မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ/အကုသိုလ်စေတသိက် (၁၄) လုံး အပိုင်း

ဝီကီရင်းမြစ် မှ
5464နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲအကုသိုလ်စေတသိက် (၁၄) လုံး အပိုင်းဖားအောက်တောရဆရာတော်

အကုသိုလ်စေတသိက် (၁၄) လုံး အပိုင်း

၁။ မောဟ

၁။ မောဟော စိတ္တဿ အန္ဓဘာဝလက္ခဏော၊ အညာဏလက္ခဏော ဝါ၊

၂။ အသမ္ပဋိဝေဓရသော၊ အာရမ္မဏသဘာဝစ္ဆာဒနရသော ဝါ၊

၃။ အသမ္မာပဋိပတ္တိပစ္စုပဋ္ဌာနော၊ အန္ဓကာရပစ္စုပဋ္ဌာနော ဝါ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနော။ သဗ္ဗာကုသလာနံ မူလန္တိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ (က) စိတ်၏ ပရမတ္ထဓမ္မ သဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ခြင်း-

ဟူသော ပညာမျက်စိကာဏ်းသည်၏ အဖြစ်ဟူသော သဘော

တစ်နည်း --- ပညာမျက်စိကာဏ်းသောစိတ် ဖြစ်ကြောင်း သဘော လက္ခဏ၊

( ခ ) တစ်နည်း --- ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း သဘော

= ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း ထွင်းဖောက် မသိမမြင်ခြင်း သဘော လက္ခဏ၊

၂။ (က) ပရမတ္ထဓမ္မ သဘာဝမှန်ကို = အာရုံ၏ သဘောမှန်ကို ကောင်းစွာ ထွင်းဖောက်၍

သိခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်နှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊

( ခ ) ပရမတ္ထဓမ္မ အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းခြင်း (ကိစ္စ) ရသ၊

၃။ (က) မသင့်မလျော် မတော်မမှန်သော ပဋိပတ်ကျင့်စဉ်ကို ဖြစ်စေတတ်သော သဘောတရား

တစ်နည်း --- ကောင်းမွန်မှန်ကန်စွာ မကျင့်ခြင်းတည်းဟူသော အကျိုးကို

ဖြစ်စေတတ်သော သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- သမ္မာပဋိပတ်ကျင့်စဉ်၏

ဆန့်ကျင်ဘက် သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း --- ပညာမျက်စိကာဏ်းအောင်

ပြုတတ်သောသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ = အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် နှလုံးသွင်းမှားမှု - ပဒဋ္ဌာန်။

လက္ခဏ --- ဓမ္မသဘာဝဿ ယာထာဝတော အဒဿနံ စိတ္တဿ အန္ဓဘာဝေါ။ (မဟာဋီ၊၂၊၁၄၉။)

ပရမတ္ထဓမ္မသဘာဝကို ဟုတ်တိုင်းမှန်စွာ သိခြင်းသဘောကား ပညာတည်း။ ထိုပညာမျက်စိ မရှိသော ပညာမျက်စိကာဏ်းနေသော စိတ်ဓာတ် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ မောဟတည်း။ သို့အတွက် မောဟသည် ပညာမျက်စိကာဏ်းသောစိတ် ဖြစ်ကြောင်း သဘောလက္ခဏာ ရှိပေသည်။

မုယှန္တိ တေန၊ သယံ ဝါ မုယှတိ၊ မုယှနမတ္တမေဝ ဝါ တန္တိ မောဟော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈၊၊)

၁။ ပရမတ္ထဓမ္မသဘာဝအာရုံ၌ သမ္ပယုတ်တရားတို့ကို တွေဝေစေတတ်သော သမ္ပယုတ်တရားတို့၏ တွေဝေကြောင်း ဖြစ်သော သဘောတရားသည်,

၂။ တစ်နည်း --- ပရမတ္ထဓမ္မအာရုံ၌ မိမိကိုယ်တိုင်လည်း တွေဝေတတ်သော သဘောတရားသည်,

၃။ တစ်နည်း --- ပရမတ္ထဓမ္မအာရုံ၌ တွေဝေခြင်းမျှ ဖြစ်သော သဘောတရားသည် မောဟ မည်၏။

ဤ၌ တွေဝေခြင်းဟူသည် အာရုံ၏ သဘောမှန်ကို မသိခြင်းပင်တည်း။ တစ်နည်း --- ဉာဏ်သည် ပရမတ္ထဓမ္မ သဘာဝမှန်ကို သိသော်လည်း မောဟကား ထိုအမှန်ကို မသိဘဲ ထိုပရမတ္ထ သဘာဝမှန်များကို ပြောင်းပြန်လှန်၍ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အသိမှားလေသည်။ ထိုကြောင့် ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း သဘောတရား သည် မောဟ၏ သဘာဝလက္ခဏာပင် ဖြစ်သည်။ ဤတွင် ပြောင်းပြန်လှန်၍ သိတတ်ပုံနှင့် ဆက်စပ်၍ နိဒ္ဒေသ ဝါရ၌ ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ အဖွင့်တို့မှာ ဤသို့ ဖြစ်ကြ၏။

အသန္တံ အသမဉ္စ ဗုဇ္ဈတီတိပိ အသမ္ဗောဓော။ (အဘိ၊ဋ္ဌ၊၁၊၂၉၆။)

သဘာဝပဋိစ္ဆာဒနဝသေန ပကတိအတ္တာဒိအသန္တဂဟဏဿ အနိစ္စာဒီနံ နိစ္စာဒိဝိသမဂဟဏဿ စ သညာဒိဝိပရိယေသဿ နိဿယတ္တာ အသန္တံ အသမဉ္စ ဗုဇ္ဈတီတိ ဝုတ္တံ။ (မူလဋီ၊၁၊၁၂၀။)

သဘာဝပဋိစ္ဆာဒဝသေန (သဘာဝပဋိစ္ဆာဒနဝသေန) ပကတိအတ္တာဒိအသန္တဂ္ဂဟဏဿ နိဿယတ္တာ နိမိတ္တတ္တာ အသန္တံ ဗုဇ္ဈတိ၊ နိစ္စာဒိဝိသမဂ္ဂဟဏဿ သညာဒိဝိပရိယေသဿ နိဿယတ္တာ အသမံ ဗုဇ္ဈတီတိ မောဟော ဝုတ္တော နိမိတ္တဿ ကတ္တုဘာဝေန ဥပစာရိတတ္တာ၊ အယဉ္စ အတ္ထော ဒိဋ္ဌိသဟိတမောဟဝသေန ဒဋ္ဌဗ္ဗော။ ဧတ္ထ ပကတီတိ ကာပိလာနံ ပဓာနံ။ (အနုဋီ၊၁၊၁၂၇။)

(၁) အသန္တံ ဗုဇ္ဈတိ = ထင်ရှားမရှိသည်ကို သိ၏။

မောဟသည် ပရမတ္ထဓမ္မ အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်း ကာကွယ်ထားခြင်း၏ အစွမ်းဖြင့် ပကတိဝါဒ အတ္တဝါဒ စသည့် တကယ်ထင်ရှားမရှိသော ဝါဒများကို စွဲယူခြင်း၏မှီရာ အကြောင်းရင်း ဖြစ်သောကြောင့် အသန္တံ ဗုဇ္ဈတိ = ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကိုလည်း သိတတ်၏။

(၂) အသမံ ဗုဇ္ဈတိ = မညီမညွတ် မညီမမျှ သိ၏။

မောဟသည် အနိစ္စ ဒုက္ခ အနတ္တ အသုဘတရား စင်စစ်ဧကန် မှန်သော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားကို နိစ္စ သုခ အတ္တ သုဘဟု မညီမညွတ် စွဲယူတတ်သော ---

၁။ သညာဝိပလ္လာသ = နိစ္စ သုခ အတ္တ သုဘဟု အမှတ်မှားခြင်း,

၂။ စိတ္တဝိပလ္လာသ = နိစ္စ သုခ အတ္တ သုဘဟု အသိမှားခြင်း,

၃။ ဒိဋ္ဌိဝိပလ္လာသ = နိစ္စ သုခ အတ္တ သုဘဟု အယူမှားခြင်း ---

ဤဝိပလ္လာသတရားစု၏ မှီရာ အကြောင်းရင်း ဖြစ်သောကြောင့် အသမံ ဗုဇ္ဈတိ = ခန္ဓာ (၅)ပါး = ရုပ်နာမ် တရားကို မညီမညွတ် မညီမမျှ သိတတ်၏ဟု မောဟကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။အမှတ်မှားမှု အသိမှားမှု အယူမှားမှု ဝိပလ္လာသတရား၏ အကြောင်းရင်း ဖြစ်မှုကိုပင် ဥပစာရအားဖြင့် တင်စား၍ ကတ္တားအဖြစ်ဖြင့် ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (ကတ္တုသာဓနကား ပရမတ်သို့ မဆိုက်၊ ဘာဝသာဓနသာ ပရမတ်သို့ ဆိုက်သည်။ ထိုကြောင့် ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကို သိခြင်းသဘောမျှသည်သာလျှင်, ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိသော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရား ကို နိစ္စသုခ အတ္တ သုဘဟု အသိမှားခြင်း သဘောမျှသည်သာလျှင် မောဟမည်၏ ဟူလိုသည်။)

ဤ အနက် သဘောတရားကိုလည်း ဒိဋ္ဌိနှင့် ယှဉ်တွဲနေသော မောဟ၏ အစွမ်းဖြင့်သာ မှတ်သားပါ။ ဤအရာ၌လည်း ပကတိဟူသည် ကာပိလဝါဒသမားတို့၏ ပဓာနပင်တည်း။(မူလဋီ၊၁၊၁၂၀။ အနုဋီ၊၁၊၁၂၇။)

မောဟသည် ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကိုလည်း သိ၏။ မညီမျှသော ဝိပလ္လာသသဘောကိုလည်း သိ၏ဟူသော ဤစကားကိုလည်း ဥပစာရစကားဟု မှတ်ပါ။ မောဟသည် ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို မသိအောင် ဖုံးလွှမ်း ကာကွယ်ခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်ပေး ခြင်းသာ ဖြစ်၏။ ထင်ရှားမရှိသော ပကတိဝါဒ အတ္တဝါဒ စသည်ကို စွဲယူမှု, ခန္ဓာ (၅)ပါးတို့ကို နိစ္စ သုခ အတ္တ သုဘဟု စွဲယူမှုတို့ကား တရားကိုယ်အားဖြင့် ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစုတို့သာ ဖြစ်ကြ၏။ သို့သော် ယင်းသမ္ပယုတ်တရားစုတွင် မောဟလည်း ပါဝင်လျက်ပင် ရှိ၏။ ယင်းမောဟကား ခန္ဓာ (၅)ပါးတို့၏ သဘောမှန်ကို ပရမတ္ထဓမ္မ သဘာဝမှန်ကို မသိနိုင်အောင် ဖုံးလွှမ်း ကာကွယ်ထားသဖြင့် ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစုတို့က ထင်ရှားမရှိသော ပကတိ အတ္တ စသည်ကို သိခြင်း, မညီညွတ်သော ဝိပလ္လာသသဘောကို သိခြင်းများ ဖြစ်ပေါ် လာရပေသည်။ သို့အတွက် အကျိုးဖြစ်သော ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစု၏ ပရမတ္ထအားဖြင့် ထင်ရှား မရှိသည့် ပကတိ အတ္တ စသည်ကို သိခြင်း မညီမညွတ် သိခြင်းကို အကြောင်းရင်း မောဟအပေါ်၌ တင်စား၍ အကြောင်းရင်း မောဟကိုပင် ထင်ရှားမရှိသည်ကို သိသည် မညီမညွတ် သိသည်ဟု ဖလူပစာရအားဖြင့် ခေါ်ဝေါ် သုံးစွဲထားသည်ဟု မှတ်ပါ။

ဤဆိုအပ်ခဲ့ပြီးသော အနက်သဘောတရားကိုလည်း ဒိဋ္ဌိနှင့် ယှဉ်သော မောဟ၏ အစွမ်းဖြင့်သာ မှတ်သား ပါ။ ဒိဋ္ဌိနှင့် မယှဉ်သော မောဟဖြစ်ပုံအပိုင်းကိုကား နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသား တင်ပြထားခဲ့သော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံအပိုင်းကို နည်းမှီး၍ သိရှိပါလေ။ ဤ၌ ပကတိဟူသည် ကာပိလရသေ့၏ ပဓာနဝါဒပင်တည်း။

ရသ --- မောဟသည် နိစ္စ သုခ အတ္တ သုဘဟု ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့အပေါ်၌ အသိမှားမှု သဘောတရား ဖြစ်သဖြင့် အနိစ္စ ဒုက္ခ အနတ္တ အသုဘ သဘောမှန်ဖြစ်သော ခန္ဓာ (၅)ပါး ပရမတ္ထတရားတို့ကို လည်းကောင်း, ယင်းခန္ဓာ (၅)ပါးတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်းကောင်း, အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ကိုလည်း ကောင်း, အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာ (၅)ပါး = ရုပ်နာမ်တရား = သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ အသင်္ခတဓာတ် ပရမတ် နိဗ္ဗာန်တရားတော်မြတ်ကိုလည်းကောင်း ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်ပေ။ သို့အတွက် မောဟသည် ပရမတ္ထဓမ္မ သဘာဝမှန်ကို ထိုးထွင်းသိခြင်းငှာ မစွမ်းနိုင်သည့် ဂုဏ်နှင့် ပြည့်စုံခြင်း သမ္ပတ္တိရသ ရှိပေသည်။ တစ်နည်း ထိုပရမတ္ထဓာတ်သဘာဝမှန်ကို မသိမှု စိတ်ဓာတ်များ ဖြစ်ပေါ်လာရအောင် မောဟက ပြုလုပ်ပေးသဖြင့် မောဟသည် ပရမတ္ထဓမ္မ သဘာဝမှန်ကို ကောင်းစွာ ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်သော စိတ်ဖြစ်အောင် ပြုလုပ်ပေးခြင်း ကိစ္စရသ ရှိပေသည်။

သစ္စာလေးပါးကို ထိုးထွင်းသိမြင်သော ဉာဏ်သည် စတုသစ္စ သမ္မာဒိဋ္ဌိဉာဏ် မည်၏။ ယင်းစတုသစ္စ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိမြင်အပ်သော သစ္စာ (၄)ပါး တရားတော်တို့ကား ပရမတ္ထဓမ္မသဘာဝအာရုံ၏ ဟုတ်မှန်သော သဘောတရားများ = သဘောမှန်များတည်း။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏ဟု ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိမြင်အပ်သော ကုသိုလ်ကံ အကုသိုလ်ကံနှင့် ယင်းကံတို့ ၏ အကျိုးတရားဟူသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားများသည်လည်း အာရုံ၏ သဘော မှန်များပင် ဖြစ်ကြ၏၊ သို့သော် ယင်းသဘောမှန်များမှာ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထွင်းဖောက် သိမြင်သော စတုသစ္စသမ္မာဒိဋ္ဌိ၌ပင် အကျုံးဝင်လျက် ရှိပေသည်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိ သော စတုသစ္စသမ္မာဒိဋ္ဌိကိုပင် ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်းအမှန်တရား များကို မသိအောင် ကာကွယ် ဖုံးလွှမ်းထားခြင်းသည်လည်း မောဟ၏ လုပ်ငန်းကိစ္စပေတည်း။

ပစ္စုပဋ္ဌာန် --- ဤသို့လျှင် မောဟက အာရုံ၏ သဘောမှန်ကို မသိအောင် ဖုံးလွှမ်း ကာကွယ်မှုကြောင့် ဒုစရိုက် သုစရိုက်တို့၏ သဘောသဘာဝမှန်ကို ကောင်းကောင်းကြီး သဘောပေါက် နားလည်လျက် ရှိသော ပညာရှိကြီးများသော်ပင် မောဟဝင်လာသည့်အခါ ဒုစရိုက်တို့၏ အပြစ်ကို မမြင်တည့်နိုင်တော့ဘဲ ဒုစရိုက်တို့ကို လွန်ကျူးမိတတ်ကြလေသည်။ သို့အတွက် မောဟသည် မသင့်လျော်သောအကျင့် မမှန်ကန်သောအကျင့်ကို ရှေးရှူ ဖြစ်စေတတ်၏ဟု ဆိုသည်၊ ဖလပစ္စုပဋ္ဌာန်တည်း။

(က) တစ်ဖန် စတုသစ္စသမ္မာဒိဋ္ဌိဟူသော အသိမှန် အမြင်မှန် ဉာဏ်မှန် ရရှိရေးအတွက် ကျင့်သော ကျင့်စဉ် သည် သမ္မာပဋိပတ်ကျင့်စဉ်တည်း။ မောဟသည် သမ္မာဒိဋ္ဌိဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သဖြင့် သမ္မာပဋိပတ်ကျင့်စဉ်၏လည်း ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

( ခ ) တစ်ဖန် သမ္မာဒိဋ္ဌိဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် အမှန်ကို မသိဘဲ အမှားကိုသာ သိသကဲ့သို့ သမ္မာပဋိပတ်ကျင့်စဉ်၏ ဆန့်ကျင်ဘက် မောဟသည်လည်း မြင့်မြတ်မှန်ကန်သည့် သမ္မာပဋိပတ် ကျင့်စဉ်ကို မကျင့်စေဘဲ မှားယွင်းဖောက်ပြန် မမှန်ကန်သည့် မိစ္ဆာပဋိပတ်ကျင့်စဉ်လမ်းကိုသာ ကျင့်စေ တတ်ပေသည်။ ထိုသို့ အမှားမှား အယွင်းယွင်းများကို ကျင့်သဖြင့်လည်း စတုသစ္စသမ္မာဒိဋ္ဌိကဲ့သို့သော ကောင်းမွန်မှန်ကန်သော သမ္မာဒိဋ္ဌိ အသိဉာဏ်များ ပေါ်ပေါက်လာနိုင်မည်ကား မဟုတ်ပေ။ ရုပ်တရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, နာမ်တရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, အကြောင်းတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, အကျိုးတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အချက်ပိုင်ပိုင် ဟုတ်တိုင်းမှန်စွာ သိခြင်းဟူသော စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးဝင်သော သမ္မာဒိဋ္ဌိဉာဏ်တို့မှာ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူ သော ကောင်းမွန်မှန်ကန်သည့် သမ္မာပဋိပတ်ကျင့်စဉ်ကြောင့်သာ ရရှိနိုင်သော အသိထူး ဉာဏ်ထူးများ ဖြစ်ကြ၏။ သို့အတွက် မောဟသည် သမ္မာပဋိပတ်ကျင့်စဉ်ကို ကျောပေးလျက် မိစ္ဆာပဋိပတ်ကျင့်စဉ်ကိုသာ ကျင့်စေတတ်သော သဘောရှိရကား မှန်ကန်သော သမ္မာဒိဋ္ဌိအသိဉာဏ်ဟူသော ပညာမျက်စိကို ကာဏ်း အောင် ပြုတတ်သော သဘောတရားဟုလည်း ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေ သည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ (မဟာဋီ၊၂၊၁၄၉-ကြည့်။)

ပဒဋ္ဌာန် --- အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေဝ အာသဝါ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အာသဝါ ပဝဍ္ဎန္တိ။ (မ၊၁၊၉။)

ရဟန်းတို့ ...အယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌ မဖြစ်ပေါ်သေးသော အာသဝေါတရားတို့ သည်လည်း = (အကုသိုလ်တရားတို့သည်လည်း) ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပေါ်ပြီးသော အာသဝေါတရားတို့ သည်လည်း = (အကုသိုလ်တရားတို့သည်လည်း) တိုးပွားလာကုန်၏။ (မ၊၁၊၉။)

ဤသို့စသော ဒေသနာတော်များနှင့် အညီ နှလုံးသွင်း မှားနေသည့် အယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌ အကုသိုလ်တရားတို့သည် တိုးပွားမြဲ ဓမ္မတာ ဖြစ်ရကား အယောနိသောမနသိကာရသည် မောဟဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရပေသည်။

အဝိဇ္ဇာ --- ဤမောဟကိုပင် အချို့အရာ၌ အဝိဇ္ဇာဟု အမည်တစ်မျိုးဖြင့် ဟောတော်မူသည်။ ဤမောဟ အဝိဇ္ဇာသည် သူတော်ကောင်းတို့ သိသင့်သိထိုက်သော သစ္စာ (၄)ပါး စသည့် အရာဌာနကို မိမိ အဝိဇ္ဇာကိုယ်တိုင် ကလည်း မသိတတ်၊ မိမိနှင့် ယှဉ်ဖက် စိတ်စေတသိက်များကိုလည်းကောင်း, မိမိအဝိဇ္ဇာ ကိန်းဝပ်ရာ သတ္တဝါကို လည်းကောင်း မသိစေတတ်ပေ။ မျက်စိ၌ တိမ်သလာ ဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့် မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့ ထို့အတူ အဝိဇ္ဇာ ဖုံးလွှမ်းချက်ကြောင့် အဝိဇ္ဇာ အဖုံးလွှမ်းခံရသူ သတ္တဝါတို့သည် သိသင့် သိထိုက်သော သစ္စာ (၄)ပါး စသော အရာဌာနကို မသိနိုင်ကြချေ။ အသိမှန် ဉာဏ်မှန် ကင်းနေသူတို့အဖို့ အမှားနှင့် အမှန်ကို မဝေဖန် မပိုင်းခြားနိုင်သည့်အတွက် ဒုစရိုက်တံခါးကြီးကား ဟင်းလင်း ပွင့်လျက်ပင် ရှိ၏။ အကုသိုလ်တံခါးကြီးများလည်း ဟင်းလင်းပွင့်လျက်ပင် ရှိ၏။ အမှားကိုလည်း အမှန်ထင်လျက် ပြုလုပ်တော့မည် ဖြစ်၏။ အမှန်ကိုလည်း အမှားထင်ကာ ကျောခိုင်းလျက် မျက်နှာလွှဲနေတော့မည် ဖြစ်၏။ ထိုကြောင့် ဤမောဟကို ခပ်သိမ်းကုန်သော အကုသိုလ်တရားအားလုံးတို့၏ အခြေခံ အကြောင်းရင်း မူလတရားဟု ဆိုခြင်း ဖြစ်သည်။

မောဟ (၃) မျိုး

ထိုမောဟသည် အနုသယမောဟ, ပရိယုဋ္ဌာနမောဟ, ဝီတိက္ကမမောဟဟု သုံးမျိုး ရှိပေသည်။ ကိလေသာ (၁၀)ပါးလုံး၌ အနုသယကိလေသာ, ပရိယုဋ္ဌာနကိလေသာ, ဝီတိက္ကမကိလေသာဟု သုံးမျိုး ပြားသဖြင့် ကိလေသာ (၁၀)ပါးတို့၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မောဟ၌လည်း သုံးမျိုးပင် ပြားပေသည်။

အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရ၏။ ပရိယုဋ္ဌာနဟူသော ပါဠိစကားကား ထကြွခြင်းဟု အဓိပ္ပါယ်ရ၏၊ ထိုကြောင့် သတ္တဝါတို့၏ သန္တာန်တွင် အစဉ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟ မည်၏။ တစ်ရံတစ်ခါ စိတ်နှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟ မည်၏။ ဒုစရိုက်တို့ကို လွန်ကျူးသော အဆင့်သို့တိုင်အောင် ရောက်ရှိသွားသော မောဟသည် ဝီတိက္ကမမောဟ မည်၏။

အနုသယမောဟ --- အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိ ပါရှိသကဲ့သို့ ထို့အတူ သတ္တဝါတို့၏ သန္တာန်၌ သိသင့် သိထိုက်သော သစ္စာ (၄)ပါး တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိ တစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ်၏၊ ဤအနုသယမောဟ၏ ဖုံး ကွယ်ထားမှုကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိ မရှိသေးသော ပုထုဇန်တို့သည် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်း နစ်နစ်နောနော နှစ်နှစ်ကာကာ မသိကြ၊ သစ္စာ (၄)ပါး ကိုလည်း ထိထိမိမိ ပိပိရိရိ မသိကြ။ သင်္ခါရတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို လည်း တပ်အပ်ထင်ထင် လင်းလင်းကြီး မသိမမြင်ကြချေ။

ဤအနုသယမောဟဓာတ်ကို ပုထုဇန်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခုကာလဝယ် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ကို မရရှိသေးသော သူတို့သည် စာပေကျမ်းဂန် သင်ဖူး၍ သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ စသည်ကို သိသည်ဟု ဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော မှန်းဆသိသည့် = အနုမာန အသိမျိုးသာ ဖြစ်၏၊ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိသကဲ့သို့ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ပရမတ်သို့ ဆိုက်အောင် သိသော အသိမျိုးကား မဟုတ်ချေ။ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်သည့်တိုင်အောင် ထိုအနုသယမောဟဓာတ်မှာ အဆင့်ဆင့် ပါးလှပ်ရုံသာ ရှိသေး၏၊ ကုန်ကား မကုန်သေး။ ရဟန္တာအဖြစ်သို့ ရောက်ရှိပါမှသာလျှင် ယင်းအနုသယ မောဟဓာတ်သည် အကုန်အစင် ပြတ်လေတော့သည်။ ထိုကြောင့် ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ဆဲဆဲ ခဏမှာပင်သော်လည်း အနုသယမောဟဓာတ်မှာ ငြိမ်သက် ကိန်းဝပ် အငုပ်ဓာတ်အနေဖြင့် ထင်ရှားရှိနေသည်သာဟု မှတ်ပါ။ အကြောင်း ညီညွတ်သောအခါ ဖြစ်နိုင်သော အခွင့် အလမ်းများသည် ပွင့်လန်းလျက်ပင် ရှိနေပေသည်။

ပရိယုဋ္ဌာနမောဟ --- မောဟတရားသည် စိတ်နှင့် တွဲဖက်၍ ထကြွသောင်းကျန်းလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ် ဖြစ်နေပြီဟု ဆိုရပေသည်။ ဤပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခု လောလောဆယ် ယုတ်မာညစ်ညမ်း ဆိုးသွမ်းမှု အပြစ်ကိုလည်း မသိကြ မသိနိုင် ဖြစ်တတ်၏။

ဝီတိက္ကမမောဟ --- ယင်းပရိယုဋ္ဌာန ကိလေသာမောဟ၏ တွန်းအားကြောင့် ယင်းမောဟ ဖြစ်ပေါ်လာ သောအခါ ပင်ကိုမူလက ပညာရှိသူတော်စင်ကြီးတို့ပင် ဖြစ်လင့်ကစား အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်။ ဤမောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားတစ်မျိုးပင်တည်း။ ဤလောက၌ မိုက်မဲမှုဟူသမျှသည် ဤမောဟ၌သာလျှင် အခြေစိုက်လျက် ရှိပေသည်။

ဟရိတစဇာတ်တော်

လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူစဉ် တန်ဆာဆင်ထားသော အမျိုးသမီးတစ်ဦးကို မြင်တွေ့ရ၍ လူထွက်လိုသော ရဟန်းတော်တစ်ပါး ကို အကြောင်းပြု၍ ဤသို့ မိန့်ကြားတော်မူ၏။

ချစ်သားရဟန်း ...ကိလေသာမည်သည်ကား ထင်ရှားရှိနေသော ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏၊ သာယာဖွယ် ကင်းလှ၏၊ ငရဲ၌ ဖြစ်စေတတ်၏၊ ဤသို့သဘောရှိသော ကိလေသာသည် အဘယ်အကြောင်းကြောင့် သင်ချစ်သားကို ညစ်နွမ်းအောင် ပင်ပန်းအောင် ဆင်းရဲအောင် မပြုလုပ်ဘဲ ရှိနိုင်ပါအံ့နည်း၊ မြင်းမိုရ်တောင်ကို တိုက်ခတ်၍လာသော လေပြင်းမုန်တိုင်းသည် သစ်ရွက်ဟောင်းကို တိုက်ခတ်ဖို့ရန် မရှက်သည်သာ ဖြစ်၏။ မှန်ပေသည် --- ဤကိလေသာကို အမှီပြု၍ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက် ပါလျက် ပါရမီတော်မြတ်အပေါင်းကို ဖြည့်ကျင့် ဆည်းပူးလျက်ရှိသော လောကီအဘိညာဏ် (၅)ပါးနှင့် သမာပတ် (၈)ပါးတို့ကို ရရှိတော်မူသော အလွန်စင်ကြယ်သောအကျင့် ရှိတော်မူသော ယောက်ျားမြတ်ကြီးတို့သော်မှလည်း သတိကို ရှေးရှူ တည်စေခြင်းငှာ မစွမ်းနိုင်ကုန်သည် ဖြစ်၍ ရပြီးစျာန်ကို ကွယ်ပျောက်စေခဲ့ဖူးကုန်ပြီ။ --- ဤသို့ မိန့်ကြားတော်မူပြီးနောက် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူလေသည်။

ပညာရှိကြီး မောဟဖိစီးပုံ

ရွှေအဆင်းနှင့်တူသော အဆင်း ရှိသောကြောင့် ဟရိတစ အမည်ရသော ဘုရားအလောင်းတော်ကြီးသည် မိဘနှစ်ပါးတို့ ကွယ်လွန်သွားသောအခါ ကုဋေ (၈၀) ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် ဟိမဝန္တာသို့ တောထွက်ကာ ရသေ့ရဟန်း ပြုလုပ်ပြီးနောက် ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူလေရာ (၇)ရက် အတွင်းမှာပင် စျာန်အဘိညာဏ်စခန်းဝယ် အထက်တန်းသို့ ရောက်အောင် ပေါက်မြောက် အောင်မြင်တော်မူခဲ့ လေသည်။ ဟိမဝန္တာဝယ် တောသစ်မြစ် သစ်ဥ သစ်ဖု သစ်သီးဝလံလျှင် အစာအာဟာရ ရှိလျက် ကြာမြင့်စွာ နေထိုင် သီတင်းသုံးတော်မူပြီးနောက် ချဉ်ဆား မှီဝဲရန်အလို့ငှာ ဟိမဝန္တာတောင်မှ သက်ဆင်းတော်မူခဲ့၍ ဗာရာဏသီပြည်သို့ ကြွရောက်တော်မူကာ ဘုရင့်ဥယျာဉ်တော်ဝယ် သီတင်းသုံးတော်မူလေသည်။ ထိုဗာရာဏသီ ပြည့်ရှင်ကား အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းကြီးပင်တည်း။ ထိုကြောင့် အလောင်းတော် ရှင်ရသေ့ကို ဖူးမြင်ရလျှင် ဖူးမြင်ရခြင်း လွန်မင်းစွာ ကြည်ညိုသွား၏။ ချက်ချင်း ပင့်ဖိတ်စေ၍ ထီးဖြူ မိုးထားအပ် သော ရာဇပလ္လင်ထက်၌ သီတင်းသုံးစေတော်မူပြီးနောက် မွန်မြတ်သော အထူးထူးသော အရသာရှိသော ဆွမ်း ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် ရှင်ရသေ့က အနုမောဒနာ တရားတစ်ပုဒ်ကို ဟောကြားပြသ ဆိုဆုံးမတော်မူ၏။ ဗာရာဏသီဘုရင်ကြီးကလည်း အနုမောဒနာတရား၏ အဆုံး၌ အလွန့်အလွန် ကြည်ညိုရကား ဥယျာဉ်တော်အတွင်းမှာ သီတင်းသုံးတော်မူရန် တောင်းပန် လျှောက်ထား၍ နေ့သန့်စင်ရာနေရာ ညဥ့်သန့်စင်ရာနေရာ စသည်တို့ကို ဥယျာဉ်တော်၌ စီရင်ပြီးနောက် ဥယျာဉ်စောင့်ကို အလုပ်အကျွေးအဖြစ် ထား၍ ဥယျာဉ်တော်၌ သီတင်းသုံးစေတော်မူ၏။ ဘုရားအလောင်းတော်ရသေ့ကြီးသည်လည်း ထိုနေ့မှစ၍ အမြဲမပြတ် မင်း၏ နန်းတော်၌ပင်လျှင် ဆွမ်းဘုဉ်းပေးတော်မူလျက် (၁၂)နှစ်တို့ပတ်လုံး ဥယျာဉ်တော်၌ သီတင်းသုံးတော်မူ၏။

အခါတစ်ပါး၌ကား တိုင်းစွန်ပြည်နားဝယ် သူပုန်ထသောကြောင့် သူပုန်ဘေးရန်ကို ဘုရင်ကိုယ်တိုင် နှိမ်နင်း ရန် ထွက်ခွာခါနီးမှာ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ သော ဆရာရသေ့ကို မမေ့မလျော့ ပြုစုလုပ်ကျွေးရန် မိဖုရားအား အတန်တန် မှာကြားပြီးမှ ထွက်ခွာသွားလေ သည်။ မိဖုရားကြီးကလည်း အချိန်မှန်မှန် ကိုယ်တိုင်ကိုယ်ကျ ဆွမ်းဖြင့် ပြုစုလုပ်ကျွေး၏။ တစ်နေ့သောနံနက်မှာမူ ဆရာတော်ရသေ့ မလာသေးသည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာချိုး၍ ချောမွေ့ နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာရသေ့ အလာကို စောင့်မျှော်ရင်း လေသာပြူတင်းတံခါးကို ဖွင့်လျက် လေညင်းခံကာ သလွန်ပေါ်မှာ ခေတ္တ လျောင်းစက်နေလေသည်။

အလောင်းတော် အရှင်ရသေ့သည်လည်း အဘိညာဏ်သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွမြန်း တော်မူလေရာ လေသာနန်းတံခါးပေါက်သို့ ဆိုက်ရောက်တော်မူလာ၏။ မိဖုရားကြီးသည်လည်း ရှင်ရသေ့ကြီး၏ လျှော်တေသင်္ကန်းသံကို ကြားရသဖြင့် သလွန်ထက်မှ ဗြုန်းကနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တစ်ပိုင်းမှ ခါးဝတ် လျှောကျသွားလေသည်။ ထိုအခြင်းအရာကို ရသေ့ကြီး မြင်လတ်သော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် နှစ်ပေါင်းများစွာ ကိန်းဝပ်လျက် ရှိသော အနုသယဓာတ် မောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟ အဖြစ်သို့ ရောက်ရှိလာ၏။ စိတ်အစဉ်တွင် ထကြွ သောင်းကျန်းလာသော မောဟသည် တဏှာ ရာဂ ရမ္မက်နှင့် တွဲဖက်မိသဖြင့် မိဖုရားကြီး၏ လက်ကိုဆွဲကာ ကန့်လန့်ကာတွင်းသို့ ဝင်၍ သူရဲသဘက်ပမာ အမှားကြီး မှားရှာ လေသည်။ (ဇာတကအဋ္ဌကထာ၊၃၊၄၇၃-၄၇၄။)

ဤဝတ္ထု၌ အနုသယဓာတ် မောဟသည် ပရိယုဋ္ဌာနအဆင့်တွင် ရပ်တည်မနေတော့ဘဲ ရာဂနှင့် ပေါင်းဖက် လျက် ဝီတိက္ကမအဆင့်အထိ ကူးစက်သွားပုံကို သတိပြုပါ။ ဤမောဟမျိုးသာ မဝင်လာလျှင် အလောင်းတော် ရှင်ရသေ့သည် ထိုကဲ့သို့သော လောကဓမ္မ အမည်ရသည့် မတရားမှုမျိုးကို ဘုရင်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုရက်နိုင်မည်ကား မဟုတ်ပေ။ ယခုသော်ကား ...မောဟ အမှောင်ထုကြီးသည် ကြီးမား သော စွမ်းအားဖြင့် ဖိစီး ကျရောက်လာရကား ယခုဘဝ၌ ရရှိမည့် အပြစ် နောင်သံသရာ၌ ရရှိမည့် အပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သော အမှုကို ပြုမိရှာလေသည်။ တစ်သက်လုံး အားထုတ်ခဲ့သော စျာန်အဘိညာဏ် ပညာများကလည်း ယခုလို အချက်ကောင်း၌ အလွန် ထုထည်ကြီးမားနေသော မောဟအမှောင်ထုကို မဖောက် ခွဲနိုင် အနိုင်မယူနိုင် ဖြစ်နေကြ၏။ မဖောက်ခွဲနိုင်ရုံသာမက ထုထည်ကြီးမားလှသော မောဟ၏ ဖိစီးမှုကြောင့် စျာန် အဘိညာဏ်တို့ကသာ လျှောကျ ကွယ်ပျောက်သွားကြရလေသည်။

သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီး ဖြစ်သောကြောင့် ဘုရင် မင်းတရားကြီး ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသော စျာန်ကို ပြန်ရအောင် အားထုတ် ကာ လူ့အနား၌ နေထိုင်မိသဖြင့် ဤအမှုမျိုး ဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသည့် ဟိမဝန္တာသို့ ပြန်ကြွလေသည်။

စတ္တာရောမေ မဟာရာဇ၊ လောကေ အတိဗလာ ဘုသာ။

ရာဂေါ ဒေါသော မဒေါ မောဟော၊ ယတ္ထ ပညာ န ဂါဓတိ။ (ဇာတက၊ဋ္ဌ၊၃၊၄၇၆။)

၁။ ရာဂ = လိုလားတပ်မက်ခြင်း

၂။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်း ဖျက်ဆီးလိုခြင်း

၃။ မဒ = မာန်ယစ်ခြင်း အလွန် ဘဝင်မြင့်ခြင်း

၄။ မောဟ = အသိမှားခြင်း = အမှန်ကို မသိခြင်း

ဒါယကာတော် မင်းကြီး ...ရာဂ ဒေါသ မဒ မောဟဟူသော ဤတရား (၄)မျိုးတို့သည် လောက၌ အလွန် စွမ်းအင်ကြီးမားကုန်သော တရားတို့ ဖြစ်ကြကုန်၏၊ အလွန် ပြင်းထန်ကြကုန်၏။ စိတ်အစဉ်ဝယ် ထကြွ သောင်းကျန်းခြင်း ပရိယုဋ္ဌာနအဆင့်သို့ ရောက်ရှိလာကြကုန်သော ဤတရား (၄)မျိုးတို့၌ အပြောကျယ်လျက် နက်လည်း နက်လှစွာသော အလွန်ရေစီးကြမ်းသော ရေပြင်ကြီး၏ အတွင်း၌ ကျရောက် မျောပါနေသူတို့ကဲ့သို့ ပညာသည် ထောက်ရာ တည်ရာကို မရရှိနိုင်။ (ဇာတက၊ဋ္ဌ၊၃၊၄၇၆။)

ပမာဒတရား

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ၊ ယထယိဒံ ဘိက္ခဝေ ပမာဒေါ။ ပမာဒေါ ဘိက္ခဝေ မဟတော အနတ္ထာယ သံဝတ္တတိ။ (အံ၊၁၊၁၄။)

ရဟန်းတို့ ...ဤမေ့လျော့ခြင်း = ပမာဒတရားသည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရားသည် မြင်တော်မမူ။ ရဟန်းတို့ မေ့လျော့ခြင်း = ပမာဒတရားသည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ၊၁၊၁၄။)

ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း ပမာဒတရားဟူသည် မောဟပြဓာန်းသော အကုသိုလ် စိတ်စေတသိက် တရားစုပင် ဖြစ်၏။ ယင်းပမာဒတရားကြောင့် မီးသွေးထမ်းရသည့် ဘဝသို့ ရောက်ရှိသွားသော သူတော်ကောင်း တစ်ဦး၏ အကြောင်းအရာသည် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီး၌ အောက်ပါအတိုင်း လာရှိ၏။

မီးသွေးထမ်းရသူ ပညာရှိကြီး

သုံးကျိပ် အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့သည် ကလျာဏီ မဟာစေတီတော်ကြီးကို ရှိခိုး ဝတ်ပြုပြီး နောက် တောအုပ်တစ်ခု အတွင်း၌ တည်ရှိသော တောလမ်းခရီးဖြင့် လမ်းမကြီးဘက်သို့ ရှေးရှူလျက် သက်ဆင်း လာကုန်လတ်သော် လမ်းခရီးစပ်ကြား တစ်နေရာ၌ မီးလောင်ထားသော လယ်တောဝယ် အလုပ်လုပ်ပြီး၍ ပြန်လာသော ဒါယကာတစ်ဦးကို တွေ့မြင်ကြကုန်၏။ ထိုသူ၏ တစ်ကိုယ်လုံးသည်ကား မီးသွေးတို့ဖြင့် ပေကျံထား သဖြင့် မီးသွေးရောင်ကဲ့သို့ မည်းနက်နေ၏။ မီးသွေးတို့ဖြင့် လူးလည်း ပေကျံလျက် ရှိသော ဖန်ရည်ဆိုးထားသော အဝတ်တစ်ထည်ကိုလည်း ခါးတောင်းမြှောင်နေအောင်ကျိုက်၍ ဝတ်ထား၏။ ထိုသူကို အမှတ်တမဲ့ ကြည့်လိုက် သော် မီးလောင်ထားသော သစ်ငုတ်တိုကဲ့သို့ ထင်ရ၏၊ မီးလောင်ထားသည့် သစ်ငုတ်တိုနှင့် တူသော ထိုသူကား တစ်နေ့ပတ်လုံး ယင်းလယ်တော၌ အလုပ်လုပ်ပြီးနောက် ထက်ဝက် မီးလောင်ထားသော ထင်းစည်း တစ်စည်းကို ထမ်း၍ ပြန်လာခြင်း ဖြစ်၏။ ထိုသူ၏ ဆံပင်တို့သည် ထိုသူ၏ ကျောကုန်းထက်၌ ဖရိုဖရဲ ပြန့်ကျဲလျက် ရှိကြ၏။ ရဟန်းတော်တို့နှင့် ရင်ဆိုင်တိုးမိသောအခါ လမ်းဘေးဆင်း၍လာလျက် ရဟန်းတော်တို့၏ မျက်မှောက်၌ ရပ်တည် နေ၏။

ထိုရဟန်းတော်တို့၏ နောက်တွင် တပည့်ကိုရင်ငယ် = ရှင်သာမဏေများလည်း ပါလာကြ၏။ ရှင်သာမဏေ တို့သည် ထိုသူကို မြင်သောအခါ အချင်းချင်း တစ်ပါးက တစ်ပါးကို ကြည့်ကြကုန်လျက် ဟေ့ --- ကိုရင် ---သင့်အဖေ, (ငါ့အဖေဖြစ်လျှင်) သင့်အဘိုး, သင့်ဦးလေး --- ဤသို့ ရယ်ရွှန်းဖတ်ရွှန်း (= ရယ်ရွှမ်းပတ်ရွှမ်း) ပြောကြကုန်လျက် လိုက်ပါလာကြ၏။ ထိုဒါယကာကိုလည်း ဥပါသက ...သင့်အမည် ဘယ်လို ခေါ်ပါသလဲ ဟု မေးမြန်းကြ၏။

ထိုဒါယကာသည် မိမိ၏ နာမည်ကို အမေးခံရသဖြင့် စိတ်မကောင်းဖြစ်၍ ထမ်းလာသော ထင်းစည်းကို ပစ်ချလိုက်၍ အဝတ်ကို ကောင်းစွာဝတ်၍ မထေရ်မြတ်ကြီးတို့ကို ရှိခိုးလျက် အရှင်ဘုရားတို့ ...ခေတ္တ ရပ်တော်မူကြပါကုန်ဘုရားဟု လျှောက်ထား၏။ မထေရ်မြတ်ကြီးတို့ကလည်း ချီးမြှောက်သောအားဖြင့် ရပ်တည် ပေးတော်မူကြ၏။ ရဟန်းငယ် သာမဏေငယ်တို့သည် လာလတ်ကြ၍ မထေရ်ကြီးတို့၏ ေ့ရှမှောက်မှာပင် ပြက်ရယ် ပြောင်လှောင်ခြင်းကို ပြုကြကုန်၏။ ထိုအခါ ဥပါသကာဒါယကာကြီးက ဤသို့ လျှောက်ထား၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့သည် တပည့်တော်ကို တွေ့မြင်ရကြ၍ ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြကုန်ဘိ၏၊ ဤမျှ အတိုင်းအရှည်ရှိသော သင်္ကန်းကို ဝတ်ရုံနေကာမျှဖြင့်ပင်လျှင် အထွတ်အထိပ်သို့ ရောက်ရှိ နေကြကုန်၏ဟု အောက်မေ့ မှတ်ထင်ကြကုန်သလော၊ တပည့်တော်သည်လည်း ဟိုရှေးယခင်အခါတုန်းက အရှင်ဘုရားတို့ကဲ့သို့သော ရဟန်းတော်ပင် ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရားတို့၏ သန္တာန်၌ စိတ္တေကဂ္ဂတာ အမည် ရသော စိတ်တည်ကြည်မှု သမာဓိမျှသော်လည်း မရှိသေးပါ။ (သူ့ကိုမြင်၍ ပြောင်လှောင်နေသဖြင့် ဤသို့ လျှောက် ထားနေခြင်း ဖြစ်၏။) တပည့်တော်သည်ကား ဤ ဂေါတမဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ပင်လျှင် တန်ခိုးအာနုဘော်ကြီးမားသော ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ဖူးပါ၏။ ကောင်းကင်ကို အာရုံယူ၍ မဟာပထဝီမြေကြီး ဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ မဟာပထဝီမြေကြီးကိုလည်း အာရုံယူ၍ ကောင်းကင်ဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ အဝေးကို အာရုံယူ၍ အနီးဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ အနီးကို အာရုံယူ၍ အဝေးဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို တစ်ခဏချင်းဖြင့် ထုတ်ချင်းဖောက် အရောက်သွားနိုင်ခဲ့ပါ၏။ ယခုအခါ၌ ဘုရာ့တပည့်တော်၏ လက်တို့ကိုပင် ကြည့်ရှုတော်မူကြပါကုန်၊ ယခုအခါ၌ကား တပည့်တော်၏ လက်တို့သည် မျောက်သတ္တဝါ၏ လက်နှင့် တူနေကြပါကုန်၏။ တပည့်တော်သည် ဤလက်တို့ဖြင့်ပင်လျှင် တစ်ချိန်က ဤမြေပြင် အရပ်၌ ထိုင်လျက်ပင် လ နေတို့ကို သုံးသပ်နိုင်ခဲ့ပါ၏။ ဤ လ နေတို့ကို ဤခြေထောက်တို့၏ပင်လျှင် ပွတ်တိုက် စရာ ခြေပွတ်အိုးခြမ်းကွဲ ပြု၍ နေထိုင်ခဲ့ဖူးပါ၏၊ ဘုရာ့တပည့်တော်၏ ဤသို့သဘောရှိသော တန်ခိုးဣဒ္ဓိပါဒ်သည် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း ပမာဒတရားကြောင့် ကွယ်ပျောက်ခဲ့ရပါသည်ဘုရား ...၊ အရှင်ဘုရားတို့သည် ဤသာသနာတော်၌ သတိပဋ္ဌာန် လေးပါး စသည့် ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း သတိတရားကို လက်ကိုင် ထားတော်မူကြ၍ မမေ့မလျော့ နေထိုင်တော်မူကြပါဘုရား ...။ မေ့လျော့ခြင်း ပမာဒတရားကြောင့် ဤသို့ သဘောရှိသော ပျက်စီးခြင်းသို့ ရောက်ကြရပါကုန်၏။

သတိပဋ္ဌာန် လေးပါးကို ပွားများ အားထုတ်ခြင်း စသော ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည် ဖြစ်၍ ဤသာသနာတော်၌ မှီတင်း နေထိုင်တော်မူကြကုန်သော သူတော်ကောင်းတို့ သည် ဇာတိ ဇရာ မရဏ၏ အဆုံးအပိုင်းအခြားကို ပြုတော်မူနိုင်ကြပါကုန်၏ဘုရား ...။ ထိုကြောင့် အရှင်ဘုရား တို့သည် တပည့်တော်ကိုပင် အာရုံပြုတော်မူကြကုန်၍ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားနိုင်ကြကုန်သည် ဖြစ်တော်မူကြပါကုန်ဘုရား ...။

ဤသို့လျှင် မီးသွေးထမ်းသမား ဥပါသကာ ဒါယကာကြီးက ရဟန်းတော်တို့အား တရားဖြင့် ခြိမ်းခြောက်၍ အဆုံးအမ ဩဝါဒစကားကို လျှောက်ထား ပေးသနားလေသည်။ ထိုရဟန်းတော်တို့သည် ထိုဥပါသကာ ဒါယကာက လျှောက်ထားနေစဉ် အချိန်အတွင်းမှာပင် ထိတ်လန့်ကြောင်း ဖြစ်သော သံဝေဂဉာဏ်သို့ ရောက်ရှိတော် မူကြကုန်၍ ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကုန်လတ်သော် သုံးကျိပ်သော ရဟန်းတော်တို့သည် ထိုနေရာ အရပ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေကုန်၏။

ဤသို့လျှင် သမထ ဝိပဿနာ ဉာဏ်များကို ရရှိတော်မူကြပြီးသော သူတော်ကောင်းကြီးတို့၏ သန္တာန်၌ သော်လည်း မောဟတရားက လွှမ်းမိုးဖိစီး နှိပ်စက်လာသောအခါ ဖြစ်ပေါ်ပြီးကုန်သော လောကီသမထ ဝိပဿနာ ဉာဏ်တို့သည်လည်း ချုပ်ပျက်ကြကုန်လျက် အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ပေါ်လာကြကုန်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၂၈၂-၂၈၃။)

ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၆။)

ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်လေ့ ရှိသော မောဟ ဖိစီးနေသောသူအဖို့ အပါယ်လေးဘုံတို့သည် ကိုယ့်အိုးကိုယ့်အိမ်နှင့် တူသည် မည်ကုန်၏။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၆။)

မသိတိုင်းလည်း မောဟ မဟုတ်ပါ

မသိခြင်းသဘောကို မောဟဟု ဆိုသော်လည်း မသင်ဖူးသောအတတ် မရောက်ဖူးသောအရပ် မမှတ်ဖူး သောနာမည် စသည်တို့ကို မသိမှုမျိုးမှာ မသိရုံ သက်သက်သာ ဖြစ်၍ မောဟ မဟုတ်ပေ။ မိမိ၌ မှတ်သားဖူးသော သညာ မရှိမှုသာတည်း။ ထိုမသိမှုမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌ သော်လည်း ရှိတတ်သေး၏။

အဝိဇ္ဇာ ကင်း၍ ရဟန္တာ ဖြစ်သည့်အခါ လောကီ လောကုတ္တရာ တရားအားလုံးကို ကုန်စင်အောင် သိပြီ ဟုကား မမှတ်ယူသင့်ပေ။ သိသင့်သိထိုက်သည့် သစ္စာလေးပါး စသည်ကို သိသင့်သိထိုက်သလောက်သာ သိခြင်း သည်သာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမိ႓ဒါပတ္တရဟန္တာ မဟုတ်လျှင် ပိဋကသုံးပုံကို တမင် သင်ယူပါမှ တတ်မြောက်နိုင်သည်။ ပိဋကသုံးပုံကို တတ်မြောက်သော်လည်း သူတစ်ပါး၏ အဇ္ဈာသယဓာတ်ခံကို ကျနစွာ မသိနိုင်။ သတ္တဝါတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို သိသော အာသယာနုသယဉာဏ်တော်, သတ္တဝါတို့၏ ဣန္ဒြေ အနုံ့အထက်ကို = အနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော် ဤဉာဏ်တော်တို့ကား သာဝကတို့နှင့် မဆက်ဆံသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့နှင့်သာ ဆက်ဆံသည့် အသာဓာရဏဉာဏ်တော် (၆)မျိုးတို့တွင် ပါဝင်ကြ၏။ သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သည်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင် သိမြင်တော်မူနိုင်သည်။ ထိုကဲ့သို့ သာဝကတို့၏ လောကီ လောကုတ္တရာ တရားအားလုံးကို ကုန် စင်အောင် မသိခြင်းမှာ အဝိဇ္ဇာ၏ ဖုံးလွှမ်းမှု မဟုတ်၊ မိမိဉာဏ်၏ သတ္တိနည်းပါးမှုသာ ဖြစ်သည်။ ဥပမာ -----နေ့လယ်ကြောင်တောင်ဝယ် အဝေးအရပ်၌ တည်ရှိနေသော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှု ကြောင့် မဟုတ်၊ မိမိစက္ခု၏ သတ္တိနည်းပါးမှုသာ ဖြစ်သကဲ့သို့တည်း။

အထူ - အပါး

ဤအဝိဇ္ဇာသည် အဆင့်ဆင့် ထောက်ဆ၍ အထူအပါး ကွဲပြား၏၊ ဤကား ကုသိုလ်၊ ဤကား အကုသိုလ်ဟု ကုသိုလ်မှန်း အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် = အဝိဇ္ဇာသည် အလွန် ထူပိန်းသော အဝိဇ္ဇာတည်း။ ကုသိုလ်မှန်း အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက် ပေါ်လာလျှင် ရှောင်ရှားတတ်ပါမူ, ကုသိုလ်ဟူသမျှကိုလည်း ပြုတတ်ပါမူ အဝိဇ္ဇာကား အတော်ပါးလှပ်လေပြီ၊ သို့သော် ဤမျှလောက်ဖြင့် အဝိဇ္ဇာ ကင်းဖို့အရေးမှာ များစွာ ဝေးပါသေး၏။ သောတာပန် သကဒါဂါမ် အနာဂါမ် အဖြစ်သို့ ရောက်ရှိ၍ အရိယ သစ္စာလေးပါး စသည်ကို ထွင်းဖောက် သိမြင်နိုင်သော်လည်း အဝိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာ ရှိသေး၏။ ရဟန္တာအဖြစ်သို့ ရောက်ရှိပါမှ အဝိဇ္ဇာအားလုံး ကင်းလေသည်။

ဤနေရာဝယ် အရိယာသူတော်ကောင်းတို့သည် လောကုတ္တရာ အရိယသစ္စာလေးပါး စသည်ကို သိတော်မူ ကြသည် ဆိုရာ၌, ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာကို ရရှိတော်မူကြသော ဝိပဿနာကမ္မိက ကလျာဏပုထုဇန် သူတော်ကောင်းတို့သည်လည်း လောကီ သစ္စာလေးပါးကို ဝိပဿနာဉာဏ်ဖြင့် သိတော်မူကြသည်ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ် သရုပ်ခွဲသမားတို့၏ အသိမျိုးကဲ့သို့ သရုပ် ရေတွက်တတ်သည့် အသိမျိုးကား မဟုတ်ပေ။ ဆရာအပြောနှင့် လွမ်းရသည့် အသိမျိုးလည်း မဟုတ်ပေ။ သရုပ် ရေတွက်တတ်မှုမှာ သညာသိ = အမှတ်သိမျိုး သာတည်း။ ဉာဏ်သိ မဟုတ်သေး၊ ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဒုက္ခသစ္စာထိုက်သောတရား သမုဒယသစ္စာ ထိုက်သောတရား စသည်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမှသာလျှင် ပညာသိ တကယ့်အသိဟု မှတ်ပါ။

အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။

သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

ဤလောကကြီးသည် ပညာစက္ခု မရှိသဖြင့် အကန်းအတိ ဖြစ်၍ နေ၏၊ ဤလောကကြီး၌ သတ္တဝါ အနည်းငယ်သာလျှင် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ စသည်ကို ထူးထူးခြားခြား ရှုမြင်နိုင်၏။ ပိုက်ကွန်မိပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းပါးလှဘိသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်သို့ ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။ (ဓမ္မပဒ၊၁၇၄။)

၂။ အဟိရိက

၁။ ကာယဒုစ္စရိတာဒီဟိ အဇိဂုစ္ဆနလက္ခဏံ အဟိရိကံ၊ အလဇ္ဇာလက္ခဏံ ဝါ၊

၂။ အလဇ္ဇနာကာရေန ပါပါနံ ကရဏရသံ၊

၃။ အလဇ္ဇနာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊

၄။ အတ္တနိ အဂါရဝပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

၁။ မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မစက်ဆုပ်ခြင်း သဘော လက္ခဏ၊

တစ်နည်း --- မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့မှ မရှက်ခြင်း သဘော လက္ခဏ၊

၂။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း (ကိစ္စ) ရသ၊

၃။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ မတွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိကိုယ်ကို မရိုသေ မလေးစားခြင်း ပဒဋ္ဌာန်။

န ဟိရိယတိ န လဇ္ဇတီတိ အဟိရိကော၊ ပုဂ္ဂလော, စိတ္တံ, တံသမ္ပယုတ္တဓမ္မသမုဒါယော ဝါ။ အဟိရိက္ကန္တိ ဝတ္တဗ္ဗေ ဧကဿ ကကာရဿ လောပံ ကတွာ အဟိရိကန္တိ ဝုတ္တံ။ (မဟာဋီ၊၂၊၁၄၉။)

န ဟိရိယတီတိ အဟိရိကော။ (ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မရှက်တတ်သော ပုဂ္ဂိုလ်သည် အဟိရိက၊

၂။ မရှက်တတ်သော စိတ်သည် အဟိရိက၊

၃။ အဟိရိကစေတသိက်နှင့် ယှဉ်တွဲ ဖြစ်သော သမ္ပယုတ်တရားစုသည် အဟိရိကတည်း။

ဤတိုင်အောင် အဟိရိကစေတသိက်ကို အရကောက်၍ မရသေးဟု မှတ်ပါ။

အဟိရိကဿ ဘာဝေါ အဟိရိကံ (အဟိရိက္ကံ)၊ (ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,

၂။ မရှက်တတ်သော စိတ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,

၃။ မရှက်တတ်သော သမ္ပယုတ်တရားစုဖြစ်ရန် အကြောင်းဖြစ်သော သဘော ---

ဤသဘောတရားသည် အဟိရိကစေတသိက်တည်း။ မကောင်းမှုဒုစရိုက်တရား, မကောင်းမှုအကုသိုလ် တရားစုတို့ကို ပြုလုပ်ရန် မရှက်တတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေါ်လာရန် အကြောင်းရင်းမှာ အဟိရိကစေတသိက် ဖြစ်၏၊ မရှက်တတ်သော စိတ်ဓာတ်တစ်ခု ဖြစ်ပေါ်လာရန်, မရှက်တတ်သော သမ္ပယုတ်တရားစု ဖြစ်ပေါ်လာရန် အကြောင်းရင်းမှာလည်း ဤ အဟိရိကစေတသိက်ပင် ဖြစ်၏။ ဤသဘောကိုပင် မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သဘော, မရှက်တတ်သော စိတ်ဖြစ်ကြောင်း သဘော, မရှက်တတ်သော သမ္ပယုတ်တရားစုဖြစ်ကြောင်း သဘောသည် တစ်နည်း မရှက်ခြင်းကြိယာသည် အဟိရိကစေတသိက်မည်၏ဟု ဆိုသည်။ အဟိရိက္ကံဟု ဆိုလို လျက် က-တစ်လုံးကို ချေ၍ အဟိရိကံ ဖြစ်သည်။

၃။ အနောတ္တပ္ပ

၁။ ကာယဒုစ္စရိတာဒီဟိ အသာရဇ္ဇလက္ခဏံ အနောတ္တပ္ပံ။ အနုတ္တာသလက္ခဏံ ဝါ၊

၂။ အနုတ္တာသာကာရေန ပါပါနံ ကရဏရသံ၊

၃။ အနုတ္တာသာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊

၄။ ပရေသု အဂါရဝပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

၁။ မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မကြောက်ရွံ့ခြင်းသဘော လက္ခဏ၊

တစ်နည်း --- မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မထိတ်လန့်ခြင်းသဘော - လက္ခဏ၊

၂။ မထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း (ကိစ္စ) ရသ၊

၃။ မထိတ်လန့်တတ်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ

မတွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သူတစ်ပါးတို့၌ (= တို့ကို) မရိုသေ မလေးစားခြင်း ပဒဋ္ဌာန်။

န ဩတ္တပ္ပံ အနောတ္တပ္ပံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။)

န ဩတ္တပ္ပတီတိ အနောတ္တပ္ပံ။ (ဝိသုဒ္ဓိ၊၂၊၉၈။)

မကောင်းမှု ဒုစရိုက်တရား မကောင်းမှု အကုသိုလ်တရားတို့မှ မထိတ်လန့်တတ်သော သဘောတရားသည် အနောတ္တပ္ပစေတသိက်တည်း။

ဂါမသူကရဿ ဝိယ အသုစိတော ကိလေသာသုစိတော အဇိဂုစ္ဆနံ အဟိရိကေန ဟောတိ၊ သလဘဿ ဝိယ အဂ္ဂိတော ပါပတော အနုတ္တာသော အနောတ္တပ္ပေန ဟောတိ။ (မဟာဋီ၊၂၊၁၄၉။)

မကောင်းမှုဒုစရိုက်မည်သည်, ယင်းဒုစရိုက်တို့၏ အကြောင်းရင်းစစ် ဖြစ်သော လောဘ ဒေါသ မောဟ စသော ကိလေသာ အညစ်အကြေးတို့မည်သည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ ဉာဏ်အမြင်ဖြင့် ဆင်ခြင် စဉ်းစားကြည့်လိုက်သောအခါ ရွံရှာစက်ဆုပ်ဖွယ် သဘောတရားများသာ ဖြစ်ကြ၏။ ဘုရား အစရှိသော အရိယာသူတော်ကောင်း သူမြတ်လောင်းတို့၏ အလယ်၌ လောဘ ဒေါသ မောဟတွေ မွှန်နေလျှင် ဒုစရိုက်တွေ ပြုမိပြန်လျှင် အလွန့်အလွန် ရှက်ဖွယ်ရာလည်း ဖြစ်၏။ သို့သော် ရွာသူ့ဝက်မိုက် မစင်ကြိုက်သို့ အဟိရိက ကိန်းဝပ်နေသူသည် ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ် ရှက်ဖွယ်ကောင်းလှသော ကိလေသာ အညစ်အကြေးများ ဒုစရိုက်များကိုပင် မောဟ၏ ကွယ်ဝှက်ပေးမှုကြောင့် အမှောင်ထု ဖုံးလွှမ်းကာ မစက်ဆုပ်အား မရွံရှာအား မရှက် အားဘဲ လွန်စွာအားရမ်း နှစ်သက်ရွှင်လန်းလျက် ရှိလေသည်။ တစ်ဖန် မကောင်းမှုကို ပြုမိလျှင် ---

၁။ မိမိကိုယ်ကိုပင် မိမိ မကြည်ညိုနိုင်ဘဲ စွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး,

၂။ သူတစ်ပါးတို့က စွပ်စွဲ ကဲ့ရဲ့ခြင်းဟူသော ပရာနုဝါဒဘေး,

၃။ မင်းပြစ် မင်းဒဏ် ခံရခြင်းဟူသော ဒဏ္ဍဘေး,

၄။ ထို ဘေးအမျိုးမျိုးတို့မှ အတိမ်းအရှောင် အပုန်းအကွယ် ကောင်းလျှင် လွတ်ကင်းစေကာမူ တမလွန်၌ ခံရမည့် ဒုဂ္ဂတိဘေး,

ဤဘေးဆိုးကြီးတို့ကို တွေ့ကြုံရတော့မည် ဖြစ်၍ ယင်းအကုသိုလ်တရား ဒုစရိုက်တရားတို့မှာ စင်စစ် ကြောက်ရွံ့ဖွယ်ကောင်းသော ထိတ်လန့်ဖွယ်ကောင်းသော တရားဆိုးကြီးတို့သာ ဖြစ်ကြ၏၊ သို့သော် ပိုးပရန်မျိုး မီးကိုတိုးသို့ အနောတ္တပ္ပ ကိန်းဝပ်တည်နေသူ သတ္တဝါအများတို့သည်လည်း အကုသိုလ်တရား ဒုစရိုက်တရားတို့ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား စွမ်းစွမ်းတမံ ပြုရက်ကြပြန်လေသည်။

မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ တရားလေးမျိုးတို့ကား အကုသိုလ်တရား အားလုံးတို့နှင့် ဆက်ဆံသော စေတသိက်များ ဖြစ်ကြသဖြင့် အဟိရိက အနောတ္တပ္ပတို့ ဖြစ်လာလျှင် မောဟလည်း ပါဝင်လျက်, မောဟ ဖြစ် လျှင်လည်း အဟိရိက အနောတ္တပ္ပတို့ ပါဝင်ကြမြဲ ဓမ္မတာ ဖြစ်ကြ၏။ မောဟ ဖြစ်လျှင် အဟိရိက အနောတ္တပ္ပ သဘောတို့လည်း ပါဝင်လာကြသဖြင့် ပညာရှိကြီးများပင် တစ်ရံတစ်ခါ ဒုစရိုက်မှုတို့ကို မရှက်တမ်း မကြောက် တမ်း ပြုမိတတ်ကြလေသည်။ ဤစကား မှန်-မမှန်ကို ပညာရှိ အမည်ခံနေသူ သူတော်ကောင်း အချို့တို့၏ ကိုယ်တွေ့ အမှုများဖြင့် စဉ်းစား၍ ကြည့်သင့်လေသည်။

ဟရိတစ ရှင်ရသေ့၏ ထုံး

ဟရိတစရှင်ရသေ့၏ ကာမေသုမိစ္ဆာစာရအမှုကို ပြုမိပုံ၌ မောဟသဘော အဟိရိကသဘော အနောတ္တပ္ပ သဘောတို့ကား ပေါလောပေါ်အောင် ထင်ရှားနေ၏။ အရှင်ရသေ့ကား စျာန်အဘိညာဏ်ရသော ပထမတန်းစား သူတော်ကောင်းကြီး ဖြစ်၏၊ ပြုကျင့်လိုက်မိသော နေ့စဉ်လိုလို ပြုကျင့်နေသော အမှုကလည်း နန်းတော်ကြီး၏ အတွင်းဝယ် မောင်းမမိဿံတို့၏ အလယ်၌ နေ့လယ်ကြောင်တောင်ကြီး ကန့်လန့်ကာ ကာရံ၍ လွန်ကျူးမိသော တကယ် ရှက်စရာ ကြောက်စရာကောင်းသော ကာမေသုမိစ္ဆာစာရ ပြစ်မှုကြီးပင်တည်း။ ထိုမျှလောက် မဖွယ်ရာ သော ကိစ္စကိုပင် မောဟကလည်း ဖုံးလွှမ်း အဟိရိကကလည်း မရှက်တမ်း အနောတ္တပ္ပကလည်း မကြောက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန် ယွင်းမှား၍ တစ်မြို့လုံး မကြားကောင်း မနာသာ ဖြစ်ရရှာလေသည်။ သို့သော် အလောင်းတော် ရှင်ရသေ့၏ ကြည်ညိုဖွယ် အချက်တစ်ခုကား ဤသို့ဖြစ်၏။

ကြည်ညိုဖွယ် အခြင်းအရာ

သော စိန္တေသိ အယံ ရာဇာ နာဟံ ပရိဘုဉ္ဇာမီတိ ဝုတ္တေပိ မမ သဒ္ဒဟိဿတေဝ၊ ဣမသ္မိံ လောကေ သစ္စသဒိသီ ပတိဋ္ဌာ နာမ နတ္ထိ။ ဥဇ္ဈိတသစ္စာ ဟိ ဗောဓိမူလေ နိသီဒိတွာ ဗောဓိံပါပုဏိတုံ န သက္ကောန္တိ၊ မယာ သစ္စမေဝ ကထေတုံ ဝဋ္ဋတီတိ။ ဗောဓိသတ္တဿ ဟိ ဧကစ္စေသု ဌာနေသု ပါဏာတိပါတောပိ အဒိန္နာဒါနမ္ပိ ကာမေသုမိစ္ဆာစာရောပိ သုရာမေရယမဇ္ဇပါနမ္ပိ ဟောတိယေဝ၊ အတ္ထဘေဒကဝိသံဝါဒနံ ပုရက္ခတွာ မုသာဝါဒေါ နာမ န ဟောတိ၊ တသ္မာ သော သစ္စမေဝ ကထေန္တော ဒုတိယံ ဂါထမာဟ ---

ဧဝမေတံ မဟာရာဇ၊ ယထာ တေ ဝစနံ သုတံ။

ကုမ္မဂ္ဂံ ပဋိပန္နောသ္မိ၊ မောဟနေယျေသု မုစ္ဆိတော။ (ဇာတက၊ဋ္ဌ၊၃၊၄၇၅။)

ရှင်ဘုရင်ကြီးက ထိုသတင်းစကားကို ကြား၍ ဟရိတစရှင်ရသေ့ထံသို့ ချဉ်းကပ်၍ ထိုသတင်း မှန်-မမှန်ကို မေးမြန်း လျှောက်ထား၏။ ထိုအခါ အလောင်းတော် ရှင်ရသေ့ကား ဤသို့ စဉ်းစားတော်မူ၏ ---

ဤ ဗာရာဏသီ ဘုရင်မင်းကြီးသည် ငါသည် လောကဓမ္မ အမည်ရသည့် ကာမဂုဏ်ကို မခံစားပါဟု ပြောဆိုလိုက်လျှင်လည်း ငါ၏ စကားကို ယုံကြည်မည်သာ အမှန်ဖြစ်၏၊ ဤလောက၌ သစ္စာနှင့်တူသော ထောက် ရာ တည်ရာမည်သည် မရှိသည်သာတည်း။ ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သော စကားကို ပြောဆိုလျက် ပျက်စီး နေသော သစ္စာတရား ရှိသူတို့သည် ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်သို့ ရောက်ရှိခြင်းငှာ မစွမ်းနိုင်ကြကုန်၊ ငါသည် အမှန်စကားကိုသာ ပြောဆို ခြင်းငှာ သင့်ပေ၏ --- ဤသို့ စဉ်းစားတော်မူ၏။

မှန်ပေသည် --- ဘုရားအလောင်းတော်သည် အချို့ကုန်သော အရာဌာန အချို့ကုန်သော ဘုံဘဝတို့၌ -

၁။ ပါဏာတိပါတ = သူ့အသက် သတ်ခြင်း,

၂။ အဒိန္နာဒါန = သူတစ်ပါးပစ္စည်းကို မတရားယူခြင်း,

၃။ ကာမေသုမိစ္ဆာစာရ = ကာမတို့၌ မှားမှားယွင်းယွင်း ကျင့်ခြင်း,

၄။ သုရာမေရယမဇ္ဇပါန = သေရည်သေရက် မူးယစ်ဆေးဝါးကို မှီဝဲခြင်း,

ဤပြစ်မှုတို့ကိုကား လွန်ကျူးမိသည်လည်း ရှိတတ်၏၊ သို့သော် အကျိုးစီးပွားကို ပျက်စီးစေတတ်သော ချွတ်ယွင်းသော စကားကို ပြောကြားခြင်းကို ေ့ရှသွားပြု၍ မုသာဝါဒစကားမည်သည် မရှိသည်သာ ဖြစ်၏။ ထို ကြောင့် ထိုအလောင်းတော်ရှင်ရသေ့သည် သစ္စာစကားကိုသာလျှင် ပြောကြားတော်မူလိုသည် ဖြစ်၍ ဤသို့ မိန့်ကြားတော်မူ၏ ---

ဒါယကာတော် မဟာရာဇ ...သင်ကြားသည့် စကားသည် ကြားသည့်အတိုင်း မှန်ပါပေတယ်၊ မောဟဖြင့် တွေဝေနေသော သတ္တဝါအပေါင်းသည် မောဟဖြင့် တွေတွေဝေဝေ အသိမှားနေသော ကာမဂုဏ်တို့၌ ငါသည် လည်း တွေဝေ မိုက်မဲမိသည် ဖြစ်၍ လမ်းမှားကြီးကို ပြုကျင့်ခဲ့မိပါ၏။

ဤသို့ မိမိ၏ အပြစ်ကို အမှန်အတိုင်း ထိမ်ချန်မှု မရှိဘဲ ဝန်ခံလိုက်လေသည်။ သတ္တိရှိပါပေစွ။

သို့သော် ဤအမှုကား အလွန်ကြောက်မက်ဖွယ်ကောင်းသော ပြစ်မှုကြီး တစ်ခုပင် ဖြစ်၏။ ရှင်ရသေ့၏ အမှုဝယ် ကြောက်ရွံ့ဖွယ်ကား များလှ၏။ မိမိကိုယ်ကို မိမိ မကြည်ညိုနိုင်သော အတ္တာနုဝါဒဘေးမှာ ပြောဆိုဖွယ် ရာပင် မရှိတော့ပြီ။ ဘုရင်၏ဆရာ ရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့ ဟူသော သတင်းဆိုးကြီးကား ရှင်ဘုရင် မရှိတုန်းဝယ် တစ်မြို့လုံး၌ ပျံ့နှံ့နှင့်လေသောကြောင့် သူတစ်ပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ခံရခြင်းဟူသော ပရာနုဝါဒ ဘေးလည်း လက်ငင်းဒိဋ္ဌ တွေ့ကြုံလျက် ရှိလေပြီ။

အကယ်၍ ထိုဘုရင်သာ အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ခဲ့ပါမူ ကြင်ရာတော်ကို စော်ကားသည့်အတွက် ရသေ့၏ အသက်ကို မြက်တစ်ပင်လောက်မျှ ပမာဏပြုမည် မဟုတ်၊ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရလေသည်။ ထိုမျှလောက် အသက်ဘေးနှင့် အရေး တကြီး အလွန့်အလွန် နီးကပ်နေသော ကာမမှုကိုပင် ရာဂ မောဟ အဟိရိက အနောတ္တပ္ပ စသည့် အကုသိုလ် တရားတို့ ဝင်လာသည့်အတွက် မည်သူကိုမျှ ဂရုမထားရက်နိုင်တော့ဘဲ လက်ရဲ ဇက်ရဲ အရှက်ကွဲအောင် ပြုရဲလေ တော့သည်။ ပညာရှိသော်လည်း သတိဖြစ်ခဲသည့် ထုံးတစ်ရပ်ပင် ဖြစ်သည်။

ဤ ကာမမှုသာ ပရိသတ်အလယ်၌ ရှက်ဖွယ် ကြောက်ဖွယ် ဖြစ်သည် မဟုတ်သေး၊ အပြင်းအထန် စိတ်ဆိုး၍ ဟစ်အော် ငေါက်ငမ်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ, နှလုံးကို လေပင့်၍ ဘဝင်မြင့်သော အရူးကဲ့သို့ မိမိကိုယ် ကို မိမိ အထင်ကြီးကာ စိတ်ထားမြင့်မောက် အောက်ခြေလွတ်ကာ ထောင်လွှားတက်ကြွလျက် သူတစ်ပါးကို အဖက်မထင် စိတ်ကြီးဝင်နေသော မာန, ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်သော ဣဿာမှု စသည့် အကုသိုလ်တရားဟူသမျှတို့သည်လည်း စက်ဆုပ်ရွံရှာဖွယ် ရှက်ဖွယ် ကြောက်ဖွယ် ကောင်းလှသည်ချည်းသာတည်း၊၊

၁။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက် မရှိသူသည် မကောင်းမှုကို မရွံ။

၂။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ ဩတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့။ (မဟာဋီ၊၂၊၁၄၉။)

ဤ အဟိရိက အနောတ္တပ္ပတို့၏ လက္ခဏ ရသ စသည်တို့မှာ ထင်ရှားပြီ၊ ရှုကွက်မှာ ယင်းတို့ယှဉ်ရာ ဆိုင် ရာ အကုသိုလ်စိတ္တက္ခဏ၌ တည်ရှိသော သမ္ပယုတ်တရားစုမှ ယင်းစေတသိက် တစ်ခုစီကို ရွေးထုတ်၍ ရှုရန် ဖြစ်သည်။ သို့သော် အသင်သူတော်ကောင်းသည် ယင်းစေတသိက် အသီးအသီး၏ လက္ခဏ ရသ စသည်တို့ကို ရှုနေသည့် အချိန်သည်ကား ဒုစရိုက်တို့ကို လွန်ကျူးနေဆဲအချိန် မဟုတ်သဖြင့် ဒုစရိုက် တစ်ခုခုကို လွန်ကျူးခဲ့ဖူး စဉ်က ဖြစ်ပေါ်ခဲ့သော စိတ်အစဉ်ကို အာရုံယူ၍လည်း ရှုနိုင်သည်။ တစ်ဖန် ---

အသုစိတော ကိလေသာသုစိတော အဇိဂုစ္ဆနံ။ (မဟာဋီ၊၂၊၁၄၉။)

ဤသို့စသော အထက်တွင် တင်ပြခဲ့သော မဟာဋီကာစကားအရ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကိလေသာ အညစ်အကြေးတို့မှ မစက်ဆုပ်နိုင်ခြင်း မကြောက်ရွံ့နိုင်ခြင်း သဘောတရားတို့မှာလည်း အဟိရိက အနောတ္တပ္ပ သဘောတရားများပင် ဖြစ်ကြရာ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုနှင့် စိတ်အစဉ်ကို တို့ကြည့်လျက် = ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုကို လှမ်းအာရုံယူ၍ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာ အညစ်အကြေးများ ဖြစ်မှုကို မရှက်မှု မကြောက်မှု အဟိရိက အနောတ္တပ္ပသဘောတို့ ကိုလည်း အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ ယင်းစေတသိက် နှစ်မျိုးသည် အကုသိုလ်စိတ်အားလုံးနှင့် ဆက် ဆံသော အကုသလသာဓာရဏစေတသိက်များ ဖြစ်ကြ၏။ အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပါဝင်ကြ၏။ အကုသိုလ်စိတ် ဖြစ်တိုင်းလည်း ဒုစရိုက် ဖြစ်သည်ကား မဟုတ်ပေ။ ထိုကြောင့် ဒုစရိုက်ကို မလွန်ကျူးခိုက် အ- ကုသိုလ်ဖြစ်လျှင်လည်း ယင်းစေတသိက် နှစ်မျိုးလုံးတို့ ပါဝင်လျက် ရှိရကား ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုကို လှမ်းအာရုံယူ၍ ရှုလျှင်လည်း ရနိုင်သည်ဟူ၍သာ ဆိုခြင်း ဖြစ်သည်။ ထိုသို့ ရှုရာ၌ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာဆိုးတို့ ဖြစ်မှုကို မရှက်ခြင်းသဘောတရားကား အဟိရိကတည်း၊ မကြောက်လန့်ခြင်း သဘောတရားကား အနောတ္တပ္ပတည်းဟု မှတ်ပါ။

၄။ ဥဒ္ဓစ္စ

ဥဒ္ဓတဿ ဘာဝေါ (ဥဒ္ဓတဘာဝေါ) ဥဒ္ဓစ္စံ၊ တံ ---

၁။ စေတသော အဝူပသမလက္ခဏံ ဝါတာဘိဃာတစလဇလံ ဝိယ၊

၂။ အနဝဋ္ဌာနရသံ ဝါတာဘိဃာတစလဓဇပဋာကာ ဝိယ၊

၃။ ဘန္တတ္တပစ္စုပဋ္ဌာနံ ပါသာဏာဘိဃာတသမုဒ္ဓတဘသ္မံ ဝိယ၊

၄။ စေတသော အဝူပသမေ အယောနိသောမနသိကာရပဒဋ္ဌာနံ။

စိတ္တဝိက္ခေပေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၂။ ဝိသုဒ္ဓိ၊၂၊၉၉။)

ယဿ ဓမ္မဿ ဝသေန ဥဒ္ဓတံ ဟောတိ စိတ္တံ၊ တံသမ္ပယုတ္တဓမ္မာ ဝါ၊ သော ဓမ္မော ဥဒ္ဓစ္စံ။ (မဟာဋီ၊၂၊၁၅၀။)

အထက်အထက်၌ တုန်လှုပ်တတ်သောစိတ်၏ = ပျံ့လွင့်သောစိတ်၏ = တက်ကြွ တုန်လှုပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ တစ်နည်း အထက်အထက်၌ တုန်လှုပ်တတ်သော သမ္ပယုတ်တရား အပေါင်း၏ = ပျံ့လွင့်သော သမ္ပယုတ်တရားအပေါင်း၏ = တက်ကြွ တုန်လှုပ်သော သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏။ ဥဒ္ဓစ္စနှင့် ယှဉ်ဖက် စိတ်စေတသိက် တရားစုတို့သည် ဥဒ္ဓစ္စကြောင့် အာရုံ၌ မငြိမ်မသက် ပျံ့လွင့်နေရ၏၊ ယင်း စိတ်စေတသိက်တို့၏ အာရုံ၌ ပျံ့လွင့်ကြောင်း သဘောတရားသည် ဥဒ္ဓစ္စမည်၏ ဟူလိုသည်။

၁။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော ရေကဲ့သို့ စိတ် မငြိမ်သက်ခြင်းသဘော လက္ခဏ၊

၂။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော တံခွန်အလံကဲ့သို့ စိတ် ငြိမ်ဝပ်စွာ မတည်တံ့ခြင်း (ကိစ္စ) ရသ၊

၃။ ကျောက်ခဲကို ပစ်ချလိုက်သဖြင့် အထက်သို့ လွင့်တက်သော ပြာကဲ့သို့ စိတ် မရပ်မတည်

ချာချာလည် တုန်လှုပ်တတ်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စိတ် မငြိမ်သက်ရာ အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း

တစ်နည်း --- စိတ် မငြိမ်သက်ခြင်းဟူသော အကျိုးကြောင့်

အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

လက္ခဏ --- အဝူပသမောတိ အသန္နိသိန္နသဗ္ဘာဝမာဟ။ (မူလဋီ၊၁၊၁၂၀။)

အဝူပသမောတိ အသန္နိသိန္နအပ္ပသန္နဘာဝမာဟ။ (မဟာဋီ၊၂၊၁၅၀။)

ဥဒ္ဓစ္စနှင့် ယှဉ်သော စိတ်သည် အာရုံတစ်ခုပေါ်၌ ငြိမ်သက်စွာ မတည်နိုင်၊ အထက်အထက်သို့ လွင့်ကာ လွင့်ကာ တက်နေသကဲ့သို့ ဖြစ်၏။ ငြိမ်သက်မှု မရှိဘဲ မငြိမ်မသက် ဖြစ်နေ၏။ မငြိမ်သက်မှု အဝူပသမ ဟူသည် လည်း စိတ်၏ သို့မဟုတ် သမ္ပယုတ်တရားစုတို့၏ အာရုံတစ်ခုတည်းပေါ်၌ စုဝေးတည်နေခြင်း၏ ထင်ရှားမရှိ သည်၏ အဖြစ်ကို ကြည်ကြည်လင်လင် မရှိသည်၏ အဖြစ်ကို ဆိုလိုပေသည်။ လေအဟုန် တိုက်ခတ်မှုကြောင့် ရေအယဉ်၏ မငြိမ်သက်ခြင်းကဲ့သို့ အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းသည် ဥဒ္ဓစ္စ၏ သဘောလက္ခဏာတည်း။

ရသ --- ပစ္စုပဋ္ဌာန် --- တံခွန်တိုင်၌ လွှင့်ထူထားအပ်သော အလံတံခွန်သည် လေတိုက်တိုင်း လွင့်ကာ လွင့်ကာဖြင့် ငြိမ်ဝပ်စွာ မတည်သကဲ့သို့ စိတ်၏ အာရုံတစ်ခုပေါ်၌ ငြိမ်ဝပ်စွာ မတည်တံ့ခြင်းသည် ဥဒ္ဓစ္စ၏ လုပ်ငန်းကိစ္စပေတည်း။ ဤ အနဝဋ္ဌာနကိစ္စဖြင့် ဥဒ္ဓစ္စ၏ ဆွပေးမှုကြောင့် ယှဉ်ဖက် သမ္ပယုတ်တရားဟူသမျှတို့သည် အာရုံကို တည်တံ့စွာ မယူနိုင်ကြခြင်း ဖြစ်၏။ ဧကဂ္ဂတာခေါ်သော သမာဓိသည်သော်မှလည်း ဥဒ္ဓစ္စနှင့်ယှဉ်ခိုက် အာရုံတစ်ခုတည်းပေါ်သို့ ကျရောက်ရုံမျှသာ ကျရောက်နိုင်လေသည်။ သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာ စိတ်, မဂ်စိတ်, ဖိုလ်စိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသမာဓိ အမည်ရသော ဧကဂ္ဂတာသည် သမထအာရုံ ဝိပဿနာအာရုံ နိဗ္ဗာန်အာရုံတို့ကို ကျကျနန အချိန်ကြာမြင့်စွာ အရှည်တည်တံ့စွာ ယူနိုင်သကဲ့သို့ ဥဒ္ဓစ္စနှင့်ယှဉ်သော ဧကဂ္ဂတာကား အာရုံကို ကျကျနန စိတ်အစဉ် တည်တံ့အောင် မယူနိုင်ချေ။ ထိုကြောင့် ဥဒ္ဓစ္စသည် ပြာပုံတစ်ခု၏ အတွင်းသို့ ကျောက်ခဲတစ်ခဲကို ပစ်သွင်းလိုက်သည့်အခါ ပြာများ လွင့်တက်လာသကဲ့သို့ စိတ်၏ အာရုံတစ်ခုတည်း ပေါ်၌ မရပ်တည်ဘဲ လှုပ်လှုပ်ရှားရှား ပျံ့လွင့်ကြောင်း သဘောတရား = စိတ် မရပ်မတည်ဘဲ ချာချာလည် တုန် လှုပ်တတ်သော သဘောတရားဟု ယင်း ဥဒ္ဓစ္စတရားကို ရှုပွားသိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်တွင် ရှေးရှူထင်ခြင်း ပစ္စုပဋ္ဌာန် ရှိပေသည်။

ပဒဋ္ဌာန် --- စေတသော အဝူပသမေတိ နိပ္ဖါဒေတဗ္ဗေ ပယောဇနေ ဘုမ္မံ၊ အဝူပသမပစ္စယဘူတံ အာရမ္မဏံ ဝါ အဝူပသမောတိ ဝုတ္တံ။ (မူလဋီ၊၁၊၁၂၀။)

နိပ္ဖါဒေတဗ္ဗေ ပယောဇနေ ဘုမ္မံ စမ္မသ္မိံ ဒီပိနံ ဟန္တီတိ ဝိယ၊ အာရမ္မဏံ ဝါ အဝူပသမော ဖလူပစာရေန သေမှော ဂုဠောတိ ဝိယ။ (အနုဋီ၊၁၊၁၂၇။)

ပဒဋ္ဌာန်အရာတွင် အဋ္ဌကထာများ၌ ဖော်ပြထားသော စေတသော အဝူပသမေ --- ၌ (မေ)တွင် ရှိသော သ္မိံဝိဘတ်သည် ပြီးစေအပ်သော အကျိုးတရားတည်းဟူသော နိမိတ် အနက်ဟောတည်း။ ဥပမာ --- စမ္မသ္မိံ ဒီပိနံ ဟန္တိ = သားရေကြောင့် သစ်ကို သတ်၏ --- ဟူရာ၌ သစ်၏ အရေခွံသည် သစ်ကို သတ်ခြင်းကြောင့် ရ အပ်သော အကျိုးလည်းဖြစ်၍ ထိုအကျိုးကို ရလိုသောကြောင့် သစ်ကို သတ်ရသည့်အတွက် သစ်ကို သတ်ဖို့ရန် နိမိတ်အကြောင်းတရားလည်း ဖြစ်သကဲ့သို့ --- ထို့အတူ အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ခြင်း အယောနိသောမနသိကာရကြောင့် စိတ်မငြိမ်သက်မှု အဝူပသမ အကျိုးတရား ဖြစ်ပေါ်လာရ၏။ ယင်း စိတ်မငြိမ်သက်မှု အဝူပသမ အကျိုးကြောင့်ပင် အယောနိသောမနသိကာရလည်း ဖြစ်ရပြန်၏။ သို့အတွက် စိတ်မငြိမ်သက် ခြင်း အကျိုးတရားကြောင့် ဖြစ်ပေါ်လာရသော အယောနိသောမနသိကာရသည်ပင် ဥဒ္ဓစ္စ ဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရပြန်ပေသည်။

တစ်နည်း စိတ်မငြိမ်သက်မှု = အဝူပသမ၏ အကြောင်းဖြစ်သော အာရုံကို အဝူပသမဟု ဖလူပစာရအားဖြင့် ဆိုထား၏။ ဥပမာ --- သေမှော ဂုဠော = သလိပ်ဟူသည် တင်လဲ = သကြားခဲတည်း --- ဟူရာ၌ သလိပ်ဟူသော အကျိုးတရားကို ဖြစ်စေတတ်သော အကြောင်းဖြစ်သော တင်လဲခဲ = သကြားခဲကို သေမှ = သလိပ်ဟု အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ အကြောင်းဖြစ်သော တင်လဲခဲ = သကြားခဲကို သလိပ်ဟု ခေါ်ဆိုသကဲ့သို့ အာရုံတစ်ခုခုကို အာရုံပြု၍ စိတ်မငြိမ်သက်မှု ဖြစ်ရာ၌ စိတ်မငြိမ်သက်အောင် လှုံ့ဆော်သကဲ့သို့ ဖြစ်နေသော အကြောင်းဖြစ်သော ထိုအာရုံကိုပင် အဝူပသမ = စိတ်မငြိမ်သက်မှုဟု ဆိုထားသည်။ အကျိုးစိတ်မငြိမ်သက်မှု၏ အဝူပသမဟူသော အမည်ကို အကြောင်းအာရုံ၌ တင်စား၍ အကြောင်းအာရုံကို အဝူပသမဟု ဖလူပစာရအားဖြင့် ခေါ်ဆိုထားသည် ဟူလို။ ဤဒုတိယအဖွင့်အရ ထို စိတ်မငြိမ်သက်ခြင်း၏ အကြောင်းရင်း ဖြစ်သော အာရုံ၌ အယောနိသောမနသိကာရ ဖြစ်ခြင်းသည်ပင် ဥဒ္ဓစ္စ ဖြစ်ဖို့ရန် အနီးစပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ရသည်ဟု မှတ်ပါ။

ပြာပုံပေါ်၌ ခဲကျသည့်အခါ ပြာများ လွင့်တက်လာသကဲ့သို့ အာရုံတစ်ခုခု အပေါ်၌ ငြိမ်သက်စွာ မတည် နိုင်ဘဲ ဟိုအာရုံသို့ ရောက်လိုက် သည်အာရုံသို့ ရောက်လိုက် ဖြစ်နေခြင်း သဘောသည် ဥဒ္ဓစ္စ ဖြစ်သဖြင့် ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိတ်သည်လည်း စိတ်လေစိတ်လွင့် ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသည့်အခါ ကိုယ်ခန္ဓာသည်လည်း မငြိမ်မသက် ဖြစ်နေရကား ဟိုသွားချင်သလို သည်သွားချင်သလို ထချင်သလို ထိုင်ချင်သလိုနှင့် လူလေလူလွင့် လူ့ဗော်ကျော့ ဖြစ်နေတတ်လေသည်။

တရားဘာဝနာကို ထိုင်၍ နှလုံးသွင်းနေသော်လည်း မိမိ နှလုံးသွင်းနေသည့် သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံပေါ်သို့ စိတ်မကျရောက်ဘဲ သားရေး သမီးရေး စီးပွားရေး စသော အရေး အထွေထွေနှင့် မိမိ၏ လုပ်ငန်းခွင် အရပ်ရပ်ပေါ်သို့သာ စိတ်အရောက်များနေခြင်း ထိုအာရုံ အမျိုးမျိုးတို့က မိမိ မနောဒွါရတွင် တစ်ခုပြီး တစ်ခု တန်းစီ၍ လှည့်လည်နေခြင်းသည် ဥဒ္ဓစ္စ၏ စွမ်းအားကြောင့်ပင် ဖြစ်၏။

နန္ဒမင်းသားသည် ရဟန်းပြုပြီးစအခါ၌ ဇနပဒကလျာဏီထံသို့ မကြာခဏ စိတ်ရောက်နေခြင်းမှာလည်း ဤဥဒ္ဓစ္စနှင့် ယှဉ်တွဲလျက်ရှိသော ရာဂ၏ စွမ်းအားကြောင့်ပင် ဖြစ်၏။ ကုဒါလပဏ္ဍိတ အမည်ရသော သူတော်ကောင်း တစ်ဦးသည်လည်း ပေါက်တူး တစ်လက်ကို အကြောင်းပြု၍ (၇)ကြိမ်တိုင်တိုင် ရသေ့ရဟန်း ဘဝမှ လူထွက်ခဲ့ရ၏။ ရသေ့ရဟန်းတရားပေါ်သို့ စိတ်မရောက်နိုင်ဘဲ ပေါက်တူးကလေး တစ်လက်တည်းဟူသော အာရုံ ပေါ်သို့ စိတ်က မကြာမကြာ ရောက်ရှိနေ၏၊ ထိုစိတ်ကို ငြိမ်ဝပ်အောင် မတိုက်ဖျက်နိုင် မတွန်းလှန်နိုင် ဖြစ်နေ၏။ ရာဂနှင့် ယှဉ်တွဲလျက်ရှိသော ဥဒ္ဓစ္စ၏ စွမ်းအားပင်တည်း။ ရဟန်းတရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။ သို့သော် (၇)ကြိမ်မြောက် ရသေ့ရဟန်း ပြုသောအခါ၌ကား ပေါက်တူးတစ်လက် အပေါ်၌ စွဲလမ်းနေသည့် ရာဂကို အောင်မြင်စွာ တိုက်ဖျက်နိုင်သဖြင့် စျာန်အဘိညာဏ်တို့ကို ရရှိသွားတော်မူလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၃၀။)

ဤဥဒ္ဓစ္စသည် သူ့ပင်ကိုယ်သဘောအားဖြင့် မည်သည့်အာရုံ၌မျှ တည်တည်တံ့တံ့ မရှိ၊ ဟိုအာရုံသို့ ရောက် လိုက် သည်အာရုံသို့ ရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ်တရားဟု ဆိုရစေကာမူ မည်သည့်ဒုစရိုက်ကိုမျှ မိမိက ဦးဆောင်၍ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ်သို့ ပစ်ချနိုင်လောက်အောင် သတ္တိမကြီးချေ၊ ဖြစ်လေရာ ဘဝတို့၌ သမာဓိ နည်းပါး၍ ပေါ့ဆဆ အမျိုးအစား ဖြစ် အောင်ကား စီမံကောင်း စီမံပေလိမ့်မည်။ အကြောင်းမူ ဤဥဒ္ဓစ္စ ပြဓာန်းသော အကုသိုလ်စေတနာသည် ပဝတ္တိ အကျိုးကို ပေးနိုင်သောကြောင့်တည်း။

__________

၅။ လောဘ

လုဗ္ဘန္တိ တေန သယံ ဝါ လုဗ္ဘတိ၊ လုဗ္ဘနမတ္တမေဝ ဝါ တန္တိ လောဘော။

၁။ လောဘော အာရမ္မဏဂ္ဂဟဏလက္ခဏော မက္ကဋာလေပေါ ဝိယ၊

၂။ အဘိသင်္ဂရသော တတ္တကပါလေ ခိတ္တမံသပေသိ ဝိယ၊

၃။ အပရိစ္စာဂပစ္စုပဋ္ဌာနော တေလဉ္ဇနရာဂေါ ဝိယ၊

၄။ သံယောဇနိယဓမ္မေသု အဿာဒဒဿနပဒဋ္ဌာနော။

သော တဏှာနဒီဘာဝေန ဝဍ္ဎမာနော သီဃသောတာ နဒီ ဝိယ မဟာသမုဒ္ဒံ အပါယမေဝ ဂဟေတွာ ဂစ္ဆတီတိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)

သမ္ပယုတ်တရားတို့၏ အာရုံကို လိုလားတပ်မက်တတ်ခြင်း၏ အကြောင်းဖြစ်သော သဘောတရားသည် လောဘ မည်၏။ တစ်နည်း မိမိကိုယ်တိုင် အာရုံကို လိုလားတပ်မက်တတ်သော သဘောတရားသည် လောဘ မည်၏။ တစ်နည်း အာရုံကို လိုလားတပ်မက်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် လောဘ မည်၏။

၁။ မျောက်နှဲစေးကဲ့သို့ အာရုံကို ငါ့ဟာဟူ၍ စွဲယူခြင်းသဘော လက္ခဏ၊

၂။ လောလောပူသော အိုးကင်း၌ ပစ်ချအပ်သော အသားတစ်ကဲ့သို့ အာရုံ၌ အလွန်ငြိကပ်ခြင်း- (ကိစ္စ) ရသ၊

၃။ အဝတ်၌ စွန်းထင်းနေသော ဆီမင်၏ တပ်စွဲခြင်းကဲ့သို့ အာရုံကို

မစွန့်လွှတ်နိုင်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သံယောဇဉ် ဖြစ်ရာ အာရုံတရားတို့၌ သာယာဖွယ် သုဘဟု ရှုမြင်တတ်သော ဒိဋ္ဌိ ပဒဋ္ဌာန်။

လက္ခဏ --- အာရမ္မဏဂ္ဂဟဏံ မမ ဣဒန္တိ တဏှာဘိနိဝေသဝသေန အဘိနိဝိဿ အာရမ္မဏဿ အဝိဿဇ္ဇနံ၊ န အာရမ္မဏကရဏမတ္တံ။ (မဟာဋီ၊၂၊၁၄၉။)

အာရမ္မဏဂဟဏ = လောဘက အာရုံကို ယူခြင်းဟူရာ၌ အာရုံကို ယူကာမျှမတ္တ အာရုံပြုကာမျှမတ္တကား မဟုတ်၊ လောဘ အကြီးအငယ်အလိုက် ထိုက်သည့်အားလျော်စွာ အာရုံကို ဤကား ငါ့ဟာဟု တဏှာဘိနိဝေသ = တဏှာဖြင့် မြဲမြံစွာ နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် မြဲမြံစွာ နှလုံးသွင်း၍ အာရုံကို မစွန့်လွှတ်နိုင်ခြင်းသဘော, တမ်းတမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်သော စွဲယူမှုမျိုးတည်း။ ထိုကြောင့် လောဘ၏ အာရုံယူပုံကို မျောက်နှဲစေးက မျောက်ကို ဖမ်းယူထားပုံဖြင့် ဥပမာပြကြသည်။

ရှေးအခါဝယ် ဟိမဝန္တာဝယ် မြေညီရာ အရပ်အချို့၌ မုဆိုးများသည် မျောက်နှဲစေးခေါ် အစေးတစ်မျိုးဖြင့် မျောက်များကို ထောင်၍ ဖမ်းယူလေ့ရှိကြ၏။ အထူးအဆန်းမြင်လျှင် ဆော့ချင်တတ်သော လျှပ်ပေါ်သော မျောက် တစ်ကောင်သည် မျောက်နှဲစေးရှိရာ အနီးအပါးသို့ ရောက်ရှိလာရာ လက်တစ်ဘက်ဖြင့် မျောက်နှဲစေးကို စမ်းသပ် ကိုင်တွယ်ကြည့်၏၊ မျောက်နှဲစေးက ထိုလက်ကို စေးကပ် ဖမ်းယူထား၏၊ ပထမလက်ကို ကွာအောင် ကျန်လက် တစ်ဘက်ဖြင့် ခွာပြန်၏၊ ဒုတိယလက်ကိုလည်း မျောက်နှဲစေးက စေးကပ် ဖမ်းယူထားပြန်၏၊ လက်နှစ်ဘက်လုံးလုံး ကို ကွာအောင် ပါးစပ်ဖြင့် ကိုက်၍ ခွာပြန်၏၊ ပါးစပ်ကိုလည်း မျောက်နှဲစေးက စေးကပ် ဖမ်းယူထားလိုက်ပြန်၏၊ လက်ရော ပါးစပ်ကိုပါ တစ်ခါတည်း ကွာလာအောင် ခြေနှစ်ဘက်ဖြင့် ဘယ်ပြန် ညာပြန် တွန်းကန်ပြန်၏၊ ခြေနှစ် ဘက်ကိုလည်း မျောက်နှဲစေးက စေးကပ် ဖမ်းယူထားလိုက်ပြန်၏၊ ထိုအခါ ကိုယ်ဖြင့် ဖိလျက် ခွာပြန်၏၊ တစ်ကိုယ် လုံးကိုပင် မျောက်နှဲစေးက ခွာမရအောင် စေးကပ် နှောင်ဖွဲ့ထားပေ၏။ မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်နိုင်ခွင့်သို့ ဆိုက်ရောက်သွား၏။ မီးကျီးစုတွင် ကင်၍ အစားခံရသော အဆင့်သို့တိုင်အောင် ဆိုက်ရောက်သွား၏။ (သံ၊၃၊၁၂၈-၁၂၉။)

ဤဥပမာအတူပင် လောဘမည်သော သဘောတရားသည်လည်း ဒွါရ (၆)ပါး တစ်ပါးပါးဝယ် အာရုံ (၆) ပါး တစ်ပါးပါးသည် ထိခိုက်လာသောအခါ ထိုအာရုံကို တမ်းတမ်းစွဲ ငမ်းငမ်းတက် ငြိတွယ်ကာ ထိုအာရုံနားမှ မခွာနိုင်အောင် လောဘကိန်းရာ သတ္တဝါကို ဖမ်းယူထားလေသည်။ မျောက်နှဲစေး မိနေသော မျောက်သတ္တဝါသည် နောက်ဆုံး မီးကျီးတွင်းသို့ အသယ်ဆောင်ခံရသကဲ့သို့ ထိုလောဘသည်လည်း အာရုံနားက မခွာနိုင်သဖြင့် တဖြည်း ဖြည်း ရင့်ကျက် တိုးပွားလာကာ တဏှာမြစ်ကြီးအသွင် အဖြစ်ဖြင့် စီးဆင်းလာခဲ့ တိုးပွားလာခဲ့သော် အဟုန်ပြင်းစွာ စီးဆင်းလာသော မြစ်ရေယဉ်သည် မဟာသမုဒ္ဒရာသို့သာ ရောက်သွားရသကဲ့သို့ ထိုအတူပင် လောဘသည် မိမိ (လောဘ) ကိန်းရာ သတ္တဝါကို အပါယ်သမုဒ္ဒရာသို့သာ ယူဆောင်၍ သွားတတ်ပေသည်ဟု မှတ်ပါ။

ရသ-ပစ္စုပဋ္ဌာန် --- အိုးကင်းပူပူပေါ်၌ အသားတစ်ကို ပစ်ချလိုက်ရာ အသားတစ်သည် အိုးကင်း၌ တစ်ခါတည်း ငြိကပ်နေသကဲ့သို့ ထို့အတူပင် လောဘသည် အာရုံတစ်ခုနှင့် တိုက်ဆိုင်သည့်အခါ ထိုအာရုံအနားမှ မခွာနိုင်အောင် ငြိကပ်နေတတ်၏။ ယင်းသို့ ငြိကပ်ခြင်းသည် လောဘ၏ လုပ်ငန်းကိစ္စပင်တည်း။ အဝတ်အထည် အပေါ်၌ အမဲဆီ စက်ဆီ စသည့် အဆီတစ်ခုခုသည် လူးလည်းပေကျံနေလျှင် စွဲနေလျှင် လွယ်လွယ်နှင့် စင်အောင် ချွတ်၍ မရနိုင်သကဲ့သို့ --- အလားတူပင် ယင်းလောဘကို သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်တွင် လောဘသည် အာရုံတစ်ခုခု၌ စွဲလမ်းငြိကပ်နေလျှင် ထိုအာရုံကို စွန့်လွှတ်နိုင်ခဲသော သဘော တရား မစွန့်လွှတ်နိုင်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်၊ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

ပဒဋ္ဌာန် --- သက်ရှိ သက်မဲ့ လိုချင်စရာ ကာမဝတ္ထုအစုစုပေါ်၌ တွယ်တာမှု သံယောဇဉ် ဖြစ်ခဲ့သော် ထို ကာမဝတ္ထုအစုစုသည် သံယောဇနိယဓမ္မ = သံယောဇဉ်ဖြစ်ရာ အာရုံဓမ္မတည်း။ အဘိဓမ္မာနည်းအရမူ အာရုံ (၆)ပါးပင်တည်း။ ယင်းသံယောဇဉ် ဖြစ်ရာ အာရုံဓမ္မတို့ကား ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ ပညာမျက်စိ၌ အသုဘတရားတို့သာ စင်စစ်ဧကန် ဖြစ်ကြကုန်၏။ သို့သော် ပရမတ္ထ ဉာဏ်ပညာစက္ခု ကင်းသူတို့ ကား ပရမတ်ဉာဏ်အမြင် ကင်းနေသည့်အတွက် ယင်းသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတည်းဟူသော အာရုံ (၆)ပါးကို သာယာဖွယ် သုဘဟု ရှုမြင်တတ်ကြ၏။ အသုဘကို သုဘဟု အယူရှိသော် ရှုမြင်တတ်သော် ထိုအာရုံတို့ အပေါ်၌ လိုလားတပ်မက်မှု လောဘတရားသည် ဖြစ်ပေါ်လာတတ်ပေ၏။ ထိုကြောင့် သံယောဇဉ် ဖြစ်ရာ အာရုံ ဓမ္မတို့၌ သာယာဖွယ် သုဘဟု ရှုမြင်တတ်သော အဿာဒဒိဋ္ဌိသည် လောဘဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်း ပဒဋ္ဌာန် ဖြစ်ရပေသည်။

အဿာဒါနုပဿိနော စ တဏှာ ပဝဍ္ဎတိ။ (သံ၊၁၊၃၁၁။)

သာယာဖွယ် အဿာဒဟု ရှုမြင်တတ်သူအားလည်း တဏှာသည် တိုးပွား၏။ (သံ၊၁၊၃၁၁။)

ဤ၌ အဿာဒဒိဋ္ဌိသည် လောဘဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားဟု ဆိုခြင်းမှာ ဒိဋ္ဌိနှင့် ယှဉ်တွဲ သော လောဘအတွက်သာ ဖြစ်သည်။ ဒိဋ္ဌိနှင့် မယှဉ်သော မာနနှင့်သာ ယှဉ်သော လောဘ, ဒိဋ္ဌိ မာန နှစ်မျိုးလုံးနှင့် မယှဉ်သော လောဘတို့အတွက် ပဒဋ္ဌာန်မှာ အယောနိသောမနသိကာရပင် ဖြစ်သည်။ အယောနိသောမနသိကာရ သည် ခပ်သိမ်းသော အကုသိုလ်တရားတို့၏ အကြောင်းရင်း ဖြစ်သောကြောင့်တည်း။

လောဘနှင့်ဆန္ဒ --- အထက်ပါ လက္ခဏ ရသ စသည်တို့အရ လောဘနှင့် ဆန္ဒတို့၏ ကွာဟမှုကို သဘော ပေါက်ရာ၏။ လောဘ၏ အာရုံကို လိုချင်မှု၌ အစေးရှိ၏၊ အစေးရှိသောကြောင့် ထိုအာရုံ၌ ငြိကပ်၏။ ဆန္ဒ၏ အာရုံကို လိုချင်မှု၌ကား အစေးမရှိ၊ အစေးမရှိသောကြောင့် ထိုအာရုံ၌ မငြိကပ်။ ထိုကြောင့် အာရုံကို တွယ်တာ ငြိကပ် တပ်မက်မှုပါသော လိုချင်မှု သဘောတရားသည် လောဘတည်း။ အာရုံကို ငြိကပ်မှု မရှိဘဲ ပြုလိုရုံမျှ ရယူလိုရုံမျှ သဘောသည် ဆန္ဒတည်း။ အာရုံကို ငြိကပ်မှု မရှိဘဲ ပြုလိုရုံမျှ ရယူလိုရုံမျှဟူသော စကားဖြင့် လောဘ ကဲ့သို့ အာရုံ၌ ငြိကပ်မှု မရှိဟူသော သဘောအဓိပ္ပါယ်ကိုသာ ပြ၏။ အရာရာတိုင်း၌ လောဘလောက် မထက် မြက်ဟု ဆိုလိုရင်း မဟုတ်သည်ကို သတိပြုပါ။ လောဘနှင့် ယှဉ်ခိုက် ဆန္ဒသည် လောဘ၏ သဘောသို့ လိုက်လျော ရသဖြင့် လောဘလောက် မထက်မြက်ဟု ဆိုရစေကာမူ သမ္မာသမ္ဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ် အဂ္ဂသာဝက ဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ် ပကတိသာဝကဗောဓိဉာဏ်တို့တွင် တစ်မျိုးမျိုးသော ဗောဓိဉာဏ်ကို လိုလားတောင့်တမှုကဲ့သို့သော အချို့အချို့သော ကုသလစ္ဆန္ဒ = ကုသိုလ်ဆန္ဒတော်များသည်ကား ဆန္ဒာဓိပတိ တပ်လျက် ဖြစ်ပေါ်တတ်သဖြင့် လောဘထက်ပင် ထက်မြက်သေးသည်ဟု မှတ်ပါ။ အလွန် အဆင့်အတန်းမြင့်သော ဘဝ, အလွန် မွန်မြတ်သော ဘဝတစ်ခုကို ရရှိရန် မြှင့်တင်ပေးတတ်သော အလွန် စွမ်းအင် ထက်မြက်သော ဓာတ်သဘာဝ တစ်မျိုးဟု မှတ်ပါ။ နိဗ္ဗာန်ကို လိုချင်မှု, ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသော တရားထူး တရားမြတ်ကို လိုချင်မှု, ပိဋကစာပေ တတ်ကျွမ်းချင်မှု, ဒါနပြုလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု စသော ကောင်းမှုအရာ တို့၌ လိုချင်မှုမျိုးသည်လည်း ကုသိုလ်ဆန္ဒတော်သာတည်း။

