နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/သညာက္ခန္ဓကထာ အခန်း
သညာက္ခန္ဓကထာ အခန်း
၁။ သဉ္ဇာနနလက္ခဏာ သညာ၊
၂။ တဒေဝေတန္တိ ပုန သဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ၊ (ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။)
၃။ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ၊ (ဟတ္ထိဒဿကအန္ဓာ ဝိယ။)
၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။ (တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။) (ဝိသုဒ္ဓိ၊၂၊၉၂။)
၁။ သဉ္ဇာနနလက္ခဏာ သညာ၊
၂။ (က) ပစ္စာဘိညာဏရသာ၊
( ခ ) ပုန သဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ၊ (ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။)
၃။ (က) ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ၊ (ဟတ္ထိဒဿကအန္ဓာ ဝိယ။)
( ခ ) အာရမ္မဏေ အနောဂါဠှဝုတ္တိတာယ အစိရဋ္ဌာနပစ္စုပဋ္ဌာနာ ဝါ၊ (ဝိဇ္ဇု ဝိယ။)
၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။
(တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။) (အဘိ၊ဋ္ဌ၊၁၊၁၅၃-၁၅၄။)
၁။ အညို အရွှေ စသည်ပြားသော အာရုံကို အမှတ်ပြု၍သိခြင်း = မှတ်သိ သိခြင်းသဘော လက္ခဏ၊
၂။ (က) ရှေးအမှတ်ဖြင့် နောက်ထပ်သိခြင်း (ကိစ္စ) ရသ၊
( ခ ) ထိုဟာ ဒါပဲဟု နောက်ထပ်တစ်ဖန် မှတ်သိ သိခြင်း၏ အကြောင်းဖြစ်သော
အမှတ်အသားကို ပြုခြင်း (ကိစ္စ) ရသ၊
(သစ်သားစသည်တို့၌ လက်သမား စသူတို့၏ မှတ်သားပုံကဲ့သို့တည်း။)
၃။ (က) စိတ်က စွဲယူထားသည့် အမှတ်နိမိတ် (= အမှတ်အသား) အတိုင်း
အာရုံကို နှလုံးသွင်းခြင်းကို ပြုတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊
(ဆင်စမ်းသော သူကာဏ်းတို့ကဲ့သို့ မှတ်ပါ။)
( ခ ) အာရုံ၌ သက်ဝင်သော ဖြစ်ခြင်း မရှိသည်၏ အဖြစ်ကြောင့် = အာရုံကို နက်နက်နဲနဲ
မယူတတ်သည်၏ အဖြစ်ကြောင့် ကြာမြင့်စွာ တည်တံ့ခြင်း မရှိသောသဘောတရား ပစ္စုပဋ္ဌာန်၊
(လျှပ်စစ် လျှပ်နွယ် လျှပ်စီးကဲ့သို့ မှတ်ပါ။)
၄။ ထင်လာတိုင်းသော အာရုံ ပဒဋ္ဌာန်။
(မြက်ဖြင့် ပြုလုပ်ထားသော ယောက်ျားရုပ်တို့၌ သားသမင်တို့၏ ယောက်ျားတို့ဟု ဖြစ်သော အမှတ်သညာကဲ့သို့တည်း။)
ဉာဏသမ္ပယုတ် သညာ
ယာ ပနေတ္ထ ဉာဏသမ္ပယုတ္တာ ဟောတိ၊ သာ သညာ ဉာဏမေဝ အနုဝတ္တတိ၊ သသမ္ဘာရပထဝီအာဒီသု သေသဓမ္မာ ပထဝီအာဒီနိ ဝိယာတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၅၄။)
ယာထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။ ပ ။ ရာဂါဒိအနုဝတ္တိကဘာဝေါတိ။ (မဟာဋီ၊၂၊၁၃၉။)
သသမ္ဘာရပထဝီ --- (၆)ဒွါရနှင့် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ထိုထို ကောဋ္ဌာသတို့၌ ပထဝီဓာတ်နှင့် အတူဖြစ်ဖက် ဖြစ်သော ထိုထို ဆိုင်ရာ ရုပ်ကလာပ်များအတွင်း၌ တည်ရှိသော အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ စသော ရုပ်တရားများကို သမ္ဘာရဟု ခေါ်ဆို၏။ ထို သမ္ဘာရ အမည်ရသော ရုပ်တရားများနှင့် အတူတကွဖြစ်သော ပထဝီဓာတ်ကို သသမ္ဘာရပထဝီဓာတ်ဟု ခေါ်သည်။ သမ္မုတိသစ္စာနယ်၌ လောကသုံး ဝေါဟာရအားဖြင့် ဆိုရသော် သသမ္ဘာရပထဝီဓာတ်ဟူသည် ယခုမျက်မြင် မြေင်္ကြီးပင်တည်း၊ မြေဓာတ် ပင်တည်း။ ပရမတ္ထသစ္စာနယ်၌ကား ဤ မဟာပထဝီမြေကြီးဟူသည် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာတည်း။ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပထဝီ ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲရကား မြေကြီး၌ ခက်မာခြင်း ကက္ခဠသဘော ရှိနေခြင်း ဖြစ်၏။ ရုပ်ကလာပ် တိုင်း၌ တည်ရှိသော ပထဝီဓာတ်မှကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီ ဓာတ်၏ သဘောသို့ လိုက်လျော၍ ဖြစ်ကြရသောကြောင့် ဥတုဇအဋ္ဌကလာပ်ရုပ်တို့၏ အပေါင်းအစုဖြစ်သော မြေကြီးတစ်ခုလုံးသည်လည်း ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်သို့ လိုက်လျော၍ ဖြစ်ရ၏။ ခက်မာခြင်း သဘော ရှိရလေသည်။ (ဤ၌ မြေကြီးဝယ် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီဓာတ်၏ ခက်မာခြင်း သဘာဝသတ္တိက ထင်ရှားနေခြင်းကိုသာ ဆိုလိုသည်။ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့သည် ခက်မာခြင်း ကက္ခဠလက္ခဏာသို့ ပြောင်းသွားသည်ဟူ၍ကား မဆိုလိုပါ။ ပရမတ်တရားတို့၌ သဘာဝလက္ခဏာ၏ ပြောင်းလဲမှုကား မရှိစကောင်းပေ။ သဘာဝသတ္တိစွမ်းအင် ထက်မှုနှင့် နုံ့မှုသာ ကွာဟချက် ရှိသည်။ ဤမြေကြီး၌ ပထဝီ ဓာတ်၏ ခက်မာခြင်း = ကက္ခဠလက္ခဏာဟူသော သဘာဝသတ္တိစွမ်းအင်က လွန်ကဲ၍ အာပေါ တေဇော ဝါယော ဓာတ်တို့၏ သဘာဝသတ္တိစွမ်းအင်က လျော့မှု နုံ့မှုကိုသာ ဆိုလိုပေသည်။)
