နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/သောဘဏစေတသိက် (၂၅) လုံး အပိုင်း
သောဘဏစေတသိက် (၂၅) လုံး အပိုင်း
၁။ သဒ္ဓါ
၁။ သဒ္ဓါ --- (က) သဒ္ဒဟနလက္ခဏာ၊ (ခ) ဩကပ္ပနလက္ခဏာ ဝါ၊
၂။ (က) ပသာဒနရသာ ဥဒကပ္ပသာဒကမဏိ ဝိယ၊
( ခ ) ပက္ခန္ဒနရသာ ဝါ ဩဃုတ္တရဏော ဝိယ၊
၃။ (က) အကာလုဿိယပစ္စုပဋ္ဌာနာ၊ (ခ) အဓိမုတ္တိပစ္စုပဋ္ဌာနာ ဝါ၊
၄။ (က) သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ၊ (ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ ဝါ။
ဟတ္ထဝိတ္တဗီဇာနိ ဝိယ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၉၄။)
၁။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်ခြင်းသဘော လက္ခဏ၊
( ခ ) တစ်နည်း ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ အစဉ်အတိုင်း
သက်ဝင်၍ ဤဝတ္ထုသည် ဤသို့သဘော ရှိ၏ဟု
ဆုံးဖြတ်ခြင်းသဘော = သက်ဝင်ယုံကြည်ခြင်းသဘော လက္ခဏ၊
၂။ (က) ရေနောက် မြူနည်ကို ကြည်စေတတ်သော စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာကဲ့သို့
ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်း (ကိစ္စ) ရသ၊
( ခ ) မိကျောင်း မကန်း စသည် ပြွမ်းသော ရေအယဉ်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ
ကူးခပ်ဝံ့သော ယောက်ျားကဲ့သို့ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌
မိမိလည်း ပြေးဝင်ခြင်း သက်ဝင်ခြင်း, သဟဇာတ်တရားတို့ကိုလည်း
သဒ္ဓေယျဝတ္ထုသို့ မနစ်မဆုတ် စုပ်စုပ် သက်ဝင်စေခြင်း (ကိစ္စ) ရသ၊
၃။ (က) သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့၏ မနောက်ကျုသည်၏
အဖြစ်ဟူသော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
( ခ ) တစ်နည်း အသဒ္ဓိယ မိစ္ဆာဓိမုတ္တိ၏ ဆန့်ကျင်ဘက် ဖြစ်၍
သဒ္ဓေယျဝတ္ထု၌ တည်လျက် ဆုံးဖြတ်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
တစ်နည်း သဒ္ဓေယျဝတ္ထုတို့၌ ဆုံးဖြတ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊
၄။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု ပဒဋ္ဌာန်၊
( ခ ) သဒ္ဓမ္မဿဝန = သူတော်ကောင်းတရား နာကြားခြင်း
စသော သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ်များ ပဒဋ္ဌာန်။
သဒ္ဓေယျဝတ္ထု
ဗုဒ္ဓါဒိဝတ္ထူနိ သဒ္ဓေယျာနိ။ (မူလဋီ၊၁၊၈၉။)
ဗုဒ္ဓါဒိဝတ္ထူနီတိ ဧတ္ထ ဣဓလောကပရလောကကမ္မဖလသမ္ဗန္ဓာပိ သင်္ဂဟိတာတိ ဒဋ္ဌဗ္ဗံ။ (အနုဋီ၊၁၊၉၆။)
ရတနတ္တယံ ကမ္မံ ကမ္မဖလဉ္စ သဒ္ဓေယျဝတ္ထု။ (မဟာဋီ၊၂၊၁၄၂။)
ဤအထက်ပါ ဋီကာများ၏ ဖွင့်ဆိုတော်မူချက်အတိုင်း ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုဟူသည်မှာ ရတနာ သုံးပါး, ကံနှင့် ကံ၏ အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရား, ဣဓလောက = ဤပစ္စုပ္ပန် လောက = လူ့လောက, ပရလောက = တမလွန်လောက = နတ်လောက စသည့်, အခြားသော စကြာဝဠာ စသည့် တစ်ပါးသော လောကတို့တည်း။
ဤတွင် ကံနှင့် ကံ၏အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားတို့အပေါ်၌ ယုံကြည်မှု ဟူသည် ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နဓမ္မ, ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပါဒဓမ္မ-ဟူသော အကြောင်းတရားနှင့် အကျိုး တရား, အကျိုးတရားနှင့် အကြောင်းတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု, ကျိုး-ကြောင်းဆက်နွယ်မှု သဘော တရားတို့၌ ယုံကြည်မှုပင်တည်း။ ပဋိစ္စသမုပ္ပါဒ်သဘောတရားဟူသည်မှာလည်း အတိတ်ခန္ဓာငါးပါးတွင် အကျုံး ဝင်သော အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ် အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော ပစ္စုပ္ပန်ခန္ဓာငါးပါးတို့တွင် အကျုံး ဝင်သော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားများ ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန်ခန္ဓာ ငါးပါးတွင် အကျုံးဝင်သော ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော အနာဂတ် ခန္ဓာငါးပါးတို့တွင် အကျုံးဝင်သော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ်အကျိုးတရား ငါးပါးတို့၏ ကြောင်း-ကျိုးဆက်နွယ်လျက် အထပ်ထပ် ဖြစ်ပုံတည်း။ သို့အတွက် ကံ-ကံ၏အကျိုးတရားကို ယုံကြည်မှုဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၌ တည်ရှိသော ခန္ဓာ အာယတန ဓာတ် သစ္စာ (လောကီသစ္စာ) ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၌ ယုံကြည်မှုပင် ဖြစ်သည်။ တစ်ဖန် ကံကို ယုံကြည်ရာ၌-
ဒါနံ ဒဒတော သီလံ ရက္ခတော ဥပေါသထကမ္မံ ကရောတော ဘာဝနံ အာရဘတော သဒ္ဓါ ပုဗ္ဗင်္ဂမာ ပုရေစာရိကာ ဟောတိ၊ တေန ဝုတ္တံ သမ္ပက္ခန္ဒနလက္ခဏာ စ သဒ္ဓါတိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)
ဒါန သီလကျင့်စဉ်ဟူသော သီလသိက္ခာ, သမထဘာဝနာကျင့်စဉ်ဟူသော သမာဓိသိက္ခာ, ဝိပဿနာ ဘာဝနာကျင့်စဉ်ဟူသော ပညာသိက္ခာတို့ကို ကြိုးစားအားထုတ်ရာ၌လည်း သဒ္ဓါသည် ေ့ရှသွားခေါင်းဆောင် ဖြစ်ရကား ထိုသိက္ခာသုံးပါး ကျင့်စဉ်သို့ ကောင်းစွာ ပြေးသွား သက်ဝင်ခြင်း လက္ခဏာ ရှိသဖြင့် သိက္ခာသုံးရပ် အပေါ်၌ ယုံကြည်မှုမှာလည်း သဒ္ဓါပင် ဖြစ်သည်။
သို့အတွက် ဤသဒ္ဓါ၏ ယုံကြည်မှုသည် ဝိစိကိစ္ဆာနှင့် ထိပ်တိုက် ဆန့်ကျင်ဖက် ဖြစ်သည်။ ဝိစိကိစ္ဆာက (၈)ဌာနတို့၌ ယုံမှားသံသယ ရှိ၏။ သဒ္ဓါကား ယင်း (၈)ဌာနတို့၌ ယုံကြည်သက်ဝင်၏။ ထိုကြောင့် ဝိစိကိစ္ဆာ၏ ယုံမှားမှု သံသယဖြစ်ရာ (၈)ဌာနသည်ပင် သဒ္ဓါ၏ ယုံကြည်သက်ဝင်ရာ သဒ္ဓေယျဝတ္ထု ဖြစ်သည်ဟု မှတ်ပါ။
သဒ္ဓါ --- သဒ္ဒဟန္တိ ဧတာယ, သယံ ဝါ သဒ္ဒဟတိ, သဒ္ဒဟနမတ္တမေဝ ဝါ ဧသာတိ သဒ္ဓါ၊ သာဝ အဿဒ္ဓိယဿ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ အဓိမောက္ခလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ သဒ္ဓါဝ ဣန္ဒြိယံ သဒ္ဓိန္ဒြိယံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၂။)
သဒ္ဓါစေတသိက်သည် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ ယုံကြည်သောအားဖြင့် ဖြစ်လတ်သော် မိမိနှင့် အတူယှဉ်၍ ဖြစ်ဖက် သမ္ပယုတ်တရားတို့အားလည်းကောင်း ထိုသဒ္ဓေယျဝတ္ထု၌ ယုံကြည်ခြင်း ကြိယာ ဖြစ်အောင် ပင်ကိုယ်ပကတိအားဖြင့် အားကြီးသောမှီရာ = ပကတူပနိဿယ သဘောသတ္တိအားဖြင့် ကျေးဇူးပြုလျက် ရှိ၏။ ဤသို့ သမ္ပယုတ်တရားတို့သည် သဒ္ဓါကို အကြောင်းပြု၍ သဒ္ဓေယျဝတ္ထု၌ ယုံကြည်မှု ကြိယာ ဖြစ်ရသောကြောင့် သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့၏ ယုံကြည်ကြောင်း ဖြစ်သော သဘောတရားသည် သဒ္ဓါ မည်ပေသည်။ (ကရဏသာဓန။)
တစ်နည်း --- သဒ္ဓါတရားသည် သမ္ပယုတ်တရားတို့ကိုသာ သဒ္ဓေယျဝတ္ထု၌ ယုံကြည်စေသည် မဟုတ်၊ မိမိ သဒ္ဓါတရား ကိုယ်တိုင်ကလည်း ထိုသဒ္ဓေယျဝတ္ထု၌ ယုံကြည်တတ်သောကြောင့် သဒ္ဓါ မည်ပေသည်။ (ကတ္တုသာဓန။)
တစ်နည်း --- သဒ္ဓေယျဝတ္ထု၌ ယုံကြည်ခြင်းမျှသာဖြစ်သော သဘောတရားသည် သဒ္ဓါ မည်၏။ (ဘာဝသာဓန။)
ဤသို့လျှင် သဒ္ဓါနှင့်တကွသော သမ္ပယုတ်စိတ်စေတသိက် = စိတ္တုပ္ပါဒ်တို့၏ သဒ္ဓေယျဝတ္ထု၌ ယုံကြည်သော အခြင်းအရာအားဖြင့် ဖြစ်ကြသောအခါ ထိုစိတ္တုပ္ပါဒ်၏ တည်ရာ ပုဂ္ဂိုလ် သတ္တဝါဟု ခေါ်ဆိုအပ်သော ခန္ဓာအစဉ် သည်လည်း ဘုရားအစရှိသော သဒ္ဓေယျဝတ္ထုကို ယုံကြည်နေရကား ထိုပုဂ္ဂိုလ်ကို သဒ္ဓါတရားဖြစ်သော ပုဂ္ဂိုလ် သဒ္ဓေယျဝတ္ထု၌ ယုံကြည်သော ပုဂ္ဂိုလ်ဟုပင် ခေါ်ဆိုရပေသည်။
အဿဒ္ဓိယ --- သဒ္ဓါတရားမရှိသော သဒ္ဓေယျဝတ္ထု၌ မယုံကြည်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပါဒ်နှင့် မယုံကြည်သင့် မယုံကြည်ထိုက်သော ပုရာဏကဿပ စသော ဂိုဏ်းဆရာတို့၌ ယုံကြည်သော အားဖြင့် ဆုံးဖြတ်ချက် ချတတ်သော မှားသော အဓိမောက္ခစေတသိက် = မောဟ ဒိဋ္ဌိစေတသိက်တို့နှင့် ယှဉ်တွဲ နေသော အဓိမောက္ခစေတသိက်သည် အဿဒ္ဓိယ မည်၏၊ မိစ္ဆာဓိမုတ္တိလည်း မည်၏။ --- ဤစကားအစဉ်အရ ပုရာဏကဿပ စသော တိတ္ထိ တက္ကတွန်းတို့၌ ကြည်ညိုခြင်းကား သဒ္ဓါတရား မမည်၊ မိစ္ဆာ အဓိမောက္ခစေတသိက် သာတည်း။ အမှတ်မဲ့သော သူတို့၏ တစ်စုံတစ်ခုသော အကြောင်းကို စွဲ၍ သဒ္ဓေယျဝတ္ထု မဟုတ်သည်၌ ကြည်ညို ခြင်းကား သဒ္ဓါတရား မမည်၊ သဒ္ဓါတရား မဟုတ်၊ အဓိမောက္ခစေတသိက်သာတည်းဟု မှတ်ပါ။ (မင်းကြီး မင်းလေး စသည်တို့၌ ယုံကြည်မှု ကိုးကွယ်မှု ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင်တို့၌ ယုံကြည်မှု အထက်ဆရာကြီးတို့၌ ယုံကြည်မှု ကိုးကွယ်မှု စသည်တို့တည်း။)
ထိုသဒ္ဓါတရားသည် ဖြစ်ပေါ်လာခဲ့သော် ထိုအဿဒ္ဓိယသဘောတရားကို လွှမ်းမိုးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း မည်၏။ တစ်နည်းအားဖြင့် ဆိုရသော် ယုံကြည် ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်သောအားဖြင့် --- ဘုရားစစ် ဘုရားမှန် ဧကန်ဖြစ်၏ --- စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်း = အဓိမောက္ခ လက္ခဏာ၌ အစိုးရသူဖြစ်အောင် သမ္ပယုတ်တရားတို့ကို ပြုစေတတ်သော ကြောင့် ဣန္ဒြေလည်း မည်၏၊ ထိုသဒ္ဓါသည်ပင် သဒ္ဓိန္ဒြေ မည်ပေသည်။
ဣန္ဒဋ္ဌံ ကာရေတီတိ မံ အန္တရေန တုမှာကံ အဓိမုစ္စနံ နတ္ထိ၊ မယာ သဒ္ဒဟထာတိ ဝိယ အတ္တာနံ အနုဝတ္တေတိ သမ္ပယုတ္တဓမ္မေ။ ဧဝံ သေသေသုပိ။ (မူလဋီ၊၁၊၈၉။)
ငါမပါလျှင် အသင်သမ္ပယုတ်တရားတို့မှာ သဒ္ဓေယျဝတ္ထုအာရုံကို စွဲစွဲမြဲမြဲ သက်ဝင် ဆုံးဖြတ်နိုင်စွမ်းသော အဓိမောက္ခလက္ခဏာသဘော မရှိကြ။ ငါဖြင့် = ငါ၏ အကူအညီဖြင့် ထိုအာရုံကို ယုံကြည်ကြရ သက်ဝင်ဆုံးဖြတ် ကြရကုန်၏၊ ထို သက်ဝင်ဆုံးဖြတ်ရမည့် အဓိမောက္ခလက္ခဏာဝယ် ငါက အကြီးအချုပ် ပြုလုပ်မည်၊ အသင် သမ္ပယုတ်တရားတို့က ငါ့ကို အကြီးအချုပ် ပြုကြ၊ အကြီးအကဲ မြှောက်ကြ၊ --- ဟု မပြောသော်လည်း ပြောသကဲ့သို့ သမ္ပယုတ်တရားတို့ကို မိမိကိုယ်ကို အစိုးရသူ၏ အဖြစ်ကို ပြုစေ၏ = မိမိ၏သဘောသို့ လိုက်ပါစေတတ်၏ ဟူလိုသည်။ ကြွင်းသော ဣန္ဒြေတို့၌လည်း နည်းတူ မှတ်ပါ။ (တဒ္ဓမ္မူပစာရစကားများသာတည်း။)
အဓိမောက္ခလက္ခဏ --- အဓိမောက္ခသည် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်သောအားဖြင့် ဆုံးဖြတ်ချက်ချခြင်းဟူသော သဒ္ဓါဓိမောက္ခ၊ အဓိမောက္ခစေတသိက်တည်းဟူသော ယေဝါပနကာဓိမောက္ခဟု နှစ်မျိုး ရှိ၏။ ဤသဒ္ဓါစေတသိက်ကိုပင် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်သောအားဖြင့် ဆုံးဖြတ် တတ်သောကြောင့် သဒ္ဓါဓိမောက္ခဟု ခေါ်သည်။ ပကိဏ်းစေတသိက် (၆)လုံးတို့တွင် ပါဝင်သော အဓိမောက္ခကိုပင် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဘုရားရှင် ဟောကြားတော်မူရာ၌ --- ဖေဿာ ဟောတိ၊ ဝေဒနာ ဟောတိ --- စသည်တို့ ကဲ့သို့ နာမည် သီးခြားတပ်ကာ သရုပ်ထုတ်၍ ဟောတော်မမူဘဲ --- ယေ ဝါ ပန တသ္မိံသမယေ --- စသည်ဖြင့် ဟောတော်မူရာ စေတသိက်အုပ်စုတွင် ပါဝင်သောကြောင့် --- ယေဝါပနက အဓိမောက္ခဟု ခေါ်သည်။ ထိုတွင် ဤ --- အဓိမောက္ခလက္ခဏေ --- ၌ အဓိမောက္ခကား သဒ္ဓါဓိမောက္ခတည်း။
လက္ခဏ --- ဘုရားစစ် ဘုရားမှန် ဟုတ်မှ ဟုတ်ပါ့မလား --- စသည်ဖြင့် သဒ္ဓေယျဝတ္ထုတို့၌ ယုံမှားသံသယ မရှိဘဲ --- ဘုရားစစ် ဘုရားမှန် ဧကန် ဟုတ်၏၊ တရားစစ် တရားမှန် ဧကန် ဟုတ်၏၊ သံဃာစစ် သံဃာမှန် ဧကန် ဟုတ်၏၊ ကံ-ကံ၏ အကျိုးတရားသည် တကယ်ထင်ရှားရှိ၏၊ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့သည် တကယ်မှန်၏၊ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့သည် တကယ် ထင်ရှားရှိ၏၊ အတိတ်ဘဝ = အတိတ်ခန္ဓာသည် တကယ်ထင်ရှားရှိ၏၊ သံသရာ မဆုံးသေးသူတို့အဖို့ အနာဂတ်ဘဝ အနာဂတ်ခန္ဓာသည် တကယ်ထင်ရှားရှိ၏၊ ဤလောကသည် တကယ်ထင်ရှားရှိ၏၊ ပရလောက ခေါ်သည့် တစ်ပါးသော စကြာဝဠာ တစ်ပါးသော လောကသည် တကယ်ထင်ရှားရှိ၏ဟု ယတိပြတ် ဆုံးဖြတ်ချက် ချကာ ယုံမှု + ကြည်မှု = ယုံကြည်မှုသည် သဒ္ဓါစေတသိက်၏ သဘောလက္ခဏာပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် --- ထိုယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုသို့ အစဉ်အတိုင်း သက်ဝင်၍ --ဤဝတ္ထုသည် ဤသို့သဘော ရှိ၏၊ ဤကား ဘုရားစစ် ဘုရားမှန် ဧကန်ဟုတ်၏ဟု ဤသို့စသည်ဖြင့် (၈)ဌာနတို့၌ ဆုံးဖြတ်ချက်ချခြင်း သဘောတရားသည်လည်း သဒ္ဓါစေတသိက်၏ ဩကပ္ပနလက္ခဏာပင်တည်း။
ထပ်မံသဘောပေါက်ရန် --- ဤရှင်းလင်းချက်ဖြင့် သဒ္ဓါ၏ လက္ခဏ ရသ ရှုကွက်ကို သဘောပေါက်သော သူတော်ကောင်းတို့သည်လည်း ရှိရာသည်၊ သဘောမပေါက်နိုင်သေးသူ ယောဂီသူတော်ကောင်းတို့သည်လည်း ရှိရာသည်။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်၍ အာရုံယူထားပါ။ အကောင်း အုပ်စု ကုသိုလ်ဇောစိတ္တုပ္ပါဒ်တိုင်း၌ သဒ္ဓါစေတသိက် ပါဝင်သည်ကို တွေ့ရှိမည် ဖြစ်သည်။ ဥပမာ အသင်သူတော်ကောင်းသည် ဤကျမ်းစာ၌ တင်ပြထားသည့်အတိုင်း အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံယူ၍ စတုတ္ထစျာန်သို့တိုင်အောင် သမာဓိထူထောင်ပြီးသူ ထူထောင်နိုင်သူ ဖြစ်အံ့၊ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ပထမစျာန်နာမ်တရား (၃၄)တို့ကို ပြန်လည်၍ သိမ်းဆည်းကြည့် ပါ။ ယင်းပထမစျာန်ဇောစိတ္တုပ္ပါဒ်တိုင်း၌ သဒ္ဓါတရား ပါဝင်နေသည်ကို သတိပြုပါ။ ယင်း ပထမစျာန်နာမ်တရား (၃၄)တွင် ပါဝင်သော သဒ္ဓါတရားကိုပင် အာရုံယူကြည့်ပါ။ ထိုသဒ္ဓါတရားသည် ဘာကိုယုံကြည်နေသလဲ၊ သိက္ခာ သုံးပါးကို ယုံကြည်မှုမှာ သဒ္ဓါဖြစ်ကြောင်းကို ေ့ရှ၌ ရှင်းပြခဲ့၏။ စျာန်သမာဓိများသည် သမာဓိသိက္ခာတွင် အကျုံး ဝင်ကြ၏။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သမထဘာဝနာ = စျာန်သမာဓိ သိက္ခာ၌ ယုံကြည်မှုသည် သဒ္ဓါတရားပင်တည်း။
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ထိုစျာန်တရားများကို ဗြဟ္မာ့ချမ်းသာကို ရည်ရွယ်တောင့်တ၍ ပွားများအားထုတ်ခဲ့သည် ဖြစ်အံ့၊ ထို့ပြင် အသင်သူတော်ကောင်းသည်လည်း ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုနိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်သို့ ရောက်ရှိပြီး ဖြစ်၍ ထိုစျာန်ကုသိုလ်ကြောင့် ရရှိမည့် အနာဂတ်ဗြဟ္မာဘဝ ခန္ဓာငါးပါးကို လှမ်းအာရုံယူ၍ အကြောင်း-အကျိုး စပ်ကာ ရှုနိုင်ပါက ကံ-ကံ၏ အကျိုးတရားကို ယုံကြည်မှု သဒ္ဓါတရားသည်လည်း အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ပေါ်လာနိုင်ပါသည်။ ယင်းသို့ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ထိုးထွင်းသိမြင်နေသော ပစ္စယပရိဂ္ဂဟဉာဏ် ပြဓာန်းသော မနောဒွါရိက မဟာကုသိုလ်ဇော စိတ္တက္ခဏတိုင်း၌ ယေဘုယျအားဖြင့် နာမ်တရား (၃၄-၃၃) စသည်ရှိရာ ယင်းတို့တွင် သဒ္ဓါတရားလည်း ပါဝင်လျက်ပင် ရှိ၏။ ယင်းသဒ္ဓါကား ပညာသိက္ခာ၌ ယုံကြည်မှု သဒ္ဓါပင်တည်း။
တစ်ဖန် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားများတွင်လည်း ဇောနာမ်တရား (၃၄)လုံး စသည်၌ သဒ္ဓါစေတသိက် ပါဝင်လျက်ပင် ရှိ၏၊ စက္ခုအကြည်ဓာတ်ကို ကိုယ်တိုင်မျက်မှောက် ထိုးထွင်း၍ သိခြင်းကား ရူပပရိစ္ဆေဒဉာဏ်တည်း။ ပညာသိက္ခာတည်း။ ထိုစက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သဒ္ဓါတရားကား စက္ခုအကြည်ဓာတ်ကို ထိုးထွင်းသိမှု ထွင်းဖောက်သိမှု ပညာသိက္ခာ၌ ယုံကြည်မှု သဒ္ဓါပင်တည်း။ ကြွင်းရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိမှုကား နာမရူပပရိစ္ဆေဒဉာဏ်တည်း၊ ပညာ သိက္ခာတည်း။ ယင်း ပရမတ်ရုပ်နာမ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သဒ္ဓါတရားကား ရုပ်နာမ်ပရမတ်ကို ထိုးထွင်းသိမှု ထွင်းဖောက်သိမှု ပညာသိက္ခာ၌ ယုံကြည်မှု သဒ္ဓါပင်တည်း။
တစ်ဖန် ထိုစက္ခုအကြည်ဓာတ်၏ သို့မဟုတ် စက္ခုအကြည်ဓာတ်နှင့်တကွသော ရုပ်တရား နာမ်တရားစုတို့၏ လည်းကောင်း, ယင်း ရုပ်နာမ်ဓမ္မသင်္ခါရတရား၏ အကြောင်းတရားတို့၏လည်းကောင်း အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာတို့ကို ထိုးထွင်းသိမြင်မှုမှာလည်း ဝိပဿနာဉာဏ်ပညာ တည်း၊ ပညာသိက္ခာတည်း။ ယင်းသင်္ခါရတရားတို့၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘော အသုဘသဘော တို့ကို ရှုနေသော ထိုးထွင်းသိနေသော မနောဒွါရိကဇော နာမ်တရား (၃၄) စသည်တွင် ပါဝင်သော သဒ္ဓါတရား မှာလည်း ထိုသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘအခြင်းအရာတို့ကို ထိုးထွင်းသိသော ပညာသိက္ခာကို ယုံကြည်မှုသဘောပင်တည်း။ အကယ်၍ ဘုရားဂုဏ်တော်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားအုပ်စု ဖြစ်အံ့၊ သဒ္ဓါတရားမှာ ဘုရားဂုဏ်တော်ကို ယုံကြည်မှု သဒ္ဓါတရား ဖြစ်၏။ ဤသို့ စသည်ဖြင့် အရာဌာနအားလျော်စွာ သဘောပေါက်ပါလေ။
ရသ --- (က) ပသာဒနရသာ --- ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေအံ့၊ --- စကြာရတနာကို လည် စေနိုင်သော စက္ကဝတ်မင်းဖျား၏ ရေနောက်ကို ကြည်စေနိုင်သော စွမ်းအားရှိသော ပတ္တမြားရတနာသည် ရေထဲ၌ ထည့်လိုက်သောအခါ ညွန်ပျစ် မှော် ရေညှိ ညွန်ကြဲကို ကောင်းစွာ နစ်မြုပ်စေ၏၊ ရေကို ကြည်လင်အောင် ပြု လုပ်တတ်၏၊ အထူးသဖြင့် ကြည်လင်အောင် ပြုလုပ်တတ်၏၊ မနောက်ကျုအောင် ပြုလုပ်တတ်၏။ ဤဥပမာအတူ သဒ္ဓါတရားသည် ဖြစ်ပေါ်လာလတ်သော် နီဝရဏ အနောက်အကျုတို့ကို ခွာနိုင်၏၊ ကိလေသာတို့ကို ကောင်းစွာ နစ်မြုပ်စေ၏၊ စိတ်ကို ကြည်လင်စေ၏၊ မနောက်ကျုအောင် ပြုလုပ်တတ်၏၊ ကြည်လင်သောစိတ်ဖြင့် အားထုတ် အပ်သော ကမ္မဋ္ဌာန်း၌ သက်ဝင်၍ ဖြစ်သော ယောဂါဝစရ အမျိုးကောင်းသား အမျိုးကောင်းသမီးသည် ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ် စောင့်သုံးမှုကို ပြု၏၊ ဘာဝနာကို အားထုတ်၏၊ ဤသို့လျှင် ရှေးဦးစွာ သဒ္ဓါတရားကို သမ္ပသာဒနလက္ခဏာ = စိတ်ကို ကောင်းစွာ ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏ဟူ၍ သိရှိပါလေ။ ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့ မိန့်ဆိုထားတော်မူ၏။
ဒါယကာတော် မဟာရာဇ ...စကြာရတနာကို လည်စေနိုင်သော စက္ကဝတ်မင်းဖျားသည် စစ်အင်္ဂါ လေးပါးနှင့် အတူတကွ အဓွန့်ရှည်သော ခရီးကို သွားလတ်သော် အနည်းငယ်သော ရေကို ဖြတ်ကူးသွားလေရာ၏၊ ထိုရေသည် ဆင်တို့ကြောင့်လည်းကောင်း, မြင်းတို့ကြောင့်လည်းကောင်း, ရထားတို့ကြောင့်လည်းကောင်း, ခြေလျင် တပ်သားတို့ကြောင့်လည်းကောင်း ကူးသန်း ဖြတ်ကျော်သွားရသဖြင့် လှုပ်ချောက်ချားအပ်သည် ဖြစ်၍ နောက်ကျု သည် မွှေနှောက်ထားအပ်သည် ညွန်ဖြစ်၍နေသည် ဖြစ်လေရာ၏။
ရေကို ကူးမြောက်ပြီးသော စကြာရတနာကို လည်စေနိုင်သော စက္ကဝတ်မင်းဖျားသည် မင်းချင်းယောကျ်ား တို့ကို --- အမောင်တို့ ...သောက်ရေကို ဆောင်ချေကြကုန် ရေသောက်တော်မူပေအံ့ -- ဟု ဤသို့ စေခိုင်းလိုက် လေရာ၏။ စက္ကဝတ်မင်းဖျား၌လည်း ရေကို ကြည်လင်စေတတ်သော ပတ္တမြားရတနာသည် ရှိသည် ဖြစ်လေရာ၏။ အရှင်မင်းမြတ် ...အမိန့်တော်အတိုင်းပါဟု ဤသို့ သံတော်ဦးတင်၍ ထိုမင်းချင်းယောကျ်ားတို့သည် စက္ကဝတ်မင်းဖျားအား ဝန်ခံ၍ ရေကို ကြည်လင်စေတတ်သော ထိုပတ္တမြားရတနာကို ရေထဲ၌ ထည့်လိုက်ကုန်ရာ၏၊ ပတ္တမြားရတနာကို ရေထဲ၌ ထည့်အပ်ကာမျှနှင့် တစ်ပြိုင်နက် ညွန်ပျစ် မှော် ရေညှိသည် ကင်းသွားလေရာ၏။ ညွန်ကြဲသည်လည်း ကောင်းစွာ နစ်မြုပ်သွားလေရာ၏။ ရေသည် ကြည်လင်သည် အထူးသဖြင့် ကြည်လင်သည် မနောက်ကျုသည် ဖြစ်လေရာ၏၊ ထိုမှနောက်၌ စက္ကဝတ်မင်းဖျားကို --- အရှင်မင်းမြတ်သည် သောက်တော်ရေကို သောက်တော်မူပါဟု ဤသို့ သံတော်ဦးတင်၍ ဆက်သကုန်ရာ၏။
ဒါယကာတော် မဟာရာဇ ...စိတ်ကို ရေနှင့် တူ၏ဟု မှတ်ပါ။ ယောဂါဝစရပုဂ္ဂိုလ်ကို မင်းချင်းယောက်ျား တို့နှင့် တူ၏ဟု မှတ်ပါ။ ကိလေသာတို့ကို မှော် ရေညှိ ညွန်တို့နှင့် တူ၏ဟု မှတ်ပါ။ သဒ္ဓါတရားကို ရေကို ကြည် လင်စေတတ်သော ပတ္တမြားရတနာနှင့် တူ၏ဟု မှတ်ပါ။ ရေကို ကြည်လင်စေတတ်သော ပတ္တမြားရတနာကို ရေထဲ၌ ထည့်အပ်ကာမျှ ဖြစ်လတ်သော် ညွန်ပျစ်, မှော်, ရေညှိ, ညွန်ကြဲသည် ကင်းပျောက်သွားသကဲ့သို့ နစ်မြုပ် သွားသကဲ့သို့ ရေသည် ကြည်လင်လာသကဲ့သို့ မနောက်ကျုလာသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ... ဤဥပမာအတူသာလျှင် သဒ္ဓါတရားသည် ဖြစ်ပေါ်လာလတ်သော် နီဝရဏတို့ကို ခွာနိုင်၏၊ ကင်းသော နီဝရဏ ရှိသော စိတ်သည် ကြည်လင်လာ၏ အထူးသဖြင့် ကြည်လင်လာ၏၊ နောက်ကျုခြင်း မရှိတော့ပေ။ ဤသို့ မိန့်ကြား တော်မူ၏။ (မိလိန္ဒပဥှ၊၃၁။ အဘိ၊ဋ္ဌ၊၁၊၁၆၂-၁၆၃။)
ဤအထက်ပါ သမ္ပသာဒန လက္ခဏာကိုပင် အဋ္ဌကထာဆရာတော်က ပသာဒနရသာ --- ဟု (အဘိ၊ဋ္ဌ၊ ၁၊၁၆၃။)၌ နောက်တစ်နည်း ထပ်ဖွင့်ထားတော်မူ၏။ နောက်ကျုနေသော ရေထဲ၌ စကြဝတေးမင်း၏ ပတ္တမြား ရတနာကို ထည့်လိုက်သောအခါ အနယ်များ အောက်သို့ ကျသွား၍ ရေသည် ကြည်လင်လာရသကဲ့သို့ အလား တူပင် စိတ်အစဉ်၌ သဒ္ဓါတရား ယှဉ်လာသည့်အခါ ထိုသဒ္ဓါတရားက စိတ်အစဉ်ကို ညစ်နွမ်းစေတတ် နောက်ကျု စေတတ်သော နီဝရဏ ကိလေသာအညစ်အကြေး နောက်ကျုနေသော မြူအနည်များကို ပယ်ဖျောက်၍ သမ္ပယုတ်တရားတည်းဟူသော သဒ္ဓါနှင့် ယှဉ်သည့် စိတ်အစဉ်ကို တစ်နည်း သဒ္ဓါကိန်းဝပ်ရာ ပုဂ္ဂိုလ်ကို သဒ္ဓေယျ ဝတ္ထု၌ ကြည်လင်စေခြင်း မနောက်ကျုသည်၏ အဖြစ်ကို ပြုပေးခြင်း ကိစ္စရသကို ပြုလုပ် ဆောင်ရွက်ပေးလေသည်၊ ထိုသို့ သဒ္ဓါတရားက ပြုလုပ်ဆောင်ရွက်ပေးသဖြင့် သဒ္ဓါနှင့် ယှဉ်သည့် စိတ်အစဉ်သည်လည်း ကြည်လင်လာရ ပေသည်။ စိတ်အစဉ် ကြည်လင်သဖြင့် ထိုစိတ်အစဉ်၏ တည်ရာပုဂ္ဂိုလ်သည်လည်း ကြည်လင်နေသည်ဟုပင် ဆိုရပေသည်။
( ခ ) ပက္ခန္ဒနရသာ --- ယင်း ပက္ခန္ဒနရသာကို သမ္ပက္ခန္ဒနလက္ခဏာဟု အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊ ၁၆၂-၁၆၃။)၌ ဖွင့်ဆိုထားတော်မူ၏။
မိကျောင်း မကန်း ဖမ်းစားတတ်သော ရက္ခိုသ် အစရှိသည်တို့ဖြင့် ရောပြွမ်းသော ရေဖြင့် ပြည့်နေသော မြစ်ကြီးကို ရောက်၍ ကြောက်တတ်သော လူအပေါင်းသည် ကမ်းနှစ်ဘက်တို့၌ ရပ်တည်နေ၏။ စစ်မြေပြင်၌ ရဲရင့်သော သူရဲကောင်းကြီးသည်ကား လာလတ်၍ အဘယ်ကြောင့် ရပ်နေကြကုန်သနည်းဟု မေးကြည့်လေ သော် ရေထဲ၌ ဘေးရန်ရှိသောကြောင့် သက်ဆင်းခြင်းငှာ မဝံ့ပါကုန်ဟု ဤသို့ ပြောဆိုကုန်လတ်သော် ကောင်းစွာ သွေးထားအပ်ပြီးသော သန်လျက်ကို ကိုင်၍ --- ငါ၏ နောက်က လိုက်ခဲ့ကြကုန်၊ မကြောက်ကြကုန်လင့် --- ဤသို့ ပြောပြောဆိုဆို မြစ်ထဲသို့ သက်ဆင်း၍ ရောက်လာတိုင်း ရောက်လာတိုင်းကုန်သော မိကျောင်း အစရှိသော ဘေးရန်တို့ကို တားမြစ်၍ ဤမှာဘက်ကမ်းက လူတို့၏ ချမ်းသာကုန်သည်၏ အဖြစ်ကို ပြုလျက် ထိုမှာဘက်ကမ်းသို့ ပို့ဆောင်သကဲ့သို့လည်းကောင်း, ထိုမှာဘက်ကမ်းမှလည်း လူတို့ကို ချမ်းချမ်းသာသာဖြင့် ဤမှာဘက်ကမ်းသို့ ခေါ်ဆောင်လာသကဲ့သို့လည်းကောင်း --- ဤဥပမာအတူပင်လျှင် ဒါနကို ပေးလှူသောပုဂ္ဂိုလ်၏လည်းကောင်း, သီလကို စောင့်ရှောက်သောပုဂ္ဂိုလ်၏လည်းကောင်း, ဥပုသ်စောင့်သုံးခြင်းအမှုကို ပြုသောပုဂ္ဂိုလ်၏လည်းကောင်း, သမထ ဝိပဿနာ နှစ်ဖြာသော ဘာဝနာကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏လည်းကောင်း သဒ္ဓါတရားသည် ေ့ရှသွားဖြစ်၏၊ ထိုကြောင့် သဒ္ဓါတရားသည် ဒါန သီလ သမထ ဝိပဿနာ ဘာဝနာအာရုံသို့ ကောင်းစွာပြေးဝင်ခြင်း သဘောလက္ခဏာလည်း ရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၂-၁၆၃။) ယင်း သမ္ပက္ခန္ဒနလက္ခဏာကိုပင် ပက္ခန္ဒနရသာ-ဟု အဋ္ဌကထာဆရာတော်က နောက်ထပ်တစ်နည်း ထပ်မံ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။
ပက္ခန္ဒနံ အဓိမုစ္စနဝသေန အာရမ္မဏဿ အနုပဝိသနံ။ (မဟာဋီ၊၂၊၁၄၂။)
ယထာ တထာ ဝါ အာရမ္မဏေ ဝိနိစ္ဆယနံ အဓိမုစ္စနံ။ (မူလဋီ၊၁၊၉၃။)
မိကျောင်း မကန်း စသည်ပြွမ်းသော ရေအယဉ်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့, ထိုမှာဘက်ကမ်းမှ ဤမှာဘက်ကမ်းသို့ တိုင်အောင် ကူးခပ်ဝံ့သော ယောက်ျားကဲ့သို့ --- သဒ္ဓေယျဝတ္ထုတည်းဟူသော အာရုံ၌ သက်ဝင်ဆုံးဖြတ်ခြင်း ယုံကြည်သက်ဝင်ခြင်း၏ အစွမ်းဖြင့် သဒ္ဓေယျဝတ္ထု တည်းဟူသော အာရုံသို့ သမ္ပယုတ်တရားတို့ကိုလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်စေခြင်း, မိမိသဒ္ဓါ တရား ကိုယ်တိုင်ကလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်ခြင်း ကိစ္စရသ ရှိပေသည်။ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ မယုံ့တယုံ ဖြစ်နေသော စိတ်ဓာတ် တွန့်ဆုတ်နေသော စိတ်ဓာတ်, ရုပ် ကလာပ် နာမ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ဓာတ်ခွဲလျက် ရုပ်ပရမတ် နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကျင့်ရမည့် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေနိုင်သည့် ဘုရားရှင်၏ ကျင့်စဉ်၌ မယုံရဲ ယုံရဲ ဖြစ်နေသော စိတ်ဓာတ်, မျက်စောင်းထိုးလို မေးငေါ့လိုသော စိတ်ဓာတ်များကို ဖျက်သိမ်း၍ ထို ဒါန သီလ ဘာဝနာကျင့်စဉ်၌ မိမိသဒ္ဓါတရား ကိုယ်တိုင်နှင့် သမ္ပယုတ်တရားတို့ကိုပါ မနစ်မဆုတ် နောက်သို့ မတွန့်စေဘဲ ထိုကျင့်စဉ်များသည် ဧကန်မှန်၏ဟု ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား မိမိသဒ္ဓါတရား ကိုယ်တိုင်ကလည်း ယုံကြည် သက်ဝင် ဆုံးဖြတ်ခြင်း, သမ္ပယုတ်တရားတို့ကိုလည်း ယုံကြည်သက်ဝင် ဆုံးဖြတ်စေခြင်း၏ အစွမ်းဖြင့် ထို ဒါန သီလ ဘာဝနာအာရုံသို့ မိမိလည်း ပြေးသွားသက်ဝင်၍ သမ္ပယုတ်တရားတို့ကိုလည်း ပြေးသွား သက်ဝင်စေသည်။ သဒ္ဓါတရားနှင့်တကွသော နာမ်တရားတို့က ထိုအာရုံသို့ ပြေးသွား သက်ဝင်သဖြင့် ထို နာမ်တရားတို့၏ တည်ရာ ရုပ်တရားသည်လည်း သို့မဟုတ် ပုဂ္ဂိုလ်သည်လည်း ပြေးသွား သက်ဝင်တော့သည် ဟူလိုသည်။
ပစ္စုပဋ္ဌာန် --- (က) အကာလုဿိယပစ္စုပဋ္ဌာနာ --- သဒ္ဓါတရားသည် စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာနှင့် တူသဖြင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုအာရုံ၌ မိမိကိုယ်တိုင်ကလည်း မနောက်ကျုသည် ဖြစ်၍ သမ္ပယုတ် တရားတို့ကိုလည်း မနောက်ကျုစေသည်၏ အဖြစ်ဖြင့် သမ္ပယုတ်တရားတို့၏လည်း မနောက်ကျုသည်၏ အဖြစ်ဖြင့် ဝိပဿနာဉာဏ်ဖြင့် ယင်းသဒ္ဓါတရားကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။
(ခ) အဓိမုတ္တိပစ္စုပဋ္ဌာနာ --- တစ်နည်းအားဖြင့် အထက်တွင် ဖော်ပြခဲ့သော အဿဒ္ဓိယ, မိစ္ဆာဓိမောက္ခ = မိစ္ဆာဓိမုတ္တိတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ လွတ်လွတ် စုပ်စုပ် ငုပ်ငုပ် နစ်နစ် သက်ဝင်ဆုံးဖြတ်ခြင်း အကျိုးကို သဒ္ဓါတရားသည် ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။
ပဒဋ္ဌာန် --- (က) သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ --- ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုများသည်ပင် သဒ္ဓါတရား ဖြစ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရားများ ဖြစ်ပေသည်။ ဤစကားအရ ရတနာသုံးပါးတို့၏ ဂုဏ်ကို နှစ်နှစ် ကာကာ ယုံကြည်မှု, ပြုအပ်သမျှသော ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှသည် ထိုကံကို ပြုသူသတ္တဝါတို့၏ ရုပ် နာမ်သန္တာန်အစဉ်၌ အခါအခွင့်သင့်သောအခါ ကောင်းကျိုး မကောင်းကျိုးကို ဖြစ်စေနိုင်သည့် အစွမ်းသတ္တိတစ်မျိုး အနေဖြင့် ကိန်းဝပ်တည်ရှိနေသည်ဟု ယုံကြည်မှု, ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးသည် ရှိ၏ဟု ယုံကြည်မှု, ဣဓလောက = ဤလောက, ပရလောက = တမလွန်လောက တစ်ပါးသော စကြာဝဠာတို့၌ ယုံကြည်မှုမျိုးသည်သာ သဒ္ဓါစစ် ဖြစ်နိုင်သည်ဟု မှတ်ပါ။ ဤသဒ္ဓါစစ် ဖြစ်ရေးအတွက် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိသေးသူတို့ကား ယုံကြည်ထိုက်သော ဆရာသမား မိဘတို့၏ ဆိုဆုံးမမှုများနှင့် ယုံကြည်ထိုက်သော ပရိယတ္တိတရားတော်၏ သွန်သင်ပြသချက်အရ မှန်းဆ၍သာ လွမ်းရမည့် သဘောရှိပေသည်။