လောဘ၏ အသုံးများသော အခြားအမည်များ

ဤလောဘကို ပေမ, တဏှာ, ရာဂ, သမုဒယ စသည်ဖြင့် အမည်အမျိုးမျိုး တပ်၍ ဘုရားရှင်သည် ဟော ကြားတော်မူခဲ့၏။ (အဘိ၊၁၊၂၁၅။)

ပေမဟူသော စကားလုံးကို --- အတ္တသမံ ပေမံ နတ္ထိ၊ ပုတ္တသမံ ပေမံ နတ္ထိ --- စသည်ဖြင့် မိမိကိုယ်ကို မိမိ ချစ်မြတ်နိုးမှု သားအပေါ်ချစ်မြတ်နိုးမှု --- ဤသို့စသည်ဖြင့် သားသ္မီး, မောင်နှမ, ညီအစ်ကို, သမီးခင်ပွန်း စသော အိမ်သူအိမ်သားချင်း ဆွေမျိုးသားချင်း အချင်းချင်း ချစ်ခင်မှုနှင့် ဆွေမျိုးကဲ့သို့ ချစ်ခင်မြတ်နိုးမှုတို့၌ သုံးနှုန်းကြ လေသည်။ ပေမဟူသော စကား၌ ချစ်ခင်မြတ်နိုးခြင်းဟု အဓိပ္ပါယ်ရ၏။ ဤကဲ့သို့သော ချစ်ခင်မြတ်နိုးမှုမျိုးကို သံယောဇဉ်ဟုလည်း လောက၌ တစ်မျိုးသုံးစွဲကြသေး၏။ သံယောဇဉ် (၁၀)ပါး ရှိငြားသော်လည်း ပေမ အမည် ရသော ဤ တဏှာလောဘကိုပင် သံယောဇဉ်ဟု အသိများကြ၏။ နွားတစ်ကောင်နှင့် အခြားနွားတစ်ကောင်ကို မခွဲနိုင်အောင် တွဲနေအောင် ချည်နှောင်ထားသော ကြိုးတစ်ချောင်းကဲ့သို့ သတ္တဝါတစ်ယောက်နှင့် သတ္တဝါတစ်ယောက်ကို မခွဲရက် မခွာနိုင်အောင် ချည်နှောင်ထားသော ဤ တဏှာလောဘ ပေမတရားကိုပင် သံယောဇဉ်ဟု ဆိုသည်။ လူတို့၏ နားလည်နေသော အသုံးတည်း။

ထမင်းဆာ ရေငတ်သကဲ့သို့ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဓမ္မသဘောဟူသော အာရုံ (၆) ပါးတို့၌ သာမန်လိုချင်ရုံမျှမကဘဲ ကပ်ကပ်သတ်သတ် တန်းတန်းမတ်မတ် မွတ်သိပ်ဆာလောင်ခြင်း ငတ်ခြင်း စွဲလမ်းခြင်းကိုလည်း တဏှာဟုပင် (အဘိ၊၁၊၂၁၅-၂၁၆။)၌ ဟောကြားထားတော်မူ၏။ ယင်းအာရုံတို့၌ ဆီမင် စွန်းငြိခြင်းကဲ့သို့ အလွန်ငြိကပ် တပ်မက်ခြင်းကိုလည်း ရာဂဟု ဟောတော်မူ၏။

သစ္စာဒေသနာတော်နည်း၌ကား ဤလောဘကိုပင် ပဓာနနည်းအားဖြင့် သမုဒယဟု သုံးနှုန်းလျက် ဟောကြားထားတော်မူပေသည်။ သမုဒယဟူသော စကား၌ ဒုက္ခဖြစ်ကြောင်းတရား -- ဟု အဓိပ္ပါယ်ရ၏။ ဤသမုဒယ ပေမ တဏှာ ရာဂဟု ခေါ်ဆိုရသည့် လောဘ မကင်းနိုင်သည့်အတွက်ကြောင့်သာ သတ္တဝါအပေါင်းတို့သည် သံသရာထဲ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တဝဲလည်လည် ကျင်လည်နေကြရခြင်း ဖြစ်၏။ ယခုအခါ သူသူ ငါငါ တွေ့နေရသော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤတဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ရကား လောဘ ကြီးလျှင် ဒုက္ခကြီး၏၊ လောဘငယ်လျှင် ဒုက္ခငယ်၏၊ လောဘ မရှိလျှင် ဒုက္ခ မရှိတော့ပြီ ဖြစ်၏။ ဤလောဘနှင့် အတူဖြစ်ရသော စိတ်ကို လောဘစိတ်, တဏှာစိတ်, ရာဂစိတ်, သံယောဇဉ်စိတ်ဟု ခေါ်ဆို၍ ထိုသူကိုလည်း လောဘကြီးသူ တဏှာကြီးသူ ရာဂကြီးသူ သံယောဇဉ်အားကြီးသူဟု ခေါ်ဆိုလေသည်။

ဤတဏှာပေမ သမုဒယသံယောဇဉ်ဟု ခေါ်ဝေါ်ရသော လောဘသည် ဖြူစင်မြင့်မြတ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော တရားဓမ္မဖြင့် မထိန်းချုပ်နိုင်ဘဲ မနှိပ်ကွပ်ဘဲ သူ့အလိုအတိုင်းသာ ဦးစားပေး၍ အလျှော့ပေးလိုက်ပါမူ မည်သည့်အခါမျှ နောက်ဆုတ်မည် မဟုတ်၊ နွားကလေး၏ ပေါက်ခါစ ဦးချိုသည် နွား ကြီးလေ ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ပါလာခဲ့သော ဤတဏှာလောဘသည်လည်း အရွယ်ကြီးလေ ချိုကားလေပင် ဖြစ်၏၊ ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် ---

ရောင်ကြီးလျှင် ငိုက်၊ လူကြီးလျှင် မိုက်

တူကြီးလျှင် ပေ၊ လူကြီးလျှင် တေ --- ဟု ဆိုစမှတ်ပြုကြသည်။

ဤသမုဒယ တဏှာလောဘ ပေမတရားသည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသမျှ ကာလပတ်လုံး သတ္တဝါ အသီးအသီး၏ သန္တာန်၌ အနုသယဓာတ် အငုတ်ဓာတ်အနေဖြင့် ကိန်းဝပ်လိုက်ပါလျက် ရှိ၏။ ထို အနုသယဓာတ်၏ လှုံ့ဆော်မှု အရှိန်အဝါကြောင့် မွေးစကတည်းက စ၍ မိဘဘိုးဘွား ညီအစ်ကို မောင်နှမများကို အစထား၍ ချစ်တတ်လာ၏။ ဝမ်းတွင်းပါ အနုသယဓာတ် ဓမ္မတရားက ချစ်ခင်မြတ်နိုးတတ်မှုကို လမ်းပြနေသော ကြောင့် ရေငတ်ငတ် ရှိ၍ ဆားငံရေကို သောက်လိုက်ရာ, သောက်ပြီးခါမှ သာ၍ ငတ်သဖြင့်, ငတ်သည့်အတွက် ထပ်၍ သောက်ပြန်သော် သောက်လေသောက်လေ ငတ်မပြေသို့ ကာမဂုဏ် အာရုံတွေကို ငတ်ငတ် ရှိ၍ လိုက်စား ကာမှ သာ၍ ငတ်ပြီးလျှင် အပြစ်ကို မမြင်နိုင်ဘဲ သမုဒယပင်လယ်ထဲ၌ ဝဲလှည့်၍ နေကြရတော့၏။

ဆားငံရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေ သောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ၊ တဏှာ ဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ်၊ ချစ်လမ်းတည်း။ (ရှေးပညာရှိပျို့)

အပါယ်ကို ပစ်ချနိုင်သည့် စွမ်းအား

လောဘသည် ကုသိုလ်အထောက်အပံ့ မရဘဲ သူချည်းသက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် ဖြစ်လင့်ကစား အပါယ်သို့ ပစ်ချနိုင်သော စွမ်းအားရှိ၏၊ ဥပမာ --- ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်တုံးကလေးပင် ဖြစ်လင့်ကစား ရေထဲသို့ ပစ်ချလိုက်ပါက နစ်မြုပ်သွားတတ်သောသဘော ရှိသည်သာ ဖြစ်၏။ ထိုကြောင့် သေခါနီးဆဲဆဲ၌ သမီးခင်ပွန်းချင်း စွဲလမ်းမှု သမီးသားနှင့် စီးပွားဥစ္စာ တစ်စုံတစ်ရာကို စွဲလမ်းမှုကြောင့် လောဘဇောက မရဏာသန္နဇော၏ နေရာကို ယူသွားသောအခါ အပါယ်လေးဘုံသို့ ရောက်နိုင်ကြောင်းကို အောက်ပါ အာဒိတ္တပရိယာယသုတ္တန်တွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပေသည်။

အာဒိတ္တပရိယာယသုတ် ကောက်နုတ်ချက်

ရဟန်းတို့ ...သင်တို့အား အာဒိတ္တပရိယာယ မည်သော တရားဒေသနာကို ငါဘုရား ဟောကြားတော်မူ ပေအံ့၊ ထိုတရားဒေသနာကို နာကြားကြကုန်လော့၊ ရဟန်းတို့ ...အာဒိတ္တပရိယာယ မည်သော တရားဒေသနာတော်ဟူသည် အဘယ်နည်း၊

၁။ ရဟန်းတို့ ...လောလောပူသော ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံ နှင့်တကွသော သံချောင်းဖြင့် (ပက်လက်အိပ်နေသော သူ၏) မျက်စိကို ထိုးဖောက်လိုက်ခြင်းသည် မြတ်သေး၏၊ စက္ခုဝိညာဏ်ဖြင့် မြင်သိအပ်ကုန်သော အဆင်းရူပါရုံ အမျိုးမျိုးတို့၌ ---

(က) ယောက်ျားပဲ မိန်းမပဲ လင်ပဲ မယားပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံး အပေါ်၌ နှစ်သက် သာ- ယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ... ဤကဲ့သို့သော အပြစ်ကို မြင်တော်မူ၍ ငါဘုရား ဤသို့ဟောကြားတော်မူခြင်း ဖြစ်၏။

၂။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပသော မီးတောက်မီးလျှံနှင့် တကွသော သံချွန်ဖြင့် (စောင်းလျက်အိပ်နေသော သူ၏) နားနှစ်ဘက်ကို ထုတ်ချင်းပေါက်အောင် ထိုးဖောက်လိုက်ခြင်းသည် မြတ်သေး၏၊ သောတဝိညာဏ်ဖြင့် ကြားသိအပ်ကုန်သော အသံအမျိုးမျိုးတို့၌ ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သားပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအား ရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံးအပေါ်၌ နှစ်သက် သာယာမှု ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ...ဤကဲ့သို့ သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

၃။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံနှင့်တကွသော ထက်လှစွာသော လက်သည်းလှီးဓားငယ်ဖြင့် (နှာခေါင်းတွင်းသို့ ဓားငယ်ကို သွင်း၍) ကြေမွအောင် ထိုးဖောက်လိုက်ခြင်း သည် မြတ်သေး၏။ ဃာနဝိညာဏ်ဖြင့် သိအပ် နမ်းရှူအပ်ကုန်သော အနံ့ဂန္ဓာရုံ အမျိုးမျိုးတို့၌ --- (သားငယ် သမီးငယ် မြေးငယ် စသူတို့ကို ပွေ့ဖက် နမ်းရှူနေခိုက်ကို အာရုံယူထားပါ။) ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သားပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံးအပေါ်၌ နှစ်သက်သာယာမှု ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ...ဤကဲ့သို့ သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

၄။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံနှင့်တကွသော ထက်လှစွာသော သင်ဓုန်းဓားငယ်ဖြင့် လျှာကို လှီးဖြတ်လိုက်ခြင်းသည် မြတ်သေး၏၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ် လျက်အပ် ကုန်သော ရသာရုံ အမျိုးမျိုးတို့၌ ---

(က) ကြက် ဝက် အာလူး စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) အသည်းအမြစ် ငါးပိ ငါးဆုပ် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ကြက် ဝက် အာလူး စသော သဏ္ဌာန်နိမိတ် တစ်ခုလုံး အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ်တည်နေလေရာ၏။

( ခ ) အသည်းအမြစ် ငါးပိ ငါးဆုပ် စသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ... ဤကဲ့သို့သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

[မှတ်ချက် --- သားငယ် သမီးငယ် မြေးငယ်များကို ချီပိုးနေရခြင်းမှာ အရသာတစ်မျိုးပင် ရှိတတ်၏၊ သမ္ဘောဂရသဟု ခေါ်ဆို၏။ ယင်းသမ္ဘောဂရသသည်လည်း ဤ၌ အကျုံးဝင်သည်ဟု မှတ်ပါ။]

၅။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံနှင့်တကွသော ထက်လှစွာသော လှံဖြင့် ခန္ဓာကိုယ်ကို ထိုးဆွလိုက်ခြင်းသည် = (ထိုးဆွနေခြင်းသည်) မြတ်သေး၏၊ ကာယဝိညာဏ်ဖြင့် သိအပ် တွေ့ထိအပ်ကုန်သော အတွေ့အထိ ဖောဋ္ဌဗ္ဗအာရုံ အမျိုးမျိုးတို့၌ --- (တွေ့ထိနေသော အချိန်အခါဝယ်)

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သားပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း, (= လက်ပဲ ခြေပဲ ပါးပဲ နားပဲ စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွဲယူခြင်း)

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံး အပေါ်၌ နှစ်သက်သာယာမှု ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ...ဤကဲ့သို့ သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

၆။ ရဟန်းတို့ ...အိပ်ပျော်နေခြင်းသည် မြတ်သေး၏။ ရဟန်းတို့ ...အမှန်အားဖြင့်သော်ကား အိပ်ပျော် နေခြင်းကို အသက်ရှင်နေသူတို့၏ မြုံနေခြင်း တစ်မျိုးဟူ၍ ငါဘုရားဟောတော်မူ၏၊ အသက်ရှင်နေသောသူတို့၏ အသီးဟူသော အကျိုးတရားကို မဖြစ်စေတတ်သော သဘောတရားတစ်မျိုး အချိန်အခါ တစ်မျိုးဟူ၍ ငါဘုရား ဟောတော်မူ၏။ [အိပ်မက် မမက်ဘဲ ဘဝင်စိတ်များ ဆက်တိုက် ဖြစ်နေခြင်းကို အိပ်ပျော်ခြင်းဟု ဆိုလို၏၊ ထို ဘဝင်စိတ်များသည် နောက်ထပ် မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ မဖြစ်စေတတ်သော စိတ်များတည်း၊ ဤသဘောကို ရည်ညွှန်းထားသည်။] အသက်ရှင်နေသူတို့၏ တွေဝေခြင်း တစ်မျိုးဟူ၍ ငါဘုရားဟောတော်မူ၏။ [အနုသယဓာတ် မကင်းသေးသူတို့၏ သန္တာန်၌ ထိုဘဝင်စိတ်များ ဖြစ်နေချိန်ဝယ် မောဟ အဝိဇ္ဇာ၏ အနုသယ ဓာတ်အနေဖြင့် ကိန်းဝပ် တည်နေခြင်းကို ရည်ညွှန်းထားတော်မူသည်။]

အကြင်သို့ သဘောရှိသော အကြံအစည်တို့၏ အလိုသို့ လိုက်ပါသောသူသည် သံဃာကို သင်းခွဲလေရာ၏၊ ထိုကဲ့သို့ သံဃာကို သင်းခွဲနိုင်လောက်သော သဘောရှိသော အကြံအစည်တို့ကို (ထိုသို့ ဘဝင်စိတ်များ ဆက်တိုက် ဖြစ်နေ၍ အိပ်ပျော်နေချိန်မျိုး၌) မကြံစည်မိလေရာ။ ရဟန်းတို့ ...ငါဘုရားသည် အသက်ရှင်နေသူတို့၏ ဤကဲ့သို့သော အပြစ်ကို မြင်တော်မူ၍ ဤသို့ အိပ်ပျော်နေခြင်းက မြတ်သေးသည်ဟု ငါဘုရားဟောတော်မူ၏။ (သံ၊၂၊၃၇၇-၃၇၈။)

ထိုကဲ့သို့သော အပါယ်ဝဋ်ဆင်းရဲဒုက္ခ စသော သံသရာဝဋ်ဒုက္ခ အဝဝတို့မှ လွတ်မြောက်နိုင်ရေးအတွက်-

၁။ ဒွါရ (၆)ပါး,

၂။ အာရုံ (၆)ပါး,

၃။ ဝိညာဏ် (၆)ပါး,

၄။ ဖဿ (၆)ပါး,

၅။ ဝေဒနာ (၆)ပါး ---

ဤရုပ်နာမ်တရားစုတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရ တရားစုတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားကြရန် ဘုရားရှင်သည် ဆက်လက်၍ ညွှန်ကြားထားတော်မူပေသည်။ (အကျယ်ကို သံ၊၂၊၃၇၇-၃၇၈ - အာဒိတ္တပရိယာယသုတ္တန်တွင် ကြည့်ပါ။)

[ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ဝတ္ထုအရ ဘူတရုပ် ဥပါဒါရုပ်တို့ကိုလည်းကောင်း, အာရုံ အရလည်း ရုပ်အာရုံ နာမ်အာရုံ အားလုံးကိုလည်းကောင်း, ဝိညာဏ် ဖဿ ဝေဒနာအရလည်း ဝိညာဏ် ဖဿ ဝေဒနာ ဦးဆောင်သည့် နာမ်တရားအားလုံးကိုလည်းကောင်း သိမ်းကျုံး၍ အရကောက်ယူပါ။]

အနုဗျဉ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟ

အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟောတိ ဟတ္ထာ သောဘနာ ပါဒါ သောဘနာတိ ဧဝံ အနုဗျဉ္ဇနဝသေန နိမိတ္တဂ္ဂါဟော။ နိမိတ္တဂ္ဂါဟောတိ သံသန္ဒေတွာ ဂဟဏံ၊ အနုဗျဉ္ဇနဂ္ဂါဟောတိ ဝိဘတ္တိဂဟဏံ။ နိမိတ္တဂ္ဂါဟော ကုမီ႓လသဒိသော သဗ္ဗမေဝ ဂဏှာတိ၊ အနုဗျဉ္ဇနဂ္ဂါဟော ရတ္တပါသဒိသော ဝိဘဇိတွာ ဟတ္ထပါဒါဒီသု တံ တံ ကောဋ္ဌာသံ၊။ ဣမေ ပန ဒွေ ဂါဟာ ဧကဇဝနဝါရေပိ လဗ္ဘန္တိ၊ နာနာဇဝနဝါရေ ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋ္ဌ၊၃၊၅၀-၅၁။)

မျက်လုံးက လှ၏ မျက်နှာက လှ၏ လက်က လှ၏ ခြေက လှ၏ ဤသို့စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွဲယူခြင်း, ထိုအင်္ဂါအစိတ်အပိုင်း တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေ သော စိတ်အစဉ် ဖြစ်နေခြင်းကို အနုဗျဉ္ဇနဂ္ဂါဟဟု ဆိုသည်။ ယောက်ျား မိန်းမ ဇနီး ခင်ပွန်း သား သမီး မြေး စသူတို့၏ တစ်ကိုယ်လုံးကို ယောက်ျားပဲ မိန်းမပဲ ဇနီးပဲ ခင်ပွန်းပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် စွဲယူခြင်း, ထိုသို့စွဲယူသည့်အတိုင်း တစ်ကိုယ်လုံးကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ် ဖြစ်နေခြင်းကို နိမိတ္တဂ္ဂါဟဟု ဆိုသည်။ ထို အနုဗျဉ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟဟူသော စွဲလမ်းမှု နှစ်မျိုးလုံးတို့သည် ဇောဝါရ တစ်ခု၏ အတွင်း၌လည်း ရရှိနိုင်ကုန်၏၊ ဇောဝါရ အသီးအသီး၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏။ (သံ၊ဋ္ဌ၊၃၊၅၀-၅၁။)

ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားခဲ့သော်

တသ္မိံစေ သမယေ ကာလံ ကရေယျာတိ န ကောစိ သံကိလိဋ္ဌေန စိတ္တေန ကာလံ ကရောန္တော နာမ အတ္ထိ။ သဗ္ဗသတ္တာနံ ဟိ ဘဝင်္ဂေနေဝ ကာလကိရိယာ ဟောတိ။ ကိလေသဘယံ ပန ဒေဿန္တော ဧဝမာဟ။ သမယဝသေန ဝါ ဧဝံ ဝုတ္တံ။ စက္ခုဒွါရသ္မိဥှိ အာပါထဂတေ အာရမ္မဏေ ရတ္တစိတ္တံ ဝါ ဒုဋ္ဌစိတ္တံ ဝါ မူဠှစိတ္တံ ဝါ အာရမ္မဏရသံ အနုဘဝိတွာ ဘဝင်္ဂံ ဩတရတိ၊ ဘဝင်္ဂေ ဌတွာ ကာလကိရိယံ ကရောတိ။ တသ္မိံ သမယေ ကာလံ ကရောန္တဿ ဒွေဝ ဂတိယော ပါဋိကင်္ခါ၊ ဣမဿ သမယဿ ဝသေနေတံ ဝုတ္တံ။ (သံ၊ဋ္ဌ၊၃၊၅၁။)

သတ္တဝါတို့၏ စုတိစိတ်မည်သည် ညစ်နွမ်းသော အကုသိုလ်စိတ်ဟူ၍ မရှိစကောင်း၊ ညစ်နွမ်းသော အကုသိုလ်စိတ်ဖြင့် သေသွားသော တစ်စုံတစ်ယောက်သော သတ္တဝါမည်သည် မရှိစကောင်းသည်သာ ဖြစ်၏။ မှန်ပေသည် သတ္တဝါအားလုံးတို့သည် ဘဝင်စိတ်ဖြင့်သာလျှင် သေကျေပျက်စီးကြရ၏။ (ဘဝတစ်ခုဝယ် နောက်ဆုံးဖြစ် သွားသော ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်သည်၊ ယင်းစုတိစိတ်ကို ရည်ညွှန်းထားသည်။) ကိလေသာတို့၏ ကြောက် မက်ဖွယ်ကောင်းသော ဘေးဒုက္ခကို ထင်ရှားပြတော်မူလိုသည့်အတွက် ဤသို့ ဘုရားရှင်က ဟောကြားသွားတော် မူခြင်း ဖြစ်၏။

တစ်နည်း --- အချိန်အခါ သမယ၏ အစွမ်းဖြင့် ဤသို့ ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ စက္ခုဒွါရ၌ ရူပါရုံသည် ရှေးရှူထင်ခြင်းသို့ ရောက်ရှိလာသောအခါ ယင်းရူပါရုံ၌ တွယ်တာတပ်မက်သော လောဘစိတ်သည် သော်လည်းကောင်း, ယင်းရူပါရုံကို ဖျက်ဆီးလိုသော ဒေါသစိတ်သည်သော်လည်းကောင်း, အာရုံ၏ သဘာဝ အမှန်ကို ပရမတ်သို့ ဆိုက်အောင် မသိ တွေဝေသော မောဟစိတ်သည်သော်လည်းကောင်း အာရုံ၏ အရသာကို သုံးဆောင်ခံစား၍ ဘဝင်သို့ သက်၏၊ ဘဝင်၌ ရပ်တည်၍ သေခြင်းကို ပြု၏ ကွယ်လွန်၏။ ထိုသို့ မရဏာသန္နဇောက လောဘဇော သို့မဟုတ် ဒေါသဇော သို့မဟုတ် မောဟဇော စောပြီးနောက် ဘဝင်သို့ သက်ရောက်သွား သောအချိန်၌ သေခြင်းကို ပြုသောသူအား ငရဲ တိရစ္ဆာန်ဟူသော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိကိုသာ အလိုရှိအပ်ပေသည်။ ဤသို့သော အချိန်သမယ၏ အစွမ်းဖြင့် ဤအာဒိတ္တပရိယာယသုတ္တန် ဒေသနာတော်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည်။ (သံ၊ဋ္ဌ၊၃၊၅၁။)

မရဏာသန္နဇောသည် လောဘဇော သို့မဟုတ် ဒေါသဇော သို့မဟုတ် မောဟဇော ဖြစ်က = အကုသိုလ်ဇော ဖြစ်က အပါယ်လေးဘုံတွင် ထိုက်သင့်ရာ တစ်ဘုံဘုံသို့ ကျိန်းသေ ရောက်နိုင်ကြောင်း ညွှန်ပြတော်မူသော ဒေသနာတော် တစ်ရပ်ပင် ဖြစ်၏။ နှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံစားရမည့် ဒုက္ခကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ကောင်းစွာ မြင်တော်မူ၍ ဤသို့ ဆိုဆုံးမတော်မူခြင်း ဖြစ်၏။

အရှင်ကောကာလိက၏ လောဘ

အခါတစ်ပါးဝယ် ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရားရှင်သည် သာဝတ္ထိပြည်မွန်၏ တောင်အစွန်တွင် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူသောအခါ အရှင်ကောကာလိကသည် မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူလာ၏။

အကြောင်းကား ဤသို့တည်း --- ဤအရှင်ကောကာလိကကား ကောကာလိကတိုင်း ကောကာလိကမြို့၌ ကောကာလိကသူဌေးကြီး၏ သားရတနာ တစ်ဦးပင် ဖြစ်၏။ သာသနာတော်တွင်းသို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုတော်မူပြီးနောက် ဖခင်သူဌေးကြီးက ဆောက်လုပ်လှူဒါန်းထားအပ်သော ကျောင်းတိုက်၌ပင် စူဠကောကာလိက ဟူသော အမည်ဖြင့် သီတင်းသုံး နေထိုင်လျက် ရှိ၏။ အရှင်ဒေဝဒတ်၏ တပည့်ကျော်ကြီး အရှင်ကောကာလိက မဟုတ်ပေ။ အရှင်ဒေဝဒတ်၏ တပည့်ကျော် အရှင်ကောကာလိကကား ပုဏ္ဏားမျိုး မဟာကောကာလိက အမည် ရှိပေသည်။

ဘုရားရှင် သာဝတ္ထိပြည်တော်၌ သီတင်းသုံးစံနေတော်မူစဉ် ဘုရားရှင်၏ အဂ္ဂသာဝက တပည့်ကြီး နှစ်ပါး တို့သည် = အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးတို့သည် တပည့်အခြံအရံ (၅၀၀) တို့နှင့် အတူတကွ ဇနပုဒ်တို့၌ လှည့်လည်တော်မူကြလျက် သာသနာပြု ခရီးစဉ်ကို ကြွချီတော်မူကြ၏။ ဝါဆိုဝါကပ် ဖို့ရန် နီးကပ်လာသော အခါ၌ကား ---

၁။ ကာယဝိဝေက = တစ်ကိုယ်ရေ တစ်ကာယ ကင်းဆိတ်စွာ နေလိုခြင်း,

၂။ စိတ္တဝိဝေက = စျာန်သမာပတ်တို့ကို ဝင်စားလျက် နေလိုခြင်း,

၃။ ဥပဓိဝိဝေက = ဥပဓိလေးဖြာတို့၏ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံပြုလျက် အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားကာနေလိုခြင်း,

ဤကဲ့သို့သော ဝိဝေက သုံးဖြာဖြင့် နေထိုင်တော်မူလိုကြသည် ဖြစ်၍ နောက်လိုက်တပည့် ရဟန်းတော်တို့ကို ပြန်လွှတ်လိုက်တော်မူကြ၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူလျက် ထိုကောကာလိက ဇနပုဒ် ထိုကောကာလိက မြို့ အရှင်စူဠကောကာလိက သီတင်းသုံးရာ ကျောင်းတိုက်သို့ ကြွရောက်သွားတော်မူကြ၏။

အဂ္ဂသာဝက အရှင်မြတ်ကြီး နှစ်ပါးတို့ ထိုကျောင်းတိုက်သို့ ဆိုက်ရောက်တော်မူလာသောအခါ၌ အရှင် ကောကာလိက ကိုယ်တော်ကလည်း ဝတ်ကြီး ဝတ်ငယ် အသွယ်သွယ်ကို ဖြည့်ကျင့်ပေးတော်မူ၏။ ထိုအဂ္ဂသာဝကကြီး နှစ်ပါးတို့သည် ထိုအရှင်ကောကာလိကနှင့် ဝမ်းမြောက်ဝမ်းသာ စကားများ ပြောကြားတော်မူကြပြီးနောက်-

ငါ့ရှင် ကောကာလိက ...တပည့်တော်တို့ နှစ်ပါးသည် ဤနေရာ၌ ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်လျက် နေထိုင်လိုကြပါကုန်၏၊ တစ်စုံတစ်ယောက်သူအားမျှ တပည့်တော်တို့၏ အကြောင်းကို (= ဘုရားရှင်၏ အဂ္ဂသာဝကကြီး နှစ်ပါး ဖြစ်ကြောင်းကို) မပြောကြားပါလင့် ---

ဤသို့သော ပဋိညာဉ်ဝန်ခံချက်ကို ရယူပြီးနောက် ဝါဆို ဝါကပ်တော်မူကြ၏။ ဝါကျွတ်၍ ပဝါရဏာနေ့၌ ပဝါရဏာပြုပြီးနောက် တပည့်တော်တို့ ပြန်ကြွကြတော့မည် ဘုရားဟု အရှင်ကောကာလိကအား ပန်ကြားတော် မူကြ၏။ အရှင်ကောကာလိကကလည်း ယနေ့ တစ်ရက်မျှ သီတင်းသုံးတော်မူပြီးနောက် နောက်နေ့သို့ ရောက်ရှိပါမှ ပြန်လည်ကြွတော်မူကြရန် လျှောက်ထားတောင်းပန်၏။ ထိုသို့ တောင်းပန်ပြီးနောက် နောက်တစ်နေ့သို့ အရောက် တွင် မြို့တွင်းသို့ စောစောဝင်၍ ဒါယကာ ဒါယိကာမတို့ကို ဤသို့ပြောဆို၏ ---

ဒါယကာ ဒါယိကာမတို့ ...သင်တို့သည် အဂ္ဂသာဝကကြီး နှစ်ပါး ဤမြို့သို့ ဤကျောင်းသို့ လာ၍ ဝါဆို ဝါကပ်တော်မူကြသော်လည်း မသိကြကုန်၊ သင်တို့ထဲက တစ်စုံတစ်ယောက်သော သူမျှလည်း ပစ္စည်းလေးဖြာ ဖြင့် ဖိတ်ကြားမှု မရှိ၊

ဤသို့ ပြောဆိုလတ်သော် မြို့သူမြို့သားတို့ကလည်း ---

မထေရ်မြတ်ကြီး နှစ်ပါးတို့သည် အဘယ်ပါနည်း အရှင်ဘုရား၊ အဘယ်ကြောင့် တပည့်တော်တို့အား မပြောကြားကြပါကုန်သနည်း ဘုရား ---

ဤသို့ လျှောက်ထားကြ၏။

ပြောပြနေလို့ ဘာထူးတော့မှာလဲ၊ မထေရ်မြတ်ကြီးများနေထိုင်ရာ ထေရာသန နေရာထက်၌ သီတင်းသုံး ထိုင်နေလျက် ရှိကြကုန်သော ရဟန်းတော်မြတ်ကြီး နှစ်ပါးကို သင်တို့ မတွေ့ကြကုန်သလော၊ ထိုနှစ်ပါးတို့သည် အဂ္ဂသာဝကကြီး နှစ်ပါးတို့ပင်တည်းဟု မိန့်ကြားတော်မူလိုက်၏။

ထိုဒါယကာ ဒါယိကာမတို့သည် လျင်မြန်စွာ စုဝေးကြ၍ ထောပတ် တင်လဲ စသည်တို့ကိုလည်းကောင်း, သင်္ကန်းချုပ်ရန် ပိတ်စတို့ကိုလည်းကောင်း စုဆောင်း ယူလာကြ သယ်လာကြကုန်၏။

အရှင်ကောကာလိက၏ အကြံ --- အဂ္ဂသာဝက မထေရ်မြတ်ကြီးတို့ကား အလွန့်အလွန် အလိုနည်းပါးခြင်း အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏၊ ပစ္စည်းလေးပါး လှူချင်လာအောင် ဆွဲဆောင် ညွှန်ပြခြင်း ပယုတ္တဝါစာ စကားကြောင့် ဖြစ်ပေါ်လာသော လာဘ်လာဘကို သာယာတော်မူကြမည်ကား မဟုတ်ကုန်။ မသာယာကုန်လတ် သော် အလိုမရှိလတ်သော် ကျောင်းထိုင်ကိုယ်တော်အား လှူလိုက်ကြပါဟု မိန့်ကြားတော်မူကြပေလတ္တံ့ ---

ဤသို့သော စိတ်အကြံအစည် ရှိသဖြင့် ယင်း လှူဖွယ်ဝတ္ထု ပစ္စည်းစုတို့ကို ယူဆောင်၍ အဂ္ဂသာဝက မထေရ်မြတ်ကြီးများ၏ အထံသို့ ယူဆောင်သွားလေ၏။

[ပယုတ္တဝါစာ --- ဆွေမျိုး မတော်စပ်သူ ဒါယကာ ဒါယိကာမများ၏ အထံ၌လည်းကောင်း, ပစ္စည်းလေးပါး တောင်းခံရန် မဖိတ်ကြားထားသူ ဒါယကာ ဒါယိကာမတို့၏ အထံ၌လည်းကောင်း ပစ္စည်းလေးပါးကို လှူချင်လာ အောင် ဆွဲဆောင်မှု ပြောဟောမှု အရိပ်အယောင်ပြမှု စသော ပစ္စည်းလေးပါးကို လှူစေလိုမှုနှင့် စပ်ယှဉ်သော စကားသည် ပယုတ္တဝါစာ မည်၏။ ထိုပယုတ္တဝါစာ စကားကြောင့် ရရှိသော ပစ္စည်းလေးပါးသည် သီတင်းသုံးဘော် (၅)ဦးလုံးတို့အားပင် မအပ်ပေ။]

အဂ္ဂသာဝက မထေရ်မြတ်ကြီးတို့ကလည်း ဤပစ္စည်းများသည် ပယုတ္တဝါစာကြောင့် ဖြစ်ပေါ်လာသော ပစ္စည်းများ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး သိတော်မူကြ၍ --- ဤပစ္စည်းဝတ္ထုတို့သည် ငါတို့အားလည်း မအပ်စပ်ကုန်၊ ကောကာလိကအားလည်း မအပ်စပ်ကုန်ဟု နှလုံးပိုက်တော်မူ၍ အာဝါသိက = ကျောင်းထိုင်ကိုယ်တော် အရှင်ကောကာလိကအား ပေးလှူလိုက်ကြပါဟု မပြောဆိုမူကုန်၍ ပယ်ရှားကာ ကြွသွားတော်မူကြကုန်၏။

ထိုအခါ အရှင်ကောကာလိက၏ သန္တာန်၌ --- မိမိကိုယ်တိုင် အလှူမခံခဲ့ပါကုန်မူ အဘယ်မည်သော အကြောင်းကြောင့် ငါ့အား မပေးကြပါကုန်သနည်းဟု စိတ်မချမ်းသာမှု ဒေါမနဿတရားသည် ထင်ရှားဖြစ်ပေါ် ခဲ့လေ၏။ မိမိတို့ကိုယ်တိုင်က အလှူမခံယူလျှင်လည်း အဘယ်မည်သော အကြောင်းကြောင့် ငါ့အား မပေးဘဲ ထွက်ခွာသွားဘိကြကုန်သနည်း --- ဟု ရန်ငြိုးဖွဲ့လေ၏။

ထို အဂ္ဂသာဝကကြီး နှစ်ပါးတို့သည်လည်း ဘုရားရှင် ထံတော်သို့ ကြွတော်မူကြ၍ နောက်တစ်ကြိမ် မိမိတို့၏ ပရိသတ်ကို ခေါ်ဆောင်တော်မူလျက် ဇနပုဒ်တို့၌ လှည့်လည်လျက် သာသနာပြု ကြွတော်မူကြ၏။ အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာရာ ထိုကောကာလိကတိုင်း ထိုကောကာလိကမြို့သို့ပင် တစ်ဖန် ဆိုက်ရောက်တော် မူလာကြကုန်၏။ ဤအကြိမ်ဝယ် မြို့သူမြို့သားတို့က အဂ္ဂသာဝက မထေရ်မြတ်ကြီး နှစ်ပါးတို့ကို ကောင်းစွာ မှတ်မိကြကုန်သည် ဖြစ်၍ မြို့လယ်၌ မဏ္ဍပ်ကြီး ဆောက်လုပ်ကာ ပရိက္ခရာတို့နှင့် အတူတကွ လှူဖွယ် ဒါနဝတ္ထု အစုစုကို စီရင်၍ အလှူဒါနကို ပေးလှူကြကုန်၏။ အဂ္ဂသာဝက မထေရ်မြတ်ကြီးတို့အားလည်း ပရိက္ခရာတို့ကို ဆက်ကပ်ကြကုန်၏။ မထေရ်မြတ်ကြီးတို့ကလည်း ရဟန်းသံဃာတော်အား အပ်နှင်း လှူဒါန်းစေကုန်၏။ ထိုအပြု အမူကို မြင်တွေ့ရသောအခါ အရှင်ကောကာလိကက ဤသို့ စဉ်းစားမိပြန်၏ --- ဤရဟန်းတို့သည် ရှေးယခင် အခါတုန်းက အလိုနည်းပါးခဲ့ကြကုန်၏၊ ယခုအခါ၌ကား လောဘတရားက နှိပ်စက်အပ်ကုန်သည် ဖြစ်၍ ယုတ်မာသော အလိုဆိုးရှိသူတို့ ဖြစ်ကြကုန်၏၊ ရှေးယခင်တုန်းကလည်း အလိုနည်းသူနှင့် တူအောင် ရောင့်ရဲလွယ်သူနှင့် တူအောင် ကင်းဆိတ်မှု ဝိဝေကတရားကို အလိုရှိသူနှင့် တူအောင် နေထိုင်ခဲ့ကြပုံပေါ်၏။ ဤရဟန်းတို့ကား ယုတ်မာသော အလိုဆိုးရှိကြကုန်သော မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ထင်ရှားဖော်ပြတတ်ကုန်သော ရဟန်း ယုတ်တို့တည်း --- ဤသို့ စိတ်အကြံအစည် ဖြစ်လေ၏။

ဤမျှဖြင့် ရပ်တန့်၍မနေဘဲ ထိုအရှင်ကောကာလိကသည် အဂ္ဂသာဝက မထေရ်မြတ်ကြီး နှစ်ပါးထံသို့ ချဉ်းကပ်၍ -- ငါ့ရှင်တို့ ...အရှင်ဘုရားတို့သည် ဟိုရှေးယခင်အခါက အလိုနည်းပါးသူတို့ကဲ့သို့ ရောင့်ရဲလွယ်သူ တို့ကဲ့သို့ ကင်းဆိတ်မှု ဝိဝေက သုံးပါးကို လိုလားသူတို့ကဲ့သို့ ဖြစ်ခဲ့ကြကုန်၏၊ ဤယခုအခါ၌ကား အရှင်ဘုရားတို့ သည် ရဟန်းယုတ်တို့ ဖြစ်နေကြပါကုန်ပကော --- ဤသို့ ပြောဆိုပြီးနောက် သပိတ်သင်္ကန်းကို ယူဆောင်လျက် ထိုခဏ၌ပင်လျှင် ဆောလျင်စွာ ထွက်ခွာသွား၍ --- ဤအကြောင်းအရာကို မြတ်စွာဘုရားအား တင်ပြ လျှောက် ထားပေအံ့ --- ဟု နှလုံးပိုက်၍ သာဝတ္ထိသို့ ရှေးရှူ ခရီးထွက်ခွာခဲ့၏၊ အစဉ်အတိုင်း ကြွချီလာလေရာ ဘုရားရှင် ရှိတော်မူရာသို့ ချဉ်းကပ် ဆိုက်ရောက်လာလေ၏။ ဤကား အရှင်ကောကာလိက ဘုရားရှင်ထံတော်သို့ ဆိုက် ရောက်လာရခြင်း၏ အကြောင်းရင်းပေတည်း။

ထိုကောကာလိကရဟန်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏။

ပါပိစ္ဆာ ဘန္တေ သာရိပုတ္တမောဂ္ဂလ္လာနာ၊ ပါပိကာနံ ဣစ္ဆာနံ ဝသံ ဂတာ။

မြတ်စွာဘုရား ...သာရိပုတြာ မောဂ္ဂလ္လာန်တို့သည် အလိုဆိုး ရှိပါကုန်၏၊ ယုတ်မာကုန်သော အလိုဆိုး တို့၏ အလိုသို့ လိုက်ပါနေကြပါကုန်၏ ---

ဤသို့ လျှောက်ထားလိုက်၏။ ထိုအခါ ဘုရားရှင်က ---

မာဟေဝံ ကောကာလိက အဝစ၊ မာဟေဝံ ကောကာလိက အဝစ၊ ပသာဒေဟိ ကောကာလိက သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ၊ ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာတိ။

ကောကာလိက ...ဤသို့ မဆိုလင့်၊ ကောကာလိက ...ဤသို့ မဆိုလင့်၊ ကောကာလိက ... သာရိပုတြာ မောဂ္ဂလ္လာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ သာရိပုတြာ မောဂလ္လာန်တို့ အပေါ်၌ သင်၏ စိတ်ကို ကြည်လင်စေပါလော ---

ဤသို့ မိန့်ကြားတော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား --- နည်းတူ လျှောက်ထား၏၊ သုံးကြိမ်မြောက်လည်း နည်းတူ လျှောက်ထား၏။ ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင်ပင် နည်းတူ တားမြစ်တော်မူ၏။

[မှတ်ချက် --- ဘုရားရှင်သည် အဆောတလျင် ဆိုက်ရောက်လာသော ထိုကောကာလိကရဟန်းကို မြင်ကတည်းက ဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူလတ်သည်ရှိသော် --- ဤကောကာလိကသည် အဂ္ဂသာဝက နှစ်ပါး တို့ကို ဆဲရေး ပြစ်မှားလို၍ ဆိုက်ရောက်လာပေ၏ --- ဟု ကောင်းကောင်းကြီးပင် သိတော်မူ၏။ ငါဘုရားသည် တားမြစ်နိုင်ပါအံ့လောဟု ဆင်ခြင်တော်မူလတ်သော် မတားမြစ်နိုင်ဟု သိမြင်တော်မူ၏။ အဂ္ဂသာဝကမထေရ် တို့၌ ပြစ်မှား၍ သေခဲ့သော် ကျိန်းသေဧကန် ပဒုမငရဲ၌ ဖြစ်လတ္တံ့သည်ကိုလည်း မြင်တော်မူ၍ --- သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ အပေါ်၌သော်လည်း ပြစ်မှားခြင်း မည်သည်ကို ကြား၍သော်လည်း တားမြစ်တော် မမူပါလား --- ဟု သူတစ်ပါးတို့ ပြောကြားခြင်းမှ လွတ်မြောက်ရန်အလို့ငှာလည်းကောင်း, အရိယူပဝါဒကံ၏ ကြီးမားသော အပြစ်ရှိသည်၏ အဖြစ်ကိုလည်းကောင်း ထင်ရှားပြတော်မူခြင်းငှာ ကောကာလိကရဟန်းတော်ကို ဘုရားရှင်က ဤသို့ သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူခြင်း ဖြစ်၏။]

ထိုအခါ ကောကာလိကရဟန်းသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွာသွားလေ၏၊ ဖဲခွာသွား၍ မကြာမြင့်မီပင် ကောကာလိကရဟန်းအား မုန်ညင်းစေ့ပမာဏမျှလောက် ရှိကုန် သော အဖုတို့သည် တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်ပေါ်၍ လာကြကုန်၏။

မုန်ညင်းစေ့ပမာဏ မှ ပဲနောက်စေ့မျှလောက်၊

ပဲနောက်စေ့ပမာဏမှ ကုလားပဲစေ့မျှလောက်၊

ကုလားပဲစေ့ ပမာဏမှ ဆီးစေ့မျှလောက်၊

ဆီးစေ့ပမာဏမှ ဆီးသီးမျှလောက်၊

ဆီးသီးပမာဏမှ သျှိသျှားသီးမျှလောက်၊

သျှိသျှားသီးပမာဏမှ ဥသျှစ်သီးနုမျှလောက်၊

ဥသျှစ်သီးနုပမာဏမှ ဥသျှစ်သီးကြီးမျှလောက်၊

ဖြစ်ပေါ်လာကုန်၏၊ ဥသျှစ်သီးကြီးမျှလောက် ဖြစ်၍ ပေါက်ကွဲကုန်ပြီးလျှင် ပြည်သွေးတို့သည် ယိုစီး ထွက် လာကြကုန်၏။ ထိုအခါ ကောကာလိကရဟန်းသည် ထိုအနာကြောင့်သာလျှင် သေလေ၏။ သေပြီးသော ကောကာလိကရဟန်းသည် အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန်တို့အပေါ်၌ ပြစ်မှားသောကြောင့် ပဒုမငရဲ၌ ဖြစ်ရလေ၏။ (သံ၊၁၊၁၅၂။ သံ၊ဋ္ဌ၊၁၊၁၉၈-၁၉၉။ သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၉၄-၁၉၅။)

ပုရိသဿ ဟိ ဇာတဿ၊ ကုဌာရီ ဇာယတေ မုခေ။

ယာယ ဆိန္ဒတိ အတ္တာနံ၊ ဗာလော ဒုဗ္ဘာသိတံ ဘဏေ။

ယော နိန္ဒိယံ ပသံသတိ၊ တံ ဝါ နိန္ဒတိ ယော ပသံသိယော။

ဝိစိနာတိ မုခေန သော ကလိံ၊ ကလိနာ တေန သုခံ န ဝိန္ဒတိ။

အပ္ပမတ္တကော အယံ ကလိ၊ ယော အက္ခေသု ဓနပရာဇယော။

သဗ္ဗဿာပိ သဟသာပိ အတ္တနာ၊ အယမေဝ မဟန္တတရော ကလိ။

ယော သုဂတေသု မနံ ပဒေါသယေ။ (သံ၊၁၊၁၅၄။)

မွေးလာသော ယောက်ျား၏ ပါးစပ်ထဲ၌ ဓားမကြီးတစ်လက် ပါလာ၏၊ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏။

အကြင်သူသည် ကဲ့ရဲ့ထိုက်သောသူကို ချီးမွမ်း၏၊ ချီးမွမ်းထိုက်သောသူကို ကဲ့ရဲ့၏၊ ထိုသူမိုက်သည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထိုသူမိုက်သည် ထိုအပြစ်ကြောင့် ချမ်းသာသုခကို မရနိုင်။

ကြွေအန်လောင်းရာ၌ မိမိခန္ဓာကိုယ်နှင့်တကွ စည်းစိမ်ဥစ္စာ အားလုံး၏ ဆုံးရှုံးခြင်းသည် အနည်းငယ်မျှ မပြောပလောက်သော အပြစ်သာတည်း၊ မဂ္ဂင် (၈)ပါးတည်းဟူသော ညီညွတ်သောအကျင့်ကို ကျင့်တော်မူကြကုန် သောကြောင့် နိဗ္ဗာန်သို့ ကောင်းစွာ ဆိုက်ရောက်တော်မူကြပြီးကုန်သော, ဗုဒ္ဓ ပစ္စေကဗုဒ္ဓ ဗုဒ္ဓသာဝကတည်းဟူ သော ကြီးကျယ်မြင့်မြတ်သော အရာဌာနသို့ ရောက်တော်မူကြပြီးကုန်သော သုဂတ အမည်ရှိတော်မူကြကုန်သော သူတော်ကောင်းတို့၌ ပြစ်မှားမိသော ဤအပြစ်သည်သာလျှင် ကြီးလေးသောအပြစ် မည်၏။ (သံ၊၁၊၁၅၄။ သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၉၇-၁၉၈။)

အရှင်ကောကာလိကသည် အဂ္ဂသာဝကကြီး နှစ်ပါးတို့ အပေါ်၌ မဟုတ်မတရား စွပ်စွဲမိသော အရိယူပဝါဒကံကြောင့် ပဒုမ မည်သော နှစ်အရေအတွက်နှင့် အညီအမျှ အဝီစိငရဲ၌ ကြီးစွာသော ဆင်းရဲဒုက္ခကို ခံရ၏။ အခြေခံ အကြောင်းရင်းမှာ ပစ္စည်းလေးဖြာ အပေါ်တွင် တွယ်တာ တပ်မက်သော တဏှာလောဘပင်တည်း။ အနုသယဓာတ်အဖြစ် ကိန်းဝပ်နေသော တဏှာလောဘသည် စိတ်အစဉ်တွင် ထင်ရှားဖြစ်ပေါ်လာသော ပရိယုဋ္ဌာနကိလေသာ အဆင့်သို့ တစ်ဆင့်တက်လာ၏။ ထိုပရိယုဋ္ဌာန အဆင့်တွင် မနှိမ်နင်းနိုင်သည့်အတွက် ယင်း လောဘသည် ဒေါသအပေါင်းအဖော်ကိုပါ ရရှိသောအခါ ရန်ငြိုးဖွဲ့ခြင်း မဟုတ်မတရား စွပ်စွဲခြင်းတည်းဟူသော ဝီတိက္ကမကိလေသာ အဆင့်သို့တိုင်အောင် ကူးစက်သွားလေသည်။ ယင်းအကုသိုလ်ကံက အဝီစိငရဲသို့ ရောက် အောင် အရှင်ကောကာလိကကို ပို့ဆောင်ပေးလိုက်ပေသည်။ လောဘနှင့် ယှဉ်သော စိတ်ဓာတ်၏ စွမ်းအင်ကား ကြီးမားလှပေ၏။

အသင်သူတော်ကောင်း၏ ပါးစပ်ထဲ၌လည်း မွေးကတည်းက ဓားမကြီးတစ်လက် ပါလာ၏၊ ထိုဓားမကြီးက မိမိကိုယ်ကို ပိုင်းဖြတ်မသွားအောင် သတိပြုသင့်လှပေသည်။

အရှင်ကောကာလိက၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

အရှင်ကောကာလိကသည် ယခုဘဝ၌သာလျှင် ပါးစပ်ကို အမှီပြု၍ ပျက်စီးရသည် မဟုတ်သေး၊ ရှေးရှေး ဘဝတုန်းကလည်း ပါးစပ်ကို အမှီပြု၍ ပျက်စီးခဲ့ရဖူးသည်သာ ဖြစ်၏။

အရှင်ကောကာလိကအလောင်းလျာသည် အတိတ်ဘဝတစ်ခုဝယ် ဟိမဝန္တာအရပ် အိုင်တစ်အိုင်၌ လိပ် ဖြစ်ခဲ့ဖူး၏။ ထိုအိုင်၌ လာရောက်ကျက်စားနေကျ ဟင်္သာငယ် နှစ်ကောင်တို့သည် ထိုလိပ်နှင့် ချစ်ကျွမ်းဝင်ကာ မြဲမြံသော မိတ်ဆွေများ ဖြစ်သွားကြ၏။ တစ်နေ့တွင် ဟင်္သာငယ် နှစ်ကောင်တို့က လိပ်ကို --- မိတ်ဆွေ ... ငါတို့၏ ဟိမဝန္တာဝယ် စိတ္တကုဋ်တောင်ယံ၌ ရွှေဂူအတွင်းဝယ် နေထိုင်စရာနေရာ ရှိ၏၊ မွေ့လျော်ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်၏၊ ငါတို့နှင့် အတူသွားမလား --- ဟု မေးမြန်းကြ၏။

မိတ်ဆွေတို့ ...ငါ ဘယ်လိုသွားရမှာလဲဟု မေးသောအခါ ဟင်္သာတို့က --- အကယ်၍ သင်သည် ပါးစပ်ကို စောင့်စည်းနိုင်ပါမူ ငါတို့သည် သင့်ကို သယ်ဆောင်သွားကုန်အံ့ --- ဟု ပြန်ပြောကြ၏။ လိပ်ကလည်း ပါးစပ်ကို စောင့်စည်းပါမည်ဟု ဝန်ခံကတိ ပေးလိုက်၏၊ မိမိကို သယ်ဆောင်သွားရန် တောင်းပန်စကားလည်း ပြောလိုက်၏။ ဟင်္သာတို့ကလည်း ကောင်းပြီဟု ဆို၍ တုတ်တစ်ချောင်းကို လိပ်ကို ပါးစပ်ဖြင့် ကိုက်ထားခိုင်း၍ မိမိတို့ ဟင်္သာနှစ်ကောင်က ထိုတုတ်ချောင်း၏ အစွန်းနှစ်ဘက်တို့ကို ကိုက်ချီ၍ ကောင်းကင်သို့ ပျံတက်သွားကြ၏။ ဟင်္သာတို့၏ ပျံသန်းသွားသော အဟုန်ကား အလွန် လျင်မြန်လှ၏။ ရွာသူသားငယ်တို့က မြင်တွေ့ကြသောအခါ ဟင်္သာနှစ်ကောင်တို့က လိပ်တစ်ကောင်ကို တုတ်တစ်ချောင်းဖြင့် သယ်ဆောင်သွားကြတယ်ဟု အော်ပြောကြ၏။ လိပ်ကလည်း --- ငါ့ကို ငါ့မိတ်ဆွေတွေက သယ်ဆောင်သွားတာ နင်တို့နှင့် ဘာဆိုင်လဲ --- ဟု ပြန်ပြောချင်၏။ သို့သော် ဟင်္သာတို့ ပျံသန်းနေသောအဟုန်က အလွန် လျင်မြန်သောကြောင့် ဗာရာဏသီမင်းနန်းတော်၏ အထက် ကောင်းကင်ယံသို့ ရောက်မှ ကိုက်ထားသော နေရာမှ တုတ်ချောင်းကို ပြန်ပြောဖို့ရန် လွှတ်လိုက်မိ၏။ မင်းရင်ပြင်တော်၌ ကျ၍ ကြေမွ ပျက်စီးသွားလေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၆၃။)

ဘဝတစ်ခု၌ မွေးမြူမိသော မကောင်းဓာတ်တို့သည် နောက်နောက်ဘဝများအထိ လိုက်ပါတတ်ပုံကို ပညာရှိ သူတော်ကောင်းအပေါင်းတို့သည် သတိပြုသင့်လှပေသည်။

သာကီဝင်မင်းသား အရှင်ဥပနန္ဒ၏ လောဘ

အရှင်ဥပနန္ဒမထေရ်ကား သာကီဝင်မင်းသား တစ်ဦးလည်း ဖြစ်၏၊ ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံ၏၊ တရား အဟောအပြော၌လည်း လိမ္မာ ကျွမ်းကျင်တော်မူ၏။ ထိုအရှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူရသော သိက္ခာပုဒ်တို့လည်း များလှ၏။ ရဟန်းတော်များ ရွှေငွေကို အလှူမခံရဟု ပညတ်ထားတော်မူသော ရူပိယသိက္ခာပုဒ် မှာလည်း အရှင်ဥပနန္ဒ၏ ငွေအလှူခံမှုကို အကြောင်းပြု၍ ပညတ်တော်မူရခြင်း ဖြစ်၏။ ရဟန်းတစ်ပါးသည် ဝါဆိုကျောင်း တစ်ကျောင်း၌သာ ဝါဆိုရန်, ဝါဆိုကျောင်း နှစ်ကျောင်း သုံးကျောင်း စသည် ခွ၍ ဝါမဆိုရန် ပညတ်တော်မူရသော သိက္ခာပုဒ်များမှာလည်း အရှင်ဥပနန္ဒကိုပင် အကြောင်းပြု၍ ပညတ်တော်မူရခြင်း ဖြစ်၏။ ဤသို့စသည်ဖြင့် များလှ၏။

တစ်ချိန် အရှင်ဥပနန္ဒသည် တောကျောင်း တစ်ကျောင်း၌ တရားဟောတော်မူ၏။ ထို အရှင်ဥပနန္ဒ၏ ပစ္စည်းလေးပါးနှင့် စပ်၍ အလိုနည်းပါးခြင်း = အပ္ပိစ္ဆတာဂုဏ်, ရောင့်ရဲလွယ်ခြင်း = သန္တုဋ္ဌိဂုဏ် စသော ရဟန်းတော် များ၏ ခြိုးခြံစွာ ပစ္စည်းလေးပါးကို သုံးစွဲပုံနှင့် စပ်ယှဉ်သော တရားစကားများကို ကြားနာရသော ရဟန်းများစွာ တို့သည် ထိုအရှင်ဥပနန္ဒကို တိစီဝရိက်သင်္ကန်း သုံးထည်တို့ဖြင့် ပူဇော်ကြ၍ ဓုတင်ကျင့်ဝတ် ပဋိပတ်များကို ဆောက်တည်တော်မူကြကုန်၏။ ထိုဓုတင်ဆောင် ရဟန်းတော်တို့က စွန့်ပစ်လိုက်သော ပရိက္ခရာအားလုံးတို့ကို အရှင်ဥပနန္ဒကပဲ သိမ်းကျုံး၍ အားလုံးယူလိုက်၏။ ထိုအရှင်ဥပနန္ဒသည် ဝါဆိုဝါကပ်ဖို့ရန် နီးကပ်လာသောအခါ ဇနပုဒ် တစ်ခုသို့ ကြွသွားတော်မူ၏။ ထိုအခါ ထိုအရှင်ဥပနန္ဒကို ကျောင်းတိုက်တစ်ခု၌ သီတင်းသုံးနေထိုင်လျက် ရှိတော်မူကြကုန်သော ရဟန်းငယ် သာမဏေငယ်တို့က တရားဟောကောင်းသည့် ဓမ္မကထိကကောင်းဟူသော ချစ်မြတ်နိုးခြင်းဖြင့် အရှင်ဘုရား ဤကျောင်းတိုက်မှာပင် ဝါဆိုဝါကပ်တော်မူပါဟု လျှောက်ထားကြ၏။ ဤ ကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဘယ်၍ ဘယ်မျှ ရရှိပါသလဲဟု မေးမြန်းကြည့်သောအခါ သံဃာတစ်ပါးလျှင် ဝါဆိုသင်္ကန်း တစ်စုံစီသာရကြောင်း ပြန်လည်လျှောက်ထားလေသော် ထိုကျောင်း၌ ဖိနပ်ထားခဲ့၍ အခြားကျောင်း တစ်ခုသို့ သွားပြန်၏။ ဒုတိယကျောင်းတိုက်သို့ ရောက်သောအခါ ဝါဆိုသင်္ကန်းနှင့် စပ်၍ မေးမြန်းကြည့်ပြန် လတ်သော် ဝါဆိုသင်္ကန်း နှစ်စုံ ရကြောင်း သတင်းကောင်းကို ပြောဆိုလျှောက်ထားသဖြင့် ထိုကျောင်း၌ တောင်ဝှေး ကို ထားခဲ့၏။ တတိယကျောင်းတိုက်တစ်ခုသို့ ရောက်သောအခါ ဝါဆိုသင်္ကန်း သုံးစုံ ရကြောင်း သတင်းကောင်း ကို ကြားသိရပြန်သဖြင့် ထိုကျောင်း၌ ရေဘူးကို ထားခဲ့ပြန်၏။ စတုတ္ထကျောင်းတိုက်တစ်ခုသို့ ရောက်သောအခါ ဝါဆိုသင်္ကန်း လေးစုံ ရကြောင်း သတင်းကောင်းကို ကြားသိရသဖြင့် ကောင်းပြီ ...ဤကျောင်းတိုက်၌ ဝါဆိုပေအံ့ဟု ဆုံးဖြတ်ချက်ချ၍ ထိုကျောင်းတိုက်၌ ဝါဆိုဝါကပ်လျက် လူဒါယကာ ဒါယိကာမတို့ကိုလည်းကောင်း ရဟန်းတော်တို့ကိုလည်းကောင်း တရားစကားများကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူ၏။ ထိုရှင်ရဟန်းတို့နှင့် လူဒါယကာ ဒါယိကာမအပေါင်းတို့သည် ထိုအရှင်ဥပနန္ဒကို များစွာကုန်သော အဝတ်သင်္ကန်းတို့ဖြင့် ပူဇော်ကြ ကုန်၏။ ထိုအရှင်ဥပနန္ဒသည် ဝါကျွတ်သောအခါ ဖိနပ် တောင်ဝှေး စသည်တို့ ထားခဲ့ရာ အခြားကျောင်းတိုက်တို့၌ ငါသည် ပရိက္ခရာကို ထားခဲ့သည့်အတွက် ဝါဆိုသင်္ကန်းကို ရထိုက်၏။ ထိုဝါဆိုသင်္ကန်းကို ငါ့ထံသို့ ပို့လိုက်ကြပါ ဟု သတင်းစကား ပို့လိုက်၍ ထိုသင်္ကန်းအားလုံး ဆောင်ယူကာ လှည်းတစ်ခုလုံး အပြည့်တင်ကာ သွားလေ၏။

ထိုအချိန်အခါတွင် လမ်းခုလတ် တစ်နေရာဝယ် ကျောင်းတိုက်တစ်ခု တည်ရှိနေ၏။ ထိုကျောင်းတိုက်နားသို့ အရောက်တွင် ခြေထောက်ကို နွယ်တစ်ချောင်းက ငြိမိသဖြင့် လာဘ်ရလိမ့်မည်ဟု အတိတ်ကောက်ကာ ထို ကျောင်းတိုက်အတွင်းသို့ ဝင်သွား၏။ ထိုကျောင်း၌ ရဟန်းနှစ်ပါးတို့ ဝါဆိုဝါကပ်ကြရာ ဖျင်ကြမ်းသင်္ကန်း = ပိတ်သင်္ကန်း နှစ်စုံနှင့် ကမ္ဗလာသင်္ကန်း တစ်စုံ ရရှိကြရာ အဝေမသင့် ဖြစ်နေကြ၏။ လမ်းခရီးအနီး၌ ထိုင်ကာ ငြင်းခုံနေကြ၏။ ထိုရဟန်းငယ်တို့သည် အရှင်ဥပနန္ဒထေရ် ကြွလာသည်ကို မြင်ကြ၍ သင်္ကန်းများကို ဝေခြမ်း၍ ပေးပါရန် တင်ပြ လျှောက်ထားကြ၏။ အရှင်ဥပနန္ဒက အရှင်ဘုရားတို့ပဲ ဝေဖန်ယူကြပါဟု ပြန်လည် မိန့်ကြား၏။ အရှင်ဘုရားတို့ကသာ ဝေဖန်၍ ပေးတော်မူကြပါ၊ တပည့်တော်တို့ ဝေခြမ်း၍ မရနိုင် ဖြစ်နေကြပါသည်ဟု ထပ်မံ လျှောက်ထားကြ၏။ ထိုသို့ဖြစ်လျှင် တပည့်တော်၏ စကား၌ ရပ်တည်နိုင်ကြပါမည်လောဟု မေးမြန်းလိုက်သော အခါ ရပ်တည်နိုင်ပါကြောင်း ဝန်ခံစကား လျှောက်ထားကြ၏။ ထိုအခါ အရှင်ဥပနန္ဒက ကောင်းပြီဟု ပြောဆို၍ ထိုရဟန်းငယ်တို့အား ပိတ်သင်္ကန်း တစ်စုံစီပေးကာ ---

အယံ ဓမ္မကထံ ကထေန္တာနံ အမှာကံ ပါရုပနာရဟော။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၉။)

ဤကမ္ဗလာသင်္ကန်းသည် တရားဟောဓမ္မကထိက ဖြစ်ကုန်သော ငါတို့အား ဝတ်ရုံခြင်းငှာ လျောက်ပတ်၏-

ဤသို့ ပြောဆို၍ များစွာ အဖိုးထိုက်တန်သော ကမ္ဗလာသင်္ကန်းကိုပါ ယူဆောင်၍ သွားပြန်၏။ ရဟန်းငယ် တို့လည်း စိတ်မကောင်းကြ စိတ်မကြည်လင်ကြသဖြင့် ဘုရားရှင်ထံသို့ သွားကာ ထိုအကြောင်းအရာကို တင်ပြ လျှောက်ထားကြ၏။ ထိုအခါ ဘုရားရှင်က --- ရဟန်းတို့ ...ဤဥပနန္ဒသည် ယခုအခါ၌သာလျှင် သင်တို့၏ ဥစ္စာပစ္စည်းကို ယူ၍ သင်တို့ကို စိတ်မချမ်းမြေ့အောင် ပြုသည် မဟုတ်သေး၊ ဟိုရှေးယခင်အခါကလည်း ပြုခဲ့ဖူး သည်သာတည်းဟု မိန့်တော်မူပြီးနောက် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူခဲ့၏။

အတိတ်ဘဝတစ်ခုဝယ် မြစ်ကမ်းပါး အနီး၌ ကျင်လည်ကျက်စားလေ့ရှိသော ဖျံတစ်ကောင်, ရေနက်၌ ကျင်လည်ကျက်စားလေ့ရှိသော ဖျံတစ်ကောင် ဤဖျံနှစ်ကောင်တို့သည် ငါးကြင်းကြီးတစ်ကောင်ကို ရ၍ အဝေမသင့် ဖြစ်နေကြ၏။ ဂင်္ဂါမြစ်ကမ်း တစ်နေရာတွင် ဖြစ်၏။ ထိုဖျံနှစ်ကောင်မှာ သင်္ကန်း အဝေမတည့် ဖြစ်နေကြသည့် ရဟန်းငယ် နှစ်ပါး၏ အလောင်းလျာများပင် ဖြစ်ကြ၏။

အရှင်ဥပနန္ဒအလောင်းကား ဂင်္ဂါမြစ်ကမ်းပါးတွင် ကျက်စားနေသည့် မြေခွေးတစ်ကောင် ဖြစ်နေ၏။ မာယာဝီ အမည်ရှိသော မြေခွေးမငယ် တစ်ကောင်လည်း သူ့တွင် ရှိနေ၏။ ထိုမာယာဝီက ငါးကြင်းသားကို စားချင်ပါသည်ဟု ချင်ခြင်းတပ်သဖြင့် ဥပနန္ဒအလောင်း မြေခွေးခမျာလည်း ငါးကြင်းသား အရှာထွက်ခဲ့ရ၏။

[ဤစာကိုဖတ်နေသော အသင်သူတော်ကောင်း၌လည်း မာယာဝီတစ်ဦး ရှိကောင်း ရှိနိုင်ပါသည်။ စိန်နားကပ် ဝတ်ချင်ပါသည်ဟု ပူဆာ၍ စိန်နားကပ် ရှာပုံတော်ကျူးရသည့် ပုံစံမျိုးဟုပင် မှတ်ပါ။]

ထိုမြေခွေးသည် ဂင်္ဂါမြစ်ကမ်းပါးတစ်လျှောက်၌ ငါးကြင်းသား အရှာထွက်လာရာ တစ်နေရာတွင် ခြေထောက်ကို နွယ်တစ်ချောင်းက ငြိနေသဖြင့် ဤနေရာတွင် လာဘ်ရမည်ဟု အတိတ်ကောက်ကာ ဂင်္ဂါမြစ်ကမ်း ဘက်သို့ ဆင်းသွားလိုက်၏။ ဖျံနှစ်ကောင်တို့ကလည်း ငါးကြင်းသားကို ဝေဖန်ပေးရန် တောင်းပန်ကြ၏။ မြေခွေး ကလည်း --- ငါသည် ဘုရင်မင်းမြတ်၏ တရားစီရင်ရာ တရားရေးရာဌာန၌ ဘုရင်မင်းမြတ် တရားသူကြီးအဖြစ် ရာထူးခန့်အပ်ထားသူ ဖြစ်၏၊ ထိုတရားရေးရာဌာန တရားစီရင်ရာဌာန၌ ကြာမြင့်စွာ ထိုင်ခဲ့ရသဖြင့် အညောင်းပြေ လမ်းလျှောက်လာခြင်း ဖြစ်၏၊ ယခုအခါ ငါ့မှာ တရားဆုံးဖြတ်ပေးရန် အချိန်မရှိပါ --- ဟု ပြန်ပြောလေ၏။ ဖျံနှစ်ကောင်တို့ကလည်း အတန်တန် တောင်းပန်ပြန်သောအခါ --- ငါ၏စကား၌ ရပ်တည်နိုင်ကြပါ့မလား--- ဟု မေးမြန်းလိုက်သောအခါ ရပ်တည်နိုင်ကြောင်းကို ဖျံနှစ်ကောင်တို့က ပြန်ပြောင်းပြောဆိုသောအခါ ငါးကြင်းကို သုံးပိုင်း ပိုင်း၍ ဖျံတစ်ကောင်အား အမြီးပိုင်းကို ဖျံတစ်ကောင်အား ခေါင်းပိုင်းကို ပေး၍ ဤအလယ်ပိုင်းသည်ကား တရားစီရင်ရာ ဝိနိစ္ဆယဌာန၌ ရပ်တည်နေသော ငါတရားသူကြီးနှင့် သက်ဆိုင်သည်ဟု ဆို၍ ကိုက်ချီကာ ထွက် ပြေးလေသည်။ ထိုဖျံနှစ်ကောင်တို့လည်း စိတ်မချမ်းသာခြင်း စိတ်နှလုံးမသာယာခြင်း ရှိကြကုန်လျက် ထိုမြေခွေးကို ကြည့်ကာ ရပ်တည်နေရစ်ကြရကုန်၏။

ဝါသနာ ဓာတ်ငွေ့

ရဟန်းငယ်နှစ်ပါးတို့သည် ဖျံဘဝကလည်း ငါးကြင်းသားကို အဝေမတည့် လုခဲ့ဖူးကြ၏၊ ယခုလည်း ကမ္ဗလာ သင်္ကန်းကို အဝေမတည့် ဖြစ်ကာ လုယက်ကြရပြန်၏။ တစ်ဖန် အရှင်ဥပနန္ဒသည်လည်း မြေခွေးဘဝကလည်း ငါးကြင်းသားကို ခေါင်းပုံဖြတ်ခဲ့ဖူး၏။ ယခုတစ်ဖန် ရဟန်းဘဝသို့ ရောက်ရှိပြန်ပါကလည်း ကမ္ဗလာသင်္ကန်းကို ခေါင်းပုံဖြတ်ပြန်၏။ သာကီဝင်မင်းသားလည်း ဖြစ်၍ ရှင်ရဟန်းလည်း ဖြစ်ပါလျက် ဘုရားရှင်နှင့်လည်း တွေ့ကြုံ ရပါလျက် တရားထူး တရားမြတ်ကို မရှာဖွေဘဲ ဓမ္မကထိကဘဝမျှဖြင့် အားရကျေနပ်ကာ ပစ္စည်းလေးဖြာ ရရှိ ရေးကိုသာ ကြိုးပမ်းခဲ့သဖြင့် သာသနာတော်က လောလုပ္ပစာရ = ပစ္စည်းလေးပါး၌ လျှပ်ပေါ်လော်လည်သော ရဟန်းဟု မှတ်ချက်ချခြင်းကို ခံယူရပေသည်။ ထိုစိတ်ဓာတ်များက တရားထူး တရားမြတ်နှင့် အလှမ်းဝေးအောင် တည်ထောင် ဖန်ဆင်း၍ ပေးလိုက်သဖြင့် သာသနာတော်နှင့် ကြုံတွေ့ရသော်လည်း တရားထူး တရားမြတ်နှင့် အလွဲကြီး လွဲသွားရရှာပေသည်။

ဘုရားရှင်သည် ဤအတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူ၍ ဤသို့လျှင် ဤဥပနန္ဒသည် သင်ချစ်သား တို့ကို အတိတ်ဘဝတုန်းကလည်း စိတ်မချမ်းသာအောင် ပြုလုပ်ခဲ့ဖူးသည်သာလျှင်တည်းဟု ထိုရဟန်းတို့ကို အသိပေးပြီးနောက် အရှင်ဥပနန္ဒကို ကဲ့ရဲ့လိုသည် ဖြစ်၍ --- ရဟန်းတို့ ...သူတစ်ပါးကို ဆိုဆုံးမသောသူ မည်သည် ရှေးဦးစွာ မိမိကိုယ်ကိုသာလျှင် သင့်တင့်လျောက်ပတ် ကောင်းမြတ်သောအရာ၌ တည်စေအပ်၏-ဟု ဟောတော်မူပြီးနောက် အောက်ပါ ဂါထာဒေသနာတော်ကို ဟောတော်မူ၏။

အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။

အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။ (ဓမ္မပဒ၊၁၅၈။ ဓမ္မပဒ၊ဋ္ဌ၊၂၊၈၈-၉၀။)

ပညာရှိသူတော်ကောင်းသည် မိမိကိုယ်ကိုသာလျှင် ရှေးဦးစွာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော ဂုဏ်ကျေးဇူး၌ တည်အောင် သွတ်သွင်းထားလေရာ၏၊ ထိုနောင်မှ သူတစ်ပါးကို ဆိုဆုံးမလေရာ၏၊ ပညာရှိ သူတော်ကောင်းဟူသည် ကိလေသာ အညစ်အကြေးတို့ဖြင့် လူးလည်းပေကျံမှု မရှိလေရာ။ (ဓမ္မပဒ၊၁၅၈။)

မိမိကိုယ်ကို ထိုဂုဏ်ကျေးဇူး၌ တည်အောင် သွတ်သွင်းမထားနှင့်ဦးဘဲ သက်သက် သူတစ်ပါးကိုသာလျှင် ဆိုဆုံးမသောသူသည် သူတစ်ပါးထံမှ ကဲ့ရဲ့မှုကို ရရှိ၍ စိတ်အစဉ် ညစ်နွမ်းရသည် မည်၏။ ထိုဂုဏ်ကျေးဇူး၌ မိမိကိုယ်ကို ရှေးဦးစွာ တည်နေအောင် သွတ်သွင်းပြီးမှသာလျှင် သူတစ်ပါးကို ဆိုဆုံးမသောသူသည် နောက်ပိုင်း ကာလ၌ ချီးမွမ်းခြင်းကို ရရှိနိုင်ပေ၏။ ထိုကြောင့် စိတ်မညစ်နွမ်းရသည် မည်၏။ ဤသို့ပြုသော် ပညာရှိသူတော်ကောင်းသည် ကိလေသာ အညစ်အကြေးတို့ဖြင့် လူးလည်းပေကျံမှု မရှိလေရာ။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၉၀။)

စိဉ္စမာဏဝိကာ = စိဉ္စမာဏ

စိဉ္စမာဏသည် သူ့ဗိုက်ကို လိမ်ညာထုတ်၍ ဘုရားရှင်အား မဟုတ်မတရား စွပ်စွဲခဲ့၏။ စိဉ္စမာဏ၏ ဤကဲ့ သို့သော စိတ်ဓာတ်များမှာ အတိတ် သံသရာအဆက်ဆက်က ကပ်ပါလာသော လေ့ကျက်မှုများခဲ့သော အနုသယ ဓာတ်ငွေ့တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်ပင် ဖြစ်၏။

နာမည်ကျော် စူဠပဒုမဇာတ်တော်၌ ပဒုမပေါင်တိုနှင့် မှောင်ခိုကာ ဖောက်ပြားလျက် ယောက်ျားဖြစ်သူ မဟာပဒုမမင်းသားကို ချောက်ကမ်းပါးထဲသို့ ကျအောင် တောင်ထိပ်မှ ကလိန်ဆင်၍ တွန်းချခဲ့သူမှာလည်း မယ်မင်းကြီးမ စိဉ္စမာဏအလောင်းပင် ဖြစ်၏။ (စူဠပဒုမဇာတ်၊ဇာတက၊ဋ္ဌ၊၂၊၁၀၅-၁၁၀။)

သုသုမာရဇာတ် --- တစ်ချိန် ဘုရားအလောင်းတော်သည် တစ်ခုသော ဘဝ၌ ဟိမဝန္တာဝယ် မျောက်မျိုး၌ ဖြစ်ရ၏။ ဆင်ပြောင်အားကို ဆောင်နိုင်၏၊ စွမ်းအင်နှင့် ပြည့်စုံ၏၊ ကြီးမားသော ခန္ဓာကိုယ် ရှိ၏။ တင့်တယ်ခြင်း အစုသို့ ရောက်၏။ မြစ်ကွေ့ တောအုပ် တစ်နေရာ၌ နေ၏။ ထိုအခါ၌ ဂင်္ဂါမြစ်တွင်းဝယ် အရှင်ဒေဝဒတ်အလောင်း မိကျောင်းနှင့် မယ်မင်းကြီးမ စိဉ္စမာဏအလောင်း မိကျောင်းမ ဇနီးမောင်နှံတို့လည်း ရှိကြ၏။ မယားဖြစ်သူ မိကျောင်းမက လင်ဖြစ်သူ မိကျောင်းဖိုအား မျောက်၏ နှလုံးသားကို စားလိုသည့် ချင်ခြင်းသည် ဖြစ်ပေါ်နေကြောင်း မစားရက သေရတော့မည် ဖြစ်ကြောင်း တင်ပြ ပြောဆိုလာ၏။ ဥပါယ်တံမျဉ်ဖြင့် မျောက်၏ နှလုံးသားကို စား ရအောင် ကြံဆောင်ပေးမည့်အကြောင်း ဝန်ခံကတိစကား ပြောကြားကာ နှစ်သိမ့်စေပြီးနောက် ဘုရားအလောင်း မျောက်သည် ဂင်္ဂါမြစ်၌ ရေကို သောက်၍ ဂင်္ဂါမြစ်ကမ်းနား၌ နေသောကာလ၌ ဘုရားအလောင်း၏ အထံသို့ သွား၍ ---

အဆွေတော် မျောက်မင်း ...ဤအရပ်၌ ငှက်ပျောသီးတို့ကို စားလျက် ကျက်စားမြဲ အရပ်၌သာလျှင် သင်သည် အဘယ်ကြောင့် ကျက်စားဘိသနည်း၊ ဂင်္ဂါ၏ တစ်ဘက်ကမ်း၌ သရက် ပိန္နဲ အစရှိကုန်သော ချိုမြိန် ကောင်းမြတ်ကုန်သော သစ်သီးကြီးငယ်တို့၏ အဆုံးအပိုင်းအခြားကား မရှိ၊ အလွန် ပေါများလှ၏၊ သင်သည် ထို ဂင်္ဂါတစ်ဘက်သို့ သွား၍ သစ်သီးကြီးငယ်တို့ကို စားအံ့သောငှာ မသင့်လေသလောဟု ဆို၏။

မိကျောင်းမင်း ...ဂင်္ဂါမြစ်သည် ရေများလှ၏၊ အပြောကျယ်၏၊ နက်လည်းနက်၏၊ထို ဂင်္ဂါ၏ တစ်ဘက် ကမ်းသို့ အသို့ သွားနိုင်အံ့နည်း --- ဟု မျောက်က ဆို၏။ --- မျောက်မင်း ...သင်သည် အကယ်၍ သွားလိုသည် ဖြစ်အံ့၊ ငါသည် သင့်ကို ငါ၏ ကျောက်ကုန်းထက်၌ တင်ဆောင်၍ ထိုမှာဘက်ကမ်းသို့ ဆောင်ကြဉ်းပေအံ့ -ဟု မိကျောင်းက ဆိုပြန်၏။ ဘုရားအလောင်းသည် ယုံကြည်၍ ကောင်းပြီဟု ဝန်ခံ၏၊ ထိုသို့ဖြစ်လျှင် လာလော့၊ ငါ၏ ကျောက်ကုန်းထက်သို့ တက်လော့ဟု မိကျောင်းက ဆိုသည်ရှိသော် မျောက်မင်းသည် တက်လေ၏။ မိကျောင်းသည် အတန်ငယ် ဆောင်ယူသွား၍ မျောက်ကို ရေ၌ နှစ်လေ၏။

ဘုရားအလောင်းသည် အဆွေ သင်သည် ငါ့ကို ရေ၌ မွန်းစေ၏၊ ထိုသို့ ရေ၌ နစ်မွန်းစေခြင်းသည် အကြောင်းအသို့နည်းဟု ဆို၏။ မျောက်မင်း ငါသည် သင့်ကို ကောင်းသောသဘောရှိသည်၏ အဖြစ်ဖြင့် ယူ၍ မသွား၊ စင်စစ်ကား သင်၏ နှလုံးသား၌ ငါ၏ မယားအား ချင်ခြင်းသည် ဖြစ်၏။ ငါ၏ မယားကို ငါသည် သင် ၏ နှလုံးသားကို စားစေလို၏၊ ထိုကြောင့် သင့်ကို ယူ၍ သွား၏ --- ဟု မိကျောင်းက ပြောဆိုပြန်၏။

အဆွေတော် မိကျောင်း စကားပြောဆိုခြင်းဖြင့် ကောင်းမွန် မှန်ကန်သည်ကို ပြုဘိ၏။ ငါတို့၏ ရင်ထဲ၌ နှလုံးသားသည် အကယ်၍ ရှိသည် ဖြစ်ငြားအံ့၊ သစ်ပင်ဖျားတို့၌ ပြေးသွားလတ်သည်ရှိသော် မုန့်မုန့်ညက်ညက် ကြေသည်ဖြစ်ရာ၏ --- ဟု ဘုရားလောင်းက ဆိုပြန်၏။ မျောက်မင်း သင်တို့သည် သင်တို့၏ နှလုံးသားကို အဘယ်အရပ်၌ ထားလေကုန်သနည်းဟု မေးလတ်သည်ရှိသော် ဘုရားအလောင်းတော်က --- အနီး၌ မြင်တွေ့ ရသော အသီးမှည့်အခိုင်တို့နှင့် ပြည့်စုံသော ရေသဖန်း တစ်ပင်ကို ညွှန်ပြလျက် ရှုကြည့်ပေတော့ ...ငါတို့၏ နှလုံးသားတို့ကို ထိုရေသဖန်းပင်၌ပင်လျှင် ဆွဲထားအပ်ကုန်၏။ဟု ဆို၏။

မျောက်မင်း ...အကယ်၍ သင်သည် ငါ့အား နှလုံးသားကို ပေးလတ္တံ့၊ ငါသည် သင့်ကို မသတ်ပါဟု မိကျောင်းက ဆို၏။ ထိုသို့ဖြစ်လျှင် ငါ့ကို ထိုရေသဖန်းပင်ရှိရာ အရပ်သို့ သယ်ဆောင်လေလော၊ ငါသည် သင့် အား ရေသဖန်းပင်၌ ချိတ်ဆွဲထားအပ်သော နှလုံးသားကို ပေးပါအံ့ဟု ဘုရားလောင်းမျောက်က ဆိုလေ၏။

ထိုမိကျောင်းသည် ထိုဘုရားလောင်းမျောက်ကို သယ်ဆောင်၍ ထိုရေသဖန်းပင် ရှိရာ အရပ်သို့ သွားလေ၏။ ဘုရားလောင်းမျောက်သည်လည်း မိကျောင်း၏ ကျောက်ကုန်းမှ ခုန်တက်၍ ရေသဖန်းပင်ထက်သို့ တက်သွား လေ၏။ (ဇာတက၊ဋ္ဌ၊၂၊၁၄၅-၁၄၆။)

ဤဝတ္ထု၌ ဘုရားအလောင်းတော် မျောက်မင်း၏ နှလုံးသားကို စားလိုသည်ဟု ချင်ခြင်းတပ်နေသူမှာလည်း မယ်မင်းကြီးမ စိဉ္စမာဏပင် ဖြစ်၏။ သံသရာတစ်လျှောက်၌ ဘုရားအလောင်းအပေါ်၌ မှောက်မှားလိုသော စိတ်ဓာတ်များကား စိဉ္စမာဏ၏ သန္တာန်ဝယ် အကြိမ်ကြိမ် ကိန်းဝပ်ခဲ့ဖူး၏။ ဘုရားအပေါ်၌ အလောဘဓာတ်ကို မကိန်းဝပ်စေခဲ့ပေ။

တဿ မန္ဒော အလောဘော လောဘံ ပရိယာဒါတုံ န သက္ကောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

= အားကောင်းနေသော လောဘဓာတ်ကို အားနွဲ့နေသော အလောဘဓာတ်က အနိုင်ယူဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုလောဘကို မထိန်းချုပ်နိုင်သဖြင့် စိဉ္စမာဏသည်ယနေ့ ငရဲ၌ မွေ့လျော် စံပျော်နေရရှာလေသည်။

ထုလ္လနန္ဒာ ဘိက္ခုနီမ၏ လောဘ

အရှင်ဥပနန္ဒကို အကြောင်းပြု၍ သိက္ခာပုဒ်များစွာကို ပညတ်တော်မူရသကဲ့သို့ အလားတူပင် ထုလ္လနန္ဒာ ဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူရသော သိက္ခာပုဒ်တို့မှာလည်း များစွာပင် ရှိပေသည်။ ထိုသိက္ခာပုဒ် များစွာထဲက သိက္ခာပုဒ် တစ်ခုမှာ ထုလ္လနန္ဒာ ဘိက္ခုနီမ၏ လောဘကြီးမှုနှင့် ပတ်သက်၍ ပညတ်တော်မူရသည့် လသုဏသိက္ခာပုဒ်ပင် ဖြစ်၏။

တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော် တော်မူခိုက်ဝယ် ဒါယကာတစ်ဦးက ဘိက္ခုနီသံဃာကို ကြက်သွန်ဖြူဖြင့် ဖိတ်ကြားထား၏။ အရှင်မတို့ အလိုရှိ သလောက် လှူဒါန်းပါရစေဟု ပန်ကြား လျှောက်ထားထား၏။ လယ်စောင့်ယောက်ျားကိုလည်း --- အကယ်၍ ဘိက္ခုနီမတို့ လာခဲ့သော် ဘိက္ခုနီမ တစ်ပါး တစ်ပါးအား ကြက်သွန်ဖြူ နှစ်ထုပ် သုံးထုပ် လှူဒါန်းလိုက်ပါ --- ဟု မှာကြားထား၏။

တစ်ချိန် သာဝတ္ထိ၌ ပွဲလမ်းသဘင်တစ်ခု ရှိနေ၏၊ ထိုဒါယကာ၏ လယ်တောမှ သယ်ဆောင်ယူလာသမျှ ကြက်သွန်ဖြူ အားလုံးကုန်သွား၏။ ဘိက္ခူနီမတို့ကလည်း ထိုဒါယကာထံသို့ ချဉ်းကပ်၍ ကြက်သွန်ဖြူကို အလိုရှိ ကြောင်း တောင်းခံလာကြ၏။ ထိုဒါယကာကလည်း ကြက်သွန်ဖြူများ မရှိတော့ကြောင်း ကုန်သွားကြောင်းကို လျှောက်ထားကာ လယ်တောသို့ သွားရောက် အလှူခံယူရန် ဆက်လက် လျှောက်ထားလိုက်၏။

ထုလ္လနန္ဒာ ဘိက္ခုနီမသည် လယ်တောသို့ သွားကာ အတိုင်းအရှည်ပမာဏကို မသိဘဲ အများကြီး ဆောင်ယူ စေ၏။ လယ်စောင့်ယောက်ျားကို အစထား၍ လူအပေါင်းတို့က ကဲ့ရဲ့ရှုတ်ချစကား အပြစ်တင်စကား ပြောကြား ကြ၏။ ဘုရားရှင်၏ ရွှေနားတော်အထိ ပေါက်ရောက်သွား၏။ ထိုအခါ ဘုရားရှင်က ထုလ္လနန္ဒာ ဘိက္ခုနီမအား ကဲ့ရဲ့ပြစ်တင်စကားကို မိန့်ကြားတော်မူပြီးနောက် ထုလ္လနန္ဒာ၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြား တော်မူ၏။

ရဟန်းတို့ ...ထုလ္လနန္ဒာ ဘိက္ခုနီမသည် ရှေးတုန်းက ဖြစ်ခဲ့ဖူးသည်ကား --- မထင်ရှားသော ပုဏ္ဏား တစ်ဦး၏ မယား ဖြစ်ခဲ့ဖူး၏။ နန္ဒာ နန္ဒဝတီ သုန္ဒရီနန္ဒာဟု သမီးသုံးယောက် ရှိ၏။ ရဟန်းတို့ ...ထိုအခါ ထို ပုဏ္ဏားကြီးသည် ကွယ်လွန်ပြီးနောက် မထင်ရှားသော ဟင်္သာမျိုး၌ ဖြစ်လေ၏။ ထိုဟင်္သာဝယ် အားလုံးသော အတောင်တို့သည် ရွှေဖြင့်ပြီးသော အတောင်တို့သာ ဖြစ်ကြ၏၊ ထိုဟင်္သာသည် ထိုလူဘဝက ဇနီးမယားနှင့် သမီးတို့အား တစ်နေ့လျှင် ရွှေဖြင့်ပြီးသော ဟင်္သာတောင် တစ်ခုတစ်ခုကို ပေး၏။ ရဟန်းတို့ ...ထိုအခါ၌ ထုလ္လနန္ဒာသည် --- ဤဟင်္သာသည် ငါတို့အား ရွှေတောင် တစ်ခုတစ်ခုကိုသာ နေ့စဉ်ပေး၏ဟု အားမရ၍ ထိုဟင်္သာကို ဖမ်းယူ၍ အတောင်အားလုံးကို နှုတ်ယူလိုက်၏။ ထိုဟင်္သာ၏ သန္တာန်ဝယ် နောက်ထပ် ပေါက်လာ သော အတောင်တို့သည် အားလုံး အဖြူချည်းသက်သက် ပြီးစီးဖြစ်ပေါ်လာကုန်၏။

ရဟန်းတို့ ...ထိုဘဝတုန်းကလည်း ထုလ္လနန္ဒာဘိက္ခုနီမသည် အလွန် လောဘကြီးသောကြောင့် ရွှေမှ ဆုတ်ယုတ် ပျက်စီးခဲ့ရဖူး၏၊ ယခုအခါ၌ ကြက်သွန်ဖြူမှ ဆုတ်ယုတ် ပျက်စီးရပေလတ္တံ့။

ယံ လဒ္ဓံ တေန တုဋ္ဌဗ္ဗံ၊ အတိလောဘော ဟိ ပါပကော။

ဟံသရာဇံ ဂဟေတွာန၊ သုဝဏ္ဏာ ပရိဟာယထ။ (လသုဏသိက္ခာပုဒ်)

အကြင်ဝတ္ထုကို ရရှိ၏၊ ထိုဝတ္ထုဖြင့် နှစ်သက် ကျေနပ်သင့်၏။ အလွန် လောဘကြီးသူကား ယုတ်မာသူ သာတည်း။ ဟင်္သာမင်းကို ဖမ်းယူ၍ အတောင်တို့ကို အကုန်နှုတ်ယူမိသောကြောင့် ရွှေမှ ဆုတ်ယုတ် ပျက်စီးခဲ့ရ၏။ (ဝိ၊၂၊၃၃၉-၃၄၀။)

ရသတဏှာ၏ စွမ်းအား

ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ကို အမှီပြု၍ ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူစဉ် စည်းစိမ်များစွာ ကြွယ်ဝချမ်းသာသော သူဌေးကြီး တစ်ဦး၏ တစ်ဦးတည်းသောသား ဖြစ်သော တိဿသတို့သား သည် ဝေဠုဝန်ကျောင်းတိုက်တော်သို့သွားကာ ဘုရားရှင်၏ တရားတော်ကို နာယူရလေသော် ရှင်ရဟန်းပြုလိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏၊ မိဘတို့ထံဝယ် ခွင့်ပန်သော်လည်း ရှင်ရဟန်းပြုခွင့် မရသဖြင့် ရဋ္ဌပါလ အမျိုးကောင်းသားကဲ့သို့ပင် (၇)ရက်တိုင်တိုင် အစာငတ်ခံ၍ ဆန္ဒပြပါမှ မိဘတို့က ရှင်ရဟန်းပြုဖို့ရန် ခွင့်ပြုကြ လေသည်။

ဘုရားရှင်ထံ၌ ရှင်ရဟန်းပြုတော်မူ၏။ ဘုရားရှင်သည် ထိုတိဿကို ရှင်ရဟန်း ပြုပေးစေပြီးနောက် လဝက် ခန့်မျှ ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်တော်သို့ ကြွချီတော် မူလေသည်။ ထိုအမျိုးကောင်းသား တိဿရဟန်းတော်သည် ဓုတင် (၁၃)ပါးတို့ကို ကောင်းစွာ ဆောက်တည်၍ သာဝတ္ထိမြို့တွင်း၌ အိမ်စဉ်အတိုင်း ဆွမ်းခံကြွခြင်း သပဒါနဓုတင်ကို ဆောက်တည်ကာ ဆွမ်းအလို့ငှာ လှည့်လည် တော်မူလျက် အချိန်ကို ကုန်လွန်စေခဲ့၏။ စူဠပိဏ္ဍပါတိကတိဿမထေရ်ဟူသော အမည်ဖြင့် ကောင်းကင်ပြင်၌ လပြည့်ဝန်းကဲ့သို့ ဗုဒ္ဓသာသနာတော်၌ ထင်ရှား ကျော်ကြားတော်မူလေသည်။

ထိုအချိန်အခါ၌ ရာဇဂြိုဟ်မြို့၌ နက္ခတ်ပွဲသဘင်တစ်ခု ဆင်ယင်ကျင်းပလတ်သော် စူဠပိဏ္ဍပါတိကတိဿ မထေရ်၏ မိဘတို့သည် သားဖြစ်သူ လူဘဝက ဝတ်ဆင်ခဲ့သော လက်ဝတ်တန်ဆာဟူသမျှတို့ကို ရတနာလင်ပန်း တစ်ခု၌ ထည့်ကာ ရင်ခွင်၌ ပိုက်လျက် အခြားသော နက္ခတ်ပွဲသဘင်တို့၌ နက္ခတ်ပွဲသဘင် ကစားလတ်ကုန်သော် ငါတို့၏ သားသည် ဤတန်ဆာအမျိုးမျိုးဖြင့် တန်ဆာဆင်ကာ နက္ခတ်ပွဲသဘင်ကို ကစားခဲ့၏၊ ရဟန်းဂေါတမသည် ငါတို့၏ ထိုတစ်ဦးတည်းသောသားကို ခေါ်ဆောင်၍ သာဝတ္ထိမြို့သို့ ကြွတော်မူ၏၊ ထိုသားသည် ယခုအခါ၌ အဘယ်နေရာ၌ နေထိုင်လေသနည်း၊ အဘယ်နေရာ၌ ရပ်တည်နေလေသနည်း --- ဤသို့စသည် ပြောဆို၍ ငိုကြွေး မြည်တမ်းနေကြ၏။

ထိုအခါ ရုပ်ရည် အတော်အသင့် ပြည့်စုံသော ပြည့်တန်ဆာမတစ်ဦးသည် ထိုအိမ်သို့ သွားကာ သူဌေးကတော်ကြီးထံသို့ ချဉ်းကပ်လျက် ငိုကြွေးရခြင်း အကြောင်းရင်းကို ထောက်လှမ်းလိုက်သောအခါ အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် သိရှိသဖြင့် ထိုပြည့်တန်ဆာမက ထိုသူဌေးကတော်ကြီးအား --- ဤအိမ်၌ ရှိသော စည်းစိမ်ဥစ္စာ အားလုံးကို ရှင်တို့က ကျွန်တော်မအား ပေးကြပါကုန်မူ ကျွန်တော်မသည် အရှင်တို့၏ သားကို ခေါ်ဆောင်ပေးပါမည် --- ဟု ပြောဆိုလေ၏။

သူဌေးကတော်ကြီးကလည်း ကောင်းပြီဟု ဝန်ခံကာ ရိက္ခာအားလုံး လုံလောက်အောင် ပေးလိုက်၍ များ စွာသော အခြွေအရံ ပရိသတ်နှင့်တကွ ထိုပြည့်တန်ဆာမကို --- သွားချေ, မိမိ၏ စွမ်းအားဖြင့် ငါ့သားကို အပါ ခေါ်ဆောင်ခဲ့ချေ --- ဟု အခေါ်လွှတ်လိုက်၏။

ထိုအမျိုးသမီးသည် ဖုံးအုပ်ထားသော ယာဉ်အတွင်းက ထိုင်ကာ သာဝတ္ထိသို့ အရောက်သွားကာ စူဠပိဏ္ဍပါတိကတိဿမထေရ် ဆွမ်းခံကြွရာလမ်း၌ အိမ်တစ်လုံးကိုယူ၍ (မိဘ) သူဌေးအိမ်မှ လိုက်ပါလာသူတို့ကို မထေရ် မမြင်အောင် ထား၍ မိမိ၏ အခြွေအရံတို့ဖြင့်သာ ခြံရံလျက် ဆွမ်းခံဝင်လာသော တိဿမထေရ်အား မွန်မြတ်သော ယာဂု မွန်မြတ်သောဆွမ်းဟူသော ရသတဏှာဖြင့် စတင်၍ နှောင်ဖွဲ့လေ၏။

(ထိုကဲ့သို့ မလွေးရသည်မှာ ကြာပြီ ဖြစ်သော တိဿကိုယ်တော်မြတ်သည်လည်း ထိုလမ်းသို့ ဆွမ်းခံ မကြွရ မနေနိုင်သဖြင့် နေ့စဉ်ပင် ထိုလမ်းသို့ ကြွတော်မူ၏။) တဖြည်းဖြည်း ရပ်ကိုယ်တော် အဆင့်မှ ထိုင်ကိုယ်တော် အဆင့်သို့ ရောက်အောင် သွေးဆောင် ဖြားယောင်းကာ အိမ်တွင်းသို့ ပင့်ဆောင်၍ ဆွမ်းလှူပြန်၏။ တိဿကိုယ်တော်မြတ်ကလည်း ရသတဏှာဖြင့် နှောင်ဖွဲ့မိနေသဖြင့် အသာတကြည်ပင် ကြည်ဖြူစွာ ထိုင်ကိုယ်တော်အဖြစ်သို့ ကူးပြောင်းလိုက်၏။ ထိုအမျိုးသမီးကလည်း တိဿကိုယ်တော်မြတ်၏ မိမိ၏ အလိုသို့ လိုက်လျောနိုင်လောက်သည့် သဘောကို သိရှိသောအခါ ဖျားနာသည့် လူနာယောင်ဆောင်၍ အိပ်ခန်းတွင်း၌ အိပ်နေလေ၏။

တိဿမထေရ်မြတ်သည်လည်း ဆွမ်းခံချိန်၌ အိမ်စဉ်အတိုင်း ဆွမ်းခံကြွလာတော်မူလတ်သော် အိမ်တံခါးသို့ ဆိုက်ရောက်တော်မူလာ၏၊ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေသူတို့သည် မထေရ်၏သပိတ်ကို လှမ်းယူ၍ မထေရ်ကို အိမ်တွင်း၌ နေထိုင်စေ၏။ မထေရ်မြတ်လည်း ဥပါသိကာမကို မမြင်သဖြင့် ထိုင်လျှင်ထိုင်မိခြင်း --- ဥပါသိကာမ သည် အဘယ်မှာနည်းဟု မေးမြန်းတော်မူ၏။ အရှင်ဘုရား ...ဥပါသိကာမသည် ဖျားနာနေပါသည်၊ အရှင်ဘုရားကို ဖူးတွေ့လိုနေပါသည်ဘုရားဟု အိမ်ဖော်တို့က လျှောက်ထားကြ၏။

ထိုစူဠပိဏ္ဍပါတိကတိဿမထေရ်သည် ရသတဏှာဖြင့် အနှောင်အဖွဲ့ခံနေရသည် ဖြစ်၍ မိမိ၏ ဆောက် တည်ထားသော ဓုတင်ကျင့်ဝတ် ပဋိပတ်ကို ဖျက်ဆီးလျက် ထိုဥပါသိကာမ၏ လဲလျောင်းရာ အိပ်ခန်းတွင်းသို့ တစ်ပါးချင်း ဝင်ရောက်တော်မူလေ၏။ ထိုဥပါသိကာမသည် မိမိ၏ လာခဲ့ရင်း အကြောင်းစစ်ကို ပြောင်းလှစ် လျှောက်ထားကာ ထိုမထေရ်ကို အမျိုးသမီးတို့၏ ပရိယာယ်မာယာဖြင့် ဖြားယောင်း သွေးဆောင်လေလတ်သော် ရသတဏှာ အစိုဓာတ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့မှုကို ခံနေရသော ကိုယ်တော်ချော၏ သန္တာန်၌ လူထွက်လိုသော စိတ်အစဉ်တို့သည် မြစ်ရေအယဉ်ကဲ့သို့ တသွင်သွင် စီးဆင်းလာတော့၏။ အနုသယဓာတ်အဖြစ် ကိန်းဝပ်လျက် ရှိသော တဏှာ လောဘ ကာမောဃ ရေယဉ်ကြောကြီးသည် ထကြွလာလေတော့၏၊ ထိုအခါ ထိုဥပါသိကာမက ရွှေကိုယ်တော်ကို လူဝတ်လဲခိုင်းပြီးနောက် မိမိ၏ အလိုဆန္ဒ၌ ရပ်တည်စေ၍ ယာဉ်ထက်၌ ထိုင်နေစေကာ များစွာ သော အခြံအရံနှင့် တကွ ရာဇဂြိုဟ်မြို့သို့သာလျှင် ပြန်လည် ခေါ်ဆောင်သွားလေသည်။ သူဌေးသမီးပုံအသွင် ဖန်ဆင်းထားသော ပြည့်တန်ဆာမတစ်ယောက်၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားလေ၏။ ထိုသတင်းကား သာသနာရေးလောကတွင် အလွန် ထင်ရှားသွားပေသည်။ ထိုအခါ ဘုရားရှင်ကလည်း ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် ရသတဏှာဖြင့် နှောင်ဖွဲ့ခံရသည် ဖြစ်၍ ထိုအမျိုးသမီး၏ အလိုသို့ လိုက်ပါ ခဲ့ရသည် မဟုတ်သေး၊ ရှေးယခင် အတိတ်ဘဝတုန်းကလည်း ထိုအမျိုးသမီး၏ အလိုသို့ လိုက်ပါခဲ့ဖူးသည်သာ လျှင်တည်း ဟု မိန့်မြွက်တော်မူပြီးလျှင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဆောင်တော်မူလေသည်။

ပျားလူးမြက်

လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းအား သဉ္ဇယ (= သိဉ္ဇည်း) မည်တွင်သော ဥယျာဉ်စောင့်တစ်ဦး ရှိခဲ့လေသည်။ ထိုအခါ၌ လေကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ပြေးသွားနိုင် သောကြောင့် ဝါတမိဂ အမည်တွင်သည့် သမင်တစ်ကောင်သည် ထိုမင်းဥယျာဉ်သို့ လာလတ်သော် သဉ္ဇယကို မြင်၍ ထွက်ပြေးလေ၏။ သဉ္ဇယ ဥယျာဉ်မှူးကလည်း ထိုလေသမင် = ဝါတမိဂကို ခြိမ်းခြောက်၍ မောင်းမထုတ် လိုက်ပေ။ ထိုသမင်သည် အဖန်ဖန် လာ၍ ဥယျာဉ်တော်၌သာလျှင် ကျက်စားနေ၏။ ဥယျာဉ်မှူးကလည်း အထူးထူး အပြားပြားသော အပွင့်အသီးတို့ကို ဆွတ်ခူးလျက် နေ့တိုင်းနေ့တိုင်း ဘုရင်မင်းမြတ်အား ဆက်သရ၏၊ ထိုအခါ ထိုဥယျာဉ်မှူးကို တစ်နေ့တွင် ဗာရာဏသီဘုရင်က -- အချင်း ဥယျာဉ်မှူး ...ဥယျာဉ်တော်၌ တစ်စုံတစ်ခုသော အံ့ဩဖွယ်ကို တွေ့မြင်ပါသလားဟု မေးကြည့်၏။ အရှင်မင်းမြတ် အခြားတစ်စုံတစ်ရာကိုတော့ မမြင်ရပါ၊ သို့သော် ဝါတမိဂ အမည်ရသော လေသမင်တစ်ကောင်သည် လာရောက်၍ ဥယျာဉ်တော်အတွင်း၌ ကျက်စားနေပါ၏၊ ထိုသမင်ကိုကား တွေ့မြင်နေရပါ၏ဟု သံတော်ဦးတင်လေ၏။ ထိုလေသမင်ကို ဖမ်းယူခြင်းငှာ စွမ်းနိုင်ပါမည် လောဟု ဘုရင်မင်းမြတ်ကြီးက မေးမြန်းတော်မူသောအခါ --- အရှင်မင်းကြီး ...ပျားရည် အနည်းငယ်ကို ရခဲ့ပါမူ နန်းတော်တွင်းသို့ တိုင်အောင်သော်လည်း ထိုသမင်ကို ဆောင်ကြဉ်းခြင်းငှာ စွမ်းနိုင်လေရာပါ၏ --- ဟု သံတော်ဦးတင်လေ၏။ ဗာရာဏသီဘုရင်ကလည်း ဥယျာဉ်မှူး အလိုရှိသလောက် ပျားရည်များကို ပေးသနား တော်မူလိုက်၏။ ထိုသဉ္ဇယသည် ထိုပျားရည်ကို သယ်ဆောင်၍ ဥယျာဉ်တော်သို့သွားကာ ဝါတမိဂ လေသမင်၏ ကျက်စားရာ နေရာ၌ တည်ရှိကြသော မြက်တို့ကို ပျားရည်ဖြင့် လိမ်းကျံပြီးနောက် တစ်နေရာတွင် ပုန်းအောင်း လျက် စောင့်ဆိုင်း ကြည့်ရှုနေလေ၏။ ဝါတမိဂသမင်သည် လာလတ်၍ ပျားလူးမြက်တို့ကို စားလေသော် ရသ တဏှာဖြင့် နှောင်ဖွဲ့ခံရသည် ဖြစ်၍ အခြားအရပ်တစ်ပါးသို့ မသွားမူ၍ ဥယျာဉ်တော်သို့သာလျှင် သွားလေ၏။ ဥယျာဉ်မှူးကလည်း ထိုသမင်၏ ပျားလူးမြက်တို့အပေါ်၌ လောလုပ္ပတဏှာဖြင့် မခွဲရက် မခွာနိုင်အောင် စွဲမက် လာသည်ကို သိရှိရသောအခါ တဖြည်းဖြည်း မိမိကို သမင်မြင်အောင် ကိုယ်ယောင်ပြပေးလိုက်၏။ ထိုဝါတမိဂ သမင်သည် ထိုဥယျာဉ်မှူးကို မြင်သောအခါ နှစ်ရက် သုံးရက်ခန့်လောက်တော့ ထွက်ပြေးသေး၏။ သို့သော် ခဏခဏ တွေ့ရဖန် များလာသောအခါ၌ ထွက်မပြေးတော့ဘဲ ဥယျာဉ်မှူးနှင့် တစ်စတစ်စ ချစ်ကျွမ်းဝင်ခြင်းသို့ ရောက်ရှိသွား၏။ တဖြည်းဖြည်း ဥယျာဉ်မှူး၏ လက်ပေါ်၌ တင်ထားသော ပျားလူးမြက်တို့ကိုပင် စားဖို့ရန် ကြိုးစားအားထုတ်လေတော့၏။

ထိုဥယျာဉ်မှူးသည် ထိုဝါတမိဂသမင်၏ ချစ်ကျွမ်းဝင်လာမှုသဘောကို ကောင်းကောင်းကြီး မြင်သိလာသော အခါ ဥယျာဉ်တော်မှသည် မင်းနန်းတော်သို့တိုင်အောင် လမ်းဘေးနှစ်ဘက်တို့၌ နှီး ဖျာတို့ဖြင့် ဝန်းရံကာလျက် ထိုထိုနေရာ၌ သစ်ကိုင်း အခက်အလက်တို့ကို ချထားလျက် ပျားရည်ဘူးကို ပခုံးထက်၌ လွယ်ကာ မြက်စည်း တစ်စည်းကို ပွေ့ပိုက်လျက် ပျားလူးမြက်တို့ကို သမင်၏ ေ့ရှမှ ေ့ရှမှ ကြဲဖြန့်ကာ မင်းနန်းတော်တွင်းသို့တိုင်အောင်ပင် ခေါ်ဆောင်သွားလေ၏။ နန်းတွင်းသို့ ဝါတမိဂသမင် ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးကို ပိတ်လိုက်ကြကုန်၏။ ဝါတမိဂသမင်သည် လူတို့ကို မြင်တွေ့ရသောအခါ မင်းရင်ပြင်တော် အတွင်း၌ ဟိုဟိုဒီဒီ လှည့်ပတ်၍ ပြေးနေ လေ၏။ ဗာရာဏသီဘုရင်သည် ပြာသာဒ်ထက်မှ သက်ဆင်းခဲ့၍ တုန်တုန်ရီရီ ကြောက်လန့်နေသော ထိုဝါတမိဂ သမင်ကို မြင်တွေ့လေသော် ---