မီးဟူသည် သသမ္ဘာရတေဇောဓာတ်တည်း။ ယင်းမီးဝယ် ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ လောကဝယ် သက်ရှိလောက သက်မဲ့လောက နှစ်မျိုးလုံး၌ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းနိုင်သော အဆင့်သို့ ရောက်ရှိလာသော အသင်သူတော်ကောင်းအဖို့ မီး၌ ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်း ရှုပွားမှုမှာ မခက်ခဲတော့ပြီ။ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါက ဩဇဋ္ဌမကရုပ်ကလာပ် အမှုန်တို့ကို မကြာမီ တွေ့ရှိနိုင်၏။ မီးဟူသည် ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အသံပါသော် သဒ္ဒနဝက ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ ယင်းရုပ်ကလာပ် အသီးအသီး၌ တေဇောဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော တေဇောဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။
လေဟူသည် သသမ္ဘာရဝါယောတည်း။ ယင်းလေ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ဗဟိဒ္ဓ သက်မဲ့လောက၌ တည်ရှိသော လေဖြစ်မှု ယင်းလေဟူသည် ဥတုဇ ဩဇဋ္ဌမကရုပ်, သဒ္ဒနဝကကလာပ်ရုပ်တို့၏ အပေါင်းအစုမျှသာတည်း။
[ဥဒ္ဓင်္ဂမဝါတ = အထက်သို့ ဆန်တက်သောလေ စသည့် သက်ရှိသတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော ဝါယောကောဋ္ဌာသတို့၌ကား ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း (၃၃)မျိုးသော ရုပ်တရား စသည်တို့ တည်ရှိကြ၏။] ယင်းရုပ်ကလာပ် အသီးအသီး၌ ဝါယောဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။
ရေဟူသည် သသမ္ဘာရအာပေါတည်း။ (သက်မဲ့လောက၌ ရှိသော ရေကို ဆိုလိုသည်။) ယင်း ရေ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနိုင်၏။ ယင်းရုပ်ကလာပ် အသီးအသီး၌ အာပေါဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော အာပေါ ဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။
ဉာဏသမ္ပယုတ္တာ ပန သညာ ဉာဏမေဝ အနုဝတ္တတိ။ တသ္မာ အဘိနိဝေသကာရိကာ ဝိပရီတဂ္ဂါဟိကာ စ န ဟောတိ။ ဧတေနေဝ သမာဓိသမ္ပယုတ္တတာယ အစိရဋ္ဌာနတာ စ န ဟောတီတိ ဝေဒိတဗ္ဗာ။ ဧဝံ ရာဂဒိဋ္ဌိမာနာဒိသမ္ပယုတ္တတာယ သညာယ ရာဂါဒိအနုဝတ္တိကဘာဝေါတိ။ (မဟာဋီ၊၂၊၁၃၉။)
အလားတူပင် အကယ်၍ သညာတရားသည် ဉာဏ်နှင့်ယှဉ်သော ဉာဏသမ္ပယုတ်သညာ ဖြစ်အံ့။ ထိုသညာ သည် ဉာဏ်သို့သာ အစဉ်လိုက်၍ ဖြစ်ရလေသည်။ ဉာဏ်၏နောက်သို့ အစဉ်လိုက်သောကြောင့် ဉာဏသမ္ပယုတ် သညာသည် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း = အဘိနိဝေသကိုလည်း မပြု၊ အာရုံကို ဖောက်ဖောက် ပြန်ပြန် စွဲယူမှတ်သားခြင်း = ဝိပရီတဂ္ဂါဟလည်း မဖြစ်တော့ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၅၄။ မဟာဋီ၊၂၊၁၃၉။)
