တို့တွင် ဤဆိုအပ်ပြီးသော အကြင်ပညာသည် အကြင် ကွဲကွဲပြားပြား သိခြင်းသည်။ ပ ။ အကြင် အမောဟသည် အကြင် ဓမ္မဝိစယသည် အကြင် သမ္မာဒိဋ္ဌိသည် ရှိ၏။ ဤသမ္မာဒိဋ္ဌိသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ထားအပ်ကုန်သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာ သော အကျိုးဝိပါက်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်တည်း။ (အဘိ၊၂၊၃၅၂။)

သမ္ပတ္တိ နှင့် ဝိပတ္တိ

၁။ ဂတိသမ္ပတ္တိ ဟူသည် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တည်းဟူသော ပြည့်စုံသော ဂတိတည်း။ ဂတိဝိပတ္တိ ဟူသည် အပါယ် (၄)ဘုံတည်းဟူသော ဖောက်ပြန် ပျက်စီးသော ဂတိတည်း။

၂။ ဥပဓိသမ္ပတ္တိ ဟူသည် ရုပ်အဆင်း လှပ တင့်တယ်ခြင်းတည်းဟူသော ခန္ဓာကိုယ် အတ္တဘော၏ ပြည့်စုံခြင်းတည်း။ ဥပဓိဝိပတ္တိ ဟူသည် ရုပ်အဆင်း မလှပခြင်း, အကျည်းတန် အရုပ်ဆိုးခြင်း ယုတ်ညံ့သော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်း။

၃။ ကာလသမ္ပတ္တိ ဟူသည် မဟာသုဒဿန စကြာမင်း အစရှိသော မင်းကောင်းမင်းမြတ်တို့၏ ဖြစ်ထွန်းရာ အချိန်အခါကာလ, ကမ္ဘာဦးသူ လူ အစရှိသော သူတော်သူမြတ်တို့၏ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလဟု ဆိုအပ်သော ပြည့်စုံသော ကာလတည်း။ ကာလဝိပတ္တိ ဟူသည် မကောင်းသောမင်း, မကောင်းသောလူတို့၏ ကာလဟု ဆိုအပ်သော ပျက်စီးသော ကာလတည်း။

၄။ ပယောဂသမ္ပတ္တိ ဟူသည် ကောင်းမွန် မှန်ကန်သော ကာယ ပယောဂ = ကိုယ်ဖြင့် ကြိုးစားအားထုတ်မှု, ဝစီ ပယောဂ = နှုတ်ဖြင့် ကြိုးစားအားထုတ်မှု ပြောဆိုမှု, မနော ပယောဂ = စိတ်ဖြင့် ကြိုးစားအားထုတ်မှု ကြံ စည်မှုတည်း။ ပယောဂဝိပတ္တိဟူသည် မှားယွင်းသော ကြိုးစားအားထုတ်မှု မိစ္ဆာပယောဂတည်း။ ကိုယ်ဖြင့် မပြု သင့်သည်ကို ပြုမှု, နှုတ်ဖြင့် မပြောသင့်သည်ကို ပြောဆိုမှု, စိတ်ဖြင့် မကြံစည်သင့်သည်ကို ကြံစည်မှုတည်း။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)

ပြုစုပျိုးထောင်အပ်ခဲ့ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော အကုသိုလ်ကံတို့သည် ဝိပတ္တိတရား (၄)ပါးကို အမှီရခဲ့သော် အကျိုးပေးရန် အခွင့်သာလာတတ်ကုန်၏။ သမ္ပတ္တိ (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးပေးရန် အခါအခွင့် မသင့် ဖြစ်တတ်ကြကုန်၏။ ပြုစုပျိုးထောင်အပ်ခဲ့ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် သမ္ပတ္တိ (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးပေးတတ်ကြကုန်၏။ ဝိပတ္တိတရား (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးမပေးနိုင် ရှိတတ်ကြကုန်၏။

ယင်း ကံတို့ကို (က-ခ-ဂ-ဃ)ဟု (၄)အုပ်စု ခွဲ၍ အထက်၌ တင်ပြထား၏။ အုပ်စု တစ်ခု တစ်ခု၌ ကံ (၄) မျိုးစီ ရှိသဖြင့် အားလုံးပေါင်းသော် (၁၆)မျိုး ရှိ၏။ အကျယ်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---

(က) အုပ်စု ကံ (၄) မျိုး

၁။ ထိုတွင် အချို့သောပုဂ္ဂိုလ်၏ သန္တာန်ဝယ် များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ပျက်စီးသော ဂတိ = ဂတိဝိပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးကုန်ရာ၏။ [= ထိုပုဂ္ဂိုလ်သည် အပါယ် (၄)ဘုံ၌ ရောက်ရှိနေခဲ့သော် ထိုအကုသိုလ်ကံတို့သည် အကျိုး ပေးနိုင်ကုန်ရာ၏။] ထိုသို့ပင် အကျိုးပေးနိုင်ပါကုန်သော်လည်း ထိုပုဂ္ဂိုလ်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဂတိသမ္ပတ္တိ ဖြစ်သော လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ ဖြစ်နေရ၏။ ထိုကဲ့သို့သော ဂတိသမ္ပတ္တိ အရပ်၌လည်း အကုသိုလ်၏ အကျိုးပေးဖို့ရန် အလှည့်အကြိမ်သည် မရှိဖြစ်ခဲ့၏။ အကယ်စင်စစ်မှာမူ ကုသိုလ်ကံ၏ သာလျှင် အကျိုးပေးဖို့ရန် အလှည့်အကြိမ် ဖြစ်နေ၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်၏ ထိုအကုသိုလ်ကံတို့သည် ပြည့်စုံသော ဂတိတည်းဟူသော ဂတိသမ္ပတ္တိက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန် = အကျိုးပေးဖို့ရန် မရင့်ကျက်သေးကုန်။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၁။)

၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ရုပ်အဆင်း မလှပခြင်း အကျည်းတန် အရုပ်ဆိုးခြင်း ယုတ်ညံ့သော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်းဟူသော ပျက်စီးသော ဥပဓိ၌ တည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးကုန်ရာ၏။ ထိုသို့ပင် အကျိုးပေးနိုင်ကုန်သော်လည်း ထိုပုဂ္ဂိုလ်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ရုပ်အဆင်း၏ လှပတင့်တယ်ခြင်း ပြည့်စုံသော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်းဟူသော ဥပဓိ သမ္ပတ္တိ၌ တည်သည်, ကောင်းသော ပုံသဏ္ဌာန် ရှိသော ကိုယ်အင်္ဂါ ကြီးငယ် ရှိသည်, အလွန် အဆင်း လှပသည်, ရှုချင်စဖွယ် တင့်တယ်သည်, ဗြဟ္မာ၏ အတ္တဘောနှင့် တူသော အတ္တဘော ရှိသည် ဖြစ်လေ၏။ ကျွန်မ၏ ဝမ်းဝယ် ပဋိသန္ဓေအားဖြင့် ဖြစ်ပွားလာရသော ကျွန်သည် အကယ်၍မူလည်း ဖြစ်စေဦးတော့၊ ဤသို့ ကျွန်မ၏ သားပင် ဖြစ်ရသော်လည်း ဤမျှလောက် လှပတင့်တယ်သော ခန္ဓာကိုယ် အတ္တဘောသည် ညစ်ပေသောအလုပ် အောက်တန်းကျသော အသက်မွေးဝမ်းကျောင်း အလုပ်အား မလျော် မလျောက်ပတ်၊ ဤသို့ နှလုံးပိုက်၍ ဆင်ထိန်း မြင်းထိန်း နွားကျောင်းသား အစရှိသူတို့၏ အမှုလုပ်ငန်းရပ်တို့ကို ထိုဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေသူကို မပြုစေကြကုန်။ သိမ်မွေ့သောအဝတ်တို့ကို ဝတ်စေ၍ ဘဏ္ဍာစိုးအရာ စသည့် ရားထူးဌာနန္တရတို့၌ ထားကြကုန်၏။ အကယ်၍ အမျိုးသမီး ဖြစ်အံ့၊ ဤသို့ အမျိုးသမီး ဖြစ်လတ်သော် ဆင်စာ-ထမင်းချက်ခြင်း အစရှိသည့် အမှုလုပ်ငန်းရပ်တို့ကို မပြုစေကုန်၊ အဝတ်တန်ဆာကို ပေး၍ အိပ်ရာစောင့်ကိုသော်လည်း ထိုအမျိုးသမီးကို ပြုကြကုန်၏ = အိမ်ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် တာဝန်ပေးကြကုန်၏။ သာမာဒေဝီကဲ့သို့ အကျွမ်းဝင်သူတို့၏ အရာဌာန၌ သော်လည်း ထားကြကုန်၏။

ချဲ့၍ ဆိုဦးအံ့ --- ဘာတိကမင်း၏ လက်ထက်၌ နွားသားကို စားကုန်သော များစွာကုန်သော လူတို့ကို ဖမ်းယူ၍ ဘာတိကမင်းအား ပြကြကုန်၏ = ဘာတိကမင်းထံသို့ ခေါ်ဆောင်လာကြကုန်၏။ ဘာတိကမင်းက မှူးကြီးမတ်ရာတို့ကို ထိုနွားသားစားသူတို့ကို ဒဏ်ပေးခြင်းငှာ စွမ်းနိုင်ကြပါကုန်သလောဟု မေမြန်းလတ်သော် မစွမ်းနိုင်ပါကုန်ဟု သံတော်ဦးတင်ကြကုန်၏။ ထိုအခါ၌ ထိုနွားသားစားသူတို့ကို မင်းရင်ပြင်တော်၌ အမှိုက်သရိုက် သုတ်သင်သူ အလုပ်သမားတို့အဖြစ် ပြုလုပ်ကြကုန်၏။ ထိုနွားသားစားသူ အလုပ်သမားတို့၏ တစ်ဦးသော သမီးသည် အလွန် အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ စိတ်ကြည်လင်ခြင်းကို ဖြစ်စေတတ်၏ = ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်၏။ ထိုသတို့သမီးကို မြင်ရ၍ ဘာတိကမင်းသည် နန်းတော်တွင်းသို့ ဆောင်ယူ၍ အကျွမ်းဝင်သူ တို့၏ အရာဌာန၌ ထား၏။ ထိုသတို့သမီး၏ ဆွေမျိုးသားချင်းတို့သည်လည်း ထို သတို့သမီး၏ အာနုဘော်ကြောင့် = ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံအောင် တည်ထောင် ဖန်ဆင်းပေးလိုက်သော ကံပိုင်ရှင် ထိုသတို့သမီး၏ တန်ခိုးကြောင့် ချမ်းသာစွာ အသက်မွေးကြရကုန်၏။ မှန်ပေသည် --- ထိုကဲ့သို့ ရှုအပ်သော ထိုမျှလောက် လှပတင့်တယ်သော ခန္ဓာကိုယ် အတ္တဘော၌ မကောင်းမှု အကုသိုလ်ကံတို့သည် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ကုန်၊ ဤသို့လျှင် ဥပဓိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကုသိုလ်ကံတို့သည် အကျိုးမပေးနိုင်ကုန်။ --- ဤသို့လျှင် ဘုရား ရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၁-၄၂၂။)

ဥပဒေသ --- အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ မိန့်ဆိုတော်မူချက်နှင့် ဖွင့်ဆိုတော်မူချက်အရ --- တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံရခြင်းတည်းဟူသော အကျိုးတရားမှာ ကံကို ပြုစုပျိုးထောင်ခဲ့သူ ကံပိုင်ရှင်နှင့်သာ သက်ဆိုင်၍ အခြား အခြားသော ပဝတ္တိကောင်းကျိုးများမှာ ကံပိုင်ရှင်လည်း ရယူခံစားနိုင်၏၊ ကံပိုင်ရှင်နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တို့လည်း ရယူခံစားနိုင်ကြ၏ဟု မှတ်ပါ။ ထိုကံကြောင့် ကံပိုင်ရှင် သည်လည်း ပဝတ္တိကောင်းကျိုး ချမ်းသာများကို ခံစားနိုင်၏၊ ကံပိုင်ရှင်နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တို့သည်လည်း ပဝတ္တိ ကောင်းကျိုး ချမ်းသာများကို ခံစားနိုင်ကြ၏ဟု ဆိုလိုသည်။

၃။ သတ္တဝါ တစ်ဦး၏ သန္တာန်ဝယ် များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် ပျက်စီးသော ကာလဝိပတ္တိ၌ တည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ = မကောင်းသော မင်း, မကောင်းသော လူတို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဝိပတ္တိ၌ လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်လေရာ၏။ ထိုသို့ပင် အကျိုးပေးနိုင်ကုန်သော်လည်း ထိုသူသည် တစ်ခုသော ကောင်းမှုကုသိုလ် ကံကြောင့် ကမ္ဘာဦး၌ ဖြစ်ကြကုန်သော လူတို့၏သော်လည်းကောင်း, စကြဝတေးမင်း၏သော်လည်းကောင်း, ဘုရားရှင်တို့၏သော်လည်းကောင်း ပွင့်ထွန်း ပေါ်ပေါက်တော်မူရာ အခါဟူသော မင်းကောင်းမင်းမြတ်, သူတော် သူမြတ်တို့၏ ခေတ်အခါ ကာလ၌ လူလာဖြစ်ရ၏၊ ထိုကဲ့သို့သော ပြည့်စုံသော ကာလသမ္ပတ္တိ၌လည်း လူဖြစ်လာ ရသော ပုဂ္ဂိုလ်အား အကုသိုလ်ကံ၏ အကျိုးပေးခြင်းငှာ အခါအခွင့်သည် မရှိ ဖြစ်နေ၏။ စင်စစ်မှာမူ ကုသိုလ်ကံ၏ သာလျှင် အကျိုးပေးဖို့ရန် အခါအခွင့်သည် ဖြစ်ပေါ်နေ၏။ ဤသို့လျှင် ကာလသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည် ဖြစ်၍ အကုသိုလ်ကံတို့သည် အကျိုးမပေးနိုင်ကုန်။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၂။)

ဧကန္တံ ကုသလေဿဝ ဩကာသော --- စင်စစ် ကုသိုလ်၏သာလျှင် အကျိုးပေးဖို့ရန် အခွင့်သည် ဖြစ် ပေါ်နေ၏ဟူသော ဤစကားကို --- အချို့သော ရန်သူသည် ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တည်း ဟူသော သုစရိုက်တရားတို့ကို ဖြည့်ကျင့်ခြင်း သမထဝိပဿနာ ဘာဝနာတို့ကို အပတ်တကုတ် ကြိုးစားအားထုတ် ခြင်းတည်းဟူသော ကောင်းမွန် ပြည့်စုံသော ပယောဂသမ္ပတ္တိ၌ တည်နေသော (အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော် မြတ်ကြီး, မဟာတိဿ ကိုယ်တော်မြတ်ကြီး, ခန္တီဝါဒီရသေ့ကြီး စသည့် သူတော်ကောင်းကြီးတို့ကဲ့သို့သော) သူ တော်ကောင်း တစ်ဦးကို အကယ်၍မူလည်း နှိပ်စက် ညှဉ်းဆဲအံ့၊ သတ်ဖြတ်အံ့၊ ထိုသို့ပင် နှိပ်စက် ညှဉ်းဆဲ ခံရပါသော်လည်း ထိုနှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခြင်းသည် နှိပ်စက် ညှဉ်းဆဲ သတ်ဖြတ်သော ရန်သူ၏သာလျှင် မနာလိုခြင်း အစရှိသော အကြောင်းရှိခြင်းဟူသော ဖောက်ဖောက်ပြန်ပြန် စွဲယူထားခြင်းကြောင့် = ညှဉ်းပန်းနှိပ် စက် သတ်ဖြတ်လိုသော ရန်သူ၏သန္တာန်၌ ဖြစ်ပေါ်နေသော မနာလိုခြင်း ဣဿာတရား စသည်လျှင် အကြောင်း ရင်းခံရှိသော ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း အထင်လွဲ အမြင်လွဲ စွဲယူထားသော စိတ်ဓာတ်ကြောင့် သာလျှင် ဖြစ်ပေါ်လာရ၏။ ကာယသုစရိုက် စသည်နှင့် ပြည့်စုံခြင်းတည်းဟူသော ထိုပယောဂသမ္ပတ္တိသည် သဘာဝအားဖြင့် = ဓမ္မတာအားဖြင့် ကောင်းမြတ်သော ချမ်းသာသော အကျိုး၏သာလျှင် အကြောင်းတရား ဖြစ်၏။ မကောင်းသော အကျိုး ဆင်းရဲသောအကျိုး၏ အကြောင်းတရား မဟုတ်ပေ။ --- ဤကဲ့သို့သော အနက် အဓိပ္ပါယ်ကို ရည်ရွယ်တော်မူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မူလဋီ၊၂၊၂၁၀။)

(ခ) အုပ်စု ကံ (၄) မျိုး

၁။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ၌ တည်နေသော ထိုသတ္တဝါ၏သန္တာန်၌ အကျိုးမပေးနိုင်ကုန်သေးရာ။ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသောဂတိ = ဂတိဝိပတ္တိ၌ပင်လျှင် ပဋိသန္ဓေအားဖြင့် ဖြစ်ရလေ၏။ ထို ဂတိဝိပတ္တိတည်းဟူသော အပါယ်ဘုံ၌ ထိုသတ္တဝါ၏ မကောင်းမှု အကုသိုလ်ကံတို့သည် အလှည့်ကျ အလှည့်ကျအားဖြင့် မကောင်းကျိုးကို ပေးကြကုန်၏၊ တစ်ရံ တစ်ခါ၌ ငရဲ၌ ဖြစ်စေကြကုန်၏၊ တစ်ရံတစ်ခါ၌ တိရစ္ဆာန်တို့၏ ပေါင်းဆုံရာဌာန တိရစ္ဆာန် ဘုံဘဝ၌ ဖြစ်စေကြ ကုန်၏၊ တစ်ရံတစ်ခါ၌ ပြိတ္တာတို့၏ နယ်မြေ ပြိတ္တာ ဘုံဘဝ၌ ဖြစ်စေကြကုန်၏။ ရှည်မြင့်စွာသော အချိန်ကာလဖြင့် လည်း အပါယ်မှ ဦးခေါင်းကို မြှောက်ချီခြင်းငှာ မပေးကုန်။ ဤသို့လျှင် ဂတိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်သော အကုသိုလ်ကံတို့သည် ဂတိဝိပတ္တိသို့ ရှေးရှူ ရောက်၍ ဂတိဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၂။)

၂။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌်လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် ဥပဓိရုပ်ရည်၏ ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ဥပဓိ၏ ပျက်စီးခြင်း ဥပဓိဝိပတ္တိ၌သာလျှင် တည်နေရ၏၊ မလှပသော အဆင်း ရှိ၏၊ မလှပသော ရုပ်ရည် ရှိ၏၊ မလှပသော ပုံသဏ္ဌာန် ရှိ၏၊ စက်ဆုပ်ဖွယ် ရှိ၏၊ တစ္ဆေ မြေဘုတ်နှင့် တူ၏။ ထိုသတ္တဝါသည် အကယ်၍ ကျွန်မ၏ ဝမ်း၌ ဖြစ်လာရသော အိမ်ပေါက်ကျွန် ဖြစ်ငြားအံ့ --- ဒီအလုပ်တွေဟာ ဒင်းနှင့် တန်ကုန်၏ဟု ကြံ၍ ညစ်ပေသော အလုပ်အားလုံးတို့ကို ထိုသူကို ပြုစေကြကုန်၏၊ အယုတ်ဆုံးအားဖြင့် ပန်းမှိုက်သွန် ဘင်ကျုံးလုပ်ငန်းကို အစပြု၍ ညစ်ပေသော အလုပ်မှန်သမျှကို ပြုစေကြကုန်၏။ အကယ်၍ အမျိုး သမီး ဖြစ်အံ့၊ ဒီအလုပ်တွေဟာ ဒင်းနှင့် တန်ကုန်၏ဟု နှလုံးပိုက်၍ ဆင်စာ ထမင်းချက်ခြင်း အစရှိကုန်သော ညစ်ပေသော လုပ်ငန်းရပ်တို့ကို ထိုအမျိုးသမီးကို ပြုစေကြကုန်၏။ အမျိုးကောင်းအိမ်၌ ဖြစ်ရပြန်ပါလည်း ထို အမျိုးကောင်းအိမ်၌ လူဖြစ်လာရသူကိုလည်း အခွန်အတုတ်ကို ကောက်ခံကြကုန်သော အမြတ်တော်ခွန်ဌာနမှ အရာရှိ အမှုထမ်း မင်းချင်းယောက်ျားတို့သည် အိမ်ကျွန်မဟု မှတ်ထင်၍ နှောင်ဖွဲ့သွားကြကုန်၏၊ ကောတလဝါပီ ရွာ၌ သူကြွယ်ကြီး၏ အိမ်ရှင်မကဲ့သို့ မှတ်ပါ။ ဤသို့လျှင် ဥပဓိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးပေးဖို့ရန် မစွမ်းနိုင်ကြကုန်သော ကံတို့သည် ဥပဓိဝိပတ္တိသို့ ရှေးရှူရောက်၍ ဥပဓိဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၂-၄၂၃။)

၃။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌်လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် စကြဝတေးမင်းကဲ့သို့သော မင်းကောင်းမင်းမြတ်တို့ ဖြစ်ထွန်းရာ ကာလ, ကမ္ဘာဦးကာလ, ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းရာကာလ စသော ပြည့်စုံသောကာလဟူသော ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ပျက်စီးသော ကာလတည်းဟူသော ကာလဝိပတ္တိ၌ မကောင်းသောမင်း မကောင်းသောလူတို့ ဖြစ်ထွန်းရာ အချိန် ကာလ၌ အဖတ်အကာဖြစ်သော အဆီဩဇာ မရှိသော ဆယ်နှစ်တမ်း၌ လူဖြစ်လာရ၏၊ ယင်းကဲ့သို့သော ဆယ်နှစ် တမ်းကာလ၌ နွားနို့, ဆီဦး, ထောပတ်, ရက်တက်ရည်, ဒိန်ခဲဟူသော နွားမှဖြစ်သော အရသာ (၅)မျိုးတို့သည် ပြတ်ကုန်၏။ လူးထမင်းသည် အမြတ်ဆုံးဘောဇဉ် ဖြစ်နေ၏၊ လူ့လောက၌ အကယ်၍ လူပင် ဖြစ်လာရပါသော် လည်း သမင် သားကောင်တို့နှင့် တူသော အသက်မွေးရခြင်း ရှိနေ၏၊ ဤသို့ သဘောရှိသော ကာလဝိပတ္တိအခါ၌ ကုသိုလ်ကံ၏ အကျိုးပေးဖို့ရန် အခါအခွင့်ကား မရှိဖြစ်နေ၏၊ စင်စစ် အကုသိုလ်၏သာလျှင် အကျိုးပေးဖို့ရန် အခွင့်အလမ်းသည် ပွင့်လန်းလျက်ရှိနေပေ၏။ ဤသို့လျှင် ကာလသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏အဖြစ် ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင်ဖြစ်နေကြကုန်သော အကုသိုလ်ကံတို့သည် ကာလဝိပတ္တိသို့ ရှေးရှူရောက် ၍ ကာလဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ - ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၃။)

၄။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌်လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်ထားအပ်သော ကာယပယောဂ ဝစီပယောဂ မနောပယောဂတည်းဟူသော ပယောဂသမ္ပတ္တိ၌ တည်နေသော ထိုသတ္တဝါ၏သန္တာန်၌ အကျိုးမပေး နိုင်ကုန်လေရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် ပျက်စီးသောပယောဂရှိခြင်း တည်းဟူသော ပယောဂဝိပတ္တိ၌ တည်နေသည်ဖြစ်၍ သူ့အသက်ကို သတ်ခြင်း အစရှိကုန်သော အကုသိုလ် ကမ္မပထ (၁၀)ပါးတို့ကို = ဒုစရိုက် (၁၀)ပါးတို့ကို ပြုကျင့်၏။ ထိုသူ့ကို ခိုးထုတ်ခိုးထည် ခိုးရာပါပစ္စည်းနှင့်တကွ လက်ရဖမ်းယူ၍ ဘုရင်မင်းမြတ်အား ပြကြကုန်၏။ ရှင်ဘုရင်ထံသို့ သွင်းကြကုန်၏။ ဘုရင်မင်းကလည်း များစွာ ကုန်သော နှိပ်စက် ညှဉ်းပန်းမှုတို့ကို ပြုစေ၍ သတ်ရန် သေဒဏ်အမိန့် ချမှတ်လိုက်၏။ ဤသို့လျှင် ပယောဂ သမ္ပတ္တိက တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်သော အကုသိုလ် ကံတို့သည် ပယောဂဝိပတ္တိသို့ ရှေးရှူရောက်၍ ပယောဂဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ -- ဤသို့လျှင် ဘုရားရှင်သည် သိတော်မူ၏။ -- ဤသို့လျှင် (၄)ပါးကုန်သော သမ္ပတ္တိတို့သည် တားမြစ်ထားအပ်သော မကောင်းမှု အကုသိုလ်ကံသည် အကျိုးကိုမပေးမူ၍ (၄)ပါးကုန်သောဝိပတ္တိတို့သို့ ရှေးရှူရောက်မှ (၄)ပါးကုန်သောဝိပတ္တိ တို့ကို အစွဲပြုရပါမှ အကျိုးကို ပေးနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၃။)

ခေတ္တရပ်နား၍ စဉ်းစားကြည့်ပါ

အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ထားခဲ့သော အကုသိုလ်ကံတို့သည်ကား သတ္တဝါတိုင်းဝယ် အနည်းနှင့် အများ ဆိုသလို ရှိကြ၏။ အသင်သူတော်ကောင်း၏ သန္တာန်၌လည်း အနည်းနှင့် အများကား ရှိနေမည်သာ ဖြစ်ပေသည်။ သမ္ပတ္တိတရား (၄)ပါးတို့ကား ထိုအကုသိုလ်ကံတို့ကို အကျိုးမပေးနိုင်အောင် တားမြစ်ထားနိုင်သော စွမ်းအားရှိကြ၏။ သို့သော် ဝိပတ္တိတရား (၄)ပါးတို့ကား အကုသိုလ်ကံတို့ကို မကောင်းကျိုးပေးနိုင်အောင် တံခါး ဖွင့်လျက် ဆီးကြိုနေကြ၏။

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့မိသော အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာမည့် မကောင်းသည့် ဆင်းရဲသည့် အကျိုးတရားတို့ကို အလိုမရှိခဲ့ပါမူ ယင်း အကုသိုလ်ကံတို့က မကောင်းသည့် ဆင်းရဲသည့် အကျိုးတရားတို့ကို မပေးစွမ်းနိုင်လောက်အောင် တားမြစ်ထား နိုင်သည့် စွမ်းအားရှိသော သမ္ပတ္တိတရား (၄)ပါးတို့ကို မိမိသန္တာန်၌ ပြည့်စုံနေအောင် ကြိုးပမ်းရပေမည်။

ထိုသမ္ပတ္တိတရား (၄)ပါးတို့တွင် ယခုအခါ အသင်သူတော်ကောင်း၏ သန္တာန်၌ ---

၁။ လူ့ဘဝကို ရရှိထားခြင်းတည်းဟူသော ဂတိသမ္ပတ္တိ,

၂။ အလွန်ကြီး အရုပ်မဆိုးခြင်း ခြေလက်အင်္ဂါ ပြည့်စုံခြင်းတည်းဟူသော ဥပဓိသမ္ပတ္တိ,

၃။ ဘုရားရှင်၏သာသနာတော် ထွန်းကားရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလကောင်း ဟူသော ကာလသမ္ပတ္တိ,

ဤ သမ္ပတ္တိတရား (၃)မျိုးတို့သည် ကမ္ဘာဦးကာလကဲ့သို့, ဘုရားပွင့်ရာကာလကဲ့သို့, စကြဝတေးမင်းတို့ ဖြစ်ထွန်းရာအခါကာလကဲ့သို့ အလွန်ကြီး အဆင့်မမြင့်စေကာမူ အထိုက်အလျောက် တည်လျက်ပင် ရှိကြ၏။ အသင်သူတော်ကောင်းအနေဖြင့် နောက်ထပ် ဖြည့်စွက်၍ လိုက်နာပြုကျင့်ရမည့် သမ္ပတ္တိမှာ ပယောဂသမ္ပတ္တိပင် ဖြစ်၏။ အသင်သူတော်ကောင်းသည် ---

၁။ ကာယကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။

၂။ ဝစီကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။

၃။ မနောကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။

ကာယကံ ဝစီကံ မနောကံများ အပြီးတိုင်စင်ကြယ်နိုင်ရေးအတွက် အသင်သူတော်ကောင်းသည် အရိယာ တို့၏ ဖြူစင်မြင့်မြတ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို စံချိန်မီ ဖြည့်ကျင့်ပါ။

၁။ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတည်းဟူသော သီလမဂ္ဂင်ကို ဖြူစင်အောင် ဖြည့်ကျင့်ပါ။

၂။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတည်းဟူသော သမာဓိမဂ္ဂင်ကို စံချိန်မီ ထူထောင်ပါ။

၃။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပတည်းဟူသော ပညာမဂ္ဂင်ကို ပြည့်စုံအောင် ဖြည့်ကျင့်ပါ။ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ရအောင် ကြိုးပမ်းပါ။

အသင်သူတော်ကောင်း၏ ---

၁။ ဖြူစင်သော သီလ,

၂။ တည်ကြည်သော ဥပစာရသမာဓိ အပ္ပနာသမာဓိ,

၃။ သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်ပညာ ---

ဤ သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့သည် အသင်သူတော်ကောင်း၏ ကာယကံ ဝစီကံ မနောကံတို့ကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးသည့် အရိယမဂ် ရေစင်တို့ပင် ဖြစ်ကြသည်။ယင်းသို့ ကာယကံ စင်ကြယ်မှု ရှိအောင်, ဝစီကံ စင်ကြယ်မှု ရှိအောင်, မနောကံ စင်ကြယ်မှု ရှိအောင် ကြိုးစား အားထုတ်ခြင်းကို ကာယပယောဂ ဝစီပယောဂ မနောပယောဂဟု ဆို၏။ ယင်းပယောဂနှင့် ပြည့်စုံခြင်းကို ပယောဂသမ္ပတ္တိဟု ဆိုသည်။ ယင်းပယောဂသမ္ပတ္တိစက်နှင့်လည်း ပြည့်စုံလျှင် အသင်သူတော်ကောင်း၏ သန္တာန်၌ ဂတိ, ဥပဓိ, ကာလ, ပယောဂဟူသော သမ္ပတ္တိ (၄)ပါးလုံး စုံလင်သွားပြီ ဖြစ်၏။ ယင်း သမ္ပတ္တိတရား (၄)ပါးတို့က အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့မိသော ဆောက်တည်ထားအပ်သော အကုသိုလ်ကံတို့ကို အကျိုးပေးခွင့်မရအောင် တားမြစ်ထားကြမည် ဖြစ်ပေသည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် ဆင်းရဲသည့် မကောင်းသည့် အကျိုးတရားတို့ကို အလိုမရှိခဲ့ပါလျှင် အသင်သူတော်ကောင်း၏ ကာယကံ ဝစီကံ မနောကံတို့ကို ဖြူစင်အောင် ဆေးကြောသုတ်သင်ပေးနိုင်သည့် ပြုပြင်ပြောင်းလဲပေးနိုင်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ရိုသေကြိုးနွံစွာ ဖြည့်ကျင့်ပါ။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ။ လူ မလုံ့လ နတ် မမဘူး ဟူသော ဆိုရိုးစကားနှင့်အညီ ပယောဂစက် ချို့တဲ့ပျက်စီးခဲ့လျှင် အကုသိုလ်ကံများမှာ ေ့ရှတန်းသို့တက်လာ၍ ကုသိုလ်ကံတို့မှာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့် ရှိတတ်ချေ၏။ သတိပြုလေ။

ဥပမာဆောင်၍ ပြဆိုပုံ

ယောက်ျားတစ်ဦးသည် တိုင်းပြည်၌ အကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုကို ရွက်ဆောင်ပေးခြင်းဖြင့် ရှင်ဘုရင်ကို နှစ်သက်စေရာ၏။ ထိုအခါ၌ ထိုယောက်ျားအား ဘုရင်မင်းက ရာထူး တစ်ခုကို ပေး၍ ဇနပုဒ် တစ်ခုကို မြို့စား ရွာစားအဖြစ် ပေးလေရာ၏။ ထိုယောက်ျားသည် ထိုဇနပုဒ်ကို ကောင်းစွာ သုံးစွဲခြင်းငှာ တရားသော နည်းလမ်းဖြင့် ရရှိသော အခွန်အတုတ်ဖြင့် ခံစားခြင်းငှာ ကျေနပ် ရောင့်ရဲခြင်းငှာ မစွမ်းနိုင်ဖြစ်နေ၏။ တောတိရစ္ဆာန် ဖြစ်သော မျောက်သည် ထမင်းထုတ်ကို ရရှိသောအခါ ထမင်းထုတ်အပေါ်က ဖွဲ့ချည်ထားသော ကြိုးကိုဖြေ၍ စားရမှန်းကို မသိသဖြင့် ထမင်းထုတ်၏ ဘေးကဖြစ်စေ, အောက်ကဖြစ်စေ တစ်စုံတစ်ခုသော အရပ်၌ ခွဲ၍ ပျက်စီးစေသကဲ့သို့ ဤဥပမာအတူ နည်းလမ်း ဥပါယ်၌ မကျွမ်းကျင်သော ယောက်ျားသည်လည်း တရားသောနည်းလမ်းဖြင့် ရရှိသော အခွန်အတုတ် လစာ ရိက္ခာတည်းဟူသော စည်းစိမ်တို့ကို သုံးဆောင် ခံစားဖို့ရန် မသိပေ၊ မလိုက်နာပေ၊ ပျက်စီး စေ၏။

မိမိ အပိုင်စားရသော ဇနပုဒ်တွင် နေထိုင်သူ တစ်ဦးဦး၏ ကောင်းသော သဘောရှိသော ယာဉ်ရထား ကျွန်ယောက်ျား ကျွန်မိန်းမ အာရာမ် = ဥယျာဉ် လယ်ယာ တစ်ခုခုကို တွေ့မြင်၏၊ တွေ့သမျှ အားလုံးကို အနိုင် အထက် လုယူ၏။ ဇနပုဒ်၌ နေထိုင်သူတို့သည် --- ဤသူကား မင်း၏အကျွမ်းဝင်သူတည်း ဤသို့ စဉ်းစားကြ၍ တစ်စုံတစ်ခုသော စကားကို ပြောဆိုခြင်းငှာ မဝံ့မရဲ ဖြစ်နေကြ၏၊ မစွမ်းနိုင် ဖြစ်နေကြ၏။

ထိုဇနပုဒ်ကို အပိုင်စားရသော ထိုယောက်ျားသည် အခြားသော သာ၍ မင်းကျွမ်းဝင်သော မင်း၏အမတ်ကြီး အပေါ်၌ စော်ကားပြန်၏။ ထိုအမတ်ကြီးသည် ထိုသူကို ဖမ်းယူ၍ ကောင်းစွာထောင်းထုအပ်သည် မည်လောက် အောင် ထောင်းထုစေ၍ မြေကို ကျောက်ကုန်းဖြင့် ပွတ်တိုက်စေ၍ ဆွဲထုတ်စေ၍ မင်းသို့ချဉ်းကပ်၍ --- အရှင် မင်းမြတ် ဤမည်သောသူသည် အရှင်မင်းမြတ်၏ ဇနပုဒ်ကို ဖျက်ဆီးပါ၏။ --- ဤသို့ သံတော်ဦး တင်၍ ဖမ်းယူစေရာ၏။ ဘုရင်မင်းကြီးကလည်း အချုပ်ထောင်၌ ချုပ်နှောင်စေ၍ --- ထိုအမည်ရှိသူသည် အဘယ်သူ၏ အဘယ်အရာဝတ္ထုကို ဆောင်ယူအပ်သနည်း - ဤသို့ မြို့ထဲ၌ စည်ကို လည်စေရာ၏။ လူတို့သည် လာလတ်ကုန်-၍ - ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ဤသို့ အော်ဟစ်သံပေါင်း အထောင်ကို ထစေကုန်ရာ၏။ ဘုရင်မင်းကြီးသည် တိုင်းထက်အလွန် စိတ်ဆိုးသည် ဖြစ်၍ ထိုသူကို အချုပ်ထောင်၌ နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်ရန် အမိန့်ချလိုက်၏။ သေဒဏ်ပေးလိုက်၏။အလောင်းကို သုသာန်၌ စွန့်ပစ်ရန် အမိန့်ချလိုက်၏။ ခတ်ထားသော လက်ထိပ်ခြေထိပ်တို့ကို ပြန်ယူဆောင်ခဲ့ရန် အမိန့်ပေးလိုက်၏။ ဤဥပမာအတူ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၄၂၃-၄၂၅။)