ဝါတမိဂသမင်မည်သည် လူကို တစ်ကြိမ်မြင်ဖူးက ထိုလူကို မြင်ရုံမြင်မိရာ အရပ်သို့ (၇)ရက်တိုင်တိုင် ဘယ်တော့မှ မလာပေ၊ ကြောက်လန့်၍ ပြေးဖူးသော နေရာသို့ကား အသက်ထက်ဆုံး ဘယ်တော့မှ မလာပေ။ ဤသို့သဘောရှိသည် စင်စစ်ဖြစ်သော တောအုပ်ကြီးအတွင်း၌သာ မှီတင်းနေထိုင်လေ့ရှိသော ထိုဝါတမိဂသမင် သည် ရသတဏှာဖြင့် အနှောင်အဖွဲ့ခံရသည် ဖြစ်၍ ယခုအခါ၌ ဤသို့သဘောရှိသော မင်းရင်ပြင်တော်အရပ်သို့ တိုင်အောင် ရောက်ရှိလာခဲ့၏၊ အချင်းတို့ ...လောက၌ ရသတဏှာထက် သာလွန် ယုတ်မာသောအရာမည်သည် စင်စစ် မရှိသည်သာတည်း --- ဟု ဤသို့ ပြောဆိုပြီးနောက် အောက်ပါ ဂါထာ တရားဒေသနာ တစ်ပုဒ်ကို ဟောကြားတော်မူလေသည် ---

န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိ ဝ သန္ထဝေဟိ ဝါ။

ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္ဇယော။

အမြဲနေထိုင်ရာ အရပ်တို့၌ ဇနီးမယား သမီးသား စသူတို့နှင့် အမြဲယှဉ်တွဲလျက် နေထိုင်ရမှုကို လိုလားတပ်မက်မှု သမ္ဘောဂရသသည်လည်း ယုတ်မာ၏၊ ထိုသမ္ဘောဂရသထက်လည်း အဆအရာအထောင် အသိန်းမက ဇီဝိတိန္ဒြေဟု ခေါ်ဆိုသော အသက်ကိုသာ ထိန်းသိမ်းစောင့်ရှောက်လိုသော ဦးတည်ချက် မရှိဘဲ ရသတဏှာဖြင့် အစာအာဟာရကို မှီဝဲခြင်းသည်ကား သာလွန်၍ ယုတ်မာ၏။ ဝါတမိဂသမင်သည် တောအုပ်ကြီးအတွင်း၌ မှီတင်းနေထိုင်သော သားကောင်ပင် ဖြစ်လင့်ကစား ရသတဏှာဖြင့် အနှောင်အဖွဲ့ခံရသောကြောင့် သဉ္ဇယ ဥယျာဉ်မှူး၏ လက်တွင်းသို့ ကျဆင်း သက်ရောက်ရပေသည်။ လိုလားတပ်မက်ခြင်း ဆန္ဒရာဂဖြင့် ရသာရုံအမျိုးမျိုး တို့ကို မှီဝဲသုံးဆောင်ခြင်းထက် သာလွန်၍ ယုတ်မာသောအရာမည်သည် မရှိတော့ပေ။ --- ဟု တရားစကားကို ဟောကြားကာ ထိုဝါတမိဂသမင်ကို တောတွင်းသို့ပင် ပြန်ပို့စေလေ၏။

ဤဇာတ်ဝတ္ထု၌ ဝဏ္ဏဒါသီ အမည်ရသော ပြည့်တန်ဆာမမှာ ထိုအချိန်က သဉ္ဇယဥယျာဉ်မှူးပင် ဖြစ်ခဲ့၏။ ဝါတမိဂသမင်သည် စူဠပိဏ္ဍပါတိကတိဿမထေရ်ပင် ဖြစ်ခဲ့၏။ (ဇာတက၊ဋ္ဌ၊၁၊၁၇၂-၁၇၅။)

အသင်သူတော်ကောင်းသည်လည်း ပျားလူးမြက်ကို စားဖူးကောင်း စားဖူးပေလိမ့်မည်၊ ထိုပျားလူးမြက် ကြောင့် မခွဲရက် မခွာနိုင် ဖြစ်နေပုံကို သံဝေဂ ယူသင့်၏။

ဤရသတဏှာကြောင့်ပင် အရက်အမျိုးမျိုးကို သောက်ကြ၏၊ ဤရသတဏှာကြောင့်ပင် သတ္တဝါတို့၏ အသက်ကို သတ်ဖြတ်ခါ စားသောက်ကြ၏။ ဤရသတဏှာကိုပင် အကြောင်းခံ၍ ဒုစရိုက်အမျိုးမျိုးတို့ကို လွန်ကျူးမိတတ်ကြ၏။ ထိုအကုသိုလ်ကံတို့ကြောင့် ငရဲသို့ ရောက်ကြရပြန်၏၊ ထိုကြောင့် ရသတဏှာ၏ ဆိုးဝါးပုံကို အထက်ပါ ဇာတ်တော်၌ ဗာရာဏသီဘုရင် ဖြစ်သည့် ဘုရားအလောင်းတော်က မိန့်ဆိုခြင်း ဖြစ်ပေ၏။

ဒု-သ-န-သော ဟု အသိများသော သူဌေးသား လေးဦးတို့သည် ကာမဂုဏ် ရေယဉ်ကြောဝယ် တဏှာစုန် နစ်မျော၍ အပျော်ကြီး ပျော်ခဲ့ကြသဖြင့် ယနေ့ လောဟကုမီ႓ငရဲ၌ ခံနေရတုန်းပင် ရှိသေး၏။

အထက်တွင် တင်ပြထားသော စူဠပိဏ္ဍပါတိကတိဿမထေရ်ကား ဒါရုက္ခန္ဓောပမသုတ္တန်အရမူ နိဗ္ဗာန် တည်းဟူသော သမုဒ္ဒရာသို့ ညွတ်ကိုင်းရှိုင်းနေသည့် စီးဆင်းနေသည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူ သော ဂင်္ဂါမြစ်ရေယဉ်ကြော၌ မျောပါလာသော သစ်တုံးတစ်တုံးပင် ဖြစ်၏။ ရသာရုံတည်းဟူသော ထိုမှာဘက်ကမ်း သို့ ကပ်မိသည့်အတွက် လူဆယ်သွားသဖြင့် နိဗ္ဗာန်ဆိုသည့် မဟာသမုဒ္ဒရာသို့ မရောက်ရှိသွားခြင်းပင် ဖြစ်၏။ ပျားလူးမြက်၏ အစွမ်းထက်မြက်ပုံကို သတိပြုသင့်လှပေသည်။

ကုသိုလ်အကူအညီ ရလျှင် အပါယ်မချနိုင်ပုံ

တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်မြတ်နိုးမှု တဏှာပေမတရား ထင်ရှားဖြစ်နေကြသော်လည်း ကုသိုလ် ကောင်းမှု အကူအညီကို ရလျှင် ထိုတဏှာပေမက အပါယ်သို့ ပစ်ချနိုင်လောက်အောင် စွမ်းအင် အားမကောင်း တော့ချေ။ ဥပမာ -- ကျောက်ခဲသည် သူချည်းသက်သက်ဆိုလျှင် ရေထဲ၌ ပစ်ချလိုက်က နစ်မြုပ်သွားနိုင်သော် လည်း လှေ၏ အကူအညီကိုရလျှင် ရေထဲ၌ မနစ်မြုပ်တော့ဘဲ လှေ၏ အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ ထိုကြောင့် ဇာတ်နိပါတ်တို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြ သည်ကို များစွာပင် တွေ့နိုင်ပေသည်။ ရှေးဦးစွာ သုမေဓာရှင်ရသေ့နှင့် သုမိတ္တာအမျိုးသမီးတို့၏ ထုံးကိုပင် ကြည့်ပါ။

သုမေဓာ ရှင်ရသေ့

လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က သုမေဓာပညာရှိသူတော်ကောင်းသည် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် ဤသို့ စဉ်းစားခဲ့၏။ ---

ပညာရှိသူတော်ကောင်း ...တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေရခြင်း မည်သည်ကား ဆင်းရဲလှ၏။ အလားတူပင် ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ၌ ခန္ဓာကိုယ်၏ သေကျေ ပျက်စီးရခြင်းသည်လည်း ဆင်းရဲလှ၏။ ငါသည်လည်း ပဋိသန္ဓေ တည်နေခြင်း ဇာတိသဘောတရား ထင်ရှားရှိနေသူသာ ဖြစ်၏၊ အိုခြင်း ဇရာတရား ထင်ရှားရှိနေသူသာ ဖြစ်၏၊ ဖျားနာရခြင်း ဗျာဓိတရား ထင်ရှားရှိနေသူသာ ဖြစ်၏။ သေခြင်း မရဏတရား ထင် ရှားရှိနေသူသာ ဖြစ်၏။ ဤသို့ ပဋိသန္ဓေ အို နာ သေ ဘေးဆိုးကြီးတို့ ထင်ရှားရှိနေသေးသော ငါသည် ပဋိသန္ဓေ မနေရာ မအိုရာ မနာရာ ဆင်းရဲမရှိရာ ချမ်းသာရာ အေးမြရာ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရှာမှီးခြင်းငှာ သင့်လှပေ၏၊ မချွတ်ဧကန် အမှန်အားဖြင့် ဘဝမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း တစ်ခုသော လမ်းကောင်းသည် ရှိသင့်လေရာ၏။

ဥပမာမည်သည်ကား --- မစင်တွင်း၌ နစ်မြုပ်နေသော ယောက်ျားသည် ခပ်လှမ်းလှမ်း၌ အရောင် ငါးမျိုး ရှိသော ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းလျက် ရှိသော တစ်ဘက်ဆည်ကန်အိုင်ကြီး တစ်ခုကို မြင်တွေ့နေရပါလျှင် အဘယ်လမ်းခရီးဖြင့် ဤအိုင်ကြီးသို့ သွားရပါမည်နည်း --- ဟု ထိုအိုင်ကြီးသို့ သွားရာလမ်းကို ရှာဖွေသင့်၏။ ထိုယောက်ျား၏ ထိုအိုင်ကြီးသို့ သွားရာလမ်းကို မရှာဖွေခြင်းသည် ထိုအိုင်ကြီး၏ အပြစ်ကား မဟုတ်။ ထိုယောက်ျား ၏ အပြစ်သာ ဖြစ်လေရာ၏။ ဤဥပမာအတူပင်လျှင် ကိလေသာ အညစ်အကြေးတို့ကို ဖြူစင်သန့်ရှင်းအောင် ဆေးကြောသုတ်သင်ရာ ဖြစ်သော မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးတည်းဟူသော တစ်ဘက်ဆည် ကန်အိုင်ကြီးသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် ထိုမသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးသို့ သွားကြောင်း ဖြစ်သည့် လမ်းကောင်းကြီးကို မရှာဖွေခြင်းသည် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးတည်းဟူသော တစ်ဘက်ဆည်ကန်အိုင်ကြီး၏ အပြစ်ကား မဟုတ်ပေ။

ဥပမာတစ်မျိုးသော်ကား --- ခိုးသားဓားပြတို့ဖြင့် ဝန်းရံခံနေရသော ယောက်ျားသည် ထွက်ပြေးဖို့ရန် လမ်းပေါက်သည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် အကယ်၍ မပြေးခဲ့ငြားအံ့၊ ထိုသို့ မပြေးခြင်းသည် လမ်းခရီး၏ အပြစ်ကား မဟုတ်ပေ၊ ယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။ ဤဥပမာအတူပင်လျှင် ကိလေသာတို့က ဝန်းရံလျက် အဖမ်းခံနေရသော ယောက်ျားသည် ကိလေသာတို့မှ လွတ်မြောက်ရာ အေးမြလှပေသော နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းကြီးသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် နိဗ္ဗာန်သို့ သွားရာလမ်းကို မရှာဖွေခြင်းမည်သည် နိဗ္ဗာန်သို့ သွားရာလမ်း၏ အပြစ်ကား မဟုတ်၊ နိဗ္ဗာန်သို့သွားရာ လမ်းကို မရှာဖွေသူ၏ အပြစ်သာ ဖြစ်ပေသည်။ ဥပမာတစ်မျိုးသော်ကား --- ဖျားနာခြင်း ဗျာဓိတရားဖြင့် အနှိပ်စက်ခံနေရသော ယောက်ျားသည် ဖျားနာခြင်း ဗျာဓိတရားကို ကုစားတတ်သော အနာရောဂါ ပျောက်ကြောင်း ဆေးဆရာကောင်းသည် ထင်ရှားရှိနေပါလျက် ထိုဆေးဆရာကို ရှာမှီး၍ ဖျားနာခြင်း ဗျာဓိရောဂါကို အကယ်၍ မကုစားသည် ဖြစ်အံ့၊ ထိုသို့ မကုစားခြင်းသည် ဆေးဆရာ၏ အပြစ်ကား မဟုတ်၊ ထိုယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။ ဤဥပမာအတူပင်လျှင် ကိလေသာတည်းဟူသော အနာရောဂါဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေရသော အကြင်ယောက်ျားသည် ကိလေသာ တို့၏ ငြိမ်းအေးကြောင်း အကျင့်လမ်းကောင်း၌ ကျွမ်းကျင်လိမ္မာသော ဆရာသမားသည် ထင်ရှားရှိနေပါလျက် အကယ်၍ ဆရာသမားကို မရှာဖွေသည် ဖြစ်အံ့၊ ထိုယောက်ျား၏သာလျှင် အပြစ်ဖြစ်လေရာ၏၊ ကိလေသာကို ဖျက်ဆီးပေးတတ်သော လမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတတ်သော ဆရာသမား၏ အပြစ်ကား မဟုတ် သည်သာတည်း။

ဥပမာတစ်မျိုးသော်ကား --- လှလှပပ တန်ဆာဆင်ထားသော ယောက်ျားသည် လည်ပင်း၌ ဆွဲထားသော သူသေကောင်ပုပ်ကို စွန့်ပစ်နိုင်ခဲ့သော် ချမ်းသာခြင်း သုခရှိသူ၏ အဖြစ်သို့ ရောက်ရှိလေရာ၏။ ဤဥပမာအတူပင် ငါသည်လည်းပဲ ဤ ငါ၏ခန္ဓာကိုယ်တည်းဟူသော အပုပ်ကောင်ကြီးကို စွန့်ပစ်၍ ငဲ့ကွက်တွယ်တာမှု မရှိဘဲ နိဗ္ဗာန်တည်းဟူသော ရွှေမြို့တော်ကြီးသို့ ဝင်ရောက်ထိုက်လှပေ၏။

ဥပမာတစ်မျိုးသော်ကား --- အမျိုးသား အမျိုးသမီးတို့သည် မစင်စွန့်ရာ အရပ်၌ ကျင်ကြီးကျင်ငယ်ကို စွန့်ပြီးနောက် ထိုကျင်ကြီးကျင်ငယ်ကို ခါးပုံစထဲ၌ ထည့်ယူ၍လည်းကောင်း, ပုဆိုးစွန်းဖြင့် ထုတ်ယူ၍လည်းကောင်း မသွားကြကုန်၊ ရွံရှာစက်ဆုပ်ကြကုန်လျက် ငဲ့ကွက်တွယ်တာမှု မရှိကြကုန်ဘဲသာလျှင် စွန့်ပစ်၍ သွားကြ ကုန်၏။ ဤဥပမာအတူပင်လျှင် ငါသည်လည်းပဲ ဤခန္ဓာကိုယ် အပုပ်ကောင်ကြီးကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ စွန့်ပစ်ထားခဲ့၍ မသေရာ အမြိုက်နိဗ္ဗာန်မြို့ကြီး အတွင်းသို့ ဝင်ရောက်သင့်လှပေ၏။

ဥပမာတစ်မျိုးသော်ကား --- လှေသူကြီး မည်သူတို့သည် ယိုယွင်း ဆွေးမြည့်လျက်ရှိသော လှေအိုကြီးကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ စွန့်ပစ်၍ သွားကြကုန်သကဲ့သို့ ဤဥပမာအတူ ငါသည်လည်းပဲ ကိုးပေါက်ဒွါရ အမာဝတို့မှ တစီစီယိုကျလျက်ရှိသော လှေအိုကြီးနှင့် တူသော ဤကိုယ်ကောင်ကြီးကို စွန့်ပစ်၍ ငဲ့ကွက်တွယ်တာမှုမရှိဘဲ နိဗ္ဗာန်တည်းဟူသော မြို့ကြီး၏ အတွင်းသို့ ဝင်ရောက်၍ သွားပေအံ့။

ဥပမာတစ်မျိုးသော်ကား --- ရတနာအမျိုးမျိုးတို့ကို ယူဆောင်၍ ခိုးသားဓားပြတို့နှင့် အတူတကွ လမ်းခရီး တစ်ခုကို သွားမိသော ယောက်ျားသည် မိမိ၏ ရတနာအမျိုးမျိုးတို့၏ ပျက်စီးဆုံးရှုံးမည့် ဘေးမှ ကြောက်သော ကြောင့် ထိုခိုးသားဓားပြတို့ကို စွန့်ပစ်၍ ဘေးကင်းသောလမ်းကို ယူ၍ သွားသကဲ့သို့ ဤဥပမာအတူ ကရဇကာယ အမည်ရသော ဤရူပကာယကြီးသည်လည်း ရတနာအမျိုးမျိုးကို လုယက် ဖျက်ဆီးတတ်သော ခိုးသားဓားပြနှင့် တူလှ၏။ ငါသည် အကယ်၍ ခိုးသားဓားပြနှင့် တူသော ဤခန္ဓာအိမ်ကြီး၌ တွယ်တာမက်မောမှု တဏှာတရားကို ထင်ရှားပြုနေသည် ဖြစ်အံ့၊ နိဗ္ဗာန်သို့သွားရာ လမ်းကြောင်း ဖြစ်သည့် အရိယမဂ်ကုသိုလ် တရားရတနာကြီးသည် ငါ၏သန္တာန်၌ ပျောက်ပျက်၍ သွားပေလတ္တံ့၊ ထိုကြောင့် ငါသည် ခိုးသားဓားပြနှင့် တူသော ဤရူပကာယ ခန္ဓာ ကိုယ်ကြီးကို စွန့်ပစ်ထားခဲ့၍ နိဗ္ဗာန်တည်းဟူသော မြို့ကြီးအတွင်းသို့ ဝင်ရောက်ခြင်းငှာ သင့်တော်တော့သည် သာတည်း။

ဤသို့လျှင် သုမေဓာရှင်ရသေ့သည် ဥပမာ အမျိုးမျိုးတို့ဖြင့် နေက္ခမ္မဓာတ်နှင့် ဆက်စပ်နေသော အနက် သဘောကို စဉ်းစားဆင်ခြင်တော်မူ၍ မိမိနေအိမ် အတွင်း၌ အတိုင်းအတာ ပမာဏ မရှိသော စည်းစိမ်ဥစ္စာစုကို စွန့်လွှတ်ခဲ့၍ ကြီးစွာသော အလှူဒါနကို ပြု၍ ဝတ္ထုကာမ ကိလေသာကာမတို့ကို ပယ်ရှား၍ အမရဝတီ မည်သော နေပြည်တော်မှ ထွက်ခွာခဲ့၍ တစ်ဦးထီးတည်းပင် ဟိမဝန္တာအရပ်၌ ဓမ္မိက မည်သော တောင်ကို အမှီပြု၍ သင်္ခမ်းကျောင်း ဆောက်လုပ်ကာ ထိုနေရာ၌ သစ်ရွက်မိုး ကျောင်းကိုလည်းကောင်း, စင်္ကြံကိုလည်းကောင်း ဖန်ဆင်း၍ စျာန်အဘိညာဏ်တို့ကို ကြိုးစားအားထုတ်တော်မူရာ သမာပတ် (၈)ပါး လောကီအဘိညာဏ် (၅)ပါးတို့ကို ရရှိတော်မူလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃-၇။)

တစ်ချိန် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်နှင့် သံဃာတော် (၄)သိန်းတို့ ကြွတော်မူမည့် လမ်းပေါ် ဝယ် ရွှံ့ညွန်အထက်၌ မိမိကိုယ်ကို တံတားအသွင်ထားလျက် အလျားမှောက်လျက်သာလျှင် မျက်လုံးတို့ကို ဖွင့်လျက် ဒီပင်္ကရာဘုရားရှင်၏ ဗုဒ္ဓအသရေတော်ကို ကောင်းစွာ ဖူးမြော်ရသောအခါ ဤသို့ စဉ်းစားတော်မူ၏ ---

အကယ်၍ ငါသည် အလိုရှိငြားအံ့၊ အလုံးစုံသော ကိလေသာတို့ကို လောင်ကျွမ်းအောင် ရှို့မြိုက်၍ ဒီပင်္ကရာဘုရားရှင်၏ အငယ်ဆုံးသော တပည့်သာဝက သံဃာငယ် တစ်ပါး ဖြစ်ရ၍ ရမ္မမြို့တွင်းသို့ ကြွဝင်ရပေအံ့၊ မထင်ရှားသော အသွင်ဖြင့် ငါ့အား ကိလေသာတို့ကို လောင်ကျွမ်း ရှို့မြိုက်စေ၍ နိဗ္ဗာန်သို့ သွားရောက်ခြင်း ကိစ္စသည် မရှိ ဖြစ်ခဲ့၏၊ ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးတို့နှင့် ပြည့်စုံတော်မူသော ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ အသာဆုံး အမြတ်ဆုံး ဖြစ်သည့် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်သို့ ရောက်ရှိ၍ တရားဓမ္မစက် တည်းဟူသော လှေထက်သို့ တက်ရောက်၍ လူများအပေါင်းကို သံသာရသမုဒ္ဒရာထဲမှ ထုတ်ဆောင် ကယ်တင်၍ နောက်မှ ပရိနိဗ္ဗာန်စံတော်မူရသော် ကောင်းလေစွ၊ ဤသို့ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ရရှိအောင် ပြုခြင်းသည်သာလျှင် ငါ့အား သင့်တင့်လျောက်ပတ် ကောင်းမြတ်လှပေ၏။ (ဇာတက၊ဋ္ဌ၊၁၊၁၇။)

ဤအထက်ပါ သုမေဓာရှင်ရသေ့၏ စဉ်းစားခန်း၌ မွန်မြတ်သော အလွန့်အလွန် အဆင့်အတန်း မြင့်မားလှ သော ကုသိုလ်ဆန္ဒတော်များကား ကိန်းဝပ်လျက်ပင် ရှိနေ၏။ ထိုကုသိုလ်ဆန္ဒတော်များ၏ လှုံ့ဆော်မှုကြောင့် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို ဆုထူးပန်ထွာတော်မူလေ၏။ ဒီပင်္ကရာဘုရားရှင်ကလည်း နောင်လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ ဂေါတမ အမည်ရှိသော ဘုရားရှင် ဖြစ်တော်မူမည့် အကြောင်းကို နိယတဗျာဒိတ်စကား များကို မိန့်ကြားတော်မူလျက် ရှိ၏။

ဤကုသိုလ်ဆန္ဒတော်တို့၏ နောက်ဆွယ်တွင်လည်းကောင်း, လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း မတိုင်မီမှ စ၍ နိယတဗျာဒိတ် ရပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးတော်မူ အပ်သော ပါရမီတော်မြတ်အပေါင်းတို့၏ နောက်ဆွယ်၌လည်းကောင်း သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တော် မြတ်ကြီးကို ရရှိနိုင်သည့် ဘဝကို တွယ်တာတပ်မက်မှု တဏှာလောဘတရားကား အဝိဇ္ဇာနှင့် တွဲလျက် ကပ်ပါနေ ပေ၏။ ထိုတဏှာလောဘမှာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရကြောင်း ပါရမီ အဆောက်အဦအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးနိုင်သည့် ဘဝကို ရစေ ရောက်စေနိုင်သည့် စွမ်းအားမျှသာ ရှိ၏၊ အပါယ်သို့ ပစ်ချနိုင်လောက် အောင် အားကောင်းသော တဏှာလောဘကား မဟုတ်ပေ။

သုမိတ္တာအမျိုးကောင်းသမီး၏ လောဘ

သုမိတ္တာအမျိုးကောင်းသမီးကလည်း ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်းတွင်ပင် ဝပ်စင်း၍ သုမေဓာ ရှင်ရသေ့၏ သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ် ရရှိရေးအတွက် ကူညီ၍ ပါရမီဖြည့်ရလိုကြောင်း ဆုတောင်း ပန်ထွာခဲ့၏။ သုမေဓာရှင်ရသေ့၏ မြောက်သားတော် ဖြစ်လိုသော မြောက်သားတော်ဘဝကို တွယ်တာတပ်မက် သော တဏှာလောဘတရားသည် သုမိတ္တာအမျိုးကောင်းသမီး = ယသောဓရာ ထေရီမ၏ အလောင်းလျာသန္တာန်၌ ထင်ရှားရှိခဲ့သည် မှန်သော်လည်း ထိုကဲ့သို့သော တဏှာလောဘကား အပါယ်သို့ ပစ်ချနိုင်လောက်အောင် အားမကောင်းပေ။ သုမေဓာရှင်ရသေ့၏ ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးရပ် စရိယသုံးသွယ် စသည့် သဗ္ဗညုတဉာဏ်တော် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ရရာရကြောင်း ပါရမီအဆောက်အဦ တရားအပေါင်း တို့ကို ကူညီ၍ ဖြည့်ဆည်းပူးပေးလိုသော ကုသိုလ်ဆန္ဒတော်များ၏ အထောက်အကူ အကြောင်းတရားမျှသာ ဖြစ်ပေသည်။

ယသောဓရာထေရီအပါဒါန် အရမူ -- ယင်းမြောက်သားတော်ဘဝကို ဆုတောင်းပန်ထွာတော်မူခဲ့သည်မှာ ဒီပင်္ကရာဘုရားရှင်၏ ေ့ရှတော်မှောက်သို့ ရောက်ရှိသောအခါမှ စတင်၍ ဆုတောင်းခဲ့သည်ကား မဟုတ်၊ ဒီပင်္ကရာ ဘုရားရှင် မပွင့်မီ ပွင့်သွားတော်မူပြီးကြသော ဘုရားရှင် သိန်းပေါင်းများစွာတို့ထံ၌လည်း ဆုတောင်းပန်ထွာခဲ့ ကြောင်း လာရှိပေသည်။ ထိုသို့ ပါရမီ ဖြည့်ကျင့်စဉ် ဘဝများစွာတွင် --- အလောင်းတော်၏ သမ္မာသမ္ဗောဓိဉာဏ် သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ---

၁။ အသက်ကို စွန့်လွှတ် လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာ ရှိခဲ့၏။

၂။ မျက်လုံးအစုံကို ထုတ်၍ လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၃။ ကိုယ်အင်္ဂါကြီးငယ် အသွယ်သွယ်တို့ကို စွန့်လွှတ် လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၄။ သားငယ်သမီးငယ်တို့ကို စွန့်လွှတ် လှူဒါန်းခဲ့သော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၅။ မိမိကိုယ်တိုင်က အလိုအာသာဆန္ဒ မရှိပါဘဲလျက် အလောင်းတော်၏ အလိုဆန္ဒအတိုင်း သူတစ်ပါးတို့အား သားမယားအဖြစ် စွန့်လွှတ် လှူဒါန်းလိုက်သဖြင့် သူတစ်ပါး၏ သားမယားဘဝသို့ ရောက်ရှိသွားရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၆။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ် လှူဒါန်းခဲ့ရသည့် ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၇။ သီလပါရမီ နေက္ခမ္မပါရမီ စသော အခြားအခြားသော ပါရမီတော်တို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။ (အပဒါနပါဠိ၊၂၊၂၆၇။)

သို့အတွက် မြောက်သားတော်ဘဝကို တွန်းအားပေးနေသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အထက်ပါ ကုသိုလ်သင်္ခါရ အမျိုးမျိုးတို့ကို ဖြစ်ပေါ်လာအောင် တွန်းအားပေးနေသော အခြေခံ အကြောင်းရင်း တစ်ရပ်သာ ဖြစ်ပေသည်။ အလောင်းတော်သုမေဓာ၏ သမ္မာသမ္ဗောဓိဉာဏ် သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ကူညီ၍ ပါရမီ ဖြည့်ပေးနိုင်သော ပါရမီတရားအပေါင်းကို ပြည့်ဝစုံလင်စေသော အခြေခံ အကြောင်းရင်း တစ်ရပ်မျှသာ ဖြစ်ပေ သည်။ သို့အတွက် အသင်သူတော်ကောင်းသည် ဘုရားရှင်ကို မိမိ၏ ဖခင်အဖြစ် သတ်မှတ်နိုင်လျှင် ယသောဓရာ ထေရီကိုလည်း မိခင်အဖြစ် သတ်မှတ်သင့်လှပေသည်။ အလောင်းတော်မြတ်၏ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိ ဉာဏ် ရရှိရေးအတွက် သူ့ကျေးဇူးတွေကား များလှပေသည်။ လူသာမန်အမျိုးသမီးတို့ ပြုနိုင်ခဲသော အရာများ ကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုစွမ်းနိုင်သူ တစ်ဦးပင် ဖြစ်ပေသည်။

အလားတူပင် အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်, အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင် အာနန္ဒာ, အရှင်ရာဟုလာ, ခေမာထေရီ, ဥပ္ပလဝဏ်ထေရီ စသော သူတော်ကောင်းကြီးတို့သည်လည်း အလောင်းတော်၏ ပါရမီကို မိမိတို့ဆိုင်ရာ ကဏ္ဍ အသီးအသီးမှ ပါဝင်၍ ကူညီဖြည့်ခဲ့သူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့ ပါရမီဖြည့် ဆည်းပူးပေးနိုင်သည့် ဘဝမျိုးကိုလည်း လိုလား တပ်မက်ခဲ့ကြ၏။ သို့သော် ယင်းကဲ့သို့သော ဘဝတဏှာမှာ မိမိ မိမိတို့ မျှော်မှန်းထားသည့် အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝက ဗောဓိဉာဏ်တို့ကို ရရှိဖို့ရန် အခြေခံ အကြောင်းရင်း တစ်ရပ်မျှသာ ဖြစ်ရပေသည်။ ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိ သင်္ခါရ အမည်ရသော ပါရမီ အဆောက်အဦတို့၏ အကြောင်းရင်း တစ်ခုမျှသာ ဖြစ်ပေသည်။

အရှင်မဟာကဿပအလောင်း သူတော်ကောင်းနှင့် မယ်ဘဒ္ဒါအလောင်း အမျိုးကောင်းသမီးတို့သည်လည်း ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်မှသည် ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ကမ္ဘာပေါင်း သိန်းနှင့်ချီ၍ ပါရမီကို အတူဖြည့်ခဲ့သူများ ဖြစ်ကြ၏။ အရှင်မဟာကဿပ၏ ဓုတင် (၁၃)ပါးကို ဆောင်သည့်အရာ တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်သည့် မဟာသာဝကဗောဓိဉာဏ်ကို ရည်သန်၍ ပါရမီ ဖြည့်ကျင့်ခဲ့သူများ ဖြစ်ကြ၏။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထုတ်ဆောင် ကယ်တင်နိုင်သည့် စွမ်းအား အပြည့်အဝ ရှိသော ဗောဓိဉာဏ်တော်မြတ်ကို ရရာရကြောင်း ရောက်ရာရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကိုသာ အတူ စုဆောင်း ရှာဖွေလိုသော စိတ်ဓာတ်မျှသာ ဖြစ်ပေသည်။ ထိုထိုဘဝကို တွယ်တာမှု ထင်ရှားရှိသည် မှန်သော်လည်း ထိုဘဝတွယ်တာမှု တဏှာလောဘသည် ကုသိုလ်ဆန္ဒတော်၏ နောက်လိုက်သာ ဖြစ်ရပေသည်။ ယင်းကုသိုလ် ဆန္ဒဓာတ်တော်တို့၏ စွမ်းအား ပါရမီတော်တို့၏ စွမ်းအားကြောင့် တစ်ဦးကိုတစ်ဦး စွန့်လွှတ်နိုင်သည့် စွမ်းအား အလွန်ကြီးကျယ်သော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်နိုင်သော စွမ်းအားများလည်း တစ်ပါတည်း ကိန်းဝပ်လာပေသည်။ ထိုသို့ ကိန်းဝပ်လာသည့်အတွက် နောက်ဆုံးဘဝတွင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်နူးသော စိတ်ဓာတ်မျှ လုံးဝ မကိန်းခဲ့စဖူးပေ။

အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်ကလည်း ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအဆင်း ရှိသည့် အလွန် လှပတင့်တယ်သူ ချမ်းသာကြွယ်ဝသူ တစ်ဦး ဖြစ်ခဲ့၏။ မယ်ဘဒ္ဒါကလည်း (၁၂)တောင်တိုက်ခန်းဝယ် မီးမထွန်းဘဲ လင်းနေသည့် ကိုယ်ရောင်ကိုယ်ဝါ ရှိသူ အလွန် အဆင်းလှသူ အလွန် ချမ်းသာကြွယ်ဝသူတစ်ဦးပင် ဖြစ်ခဲ့၏။ မိဘတို့၏ စီမံဆောင်ရွက်ပေးမှုကြောင့် ဇနီးမောင်နှံဘဝသို့ ရောက်ရှိရသော်လည်း တစ်အိမ်တည်း၌ အတူပင် နေထိုင်ရသော်လည်း တစ်ဦးကိုတစ်ဦး ချစ်ကြည်နူးသောစိတ်ထားဖြင့် တစ်ကြိမ်တစ်ခါမျှ မကြည့်ခဲ့ဖူးသူများ ဖြစ်ကြ၏။

တစ်နေ့တွင် အလွန်ကြီးကျယ်သော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ ဘုရားရှင်တို့အား ရည်ညွှန်း၍ နှစ်ဦးသဘောတူ ရသေ့ရဟန်း ပြုကာ တောထွက်ခဲ့ကြ၏။ လမ်းခုလတ် တစ်နေရာတွင် လမ်းနှစ်ခွကို တွေ့သောအခါ တစ်ဦးနှင့်တစ်ဦး လမ်းခွဲရန် တူညီသော ဆန္ဒဖြင့် လမ်းခွဲသွားကြ၏။ ပိပ္ပလိလုလင်က လက်ျာ လမ်းသို့ မယ်ဘဒ္ဒါက လက်ဝဲလမ်းသို့ လိုက်ကာ လမ်းခွဲသွားကြ၏။ တစ်ဦးအပေါ်တစ်ဦး ငဲ့ကွက်မှု တွယ်တာမှု စိတ်ဓာတ်တုန်လှုပ်မှုကား လုံးဝမရှိ ဖြစ်ခဲ့၏။ ဤမဟာပထဝီမြေကြီးသည် စက္ကဝါဠဂိရိဟု ခေါ်ဆိုသော မြင်းမိုရ် တောင်ကြီးကိုပင် ဆောင်ထားခြင်းငှာ စွမ်းနိုင်သော်လည်း ထိုသူတော်ကောင်းကြီး နှစ်ဦးသားတို့၏ ဂုဏ်ကျေးဇူးကို ဆောင်ထားခြင်းငှာ မစွမ်းနိုင်သည့်အတွက် သွက်သွက်ခါအောင် တုန်လှုပ်ခဲ့လေသည်။ (အံ၊ဋ္ဌ၊၁၊၁၄၁။)

ဤဆိုခဲ့ပြီးသော သူတော်ကောင်းတို့ကား သူတော်ကောင်းဥစ္စာ (၇)ဖြာတို့နှင့် ပြည့်ဝစုံလင်သော သူတော်စင်ကြီးတို့သာ ဖြစ်ကြ၏။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းသင်းရလိုခြင်းမှာ တမင်တကာ ဆုတောင်းယူ ရသော ကုသိုလ်ဆန္ဒကောင်းပေတည်း။ ထိုအရှင်တို့သည် မိမိတို့ မျှော်မှန်းထားသည့် ဗောဓိဉာဏ် အသီးအသီးကို ရရှိစေနိုင်သည့် ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးနေတော်မူကြသည့် သီလရှိသူများလည်း ဖြစ်ကြ၏။

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

သီလစင်ကြယ်နေသည့်အတွက်ကြောင့် သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံတတ်၏။ ကုသိုလ်သမ္မာဆန္ဒ ရှိလျှင်လည်း ဘယ်အရာမဆို ပြီးစီးနိုင်၏။

ထိုကြောင့် ထိုသူတော်ကောင်းတို့၌ တစ်ယောက်နှင့် တစ်ယောက် မကွဲကွာရအောင် တွယ်တာသော တဏှာပေမ ရှိကြမည် ဖြစ်သော်လည်း စွန့်လွှတ်နိုင်သည့် စွမ်းအားရှိသည့် ကြီးမားသော ကုသိုလ်ဆန္ဒတော်ကြောင့် အလောင်းလျာတို့၏ အလိုကျအောင် ပြုသမျှ ပါရမီကုသိုလ်ကံတို့က တွဲဖက်၍ စီမံကြသဖြင့် ဥမကွဲ သိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရ၍ စွန့်လွှတ်နိုင်သူတို့လည်း ဖြစ်ကြရပေသည်။

နကုလပိတာ နှင့် နကုလမာတာ

ဘုရားရှင်၏ လက်ထက်တော်အခါဝယ် ဘဂ္ဂတိုင်း သုသုမာရမြို့၌ နကုလပိတာဟု ထင်ရှားသော သူကြွယ် နှင့် နကုလမာတာဟု ခေါ်တွင်သော သူကြွယ်ကတော်တို့သည် ရှေးရှေး ဘဝများစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ နှစ်ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်းတော်၏ မိဘအဖြစ်, ဦးကြီး မိကြီး အဖြစ်, ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာ လွန်စွာအကျွမ်းဝင်လေရကား ဘုရားရှင် အား လျှောက်ထားလိုရာကို ချွင်းချက်မရှိ လျှောက်ထားလေ့ရှိကြပေသည်။ ထိုကြောင့် အခါတစ်ပါး၌ သူကြွယ်က ဤသို့ လျှောက်ထား၏။ ---

ယတော မေ ဘန္တေ နကုလမာတာ ဂဟပတာနီ ဒဟရေဿဝ ဒဟရာ အာနီတာ၊ နာဘိဇာနာမိ နကုလမာတရံ ဂဟပတာနိံ မနသာပိ အတိစရိတာ၊ ကုတော ပန ကာယေန။ ဣစ္ဆေယျာမ မယံ ဘန္တေ ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ။ (အံ၊၁၊၃၇၂။ အံ၊ဋ္ဌ၊၁၊၃၀၈။)

အရှင်ဘုရား ...တပည့်တော်သည် ငယ်ရွယ်စဉ်အခါကပင် ငယ်ရွယ်သူ နကုလမာတာ သူကြွယ်မကို ထိမ်းမြားလက်ထပ်လျက် ဆောင်ယူခဲ့ပါသည် မြတ်စွာဘုရား၊ သူ့ကို သိမ်းပိုက်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်သော်လည်း နကုလမာတာ သူကြွယ်မကို လွန်ကျူး၍ အခြားသူတို့၌ ကျင့်မှားမိသည်ဟု တပည့်တော်သည် မသိခဲ့စဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ အရှင်ဘုရား ...တပည့်တော်တို့သည် ယခုဘဝ ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏ဘုရား ...။

ဤကား နကုလပိတာ ဒါယကာကြီး၏ လျှောက်ထားချက် ဖြစ်၏၊ ထိုစကားကို နကုလမာတာ ဒါယိကာမကြီးက ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ထားပြန်သည်မှာ ---

ယတောဟံ ဘန္တေ နကုလပိတုနော ဂဟပတိဿ ဒဟရေဿဝ ဒဟရာ အာနီတာ၊ နာဘိဇာနာမိ နကုလပိတရံ ဂဟပတိံ မနသာပိ အတိစရိတာ၊ ကုတော ပန ကာယေန။ ဣစ္ဆေယျာမ မယံ ဘန္တေ ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ။ (အံ၊၁၊၃၇၂-၃၇၃။)

အရှင်ဘုရား ...နကုလပိတာသူကြွယ်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြား လက်ထပ်လျက် ဆောင်ယူခဲ့ပါသည် မြတ်စွာဘုရား၊ တပည့်တော်မကို သူက သိမ်းပိုက်ခဲ့သည်မှ စ၍ စိတ်မျှဖြင့် သော်လည်း နကုလပိတာသူကြွယ်ကို လွန်ကျူး၍ အခြားသူတို့၌ ကျင့်မှားမိသည်ဟု တပည့်တော်မသည် မသိခဲ့ စဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ အရှင်ဘုရား ...တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကြပါကုန်၏။ ဟု လျှောက်ထား၏။

ထိုအခါ ဘုရားရှင်က အောက်ပါ စကားတော်ကို မိန့်ကြားတော်မူ၏။

အာကင်္ခေယျုံ စေ ဂဟပတယော ဥဘော ဇာနိပတယော ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ၊ ဥဘောဝ အဿု သမသဒ္ဓါ သမသီလာ သမစာဂါ သမပညာ၊ တေ ဒိဋ္ဌေဝ ဓမ္မေ အညမညံ ပဿန္တိ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿန္တိ။ (အံ၊၁၊၃၇၃။)

ဒါယကာတို့ ...ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန်, တမလွန်ဘဝ ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်ငြားအံ့၊ ဇနီးမောင်နှံ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော ကိုယ်ကျင့်သီလ ရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု စာဂတရား ရှိကုန်ရာ၏၊ တူမျှသော ပညာတရား ရှိကုန်ရာ၏။ (ဝိပဿနာပညာ မဂ်ပညာများကို အထူး ရည်ညွှန်းထားသည်။) ယင်းသို့ ဖြစ်သော် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့ --- ဟု မိန့်တော်မူ၏။

အိမ်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရား ကောင်းရမည်။ အိမ်ရှင်က သီလစင် ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေရမည်၊ တစ်ယောက်ယောက်က စွန့်ကြဲပေးကမ်း လှူဒါန်းလိုလျှင် တစ်ယောက်က မတားမြစ်ရ၊ မယ်ကလှူမူ မောင်ကြည်ဖြူ၍, မောင်ကလှူဒါန်း မယ်ရွှင်လန်းရမည်၊ အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း အထူးသဖြင့် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ချင်းလည်း အရာရာ တူညီစေရမည်ဟု ဆိုလိုရင်း ဖြစ်၏။ ဤအဓိပ္ပါယ်ကို ရည်ရွယ်၍ ပဉ္စာဝုဓပျို့၌ အောက်ပါအတိုင်း မိန့်ဆိုထားလေ၏။

လူ့မြေရပ်ခွင်၊ အိမ်ရှင်အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မူ၊ ဘုန်း- လှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ သောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း ချစ်စည်းမပြေ၊ ရှည်ကြာလေ၏။ (ပဉ္စာဝုဓပျို့)

ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့၏ အပြန်အလှန် ချစ်ခင်ကြပုံကို စဉ်းစားကြည့်ပါ။ ထိုကဲ့သို့ လုံလုံလောက်လောက် ချစ်ခင်ကြသည့်အတွက် မိမိတို့ အချင်းချင်းမှ လွဲ၍ အခြားသူနှင့် ဖောက်ပြားမိဖို့ရန် စိတ်မျှဖြင့်သော်လည်း မကြံစည်မိကြလေ။ ထိုမျှလောက် သီလရှိရှိဖြင့် စိတ်ထားဖြူစင် မြင့်မြတ်ကြသဖြင့်လည်း တစ်ဦးအပေါ်တစ်ဦး ပိုမို၍ မြတ်နိုးကာ တစ်သံသရာလုံး၌ မခွဲမခွာလိုဘဲ အမြဲတွေ့မြင်လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာကုသိုလ်အပေါင်း က အရဟတ္တဖိုလ်တိုင်အောင်သော ကောင်းမြတ်ရာဘဝသို့ ရောက်အောင် ပို့ဆောင်ပေးကြလိမ့်မည်သာတည်း။

သို့သော် --- မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် သဘောသာ ဧကန် ရှိသကဲ့သို့ ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ မည်သည့်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါ (အံ၊ ၁၊၃၆။) --- ဟု တစ်ဘက်ကလည်း ဘုရားရှင်သည် အသိဉာဏ် ပေးသနားထားတော်မူလေသည်။ အကြောင်းမူ ဘဝဟူသမျှသည် ယေဘုယျအားဖြင့် ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တည်းဟူသော ဒုက္ခတုံး ဒုက္ခအစုအပုံကြီးက အထွတ်တပ်လျက် ရှိသောကြောင့်ပင် ဖြစ်၏။

ဥပနိဿယပစ္စည်း၏ စွမ်းအင်

အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော --- ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ပ ။ ရာဂေါ သဒ္ဓါယ၊ သီလဿ၊ သုတဿ၊ စာဂ- ဿ၊ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၉။)

= အကုသိုလ်တရားသည် ကုသိုလ်တရားအား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေး၏။

ပကတူပနိဿယ --- ရာဂကို အားကြီးသောမှီရာ ပြု၍ ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်ကျင့်သုံး၏၊ ဥပုသ်ကံကို ကျင့်သုံး၏၊ စျာန်တရားကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကို ဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏။ ယင်းရာဂသည် သဒ္ဓါတရားအား သီလတရားအား သုတတရားအား (= နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်အား) စာဂတရားအား ပညာတရားအား (= ဝိပဿနာပညာ မဂ်ပညာ အဘိညာဏ်ပညာ သမာပတ္တိပညာအား) အားကြီးသောမှီရာ ဥပနိဿယယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန၊၁၊၁၄၉။)

အလားတူပင် ရာဂကိုပင် တရားကိုယ် ကောက်ယူရသော ဆုတောင်းပန်ထွာမှု ပတ္ထနာတရားကလည်း သဒ္ဓါ သီလ သုတ စာဂ ပညာ တရားအသီးအသီးအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုသည်သာ ဖြစ်ပေသည်။ (ပဋ္ဌာန၊၁၊၁၄၉။)

ထိုထိုဘုံဘဝ, ထိုထိုအာရုံ, ထိုထိုသတ္တဝါတို့အပေါ်၌ တွယ်တာမက်မောမှု ရာဂတရားကို အခြေတည်၍ အကြောင်းခံ၍ ဒါန သီလ ဥပေါသထ စျာန ဝိပဿနာ မဂ္ဂ အဘိညာ သမာပတ္တိတည်းဟူသော အလွန် အဆင့် အတန်း မြင့်မားလှသော ကုသိုလ်တရားတို့ကို ဆည်းပူး ရှာမှီးခဲ့သော် ဆည်းပူး ရှာမှီး၍ ရရှိခဲ့သော် ယင်းရာဂတရား က ယင်းပါရမီကုသိုလ် အလီလီအား အလွန်ကြီးမားသော စွမ်းအားဖြင့် = ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာ အောင် ကျေးဇူးပြုပေး၏။ အထက်တွင် တင်ပြခဲ့သော သမ္မာသမ္ဗောဓိအလောင်းတော် အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက အလောင်းတော်ကြီးများ၏ ပါရမီ ဖြည့်ကျင့်တော်မူသည့် ထုံးဟောင်းများကိုပင် သက်သေအရာ ထား၍ သဘောကျလေရာသည်။

သုမေဓာအလောင်းတော်မြတ်ကား သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီး ရနိုင်သည့်ဘဝကို ရည်သန် တောင့် တတော်မူခဲ့၏။ သုမိတ္တာအမျိုးကောင်းသမီးကား သုမေဓာရှင်ရသေ့၏ သဗ္ဗညုတဉာဏ် ရဖို့ရန်အကြောင်း ပါရမီ တရားအပေါင်းတို့ကို ကူညီ၍ ဖြည့်စွက်ပေးနိုင်သည့်ဘဝကို တွယ်တာမက်မောခဲ့ပြန်၏။ အရှင်သာရိပုတ္တရာ အလောင်း သူတော်ကောင်းက လက်ျာရံအဂ္ဂသာဝကဘဝ, အရှင်မဟာမောဂ္ဂလ္လာန်အလောင်း သူတော်ကောင်းက လက်ဝဲရံအဂ္ဂသာဝကဘဝ, အရှင်အာနန္ဒာအလောင်း သူတော်ကောင်းက ဘုရားရှင်အား ပြုစုလုပ်ကျွေးခွင့် ရနိုင် သည့်ဘဝ, အရှင်ရာဟုလာအလောင်း သူတော်ကောင်းကား ဘုရားရှင်၏ သားတော်ဘဝ --- ဤသို့စသည်ဖြင့် ထိုသူတော်ကောင်းတို့၏ သန္တာန်၌ ဖြစ်ပေါ်ခဲ့သော ရာဂသည် ထိုထိုဗောဓိဉာဏ်သို့ ရောက်ကြောင်း ပါရမီကုသိုလ် တရားအပေါင်းတို့ကို ဖြစ်ပေါ်လာဖို့ရန် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိပေသည်။ အမြတ်ဆုံးသော ကုသိုလ်တရားတို့ကို များစွာ အထောက်အကူ ပြုပေးသော ရာဂ တစ်မျိုးပင် ဖြစ် ပေသည်။

အင်္ဂပူ ဆရာတော်ဘုရားကြီး၏ မောရသုတ်အမွှန်း

ဇာတကအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၉) စသည်တို့၌ လာရှိသည့်အတိုင်း ရာဂကျော့ကွင်း၏ သတ္တဝါတို့အား ညစ်နွမ်းဆင်းရဲအောင် ညှဉ်းပန်းနှိပ်စက်ပုံ အခြင်းအရာကို ပေါ်လွင်ထင်ရှားအောင် အလင်္ကာ ဂုဏ်မြောက်စွာဖြင့် ဖွဲ့သီ၍ထားတော်မူခဲ့သော မူလမဟာဒွါရနိကာယ ပဉ္စမသာသနာပိုင် အင်္ဂပူဆရာတော်ဘုရားကြီး၏ အင်္ဂပူ ကဗျာ့အမြုတေကျမ်း ပထမတွဲ၊ စာမျက်နှာ (၈-၂၀)တို့မှ ထုတ်နုတ်၍ ရေးသားတင်ပြအပ် ပါသည်။

နမော ဗုဒ္ဓဿ။

၁။ မုနိပဝရ၊ အမတ သာကိန်၊ ရာဇိန္ဒာ ဘက်လွတ်၊ စက္ကဝတ်သျှောင်ပန်၊ ပြောင်အလျှံဝယ်၊ ခေါင်မှန်ရှိန်လျား၊ အချိန်များသော၊ စိန်ပတ္တမြားတို့ကဲ့သို့၊ ထိန်ကြွားကြွား ပုံသွင်ဝယ်၊ သိရ်ငွားငွား စုံလင်အောင်၊ ရှိန်မားမားဂုဏ်အင်နှင့်၊ ခုံတင်၍ ရှုမဝနိုင်သော၊ အတုလ စံတစ်ဆူကို၊ မကုဋ သယမ္ဘူဟု၊ ညံဆူဆူ ဝှန်လှိုက်၍၊ တိုက်စက္ကဝါ၊ ရိုက်သွက်ခါ အောင်၊ ခိုက်လျက်ဖြာ ကျော်ခတ်သော၊ လောကနာထ် မြတ်စွာဘုရားသခင်သည် ...၊

၂။ မယှဉ်ရာဂီ၊ သဉ္ဇာလီဝယ်၊ တင်ကာမှီ အုံးစက်လို့၊ လွင်ဗာဟီ ရုန်းမထွက်ရအောင်၊ ရွှင်သာကြည် ပြုံးလျက်နှင့်၊ ပုန်းဝှက်ခါ ပျော်လေ့သဖြင့်၊ ညှော်ငွေ့ကိလေ၊ မရှိစေဘဲ၊ လှစ်ချွေထိန်းအုပ်၊ ကသိဏန် ပရိကံကို၊ သတိဉာဏ် ယိမ်းမလှုပ်ရအောင်၊ သိမ်းချုပ်သော ကတွတ္ထနှင့်၊ သဝတ္ထ အမည်ရသော၊ သီလဝ ရသေ့ကျော်၏၊ မွေ့လျော်ရာ ဧကန်၊ အခြေမှန်သောကြောင့်လည်းကောင်း ...၊

၃။ ဣန္ဒနီလာ၊ ဝဇီရာနှင့်၊ ဂီဝါရောင်ဓာတ်၊ ပြောင်ပြောင်လျှပ်သော၊ ဆောင်ပြာသာဒ်တို့နှင့်တကွ၊ ခေါင်နဝရတ် ကဉ္စနာဖြင့်၊ မင်္ဂလာ အောင်မြေကွန်းဝယ်၊ ဘဝင်မှာ လောင်ကြွေကျွမ်းအောင်၊ မယှဉ်သာ ရောင်တွေလွှမ်း၍၊ ပြောင်ဝေရွှန်း မြပုလဲတို့၏၊ သဟဲမှီကာ၊ နွှဲညီညာလျက်၊ မြဲရှည်စွာ အစစ်၊ စွဲတည်ရာ ဖြစ်သောကြောင့်လည်းကောင်း ...၊

၄။ ယင်းနှစ်ဗျုပ္ပတ်၊ ဟုတ်အဟတ်ကြောင့်၊ ပုဒ်ပါဌ် ခရာ၊ ရုပ်ဓာတ်လာနှင့်၊ သဒ္ဒါနယည်း၊ စာကမ္ဗည်းကို၊ တစ်ခါတည်း လိပ်ခတ်၍၊ တံဆိပ်မှတ် မင်သားလျက်၊ ထင်ရှားစွာ ဂုဏ်ရှိ၍၊ သာဝတ္ထိ မည်ခေါ်သော၊ ပြည်တော်၏ အနီး၊ ခရီးဆောင်ညွှန်၊ တောင်အစွန်ဝယ်၊ အောင်တံခွန် မိုးနိမ့်အောင်၊ ရောင်အဝှန် ဖြိုးလှိမ့်၍၊ ခေါင်အလွန် ငြိုးငြိမ့်မျှ၊ တန်ခိုးဖိမ့် သရေလွန်သော၊ ဇေတဝန် ကျောင်းထက်၌၊ လျောင်းစက်ကာ ယာပထဖြင့်၊ သာမျှတော်မူဆဲ အခါ ...၊

၅။ သေလာဂနိုင်၊ ဟေမာမြိုင်ဝယ်၊ ထွေကာယိုင် ခွေမောမျှ၊ ဖြေပါနိုင် ပွေဇောနှင့်၊ မြေကြောမှာ ကုန်အစ်၍၊ မုန်ယစ်သော တောဆင်ရိုင်းကဲ့သို့၊ မဆိုင်းမဆုတ်၊ ပိုင်းမချုပ်ဘဲ၊ မှိုင်းအုပ်ယှက်ကာ၊ ရိုင်းအယုတ် မက်တဏှာကြောင့်၊ ရှက်စရာ လောကမှာ၊ ခက်ဗျာပါ သောကနှင့်၊ မောဟတွေ ကူနှောလျက်၊ ပူဇောမီးဖြာ၊ မမှီးသာတဲ့၊ ကြီးစွာသူပုန်၊ ကာမဂုဏ်ကြောင့်၊ အာသဝုံ မြစ်ကြောဝယ်၊ တဏှာဟုန် ရစ်နှော၍၊ သာအစုန် နစ်မျောသဖြင့်၊ ဟစ်မောကာ ကြုံနွမ်းလျက်၊ ကုန်ဆန်းသော ရိပ်သင်္ခမ်းမှာ၊ စိတ်ပင်ပန်း ဗျာရနှင့် (= ဗျာပါရနှင့်)၊ ရာဂထူပြွမ်း၍၊ မူဆန်းသော ရဟန်းတစ်ပါးကို၊ ဘုရား မြင်တော်မူလေလျှင် ...၊

၆။ တင်တင်တစ်ဆူ၊ သွင်သွင်မူကို၊ မြင်မြင်သူငေး၊ မသ-မပြင်၊ မြတ်ပလ္လင်ဝယ်၊ လှအယဉ် ယှဉ်ဖော်ဝေးရသော၊ ရင်တော်သွေး ရာဟုလာနှင့်၊ ပမာမခြား၊ သတ္တဝါများကို၊ ညှာသနား နုဒယာသည်၊ ကမုကြာ အနောတတ်ဝယ်၊ ကရုဏာ တောမသတ်ဘဲ၊ ဇောထပ်၍ ပွားတော်မူသောကြောင့်၊ မမှားသင့်မှု၊ များရင့်နုကို၊ သားနှင့်ရှု အရှည်ရည်၍၊ မြေမဟီ ခွေလည်ကျိုးလောက်အောင်၊ ပွေပလီ မေဃီကိုးနယ်က၊ ဒေဝရီ ရွှေစည်နှိုးပြီးလျှင်၊ ရေကြည်မိုး ရွာသွန်း သကဲ့သို့၊ ဇာလွှမ်းသော ဖဲကတ္တီဝယ်၊ သဲကြည်သော စကားဖြင့်၊ တရားရေးလှိမ့်၊ သားသွေးစိမ့်အောင်၊ နားအေး ငြိမ့် အမြိုက်ဆေးကို၊ တိုက်ကျွေးတော်မူပြီးမှ ...၊

[ဘိက္ခု မာတုဂါမော နာမ ကသ္မာ တုမှာဒိသာနံ စိတ္တံ နာလုဠေဿတိ၊ ပေါရာဏကပဏ္ဍိတာနမ္ပိ ဟိ မာတုဂါမဿ သဒ္ဒံ သုတွာ သတ္တ ဝဿသတာနိ အသမုဒါစိဏ္ဏကိလေသာ ဩကာသံ လဘိတွာ ခဏေနေဝ သမုဒါစရိံသု။ ဝိသုဒ္ဓါပိ သတ္တာ သံကိလိဿန္တိ၊ ဥတ္တမယသသမင်္ဂိနောပိ အာယသကျံ ပါပုဏန္တိ၊ ပဂေဝ အပရိသုဒ္ဓါ။ (ဇာတက၊ဋ္ဌ၊၂၊၂၉။)

ချစ်သားရဟန်း ...မာတုဂါမ မင်းမိန်းမ မည်သည်ကား သင်တို့ကဲ့သို့ ရှုအပ်သော သဘောရှိကုန်သော သူတို့၏ စိတ်ဓာတ်ကို အဘယ်အကြောင်းကြောင့် လှုပ်ချောက်ချားအောင် မပြုလုပ်နိုင်ဘဲ ရှိနိုင်ပါအံ့နည်း၊ မှန်ပေသည် --- ရှေးပညာရှိသူတော်ကောင်းတို့၏ သန္တာန်၌သော်မှလည်း နှစ်ပေါင်း (ရဝဝ)တို့ ကာလပတ်လုံး စိတ် အစဉ်ဝယ် ဖြစ်ပွားကျက်စားမှု မရှိသော ကိလေသာတို့သည် မာတုဂါမ၏ အသံကို ကြားရ၍ ဖြစ်ခွင့်ကို ရကြကုန်၍ တစ်ခဏချင်းအတွင်းမှာပင်လျှင် စိတ်အစဉ်တွင် ဖြစ်ပွားကာ ကျက်စားခဲ့ဖူးကုန်ပြီ။ စင်ကြယ်ကုန်သော သူတော်ကောင်းတို့သော်မှလည်း ကိလေသာ အပူဓာတ်ကြောင့် စိတ်အစဉ် ညစ်နွမ်းခဲ့ကြရဖူးကုန်၏။ မွန်မြတ်သော ဂုဏ်သတင်းနှင့် ပြည့်စုံတော်မူကြသည့် သူတော်ကောင်းတို့သည်သော်မှလည်း ဂုဏ်သတင်း အရှိန်အဝါမဲ့ခြင်းသို့ ရောက်ရှိတော်မူကြရကုန်၏၊ ကိလေသာ အညစ်အကြေးတို့သည် လူးလည်းပေကျံကြလျက် ရှိသဖြင့် မစင်ကြယ် ကြသော သတ္တဝါတို့ အဖို့မှာမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါကုန်အံ့နည်း --- ဤသို့စသည်ဖြင့် နား အေးငြိမ့် အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးမှ ...]

၇။ ဘဝဝေးစွာ၊ ရှေးအခါဝယ်၊ သွဏ္ဏာမောရ၊ အလောင်းသနစ်၊ ဒေါင်းအစစ်လျှင်၊ ဖြစ်ကာလ၌၊ နာယကသတ္ထာ၊ ငါမြတ်စွာသည် ...၊ တဏှာလောဘ၊ ကာမောဃဝယ်၊ ဗျာဇောကြွ ရမ္မက်ကြောင့်၊ သာ သောကအခက်နှင့်၊ အသက်တောင် ဆုံးကြွေ့မျှ၊ နုံးခွေ့သော ဒုက္ခနှင့်၊ ရုပ်မလှ ဆူထိန်လျက်၊ ကျူအိမ်ကို သူရိန်မှေးသကဲ့သို့၊ ပူရှိန် ဆွေး ခုန်လှိုက်၍၊ တုန်ဟိုက်အောင် ခက်ခဲသော၊ ရှက်ပွဲကြီး ကြုံခဲ့ရလေပြီ ...။ ဤသို့ နောက်ဟောင်း၊ အောက်အကြောင်းကို၊ ထောက်စကောင်း ရိပ်အမြွက်မျှ၊ ချိတ်ဆက်ကာ ညွှန်းပြ၍၊ ခွန်းမဟ ပိတ်တပိတ်နှင့်၊ တိတ်တဆိတ် နေတော်မူသောအခါ ...၊ ရှစ်ဖြာရာခံ၊ သမ္ဘာလျှံသည့်၊ အာနန်ညီမှူး၊ မထေရ်ထူးတို့သည်၊ ကြည်နူးသော စိတ်ဒြပ်ဖြင့်၊ အတိတ်ဇာတ် စံဟောင်းကို၊ ပြန်ညောင်းတော်မူပါဘုရားဟု၊ လျှောက်ထားတောင်းပန်၊ အကြောင်းခံကြောင့်၊ ကောင်းမှန်သော စိတ်နှလုံးဖြင့်၊ တိတ်ထုံးကို ဗျာလှိမ့်၍၊ သာမိန့်တော်မူသည်မှာ ...၊

၈။ တထာဂတ၊ ပဘာဝလျှံလူ, မှန်ကူထွဋ်ထား၊ တမွတ်သားသော၊ ငါဘုရားမြတ်စွာသည်၊ ဟေမာရဂုံ၊ ကြွေကာ ထုံတဲ့၊ စုံဂနိုင်လယ်၊ ဘုံမြိုင်စွယ်မှာ၊ လှယ်တပျံ့ပျံ့၊ မထယ့်တထယ် (= မထည့်တထည်)၊ ပြယ့်တပြယ်ဝယ်၊ စမ္ပယ်နံ့နှင့်၊ ကြံ့ကြံ့ယိမ်းနွဲ့၊ တိမ်းသကဲ့သို့၊ စိမ်းလဲ့အသွေး၊ မှင်ပဒုံးတွေ (= မင်ပဒုံးတွေ)၊ ချဉ်သုံးခြွေလို့၊ ပင်လုံးဝေ ထွေးကြတယ်၊ မွှေးရနံ့ တကြိုင်ကြိုင်၊ အေးကမန့် တလှိုင်လှိုင်နှင့်၊ ယိုင်ခွေကာ လေလွင့်လျက်၊ မြေမြင့်မှာ ပွေဆင့်၍၊ ကြွေလွင့်ကာ ယှက်ကူး၊ မသန့် တသန့်၊ ဖန့်တဖန့်မှာ၊ တန့်တန့်ဝေ မှိုင်မူးမျှ၊ ပြိုင်ဖူးသော အင်ဂမုန်းနှင့်၊ တစ်ပင်လုံး သိမ်းသွဲ့အောင်၊ သဇင်ကုံး ပိန်းလှည့်၍၊ စိမ်းမှည့်တွေ ပင်ထက်မှာ၊ ဘဝင်သက်ဝယ် ရွှင်လျက်နှင့်၊ ကြင်သက်လယ် တင်ယှက်လို့၊ ခင်မက်ဖွယ် ငှက်ကျေးကလည်း၊ မြွက်ကြွေးတဲ့ သံစုံ။ လေညင်းညံ့ညံ့၊ ခြွေသွင်းဖြန့်လို့၊ ငွေနှင်းတန့် တမှုံမှုံနှင့်၊ အစုံအစုံ ရေစာပေါသော၊ ဟေမာကြော တောအလယ်၌၊ ချောသွယ်သွယ် ရုပ်အဆင်းနှင့်၊ အုပ်သင်းရွေ စုပေါင်းသော၊ ဥဒေါင်း၏ အမျိုး၌၊ အကျိုးကံ စေ့ဆော်သဖြင့်၊ မွေ့လျော်ကာ သန္ဓေမှီးခဲ့သော် ...၊

၉။ အမြီးရှည်လျား၊ ဝေဖားဖားဝယ်၊ ငွေယမား ချူးတွန့်နှင့်၊ သွေမပြား ဦးညွန့်၌၊ မြူးကွန့်ကွန့် ရောင်လျှံသည်၊ လောင်မဟန် ရှိန်ဝါနုသော၊ ဣန္ဒာဝု သက်တင်ရေးကဲ့သို့၊ အမွေး အတောင်၊ သွေးစကားရောင်ဝယ်၊ဖွေးပြောင် လက်လက်၊ ဘယက်အဟန်၊ ကွက်သဏ္ဌာန်မှာ၊ မျက်ဖာလ်စုံ ယှက်ပြီးလျှင်၊ နက်မင်သွေးပ အလျှံ၌၊ မြကတန် ဝန်းရစ်၍၊ ထွန်းသစ်သစ် ရွှေမိလ္လာကို၊ ခွေလိမ်ကာ မှောင်စွန်းသဖြင့်၊ ပြောင်ရွှန်းရွှန်း လင်းထိန်လျက်၊ ဆင်းမမှိန် ယုန်နန်းကို၊ နဝင်းအိမ် ဘုံခန်းမှာ၊ မှုံသန်းကာ သိန်ချဲ့၍၊ အိမ်ဖွဲ့သည့် ဂုဏ်မာန်နှင့်၊ ပုံစံတူ ရှုမညောင်းသော၊ ဥဒေါင်းမင်း ဖြစ်တော်မူလတ်၍ ...၊

၁၀။ ရစ်ပတ် ခြွေရံ၊ ဗွေကမ်းပါးယံဝယ်၊ ရေအပြန် စမ်းကွေ့နှင့်၊ သွေမလှန် ချမ်းမြေ့အောင်၊ ကမ်းပြေ့ပြေ့ ပြိုင်စီးသော (= ကမ်းပြည့်ပြည့် ပြိုင်စီးသော)၊ အိုင်ကြီးသို့ ယွင်းမကွက်ဘဲ၊ ဆင်းသက်ကာ ခြေထောက်၍၊ ရေသောက်တော်မူလေသော် ...၊ သေတုဒကံ၊ ရေစုမှန်ဝယ်၊ ကြွေလှုဟန် နွဲ့ပျောင်းသော၊ ရွှေနုလျှံ လဲ့မောင်းကို၊ ငဲ့စောင်းကာ ဖော်စုနှင့်၊ မျှော်ရှုတော်မူစဉ် ...၊ ယဉ်တမူသစ်၊ ဘုရင်တစ်ဆူ၊ သွင်ဇမ္ဗူကို၊ မြင်သသူ ဘဝင် နစ်အောင်၊ ကြင်ချစ်ဖွယ် ရှိကြောင်းဖြင့်၊ ကောင်းကောင်းကြီး မြင်သိလေက၊ သတိတော် ဆော်ပင့်၍၊ ဖော်နှင့် အတူ၊ ပျော်လင့်မူကား၊ လူအကြံကောက်၊ တစ်ဉာဏ်လှောက်၍၊ ကံမြောက်အောင် ဖျက်ဆီးခဲ့သော်၊ ပျက်စီးခြင်း ရောက်ရာသည်ဟု၊ အရှည်မကြာ၊ မအီသာဖူး၊ ပညာတွေးထောက်၊ ဆွေးစလောက်ပင်၊ ရေးမရောက်ခင်၊ ဝေးမြောက်သော မြိုင်ခွင်သို့၊ ပြိုင်ယှဉ်ရန် ခိုမှီးဖို့၊ တစ်ကိုယ်တည်း ထွက်ပြေးမှ၊ သက်ဘေးက လွတ်ရာသည်ဟု၊ တည်ကြည်သော စိတ်နှလုံးဖြင့်၊ တိတ်တိတ်ပုန်း ကြံဆ၍၊ ပျံကြွတော်မူခဲ့သော် ...၊

၁၁။ ဗွေမဟော် ခင်တန်း၊ အသွင်ဆန်းနှင့်၊ ယဉ်မခန်းအောင်၊ ပင်နန်းညောင်ဝယ်၊ မောင်ခေါ်မယ်နွဲ့၊ အသီးအပွင့်၊ ကြီးအရင့်ကို၊ မှီးအသင့် ခူးတဲ့၍၊ မူးငဲ့ငဲ့ ငေးအငိုက်မှာ၊ မြူးတွဲ့တွဲ့ တေးအလိုက်နှင့်၊ ကျူးသဲ့သဲ့ ကြွေးစရိုက်ပါ၊ ထွေးပိုက်ကာ တောင်အုပ်လို့၊ ဆောင်စမုတ် သိုက်နန်းက၊ ဝိုက်သန်းကာ လည်နွဲ့၊ အချမ်း ငွေ့ကာ၊ စမ်းကွေ့ညာမှာ၊ ပန်းမွေ့ရာ ဖြန့်ကြဲလျက်၊ သဲသောင်ပြန့် ရေကြည်ဝယ်၊ ဝဲဆောင်သန့် လေပြည်နှင့်၊ ခွေလည်လည် တိုင်းမသိအောင်၊ လှိုင်းအိအိ ယက်ဖွေး၊ ရီပြာမမှောင်၊ ကြည်စွာ လောင်သည့်၊ သီလာတောင် နံဘေးဝယ်၊ နီလာရောင် အမွေးနှင့်၊ ယဉ်ကျေးပုံ သွင်သွေးဝယ်၊ မင်ဆေးစုံ တင်ရေးသကဲ့သို့။ ဘဝင်ဆွေးဖွယ် ငှက်တစ်ချို့ကလည်း၊ သက်တစ်ကိုယ့် ငေးဟန့်လျက်၊ တေးဒျံ့မြည်ပြန်၊ တညီတညာ၊ ဝသီပါငယ်၊ ပလီကာ မြှူဟန်နှင့်၊ ပူရန်ဖြေ စုံကြောမှာ၊ ဆူညံဝေ ဆုံဩလျက်၊ မူသံတွေ ပုံပြောလို့၊ ကုန်မောဖွယ် အခန်းခန်းဖြင့်၊ အဆန်းဆန်း ခွန်းဆင့်၊ မာဂဓာတေး၊ ဟာဟာ ဟေးလို့၊ ဘာသာကြွေး လွန်းလွှင့်လျက်၊ ထွန်းတင့်တယ် အံ့မပြီးသဖြင့်၊ ခံ့ကြီးသော မြေအခေါင်ဝယ်၊ နေအရောင် စံမမျှ၍၊ ဒဏ္ဍကပဗ္ဗတာဟု၊ လျှပ်ပမာ ဝေပြောင်ညီးသော၊ ရွှေတောင်ကြီး အနီး၌၊ ယှဉ်မှီးမပြတ်၊ ကျင့်ဆည်းကပ် လျက်၊ သဟသ်ရံသီ၊ မြတ်ဘန်ချည်ဟု၊ နတ်စံတည် ဆောင်ကွန်းသည်၊ ပတ်ရံလည် တောင်ကျွန်းသို့၊ ရောင်လွှမ်းကာ ဟရိသဗ်ဖြင့်၊ သတပတ် ပဒုမ္မာကို၊ တုန်ခါခါ အုံပါစွင့်အောင်၊ ပွင့်စေသော ကာလဝယ် ...၊

၁၂။ အန္တရာယ်ရိပြွမ်း၊ မငြိစွမ်းသော၊ လှည့်ဝန်းကွက်မှတ်၊ ဓမ္မစက်ဓာတ်၌၊ ရက်မပြတ် ရှုလေ၍၊ ဥဒေတယံ၊ မှုခြေခံကို၊ နုရွှေဉာဏ် တက်ပွားအောင်၊ ဆုဝေဖန် မြွက်သားလျက်၊ ကျက်စား ဆင်းတော်မူပြီးလျှင် ...၊ ဝေဟင်္ဂမာ၊ ကဉ္စနာ မူသိရ်၊ ပူရှိန် လျှပ်လျှပ်၊ သူရိယ်နတ်ကို၊ မြူတိမ်ထပ် ခိုးအုပ်၍၊ မိုးချုပ်သော ညဥ့်အခြေဝယ်၊ တင့်သရေ ရိပ်ဆန်းတဲ့၊ အိပ်တန်းသို့ တက်ပြီးမှ၊ စက်ကြီးပမာ၊ ကွက်ဆီးကာသား၊ နည်းနာမသွေ၊ ဝါယာမေဖြင့်၊ အပေတယံ အခြေခံကို၊ ဘယေရန် လွတ်ကင်းအောင်၊ အရှည်ကြံ ချွတ်မယွင်းတဲ့၊ ဇွတ်တင်းကာ ဝတ်တယ်၍၊ ရွတ်သရဇ္ဈာယ် ညည်းသန်းလျက်၊ စီးဖြန်းတော်မူရှာလေသတည်း။

၁၃။ ထိုအခါဝယ်၊ ဝါရာဏသီ၊ ဗာရာပြည်တွင်၊ ဖြာဖြာစီပြွမ်း (= ဖြာဖြာစည်ပြွမ်း?)၊ သာယာညီချမ်းသဖြင့်၊ ဘုံနန်းမြင့် မှန်ရဝေမှာ၊ ကုန်ဆန်းတင့် ဉာဏ်ကဝေနှင့်၊ စံသရေ ရောင်မညှိုးသော၊ ခေါင်သတိုး ဝင့်မရှောင်တဲ့၊ ဘုရင့်နောင် စောဗြဟ္မဒတ်သည်၊ လောကဓာတ် ပတ်ကုံး၌၊ သောမနသ် မပြတ်ပြုံးလောက်တဲ့၊ ဇောတရသ် (= ဇောတရတ် = မဏိဇောတ ပတ္တမြားရတနာ။) အမြတ်ဆုံးကဲ့သို့၊ သကတ်ဖုံးလှည့် ဝေဆာအောင်၊ ဝိသေသာ ဝန်းရံ၍၊ ဘိသေကာ သွန်းခံလျက်၊ ထွန်းအလျှံ ပပဝင်းသော၊ မြမြသင်း ဂဇာသတ်ထက်၊ လာဓမ္မသတ် ဖွေနည်း မူဖြင့်၊ ငွေထီးဖြူ မိုးအုပ်၍၊ စိုးချုပ်တော်မူရှာလေသတည်း။

၁၄။ ပဒ္မါသနင်၊ ကြာပလ္လင်ထက်၊ ညာတင်ထားအပ်၊ ကြေညာမဟီ၊ ရွှေစာစီ၍၊ ခေမာဝီ ခေါ်မှတ်သော၊ ဇော တနတ်၊ ရွေမှူးခင်သည်၊ ဗွေဦးကင် သီဟာသမှာ၊ ညီလာခ သန်းရံလျက်၊ နန်းမှန်မြင့် ငွေရိပ်မော်ဝယ်၊ ရွှေစိတ်တော် ဖျော်ဖြေကြောင်းဟု၊ ဖော်ရွေပေါင်း လှအများနှင့် ခစားတော်မူရှာလေ၏။

၁၅။ အခါတစ်ပါး၊ဘမရာဖျားဝယ်၊ မဟာဖွား ညာနတ်မေသည်၊ ကြာယပ်ငွေ ဝန်းကာ၍၊ ထွန်းရတနာ လင်းမမှောင်သော၊ အတွင်းဆောင် နံ့သာနန်းဝယ်၊ ပယင်းရောင် စကားဝါပန်းနှင့်၊ သာဆန်းသော ဖဲမွေ့ရာ၌၊ ဝဲဝှေ့ကာ ညှင်းသန့်လျက်၊ တင်းမခန့် သင်းပျံ့ဝေအောင်၊ နှင်းနံ့တွေ ခြွေသတ်တဲ့၊ လေရဟတ် ကြာခြည်ကို၊ ခွေတစ်ပတ် သာချည်၍၊ ဇာကတီ အုံးထက်က၊ ခုံးမျက်တောင် ထွေးယှက်သဖြင့်၊ မှေးစက်တော်မူခဲ့သော် ...၊

၁၆။ လှော်စင်ရောင်ဖိတ်၊ မှောင်မမှိတ်သော၊ တောင်ရိပ်အနီး၊ မှီးစံရာဗွေ၊ ဂန္ဓာခြေဝယ်၊ ရွှေဇမ္ဗူမှန်၊ ဝေဘူပြန်နှင့်၊ သူရကန် ရောင်ညီး၊ တန်ဆောင်မီးတို့သည်၊ ပြောင်ပြောင်ကြီး ပြင်းရှိန်လျက်၊ လင်းထိန်ထိန် ထွန်းသကဲ့သို့၊ ညွှန်းဆောင်တင့် ရဂုံမြေမှာ၊ ဂုဏ်သရေ ကုန်ဆန်းတဲ့၊ ဘုံရဝေ မြုံနန်း၌၊ ပုံဖမ်း၍ စံမရအောင်၊ ဟန်အလှ သွင်လျာ မော်နှင့်၊ အင်္ဂါတော် ခွေနုပျောင်းသော၊ ရွှေဥဒေါင်း မောရ၏၊ ဓမ္မောဇ ဆေးဖိုလ်ဝယ်၊ သဘောကျ သွေးမညိုဘဲ၊ မနောက အေးချိုလျက်၊ လေးပဟိုရ် ကာလညောင်းမျှ၊ နာရကြောင်း အိပ်မက်ကို၊ စိန်ကနက် သဉ္ဇာပေါ်မှာ၊ မြင်ရှာတော်မူသောကြောင့်၊ စိုးနှောင့် အာသာ၊ ပူရတက်ဇော၊ ချင်ရက်မပြယ်၊ ခင်မက်တွယ်၍၊ ဘဝင်သက်ဝယ် ကြွေလျောအောင်၊ ခွေမောကာ နွမ်းရှာ၍၊ ပန်းဗျာပါ ပူအားနှင့်၊ မူထားသော အကြောင်းကို၊ ၎င်းင်းမင်း ဗြဟ္မဒတ် သည်၊ လင်းအတတ် မြင်သိလေက ...၊

၁၇။ ပ-မှုန် မမှေး၊ လ-ယုန်ရေးနှင့်၊ ပုံသွေးနှိုင်းဆွယ်၊ ယဉ်ပြကတေ့၊ ကြင်မမေ့နိုင်တဲ့၊ ခင်လေ့မယ်ငယ် ...၊ ခြယ်ငွေ ရဇတ၊ ဘမရနန်းပြင်၊ ကြငှန်းခွင်နှင့်၊ ဆန်းသွင် ထွေရာ၊ ရဝေညှာမှာ၊ ဝေဒနာ ဆန်းပြား၊ ခွေတပျော့ပျော့၊ ကြွေမတော့လိုနှင့်၊ ရွေကြော့ဖျားမှာ၊ ခြားတဲ့ဖြစ်အင်၊ ဂတိမကွေ့၊ လှည့်မဝှေ့နှင့်၊ ရှိသရွေ့ ဗျာဆင်ဟု၊ ရာဘုရင် ဥက္ကဌ်က၊ အတ္ထုပ္ပတ် ဖြစ်ရေးကို၊ စစ်ဆေးကာ မေးသောကြောင့်၊ တွေးဖြောင့် သဘော၊ အကြောင်း သနစ်၊ စောင်းမရစ်ဘဲ၊ ပေါင်းစစ်ကာ ပြောရာတွင် ...၊

၁၈။ မနောမယ၊ ဇောတရကဲ့သို့၊ လောကမြုတေ၊ မဟေသီဆုံး၊ ဒေဝီနှုန်းပေတဲ့၊ ဘုန်းမေမေငယ် ...၊ ဗွေသီဟာဆောင်၊ ညီလာဘောင်ဝယ်၊ ဆောင်သမျှပြီး၊ ခေါင်သမ္ဘာ့ ထီးပါကဘဲ၊ မညည်းညူလောက်၊ မသွေအစစ်၊ သပြေခေတ်မှာ၊ ဧကရာဇ် မြောက်ပါမင့်၊ ဘာလောက်မျှ မှတ်ပါဘူး၊ မြတ်မဟာဆွေ၊ ဗျာမပွေနှင့်၊ ရှာဖွေယူဖမ်း၊ မူတစ်နန်းဝယ်၊ ပူသန်းကြည်မွေ့၊ ဤယနေ့ပင်၊ သည်ေ့ရှမဝေး၊ မရှောင်မသွေ၊ ခေါင်တစ်ဆွေငယ်၊ အရောင်တွေ ဝေမောင်းတဲ့၊ ရွှေဒေါင်းကို ပေးမည်ဟု၊ အေးကြည် အားသန်၊ စကား ဖန်လျက်၊ မယားထံ ပြောပြီးလျှင် ...။တောကြီးမြိုင်တောင်၊ ဂနိုင်ချောင်ဝယ်၊ လိုဏ်မြှောင် ယှက်စပ်၊ ကွက်မလပ်သော၊ ငှက်ခတ် မုဆိုးတို့ကို၊ အုပ်စိုး သော အမိန့်တော်ဖြင့်၊ လှိမ့်ဆော်ကာ သွေမဆိုင်းစေဘဲ၊ စေခိုင်းတော်မူလိုက်ရာ ...၊

၁၉။ မိုက်စွာ ကဲခေါင်၊ သူရဲနှောင်တို့လည်း၊ စွဲဆောင်လက်နက်၊ သိကြားပစ်ချိန်၊ အားသစ်နှိမ်တဲ့၊ ဝရဇိန်စက်သို့၊ အိမ်ထွက်ကျမောင်း၊ ချောင်း ယန္တရား၊ တန်းထား ကွန်ရက်၊ ကျွန်ထက်ဝပ်စင်း၊ မချွတ်ယွင်းနိုင်သော၊ ညွှတ်ကွင်း ပိုက်ပေါင်းတို့ဖြင့်၊ စိုက်ဆောင်းကာ ထောင်လေကြသော်လည်း၊ တောင်သေလ ရိပ်ခါးပန်းမှာ၊ ဆောင်နေကျ စိတ်မနွမ်းနိုင်သော၊ အောင်ဇေယျ ပရိတ်ပန်းကြောင့်၊ ရိပ်ဖမ်းမျှ ခါမမိဘဲ၊ ဗျာဖိသော ဒုက္ခနှင့်၊ ရုပ်ကရဇ ခန္ဓာအိမ်ဝယ်၊ ချုပ်သမယ အခါကြိမ်သည်နှင့်၊ ဇရာနှိမ် ချုပ်ညှိုးလျက်၊ မုဆိုးပေါင်း ဖိုမော၍၊ ထိုတောဝယ် သေဆုံး ကြလေကုန်၏။

၂၀။ ရွှေဘုံ ဗာရာ၊ ရာဇဓာဝယ်၊ ဘမရာဖွား၊ ညာတစ်ပါးလည်း၊ ကြာများရည်ငံ့၊ မှာထားသည့် အခန့်တွင်၊ ဗျာ ပွားစည် မတန့်နှင့်၊ ဆည်းဟန့်ထားနိုင် (= မထားနိုင်)၊ တအားယိုင်၍၊ စကားခိုင် ကြွေလျော့သို့၊ မစားနိုင် ပွေ ဆော့လျက်၊ ခွေပျော့ကာ နုပျောင်းသဖြင့်၊ ဥဒေါင်းမင်း ဆန္ဒကြောင့်၊ ကမ္မဇရုပ် အဟောင်းသည်၊ ဟန်မရ ချုပ်စကောင်းသော်၊ ဘုတ်အပေါင်း ရပ်ဆိုင်း၍၊ နတ်တိုင်းသို့ စံတော်မူရှာလေသတည်း။

၂၁။ ပြည်ကြီး ဥက္ကဌ်၊ သမုနတ်လည်း၊ ဇာတ်သမ္ဘာတူ၊ ညာတစ်ဆူကြောင့်၊ ဗျာပူရတက်၊ ရှုမညောင်းဖွယ်၊ ခုတောင်းရွယ်တဲ့၊ ဥဒေါင်းငယ် အတွက်ကြောင့်၊ အသက်နည်းပါး၊ ပျက်စီးငြားသော်၊ မျက်မီးပွား ဒေါသနှင့်၊ မောရက ကြာငုံကို၊ ကောဓန သာထုံလျက်၊ ရာဇဂုဏ် မာန်တက်၍၊ ရန်ဘက်ကြီး ထင်မှတ်တော်မူသဖြင့်၊ လူနှင့် ဝေးကွာ၊ သွေးရတနာသည်၊ ရှေးကြမ္မာ ကံမြင့်၍၊ ရန်လွင့်ကာ နေလင့်ငြားသော်လည်း၊ နောင်သားတော် မြေးမြစ်တို့၊ ရှေးသနစ် လမ်းကြီးကို၊ တွေးမလစ် မှန်းပြီးလျှင်၊ ငြမ်းမှီးကာ အစဉ်လှိုင်းသဖြင့်၊ ဘုရင်တိုင်း အမိဖမ်းက၊ ဂတိလမ်း ချွတ်ယွင်းခါဝယ်၊ ညွှတ်ကွင်းမှာ ခွေနုံးလျက်၊ သေဆုံးခြင်း ရောက်ရာသည်ဟု၊ တည်ကြည် အေးမြ၊ အတွေးရနှင့်၊ မွှေးသသော နန်းသစ်ညောင်ဝယ်၊ ဆွေးကြွဇော မှန်းလှစ်ဆောင်၍၊ ဖမ်းရစ်အောင် နည်းနာကို၊ ကမ္ပည်းစာ မင် သားလျက်၊ တင်ထားတော်မူပြီးမှ၊ ဖြူထီးမိုးကာ၊ သတိုးညှာသည်၊ ညှိုးခန္ဓာ ပြတ်ခန်း၍၊ နတ်နန်းစံတော်မူလေ၏။

၂၂။ မင်းဖျား ရွှေဘုန်း၊ နေတနှုန်းသည်၊ သေဆုံးသည့်နောက်၊ ခြောက်ဆက်မြောက်အောင်၊ တစ်ယောက်မျှ မဖမ်းနိုင်ဘဲ၊ နန်းခရိုင် အလုံးကို၊ သိမ်းရုံးကာ ကြဉ်းဆောင်သော၊ တြင်းပြောင် ဗြဟ္မဒတ္တဟု၊ သတ္တမမြောက်လတ် သော်၊ တောရပ်လမ်းခွင်၊ စခန်းစဉ်၌၊ ကျွမ်းကျင်သော မုဆိုးတစ်ယောက်ကို၊ ေ့ရှတော်မှောက် ခေါ်ထား၍၊ အမိန့်တော် မှတ်သားလေသည်မှာ ...၊

၂၃။ ကမ္ဘာအစ ခါသမယက၊ ထာဝရနန်းရိုး၊ ကြငှန်းစိုးတဲ့၊ ဘေးဘိုးလာစဉ်၊ ရာဘုရင်တို့၊ ကြာပလ္လင်နန်း၊ ဇာသင်ခန်း၌၊ ဆန်းသမိုက်ဖြာ၊ တန်းစိုက်ကာဖြင့်၊ သိုက်စာရေးထား၊ တောင်တော်အစောင်း၊ ရောင်သော် မောင်းတဲ့၊ ဒေါင်းအသားကို၊ စားရသသူ၊ မအိုမသေ၊ ကိုယ်အနေဖြင့်၊ ဗိုလ်ခြေလူ၌၊ ဇမ္ဗူစိုးမြန်း၊ ကြည်စိတ်သန်သန်၊ ရည်ဓိဋ္ဌာန် အပ်သော၊ ပြည်နိဗ္ဗာန် အောင်မြေနန်းကဲ့သို့၊ ခြည်ရိပ်လျှံ မှောင်ခြွေသမ်းပြီးလျှင်၊ ရောင်ဝေလျှမ်း တန်ခိုးထန်လျက်၊ ခေါင်နေတန်း သတိုးမာန်ဖြင့်၊ စိုးစံကာ နေရသည်ဟု (= စိုးစံကာ နေရမည်ဟု)၊ ရွှေရည်မှိုင်းလွင်၊ သမိုင်းပြင်ထက်၊ နှိုင်းဆင် သတိ၊ ကမ္ပည်း မင်သား၊ နည်းထင်ရှားကို၊ ငါကား ယခုတွေ့ရှိသည်၊ မရိ မပန်း၊ ရှိအစွမ်းဖြင့်၊ အမိဖမ်း ကြံဖန်၍၊ ဂတိလမ်း မှန်မှန်နှင့်၊ အမြန်ဆက်သရမည်ဟု၊ မြွက်ဟစောဖျား၊ ပြောစကားကို၊ တောသားယုတ်မျိုး၊ ငမုဆိုးလည်း၊ ငုပ်လျှိုးကာ နာခံ၍၊ အကြံပြုသည်မှာ ...၊

၂၄။ ယခုတောင်းအပ်၊ ဥဒေါင်းမြတ်ကို၊ သေနတ် ယန္တရား၊ ပစ်ခတ်ငြားသော်လည်း၊ လားလားမျှ မမိချေ၊ ဂတိ မှောက်မှား၊ တဏှာ အဟုန်၊ ကာမဂုဏ်ဟု၊ အာရုံနှင့် ဖြားရလျှင်၊ အတန်းသား မိတော့မည်ဟု၊ ကြံစည် ရွေးကောက်၊ အေးစလောက်ကို၊ အရေးရောက်တဲ့အောင်၊ တွေးထောက် ဆင်ခြင်၍၊ အယဉ်အလှ၊ ဆင်မသဘဲ၊ မြင်သမျှ ငှက်အပေါင်းတို့သည်၊ ကြင်မဝ မက်စကောင်းလောက်သော၊ ဥဒေါင်းမ တစ်ကောင်ကို၊ ရှောင်တခင် ရှာကြံ၍၊ အသံ-အက၊ ဟန်ပန်ရအောင်၊ သဏ္ဌာန်ပြ သင်ကြားလျက်၊ တောဖျားမြိုင်ဗွေ၊ ဂနိုင်ခြေဝယ်၊ ရွှေရောင် ဝင်းဝင်း၊ ပြောင်လင်းလင်းနှင့်၊ ဒေါင်းမင်းရှိရာ အရပ်တွင်၊ လျောက်ပတ်သော မြေအထွဋ်၊ ခွေညွှတ်စပ်ခြံ၊ ပတ်ပတ်ရံ၍၊ မပြတ်သံ ကြည်အေး လျဉ်းအောင် (= မပြတ်သံ ကြည်အေး လျဉ်အောင်)၊ မြည်ကြွေးခြင်း ပြုစေလျက်၊ သစ်ခက် အုပ်မိုး၊ ငမုဆိုးလည်း၊ ဆုတ်တိုးကာ ပုန်းအောင်းသဖြင့်၊ ချောင်းမြောင်း၍ နေလေ၏။

၂၅။ ဗွေဂန္ဓာလယ်၊ စံရာနယ်မှာ၊ ဘယ်ညာ မြူးက၊ အရွယ်အသွင်၊ တကယ်ယဉ်တဲ့၊ တယ်တညင် (= တည်တညင်) ဒေါင်းမကလည်း၊ ခေါင်းကြွလည်အိမ့်၊ ပွေပွေ လည်လည်၊ ဖြေဖြေ ဆည်၍၊ တည်မငြိမ့်အောင် အီဖိမ့်ဖိမ့် ပြေးဟည် လျက်၊ အေးမကြည် ဆွေးသည်ပရယ်လို့၊ တေးပလီ ရေးစီပြသကဲ့သို့၊ ဟေးဟရီ ကြွေးမြည်သပြီးလျှင်၊ မွှေးရည်ခ ဖြိုးဝေလျှံလို့၊ အိုးဝေသံ ညံမစဲဘဲ၊ ဟန်နွှဲကာ နယည်းငြာလျက်၊ မြီးခါခါ အလွန်ထူးသဖြင့်၊ တွန်မြူးသော အသံကို၊ အဖန်ဖန် ကြွေလှုစောင်းမျှ၊ ရွှေဥဒေါင်း ကြားလေသော် ...၊

၂၆။ ကြွားကြွားရွှင်လန်း၊ မဆိတ်မလပ်၊ ပရိတ်မြတ်ကို၊ နိစ္စပတ် မဆင်မြန်းနိုင်ဘဲ၊ ဇင်ပန်းမှုန် ထုံနှိပ်တဲ့၊ မြုံရိပ်-လယ် ဌာနက၊ ရာဂမူဆန်းသည်၊ ထူပြွမ်းကာ သွေးဆောင်သော်၊ ဘေးမရှောင် အစားခင်တဲ့၊ ငါးအသွင် မက်မော၍၊ သက်လျောကာ ပျံဆင်းလျက်၊ မာန်ပြင်းစွာ အကုန်ငြီးသဖြင့်၊ တစ်ဟုန်တည်း ဇွတ်တင်းလိုက်သော်၊ ညွှတ်ကွင်း၌ ရွဲပတ္တမြားကဲ့သို့၊ အရွှဲသား မိလေ၏။

၂၇။ တြိဥက္ကဋ္ဌ၊ ဗုဒ္ဓလောင်းလျာ၊ ဒေါင်းရတနာလည်း၊ ကြောင်းရာအရှိ၊ စောင်းကာကြည့်က၊ ကောင်းစွာ သိမြင် တော်မူလျှင်၊ ပူအင်ပွားလစ်၊ အသားနစ်အောင်၊ အားသစ်ကာ ကျင်းပ၍၊ ပြင်းပြစွာ ရုန်းသော်လည်း၊ သားလုံးရေ စုတ်ပြတ်သဖြင့်၊ ရုပ်ကလာပ် နာမ်ခန္ဓာဝယ်၊ အသံပြာ ငိုဇောနှင့်၊ မကြံသာ ဖိုမော၍၊ ပိုသောက ပန်းဟိုက်လျက်၊ နွမ်းလှိုက်လှိုက် သေဆုံးမျှ၊ ခွေနုံးကြွေ ညာစောင်းသဖြင့်၊ သာလျောင်းကာ လဲလေသတည်း။

၂၈။ ထိုအကြောင်း၊ ၎င်းင်းမုဆိုး၊ အယုတ်မျိုးလည်း၊ ငုပ်လျှိုးလျှိုး ချောင်းမြောင်းကာဖြင့်၊ ကြောင်းရာကို မြင်သိငြား သော်၊ နှစ်ပါး မိတ်လား၊ သနားစိတ် ပွားသောကြောင့်၊ အနားသို့ ချဉ်းကပ်လျက်၊ တင်းကြပ်သော ညွှတ်ကွင်းကို၊ ဝပ်စင်းကာ ဖြုတ်ထွင်လျက်၊ ဗုဒ္ဓင်္ကူ ဒေါင်းမြတ်အား၊ ကြောင်းရပ်ကို ပြန်ကြားပြီးလျှင်၊ တောဖျားသို့ လွှတ်လေ၏။ ဆွေသမုလောင်း၊ ရွှေဥဒေါင်းလည်း၊ မစောင်းမလွန်၊ အကြောင်းဝန်ကို၊ ကောင်းမွန်စွာ သိကြားက၊ တစ်ပါးသို့ မသွားဘဲလျှင်၊ စကားတုံ့ ပြန်ဆင်သည်မှာ ...၊

၂၉။ အရှင်အုပ်စိုး၊ သင်မုဆိုး၌၊ အကျိုးပြီးလတ်၊ သတိုးနတ်လည်း၊ ဖြိုးမြတ်ဆန္ဒ၊ ကြံပြည့်ဝအောင်၊ ငါ့အား ကြဉ်းဆောင်၍၊ မင်းခေါင်ထံ ဆက်သရမည်ဟု၊ မိန့်ရည်ရွှင်မော၊ ပြန်လည်ကာ ပြောလတ်သော် ...၊ တော မုဆိုး လူကြွားက၊ သနားသော ကရုဏာဖြင့်၊ အခါခါ လွှတ်ပါငြားသော်လည်း၊ အပါးက မသွားဘဲ၊ စကားတုံ့ ပြန်မြဲပင်၊ ပန်ဆင်တော်မူလေသတည်း။

၃၀။ ဖြူဖြူ ဖြောင့်ဖြောင့်၊ မူမနှောင့်တဲ့၊ သူကောင့်သားလည်း၊ သနားရက်ပင်၊ ယူငင်ဆောင်ကြဉ်း၍၊ မင်းကြီးအား ဆက်သလေ၏။ ပြည်ထောင် သနင်း၊ အခေါင်ချင်းသော၊ အောင်တြင်းခတ်၊ မင်းဗြဟ္မဒတ်လည်း၊ ဝင်းလျှပ် ကနကာ၊ ပဒ္မါသနင်၊ ရာဇပလ္လင်နှင့်၊ သာယှဉ်ပစ္စူ၊ လှစ်ထူမိုးဖြန့်၊ တန်ခိုးဟန့်လျက်၊ အမျိုးသန့် လာစဉ်သော၊ ညာသဘင် ကြာနန်းဝယ်၊ မဟာဝင် စာတမ်းကို၊ ကမ္ဘာတွင် ခန္ဓာဆန်းရန်ဖို့၊ သာလှမ်းကာ တွေးမြော်လျက်၊ ရေးပျော်ပျော် ကတီအုံးထက်၊ ရယ်ပြုံးသော မျက်နှာနှင့်၊ ကွက်ရတနာ စုပေါင်းတဲ့၊ ဥဒေါင်းကို ကြည့်ရှုတော်မူစဉ်၊ ဘုရင်တစ်ဆူ၊ သွင်ဇမ္ဗူလည်း၊ တင်မြှူလှစ်ခွာ၊ စင်တမူ ချစ်စွာနှင့်၊ မေတ္တာဖျန်းဝေ၊ ဘူမိဿရ၊ လူဒိဗ္ဗအား၊ ဖြူရိပ်လွ နန်းရဝေက၊ ဖမ်းစေသော အရေးကို၊ မေးမြန်းတော်မူလေ၏။

၃၁။ ဘုရင်မင်းဖျား၊ တစ်စင်း ဖွားလည်း၊ သွင်းထားဆန္ဒ၊ သမိုက်ယှက်ကာ၊ သိုက်ထွက်လာတဲ့၊ စာအရဖြင့်၊ ကြွကြွစက်ငွေ၊ ကနက်ဗွေဝယ်၊ ကျက်သရေ ပွားဆင့်၊ ကြွားကြွားမြင့်လျက်၊ အကျင့်မမှား၊ အသင့်အားဖြင့်၊ ချင့် အသားကို၊ စားကာမျက်မှောက်၊ အိုဖွယ် အရှင်း၊ ပျိုငယ်ဆင်းနှင့်၊ လိုရွယ်ရင်း သွေကွင်းပျောက်တဲ့၊ ဟိုနယ်တွင်း သေမင်းနောက်သို့၊ တစ်ခေါက်မျှ မလိုက်ရာဟု၊ သိုက်စာဆိုထွက်၊ ထိုအချက်ကြောင့်၊ သိုမဝှက် ဗိုလ်ခြေလင်းတဲ့ အောင်၊ ကိုယ်အသက် အိုသေကင်းရန်ဖို့၊ ဒေါင်းမင်း၏ အသားကို၊ ပေါင်းသင်းရှိ အများနှင့်၊ ကောင်းခြင်း၏ အလားကြောင့်၊ စားလို၍ ဖမ်းစေသည်ဟု၊ ကြည်နူးသော ပုံသွင်ဖြင့်၊ ရည်စူးသော ဂုဏ်အင်ကို၊ စုံလင်စွာ ပြန်ပြော က၊ စံမောရ ရွှေဥဒေါင်းသည်၊ ခြွေညောင်းကာ သံငြိမ့်၍၊ ပြန်မိန့်တော်မူသည်မှာ ...၊

၃၂။ ရွေတစ်ညီလာ၊ ဗွေသီဟာဝယ်၊ ဒီပါသေဌ်နင်း၊ ဘုန်းစက်အရောင်၊ နှုန်းထွက်ပြောင်၍၊ အခေါင်နင်းသည့်၊ မင်းမင်းဥက္ကဌ်၊ စောနေနတ် ...၊ မှတ်လော့ မိန့်ရေး၊ ဖိမ့်ဖိမ့်မွှေးစိမ့်၊ ငြိမ့်လေး ခါခါ၊ စိစ္စေးနာလော့ ...၊ ငါ၏အသား၊ စားရှိအားဖြင့်၊ သတ်စားခဲ့ချေ၊ ငါတည်းသေရ၊ စားသူမှလျှင်၊ ဘယ်ကြောင်းအင်ကြောင့်၊ နှောင်းစဉ် နေရ၊ မသေကြလိမ့် ...၊

၃၃။ ဖွေဆ ဤမှာ၊ ပြည်ဗာရာဝယ်၊ မဟာအလောင်း၊ သမ္ဘာညောင်းတဲ့၊ ငါဒေါင်းမင်းသည်၊ ကောင်းခြင်း မျက်နှာ၊ လက္ခဏာနှင့်၊ စကြာသခင်၊ မယွင်းသမှု၊ တစင်းတု၍၊ မင်းပြုစဉ်က၊ ဘုရင်မင်းဖျား၊ သီလထိန်းစောင့်၊ ယိမ်းမမှောင့်တဲ့၊ အကြောင်းအားကြောင့်၊ ရထားရောက်လာ၊ တန်ခိုးလျှပ်လျှပ်၊ သတိုးနတ်ဟု၊ မိုးရပ်ဖြာ၊ ဒီပါကျွန်းလုံး စိုးဖူးသည်။ --- ထူးလည် အများ၊ ဤရထားကို၊ တစ်ပါးမင်းနှင့်၊ ခင်းမသင့်ဟူ၊ သွင်းလင့်သိုထား၊ ရေကန်အတွင်း၊ ရွှေလျှံ ဝင်းတဲ့၊ မင်းရထားသည်၊ ထင်ရှားယခု ရှိလေသည်။

၃၄။ လူ့ပြည် ယွင်းလတ်၊ မင်း၏ဇာတ်မှ၊ ကင်းပြတ်ခန္ဓာ၊ ထပ်လျှမ်း ဝင့်ဝင့်၊ လျှပ်ပန်းပွင့်ကဲ့သို့၊ နတ်နန်းမြင့် စည်းစိမ်ဟာကို၊ မှီးငြိမ်စွာ ခံစံပြီးမှ၊ ကံဖန်တီး အကုသိုလ်ကြောင့်၊ ယခုလို အဟိတ်မှန်တဲ့၊ တိရစ္ဆာန် ဤဘဝဝယ်၊ မှီခကာ သန္ဓေမူ၍၊ ဉာဏ်ခြေယူ ညီမျှသုံးခဲ့တဲ့၊ ကံမွေဟူ သီလဘုန်းကြောင့်၊ ကြည်မျှဆုံး တစ်မူသစ်သော၊ ဇမ္ဗူရစ် ရွှေစင်တောင်ကဲ့သို့၊ ဗွေပြင်နဘောင် အကုန်လင်းနိုင်တဲ့၊ နေလုလင်ရောင် ပုံမယွင်းသော၊ ဂုဏ်အဆင်း ငါရှိသည်။

၃၅။ စီစဉ်ပြထား၊ ငါ့စကားကို၊ အများယုံစေ၊ ခုံသက်သေကား၊ ကျက်သရေယင်ရာ၊ အစဉ်လာတဲ့၊ မင်္ဂလာကန်၊ ရေ၏အတွင်း၊ မြေထိချင်း၍၊ သွင်းထားခံ၊ မင်းစံရထား ဖြစ်တော့သည်၊ အေးကြည်မနော၊ သွေးရည်နှော၍၊ သဘောနှစ်ခြိုက်၊ ပြဆိုအရှိ၊ ရလို၏ဟု၊ သတိပိုက်က၊ သင်၌တရား၊ စဉ်လိုက်ပွား၍၊ မမှားညီမျှ၊ ခုနစ်ရက်လောက်၊ လွန်တက်မြောက်အောင်၊ စောင့်ရှောက်ကလျှင်၊ သီလကုံးရစ်၊ တနှုန်းလှစ်၍၊ ဘုန်းသစ်တော် ဆော်နှိုးသဖြင့်၊ မျှော်ကိုး ရည်ငံ့သော၊ မဟီပြန့် စက်ရထားကို၊ ထွက်သွားကာ သာယူ၍၊ ညာဇမ္ဗူ သပြေခေတ်မှာ၊ ဧကရာဇ် မြောက်တော်မူလိမ့်မည်ဟု၊ မိန့်ရည်ချိုမွှေး၊ အလိုအေးအောင်၊ ဖိုလ်ဆေး မြတ်တရားကို၊ ဟောကြားတော်မူလေ သတည်း။

၃၆။ ရွှေပြည် နှင်းလတ်၊ မင်းဗြဟ္မဒတ်လည်း၊ ဆင်းနတ်ကလျာ၊ မဟာရွေညီ၊ မဟေသီဟု၊ ဒေဝီရထား၊ မိဖုရားနှင့် တကွ၊ တရားပဉ္စသီ၊ အစဉ်မှီ၍၊ ရွှင်ပြီ အာသာ၊ ရာဇဓာဝယ်၊ အခါခါ မောင်းခတ်လျက်၊ ကောင်းမြတ်သော ရွှေ ရထားကို၊သွေမခြား ဖော်ယူ၍၊ လှော်ဇမ္ဗူ ဒေါင်းမြတ်အား၊ ပေါင်းစပ်ကာ အဉ္ဇလီဖြင့်၊ တင်ချီကာ မာန်လျော့လျက်၊ ကန်တော့ သည်းခံစေပြီးလျှင်၊ ငွေရိပ်ဖြူကာဖွင့်တဲ့၊ ရာပလ္လင် (= ရာဇပလ္လင်) ဝိသေသာကို၊ ဘိသေကာ မြွက်ဟ လျက်၊ ဆက်သ ပူဇော်ပြန်လေသတည်း။

၃၇။ သရေ စုပေါင်း၊ ရွှေဥဒေါင်းဟု၊ လောင်းဗောဓိသတ်၊ မောရိနတ်လည်း၊ ဗြဟ္မဒတ်မည်ခေါ်၊ အကြည်တော် အား၊ အရှည်မျှော် ထောက်ထားသဖြင့်၊ ညီအလျော် နောက်မမှားရအောင်၊ လေးပါး သင်္ဂဟ၊ ဒသရာဇဓမ်၊ နာယကံခြောက်ဂုဏ်၊ ခုနစ်စုံအပရိဟာနိယ၊ ပြတည် မမှား၊ စသည်အားဖြင့်၊ တရားစည်ကြီး၊ ဆယ့်တစ်ခွင်ရပ်၊ သွဲ့ငလျင် ခတ်သကဲ့သို့၊ ချဲ့ထွင်လတ် အော်ညည်းလျက်၊ ပဲ့တင်ထပ် တော်ဟီးအောင်၊ ဆော်တီးသောအား၊ ပြောစကားဖြင့်၊ ဟောကြားထုံးပြ၊ ဆုံးမ နာယူစေပြီးလျှင်၊ ယခင်က မင်းအဖြစ်ကို၊ ယွင်းမလစ် ပြန်ဆောင်နှင်းလျက်၊ အောင်ခြင်း ယင်ရာ၊ သဘင်ငြာအောင်၊ မင်္ဂလာဆောင်ပျံကြွမှ၊ ကဉ္စနာရောင် လျှံပသော၊ ဒဏ္ဍက ရွှေတောင်သို့၊ သွေရှောင်ခွာ ရန်မခဘဲ၊ ပြန်ကြွတော်မူရှာလေသတည်း။

၃၈။ ဤအကြောင်းရပ်၊ အလောင်းဇာတ်၌၊ ဒေါင်းမြတ်သူတော်၊ ဇမ္ဗူလှော်သည်၊ ဖြူလျော် စိတ်မှန်း၊ ပရိတ်ပန်းကို၊ အိပ်တန်းဆင်းတက်၊ ယွင်းမပျက်ဘဲ၊ ညှင်းညက် ရွတ်အံ၊ ဝတ်အမှန်ကြောင့်၊ လွတ်ရန်ဘေးဘျမ်း၊ မှေးမသမ်းလျက်၊ အေးချမ်းချိုမြိတ်၊ ယိုယိုဖိတ်မျှ၊ ကိုယ်စိတ်တော် မပင်ပန်းသဖြင့်၊ ရွှင်လန်းသော မူထုံးကို၊ ယူကျုံးကာ နှလုံးပိုက်၍၊ သုံးတိုက်သော မှောင်ခန်းမှ၊ အောင်ပန်းတော် နိဗ္ဗာန်ကို၊ ပန်ဆင်တော်မူရအောင်၊ ဖြူလွလွ စိတ်ထားနှင့်၊ မိတ်မခြား လူအပေါင်းတို့သည်၊ ဥဒေါင်းမင်း ပရိတ်မြတ်ကို၊ နိစ္စပတ် ချီးမွမ်း၍၊ စီးဖြန်းတော်မူကြပါကုန်လော့ ...။