ဣဓလောက ပရလောက
နတ္ထိ အယံ လောကောတိ ပရလောကေ ဌိတော ဣမံ လောကံ နတ္ထီတိ ဂဏှာတိ။ နတ္ထိ ပရလောကောတိ ဣဓလောကေ ဌိတော ပရလောကံ နတ္ထီတိ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၆။)
ပရလောကေ ဌိတော ဣမံ လောကံ နတ္ထီတိ ဂဏှာတီတိ ဣမံ လောကံ အဝေက္ခိတွာ ပရလောကော, ပရဉ္စ အဝေက္ခိတွာ အယံ လောကော ဟောတိ ဂန္တဗ္ဗတော အာဂန္တဗ္ဗတော စာတိ ပရလောကတော ဣဓာဂမနဿ အဘာဝါ တတ္ထေဝ ဥစ္ဆိဇ္ဇနတော စိတ္တေန ပရလောကေ ဌိတော ဣမံ လောကံ နတ္ထီတိ ဂဏှာတီတိ အတ္ထော ဝေဒိတဗ္ဗော။ န ဟိ အယံ ဒိဋ္ဌိ ပရလောကေ နိဗ္ဗတ္တေဿဝ ဟောတီတိ။ ဣဓလောကေ ဌိတောတိ ဧတ္ထာပိ အယမေဝ နယော။ အယံ ဝါ ဧတ္ထ အတ္ထော သံသရဏပ္ပဒေသော ဣဓလောကော စ ပရလောကော စ နာမ ကောစိ နတ္ထိ သံသရဏဿ အဘာဝါ တတ္ထ တတ္ထေဝ ဥစ္ဆိဇ္ဇနတောတိ။ (မူလဋီ၊၁၊၁၇၆။)
စိတ္တေန ပရလောကေ ဌိတောတိ ယသ္မိံ လောကေ နိဗ္ဗတ္တိဝသေန သယံ ဌိတော၊ တတော အညံ လောကံ ပရလောကောတိ စိတ္တေန ဂဟေတွာ ဌိတော။ (အနုဋီ၊၁၊၁၈၉။)
ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက်အရ - ဣဓလောက = ဤလောက, ပရလောက = တစ်ပါးသောလောက - ဟူရာ၌ အမြဲမုချအားဖြင့် ဤလောက တစ်ပါးသောလောကဟု ယူရသော လောကဟူ၍ မရှိပေ။ နတ်လောက စသော တစ်ပါးသောလောကကို ထောက်လျှင် လူ့လောကသည် ဣဓလောက = ဤလောက ဖြစ်၏။ တစ်ပါးသော လူ့လောကကို ထောက်လျှင် နတ်လောကသည် ဣဓလောက = ဤလောက ဖြစ်ပြန်၏။ တစ်ခြားသော စကြာဝဠာကို ထောက်လျှင် ဤစကြာဝဠာသည် ဣဓလောက = ဤလောက ဖြစ်၏၊ တစ်ဖန် တစ်ခြားသော စကြာဝဠာကို ထောက်လျှင် = တစ်ခြားသော စကြာဝဠာဘက်က ကြည့်လျှင် ဤစကြာဝဠာသည် ပရလောက = တစ်ပါးသောလောက ဖြစ်ပြန်၏။ ထိုကြောင့် ဣဓလောက = ဤလောကဟူသော အမည် ပရ လောက = တမလွန်လောကဟူသော အမည် တစ်ပါးသောလောကဟူသော အမည်သည် အချင်းချင်းထောက်၍ ရအပ်သော အမည်တည်း။ (ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်းကဲ့သို့ မှတ်ပါ။)
ဥစ္ဆေဒဒိဋ္ဌိ အယူရှိသူတို့ကား သတ္တဝါတို့သည် ရောက်ရာဘဝ ဖြစ်ရာဘဝ၌ သေလျှင် ပြတ်၏၊ ဣဓလောက (= ဤလောက) မှ ပရလောက (= တမလွန်လောက) သို့မဟုတ် တစ်ပါးသောလောကသို့ သွားရောက်ခြင်း မည်သည် မရှိ၊ သွားရောက်ရမည့် ပရလောကလည်း မရှိ။ တစ်ဖန် ပရလောက၌ သေ၍ လာရောက်ဖို့ရာ ဣဓလောက (= ဤလောက) လည်း မရှိဟု စွဲယူကြ၏။
တစ်နည်း --- ကျင်လည်ရာအရပ်ဟု ဆိုအပ်သော ဣဓလောက (= ဤလောက)လည်း မည်သော, ပရ လောက (= တမလွန်လောက = တစ်ပါးသောလောက)လည်း မည်သော တစ်စုံတစ်ခုသော လောကသည် မရှိ၊ အဘယ်ကြောင့်နည်း? တစ်ဘဝပြီးလျှင် တစ်ဘဝသို့ ကျင်လည်၍ မနေရဘဲ ဖြစ်ရာဘဝ၌ပင် ပြတ်စဲသွားသော ကြောင့် ဣဓလောက = ဤဘဝ ဤလောက, ပရလောက = တမလွန်လောက တစ်ပါးသောလောကဟု ခွဲခြားဖွယ် မရှိတော့ရကား ဥစ္ဆေဒဒိဋ္ဌိသမားတို့က နတ္ထိ အယံ လောကော နတ္ထိ ပရလောကောဟု သေပြီး နောက် ဘဝသစ် မရှိကြောင်း ဆိုသည်။ (မူလဋီ၊၁၊၁၇၆။)
ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် သော ပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲနေသော သဒ္ဓါကား ယင်းဥစ္ဆေဒဒိဋ္ဌိနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။ အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ဖြစ်ပုံကို ကိုယ်တိုင်မျက်မှောက် ပစ္စက္ခ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်သဖြင့် ရှေးအတိတ်ဘဝမှ ယခုပစ္စုပ္ပန်ဘဝသို့ ကြောင်း-ကျိုးဆက်နွယ်လျက် လားရောက် ခဲ့ရသည် ဖြစ်၍ (= အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကမ္မသတ္တိ ကြောင့် ဤဘဝ၌ ရုပ်နာမ်အသစ် ဖြစ်ပေါ်လာရသည် ဖြစ်၍) အတိတ်ဘဝဟူသော ပရလောကကို ထောက်လျှင် ပစ္စုပ္ပန်ဘဝဟူသော ဣဓလောက (= ဤလောက) သည် အမှန်ရှိ၏ဟု ယုံကြည်၏။
တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သဖြင့် ဤပစ္စုပ္ပန်ဘဝဟူသော ဣဓလောက (= ဤလောက)ကို ထောက် လျှင် ပရလောက (= နောင်တမလွန်ဘဝ)ဟူသော အနာဂတ်ဘဝသည် အမှန်တကယ် ရှိ၏ဟုလည်း ယုံကြည်၏။ သမုတိသစ္စာနည်းအရ သံသရာ မဆုံးသေးသူတို့ သွားရောက်ရမည့် ဌာနကို လှမ်းမြင်နေသောကြောင့် ဖြစ်သည်။ သို့အတွက် ဣဓလောက ပရလောကတို့သည်လည်း သဒ္ဓါတရား ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား များပင် ဖြစ်ကြသည်။ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ကိုယ်တိုင် ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ပါက --- ကံ-ကံ၏အကျိုးတရားကို ယုံကြည်မှု, ဣဓလောက ပရလောက ရှိမှုကို ယုံကြည်မှုတို့ သည်လည်း အားလုံး အကျုံးဝင်သွားသည်သာ ဖြစ်သည်။ သံသရာ၏ ေ့ရှအစွန်းဟူသော အတိတ်ဘဝ အတိတ် ခန္ဓာ, သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ အနာဂတ်ခန္ဓာ, သံသရာ၏ ေ့ရှအစွန်း နောက်အစွန်း ဟူသော အတိတ် အနာဂတ်ဘဝ အတိတ် အနာဂတ်ခန္ဓာတို့ အပေါ်၌ ယုံကြည်မှုသည်လည်း အကျုံးဝင်သွား သည်သာ ဖြစ်သည်။
(ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ --- ပဒဋ္ဌာန်ကို တစ်နည်း ထပ်မံဖွင့်ဆိုထား၏။
၁။ သပ္ပုရိသသံသေဝန = သပ္ပုရိသူပသေဝန = သူတော်သူမြတ် သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်း = သစ္စာလေးပါး တရားတော်ကို မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည်တိုင်အောင် ဟောကြားပြသ ဆိုဆုံးမပေးနိုင်သော သူတော်သူမြတ်တို့ကို မှီဝဲဆည်းကပ်ခြင်း,
၂။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားခြင်း = ကြားနာခြင်း,
၃။ ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း,
ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ရုပ်နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ---
က။ ရုပ်တရားဟု
ခ။ နာမ်တရားဟု
ဂ။ အကြောင်းတရားဟု
ဃ။ အကျိုးတရားဟု နှလုံးသွင်းခြင်း, ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ---
င။ အနိစ္စဟု
စ။ ဒုက္ခဟု
ဆ။ အနတ္တဟု
ဇ။ အသုဘဟု နှလုံးသွင်းခြင်း ရှုပွားခြင်းများသည် ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် နှလုံးသွင်း ခြင်းတည်း။
၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား (၉)ပါးအားလျော်သော အကျင့်ကို ကျင့်ခြင်း,
သရဏဂုံ သီလမှ စ၍ အနုလောမဉာဏ်သို့တိုင်အောင်သော အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်ဆည်းပူး အပ်သော ဒါန + သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တို့သည် လောကုတ္တရာတရား (၉)ပါးအားလျော် သော ကျင့်ဝတ် ပဋိပတ်တို့ပင် ဖြစ်ကြသည်။
ဤအကြောင်းတရား (၄)ပါးတို့သည် သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါတို့တည်း၊ ထိုအကြောင်းအင်္ဂါ (၄)မျိုးတို့နှင့် ပြည့်စုံသူမှာ သောတာပတ္တိမဂ်နှင့် ယှဉ်သော သဒ္ဓါ ဖြစ်ပေါ်လာတတ်သောကြောင့် ဤအင်္ဂါ (၄)မျိုး တို့သည် သောတာပတ္တိမဂ်နှင့် ယှဉ်သော သဒ္ဓါ၏ အနီးကပ်ဆုံး အကြောင်းတရားများ ဖြစ်ကြရသည်။ သို့အတွက် ဤနောက်နည်း ပဒဋ္ဌာန်မှာ သောတာပတ္တိမဂ်နှင့် ယှဉ်သော သဒ္ဓါအတွက် ရည်ညွှန်း ဖော်ပြချက်ဟု မှတ်ပါ။ ပဒဋ္ဌာန်သာမဟုတ် ယင်း မဂ်သဒ္ဓါ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်တို့မှာလည်း ဩကပ္ပနလက္ခဏာ ပက္ခန္ဒနရသ, အဓိမုတ္တိ ပစ္စုပဋ္ဌာနတို့ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ယင်းအရိယမဂ်နှင့် ယှဉ်သော သဒ္ဓါ၏ လက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်း မှတ်သားပါ။
၁။ နိဗ္ဗာန်အာရုံ၌ သက်ဝင်ဆုံးဖြတ်ခြင်းသဘော လက္ခဏ၊
၂။ နိဗ္ဗာန်အာရုံသို့ မိမိလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်၍
သမ္ပယုတ်တရားတို့ကိုလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်စေခြင်း (ကိစ္စ) ရသ၊
၃။ နိဗ္ဗာန်အာရုံ၌ တည်လျက် သက်ဝင်ယုံကြည်
ဆုံးဖြတ်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
တစ်နည်း --- နိဗ္ဗာန်အာရုံ၌ သက်ဝင်ယုံကြည် ဆုံးဖြတ်ခြင်းဟူသော
အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊
၄။ သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါ (၄)ပါး ပဒဋ္ဌာန်။
[မှတ်ချက် --- ဤအထက်ပါ (၁) ဩကပ္ပနလက္ခဏာ, (၂) ပက္ခန္ဒနရသ, (၃) အဓိမုတ္တိပစ္စုပဋ္ဌာန, (၄) သောတာပတ္တိယင်္ဂပဒဋ္ဌာနတို့မှာ လောကီဝိပဿနာဉာဏ် အခိုက်၌လည်း အထိုက်အလျောက် ရှိသည်သာဟု မှတ်ပါ၊၊]
ဟတ္ထ - ဝိတ္တ - ဗီဇ နှင့် တူပုံ
ကုသလာနံ ဓမ္မာနံ အာဒါနေ ဟတ္ထော ဝိယ, သဗ္ဗသမ္ပတ္တိနိပ္ဖါဒနေ ဝိတ္တံ ဝိယ, အမတကသိဖလဖလနေ ဗီဇံ ဝိယ ဒဋ္ဌဗ္ဗာ။ (မူလဋီ၊၁၊၈၉။)
၁။ လက်နှင့်တူပုံ --- သဒ္ဓါ ဟတ္ထော မဟာနာမ အရိယသာဝကော = ဒါယကာ မဟာနာမ် ...အရိယ သာဝကသည် သဒ္ဓါတရားတည်းဟူသော လက်ရှိ၏ဟု ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏။ ပတ္တမြားထွက်သော ကျောက်တောင်သို့ ရောက်သောအခါ မကျိုးမပျက် ကောင်းသောလက်ရှိသော ပုဂ္ဂိုလ်သည်သာ ထိုရတနာတို့ကို ကောက်ယူနိုင်၍ ကောင်းသောလက် မရှိသူကား ထိုရတနာတို့ကို မကောက်ယူနိုင်သကဲ့သို့ အလားတူပင် မဂ် ဖိုလ် နိဗ္ဗာန်တိုင်အောင်သော တရားရတနာတို့ ထွက်ပေါ်ရာ ဗုဒ္ဓသာသနာတော်တည်းဟူသော ရတနာတောင်ကြီးဝယ် သဒ္ဓါတရားတည်းဟူသော လက်ရှိသော သူတော်ကောင်းတို့သည်သာလျှင် ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်ဟူသော ကုသိုလ်တရားရတနာတို့ကို ကောက်ယူနိုင်၏၊ သဒ္ဓါလက် မပါသူကား ကောက်မယူနိုင်။ ထိုကြောင့် သဒ္ဓါသည် လက်နှင့် တူ၏။
၂။ ဥစ္စာနှင့်တူပုံ --- သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ = ဤလောက၌ ယောက်ျား၏ အမြတ်ဆုံး ဥစ္စာကား သဒ္ဓါ တရားတည်း။ (သံ၊၁၊၂၁၆။) ဟူသော ယက္ခသံယုတ် အာဠာဝကသုတ် ပါဠိတော်နှင့်အညီ ရတနာအမျိုးမျိုးတို့ကို ရောင်းရာ စျေးအတွင်းသို့ ရောက်ရှိသွားသူသည် မိမိ၌ ဝယ်ယူဖို့ရန် လက်ဝယ်ပိုင်ဆိုင်သည့် ဥစ္စာပါမှသာ ထို ရတနာတို့ကို ဝယ်ယူနိုင်၏၊ ဥစ္စာမပါသူကား ထိုရတနာတို့ကို မဝယ်ယူနိုင်သကဲ့သို့ အလားတူပင် --- ဗုဒ္ဓသာသနာ တော်တည်းဟူသော ရတနာစျေးတော်ကြီးဝယ် သဒ္ဓါတရားတည်းဟူသော ဥစ္စာနှစ် ပါသူသည်သာလျှင် သူတော် ကောင်းရတနာများကို ဝယ်ယူနိုင်၏၊ သဒ္ဓါဥစ္စာ မပါသူကား မဝယ်ယူနိုင်၊ ထိုကြောင့် သဒ္ဓါသည် ဥစ္စာနှင့်လည်း တူ၏။
၃။ မျိုးစေ့နှင့်တူပုံ --- သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ = (သံ၊၁၊၁၇၅။) ဟူသော ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ် ပါဠိတော်နှင့်အညီ မိုးလေ ကောင်းမွန်နေသော ဥတု ရေ မြေဝယ် မျိုးစေ့ရှိသူသည်သာလျှင် စိုက်ပျိုး ကြဲချ၍ အသီးအနှံတို့ကို ရအောင်ယူနိုင်၏၊ မျိုးစေ့ မရှိသူကား မကြဲနိုင် မစိုက်ပျိုးနိုင်သဖြင့် အသီးအနှံတို့ကို မရနိုင်သ ကဲ့သို့ အလားတူပင် တရားတည်းဟူသော မိုးလေများ ကောင်းမွန်နေသော သာသနာ့မြေဝယ် သဒ္ဓါမျိုးစေ့ ရှိသူ သည်သာလျှင် ထိုမျိုးစေ့ကို ကြဲချ စိုက်ပျိုးခြင်းဖြင့် သူတော်ကောင်းတရားတည်းဟူသော အသီးအနှံများကို ရရှိ နိုင်၏၊ ယင်းအသီးအနှံတို့ကား အမတကသိဖလဟု ခေါ်ဆိုအပ်သော, သာသနာ့မြေဝယ် ထွန်ယက် ကြဲချ စိုက်ပျိုး ခြင်းကြောင့် ရရှိနိုင်သော မဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများတည်း။ သာသနာ့မြေဝယ် ကြဲချ စိုက်ပျိုးလိုက်သော သဒ္ဓါမျိုးစေ့က ယင်းမဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများကို ပွင့်စေ သီးစေနိုင်၏။ သဒ္ဓါမျိုးစေ့ မရှိသူကား သာသနာ့မြေဝယ် ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းကို မပြုလုပ်နိုင် = သဒ္ဓါတရား မရှိက သဒ္ဓါမျိုးစေ့ မရှိက မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အသီးအပွင့်တို့ကို ပွင့်စေ သီးစေတတ်သော ဒါန သီလ သမထ ဝိပဿနာ ကုသိုလ်တရားတို့ကို မပြုလုပ်နိုင်။ ထိုကြောင့် သဒ္ဓါသည် မျိုးစေ့နှင့်လည်း တူ၏။
သဒ္ဓါနှင့် ပေမ ရောနှောတတ်ပုံ
ယခုကာလ အချို့သော သူတော်ကောင်းများ၌ သဒ္ဓါနှင့် ပေမ ရောနှောသည်ကိုလည်း တွေ့ရတတ်၏။ အနေအထိုင်နှင့် အပြောအဟော အဆုံးအမ ကောင်းမွန်သော ပုဂ္ဂိုလ်အပေါ်တွင် အနေအထိုင်နှင့် အဟော အပြောကောင်းသည့်အတွက် ကြည်ညို၏ သဒ္ဓါတရား ဖြစ်၏။ မိမိကို သွန်သင် ဆုံးမသည့်အတွက် အကျေနပ်ကြီး ကျေနပ်ကာ ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်မြတ်နိုးပြန်၏။ ဤသို့ဖြစ်ရာ၌ ကြည်ညိုခြင်းသဘောသည်ကား သဒ္ဓါ ဖြစ်၏၊ ချစ်ခင်မြတ်နိုးခြင်းသဘောကား ပေမတည်း။ ဘုရားရှင်ကို အကြည်ညိုကြီး ကြည်ညိုသော မမှိတ်သော မျက်စိဖြင့် အမြဲတမ်း ဖူးတွေ့ခွင့်ရမှသာ အကျေနပ်ကြီး ကျေနပ်နေသော အရှင်ဝက္ကလိသည်ပင် ပုထုဇန်ဘဝက ဘုရားအပေါ်၌ အလွန်အမင်း ချစ်ခင်မြတ်နိုးလျက် အကြည်ညိုကြီး ကြည်ညိုခဲ့၏။ ဆန္နအမတ်ဟု = မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများကြသော ဗြာဟ္မဒဏ် အခတ်ခံရသော ငယ်ကျွန်ရင်း အရှင်ဆန္နမထေရ်သည်လည်း ပုထုဇန် ဘဝက ဘုရားအပေါ်၌ သခင်ချစ် ချစ်ကာ အလွန် ချစ်ခင်မြတ်နိုးရှာ၏။
ထိုသို့ဖြစ်ရာ၌ သဒ္ဓါသဘောက ကုသိုလ်အစစ် ဖြစ်သော်လည်း သံယောဇဉ် ပေမတရားမှာ အကုသိုလ်သာ တည်း။ ထိုသံယောဇဉ်အတွက် ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ အသိအလိမ္မာနှင့် ကုသိုလ်ပါရမီ တိုးပွားပါမူ --- သမထ ဝိပဿနာ ဘာဝနာဉာဏ် အသိထူးများ ရရှိခဲ့ပါမူ ယင်းအကုသိုလ်က ယင်းကုသိုလ်တရားတို့အား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေဇူးပြုပေးကြောင်းကို ဘုရားရှင်သည် အောက်ပါအတိုင်း ဟောကြားထားတော်မူ၏။
အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော --- ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံဥပ္ပါဒေတိ။ ပ ။ ရာဂေါ။ ပ ။ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၉။)
အကုသိုလ်တရားသည် ကုသိုလ်တရားအား ပကတိအားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေး၏။ ပကတူပနိဿယဟု ခေါ်ဆို၏။ ယင်း ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးပုံမှာ ---
ချစ်ခင်မြတ်နိုးခြင်း ပေမတရား အဝင်အပါဖြစ်သည့် ရာဂကို အားကြီးသော အမှီသဟဲပြု၍ = ပုဂ္ဂိုလ်ခင်မှ တရားမင်၍ ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ်ကံကို ကျင့်သုံး၏၊ စျာန်ကို ဖြစ်စေ၏၊ ဝိပဿနာ ဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကို ဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊သမာပတ်ကို ဖြစ်စေ၏။ ရာဂသည် သဒ္ဓါအား သီလအား သုတအား စာဂအား ပညာအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ် ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန၊၁၊၁၄၉။)
ဤပဋ္ဌာန်းဒေသနာတော်နှင့်အညီ ပုဂ္ဂိုလ်ခင်၍ တရားမင်မှု၌ ချစ်ခင်မြတ်နိုးခြင်း ပေမတရားတည်းဟူသော အကုသိုလ်အသေးအမွှားကလေးက ဒါနကုသိုလ် သီလကုသိုလ် စျာန်ကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ် သမာပတ် (၈)ပါးတည်းဟူသော ကုသိုလ် အဘိညာဏ်ကုသိုလ်ဟူသော အလွန်ကြီးကျယ် မြင့်မြတ်သော အလွန် အဆင့်အတန်းမြင့်မားသော များစွာသော ကုသိုလ်တရားတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သည့် စွမ်းအားရှိသော ကောင်းမွန်သော အကြောင်းတရားကောင်း တစ်ခုပင် ဖြစ်ပေသည်။ သို့သော် ထိုကဲ့သို့ အကောင်း ဖြစ်အောင်လည်း ဆရာသမားဖြစ်သူကလည်း စေတနာရင်း စေတနာမှန်ဖြင့် ဟောပြော ဆုံးမ၍ တပည့်ဖြစ်သူ ကလည်း ဟောပြောသမျှ လိုက်နာလျက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှ လိုရာအကျိုးတရား ပြီးစီးနိုင်မည် ဖြစ်ပေသည်။
__________
၂။ သတိ
၁။ အပိလာပနလက္ခဏာ သတိ၊ ဥပဂ္ဂဏှနလက္ခဏာ စ၊
၂။ အသမ္မောသနရသာ (အသမ္မောသရသာ)၊
၃။ အာရက္ခပစ္စုပဋ္ဌာနာ၊ ဝိသယာဘိမုခီဘာဝပစ္စုပဋ္ဌာနာ ဝါ၊ (ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ ဝါ၊)
၄။ ထိရသညာပဒဋ္ဌာနာ၊ ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ ဝါ၊
အာရမ္မဏေ ဒဠှံ ပတိဋ္ဌိတတ္တာ ပန ဧသိကာ ဝိယ, စက္ခုဒွါရာဒိရက္ခဏတော ဒေါဝါရိကော ဝိယ စ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၉၄။)
၁။ (က) သတိပဋ္ဌာန် စသော အာရုံ၌ = သတိ၏ တည်ရာ ကာယ ဝေဒနာ စိတ္တဓမ္မ
စသော အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ
ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာအောက်မေ့စေခြင်း သဘော လက္ခဏ၊
တစ်နည်း --- မိမိ သတိကိုယ်တိုင် သတိ၏တည်ရာ ရုပ်နာမ် စသော
အာရုံ၌ ဘူးတောင်းကဲ့သို့ မပေါ်လွင်ဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား
မြဲစွာအောက်မေ့ခြင်းသဘော လက္ခဏ၊
တစ်နည်း --- သတိ၏တည်ရာ အရှုခံဖြစ်သော ရုပ်နာမ် စသော
အာရုံတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေခြင်း ခိုင်မြဲစေခြင်းသဘော လက္ခဏ၊
တစ်နည်း --- သတိပဋ္ဌာန် စသော ကုသိုလ်တရားကို အမှတ်ရစေခြင်း
အောက်မေ့စေခြင်းသဘော လက္ခဏ၊
( ခ ) တစ်နည်း --- အကျိုးရှိသော ကောင်းသော အကျင့်တို့ကို သိမ်းပိုက်ခြင်းသဘော လက္ခဏ၊
၂။ အာရုံကို ပျောက်ပျက်စေတတ်သော မေ့လျော့ခြင်း ပမာဒကို ဖျက်ဆီးခြင်း
= အာရုံကို မပျောက်ပျက်စေခြင်း (ကိစ္စ) ရသ၊
၃။ (က) စိတ်ကို စောင့်ရှောက်တတ်သော သဘောတရား
တစ်နည်း --- အရှုခံအာရုံကို စောင့်ရှောက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊
( ခ ) တစ်နည်း --- အာရုံဘက်သို့ စိတ်၏ ရှေးရှူ မျက်နှာမူကြောင်း သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ (က) မြဲမြံသော အမှတ်သညာ ပဒဋ္ဌာန်၊
( ခ ) တစ်နည်း ကာယ အစရှိသော သတိပဋ္ဌာန် သို့မဟုတ် ကာယ အစရှိသည်ကို
အာရုံပြု၍ ဖြစ်သော သတိပဋ္ဌာန် ပဒဋ္ဌာန်။
သရန္တိ ဧတာယ, သယံ ဝါ သရတိ, သရဏမတ္တမေဝ ဝါ ဧသာတိ သတိ။ သာဝ မုဋ္ဌဿစ္စဿ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ ဥပဋ္ဌာနလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ သတိ ဧဝ ဣန္ဒြိယံ သတိန္ဒြိယံ။ သာ ပနေသာ အပိလာပနလက္ခဏာ စ သတိ ဥပဂ္ဂဏှနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၄။)
သမ္ပယုတ်တရားတို့၏ သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရား, သမထ ဝိပဿနာ ဝိဇ္ဇာဝိမုတ္တိတရားတို့ကို အောက်မေ့တတ်ကြောင်း အမှတ်ရကြောင်း ဖြစ်သော သဘောတရားသည် သတိ မည်၏။ သမ္ပယုတ်တရားတို့က သမထအာရုံနိမိတ်တို့ကိုလည်းကောင်း, ဝိပဿနာဉာဏ်၏ အရှုခံဖြစ်သော သင်္ခါရနိမိတ်တို့ကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တို့ကိုလည်းကောင်း, ဝိဇ္ဇာဝိမုတ္တိ အမည်ရသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကိုလည်းကောင်း, ထိုမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းကောင်း အောက်မေ့တတ် အမှတ်ရတတ်ခြင်း စွဲစွဲမြဲမြဲ အာရုံပြုနိုင်ခြင်းသည် ယင်းသမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲဖြစ်သည့် ဤသတိကြောင့်သာ အောက်မေ့နိုင် အမှတ်ရနိုင် စွဲစွဲမြဲမြဲ အာရုံပြုနိုင်ကြခြင်း ဖြစ်၏၊ သို့အတွက် သတိသည် သမ္ပယုတ်တရားတို့၏ ထိုဖော်ပြပါ ဆိုင်ရာဆိုင်ရာ အာရုံတို့ကို ခိုင်ခိုင်မြဲမြဲ စွဲစွဲမြဲမြဲ အာရုံပြုနိုင်ခြင်း အောက်မေ့နိုင်ခြင်း အမှတ်ရနိုင်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် သတိ အမည်ရပေသည်။
ဤ -- သရန္တိ ဧတာယာတိ သတိ --- ဟူသော ကရဏသာဓနဝိဂြိုဟ်ဖြင့် (အထက်တွင် ဖော်ပြထားသော) ဆိုင်ရာဆိုင်ရာ အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း အမူအရာကြိယာ၌ = လုပ်ငန်းရပ်၌ ဖြစ်ကြကုန်သော စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ ထိုအောက်မေ့ခြင်း အမှတ်ရခြင်းကြိယာ၌ အကြီးအကဲ အစိုးတရ၏ အဖြစ်ဖြင့် သတိ၏ အကြောင်းတရားဖြစ်မှုကို ထင်ရှား ဖော်ပြ၏။ မှန်ပေသည် --- ထိုသတိ၏ မိမိနှင့် အတူ ယှဉ်တွဲ ဖြစ်သည့် စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ ထိုသို့ အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း၏ အကြောင်းတရား ဖြစ်မှုသဘောသည် ထင်ရှားရှိခဲ့သော် ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း ထိုအာရုံကို အောက်မေ့တတ် အမှတ်ရတတ်၏ဟု ခေါ်ဝေါ်ခြင်းငှာ ထိုက်တော့သည်သာ ဖြစ်သည်။ (မဟာဋီ၊၂၊၁၄၂။) ထိုကြောင့် သတိနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ထိုအထက်တွင် ဖော်ပြထားသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ စသော အာရုံတို့ကို အောက်မေ့စေတတ် အမှတ်ရစေတတ် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံ ပြုစေတတ်ကြောင်း ဖြစ်သော ကြောင့်လည်း သတိ မည်ပေသည်။ (ကရဏသာဓန။)
တစ်နည်းဆိုသော် --- ထိုသတိသည် သမ္ပယုတ်တရားတို့နှင့်လည်းကောင်း, သတိနှင့်လည်းကောင်း ပြည့်စုံ သော ပုဂ္ဂိုလ်ကိုသာ အထက်ပါ အာရုံ အသီးအသီးကို အောက်မေ့စေတတ် အမှတ်ရစေတတ် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုစေတတ်သည် မဟုတ်သေး၊ မိမိ သတိကိုယ်တိုင်ကလည်း ထိုအာရုံကို အောက်မေ့တတ် အမှတ်ရတတ်၏၊ စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုတတ်၏၊ ထိုကြောင့်လည်း သတိ မည်ပေသည်။ (ကတ္တုသာဓန။)
တစ်နည်း --- ထိုအာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုနိုင်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် သတိ မည်ပေသည်။ (ဘာဝသာဓန)။
ထိုသတိသည်ပင် ပျောက်ကင်းသောသတိ ရှိသူ၏ အဖြစ်ကို = ပျောက်ကင်းသော သတိရှိသူ ဖြစ်ကြောင်း ဖြစ်ရာ အကုသိုလ်စိတ္တုပ္ပါဒ်ကို လွှမ်းမိုးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း အမည်ရပေသည်။
တစ်နည်း --- ကြာမြင့်စွာက ပြုခဲ့သော အာရုံ အစရှိသော အာရုံသို့ ကပ်၍တည်ခြင်း လက္ခဏာ၌ သို့မဟုတ် ပစ္စုပ္ပန်အာရုံသို့ ကပ်၍တည်ခြင်း မစွန့်လွှတ်ခြင်းလက္ခဏာ၌ မိမိ၏ အစိုးရသည်၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုစေ၏၊ ထိုကြောင့် ဣန္ဒြေလည်း မည်၏။ ဤနည်းအရ သတိသည်ပင် ဣန္ဒြေမည်ရကား သတိန္ဒြေဟု သတိကို ဆိုသည်။
စိရကတာဒိအာရမ္မဏံ ဥပဂန္တွာ ဌာနံ, အနိဿဇ္ဇနံ ဝါ အာရမ္မဏဿ ဥပဋ္ဌာနံ။ (မူလဋီ၊၁၊၈၉။)
ကရဏာဒိကာလေ ဝိယ စိရကတာဒိအာရမ္မဏံ ဝိဘူတံ ကတွာ ပဝတ္တန္တီ သတိ တံ ဥပဂန္တွာ တိဋ္ဌန္တီ အနိဿဇ္ဇန္တီ စ ဟောတိ။ (အနုဋီ၊၁၊၉၆။)
ကြာမြင့်စွာသောကာလက ပြုခဲ့သောအာရုံ ဖြစ်ခဲ့သောအာရုံ စသည့် အာရုံပင်ဖြစ်သော်လည်း ရှေးပြုနေစဉ် ဖြစ်နေစဉ် စသည့် အချိန်တုန်းကကဲ့သို့ ကြာမြင့်စွာသောကာလက ပြုခဲ့သောအာရုံ ဖြစ်ခဲ့သောအာရုံ စသည့် အာရုံကို ထင်ရှားအောင် ပြု၍ ဖြစ်ပေါ်လာသော သတိသည် ထိုအာရုံသို့ ကပ်ရောက်၍ တည်နေသည်လည်း မည်၏၊ ထိုအာရုံကို မစွန့်လွှတ်သည်လည်း မည်၏၊ ထိုသို့ ကပ်ရောက်၍တည်ခြင်း မစွန့်လွှတ်ခြင်းသည် ဥပဋ္ဌာန = ကြာမြင့်စွာက ပြုခဲ့ ဖြစ်ခဲ့သော အာရုံ စသည့် အာရုံပင်ဖြစ်သော်လည်း ထိုရှေးအခါတုန်းက ပြုနေစဉ်ကဲ့သို့ ယခု ထင်လာခြင်း မည်၏။ ယင်းသဘောတရားကိုပင် ဥပဋ္ဌာနလက္ခဏာဟု ဆိုသည်။ ယင်း ဥပဋ္ဌာနလက္ခဏာ၌ မိမိအစိုးရသည်၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုစေတတ်သောကြောင့်လည်း သတိသည်ပင် ဣန္ဒြေလည်း မည်ပေသည်။ ထိုကြောင့် သတိကိုပင် သတိန္ဒြေဟု ခေါ်ဆိုသည် ဟူလို။
အပိလာပနလက္ခဏာ --- ဥဒကေ အလာဗု ဝိယ အာရမ္မဏံ ပိလဝိတွာ ဂန္တုံ အပ္ပဒါနံ ပါသာဏဿ ဝိယ နိစ္စလဿ အာရမ္မဏဿ ဌပနံ သာရဏံ အသမ္မုဋ္ဌတာကရဏံ အပိလာပနံ။ (မူလဋီ၊၁၊၈၉။)
ရေထဲ၌ ပစ်ချထားအပ်သော ဘူးတောင်းသည် ပေါလောပေါ်၍ သွားသကဲ့သို့ ထို့အတူ (ဝိသဒိသူပမာ), အာရုံကို ပေါလောပေါ်၍ သွားခွင့်ကို မပေးဘဲ = အာရုံကို ပျောက်ကွယ်မသွားစေဘဲ, ရေထဲ၌ ပစ်ချထားအပ်သော ကျောက်တုံး ကျောက်ခဲများကဲ့သို့ လှုပ်ရှားခြင်းမရှိသော, အာရုံကို တည်တံ့ ခိုင်မြဲအောင်ထားခြင်း, အာရုံကို အမှတ်ရစေခြင်း အမှတ်ရခြင်း, အာရုံကို မပျောက်ပျက်သည်၏ အဖြစ်ကို ပြုခြင်းသည် အပိလာပန = အာရုံကို ပေါလော မပေါ်စေခြင်း မည်၏။ (မူလဋီ၊၁၊၈၉။)
ဘုရင်မင်းမြတ်၏ ဘဏ္ဍာတိုက်စိုး = ဘဏ္ဍာရေးဝန်ကြီးသည် ရတနာ (၁၀)ပါးကို လုံခြုံစေလျက် စောင့် ရှောက်လျက် ညနေချမ်း၌ တစ်ကြိမ်, နံနက်၌ တစ်ကြိမ် ဘုရင်မင်းမြတ်ကို ဣဿရိယသမ္ပတ္တိဟုခေါ်သော အစိုးရသူဖြစ်ကြောင်း စည်းစိမ်ဥစ္စာအပေါင်းကို မှတ်မိစေ အမှတ်ရစေ အောက်မေ့စေသကဲ့သို့ ဤဥပမာအတူပင် သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို မှတ်မိစေ အောက်မေ့စေ အမှတ်ရစေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၄။)
ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့မိန့်ဆိုတော်မူခဲ့၏ ---
ဒါယကာတော် မိလိန္ဒမဟာရာဇ ...စက္ကဝတ်မင်းဖျား၏ ဘဏ္ဍာစိုးသည် စက္ကဝတ်မင်းဖျားကို ညဉ့်၌ လည်းကောင်း, နံနက်၌လည်းကောင်း စည်းစိမ်ဥစ္စာ အခြံအရံကို အမှတ်ရစေ၏၊ အဘယ်သို့ အမှတ်ရစေသနည်း အရှင်မင်းမြတ် ...ဆင်တို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ မြင်းတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ရထားတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ခြေလျင်တပ်သားတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ငွေသည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ ရွှေသည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ အလုံးစုံသော ဥစ္စာနှစ်သည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ အရှင်မင်းမြတ်သည် ထိုစည်းစိမ်ကို အမှတ်ရတော်မူပါ။ ထိုသို့ သံတော်ဦးတင်၍ အမှတ်ရစေသကဲ့သို့ --- ဒါယကာတော် မိလိန္ဒ မဟာရာဇ ...ဤဥပမာအတူပင်လျှင် သတိသည် ကုသိုလ်တရား တို့ကို ပေါလော မပေါ်စေ = ပေါလောပေါ်၍ လွင့်မသွားစေ = အာရုံအဖြစ်ဖြင့် ထင်လာစေသည်။ အဘယ်သို့ ထင်လာစေသနည်း ---
၁။ ဤလေးပါးတို့သည် သတိပဋ္ဌာန်တို့တည်း၊
၂။ ဤလေးပါးတို့သည် သမ္မပ္ပဓာန်တို့တည်း၊
၃။ ဤလေးပါးတို့သည် ဣဒ္ဓိပါဒ်တို့တည်း၊
၄။ ဤငါးပါးတို့သည် ဣန္ဒြေတို့တည်း၊
၅။ ဤငါးပါးတို့သည် ဗိုလ်တို့တည်း၊
၆။ ဤခုနစ်ပါးတို့သည် ဗောဇ္ဈင်တို့တည်း၊
၇။ ဤရှစ်ပါးတို့သည် မဂ္ဂင်တို့တည်း၊
၈။ ဤသမာဓိသည် သမထတည်း၊
၉။ ဤပညာသည် ဝိပဿနာတည်း၊
၁၀။ ဤပညာသည် ဝိဇ္ဇာတည်း၊
၁၁။ ဤအရဟတ္တဖိုလ်သည် ဝိမုတ္တိတည်း၊
၁၂။ ဤတရားတို့သည် လောကုတ္တရာတရားတို့တည်း၊
ဤသို့ ထင်လာစေ၏။
ဒါယကာတော် မိလိန္ဒမဟာရာဇ ...ဤသို့လျှင် သတိသည် အပိလာပနလက္ခဏာ = ပေါလော မပေါ်စေ = ပေါလောပေါ်၍ လွင့်မသွားစေ = အာရုံအဖြစ်ဖြင့် ထင်လာစေခြင်း သဘောလက္ခဏာ ရှိပေသည်။ (မိလိန္ဒပဥှ၊၃၆။ အဘိ၊ဋ္ဌ၊၁၊၁၆၄။)
သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို မှတ်မိစေ အောက်မေ့စေ အမှတ်ရစေ၏ --- ဟူရာ၌ ကုသိုလ်တရားအရတွင် အထက်ပါအတိုင်း ဗောဓိပက္ခိယတရား (၃၇)ပါးနှင့် သမထ, ဝိပဿနာ, ဝိဇ္ဇာ, ဝိမုတ္တိ, လောကုတ္တရာတရားတို့ကို ဖော်ပြထား၏။
သမထ (၄၀)တွင် စာဂါနုဿတိ သီလာနုဿတိတို့လည်း ပါဝင်နေသဖြင့် ဒါနအာရုံ သီလအာရုံများလည်း ပါဝင်လျက်ရှိသည်ကို သတိပြုပါ။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ သတိပဋ္ဌာန် လေးပါး၌ အကျုံးဝင်သော ရုပ်-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာ အမည်ရသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တရားစုတို့ပင်တည်း။