ဥပမာနနှင့် ဥပမေယျ နှီးနှော၍ ပြဆိုပုံ

ထိုယောက်ျား၏ တိုင်းပြည်အတွက် တစ်စုံတစ်ခုသော လုပ်ငန်းဖြင့် ရှင်ဘုရင်ကို နှစ်သက်စေ၍ ရာထူးဌာနန္တရကို ရအပ်ရာအခါကဲ့သို့ ပုထုဇန်၏လည်း တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကြောင့် နတ်ပြည် နတ်လောက ၌ ဖြစ်ရာအခါကို မှတ်ပါ။ ထိုယောက်ျားသည် ဇနပုဒ်ကို ဖျက်ဆီး၍ ဇနပုဒ်နေသူ လူတို့၏ ဥစ္စာကို ယူလတ်သော် တစ်စုံတစ်ယောက်သော ဥစ္စာရှင်၏ တစ်စုံတစ်ခုသော စကားကို ပြောဆိုခြင်းငှာ မရဲဝံ့ မစွမ်းနိုင်ရာ အခါကဲ့သို့ ဤယောက်ျားသည်လည်း နတ်ပြည်နတ်လောက၌ ဖြစ်လတ်သော် အကုသိုလ်ကံ၏ အကျိုးပေးရန် အခွင့်အခါကို မရရာအခါကို မှတ်သားပါ။ ထိုယောက်ျား၏ တစ်နေ့သ၌ တစ်ယောက်သော မိမိထက် သာ၍ မင်းကျွမ်းဝင်သော အမတ်ကြီး၌ စော်ကားမိ၍ ထိုမိမိထက် သာ၍ မင်းကျွမ်းဝင်သော အမတ်ကြီးက စိတ်ဆိုးသည်ဖြစ်၍ ထို ယောက်ျားကို ထောင်းထုစေ၍ ဘုရင်မင်းကြီးအား သံတော်ဦးတင်၍ အချုပ်ထောင်၌ နှောင်ဖွဲ့စေအပ်ရာအခါကို ကဲ့သို့ ဤယောက်ျား၏ နတ်ပြည်မှ စုတေ၍ ငရဲ၌ဖြစ်ရာအခါကို မှတ်သားပါ။ ဥစ္စာရှင်ဖြစ်ကြကုန်သော ဇနပုဒ်နေသူ လူတို့က - ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ် ပါပြီ၊ - ဤသို့ အော်ဟစ်ရာအခါကိုကဲ့သို့ ထိုယောက်ျားသည် ငရဲ၌ဖြစ်လတ်သော် အလုံးစုံသော အကုသိုလ် ကံတို့၏ ပေါင်းစု၍ ဖမ်းယူရာအခါကို မှတ်ပါ။ သုသာန်၌ စွန့်ပစ်ခဲ့ပြီးနောက် ခတ်ထားသော လက်ထိပ် ခြေထိပ် တို့ကို ပြန်ဆောင်ယူလာရာအခါကိုကဲ့သို့ တစ်ခုတစ်ခုသော ကံသည် ကုန်ပြီးလတ်သော် အကျိုးပေးပြီးလတ်သော် အခြားသော ကံ၏ အကျိုးကြောင့် ငရဲမှ ဦးခေါင်းကို မမြှောက်ချီနိုင်မူ၍ အလုံးစုံသော ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရာအခါကို ငရဲဒုက္ခ ခံစားရရာအခါကို မှတ်ပါ။ မှန်ပေသည် --- ကမ္ဘာပတ်လုံး ငရဲ၌ တည်နေရခြင်းသဘော ရှိသော ကံကို ပြုကျင့်ခဲ့မိခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရသောဒုက္ခ ခံရသော သတ္တဝါတို့သည်ကား တစ်ယောက်လည်းမက, နှစ်ယောက်လည်းမက, တစ်ရာလည်းမက, တစ်ထောင်လည်းမကပေ။ ဤသို့ ငရဲ၌ ကျက်နေရသော ငရဲဒုက္ခ ခံနေရသော သတ္တဝါတို့သည် ရေတွက်ခြင်း ဂဏန်းသင်္ချာ၏လမ်းကို ကျော်လွှားလွန်မြောက်၍ သွားကြကုန်သတတ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၄။)

(ဂ) အုပ်စု - ကံ (၄) မျိုး

၁။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကံတို့သည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ ၌ တည်နေသော ကောင်းမှုရှင်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ဂတိသမ္ပတ္တိ၌ တည်နေခဲ့လျှင် ထိုကုသိုလ်ကံတို့က အကျိုးပေးနိုင်ကုန်ရာ၏ဟု ဆိုလိုသည်။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ဂတိဝိပတ္တိဖြစ်သော ငရဲ၌သော်လည်းကောင်း, အသုရကာယ်ဘုံ၌ သော်လည်းကောင်း ဖြစ်နေရပြန်၏။ ထိုကဲ့သို့သော အရပ်ဌာန၌လည်း ကုသိုလ်ကံသည် အကျိုးကို ပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေပြန်၏။ စင်စစ်မှာမူ အကုသိုလ်ကံကသာလျှင် အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်နေ၏၊ ဤသို့လျှင် ထိုကောင်းမှုရှင် သတ္တဝါ၏ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ဂတိဝိပတ္တိသည် တားမြစ်ထား အပ်ကုန်သည် ဖြစ်၍ အကျိုး မပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။

၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ဆောက်တည်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ရုပ်ရည်၏ လှပတင့်တယ်ခြင်း ဥပဓိသမ္ပတ္တိ၌ တည်နေသော ကောင်းမှုရှင်၏သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ဥပဓိသမ္ပတ္တိ၌ တည်နေခဲ့လျှင် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံခဲ့လျှင် ထိုကုသိုလ်ကံတို့သည် အကျိုး ပေးနိုင်ကုန်ရာ၏။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ပျက်စီးသော ဥပဓိရုပ်ရည်ရှိခြင်း ဥပဓိဝိပတ္တိ၌ တည်နေရသည်ဖြစ်၍ ရုပ်အဆင်းမလှမပ ဖြစ်နေ၏။ တစ္ဆေမြေဘုတ်နှင့် တူနေ ၏။ ထိုပုဂ္ဂိုလ်သည် မင်းမျိုးမင်းနွယ်၌ လူဖြစ်လာရသည် အကယ်၍မူလည်း ဖြစ်စေဦးတော့၊ ဤသို့ပင် မင်းမျိုး မင်းနွယ်၌ လူဖြစ်လာရပါသော်လည်း ခမည်းတော်မင်းတရားကြီး ကွယ်လွန်သောအခါ၌ အသေရေ မရှိသော ဤမင်းသားအား တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း - ဤသို့ တိုင်းသူပြည်သားတို့က ပြောဆိုခြင်းကြောင့် မင်းအဖြစ်ကို မရနိုင် ရှိတတ်၏။ စစ်သူကြီးအိမ် စသည်တို့၌ အကယ်၍ လူဖြစ်လာရသည် ဖြစ်စေဦးတော့၊ ထိုသို့ပင်ဖြစ်ပါသော်လည်း စစ်သူကြီးရာထူး စသည်တို့ကို မရနိုင်ရှိတတ်၏။ ဤအရာ၌ ဤယခု ပြောဆိုနေသော အနက်အဓိပ္ပါယ်ကို ထင်ရှားစွာ ဖြစ်စေခြင်းအကျိုးငှာ ဒီပမင်း၏ ဝတ္ထုကို ပြောဆိုထိုက်၏။

ဒီပမင်း၏ ခမည်းတော် မင်းတရားကြီးသည် သားရတနာ မွေးဖွားလတ်သော် မိဖုရားအား ကြည်ညို၍ ဆုကို ပေးသနား၏။ မိဖုရားကလည်း ဆုကိုယူ၍ထား၏။ မင်းသားကလေး ခုနစ်နှစ် ရှစ်နှစ် အရွယ်ရှိရာအခါ၌ပင် မင်းရင်ပြင်၌ ကြက်တိုက်ပွဲတစ်ခု ကျင်းပလျက် ကြက်တို့ကို ခွပ်စေ၏။ တစ်ကောင်သော ကြက်သည် ပျံတက်၍ မင်းသားငယ်၏မျက်စိတို့ကို ဖောက်ခွဲလိုက်၏။ မျက်လုံး နှစ်လုံးလုံး ပျက်စီးသွား၏။ မင်းသား၏မယ်တော်ဖြစ်သော မိဖုရားသည် သား၏ (၁၅)နှစ် (၁၆)နှစ်အရွယ် ရှိရာအခါ၌ မင်းအဖြစ်ကို ဆောင်စေအံ့ဟု ကြံစည် စဉ်းစား၍ ရှင်ဘုရင်ထံသို့ ချဉ်းကပ်၍ သံတော်ဦးတင်၏ - အသို့နည်း အရှင်မင်းမြတ် ...အရှင်မင်းမြတ်တို့သည် မင်းသား ငယ်၏ မွေးဖွားရာအခါကာလ၌ ဆုကို ပေးသနားတော်မူခဲ့၏။ နှမတော်သည် ထိုဆုကို ယူ၍ထားခဲ့ပြီ၊ ယခုအခါ၌ ထိုဆုကို ယူလိုပါ၏ - ဟု ဤသို့ သံတော်ဦးတင်လိုက်၏။ အရှင်မိဖုရား ...ကောင်းပြီ၊ အလိုရှိရာ ဆုကို ယူပေတော့ - ဟု ဆို၏။

အရှင်မင်းမြတ် ...နှမတော်သည် အရှင်မင်းမြတ်တို့၏ အထံမှ တစ်စုံတစ်ခုသော မရဖူးသေးသော ဆု မည်သည် မရှိပါ၊ ယခုအခါ၌ကား နှမတော်၏သားတော်အား မင်းအဖြစ်ကို ပေးပါလော့ - ဤသို့ သံတော်ဦး တင်လိုက်၏။

အရှင်မိဖုရား ...အသင်၏ သားတော်သည်ကား ကိုယ်အင်္ဂါ ချို့တဲ့နေ၏။ ထို သင့်သားတော်အား မင်းအဖြစ်ကို ပေးခြင်းငှာ မတတ်ကောင်းပါ - ဤသို့ ပြောဆိုလိုက်၏။

အရှင်မင်းမြတ်တို့သည် ကျွန်တော်မ၏ နှစ်သက်သော ဆုကို ပေးခြင်းငှာ မစွမ်းနိုင်ကုန်ပါဘဲလျက် အဘယ် ကြောင့် ဆုကို ပေးခဲ့ပါကုန်သနည်း - ဤသို့ သံတော်ဦးတင်လိုက်ပြန်၏။

ဘုရင်မင်းကြီးသည် အလွန်အကဲသာလျှင် စကားဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ = စကားနာ အထိုးခံရသည် ဖြစ်၍ - သင်၏သားတော်အား လင်္ကာကျွန်း တစ်ကျွန်းလုံး၌ မင်းအဖြစ်ကို ပေးခြင်းငှာ မတတ်ကောင်းပါ၊ နာဂဒီပကျွန်း၌ကား ထီးဖြူကို စိုက်ထူစေ၍ နေစေလော့ - ဟု ပြောဆို၍ နာဂဒီပကျွန်းသို့ ပို့လိုက်၏။ ထိုမင်းသား သည် ဒီပမင်း မည်သည် ဖြစ်လေပြီ။ မျက်စိချို့တဲ့သူ အကယ်၍ မဖြစ်ငြားအံ့၊ ဤသို့ မျက်စိမချို့တဲ့လတ်သော် ယူဇနာ (၃၀၀) ရှိသော သီဟိုဠ်ကျွန်း တစ်ကျွန်းလုံး၌ အလုံးစုံသော သမ္ပတ္တိ အခြံအရံရှိသော မင်းအဖြစ်ကို ရလေရာ၏။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့ သည် ဥပဓိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲ ပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၅။)

၃။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ဆောက်တည် ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ကာလသမ္ပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ကာလ သမ္ပတ္တိ၌ လူလာဖြစ်ရလျှင် ထိုကုသိုလ်ကံတို့သည် အကျိုးပေးနိုင်ကုန်ရာ၏။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် မကောင်းသောမင်း, မကောင်းသောလူတို့ ဖြစ်ထွန်းရာကာလ, အဖတ်အကာဖြစ်သော အဆီဩဇာ မရှိသော အလွန်တိုတောင်းသော သက်တမ်းရှိသော အကျိုးပေးထိုက်ရာ ဂတိ၏ အစွန်အဖျားဖြစ်သော အချိန်ကာလတည်းဟူသော ကာလဝိပတ္တိ၌ လူဖြစ်လာရ၏။ ထိုကဲ့သို့သော ကာလ ဝိပတ္တိ အချိန်အခါမျိုး၌လည်း ကောင်းမှုကုသိုလ်ကံသည် အကျိုးကို ပေးခြင်းငှာ မစွမ်းနိုင်ပေ။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ကာလဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၅။)

၄။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ပယောဂသမ္ပတ္တိ၌ တည်နေသော သူ၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ကောင်းမှုရှင်သည် ကာယကံ စင် ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှု ရှိအောင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်ခြင်း ပယောဂသမ္ပတ္တိ ရှိခဲ့လျှင် ထိုကုသိုလ်ကံတို့သည် အကျိုးပေးနိုင်ကုန်ရာ၏၊၊) သို့သော် ထိုကောင်းမှုရှင်သည်ကား ပယောဂဝိပတ္တိ၌ ရပ်တည်လျက် ပါဏာတိပါတ စသော အကုသိုလ်ကမ္မပထ တရား (၁၀)ပါး ဒုစရိုက်တရားတို့ကို လွန်ကျူးပြုကျင့်ပြန်၏။ အလုံးစုံသောသီလမရှိသူ ဒုဿီလပုဂ္ဂိုလ် ဖြစ်ကြောင်း ဖြစ်ရာ မကောင်းမှု အကုသိုလ်ဟူသမျှကို ပြည့်စေ၏။ ထို့ပြင် ထိုဒုဿီလပုဂ္ဂိုလ်နှင့် အတူတကွ ဇာတ်တူနွယ်တူ ဖြစ်ကုန်သော အမျိုးတို့သော်မှလည်း သမီးဆောင်မှု သမီးပို့မှုတည်းဟူသော ထိမ်းမြားလက်ထပ်ခြင်း မင်္ဂလာမှု တို့ကို မပြုလုပ်ကြကုန်။ မိန်းမကြူးသည့် = မိန်းမလိုက်စားသည့် သေသောက်ကြူးသည့် ကြွေအန်ကြူးသည့် ဤသူသည် ယုတ်မာသော ယောက်ျားတည်း၊ ဤသို့ ပြော၍ ဝေးစွာရှောင်ကြဉ်ကြကုန်၏။ ပယောဂသမ္ပတ္တိစက် ချို့တဲ့နေသည့်အတွက်ကြောင့် ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ကြကုန်။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ပယောဂ ဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော် မူ၏။

ဤသို့လျှင် လေးမျိုးကုန်သော သမ္ပတ္တိတို့သို့ ရှေးရှူရောက်၍ လေးမျိုးကုန်သော သမ္ပတ္တိတို့ကို အစွဲပြု၍ အကျိုးပေးတတ်သော ကောင်းမှုကုသိုလ်ကံတို့သည် လေးမျိုးကုန်သော ဝိပတ္တိတို့သည် တားမြစ်အပ်သည်၏ အဖြစ်ကြောင့် အကျိုးမပေးနိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၂၅-၄၂၆။)

(ဃ) အုပ်စု ကံ (၄) မျိုး

၁။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ဂတိဝိပတ္တိ၌ တည်နေသောသူ၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ၌သာလျှင် ဖြစ်ရ၏။ ထိုဂတိသမ္ပတ္တိ၌ ထိုကောင်းမှုရှင်၏ ထိုကောင်းမှုကုသိုလ်ကံတို့သည် ကပ်ရောက် လာကြကုန်၍ အလှည့်ကျ အလှည့်ကျအားဖြင့် ကောင်းကျိုးကို ပေးကြကုန်၏။ တစ်ရံတစ်ခါ၌ လူ့ပြည်လူ့လော က၌ ဖြစ်စေကြကုန်၏။ တစ်ရံတစ်ခါ၌ နတ်ပြည်နတ်လောက၌ ဖြစ်စေကြကုန်၏။ တစ်ရံတစ်ခါ၌ ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက၌ ဖြစ်စေကြကုန်၏။ ဤသို့လျှင် ဂတိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုး ကို ပေးခြင်းငှာ မစွမ်းနိုင်ကြကုန်သော ကုသိုလ်ကံတို့သည် ဂတိသမ္ပတ္တိသို့ ရှေးရှူရောက်၍ ဂတိသမ္ပတ္တိကို အစွဲ ပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင် ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှု ကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှု ကုသိုလ် ကံတို့သည် ရုပ်အဆင်း၏ မလှပ မတင့်တယ်ခြင်းတည်းဟူသော ဥပဓိဝိပတ္တိ၌ တည်နေသောသူ၏ သန္တာန်၌ အကျိုးမပေးနိုင်လေကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဥပဓိ သမ္ပတ္တိ၌သာလျှင် တည်နေရ၏၊ အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ်တင့်တယ်၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်၏။ ဗြဟ္မာ၏ အတ္တဘောနှင့် တူသော အတ္တဘော ရှိ၏။ ထိုကောင်းမှုရှင်၏ ဥပဓိသမ္ပတ္တိ၌ တည်နေသည့်အတွက် ကြောင့် ကောင်းမှုကုသိုလ်ကံတို့သည် အကျိုးကို ပေးကြကုန်၏။ ထိုကောင်းမှုရှင်သည် အကယ်၍ မင်းမျိုးမင်းနွယ်၌ ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် မိမိမှ တစ်ပါးကုန်သော အခြားအခြားကုန်သော အကြီးဖြစ်ကြကုန်သော နောင်တော်မင်းသားတို့သည် ထင်ရှားရှိပါကုန်သော်လည်း - ဤမင်းသား၏ ခန္ဓာကိုယ်အတ္တဘောသည် ပြည့်စုံ၏ = ယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံ၏။ ဤမင်းသားသည် ထီးဖြူကို စိုက်ထူစေအပ်သော် လူအပေါင်း၏ ချမ်းသာခြင်းသည် ဖြစ်ပေလတ္တံ့ - ဤသို့ တိုင်ပင်၍ ထိုဥပဓိသမ္ပတ္တိနှင့် ပြည့်စုံသော မင်းသားကိုပင်လျှင် မင်းအဖြစ်၌ အဘိသိက်ရေစင် သွန်းဖျန်းကြကုန်၏။ အကယ်၍ အိမ်ေ့ရှမင်း၏အိမ် စသည်တို့၌ လူဖြစ်လာလတ် သော် ဖခင်အိမ်ေ့ရှမင်း၏ ကွယ်လွန်ရာအခါ၌ အိမ်ေ့ရှမင်းအဖြစ်ကိုသော်လည်းကောင်း, စစ်သူကြီးရာထူးကို သော်လည်းကောင်း, ဘဏ္ဍာစိုးရာထူးကိုသော်လည်းကောင်း, သူဌေးရာထူးကိုသော်လည်းကောင်း ရရှိနိုင်၏။ ဤသို့လျှင် ဥပဓိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင်ကြကုန်သော ကုသိုလ်ကံတို့သည် ဥပဓိသမ္ပတ္တိသို့ ရှေးရှူရောက်၍ ဥပဓိသမ္ပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့ လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

၃။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင် အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် မကောင်းသောမင်း, မကောင်းသော လူတို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဝိပတ္တိ၌ တည်နေရသော သူ၏ သန္တာန်၌ အကျိုးမပေးနိုင်လေကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည်ကား တစ်ခုသော ကောင်းမှုကုသိုလ်ကံ ကြောင့် မင်းကောင်းမင်းမြတ် သူတော်သူမြတ်တို့ ဖြစ်ထွန်းရာ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ အချိန်ကာလ တည်းဟူသော ကာလသမ္ပတ္တိ၌ လူဖြစ်လာရ၏။ ထိုကဲ့သို့ ရှုအပ်သော ပြည့်စုံသော ကာလ၌ = ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ကောင်းမှုရှင်၏ သန္တာန်၌ ကောင်းမှုကုသိုလ်ကံသည် အကျိုးကို ပေးနိုင်၏။ ထိုအရာ၌ မဟာ သောဏ မထေရ်မြတ်ကြီး၏ ဤဝတ္ထုကို ပြောဆိုထိုက်၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

မဟာသောဏမထေရ်မြတ်ကြီး၏ဝတ္ထု

(အဘိ၊ဋ္ဌ၊၂၊၄၂၆။)

လင်္ကာဒီပ အမည်ရသော သီဟိုဠ်ကျွန်းဝယ် ဗြာဟ္မဏတိဿ သူပုန်ဘေးဆိုးကြီး ဖြစ်ရာအခါ၌ စိတ္တလ ပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌ (၁၂၀၀၀) ကုန်သော ရဟန်းတော်တို့သည် သီတင်းသုံးတော်မူကြကုန်၏။ ထို့အတူ တိဿမဟာဝိဟာရကျောင်းတိုက်ကြီး၌လည်း (၁၂၀၀၀) ကုန်သော ရဟန်းတော်တို့သည် မှီတင်း နေထိုင် သီတင်းသုံးတော်မူကြကုန်၏။ ယင်းကျောင်းတိုက်ကြီး နှစ်တိုက်လုံးတို့၌လည်း သုံးနှစ်စာအတွက် ဒါနဝတ် အဖြစ် တည်ထားသော စပါးကို တစ်ညဉ့်တည်း၌ပင် ကြွက်ကြီးတို့သည် ခဲစား၍ ဖွဲမျှကိုသာ ထားရစ်ခဲ့ကြကုန်၏။ စိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသော ရဟန်းသံဃာတော်တို့သည် တိဿမဟာ ဝိဟာရကျောင်းတိုက်ကြီး၌ ဒါနဝတ်သည် (= ဒါနဝတ်အဖြစ် တည်ထားသော စပါးသည်) ဖြစ်လတ္တံ့ = ရှိပေလတ္တံ့၊ ထိုတိဿမဟာဝိဟာရကျောင်းတိုက်ကြီးသို့ သွား၍ သီတင်းသုံးကြကုန်အံ့ - ဤသို့ တိုင်ပင်၍ စိတ္တလပဗ္ဗတ တောင်ကျောင်းတိုက်ကြီးမှ ထွက်ခွာတော်မူခဲ့ကြကုန်၏။

တိဿမဟာဝိဟာရကျောင်းတိုက်ကြီး၌လည်း သီတင်းသုံးတော်ကြမူသော ရဟန်းသံဃာတော်တို့သည် စိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌လည်း ဒါနဝတ်သည် (= ဒါနဝတ်အဖြစ် တည်ထားသော စပါးသည်) ဖြစ်ပေလတ္တံ့ = ရှိပေလတ္တံ့၊ ထိုစိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီးသို့ သွား၍ သီတင်းသုံးကြကုန်အံ့ - ဤသို့ တိုင်ပင်၍ တိဿမဟာဝိဟာရကျောင်းတိုက်ကြီးမှ ထွက်ခွာတော်မူခဲ့ကြကုန်၏။

နှစ်ဘက်သော သံဃာတို့သည်လည်း နက်ရှိုင်းလှသော တစ်ခုသော ချောက်ကမ်းပါး၌ ပေါင်းဆုံမိကြ၍ အချင်းချင်း မေးမြန်းလျှောက်ထားကြည့်ကြရာ ဒါနဝတ်၏ ကုန်ဆုံးသည်၏ အဖြစ်ကို သိတော်မူကြကုန်၏။ ယင်းသို့ သိတော်မူကြပြီးနောက် ထိုကျောင်းတိုက်သို့ ပြန်သွား၍ အဘယ်ကို ပြုနိုင်ကုန်အံ့နည်း - ဤသို့ တိုင်ပင်တော်မူကြ၍ (၂၄၀၀၀) ကုန်သော ရဟန်းတော်တို့သည် နက်ရှိုင်းလှသော ချောက်ကမ်းပါးရှိရာ တောအုပ်ကြီးအတွင်းသို့ ဝင်ရောက်တော်မူကြ၍ ထိုင်နေတိုင်းသော နည်းဖြင့်သာလျှင် = ထိုင်လျက်သာလျှင် အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။ နောက်ပိုင်းကာလဝယ် ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ငြိမ်းအေးလတ်သော် ရဟန်းသံဃာတော်သည် နတ်တို့သနင်း သိကြားမင်းကို ခေါ်ဆောင်၍ ဓာတ်တော်တို့ကို တစ်ပေါင်းတည်း ဆောင်ယူ၍ ဓာတ်တော်တို့ ကိန်းဝပ်ရာ စေတီတော်ကို တည်ဆောက်တော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

ဤစကားရပ်ကို မဟာပစ္စရိအဋ္ဌကထာ၌ ဆိုကြောင်းကို မူလဋီကာ (မူလဋီ၊၂၊၂၁၁။) ၌ ဖွင့်ဆိုထား၏။

ဗြာဟ္မဏတိဿသူပုန်သည်လည်း ဇနပုဒ်ကို လုယက်ဖျက်ဆီးလေ၏။ ရဟန်းသံဃာတော်သည် စုပေါင်း တိုင်ပင်၍ သူပုန်ကို တားမြစ်ပေးပါ - ဟု ဤသို့ ပြောဆိုရန် သိကြားမင်း၏ အထံသို့ မထေရ် (၈)ပါးတို့ကို စေလွှတ်တော်မူလိုက်၏။ နတ်တို့သနင်း သိကြားမင်းက - အရှင်ဘုရားတို့ ...တပည့်တော် ဒါယကာတော် သိကြားသည် ဖြစ်ပြီးသော သူပုန်ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ၊ သံဃာတော်သည် သမုဒြာ၏ တစ်ဘက် ကမ်းသို့ (အိန္ဒိယဘက်သို့) ကြွတော်မူပါ။ တပည့်တော် ဒါယကာတော် သိကြားသည် သမုဒြာ၌ စောင့်ရှောက် ခြင်းကို ပြုပါအံ့ ဤသို့ လျှောက်ထား၏။ အရပ်မျက်နှာ အားလုံးတို့မှ သံဃာတော်သည် နာဂဒီပကျွန်းသို့ ကြွတော်မူ၍ ဇမ္ဗုကောလဆိပ်၌ ဘုံသုံးထပ်ရှိသော ဖောင်ကြီးကို ဖွဲ့စေပြီ။ တစ်ထပ်သည် ရေ၌ နစ်မြုပ်နေ၏၊ တစ်ထပ်၌ ရဟန်းသံဃာ သီတင်းသုံးတော်မူ၏၊ တစ်ထပ်၌ သပိတ် သင်္ကန်းတို့ကို ထားတော်မူကြ၏။

သံယုတ္တနိကာယ်ကို ဆောင်တော်မူသော စူဠသီဝမထေရ်, ဣသိဒတ္တမထေရ်, မဟာသောဏမထေရ် --- ဤမထေရ်မြတ်ကြီး သုံးပါးတို့ကား ထိုရဟန်းပရိသတ်တို့၏ အကြီးအကဲတို့ ဖြစ်ကြ၏။ ထိုမထေရ်မြတ်ကြီး သုံးပါး တို့တွင် စူဠသီဝမထေရ် ဣသိဒတ္တမထေရ် မထေရ်မြတ်ကြီး နှစ်ပါးတို့က မဟာသောဏမထေရ်မြတ်ကြီးကို --- ငါ့ရှင် မဟာသောဏ ...ဖောင်ကြီးပေါ်သို့ တက်ပါဟု မိန့်ဆိုတော်မူကြ၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့ကော အသို့နည်း

ငါ့ရှင် ...ရေ၌ သေခြင်းသည်လည်းကောင်း, ကုန်းပေါ်၌ သေခြင်းသည်လည်းကောင်း တစ်ခုတည်းသာ တည်း၊ ငါတို့သည် မလိုက်ကုန်အံ့၊ သို့သော် သင့်ကို အမှီပြု၍ နောင်အနာဂတ်၌ သာသနာတော်၏ အစဉ်အဆက် သည် တည်လတ္တံ့၊ ငါ့ရှင် ...သင်သည် လိုက်သွားပေတော့ ဤသို့ မိန့်ဆိုတော်မူကြ၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့သည် မလိုက်ကုန်လတ်သော် တပည့်တော်သည် မလိုက်တော့ပါ ဤသို့ ပြန်လည် လျှောက်ထားလိုက်၏။

သုံးကြိမ်တိုင်တိုင် ပြောဆိုလျှောက်ထား၍လည်း မဟာသောဏမထေရ်ကို ဖောင်ပေါ်သို့တက်ခြင်းငှာ မစွမ်း နိုင်ကုန်လတ်သော် နောက်ကြောင်း ပြန်တော်မူကြ၏။

ထိုနောင် စူဠသီဝမထေရ်သည် ဣသိဒတ္တမထေရ်ကို - ငါ့ရှင် ဣသိဒတ္တ ...နောင်အနာဂတ်ကာလ၌ မဟာသောဏမထေရ်ကို အမှီပြု၍ သာသနာတော်၏ အစဉ်အဆက်သည် တည်ပေလတ္တံ့၊ ထိုမဟာသောဏ မထေရ်ကို လက်မလွတ်ပါနှင့် ဤသို့ မိန့်ကြားတော်မူ၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့ကော အသို့နည်းဟု မေးမြန်း လျှောက်ထားလိုက်၏။

ငါသည် မဟာစေတီတော်ကို ရှိခိုးအံ့ ဤသို့ ပြောဆို၍ ဣသိဒတ္တမထေရ် မဟာသောဏမထေရ် နှစ်ပါးတို့ကို သွန်သင်ဆုံးမ၍ အစဉ်အတိုင်း ခရီးဒေသစာရီကို ကြွချီတော်မူလတ်သော် မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ကောင်းစွာ ဆိုက်ရောက်တော်မူ၏။ ထိုအခါ၌ မဟာဝိဟာရကျောင်းတိုက်ကြီးကား ရဟန်းသံဃာတို့မှ ဆိတ်သုဉ်း လျက် ရှိ၏၊ စေတီရင်ပြင်တော်၌ ကြက်ဆူပင်တို့သည် မင်းမူနေကြ၏၊ စေတီတော်ကို ချုံပုတ်တို့က ဝန်းရံထား၏၊ စေတီတော်ကို ရေညှိမှော်က မြှေးယှက်ထား၏။

အရှင်စူဠသီဝမထေရ်မြတ်ကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်၏ အပေါ်၌ ရိုသေ ပျပ်ဝပ်မှု အခြင်းအရာကို ပြသကဲ့သို့ မဟာစေတီတော်ကို ရှိခိုး၍ စေတီတော်၏ အနောက်ဘက် အရပ်၌ တည်ရှိသော ဇရပ်သို့ ဝင်၍ ကြည့်ရှုဖူးမြော်လျက် --- ဤသို့ သဘောရှိသည်မည်သော မြတ်သော လာဘ်လာဘ, မြတ်သော ကျော်စောခြင်းသို့ ရောက်တော်မူသော မြတ်စွာဘုရား၏ သရီရဓာတ်တော် မွေတော်များကို စုပေါင်း ဌာပနာရာ ဌာနကြီးသည် ကိုးကွယ်ရာ မရှိ ဖြစ်ရလေပေါ့ --- ဤသို့ ကြံစည် တွေးတောလျက် ထိုင်နေတော်မူ၏။

ထိုအခါ၌ မဝေးလွန်းလှသော သစ်ပင်၌ စိုးအုပ်၍နေသော ရုက္ခဇိုဝ်းနတ်သည် ခရီးသွားသမား လူ့အသွင်ဖြင့် တစ်ကွမ်းစားသော ဆန်ကိုလည်းကောင်း, တင်လဲခဲကိုလည်းကောင်း ယူဆောင်လျက် အရှင်စူဠသီဝမထေရ်မြတ် ကြီး၏ အထံသို့ လာရောက်၍ --- အရှင်ဘုရားတို့ ...အဘယ်အရပ်သို့ ကြွတော်မူကြမှာလဲဟု လျှောက်ထား ၏။

ဥပါသက ဒါယကာ ...ငါသည် တောင်အရပ်သို့ သွားမလို့ပါဟု ပြန်လည်၍ မိန့်တော်မူလိုက်၏။

တပည့်တော်သည်လည်း တောင်အရပ်သို့ပင် သွားလိုပါ၏။ အရှင်ဘုရား ...အတူတကွ သွားကြပါစို့ ဟု နတ်က လျှောက်ထား၏။

ဒါယကာ ...ငါသည် ဆွမ်းမဘုဉ်းပေးရသောကြောင့် အားမရှိ ဖြစ်နေ၏၊ သင်သွားသလို သွားနိုင်စွမ်း မရှိပါ၊ ဥပါသကာ ...သင်သည် ေ့ရှက သွားနှင့်ပေတော့ဟု မိန့်တော်မူလိုက်၏။

တပည့်တော်သည်လည်း အရှင်ဘုရား သွားသလိုပင် သွားပေအံ့ဟု လျှောက်ထား၍ အရှင်စူဠသီဝမထေရ် မြတ်ကြီး၏ သပိတ် သင်္ကန်းကို လှမ်းယူလိုက်၏။

တိဿဝါပိ ရေကန်၏ ကန်ပေါင်ရိုးသို့ တက်ရာအခါ၌လည်း အဖျော်ရည်ကို ပြုလုပ်၍ သပိတ်တွွင် ထည့်၍ အရှင်စူဠသီဝမထေရ်မြတ်ကြီးအား ဆက်ကပ် လှူဒါန်း၏။ မထေရ်မြတ်ကြီး၏ သန္တာန်၌ ဖျော်ရည်ကို သောက်သုံး လိုက်အပ်ကာမျှ၌ပင်လျှင် အနည်းငယ်သော ခွန်အားသည် ကောင်းစွာတည်လာ၏။ ရုက္ခဇိုဝ်းနတ်သည် မြေကြော ရှုံ့၍ ခရီးဆက်လေသော် ဝေဏုမြစ် အနီး၌ ရဟန်းတို့သည် စွန့်ပစ်ထားအပ်သော ကျောင်းတစ်ကျောင်းသို့ ဆိုက်ရောက်ကြ၍ အရှင်စူဠသီဝမထေရ်မြတ်ကြီး သီတင်းသုံးတော်မူရန် နေရာအရပ်ကို သုတ်သင် ရှင်းလင်း၍ ပေး၏။

နောက်တစ်နေ့၌ မထေရ်မြတ်ကြီးသည် မျက်နှာသစ်အပ်ပြီးကာမျှ ဖြစ်လတ်သော် ယာဂုကို ကျိုချက်၍ ဆက်ကပ် လှူဒါန်း၏။ ထိုနောင် ဆွမ်းကို ချက်ပြုတ်၍ ယာဂု သောက်သုံးပြီးသော မထေရ်မြတ်ကြီးအား ဆွမ်းကို ဆက်ကပ် လှူဒါန်း၏။ မထေရ်မြတ်ကြီးက ဥပါသကာ ...သင့်အတွက် ချန်ထားဦးလော့ဟု ပြောဆို၍ သပိတ်ကို လက်ဖြင့် ပိတ်ထားလိုက်၏။

တပည့်တော်သည် မဝေးလွန်းလှသော အရပ်သို့ သွားရပါမည်၊ ဝေးသော အရပ်သို့ သွားရမည် မဟုတ်ပါဟု လျှောက်ထား၍ ရုက္ခဇိုဝ်းနတ်သည် မထေရ်မြတ်ကြီး၏ သပိတ်၌ ဆွမ်းကို လောင်းထည့်၍ မထေရ်မြတ်ကြီးသည် ဆွမ်းစားခြင်းကိစ္စကို ပြုပြီးလတ်သော် သပိတ် သင်္ကန်းကို ယူဆောင်၍ လမ်းခရီးကို ဆက်လက် ကြွတော်မူလေသော် ရုက္ခဇိုဝ်းနတ်သည် နီးသွားအောင် မြေကြောကို ရှုံ့လိုက်၏၊ ဇဇ္ဇရမြစ်၏ အနီးသို့ ဆောင်ပို့လိုက်၏။

အရှင်ဘုရား ...ဤအရပ်သည် ဟင်းရွက်ကို စားသော လူတို့၏ နေရာ အရပ်ပါတည်း၊ မီးခိုးသည် ထင်ရှားပါ၏၊ တပည့်တော်သည် ေ့ရှသို့ သွားပါအံ့ဟု လျှောက်ထား၍ မထေရ်မြတ်ကြီးကို ရှိခိုး၍ မိမိ၏ ဗိမာန်သို့ ရုက္ခဇိုဝ်းနတ်သည် ပြန်သွားလေ၏။ ဗြာဟ္မဏတိဿ သူပုန်ဘေးင်္ကြီး ဆိုက်ရောက်နေသမျှ တစ်ချိန်လုံး အရှင် စူဠသီဝမထေရ်မြတ်ကြီးသည် ဟင်းရွက်ကိုစားသော လူတို့ကို အမှီပြု၍ သီတင်းသုံးတော်မူ၏။

အရှင်ဣသိဒတ္တမထေရ်မြတ်ကြီးသည်လည်း အရှင်မဟာသောဏမထေရ်မြတ်ကြီးနှင့် အတူ အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် အဠနဇနပုဒ်သို့ ချောချောမောမော ဆိုက်ရောက်တော်မူ၏။ ထို အဠနဇနပုဒ်၌ လူတို့သည် အလွန် မမှည့်ကုန်သေးသော သစ်မည်စည်သီးတို့ကို ခွဲ၍ အစေ့ကို ထုတ်ယူ၍ အခွံကို စွန့်ပစ်၍ သွားကြ၏။ အရှင်ဣသိဒတ္တမထေရ်မြတ်ကြီးက --- ငါ့ရှင် မဟာသောဏ ...ဆွမ်းအာဟာရသည် ထင်နေ၏ဟု မိန့်ဆို၍ သပိတ် သင်္ကန်းကို ယူဆောင်စေ၍ သပိတ်ကို သပိတ်အိတ်မှ ထုတ်ဆောင်၍ ဆွမ်းခံ ရပ်တော်မူ၏။ ကလေးသူငယ်တို့သည် အရှင်ဣသိဒတ္တမထေရ်မြတ်ကြီး ဆွမ်းခံ ရပ်တော်မူသည်ကို မြင်တွေ့ရ၍ --- ဤ သစ်မည်စည်စေ့၏ အခွံဖြင့် တစ်စုံတစ်ခုသော အလိုရှိအပ်သော အကျိုးတရားသည် ထင်ရှားရှိသည် ဖြစ်ပေလတ္တံ့ ဤသို့ စဉ်းစားမိကြ၍ သစ်စေ့အခွံ၌ ပေကျံနေသော သဲကို သုတ်၍ သစ်မည်စည်သီး အခွံကို သပိတ်၌ လောင်း လှူကြကုန်၏။ မထေရ်မြတ်ကြီးတို့သည် ဘုဉ်းပေးတော်မူကြ၏။ ခုနစ်ရက်မျှပတ်လုံး ထိုသစ်မည်စည်သီး အခွံ သည်ပင် မထေရ်မြတ်ကြီးတို့၏ အစာအာဟာရ ဖြစ်သွားခဲ့၏။

အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူရာ စောရိယအိုင်သို့ ချောချောမောမော ဆိုက်ရောက်တော်မူကြ၏။ လူဒါယကာ ဒါယိကာမတို့သည် ကုမုဒြာကြာတို့ကို ယူဆောင်၍ ကုမုဒြာကြာရိုးတို့ကို စွန့်ပစ်၍သွားကြ၏။ အရှင် ဣသိဒတ္တမထေရ်မြတ်ကြီးသည် - ငါ့ရှင် မဟာသောဏ ...ဆွမ်းအာဟာရသည် ထင်လာ၏၊ ဤသို့ မိန့်တော် မူ၍ သပိတ် သင်္ကန်းကို ဆောင်ယူစေ၏။ သင်္ကန်းကိုရုံ၍ သပိတ်အိတ်မှ သပိတ်ကို ထုတ်ဆောင်တော်မူ၍ ဆွမ်းခံ ရပ်တော်မူ၏။ ရွာသူသားငယ်တို့သည် ကုမုဒြာကြာရိုးတို့ကို ဆေးကြော သုတ်သင်၍ သပိတ်၌ ထည့်၍ လောင်းလှူကြ၏။ မထေရ်မြတ်ကြီးတို့သည် ဘုဉ်းပေးတော်မူကြကုန်၏။ ခုနစ်ရက်မျှပတ်လုံး ထိုကြာရိုးသည် ပင်လျှင် မထေရ်မြတ်ကြီးတို့အတွက် အစာအာဟာရ ဖြစ်သွားခဲ့၏။

အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် ဟင်းရွက်ကို စားကုန်သော သူတို့၏ နေရာအရပ်၌ ရွာတံခါးတစ်ခုသို့ ကောင်းစွာ ဆိုက်ရောက်သွားတော်မူကြ၏။ ထိုရွာတံခါး၌ တစ်ယောက်သော သတို့သမီး၏ မိဘတို့သည် တောသို့သွားခါနီးတွင် --- ချစ်သမီး ...အရှင်မြတ်တစ်ပါးသည် အကယ်၍ ကြွလာငြားအံ့၊ ဤသို့ ကြွလာသော် တစ်စုံတစ်ခုသော အရပ်သို့ ဆွမ်းအလို့ငှာ သွားခြင်းကို မပေးလင့်၊ အရှင်၏ ခေတ္တသီတင်း သုံးရာ နေရာဌာနကို မေးမြန်းလျှောက်ထားလိုက်ပါလော့ --- ဤသို့ ပြောဆိုမှာထားသွားကြ၏။

ထိုသတို့သမီးသည် မထေရ်မြတ်ကြီးနှစ်ပါးတို့ကို ဖူးမြင်ရ၍ သပိတ်ကိုယူဆောင်၍ အိမ်၌ ခေတ္တထိုင်၍ သီတင်းသုံးစေတော်မူ၏။ အိမ်၌လည်း စပါးမျိုးမည်သည် မရှိသာဖြစ်၏။ သို့သော် ဓားငယ်ကိုယူ၍ ချင်ရွေးပင် တောငှက်ပျောပင်တို့၏ အခွံအဖတ်ကို ချင်ရွေးနွယ် ချင်ရွေးရွက်တို့နှင့်တကွ တစ်ပေါင်းတည်း နုပ်နုပ်စဉ်း၍ အဆုပ် (၃)ဆုပ် ပြုလုပ်၍ တစ်ဆုပ်ကို ဣသိဒတ္တမထေရ်၏, တစ်ဆုပ်ကို မဟာသောဏမထေရ်၏ သပိတ်၌ လောင်းလှူလိုက်၏။ ပိုနေသော တစ်ဆုပ်ကို ထေရ်ကြီးဝါကြီး ဖြစ်တော်မူသော ဣသိဒတ္တမထေရ်မြတ်ကြီး၏ သပိတ်၌ ထည့်၍ လှူအံ့ဟု ကြံစည်၍ လက်ကို ဆန့်တန်းလိုက်၏။ သတို့သမီး၏ လက်သည် ပြန်လည်လာ၍ မဟာသောဏမထေရ်မြတ်ကြီး၏ သပိတ်၌ တည်စေပြီ။

ဣသိဒတ္တမထေရ်မြတ်ကြီးက - ဗြာဟ္မဏတိဿ သူပုန်ဘေးဆိုးင်္ကြီး ဖြစ်ရာအခါ၌ ချင်ရွေးပင် ငှက်ပျော ပင်တို့မှ ဖြစ်သော အဆုပ်အခဲတို့ကို အကျိုးပေးသော ကံသည် ဒေသသမ္ပတ္တိ ကာလသမ္ပတ္တိ ဖြစ်ရာအခါ၌ အဘယ်မျှလောက် ပမာဏရှိသော အကျိုးကို ပေးလတ္တံ့နည်း --- ဤသို့ ပြောဆို၏။ ထိုမထေရ်မြတ်ကြီးတို့သည် ထိုအဆုပ်အခဲကို ဘုဉ်းပေးတော်မူပြီး၍ နေရာအရပ်သို့ သွားကြကုန်ပြီ။ ထိုသတို့သမီးသည်လည်း တောမှ ပြန် လာကုန်သော မိဘတို့အား အကျိုးအကြာင်းကို ပြောပြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့ ဆွမ်းခံကြွလာကြောင်း, ထိုမထေရ်မြတ်ကြီးတို့၏ နေထိုင်သီတင်းသုံးရာ အရပ်ကိုလည်း မေးမြန်းလျှောက်ထားလိုက်ကြောင်းကို ပြောပြ၏။ ထိုမိဘနှစ်ပါးတို့သည် မထေရ်မြတ်ကြီးတို့၏ အထံသို့ သွား၍ ရှိခိုးဝပ်ချ၍ --- အရှင်ဘုရားတို့ ... အကြင် အာဟာရကို တပည့်တော်တို့သည် ရရှိကြပါကုန်၏၊ ထိုအာဟာရဖြင့် အရှင်ဘုရားတို့ကို ပြုစုလုပ်ကျွေးပါကုန်အံ့၊ ဤအရပ်၌သာလျှင် သီတင်းသုံးတော်မူကြပါကုန်ဘုရား - ဤသို့ လျှောက်ထားတောင်းပန်၍ နေဖို့ရန် ခံဝန်ချက် ပဋိညာဉ်ကို ယူကြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့သည်လည်း ဘေးဖြစ်နေရာ တစ်ချိန်လုံးပင် ထိုဥပါသကာ ဥပါသိကာမတို့ကို အမှီပြု၍ နေထိုင်သီတင်းသုံးတော်မူကြ၏။

ဗြာဟ္မဏတိဿ သူပုန်င်္ကြီးကား ကွယ်လွန်သွားခဲ့၏။ ပိတုမဟာရာဇာသည် ထီးဖြူကို စိုက်ထူစေ၏။ ဗြာဟ္မဏတိဿ သူပုန်ဘေးင်္ကြီး ငြိမ်းအေးသွားပြီ၊ ဇနပုဒ်သည် ပြည့်စုံကြွယ်ဝလာပြီ --- ဟူသော သတင်း ကောင်းကို ကြားရ၍ သမုဒြာ၏ တစ်ဘက်ကမ်း (အိန္ဒိယဘက်) မှ ရဟန်းသံဃာတော်သည် လှေဖြင့် ပြန်လည် ကြွလာ၏၊ မဟာတိတ္ထဆိပ်ကမ်း၌ သက်ဆင်းတော်မူ၏။ မဟာသောဏမထေရ်မြတ်ကြီးသည် အဘယ်အရပ်၌ သီတင်းသုံးနေထိုင်ပါသနည်း--- ဟု မေးမြန်း၍ မဟာသောဏမထေရ်မြတ်ကြီး၏ အထံသို့ ကြွသွားတော်မူ၏။အရှင်မဟာသောဏမထေရ်မြတ်ကြီးကား ထိုအချိန်အခါဝယ် ရဟန်းငါးရာ အခြံအရံရှိသော = ရဟန်း (၅၀၀) သီတင်းသုံး နေထိုင်လျက်ရှိသော ကာလကရွာ မဏ္ဍလာရာမကျောင်းတိုက်သို့ ကောင်းစွာ ဆိုက်ရောက်တော် မူလာ၏။ ထိုအခါ ၌ ကာလကရွာ၌ အိမ်ခြေပေါင်း (ရဝဝ) ရှိနေ၏။ ညဉ့်အခါဝယ် နတ်တို့သည် လှည့်လည်၍ အရှင်မဟာသောဏ မထေရ်မြတ်ကြီးသည် ရဟန်း (၅၀၀) အခြံအရံရှိသော မဏ္ဍလာရာမကျောင်းတိုက်သို့ ဆိုက်ရောက်တော်မူလာ၏။ တစ်ယောက် တစ်ယောက်သည် (၉)တောင်ရှိသော အဝတ်နှင့်တကွ အဿပြာ တစ်ကျပ် တစ်ကျပ် ထိုက်တန်သော ဆွမ်းကို ပေးလှူလော့ -- ဟု လူအပေါင်းတို့ကို ပြောဆိုကြကုန်၏။

တစ်ဖန် နောက်တစ်နေ့၌ မထေရ်မြတ်တို့သည် ကာလကရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ရောက်တော်မူကြ ကုန်၏။ လူတို့သည် ထိုင်၍ သီတင်းသုံးစေပြီးနောက် ယာဂုကို ဆက်ကပ် လှူဒါန်းကြကုန်၏။ ထိုသံဃာ့ပရိသတ်၌ မဏ္ဍလာရာမကျောင်းတိုက်၌ သီတင်းသုံးတော်မူသော အရှင်တိဿဘူတိမထေရ်မြတ်ကြီးသည်ကား သံဃာ့ထေရ် ဖြစ်၍ ထိုင်နေတော်မူ၏။ တစ်ယောက်သော ဥပါသကာ ဒါယကာကြီးသည် ထိုအရှင်တိဿဘူတိမထေရ်မြတ်ကြီး ကို ရှိခိုးဝပ်ချ၍ --- အရှင်ဘုရား ...အရှင်မဟာသောဏမထေရ်မြတ်မည်သည် အဘယ်မထေရ်ပါနည်း -ဤသို့ မေးမြန်းလျှောက်ထား၏။ ထိုအချိန်အခါ၌ အရှင်မဟာသောဏမထေရ်မြတ်ကား သီတင်းငယ် ဖြစ်နေ၏၊ ထို ရဟန်းပရိသတ်တွင် အငယ်ဆုံး ဖြစ်နေ၏၊ ရဟန်းပရိသတ်၏ အစွန်ဆုံး နေရာ၌ ထိုင်နေတော်မူ၏။ အရှင် တိဿဘူတိမထေရ်မြတ်ကြီးသည် လက်တော်ကို ဆန့်တန်းတော်မူ၍ - ဥပါသကာ ...မဟာသောဏမထေရ် မည်သည် ဤပုဂ္ဂိုလ်တည်း - ဟု မိန့်ကြားတော်မူလိုက်၏။ ဥပါသကာ ဒါယကာကြီးသည် ထိုမဟာသောဏ မထေရ်မြတ်ကြီးကို ရှိခိုး၍ သပိတ်ကို လှမ်းယူ၏။ အရှင်မဟာသောဏမထေရ်မြတ်က သပိတ်ကို မပေးလိုက်ပေ။

အရှင်မဟာသောဏမထေရ်မြတ်က အဘယ်ကြောင့် မပေးသနည်းဟူမူ --- ဤဥပါသကာ ဒါယကာကြီး သည် ငါ့ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် သိလေသနည်း၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ပြောထားသည် ဖြစ်တန်ရာ၏ --- ဤသို့ အမှတ်သညာရှိ၍ မပေးခြင်း ဖြစ်၏။ (ရဟန်း တစ်ပါးပါးက ပြောထား သည်ဟု အမှတ်သညာ ရှိနေ၍ မပေးခြင်း ဖြစ်၏ဟု ဆိုလိုသည်။)

ထိုအခါ အရှင်တိဿဘူတိမထေရ်မြတ်ကြီးက - ငါ့ရှင် သောဏ ...သင်သည် မသိသကဲ့သို့ ငါတို့သည် လည်း အလားတူပင် မသိကြပါကုန်၊ ဘုန်းကံ ရှိသူတို့အဖို့ နတ်တို့သည် ဆွမ်းတို့ကို ကျက်စေကြကုန်၏၊ သပိတ်ကို ပေးလိုက်ပါ၊ သီတင်းသုံးဖော်တို့အား ချီးမြှောက်မှုကို ပြုပါလော့ --- ဟု မိန့်ကြားတော်မူလိုက်၏။

အရှင်မဟာသောဏမထေရ်မြတ်သည် သပိတ်ကို ပေးတော်မူလိုက်၏၊ ဥပါသကာ ဒါယကာကြီးသည် သပိတ်ကို ယူဆောင်၍ အသပြာ တစ်ကျပ် ထိုက်တန်သော ဆွမ်းဖြင့် ပြည့်စေ၍ (၉)တောင် အတိုင်းအရှည်ရှိသော ပိတ်စကို သပိတ်ခြေ ပြုလုပ်၍ ဆောင်ယူပြီးနောက် အရှင်မဟာသောဏမထေရ်မြတ်၏ လက်တော်၌ ဆက်ကပ် တည်ထားလေ၏။ အခြားတစ်ယောက်သော ဥပါသကာ ဒါယကာကြီးသည်လည်း အခြားသော ရဟန်းတော် တစ်ပါး၏ သပိတ်တော်ကို ယူဆောင်သွားပြီးနောက် အသပြာ တစ်ကျပ် ထိုက်တန်သော ဆွမ်းဖြင့် ပြည့်စေ၍ (၉)တောင် အတိုင်းအရှည် ရှိသော ပိတ်စကို သပိတ်ခြေ ပြုလုပ်၍ ဆောင်ယူပြီးနောက် အရှင်မဟာသောဏ မထေရ်မြတ်၏ လက်တော်၌ ဆက်ကပ် တည်ထားလေ၏။ ဤသို့လျှင် (ရဝဝ)သော ပိတ်စတို့ကိုလည်းကောင်း, (ရဝဝ)သော ဆွမ်းတို့ကိုလည်းကောင်း အရှင်မဟာသောဏမထေရ်မြတ်အားသာလျှင် ပေးလှူကြကုန်၏။

အရှင်မဟာသောဏမထေရ်မြတ်သည် ရဟန်းသံဃာတော်အား ခွဲခြား ဝေဖန်မှုကို ပြု၍ အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာရာ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလာ၏။ မျက်နှာကို သစ်တော်မူ၏။ မဟာဗောဓိပင်ကို ရှိခိုး ဝတ်ပြုတော်မူ၏။ မဟာစေတီတော်ကို ရှိခိုးတော်မူ၏။ ထူပါရာမ၌ ရပ်တည်တော်မူလျက် သင်္ကန်းကို ရုံ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် မြို့တွင်းသို့ ဝင်တော်မူ၍ တောင်တံခါး မှသည် ဝဠဉ္ဇနက မည်သော ဇရပ်သို့တိုင်အောင် ဤအတွင်း၌ အသပြာ (၆၀) ထိုက်တန်သော ဆွမ်းကို ရရှိတော် မူ၏။ တစ်ဖန် ထိုအခါမှစ၍ ကောင်းစွာ ပြုလုပ်အပ်သော ပူဇော်သက္ကာရ၏ အတိုင်းအတာ ပမာဏကား မရှိ ဖြစ်ခဲ့၏။ --- ဤသို့လျှင် ကာလဝိပတ္တိ၌ သစ်မည်စည်သီး အခွံသည်လည်းကောင်း, ကုမုဒြာကြာရိုးသည်လည်းကောင်း အလွန်ရခဲသော သဘောရှိသည့် ဒုလ္လဘတရား တစ်ခု ဖြစ်ခဲ့ရ၏။ ကာလသမ္ပတ္တိ အခါ၌ကား ဤသို့ သဘောရှိသော များစွာကုန်သော လာဘ်လာဘသည် ထင်ရှား ဖြစ်ခဲ့လေပြီ။ (အဘိ၊ဋ္ဌ၊၂၊၄၂၆-၄၃၀။)

ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်ကြီး၏ ဝတ္ထု

အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်၏ အကြောင်းအရာကိုလည်း ဤတွင် အဋ္ဌကထာက ဖွင့်ဆိုထားတော်မူ၏ --- အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်၏လည်း သာမဏေ ဖြစ်ရာအခါ၌ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီးသည် ထင်ရှား ဖြစ်ပေါ်ခဲ့၏။ ဝတ္တဗ္ဗကနိဂြောဓသာမဏေသည်လည်းကောင်း, ထိုသာမဏေ၏ ဥပဇ္ဈာယ်ဆရာတော်သည်လည်း ကောင်း သမုဒြာ တစ်ဘက်ကမ်းသို့ = အိန္ဒိယဘက်သို့ မလိုက်ပါကြကုန်။ ဟင်းရွက်ကို စားသုံးကြကုန်သော လူ တို့ကို အမှီပြု၍ နေကုန်အံ့ဟု ကြံစည်၍ တိုင်းပြည်၏ အစွန်အဖျား ပစ္ဆန္တရာဇ်အရပ်သို့ ရှေးရှူ ခရီးသွားတော်မူကြ ၏။ ရှင်သာမဏေသည် ခုနစ်ရက်မျှပတ်လုံး အစာမစားရသည် ဖြစ်၍ တစ်ခုသော ရွာတည်ရာ အရပ်၌ ထန်းသီး ရင့်ရင့်ကို တွေ့မြင်ရ၍ ဥပဇ္ဈာယ်ဆရာတော်ကို လျှောက်ထား၏ --- အရှင်ဘုရား ...အနည်းငယ် ဆိုင်းငံ့တော် မူပါ၊ ထန်းသီးရင့်ရင့်ကို မြေသို့ ကျစေပါအံ့ဟု လျှောက်ထား၏။ ငါ့ရှင် သာမဏေ ...သင်ကား အားမရှိ ဖြစ်နေ၏၊ ထန်းပင်ကို မတက်ပါလင့်ဟု တားမြစ်တော်မူလိုက်၏။

အရှင်ဘုရား ...တပည့်တော် တက်ပါအံ့ဟု လျှောက်ထား၍ ဓားငယ်ကို ကိုင်၍ ထန်းပင်သို့ တက်၏။ ထန်းပင်ပေါ်သို့ ရောက်သောအခါ ထန်းသီးခိုင်ကို ဖြတ်ချဖို့ရန် ကြိုးစားအားထုတ်တော်မူ၏။ ဓားသွားငယ်သည် ဓားရိုးမှ ကျွတ်ထွက်၍ မြေပေါ်သို့ ကျသွား၏။ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးကား စဉ်းစားတော်မူ၏ --- ဤသာမဏေ သည် ပင်ပင်ပန်းပန်း ထန်းပင်ပေါ်သို့ ရောက်အောင် တက်ခဲ့ရ၏၊ ယခုအခါ၌ အဘယ်ကို ပြုလုပ်ရလတ္တံ့နည်း ဤသို့ စဉ်းစားတော်မူ၏။ ရှင်သာမဏေကား အကြောင်းဥပါယ်၌ လိမ္မာသူဖြစ်၏။ ထန်းရွက်ကို စိတ်၍ စိတ်၍ ဓားရိုး၌ ဖွဲ့ချည်၍ ထန်းရွက်စ တစ်ခုနှင့် ထန်းရွက်စ တစ်ခုကို ဆက်စပ်လျက် ဖွဲ့ချည်ပြီးနောက် မြေ၌ ချပေး လိုက်၏။ အရှင်ဘုရား ...ဓားသွားကို ဤဓားရိုး၌ အကယ်၍ သွင်းပေးလိုက်အံ့၊ ဤသို့ သွင်းပေးလိုက်သော် စင်စစ်ကောင်းသည်သာ ဖြစ်ရာပါ၏ - ဟု လျှောက်ထား၏။ ဥပဇ္ဈာယ်မထေရ်မြတ်သည် --- ရှင်သာမဏေကား ဥပါယ်တံမျဉ်၌ ကျွမ်းကျင်၏ --- ဟု နှလုံးပိုက်တော်မူ၍ ဓားသွားကို ဓားရိုး၌ သွင်း၍ ပေးတော်မူလိုက်၏။

ထိုသာမဏေသည် ဓားငယ်ကို အပေါ်သို့ ဆွဲတင်၍ ထန်းသီးတို့ကို ခုတ်ချလိုက်၏။ မထေရ်ကြီးသည် ဓားငယ်ကို ရှေးဦးစွာ အောက်သို့ ပစ်ချရန် မိန့်ကြားတော်မူလိုက်၏။ မထေရ်ကြီးသည် မြေကြီးပေါ်၌ လိမ့်သွားသော ထန်းသီးကို ခွဲ၍ ထန်းပင်ပေါ်မှ ဆင်းသက်လာသော ရှင်သာမဏေကို --- သာမဏေ ...သင်သည် အားမရှိ ဖြစ်နေ၏၊ ရှေးဦးစွာ ဤထန်းသီးကို စားပါ --- ဟု မိန့်ဆို၏။

အရှင်ဘုရား ...တပည့်တော်သည် အရှင်ဘုရားတို့သည် မခဲစားအပ်သေးမီ မခဲစားပါအံ့ ဟု လျှောက် ထား၍ ဓားငယ်ကို ယူ၍ ထန်းသီးတို့ကို ခွဲ၍ သပိတ်ကို သပိတ်အိတ်မှ ထုတ်ဆောင်၍ ထန်သီးဆန်ကို ထည့်၍ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးအား ဦးစွာ ဆက်ကပ်၏။ ထိုနောင်မှ မိမိကိုယ်တိုင် ခဲစား၏။ ထန်းပင်တို့၌ ထန်းသီးများ ရှိနေသေးသမျှ ကာလပတ်လုံး ထန်းသီးများ မကုန်မချင်း ဆရာတပည့် နှစ်ပါးတို့သည် ထိုအရပ်၌ပင်လျှင် သီတင်း သုံးတော်မူကြ၏။ ထန်းသီးတို့ ကုန်သွားသောအခါ၌ ဆရာတပည့် နှစ်ပါးတို့သည် အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူရာ ဟင်းရွက်ကို စားကြကုန်သော လူတို့၏ နေရာအရပ်ဌာန၌ ရဟန်းတို့ စွန့်ပစ်ထားအပ်သော ကျောင်းတစ်ကျောင်းသို့ ဝင်ရောက်သွားကြ၏။ ရှင်သာမဏေသည် ဥပဇ္ဈာယ်မထေရ်မြတ်ကြီး၏ သီတင်းသုံးဖို့ရန် နေရာကို သုတ်သင်ရှင်းလင်းပေး၏။ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးသည် ရှင်သာမဏေအား အဆုံးအမ ဩဝါဒကို ပေးတော်မူပြီးနောက် ကျောင်းတွင်းသို့ ဝင်သွားတော်မူ၏။ ရှင်သာမဏေကား ဤသို့ စဉ်းစားတော်မူ၏။ ---

အနာယတနေ နဋ္ဌာနံ အတ္တဘာဝါနံ ပမာဏံ နတ္ထိ၊ ဗုဒ္ဓါနံ ဥပဋ္ဌာနံ ကရိဿာမိ။ (အဘိ၊ဋ္ဌ၊၂၊၄၃၁။)

သေဖို့ရန် အကြောင်းမဟုတ်သော အရပ်၌, မသေသင့်ဘဲ သေရာအရပ်၌ ပျက်စီးရကုန်သော ခန္ဓာကိုယ် အတ္တဘောတို့၏ အတိုင်းအရှည်ပမာဏသည်ကား မရှိဖြစ်ခဲ့၏ (= သံသရာတစ်ခွင်၌ ကျင်လည်ခဲ့ရစဉ် မသေသင့်ဘဲ သေရသည့်ဘဝ, မသေသင့်ရာအရပ်၌ သေခဲ့ရသည့်ဘဝတို့ကား မရေမတွက်နိုင်အောင် များပြားခဲ့၏။) ဘုရားရှင် တို့အား ပြုစုလုပ်ကျွေးခြင်းကို ငါသည် ပြုပါတော့အံ့ ဤသို့ ကြံစည်စဉ်းစား၍ စေတီရင်ပြင်တော်သို့ သွား၍ စိမ်းလန်းသော မြက်သစ်ပင် မရှိအောင် သုတ်သင်ရှင်းလင်း၏။ ခုနစ်ရက်မျှကာလပတ်လုံး အစာမစားရခြင်းကြောင့် တုန်တုန်လှုပ်လှုပ် ဖြစ်၍ လဲလေ၏။ လျောင်းလျက်သာလျှင် စေတီရင်ပြင်တော်၌ရှိသော မြက်တို့ကို ဆက်လက်၍ နှုတ်နေ၏။

ထိုအချိန်အခါဝယ် အချို့ကုန်သော လူတို့သည် တောထဲ၌ လှည့်လည်ကုန်လတ်သော် ပျားရည်ကို ရရှိ၍ ထင်းတို့ကိုလည်းကောင်း ဟင်းရွက်တို့ကိုလည်းကောင်း ဆောင်ယူ၍ လာကုန်လတ်သော် စေတီရင်ပြင်တော်၌ ရှိသော မြက်များ လှုပ်ရှားနေခြင်းဟူသော အမှတ်သညာဖြင့် ဤလှုပ်ရှားနေသော အရာသည် သားကောင် လေလော ဟု ကြံ၍ လာလတ်ကုန်သော် ရှင်သာမဏေကို တွေ့ကြကုန်၏။ ရှင်သာမဏေ၏ အထံသို့ သွား၍ သာမဏေ ...အဘယ်အရာကို ပြုလုပ်နေပါသနည်း ဟု မေးမြန်းလျှောက်ထားကြကုန်၏။

ဥပါသကာ ဒါယကာတို့ ...စေတီရင်ပြင်တော်၌ ပေါက်ရောက်နေကြသော ရှုပ်ပွေနေကြသော မြက်ထုံး တို့ကို ဆွဲယူနေပါ၏ --- ဤသို့ ပြန်ပြောလိုက်၏။

အရှင်ဘုရား ...အရှင်ဘုရားမှ အခြားတစ်ပါးသော ရဟန်းသံဃာတော် တစ်စုံတစ်ဦးသည် ရှိပါသေး သလော ဟု မေးမြန်းလျှောက်ထားကြ၏။

ဥပါသကာ ဒါယကာတို့ ...အိမ်း - ရှိပေ၏။ ကိုရင်၏ ဥပဇ္ဈာယ်ဆရာတော်သည် ကျောင်းခန်းအတွင်း၌ ရှိနေသေး၏ ဟု ပြန်လည်မိန့်ဆိုလိုက်၏။

အရှင်ဘုရား ...ဥပဇ္ဈာယ်ဆရာတော်မဟာထေရ်မြတ်ကြီးအား ပေးလှူပြီးနောက် အရှင်ဘုရားလည်း ခဲစားတော်မူပါ ဘုဉ်းပေးတော်မူပါ --- ဤသို့ ပြောဆိုလျှောက်ထား၍ ရှင်သာမဏေအား ပျားရည်ကို လှူဒါန်း ပြီးနောက် မိမိ၏ (ဒါယကာ၏) နေထိုင်ရာအရပ်ကို လျှောက်ထားခဲ့၍ ---

အရှင်ဘုရား ...တပည့်တော်တို့သည် သစ်ခက်များကို ချိုး၍ ချိုး၍ လမ်း၌ ချလျက် ချလျက် လမ်းပြသော အားဖြင့် သွားပါကုန်အံ့၊ လမ်း၌ ချိုး၍ ချထားအံ့သော ဤသစ်ခက် အမှတ်အသားဖြင့် အရှင်ဘုရား၏ ဥပဇ္ဈာယ် ဆရာတော်မထေရ်မြတ်ကြီးကို ပင့်ဆောင်တော်မူ၍ လိုက်ခဲ့တော်မူပါ - ဟု ပြောဆိုလျှောက်ထား၍ သွားကြ၏။

ရှင်သာမဏေသည် ပျားရည်ကို ယူဆောင်၍ ဥပဇ္ဈာယ်မထေရ်မြတ်ကြီး၏ အထံသို့ သွား၏။ အခန်း၏ ပြင်ဘက်၌ ရပ်တည်၍ --- အရှင်ဘုရား ...ရှိခိုးပါ၏ ဟု လျှောက်ထား၏။ ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ် ကြီးသည် --- ရှင်သာမဏေသည် မွတ်သိပ်ဆာလောင်ခြင်းသည် အဖန်ဖန် လောင်မြှိုက်အပ်သည်ဖြစ်၍ ငါ့ထံသို့ လာသည် ဖြစ်လတ္တံ့ --- ဤသို့ စဉ်းစားပြီး ဆိတ်ဆိတ်နေတော်မူလိုက်၏။ ထိုရှင်သာမဏေသည် တစ်ဖန်ထပ်၍ လည်း --- အရှင်ဘုရား ...ရှိခိုးပါ၏ ဟု လျှောက်ထား၏။

သာမဏေ ...အဘယ်ကြောင့် အားမရှိသော ရဟန်းတို့အား ချမ်းချမ်းသာသာ လျောင်းစက်နေခြင်းငှာ အခွင့်ကို မပေးသနည်းဟု အမိန့်ရှိလိုက်၏။

အရှင်ဘုရား ...တံခါးကို ဖွင့်ခြင်းငှာ လျောက်ပတ်ပါ၏ ဟု လျှောက်ထားလိုက်၏။ မထေရ်မြတ်ကြီး သည် နေရာမှ ထတော်မူ၍ တံခါးကို ဖွင့်ပေးတော်မူလိုက်၏။

သာမဏေ ...သင်သည် အဘယ်အရာဝတ္ထုကို ရရှိအပ်ပါသနည်း ---ဟု မေးမြန်းလိုက်၏။ အရှင်ဘုရား ...လူဒါယကာတို့သည် ပျားရည်ကို ပေးလှူအပ်ပါပြီ၊ ပျားရည်ကို ဘုဉ်းပေး သုံးဆောင်တော်မူခြင်းငှာ လျောက် ပတ်ပါ၏ ဟု လျှောက်ထားလိုက်၏။

သာမဏေ ...ပျားရည်အတိုင်း ဘုဉ်းပေး သုံးဆောင်လိုက်လျှင် ပင်ပန်းကြပေလိမ့်မယ်၊ ဖျော်ရည်ကို ပြုလုပ်၍ သောက်ကြစို့ဟု မိန့်ကြားတော်မူလိုက်၏။

ရှင်သာမဏေသည် ဖျော်ရည်ပြုလုပ်၍ ဆက်ကပ်တော်မူလိုက်၏။ ထိုအခါ မထေရ်မြတ်ကြီးက သာမဏေ လူဒါယကာတို့၏ နေထိုင်ရာ အရပ်ကို မေးကြည့်လိုက်သေးသလားဟု မေးမြန်းလိုက်၏။

အရှင်ဘုရား ...သူတို့ကိုယ်တိုင်ပင် ပြောပြသွားကြပါ၏ --- ဤသို့ လျှောက်ထားလိုက်၏။

သာမဏေ ...နံနက်စောစောကျမှ သွားကြလျှင် ငါတို့ ပင်ပန်းကြလိမ့်မယ်၊ ဒီနေ့ပင် သွားကြစို့ ---ဟု မထေရ်မြတ်ကြီးက မိန့်ဆို၍ သပိတ် သင်္ကန်းကို ယူဆောင်စေ၍ ထွက်တော်မူခဲ့ကြ၏။ ထိုဆရာတပည့်တို့သည် သွားကြ၍ လူဒါယကာတို့၏ နေထိုင်ရာ အရပ်၏ မနီး မဝေးသော နေရာတစ်ခု၌ ကျိန်းစက်တော်မူကြ၏။

ရှင်သာမဏေသည် ညဉ့်အခါ၌ ဤသို့ စဉ်းစား၏ --- ငါသည် ရှင်သာမဏေ ဖြစ်သည့်အခါမှစ၍ ရွာ၏ အနီး၌ = အာရညကင်ဓုတင် မရသော နေရာ၌ အရုဏ် မတက်စေအပ်ဖူးပေ။ [ရွာ၏ ဥပစာမှ အနည်းဆုံး ကုလလေးတာ အပြန် (၅၀၀) ကွာဝေးသော တောအရပ်၌သာလျှင် အရုဏ်ကို တက်စေခဲ့ဖူး၏။] ဤသို့ စဉ်းစား၍ ထိုရှင်သာမဏေသည် သပိတ်ကို ယူဆောင်၍ အရုဏ်ကို တက်စေခြင်းငှာ အာရညကင်ဓုတင် မြောက်သော ရွာဥပစာမှ အနည်းဆုံး ကုလလေးတာ အပြန် (၅၀၀) ကွာဝေးသော တောအရပ်သို့ ကြွသွားတော်မူ၏။

ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ်ကြီးသည် ရှင်သာမဏေကို လျောင်းစက်ရာ အရပ်၌ မတွေ့မမြင်ရသည် ဖြစ်၍ - လူသားကို စားတတ်ကုန်သော လူတို့သည် ဖမ်းယူသွားသည် ဖြစ်ပေလိမ့်မည် -- ဟု စဉ်းစားတော်မူ၏။

ရှင်သာမဏေသည် အာရညကင်ဓုတင် မြောက်သော တောအရပ်၌ အရုဏ်ကို တက်စေ၍ သပိတ်ဖြင့် မျက်နှာသစ်ရန် ရေကိုလည်းကောင်း, တံပူကိုလည်းကောင်း ယူဆောင်၍ ပြန်လာခဲ့၏။

သာမဏေ ...သင်သည် အဘယ်အရပ်သို့ သွားလေသနည်း၊ သင်သည် အသက်ကြီးကုန်သော ရဟန်းတော်တို့၏ တောင်တောင်ဤဤ ကြံစည်ခြင်းကို ဖြစ်စေအပ်ပြီ၊ သဲဒဏ် ရေဒဏ်စသော ဒဏ်ထမ်းခြင်းအမှုကို ဆောင်လောဟု မိန့်ကြားတော်မူလိုက်၏။

အရှင်ဘုရား ...ဒဏ်ကို ထမ်းဆောင်ပါအံ့ဟု လျှောက်ထားလိုက်၏။ မထေရ်မြတ်ကြီးသည် မျက်နှာတော်ကို သစ်တော်မူ၍ သင်္ကန်းကို ရုံတော်မူ၏။ ဆရာတပည့် နှစ်ပါးလုံးတို့သည်လည်း လူဒါယကာတို့ နေထိုင်ရာ အရပ်သို့ ကြွသွားတော်မူကြ၏။ လူဒါယကာ လူဒါယကာမတို့သည်လည်း မိမိတို့၏ သုံးဆောင်နေကြဖြစ်သော တောသစ်ဥ သစ်ဖု သစ်မြစ် သစ်သီး သစ်ရွက်ကို ပေးလှူကြ၏။ မထေရ်မြတ်ကြီးသည်လည်း ဘုဉ်းပေးတော်မူပြီး၍ ကျောင်းသို့ ပြန်ကြွတော်မူ၏။ ရှင်သာမဏေသည် ခြေဆေးရေကို ဆောင်ယူ၍ --- အရှင်ဘုရား ...ခြေတော် တို့ကို ဆေးကြောပေးပါအံ့ဟု လျှောက်ထား၏။

သာမဏေ ...သင်သည် ညဉ့်တုန်းက အဘယ်အရပ်သို့ သွားသနည်း၊ ငါတို့သန္တာန်၌ တောင်တောင်ဤဤ ကြံစည်ခြင်းကို သင်သည် ဖြစ်စေအပ်ပြီ၊ --- ဤသို့ မထေရ်မြတ်ကြီးက မိန့်တော်မူလိုက်၏။

အရှင်ဘုရား ...တပည့်တော်သည် ရှင်ဖြစ်သည့်နေ့မှ စ၍ အာရညကင်ဓုတင် မမြောက်သည့် ရွာ၏ အနီး၌ အရုဏ်ကို မတက်စေအပ်ဖူးပါ။ အရုဏ် တက်စေခြင်း အကျိုးငှာ တောအရပ်သို့ သွားပါ၏ --- ဤသို့ လျှောက်ထားလိုက်၏။

သာမဏေ ...သင့်အား ဒဏ်ထမ်းခြင်း အမှုသည် မလျောက်ပတ်၊ ငါတို့အားသာလျှင် ဒဏ်ထမ်းခြင်း အမှုသည် လျောက်ပတ်၏၊ ဤသို့ ပြောဆို၍ မထေရ်ကြီးသည် ထိုအရပ်၌ပင်လျှင် နေထိုင် သီတင်းသုံးတော်မူ၏။ ထို့ပြင် ရှင်သာမဏေအား အမှတ်သညာကို ဤသို့ ပေးထားတော်မူ၏။ ---