ခက်ဆစ် အဓိပ္ပါယ်များ

ဤတွင် အင်္ဂပူဆရာတော်ဘုရားကြီး၏ မောရသုတ် ပရိတ်မွှန်းသည် ပြီးဆုံးပြီ ဖြစ်သည်။ ခက်ဆစ် အဓိပ္ပါယ် ရေးသားရာ၌ မှတ်သား လွယ်ကူစေခြင်းငှာ ယင်းပရိတ်မွှန်းကို စာပိုဒ်ရေ (၃၈)ပိုဒ် ခွဲ၍ တင်ပြထားပါသည်။ အမှတ် (၁) စာပိုဒ်တစ်ခုလုံး၏ အတွင်း၌ တည်ရှိသော စာလုံးများ၏ ခက်ဆစ်အဓိပ္ပါယ်ကို အမှတ် (၁) နံပါတ် အောက်၌ စုပေါင်း၍ (က-ခ-ဂ) စသည် ခွဲကာ ရေးသားတင်ပြထားပါသည်။ အမှတ် (၂) စာပိုဒ် စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ ယင်းခက်ဆစ် အဓိပ္ပါယ်များကို ပါဠိစာပေ၌ မကျွမ်းကျင်သူတို့အတွက်သာ ငဲ့ညှာ၍ ရေးသား တင်ပြခြင်း ဖြစ်ပါသည်။

၁။ (က) မုနိပဝရ = မုနိတကာတို့တွင် = ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား၊

( ခ ) အမတသာကိန် = မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို ရရှိတော်မူသော ရောက်ရှိတော်မူသော, သတ္တဝါတို့အားလည်း နည်းလမ်းပြလျက် ပေးသနားတော်မူတတ်သော သာကီဝင်နွယ်ဖွား မြတ်စွာဘုရား၊

( ဂ ) ရာဇိန္ဒာ ဘက်လွတ် = တုဘက် လွတ်ကင်းလျက် ရဟန်းတို့ကို အစိုးရတော်မူသော မြတ်စွာဘုရား၊

(ဃ) အတုလ စံတစ်ဆူ = အတုမရှိသော စံတစ်ဆူ၊

( င ) မကုဋ သယမ္ဘူ = သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန် ပညတ်တည်းဟူသော သိသင့် သိထိုက်သော ညေယျဓမ်တရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကောင်းစွာ ထွင်းဖောက်သိမြင်တော်မူသော လူသုံးပါးတို့၏ မကိုဋ်သရဖူ ဖြစ်တော်မူသော မြတ်စွာဘုရား၊

၂။ (က) မယှဉ်ရာဂီ = ရာဂနှင့် မယှဉ်သော = ရာဂကင်းသော၊

( ခ ) လွင်ဗာဟီ ရုန်းမထွက်ရအောင် = ပြင်ပအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့် ရုန်းထွက်မသွားရအောင်၊

( ဂ ) ကသိဏန် = ကသိုဏ်း (၁၀)ပါး၊

(ဃ) ပရိကံ = စီးဖြန်းခြင်း၊

( င ) ကတွတ္ထ = ကသိုဏ်းပရိကံကို စီးဖြန်းပြုလုပ်တတ်သော အနက်သဘော၊

၃။ (က) ဣန္ဒနီလာ = ပတ္တမြားညို = ပတ္တမြား (၂၄)မျိုးတို့တွင် တစ်မျိုးတည်း။

( ခ ) ဝဇီရာ = ဝဇီရာ စိန်ကျောက်၊

( ဂ ) ဂီဝါရောင်ဓာတ် = ပြာသာဒ်လည်ပင်း၏ အရောင် = ပြာသာဒ်ထွတ်၏ အရောင်၊

(ဃ) နဝရတ် = နဝရတ်ကျောက်မျက်ရတနာ၊

( င ) ကဉ္စနာ = ရွှေ၊

၄။ (က) ပုဒ်ပါဌ် ခရာ = ပုဒ် ပါဌ် အက္ခရာ၊

( ခ ) ယာပထ = လျောင်း-ထိုင်-ရပ်-သွား = လေးပါးသော ဣရိယာပုထ်၊

၅။ (က) သေလာဂနိုင် = ကျောက်တောင် ကျောက်ဆောင် ထူထပ်သည့် တောမြိုင်ကြီး၊

( ခ ) ဟေမာမြိုင် = ဆီးနှင်း ထူထပ်သော တောမြိုင်ကြီး၊

( ဂ ) အာသဝုံမြစ်ကြောဝယ် = အာသဝေါတရား လေးပါးတည်းဟူသော မြစ်ရေယဉ်ကြောဝယ်၊

၆။ (က) နုဒယာ = ကရုဏာ = ကြင်နာသနားခြင်း၊

( ခ ) ကမုကြာ = ကုမုဒြာကြာ၊

( ဂ ) အနောတတ် = ဟိမဝန္တာဝယ် ရှိသော အနောတတ်အိုင်၊

(ဃ) မေဃီ = မိုး = ရွာသွန်းနေသော မိုး၊

( င ) ဒေဝရီ = မိုးကို ရွာသွန်းစေတတ်သော မိုးနတ်သား၊

၇။ (က) သွဏ္ဏာ မောရ = သုဝဏ္ဏ + မောရ = ရွှေအဆင်းရှိသော ဥဒေါင်းမင်း။ သုမှ ဥ-ကို ချေ၊ သ-ကို ဝ-သို့ ကပ်၍ သွဏ္ဏဟု ရေးသည်။ ဏ္ဏာ၌ အာ-ကား ရှေးအခါဝယ် ဟူသော ရှေးကာရန်သို့ လိုက်၍ စကားပြေပြစ်ခြင်း = ဝါစာသိလိဋ္ဌ အကျိုးငှာ အာ-ဒီဃပြုထားသော သန္ဓိကာရိယတည်း။

( ခ ) နာယက သတ္ထာ = လူသုံးဦးတို့၏ အကြီးအမှူး ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား၊

( ဂ ) ကာမောဃ = ကာမတဏှာ ရေယဉ်ကြော၊

(ဃ) သူရိန် = နေ၊ (ကျူထရံအိမ်ကို နေမင်းကြီး မှေးနေသကဲ့သို့။)

( င ) ရှစ်ဖြာရာခံ = ဘုရားရှင်ထံမှ ဆု (၈)ပါး ခံယူတော်မူရသော အရှင်အာနန္ဒာကိုယ်တော်မြတ်၊

ရှစ်ဖြာရာခံ ရှင်အာနန်

၁။ ဗဟုဿုတ ဧတဒဂ် = အကြားအမြင်များခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၂။ သတိမန္တ ဧတဒဂ် = သတိကောင်းခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၃။ ဂတိမန္တ ဧတဒဂ် = ဉာဏ်ကောင်းခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၄။ ဓိတိမန္တ ဧတဒဂ် = လုံ့လကြီးခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၅။ ဥပဋ္ဌာက ဧတဒဂ် = ဘုရားရှင်အား အလုပ်အကျွေး အပြုအစုတွင် ထိပ်တန်းဂုဏ်ထူး။

ဤသို့ ဧတဒဂ် ငါးတန်ကို ရရှိတော်မူသော အရှင်အာနန္ဒာ၏ ဆုရှစ်ပါးကား ပယ်ဆုလေးပါး, ယူဆုလေးပါး ဖြစ်ရာ ပယ်ဆုလေးပါးကား ---

၁။ မြတ်စွာဘုရားရှင်သည် တပည့်တော် (အရှင်အာနန္ဒာ)အား မိမိ ရတော်မူသော သင်္ကန်း အကောင်းအမွန် များကို မပေးရန်,

၂။ ဆွမ်းခဲဖွယ် ဘောဇဉ်ကို မပေးရန်,

၃။ ဂန္ဓကုဋိတိုက်ခန်း တစ်ခန်းတည်း၌ နေခွင့်မပေးရန်နှင့်

၄။ ပင့်ဖိတ်ရာသို့ ခေါ်၍ မသွားရန်တို့ ဖြစ်ကြ၍ ---

ယူဆုလေးပါးကား ---

၁။ မြတ်စွာဘုရားရှင်သည် တပည့်တော် (အရှင်အာနန္ဒာ) ပင့်ဖိတ်ရာသို့ ကြွတော်မူရန်,

၂။ တိုင်းခြား ပြည်ခြားမှ မြတ်စွာဘုရားအား ဖူးမြော်ရန် ရောက်လာသော ပရိသတ်ကို ရောက်ဆဲခဏမှာပင် မြတ်စွာဘုရားရှင်အား ဖူးမြော်စေနိုင်ခွင့် ရရန်,

၃။ အလိုရှိလျှင် ချက်ချင်း မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်နိုင်ရန်နှင့်

၄။ တပည့်တော် (အရှင်အာနန္ဒာ)၏ မျက်ကွယ်၌ ဟောတော်မူသမျှ တရားတို့ကို တစ်ဖန်ပြန်ဟောပြရန်တို့ပင် ဖြစ်ကြ၏။ (အံ၊ဋ္ဌ၊၁၊၂၂၉-၂၃၀။)

( စ ) သမ္ဘာလျှံသည့် = ဘုန်းသမ္ဘာနှင့် ပြည့်လျှံသော၊

၈။ (က) တထာဂတ = ရှေးဘုရားရှင်တို့ကဲ့သို့ ဗောဓိမဏ္ဍိုင်သို့တိုင်အောင် ကောင်းသော လာခြင်း ရှိတော်မူ သော, ရှေးဘုရားရှင်တို့ကဲ့သို့ နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားခြင်း ရှိတော်မူသော မြတ်စွာဘုရား၊

( ခ ) ပဘာဝလျှံလူ = ကိုယ်ရောင်ကိုယ်ဝါ အလျှံပြောင်ပြောင် ထွန်းလင်း တောက်ပတော်မူသော မြတ်စွာဘုရား၊

၁၀။ (က) သေတုဒကံ = သေတ + ဥဒကံ = ဖြူဖွေး = ကြည်လင်သော + ရေ။

၁၁။ (က) ဒဏ္ဍက ပဗ္ဗတာ = ဒဏ္ဍက ရွှေတောင်၊

( ခ ) သဟသ်ရံသီ = ရောင်ခြည်တစ်ထောင်ရှိသော နေမင်း၊

( ဂ ) ဟရိသဗ် = ရွှေရောင်အားလုံး၊

(ဃ) သတပတ် ပဒုမ္မာ = ပွင့်ချပ်လွှာ (၁၀၀) ရှိသော ပဒုမ္မာကြာပန်း၊

၁၂။ (က) ဥဒေတယံ = ဥဒေတယံ စက္ခုမာ --- ဤသို့စသည်ဖြင့် မောရသုတ်၌ လာရှိသော ဂါထာ၊ (အိပ်တန်းဆင်းဂါထာ၊)

( ခ ) ဝေဟင်္ဂမာ = ကောင်းကင်၌ သွားလာနိုင်သော၊

( ဂ ) ဝါယာမေဖြင့် = လုံ့လကြိုးကုတ် အားထုတ်ခြင်းဖြင့် = ဝီရိယဖြင့်၊

(ဃ) အပေတယံ = အပေတယံ စက္ခုမာ --- စသည်ဖြင့် မောရသုတ်၌ လာရှိသော ဂါထာ၊ (အိပ်တန်းတက်ဂါထာ၊)

၁၃။ (က) ဝါရာဏသီ = ဝါနရသီသ-ပုဒ်မှ န-ကို ရ-နှင့် ေ့ရှနောက် ပြောင်းပြန် ဝိပရိတ်ပြု၊ န-ကို ဏ-ပြု၊ ရ-၌ရှိသော အ-ကို အာဒီဃပြု၊ သီသ-၌ရှိ သ-ကိုချေ၊ ဝါရာဏသီ-ဖြစ်သည် ဟူ၏။ ဝါ-၌ ဝ-ကို ဗ-ပြုက ဗာရာဏသီ-ဖြစ်၏။ --- မျောက်ဦးခေါင်းနှင့် တူသော တောင်ထွဋ် ရှိသော တောင်။ ထိုတောင် အနီးတွင် ရှိသော မြို့ --- ဟူသတတ်။

( ခ ) ဝိသေသာ = အဘိသိက်ခံပွဲ၌ အထူးရွက်ဆောင်ပေးရသော ပုဂ္ဂိုလ်ကြီးများ၊

( ဂ ) ဂဇာသတ် = ဆင်ရုပ်ပေါ်တွင် ရိုသေစွာ သိုမှီး သိမ်းဆည်းထားအပ်သော ရှေးဟောင်းဓမ္မသတ်များ။

၁၄။ (က) ပဒ္မါ သနင် = ကြာပလ္လင်၊

( ခ ) ဇောတနတ် = မဏိဇောတ ပြည်တန်မြကဲ့သို့ နတ်သမီးကဲ့သို့ နှစ်သက် မြတ်နိုးအပ်သော မိဖုရား၊

( ဂ ) သီဟာသ = ခြင်္သေ့ရုပ် ခံထားသော သီဟာသနပလ္လင်၊

၁၅။ (က) ဘမရာဖျား = ပျားပိတုန်းခံသော ကုတင်ညောင်စောင်းပေါ်၌၊

၁၆။ (က) ဂန္ဓာခြေ = မွှေးကြိုင်သော ရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျက် ရှိသော တောင်ခြေ၊

( ခ ) ဓမ္မောဇ = ဓမ္မ + ဩဇာ = တရား အဆီအနှစ်၊

၁၇။ (က) ရဇတ = ငွေ၊

( ခ ) ရာဘုရင် ဥက္ကဌ် = ထီးဆောင်းမင်းပေါင်း (၁၀၀)တို့တွင် အမြတ်ဆုံးဖြစ်သော ဘုရင်၊

၁၈။ (က) မနောမယ ဇောတရ = စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာကို ပြီးစေသော = ပြည့်စုံစေသော မဏိဇောတ

ပတ္တမြားရတနာ၊

( ခ ) လောက မြုတေ = လောက အမြုတေ၊

( ဂ ) မဟေသီဆုံး = အဂ္ဂမဟေသီ = အမြတ်ဆုံး မိဖုရားခေါင်၊

၁၉။ (က) ရုပ်ကရဇ ခန္ဓာအိမ် = ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစု ဖြစ်သော ခန္ဓာအိမ်၊

၂၀။ (က) ရာဇဓာ = ရာဇဓာနီ = မင်းနေပြည်တော်၊

၂၁။ (က) ဇာတ်သမ္ဘာတူ = အမျိုးဇာတ်ချင်း ဘုန်းသမ္ဘာချင်း တူညီသော၊

( ခ ) မောရက = ဥဒေါင်းငယ် = ရွှေဥဒေါင်း၊

( ဂ ) ကောဓန = အမျက်ကောဓ = ရန်ငြိုးဖွဲ့ခြင်း၊

၂၇။ (က) တြိဥက္ကဋ္ဌ = လူသုံးဦးတို့တွင် အကြီးအမြတ် ဖြစ်တော်မူသော၊

၃၀။ (က) ဝင်းလျှပ် ကနကာ = ကနကာ = ရွှေ၊

( ခ ) ဘူမိဿရ = ရေမြေကို အစိုးရသောမင်း၊

( ဂ ) လူဒိဗ္ဗ = သမုတိနတ်ဖြစ်သော လူမင်း၊

၃၁။ (က) ကနက်ဗွေဝယ် = ရွှေနန်းတော် အလယ်ဝယ်၊

၃၂။ (က) ဗွေသီဟာဝယ် = နန်းတော် အလယ်၌ တည်ရှိသော ခြင်္သေ့ခံသော သီဟာသနပလ္လင်။

( ခ ) ဒီပါသေဌ်နင်း = ဇမ္ဗူဒီပါ ကျွန်းအလုံးကို အစိုးရသော အမြတ်ဆုံးမင်း၊

၃၄။ (က) ဇမ္ဗူရစ်ရွှေ = ဇမ္ဗောနဒရွှေ = လှော်ပြီး ဦးပြီး နီမြန်းသော ရွှေ။ (ဇာတက၊ဋ္ဌ၊၇၊၁၆၆။)

၃၅။ (က) မဟီပြန့်-မဟီ = မြေကြီး။

( ခ ) ညာဇမ္ဗူ = ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း၊

၃၇။ (က) မောရိနတ် = ဥဒေါင်းမင်း = ဘုရားအလောင်း ရွှေဥဒေါင်း၊

( ခ ) လေးပါး သင်္ဂဟ = သင်္ဂဟတရား (၄)ပါး၊

( ဂ ) ဒသရာဇဓမ် = မင်းကျင့်တရား (၁၀)ပါး၊

(ဃ) နာယကံ ခြောက်ဂုဏ် = နာယကဂုဏ် (၆)ပါး၊

( င ) ခုနစ်စုံ အပရိဟာနိယ = မင်းတို့၏ မဆုတ်ယုတ် မပျက်စီးကြောင်း အပရိဟာနိယတရား (၇)ပါး၊

(ခ) သင်္ဂဟတရား (၄) ပါး

ရဟန်းတို့ ...ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်း ဟူမူ ---

၁။ ဒါန = ပေးကမ်းခြင်း၊

၂။ ပေယျဝဇ္ဇ = ချစ်ဖွယ်စကားကို ပြောကြားခြင်း၊

၃။ အတ္ထစရိယာ = အကျိုးစီးပွားကို ကျင့်ခြင်း = ရွက်ဆောင်ပေးခြင်း၊

၄။ သမာနတ္တတာ = ကိုယ်နှင့် ထပ်တူပြုခြင်း = တန်းတူ ဆက်ဆံခြင်း၊

ရဟန်းတို့ ...ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း။

ဤလောက၌ ပေးကမ်းခြင်းလည်းကောင်း, ချစ်ဖွယ်စကားကို ဆိုခြင်းလည်းကောင်း, အကျိုးစီးပွားကို ကျင့် ခြင်းလည်းကောင်း, ထိုထိုအကြောင်းတို့၌ ထိုက်သည်အားလျော်စွာ ကိုယ်နှင့် ထပ်တူပြုခြင်းလည်းကောင်း ထို သင်္ဂဟဝတ္ထု လေးမျိုးတို့သည် သွားနေသော ရထား၏ နားစောင့် = နပန်စွန်းကဲ့သို့ လောကကို ချီးမြှောက်ကုန်၏။

အကယ်၍ ထိုသင်္ဂဟဝတ္ထု လေးမျိုးတို့သည် မရှိကုန်ငြားအံ့၊ အမိသည် သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။ အဖသည်လည်း သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။

ထိုသင်္ဂဟဝတ္ထု လေးပါးတို့ကို ပညာရှိတို့သည် ကောင်းစွာ ရှုဆင်ခြင်ကြကုန်သောကြောင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထိုပညာရှိတို့သည် ချီးမွမ်းထိုက်သူတို့ ဖြစ်ကုန်၏။ (အံ၊၁၊၃၄၁။)

သင်္ဂဟဝတ္ထု (၄) ပါး

၁။ သဿမေဓ = ဆယ်ခိုင့်တစ်ခိုင် အခွန်တော် ကောက်ယူခြင်း,

၂။ ပုရိသမေဓ = ဝန်ထမ်းတို့အား လခရိက္ခာပေးခြင်း,

၃။ သမ္မာပါသ = ဆင်းရဲသားတို့အား သုံးနှစ်တိုင်တိုင် အတိုးမရှိ ရင်းနှီးရန် ဥစ္စာထုတ်ပေးခြင်း,

၄။ ဝါစာပေယျ = ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း, (အံ၊၃၊၂။ အံ၊ဋ္ဌ၊၃၊၁၉၃-၁၉၄။ မေတ္တာသုတ်၊၊)

(ဂ) ဒသ ရာဇဓမ် = မင်းကျင့်တရား (၁၀) ပါး

ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။

အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တိံ စ အဝိရောဓနံ။ (ခု၊၆၊၉၇။)

၁။ ဒါန = အလှူပေးခြင်း = ဒါနဝတ္ထု (၁၀)ပါးလျှင် တည်ရာရှိသော ကုသိုလ်စေတနာ၊

၂။ သီလ = ငါးပါးသီလ၊ ဆယ်ပါးသီလတို့ကို စောင့်ထိန်းခြင်း၊

၃။ ပရိစ္စာဂ = ပေးကမ်း စွန့်ကြဲခြင်း၊

၄။ အဇ္ဇဝ = စိတ်ထား ဖြောင့်မတ်ခြင်း၊

၅။ မဒ္ဒဝ = စိတ်ထား နူးညံ့ ပျော့ပျောင်းခြင်း၊

၆။ တပ = ဥပုသ်သီတင်း စောင့်သုံးခြင်း၊

၇။ အက္ကောဓ = မေတ္တာ ေ့ရှသွား ပြဓာန်းသော စိတ်ထားရှိ၍ အမျက်ဒေါသ မထွက်ခြင်း၊

၈။ အဝိဟိံသ = တိုင်းသူပြည်သားတို့ အပေါ်၌ ကရုဏာေ့ရှသွား ပြဓာန်းသော စိတ်ထားရှိ၍ မညှဉ်းပန်း မနှိပ်စက်ခြင်း၊

၉။ ခန္တိ = သည်းခံခြင်း၊

၁၀။ အဝိရောဓန = တိုင်းသူပြည်သားတို့နှင့် ဆန့်ကျင်ဘက် မပြုလုပ်ခြင်း၊

ဤကား မင်းကျင့်တရား (၁၀)ပါးတည်း။ (ဇာတက၊ဋ္ဌ၊၅၊၄၀၃။)

(ဃ) နာယကဂုဏ် (၆) ပါး

၁။ ခမာ = သည်းခံခြင်း = ခန္တီတရား ရှိခြင်း၊

၂။ ဇာဂရိယာနုယောဂ = နိုးကြားမှုနှင့် ယှဉ်ခြင်း = နိုးနိုးကြားကြား ရှိခြင်း = အောက်ထစ်ဆုံးအားဖြင့် ညဉ့် သုံးယာမ် တစ်ယာမ်မျှသာ အိပ်စက်၍ ကြွင်းသော အချိန်တို့၌ သမထ ဝိပဿနာ အစဖြာသည့် ရဟန်းတရားတို့ကိုသာ ကြိုးစားအားထုတ်ခြင်း၊

၃။ ဥဋ္ဌာန = ငယ်သားတို့ထက် တပည့်သားမြေးတို့ထက် အဆများစွာ သာလွန်၍ ထကြွလုံ့လ ဝီရိယ ရှိခြင်း၊

၄။ သံဝိဘာဂ = ခွဲခြားဝေဖန်လျက် ချီးမြှောက် ထောက်ပံ့ခြင်း = နောက်လိုက်ငယ်သား တပည့်သားမြေးတို့အား လျောက်ပတ်လျော်ကန် တော်တန်သလို ပစ္စည်းလာဘ်လာဘတို့ကို ခွဲခြားဝေဖန်၍ ချီးမြှောက် ထောက်ပံ့ခြင်း၊

၅။ ဒယာ = သူတစ်ပါးအား ကိုယ်နှင့်မခြား သနားကြင်နာတတ်ခြင်း၊

၆။ ဣက္ခနာ = အလုံးစုံသော အခွင့်အရေးဟူသမျှကို တွေးတောမြော်မြင် ကြည့်ရှု ဆင်ခြင်တတ်သော ဉာဏ် ပညာနှင့် ပြည့်စုံခြင်း၊

ထကြွ, နိုးကြား၊ သနား, သည်းခံ၊ ဝေဖန်, ကြည့်ရှု၊ ဤခြောက်ခုကား၊ ကြီးသူကျင့်ရာ တရားတည်း။

(င) ခုနစ်စုံ အပရိဟာနိယ = မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား (၇) ပါး

ထိုစဉ်အခါ၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ယပ်လေခတ်ပေးလျက် မြတ်စွာဘုရား၏ နောက်တော်၌ တည်ရှိနေ၏၊ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာကို မိန့်တော်မူ၏ ---

အာနန္ဒာ ...ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကုန်၏လော၊ သင်အဘယ်သို့ ကြားသိရသနည်းဟု မေးတော်မူ၏။ --- အရှင်ဘုရား ...ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေး ကုန်၏၊ အကြိမ်များစွာ စည်းဝေးကုန်၏ --- ဟု တပည့်တော် ကြားရပါသည်ဘုရားဟု လျှောက်ထား၏။ အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးလျက် အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ --- ဤသို့စသည်ဖြင့် မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား (၇)ပါးတို့ကို မဟာပရိနိဗ္ဗာနသုတ္တန်တွင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ယင်းဒေသနာတော်အတိုင်း အတိုချုပ်မှာ ဤသို့ဖြစ်၏။

၁။ မင်းတို့သည် မကြာမကြာ စည်းဝေးကြခြင်း အကြိမ်များစွာ စည်းဝေးကြခြင်း၊

၂။ မင်းတို့သည် အညီအညွတ် စည်းဝေးကုန်လျက် အညီအညွတ် အစည်းအဝေးမှ ထကုန်လျက် တိုင်းရေး ပြည်ရေး ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်ခြင်း၊

၃။ မင်းတို့သည် ရှေးဟောင်းမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ, ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ, ပညတ်ထားသမျှ ရှေးဟောင်းမင်းတို့၏ ကျင့်ထုံးကို လိုက်နာ၍ ကျင့်ခြင်း၊

၄။ မင်းတို့သည် အသက်ကြီးသော မင်းတို့ကို အရိုအသေပြုကုန်ခြင်း, အလေးပြုကုန်ခြင်း, မြတ်နိုးကုန်ခြင်း, ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြခြင်း၊

၅။ မင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ကြခြင်း၊

၆။ မင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ မင်းတို့၏ နတ်ကွန်း = စေတီတို့ကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် ထိုနတ်ကွန်း = စေတီတို့အားလည်း ရှေးက ပေးလှူမြဲဖြစ်သော ပြုမြဲဖြစ်သော တရားနှင့် လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေခြင်း၊

၇။ မိမိတို့၏ တိုင်းနိုင်ငံသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာခြင်းငှာ, ကြွရောက်လာပြီးသော ရဟန္တာ တို့သည် မိမိတို့၏ တိုင်းနိုင်ငံ၌ ချမ်းသာစွာ နေရခြင်းငှာ မင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက် ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေကြခြင်း၊

ဤသည်တို့ကား မင်းတို့၏ မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇)ပါးတို့တည်း။ (ဒီ၊၂၊၆၂-၆၃။)

ဤတွင် အင်္ဂပူဆရာတော်ဘုရားကြီး၏ မောရသုတ်ပရိတ်မွှန်း၏ ခက်ဆစ် အဓိပ္ပါယ်များ ပြီးဆုံးပြီ ဖြစ်သည်။ ကာမဂုဏ် ညွှတ်ကွင်း၌ ဇွတ်အတင်း မိငြားသော်လည်း လွတ်ကင်းအောင် ရုန်းထွက်နိုင်သော ရှေးသူဟောင်းတို့၏ ကြေကွဲဖွယ် ထုံးဟောင်း တစ်ရပ်ပင် ဖြစ်ပေသည်။

ဤအထက်တွင် တင်ပြခဲ့သော ဗောဓိလောင်းလျာ အသီးအသီးတို့ကား တစ်ဦးနှင့်တစ်ဦး သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာလျက် ရှိကြသဖြင့် ဥမကွဲသိုက်မကွာဘဲ သံသရာခရီး၌ ယှဉ်တွဲကာ ပါရမီကောင်းမှုကုသိုလ်တို့ကို ဖြည့်ကျင့်နိုင်ခဲ့ရသည်ကား မှန်၏။ သို့သော် ထိုသူတော်ကောင်းကြီးတို့၏ ထုံးဟောင်း ကို အားကျလျက် သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာမှု မရှိသေးသော အသင်သူတော်ကောင်းသည်လည်း သံသရာတစ်လျှောက်၌ ဥမကွဲသိုက်မကွာသည့် မူဝါဒကို လက်ခံ ကျင့်သုံးလိုပါက ဥနှင့်လည်း မခွဲချင်, အသိုက်နှင့်လည်း မခွာချင်ပါက အောက်ပါ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်း တစ်ခုကို ထပ်လောင်း၍ ဖတ်ရှုကြည့်စေလိုပါသည်။

အဿကဇာတ်တော် ကောက်နုတ်ချက်

ယခုကာလ ဒုလ္လဘဝတ်ကြရာဝယ် အိမ်ရှင်မတို့က လူထွက်ခိုင်းကြသည့် ပုံစံမျိုးအတိုင်းပင် ဘုရားရှင်လက်ထက်တော်အခါကလည်း ရဟန်းတော် တစ်ပါးကို အိမ်ရှင်မဟောင်းက လူထွက်ပါမည့်အကြောင်း ဖြားယောင်း သဖြင့် ဤအဿကဇာတ်တော်ကို ဟောကြားပေးတော်မူခြင်း ဖြစ်၏။

လွန်လေပြီးသောအခါ ကာသိတိုင်းဝယ် ပါဋလိမြို့၌ အဿက အမည်ရှိသော မင်းသည် မင်းပြု၏။ ထို အဿကမင်းအား ဥပရီ အမည်ရှိသော ချစ်မြတ်နိုးစွာသော မိဖုရားတစ်ဦး ရှိ၏၊ ထိုဥပရီသည် အလွန် အဆင်း လှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်၏၊ လူမိန်းမ၏ အဆင်းကို လွန်၏၊ နတ်တို့၏ အဆင်းကို ကား မမှီတတ်ပေ။ အဂ္ဂမဟေသီ တောင်ညာစံဒေဝီပင် ဖြစ်၏။ တစ်နေ့တွင် ထိုဥပရီမိဖုရားသည် ကွယ်လွန်သွား လေ၏။

ထိုဥပရီမိဖုရား ကွယ်လွန်သွားခြင်းကြောင့် အဿကမင်းသည် သောကဖြင့် အပြင်းအထန် အနှိပ်စက်ခံရ သည် ဖြစ်၍ အကြီးအကျယ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနေရ၏။ ထိုအဿကမင်းသည် ထိုဥပရီမိဖုရား၏ အလောင်းတော်ကို တလား၌ လျောင်းစေ၍ ဆီနှစ်ကို ထည့်စေပြီးနောက် ကုတင်ညောင်စောင်းအောက်၌ ထားကာ အစာ မစားဘဲ ငိုကြွေးမြည်တမ်းလျက် အိပ်နေ၏။ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော် မိတ်တော် ဆွေတော် စသည့်သူတို့က ---

အရှင်မင်းမြတ် ...စိုးရိမ်သောက ဖြစ်တော်မမူပါလင့်၊ သင်္ခါရတရား မှန်သမျှတို့သည် ဖြစ်ပြီးလျှင် ပျက် တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြပါကုန်၏။

ဤသို့စသည်ဖြင့် မည်သို့ပင် နားချကြသော်လည်း ဖြေမဆည်နိုင် ခွေလှီယိုင်မောကာဖြင့် ပူဇောကြွလျက်သာ ရှိနေ၏။ အချိန်ကား (၇)ရက် လွန်မြောက်သွားပြီ ဖြစ်၏။

ထိုအချိန်တွင် ဘုရားအလောင်းတော်သည် လောကီအဘိညာဏ် (၅)ပါး စျာန်သမာပတ်(၈)ပါးတို့ကို ရရှိ တော်မူသည့် ရှင်ရသေ့ ဖြစ်၍ ဟိမဝန္တာ၌ နေတော်မူခိုက် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်ကို တိုးပွားအောင် ပြုပြင်တော်မူပြီးနောက် ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်ဖြင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ဖြန့်ကြက်လျက် ကြည့်ရှုတော်မူလတ်သော် ထိုအဿကမင်း ထိုကဲ့သို့ ငိုကြွေးနေ သည်ကို မြင်၍ --- ငါသည် ထိုအဿကမင်း၏ မှီခိုအားထားရာ ပုဂ္ဂိုလ်တစ်ဦးတော့ ဖြစ်သင့်ပြီဟု နှလုံးပိုက် တော်မူလျက် ဣဒ္ဓိဝိဓအဘိညာဏ်တန်ခိုးဖြင့် ကောင်းကင်ခရီး၌ ပျံတက်၍ မင်းဥယျာဉ်တော်၌ ဆင်းသက်ပြီးလျှင် မင်္ဂလာကျောက်ဖျာထက်၌ ရွှေဆင်းတုကဲ့သို့ ထိုင်၍ သီတင်းသုံးနေတော်မူ၏။

ထိုအခါ ပုဏ္ဏားလုလင်တစ်ဦးနှင့် တွေ့၍ ပုဏ္ဏားလုလင်မှတဆင့် ငါရှင်ရသေ့သည် ထိုဥပရီမိဖုရား၏ ဖြစ်ရာအရပ်ကို ပြောကြားနိုင်၍ အဿကမင်း၏ အထံ၌သာလျှင် ထိုမိဖုရားကို စကားဆိုစေအံ့ --- ဟု သတင်း စကား မှာကြားလိုက်၏။

အဿကမင်းက ထိုသတင်းကို ကြားသိရသောအခါ ဥပရီမိဖုရားနှင့် မြင်တွေ့ရတော့မည့် အရေးကို မျှော် တွေးလျက် နှစ်သက်ရွှင်လန်း ဝမ်းပန်းတသာဖြင့် ဥယျာဉ်တော်ရှိ ရှင်ရသေ့ထံသို့ အမြန်ဆိုက်ရောက်လာ၏။ ရှင်ရသေ့က ဤသို့ မိန့်ဆိုတော်မူ၏။ ---

သာ ခေါ မဟာရာဇ ရူပသ္မိံယေဝ မတ္တာ ပမာဒမာဂမ္မ ကလျာဏကမ္မံ အကတွာ ဣမသ္မိံယေဝ ဥယျာနေ ဂေါမယပါဏကယောနိယံ နိဗ္ဗတ္တာတိ။ (ဇာ၊ဋ္ဌ၊၂၊၁၄၃။)

ဒါယကာတော် မင်းကြီး ...ထိုဥပရီမိဖုရားသည် မိမိ၏ ရုပ်အဆင်း၌ပင်လျှင် အဆင်းမာန်ယစ်သည် ဖြစ်၍ ကုသိုလ်ကောင်းမှုတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကာ အားကိုးထိုက်သည့် ကောင်းမှုကုသိုလ်ထူးကိုလည်း မဆည်းပူးမိခဲ့သည့်အတွက် (မိမိ၏ ရုပ်အဆင်း၌ မက်မောနေခြင်း လောဘဇောက မရဏာသန္နဇော၏ နေရာကို ယူသွားသဖြင့်) ဤဥယျာဉ်တော် အတွင်း၌ပင်လျှင် နွားချေးပိုး၏ အမျိုး၌ ဖြစ်နေ၏ဟု အမိန့်တော်ရှိလိုက်၏။

ထိုအဿကမင်း ယုံကြည်နိုင်အောင် ဘုရားအလောင်းတော်ရသေ့ကြီးက (ကတ္တီပါဘောလုံးကဲ့သို့ ဝန်းဝိုင်း လျက်ရှိသော) နွားချေးစိုင်ခဲကို ဖောက်ခွဲလျက် နွားချေးဖို,မ နှစ်ဦးသားတို့သည် ေ့ရှတော်မှောက်သို့ လာရောက် စေသတည်း --- ဟု အဘိညာဏ်တန်ခိုးဖြင့် ဓိဋ္ဌာန်တော်မူကာ ခေါ်ယူတော်မူလိုက်၏။ ထိုနွားချေးပိုးမကိုလည်း လူတို့ဘာသာစကားဖြင့် စကားတုံ့ပြန်ရန် အဓိဋ္ဌာန်ထားတော်မူ၏။

ရှင်ရသေ့ ။ ။ ဥပရီဟု ခေါ်တော်မူလိုက်၏။

နွားချေးပိုးမ ။ ။ အရှင်ဘုရား ...အဘယ်ကိုပြုအံ့နည်း။

ရှင်ရသေ့ ။ ။ သင်သည် လွန်လေပြီးသော ဘဝက အဘယ်အမည် ရှိပါသနည်း။

နွားချေးပိုးမ ။ ။ အရှင်ဘုရား ...အဿကမင်း၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ဥပရီ အမည်ရှိပါသည်။

ရှင်ရသေ့ ။ ။ ယခုအခါ၌ သင်သည် အဿကမင်းကိုတည်း ချစ်သလော၊ ထိုသို့မဟုတ်မူကား နွားချေးပိုးဖိုကိုတည်း ချစ်သလော။

နွားချေးပိုးမ ။ ။ ဘန္တေ သော မယှံ ပုရိမဇာတိယာ သာမိကော၊ တဒါ အဟံ ဣမသ္မိံ ဥယျာနေ တေန သဒ္ဓိံ ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗေ အနုဘဝမာနာ ဝိစရိံ။ ဣဒါနိ ပန မေ ဘဝသင်္ခေပဂတကာလတော ပဋ္ဌာယ သော ကိံ ဟောတိ၊ အဟဥှိ ဣဒါနိ အဿကရာဇာနံ မာရေတွာ တဿ ဂလလောဟိတေန မယှံ သာမိကဿ ဂေါမယပါဏကဿ ပါဒေ မက္ခေယျံ။ (ဇာတက၊ဋ္ဌ၊၂၊၁၄၃။)

အရှင်ဘုရား ...ထိုအဿကမင်းသည် ရှေးယခင် လူဖြစ်စဉ်အခါတုန်းက အိမ်ရှင် လင်ယောက်ျား ဖြစ်ခဲ့ ဖူးသည်ကား မှန်၏။ ထိုလူဖြစ်စဉ်အခါတုန်းက တပည့်တော်မသည် ဤဥယျာဉ်တော်၌ အဿကမင်းနှင့် အတူတကွ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗဟူသည့် ငါးဖြာအာရုံ ကာမဂုဏ်တို့ကို အစဉ်တစိုက် ခံစားလျက် အပျော်ကြီး ပျော်ကာ လှည့်လည် ကျက်စားခဲ့ဖူးပါ၏။ ယခုအခါ၌တမူကား ဘဝတစ်ခုဖြင့် ဖုံးလွှမ်းခြင်းသို့ ရောက်ရှိလာသော ထိုအချိန်အခါမှ စ၍ ဘဝချင်း ခြားနေသော ထိုအဿကမင်းသည် တပည့်တော်မအဖို့ အဘယ်အကျိုး ရှိနိုင်ပါ တော့အံ့နည်း။ (ထိုအဿကမင်းသည် တပည့်တော်မအတွက် ဘာလုပ်တော့မှာလဲ။) ထိုကြောင့် ယခုအခါဝယ် တပည့်တော်မသည် အဿကမင်းကို သတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် တပည့်တော်မ၏ ကြင်ရာတော် အသစ်စက်စက် ဖြစ်သော နွားချေးပိုးဖို၏ ခြေထောက်တို့ကို ဆေးကြောပေးလိုပါ၏။

ဤကား နွားချေးပိုးမကလေး၏ အလောင်းတော်ရသေ့ကြီးအား အဿကမင်း၏ ေ့ရှမှောက်တွင် ပရိသတ် စုံသည့် လူပုံအလယ်၌ လျှောက်ထားနေသော စကားပင်တည်း။ ပူဗျာပါသောက အပူဇောကြွလျက် အလွမ်းကြီး လွမ်းကာ အဆွေးကြီး ဆွေးနေရရှာသော အဿကမင်းအတွက် အလွန့်အလွန် ရင်နင့်ဖွယ်ကောင်းသော စကား တို့ပင်တည်း။ သို့သော် မယ်မင်းကြီးမက ဤမျှဖြင့် အားရတော်မမူသေးဘဲ ထပ်လောင်း၍ လျှောက်ထားပြန် သည်မှာ ---

အယမဿကရာဇေန၊ ဒေသော ဝိစရိတော မမ။

အနုကာမယကာမေန၊ ပိယေန ပတိနာ သဟ။

နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။

တသ္မာ အဿကရညောဝ၊ ကီဋော ပိယတရော မမ။

အရှင်ဘုရား ...ဤ မွေ့လျော်ဖွယ်ကောင်းလှသော ဥယျာဉ်တော်အရပ်သည်ကား ဟိုရှေးယခင် လူဖြစ်စဉ် အခါက ဘုရာ့တပည့်တော်မသည် အဿကမင်းနှင့် အတူတကွ လှည့်လည် ကျက်စားခဲ့ဖူးသော နေရာဟောင်းကြီး တစ်ခု ဖြစ်ပါ၏။ ထိုအဿကမင်းကို အလွန့်အလွန် ချစ်မြတ်နိုးလျက်ရှိသော တပည့်တော်မသည် တပည့်တော်မ ကိုလည်း အလွန် ချစ်မြတ်နိုးလျက်ရှိသော ထိုအဿကမင်းနှင့် အတူတကွ နှစ်ဦးသားတို့ ကြည်နူး၍ မဝနိုင်သော နေရာဟောင်းကြီးပင် ဖြစ်ပါ၏။

အရှင်ဘုရား ...ယခုအခါ၌ အမှန်တရားကို လျှောက်ထားရပါမူ အသစ်ဖြစ်ပေါ်လာသော သုခက အဟောင်းဖြစ်သော သုခကို, အသစ်ဖြစ်သော ဒုက္ခကလည်း အဟောင်းဖြစ်သော ဒုက္ခကို ဖုံးလွှမ်းထားအပ်ပါ၏။ အသစ်ကိုတွေ့တော့ အဟောင်းကို မေ့နေပါ၏။ ဤကဲ့သို့ အသစ်ကိုတွေ့၍ အဟောင်းမေ့ခြင်းသည်ကား တစ်လောကလုံး၏ ဓမ္မတာ တစ်ခုသာ ဖြစ်ပါ၏။ ထိုကြောင့် ဘုရား တပည့်တော်မသည် အဿကမင်းထက် အဆအရာ အဆအထောင်မက နွားချေးပိုးဖိုကိုသာလျှင် အလွန့်အလွန် သာလွန်၍ ချစ်မြတ်နိုးပါ၏။

ဤကား ပရိသတ်စုံသည့် လူပုံအလယ်၌ အလောင်းတော်ရှင်ရသေ့အား လူတို့ဘာသာစကားဖြင့် အများ နားလည်အောင် ကြားနိုင်အောင် လျှောက်ကြားနေသော နွားချေးပိုးမ၏ မုသားမစွက်သည့် ကြေကွဲဖွယ် စကား များပင်တည်း။ ဘသားချောကြီး အဿကက ငိုပွဲကြီး ဆင်နွဲနေရသည့် အလွမ်းကြီး လွမ်း၍ အဆွေးကြီး ဆွေးနေ ရသည့် အချိန်တွင် မယ်မင်းကြီးမ ဥပရီက သူ၏ ကြင်ယာ အသစ်စက်စက် နွားချေးပိုးဖိုကလေး၏ ခြေထောက်ကို အဿကဘသားချော၏ လည်ချောင်းသွေးဖြင့် ခြေဆေးပေးနေချင်၏။ အလွန်ရင်နင့်ဖွယ် မြင်ကွင်းကျယ် တစ်ခုပင် ဖြစ်ပါသည်။

ဘုရားရှင်သည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ထိုနောင် သစ္စာလေးပါးနှင့် စပ်သော တရား စကားတို့ကို ဆက်လက်၍ ဟောကြားတော်မူ၏။ ထိုသစ္စာဒေသနာတော်၏ အဆုံး၌ လူ့ဘဝက မယားဟောင်း က လူထွက်ဖို့ရန် ဖြားယောင်းသဖြင့် လူထွက်လိုသော ရဟန်းတော်သည် သောတာပတ္တိဖိုလ်၌ တည်သွားတော် မူလေသည်။

ဤဇာတ်တော်ဝယ် သောတာပန် ဖြစ်သွားတော်မူသော ရဟန်းတော်မှာ အခြားသူမဟုတ် တစ်ချိန်က ဥပရီမိဖုရားအတွက် အဆွေးကြီးဆွေးကာ အပူကြီးပူလျက် အငိုကြီးငိုခဲ့ရသော အဿကမင်းပင် ဖြစ်သည်။ လူထွက်ဖို့ရန် ဖြားယောင်းလာသော မယားဟောင်းမှာလည်း အခြားသူမဟုတ် မယ်မင်းကြီးမဥပရီပင် ဖြစ်သည်။ အဿကမင်း၏ လည်ချောင်းသွေးဖြင့် နွားချေးပိုးဖို၏ ခြေထောက်ကို ခြေဆေးပေးချင်သော နွားချေးပိုးမပင် ဖြစ်ပေသည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၂-၁၄၄။)

ဤဘဝတွင် ဤလင် ဤသား ဤမယားနှင့် အပျော်ကြီး ပျော်နိုင်သော်လည်း ဟိုဘဝတွင် ဟိုလင် ဟိုသား ဟိုမယားနှင့် အပျော်ကြီး ပျော်တတ်သည့်, သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာမှု မရှိသော တစ်လောကလုံး၏ ထုံးဟောင်းကြီး တစ်ခုကို အလွန်ရခဲသော လူ့ဘဝကို ရရှိနေသော အလွန်ရခဲသော ရဟန်း ဘဝကို ရရှိနေသော အလွန် တွေ့ခဲလှစွာသော သာသနာတော်ကြီးနှင့် ကြုံတွေ့နေရသော အသင်သူတော်ကောင်း သည်လည်း မမေ့သင့်လှပေ။

ရှေးဘဝက ပေါင်းဖော်ခဲ့ဖူးခြင်း

ဘဒ္ဒါ ကုဏ္ဍလကေသာထေရီ အမည်ရှိသော ရဟန္တာထေရီမအလောင်း၏ လူ့ဘဝက ဖြစ်စဉ်မှာလည်း သံဝေဂယူဖွယ် အချက်တစ်ရပ်ပင် ဖြစ်ပေသည်။ ဘဒ္ဒါကား ကုဋေ (၄၀)မျှ ကြွယ်ဝချမ်းသာသော မိဘတို့၏ တစ်ဦးတည်းသော သမီးရတနာတစ်ဦး ဖြစ်၏။ တစ်နေ့တွင် သေဒဏ်အပြစ် အမိန့်ချမှတ်ခံရသော ခိုးသားဓားပြ တစ်ဦးကို ဘဒ္ဒါတို့၏ အိမ်ေ့ရှမှ ဖြတ်ကျော်လျက် သုသာန်သင်္ချိုင်းသို့ သတ်ရန် ထုတ်ဆောင်သွား၏။ ထိုသူခိုးကို မြင်သည်နှင့် တစ်ပြိုင်နက် မယ်ဘဒ္ဒါသည် ဤသူခိုးကိုမျှ မရလျှင် သေရပေတော့မည်ဟု ဆိုကာ အိပ်ရာ၌ ဗုန်းဗုန်းလဲတော့၏။ မိဘတို့ကလည်း မြို့ဝန်ကို လက်ဆောင်ထိုးကာ သမီး၏အလိုဆန္ဒကို အတတ်နိုင်ဆုံး လိုက်လျောကာ ထိုသူခိုးနှင့် လက်ထပ်ထိမ်းမြားလျက် ဘုံ (၇)ဆင့် အထက်၌ အတူထားပေးလိုက်ကြ၏။

ဤ၌ ပြောလိုသော အချက်ကား မယ်ဘဒ္ဒါ၏ သူခိုးကို မရလျှင် မနေနိုင်အောင် အိပ်ရာထဲ၌ ဗုန်းဗုန်းလဲ ရခြင်းပင် ဖြစ်၏။ ဤမျှ ပြင်းထန်သော တဏှာရာဂသည် မယ်ဘဒ္ဒါ၏ သန္တာန်၌ အဘယ်ကြောင့် ဖြစ်ပေါ်လာရ ပါသနည်းဟူမူ - ပုဗ္ဗေဝ သန္နိဝါသ ဟူသော ရှေးရှေးဘဝက ပေါင်းဖော်ခဲ့ဖူးခြင်းသည်ပင် အကြောင်းရင်း ဖြစ်နေ ပေသည်။ ဤမယ်ဘဒ္ဒါကား အမျိုးသမီးအပိုင်းတွင် အရဟတ္တဖိုလ်ကို အမြန်ဆုံး ထိုးထွင်းသိမြင်ကြသည့် အမျိုးကောင်းသမီး ဘုရားရှင်၏ တပည့်သာဝိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်သည့် ခိပ္ပါဘိည ဧတဒဂ်ဘွဲ့ထူးကို ရရှိသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်သည်။ ဤကဲ့သို့သော ရဟန္တာ ဖြစ်မည့် သူတော်ကောင်းကြီးတို့၏ သန္တာန်၌သော်လည်း ဤတဏှာသည် ရဟန္တာ မဖြစ်ခင် အချိန်အတွင်း၌ ရဟန္တာ ဖြစ်တော့မည့် ဘဝမှာပင် အလွန်အမင်း လိုက်၍ ဒုက္ခပေးနေသေးတတ်ပေသည်။ (ထေရီဂါထာ၊၃၉၁-၃၉၂။ အံ၊ဋ္ဌ၊၁၊၂၈၃-၂၈၈။)

ဤမယ်ဘဒ္ဒါကား ခိပ္ပါဘိညဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်ရန်အတွက် ပဒုမုတ္တရဘုရားရှင်၏ သာသနာတော် မှစ၍ ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီ ဖြည့်ကျင့်ခဲ့သူ သူတော်ကောင်းကြီး တစ်ဦးပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုပင် ဤတဏှာလောဘသည် ရဟန္တာဖြစ်တော့မည့် ဘဝတွင်သော်မှလည်း အိပ်ရာထဲ၌ အလျားမှောက်ကာ ငိုပွဲကြီး ဆင်ရလောက်အောင် ဗုန်းဗုန်းလဲစေနိုင်သော စွမ်းအားရှိခဲ့ပါမူ ထိုမျှ အစွမ်းထက်မြက်လွန်းလှသော တဏှာလောဘကို သံသရာဝဋ် ဆင်းရဲဒုက္ခမှ ကျော်လွှား လွန်မြောက်လိုသော သူတော်ကောင်းတစ်ဦး အနေဖြင့် မိတ်ကောင်း ဆွေကောင်း တစ်ဦးကဲ့သို့ သဘောထားကာ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရန် သင့်-မသင့်ကို အထူးဆင်ခြင် စဉ်းစား သင့်လှပေသည်။ ထိုတဏှာသည် မယ်ဘဒ္ဒါကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုပင် ဗုန်းဗုန်းလဲစေနိုင်သော စွမ်းအားရှိနေသေးလျှင် အသင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုလည်း အဘယ်ကြောင့် ဗုန်းဗုန်း မလဲစေ နိုင်ဘဲ ရှိနိုင်ပါအံ့နည်း။ အမျိုးသမီးပိုင်းတွင် ဝိနည်းကို ဆောင်ကြကုန်သော ဘိက္ခုနီ တပည့်သာဝိကာမ အပေါင်း တို့တွင် ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းမည့် ပဋာစာရာထေရီမအလောင်း အမျိုးကောင်းသမီးကို အရူးမဘဝသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်သော အကြောင်းတရားမှာလည်း ဤတဏှာလောဘပင် မဟုတ်ပါလော။ ဆားငံရေနောက်ကို ငတ်တိုင်း မသောက်မိဖို့ အထူး သတိပြုသင့်လှပေသည်။

__________

မာယာ - သာဌေယျ

သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ၊ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။)

မာယာသည် မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျကား မိမိ ၌ ထင်ရှားမရှိသောဂုဏ်ကို ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏။ ဤမာယာနှင့် သာဌေယျအရ တဏှာလောဘ ကိုပင် တရားကိုယ် ကောက်ယူရ၏။

မာယာသည် မျက်လှည့်သမားနှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်ယူ၍ ရွှေတုံးရွှေခဲ ထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာသည်လည်း လူတစ်ဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိပါလျက် မရှိသလို ဟန်ဆောင်တတ်ပေသည်။ ကြောင်သူတော်ဟု လူအများက လောက၌ ခေါ်ဝေါ်သုံးစွဲနေသော စိတ်ဓာတ် တစ်မျိုးပင် ဖြစ်သည်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ကား မိမိ၌ ထင်ရှားရှိသော အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာ ပြုခြင်း ကုစားခြင်းကိုသာ နှစ်ခြိုက်တော်မူကြ၏။

မိန်းမတို့မာယာ သဲကိုးဖျာ --- ရှေးသရောအခါ တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခဆရာကြီး၌ တပည့် တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြား သောနေ့၌ကား မိမိ၏ ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏၊ မဖောက်ပြားရသောနေ့၌ကား ကျွန်ကဲ့သို့ သဘော ထားလျက် စော်စော်ကားကား ပြုမူ ဆက်ဆံလေ့ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်ရှာ၍ စိတ်ရှုပ်ထွေးလာသော တပည့်က မိမိဆရာကြီးကို ပြောပြလေရာ ဆရာကြီးက မိန်းမတို့၏ ပြုမူတတ်ပုံ သဘာဝမှန်ကို ဉာဏ်ဖြင့် နှိုင်းဆ၍ အမှန်အတိုင်း ပြောပြလေသည်။

ဤဝတ္ထု၌ လာရှိသော အမျိုးသမီးသည် အခြားယောက်ျားနှင့် ဖောက်ပြားသောနေ့ဝယ် မိမိ၏ အပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းရင်းအပေါ်မှာ များစွာကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤမာယာပင်တည်း။ ဤမာယာကိုပင် အချို့အရာ၌ = တင်္ခဏုပ္ပတ္တိဉာဏ် = ရုတ်တရက် ဖြစ်ပေါ်လာသော ဉာဏ်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြ၏။ အမှန်မှာ ဉာဏ် မဟုတ်ပါ။ မာယာပင် ဖြစ်သည်။

ရသေ့ မာယာ --- အမျိုးသမီးတို့၌သာ မာယာရှိသည် မဟုတ်။ ယောက်ျားယုတ်တို့၌လည်း မာယာရှိသည်သာ ဖြစ်၏။ ရှေးသရောအခါ ရွာတစ်ရွာဝယ် ဒါယကာတစ်ယောက် ကိုယ်းကွယ် ဆည်းကပ်ထားသော ဆရာရသေ့ တစ်ဦး ရှိခဲ့ဖူးလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထား ပြီးလျှင် အရှင်ဘုရား ...သတိပြုလိုက်ပါဟု မှာထားသွား၏။ ထိုအခါ ဆရာရသေ့က ဟဲ့ ဒါယကာ ... ရသေ့ရဟန်းတို့ကို ယခုလို ကြည့်ရှုရစ်ရန် မမှာကောင်းဖူး။ ငါတို့အဖို့ကား သူတစ်ပါး၏ ဥစ္စာ၌ လောဘမည်သည် မရှိပါ။ --- ဟု မိန့်ကြားလိုက်လေသည်။

ထိုနောက် ရသေ့ အကြံဖြစ်သည်မှာ --- ရွှေစင်နိက္ခတစ်ရာလောက်ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင် လယ်လယ် ရှိပြီ။ --- ဟု ကြံလျက် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်း မြှုပ်ထားလိုက်၏။ နောက်တစ်နေ့နံနက် ဆွမ်းစားအပြီးတွင် --- ဒါယကာ ...ဒါယကာတို့ကို အမှီပြု၍ နေခဲ့ရသည်မှာ အတော် ကြာညောင်းခဲ့လေပြီ။ ကြာလွန်းတော့လည်း သံယောဇဉ် ဖြစ်တတ်သည်။ သို့ဖြစ်၍ တစ်ခြားအရပ်သို့ သွားဦးမည် ဟု ပြောပြလေရာ, ဒါယကာကလည်း အခါခါ တားတော်မူလေရှာသည်။ ဘယ်လိုပင် အခါခါတားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာလိုက်သေးသည်။

ထိုနောက် အတန်ကြာအောင် တော်တော်ကလေး ခရီးသွားရောက်ပြီးကာမှ တစ်ဖန်ပြန်လာ၍ --- ဒါယကာ သင်တို့အိမ်၏ အမိုးက သက်ငယ်မြက် တစ်မျှင်သည် ငါ၏ ဆံကျစ်အကြား၌ ငြိကပ်၍ ပါလာသည်။ ရသေ့ရဟန်း ဆိုတာ ပိုင်ရှင်တို့က မပေးမလှူအပ်သောအရာကို မြက်တစ်ပင်မျှသော်လည်း မယူကောင်းပါ --- ဟု ပြောပြလေ၏။ ရိုးသားရှာသော ဒါယကာကလည်း ငါ၏ ဆရာရသေ့သည် သိပ်ပြီး သီလရှိတာဘဲ --- ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။

သို့ရာတွင် ထိုအခါ၌ ထိုဒါယကာ၏အိမ်ဝယ် အလောင်းတော်ပညာရှိ ဖြစ်သည့် အတော်ပါးနပ်သော ဧည့်သည်တစ်ယောက် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က --- မိတ်ဆွေ ...မိတ်ဆွေ၏ ဆရာ့ထံမှာ ဘာများ အပ်နှံထားပါသလဲ။ အပ်ထားလျှင် ထိုပစ္စည်း ရှိသေး၏ မရှိသေး၏ကို သွားကြည့်စမ်းပါ။ --- ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကြသောအခါ ရွှေများ နှင့်တကွ ရသေ့ကို လက်ရဖမ်းမိကြလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၉၈-၃၉၉။ ကုဟကဇာတ်။)

ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကိုပင် ပြန်၍ပေးခြင်းသည် ဤ မာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်းအချို့သို့တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုကဲ့သို့ ပရိယာယ်တစ်ထောင် မာယာတစ်သိန်း, အပလိန်းအနန္တ သဲကိုးဖျာ မလောက်လို့ ရှားကိုးပင်က ရှား ရွက်တွေကို ရောနှောက်၍ ရေတွက်ရသည်။ ဟူသော ဉာဏ်နီဉာဏ်နက် အပွေအလီတွေ ပေါများလွန်းလှသော မာယာတွေ ရေလိုလေလို ပေါများနေသော ခေတ်ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမိဖို့ အရေးမှာ ပုဗ္ဗေ စ ကတပုညတာ စက် ဟူသော ရှေးကံကောင်း ထောက်မမှသာလျှင် ဖြစ်နိုင်ကြပေလိမ့်မည်။

သာဌေယျ --- အခြားသူတို့ အထင်ကြီးအောင် မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘ တစ်မျိုးကိုပင် သာဌေယျဟု ခေါ်သည်။ မာယာကား ရှိသောအပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ် အပလီဉာဏ် အကောက်ဉာဏ်မျိုးချည်းတည်း။ သီလ မရှိဘဲ သီလရှိဟန်, သမာဓိ မရှိဘဲ သမာဓိရှိဟန်, ပညာ မရှိဘဲ ပညာ ရှိဟန်, အကျင့် မကောင်းဘဲ အကျင့်ကောင်းဟန်, စာပေကျမ်းဂန် မတတ်ဘဲ စာပေကျမ်းဂန်တတ်ဟန် ဟန် ဆောင်ခြင်းဟူသမျှသည် သာဌေယျချည်းပင်တည်း။

လူလောက၌လည်း သီလ သမာဓိ ပညာ မရှိပါဘဲလျက် ရှိလေဟန်ဆောင်မှု, ဘွဲ့ မရဘဲ ဘွဲ့ရဟန်ဆောင်မှု, ပစ္စည်းဥစ္စာ မရှိပါဘဲလျက် ပစ္စည်းဥစ္စာ ရှိဟန်ဆောင်မှု, လူတကာအထင်ကြီးအောင် သူတစ်ပါး၏ လက်ဝတ် တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်းဝတ်ဆင်မှု, စွမ်းရည်သတ္တိ မရှိဘဲ သတ္တိရှိဟန်ဆောင်မှု, ဟိတ်ဟန် ထုတ်မှု စသည်တို့သည်လည်း သာဌေယျပင်တည်း။

ဗိဠာရဝတ ဇာတ်တော်

သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူဆဲအခါတွင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ မိမိသန္တာန်ဝယ် ထင်ရှားမရှိပါ ဘဲလျက် ရှိနေဟန်ဆောင်သော ဒါယကာ ဒါယိကာမတို့၏ စိတ်အစဉ်ဝယ် အံ့ဖွယ်သရဲ ဖြစ်စေတတ်သော ရဟန်း တစ်ပါးကို အကြောင်းပြု၍ ဤဗိဠာရဝတဇာတ်တော်ကို ဟောကြားတော်မူလေသည်။

အတိတ်ဘဝတစ်ခုဝယ် ဘုရားအလောင်းတော်သည် ကြွက်မျိုး၌ ပဋိသန္ဓေ တည်နေရသော် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်ကား အလွန်ကြီးထွားသဖြင့် ဝက်ငယ်တစ်ကောင်နှင့် တူသည်ဖြစ်၍ များစွာသော ကြွက်အပေါင်း ခြံရံလျက် တောထဲ၌ နေ၏။

တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုထိုဤဤ လှည့်လည်ကျက်စားရင်းပင် ကြွက်အပေါင်းကို မြင်တွေ့ ရ၍ --- ဤကြွက်တို့ကို လှည့်ပတ်ဖြားယောင်းလျက် စားပေအံ့ --- ဟု စိတ်အကြံ ဖြစ်၍ ကြွက်တို့၏ နေရာနှင့် မလှမ်းမကမ်း တစ်နေရာတွင် နေဘက်သို့ မျက်နှာမူလျက် လေကိုသောက်လျက် ခြေတစ်ဘက်တည်းဖြင့် ရပ်တည် နေ၏။

ဘုရားအလောင်းတော်ကြွက်သည် အစာရှာဖွေရန်အလို့ငှာ လှည့်လည်လတ်သော် ထိုမြေခွေးကို တွေ့မြင် သောအခါ --- ဤသူကား သီလရှိသူ ဖြစ်ပေလိမ့်မည် --- ဟု ယုံကြည်၍ ထိုမြေခွေးထံသို့ သွားရောက်ကာ - အရှင်ဘုရား ...အရှင်ဘုရားသည် အဘယ်အမည်ရှိပါသနည်း --- ဟု လျှောက်ထားကြည့်သောအခါ ဓမ္မိက အမည်ရှိကြောင်း မြေခွေးက ပြန်ပြောလေ၏။ ခြေထောက် လေးချောင်းလုံးတို့ကို မြေကြီးပေါ်၌ ရပ်တည်မထား ဘဲ အဘယ်ကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်၍ နေပါသနည်းဟု မေးမြန်းသောအခါ ငါ၏ အခြေ လေးချောင်းတို့ကို မြေကြီးပေါ်၌ ချထားလိုက်သော် မဟာပထဝီမြေကြီးသည် ငါ့ကို ရွက်ဆောင် ထားဖို့ရန် မစွမ်းနိုင်သောကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်နေရပါ၏ --- ဟု ပြန် ပြောလေ၏။

ပါးစပ်ကို ဖွင့်ဟ၍ အဘယ်ကြောင့် ရပ်တည်နေပါသနည်းဟု မေးကြည့်သောအခါ --- ငါသည် အခြား သော အစားအစာကို မစားပါ၊ လေကိုသာ စားပါ၏ --- ဟု အဖြေပေးပြန်၏။

ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် နေကို မျက်နှာမူလျက် ရပ်တည်နေပါသနည်းဟု မေးသောအခါ နေကို ရှိခိုးပါ၏ဟု ဖြေဆိုပြန်၏။

ဘုရားအလောင်းတော်ကြွက်သည် ထိုမြေခွေး၏ စကားကို ကြား၍ ဤမြေခွေးသည် သီလရှိသောသူ ဖြစ်ပေလိမ့်မည်ဟု နှလုံးပိုက်၍ ထိုနေ့မှ စ၍ ကြွက်အပေါင်းနှင့် အတူတကွ ညဉ့် နံနက် ထိုမြေခွေးအား ဆည်းကပ်ခစား၏။

ထိုအခါ မြေခွေးအား ကြွက်အပေါင်းက ဆည်းကပ်ခစားလာသောအခါဝယ် မြေခွေးသည် နောက်ဆုံးဘိတ် ကြွက်တစ်ကောင်ကို ဖမ်းစားပြီးနောက် ပါးစပ်ကိုသုတ်၍ ရပ်တည်နေ၏။ တဖြည်းဖြည်း ကြွက်အပေါင်းသည် နည်းပါးလာ၏။ ထိုအခါ ကြွက်တို့က ဤသို့ စဉ်းစားမိကြ၏ --- ရှေးယခင်အခါတုန်းက ငါတို့၏ ဤနေရာသည် မဆန့် ဖြစ်နေ၏။ အကြားအလပ်မရှိ တည်နေကြ၏။ ယခုအခါ၌ကား လျော့လျော့ရဲရဲ ကျိုးကျိုးကျဲကျဲ တည်နေ ကြရ၏၊ ဤသို့ တည်နေရသော်လည်း ငါတို့၏ တည်နေရာသည် (= ကြွက်တွင်းသည်) မပြည့် ဖြစ်နေ၏၊ ဤ အကြောင်းကား အသို့နည်းဟု စဉ်းစားမိကြ၏။

ဘုရားအလောင်းတော်အားလည်း ထိုအကြောင်းကို ပြောပြကြ၏။ ဘုရားအလောင်းတော်သည်လည်း စဉ်းစား ဆင်ခြင်တော်မူလတ်သော် မြေခွေးအပေါ်၌ သံသယမကင်း ဖြစ်နေသဖြင့် မြေခွေးကို စူးစမ်းဖို့ရန် ဆုံးဖြတ်ချက် ချလိုက်၏။ မြေခွေးထံသို့ ဆည်းကပ်ခစားရန် သွားသောအခါ၌ အခြားကြွက်တို့ကို ေ့ရှက သွားစေ၍ မိမိက နောက်မှ လိုက်သွား၏။ မြေခွေးသည် ထိုဘုရားလောင်းကြွက်၏ အထက်၌ ခုန်အုပ်ဖို့ရန် ဘုရားလောင်း ကြွက်ထံသို့ ပြေးလာ၏၊ ဘုရားလောင်းကြွက်ကလည်း မိမိကို ခုန်ဖမ်းဖို့ရန် ပြေးလာသော ထိုမြေခွေးကို မြင်၍ နောက်သို့ပြန်ဆုတ်ကာ ---

အိုမြေခွေး ...သင်၏ ဤကျင့်ဝတ်ကို ဆောက်တည်ထားခြင်းသည် တရားတော်၏ ကောင်းသော တရား ဓမ္မ ဖြစ်သောကြောင့် ဤကျင့်ဝတ်ကို ဆောက်တည်၍ ကျင့်သည်ကား မဟုတ်၊ သူတစ်ပါးတို့အား ညှဉ်းဆဲလို သည့်အတွက် တရားကို တံခွန်အလံ ပြု၍ လှည့်လည်ကျက်စားဘိ၏။ --- ဤသို့ ပြောဆို၍ အောက်ပါ ဂါထာကို ရွတ်ဆိုလေ၏ ---

ယော ဝေ ဓမ္မံ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။

ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။ (ဇာ၊ဋ္ဌ၊၁၊၄၈၆။)

အကြင်သူသည် စင်စစ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁၀)ပါးတည်းဟူသော တရားတံခွန် အလံကို တောင်ထွတ်ကဲ့သို့ အလေးဂရုပြုကာ ဆောင်းမိုးစိုက်ထူလျက်, ဤသူကား သီလရှိသူတည်းဟူသော အမှတ် သညာဖြင့် အကျွမ်းဝင်အောင် ပြုလုပ်၍ မကောင်းမှုကို လျှို့ဝှက်ကာ ပြုကျင့်နေ၏၊ ဤကဲ့သို့ တရားတည်းဟူသော အလံတံခွန်ကို စိုက်ထူဆောင်းမိုးလျက် ဆိတ်ကွယ်ရာ၌ မကောင်းမှုတို့ကို ပြုနေသောသူသည်ကား စင်စစ်အားဖြင့် ကောက်ကျစ်စဉ်းလဲသောအကျင့် ရှိသော ကြောင်သူတော်ပင်တည်း။ (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)

ထိုအခါက မြေခွေးသည်ကား ယခုအခါ၌ သီလ သမာဓိ ပညာ စသည် အကျင့်မြတ် မရှိပါဘဲလျက် ရှိဟန်ဆောင်ကာ ဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် ပြုမိရှာသော ကုဟကဘိက္ခု ခေါ်သော ရဟန်းတော် ပင် ဖြစ်ပေသည်။ ဘဝတစ်ခု၌ လက်ခံ ကျင့်သုံးခဲ့သော ဓာတ်ငွေ့တို့ကား အရှိန်အဝါ မကုန်သေးသမျှ သံသရာ အဆက်ဆက်၌ ကပ်၍ ပါလာတတ်သည်ကို သတိပြုသင့်လှပေသည်။

ဤ မာယာ သာဌေယျတို့သည် ဖြစ်ရိုးဖြစ်စဉ် လိုချင်မှု လောဘထက်ပင် လောက၌ သာလွန်၍ ဆိုးဝါး၏။ တစ်ဦးတစ်ယောက်ကို ဖြစ်စေ လူအများကို ဖြစ်စေ, တစ်တိုင်းတစ်ပြည်လုံးကို ဖြစ်စေ ဘုရား မဟုတ်ပါဘဲလျက် ဘုရားလုပ်နေသူ တိတ္ထိကြီးများတို့ကဲ့သို့ တစ်ကမ္ဘာလုံးကို ဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာ ဆိုးဝါးသောတရားဟု ဆိုထိုက်ပေသည်။ ထိုမျှလောက် ဆိုးဝါးသော်လည်း ယခုကာလ၌ အများအပြားပင် ဖြစ်လျက် ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာ သာဌေယျသမား လူအများ တွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးဝါးသောတရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူ များ၌လည်း မဖြစ်စေရအောင် အထူးသတိထားပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ထားရှိသူချည်းသာ ဖြစ်အောင် ကြိုးစားသင့်ကြပေသည်။

__________

၆။ ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ

မိစ္ဆာဒိဋ္ဌီတိ အယာထာဝဒိဋ္ဌိ၊ ဝိရဇ္ဈိတွာ ဂဟဏတော ဝါ ဝိတထာ ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ၊ အနတ္ထာဝဟတ္တာ ပဏ္ဍိတေဟိ ဇိဂုစ္ဆိတာ ဒိဋ္ဌီတိပိ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာသင်္ကပ္ပါဒီသုပိ ဧသေဝ နယော။ အပိစ မိစ္ဆာ ပဿန္တိ တာယ, သယံ ဝါ မိစ္ဆာ ပဿတိ, မိစ္ဆာဒဿနမတ္တမေဝ ဝါ ဧသာတိ မိစ္ဆာဒိဋ္ဌိ။

၁။ အယောနိသော အဘိနိဝေသလက္ခဏာ မိစ္ဆာဒိဋ္ဌိ၊

၂။ ပရာမာသရသာ၊

၃။ မိစ္ဆာဘိနိဝေသပစ္စုပဋ္ဌာနာ၊

၄။ အရိယာနံ အဒဿနကာမတာဒိပဒဋ္ဌာနာ။

ပရမံ ဝဇ္ဇန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၉၀။ ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မိစ္ဆာဒိဋ္ဌိဟူသည်ကား မဟုတ်မမှန်သောအားဖြင့် သိမြင်တတ်သော အယူတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် အယာထာဝ အနက်ဟောတည်း။)

၂။ တစ်နည်း --- ချွတ်ယွင်း၍ လွဲချော်၍ စွဲယူခြင်းကြောင့် ချွတ်ယွင်းဖောက်ပြန် မမှန်သောအယူသည် မိစ္ဆာဒိဋ္ဌိတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဝိတထ အနက်ဟောတည်း။)

၃။ တစ်နည်း --- အကျိုးစီးပွားမဲ့ကို ရွက်ဆောင်တတ်သည့်အတွက် ပညာရှိတို့သည် စက်ဆုပ်အပ်သော အယူ ဝါဒ ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။ (ဤနည်း၌ မိစ္ဆာ သဒ္ဒါသည် ဇိဂုစ္ဆန အနက်ဟောတည်း။)

၄။ တစ်နည်း --- သမ္ပယုတ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း သိမြင်ခြင်း၏ အကြောင်းရင်း ဖြစ်သော သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။ တစ်နည်း --- မိမိ မိစ္ဆာဒိဋ္ဌိ ကိုယ်တိုင်က ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်တတ်သော သဘောတရား ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။ တစ်နည်း --- ပရမတ္ထဓမ္မသဘာဝ ...အာရုံကို မှားမှားယွင်းယွင်း မြင်ခြင်းမျှ သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။

မိစ္ဆာတိ ဓမ္မသဘာဝဿ ဝိပရီတံ၊ နိစ္စာဒိတောတိ အတ္ထော။ (မဟာဋီ၊၂၊၁၄၉။)

ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်မှုဟူသည် ရုပ် နာမ်သင်္ခါရ ပရမတ္ထဓမ္မတို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘတရားတို့သာ စင်စစ် ဖြစ်ကြကုန်၏။ မိစ္ဆာဒိဋ္ဌိကား ထိုရုပ်နာမ် သင်္ခတပရမတ္ထဓမ္မတို့ကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း မြင်မှုတည်း။

၁။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘော လက္ခဏ၊

၂။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် သုံးသပ်ခြင်း (ကိစ္စ) ရသ၊

၃။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် လွန်လွန်ကဲကဲ

စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းငှာ အလိုမရှိသူဖြစ်ခြင်း စသည် ပဒဋ္ဌာန်။

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန်

၁။ အနိစ္စဖြစ်သည့် ခန္ဓာငါးပါးကို နိစ္စဟုလည်းကောင်း,

၂။ ဒုက္ခဖြစ်သည့် ခန္ဓာငါးပါးကို သုခဟုလည်းကောင်း,

၃။ အနတ္တ အမှန်ဖြစ်သည့် နိဗ္ဗာန်နှင့်တကွသော ပရမတ်တရားအားလုံးကို အတ္တဟုလည်းကောင်း,

၄။ အသုဘ ခန္ဓာငါးပါးကို သုဘဟုလည်းကောင်း ---

စွဲလမ်းမှတ်ထင်မှုများသည် အာရုံကို (= ပရမတ္ထဓမ္မအာရုံကို) မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း သဘော လက္ခဏာပင်တည်း။ ထိုသို့ မှတ်ထင်သည့်အတိုင်း ထိုအာရုံများကို အာရုံပြုနေခြင်း -- မှားသောအားဖြင့် သုံးသပ် ခြင်းကို ကိစ္စဟု ဆိုသည်။ ထိုသို့ မှားသောအားဖြင့် အဖန်ဖန် အထပ်ထပ် သုံးသပ်နေခြင်းကြောင့်ပင် ဤမိစ္ဆာဒိဋ္ဌိ စေတသိက်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ပရမတ္ထဓမ္မအာရုံကို မှားသောအားဖြင့် လွန်လွန်ကဲကဲ စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရားဟု ရှေးရှူထင်လာသည်။

ပဒဋ္ဌာန် --- မှန်ကန်သော သစ္စာ (၄)ပါး တရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူကြ ပြီးသော ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကိုလည်းကောင်း, အရိယပဝေဒိတ အမည်ရသော ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့သည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော သူတော်ကောင်းတရား တို့၌ အကြားအမြင် ဗဟုသုတ များပြားကြကုန်သော ပုထုဇန်သူတော်ကောင်းတို့ကိုလည်းကောင်း မပြတ်မလပ် ဖူးတွေ့ရလျှင် သူတော်ကောင်းတရားမှန်ကို မကြာမကြာ နာခံရသဖြင့် ကုသိုလ်ကံ အကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားတို့ကို ကျနစွာ နားလည်နိုင်ခြင်းတည်းဟူသော ကမ္မဿကတာဉာဏ် = ကမ္မဿကတာသမ္မာဒိဋ္ဌိကို ရရှိနိုင်ပေသည်။ ထိုကမ္မဿကတာဉာဏ် = ကမ္မဿကတာသမ္မာဒိဋ္ဌိ အပေါ်၌ ရပ်တည်လျက် တစ်ဆင့်တက်၍ သမထ ဝိပဿနာဘာဝနာတို့ကို ပွားများအားထုတ်ခဲ့သော် ပါရမီအားလျော်စွာ --- စျာနသမ္မာဒိဋ္ဌိ, ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိတည်းဟူသော အဆင့်အတန်း အမြင့်မားဆုံးတွင် တည်ရှိသော သမ္မာဒိဋ္ဌိ အသိထူး ဉာဏ်ထူးများကို ရရှိနိုင်ပေသည်။ သမ္မာအယူများ အဆင့်ဆင့် ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုကဲ့သို့သော အရိယာသူတော်ကောင်းတို့ကို မဖူးမတွေ့လိုဘဲ မျက်နှာလွှဲ၍ နေခြင်းသည် ထိုသမ္မာအယူ မရဘဲ မိစ္ဆာအယူ ရရှိဖို့ရာ အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ရပေသည်။ ခိုင်မြဲသည့် သမ္မာအယူ မရှိသူတို့သည် မိစ္ဆာအယူ ရှိသူတို့နှင့် အမြဲအစွဲ ပေါင်းသင်းနေထိုင်ပါမူကား မိစ္ဆာဒိဋ္ဌိ အယူဝါဒများ ဖြစ်ပေါ်လာဖို့ရန် ပို၍ပင် နီးစပ်ဖွယ်ရာ ရှိပေသည်။

စတုသစ္စသမ္မာဒိဋ္ဌိကဲ့သို့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်တတ်သည့် သမ္မာဒိဋ္ဌိဉာဏ်မှန် ရရှိရေးအတွက် သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓဘုရားရှင်တို့ကလွဲလျှင် သာဝကမှန်သမျှသည် ပရတောဃောသ = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သော သူတော်ကောင်းတရားကို ကြားနာရခြင်းတည်းဟူသော အကြောင်းတစ်ရပ်သည် အကြောင်းများစွာထဲက မရှိမဖြစ် ရှိရမည့် ဧကန်အကြောင်း တစ်ရပ်ပင် ဖြစ်သည်။ သမ္မာဒိဋ္ဌိဉာဏ်မှန် ရရှိရေးအတွက် ပရတောဃောသဟူသော အကြောင်းအထောက်အပံ့ ကောင်းကို ရရှိရန်မှာ သူတော်ကောင်းကို ဆည်းကပ်မှသာ ဖူးမြော်ခွင့် ရမှသာ ရရှိနိုင်သော အခွင့်အလမ်းတစ်ခု ပင် ဖြစ်သည်။ သူတော်ကောင်းတို့ကို မျက်နှာလွှဲနေသူတို့ကား သမ္မာဒိဋ္ဌိအသိဉာဏ်ကိုလည်း မျက်နှာလွှဲနေသူ တို့သာ ဖြစ်ကြသည်။ သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် သမ္မာဒိဋ္ဌိဉာဏ်မှန် မရရှိသေးသမျှ ကာလပတ်လုံး မိစ္ဆာဒိဋ္ဌိ တည်းဟူသော တံခါးကြီးမှာ အမြဲတမ်း ဟင်းလင်းပွင့်နေမည်သာ ဖြစ်ပေသည်။

ဤဒိဋ္ဌိသည် မရှိသည်ကို အရှိ, ရှိသည်ကို မရှိ, မဟုတ်သည်ကို အဟုတ်, ဟုတ်သည်ကို မဟုတ်ဟု သိမြင်ရုံမက ငါ့အယူသာ အမှန်, သူတစ်ပါးအယူတွေကား အမှားဟု သူတစ်ပါးကိုပင် စွပ်စွဲတတ်လေသည်။

မရှိသည်ကို အရှိ၊ ရှိသည်ကိုမရှိ --- ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို ဖန်ဆင်းသူ = ဣဿရ မရှိပါဘဲလျက် ဖန်ဆင်းရှင် ရှိ၏ဟု သိမြင်ခြင်း, သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တခေါ်သော အသက်ကောင် မရှိပါဘဲလျက် အတ္တ ရှိ၏ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် ရှိ၏ဟု သိမြင်ခြင်းသည် မရှိသည်ကို အရှိ သိမြင်သော ဒိဋ္ဌိတည်း။ သတ္တဝါတို့၏ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှ သည် နောင်အခါ၌ (အဟောသိကံ မဖြစ်သေးသမျှ, ပရိနိဗ္ဗာန် မစံရသေးသမျှ) အကျိုးပေးရန် စွမ်းအင်ကမ္မသတ္တိ ကျန်ရှိပါလျက် ထိုကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း, ထိုကံ၏ ကောင်းကျိုး ဆိုးပြစ်များကို ခံစားရပါလျက် ထိုကံ၏ အကျိုး မရှိဟု သိမြင်ခြင်း, ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှတို့၏ အစသတ် ချုပ်ငြိမ်းရာ နိဗ္ဗာန်တရား တော်မြတ်ကြီးသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် နိဗ္ဗာန် မရှိဟု သိမြင်ခြင်း, နိဗ္ဗာန်သို့ မရောက်ရှိရသေးသမျှ ကာလပတ်လုံး နောက်ထပ် ခံ,စံရမည့် ဘဝ ထင်ရှားရှိနေပါလျက် တမလွန်ဘဝ နောက်ဘဝသည် မရှိ၊ ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှမရှိဟု သိမြင်ခြင်းသည် ရှိသည်ကို မရှိဟု သိမြင်သော ဒိဋ္ဌိတည်း။

မဟုတ်သည်ကို အဟုတ် --- သတ္တဝါတွေကို သတ်၍ ယဇ်နတ်ပူဇော်ကြခြင်းသည် အင်မတန် ကြီးကျယ်သော ကောင်းမှုကုသိုလ်ကြီးပေတည်း။ အလွန်အေးမြသော ကာလ၌ ရေချိုးခြင်း, အလွန်ပူအိုက်သော ကာလ၌ နေ့လည် ကြောင်တောင်ဝယ် မီးလေးဖိုတို့၏ အလယ်၌ တည်နေ၍ ကိုယ်ကို မီးကင်ခြင်း = မီးလေးဖိုနှင့် နေပူဟူသော ငါးမျိုးသောအပူ = ပဉ္စာတပ အကျင့်ကို ကျင့်ခြင်း, နွားလိုနေခြင်း, ခွေးလိုနေခြင်း စသော အပြုအမူများသည် ကိလေသာစင်ကြယ်ဖို့ အကြောင်း ကောင်းမြတ်သော အကျင့်များတည်း။ ကောင်းမြတ်သော အချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေ ကို မျှောရခြင်းသည် ပြုမိခဲ့သော အပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းမြတ်သော အကျင့်တည်း၊ ဤသို့ စသည်ဖြင့် သိမြင်ခြင်းသည် မဟုတ်သည်ကို အဟုတ်ဟု သိမြင်သော ဒိဋ္ဌိတည်း။

ဟုတ်သည်ကို မဟုတ် --- ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ကောင်းမှုကုသိုလ်များကို = ဖြူစင် မြင့်မြတ်သော မဂ္ဂင် (၈) ပါး အကျင့်မြတ်တရားတို့ကို သုဂတိဘဝသို့ ရောက်ကြောင်း နိဗ္ဗာန်သို့ ရောက်ကြောင်း နိယျာနိကတရားကောင်း မဟုတ်ဟု သိမြင်ခြင်းသည် ဟုတ်သည်ကို မဟုတ်ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဤသို့ စသည်ဖြင့် ဒိဋ္ဌိ၏ အမှား သိပုံမှာ လွန်စွာ အရာကျယ်လေသည်။

လောက၌ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော နိယျာနိကတရားကောင်းကို အညီအညွတ် ကောင်းမွန်မှန်ကန်စွာ ကျင့်ကြသဖြင့် ရဟန္တာအဖြစ်သို့ ဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူကြကုန်သော ဤ လောက တမလွန်လောက အကြောင်းကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်၍ ဟောကြားနိုင်သော သူတော်ကောင်းတို့ကို လက်မခံနိုင်သော အယူအဆမှာလည်း ဤမိစ္ဆာဒိဋ္ဌိပင် ဖြစ်ပေသည်။

မလွဲချော်နိုင်သော ကျင့်စဉ်

ဤတွင် အခါအခွင့် သင့်နေသဖြင့် ဘုရားရှင်၏ ပညာပေးစနစ် တစ်ခုကို ဆက်လက်၍ တင်ပြပါရစေ - တစ်ချိန် ဘုရားရှင်သည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ခရီးဒေသစာရီ ကြွချီတော်မူရာ သာလ အမည်ရှိသော ပုဏ္ဏားရွာတစ်ခုသို့ ဆိုက်ရောက်တော်မူ၏။ ထိုသာလရွာကား ကောသလတိုင်း၏ ဗဟို အချက်အချာကျသော ခရီးလမ်းမကြီးဘေးတွင် တည်ရှိ၍ တောအုပ်ကြီးတစ်ခု၏ အဝင်ဝ၌ တည်ရှိ၏။ သမဏ ဗြာဟ္မဏ အမည်ခံ ဝါဒမျိုးစုံ ပုဂ္ဂိုလ်ပေါင်းစုံ ဆရာပေါင်းစုံ ဆိုက်ရောက်ဖူးသော နေရာဒေသ တစ်ခု ဖြစ်၏။ ထိုခေတ်ဆိုင်ရာ အိန္ဒိယ၏ ဒဿနိကပညာရှင်အားလုံးလိုလို ထိုရွာသို့ ရောက်ဖူးကြသဖြင့် အိန္ဒိယ၏ ဒဿနဝါဒ အမျိုးမျိုးကို နာကြားခွင့် ရရှိနေကြသူများ ဖြစ်ကြ၏။ ဘုရားရှင်သည် ဒဿနိကပညာရှင်အားလုံးတို့၏ နောက်ဆုံးမှ ရောက်ရှိသွားတော်မူ၏။

ဘုရားရှင်ထံသို့ ဆည်းကပ် ခစားလာကြကုန်သော သာလရွာသူရွာသားတို့ကို ဘုရားရှင်က ---

အတ္ထိ ပန ဝေါ ဂဟပတယော ကောစိ မနာပေါ သတ္ထာ၊ ယသ္မိံ ဝေါ အာကာရဝတီ သဒ္ဓါ ပဋိလဒ္ဓါ။ (မ၊၂၊၆၃။)

ဒါယကာတို့ ...ခိုင်လုံသော အကြောင်းပြချက်နှင့် ပြည့်စုံသော ယုံကြည်မှု သဒ္ဓါတရားကို ရစေနိုင်သော (= အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့်) ကိုးကွယ် ဆည်းကပ်နေသော တစ်စုံတစ်ယောက်သော နှစ်သက်မြတ်နိုးအပ်သော ဆရာသမားသည် သင်တို့မှာ ရှိပါသလော။ --- ဤသို့ မေးမြန်းတော်မူ၏။ မရှိသေးပါကြောင်းကို ဒါယကာတို့က ပြန်လည်လျှောက်ထားသောအခါ ---

ဒါယကာတို့ ...နှစ်လိုမြတ်နိုးဖွယ်သော ဆရာတစ်ဆူကို မရရှိကြကုန်သေးသော သင်တို့သည် အပဏ္ဏကဓမ္မ အမည်ရသော မလွဲချော်နိုင်သော ဤကျင့်စဉ်ကို ဆောက်တည်၍ ကျင့်ထိုက်ပေ၏။ မှန်ပေသည် --- ဒါယကာတို့ ...ပြည့်ပြည့်စုံစုံ ကောင်းစွာဆောက်တည်၍ ကျင့်အပ်သော မလွဲချော်နိုင်သော အပဏ္ဏကဓမ္မသည် ရှိ၏၊ ထိုအပဏ္ဏကဓမ္မသည် သင်တို့အား နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါပတ်လုံး အစီးအပွားအလို့ငှာ ချမ်းသာအလို့ငှာ ဖြစ်ပေလတ္တံ့ --- ဒါယကာတို့ ...ထိုအပဏ္ဏကဓမ္မဟူသည် အဘယ်နည်း ---

ဒါယကာတို့ ...

၁။ ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် မရှိ။

၂။ အလှူကြီး ပေးလှူခြင်း = ယဇ်ကြီး ပူဇော်ခြင်း၏ အကျိုးတရားသည် မရှိ။

၃။ လက်ဆောင်ပဏ္ဏာ ပေးခြင်း စသော အလှူငယ်၏ အကျိုးသည် မရှိ။

၄။ ကောင်းစွာ ပြုထားအပ်သော ကုသိုလ်ကမ္မပထတရား (၁၀)ပါး = သုစရိုက် (၁၀)ပါးတို့၏, မကောင်းသဖြင့် ပြုထားအပ်ကုန်သော အကုသိုလ်ကမ္မပထတရား (၁၀)ပါး = ဒုစရိုက် (၁၀)ပါးတို့၏ အကျိုးဖျား အကျိုးရင်း သည် မရှိ။

၅။ တမလွန်လောကမှ လာရာဖြစ်သော ဤလောကသည် မရှိ။

၆။ ဤဘဝ ဤလောကမှ သွားရာ တမလွန်လောကသည် မရှိ။

၇။ အမိအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် မရှိ။

၈။ အဖအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် မရှိ။

၉။ စုတေပြီးနောက် ပဋိသန္ဓေ တည်နေကြကုန်သော သတ္တဝါတို့မည်သည် မရှိကုန်။

၁၀။ ဤလောကကိုလည်းကောင်း, တစ်ပါးသော တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ် ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ဆိုက်ရောက်ကုန် သော ဖြောင့်မှန်စွာ သိကုန်သော နိဗ္ဗာန်အားလျော်သော အကျင့်ကို ကောင်းစွာကျင့်ကုန်သော ထိုသမဏ ဗြာဟ္မဏတို့သည် (= ဘုရား ရဟန္တာတို့ဟူသည်) လောက၌ မရှိကုန်။

ဤသို့ ပြောဆိုလေ့ ဝါဒ ရှိကြကုန်သော ဤသို့ ခံယူချက် ရှိကြကုန်သော အချို့သော သမဏ ဗြာဟ္မဏ တို့သည် ရှိကြကုန်၏။ [ဤဝါဒကား နတ္ထိကဒိဋ္ဌိ အယူဝါဒတည်း။]

ဒါယကာတို့ ...ထိုသမဏ ဗြာဟ္မဏတို့တွင်ပင် အချို့သော သမဏ ဗြာဟ္မဏတို့သည် အချင်းချင်း ထိပ်တိုက်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဝါဒ ရှိကုန်၏၊ ထို သမဏ ဗြာဟ္မဏတို့ကား ---

၁။ ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် ရှိ၏။

၂။ အလှူကြီး ပေးလှူခြင်း = ယဇ်ကြီး ပူဇော်ခြင်း၏ အကျိုးတရားသည် ရှိ၏။

၃။ လက်ဆောင်ပဏ္ဏာ ပေးခြင်း စသော အလှူငယ်၏ အကျိုးတရားသည် ရှိ၏။

၄။ ကောင်းစွာ ပြုကျင့်ထားအပ်ကုန်သော ကုသိုလ်ကမ္မပထတရား (၁၀)ပါး = သုစရိုက် (၁၀)ပါး ကုသိုလ်တရား တို့၏, မကောင်းသဖြင့် ပြုကျင့်ထားအပ်ကုန်သော အကုသိုလ်ကမ္မပထတရား (၁၀)ပါး = ဒုစရိုက် (၁၀)ပါး အကုသိုလ်တရားတို့၏ အကျိုးဖျား အကျိုးရင်းသည် ရှိ၏။

၅။ တမလွန် လောကမှ လာရာဖြစ်သော ဤလောကသည် ရှိ၏။

၆။ ဤဘဝ ဤလောကမှ သွားရာ တမလွန်လောကသည် ရှိ၏။

၇။ အမိအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် ရှိ၏။

၈။ အဖအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် ရှိ၏။

၉။ စုတေပြီးနောက် ပဋိသန္ဓေ တည်နေကြကုန်သော သတ္တဝါတို့မည်သည် (နိဗ္ဗာန်သို့ မရောက်သေးလျှင်) ရှိ၏။

၁၀။ ဤလောကကိုလည်းကောင်း, တစ်ပါးသော တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ် ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ဆိုက်ရောက်တော် မူကြကုန်သော ဖြောင့်မှန်စွာ သိတော်မူကြကုန်သော နိဗ္ဗာန်အားလျော်သော အကျင့်ကို ကောင်းစွာ ကျင့် တော်မူကြကုန်သော (ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့ဟူသော) ထိုသမဏ ဗြာဟ္မဏ တို့သည် လောက၌ ရှိကုန်၏။

ဤသို့ ပြောဆိုလေ့ ဝါဒ ရှိကြကုန်သော ဤသို့ ခံယူချက် ရှိကြကုန်သော အချို့ကုန်သော သမဏ ဗြာဟ္မဏ တို့သည်လည်း ရှိကြကုန်သည်သာတည်း။ ဒါယကာတို့ ...ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤသမဏ ဗြာဟ္မဏတို့သည် အချင်းချင်း ထိပ်တိုက်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဝါဒ ရှိကြကုန်သည်မဟုတ်လော ဟု ဘုရားရှင်က မေးတော်မူ၏။ ဒါယကာတို့ကလည်း အရှင်ဘုရား ...မှန်ပါ၏ --- ဟု လျှောက်ထားကြကုန်၏။

ဒါယကာတို့ ...ထိုအယူ နှစ်မျိုးတို့တွင် --- ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် မရှိ -- ဤသို့စသည်ဖြင့် ပြောဆိုလေ့ ရှိကြကုန်သော ယူဆလေ့ ရှိကြကုန်သော (နတ္ထိကဒိဋ္ဌိ အယူဝါဒသမား) သမဏ ဗြာဟ္မဏတို့အား ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော ကုသိုလ်တရား တို့ကို ဖောက်ခွဲဖျက်ဆီး၍ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော အကုသိုလ် တရားတို့ကို ဆောက်တည်လျက် ကျင့်ကြကုန်လတ္တံ့ဟူသော ဤအပြစ်ကို မချွတ်ဧကန် အလိုရှိအပ်ပေ၏။ အဘယ် ကြောင့်နည်း --- ထိုအရှင် သမဏ ဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ် ယုတ်ညံ့ပုံ ညစ်ညူးပုံကို မမြင်ကြကုန်၊ ကုသိုလ်တရားတို့၏ အကုသိုလ်မှ ထွက်မြောက်ခြင်း၌ အကျိုးကို ဖြူစင်သောအဖို့ကို မမြင်ကြ ကုန်သောကြောင့်တည်း။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏ ထိုအယူသည် မှားသောအယူ ဖြစ်၏။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန် လောကသည် မရှိဟု ကြံ၏၊ ထိုသူ၏ ထိုအကြံသည် မှားသောအကြံ ဖြစ်၏။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟူသော စကားကို ပြောဆို၏၊ ထိုသူ၏ ထိုစကားသည် မှားသော စကား ဖြစ်၏။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟု ပြောဆို၏၊ ဤသူသည် တမလွန်လောကကို သိတော်မူ မြင်တော်မူကြကုန်သော ရဟန္တာအရှင်တို့အား ထိပ်တိုက်ဆန့်ကျင်ဘက် အတိုက်အခံပြုခြင်းပင်တည်း။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ ထိုသိစေခြင်းသည် မသူတော်တရားကို သိစေခြင်း ဖြစ်၏၊ ထိုမသူတော် တရားကို သိစေခြင်းဖြင့်လည်း မိမိကိုယ်ကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ဤသို့လျှင် ထိုသူ၏ သန္တာန်ဝယ် (နတ္ထိကဒိဋ္ဌိသမား၏ သန္တာန်ဝယ်) ရှေးမဆွကပင်လျှင် ကောင်းသော သဘောတရားသည် ပယ်ထားပြီး ဖြစ်နေ၏။ မကောင်းသော သဘောတရားသည် ရှေးရှူတည်နေ၏။

၁။ ဤမှားသော အယူ,

၂။ မှားသော အကြံ,

၃။ မှားသော စကား,

၄။ အရိယာသူတော်ကောင်းတို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် အတိုက်အခံပြုလုပ်ခြင်း,

၅။ မသူတော်တရားကို သူတစ်ပါးတို့အား သိစေခြင်း,

၆။ မိမိကိုယ်ကို ချီးမြှောက်ခြင်း,

၇။ သူတစ်ပါးကို ရှုတ်ချခြင်း ---

ဤသို့ များစွာကုန်သော ယုတ်မာကုန်သော ဤအကုသိုလ်တရားတို့သည် မှားသောအယူဟူသော အကြောင်းကြောင့် = မှားသောခံယူချက် မိစ္ဆာဒိဋ္ဌိတည်းဟူသော အကြောင်းကြောင့် ထိုသူ၏ သန္တာန်ဝယ် ဖြစ်ပေါ် လာကုန်၏။

ဒါယကာတို့ ...ထိုအယူဝါဒ နှစ်မျိုးတို့တွင် ပညာရှိသော ယောက်ျားတစ်ယောက်သည် ဤသို့ ဆင်ခြင်၏၊ တမလွန်လောကသည် အကယ်၍ မရှိသည် ဖြစ်ငြားအံ့၊ ဤသို့ မရှိ ဖြစ်ခဲ့သော် ဤအရှင် ယောက်ျားသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ မိမိကိုယ်ကို ချမ်းသာအောင် ပြုနိုင်ပေလတ္တံ့။

တမလွန်လောကသည် အကယ်၍ ထင်ရှားရှိနေသည် ဖြစ်ငြားအံ့၊ ထိုသို့ ရှိခဲ့ပါမူ ဤအရှင် ယောက်ျားသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက်ရာ ဖြစ်သော အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရပေလတ္တံ့။

တမလွန်လောကသည် အကယ်၍ မရှိသည်ပင်ထားဦးတော့၊ ရှိစေဦးတော့၊ ထိုအရှင်သမဏ ဗြာဟ္မဏတို့၏ စကားသည် မှန်သည်ပင် ဖြစ်စေဦးတော့ ရှိစေဦးတော့၊ ထိုသို့ပင်ဖြစ်သော်လည်း ဤအရှင် ယောက်ျား ပုဂ္ဂိုလ် သည် မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် --- သီလမရှိသော မှားသောအယူရှိသော နတ္ထိကဝါဒရှိသော ယောက်ျားတည်း --- ဟု သိတော်မူ မြင်တော်မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့၏ အကဲ့ရဲ့ကို ခံရ၏။

တမလွန်လောကသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်ငြားအံ့၊ ဤသို့ရှိခဲ့သော် ဤအရှင် ယောက်ျား ပုဂ္ဂိုလ်သည် ---

၁။ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လည်း သိတော်မူ မြင်တော်မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိ သူတော်ကောင်းတို့၏ အကဲ့ရဲ့ ခံရခြင်း,

၂။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ ဖြစ်သော, အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရခြင်း ---

ဤသို့အားဖြင့် နှစ်ပါးစုံ ဆုံးရှုံး၏ = ပစ္စုပ္ပန်၌လည်း ရှုံး၏၊ တမလွန်၌လည်း ရှုံး၏။ ဤသို့လျှင် ထိုယောက်ျား ၏ မကောင်းသောအားဖြင့် စွဲယူ ဆောက်တည်ထားအပ်သော မလွဲချော်နိုင်သော အပဏ္ဏကဓမ္မ အမည်ရသော နတ္ထိကဝါဒကို လက်ကိုင်ထား၍ ပြုကျင့်ထားအပ်သော အကျင့်တရားသည် မိမိ၏ နတ္ထိကဝါဒတစ်ခုသက်သက် အတွက်သာ တစ်ဖက်သတ် နှံ့၍ တည်၏၊ ကုသိုလ်အရာကို ဆိတ်သုဉ်းစေ၏ = ရှောင်ကြဉ်၏။ (သကဝါဒခေါ် သည့် မိမိ၏ နတ္ထိကဝါဒအတွက်သာ သက်ဝင်တည်နေ၍ ပရဝါဒခေါ်သည့် သူတစ်ပါး၏ သမ္မာဒိဋ္ဌိ ပြဓာန်းသော ကံ-ကံ၏အကျိုးတရားသည် တကယ် ထင်ရှားရှိ၏ဟု လက်ခံသော အတ္ထိကအယူဝါဒအတွက် နှံ့၍ မတည်။)

ဒါယကာတို့ ...ထိုအယူနှစ်မျိုးတို့တွင် ---

၁။ ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် ရှိ၏။ ပ ။

၁၀။ ဤလောကကိုလည်းကောင်း, တစ်ပါးသော တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ် ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ဆိုက်ရောက်တော် မူကြကုန်သော ဖြောင့်မှန်စွာ သိတော်မူကြကုန်သော, နိဗ္ဗာန်အားလျော်သော အကျင့်ကို ကောင်းစွာ ကျင့် တော်မူကြကုန်သော (ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့ဟူသော) ထိုသမဏ ဗြာဟ္မဏ တို့သည် လောက၌ ရှိကုန်၏။ ထိုသမဏ ဗြာဟ္မဏတို့သည် ဤပစ္စုပ္ပန်လောကကိုလည်းကောင်း, တမလွန် လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ တရားတော်ကို ဟောကြားတော်မူကုန်၏ ဟု ---

ဤသို့ ပြောဆိုယူဆလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့၏ သန္တာန်၌ ကာယဒုစရိုက် ဝစီဒုစရိုက် မနော ဒုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော အကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီးလျက် ကာယသုစရိုက် ဝစီ သုစရိုက် မနောသုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကုန်လတ္တံ့-ဟူသော အကျိုးတရားကို မချွတ်ဧကန် အလိုရှိအပ်ပေသည်။ အဘယ်ကြောင့်နည်း ထိုအရှင် သမဏ ဗြာဟ္မဏ တို့သည် အကုသိုလ်တရားတို့၏ အပြစ်ကိုလည်းကောင်း, ယုတ်ညံ့ပုံကိုလည်းကောင်း, ညစ်ညူးပုံကိုလည်းကောင်း မြင်ကြ၍ ကုသိုလ်တရားတို့၏ မကောင်းမှုတို့မှ ထွက်မြောက်ခြင်း၌ အကျိုးအာနိသင်ကိုလည်းကောင်း, ဖြူစင် မြင့်မြတ်သော အဖို့ဘာဂကိုလည်းကောင်း မြင်ကြကုန်သောကြောင့်တည်း။ တစ်ဖန် ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန် လောကသည်ထင်ရှားရှိ၏ဟု ထိုသူ၏ သန္တာန်၌ အယူရှိနေ၏၊ ထိုသူ၏ ထိုအယူသည် မှန်ကန်သော သမ္မာဒိဋ္ဌိအယူဝါဒ ဖြစ်၏။ ထင်ရှားသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ရှိ၏ဟု ကြံစည်၏၊ ထိုသူ၏ ထိုအကြံသည် မှန်သောအကြံ သမ္မာသင်္ကပ္ပ ဖြစ်၏။ ထင် ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ရှိ၏ဟူသော စကားကို ဆို၏၊ ထိုသူ၏ ထိုစကားသည် မှန်သောစကား သမ္မာဝါစာ ဖြစ်၏။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ထင်ရှားရှိ၏ဟု ပြောဆို၏၊ ဤသူသည် တမလွန်လောကကို သိတော်မူ မြင်တော်မူကုန်သော ရဟန္တာပုဂ္ဂိုလ်တို့အား ထိပ်တိုက်ဆန့်ကျင်ဘက် အတိုက်အခံ မပြုလုပ်။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ရှိ၏ဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ ထိုသိစေခြင်းသည် သူတော်ကောင်းတရားကို သိစေခြင်း ဖြစ်၏။ ထိုသူတော်ကောင်းတရားကို သိစေခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက် သူတစ်ပါးကိုလည်း မရှုတ်ချ။ ဤသို့လျှင် ထိုသူ၏ သန္တာန်ဝယ် ရှေးမဆွကပင်လျှင် မကောင်းသော သီလ ကင်းမဲ့သည့် ဒုဿီလျသဘောသည် ပယ်ထားပြီး ဖြစ်နေ၏၊ ကောင်းမြတ်သော သီလ ရှိသော သုသီလျသဘောသည် ရှေးရှူ တည်နေ၏။

၁။ ဤမှန်ကန်သော အယူ = သမ္မာဒိဋ္ဌိ,

၂။ မှန်ကန်သော အကြံအစည် = သမ္မာသင်္ကပ္ပ,

၃။ မှန်ကန်သော စကား = သမ္မာဝါစာ,

၄။ အရိယာသူတော်ကောင်းတို့နှင့် မဆန့်ကျင်ခြင်း,

၅။ သူတော်ကောင်းတရားကို သိစေခြင်း = သဒ္ဓမ္မသညတ္တိ,

၆။ မိမိကိုယ်ကို မချီးမြှောက်ခြင်း,

၇။ သူတစ်ပါးကို မရှုတ်ချခြင်း ---

ဤသို့စသည်ဖြင့် များစွာကုန်သော ဤကုသိုလ်တရားတို့သည် မှန်ကန်သော အယူဝါဒ သမ္မာဒိဋ္ဌိတည်း ဟူသော အကြောင်းကြောင့် ထိုသူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာကြကုန်၏။

ဒါယကာတို့ ...ထိုအယူ နှစ်မျိုးတို့တွင် ပညာရှိသောယောက်ျားသည် ဤသို့ ဆင်ခြင်၏ --- တမလွန် လောကသည် အကယ်၍ ရှိသည် ဖြစ်ငြားအံ့၊ ဤသို့ ရှိခဲ့သော် ဤအရှင် ယောက်ျား ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက် စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ရောက်ရ ပေလတ္တံ့။

တမလွန်လောကသည် အကယ်၍ မရှိသည်ပင် ထားဦးတော့ ရှိစေဦးတော့၊ ထိုအရှင် သမဏ ဗြာဟ္မဏ တို့၏ စကားသည် မှန်သည်ပင် ဖြစ်စေဦးတော့ ရှိစေဦးတော့၊ ထိုသို့ ဖြစ်သော်လည်း ဤအရှင် ယောက်ျားသည် မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် သီလရှိသော မှန်သော သမ္မာဒိဋ္ဌိအယူရှိသော ကံ-ကံ၏အကျိုး တရားသည် ရှိ၏ဟု သက်ဝင်ယုံကြည်သော အတ္ထိကဝါဒရှိသော ယောက်ျားပုဂ္ဂိုလ်တည်းဟု သိတော်မူ မြင်တော် မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့၏ အချီးမွမ်းကို ခံရ၏။

တမလွန်လောကသည် အကယ် ၍ ရှိသည်သာလျှင် ဖြစ်ငြားအံ့၊ ဤသို့ ရှိခဲ့သော် ဤအရှင် ယောက်ျား ပုဂ္ဂိုလ်သည် ---

၁။ မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် သိတော်မူ မြင်တော်မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိ သူတော်ကောင်းတို့၏ အချီးမွမ်းခံရခြင်း,

၂။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ရောက်ရခြင်း ---

ဤသို့အားဖြင့် နှစ်ပါးစုံအောင်မြင်၏။ ပစ္စုပ္ပန်၌လည်း ပညာရှိတို့၏ အချီးမွမ်းကိုခံရ၏၊ တမလွန်၌လည်း နတ်ပြည်သို့ရောက်ရ၏။ ဤသို့ ထိုသူ၏ ကောင်းစွာစွဲယူ ဆောက်တည်ထားသော မလွဲချော်နိုင်သော အပဏ္ဏကဓမ္မ အမည်ရသော ဤ ဧကန်အကျိုးရှိသော အကျင့်တရားသည် နှစ်ပါးစုံသောအဖို့ကို နှံ့၍ တည်၏၊ အကုသိုလ် အရာကို ကြဉ်ရှောင်၏ ဆိတ်သုဉ်းစေ၏။ (မ၊၂၊၆၂-၆၆။)

နှစ်ဘက်လုံး၌ အရှုံးမထွက်ပုံ

ဤ သမ္မာဒိဋ္ဌိ ပြဓာန်းသော အတ္ထိကဝါဒကား သကဝါဒတည်း = သာသနာတော်တွင်း ဝါဒတည်း။ မိစ္ဆာဒိဋ္ဌိ ပြဓာန်းသော ကံ-ကံ၏အကျိုးကို ပစ်ပယ်သော နတ္ထိကဝါဒကား ပရဝါဒတည်း = သာသနာပ ဝါဒတည်း။ သမ္မာဒိဋ္ဌိ ပြဓာန်းသော ကံ-ကံ၏အကျိုးတရားသည် ရှိ၏ဟု လက်ခံသော အတ္ထိကဝါဒကား သကဝါဒ ပရဝါဒ နှစ်ခုလုံးကို ပျံ့နှံ့သက်ဝင်၍ တည်နေ၏။ အကယ်၍ တမလွန်လောက ရှိလျှင်လည်း ဤအတ္ထိကဝါဒက ချမ်းသာသုခကို ရွက်ဆောင်ပေးမည်သာ ဖြစ်၏။ ကြိုတင် ပြင်ဆင်ထားသောကြောင့် ကြိုတင်၍ ကျင့်ထားသောကြောင့်တည်း။ အကယ်၍ တမလွန်လောက မရှိလျှင်လည်း ဤအတ္ထိကဝါဒသည် ပညာရှိသူတော်ကောင်းတို့၏ အချီးမွမ်းခံရကာ ကိုယ်ကျင့်သီလ ကောင်းမွန်သည့်အတွက် ချမ်းသာစွာပင် နေထိုင်နိုင်ရကား ချမ်းသာသုခကို ရွက်ဆောင်ပေးနိုင် သည်သာ ဖြစ်၏။ ပစ္စုပ္ပန် တမလွန် နှစ်ဘက်လုံး၌ မရှုံးနိုင်သော ကောင်းကျိုးကိုသာ ဧကန်ရနိုင်သော မလွဲချော် နိုင်သော အပဏ္ဏကဓမ္မ အမည်ရသော ကျင့်စဉ်ပင်တည်း။ ယင်းကဲ့သို့ မလွဲချော်နိုင်သော ကျင့်စဉ်မျိုးကို ဆောက် တည်၍ ကျင့်ရန် ဘုရားရှင်က သာလရွာသား ဒါယကာ ဒါယိကာမတို့အား ပညာပေးတော်မူပေသည်။ ကြွင်းသော မိစ္ဆာဒိဋ္ဌိဝါဒတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါ။ (မ၊ဋ္ဌ၊၃၊၈၂။)