ဤအထက်ပါ ဖွင့်ဆိုချက်များနှင့်အညီ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သညာသည် ဝိပဿနာ ဉာဏ်ပညာ၏ နောက်သို့သာ အစဉ်လိုက်၏ဟု မှတ်ပါ။ ဝိပဿနာဉာဏ်က ပရမတ္ထဓမ္မသဘာဝတည်းဟူသော အာရုံ၏ သဘောမှန်ကို ထိုးထွင်း သိ၏။ ယင်းဝိပဿနာဉာဏ်၏ စွမ်းအင်သတ္တိ အာနုဘော်ကြောင့် သညာကလည်း ထိုပရမတ္ထဓမ္မသဘာဝတည်းဟူသော အာရုံ၏ သဘောမှန်ကိုပင် မှတ်သိ သိလေသည်။
အကယ်၍ မဟာကုသိုလ် ဉာဏဝိပ္ပယုတ်သညာဖြစ်မူ - ဉာဏ်နှင့် မယှဉ်ရသည့်အတွက် အသိစိတ်ဝိညာဏ် နောက်သို့ အစဉ်လိုက်ဖွယ်ရာ ရှိ၏။ အသိစိတ်ဝိညာဏ်ဟူသမျှသည် ပုဗ္ဗင်္ဂမရသံ = နာမ်ခန္ဓာ (၄)ပါးတို့၏ ပဓာန ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း လုပ်ငန်းကိစ္စ ရှိသဖြင့် အသိစိတ်ဝိညာဏ်၏နောက်သို့ အစဉ်လိုက်ဖွယ်ရာ ရှိသည်ဟု ဆိုခြင်း ဖြစ်သည်။ ဝိပါက် ကြိယာတို့၌လည်း မဟာကုသိုလ် နည်းတူ မှတ်ပါ။
ရူပါဝစရ အရူပါဝစရတရားတို့ကား သမာဓိပြဓာန်းသော သမာဓိလုပ်ငန်းစဉ်များ ဖြစ်ကြသောကြောင့် ထို ရူပါဝစရ အရူပါဝစရ စျာန်သမာဓိတို့နှင့် ယှဉ်တွဲလျက်ရှိကြသော သညာသည်လည်း သမာဓိ၏ နောက်သို့သာ အစဉ်လိုက်ရပေသည်။ ဤအဆိုအရ အကယ်၍ ဝိပဿနာဇောစိတ်သည် ဉာဏဝိပ္ပယုတ် ဖြစ်နေခဲ့မူ သညာသည် ယင်း ဉာဏဝိပ္ပယုတ် ဝိပဿနာဇောနှင့် ယှဉ်သော သမာဓိနောက်သို့ အစဉ်လိုက်သည်ဟု မှတ်ပါ။ သမာဓိ၏ နောက်သို့ အစဉ်လိုက်၍ ဖြစ်နေသောကြောင့်လည်း ထိုသမာဓိနှင့်ယှဉ်သော သမာဓိသမ္ပယုတ္တသညာမှာ သမထ အာရုံ သို့မဟုတ် ဝိပဿနာအာရုံ၌ ကြာမြင့်စွာ မတည်ခြင်းလည်း မရှိတော့ပေ။ သမာဓိသည် အာနာပါနပဋိဘာဂ နိမိတ်ကဲ့သို့သော သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ်အာရုံ၌ ကြာမြင့်စွာ တည်သလောက် သညာသည်လည်း ယင်း သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ် အာရုံ၌ ကြာမြင့်စွာ တည်နေနိုင်ပေသည်။ (မဟာဋီ၊၂၊၁၃၉။)
လောကုတ္တရာနယ်၌ကား လောကုတ္တရာ မဂ်စိတ် ဖိုလ်စိတ်ဟူသမျှသည် ဉာဏသမ္ပယုတ်သာ ဧကန် ဖြစ် သောကြောင့် ယင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်က နိဗ္ဗာန်ကို ဧကန် အာရုံပြုသဖြင့် သညာကလည်း နိဗ္ဗာန်ကိုပင် ဧကန် အာရုံပြုပေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်က နိဗ္ဗာန်၏ သန္တိသုခသဘောကို ထိုးထွင်းသိသဖြင့် သညာ ကလည်း ထိုသန္တိသုခသဘောကိုပင် မှတ်သိ သိလေသည်။ ဤကား အကောင်းနယ်ပယ်၌ သညာ၏ အဖိုးတန်ပုံ အသုံးကျပုံတည်း။