သို့အတွက် ဝိပဿနာပိုင်းကို အလေးပေး၍ ကွက်ပြောရမူ ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား တည်းဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက် အသုဘအချက်တို့ကိုလည်းကောင်း မိမိ သတိကိုယ်တိုင်ကလည်း မှတ်မိတတ် အောက်မေ့တတ် အမှတ်ရ တတ်၍ သမ္ပယုတ်တရားတို့ကိုလည်း မှတ်မိစေ အောက်မေ့စေ အမှတ်ရစေသော သဘောတရားသည် သတိ၏ အပိလာပနလက္ခဏာဟု မှတ်ပါ။ ထိုအာရုံ၌ စိတ်ခိုင်မြဲမှု သဘောတရား ဖြစ်သည်။ ထိုသို့ အာရုံကို မှတ်မိရာ အောက်မေ့ရာ အမှတ်ရရာ, မှတ်မိစေရာ အောက်မေ့စေရာ အမှတ်ရစေရာ၌ ထိုအာရုံ၌ သတိနှင့်တကွသော သမ္ပယုတ်တရားစုသည် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ ကပ်၍ တည်နေသဖြင့် ထိုအာရုံကို မစွန့်လွှတ်ဘဲ ရှိသဖြင့် ထိုအာရုံကို ဘူးတောင်းကဲ့သို့ ပေါလော မပေါ်စေဘဲ ရေထဲ၌ ပစ်ချထားအပ်သော ကျောက်တုံး ကျောက်ဖျာ ကျောက်ခဲကဲ့သို့ လှုပ်ရှားခြင်း မရှိအောင် တည်တံ့ ခိုင်မြဲအောင် မပျောက်ပျက်အောင် ပြုခြင်းလည်း မည်သည်သာဟု မှတ်ပါ။ ထိုကြောင့် သတိသည် ကုသိုလ်တရားတို့ကို ပေါလော မပေါ်စေ၊ ပေါလောပေါ်၍ လွင့်မသွားစေ၊ အာရုံအဖြစ်ဖြင့် ထင်လာစေသည် ဟူလို။
ဥပဂ္ဂဏှနလက္ခဏာ --- စကြာဝတေးမင်းကြီး၏ သားကြီးရတနာသည် မင်း၏ အကျိုးစီးပွားမဲ့ကို ပြုသူ အကျိုးစီးပွားကို ပြုသူတို့ကို သိအောင် ရွေးချယ် စိစစ်၍ အကျိုးစီးပွားမဲ့ကို ပြုသူတို့ကို ဖယ်ရှားလျက် အကျိုး စီးပွားကို ပြုသူတို့ကို ချဉ်းကပ်စေသကဲ့သို့ = မင်းခစား ပြုစေသကဲ့သို့ ဤဥပမာအတူပင် သတိသည် အကျိုးစီးပွား ရှိကုန် အကျိုးစီးပွားဖြစ်ကုန်သောတရား အကျိုးစီးပွားမဲ့ကုန် အကျိုးစီးပွား မဖြစ်ကုန်သောတရားတို့၏ တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်း အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းဟူသော အကြောင်းတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံ, အကျိုးတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံတို့ကို ကောင်းစွာ ရှာ၍ --- ကာယဒုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားမဲ့တရားတို့တည်းဟု သိ၍ အကျိုးစီးပွားမဲ့ ဖြစ်ကုန်သော အကုသိုလ်တရား ဒုစရိုက်တရားတို့ကို ပယ်ရှား၏။ ကာယသုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုး စီးပွားရှိသည့် တရားတို့တည်းဟု ဤသို့သိ၍ အကျိုးစီးပွား ရှိကုန်သော ကုသိုလ်တရား သုစရိုက်တရားတို့ကို သိမ်းပိုက်၏။ ဤသို့လျှင် သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို သိမ်းပိုက်ခြင်း သဘောလက္ခဏာ လည်း ရှိပေသည်။ ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့ မိန့်ဆိုတော်မူ၏။ ---
ဒါယကာတော် မိလိန္ဒ မဟာရာဇ ...စက္ကဝတ်မင်းဖျား၏ သားကြီးရတနာသည် စက္ကဝတ်မင်းဖျား၏ အစီးအပွားကို ဖြစ်ပွားအောင် ရွက်ဆောင်သူ အစီးအပွားမဲ့ကို ဖြစ်အောင် ရွက်ဆောင်သူတို့ကို --- ဤသူတို့ကား မင်း၏ အစီးအပွားကို ဖြစ်ပွားအောင် ရွက်ဆောင်သူတို့တည်း၊ ဤသူတို့ကား အစီးအပွားမဲ့ကို ဖြစ်ပွားအောင် ရွက်ဆောင်သူတို့တည်း၊ ဤသူတို့ကား လျော်သောကျေးဇူးကို ပြုတတ်သူတို့တည်း၊ ဤသူတို့ကား လျော်သော ကျေးဇူးကို မပြုတတ်သူတို့တည်း --- ဤသို့ သိ၏။ ထိုသို့ သိခြင်းကြောင့် အစီးအပွားမဲ့ကို ဖြစ်ပွားအောင် ရွက် ဆောင်သူတိ့ုကို ပယ်ရှားသကဲ့သို့ အစီးအပွားကို ဖြစ်ထွန်းအောင် ရွက်ဆောင်သူတို့ကို သိမ်းပိုက်သကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာအတူပင်လျှင် သတိသည် ဖြစ်ပေါ်လာလတ်သော် အကျိုးစီးပွားရှိကုန် အကျိုးစီးပွား ဖြစ်ကုန်သောတရား, အကျိုးစီးပွားမဲ့ကုန် အကျိုးစီးပွား မဖြစ်ကုန်သော တရားတို့၏ တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်း, အားပေးထောက်ပံ့သော ဥပတ္ထမ္ဘကအကြောင်းဟူသော အကြောင်းတရား အားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံ အကျိုးတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံတို့ကို ကောင်းစွာ ရှာ၍ --- ကာယဒုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားမဲ့ တရားတို့တည်း = အကျိုးစီးပွားမဲ့ကို ဖြစ်ပွားအောင် ရွက် ဆောင်ပေးတတ်ကုန်သော တရားတို့တည်း --- ဟု သိ၍ အကျိုးစီးပွားမဲ့ကို ဖြစ်ကုန်သော = အကျိုးစီးပွားမဲ့ကို ဖြစ်ပွားအောင် ရွက်ဆောင်ပေးတတ်ကုန်သော အကုသိုလ်တရား ဒုစရိုက်တရားတို့ကို ပယ်ရှား၏။ ကာယ သုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားရှိသည့် တရားတို့တည်းဟု = အကျိုးစီးပွားကို ဖြစ်ထွန်း အောင် ရွက်ဆောင်ပေးတတ်ကုန်သော တရားတို့တည်းဟု ဤသို့ သိရှိ၍ အကျိုးစီးပွား ရှိကုန်သော အကျိုးစီး ပွားကို ဖြစ်ထွန်းစေတတ်ကုန်သော ကုသိုလ်တရား သုစရိုက်တရားတို့ကို သိမ်းပိုက်၏။ ဤသို့လျှင် ဒါယကာတော် မဟာရာဇ ...သတိသည် အာရုံကို သိမ်းပိုက်ခြင်း သဘောလက္ခဏာ ရှိပေသည်။ ဤသို့ မိန့်ဆိုတော်မူ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။ မိလိန္ဒပဥှ၊၃၇။)
အသမ္မောသနရသာ --- သတိပဋ္ဌာန် စသော ကုသိုလ်တရားတည်းဟူသော အာရုံကို ပျောက်ပျက်စေတတ် သော မေ့လျော့ခြင်း ပမာဒတရား၏ ဆန့်ကျင်ဘက်ကိစ္စ = ပမာဒတရားကို ဖျက်ဆီးခြင်းသည် အာရုံကို မပျောက် ပျက်အောင် ပြုလုပ်သည်ပင် မည်ရကား အာရုံကို မပျောက်ပျက်စေခြင်း ကိစ္စရှိသည်ဟု ဆိုခြင်းဖြစ်သည်။
အာရက္ခပစ္စုပဋ္ဌာနာ --- သတာရက္ခေန စေတသာတိ ဝစနတော အာရက္ခပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၂၊၁၄၃။)
အရိယာပုဂ္ဂိုလ်များသည် သတိ အစောင့်ရှောက်ရှိသော စိတ်ဓာတ်နှင့် ပြည့်စုံလျက် နေထိုင်ကြောင်းကို (အံ၊၃၊၂၈၀။) ဒုတိယ အရိယဝါသသုတ္တန်၌ ဘုရားရှင်ကိုယ်တော်တိုင်ပင် ဟောကြားထားတော်မူခြင်းကြောင့် သတိသည် စိတ်ကို စောင့်ရှောက်တတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းသတိကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ စိတ်ကို စောင့်ရှောက်မှုဟူသည်မှာလည်း သတိပဋ္ဌာန် စသော ကုသိုလ်အာရုံ၌ စိတ်ကို ခိုင်မြဲစေမှု ခိုင်မြဲအောင် စောင့်ရှောက်မှု ဖြစ်သဖြင့် ကုသိုလ်အာရုံ၌ စိတ်ကို ခိုင်မြဲအောင် စောင့်ရှောက်ခြင်းသည် အာရုံကိုပါ ခိုင်မြဲအောင် မမေ့ပျောက်အောင်ပင် စောင့်ရှောက်သည်လည်း မည်ရကား အာရုံကို စောင့်ရှောက်တတ်သော သဘောတရားဟုလည်း ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။
ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ --- တစ်နည်း --- စိတ်သည် အခြား တစ်မျိုးမျိုးသော အာရုံကို အာရုံပြုနေ အာရုံယူနေရာမှ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရအာရုံ = သတိပဋ္ဌာန် စသော အာရုံဘက်သို့ ရှေးရှူ မျက်နှာမူလာ၏။ ယင်းသို့ ရှေးရှူ မျက်နှာမူလာခြင်းမှာ သတိကြောင့် ဖြစ်ရကား သတိသည် စိတ်ကို ကုသိုလ်အာရုံဘက်သို့ ရှေးရှူ မျက်နှာမူအောင် ပြုလုပ်ပေးသော စိတ်၏ ကုသိုလ်အာရုံ၌ ရှေးရှူ မျက်နှာမူကြောင်း သဘောတရားဟု ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ယင်းသို့ ရှေးရှူ မျက်နှာမူခြင်းမှာလည်း ကုသိုလ်အာရုံကို = ကုသိုလ်ဖြစ်ကြောင်း အာရုံကို မေ့လျော့တတ်သော ပမာဒတရားကို ဖျက်ဆီးလျက် ကုသိုလ်ဖြစ်ကြောင်း အာရုံကို မမေ့ပျောက်ခြင်း မပျောက်ပျက်စေခြင်း = အသမ္မုဿန၏ အစွမ်းဖြင့်သာ ရှေးရှူ မျက်နှာမူခြင်း ဖြစ်သည်ဟု မှတ်ပါ။
ထိရသညာ ပဒဋ္ဌာနာ --- ဤသတိ၏ အာရုံကို မမေ့ပျောက်ရလေအောင် စောင့်ရှောက်မှု စိတ်ကို စောင့် ရှောက်မှု၌ သညာသည် များစွာ ကျေးဇူးပြုလျက် ရှိ၏၊ သညာ၏ မှတ်သားမှုက အားကောင်းလေလေ သတိ ခိုင်မြဲလေ ဖြစ်၏။ ကုသိုလ်ကောင်းမှု ကိစ္စစု၌ မပြတ်လေ့လာ အထုံပါ၍ ဤအချိန်ကား ဘုရားဂုဏ်တော်ကို ပွားသည့်အချိန်၊ ဤအချိန်ကား ဝိပဿနာတရားကို နှလုံးသွင်းချိန်၊ ဤအချိန်ကား ဘုရားဝေယျာဝစ္စ ပြုချိန် ဤသို့စသည်ဖြင့် သညာ၏ မှတ်သားချက်က ကြပ်ကြပ်ခိုင်မြဲပါမူ ထိုသညာကို သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးလိုက်ပါက တန်ဖိုးမဖြတ်နိုင်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ်အဆင့်သို့တိုင်အောင်ပင် ရောက်ရှိ နိုင်ရကား သံသရာ မဆုံးသေးသူတို့အဖို့ ဘဝဆုံးခါနီး လောလောဆယ်မှာပင် ပြုနေကျ ထိုကောင်းမှုများသည် သညာ၏ စွမ်းအားကြောင့် ပေါ်ထင်၍ လာတတ်၏၊ နှလုံးသွင်းနေကျ တရားများကို ခိုင်ခိုင်မြဲမြဲ နှလုံးသွင်းနိုင်၏။ ထိုသို့ သေခါနီးဆဲဆဲမှာပင် ကောင်းသောအာရုံများကို နှလုံးသွင်းနိုင်ခြင်း တရားဘာဝနာများကို ပွားများနိုင်ခြင်း သည်ကား ကံ၏အစွမ်းသက်သက်ကြောင့်ချည်းသာ မဟုတ်၊ ခိုင်မြဲသော သညာ အရင်းခံရှိသော သတိ၏ အား အစွမ်းလည်း ပါဝင်လျက်ပင် ရှိ၏။
ဝိပဿနာအရာ၌ သညာ အရေးကြီးပုံ --- သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ (မ၊ဋ္ဌ၊၁၊၂၄၈။) ဟူသော မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ၏ သတ်မှတ်ချက်အရ ဝိပဿနာရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ရုပ်ကို တစ်လှည့်, နာမ်ကို တစ်လှည့်, အဇ္ဈတ္တကို တစ်လှည့်, ဗဟိဒ္ဓကို တစ်လှည့်, အကြောင်းကို တစ်လှည့် အကျိုးကို တစ်လှည့် စသည်ဖြင့် သတိဖြင့် သိမ်းဆည်း၍ ဝိပဿနာပညာဖြင့် ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက် အသုဘအချက်တို့ကို တစ်လှည့်စီ အကွက်ကျကျ လှည့်၍ ရှုရ၏။ ယင်းသို့ ရှုရာ၌ မိမိ သိမ်းဆည်းရမည့် ရှုပွားရမည့် --- ရုပ်တရားများကိုလည်း မမှတ်မိ၊ နာမ်တရားများကိုလည်း မမှတ်မိ၊ အကြောင်း တရားများကိုလည်း မမှတ်မိ၊ အကျိုးတရားများကိုလည်း မမှတ်မိ ဖြစ်နေပါက မည်သို့မည်ပုံ ထိုရုပ်-နာမ်-ကြောင်း -ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်း၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာ ရှုပွားသုံးသပ်၍ ရနိုင်တော့အံ့နည်း၊ သို့အတွက် ဝိပဿနာအရာ၌လည်း သတိဖြင့် သိမ်းဆည်း၍ ဝိပဿနာဉာဏ်ဖြင့် ရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ကို မြဲမြဲမြံမြံ မှတ်သားတတ်သော အမှတ်သညာရှိဖို့ လိုအပ်သည်သာ ဖြစ်သည်။ အလားတူပင် ဒါန သီလ သမထဆိုင်ရာ ကုသိုလ်တရားတို့၌လည်း မိမိပြုကျင့်ရမည့် ဒါနကို မမှတ်မိ, မိမိဆောက်တည်ရမည့် ထိန်းသိမ်းစောင့်ရှောက်ရမည့် သီလကို မမှတ်မိ, မိမိပွားများရမည့် သမထနိမိတ်ကို မမှတ်မိ ဖြစ်နေပါက ဒါန သီလ သမထအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော သတိနှင့် တကွသော ကုသိုလ်တရားများ ဖြစ်ရေးမှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။
ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ --- သတိယာ ဝတ္ထုဘူတာ ကာယာဒယော ကာယာဒိသတိပဋ္ဌာနာ၊ သတိယောယေဝ ဝါ ပုရိမာ ပစ္ဆိမာနံ ပဒဋ္ဌာနံ။ (မူလဋီ၊၁၊၈၉။)
ဝတ္ထုဘူတာတိ အာရမ္မဏဘူတာ။ (အနုဋီ၊၁၊၉၆။)
သတိစေတသိက် ဖြစ်ပေါ်လာဖို့ရန်အတွက် ကာယ စသော သတိပဋ္ဌာန်လျှင် အနီးကပ်ဆုံးသော အကြောင်း တရား ရှိ၏ဟု ဆိုရာ၌ ဖလူပစာရစကားဟု မှတ်ပါ။ ကာယာဒိသတိပဋ္ဌာနဟူသော စကားရပ်၌ ကာယာဒိဟူသည် ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံတည်း။ သတိပဋ္ဌာနဟူသည် ထိုကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော အာရုံကို အာရုံပြုတတ်သော သတိတည်း။ တစ်နည်း သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်တည်း။ စိတ္တုပ္ပါဒ်ဟူသည် သတိနှင့်ယှဉ်ဖက,် သတိနှင့်တကွသော စိတ်စေတသိက်တရားစုတည်း။ ထိုကြောင့် ကာယ စသော သတိပဋ္ဌာန်ဟူသည်မှာ ကာယ ဝေဒနာ စိတ္တ ဓမ္မတည်းဟူသော အာရုံကို အာရုံယူတတ် အာရုံပြုတတ် သော သတိ, သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ် ဖြစ်သဖြင့် သတိသည်ပင်, သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်သည်ပင် သတိ၏ အနီးစပ်ဆုံး အကြောင်းတရားဟု ဆိုရာရောက်နေ၏။
သို့သော် ဤ၌ ဆိုလိုသည်မှာ သတိ၏ အရှုခံအာရုံ ဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မသည် သတိ၏ အနီးကပ်ဆုံး အကြောင်းတရားဟု ဆိုလို၏။ သို့အတွက် ကာယ စသော သတိပဋ္ဌာန်လျှင် အနီးကပ်ဆုံးအကြောင်း ရှိ၏ဟူသော စကားသည် အာရုံယူတတ်သော သတိ, သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်၏ သတိပဋ္ဌာန် ဟူသော အမည်ကို သတိ၏ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်၏ အရှုခံအာရုံ ဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မ၌ တင်စား၍ ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော အာရုံကိုပင် သတိပဋ္ဌာန်ဟု ခေါ်ဆိုသော ဖလူပစာရ စကားဟု မှတ်ပါ။
တစ်နည်းယူပုံ --- ရှေးရှေးသတိသည် နောက်နောက်သတိ၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်သော ကြောင့် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို အာရုံပြု၍ ဖြစ်သော သတိပဋ္ဌာန်သည်ပင် = သတိ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်သည်ပင် သတိ၏ = နောက်သတိ၏ အနီးကပ်ဆုံးအကြောင်းတရား ပဒဋ္ဌာန်ပင် ဖြစ်သည်။
၁။ ပထမနည်း၌ ကာယ ဝေဒနာ စိတ္တ ဓမ္မသည် သတိ၏ ပဒဋ္ဌာန်တည်း။
၂။ နောက်နည်း၌ကား ကာယ ဝေဒနာ စိတ္တ ဓမ္မကို အာရုံပြု၍ ဖြစ်သော သတိသည် သတိ၏ ပဒဋ္ဌာန်တည်း။ ဤလိုရင်းကို မှတ်သားထားပါ။
သတိအတု --- ဤသတိသည် ဗောဓိပက္ခိယတရားအာရုံ, သမထကမ္မဋ္ဌာန်း (၄၀) ဟူသော သမထအာရုံ, ဝိပဿနာအာရုံ, မဂ်ဖိုလ် နိဗ္ဗာန် စသော မှန်ကန်ကောင်းမြတ်သည့် အာရုံကို အောက်မေ့တတ် အမှတ်ရတတ် သောတရား ဖြစ်လေရကား သာသနာပ အယူဝါဒ ရှိသူတို့သည် မိမိတို့ဆိုင်ရာ ဘုရား တရား သံဃာများကို အောက်မေ့မှု အမှတ်ရမှု အာရုံပြုမှု, အားလုံးသတ္တဝါတို့၏ လောဘဖြစ်ရာ အာရုံ ဒေါသဖြစ်ရာ အာရုံ စသည့် အကုသိုလ် ဖြစ်ကြောင်း အာရုံတွေကို မပြတ်မလပ် အောက်မေ့နေမှု အမှတ်ရနေမှုများသည် ဤ သတိအစစ် မဟုတ်၊ သုတ္တန်ပါဠိတော်များ၌ ဟောကြားတော်မူအပ်သော မိစ္ဆာသတိသာတည်း။ တရားကိုယ်အားဖြင့် သညာဝိပလ္လာသ ပြဓာန်းသော ဆိုင်ရာ အကုသိုလ်စိတ္တုပ္ပါဒ်သာ ဖြစ်သည်။
ဆွေမျိုးသားချင်းများကို အောက်မေ့မှု သမီးခင်ပွန်းချင်း ခဏခေတ္တ ဖြစ်စေ ခပ်ကြာကြာ ဖြစ်စေ ကွဲကွာ နေသည့်အခါ အောက်မေ့မှု, သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို အမှတ်ရမှု, မိမိအား ဂရုတစိုက် ပြုစုယုယ အရေးပါလိုက်ကြသည်ကို အမှတ်ရမှု ဤသို့ စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများလည်း ရှိ၏၊ ထို့ပြင် မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရနေမှု, သတ်ချိန် ဖြတ်ချိန်ကို အမှတ်ရနေမှု သွားလာရာ၌ ဘေးအန္တရာယ်ကို သတိထားမှု ဤသို့စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမှုများလည်း ရှိ၏၊ ထိုအမှတ်ရမှုများ၌ အထက်တွင် တင်ပြတားသည့်အတိုင်း သတိအစစ် မဟုတ်ချေ၊ မိစ္ဆာသတိသာတည်း။ အမှတ်အသား ကောင်းသည့် သညာသဘော, ကြံစည်တတ်သော ဝိတက်သဘောတို့က ဦးဆောင် ပြဓာန်းနေသော ရာဂ ဒေါသ စသည်တို့နှင့် ယှဉ်တွဲနေသော စိတ္တုပ္ပါဒ်များသာ ဖြစ်ကြပေသည်။
မြို့တံခါးတိုင်ကြီးများနှင့် တူ
မြို့တံခါးတိုင်ကြီးသည် အထက်၌ (၁၈)တောင် မြင့်လျှင် အောက်၌လည်း (၁၈)တောင်ပင် စိုက်ရ၏။ ထိုကြောင့် မြို့တံခါးတိုင်ကြီးသည် အလွန် မြဲမြံခိုင်ခံ့ တည်တံ့သော သဘောရှိ၏။ သတိသည်လည်း သတိပဋ္ဌာန် စသော ကုသိုလ်အာရုံ၌ မြဲစွာတည်သည်၏ အဖြစ်ကြောင့် မြို့တံခါးတိုင်ကြီးနှင့် တူ၏ဟူ၍လည်းကောင်း, စက္ခုဒွါရ အစရှိသော ဒွါရ (၆)ပါးကို စောင့်ရှောက်တတ်သည်၏ အဖြစ်ကြောင့် တံခါးမှူး = တံခါးစောင့်နှင့် တူ၏ဟူ၍လည်း ကောင်း မှတ်သားပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)
သတိ နှင့် မနသိကာရ
သမ္ပယုတ္တဓမ္မေ အာရမ္မဏာဘိမုခံ သာရေန္တော ဝိယ ဟောတီတိ မနသိကာရော သာရဏလက္ခဏော ဝုတ္တော။ သတိယာ အသမ္မုဿနဝသေန ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနတာ၊ မနသိကာရဿ ပန သံယောဇနဝသေန အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၇။)
သတိနှင့် မနသိကာရ နှစ်မျိုးလုံးသည် ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာန = အာရုံဘက်သို့ ရှေးရှူ မျက်နှာ မူခြင်း သဘောတရားဟူသော ပစ္စုပဋ္ဌာန် ရှိကြသည်ချည်း ဖြစ်ကြ၏။ အထူးမှာ ဤသို့တည်း။
ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူ ပြေးသွားစေဘိသကဲ့သို့ ဖြစ်သောကြောင့် မနသိကာရကို သာရဏလက္ခဏ = အာရုံဘက်သို့ သမ္ပယုတ်တရားတို့ကို မောင်းနှင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆို၏။ သတိကား အာရုံကို မပျောက်ပျက်စေခြင်း = မေ့လျော့ခြင်းကို ဖျက်ဆီးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သော သဘောတရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ မနသိကာရကား သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်ပေးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူတတ်သော သဘော တရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဤသို့ ထူးသည်ဟု မှတ်ပါ။(မဟာဋီ၊၂၊၁၄၇။)
၃။ ဟိရီ
၁။ ပါပတော ဇိဂုစ္ဆနလက္ခဏာ ဟိရီ၊
၂။ လဇ္ဇာကာရေန ပါပါနံ အကရဏရသာ၊
၃။ လဇ္ဇာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနာ၊
၄။ အတ္တဂါရဝပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၄။)
၁။ မကောင်းမှုမှ စက်ဆုပ်ခြင်းသဘော လက္ခဏ၊
၂။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း (ကိစ္စ) ရသ၊
၃။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ မိမိကိုယ်ကို ရိုသေလေးစားခြင်း ရှိမှုသဘော ပဒဋ္ဌာန်။
၄။ ဩတ္တပ္ပ
၁။ ဥတ္တာသနလက္ခဏံ ဩတ္တပ္ပံ၊
၂။ ဥတ္တာသာကာရေန ပါပါနံ အကရဏရသံ၊
၃။ ဥတ္တာသာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနံ။
၄။ ပရဂါရဝပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၄။)
၁။ မကောင်းမှုမှ ထိတ်လန့်ခြင်းသဘော လက္ခဏ၊
၂။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း (ကိစ္စ) ရသ၊
၃။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား - ပစ္စုပဋ္ဌာန်၊
၄။ သူတစ်ပါးကို ရိုသေလေးစားခြင်း ရှိမှုသဘော ပဒဋ္ဌာန်။
ကာယဒုစရိုက် စသည်တို့ကြောင့် ရှက်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့မှ ရှက်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ရှက်တတ်သော သဘောတရားသည် ဟိရီ မည်၏။ ဟိရီဟူသည် ရှက်ခြင်း၏ အမည် ဖြစ်သည်။ ကာယဒုစရိုက် စသည်တို့ကြောင့် ရရှိမည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဆင်းရဲဒုက္ခကို ကြောက်လန့်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့မှ ကြောက်လန့်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ကြောက်လန့်သော သဘောတရားသည် ဩတ္တပ္ပ မည်၏။ ဤ ဩတ္တပ္ပဟူသည် ထိတ်လန့်ခြင်း = ဥဗ္ဗေဂ၏ အမည် ဖြစ်သည်။
အတ္တာနံ ဂရုံ ကတွာ ဟိရိယာ ပါပံ ဇဟာတိ ကုလဝဓူ ဝိယ။ ပရံ ဂရုံ ကတွာ ဩတ္တပ္ပေန ပါပံ ဇဟာတိ ဝေသိယာ ဝိယ။ ဣမေ စ ပန ဒွေ ဓမ္မာ လောကပါလကာတိ ဒဋ္ဌဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၉၄။)
မိမိကိုယ်ကို အလေးဂရုပြု၍ ရှက်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။ သို့အတွက် ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူ၏။ သူတစ်ပါးကို အလေးဂရုပြု၍ ထိတ်လန့်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။ ထိုကြောင့် ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူ၏။ (ဝိသုဒ္ဓိ၊၂၊၉၄။)
ဤတွင် ဟိရီနှင့် ဩတ္တပ္ပ တရားနှစ်ပါးတို့၏ အကြောင်းအရာအကျယ်ကို အဋ္ဌသာလိနီအဋ္ဌကထာ၌ ဖွင့်ဆို ထားသည့်အတိုင်း ဆက်လက်၍ တင်ပြအပ်ပါသည်။ (အဘိ၊ဋ္ဌ၊၁၊၁၆၈-၁၇၀။)
ထို ဟိရီ ဩတ္တပ္ပ တရားနှစ်ပါးတို့၏ အသီးအခြားပြုကြောင်း အထူးကို ပြခြင်းအကျိုးငှာ ---
၁။ သမုဋ္ဌာန်,
၂။ အဓိပတိ,
၃။ လဇ္ဇာဘယ,
၄။ လက္ခဏ ---
ဤလေးမျိုးသော မာတိကာကို ထား၍ ဤအကျယ်ဖြစ်သော စကားကို ရှေးအဋ္ဌကထာတို့၌ ဖွင့်ဆိုထား လေ၏၊ ဖွင့်ဆိုပုံမှာ ဤသို့ ဖြစ်၏။
၁။ သမုဋ္ဌာန် --- ဟိရီမည်သည် မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။ ဩတ္တပ္ပ မည်သည် ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။
၂။ အဓိပတိ --- ဟိရီမည်သည် မိမိဟူသော အကြီးအကဲ အဓိပတိ ရှိ၏၊ ဩတ္တပ္ပမည်သည် လောကဟူသော အကြီးအကဲ အဓိပတိ ရှိ၏။
၃။ လဇ္ဇာဘယ --- ဟိရီမည်သည် ရှက်ခြင်းသဘောဖြင့် ကောင်းစွာ တည်၏၊ ဩတ္တပ္ပမည်သည် ကြောက်ခြင်း သဘောဖြင့် ကောင်းစွာ တည်၏။
၄။ လက္ခဏ --- ဟိရီမည်သည် ရှေးရှူ နားထောင်ခြင်းနှင့်တကွ ဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏၊ ဩတ္တပ္ပမည်သည် အပြစ်ကို ကြောက်တတ်သူ၏အဖြစ်, အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏ အဖြစ်ဟူသော မှတ်ကြောင်းလက္ခဏာ ရှိ၏။ အကျယ်မှာ ဤသို့ဖြစ်၏။
၁။ (က) အဇ္ဈတ္တသမုဋ္ဌာန် --- ထို ဟိရီ ဩတ္တပ္ပ တရားနှစ်ပါးတို့တွင် မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိသော ဟိရီကို လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။
၁။ အမျိုးဇာတ်ကို ဆင်ခြင်၍လည်းကောင်း,
၂။ အရွယ်ကို ဆင်ခြင်၍လည်းကောင်း,
၃။ ရဲရင့်သူ၏ အဖြစ်ကို ဆင်ခြင်၍လည်းကောင်း,
၄။ များသော အကြားအမြင် ဗဟုသုတရှိသူ၏ အဖြစ်ကို ဆင်ခြင်၍လည်းကောင်း ---
ဤ လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။
အမျိုးဇာတ် --- ဤ ငါးဖမ်းခြင်း မုသားပြောခြင်း စသော မကောင်းမှုကိုပြုခြင်းမည်သည် အမျိုးဇာတ်နှင့် ပြည့်စုံကုန်သောသူတို့၏ လုပ်ငန်းရပ်ကား မဟုတ်ပေ၊ ဤကဲ့သို့သော မကောင်းမှုလုပ်ငန်းရပ်သည်ကား ယုတ်ညံ့ သော အမျိုးဇာတ် ရှိကုန်သော တံငါသည် အစရှိသူတို့၏ လုပ်ငန်းရပ်တည်း၊ ငါကဲ့သို့ ရှုအပ်သော သဘောရှိသော အမျိုးဇာတ်နှင့် ပြည့်စုံသောသူအား ဤကဲ့သို့သော မကောင်းမှုလုပ်ငန်းရပ်မျိုးကို ပြုလုပ်ခြင်းငှာ မသင့် ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် မိမိအမျိုးဇာတ်၏ မြင့်မြတ်ပုံ အမျိုးဇာတ်နှင့် ပြည့်စုံပုံကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
အရွယ် --- ဤမကောင်းမှုကို ပြုလုပ်ခြင်းမည်သည် ငယ်ရွယ်သူတို့သာ ပြုလုပ်တတ်သည့် လုပ်ငန်းရပ် မျိုးတည်း၊ ငါကဲ့သို့သော ကြီးရင့်သော အသက်အရွယ်၌ တည်နေသောသူအား ဤကဲ့သို့သော မကောင်းမှုမျိုးကို ပြုလုပ်ခြင်းငှာ မသင့်မြတ်သည်သာတည်း --- ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် မိမိ၏ အသက်အရွယ် ကြီးရင့်ပုံကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
ရဲစွမ်းသတ္တိ --- ဤမကောင်းမှုကို ပြုခြင်းမည်သည် အားမရှိသူ အားနည်းသူ ရဲစွမ်းသတ္တိ မရှိသူတို့၏ လုပ်ငန်းရပ်မျိုးသာတည်း၊ ရဲစွမ်းသတ္တိ ရှိသူတို့၏ လုပ်ငန်းရပ်မျိုးကား မဟုတ်၊ ငါကဲ့သို့သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းအား ဤကဲ့သို့သော မကောင်းမှုမျိုးကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း --- ဤသို့ လျှင် သူတော်ကောင်းတစ်ဦးသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ၏ အဖြစ်ကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
ဗာဟုဿစ္စ --- ဤမကောင်းမှုကို ပြုခြင်းမည်သည် ပညာမျက်စိကာဏ်းကုန်သော လူမိုက်တို့၏ လုပ်ငန်းရပ် မျိုးသာတည်း၊ ပညာရှိ သူတော်ကောင်းတို့၏ လုပ်ငန်းရပ်မျိုးကား မဟုတ်ပေ။ ငါကဲ့သို့သော ပညာရှိ သူတော်ကောင်းတစ်ဦး ဖြစ်နေသော များသော အကြားအမြင် ဗဟုသုတ ရှိနေသောသူအား ဤကဲ့သို့သော မကောင်းမှု မျိုးကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း ဤသို့လျှင် ပညာရှိ သူတော်ကောင်းတစ်ဦးသည် မိမိ၏ ဘုရားရှင်၏ တရားတော်၌ သင်သိ ကျင့်သိဟူသော များမြတ်သော အကြားအမြင် ဗဟုသုတ ရှိသူ၏အဖြစ်ကို ဆင်ခြင်၍ ပါဏာတိပါ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
ဤသို့လျှင် အဇ္ဈတ္တသမုဋ္ဌာန် ဖြစ်သော ဟိရီတရားကို လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။ တစ်ဖန် ထိုသို့ ဖြစ်စေပြီး၍ မိမိ၏ စိတ်၌ မကောင်းမှုမှ ရှက်ခြင်း ဟိရီတရားကို သွတ်သွင်းထား၍ မကောင်းမှုကို မပြု၊ ဤသို့လျှင် ဟိရီတရားမည်သည် အဇ္ဈတ္တသမုဋ္ဌာန် = မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။
၁။ (ခ) ဗဟိဒ္ဓသမုဋ္ဌာန် --- အဘယ်သို့လျှင် ဩတ္တပ္ပတရားမည်သည် ဗဟိဒ္ဓသမုဋ္ဌာန် = ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန် ရှိသည် ဖြစ်လေသနည်း?
သူတော်ကောင်း ...သင်သည် မကောင်းမှုကို အကယ်၍ ပြုငြားအံ့၊ ဤသို့ ပြုခဲ့သော် ပရိသတ်လေးပါး တို့၌ ကဲ့ရဲ့ခြင်းသို့ ရောက်သည် ဖြစ်ပေလတ္တံ့၊
ဂရဟိဿန္တိ တံ ဝိညူ၊ အသုစိံ နာဂရိကော ယထာ။
ဝဇ္ဇိတော သီလဝန္တေဟိ၊ ကထံ ဘိက္ခု ကရိဿသိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၉။)
မြို့ကြီးသားသည် မစင်ကို ကဲ့ရဲ့ စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှု ပြုသော သင့်ကို ကဲ့ရဲ့ စက်ဆုပ်ကုန်လတ္တံ့။ အိုရဟန်း ...သီလရှိကုန်သော သူတော်ကောင်းတို့သည် ရှောင် ကြဉ်အပ်သည် ဖြစ်လတ်သော် သင်သည် အဘယ်သို့ ပြုလုပ်နိုင်လတ္တံ့နည်း?
ဤသို့ ဆင်ခြင်လျက် ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန်ရှိသော ဩတ္တပ္ပတရားကြောင့် မကောင်းမှုကို မပြု။ ဤသို့လျှင် ဩတ္တပ္ပတရားမည်သည် မိမိမှတစ်ပါး အခြားပုဂ္ဂိုလ်များတည်းဟူသော ဗဟိဒ္ဓတရားလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။
၂။ (က) အတ္တာဓိပတိ --- အဘယ်သို့ ဟိရီမည်သည် အတ္တာဓိပတိ = မိမိဟူသော အကြီးအကဲရှိသည် ဖြစ်လေသနည်း? --- ဤလောက၌ အချို့သော အမျိုးကောင်းသားသည် မိမိကိုယ်ကို အဓိပတိ အကြီးအကဲ ပြု၍ --- ငါကဲ့သို့ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် သဒ္ဓါတရားကို အရင်းခံ၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ဘုရားရှင်၏ တရားတော်၌ သင်သိ ကျင့်သိဟူသော = အာဂမသုတ အဓိဂမ သုတဟူသော များသော အကြားအမြင် ဗဟုသုတရှိသော ကိလေသာတို့ကို ခါတွက်ကြောင်း ဓုတင်ကျင့်ဝတ် ပဋိပတ်ကို ဆောင်လေ့ရှိသောသူအား မကောင်းမှုမည်သည်ကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း --- ဤသို့ ယူဆ၍ မကောင်းမှုကို မပြု။ ဤသို့လျှင် ဟိရီမည်သည် အတ္တာဓိပတိ = မိမိဟူသော အကြီးအကဲရှိသည် ဖြစ် ပေ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
သော အတ္တာနံယေဝ အဓိပတိံ ဇေဋ္ဌကံ ကရိတွာ အကုသလံ ပဇဟတိ၊ ကုသလံ ဘာဝေတိ၊ သာဝဇ္ဇံ ပဇဟတိ၊ အနဝဇ္ဇံ ဘာဝေတိ သုဒ္ဓမတ္တာနံ ပရိဟရတိ။ (အံ၊၁၊၁၄၆။)
ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ကိုပင် အဓိပတိ အကြီးအကဲပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ဖြစ်စေ၏၊ ပွားများ၏၊ အပြစ်ရှိသော အကုသိုလ်တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော ကုသိုလ်တရားကို ဖြစ်စေ၏၊ ပွားများ၏။ မိမိကိုယ်ကို သန့်ရှင်း စင်ကြယ်အောင် ရွက်ဆောင်၏။ (အံ၊၁၊၁၄၆- တိကအင်္ဂုတ္တိုရ် အာဓိပတေယျသုတ်။)
၂။ (ခ) လောကာဓိပတိ --- အဘယ်သို့လျှင် ဩတ္တပ္ပတရား မည်သည် လောကာဓိပတိ = လောကဟူသော အကြီးအကဲ အဓိပတိရှိသည် ဖြစ်လေသနည်း? ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားသည် လူအပေါင်းကို အဓိပတိ အကြီးအကဲပြု၍ မကောင်းမှုကို မပြု။ ဘုရားရှင်သည် အဘယ်ကဲ့သို့ ဟောကြားထားတော် မူလေသနည်း?