နိယတမိစ္ဆာဒိဋ္ဌိသမား

နတ္ထိကဒိဋ္ဌိ အကိရိယဒိဋ္ဌိ အဟေတုကဒိဋ္ဌိဟု မိစ္ဆာဒိဋ္ဌိကြီး သုံးမျိုးရှိရာ ---

၁။ နတ္ထိကဒိဋ္ဌိကား ကံ၏ အကျိုးတရားကို တားမြစ်၏။

၂။ အကိရိယဒိဋ္ဌိကား အကျိုးကို ဖြစ်စေတတ်သော အကြောင်းကံကို တားမြစ်၏။

၃။ အဟေတုကဒိဋ္ဌိကား ကံ-ကံ၏အကျိုး နှစ်မျိုးလုံးကိုပင် တားမြစ်၏။

ထိုသုံးမျိုးတို့တွင် အကြောင်းကံ မရှိဟု ကံကို တားမြစ်သော ပုဂ္ဂိုလ်သည်လည်း ကံကြောင့် ဖြစ်ပေါ်လာမည့် အကျိုးတရားကိုလည်း တားမြစ်ပြီးပင် ဖြစ်၏။ ကံ၏ အကျိုးတရားဝိပါက်ကို မရှိဟု အကျိုးဝိပါက်ကို တားမြစ်သော လက်မခံသော ပုဂ္ဂိုလ်သည်လည်း အကျိုးကို ဖြစ်စေတတ်သော အကြောင်းကံကိုလည်း တားမြစ်ပြီးပင် ဖြစ်၏။ ထိုကြောင့် ဤဝါဒကြီး သုံးရပ်လုံးတို့သည်လည်း တရားကိုယ် အနက်သဘောအားဖြင့် ကံ-ကံ၏အကျိုး နှစ်မျိုးလုံး ကိုပင် တားမြစ်ကြသော လက်မခံကြသော နတ္ထိကဝါဒ အဟေတုကဝါဒ အကိရိယဝါဒတို့ ဖြစ်ကြကုန်၏။

အကြင်ပုဂ္ဂိုလ်တို့သည် ထိုဂိုဏ်းဆရာကြီးတို့၏ ယင်းမိစ္ဆာဒိဋ္ဌိ ဝါဒဆိုးကြီး တစ်ခုခုကို ဖြစ်စေ အားလုံးကို ဖြစ်စေ လက်ခံယူ၍ ညဉ့်သန့်ရာ နေ့သန့်ရာ နေရာတစ်ခု၌ ထိုင်နေလျက် ထိုအယူဝါဒကို ရွတ်ဖတ် သရဇ္ဈာယ်ကြ ကုန်၏ စူးစမ်း ဆင်ခြင်ကြည့်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ---

၁။ နတ္ထိဒိန္နံ = အလှူဒါန၏ အကျိုးတရားသည် မရှိ၊

နတ္ထိယိဋ္ဌံ = အလှူကြီး ပေးလှူရခြင်း၏ အကျိုးတရားသည် မရှိ။

၂။ ကရောတော နကရိယတိ ပါပံ = မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်။

၃။ နတ္ထိဟေတု နတ္ထိပစ္စယာ = သတ္တဝါတို့ ညစ်နွမ်းဖို့ရန်, သတ္တဝါတို့ ဖြူစင်သန့်ရှင်းဖို့ရန် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား, အားပေးထောက်ပံ့တတ်သော ဥပထမ္ဘကအကြောင်းတရားသည် မရှိ။

ဤသို့စသည်ဖြင့် ထိုအာရုံ၌ မှားယွင်းသော မိစ္ဆာသတိသည် ကောင်းစွာ တည်လာ၏။ စိတ်တည်ကြည်မှု ဧကဂ္ဂတာသည် ဖြစ်ပေါ်လာ၏၊ မိစ္ဆာဒိဋ္ဌိ ပြဓာန်းသော အကုသိုလ် လောဘမူဇောတို့သည် စောကုန်၏၊ ပထမဇော ၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ အလားတူပင် ဒုတိယဇောအခိုက် စသည်တို့၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ သတ္တမဇောတိုင် ဆိုက်ရောက်သွားသောအခါ၌ကား အရိဋ္ဌရဟန်း ကဏ္ဋကသာမဏေတို့ကဲ့သို့ ဘုရားရှင်တို့သော်မှလည်း ကုစား၍ မရနိုင်သော ပြန်လည်ခြင်းသဘော မရှိသော အပါယ်သို့ရောက်ဖို့ရန် ကျိန်းသေ မြဲသော အဆင့်သို့ ရောက်ရှိသွား၏။

ထိုမိစ္ဆာဒိဋ္ဌိကြီး သုံးမျိုးတို့တွင် တစ်ယောက်ကား မိစ္ဆာဒဿန တစ်ခုသို့ သက်ဝင်သွား၏၊ တစ်ယောက်ကား မိစ္ဆာဒဿန နှစ်ခုတို့သို့၊ တစ်ယောက်ကား သုံးခုလုံးတို့သို့ သက်ဝင်သွား၏၊ တစ်ခု၌သော်လည်းကောင်း, နှစ်ခုတို့၌ သော်လည်းကောင်း, သုံးခုလုံးတို့၌သော်လည်းကောင်း သက်ဝင်တည်နေသော်လည်း နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်သည်သာ တည်း။ ယင်းနိယတမိစ္ဆာဒိဋ္ဌိသို့ ဆိုက်ရောက်ပြီးသော ပုဂ္ဂိုလ်ကို ယင်းနိယတမိစ္ဆာဒိဋ္ဌိက နတ်ရွာသုဂတိ = ကောင်းရာသုဂတိသို့ မရောက်အောင်လည်း တားထား၏။ ထိုနိယတမိစ္ဆာဒိဋ္ဌိ ဝါဒကို လက်ခံသော ထိုခန္ဓာကိုယ် အတ္တဘော၏ နတ်ရွာသုဂတိသို့ သွားခြင်းငှာလည်း မစွမ်းနိုင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နိဗ္ဗာန်သို့ ရောက်ရှိရန်ကား အဘယ် မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။ ဤသတ္တဝါကား ပထဝီ ဂေါပက အမည်ရသော မဟာပထဝီမြေကြီးကို အမြဲစောင့်နေရသော သံသရာဝဋ်ဆင်းရဲဒုက္ခ၏ သစ်ငုတ်ကြီး မည်ပေ၏။ ဤပုဂ္ဂိုလ်သည် တစ်ခုသောဘဝ၌သာ လျှင် အပါယ်၌ ကျရောက်ခြင်းသဘော မြဲလေသလော၊ သို့မဟုတ် အခြားသောဘဝ၌လည်း ကျရောက်ခြင်းသဘော မြဲလေသလောဟု မေးရန် ရှိ၏။ တစ်ခုသောဘဝ၌သာလျှင် မြဲ၏၊ သို့သော် ထိုဝါဒကို အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း = အာသေဝန၏ အစွမ်းဖြင့် ဘဝတစ်ပါး၌ ထိုမိစ္ဆာဒိဋ္ဌိဝါဒကို နှစ်သက်မြတ်နိုးနေသည်သာလျှင် ဖြစ်၏။ မှန်ပေသည် --- ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား ယေဘုယျအားဖြင့် အပါယ်ဘဝမှ ထမြောက်ခြင်းမည်သည် မရှိနိုင်တော့ပေ။

တသ္မာ အကလျာဏဇနံ၊ အာသီဝိသမိဝေါရဂံ။

အာရကာ ပရိဝဇ္ဇေယျ၊ ဘူတိကာမော ဝိစက္ခဏော။ (မ၊ဋ္ဌ၊၃၊၈၅။)

ထိုကြောင့် မိမိ၏ ကြီးပွားတိုးတက်မှုကို လိုလား တောင့်တလျက်ရှိသော ပညာရှိသူတော်ကောင်းသည် မသူတော် မိစ္ဆာဒိဋ္ဌိဝါဒသမားမှန်သမျှကို အဆိပ်ပြင်းသော မြွေပွေး မြွေဟောက်ကဲ့သို့ ဝေးစွာ ရှောင်ကြဉ်လေရာ သည်။ (မ၊ဋ္ဌ၊၃၊၈၅။)

နတ္ထိကဒိဋ္ဌိသမားကြီး နန္ဒက

သုရဋ္ဌတိုင်းကို အစိုးရသော ပိင်္ဂလမင်းဝယ် နန္ဒက အမည်ရှိသော စစ်သူကြီးတစ်ဦး ရှိ၏။ ပိင်္ဂလမင်းနှင့် နန္ဒကစစ်သူကြီး နှစ်ဦးတို့ကား ကံ-ကံ၏အကျိုးတရားကို လုံးဝလက်မခံကြသော နိယတမိစ္ဆာဒိဋ္ဌိ = နတ္ထိကဒိဋ္ဌိ သမားကြီးတို့ ဖြစ်ကြ၏။ သတ္တဝါ အသီးအသီး၏ သန္တာန်၌ အတ္တ ရှိ၏၊ ထိုအတ္တသည် မပျက်မစီးဘဲ အမြဲတည်၏။ သတ္တဝါတစ်ဦးအတွက် မည်သည့်အချိန်၌ ကောင်းကျိုးများကို ခံစားရမည်ဟုလည်းကောင်း, မည်သည့်အချိန်အခါ၌ ဆိုးကျိုးများကို ခံစားရမည်ဟုလည်းကောင်း အမြဲသတ်မှတ်ထားပြီး ဖြစ်၏၊ မဟာကပ်ပေါင်း (ရှစ်သန်းလေးသိန်း) ကြာသောအခါ သတ္တဝါသည် အလိုအလျောက် ပြတ်စဲသွား၏ဟု ဤကဲ့သို့သော ဥစ္ဆေဒဒိဋ္ဌိဝါဒကို လက်ခံ ယုံကြည်ထားသူများ ဖြစ်ကြ၏။ သူတစ်ပါးတို့၏ ဒါန စသော ကောင်းမှုကုသိုလ်တို့ကိုလည်း တားမြစ်ခဲ့သူ ကဲ့ရဲ့ ရှုတ်ချခဲ့သူ များလည်း ဖြစ်ကြ၏။

တစ်နေ့တွင် နန္ဒကစစ်သူကြီးသည် ကွယ်လွန်သွား၏၊ မိမိ၏ နတ္ထိကဒိဋ္ဌိတည်းဟူသော နိယတမိစ္ဆာဒိဋ္ဌိကို မစွန့်လွှတ်ဘဲ ရင်ဝယ်ပိုက်ကာ ကွယ်လွန်သွားရှာ၏၊ ပြိတ္တာဘဝသို့ ရောက်ရှိသွား၏။ နန္ဒကစစ်သူကြီး၌ ဥတ္တရာ အမည်ရှိသော သမီးတစ်ဦး ရှိ၏။ ဥတ္တရာကား ရတနာသုံးပါးကို ကိုယ်းကွယ် ဆည်းကပ်သော သောတာပန် ဥပါသိကာမတစ်ဦး ဖြစ်၏။ ဖခင် နန္ဒကစစ်သူကြီး ကွယ်လွန်သွားသောအခါ မိမိ၏ အိမ်ေ့ရှသို့ ဣန္ဒြေသိက္ခာ ပြည့်စုံစွာဖြင့် ဆွမ်းခံကြွလာတော်မူသော ရဟန်းတော်တစ်ပါးကို အိမ်ပေါ်သို့ ပင့်တင်ကာ မုန့်တစ်ပွဲနှင့် သောက်တော်ရေ တစ်ခွက်ကို ဆက်ကပ်လှူဒါန်းပြီးလျှင် ---

ပိတာ မေ ကာလကတော ဘန္တေ၊ တေဿတံ ဥပကပ္ပတု။

= အရှင်ဘုရား ...တပည့်တော်မ၏ ဖခင်သည် ကွယ်လွန်သွားပါ၏၊ ဤကောင်းမှုသည် ထိုဖခင်အား ကပ်ရောက်ပါစေသတည်း။

ဤသို့ ကောင်းမှုကုသိုလ် ပြုကာ အမျှအတမ်း ပေးဝေလိုက်၏။ ထိုခဏမှာပင် နန္ဒကပြိတ္တာသည် ပညောင် ပင်ကြီး တစ်ပင်ဝယ် နတ်စည်းစိမ်ကဲ့သို့ ကြီးမားသော စည်းစိမ်သုခကို ရရှိ ခံစားရလေသည်။ သို့သော် ပြဿနာ ကား ရှိနေသေး၏။

သုရဋ္ဌတိုင်းရှင် ဘုရင်ပိင်္ဂလမင်းသည် ဓမ္မာသောကမင်းတို့၏ မင်းဆက်ဖြစ်သော မောရိယမင်းတို့ကို အခွန် ပဏ္ဏာ ဆက်သပြီး ခစားပြီး အပြန်တွင် နန္ဒကပြိတ္တာ၏ တန်ခိုးကြောင့် စီးလာသော ရထားသည် နန္ဒကပြိတ္တာရှိရာ ပညောင်ပင်သို့ ဆိုက်ရောက်သွား၏။ နန္ဒကပြိတ္တာကလည်း နတ်စည်းစိမ်တမျှ ကြီးမားသော စည်းစိမ်တို့ကို ထင်ရှား ပြလျက် ဧည့်ခံကျွေးမွေး၏။ ပိင်္ဂလမင်းက အကျိုးအကြောင်း မေးမြန်းသောအခါ မိမိမှာ နတ် မဟုတ်ကြောင်း, နန္ဒကပြိတ္တာ ဖြစ်ကြောင်း, နန္ဒကစစ်သူကြီးဘဝက လက်ခံခဲ့သော ဥစ္ဆေဒဒိဋ္ဌိ = နတ္ထိကဒိဋ္ဌိ အကုသိုလ်ကံကြောင့် ပြိတ္တာဘဝသို့ ရောက်ရှိလာကြောင်း, သမီးဥတ္တရာ၏ ကောင်းမှုကုသိုလ်ပြု၍ အမျှအတမ်း ပေးဝေမှုကြောင့် ဤမျှ ကြီးကျယ်ခမ်းနားသော စည်းစိမ်တို့ကို ခံစား စံစားရကြောင်း စသည်တို့ကို ပြောပြ၏။

သို့သော် --- ဤစည်းစိမ်များကို နောက်ထပ် (၆)လသာ ခံစားရတော့မည် ဖြစ်ကြောင်း, (၆)လပြည့်က အဝီစိငရဲသို့ ကျရောက်ရတော့မည် ဖြစ်ကြောင်းတို့ကိုလည်း ဝမ်းနည်းကြေကွဲစွာ ဆက်လက်၍ ပြောပြရှာလေ သည်။

ပိင်္ဂလမင်းကိုလည်း ရတနာသုံးပါးကို ကိုယ်းကွယ်ဆည်းကပ်ရန် ငါးပါးသီလမြဲရန်, ဒါနပြုရန် ကောင်းမှု ကုသိုလ်ပြုရန်တို့ကိုပါ တိုက်တွန်းစကား ပြောကြားလိုက်လေသည်။ ပိင်္ဂလမင်းကလည်း မိမိ၏ မိစ္ဆာဒိဋ္ဌိဝါဒကို စွန့်လွှတ်ကာ ရတနာသုံးပါးကို ကိုယ်းကွယ်ဆည်းကပ်မည့်အကြောင်း ငါးပါးသီလ စောင့်ထိန်းမည့်အကြောင်း ကောင်းမှုကုသိုလ် ပြုမည့်အကြောင်းတို့ကို ဝန်ခံစကား ပြောကြားကာ ပြန်သွားလေသည်။ (ပေတဝတ္ထု၊၂၀၁-၂၀၆။)

ဤကား နိယတမိစ္ဆာဒိဋ္ဌိဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ပါက အပါယ်လေးဘုံသို့ ကျိန်းသေ ရောက် ရှိသည်ဟူသော ခိုင်လုံသော သာဓကတစ်ရပ်ပင် ဖြစ်ပေသည်။

အကယ်၍ အသင်သူတော်ကောင်းသည် ကံ-ကံ၏အကျိုးတရားကို လက်မခံလိုဘဲ ပယ်ရှားလိုသည် ဖြစ်အံ့၊ အနည်းဆုံးပမာဏအားဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာ ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်ပြီးပါမှသာလျှင် ဆုံးဖြတ်ချက်ချပါဟု တိုက်တွန်းပါရစေ။

အလွန်ရခဲသော လူ့ဘဝကို ရခိုက် အလွန်အဖိုးတန်သော သာသနာတော်မြတ်ကြီးနှင့် ဆုံတွေ့ခိုက်ဝယ် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အပဏ္ဏကဓမ္မ အမည်ရသော မလွဲချော်နိုင်ေသော သူတော်ကောင်းကျင့်စဉ် များကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်ကြပါစေ။

__________

၇။ မာန

မညတီတိ မာနော။

၁။ မာနော ဥန္နတိလက္ခဏော၊

၂။ သမ္ပဂ္ဂဟရသော၊

၃။ ကေတုကမျတာပစ္စုပဋ္ဌာနော၊

၄။ ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော။

ဥမ္မာဒေါ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

ငါတကားဟု ထောင်လွှားပြုလျက် မှတ်ထင်တတ်သော သဘောတရားသည် မာန မည်၏။

၁။ ထောင်လွှား တက်ကြွခြင်းသဘော, စိတ်ဓာတ် တက်ကြွ မြင့်မောက်ခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း = မြှောက်ပေးခြင်း (ကိစ္စ) ရသ၊

၃။ တုရင် မှန်ကင်းကဲ့သို့ ပြုလိုသည့်သဘောတရား

= အရာရာတွင် အသာယူလိုသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဒိဋ္ဌိနှင့် မယှဉ်သော လောဘ ပဒဋ္ဌာန်။

တတ္ထ ကတမေ နဝ ဝိဓာ မာနာ။

၁။ သေယျဿ သေယျောဟမသ္မီတိ မာနော။

၂။ သေယျဿ သဒိသောဟမသ္မီတိ မာနော။

၃။ သေယျဿ ဟီနောဟမသ္မီတိ မာနော။

၄။ သဒိသဿ သေယျောဟမသ္မီတိ မာနော။

၅။ သဒိသဿ သဒိသောဟမသ္မီတိ မာနော။

၆။ သဒိသဿ ဟီနောဟမသ္မီတိ မာနော။

၇။ ဟီနဿ သေယျောဟမသ္မီတိ မာနော။

၈။ ဟီနဿ သဒိသောဟမသ္မီတိ မာနော။

၉။ ဟီနဿ ဟီနောဟမသ္မီတိ မာနော။

ဣမေ နဝ ဝိဓာ မာနာ။ (အဘိ၊၂၊၄၀၄။)

သေယျောဟမသ္မီတိ မာနောတိ ဥတ္တမဋ္ဌေန အဟံ သေယျောတိ ဧဝံ ဥပ္ပန္နမာနော။ သဒိသောဟမသ္မီတိ မာနောတိ သမသမဋ္ဌေန အဟံ သဒိသောတိ ဧဝံ ဥပ္ပန္နမာနော။ ဟီနောဟမသ္မီတိ မာနောတိ လာမကဋ္ဌေန အဟံ ဟီနောတိ ဧဝံ ဥပ္ပန္နမာနော။ ဧဝံ သေယျမာနော သဒိသမာနော ဟီနမာနော တိ ဣမေ တယော မာနာ တိဏ္ဏံ ဇနာနံ ဥပ္ပဇ္ဇန္တိ။ သေယျဿာပိ ဟိ အဟံ သေယျော, သဒိသော, ဟီနောတိ တယော မာနာ ဥပ္ပဇ္ဇန္တိ သဒိသဿာပိ ဟီနဿာပိ။ တတ္ထ သေယျဿ သေယျမာနောဝ ယာထာဝမာနော၊ ဣတရေ ဒွေ အယာထာဝမာနာ။ သဒိသဿ သဒိသမာနောဝ။ ပ ။ ဟီနဿ ဟီနမာနောဝ ယာထာဝမာနော၊ ဣတရေ ဒွေ အယာထာဝမာနာ။ ဣမိနာ ကိံ ကထိတံ? ဧကဿ တယော မာနာ ဥပ္ပဇ္ဇန္တီတိ ကထိတံ။ ခုဒ္ဒကဝတ္ထုကေ (အဘိ၊၂၊၃၆၆။) ပန ပဌမကမာနဘာဇနီယေ ဧကော မာနော တိဏ္ဏံ ဇနာနံ ဥပ္ပဇ္ဇတီတိ ကထိတော။ (အဘိ၊ဋ္ဌ၊၁၊၄၀၃-၄၀၄။)

လက္ခဏ --- သေယျာဒိဝသေန ဥစ္စတော နမနံ ဥန္နတိ။ (မဟာဋီ၊၂၊၁၅၁။)

ဥစ္စာ စည်းစိမ် ပညာ ဂုဏ်သိရ် အဆင်း အသံ ခြွေရံ စသည်အားဖြင့် အားလုံးဖြစ်စေ, တစ်ဘက်ဘက်က ဖြစ်စေ ---

၁။ သူများထက် ငါသည် မြတ်၏၊ သာ၏ --- ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = သေယျမာန်,

၂။ ငါသည် သူများနှင့် တန်းတူ၏ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = သဒိသမာန် = (ဒင်းတို့နှင့် ငါ ဘာထူးသလဲ စသည့် မာန်မျိုးတည်း။)

၃။ ငါသည် သူများအောက်ကျ၏ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = ဟီနမာန် = (ဒင်းတို့အောက်ကျလို့ကော ဘာအရေးစိုက်ရမှာလဲ စသည့် မာန်မျိုးတည်း။)

ဤသို့လျှင် မာန်မာန (၃)မျိုး ရှိပေသည်။ ထိုမာန် (၃)မျိုးတို့သည် ပုဂ္ဂိုလ် (၃)မျိုးတို့၏ သန္တာန်၌ ဖြစ်ပေါ်တတ် ကြကုန်၏။ ပုဂ္ဂိုလ် (၃)မျိုးဟူသည် လောက၌ ---

၁။ သေယျပုဂ္ဂိုလ် = အမြတ်စားပုဂ္ဂိုလ်၊

၂။ သဒိသပုဂ္ဂိုလ် = သူများနှင့်တန်းတူ အလတ်စားပုဂ္ဂိုလ်၊

၃။ ဟီနပုဂ္ဂိုလ် = သူများအောက် အဆင့်နိမ့်ကျသော ပုဂ္ဂိုလ်ဟု (၃)မျိုး ရှိ၏။

ထိုပုဂ္ဂိုလ် (၃)မျိုးတို့တွင် ပုဂ္ဂိုလ်တစ်မျိုးတစ်မျိုး၏ သန္တာန်၌ မာန် (၃)မျိုးစီ ရှိကြ၏။

သေယျပုဂ္ဂိုလ်၏ မာန် (၃) မျိုး

သေယျပုဂ္ဂိုလ်၏ သန္တာန်၌ ---

၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ငါသည် သင်းတို့ထက် သာ၏ မြတ်၏ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,

၂။ တန်းတူသူကို အာရုံပြု၍ ငါသည် သင်းတို့နှင့် တူ၏ = အတူတူပဲဟု မှတ်ထင်ခြင်း မာန်မူခြင်း သဒိသမာန်,

၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ --- ငါသည် သင်းတို့အောက် နိမ့် ကျ၏၊ အောက်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာ ရှိသလဲ စသည်ဖြင့် မှတ်ထင်ခြင်း မာန်မူခြင်း ဟီနမာန် ---

ဤသို့ (၃)မျိုး ရှိပေသည်။ အလားတူပင် သဒိသပုဂ္ဂိုလ်၏ သန္တာန်၌ မာန် (၃)မျိုးပင် ရှိ၏။

သဒိသပုဂ္ဂိုလ်၏ မာန် (၃) မျိုး

၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ငါသည် သင်းတို့ထက် သာ၏ မြတ်၏ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,

၂။ တန်းတူသူကို အာရုံပြု၍ ငါသည် သင်းတို့နှင့် တူ၏ဟု = အတူတူပဲဟု မှတ်ထင်ခြင်း = မာန်မူခြင်း သဒိသမာန်,

၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ -ငါသည် သင်းတို့အောက် နိမ့်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာ ရှိသလဲ --- စသည်ဖြင့် မှတ်ထင်ခြင်း = မာန်မူခြင်း ဟီနမာန်ဟု (၃)မျိုးပင် ရှိ၏။

ဟီနပုဂ္ဂိုလ်၏ မာန် (၃) မျိုး

ဟီနပုဂ္ဂိုလ်၏ သန္တာန်၌လည်း ---

၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ငါသည် သင်းတို့ထက် သာ၏ မြတ်၏ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,

၂။ တန်းတူသူကို အာရုံပြု၍ --- ငါသည် သင်းတို့နှင့် တူ၏ = အတူတူပဲဟု မှတ်ထင်ခြင်း မာန်မူခြင်း သဒိသမာန်,

၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ --- ငါသည် သင်းတို့အောက် နိမ့် ကျ၏ အောက်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာရှိသလဲ စသည်ဖြင့် မှတ်ထင်ခြင်း မာန်မူ ခြင်း ဟီနမာန် --- ဟု (၃)မျိုးပင် ရှိ၏။ (အဘိ၊၂၊၄၀၄။)

ထို (၉)မျိုးတို့တွင် သေယျပုဂ္ဂိုလ်၏ သေယျမာန်မူခြင်း, သဒိသပုဂ္ဂိုလ်၏ သဒိသမာန်မူခြင်း, ဟီနပုဂ္ဂိုလ်၏ ဟီနမာန်မူခြင်းသည် ဟုတ်မှန်သည့်အတိုင်း မာန်မူခြင်း = ယာထာဝမာန မည်၏။ ဤယာထာဝမာနကို အရဟတ္တမဂ်ကသာ ပယ်နိုင်၏။ မိမိနှင့် မတန်သော အခြားမာန် (၂)မျိုးစီသည် မဟုတ်မမှန်သော မာန်မူခြင်း = အယာထာဝ မာန မည်၏။ ဤအယာထာဝမာန်ကို သောတာပတ္တိမဂ်တုန်းကပင် ပယ်နိုင်ပြီ။ (အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ သောတာပန်ဟု ယူဆလျှင် ဤအယာထာဝ မာန်မာနတရားများသည် မိမိ၏ သန္တာန်၌ ရှိ-မရှိ ကို ဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု သေချာစွာ ကြည့်ရှု၍ ဆန်းစစ်ကြည့်ပါ။ မိမိ၏ စိတ်နေစိတ်ထားများကို အကဲခတ်ကြည့်ပါ။) ထိုအလုံးစုံသော မာနသည် ခပ်ထောင်ထောင် ခပ်ကြွကြွ ခပ်ကြွားကြွား ခပ်မာမာနှင့် စိတ်ဓာတ် တက်ကြွမြင့်မောက်ခြင်း အသာယူလိုခြင်း ထောင်လွှားခြင်း သဘောလက္ခဏာ ရှိပေသည်။

ဥစ္စာချင်း ယှဉ်၍ အသာယူလိုသည့်သဘော ပညာဂုဏ်သိရ်ချင်း ယှဉ်၍ အသာယူလိုသည့်သဘော, သားချင်း, သမီးချင်း, ဇနီးချင်း, ခင်ပွန်းချင်း ယှဉ်၍ အသာယူလိုသည့်သဘော, နောက်ဆုံး ကုန်ကုန်ပြောရလျှင် တရားချင်းပင် ယှဉ်၍ အသာယူလိုသည့်သဘောများသည် ဤမာန၏ သဘောများသာတည်း။

မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လို၏၊ ကြွတတ ရှိ၏၊ ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာ ပညာ အဆင်း ရောဂါကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ --- သင်းတို့နှင့် တူသလား တန်သလားဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတကာကို အထင်သေးတတ်၏။

သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ ရှိနေသူတို့မှာ --- သင်းနဲ့ ငါနဲ့ ဘာထူးသေးလဲ၊ သူလောက်တော့ ငါလဲ ရတာပဲဟု တန်းတူထားလျက် မာန်တက်တတ်ပြန်၏။

ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာ စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ ---သူတို့က ငါ့ထက်သာလို့ကော ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ ကိုယ်စားရတာဘဲ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်းဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင် ရှိ၏။

အများဖြစ်တတ်သော မာန်များ

ဇာတိမာန် --- အမျိုးဇာတ် မြင့်မြတ်သည့်အတွက် မာန်မာနတက်ခြင်းကို ဇာတိမာန်ဟု ခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်၊ သို့သော် မာန်တက်လောက်အောင်, ဟန်ကြီး ပန်ကြီး လုပ်လောက်အောင်, တစ်ဘက်သားကို ခြေဖဝါးအောက်က ထားလောက်အောင် အမျိုးဇာတ် မြင့်မြတ် သူကား ရှားလှပေသည်။ မဟာသွေး မဟာနွယ် မဟာမျိုး ဖြစ်၍ အမျိုးဇာတ် မြင့်မြတ်သည်ဆိုဦးတော့, ထိုအမျိုး မြင့်မြတ်သူက မာန်မာနမတက်ဘဲ စစ်မှန်သော မေတ္တာတရား, ဖြူစင်ဖြောင့်စင်းသော ကရုဏာတရားတို့ကို ေ့ရှ ထားကာ ပြေပြေပြစ်ပြစ် နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်း ညက်ညက်ညောညောနှင့် အပြောချိုကာ အရာရာတွင် လိုက်လျောညီထွေ ကျင့်တတ်ပါမူကား အောက်တန်းကျသူတို့က ပိုမို၍ ချစ်ခင် ကြည်ညို လေးစားကာ မြတ်နိုး ကြမည် မဟုတ်ပါလော။

အတုယူဖွယ် ဘုရားရှင်၏ မဟာကရုဏာတော်

အရှင်သုနိတမထေရ်၏ အလောင်းလျာဖြစ်သော အမျိုးကောင်းသားသည် တစ်ခုသောဘဝတွင် စူဠကမ္မဝိဘင်္ဂသုတ္တန် ဒေသနာတော်နှင့် အညီ မာန်မာန အလွန် ကြီးမားခဲ့ဟန် တူပေသည်။ ဤနောက်ဆုံးဘဝတွင်ကား မစင်ဘင်ကျုံးသမား အဖြစ်ဖြင့် အသက်မွေးရသူ အမျိုးဇာတ် ယုတ်ညံ့သူတစ်ဦး ဖြစ်ရ၏။ တစ်နေ့တွင် ဘုရားရှင် သည် မဟာကရုဏာတော်သမာပတ်ကို ဝင်စားတော်မူပြီးနောက် လောကကို ကြည့်ရှုတော်မူရာ သုနိတ အမျိုးကောင်းသားသည် ဘုရားရှင်၏ ဉာဏ်ကွန်ရက်အတွင်း၌ ထင်လာပေသည်။ အရဟတ္တဖိုလ် ရနိုင်သော ပါရမီမျိုးစေ့ ကောင်းများ သုနိတ အမျိုးကောင်းသား၏ သန္တာန်၌ ကိန်းဝပ် တည်နေသည်ကိုလည်း မြင်တော်မူလေသည်။

ဘုရားရှင်သည် ရာဇဂြိုဟ်မြို့တွင်းသို့ ရဟန်းသံဃာတော်အပေါင်း ခြံရံတော်မူလျက် သုနိတ အမျိုးကောင်းသား မစင်ဘင်ကျုံးလျက်ရှိသော နောက်ဖေးလမ်းကြားတွင်းသို့တိုင်အောင် ကြွဝင်သွားတော်မူ၏။ ကျုံးပြီးသော မစင်များကို ဆိုင်းထမ်းပိုးဖြင့် သယ်ဆောင်၍လာသော သုနိတ အမျိုးကောင်းသားနှင့် လမ်းခုလတ် တစ်နေရာတွင် ဆုံစည်းမိတော်မူ၏။ မလွှဲမရှောင်သာသော သုနိတအမျိုးကောင်းသားသည်လည်း မစင်ဆိုင်းထမ်းကြီးကို အသာ ချကာ ဘုရားရှင်အား လက်အုပ်ချီကာ မတ်တတ်ရပ်လျက် အရိုအသေပြုနေပေ၏။ ထိုအခါ အလွန့်အလွန် ကြင်နာနေသော မဟာကရုဏာတော်အသံဖြင့် သုနိတ ...ဟု ဘုရားရှင်က ခေါ်တော်မူလိုက်၏။

တစ်လောကလုံးတွင် အဘက်ဘက်မှ မနှိုင်းယှဉ်သာအောင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသည့် ဘုရားရှင်၏ အလွန့်အလွန် ကြင်နာယုယသော မဟာကရုဏာတော်အသံဖြင့် သုနိတ ...ဟု ခေါ်တော်မူလိုက်သော အခါ, လူ့လောကတွင် အနိမ့်ဆုံးအဆင့်တွင်သာ ရပ်တည်ခွင့် ရရှိနေသော မစင်ဘင်ကျုံးသမားကြီး သုနိတအဖို့ အမြိုက်ရေစင်ဖြင့် သွန်းလောင်းချလိုက်ဘိသကဲ့သို့ ပီတိပြဓာန်းသည့် နှစ်သက်ဝမ်းမြောက်ခြင်း သောမနဿ ပန်းတို့သည် တစ်ကိုယ်လုံးသို့ စိမ့်ထုံပျံ့နှံ့လျက် ပွင့်လန်း၍ နေပေသည်။

တစ်လောကလုံးတွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသော သူတော်ကောင်းတစ်ဦး၏ ကြင်နာယုယလျက် ရှိသော အသံတော်သည် လူ့လောကတွင် အလွန် အဆင့်အတန်း နိမ့်ကျနေသော မစင်ဘင်ကျုံးဘဝတွင် ရပ်တည် နေရသော သတ္တဝါတစ်ဦးအတွက် တန်ဖိုးမဖြတ်နိုင်သော ဆေးကောင်းတစ်ခွက် ဖြစ်သွား၏။

ဘုရားရှင်က သုနိတ ...ဟု ခေါ်တော်မူလိုက်သောအခါ သုနိတအလောင်း အမျိုးကောင်းသားကလည်း အရှင်ဘုရား ...ဟု ပြန်လည်ကာ ထူးတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က ရှင်ရဟန်း မပြုချင်ဖူးလားဟု ထပ်ဆင့် မေးမြန်းတော်မူလိုက်သောအခါ ပြုလိုပါကြောင်း ပြန်လောင်း၍ လျှောက်ထားလိုက်၏။ ထိုအခါ ဘုရားရှင်က လကျ်ာလက်တော်ကို ဆန့်တန်းတော်မူလျက် ---

ဧဟိ ဘိက္ခု ...သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။

ချစ်သားရဟန်း ...လာပေတော့၊ ငါဘုရားသည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော တရားတော်ကို ကောင်းစွာ ဟောကြားထားတော်မူအပ်၏၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်း အခြားကို ပြုခြင်းငှာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယနှင့် မဂ္ဂဗြဟ္မစရိယကို ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေလော

ဤသို့လျှင် မိန့်ကြားတော်မူလိုက်၏။ ဤသို့ မိန့်ကြားတော်မူခြင်းကိုပင် ဧဟိဘိက္ခု ခေါ်တော်မူသည်ဟု ဆိုသည်။ ထိုအခါ မစင်ဘင်ကျုံးသမားကြီး သုနိတ အမျိုးကောင်းသားသည် ပရိက္ခရာ (၈)ပါး ဆင်မြန်းထားပြီးသည့် ဝါ (၆၀) ရပြီး မထေရ်ကြီးကဲ့သို့ အလွန်တင့်တယ်သော ဧဟိဘိက္ခု ရဟန်းတော်တစ်ပါး ဖြစ်သွားတော်မူ၏။ ဘုရားရှင်သည် သုနိတရဟန်းတော်ကို ကျောင်းတော်သို့ ခေါ်ဆောင်သွားတော်မူပြီးနောက် ကမ္မဋ္ဌာန်းတရားများကို ပေးသနားတော်မူ၏။ သုနိတအရှင်မြတ်သည်လည်း ကမ္မဋ္ဌာန်းတရားကို အပြင်းအထန် ကြိုးစားအားထုတ်တော် မူရာ မကြာမီအချိန်ကာလအတွင်းမှာပင် ရဟန္တာ ဖြစ်သွားတော်မူ၏။ ရဟန္တာ ဖြစ်သွားတော်မူသောအခါ နတ် ဗြဟ္မာ အပေါင်းတို့သည် စုရုံး ရောက်ရှိလာကာ ရှိခိုး ဦးညွှတ်ကြလေသည်။ (ထေရဂါထာ၊၃၁၀။)

တစ်လောကလုံးတွင် အဘက်ဘက်မှ ယှဉ်ပြိုင်၍ မရနိုင်သည့် အတုလစံတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်က လူ့လောကတွင် အနိမ့်ကျဆုံးသောအဆင့်တွင် ရပ်တည်ခွင့် ရရှိနေသော မစင်ဘင်ကျုံးသမား တစ်ဦးကို လူနတ်ဗြဟ္မာတို့ ဦးခိုက်ပူဇော်ရသည့် ရဟန္တာအဖြစ်သို့ ရောက်အောင် ချီးမြှောက်မစ ပေးသနားတော်မူနိုင်သေး လျှင်, ဘုရားရှင်၏ သားတော် သမီးတော်အဖြစ် ခံယူနေသော အသင်ကဲ့သို့သော သူတော်ကောင်း တစ်ဦးသည် လည်း အဘယ်အကြောင်းကြောင့် မိမိအောက် ယုတ်နိမ့်နေသော အားနွဲ့နေသူတစ်ဦး အပေါ်၌ ကြင်နာယုယ ချိုသာသောစကား, ဖြူစင်ဖြောင့်စင်းသော စိတ်ထားဖြင့် မဆက်ဆံနိုင်ဘဲ ရှိရမှာလဲ? အကယ်တိတိ ပညာမျက်စိဖြင့် ကြည့်ရှုလိုက်ပါက ချေးထုပ်ကြီးကို ထမ်းကာ သံသရာ၌ လမ်းသလားနေသူတို့ချည်း မဟုတ်ပါလား?

အရောဝင်တော့ အရိုအသေတန် ဆိုသကဲ့သို့ အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်၊ သို့သော် ထိုအရိုအသေတန်မှုအတွက် ထိုအရိုအသေတန်သူ့အပြစ်သာ ဖြစ်၍ ထိုသူပင် နစ်နာ ပေလိမ့်မည်။ ဤသို့လျှင် အရာရာတွင် ေ့ရှနောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိဆောင်သင့်ကြ ပေသည်။ မာနကြီးခြင်းသည် သံသရာတွင် အမျိုးဇာတ် ယုတ်ညံ့ခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်ကိုကား မိမိအကျိုးကို လိုလားသူတိုင်းသည် မမေ့သင့်လှပေ။

ဓနမာန် --- အထိုက်အလိုက် စည်းစိမ်ဥစ္စာရှိသူတို့၏ မာန်ကို ဓနမာန်ဟု ခေါ်၏။ ယခုအခါတွင် အတော် အတန် ဥစ္စာရှိသူတွေလည်း ရှိတန်သလောက် ရှိကြပါပေ၏။ သို့သော် ပေး၍ မကုန် လှူ၍ မခန်းနိုင်လောက် အောင် ပေါများ ပြည့်စုံကြသည်ကား အလွန်ရှားပါးမည်သာ ဖြစ်ပေသည်။ ဥစ္စာနည်းပါးသူများ ဆင်းရဲသားများနှင့် အတူမသွားနိုင် အတူမစားနိုင် အတူစကားမပြောနိုင်လောက်အောင် မကုန်နိုင် မခန်းနိုင် ပေါများကြသည်ကား မဟုတ်ပါ။ မြစ်မမြင်ဖူးတော့ မူးမြစ်ထင် ဆိုသကဲ့သို့ မိမိကိုယ်ကို သူဌေး သူကြွယ်ဟုပင် ထင်စေဦးတော့ ဆင်းရဲနွမ်းပါးသူတို့၏ အပေါ်မှာ သဘောထားကြီးစွာဖြင့် သနားကြင်နာကာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်ရှိသည် မဟုတ်ပါလော။ ထိုသို့ ပြုမူဆက်ဆံသဖြင့် မိမိ၏ စည်းစိမ်ဥစ္စာ၌် ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည်။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ ချိုသာသော စကားတစ်လုံးသည် ဆင်းရဲသား ကျောမွဲတို့အတွက် အမြိန်ရှက်ဆုံးသော အမြိုက်ဆေးတစ်ခွက် ဖြစ်နိုင်ပေသည်။

ထိုကြောင့် ရှေးကုသိုလ်ကံ ထောက်မ၍ တစ်သက်လျာအတွက် ရရှိလာသော စည်းစိမ်ကလေးကို နောင်သံသရာအရေးဝယ် အမျိုးအနွယ် အောက်ကျသွားဖို့အကြောင်း မကောင်းသော မာန်မာန၏ အောက်ခံ ပြည်ဖုံးကားသဖွယ် မဖြစ်စေဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍ သတိဆောင်သင့်ကြပေသည်။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။ (အနန္တသူရိယအမတ်။)

ဘုရားရှင်၏ သာသနာတော်ကား အမျိုးဇာတ် ခွဲခြားမှုကို တိုက်ဖျက်သော သာသနာတော်သာ ဖြစ်၏။ အမျိုးဇာတ်မြင့်မြတ်သူ အမျိုးဇာတ်ယုတ်သူ ဖြစ်ကြသည့် မင်းမျိုး, ပုဏ္ဏားမျိုး, သူဌေး သူကြွယ်မျိုး, သူဆင်းရဲမျိုး တည်းဟူသော အမျိုးလေးပါးတို့သည် သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာကြသောအခါ အားလုံး သာကီဝင်မင်းသား ဘုရားသားတော်ချည်း ဖြစ်သွားကြ၏။ အသက်သိက္ခာ ကြီးမြတ်သူကိုသာ သိက္ခာဝါ ငယ်ရွယ်သူ တို့က အရိုအသေပြုကာ ရှိခိုး ဝတ်ပြုကြရ၏။ ဆတ္တာသည် ဖြစ်ဖူးသည့် ဝိနည်းအရာ၌ ဧတဒဂ်ရတော်မူသည့် အရှင်ဥပါလိမထေရ်မြတ်ကို သိက္ခာဝါ ကြီးမြတ်တော်မူခြင်းကို အစွဲပြု၍ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာ အရှင် ဘဒ္ဒိယ စသော အမျိုးမြင့်မြတ်သူတို့က အရိုအသေ ပြုတော်မူကြရ၏။ ဘုရားရှင်၏ သာသနာတော်တွင်း၌ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့၏ ပြည့်ဝကုံလုံခြင်းသည်သာလျှင် မြင့်မြတ်သူတစ်ဦး ဖြစ်ဖို့ရန် လိုရင်းပမာဏ ဖြစ်သည်။ အမျိုးဇာတ် မြင့်မြတ်သော်လည်း ကိုယ်ကျင့်သီလ ချို့တဲ့ပျက်စီးနေပါက ဝသလ သူယုတ်မာ တစ်ဦးသာဟု သာသနာတော်က အသိအမှတ် ပြုလျက်ပင် ရှိပေသည်။ (ဝသလသုတ္တန်ကို ကြည့်ပါ။)

ပညာမာန် --- သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူသည့် စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကိုသာလျှင် ပညာဟု သာသနာတော်က အသိအမှတ်ပြုလျက်ပင် ရှိပါသည်။ ဤ၌ ဆိုလိုသည့် ပညာမှာ ယင်းစတုသစ္စသမ္မာဒိဋ္ဌိ ဉာဏ်ပညာကို မဆိုလိုပါ။ ပရိယတ္တိပညာ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲနေသော ပရိယတ္တိတရားတော် စသည်တို့ကို လေ့လာဆည်းပူးရာ၌ လိမ္မာကျွမ်းကျင်သည့် သညာတရားကိုပင် ရည်ညွှန်း၍ ပညာမာန်ဟု ခေါ်ဝေါ်သုံးစွဲလိုရင်း ဖြစ်ပေသည်။ စာပေတတ်ကျွမ်းသူတို့၏ မာန်ကို ပညာမာန်ဟု ခေါ်၏။ ပရိယတ္တိစာပေပညာဟူသည် မသင့် သည်ကို မသင့်မှန်း သိ၍ ရှောင်ကြဉ်နိုင်ရန်, သင့်သည်ကို သင့်မှန်း သိ၍ လိုက်နာပြုကျင့်နိုင်ရန် အသိအလိမ္မာ ပေးသော အတတ်ပညာရပ်များပေတည်း။ သို့ပါလျက် ထိုပရိယတ္တိတတ်ကျွမ်းမှုကို အကြောင်းပြု၍ မတော်မတရား ကြီးမားသော မာန်မာန ဖြစ်ရခြင်းမှာ လွန်စွာပင် ရှက်ဖွယ်ကောင်းလှပေသည်။ ယခုကာလ သူများထံမှ တစ်ဆင့် သင်ယူ၍ တတ်သိရသော စာပေပညာများသည်လည်း အလွန် ထူးခြားသော အတတ်ပညာရပ်များကား မဟုတ် လှသေးပါ။ အကြောင်းညီညွတ်၍ ဆရာသမားကောင်းအထံ၌ သင်ကြားရပါလျှင် အများပင် တတ်ကျွမ်းနိုင်သော ပညာရပ်တစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အကြောင်းမညီညွတ်သဖြင့် သင်ကြားခွင့် မရရှိသူ, အထူးဉာဏ်ထိုင်း သူများကို တွေ့မြင်ရသောအခါ မောက်မော် ဝါကြွားမည့်အစား သနားကြင်နာ ကရုဏာသက်ဖို့သာ သို့မဟုတ် တစ်ဆင့် သင်ကြားပြသပေးဖို့သာ သင့်တင့်လှပေသည်။

အလဂဒ္ဒူပမ စာသင်နည်း

ပရိယတ္တိတရားတော်ကို သင်ယူပုံ နည်းစနစ်သည် သုံးမျိုး ရှိပေသည်။

၁။ အလဂဒ္ဒူပမာပရိယတ်,

၂။ နိဿရဏတ္ထာပရိယတ်,

၃။ ဘဏ္ဍာဂါရိကပရိယတ် ---

ဤသို့လျှင် ပရိယတ်တရားတော်ကို သင်ကြားပုံ နည်းစနစ်သည် သုံးမျိုး ရှိပေသည်။

၁။ အလဂဒ္ဒူပမာပရိယတ် စာသင်နည်း

သေယျထာပိ ဘိက္ခဝေ ပုရိသော အလဂဒ္ဒတ္ထိကော အလဂဒ္ဒဂဝေသီ အလဂဒ္ဒပရိယေသနံ စရမာနော၊ သော ပေဿယျ မဟန္တံ အလဂဒ္ဒံ၊ တမေနံ ဘောဂေ ဝါ နင်္ဂုဋ္ဌေ ဝါ ဂဏှေယျ၊ တဿ သော အလဂဒ္ဒေါ ပဋိပရိဝတ္တိတွာ ဟတ္ထေ ဝါ ဗာဟာယ ဝါ အညတရသ္မိံဝါ အင်္ဂပစ္စေင်္ဂေ ဍံသေယျ၊ သော တတောနိဒါနံ မရဏံ ဝါ နိဂစ္ဆေယျ မရဏမတ္တံ ဝါ ဒုက္ခံ။ တံ ကိဿ ဟေတု၊ ဒုဂ္ဂဟိတတ္တာ ဘိက္ခဝေ အလဂဒ္ဒဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဣဓေကစ္စေ မောဃပုရိသာ ဓမ္မံ ပရိယာပုဏန္တိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ။ တေ တံ ဓမ္မံ ပရိယာပုဏိတွာ တေသံ ဓမ္မာနံ ပညာယ အတ္ထံ န ဥပပရိက္ခန္တိ၊ တေသံ တေ ဓမ္မာ ပညာယ အတ္ထံ အနုပပရိက္ခတံ န နိဇ္ဈာနံ ခမန္တိ၊ တေ ဥပါရမ္ဘာနိသံသာ စေဝ ဓမ္မံ ပရိယာပုဏန္တိ ဣတိဝါဒပ္ပမောက္ခာနိသံသာ စ၊ ယဿ စတ္ထာယ ဓမ္မံ ပရိယာပုဏန္တိ။ တဉ္စဿ အတ္ထံ နာနုဘောန္တိ၊ တေသံ တေ ဓမ္မာ ဒုဂ္ဂဟိတာ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု၊ ဒုဂ္ဂဟိတတ္တာ ဘိက္ခဝေ ဓမ္မာနံ။ (မ၊၁၊၁၈၆။)

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား မြွေဆိုးကို အလိုရှိ၍ မြွေဆိုးကို ရှာမှီးသော ယောက်ျားသည် မြွေဆိုးကို ရှာဖွေရန် လှည့်လည်သွားလာလတ်သည် ရှိသော် ကြီးမားသော မြွေဆိုးကို တွေ့မြင်လေရာ၏။ ထိုမြွေကို ကိုယ်၌လည်းကောင်း, အမြီး၌လည်းကောင်း ကိုင်ဖမ်းယူမိလေရာ၏၊ ထိုသူအား ထိုမြွေသည် ပြန်လှည့်၍ လက်၌ဖြစ်စေ, လက်မောင်း၌ဖြစ်စေ, တစ်ခုခုသော အင်္ဂါကြီးငယ်၌ဖြစ်စေ ကိုက်လိုက် လေရာ၏။ ထိုသူသည် ထိုသို့ မြွေအကိုက်ခံလိုက်ရခြင်းတည်းဟူသော အကြောင်းကြောင့် သေခြင်းသို့သော်လည်း ကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်း ကြောင့်နည်း ဟူမူ --- ရဟန်းတို့ ...မြွေကို မကောင်းသဖြင့် ဖမ်းယူမိသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ဤသာသနာတော်၌ အချို့သော မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ကြကုန် သော ယောက်ျားတို့သည် ---

၁။ သုတ္တ = သုတ္တ အမည်ရသော ပါဠိတော်,

၂။ ဂေယျ = ဂါထာနှင့်တကွသော သုတ္တပါဠိတော်,

၃။ ဝေယျာကရဏ = ဂါထာမဖက် သက်သက်သော စကားပြေပါဠိတော်,

၄။ ဂါထာ = စကားပြေမဖက် သက်သက်သော ဂါထာပါဠိတော်,

၅။ ဥဒါန = ဝမ်းမြောက်ဝမ်းသာ မြွက်ဆိုတော်မူအပ်သော ဂါထာနှင့် ယှဉ်သော သုတ္တပါဠိတော်,

၆။ ဣတိဝုတ္တက = ဣတိဝုတ်ပါဠိတော်,

၇။ ဇာတက = ဇာတ်ပါဠိတော်,

၈။ အဗ္ဘုတဓမ္မ = အံ့ဩဖွယ် အကြောင်းအရာနှင့် ဆက်စပ်၍ ဟောကြားထားတော်မူအပ်သော သုတ္တ ပါဠိတော်,

၉။ ဝေဒလ္လ = အသိထူး ဉာဏ်ထူးနှင့် နှစ်သက်ကြည်နူးမှုကို ရရှိသည် ဖြစ်၍ အမေး အဖြေ ပြုကာ

ဟောကြားထားတော်မူအပ်သော သုတ္တပါဠိတော်များ ---

ဤအင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ပရိယတ္တိတရားတော်ကို သင်ယူပြီးလျှင် ထိုတရားတော်၏ အနက် အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်ကုန် (= အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစားအားထုတ်မှု မရှိကုန်။) အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်ကုန်။ ပရိယတ်တရားတော်၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်ကြကုန်သော ထိုမဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ကြကုန်သော ထိုယောက်ျားတို့အား ထိုပရိယတ်တရားတော်တို့သည် အကြွင်းမဲ့ ရှုဆင်ခြင်တတ်သော ဉာဏ်ကို မခံ့ကုန် = ဉာဏ်၌ မထင်လာကုန် = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ကုန်။ ထိုမဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ကုန်သော ယောက်ျားတို့သည် သူတစ်ပါးတို့၏ ဝါဒ၌ အပြစ်ဒေါသကို တင်ခြင်း ကပ်၍ နှိပ်စက် ဖျက်ဆီးနိုင်ခြင်း = ချုပ်ချယ်နိုင်ခြင်း အကျိုးအာနိသင် ရှိကုန်သည်လည်းကောင်း, ဤပရိယတ် တရားတော်ကို သင်ယူခြင်းဖြင့် သူတစ်ပါးတို့က တင်အပ်သော ဝါဒမှ လွတ်စေရုံမျှ အကျိုးအာနိသင် ရှိကုန်သည် လည်းကောင်း --- ဤမျှလောက်သော အကျိုးတရားသာ ရှိသည်ဖြစ်၍ ပရိယတ်တရားတော်ကို သင်ယူကုန်၏။ အကြင် မဂ်ဖိုလ်အကျိုးငှာလည်း ပရိယတ္တိတရားတော်ကို သင်ယူကုန်၏။ (= သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့ကျင့်ခြင်းဖြင့် မဂ်ဖိုလ်ကို ရရှိရန်အလို့ငှာ ပရိယတ်တရားတော်ကို သင်ယူကုန်၏။) ထိုသင်ယူထားသော ပရိယတ်တရားတို့၏ ထိုမဂ်ဖိုလ်အကျိုးကိုလည်း မခံစားကြရကုန်။ ထိုသူတို့အား မကောင်း သဖြင့် သင်ယူထားသော မမှန်ကန်သော ဦးတည်ချက်ဖြင့် သင်ယူထားသော ထိုတရားတို့သည် ရှည်ကြာစွာသော အချိန်ကာလပတ်လုံး အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ...ထိုပရိယတ်တရားတို့ကို မကောင်းသဖြင့် = မမှန်ကန်သော ဦးတည်ချက်ဖြင့် သင်ယူထားသည်၏ အဖြစ်ကြောင့်တည်း။ (မ၊၁၊၁၈၆။)

စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်၊ စာမေးပွဲများ အောင်မြင်သဖြင့် ဂုဏ်ရှိသူ ဖြစ်လာလိမ့်မည်၊ အချီးမွမ်းခံရမည်၊ အပူဇော်ခံရမည်၊ အမြတ်နိုးခံရမည်၊ လှူဒါန်းချင်သူများ ပေါများလာလိမ့်မည်၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ အကောင်းအမွန်ချည်း ရလိမ့်မည်။ အထက်တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေရလိမ့်မည်၊ သူတစ်ပါးအပေါ်၌လည်း မောက်မော်နိုင်လိမ့်မည်။ စာပေ တတ်ကျွမ်းလျှင် မည်သူ့ကိုမျှ လူမထင်ဘဲ လုပ်ချင်ရာကို လုပ်နိုင်လိမ့်မည် --- ဤသို့စသည်ဖြင့် လောဘ ဒေါသ မာန်မာနကို အခြေခံ၍ စာပေ ကျမ်းဂန်ကို သင်ကြား၏။ တတ်မြောက်လာသည့်အခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်လာဘ ပေါများ အောင် ကြိုးစား၍ သူတစ်ပါးအပေါ်၌ မောက်မော် စော်ကား၏။ ထိုသူ၏ ပရိယတ်တရားတော်ကို သင်ယူမှု တတ်သိနားလည်မှုများသည် အောက်လမ်းသွားဖို့အကြောင်း မကောင်းမှုချည်းသာ ဖြစ်၏။ အလဂဒ္ဒူပမာစာသင်နည်းပင် ဖြစ်သည်။

အင်္ဂါ (၉) တန် ရှိသော ပရိယတ်တရားတော်

ဤ၌ ပရိယတ္တိ အခြေခံ အားနည်းသူများအတွက် အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ပရိယတ္တိတရားတော် အကြောင်းအရာကို အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။

၁။ သုတ္တ --- ဝိနည်းငါးကျမ်း, သုတ္တနိပါတ်ပါဠိတော်၌ လာရှိသော မင်္ဂလသုတ္တ ရတနသုတ္တ နာလကသုတ္တ တုဝဋ္ဋကသုတ္တ, အခြားတစ်ပါးသော သုတ္တ အမည်ရှိသော ဘုရားရှင်၏ တရားစကားတော် မှန်သမျှကိုလည်း သုတ္တဟူ၍ သိရှိပါလေ။

၂။ ဂေယျ --- ဂါထာနှင့်တကွသော = ဂါထာလည်း ပါဝင်သော သုတ္တန်ဒေသနာတော်ကို ဂေယျဟု သိရှိပါလေ။ အထူးသဖြင့် သံယုတ္တနိကာယ်၌ သဂါထာဝဂ္ဂသံယုတ် တစ်ခုလုံးကို ဂေယျဟူ၍ သိရှိပါလေ။

၃။ ဝေယျာကရဏ --- အဘိဓမ္မာပိဋက အားလုံး, ဂါထာ မပါသော သုတ္တန်, အခြားအခြားသော အင်္ဂါ (၈) ပါးတို့ဖြင့် မရေတွက်အပ်သော ဘုရားရှင်၏ စကားတော်မှန်သမျှကို ဝေယျာကရဏဟူ၍ သိရှိပါလေ။

၄။ ဂါထာ --- ဓမ္မပဒပါဠိတော်, ထေရဂါထာပါဠိတော်, ထေရီဂါထာပါဠိတော်, သုတ္တနိပါတ်ပါဠိတော်၌ လာရှိသော သုတ္တဟူသော အမည်ကို မရရှိသော ဂါထာသက်သက်များ --- ဤတရား အားလုံးကို ဂါထာဟူ၍ သိရှိပါလေ။

၅။ ဥဒါန --- နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်း သောမနဿ ပြဓာန်းသော ဉာဏ်တော်ကြောင့် ပြီးစီး ဖြစ်ပေါ် လာကုန်သော = ဝမ်းမြောက်ဝမ်းသာ ကျူးရင့်ထားတော်မူကုန်သော (၈၂)ခုကုန်သော သုတ္တန်တို့ကို ဥဒါန = ဥဒါန်း ဟူ၍ သိရှိပါလေ။

၆။ ဣတိဝုတ္တက --- ဝုတ္တေဥှတံ ဘဂဝတာ = ဘုရားရှင်သည် ဤသုတ္တန်ကို ဤသို့ ဟောကြားတော်မူ၏ --- ဟု ဤသို့ စသောနည်းဖြင့် ဖြစ်ပေါ်လာကုန်သော ဣတိဝုတ်ပါဠိတော်၌ မှတ်တမ်းတင်ထားသော သုတ္တန်ပေါင်း (၁၀၀)ကျော်တို့ကို ဣတိဝုတ္တကဟု သိရှိပါလေ။

၇။ ဇာတက --- (၅၅၀) ဇာတ်နိပါတ်တော်ဟု အသိများသော ဇာတ်ပါဠိတော်များကို ဇာတကဟူ၍ သိရှိပါလေ။

၈။ အဗ္ဘုတဓမ္မ --- အလွန် အံ့ဩဖွယ်ကောင်းသော မဖြစ်စဖူး အဦးအသစ် ဖြစ်ပေါ်လာသော တရားဓမ္မနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သုတ္တန်တရားတော်မှန်သမျှကို အဗ္ဘုတဓမ္မဟူ၍ သိရှိပါလေ။

၉။ ဝေဒလ္လ --- စူဠဝေဒလ္လသုတ္တန်, မဟာဝေဒလ္လသုတ္တန်, သမ္မာဒိဋ္ဌိသုတ္တန်, သက္ကပဥှသုတ္တန်, သင်္ခါရဘာဇနီယ သုတ္တန်, မဟာပုဏ္ဏမသုတ္တန် အစရှိကုန်သော အသိထူး ဝေဒကိုလည်းကောင်း, နှစ်သက်ကျေနပ်မှု တုဋ္ဌိတရားကို လည်းကောင်း ရရှိသည်ဖြစ်၍ အမေးအဖြေ သုတ္တန်အားလုံးတို့ကို ဝေဒလ္လဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၂၇၊၊)

၂။ နိဿရဏတ္ထာပရိယတ် စာသင်နည်း

ယာ ပန သုဂ္ဂဟိတာ, သီလက္ခန္ဓာဒိပါရိပူရိံယေဝ အာကင်္ခမာနေန ပရိယာပုဋာ၊ န ဥပါရမ္ဘာဒိဟေတု၊ အယံ နိဿရဏတ္ထာ။ ယံ သန္ဓာယ ဝုတ္တံ --- တေသံ တေ ဓမ္မာ သုဂ္ဂဟိတာ ဒီဃရတ္တံ ဟိတာယ သုခါယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု? သုဂ္ဂဟိတတ္တာ ဘိက္ခဝေ ဓမ္မာနန္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၄။)

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား --- မြွေဆိုးကို အလိုရှိ၍ မြွေဆိုးကို ရှာမှီးသောယောက်ျားသည် မြွေဆိုးကို ရှာဖွေရန် လှည့်လည်သွားလတ်သော် မြွေဆိုးကို တွေ့မြင်လေရာ၏။ ထို မြွေကို ဆိတ်ခွာသဏ္ဌာန် ရှိသော လှံတံဖြင့် ကောင်းစွာ ဖိနှိပ်ထားလေရာ၏။ ဆိတ်ခွာသဏ္ဌာန် ရှိသော လှံတံဖြင့် ကောင်းစွာ ဖိနှိပ်၍ လည်ပင်း၌ ကောင်းစွာ ကိုင်ဖမ်းလေရာ၏။ ရဟန်းတို့ ...အကယ်၍လည်း ထိုမြွေသည် ထိုယောက်ျား၏ လက်ကို ဖြစ်စေ, လက်မောင်းကို ဖြစ်စေ, တစ်ခုခုသော အင်္ဂါကြီးငယ်ကို ဖြစ်စေ ကိုယ်ဖြင့် ရစ်ပတ်ငြားအံ့၊ ထိုသို့ ရစ်ပတ်သော်လည်း ထိုသူသည် ထိုအကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း မရောက်နိုင်လေရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်း ကြောင့်နည်း ဟူမူ --- ရဟန်းတို့ ...မြွေဆိုးကို ကောင်းစွာ ဖမ်းယူထားသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ဤသာသနာတော်၌ အချို့သော အမျိုးသားတို့သည် သုတ်, ဂေယျ, ဝေယျာကရုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လဟူသော အင်္ဂါ (၉)တန် ရှိသော ပရိယတ် တရားတော်ကို သင်ယူ၏၊ သင်ယူပြီးလျှင် ထိုပရိယတ်တရားတော်၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် စူးစမ်း ဆင်ခြင်ကြကုန်၏။ ပရိယတ်တရားတော်၏ အနက်အဓိပ္ပါယ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် (သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်လျက်) စူးစမ်း ဆင်ခြင် ကုန်သော ထိုသူတော်ကောင်းတို့အား ထိုတရားတို့သည် အကြွင်းမဲ့ ဆင်ခြင်တတ်သော ဉာဏ်ကို ခံ့ကုန်၏၊ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျက် ဉာဏ်၌ ထင်လာကုန်၏။ ထိုသူတော်ကောင်း တို့သည် သူတစ်ပါးတို့၏ ဝါဒ၌ အပြစ်ဒေါသကို တင်ခြင်း, ကပ်၍ နှိပ်စက် ဖျက်ဆီးနိုင်ခြင်း = ချုပ်ချယ်နိုင်ခြင်း အကျိုးအာနိသင် ရှိကုန်သည်လည်းကောင်း, ဤပရိယတ်တရားတော်ကို သင်ယူခြင်းဖြင့် သူတစ်ပါးတို့က တင်အပ် သော ဝါဒမှ လွတ်စေရုံမျှ အကျိုးအာနိသင် ရှိကုန်သည်လည်းကောင်း -- ဤမျှလောက်သော အကျိုးတရားသာ ရှိသည်ဖြစ်၍ ပရိယတ်တရားတော်ကို မသင်ယူကြကုန်။ အကြင် မဂ်ဖိုလ်အကျိုးငှာလည်း တရားတော်ကို သင်ယူ ကြကုန်၏၊ ထိုတရား၏ ထိုမဂ်ဖိုလ်အကျိုးကိုလည်း ခံစားကြရကုန်၏။ ထိုသူတို့အား ကောင်းစွာ သင်ယူထားအပ် ကုန်သော ထိုတရားတို့သည် ရှည်ကြာစွာသော ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ ရဟန်းတို့ ...ထိုပရိယတ္တိတရားတော်တို့ကို ကောင်းစွာ သင်ယူထားသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ...ငါဘုရား ဟောကြားထားတော်မူအပ်သော ပရိယတ္တိတရားတော်၏ အနက်အဓိပ္ပါယ်ကို သိကုန်ငြားအံ့၊ ထိုသိသည့်အတိုင်း ထိုတရားတော်ကို ဆောင်ထားကြကုန်ရာ၏။ ငါဘုရား ဟောကြားထားတော် မူအပ်သော ပရိယတ္တိတရားတော်၏ အနက်အဓိပ္ပါယ်ကို မသိကုန်ငြားအံ့၊ ထိုမသိသော အရာ၌ သင်တို့သည် ငါဘုရားရှင်ကိုပင် ဖြစ်စေ, ကျွမ်းကျင်လိမ္မာကုန်သော ရဟန်းတို့ကို ဖြစ်စေ မေးမြန်းသင့်ကုန်၏။

ရဟန်းတို့ ...သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှာ ဖောင်ဥပမာရှိသော တရားတော် ကို သင်ချစ်သားတို့အား ငါဘုရား ဟောကြားတော်မူပေအံ့၊ ထိုတရားတော်ကို နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားတော်မူပေအံ့ --- ဟု မိန့်တော်မူ၏။ ကောင်းပါပြီ အရှင်ဘုရား ...ဟု ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။

ရဟန်းတို့ ...ဥပမာသော်ကား ခရီးရှည်သွားသော ယောက်ျားသည် ရေပင်လယ်ကြီးကို မြင်ရာ၏၊ ဤမှာဘက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်း ရှိ၏၊ ထိုမှာဘက်ကမ်းကား အေးချမ်း၏၊ ဘေးဘျမ်း မရှိ။ ထို ယောက်ျားအဖို့ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်း မရှိ ပေါင်းကူးတံတားလည်း မရှိ ဖြစ်နေ၏။ ထိုယောက်ျား၏ သန္တာန်ဝယ် ---

ဤကား ရေပင်လယ်ကြီးတည်း၊ ဤမှာဘက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်း ရှိ၏၊ ထိုမှာဘက်ကမ်း သည်ကား အေးချမ်း၏၊ ဘေးဘျမ်း မရှိ၊ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်း မရှိ၊ ပေါင်းကူးတံတားလည်း မရှိ ဖြစ်နေ၏။ ငါသည် မြက် သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ကူးရပါမူကား ကောင်း လေစွဟု စိတ်အကြံအစည်သည် ဖြစ်ပေါ်လာလေရာ၏။

ရဟန်းတို့ ...ထိုနောက် ထိုယောက်ျားသည် မြက် သစ်သား သစ်ခက် သစ်ရွက်တို့ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ကူးခပ်လေရာ၏။ ကမ်း တစ်ဘက်သို့ ကူးမြောက်ပြီးသော ထိုယောက်ျားအား --- ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဤ ဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဘက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ခေါင်းပေါ်၌ တင်ရွက်၍သော်လည်းကောင်း, ပခုံးပေါ်၌ ထမ်း၍သော်လည်းကောင်း အလိုရှိရာ အရပ်သို့ ဖဲခွာ သွားရပါမူကား ကောင်းလေစွဟု စိတ်အကြံအစည်သည် ဖြစ်ပြန်ရာ၏။

ရဟန်းတို့ ...ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း? ထိုယောက်ျားသည် ဤသို့ပြုသော် ထို ဖောင်၌ ပြုသင့်သော အမှုကို ပြုရာသလောဟု မေးတော်မူ၏။ အရှင်ဘုရား ...မဖြစ်ရာပါဟု လျှောက်ထားကြ ကုန်၏။ ရဟန်းတို့ ...ထိုယောက်ျားသည် အဘယ်ပုံပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသနည်း?

ရဟန်းတို့ ...ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသော ထိုယောက်ျားအား ဤဖောင်သည် ငါ့အား ကျေးဇူး များ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဘက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ကြည်းကုန်းထက်၌ ဆယ်တင်ထားခဲ့၍သော်လည်းကောင်း, ရေ၌ ပေါလောမျှော၍သော် လည်းကောင်း အလိုရှိသော အရပ်သို့ ဖဲခွာသွားရပါမူကား ကောင်းလေစွဟု အကြံအစည် ဖြစ်လေရာ၏။ ရဟန်းတို့ ...ထိုယောက်ျားသည် ဤသို့ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ပေရာ၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှာ ဖောင် ဥပမာရှိသော ပရိယတ္တိတရားတော်ကို သင်ချစ်သားတို့အား ငါဘုရားသည် ဟောကြားထားတော်မူ၏။ ရဟန်းတို့ သင်တို့အား ဟောကြားထားအပ်သော ဖောင်ဥပမာရှိသော တရားကိုသိသော သင်တို့သည် ဓမ္မ အမည်ရသော သမထဝိပဿနာ နှစ်ဖြာသော တရားတို့အပေါ်၌ ဖြစ်ပေါ်လာသော လိုလားတပ်မက်မှု ဆန္ဒရာဂတို့ကိုပင်သော် လည်း ပယ်စွန့်ရမည်၊ အဓမ္မ ဖြစ်သော ကာမဂုဏ်ကို မှီ၍ ဖြစ်ပေါ်လာသော ဆန္ဒရာဂတို့ကို ပယ်စွန့်ဖို့ရန်မှာမူ ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။ (မ၊၁၊၁၈၆-၁၈၈။)

ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ

ဓမ္မာပိ ဝေါ ပဟာတဗ္ဗာတိ ဧတ္ထ ဓမ္မာတိ သမထဝိပဿနာ။ ဘဂဝါ ဟိ သမထေပိ ဆန္ဒရာဂံ ပဇဟာပေသိ၊ ဝိပဿနာယပိ။ သမထေ ဆန္ဒရာဂံ ကတ္ထ ပဇဟာပေသိ? ဣတိ ခေါ ဥဒါယိ နေဝသညာနာသညာယတနဿပိ ပဟာနံ ဝဒါမိ၊ ပဿသိနော တွံ ဥဒါယိ တံ သံယောဇနံ အဏုံ ဝါ ထူလံ ဝါ၊ ယဿာဟံ နော ပဟာနံ ဝဒါမီတိ ဧတ္ထ သမထေ ဆန္ဒရာဂံ ပဇဟာပေသိ။ ဣမံ စေ တုမှေ ဘိက္ခဝေ ဒိဋ္ဌိံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ န အလ္လီယေထ န ကေလာယေထ န ဓနာယေထာတိ ဧတ္ထ ဝိပဿနာယ ဆန္ဒရာဂံ ပဇဟာပေသိ။ ဣဓ ပန ဥဘယတ္ထ ပဇဟာပေန္တော ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ၊ ပဂေဝ အဓမ္မာတိ အာဟ။

တတြာယံ အဓိပ္ပါယော --- ဘိက္ခဝေ အဟံ ဧဝရူပေသု သန္တပဏီတေသု ဓမ္မေသု ဆန္ဒရာဂပ္ပဟာနံ ဝဒါမိ၊ ကိံ ပန ဣမသ္မိံ အသဒ္ဓမ္မေ ဂါမဓမ္မေ ဝသလဓမ္မေ ဒုဋ္ဌုလ္လေ ဩဒကန္တိကေ၊ ယတ္ထ အယံ အရိဋ္ဌော မောဃပုရိသော နိဒ္ဒေါသသညီ ပဉ္စသု ကာမဂုဏေသု ဆန္ဒရာဂံ နာလံ အန္တရာယာယာတိ ဝဒတိ၊ အရိဋ္ဌေန ဝိယ န တုမှေဟိ မယှံ သာသနေ ကလလံ ဝါ ကစဝရံ ဝါ ပက္ခိပိတဗ္ဗန္တိ ဧဝံ ဘဂဝါ ဣမိနာပိ ဩဝါဒေန အရိဋ္ဌံယေဝ နိဂ္ဂဏှာတိ။ (မ၊ဋ္ဌ၊၂၊၁၅-၁၆။)

= ဓမ္မာပိ ဝေါ ပဟာတဗ္ဗာဟူသော စကားရပ်၌ ဓမ္မဟူသည် သမထနှင့် ဝိပဿနာဓမ္မများပင်တည်း။ မှန်ပေ သည် --- ဘုရားရှင်သည် သမထစျာန်တရားအပေါ်၌ လိုလားတပ်မက်မှု ဆန္ဒရာဂကိုလည်း ပယ်စွန့်စေ၏၊ ဝိပဿနာဉာဏ်အပေါ်၌ လိုလားတပ်မက်မှု ဆန္ဒရာဂကိုလည်း ပယ်စွန့်စေ၏။ သမထစျာန်တရားအပေါ်၌ ဖြစ်ပေါ် လာသော လိုလားတပ်မက်မှု ဆန္ဒရာဂတရားကို အဘယ်သုတ္တန်၌ ပယ်စွန့်စေသနည်း?

ဥဒါယီ ...ဤသို့လျှင် နေဝသညာနာသညာယတနစျာန်ကိုလည်း ပယ်ရမည်ဟု ငါဘုရား ဟောတော်မူ၏။ ဥဒါယီ မပယ်ရဟု ငါဘုရား ဟောကြားထားတော်မူသော ကြီးကြီးငယ်ငယ်သော သံယောဇဉ်ကို သင် မြင်သလော ဟု မေးတော်မူ၏၊ အရှင်ဘုရား ...မမြင်ပါဟု လျှောက်ထား၏။ (မ၊၂၊၁၁၉။ လဋုကိကောပမသုတ်။)

ရဟန်းတို့ ...အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ် ဖြူဖွေးသော ဤ ဝိပဿနာသမ္မာဒိဋ္ဌိအယူကို ထက်ဝန်းကျင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလျက်ရှိသော ဤ ဝိပဿနာသမ္မာဒိဋ္ဌိကို တဏှာဒိဋ္ဌိတို့ဖြင့် မကပ်ငြိကုန်ငြားအံ့၊ မမြူးထူး မယုယကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ မလိုလား မမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟု မမြတ်နိုး ကုန်ငြားအံ့၊ ရဟန်းတို့ ...စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဘုရား ဟောကြားထားတော်မူအပ်သော ဖောင်ဥပမာရှိသော တရားကို သိကုန်သည်မည်ပါသလောဟု မေးတော်မူ၏။ အရှင်ဘုရား ...သိကုန်သည် မည်ပါ၏ဟု လျှောက်ထားကြကုန်၏။ (မ၊၂၊၃၂၇။ မဟာတဏှာသင်္ခယသုတ်၊၊)

ဤအထက်ပါ မဟာတဏှာသင်္ခယသုတ္တန်၌ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် အပေါ်၌ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်ကို လိုလားတပ်မက်မှု ဆန္ဒရာဂကို ပယ်စွန့်စေ၏။ (ဖြစ်ပေါ်လာပြီးသော ဝိပဿနာဉာဏ်အပေါ်၌ တွယ်တာမှု ဆန္ဒရာဂကို ပယ်စွန့်ရန်အတွက် ဟောကြားတော်မူသည်ဟု ဆိုလိုပေသည်။)

ဤအလဂဒ္ဒူပမာသုတ္တန်၌ကား မိမိ ရရှိထားပြီးသော သမထနှင့် ဝိပဿနာဟူသော ဓမ္မ နှစ်မျိုးလုံးတို့ အပေါ်၌ တွယ်တာမက်မောနေသည့် ဆန္ဒရာဂကို ပယ်စွန့်ဖို့ရန်အတွက် ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ၊ ပဂေဝ အဓမ္မာ = ဓမ္မ အမည်ရသော သမထဝိပဿနာ နှစ်ဖြာသောတရားတို့အပေါ်၌ ဖြစ်ပေါ်လာသော လိုလားတပ်မက်မှု ဆန္ဒရာဂတို့ကိုပင်သော်လည်း ပယ်စွန့်ရမည်၊ အဓမ္မ ဖြစ်သော ကာမဂုဏ်ကို မှီ၍ ဖြစ်ပေါ်လာသော ဆန္ဒရာဂတို့ကို ပယ်စွန့်ဖို့ရန်မှာမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်းဟု ဟောတော်မူခြင်း ဖြစ်၏။

ထိုစကားရပ်၌ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- ရဟန်းတို့ ...ငါဘုရားသည် ဤသို့သဘော ရှိကုန်သော ငြိမ်သက် မွန်မြတ်ကုန်သော သမထ ဝိပဿနာဓမ္မတို့၌သော်လည်း လိုလားတပ်မက်ခြင်း = ဆန္ဒရာဂကို ပယ်ရှား ဖို့ရန် ဟောကြားတော်မူ၏၊ ရွာသူတို့၏ အလေ့အကျင့်ဖြစ်သော လူယုတ်မာတို့၏ အလေ့အကျင့်ဖြစ်သော, ရုန့်ရင်း ကုန်သော, ရေဆေးခြင်းလျှင် အဆုံးအပိုင်းခြားရှိကုန်သော ဤ မသူတော်တို့၏အကျင့် = အသဒ္ဓမ္မ၌ကား အဘယ် မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ ယင်းမသူတော်တရား၌ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ဤအရိဋ္ဌရဟန်းသည် အပြစ်မရှိဟု အမှတ်သညာရှိသည် ဖြစ်၍ အာရုံငါးပါး ကာမဂုဏ်တရားတို့၌ လိုလားတပ်မက်မှု (ကာမဂုဏ်ကို မှီဝဲမှု) ဆန္ဒရာဂတရားကို စျာန်မဂ်ဖိုလ်ကို ရခြင်း၏ အန္တရာယ် မဖြစ်နိုင်ဟု ပြောဆိုဘိ၏၊ အရိဋ္ဌရဟန်းကဲ့သို့ သင်ချစ်သားတို့တစ်တွေလည်း ငါဘုရားရှင်၏ သာသနာတော်တွင်း၌ ကိလေသာ ညွန်ပျောင်းကိုလည်းကောင်း, ကိလေသာ အမှိုက်သရိုက်ကိုလည်းကောင်း မထည့်သွင်းထိုက်ပေဟု ဤသို့လျှင် ဘုရားရှင်သည် ဤအဆုံးအမ ဩဝါဒဖြင့်လည်း အရိဋ္ဌရဟန်းကိုပင်လျှင် နှိပ်ကွပ်တော်မူ၏။ (မ၊ဋ္ဌ၊၂၊၁၅-၁၆။)

အရိဋ္ဌရဟန်းကား လင်းတသတ်ဖူးသည့် အမျိုးအနွယ်မှ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြု လာသူ ဖြစ်၏။ သုတ္တန်တရားတော်၌ အထိုက်အလျောက် ကျွမ်းကျင်သူ သင်ယူဖူးသူ ဖြစ်သော်လည်း ဝိနည်းတရား တော်၌ကား ကျွမ်းကျင်လိမ္မာမှု မရှိပေ။ သို့အတွက် --- ဝိသာခါ အနာထပိဏ်တို့ကဲ့သို့သော လူဝတ်ကြောင်ဘဝ ဖြင့် ကာမဂုဏ်ကို ခံစားလျက် ရှိကြသော သူတို့သည်ပင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် စသည်ကို ရရှိနိုင်ပါ သေးလျှင် ရဟန်းတော်များလည်း ကာမဂုဏ်ကို ခံစားလျက် ရဟန်းတရားကို ပွားများအားထုတ်ပါက စျာန်မဂ်ဖိုလ် မရနိုင်စရာအကြောင်း မရှိ၊ ရနိုင်ရမည်သာဟု အယူရှိသူတစ်ဦး ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကိုပင် အကြောင်းပြု၍ ဘုရားရှင်က အလဂဒ္ဒူပမသုတ္တန်ကို ဟောကြားတော်မူရခြင်း ဖြစ်ပေသည်။

တတ္ထ ယော ဗုဒ္ဓဝစနံ ဥဂ္ဂဟေတွာ ဧဝံ စီဝရာဒီနိ ဝါ လဘိဿာမိ၊ စတုပရိသမဇ္ဈေ ဝါ ဇာနိဿန္တီတိ လာဘသက္ကာရဟေတု ပရိယာပုဏာတိ၊ တဿ သာ ပရိယတ္တိ အလဂဒ္ဒပရိယတ္တိ နာမ။ ဧဝံ ပရိယာပုဏတော ဟိ ဗုဒ္ဓဝစနံ အပရိယာပုဏိတွာ နိဒ္ဒေါက္ကမနံ ဝရတရံ။ (မ၊ဋ္ဌ၊၂၊၁၃။)

ထို ပရိယတ္တိ သင်ကြားနည်း (၃)မျိုးတို့တွင် အကြင်သူသည် ဘုရားရှင်၏ တရားစကားတော်ကို သင်ယူ၍ ငါသည် သင်္ကန်း စသော ပစ္စည်းလေးပါးတို့ကိုသော်လည်း ရရှိပေလိမ့်မည်၊ ပရိသတ်လေးပါးတို့၏ အလယ်၌မူ လည်း ငါ့ကို ချီးကျူးပူဇော်ပွဲများ ပြုလုပ်ကာ အသိအမှတ် ပြုကြလိမ့်မည်ဟု မျှော်လင့်တောင့်တလျက် လာဘ်လာဘ ရလိုမှု, အရိုအသေခံရမှုဟူသော လာဘသက္ကာရ အကြောင်းခံကြောင့် ပရိယတ္တိတရားတော်ကို သင်ယူ၏၊ ထိုသူ၏ ထိုပရိယတ္တိသည် အလဂဒ္ဒပရိယတ္တိ = အဆိပ်ရှိသော မြွေကို မဖမ်းတတ်ဘဲ ဖမ်းယူသည်နှင့် တူသော ပရိယတ္တိ မည်၏။ ဤကဲ့သို့သော မမှန်ကန်သော ဦးတည်ချက်ဖြင့် ပရိယတ္တိတရားတော်တည်းဟူသော ဘုရားစကားတော်ကို သင်ယူခြင်းထက် ဘုရားစကားတော်ကို မသင်ယူဘဲ အိပ်နေခြင်းက သာလွန်၍ မြတ်သေး၏။ (မ၊ဋ္ဌ၊၂၊၁၃။)

ယော ပန ဗုဒ္ဓဝစနံ ဥဂ္ဂဏှိတွာ သီလဿ အာဂတဋ္ဌာနေ သီလံ ပူရေတွာ, သမာဓိဿ အာဂတဋ္ဌာနေ သမာဓိ ဂဗံ႓ ဂဏှာပေတွာ ဝိပဿနာယ အာဂတဋ္ဌာနေ ဝိပဿနံ ပဋ္ဌပေတွာ မဂ္ဂဖလာနံ အာဂတဋ္ဌာနေ မဂ္ဂံ ဘာဝေဿာမိ ဖလံ သစ္ဆိကရိဿာမီတိ ဥဂ္ဂဏှာတိ၊ တဿ သာ ပရိယတ္တိ နိတ္ထရဏပရိယတ္တိ နာမ ဟောတိ။ (မ၊ဋ္ဌ၊၂၊၁၃-၁၄။)

အကြင်သူသည်ကား ဘုရားရှင်၏ ပရိယတ္တိတရားစကားတော်ကို သင်ယူ၍ သီလ၏ လာရှိရာ အရာဌာန၌ သီလကို ဖြည့်ကျင့်လျက်, သမာဓိ၏ လာရှိရာ အရာဌာန၌ သမာဓိတည်းဟူသော ကိုယ်ဝန်ကို ရအောင် ယူစေ လျက် တည်စေလျက်, ဝိပဿနာ၏ လာရာ အရာဌာန၌ ဝိပဿနာဉာဏ်ကို ဖြစ်စေ၍, မဂ်ဖိုလ်တို့၏ လာရာဌာန၌ မဂ်ဉာဏ်ကို ဖြစ်စေအံ့ ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုအံ့ဟူသော ဦးတည်ချက်ဖြင့် ပရိယတ္တိတရားတော်ကို သင်ယူ၏။ ထိုသူ၏ ထိုပရိယတ္တိတရားတော်သည် နိတ္ထရဏပရိယတ္တိ = သံသရာဝဋ်ဆင်းရဲမှ ထုတ်ဆောင်ပေးခြင်း ကူးခပ် လွန်မြောက်နိုင်ခြင်း အကျိုးရှိသော ပရိယတ္တိ မည်၏။ (မ၊ဋ္ဌ၊၂၊၁၃-၁၄။)

ဘဏ္ဍာဂါရိက ပရိယတ္တိ စာသင်နည်း

ယံ ပန ပရိညာတက္ခန္ဓော ပဟီနကိလေသော ဘာဝိတမဂ္ဂေါ ပဋိဝိဒ္ဓါကုပ္ပေါ သစ္ဆိကတနိရောဓော ခီဏာသဝေါ ကေဝလံ ပဝေဏိပါလနတ္ထာယ ဝံသာနုရက္ခဏတ္ထာယ ပရိယာပုဏာတိ၊ အယံ ဘဏ္ဍာဂါရိကပရိယတ္တီတိ။ (အဘိ၊ဋ္ဌ၊၁၊၂၄။)

ခီဏာသဝဿ ပန ပရိယတ္တိ ဘဏ္ဍာဂါရိကပရိယတ္တိ နာမ။ တဿ ဟိ အပရိညာတံ အပ္ပဟီနံ အဘာဝိတံ အသစ္ဆိကတံ ဝါ နတ္ထိ၊ သော ဟိ ပရိညာတက္ခန္ဓော ပဟီနကိလေသော ဘာဝိတမဂ္ဂေါ သစ္ဆိကတဖလော၊ တသ္မာ ဗုဒ္ဓဝစနံ ပရိယာပုဏန္တော တန္တိဓာရကော ပဝေဏိပါလကော ဝံသာနုရက္ခကောဝ ဟုတွာ ဥဂ္ဂဏှာတိ၊ ဣတိဿ သာ ပရိယတ္တိ ဘဏ္ဍာဂါရိကပရိယတ္တိ နာမ ဟောတိ။

ယော ပန ပုထုဇ္ဇနော ဆာတဘယာဒီသု ဂန္ထဓရေသု ဧကသ္မိံ ဌာနေ ဝသိတုံ အသက္ကောန္တေသု သယံ ဘိက္ခာစာရေန အကိလမမာနော အတိမဓုရံ ဗုဒ္ဓဝစနံ မာ နဿတု၊ တန္တိံ ဓာရဿောမိ၊ ဝံသံ ဌပေဿာမိ၊ ပဝေဏိံ ပါလေဿာမီတိ ပရိယာပုဏာတိ၊ တဿ ပရိယတ္တိ ဘဏ္ဍာဂါရိကပရိယတ္တိ ဟောတိ၊ န ဟောတီတိ။ န ဟောတီတိ။ ကသ္မာ? န အတ္တနော ဌာနေ ဌတွာ ပရိယာပုတတ္တာ။ ပုထုဇ္ဇနဿ ဟိ ပရိယတ္တိ နာမ အလဂဒ္ဒါ ဝါ ဟောတိ နိတ္ထရဏာ ဝါ၊ သတ္တန္နံ သေက္ခာနံ နိတ္ထရဏာဝ။ ခီဏာသဝဿ ဘဏ္ဍာဂါရိကပရိယတ္တိယေဝ။ (မ၊ဋ္ဌ၊၂၊၁၄။)

ကိလေသာအာသဝေါတရားတို့ ကုန်ခန်းပြီးသော ရဟန္တာအရှင်မြတ်၏ သင်ယူအပ်သော ပရိယတ္တိတရားတော်သည် ဘဏ္ဍာဂါရိကပရိယတ္တိ မည်၏။ ထို ရဟန္တာအရှင်မြတ်၏ သန္တာန်၌ကား ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိရသေးသော ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားဟူသည် မရှိသည်သာ ဖြစ်ခဲ့၏။ အရိယမဂ်တရား ဖြင့် မပယ်ရှားရသေးသော သမုဒယသစ္စာ အမည်ရသော ကံကိလေသာဟူသမျှသည် မရှိသည်သာ ဖြစ်ခဲ့၏။ မပွားအပ်သေးသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော မဂ္ဂသစ္စာတရားဟူသည် မရှိသည်သာ ဖြစ်ခဲ့၏။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်မပြုရသေးသော နိရောဓသစ္စာတရားဟူသည် မရှိသည်သာ ဖြစ်ခဲ့၏။ ထို ရဟန္တာအရှင်မြတ်သည် ---

၁။ ဒုက္ခသစ္စာ အမည်ရသော အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟူသော ပရိညာ ပညာ (၃)မျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိတော်မူပြီး ဖြစ်တော်မူ၏။

၂။ သမုဒယသစ္စာ အမည်ရသော ကံကိလေသာတရား မှန်သမျှကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ ပယ်ရှား တော်မူပြီး ဖြစ်၏။

၃။ မဂ္ဂသစ္စာ အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ပွားများပြီး ဖြစ်တော်မူ၏။

၄။ နိရောဓသစ္စာ အမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြု တော်မူအပ်ပြီးသော အရဟတ္တဖိုလ်ပညာ ရှိတော်မူ၏။ ယင်း အရဟတ္တဖိုလ်ပညာကိုလည်း ထိုးထွင်းသိပြီး ဖြစ်တော်မူ၏။

ထိုကြောင့် ထိုရဟန္တာအရှင်မြတ်သည် ပရိယတ္တိတရားတော်ကို သင်ယူသည်ရှိသော် ပါဠိတော်ဓမ္မ အစဉ် အတန်းကို = တန္တိဓမ္မကို ဆောင်ထားသောပုဂ္ဂိုလ် ဖြစ်လို၍, တရားတော်၏ အစဉ်အဆက် ပဝေဏိဓမ္မကို ထိန်း သိမ်းစောင့်ရှောက်လို၍, မြတ်စွာဘုရား၏ အနွယ်တော်ကို ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်လို၍သာလျှင် သင်ယူ တော်မူ၏။ ဤသို့လျှင် ထိုရဟန္တာအရှင်မြတ်၏ ထိုသင်ယူထားအပ်သော ပရိယတ္တိသည် ဘဏ္ဍာဂါရိကပရိယတ္တိ မည်ပေသည်။

အကြင် ပုထုဇန်ပုဂ္ဂိုလ်တစ်ဦးသည် ဆာလောင်မွတ်သိပ်ခြင်းဘေးဒုက္ခ စသည်တို့ ကျရောက်လာရာအခါ၌ ကျမ်းဂန်များကို ဆောင်ထားတော်မူနိုင်ကြကုန်သော မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့သည် တစ်နေရာတည်း၌ စုပေါင်းနေထိုင်ဖို့ရန် မစွမ်းနိုင်ကုန်လတ်သော် မိမိကိုယ်တိုင် ဆွမ်းခံကျင့်ဝတ်ဖြင့် မျှမျှတတ နေထိုင်လျက် မပင်မပန်းဘဲ အလွန် ချိုမြိန်ကောင်းမြတ်သော ဘုရားရှင်၏ တရားစကားတော်များသည် မပျောက်ပျက်ပါစေသတည်း၊ ပါဠိတော် ဓမ္မအစဉ် တန္တိကို ဆောင်ထားပေအံ့၊ မြတ်စွာဘုရား၏ တရားဓမ္မအနွယ်တော်ကို တည်တံ့အောင် ထားပေအံ့၊ တရားတော်၏ အစဉ်အဆက် = ပဝေဏီဓမ္မကို ထိန်းသိမ်း စောင့်ရှောက်ပေအံ့၊ ဤသို့ မွန်မြတ်သော ဦးတည်ချက်ဖြင့် ပရိယတ်တရားတော်ကို သင်ယူ၏။ ထိုပုထုဇန်ရဟန်းတော်၏ ထိုပရိယတ္တိ သည် ဘဏ္ဍာဂါရိကပရိယတ္တိ ဖြစ်လေသလော မဖြစ်လေသလော ဟူမူ --- မဖြစ်ဟူ၍ ဖြေဆိုလေရာ၏။ အဘယ် ကြောင့်နည်း ဟူမူ --- မိမိ၏ အရာဌာန၌ ရပ်တည်၍ သင်ယူထားအပ်သည် မဟုတ်သောကြောင့်ပင်တည်း။ မှန်ပေသည် --- ပုထုဇန်၏ ပရိယတ္တိမည်သည် အလဂဒ္ဒပရိယတ္တိသည်သော်လည်းကောင်း, နိတ္ထရဏပရိယတ္တိသည် သော်လည်းကောင်း တစ်ခုခုသာ ဖြစ်နိုင်၏။ သေက္ခအရိယာသူတော်ကောင်း (၇)ဦးတို့၏ ပရိယတ္တိသည် နိတ္ထရဏပရိယတ္တိသာ ဖြစ်နိုင်၏။ ကိလေသာအာသဝေါ ကွာလျော ကုန်ခန်းပြီးတော်မူကြကုန်သော အသေက္ခ = ရဟန္တာ အရှင်မြတ်တို့၏ ပရိယတ္တိသည် ဘဏ္ဍာဂါရိကပရိယတ်သာလျှင် ဖြစ်နိုင်၏။ (မ၊ဋ္ဌ၊၂၊၁၃-၁၄။)

အလဂဒ္ဒူပမာ ပရိယတ္တိ စာသင်နည်းကား အောက်လမ်းသွား ဖြစ်၏။ ပရိယတ္တိမာန်စွယ် ထောင်ခဲ့ပါမူ ထိုပရိယတ္တိမာန်စွယ်သည် ---

အဘဗ္ဗာ ဣမေ ဣမံ မာနခိလံ အနုပဟစ္စ မဂ္ဂံ ဝါ ဖလံ ဝါ သစ္ဆိကာတုံ။ (မ၊ဋ္ဌ၊၁၊၁၈။)

မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုပင် မရအောင် တားမြစ်ထားနိုင်သော စွမ်းအားရှိ၏။ ယင်းပရိယတ္တိမာန်စွယ်တည်း ဟူသော ငြောင့်တံသင်းကို မပယ်နှုတ်နိုင်သမျှ ကာလပတ်လုံး မဂ်ဉာဏ်ကိုလည်းကောင်း, ဖိုလ်ဉာဏ်ကိုလည်း ကောင်း မျက်မှောက်ပြုခြင်းငှာ မစွမ်းနိုင်ပေ။

ပုထုဇန်သူတော်ကောင်းတို့၏ နိတ္ထရဏစာသင်နည်းကား အထက်တန်းကျလှ၏၊ စာပေတတ်လျှင် ဘုရားရှင် ၏ တရားတော်ကို သိရှိခွင့် ရလိမ့်မည်၊ သိရှိသည့်အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တည်း ဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက်အပ်သော သာသနဗြဟ္မစရိယနှင့် မဂ္ဂဗြဟ္မစရိယ တည်းဟူသော အမြတ်ဆုံးကျင့်စဉ်ကို ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့် ရရှိလိမ့်မည်ဟု ဝမ်းမြောက် ဝမ်းသာ သင်ယူကာ တကယ်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၏။ စာပေ ပိဋကတ်တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ် ကြည့်ရှု၍ မိမိ၏ စိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်၏၊ သီလရေစင်ဖြင့် ဆေးကြောသုတ်သင်၏၊ သမာဓိတည်းဟူသော ရေစင်ဖြင့် ဆေးကြောသုတ်သင်၏၊ ပညာတည်း ဟူသော ရေစင်ဖြင့် ဆေးကြောသုတ်သင်၏။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်လျက် သမာဓိတည်းဟူသော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေးထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ကိလေသာထု အစိုင်အခဲကို ပြိုကွဲအောင် ဖြိုခွဲ၏။ သူတစ်ပါးတို့အားလည်း မိမိကဲ့သို့ အလားတူကျင့်နိုင်အောင် သင်ကြား ပို့ချ ပေး၏။

ဤသို့စသော မွန်မြတ်၍ အထက်တန်းကျသော ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ပရိယတ္တိတရားတော်ကို သင်ယူ၍ တတ်မြောက်သောအခါ၌လည်း ပစ္စည်းလာဘ်လာဘ ပေါများမှု ဒါယကာ ဒါယိကာမ ပေါများမှုကို ဂရုမစိုက်ဘဲ မူလရည်ရွယ်ရင်းအတိုင်းပင် သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့ကျင့်သော ပုဂ္ဂိုလ်၏ ပရိယတ္တိ စာပေ သင်ကြားတတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပေ သည်။ သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ ထွက်မြောက်ကြောင်းအစစ် ဖြစ်သော နိဿရဏတ္ထ ပရိယတ္တိ စာသင်နည်း အစစ်ပင် ဖြစ်ပေသည်။

အချို့ သူတော်ကောင်းတို့မှာ စာပေပရိယတ္တိကို မတတ်သိခင်က စိတ်ထားမတတ်ကြ၍ စာမေးပွဲ အောင် လိုခြင်း, နာမည်ကြီးလိုခြင်း စသော ရည်ရွယ်ချက်များ ရှိတန်သလောက် ရှိသော်လည်း စာပေကျမ်းဂန် တတ်မြောက် လာသောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်းနှလုံးကောင်း ရှိလာ၏၊ ထိုပုဂ္ဂိုလ်မျိုးကား ရေမပြည့်ခင် ဗောင်ဗင်ခတ်နေသော အိုးသည် ရေပြည့်လာသောအခါ ငြိမ်သက်လာသကဲ့သို့ ဖြစ်သည့်အတွက် အထက်တန်း သို့ တက်လှမ်းဖို့အကြောင်း နိတ္ထရဏလမ်းကောင်းကို တစ်ဖန်ရရှိသူပင် ဖြစ်ပါသည်။ ငယ်ရွယ်သူဟူသမျှတို့သည် စာပေတတ်မြောက်လာသောအခါ ဤကဲ့သို့သော နိတ္ထရဏလမ်းကောင်းသို့ လျှောက်နိုင်ကြပါစေသတည်း။

အဆင်းမာန် --- အလှဂုဏ်အတွက် မာန်တက်ခြင်းကို အဆင်းမာန်ဟု ခေါ်၏။ ရှေးရှေးဘဝများစွာက သီလ စင်ကြယ်ခဲ့ခြင်း, ပန်း စသည်ကို လှူဒါန်းခဲ့ခြင်း, ဘုရားဝင်း ကျောင်းဝင်း စသည်တို့၌ အမှိုက်သရိုက် အညစ်အကြေးတို့ကို သုတ်သင် (= သုဓ်သင်) ရှင်းလင်းခဲ့ဖူးခြင်း စသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘဝ၌ ပရိသတ်အလယ်၌ တင့်တယ်ဝင်းစက် အလင်းထွက်၍နေခြင်းမှာ မာန်တက်မည်ဆိုလျှင် မာန်တက်လောက်ပါ ပေသည်။

သုဘဒ္ဒါ၏ (၁၂)တောင်တိုက်ခန်း၌ မီးမထွန်းဘဲ ကိုယ်မှထွက်သော အရောင်များ လင်းနေခြင်း ရုပ်အဆင်း၏ အလွန် လှပတင့်တယ်ခြင်းတို့မှာ ---

၁။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍,

၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းစုကို,

၃။ အလွန်ကြည်လင်သော စိတ်ထားဖြင့်,

၄။ ကံ-ကံ၏အကျိုးတရားကို အထူးသက်ဝင်ယုံကြည်သော သဒ္ဓါ ပြဓာန်းလျက်,

၅။ အရှင်ပစ္စေကဗုဒ္ဓါကဲ့သို့သော သီလရှိသော အရှင်ကောင်း အရှင်မြတ်တို့၌ ဒါနတည်းဟူသော ကုသိုလ်မျိုးစေ့ ကို ကြဲချ စိုက်ပျိုးခဲ့၏။

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

ရဟန်းတို့ ...သီလရှိသော ပုဂ္ဂိုလ်၏ စိတ်၏ တောင့်တချက်ဟူသမျှသည် သီလ စင်ကြယ်နေသည့်အတွက်ကြောင့် မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ (အံ၊၃၊၇၁။)

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ သီလရှိသော ကောင်းမှုရှင်၏ တောင့်တသည့် အလိုဆန္ဒအတိုင်း ဖြစ်ပေါ်လာရသော မက်မောဖွယ် ဂုဏ်ကျက်သရေများပင် ဖြစ်ကြ၏။

သို့ရာတွင် မိမိ၏ အဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသည့်အခါ ဒေါသကင်းစင် စိတ်ကြည်လင်လျက် ရေလှူခြင်း ပန်းလှူခြင်း စသော ကုသိုလ်ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘဝရောက်မှ အလှဂုဏ် မောက်၍ သူတစ်ပါးအပေါ်၌ အဘက်မထင်အောင် ဟန်ကြီးပန်ကြီးနှင့် မာန်မလုပ်သင့်ပေ။ ရုပ်ရည် လှပနေ သော ကိုယ်တွင်း၌ သန့်ရှင်းသော စိတ်အစဉ်ကို အထပ်ထပ် မွေးမြူကာ အရာရာ သိမ်မွေ့လျက် ဣန္ဒြေရှင် သူတော်စင် ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပေသည်။

နိဗ္ဗာန်သို့ ဝင်စံသွားတော်မူကြပြီးသော သူတော်စင်ကြီးတို့မှာ ယခုတင်ပြခဲ့သော ဇာတိမာန် စသည်တို့ တက်မည်ဆိုလျှင် မိုးထိအောင် လှေကားမထောင်ဘဲ တက်နိုင်သူများ များကြ၏။ အချို့မှာ မာန်တက်လောက် အောင်ပင် ဘုရင် မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားလာရသော မင်းညီမင်းသားများ ဖြစ်ကြ၏။ ပညာအရာ တွင်လည်း ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်သူတို့ပင် ပါဝင်ကြ၏။ အမျိုးသမီးဘက်၌လည်း ဥပ္ပလဝဏ် ခေမာ ယသောဓရာ ဇနပဒကလျာဏီ စသော သူတော်ကောင်းတို့မှာ အမျိုးဥစ္စာ ပညာသာမက အလှဘက်တွင်လည်း တစ်ကမ္ဘာလုံးတွင် သရဖူဆောင်းနိုင်သူများပင် ဖြစ်ကြ၏။

ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက်ကြဘဲလျက်, ထိုမျှ အဆင့်အတန်း မမြင့်မားလှသေးသော အသင်သူတော်ကောင်းအနေဖြင့် မာန်မာနတွေ တက်နေမည်ဆိုလျှင် နက်နက်နဲနဲ တွေးကြည့်ပါက လေးလေးပင်ပင် ရှက်စရာကောင်းလှသည့် ရှက်ပွဲကြီးတစ်ခုနှင့် ကြုံတွေ့နေရခြင်းပင် ဖြစ်ပေသည်။

ထိုကြောင့် နှလုံးကိုလေပင့်၍ ဘဝင်မြင့်သူအလား ထောင်လွှားတက်ကြွ မာန်မာန ဖြစ်နေခြင်းသည် ဤ ဘဝ၌ပင် မဂ်ဖိုလ်နိဗ္ဗာန်ကို မရအောင် ထိုမာနက တားထားနိုင်ရုံသာမက သူတစ်ပါးတို့ မြင်ပြင်းကပ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေတတ်သည့် အပြုအမူတစ်ရပ်သာ ဖြစ်ပေသည်။ နောင်သံသရာခရီး အဆက်ဆက်တို့၌လည်း ဘဝဟူသည် ရှိနေသေးခဲ့သော်, မိမိကိုယ်ကို အထင်ကြီးကာ သူတစ်ပါးတို့ကို အထင်သေးကာ ယုတ်နိမ့်သော အရာ၌ ထားလျက် ဆက်ဆံတတ်သော ထိုစိတ်နေစိတ်ထားက မိမိ အမျိုးယုတ်ညံ့ဖို့အကြောင်း မကောင်းသက် သက် တရားတစ်ခုသာ ဖြစ်ပေသည်။ သို့ဖြစ်ရကား ယခုဘဝဝယ် ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သ လောက် အထက်တန်းသို့ ရောက်နေသော်လည်း နောင်သံသရာခရီးသည် မိမိအတွက် ထင်ရှားရှိနေသေးခဲ့လျှင် နောက်ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက် မြင့်ဖို့အရေးကိုသာ ရွယ်ကိုး၍ --- အစွယ်ကျိုးသော မြွေ, ဦးချို ကျိုး သော နွား, ခြေသုတ်ကြိုးဝန်း ခြေသုတ်ပုဆိုးအလား --- ကဲ့သို့ မိမိတို့၏ မာန်စွယ်ကို နှုတ်ပယ်နိုင်ကြပါစေသောဝ်။

သမ္ပဂ္ဂဟရသ --- မာနသည် မိမိကိုယ်တိုင်က အပေါ်စီးက နေလိုခြင်း မြောက်ကြွခြင်းသဘော ရှိသည့် အားလျော်စွာ သမ္ပယုတ်တရားတို့ကိုလည်း မြောက်ကြွကြွ ခပ်ထောင်ထောင် ခပ်မောက်မောက်နေအောင် ချီးပင့်ပေးခြင်း မြှောက်စားခြင်း မြှောက်ပေးခြင်း လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ပေသည်။

ဥန္နမနဝသေနေဝ သံပဂ္ဂဟရသော (သမ္ပဂ္ဂဟရသော)။ န ဝီရိယံ ဝိယ တံတံကိစ္စသာဓနေ အဗ္ဘုဿဟနဝသေန။ ဩမာနဿာပိ အတ္တာနံ အဝံ ကတွာ ဂဟဏမ္ပိ သမ္ပဂ္ဂဟဏဝသေနေဝါတိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၁၅၁။ မူလဋီ၊၁၊၁၂၁။)

ဝီရိယ၏ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်းနှင့် မာန၏ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း လုပ်ငန်း ကိစ္စ နှစ်မျိုးတို့သည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ မာနကား --- စိတ်ဓာတ်တက်ကြွ မြင့်မောက်သည်၏ အစွမ်း ဖြင့်သာလျှင် သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း မြှောက်ပေးခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်၏။ မိမိကိုယ်တိုင် ကလည်း မြင့်မောက်၍ = ဘဝင်မြင့်၍ သမ္ပယုတ်တရားတို့ကိုလည်း မြင့်မောက်အောင် ဘဝင်မြင့်အောင် ပြုလုပ် ပေးသော သဘော ဖြစ်၏။ ဝီရိယကား ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ ဖြစ်စေ, အကုသိုလ်ရေးဆိုင်ရာ လုပ် ငန်းရပ်၌ပင် ဖြစ်စေ ထိုထိုကိစ္စကို ပြီးစီးအောင် မိမိဝီရိယ ကိုယ်တိုင်ကလည်း လွန်စွာ ကြိုးစားအားထုတ်လျက် သမ္ပယုတ်တရားတို့ကိုလည်း လွန်စွာ ကြိုးစားအားထုတ်စေသည်၏ အစွမ်းဖြင့် သမ္ပယုတ်တရားတို့ကို ချီးမြှောက် ပေးခြင်း အားပေးထောက်ပံ့ခြင်း သဘောတည်း။

မာနသည် --- ငါသည် အရာရာတွင် သူများအောက် နိမ့်ကျ၏ဟု မိမိကိုယ်ကို အောက်တန်းသို့ ချ၍ စွဲ ယူခြင်း မာန်မူခြင်း = ဟီနမာန်ပင် ဖြစ်သော်ငြားလည်း --- သင်းတို့က ငါ့ထက်သာတော့ကော သင်းတို့ကို ငါက ဘာအရေးစိုက်စရာ ရှိသလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရတာပါ --- ဤသို့စသည်ဖြင့် မိမိကိုယ်ကို = သမ္ပယုတ် တရားစုကို ချီးပင့် မြှောက်စားသည်၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်တတ်သည်ဟု မှတ်ပါ။ သေယျမာန် သဒိသမာန် တို့၌ကား ဆိုဖွယ်ရာပင် မရှိတော့ ဟူလိုသည်။

ကေတုကမျတာပစ္စုပဋ္ဌာန် --- မာနသည် မိမိကိုယ်တိုင်က မြောက်ကြွခြင်း ခပ်ထောင်ထောင်နေခြင်း, သမ္ပယုတ်တရားတို့ကိုလည်း မြောက်ကြွကြွ ဖြစ်နေအောင် ခပ်ထောင်ထောင်နေအောင် မြှောက်ပေးခြင်း လုပ်ငန်း ကိစ္စရပ်ကို ပြုလုပ်ခြင်းကြောင့် ထိုမာနကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်မြတ်၏ ဉာဏ်တွင် တုရင်မှန်ကင်းကဲ့သို့ တက်ကြွ မြင့်မောက်အောင် အပေါ်စီးရအောင် ပြုလုပ်လိုသော သဘောတရားဟု ရှေးရှု ထင်လာပေသည်။

ကေတု --- ကေတုကို ရှေးဆရာမြတ်တို့က တုရင်မှန်ကင်းဟု ဘာသာပြန်ဆိုတော်မူကြ၏၊ စုလစ်မွမ်းချွန် အထွတ်တပ်ထားသော အဆောက်အဦတွင် အမြင့်ဆုံးသော အချွန်ကို တုရင်ဟုလည်းကောင်း, မှန်ကင်းဟုလည်း ကောင်း ခေါ်ဆိုပေသည်။ တစ်ဖန် အောက်တွင် ဖေါ်ပြအပ်သော နိက္ခေပကဏ္ဍအဋ္ဌကထာကို ကြည့်၍ ကေတုကို အမြင့်မားဆုံး တံခွန်အလံဟုလည်း ဘာသာပြန်ဆိုတော်မူကြသည်။