သို့သော် သညာသည်လည်း အကောင်း အဆိုး နှစ်ဖက်ရ စေတသိက် တစ်ခု ဖြစ်၏။ အကောင်းနယ်၌သာ ဖြစ်သည်မဟုတ် မကောင်းနယ်၌လည်း ဖြစ်တတ်၏။ ရာဂ ဒိဋ္ဌိ မာန စသည်တို့နှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်နေသော အကုသလသညာကား ရာဂ ဒိဋ္ဌိ မာန စသည့် တရားဆိုးတို့ နောက်သို့သာ အစဉ်လိုက်၍ ဖြစ်ခြင်းသဘော ရှိ၏။ (မဟာဋီ၊၂၊၁၃၉။)
ဝိပလ္လာသတရား (၁၂)ပါးရှိရာ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော သင်္ခါရတရားတို့၌ နိစ္စ-သုခ-အတ္တ-သုဘဟု အမှတ်မှားသော သညာဝိပလ္လာသတရား (၄)ပါးမှာ အမှတ်မှားမှု သညာ ပြဓာန်းသည့် အကုသိုလ်နာမ်တရားစုပင် ဖြစ်သည်။ အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု အမှတ်မှားမှု သညာဝိပလ္လာသကို အခြေခံ၍ နိစ္စ-သုခ-အတ္တ-သုဘဟု အသိမှားမှု စိတ္တဝိပလ္လာသလည်း ဖြစ်နိုင်၏။ ထိုမှတစ်ဆင့် နိစ္စ-သုခ-အတ္တ-သုဘဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသလည်း ဖြစ်နိုင်၏။ ဤ ဝိပလ္လာသတရားဆိုးတို့ကား သတ္တဝါတို့ကို အပါယ် သံသရာဝဋ်ဆင်းရဲ စသည့် သံသရာဝဋ်ဒုက္ခ အဝဝမှ ခေါင်းမထောင်နိုင်အောင် မလွတ်မြောက်နိုင်အောင် အတွင် နစ်မြုပ်စေတတ်သော နှစ်သတ်နေသော တရားဆိုးတို့ ဖြစ်ကြ၏။ အထက်ပါ မဟာဋီကာ၏ ဖွင့်ဆိုချက်အရ အမှတ်မှားမှု ဤသညာဝိပလ္လာသမှာလည်း ရာဂ ဒိဋ္ဌိ မာန မောဟစသော အကုသိုလ်တရားဆိုးတို့ကို ဦးတိုက် လျက်ပင် ရှိ၏။ ယင်းတရားဆိုးတို့ နောက်သို့ အစဉ်လိုက်ပါ၍နေသော တရားတစ်ခုသာ ဖြစ်ပေသည်။
လက္ခဏ --- အညို အရွှေ အဖြူ အနီစသော အဆင်းကို အညိုပဲ အရွှေပဲ အဖြူပဲ အနီပဲ စသည်ဖြင့် လည်းကောင်း, အရှည် အတိုစသော ပုံသဏ္ဌာန်ကို အရှည်ပဲ အတိုပဲ စသည်ဖြင့်လည်းကောင်း, အမေ အဖေ မိကြီး မိထွေး ဘကြီး ဘထွေး စသည်ကို အမေပဲ အဖေပဲ မိကြီးပဲ မိထွေးပဲ ဘကြီးပဲ ဘထွေးပဲ စသည်ဖြင့်လည်းကောင်း, အချို အချဉ်စသော အရသာကို အချိုပဲ အချဉ်ပဲ စသည်ဖြင့်လည်းကောင်း, ပရမတ္ထဓာတ်သားတို့၏ ဖဿ ဝေဒနာစသော အမည်နာမ ပညတ်များကိုလည်း ဖဿပဲ ဝေဒနာပဲ စသည်ဖြင့်လည်းကောင်း, ယင်းဖဿ ဝေဒနာ စသည့် ပရမတ္ထဓာတ်သားတို့၏ ဖုသန သဘာဝ = အာရုံကို တွေ့ထိခြင်းသဘော, အနုဘဝန သဘာဝ = အာရုံ၏ အရသာကို ခံစားခြင်းသဘော --- ဤသို့စသော ပရမတ် သဘာဝအစစ်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် အာရုံယူနိုင်သောအခါ အာရုံယူ၍ ဖဿပဲ ဝေဒနာပဲ စသည်ဖြင့်လည်းကောင်း, သူငယ်များ မှတ်သားသကဲ့သို့ မှတ်သားမိရုံ သိခြင်းမျိုးကို အာရုံကို မှတ်သိ သိခြင်း = သဉ္ဇာနန သဘောလက္ခဏာဟု ဆိုသည်။ ပရမတ္ထဓမ္မ သဘာဝမှန်တို့ကို အမှန်အတိုင်း မှတ်သိ သိရာ၌ကား အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဉာဏ်၏နောက်လိုက် ဖြစ်ပုံကို သတိပြုပါ။