သတ္တဝါအပေါင်း၏ စုဝေးတည်နေရာ ဖြစ်သော ဤဩကာသလောကသည် ကျယ်ဝန်းလှ၏၊ ကျယ်ဝန်းလှသော သတ္တဝါအပေါင်း၏ စုဝေးတည်နေရာ ဩကာသလောက၌ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံတော်မူကြကုန်သော နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင်တော်မူနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတစ်ပါး၏ စိတ်ကို သိတော်မူကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ရှိတော်မူကြ ကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့သည် အဝေး၌ တည်ရှိသော အာရုံကိုသော်လည်း လှမ်း၍ မြင်နိုင်တော်မူကြ၏။ အနီး၌ တည်နေကုန်သည် ဖြစ်ပါကုန်သော်လည်း ထိုသူတော်ကောင်းတို့ကို မမြင်အပ် မမြင်နိုင်ကုန်။ မိမိတို့၏ စိတ်ဖြင့်လည်း သူတစ်ပါး၏ စိတ်ကို ကွဲကွဲပြားပြား သိတော်မူနိုင်ကြကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့သည်လည်း ငါ့ကို ဤသို့ သိတော်မူကြကုန်လတ္တံ့ --- အမောင်တို့ ...ဤအမျိုးကောင်းသားကို ကြည့်ကြကုန်၊ ယုံကြည်ချက် သဒ္ဓါတရားကို အကြောင်းရင်းခံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာ၍ အိမ်ရာမထောင်သည့် ရဟန်း ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသည် ဖြစ်ပါလျက် ယုတ်မာကုန်သော အကုသိုလ်တရားတို့နှင့် ရောပြွမ်း လျက် နေထိုင်ဘိ၏ --- ဟု ဤသို့ သိတော်မူကြပေကုန်လတ္တံ့။
ကမ္မဇိဒ္ဓိမျိုး တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံကြကုန်သော အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင် နိုင်သော ပသာဒစက္ခု (= ဒိဗ္ဗစက္ခု) ရှိကြကုန်သော သူတစ်ပါး၏စိတ်ကို သိကုန်သော နတ်တို့သည် ရှိကြကုန်၏၊ ထိုနတ်တို့သည် အဝေး၌ တည်ရှိသော အာရုံကိုသော်လည်း လှမ်း၍ မြင်နိုင်ကြကုန်၏၊ အနီး၌ တည်နေကုန် သည် ဖြစ်ပါကုန်သော်လည်း ထိုနတ်တို့ကို မမြင်အပ် မမြင်နိုင်ကုန်။ ထိုနတ်တို့သည် မိမိတို့၏ စိတ်ဖြင့်လည်း သူတစ်ပါး၏ စိတ်ကို ကွဲကွဲပြားပြား သိနိုင်ကြကုန်၏၊ ထိုနတ်တို့သည်လည်း ငါ့ကို ဤသို့ သိကြကုန်လတ္တံ့ --- အမောင်တို့ ...ဤအမျိုးကောင်းသားကို ကြည့်ကြပါကုန်၊ ယုံကြည်ချက် သဒ္ဓါတရားကို အကြောင်းရင်းခံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာ၍ အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာသည် ဖြစ်ပါလျက် ယုတ်မာကုန်သော အကုသိုလ်တရားတို့ဖြင့် ရောပြွမ်းလျက် နေထိုင်ဘိ၏ဟု ဤသို့ သိကြပေကုန်လတ္တံ့။
ထိုအမျိုးကောင်းသားသည် လောကကိုသာလျှင် = လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းကိုသာလျှင် အဓိပတိ အကြီးအကဲပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ဖြစ်စေ၏၊ ပွားများ၏၊ အပြစ်ရှိသော အကုသိုလ်တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော ကုသိုလ်တရားကို ဖြစ်စေ၏၊ ပွားများ၏။ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရွက်ဆောင်၏။ (အံ၊၁၊၁၄၇။ အာဓိပတေယျသုတ်။)
ဤသို့ ဘုရားရှင် ဟောကြားတော်မူသည်နှင့်အညီ ဩတ္တပ္ပမည်သည် လောကာဓိပတိ = လောကလျှင် အကြီးအကဲရှိသည် ဖြစ်ပေ၏။
၃။ (က) လဇ္ဇာသဘာဝသဏ္ဌိတာ ဟိရီ၊ (ခ) ဘယသဘာဝသဏိ္ဌတံ ဩတ္တပ္ပံ။
ဟိရီသည် ရှက်သောအခြင်းအရာအားဖြင့် ကောင်းစွာ တည်၏၊ ဩတ္တပ္ပသည် အပါယ်ဘေးမှ ကြောက်သော သဘောအားဖြင့် ကောင်းစွာ တည်၏။ ထိုဟိရီ ဩတ္တပ္ပတရား နှစ်ပါးစုံသည်လည်း မကောင်းမှုမှ ရှောင်ကြဉ်ရာ အခါ၌ ထင်ရှား၏။ ထင်ရှားပုံ --- အမျိုးကောင်းသားတစ်ဦးသည် ကျင်ကြီး ကျင်ငယ် စသည်ကို စွန့်စဉ် ရှက်သင့် ရှက်ထိုက်သူ တစ်ယောက်ယောက်ကို မြင်၍ မိမိကိုယ်တိုင် ရှက်ခြင်းဟူသော အခြင်းအရာသို့ ရောက်သည် = ရှက်သူ၏ အမူအရာရှိသည် ဖြစ်ရာသကဲ့သို့ လူမြင်ကွင်း၌ ပြုရကောင်းလားဟု အရှုတ်ချခံရသည် ဖြစ်သကဲ့သို့ ဤဥပမာအတူပင်လျှင် နိယကဇ္ဈတ္တ ဖြစ်သော မိမိသန္တာန်၌ လဇ္ဇီပုဂ္ဂိုလ်၏သဘော ရှက်ခြင်းသဘောသို့ သက် ရောက်၍ မကောင်းမှုကို မပြု။ အချို့သော ပုဂ္ဂိုလ်သည်ကား အပါယ်ဘေးမှ ကြောက်သည် ဖြစ်၍ မကောင်းမှုကို မပြု။
ထိုသို့ မပြုရာ၌ ဤဆိုလတ္တံ့သည်ကား ဥပမာတည်း --- သံလုံး နှစ်လုံးတို့တွင် သံလုံး တစ်လုံးသည် အေး နေသော်လည်း မစင်ဖြင့် လူးလည်းပေကျံနေ၏၊ သံလုံး တစ်လုံးကား မစင်ဖြင့် လူးလည်းပေကျံမှု မရှိသော်လည်း လောလောပူ၍ အလျှံတပြောင်ပြောင် တောက်လောင်နေ၏။ ထိုသံလုံး နှစ်လုံးတို့တွင် ဉာဏ်အမြော်အမြင် ရှိသော ပညာရှိသည် အေးသည့် သံလုံးကို မစင်ဖြင့် လူးလည်းပေကျံနေသည့်အတွက် ရွံရှာ စက်ဆုပ်သည် ဖြစ် ရကား မကိုင်သကဲ့သို့လည်းကောင်း, အခြား ပူသော သံလုံး တစ်လုံးကိုလည်း ပူလောင်ခြင်းမှ ကြောက်သောကြောင့် မကိုင်သကဲ့သို့လည်းကောင်း, --- ထိုဥပမာစကားရပ်၌ အေးသောသံလုံးကို မစင်ဖြင့် လူးလည်းပေကျံခြင်းမှ စက် ဆုပ်ခြင်းကြောင့် မကိုင်ခြင်းကဲ့သို့ မိမိ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ မကောင်းမှုမှရှက်ခြင်း လဇ္ဇီတရားသဘောသို့ သက်ရောက်၍ မကောင်းမှုကို မပြုခြင်းကို သိရှိပါလေ။ ပူနေသော သံလုံးကို ပူလောင်မှုဘေးဆိုးကြီးမှ ကြောက် သောကြောင့် မကိုင်ခြင်းကဲ့သို့ အပါယ်ဘေးဆိုးကြီးမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုခြင်းကို သိရှိပါလေ။
ဤဖော်ပြခဲ့သော ဟိရီ၏ မကောင်းမှုမှ ရှက်ခြင်း မကောင်းမှုကို စက်ဆုပ် ရွံရှာခြင်းသဘော၌ တည်မှု, ဩတ္တပ္ပ၏ အပါယ်ဘေးမှ ကြောက်ခြင်းသဘော၌ တည်မှုတို့ကား ယင်းဟိရီ ဩတ္တပ္ပ နှစ်မျိုးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာများပင် ဖြစ်သည်။
၄။ (က) သပ္ပတိဿဝလက္ခဏာ ဟိရီ၊ (ခ) ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ ဩတ္တပ္ပံ။
ဟိရီမည်သည် ရှေးရှူ နားထောင်ခြင်းနှင့်တကွ ဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏၊ ဩတ္တပ္ပမည်သည် အပြစ်ကို ကြောက်တတ်သူ၏အဖြစ်, အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော မှတ်ကြောင်းလက္ခဏာ ရှိ၏ --- ဟူသော ဤလက္ခဏာ နှစ်ပါးအပေါင်းသည်လည်း မကောင်းမှုမှ ရှောင်ကြဉ်ခြင်း၌ ပင်လျှင် ထင်ရှား၏။ ထင်ရှားပုံ --- အချို့သော သူတော်ကောင်းသည် ---
၁။ မိမိ၏ အမျိုးဇာတ် မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,
၂။ ဆရာ ဖြစ်တော်မူသော ဘုရားရှင်၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,
၃။ သာသနာတော်ဝယ် မိမိဆက်ခံရမည့် အမွေ ဖြစ်သော လောကုတ္တရာတရား (၉)ပါး စသည်တို့၏ မြင့်မြတ် သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,
၄။ သီတင်းသုံးဖော် သူတော်ကောင်းတို့၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,
ဤအကြောင်း (၄)မျိုးတို့ကြောင့် သပ္ပတိဿဝလက္ခဏ = ဘုရားရှင်၏ အဆုံးအမတော်ကို ရှေးရှူ နားထောင်ခြင်း နာယူခြင်း လိုက်နာခြင်းနှင့်တကွ ဖြစ်သော ရိုသေလေးစားခြင်း လက္ခဏာရှိသော ရှက်မှု ဟိရီတရားကို ဖြစ်စေ၍ မကောင်းမှုကို မပြုလုပ်ပေ။ သို့အတွက် ဟိရီတရားသည် ဘုရားရှင်၏ အဆုံးအမတော်ကို ရှေးရှူ နားထောင်ခြင်း နာယူခြင်း လိုက်နာခြင်း လိုက်နာကျင့်သုံးခြင်းနှင့်တကွ ဖြစ်သော ရိုသေလေးစားခြင်း သဘော လက္ခဏာ ရှိပေသည်။
အချို့သော သူတော်ကောင်းသည် ---
၁။ မိမိကိုယ်ကို မိမိစွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး,
၂။ မိမိကို သူတစ်ပါးတို့၏ စွပ်စွဲခြင်းဟူသော ပရာနုဝါဒဘေး,
၃။ ပစ္စုပ္ပန်၌ မင်းပြစ်မင်းဒဏ် ခံရခြင်း စသော ဒဏ္ဍဘေး,
၄။ တမလွန်၌ ကျရောက်ရမည့် အပါယ် ဒုဂ္ဂတိဘေး ---
ဤဘေးဆိုးကြီး (၄)မျိုးဟူသော အကြောင်းတို့ကြောင့် အပြစ်ကို ကြောက်တတ်သူ၏အဖြစ် အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော သဘောလက္ခဏာရှိသော ထိတ်လန့်မှု ကြောက်ရွံ့မှု ဩတ္တပ္ပကို ဖြစ်စေ၍ မကောင်းမှုကို မပြုပေ။ သို့အတွက် ဩတ္တပ္ပသည် ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏ = အပြစ်ကို ကြောက်တတ်သူ၏ အဖြစ်, အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော သဘောလက္ခဏာ ရှိပေသည်။ ဤကား ဟိရီနှင့် ဩတ္တပ္ပ တို့၏ ထူးခြားမှု သဘောများတည်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၈-၁၆၉-၁၇၀။)
ဤသို့လျှင် ဟိရီနှင့် ဩတ္တပ္ပတို့၏ ထူးခြားမှုများကို အဋ္ဌကထာ၌ ဖော်ပြထားသော်လည်း ယင်းတရား နှစ်ပါးတို့ကား တစ်ရံတစ်ခါမျှ ခွဲ၍ မဖြစ်ဘဲ အမြဲတမ်းသာ ယှဉ်တွဲ၍ ဖြစ်သည်။ မှန်ပေသည် ကြောက်ခြင်း ကင်းသော ရှက်ခြင်းမည်သည် မရှိနိုင်၊ ရှက်ခြင်းကင်းသော မကောင်းမှုမှ ကြောက်ခြင်း မည်သည်လည်း မရှိနိုင်။ (မဟာဋီ၊၂၊၁၄၃။)
ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူပုံ
အမျိုးကောင်းသမီး ဖြစ်သော ချွေးမသည် မိမိ၏ မြင့်မြတ်သော မျိုးရိုးဇာတိ ရှိပုံကို ဆင်ခြင်၍ မိမိကိုယ်ကို မိမိ ရိုသေလေးစားသောအားဖြင့် မိမိအိမ်ရှင်မှ တစ်ပါးသောယောကျ်ားနှင့် ဖောက်ပြားရမည့်အရေးမှ စက်ဆုပ် ရွံရှာ၏၊ ထိုဟိရီ ရှိသူလည်း မိမိ၏ မြင့်မြတ်သော ဇာတ် အမျိုးအနွယ်, ကြီးရင့်လာသော အရွယ်, ရဲစွမ်းသတ္တိ, အကြားအမြင် ဗဟုသုတရှိမှု ဂုဏ်ကို ဆင်ခြင်၍ --- ငါကဲ့သို့သောသူသည် ဤကဲ့သို့သော ဒုစရိုက်မှုမျိုးကို မပြု ထိုက်၊ ဤဒုစရိုက်မှုမျိုးမည်သည်ကား အမျိုးဇာတ်ယုတ်ညံ့သူ, အသက်အရွယ်ငယ်သူ, ရဲစွမ်းသတ္တိမရှိသူ, ဗဟုသုတနည်းပါးသူ ပညာမဲ့ လူမိုက်ငတုံးတို့၏ လုပ်ရပ်မျိုးသာ ဖြစ်သည် --- ဟု မိမိကိုယ်ကို အလေးဂရုပြုလျက် ဒုစရိုက်မှ စက်ဆုပ်ရွံရှာ ရှောင်ခွာလေ၏။
ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူပုံ
ပြည့်တန်ဆာမသည် ကိုယ်ဝန်တည်လာလျှင် ယောကျ်ားတို့က စက်ဆုပ်တတ်ရကား ယောကျ်ားတို့ကို လေးစားသောအားဖြင့် ကိုယ်ဝန်တည်မည့်ဘေးမှ ကြောက်ရွံ့တတ်၏၊ ထို့အတူ ဩတ္တပ္ပ ရှိသူသည်လည်း --- သူတော်ကောင်း ...သင်သည် အကယ်၍ မကောင်းမှုကို ပြုအံ့၊ ဤသို့ပြုခဲ့သော် ရဟန်းယောကျ်ားပရိသတ် ရဟန်းမိန်းမပရိသတ် လူဒါယကာပရိသတ် လူဒါယိကာမပရိသတ်ဟူသော ပရိသတ် (၄)ပါးတို့ အလယ်ဝယ် အကဲ့ရဲ့ခံရပေလတ္တံ့၊ မြို့ကြီးသားသည် မစင်ကို စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှုပြုသော သင့်ကို ကဲ့ရဲ့ စက်ဆုပ်ကုန်လတ္တံ့၊ အိုသူတော်ကောင်း ...သီလကို ချစ်မြတ်နိုးတော်မူကြ သည့် ပညာရှိသူတော်ကောင်းတို့က သင့်ကို ရှောင်ကြဉ်အပ်သော် ဝိုင်းပယ်လိုက်သော် သင်သည် အသို့ပြုလတ္တံ့နည်း --- ဤသို့ ဆင်ခြင်လျက် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းဟူသော ဗဟိဒ္ဓလျှင် ဖြစ်ကြောင်းရှိသော ထိတ်လန့်မှုကြောင့် မကောင်းမှုကို မပြုပေ။
ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- မကောင်းမှုမှန်သမျှကို မပြုမိအောင် ရှောင်ကြဉ်မှုသည် ဟိရီ ဩတ္တပ္ပ နှစ်ပါးလုံး၏ ကိစ္စတည်း။ ဟိရီက ရှက်၍ မကောင်းမှုကို မပြုမိအောင် ရှောင်ကြဉ်၏၊ ဩတ္တပ္ပကား ဘေးအမျိုးမျိုး ကို ကြောက်၍ မကောင်းမှုကို မပြုမိအောင် ရှောင်ကြဉ်၏။ သို့အတွက် ယင်းတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ဟိရီကား ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရားဟု, ဩတ္တပ္ပကား အပါယ်ဒုဂ္ဂတိဘေး စသည့် ဘေးအမျိုးမျိုး တို့မှ ထိတ်လန့် ကြောက်ရွံ့သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ မီးထဲသို့ ကျရောက်သွားသော ကြက်တောင်၏ မပြန့်မူ၍ တွန့်လိမ်ခြင်း တွန့်လိပ်ခြင်းကဲ့သို့ မှတ်ပါ။ ဟိရီသည် အဇ္ဈတ္တသမုဋ္ဌာန် အတ္တာဓိပတိ တရားဖြစ်ခြင်းကြောင့် မိမိကိုယ်ကို ရိုသေလေးစားခြင်း အတ္တဂါရဝတရားသည် ဟိရီ၏ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်သည်။ ဩတ္တပ္ပသည် ဗဟိဒ္ဓသမုဋ္ဌာန် လောကာဓိပတိ တရားဖြစ်ခြင်းကြောင့် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်း ပရဂါရဝတရားသည် ဩတ္တပ္ပ၏ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်သည်။ မိမိကိုယ်ကို ရိုသေလေးစားခြင်းသဘော, သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းသဘော ဟူသည် ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့် အဒေါသမေတ္တာနှင့် ပညာပြဓာန်းသော ကုသိုလ်စိတ္တုပ္ပါဒ် များပင် ဖြစ်သည်။
အထူးသတိပြုရန် --- ဟိရီ၏ လဇ္ဇာသဘာဝသဏ္ဌိတာ = လဇ္ဇီသဘော၌ ကောင်းစွာတည်မှု ရှေးရှူတည်မှု သဘော, ဩတ္တပ္ပ၏ ဘယသဘာဝသဏ္ဌိတံ = ထိတ်လန့် ကြောက်ရွံ့ခြင်း ဘယသဘော၌ ကောင်းစွာတည်မှု ရှေးရှူတည်မှု သဘောများကို အလေးဂရုပြု၍ သတိပြုကာ မှတ်သားထားပါ။
အသင်ယောဂီသူတော်ကောင်းသည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းနေခိုက် ထိုသင်္ခါရတရားတို့ကို ဝိပဿနာ ရှုနေခိုက်၌ ဒုစရိုက်များကို လွန်ကျူးခိုက်လည်း မဟုတ်, ရှောင်ကြဉ်ခိုက်လည်း မဟုတ်ပေ။ ထိုအခိုက်ဝယ် နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, ဝိပဿနာဉာဏ်တို့ ဦးဆောင်ပြဓာန်းသည့် စိတ်စေတသိက်များ အကြိမ်များစွာ ဖြစ်နေခိုက်သာ ဖြစ်သည်။ ယင်းစိတ်စေတသိက်တို့မှာ ယေဘုယျအားဖြင့် မနောဒွါရိကဇောဝီထိစိတ်အစဉ်များသာ ဖြစ်ကြသည်။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂) ကြိမ် အနေဖြင့် အဖြစ်များကြသည်။ ဝိပဿနာအခိုက်၌ တဒါရုံမှာ ကျ-မကျ နှစ်မျိုး ရှိနိုင်၏။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။
ဇော အသီးအသီးတွင် နာမ်တရားများမှာ ယေဘုယျအားဖြင့် ဉာဏ်နှင့် ပီတိ ယှဉ်-မယှဉ်သို့ လိုက်၍ (၃၄-၃၃-၃၃-၃၂) ရှိတတ်၏။ ယင်းနာမ်တရားစုတွင် ဟိရီနှင့် ဩတ္တပ္ပကား အမြဲတမ်း ပါဝင်လျက် ရှိ၏။ သောဘဏ စိတ်အားလုံးနှင့် ဆက်ဆံသော သောဘဏသာဓာရဏ စေတသိက်များ ဖြစ်သောကြောင့်တည်း။ ရုပ်နာမ်ကို သိမ်းဆည်းခိုက်, ဝိပဿနာ ရှုခိုက်သာ ဖြစ်သဖြင့် မကောင်းမှုအကုသိုလ် ဒုစရိုက်ကို အာရုံယူ၍ ယင်းဒုစရိုက်တို့မှ ရှက်မှု ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်နေသည်ကား မဟုတ်ပါ။ အကြောင်းမူ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကိုသာ အာရုံယူနေခိုက်, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘ အချက်တို့ကိုသာ အာရုံယူနေခိုက် ဖြစ်သောကြောင့် ဖြစ်သည်။ သို့အတွက် ယင်းနာမ်တရားစုတို့တွင် ပါဝင်သော ဟိရီ ဩတ္တပ္ပတို့မှာ ဟိရီက လဇ္ဇီသဘောသို့ ရှေးရှူတည်မှု, ဩတ္တပ္ပက ဘယသဘောသို့ ရှေးရှူတည်မှုမျှကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ အရှက်အကြောက် ရှိ၍ ယခုလို တရားနှလုံး ကျင့်သုံးခြင်း ဖြစ်သဖြင့် တရားနှလုံး ကျင့် သုံးသည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် မကောင်းမှုမှ ရှက်မှု လဇ္ဇီသဘော, မကောင်းမှုမှ ကြောက် ရွံ့မှု = ဘယသဘောတို့ကား ရှေးရှူတည်လျက်သာ ရှိနေသည်၊ ယင်း ရှေးရှူတည်နေမှုမှာ အကောင်းအုပ်စု စိတ်စေတသိက် နာမ်တရားစုများ ဖြစ်တိုင်းဖြစ်တိုင်း ဇောစိတ္တုပ္ပါဒ်တိုင်းနှင့် မဟာဝိပါက်တဒါရုံကျခဲ့သော် ယင်း တဒါရုံ စိတ္တုပ္ပါဒ်တိုင်း၌ အမြဲတမ်း ပါဝင်လျက် ရှိသည်သာဟု မှတ်ပါ။ ဒါန သီလ သမထပိုင်းဆိုင်ရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
ခြွင်းချက် --- သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ စေတသိက်များ ပါဝင်သည့် နာမ်တရားတို့ကို သိမ်း ဆည်းရာ၌ကား ဝိရမိတဗ္ဗဝတ္ထုဟူသော ရှောင်ကြဉ်ထိုက်သော ဒုစရိုက်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ် တရားတို့ကို သိမ်းဆည်းရသဖြင့် ယင်းနာမ်တရားစုတွင် ပါဝင်သော ဟိရီ ဩတ္တပ္ပတို့မှာ ဒုစရိုက်တို့မှ ရှက်မှု ကြောက်မှု သဘောများပင် ဖြစ်သည်ဟု မှတ်သားပါလေ။
လောကပါလ တရား (၂) ပါး
ဒွေ မေ ဘိက္ခဝေ သုက္ကာ ဓမ္မာ လောကံ ပါလေန္တိ။ (အံ၊၁၊၅၃။ ခု၊၁၊၂၁၉။)
ရဟန်းတို့ ...ဖြူစင်ကုန်သော ဤ ဟိရီ ဩတ္တပ္ပ တရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကြကုန်၏။ (အံ၊၁၊၅၃။ ခု၊၁၊၂၁၉။)
ရဟန်းတို့ ...ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်၏၊ အဘယ်နှစ်မျိုး တို့နည်းဟူမူ --- မကောင်းမှုမှ ရှက်ခြင်း = ဟိရီလည်းကောင်း, မကောင်းမှုမှ ထိတ်လန့်ခြင်း = ဩတ္တပ္ပလည်းကောင်း ဤတရား နှစ်မျိုးတို့တည်း။ ရဟန်းတို့ ...ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို မစောင့်ရှောက် ကုန်ငြားအံ့၊ ယင်းသို့ မစောင့်ရှောက်သော် ဤလောက၌ အမိဟူ၍လည်းကောင်း, မိကြီး မိထွေးဟူ၍လည်းကောင်း ဦးရီး၏ မယားဟူ၍လည်းကောင်း ဆရာ၏ မယားဟူ၍လည်းကောင်း, ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍ လည်းကောင်း မထင်ရှား မသိသာကုန်ရာ။
ယင်းသို့ မထင်ရှား မသိသာကုန်သော် လောကသည် ဆိတ်များ သိုးများကဲ့သို့လည်းကောင်း, ကြက်ဝက်တို့ ကဲ့သို့လည်းကောင်း အိမ်ခွေး တောခွေးတို့ကဲ့သို့လည်းကောင်း ရောယှက်ခြင်းသို့ ရောက်ရာ၏။ (အဖေဆိတ် အမေဆိတ်နှင့် သားဆိတ် သမီးဆိတ်တို့ မေထုန်မှီဝဲသောအားဖြင့် ရောစပ်ကြလိမ့်မည် ဟူလို။)
ရဟန်းတို့ ...ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်သောကြောင့် အမိ ဟူ၍လည်းကောင်း, မိကြီး မိထွေးဟူ၍လည်းကောင်း, ဦးရီး၏ မယားဟူ၍လည်းကောင်း, ဆရာ၏ မယားဟူ၍ လည်းကောင်း ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍လည်းကောင်း ထင်ရှားသိသာကုန်၏။ (အံ၊၁၊၅၃။)
ငါသည် အမျိုးကောင်းသားတစ်ယောက် ဖြစ်၏၊ ငါလို အမျိုးကောင်းသားတစ်ယောက်က မကောင်းမှုကို ပြုနေလျှင် (ဥပမာ သူ့အသက်ကို သတ်နေလျှင် မုဆိုး တံငါလုပ်နေလျှင် လာဘ်ပေးလာဘ်ယူပြုနေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်ဟု မိမိ၏ အမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုကို ပြုရမည်ကို ရှက်၏။ ပညာရှိသူ တစ်ဦးကလည်း --- ငါလို ပညာရှိတစ်ယောက်က အောက်တန်းကျသော မကောင်းမှုကို ပြုနေလျှင် (ဥပမာ သူ့ ပစ္စည်းကို မတရားယူနေလျှင် လာဘ်ပေးလာဘ်ယူပြုနေလျှင်) ရှက်စရာဖြစ်တော့မည်ဟု မိမိ၏ ပညာရှိသော ဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုရမည်ကို ရှက်၏။ အသက်ကြီးသူကလည်း --- ငါလို အဘိုးကြီး တစ်ယောက်က မကောင်းမှုကိုပြုနေလျှင် (ဥပမာ လိမ်ညာနေလျှင်) ရှက်စရာ ဖြစ်တော့မည်ဟု မိမိ၏ အသက်ကြီးသောဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုရမည်ကို ရှက်၏။ ဤသို့စသည်ဖြင့် မိမိမှာ ထင်ရှား ရှိနေသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟိရီတရားသည် ထင်ရှားလေသည်။
ငါတစ်ယောက်က မကောင်းမှုကို ပြုလိုက်လျှင် ငါ့မိ ငါ့ဘ ငါ့ဆွေ ငါ့မျိုးများ ငါ့ဆရာသမားများသည် သူတစ်ပါးတို့၏ အကဲ့ရဲ့ကို ခံရ၍ တံထွေးခွက်ထဲ ပက်လက်မျောကာ နေကြရပေလိမ့်မည်၊ ငါးခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံး ပုတ်ရှာကြပေလိမ့်မည်။ ဤသို့စသည်ဖြင့် စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ ဒုစရိုက်မှ ကြောက်လန့်တတ်သော ဩတ္တပ္ပတရား ဖြစ်လေသည်။ မိမိဂုဏ်သိက္ခာကိုလည်း မငဲ့ ဆရာသမား မိဘ ဆွေမျိုး များကိုလည်း မငဲ့ ရွဲ့ချင်တိုင်း ရွဲ့သူ၌ကား ဟိရီ ဩတ္တပ္ပတရား နှစ်မျိုးလုံး ကင်း၍ ဒုစရိုက်မှုတွေ ပြည့်တင်းနေ လေတော့သည်။
ထိုကြောင့် ဤဟိရီနှင့် ဩတ္တပ္ပ တရားနှစ်ပါးသည် ကမ္ဘာသူကမ္ဘာသား လူအများကို သားနှင့်အမိ, မောင်နှင့် နှမ စသည်ဖြင့် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် လောကပါလ = ကမ္ဘာစောင့်တရားဟုလည်း ကောင်း, သတ္တဝါတစ်ဦးကို သို့မဟုတ် ရုပ်နာမ်သန္တာန်အစဉ်ကို ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သော ကြောင့် သုက္ကဓမ္မ = ဖြူစင်သောတရားဟုလည်းကောင်း အမည်ရလေသည်။ လူ့လောက၌ ဤတရားနှစ်ပါးတို့က စောင့်ကြပ်လျက် ရှိကြသောကြောင့်သာ လူသတ္တဝါတို့ သန္တာန်ဝယ် အတော်အတန် စင်ကြယ်လျက် ရှိလေသည်။ ယင်းတရားတို့ ကင်းမဲ့လျှင် တိရစ္ဆာန်တွေနှင့် မခြားနားဘဲ ရောယှက်ရှုပ်ထွေးကာ မကြားကောင်း မနာသာတွေသာ ဖြစ်ကုန်ရာသည်။ ယခုခေတ်အခါ၌ကား ဟိရီ ဩတ္တပ္ပဟူသော ယဉ်ကျေးမှုတစ်ရပ် အကြောင်းကိုပင် နားမလည် သူတွေ ပေါများလှသဖြင့် ဟိရီ ဩတ္တပ္ပ ကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရကား အဝတ်အစား အနေ အထိုင် အသွားအလာမှ စ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော်စရာတွေ များလှချေသည်။
ဟိရီ - ဩတ္တပ္ပအတု --- အကုသိုလ် ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား ကျောင်းတက် ဥပုသ်စောင့် တရားနာ စသော ကုသိုလ်ကောင်းမှုနှင့် ဆိုင်သော အရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ်ဆုတ် လုပ်တတ်သော အမူအရာမျိုးလည်း ရှိတတ်သေး၏။ ထိုအမူအရာမျိုးကား ဟိရီ ဩတ္တပ္ပ မဟုတ်၊ မာယာသဘော သာတည်း၊ တရားကိုယ်မှာ မောဟနှင့် တဏှာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဒုစရိုက်ကို ပြုပြီးနောက် သူတစ်ပါးတို့ သိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာတည်း။
ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုသည့်အတွက် ရှက်ကြောက်သော အမူအရာ, ကိုယ်လက် အညစ်အကြေးသုတ်သင်ရာ စသည့် ရှက်ကြောက်သင့်သော အရာဌာနတို့၌ ရှက်ကြောက် သော အမူအရာတို့ကား ဟိရီ ဩတ္တပ္ပ အစစ်သာ ဖြစ်သည်။
၅။ အလောဘ
၁။ (က) အလောဘော အာရမ္မဏေ စိတ္တဿ အဂေဓလက္ခဏော၊
( ခ ) အလဂ္ဂဘာဝလက္ခဏော ဝါ ကမလဒလေ ဇလဗိန္ဒု ဝိယ၊
၂။ အပရိဂ္ဂဟရသော (အပရိဂ္ဂဟဏရသော) မုတ္တဘိက္ခု ဝိယ၊
၃။ အနလ္လီနဘာဝပစ္စုပဋ္ဌာနော အသုစိမှိ ပတိတပုရိသော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၄။)
၁။ (က) အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်းသဘော လက္ခဏ၊
( ခ ) တစ်နည်း --- ကြာဖက်အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့
ထို့အတူ အာရုံ၌ စိတ်၏ မငြိကပ်သည်၏ အဖြစ်ဟူသောသဘော လက္ခဏ၊
၂။ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မည်သည့်
ဝတ္ထုကိုမျှ ငါ့ဟာဟု မသိမ်းပိုက်သကဲ့သို့ ထို့အတူ အာရုံကို ငါ့ဟာ ငါ့ဥစ္စာဟု
စွဲလမ်းခြင်း၏ အစွမ်းဖြင့် မသိမ်းပိုက်ခြင်း (ကိစ္စ) ရသ၊
၃။ မစင်တွင်း၌ ကျရောက်နေသော ယောကျ်ားကဲ့သို့ အာရုံ၌ မငြိကပ်လိုသော သဘောတရား - ပစ္စုပဋ္ဌာန်၊
၄။ အာရုံ (တစ်နည်း --- ဝတ္ထု + အာရုံ + ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများ) ပဒဋ္ဌာန်။
န လုဗ္ဘန္တိ ဧတေန, သယံ ဝါ န လုဗ္ဘတိ, အလုဗ္ဘနမတ္တမေဝ ဝါ တန္တိ အလောဘော။ (ဝိသုဒ္ဓိ၊၂၊၉၄။ အဘိ၊ဋ္ဌ၊၁၊၁၇၀။)
၁။ ယှဉ်ဖက်သမ္ပယုတ်တရားတို့၏ အာရုံ၌ မတပ်မက်တတ်ကြောင်း ဖြစ်သော သဘောတရားသည် အလောဘ မည်၏။
၂။ မိမိ အလောဘကိုယ်တိုင်ကလည်း အာရုံကို မတပ်မက်သော သဘောတရား ဖြစ်သောကြောင့် အလောဘ မည်၏။
၃။ အာရုံကို မတပ်မက်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် အလောဘ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၉၄။)
လက္ခဏ --- လောဘသည် အာရုံကို သာယာစုံမက် နှစ်သက် ငြိကပ်၏၊ အာရုံကို ငါ့ဟာ-ငါ့ဥစ္စာဟု စွဲယူသိမ်းပိုက်ခြင်း၏ အစွမ်းဖြင့် လိုလားတပ်မက်၏။ အလောဘကား ထိုအာရုံ၌ မငြိကပ်ခြင်း မလိုချင်ခြင်း သဘောတည်း။ ထိုကြောင့် အလောဘသည် လောဘနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်၏။ ထိုသို့ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် မလိုချင်တိုင်းလည်း အလောဘဟုချည်း မမှတ်ရာ၊ လောဘနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် သဘောရှိသည့် မလိုချင်မှု မတပ်မက်မှုကိုသာ အလောဘ၏သဘောဟု မှတ်ရာသည်။ ဒေါသဖြစ်၍ အိမ်ကို မီးရှို့ပစ်မှု = အိမ်ကို မလိုချင်မှု, ဒေါသဖြစ်၍ အိုးခွက်ပန်းကန်များကို ရိုက်ခွဲမှု = အိုးခွက်ပန်းကန်များ အပေါ်၌ မလိုချင်မှုတို့မှာ ဒေါသပြဓာန်းသော စိတ်ညံ့ စိတ်ဖျင်း စိတ်ရိုင်းများကြောင့်သာ မလိုချင်မှု ဖြစ်သည်၊ အာရုံကို = ပစ္စည်းများကို ဖျက်ဆီးလိုသည့်သဘောသာ ဖြစ်သည်၊ အလောဘကား မဟုတ်ချေ။ တစ်ဖန် -- ကုသိုလ်ရေးနှင့် စပ်၍ ကောင်းမြတ်သောအရာကို မလိုချင်မှု, ဒါန မပြုလိုမှု, သီလကို မဖြည့်ကျင့်လိုမှု, သမထ ဝိပဿနာ ဘာဝနာ ကို မပွားလိုမှုများမှာလည်း ကုသိုလ်တရားတို့၌ လိုလားတောင့်တသည့် သမ္မာဆန္ဒ ဝီရိယ နည်းပါး၍ ပျင်းရိမှု ကောသဇ္ဇတရား ပြဓာန်းသည့် စိတ်ညံ့ စိတ်ဖျင်းများ များသောကြောင့်သာ ဖြစ်သည်၊ အလောဘကား မဟုတ်ချေ။ ထိုကြောင့် အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်း မလိုချင်ခြင်းသဘောသည်, တစ်နည်း ကြာဖက် အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့ ထို့အတူ အာရုံ၌ စိတ်၏ ငါ့ဟာ ငါ့ဥစ္စာဟု မြတ်နိုးသည်၏ အစွမ်း ဖြင့် မငြိကပ်သည်၏ အဖြစ်ဟူသော သဘောသည် အလောဘ၏ ကိုယ်ပိုင်သဘာဝလက္ခဏာပင် ဖြစ်သည်။
ရသ --- ရဟန္တာပုဂ္ဂိုလ်မြတ်သည် မည်သည့်ဝတ္ထုကိုမျှ = မည်သည့်အာရုံကိုမျှ ငါ့ဟာ ငါ့ဥစ္စာဟု မြတ်နိုးတနာ ငြိကပ်မှုဖြင့် သိမ်းဆည်းခြင်း မပြုတော့သကဲ့သို့ အလောဘသည်လည်း မည်သည့် လိုလားတပ်မက်စရာ အာရုံကိုမျှ ငါ့ဟာ ငါ့ဥစ္စာဟု တဏှာစွဲဖြင့် မသိမ်းပိုက်ခြင်း လုပ်ငန်းကိစ္စ ရှိပေသည်။
အာရုံကို ငါ့ဟာ ငါ့ဥစ္စာဟု မသိမ်းပိုက်ခြင်း ကိစ္စကို အလောဘကိစ္စဟု ဆိုသော်လည်း အရမ်းမဲ့ ဖြုန်းတီး ပစ်ခြင်း, အပျော်အပါး လိုက်စား၍ လောင်းကစားကြူး၍ ဖြုန်းတီးပစ်ခြင်း, ဒေါသဖြစ်၍ ဖြုန်းတီးပစ်ခြင်းများကို အလောဘကိစ္စဟု မမှတ်အပ်၊ ေ့ရှနောက်တိုင်းထွာ အလိမ္မာ အဆင်ခြင် သတိသမ္ပဇဉ် ဉာဏ်မယှဉ်သဖြင့် မောဟ အတွက် မိုက်မှားချက်, လောဘအတွက် မိုက်မှားချက်, ဒေါသအတွက် မိုက်မှားချက် တစ်မျိုးဟု မှတ်ရမည်။ ေ့ရှနောက်တိုင်းထွာ အရာရာ သိမ်းဆည်းမှု စောင့်ရှောက်မှုမှာ သတိသမ္ပဇဉ်၏ ကိစ္စသာတည်း။ ယင်းသတိသမ္ပဇဉ် ကြောင့်ပင် ရဟန္တာအရှင်မြတ်တို့သည်လည်း ပစ္စည်းလေးပါးကို ငါ့ဟာ ငါ့ဥစ္စာဟု သိမ်းပိုက်မှု မရှိဘဲ ထိန်းသိမ်း စောင့်ရှောက်တော်မူကြသည်၊ သုံးစွဲတော်မူကြသည်။ မလှူဒါန်းရက် မပေးကမ်းရက် မသုံးစွဲရက်ဘဲ ငါ့ဟာ ငါ့ဥစ္စာဟု ငြိကပ်မှုဖြင့် သိမ်းဆည်းထားမှုသည်သာ လောဘ၏ ကိစ္စ ဖြစ်သည်။
အနလ္လီနဘာဝပစ္စုပဋ္ဌာနာ --- အနလ္လီနော ဘာဝေါ အဓိပ္ပါယော ဧတဿာတိ အနလ္လီနဘာဝေါ၊ ဧဝဥှိ ဥပမာယ သမေတိ။ (မူလဋီ၊၁၊၉၁။ မဟာဋီ၊၂၊၁၄၃။)
မစင်တွင်းထဲ၌ ကျရောက်နေသော ယောကျ်ားသည် မိမိ၏ ခန္ဓာကိုယ်ဝယ် မစင်တွေငြိကပ်၍ နေသော် လည်း စိတ်အားဖြင့် မငြိကပ်ခြင်းကိုသာ အလိုရှိသကဲ့သို့ အလောဘ၏ သဘောသည်လည်း လောဘဖြစ်စရာ = လောဘနေယျအာရုံတို့ကို အာရုံပြုသည်၏ အစွမ်းဖြင့် အာရုံယူနေရသော်လည်း ထိုအာရုံတို့နှင့် ရောယှက်နေရ သော်လည်း သဘောအားဖြင့် ထိုအာရုံ၌ မငြိမကပ်လိုသော သဘောသာ ရှိသည်ဟု ယင်းအလောဘကို ဝိပဿနာ ဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။
ပရမတ္ထသစ္စာနယ် ဝိပဿနာနယ်အတွက် ကွက်၍ ပြောရလျှင် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား တို့သည် လောဘဖြစ်စရာ = လောဘနေယျ အာရုံများပင် ဖြစ်ကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရား တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင်အောင် အာရုံယူနိုင်သဖြင့် ယင်းသင်္ခါရတရားတို့ကို အာရုံယူနေ ရသော်လည်း အာရုံပြုနေရသော်လည်း ယင်းသင်္ခါရအာရုံတို့နှင့် ရောယှက်နေရသော်လည်း ယင်းအာရုံတို့ကို ငါ့ဟာ ငါ့ဥစ္စာဟု လောဘ၏ အစွမ်းဖြင့် ကပ်ငြိလို သိမ်းဆည်းလို သိမ်းပိုက်ထားလိုသော သဘောကား မရှိပေ။ ယင်းသင်္ခါရအာရုံတည်းဟူသော သင်္ခါရလောကမှ ရုန်းမထွက်နိုင်သေး၍သာ ရောယှက်နေရခြင်း အာရုံပြုနေရခြင်း နှလုံးသွင်းရှုပွားနေရခြင်း ဖြစ်၏၊ သို့သော်လည်း ယင်းအာရုံတို့၌ မငြိကပ်လိုသော သဘောကား ရှိနေသည်သာ ဖြစ်သည်။ ယင်း မငြိကပ်လိုသောသဘောမှာ ယင်းသင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားနေသည့် ဉာဏ်ပြဓာန်းသည့် စိတ်စေတသိက် နာမ်တရားအုပ်စုတွင် ပါဝင်သော အလောဘ၏ သဘောပင် ဖြစ်သည်။ ဒါန သီလ သမထဆိုင်ရာ အာရုံတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
ထပ်မံရှင်းလင်းချက် -- ဉာဏ်နုသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။ အသင် သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်လည်၍ အာရုံယူကြည့်ပါ။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော မနောဒွါရိကဇောဝီထိစိတ်အစဉ်များကို ကြည့်ပါ။ စက္ခုအကြည်ဓာတ် ရုပ်တရား = ရုပ်ပရမတ်အာရုံကို ---
၁။ စက္ခုအကြည်ဓာတ်ဟု
၂။ ရုပ်တရားဟု
၃။ အနိစ္စဟု
၄။ ဒုက္ခဟု
၅။ အနတ္တဟု
၆။ အသုဘဟု ---
အသီးအသီး ရှုနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်တိုင်း၌ ဇော (၇)ကြိမ်စီ ပါဝင်ရာ ဇော (၁)ကြိမ် (၁)ကြိမ်၌ ဉာဏ် ပီတိ နှစ်မျိုးလုံးယှဉ်ပါက နာမ်တရား (၃၄)လုံးစီ ရှိ၏။ ယင်းနာမ်တရားစု (၃၄)တွင် အလောဘ လည်းပါဝင်၏။ ယင်းအလောဘသည် စက္ခုအကြည်ဓာတ်ကို စက္ခုအကြည်ဓာတ်ဟုလည်းကောင်း, ရုပ်တရားဟု လည်းကောင်း, အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း, အသုဘဟုလည်းကောင်း အာရုံယူ၍ ရှုနေခိုက် စက္ခုအကြည်ဓာတ် ပရမတ်တရားကို အာရုံယူနေရသော်လည်း ယင်းစက္ခုအကြည်ဓာတ် အာရုံကို --- ငါ့ဟာ ငါ့ဥစ္စာဟု တဏှာဖြင့် စွဲယူသိမ်းပိုက်ခြင်း မရှိပေ။ ထိုစက္ခုအကြည်ဓာတ်အာရုံ၌ ငြိကပ် လိုသည့် သဘောမရှိ၊ မငြိကပ်လိုသော သဘောသာ ရှိနေ၏။ အကြောင်းမူ ယင်းစက္ခုအကြည်ဓာတ် ပရမတ် တရား၏ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်လောက်သာ သက်တမ်းရှိသည်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ် တိုင် မျက်မှောက် ထွင်းဖောက်သိမြင်နေသော သူတော်ကောင်းတစ်ဦးအဖို့ ငါ့ဟာ ငါ့ဥစ္စာဟု စွဲယူလောက်သည့် အချိန်ကာလကိုပင် ရှာမရနိုင်သောကြောင့် ဖြစ်၏။ ယင်းသို့ မငြိမကပ်လိုသော သဘောမှာ ယင်းစက္ခုအကြည် ဓာတ်ကို သိမ်းဆည်း ရှုပွားနေသော ဝိပဿနာဇော နာမ်တရား (၃၄)တွင် ပါဝင်သော အလောဘ၏ သဘောပင် ဖြစ်သည်။ ဤနည်းကို နည်းမှီ၍ အရာရာတွင် သဘောပေါက်ပါလေ။
ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ပဒဋ္ဌာန်ကို သီးခြား မဖော်ပြထားသဖြင့် ပဒဋ္ဌာန်ကို အာရုံဟုလည်းကောင်း, (၁) ဝတ္ထု (၂) အာရုံ (၃) ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများဟုလည်းကောင်း ထည့်သွင်း ဖော်ပြထား ပါသည်။