ကေတု ဝုစ္စတိ ဗဟူသု ဓဇေသု အစ္စုဂ္ဂတဓဇော။ မာနောပိ ပုနပ္ပုနံ ဥပ္ပဇ္ဇမာနော အပရာပရေ ဥပါဒါယ အစ္စုဂ္ဂတဋ္ဌေန ကေတု ဝိယာတိ ကေတု၊ ကေတုံ ဣစ္ဆတီတိ ကေတုကမျံ၊ တဿ ဘာဝေါ ကေတုကမျတာ၊ သာ ပန စိတ္တဿ၊ န အတ္တနော။ တေန ဝုတ္တံ ကေတုကမျတာ စိတ္တဿာတိ။ မာနသမ္ပယုတ္တဥှိ စိတ္တံ ကေတုံ ဣစ္ဆတိ၊ တဿ စ ဘာဝေါ ကေတုကမျတာ၊ ကေတုသင်္ခါတော မာနောတိ။ (အဘိ၊ဋ္ဌ၊၁၊၄၀၄။)

ကေတု ဝုစ္စတိ အစ္စုဂ္ဂတဓဇော၊ ဣဓ ပန ကေတု ဝိယာတိ ကေတု၊ ဥဠာရတမာဒိဘာဝေါ။ တံ ကေတုဘာဝသင်္ခါတံ ကေတုံ ကာမေတီတိ ကေတုကမျံ၊ စိတ္တံ။ ယဿ ဓမ္မဿ ဝသေန ကေတုကမျံ၊ သာ ကေတုကမျတာ။ (မဟာဋီ၊၂၊၁၅၁။)

များစွာ စိုက်ထူထားအပ်ကုန်သော တံခွန်အလံတို့တွင် အလွန် မြင့်တက်နေသော အမြင့်မားဆုံး တံခွန် အလံကို ကေတုဟူ၍ ခေါ်ဆို၏။ မာနသည်လည်း သတ္တဝါတစ်ဦး၏ နာမ်သန္တတိအစဉ်၌ ကြိမ်ဖန်များစွာ ဖြစ် လတ်သော် ရှေးရှေးသော မာနတို့၏ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော နောက်နောက်သော မာနတို့သည် ရှေးရှေးက ဖြစ်သွားကြပြီးကုန်သော အခြား အခြားသော မာနတို့ကို ထောက်စာ၍ အလွန်မြင့်တက်သည်၏ အဖြစ်တည်းဟူသော အနက်သဘောကြောင့် အမြင့်မားဆုံး တံခွန်အလံနှင့် တူရကား ကေတု အမည်ရပေသည်။

ကေတုကမျ --- အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလား တောင့်တတတ်သော စိတ်သည် ကေတုကမျ မည်၏။

ကေတုကမျတာ --- ထိုအမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလားတောင့်တသော စိတ်ဓာတ် ဖြစ်ပေါ်လာရန် အကြောင်းရင်း ဖြစ်သော သဘောတရားသည် = မာနသည် ကေတုကမျတာ မည်၏။ ထိုကေတုကမျတာဟူသည် စိတ်၏ ကေတုကမျတာတည်း၊ အတ္တ၏ ကေတုကမျတာ ကား မဟုတ်ပေ။ ထိုကြောင့် ကေတုကမျတာ စိတ္တဿ --- ဟု ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ မှန်ပေသည် --- မာနနှင့် ယှဉ်သော စိတ်သည် အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလားတတ်၏၊ ထိုစိတ်မျိုး ဖြစ်ပေါ်လာရန် အကြောင်းရင်းသဘောတရားသည် ကေတုကမျတာ မည်၏။ ထိုသဘောတရားကား ကေတုဟု ခေါ်ဆိုအပ်သော မာနပင်တည်း။ ထိုကြောင့် ယင်းမာနကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ယင်းမာနသည် အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း, အလွန်မောက်မာခြင်းကို လိုလားတောင့်တတတ်သော စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာအောင် ပြုလုပ်လိုသော သဘောတရားဟု ရှေးရှုထင်လာပေသည်။

၁။ ကေတု ဝိယ ကေတု၊ ဥဠာရတမာဒိဘာဝေါ = အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်း စသည် ဖြစ်မှု သဘောတရားသည် ကေတု မည်၏။

၂။ ကေတုံ ကာမေတီတိ ကေတုကမျံ၊ စိတ္တံ = အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန် မောက်မာခြင်း စသည် ဖြစ်မှုဟု ဆိုအပ်သော ကေတုကို လိုလားသော စိတ်။

၃။ ကေတုကမျဿဘာဝေါ ကေတုကမျတာ = ကေတုကို လိုလားသော စိတ်ဖြစ်ကြောင်း သဘောတရား = ကေတုဟု ခေါ်ဆိုအပ်သော မာန ---- ဤသို့ အဆင့်ဆင့် ပြုလေ။

ပဒဋ္ဌာန် --- အဟန္တိ ပဝတ္တနတော မာနဿ ဒိဋ္ဌိသဒိသီ ပဝတ္တီတိ သော ဒိဋ္ဌိယာ သဒ္ဓိံ ဧကစိတ္တုပ္ပါဒေ န ပဝတ္တတိ၊ အတ္တသိနေဟသန္နိဿယော စာတိ အာဟ ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနောတိ။ (မဟာဋီ၊၂၊၁၅၁။)

ဒိဋ္ဌိသည် လောကီဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ဓမ္မသင်္ခါရတရားစုကို အတ္တဟု စွဲလမ်း၏၊ စွဲယူ၏။ မာန သည် ထိုလောကီဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ဓမ္မသင်္ခါရတရားစုကိုပင် အဟံ = ငါဟု မှတ်ထင်၏၊ စွဲယူ၏။ ဒိဋ္ဌိနှင့် မာန နှစ်မျိုးလုံးသည် လောကီခန္ဓာငါးပါးကိုချည်း ---

၁။ ဒိဋ္ဌိက --- အတ္တဟုလည်းကောင်း,

၂။ မာနက --- အဟံ = ငါဟုလည်းကောင်း ----

အသီးအသီး စွဲလမ်းမှတ်ထင်သောကြောင့် မာနသည် ဒိဋ္ဌိနှင့် တူသော ဖြစ်ခြင်း ရှိပေသည်။ ဤ၌ ဒိဋ္ဌိသဒိသီ ပဝတ္တိ = မာနသည် ဒိဋ္ဌိနှင့် တူသော ဖြစ်ခြင်း ရှိသည်ဟု ဆိုရာဝယ် သဘောချင်း လိုက်လျောညီမျှသော အတူ မျိုးကား မဟုတ်၊ ဆန့်ကျင်ဘက် နှစ်ဦးတို့ သူနိုင်ငါနိုင် ယှဉ်ပြိုင်သည့် ပြိုင်ဆိုင်မှုခြင်းတူသည့် တူသော ဖြစ်ခြင်း မျိုးကို ဆိုလိုပေသည်။ ဒိဋ္ဌိကလည်း လောကီခန္ဓာငါးပါးကို အတ္တဟု တစ်ဘက်သတ် စွဲယူ၏။ မာနကလည်း ယင်းလောကီ ခန္ဓာငါးပါးကိုပင် အဟံ = ငါဟု တစ်ဘက်သတ် စွဲယူ၏။ ဤသို့ တစ်ဘက်သတ် စွဲယူပုံခြင်း တူရကား မာနသည် ဒိဋ္ဌိနှင့် အတူတကွ ယှဉ်တွဲ၍ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ မဖြစ်နိုင်ပေ။ ယင်းသို့ ဒိဋ္ဌိနှင့် မယှဉ်နိုင်လျှင် မာနသည် ဒေါသ စသည်တို့နှင့် ယှဉ်ပါတော့လောဟု ဆိုငြားအံ့။ မာန၏ အဟံ = ငါဟု စွဲလမ်းမှတ်ထင်မှုသည် အတ္တသိနေဟ = မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း လောဘသာလျှင် မှီရာ အရင်းခံ ရှိ၏။ လောဘနှင့်သာ ယှဉ်တွဲ၍ ဖြစ်နိုင်ခွင့် ရှိ၏။ ထိုကြောင့် ဒိဋ္ဌိနှင့် မယှဉ်သော ဒိဋ္ဌိဝိပ္ပယုတ္တလောဘသည်သာလျှင် မာနဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတစ်ရပ် ဖြစ်ရပေသည်။ မာနရှိသူသည် စိတ်ကြီးဝင်ကာ ဘဝင်မြင့် နေတတ်သဖြင့် အရူးနှင့် တူ၏ဟူ၍ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

ပရိယတ္တိမာန်စွယ်

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မာနအမျိုးမျိုးရှိရာ မည်သည့်မာနမဆို မပယ်စွန့်နိုင်သေးပါက စျာန်မဂ်ဖိုလ်၏ အန္တရာယ်ပင် ဖြစ်နိုင်ပေသည်။ မူလပဏ္ဏာသပါဠိတော် မူလပရိယာယသုတ္တန် (မ၊၁၊၁။)တွင် လာရှိသော ရဟန်းတော် ငါးရာတို့ကား ဗေဒင်သုံးပုံကို တစ်ဘက်ကမ်းခပ်အောင် တတ်မြောက်ခဲ့ကြသည့် ဗြာဟ္မဏ လုလင်ဘဝမှ သာသနာဘောင်သို့ ကူးမြောက်လာသည့် သူတော်ကောင်းများ နောက်ဆုံးဘဝရှိသူ ပစ္ဆိမဘဝိကသား များပင် ဖြစ်ကြ၏။ သို့သော် သာသနာဘောင်သို့ ရောက်ရှိလာသောအခါ ဘုရားရှင်၏ ပိဋကတရားတော်များကို သင်ယူလိုက်သောအခါ ဉာဏ်အလွန်ထက်မြက်သည့် ပစ္ဆိမဘဝိကသားများ ဖြစ်ခြင်းကြောင့် မကြာမီ အချိန်ကာလ အတွင်းမှာပင် တတ်မြောက်သွားကြသည့်အတွက် ပရိယတ္တိမာန်စွယ်များ ထောင်လာကြ၏၊ ဘုရားရှင် အပေါ်၌ သော်ပင် ရိုသေလေးစားမှု ကင်းလာကြ၏။ ဘုရားရှင်အား ခစားဖို့ရန် တရားနာယူဖို့ရန် အမြဲတမ်း မလာကြ တော့ပေ။ ဘုရားရှင်သည် လိင်သုံးပါး ပုဒ်လေးပါး ဝိဘတ်ခုနစ်သွယ်တို့ကို လွှတ်၍ ဘာကိုမျှမဟောကြားနိုင်၊ ဤသို့ ဟောကြားလိုက်လျှင်လည်း ငါတို့အဖို့ ဂဏ္ဌိပဒ မည်သော ခက်ခဲသော အထုံးအဖွဲ့မည်သည် မရှိပေဟု မာန်မူနေကြ၏။

အဘဗ္ဗာ ဣမေ ဣမံ မာနခိလံ အနုပဟစ္စ မဂ္ဂံ ဝါ ဖလံ ဝါ သစ္ဆိကာတုံ။ (မ၊ဋ္ဌ၊၁၊၁၈။)

ဤရဟန်းတို့သည် မာနတည်းဟူသော ငြောင့်တံသင်းကို မပယ်နုတ်ကြကုန်မူ၍ အရိယမဂ်ကိုသော်လည်း ကောင်း အရိယဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုခြင်းငှာ မထိုက်တန်ကြကုန်။ (မ၊ဋ္ဌ၊၁၊၁၈။)

ဘုရားရှင်သည် ထိုရဟန်းတို့၏ စိတ်ဓာတ် ကျက်စားကျင်လည်နေပုံကို သိရှိတော်မူ၍ မာန ငြောင့်တံသင်း ကို မပယ်နုတ်နိုင်သမျှ မဂ်ဖိုလ်ကို မရနိုင်ဟုလည်း သိရှိတော်မူ၍ ထိုရဟန်းတို့၏ သုတပရိယတ္တိကို အမှီပြု၍ ဖြစ်ပေါ်လာသော မာနကို အကြောင်းအဋ္ဌုပ္ပတ် ပြုတော်မူ၍ ဒေသနာတော်၌ ကျွမ်းကျင် လိမ္မာတော်မူသော ဘုရားရှင်သည် ထိုရဟန်းတို့၏ သုတပရိယတ္တိမာန်ကို နှိမ်ချိုးတော်မူရန်အလို့ငှာ သဗ္ဗဓမ္မမူလပရိယာယ အမည် ရသော ဒေသနာတော်ကို အားသစ်တော်မူရပေသည်။ (မ၊ဋ္ဌ၊၁၊၁၈။) ထိုဒေသနာတော်ကို ကြားနာရပြီးသောအခါ ထိုရဟန်းတို့၏ သန္တာန်၌ မာနများ လျှောကျသွား၏။ မူလပရိယာယဇာတ်တော် (ခု၊၅၊၆၈။)ကိုလည်း ဆက်လက် ဟောကြားတော်မူ၏။ မာန်မာနများ လျှောကျသွားပြီးသောအခါမှ ထိုရဟန်းတို့သည် ဘုရားရှင်အပေါ်၌ ရိုသေ တုပ်ဝပ်သည့် ဂါရဝတရား ရှေးရှူကာ သမထ ဝိပဿနာဘာဝနာတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူကြ၏။ ထိုရဟန်းတော်များ တစ်ချိန် ဣန္ဒြေရင့်ကျက်လာသောအခါ ဝေသာလီပြည် ဂေါတမကစေတီတော်၌ သီတင်းသုံးတော်မူစဉ် ဂေါတမကသုတ္တန် (အံ၊၁၊၂၈၀။)ကို ဟောကြားပေးတော်မူရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ အရှင်မြတ်တို့ ဖြစ်သွားတော်မူကြသည်။ (မ၊ဋ္ဌ၊၁၊၆၁။)

ဗြဟ္မဒဏ် အပေးခံရခြင်း

ဘုရားရှင်နှင့် ဖွားဘက်တော် ငယ်ကျွန်တော်ရင်း ဖြစ်သည့် အရှင်ဆန္နမထေရ်သည်လည်း ဘုရားရှင်နှင့် ဖွားဘက်တော် ဖြစ်ရခြင်း, မြေမှုန့်ကစားဘက် ဖြစ်ခဲ့ရခြင်း, မိမိ၏ အရှင်သခင်ရင်း ဖြစ်ခဲ့ခြင်း, တောထွက်တော်မူ သည့်တိုင်အောင် လိုက်ပို့ခဲ့ရခြင်း စသည်တို့ကို အကြောင်းပြု၍ ငါတို့အရှင်၏ သား, ငါတို့ဘုရား, ငါတို့တရားဟု ဂုဏ်ယူဝင့်ကြွားကာ အရှင်သာရိပုတ္တရာ စသော မထေရ်မြတ်ကြီးတို့ကို နောက်ပေါက်သည့် ရွှေကြာပင်တွေဟု အယူရှိခဲ့၏၊ နှုတ်ကလည်း ကြမ်းတမ်း၏။ ဤမာန်မာနကို အကြောင်းပြု၍ တရားထူး တရားမြတ်ကို မရနိုင် ကြောင်းကို ဘုရားရှင်က သိတော်မူသဖြင့် ပရိနိဗ္ဗာန်စံတော်မူမည့် ညဉ့်တွင် အရှင်ဆန္နမထေရ်အား ဗြဟ္မဒဏ် ပေးရန် အရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့၏။

ဒါရုက္ခန္ဓောပမသုတ္တန် (သံ၊၂၊၃၈၆-၃၈၇။) အရမူ မာနကြီးနေသူကား သမ္မာဒိဋ္ဌိရေယဉ်ကြောတွင် မျော ပါလာရင်း ရေလည်ခေါင် သောင်ပေါ်၌ တင်နေသည့် သစ်တုံးတစ်တုံးပင် ဖြစ်သည်။ နေရာတကာတွင် အဘက် ဘက်က အသာယူလိုသည့် စိတ်ဓာတ် ရှိသူကို သူတော်ကောင်းတို့၏ အမြင်ဖြင့် ကြည့်လိုက်ပါက သီလမှ ရှိမှ ရှိပါလေစဟု သံသယဖြစ်လောက်ဖွယ် အပြုအမူများကိုသာ ထိုပုဂ္ဂိုလ်သန္တာန်၌ တွေ့မြင်နေရမည် ဖြစ်သည်။

သို့သော် အရှင်ဆန္နမထေရ် ဗြဟ္မဒဏ် အခတ်ခံရပြီးနောက် သမထ ဝိပဿနာဘာဝနာတို့ကို ဆက်လက် ကြိုးပမ်းတော်မူရာ ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်သုံးချက် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော်လည်း ပဋိစ္စသမုပ္ပါဒ်ပိုင်းကို မရှုမိသဖြင့် မဂ်ဖိုလ် မဆိုက်နိုင် ဖြစ်နေရာ အရှင်အာနန္ဒာမထေရ်မြတ်က ကစ္စာနဂေါတ္တသုတ္တန် (သံ၊၁၊၂၅၇။)ကို ဟောကြားပေးတော်မူမှ သောတာပန် တည်သွားတော်မူသည်။ နောက်ပိုင်း ဆက်လက်၍ ကြိုးပမ်းတော်မူရာ အရဟတ္တဖိုလ်၌ တည်သွားတော်မူလေသည်။ (သံ၊၂၊၁၀၈-၁၁၀။)

__________

၈။ ဒေါသ

ဒုဿန္တိ တေန, သယံ ဝါ ဒုဿတိ, ဒုဿနမတ္တမေဝ ဝါ တန္တိ ဒေါသော။

၁။ ဒေါသော စဏ္ဍိက္ကလက္ခဏော, ပဟဋာသီဝိသော ဝိယ၊

၂။ (က) ဝိသပ္ပနရသော, ဝိသနိပါတော ဝိယ၊

( ခ ) အတ္တနော နိဿယဒဟနရသော ဝါ, ဒါဝဂ္ဂိ ဝိယ၊

၃။ ဒုဿနပစ္စုပဋ္ဌာနော (= ဒူသနပစ္စုပဋ္ဌာနော), လဒ္ဓေါကာသော ဝိယ သပတ္တော၊

၄။ အာဃာတဝတ္ထုပဒဋ္ဌာနော, ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၈-၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

၁။ သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏။ တစ်နည်း --- သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏။ ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို သမ္ပယုတ်တရားတို့ကလည်း ဖျက်ဆီး၏၊ ဒေါသကလည်း ဖျက်ဆီး၏။ သမ္ပယုတ် တရားတို့၏ ပျက်စီးခြင်းမှာ ဒေါသကြောင့် ပျက်စီးရသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်း သဘောတရားလည်း ဖြစ်၏၊ သမ္ပယုတ်တရားတို့ကို ပျက်စီးအောင် ဖျက်ဆီးခြင်းမှာလည်း ဒေါသကြောင့်သာ ဖျက်ဆီးသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်း သဘောတရားလည်း ဖြစ်ပေသည်။

၂။ မိမိဒေါသ ကိုယ်တိုင်ကလည်း ပျက်စီးတတ်သော သဘောတရား ဖြစ်သောကြောင့် ဒေါသ မည်၏။ တစ် နည်း --- မိမိဒေါသ ကိုယ်တိုင်ကလည်း ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီး တတ်သော သဘော ဖြစ်သောကြောင့်လည်း ဒေါသ မည်၏။

၃။ တစ်နည်း --- ပျက်စီးခြင်းသဘောမျှသည် ဒေါသ မည်၏။ တစ်နည်း --- ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးခြင်းသဘောတရားမျှသည် ဒေါသ မည်၏။

[မှတ်ချက် --- ဤ၌ --- ဒုဿန္တီတိ ဗျာပဇ္ဇန္တိ။ (မဟာဋီ၊၂၊၁၅၁။) အရ ဒုဿန္တိ ဒုဿတိ ဒုဿန --- တို့ကို ပျက်စီးကုန်၏ ပျက်စီးတတ်၏ ပျက်စီးခြင်း --- ဟုလည်း ဆရာမြတ်တို့က ဘာသာပြန်ဆိုတော်မူကြ၏။ သို့သော် ပြည်ဆရာတော်ဘုရားကြီးကား ဖျက်ဆီးကုန်၏ ဖျက်ဆီးတတ်၏ ဖျက်ဆီးခြင်း -- ဟု ဘာသာပြန်ဆိုတော်မူ၏။ နှစ်နည်းလုံးမှာ အဓိပ္ပါယ်ရှိသည်ချည်းသာ ဖြစ်၏။]

ထိုဒေါသ၏ လက္ခဏ စသည်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---

၁။ (က) စိတ် (= ကိုယ် + စိတ်) ရုန့်ရင်း ခက်ထန် ကြမ်းတမ်းခြင်းသဘော

( ခ ) ခက်ထန်ကြမ်းတမ်းသော ကိုယ်စိတ် ဖြစ်ကြောင်းသဘော လက္ခဏ၊

(တုတ် လှံကန်ဖြင့် အပုတ်ခတ်ခံရသော မြွေဟောက်ကဲ့သို့ မှတ်ပါ။)

၂။ (က) မြွေဆိပ်တက်သကဲ့သို့ မိမိကိုယ်ကို ဖောက်ပြန် တုန်လှုပ်စေခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း - မြွေဆိပ်တက်သကဲ့သို့ ကိုယ်၏ ဖောက်ပြန် တုန်လှုပ်ခြင်း (သမ္ပတ္တိ) ရသ၊

( ဂ ) တောမီးကဲ့သို့ မိမိ၏ မှီရာ ဟဒယဝတ္ထုကို (ဝါ) ကိုယ်စိတ်ကို ပြင်းစွာ လောင်ကျွမ်းခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်စိတ်နှစ်ပါးကို, တစ်နည်း မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို

ဖျက်ဆီးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

(အခွင့်အလမ်း သာနေသော ရန်သူကဲ့သို့ မှတ်ပါ။)

၄။ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၉)ပါး သို့မဟုတ် (၁၀)ပါး ပဒဋ္ဌာန်၊

အဆိပ်နှင့် ရောနှောနေသော ကျင်ငယ်ပုပ်ကဲ့သို့ မှတ်ပါ။

လက္ခဏ --- စဏ္ဍိက္ကံ ကုဇ္ဈနံ။ (မဟာဋီ၊၂၊၁၅၁။)

မြွေပွေး မြွေဟောက်စသည့် မြွေဆိုးများကို တုတ်လှံကန်ဖြင့် ပုတ်ခတ်သည့်အခါ အမျက်ထွက်ကာ ရှူးကနဲ ထလာတတ်သကဲ့သို့ အလားတူပင် မနှစ်သက်ဖွယ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံလာသည့်အခါ ကိုယ်ရောစိတ်ပါ ခက်ထန်ကြမ်းတမ်းခြင်း = အမျက်ထွက်ခြင်း သဘောသည် ဒေါသ၏ သဘောလက္ခဏာ ဖြစ်သည်။

ဝိသပ္ပနရသ --- ဝိသပ္ပနအနိဋ္ဌရူပသမုဋ္ဌာနဝသေန အတ္တနော ပဝတ္တိအာကာရဝသေန စ ဝိသပ္ပနရသော။ (မူလဋီ၊၁၊၁၂၁။)

ဝိသပ္ပနာနိဋ္ဌရူပသမုဋ္ဌာနံ ယေန ကုပိတဿ သကလသရီရံ ကမ္ပတိ၊ ကုပိတာကာရော ပညာယတိ။ ဧတေန သမ္ပတ္တိအတ္ထော ရသော ဒဿိတော ဟောတိ၊ ပဝတ္တိအာကာရဝသေန ဝါ ဝိသပ္ပနရသော။ တထာ ဟိ ယဿ ကုပ္ပတိ၊ တဿ အမိတ္တဿ သမ္ပတ္တိ ယေဘုယျေန ပဋိဃုပ္ပတ္တိဟေတု ဟောတီတိ။ ဧတေန ကိစ္စတ္ထော ရသော ဝုတ္တော ဟောတီတိ။ (အနုဋီ၊၁၊၁၂၈။)

ဝိသပ္ပန-သဒ္ဒါသည် ---

၁။ ဝိတ္ထာရကရဏ = ကျယ်ပြန့်အောင်ပြုခြင်း,

၂။ ကြိယာဘေဒ = အမူအရာထူး ----

ဤအနက် နှစ်မျိုးကို ဟော၏။ ထိုကြောင့် မူလဋီကာဆရာတော်က နှစ်နည်း ဖွင့်ဆိုသွားတော်မူခြင်း ဖြစ် သည်။ ပထမနည်းကို သမ္ပတ္တိရသ, ဒုတိယနည်းကို ကိစ္စရသဟု အနုဋီကာဆရာတော်ကလည်း ထပ်မံ ဖွင့်ဆိုသွား တော်မူသည်။ ယင်းအဖွင့်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

သမ္ပတ္တိရသ --- ခန္ဓာကိုယ်ဝယ် အဆိပ်ကျရောက်သောအခါ အဆိပ်ပြင်းထန်လျှင် ပြင်းထန်သလို အဆိပ် ကျရောက်ရာ အရပ်မှ စ၍ တစ်ကိုယ်လုံးဝယ် အမြင်မကောင်းအောင် အနိဋ္ဌရုပ်များသည် ကျယ်ပြန့်၍သွားကြ၏။ ဤဥပမာအတူပင် ဒေါသတရားသည် ဖြစ်ပေါ်လာသောအခါ ဒေါသ၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရှိရာ နှလုံးအိမ်မှ စ၍ တစ်ကိုယ်လုံး၌ ဒေါသဦးဆောင်သည့်စိတ်ကြောင့် ဖြစ်သော အနိဋ္ဌ စိတ္တဇရုပ်များသည် အရုပ်ပျက်အဆင်းပျက် ဖြစ်လောက်အောင် ပျံ့နှံ့လျက်, ဒေါသအရှိန် မကုန်သမျှ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပွားနေ ကြ၏။ ယင်း အနိဋ္ဌ စိတ္တဇရုပ်များကြောင့်, မြစ်ရေယဉ်ကြော၌ မျှောချလိုက်သော နွားချေးချပ်ခြောက်ကဲ့သို့, ဖောက်ဖောက်ပြန်ပြန် ပျံ့နှံ့ ဖြစ်ပွားနေကြသော စိတ္တဇရုပ်များ၏ နောက်သို့လိုက်၍ ကမ္မဇ ဥတုဇ အာဟာရဇရုပ် တို့သည်လည်း တစ်ကိုယ်လုံး၌ ဖောက်ဖောက်ပြန်ပြန် ပျံ့နှံ့ ဖြစ်ပွားနေကြရ၏။ ယင်းသို့ ပျံ့နှံ့ ဖြစ်ပွားနေကြသော အနိဋ္ဌရုပ်များကြောင့် ဒေါသအမျက်ထွက်နေသူ၏ တစ်ကိုယ်လုံးသည် တုန်လှုပ်၍နေ၏၊ အမျက်ထွက်သော အခြင်းအရာသည် ထင်ရှားလာ၏။ ဤသို့ အနိဋ္ဌရုပ်များကို ပျံ့နှံ့စေ၍ ဒေါသဖြစ်ပုံ ထင်ရှားလာနိုင်ခြင်းသည်ကား ဒေါသ၏ အပြည့်အစုံ အပြင်းအထန် ဖြစ်ခြင်းပင်တည်း။ သမ္ပတ္တိရသတည်း။ မိတ်ဆွေစိတ်ဓာတ် မရှိသူ၏ သန္တာန်ဝယ် ဒေါသ၏ ပြည့်ပြည့်စုံစုံ ဖြစ်လာခြင်းပင်တည်း။

ကိစ္စရသ --- ခန္ဓာကိုယ်ဝယ် အဆိပ်ကျရောက်ခြင်းသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ခန္ဓာအိမ်၌ ဖောက်ပြန်သော အခြင်းအရာ ဖြစ်သကဲ့သို့ ထို့အတူ ဒေါသဖြစ်ခြင်းသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ စိတ်ဓာတ်၏ မူလပင်ကိုယ်သဘောမှ ဖောက်ပြန်သော အခြင်းအရာသာ ဖြစ်၏။ ယင်းအခြင်းအရာကို အမျက် ထွက်ခြင်းဟု ဆိုသည်။ တစ်ဖန် ယင်းဒေါသ ပြဓာန်းသောစိတ်ကြောင့် အနိဋ္ဌ စိတ္တဇရုပ်များသည်လည်း တစ်ကိုယ် လုံးဝယ် အနှံ့အပြား ဖြစ်နေကြ၏။ ကမ္မဇ ဥတုဇ အာဟာရဇဟူသော ကျန်စိတ္တဇရုပ်များသည်လည်း အနိဋ္ဌ စိတ္တဇရုပ်များ၏ ဦးဆောင်ရာသို့ လိုက်လျော၍ ဖြစ်နေကြ၏။ ယင်းသို့ အနိဋ္ဌရုပ်များ၏ တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်ပေါ်လာကြသောအခါ ခန္ဓာကိုယ်တစ်ခုလုံးသည် တဆတ်ဆတ် တုန်လှုပ်နေတတ်၏။ သို့အတွက် မိမိဖြစ်ပုံ အခြင်းအရာ၏ အစွမ်းအားဖြင့်လည်းကောင်း, ဖောက်ပြန် ရွေ့ရှား ပျံ့နှံ့သွားတတ်သော အနိဋ္ဌရုပ်တို့ကို ဖြစ်စေ သည်၏ အစွမ်းအားဖြင့်လည်းကောင်း ကိုယ်ကို တုန်လှုပ်စေခြင်းသည် ဒေါသ၏ ကိစ္စရသပင် ဖြစ်သည်။

တစ်နည်း --- ကိစ္စရသ --- ဒါဝဂ္ဂိခေါ်သော တောမီးများသည် များသောအားဖြင့် သစ်ကိုင်းချင်း ပွတ်တိုက်မှု ဝါးပင်ချင်း ပွတ်တိုက်မှု စသည်ကြောင့် ဖြစ်ပေါ်လာတတ်၏။ ထိုသို့ ဖြစ်ပေါ်လာသော တောမီးသည် ရှေးဦးစွာ မီးဖြစ်အောင် ပွတ်တိုက်နေသော သစ်ကိုင်း သို့မဟုတ် ဝါးတို့ကို ဦးစွာစ၍ လောင်ကျွမ်း၏။ ဤဥပမာအတူပင် ဒေါသကား, ဒေါသဂ္ဂိ = ဒေါသမီး စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပူလောင်သော မီးဓာတ်တစ်ခု ဖြစ်၏။ အာရုံနှင့် ဒွါရတို့ တိုက်ဆိုင်မိသောအခါ အယောနိသောမနသိကာရကို အကြောင်းခံလျက် တစ်ခါတစ်ရံ ဒေါသမီးသည် ထွက်ပေါ်လာတတ်၏။ ဒေါသထွက်လာသည့်အခါ ဒေါသနှင့်တကွ ယှဉ်ဖက်သမ္ပယုတ် တရားတို့သည်လည်း ပူပူလောင်လောင် သဘော ရှိကြ၏။ ထိုဒေါသ ပြဓာန်းသည့်စိတ်ကြောင့် ဖြစ်သော စိတ္တဇ ရုပ်များသည်လည်း ပူပူလောင်လောင်ပင် ရှိကြကုန်၏။ ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇော ဓာတ်၏ ဥဏှတ္တသဘောဟူသော ပူမှုသဘာဝသတ္တိစွမ်းအင်မှာ လွန်ကဲထက်မြက် စူးရှလာ၏။ ထိုစိတ္တဇရုပ်များနှင့် ခန္ဓာအိမ်တစ်ခုတည်း၏ အတွင်း၌ ပူးကပ် ရောယှက်လျက် ဖြစ်ကြရသော ကမ္မဇ ဥတုဇ အာဟာရဇရုပ်များသည် လည်း --- အိမ်တစ်အိမ်ကို မီးလောင်လျှင် အနီးအနား အိမ်များကိုပါ ကူးစက်၍ လောင်ကျွမ်းတတ်သကဲ့သို့ -- အပူဓာတ် ကူးစက်၍ ဟဒယဝတ္ထုရုပ်ကို စတင် လောင်မြိုက်တော့၏၊ နှလုံးအိမ်တစ်ခုလုံးကို လောင်မြိုက်ရာမှ တစ်စတစ်စ တစ်ကိုယ်လုံးသို့လည်း ပျံ့နှံ့သွားတတ်၏။ အသားအရေ နီမြန်းလာတတ်၏၊ တစ်ကိုယ်လုံး တဆတ် ဆတ် တုန်လှုပ်လာတတ်၏။ ဒေါသ၏ အရှိန်က အလွန်အားကြီးပါမူ မနောပဒေါသိကနတ်များကဲ့သို့ တစ်ခါတည်း ဘဝပြတ်အောင်ပင် နှလုံးအိမ်တစ်ခုလုံးကို လောင်ကျွမ်းသွားတတ်ပေသည်။ ထိုကြောင့် တောမီးကဲ့သို့ မိမိ၏ မှီရာစိတ်နှင့် ဟဒယဝတ္ထုရုပ်ကို လောင်မြိုက်ခြင်းသည်လည်း ဒေါသ၏ လုပ်ငန်းကိစ္စရပ် တစ်ခုပင် ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- ဖျက်ဆီးဖို့ရန် အခွင့်အလမ်း သာနေသော အခွင့်အရေး ရနေသော ရန်သူသည် မိမိ၏ ရန်သူအား ဖျက်ဆီးတတ်သကဲ့သို့ အလားတူပင် ဒေါသသည် ဒေါသ စွဲမှီ၍ ဖြစ်ရာ မိမိ၏ ခန္ဓာကိုလည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာ၌ ပျက်စီးအောင် ဖျက်ဆီးတတ်၏။ ရန်သူဟူသော သူတစ်ပါးကိုလည်း ပျက်စီးအောင် ဖျက်ဆီး တတ်၏။ သို့အတွက် မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းဒေါသတရားကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ တစ်နည်း --- ဒေါသဖြစ်လျှင် ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲရ၏။ ကိုယ်ရောစိတ်ပါ ပျက်စီးလည်း ပျက်စီးတတ်၏။ သို့အတွက် ကိုယ်စိတ်နှစ်ပါးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော သဘောတရားဟုလည်း ယောဂီတို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။

သတိ --- ထိုသို့ ဖျက်ဆီးရာ၌ --- သူတစ်ပါးကား ပျက်စီးသည်လည်း ရှိရာ၏၊ မပျက်စီးသည်လည်း ရှိရာ၏၊ မိမိမူကား အယုတ်သဖြင့် အရေအဆင်း ဖောက်ပြန်ခြင်း စသော အဖြစ်သို့ ရောက်ရှိ၍ စင်စစ်မချွတ် ပျက်စီး လေ၏။ အပါယ်၌ ကြီးပွားကြောင်း ကံများကို ဆည်းပူးပြီး စုဆောင်းပြီးလည်း ဖြစ်သွား၏။ သည်မျှသာမကသေး၊ မိမိအတွက် ဘဝဟူသည် နောက်ထပ် ထင်ရှားတည်ရှိနေပါသေးလျှင် နောင်သံသရာ ဘဝအဆက်ဆက်၌ အကျည်းတန် အရုပ်ဆိုးစေသည့် ကံများကိုလည်း ပြည့်ပြည့်စုံစုံ ထူထောင်ပြီးလည်း ဖြစ်သွားပေသည်။

ထိုကြောင့် ဒေါသမီးသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုံး၌ လောင်မြိုက်တတ်သော သဘောရှိရကား ဒေါသ ကြီးသောသူသည် အိုမင်းလွယ်သည်ဟု ကျမ်းဂန်များ၌ ဆိုချေသည်။ သူတစ်ပါးကို ပစ်ခတ်ခြင်းငှာ လက်ဖြင့် ကိုင်ယူသော မစင်သည် ကိုင်သူမိမိ၏ လက်ကို ဦးစွာလူးသကဲ့သို့, ထိုမစင်ဖြင့် အပစ်ခံရသော သူတစ်ပါးကား လူးသည်လည်း ရှိရာ၏, မလူးသည်လည်း ရှိရာ၏သို့ မှတ်ပါ။

ပဒဋ္ဌာန် - အာဃာတဝတ္ထု (၉) ပါး, (၁၀) ပါး

၁။ မိမိ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၂။ မိမိ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၃။ မိမိ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၇။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၈။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ယခု ပြုနေပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၉။ မိမိမုန်းသူ၏ အကျိုးစီးပွားကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၁၀။ အဋ္ဌာနကောပ = အရာမဟုတ်သည်၌ အမျက်ထွက်၏။

ဤ (၁၀)ပါးသည် ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၁၀)ပါး ဖြစ်သည်။ (အဘိ၊၁၊၂၁၆။ စာပိုဒ်-၁၀၆၆၊၊)

အဋ္ဌာနကောပ --- အဋ္ဌာန၌ ဌာန-သဒ္ဒါသည် ကာရဏ-အနက်ဟောတည်း၊ စိတ်ဆိုးခြင်း၏ အကြောင်း မဟုတ်ရာ၌ စိတ်ဆိုးခြင်းကို အဋ္ဌာနေကောပေါ အဋ္ဌာနကောပေါ --- အရ အဋ္ဌာနကောပဟု ခေါ်သည်။ အဋ္ဌာနကောပ = အရာဌာနမဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း အကြောင်းကို အဋ္ဌသာလိနီ အဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ဒေါသစရိုက် ထူပြောသော အချို့သောပုဂ္ဂိုလ်သည် ---

၁။ မိုးရွာလွန်း၏ဟု အမျက်ထွက်၏၊

၂။ မိုးမရွာဟု အမျက်ထွက်၏၊

၃။ နေပူလွန်း၏ဟု အမျက်ထွက်၏၊

၄။ နေမပူဟု အမျက်ထွက်၏၊

၅။ လေတိုက်ပြန်လည်း အမျက်ထွက်၏၊

၆။ လေမတိုက်ပြန်လည်း အမျက်ထွက်၏၊

၇။ တံမြက်လှည်းခြင်းငှာ မစွမ်းနိုင်၍ ဗောဓိရွက်တို့အား အမျက်ထွက်၏၊

၈။ လေတိုက်လွန်း၍ သင်္ကန်းရုံထားခြင်းငှာ မစွမ်းနိုင်၍ လေအား အမျက်ထွက်၏၊

၉။ တိုက်မိ၍ ချော်လဲသော် သစ်ငုတ်အား အမျက်ထွက်၏။

ဤသို့သော အရာဌာနမဟုတ်သည်၌ အမျက်ထွက်ခြင်းမျိုးကို ရည်ရွယ်၍ အဋ္ဌာနကောပ = အရာဌာန မဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်ပေါ်လာ၏ဟု ဘုရားရှင် သည် ဟောကြားတော်မူခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၉၉။)

တစ်ဖန် မူလဋီကာ၌ အဋ္ဌာနကောပ (၉)မျိုးကို ဆက်လက် ဖော်ပြထားပြန်၏၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ ငါ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၂။ ငါ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၃။ ငါ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊

၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊

၇။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၈။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၉။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏။

ဤသို့ ဖြစ်ပေါ်လာသော အမျက်ဒေါသသည်လည်း အရာဝတ္ထုမဟုတ်သည်၌ ဖြစ်ပေါ်လာသောကြောင့် အဋ္ဌာနကောပသာ ဖြစ်သင့်ပေသည်။ (မူလဋီ၊၁၊၁၆၈-၁၆၉။)

ဤမူလဋီကာဆရာတော်၏ ဖွင့်ဆိုချက်မှာ သုတ္တနိပါတအဋ္ဌကထာ ဥရဂသုတ် စာမျက်နှာ (၁၁)၌ လာရှိ သော ဖွင့်ဆိုချက်နှင့် တူညီလျက်ပင် ရှိ၏။ ယင်းဥရဂသုတ် အဋ္ဌကထာ၌ အာဃာတဝတ္ထု (၁၉)ပါး လာရှိပေသည်။ ယင်းတို့မှာ ---

၁။ ပထမ ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,

၂။ နောက်ထပ် မူလဋီကာက ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,

၃။ အဋ္ဌာနကောပ (၁)ပါး,

အားလုံးပေါင်းသော် (၁၉)ပါးတည်း။

သင်္ဂီတိသုတ် (ဒီ၊၃၊၂၁၈။), အာဃာတဝတ္ထုသုတ် (အံ၊၃၊၂၀၈။) တို့၌ ပထမဦးစွာ ဖော်ပြထားသော မူရင်း အာဃာတဝတ္ထု (၉)ပါး လာရှိပေသည်။ ဤအာဃာတဝတ္ထု အားလုံးသည်ပင် ဒေါသဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားများပင် ဖြစ်ပေသည်။

ဝိသသံသဋ္ဌ --- ဒေါသော ဥပယောဂဖလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။ (မူလဋီ၊၁၊၁၂၁။)

ဥပဘောဂဖလကာလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗောတိ သဗ္ဗေန သဗ္ဗံ အဂ္ဂဟေတဗ္ဗတံ ဒေဿတိ။ (မဟာဋီ၊၂၊၁၅၂။)

ကျင်ငယ်ရည်သည် သူချည်းသက်သက်ဖြစ်လျှင် ဆေးဖက်ဝင်သင့်သလောက် ဝင်သေးသော်လည်း အဆိပ် နှင့် ရောစပ်ထားသောအခါ ရောနှောနေသောအခါ သုံးဆောင်ခဲ့ပါမူ သို့မဟုတ် တစ်စုံတစ်ခုသော အရာဝတ္ထုနှင့် ရောစပ်၍လည်း သုံးစွဲခဲ့ပါမူ သုံးဆောင်ရာကာလ, အကျိုးပေးရာကာလတို့၌ စင်စစ် အနိဋ္ဌသာ ဖြစ်သောကြောင့် အချင်းခပ်သိမ်း စွန့်အပ် စက်ဆုပ်အပ်သကဲ့သို့ အလားတူပင် ဒေါသသည် စိတ်အစဉ်ဝယ် ယှဉ်တွဲ၍ ဖြစ်ခိုက်၌ လည်းကောင်း, ထိုဒေါသ ပြဓာန်းသော အကုသိုလ်ကံက အကျိုးကိုပေးရာကာလ၌လည်းကောင်း, စင်စစ် အနိဋ္ဌ သာ ဖြစ်သောကြောင့် အချင်းခပ်သိမ်း စက်ဆုပ်အပ် စွန့်အပ်သည်၏ အဖြစ်ကို အဋ္ဌကထာဆရာတော်က မိန့်မှာ တော်မူခြင်း ဖြစ်သည်။

စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းခြင်းသဘောကို ဒေါသဟု ဆိုသော်လည်း ရှူးရှူးရှဲရှဲ ခက်ထန်ခြင်းတစ်မျိုးသာ မဟုတ် စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသောစိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ၊ စိတ်နေပုံမှာ ဖွာ တာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမှု စိတ်အားငယ်မှု ကြောက်လန့်မှုများသည်လည်း ဒေါသသဘော ပင် ဖြစ်သည်။ စိတ်ညစ်မှု စိတ်မချမ်းသာမှု ကြောက်ရွံ့မှု စိတ်ပျက်မှု စိတ်ကောက်မှု စိတ်ဆိုးမှု ရန်ငြိုးဖွဲ့မှု ဆဲဆို ငေါက်ငမ်းမှု ခြိမ်းခြောက်မှု တိုက်ခိုက်မှု သေကျေပျက်စီးအောင်ကြံဆောင်မှု သတ်ပုတ်ညှဉ်းဆဲမှု အစုစုသည် ဒေါသချည်းတည်း။ ကြောက်လန့်မှု ကြမ်းတမ်းမှု နှစ်မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ထက်သန် သူတို့သည် = စိတ်ဓာတ် ခက်ထန်တင်းမာသူတို့သည် ကြောက်စရာရှိလျှင်လည်း ကြောက်လွယ်တတ်ကြသည်။ စိတ်ဓာတ် ကြမ်းတမ်းခက်ထန်မှုကို တက်ကြွသော ဒေါသ, ဝမ်းနည်းကြေကွဲမှု ကြောက်ရွံ့မှုကို ဆုတ်နစ်သော ဒေါသဟုလည်း ဆိုကြသည်။

အရှင်ဒေဝဒတ်၏ ဒေါသ

အရှင်ဒေဝဒတ်ကား ပစ္စေကဗောဓိဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် ကမ္ဘာပေါင်း နှစ်သင်္ချေတို့တိုင်တိုင် ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးသော သူတော်ကောင်းကြီး တစ်ဦးပင် ဖြစ်ခဲ့ပေ၏။ သို့သော် လွန်ခဲ့သော ငါးကမ္ဘာထက်က သေရိဝ အမည်ရသော ရွဲကုန်သည်ဘဝ ဖြစ်စဉ် အဘိုးတစ်သိန်း ထိုက်တန်သော ရွှေခွက်တစ်ခုကို မရရှိမှုကို အကြောင်းပြု၍ ရွဲကုန်သည်ပင် ဖြစ်သော ဘုရားအလောင်းတော်အပေါ်၌ ရန်ငြိုး စတင်၍ ဖွဲ့ခဲ့၏။

ဣဒံ ပဌမံ ဒေဝဒတ္တဿ ဗောဓိသတ္တေ အာဃာတဗန္ဓနံ။ (ဇာတက၊ဋ္ဌ၊၁၊၁၂၈။)

ထိုရွှေခွက်ကို ဘုရားအလောင်း ရွဲကုန်သည်က ရရှိသွား၍ မိမိက မရရှိမှုကို အကြောင်းပြု၍ အရှင်ဒေဝဒတ် အလောင်း ရွဲကုန်သည်သည် နှလုံးကွဲကာ သွေးအန်၍ သေကျေပျက်စီးခဲ့ရ၏။ (ဇာတက၊ဋ္ဌ၊၁၊၁၂၈။)

သို့သော် ထိုဒေါသသည် ထိုမျှဖြင့်ကား ပြီးဆုံး၍ မသွားပေ၊ ထိုဘဝက စ၍ မွေးမြူခဲ့မိသော ဒေါသသည် ရန်ငြိုးဖွဲ့မှုသည် တစ်ဘဝထက် တစ်ဘဝ တစ်စထက် တစ်စ အရှိန်အဝါ မြင့်မားလာ၏။ ကြီးထွားလာ၏၊ ရင့်သန် လာ၏၊ ထက်မြက် စူးရှလာ၏။ ထိုဒေါသကို တိုက်ဖျက်ပစ်ရန် မကြိုးစားမိခဲ့ဘဲ မွေးမြူရေးကိုသာ ပြုလုပ်ခဲ့သော ကြောင့် ဖြစ်၏။ ထိုသို့ အရှိန်အဝါ မြင့်မားနေသော ဒေါသကြောင့် ဘုရားအလောင်းတော်နှင့် တွေ့ကြုံသည့် ဘဝများစွာတို့တွင် ဘုရားအလောင်းတော်ကို သေကျေပျက်စီးအောင် ဖျက်ဆီးခဲ့သည့် ဘဝတွေလည်း များစွာ ရှိခဲ့၏၊ ဘုရားအလောင်းတော် သေကျေပျက်စီးမှု မရှိခဲ့သည့် ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

ဝါနရိန္ဒဇာတ် (ဇာတက၊ဋ္ဌ၊၁၊၂၉၆။)၌ ဘုရားအလောင်းတော်မျောက်၏ နှလုံးသားကို စားချင်ပါသည်ဟု မယ်မင်းကြီးမ စိဉ္စမာနအလောင်းလျာ ဖြစ်သည့် အရှင်ဒေဝဒတ်အလောင်း မိကျောင်းဖို၏ မယားဖြစ်သူ မိကျောင်းမက ချင်ခြင်းတပ်ခဲ့၏။ အရှင်ဒေဝဒတ်အလောင်း မိကျောင်းကလည်း မြစ်ကမ်းနားဝယ် ကျက်စားလေ့ရှိသော ဘုရားအလောင်းမျောက်အား သတ်ဖြတ်ရန် ကြိုးစားခဲ့၏၊ သို့သော် ဘုရားအလောင်း၏ ဉာဏ်စွမ်းကြောင့် အောင်မြင်မှုကား မရရှိခဲ့ပေ။

အလားတူပင် တယောဓမ္မဇာတ် (ဇာတက၊ဋ္ဌ၊၁၊၂၉၈-၂၉၉။) ၌လည်း အရှင်ဒေဝဒတ်အလောင်း မျောက် က မိမိ၏ သားရင်းဖြစ်သူ ဘုရားအလောင်းတော်မျောက်အား သတ်ဖြတ်ဖျက်ဆီးရန် ကြိုးစားခဲ့ပြန်၏၊ သို့သော် အောင်မြင်မှုကား မရရှိခဲ့ပေ။ သို့သော် အောင်မြင်မှုရရှိသော ဘဝများလည်း ရှိကြသည်သာ ဖြစ်၏။

စူဠနန္ဒိယဇာတ်

ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ဟိမဝန္တာတောအရပ်၌ မဟာနန္ဒိယ အမည်ရသော မျောက် ဖြစ်နေ၏၊ အရှင်အာနန္ဒာအလောင်းကား စူဠနန္ဒိယ အမည်ရသော ညီငယ်မျောက် ဖြစ်နေ၏။ မျက်မမြင် မိခင် မျောက်မကြီးကို ပြုစု လုပ်ကျွေးလိုသဖြင့် ရှစ်သောင်းသော မျောက်အခြံအရံတို့ကို စွန့်ခွာကာ မျောက်ညီနောင် နှစ်ဦးသားတို့သည် အမိကို ဆောင်ယူကုန်လျက် ဟိမဝန္တာမှ ဆင်းသက်ခဲ့ကြကုန်၍ အစွန်အဖျားကျသော ပစ္စန္တရစ် အရပ်၌ ပညောင်ပင်ကြီး တစ်ပင်၌ နေကုန်၍ အမိကို ပြုစု လုပ်ကျွေးနေကြကုန်၏။

ထိုအခါ အရှင်ဒေဝဒတ်အလောင်းကား ဗာရာဏသီပြည်၌ ပုဏ္ဏားလုလင်တစ်ဦး ဖြစ်နေ၏။ တက္ကသိုလ် ပြည်ဝယ် အရှင်သာရိပုတ္တရာအလောင်း ဒိသာပါမောက္ခဆရာကြီး၏ အထံ၌ ထိုပုဏ္ဏားလုလင်သည် ခပ်သိမ်းသော အတတ်တို့ကို သင်ယူပြီးလျှင် ပြန်သွားဖို့ရန် ဆရာကြီးအားပန်ကြား၏။ ဒိသာပါမောက္ခဆရာကြီးကလည်း အင်္ဂဝိဇ္ဇာအတတ်၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏားလုလင်၏ ကြမ်းတမ်းသည်၏အဖြစ် ရုန့်ရင်းသည်၏အဖြစ် နိုင် ထက်ကလူ ပြုမူတတ်သည်၏အဖြစ်ကို သိ၍ လုလင် ...သင်သည် ကြမ်းတမ်း၏၊ ရုန့်ရင်း၏၊ နိုင်ထက်ကလူ ပြုမူတတ်၏၊ ဤကဲ့သို့သော စိတ်နေစိတ်ထား သဘောတရား ထင်ရှားရှိသူတို့အား အခါခပ်သိမ်း တစ်သမတ်တည်း ပြည့်စုံနေမည်ကား မဟုတ်၊ ကြီးစွာသော ပျက်စီးခြင်းသို့ ကြီးစွာသော ဆင်းရဲဒုက္ခသို့ ရောက်ရှိရပေလတ္တံ့၊ သင် သည် ကြမ်းတမ်းသူ မဖြစ်စေလင့်၊ နောင်တတစ်ဖန် ပူပန်ခြင်းကို ပြုတတ်သောအမှုကို မပြုလေလင့် --- ဟု ဆုံးမ၍ လွှတ်လိုက်၏။

ထိုပုဏ္ဏားလုလင်သည် ဒိသာပါမောက္ခဆရာကြီးကို ရှိခိုး၍ ဗာရာဏသီသို့ ပြန်သွားပြီးနောက် အိမ်ထောင် ပြုကာ နေထိုင်လတ်သော် အခြားအခြားသော အတတ်ပညာတို့ဖြင့် အသက်မွေးဖို့ရန် မစွမ်းနိုင်ရကား မုဆိုးဘဝဖြင့် အသက်မွေးရန် ဆုံးဖြတ်ချက်ချ၍ ဗာရာဏသီမှ ထွက်ခွာကာ ပစ္စန္တရစ် ရွာငယ်တစ်ခု၌ နေထိုင်လျက် လေးတောင့် လွယ်ကာ တောသို့ ဝင်၍ သားကောင် အမျိုးမျိုးတို့ကို သတ်၍ အသားကို ရောင်းသဖြင့် အသက်မွေး၏။ ထို ပုဏ္ဏားလုလင်သည် တစ်နေ့သ၌ တောဝယ် တစ်စုံတစ်ခုကို မရမူ၍ လာလတ်သည်ရှိသော် အစွန်၌ တည်သော ပညောင်ပင်ကို မြင်၍ ဤပညောင်ပင်၌ တစ်စုံတစ်ခုရှိသည် ဖြစ်ငြားအံ့လည်း မသိဟု ပညောင်ပင်သို့ ရှေးရှု သွား၏။

ထိုခဏ၌ မျောက်ညီနောင်တို့သည်လည်း အမိကို သစ်သီးများကို စားစေကုန်၍ ေ့ရှမှထားကာ သစ်ခွကြား၌ ထိုင်နေကုန်လျက်ပင် လာလတ်သော မုဆိုးကို မြင်လေသော် --- ထိုသူသည် ငါတို့၏မိခင်ကို အသို့ပြုလတ္တံ့နည်းဟု သစ်ခက်ကြား၌ ပုန်းအောင်းကာ စောင့်ကြည့်နေကြကုန်၏။

ထို နိုင်ထက်ကလူ ပြုမူတတ်သော ယောက်ျားသည်လည်း ပညောင်ပင်ရင်းသို့ လာလတ်၍ ထို မျက်စိ ကာဏ်းနေသော မျောက်အိုမကြီးကို မြားဖြင့် ပစ်ခွင်းရန် စီမံတော့၏။ ထိုအခြင်းအရာကိုမြင်၍ ဘုရားအလောင်းတော်မျောက်က --- ညီထွေး နန္ဒိယ ...ဤယောက်ျားသည် ငါ၏ အမိကို လေးမြားဖြင့် ပစ်ခွင်းလို၏၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို ပေးလှူအံ့၊ သင်သည် ငါကွယ်လွန်သွားသောအခါ မိခင်ကို ပြုစုလုပ်ကျွေးရစ်ပေတော့ ဟု ဆို၍ သစ်ခက်ကြားမှ ထွက်၍ --- အို ယောက်ျား ...သင်သည် ငါ၏ အမိကို မပစ်ပါလင့်၊ ဤမျောက်မ ကြီးသည် မျက်စိလည်း ကာဏ်းနေ၏၊ အိုလည်း အိုနေ၏၊ အားလည်း နည်းနေ၏၊ ငါသည် ထိုမိခင် မျောက်မအို အား ဇီဝိတဒါနကို ပေးလှူအံ့၊ သင်သည် ထိုမျောက်မအိုကို မသတ်မူ၍ ငါ့ကိုပင် သတ်ပါလေဟု ထိုယောက်ျား အား ပဋိညာဉ်ဝန်ခံချက် စကားကို ရယူ၍ မြား (= မြှား)၏ အနီးဖြစ်သော အရပ်၌ နေ၏။

သနားခြင်း ကရုဏာတရား ကင်းမဲ့နေသော ထိုယောက်ျားသည် ဘုရားလောင်းမျောက်ကို ပစ်၍ အောက်သို့ ကျစေ၏။ ထိုဘုရားအလောင်းတော်၏ အမိကိုလည်း ပစ်အံ့သောငှာ တစ်ဖန် လေးကို တင်ပြန်၏။ စူဠနန္ဒိယသည် ထိုအခြင်းအရာကို မြင်၍ --- ဤယောက်ျားသည် ငါ၏အမိကို ပစ်သတ်လို၏၊ တနေ့မျှသော်လည်း ငါ၏အမိသည် အသက်ရှင်လတ်သော် အသက်ကိုရအပ်သည် မည်သည်သာလျှင် ဖြစ်ပေ၏၊ ထိုအမိအား ဇီဝိတဒါနကို လှူပေအံ့ ဤသို့ ဆုံးဖြတ်ချက်ချ၍ သစ်ခက်ကြားမှ ထွက်လာကာ --- အို ယောက်ျား ...သင်သည် ငါ၏ အမိကို မပစ် ပါလင့်၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို ပေးလှူပေအံ့၊ သင်သည် ငါ့ကို ပစ်သတ်၍ ငါတို့ညီနောင် နှစ်ဦးလုံး တို့ကို ယူဆောင်၍ ငါတို့၏ အမိအား ဇီဝိတဒါနကို ပေးပါလော --- ဟု ထိုယောက်ျား၏ ပဋိညာဉ်ဝန်ခံချက်ကို ယူ၍ မြား (= မြှား)၏ အနီးဖြစ်သော အရပ်၌ ထိုင်ပေးလိုက်၏။ ထိုယောက်ျားသည် ထိုစူဠနန္ဒိယကိုလည်း ပစ် သတ်၍ မြေသို့ ကျစေပြန်၏။

ဤမျောက်အိုမကြီးသည်လည်း ငါ၏အိမ်ဝယ် ကလေးသူငယ်တို့ဖို့ ဖြစ်ပေလတ္တံ့ဟု နှလုံးပိုက်၍ မိခင် မျောက်မကြီးကိုလည်း ပစ်သတ်၍ မြေသို့ ကျစေပြန်၏။ မျောက်သုံးကောင်လုံးတို့ကိုလည်း ဆိုင်းထမ်းပိုးဖြင့် ထမ်း၍ အိမ်သို့ ရှေးရှုသွားလေ၏။

ထိုအခါ ထိုယုတ်မာသော ယောက်ျား၏ အိမ်ကို မိုးကြိုးသည် ပစ်လေတော့၏။ မိုးကြိုးကျသောအခါ မယားလည်း သေ၏၊ သားငယ် နှစ်ယောက်တို့လည်း သေကုန်၏၊ အိမ်ကိုလည်း မီးလောင်၏။ ခေါင်အုပ်ဝါး၏ ဖွဲ့ချည်ရာ တိုင်မျှသည်သာ ကြွင်းကျန်၏။ ထိုအခါ ထိုယောက်ျားအား ရွာတံခါး၌သာလျှင် တစ်ယောက်သော ယောက်ျားသည် မြင်၍ ထိုအကြောင်းစုံကို ပြောကြားလာ၏။ ထိုယောက်ျားသည် သားမယားတို့ကို စွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် အမဲနှင့်တကွသော ထမ်းပိုးကိုလည်းကောင်း, လေးကို လည်းကောင်း စွန့်ပစ်ထားခဲ့၍ ပုဆိုးကိုလည်း ပစ်လွှင့်လိုက်၍ ပုဆိုးမပါ ဗလာကိုယ်ချည်းစည်းစည်း လက်မောင်း နှစ်ဖက်တို့ကို မြှောက်၍ ငိုကြွေးလျက် သွားလေသော် အိမ်သို့ ဝင်မိလေ၏၊ ထိုအခါ ထိုယုတ်မာသော ယောကျ်ား ၏ ဦးခေါင်းထက်၌ အိမ်ခေါင်တိုင်သည် လဲကျ၍ ဦးခေါင်းကို ခွဲလေ၏။ မဟာပထဝီမြေကြီးသည် ဟင်းလင်း ပွင့်သော အခြင်းအရာကို ပေး၏၊ အဝီစိမှ ငရဲမီးလျှံသည် တက်လာ၏၊ ထိုယောက်ျားသည် မြေမျိုလတ်သည်ရှိ သော် ဆရာ၏ အဆုံးအမကို အောက်မေ့၍ စင်စစ် ဤအကြောင်းကို မြင်၍ ငါ၏ ဆရာဖြစ်သော ဒိသာပါမောက္ခ ဆရာပုဏ္ဏားကြီးသည် ငါ့အား အဆုံးအမကို ပေး၏ဟု ငိုကြွေးလိုရကား အောက်ပါ ဂါထာ နှစ်ခုတို့ကို ရွတ်ဆို သွားလေ၏။

ဣဒံ တဒါစရိယဝစော၊ ပါရာသရိယော ယဒဗြဝိ။

မာသု တွံ အကရိ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။

ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။

ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။

ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ချစ်သားလုလင် ...သင်သည် မကောင်းမှုကို မပြုကျင့်ပါလင့်၊ အကြင်မကောင်းမှုကို သင်သည် ပြုကျင့်၏၊ နောက်ကာလ၌ သင်သည်ပင်လျှင် ပူလောင်လေရာ၏။ --- ဤစကားကို တိုင်းထွာဆင်ခြင် အောက်မေ့မြင်သော ဆရာဖြစ်တော်မူသော ဒိသာပါမောက္ခပုဏ္ဏားဆရာကြီးသည် ပြောဆိုခဲ့ဖူး၏။

ကာယ ဝစီ မနော ချီသော သုံးလီသော ဒွါရတို့ဖြင့် အကြင်ကံတို့ကို ယောက်ျားသည် ပြုစုပျိုးထောင်၏၊ ထိုကံတို့၏ အကျိုးတရားကို ရရှိလတ်သော် ထိုအကျိုးတရားတို့ကိုပင်လျှင် ကံကို ပြုစုပျိုးထောင်သော မိမိ၏ သန္တာန်၌ တွေ့မြင်ရတတ်၏။ ကောင်းမှုကို ပြုလေ့ရှိသောသူသည် ကောင်းသောအကျိုးတရားကို အစဉ်ခံစားရ၏။ မကောင်းမှုကို ပြုလေ့ရှိသောသူသည်လည်း ယုတ်ညံ့သည်သာလျှင် ဖြစ်သော အလိုမရှိအပ်သော အကျိုးတရားကို အစဉ်ခံစားရ၏၊ မှန်ပေသည် --- လောက၌လည်း အကြင်ကဲ့သို့သော မျိုးစေ့ကို ကြဲချစိုက်ပျိုး၏၊ ထိုကဲ့သို့သော မျိုးစေ့နှင့် တူသော အသီးဟူသော အကျိုးတရားကို ထိုမျိုးစေ့က = ထိုမျိုးစေ့ကြောင့် ဖြစ်ပေါ်လာသော သစ်ပင်က ရွက်ဆောင်ပေး၏။ မျိုးစေ့နှင့် လျော်ညီသော မျိုးစေ့နှင့် လျော်လျောက်ပတ်သည်သာလျှင် ဖြစ်သော အသီးကို ရယူနိုင်၏၊ အစဉ်ခံစားရ၏။ ဤသို့လျှင် ထိုယောက်ျားသည် ငိုကြွေးမြည်တမ်းစဉ်မှာပင် မဟာပထဝီမြေကြီး အတွင်းသို့ ဝင်သွား၍ မဟာအဝီစိငရဲကြီး၌ ဖြစ်ရလေ၏။ (ဇာတက၊ဋ္ဌ၊၂၊၁၈၃-၁၈၅။)

ဒေါသ၏ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ပျက်စီးအောင် ဖျက်ဆီးတတ်ပုံ သာဓကတစ်ရပ်ပင်တည်း။

တစ်ဖန် ခန္တိဝါဒီဇာတ် (ဇာတက၊ဋ္ဌ၊၃၊၃၇။)တွင်လည်း ယဇ်ထုပ်ကြီးဖြစ်နေသော ကလာဗုမင်းသည် သည်းခံခြင်း ခန္တီဝါဒ ရှိပါသည်ဟု ခန္တီဝါဒရှိကြောင်း ဝန်ခံစကား ပြောကြားလာသော ခန္တီဝါဒီရှင်ရသေ့ ဘုရား အလောင်းတော်မြတ်အား ကြိမ်ဆူးတို့ဖြင့် ရိုက်ခြင်း, လက်တို့ကို ဖြတ်ခြင်း, ခြေတို့ကို ဖြတ်ခြင်း, နားရွက်တို့ကို ဖြတ်ခြင်း, နှာခေါင်းတို့ကို ဖြတ်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်စေ၏။ မင်းဥယျာဉ်တော် အတွင်းဝယ် မူးယစ်ဆေးဝါးတို့ကို မှီဝဲကာ မင်္ဂလာကျောက်ဖျာထက်၌ သီဆိုတီးမှုတ်မှုတို့၌ လိမ္မာ ကျွမ်းကျင်သော အမျိုးသ္မီး တစ်ဦး၏ ရင်ခွင်ထက်၌ စက်တော်ခေါ်တော်မူစဉ် နိုးလာသောအခါ မိမိကို ဖျော်ဖြေနေကြသော မောင်းမမိဿံ အပေါင်းတို့ကို ခန္တီဝါဒီရှင်ရသေ့၏ အထံ၌ သွားရောက်ကာ တရားနာယူနေကြောင်း သိရှိရသဖြင့် ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ ထိုကဲ့သို့ ပြုမူလိုက်ခြင်း ဖြစ်၏။

နောက်ဆုံးတွင် ခန္တီဝါဒီရှင်ရသေ့က မိမိ၏ သည်းခံခြင်း ခန္တီဝါဒသည် အရေထူ အရေပါး လက်ခြေ နား နှာခေါင်း စသည်တို့၌ မတည်ရှိဘဲ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရုပ်၌ မှီတွယ်တည်ရှိကြောင်း အမိန့်ရှိသောအခါ ကောက်ကျစ်စဉ်းလဲသောရသေ့ ...သင်၏ ခန္တီဝါဒကို သင်သည်သာလျှင် ရွက်ဆောင်သည်ပိုး၍ နေလေ လော့ --- ဟု ဆို၍ ဘုရားအလောင်းတော် ခန္တီဝါဒီရှင်ရသေ့၏ ရင်ဘတ် နှလုံးသားရှိရာအရပ်ကို ခြေထောက်ဖြင့် ကန်ကျောက်ကာ ထွက်ခွာသွားလေ၏။ သို့သော် ခန္တီဝါဒီရှင်ရသေ့၏ စိတ်ထားကား ဤသို့ ဖြစ်ပေ၏ ---

ယော မေ ဟတ္ထေ စ ပါဒေ စ၊ ကဏ္ဏနာသဉ္စ ဆေဒယိ။

စိရံ ဇီဝတု သော ရာဇာ၊ န ဟိ ကုဇ္ဈန္တိ မာဒိသာ။

အကြင်မင်းသည် ငါ၏ လက်တို့ကိုလည်းကောင်း, ခြေတို့ကိုလည်းကောင်း, နား နှာခေါင်းကိုလည်းကောင်း ဖြတ်၏၊ ထိုမင်းသည် ကြာမြင့်စွာ အသက်ရှည်ပါစေသတည်း။ ငါကဲ့သို့သော ပညာရှိသူတော်ကောင်းတို့သည် အမျက်မထွက်တတ်ကုန်သည်သာလျှင်တည်း။ (ဇာတက၊ဋ္ဌ၊၃၊၃၉။)

ဤစကားတို့ကား အရှင်သာရိပုတ္တရာအလောင်း ဖြစ်သော စစ်သူကြီးက ခန္တီဝါဒီရှင်ရသေ့ကြီးအား ကလာဗုမင်း ထွက်ခွာသွားပြီးနောက် လာရောက် တောင်းပန်သောအခါ မိန့်ကြားတော်မူသော စကားများပင်တည်း။

ကလာဗုမင်းသည် ဥယျာဉ်တော်မှ ထွက်၍သွားသောအခါ ဘုရားအလောင်းတော်၏ မျက်စိဖြင့် မြင်နိုင် ကောင်းသော အရပ်ကို လွန်မြောက်သွားသော ကာလ၌ပင်လျှင် ယူဇနာပေါင်း နှစ်သိန်းလေးသောင်း အထုရှိသော ဤမဟာပထဝီမြေကြီးသည် ကစီဖြင့်ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲအက်၍ အဝီစိမှ ငရဲမီးလျှံသည် အထက် တက် လာ၍ ကလာဗုမင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ခြုံရုံထားလိုက်ဘိသကဲ့သို့ ခြုံရုံ၍ ယူဆောင်သွားလေ၏။ ထိုကလာဗုမင်းသည် ဥယျာဉ်တံခါး၌သာလျှင် မြေသို့ဝင်၍ အဝီစိငရဲ၌ တည်လေ၏။ (ဇာတက၊ဋ္ဌ၊၃၊၄၀။) ဤဇာတ်တော်၌ ကလာဗုမင်းဟူသည်မှာလည်း ရှင်ဒေဝဒတ်အလောင်းပင် ဖြစ်သည်။ ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့ကြီးလည်း ထိုနေ့မှာပင် ကွယ်လွန်တော်မူလေသည်။

စူဠဓမ္မပါလဇာတ် --- တစ်ချိန် အရှင်ဒေဝဒတ်အလောင်းသည် ဗာရာဏသီပြည်၌ မဟာပတာပ မည်သော မင်းဖြစ်၏။ ဘုရားအလောင်းတော်သည် ထိုမင်း၏ စန္ဒာဒေဝီ အမည်ရှိသော မိဖုရားကြီး၏ ဝမ်း၌ ဖြစ်၏၊ မွေးဖွား လာသောအခါ ဓမ္မပါလဟူသော အမည်ကို မှည့်ထား၏။ ထိုဓမ္မပါလမင်းသား ခုနစ်လသားအရွယ် ရှိသောကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏၊ မင်းသည် မိဖုရား နေရာအရပ်သို့ သွား၏၊ မိဖုရားသည် သားကို ကစားစေလျက် သား၌ချစ်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ မင်းကို မြင်၍လည်း နေရာမှ မထ မိပေ။ ထိုအခါ မင်း၏ သန္တာန်ဝယ် --- မိဖုရားကား ယခုပင်လျှင် သားကိုမှီ၍ မာနကို ပြုဘိ၏၊ ငါ့ကို တစ်စုံ တစ်ခုမျှ မမှတ်၊ သားကြီးသည်ရှိသော်ကား ငါ၌ လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့၊ ယခုကပင်လျှင် ထိုမင်းသားကို သတ်အံ့ --- ဟု ကြံပြီး၍ မင်းသည် မိဖုရားအဆောင်မှ ပြန်လှည့်၍ မင်း၏ နေရာ၌ နေ၍ မင်းအာဏာဖြင့် သူသတ်သမားကို ခေါ်စေ၏။ ဓမ္မပါလမင်းသားကို ဆောင်စေ၏။ လက် ခြေ ဦးခေါင်းတို့ကို ဖြတ်စေ၍ သန်လျက်ပန်း မည်သည်ကို ပြုစေ၏။

စန္ဒာဒေဝီမိဖုရားကြီးသည်လည်း နှလုံးကွဲကာ သေပွဲဝင်ရရှာ၏။ မဟာပတာပမင်းသည်လည်း မြေမျိုခံရ ပြီးနောက် အဝီစိငရဲသို့ ရောက်ရှိသွား၏။ (ဇာတက၊ဋ္ဌ၊၃၊၁၆၅-၁၆၈။)

ရွဲကုန်သည်ဘဝက စတင်၍ မွေးမြူခဲ့သော ကောဓ အမည်ရသော ဒေါသဓာတ်မှာ တစ်ဘဝထက် တစ်ဘဝ တစ်စထက် တစ်စ ရင့်သထက်ရင့် မြင့်သထက် မြင့်တက်လာပုံတည်း။ မိမိ၏ ရင်သွေးအစစ်ဖြစ်သော ခုနစ်လသား အရွယ်ကိုပင် သတ်ရက်သော ဒေါသမှာ အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသော ဒေါသပင် ဖြစ်၏။ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ပျက်စီးအောင် ဖျက်ဆီးနေသော စံနမူနာများပင် ဖြစ်ကြ၏။

မဟာကပိဇာတ် (ဇာတက၊ဋ္ဌ၊၃၊၃၄၉။)၌ ဆွေမျိုးအပေါင်းတို့အား အသက်ကို စွန့်၍ သေဘေးမှ လွတ် အောင် ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ရောက်အောင် ကြိုးတန်းသွယ်လျက် ကယ်တင်နေသော ဘုရားအလောင်းတော် မျောက်မင်းအပေါ်သို့ သရက်ပင်၏ အမြင့်ဆုံးနေရာမှ တစ်အားခုန်ချ၍ နှလုံးကွဲအောင် အသေသတ်ခဲ့ဖူး၏။

ဒဒ္ဒရဇာတ် (ဇာတက၊ဋ္ဌ၊၃၊၅၁၁-၅၁၇။)၌ လုလင် (၅၀၀)တို့အား ဝေဒကျမ်း စသည့် အတတ်ပညာများကို သင်ကြားပေးနေသော အလောင်းတော် ခါ သတ္တဝါအား အရှင်ဒေဝဒတ်၏အလောင်း ရသေ့စဉ်းလဲက အသေ သတ်ကာ မီးကင်စားခဲ့၏။

ဤသို့ စသည်ဖြင့် အရှင်ဒေဝဒတ်အလောင်းလျာသည် ဘုရားအလောင်းတော်အပေါ်၌ ရွဲကုန်သည်ဘဝက စ၍ ဘဝပေါင်းများစွာ ရန်ငြိုးဖွဲ့ကာ ရန်ငြိုးကို မပယ်ဖျောက်ဘဲ ကြီးထွားအောင်သာ ဘဝအဆက်ဆက်၌ မွေးမြူခဲ့ သဖြင့် ဤယခုဘုရားရှင်နှင့် နောက်ဆုံးတွေ့ရသည့် ဘဝတွင်လည်း ဘုရားရှင်အား သတ်ဖို့ရန် အကြိမ်ကြိမ် ကြိုးစားခဲ့၏။ တစ်လောကလုံး၌ အသာဆုံး အမြတ်ဆုံး ဖြစ်သည့် ဘုရားရှင်ကိုသော်လည်း မကြည်ညိုနိုင် ဖြစ်နေ ရ၏။ ဘဝတစ်ခုတွင် မွေးမြူခဲ့သော ဓာတ်ငွေ့များသည် သံသရာအဆက်ဆက် အရိပ်ပမာ လိုက်ပါနေခြင်းပင် ဖြစ်ပေသည်။ ဤဒေါသ စသည့် ကိလေသာတို့ကိုပင် အခြေခံ၍ ဘုရားရှင်အား သွေးစိမ်းတည်စေသော လောဟိတုပ္ပါဒကကံ, သံဃာကို သင်းခွဲခြင်း သံဃာ့ဘေဒကကံများကို ဤဘဝတွင် ထပ်မံ၍ လွန်ကျူးမိပြန်၏။ ယင်း အကုသိုလ်ကံတို့က အရှင်ဒေဝဒတ်ကို အဝီစိသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ကြပေသည်။ ကမ္ဘာတည်သရွေ့ အဝီစိငရဲမှ မကျွတ်နိုင်သူ တစ်ဦး ဖြစ်သွားရပေသည်။

အမျိုးသမီးတစ်ဦး၏ ဒေါသ

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားက မိမိ၏ ကိုယ်ကျင့်အဘိဓမ္မာကျမ်းတွင် အိန္ဒိယနိုင်ငံ၌ ဖြစ် သွားဖူးသော ဝတ္ထုကလေး တစ်ပုဒ်ကို အောက်ပါအတိုင်း တင်ပြထား၏။

ပြခဲ့သော ဒေါသများကို အတော်စုံလင်အောင် ခံစား၍သွားရရှာသော အမျိုးသမီးကလေးတစ်ဦး၏ အိန္ဒိယ နိုင်ငံ၌ ဖြစ်ပုံကို ဒေါသသဘော သိရုံမက လူငယ်ချင်း မေတ္တာမမျှဘဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။

ဤဝတ္ထုပါ ငယ်ရွယ်သူ နှစ်ယောက်တို့ကား တစ်ယောက်၏ စိတ်သဘောထားကို တစ်ယောက်က မသိ ကြပေ၊ နှစ်ဘက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ၊ သတို့သမီးကလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ဝတ်ကျေအောင် ပြုရှာပေ၏၊ သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟု မထင်၊ ခင်မင်ယုယမှု မရှိချေ။

မိမိက ပြုစုပါလျက် ခင်ပွန်းက မိမိကို ဂရုမစိုက်သည့်အတွက် သတို့သမီးသည် စိတ်ပျက်စပြုလာ၏၊ စိတ်ညစ်၏၊ စိတ်မချမ်းသာ၊ မကြာမကြာ မှိုင်နေလေသည်။ နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုကဲ့သို့ မသာမယာ ဖြစ်နေပုံကို မြင်လျှင် သာ၍ပင် ရွံမုန်းကာ တစ်ခါတစ်ခါ အကြမ်းဘက်လာ၏၊ သတို့သမီးက စိတ်နာ၏၊ ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်၊ သို့သော် မည်သို့မျှ မတတ်နိုင်တော့ဘဲ မိမိဝတ္တရားကျေအောင် ပြုမြဲ ပြု ရှာ၏။

သို့ရာတွင် ကျောက်တုံးကျောက်သား မဟုတ်ဘဲ စိတ်ဝိညာဏ်ပါသော ကိုယ်ခန္ဓာ ဖြစ်ရကား မကြာခဏ မိမိဘဝကို အဆုံးစီရင်ရန် ကြံမိလေသည်။ ဤကဲ့သို့ ဒေါသထွက်ခြင်း စိတ်ပျက်ခြင်း စိတ်ညစ်ခြင်း စိတ်မချမ်း သာခြင်း ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲခံကာ သားသမီးနှစ်ယောက် ဖွားမြင်ပြီးသည်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတစ်ခုအတွက် အခြားမြို့သို့ သွား နေသော ခင်ပွန်းသည်အထံသို့ စာတစ်စောင် ရောက်လာသည်မှာ ---

အရှင် ...မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း ရှင့်ကို အမှန်ချစ်၍ ရှင်၏ အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့ပါသည်၊ သို့သော် ကျွန်မ၏ ကြိုးစားမှုတွေမှာ အကျိုးမရသည့်ပြင် --- ပလီတယ် မာယာများတယ် --- ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘဝကို အဆုံးစီရင်ရန် မကြာခဏကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ၊ ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာရှိမည် ဖြစ်သောကြောင့် ဤစာကို ရေးပြီးနောက် ကလေးများစားမည့် မုန့်ထဲ၌ အဆိပ်ခတ်ပြီးလျှင် ကျွန်မ၏ ဘဝကို အဆုံးစီရင်လိုက်ပါပြီ။ ---

အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည်ယောက်ျားလည်း သူ့ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင် မြင်လာတော့ရကား ကဗျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော သားအမိ သုံးဦး၏ အလောင်းကိုသာ တွေ့ရတော့သဖြင့် အဆင်သင့် ရှိနေသော သေနတ်ဖြင့် သူ၏ဇာတ်ကိုပါ အဆုံးသတ်လိုက်လေသည်။ (ကိုယ်ကျင့်အဘိဓမ္မာ၊၅၁-၅၂။)

မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော ဒေါသ၏ စွမ်းအင် သတ္တိများပင်တည်း။ ဤမျှ အကျိုးမဲ့ကို ဖြစ်စေတတ်သော ဒေါသတရားကို သမထဝိပဿနာ ဘာဝနာ လက်နက်ကောင်းတို့ဖြင့် ကုန်ခန်းအောင် ပယ်ရှားသင့်လှပေသည်။ ထိုသို့မျှ မကျင့်နိုင်သေးလျှင် အောက်ပါ ကကစူပမ သုတ္တန်ကို အဖန်ဖန် နှလုံးသွင်းသင့်လှပေသည်။ ထိုသုတ္တန်ကား ဒေါသ ပယ်ဖျောက်ကြောင်း နည်းလမ်းကောင်း တစ်ခုပင်ဖြစ်ပေသည်။

ကကစူပမ သုတ္တန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော် မူဆဲ ဖြစ်၏။ ထိုအခါ အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ အလွန်ကြာမြင့်စွာ ရောနှောလျက် နေ၏။ ဤဆိုလတ္တံ့သောနည်းဖြင့် အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ ရောနှော လျက် နေ၏။

တစ်စုံတစ်ယောက်သော ရဟန်းသည် အရှင်မောဠိယဖဂ္ဂုန၏ မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးမဲ့ ကို ပြောဆိုမိခဲ့လျှင် အရှင်မောဠိယဖဂ္ဂုနသည် အမျက်ထွက်လျက် နှလုံးမသာခြင်း ရှိသဖြင့် ခိုက်ရန်ငြင်းခုန်မှုကို ပြု၏။ တစ်စုံတစ်ဦးသော ရဟန်းသည် ထိုရဟန်းမိန်းမတို့၏ မျက်မှောက်၌ အရှင်မောဠိယဖဂ္ဂုန၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင်လည်း ထိုရဟန်းမိန်းမတို့သည် အမျက်ထွက်ကုန်လျက် နှလုံးမသာခြင်း ရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုကြကုန်၏။ ဤဆိုခဲ့သည့်အတိုင်း အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ ရောနှောလျက် နေ၏။

ထိုအခါ ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်တင့် လျောက်ပတ်သော တစ်နေရာ၌ ထိုင်ကာ အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် တင်ပြ လျှောက်ထား တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် အရှင်မောဠိယဖဂ္ဂုနရဟန်းအား ခေါ်တော်မူ၍ အကျိုးအကြောင်းကို စစ်ဆေး မေးမြန်းတော်မူရာ မှန်ကန်ကြောင်း တင်ပြလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း ဆိုဆုံးမတော် မူ၏။

ဖဂ္ဂုန ...အမျိုးကောင်းသား ဖြစ်သော သင်သည် ယုံကြည်ခြင်း = သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်လာသည် မဟုတ်လောဟု မေးမြန်းတော်မူ၏။ မှန်ပါသည် အရှင်ဘုရား ...ဟု လျှောက် ကြား၏။

ဖဂ္ဂုန ...ယုံကြည်ခြင်း = သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လာသည့် အမျိုးကောင်းသား ဖြစ်သော သင့်အား ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ အလွန်ကြာမြင့်စွာ ရောနှောလျက် နေခြင်းသည် မလျောက်ပတ်။

ဖဂ္ဂုန ...ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူး မဲ့ကို ပြောဆိုခဲ့လျှင် သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ ကာမဂုဏ်တို့ကို မှီသော အကြံအစည် ဝိတက်တို့ကို ပယ်စွန့်ရာ၏။ ဖဂ္ဂုန ...ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် - ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာ လျက်လည်း မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ - ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ...ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့အား လက် ဖြင့် ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော်လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့် သော်လည်း ထိုးခုတ်ငြားအံ့။ ဖဂ္ဂုန ...ထိုသို့ပြုရာ၌လည်း သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည် ဝိတက်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌ သင်သည် ဤသို့ ကျင့်ရမည် --- ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားအားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ...ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ သင်၏ကျေးဇူးမဲ့ကို ပြောဆို ခဲ့လျှင် သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည် တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် --- ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ် ရှိသည် ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ...ထိုကြောင့် သင့်အား တစ်စုံတစ်ယောက်သောသူသည် လက်ဖြင့် ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော် လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့်သော်လည်း ထိုးခုတ်ငြားအံ့၊ ထိုသို့ပြုရာ၌လည်း သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် --- ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာ စိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု ဟောကြားတော် မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို --- ရဟန်းတို့ ...အခါတစ်ပါး၌ ရဟန်းတို့သည် ငါဘုရားရှင်၏ စိတ်အစဉ်တော်ကို နှစ်သက်စေကုန်ဘိ၏တကား။ ဤအချိန်က ငါဘုရားသည် ရဟန်းတို့ကို ---

ရဟန်းတို့ ...ငါဘုရားရှင်သည် တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို ဘုဉ်းပေးတော်မူ၏၊ ရဟန်းတို့ ...ငါဘုရားသည် တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို ဘုဉ်းပေးသော် အနာရောဂါ ကင်းသည်၏ အဖြစ်, ကျန်းမာသည်၏ အဖြစ်, ပေါ့ပါးသန်စွမ်းသည်၏ အဖြစ်, ချမ်းသာစွာ နေထိုင်ရသည်၏ အဖြစ်ကို ကောင်းစွာ သိတော်မူ၏။ ရဟန်းတို့ ...လာကြကုန်၊ သင်တို့သည်လည်း တစ်ထပ်တည်းသာ စား အပ်သော ဘောဇဉ်ကို စားကြကုန်လော့၊ သင်တို့သည်လည်း တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို စားကြသောကြောင့် အနာရောဂါကင်းသည်၏ အဖြစ်, ကျန်းမာသည်၏ အဖြစ်, ပေါ့ပါး သန်စွမ်းသည်၏ အဖြစ်, ချမ်းသာစွာနေရသည်၏ အဖြစ်ကို ကောင်းစွာ သိကြကုန်လတ္တံ့ --- ဟု မိန့်တော်မူ၏။ ရဟန်းတို့ ... ငါဘုရားရှင်သည် ထိုရဟန်းတို့၌ ဆိုဆုံးမမှုကို ပြုခဲ့ရသည် မဟုတ်၊ သတိပေးရုံမျှသာ ဖြစ်ခဲ့၏။

ရဟန်းတို့ ...ဥပမာသော်ကား မြေညီ၍ လမ်းလေးခွ ဆုံရာ လမ်းမကြီး၌ လက်လှမ်းမီ ထားအပ်သော နှင်တံရှိသော အာဇာနည်မြင်း ကထားအပ်သော ရထားသည် ကလျက် တည်ရာ၏၊ ဆုံးမသင့်သော မြင်းတို့ကို ဆုံးမတတ်သော ကျွမ်းကျင်သူ မြင်းဆရာသည် ထိုရထားကို တက်စီးပြီးလျှင် လက်ဝဲလက်ဖြင့် ကြိုးတို့ကိုကိုင်၍ လကျ်ာလက်ဖြင့် နှင်တံကိုကိုင်လျက် အလိုရှိရာလမ်းသို့ အလိုရှိတိုင်း ဖြောင့်ဖြောင့်လည်း မောင်းနှင်ရာသကဲ့သို့ ပြန်လှည့်၍လည်း မောင်းနှင်ရာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် ငါဘုရားမှာ ထိုရဟန်းတို့၌ ဆုံးမမှုကို ပြုခဲ့ရ သည် မဟုတ်၊ သတိပေးရုံမျှသာ ဖြစ်ခဲ့၏။ ထိုကြောင့် သင်တို့သည်လည်း အကုသိုလ်ကို ပယ်စွန့်ကြကုန်လော၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်လော။ ဤသို့ အားထုတ်ကုန်လတ်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြကုန်လတ္တံ့။

ရဟန်းတို့ ...ဥပမာသော်ကား ရွာနိဂုံးတို့၏ မနီးမဝေး၌ အင်ကြင်းတောကြီးသည် ရှိလေရာ၏၊ ထို အင်ကြင်းတောကြီးကို ကြက်ဆူပင်တို့ဖြင့် ဖုံးလွှမ်းနေလေရာ၏။ ထိုတော၏ အကျိုးစီးပွားနှင့် ဘေးကင်းမှုကို အလိုရှိသည့် တစ်စုံတစ်ယောက်သော ယောက်ျားသည် ရှိလေရာ၏။ ထိုယောက်ျားသည် ကောက်ကွေးသော အင်ကြင်းပင်ပျို ဩဇာကင်းသော အင်ကြင်းပင်တို့ကို ဖြတ်တောက်၍ အပသို့ ထုတ်ဆောင်ပြီးလျှင် တောအတွင်း၌ ကောင်းစွာ ရှင်းလင်း သုတ်သင်ရာ၏၊ ဖြောင့်သော အင်ကြင်းပင် ကောင်းစွာပေါက်သော အင်ကြင်းပင်ပျိုတို့ကို ကြီးပွားအောင် ပြုစုရာ၏၊ ရဟန်းတို့ ...ဤသို့ သုတ်သင် ပြုစုခဲ့သော် ထိုအင်ကြင်းတောသည် နောက်အခါ၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် သင်တို့သည်လည်း အကုသိုလ်ကို ပယ်စွန့်ကြကုန်လော၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်လော၊ ဤသို့ အားထုတ်ကြကုန်လတ်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြပေကုန်လတ္တံ့။

ရဟန်းတို့ ...ရှေး၌ ဖြစ်ခဲ့ဖူးသည်ကား --- ဤသာဝတ္ထိပြည်၌ပင်လျှင် ဝေဒေဟိကာ မည်သော အိမ်ရှင်မ တစ်ဦးသည် ရှိခဲ့ဖူး၏။ --- ဝေဒေဟိကာအိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်သော စိတ်ထားရှိ၏၊ ငြိမ်သက် အေးမြသော စိတ်ထားရှိ၏ --- ဟု ဝေဒေဟိကာ မည်သော အိမ်ရှင်မ၏ သတင်းကောင်း ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။ ရဟန်းတို့ ...ဝေဒေဟိကာအိမ်ရှင်မအား ကျွမ်းကျင်လိမ္မာ၍ ပျင်းရိခြင်းမရှိဘဲ အိမ်မှုကိစ္စကို ကောင်းစွာ ပြုစီရင်တတ်သည့် ကာဠီ မည်သော ကျွန်မတစ်ဦးသည် ရှိ၏။ ထိုအခါ ထိုကာဠီကျွန်မအား ဤသို့ စိတ်အကြံအစည်တစ်မျိုးသည် ဖြစ်ပေါ်လာ၏။ ဝေဒေဟိကာအိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်သော စိတ်ထားရှိ၏၊ ငြိမ်သက်အေးမြသော စိတ်ထားရှိ၏။ --- ဟု ဤသို့လျှင် ငါ့အိမ်ရှင်မ၏ သတင်းကောင်း ကျော်စောသံသည် ပျံ့နှံ့၍တက်၏။ အသို့နည်း ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာ မပြုသလော၊ သို့မဟုတ် မရှိ၍ ထင်စွာမပြုသလော၊ သို့မဟုတ် ငါကပင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင် သောကြောင့် ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြု၊ မရှိသောကြောင့် ထင်စွာ မပြုခြင်း မဟုတ်လေသလော။ ငါသည် အရှင်မကို စုံစမ်းရပါမူ ကောင်းပါလိမ့်မည်။ --- ဟု စိတ်အကြံ ဖြစ်၏။

ရဟန်းတို့ ...ထိုအခါ ကာဠီကျွန်မသည် နေမြင့်မှ အိပ်ရာထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ဟယ် ကျွန်မကာဠီ ...ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြား၏၊ ကျွန်မ အဘယ် ကြောင့် နေမြင့်မှ အိပ်ရာက ထရပါသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသောအကြောင်း မရှိပါဟု ပြန်ကြား ပြောဆို၏။ သယ် ...တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိဘဲ ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရာသလော --- ဟု ဆိုကာ အမျက်ထွက်လျက် မနှစ်သက်သောစိတ် ရှိသည်ဖြစ်၍ မျက်မှောင်ကြုတ်ခြင်း မျက်စောင်းထိုးခြင်းကို ပြု၏။

ရဟန်းတို့ ...ထိုကာဠီကျွန်မအား ဤသို့ အကြံဖြစ်၏၊ ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည်ကား မဟုတ်။ ငါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ၏အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည် မဟုတ်။ ထိုထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည် --- ဟု အကြံဖြစ်ပြန်၏။

ရဟန်းတို့ ...ထိုနောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် အိပ်ရာက ထ၏။ ထိုအခါ ဝေဒေဟိကာ အိမ်ရှင်မသည် ကာဠီကျွန်မကို ဟယ် ကျွန်မကာဠီ ...ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြားပြောဆို၏။ ကျွန်မ အဘယ်ကြောင့် နေမြင့်မှ အိပ်ရာက ထရသနည်း --- ဟု မေး၏။ အရှင်မ တစ်စုံ တစ်ခုသော အကြောင်းစင်စစ် မရှိပါဟု ပြန်ကြားပြောဆို၏။ ဟယ် ...တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိဘဲ ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရာသလော --- ဟု ပြောဆိုကာ အမျက်ထွက်လျက် မနှစ်သက် သောစိတ် ရှိသည်ဖြစ်၍ မနှစ်မြို့ဖွယ် စကားကို ပြောဆို၏။

ရဟန်းတို့ ...ထိုအခါ ကာဠီကျွန်မအား ဤသို့ အကြံဖြစ်ပြန်၏။ ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ထင်ရှားရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည်ကား မဟုတ် ပေ။ ငါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ထင်ရှားရှိလျက်သာလျှင် ထင်ရှားစွာ မပြုခဲ့ခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်ရှားစွာ မပြုခဲ့ သည်ကား မဟုတ်ပေ။ ထိုထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည် --- ဟု အကြံဖြစ်ပြန်၏။

ရဟန်းတို့ ...ထိုနောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် အိပ်ရာက ထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ဟယ် ကျွန်မကာဠီ ...ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြား ပြောဆိုလိုက်၏။ ကျွန်မ အဘယ်ကြောင့် နေမြင့်မှ အိပ်ရာကထရသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိပါဟု ပြန်ကြားပြောဆို၏။ ဟယ် ...တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိပါဘဲလျက် ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရသလောဟု ဆိုကာ အမျက်ထွက်လျက် မနှစ်သက်သောစိတ် ရှိသည် ဖြစ်၍ တံခါးကျည်းမင်းတုပ်ဖြင့် ဦးခေါင်းကို ရိုက်နှက်သောကြောင့် ဦးခေါင်းကွဲလေ၏။

ရဟန်းတို့ ...ထိုအခါ ကာဠီကျွန်မသည် ဦးခေါင်းကွဲသည်ဖြစ်၍ သွေးစီးကျလျက် -- အရှင်မတို့ ...နူးညံ့သိမ်မွေ့သူ၏ ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အရှင်မတို့ ...နှိမ်ချထားသော စိတ်ဓာတ်ရှိသူ၏ ပြုမူပုံကို ကြည့်ရှု ကြပါကုန်၊ အရှင်မတို့ ...ငြိမ်းအေးသော စိတ်ထားရှိသူ၏ ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အဘယ့်ကြောင့်လျှင် တစ်ယောက်တည်းသော ကျွန်မအား --- နေမြင့်မှ အိပ်ရာက ထရသနည်းဟု အမျက်ထွက်လျက် မနှစ် သက်သောစိတ် ရှိသည်ဖြစ်၍ သင့်ဦးခေါင်းကွဲပေတော့ဟု တံခါးကျည်းမင်းတုပ်ဖြင့် ဦးခေါင်းကို ရိုက်ရက်ဘိ သနည်းဟု အိမ်နီးချင်းတို့ကို တိုင်တန်း ပြောဆို၏။

ရဟန်းတို့ ...နောင်အခါ ဝေဒေဟိကာ အိမ်ရှင်မသည် ကြမ်းတမ်းသူတည်း၊ နှိမ့်ချသောစိတ်ဓာတ် ရှိသူ မဟုတ်၊ ငြိမ်းအေးသောစိတ်ဓာတ် ရှိသူ မဟုတ်ဟု ဝေဒေဟိကာ အိမ်ရှင်မ၏ သတင်းဆိုး ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။

ရဟန်းတို့ ...ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သောရဟန်းသည် စိတ်မနှစ်သက်ဖွယ် စကားလမ်းကြောင်းများနှင့် မတွေ့ထိသေးသမျှ ကာလပတ်လုံး အလွန်နူးညံ့သူ အလွန်နှိမ့်ချသော စိတ်ဓာတ်ရှိသူ အလွန်ငြိမ်းအေးသော စိတ်ထားရှိသူ ဖြစ်တတ်၏။ ရဟန်းတို့ ...စိတ်မနှစ်သက်ဖွယ် စကားလမ်းကြောင်းများနှင့် တွေ့ထိသောအခါမှသာလျှင် ရဟန်းကို နူးညံ့သူ နှိမ့်ချသောစိတ်ဓာတ် ရှိသူ ငြိမ်းအေးသောစိတ်ထား ရှိသူဟု သိရမည်။

ရဟန်းတို့ ...သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ အသုံးအဆောင် ဆေးပစ္စည်းဟူသော အကြောင်းကြောင့် အပြောအဆိုလွယ်သူ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက်သော ရဟန်းကို အပြောအဆို လွယ်သူ = ဆိုဆုံးမလွယ်သူဟု ငါဘုရား မဆိုပေ။ ထိုသို့ မဆိုခြင်းသည် အဘယ်ကြောင့်နည်း၊ ထိုရဟန်းသည် ထို သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို မရသည်ရှိသော် အပြောအဆို လွယ်သူ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ မရောက်သောကြောင့်တည်း။

ရဟန်းတို့ ...တရားကိုသာလျှင် အရိုအသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကို သာလျှင် မြတ်နိုးပူဇော်လျက် တုပ်ဝပ်ရိုကျိုးလျက် အပြောအဆိုလွယ်သူ၏ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက် သော ရဟန်းကိုသာလျှင် အပြောအဆိုလွယ်သူဟု = ဆိုဆုံးမလွယ်သူဟု ငါဘုရား ဆိုပေ၏။ ထိုကြောင့် တရားကို သာလျှင် အရိုအသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကိုသာလျှင် မြတ်နိုးပူဇော်လျက် တုပ်ဝပ်ရိုကျိုးလျက် အပြောအဆိုလွယ်သူ၏ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက်ကြကုန်အံ့၊ --- ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။

ရဟန်းတို့ ...