ရသ --- လက်သမား စသူတို့သည် မိမိတို့ ပြုလုပ်နေသော သစ်သားစသည့် အရာဝတ္ထုတို့၌ နောက်ထပ် တစ်ဖန် မှန်မှန်ကန်ကန် တိတိကျကျ သိရှိနိုင်ရေး, ထိုအမှတ်အသားအတိုင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင်ရေး အကောင်အထည်ဖော်နိုင်ရေးအတွက် ခဲစသော အရာဝတ္ထုတို့ဖြင့် အမှတ်အသားများကို ပြုလုပ်လေ့ရှိကြ၏။ထိုအမှတ်အသားကို ကြည့်၍ နောက်ထပ်လည်း သိကြ၏။ ထိုသို့ နောက်ထပ်သိဖို့ရန် အမှတ်အသားကို ပြုလုပ် ခြင်းသည် သညာ၏ လုပ်ငန်းကိစ္စရပ်ပင် ဖြစ်ပေသည်။ ထိုအမှတ်အသားအတိုင်း နောက်ထပ်သိခြင်းကား သညာ၏ သဘာဝသတ္တိ သဘာဝလက္ခဏာပင် ဖြစ်သည်။
ဤလက္ခဏာနှင့် ကိစ္စကို ေ့ရှနောက် ဆက်စပ်၍ ဆင်ခြင်ကြည့်ခဲ့သော် --- သညာသည် နောက်နောင် သိဖို့ရန်လည်း မှတ်သား၏၊ ထိုအမှတ်အသားအတိုင်းလည်း ထပ်၍ သိတတ်၏၊ ထိုသို့ ထပ်၍ သိရာ၌လည်း နောက်နောင်ခါ သာ၍ မှတ်မိဖို့ရန် ထပ်၍လည်း မှတ်သားတတ်ပြန်၏။ --- ဤကဲ့သို့သော သဘောအဓိပ္ပါယ် များသည် ထင်ရှားလျက် ရှိနေပေ၏။ ရှေးသညာကလည်း အာရုံကို တစ်ဖန် မှတ်မိရန် အကြောင်းနိမိတ် အမှတ် နိမိတ်ကို ပြု၏။ နောက်သညာကလည်း တစ်ဖန် ထပ်၍ မှတ်မိရန် အကြောင်းနိမိတ် အမှတ်နိမိတ်ကို ပြု၏။ သညာဟူသမျှသည် တစ်ဖန် ထပ်၍ မှတ်မိရန် အကြောင်းနိမိတ် အမှတ်နိမိတ်ကို ပြုသည်ချည်းသာဟု ညီတူညီမျှ မှတ်ယူရမည်ဟု ဆိုလို၏။
ထိုသို့ အဆက်ဆက် မှတ်၍ မှတ်၍ သိမှုသည် မှန်သည်လည်း ရှိ၏၊ မှားသည်လည်း ရှိတတ်၏၊ ဝိပဿနာဉာဏ်ကဲ့သို့သော ဉာဏ်နှင့် ယှဉ်တွဲ ဖြစ်လေ့ရှိသော သညာမှာ မှန်၍ နိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်သော သဘာဝသတ္တိစွမ်းအင်များ အထိုက်အလျောက် ရှိသဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ စသော အတူယှဉ်ဖက် သမ္ပယုတ် တရားတို့အား သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနိုင်၏။ ဝိပဿနာဉာဏ်က ပရမတ် အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်တရားတို့ကို ထိုးထွင်းသိပါက သညာကလည်း ယင်းရုပ်တရားတို့ကို ရုပ်တရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော နာမ်တရားတို့ကို ထိုးထွင်းသိ ပါက သညာကလည်း ယင်းနာမ်တရားတို့ကို နာမ်တရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က အကြောင်းတရား အကျိုးတရားတို့ကို