လောဘသမား နှင့် အလောဘသမား
လောဘသမားက သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုကို သိမ်းပိုက်လိုသောသဘောရှိသလောက် အလောဘသမားက မသိမ်းပိုက်လိုသောသဘော ရှိ၏။ လောဘသမားသည် ရဟန်းဖြစ်လျှင်လည်း ပစ္စည်းလာဘ်လာဘကို လိုချင်၏၊ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏၊ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မတန်းရက် (= မဒါန်းရက်) မပေးရက် မကမ်းရက် အလွန် မက်မောတတ်၏၊ ထိုပစ္စည်းကို အကြောင်းပြု၍ စိတ်ကြီးဝင်နေ တတ်၏။ လောဘသမား လူပုဂ္ဂိုလ်များသည်လည်း ဤနည်းနှင်နှင်ပင်တည်း။ ပစ္စည်းဥစ္စာကို တရားသည် မတရား သည် မစိစစ်နိုင်တော့ဘဲ မရမက ရှာဖွေတတ်၏၊ ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊ ရလေ လိုလေ အိုတစ္ဆေသာ ဖြစ်နေ၏။ ဦနော လောကော အတိတ္တောယေဝ = သတ္တဝါအပေါင်းသည် အမြဲတမ်း လိုနေ၏ ယုတ်လျော့နေ၏ ပြည့်သည်ဟူ၍ မရှိ ရောင့်ရဲသည်ဟူ၍ မရှိဟူသော ဒေသနာတော်များမှာ မရောင့်ရဲနိုင်သော လူသားများကို အထူးရည်ညွှန်းထား၏။ တစ်သက်တာပတ်လုံး အချိန်ရှိသမျှ စုဆောင်းရှာဖွေ၍ ရရှိထားသော လက်ဝယ် ပိုက်ထွေး ထားသော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို ငါ့ဟာ ငါ့ဟာဟု လွန်စွာ စွဲလမ်းနေစဉ် သေမင်းငင်သောအခါ ထိုကာမဝတ္ထုအစုစုအပေါ်၌ တွယ်တာတပ်မက် ချင်ရက်မပြေနိုင်သေးသော တဏှာလောဘက မရဏာသန္နဇော၏ နေရာကို မရအရယူကာ အပါယ်လေးဘုံတည်းဟူသော မဟာသမုဒ္ဒရာသို့ ချော့မော့ကာ လှလှပပနှင့် သယ်ဆောင် ခေါ်ငင်သွားလေသည်။
အလောဘသမားကား ဤသို့မဟုတ်၊ ရဟန်းဖြစ်လျှင် ပစ္စည်းလေးပါးကို မခင်မင်၊ အဆင်သင့်ရသည်ကို လည်း သာယာမက်မောမှု မရှိဘဲ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ကာ သုံးစွဲတော်မူလေ့ရှိ၏။ ဒါယကာ ဒါယိကာမတို့က ကုသိုလ်ကို အလိုရှိ၍ စွန့်ကြဲပေးကမ်း လှူဒါန်းလိုက်သော ပစ္စည်းတို့ကား သူတော်ကောင်းတို့၏ ဉာဏ်မျက်စိ အမြင်၌ သူတစ်ပါးတို့က ထွေးအန်ပစ်လိုက်သော အန်ဖတ်တို့သာ ဖြစ်ကြ၏။ ယင်းအန်ဖတ်များကို ဧရာမလာဘ် လာဘကြီးဟု မှတ်ထင်ရမည်ကို ရှက်နိုးတော်မူကြ၏။
ဟတ္ထိပါလဇာတ်တော် (ဇာတက၊ဋ္ဌ၊၄၊၄၇၈-၄၉၅။)၌ အလောင်းတော် ဟတ္ထိပါလက ဦးဆောင်လျက် တောထွက်တော်မူကြရာ ခမည်းတော် မယ်တော် ဖြစ်ကြသော ပုရောဟိတ်ပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမကြီးတို့သည် လည်း ရှိသမျှ စည်းစိမ်တို့ကို စွန့်လွှတ်ကာ တောထွက်တော်မူကြ၏။ ဧသုကာရီဘုရင်မင်းကြီးက ထိုပုရောဟိတ် ပုဏ္ဏားကြီးတို့ စွန့်ပစ်သွားသော စည်းစိမ်ဥစ္စာတို့ကို နန်းတော်သို့ ဆောင်ယူစေခဲ့၏။ ဤအကြောင်းအရာကို ပညာရှိသော မိဖုရားကြီးက သိရှိတော်မူသဖြင့် ဧသုကာရီဘုရင်မင်းကြီးအား ဆုံးမလို၍ အသားစျေးမှ အသား များကို ဆောင်ယူစေ၍ မင်းရင်ပြင်တော်၌ စုပုံထား၏။ အသားပုံသို့ ဖြောင့်ဖြောင့် အပေါ်ကောင်းကင်မှ ဆင်းသက် လာနိုင်သည့် လမ်းပေါက်တစ်ခုကိုသာ ဖွင့်ထား၍ အသားပုံ၏ ဘေးပတ်လည်တွင် ပိုက်ကွန်ကို ဝန်းရံ၍ ကာထား စေ၏။ လင်းတတို့သည် ခပ်လှမ်းလှမ်းမှပင် အသားတစ် အသားပုံကို မြင်၍ ကောင်းကင်မှ သက်ဆင်းလာကြ၏၊ ထိုလင်းတတို့တွင် အသိအလိမ္မာရှိသော ဆင်ခြင်တိုင်းထွာတတ်သော ပညာရှိသော လင်းတတို့သည် ပိုက်ကွန် ဖြန့်ကျက်ထောင်ထားသည်ကို သိရှိ၍ အသားများကို အဝစားထားသည့် အလွန်လေးလံသော ခန္ဓာကိုယ် ရှိခဲ့သော် အထက်ကောင်းကင်သို့ ဖြောင့်ဖြောင့်တန်းတန်း ကာရံထားသော ပိုက်ကွန်မှ လွတ်အောင် မပျံသန်းနိုင်ကြပုံကို သဘောပေါက် သိရှိနားလည်ကာ မိမိတို့ စားပြီးသား အသားများကို အန်ပြီးမှ ပိုက်ကွန်နှင့် မငြိအောင် အထက် ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက်ကြ၏။ သို့သော် ပညာမျက်စိကာဏ်းနေသည့် လင်းတ ငမိုက်သားတို့ ကား အခြားလင်းတတို့က အန်ပစ်ခဲ့သော အန်ဖတ်တို့ကို ထပ်စားကြကာ အလွန်လေးလံသော ခန္ဓာကိုယ်ရှိလျက် အထက်ကောင်းကင်သို့ ဖြောင့်ဖြောင့် တန်းတန်း မတ်မတ် ပျံတက်ခြင်းငှာ မစွမ်းနိုင်ရကား ဘေးပတ်ပတ်လည်၌ ဝန်းရံထောင်ထားသော ပိုက်ကွန်၌ ဖမ်းမိနေကြကုန်၏။ ဤမြင်ကွင်းကို မိဖုရားကြီးက ဧသုကာရီမင်းကြီးအား လေသာပြူတင်းပေါက်မှ ရပ်ကြည့်စေတော်မူလျက် ဤသို့ ဆုံးမတော်မူ၏။
ဧတေ ဘုတွာ ဝမိတွာ စ၊ ပက္ကမန္တိ ဝိဟင်္ဂမာ။
ယေ စ ဘုတွာ န ဝမိံသု၊ တေ မေ ဟတ္ထတ္တမာဂတာ။
အဝမီ ဗြာဟ္မဏော ကာမေ၊ သော တွံ ပစ္စာဝမိဿသိ။
ဝန္တာဒေါ ပုရိသော ရာဇ၊ န သော ဟောတိ ပသံသိယော။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)
အရှင်မင်းမြတ် ...ဤ ပညာရှိသော လင်းတတို့သည်ကား အသားများကို စားပြီးနောက် အန်ပြီးမှသာလျှင် အထက်ကောင်းကင်သို့ ပျံတက်ကြကုန်၏၊ ထိုလင်းတတို့သည် ပိုက်ကွန်၌ မငြိဘဲ အထက်ကောင်းကင်သို့ ဖြောင့် ဖြောင့်တန်းတန်း ပျံတက်နိုင်ကြကုန်၏။ သို့သော် ပညာမျက်စိကာဏ်းနေသည့် အကြင် လင်းတငမိုက်သားတို့သည် ကား အသားများကို အဝစား၍ သူတစ်ပါးတို့၏ အန်ဖတ်များကိုလည်း အဝစား၍ စားပြီးသား အစာကို အန်မထုတ်ဘဲ ကောင်းကင်သို့ ပျံတက်ကြကုန်၏။ သူတစ်ပါးတို့၏ အန်ဖတ်များကိုပါ စား၍ အလွန်လေးလံသော ခန္ဓာကိုယ်ဖြင့် ကောင်းကင်သို့ ပျံတက်ကြကုန်သော ထိုလင်းတမိုက်တို့သည်ကား ကျွန်တော်မ၏ လက်တွင်းသို့ ရောက်ရှိလာကြပါကုန်၏။
အရှင်မင်းမြတ် ...ဤဥပမာအတူပင် ပုရောဟိတ်ပုဏ္ဏားကြီးမိသားစုသည် ကာမဝတ္ထုအစုစုကို ထွေးအန် သွားတော်မူခဲ့၏။ ထိုအရှင်မင်းမြတ်သည်ကား သူတစ်ပါး၏ အန်ဖတ်ကို တစ်ဖန် စားတော်မူပြန်၏။ အရှင်မင်းမြတ် အကြင်ယောက်ျားသည် သူတစ်ပါးတို့ ထွေးအန်ပြီးသော အန်ဖတ်ကို စားလေ့ရှိ၏၊ ထိုသူတစ်ပါးတို့၏ ထွေးအန် ပြီးသော အန်ဖတ်ကို စားလေ့ရှိသော တဏှာအလိုသို့ လိုက်ပါနေသော လူမိုက်ကို ဘုရားအစရှိသော ပညာရှိ သူတော်ကောင်းတို့သည် မချီးမွမ်းအပ်ပါ --- ဤသို့ မိဖုရားကြီးက ပရိယာယ်ဖြင့် ဆိုဆုံးမတော်မူ၏။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)
သို့အတွက် ပညာရှိသူတော်ကောင်းတို့သည်ကား သူတစ်ပါးတို့၏ အန်ဖတ်ကို ရိုသေစွာ ဦးထိပ်ဖြင့် ခံယူ၍ အကြီးအကျယ် မြတ်နိုးကာ ဝမ်းပန်းတသာ ဖြစ်ရမည်ကို အလွန် ရှက်နိုးတော်မူကြ၏။ ပညာရှိသူတော်ကောင်း ဟူသည် မိမိကသာ သူတစ်ပါးတို့အား စောင့်ရှောက်သင့်သည်ဟု သဘောထားတော်မူကြ၏။ ထိုကြောင့် အလောဘဓာတ်ခံ ရှိသူသည် ရဟန်းဖြစ်လျှင်မူလည်း ပစ္စည်းလာဘ်လာဘကို မက်မောခြင်း မရှိ။
လူဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာဖွေနေရစေကာမူ မတရားသော နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေခြင်း မရှိ၊ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့ မရှိ၊ ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်းရာ၌လည်း ဆင်းရဲသားတို့ အပေါ်မှာ သနားညှာတာလေ့ရှိ၏၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းလေ့ရှိ၏၊ လှူပြန်လျှင်လည်း တွန့်ဆုတ် တွန့်ဆုတ် မဟုတ်၊ မုတ္တစာဂီ = လူကောင်းသူကောင်းပီပီဖြင့် လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလေ့ရှိ၏၊ ရွှေအိမ် ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ်တောက်တောက် တံတွေးလောက်မှ ငဲ့ကွက်တွယ်တာမှု မရှိဘဲ ရက်ရက်ကြည်ဖြူ စွန့်လွှတ်လှူ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။ အထက်ပါ ဟတ္ထိပါလ ဇာတ်တွင် မိဖုရားကြီး ဆိုဆုံးမချက်ကို ကြားရသော ဧသုကာရီဘုရင်မင်းတရားကြီးသည် သူတစ်ပါး၏ အန်ဖတ်ကို စားမျိုမိသည့် မိမိ၏ ဖြစ်အင်ကို ကြည့်ကာ စိတ်မချမ်းမသာ ဖြစ်ပြီးနောက် ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လိုက်သည့်အခါ ဘုံသုံးပါးတို့သည် မီးဟုန်းဟုန်းတောက်လောင်နေသည့် ဌာနကြီးကဲ့သို့ ဉာဏ်၌ ထင်လာကာ မင်းစည်းစိမ်ကို စွန့်ကာ တောထွက်တော်မူရှာလေသည်။ အလောဘဓာတ်၏ စွမ်းအားပင်တည်း၊ ယင်းအလောဘဓာတ်က စျာန် အဘိညာဏ်ရ ရသေ့ သူတော်စဉ်ဘဝသို့ ရောက်အောင် ပို့ဆောင်ပေးတော်မူလိုက်၏။ နောက်ဆုံးဘဝတွင် သုဒ္ဓေါဒနမင်းကြီးဘဝဖြင့်ပင် ထီးဖြူအောက်၌ ပရိနိဗ္ဗာန်စံနိုင်သည့် ဘဝသို့တိုင်အောင် ယင်းကုသိုလ်တရားတို့က အဆင့်ဆင့် ကျေးဇူးပြုပေးလိုက်လေသည်။
ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့သည် ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထား ချင်း ဝေးလှရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စဉ်ဟု အထင်ရောက်နေကြသူတို့သည် အထက်ပါ လောဘ အကြောင်း အလောဘအကြောင်း ရှင်းလင်းချက်များကို စဉ်းစား၍ လောဘသမားလော အလောဘသမားလောဟု စစ်ကြောကြည့်သင့်လှပေသည်။ အကယ်၍ လောဘသမား ဖြစ်သည်ဟု အဖြေထွက်လျှင် သမထ ဝိပဿနာ ဘာဝနာလက်နက်ကောင်းတို့ဖြင့် ယခုဘဝမှာပင် ယင်းလောဘကို နိုင်အောင် တိုက်ဖျက်တော်မူနိုင်ကြပါစေ။ အကယ်၍ အလောဘသမား ဖြစ်သည်ဟု အဖြေထွက်လျှင်လည်း အခြေခံ အတော်ကောင်းပြီ ဖြစ်၍ ေ့ရှသို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘသမားအစစ် ဖြစ်အောင် သမထ ဝိပဿနာ ဘာဝနာတို့ကို နေ့ညမစဲ လုံ့လသဲနိုင်ကြပါစေကုန်သောဝ်။
၆။ အဒေါသ
၁။ (က) အဒေါသော အစဏ္ဍိက္ကလက္ခဏော၊ ( ခ ) အဝိရောဓလက္ခဏော ဝါ၊ အနုကူလမိတ္တော ဝိယ။
၂။ (က) အာဃာတဝိနယရသော၊ ( ခ ) ပရိဠာဟဝိနယရသော ဝါ စန္ဒနံ ဝိယ၊
၃။ သောမ္မဘာဝပစ္စုပဋ္ဌာနော ပုဏ္ဏစန္ဒော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၅။)
၁။ (က) စိတ်မခက်ထန် မကြမ်းတမ်းသည်၏ အဖြစ်ဟူသောသဘော
တစ်နည်း --- စိတ် ခက်ထန် ကြမ်းတမ်းသည်၏ အဖြစ်ဟူသော
ကောပ၏ ဆန့်ကျင်ဘက်သဘော လက္ခဏ၊
( ခ ) တစ်နည်း --- အရာရာ၌ လိုက်လျောတတ်သော မိတ်ဆွေကောင်းကဲ့သို့
မဆန့်ကျင်ခြင်းသဘော လက္ခဏ၊
၂။ (က) ရန်ငြိုးဖွဲ့မှု ဒေါသစုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊
( ခ ) တစ်နည်း --- စန္ဒကူးကဲ့သို့ ဒေါသအပူကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊
၃။ စန်းလအသွင် ကြည်လင်အေးမြသော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ အာရုံ - တစ်နည်း --- ဝတ္ထု-အာရုံ-ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများ ပဒဋ္ဌာန်။
လက္ခဏ --- စဏ္ဍိကဿ ဘာဝေါ စိဏ္ဍက္ကံ၊ ကောပေါ။ တပ္ပဋိပက္ခော အစဏ္ဍိက္ကံ၊ အဗျာပါဒေါ။ (မဟာဋီ၊၂၊၁၄၄။)
စိတ်ဓာတ်များ ခက်ထန် ကြမ်းတမ်းမှု ဖြစ်အောင် ပြုလုပ်ပေးသော သဘောတရားသည် စဏ္ဍိက္က မည်၏၊ တစ်နည်း --- စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသူ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် စဏ္ဍိက္က မည်၏၊ တရားကိုယ်အားဖြင့် အမျက်ထွက်ခြင်း ကောပ = ဒေါသတရားတည်း။ ထိုအမျက်ထွက်ခြင်း ကောပ = ဒေါသတရား၏ ဆန့်ကျင်ဘက်သဘောတရားကား အဗျာပါဒ အမည်ရသော အဒေါသတရားတည်း။ သို့အတွက် အဒေါသတရား သည် စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသူ ဖြစ်ကြောင်း အမျက်ထွက်ခြင်း ကောပတရား၏ ဆန့်ကျင်ဘက် သဘော လက္ခဏာ ရှိပေသည်။ ထိုကောပ၏ ဆန့်ကျင်ဘက်သဘောတရားဟူသည်လည်း အဗျာပါဒ = မဖျက်ဆီးလိုမှု သဘော = မေတ္တာဓာတ် သဘောတရားပင်တည်း။ ထိုကြောင့် ယင်းအဒေါသ၏ လက္ခဏာတစ်နည်းမှာ လိုက် လျောတတ်သော မိတ်ကောင်းဆွေကောင်းကဲ့သို့ မဆန့်ကျင်ခြင်းသဘောတရားပင် ဖြစ်သည်။ လိုက်လျောမှု ဟူသည် တစ်ဦးနှင့်တစ်ဦး မေတ္တာဓာတ် ကိန်းဝပ်နေသူတို့၏သာ တစ်ဦးအပေါ်တစ်ဦး ထားရှိနိုင်သော သဘောထား ဖြစ်သည်။ သို့အတွက် ဒေါသသည် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သကဲ့သို့ ဤအဒေါသသည် မဖျက်ဆီးတတ်ပေ။ အဒေါသသည် ဒေါသနှင့် ဖြောင့်ဖြောင့်ကြီး ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်သဖြင့် စိတ်ရော ကိုယ်ပါ မခက်ထန် မကြမ်းတမ်းခြင်း သဘောလက္ခဏာ မဆန့်ကျင်ခြင်း သဘောလက္ခဏာ ရှိပေသည်။
ရသ --- မဖျက်ဆီးလိုမှု အဗျာပါဒတရားကိုပင် အဒေါသဟု ဆိုသဖြင့် ဤအဒေါသသည် အကယ်၍ သတ္တဝါပညတ်ကို အာရုံယူ၍ ကြည်လင်အေးမြစွာ ဖြစ်နေသည့်အခါ အပ္ပမညာ ဗြဟ္မစိုရ်တရားများ၌ ပါဝင်သော မေတ္တာဟု ဆိုရပြန်လေသည်။ ထိုမေတ္တာဓာတ် ကိန်းဝပ်နေသူ၏ သန္တာန်ဝယ် အာဃာတ ရန်ငြိုးဟူသမျှသည် ငြိမ်းပျောက်ရမြဲ ဓမ္မတာ ဖြစ်သဖြင့် မေတ္တာဓာတ် မေတ္တာစျာန် အဆင့်သို့တိုင်အောင် အဆင့်မြင့်တက်လာသော အဒေါသသည် ရန်ငြိုးကို ပယ်ဖျောက်ခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်ပေသည်။ သို့အတွက် မေတ္တာစစ်မှန်သမျှ တရားကိုယ်မှာ အဒေါသချည်းဟု မှတ်ပါ။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ သတ္တဝါပညတ်ကို အာရုံမယူဘဲ အခြား ဒါန သီလ သမထ ဝိပဿနာဆိုင်ရာ အာရုံတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာရာ၌ကား မေတ္တာ မဟုတ်၊ ထိုထို ဆိုင်ရာအာရုံတို့အပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းမှု အဒေါသသာတည်း။ ထိုအဒေါသ သည်လည်း --- ဂေါသိတစန္ဒကူးသည် တေဇောဓာတ် လွန်ကဲ ဖောက်ပြန်သဖြင့် ခန္ဓာကိုယ်ဝယ် ကျရောက်လာ သော လွန်ကဲသော အပူဓာတ်ကို တစ်ခဏချင်း ငြိမ်းအေးစေနိုင်သကဲ့သို့ --- စိတ်ပူ စေတသိက်ပူဟူသော အပူဓာတ်ကိုလည်းကောင်း ထိုစိတ်ပူ စေတသိက်ပူကြောင့် ကူးစက်လောင်ကျွမ်းလာသော ခန္ဓာကိုယ် ရုပ်အပူ ဓာတ်ကိုလည်းကောင်း ပယ်ဖျောက်ခြင်း ကိစ္စ ရှိပေသည်။
ပစ္စုပဋ္ဌာန် --- အဒေါသသည် ဒေါသအပူဓာတ်ကို ပယ်ဖျောက်ပေးသဖြင့် စိတ်အစဉ်တွင် အအေးဓာတ်များ ဝင်လာရကား လပြည့်ဝန်း၏ ကြည်လင်အေးမြသကဲ့သို့ အဒေါသသည် ကြည်လင်အေးမြသော သဘောတရားဟု ယင်းအဒေါသကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ပဒဋ္ဌာန်နှင့် ပက်သက်၍ အဋ္ဌကထာများ၌ အထူးမဖော်ပြထားသဖြင့် အာရုံ စသည်ကို ပဒဋ္ဌာန် အဖြစ် ဖော်ပြထားပေသည်။
[မှတ်ချက် --- အဋ္ဌကထာများ၌ အဒေါသ၏ နောင်၌ အမောဟကို ဆက်လက် ဖွင့်ဆိုထား၏။ သို့သော် အမောဟမှာ သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် မဟုတ်သဖြင့် အချို့သော ဉာဏဝိပ္ပယုတ် စိတ်များ၌ မယှဉ်သဖြင့် သင်္ဂြိုဟ်ကျမ်းတွင် သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏ စေတသိက်စာရင်းတွင် ထည့်သွင်း၍ မဖော်ပြဘဲ သောဘဏစေတသိက် အဖြစ်ဖြင့် သီးသန့် ဖော်ပြထားပေသည်။ သို့သော် အဋ္ဌကထာများ၌ အလောဘ အဒေါသ အမောဟတို့၏ မှတ်သားဖွယ်ရာ အကြောင်းအရာ များကို တစ်ပေါင်းတည်း စုပေါင်း၍ ရေးသားတင်ပြထားသဖြင့် ဤကျမ်းတွင်လည်း အမောဟစေတသိက်ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်၊ သို့သော် နံပါတ်စဉ်ရာ၌ သင်္ဂြိုဟ်ကျမ်းအတိုင်း (၂၅)ဟု ဖော်ပြထား ပါသည်။]
၂၅။ အမောဟ = ပညိန္ဒြေ
၁။ (က) အမောဟော ယထာသဘာဝပဋိဝေဓလက္ခဏော၊
( ခ ) အက္ခလိတပဋိဝေဓလက္ခဏော ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊
၂။ ဝိသယောဘာသနရသော ပဒီပေါ ဝိယ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနော အရညဂတသုဒေသကော ဝိယ။ (ဝိသုဒ္ဓိ၊၂၊၉၅။)
၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှတ်တိုင်းသော သဘာဝလက္ခဏာ,
သာမညလက္ခဏာကို ထိုးထွင်း၍ သိခြင်းသဘော လက္ခဏ၊
( ခ ) တစ်နည်း --- ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော
မြား၏ စူးဝင်ခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်ချော်မူ၍
ထွင်းဖောက် သိမြင်ခြင်းသဘော လက္ခဏ၊
၂။ ဆီမီးကဲ့သို့ အာရုံကို ထွန်းပြခြင်း လင်းစေခြင်း (ကိစ္စ) ရသ၊
(= အာရုံကို ဖုံးလွှမ်းတတ်သော မောဟအမိုက်တိုက်ကို ပယ်ဖျောက်ခြင်း ဟူလိုသည်။)
၃။ တစ်စုံတစ်ခုသော အာရုံ၌လည်း မတွေဝေသော အခြင်းအရာအားဖြင့်
ဖြစ်ခြင်းသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
တစ်နည်း --- အာရုံ၌ တွေဝေခြင်း သမ္မောဟ၏ ဆန့်ကျင်ဘက်၏
အဖြစ်ကြောင့် တွေဝေခြင်း ကင်းသည်၏ အဖြစ်တည်းဟူသော
အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊
တောလမ်းခရီး၌ ကျွမ်းကျင်သော လမ်းပြကဲ့သို့ မှတ်ပါ။
၁။ ဓမ္မသဘာဝပဋိဝေဓလက္ခဏာ ပညာ၊
၂။ ဓမ္မာနံ သဘာဝပဋိစ္ဆာဒကမောဟန္ဓကာရဝိဒ္ဓံသနရသာ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနာ၊
၄။ သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီတိ ဝစနတော ပန သမာဓိ တဿာ ပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၆၈။)
၁။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာဟူသော
သဘောမှန်ကို ထိုးသွင်းသိခြင်းသဘော လက္ခဏ၊
၂။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာကို ဖုံးလွှမ်းတတ်သော
မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊
၃။ ပရမတ္ထသဘာဝတို့၌ မတွေဝေသော အခြင်းအရာအားဖြင့်
ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
၄။ တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏ဟု
(အံ၊၃၊၂၅၉။)၌ ဘုရားရှင် ဟောတော်မူသောကြောင့် သမာဓိသည် ထိုပညာ၏ - ပဒဋ္ဌာန်။
[ဤပဒဋ္ဌာန်ကား ဝိပဿနာဉာဏ်အတွက် အထူးရည်ရွယ်ထားသည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၇၆။)]
အသမ္မောဟပစ္စုပဋ္ဌာန --- ဥပ္ပဇ္ဇမာနော ဧဝ ဟိ ပညာလောကော ဟဒယန္ဓကာရံ ဝိဓမေန္တော ဧဝံ ဥပ္ပဇ္ဇတိ၊ တတော ဧဝ ဓမ္မသဘာဝေသု အသမ္မုယှနာကာရေန ပစ္စုပတိဋ္ဌတီတိ အသမ္မောဟပစ္စုပဋ္ဌာနာ။ ကာရဏဘူတာ ဝါ သယံ ဖလဘူတံ အသမ္မောဟံ ပစ္စုပဋ္ဌာပေတီတိ ဧဝမ္ပိ အသမ္မောဟပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၂၊၇၆။)
သင်္ခါရတရားတို့ကို သိမ်းဆည်းနေသော ဝိပဿနာ ရှုပွားသုံးသပ်နေသောဉာဏ်မှ ထွက်ပေါ်လာသော = ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ပညာအရောင်အလင်းသည် ဖြစ်ပေါ်လာခဲ့သည်ရှိသော် နှလုံးအိမ်၌ ရှိသော အမိုက်မှောင်ကို လွင့်စင်စေလျက် ပယ်ဖျောက်လျက်သာ ဖြစ်ပေါ်လာတတ်၏၊ ထိုကြောင့်ပင်လျှင် ပရမတ္ထဓမ္မ သဘာဝတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာ အာရုံတို့၌ မတွေဝေသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရားဟု ယင်းပညာကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ တစ်နည်း --- ပရမတ္ထဓမ္မတို့၏ သဘာဝ လက္ခဏာ သာမညလက္ခဏာတို့ကို ထွင်းဖောက်သိမြင်နေသော အကြောင်းဖြစ်သော ဉာဏ်ပညာသည် မတွေဝေ စေခြင်းတည်းဟူသော အကျိုးတရားကို ရှေးရှူ ဖြစ်စေတတ်၏။ ဖလ ပစ္စုပဋ္ဌာန်တည်း။ (မဟာဋီ၊၂၊၇၆။)
ဤ မဟာဋီကာဆရာတော်၏ စကားရပ်များမှာ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာ တို့ကို ရှုနေသောဉာဏ်၌ အရောင်အလင်းရှိကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်သည်။ တစ်နည်းဆိုရသော် ယင်းဉာဏ်ကြောင့် အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်သည်။ အဋ္ဌသာလိနီအဋ္ဌကထာတွင် ပညာ၏ လက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်းလည်း ဖွင့်ဆိုထားတော် မူ၏။
၁။ (က) ယထာသဘာဝပဋိဝေဓလက္ခဏာ ပညာ၊
( ခ ) အက္ခလိတပဋိဝေဓလက္ခဏာ ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊
၂။ ဝိသယောဘာသရသာ ပဒီပေါ ဝိယ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနာ အရညဂတသုဒေသကော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)
၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ
သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော လက္ခဏ၊
(ခ) တစ်နည်း ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော မြား၏
ထိုးထွင်းခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်မယွင်း ထိုးထွင်း၍ သိခြင်းသဘော - လက္ခဏ၊
၂။ ဆီမီးကဲ့သို့ ထွန်းပြခြင်း လင်းစေခြင်း (ကိစ္စ) ရသ၊
၃။ တောလမ်းခရီး၌ ကျွမ်းကျင်သောလမ်းပြကဲ့သို့ တွေဝေခြင်း
သမ္မောဟ၏ ဆန့်ကျင်ဘက် သဘောတရား ပစ္စုပဋ္ဌာန်။
ပဇာနာတီတိ ပညာ။ ကိံ ပဇာနာတိ? ဣဒံ ဒုက္ခန္တိအာဒိနာ နယေန အရိယသစ္စာနိ။ အဋ္ဌကထာယံ ပန ပညာပေတီတိ ပညာတိ ဝုတ္တံ။ ကိန္တိ ပညာပေတီတိ? အနိစ္စံ ဒုက္ခံ အနတ္တာတိ ပညာပေတိ။ သာဝ အဝိဇ္ဇာယ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ ဒဿနလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ ပညာဝ ဣန္ဒြိယံ ပညိန္ဒြိယံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)
ဤကား ဒုက္ခသစ္စာ စသည်ဖြင့် အရိယသစ္စာ (၄)ပါးတို့ကို ကွဲကွဲပြားပြား သိတတ်သောကြောင့် ပညာ မည်၏။ (စတုသစ္စသမ္မာဒိဋ္ဌိတည်း။) ရှေးမဟာအဋ္ဌကထာ၌ကား --- အနိစ္စ-ဒုက္ခ-အနတ္တ --- ဟု ကွဲကွဲပြားပြား သိစေတတ်သောကြောင့် ပညာ မည်၏ဟု ဖွင့်ဆိုထားပေသည်။ ထိုပညာသည်ပင် သစ္စာလေးချက် သဘောနက်ကို ဖုံးလွှမ်း ကာကွယ်တတ်သော သိခွင့် မပေးတတ်သော အဝိဇ္ဇာကို လွှမ်းမိုး ဖိစီးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း မည်၏။ တစ်နည်း --- သစ္စာလေးချက် သဘောနက်ကို ပြက်ပြက်ထင်ထင် သိမြင်သည့် ဒဿနလက္ခဏာအရာ၌ သမ္ပယုတ်တရားတို့ကို မိမိအစိုးရသူ၏ အဖြစ်ကို ပြုစေ တတ်သောကြောင့် ဣန္ဒြေ မည်၏။ ထိုကြောင့် ပညာသည်ပင် ဣန္ဒြေ မည်ရကား ပညိန္ဒြေ ဟူလိုသည်။
သာ ပနေသာ ဩဘာသနလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)
ဩဘာသနလက္ခဏာ --- နံရံလေးဘက် ကာရံထားသော အိမ်၌ ညဉ့်အခါ ဆီမီးကို ညှိထွန်းအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ အရောင်အလင်း သည် ထင်ရှားဖြစ်ပေါ်လာရသကဲ့သို့ ဤဥပမာအတူပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်း အရိယ သစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။
ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)
ပညာအရောင်အလင်းနှင့် တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် --- ဝိပဿနာဉာဏ် ပညာ ရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလတ်သော် (= တစ်ကြိမ်လောက်ထိုင်၍ ဝိပဿနာတရားကို ရှုပွား နှလုံးသွင်းခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်း ရှိနိုင်၏ = လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံး သည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်။ (ဥပက္ကိလေသ အရောင်အလင်းမျိုးကို အထူး ညွှန်း၍ ဆိုသည် မှတ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။)
ထိုကြောင့် အရှင်နာဂသေန မထေရ်သည် ဤသို့ မိန့်ဆိုထားတော်မူ၏ --- ဒါယကာတော် မဟာရာဇ ယောကျ်ားတစ်ဦးသည် အမိုက်မှောင်အတိဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းအပ်ပြီး သော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံ အမျိုးမျိုးတို့ကို ထင်ရှားအောင် ပြုသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာ အတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ---
၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊
၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊
၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊
၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏။
ဤသို့လျှင် ဒါယကာတော် မဟာရာဇ ...ပညာသည် ပရမတ္ထဓမ္မအာရုံကို = အရိယသစ္စာလေးပါးတည်း ဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။ (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၆။)
ပဇာနနလက္ခဏာ --- ကျွမ်းကျင်သော ဆေးဆရာ သမားတော်သည် ရောဂါသည် လူနာတို့အား လျောက် ပတ်သည့် အစားအစာ, မလျောက်ပတ်သည့် အစားအစာတို့ကို ကွဲကွဲပြားပြား သိသကဲ့သို့ အလားတူပင် ပညာ သည် ဖြစ်ပေါ်လာလတ်သော် ---
၁။ ဤကား ကုသိုလ်တရား,
၂။ ဤကား အကုသိုလ်တရား,
၃။ ဤကား မှီဝဲအပ်သောတရား,
၄။ ဤကား မမှီဝဲအပ်သောတရား,
၅။ ဤကား ယုတ်ညံ့သောတရား,
၆။ ဤကား မြင့်မြတ်သောတရား,
၇။ ဤကား မဲညစ်သောတရား,
၈။ ဤကား ဖြူစင်သောတရား,
၉။ ဤကား တူသော အဖို့ဘာဂရှိသောတရား,
၁၀။ ဤကား မတူသော အဖို့ဘာဂရှိသောတရား,
၁၁။ ဤကား ဒုက္ခအရိယသစ္စာတရား,
၁၂။ ဤကား သမုဒယအရိယသစ္စာတရား,
၁၃။ ဤကား နိရောဓအရိယသစ္စာတရား,
၁၄။ ဤကား မဂ္ဂအရိယသစ္စာတရား --- ဟု
ဓမ္မ အမည်ရသည့် တရားတို့ကို ကွဲကွဲပြားပြား ခွဲခြား စိတ်ဖြာ၍ သိတတ်၏။ ထိုကြောင့် ပညာသည် ထိုထို ပရမတ္ထဓမ္မတို့ကို ကွဲကွဲပြားပြား ခွဲခြား စိတ်ဖြာ၍ သိခြင်း = ပဇာနနလက္ခဏာလည်း ရှိပေသည်။
ထိုကြောင့် ဓမ္မသေနာပတိ = တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ငါ့ရှင် မဟာကောဋ္ဌိက ...အကြင်အကြောင်းကြောင့် ပညာသည် ကွဲကွဲပြားပြား သိတတ်၏၊ ထိုကြောင့် ပညာ ဟူ၍ ခေါ်ဆိုအပ်၏၊ အဘယ်တရားကို ကွဲကွဲပြားပြား သိလေသနည်း? --- ဤကား ဒုက္ခသစ္စာတည်းဟု ကွဲကွဲ ပြားပြား သိ၏ --- ဤသို့စသည်ဖြင့် အကျယ်ချဲ့ပါလေ။ ဤသို့လျှင် ထိုပညာ၏ သစ္စာလေးပါးတည်းဟူသော ပရမတ္ထဓမ္မအာရုံကို ကွဲကွဲပြားပြားသိမှု = ပဇာနနလက္ခဏာ ရှိသည်၏ အဖြစ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။ မ၊၁၊၃၆၆-မဟာဝေဒလ္လသုတ်။)
ယထာသဘာဝပဋိဝေဓလက္ခဏာ = ဓမ္မသဘာဝပဋိဝေဓလက္ခဏာ --- ပညာသည် အရိယသစ္စာလေးပါး တို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်ဟူသော ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာကိုလည်း ဟုတ်တိုင်းမှန်စွာ သိ၏၊ ဥပါဒါနက္ခန္ဓာဟူသော လောကီ စိတ် စေတသိက် ရုပ်တရား = ဒုက္ခသစ္စာတရား, ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်တည်းဟူသော သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တည်းဟူသော သာမညလက္ခဏာကိုလည်း သိ၏။ ထိုသို့ သိရာ၌ နိဗ္ဗာန်တရားတော်မြတ်ကြီး၏ သန္တိလက္ခဏာသဘာဝကို ဆိုက်အောင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အရောက် ထွင်းဖောက်၍ သိပါက သစ္စာလေးပါးလုံးကိုပင် သိမှု ပြီးစီးသွားပြီ ဖြစ်ပေ၏။ ထိုကြောင့် ပရမတ္ထဓမ္မသဘာဝ တို့၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို သိမှုသည် သစ္စာလေးပါးကို သိမှုနှင့် သဘောတူသည်ဟု မှတ်ပါ။
အက္ခလိတပဋိဝေဓလက္ခဏာ --- ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော မြားသည် သားမြီးဖျား စသည့် ပစ်မှတ်ကို မချွတ်မယွင်း မလွဲမချော် တည့်တည့်မတ်မတ် ထိုးဖောက်စူးဝင်သကဲ့သို့ ပညာသည် လည်း ပရမတ္ထဓမ္မတည်းဟူသော သစ္စာလေးပါးအာရုံကို ဟုတ်မှန်သည့်အတိုင်း မချွတ်မယွင်း မလွဲမချော် တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် ထွင်းဖောက်သိမြင်ခြင်း သဘောလက္ခဏာလည်း ရှိပေသည်။ (ပညာ၏ သဘာဝလက္ခဏာကို ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ဖွင့်ပြခြင်းသာ ဖြစ်သည်။ လိုရင်းအဓိပ္ပါယ်မှာ သိပ်မကွာခြားလှဟု မှတ်ပါ။)
ရသ --- ပကတိသော ဆီမီးသည် ထွန်းညှိလိုက်သည် ရှိသော် နံရံလေးဘက် ကာရံထားသော တိုက်ခန်း အတွင်း၌ တည်ရှိသော စားပွဲ ကုတင်စသည် ထိုထို အရာဝတ္ထုတို့ကို မျက်စိအမြင် ရှိသော ယောကျ်ားသည် ကွဲကွဲပြားပြား တွေ့မြင်နိုင်သကဲ့သို့ ထို့အတူ ပညာသည် အရောင်အလင်းကို ဖြစ်ပေါ်စေခဲ့သော် ထိုပညာ အရောင်အလင်းဖြင့် ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ခွဲခြားစိတ်ဖြာ၍ ကွဲကွဲပြားပြား သိနိုင်လေသည်။ ပညာအရောင်အလင်း မရှိက ရုပ်ကလာပ် နာမ်ကလာပ်များကို ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထွင်းဖောက်သိမြင်ရေးသည်ပင် မလွယ်ကူလှပေ။ သစ္စာလေးပါးလုံးကို နိဗ္ဗာန်တည်း ဟူသော ထိုမှာဘက်ကမ်းသို့ အရောက် တစ်ဘက်ကမ်းခတ်အောင် သိရှိရေးမှာကား ပို၍ပင် ဝေးနေမည် ဖြစ်သည်။ အဝိဇ္ဇာက အာရုံ၏ သဘောမှန်ကို မသိနိုင်အောင် မှောင်ချထားသကဲ့သို့ ဖြစ်၏။ ဤပညာက နှလုံးအိမ်အတွင်း၌ ကျရောက်နေသော ဟဒယန္ဓကာရ ခေါ်ဆိုသည့် အမိုက်မှောင်ကို ပယ်ဖျောက်လျက် အာရုံ၏ သဘောမှန်ကို ထင်ရှားလာအောင် အလင်းရောင် ပြပေးနေသကဲ့သို့ ဖြစ်၏။ ရုပ်နာမ်ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ကွဲကွဲ ပြားပြား ခွဲခြားစိတ်ဖြာ၍ သိအောင် အလင်းရောင်ဖြင့် ထွန်းဆောင်ပြနေပေသည်၊ ပညာ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။
တစ်နည်း --- ပညာသည် မိမိ၏ အရောင်အလင်းဖြင့် = မိမိကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းဖြင့် ပရမတ္ထဓမ္မအာရုံကို ကွဲကွဲပြားပြား ခွဲခြားစိတ်ဖြာ၍ သိအောင် ထွန်းပြသဖြင့် ပရမတ္ထဓမ္မအာရုံကို မသိအောင် ဖုံးကွယ်တတ်သော မောဟအမိုက်တိုက်ကို ဖျက်ဆီးပြီးလည်း ဖြစ်သွား၏။ ပကတိသော ဆီမီးသည် ဖြစ်ပေါ်ခဲ့သော် အမိုက်မှောင်ကို ဖျက်ဆီးလျက် အရောင်အလင်းကို ထင်ရှားပြသကဲ့သို့ ဖြစ်စေသကဲ့သို့ ပညာသည်လည်း ဖြစ်ပေါ် ခဲ့သော် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးလျက် ပညာအရောင်အလင်းကို ဖြစ်စေ၏၊ အရိယသစ္စာ တို့ကိုလည်း ထင်ရှားအောင် ပြုလုပ်ပေး၏။ ထိုကြောင့် ပညာသည် အဝိဇ္ဇာအမိုက်မှောင်ကို ဖျက်ဆီးခြင်းကိစ္စ လည်း ရှိ၍ ပညာအရောင်အလင်းကို ထွန်းပြခြင်းကိစ္စလည်း ရှိပေသည်။
အသမ္မောဟပစ္စုပဋ္ဌာန် --- တောလမ်းခရီး၌ ကျွမ်းကျင်သော ယောကျ်ားကဲ့သို့ သစ္စာလေးပါတည်းဟူသော နက်နဲလှသော တောအုပ်အတွင်း၌ တွေဝေတတ်သော သမ္မောဟတရား = အဝိဇ္ဇာတရား၏ ဆန့်ကျင်ဘက် သဘောတရား ဖြစ်၍ ထိုသစ္စာလေးပါးတည်းဟူသော တောအုပ်အတွင်း၌ နိဗ္ဗာန်တည်းဟူသော လိုရာခရီးဆုံးသို့ ရောက်သည့်တိုင်အောင် မတွေမဝေ သွားတတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းပညာကို သိမ်း ဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ တစ်နည်း --- တွေဝေခြင်း မရှိခြင်း သဘောကို ရှေးရှူ ဖြစ်စေတတ်၏။
ပဒဋ္ဌာန် --- ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိ, ထိုသမာဓိတို့ကို အခြေခံ၍ ဖြစ် ပေါ်လာသော ခဏိကသမာဓိ အမည်ရသော ဝိပဿနာသမာဓိသည် ဉာဏ်ပညာ ဖြစ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရား ဖြစ်ပေသည်။ ဤပဒဋ္ဌာန်မှာ ဝိပဿနာပိုင်းကိုသာ အထူး ရည်ရွယ်ထားကြောင်းကို အထက်ထွင် ဖော်ပြခဲ့ပြီး ဖြစ်၏။
ကျန် ဒါန သီလ သမထဆိုင်ရာ အာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပညာ၏ ပဒဋ္ဌာန်မှာ ထိုဒါန သီလ သမထဆိုင်ရာ အာရုံများပင် အသီးအသီး ဖြစ်ဖွယ်ရာ ရှိပေသည်။ တစ်နည်း --- ယောနိသောမနသိကာရ သည်ပင် ပဒဋ္ဌာန် ဖြစ်သင့်ပေသည်။
မူလအမည်ရပုံ