၁။ (က) သင့်လျော်သော အခါအားဖြင့်လည်းကောင်း,

( ခ ) မသင့်လျော်သော အခါအားဖြင့်လည်းကောင်း,

၂။ (က) ဟုတ်မှန်သောအားဖြင့်လည်းကောင်း,

( ခ ) မဟုတ်မှန်သောအားဖြင့်လည်းကောင်း,

၃။ (က) သိမ်မွေ့သောအားဖြင့်လည်းကောင်း,

( ခ ) ကြမ်းတမ်းသောအားဖြင့်လည်းကောင်း,

၄။ (က) အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း,

( ခ ) အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်းကောင်း,

၅။ (က) မေတ္တာစိတ် ရှိကုန်၍လည်းကောင်း,

( ခ ) ပြစ်မှားသောစိတ် ရှိကုန်၍လည်းကောင်း ---

သင်တို့ကို သူတစ်ပါးတို့က ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့ကား ဤဆိုမည့် ငါးပါး တို့တည်း။

ရဟန်းတို့ ...သင့်လျော်သော အခါအားဖြင့် ဖြစ်စေ, မသင့်လျော်သော အခါအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ သိမ်မွေ့သောအားဖြင့် ဖြစ်စေ ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ, အကျိုးအကြောင်းနှင့် မစပ်သော အားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ, ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။

ရဟန်းတို့ ...ထိုသို့ပြောဆိုရာ စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည် --- ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သောစကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကြ ကုန်လျက်လည်း မေတ္တာစိတ် ရှိကြကုန်၍ ပြစ်မှားသောစိတ် မရှိကြဘဲ နေကြကုန်အံ့၊ ထိုပုဂ္ဂိုလ်ကိုလည်း (= ထို ပြောဆိုလာသော ပုဂ္ဂိုလ်ကိုလည်း) မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါ အားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန်မရှိသော ဆင်းရဲခြင်း မရှိသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ --- ဟု ဤသို့ လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။

ရဟန်းတို့ ...ဥပမာသော်ကား ယောက်ျားသည် ပေါက်တူး ခြင်းတောင်းတို့ကို ယူ၍လာပြီးလျှင် ငါသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုတော့အံ့ဟု ပြောဆိုရာ၏။ ထိုယောက်ျားသည် မြေကြီးမဟုတ်သည် ဖြစ်လော့၊ မြေကြီးမဟုတ်သည် ဖြစ်လော့ဟု ထိုထိုအရပ်၌ တူးဆွရာ၏၊ ထိုထိုအရပ်၌ ကြဲဖြန့်ရာ၏၊ ထိုထို အရပ်၌ တံတွေးထွေးရာ၏၊ ထိုထိုအရပ်၌ ကျင်ငယ်စွန့်ရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောက်ျားသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုနိုင်ရာသလောဟု ဘုရားရှင် က မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း။ အရှင်ဘုရား ...ဤမြေကြီးသည် ထုထည် ထူထည်း၍ အလျားအနံ အပိုင်းအခြားပမာဏ မရှိသောကြောင့် ထိုမြေကြီးကို မြေကြီးမဟုတ်အောင် ပြုရန် မလွယ်ပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု ပြန်လည် လျှောက်ကြားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ---

၁။ သင့်လျော်သော အခါအားဖြင့်လည်းကောင်း, မသင့်လျော်သော အခါအားဖြင့်လည်းကောင်း,

၂။ ဟုတ်မှန်သောအားဖြင့်လည်းကောင်း, မဟုတ်မှန်သောအားဖြင့်လည်းကောင်း,

၃။ သိမ်မွေ့ပြေပြစ်သောအားဖြင့်လည်းကောင်း, ကြမ်းတမ်းသောအားဖြင့်လည်းကောင်း,

၄။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း, အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်း ကောင်း,

၅။ မေတ္တာစိတ် ရှိကုန်၍လည်းကောင်း, ပြစ်မှားသော စိတ်ရှိကုန်၍လည်းကောင်း ---

သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။

ရဟန်းတို့ ...သင့်လျော်သောအခါအားဖြင့် ဖြစ်စေ, မသင့်လျော်သောအခါအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ မဟုတ်မှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ...သိမ်မွေ့ပြေပြစ်သောအားဖြင့် ဖြစ်စေ ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ, အကျိုး အကြောင်းနှင့် မစပ်သောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ထိုသို့ပြောဆိုသော စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ --- ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့။ ယုတ်ညံ့သောစကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကြကုန် လျက်လည်း မေတ္တာစိတ် ရှိကုန်၍ ပြစ်မှားသောစိတ် မရှိကြဘဲ နေကြကုန်အံ့၊ ထိုပြောဆိုလာသောပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော မဟာပထဝီမြေကြီးနှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။ [ပေါက်တူး ခြင်းတောင်းတို့ကို ကိုင်ဆောင်လာသော ယောက်ျားသည် မဟာပထဝီမြေကြီးကို ပထဝီမဟုတ်အောင် ပြုခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အတိုင်းအတာပမာဏ မရှိသော သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းအတာပမာဏ မရှိသော မေတ္တာစျာန်ကို ဝင်စားလျက် ရှိသော ပုဂ္ဂိုလ်၏ မေတ္တာစိတ်ကို ငါးမျိုးသော စကားလမ်းကြောင်း ဝစနပထတို့ကို ယူဆောင်လာသော ပုဂ္ဂိုလ်၏ စကား သည်လည်း ဖောက်ပြန်ပြောင်းလဲမှုကို မပြုနိုင်ဟု ဆိုလို၏။]

ရဟန်းတို့ ...ဥပမာသော်ကား ယောက်ျားသည် ချိပ်ရည်ကိုလည်းကောင်း, အဝါရည်ကိုလည်းကောင်း အညိုရည်ကိုလည်းကောင်း နီမောင်းသော ဆေးရည်ကိုလည်းကောင်း ယူ၍ ငါသည် ဤကောင်းကင်၌ အရုပ်ကို ရေးအံ့၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုအံ့ --- ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောက်ျားသည် ဤကောင်းကင်၌ အရုပ်ကို ရေးနိုင်ရာသလော၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုနိုင်ရာသလောဟု ဘုရားရှင်က မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ၊ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အရှင် ဘုရား ...ဤကောင်းကင်သည် အဆင်းပုံသဏ္ဌာန် ရှိသည် မဟုတ်ပါ၊ မြင်ကောင်းသော အရာလည်း မဟုတ်ပါ၊ ထိုကောင်းကင်၌ အရုပ်ကိုရေးရန် အရုပ်ကို ထင်ရှားဖြစ်အောင် ပြုရန် မလွယ်ပါ၊ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း, မသင့်လျော်သော အခါ အားဖြင့်လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။ ပ ။ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော ကောင်းကင်နှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရမည်။

[ဝစနပထ အမည်ရသော စကားလမ်းကြောင်း ငါးမျိုးတို့ကို ယူဆောင်၍ စကားပြောဆိုလာသော ယောက်ျား ၏ စကားသည် --- ဆေးရောင် အမျိုးမျိုးတို့ဖြင့် ကောင်းကင်၌ အရုပ်ရေးသော်လည်း ရေးခြယ်၍ မရနိုင်သကဲ့သို့ အလားတူပင် --- သတ္တဝါအားလုံးတို့ အပေါ်၌ အတိုင်းအတာပမာဏ မရှိသော မေတ္တာစျာန်ကို ဖြန့်ကြက်ကာ မေတ္တာစျာန်ဝင်စားနေသော ရဟန်းတော်၏ စိတ်ကို ဖောက်ပြန်အောင် ပြုခြင်းငှာ မစွမ်းနိုင်။ ထိုကြောင့် ကောင်းကင်နှင့် တူသော စိတ်ထားဖြင့် မေတ္တာစျာန်ကို ဝင်စားနေပါဟု ဆိုလိုပေသည်။]

ရဟန်းတို့ ...ဥပမာသော်ကား -- ယောက်ျားသည် ရဲရဲတောက်သော ဤမြက်မီးရှူးကို ယူပြီးလျှင် ငါသည် ရဲရဲတောက်သော ဤမြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေအံ့၊ ထက်ဝန်းကျင် ပူလောင်စေအံ့ -- ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောက်ျားသည် ရဲရဲ တောက်သော မြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေနိုင်ရာသလော၊ ထက်ဝန်းကျင် ပူလောင်စေနိုင်ရာသလောဟု မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အရှင် ဘုရား ...ဂင်္ဂါမြစ်သည် နက်ရှိုင်းလှ၏၊ အပြောကျယ်၏၊ အပိုင်းအခြားပမာဏ မရှိ၊ ထိုကြောင့် ထိုဂင်္ဂါမြစ်ကို ရဲရဲတောက်သော မြက်မီးရှူးဖြင့် ပူလောင်စေရန် ထက်ဝန်းကျင် ပူလောင်စေရန် မလွယ်ကူပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ကြားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း, မသင့်လျော်သော အခါ အားဖြင့်လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။ ပ ။ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော ဂင်္ဂါ မြစ်နှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြရမည်။

[ဂင်္ဂါမြစ်၏ နက်ရှိုင်းရာအရပ်သည် တစ်ဂါဝုတ် နှစ်ဂါဝုတ် = ယူဇနာဝက် တစ်ယူဇနာခန့်လောက်သာ ရှိ၏၊ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်း၏ အကျယ်မှာလည်း ထိုနည်းတူပင် အချို့အရာ၌ တစ်ဂါဝုတ်, အချို့ အရာ၌ ယူဇနာဝက်, အချို့အရာ၌ တစ်ယူဇနာခန့်မျှသာ ကျယ်၏။ အလျားအားဖြင့်မူ ယူဇနာ (၅၀၀)ခန့်သာ ရှည်၏။ ထိုဂင်္ဂါမြစ်သည် အဘယ်သို့လျှင် နက်ရှိုင်း၍ အတိုင်းအတာပမာဏ မရှိ ဖြစ်နိုင်ပါအံ့နည်း။ ဤ၌ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- ယောက်ျားတစ်ယောက်၏ လုံ့လပယောဂဖြင့် ဂင်္ဂါမြစ်ရေအားလုံးကို ထက်အောက် ပြောင်းပြန်လှန်၍ ခုံလောက်တစ်ခုပေါ်၌ တင်ထားသော ရေကဲ့သို့ ပူလောင်အောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင် သောကြောင့် ဤသို့ မိန့်ဆိုတော်မူခြင်း ဖြစ်၏။ တန့်ရပ်နေသော မစီးဆင်းသောရေ ဖြစ်ပါမူ လက်တစ်သစ်မျှ လောက်သော ရေကိုလည်းကောင်း, လက်တစ်သစ်ဝက်ခန့်မျှလောက်သော ရေကိုသော်လည်းကောင်း ဤသို့ ပူလောင်စေခြင်းငှာ စွမ်းနိုင်သည် ဖြစ်ကောင်း ဖြစ်လေရာ၏။ ဤဂင်္ဂါမြစ်ရေယဉ်ကြော တစ်ခုလုံးကိုကား ပူလောင် အောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်လေရာ။ ထိုကြောင့် ဤဥပမာကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ ဂင်္ဂါမြစ် ရေယဉ်ကြောတစ်ခုလုံးကို မြက်မီးရှူးဖြင့် ပူလောင်စေခြင်းငှာ မစွမ်းနိုင်သကဲ့သို့ စကားလမ်းကြောင်း ငါးမျိုးတို့ကို သယ်ဆောင်၍လာသော ယောက်ျားသည်လည်း အတိုင်းအတာပမာဏ မရှိသော သတ္တဝါတို့အပေါ်၌ မေတ္တာစျာန်ကို ဖြန့်ကြက်ကာ မေတ္တာစျာန်ဝင်စားနေသော သူတော်ကောင်း၏ စိတ်အစဉ်ကို ဖောက်ပြန် ပြောင်းလဲ သွားအောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ဟု ဆိုလိုသည်။]

ရဟန်းတို့ ...ဥပမာတစ်မျိုးသော်ကား --- အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားအပ်သော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ကြောင်သားရေအိတ်သည် ရှိလေရာ၏။ ထိုအခါ ယောက်ျားသည် တုတ်ချောင်းကိုလည်းကောင်း, အိုးခြမ်းကွဲကိုလည်းကောင်း ယူပြီးလျှင် --- ငါသည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း, အိုးခြမ်းကွဲဖြင့်လည်းကောင်း ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင်ပြုအံ့ဟု ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြ ကုန်သနည်း၊ ထိုယောက်ျားသည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း, အိုးခြမ်းကွဲဖြင့်လည်းကောင်း ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင် ပြုနိုင်ရာပါသလောဟု မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ ဤ ကြောင်သားရေအိတ်သည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ကြောင်သားရေအိတ် ဖြစ်ပါသည်၊ ထိုကြောင့် ထိုကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့် ဖြစ်စေ အိုးခြမ်းကွဲဖြင့် ဖြစ်စေ ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင် ပြုလုပ်ရန် မလွယ်ကူပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ကြားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် --- သင့်လျော်သော အခါဖြင့်လည်းကောင်း, မသင့်လျော်သော အခါအားဖြင့်လည်းကောင်း, ဟုတ်မှန်သောအားဖြင့်လည်းကောင်း, မဟုတ်မှန်သောအားဖြင့်လည်းကောင်း, သိမ်မွေ့ပြေပြစ်သောအားဖြင့်လည်းကောင်း, ကြမ်းတမ်းသောအားဖြင့်လည်းကောင်း, အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း, အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်းကောင်း, မေတ္တာစိတ် ရှိကုန်၍ လည်းကောင်း, ပြစ်မှားသောစိတ် ရှိကုန်၍လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။

ရဟန်းတို့ ...သင့်လျော်သောအခါအားဖြင့် ဖြစ်စေ, မသင့်လျော်သောအခါအားဖြင့် ဖြစ်စေ, သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ, မဟုတ်မှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ သိမ်မွေ့ပြေပြစ်သောအားဖြင့် ဖြစ်စေ, ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ, အကျိုးနှင့် အကြောင်းနှင့် မစပ်သောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ, ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။

ရဟန်းတို့ ...ထိုသို့ပြောဆိုရာ စကားလမ်းကြောင်းတို့၌ သင်တို့သည် ဤသို့ ကျင့်ရမည် ငါတို့၏ စိတ် သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ် ရှိကုန်လျက် ပြစ်မှားသောစိတ် မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထိုပြောဆိုလာသော ပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲ မရှိသော ကြောင်သားရေအိတ်နှင့် တူသော စိတ်ဓာတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

[ကောင်းစွာ အတွင်းအပြင် နယ်ထားအပ်သော ကြောင်သားရေအိတ်သည် အသံမမြည်သကဲ့သို့ အတိုင်း အတာပမာဏ မရှိသော သတ္တဝါအာရုံတို့ အပေါ်၌ ကောင်းစွာ ကြိတ်ချေထားအပ်သော ကောင်းစွာ ပွားများ အားထားအပ်သော မေတ္တာစျာန်ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝင်စားထားနိုင်သော သူတော်ကောင်းကို ဝစနပထ အမည်ရသော စကားလမ်းကြောင်း ငါးမျိုးတို့တွင် တစ်မျိုးမျိုးကို သယ်ဆောင်၍ လာရောက် ပြောကြားခဲ့သည် ရှိသော် ထိုမေတ္တာစျာန်ကို ကောင်းစွာ ဝင်စားထားနိုင်သော ရဟန်းတော်၏ စိတ်ဓာတ်မှ စကားလမ်းကြောင်း တစ်ခုခုကို အကြောင်းပြု၍ မကျေနပ်သံများ ကျေနပ်သံများ ထွက်ပေါ် မလာနိုင်ပေ။ ထိုသို့ဖြစ်အောင် ကျင့်ပါဟု ဆိုလိုသည်။]

ရဟန်းတို့ ...ယုတ်မာမှုရှိသော ခိုးသူတို့သည် နှစ်ဖက်ရိုးရှိသော လွှဖြင့် အင်္ဂါကြီးငယ်တို့ကို အကယ်၍ လည်း တိုက်ဖြတ်ကုန်ငြားအံ့၊ ထိုသို့ တိုက်ဖြတ်ရာ၌လည်း စိတ်ပြစ်မှားမိသောသူသည် ထို စိတ်ပြစ်မှားမိခြင်းဖြင့် ငါဘုရားရှင်၏ အဆုံးအမကို ပြုကျင့်သူ မဟုတ်၊ ရဟန်းတို့ ...ထိုသို့ တိုက်ဖြတ်ရာ၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုကြ ကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ် ရှိကုန်လျက် ပြစ်မှားသောစိတ် မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထို ပြစ်မှားနေသော ပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါ အားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲ မရှိသော မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေ ကြကုန်အံ့ --- ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

ရဟန်းတို့ ...သင်တို့သည် ဤ လွှဥပမာရှိသော အဆုံးအမဩဝါဒကိုလည်း မပြတ်နှလုံးသွင်းကြကုန် လော့၊ ရဟန်းတို့ ...သင်တို့သည် သည်းမခံနိုင်လောက်သော ငယ်ငယ်ကြီးကြီး ဖြစ်သော ထိုစကား လမ်း ကြောင်းကို သင်တို့သည် တွေ့မြင်ကြကုန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား ...မတွေ့မြင်ကြကုန်ပါဟု လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...ထိုကြောင့် ဤ လွှဥပမာရှိသော အဆုံးအမဩဝါဒကို မပြတ် နှလုံး သွင်းကြကုန်လော့။ ထိုအဆုံးအမဩဝါဒသည် သင်တို့အတွက် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်လတ္တံ့ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေသတည်း။ (မ၊၁၊၁၇၂-၁၈၁။ ကကစူပမသုတ္တန်။)

မက္ခ - ပဠာသ

ဒေါသနှင့်စပ်၍ အဖြစ်များတတ်သော မက္ခ ပဠာသတို့၏ အကြောင်းကိုလည်း သိသင့်ပေသည်။ ထိုတွင် မက္ခဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်သော ကျေးဇူးကာဏ်းတတ်သော ဒေါသတစ်မျိုးတည်း။ သတ္တဝါ တစ်ဦး၏ သန္တာန်ဝယ် အထူးသဖြင့် လူသားတစ်ဦး၏ သန္တာန်ဝယ် ငယ်ရွယ်စဉ်က စ၍ = ဖဝါးလက်နှစ်လုံး ပခုံး လက်နှစ်သစ်က စ၍ ဝါးဖတ်တော် ကစီနှစ်ဖြင့် လူဖြစ်အောင် ကျွေးမွေးလာရသော နို့ချိုတိုက်ကျွေးလျက် မွေးမြူခဲ့ ရသော မိဘကျေးဇူး, ဆရာသမားကျေးဇူး, မိတ်ဆွေကောင်းတို့ကျေးဇူး စသည်ဖြင့် သူတစ်ပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟု မထင်, ကျေးဇူးမတင်နိုင်ဘဲ သူ့ကျေးဇူး ငါ့မှာ ဘာရှိသလဲဟု ချေဖျက်တတ် ကျေးဇူးကာဏ်းတတ်ကြလေသည်။

အချို့ကား ကျေးဇူးကာဏ်းရုံတွင်မက သားရေပေါ် အိပ်ပြီး သားရေနားကို စားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြလေသည်။ ထိုသူမျိုးကို မိတ္တဒုဗိ႓ = မိတ်ဆွေကို ပြစ်မှားသူ လူယုတ်မာဟု များစွာ အပြစ်ဆို လေသည်။

အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ဆင်ဖြူတော် ဖြစ်နေ၏၊ အိုမင်းမစွမ်း ဖြစ်နေရှာသော မျက်မမြင် မိခင်ဆင်မကြီးကို ပြုစုလုပ်ကျွေးနေ၏။ အရှင်ဒေဝဒတ်အလောင်း မုဆိုးသည် (၇)ရက်တိုင်တိုင် ဟိမဝန္တာ တောအတွင်းဝယ် မျက်စိလည် လမ်းမှားနေသဖြင့် ငိုကြွေးနေ၏။ ဘုရားအလောင်းတော် ဆင်ဖြူတော်က မိမိ၏ ကျောက်ကုန်းထက်၌ တင်ကာ လူတို့ဌာနေသို့ သွားရာလမ်းသို့တိုင်အောင် လိုက်ပို့ပေးရှာ၏။ သို့သော် ငမုဆိုးက ဆင်ဖြူတော်အကြောင်းကို ရှင်ဘုရင်အား သံတော်ဦးတင်သဖြင့် ရှင်ဘုရင်က ယင်းငမုဆိုးနှင့်တကွ ဆင်ဆရာတို့ကို စေလွှတ်ကာ ဆင်ဖြူတော်ကို အဖမ်းခိုင်းသဖြင့် ဆင်ဖြူတော်သည် အဖမ်းခံလိုက်ရလေသည်။ (ဇာတက၊ဋ္ဌ၊၄၊၉၁။)

သူတစ်ပါးကျေးဇူးဟူသည်မှာ ကြွေးတင်သလို တင်နေသော တရားတစ်မျိုးတည်း၊ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှတ်ပြုကာ ကျေးဇူးတင်မိစေရမည်။ ဆပ်နိုင်သည်နေ့, ဆပ်ခွင့်ကြုံသည့်နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကြည်ဖြူစွာ ပြန်လည်၍ ဆပ်သင့်ကြ ပေသည်။ ရှေးပညာရှိတို့ကား လူဘဝမှာပင် မဆိုထားဘိ တိရစ္ဆာန်ဘဝမှာပင် မိဘကျေးဇူးကို ဆပ်ခဲ့ဖူးပေသည်။ အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ကျေးသားမျိုး၌ ဖြစ်၏။ မာဂဓလယ်တော၌ တည်ရှိသော ပုဏ္ဏားကြီးတစ်ဦး၏ လယ်တောတွင် ကျက်စားရင်း တစ်နေ့တွင် ညွှတ်ကွင်းဝယ် ဖမ်းဆီးမိသွား၏။ ဘုရား အလောင်းတော် ကျေးသားမှာ စပါးများကို မိမိကိုယ်တိုင် အဝစားရုံတွင်မက အပြန်တွင် စပါးနှံများကိုပါ ကိုက်ချီ ၍ ပျံသန်းလေ့ရှိသဖြင့် လယ်ရှင် ပုဏ္ဏားကြီး၏ ခိုင်းစေချက်အရ လယ်စောင့်ယောက်ျားက ဖမ်းဆီးခြင်း ဖြစ်၏။ လယ်စောင့်ယောက်ျားက ဖမ်းဆီးမိသော ကျေးသားအား လယ်ရှင်ပုဏ္ဏားကြီးထံသို့ ယူဆောင်သွား၏။ လယ်ရှင် ပုဏ္ဏားကြီးက စပါးနှံများကို ကိုက်ချီ၍ ယူဆောင်သွားရခြင်း၏ အကြောင်းရင်းကို မေးသောအခါ ---

၁။ ကြွေးဟောင်းကို ဆပ်ခြင်း,

၂။ ကြွေးသစ်ကို ချခြင်း,

၃။ ရွှေအိုးကို မြှုပ်ခြင်း ---

ဤလုပ်ငန်းရပ် သုံးခုကို ပြုလုပ်နေခြင်းကြောင့် စပါးနှံများကို ကိုက်ချီ၍ ယူသွားကြောင်းကို ရှင်းပြ၏။

၁။ ကြွေးဟောင်းကို ဆပ်ခြင်းဟူသည် အတိတ်ငယ်ရွယ်စဉ်က မိဘတို့က ပြုစုကျွေးမွေး စောင့်ရှောက်ခဲ့သော ကျေးဇူးကို ပြန်လည်၍ ဆပ်ခြင်းကို ဆိုလို၏။

၂။ ကြွေးသစ်ကို ချခြင်းဟူသည်မှာ အတောင်အလက် မစုံသေးသော သားငယ် သမီးငယ်တို့ကို ပြုစု လုပ်ကျွေး ခြင်းကို ဆိုလို၏။ ထိုသားငယ် သမီးငယ်တို့က တစ်ချိန်တွင် မိဘကို ပြန်လည်၍ ပြုစု လုပ်ကျွေးကြလိမ့် မည်ဟု မိဘတို့၌ မျှော်လင့်ချက် ရှိသဖြင့် ကြွေးသစ်ချခြင်းနှင့် တူ၏။

၃။ ရွှေအိုး မြှုပ်ခြင်းဟူသည်မှာ အသက်အရွယ် ကြီးရင့်၍ အိုမင်းမစွမ်းရှိကြကုန်သော ကျေးသားအိုကြီးတို့ကို အလှူဒါနပြုခြင်းကို ဆိုလို၏။ သံသရာအဆက်ဆက်၌ အစဉ်တစ်စိုက် လိုက်ပါမည့် အနုဂါမိက ရွှေအိုး တည်း။

ဤသဘောတရားများကို အလောင်းတော်ကျေးသားက ပုဏ္ဏားကြီးအား ရှင်းပြသောအခါ ပုဏ္ဏားကြီးက ဤတရား သုံးပါးတို့သည် အချို့လူသားတို့၌ပင် မရှိကြသဖြင့် အလွန် ကျေနပ်ကာ ဘုရားအလောင်းတော်ကျေးသားကို စပါးနှံများကို အလိုရှိသလောက် ယူဆောင်ရန် ခွင့်ပြုလိုက်လေသည်။ (ဇာတက၊ဋ္ဌ၊၄၊၂၇၆-၂၈၁။)

ဆရာသမား၏ ကျေးဇူးတော်

မိထွေးတော်ဂေါတမီသည် မိမိကိုယ်တိုင် ဦးဆောင်၍ စီမံရက်လုပ်ထားသော သင်္ကန်းလျာ ပုဆိုးအစုံကို ဘုရားရှင်အား လှူဒါန်း၏။ ဘုရားရှင်က သံဃာအား လှူစေ၏။ ထိုအခါ အရှင်အာနန္ဒာကိုယ်တော်မြတ်က မိထွေးတော်ဂေါတမီသည် မဟာမာယာ ကွယ်လွန်သွားသည့်အခါ ဘုရားအလောင်းတော်အား နို့ချိုတိုက်ကျွေး၍ မွေးမြူခဲ့သူ ဖြစ်သဖြင့် ကျေးဇူးကြီးမားရကား မိထွေးတော်လှူသည့် သင်္ကန်းအစုံကို အလှူခံယူတော်မူပါမည့် အကြောင်းကို ဝင်ရောက်၍ လျှောက်ထားတောင်းပန်၏။ ထိုအခါ ဘုရားရှင်က သတ္တဝါ တစ်ဦးတစ်ယောက်ကို အရိယာသူတော်ကောင်းအဆင့်သို့ ရောက်အောင် ပို့ဆောင်ပေးလိုက်သော ဆရာသမား၏ ဂုဏ်ကျေးဇူးက သာလွန်၍ ကြီးမြတ်ကြောင်းကို အောက်ပါအတိုင်း အမိန့်ရှိသွားတော်မူ၏။

အာနန္ဒာ ...ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ် သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားတော်ကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ သံဃာတော်ကို ယုံကြည်သိမှတ် ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ...ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား တပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်ပံ့ အသက်၏ အရံအတားဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရား မဟောပေ။

အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲစားသောက် ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ...ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။

အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု (၁၀)တန် ထင်ပေါ် တရားတော်မြတ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏။ အရိယာသံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ဘုရားအစရှိကုန်သော အရိယာတကာ သူတော်စွာ တို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော အရိယကန္တသီလ = ငါးပါးသီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ ... ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရို အသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။

အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာတရား၌ ယုံမှားကင်း၏၊ သမုဒယသစ္စာတရား၌ ယုံမှားကင်း၏၊ ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာတရား၌ ယုံမှားကင်း၏၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် ဖြစ်သော မဂ္ဂသစ္စာတရား၌ ယုံမှားကင်း၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို ပေးကမ်း လှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။ (မ၊၃၊၂၉၇။ ဒက္ခိဏဝိဘင်္ဂသုတ်။)

စတူဟိ ပဏီတပစ္စယေဟိ စက္ကဝါဠန္တရံ ပူရေတွာ သိနေရုပဗ္ဗတေန ကူဋံ ဂဟေတွာ ဒေန္တောပိ အာစရိယဿ အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ။ (မ၊ဋ္ဌ၊၄၊၂၂၃။)

အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ၊ ယသ္မာ အာစရိယေန ကတဿ ဓမ္မာနုဂ္ဂဟဿ အန္တေဝါသိနာ ကိရိယမာနော အာမိသာနုဂ္ဂဟော သင်္ခမ္ပိ ကလမ္ပိ ကလဘာဂမ္ပိ န ဥပေတိယေဝါတိ။ (မ၊ဋီ၊၃၊၄၀၈။)

သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ဟောကြားပြသ ဆိုဆုံးမလျက် ဓမ္မာနုဂ္ဂဟ = တရားဖြင့် ချီးမြှောက် မစသော ဆရာဖြစ်သူအား တပည့်ဖြစ်သူက ပစ္စည်းလေးပါးတို့ဖြင့် စကြဝဠာ အဆုံးအပိုင်းအခြားတိုင်အောင် စကြဝဠာတစ်တိုက်လုံးကို ပြည့်စေ၍ မြင့်မိုရ် တောင်ဖြင့် အထွတ်ပြု၍ ပေးလှူသော်လည်း ဆရာသမားအား လျော်လျောက်ပတ် ကောင်းမြတ်သော ကျေးဇူး တုံ့ပြန်ခြင်း အမှုကို ပြုခြင်းငှာ မစွမ်းနိုင်သည်သာတည်း။ ဆရာသမား၏ ပြုစု ပျိုးထောင်ပေးလိုက်သော ဓမ္မာနုဂ္ဂဟ = သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိအောင် ချီးမြှောက်ပေးမှုအား တပည့်ဖြစ်သူက ပြုလုပ်အပ်သော ပစ္စည်းဖြင့် ထောက်ပံ့ခြင်း အာမိသာနုဂ္ဂဟသည် အဆ အရာ အထောင် အသိန်းမျှမက လိုက်၍ မမှီနိုင်အောင် ကွာဟလျက် ရှိ၏။

ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို အရဟတ္တဖိုလ်တိုင်အောင် ရရှိခဲ့သည် ဖြစ်အံ့ ---

၁။ သောတာပန်ဖြစ်ခဲ့သော် အပါယ်လေးဘုံမှ ကွင်းလုံးကျွတ် လွတ်သွားပြီ ဖြစ်၏။

၂။ သကဒါဂါမ်အဆင့်သို့ ရောက်ရှိသွားလျှင် ကာမဘုံသို့ သို့မဟုတ် လူ့ဘုံသို့ တစ်ကြိမ်သာ ပြန်လာခွင့် ရှိ တော့၏။

၃။ အနာဂါမ်အဆင့်သို့ ရောက်ရှိသွားလျှင် ကာမဘုံသို့ ပြန်လည်ခွင့် မရှိတော့ဘဲ ဗြဟ္မာပြည်မှာသာ ပရိနိဗ္ဗာန် စံရတော့မည် ဖြစ်၏။

၄။ ရဟန္တာအဆင့်သို့ ရောက်ရှိသွားလျှင်ကား (၃၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ ဖြစ်၏။ အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီး နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေရသော ဘေးဆိုးကြီး အဝဝတို့မှ အပြီးတိုင် လွတ်မြောက်သွား၏။

ဤမျှကြီးမားသော အကျိုးကျေးဇူးများကား အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံး တန်ဖိုးအကြီးမားဆုံး ကျေးဇူး များပင် ဖြစ်ကြ၏။ သူတော်ကောင်းမှန်သမျှသည် ဤကဲ့သို့သော ကျေးဇူးများကို အဘယ်ကြောင့် ချေဖျက်သင့် နိုင်ပါအံ့နည်း။ ။အကြင်သစ်ပင်၏ အရိပ်၌ ထိုင်နေ အိပ်နေအံ့၊ ထိုသစ်ပင်၏ အခက်ကို မချိုးပါနှင့်၊ အရိပ်နေနေ အခက်ချိုးချိုး မိတ်ဆွေကို ပြစ်မှားသော ထိုလူမျိုးသည် လူယုတ်မာသာ ဖြစ်၏။

ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ။

န တဿ သာခံ ဘေဉ္ဇယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော။(ဇာတက၊၂၊၃၀၀။ ခု၊၅၊၂၂၁-၂၉၉)

ပဠာသ -

ပဠာသဟူသည် ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသတစ်မျိုးပင်တည်း။ သီလသမာဓိ ပညာရှိသူ, ဥစ္စာ ပေါသူ, ရုပ်ချောသူ, အမျိုးမြတ်သူ, လိမ္မာသူ, ခွန်အားကြီးမားသူ, စွမ်းအင်သတ္တိ ပြည့်ဝသူတို့ကို အသာမပေးနိုင်ဘဲ သူနဲ့ ငါနဲ့ ဘာထူးသေးသလဲဟု မိမိထက် အမှန်သာနေသူ သာမှန်းလည်း သိလောက်သူနှင့် အားတူ အင်တူ ဂုဏ်တူလုပ်၍ ပြောဆို ပြိုင်ဆိုင်ခြင်းမျိုးတည်း။ မိမိမှာ ထိုကဲ့သို့ ဂုဏ်မျိုး ရှိမည်ထင်၍ နှိုင်းယှဉ်ပြောဆိုမှုတို့မှာ ပဠာသ မဟုတ်ချေ။

ဇေတဝန်ကျောင်းတိုက်တော်မှ သုံးဂါဝုတ် ယူဇနာဝက်ခန့် ကွာဝေးသောအရပ်၌ နိဂုံးရွာတစ်ခုသည် ရှိ၏။ ထိုနိဂုံးရွာ၌ များစွာကုန်သော စာရေးတံဆွမ်း, လဆန်းပက္ခ လဆုတ်ပက္ခတို့၌ လှူအပ်သောဆွမ်းတို့သည် ရှိကြ၏။ ထိုရွာ၌လည်း ပြဿနာကို မေးမြန်းကာ ရဟန်းသာမဏေတို့ကို အရှက်ရစေလျက် နှောင့်ယှက်တတ်သော ငတုံး တစ်ယောက်သည် နေထိုင်၏။ ထိုငတုံးသည် သလာကဘတ် = စာရေးတံဆွမ်း, ပက္ခိကဘတ် = တစ်ပက္ခ၌ လှူ သော ဆွမ်းတို့အလို့ငှာ သွားကုန်သော ရဟန်းငယ် သာမဏေငယ်တို့ကို ခဲဖွယ်တို့ကို ခဲစဉ် သောက်ဖွယ်တို့ကို သောက်စဉ် စားဖွယ်တို့ကို စားစဉ် ပြဿနာတို့ကို မေးကာ ဖြေအံ့သောငှာ မစွမ်းနိုင်ကုန်သည်ရှိသော် အရှက်ကို ရစေ၏။ ရဟန်းငယ် သာမဏေငယ်တို့သည် ငတုံးမှ ကြောက်သောကြောင့် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှာ ထိုရွာသို့ မသွားကြကုန်။

ထိုအခါ တစ်နေ့သ၌ မထင်ရှားသော ရဟန်းတော်တစ်ပါးသည် ထိုငတုံးကို ဆိုဆုံးမလိုသည့်အတွက် ထို ရွာသို့ ကြွသွား၏။ ရွာတံခါး၌ ရပ်၍ သင်္ကန်းကို ရုံ၏၊ ထိုရဟန်းကို မြင်၍ ငတုံးသည် ကြမ်းတမ်းသောဆိတ်ကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာလတ်၍ ရဟန်း ...ငါ၏ ပြဿနာကို ဖြေလော့ဟု ဆို၏။ ရဟန်းတော်က ယာဂု သောက်ပြီးသည်တိုင်အောင်, ဆွမ်းစားဇရပ်ကို တံမြက်လှည်းပြီးသည်တိုင်အောင်, စာရေးတံဆွမ်းကို ဆောင်ယူ ပြီးသည်တိုင်အောင် အခွင့်ပေးပါရန် အချိန်ရွှေ့ကာ မေတ္တာရပ်ခံလျက် ငတုံးကိုပင် သပိတ်ကို ပိုက်စေ၍ ရွာတံခါးသို့ တိုင်အောင် ရွာပသို့ ခေါ်ဆောင်ခဲ့၍ သင်္ကန်းကို ခေါက်၍ ပခုံးထက်၌ တင်၍ ထိုငတုံး၏ လက်မှ သပိတ်ကို ယူ၍ ရပ်၏။ ထိုအရပ်၌ ငတုံးက ပြဿနာဖြေဆိုရန် ပြောကြားလာ၏။ ထိုအခါ ထိုရဟန်းက သပိတ်ကို တစ်နေရာ တွင် ထားကာ သင်၏ ပြဿနာကို ဖြေအံ့ဟု ဆို၍ တစ်ချက်တည်းဖြင့်ပင်လျှင် လဲစေ၍ အရိုးတို့ကို ကြေစေဘိ သကဲ့သို့ ထောင်းထုသတ်ပုတ်၍ ငတုံး၏ ခံတွင်းထဲသို့ မစင်များကို ထည့်၍ ယခုအခါ၌ ဤနေ့မှ စ၍ ဤရွာသို့ လာသော ရဟန်းကို တစ်စုံတစ်ခုသော ပြဿနာကို မေးသောကာလ၌ သိစေအံ့ဟု ခြိမ်းခြောက်၍ သွား၏။ ထို ငတုံးသည် ထိုအခါမှ စ၍ ထိုရဟန်းတို့ကို မြင်လျှင် ပြေးလေ၏။

ထိုသတင်းသည် ဘုရားရှင်၏ ရွှေနားတော်သို့တိုင်အောင် ပေါက်ကြားသွားသောအခါ ဘုရားရှင်က ရှေးဖြစ် ဟောင်း အောက်မေ့ဖွယ် ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူပြန်၏ ---

လွန်လေပြီးသောအခါ အင်္ဂတိုင်းသား မာဂဓတိုင်းသားတို့သည် တစ်ဦးသည် တစ်ဦး၏တိုင်းသို့ သွားကုန် လတ်သော် တစ်နေ့သ၌ တိုင်းနှစ်တိုင်းတို့၏ နယ်ခြားဒေသအရပ်၌ တစ်ခုသောအိုင်ကို မှီကုန်၍ သုရာတို့ကို သောက်ကာ ငါးအမဲတို့ကို စားပြီးနောက် ခပ်စောစောကပင်လျှင် လှည်းတို့ကို ကကုန်၍ သွားကုန်၏။ ရဟန်းတို့ကို ပြဿနာမေးကာ အနှောင့်အယှက်ပေးနေသော ငတုံးကား ထိုအချိန်တွင် မစင်စားသောပိုးတစ်ကောင် ဖြစ်နေ၏။ ထိုပိုးသည် မစင်နံ့ နံသောကြောင့် လာလတ်၍ ထိုသူတို့ သုရာသောက်ရာအရပ်၌ စွန့်ပစ်ထားခဲ့သော သုရာကို မြင်၍ ချင်ခြင်းတပ်သဖြင့် သောက်မိ၍ မူးယစ်သည် ဖြစ်လတ်သော် မစင်ပုံပေါ်သို့ တက်လေ၏။ ထိုပိုးသည် မစင်ပုံပေါ်သို့ တက်လတ်သော် မစင်စိုသည် အတန်ငယ် ညွတ်ကျသွား၏ အောက်သို့ အိဆင်းသွား၏။ ထိုမစင်ပိုး သည် ငါ့ကို မစင်ပုံသည် ခံထားအံ့သောငှာ မစွမ်းနိုင်ဟု ကြုံးဝါး၏။ ထိုခဏ၌သာလျှင် အမုန်ယစ်သော ဆင်ပြောင် တစ်စီးသည် ထိုအရပ်သို့ လာလတ်၍ မစင်နံ့ နံခြင်းကြောင့် စက်ဆုပ်ရွံရှာ၍ ဖဲခွာသွား၏၊ ထိုမစင်ပိုးသည် ထို ဆင်ပြောင်ကြီးကို မြင်၍ ဤဆင်ပြောင်ကြီးသည် ငါမှ ကြောက်သောကြောင့် ပြေး၏ဟု မှတ်ထင်ကာ ဆင်ပြောင်ကြီးကို စစ်ထိုးရန် ဖိတ်ခေါ်လိုက်၏။

ထိုအခါ ဆင်ပြောင်ကြီးက မစင်ပိုးကို ---

အချင်းမစင်ပိုး ...သင့်ကို ခြေတို့ဖြင့် ကြိတ်ချေ၍လည်း ငါမသတ်အံ့၊ အစွယ်တို့ဖြင့် ထိုးဆွ၍လည်း ငါမသတ်အံ့၊ နှာမောင်းဖြင့် ပုတ်ခတ်၍လည်း ငါမသတ်အံ့၊ မစင်ဖြင့်သာလျှင် သင့်ကို ငါသတ်ပေအံ့၊ အသင်သည် မစင်ဖြင့် သေစေသတည်း ---

ဤသို့ ပြောဆို၍ ထိုမစင်ပိုး၏ ထိပ်ထက်၌ ကြီးစွာသော မစင်တုံးကို စွန့်ချလိုက်၍ ကျင်ငယ်ကိုပါ စွန့်ချ လိုက်ပြီးနောက် ထိုအရပ်၌ပင်လျှင် ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ထိုနောင် ဆင်ပြောင်ကြီးသည် ကြိုးကြာသံနှင့် တူသော အသံကို မြည်အော်လျက် တောသို့ ဝင်လေ၏။ ဂုဏ်တုဂုဏ်ပြိုင် မပြုသင့်သူ တစ်ဦးကို ဂုဏ်တုဂုဏ်ပြိုင် ပြုမိသော ဒေါသကြောင့် ပျက်စီးရသော ထုံးဟောင်းတစ်ရပ်ပင် ဖြစ်ပေသည်။ (ဇာတက၊ဋ္ဌ၊၂၊၁၉၂-၁၉၄။ ဂူထပါဏဇာတ်။)

__________

၉။ ဣဿာ

ဣဿတီတိ ဣဿာ၊ ဣဿာယနာ ဣဿာ။

၁။ ဣဿာ ပရသမ္ပတ္တီနံ ဥသူယနလက္ခဏာ၊

၂။ တတ္ထေဝ အနဘိရတိရသာ၊

၃။ တတော ဝိမုခဘာဝပစ္စုပဋ္ဌာနာ၊

၄။ ပရသမ္ပတ္တိပဒဋ္ဌာနာ။ သံယောဇနန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ငြူစူတတ်သော သဘောတရားသည် ဣဿာ မည်၏။

ငြူစူခြင်းကို ပြုခြင်းသည် ဣဿာ မည်၏။

၁။ သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းသဘော = သည်းမခံနိုင်ခြင်းသဘော လက္ခဏ၊

၂။ ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့၌ပင်လျှင် မမွေ့လျော်နိုင်ခြင်း (ကိစ္စ) ရသ၊

= မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက် (ကိစ္စ) ရသ၊

၃။ ထိုသူတစ်ပါးတို့၏ စည်းစိမ်မှ မရှုစိမ့်နိုင်ဘဲ မျက်နှာလွှဲတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သူတစ်ပါးတို့၏ စည်းစိမ် ပဒဋ္ဌာန်။

ဤတွင်လည်း ကတ္တုသာဓန ဘာဝသာဓန နှစ်မျိုးကိုသာ ပြထားသော်လည်း ကရဏသာဓနလည်း ပြုနိုင် သည်သာဟု မှတ်ပါ။ သမ္ပယုတ်တရားတို့၏ သူတစ်ပါးတို့၏ စည်းစိမ်တို့၌ ငြူစူကြောင်း ဖြစ်သော သဘောတရား သည် ဣဿာ မည်၏ ဟူလိုသည်။

လက္ခဏ --- ဥသူယနံ အသဟနံ။ (မဟာဋီ၊၂၊၁၅၂။)

သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းဟူသည် ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့ကို မြင်ရ ကြားရ၍ သည်းမခံ နိုင်ခြင်း သဘောတည်း။ ရှေးရှေး ဘဝထိုထိုက ဆည်းပူးခဲ့ စုဆောင်းခဲ့ အားထုတ်ခဲ့သော ကုသိုလ်ကံကောင်းများက အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ယခုပစ္စုပ္ပန်ဘဝတွင်လည်း ပယောဂသမ္ပတ္တိတည်းဟူသော ဉာဏ်ဝီရိယ ဦးဆောင်လျက် ထိုထို ကြီးပွားကြောင်း လုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ် ပြုလုပ်ခြင်းတည်းဟူသော ပစ္စုပ္ပန် ကံ ရှိသည်ဖြစ်၍ --- ရဟန်းဖြစ်လျှင်လည်း ပရိယတ် ပဋိပတ် ကျွမ်းကျင်လိမ္မာတော်မူခြင်း, ပစ္စည်းလေးပါး ပေါ များခြင်း, ပူဇော်သက္ကာရ များပြားခြင်းများ ဖြစ်ရ၏။ လူဖြစ်လျှင်လည်း ဥစ္စာ စည်းစိမ်ဂုဏ်သိရ်များ တိုးတက်ကြီးပွား ခြင်းများ ဖြစ်ရ၏။ ထိုသို့ ပစ္စုပ္ပန်ကံ အတိတ်ကံတို့ကြောင့် ဘုန်းကံကြီးမားသူ အဘက်ဘက်မှ ဂုဏ်ရှိန် တိုးတက် နေသူကို မြင်ရ ကြားရသည်ရှိသော် ယောနိသောမနသိကာရ မရှိသူ မုဒိတာဗြဟ္မစိုရ်တရား ခေါင်းပါးသူတို့ကား ဝမ်းမမြောက်နိုင်ဘဲ --- ကိုယ့်ထက်သာ မနာလိုသည့် စိတ်ထားများကို အများဆုံး မွေးမြူတတ်ကြ၏။ မျက်နှာမဲ့ကာ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူကာ စောင်းကာမြောင်းကာ ချိတ်ကာရိပ်ကာဖြင့် သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့၊ ဇီးကွက် လောက်တော့ ငှက်တိုင်းလှရဲ့ -- ဤသို့စသည်ဖြင့် ကြည့်ရှုတတ်ကြ၏၊ ပြောဆိုတတ်ကြ၏၊ ကဲ့ရဲ့ ရှုတ်ချတတ်ကြ၏။ ဤသဘောထားများကား ဣဿာ၏ သဘောလက္ခဏာချည်းတည်း။

အနည်းငယ် ဆက်၍ ဆိုဦးအံ့၊ ဤဣဿာ၏ သူတစ်ပါးတို့၏ လာဘ်လာဘရခြင်း စသည်တို့၌ ရှုတ်ချခြင်း ခီယနလက္ခဏာကို အိမ်၌တည်သူ လူဝတ်ကြောင်အားဖြင့်သော်လည်းကောင်း, အိမ်ရာ မရှိသော ရသေ့ ရဟန်း အားဖြင့်သော်လည်းကောင်း = အာဂါရိကအားဖြင့်လည်းကောင်း, အနာဂါရိကအားဖြင့်လည်းကောင်း နှစ်မျိုး ခွဲခြား၍ ဖော်ပြသင့်၏။

အိမ်ရာတည်ထောင် လူဝတ်ကြောင်ဘဝ၌ နေထိုင်သော အချို့သောသူသည် လယ်လုပ်ခြင်း ကုန်သွယ်ခြင်း စသည်တို့တွင် တစ်မျိုးမျိုးသော အသက်မွေးဝမ်းကြောင်းဖြင့် မိမိ ယောကျ်ားတို့ ပြုလုပ်အပ်သည့် လုံ့လဝီရိယကို အမှီပြု၍ ကောင်းမြတ်သော ယာဉ်အမျိုးမျိုးကိုလည်းကောင်း ဆောင်တတ်သော ဆင်မြင်းကျွဲနွား စသည်ကိုသော် လည်းကောင်း ရွှေငွေ စသည့် နှစ်သက်မြတ်နိုးဖွယ်ရာ ရတနာ အမျိုးမျိုးကိုသော်လည်းကောင်း ရရှိ၏၊ ဣဿာ သဘောထား ရှိသော အခြားသောသူတစ်ယောက်သည် ထိုယောကျ်ား၏ လာဘ်ရခြင်းဖြင့် အလိုမရှိသည် ဖြစ်၍ ထိုလာဘ်ရခြင်းဖြင့် မနှစ်သက်၊ အဘယ်သောအခါ၌ ဤသူသည် ဤစည်းစိမ်၏ ပြည့်စုံခြင်းမှ ဆုတ်ယုတ်၍ အထီးကျန်မွဲ လူဆင်းရဲ ဖြစ်၍ လှည့်လည်ရပါလတ္တံ့နည်းဟု ကြံစည်၍ အကြောင်းတစ်ခုခုကြောင့် ထိုပုဂ္ဂိုလ်သည် ထိုပြည့်စုံနေသော စည်းစိမ်ဥစ္စာမှ ဆုတ်ယုတ်လတ်သော် နှစ်သက်ဝမ်းမြောက်တတ်၏။

အနာဂါရိက ရသေ့ ရဟန်းဖြစ်သော ဣဿာနှင့် ယှဉ်သော စိတ်ဓာတ်ရှိသူအချို့လည်း --- အခြားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ယင်းပုဂ္ဂိုလ်၏ ပရိယတ္တိဗဟုဿုတ ပဋိပတ္တိဗဟုဿုတ စသည့်ဂုဏ်တို့ကို အမှီပြု၍ ဖြစ်ပေါ် လာသော လာဘ်လာဘ စသည်တို့၏ ပြည့်စုံခြင်းကို မြင်ရ၍ အဘယ်သောအခါ၌ ဤပုဂ္ဂိုလ်သည် ဤလာဘ် လာဘ စသည်တို့မှ ဆုတ်ယုတ်ပါလတ္တံ့နည်းဟု ကြံစည်၍ တစ်ချိန် ထိုပုဂ္ဂိုလ်ကို အကြောင်းတစ်ခုခုကြောင့် လာဘ်လာဘ ယုတ်လျော့သည်ကို မြင်ရ၏၊ ထိုအခါ၌ နှစ်သက် ဝမ်းမြောက်တတ်၏။ --- ဤသို့လျှင် ဣဿာသည် သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို ရှုတ်ချခြင်း သဘောလက္ခဏာ ရှိသည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၄၀၅။)

ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- ချမ်းသာသည့် သုခိတသတ္တဝါတစ်ဦးကိုလည်းကောင်း, အများကိုလည်း ကောင်း မြင်တွေ့ရသည့်အခါ ကြည်ရွှင်ဝမ်းမြောက်တတ်သည့် မုဒိတာဗြဟ္မစိုရ် လက်ကိုင်ထားသည့် မုဒိတာ သဘောထားများ နှလုံးအိမ်တွင် ကိန်းဝပ်လေ့ရှိသည့် သူတော်ကောင်းတို့ကား သူတစ်ပါးတို့၏ ပရိယတ် ပဋိပတ် တို့၌ ကျွမ်းကျင်လိမ္မာတော်မူပုံ စည်းစိမ်ဥစ္စာ ဂုဏ်ရှိန်ဝါတို့ ပြည့်ပြည့်စုံစုံ ကုံလုံကြွယ်ဝနေပုံ ဆင်စီး၍ မြင်းရံနေပုံ တို့ကို မြင်ရ ကြားရလျှင် ပျော်ရွှင်ဝမ်းမြောက်ကြ၏။ သို့သော် ဣဿာ ကိန်းဝပ်နေသူ မသူတော်တို့ကား ထိုကဲ့သို့ မပျော်ရွှင်နိုင် ဝမ်းမမြောက်နိုင်ဘဲ သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ်၌ မမွေ့လျော်နိုင်ဘဲ မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက် လုပ်ငန်းရပ်တို့ကို ပြုလုပ်လေ့ရှိတတ်ကြ၏။ စောင်းတတ်မြောင်းတတ် ကဲ့ရဲ့တတ် ရှုတ်ချတတ်ကြ၏။ တို့မီးရှို့မီး လုပ်တတ်ကြ၏၊ ဣဿာ၏ လုပ်ငန်းကိစ္စပင်တည်း။

ထိုသို့ မမွေ့လျော်နိုင်သဖြင့် ထိုသူတစ်ပါးစည်းစိမ်မှ မျက်နှာလွှဲတတ်သော သဘောတရားဟု ယင်းဣဿာ တရားကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။

ဣဿာဟူသည် သူတစ်ပါးစည်းစိမ်ကို ငြူစူမှု သည်းမခံနိုင်မှု ဖြစ်သဖြင့် ထိုသူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ဂုဏ်သိရ်များသည်ပင် ဣဿာတရား ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ရပေသည်။ (ဤ စကားများအရ --- ဣဿာသည် သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ်ဟူသော ဗဟိဒ္ဓကိုသာ အာရုံပြုသောတရားဟု မှတ်ပါ။)

မြဂူကို မနာလိုသော ဝက်များ

ဟိမဝန္တာတောင် မြဂူအတွင်း၌ ခြင်္သေ့တစ်စီး အောင်းနေ၏၊ ထိုဂူ၏ မနီးမဝေးမှာလည်း ဝက်အများ နေ ထိုင်ကြ၏၊ ထိုဝက်တို့သည် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေကြရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏ အရောင်အဝါ ကိုပင် အပြစ်မြင်လျက် ရှိကြ၏။ အခါတစ်ပါး၌ ထိုဝက်အများသည် စုပေါင်းတိုင်ပင်ကာ ရွှံ့ညွန်၌ မိမိတို့၏ ကိုယ်ကို လူးပြီးလျှင် ထိုညွန်ဖြင့် မြဂူကို အရောင်မှိန်သွားအောင် ပွတ်တိုက်ကြလေရာ, မြဂူမှာ အရောင်မညှိုးဘဲ တိုး၍ပင် ပြောင်လာလေသည်။ ထို့အတူ အဘက်ဘက်တွင် မိမိထက်သာနေသူကို မနာလိုဝန်တို၍ အပြစ်ပြောလျှင် အထက်တန်းရောက်နေသူတို့မှာကား တိုး၍သာ ပြောင်ဖွယ်ရာ ရှိ၏။ ဣဿာ ထူပြောသူ မိမိအတွက်မူကား အပါယ်သို့ ရောက်ကြောင်း မကောင်းမှု အကုသိုလ်ကံတည်းဟူသော လက်မှတ်ကောင်းတို့ကို စုဆောင်းထားပြီး လည်း ဖြစ်သွား၏။ နောင်သံသရာ အဆက်ဆက်၌လည်း အခြွေအရံ နည်းပါးကြောင်း အရှိန်အဝါ အကျော်စော မဲ့ကြောင်း မကောင်းမှုတို့ကို ဆည်းပူးပြီးလည်း ဖြစ်သွားပေသည်။

အတ္တုက္ကံသန - ပရဝမ္ဘန

စကားပြောသောအခါ၌ ဖြစ်စေ, စာရေးသားသောအခါ၌ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ မြှောက်၍ ဂုဏ် ဖော်၍ ဂုဏ်ဖော်၍ ပြောဆိုခြင်း ရေးသားခြင်းကို အတ္တုက္ကံသနဟု ခေါ်ဆို၏။ သူတစ်ပါးကို ရှုတ်ချ၍ ရှုတ်ချ၍ အပြစ်တင်၍ အပြစ်တင်၍ ပြောဆိုရေးသားမှုကို ပရဝမ္ဘနဟု ခေါ်၏။ ထိုတွင် အတ္တုက္ကံသန = မိမိကိုယ်ကို ချီးမြှောက်ခြင်းအမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ ပရဝမ္ဘန = သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်းအမှု၌ကား ယခုတင်ပြနေသော ဣဿာနှင့် မလိုမုန်းထားသော ဒေါသတို့ အတူ ယှဉ်တွဲ၍ ဖြစ်တတ်လေသည်။

ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက် ရှုတ်ချသင့် ရှုတ်ချထိုက်သော တရားကိုလည်းကောင်း, ပုဂ္ဂိုလ်ကိုလည်းကောင်း ကဲ့ရဲ့ခြင်း ရှုတ်ချခြင်းကိုလည်း ဘုရားရှင်သည် ခွင့်ပြုတော်မူပြီးပင် ဖြစ်၏။ သို့သော် ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ရှုတ်ချသင့် ရှုတ်ချထိုက်သော တရား မဟုတ်ပါဘဲလျက် မကဲ့ရဲ့သင့် မကဲ့ရဲ့ထိုက်သော မရှုတ်ချသင့် မရှုတ်ချ ထိုက်သော တရားကို ကဲ့ရဲ့မိပါက ရှုတ်ချမိပါက, မကဲ့ရဲ့သင့် မကဲ့ရဲ့ထိုက် မရှုတ်ချသင့် မရှုတ်ချထိုက်သော သူတော်ကောင်းကို ကဲ့ရဲ့မိပါက ရှုတ်ချမိပါက လွန်စွာ အပြစ်ကြီးတတ်သည်ကိုကား အထူးသတိပြုသင့်လှပေသည်။

လူမိုက်တစ်ဦး၏ ကဲ့ရဲ့မှု ချီးမွမ်းမှုတို့ကား မှားသော်လည်း ရှိရာ၏ မှန်သော်လည်း ရှိရာ၏၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့၏ ကဲ့ရဲ့မှု ချီးမွမ်းမှုတို့ကသာ လိုရင်းဖြစ်ပေသည်။ သူတော်ကောင်းတို့၏ ကဲ့ရဲ့သော မကောင်းမှုမှန်သမျှကို ရှောင်၍ သူတော်ကောင်းတို့၏ ချီးမွမ်းသော ကောင်းမှုကုသိုလ်တို့ကိုသာ လိုက်နာပြုကျင့် ခြင်းသည် အသင်သူတော်ကောင်းအတွက် အကျိုးအကြီးဆုံးသော လုပ်ငန်းရပ်ကြီးတစ်ခုပင် ဖြစ်လေရာသည်။

__________

၁၀။ မစ္ဆရိယ

မစ္ဆရဘာဝေါ မစ္ဆရိယံ။

၁။ မစ္ဆရိယံ လဒ္ဓါနံ ဝါ လဘိတဗ္ဗာနံ ဝါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ၊

၂။ တာသံယေဝ ပရေဟိ သာဓာရဏဘာဝအက္ခမနရသံ၊

၃။ သင်္ကောစနပစ္စုပဋ္ဌာနံ၊ ကဋုကဉ္စုကတာပစ္စုပဋ္ဌာနံ ဝါ၊

၄။ အတ္တသမ္ပတ္တိပဒဋ္ဌာနံ။ စေတသော ဝိရူပဘာဝေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ဝန်တိုတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် မစ္ဆရိယ မည်၏။

၁။ ရပြီး ရဆဲ ရလတ္တံ့ ဖြစ်ကုန်သော မိမိ၏ စည်းစိမ်တို့ကို လျှို့ဝှက်ခြင်းသဘော လက္ခဏ၊

၂။ ထိုစည်းစိမ်တို့ကိုပင် သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း

= သည်းခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ (မိမိစည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို မနှစ်သက်သော အခြင်းအရာအားဖြင့်)

(က) တွန့်တိုခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

( ခ ) ခါးစပ်သော ခံပြင်းသော သဘောတရား ပစ္စုပဋ္ဌာန်၊

( ဂ ) တစ်နည်း --- မသာယာ မနှစ်သက်သော အခြင်းအရာ, ဆင်းရဲသော

အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်။

၄။ မိမိ၏ စည်းစိမ်ဥစ္စာ ပဒဋ္ဌာန်။

မစ္ဆရိယ (၅) မျိုး

၁။ အာဝါသမစ္ဆရိယ --- ကျောင်းကန်တိုက်တာ နေရာထိုင်ခင်းတို့၌ ဝန်တိုမှုသည် အာဝါသမစ္ဆရိယတည်း။ အာဝါသမည်သည်ကား --- ကျောင်းတိုက်ကြီးတစ်ခုလုံးသည်လည်းကောင်း, ကျောင်းတိုက်ကြီးတစ်ခု အတွင်းဝယ် အသီးအသီးသော အကာအရံရှိသော ကျောင်းတစ်ဆောင်ဟူသော ပရိဝုဏ်သည်လည်းကောင်း, ကျောင်းတစ်ကျောင်း = ကျောင်းတစ်ဆောင် အတွင်းဝယ် အခန်းတစ်ခုသည်လည်းကောင်း, ညအခါ ကမ္မဋ္ဌာန်းတရားကို အားထုတ်သည့် ညဉ့်သန့်စင်ရာ နေရာအရပ်, နေ့အခါကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်သည့် နေ့သန့်စင်ရာ နေရာအရပ် စသည်တို့သည်လည်းကောင်း အာဝါသ မည်ပေသည်။ (သံဃိကကျောင်း အိပ်ရာနေရာတို့ပင်တည်း၊၊) ထိုအာဝါသတို့၌ နေထိုင်သောပုဂ္ဂိုလ်တို့သည် ချမ်းသာစွာ နေထိုင်ကြရကုန်၏၊ ပစ္စည်းလေးပါးတို့ကို ရရှိကြကုန်၏။ ရဟန်းတစ်ပါးကား ဝတ်အကျင့်ပဋိပတ်နှင့် ပြည့်စုံ၍ သီလကို ချစ်မြတ်နိုးသော ရဟန်းတစ်ပါးပါး၏ ထိုကျောင်းသို့ လာခြင်းကို အလိုမရှိပေ၊ လာပြန်ပါကလည်း ဒီကိုယ်တော် ခပ်မြန်မြန် ပြန်ပါစေဟူသော စိတ်ထားမျိုး ရှိနေ၏။ ဤမစ္ဆရိယကား ကျောင်းနေရာ၌ ဝန်တိုခြင်း အာဝါသမစ္ဆရိယ မည်၏။ သို့သော် ခိုက်ရန်ငြင်းခုံမှု ပြုတတ်သည့် ပုဂ္ဂိုလ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့၏ ထိုကျောင်းတိုက်၌ နေထိုင်ခြင်းကို အလိုမရှိသော ပုဂ္ဂိုလ်၏ မနေစေလိုသည့် စိတ်ထားမျိုးကား အာဝါသမစ္ဆရိယ မဟုတ်ပေ။

၂။ ကုလမစ္ဆရိယ --- ဆွေမျိုးဉာတိတို့၌ ဖြစ်စေ, တပည့် ဒါယကာ ဒါယိကာမတို့၌ ဖြစ်စေ ဝန်တိုမှုသည် ကုလမစ္ဆရိယ မည်၏။ မိမိအား ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးနေသည့် ဒါယကာ ဒါယိကာမ အမျိုးအနွယ် သည်လည်း ကုလ မည်၏။ မိမိ၏ ဆွေမျိုးသားချင်းများသည်လည်း ကုလ မည်၏။ ထိုကုလ နှစ်မျိုးတို့၌ အခြား ပုဂ္ဂိုလ်တစ်ဦးဦး၏ ချဉ်းကပ်ခြင်းကို အလိုမရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော ဝန်တိုမှုမျိုးကား ကုလမစ္ဆရိယ တည်း။ သို့သော် ယုတ်မာသောစိတ်ထား ယုတ်မာသောကိုယ်ကျင့်တရား ရှိသူ ပုဂ္ဂိုလ်တစ်ဦးဦး၏ ထိုဆွေမျိုးတို့နှင့် ဒါယကာ ဒါယိကာမတို့သို့ ချဉ်းကပ်မှုကို အလိုမရှိခြင်းကား ကုလမစ္ဆရိယ မဟုတ်ပေ။ မှန်ပေသည် ထိုယုတ်မာ သော စိတ်ဓာတ်ရှိသူ ယုတ်မာသော ကိုယ်ကျင့်တရားရှိသူကား ထိုအမျိုး ဒါယကာ ဒါယိကာမတို့၏ ရတနာ သုံးပါးတို့ အပေါ်၌ ကြည်ညိုနေသော သဒ္ဓါစစ် သဒ္ဓါမှန်ကို ပျက်စီးသွားအောင် ကျင့်တတ်၏။ ထိုကြောင့် ထို ပုဂ္ဂိုလ်မျိုး၏ မိမိအလုပ်အကျွေး ဒါယကာ ဒါယိကာမတို့နှင့် ဆွေမျိုးတို့၌ မချဉ်းကပ်စေလိုခြင်းသည် မစ္ဆရိယ မဖြစ်ပါ။ အကယ်၍ ထိုဒါယကာ ဒါယိကာမတို့၏ ဆွေမျိုးတို့၏ ရတနာသုံးပါးအား ကြည်ညိုသည့် သဒ္ဓါစစ် သဒ္ဓါမှန်ကို စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်သည်သာလျှင် ဖြစ်သော ရဟန်းတစ်ပါးပါး၏ ထိုအမျိုး ဒါယကာ ဒါယိကာမတို့သို့ ချဉ်းကပ်ခြင်းကို အလိုမရှိသူသာလျှင် ဝန်တိုခြင်း မစ္ဆရိယရှိသူ မည်ပေသည်။

၃။ လာဘမစ္ဆရိယ --- ပစ္စည်းလာဘ်လာဘရခြင်းတို့၌ ဝန်တိုမှုသည် လာဘမစ္ဆရိယ မည်၏။ ဤ၌ လာဘ ဟူသည် ပစ္စည်းလေးပါးကို ရခြင်းပင်တည်း။ ထိုလာဘ်လာဘရခြင်းကို မိမိမှတစ်ပါးသော သီလမရှိသောပုဂ္ဂိုလ်ကို မဆိုထားဘိ, သီလရှိသောပုဂ္ဂိုလ်သည်ပင် လာဘ်လာဘကို ရလတ်သော် မရပါစေသတည်းဟု ကြံစည်သော ပုဂ္ဂိုလ်၏ စိတ်ထားမျိုးသည် လာဘမစ္ဆရိယတည်း။ သို့သော် ပုဂ္ဂိုလ်တစ်ဦးကား ဒါယကာ ဒါယိကာမတို့က သဒ္ဓါ ပြဓာန်း၍ လှူဒါန်းအပ်သည့် သဒ္ဓါဒေယျ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို ဖောက်ဖောက်ပြန်ပြန် ကျစေ၏၊ ဖရိုဖရဲ ဖြစ်စေ၏၊ အလွဲသုံးစားပြု၏။ မသုံးစွဲရက်ဘဲ ပုပ်သည့်တိုင်အောင် ခြတက်သည့်တိုင်အောင် ဆွေးမြည့်သည့်တိုင် အောင် ထားခြင်း, လူတို့ကို ပေးကမ်းခြင်း, ဝိနည်းတော်နှင့် မလျော်ညီရာဝယ် သုံးစွဲခြင်း, မရိုမသေ မလေးမစား ပစ်စလက်ခတ် မကောင်းသဖြင့်သုံးစွဲခြင်း စသည်တို့၏ အစွမ်းဖြင့် ပျက်စီးစေ၏၊ ဖျက်ဆီး၏။ ပုပ်ဆွေးသည်၏ အဖြစ်သို့ ရောက်သော ပစ္စည်းကိုသော်လည်း အခြားသော ပုဂ္ဂိုလ်အား မပေး။ (မပုပ်ဆွေးသေးသော ပစ္စည်းကိုကား ဆိုဖွယ်ရာပင်မရှိ ဟူလိုသည်။) ထိုသို့ သူတစ်ပါးတို့အားလည်း မပေးရက် မိမိကိုယ်တိုင်လည်း မသုံးရက်သော ပုဂ္ဂိုလ်မျိုးကို မြင်၍ ဤပစ္စည်းကို ဤပုဂ္ဂိုလ်သည် အကယ်၍ မရပါမူကား, ဤပုဂ္ဂိုလ်မှ တစ်ပါးသော အခြားသော သီလရှိသော သူတော်ကောင်းတစ်ဦးသည် အကယ်၍ ရပါမူကား, အကယ်၍ ရခဲ့သော် ထိုပစ္စည်းသည် အသုံးဝင် အသုံးကျသော သဘောမျိုးသို့ ရောက်လေရာ၏ဟု ကြံစည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဤ စိတ်ထားမျိုး၌ ဝန်တိုခြင်း မစ္ဆရိယသဘော မရှိပေ။

၄။ ဝဏ္ဏမစ္ဆရိယ --- ကိုယ်အဆင်း ဂုဏ်သတင်းတို့၌ ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယတည်း။ ကိုယ်အဆင်းသည် လည်းကောင်း, ဂုဏ်ကျေးဇူးသည်လည်းကောင်း ဝဏ္ဏ မည်၏။ သရီရဝဏ္ဏ, ဂုဏဝဏ္ဏဟု ခေါ်ဆို၏။ ထိုနှစ်မျိုး တို့တွင် ကိုယ်အဆင်း၌ ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် --- ပုဂ္ဂိုလ် တစ်ဦးဦးသည် ဖူးမြင်ရသူတို့အား ကြည်ညိုခြင်းကို ဖြစ်စေတတ်၏၊ ကြည်ညိုဖွယ်ရှိ၏၊ ရုပ်အဆင်းနှင့်လည်း ပြည့်စုံ၏၊ ဥပဓိရုပ် ကောင်းမွန်၏ -ဟု ပြောဆိုသံကို ကြားရသော် ထိုဂုဏ်ကို ထိုဂုဏ်အကြောင်းကို ပြောဆိုခြင်း ပြောကြားခြင်းငှာ အလိုမရှိ ဖြစ်နေ တတ်၏။ တစ်ဖန် သူတစ်ပါး၏ ဂုဏ်ကျေးဇူး၌ ဝန်တိုခြင်း မစ္ဆရိယရှိသူသည် သူတစ်ပါး၏ သီလဂုဏ် ဓုတင်ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟူသော ပဋိပတ်ဂုဏ်နှင့် မျိုးရိုးအကျင့် ဂုဏ်ကျေးဇူးကို ပြောဆိုလိုသည့် ဆန္ဒဓာတ်များ မရှိ ဖြစ်နေတတ်၏။

၅။ ဓမ္မမစ္ဆရိယ --- ပရိယတ္တိဓမ္မ၌ ဝန်တိုမှုသည် ဓမ္မမစ္ဆရိယ မည်၏။ ဤ၌ ပရိယတ္တိဓမ္မသည်လည်းကောင်း, ပဋိဝေဓဓမ္မသည်လည်းကောင်း ဓမ္မ မည်၏။ ထိုတွင် အရိယသာဝကတို့သည် မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်သော မဂ် ဖိုလ် နိဗ္ဗာန်ဟူသော ပဋိဝေဓဓမ္မကို ဝန်မတို ကြကုန်။ မိမိတို့ကိုယ်တိုင် ထွင်းဖောက်သိမြင်အပ်ပြီးသော ထိုပဋိဝေဓဓမ္မ၌ နတ်နှင့်တကွသော တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်း၏ ထိုးထွင်း၍သိခြင်းကို အလိုရှိကြကုန်သည်သာ ဖြစ်ကြ၏။ သို့သော် ထိုမိမိတို့ ရထား အပ်ပြီးသော ပဋိဝေဓတရားကို (ဤပုဂ္ဂိုလ်သည် သောတာပန်တည်း, သကဒါဂါမ်တည်း, အနာဂါမ်တည်း, ရဟန္တာ တည်းစသည်ဖြင့်) သူတစ်ပါးတို့သည် မသိကြပါစေကုန်သတည်းဟုကား အလိုရှိကြကုန်၏။ မိမိအရိယာ ဖြစ် ကြောင်းကို သူတစ်ပါးတို့သည် မသိကြပါစေသတည်းဟူသော စိတ်ထားမျိုးကား ရှိနေကြ၏။ တန္တိဓမ္မ ခေါ်သော ပရိယတ္တိတရားတော်၌သာလျှင် ဓမ္မမစ္ဆရိယမည်သည် ဖြစ်တတ်ပေသည်။ (နိဒဿနနည်းအရ ပါဠိတော် တန္တိဓမ္မ ကိုသာ ဖွင့်ဆိုခြင်း ဖြစ်သည်၊ တန္တိဓမ္မ၌ ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပရိယတ်တရားတော် အားလုံး ပါဝင်သည်ဟု မှတ်ပါ။)

ထိုမစ္ဆရိယနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် လျှို့ဝှက် ခက်ခဲ နက်နဲ၍ အသိခက်သော ပါဠိတော် အဋ္ဌကထာ ကျမ်းဂန်အစဉ်ကို တတ်သိခဲ့သော် ထိုပါဠိ အဋ္ဌကထာကို အခြားပုဂ္ဂိုလ်ကို သိစေခြင်းငှာ အလိုမရှိ ဖြစ်နေတတ်၏၊ မစ္ဆရိယသဘောတည်း။ သို့သော် ပုဂ္ဂိုလ်တစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦးကို နှိုင်းချိန်၍ ဓမ္မာနုဂ္ဂဟ = ဓမ္မကို ချီးမြှောက်ခြင်း အားဖြင့်သော်လည်းကောင်း, ဓမ္မကို နှိုင်းချိန်၍ ပုဂ္ဂလာနုဂ္ဂဟ= ပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းအားဖြင့်သော်လည်း ကောင်း ပါဠိတော် အဋ္ဌကထာ ကျမ်းဂန်များကို သင်ပြမပေးအံ့၊ ဤပုဂ္ဂိုလ်မျိုးသည် ဝန်တိုခြင်း မစ္ဆရိယ ရှိသော ဓမ္မမစ္ဆရိယ ပုဂ္ဂိုလ်မျိုးမည်သည် မဖြစ်နိုင်ပေ။ ထို ဓမ္မာနုဂ္ဂဟ ပုဂ္ဂလာနုဂ္ဂဟ နှစ်မျိုးတို့တွင် ဓမ္မာနုဂ္ဂဟအားဖြင့် သင်မပေးခြင်းမှာ ဤသို့တည်း ---

၁။ ဓမ္မာနုဂ္ဂဟ --- အချို့သောပုဂ္ဂိုလ်သည် လျှပ်ပေါ်လော်လည်တတ်၏။ တစ်ရံတစ်ခါ၌ သမဏ = ရဟန်း ဖြစ်နေတတ်၏၊ တစ်ရံတစ်ခါ၌ ဗြာဟ္မဏ = ပုဏ္ဏား ဖြစ်နေတတ်၏၊ တစ်ရံတစ်ခါ၌ နိဂဏ္ဌ ဖြစ်နေတတ်၏။ ဤ သို့လျှင် လျှပ်ပေါ်လော်လည်တတ်၏။ (ယခုအခါ၌ အချို့သောပုဂ္ဂိုလ်တို့သည် ယတြာချေသည့် သဘောအားဖြင့် လည်းကောင်း, အထက်ဆရာကြီး၏ ခိုင်းစေချက်အရအားဖြင့်လည်းကောင်း မမှန်ကန်သော ဦးတည်ချက် အမျိုးမျိုးဖြင့် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်ဟူသော မှန်ကန်သော ဦးတည်ချက် မရှိဘဲ သာသနာဘောင်သို့ ဝင်လိုက်ထွက်လိုက်နှင့် ခဏခဏ ပြုလုပ်သကဲ့သို့တည်း။) ဆရာဖြစ်သော ရဟန်းတော်တစ်ပါးသည် --- ဤ လျှပ်ပေါ်လော်လည်သော ပုဂ္ဂိုလ်သည် ဆရာစဉ်ဆက် မပျက်မကွက် သင်အံကြားနာခြင်း ပို့ချပေးခြင်းဖြင့် စဉ်လာမပျက် ဆင်းသက်လာသော တန္တိဓမ္မဟု ခေါ်ဆိုအပ်သော ပါဠိတော် ဒေသနာကိုလည်းကောင်း သိမ်မွေ့ နူးညံ့သော တရားထူး တရားမြတ်ကိုလည်းကောင်း ဖျက်ဆီး၍ မွှေနှောက်ချောက်ချားလတ္တံ့ --- ဟု သဘော ပိုက်မိ၍ သင်မပေးငြားအံ့၊ ဤသို့သော ဆရာဖြစ်ထိုက်သော ပုဂ္ဂိုလ်သည် --- ပုဂ္ဂိုလ်ကို စူးစမ်းဆင်ခြင်၍ နှိုင်းချိန်၍ ဓမ္မာနုဂ္ဂဟအားဖြင့် ပရိယတ်တရားတော်ကို သင်မပေးသူ မည်ပေသည်။

၂။ ပုဂ္ဂလာနုဂ္ဂဟ --- နောက်တစ်မျိုးကား ဆရာဖြစ်ထိုက်သော သင်ပြပေးရမည့် ပုဂ္ဂိုလ်တစ်ဦးသည် --- ဤ တရားတော်ကား သိမ်မွေ့၏ နူးညံ့၏၊ ဤပုဂ္ဂိုလ်သည် ဤတရားတော်ကို အကယ်၍ သင်ယူငြားအံ့၊ ဤသို့ သင်ယူလတ်သော် အရဟတ္တဖိုလ်ကို ဖြေဆို၍ မိမိကိုယ်ကို အရဟတ္တဖိုလ်ကိုရကြောင်း ရဟန္တာဖြစ်ကြောင်းကို ထင်ရှားအောင် ပြုလုပ်၍ ပြသသဖြင့် ပါရာဇိကကျကာ သာသနာတော်မှ ပျက်စီးရှာတော့လတ္တံ့ --- ဟု သဘော ပိုက်၍ ပရိယတ်တရားတော်ကို သင်မပေးငြားအံ့၊ ဤသို့သော နှလုံးထားဖြင့် သင်ပြမပေးသော ပုဂ္ဂိုလ်မျိုးသည် တရားတော်ကို စူးစမ်းဆင်ခြင်၍ ပုဂ္ဂလာနုဂ္ဂဟ = ပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းအားဖြင့် ပရိယတ်တရားတော်ကို သင်မပေးသူ မည်ပေသည်။

၃။ ဓမ္မမစ္ဆရီပုဂ္ဂိုလ် --- နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဂ္ဂိုလ်သည် ဤတရားတော်ကို အကယ်၍ သင်ယူငြားအံ့၊ ဤသို့ သင်ယူခဲ့သော် ငါတို့၏ အယူဝါဒကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သူ ဖြစ်ပေလိမ့်မည် --- ဟု သဘောပိုက်၍ ပရိယတ်တရားတော်ကို သင်မပေးငြားအံ့၊ ဤသို့သော ပုဂ္ဂိုလ်မျိုးသည်သာ တရား၌ ဝန်တိုခြင်း = ဓမ္မမစ္ဆရီရှိသူ မည်ပေသည်။

မစ္ဆရိယ (၅) မျိုး၏ အကျိုးအပြစ်များ

လာဘမစ္ဆရိယကြောင့် သံဃာ၏ ဥစ္စာဖြစ်သော် သံဃိကလာဘ်လာဘ၌သော်လည်းကောင်း, ရဟန်းနှစ်ပါး သုံးပါး စသော ဂိုဏ်းနှင့် သုတ္တန်ကို ဆောင်သောဂိုဏ်း ဝိနည်းကို ဆောင်သောဂိုဏ်း စသော ဂိုဏ်းဥစ္စာဖြစ်သော် ဂဏိကလာဘ်လာဘ၌သော်လည်းကောင်း အခြားသံဃာ အခြားဂိုဏ်းပုဂ္ဂိုလ်တို့ သုံးစွဲသွားမည်ကို ဝန်တို၍ ပုဂ္ဂလိက ကိုယ်ပိုင်ပစ္စည်းကို သုံးဆောင်ခြင်းကဲ့သို့ ကိုယ်တစ်ယောက်တည်း ကိုယ်တစ်ပါးတည်း သုံးဆောင်၍နေသော ပုဂ္ဂိုလ်သည် (သံဃိကကျောင်းကို ငါ့ကျောင်း, ဂဏိကကျောင်းကို ငါ့ကျောင်းလုပ်၍ အခြားပုဂ္ဂိုလ်တို့၏ နေထိုင် ခြင်းကို ကန့်ကွက်သောပုဂ္ဂိုလ် လက်မခံသောပုဂ္ဂိုလ်မျိုးကဲ့သို့သော ဝန်တိုမှုမျိုးကို ဆိုလိုသည်။) သေပြီးနောက် ကာလ၌ ဘီလူးသော်လည်းကောင်း, ပြိတ္တာသော်လည်းကောင်း, စပါးကြီးမြွေကြီးသော်လည်းကောင်း ဖြစ်ရတတ် ပေသည်။

သရီရဝဏ္ဏ, ဂုဏဝဏ္ဏမစ္ဆရိယ --- ကိုယ်အဆင်း ရုပ်ရည်အဆင်း၌ ဝန်တိုခြင်း, သူတစ်ပါးတို့၏ သီလ သမာဓိ ပညာဂုဏ်ကျေးဇူး၌ ဝန်တိုခြင်း, သူတစ်ပါး၏ ပရိယတ်တရား ဂုဏ်ကျေးဇူး၌ ဝန်တိုခြင်းကြောင့် ဝန်တိုမှု မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် --- မိမိ၏သာလျှင် ရုပ်ရည်အဆင်းကို ချီးမွမ်း၏၊ မိမိ၏သာလျှင် သီလဂုဏ် သမာဓိ ဂုဏ် ပညာဂုဏ်ကို ချီးမွမ်း၏။ သူတစ်ပါးတို့၏ ရုပ်အဆင်း, သူတစ်ပါးတို့၏ သီလဂုဏ် ဓုတင်ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်၌မူကား --- ဤရုပ်ရည်အဆင်းသည် အဘယ်ရုပ်ရည်အဆင်းတဲ့နည်း၊ ဤဂုဏ်ကျေးဇူးသည် အဘယ် ဂုဏ်ကျေးဇူးတဲ့နည်း = ဒင်းက ဘယ်လောက်ဥပဓိရုပ်ကောင်းလို့တုန်း၊ ဒင်းက ဘယ်လောက်အကျင့်ကောင်းလို့တုန်း၊ ဘယ်လောက်သမာဓိရှိလို့တုန်း၊ ဘယ်လောက်ပညာကြီးလို့တုန်း --- ဟု ထိုထိုအပြစ်ကို ပြောဆိုသည် ဖြစ်ခြင်း ကြောင့် ဖြစ်လေရာဘဝ၌ မကောင်းသော ရုပ်အဆင်း ရှိရတတ်၏၊ အဆင်းမလှ ဖြစ်တတ်၏။ မကောင်းသော ဂုဏ်သတင်းရှိသူ ဖြစ်ရတတ်၏၊ တရား၌ ဝန်တိုမှု မစ္ဆရိယစိတ်ဓာတ်ဖြင့် ပရိယတ်တရားတော်ကို သူတစ်ပါးအား သင်ပြမပေးခြင်းကြောင့် သွားရည်တများများကျသော အရိယိုသော ခံတွင်းရှိသူ ဖြစ်ရတတ်၏။

ထိုမျှသာ မကသေး --- အာဝါသမစ္ဆရိယကြောင့် သံအိမ်၌ ကျက်ရတတ်၏ = သံအိမ်ငရဲ၌ ခံရတတ်၏။ ကုလမစ္ဆရိယကြောင့် လာဘ်လာဘနည်းပါးသူ ဖြစ်ရတတ်၏။ လာဘမစ္ဆရိယကြောင့် မစင်ဘင်ပုပ်ငရဲ၌ ဖြစ်ရ တတ်၏။ ဝဏ္ဏမစ္ဆရိယကြောင့် ဖြစ်လေရာရာ ဘဝထိုထို၌ လှပသော ရုပ်အဆင်းမည်သည် မရှိ ဖြစ်တတ်၏။ ကောင်းမြတ်သော ဂုဏ်သတင်းမည်သည် မရှိ ဖြစ်တတ်၏။ ဓမ္မမစ္ဆရိယကြောင့် ပြာပူငရဲ၌ ဖြစ်ရတတ်၏ဟု မှတ်ပါ။ (ဤမစ္ဆရိယငါးမျိုးအကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ - အဘိ၊ဋ္ဌ၊၁၊၄၀၅-၄၀၆-၄၀၇ မှ ထုတ်နုတ် ဖော်ပြအပ်ပါသည်။)

ရဟန်းတော်များကို စံနမူနာထား၍ ဖော်ပြအပ်သော ဤမစ္ဆရိယများကို နည်းမှီး၍ လူဝတ်ကြောင်တို့ သန္တာန်ဝယ် ဖြစ်တတ်သည့် မစ္ဆရိယများကိုလည်း သဘောပေါက်ရာသည်။

မိမိတို့၏ အရိပ်အာဝါသ၌ သူတစ်ပါးတို့ လာရောက်ခိုလှုံမည်ကို မလိုလားခြင်းသည် အာဝါသမစ္ဆရိယတည်း။ နီးစပ်ရာ ဆွေမျိုးသားချင်း စသူတို့၏ လာရောက် ခိုကပ်နေမှာစိုးသည့် သဘောထားမျိုးတည်း။

မိမိချစ်ခင်ရာ ဆွေမျိုးသားချင်းတို့နှင့် မိမိမလိုလားအပ်သည့် အခြားသူတို့ လာရောက်ဆက်ဆံမှု ရောနှော မှုကို အလိုမရှိခြင်း သဘောများကား ကုလမစ္ဆရိယတည်း။ ကိုယ်ကျင့်တရား ပျက်ပြားစေမည့် ပုဂ္ဂိုလ်များနှင့် မပေါင်းသင်း မဆက်ဆံစေလိုခြင်းကား မစ္ဆရိယ မဟုတ်ပေ။

မိမိ၏ စီးပွားရေးအကွက်၌ အခြားသူတို့ ဝင်ရောက်လာမှုကို မလိုလားသော စိတ်ထားမျိုးကား လာဘမစ္ဆရိယတည်း။ မိမိမှာရှိသည့် အံ့ဩဖွယ်ပစ္စည်းများ မိမိမှာသာ ရှိစေလို၍ အခြားသူတို့၌ မရှိစေလိုခြင်း, မိမိပိုင် ပစ္စည်းကိုလည်း သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း စသော သဘောထားများတည်း။ မိမိလှသလို အခြားသူတို့ လှမှာစိုးခြင်း, မိမိသားသမီး လှသလို အခြားသူတို့ လှမှာစိုးခြင်း, မိမိ ဂုဏ်ရှိသလို အခြားသူတို့ ဂုဏ်ရှိမှာစိုးခြင်း, မိမိသားသမီးများ ဆွေမျိုးသားချင်းများ ဂုဏ်ရှိသလို အခြားသူများ ဂုဏ်ရှိမှာစိုးခြင်း --- ဤသို့စသော စိတ်နေသဘောထားများသည် ဝဏ္ဏမစ္ဆရိယတည်း။

မိမိ ပညာတတ်သလို သူများ ပညာတတ်မှာစိုးခြင်း, မိမိသားသမီး ဆွေမျိုးသားချင်းများ ပညာတတ်သလို သူတစ်ပါးတို့လည်း ပညာတတ်မှာစိုးခြင်း မိမိ၏ အတတ်ပညာကို လျှို့ဝှက်ထားခြင်းတို့ကား ဓမ္မမစ္ဆရိယသဘောနှင့် နှီးနှောမိလျက် ရှိ၏။

(၁) နေရာအာဝါသ, (၂) ဆွေမျိုးဉာတိ, (၃) ပစ္စည်းလာဘ်လာဘ, (၄) ရုပ်အဆင်းနှင့် ဂုဏ်သတင်း, (၅) အတတ်ပညာ အမျိုးမျိုးတို့၌ မိမိရသလို မိမိ၏ နီးစပ်ရာဆွေမျိုးသားချင်း စသူတို့ ရရှိကြသလို တတ်သိကြသလို သူတစ်ပါးတို့လည်း ရမှာစိုးခြင်း တတ်မှာစိုးခြင်း ယင်းတို့ကို လျှို့ဝှက်ခြင်း သဘောကား မစ္ဆရိယသဘောတည်း။ ယင်းငါးမျိုးတို့၌ မိမိထက် သူတစ်ပါးတို့က သာလွန်နေသည်ကို မလိုမုန်းထားခြင်း မကြည့်ရက် မရှုရက်နိုင်ခြင်း သဘောတရားတို့ကား ဣဿာတည်း။ ဣဿာ မစ္ဆရိယ ဖြစ်သည့်အတွက် သူတစ်ပါးတို့မှာ အကျိုးမယုတ်ဘဲ မိမိမှာသာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားလျက် နောင်သံသရာဝယ် ခံ,စံရမည့် အပြစ်တွေကသာ များလှပေရကား ဤ ဣဿာ မစ္ဆရိယ တရားဆိုးများကို အမြစ်ပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။

လက္ခဏ --- မယှမေဝ ဟောန္တု၊ မာ အညဿာတိ သဗ္ဗာပိ အတ္တနော သမ္ပတ္တိယော ဗျာပေတုံ န ဣစ္ဆတီတိ ဝိဝိစ္ဆော။ ဝိဝိစ္ဆဿ ဘာဝေါ ဝေဝိစ္ဆံ၊ မုဒုမစ္ဆရိယေဿတံ နာမံ။ ကဒရိယော ဝုစ္စတိ အနာဒရော၊ တဿ ဘာဝေါ ကဒရိယံ၊ ထဒ္ဓမစ္ဆရိယေဿတံ နာမံ။ တေန ဟိ သမန္နာဂတော ပုဂ္ဂလော ပရမ္ပိ ပရေသံ ဒဒမာနံ နိဝါရေတိ။ ဝုတ္တမ္ပိ စေတံ ---

ကဒရိယော ပါပသင်္ကပ္ပေါ၊ မိစ္ဆာဒိဋ္ဌိ အနာဒရော။

ဒဒမာနံ နိဝါရေတိ၊ ယာစမာနာန ဘောဇနန္တိ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။ သံ၊၁၊၉၆။)

နိရုတ္တိနယေန ပန မာ ဣဒံ အစ္ဆရိယံ အညေသံ ဟောတု၊ မယှမေဝ ဟောတူတိ မစ္ဆရိယန္တိ ပေါရာဏာ။ (မဟာဋီ၊၂၊၁၅၂။)

၁။ ရပြီး ရဆဲ ဖြစ်သော မိမိလက်ဝယ် ရှိသော ဥစ္စာစည်းစိမ်,

၂။ မရသေးသော်လည်း ရရန် သေချာလောက်အောင် ရပေါက်ရလမ်း ရှိနေသဖြင့် ရလတ္တံ့ ဖြစ်သော ဥစ္စာ စည်းစိမ်,

၃။ မိမိ၏ ဥစ္စာစည်းစိမ်နှင့် အလားတူသော ဥစ္စာစည်းစိမ် ---

ဤ သုံးမျိုးသော ဥစ္စာစည်းစိမ်သည် ငါ့အားသာ ဖြစ်ပါစေ၊ သူတစ်ပါးအား မဖြစ်ပါစေသတည်း --- ဟု မိမိဥစ္စာကို သူတစ်ပါးအား မပေးလိုသော သူတစ်ပါး၌ မပျံ့နှံ့စေလိုသော သဘောတရားသည် မစ္ဆရိယ၏ သဘော လက္ခဏာပင် ဖြစ်သည်။

မစ္ဆရိယ - အနု အကြမ်း --- မိမိဥစ္စာကို သူတစ်ပါး၌ မပျံ့နှံ့စေလို = မပေးလိုသော မစ္ဆရိယသည် အလွန် ဆိုးဝါးသော မစ္ဆရိယ မဟုတ်သောကြောင့် မုဒုမစ္ဆရိယ = နူးညံ့သော မစ္ဆရိယ မည်၏။ အလှူခံပုဂ္ဂိုလ် များထိုထိုအား သူတစ်ပါးက အလှူပေးနေသည်ကိုပင် မပေးရန် တားမြစ်လောက်အောင် ပိတ်ပင်မိအောင် ဝန်တိုသော မစ္ဆရိယ ကား အလွန်ကြမ်းတမ်းသော မစ္ဆရိယ ဖြစ်ခြင်းကြောင့် ထဒ္ဓမစ္ဆရိယ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။)

မုဒုမစ္ဆရိယကား မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း သဘောလက္ခဏာ ရှိ၍ ထဒ္ဓမစ္ဆရိယကား သူတစ်ပါး၏ စည်းစိမ်ကို ပိုင်ဆိုင်သူ သူတစ်ပါးတို့အား လျှို့ဝှက်စေခြင်း သဘောလက္ခဏာ ရှိပေသည်။

ဣဿာ၏ သဘောသည် သူတစ်ပါး ရအပ်ပြီးသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကို ကဲ့ရဲ့ ရှုတ်ချလို၏။ မစ္ဆရိယ၏ သဘောကား ---

၁။ ကိုယ့်ဥစ္စာကိုလည်း သူတစ်ပါးတို့အား မပေးလို မပျံ့နှံ့စေလို,

၂။ ကိုယ့်ဥစ္စာဂုဏ်သိရ်နှင့် တူသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကို သူတစ်ပါးတို့ ရရှိသွားမည်ကိုလည်း စိုးရိမ်၏။

၃။ သူတစ်ပါးတို့ လှူဒါန်း ပေးကမ်းသည်ကိုလည်း ကန့်ကွက်လို တားမြစ်လို ပိတ်ပင်လို၏။

ပိုက်ဆံတစ်ပြားမျှ အကုန်အကျမခံရဘဲ အပါယ်ဘူမိ ဒုဂ္ဂတိသို့ ရောက်ကြောင်း အကုသိုလ် မျိုးစေ့ကောင်း များကို ထိုင်နေရင်း စုဆောင်းနေခြင်း ဖြစ်၏၊ ရှာဖွေနေခြင်း ဖြစ်၏။ သတိရှိစေ။

ရသ --- အထက်တွင် ဖော်ပြထားအပ်သော မိမိရပြီး ရဆဲ ရလတ္တံ့ ဥစ္စာစည်းစိမ်တို့ကို မဖုံးသာ မဝှက်သာ၍ သူတကာနှင့် ဆက်ဆံနေရပြန်ကလည်း သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို သည်းမခံနိုင်ခြင်း သည်းခံမှု၏ ဆန့်ကျင် ဘက် လုပ်ငန်းရပ်တို့ကို ပြုလုပ်ခြင်း ပြောဆိုခြင်းသည် မစ္ဆရိယ၏ လုပ်ငန်းကိစ္စပင်တည်း။ တစ်ဖန် ထိုသူတစ်ပါး တို့က ထိုသူတစ်ပါးပိုင် ဥစ္စာကိုပင် အလှူခံပုဂ္ဂိုလ် များထိုထိုအား ပေးကမ်းစွန့်ကြဲမှု၌ ကြည့်မရဖြစ်နေခြင်း မျက်မွေး စူးနေခြင်း ပိတ်ပင်တားမြစ်ခြင်း မကျေနပ်ခြင်းသည်လည်း မစ္ဆရိယ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။

သင်္ကောစန ပစ္စုပဋ္ဌာန် --- မိမိစည်းစိမ်ဥစ္စာကို စွန့်ကြဲပေးကမ်း လှူဒါန်းမှု မိမိစည်းစိမ်ကို သူတကာနှင့် ဆက်ဆံစေမှု၌ တွန့်တိုဆုတ်နစ်သော သဘောတရားဟုလည်းကောင်း, သူတစ်ပါးတို့က သူတစ်ပါးပိုင် ပစ္စည်းကို အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူမှု၌ မိမိက အချောင်ကြားဝင်၍ တွန့်တိုနေသော သဘောတရားဟုလည်းကောင်း ယင်းမစ္ဆရိယတရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာ၏။ ဥစ္စာစည်းစိမ်တို့ အပေါ်၌ တွယ်တာငြိကပ် တပ်မက်မှုမျိုးကား လောဘ၏ သဘောတည်း။ ထိုဥစ္စာ စည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို မကြိုက်နှစ်သက်ခြင်းသဘောကား မစ္ဆရိယ၏ သဘောတည်း။

ကဋုကဉ္စုကတာ ပစ္စုပဋ္ဌာန် --- ယာစကေ ဒိသွာ ကဋုကဘာဝေန စိတ္တံ အဉ္စတိ သင်္ကောစေတီတိ ကဋုကဉ္စုကော၊ တဿ ဘာဝေါ ကဋုကဉ္စုကတာ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။)

ခါးစပ်သော အရသာ ရှိသော အစာကို စားမိရာအခါ၌ အစာအာဟာရ၏ ခါးစပ်သည့် အရသာကြောင့် နောက်တွန့်သွားသကဲ့သို့ ထို့အတူ အလှူခံပုဂ္ဂိုလ် များထိုထိုကို တွေ့မြင်ရသောအခါ ခါးစပ်သကဲ့သို့ ဖြစ်ကာ စိတ်ကို တွန့်ဆုတ်သွားစေတတ်၏၊ ထိုသို့ တွန့်ဆုတ်သောစိတ်ဓာတ် ဖြစ်ပေါ်လာရန် အကြောင်းရင်းတရားမှာ ဤမစ္ဆရိယတရားပင်တည်း။ သို့အတွက် ဤမစ္ဆရိယတရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ခါးစပ်သော အရသာကဲ့သို့ ခါးစပ်သော ခံပြင်းသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရားဟု ရှေးရှုထင်လာ၏။ (ငါက ပစ္စည်းနှမြောလို့ ပြောနေတာ မဟုတ်၊ ဒင်းတို့ လုပ်ပုံကို ခံပြင်းလွန်းလို့ မခံချင်လွန်းလို့ပါ --- ဟု အချို့ ပြောတတ်ကြ၏။ ဤမစ္ဆရိယ၏ ပစ္စုပဋ္ဌာန် သဘောပင်တည်း။)

အဋ္ဌကထာတွင် နောက်ထပ် တစ်နည်း ထပ်ဖွင့်ထားသေး၏။

အပရော နယော၊ ကဋုကဉ္စုကတာ ဝုစ္စတိ ကဋစ္ဆုဂ္ဂါဟော၊ သမတိတ္တိကပုဏ္ဏာယ ဟိ ဥက္ခလိယာ ဘတ္တံ ဂဏှန္တော သဗ္ဗတောဘာဂေန သင်္ကုဋိတေန အဂ္ဂကဋစ္ဆုနာ ဂဏှာတိ ပူရေတွာ ဂဟေတုံ န သက္ကောတိ၊ ဧဝံ မစ္ဆရိပုဂ္ဂလဿ စိတ္တံ သင်္ကုစတိ၊ တသ္မိံ သင်္ကုစိတေ ကာယောပိ တထေဝ သင်္ကုစတိ ပတိကုဋတိ ပတိနိဝတ္တတိ န သမ္ပသာရိယတီတိ မစ္ဆေရံ ကဋုကဉ္စုကတာတိ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။)

ထမင်းခူးမည့် ဇွန်းခွက်တစ်ခုလုံးသည် ပတ်ပတ်လည် ကုတ်နေ တွန့်နေသောကြောင့် ထိုဇွန်း၏ အဖျားဖြင့် နှုတ်ခမ်းအရစ်နှင့် အညီအမျှ ပြည့်နေသော ထမင်းအိုး၌ ထမင်းကို ခူးယူလတ်သော် ဇွန်းပြည့်အောင် မခူးယူနိုင် သကဲ့သို့ --- အလားတူပင် ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်၏ စိတ်ဓာတ်သည် စည်းစိမ်ဥစ္စာနှင့် ပတ်သက်လာလျှင် ပေးကမ်းစွန့်ကြဲမှု စသည့် လုပ်ငန်းရပ် အဘက်ဘက်၌ တွန့်နေတတ်၏၊ သံဃိကကျောင်း အာဝါသ စသည်တို့၌ လည်း ငါ့ဟာဟု သိမ်းပိုက်ထားသောကြောင့် ပြန့်ပြန့်ပြူးပြူး မရှိဘဲ တွန့်သလို ဖြစ်နေတတ်၏၊ ထိုစိတ်ဓာတ်သည် အဘက်ဘက်မှ တွန့်နေလတ်သော် ထိုစိတ်ဓာတ်နှင့် အလားတူပင် ရူပကာယတစ်ကိုယ်လုံးသည်လည်း တွန့်နေ တတ်၏၊ နောက်ဆုတ်နေတတ်၏၊ ဆုတ်နစ်နေတတ်၏၊ ကောင်းစွာ ပြန့်ပြန့်ပြူးပြူး မရှိပေ။ ထိုသို့ ဖြစ်ရခြင်းသည် မစ္ဆရိယကြောင့် ဖြစ်ရကား မစ္ဆရိယကို ကဋုကဉ္စုကတာဟု ဆိုသည်။ တွန့်နေသော ဇွန်းအဖျားဖြင့် ထမင်းကို ခူးယူခြင်းကဲ့သို့ ပေးကမ်းလှူဒါန်းခြင်းနှင့် အာဝါသ စသည်၌ မပြန့်ပြူးသော စိတ်ဓာတ် မပြန့်ပြူးသော ရူပကာယ တို့၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရား = တွန့်တိုသော သဘောတရားဟု ယင်းမစ္ဆရိယကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။

ကဋုကသဒ္ဒေါ ဟေတ္ထ အသာတတ္ထော၊ ဒုက္ခတ္ထော ဝါ၊ အဉ္စုကသဒ္ဒေါ ဂတျတ္ထော။ (မဓုသာရ။)

တစ်နည်းအားဖြင့် အထက်ပါ မဓုအဖွင့်အရ --- ပေးကမ်းလှူဒါန်းခြင်း စသည် အာဝါသ စသည်၌ မစ္ဆရိယ သည် ထိုမစ္ဆရိယ ကိန်းဝပ်နေသူ ပုဂ္ဂိုလ်၏ စိတ်ဓာတ်ကို မသာယာ မနှစ်သက်သော အခြင်းအရာ ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။ မစ္ဆရိယရှိသူကား လှူရေး တန်းရေး ကိစ္စရပ်တို့၌လည်း နှစ်သက်မှု မရှိဘဲ စိတ်ဆင်းရဲနေတတ်၏။ သံဃိကကျောင်းကိုလည်း ငါ့ကျောင်း လုပ်နေတတ်သဖြင့် ဂဏိကကျောင်းကိုလည်း ငါ့ကျောင်းလုပ်နေတတ်သဖြင့်, ပုဂ္ဂလိကကျောင်းကိုလည်း ငါ့ကျောင်း လုပ်နေတတ်သဖြင့် သူတစ်ပါးတို့နေထိုင်ရန် ရောက်ရှိလာသည့်အခါ မနှစ်သက်ဘဲ စိတ်ဆင်းရဲနေတတ်၏။ (အခြား ကုလမစ္ဆရိယ စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။) ထိုအကျိုးတရားများသည် မစ္ဆရိယကြောင့် ဖြစ်ပေါ်လာရသဖြင့် မစ္ဆရိယသည် အာဝါသ စသည်၌ သူတစ်ပါးတို့က ဆက်ဆံလာသည့်အခါ မနှစ်သက်ခြင်း စိတ်ဆင်းရဲခြင်း အကျိုးကို ဖြစ်စေတတ်၏ဟု ဆိုလိုသည်။ (ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၉၈ - ကြည့်။)

အဂ္ဂဟိတတ္တံ စိတ္တဿာတိ ပရေသံ ဥပကာရကရဏေ ဒါနာဒိနာ အာကာရေန ယထာ န သမ္ပသာရိယတိ၊ ဧဝံ အာဝရိတွာ ဂဟိတဘာဝေါ စိတ္တဿ။ ယသ္မာ ပန မစ္ဆရိပုဂ္ဂလော အတ္တနော သန္တကံ ပရေသံ အဒါတုကာမော ဟောတိ၊ ပရသန္တကံ ဂဏှိတုကာမော။ တသ္မာ ဣဒံ အစ္ဆရိယံ မယှမေဝ ဟောတု မာ အညဿာတိ ပဝတ္တိဝသေနဿ အတ္တသမ္ပတ္တိနိဂူဟနလက္ခဏတာ, အတ္တသမ္ပတ္တိဂ္ဂဟဏလက္ခဏတာ ဝါ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇-၄၀၈။)

မစ္ဆရိယသည် ပေးကမ်းစွန့်ကြဲခြင်း ထောက်ပံ့ခြင်းဟူသော ဒါန စသော အခြင်းအရာအားဖြင့် သူတစ်ပါး တို့အား ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ရရှိအောင် ပြုလုပ်ပေး ရာ၌ ဒါန စသည်ကို မပြုဖြစ်အောင် အာဝါသ စသည်ကို မပေးဖြစ်အောင် ထိုဒါန စသည့် လုပ်ငန်းရပ် အာဝါသ စသည်တို့ကို သူတစ်ပါးတို့အား နေထိုင်ခွင့် ဆက်ဆံခွင့်ပေးသည့် လုပ်ငန်းရပ် စသည်တို့၌ စိတ်ဓာတ် ပြန့်ပြန့်ပြူးပြူး မဖြစ်အောင် စိတ်ဓာတ်ကို ပိတ်ချုပ်၍ တားမြစ်ပိတ်ပင်၍ ယူထားနိုင်သော သဘောတရားတည်း။

တစ်ဖန် မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် မိမိ၏ ဥစ္စာကို သူတစ်ပါးတို့အား မပေးလိုသော သဘောရှိတတ်၏၊ သူတစ်ပါး၏ ဥစ္စာကို ယူလိုသော သဘောရှိတတ်၏။ (ဤစကားသည် မစ္ဆရိယက သူတစ်ပါး၏ ဥစ္စာကို လိုချင်ခြင်း သဘောရှိသည်ဟု ပြလိုသော စကားကား မဟုတ်ပေ၊ မစ္ဆရိယ ဖြစ်ရာ၌ သူတစ်ပါး၏ စည်းစိမ်ကို လိုချင်သော လောဘက ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုတတ်ကြောင်းကို ပြလို၍ ဆိုအပ်သော စကား ဖြစ်သည်ဟု မှတ်ပါ။ မူလဋီ၊၁၊၁၇၂။) ထိုကြောင့် သူတစ်ပါးတို့နှင့် ဆက်ဆံသည် ဖြစ်စေ မဆက်ဆံသည် ဖြစ်စေ (သံဃိက ဂဏိကဟူသော အများဆိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ပုဂ္ဂလိကပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ၊) အာဝါသ စသည်ကို သူတစ်ပါးတို့အား မဖြစ်ပါစေသတည်းဟု စိတ်ဓာတ်ဖြစ်သည်၏ အစွမ်းဖြင့် သူတစ်ပါး၏ ဥစ္စာ မဖြစ်စေလိုခြင်း သဘောတရားသည် မစ္ဆရိယ၏ အတ္တသမ္ပတ္တိနိဂူဟနလက္ခဏာ = မိမိပစ္စည်း + မိမိရယူရန်ရှိသော ရယူထိုက်သော ပစ္စည်းကို လျှို့ဝှက် ဝန်တိုခြင်းသဘော လက္ခဏာတည်း။

သူတစ်ပါးတို့နှင့် ဆက်ဆံသည် ဖြစ်စေ, မဆက်ဆံသည် ဖြစ်စေ = သံဃိက ဂဏိကဟူသော အများပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ, ပုဂ္ဂလိကပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ အာဝါသ စသည်ကို မိမိဥစ္စာချည်းသာ ဖြစ်စေလိုခြင်း သိမ်းပိုက်လိုခြင်း သဘောတရားသည် မစ္ဆရိယ၏ အတ္တသမ္ပတ္တိဂ္ဂဟဏလက္ခဏာ = မိမိစည်းစိမ်ကို ယူငင် သိမ်း ပိုက်ခြင်း = မိမိစည်းစိမ်အဖြစ် ယူငင်သိမ်းပိုက်ခြင်း သဘောလက္ခဏာတည်း။ (အဘိ၊ဋ္ဌ၊၁၊၄၀၇-၄၀၈။ မူလဋီ၊၁၊၁၇၂။)

ပဒဋ္ဌာန် --- ရပြီး ရဆဲ ရလတ္တံ့ = ရနိုင်သော အခွင့်အလမ်းရှိသော မိမိ၏ စည်းစိမ်ဥစ္စာသည် မစ္ဆရိယဖြစ်ရန် အနီးကပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ပေသည်။ ဤမစ္ဆရိယကို စိတ်၏ မလှပသော ဖောက်ပြန်သော အဖြစ်၏ ဖြစ်ကြောင်း ဖြစ်ရာ သဘောတရားဟု မှတ်ပါ။

ဤအထက်ပါ ဣဿာနှင့် မစ္ဆရိယတရားတို့သည် စိတ္တက္ခဏတစ်ခုအတွင်း ဝီထိစဉ်တစ်ခုအတွင်း၌ အတူ ယှဉ်တွဲ၍ မဖြစ်နိုင်ကြသော်လည်း စိတ္တက္ခဏချင်း ဝီထိချင်း ခြား၍ကား ဖြစ်နိုင်ကြ၏။ ယင်းဣဿာ မစ္ဆရိယ တရားတို့၏ အကျိုးပေးညစ်ညမ်းပုံနှင့် ပတ်သက်၍ သံဝေဂယူဖွယ်ကောင်းလှသည့် အရှင်ဇမ္ဗုကမထေရ် အလောင်းလျာ၏ အကြောင်းအရာကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ဇမ္ဗုကမထေရ်အလောင်း -

ကဿပဘုရားရှင်၏ လက်ထက်တော်ကာလ၌ တောရွာတစ်ရွာ၌ နေထိုင်သော သူကြွယ်တစ်ဦးသည် ဇမ္ဗုကမထေရ်အလောင်း ဖြစ်သည့် မထေရ်တစ်ပါးအား ကျောင်းဆောက်လုပ်၍ လှူဒါန်းပြီးလျှင် ထိုကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသော ထိုမထေရ်အား ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေး၏။ မထေရ်သည် ထိုသူကြွယ် ၏ အိမ်၌ နေ့စဉ် အမြဲမပြတ် ဆွမ်းဘုဉ်းပေးတော်မူ၏။ တစ်နေ့တွင် ရဟန္တာ အရှင်မြတ်တစ်ပါးသည် နေမြင့်မှ ဆွမ်းခံလှည့်လည် လာလတ်သော် ထိုကျောင်းဒါယကာ သူကြွယ်၏ အိမ်တံခါးဝသို့ ဆိုက်ရောက်တော်မူလာ၏။ သူကြွယ်သည် ထိုရဟန္တာအရှင်မြတ်ကို ဖူးမြင်ရသော် ထိုရဟန်းတော်၏ ဣရိယာပုထ်၌ အလွန် ကြည်ညိုသွား၏။

၁။ အိမ်ပေါ်သို့ ပင့်၍ ရိုသေလေးမြတ်စွာ မွန်မြတ်သော ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေး၏။

၂။ သင်္ကန်းချုပ်ရန် မွန်မြတ်သော ပိတ်စကို လှူ၏။

၃။ ဆံပင်များ ရှည်နေသဖြင့် ဆံချရန် ဆတ္တာသည်ကို ခေါ်ဆောင်ကာ ကျောင်းသို့ လိုက်လာမည့်အကြောင်းကို လည်းကောင်း,

၄။ ကျိန်းစက်တော်မူရန် ခုတင်ညောင်စောင်းကို ယူဆောင်လျက် လိုက်လာမည့်အကြောင်းကိုလည်းကောင်း လျှောက်ထားလိုက်၏။

သူကြွယ်၏ အိမ်၌ နေ့စဉ် အမြဲမပြတ် ဆွမ်းဘုဉ်းပေးနေသော ဆရာမထေရ်ကား ထိုရဟန်းအပေါ်၌ ထို သူကြွယ်၏ အရိုအသေပြုမှုကို မြင်ရ၍ စိတ်ကို ကြည်လင်စေခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။ ဤသူကြွယ်သည် တစ်ခဏမျှ ဖူးတွေ့ရသော ထိုရဟန်းတော်ကို ဤသို့ သဘောရှိသော ရိုသေသမှုကို ပြုဘိ၏၊ အိမ်၌ အမြဲတမ်း ဆွမ်းစားနေသော ငါ့အားကား ထိုကဲ့သို့သော ရိုသေသမှုကို မပြုလေဟု ကြံစည်စိတ်ကူးကာ ကျောင်းသို့ ပြန်ကြွ သွား၏။

အာဂန္တုမထေရ်မြတ်သည်လည်း ထိုကျောင်းထိုင်ကိုယ်တော်နှင့်ပင် အတူသွား၍ ကျောင်းဒါယကာသူကြွယ် လှူဒါန်းလိုက်သော ပိတ်စကို ဆိုး၍ ဝတ်ရုံတော်မူ၏။ သူကြွယ်သည်လည်း ဆတ္တာသည်ကို ခေါ်ဆောင်၍ အာဂန္တု မထေရ်၏ ဆံပင်တို့ကို ရိတ်စေ၏၊ ခုတင်ညောင်စောင်းကို ခင်းပေး၍ ကျိန်းစက်ပေးတော်မူပါရန် လျှောက်ထား ပြီးနောက် မထေရ် နှစ်ပါးလုံးကိုပင် နက်ဖန်အလို့ငှာ ဆွမ်းဖြင့် ပင့်ဖိတ်ပြီးနောက် ဖဲခွာသွား၏။

ကျောင်းထိုင်ကိုယ်တော် = ဇမ္ဗုကမထေရ်အလောင်းကား ထိုသူကြွယ်၏ ထိုအာဂန္တုကိုယ်တော်ကို အရိုအသေပြုမှုကို သည်းညည်းခံဖို့ရန် မစွမ်းနိုင် ဖြစ်နေရှာ၏။ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရားနှင့် ကုလမစ္ဆရိယ, လာဘမစ္ဆရိယ အာဝါသမစ္ဆရိယတရားတို့၏ လွှမ်းမိုး ဖိစီး နှိပ်စက်မှု ဒဏ်ချက်ကို ခံယူနေရ၏။

ထိုအခါ သည်းမခံနိုင်တော့သည့်အတွက် ထိုကျောင်းထိုင်ကိုယ်တော်က ညနေချမ်းအခါ၌ အာဂန္တုကိုယ်တော် လဲလျောင်းနေရာ အရပ်သို့ သွား၍ လေးမျိုးသော အခြင်းအရာတို့ဖြင့် အာဂန္တုမထေရ်မြတ်ကို ဆဲရေးလေ၏။

၁။ ငါ့ရှင် အာဂန္တုက ...သင့်အဖို့ သူကြွယ်၏ အိမ်၌ ဆွမ်းကို ဘုဉ်းပေးခြင်းထက် မစင်ကို စားခြင်းက သာလွန်၍ မြတ်သေး၏။

၂။ သူကြွယ် ခေါ်ဆောင်လာသည့် ဆတ္တာသည်ဖြင့် ဆံပင်တို့ကို ရိတ်ခြင်းထက် ထန်းစေ့ဖြင့် ဆံပင်တို့ကို နှုတ်ခြင်းက မြတ်သေး၏။

၃။ သူကြွယ်လှူသည့် အဝတ်သင်္ကန်းကို ဝတ်ရုံခြင်းထက် အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံး လှည့်လည်နေခြင်းက မြတ်သေး၏။

၄။ သူကြွယ် သယ်ဆောင်လာသော ခုတင်ညောင်စောင်းထက်၌ အိပ်စက်ခြင်းထက် မြေကြီးပေါ်၌ အိပ်ခြင်းက သာလွန်၍ မြတ်သေး၏။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၁၃-၃၁၄။)

ဣဿာ မစ္ဆရိယတို့၏ စွမ်းအားကား အလွန် ကြီးမားလှ၏။ အထက်ပါ လေးမျိုးသော ဆဲရေးခြင်းကို မပြုရ မနေနိုင်အောင် တွန်းအားပေးလျက် ရှိ၏။ ရဟန္တာမထေရ်မြတ်ကြီးကလည်း ဤလူမိုက်သည် ငါ့ကို မှီ၍ မပျက်စီးပါစေလင့်ဟု နှလုံးပိုက်တော်မူ၍ ကျောင်းဒါယကာ သူကြွယ်၏ ပင့်ဖိတ်မှုကိုပင် မသာယာတော့ဘဲ နံနက်ခပ်စောစောပင် ထတော်မူ၍ ချမ်းသာရာအရပ်သို့ ကြွသွားတော်မူ၏။

ကျောင်းထိုင်ကိုယ်တော်ကလည်း ခပ်စောစောပင် ထ၍ ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်များကို ပြုပြီးနောက် ဆွမ်းခံချိန်သို့ ရောက်သောအခါ --- အာဂန္တုကိုယ်တော်သည် ယခုတိုင်အောင်လည်း အိပ်တုန်းပင် ရှိနေသေး၏၊ ထိုးစည်ကို တီးလိုက်သော် နိုးလေရာ၏ဟု မှတ်ထင်၍ လက်သည်းဖြင့်ပင် ထိုးစည်ခေါင်းလောင်းကို ထိုး၍ ရွာတွင်းသို့ ဝင်တော်မူ၏။ ကျောင်းဒါယကာ သူကြွယ်ကလည်း ပူဇော်မှုပြုရန် မျှော်နေပေ၏။ အာဂန္တု ကိုယ်တော်ကို မတွေ့ရသဖြင့် အကျိုးအကြောင်း မေးမြန်းကြည့်ရာ အာဂန္တုကိုယ်တော် အအိပ်ကြီးကြောင်း ခေါင်းလောင်းထိုးသံကိုပင် မကြားကြောင်း စသည်တို့ကို ပြောပြလေ၏။ ကျောင်းဒါယကာ သူကြွယ်ကလည်း ပညာရှိယောက်ျား ဖြစ်သဖြင့် မိမိ၏ ကျောင်းထိုင်ကိုယ်တော်အကြောင်းကို ရိပ်စားမိကာ ကျောင်းထိုင်ကိုယ်တော် ကို ဆွမ်းကျွေးပြီးနောက် အာဂန္တုကိုယ်တော်ကို တွေ့ရှိပါက ဆွမ်းများကို လှူဒါန်းဖို့ရန် သပိတ်ကိုဆေးကြောကာ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်တို့ကို သပိတ်အပြည့် လှူဒါန်းလိုက်၏။

ကျောင်းထိုင်ကိုယ်တော်က လမ်းခုလတ် တစ်နေရာသို့ ရောက်သောအခါ ထိုဆွမ်းများကို ကြည့်၍ ---အကယ်၍ ထိုအာဂန္တုကိုယ်တော်သည် ဤကဲ့သို့သော ဆွမ်းမျိုးကိုသာ ဘုဉ်းပေးနေရငြားအံ့၊ ဤနေရာဌာန၌ ပင်လျှင် ငြိကပ်တွယ်တာပြီး နေထိုင်ပေလိမ့်မယ်ဟု ဤသို့ နှလုံးပိုက်ကာ ဆွမ်းတွေကို အကုန်သွန်ပစ်လိုက်၏။

ထိုအခါ ထိုကျောင်းထိုင်ကိုယ်တော်ကို, ဤမျှလောက်သော မကောင်းမှု အကုသိုလ်ကံကို ပြုကျင့်မိသည့် အတွက်, အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးထားအပ်သော ရဟန်းတရားတို့သည် စောင့် ရှောက်ခြင်းငှာ မစွမ်းနိုင်တော့ပြီ။ သက်တမ်း၏ အဆုံး၌ ကွယ်လွန်ပြီးနောက် အဝီစိငရဲ၌ ကဿပဘုရားရှင် သာသနာတော်မှသည် ဂေါတမဘုရားရှင် သာသနာတော်အနီးသို့တိုင်အောင် ဗုဒ္ဓန္တရအသင်္ချေယျဟု ဆိုအပ် သော အသင်္ချေယျကပ်ပတ်လုံး ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားနေရ၏။ ဂေါတမဘုရားရှင် ပွင့်ခါနီးကာလတွင် ရာဇဂြိုဟ်၌ လူလာဖြစ်ရ၏။ ကဿပဘုရားရှင်၏ သာသနာတော်တွင်းတုန်းက ရဟန္တာအရှင်မြတ်အား လေးမျိုး သော ဆဲရေးခြင်းဖြင့် ဆဲရေးမိခဲ့သည်အတွက် လေးမျိုးသော မကောင်းကျိုးတို့ကို ထပ်မံ၍ လူ့ဘဝတွင် ခံစားရ ပြန်၏။

၁။ ငါ့ရှင် အာဂန္တုက ...သင့်အဖို့ သူကြွယ်၏ အိမ်၌ ဆွမ်းကို ဘုဉ်းပေးခြင်းထက် မစင်ကို စားခြင်းက သာလွန်၍ မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ဤအကုသိုလ် မကောင်းမှုကြောင့် လူဖြစ်လာသောအခါ မွေးကတည်းက အစာအာဟာရကို မစားဘဲ မစင်ကိုသာ နှစ်ပေါင်းများစွာ စားနေ၏။ အစာအာဟာရ စားလိုစိတ် မရှိဘဲ မစင် ကိုသာ စားလိုစိတ် ရှိ၏။ ဘုရားရှင်နှင့် တွေ့၍ ရဟန္တာဖြစ်တော်မူမည့်နေ့သို့တိုင်အောင် မစင်ကိုပင် တစ်သက်လုံး စားနေခဲ့၏။

၂။ သူကြွယ် ခေါ်ဆောင်လာသည့် ဆတ္တာသည်ဖြင့် ဆံပင်တို့ကို ရိတ်ခြင်းထက် ထန်းစေ့ဖြင့် ဆံပင်တို့ကို နှုတ်ခြင်းက မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် အာဇီဝကတို့၏ အထံ၌ ရှင်ရဟန်း ပြုသောအခါ ဆံပင်တို့ကို ထန်းစေ့ဖြင့် အနှုတ်ခံရ၏။