သာမဏေ ...ငါတို့သည်ကား အသက်အရွယ် ကြီးရင့်ကုန်ပြီ၊ ဤမည်သော အကြောင်းသည် ဖြစ်ပေါ် လတ္တံ့၊ ဤသို့ သိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်၏၊ သင်သည် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့်ရှောက်လျက် နေထိုင်ပေတော့ --- ဤသို့သော အမှတ်သညာကို ပေးထားတော်မူ၏။ (သင်သည် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့် ရှောက်လျက် နေထိုင်ပေတော့၊ ငါတို့ကား အသက်အရွယ် ကြီးကုန်သည့်အတွက်ကြောင့် မိမိကိုယ် မိမိ ထိန်း သိမ်းစောင့်ရှောက်လျှင်လည်း အဘယ်အမှုကို ပြုနိုင်ကုန်တော့အံ့နည်း။ တစ်ဖန် အသက်အရွယ် ကြီးရင့်ကုန် သည့် အတွက်ကြောင့်ပင် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်တော့ကုန် = ရှေးသို့ ဆက် လက်၍ အရဟတ္တဖိုလ်ပေါက် ကြိုးစားအားထုတ်ဖို့ရန် မစွမ်းနိုင်တော့ပေ --- ဤကား ဥပဇ္ဈာယ်ဆရာတော် မထေရ်မြတ်ကြီး၏ ဆိုလိုရင်းတည်း။ --- တစ်နည်း --- မထေရ်မြတ်ကြီးကား အနာဂါမ် သူတော်ကောင်းကြီး ဖြစ်ခြင်းကြောင့် နောင်အခါ၌ လူသားကို စားတတ်ကြကုန်သော လူတို့၏ အစားခံခြင်းသို့ ရောက်ရမည်ကို ကြိုတင်၍ သိထားသောကြောင့် ဤသို့ ဆုံးမထားနှင့်သည် ဟူလိုသည်။ (မူလဋီ၊၂၊၂၁၁။)

ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ်ကြီးကား အနာဂါမ် သူတော်ကောင်းကြီး ဖြစ်တော်မူ၏။ နောက်ပိုင်း ကာလ၌ လူသားကို စားတတ်ကုန်သော မနုဿခါဒက အမည်ရသော လူတို့သည် မထေရ်မြတ်ကြီးအား သတ် ဖြတ်၍ အသားကို စားကြကုန်၏။

ရှင်သာမဏေသည် ဥပဇ္ဈာယ်ဆရာတော် မှာကြားထားတော်မူခဲ့သည့်အတိုင်း မိမိကိုယ်ကို မိမိ ထိန်းသိမ်း စောင့်ရှောက်လျက် နေထိုင်တော်မူ၏။ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီးသည် ငြိမ်းအေးလတ်သော် အကြင်အကြင် သင့်တင့်လျောက်ပတ်သော အရပ်၌ ဥပဇ္ဈာယ်ကို ယူ၍ နေထိုင်၏။ [ဤထုံးကို ထောက်ရှုပါက ရှင်သာမဏေများ သည် မူလဥပဇ္ဈာယ် ငြိမ်းသွားခဲ့သော် ဥပဇ္ဈာယ်အသစ် ထပ်ယူနိုင်ခွင့် ရှိသည်ဟု မှတ်ပါ။]

ထိုသို့ ဥပဇ္ဈာယ်ယူ၍ နေထိုင်ပြီးနောက် ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်ရှိသောအခါ ဗုဒ္ဓဝစန အမည်ရသော ဘုရားစကားတော် ပါဠိတော်ကြီးများကို သင်ယူတော်မူ၏။ ပိဋက သုံးပုံကို နှုတ်ငုံ ဆောင်နိုင်၏။ တိပိဋကဓရ ဝတ္တဗ္ဗကနိဂြောဓ အမည်ရသော မထေရ်မြတ်ကြီးတစ်ပါး ဖြစ်တော်မူလာ၏။

ပိတုမဟာရာဇာသည် လင်္ကာဒီပကျွန်းကို ထီးဖြူအုပ်ချုပ် မင်းပြုလုပ်တော်မူ၏။ သမုဒြာ၏ တစ်ဘက်ကမ်း (အိန္ဒိယဘက်မှ) လာကုန် လာကုန်သော ရဟန်းတို့သည် --- ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်သည် အဘယ်မှာနည်း ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်သည် အဘယ်မှာနည်း --- ဤသို့ မေးမြန်း၍ ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်၏ အထံသို့ ကြွရောက်တော်မူကြကုန်၏။ များစွာသော ရဟန်းသံဃာတော်အပေါင်းသည် ဝတ္တဗ္ဗကနိဂြောဓ မထေရ်မြတ်ကို ဝန်းရံနေတော်မူ၏။ ထိုဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်သည် များစွာသော ရဟန်းသံဃာတော် အပေါင်း ခြံရံလျက် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလာရာ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလာ၏။ ရောက်ရှိပြီးနောက် မဟာဗောဓိကိုလည်းကောင်း, မဟာစေတီတော်ကိုလည်းကောင်း, ထူပါရာမစေတီတော်ကိုလည်းကောင်း အသီးအသီး ရှိခိုး၍ မြို့တွင်းသို့ ကြွဝင်တော်မူ၏။ တောင်တံခါးသို့ တိုင်အောင် ကြွသွားတော်မူစဉ်ပင်လျှင် (၉)ဌာနတို့၌ တိစီဝရိတ်သင်္ကန်းသည် ဖြစ်ပေါ်ခဲ့၏။ မြို့တွင်းသို့ ဝင် ရောက်မိရာ အချိန်ကာလမှ စ၍ များစွာသော ပူဇော်သက္ကာရသည် ဖြစ်ပေါ်ခဲ့၏။

ဤသို့လျှင် ကာလဝိပတ္တိ အခါ၌ ထန်းသီး သစ်ဥ သစ်ဖု သစ်မြစ် သစ်ရွက်သည်လည်း အလွန်ရခဲသော ဒုလ္လဘတစ်ခု ဖြစ်ခဲ့၏။ ကာလသမ္ပတ္တိအခါ၌ကား ဤသို့ သဘောရှိသော များစွာသော လာဘ်လာဘသည် ဖြစ်ပေါ်ခဲ့လေ၏။

ဤသို့လျှင် ကာလဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ကာလသမ္ပတ္တိ သို့ ရှေးရှူရောက်၍ ကာလသမ္ပတ္တိကို အစွဲပြု၍ အကျိုးပေးနိုင်ကြကုန်၏။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲ ပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၀-၄၃၃။)

၄။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ပယောဂဝိပတ္တိ၌ တည်နေသော သူ၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်လေရာ။ (ထိုကောင်းမှုရှင်သည် ကာယကံ စင်ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှု ရှိအောင် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို မဖြည့်ကျင့်ဘဲ အကုသိုလ်ကမ္မပထတရား (၁၀)ပါး ဒုစရိုက်တရားတို့ကို လွန်ကျူး၏။ မိစ္ဆာဒိဋ္ဌိကို ေ့ရှသွား ပြုလျက် မသမာမှု အမျိုးမျိုးတို့ကို ပြုကျင့်၏။ ပယောဂသမ္ပတ္တိစက် ပျက်၍ ပယောဂဝိပတ္တိ၌ တည်နေ၏။ ထိုကောင်းမှုရှင်သည် ထိုသို့ ပယောဂဝိပတ္တိ၌ ရပ်တည်နေခဲ့သော် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်ကံ တို့သည် အကျိုးပေးဖို့ရန် အခွင့်မသာ ဖြစ်နေကုန်၏။)

သို့သော် ထိုကောင်းမှုရှင်သည်ကား သမ္မာပယောဂဟူသော ကောင်းသော ပယောဂ၌ ရပ်တည်နေ၏။ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့ကို ပြည့်စုံစေ၏၊ ငါးပါးသီလ ဆယ်ပါးသီလတို့ကို ထိန်းသိမ်း စောင့်ရှောက်၏။ ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ထိုကောင်းမှုရှင်၏ အထံသို့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့ ကိုယ်တိုင်က အလုံးစုံသော အဆင်တန်ဆာ မှန်သမျှတို့ဖြင့် တန်ဆာဆင်ထားအပ်ကုန်သော မင်းသမီးတို့သည် ဤသူအား လျောက်ပတ်ကုန်၏ဟု ပြောဆို၍ ပို့လိုက်ကြကုန်၏။ ယာဉ်အမျိုးမျိုးနှင့် ပတ္တမြား ရွှေ ငွေ အစရှိသော ထိုထို လက်ဆောင်ပဏ္ဏာသည် ဤသူအား လျောက်ပတ်၏ဟု ပြောဆို၍ ပို့ကြကုန်၏။

အကယ်၍ ထိုကောင်းမှုရှင်သည် ကာလသမ္ပတ္တိ၌ လူဖြစ်လာရ၍ ပယောဂသမ္ပတ္တိ၌ ကောင်းစွာ ရပ်တည် နိုင်သည့် ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့သည် ဖြစ်ခဲ့ပါမူ (ရှင်ဖြစ်ခဲ့သော် ရဟန်းဖြစ်ခဲ့သော်) များစွာသော အခြံအရံရှိသူ ဖြစ်ရ၏။ ကြီးမားသော တန်ခိုးအာနုဘော် ရှိသူ ဖြစ်ရ၏။ ထိုသို့ ဖြစ်ရာ၌ ဤကားဝတ္ထုတစ်ခုတည်း။

စူဠသုဓမ္မမထေရ်

ကူဋကဏ္ဏမင်းသည် ဂိရိဂါမကဏ္ဏ အရပ်၌ နေလေ့ရှိသော စူဠသုဓမ္မမထေရ်မြတ်ကြီးကို မြတ်နိုး၏။ မိမိ၏ ကိုယ်ပိုင်ဥစ္စာကဲ့သို့ ပြု၍ အလွန်ကြည်ညိုမြတ်နိုး၏။ ထိုကူဋကဏ္ဏမင်းသည် ဥပ္ပလဝါပိ အရပ်၌ နေထိုင်စဉ် စူဠသုဓမ္မမထေရ်မြတ်ကြီးကို သွားရောက် ပင့်ခေါ်စေခဲ့၏။ မထေရ်မြတ်ကြီးသည် ကြွလာတော်မူ၍ မာလာရာမ ကျောင်းတိုက်၌ သီတင်းသုံးတော်မူ၏။ ကူဋကဏ္ဏမင်းက စူဠသုဓမ္မမထေရ်မြတ်ကြီး၏ မယ်တော်ကို --- မထေရ် မြတ်ကြီးသည် အဘယ်အရာကို နှစ်သက်တော်မူပါသနည်းဟု မေးမြန်းကြည့်၏။ အရှင်မင်းမြတ် ...သစ်ဥကို နှစ်သက်တော်မူပါ၏ဟု သံတော်ဦးတင်လိုက်၏။ ကူဋကဏ္ဏမင်းသည် သစ်ဥကို ဆောင်ယူစေ၍ ကျောင်းတိုက်သို့ သွား၍ အရှင်စူဠသုဓမ္မမထေရ်မြတ်ကြီးအား လှူဒါန်းလေသော် မထေရ်မြတ်ကြီး၏ မျက်နှာတော်ကို မော်၍ ဖူးခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။

ထိုကူဋကဏ္ဏမင်းသည် ကျောင်းမှထွက်၍ ကျောင်းပရိဝုဏ်၏ အပြင်ဘက်၌ မိဖုရားကြီးကို --- မထေရ်မြတ်ကြီးကို အဘယ်ကဲ့သို့ ရှုအပ်ပါသနည်း = မထေရ်မြတ်ကြီး၏ ဥပဓိရုပ်အဆင်းသည် အဘယ်သို့ နေပါသနည်း ဟု မေးကြည့်၏။

အရှင်မင်းမြတ် ...အရှင်မင်းမြတ်သည် ယောက်ျားရင့်မကြီးဖြစ်ပါလျက် မထေရ်မြတ်ကြီး၏ မျက်နှာ တော်ကို မော်၍ ဖူးမြော်ခြင်းငှာ မစွမ်းနိုင်တုံသေး၏။ ဘုရာ့ကျွန်တော်မသည် အဘယ်သို့လျှင် စွမ်းနိုင်ပါအံ့နည်း၊ မထေရ်မြတ်ကြီးကို မည်ကဲ့သို့ ရှုအပ်ဟု မသိပါ --- ဤသို့ သံတော်ဦးတင်လိုက်၏။

ကူဋကဏ္ဏမင်းက --- ငါ၏ တိုင်းနိုင်ငံ၌ ငါ့အား အခွန်ဆက်သနေရသော သူကြွယ်၏ သားကို မော်၍ ဖူးမြော်ခြင်းငှာ မရဲဝံ့ ရှိခဲ့၏။ အမောင်တို့ ...မြတ်စွာဘုရား၏ သာသနာတော်မည်သည် ကြီးမြတ်တော်မူ ပါပေစွ --- ဤသို့ ပြောဆို၍ လက်ခမောင်း ခတ်လေ၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၃။)

တိပိဋကဓရ စူဠနာဂမထေရ်

ကူဋကဏ္ဏမင်းသည် တိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီးကိုလည်း မြတ်နိုးတော်မူ၏။ အလွန်ကြည်ညို လေးစား၏။ ထိုမထေရ်မြတ်ကြီး၏ လက်ချောင်းတော်၌ တစ်ခုသော သွေးစုနာသည် ပေါက်လာ၏။ ကူဋကဏ္ဏ မင်းသည် မထေရ်မြတ်ကြီးကို ဖူးမြင်ပေအံ့ဟု နှလုံးပိုက်၍ ကျောင်းတော်သို့ သွားလေ၏။ မထေရ်မြတ်ကြီး၌ အလွန်အားကြီးသော ချစ်မြတ်နိုးခြင်းကြောင့် လက်ချောင်းတော်ကို ပါးစပ်ဖြင့် ငုံထားလိုက်၏။ ပါးစပ်၏ အတွင်း၌ ပင်လျှင် သွေးစုနာသည် ပေါက်ကွဲသွား၏။ ပြည်သွေးကို ထွေးမပစ်ဘဲ မထေရ်မြတ်ကြီး၏ အပေါ်၌ ချစ်မြတ် နိုးခြင်းကြောင့် အမြိုက်ရေစင်ကဲ့သို့ မျိုချလိုက်၏။

ထိုတိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီးသည်ပင် နောက်အဖို့၌ သေရာညောင်စောင်းထက်၌ လျောင်းစက် တော်မူ၏။ ကူဋကဏ္ဏမင်းကြီးသည် လာရောက်၍ မစင်ခွက်ကို ဦးခေါင်းထက်၌ ထား၍ (= မထေရ်မြတ်ကြီး မပျံလွန်တော်မီ စွန့်သွားသော မစင်ခွက်ကို ဦးခေါင်းထက်၌ ထား၍) ---

တရားတည်းဟူသော လှည်း၏ ဝင်ရိုးကြီးသည် ကျိုးလေပေါ့၊ ဝင်ရိုးကြီးသည် ကျိုးလေပေါ့ ---

ဤသို့ ပြောဆိုငိုမြည်လျက် လှည့်လည်လေပြီ။ မြေကို အစိုးရသော ရေမြေ့သနင်း ပြည့်ရှင်မင်းသည် မစင်ခွက်ကို ဦးခေါင်းဖြင့် မြှောက်ချီ၍ လှည့်လည်ခြင်းမည်သည် အဘယ်၏ သွားအပ်သော လမ်းပါနည်း?

သမ္မာပယောဂဖြင့် ပြီးစီးစေအပ်သော အကျင့်မြတ်၏ သွားအပ်သော လမ်းတည်း။ (အဘိ၊ဋ္ဌ၊၂၊၄၃၃။)

တိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီးသည် ကာယကံ စင်ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှု ရှိအောင် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကြိုးစားဖြည့်ကျင့်တော်မူသည့် သမ္မာပယောဂရှိသူ သူတော်ကောင်းကြီး တစ်ဦး ဖြစ်တော်မူ၏။ ကူဋကဏ္ဏမင်းသည် ထိုသမ္မာပယောဂကျင့်စဉ်ကို ကြည်ညိုလေးစားသောအားဖြင့် မစင် ခွက်ကို ဦးခေါင်းဖြင့် ရွက်၍ လှည့်လည်သည်၊ ထိုလှည့်လည်ခြင်းဖြင့် တိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီး၌ ထိုမျှ ကြည်ညိုလေးစားထိုက်သော သမ္မာပယောဂရှိသည် ဟု သိရပေသည်။ (မူလဋီ၊၂၊၂၁၁။)

ဤသို့လျှင် ပယောဂဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ပယောဂသမ္ပတ္တိသို့ ရှေးရှူရောက်၍ ပယောဂသမ္ပတ္တိကို အစွဲပြု၍ အကျိုးပေးနိုင်ကြကုန်၏။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။

ဤသို့လျှင် ဝိပတ္တိတရား (၄)ပါးတို့သည် တားမြစ်ထားအပ်သော ကောင်းမှုကုသိုလ်ကံသည် အကျိုးကို မပေးသေးမူ၍ သမ္ပတ္တိတရား (၄)ပါးသို့ ရှေးရှူရောက်ပါမှ = သမ္ပတ္တိ (၄)ပါးတို့ကို အစွဲပြု၍ အကျိုးပေးနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၃။)

အဗ္ဘူတောပမာ = မဖြစ်ဖူးသော ဥပမာ

ထို (၄)ပါးသော သမ္ပတ္တိသို့ ရောက်၍ အကျိုးပေးရာ၌ ဖြစ်နိုင်သော အနက်အဓိပ္ပါယ်ကို ပြု၍ ဤမဖြစ်ဖူး သော ဥပမာကို = အဗ္ဘူတောပမာကို ရှေးအဋ္ဌကထာဆရာတော်တို့သည် ပြဆိုတော်မူကြ၏။

ရှင်ဘုရင်တစ်ပါးသည် အမတ်ကြီးတစ်ဦးအား အနည်းငယ်မျှ မပြောပလောက်သည့် အပြစ်ကြောင့် အမျက် တော် ရှသဖြင့် ထိုအမတ်ကို အချုပ်ထောင်၌ နှောင်ဖွဲ့ထား၏။ ထိုအမတ်၏ ဆွေမျိုးသားချင်းတို့သည် ရှင်ဘုရင် အမျက်တော် ရှသည်၏အဖြစ်ကို သိရှိကြ၍ တစ်စုံတစ်ခုသော စကားကို မပြောဆိုမူ၍ ကြမ်းတမ်းသော အမျက် ဒေါသတရားသည် ဘုရင်မင်းမြတ်၏သန္တာန်၌ ကင်းရှင်းသွားလတ်သော် ရှင်ဘုရင်ကို ထိုအမတ်၏ အပြစ်မရှိသည် ၏ အဖြစ်ကို ရှင်ဘုရင်ကြီးသိအောင် သံတော်ဦးတင်ကြကုန်၏။ ဘုရင်မင်းမြတ်သည် ထောင်မှလွှတ်၍ ထိုအမတ် ၏ မူလပကတိ ရာထူးကို တစ်ဖန် ပြန်၍ ခန့်အပ်တော်မူလိုက်၏။ ထိုအခါ၌ ထိုအမတ်၏ ထိုထိုအရပ်ဒေသမှ ရောက်ရှိလာကြသော လက်ဆောင်ပဏ္ဏာတို့၏ အတိုင်းအရှည် ပမာဏကား မရှိဖြစ်ခဲ့၏။ ထိုအမတ်၏ ဘဏ္ဍာ တော်ထိန်းလူကြီးတို့သည် များလွန်းသည့်အတွက် လက်ခံခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်၏။

ထိုဥပမာစကားရပ်၌ ရှင်ဘုရင်၏ အနည်းငယ်မျှ မပြောပလောက်သည့် အပြစ်ကြောင့် အမျက်တော် ရှသဖြင့် ထိုအမတ်ကို အချုပ်ထောင်၌ နှောင်ဖွဲ့စေအပ်ရာအခါကို သိအပ်သကဲ့သို့ ပုထုဇန်၏ ငရဲ၌ ဖြစ်ရာအခါကို သိရှိပါ။

ထိုအခါ၌ ထိုအမတ်၏ ဆွေမျိုးသားချင်းတို့သည် ရှင်ဘုရင်ကြီးကို ကောင်းစွာသိစေ၍ ရာထူးဌာနန္တရကို တစ်ဖန် ပင်ကိုယ်သဘောရှိအောင် ပြုရာအခါကို သိအပ်သကဲ့သို့ ထိုပုထုဇန်၏ နတ်ပြည်လောက၌ ဖြစ်ရာ အချိန်ကာလကို သိရှိပါ။

ဘဏ္ဍာတော်ထိန်းလူကြီးတို့က လက်ဆောင်ပဏ္ဏာကို လက်ခံခြင်းငှာ မစွမ်းနိုင်သည့် အချိန်အခါကာလကဲ့သို့ ကုသိုလ်ကောင်းမှုရှင်၏ သမ္ပတ္တိ (၄)ပါးတို့သို့ ရှေးရှူရောက်၍ သမ္ပတ္တိ (၄)ပါးတို့ကို အစွဲပြု၍ ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့၏ နတ်ပြည်လောကမှ လူ့ပြည် လောကသို့, လူ့ပြည်လောကမှ နတ်ပြည်လောကသို့ --- ဤသို့လျှင် ချမ်းသာရာ ဌာနတစ်ခုမှ ချမ်းသာရာ ဌာန တစ်ခုသို့ ဆောင်ယူ၍ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးလည်း ချမ်းသာသော ကောင်းကျိုးကို ပေး၍ နိဗ္ဗာန်သို့ ရောက်စေခြင်းကို သိရှိပါလေ။

ပဋိသမ္ဘိဒါမဂ်ပါဠိတော်နည်း

ဤသို့လျှင် ရှေးဦးစွာ ဝိဘင်းပါဠိတော်နည်း၏ အစွမ်းဖြင့် ဘုရားရှင်၏ ဒုတိယဗလဉာဏ်တော်စွမ်းအားကို ပြပြီး၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော် (ခု၊၉၊၂၇၁။) နည်းအားဖြင့်လည်း ပြထိုက်ပေ၏။

(၁) အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော

အတိတ်ဘဝ၌ အားထုတ်ထားအပ်ပြီးသော ကံသည် အတိတ်ဘဝ၌ပင် ဖြစ်ခဲ့ပြီ၊ ယင်းကံသည်ကား အတိတ် ဘဝ၌ပင် အကျိုးကို ပေးခဲ့ပြီး ဖြစ်၏။ အတိတ်ဘဝ၌ပင် ဖြစ်ခဲ့ပြီး၍ အတိတ်ဘဝ တစ်ခုခု၌ပင် အကျိုးပေးပြီးသော ထိုကံမျိုးကို --- အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော --- ဟု ဆိုသည်။ အတိတ်ဘဝ တစ်ခု၌ ဖြစ်ခဲ့ပြီး၍ အတိတ်ဘဝ တစ်ခုခု၌ အကျိုးပေးပြီးသော ကံတည်း။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၂) အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော

ပုဂ္ဂိုလ်တစ်ဦးသည် ဒိဋ္ဌဓမ္မဝေဒနီယကံ စသော များစွာသော ကံတို့ကို အားထုတ်ထား၏။ ကံတစ်ခုကို အားထုတ်ရာ၌ ဇော (၇)တန်တို့တွင် ပထမဇောကား မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သော ဒိဋ္ဌဓမ္မဝေဒနီယ ကံတည်း။ သတ္တမဇောကား ဒုတိယဘဝ၌ အကျိုးပေးနိုင်သော ဥပပဇ္ဇဝေဒနီယကံတည်း။ အလယ်ဇော (၅)တန် ကား တတိယဘဝမှစ၍ နိဗ္ဗာန်ကို ရသည်တိုင်အောင် အကျိုးပေးနိုင်သော အပရာပရိယဝေဒနီယကံတည်း။ ဒါနကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ ပထမဇောပေါင်း အကြိမ်များစွာ, သတ္တမဇောပေါင်း အကြိမ်များစွာ, အလယ်ဇော (၅)တန်ပေါင်း အကြိမ်များစွာ ဖြစ်နိုင်၏။ ဝီထိပေါင်းများစွာ ဖြစ်နိုင်၏။ ထိုကြောင့် ဒါနကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ ဒိဋ္ဌဓမ္မဝေဒနီယကံပေါင်းများစွာ, ဥပပဇ္ဇဝေဒနီယကံပေါင်းများစွာ, အပရာပရိယဝေဒနီယ ကံပေါင်းများစွာ ဖြစ်နိုင်၏။ ဒါနကံများကို အကြိမ်ပေါင်းများစွာ ထူထောင်ရာ၌ကား ဆိုဖွယ်ရာပင် မရှိတော့ပြီ ဖြစ်၏။ သီလကံကို အားထုတ်ရာ ဘာဝနာကံကို အားထုတ်ရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဘာဝနာ ကံ၌ ကာမာဝစရကံတို့ကို အထူးရည်ညွှန်း၍ ဆိုလိုသည်ဟု သဘောပေါက်ပါ။ (မဟဂ္ဂုတ်ကံများကို သီီးသန့် ဖော်ပြထားသောကြောင့် ဖြစ်သည်။)

ဒိဋ္ဌဓမ္မဝေဒနီယကံ အစရှိကုန်သော များစွာကုန်သော ကံတို့ကိုလည်း အားထုတ်အပ်ပြီးကုန်လတ်သော် ဒိဋ္ဌဓမ္မဝေဒနီယကံများစွာတို့တွင် တစ်ခုသော ဒိဋ္ဌဓမ္မဝေဒနီယကံက မျက်မှောက်ဘဝ၌ (ကံကို ပြုစုပျိုးထောင်ရာ ဘဝ၌) အကျိုးပေးလတ်သော် ကြွင်းသော ဒိဋ္ဌဓမ္မဝေဒနီယကံတို့က အကျိုးမပေးကုန်။ ဒုတိယဘဝ၌ ခံစားထိုက် သော အကျိုးရှိသော ဥပပဇ္ဇဝေဒနီယကံတို့တွင် တစ်ခုသော ဥပပဇ္ဇဝေဒနီယကံက ကံကို ထူထောင်ပြီးနောက် ဒုတိယဘဝ၌ ပဋိသန္ဓေကို ငင်ခဲ့သော် ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ကြွင်းကျန်ကုန်သော ဥပပဇ္ဇဝေဒနီယကံ တို့သည် အကျိုးမပေးကုန်။ အာနန္တရိယကံများစွာတို့တွင် တစ်ခုသော အာနန္တရိယကံကြောင့် ငရဲ၌ ဖြစ်ရ၏။ ကြွင်းသော အာနန္တရိယကံတို့ကား ငရဲပဋိသန္ဓေ အကျိုးကို မပေးကုန်။ (တစ်ခုသော အာနန္တရိယကံက ပဋိသန္ဓေကျိုးကို ပေးခဲ့သော် ကြွင်းကျန်သော အာနန္တရိယကံတို့က ထပ်ဆင့်၍ အားပေးထောက်ပံ့တတ်ကုန်၏။ မ၊ဋီ၊၃၊ ၃၇၄။) သမာပတ် (၈)ပါးတို့တွင် တစ်ခုသော သမာပတ်ကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရ၏။ ကြွင်းကျန်သော သမာပတ်တို့သည် အကျိုးမပေးကုန်။ ဤသို့ အကျိုးမပေးသော ကံများကို ရည်ရွယ်တော်မူ၍ -- အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော = အားထုတ်ပြီးလျက် အကျိုးမပေးသောကံ -- ဟု ဆိုလိုသည်။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

အကြင်ပုဂ္ဂိုလ်သည်ကား များစွာလည်းဖြစ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံကို ပြုစုပျိုးထောင်ပြီး၍ ဘုရား အစရှိသော အရိယာသူတော်ကောင်း မိတ်ကောင်း ဆွေကောင်းကို အမှီရ၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် သွားတော်မူ၏။ ထိုပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ တစ်စုံတစ်ခုသောကံ၏ အကျိုးတရား မည်သည် မဖြစ်တော့ပေ။ ဤကဲ့သို့သော ကံမျိုးသည်လည်း --- အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော = ကံ ဖြစ်ပြီးသာ ဖြစ်၍ အကျိုးမပေးသောကံ --- ပင် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၃) အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် အတိတ်ဘဝ၌ အားထုတ်ခဲ့သည်ဖြစ်၍ ဤဘဝ၌ အကျိုးကို ပေး၏။ ထိုကံသည် ----- အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော = ဖြစ်ခဲ့ပြီး၍ ဤဘဝ၌ အကျိုးပေးနေသောကံ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၄) အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် အားထုတ်ခဲ့ပြီး ဖြစ်၏။ အထက်ပါ အမှတ် (၂) ဖြစ်သည့် အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော --- ၌ ဆိုခဲ့သည့် နည်းအတိုင်းပင်လျှင် အကျိုးမရှိသည်၏ အဖြစ်သို့ ရောက်ရှိသွား၏။ (ဒိဋ္ဌဓမ္မဝေဒနီယကံများစွာတို့တွင် အကျိုးမပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံမျိုး, ဥပပဇ္ဇဝေဒနီယကံများစွာတို့တွင် အကျိုးမပေး သော ဥပပဇ္ဇဝေဒနီယကံမျိုး, အာနန္တရိယကံများစွာတို့တွင် ပဋိသန္ဓေကျိုးကို မပေးနိုင်ကြသည့် အာနန္တရိယကံမျိုး, သမာပတ္တိကံများစွာတို့တွင် အကျိုးမပေးသော သမာပတ္တိကံမျိုးတည်း။) ထိုကံမျိုးသည် အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော = ဖြစ်ပြီးသာ ဖြစ်၍ အကျိုးမရှိသော ကံမျိုးတည်း။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၅) အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် အတိတ်ဘဝ ထိုထို၌ အားထုတ်ဆည်းပူးထားအပ်၏၊ နောင်အနာဂတ်ကာလ၌ အကျိုးဝိပါက်သည် ဖြစ်ပေါ်လတ္တံ့၊ ထိုကံမျိုးသည် --- အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = ကံကား ဖြစ်ပြီး ဖြစ် ၍ အကျိုးတရားကား ဖြစ်လတ္တံ့သော ကံမည်၏။ (အပရာပရိယဝေဒနီယကံမျိုးတည်း။) (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၆) အဟောသိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံကို အတိတ်ဘဝတစ်ခုဝယ် ပြုစုပျိုးထောင်ထားခဲ့၏။ ယင်းကံသည် ရှေးနည်းအတိုင်းပင်လျှင် နောင်အနာဂတ်ကာလဝယ် အကျိုးမရှိသည်၏ အဖြစ်သို့ အကျိုးမပေးနိုင်သည်၏ အဖြစ်သို့ ရောက်ရှိသွားပေလတ္တံ့၊ ထိုကံမျိုးသည် --- အဟောသိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = ကံကား ဖြစ်ပြီး ဖြစ်၍ ကံ၏ အကျိုးတရား သည် မဖြစ်လတ္တံ့သော ကံမည်၏။ (နောင်အနာဂတ် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် အကျိုးပေးနိုင်စွမ်း မရှိတော့သော အတိတ်ဘဝ ထိုထိုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံများပင်တည်း။) (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

ဤသည်တို့ကား အတိတ်က ပြုစုပျိုးထောင်ထားခဲ့သော ကံ (၆)မျိုးတို့တည်း။ ယခု ပစ္စုပ္ပန်တွင် ပြုစုပျိုး ထောင်လိုက်သော ကံ (၄)မျိုးတို့ကိုလည်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်တွင် ဆက်လက် ဟောကြားထားတော်မူ၏။

(၁) အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် ယခုဘဝ၌ပင် အားထုတ်အပ်သည်ဖြစ်၍ ဤယခုဘဝ၌ပင်လျှင် အကျိုးကို ပေး၏။ ထိုကံသည် --- အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော = ကံလည်း ရှိဆဲ, ကံ၏ အကျိုးတရားလည်း ရှိဆဲဖြစ်သော ကံ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။) (ဒိဋ္ဌဓမ္မဝေဒနီယကံပင်တည်း။)

(၂) အတ္ထိ ကမ္မံ နတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် ယခုဘဝ၌ပင် အားထုတ်ထားအပ်၏၊ ယခုဘဝ၌ပင်လျှင် ပြုစုပျိုးထောင်ထားအပ်၏။ ယင်းကံတို့တွင် ယခုမျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိသော ဒိဋ္ဌဓမ္မဝေဒနီယကံတို့ များစွာ ပါဝင် ကြ၏။ မျက်မှောက်ဘဝ၌ပင် ခံစားထိုက်သော အကျိုးရှိသော ယင်းကံသည် အကျိုးပေးခြင်းသဘော မရှိသည်၏ အဖြစ်သို့ ရောက်ရှိသွား၏။ ထိုကံသည် --- အတ္ထိ ကမ္မံ နတ္ထိ ကမ္မဝိပါကော = ကံကား ရှိဆဲဖြစ်၍ အကျိုးကား မရှိသော ကံမျိုး မည်၏။ (ဒိဋ္ဌဓမ္မဝေဒနီယကံများစွာတို့တွင် တစ်ခုသော ဒိဋ္ဌဓမ္မဝေဒနီယကံက အကျိုးပေးခဲ့ သော် အကျိုးပေးခွင့် မရသော အခြားသော ကံများတည်း။)

(၃) အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ဤယခု ပစ္စုပ္ပန်ဘဝ၌ အားထုတ်ထားအပ်သည်ဖြစ်၍ နောင်အနာဂတ်ကာလ၌ အကျိုးကို ပေးလတ္တံ့၊ ထိုကံမျိုးသည် --- အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = ကံလည်း ရှိနေဆဲ ဖြစ်၏ အကျိုးလည်း ဖြစ်လတ္တံ့သော ကံမျိုး မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

(၄) အတ္ထိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ယခု ဤပစ္စုပ္ပန်ဘဝ၌ပင်လျှင် အားထုတ်ထားအပ်သည် ဖြစ်၍ ဆည်းပူးထားအပ်သည် ဖြစ်၍ ကံကား ရှိဆဲ ဖြစ်နေ၏။ သို့သော် ထိုကံသည် နောင်အနာဂတ်၌ အကျိုးပေးခြင်းသဘော မရှိသည်၏ အဖြစ်သို့ ရောက်ရှိပေလတ္တံ့။ ထိုကံမျိုးသည် --- အတ္ထိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = ကံကား ရှိဆဲဖြစ်၍ အကျိုးမရှိလတ္တံ့သော ကံမျိုး မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

ဥပပဇ္ဇဝေဒနီယကံများစွာတို့တွင် ဥပပဇ္ဇဝေဒနီယကံ တစ်ခုက ပဋိသန္ဓေအကျိုးကို ပေးလိုက်လျှင် အခြား အခြားသော ဥပပဇ္ဇဝေဒနီယကံတို့သည် ပဋိသန္ဓေကျိုးကို မပေးနိုင်ကြကုန်၊ အပရာပရိယဝေဒနီယကံများစွာတို့တွင် အပရာပရိယဝေဒနီယကံ တစ်ခုက ပဋိသန္ဓေအကျိုးကို ပေးလိုက်လျှင် အခြားအခြားသော အပရာပရိယဝေဒနီယ ကံတို့က ပဋိသန္ဓေကျိုးကို မပေးနိုင်ကုန်၊ ယခုဘဝ၌ ထူထောင်ထားသော သမာပတ္တိကံများစွာတို့တွင် သမာပတ္တိ ကုသိုလ်ကံ တစ်ခုက ပဋိသန္ဓေကျိုးကို ပေးလိုက်လျှင် အခြားအခြားသော သမာပတ္တိကုသိုလ်ကံတို့သည် အကျိုး မပေးကြကုန်။ အာနန္တရိယကံများစွာတို့တွင် ကံတစ်ခုက ပဋိသန္ဓေကျိုးကို ပေးလိုက်လျှင် အခြားအခြားသော အာနန္တရိယကံတို့က ပဋိသန္ဓေကျိုးကို မပေးနိုင်ကုန်။ အကယ်၍ အနာဂတ်ဘဝတွင် ပရိနိဗ္ဗာန်စံရမည် ဖြစ်ပါက ကံအားလုံးတို့သည် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် အကျိုးပေးခွင့် လုံးဝ မရှိကြတော့ပေ။ ဤကံ (၄)မျိုးတို့ကား ပစ္စုပ္ပန်ကံ (၄)မျိုးတို့တည်း။ အနာဂတ်ကံ (၂)မျိုးကိုလည်း ဆက်လက် ဟောကြားထားတော်မူ၏။

(၁) ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ကံဟူသော မိမိကိုယ်တိုင်ကလည်း အနာဂတ် ဖြစ်၏။ ထိုကံ၏ အကျိုးသည်လည်း အနာဂတ်ပင် ဖြစ်၏။ ထိုကံမျိုးသည် -- ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = ကံသည်လည်း ဖြစ်လတ္တံ့ ကံ၏ အကျိုးတရားသည်လည်း ဖြစ်လတ္တံ့သော ကံမည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

(၂) ဘဝိဿတိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ကံဟူသော မိမိကိုယ်တိုင်ကလည်း အနာဂတ် ဖြစ်နေ၏။ ရှေးနည်းအတိုင်းပင်လျှင် အနာဂတ်၌ အကျိုးပေးခြင်းသဘော မရှိသည်၏ အဖြစ်သို့ ရောက်ရှိလတ္တံ့။ ထိုကံမျိုးသည် --- ဘဝိဿတိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = ကံကား ဖြစ်လတ္တံ့ ဖြစ်၍ အကျိုးမပေးလတ္တံ့သော ကံမျိုး မည်၏။ (အဘိ၊ဋ္ဌ၊၂၊ ၄၃၅။) (နည်းမှီး၍ သိလောက်ပြီ။)

ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ဤအခြင်းအရာတို့ဖြင့် တထာဂတ အမည်ရတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ကံ အထူးအပြား အကျိုးဝိပါက် အထူးအပြားကို သိတော်မူတတ်သော ကမ္မန္တရဝိပါကန္တရဇာနန ဉာဏ်တော်မြတ်ကို သူတစ်ပါးတို့ မလှုပ်ရှားစေအပ် မလှုပ်ရှားစေနိုင်သည်၏ အဖြစ်ကြောင့် ဒုတိယဗလ ဉာဏ် တော် = နှစ်ခုမြောက်သော ဉာဏ်တော်အားဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

ဤတွင် အသင်သူတော်ကောင်းသည် အောက်ပါအချက် နှစ်ရပ်တို့ကို သတိပြုင်္ပြီး ဖြစ်ပေလိမ့်မည်။ ----

၁။ သမ္ပတ္တိ (၄)မျိုးတို့သည် အကုသိုလ်ကံတို့ကို အကျိုးမပေးနိုင်အောင် တားမြစ်ထားနိုင်သော စွမ်းအားရှိကြ၍ ကုသိုလ်ကံတို့ကိုလည်း အကျိုးပေးခွင့်ရအောင် လမ်းဖွင့်ပေးနေသော အမှီကောင်းကြီးများ ဖြစ်ကြသည်ကို လည်းကောင်း,

၂။ ဝိပတ္တိ (၄)မျိုးတို့သည်လည်း ကုသိုလ်ကံတို့ကို အကျိုးပေးခွင့် မရအောင် တားမြစ်ထားနိုင်သော စွမ်းအား ရှိကြ၍ အကုသိုလ်ကံတို့ကိုလည်း အကျိုးပေးခွင့်သာအောင် လမ်းဖွင့်ပေးနေသော အမှီကောင်းကြီးများ ဖြစ်ကြ သည်ကိုလည်းကောင်း,

ဤအချက် နှစ်ရပ်ကို သဘောပေါက်ပြီး ဖြစ်ပေလိမ့်မည်။ ယခုအခါတွင် ယင်းသမ္ပတ္တိတရား, ဝိပတ္တိတရား တို့ကို ဖြစ်စေတတ်သော ကံတရားအကြောင်းကို ဆက်လက်၍ ဆွေးနွေး တင်ပြပေအံ့။

မျိုးစေ့ နှင့် အသီး

ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။ (သံ၊၁၊၂၂၉။)

ယာဒိသံ = အကြင်ကဲ့သို့ ရှုအပ်သော သဘောရှိသော။ ဗီဇံ = မျိုးစေ့ကို။ ဝပတေ = စိုက်ပျိုးငြားအံ့။ တာဒိသံ = ထိုကဲ့သို့ ရှုအပ်သော သဘောရှိသော။ ဖလံ = အသီးကို။ ဟရတေ = ဆောင်နိုင်၏။ ကလျာဏကာရီ = ကောင်းသောအမှုကို ပြုလေ့ရှိသူသည်။ ကလျာဏံ = ကောင်းသော အကျိုးကို။ လဘတေ = ရရှိ၏။ ပါပကာရီ စ = မကောင်းသောအမှုကို ပြုလေ့ရှိသူသည်လည်း။ ပါပကံ = မကောင်းသော အကျိုးကို။ လဘတေ = ရရှိ၏။

တမာစေ့ သပွတ်ခါးစေ့ အစရှိသော မျိုးစေ့တို့သည် ချိုမြိန် ကောင်းမြတ်သော အရသာရှိသော အသီးကို မဖြစ်စေနိုင်ကုန်သကဲ့သို့, မသာယာအပ်သည်သာလျှင်ဖြစ်သော မချိုဆိမ့်သည်သာလျှင်ဖြစ်သော အသီးကို ဖြစ် စေနိုင်ကုန်သကဲ့သို့ --- ဤဥပမာအတူ ကာယဒုစရိုက် အစရှိကုန်သော ဒုစရိုက်တို့သည် ချိုမြိန်သော အရသာနှင့် တူသော အကျိုးကို မဖြစ်စေနိုင်ကြကုန်၊ မချိုဆိမ့်သော အရသာနှင့် တူသည်သာလျှင် ဖြစ်သော မကောင်းကျိုးကို ဖြစ်စေနိုင်ကြကုန်၏။

သည်မျှသာမကသေး --- ကြံမျိုးစေ့ သလေးမျိုးစေ့ အစရှိသော မျိုးစေ့တို့သည် ချိုမြိန်သော အရသာ ရှိ သည်သာလျှင် ဖြစ်သော, ကောင်းသော အရသာ ရှိသည်သာလျှင် ဖြစ်သော အသီးကို ဖြစ်စေကြကုန်သကဲ့သို့ မသာယာအပ်သော ခါးစပ်သော အရသာရှိသော အသီးကို မဖြစ်စေကြကုန်သကဲ့သို့ --- ဤဥပမာအတူ ကာယ သုစရိုက် အစရှိတို့သည် ချိုမြိန်ကောင်းမြတ်သည်သာလျှင်ဖြစ်သော ကောင်းကျိုးကို ဖြစ်စေကြကုန်၏။ မချိုဆိမ့် သော အရသာနှင့် တူသော မကောင်းကျိုးကို မဖြစ်စေနိုင်ကြလေကုန်။ (အဘိ၊ဋ္ဌ၊၂၊၄၁၉။)

ဤသဘောတရားကို လွယ်ကူစွာ ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရေးအတွက် စူဠကမ္မဝိဘင်္ဂ သုတ္တန် (မ၊၃၊၂၄၃-၂၄၉။)ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

စူဠကမ္မဝိဘင်္ဂသုတ္တန်

အခါတစ်ပါး၌ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန်ဝယ် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏားင်္ကြီး၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်လျော်ရာ အရပ်၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို မေးမြန်းလျှောက်ထား၏။ --- သုဘလုလင်၏ မေးခွန်းများကို မတင်ပြမီ သုဘလုလင်နှင့် တောဒေယျပုဏ္ဏားကြီး အကြောင်းကို ရှေးဦးစွာ တင်ပြအပ်ပါသည်။

သုဘမာဏဝ = သုဘလုလင် --- ထိုသူကား ရှုချင်စဖွယ် ရုပ်အဆင်း ရှိ၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင် နိုင်၏။ ထိုကြောင့် ထိုသူငယ်၏ ကိုယ်အင်္ဂါတို့၏ တင့်တယ်သည့်အတွက်ကြောင့် ထိုသူကို သုဘဟု အမည်မှည့်ထား ကြကုန်၏။ ထိုသုဘ ငယ်ရွယ်စဉ်အခါဝယ် မာဏဝ = လုလင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးလာသောအခါ ၌လည်း ထိုဝေါဟာရအတိုင်းပင် ဆက်လက်၍ ခေါ်ဝေါ်သုံးစွဲ၏။ သုဘလုလင်ကား တောဒေယျပုဏ္ဏားကြီး၏ သားရတနာတစ်ဦး ဖြစ်၏။ တောဒေယျပုဏ္ဏားကြီးကား ပသေနဒီကောသလမင်းကြီး၏ ပရောဟိတ်ပုဏ္ဏားကြီး ဖြစ်၏။ သာဝတ္ထိနှင့် မလှမ်းမကမ်းတွင် တည်ရှိသော တုဒိရွာကို အပိုင်စားရသော တုဒိရွာစား ဖြစ်ခြင်းကြောင့် တောဒေယျဟု ခေါ်ဝေါ်ခြင်း ဖြစ်၏။ များစွာသော စည်းစိမ် ဥစ္စာနှစ်ရှိသော, (၈၇) ကုဋေ ကြွယ်ဝချမ်းသာသော အလွန့်အလွန် ဝန်တိုသော သူဌေးကြီးတစ်ဦးလည်း ဖြစ်၏။ ပေးလှူသော ပုဂ္ဂိုလ်အား စည်းစိမ်ဥစ္စာတို့၏ မကုန်ခန်းခြင်းမည်သည် မရှိနိုင် ဤသို့ စိတ်ထားမျိုး ရှိ၍ တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသော လှူဖွယ် ဝတ္ထုကိုမျှ မလှူသောသူ တစ်ဦးလည်း ဖြစ်၏။ မျက်ရေးကွင်းသည့် မျက်စဉ်းညိုကျောက်သည် သွေးပါများက ကုန်သွားတတ်၏၊ အလားတူပင် ပေးလှူနေသူအား စည်းစိမ်ဥစ္စာတို့သည် တဖြည်းဖြည်း ကုန်ဆုံးသွားတတ်၏။ အိမ်ရာတည်ထောင် လူ့ဘောင်ကို စိုးအုပ် နေထိုင်လျက်ရှိသော ပညာရှိသည် စည်းစိမ်ဥစ္စာတို့ကို ခြကို ပုံပြု ပျားသို့ စုရမည်ဟု ဤသို့ မပေးလှူရန်သာလျှင် သားဖြစ်သူ သုဘလုလင်အား သင်ပြပေး၏။

ဝိပဿနာဓုရ စသော ဓုရတရားတို့ဖြင့် နေထိုင် သီတင်းသုံးတော်မူလျက်ရှိသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်အား တစ်ယောက်ချိုမျှလောက်သော ယာဂုကိုသော်လည်းကောင်း, တစ်ဇွန်းမျှလောက်သော ဆွမ်းကိုသော် လည်းကောင်း တစ်ကြိမ်တစ်ခါမျှ မလှူခဲ့စဖူးပေ။ သေခါနီးကာလတွင်ကား စည်းစိမ်ဥစ္စာတို့၏အပေါ်၌ တွယ်တာ မက်မောနေသည့် လောဘဇောတို့ကား အကြိမ်များစွာ စောလျက် ရှိကြ၏။ ယင်းလောဘဇောတို့ကား မရဏာသန္နဇော၏ နေရာကို ယူလျက် ရှိကြ၏။ ယင်းသို့ စည်းစိမ်ဥစ္စာတို့၏အပေါ်၌ တွယ်တာတပ်မက်သည့် ဓန လောဘကြောင့် ကွယ်လွန်သွားသောအခါ ထိုအိမ်၌ ခွေးဖြစ်ရပြန်၏။ သုဘလုလင်သည် ထိုခွေးကို အလွန် ချစ်မြတ်နိုး၏။ မိမိစားသုံးသည့် ထမင်းဟင်းကိုသာလျှင် ထိုခွေးအား ကျွေး၏။ ခွေးကို ချီမ၍ မြတ်သောအိပ်ယာ ထက်၌ အိပ်စေ၏။ တစ်နေ့သ၌ ဘုရားရှင်သည် မိုးသောက်ထအခါ၌ မဟာကရုဏာတော်သမာပတ်ကို ဝင်စား တော်မူပြီးနောက် ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့ကို သမန္တစက္ခုဖြင့် ကြည့်ရှုတော်မူသည်ရှိ်သော် ထိုခွေးကို မြင်တော်မူ၍ ဆက်လက် ကြည့်ရှုတော်မူလေရာ --- တောဒေယျပုဏ္ဏားကြီးကား စည်းစိမ်ဥစ္စာတို့ အပေါ်၌ တွယ်တာ မက်မောသည့် ဓနလောဘကြောင့် မိမိ၏ အိမ်၌ပင်လျှင် ခွေးဖြစ်နေရ၏၊ ယနေ့ ငါဘုရား သည် သုဘလုလင်၏အိမ်သို့ ကြွသွားတော်မူလတ်သော် ငါဘုရားကို တွေ့မြင်သော် ခွေးသည် အသံထွက်၍ ဟောင်ပေလတ္တံ့၊ ထိုအခါ၌ ငါဘုရားသည် စကားတစ်ခွန်းကို ပြောဆိုပေအံ့၊ ထိုခွေးသည် ရဟန်းဂေါတမသည် ငါ့ကို သိ၏ဟု အမှတ်ရ၍ ခုံလောက်အကြား ပြာပုံထက်၌ အိပ်ပေလတ္တံ့၊ ထိုအကြောင်းကြောင့် သုဘလုလင်နှင့် ငါဘုရားရှင်သည် အတူတကွ တစ်ခုသော အကြောင်းအရာနှင့် စပ်၍ စကားပြောကြားရပေလတ္တံ့၊ ထိုသုဘလုလင် သည် ငါဘုရားရှင်၏ ထံတော်မှ တရားတော်ကို ကြားနာရ၍ သရဏဂုံတို့၌ တည်ပေလတ္တံ့။ ခွေးသည်ကား သေ၍ ငရဲ၌ ဖြစ်ရပေလတ္တံ့ ဤသို့ သုဘလုလင်၏ သရဏဂုံတည်မည့် အကြောင်းအရာကို သိတော်မူ၍ ဘုရားရှင်သည် ထိုနေ့၌ ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူ၍ ကိုယ်တော်တစ်ပါးတည်းပင်လျှင် ရွာတွင်းသို့ ကြွဝင်တော်မူ၏။ သုဘလုလင် အိမ်မှထွက်ခွာသွားသော အချိန်၌ပင်လျှင် ထိုသုဘလုလင်၏ အိမ်သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏။

ခွေးသည် ဘုရားရှင်ကို မြင်၍ ဟောင်လျက် ဘုရားရှင်၏ အနီးသို့ ချဉ်းကပ်လာ၏။ ထိုအခါ၌ ထိုခွေးကို ဘုရားရှင်က မိန့်ကြားတော်မူ၏ ---

တောဒေယျ ...သင်သည် ရှေးယခင် လူဖြစ်စဉ်အခါကလည်း ငါဘုရားကို --- ဘော ဘော --- ဟု ဆ်ို မြည်ခဲ့၏၊ ဓနလောဘကြောင့် ခွေးဖြစ်ခဲ့ရ၏။ ယခုအခါ၌လည်း ဟောင်နေပြန်၏၊ သင်သည် မကြာမီ အဝီစိသို့ သွားရပေတော့လတ္တံ့ ---

ဤသို့ မိန့်ကြားတော်မူလိုက်၏။ ဤ၌ တောဒေယျပုဏ္ဏားကြီး၏ ခွေးဘဝသို့ ရောက်ရခြင်း, ထိုမှတစ်ဆင့် ငရဲသို့ ရောက်ရခြင်းမှာ လောဘ၏ အလိုသို့ လိုက်ပါပြုမူခဲ့သော အကုသိုလ်ကံ၏ စွမ်းအားကြောင့် ဖြစ်၏။

လောဘဝသိကဿ ဟိ ဂတိ နိရယော ဝါ တိရစ္ဆာနယောနိ ဝါ။ ဝုတ္တံ ဟေတံ နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ၊ တသ္မိံ စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါတိ။ (သံ၊၂၊၃၇၇။) (မ၊ဋီ၊၃၊၃၇၁။)

နိရယေ နိဗ္ဗတ္တိဿတိ ကတောကာသဿ ကမ္မဿ ပဋိဗာဟိတုံ အသက္ကုဏေယျဘာဝတော။ (မ၊ဋီ၊၃၊၃၇၁။)

လောဘရမ္မက်၏ အလိုသို့ လိုက်ပါလျက် နေထိုင်သောသူ၏ လားရာဂတိကား ငရဲသော်လည်းကောင်း, တိရစ္ဆာန်သော်လည်းကောင်း ဖြစ်ပေ၏။ ဘုရားရှင်သည် အာဒိတ္တပရိယာယသုတ္တန် (သံ၊၂၊၃၇၇။)၌ ဤစကားကို ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...[အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးအပေါ်၌ ဖြစ်စေ, (၆)ပါးလုံး အပေါ်၌ပင် ဖြစ်စေ ယင်း ထင်လာသော အာရုံကို ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့်လည်းကောင်း, မျက်လုံးပဲ မျက်ခုံးပဲ စသည်ဖြင့်လည်းကောင်း, ရွှေပဲ ငွေပဲ စသည်ဖြင့်လည်းကောင်း စွဲယူခဲ့သော်] ထိုသို့ စွဲယူသည့် အချိန်အခါ၌ ထို ယောက်ျား မိန်းမ စသော အမှတ်နိမိတ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော် လည်း ဖြစ်ပေါ် တည်နေလေရာ၏၊ မျက်လုံး မျက်ခုံး စသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်၌ ရွှေ ငွေ စသော ပစ္စည်းဝတ္ထု တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည် သော်လည်း ဖြစ်ပေါ် တည်နေလေရာ၏။ စိတ်အစဉ်သည်ကား နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော စိတ်အစဉ်ပင်တည်း။ ကမ္မဝိညာဏ်ပင်တည်း။ ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍ သေသွားငြားအံ့၊ ထိုသို့ သေသွားခဲ့သော် ငရဲ နှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဂတိသို့ ရောက်ရှိရမည်ဟူသော ဤအကြောင်းအရာသည် ထင်ရှားဧကန် ရှိနေပေ၏။ (သံ၊၂၊၃၇၇။)

ဤသုတ္တန်၌ မရဏာသန္နဇော အခိုက်၌ လောဘဇော စောခြင်းကို အထူး ရည်ညွှန်းထားပေသည်။ (သံ၊ဋ္ဌ၊၃၊၅၁။)

ငရဲ၌ဖြစ်ရန် အခွင့်ရပြီးသော ကံကို ပြုစုပျိုးထောင်ထားပြီးသော သတ္တဝါတစ်ဦးအား ငရဲသို့ မရောက်အောင် ကံကို တားမြစ်ထားခြင်းငှာ ဘုရားရှင်သော်မှ မစွမ်းနိုင်သော သဘောရှိ၏။ ကံကား ရင့်ကျက်နေသည့်အတွက် အကျိုးပေးဖို့ရန် အခွင့်ကို ပြုပြီး ဖြစ်နေ၏။

ခွေးသည် ဘုရားရှင် မိန့်ကြားတော်မူသော ထိုစကားကို ကြားသိရ၍ --- ရဟန်းဂေါတမတော့ ငါ့ကို သိပေပေါ့ဟု စိတ်မချမ်းမသာ ဖြစ်၍ လည်ပင်းကိုညွတ် ခေါင်းကို ငုံ့၍ ခုံလောက်အကြား ပြာပုံထက်၌ အိပ်လေ တော့၏။ လူတို့သည် ခွေးကို ချီမ၍ အိပ်ရာထက်၌ အိပ်စေခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြ၏။ သုဘလုလင်သည် အိမ်သို့ ပြန်ရောက်သည်ရှိသော် --- အဘယ်သူသည် ဤခွေးကို အိပ်ရာထက်မှ အောက်သို့ ချထားသနည်းဟု မေးမြန်းလတ်သော် အိမ်ရှိလူတို့က ဘယ်သူမှ ချထားသည် မဟုတ်ပါဟု ဆို၍ ထိုအကြောင်းအရာ အားလုံးကို ပြောပြကြ၏။ သုဘလုလင် ကြားသောအခါ ငါ၏ ဖခင်သည် ဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့၏၊ တောဒေယျခွေးမည်သည် မရှိပါ၊ ရဟန်းဂေါတမသည် ငါ၏ ဖခင်ကို ခွေးဖြစ်အောင် ပြုလုပ်၏၊ ဤရဟန်းဂေါတမသည် တစ်စုံတစ်ခုသော ပါးစပ်တွင် ပေါ်လာသော စကားကို ပြောဆိုသွားဘိ၏ဟု အမျက်ထွက်၍ ဘုရားရှင်ကို မုသာဝါဒဖြင့် နှိပ်ကွပ်လို သည် ဖြစ်၍ ဇေတဝန်ကျောင်းတော်သို့ သွား၍ ထိုအကြောင်းအရာကို မေးမြန်းလျှောက်ထား၏။

မြတ်စွာဘုရားရှင်ကလည်း ထိုသုဘလုလင်အား ထိုအတိုင်းပင် မိန့်ကြားတော်မူလိုက်၏။ ဘုရားရှင်သည် မိမိပြောကြားလိုက်သော စကားတော်၏ ချွတ်ယွင်းမှု မရှိပုံကို ဖော်ပြခြင်းငှာ --- သုဘလုလင် ...သင်အား သင့်ဖခင်က မပြောကြားဘဲ ထားရစ်သည့် စည်းစိမ်ဥစ္စာသည် ရှိပါသလားဟု မေးမြန်းတော်မူလိုက်၏။

အရှင်ဂေါတမ ...ရှိပါ၏ --- အဖိုးတစ်သိန်း ထိုက်တန်သော ရွှေပန်းခိုင်, အဖိုးတစ်သိန်း ထိုက်တန် သော ရွှေခြေနင်း, အဖိုးတစ်သိန်း ထိုက်တန်သော ရွှေခွက်, အသပြာတစ်သိန်း --- ဤ စည်းစိမ်ဥစ္စာများ ရှိပါ၏ဟု လျှောက်ထား၏။

သုဘလုလင် ...အိမ်သို့ ပြန်သွားပေတော့၊ ထိုခွေးကို ရေမရောသည့် နို့ဃနာထမင်းကို ကျွေး၍ အိပ်ရာ ထက်၌ အိပ်စေပြီးနောက် အနည်းငယ် အိပ်ခြင်းသို့ သက်ရောက်သောအခါ၌ မေးကြည့်ပါ၊ သင့်အား ထိုအလုံးစုံသော စည်းစိမ်ဥစ္စာတို့ကို ပြောပြပေလိမ့်မယ်၊ ထိုအခါကျမှ ထိုခွေးကို --- ဤခွေးသည် ငါ၏ ဖခင်ပေါ့ဟု သိရှိပေလိမ့်မယ် --- ဤသို့ ဘုရားရှင်က မိန့်ကြားတော်မူလိုက်၏။

အကယ်၍ မှန်လျှင် ငါသည် စည်းစိမ်ဥစ္စာကို ရရှိပေအံ့၊ အကယ်၍ မမှန်လျှင် ရဟန်းဂေါတမကို မုသာဝါဒဖြင့် နှိပ်ကွပ်ပေအံ့ ဤနှစ်မျိုးသော အကြောင်းတို့ဖြင့် သုဘလုလင်သည် ရွှင်လန်းဝမ်းမြောက်သွား၏။ ရွှင်ရွှင်လန်းလန်းဖြင့် အိမ်သို့ ပြန်သွား၍ ဘုရားရှင် မိန့်ကြားတော်မူလိုက်သည့်အတိုင်း ပြုလုပ်၏။ ခွေးကား --- ငါ့သားသည် ငါ့ကို လူ့ဘဝကဖခင် ဖြစ်ကြောင်းကို သိပေပေါ့ဟု သိရှိ၍ ဝမ်းနည်း ကြေကွဲလျက် အသံပြုကာ ဥစ္စာမြှုပ်နှံထားရာ နေရာသို့ သွား၍ ခြေဖြင့် မြေကြီးကို ယက်၍ အမှတ်သညာကို ပေး၏။

ဗုဒ္ဓါနုဘာဝေန ကိရ သုနခေါ တထာ ဒေဿတိ, န ဇာတိဿရတာယ။ (မ၊ဋီ၊၃၊၃၇၂။)

ဘုရားရှင်၏ တန်ခိုးတေဇော် အာနုဘော်စွမ်းအားကြောင့် ခွေးသည် ထိုကဲ့သို့ ဥစ္စာမြှုပ်နှံထားသည့်နေရာကို ညွှန်ပြနိုင်ခြင်း ဖြစ်၏။ ခွေးက ဘဝဟောင်းကို မှတ်မိသော ဇာတိဿရဉာဏ် ရရှိခြင်းကြောင့် ထိုသို့ ညွှန်ပြနိုင် သည်ကား မဟုတ်ပေ။ (မ၊ဋီ၊၃၊၃၇၂။)

သုဘလုလင်သည် ဥစ္စာကို ယူဆောင်၍ ဤသို့ စဉ်းစား၏။ ---

ဘဝပဋိစ္ဆန္နံ နာမ ဧဝံ သုခုမံ ပဋိသန္ဓိအန္တရံ ပါကဋံ သမဏဿ ဂေါတမဿ၊ အဒ္ဓါ ဧသ သဗ္ဗညူ။

ဘဝဖြင့် ဖုံးလွှမ်းထားသည်မည်သော ဤသို့ သိမ်မွေ့သော ပဋိသန္ဓေ၏ အကြားကာလသည် အရှင်ဂေါတမ ၏ ဉာဏ်တော်ဝယ် ထင်ရှားနေပေ၏။ မချွတ်ဧကန်အားဖြင့် ဤဂေါတမသည် အလုံးစုံကို သိတော်မူ မြင်တော်မူ သည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဖြစ်တော်မူပါပေ၏ --- ဟု စဉ်းစားကာ ဘုရားရှင်၏ အပေါ်၌ ကြည်ညို သွား၏။ ကြည်ညိုသော စိတ်ဓာတ်ရှိ၍ ပြဿနာ (၁၄)ရပ်တို့ကို ပြုစီရင်လေသည်။

အခြားအခြားသော ဘုံဘဝ၌ ဇာတိ ပဋိသန္ဓေယူခြင်းဖြင့် ထိုထို ဂတိ၌ ဖြစ်မှုကို ရှင်ဂေါတမသည် သိတော်မူ ပါပေ၏ဟု နှလုံးပိုက်၍ မိမိသုဘလုလင် ကိုယ်တိုင်ကလည်း အင်္ဂဝိဇ္ဇာအတတ်၌ ကျွမ်းကျင်သူ ဖြစ်ရကား ထိုသို့ ပြဿနာ (၁၄)ရပ်တို့ကို ပြုစီမံလေသည်။ ထိုကြောင့် သုဘလုလင်၏ သန္တာန်၌ --- ဤတရားလက်ဆောင်ပဏ္ဏာကို ယူဆောင်၍ ရဟန်းဂေါတမကို ပြဿနာတို့ကို မေးမြန်းလျှောက်ထားပေအံ့ ဤသို့သော စိတ်အကြံဖြင့် ဒုတိယ အကြိမ် လာခြင်းဖြင့် ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်၍ ပြဿနာ (၁၄)ရပ်တို့ကို မေးမြန်းလျှောက်ထား လေသည်။ (ဤသုဘလုလင်နှင့် တောဒေယျပုဏ္ဏားကြီး၏ အကြောင်းအရာကို ဥပရိပဏ္ဏာသအဋ္ဌကထာ (၁၇၅-၁၇၇)မှ ထုတ်နှုတ်၍ ဖော်ပြအပ်ပါသည်။

သုဘလုလင်၏ ပြဿနာ (၁၄) ရပ်

အရှင်ဂေါတမ ...လူဖြစ်ကြကုန်သော သူတို့မှာ လူချင်း တူကြပါကုန်လျက် ----- ယုတ်ခြင်း မြတ်ခြင်း တို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း အထောက်အပံ့ကား အဘယ်ပါနည်း။ အရှင် ဂေါတမ ...

၁။ အသက် တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၂။ အသက် ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၃။ အနာရောဂါ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၄။ အနာရောဂါ ကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၅။ အဆင်း မလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၆။ အဆင်း လှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၇။ အခြံအရံ မရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၈။ အခြံအရံ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၉။ စည်းစိမ်ဥစ္စာ နည်းပါးသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၀။ စည်းစိမ်ဥစ္စာ များပြားသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၁။ အမျိုး ယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၂။ အမျိုး မြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၃။ ပညာ မဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၄။ ပညာ ရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

အရှင်ဂေါတမ ...လူဖြစ်ကြကုန်သော လူတို့မှာ လူချင်း တူကြပါကုန်လျက် ---- ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း အထောက်အပံ့ကား အဘယ်ပါနည်းဟု မေးမြန်း လျှောက်ထား၏။

ထိုအခါ ဘုရားရှင်က ရှေးဦးစွာ ဤသို့ အကျဉ်းချုပ်အဖြေကို ပေးတော်မူ၏ ---

ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ၊ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယာတိ။ (မ၊၃၊၂၄၄။)

= သုဘလုလင် ...သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့သာလျှင် ဖြစ်ကုန်၏။ ကံသာလျှင် အကြောင်းရင်းစစ် ရှိကုန်၏။ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏။ ကံသာလျှင် ပုန်းအောင်း လည်းလျောင်း မှီခိုရာ ရှိကုန်၏။ သတ္တဝါတို့ကို ယုတ်ညံ့သူ ဖြစ်ဖို့ရန် မြင့်မြတ်သူ ဖြစ်ဖို့ရန် (= ယုတ်ညံ့သူ ဖြစ် အောင် မြင့်မြတ်သူ ဖြစ်အောင်) ကံကသာလျှင် ဝေဖန်၏ --- ဟု မိန့်တော်မူ၏။

[သုဘလုလင်သည် ဘုရားရှင်၏ ဖြေကြားချက်၏ ဆိုလိုရင်း အနက်သဘောကို နားမလည်နို်င် ဖြစ်နေ၏။ ထိုသုဘလုလင်၏ ပါးစပ်ကို အလွန်ထူထဲသော ပိတ်ပိုင်းကြီးဖြင့် စည်းပြီးနောက် ပျားရည်ကို သူ့ေ့ရှ၌ ချထား သကဲ့သို့ ဖြစ်နေ၏။ ဤသုဘလုလင်ကား မာနကို အမှီပြုနေ၏၊ မာနကြီး၏၊ မိမိကိုယ်ကို မိမိ ပညာရှိဟု အထင်ကြီး နေသော ပဏ္ဍိတမာနီပုဂ္ဂိုလ် ဖြစ်၏။ မိမိနှင့် တန်းတူပညာရှိကို မမြင်သူတစ်ဦး ဖြစ်နေ၏။ ထိုသို့ မာနကို အမှီ ပြု၍ မိမိကိုယ်ကို မိမိ ပညာရှိဟု အထင်ကြီးနေသည့်အတွက် ထိုသုဘလုလင်၏ သန္တာန်၌ ---

အရှင်ဂေါတမသည် အဘယ်အကြောင်းအရာကိုမဆို ပြောပါစေ၊ ငါသိပြီးသားကိုသာ ပြောဆိုနေ၏ -- ဟု ဤသို့သော မာန်မာနတရားသည် မဖြစ်ပါစေလင့် ---

ဤသို့ နှလုံးပိုက်တော်မူ၍ သုဘလုလင်၏ မာန်မာနကို ချိုးနှိမ်ရန်အလို့ငှာ ရည်ရွယ်တော်မူ၍ ဘုန်းတော် ကြီးမြတ်တော်မူသော ဘုရားရှင်သည် ---

တရားဦးကတည်းက ထိုးထွင်း သိမြင်နိုင်ခဲသည်ကို ပြု၍ တရားတော်ကို ဟောကြားတော်မူပေအံ့၊ ထိုအခါကျမှ --- အို ရှင်ဂေါတမ ...တပည့်တော် မသိပါ၊ တပည့်တော်၏ ဉာဏ်၌ ထင်ရှားအောင် ပြု၍ အကျယ် အားဖြင့် ဝေဖန် ဟောကြား ပြသ ဆိုဆုံးမတော်မူပါဟု ငါဘုရားရှင်ကို တောင်းပန်ပေလတ္တံ့၊ ထိုအခါဝယ် ထိုသို့ လျှောက်ထား တောင်းပန်လာသောအခါ၌ ငါဘုရားသည် ထိုသုဘလုလင်အား တရားတော်ကို ဟောကြား တော်မူပေအံ့၊ ဤသို့ ဟောတော်မူခဲ့သော် ထိုသုဘလုလင်အား အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်ပေ လတ္တံ့ ---

ဤသို့ နှလုံးပိုက်တော်မူ၍ ထိုးထွင်း သိမြင်နိုင်ခဲသည်ကို ပြု၍ တရားဦးကို စတင် ဟောကြားတော်မူ၏။ ထိုအခါ သုဘလုလင်သည် မိမိ၏ တရားတော်၏ ဆိုလိုရင်း အနက်သဘောကို ထိုးထွင်း မသိနိုင်မှုကို ထင်ရှား ဖော်ပြလျက် ဤသို့ ဆက်လက် တောင်းပန် လျှောက်ထား၏။]

အရှင်ဂေါတမ ...အကျဉ်းချုပ် ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် တပည့်တော် မသိပါ၊ တောင်းပန်ပါ၏၊ အရှင်ဂေါတမ သည် အကျဉ်းအားဖြင့် ဟောထား၍ အနက်သဘော အကျယ်အားဖြင့် မဝေဖန်အပ်သော ဤတရား၏ အနက် အဓိပ္ပါယ်ကို တပည့်တော် သိနိုင်အောင် တရားဟောတော်မူပါ --- ဟု လျှောက်ထားတောင်းပန်၏။

သုဘလုလင် ...ထိုသို့ဖြစ်မူ နာကြားလေလော၊ ကောင်းစွာ နှလုံးသွင်းလေလော၊ တရားတော်ကို ဟောကြားတော်မူပေအံ့ဟု မိန့်ကြားတော်မူ၏။ အရှင်ဘုရား ...ကောင်းပါပြီဘုရားဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်က မြတ်စွာဘုရားအား ပြန်လည်လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိ်ုလတ္တံ့သော စကားကို မိန့်ကြားတော်မူ၏။

အမှတ် (၁) အဖြေ - အသက်တိုခြင်း

၁။ သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ ရှိ၏၊ ရက်စက်ကြမ်းကြုတ်၏၊ သွေးစွန်းသောလက် ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏။ အလုံးစုံသော သတ္တဝါတို့အပေါ်၌ သနားခြင်း ကင်းမဲ့၏။ ထို သူ့အသက်ကို သတ်လေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့် ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ မကောင်းသော လားရောက်ရာ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ မကောင်းသော လားရောက်ရာ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အသက်တိုရ၏။ သုဘလုလင် ...ထိုသူ့အသက်ကို သတ်ခြင်း ရက်စက်ကြမ်းကြုတ်ခြင်း သွေးစွန်းသောလက် ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့ခြင်းသည် အသက်တို ခြင်းက်ို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၄။)

သူ့အသက်ကို သတ်ခြင်း ရက်စက်ကြမ်းကြုတ်ခြင်း သွေးစွန်းသောလက် ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့ခြင်းသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အသက်တိုခြင်းက်ို ပြုလုပ်ပေးသနည်း?