တယောပိ စေတေ သဗ္ဗကုသလာနံ မူလဘူတာတိ ဒဋ္ဌဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၉၅။)
သဗ္ဗကုသလာနံ မူလဘူတာတိ သဗ္ဗေသံ စတုဘူမကကုသလဓမ္မာနံ သုပ္ပတိဋ္ဌိတဘာဝသာဓနေန ပတိဋ္ဌာဘူတာ၊ န တေသံ ကုသလဘာဝသာဓနေန။ (မဟာဋီ၊၂၊၁၄၄။)
အလောဘ အဒေါသ အမောဟဟူသော ဤတရားသုံးပါးတို့ကို ခပ်သိမ်းကုန်သော ကုသိုလ်တရားမှန်သမျှ တို့၏ အရင်းအမြစ် မူလတရားတို့ဟူ၍ မှတ်သားပါလေ။ (ဝိသုဒ္ဓိ၊၂၊၉၅။)
အလောဘ အဒေါသ အမောဟဟူသော ဤတရားသုံးပါးတို့သည် ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့၏ အရင်းအမြစ် မူလတရားများ ဖြစ်ကြ၏ဟု ဆိုရာဝယ် ခပ်သိမ်းကုန်သော ကာမ ရူပ အရူပ လောကုတ္တရာတည်း ဟူသော ဘုံလေးပါးအတွင်း၌ ရှိသော စတုဘူမက ကုသိုလ်တရားမှန်သမျှတို့၏ ကောင်းစွာ တည်တံ့သည်၏ အဖြစ်ကို ပြီးစေသောအားဖြင့်သာ တည်ရာ ဖြစ်ကြသည်။ ထိုစတုဘူမက ကုသိုလ်တရားတို့၏ ကုသိုလ်အဖြစ်ကို ပြီးစေသောအားဖြင့် တည်ရာဖြစ်ကြသည်ကား မဟုတ်ဟု မှတ်ပါ။ ကုသိုလ်ဖြစ်မှုကား ကုသလမူလနှင့် မစပ်၊ အကုသိုလ် ဖြစ်မှုကား အကုသလမူလနှင့် မစပ်။ ကုသိုလ်ဖြစ်မှုသည် ယောနိသောမနသိကာရနှင့်သာ စပ်သည်။ အကုသိုလ်ဖြစ်မှုသည် အယောနိသောမနသိကာရနှင့်သာ စပ်သည်။ ကုသိုလ်တရားတို့သည် ယောနိသောမနသိကာရကို အခြေခံ၍ ဖြစ်ပေါ်လာရာဝယ် ထိုကုသိုလ်တရားတို့၏ အဓွန့်ရှည်စွာ ကောင်းစွာ တည်တံ့အောင် အဆက်မပြတ် ဆက်လက်၍ ဖြစ်ပေါ်လာအောင် အလောဘ အဒေါသ အမောဟ မူလတရား သုံးပါးတို့က ဆက်လက်၍ တာဝန်ယူကာ ဆောင်ရွက်ပေးကြသည်။ အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် ယောနိသောမနသိကာရကို အခြေခံ၍ ဝိပဿနာတရား ကျင့်သုံးသဖြင့် ဒုက္ခသစ္စာ အမည်ရသော အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်ဖြင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဒုက္ခ သစ္စာတရား, ယင်းဒုက္ခသစ္စာတရားစု၏ အကြောင်းရင်းစစ် ဖြစ်သော သမုဒယသစ္စာတရား, ထိုနှစ်မျိုးသော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ခဏမစဲ တသဲသဲ ပြိုပြိုပျက်ပျက် ပျောက်ပျောက်နေသည့် ခယဝယဘေဒနိရောဓဟူသော လောကီနိရောဓသစ္စာတရား, ခဏိကနိရောဓသစ္စာ အမည်ရသော ထိုဒုက္ခသစ္စာ သမုဒယ သစ္စာ တရားနှစ်ပါးတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထွင်းဖောက်သိမြင်နေသော လောကီ မဂ္ဂသစ္စာတရား --- ဤလောကီသစ္စာလေးပါးတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက်သိမြင်ခဲ့သည် ဖြစ်အံ့၊ ထိုသမ္မာဒိဋ္ဌိကား အမောဟကုသလမူလတရားပင် ဖြစ်၏။ အလောဘ အဒေါသ တရားတို့နှင့်လည်း ယှဉ်တွဲလျက် ရှိသော အမောဟ = သမ္မာဒိဋ္ဌိ ကုသလမူလတရားသည် နောက်ထပ် အကြိမ်များ စွာ ထို လောကီသစ္စာလေးပါးကို သိရန် အကြောင်းရင်း မူလတရား ဖြစ်၏၊ နောက်ထပ် ယင်း လောကီသစ္စာ လေးပါးကို သိသည့် သမ္မာဒိဋ္ဌိ ဦးဆောင်သည့် ကုသိုလ်တရားတို့ကို ကောင်းစွာ တည်တံ့မှု အကြိမ်များစွာ ထပ် ကာထပ်ကာ ဖြစ်မှုကို ပြီးစေနိုင်၏။ ယင်းသို့ ပြီးစေနိုင်မှုမျိုးကိုပင် မူလတရားဟု ဆိုသည် မှတ်ပါ။
သစ်ပင်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းရင်း တရားများမှာ မျိုးစေ့ စသော အကြောင်းတရားများ ဖြစ်ကြ၏၊ ယင်းမျိုးစေ့ စသော အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်၏ စည်ပင် ပြန့်ပွားရေး ဆက်လက်တည်တံ့ရေးအတွက် သစ်ပင်၏ အမြစ်သည် လွန်စွာ ကျေးဇူးများ၏၊ သစ်မြစ်သည် သစ်ပင်၏ တည်ရာ ဖြစ်မှုကို ပြီးစေလျက် သစ်ပင်၏တည်ရာ ဖြစ်သကဲ့သို့ ကုသလမူလတရား သုံးပါးတို့သည်လည်း ကုသိုလ်တရားတို့၏ ကောင်းစွာ တည်တံ့ရေး စည်ပင် ပြန့်ပွားရေးအတွက် တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးကြသည်။ ယင်းသို့ ကျေးဇူး ပြုမှုကိုပင် ရည်ရွယ်တော်မူ၍ ---
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (အဘိ၊၈၊၁၊၊)
= ဟိတ် (၆)ပါးတရားတို့သည် ဟိတ်နှင့်ယှဉ်သော သမ္ပယုတ်တရားတို့အားလည်းကောင်း, ယင်းဟိတ် အဝင် အပါ စိတ်စေတသိက်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ဟု ဘုရားရှင် ဟောတော်မူခြင်း ဖြစ်သည်။
ကုသလမူလတရားတို့၏ မှတ်သားဖွယ်ရာများ
အဋ္ဌသာလိနီအဋ္ဌကထာ (၁၇၁ မှ ၁၇၃) တိုင်အောင် ကုသလမူလတရားများနှင့် ဆက်စပ်၍ မှတ်သား ဖွယ်ရာများကို ဖွင့်ဆိုထား၏၊ ဤတွင် ယင်းအဖွင့်များ၏ ဆိုလိုရင်းသဘောကို ဆက်လက်၍ တင်ပြအပ်ပါသည်။
ဤကုသလမူလတရား သုံးပါးတို့တွင် အလောဘသည် မပေးရက်လို ဝန်တိုခြင်းဟူသော မစ္ဆေရအညစ်အကြေး၏ ထိပ်တိုက်ဆန့်ကျင်ဘက်တည်း။ ယင်း မစ္ဆေရအညစ်အကြေးကို အားကောင်းနေသော အလောဘက ပယ်သတ်နိုင်၏ အနိုင်ယူနိုင်၏။ တစ်ဖန် များစွာသော သီလပျက်စီးမှုသည် ဒေါသ အရင်းခံလျက် ရှိတတ်၏။ များသောအားဖြင့် လောဘ ပြဓာန်းသော အဒိန္နာဒါန ဒုဿီလျ အမှုသော်မှ တစ်ရံတစ်ခါ ဥစ္စာရှင်ကို မုန်းတီးမှု ဒေါသ အရင်းခံလျက် ရှိတတ်သေး၏၊ ထိုကြောင့် အဒေါသသည် သီလပျက်စီးမှု = ဒုဿီလျ အညစ်အကြေး၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သည်။ အဒေါသသည် ဒုဿီလျအမှုကို ပယ်နိုင်၏ ဟူလိုသည်။ တစ်ဖန် အမောဟ သည် ကုသိုလ်တရားတို့ကို မဖြစ်စေကြောင်း မတိုးပွားစေကြောင်း ဖြစ်သော ဘာဝနာလုပ်ငန်းရပ်တို့၏ ဆန့်ကျင်ဘက် ဖြစ်သော အဝိဇ္ဇာနီဝရဏ အမည်ရသော မောဟ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်၏။ သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မသိမှုမောဟကို သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော အမောဟက ပယ်သတ်နိုင်၏ ဟူ လိုသည်။ အလောဘသည် ဒါန၏အကြောင်း အဒေါသသည် သီလ၏အကြောင်း, အမောဟသည် ဘာဝနာ၏ အကြောင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)
တစ်ဖန် ထိုဟိတ်သုံးပါးတို့တွင် လောဘကြီးသူသည် မိမိနှင့်စပ်သော ဂုဏ်မရှိသူအပေါ်၌ ဂုဏ်ကိုယူခြင်း ဂုဏ်ရှိသလို ပြောဆိုခြင်းဖြင့် အပိုအလွန် ဖြစ်သော ဂုဏ်ကို ယူတတ်သောကြောင့် လောဘ၏ ဆန့်ကျင်ဘက် အလောဘကြောင့် အပိုအလွန် ဖြစ်သော ဂုဏ်ကို မယူတတ်ပေ။ တစ်ဖန် ဒေါသကြီးသူသည် မိမိမုန်းသူ၌ ထင် ရှားရှိနေသော ဂုဏ်ကိုပင် ချေဖျက်၍ ဂုဏ်မရှိသူဟု ပြောဆိုခြင်းဖြင့် ယုတ်လျော့သော ဂုဏ်ကို ယူတတ်သော သဘောရှိသောကြောင့် ယင်းဒေါသ၏ ဆန့်ကျင်ဘက် အဒေါသကြောင့် သူတစ်ပါးအပေါ်၌ ယုတ်လျော့သော ဂုဏ်ကို မယူတတ်ပေ။ တစ်ဖန် မောဟကြီးသူသည် သင်္ခါရအာရုံကို နိစ္စ သုခ အတ္တ သုဘဟု ဖောက်ဖောက်ပြန်ပြန် ယူတတ်သောကြောင့် = ဖောက်ဖောက်ပြန်ပြန် အသိမှားနေသောကြောင့် မောဟ၏ ဆန့်ကျင်ဘက် ဖြစ်သော အမောဟကြောင့် သင်္ခါရအာရုံကို နိစ္စ သုခ အတ္တ သုဘဟု ဖောက်ဖောက်ပြန်ပြန် မယူပေ၊ ဖောက်ဖောက်ပြန်ပြန် အသိမမှားပေ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)
တစ်ဖန် အာရုံ၌ ငြိကပ်မှု တွယ်တာမှု သဘောမရှိသည့် အလောဘကြောင့် မိမိ၌ ထင်ရှားရှိနေသော အပြစ်ကို အပြစ်အားဖြင့် ဆောင်ရွက် မှတ်သားလျက် အပြစ်၌ ဖြစ်တတ်၏ = အပြစ်ဟု ဝန်ခံတတ်၏၊ အပြစ်အား လျော်စွာ နောင်အခါ၌ စောင့်စည်းပါမည်ဟူသော ဝန်ခံချက် စိတ်ဓာတ်ဖြင့် ကုစားတတ်၏။ မှန်ပေသည် လောဘကြီးသူကား ငါ့အပြစ် ငါ့ဟာဟု စွဲလမ်းချက် အားကြီးသဖြင့် အပြစ်ကို ဖုံးကွယ်ထားတတ်သောသဘော ရှိပေ သည်။ တစ်ဖန် အဒေါသကြောင့် သူတစ်ပါး၌ ထင်ရှားရှိသော ဂုဏ်ကျေးဇူးကို ဂုဏ်ကျေးဇူးဟု အသိအမှတ်ပြုကာ စိတ်ထဲ၌ ဆောင်ထားလျက် သူတစ်ပါးဂုဏ်ကျေးဇူး၌ ဖြစ်တတ်၏ = အသိအမှတ်ပြုတတ်၏။ မှန်ပေသည် ဒေါသ ကြီးသူကား သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏၊ မချီးမွမ်းလို၊ အပြစ်ကိုသာ ရှာကြံ၍ ပြောဆိုတတ်၏။ တစ်ဖန် အမောဟကြောင့် --- ဤမျှသည် ထိုသူ၏ ဂုဏ်တည်း၊ ဤမျှသည် ထိုသူ၏ အပြစ်တည်း --- ဟု ဂုဏ်နှင့် အပြစ်တို့၏ မဖောက်မပြန် ဟုတ်မှန်သောသဘောကို မဖောက်မပြန် ဟုတ်မှန်သောသဘောအားဖြင့် အသိအမှတ်ပြုကာ စိတ်၌ဆောင်ထား မှတ်သားထားလျက် မဖောက်မပြန် ဟုတ်မှန်သော သဘော၌ ဖြစ်တတ်၏၊ အမှန်အတိုင်း သိတတ်၏၊ အမှန်၌ ရပ်တည်နေတတ်၏။ မှန်ပေသည် အပြစ်ရှိသည်ကို အပြစ်ရှိသည်ဟုပင် မသိနိုင်အောင် မမြင်နိုင်အောင် အမှောင်ထုကြီးမားနေသော မောဟကြီးသူကား အမှန်ကို မမှန်ဟု, မမှန်ကိုလည်း အမှန်ဟု ယူတတ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)
တစ်ဖန် အလောဘကြောင့် ချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းရခြင်းကြောင့် ဖြစ်သော ဆင်းရဲ ဒုက္ခမျိုး မဖြစ်နိုင်၊ အကြောင်းမူ - လောဘရမ္မက် ငန်းငန်းတက်နေသူ၏ သန္တာန်၌သာ ချစ်ခြင်းသဘော ရှိသော ကြောင့်, ချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းရခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးကိုလည်း သည်း မခံနိုင်ခြင်းကြောင့် ဖြစ်သည်။ တစ်ဖန် အဒေါသကြောင့် မချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ယှဉ်တွဲ နေထိုင်ရခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးသည် မဖြစ်နိုင်။ အကြောင်းမူ - ဒေါသကြီးသူ၏ သန္တာန်၌သာ တစ်ဖက်သားကို မုန်းတီးခြင်းသဘော ရှိသောကြောင့် မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ယှဉ်တွဲ နေထိုင်ရခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးကိုလည်း သည်းမခံနိုင်သောကြောင့် ဖြစ်သည်။ တစ်ဖန် အမောဟကြောင့် အလိုရှိအပ်သော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို မရရှိခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခ မျိုးသည် မဖြစ်နိုင်။ ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း သိမြင်နေသော မတွေဝေသော ပုဂ္ဂိုလ်သည် --- ဤအိုခြင်းသဘောရှိသော တရား၌ ထိုမအိုပါစေနှင့်ဟူသော တောင့်တသည့်အတိုင်း ဖြစ်ခြင်းသဘောတရားကို အဘယ်မှာ ရနိုင်ပါအံ့နည်း --- ဤသို့စသည်ဖြင့် ဆင်ခြင်လေ့ရှိသောကြောင့် အလိုရှိအပ်သော ဝတ္ထုကို မရသည့် အတွက် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ဒုက္ခမျိုးသည် မဖြစ်တော့ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)
တစ်ဖန် အလောဘကြောင့် ထိုထိုဘုံဘဝ၌ ပဋိသန္ဓေ တည်နေရခြင်း ဇာတိဒုက္ခ မဖြစ်နိုင်၊ အလောဘသည် လောဘ = တဏှာ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ရကား ဇာတိဒုက္ခဟူသည်လည်း ထိုထိုဘုံဘဝ ထိုထိုခန္ဓာကိုယ် ထိုထိုအာရုံကို လိုလားတောင့်တသည့် တဏှာ အရင်းခံသည့် ကံကြောင့်သာ ဖြစ်နိုင်သောကြောင့် တဏှာ၏ ဆန့်ကျင်ဘက် အလောဘကြောင့် ဇာတိဒုက္ခ မဖြစ်နိုင်။ (ထိုကြောင့် အသင်သူတော်ကောင်းသည် ဇာတိဒုက္ခကို ကြောက်ရွံ့ပါက အလောဘဓာတ်ကို ခိုင်မြဲစွာ မွေးမြူတတ်ဖို့ လိုပေသည်။) တစ်ဖန် အဒေါသကြောင့် အိုရခြင်း ဇရာဒုက္ခ မဖြစ်နိုင်။ အကြောင်းမူ --- ထက်မြက်သော ဒေါသရှိသူ ဒေါသကြီးသူ၏ သန္တာန်၌ လျင်မြန်စွာ အိုခြင်း တရား ဖြစ်တတ်သောကြောင့်တည်း။ (ထိုကြောင့် အသင်သူတော်ကောင်းသည် နုပျိုလိုပါက အဒေါသမေတ္တာ ဓာတ်ကို အမြဲတမ်း မွေးမြူပါ။) တစ်ဖန် အမောဟကြောင့် သေရခြင်း မရဏဒုက္ခ = သေခါနီး ခံရသည့် ဆင်းရဲဒုက္ခ = ဆင်းဆင်းရဲရဲ သေရခြင်း မဖြစ်နိုင်။ သတ္တဝါ တစ်ဦးဦး၏ မရဏာသန္နဇော = ဘဝတစ်ခုဝယ် သေခါနီး နောက်ဆုံး ဖြစ်သွားသော ဇောဝီထိစိတ်အစဉ်သည် လောဘ ဒေါသ မောဟ စသည့် တစ်ခုခု ဦးဆောင်သည့် အကုသိုလ်ဇော ဖြစ်အံ့၊ ထိုသေခြင်းမျိုးကို သမ္မောဟမရဏဟု ခေါ်၏၊ တွေတွေဝေဝေ သေရခြင်း မည်၏။ ထို တွေတွေဝေဝေ သေကျေပျက်စီးရခြင်း သမ္မောဟမရဏကား သေလွန်သည်၏ အခြားမဲ့၌ အပါယ်လေးဘုံဝယ် တစ်ဘုံဘုံသို့ ကိန်းသေ ရောက်ရတော့မည် ဖြစ်သဖြင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခ၏ အကြောင်း ဖြစ်သောကြောင့် စင်စစ် ဒုက္ခသာ ဖြစ်သည်။ မရဏာသန္နဇောတိုင်အောင် အမောဟ = ပညာဓာတ် ကိန်းဝပ်နေသူကား အမူဠှ = မတွေမဝေသူ မည်၏။ ဒါန သီလဆိုင်ရာ ကမ္မဿကတာသမ္မာဒိဋ္ဌိ, သမထဆိုင်ရာ စျာနသမ္မာဒိဋ္ဌိ, ဝိပဿနာဆိုင်ရာ ဝိပဿနာ သမ္မာဒိဋ္ဌိတို့တွင် သမ္မာဒိဋ္ဌိ တစ်မျိုးမျိုး ဦးဆောင်ပြဓာန်းနေသော ဝီထိစိတ်အစဉ်များသည် မရဏာသန္နဇော တိုင်အောင် ဖြစ်နေပါက = မရဏာသန္နဇော၏ နေရာကို ယူထားပြီး ဖြစ်ပါက အမူှဠ = မတွေဝေသည်ပင် မည်ပေသည်။ မဟာသုဒဿန စကြာမင်းကြီးတို့ကဲ့သို့ မရဏာသန္နဇောသို့တိုင်အောင် မေတ္တာစျာန်များကို ဝင်စားလျက် သေခြင်းမျိုး, သောတာနုဂတသုတ္တန်၌ ဘုရားရှင် ဟောကြားတော်မူသကဲ့သို့ သေခါနီး မရဏာသန္နဇောသို့တိုင်အောင် ဝိပဿနာတရားကို နှလုံးသွင်းနိုင်သော ဝိပဿနာဇောများ စောလျက်ရှိသော သေခြင်း မျိုးတို့ကား တွေဝေခြင်း မရှိသော သေခြင်းဖြင့် သေလွန်ရကား အသမ္မောဟမရဏတို့တည်း။ အရိယာ သူတော်ကောင်းတို့၏ သေရခြင်းများသည်ကား အသမ္မောဟမရဏတို့ချည်းသာတည်း။ ယင်းအသမ္မောဟမရဏ သည် အမောဟကြောင့် ဖြစ်ရ၍ အမောဟသည် သမ္မောဟမရဏဒုက္ခမျိုးကို မဖြစ်စေနိုင် ဟူလိုသည်။ အကယ်၍ ယင်းအမောဟသည် အရဟတ္တမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော အမောဟမျိုး ဖြစ်ခဲ့လျှင်ကား နောက်ထပ်တစ်ဖန် ဘဝခန္ဓာအသစ်ကို မဖြစ်စေနိုင်သော သတ္တိရှိသဖြင့် ယခုဘဝ ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ အသစ်တစ်ဖန် တွေ့ကြုံ ရမည့် မရဏဒုက္ခဟူသမျှလည်း မရှိတော့သဖြင့် ယင်းအရဟတ္တမဂ်နှင့် ယှဉ်သော အမောဟသည် မရဏဒုက္ခ ဟူသမျှကို မဖြစ်စေနိုင်ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)
တစ်ဖန် အလောဘကြောင့် အိမ်၌တည်သူ လူဝတ်ကြောင်တို့၏ ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံလျက် နေထိုင်ရမှု ဖြစ်ပေါ်လာနိုင်၏။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့၌ တွယ်တာမက်မောမှု ကပ်ငြိမှု ကာမရာဂဖြင့် ငါ့ဟာ, သူ့ဟာ, ငါ့သား, ငါ့သမီး, ငါ့ဇနီး, ငါ့မြေး, ငါ့ပစ္စည်း, သူ့သား, သူ့သမီး, သူ့ဇနီး, သူ့ပစ္စည်း စသည်ဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း အဘိနိဝေသဖြင့် အနှောင်အဖွဲ့ခံကြရကုန်သော အိမ်၌တည်သူ လူသားတို့သည် အိမ်၌တည်သူ အခြားလူသားတို့နှင့် အချင်းချင်း ငြင်းခုံကြရကုန်၏။ ထို ကာမရာဂလောဘ၏ ဆန့်ကျင်ဘက် အလောဘကြောင့်ကား လယ်ယာ စသည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၌ ငါ့ဟာ သူ့ဟာ စသည်ဖြင့် ငြင်းခုံမှု မရှိတော့ခြင်းကြောင့် အလောဘကြောင့် လူဝတ်ကြောင်တို့၏ ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံလျက် နေထိုင်ရမှု ဖြစ်ပေါ်လာနိုင်၏ ဟူလိုသည်။
တစ်ဖန် --- ဤ ငါ၏ အယူဝါဒသာ မှန်၏၊ အခြားသောသူတို့၏ အယူဝါဒသည် အချည်းနှီးသာတည်း ဤသို့စသည်ဖြင့် အယူဝါဒချင်း ယှဉ်ပြိုင်၍ စင်ပြိုင်ငြင်းခုံမှု ဖြစ်ရခြင်းသည် - မိမိတို့၏ မှားယွင်းသော အယူဝါဒ အပေါ်၌ မှားမှားယွင်းယွင်း လက်ခံယုံကြည်မှု = ဒိဋ္ဌိ, စွဲကပ်ငြိနေမှု = ရာဂတို့ဖြင့် ငါ့အယူဝါဒ, သူ့အယူဝါဒ စသည်ဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းတတ်သော ဒိဋ္ဌိ-ရာဂ-အဘိနိဝေသတရားဖြင့် အနှောင်အဖွဲ့ ခံကြရကုန် သော ရသေ့ ရဟန်းတို့သည် အခြားအလားတူ ရသေ့ ရဟန်းတို့နှင့် ငြင်းခုံကြရကုန်၏။ သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မှု သမ္မာဒိဋ္ဌိ အမည်ရှိသော အမောဟကြောင့်ကား အယူဝါဒချင်း ယှဉ်ပြိုင်၍ စင်ပြိုင်ငြင်းခုံမှုဟူသော ဒိဋ္ဌိတောအုပ်ကြီး အတွင်းသို့ ဝင်ရောက်၍ ငြင်းခုံမှု မရှိတော့ခြင်း မပြုလုပ် တော့ခြင်းကြောင့် ရသေ့ ရဟန်းတို့၏ ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံ နေထိုင်ရမှု ရှိနိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)
[မှတ်ချက် --- ဤစကားရပ်များမှာ ပစ္စည်းလေးပါးတို့ကို ကိုယ့်ဥစ္စာအဖြစ် လိုအပ်သည်ထက် ပို၍ သိုမှီး သိမ်းဆည်းမှု မရှိလှသော ရှေးခေတ် ရသေ့ ရဟန်းတို့ကို ရည်ရွယ်၍ ပြောဆိုခြင်း ဖြစ်ပေရာသည်။ ယခုခေတ်၌ ကား ပစ္စည်းလေးပါးတို့ကို အပိုအလျှံ သိမ်းပိုက်မှု မရှိပါမှ = အလောဘ မရှိပါမှ ရသေ့ ရဟန်းတို့သည်လည်း အချင်းချင်း ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံ နေထိုင်ရမှု သုခသံဝါသ ဖြစ်နိုင်သည်။ အလောဘ မရှိသူ = လောဘကြီးသူတို့ ဖြစ်နေကြပါမူကား ကျောင်းလုမှု စသည်ဖြင့် ဒုက္ခသံဝါသများ ဖြစ်ကြဖွယ်ရာရှိသည်။]
နောက်တစ်မျိုးကား အဒေါသကြောင့် ခပ်သိမ်းကုန်သော ရဟန်းရှင်လူတို့၏လည်း ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံ နေထိုင်ရမှု သုခသံဝါသ ဖြစ်နိုင်သည်။ [မှတ်ချက် --- ဤအဋ္ဌကထာ အဖွင့်များအရ လောကနိဗ္ဗာန် တည်ဆောက်လိုသူများသည် အလောဘ အဒေါသ အမောဟဓာတ်တို့ မိမိတို့၏ သန္တာန်၌ ရှေးဦးစွာ ကိန်းဝပ် တည်လာအောင် ကြိုးစားဖို့ လိုအပ်ကြောင်းကို သတိပြုပါ။] (အဘိ၊ဋ္ဌ၊၁၊၁၇၁။)
အထူးအားဖြင့်ကား အလောဘကြောင့် ပြိတ္တာဘုံ၌ ပဋိသန္ဓေ တည်နေရခြင်းသည် မဖြစ်နိုင်၊ မှန်ပေသည် များသောအားဖြင့် သတ္တဝါတို့သည် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၌ တပ်မက်ခြင်း တဏှာကြောင့် ပြိတ္တာဘုံသို့ ကပ်ရောက်ကြရကုန်၏။ အလောဘသည်လည်း တဏှာ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ အဒေါသကြောင့် ငရဲ၌ ပဋိသန္ဓေ တည်နေရမှုသည် မဖြစ်နိုင်၊ မှန်ပေသည် ဒေါသဖြင့် စိတ်ရောကိုယ်ပါ ကြမ်းတမ်းခက်ထန်မှုသဘော ရှိကြကုန်သောကြောင့် ဒေါသနှင့် သဘောတူသော ငရဲသို့ ပဋိသန္ဓေ တည်နေခြင်းဖြင့် ကပ်ရောက်ကြရကုန်၏၊ အဒေါသသည်လည်း ဒေါသ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ အမောဟကြောင့် တိရစ္ဆာန်မျိုး၌ ဖြစ်ခြင်းသည် မရှိနိုင်၊ မှန်ပေသည် မောဟကြောင့် သတ္တဝါတို့သည် အမြဲ ပြင်းစွာတွေဝေသော တိရစ္ဆာန်ဘုံသို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ကြကုန်၏။ အမောဟသည်လည်း မောဟ၏ ဆန့်ကျင်ဘက် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၂။)
တစ်ဖန် တစ်ဦးအပေါ်တစ်ဦး တွယ်တာကပ်ငြိမှု ရာဂ၏ အစွမ်းဖြင့် မိတ်ဆွေဖွဲ့လို၍ တစ်ဦးသည် တစ်ဦးသို့ ချဉ်းကပ်၏၊ အလောဘသည် ရာဂ၏ အစွမ်းဖြင့် ချဉ်းကပ်ခြင်း၏ မရှိခြင်းကို ပြုလုပ်တတ်၏။ တစ်ဖန် ဒေါသ၏ အစွမ်းဖြင့် ဆန့်ကျင်ဘက်ဖြစ်ကာ ချဉ်းကပ်ပြီးသူတို့သည် ခွဲခွာကြရပြန်၏၊ အဒေါသသည် ဒေါသ၏ အစွမ်းဖြင့် ဖဲခွာခြင်း၏ မရှိခြင်းကို ပြုလုပ်တတ်၏။ တစ်ဖန် သစ္စာလေးပါး အမှန်တရားကို မသိမှု = ယောကျ်ား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် အသိမှားမှု မောဟကြောင့် သတ္တဝါတို့သည် တစ်ဦးအပေါ်တစ်ဦး ဒေါသဖြင့် မုန်းခြင်း လောဘဖြင့် ချစ်ခြင်းတို့ကို ပြုလုပ်နေကြခြင်း ဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းသည် တစ်ဦးပေါ် တစ်ဦး လျစ်လျူ မရှု နိုင်သည့်သဘောပင် ဖြစ်သည်။ သမ္မာဒိဋ္ဌိ = အမောဟဟူသော သစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်း သိရှိမှုသဘောသည် မောဟ၏ အစွမ်းကြောင့် သတ္တဝါတို့ အချင်းချင်း လျစ်လျူ မရှုနိုင်သည်၏ အဖြစ်ဟူသော သဘော၏ မရှိခြင်းကို ပြုလုပ်တတ်၏။ (ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံမျှသာ ရှိသည်ဟု အမှန်ကို သိမြင်နေသော အမောဟကြောင့် ပုဂ္ဂိုလ်သတ္တဝါ ရှာမတွေ့ သဖြင့် ပုဂ္ဂိုလ်သတ္တဝါတို့အပေါ်၌ ဒေါသဖြင့် မုန်းခြင်း လောဘဖြင့် ချစ်ခြင်းလည်း မရှိ၊ မုန်းခြင်း ချစ်ခြင်း မရှိသဖြင့် လျစ်လျူ မရှုနိုင်မှုလည်း မရှိ၊ လျစ်လျူ ရှုနိုင်တော့သည်သာ = မချစ် မမုန်းအောင် စိတ်ကို အလယ် အလတ်၌ ထားနိုင်တော့သည်သာ ဟူလိုသည်။ တစ်နည်း --- ရူပါရုံ စသော အာရုံတို့၌ ရာဂ၏ အစွမ်းဖြင့် လျော်စွာဖြစ်ခြင်း ချစ်ခြင်း ဖြစ်၍ ဒေါသ၏ အစွမ်းဖြင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း မုန်းခြင်းတို့ ဖြစ်ကြရကုန်၏။ မုန်းခြင်း ချစ်ခြင်းဟူသော လျစ်လျူ မရှုနိုင်သည်၏ အဖြစ်ကား မောဟကြောင့် ဖြစ်ရ၏။ ယင်း ချစ်ခြင်း မုန်းခြင်း လျစ်လျူ မရှုနိုင်ခြင်းတို့ကို အလောဘ အဒေါသ အမောဟတို့က ပယ်သတ်နိုင်ရကား အလောဘ အဒေါသ အမောဟတို့ကြောင့် မချစ်ခြင်း မမုန်းခြင်း လျစ်လျူရှုနိုင်ခြင်းတို့သည် ဖြစ်ပေါ်လာရသည်။ မိတ်ဆွေဖြစ်လို၍ ကပ်ရောက်ရခြင်း, မုန်း၍ ခွဲခွာရခြင်းမျိုးများ မရှိတော့ ဟူလိုသည်။) (အဘိ၊ဋ္ဌ၊၁၊၁၇၂။)
တစ်ဖန် အလောဘကြောင့် ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နေက္ခမ္မသညာ ဖြစ်၏။ အဒေါသကြောင့် သတ္တဝါတို့အပေါ် ဖျက်ဆီးလိုသော ဗျာပါဒ၏ ဆန့်ကျင်ဘက် မဖျက်ဆီးလိုသော မေတ္တာနှင့် ယှဉ်သော အဗျာပါဒ သည် ဖြစ်၏။ အမောဟကြောင့် သတ္တဝါတို့အပေါ်၌ ညှင်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏ ဆန့်ကျင်ဘက် ကရုဏာနှင့် ယှဉ်သော သညာသည် ဖြစ်၏။
တစ်ဖန် အလောဘကြောင့် သတ္တဝါသင်္ခါရတို့ အပေါ်၌ အသုဘဟု ရှုမြင်တတ်သော အသုဘသညာ သည် ဖြစ်ပေါ်လာ၏။ အဒေါသကြောင့် အတိုင်းအတာ ပမာဏ မရှိသော သတ္တဝါပညတ်လျှင် အာရုံရှိသော မေတ္တာနှင့် ယှဉ်သော အပ္ပမာဏသညာသည် ဖြစ်ပေါ်လာ၏။ အမောဟကြောင့် သတ္တဝါသင်္ခါရတို့ အပေါ်၌ ဓာတ်သဘောတရား အစုအပုံသာဟု သိမြင်သော ဓာတုသညာသည် ဖြစ်ပေါ်လာ၏။
တစ်ဖန် အလောဘကြောင့် ကာမသုခလ္လိကာနုယောဂ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို မှီ၍ဖြစ်သော ချမ်းသာမှုကို ခံစားသောအားဖြင့် အဖန်ဖန် အားထုတ်ခြင်းဟူသော အယုတ်တရား အစွန်းတစ်ဘက်ကို ရှောင် ကြဉ်မှုသည် ဖြစ်ပေါ်လာ၏။ အဒေါသကြောင့် အတ္တကိလမထာနုယောဂ = ခန္ဓာကိုယ်အတ္တဘော၏ ပင်ပန်း ကြောင်းဖြစ်သော အကျင့်၌ အဖန်ဖန်အားထုတ်ခြင်းဟူသော အယုတ်တရား အစွန်းတစ်ဘက်ကို ရှောင်ကြဉ်မှု သည် ဖြစ်ပေါ်လာ၏။ အမောဟကြောင့် အလယ်အလတ် မဇ္ဈိမပဋိပဒါလမ်းတည်းဟူသော မဂ္ဂင်ရှစ်ရပ် ပဋိပတ်ကို ကျင့်ခြင်းသည် ဖြစ်ပေါ်လာရ၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၂။)
တစ်ဖန် အလောဘကြောင့် စည်းစိမ်ဥစ္စာတို့ကို ရလိုကြောင်း ရှေးရှူ ကြံစည်မှု = အဘိဇ္ဈာကာယဂန္ထ = အဘိဇ္ဈာကာယ အထုံးအဖွဲ့ကို ဖျက်ဆီးနိုင်ခြင်း ဖြေနိုင်ခြင်း ဖြစ်၏။ အဒေါသကြောင့် သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီးလိုသော ဗျာပါဒကာယဂန္ထ = ဗျာပါဒကာယအထုံးအဖွဲ့ကို ဖျက်ဆီးနိုင်ခြင်း ဖြေနိုင်ခြင်း ဖြစ်၏။ အမောဟ ကြောင့် သီလဗ္ဗတပရာမာသကာယဂန္ထ = နွားအကျင့် ခွေးအကျင့် စသည်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာမှ လွတ်မြောက်နိုင်၏ဟု အလေ့ဆိုး အကျင့်ဆိုးကိုပင် အမှန်ဟု ထင်မြင်သုံးသပ်တတ်သော အထုံးအဖွဲ့, ဣဒံသစ္စာဘိနိဝေသ = အယူမှားကြီးကို ယူထားပြီးလျှင် ဤ ငါ၏အယူသာ မှန်၏ဟု စွဲစွဲမြဲမြဲ သက်ဝင်နှလုံးသွင်းမှု အထုံးအဖွဲ့ဟူသော ဂန္ထ = အထုံးအဖွဲ့ နှစ်မျိုးကို ဖျက်ဆီးနိုင် ဖြေနိုင်ခြင်း ဖြစ်၏။ (သစ္စာလေးပါး အမှန်တရားကို သိမှု အမောဟဓာတ် ကိန်းဝပ်လာလျှင် အယူမှား ဒိဋ္ဌိဟူသမျှသည် လွင့်ပျောက်မြဲ ဓမ္မတာပင် ဖြစ်သည်။) (အဘိ၊ဋ္ဌ၊၁၊၁၇၂။)
တစ်ဖန် ကာယာနုပဿနာ သတိပဋ္ဌာန် ဝေဒနာနုပဿနာ သတိပဋ္ဌာန် နှစ်ပါးတို့သည် အလောဘ အဒေါသတို့၏ အာနုဘော်ကြောင့် ပြီးစီးကုန်၏။ စိတ္တာနုပဿနာ သတိပဋ္ဌာန် ဓမ္မာနုပဿနာ သတိပဋ္ဌာန် နှစ်ပါးတို့သည် အမောဟကြောင့်သာလျှင် ပြီးစီးကုန်၏။
တစ်ဖန် အလောဘသည် အနာရောဂါမရှိသူ အနာရောဂါကင်းသူ ဖြစ်ခြင်း ကျန်းမာခြင်း၏ အကြောင်း ဖြစ်၏၊ မှန်သည် --- လောဘရမ္မက်မကြီးသူသည် လောဘဖြစ်လောက်သည့် အာရုံပင် ဖြစ်စေကာမူ ထိုအာရုံသည် မိမိနှင့် သပ္ပါယမမျှသည် ဖြစ်အံ့ = မလျောက်ပတ်သော ဥတု, မလျောက်ပတ်သော နေရာ, မလျောက်ပတ်သော အစာအာဟာရ ဖြစ်အံ့ ထိုအာရုံမျိုးကို မမှီဝဲပေ၊ ထိုသို့ မမှီဝဲခြင်းကြောင့် ရောဂါမရှိသူ ရောဂါကင်းသူ ကျန်းမာသူ ဖြစ်ရ၏။ (ထိုကြောင့် လောဘကြီးသူ အစားမက်မောသူ မလျောက်ပတ်သောအစာ, မလျောက်ပတ်သော ဥတု မလျောက်ပတ်သော နေရာတို့ကို မှီဝဲလေ့ရှိသူသည် ရောဂါထူပြောတတ်၍ မကျန်းမာသူဟု မှတ်ပါ။)
အဒေါသသည် နုပျိုသူ ဖြစ်ခြင်း၏ အကြောင်း ဖြစ်၏၊ မှန်သည် ဒေါသမကြီးသူသည် အရေတွန့်ခြင်း ဆံ ဖြူခြင်းကို ဆောင်တတ်သော ဒေါသမီးသည် မလောင်မြိုက်အပ်သည် ဖြစ်၍ ဒေါသမီး၏ လောင်မြိုက်ခြင်းကို မခံရသည် ဖြစ်၍ ရှည်စွာသော နေ့ညဥ့်ပတ်လုံး နုပျိုနေ၏။ (ထိုကြောင့် ဒေါသကြီးသူကား အိုလွယ်၏ဟု မှတ်ပါ၊၊)
အမောဟသည် အသက်ရှည်သူ ဖြစ်ခြင်း၏ အကြောင်းတရား ဖြစ်၏၊ မှန်ပေသည် --- မတွေဝေသူ = အမှန်ကို သိမြင်သူသည် အကျိုးစီးပွား ရှိသည့်လုပ်ငန်း, အကျိုးစီးပွား မရှိသည့် လုပ်ငန်းတို့ကို ခွဲခြားစိတ်ဖြာ၍ သိပြီးရကား အကျိုးစီးပွား မရှိသည့် လုပ်ငန်းရပ်တို့ကို ရှောင်ကြဉ်လျက် အကျိုးစီးပွားရှိသည့် လုပ်ငန်းရပ်ကို မှီဝဲလျက် ရှည်သောအသက် ရှိရ၏။ (ထိုကြောင့် ဥစ္စာကို ကံစောင့်, အသက်ကို ဉာဏ်စောင့်ဟု ဆိုရိုးပြုခြင်း ဖြစ်သည်။) (အဘိ၊ဋ္ဌ၊၁၊၁၇၂။)
တစ်ဖန် အလောဘသည် စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း = ဘောဂသမ္ပတ္တိ၏ အကြောင်းတရား ဖြစ်၏၊ မှန်သည် စည်းစိမ်ဥစ္စာတို့ အပေါ်၌ တွယ်တာကပ်ငြိမှု လောဘရမ္မက်မကြီးသူသည်သာ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားကို ပြုနိုင်၏။ ယင်းလောဘမကြီးသူ၏ စာဂတရားကြောင့် နောက်နောင်ဘဝများ၌လည်းကောင်း, ဤဘဝတွင်လည်း အခါအခွင့်အားလျော်စွာလည်းကောင်း စည်းစိမ်ဥစ္စာကို ရရှိခြင်း ဖြစ်၏။
အဒေါသသည် မိတ်ဆွေခင်ပွန်း၏ ပြည့်စုံခြင်း = မိတ္တသမ္ပတ္တိ၏ အကြောင်းတရား ဖြစ်၏။ အကြောင်းမူ မေတ္တာကြောင့်သာလျှင် မိတ်ဆွေတို့ကို ရရှိခြင်းကြောင့်လည်းကောင်း, မိတ်ကောင်းတို့၏ ယုတ်လျော့မသွားခြင်း ကြောင့်လည်းကောင်း ဖြစ်ပေသည်။
အမောဟသည် မိမိ၏ ပြည့်စုံခြင်း = အတ္တသမ္ပတ္တိ၏ အကြောင်းတရား ဖြစ်၏။ မှန်ပေသည် သစ္စာလေးပါး ကို မတွေမဝေ သိသောသူသည် = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောသူသည် မိမိ၏ လူ နတ် နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားကိုသာ ပြုလျက် မိမိကိုယ်ကို ပြည့်စုံစေသည် မည်၏။ မိမိ၏ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် သစ္စာလေးပါးကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် မိမိ၏ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရခြင်း၏ အကြောင်းတရားသာ ဖြစ်သည်။ ထိုချမ်းသာ သုံးမျိုးကို ရရှိခြင်းသည် မိမိ၏ ပြည့်စုံခြင်းမည်၏ ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၂။)
တစ်ဖန် အလောဘသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော စျာန်သမာပတ် (၄)ပါးကို ဝင်စား၍ နေခြင်းတည်းဟူသော ဒိဗ္ဗဝိဟာရ၏ အကြောင်းတရား ဖြစ်၏။ အဒေါသသည် မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်ဟူသော ဗြဟ္မဝိဟာရစျာန်တို့ကို ဝင်စား၍ နေခြင်း ဗြဟ္မဝိဟာရ၏ အကြောင်းတရား ဖြစ်၏။ ဤစျာန်တို့ကို ဝင်စား၍ နေထိုင်ခြင်းကား သတ္တဝါတို့အပေါ်၌ ကောင်းမွန်မှန်ကန်သော သမ္မာပဋိပတ်အကျင့်ကို ကျင့်သဖြင့် မွန်မြတ်သော နေထိုင်ခြင်းတို့ ဖြစ်ကြ၏။ ဗြဟ္မာတို့သည်လည်း ဒေါသကင်း သော စိတ်ဓာတ်ဖြင့် အမြဲနေထိုင်ကြ၏။ ထိုကြောင့် ဤစျာန်တို့ကို ဝင်စားလျက် စျာန်နှင့်ယှဉ်လျက် နေထိုင်ခြင်းကို ဗြဟ္မဝိဟာရဟု ဆိုသည်။ သစ္စာလေးပါးကို သိမြင်သော အမောဟသည် ဖလသမာပတ်ကို ဝင်စား၍ နေခြင်း အရိယဝိဟာရ၏ အကြောင်းတရား ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၃၊၂၄၀။)
တစ်ဖန် အလောဘကြောင့် မိမိ၏ အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့ အပေါ်၌ ငြိမ်းအေးမှု ဖြစ်နိုင်၏။ အကြောင်းမူကား ထိုမိမိ၏ အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့၏ ပျက်စီးခြင်းကြောင့် အလွန်ကပ်ငြိခြင်း တဏှာလောဘလျှင် အကြောင်းရင်းရှိသော ဆင်းရဲဒုက္ခ၏ မရှိခြင်းကြောင့် ဖြစ်သည်။ အဒေါသ ကြောင့် သူတစ်ပါး၏ အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့အပေါ်၌ ငြိမ်းအေးမှု ဖြစ်နိုင်၏၊ အကြောင်းမူ ဒေါသဓာတ် မကိန်းဝပ်သူ၏ သန္တာန်ဝယ် ရန်သူတို့အပေါ်၌သော်မှလည်း ရန်သူဟူသော အမှတ်သညာ၏ မရှိ ခြင်းကြောင့် ဖြစ်သည်။ အမောဟကြောင့် အလယ်အလတ် လျစ်လျူရှုထိုက်သော အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့ အပေါ်၌ ငြိမ်းအေးမှု ဖြစ်နိုင်၏၊ သစ္စာလေးပါးကို အမှန်အတိုင်း သိမြင်နေသော မတွေမဝေ သောသူ၏ သန္တာန်၌ မိမိ၏ အသင်းအပင်း သူတစ်ပါး၏ အသင်းအပင်းဟူသော အလုံးစုံသော အသင်းအပင်း တို့၌ ကပ်ငြိခြင်း မရှိခြင်းကြောင့် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၃။)
တစ်ဖန် အလောဘကြောင့် အနိစ္စဟု ရှုမြင်ခြင်း ဖြစ်၏၊ မှန်သည် လောဘရမ္မက်ကြီးသူသည် အသုံး အဆောင် ဖြစ်သော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု၌ တွယ်တာခြင်း လိုလားခြင်း အာသာဓာတ်ကြောင့် အနိစ္စ ဖြစ်ကုန်သော သင်္ခါရတရားတို့ကိုသော်လည်း အနိစ္စအားဖြင့် မရှုနိုင် မမြင်နိုင်ပေ။ အဒေါသကြောင့် သင်္ခါရ တရားတို့ကို ဒုက္ခဟု ရှုမြင်ခြင်း ဖြစ်၏၊ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထုသည် ဒေါသဖြစ်ခြင်း၏ အကြောင်းပင် ဖြစ်၏၊ အဒေါသ = မေတ္တာဓာတ် အတွင်းအဇ္ဈာသယဓာတ်ခံ ရှိသူသည် ယင်းအာဃာတဝတ္ထုတို့ကို စိတ်တွင် သိုမှီးသိမ်းပိုက်ထားမှုကို စွန့်လွှတ်ပြီးဖြစ်ရကား သင်္ခါရတရားတို့ကို ဒုက္ခအားဖြင့်သာ ရှုတတ် မြင်တတ်ပေသည်။ (ယင်းသို့ ဒုက္ခဟု ရှုမြင်ခဲ့သော် ဒေါသသည်လည်း ပြေပျောက်သွားသည် ဟူလိုသည်။) အမောဟကြောင့် အနတ္တ ဟု ရှုမြင်ခြင်း ဖြစ်၏၊ မှန်ပေသည် -- သစ္စာသိမြင်၍ မတွေမဝေသော သူသည် သင်္ခါရတရားတို့ကို မဖောက်မပြန် ဟုတ်မှန်စွာ ယူခြင်း၌ = အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု ဟုတ်တိုင်းမှန်စွာ ယူခြင်း၌ ကျွမ်းကျင်သည် ဖြစ်၍ ေ့ရှဆောင်အတ္တ မရှိသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ေ့ရှဆောင်အတ္တ မရှိသည်၏ အဖြစ်ဖြင့် အမှန်အတိုင်း သိတတ် မြင်တတ်၏။