ထိုးထွင်းသိပါက သညာကလည်း အကြောင်းတရား အကျိုးတရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို အနိစ္စဟု ထိုးထွင်းသိပါက သညာကလည်း အနိစ္စဟုပင် အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို ဒုက္ခဟု ထိုးထွင်းသိပါက သညာကလည်း ဒုက္ခဟုပင် အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို အနတ္တဟု ထိုးထွင်းသိပါက သညာကလည်း ယင်းသင်္ခါရ တရားတို့ကို အနတ္တဟုပင် အမှတ်ပြု၍ သိ၏။ သင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို အချက်ပိုင်ပိုင် ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ထင်းထင်းကြီး သိနေသော ဝိပဿနာဉာဏ်၏ နောက်သို့ သညာသည် အစဉ်လိုက်၍ နေပေ၏။ လွန်စွာ အဖိုးတန်သော သညာဖြစ်၏။ သူများအပြော ဆရာအပြောနှင့် လွမ်း၍ ရုပ်ပဲ နာမ်ပဲ အကြောင်းတရားပဲ အကျိုးတရားပဲ စသည်ဖြင့် မှတ်သိ သိမှု သညာကိုကား မဆိုလိုပါ။
တစ်ဖန် ထိုသို့ အဆက်ဆက်မှ မှတ်၍ မှတ်၍ သိမှုကြောင့် အလွဲအမှားကို စွဲစွဲမြဲမြဲ မှတ်သားမိလျှင် သို့မဟုတ် ဖြေရှင်း၍ မရနိုင်လောက်သော သညာဝိပလ္လာသ အဆင့်သို့ ရောက်နေလျှင်ကား ဘုရားအဆူဆူ ချွတ်တော်မူသော်လည်း မကျွတ်နိုင်သည့် အဆင့်၌ တည်နေတတ်ပေသည်။ သိန်းလောက်ဘုရား ချွတ်သော် ငြားလည်း အမှားတွေစွပ် ဖြေမလွတ် ရှိတတ်သည်။
ဆိုလိုရင်း အချုပ်မှာ ရှေးသိဖြစ်စေ နောက်သိဖြစ်စေ အာရုံကို မှတ်သားမိရုံမျှ သိခြင်းသည် သညာ၏ သဘောသတ္တိပင် ဖြစ်သည်။ ထိုမှတ်သိမှုမှာ မှားသည်လည်း ရှိ၍ မှန်သည်လည်း ရှိလေသည်။
ပစ္စုပဋ္ဌာန် --- ဤပစ္စုပဋ္ဌာန်အရာ၌ ဟတ္ထိဒဿကအန္ဓာ ဝိယ - ဟု ဆင်စမ်းသည့် သူကာဏ်းဥပမာဖြင့် ပြဆိုထားပေသည်။ သူကာဏ်း (၆)ဦးတို့သည် ဆင်ကို စမ်းသပ်၍ မိမိတို့စိတ်က စွဲယူထားသည့် အမှတ်အသား အတိုင်း ဆင်ဟူသော အာရုံကိုပင် --- နှာမောင်းကို စမ်းမိသူက မြွေနှင့် တူသည်, အစွယ်ကို စမ်းမိသူက ကျည်ပွေ့နှင့် တူသည်, နားရွက်ကို စမ်းမိသူက ဖျာသင်ဖြူးနှင့် တူသည်, ကိုယ်ကို စမ်းမိသူက အိမ်နံရံနှင့် တူသည်, ခြေထောက်ကို စမ်းမိသူက အိမ်တိုင်နှင့် တူသည်, အမြီးကို စမ်းမိသူက တံမြက်စည်းနှင့် တူသည်ဟု အသီးအသီး ပြောဆိုကြ၏။ နှလုံးသွင်းကြ၏။ မှတ်သားကြ၏။ ဤသို့လျှင် သညာသည် စိတ်က စွဲယူထားသည့် အမှတ်အသား အတိုင်း မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အာရုံကို နှလုံးသွင်းတတ် မှတ်သားတတ်သော သဘောတရားဟု ယင်းသညာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ရှေးရှူထင်လာပေသည်။