အဖြေ --- ဥပပီဠကကံ = ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သောကံ, ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ, ဇနကကံ = ပဋိသန္ဓေကို ဖြစ်စေတတ်သောကံ, ဥပတ္ထမ္ဘကကံ = အားပေးထောက်ပံ့တတ်သောကံဟု ကံ (၄)မျိုး ရှိ၏။

၁။ ဥပပီဠကကံ --- အားကောင်းသော ဗလဝကုသိုလ်ကံကြောင့် လူ့ပြည်လူ့လောကဝယ် လူဖြစ်လာရ၏။ ပဋိသန္ဓေ တည်နေပြီးနောက် ပဝတ္တိအခါ၌ကား ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သော ဥပပီဠကကံသည် လာ လတ်၍ အနက်သဘောအားဖြင့် မပြောသော်လည်း ဤသို့ပြောဆိုနေသည် မည်၏။ ---

ငါသည် အကယ်၍ ရှေးဦးစွာ သိရှိခွင့် ရငြားအံ့၊ သင့်အား ဤလူ့လောက၌ ဖြစ်ခွင့်ကို ငါမပေးလေရာ၊ သင့်ကို အပါယ် (၄)ဘုံတို့၌သာလျှင် ဖြစ်စေလေရာ၏၊ ရှိစေတော့ ...သင်သည် မည်သည့်နေရာ၌ပင် ဖြစ်စေ၊ ငါသည် သင့်ကို ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သော ဥပပီဠကကံ မည်သည်ဖြစ်၍ --- ကြံကို ကြံကြိတ်စက်ထဲ ထည့်၍ ညှစ်ယူသကဲ့သို့ --- သင့်ကို ညှစ်၍ တန်ခိုးအာနိသင် မရှိအောင် အရသာ မရှိအောင် အနှစ်သာရ မရှိ အောင် ပြုလုပ်ပေအံ့ ---

ဤသို့ မပြောသော်လည်း ပြောနေသည် မည်၏။ ထိုဥပပီဠကကံက အဘယ်ကို ပြုလုပ်သနည်း? ဘေးဥပဒ် ဘေးဒုက္ခကို ဆောင်ပို့ပေး၏။ စည်းစိမ်ဥစ္စာကို ပျက်စီးစေ၏။ (မ၊ဋ္ဌ၊၄၊၁၇၇-၁၇၈။)

ပြုလုပ်ပုံ --- ကလေးသူငယ်၏ အမိဝမ်း၌ ဖြစ်ပေါ်လာရသည့် အချိန်ကာလမှ စ၍ မိခင်သည် သာယာမှု သည်လည်းကောင်း, ချမ်းသာသုခသည်လည်းကောင်း မဖြစ်တော့ပေ။ မိဘ နှစ်ပါးတို့၏ သန္တာန်၌ ညှဉ်းပန်းနှိပ်စက် ခံရမှု ဆင်းရဲဒုက္ခအမျိုးမျိုးသည်သာလျှင် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဘေးဥပဒ် ဘေးဒုက္ခကို ဆောင်ပို့ပေး၏။ (လောသကတိဿမထေရ်၏ အလောင်းလျာ ပဋိသန္ဓေ တည်နေကတည်းက မိဘတို့၌ အစာငတ်မွတ်ခြင်း စသည့် ဘေးဥပဒ် ဘေးဒုက္ခ အမျိုးမျိုး ကျရောက်လာသကဲ့သို့ မှတ်ပါ။) တစ်ဖန် ကလေးသူငယ်၏ မိခင်ဝမ်းတိုက်၌ ဖြစ်ပေါ်လာရာ အချိန်ကာလမှ စ၍ အိမ်၌ရှိသော စည်းစိမ်ဥစ္စာတို့သည် --- ရေထဲသို့ ရောက်၍ ပျက်စီးသွားသော ဆားကဲ့သို့ ရေဘေး ရေဒဏ် မီးဘေး မီးဒဏ် စသော ဘေးရန်အမျိုးမျိုးတို့၏ အစွမ်းကြောင့် ပျက်စီးသွားကုန်၏။ အိုးပြည့်အောင် နို့ညှစ်၍ ရနိုင်သော နွားမတို့သည်လည်း နွားနို့ကို မပေးကြကုန်၊ ရဲရင့်သော နွားကောင်းတို့သည် နွားကြမ်းကြီးတို့ ဖြစ်သွားကြ၏။ မျက်စိကာဏ်းကုန်ကြ၏။ ခြေခွေကုန်ကြ၏။ နွားအပေါင်း၌ နွားရောဂါ ကျရောက် လာ၏။ ကျွန်စသော အလုပ်သမားတို့သည်လည်း စကားကို မလိုက်နာကြကုန်၊ စိုက်ပျိုးထားအပ်သော ကောက်စပါး သည်လည်း ကောင်းစွာ ဖြစ်ထွန်းမလာ၊ အိမ်၌ တည်သော အိမ်သို့ ရောက်ရှိနေသော ဥစ္စာသည် အိမ်၌ ပျက်စီးသွား၏၊ တော၌ တည်သော တောသို့ ရောက်ရှိနေသော ဥစ္စာသည် တော၌ ပျက်စီးသွား၏။ အစဉ်အတိုင်း တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးလာရာ အဆာပြေရုံမျှသော ထမင်း, ဖုံးလွှမ်း၍ ရနိုင်ရုံမျှသော အဝတ်သည်ပင် အလွန်ရနိုင်ခဲသော ဒုလ္လဘ တစ်ခု ဖြစ်နေ၏။ ကိုယ်ဝန်ကို ထိန်းသိမ်း စောင့်ရှောက်ပေးမည့် အစောင့်အရှောက် မရှိ၊ မွေးဖွားလာသောအခါ မိခင်၏ နို့ရည်သည် ပြတ်စဲသွား၏၊ ကလေးသူငယ်သည် အစောင့်အရှောက်ကို မရသည်ရှိသော် ထိ်န်းသိမ်းမည့် ထိန်းကျောင်းမည့်သူ မရှိရကား ဆင်းရဲအမျိုးမျိုးကို ခံစားရ၏၊ အရှိန်အစော် မရှိ ဖြစ်နေ၏၊ အရသာ မရှိ ဖြစ်နေ၏၊ အနှစ် မရှိ ဖြစ်နေ၏၊ ကြုံလှီနေ၏။ ဤကံမျိုးသည် ကပ်၍ နှိပ်စက်တတ် သော ဥပပီဠကကံ မည်၏။ (မ၊ဋ္ဌ၊၄၊၁၇၈။)

အသင်သူတော်ကောင်းသည် အထက်ပါ အကြောင်းအရာကို ရပ်တန့်၍ အနည်းငယ် စဉ်းစားပါ --- ဤ၌ ဥပပီဠကကံ = ကပ်၍ နှိပ်စက်တတ်သောကံမှာ အကုသိုလ်ကံ ဖြစ်၏။ အကုသိုလ်ကံက ကုသိုလ်ကံ၏ ကောင်းကျိုး ကို ဖြစ်ခွင့်မရအောင် မိမိ၏ မကောင်းကျိုးကို ပဝတ္တိအခါ၌ ဖြစ်စေခြင်းဖြင့် ကပ်၍ နှိပ်စက်နေ၏။ ထိုဥပပီဠကကံ၏ မကောင်းကျိုးကို မကောင်းမှုရှင်သာ ခံရသည်မဟုတ်ဘဲ ထိုမကောင်းမှုရှင်နှင့် နီးစပ်ရာ မိဘစသော ဆွေမျိုးသားချင်း တို့သည်လည်း ခံစံကြရသည်ကို သတိပြုသင့်ပေသည်။

၂။ ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ --- အသက်ကို ရှည်စေတတ်သော ကုသိုလ်ကံကြောင့် လူဖြစ် လာရသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒကကံသည် လာလတ်၍ အသက်ကို ဖြတ်တောက်တတ်၏။ ဥပမာ --- ယောက်ျားတစ်ဦးသည် ရှစ်ဥသဘ ပမာဏရှိသော အရပ်သို့ ရန်သူကို ရည်ညွှန်း၍ လေးကို စွဲကိုင်လျက် ချိန်၍ မြားကို ပစ်လွတ်လိုက်၏။ ထိုမြားကို အခြားယောကျ်ားတစ်ဦးက လေးမှ မြားလွတ်ရုံမျှ အချိန်၌ ဆောက်ပုတ်ဖြင့် ရိုက်ပုတ်၍ ထိုနေရာ၌ပင်လျှင် ကျစေ၏။ ဤဥပမာအတူပင်လျှင် အသက်ကို ရှည်စေ တတ်သော ကုသိုလ်ကံ၏ စွမ်းအင်ကြောင့် လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒကကံသည် အသက်ကို ဖြတ်တောက်ပစ်လိုက်၏။ အဘယ်သို့ ပြုလုပ်ပေးသနည်း? ခိုးသားဓားပြတို့ရှိရာ တောအုပ်အတွင်းသို့ ဝင်ရောက်စေ၏၊ = (ထိုတောအုပ်အတွင်းသို့ သွားချင်စိတ်များ တဖွားဖွားပေါ်ကာ မသွားရ မနေနိုင်အောင် ကိန်းသေသွားဖြစ်အောင် ထိုကံက ဖန်တီးပေး၏။) ကြမ်းတမ်းသော မကန်း ငါး လိပ် မိကျောင်းတို့ ရှိရာ ရေထဲသို့ ဆင်းစေ၏။ အခြားတစ်စုံတစ်ခုသော ဘေးရန် အန္တရာယ် ထူပြောသော နေရာဌာနသို့ ပို့ဆောင် ပေး၏။ ဤကံမျိုးသည် ဥပစ္ဆေဒကကံ မည်၏။ ဥပဃာတကကံ ဟူသည်မှာလည်း ဤဥပစ္ဆေဒကံ၏ အမည်ပင် တည်း။ (မ၊ဋ္ဌ၊၄၊၁၇၈။) မြွေပါကို မြွေတိုးစေသော ကံမျိုး, သူခိုးရှိရာ တောအုပ်သို့ ဥစ္စာထုပ်ကို ပိုက်၍ သွားစေ သော ကံမျိုးတည်း။

၃။ ဇနကကံ --- ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသည် ဇနကကံ မည်၏။

၄။ ဥပတ္ထမ္ဘကကံ --- နည်းပါးသော စည်းစိမ်ဥစ္စာရှိသော အမျိုးအနွယ် စသည်တို့၌ လူဖြစ်လာရသောသူအား စည်းစိမ်ဥစ္စာ၏ ပြည့်စုံခြင်း ဘောဂသမ္ပဒါ စသည်ကို ပြုလုပ်ပေးခြင်းဖြင့် အားပေး ထောက်ပံ့တတ်သောကံသည် ဥပတ္ထမ္ဘကကံ မည်၏။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဤကံ (၄)မျိုးတို့တွင် ဥပပီဠကကံ = ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သောကံနှင့် ဥပဃာတကကံ = ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ --- ဤကံ (၂)မျိုးတို့သည်ကား ကုသိုလ်ကံ၏ အကျိုးဝိပါက်ကို မဖြစ်အောင် တားမြစ်တတ်သော အကုသိုလ်ကံတို့သာ ဖြစ်ကြ၏။ ပဋိသန္ဓေကို ဖြစ်စေတတ်သော ဇနကကံမှာ ကုသိုလ်ကံလည်း ရှိ၏၊ အကုသိုလ်ကံလည်း ရှိ၏။ အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံကား ကုသိုလ်ကံသာလျှင် ဖြစ်၏။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဇနကကံ၌ ကုသိုလ်ဇနကကံ အကုသိုလ်ဇနကကံဟု နှစ်မျိုး ရှိသကဲ့သို့ ဥပပီဠကကံ ဥပစ္ဆေဒကကံ ဥပတ္ထမ္ဘကကံ --- ဤကံတို့၌လည်း ကုသိုလ် အကုသိုလ် နှစ်မျိုးပင် ရှိသင့်ကြောင်း ဥပရိပဏ္ဏာသဋီကာဆရာတော်က ဖွင့်ဆိုထား၏။ (မ၊ဋီ၊၃၊၃၇၄ - ကြည့်။)

ထိုကံ (၄)မျိုးတို့တွင် ဥပစ္ဆေဒကကံကို နှစ်မျိုးအားဖြင့် အလိုရှိအပ်ပေသည်။ ကုသိုလ်ကံကြောင့် လူဘဝ၌ လူလာဖြစ်ရ၏။ ထိုလူ၏ အသက်သည် ကပ်၍ ဖြတ်တတ်သော သတ်တတ်သော ဥပစ္ဆေဒကကံကြောင့် ပြတ်သွား နိုင်၏။ ဤဥပစ္ဆေဒကကံဟူသည် ပါဏာတိပါတကံပင်တည်း။ ထိုပါဏာတိပါတကံဟူသော ဥပစ္ဆေဒကကံကြောင့် အသက်တိုတတ်၏။ ပါဏာတိပါတကံသည် ဥပစ္ဆေဒကကံဖြစ်လျှင် ယင်းဥပစ္ဆေဒက ပါဏာတိပါတကံသည် အသက်တိုခြင်းကို ဖြစ်စေတတ်၏။ အသက်တိုခြင်းကို ဖြစ်စေတတ်ပုံမှာ ဤသို့ဖြစ်၏ ---

၁။ သူ့အသက်ကို သတ်လေ့ရှိသောသူသည် ပြုစုပျိုးထောင်အပ်သော ကုသိုလ်ကံသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုး မရှိနိုင်။ အသက်ရှည်သော ပဋိသန္ဓေကို ဖြစ်စေဖို့ရန် မစွမ်းနိုင်ပေ။ ဤသို့လျှင် ပါဏာတိပါတ ကံသည် အသက်တိုခြင်းကို ဖြစ်စေတတ်၏။ (မ၊ဋ္ဌ၊၄၊၁၇၈-၁၇၉။)

ပါဏာတိပါတကံက ထိုပါဏာတိပါတကံကို ပြုစုပျိုးထောင်လေ့ရှိသော သတ္တဝါ၏ ရုပ်နာမ်သန္တာန်အစဉ်ကို ထိုကဲ့သို့ အသက်တိုအောင် ပြုပြင်စီမံထားသောကြောင့် ဖြစ်၏။ အကြင် ရုပ်နာမ်သန္တာန်အစဉ်၌ ပါဏာတိပါတ ကံသည် ထင်ရှား ဖြစ်ခဲ့၏။ ထို ရုပ်နာမ်သန္တာန်အစဉ်ကို ထို ပါဏာတိပါတကံက အသက်တိုအောင် ပြုစီမံထား သည်၏ အဖြစ်ကို မချွတ်ဧကန် အလိုရှိအပ်ပေ၏၊ ထိုရုပ်နာမ်သန္တာန်အစဉ်၌သာလျှင် ထိုပါဏာတိပါတကံ၏ အသက်တိုခြင်း စသော အကျိုးတရားကို ဖွဲ့ချည်ထားသောကြောင့် ဖြစ်၏။ ဤစကားရပ်ဖြင့် ကုသိုလ်ကံကို အားထုတ်ဆဲခဏ၌ပင်လျှင် ပါဏာတိပါတကံသည် ထိုကဲ့သို့သော အသက်ကို တိုစေတတ်သော စွမ်းအင်သတ္တိ ရှိသော မိမိကုသိုလ်ကံ၏ အကျိုးကို ကပ်၍ ဖြတ်တတ်သော ဥပဃာတသဘောကို ပြုလုပ်၏ဟု ညွှန်ပြ၏။ ထိုကြောင့် ကုသိုလ်ကံသည် နည်းပါးသော အကျိုးရှိခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၃၇၅။)

အသက်ရှည်ခြင်း အစရှိသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းကို အလိုရှိသော အသင်သူတော်ကောင်းသည် ဤ ဘုရားဟောပါဠိတော်ကြီးနှင့် အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်များကို အထူး အလေးဂရု ပြုသင့်လှပေသည်။ ပါဏာတိပါတကံကို လွန်ကျူးလေ့ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် ဒါန သီလ ဘာဝနာ အစဖြာသည့် ကောင်းမှုကုသိုလ် အဝဝကို ပြုစုပျိုးထောင်ရာ၌ ထိုကုသိုလ်ကံဝယ် အသက်ကို တိုစေတတ်သော စွမ်းအင်များ ကိန်းဝပ်လိုက်ပါလျက် ရှိသည်ဟူသော အချက်ကား အလွန် ဝမ်းနည်းဖွယ်ရာ ပြစ်ချက်ကြီး တစ်ခုပင် ဖြစ်ပေသည်။ ပြုကအသစ် ဖြစ်ကအဟောင်း ကြောင်းနှင့်ကျိုးတည်း ဟူသော ဆိုရိုးစကားနှင့်အညီ ယခု ပြုနေသော ကံများကား အသစ်အသစ်သော အကြောင်းတရား ဖြစ်၍ ယခု ဖြစ်နေသမျှ ခံစားနေရသမျှ အကျိုးတရား တို့ကား အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့သော ဤဘဝမှာပင် လွန်ခဲ့သော အချိန်ကာလက ပြုစုပျိုးထောင်ထားသော ကံ၏ အကျိုးတရားများပင် ဖြစ်ကြ၏။ ကံတစ်ခုသည် ကံအရာ၌ တည်သွားပါက ပြန်လည် ဖျက်သိမ်းဖို့ရန် အလွန် ခက်ခဲသွားပြီ ဖြစ်၏။ အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ နှုတ်ပယ်ခြင်းငှာ မစွမ်းနိုင်သောသဘော ရှိပေ၏။ သတိရှိစေ။

လယ်ထဲ၌ ကြဲချ စိုက်ပျိုးလိုက်သော စပါးပင်သည် မျိုးစေ့နှင့် တူသော အသီးကို ဖြစ်စေသကဲ့သို့ မျိုးစေ့နှင့် တူသော အသီးဟူသော အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်များသည် ထိုစပါးပင် ရုပ်သန္တတိအစဉ်၌ လိုက်ပါကိန်းဝပ် တည်နေသကဲ့သို့ အလားတူပင် ပါဏာတိပါတကံကို လွန်ကျူးလေ့ရှိသောပုဂ္ဂိုလ်သည် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံ၌လည်း ရှည်သောအသက်ကို ကပ်၍ ဖြတ်တတ်သော ဥပဃာတကကံ၏ စွမ်းအင် သတ္တိကြောင့် ဖြစ်ပေါ်လာသော အသက်တိုခြင်းကို ဖြစ်စေတတ်သော ကိန်းသေမြဲသော နိယာမသဘောတရားများ ရှိကြောင်းကို ထိုစကားရပ်များက ညွှန်ပြလျက် ရှိနေပေသည်။ (မ၊ဋီ၊၃၊၃၇၅။)

၂။ ပဋိသန္ဓေကိုသော်လည်း သတ်မှတ်ချက်ပေး၍ မြဲစေ၍ အသက်တိုအောင် ပြုလုပ်တတ်၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ပဋိသန္ဓေ၌ ကိန်းသေမြဲသော သတ်မှတ်ချက်အထူး၌ အကျိုးပေးဖို့ရန် အခွင့်ကို ပြုလျက်သာလျှင် ကုသိုလ်ကံက ငင်အပ်သော ပဋိသန္ဓေရှိသော ရုပ်နာမ်သန္တာန်အစဉ်ကို ပါဏာတိပါတကံက အသက်တိုစေခြင်းငှာ မြဲစေ၏၊ ထိုကြောင့် ပဋိသန္ဓေကိုသော်လည်း သတ်မှတ်ချက်ပေး၍ မြဲစေ၍ အသက်တိုအောင် ပြုလုပ်တတ်၏ဟု ဆိုသည်။ (မ၊ဋီ၊၃၊၃၇၅။) ကုသိုလ်ကံ တစ်ခုကြောင့် ပဋိသန္ဓေ ဖြစ်လာရာဝယ် ယင်းပဋိသန္ဓေ၌ အသက်တိုစေတတ်သော စွမ်းအင်များကို ယင်းပါဏာတိပါတကံက မြှုပ်နှံပေးထား၏။ ယင်းစွမ်းအင်သတ္တိကြောင့် ပဋိသန္ဓေရှင်သည် အသက်တိုရ၏ဟု ဆိုလိုသည်။

တစ်နည်းဖွင့်ဆိုပုံ

ပါဏာတိပါတကံကို ကျူးလွန်ရာ၌ ---

၁။ လွန်ကျူးဖို့ရန် စိတ်ဆုံးဖြတ်ချက်ချ၍ မလွန်ကျူးမီ ဖြစ်ပေါ်နေသော ပုဗ္ဗစေတနာ,

၂။ ဆုံးဖြတ်ချက်ချပြီး၍ လွန်ကျူးဆဲ၌ ဖြစ်ပေါ်နေသော သန္နိဋ္ဌာနစေတနာ,

၃။ လွန်ကျူးပြီး နောက်ပိုင်း၌ ဖြစ်ပေါ်နေသော အပရစေတနာ ---

ဤစေတနာ (၃)တန်တို့အနက် သန္နိဋ္ဌာန စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏။ ပုဗ္ဗစေတနာ အပရစေတနာတို့ ကြောင့် ဆိုခဲ့သည့်အတိုင်း အသက်တိုရ၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ပါဏာတိပါတစေတနာသည် စင်စစ် ခါးစပ်သော အကျိုးတရား ရှိသောကြောင့် သန္နိဋ္ဌာနစေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ထိုစေတနာ၏ အကျိုးတရားသည် ကုန်ခန်းမသွားသေးသောကြောင့် ဖြစ်၏။ ပုဗ္ဗစေတနာ အပရ စေတနာတို့ကား သန္နိဋ္ဌာနစေတနာကဲ့သို့ အလွန် ဝန်လေးဖွယ်ရာ အကျိုးတရားတို့ကို မဖြစ်စေနိုင်၊ ထိုကြောင့် ပုဗ္ဗစေတနာ အပရစေတနာတို့က အသက်တိုစေကြောင်းကို ဖွင့်ဆိုခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၃၇၅။)

အမှတ် (၂) အဖြေ - အသက်ရှည်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သူ့အသက်သတ်ခြင်း ကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်း ရှိ၏၊ သနားခြင်း ရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။ ထို သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထား အပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက် ရဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အသက်ရှည်ရ၏။ သုဘလုလင် ...ထို သူ့အသက် သတ်ခြင်းကို ပယ်စွန့်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီး ဖြစ်ခြင်း လက်နက်ကို ချ ထားပြီး ဖြစ်ခြင်း အရှက်ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို လိုလားခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၄။)

သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသော ဣန္ဒြေငါးပါး = ဗိုလ်ငါးပါး = စွမ်းအားကြီး ငါးရပ်တို့ အလွန် အားကောင်းနေသော ကာမာဝစရကုသိုလ်ကံက နတ်ပြည်လောကသို့, မဟဂ္ဂုတ်ကံက ဗြဟ္မာ့ပြည်သို့ ရောက်အောင် ပို့ဆောင်ပေး၏။ ယင်းစွမ်းအားကြီး ငါးရပ်တို့ အင်အားပျော့နေသော ကာမာဝစရကုသိုလ်ကံက လူ့ပြည်သို့ ရောက်အောင် ပို့ဆောင်ပေး၏။ ဤ၌ ဣန္ဒြေငါးပါး ဗိုလ်ငါးပါး စွမ်းအားကြီးတို့ စွမ်းအင် လျော့ပါးနေသော အားနည်းသော ကာမာဝစရကုသိုလ်ကံကြောင့် ယင်းကုသိုလ်ကောင်းမှုရှင်သည် လူ့ပြည် လူ့လောက၌ လူလာ ဖြစ်ရသော် ပဝတ္တိအခါ၌ ဤပါဏာတိပါတ ဒုစရိုက်မှုမှ ရှောင်ကြဉ်သည့် ကုသိုလ်ကံက လာရောက်၍ တရားကိုယ် အနက်သဘောအားဖြင့် ဤသို့ ပြောပြနေသည် မည်၏ ---

ငါသည် ပထမဦးဆုံး အကယ်၍ သိခွင့်ရခဲ့လျှင် သင့်အား ဤလူ့ပြည် လူ့လောက၌ ဖြစ်ဖို့ရန် ခွင့်မပေး လေရာ၊ နတ်ပြည် နတ်လောက၌သာလျှင် သင့်ကို ဖြစ်စေရာ၏၊ ရှိစေတော့ ...သင်သည် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဖြစ်ချင်သည့် နေရာ၌ ဖြစ်ပါစေ၊ ငါသည် အားပေးထောက်ပံ့တတ်သော ဥပထမ္ဘကကံ မည်သည် ဖြစ်၍ သင့်အား ထောက်ပံ့မှုကို ပြုလုပ်ပေးပေအံ့။

ဤသို့ မပြောသော်လည်း အနက်သဘောအားဖြင့် ပြောပြနေသကဲ့သို့ ပြု၍ အားပေးထောက်ပံ့မှုကို ပြု၏။ အဘယ်ကို ပြုသနည်း?...၊ ဘေးရန်ကို ဖျက်ဆီးပစ်၏။ စည်းစိမ်ဥစ္စာတို့ကို ဖြစ်စေ၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ထိုသို့ ပြုလုပ်ရာ၌ ကလေးသူငယ်၏ မိခင်ဝမ်းကြာတိုက်၌ ဖြစ်လာရာ အချိန်အခါမှစ၍ မိဘတို့၏ သန္တာန်၌ ချမ်းသာသုခသာလျှင် ဖြစ်ပေါ်လာ၏။ သာယာမှုသာလျှင် ဖြစ်နေ၏။ လူကြောင့် ကျရောက် ဖြစ်ပေါ်လာသော ဘေးဥပဒ်, နတ်တို့ကြောင့် ကျရောက် ဖြစ်ပေါ်လာသော ဘေးဥပဒ် --- ပကတိအားဖြင့် ဖြစ်လေ့ရှိသော ဤဘေးဥပဒ်အားလုံးတို့သည်လည်း ဘေးသို့ ရှဲသွားကြကုန်၏။ ဤသို့လျှင် ဘေးဥပဒ်ကို ဖျက်ဆီးပစ်၏။

တစ်ဖန် ကလေးသူငယ်၏ မိခင်ဝမ်းကြာတိုက်၌ ဖြစ်လေရာ အခါမှစ၍ အိမ်၌ စည်းစိမ်ဥစ္စာတို့၏ အတိုင်း အတာ ပမာဏကား မရှိပေ။ မြေကြီးအတွင်း၌ မြုပ်နေကုန်သော ရွှေအိုး ငွေအိုး စသော ရတနာအိုးတို့သည် အိမ် ေ့ရှတံခါးမှလည်းကောင်း, အိမ်နောက်ဘက်မှလည်းကောင်း အိမ်အတွင်းသို့ လှိမ့်ဝင်လာကြကုန်၏။ မိဘ တို့သည် သူတစ်ပါးတို့ထံ၌ ထားအပ်သော စည်းစိမ်ဥစ္စာစု၏လည်း မျက်မှောက် ကိုယ်ပိုင်ဥစ္စာ အဖြစ်သို့ ရောက်ရှိ လာကြကုန်၏။ စည်းစိမ်ဥစ္စာတို့ကို ပြန်လည် ပေးအပ်ကြကုန်၏။ နို့စားနွားမကြီးတို့သည် နို့များများ ထွက်လာ ကြ၏။ နွားတို့သည် စိတ်ချမ်းသာဖွယ်ရာ အကျင့်ကောင်း ရှိလာကြကုန်၏။ စပါးစိုက်ခင်း၌ ကောက်စပါးတို့သည် ပြည့်ပြည့်စုံစုံ သီးပွင့်လာကြကုန်၏။ အတိုးရင်းပွား ပေးထားသော ပစ္စည်းများ, ခဏခေတ္တ ချေးငှားသွားသော ပစ္စည်းများကို မတောင်းရဘဲ အလိုလို ကိုယ်တိုင် လာပို့ကြ၏။ ကျွန် အစရှိကုန်သော အလုပ်သမားတို့သည် ပြောဆို လွယ်ကူကုန်၏၊ စကားကို နာယူကြကုန်၏။ ကုန်သွယ်ခြင်း စသော လုပ်ငန်းရပ်မှန်သမျှတို့သည် ဆုတ် ယုတ် ပျက်စီးမှု မရှိကြကုန်။ ကလေးသူငယ်သည် ကိုယ်ဝန်ယူနေရာ အချိန်အခါမှစ၍ အစောင့်အရှောက်ကို ရရှိ၏။ အမျိုးသမီး ဆေးဆရာတို့သည် (= အမျိုးသမီးဆရာဝန်တို့သည်) စုရုံးလျက်ပင် ရှိကြ၏။ အကယ်၍ ယင်းကောင်းမှုရှင် ကလေးသူငယ်သည် သူကြွယ်မျိုး၌ လူဖြစ်လာရသည် ဖြစ်အံ့ - သူဌေးရာထူးကို, အမတ်အမျိုး စသည်တို့၌ လူဖြစ်လာရသည် ဖြစ်အံ့ - စစ်သူကြီးရာထူး စသော ရာထူးဌာနန္တရကို ရရှိ၏။ ဤသို့လျှင် စည်းစိမ် ဥစ္စာတို့ကို ဖြစ်စေ၏။ ထိုကောင်းမှုရှင်သည် ဘေးဥပဒ် မရှိဘဲ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံဖြင့် ကြာမြင့်စွာ အသက်ရှည်ရ၏။ ဤသို့လျှင် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည့် ကုသိုလ်ကံသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်ပေ၏။ အကျိုးတရား၏ ကံနှင့် အလားတူသောကြောင့် ဖြစ်၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ထိုကောင်းမှုရှင်သည် လူ့ဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကောင်းမှုကုသိုလ်ကံကို ပြုစုပျိုးထောင်ခဲ့ရာ၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီးဖြစ်ခြင်း လက်နက်ကို ချထားပြီး ဖြစ်ခြင်း အရှက် ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို လိုလားခြင်းတည်းဟူသော စိတ်စွမ်းအင် များကို ထိုကံဝယ် မြှုပ်နှံ ထည့်သွင်းထားခဲ့၏။ သူတစ်ပါးတို့ကို အသက်ရှည်စေလိုခြင်း ချမ်းသာစေလိုခြင်း စသော မွန်မြတ်သော စိတ်စွမ်းအင်များ မြှုပ်နှံ ထည့်သွင်းထားသော ထိုကံက အကျိုးပေးသောအခါ ကံနှင့်အလားတူသော အသက်ရှည်ခြင်း ချမ်းသာခြင်း စသော အကျိုးတရားများကို ရရှိလာခြင်း ဖြစ်ပေသည်ဟု ဆိုလိုပေသည်။

တစ်နည်း --- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိသော ပုဂ္ဂိုလ်သည် ပြုစုပျိုးထောင်ထားအပ်သော အခြားခြားသော ကုသိုလ်ကံသည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး ရှိ၏။ အသက်ရှည်သော ပဋိ သန္ဓေကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ဤသို့လည်း အသက်ရှည်မှုကို ဖြစ်စေတတ်၏။ ပဋိသန္ဓေကိုသော်မူလည်း သတ်မှတ်၍ အသက်ရှည်အောင် ပြုလုပ်၏။

တစ်နည်း --- ဒါန သီလ ဘာဝနာ စသော ကောင်းမှုကုသိုလ်ကို ပြုရာ၌ ထိုကောင်းမှုကို ပြုနေဆဲ အချိန်၌ ဖြစ်နေသော ကုသိုလ်စေတနာတို့ကား သန္နိဋ္ဌာနစေတနာတို့တည်း။ ထိုသန္နိဋ္ဌာနစေတနာကုသိုလ်၏ ေ့ရှပိုင်း၌ ဖြစ်ပေါ်နေသော ကုသိုလ်စေတနာတို့ကား ပုဗ္ဗစေတနာ, နောက်ပိုင်း၌ ဖြစ်ပေါ်နေသော ကုသိုလ်စေတနာတို့ကား အပရစေတနာတို့တည်း။ သန္နိဋ္ဌာနစေတနာကြောင့် နတ်ပြည် နတ်လောက၌ ဖြစ်ရ၏။ ပုဗ္ဗစေတနာ အပရစေတနာ တို့ကြောင့် ဆိုခဲ့သည့်နည်းအတိုင်း အသက်ရှည်ရ၏။ ဤနည်းအတိုင်းပင် နောက်တွင် ဆက်လက်တင်ပြမည့် အမေးနှင့် အဖြေတို့၌လည်း ဆိုလိုရင်း အနက်သဘောကို သိရှိပါလေ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

အမှတ် (၃) အဖြေ - အနာရောဂါများပြားခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် လက်ဖြင့်လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ ရှိ၏၊ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အနာရောဂါများ၏။ သုဘလုလင် ...လက်ဖြင့်လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, လက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိခြင်းသည် အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅။)

ဝိဟေဌနကမ္မာဒီနိပီတိ ပိ-သဒ္ဒေန ကောဓဣဿာမနကမစ္ဆေရထဒ္ဓအဝိဒ္ဒသုဘာဝဝသေန ပဝတ္တိတကမ္မာနိ သင်္ဂဏှာတိ။ (မ၊ဋီ၊၃၊၃၇၅။)

သတ္တဝါတို့ကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်တတ်သော အကုသိုလ်ကံ, အမျက်ဒေါသ ပြဓာန်းသော အကုသိုလ်ကံ, ကိုယ့်ထက်သာ မနာလိုခြင်းတည်းဟူသော ငြူစူစောင်းမြောင်းသောစိတ်ထား ပြဓာန်းသော အကုသိုလ်ကံ, မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုအစုတို့ကို အထိမခံနိုင်ခြင်း မစ္ဆရိယ ပြဓာန်းသော အကုသိုလ်ကံ, စိတ်ဓာတ် ခက်ထန်တင်းမာခြင်း မာန်မာန ပြဓာန်းသော အကုသိုလ်ကံ, ပညာမဲ့သူ အကျိုးအကြောင်း အဆိုး အကောင်းကို နားမလည်နိုင်သူ ဖြစ်အောင် ပို့ဆောင်ပေးတတ်သော မောဟ ပြဓာန်းသော အကုသိုလ်ကံ ------ ဤသို့ စသော မကောင်းမှု အကုသိုလ်ကံတို့သည် ကပ်၍ ညှဉ်းပန်းနှိပ်စက်တတ်သော ဥပပီဠကကံ အဖြစ်ဖြင့် စည်းစိမ်ဥစ္စာ မရှိသည်၏အဖြစ် ကုန်ခန်းသည်၏အဖြစ် ပျက်စီးသည်၏အဖြစ်သို့ ရောက်စေလျက် ပြုစုလုပ်ကျွေး မည့်သူ စောင့်ရှောက်ပေးမည့်သူကို မရရှိအောင် တည်ထောင် ဖန်ဆင်းပေးလိုက်၏။ ပြုစုစောင့်ရှောက်မည့်သူ မရှိသောသူ၏ သန္တာန်၌ အနာရောဂါအမျိုးမျိုး ဖြစ်ပေါ်လာခြင်း စသည့် ဘေးဒုက္ခ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့သည် ဖြစ်ပေါ်လာကြကုန်၏။ တစ်ဖန် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်း စသည်တို့ကို ပြုလေ့ရှိသော ပုဂ္ဂိုလ်တို့သည် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံသည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးကို မပေးနိုင်၊ အနာရောဂါ ကင်းသူ ဖြစ်အောင် အကျိုးပေးဖို့ရန် မစွမ်းနိုင်။ ရှေးဦးအစ ပဋိသန္ဓေ တည်စကပင် အနာရောဂါ ထူပြောသူ တစ်ယောက် ဖြစ်အောင် ယင်းအကုသိုလ်ကံက ပဋိသန္ဓေကိုသော်လည်း သတ်မှတ်ချက်ပေး၍ မြဲစေ၏။ ပဋိသန္ဓေ မျိုးစေ့ကတည်းက အနာရောဂါ ထူပြောသူ တစ်ယောက် ဖြစ်အောင် ယင်းသတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်တတ် သော အကုသိုလ်ကံက မိမိ၏ ကမ္မသတ္တိ စွမ်းအင်များကို ထည့်သွင်း မြှုပ်နှံပေးလိုက်၏။ တစ်နည်းဆိုသော် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့ရှိခြင်း စသော ယင်းအကုသိုလ်ကံကို ပြုစုပျိုးထောင်ရာဝယ် ဖြစ်ပေါ်သွားကြ သော သန္နိဋ္ဌာနစေတနာတို့က ငရဲသို့ ရောက်အောင် ပို့ဆောင်ပေး၍ ပုဗ္ဗစေတနာ အပရစေတနာတို့က ယခုကဲ့သို့ သော လူဘဝ၌ အနာရောဂါ ထူပြောခြင်း စသော မကောင်းကျိုးတို့ကို ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးကြ၏။ (မ၊ဋ္ဌ၊၄၊၁၈၀။)

ယံ ယဒေဝါဘိပတ္ထေန္တိ၊ သဗ္ဗမေတေန လဗ္ဘတိ။ (ခု၊၁၊၁၀။)

အကြင်အကြင် အရာကို လိုလားတောင့်တ၏၊ ထိုတောင့်တချက် ဟူသမျှသည် ထိုကုသိုလ်ကံကြောင့် ရရှိ၏ - ဤသို့စသည်ဖြင့် ဟောကြားထားတော်မူခြင်းကြောင့် အလုံးစုံသော ကုသိုလ်ကံ မှန်သမျှသည် ပြည့်စုံခြင်း သမ္ပတ္တိ အားလုံးတို့၏ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရား ဖြစ်၏။ အလားတူပင် အကုသိုလ်ကံ မှန်သမျှသည် ပျက်စီးခြင်း ဝိပတ္တိ အားလုံးတို့၏ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားပင် ဖြစ်၏။ ထိုကြောင့် အထက်ပါ စကားရပ်တို့ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၃၇၅။)

အသင်သူတော်ကောင်းသည်လည်း အနာရောဂါ ထူပြောသူ မဖြစ်ချင်ပါက သတ္တဝါတို့ကို ညဉ်းပန်းနှိပ်စက်ခြင်း မပြုပါနှင့်၊ သူ့အသက်ကို သတ်ဖြတ်ခြင်း မပြုပါနှင့်၊ အမျက်ဒေါသ မကြီးပါနှင့်၊ ကိုယ့်ထက်သာ မနာလိုသော စိတ်ထားများ မရှိပါနှင့်၊ ဝန်တိုခြင်း မစ္ဆရိယတရား မရှိပါစေနှင့်၊ စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိပါစေနှင့်၊ အကျိုးအကြောင်း အဆိုးအကောင်းကို မခွဲခြားတတ်သည့် ဉာဏ်ပညာ ထုံထိုင်းသည့် လူဖျင်း လူအ လူန မဖြစ်ပါ စေနှင့်။ စိတ်မထားတတ်၍ ရရှိသော အကျိုးတရားများသာ ဖြစ်ပေသည်။

အမှတ် (၄) အဖြေ - အနာရောဂါကင်းခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် လက်ဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ မရှိ၊ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ မရှိသောသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထား အပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက် ရဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အနာရောဂါကင်း၏။ သုဘလုလင် ...လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅။)

သူတစ်ပါးတို့ကို ညှဉ်းဆဲမှုဟူသည် သူတစ်ပါးတို့ကို ဆင်းရဲဒုက္ခ ဝေဒနာအမျိုးမျိုး ရောက်အောင် ဒုက္ခ အမျိုးမျိုးကို ခံစားရအောင် ပြုကျင့်မှုတည်း။ သူတစ်ပါးတို့၏ သန္တာန်၌ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ဖြစ်စေသောကံသည် မိမိဆင်းရဲဖို့ အနာရောဂါ ထူပြောဖို့ အကြောင်းတစ်ခု ဖြစ်၏။ သူတစ်ပါးကို ဒုက္ခရောက်အောင် ညှဉ်းဆဲနှိပ်စက်နေ သော ထိုစိတ်ဓာတ်၌ ယင်းသို့ အလားတူ မကောင်းကျိုးကို ရရှိအောင် တုံ့ပြန်နို်င်သော စွမ်းအားများ ရှိနေပေသည်။ ကောဓ = အမျက်ဒေါသဟူသည် သူတစ်ပါးတို့ကို ပျက်စီးအောင် ဖျက်ဆီးပစ်လိုသော စိတ်ထားတည်း။ သူတစ်ပါး တို့ကို ပျက်စီးစေလိုသော ယင်းစိတ်ဓာတ်၌ မိမိ ပျက်စီးအောင် ဖန်တီးပေးနိုင်သည့် စွမ်းအင်များ ကိန်းဝပ်လျက် ရှိ၏။ ယင်းစွမ်းအင်များက အနာရောဂါ ထူပြောစေခြင်းဖြစ်၏။ အနာရောဂါများကို ကျရောက်စေခြင်း ဖြစ်ပေါ်စေ ခြင်းဖြင့် မိမိခန္ဓာအိမ်ကြီးကို ပျက်စီးအောင် ဖန်တီးပေးနေခြင်း ဖြစ်၏။ ကိုယ့်ထက်သာ မနာလိုခြင်းသည့် ငြူစူ စောင်းမြောင်းနေသည့် စိတ်ထား, မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထုတို့ကို အထိမခံနိုင်သည့် စိတ်ထား, ခက်ထန် တင်းမာသော စိတ်ထား --- ဤစိတ်ထားတို့၏ နောက်ဆွယ်၌လည်း သူတစ်ပါးတို့အပေါ်၌ မကျေနပ်ချက်တွေ တစ်ပုံကြီး ကိန်းဝပ်လျက် ရှိ၏။ အကျိုးအကြောင်း အဆိုးအကောင်းကို မသိနားမလည်မှုတွေကလည်း ထပ်ဆင့် တွန်းအားပေးလျက် ရှိ၏။ သူတစ်ပါးတို့အပေါ်၌ ထားရှိသော မကျေနပ်မှုတို့ကား နောင်တစ်ချိန်ဝယ် မကျေနပ်ဖွယ် ရာ ခန္ဓာအိမ်ကြီး တစ်ခုကို ရရှိအောင် တည်ထောင် ဖန်ဆင်းပေးနို်င်သော စွမ်းအင်သတ္တိများပင်တည်း။ ထိုကြောင့် ဤကဲ့သို့သော မဖြူုစင်သော စိတ်ဓာတ်များ ကိန်းဝပ် တည်နေခဲ့သူ၏ ရုပ်နာမ်သန္တာန်အစဉ်ဝယ် တစ်ချိန် ထိုကံက ရင့်ကျက်၍ အကျိုးပေးလာသောအခါ မကျေနပ်ဖွယ်ရာ အနာရောဂါ ထူပြောသည့် ခန္ဓာအိမ် တည်ရှိသူ ဖြစ်လာ ရပေသည်။