တစ်ဖန် ဤအလောဘ အဒေါသ အမောဟတို့ကြောင့် အနိစ္စဟု ရှုခြင်း ဒုက္ခဟု ရှုခြင်း အနတ္တဟု ရှုခြင်း တို့သည် ဖြစ်ပေါ်လာကုန်သကဲ့သို့ အလားတူပင် ဤအလောဘ အဒေါသ အမောဟတို့သည်လည်း အနိစ္စဟု ရှုခြင်း ဒုက္ခဟု ရှုခြင်း အနတ္တဟု ရှုခြင်းတို့ကြောင့် ဖြစ်ပေါ်လာကြရကုန်၏၊ မှန်ပေသည် သင်္ခါရတရားတို့ကို အနိစ္စဟု ရှုခြင်းကြောင့် အလောဘ ဖြစ်၏၊ ဒုက္ခဟု ရှုခြင်းကြောင့် အဒေါသ ဖြစ်၏၊ အနတ္တဟု ရှုခြင်းကြောင့် အမောဟ ဖြစ်၏။ အဘယ်မည်သော တစ်စုံတစ်ယောက်သောသူသည် --- ဤရုပ်နာမ်တရားသည် အနိစ္စတည်း ဟု ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့် မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ဖြစ်ပါလျက် ထိုအနိစ္စဖြစ်သော ရုပ်နာမ်တရား၏ အကျိုးငှာ တောင့်တခြင်း တဏှာလောဘကို ဖြစ်ပေါ်စေရာပါတော့အံ့နည်း။ (ထိုကြောင့် အနိစ္စဟု ရှုခြင်းကြောင့် အလောဘ ဖြစ်နိုင်သည် ဟူလိုသည်။) သင်္ခါရတရားတို့ကို ဒုက္ခဟူ၍သော်လည်း သိမြင်ပြီးသော ပုဂ္ဂိုလ်သည် တစ်ပါးလည်း ဖြစ်သော အလွန်ထက်မြက်သော အမျက်ထွက်ခြင်း ဒေါသဟူသော ဒုက္ခကို အဘယ်မှာလျှင် ဖြစ်စေရာပါတော့ အံ့နည်း။ (သို့အတွက် သင်္ခါရတရားတို့ကို ဒုက္ခဟု ရှုခြင်းကြောင့် အဒေါသ ဖြစ်နိုင်သည် ဟူလို။) သင်္ခါရတရား တို့၌ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ကိုလည်း သိပြီးဖြစ်ပါလျက် တစ်ဖန် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတို့၌ တွေဝေခြင်း သမ္မောဟသို့ အဘယ်မှာလျှင် ရောက်နိုင်ရာပါတော့အံ့နည်း။ (သို့အတွက် အနတ္တဟု ရှုခြင်းကြောင့် အမောဟ ဖြစ်သည် ဟူလို။) (အဘိ၊ဋ္ဌ၊၁၊၁၇၃။)
ဤ အလောဘ အဒေါသ အမောဟတို့၏ အဖိုးတန်ရတနာများ ဖြစ်ပုံကို သဘောပေါက်သော အသင် ယောဂီသူတော်ကောင်းသည် မိမိ၏ ရုပ်နာမ်အစဉ်၌ ထိုရတနာများ အမြဲကိန်းဝပ် တည်နေအောင် အထူးကြိုးပမ်း သင့်လှပေသည်။
အလောင်းတော်၏ အလောဘ အဒေါသ အမောဟ
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုစဉ် မိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် မိဖုရားငယ် အသစ်မြှောက်ကာ အရွယ်ရောက်နေသော သားတော် မဟာပဒုမမင်းသားကို အိမ်ေ့ရှမင်းသားအဖြစ် ခန့်အပ်ထားလေသည်။ အခါတစ်ပါးဝယ် သူပုန်များထ၍ ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခွာသွားစဉ် မဟာပဒုမ မင်းသားကို ထီးနန်းကို စောင့်ရှောက်ရစ်ရန် တာဝန်ပေးခဲ့လေသည်။ သူပုန်ရန် ငြိမ်း၍ ခမည်းတော် မြို့ဝင်ခါနီး၌ နန်းတော်ကြီးနှင့်တကွ တစ်မြို့လုံးကို တန်ဆာဆင်ပြီးနောက် အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် သံတော်ဦးတင်ရန် မိထွေးတော်အထံသို့ သွား၍ ပြုဖွယ်ကိစ္စ ရှိပါက အမိန့်ပေးပါရန် သံတော်ဦးတင်လေသော်-
မင်းသား၏ ရုပ်အဆင်းအင်္ဂါကို စွဲလမ်းရင်းရှိသော မိဖုရားက မင်းသား၏လက်ကို ဆွဲပြီးလျှင် သလွန်ပေါ်သို့ တက်ဖို့ရန် ညွှန်ပြလေရာ, မင်းသားက ပယ်ရှားလေသည်။ သုံးကြိမ်တိုင်အောင်ပင် တိုက်တွန်းပါသော်လည်း မင်းသားက ပယ်မြဲပင် ပယ်၍နေလေရာ --- ဒီလိုဆိုလျှင် ဘုရင်မင်းမြတ်အား တိုင်ကြား၍ သင်၏ ဦးခေါင်းကို ဖြတ်စေမယ် --- ဟု ကြိမ်းမောင်းလိုက်၏။ မင်းသားကလည်း --- သင်အလိုရှိသလိုသာ ပြုပါ --- ဟု ဆို၍ မိဖုရားကို အရှက်ရစေကာ ထွက်ခွာသွားလေသည်။
ထိုအခါ မိဖုရားက သူ့အပြစ်ကို ကာကွယ်ဖို့ရန် သူ့ကိုယ်သူ ကုတ်ဖဲ့၍ တကယ့်ကို အစော်ကားခံရလေ ယောင် အားငယ်ဟန်ဆောင် နေလေသည်။ ဘုရင်မင်းကြီးလည်း မြို့တော်သို့ ရောက်လျှင်ရောက်ခြင်းပင် သူ့ မိဖုရားကို မမြင်၍ မေးမြန်းရာ မိဖုရားအခြွေအရံတို့က မကျန်းမာကြောင်းကို သံတော်ဦးတင်ကြသဖြင့် မိဖုရား အဆောင်သို့ ကြွရောက်လေသည်။ ထိုအခါ မိဖုရားကလေးက ကုတ်ဖဲ့ထားသော ဒဏ်ရာများကို ပြလျက် အိမ်ေ့ရှ မင်းသားက သူ့အား အတင်းကြံပုံ, သူက အလိုမတူ၍ ကုတ်ဖဲ့ပုံများပါမကျန် မည်သည့်ဆရာ့အထံမှ နည်းမခံရဘဲ ဝမ်းတွင်းပါ မိန်းမဉာဏ်ဖြင့် သူကြံထားသမျှ အားလုံးကို ရှိုက်ကြီးတငင် သံတော်ဦးတင်လေသည်။
ထိုအခါ ရှင်ဘုရင်သည် အဆိပ်ပြင်းထန်သော မြွေကဲ့သို့ လွန်မင်းစွာ ရာဇမာန်ရှသဖြင့် ဘာကိုမျှ မစဉ်းစား တော့ဘဲ မင်းသားကို ေ့ရှတော်သို့ သွင်း၍ ချက်ချင်းပင် တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးလေသည်။
တစ်မြို့လုံးလည်း ချောက်ချားသွား၏၊ (၁၆၀၀၀)ကုန်သော နန်းတွင်းသူတို့ကလည်း ငိုကြွေးကြ၏။ မြို့သူ မြို့သားတို့ကလည်း ---
ရာဇာ ကိရ မာတုဂါမဿ ဝစနံ ဂဟေတွာ မဟာပဒုမကုမာရံ ဃာတာပေသိ = ဘုရင်မင်းကြီးသည် မာတုဂါမ၏ စကားကို နားထောင်၍ မဟာပဒုမမင်းသားကို သတ်စေ၏ --- ဟု တစ်ညီတစ်ညွတ်တည်း စုဝေး တိုင်ပင်ကာ မင်းသား၏ ခြေတော်ရင်း၌ ဝပ်စင်းကာ ငိုကြွေးကြ၏။
ထိုနောက် တိုင်းပြည်က ချစ်ကြည်နေသော မင်းသားကို ပြည်သူတို့က အင်အားဖြင့် အတင်းလုမည် စိုးသော ကြောင့် အာဏာသားများနှင့်အတူ ကိုယ်တိုင်ထွက်၍ တောင်ထိပ်ပေါ်မှ ပစ်ချလေသည်။ သို့သော် မင်းသား၏ မေတ္တာတန်ခိုးကြောင့် တောင်စောင့်နတ်က ကယ်မကာ တောင်ခြေ၌တည်သော နဂါးမင်းထံသို့ တစ်ဆင့် အပ်နှင်း လိုက်လေသည်။ နဂါးမင်းကလည်း နဂါးပြည်သို့ ဆောင်နှင်းကာ နဂါးစည်းစိမ်ကို ထက်ဝက်ခွဲ၍ ပူဇော်ပြန်လေ သည်။ သို့သော် မဟာပဒုမမင်းသားသည် နဂါးပြည်၌ ကြာကြာမတည်ဘဲ လူ့ပြည်သို့ပင် ပြန်လာကာ ဟိမဝန္တာသို့ တောထွက်တော်မူကာ ရသေ့ရဟန်း ပြုတော်မူ၍ စျာန်အဘိညာဏ်တို့ကို ဖြစ်စေလျက် သဗ္ဗညုတဉာဏ်တော်မြတ်၏ အကြောင်း ကောင်းမြတ်သော ပါရမီတရားအပေါင်းတို့ကိုသာ ဖြည့်ကျင့် ဆည်းပူးတော်မူလေသည်။
ဤဇာတ်နိပါတ်ဝယ် မိဖုရား၏ သန္တာန်ဝယ် မင်းသားအပေါ်၌ တွယ်တာမက်မောသည့် လောဘစိတ်, မိမိအပြစ်ကို ကွယ်ကာသော မာယာစိတ်, ရှင်ဘုရင်ထံ ကြံဖန်၍ သံတော်ဦးတင်သော မာယာစိတ်, မင်းသားကို အပြစ်ဒဏ်ရစေလိုသော သေစေလိုသော ဒေါသစိတ်, ထိုကဲ့သို့သော အပြစ်များကြောင့် ရရှိမည့် အကျိုးတရား များကို ဟုတ်တိုင်းမှန်စွာ မသိသည့် မောဟစိတ်တို့က လွှမ်းမိုးနေ၏။ ရှင်ဘုရင်ကြီး၏ သန္တာန်၌လည်း မိဖုရား ထံမှ သတင်းစကား ကြားသည့်အချိန်က စ၍ တောင်ပေါ်မှ ပစ်ချသည်အထိ အဆိပ်ပြင်းထန်သော မြွေကဲ့သို့ အလွန်ပြင်းထန်သော ဒေါသစိတ်များ ဖြစ်နေ၏။
သို့သော် မဟာပဒုမမင်းသားဘက်၌ကား မိဖုရားကို မတွယ်တာ မတပ်မက်သော အလောဘစိတ်, မိဖုရားနှင့် ဖခမည်းတော် ရှင်ဘုရင်ကြီးတို့အပေါ်၌ မေတ္တာ ပြဓာန်းသော အဒေါသစိတ်, ကံ-ကံ၏အကျိုးတရားကို တတ်သိ နားလည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိ, စျာနသမ္မာဒိဋ္ဌိ စသော အမောဟ ပြဓာန်းသောစိတ် --- ဤကဲ့သို့သော အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ်တို့က အလောင်းတော်၏ စိတ်အစဉ်ဝယ် နေရာအပြည့် ယူထား ပြီး ဖြစ်နေ၏။
ဤဇာတ်တော်၌ မင်းသားကား ဘုရားအလောင်းတော်တည်း၊ မိဖုရားကား အခြားသူ မဟုတ် မယ်မင်းကြီးမ စိဉ္စမာဏ = စိဉ္စမာဏဝိကာအလောင်းပင်တည်း။ ရှင်ဘုရင်ကြီးမှာ ဒေါသအိုးကြီး အရှင်ဒေဝဒတ်အလောင်းပင် တည်း။ (ဇာတက၊ဋ္ဌ၊၄၊၁၈၈-၁၉၇။)
အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ်တို့ကို မွေးမြူခဲ့သော မဟာပဒုမမင်းသားကား ဘုရား အဖြစ်သို့ ရောက်ရှိသွားတော်မူပြီး ဖြစ်၏။ လောဘဓာတ် ဒေါသဓာတ် မောဟဓာတ်တို့ကို မွေးမြူခဲ့သော မယ်မင်းကြီးမ စိဉ္စမာဏနှင့် အရှင်ဒေဝဒတ်တို့ကား ယနေ့ ငရဲ၌ စံပျော်နေရတုန်းပင် ရှိကြသေးသည်။
အလောဘ အဒေါသ အမောဟတို့၏ အကြောင်းအရာများကို တင်ပြပြီးပြီ ဖြစ်၍ ယခုအခါ၌ သောဘဏ သာဓာရဏ စေတသိက်တို့တွင် ကြွင်းကျန်နေသော စေတသိက်တို့၏ လက္ခဏ ရသ စသည်တို့ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
၇။ တတြမဇ္ဈတ္တတာ
၁။ တတြမဇ္ဈတ္တတာ စိတ္တစေတသိကာနံ သမဝါဟိတလက္ခဏာ၊
၂။ (က) ဦနာဓိကတာနိဝါရဏရသာ၊
( ခ ) ပက္ခပါတုပစ္ဆေဒနရသာ ဝါ၊
၃။ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ၊
စိတ္တစေတသိကာနံ အဇ္ဈုပေက္ခနဝသေန သမပ္ပဝတ္တာနံ အာဇာနေယျာနံ အဇ္ဈုပေက္ခနသာရထိ ဝိယ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
၁။ ယှဉ်ဖက် စိတ် + စေတသိက် = သမ္ပယုတ်တရားတို့ကို မိမိ မိမိ၏ ကိစ္စ၌
အညီအမျှ ထမ်းဆောင်စေခြင်း ဖြစ်စေခြင်းသဘော လက္ခဏ၊
၂။ (က) သမ္ပယုတ်တရားတို့၏ မိမိ မိမိ၏ ကိစ္စတို့၌ ယုတ်လျော့သည်၏အဖြစ်
ပိုလွန်သည်၏အဖြစ်ကို တားမြစ်ခြင်း (ကိစ္စ) ရသ၊
(ခ) တစ်နည်း --- ယုတ်လျော့သည့်ဘက် ပိုလွန်သည့်ဘက်၌
ကျရောက်ခြင်းကို = ဘက်လိုက်ခြင်းကို ဖြတ်တောက်ခြင်း (ကိစ္စ) ရသ၊
တစ်နည်း --- ထိနမိဒ္ဓလွန်ကဲသော တွန့်ဆုတ်သော စိတ်ဓာတ် မာနဦးဆောင်သော
မော်ကြွားသော စိတ်ဓာတ်ဟူသော အယုတ်အလွန် နှစ်ပါးကို တားမြစ်ခြင်း (ကိစ္စ) ရသ၊
၃။ အလယ်အကြား၌တည်သော သဘောရှိသူ၏ အဖြစ်ဟူ၍
တစ်နည်း --- အလယ်အလတ် လျစ်လျူရှုတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ ဖဿဦးဆောင်သည့် ယှဉ်ဖက်သမ္ပယုတ်တရားများ ပဒဋ္ဌာန်။
(ပဒဋ္ဌာန်ကို အဋ္ဌကထာများ၌ သီးသန့်ဖော်ပြချက် မရှိပေ၊ သမ္ပယုတ်တရားများသည်ပင်, တစ်နည်း --- ဝတ္ထု +အာရုံ + ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများသည်ပင် ပဒဋ္ဌာန်ဖြစ်ဖွယ်ရာ ရှိပေသည်။)
တေသု ဓမ္မေသု မဇ္ဈတ္တတာ တတြမဇ္ဈတ္တတာ။ (ဝိသုဒ္ဓိ၊၂၊၉၆။ အဘိ၊ဋ္ဌ၊၁၊၁၇၇။)
တေသု ဓမ္မေသူတိ ယေသု ဓမ္မေသု သယံ ဥပ္ပန္နာ၊ တေသု အတ္တနာ သမ္ပယုတ္တေသု စိတ္တစေတသိကဓမ္မေသု။ အနာရမ္မဏတ္တေပိ (အတဒါရမ္မဏတ္တေပိ) ဟိ တေသု သမပ္ပဝတ္တေသု ဥဒါသိနဘာဝတော တတြမဇ္ဈတ္တတာတိ ဝုစ္စတိ။ (မူလဋီ၊၁၊၉၃။ မဟာဋီ၊၂၊၁၄၇။)
အထက်ပါ အဋ္ဌကထာ ဋီကာ ဖွင့်ဆိုတော်မူချက်များနှင့်အညီ တတြမဇ္ဈတ္တတာစေတသိက်သည် မိမိနှင့် အတူယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့ကို မိမိတို့ဆိုင်ရာ ကိစ္စတို့၌ ယုတ်လျော့မှု ပိုလွန်မှု မရှိစေဘဲ အလယ်အလတ်၌ တည်ကြောင်း သဘောတရား ဖြစ်သည်။ ဤ တတြမဇ္ဈတ္တတာစေတသိက်ကြောင့် ယှဉ်ဖက် စိတ်စေတသိက် တရားစုတို့သည် မိမိတို့ဆိုင်ရာ ကိစ္စရပ်တို့၌ အညီအမျှ ထမ်းဆောင်ကြခြင်း ဖြစ်သည်။ သို့အတွက် မိမိတို့ဆိုင်ရာကိစ္စရပ်တို့၌ အယုတ်အလွန် မရှိဘဲ အလယ်အလတ်ဝယ် တည့်မတ်သော သဘောရှိသော သမ္ပယုတ် တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် တတြမဇ္ဈတ္တတာစေတသိက် မည်ပေသည်။ ယင်းသို့ ဖြစ်လျှင် တတြမဇ္ဈတ္တတာစေတသိက်သည် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို အာရုံပြုပါသလားဟု မေးဖွယ်ရာ ရှိ၏။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကိုကား အာရုံမပြုပေဟု ဖြေဆိုရာ၏။
ပုံစံတစ်ခုကို ထုတ်၍ ဆိုပေအံ့ --- အသင်ယောဂီသူတော်ကောင်းသည် (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိ သော ရုပ်တရားတို့ကို ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု ရှုနေသော မနောဒွါရိကကုသိုလ်ဇောဝီထိ စိတ်တို့တွင် ဇောအသီးအသီး၌ ပါဝင် တည်ရှိသော ဉာဏ် ပီတိ နှစ်မျိုးလုံးယှဉ်သော နာမ်တရား (၃၄)လုံးကို အာရုံယူကြည့်ပါ။ ယင်း နာမ်တရား (၃၄)လုံးတို့တွင် တတြမဇ္ဈတ္တတာစေတသိက် ပါဝင်လျက် ရှိ၏၊ တတြမဇ္ဈတ္တတာစေတသိက်နှင့် တကွသော ယင်းနာမ်တရားအားလုံးတို့သည် မိမိ သိမ်းဆည်း ရှုပွားနေသော ရုပ်တရားကိုသာ အာရုံပြုနေခိုက် ဖြစ်ကြသည်။ တတြမဇ္ဈတ္တတာစေတသိက်သည်လည်း သိမ်းဆည်း ရှုပွားနေသော ရုပ်တရားကိုသာ အာရုံပြုနေခိုက် ဖြစ်၏။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို အာရုံပြုနေသည်ကား မဟုတ်ပေ။ ထိုသို့ပင် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို အာရုံမပြုပါသော်လည်း ထိုစေတသိက်တို့သည် မိမိ သိမ်းဆည်းနေသော ရုပ်တရားအာရုံ၌ မိမိတို့၏ ဆိုင်ရာ ကိစ္စကို မယုတ်မလွန် အညီအမျှ ဆောင်ရွက်ခြင်းဖြင့် အညီအမျှ ဖြစ်ကုန်လတ်သော် တတြမဇ္ဈတ္တတာစေတသိက် သည် ယင်းသမ္ပယုတ်တရားတို့ကို အသင့်အားဖြင့် ရှုတတ် = ဥဒါသိန်မူတတ်သည်၏ အဖြစ်ဟူ၍သာ တတြမဇ္ဈတ္တတာ = ထိုစိတ်စေတသိက်တို့၌ လျစ်လျူရှုတတ်သည်၏ အဖြစ်ဟူ၍သာ ဆိုအပ်သည် ဟူလိုသည်။
လက္ခဏ - ရသ --- တတြမဇ္ဈတ္တတာစေတသိက်သည် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို မိမိ မိမိ၏ ဆိုင်ရာ ကိစ္စကို အညီအမျှ ထမ်းဆောင်စေခြင်း, မိမိ မိမိ၏ ဆိုင်ရာကိစ္စ၌ အညီအမျှ ဖြစ်စေခြင်း သဘောလက္ခဏာ ရှိပေသည်။ အာဇာနည်မြင်းတို့ကို ရထား၌တပ်၍ မောင်းနှင်သော ရထားထိန်းသည် အာဇာနည်မြင်းတို့က အညီ အမျှ ပြေးသွားနေသောအခါ မြင်းတစ်စီးကို အဟုန်လျော့အောင် ဆွဲ၍လည်း မထား၊ အခြား မြင်းတစ်စီးကို အဟုန်တိုးအောင် မောင်းနှင်၍လည်း မပေး၊ ယင်းတို့ဘာသာ တစ်ကောင်နှင့်တစ်ကောင် အယုတ်အလွန်မရှိ အညီအမျှ ပြေးသွားနေသည်ကို အသင့်အားဖြင့် ရှုစားလျက် ဇက်ကြိုးကိုသာ ကိုင်ထား၏။ ထိုသို့ အသင့်အားဖြင့် ရှုစားနေသော်လည်း အာဇာနည်မြင်းတို့၏ တစ်ကောင်နှင့်တစ်ကောင် = တစ်စီးနှင့် တစ်စီး မယုတ်ဘဲ မလွန်ဘဲ အညီအမျှ ပြေးသွားနေခြင်းမှာ ရထားထိန်း၏ အရှိန်ကြောင့်သာ ဖြစ်ရသကဲ့သို့ ထို့အတူ သမ္ပယုတ်တရားတို့၏ မိမိတို့ ဆိုင်ရာကိစ္စ၌ မယုတ်လျော့ခြင်း မပိုလွန်ခြင်းမှာ တတြမဇ္ဈတ္တတာစေတသိက်၏ အစွမ်းကြောင့်သာ ဖြစ်ရကား တတြမဇ္ဈတ္တတာစေတသိက်သည် သမ္ပယုတ်တရားတို့၏ မိမိတို့၏ ဆိုင်ရာကိစ္စ၌ ယုတ်လျော့နေခြင်း ပိုလွန်နေ ခြင်းကို တားမြစ်စေခြင်း ကိစ္စရှိရာ ရောက်ပေသည်။
တစ်နည်း --- မိမိယှဉ်ဖက် သမ္ပယုတ်တရားတို့တွင် ဤတရားက မိမိ၏ ပင်ကိုယ်ကိစ္စကို လျော့၍ပြုစေ၊ ဤတရားက ပို၍ပြုစေ၊ ဤသို့ စေခိုင်းတိုက်တွန်းခြင်း အမှုသည် အယုတ် အလွန် နှစ်ဘက်ရှိသည်တွင် တစ်ဘက် ဘက်၌ မိမိက ပါနေသကဲ့သို့ = ဘက်လိုက်သကဲ့သို့ ဖြစ်၏၊ တတြမဇ္ဈတ္တတာသည် ဤသို့ ဘက်လိုက်မှုကို ဖြတ် တောက်သကဲ့သို့ ဖြစ်ခြင်းကိစ္စ ရှိပေသည်၊ ဘက်မလိုက်ဘဲ သမ္ပယုတ်တရားတို့ကို မိမိတို့ ဆိုင်ရာကိစ္စကို အညီအမျှ ထမ်းဆောင်စေသည် ရွက်ဆောင်စေသည် ဟူလို။
ယင်းသို့ဖြစ်လျှင် သဟဇာတာဓိပတိကိစ္စ တပ်နိုင်သော = အတူဖြစ်သော သမ္ပယုတ်တရားတို့ အပေါ်၌ အဓိပတိကိစ္စကို ရွက်ဆောင်နိုင်သော ဆန္ဒ ဝီရိယ ဝီမံသ (= ပညာ) စိတ္တတရားတို့၏ မိမိတို့ဆိုင်ရာ အဓိပတိကိစ္စကို မည်သို့ ပြုလုပ်နိုင်မည်နည်းဟု မေးဖွယ်ရာ ရှိ၏။ ယင်းအဓိပတိကိစ္စမှာလည်း ဆိုင်ရာသမ္ပယုတ်တရားတို့ ဆောင် ရွက်ရမည့် ကိုယ်ပိုင်ကိစ္စများပင် ဖြစ်ရကား ယင်း အဓိပတိလုပ်ငန်းကိစ္စရပ်တို့ကိုလည်း တတြမဇ္ဈတ္တတာစေတသိက်က အညီအမျှ ထမ်းဆောင်စေသည် ရွက်ဆောင်စေသည် ဖြစ်စေသည်သာဟု မှတ်ပါ။ (မဟာဋီ၊၂၊၁၄၇၊၊)
ပစ္စုပဋ္ဌာန် --- သမ္ပယုတ်တရားတို့ကို အညီအမျှ လျစ်လျူရှုခြင်းသဘောတရားဟု ယင်း တတြမဇ္ဈတ္တတာ စေတသိက်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂီသူတော်စင်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ ပေသည်။ ဤ၌ လျစ်လျူရှုမှုဟူသည် ဂရုမစိုက် အရေးမလုပ်ဘဲ ပစ်ထားခြင်းမျိုးကို မဆိုလိုပေ။ အယုတ်အလွန် မရှိ အညီအမျှ ပြေးသွားနေကြကုန်သော အာဇာနည်မြင်းတို့ကို ဆွဲလည်းမဆွဲ နှင်တံဖြင့်လည်း မတို့ဘဲ လျစ်လျူ- ပြု အသင့်ရှု အသာကြည့်နေသကဲ့သို့ မိမိတို့ ဆိုင်ရာကိစ္စ၌ အယုတ်အလွန်မရှိ အညီအမျှ ဆောင်ရွက်ကြသော သမ္ပယုတ်တရားတို့ကို လွန်အောင်လည်း ဗျာပါရမပြု၊ ယုတ်လျော့အောင်လည်း ဗျာပါရမပြုဘဲ သင့်တင့်သော အားဖြင့် ရှုနေခြင်းကို လျစ်လျူရှုမှုဟု ဆိုသည်မှတ်ပါ။ ထိုကြောင့် အာဇာနည်မြင်းကသော ရထားကို မောင်းနှင် သော ရထားထိန်းနှင့် ဤစေတသိက်သည် တူ၏ဟု ဆိုသည်။ တစ်ခုခုသော တရားကိုမျှ ဖော်ဝင်ရိုင်းပင်း အသင်း မပြုမူ၍ လျစ်လျူရှုသည် ဟူလို။
၈ - ၉။ ကာယပဿဒ္ဓိ + စိတ္တပဿဒ္ဓိ
၁။ ကာယစိတ္တဒရထဝူပသမလက္ခဏာ ကာယစိတ္တပဿဒ္ဓိယော၊
၂။ ကာယစိတ္တဒရထနိမ္မဒ္ဒနရသာ (ကာယစိတ္တဒရထနိမဒ္ဒနရသာ၊)
၃။ ကာယစိတ္တာနံ အပရိပ္ဖန္ဒနသီတိဘာဝပစ္စုပဋ္ဌာနာ (အပရိပ္ဖန္ဒသီတိဘာဝပစ္စုပဋ္ဌာနာ၊)
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ အဝူပသမကရဥဒ္ဓစ္စာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
၁။ စေတသိက်ပူ စိတ်ပူတို့ကို ငြိမ်းအေးစေခြင်းသဘော လက္ခဏ၊
တစ်နည်း --- စေတသိက်ပူ စိတ်ပူတို့၏ ငြိမ်းအေးခြင်းသဘော လက္ခဏ၊
၂။ စေတသိက်ပူ စိတ်ပူတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊
၃။ စေတသိက် + စိတ်တို့၏ ငြိမ်သက် အေးမြသော သဘောတရား ပစ္စုပဋ္ဌာန်၊
တစ်နည်း --- စေတသိက် စိတ်တို့၏ မတုန်လှုပ်ကုန်သည်၏အဖြစ်
ငြိမ်းအေးကုန်သည်၏အဖြစ်ဟူသော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။
ကာယပဿဒ္ဓိ၌ ကာယအရ ဝေဒနာ သညာ သင်္ခါရဟူသော စေတသိက် နာမ်ခန္ဓာသုံးပါးကို အရကောက် ယူပါ။ စိတ္တပဿဒ္ဓိ၌ စိတ်အရ ဝိညာဏက္ခန္ဓာကို အရကောက်ယူပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿလျှင် အကြောင်းရင်းခံ ရှိကြကုန်သော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စလွန်ကဲသော ကိလေသာတရားစုတို့သည် စေတသိက်ပူ စိတ်ပူတို့ မည်ကုန်၏။ တစ်နည်း --- ကိုယ် ဆင်းရဲရခြင်း ဒုက္ခ စိတ်ဆင်းရဲရခြင်း ဒေါမနဿလျှင် အကြောင်းရင်းခံ ရှိကြကုန်သော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ လွန်ကဲသော ကိလေသာတို့နှင့် အတူယှဉ်တွဲ ဖြစ်ကြကုန်သော အကုသိုလ် နာမ်ခန္ဓာတရားစုတို့သည် စေတသိက်ပူ စိတ်ပူတို့ မည်ကုန်၏။ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတို့ကား ယင်း စေတသိက်ပူ စိတ်ပူတို့ကို ငြိမ်းအေး စေခြင်း, ယင်းစေတသိက်ပူ စိတ်ပူတို့၏ ငြိမ်းအေးခြင်း သဘောလက္ခဏာ ရှိ၏။ ယင်းအပူဓာတ်တို့ကို နှိမ်နင်း ဖျက်ဆီးခြင်း ကိစ္စ ရှိ၏။ ယင်းသို့ ပူပန်မှုကို နှိမ်နင်း ဖျက်ဆီးခြင်းကြောင့် စေတသိက် စိတ်တို့၏ ပူပန် တုန်လှုပ်ခြင်းမှ ကင်းသော ငြိမ်သက်အေးမြသော သဘောတရားဟု ယင်းပဿဒ္ဓိစေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ယှဉ်ဖက်စေတသိက် စိတ်တို့ သည်ပင် ယင်းစေတသိက်တို့၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်။ စေတသိက်စိတ်တို့၏ မငြိမ်သက်မှုကို ပြုတတ်ကုန်သော ဥဒ္ဓစ္စ စသော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်မှု သဘောတရားဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။ မဟာဋီ၊၂၊၁၄၄-၁၄၅။)
ဥဒ္ဓစ္စံ ဝါ အာဒိံ ကတွာ သဗ္ဗကိလေသေ သင်္ဂဏှာတိ၊ သေသေသုပိ ဧသေဝ နယော။ (မဟာဋီ၊၂၊၁၄၅၊၊)
၁၀ - ၁၁။ ကာယလဟုတာ + စိတ္တလဟုတာ
၁။ ကာယစိတ္တလဟုတာ ကာယစိတ္တဂရုဘာဝဝူပသမလက္ခဏာ၊
၂။ ကာယစိတ္တဂရုဘာဝနိမ္မဒ္ဒနရသာ၊
၃။ ကာယစိတ္တာနံ အဒန္ဓတာပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ဂရုဘာဝကရထိနမိဒ္ဓါဒိ ကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
၁။ စေတသိက် + စိတ်တို့၏ လေးလံမှုကို ငြိမ်းအေးစေခြင်းသဘော လက္ခဏ၊
တစ်နည်း --- စေတသိက် + စိတ်တို့၏ လေးလံမှုတို့၏ ငြိမ်းအေးခြင်းသဘော လက္ခဏ၊
၂။ စေတသိက် + စိတ်တို့၏ လေးလံမှုကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊
၃။ စေတသိက် + စိတ်တို့၏ မလေးမလံ မနှေးကန်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။
စေတသိက် + စိတ်တို့၏ လေးလံကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ထိနမိဒ္ဓ ပြဓာန်းသော ကိလေသာ တို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
ထိနမိဒ္ဓ လွန်ကဲကုန်သော ကိလေသာတို့သည် တစ်နည်း လေးလံသော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော ထိနမိဒ္ဓလွန်ကဲသော အကုသိုလ်နာမ်ခန္ဓာတို့သည်ကား စေတသိက် + စိတ်တို့၏ လေးလံမှုများ ဖြစ်ကြ၏။ ဤ စေတသိက်တို့ကား ယင်းလေးလံမှု = အလေးဓာတ်တို့၏ ထိပ်တိုက် ဆန့်ကျင်ဘက်များ ဖြစ်ကုန်၏၊ လေးလံမှုကို ငြိမ်းအေးစေခြင်း လေးလံမှု၏ ငြိမ်းအေးခြင်းသဘောများ ဖြစ်ကြ၏။ ယင်း လဟုတာစေတသိက်တို့၏ စွမ်းအင် ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်း သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အချက်တို့ကိုလည်းကောင်း လျင်လျင်မြန်မြန် ပြောင်းရွှေ့ ပြန်လှန်၍ ရှုနိုင်ခြင်း ဖြစ်သည်။
ထိနမိဒ္ဓါဒိပဋိပက္ခဘာဝေန ကုသလဓမ္မေ အနိစ္စာဒိမနသိကာရေ စ သီဃံ သီဃံ ပရိဝတ္တနသမတ္ထတာ လဟုပရိဏာမတာ၊ အဝိဇ္ဇာနီဝရဏာနဥှိ တဏှာသံယောဇနာနံ သတ္တာနံ အကုသလပ္ပဝတ္တိ ပကတိဘူတာတိ န တတ္ထ လဟုပရိဏာမတာယ အတ္ထော။ တေသဉ္စ ဘာဝေါ ဂရုတာယေဝါတိ တဗ္ဗိဓုရသဘာဝါနံ လဟုတာ ဒဋ္ဌဗ္ဗာ၊ သာ ဟိ ပဝတ္တမာနာ သီဃံ ဘဝင်္ဂဝုဋ္ဌာနဿ ပစ္စယော ဟောတိ။ (မူလဋီ၊၁၊၉၇။)
ကုသိုလ်ရေး လုပ်ငန်းရပ်ဝယ် ကုသိုလ်တရားတို့ကို လျင်စွာ လျင်စွာ ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်, သင်္ခါရတရားတို့ကို အနိစ္စ စသော သဘောအားဖြင့် နှလုံးသွင်းခြင်း၌လည်း ကုသိုလ်အဗျာကတတရားစုကို လျင်စွာ လျင်စွာ အဖန်ဖန် ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်သည် ဤလဟုတာစေတသိက်တို့၏ စွမ်းရည်တည်း။ အမှန်မသိမှု = အသိမှားမှု = ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထွင်းဖောက် မသိမှု = အဝိဇ္ဇာနီဝရဏ အပိတ် အဖုံး ရှိကြကုန်သော တဏှာသံယောဇဉ်ကြိုးဖြင့် အနှောင်အဖွဲ့ ခံကြရကုန်သော သတ္တဝါတို့၏ သန္တာန်ဝယ် အကုသိုလ် ဖြစ်ခြင်းသည် ပင်ကိုယ်သဘော ဖြစ်၏၊ သမားရိုးကျ ဖြစ်နေကျသဘော ဖြစ်၏။ ထိုကြောင့် ထို အကုသိုလ် ဖြစ်ခြင်း၌ လျင်လျင်မြန်မြန် ပြောင်းရွှေ့ ပြန်လှန်၍ ဖြစ်ခြင်း = လဟုတာပါ၍လည်း အကျိုးမရှိ၊ လဟုတာလည်း မပါနိုင်၊ အမှန်အားဖြင့်ကား ထိုအကုသိုလ်တို့၏ ဖြစ်မှုသည် အမြဲလေးလံနေသော ဂရုတာသဘောသာ ရှိ၏။ ထိုကြောင့် ထိုအလေးဓာတ် အကုသိုလ်တရားတို့နှင့် ဆန့်ကျင်ဘက်အဖြစ် ဝေးကွာသောသဘော ရှိကြကုန်သော ကုသိုလ်အဗျာကတတရားတို့၏ လဟုတာကိုသာ မှတ်သားပါ။ (ကုသိုလ်အဗျာကတတရားတို့၌ သာ လဟုတာသည် ရှိနိုင်သည် ဟူလိုသည်။) မှန်ပေသည် --- ထိုလဟုတာစေတသိက် ဖြစ်ပေါ်လတ်သော် ထို လဟုတာသည် လျင်မြန်စွာ ဘဝင်မှ ထခြင်း၏ အကြောင်းတရား ဖြစ်၏။ (ဝီထိစိတ်တို့၏ အကြားအကြား၌ ဘဝင်အကျ နည်းပါးနေမည် ဟူလိုသည်။) (မူလဋီ၊၁၊၉၇။)
ဤစကားစဉ်အရ --- ကုသိုလ်ရေး လုပ်ငန်း၌ ဖြစ်စေ, ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဖြစ်စေ ပွားများအားထုတ်နေသော ကုသိုလ်ကြိယာ ဇောဝီထိတို့၏ အကြားအကြားဝယ် ဘဝင် များစွာမခြားဘဲ ဘဝင် အစဉ်မှ ထကာထကာ ဇောဝီထိတို့ကို သွက်သွက်လက်လက် ဆက်၍ဆက်၍ ဖြစ်စေနိုင်ခြင်းသည် လဟုတာ စေတသိက်တို့က မိမိတို့ ဆိုင်ရာလုပ်ငန်းကိစ္စရပ်ကို ထက်ထက်မြက်မြက် အချက်ကျကျ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မှတ်ပါ။ စွမ်းအင်သတ္တိ စွမ်းရည်သတ္တိ ပြည့်ဝသော ဓာတ်သဘာဝ နှစ်မျိုး ဖြစ်သည်။
ဤ လဟုတာစေတသိက်တို့၏ စွမ်းရည်ကြောင့် ယင်းတို့နှင့်ယှဉ်သော စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်များ သည်လည်း ပေါ့ပါးသွက်လက်လာ၏။ စိတ္တဇရုပ်များ၏ ပေါ့ပါးသွက်လက်မှုကြောင့် ကျန် တိဇရုပ်တို့သည်လည်း ပေါ့ပါးသွက်လက်လာ၏။ ထိုကြောင့် ရူပကာယ တစ်ခုလုံးသည် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်လာ၏။ အကယ်၍ ယင်းလဟုတာစေတသိက်တို့သည် ဥဗ္ဗေဂါပီတိကဲ့သို့သော ပီတိနှင့် တွဲဖက်မိပါက ခန္ဓာကိုယ်တစ်ခုလုံး ကိုပင် ကောင်းကင်သို့ ပျံတက်စေနိုင်သည်အထိ အစွမ်းထက်ကြပေသည်။
အသင်သူတော်ကောင်း၏ စိတ်အစဉ် နာမ်သန္တတိအစဉ်၌လည်း ထိုကဲ့သို့သော စိတ်စွမ်းအင်များ ကိန်းဝပ် လာအောင် သာသနာတော်နှင့်ကြုံခိုက် အထူးကြိုးပမ်းသင့်လှပေသည်။
၁၂ - ၁၃။ ကာယမုဒုတာ + စိတ္တမုဒုတာ
၁။ ကာယစိတ္တမုဒုတာ ကာယစိတ္တထဒ္ဓဘာဝဝူပသမလက္ခဏာ၊ (ကာယစိတ္တတ္ထမ္ဘဝူပသမလက္ခဏာ။)
၂။ ကာယစိတ္တထဒ္ဓဘာဝနိမ္မဒ္ဒနရသာ၊
၃။ အပ္ပဋိဃာတပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ထဒ္ဓဘာဝကရဒိဋ္ဌိမာနာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
၁။ စေတသိက် + စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို ငြိမ်းအေးစေခြင်းသဘော လက္ခဏ၊
တစ်နည်း --- စေတသိက် + စိတ်တို့၏ ခက်ထန်ခိုင်မာမှု၏ ငြိမ်းအေးခြင်းသဘော လက္ခဏ၊
၂။ စေတသိက် + စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊
၃။ တစ်စုံတစ်ခုသော အာရုံအပေါ်၌ စေတသိက်+စိတ်တို့၏ မထိခိုက်သော
သဘောတရား, တစ်နည်း --- မထိပါးတတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
တစ်နည်း --- သမ္ပယုတ်တရားတို့၏ တစ်စုံတစ်ခုသော အာရုံ၌
မထိခိုက်ခြင်းဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊
၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။
စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာသည်၏အဖြစ်ကို ပြုတတ်ကုန်သော ဒိဋ္ဌိ မာန ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်သော သဘောတရားများဟု မှတ်ပါ။
ဒိဋ္ဌိ မာန ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်တို့သည် ဒိဋ္ဌိဖြင့် အတ္တဟု စွဲလမ်းမှု, မာနဖြင့် ငါ ငါဟု မာန်မူမှုတို့ဖြင့် ခက်ထန်ခိုင်မာကြကုန်၏။ ထွန်တုံးကို မျိုထားသော မြွေကဲ့သို့ ဖြစ်ကာ နှိမ်ချသောစိတ်ဓာတ် များကို မကိန်းဝပ်စေ။ ဤမုဒုတာစေတသိက်တို့ကား ယင်း ဒိဋ္ဌိ မာနတို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သဖြင့် နူးညံ့ပျော့ပျောင်းသော သဘောရှိကြ၏။ ဤစေတသိက်တို့သည် စိတ်အစဉ်ဝယ် ကိန်းဝပ်လာသောအခါ ဖြစ် ပေါ်လာသောအခါ ယင်း ခက်ထန်ခိုင်မာမှုများသည် ငြိမ်းအေးသွားကြရ၏။ ထိုကြောင့် ဤမုဒုတာ စေတသိက် တို့သည် စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို ငြိမ်းအေးစေခြင်း, စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာ မှု၏ ငြိမ်းအေးခြင်းသဘောလက္ခဏာလည်း ရှိပေသည်။ ယင်း ခက်ထန်ခိုင်မာမှုတို့ကို နှိမ်နင်းဖျက်ဆီးခြင်း ကိစ္စ လည်း ရှိပေသည်။
အကြင်တရားတို့သည် မောဟနှင့်ယှဉ်သော အကုသိုလ်တရားတို့ကဲ့သို့ လေးလံမှု မရှိဘဲ မပျက်စီးသော မချို့တဲ့သော လဟုတာ ရှိကုန်၏၊ လဟုတာနှင့် ပြည့်စုံကုန်၏။ ထိုတရားတို့၏လည်း ကောင်းမှုကုသိုလ်ကို ပြုလုပ် ခြင်း၌ မထိပါး မချုပ်ချယ်ခြင်းသည် မုဒုတာတည်း။ မထိပါး မချုပ်ချယ်ခြင်းကြောင့် မုဒုတာ စသော ရုပ်တို့နှင့် တူကုန်ရကား နာမ်တရားတို့၏လည်း နူးညံ့မှု ပျော့ပြောင်းမှုသဘော စသည်တို့ကို ဘုရားရှင်သည် ဟောကြား တော်မူပေသည်။ (မူလဋီ၊၁၊၉၇။)
ယေ စ ဓမ္မာ မောဟသမ္ပယုတ္တာ ဝိယ အဝိပန္နလဟုတာ၊ တေသဉ္စ ကုသလကရဏေ အပ္ပဋိဃာတော မုဒုတာ။ အပ္ပဋိဃာတေန မုဒုတာဒိရူပသဒိသတာယ အရူပဓမ္မာနမ္ပိ မုဒုတာ မဒ္ဒဝတာတိအာဒိ ဝုတ္တံ။ (မူလဋီ၊၁၊၉၇။)
သို့အတွက် ကုသိုလ်ဖြစ်ကြောင်း တစ်စုံတစ်ခုသော အာရုံပေါ်၌ သို့မဟုတ် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်း- ရပ်၌ စေတသိက် + စိတ်တို့၏ မထိခိုက်သော သဘောတရား, ယှဉ်ဖက်စေတသိက် + စိတ်တို့ကို မထိပါး မချုပ်ချယ်တတ်သော သဘောတရားဟု ယင်းမုဒုတာစေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွား နေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း ကုသိုလ်ရေးဆိုင်ရာ အာရုံ၌ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုစုပျိုးထောင်ရာ၌ သမ္ပယုတ်တရားတို့ကို မထိခိုက်ခြင်းဟူသော အကျိုး = စိတ်မထိခိုက်ခြင်းဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။ ကောင်းမှုကုသိုလ်ကို ပြုရာ၌ စိတ်ထိခိုက်မှု နာကြည်းမှု မရှိစေဘဲ နူးညံ့ပျော့ပျောင်းမှု ရိုသေလေးစားမှု မာန်မာန နှိမ်ချမှု ဂါရဝ နိဝါတ နိမာနမင်္ဂလာတရားများကို ကောင်းမှုရှင်၏ သန္တာန်ဝယ် ကိန်းဝပ်လာစေသည် ဟူလိုသည်။ နိဝါတ နိမာန အားကြီးသူတို့၏ နှိမ်ချသော စိတ်ဓာတ်ရှိပုံ ကိုယ်အမူအရာ နူးညံ့ပျော့ပျောင်းပုံတို့သည် ဤမုဒုတာ စေတသိက်တို့၏ စွမ်းရည်သတ္တိများပင် ဖြစ်သည်။
၁၄ - ၁၅။ ကာယကမ္မညတာ + စိတ္တကမ္မညတာ
၁။ ကာယစိတ္တကမ္မညတာ ကာယစိတ္တအကမ္မညဘာဝဝူပသမလက္ခဏာ၊
၂။ ကာယစိတ္တာနံ အကမ္မညဘာဝနိမ္မဒ္ဒနရသာ၊
၃။ ကာယစိတ္တာနံ အာရမ္မဏကရဏသမ္ပတ္တိပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ အကမ္မညဘာဝကရာဝသေသနီဝရဏပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ တာ ပသာဒနီယဝတ္ထူသု ပသာဒါဝဟာ၊ ဟိတကိရိယာသု ဝိနိယောဂက္ခမဘာဝါဝဟာ သုဝဏ္ဏဝိသုဒ္ဓိ ဝိယာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
၁။ စေတသိက် + စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို ငြိမ်းအေးစေခြင်းသဘော -- လက္ခဏ၊
တစ်နည်း-စေတသိက် + စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှု၏ ငြိမ်းအေးခြင်းသဘော -- လက္ခဏ၊
၂။ စေတသိက် + စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို နှိမ်နင်း ဖျက်ဆီးခြင်း -- (ကိစ္စ) ရသ၊
၃။ စေတသိက် + စိတ်တို့၏ အာရုံပြုခြင်း၏ ပြည့်စုံကြောင်းသဘောတရား -- (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်။
တစ်နည်း --- စေတသိက် + စိတ်တို့၏ ပြည့်ပြည့်စုံစုံ အာရုံကို ယူနိုင်ခြင်းဟူသော
အကျိုးကို ရှေးရှူ ဖြစ်စေတတ်ကုန်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊
၄။ စေတသိက် + စိတ် -- ပဒဋ္ဌာန်။
စေတသိက် + စိတ်တို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ပုညကိရိယ = ကောင်းမှုလုပ်ငန်း၌ မခံ့ညားကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာတို့မှ ကြွင်းကုန်သော ကာမစ္ဆန္ဒ စသော ကိလေသာတို့နှင့် ထိုကိလေသာတို့နှင့် တူသော တည်ရာ မှီရာ ရှိကြကုန်သော ကိလေသာနီဝရဏတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။ ထိုကမ္မညတာစေတသိက်တို့သည် ရတနာ သုံးပါး စသည့် ကြည်ညိုဖွယ် ဝတ္ထုတို့၌ ကြည်ညိုခြင်းကို ရွက်ဆောင်တတ် ရွက်ဆောင်ပေးတတ်ကုန်၏။ အလွန် သန့်ရှင်းစင်ကြယ်သော လှော်သစ်စ ဦးသစ်စ လှော်ပြီး ဦးပြီးသော ရွှေသည် ပုတီး နားတောင်း (= နားဍောင်း) စသော တန်ဆာပြုလုပ်မှု တို့၌ သုံးစွဲခြင်းငှာ သင့်လျော်လျောက်ပတ် ကောင်းမြတ်ခံ့ညားသကဲ့သို့ အလားတူပင် ထိုကမ္မညတာ စေတ သိက်တို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာစီးပွားကို ဧကန်ပေးတတ်သော ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် အကျိုးစီးပွားရှိသည့် လုပ်ငန်းရပ်တို့၌ ယှဉ်စပ်သုံးစွဲမှု၌ ခံ့ညားသည်၏ အဖြစ်ကို ရွက်ဆောင်တတ်ကုန်၏၊ ရွက်ဆောင်ပေးတတ်ကုန်၏။