ပဒဋ္ဌာန် --- တောင်ယာခင်း၏ အနီး၌ရှိသော တောအုပ်ဝယ် ကျက်စားနေသော တောသားသမင်သည် မြက်ဖြင့်ပြုလုပ်ထားအပ်သော တောင်ယာစောင့် ယောက်ျားရုပ်ကို မြင်ရာ စိတ်၌ ယောက်ျားသဏ္ဌာန် ထင်လာသည့် အတိုင်း တကယ့် တောစောင့်ယောက်ျားဟု နှလုံးသွင်းမှား အမှတ်မှားသကဲ့သို့ သညာသည် ဆိုင်ရာဒွါရ၌ ထင်လာ မြင်လာသော အာရုံကို အထူးမစဉ်းစားတော့ဘဲ စိတ်က စွဲယူလိုက်သည့်အတိုင်း နှလုံးသွင်းတတ် မှတ်သားတတ် လေရကား ထင်လာတိုင်းသော အာရုံသည်ပင် သညာဖြစ်ဖို့ရာ အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။
သညာသည် ထင်လာတိုင်းသော အာရုံကို ထူးထူးထွေထွေ ကြံစည်စဉ်းစား ဝေဖန်မှုသဘော မရှိသောကြောင့် ထင်လာတိုင်းသော အာရုံသည်ပင် သညာ၏ ပဒဋ္ဌာန် ဖြစ်ရလေသည်။ ဉာဏသမ္ပယုတ်သညာသည် ဉာဏ်၏နောက်သို့သာ အစဉ်လိုက်၍ ဖြစ်၏။ ဉာဏ်ဟူသည် သမ္မာဒိဋ္ဌိပင် ဖြစ်ရကား သမ္မာဒိဋ္ဌိတို့၏ သဘော သည်လည်း ကမ္မဿကတာသမ္မာဒိဋ္ဌိ, စျာနသမ္မာဒိဋ္ဌိ, ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိ, တစ်နည်း ဆိုသော် စတုသစ္စသမ္မာဒိဋ္ဌိ စသည်ဖြင့် အမှားမရှိ အမှန်ကိုချည်းသာ ကမ်းကုန်အောင် လမ်းဆုံးအောင် ထိုးထိုး ထွင်းထွင်း ရှင်းရှင်းလင်းလင်း ထင်းထင်းကြီး သိမြင်တတ်သော သဘောသာရှိရကား ထိုသမ္မာဒိဋ္ဌိဉာဏ်သို့ ကောက်ကောက်ပါအောင် အစဉ်လိုက်ပါနေသော သညာသည်လည်း အမှားမရှိ အမှန်ကိုချည်း မှတ်သိ သိနေသဖြင့် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း မိစ္ဆာဘိနိဝေသကိုလည်း မပြု၊ ဖောက်ဖောက်ပြန်ပြန် စွဲယူမှတ်သားခြင်း ဝိပရီတဂ္ဂါဟလည်း မဖြစ်တော့ပေ။ အကယ်၍ ဥပစာရသမာဓိ အပ္ပနာသမာဓိ ဉာဏဝိပ္ပယုတ် ဝိပဿနာသမာဓိ စသော ထိုထို သမာဓိတို့နှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်နေသော သမာဓိသမ္ပယုတ္တသညာမျိုး ဖြစ်ခဲ့လျှင် ထိုသမာဓိ၏ နောက်သို့ပင် ယင်းသညာသည် အစဉ်လိုက်၍ ဖြစ်ရပေသည်။ ထိုကြောင့် သမာဓိသမ္ပယုတ္တသညာသည် အာနာပါနပဋိဘာဂနိမိတ် စသော သမာဓိဖြစ်ရာ အာရုံ၌ ကြာမြင့်စွာ မတည်မှုလည်း မဖြစ်တော့ပေ၊ သမာဓိ ကြာမြင့်စွာ တည်သလောက် သညာသည်လည်း ကြာမြင့်စွာ တည်လေသည်။ အကယ်၍ ရာဂ ဒိဋ္ဌိ မာန စသည်တို့နှင့် ယှဉ်တွဲလျက်ရှိသော အကုသလသညာဖြစ်မူ ထို ရာဂ ဒိဋ္ဌိ မာန စသည်တို့၏ နောက်သို့သာ အစဉ်လိုက်၍ ဖြစ်ခြင်းသဘော ရှိသည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၁၃၉။)
သညာက္ခန္ဓကထာ အခန်း ပြီး၏။
__________