သို့သော် အမြော်အမြင်ရှိသူ သူတော်ကောင်းတို့ကား သီလ သမာဓိ ပညာဟူသော ကျင့်စဉ် အရပ်ရပ် တို့ဖြင့် မိမိတို့၏ စိတ်ကို အလှဆုံးဖြစ်အောင် ပြုပြင်တော်မူကြ၏၊ သတ္တဝါတို့အား ညှဉ်းပန်းနှိပ်စက်လိုသော စိတ်ဓာတ်များ ကင်းအောင် ပြုပြင်တော်မူကြ၏၊ ဣဿာ မစ္ဆရိယ မာန်မာန စသော စိတ်ဆိုး စိတ်ရိုင်းများ ကင်းစင်အောင် ပြုပြင်တော်မူကြ၏။ ဤသို့ ပြုပြင်နိုင်သဖြင့် ဖြူစင်နေသော ထိုစိတ်ဓာတ်များ ခြံရံနေသော ကုသိုလ်ကံတို့က အခွင့်သာ၍ အကျိုးပေးခဲ့သော် ဖြူစင်သော အနာရောဂါကင်းသော ခန္ဓာအိမ်တစ်ခု ဖြစ်ပေါ် လာအောင် တည်ထောင် ဖန်တီးပေးကြလေသည်။ သူတော်ကောင်းမှန်သမျှ ကျင့်သင့် ကျင့်ထိုက်သော မွန်မြတ်သော ကျင့်ဝတ် ပဋိပတ်များပင် ဖြစ်ကြ၏။

အမှတ် (၅) အဖြေ - အရုပ်ဆိုးခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက် တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်း များ၏ = ရန်ငြိုးဖွဲ့မှု များ၏၊ မနှစ်သက်ဖွယ် စကားကို အနည်းငယ်မျှပင် ပြောဆိုသည် ရှိသော် လွန်စွာ စွဲမြဲ ငြိကပ်၏ = (ငါ့ကို ပြောရကောင်းလားဟု လွန်စွာ စွဲမြဲ ငြိကပ်၏။) အမျက်ထွက်၏၊ ဖျက်ဆီးပစ်လိုသော စိတ်ထားများ တဖွားဖွား ပေါ်လာ၏၊ ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ တည်နေ၏ = ထိပ်တိုက် ဆန့်ကျင်ဘက် ပြုလုပ်၏ = အတိုက်အခံ ပြုလုပ်နေတတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းက်ိုလည်းကောင်း, မကျေနပ်မှုကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြ၏။ ထိုဒေါသကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလို အာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အရုပ်ဆိုး၏ = ရုပ်အဆင်း မလှ ဖြစ်နေ၏။ သုဘလုလင် ... အမျက်ဒေါသ ထွက်ခြင်း ပြင်းစွာပင်ပန်းမှု များခြင်း = ရန်ငြိုးဖွဲ့မှု များခြင်း မနှစ်သက်ဖွယ် စကားကို အနည်း ငယ်မျှပင် ပြောဆိုသည်ရှိသော် (ငါ့ကို ပြောရကောင်းလားဟု) လွန်စွာ စွဲမြဲ ငြိကပ်ခြင်း အမျက်ထွက်ခြင်း ဖျက်ဆီးလိုခြင်း ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ တည်နေခြင်း အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီး လိုခြင်းက်ိုလည်းကောင်း, မကျေနပ်မှုကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြခြင်းသည် အရုပ်ဆိုးခြင်းကို = ရုပ်အဆင်း မလှပခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅။)

ဒေါသပြဓာန်းသော စိတ်ဓာတ်များ အဆက်မပြတ် ဖြစ်နေချိန်ဝယ် အလွန် အဆင်းလှသူပင် ဖြစ်လင့်က စား ရုပ်အသွင်ကား ဖောက်ပြန် ပျက်စီးလျက် ရှိ၏။ တစ်ဖက်သားအပေါ်၌ အခဲမကျေနိုင်သော စိတ်ဓာတ် ချေမှုန်းပစ်လိုသော စိတ်ဓာတ်များ တဖွားဖွား ဖြစ်နေ၏။ ယင်းစိတ်ဓာတ်များကား သတ္တဝါ တစ်ဦးကို အကျည်းတန် အရုပ်ဆိုးသော ဘဝသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော စွမ်းအား ရှိကြ၏။ ယင်းကဲ့သို့ စိတ်ဓာတ်များ ခြံ ရံလျက် ကုသိုလ်ကံ တစ်ခုကို ထူထောင်ပြန်လျှင်လည်း ထိုကုသိုလ်ကံက အကျိုးပေးသော ဘဝဝယ် မကျေနပ်မှု များပြားသူ အကျည်းတန် အရုပ်ဆိုးသူ ဖြစ်ရ၏။ အကျည်းတန် အရုပ်ဆိုးစေနိုင်သော စွမ်းအင်များက ထိုကုသိုလ် ကံ၌ ခြံရံလျက် ရှိသောကြောင့် ဖြစ်၏။

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဒေါသဓာတ် ခြံရံလျက် ရှိသော ကုသိုလ်ကံသည်လည်း ရုပ်အဆင်း လှပတင့်တယ်ခြင်း စသော ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးကို မဖြစ်စေနိုင်၊ ရုပ်အဆင်း လှပ တင့်တယ် သော ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်၊ ပဋိသန္ဓေကိုသော်လည်း သတ်မှတ်၍ ရုပ်အဆင်း မလှအောင် ပြု လုပ်တတ်၏။ တစ်နည်းဆိုသော် ယင်းဒေါသဇောတို့တွင် သန္နိဋ္ဌာနဒေါသဇော စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် ယခုကဲ့သို့သော လူဘဝ၌ အကျည်းတန် အရုပ်ဆိုးသူ ဖြစ်ရ၏။

အကယ်၍ အသင်သူတော်ကောင်းသည် ရုပ်အဆင်း လှပ တင့်တယ်သူ ဖြစ်လိုပါက အောက်ပါ ကျင့်စဉ်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ပါ။

အမှတ် (၆) အဖြေ - ရုပ်အဆင်း လှပ တင့်တယ်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက် လေ့မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း များလေ့မရှိ = ရန်ငြိုးဖွဲ့မှု များလေ့မရှိ၊ မနှစ်သက်ဖွယ် စကားကို် ပြောဆိုပါသော် လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်၊ အမျက် မထွက်၊ ဖျက်ဆီးပစ်လိုသော စိတ်ဓာတ် မရှိ၊ ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ မတည် = ထိပ်တိုက် ဆန့်ကျင်ဘက် မလုပ်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းက်ိုလည်း ကောင်း, မကျေနပ်မှုကိုလည်းကောင်း ထင်ရှားစွာ မပြု။ ထို ဒေါသမကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့် ၍ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်၍ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ လှပသော ရုပ်အဆင်း ရှိရပေ၏။ သုဘလုလင် ...အမျက် ထွက်လေ့မရှိခြင်း ပြင်းစွာ ပင်ပန်းမှု မများခြင်း = ရန်ငြိုးမဖွဲ့ခြင်း မနှစ်သက်ဖွယ် စကားကို် များစွာပင်ပြောဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်ခြင်း အမျက် မထွက်ခြင်း မဖျက်ဆီးလိုခြင်း ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ မတည်ခြင်း = ထိပ်တိုက် ဆန့်ကျင်ဘက် မလုပ်ခြင်း အမျက်ထွက်ခြင်းကိုလည်း ကောင်း ဖျက်ဆီးလိုခြင်းက်ိုလည်းကောင်း မနှစ်သက်ခြင်း မကျေနပ်ခြင်းကိုလည်းကောင်း ထင်ရှားစွာ မပြုခြင်းသည် လှပတင့်တယ်သော ရုပ်အဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅-၂၄၆။)

ဤအထက်ပါ မွန်မြတ်သော စိတ်နေစိတ်ထားတွင် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း မေတ္တာစျာန် ကို ရရှိအောင် ကြိုးစားအားထုတ်ခြင်းတည်းဟူသော ဘာဝနာစိတ်များကို ထပ်လောင်း၍ ထုံမွမ်းပေးလိုက်ပါက အလှတွင် သရဖူ ဆောင်းနိုင်သူ တစ်ဦး ဖြစ်နိုင်ပေသည်။ အလှပြင်ဆိုင်သို့ သွားရန် မလိုသော ဘုရားရှင်၏ အလှပြုပြင်နည်းပင် ဖြစ်၏။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ဖို့ကား အလွန် အရေးကြီးလှ၏။ ကြိုးစား က ဘုရား ဖြစ်နိုင်၏။ သမ္ပတ္တိ (၄)ပါးတို့တွင် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံရေးအတွက် အခြေခံ အကြောင်း တစ်ခုပင် ဖြစ်ပေသည်။

အမှတ် (၇) အဖြေ ၊ အခြံအရံ မရှိခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့် ယှဉ်သော စိတ်ထား ရှိ၏ = ကိုယ့်ထက်သာ မနာလိုသည့် စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့ လာဘ်ရခြင်း အရိုအသေ အလေးပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေး ပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့ချည်ထား၏၊ ထိုငြူစူသော ကိုယ့်ထက်သာ မနာလို သော စိတ်ထား ရှိသောသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည်ထား အပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ တို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက် ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အခြံအရံ နည်း၏။ သုဘလုလင် ...ငြူစူခြင်းနှင့် ယှဉ်သော စိတ်ထား ရှိခြင်း = ကိုယ့်ထက်သာ မနာလိုသည့် စိတ်ထား ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း လာဘ်ရခြင်း အရိုအသေ အလေးအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူခြင်း ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေး ပြစ်မှားခြင်း ငြူစူခြင်းကို ဖွဲ့ချည်ထားခြင်းသည် အခြံအရံ မရှိခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၆။)

ဤပုဂ္ဂိုလ်မျိုးသည် လူ့ဘဝသို့ နောက်ထပ် ရောက်ရှိခဲ့လျှင် တန်ခိုးအာနုဘော် နည်းပါး၏၊ မထင်မရှား နေရတတ်၏။ ညအခါဝယ် မှောင်မိုက်ထဲ၌ ပစ်လွှတ်လိုက်သော မြားကဲ့သို့ မထင်ရှားပေ။ လက်ဖော် ခြေဖော် မရှိဘဲ နေထိုင်ရ၍ ရေခပ်ပေးမည့်သူကိုသော်မှလည်း မရရှိ ဖြစ်တတ်၏။ ယင်းဣဿာ ထူပြောသူ ပြုစုပျိုးထောင် ထားအပ်သော ကုသိုလ်ကံသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိသော ကုသိုလ်ကံမျိုး မဖြစ်နိုင်၊ အခြွေ အရံ ရှိသည့် ပဋိသန္ဓေကို ဖြစ်စေနိုင်သည့် စွမ်းအင် မရှိ၊ ဤသို့လျှင် ဣဿာ ထူပြောသောသူသည် အခြွေအရံ မရှိ ဖြစ်ရ၏။ ယင်းဣဿာတရားက ပဋိသန္ဓေကိုပင်သော်လည်း သတ်မှတ်၍ အခြွေအရံ မရှိအောင် ပြုလုပ် တတ်၏။ ယင်းဣဿာ ပြဓာန်းသော အကုသိုလ်တရားများ ဖြစ်ကြစဉ် ယင်းအကုသိုလ်ဇောတို့တွင် သန္နိဋ္ဌာန စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် အခြွေအရံ နည်းပါးရ၏။

ဤ ဣဿာတရားသည် = ဣဿာ ပြဓာန်းသော အကုသိုလ်ကံတို့သည် ငရဲသို့ ပစ်ချနိုင်သည် ဟူသော ဤအချက်ကိုကား အသင်သူတော်ကောင်းသည် မမေ့သင့်ပေ။ ဣဿာတရား၏ စိတ်အစဉ်ဝယ် ထကြွ သောင်းကျန်းလာမှုကို သမထ ဝိပဿနာ ဘာဝနာ လက်နက်ကောင်းတို့ဖြင့် အချိန်မီ မနှိပ်ကွပ်နိုင်သည့်အတွက် ဆဲရေး ပြစ်မှားခြင်း စသော အကုသိုလ် ပြစ်မှုကြီးတို့ကို လွန်ကျုးမိပြန်၏။ ယင်းပြစ်မှုကြီးတို့ကား အလွန် ဝန်လေးဖွယ် ကောင်းသော ဘေးဆိုးကြီးများပင် ဖြစ်ကြ၏။ တုံ့ပြန်နိုင်သည့် စွမ်းအင်များ ကိန်းဝပ်လျက်ပင် ရှိကြ၏။ ဇမ္ဗုက မထေရ် လောသကတိဿမထေရ်တို့၏ ထုံးကို အမှတ်ရပါ။

အမှတ် (၈) အဖြေ - အခြံအရံ များခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့် မ ယှဉ်သော စိတ်ထား ရှိ၏၊ (ကိုယ့်ထက်သာ မနာလိုသော စိတ်ထားမျိုး မရှိ၊) သူတစ်ပါးတို့၏ လာဘ်များခြင်း လာဘ်ရခြင်း အရိုအသေ အလေးပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို ဖွဲ့ချည်မထား၊ ထို ငြူစူခြင်း မနာလိုခြင်း ကင်းသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည် လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အခြံအရံ များ၏။ သုဘလုလင် .. မငြူစူခြင်းနှင့် ယှဉ်သော စိတ်ထား ရှိခြင်း = ကိုယ့်ထက်သာ မနာလိုသော စိတ်ထား မရှိခြင်း = နာလိုသော စိတ်ထားသာ ရှိခြင်း, သူတစ်ပါးတို့ လာဘ်များခြင်း လာဘ်ရခြင်း အရိုအသေ အလေးပြု ခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူခြင်း, ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားခြင်း, ငြူစူခြင်းကို မနှောင်ဖွဲ့ခြင်းသည် အခြံအရံ များခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၆။)

ဣဿာ ကင်းစင်နေသော စိတ်ဓာတ်က အသင်သူတော်ကောင်း၏ ဘဝကို မြင့်သထက်မြင့် မြတ်သထက် မြတ်အောင် မြှင့်တင်ပေးနို်င်သော စွမ်းအားရှိ၏။ ဣဿာ ကင်းစင်သည့် ဖြူစင် မြင့်မြတ် အထက်တန်းကျသည့် စိတ်ဓာတ်ရှိသော သူတော်ကောင်းတို့သည် အဆင့်မြင့်သော နတ်ပြည်လောကသို့ပင် ရောက်ရှိနိုင်ကြ၏။ သင့်ဘဝ မြင့်မားရေးအတွက် သင့်စိတ်ဓာတ်ကို ပြုပြင် ပြောင်းလဲပေးပါ။ မိမိသည်ပင် မိမိ၏ ကိုးကွယ်အားထားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးကွယ်အားထားရာ မဟုတ်ပါ။

ဣဿာ ကင်းစင်သော စိတ်ထားဖြင့် ပြုစုပျိုးထောင်ထားအပ်သော ကုသိုလ်ကံသည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး ရှိ၏။ အခြံအရံ ပေါများသည့် အကျော်အစော ဂုဏ်သတင်းကြီးမားသည့် ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိ၏။ ဤကဲ့သို့သော စွမ်းအားရှိခြင်းကြောင့်ပင်လျှင် ဣဿာ ကင်းစင်သည့် ဖြူစင်သော စိတ်ဓာတ်ဖြင့် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံ တစ်ခုသည် အခြံအရံများခြင်းကို ဖြစ်စေတတ်၏။ ဂုဏ်သတင်းကြီးမားခြင်းကို ဖြစ်စေတတ်၏။ ယင်းဣဿာ ကင်းစင်သော စိတ်ဓာတ်ဖြင့် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံကသော်လည်း ပဋိသန္ဓေကိုပင်လျှင် သတ်မှတ်၍ အခြံအရံများအောင် ပြုလုပ်ပေးတတ်၏။ ယင်းသို့ ပြုစုပျိုးထောင်ထားသော ကုသိုကံတို့တွင် သန္နိဋ္ဌာနစေတနာက နတ်ပြည် နတ်လောက၌ ဖြစ်စေနိုင်၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့က လူ့ပြည် လူ့လောက၌ အခြံအရံများခြင်း ဂုဏ်သတင်းကြီးမားခြင်းကို ဖြစ်စေတတ်၏။

အမှတ် (၉) အဖြေ - စည်းစိမ်ဥစ္စာ နည်းပါးခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏအားလည်း ကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက် တည်ထားအပ်သော ထိုမစ္ဆရိယ ပြဓာန်းသော အကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက် ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာ ကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ နည်းပါး၏။ သုဘလုလင် ...သမဏအားလည်း ကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ နည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၆-၂၄၇။)

ဤ၌ မပေးလှူခြင်းဟူသည် မစ္ဆရိယ၏ အစွမ်းဖြင့် မပေးလှူခြင်း ဖြစ်၏။ ထိုမစ္ဆရိယ ပြဓာန်းသော အကု သိုလ်ကံက ငရဲသို့ ပို့ဆောင်ပေးခြင်း စည်းစိမ်ဥစ္စာ နည်းပါးသည့် ဘဝသို့ ရောက်အောင် ပို့ဆောင်ပေးခြင်း ဖြစ်၏။ ဤ၌ မပေးလှူခြင်းမှာ လှူဖွယ်ဝတ္ထု လုံးလုံး မရှိ၍ မပေးလှူသည်ကား မဟုတ်၊ မစ္ဆရိယတရား မရှိသော ပုဂ္ဂိုလ်ကား လှူဖွယ်ဝတ္ထု ထင်ရှားရှိနေလျှင် အထိုက်အလျောက်ကား ပေးလှူသည်သာ ဖြစ်သည်။ (မ၊ဋ္ဌ၊၄၊၁၈၀။ မ၊ဋီ၊၃၊၃၇၆။)

ဤ၌ မပေးလှူခြင်းကြောင့် ငရဲသို့ ရောက်ရသည်ကား မဟုတ်၊ မစ္ဆရိယ ပြဓာန်းသော အကုသိုလ်ကံ ကြောင့်သာ ငရဲသို့ ရောက်ရခြင်း ဖြစ်၏။

ကမ္မေနာတိ တေန မစ္ဆရိယကမ္မေန။ (မ၊ဋ္ဌ၊၄၊၁၈၀။)

မစ္ဆရိယဟူသည် မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတည်းဟူသော စည်းစိမ်ကို အထိမခံနိုင်သည့် သဘောတရားတည်း။ ထိုစိတ်ထားမျိုးသည် အပါယ်သို့ ပို့ဆောင်ပေးနို်င်သည်ဟူသော အချက်ကို အသင်သူတော်ကောင်းသည် မမေ့သင့်ပေ။ တစ်ဖန် ဤသို့သော မစ္ဆရိယ ပြဓာန်းသော စိတ်ထားမျိုး၌ သူတစ်ပါးတို့ ချမ်းသာစေလို သည့် စိတ်ထားများ ကင်းမဲ့နေသည်ကိုလည်း သတိပြုသင့်၏။ မိမိစည်းစိမ်ကို အထိမခံနိုင်သည့် သဘောတရား၌ မိမိစည်းစိမ်ကြောင့် သူတစ်ပါးတို့ ရရှိနိုင်သည့် ချမ်းသာသုခမျိုးကို အလိုမရှိနိုင်သော မကြည့်ရှုနို်င်သော သဘော တရားများပါ ပူးတွဲ ပါဝင်နေ၏။ ဤကဲ့သို့သော စိတ်ထားမျိုးကား မိမိ မကြီးပွား မချမ်းသာဖို့ရန် စည်းစိမ်ဥစ္စာ နည်းပါးဖို့ရန် အခြေခံ အကြောင်းတစ်ရပ် ဖြစ်နေပေသည်။

တစ်နည်း --- ယင်းမစ္ဆရိယတရား ထူပြောသော ပုဂ္ဂိုလ်သည် ပြုစုပျိုးထောင်အပ်သော ကုသိုလ်ကံသည် မစ္ဆရိယ ခြံရံနေသည့်အတွက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး မရှိနိုင်၊ စည်းစိမ်ဥစ္စာ များပြားသည့် ပဋိသန္ဓေ မျိုးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်၊ ဤသို့လျှင် မစ္ဆရိယတရားသည် စည်းစိမ်ဥစ္စာ နည်းပါးမှုကို ဖြစ်စေတတ်၏။ တစ်နည်းဆိုသော် ယင်းမစ္ဆရိယ ခြံရံထားသော ကုသိုလ်ကံသည် ပဋိသန္ဓေကိုပင် သတ်မှတ်ချက်ပေး၍ စည်းစိမ်ဥစ္စာ နည်းပါးအောင် ပြုလုပ်တတ်၏၊ ဆင်းရဲနွမ်းပါးသည့် အမိဝမ်း၌ ပဋိသန္ဓေ တည်နေစေ၏။ တစ်နည်းဆိုသော် -ယင်းမစ္ဆရိယ ပြဓာန်းသော အကုသိုလ်ဇောတို့တွင် သန္နိဋ္ဌာန စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် ယခုကဲ့သို့သော လူဘဝ၌ လူလာဖြစ်ရသည့်အခါ စည်းစိမ်ဥစ္စာ နည်းပါးသူ ဖြစ်ရ၏။

အမှတ် (၁၀) အဖြေ - စည်းစိမ်ဥစ္စာ ပေါများခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏအားလည်း ကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက် တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ ပေါများ၏။ သုဘလုလင် ...သမဏအားလည်းကောင်း, ဗြာဟ္မဏ အားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၇။)

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏီဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ကြဲချ စိုက်ပျိုးလိုက်သော ဒါနကား ကြီးကျယ်ဖွံ့ဖြိုး များမြတ် သော အကျိုး ရှိ၏။ အကယ်၍ အလှူရှင်က ခတ္တိယ မဟာသာလ = မင်းသူဌေးသူကြွယ်, ဗြာဟ္မဏ မဟာသာလ = ပုဏ္ဏား သူဌေးသူကြွယ်, ဂဟပတိ မဟာသာလ = ဂဟပတိ သူဌေးသူကြွယ်ဟူသော လူ့ချမ်းသာကို အလို ရှိငြားအံ့၊ ထိုကုသိုလ်ကံက လူ့ချမ်းသာကိုရအောင် ပြုလုပ်ပေးနိုင်၏။ အကယ်၍ အလှူရှင်က နတ်ချမ်းသာကို အလိုရှိငြားအံ့၊ နတ်ပြည် (၆)ထပ်တွင် ကြိုက်နှစ်သက်ရာဘုံ၌ နတ်ချမ်းသာကို ရအောင် ထိုကုသိုလ်ကံက တည်ထောင် ဖန်ဆင်းပေး၏။ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံ တတ်သောကြောင့် ဖြစ်၏။

ဒါနရှင်တို့၌ ယေဘုယျအားဖြင့် အလှူခံပုဂ္ဂိုလ်တို့၏ ကောင်းကျိုးကို လိုလားတောင့်တချက်များ ရှိနေ တတ်ကြ၏။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်လျက် ဒါနမျိုးစေ့ကို ကြဲချ စိုက်ပျိုးလျက်ရှိသော ဒါနရှင်၏ သန္တာန်၌ အလှူခံပုဂ္ဂိုလ်များထိုထို၏ ကောင်းကျိုးချမ်းသာကို လိုလားတောင့်တလျက်ရှိသော ဤစိတ်ဓာတ်ကား အလွန် မွန်မြတ်သော အလွန် အဆင့်အတန်း မြင့်မားသော စိတ်စွမ်းအင် တစ်မျိုး ဖြစ်၏။ ယင်းစွမ်းအင်သတ္တိများ ခြံရံထားသော ဒါနကုသို်လ်ကံသည် အလှူရှင်အလိုရှိရာ ချမ်းသာသည့် ဘဝတစ်ခုကို ရရှိအောင် တည်ထောင် ဖန်ဆင်းပေးနိုင်၏။

တစ်နည်းဆိုသော် ထိုကံသည် ပဋိသန္ဓေကိုပင်လျှင် သတ်မှတ်ချက်ပေး၍ စည်းစိမ်ချမ်းသာ ပေါများ ပြည့်စုံအောင် ပြုလုပ်ပေး၏။ တစ်နည်း --- ယင်း ဒါနကုသိုလ် စေတနာတို့တွင် သန္နိဋ္ဌာနစေတနာကြောင့် နတ်ပြည်နတ်လောက၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် လူဖြစ်သောအခါ စည်းစိမ်ဥစ္စာ ပေါများ ကြွယ်ဝသူ ဖြစ်ရ၏။

အမှတ် (၁၁) အဖြေ - အမျိုးယုတ်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် စိတ်ဓာတ် ခက်ထန် တင်းမာ၏၊ အလွန် မာနကြီး၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆို၊ နေရာ ပေးထိုက်သူ ကို နေရာမပေး၊ လမ်းခရီး ပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေ ပြုထိုက်သူကို အရိုအသေ မပြု၊ အလေးဂရု ပြုထိုက်သူကို အလေးဂရု မပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အမျိုးယုတ်၏။ သုဘလုလင် ...ထိုစိတ်ဓာတ် ခက်ထန် တင်းမာခြင်း အလွန် မာနကြီးခြင်း ရှိခိုးထိုက်သူကို ရှိမခိုးခြင်း ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆိုခြင်း နေရာ ပေးထိုက်သူကို နေရာမပေးခြင်း လမ်းခရီး ပေးထိုက်သူကို လမ်းခရီးမပေးခြင်း အရိုအသေ ပြုထိုက်သူကို အရိုအသေ မပြုခြင်း အလေးဂရု ပြုထိုက်သူကို အလေးဂရု မပြုခြင်း မြတ်နိုးထိုက်သူကို မမြတ်နိုးခြင်း ပူဇော်ထိုက်သူကို မပူဇော်ခြင်းသည် ယုတ် နိမ့်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၇။)

ဤ၌ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့ဟူသည် --- သမ္မာသမ္ဗုဒ္ဓဘုရားရှင်, ပစ္စေကဗုဒ္ဓဘုရားရှင်, အရိယာသူတော်ကောင်း, မိဘဘိုးဘွား အစ်ကိုကြီး အစ်မကြီး မိကြီး မိထွေး ဘကြီး ဘထွေး စသည့် ရှိခိုးထိုက်သော အသက် ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တော်မူကြသော ပုဂ္ဂိုလ်တို့တည်း။ ခရီးဦး ကြိုဆိုထိုက်သောပုဂ္ဂိုလ် စသည်တို့၌ လည်း နည်းတူပင်တည်း။

ခက်ထန် တင်းမာနေသော စိတ်ထား, နှိမ်ချလို့ မရအောင် အလွန် မာနကြီးနေသော စိတ်ထား, အပေါ်စီးက နေလိုသော စိတ်ထား, အရာရာတွင် အသာယူလိုသော စိတ်ထား --- ဤစိတ်ထားတို့ကား တစ်ဖက်သားကို ယုတ်ညံ့သည်ဟု ယူဆနေသော စိတ်ထားများ ဖြစ်ကြ၏၊ တစ်ဖက်သားကို အောက်တန်းစားဟု ယူဆသော စိတ်ထားများ ဖြစ်ကြ၏။ ယင်းစိတ်ထားများ ကိုယ်တိုင်က ငရဲသို့ ရောက်အောင် ပစ်ချနိုင်သော စွမ်းအားများ ရှိကြ၏။ သုပ္ပဗုဒ္ဓသည် လမ်းခရီး ဖယ်ပေးသင့် ဖယ်ပေးထိုက်သော ဘုရားရှင်အား လမ်းမဖယ်ပေးသည့် အကျင့်ကို ကျင့်မိ၏။ ငရဲသို့ ရောက်ရှိသွား၏။ ယုတ်နိမ့်သော အမျိုးအနွယ်၌ လူဖြစ်အောင် ပို့ဆောင်ပေးနို်င်သော စွမ်းအင်များ သည်လည်း ယင်းစိတ်ထားများ၌ ကိန်းဝပ်လျက်ပင် ရှိကြ၏။

တစ်ဖန် ယင်းကဲ့သို့သော စိတ်ဓာတ် ခက်ထန် တင်းမာမှု မာန်မာနတရားများ ခြံရံလျက် ကောင်းမှုကုသိုလ်ကံ တစ်ခုကို ပြုစုပျိုးထောင်ခဲ့သော် ယင်းကုသိုလ်ကံသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး မရှိနို်င်၊ အမျိုးမြင့် မြတ်သည့် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ မစွမ်းနို်င်၊ ဤသို့လျှင် စိတ်ဓာတ် ခက်ထန် တင်းမာသူ မာန်မာနကြီးသူသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။ ယင်းကဲ့သို့သော မာန်မာနတရားများ ခြံရံထားသော ကုသိုလ်ကံက ပဋိသန္ဓေကို ပင်လျှင် သတ်မှတ်ချက်ပေး၍ အမျိုးယုတ်သူ ဖြစ်အောင် တည်ထောင် ဖန်ဆင်းပေး၏။ ယင်းကံက ယုတ်ညံ့သော အမျိုး၌ ပဋိသန္ဓေ တည်နေစေဟု အမိန့်ချမှတ်ပေးလိုက်၏။ တစ်နည်းဆိုရသော် စိတ်ဓာတ် ခက်ထန် တင်းမာမှု မာန်မာန ပြဓာန်းသည့် အကုသိုလ်ဇောတို့တွင် သန္နိဋ္ဌာနစေတနာကြောင့် သုပ္ပဗုဒ္ဓတို့ကဲ့သို့ ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗ စေတနာ အပရစေတနာတို့ကြောင့် ယုတ်နိမ့်သော အမျိုးအနွယ်၌ လူဖြစ်လာရ၏။

သို့သော် ဤ်မာန ပြဓာန်းသည့် အမျိုးယုတ်ညံ့စေသော အကုသိုလ်ကံ၌ ဥပပီဠကကံ ဥပတ္ထမ္ဘကကံ သဘော မရှိပေ။ ယင်းကံသည် ပဝတ္တိအခါသို့ ရောက်မှ သတ္တဝါတစ်ဦးကို အမျိုးယုတ်ညံ့အောင် မပြုလုပ်နိုင်။ အလားတူပင် အောက်တွင် တင်ပြမည့် အမျိုးမြင့်မြတ်စေတတ်သော ကံ၌လည်း ဥပပီဠကကံ ဥပတ္ထမ္ဘကကံ သဘော မရှိပေ။ ယင်းကံသည်လည်း ပဝတ္တိအခါသို့ ရောက်မှ သတ္တဝါတစ်ဦးကို အမျိုးမြင့်မြတ်အောင် မပြုလုပ်နိုင်။ ပဋိသန္ဓေကို ပင်လျှင် သတ်မှတ်ချက်ပေး၍ အမျိုးယုတ်ညံ့စေသော ကံက ယုတ်နိမ့်သော အမျိုးအနွယ်၌ ဖြစ်စေ၏။ အမျိုး မြင့်မြတ်စေသော ကံက မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ်စေ၏။ ပဝတ္တိအခါ၌ အမျိုးယုတ်ညံ့သူ ဖြစ်နေရခြင်း, အမျိုးမြင့်မြတ်သူ ဖြစ်နေရခြင်းတို့မှာ ယုတ်နိမ့်သော အမျိုးအနွယ်၌ မြင့်မြတ်သော အမျိုးအနွယ်၌ ပဋိသန္ဓေကို တည်စေတတ်သော ကံ၏ အရာသာလျှင် ဖြစ်ပေသည်။ (ဇနကကံ၏ အရာသာ ဖြစ်၏၊ ဥပပီဠကကံ ဥပတ္ထမ္ဘကကံ တို့၏ အရာ မဟုတ်ဟု ဆိုလိုသည်။) (မ၊ဋ္ဌ၊၄၊၁၈၀။ မ၊ဋီ၊၃၊၃၇၆။)

သုပ္ပဗုဒ္ဓကုဋ္ဌီဟု အမည်တွင်သော အနူသည်ကြီးကား ဘဝတစ်ခုဝယ် ရာဇဂြိုဟ်မြို့၌ပင် သူဌေးသားဖြစ်စဉ် ဥယျာဉ်ကစားရန် အသွား လမ်းခုလတ် တစ်နေရာ၌ တဂရသိခိ အမည်ရှိတော်မူသော အရှင်ပစ္စေကဗုဒ္ဓါ တစ်ဆူကို မြို့တွင်းသို့ ဆွမ်းခံဝင်လာသည်ကို မြင်၍ --- ကွာယံ ကုဋ္ဌီ၊ ကုဋ္ဌိစီဝရေန ဝိစရတိ = ဤအနူကြီးသည် အဘယ်သူနည်း၊ အနူဝတ်ရုံသည့် အဝတ်မျိုးကို ဝတ်ရုံလျက် လှည့်လည်နေ၏ဟု ပြောဆိုလျက် တံထွေးထွေးကာ မရိုမသေ ပြု၍ ထွက်ခွာသွား၏။ သူဌေးသား ဖြစ်သဖြင့် မိမိကိုယ်ကို မိမိ အထင်ကြီးနေ၏၊ အရှင်ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူသည့် သူတော်ကောင်း တစ်ဦးကို အထင်သေးနေ၏။ ရိုသေသင့် ရိုသေထိုက်သူကို မရိုမသေ ပြုမူ ဆက်ဆံခဲ့၏။ ထို အကုသိုလ်ကံကြောင့် ငရဲသို့ ရောက်ခဲ့ရ၏။ ငရဲမှ လွတ်လာသောအခါ ရာဇဂြိုဟ်ဝယ် အယုတ်ညံ့ဆုံးသော အမျိုးအနွယ်၌ လူလာဖြစ်ရ၏။ အထီးကျန် သူတောင်းစားဘဝ အနူဘဝသို့ ရောက်အောင် ထိုကံက တည်ထောင် ဖန်ဆင်းပေးလိုက်၏။ (ဥဒါန်းပါဠိတော်၊၁၃၆။)

အမှတ် (၁၂) အဖြေ - အမျိုးမြတ်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိ၊ အလွန် မာနမကြီး = ထောင်လွှားမှု မာန်မာန မရှိ၊ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦး ကြိုဆို၏၊ နေရာ ပေးထိုက်သူကို နေရာ ပေး၏၊ လမ်းခရီး ပေးထိုက်သူကို လမ်းခရီး ပေး၏၊ အရိုအသေ ပြုထိုက်သူကို အရိုအသေ ပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက် သူကို ပူဇော်၏။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ် သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်း မှု ပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အမျိုးမြတ်၏။ သုဘလုလင် ...ထို စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိခြင်း အလွန် မာန်မာနမကြီးခြင်း = ထောင်လွှားမှု မာန်မာန မရှိခြင်း = မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီး- ဦး ကြိုဆိုထိုက်သူကို ခရီးဦး ကြိုဆိုခြင်း နေရာ ပေးထိုက်သူကို နေရာ ပေးခြင်း လမ်းခရီး ပေးထိုက်သူကို လမ်း ခရီး ပေးခြင်း အရိုအသေ ပြုထိုက်သူကို အရိုအသေ ပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက် သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၇-၂၄၈။)

ဤကျင့်ဝတ် ပဋိပတ်တို့ကား ပိုက်ဆံ တစ်ပြားမျှ မကုန်ကျရဘဲ အသင်သူတော်ကောင်း၏ ဘဝကို အလွန် အဆင့် မြင့်မားအောင် မြှင့်တင်ပေးနေသော အလွန် ထက်မြက် စူးရှနေသော စွမ်းအင်ကြီးများ ဖြစ်ကြ၏။ ဤ ကျင့်ဝတ် ပဋိပတ်တို့ကို ရိုသေ ကျိုးနွံစွာ ဖြည့်ကျင့်နေသော ကုသိုလ်စိတ်အစဉ်၌ ထိုဖြည့်ကျင့်နေသော သတ္တဝါဟု ခေါ်ဆိုအပ်သော ရုပ်နာမ်သန္တာန်အစဉ်ကို နတ်ပြည်လောက၌ ဖြစ်အောင် မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ် အောင် တည်ထောင် ဖန်ဆင်းပေးနို်င်သော စွမ်းအင်သတ္တိထူးများ ကိန်းဝပ် တည်နေကြ၏။ ယင်းကျင့်ဝတ်တို့ကို ဖြည့်ကျင့်စဉ်ဝယ် ဖြည့်ကျင့်သူ၏ သန္တာန်၌ အသက် ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တော်မူသော ပုဂ္ဂိုလ်တို့ကို အမြင့်၌ ထား၍ မိမိကိုယ်ကို အနိမ့်၌ ထားကာ နှိမ်ချသော စိတ်ဓာတ်များ ကိန်းဝပ်လျက် ရှိကြ၏။ ယင်းကဲ့သို့ သော စိတ်ထားများက မြင့်မြတ်သော ဘဝတစ်ခုကို ရရှိအောင် တည်ထောင် ဖန်ဆင်းပေးလိုက်ကြ၏။ ယင်း ကျင့်ဝတ် ပဋိပတ်တို့ကို ဖြည့်ကျင့်နေသော သူတော်ကောင်းတစ်ဦး၏ ပြုစုပျိုးထောင်လိုက်သော အခြားအခြား သော ကောင်းမှုကုသိုလ်သည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးကို ဖြစ်စေနိုင်၏။ အမျိုးမြင့်မြတ် သည့် ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ ဤသို့လည်း အမျိုးမြင့်မြတ်သူ တစ်ဦး ဖြစ်လာရ၏။ တစ်နည်း --- ထိုကံက ပဋိသန္ဓေကို အမျိုး မြင့်မြတ်သူတစ်ဦး ဖြစ်အောင် သတ်မှတ်ချက်ပေး၍ မြင့်မြတ်သော အမျိုးအနွယ်၌ လူဖြစ် အောင် ပြုလုပ်ပေး၏။ တစ်နည်း --- အမျိုးမြင့်မြတ်ကြောင်း ကျင့်ဝတ် ပဋိပတ်တို့ကို ဖြည့်ကျင့်ရာဝယ် သန္နိဋ္ဌာန စေတနာကြောင့် နတ်ပြည်နတ်လောက၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် လူ့ပြည်လူ့လောက ဝယ် အမျိုးမြင့်မြတ်သူ ဖြစ်လာရ၏။

ဤကျင့်ဝတ်တို့ကား ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ အခြေခံ ကျင့်ဝတ် ပဋိပတ်တို့ပင် ဖြစ်ကြ၏။ ယင်း အခြေခံ ယဉ်ကျေးမှု ကျင့်ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်သူသည် လူ့လောကဝယ် အဆင့်အနိမ့်ဆုံး၌ တည်ရှိသော ဒွန်းစဏ္ဍား တစ်ဦးပင် ဖြစ်ချင် ဖြစ်ပါစေ။ ယင်းသို့ ဖြည့်ကျင့်နေသော ကုသိုလ် စေတနာတို့က ယင်းဒွန်းစဏ္ဍား တစ်ဦးကို အလွန် အဆင့်အတန်း မြင့်သော နတ်ပြည်နတ်လောကသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော အလွန် ကြီးမား သော စွမ်းအားများ ရှိကြ၏။ ဝိမာနဝတ္ထုပါဠိတော်ကြီး၌ စဏ္ဍာလီအမည်ရသော ဒွန်းစဏ္ဍားအမယ်အို တစ်ယောက် အကြောင်း လာရှိ၏။ ရာဇဂြိုဟ်မြို့တွင်းသို့ ရဟန်းသံဃာတော်များ ခြံရံလျက် ဆွမ်းခံ ကြွဝင်လာတော်မူသော ဘုရားရှင်အား ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်လိုက်ရသည့် ကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သွားသောအခါ ကြီးကျယ်ခန်းနားသော ဘုံဗိမာန်ပိုင်ရှင် စဏ္ဍာလီ အမည်ရှိသော နတ်သမီးတစ်ဦး ဖြစ်သွားကြောင်း လာရှိ၏။ ရှိခိုးသင့် ရှိခိုးထိုက်သည့် သူတော်ကောင်းတို့အား ရိုသေလေးမြတ်စွာ ကြည်နူးဝမ်းမြောက်စွာ ရှိခိုးလိုက်သည့် ကုသိုလ်, လက်အုပ်ချီမိုးလို်က်သည့် ကုသိုလ်ကံတို့က ထုတ်ဆောင်ကယ်တင် သွားခြင်း ဖြစ်၏။ (ဝိမာနဝတ္ထု၊ ၂၅။) ယင်းကဲ့သို့သော ကုသိုလ်ကံတို့ကား သုနိတကဲ့သို့သော မစင်ဘင်ကျုံးသမား တစ်ဦးကိုပင် အရဟတ္တဖိုလ်၌ တည်သည်တိုင်အောင် အားပေးထောက်ပံ့နိုင်၏။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲနိုင်ခြင်းကြောင့် ရရှိလာသော အကျိုးတရားပင် ဖြစ်၏။

အမှတ် (၁၃) အဖြေ - ပညာမဲ့ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏကိုလည်း ကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ...

၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊

၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊

၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊

၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊

၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊

၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊

၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။

၈။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း ---

ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို မပြု၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထို်ကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏။ သုဘလုလင် ...သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် --- အရှင်ဘုရား ... အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊ အဘယ်တရားသည် မှီဝဲထိုက် သော တရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း၊ ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၈။)

န ပရိပုစ္ဆိတာ ဟောတီတိ ဧတ္ထ ပန အပရိပုစ္ဆနေန နိရယေ န နိဗ္ဗတ္တတိ။ အပရိပုစ္ဆကော ပန ဣဒံ ကာတဗ္ဗံ ဣဒံ န ကာတဗ္ဗန္တိ န ဇာနာတိ၊ အဇာနန္တော ကာတဗ္ဗံ န ကရောတိ၊ အကာတဗ္ဗံ ကရောတိ။ တေန နိရယေ နိဗ္ဗတ္တတိ၊ ဣတရော သဂ္ဂေ။ (မ၊ဋ္ဌ၊၄၊၁၈၀။)

ဤအရာ၌ အထက်ပါ သိသင့် သိထိုက်သော မေးခွန်း အရပ်ရပ်တို့ကို မမေးရုံသက်သက်မျှဖြင့် ငရဲ၌ ဖြစ်ရသည်ကား မဟုတ်၊ စင်စစ်မှာမူ ထိုသို့ ပညာရှိသူတော်ကောင်းတို့ကို ချဉ်းကပ်၍ မေးလေ့မရှိသော ပုဂ္ဂိုလ်သည် ဤအမှုကား ပြုသင့် ပြုထိုက်၏၊ ဤအမှုကား မပြုသင့် မပြုထိုက်ဟု မသိပေ။ မသိခဲ့သော် ပြုသင့် ပြုထိုက် သည်ကို မပြု၊ မပြုသင့် မပြုထိုက်သည်ကို ပြုတတ်၏။ ထိုသို့ ပြုသင့် ပြုထိုက် သည်ကို မပြုဘဲ မပြုသင့် မပြု ထိုက်သည်ကို ပြုခြင်းကြောင့် ငရဲ၌ ဖြစ်ရ၏။ (မ၊ဋ္ဌ၊၄၊၁၈၀။)

အမှတ် (၁၄) အဖြေ - ပညာဉာဏ် ကြီးမားခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏကိုလည်း ကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ...

၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊

၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊

၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊

၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊

၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊

၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊

၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။

၈။ အဘယ်တရားကို လိုက်နာပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း။

ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ လိုက်နာ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာဉာဏ် ကြီးမား၏။ သုဘလုလင် ...သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ...

၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊

၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊

၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊

၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊

၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊

၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊

၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။

၈။ အဘယ်တရားကို လိုက်နာပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း။

ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို ပြုခြင်းသည် ပညာဉာဏ် ကြီးမားခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၈-၂၄၉။)

ဤ၌လည်း အထက်ပါ မေးခွန်း အရပ်ရပ်တို့ကို မေးရုံသက်သက်မျှဖြင့် နတ်ပြည်သို့ ရောက်ရသည်လည်း မဟုတ်၊ ပညာဉာဏ် ကြီးမားသွားသည်လည်း မဟုတ်၊ ထိုသို့ မေးမြန်း လျှောက်ထားသော ပုဂ္ဂိုလ်သည် ထိုသို့ မေးမြန်း လျှောက်ထားခြင်းတည်းဟူသော အကြောင်းကြောင့် ---ဤအမှုကား ပြုသင့် ပြုထိုက်၏၊ ဤအမှုကား မပြုသင့် မပြုထိုက်ဟု သိ၏၊ သိခွင့်ရသဖြင့် ပြုသင့် ပြုထိုက်သော ကောင်းမှုကုသိုလ်ကို ပြုကျင့်၏၊ မပြုသင့် မပြုထိုက်သော အကုသိုလ်ကို ရှောင်ကြဉ်၏။ ထိုသို့ မပြုသင့် မပြုထိုက်သော အကုသိုလ်ကို ရှောင်ကြဉ်ခြင်း ပြုသင့် ပြုထိုက်သော ကုသိုလ်တရားကို ပြုကျင့်ခြင်း မှီဝဲခြင်း ပွားများခြင်းကြောင့် နတ်ပြည်လောက၌ ဖြစ်ရ၏။ ပညာဉာဏ် ကြီးမားရ၏။ (မ၊ဋ္ဌ၊၄၊၁၈၀။)

လောက၌ ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူသည်ဖြစ်စေ, မပွင့်ထွန်း မပေါ်ပေါက်သည်ပင်ဖြစ်စေ ကုသိုလ်တရား အကုသိုလ်တရားတို့ကား ထင်ရှား တည်ရှိလျက်ပင် ဖြစ်ကြ၏၊ သို့သော် ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာသောအခါ သာဝကတို့သည် --- ဤကား ကုသိုလ်တရား ဤကား အကုသိုလ်တရား, ဤ ကား အပြစ်ရှိသော တရား ဤကား အပြစ်မရှိသော တရား, ဤကား မှီဝဲထိုက်သော တရား ဤကား မမှီဝဲထိုက် သော တရား, ဤကား အကျိုးရှိသော တရား ဤကား အကျိုးမရှိသော တရားဟု ကွဲကွဲပြားပြား သိရှိခွင့်ရကြ၏။ ဤအကုသိုလ်တရားကား မကောင်းသော အကျိုးကို ဖြစ်စေတတ်၏၊ ဤကုသိုလ်တရားကား ကောင်းသော အကျိုး ကို ဖြစ်စေတတ်၏၊ ဤအကုသိုလ်ကို ရှောင်ကြဉ်ပါ၊ ဤကုသိုလ်ကို ပြုကျင့်ပါ၊ မှီဝဲပါ၊ ပွားများပါ --- ဤသို့စသည် ဖြင့် သာဝကတို့သည် ကွဲကွဲပြားပြား သိရှိခွင့်ရကြ၏။ ဤသို့ သိရှိခွင့်ရကြသဖြင့် သဒ္ဓါတရားရှိကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် သိက္ခာသုံးရပ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကုသိုလ်တရားတို့ကို မှီဝဲကြ၏၊ ပွားများကြ၏၊ အားထုတ်ကြ၏။ အရဟတ္တဖိုလ်တိုင်အောင်သော ကြီးမားသော ဉာဏ်ပညာတို့ကို ရရှိ တော်မူကြ၏။ ယင်းအရဟတ္တဖိုလ် ဉာဏ်ပညာကြီးကား မိမိကိန်းဝပ်ရာ သတ္တဝါကို နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေခြင်းတည်းဟူသော ဇာတိဘေးဆိုးကြီးမှ လွတ်အောင် အိုဘေးဆိုးကြီးမှ လွတ်အောင် နာဘေးဆိုးကြီးမှ လွတ်အောင် သေဘေးဆိုးကြီးမှ လွတ်အောင် အပြီးတိုင် ထုတ်ဆောင် ကယ်တင်ပေးနို်င်သော စွမ်းအင် အပြည့်အဝ ရှိသော ဉာဏ်ပညာကြီး ဖြစ်၏။ ဤကဲ့သို့သော ဉာဏ်ပညာမျိုးကို ကြီးမားသော ဉာဏ်ပညာကြီးဟု မဆိုထိုက်ပြီလော? သာဝကတို့အဖို့ ဘုရားရှင်၏ သာသနာတော်တွင်း၌သာ ရရှိနိုင်သော ဉာဏ်ပညာမျိုးပင် ဖြစ်ပေသည်။

၁။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ရုပ်တရားတို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ် ပညာ = ရူပပရိဂ္ဂဟဉာဏ်,

၂။ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း နာမ်တရားတို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ် ပညာ = အရူပပရိဂ္ဂဟဉာဏ်,

၃။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကာလ သုံးပါးလုံး၌ အကြောင်းတရား အကျိုးတရား တို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ်ပညာ = ပစ္စယပရိဂ္ဂဟဉာဏ်,

၄။ ဤ လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသား တင်ပြနေဆဲ ဖြစ်သော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ်ပညာ = နာမရူပပရိဂ္ဂဟဉာဏ်,

၅။ ဝိပဿနာပိုင်းတွင် ရေးသား တင်ပြလတ္တံ့ ဖြစ်သော ဝိပဿနာဉာဏ်ပညာ ---

ဤဉာဏ်ပညာတို့မှာလည်း ယခုအခါဝယ် သာသနာတော်တွင်း၌သာ ရရှိနိုင်သော ဉာဏ်ပညာတို့ ဖြစ်ကြ၏။ ကြီးမားသော ဉာဏ်ပညာတို့သာ ဖြစ်ကြ၏။ ယင်းဉာဏ်ပညာတို့ကို ရရှိတော်မူကြသော သူတော်ကောင်းတို့သည် လည်း ဉာဏ်ပညာကြီးမားသူတို့သာ ဖြစ်ကြပေသည်။ ယနေ့ မျက်မှောက်ခေတ်ဝယ် သာသနာပအယူအဆ ရှိ ကြသော မည်သည့် ဒဿနိကပညာရှင်မှ မည်သည့် သိပ္ပံဆရာမှ မရရှိနိုင်သေးသော ဘုရားရှင်၏ တပည့်သာဝက တို့သည်သာ ရရှိနိုင်စွမ်းသော ဉာဏ်ပညာမျိုးတို့ ဖြစ်ကြ၏။ အမြော်အမြင်ရှိသူ သူတော်ကောင်းမှန်သမျှ မရအရ ကြိုးပမ်းထားသင့်သော ဉာဏ်ပညာတို့ ဖြစ်ကြ၏။ အသင်သူတော်ကောင်းသည် မိမိ ရရှိထားသော အခွင့်ကောင်းကြီးကို လက်မလွတ်ပါစေနှင့်၊ ရအောင် ကြိုးပမ်းပါလော။

ဒေသနာတော်နိဂုံး

သုဘလုလင် ...ဤသို့လျှင် ----

၁။ အသက် တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက် တိုခြင်းသို့ ဆောင်တတ်၏။

၂။ အသက် ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက် ရှည်ခြင်းသို့ ဆောင်တတ်၏။

၃။ အနာရောဂါ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါ များခြင်းသို့ ဆောင်တတ်၏။

၄။ အနာရောဂါ ကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါ ကင်းခြင်းသို့ ဆောင်တတ်၏။

၅။ အဆင်း မလှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်း မလှခြင်းသို့ ဆောင်တတ်၏။

၆။ အဆင်း လှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်း လှခြင်းသို့ ဆောင်တတ်၏။

၇။ အခြံအရံ မရှိခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ မရှိခြင်းသို့ ဆောင်တတ်၏။

၈။ အခြံအရံ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏။

၉။ စည်းစိမ်ဥစ္စာ နည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏။

၁၀။ စည်းစိမ်ဥစ္စာ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ များခြင်းသို့ ဆောင်တတ်၏။

၁၁။ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင်တတ်၏။

၁၂။ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏။

၁၃။ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏။

၁၄။ ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏။

သုဘလုလင် ...သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့သာလျှင် ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရင်းစစ် ရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ပုန်းအောင်း လည်းလျောင်း မှီခိုရာ ရှိကုန်၏၊ သတ္တဝါတို့ကို ယုတ်ညံ့သူ ဖြစ်ဖို့ရန် မြင့်မြတ်သူ ဖြစ်ဖို့ရန် (= ယုတ်ညံ့သူ ဖြစ် အောင် မြင့်မြတ်သူ ဖြစ်အောင်) ကံကသာလျှင် ဝေဖန်၏။ ---

ဤသို့ မိန့်ကြားတော်မူလတ်သော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်ထား၏။ ---

အရှင်ဂေါတမ ...တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ ...တရားတော် သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ ...ဥပမာအားဖြင့် မှောက်ထားသည့် အရာဝတ္ထုကို လှန်ပြလိုက်ဘိသကဲ့သို့လည်းကောင်း, ဖုံးလွှမ်းထားသည့် အရာဝတ္ထုကို ဖွင့်လှစ်ပြလိုက်ဘိသကဲ့သို့လည်းကောင်း, လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်ဘိသကဲ့သို့လည်းကောင်း, မျက်စိအမြင် ရှိသောသူတို့သည် အဆင်းရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ကြလိမ့်မည်ဟု နှလုံးပိုက်၍ အမိုက်မှောင်ထဲ၌ ဆီမီးတန်ဆောင်ကို ထွန်းဆောင်ပြလိုက်ဘိသကဲ့သို့လည်းကောင်း, အရှင်ဂေါတမ ...ဤဥပမာအတူသာလျှင် အရှင်ဂေါတမသည် များစွာ သော အကြောင်းဖြင့် တရားတော်ကို ဟောကြားပြသတော်မူပါပေ၏။ အရှင်ဂေါတမ ...ထိုတပည့်တော်သည် အရှင်ဂေါတမကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ အရှင်ဂေါတမသည် တပည့်တော် ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟု ယုံကြည် သိမှတ် ဆည်းကပ်တတ်သော ဥပါသကာဟူ၍ အသိအမှတ်ပြုတော်မူပါဘုရား ...

ဤသို့ သုဘလုလင်က လျှောက်ထား၏။ (မ၊၃၊၂၄၃-၂၄၉။)

ဤတွင် စူဠကမ္မဝိဘင်္ဂသုတ္တန် ပြီးဆုံးပေပြီ။

ကံတရားအကြောင်းကို အသင်သူတော်ကောင်းသည် တစ်စိတ်တစ်ဒေသ သဘောပေါက်သင့်ပေပြီ၊ သင်္ခါရက္ခန္ဓာတရားစုတို့က အကျိုးတရားများ ဖြစ်ပေါ်လာအောင် ပြုပြင်ပုံ အပိုင်းပင် ဖြစ်သည်။

စိတ်သည် ပင်ကိုယ် သဘောအားဖြင့် ဖြူစင်၏။ စေတသိက်တို့က ဝင်ရောက် ခြယ်လှယ်လိုက်သဖြင့် ထူးထွေ ဆန်းပြားလာ၏။ စိတ်ဓာတ်၏ ထူးထွေ ဆန်းကြယ်မှုကြောင့် ကံများလည်း ဆန်းကြယ်လာကြ၏။ ကံဆန်းကြယ်ခြင်းကြောင့် သတ္တဝါတို့လည်း ဆန်းကြယ်လာကြရ၏၊ ယုတ်ညံ့သူ မြင့်မြတ်သူ ဖြစ်လာကြရ၏။ ထိုကြောင့် အသင်သူတော်ကောင်းသည် မြင့်မြတ်သည့် သူတော်စင်တစ်ဦး ဖြစ်လိုပါမူ အသင်သူတော်ကောင်း၏ စိတ်ဓာတ်ကို ပြုပြင် ပြောင်းလဲပေးပါ။ သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးပါ။

သင်္ခါရက္ခန္ဓာအကြောင်းကို ဤတွင် ရပ်နား၍ သင်္ခါရက္ခန္ဓာ စာရင်းဝင် စေတသိက် (၅၀)တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်လက် တင်ပြအပ်ပါသည်။

__________

စိတ်နှင့် စေတသိက်အကြောင်း

ယခုအခါ၌ သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက် အလုံး (၅၀)တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်၍ ရေးသား တင်ပြတော့မည် ဖြစ်သည်။ မတင်ပြမီ စိတ် စေတသိက်တို့၏ အကြောင်းကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

လောကီယဓမ္မဥှိ ပတွာ စိတ္တံ ဇေဋ္ဌကံ စိတ္တံ ဓုရံ စိတ္တံ ပုဗ္ဗင်္ဂမံ ဟောတိ၊ လောကုတ္တရဓမ္မံ ပတွာ ပညာ ဇေဋ္ဌိကာ ပညာ ဓုရာ ပညာ ပုဗ္ဗင်္ဂမာ။ (အဘိ၊ဋ္ဌ၊၁၊၁၁၀။)

လောကိယဓမ္မပိုင်းသို့ ရောက်ရှိလာလတ်သော် ယင်းလောကီယဓမ္မ၌ စိတ်ကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ လောကုတ္တရာပိုင်းသို့ ရောက်လတ်သော် ယင်း လောကုတ္တရာတရားစု၌ ပညာကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၁၀။)

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟူသော စေတသိက်တရားစုတို့သည် စိတ်သာလျှင် ေ့ရှသွား ခေါင်းဆောင် ရှိကြကုန်၏၊ စိတ်သာလျှင် အမြတ်ဆုံး ရှိကြကုန်၏၊ စိတ်သာလျှင် အကြီးအကဲ ရှိကြကုန်၏၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ မတော်လောဘ ဒေါသ အစရှိသော အပြစ်တို့သည် ဖျက်ဆီးအပ်သောစိတ်ဖြင့် အကယ်၍မူလည်း ပြောဆိုငြားအံ့၊ အကယ်၍မူလည်း ပြုလုပ်ငြားအံ့၊ အကယ်၍မူလည်း ကြံစည်ငြားအံ့၊ ထိုသို့ ပြောဆို ပြုလုပ် ကြံစည်ခြင်းကြောင့် ဝန်ကိုဆောင်သော နွား၏ခြေရာ နောက်သို့ လှည်းဘီးသည် အစဉ်လိုက်၏သို့ ထိုပုဂ္ဂိုလ်၏ နောက်သို့ ဆင်းရဲဒုက္ခဟူသမျှသည် အစဉ်တစိုက် လိုက်ပါ၍ နေပေ၏။ (ဓမ္မပဒ၊၁၃။)

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟူသော စေတသိက်တရားစုတို့သည် စိတ်သာလျှင် ေ့ရှသွား ခေါင်းဆောင် ရှိကြကုန်၏၊ စိတ်သာလျှင် အမြတ်ဆုံး ရှိကြကုန်၏၊ စိတ်သာလျှင် အကြီးအကဲ ရှိကြကုန်၏၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ ကြည်လင်သန့်ရှင်းသော စိတ်ထားဖြင့် အကယ်၍မူလည်း ပြောဆိုငြားအံ့၊ အကယ် ၍မူလည်း ပြုလုပ်ငြားအံ့၊ အကယ်၍မူလည်း ကြံစည်ငြားအံ့၊ ထိုသို့ ပြောဆို ပြုလုပ် ကြံစည်ခြင်းကြောင့် အရိပ်သည် ကိုယ်၏ နောက်သို့ အစဉ်လိုက်၏သို့ ထိုပုဂ္ဂိုလ်၏ နောက်သို့ ချမ်းသာသုခဟူသမျှသည် အစဉ်တစိုက် လိုက်ပါ၍ နေပေ၏။ (ဓမ္မပဒ၊၁၃။)

သတ္တဝါအပေါင်းကို အဘိသင်္ခါရဝိညာဏ်ဟု ဆိုအပ်သော စိတ်သည် ထိုထို ဘဝသို့ ရောက်အောင် ဆောင်ပို့ အပ်၏။ သတ္တဝါအပေါင်းကို အဘိသင်္ခါရဝိညာဏ်ဟု ဆိုအပ်သော စိတ်သည် ထိုထို ဘဝသို့ ရောက်အောင် ဆွဲငင် ဆောင်ယူသွား၏။ (သံ၊၁၊၃၆။) (ဤ၌ အဘိသင်္ခါရဝိညာဏ် ဟူသည် ဘဝတစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင် ဖန်တီးပေးသော စေတနာ ပြဓာန်းသော ကမ္မဝိညာဏ်တည်း။)

စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ရဟန်းတို့ ...စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏၊ စိတ်ဓာတ် ဖြူစင် သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏။ (သံ၊၂၊၁၂၃။)

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ၊၁၊၉။)

ရဟန်းတို့ ...အိမ်ရှင် ဘဝင်စိတ်သည် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်သော အရောင် ရှိ၏ = ကြည်လင်၏ = ဖြူစင်၏။ ထိုစိတ်သည် ဧည့်သည် အာဂန္တုက ဖြစ်ကုန်သော ရာဂ အစရှိသော ဥပက္ကိလေသ တရားတို့ကြောင့် ညစ်နွမ်းရ၏။ (အံ၊၁၊၉။)

ဒါယကာ ...စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် မစောင့်ရှောက်အပ်သည်ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံ ဝစီကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ ဝစီကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ မနောကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏။ ကိလေသာ ဖြင့် စိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်၏၊ ဝစီကံသည်လည်း ဆွေးမြည့်၏၊ မနောကံသည်လည်း ဆွေးမြည့်၏။ ဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်း သော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည် မမည်၊ အခြင်ကိုလည်း စောင့်ရှောက်သည် မမည်၊ နံရံကိုလည်း စောင့်ရှောက်သည် မမည်၊ အထွတ်သည် လည်း မိုးရေဖြင့် စိုစွတ်၏၊ အခြင်တို့သည်လည်း မိုးရေဖြင့် စိုစွတ်ကုန်၏၊ နံရံသည်လည်း မိုးရေဖြင့် စိုစွတ်၏၊ အထွတ်သည်လည်း ဆွေးမြည့်၏၊ အခြင်တို့သည်လည်း ဆွေးမြည့်ကုန်၏၊ နံရံသည်လည်း ဆွေးမြည့်၏။

ဒါယကာ ...ဤအတူပင်လျှင် စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံ ဝစီ ကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ ဝစီကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ မနောကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏။ ကိလေသာဖြင့် စိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်၏၊ ဝစီကံသည်လည်း ဆွေးမြည့်၏၊ မနောကံသည်လည်း ဆွေးမြည့်၏။ ဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ်သည်ရှိသော် ကာယကံ ကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက် သည် မည်၏။ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ ဝစီကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ မနောကံသည်လည်း ကိလေသာဖြင့် မစိုစွတ်။ ကိလေသာဖြင့် မစိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း မဆွေးမြည့်၊ ဝစီကံသည်လည်း မဆွေးမြည့်၊ မနောကံသည်လည်း မဆွေးမြည့်။ မဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည် မည်၏၊ အခြင်တို့ကိုလည်း စောင့်ရှောက်သည် မည်ကုန်၏၊ နံရံကိုလည်း စောင့်ရှောက်သည် မည်၏၊ အထွတ်သည်လည်း မိုးရေဖြင့် မစိုစွတ်၊ အခြင်တို့သည်လည်း မိုးရေဖြင့် မစိုစွတ်ကုန်၊ နံရံသည်လည်း မိုးရေဖြင့် မစိုစွတ်။ အထွတ်သည်လည်း မဆွေးမြည့်၊ အခြင်တို့သည်လည်း မဆွေးမြည့်ကုန်၊ နံရံသည်လည်း မဆွေးမြည့်။

ဒါယကာ ...ဤအတူသာလျှင် စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ် သည် ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏။ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံ သည်လည်း ကိလေသာဖြင့် မစိုစွတ်၊ ဝစီကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ မနောကံသည်လည်း ကိလေသာဖြင့် မစိုစွတ်။ ကိလေသာဖြင့် မစိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း မဆွေးမြည့်၊ ဝစီကံသည်လည်း မဆွေးမြည့်၊ မနောကံသည်လည်း မဆွေးမြည့်။ မဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။ (အံ၊၁၊၂၆၄-၂၆၅။)

ဒါယကာ ...စိတ်သည် ရာဂ ဒေါသ စသည်တို့ကြောင့် ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်သည်ရှိသော် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံသည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏။ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်သည်လည်း ပျက်စီး၏၊ အခြင်သည်လည်း ပျက်စီး၏၊ နံရံသည်လည်း ပျက်စီး၏။

ဒါယကာ ...ဤဥပမာအတူပင်လျှင် စိတ်ဓာတ် ပျက်စီးလျှင် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံ သည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏။ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...စိတ်ဓာတ် မပျက်စီးလျှင် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး။ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်သည်လည်း မပျက်စီး၊ အခြင်တို့သည်လည်း မပျက်စီးကုန်၊ နံရံသည်လည်း မပျက်စီး။

ဒါယကာ ...ဤဥပမာအတူပင်လျှင် စိတ်ဓာတ်သည် ရာဂ ဒေါသ စသည်တို့ကြောင့် ဖောက်ပြန် ပျက်စီး ခြင်းသို့ မရောက်လတ်သော် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး။ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။ (အံ၊၁၊၂၆၅-၂၆၆။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော မဖြစ်စေအပ်သေး သော (ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော) ဤစိတ်သည် (ဝိပဿနာ၏ အခြေခံ အကြောင်းရင်း ဖြစ်သော ပါဒကစျာန် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့သို့ ရောက်အောင်) ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော စိတ်သည် ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူ။ (အံ၊၁၊၄။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများအပ်ပြီးသော ဤစိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူသော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီး သော စိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူ၏။ (အံ၊၁၊၄။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော ထင်ရှား မဖြစ်ပေါ် သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာတို့၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော ထင်ရှား ဖြစ်ပေါ် ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ဤဥပမာအတူ များစွာ အကျိုးရှိခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုး မဲ့ခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေး သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးရှိခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော အဖန်ဖန် အထပ် ထပ် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့ ဤအတူ ဆင်းရဲဒုက္ခကို ဆောင်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေးသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ် ပြီးသော ဤစိတ်သည် ချမ်းသာသုခကို ဆောင်သကဲ့သို့ ဤအတူ ချမ်းသာသုခကို ဆောင်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများ ထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် ချမ်းသာသုခကို ဆောင်၏။ (အံ၊၁၊၅။)

လွန်ကဲသော ပညာ ရှိကုန်သော ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့သည် မဆုတ်ယုတ်ကုန်။ (အံ၊၁၊၁၅၃၊၃၄၁။)

ပညာသည် အဘယ်အကျိုး ရှိသနည်း? ပညာသည် သစ္စာလေးရပ် တရားမြတ်တို့ကို ထူးသော ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ခြင်း အကျိုးရှိ၏၊ ပိုင်းပိုင်းခြားခြား သိခြင်း အကျိုးရှိ၏၊ ပယ်စွန့်နိုင်ခြင်း အကျိုးရှိ၏။ (= ဒုက္ခသစ္စာ တရား သမုဒယသစ္စာတရားတို့ကို ဉာတပရိညာပညာဖြင့် ထိုးထွင်းသိခြင်း အကျိုးရှိ၏၊ တီရဏပရိညာ ပညာဖြင့် ပိုင်းပိုင်းခြားခြား သိခြင်း အကျိုးရှိ၏၊ ပဟာန ပရိညာပညာဖြင့် ကိလေသာကို ပယ်စွန့်နိုင်ခြင်း အကျိုးရှိ၏။) (မ၊၁၊၃၆၇။)

ရဟန်းတို့ ...ပညာရှိသော အရိယသာဝက၏ သန္တာန်၌ ထိုပညာသို့ အစဉ်လိုက်သော သဒ္ဓါသည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သော ဝီရိယသည် ကောင်းစွာတည်၏၊ ထိုပညာသို့ အစဉ်လိုက်သော သတိသည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သော သမာဓိသည် ကောင်းစွာ တည်၏။ (သံ၊၃၊၁၉၅။)

ဤသို့လျှင် လောကိယဓမ္မပိုင်းသို့ ရောက်ရှိလာလတ်သော် ယင်းလောကိယဓမ္မ၌ စိတ်ကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ လောကုတ္တရာပိုင်းသို့ ရောက်လတ်သော် ယင်းလောကုတ္တရာ တရားစု၌ ပညာကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၁၁။)

ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရား သည် ဝဋ္ဋ မည်၏။ ထိုဝဋ္ဋကို ရရှိဖို့ရန် အခြေခံ အကြောင်းရင်း ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှသည် ဝဋ္ဋပါဒ မည်၏။ သမုဒယသစ္စာတရားစုတည်း။ လောကုတ္တရာတရား (၉)ပါးသည်ကား ဝိဝဋ္ဋ မည်၏။ ထိုဝိဝဋ္ဋ မည်သော လောကုတ္တရာတရား (၉)ပါးကို ရခြင်း၏ အကြောင်းရင်း ဖြစ်သော ကုသိုလ်ကံမှန်သမျှသည် ဝိဝဋ္ဋပါဒ မည်၏။ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတို့လည်း ပါဝင်ကြ၏၊ ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော သီလကုသိုလ် သမာဓိကုသိုလ် ဝိပဿနာကုသိုလ် အရိယမဂ်ကုသိုလ်တို့ လည်း ပါဝင်ကြ၏။ (အံ၊ဋ္ဌ၊၁၊၄၀။)

ထိုတွင် ဝဋ္ဋ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်လာသော စိတ်သည် လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်း စည်းစိမ်ကဲ့သို့သော အထက်တန်းကျသော စည်းစိမ်တို့ကို ပေးစွမ်းနိုင်သော်လည်း အဖန်ဖန် အထပ်ထပ် ပဋိသန္ဓေ တည်နေရခြင်း အိုရခြင်း နာရခြင်း သေရခြင်း စိုးရိမ်ရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာပူပန်ရခြင်း ဒုက္ခအဝဝတို့ကိုလည်းကောင်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရသည့် ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် ဝဋ်တရားတို့ကိုလည်းကောင်း ဤကဲ့သို့သော အကျိုးတရားတို့ ကို ပေးလျက် ဒုက္ခတုံး ဒုက္ခအစုအပုံတည်းဟူသော အကျိုးကိုသာလျှင် ပေးတတ်၏။ ထိုကြောင့် ဘာဝနာဖြင့် ထုံမွမ်းထားမှု မရှိသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။

ဘာဝနာဖြင့် ထုံမွမ်းထားမှု မရှိသော ဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကား လောကုတ္တရာ တရားထူး တရားမြတ်၏ အခြေခံ အကြောင်းရင်း ဖြစ်သော ပါဒကစျာန်, ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တို့၌ ပြေးဝင်ခြင်းငှာ မစွမ်းနိုင်ပေ။ ဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည်သာလျှင် ပြေးဝင်ခြင်းငှာ စွမ်းနိုင်၏။

ဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကား ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်၏။ ထိုဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည် --- တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်သော ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်၏။ လူ့ချမ်းသာထက် နတ်ချမ်းသာ, နတ်ချမ်းသာထက် စျာန်ချမ်းသာ, စျာန် ချမ်းသာထက် ဝိပဿနာချမ်းသာ, ဝိပဿနာချမ်းသာထက် မဂ်ချမ်းသာ, မဂ်ချမ်းသာထက် ဖိုလ်ချမ်းသာ, ဖိုလ် ချမ်းသာထက် နိဗ္ဗာန်ချမ်းသာကား တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်၏။ ထိုသို့ အဆင့်ဆင့် မြင့်မားသော ချမ်းသာသုခ အဝဝကို သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်သော စိတ်က ရရှိအောင် ရွက်ဆောင်ပေးနိုင်ပေသည်။ (အံ၊ဋ္ဌ၊၁၊၄၀-၄၁။)

သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းထားအပ်သော အလွန် အဆင့်အတန်း မြင့်မားသော စိတ်ဓာတ်သည် ကိလေသာ အာသဝေါတို့မှ လွတ်မြောက်စေလျက် နိဗ္ဗာန်သို့ တိုင်အောင်သော အလွန် အဆင့်အတန်း မြင့်မား သော ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်သည့် စွမ်းအား ရှိသကဲ့သို့ အလားတူပင် ဆိုးသွမ်း ညစ်နွမ်းလျက် ရှိသော ယုတ်ညံ့သော ရုန့်ရင်းကြမ်းတမ်းသော စိတ်ဓာတ်ကလည်း ငရဲသို့တိုင်အောင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်သည့် စွမ်းအား ရှိ၏။

ဖြူစင်မြင့်မြတ်သော စိတ်ဓာတ် တစ်ခု ဖြစ်ပေါ်လာရေး, ယုတ်ညံ့ရိုင်းပျသော စိတ်ဓာတ် တစ်ခု ဖြစ်ပေါ် လာရေးအတွက် ခြယ်လှယ်ပေးနေသော တရားတို့ကား စေတသိက်တရားတို့ပင် ဖြစ်ကြသည်။ ရေသည် ပင်ကိုယ် သဘောအားဖြင့် ဖြူစင်သော ကြည်လင်သော သဘောတစ်မျိုးသာ ဖြစ်သော်လည်း ဆေးနီ ဆေးဝါ ဆေးပြာ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေဝါ ရေပြာ ရေနက် ဖြစ်ရတော့သကဲ့သို့ စိတ်သည် ပင်ကိုယ် သဘာဝအားဖြင့် ဖြူစင်သော တရားတစ်မျိုးပင် ဖြစ်သော်လည်း အကောင်းစေတသိက်တို့နှင့် ယှဉ်တွဲမိသောအခါ စိတ်ကောင်း စိတ်မြတ် ဖြစ်လာရ၍ အဆိုးစေတသိက်များနှင့် ယှဉ်တွဲမိသောအခါ စိတ်ဆိုး စိတ်ယုတ် ဖြစ်လာရ ပေသည်။ ယင်းစေတသိက်တို့ကို ခွဲတမ်းချလိုက်သော် ---

၁။ အကောင်း အဆိုး နှစ်ဘက်ရ အညသမာန်းစေတသိက် ၁၃-မျိုး

၂။ ယုတ်ညံ့သော အကုသိုလ်စေတသိက် ၁၄-မျိုး

၃။ တင့်တယ် ကောင်းမြတ်သော သောဘဏစေတသိက် ၂၅-မျိုး

အားလုံးပေါင်းသော် ၅၂-မျိုး

ဤ (၅၂)မျိုးသော စေတသိက်တို့တွင် ဝေဒနာနှင့် သညာအကြောင်းကို ရေးသား တင်ပြခဲ့ပြီးလေပြီ။ ယခုအခါ ဖဿ စသော စေတသိက်တို့၏ အကြောင်းကို ရေးသား တင်ပြပေအံ့။

__________