ဒါနပြုလျှင် ဒါနလုပ်ငန်းရပ်၌ စေတသိက် စိတ်တို့ကို တွန့်ဆုတ်မနေစေဘဲ ယှဉ်နေ ကပ်နေ ခံ့ညားနေ အဆင်ပြေနေအောင် ရွက်ဆောင်ပေးတတ်၏။ သီလဆောက်တည်လျှင် သီလကောင်းမှု၌ စေတသိက်စိတ်တို့ကို တွန့်ဆုတ်မနေစေဘဲ သီလစောင့်ထိန်းမှု၌ စေတသိက်စိတ်တို့ကို ယှဉ်နေ ကပ်နေ ခံ့ညားနေ အသင့်ဖြစ်နေ အဆင်ပြေနေအောင် ရွက်ဆောင်ပေးတတ်၏။ ဘာဝနာတရားကို ပွားများအားထုတ်လျှင်လည်း မိမိ ပွားများ အားထုတ်သည့် ဘာဝနာလုပ်ငန်းရပ်၌ စေတသိက်စိတ်တို့ကို တွန့်ဆုတ်မနေစေဘဲ သမထဘာဝနာဖြစ်လျှင် သမထဘာဝနာအာရုံ = သမထနိမိတ်အာရုံ၌, ဝိပဿနာဘာဝနာအာရုံဖြစ်လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရနိမိတ်အာရုံ၌ စေတသိက် စိတ်တို့ကို ယှဉ်နေ ကပ်နေ ခံ့ညားနေအောင် အသင့်ဖြစ်နေအောင် အဆင်ပြေနေအောင် ရှုလို့ကောင်းနေအောင် ရွက်ဆောင်ပေးတတ်၏။ ဤကမ္မညတာစေတသိက်တို့သည် စွမ်းအင် ထက်မြက် စူးရှလာသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် ဘာဝနာလုပ်ငန်း၌ အလွန်အချိုးကျ အဆင်ပြေနေတတ် ၏၊ ရှုလို့ကောင်းနေတတ်၏၊ အချိန်ကုန်မှန်းမသိ မောရမှန်း ပန်းရမှန်း မသိတော့ဘဲ ရှုလို့မဝနိုင် ဖြစ်နေတတ်၏။
ပစ္စည်းဥစ္စာ စသည်တို့အပေါ်၌ တွယ်တာမက်မောမှု ကာမစ္ဆန္ဒ = တဏှာ = လောဘ စသော နီဝရဏတွေ အားကောင်းနေပြန်လျှင်လည်း ဒါန မပြုနိုင်။ ကြေမွနေသော ရွှေသည် ပုတီး နားတောင်း စသော တန်ဆာပြုမှု၌ မကောင်းသကဲ့သို့ ထို့အတူ ပစ္စည်းဥစ္စာ စသည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ ချစ်ခင်မြတ်နိုးခြင်း စုံမက်မြတ်နိုးခြင်းတည်းဟူသော တဏှာအစိုဓာတ် အစေးဓာတ်၏ စွမ်းအားဖြင့် စိုစွတ်နေသော အလွန် နူးညံ့လွန်း ပျော့လွန်းသော စိတ်ဓာတ်သည်လည်း ဒါန စသည့် ကုသိုလ်ကောင်းမှု၌ မကောင်းသည်သာ ဖြစ်၏၊ မခံ့ညားသည် သာ ဖြစ်၏။
ပစ္စည်းဥစ္စာ စသည်တို့ကို အကြောင်းပြု၍ မာန်မာနကြီးနေရသူ မာနတက်နေရသူ ဂုဏ်ယူဝင့်ကြွားနေရသူ ဖြစ်ပြန်လျှင်လည်း ဒါန မပြုနို်င်။ မီးဖြင့် အပူဓာတ် မပေးထားအပ်သော လှော်ပြီး ဦးပြီး မဟုတ်သော ရွှေသည် ထိုထို ပုတီး နားတောင်း စသော တန်ဆာပြုလုပ်မှု၌ မကောင်းသည် မခံ့ညားသည်သာ ဖြစ်သကဲ့သို့ ထို့အတူ မာန စသည်တို့ကြောင့် အလွန်မာကျောသော စိတ်ဓာတ်သည်လည်း ဒါန စသည့် ကုသိုလ်ကောင်းမှု၌ မကောင်း သည်သာ ဖြစ်၏၊ မခံ့ညားသည်သာ ဖြစ်၏။
သို့အတွက် တဏှာ မာန ပြဓာန်းသည့် အကုသိုလ်တရားစုတို့ကား ဒါနနှင့် ထိပ်တိုက်ဆန့်ကျင်ဘက်များ ဖြစ်တတ်ကြ၏။ တစ်ဖန် တဏှာစွဲ မာနစွဲ သိပ်အားသန်နေလျှင်လည်း ဒါနကိုသာမက သီလနှင့် ဘာဝနာကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်မှု မလုပ်နိုင်။ တဏှာကျွန်အဖြစ်မှ လွတ်အောင် မရုန်းနိုင်သူတို့ကား သီလကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ဖို့ရန် ဘာဝနာကို ပြည့်ပြည့်စုံစုံ ပွားများဖို့ရန် အလွန် ဝန်လေးနေသူများ ဖြစ်တတ်ကြ၏။ တဏှာကို မတော်လှန်နိုင်သဖြင့် သီလကိုလည်း ချိုးဖောက်တတ်၏၊ ဘာဝနာကိုလည်း အလျော့ပေးတတ်၏။
အလျော်အားဖြင့် ဆိုရမူ အကြင်စိတ်သည် သင့်လျော်ရုံ နူးညံ့သည်၏အဖြစ်နှင့် ယှဉ်သည် ဖြစ်အံ့၊ သင့် လျော်ရုံ နူးညံ့သော ရွှေသည် ပုတီး နားတောင်း စသော တန်ဆာပြုမှု၌ ကောင်းမွန်ခံ့ညားသကဲ့သို့ ထို့အတူ သင့်လျော်ရုံ နူးညံ့မှုနှင့် ယှဉ်သော စိတ်သည်လည်း ကုသိုလ်ကောင်းမှု၌ ကောင်းမွန်သည်သာ ဖြစ်၏။ နူးညံ့သော ထိုစိတ်၏ပင် ကောင်းမှုလုပ်ငန်းရပ်၌ ကောင်းမွန်ခံ့ညားသော အခြင်းအရာသည် ကမ္မညတာ မည်၏။ ဤသို့လျှင် ကောင်းမှုလုပ်ငန်းရပ်၌ စေတသိက် စိတ်တို့၏ ကောင်းမွန်ခံ့ညားမှု ကမ္မညတာသဘောကို သင့်လျော်ရုံ နူးညံ့ ပျော့ပျောင်းမှု မုဒုတာက ထူးခြားအောင် အထူးပြုထားသည်ကို သိရှိပါလေ။ (မူလဋီ၊၁၊၉၇။)
ထိုကြောင့် ဤကမ္မညတာ စေတသိက်တို့သည် ယင်းတဏှာ မာန စသည့် ကိလေသာ အညစ်အကြေးတို့ကို ကင်းဝေးစေခြင်းဖြင့် ဒါန သီလ ဘာဝနာ စသည့် ပုညကြိယာ = ကောင်းမှု၌ စေတသိက် စိတ်တို့၏ မခံ့ညားမှုကို ပြုတတ်သော ယင်းကာမစ္ဆန္ဒ စသည့် ကိလေသာတို့ကိုလည်း နှိမ်နင်း ဖျက်ဆီးခြင်း ကိစ္စရသလည်း ရှိပေသည်။
ယင်းသို့ ကောင်းမှုလုပ်ငန်းတို့၌ စိတ်ဓာတ် မခံ့ညားမှုကို ပြုတတ်ကုန်သော ကာမစ္ဆန္ဒ စသည့် ဘေးရန် တို့ကို နှိမ်နင်း ဖျက်ဆီးသဖြင့် ဤကမ္မညတာစေတသိက်တို့သည် ကောင်းမှုလုပ်ငန်းရပ်တို့၌ စေတသိက် စိတ်တို့၏ ချမ်းသာစွာဖြစ်ခြင်း၏ အကြောင်းတရားများလည်း ဖြစ်သွားကြပေသည်။ ထိုကြောင့် ဤကမ္မညတာစေတသိက် တို့သည် ဒါန သီလ ဘာဝနာ စသည့် အာရုံကို အာရုံပြုခြင်း၏ ပြည့်စုံကြောင်းတရားဟု ယင်း စေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂီသူတော်စင်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း --- ဆန့်ကျင်ဘက် နီဝရဏတို့ကို နှိမ်နင်းနိုင်သဖြင့် ဒါန သီလ ဘာဝနာ လုပ်ငန်းရပ်တို့၌ ခံ့ညားမှုကြောင့် ဒါန သီလ ဘာဝနာအာရုံကို စေတသိက် စိတ်တို့က ပြည့်ပြည့်စုံစုံ အာရုံယူနိုင်ခြင်း ဟူသော အကျိုးကို ဤကမ္မညတာစေတသိက်တို့က ရှေးရှူ ဖြစ်စေကြသည်။ ဖလပစ္စုပဋ္ဌာန်တည်း။
၁၆ - ၁၇။ ကာယပါဂုညတာ + စိတ္တပါဂုညတာ
၁။ ကာယစိတ္တပါဂုညတာ ကာယစိတ္တာနံ အဂေလညဘာဝလက္ခဏာ၊
၂။ ကာယစိတ္တဂေလညနိမ္မဒ္ဒနရသာ၊
၃။ နိရာဒီနဝပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တဂေလညကရအဿဒ္ဓိယာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)
၁။ စေတသိက် + စိတ်တို့၏ မနာဖျားခြင်းသဘော = မနာကျင်ခြင်းသဘော လက္ခဏ၊
၂။ စေတသိက် + စိတ်တို့၏ နာဖျားခြင်း = နာကျင်ခြင်းကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊
၃။ စေတသိက် + စိတ်တို့၏ အပြစ်အနာကင်းသော
= အပြစ်အနာ မရှိသောသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
တစ်နည်း --- စေတသိက် + စိတ်တို့၏ အပြစ်အနာကင်းသည်၏အဖြစ်
= အပြစ်မရှိသည်၏အဖြစ်ဟူသော အကျိုးကို ရှေးရှူဖြစ်စေ၏ -- (ဖလ) ပစ္စပဋ္ဌာန်၊
၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။
စေတသိက် + စိတ်တို့၏ နာဖျားခြင်း မကျန်းမာခြင်း နာကျင်ခြင်းကို ပြုတတ်ကုန်သော ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ မယုံကြည်နိုင်ကုန်သော = အဿဒ္ဓိယ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် သဘောတရားများ ဖြစ်ကြကုန်၏ဟု မှတ်ပါ။
ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ မယုံကြည်နိုင်မှုကို အဿဒ္ဓိယတရားဟု ခေါ်၏။ ယင်း အဿဒ္ဓိယတရားကို အခြေတည်၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားစုတို့ကား စေတသိက် စိတ်တို့၏ အနာအဆာများ ဖြစ်ကြ၏။ ယင်း အကုသိုလ် အနာအဆာတရားတို့ စွဲကပ်နေသော စိတ်ကို နာဖျား နေသောစိတ် နာကျင်နေသောစိတ် မကျန်းမာနေသောစိတ်ဟု ခေါ်ဆိုရ၏။ ကိလေသာ အနာရောဂါပိုးများ အထိုးအဆွ ခံနေရသောကြောင့် ဖြစ်၏။ ယင်း ကိလေသာ ရောဂါပိုးများ အထိုးအဆွခံနေရသော စိတ်ဓာတ်သည် ဒါန သီလ ဘာဝနာ စသည့် ပုညကြိယာ ကောင်းမှုလုပ်ငန်းတို့၌ ယုံကြည်မှု မရှိသဖြင့် စိတ်ဝင်စားမှုလည်း မရှိ ပေ။ ယင်းကောင်းမှုကုသိုလ်တို့ကိုလည်း မပြုပေ။ ယင်းသို့ ပြုလေ့မရှိသဖြင့်လည်း ယင်း အဿဒ္ဓိယ ရှိနေသူ၏ စေတသိက် စိတ်တို့သည် ယင်း ဒါန သီလ ဘာဝနာ စသည့် ကောင်းမှု ကုသိုလ်အာရုံတို့အပေါ်၌ အဝါးဝစွာ ပွန်းတီးခြင်း လေ့လာနိုင်နင်းခြင်း ကျွမ်းကျင်ခြင်း မညောင်နာခြင်း စသော သဘောတရားများလည်း မဖြစ်နိုင်၊ ပါဂုညတာစေတသိက်တို့ မဖြစ်နိုင်။
ဤပါဂုညတာ စေတသိက်တို့ကား ယင်းအဿဒ္ဓိယပြဓာန်းသော အကုသိုလ်တရားစုနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ကြ၏။ ယင်း အဿဒ္ဓိယ ပြဓာန်းသော အကုသိုလ်တရားစုတို့ကို နှိမ်နင်း ဖျက်ဆီးနိုင်၏။ ထိုကြောင့် ဤပါဂုညတာစေတသိက်တို့ ကိန်းဝပ်လေ့ရှိသော သူတော်ကောင်း၏ စေတသိက် စိတ်တို့သည် အဿဒ္ဓိယ စသော ကိလေသာအနာများ ကင်းနေရကား ယင်းစေတသိက် စိတ်တို့သည် ယှဉ်ဖက်စေတသိက် စိတ်တို့၏ မနာဖျားသည်၏အဖြစ် မနာကျင်သည်၏အဖြစ်ဟူသော သဘောလက္ခဏာလည်း ရှိ၍ နာဖျားခြင်း နာကျင်ခြင်းကို နှိမ်နင်း ဖျက်ဆီးခြင်း ကိစ္စလည်း ရှိပေသည်။ ယင်းစေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အဿဒ္ဓိယ စသော ကိလေသာ အပြစ်အနာ ကင်းသော အပြစ်အနာ မရှိသော သဘောတရားတို့ဟူ၍လည်း ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း စေတသိက် + စိတ်တို့၌ = ယှဉ်ဖက်သမ္ပယုတ်တရားတို့၌ အဿဒ္ဓိယ စသော ကိလေသာ အပြစ်အနာကင်းခြင်း အပြစ်အနာ မရှိခြင်းဟူသော အကျိုးကိုလည်း ရှေးရှူ ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။
သို့အတွက် ဤပါဂုညတာစေတသိက်တို့ကို ဒါန သီလ ဘာဝနာ စသော ကောင်းမှုအာရုံတို့ အပေါ်၌ စေတသိက် စိတ်တို့၏ အဝါးဝစွာ ပွန်းတီးခြင်း (= ပြွမ်းတီးခြင်း) လေ့လာနိုင်နင်းခြင်း ကျွမ်းကျင်ခြင်း မညောင်နာ ခြင်း သဘောတရားများဟု မှတ်ပါ။
ဒါနပြုရန် ညောင်နာနာ ဖြစ်နေသူ သီလစောင့်ထိန်းရန် ညောင်နာနာ ဖြစ်နေသူ သမထ ဝိပဿနာဘာဝနာ တရားများကို ပွားများအားထုတ်ရန် ညောင်နာနာ ဖြစ်နေသူတို့ကား အဿဒ္ဓိယ စသော ကိလေသာပိုးများ အထိုးအဆွခံနေရသူတို့သာ ဖြစ်ကြကုန်သည်၊ သတိရှိစေ။
၁၈ - ၁၉။ ကာယုဇုကတာ + စိတ္တုဇုကတာ
၁။ ကာယစိတ္တုဇုကတာ ကာယစိတ္တအဇ္ဇဝလက္ခဏာ၊
၂။ ကာယစိတ္တကုဋိလဘာဝနိမ္မဒ္ဒနရသာ၊
၃။ အဇိမှတာပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ကုဋိလဘာဝကရမာယာသာဌေယျာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)
၁။ စေတသိက် + စိတ်တို့၏ ဖြောင့်မတ်ခြင်းသဘော လက္ခဏ၊
၂။ စေတသိက် + စိတ်တို့၏ ကောက်ကျစ်မှုတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊
၃။ စေတသိက် + စိတ်တို့၏ မကောက်ကျစ်သည့် သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
တစ်နည်း --- စေတသိက် စိတ်တို့၏ (သမ္ပယုတ်တရားတို့၏) အချင်းခပ်သိမ်း
မကောက်ကျစ်သည်၏ အဖြစ်ဟူသော အကျိုးကို ရှေးရှူဖြစ်စေတတ်ကုန်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊
၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။
စေတသိက် + စိတ်တို့၏ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို ပြုတတ်ကုန်သော မာယာ သာဌေယျ ပြ ဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။
မာယာ - သာဌေယျ
အယံ ဝုစ္စတီတိ အယံ ကတပဋိစ္ဆာဒနလက္ခဏာ မာယာ နာမ ဝုစ္စတိ။ ပ ။ ဣဒံ ဝုစ္စတီတိ ဣဒံ အတ္တနော အဝိဇ္ဇမာနဂုဏပကာသနလက္ခဏံ သာဌေယျံ နာမ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇၅။)
သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ၊ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျန္တိ ဧဝံ ဝုတ္တာ တဒါကာရပ္ပဝတ္တာ အကုသလာ ခန္ဓာ, တဒေကဋ္ဌာ စ သံကိလေသဓမ္မာ မာယာသာဌေယျာဒိကာ။ (မဟာဋီ၊၂၊၁၄၆၊၊)
မာယာသည် မိမိပြုပြီးသော မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျ သည် မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏ --- ဟု အဋ္ဌကထာ၌ ဆိုအပ်ကုန်သော မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းကွယ်ကာ၍ အပြစ်မရှိလေဟန်ဖြင့် လိမ်လည်လှည့်ပတ် ခြင်း, မိမိမှာ မရှိသော ဂုဏ်ကို ရှိလေယောင် ဟိတ်ဟန်ဆောင်လျက် စဉ်းလဲကောက်ကျစ်ခြင်းဟူသော အခြင်း အရာအားဖြင့် ဖြစ်ကုန်သော အကုသိုလ်ခန္ဓာတို့သည်လည်းကောင်း, ထို မာယာ သာဌေယျ၌ တည်၍ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ကိလေသာတရားစုတို့သည်လည်းကောင်း မာယာ သာဌေယျ စသည် မည်ကုန်၏။ တရားကိုယ်အားဖြင့် ရံခါ တဏှာလောဘ ပြဓာန်းသော, ရံခါ မာန ပြဓာန်းသော အကုသိုလ်ခန္ဓာများသာ အဖြစ် များဖွယ်ရာ ရှိသည်။
ဤကာယုဇုကတာ စိတ္တုဇုကတာဟူသော ဥဇုကတာစေတသိက်တို့သည် ယင်း မာယာ သာဌေယျ ဦးဆောင်သည့် အကွေ့အကောက်တရားတို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ကြကုန်၏၊ ယင်းအကုသိုလ်တရားတို့ကို ပယ်သတ်နိုင်ကြကုန်၏။ သို့အတွက် ဤ ဥဇုကတာ စေတသိက်တို့ အဝင်အပါ သောဘဏစိတ်စေတသိက်တို့ ဖြစ်ခိုက်၌ အကွေ့အကောက်များ ကင်းစင်နေသဖြင့် စေတသိက် စိတ်တို့သည် ဒါန သီလ ဘာဝနာဆိုင်ရာ ကောင်းမှုအာရုံပေါ်၌ ဖြောင့်မတ်နေကြပေသည်။ ဤဥဇုကတာ စေတသိက်တို့၏ စွမ်းအင်ကြောင့် နာမကာယ သာမက ရူပကာယပါ ဖြောင့်မတ်ရိုးသားသော အမူအရာ ရှိနေပေသည်။ လက္ခဏ ရသ စသည်တို့၏ သဘောများ ထင်ရှားပြီ။
အစုံအစုံ ဟောတော်မူရခြင်း၏ အကြောင်းရင်း
ဧတ္ထ စ စိတ္တပဿဒ္ဓိအာဒီဟိ စိတ္တမေဝ ပဿဒ္ဓံ, လဟု, မုဒု, ကမ္မညံ, ပဂုဏံ, ဥဇု စ ဟောတိ။ ကာယပဿဒ္ဓိအာဒီဟိ ပန ရူပကာယောပိ။ တေနေဝေတ္ထ ဘဂဝတာ ဓမ္မာနံ ဒုဝိဓတာ ဝုတ္တာ၊ န သဗ္ဗတ္ထ။ (မဟာဋီ၊၂၊၁၄၆၊၊)
စိတ္တပဿဒ္ဓိဖြင့် စိတ်၏ ငြိမ်းအေးမှု, စိတ္တလဟုတာဖြင့် စိတ်၏ ပေါ့ပါးမှု, စိတ္တမုဒုတာဖြင့် စိတ်၏ နူးညံ့မှု, စိတ္တကမ္မညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ခံ့ညားမှု, စိတ္တပါဂုညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ပွန်းတီးမှု လေ့လာနိုင်နင်းမှု ကျွမ်းကျင်မှု, စိတ္တုဇုကတာဖြင့် စိတ်၏ ဖြောင့်မတ်မှုသာ အသီးအသီး ဖြစ်နိုင်၏။ ကာယပဿဒ္ဓိ စသည်တို့ဖြင့်ကား ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဟူသော နာမကာယသည်လည်းကောင်း, ရူပကာယ သည်လည်းကောင်း ငြိမ်းအေးမှု, ပေါ့ပါးမှု, နူးညံ့မှု, ကောင်းသောအမှု၌ ခံ့ညားမှု, ကောင်းသောအမှု၌ လေ့လာ ပွန်းတီးမှု ကျွမ်းကျင်မှု, ဖြောင့်မတ်မှုများ ဖြစ်ကြ၏။ ထိုကြောင့် ကာယပဿဒ္ဓိ စသည်တို့၌သာလျှင် ဘုရားမြတ်စွာ သည် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စသည်ဖြင့် နှစ်မျိုးစီ ခွဲ၍ ဟောကြားတော်မူသည်။ သမာဓိ စသော အလုံး စုံသော တရားတို့၌ နှစ်မျိုးစီ ခွဲ၍ မဟောအပ်ပေ။
ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိမှ စ၍ ကာယုဇုကတာ စိတ္တုဇုကတာတိုင်အောင်သော စေတသိက် (၁၂)လုံးတို့ကို အစုံအစုံ တွဲ၍ ဟောကြားထားတော်မူသဖြင့် ယုဂဠစေတသိက်များဟု ခေါ်၏၊ ယင်း စေတသိက်တရားစုတို့သည် တက်ညီလက်ညီဖြင့် ဆိုင်ရာ ကိလေသာ အပူမီးတောက်များကို ငြှိမ်းသတ်ကြသဖြင့် ဤစေတသိက်တို့ အပါ အဝင် ဖြစ်သော သောဘဏအုပ်စုဝင် နာမ်တရားတို့ = အကောင်းအုပ်စု စိတ်စေတသိက်တို့ ဖြစ်ခိုက် ကိလေသာ အပူမီးများ ငြိမ်းအေးလျက် ရှိကြ၏၊ ဆန့်ကျင်ဘက် ကိလေသာများ ငြိမ်းသဖြင့် စိတ်စေတသိက်တို့၌ ငြိမ်းအေးမှု ပေါ့ပါးမှု စသည့် သဘောတရားတို့သည် ထူးခြားထက်မြက်စွာ ဖြစ်ပေါ်လာကြကုန်၏၊ ယင်းငြိမ်းအေးမှု ပေါ့ပါးမှု စသော သဘောတရားများသည် စိတ်စေတသိက်၌သာမက ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ် များအထိ ကူးစက်ကာ ငြိမ်းအေးမှု ပေါ့ပါးမှု စသော သဘောတရားများသည် စိတ္တဇရုပ်များ၌ ကူးစက်ဖြစ်ပွား လျက် ရှိကြ၏၊ ထိုစိတ္တဇရုပ်များမှ အငြိမ်းဓာတ် အပေါ့ဓာတ် စသည်တို့သည် ကူးစက်၍ ရူပကာယ တစ်ခုလုံး၌ လည်း ငြိမ်းအေးမှု, ပေါ့ပါးမှု စသည့်သဘောတရားတို့သည် ဖြစ်ပေါ်လျက် ရှိကြ၏။ ဤသို့လျှင် နာမကာယတွင် သာမက ရူပကာယအထိ ကူးစက်၍ ငြိမ်းအေးမှု, ပေါ့ပါးမှု, နူးညံ့မှု, ကောင်းမှု၌ ခံ့ညားမှု, လေ့လာပွန်းတီး ကျွမ်းကျင်မှု, ဖြောင့်မတ်မှုတို့ ဖြစ်ပုံကို သိစေတော်မူလို၍ နှစ်မျိုးစီ ခွဲခြား၍ ဟောကြားတော်မူပေသည် ဟူလို
သည်။
၂၀ - ၂၁ - ၂၂။ ဝိရတိစေတသိက် သုံးပါး
၁။ တိဿောပိ ဝိရတိယော ကာယဒုစ္စရိတာဒိဝတ္ထူနံ အဝီတိက္ကမလက္ခဏာ၊ (အမဒ္ဒနလက္ခဏာတိ ဝုတ္တံ ဟောတိ။)
၂။ ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနရသာ၊
၃။ အကိရိယပစ္စုပဋ္ဌာနာ၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။
ပါပကိရိယတော စိတ္တဿ ဝိမုခီဘာဝဘူတာတိ (ဝိမုခဘာဝဘူတာတိ) ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၇။)
[မှတ်ချက် --- အဋ္ဌကထာများ၌ အထက်ပါအတိုင်း ဝိရတိစေတသိက် သုံးပါးလုံးကို တပေါင်းတစည်းတည်း ပြု၍ လက္ခဏ ရသ စသည်တို့ကို ရေးသားထားပါသည်၊ ဉာဏ်ရင့်သူတို့ကား သဘောပေါက်၍ ရှုကွက်ကိုလည်း နားလည်နိုင်၍ ရှုတတ်ကြမည် ဖြစ်သည်။ ဉာဏ်နုသူတို့ကား ရှုကွက်ကို သဘောပေါက်ချင်မှ ပေါက်မည်။ သို့အတွက် ယင်း စေတသိက်တို့ကို တစ်လုံးစီ ခွဲ၍ ဘာသာပြန်ဆိုထားပါသည်။ စိတ္တက္ခဏ တစ်ချက်အတွင်း၌ တစ်နည်း-ဇောဝီထိစိတ်အစဉ် တစ်ခုအတွင်း၌ ယင်း ဝိရတိစေတသိက်တို့သည် တစ်လုံးစီသာ လောကီအခိုက်၌ ဖြစ်နိုင်၍ ယင်းစေတသိက်တို့ကို သိမ်းဆည်း ရှုပွားသောအခါ၌လည်း တစ်လုံးစီ ခွဲ၍ ရှုရမည် ဖြစ်သောကြောင့်တည်း။]
၂၀။ သမ္မာဝါစာ
၁။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော လက္ခဏ၊
(မကျော်နင်းခြင်းသဘော ဟူလိုသည်။)
၂။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊
၃။ ဝစီဒုစရိုက်ကို မပြုမကျင့်သော သဘောတရား
= (ဝစီဒုစရိုက်ကို မပြုမကျင့် ရှောင်ကြဉ်သော သဘောတရား) ပစ္စုပဋ္ဌာန်၊
၄။ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။
[မှတ်ချက် --- ဝစီဒုစရိုက် လေးမျိုး ရှိနေသဖြင့် တစ်ခုခုကို အာရုံယူ၍ ရှုရန် ဖြစ်သည်။ သို့မဟုတ် ဝစီဒုစရိုက် တစ်ခုစီကို အာရုံယူ၍ ရှုပါ။ မုသားစကားပြောဆိုခြင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုကို ပုံစံထုတ်၍ ထပ်မံ ဖော်ပြအပ်ပါသည်။]
၁။ မုသားစကား ပြောဆိုခြင်းကို မလွန်ကျူးခြင်းသဘော လက္ခဏ၊
၂။ မုသားစကား ပြောဆိုခြင်းမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊
၃။ မုသားစကား ပြောဆိုခြင်းကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။
[ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပတို့မှ ရှောင်ကြဉ်ခြင်းတို့၌လည်း နည်းမှီး၍ ရှုပါ။]
၂၁။ သမ္မာကမ္မန္တ
၁။ ကာယဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော လက္ခဏ၊
၂။ ကာယဒုစရိုက်မှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊
၃။ ကာယဒုစရိုက်ကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။
ကာယဒုစရိုက် ပါဏာတိပါတမှ ရှောင်ကြဉ်မှု ဝိရတိပုံစံ
၁။ သူ့အသက် သတ်ခြင်းကို မလွန်ကျူးခြင်းသဘော လက္ခဏ၊
၂။ သူ့အသက် သတ်ခြင်းမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊
၃။ သူ့အသက် သတ်ခြင်းကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။
[အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ ဒုစရိုက်တို့မှ ရှောင်ကြဉ်မှုတို့၌လည်း နည်းမှီး၍ ရှုပါ။]
၂၂။ သမ္မာအာဇီဝ
၁။ မိစ္ဆာဇီဝ၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော လက္ခဏ၊
၂။ မိစ္ဆာဇီဝမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊
၃။ မိစ္ဆာဇီဝကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။
မိစ္ဆာဇီဝတစ်ခုကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်
၁။ သူ့အသက်သတ်၍ ရရှိသော ပစ္စည်းကို သုံးစွဲခြင်းကို မလွန်ကျူးခြင်းသဘော လက္ခဏ၊
၂။ သူ့အသက်သတ်၍ ရရှိသော ပစ္စည်းကို သုံးစွဲခြင်းမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊
၃။ သူ့အသက်သတ်၍ ရရှိသော ပစ္စည်းကို သုံးစွဲခြင်းကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။
ဤဝိရတိ သုံးပါးတို့ကို မကောင်းမှုကို ပြုခြင်းမှ စိတ်၏ မျက်နှာလွှဲတတ်သည်၏ အဖြစ်ဖြင့် ဖြစ်စေတတ် ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။
ရှင်းလင်းချက်များ
ကာယဒုစ္စရိတာဒိဝတ္ထူနန္တိ ပရပါဏပရဓနပရဣတ္ထိအာဒီနံ။ အမဒ္ဒနံ မဒ္ဒနပဋိပက္ခဘာဝေါ။ ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနကိရိယာပဒေသေန ကာယဒုစ္စရိတာဒိတော ဧဝ သင်္ကောစနကိရိယာ ဝုတ္တာတိ ဒဋ္ဌဗ္ဗံ။ န ဟိ ဝိရတိယော ဒုစ္စရိတဝတ္ထုနော အကိရိယပစ္စုပဋ္ဌာနာ ယုဇ္ဇန္တိ၊ အထ ခေါ ဒုစ္စရိတဿ, ဝိရတီနဉ္စ သောရစ္စဝသေန သင်္ကောစနံ, အကိရိယာနဉ္စ ဟိရောတ္တပ္ပါနံ ဇိဂုစ္ဆနာဒိဝသေနာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၈။)
ကာယဒုစရိုက် စသည်တို့၏ တည်ရာဝတ္ထုတို့ --- ဟူသည် သူ့အသက် သူ့ပစ္စည်း သူ့သား မယား စသည် တို့တည်း။ သူ့အသက်သည် သူ့အသက်ကို သတ်ခြင်း ပါဏာတိပါတ ဒုစရိုက်မှု၏ တည်ရာဝတ္ထု ဖြစ်သည်။ သူ့ပစ္စည်းသည် သူ့ပစ္စည်းကို မတရားယူခြင်း အဒိန္နာဒါန ဒုစရိုက်မှု၏ တည်ရာဝတ္ထု ဖြစ်သည်။ သူ့သားမယား သည် ကာမတို့၌ မှားယွင်းဖောက်ပြန် မမှန်ကန်သော အကျင့်ကို ကျင့်ခြင်း ကာမေသုမိစ္ဆာစာရ ဒုစရိုက်မှု၏ တည်ရာဝတ္ထု ဖြစ်သည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။
ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနရသာ --- ၌ ကာယဒုစရိုက် စသည်တို့၏ တည်ရာဝတ္ထုမှ တွန့်ဆုတ် ခြင်းကိရိယာကို ညွှန်ပြခြင်းဖြင့် ကာယဒုစရိုက် စသည်မှသာ တွန့်ဆုတ်ခြင်းကြိယာကို ဆိုလို၏ဟု မှတ်ပါ။ ဆိုလို သည်မှာ ကာယဒုစရိုက် စသည်တို့၏ တည်ရာဝတ္ထု ဖြစ်သည့် သူ့အသက်, သူ့ပစ္စည်း, သူ့သားမယား စသည်တို့မှ တွန့်ဆုတ်ခြင်း အမူအရာ မဟုတ်၊ ယင်း သူ့အသက်, သူ့ပစ္စည်း, သူ့သားမယား စသည့် ဒုစရိုက်၏ တည်ရာဝတ္ထု တို့၌ ကျူးလွန်ခြင်း ဒုစရိုက်လုပ်ငန်းမှသာ = သူ့အသက် သတ်ခြင်း, သူ့ပစ္စည်း မတရားယူခြင်း, သူ့သားမယား ပြစ်မှားခြင်းစသော ဒုစရိုက် လုပ်ငန်းရပ်မှသာ တွန့်ဆုတ်ခြင်းအမူအရာ ကြိယာဟု မှတ်ပါ ဟူလိုသည်။ အကြောင်း ကား ဤသို့တည်း။ ---
အကိရိယပစ္စုပဋ္ဌာနာ --- အရ ဝိရတိတို့သည် ဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မပြုကျင့်သော သဘောတရား ဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူထင်ခြင်းတို့မှာ မသင့်လျော်သော သဘောတို့သာ ဖြစ်ကုန်၏။ အမှန်စင်စစ် မှာမူ ယင်းဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို လွန်ကျူးမှု ဒုစရိုက်ကို မပြုကျင့်သော သဘောတရားတို့ဟူ၍ ယင်း ဝိရတိတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာမှုတို့သာ သင့်မြတ်ကုန်၏။ ဒုစရိုက်၏ တည်ရာဝတ္ထုကို မပြုကျင့်သည် မဟုတ်၊ ဒုစရိုက်ကိုသာ မပြုကျင့် သော သဘောတရားဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာခြင်းသည်သာ သင့်မြတ်ကုန်၏ အသင့်ယုတ္တိ ရှိကုန်၏ ဟူလိုသည်။
ဝိရတိနှင့် ဟိရီ ဩတ္တပ္ပ --- ဟိရီ ဩတ္တပ္ပတို့အရာ၌လည်း --- အကရဏရသ, သင်္ကောစနပစ္စုပဋ္ဌာနတို့ကို ဆိုခဲ့သောကြောင့် ဤဝိရတိအရာ၌ သင်္ကောစနရသနှင့် အကိရိယပစ္စုပဋ္ဌာနတို့သည် ၄င်းတို့နှင့် အဘယ်သို့ ထူးပါသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေမှာ ဤသို့ဖြစ်၏ --- ဝိရတိတို့ကား ကောင်းမှု၌ = သုစရိုက်တရား၌ မွေ့လျော်သည်၏ အစွမ်းဖြင့် ကာယဒုစရိုက် စသည်မှ တွန့်ဆုတ်ခြင်း, ကာယဒုစရိုက် စသည်ကို မပြုခြင်း ဖြစ်သည်။ ဟိရီ ဩတ္တပ္ပတို့ကား ဒုစရိုက်ကို စက်ဆုပ်ခြင်း, ကြောက်ရွံ့ ထိတ်လန့်ခြင်း၏ အစွမ်းဖြင့် ကာယဒုစရိုက် စသည်မှ တွန့်ဆုတ်ခြင်း ကာယဒုစရိုက် စသည်ကို မပြုခြင်း ဖြစ်သည်၊ ဤကား ဝိရတိတို့နှင့် ဟိရီ ဩတ္တပ္ပတို့၏ ရသ ပစ္စုပဋ္ဌာန် စသည်တို့၌ ထူးခြားမှု ဖြစ်သည်။ (မဟာဋီ၊၂၊၁၄၈။)
သမ္မာဝါစာ --- ဝစီကမ္မဒွါရကထာယံ ပန စေတနာဝိရတိသဒ္ဒဝသေန တိဝိဓာ ဝါစာ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၂၈။)
သမ္မာဝါစာသည် စေတနာသမ္မာဝါစာ, ဝိရတိသမ္မာဝါစာ, သဒ္ဒသမ္မာဝါစာအားဖြင့် သုံးမျိုး ရှိ၏။ ထိုတွင်-
၁။ အမှန်ကိုသာ ပြောဆိုခြင်းဟု ဆိုအပ်သော မချွတ်ယွင်းသောစကား = အမုသာဝါဒ,
၂။ ကောင်းသောစကားကို ပြောဆိုခြင်းဟု ဆိုအပ်သော မချောပစ် မကုန်းတိုက်သော = အပိသုဏဝါစာ,
၃။ ချစ်မြတ်နိုးဖွယ်ရာစကားကို ပြောဆိုခြင်းဟု ဆိုအပ်သော မကြမ်းတမ်းသောစကား = အဖရုသဝါစာ,
၄။ တရားကို ဟောကြားခြင်း ပြောဆိုခြင်းဟု ခေါ်ဆိုအပ်သော မပြိန်ဖျင်းသော စကား = အသမ္ဖပ္ပလာပ -- -
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားကို ပြောဆိုကြောင်း ဖြစ်သော ဝုဋ္ဌော, အဘိညာဏ်ဇော, မဟာ ကုသိုလ်ဇော, မဟာကြိယာဇောနှင့် ယှဉ်သော စေတနာသည် စေတနာသမ္မာဝါစာ မည်၏။
တစ်စုံတစ်ခု အမှုအတွက် လိမ်လည်လှည့်ပတ်ဖို့အချက်, ကုန်းတိုက်ဖို့အချက်, ကြမ်းတမ်းသောစကား ပြောဖို့အချက်, ပြိန်ဖျင်းသောစကား ပြောဖို့အချက် တစ်ခုခုပေါ်ခဲ့လျှင် ထိုလိမ်ညာမှု စသည့် ဝစီဒုစရိုက်မှ ရှောင် ကြဉ်၍ ဝစီဒုစရိုက် မဖြစ်သည့် သမ္မာဝါစာ စကားမျိုးကိုသာ ပြောဆိုလိုက်လျှင် ထိုပြောဆိုကြောင်း စိတ္တုပ္ပါဒ်၌ လည်းကောင်း, သို့မဟုတ် စကားမပြောဘဲ ဆိတ်ဆိတ်နေခဲ့လျှင် ထိုဆိတ်ဆိတ်နေကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှု = ဝိရတိသဘော ပါဝင်လျက် ရှိ၏၊ ထိုရှောင်ကြဉ်မှုသဘောကိုသာ ဝိရတိသမ္မာဝါစာဟု ဆိုရလေသည်။
ဧတေသု ဟိ ပဋိပါဋိယာ သတ္တ စေတနာပိ ဝဋ္ဋန္တိ ဝိရတိယောပိ။ အန္တေ တယော စေတနာသမ္ပယုတ္တာဝ။ (အဘိ၊ဋ္ဌ၊၁၊၁၄၇။)
ကာယသုစရိုက် သုံးပါး, ဝစီသုစရိုက် လေးပါးတို့၏ တရားကိုယ်မှာ စေတနာကို အရကောက်လျှင်လည်း သင့်ကုန်၏၊ ဝိရတိကို အရကောက်လည်း သင့်ကုန်၏။ မနောသုစရိုက် သုံးပါးတို့တွင် အနဘိဇ္ဈာဟူသည် အလောဘ, အဗျာပါဒဟူသည် အဒေါသ, သမ္မာဒိဋ္ဌိ ဟူသည် အမောဟ ဖြစ်၍ စေတနာနှင့် ယှဉ်ကုန်သော အလောဘ အဒေါသ အမောဟတို့ကိုသာ အရကောက်ယူခြင်းသည် သင့်မြတ်ပေ၏။
ထိုသမ္မာဝါစာ အမည်ရသည့် စကားကို ပြောဆိုရာ၌ အပြစ်ကင်းလတ် ကောင်းမြတ်သော စကားသံသည် သဒ္ဒသမ္မာဝါစာ မည်၏၊ ကထာသမ္မာဝါစာ ဟူ၍လည်း ခေါ်၏။
ဤသုံးမျိုးတို့တွင် ဤဝိရတိစေတသိက်ပိုင်း၌ ဝိရတိသမ္မာဝါစာကိုသာ အလိုရှိအပ်ပေသည်။ ဤသမ္မာဝါစာ ဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။
သမ္မာကမ္မန္တ --- သမ္မာကမ္မန္တသည်လည်း ကိရိယာ စေတနာ ဝိရတိအားဖြင့် သုံးမျိုး ရှိ၏။ ထိုတွင် အပြစ် မရှိသော လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာသမ္မာကမ္မန္တ မည်၏။ ထို အပြစ် မရှိသော ကိစ္စလုပ်ငန်းရပ်ကို ပြုလုပ်ကြောင်း စေတနာသည် စေတနာကမ္မန္တ မည်၏။ တစ်စုံတစ်ခုသော ကာယ ဒုစရိုက်ကို ပြုဖို့အချက် ပေါ်လာသည့်အခါ မပြုဘဲ ရှောင်ကြဉ်လိုက်လျှင် (အခြားသော တစ်စုံတစ်ခုသော အမှုကို ပြုသည် ဖြစ်စေ မပြုသည် ဖြစ်စေ) ဝိရတိသမ္မာကမ္မန္တ ဖြစ်၏။ ဤသမ္မာကမ္မန္တ ဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။ ဝိရတိ စေတသိက်ပိုင်း၌ ဝိရတိသမ္မာကမ္မန္တကိုသာ အလိုရှိအပ်ပေသည်။
သမ္မာအာဇီဝ --- သမ္မာအာဇီဝသည် ဝီရိယ ဝိရတိအားဖြင့် နှစ်မျိုးပြား၏။ ထိုတွင် မိရိုးဖလာအတိုင်း လယ်ထွန်မှု တရားသောနည်းလမ်းဖြင့် ကုန်သွယ်မှု စသည်ကို ပြု၍လည်းကောင်း, ရဟန်းတော်ဖြစ်လျှင် သစ်သီး ပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း လူတို့၏အစေအပါး အခိုင်းခံခြင်း စသည့် ကုလဒူသန အနေသန မိစ္ဆာဇီဝတို့နှင့် မရောယှက်ဘဲ တရားသောနည်းလမ်းဖြင့်သာ ဘုရားရှင် ခွင့်ပြုတော်မူအပ်သော နည်းလမ်းဖြင့်သာ ပစ္စည်းလေး ပါးကို ရှာဖွေ၍လည်းကောင်း, အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ဆွမ်းခံခိုက် စသည်၌ ဖြစ်သော သမ္မာဝါယာမသည် ဝီရိယသမ္မာအာဇီဝ မည်၏။ (ဝီရိယ ပြဓာန်းသော စိတ် စေတသိက်များတည်း။)
တစ်ဖန် ဝစီဒုစရိုက် ကာယဒုစရိုက်တို့သည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်၍ ဖြစ်အံ့၊ ဝစီဒုစရိုက် ကာယဒုစရိုက်တို့ကြောင့် ရရှိသော ပစ္စည်းများကို မှီ၍ အသက်မွေးနေအံ့၊ လက်နက် အဆိပ် သေရည်အရက် တို့ကို ကုန်သွယ်၍, မွေးမြူရေးလုပ်ကာ ကုန်သွယ်၍, လူကို ကုန်သွယ်၍ အသက်မွေးအံ့၊ ရဟန်းဖြစ်လျှင် မိစ္ဆာဇီဝကြောင့် ရရှိသည့် ပစ္စည်းလေးပါးကို သုံးစွဲနေအံ့ -- ထိုဒုစရိုက်မှုမျိုးကို မပြုတော့ပါဘူးဟု ထိုမိစ္ဆာဇီဝမှုဖြင့် ရရှိသော ပစ္စည်းများကို မသုံးစွဲပါဘူးဟု ရှောင်ကြဉ်လိုက်လျှင် သမ္မာအာဇီဝဝိရတိ ဖြစ်သည်။ ဤဝိရတိစေတသိက် အရာ၌ သမ္မာအာဇီဝ ဝိရတိကို အလိုရှိအပ်ပေသည်။
ဝိရတိအပြား
ဒုစရိုက် ဒုရာဇီဝတို့မှ သမ္ပယုတ်တရားတို့၏ ရှောင်ကြဉ်ကြောင်း ဖြစ်သော သဘောတရားသည် ဝိရတိ မည်၏။ မိမိ ဝိရတိကိုယ်တိုင် ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဉ်တတ်သော သဘောတရားသည် ဝိရတိ မည်၏။ ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဉ်ခြင်းမျှ ဖြစ်သော သဘောတရားသည် ဝိရတိ မည်၏။ ဒုစရိုက် ဒုရာဇီဝတို့ကို ပြုခွင့်ကြုံလျက် မပြုမကျင့်မှုကို ရှောင်ကြဉ်ခြင်း -- ဟု ခေါ်၏၊ ယင်းဝိရတိသည် သမ္ပတ္တဝိရတိ, သမာဒါနဝိရတိ, သမုစ္ဆေဒဝိရတိဟု သုံးမျိုးပြား၏။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)
၁။ သိက္ခာပုဒ်ကို ဆောက်တည်မထားသော သူတို့၏ မိမိ၏ အမျိုးဇာတ် အရွယ် အကြားအမြင် ဗဟုသုတ များခြင်း စသောဂုဏ်တို့ကို ဆင်ခြင်၍ ငါတို့ကဲ့သို့သော ပုဂ္ဂိုလ်တို့အား ဤသို့သော သဘောရှိသော မကောင်းမှု ကို ပြုခြင်းငှာ မသင့်တော်ဟု ဆိုက်ရောက်လာသော လွန်ကျူးဖွယ် ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ စိတ္တုပ္ပါဒ်ဝယ် ဖြစ်ပေါ်လာသော ဝိရတိကို သမ္ပတ္တဝိရတိဟု သိပါ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)
၂။ သိက္ခာပုဒ်တော်ကို ဆောက်တည်ထားကြကုန်သော သူတော်ကောင်းတို့၏ သိက္ခာပုဒ်ကို ဆောက်တည် ခိုက်၌လည်းကောင်း, သိက္ခာပုဒ်ကို ဆောက်တည်ပြီး နောက်ပိုင်းကာလ၌လည်းကောင်း မိမိ၏အသက်ကိုသော် ပင် စွန့်လွှတ်၍ လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ စိတ္တုပ္ပါဒ်ဝယ် ဖြစ်ပေါ်လာသော ရှောင်ကြဉ်မှု ဝိရတိကို သမာဒါနဝိရတိဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)
၃။ ဒုစရိုက် ဒုရာဇီဝဟူသမျှ၏ အကြောင်းရင်း အနုသယဓာတ်ကို အကြွင်းမဲ့ ဖြတ်သောအားဖြင့် ဖြစ်ပေါ်လာ သော အရိယမဂ်နှင့် ယှဉ်သော လောကုတ္တရာဝိရတိကို သမုစ္ဆေဒဝိရတိဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၇။)
ဤဝိရတိ သုံးမျိုးတွင် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့ကား ဆိုက်ရောက်လာသော ပစ္စုပ္ပန် ဖြစ်သော ရှောင် ကြဉ်ထိုက်သည့် ဝိရမိတဗ္ဗဝတ္ထုကို အာရုံပြုကြ၏။ သမုစ္ဆေဒဝိရတိကား ကာလဝိမုတ် ဖြစ်သော = ကာလသုံးပါးမှ အလွတ်ဖြစ်သော နိဗ္ဗာန်ကို အာရုံပြု၏။ အားလုံး ဗဟိဒ္ဓကိုသာ အာရုံပြုသည်ချည်းဟု မှတ်ပါ။
မှတ်ချက် --- ဝိရတိစေတသိက်တို့ကား နာနာကဒါစိ စေတသိက်တို့ ဖြစ်ကြသဖြင့် တစ်ခါတစ်ရံ၌သာ တစ်လုံးစီ ဖြစ်ကြ၏၊ ဝိရတိစေတသိက်တို့ ဖြစ်တိုင်း၌ကား စေတနာဝိရတိ ပါဝင်လျက် ရှိ၏။ သို့သော် စေတနာ ဝိရတိ ဖြစ်တိုင်း၌ ဝိရတိစေတသိက် အမြဲတမ်း မပါပေ။ ရံခါ ပါသည်လည်း ရှိ၏၊ ရံခါ မပါသည်လည်း ရှိ၏။ ဒုစရိုက်မှ ရှောင်ကြဉ်ခိုက်၌သာ ဝိရတိစေတသိက်များ ပါဝင်ကြ၏။ ဇော၌သာ ဝိရတိ ယှဉ်၍ တဒါရုံ၌ ဝိရတိ မယှဉ်ဟု မှတ်ပါ။