၃။ သူကြွယ်လှူသည့် အဝတ်သင်္ကန်းကို ဝတ်ရုံခြင်းထက် အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံး လှည့်လည်နေခြင်းက မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် မွေးကတည်းက ရဟန္တာဖြစ်မည့်နေ့သို့တိုင် အောင် အဝတ် လုံးဝမဝတ်ဘဲ ကိုယ်တုံးလုံးပင် ဘဝတစ်လျှောက်၌ နေထိုင်ခဲ့၏။ မိဘတို့က ဘယ်လိုပင်ဝတ်ပေး သော်လည်း အဝတ်ဝတ်လိုသော စိတ်ဓာတ် လုံးဝမရှိသဖြင့် အမြဲတမ်း ချွတ်ပစ်လိုက်၏။

၄။ သူကြွယ် သယ်ဆောင်လာသော ခုတင်ညောင်စောင်းထက်၌ အိပ်စက်ခြင်းထက် မြေကြီးပေါ်၌ အိပ်ခြင်းက သာလွန်၍ မြတ်သေးဟု ဆဲရေးမိသော အကုသိုလ်ကံကြောင့် မွေးကတည်းက ဘဝတစ်လျှောက်လုံး၌ အိပ်ရာ ထက်၌ မအိပ်နိုင်ဘဲ မြေကြီးပေါ်၌သာ အိပ်စက်ခဲ့၏။ အိပ်ရာထက်၌ ဘယ်လိုပင် သိပ်သော်လည်း မအိပ်ဘဲ မြေကြီးပေါ်၌သာ အမြဲအိပ်လေသည်။

မွေးလာသော ယောက်ျား၏ ပါးစပ်ထဲ၌ ဓားမကြီးတစ်လက် ပါလာ၏။ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏။ (သံ၊၁၊၁၅၄။) --- ဟူသော ဒေသနာတော်နှင့် အညီ လျှာဓားမဖြင့် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်သွားခြင်းကြောင့် ရရှိသော အကျိုးတရားများပင်တည်း။ သို့သော် ဘုရားရှင်နှင့် တွေ့၍ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားသောအခါ၌ကား ထိုအကုသိုလ်ကံများမှာ ကုန်ဆုံးသွားလေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၁၃-၃၂၀။)

ဆတ္တပါဏိလုလင်

ဤအထက်တွင် ရေးသားတင်ပြခဲ့သည့် လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသော တရားဆိုးတို့ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုဖျက်ဖို့ရန် အကောင်းဆုံးသော လက်နက်မှာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ဖြင့် သိမ်းကျုံးရေတွက် ထားအပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားပင် ဖြစ်၏။ သီလ သမာဓိ ပညာဟူသော သမထ ဝိပဿနာတို့ကို ကြိုးပမ်းပါသော်လည်း လမ်းဆုံးသို့တိုင်အောင် အောင်မြင်မှု မရရှိသေး သဖြင့် သံသရာခရီးက ဆက်ရန်ရှိနေသေးပါမူ အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်း၏ ကျင့်သုံးသွား တော်မူသော ရှေးထုံးဟောင်းတစ်ရပ်မှာ အတုယူဖွယ်ကောင်းသော ထုံးဟောင်း ဥပဒေသကြီးတစ်ရပ်ပင် ဖြစ် ပေသည်။ ယင်း စံနမူနာထားထိုက်သော ထုံးဟောင်းတစ်ခုကို ကျင့်လိုသူတို့အတွက် ဆက်လက်၍ တင်ပြအပ် ပါသည်။ အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းသည် ဆတ္တပါဏိ အမည်ရှိသော ယသပါဏိမင်း၏ ဦးခေါင်းကို တန်ဆာဆင်တတ်သော ဆတ္တာသည် ဖြစ်ခဲ့ဖူး၏။ အရှင်ဒေဝဒတ်ကား ဘဝပေါင်းများစွာ ဘုရား အလောင်းတော်အား သတ်ဖြတ်ရန် ကြိုးစားအားထုတ်ခဲ့ဖူး၏။ ဤဓမ္မဓဇဇာတ်တော်၌ (ဇာတက၊ဋ္ဌ၊၂၊၁၇၀။) အရှင်ဒေဝဒတ်အလောင်းမှာ ယသပါဏိမင်း၏ စစ်သူကြီး ဖြစ်နေ၏။ ဘုရားအလောင်းတော်ကား ထိုယသပါဏိ မင်း၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်နေ၏။ ဓမ္မဓဇ အမည်ရှိ၏။

ယသပါဏိမင်းကား တရားသဖြင့် မင်းပြုတော်မူ၏။ သို့သော် အရှင်ဒေဝဒတ်အလောင်း စစ်သူကြီးကား တံစိုးလက်ဆောင် လာဘ်စားလျက် တရားစီရင်တတ်၏။ တံစိုးလက်ဆောင်စားကာ ဥစ္စာရှင် မဟုတ်သူတို့ကို ဥစ္စာရှင် ပြုတတ်၏။ ထိုအခါ တနေ့သ၌ တရားအဆုံးအဖြတ်မှ ရှုံးသော လူတစ်ဦးသည် လက်တို့ကို မြှောက်ကာ ငိုယိုမြည်တမ်းလျက် တရားဆုံးဖြတ်ရာဌာနမှ ထွက်ခွာလာသည်ရှိသော် --- ယသပါဏိဘုရင်မင်းမြတ်ထံသို့ အခစားဝင်သွားသော ဘုရားအလောင်းတော် ဓမ္မဓဇ ပုရောဟိတ်ပုဏ္ဏားကြီးကို မြင်၍ ထိုဘုရားအလောင်းတော်၏ ခြေတို့၌ ဝပ်စင်း၍ --- အရှင် ...ဘုရင်မင်းတရားကြီး၏ အကျိုးတရားကိုလည်းကောင်း, အကြောင်းတရားကို လည်းကောင်း ဆိုဆုံးမတတ်ကုန်သော အရှင်တို့ကဲ့သို့သော ပညာရှိသူတော်ကောင်းတို့သည် ထင်ရှားရှိနေကုန် စဉ်မှာပင်လျှင် ကာဠက စစ်သူကြီးသည် တံစိုးလက်ဆောင်စား၍ ဥစ္စာရှင်တို့ကို အရှင်မဟုတ်သည်ကို ပြုဘိ၏ ဟု ဆို၍ မိမိရှုံးသည်၏ အဖြစ်ကို ဘုရားအလောင်းတော်အား ပြောဆို၏။ ဘုရားအလောင်းတော်သည် ကြင်နာ ဆပွား ကရုဏာနှင့် ယှဉ်သော စိတ်ထားကို ဖြစ်စေ၍ --- အမောင် လာလှည့် ...သင်၏တရားကို ငါ ဆုံးဖြတ် အံ့ဟု ထို တရားရှုံးသောသူကို ခေါ်ဆောင်၍ တရားစီရင်ရာအရပ်သို့ သွား၏။ လူများအပေါင်းသည် စည်းဝေးမိ သည်ရှိသော် ဘုရားအလောင်းတော်သည် ထိုတရားကို တစ်ဖန် ဆုံးဖြတ်၍ ဥစ္စာရှင်ဟုတ်မှန်သော သူကို ဥစ္စာရှင် ပြု၏။

လူအများ၏ ကောင်းချီးပေးသော အသံသည် သည်းထန်စွာ ဖြစ်ပေါ်လာ၏။ ယသပါဏိ မင်းကြီးသည် ထိုကောင်းချီးပေးသော အသံကို ကြား၍ စုံစမ်းမေးမြန်းလတ်သော် ဓမ္မဓဇပညာရှိ ပုရောဟိတ်ပုဏ္ဏားကြီး၏ မှန်ကန်သော တရားစီရင်မှုကို အကြောင်းပြု၍ ကောင်းချီးဩဘာပေးသောအသံ ဖြစ်ကြောင်းကို သိရှိရ၍ နှစ်သက်မြတ်နိုးတော်မူရကား အလောင်းတော် ဓမ္မဓဇပညာရှိ ပုရောဟိတ်ဆရာကြီးကိုသာလျှင် ထိုနေ့မှစ၍ တရား စီရင်စေ၏။

ကာဠကစစ်သူကြီးသည် ထိုအခါမှစ၍ တံစိုးလက်ဆောင်ကို မရလတ်သော် လာဘ်လာဘမှ ယုတ်လျော့ သဖြင့် ဘုရားအလောင်းတော်အား ရန်ငြိုးဖွဲ့လေ၏။ ဓမ္မဓဇပညာရှိသည် မင်းစည်းစိမ်ကို လိုလားတောင့်တ နေကြောင်း မမှန်သတင်းများကိုလည်း ယသပါဏိမင်းအား မကြာခဏ တိုင်ကြား၏။ ယသပါဏိမင်းက မူလက မယုံကြည်သော်လည်း ဓမ္မဓဇပညာရှိ တရားစီရင်ရာအရပ်၌ ပရိသတ်ထုက များပြားလှသဖြင့် ထိုပရိသတ်ကို ဓမ္မဓဇပညာရှိ၏ ပရိသတ်ဟုပင် အထင်မှားကာ မယုံသင်္ကာ ဖြစ်လာ၏။ စစ်သူကြီးကာဠကနှင့် တိုင်ပင်၍ အကြောင်းဥပါယ်တံမျဉ်ဖြင့် ဓမ္မဓဇပညာရှိအား သတ်ဖြတ်ရန် တိုင်ပင်ကာ ---

၁။ အသီးအပွင့်တို့ဖြင့် ပြည့်စုံသော ဥယျာဉ်တော်တစ်ခုကို နေ့ချင်း ညချင်း ပြီးအောင် ဖန်ဆင်း တည်ထောင် ခိုင်း၏။ သိကြားမင်းကြီးက ကူညီဖန်ဆင်းပေးသဖြင့် ပြီးစီးသွားပြန်၏။

၂။ ထိုဥယျာဉ်တော်အား လျောက်ပတ်သော ရတနာ (၇)ပါးဖြင့်ပြီးသော ရေကန်ကြီးကို ဖန်ဆင်းခိုင်း လိုက်ပြန် ရာ သိကြားမင်းကြီးကပင် ကျေနပ်အောင် ညတွင်းချင်း ဖန်ဆင်းပေးလိုက်၏။

၃။ ဥယျာဉ်တော်နှင့် လျောက်ပတ်သော နန်းတော်အိမ်ကို ဖန်ဆင်းစေပြန်၏။ သိကြားမင်းကြီးကပင် ကျေနပ် လောက်အောင် အလုံးစုံ ဆင်စွယ်ဖြင့်ပြီးသော နန်းတော်အိမ်ကိုလည်း ဖန်ဆင်းပေးလိုက်၏။

၄။ ဆင်စွယ်အိမ်အား လျောက်ပတ်သော ပတ္တမြားရောင်ဖြင့် သွားလာနိုင်သော ပတ္တမြားကြီးကို ဖန်ဆင်းစေ ပြန်၏၊ သိကြားမင်းကြီးကပင် ထိုပတ္တမြားရတနာကြီးကိုလည်း ဖန်ဆင်းပေးပြန်၏။

ထိုအခါ ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ် ...ဓမ္မဓဇပုဏ္ဏားကြီးမှာ အလိုရှိတိုင်း ရွက်ဆောင်ပေး နိုင်သော နတ် တစ်ဦးဦးသည် ရှိနေပုံရ၏၊ ယခုအခါ၌ နတ်တို့သည်သော်လည်း ဖန်ဆင်းခြင်းငှာ မတတ်ကောင်း ရာသော အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို ဖန်ဆင်းစေတော်မူပါဟု လျှောက်ထား၏။ ထိုအတိုင်းပင် ဖန်ဆင်းခိုင်းလိုက်၏။ မဖန်ဆင်းပေးနိုင်ကလည်း သေဒဏ်အမိန့် ချမှတ်တော့မည် ဖြစ်၏။ ဘုရားအလောင်းတော် သည် အိမ်သို့ ပြန်သွား၍ မွန်မြတ်သော ဘောဇဉ်ကို စားသုံးပြီးလျှင် အိပ်ပြီးလတ်သော် မိုးသောက်ထကာလ၌ ဤသို့ စဉ်းစား၏ --- နတ်တို့သနင်း သိကြားမင်းသည် အကြင်အရာကို ဖန်ဆင်းခြင်းငှာ စွမ်းနိုင်၏၊ ထိုအရာကို ဖန်ဆင်း၍ ပြီးလေပြီ။ အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို ဖန်ဆင်းပေးဖို့ရန်ကား မတတ်ကောင်း သည်သာ ဖြစ်၏။ ဤသို့ ဖန်ဆင်းခြင်းငှာ မတတ်ကောင်းသည် ဖြစ်သော် သူတစ်ပါးတို့၏ လက်၌ သေရသည်ထက် တော၌ ကိုယ်းကွယ်ရာမရှိ သေရခြင်းသည်သာလျှင် ကောင်းမြတ်၏ --- ဟု ကြံစည်မိလေ၏။ ကြံပြီး၍ ဘုရား အလောင်းတော်သည် တစ်စုံတစ်ယောက်သောသူအား မပြောကြားမူ၍ ပြာသာဒ်မှ ဆင်းသက်၍ မြတ်သော တံခါးဖြင့် မြို့မှ ထွက်၍ တောသို့ ဝင်ကာ တစ်ခုသော သစ်ပင်ရင်း၌ သူတော်ကောင်းတို့၏ လောကဓံတရား ရှစ်ပါး နှိပ်စက်လတ်သော် မတုန်မလှုပ်ခြင်းဟု ဆိုအပ်သော သဘောကို ဆင်ခြင်လျက်နေ၏။

ထိုအခါ သိကြားမင်း၏ အကြံပေး တိုက်တွန်းချက်ဖြင့် ယသပါဏိမင်း၏ ဆတ္တာသည် ဆတ္တပါဏိလုလင်ကို ခေါ်ဆောင်ကာ ရှင်ဘုရင်ထံသို့ ဝင်လေ၏။ ဤဆတ္တပါဏိလုလင်သည် အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့် ဖြစ်နိုင်ကြောင်းကိုလည်း သံတော်ဦးတင်လိုက်၏။

ဆတ္တပါဏိလုလင်၌ ပြည့်စုံနေသော အင်္ဂါလေးပါး

အနုဿူယကော အဟံ ဒေဝ၊ အမဇ္ဇပါယကော အဟံ။

နိသ္နေဟကော အဟံ ဒေဝ၊ အက္ကောဓနံ အဓိဋ္ဌိတော။

အရှင်မင်းမြတ် အကျွန်ုပ်သည် ---

၁။ ငြူစူခြင်း ဣဿာတရားလည်း မရှိပါ။

၂။ မူးယစ်ဆေးဝါးကိုလည်း မမှီဝဲတတ်ပါ။

၃။ မည်သူ့ကိုမျှလည်း မချစ်တတ်ပါ၊

၄။ မည်သူ့ကိုမျှလည်း အမျက်မထွက်တတ် မမုန်းတီးတတ်ပါ။

ဤသို့လျှင် အရှင်မင်းမြတ် ...အကျွန်ုပ်သည် ဤအင်္ဂါ လေးပါးတို့နှင့် ပြည့်စုံပါ၏ဟု ယသပါဏိမင်းက မေးမြန်းလိုက်သောအခါ ဆတ္တပါဏိလုလင်က မိမိ၌ ပြည့်စုံနေသော အင်္ဂါရပ် လေးမျိုးတို့ကို တင်ပြ လျှောက် ထားလေသည်။

၁။ ငြူစူခြင်း ဣဿာတရား မရှိရခြင်း အကြောင်း

ဣတ္ထိယာ ကာရဏာ ရာဇ၊ ဗန္ဓာပေသိံ ပုရောဟိတံ။

သော မံ အတ္ထေ နိဝေဒေသိ၊ တသ္မာဟံ အနုသူယကော။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

တစ်ခုသောဘဝ၌ ဤဆတ္တပါဏိလုလင်သည် ဤဗာရာဏသီပြည်၌ပင်လျှင် ရှင်ဘုရင် ဖြစ်ခဲ့ဖူး၏။ ဘုရား အလောင်းတော်ကား ထိုဗာရာဏသီဘုရင်၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်နေ၏။ ရှင်ဘုရင်ကြီးကလည်း မောင်းမ ပေါင်း (၁၆၀၀၀)တို့တွင် မိဖုရားတစ်ဦးကို အဂ္ဂမဟေသီအရာတွင် မြှောက်စား၍ အလွန် မြတ်နိုးတော်မူ၏။ ထိုမိဖုရားကား --- အရှင်မင်းကြီးသည် ဤနေ့မှစ၍ အခြားအမျိုးသမီးတစ်ဦးကို ကိလေသာ၏အစွမ်းဖြင့် မကြည့်ရ ဟူသော ဆုကိုလည်း ရှင်ဘုရင်ထံမှ မရအရ တောင်းယူထားသူလည်း ဖြစ်၏။ တစ်နေ့တွင် ပစ္စန္တရစ်အရပ်၌ သူပုန်များကို နှိမ်နင်းရန် ထွက်ခွာရ၏။ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို မြို့၌ ထားခဲ့၏။ တစ်ယူဇနာ တစ်ယူဇနာသော အရပ်သို့ ရောက်တိုင်း ရောက်တိုင်း တမန်တစ်ယောက် တစ်ယောက်ကို မိဖုရားထံသို့ စေလွှတ် ကာ အခြေအနေ အရပ်ရပ်ကို အစီအရင်ခံစေ၏။ အသွားအပြန် (၆၄)ယောက်ကုန်သော တမန်တို့ကို စေခိုင်း တော်မူ၏။ မိဖုရားကြီးသည် ထို ခြောက်ကျိပ်လေးယောက်ကုန်သော တမန်တို့နှင့် နေ့စဉ် ဖောက်ပြားပေ၏။ တစ်နေ့လျှင် တစ်ယောက်ကျ ရောက်လာတိုင်းသော တမန်ယောက်ျားနှင့် ဖောက်ပြား၍ပင် အားမရနိုင်သဖြင့် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးအားလည်း မိဖုရားက သူနှင့်အတူ ဖောက်ပြားရန် ဖိတ်ခေါ်ပြန်၏။ ဘုရားအလောင်းတော်ကား သီလကို ချစ်မြတ်နိုးတော်မူသည့် သူတော်ကောင်း ဖြစ်ခြင်းကြောင့် မိဖုရား၏ အလို ဆန္ဒကို မလိုက်လျောနိုင် ဖြစ်နေ၏။ ထိုအခါ မိဖုရားက မိမိကိုယ်ကို မိမိကုတ်ဖဲ့ကာ ကလိန်ဉာဏ်ဆင်၍ ပုရောဟိတ် ပုဏ္ဏားကြီးက သူ့ကို ဖျက်ဆီးဟန်ဖြင့် ဘုရင်မင်းမြတ်အား သံတော်ဦးတင်လေ၏။ ဘုရင်မင်းမြတ်ကလည်း ပုရောဟိတ်ပုဏ္ဏားကြီးအား ဖမ်းဆီးချုပ်နှောင်၍ သတ်ရန် အမိန့်တော်မြတ် သတ်မှတ်တော်မူလိုက်၏။

ပုရောဟိတ်ကြီးက ရှင်ဘုရင်ထံသို့ ရောက်အောင် ကြံဆောင်၍ အာဏာသားတို့ကို ပို့စေ၏။ အမှုတွဲအမှန် ဖြစ်ရပ် ဇာတ်လမ်းစုံလင်ကို ရှင်ဘုရင်အား တင်ပြလျှောက်ထား၏။

အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။

ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

အရှင်မင်းမြတ် ...အကြင်တိုင်းနိုင်ငံ၌ လူမိုက်တို့သည် လူတွင်ကျယ် ဖြစ်နေကြ၏ ဘုန်းတန်ခိုး တောက်ပ နေကြ၏။ ထိုတိုင်းနိုင်ငံ၌ နှောင်ဖွဲ့ခြင်းငှာ မထိုက်ကုန်သော အပြစ်မရှိကုန်သော သူတို့သော်မှလည်း အနှောင်အဖွဲ့ ခံကြရကုန်၏။ အကြင်တိုင်းနိုင်ငံ၌ ပညာရှိတို့သည် လူတွင်ကျယ် ဖြစ်နေကြကုန်၏ ဘုန်းတန်ခိုး တောက်ပနေကြ ကုန်၏၊ ထိုတိုင်းနိုင်ငံ၌ နှောင်ဖွဲ့ခြင်းငှာ ထိုက်တန်ကုန်သော အပြစ်ရှိကြကုန်သော သူတို့သော်မှလည်း အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိကြပါကုန်၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

ထိုမိဖုရားကား အခြားသူမဟုတ်၊ မယ်မင်းကြီးမ စိဉ္စမာဏဝိကာပင် ဖြစ်ပေသည်။

အမှုတွဲအမှန်ကို တင်ပြလျှောက်ထားသောအခါ တမန် ခြောက်ကျိပ်လေးယောက်တို့ကို ခေါ်ယူစစ်ဆေးရာ အမှုတွဲအမှန်မှာ အမှန်အတိုင်း ဝန်ခံကြသဖြင့် ထင်ရှားလာ၏။ တမန်တို့နှင့် မိဖုရားကို အပြစ်ဒဏ်ပေးပြန်သော အခါ၌လည်း အလောင်းတော်ပုဏ္ဏားကြီးကပင် အရှင်မင်းမြတ် ...ဤတမန်တို့အားလည်း အပြစ် မရှိပါ၊ မိဖုရားကြီးသည် မိမိ၏ အလိုအကြိုက်ကို ပြုစေဘိ၏၊ ထိုကြောင့် ထိုတမန်တို့မှာ အပြစ်မရှိပါ။ ထိုကြောင့် ထို တမန်တို့အားလည်း ခွင့်လွှတ်တော်မူပါ။ ထိုမိဖုရားကြီး၌လည်း အပြစ်မရှိပါ၊ ဤအမျိုးသမီးတို့မည်သည် မေထုန် မှုဖြင့် မရောင့်ရဲနိုင်သောကြောင့်တည်း။ ဤမေထုန်မှုကား အမျိုးသမီးတို့၏ ဇာတိသဘာဝသာတည်း၊ ထိုအမျိုး သမီးတို့အား သည်းခံထိုက်သည်သာ ဖြစ်၏၊ ထိုကြောင့် ထိုမိဖုရားအားလည်း သည်းခံတော်မူပါဟု အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် လျှောက်ထားလာသဖြင့် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်၏။ ထိုအကြောင်း အရာကို ရည်ရွယ်၍ ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား ---

အရှင်မင်းမြတ် ...အမျိုးသမီးတည်းဟူသော အကြောင်းကြောင့် ကျွန်တော်မျိုးသည် ပုရောဟိတ်ပညာရှိ သူတော်ကောင်းကြီးကို ဖမ်းဆီးချုပ်နှောင်မိခဲ့ပါသည်။ ထိုပုရောဟိတ်ပုဏ္ဏားကြီးကား အကျွန်ုပ်ကို အကျိုးစီးပွား ရှိသော လုပ်ငန်းရပ်၌ ညွှန်ကြားပြသူသ ဖြစ်ပါပေ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် မငြူစူတတ်သူ ဣဿာမရှိသူ ဖြစ်ရပါ၏။ --- ဟု လျှောက်ထားခဲ့၏။

ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား ဆက်လက် လျှောက်ထားပြန်၏။

တဒါ ပန သောဟံ စိန္တေသိံ --- အဟံ သောဠသသဟဿ ဣတ္ထိယော ပဟာယ ဧတံ ဧကမေဝ ကိလေသဝသေန သင်္ဂဏှန္တောပိ သန္တပ္ပေတုံ နာသက္ခိံ၊ ဧဝံ ဒုပ္ပူရဏီယာနံ ဣတ္ထီနံ ကုဇ္ဈနံ နာမ နိဝတ္ထဝတ္ထေ ကိလိဿန္တေ ကသ္မာ ကိလိဿသီတိ ကုဇ္ဈနသဒိသံ ဟောတိ၊ ဘုတ္တဘတ္တေ ဂူထဘာဝံ အာပဇ္ဇန္တေ ကသ္မာ ဧတံ အာပဇ္ဇသီတိ ကုဇ္ဈနသဒိသံ ဟောတိ။ ဣတော ဒါနိ ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ကိလေသံ နိဿာယ မယိ ဥသူယာ မာ ဥပ္ပဇ္ဇတူတိ အဓိဋ္ဌဟိံ။ တတော ပဋ္ဌာယ အနုသူယကော ဇာတော။ ဣဒံ သန္ဓာယ တသ္မာဟံ အနုသူယကောတိ အာဟ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

အရှင် ယသပါဏိမင်းမြတ် ...ထိုအခါ၌ ဗာရာဏသီမင်း ဖြစ်နေသော ထိုကျွန်တော်မျိုးသည် ဤသို့ စဉ်းစားမိခဲ့ပါ၏ --- ငါသည် တစ်သောင်းခြောက်ထောင်ကုန်သော အမျိုးသမီးတို့ကို စွန့်ပစ်၍ ထိုတစ်ယောက် တည်းသော မိန်းမကိုသာလျှင် ကိလေသာ၏ အစွမ်းအားဖြင့် ထောက်ပံ့အပ်ပါသော်လည်း ရောင့်ရဲစိမ့်သောငှာ မစွမ်းနိုင်၊ ဤသို့ အလိုဆန္ဒပြည့်နိုင်ခဲကုန်သော အမျိုးသမီးတို့အား အမျက်ထွက်ခြင်း မည်သည်ကား ဝတ်သော အဝတ်သည် ဝတ်ပါများသော် ညစ်နွမ်း၏၊ ညစ်နွမ်းလတ်သည်ရှိသော်အဘယ်ကြောင့် ညစ်နွမ်းရဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ စားလတ်သော အစာသည် မစင်၏အဖြစ်သို့ ရောက်လတ်သည်ရှိသော် အဘယ် ကြောင့် မစင်၏အဖြစ်သို့ ရောက်ရဘိသနည်း --- ဟု အမျက်ထွက်သည်နှင့်လည်း တူ၏။

ယခုအခါ ဤယနေ့မှစ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေး၊ ထိုမျှလောက် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ကိလေသာကိုမှီ၍ ငါ၌ ငြူစူခြင်းတို့သည် မဖြစ်ပါစေကုန်သတည်း ---

ဤသို့ အဓိဋ္ဌာန်ထားတော်မူ၏ = စိတ်ကို ဆောက်တည်ထား၏၊ ဆုတောင်းပန်ထွာမှု ပြုထား ၏။ ထိုကြောင့် ယခုဘဝတွင် အကျွန်ုပ်ဆတ္တပါဏိလုလင်၏ သန္တာန်၌ ငြူစူခြင်း ဣဿာတရား ထင်ရှားမရှိခြင်း ဖြစ်ပါသည်။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

ပညာရှိ ပုရောဟိတ်ပုဏ္ဏားကြီးအပေါ်၌ ငြူစူစောင်းမြောင်းခြင်းကား ဣဿာတရားတည်း။ သေဒဏ်အမိန့် ပေးသည့်အထိ အမျက်တော်ရှခြင်းကား ဒေါသတရားတည်း။ မိမိ၏ စည်းစိမ်ဖြစ်သည့် မိဖုရားကို အထိမခံနိုင်ခြင်း သဘောကား မစ္ဆရိယတည်း။ ဤတရားဆိုးတို့၏ စွမ်းအားကြောင့် ပညာရှိသူတော်ကောင်း တစ်ဦးကို သေဒဏ် အထိ အမိန့်ချမှတ်မိသဖြင့် အလွန် သတိသံဝေဂရကာ ထိုကဲ့သို့ ဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်မှု ပြုတော်မူခဲ့ ပေသည်။ ထိုဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်ပြုမှုတို့ကား ဆတ္တပါဏိလုလင်ဘဝတွင် ပြည့်စုံလာပေသည်။ အသင် သူတော်ကောင်းသည်လည်း သံသရာတစ်ခွင်၌ ကျင်လည်ရန် ရှိနေသေးပါမူ ကောင်းမှုကုသိုလ် ပြုတိုင်း ထို ကိလေသာတရားဆိုးတို့ မိမိသန္တာန်၌ မဖြစ်ပေါ်အောင် ဆုတောင်း ပန်ထွာသင့်လှပေသည်။

၂။ အရက် မသောက်ခြင်း အကြောင်း

ထိုဆတ္တပါဏိလုလင်ကို ယသပါဏိမင်းက --- အချင်း ဆတ္တပါဏိ ...အဘယ်အာရုံကို မြင်တွေ့ရ၍ သင်သည် အရက်မသောက်သူ ဖြစ်ရပါသနည်း --- ဟု မေးမြန်းတော်မူပြန်၏။

အဖြေ --- မြတ်သောမင်းကြီး ...ကျွန်တော်မျိုးသည် ရှေးယခင်အခါတုန်းက ထိုကဲ့သို့သော ဗာရာဏသီမင်းပင် ဖြစ်ခဲ့ဖူးပါ၏၊ ယစ်မျိုးနှင့် ကင်း၍ နေထိုင်ကျင့်သုံးရန် မစွမ်းနိုင်ခဲ့ပါ၊ အမဲ မပါသော ပွဲတော်အုပ်ကိုလည်း တည်အံ့သောငှာ မစွမ်းနိုင်ခဲ့ပါ။ မြို့အတွင်း၌လည်း ဥပုသ်နေ့တို့၌ သားငါးတို့ကို မသတ်ဖြတ်ရဟု စည်လည်ကာ အမိန့်ထုတ်ထားပါ၏။ စားတော်ကဲ စားတော်ချက်သည် ပက္ခ၏ (၁၃)ရက်နေ့၌ပင်လျှင် ရှင်ဘုရင်အတွက် အမဲကို ယူ၍ထားရ၏။ မကောင်းသဖြင့် ထားအပ်သော ထိုအမဲကို ခွေးတို့သည် စားကုန်၏၊ စားတော်ကဲသည် ဥပုသ်နေ့၌ အမဲကို မရ၍ အထူးထူး အပြားပြား ဖွယ်ဖွယ်ရာရာ မွန်မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို ချက်ပြုတ်စီမံ၍ ပြာသာဒ်ထက်သို့တက်ကာ ဘုရင်မင်းမြတ်အား ဆက်သရန် မဝံ့ရကား မိဖုရားသို့ ချဉ်းကပ်၍ --- အရှင်မိဖုရား ယနေ့ ကျွန်တော်မျိုးသည် အမဲကို မရ၊ အမဲ မရှိသော စားတော်မည်သည်ကို ဆက်ကပ်အံ့သောငှာ မဝံ့၊ အသို့ပြုရ အံ့နည်း --- ဟု လျှောက်ထား၏။ အမောင်စားတော်ဆက် ...ငါ၏ သားတော်ကို ဘုရင်မင်းမြတ်သည် အလွန် ချစ်မြတ်နိုး၏ နှစ်သက်၏။ ငါ၏ သားတော်ကိုသာမြင်လျှင် ဘုရင်မင်းကြီးသည် ထိုသားတော်ကိုပင်လျှင် နမ်းတော်မူလျက် ပိုက်ဖက်တော်မူလျက် မိမိရှိသည်၏ အဖြစ်ကိုလည်း မသိ။ ငါသည် သားတော်ကို တန်ဆာဆင်၍ ရှင်ဘုရင်၏ ပေါင်ပေါ်၌ နေစေအံ့၊ ဘုရင်မင်းမြတ်သည် သားတော်နှင့်တကွ မွေ့လျော်ပျော်ပါး ကစားစဉ်ကာလ၌ သင်သည် ပွဲတော်အုပ်ကို ဘုရင်မင်းအားတည်လေလော --- ဟု အကြံပေး ပြောဆို၏။ ထိုမိဖုရားသည် ဤသို့ဆို၍ မိမိ၏ သားတော်ကို ဆင်အပ်သော တန်ဆာကို ဆင်ယင်၍ ဘုရင်မင်းမြတ်၏ ပေါင်ပေါ်၌ နေစေ၏။ သားတော်နှင့် ကစားမွေ့လျော် ရွှင်ပျော်နေစဉ်ကာလ၌ စားတော်ဆက်သည် ပွဲတော်အုပ်ကို ရှင်ဘုရင်အား တည်လာ၏။ ထိုအချိန်တွင် ရှင်ဘုရင်မှာ အလွန် သုရာမူးယစ်နေချိန် ဖြစ်၏၊ ဘုရင်မင်းကြီးသည် သုရာမူးယစ်သည် ဖြစ်၍ ပွဲတော်အုပ်၌ အမဲဟင်းလျာကို မမြင်သဖြင့် အမဲဟင်းလျာကား အဘယ်မှာနည်းဟု မေးလတ်သော် --- အရှင် မင်းမြတ် ...ယနေ့ ဥပုသ်နေ့ဖြစ်ရကား အသက်မသတ်စေလင့်ဟု မြို့တွင်း၌ စည်လည်ထားသည့်အတွက်ကြောင့် အမဲကို မရပါ --- ဟု သံတော်ဦးတင်လိုက်၏။ ထိုသို့ သံတော်ဦးတင်လတ်သော် --- ငါ့အဖို့ အမဲမည်သည်ကို ရခဲသလော --- ဟု ဆို၍ ပေါင်ပေါ်၌ တည်ရှိနေသော ချစ်စွာသောသား၏ လည်ပင်းကို လိမ်ချိုးလိုက်၍ အသက် ကုန်ခြင်းသို့ ရောက်စေလျက် စားတော်ဆက်၏ ေ့ရှသို့ ပစ်ပေးလိုက်ကာ လျင်မြန်စွာ ပြည့်ပြည့်စုံစုံ ချက်ပြုတ် စီမံ၍ ဆောင်ယူခဲ့လော --- ဟု အမိန့်ပေးလိုက်၏။

စားတော်ဆက်သည် ထိုမင်း အမိန့်ရှိလိုက်သည့်အတိုင်း စီမံပြုလုပ်၍ ဆက်သ၏။ ဘုရင်မင်းကြီးသည် သား၏ အသားဖြင့် ပွဲတော်ကို တည်တော်မူ၏။ ဘုရင်မင်းကြီးမှ ကြောက်ခြင်းကြောင့် ငိုအံ့သောငှာလည်းကောင်း, မျက်ရည်ထွက်စိမ့်သောငှာလည်းကောင်း, ပြောဆိုအံ့သောငှာလည်းကောင်း စွမ်းနိုင်သော တစ်စုံတစ်ယောက် သောသူ မည်သည်လည်း မရှိ ဖြစ်ခဲ့၏။

ဘုရင်မင်းကြီးသည် စားပြီးနောက် အိပ်ရာပြင်ထက်၌ အိပ်ပျော်ခြင်းသို့ ရောက်၍ မိုးသောက်သောကာလ၌ သုရာယစ်ခြင်း ပြေလတ်သော် ငါ၏သားတော်ကို ဆောင်ခဲ့ကြကုန်လော့ဟု ဆိုပြန်၏။ ထိုအခါ မိဖုရားကြီးသည် ငိုကြွေးလျက် ခြေရင်း၌ ဝပ်လေ၏၊ ရှင်မိဖုရား ...အသို့နည်းဟု မေးလတ်သော် --- အရှင်မင်းမြတ် ... ယမန်နေ့က အရှင်မင်းမြတ်သည် သားတော်ကို သတ်၍ သားတော်၏အသားဖြင့် စားတော်ထမင်းကို စားအပ်ပါ၏ ဟု လျှောက်ထားလိုက်၏။ ဘုရင်ကြီးသည် သားသောကဖြင့် ငိုယိုမြည်တမ်းကာ --- ဤဆင်းရဲဒုက္ခသည် သေသောက်ခြင်းကို အမှီပြု၍ ဖြစ်ပေါ်လာရ၏ --- ဟု သုရာသောက်ခြင်း၌ အပြစ်ကို မြင်၍ အောက်ပါအတိုင်း အဓိဋ္ဌာန်တော်မူ၏ ဆုတောင်းပန်ထွာတော်မူ၏။

ဣတော ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ဧဝရူပံ ဝိနာသကာရကံ သုရံ နာမ န ပိဝိဿာမီတိ ပံသုံ ဂဟေတွာ မုခံ ပုဉ္ဆိတွာ အဓိဋ္ဌာသိ။ တတော ပဋ္ဌာယ မဇ္ဇံ နာမ န ပိဝိံ။

ဤနေ့မှ စ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မရောက်ရှိသေး၊ အရဟတ္တဖိုလ်သို့ မရောက်သေးသည့် ထိုမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ပျက်စီးခြင်းကို ပြုတတ်သော သုရာမည်သည်ကို မသောက်အံ့ဟု မြေမှုန့်ကို ယူ၍ မျက်နှာကို ပွတ်၍ အဓိဋ္ဌာန်တော်မူ၏၊ (စိတ်ကို ဆောက် တည်၏ = ဆုတောင်းပန်ထွာ၏။)

ထိုအခါမှ စ၍ ထိုဘဝမှ စ၍ ယစ်မျိုးမည်သည်ကို မေသောက်စဖူးပေ။ ဤသဘောတရားကို ရည်ရွယ်၍ ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား အောက်ပါဂါထာကို လျှောက်ထား၏။

မတ္တော အဟံ မဟာရာဇ၊ ပုတ္တမံသာနိ ခါဒယိံ။

တဿ သောကေနဟံ ဖုဋ္ဌော၊ မဇ္ဇပါနံ ဝိဝဇ္ဇယိံ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၇။)

အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် သုရာကြောင့် မူးယစ်သည် ဖြစ်၍ သား၏အသားတို့ကို စားခဲ့ဖူး ပါ၏၊ အကျွန်ုပ်သည် ထိုသေလေသော သားအား အောက်မေ့ စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ သေရည် သေရက် သောက်စားခြင်းကို ရှောင်ကြဉ်ခဲ့ပါ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် အရက် မသောက်တတ်ပါဟု လျှောက်ထား၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၇။)

၃။ မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်း

ထိုအခါ၌ ထိုဆတ္တပါဏိလုလင်ကို ယသပါဏိမင်းကြီးက --- အချင်း ဆတ္တပါဏိ ...အဘယ်အာရုံမျိုးကို မြင်တွေ့ရ၍ မည်သည့် သတ္တဝါအပေါ်၌မျှ ချစ်ခြင်းတရား မရှိပါသနည်း --- ဟု မေးမြန်းတော်မူပြန်၏။

ကိတဝါသော နာမာဟံ ရာဇ၊ ပုတ္တော ပစ္စေကဗောဓိ မေ။

ပတ္တံ ဘိန္ဒိတွာ စဝိတော၊ နိသ္နေဟော တဿ ကာရဏာ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၈။)

အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် ရှေးယခင်တုန်းက ဗာရာဏသီပြည်၌သာလျှင် ကိတဝါသ အမည် ရှိသော ရှင်ဘုရင် ဖြစ်ခဲ့ဖူးပါ၏။ ထိုအခါ၌ ကျွန်တော်မျိုး၏ သားတော်သည် ပစ္စေကဗုဒ္ဓါဘုရားရှင်၏ သပိတ်တော် ကို ရိုက်ခွဲမိ၍ စုတေကွယ်လွန်သွားခဲ့ရ၏၊ ထိုသား၏ အကြောင်းကြောင့် ချစ်ခြင်းတရား ကျွန်တော်မျိုး၏ သန္တာန်၌ မရှိပါ။

အကျယ် --- ရှေးယခင် အတိတ်ဘဝတစ်ခုဝယ် အရှင်သာရိပုတ္တရာအလောင်းလျာသည် ဗာရာဏသီ ပြည်၌ပင်လျှင် ကိတဝါသ အမည်ရှိသော မင်းဖြစ်ခဲ့ဖူး၏။ ထိုကိတဝါသမင်းအား သားရတနာတစ်ဦး မွေးဖွား လာ၏။ အင်္ဂဝိဇ္ဇာ လက္ခဏာကို ဖတ်ကြားရာ၌ လိမ္မာကြကုန်သော လက္ခဏာပညာရှင်တို့က ထိုသားရတနာကို တွေ့မြင်သောအခါ မြတ်သောမင်းကြီး ...ဤမင်းသားငယ်သည် သောက်ရေကို မရ၍ = ရေငတ်၍ သေရ လတ္တံ့ --- ဟု နိမိတ်ဖတ်ကြကုန်၏။ ထိုမင်းသားကို ဒုဋ္ဌကုမာရမင်းသားဟု အမည်မှည့်ထားကြကုန်၏။ ထိုဒုဋ္ဌကုမာရမင်းသားကလေးကို သိကြားလိမ္မာသည့် အရွယ်သို့ ရောက်ရှိလာသောအခါ အိမ်ေ့ရှမင်းသားအဖြစ် ခန့်အပ်ထား၏။ ကိတဝါသဘုရင်မင်းကြီးသည် သားတော်ကို ေ့ရှမှလည်းကောင်း နောက်မှလည်းကောင်း ထား၍ လှည့်လည်လေ့ရှိ၏။ သားတော်ကလေး ရေငတ်သေမှာ စိုးသဖြင့် ဗာရာဏသီမြို့၏ တံခါးမုခ် လေးမုခ်တို့၌ လည်းကောင်း, မြို့တွင်းတို့၌လည်းကောင်း ထိုထို သင့်တော်ရာနေရာတို့၌ ရေကန်တို့ကို ပြုစေ၏။ လမ်းလေးခွ ဆုံရာ အရပ်တို့၌လည်း မဏ္ဍပ်များ ဆောက်လုပ်ကာ သောက်ရေ အိုးစရည်းကြီးများကို တည်ထားစေ၏။

ထိုဒုဋ္ဌကုမာရမင်းသားသည် တစ်နေ့သ၌ တန်ဆာဆင်လျက် ခပ်စောစောပင် ဥယျာဉ်တော်သို့ သွားလတ် သော် လမ်းခုလတ် တစ်နေရာ၌ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားတစ်ဆူကို ဖူးတွေ့ရ၏။ တိုင်းသူပြည်သား လူအများ ကလည်း အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်ကို ဖူးတွေ့ရ၍ ထို အရှင်ပစ္စေကဗုဒ္ဓါကိုပင် ရှိခိုး၏ ချီးမွမ်း၏၊ ထိုအရှင် ပစ္စေကဗုဒ္ဓါအား လက်အုပ်ချီကာ ရပ်တည်၏။

ဒုဋ္ဌကုမာရမင်းသားက --- ငါကဲ့သို့သော အိမ်ေ့ရှမင်းသားနှင့် အတူသွားကြကုန်သော သူတို့သည် ဤ ဦးပြည်းခေါင်းတုံးကိုပင် ရှိခိုးကြကုန်၏၊ ချီးမွမ်းကြကုန်၏၊ ထိုဦးပြည်းခေါင်းတုံးအား လက်အုပ်ချီကြကုန်၏ --ဟု ကြံစည်တွေးတောမိ၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် အမျက်ဒေါသထွက်သည် ဖြစ်၍ ဆင်ကျောက်ကုန်းထက်မှ ဆင်းသက်ပြီးနောက် အရှင်ပစ္စေကဗုဒ္ဓထံသို့ ချဉ်းကပ်၍ --- ရဟန်း ...ဆွမ်းရပါရဲ့လားဟု မေးလတ်သော် အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်က ဆွမ်းရကြောင်း ပြန်လည်မိန့်လိုက်သောအခါ ထိုအရှင်ပစ္စေကဗုဒ္ဓ ဘုရားရှင်၏ လက်တော်မှ သပိတ်တော်ကို ယူ၍ မြေကြီးပေါ်သို့ ပစ်ချလိုက်၍ ဆွမ်းနှင့်တကွသော သပိတ်တော်ကို နင်းချေ၍ ခြေထောက်ဖြင့်ကန်ကာ မှုန့်မှုန့်ညက်ညက် ပြုလိုက်၏။ အရှင်ပစ္စေက ဗုဒ္ဓဘုရားရှင်က နဋ္ဌော ဝတာယံ သတ္တော = ဤသတ္တဝါတော့ ပျက်စီးချေပေါ့ --- ဟု နှလုံးပိုက်တော်မူ၍ ဒုဋ္ဌကုမာရမင်းသား၏ မျက်နှာကို ကြည့်ရှုတော် မူ၏။ ဒုဋ္ဌကုမာရမင်းသားက ရဟန်း ...ငါကား ကိတဝါသမင်း၏ သားတည်း၊ နာမည်က ဒုဋ္ဌကုမာရ မည်တယ်၊ သင်သည် ငါ့အား အမျက်ထွက်၍ မျက်စိတို့ကို ဖွင့်ကာကြည့်လျက် ဘာလုပ်ချင်လို့လဲဟု ပြောဆိုလိုက်၏။

အရှင်ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း ထိုနေ့ ဆွမ်းပြတ်သွားပြီဖြစ်ရကား ကောင်းကင်သို့ ပျံတက်တော်မူကာ ဟိမဝန္တာမြောက်ပိုင်း နန္ဒမူလိုဏ်ဂူသို့သာလျှင် ကြွသွားတော်မူလေ၏။ ဒုဋ္ဌကုမာရမင်းသား၏ သန္တာန်၌လည်း ထိုခဏအတွင်းမှာပင် မိမိ ပြုလိုက်မိသော မကောင်းမှု အကုသိုလ်ကံသည် အကျိုးပေးဖို့ရန် ရင့်ကျက်လာ၏။

ထိုမင်းသားသည် ပူလှချည်ရဲ့ ပူလှချည်ရဲ့ဟု ပြောဆိုကာ ကောင်းစွာ တက်လာသော တစ်ကိုယ်လုံး ပူလောင်ခြင်း ရှိသည်ဖြစ်၍ ထိုနေရာ၌ပင်လျှင် လဲကျလေ၏။ ထိုထိုအရပ်၌ ရှိရှိသမျှ သောက်ရေအားလုံး ပြတ် လေ၏၊ ရေမြောင်းတို့လည်း ခြောက်သွေ့သွားကြကုန်၏၊ ထိုနေရာ၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၍ အဝီစိငရဲ၌ ဖြစ်ရလေ၏။

ကိတဝါသမင်းသည် ထိုအကြောင်းအရာကို ကြား၍ သားကိုစွဲ၍ ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက် အပ်သည် ဖြစ်၍ ဤသို့ စဉ်းစား၏။

အယံ မေ သောကော ပိယဝတ္ထုတော ဥပ္ပဇ္ဇိ၊ သစေ မေ သေနဟော နာဘဝိဿ၊ သောကော န ဥပ္ပဇ္ဇိဿ၊ ဣတော ဒါနိ မေ ပဋ္ဌာယ သဝိညာဏကေ ဝါ အဝိညာဏကေ ဝါ ကိသ္မိဉ္စိ ဝတ္ထုသ္မိံသ္နေဟော နာမ မာ ဥပ္ပဇ္ဇတူတိ အဓိဋ္ဌာသိ။ တတော ပဋ္ဌာယ သ္နေဟော နာမ နတ္ထိ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၉။)

ငါ၏ သန္တာန်ဝယ် ဤစိုးရိမ်ပူဆွေးရခြင်းသည် ချစ်ခင်အပ်သော ဝတ္ထုကြောင့်သာ ဖြစ်ပေါ်လာရ၏၊ ငါ၏ သန္တာန်၌ ချစ်ခြင်းတရားသည် အကယ်၍ မဖြစ်ခဲ့ငြားအံ့၊ စိုးရိမ်ပူဆွေးရခြင်းသည် မဖြစ်လေရာ၊ ယခုအခါ၌ ဤအချိန်ကာလမှ စ၍ အသက်ရှိသော သဝိညာဏကဝတ္ထု၌သော်လည်းကောင်း, အသက်မရှိသော အဝိညာဏက ဝတ္ထု၌သော်လည်းကောင်း တစ်စုံတစ်ခုသော ဝတ္ထု၌ ချစ်မြတ်နိုးခြင်းတရားမည်သည်ကား ငါ၏ သန္တာန်၌ မဖြစ်ပါ စေသတည်းဟု အဓိဋ္ဌာန်ပြုခဲ့ပါ၏၊ ဆုတောင်းပန်ထွာခဲ့ပါ၏။ အရှင်မင်းမြတ် ...ထိုအချိန်မှ စ၍ အကျွန်ုပ်၏ သန္တာန်၌ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ အပေါ်၌ ချစ်မြတ်နိုးခြင်းတရားမည်သည် မရှိ ဖြစ်ပါ၏ဟု လျှောက် ထား၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၈-၁၇၉။)

ဤဝတ္ထုဇာတ်လမ်း၌ ဒုဋ္ဌကုမာရမင်းသားကို ကြည့်လိုက်ပါက မိမိကို အရိုအသေ အလေးအမြတ် မပြုဘဲ အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်အား အရိုအသေ အလေးအမြတ်ပြုမှုကို မကြည်ဖြူနိုင်ခြင်း ငြူစူခြင်း ကိုယ်ထက်သာ မနာလိုခြင်း ဣဿာတရားနှင့် အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဖျက်ဆီးလိုသော ဒေါသတရားများ ထင်ထင်ရှားရှား ဖြစ်နေသည်ကို တွေ့နိုင်၏။ ယင်း ဒေါသ ဣဿာတရားတို့က ယင်း မင်းသားကို အဝီစိငရဲသို့ ရောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လိုက်ပို့လိုက်ကြ၏။

တစ်ဖန် ကိတဝါသမင်းဘက်ကို ကြည့်လိုက်ပါက အလွန် ချစ်မြတ်နိုးလှသော သားတော်တစ်ဦး၏ မြေမျို ခံရခြင်း ရေငတ်သေဆုံးသွားရခြင်း သတင်းတို့ကို ကြားရသောအခါ စိုးရိမ်ပူဆွေးမှု သောကတရားများ ဝင်ရောက် လာ၏။ သို့သော် --- ပိယာယ ဇာယတော သောကော --- ဟူသည်နှင့်အညီ သားအပေါ်၌ ချစ်မြတ်နိုးခြင်းကြောင့် ထိုသောကတရား ဖြစ်ရသည်ဟု နားလည် သဘောပေါက်ကာ နောက်ထပ် သံသရာတလျှောက်၌ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ ချစ်မြတ်နိုးခြင်းတရား မဖြစ်ပါစေသတည်းဟု စိတ်ကို အဓိဋ္ဌာန်ပြုကာ ဆောက်တည် ခဲ့၏၊ ဆုတောင်းပန်ထွာခဲ့၏။ အဆိုးထဲမှ အကောင်းကို အနှစ်ထုတ်ယူတတ်ခြင်းပင်တည်း။

၄။ မည်သူ့ကိုမျှ အမျက်မထွက်ခြင်း မမုန်းတီးခြင်းအကြောင်း

ထိုအခါ ယသပါဏိမင်းက ထို ဆတ္တပါဏိလုလင်ကို --- အချင်း ဆတ္တပါဏိ ...အဘယ်ကဲ့သို့သော အာရုံမျိုးကို တွေ့မြင်ရသည် ဖြစ်၍ မည်သည့်သတ္တဝါ သင်္ခါရတို့၏ အပေါ်၌မျှ အမျက်မထွက်ခြင်း မမုန်းတီး ခြင်း ဖြစ်ရပါသနည်းဟု မေးမြန်းပြန်၏။ ထိုအခါ ဆတ္တပါဏိလုလင်က ဤသို့ ဖြေဆို၏။

အရကော ဟုတွာ မေတ္တစိတ္တံ၊ သတ္တ ဝဿာနိ ဘာဝယိံ။

သတ္တ ကပ္ပေ ဗြဟ္မလောကေ၊ တသ္မာ အက္ကောဓနော အဟံ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၉။)

အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် အတိတ်ဘဝ တစ်ခုဝယ် အရက အမည်ရှိသော ရသေ့ တစ်ဦး ဖြစ်ခဲ့ဖူး၏။ ထိုရသေ့ဘဝတွင် (၇)နှစ်ပတ်လုံး မေတ္တာစိတ် = မေတ္တာစျာန်ကို ပွားများကာ မေတ္တာစျာန်ကို ဝင်စားကာ နေထိုင်ခဲ့ပါ၏။ ရသေ့ဘဝမှ ကွယ်လွန်သွားသောအခါ ဗြဟ္မာ့ပြည်၌ သံဝဋ္ဋ ဝိဝဋ္ဋဟူသော (၇)ကမ္ဘာတို့ ကာလ ပတ်လုံး နေထိုင်ခဲ့ပါ၏။ ထို့ကြောင့် ကျွန်တော်မျိုးသည် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလ ပတ်လုံး မေတ္တာဘာဝနာဖြင့် နိုင်နိုင်နင်းနင်း မေတ္တာစျာန်စိတ်ကို လေ့ကျက်ထားအပ်သည့်အတွက် ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ လေ့ကျက်ထားအပ်သည့်အတွက်ကြောင့် အမျက်ထွက်ခြင်း မုန်းတီးခြင်းတရားသည် အကျွန်ုပ် သန္တာန်၌ မရှိခြင်း မဖြစ်ပေါ်ခြင်း ဖြစ်ပါ၏ဟု လျှောက်ထား၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၉။)

အသင်သူတော်ကောင်းသည် ဤဝတ္ထုဇာက်ကြောင်းကို ပြန်ပြောင်း၍ ဆန်းစစ်ကြည့်ပါ။ သတ္တဝါတို့ကို အများဆုံး ဒုက္ခပေးနေသော တရားများမှာ ဤချစ်ခြင်းတရား မုန်းခြင်းတရားတို့ပင် မဟုတ်ပါလော၊ မည်သည့် သက်ရှိသက်မဲ့ သတ္တဝါ သင်္ခါရကိုမျှ မချစ်တတ်ခဲ့သော် မမုန်းတတ်ခဲ့သော် အသင်သူတော်ကောင်းသည်လည်း မည်မျှချမ်းသာမည်ကို စဉ်းစားကြည့်စေချင်သည်။ ဤ ရာဂ ဒေါသ ဣဿာ မစ္ဆရိယ တရားဆိုးတို့ကို သမထ ဝိပဿနာ ဘာဝနာလက်နက်ကောင်းတို့ဖြင့် အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်၏။ သို့သော် အမြစ်ပြတ် မဖြေရှင်းနိုင်သေးလျှင် အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းကဲ့သို့ ကောင်းမှု ကုသိုလ်ပြုတိုင်း မည်သူ့ကိုမျှ မချစ်တတ်အောင် မည်သူ့ကိုမျှ မမုန်းတတ်အောင် မည်သူ့ကိုမျှ မငြူစူတတ် အောင် အရက် မသောက်တတ်အောင် ဆုတောင်းပန်ထွာသင့်လှပေသည်။

__________

၁၁။ ကုက္ကုစ္စ

ကုစ္ဆိတံ ကတံ ကုကတံ၊ တဿ ဘာဝေါ ကုက္ကုစ္စံ။

၁။ ကုက္ကုစ္စံ္စ ပစ္ဆာနုတာပလက္ခဏံ၊

၂။ ကတာကတာနုသောစနရသံ၊

၃။ ဝိပ္ပဋိသာရပစ္စုပဋ္ဌာနံ၊

၄။ ကတာကတပဒဋ္ဌာနံ။

ဒါသဗျံ ဝိယ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်သည် ကုကတ မည်၏။ ထိုကုကတ မည်သော ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်အမှုကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊ တစ်နည်း စက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်သည် ကုကတ မည်၏၊ ထိုစက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသဘော သည် ကုက္ကုစ္စ မည်၏။

၁။ နောင်တတစ်ဖန် ပူပန်ခြင်းသဘော လက္ခဏ၊

၂။ ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်သို့

အဖန်တလဲလဲ လျှောက်၍ ဝမ်းနည်းခြင်း (ကိစ္စ) ရသ၊

၃။ စိတ်နှလုံးပူပန်လျက် အဖန်ဖန် အောက်မေ့ခြင်းကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

တစ်နည်း - စိတ်နှလုံး မသာမယာခြင်း ရှိသော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ (က) ပြုပြီး ဒုစရိုက် ( ခ ) မပြုလိုက်မိသော သုစရိုက်

တစ်နည်း (က) ပြုပြီးအကုသိုလ်, ( ခ ) မပြုလိုက်မိသော ကုသိုလ် ပဒဋ္ဌာန်။

ကုက္ကုစ္စ --- ဧဝံ ကတာကတံ ဒုစ္စရိတံ သုစရိတဉ္စ ကုကတံ၊ တံ အာရဗ္ဘ ဝိပ္ပဋိသာရဝသေန ပဝတ္တံ ပန စိတ္တံ တံ သဟစရိတတာယ ဣဓ ကုကတန္တိ ဂဟေတွာ တဿ ဘာဝေါ ကုက္ကုစ္စန္တိ ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၁၅၂။)

ပြုမိ လွန်ကျူးမိသော ဒုစရိုက်, မပြုကျင့်လိုက်မိသော သုစရိုက်အမှုသည် ရွံရှာစက်ဆုပ်အပ်သောကြောင့် ကုကတ မည်ရင်းတည်း။ ထိုအမှုကို အာရုံပြု၍ သူတော်ကောင်းတို့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်သော အပယ်လား ကြောင်း ဤသည့် ဤသည့် မကောင်းမှု ဒုစရိုက်ကို ငါပြုမိလေသည်၊ ခက်စွဟု နှလုံးမသာယာသော စိတ္တုပ္ပါဒ် = စိတ်စေတသိက်တရားစု။

နတ်ရွာနိဗ္ဗာန်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော ဤသည့် ဤသည့် သုစရိုက်တရားကို ငါမပြုမိ မကျင့်မိလေ၊ ငါ့အား သေခါနီးအခါ ကြောက်မက်ဖွယ် အပယ်ဘေးမှ တားမြစ် စောင့်ရှောက်ကြောင်း ပုံးအောင်း လည်းလျောင်း မှီခိုရာ ဖြစ်သော တစိုးတစိသော သုစရိုက်တရား မရှိသည်ကား ခက်စွ ငါ့ကိုယ်ဟု နှလုံးမသာမယာသော စိတ္တုပ္ပါဒ် = စိတ်စေတသိက်တရားစု။

ဤနှစ်မျိုးသော စိတ်စေတသိက်တရားစုသည်လည်း --- ပထဝီကသိုဏ်းလျှင် အာရုံရှိသော စျာန်သည် ပထဝီကသိဏ အမည်ရသကဲ့သို့ ကာရဏူပစာရအားဖြင့် ကုကတ မည်သတည်း။ အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်ထားသည် ဟူလိုသည်။

ထိုကုကတ မည်သော နှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် ကုက္ကုစ္စ မည်၏၊ ထိုသဘောတရားကား ကုက္ကုစ္စစေတသိက် ဟူလိုသည်။

မပြုရသေးသော သုစရိုက်အမှုသည် မပြုရသေးဘဲလျက် အဘယ်ကြောင့် ကုကတ မည်လေသနည်း ဟူမူကား --- လောက၌ သူတော်တံထွာ ပြုအပ်ပြုသင့်သော ကောင်းမှုကို မပြုမိသောသူတို့သည် အပါယ်ဘေး ဆိုးကြီး သံသရာဘေးဆိုးကြီးတို့မှ ပုန်းအောင်းလည်းလျောင်း မှီခိုရာဖြစ်သော ကောင်းမှုကို ငါမပြုမိပါ၊ စက်ဆုပ်ဖွယ်အမှု ဖြစ်ခဲ့၏တကားဟု ပြုသင့် ကျင့်သင့်လျက် မပြုမိ မကျင့်မိသော ကောင်းမှုကို စက်ဆုပ်ဖွယ်အမှုဟု ခေါ်ဝေါ်ကြရကား လောကဝေါဟာရအားလျော်စွာ နှစ် လ နေ့ရက် လွန်၍ မပြုမိ မကျင့်မိသော သုစရိုက်အမှု သည်လည်း ကုကတ မည်လေသတည်း။

ထိုကြောင့် ပြုပြီး ဒုစရိုက် မပြုမိသော သုစရိုက်သည် ကုကတ မည်ပေသည်၊ ထိုကုကတ မည်သော ပြုပြီး ဒုစရိုက် မပြုမိသော သုစရိုက်ကို အာရုံပြု၍ နှလုံးမသာခြင်း၏ အစွမ်းဖြင့်ဖြစ်သော စိတ်ကို ထိုကုကတ မည်သော ဒုစရိုက် သုစရိုက်နှင့် အတူတကွဖြစ်သည်၏ အဖြစ်ကြောင့် ဤအရာ၌ ကုကတဟု ယူ၍ ထိုကုကတ မည်သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ကုက္ကုစ္စ မည်၏ဟု မှတ်ပါ။

အဖွင့်တစ်မျိုး

ကုစ္ဆိတံ ကတန္တိ ကတာကတံ အာရဗ္ဘ ဥပ္ပဇ္ဇနဝိပ္ပဋိသာရစိတ္တံ။ ယောဇနာ။

ဤအဖွင့်အရ စက်ဆုပ်အပ်စွာ ပြုအပ်သော စိတ်သည် ကုကတ မည်၏။ စက်ဆုပ်အပ်စွာ ပြုအပ်သော စိတ်ဟူသည် ---

(က) ပြုအပ်ပြီးသော ဒုစရိုက်ကို အာရုံပြု၍ ဖြစ်သော စိတ်,

( ခ ) မပြုအပ် မပြုခဲ့မိသော မကျင့်ခဲ့မိသော သုစရိုက်ကို အာရုံပြု၍ ဖြစ်သော စိတ်တည်း။

ထိုစိတ်သည် ပြုအပ်ပြီးသော အကုသိုလ်ကိုလည်း မပြုအပ်ရာရောက်အောင်, မပြုခဲ့မိ မကျင့်ခဲ့မိသော ကုသိုလ်ကိုလည်း ပြုအပ်ပြီးဖြစ်အောင် ကျင့်ပြီးဖြစ်အောင် မတတ်နိုင်ရကား ပညာရှိတို့ မြင်ပြင်းကပ်စရာ သက်သက် ရွံရှာစက်ဆုပ်ဖွယ်ရာကောင်းသော စိတ်သာ ဖြစ်လေသည်၊ ထိုစိတ်ဓာတ်မျိုးကို ဖြစ်ပေါ်လာစေတတ်သော ထို စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားကား ဤကုက္ကုစ္စစေတသိက်ပင်တည်း။ [ထိုကြောင့် ကုစ္ဆိတံ ကတံ ကုကတံ၊ ကုကတဿ ဘာဝေါ ကုက္ကုစ္စံ-ဟု ပြုပါ။ ဤနည်း၌ ကာရဏူပစာရ ကြံဖွယ်မလို။]

အဖွင့်တစ်မျိုး

ကုက္ကုစ္စန္တိ အဇ္ဈာစာရဟေတုကော ပစ္ဆာနုတာပေါ၊ ဝိပ္ပဋိသာရောတိပိ တေဿဝ နာမံ။ သော ဟိ ဝိညူဟိ အကတ္တဗ္ဗတာယ ကုစ္ဆိတကိရိယဘာဝတော ကုက္ကုစ္စံ၊ ကတံ အဇ္ဈာစာရံ နိဝတ္တေတုံ အသမတ္ထတာယ တံ ပဋိစ္စ ဝိရူပံ သရဏဘာဝတော ဝိပ္ပဋိသာရောတိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊၁၊၁၈၂။)

အရှင်သုဒိန်ကဲ့သို့ ဒုစရိုက်ကို ပြုပြီးနောက် ပစ္စုပ္ပန်၌ ရရှိမည့် ဘုရားအစရှိသော အရိယာသူတော်ကောင်း တို့၏ အကဲ့ရဲ့ခံရခြင်း စသော အပြစ်, သံသရာ၌ ရရှိမည့် အပါယ်ဆင်းရဲ စသောအပြစ်များကို ဆင်ခြင်မိသည့်အခါ, သို့မဟုက် အကဲ့ရဲ့ခံရခြင်း, အရှုတ်ချခံရခြင်း စသည့် မကောင်းကျိုးများကို လက်တွေ့ ခံစားရသည့်အခါ ထို ဒုစရိုက်မှုကို ပြုမှားမိလေခြင်းဟူသော စိတ်အမူအရာသည် ဖြစ်ပေါ်လာတတ်၏။ တစ်ဖန် ပစ္စည်းဥစ္စာ ကုံလုံ ကြွယ်ဝသည့်အခါ ငယ်ရွယ်ကျန်းမာသည့်အခါတုန်းက ကုသိုလ်ကောင်းမှုကို မပြုခဲ့မိဘဲ ပစ္စည်းဥစ္စာများ ကုန်ခန်း သည့်အခါ အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်းရှိသည့်အခါ, မကျန်းမာသည့်အခါမျိုးကျမှ တစ်ချိန်က သုစရိုက်ကို မပြုမိခဲ့လေခြင်းဟူသော စိတ်အမူအရာမျိုးလည်း ဖြစ်ပေါ်လာတတ်၏။ ထိုစိတ်ထားမျိုး စိတ်အမူအရာမျိုးသည် ပြုပြီးဒုစရိုက်ကိုလည်း မပြုရာရောက်အောင်, မပြုခဲ့မိသော သုစရိုက်ကိုလည်း ပြုပြီးသာဖြစ်အောင် မတတ်နိုင်၊ ပညာရှိသူတော်ကောင်းတို့သည် မပြုသင့် မပြုထိုက်သည့်အတွက် ပညာရှိသူတော်ကောင်းတို့သည် စက်ဆုပ်အပ် ရွံရှာအပ်သော အပြုအမူမျိုး အမူအရာမျိုးသာ ဖြစ်၍ ကုကတ မည်လေသည်။ ထိုကြောင့် ထိုအမူအရာမျိုးကို ပစ္ဆာနုတာပ = နောင်တတစ်ဖန် ပူပန်မှု --- ဟု ပြောဆိုရိုးပြုကြသည်။ ဝိပ္ပဋိသာရ = စိတ်နှလုံး မသာယာမှု --- ဟူသည်လည်း ထိုကုကတ မည်သော ကုက္ကုစ္စ၏ အမည်ပင်တည်း။

ပြုအပ်ပြီးသော မကောင်းမှု မပြုအပ်သေးသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်နေခြင်း အောက်မေ့ ခြင်းသည်, တစ်နည်း အပြစ်ရှိသော မကောင်းမှု အပြစ်မရှိသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်နေခြင်း အောက်မေ့ခြင်းသည် ပဋိသာရ မည်၏။ ဤ ပြုအပ်ပြီးသော မကောင်းမှု မပြုအပ်မိသေးသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသည် ပြုအပ်ပြီးသော မကောင်းမှုကိုလည်း မပြုအပ်ရာရောက်အောင် မပြုလုပ်ပေးနိုင်၊ မတတ်နိုင်၊ မပြုအပ်သေးသော မပြုအပ်မိ မပြုအပ်ခဲ့သော ကောင်းမှုကိုလည်း ပြုပြီးဖြစ်အောင် မပြုလုပ်နိုင် မတတ်နိုင်၊ ထိုကြောင့် ဤပြုအပ်ပြီးသော မကောင်းမှု မပြုအပ်မိသေးသော ကောင်းမှုသို့ စိတ်ရှေးရှူ ဖြစ်ခြင်း အောက်မေ့ခြင်းသည် ဖောက်ပြန်သော ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသာတည်း၊ စက်ဆုပ်အပ်သော ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသာတည်း။ ထိုသို့ အောက်မေ့ရာ၌ လွန်ကျူးပြီး ပြစ်မှုများကို ပြန်နစ်စေခြင်း ပြန်တားမြစ်ခြင်းငှာ မစွမ်းနိုင်သည့်အတွက်, မပြုအပ်ခဲ့မိသော ကောင်းမှုကိုလည်း ပြုပြီးဖြစ်အောင် မပြုလုပ်နိုင် သည့်အတွက် ထိုပြုပြီးသည့် မကောင်းမှု မပြုမိသည့် ကောင်းမှုတို့ကို အစွဲပြု အကြောင်းပြု၍ ဖောက်ဖောက်ပြန်ပြန် ဝမ်းနည်းပန်းနည်း ကြံစည်အောက်မေ့တတ် တွေးနေတတ် ဆွေးနေတတ် စိတ်နှလုံးမသာမယာ ဖြစ်နေတတ်သော ကြောင့် ထို ပြုပြီးသည့် မကောင်းမှု မပြုမိသော ကောင်းမှုတို့သို့ စိတ်ရှေးရှူဖြစ်နေခြင်း အောက်မေ့ခြင်းကို ဝိပ္ပဋိသာရဟုလည်း ခေါ်ဆိုသည်၊ တရားကိုယ်မှာ ကုက္ကုစ္စစေတသိက်ပင် ဖြစ်သည်။ [ဤနည်း၌ --- ကုစ္ဆိတံ ကတံ ကုကတံ၊ ကုကတမေဝ ကုက္ကုစ္စံ --- ဟု ပြုပါ။ (အဘိ၊ဋ္ဌ၊၁၊၄၁၄-၌လည်း ကြည့်ပါ။)]

ပညာရှိသူ ဉာဏ်ရှိသူတို့သည် ပြုအပ်မိသော မကောင်းမှုကို တွေး၍ ပူဆွေးမနေတော့ဘဲ နောင်တစ်ဖန် ထိုအမှုမျိုးကို မပြုတော့အံ့ဟူ၍ သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချ၍ ကောင်းမှုကိုသာ များစွာပြုသင့်ပေသည်။ ပူဆွေးခြင်းကိုကား မပြုသင့်ပေ။ ထိုသို့ မပြုသင့်သော ပူဆွေးမှုကို ပြုခြင်းသည် စက်ဆုပ်ဖွယ် အပြုအမူ ဖြစ်သောကြောင့် ထိုအပြုအမူ သဘောတရားကို ကုက္ကုစ္စဟု ခေါ်၏။ ဆူးစူးရာ၌ နောက်ထပ် ဆူးတစ်ချောင်းဖြင့် ထပ်၍ ထွင်နေ သည်နှင့် တူ၏။ ပထမ ဖြစ်ပြီး မကောင်းမှု အကုသိုလ်ကို အာရုံပြု၍ နောက်ထပ် ကုက္ကုစ္စ ဒေါမနဿဝေဒနာ ပြဓာန်းသည့် အကုသိုလ်များ အသစ်အသစ် ထပ်ကာထပ်ကာ ဖြစ်နေခြင်း ဖြစ်၏။ သတိကြီးစွာထား၍ အဆိပ်ပြင်းသော မြွေဆိုးကဲ့သို့ ဝေးစွာ ရှောင်ကြဉ်သင့်သော သဘောတရားတစ်ခု ဖြစ်သည်။

ကျွန်နှင့်တူသည်

ဤကုက္ကုစ္စကို ကျွန်၏အဖြစ်ကဲ့သို့ မှတ်ပါဟု အဋ္ဌကထာက ဖွင့်ဆိုထား၏။ ကျွန်ဖြစ်နေလျှင် ထိုကျွန်သည် မည်သည့်ကိစ္စ၌မျှ မိမိမပိုင်တော့ဘဲ အရှင်သခင်၏ အလိုအတိုင်းသာ ဖြစ်ရသကဲ့သို့ ကုက္ကုစ္စ ဖြစ်နေလျှင် ထို ကုက္ကုစ္စရှိသူသည် ကုသိုလ်ရေးလုပ်ငန်းကိစ္စ၌ မိမိအလိုအတိုင်း မဖြစ်နိုင်၊ ထိုကြောင့် ကုက္ကုစ္စနှင့် ပြည့်စုံသူသည် ကုက္ကုစ္စဟူသော သူတစ်ပါးနှင့် စပ်နေသောကြောင့် ကျွန်၏အဖြစ်နှင့် = ကျွန်၏ ဖြစ်ပုံနှင့် တူ၏ ဟူလိုသည်။

တစ်နည်း --- ပြုအပ်ပြီးသော အကုသိုလ်, မပြုအပ်မိသော ကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်းသည် ဒေါမနဿဝေဒနာတည်း။ ကုက္ကုစ္စ၏ ဖြစ်မှုသည် ထိုဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ဆက်စပ်နေသောကြောင့် ထိုနှစ်ပါးစုံသော ပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသော ကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်း၏ အစွမ်းဖြင့် (ဝမ်းနည်းခြင်း ဒေါမနဿနှင့် ဆက်စပ်လျက်) ဖြစ်ပေါ်လာသော နောင်တတစ်ဖန် ပူပန်မှုသဘောသည် ကုက္ကုစ္စ တည်း။ ထိုကုက္ကုစ္စကြောင့် ထိုပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသော ကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ပြည့်စုံမှု ဖြစ်ရပြန်၏ = ပြည့်စုံသူ ဖြစ်ရပြန်၏။ ထိုသို့ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ သည် ပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသောကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ဆက်စပ်နေရကား ကုက္ကုစ္စသည် ကျွန်၏ အဖြစ်နှင့် တူသည် ဟူလိုသည်။ (ဒေါမနဿဝေဒနာ မပါဘဲ = ပြုပြီး အကုသိုလ် မပြုလိုက်မိသော ကုသိုလ်တရားတို့၌ စိုးရိမ်ပူဆွေးမှု သောကမပါဘဲ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ ချည်းသက်သက် မဖြစ်နိုင်သောကြောင့် သောက = ဒေါမနဿဝေဒနာဟူသော သူတစ်ပါးနှင့် ဆက်စပ်နေရကား ကျွန်အဖြစ်နှင့် တူသည်ဟု ဆိုလိုရင်းတည်း။) (မူလဋီ၊၁၊၁၂၁။ မဟာဋီ၊၂၊၁၅၂။)

ကုက္ကုစ္စဖြစ်တတ်ပုံ တစ်မျိုး

အနဝဇ္ဇံ ပန ကိဉ္စိဒေဝ ဝဇ္ဇသညိတာယ, ဝဇ္ဇဉ္စ အနဝဇ္ဇသညိတာယ ကရောန္တော အနဝဇ္ဇေ ဝဇ္ဇသညာယ, ဝဇ္ဇေ စ အနဝဇ္ဇသညာယ ဝီတိက္ကမံ ကရောတိ နာမ။ ယသ္မာ ပနေတံ အကတံ ဝတ မေ ကလျာဏံ၊ အကတံ ကုသလံ၊ အကတံ ဘီရုတ္တာဏံ၊ ကတံ ပါပံ ကတံ လုဒ္ဓံ၊ ကတံ ကိဗ္ဗိသန္တိ ဧဝံ အနဝဇ္ဇေ ဝဇ္ဇသညိတာယပိ (ဝဇ္ဇေ အနဝဇ္ဇသညိတာယပိ) ကတေ ဝီတိက္ကမေ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၄။)

ကုက္ကုစ္စ ဖြစ်တတ်ပုံ တစ်မျိုးကား --- အပြစ်မရှိသော တစ်စုံတစ်ခုသော အမှုကိုပင် အပြစ်ရှိ၏ဟု အမှတ် ရှိကာ, အပြစ်ရှိသော အမှုကိုလည်း အပြစ်မရှိဟု အမှတ်ရှိသည့်အတွက် ပြုလုပ်လွန်ကျူးမိသော ပုဂ္ဂိုလ်သည် အပြစ် မရှိသောအမှု၌ အပြစ်ရှိ၏ဟု မှတ်ထင်ခြင်းကြောင့်လည်းကောင်း, အပြစ်ရှိသောလုပ်ငန်း၌လည်း အပြစ် မရှိဟု မှတ်ထင်ခြင်းကြောင့်လည်းကောင်း ဝီတိက္ကမ ခေါ်သော ပြစ်မှုကျူးလွန်ခြင်းကို ပြုသည် မည်ပေသည်။ ထိုသို့ ပြစ်မှု ကျူးလွန်မိပြီးနောက် ကုက္ကုစ္စ ဖြစ်တတ်ပုံမှာ ငါသည် ကောင်းမှုကို မပြုအပ်ခဲ့မိလေစွ၊ ကုသိုလ်ကို မပြုအပ်ခဲ့မိလေစွ၊ ကြောက်မက်ဖွယ် အပါယ်ဘေးမှ စောင့်ရှောက်တတ်သော အပါယ်ဘေးကို တားမြစ်ကြောင်း ဖြစ်သော ကောင်းမှုကုသိုလ်ကို မပြုအပ်ခဲ့မိလေစွ၊ (အမှားကြီး မှားလေပြီ) မကောင်းမှုကို ပြုခဲ့မိလေစွ၊ ရက်စက် ကြမ်းကြုတ်မှုကို ပြုအပ်ခဲ့မိလေစွ၊ မကောင်းကျိုးကို ပြုတတ်သော ညစ်နွမ်းကြောင်း အကုသိုလ်ကို ပြုခဲ့မိလေစွ၊ (အမှားကြီး မှားလေပြီ ) ဟု အပြစ်မရှိသည်၌ အပြစ်ရှိ၏ဟု အမှတ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အပြစ်ရှိသည်၌ အပြစ်မရှိဟု အမှတ်သညာရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ကျူးလွန်မှုကို ပြုအပ်ပြီး သည်၏ နောက်၌လည်း ဖြစ်တတ်သေး၏။ ဤသို့လျှင် သုစရိုက်ကို ဒုစရိုက်ထင်၍ ပြုပြီးနောက်၌လည်းကောင်း, ဒုစရိုက်ကို သုစရိုက်ထင်၍ ပြုပြီးမှ ဒုစရိုက်မှန်းသိရာအခါ၌လည်းကောင်း အထူးသဖြင့် သေခါနီးကာလမျိုး၌ မကောင်းသော နိမိတ်များ ထင်လာရာ အခါဝယ် ကုက္ကုစ္စ ဖြစ်တတ်သေး၏ဟု သိပါလေ။

အထက်ပါ ရှင်းလင်းချက်များဖြင့် လက္ခဏ ရသ စသည်တို့၏ သဘောတရားများကိုလည်း သဘောပေါက် လောက်ပေပြီ။ ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်, သို့မဟုတ် ပြုပြီး အကုသိုလ်နှင့် မပြုမိသော ကုသိုလ် တို့မှာ ကုက္ကုစ္စ ဖြစ်ဖို့ရန် အနီးဆုံးအကြောင်း ပဒဋ္ဌာန်များပင် ဖြစ်ကြပေသည်။

ကုက္ကုစ္စ (၃) မျိုး

၁။ နီဝရဏကုက္ကုစ္စ --- ယခု ရေးသားတင်ပြခဲ့သော ကုက္ကုစ္စကား နီဝရဏတရား (၅)ပါးတွင် ပါဝင်သော ကုက္ကုစ္စတည်း၊ အကုသိုလ်တရားတည်း။

၂။ ဝိနယကုက္ကုစ္စ --- အပ်လေသလား, မအပ်လေသလားဟု ဝိနည်းအရာ၌ စဉ်းစားကြံစည်မှုတည်း၊ ဤဝိနယကုက္ကုစ္စကား ပုထုဇန်သေက္ခတို့နှင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ထိုက်သလို ဖြစ်နိုင်သည်။ ပုထုဇန်သေက္ခ တို့၏ သန္တာန်၌ ဖြစ်သော ဝိနယကုက္ကုစ္စကား ကုသိုလ်တရားတည်း၊ အကုသိုလ် မဟုတ်။ ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်သော ဝိနယကုက္ကုစ္စကား ကြိယာတည်း။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ဧည့်သည်တို့ တည်းခိုရာဇရပ်၌ လှူဒါန်းသည့် အာဝသထပိဏ္ဍ အမည်ရှိသော ဆွမ်းကို အလှူခံ၍ ဘုဉ်းပေးရန် ဝိနယကုက္ကုစ္စ ဖြစ်ဖူးကြောင်းကို (ဝိ၊၂၊၉၆။)၌ လာရှိသည်။

၃။ အသံယတကုက္ကုစ္စ --- ဘုရားဝတ်ကပ် ပရိသတ်အစည်းအဝေး ဥပုသ်အိမ် စသည်၌ ကိုယ်နှုတ်ကို မစောင့်စည်းဘဲ လက်လှုပ် ခြေလှုပ် စကားပြော ချွဲသလိပ်ဟပ်မှု စသော မလျောက်ပတ်သော အမှုများတည်း။ များသော အားဖြင့် မောဟပြဓာန်းသော အကုသိုလ် စိတ္တုပ္ပါဒ်ကို အရကောက်ရ၏။ ဤသို့လျှင် ကုက္ကုစ္စ (၃)မျိုးရှိရာ ဤ ကုက္ကုစ္စစေတသိက် အရာ၌ နီဝရဏကုက္ကုစ္စကို ဆိုလိုရင်း ဖြစ်သည်။

နောင်မှ နောင်တရပုံ

ဒု-သ-န-သောဟု အများပြောကြသော သူဌေးသား (၄)ယောက်သည် လူ့ဘဝ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရာ ပစ္စည်းဥစ္စာ အလုံအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ကွယ်လွန်သွားကြသည့်အခါ လောဟကုမီ႓ သံပူရည်ငရဲ၌ ကျရောက် ကာ အနှစ်ခြောက်သောင်းကြာမှ ငရဲအိုး အပေါ်သို့ တစ်ကြိမ် ပေါ်လာ၏။ ငရဲအိုး အောက်သို့ ရောက်သည့် တိုင်အောင် စုံဆင်းနေရသည်မှာ အနှစ်သုံးသောင်း, ငရဲအိုးအောက်ခြေမှ အထက်နှုတ်ခမ်းသို့တိုင်အောင် ပြန်တက် လာရသည်မှာ အနှစ်သုံးသောင်း ကြာ၏။ အပေါ်ပေါ်ခိုက် မိတ်ဆွေလေးဦးတို့ တစ်ခဏမျှ တစ်ဦးနှင့်တစ်ဦး တွေ့လိုက်ရ၍ ပြောချင်သော စကားများကို ပြောဆို၍ မဆုံးမီ တစ်လုံးစီမျှကိုသာ ပြောဆိုပြီးနောက် ပြန်မြုပ် သွားကြရ၏ ---

၁။ ဒု --- ငါတို့သည် ပစ္စည်းဥစ္စာပေါများသော လူ့ဘဝတုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ် များကို မပြုမိဘဲ မှားယွင်းစွာ အသက်မွေးခဲ့ကြပါကုန်ပကော --- ဟု ပြောဆိုလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ --- ဒုဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ ဤသူ၌ ကုသိုလ်ကောင်းမှုကို မပြုခဲ့မိ၍ နောင်တရသော ကုက္ကုစ္စ ဖြစ်လေသည်။

၂။ သ --- အားလုံး ရေတွက်လိုက်သော် ငရဲ၌ ခံနေရသော ငါတို့သည် အနှစ်ခြောက်သောင်းတို့ ပြည့်သွားကြ ကုန်ပြီ။ ငရဲ၌ ခံနေကြရကုန်သော ငါတို့အဖို့ ဘယ်သောအခါမှ အဆုံးအပိုင်းအခြားသည် ဖြစ်ပေါ်လာလတ္တံ့နည်း ဤသို့ ပြောဆိုလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ သဟူသော အသံနက်ကြီးကို ဟစ်အော်ကာ ပြန်မြုပ်သွားရှာ၏။ ဤသူကား ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို မမြင်နိုင်သဖြင့် ဝိပ္ပဋိသာရခေါ်သည့် နောင်တ တစ်ဖန် ပူပန်မှု ဖြစ်နေသူတည်း။

၃။ န --- ငါတို့၏ ငရဲခံနေရသော ဒုက္ခကား အဆုံးမရှိ ဖြစ်နေ၏၊ ဘယ်သောအခါမှ ဆုံးမည်လည်း မသိ၊ အဆုံးကား မထင် ဖြစ်နေ၏၊ အချင်းတို့ ...ငါရော သင်တို့ပါ လူ့ဘဝတုန်းက မကောင်းမှုကို ပြုမှားမိကြပါ ကုန်ပေါ့ --- ဤသို့သော ပြောလိုရင်းစကားကိုပင် ဆုံးအောင် မဟနိုင်တော့ဘဲ နဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရရှာပြန်လေသည်။ ဤသူကား အကုသိုလ်ကို ပြုမှားမိခဲ့၍ နောင်တတစ်ဖန် ပူနေရ သူတည်း။

၄။ သော --- ထိုငါသည် ဤငရဲမှ လွတ်မြောက်သွားပြီးနောက် လူ့ဘဝကိုသာ တစ်ဖန် ပြန်၍ ရရှိခဲ့ပါမူ သူတော်ကောင်းတို့၏ ဆိုဆုံးမမှုကို တတ်သိနားလည်သူ ဖြစ်ရလို၏ သီလနှင့် ပြည့်စုံသူ ဖြစ်ရလို၏၊ ကောင်းမှု ကုသိုလ်ကို များစွာ ပြုရလို၏ --- ဤသို့သော ပြောလိုရင်း စကားကိုပင် ဆုံးအောင် မဟနိုင်တော့ဘဲ သော ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရရှာပြန်လေသည်။ သူတောင်းကောင်းတို့၏ အဆုံးအမကို လိုက်နာသူ သီလနှင့် ပြည့်စုံသူ ကုသိုလ်ကောင်းမှုကို များစွာပြုခဲ့သူ မဖြစ်ခဲ့ရသည့်အတွက် နောင်တတစ်ဖန် ပူပန်နေသူတည်း။

ဤနောင်တရမှု နောင်တတစ်ဖန် ပြန်၍ ပူပန်မှုသည် ဒု-သ-န-သောတို့ကဲ့သို့ နောက်ဘဝကျမှသာ ဖြစ်သည် မဟုတ်သေး၊ ယခုဘဝမှာလည်း ထိုကဲ့သို့ ပူပန်တတ်ကြလေသည်။ အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲ တွင်မက ချွေးများကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်လာတတ်ပေသည်။ အကုသိုလ်ကို ပြုပြီးမှ နောင်တတစ်ဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ်များ ကင်းပျောက်သွားမည်ကား မဟုတ်ပေ။ ကုက္ကုစ္စ အကုသိုလ် အသစ်ပင် တိုးလာသေး၏။ ထိုကြောင့် နောင်တတစ်ဖန် ပူပန်မနေတော့ဘဲ ပြုပြီး အကုသိုလ်များ နောင်အခါ၌ အကျိုး ပေးခွင့် မရအောင် ထိုအကုသိုလ်မျိုးကို နောက်ထပ် မဖြစ်စေရန် သတိထား၍ ရှောင်ကြဉ်ခြင်း, သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို အရိယမဂ်သို့ ဆိုက်သည့်တိုင်အောင် ကုသိုလ်တရားတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းခြင်း, ထိုကဲ့သို့ လွန်ပြီးသော အကုသိုလ်မျိုးသည် ငါ၏သန္တာန်ဝယ် နောင်အခါ မည်သည့်အခါမှ မဖြစ်စေ ရဟု စိတ်ပါလက်ပါ အဓိဋ္ဌာန်ပြု၍ စောင့်စည်းခြင်းသည်သာလျှင် အကောင်းဆုံးသော အပြစ်ကင်းဆုံးသော ဆောင်ရွက်မှုတစ်ရပ် ဖြစ်ပေသည်။ အင်္ဂုလိမာလ၏ ထုံးကိုပင် ရှုပါ။

အချိန်ရှိခိုက် လုံ့လစိုက်ပါ

ငယ်ရွယ်စဉ်အခါသည် ပညာ ဥစ္စာ ကုသိုလ် ဤသုံးမျိုးကို မိမိဉာဏ်ရှိသလောက် လိုချင်သလောက် ရှာရ မည့်အခါ, ရှာဖို့ရန် အခွင့်အလမ်းသာသောအခါ ဖြစ်သည်။ မိုးကုန်မှ ထွန်ချလျှင် အကျိုး အရနည်းရုံမျှမက လုံးလုံးမရဘဲသော်လည်း ရှိတတ်ပေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁-၈၄။)တို့၌ လာသော မဟာဓနသူဌေးသား ဇနီး မောင်နှံတို့ကိုပင် ကြည့်ပါ။ အမျိုးသားဘက်မှ ကုဋေ (၈၀), အမျိုးသမီးဘက်မှ ကုဋေ (၈၀) နှစ်ရပ်ပေါင်း ကုဋေ (၁၆၀)ခန့် ချမ်းသာကြွယ်ဝသူ ဇနီးမောင်နှံတို့ ဖြစ်ကြ၏။ လောကီဘက်တွင် ဉာဏ်ယှဉ်၍ ကုန်သွယ်ခြင်း လယ် လုပ်ခြင်း စသည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်ပါက ပထမအရွယ်၌ဖြစ်လျှင် ပထမတန်း သူဌေးရာထူး, ဒုတိယ အရွယ်ကျမှ စီးပွားရှာလျှင်လည်း ဒုတိယတန်း သူဌေးရာထူး, တတိယအရွယ်တွင် သတိသံဝေဂ ရ၍ စီးပွားရှာ လျှင်လည်း တတိယတန်း သူဌေးရာထူးကို ရရှိနိုင်သူများ ဖြစ်ကြ၏။ အကယ်၍ အိမ်ရာတည်ထောင် လူ့ဘောင် ကို စွန့်ခွာ၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုကြလျှင် ---

၁။ ပထမအရွယ်၌ ရဟန်းပြုလျှင် အမျိုးသားက ရဟန္တာ, အမျိုးသမီးက အနာဂါမ်,

၂။ ဒုတိယအရွယ်၌ ရဟန်းပြုလျှင် အမျိုးသားက အနာဂါမ်, အမျိုးသမီးက သကဒါဂါမ်,

၃။ တတိယအရွယ်၌ ရဟန်းပြုလျှင် အမျိုးသားက သကဒါဂါမ်, အမျိုးသမီးက သောတာပန် --- အသီးအသီး ဖြစ်နိုင်၏။

သို့သော် အရွယ်သုံးပါးလုံး၌ မူးယစ်သောက်စား ပျော်ပါးကာ ဘဝကို ကုန်ဆုံးစေသူများ ဖြစ်ကြသဖြင့် နောက်ဆုံး ခွက်လက်စွဲကာ တောင်းစားရသည့် အခြေသို့ ဆိုက်ရောက်သွား၏။ ဘုရားရှင်နှင့် တွေ့သောအခါ အရွယ်သုံးပါးလုံး လွန်သွားကြပြီး ဖြစ်၏။ လူ့စည်းစိမ်ဥစ္စာမှလည်း ဆုတ်ယုတ် ပျက်စီးရ၏၊ ရဟန်းတို့ ရသင့် ရထိုက်သော မဂ်ဖိုလ် အကျိုးတရားမှလည်း ဆုတ်ယုတ် ပျက်စီးသွားရ၏။

အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။

ဇိဏ္ဏကောဉ္စာဝ စျာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၃။)

အရွယ်ရှိခိုက်၌ သာသနာ့ဗြဟ္မစရိယ မဂ္ဂဗြမ္မစရိယဟူသော မွန်မြတ်သော အကျင့်ကိုလည်း မကျင့်မိ သောကြောင့်, အရွယ်နုပျိုစဉ်အခိုက်၌ စီးပွားဥစ္စာကိုလည်း ရရှိအောင် မရှာဖွေခြင်းကြောင့် ငါးများ ကုန်ခန်း၍ ရေသွေ့ခန်းခြောက်သည့် ညွန်ထူထပ်သည့် အိုင်၌ ကျက်စားနေသည့် အတောင်ကျိုးနေသည့် ကြိုးကြာအိုကြီးကဲ့သို့ ကြံမှိုင်နေရပေ၏။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၃။)

သို့သော် အချိန်နှောင်းမှ သတိရသော်လည်း -- ကုသိုလ်ကို မပြုခဲ့မိတာ မှားပေါ့ -- ဟု နောင်တတစ်ဖန် ပူပန်မှုကား မဖြစ်စေသင့်ပေ။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံးသတိမရကြသူ များစွာသော လူတို့ထက် အပုံကြီး သာပါသေး၏။

တမ္ဗဒါဌိကမည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်အပေးခံရသူ တရားခံများကို သတ် ဖြတ်ရသော အလုပ်ဖြင့် ဘုရင့်အမှုကို ထမ်းလာခဲ့၏။ ကောင်းစွာ မသတ်နိုင်သော အဘိုးကြီးအရွယ်သို့ ရောက်မှ သူသတ်ရာထူးက ထွက်ခဲ့၏။ သေတော့မည့်နေ့ သေခါနီးဆဲဆဲတွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား နို့ဃနာဆွမ်းများကို ထောပတ်နှင့် ရောစပ်၍ လှူဒါန်းခွင့် ရခဲ့၏။ ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက အနုမောဒနာတရားတော်ကို စတင်၍ ဟောကြားတော်မူ၏။ တရားတော်ကို နာယူ ရာတွင် သူပြုလုပ်ခဲ့သော အပြစ်နှင့် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ဟောကြားတော်မူအပ်သော တရား တို့မှာ အလွန်ကွာခြားနေသောကြောင့် တရားတော်၌ စိတ်မဝင်စားနိုင်ဘဲ ရှိလေသည်။ ထိုအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သိတော်မူ၍ --- ဒါယကာ ...အသင် သတ်ချင်လို့ သတ်ရတာလား၊ သူတစ်ပါးတို့က ခိုင်းစေလို့ သတ်ရတာလား --- ဟု မေးတော်မူရာ --- တပည့်တော် သတ်ချင်လို့ မဟုတ်ပါ၊ ဘုရင်မင်းက အမိန့်တော်ဖြင့် ခိုင်းစေလို့သာ သတ်ရတာပါ --- ဟု လျှောက်ထား၏။ ဥပါသကာ ...ဤသို့ဖြစ်လျှင် သင့်မှာ အကုသိုလ် ဖြစ်နိုင်ပါ့မလားဟု ပရိယာယ်ဖြင့် မေးတော်မူလိုက်၏။ တမ္ဗဒါဌိကကား ပညာနုံ့သည့်အတွက် ငါ့မှာ အကုသိုလ် မရှိဟု အောက်မေ့ မှတ်ထင်သည် ဖြစ်၍ အရှင်ဘုရား ...ထိုသို့ဖြစ်လျှင် တရားတော်ကို ဆက်လက် ဟောကြားတော်မူပါဟု လျှောက်ထားတောင်းပန်၏။ ငါ့မှာ အပြစ်ရှိပုံ မရဘူးဟူသော အမှတ်သညာ ရှိရကား စိတ်သက်သာရာကို ရ၍ တရားတော်ကို စိတ်စိုက်နာလေရာ ---

သောတာပတ္တိမဂ္ဂဿ ဩရတော အနုလောမိကံ ခန္တိံ နိဗ္ဗတ္တေသိ။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၀၇။)

သောတာပတ္တိမဂ်ဉာဏ်၏ အောက်အဖို့အားဖြင့် အနုလောမိကခန္တိ အမည်ရသော ဝိပဿနာဉာဏ်ကို ဖြစ်စေ၏။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၀၇။)

အနုလောမိကခန္တိ --- (အဘိ၊၂၊၃၃၇။)နှင့်အညီ တမ္ဗဒါဌိက ဒါယကာကြီးကား အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ တရားတော်ကို နာယူရသဖြင့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ကောင်းစွာ ထိုးထွင်းသိမြင်သွားလေသည်။ ယင်းဝိပဿနာဉာဏ်သည် မဂ္ဂသစ္စာအားလည်းကောင်း, ပရမတ္ထသစ္စာအားလည်းကောင်း, နိဗ္ဗာန်အားလည်းကောင်း လျော်သောကြောင့် မြင်ခြင်းငှာ ခံ့သောကြောင့် အနုလောမိကခန္တိ မည်ပေသည်။ (မဟာဋီ၊၂၊၇၉ - လည်းကြည့်ပါ။)

ထို ဒါယကာကြီးလည်း မကြာမီ ကွယ်လွန်ကာ တုသိတာနတ်ပြည်သို့ ဆိုက်ရောက်သွားလေသည်။ ထို အဘိုးကြီး၌ ပါဏာတိပါတကံတွေ များစွာရှိနေသည်ကား မှန်ပေ၏၊ သို့သော် ထိုအပြစ်အတွက် ကုက္ကုစ္စ မဖြစ် အောင် ပရိယာယ်ဆောင်လျက် မေးတော်မူလိုက်ရာ ကုက္ကုစ္စ ငြိမ်းအေးသွားလေသည်၊ ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရားတော်၌ စိတ်စိုက်၍ နာယူရာ အနုလောမိကခန္တိခေါ်သော ဝိပဿနာဉာဏ်ကို ရရှိသွားပေသည်။ ယင်း ကုသိုလ်တရားတို့က အပါယ်ဘေးမှ ထုတ်ဆောင်လျက် နတ်ပြည်သို့ ရောက်အောင် ပို့ဆောင်လိုက်လေသည်။

သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီး အကုသိုလ်အတွက်လည်း မပူပန်ဘဲ, ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တတစ်ဖန် ပူပန်မှု မဖြစ်စေဘဲ အကုသိုလ်အသစ် မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်က စ၍ ကုသိုလ်ကို ကြိုးစားအားထုတ်သင့်ပေသည်။

__________

၁၂။ ထိန

၁။ ထိနံ အနုဿာဟလက္ခဏံ၊

၂။ ဝီရိယဝိနောဒနရသံ၊

၃။ သံသီဒနပစ္စုပဋ္ဌာနံ၊

၄။ အရတိဝိဇမိ႓ကာဒီသု (အရတိတန္ဒိဝိဇမိ႓တာဒီသု)

အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

၁။ အားမထုတ်ခြင်းသဘော = အားတက်သရော မရှိခြင်းသဘော လက္ခဏ၊

၂။ ဝီရိယကို ဖျက်ဆီးခြင်း = ဝီရိယကို ပယ်ရှားခြင်း (ကိစ္စ) ရသ၊

၃။ ထိုထိုကိစ္စ၌ ဆုတ်နစ်တတ်သော သဘောတရား

တစ်နည်း --- သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ကြောင်း သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ခြင်းကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ဆိတ်ငြိမ်သော တောကျောင်း တောင်ကျောင်းတို့၌လည်းကောင်း, လွန်ကဲ-

မြင့်မြတ်သော သမထ ဝိပဿနာကုသိုလ်တို့၌လည်းကောင်း မမွေ့လျော်ခြင်း

ပျင်းရိခြင်း ကိုယ်တဆန့်ကျင်ကျင် ရှိခြင်း စသည်တို့ကြောင့် အယောနိသော-

မနသိကာရ ဖြစ်ခြင်း, ပျင်းရိဖွယ်အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

၁၃။ မိဒ္ဓ

၁။ မိဒ္ဓံ အကမ္မညတာလက္ခဏံ၊

၂။ ဩနဟနရသံ။

၃။ (က) လီနတာပစ္စုပဋ္ဌာနံ၊ (ခ) ပစလာယိကာနိဒ္ဒါပစ္စုပဋ္ဌာနံ ဝါ၊

၄။ အရတိတန္ဒိဝိဇမိ႓တာဒီသု အယောနိသော မနသိကာရ ပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

၁။ ထိုထိုအမှု၌ စေတသိက်တို့၏ မခံ့ညားသည်၏ အဖြစ်ဟူသော သဘော လက္ခဏ၊

၂။ ဝိညာဏ် ဒွါရတို့ကို ပိတ်ထား + ဖွဲ့ထားခြင်း

တစ်နည်း --- သမ္ပယုတ်တရားတို့ကို လေးတွဲ့တွဲ့ဖြစ်အောင် ဖွဲ့ထားခြင်း (ကိစ္စ) ရသ၊

၃။ (က) အာရုံကို ယူခြင်း၌ တွန့်ဆုတ်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း --- မျက်တောင်တစ်လှုပ်လှုပ် ရှိအောင်

အိပ်ချင်ငိုက်မျဉ်းခြင်း အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ တောကျောင်း တောင်ကျောင်း သမထ ဝိပဿနာ ကုသိုလ်တရားတို့၌

မမွေ့လျော်နိုင်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင် ရှိခြင်း

စသည်တို့ကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

ထိနနတာ ထိနံ၊ မိဒ္ဓနတာ မိဒ္ဓံ။ အနုဿာဟသံဟနနတာ အသတ္တိဝိဃာတော စာတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

အနုဿာဟနာဝသီဒနဘာဝေန သံဟတဘာဝေါ ထိနံ၊ တေန ယောဂတော စိတ္တံ ထိနံ၊ တဿ ဘာဝေါတိ ထိနတာ။ အသမတ္ထတာဝိဃာတဝသေန အကမ္မညတာ မိဒ္ဓံ။ ယသ္မာ တတော ဧဝ တေန သမ္ပယုတ္တဓမ္မာ မေဓိတာ ဝိဟတသာမတ္ထိယာ ဟောန္တိ၊ တသ္မာ မိဒ္ဓနတာ မိဒ္ဓန္တိ ဝုတ္တံ။ (မဟာဋီ၊၂၊၁၅၀။)

ထိန --- ထိုထိုအမှုကိစ္စတို့၌ အားထုတ်ခြင်း ကင်းသည်၏အဖြစ် ဆုတ်နစ်သည်၏အဖြစ်ဖြင့် အားတက်သရော မရှိဘဲ ကိုယ် လက် စသည်တို့ တွန့်ဆုတ်ကုပ်နေအောင် ပေါင်းစပ်ထားခြင်း ဆွဲစပ်ထားခြင်း သဘောကား ထိနတည်း။ ထိုထိနနှင့် ယှဉ်ခြင်းကြောင့် ထိနနှင့် ယှဉ်သော စိတ်သည်လည်း ထိန မည်ပေသည်။ သို့အတွက် အားအစွမ်းမထုတ် တွန့်ဆုတ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ထိန မည်၏။ ဝီရိယသည် ထိုထို အမှုကိစ္စ၌ အားတက်သရော ရှိသလောက် ထိနကား ဆုတ်နစ်၏။ ထိုထိနသည် ယှဉ်ဖက်စိတ်ဓာတ်ကိုလည်း အားတက်သရော မရှိစေဘဲ ညံ့ဖျင်းနေအောင် ဖိနှိပ်ဟန့်တားထားသကဲ့သို့ ရှိလေသည်။ သို့အတွက် ထိနသည် ထိုထို အမှုကိစ္စ၌ အားထုတ်ခြင်း ကင်းသည်၏ အဖြစ်တည်းဟူသော အားထုတ်ခြင်း၏ ဆန့်ကျင်ဘက် = အားမထုတ်ခြင်း သဘောလက္ခဏာ ရှိပေသည်။ ဝီရိယကို ဖျက်ဆီးခြင်း ပယ်ရှားခြင်း ကိစ္စလည်း ရှိပေသည်၊ ထိုထိုအမှု ကိစ္စ၌ ဆုတ်နစ်တတ်သော သဘောတရား, စိတ်ဓာတ်ဆုတ်နစ်ကြောင်း စိတ်ဓာတ်ကျဆင်းကြောင်း သဘော တရား = သမ္ပယုတ်တရားတို့ကို ထိုထိုအမှုကိစ္စမှ ဆုတ်နစ်သော အခြင်းအရာအားဖြင့် ဖြစ်စေသော သဘော တရားဟု ယင်းထိနကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေ သည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ထိုထိုအမှုကိစ္စ၌ စိတ်ဓာတ်ကို ကျဆင်းစေတတ်၏၊ သမ္ပယုတ်တရားတို့ကို ဆုတ်နစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။

မိဒ္ဓ --- အိပ်ချင်မူးတူးဖြစ်ရာ အခါမျိုး၌ကဲ့သို့ ထိုထိုအမှုကိစ္စကို ပြုလုပ်ဖို့ရန် သတ္တိကင်းခြင်းကို အသတ္တိဟု ဆို၏၊ ထိုသို့ သတ္တိကင်းခြင်းသည် စေတသိက်တို့၏ ပင်ပန်းခြင်းသဘော ဝိဃာတပင်တည်း။ ထိုသို့ စေတသိက်တို့၏ သတ္တိကင်းခြင်း ပင်ပန်းခြင်းကြောင့် ထိုထိုအမှုကိစ္စ၌ စေတသိက်တို့၏ မကောင်းသည်၏ အဖြစ် မခံ့ညားသည်၏ အဖြစ်သည် မိဒ္ဓ၏ သဘောလက္ခဏာပင်တည်း။ ထိုထိုအမှုကိစ္စ၌ မခံ့ညားမှု အကမ္မညတာလက္ခဏာသည် ထိန ၌လည်း ရှိသည်သာဖြစ်သည်။ ထိနကား စိတ်၏ အကမ္မညသဘော, မိဒ္ဓကား စေတသိက်တို့၏ အကမ္မညသဘော ဟု ခွဲခြား၍ မှတ်ပါ။ (အဘိ၊၁၊၂၃၃။ မဟာဋီ၊၂၊၁၅၀ - ကြည့်။)

ရသ --- ဩနဟနံ ဝိညာဏဒွါရာနံ ပိဒဟနံ။ (မဟာဋီ၊၂၊၁၅၀။)

ဩနဟနံ ဝိညာဏဒွါရာနံ, သမ္ပယုတ္တာနံ ဗန္ဓနံ ဝါ။ (အဘိဓမ္မာဝတာရ။)

မိဒ္ဓဖြစ်လာသည့်အခါ အိပ်ချင်မူးတူးဖြစ်လျက် မည်သည့်အာရုံကိုမျှ သွက်သွက်လက်လက် ချက်ချက်ချာချာ မယူနိုင်တော့ဘဲ ထိုင်းမှိုင်းနေသဖြင့် ဘဝင်ကျမှုက များ၍ ဝီထိစိတ်များ ဖြစ်မှုက နည်းပါးနေရကား မိုးသား တိမ်တိုက်က ကောင်းကင်ကို ဖုံးလွှမ်းပိတ်ဆို့ထားသကဲ့သို့ ဝိညာဏ်နှင့် ဒွါရတို့ကိုလည်းကောင်း, မိဒ္ဓနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း ပိတ်ဆို့ ဖွဲ့နှောင်ထားသကဲ့သို့ ဖြစ်ခြင်းသည် မိဒ္ဓ၏ လုပ်ငန်းကိစ္စပင်တည်း။ (ထိနနှင့်လည်း ဆိုင်သည်ဟု မှတ်ပါ။)

ပစ္စုပဋ္ဌာန် --- လီနတာ လီနာကာရော အာရမ္မဏဂ္ဂဟဏေ သင်္ကောစော။ ယသ္မာ ထိနေန စိတ္တေဿဝ သံဟနနံ ဟောတိ၊ မိဒ္ဓေန ပန ဝေဒနာဒိက္ခန္ဓတ္တယဿ ဝိယ ရူပကာယဿာပိ၊ တသ္မာ တံ ပစလာယိကာနိဒ္ဒံ ပစ္စုပဋ္ဌပေတီတိ ပစလာယိကာနိဒ္ဒါပစ္စုပဋ္ဌာနံ ဝုတ္တံ။ (မဟာဋီ၊၂၊၁၅၀။)

ထိုထိုအာရုံကို လှမ်း၍ အာရုံယူရာ၌ တွန့်ဆုတ်သော အခြင်းအရာအားဖြင့် ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာတတ်ပေသည်။ တစ်နည်း --- ထိနကား စိတ်၏သာလျှင် အာရုံကိုယူခြင်း၌ တွန့်ဆုတ်စေခြင်းသဘော, အာရုံယူမှု၌ စိတ်ကို ပိတ်ဆို့ထားခြင်း အာရုံကို မယူနိုင်အောင် ဖွဲ့စပ်ထားခြင်း သဘောတည်း။ မိဒ္ဓကား ဝေဒနာ စသော ခန္ဓာသုံးပါးအပေါင်းကို = စေတသိက်ကို အာရုံကိုယူခြင်း၌ တွန့်ဆုတ်စေခြင်းသဘော, အာရုံကိုယူမှု၌ ပိတ်ဆို့ထားခြင်း အာရုံကို မယူနိုင်အောင် ဖွဲ့စပ်ထားခြင်းသဘောတည်း။ မိဒ္ဓသည် စေတသိက်ကိုကဲ့သို့ ရူပကာယကိုလည်း အာရုံကိုယူခြင်း၌ တွန့်ဆုတ်စေ၏၊ အာရုံယူမှု၌ ပိတ်ဆို့ထား၏၊ အာရုံမယူနိုင်အောင် ဖွဲ့ထားတတ်၏။ သို့အတွက် မိဒ္ဓ ဖြစ်သည့်အခါ မျက်တောင် တလှုပ်လှုပ်ဖြင့် အိပ်ချင် ငိုက်မျဉ်းခြင်း အကျိုးတရားသည် ဖြစ်ပေါ်လာရပေသည်။ ဖလပစ္စုပဋ္ဌာန်တည်း။

ပဒဋ္ဌာန် --- အရတိ ပန္တသေနာသနေသု, အဓိကုသလဓမ္မေသု စ အရောစနာ။ ဝိဇမိ႓ကာ ဝိဇမ္ဘနသင်္ခါတဿ ကာယဒုဋ္ဌုလ္လဿ ကာရဏဘူတာ သံကိလေသပ္ပဝတ္တိ။ အရတိဝိဇမိ႓ကာဒီသူတိ စ အာဒိ-သဒ္ဒေန တန္ဒိအာဒီနံ ဂဟဏံ။ နိပ္ဖါဒေတဗ္ဗေ ပယောဇနေ စေတံ ဘုမ္မဝစနံ။ (မဟာဋီ၊၂၊၁၅၀-၁၅၁။)

အရတိတန္ဒိ ဝိဇမိ႓ကာဒီသု (ဝိဇမိ႓တာဒီသု)၌ သု-ဝိဘတ်သည် ပြီးစေအပ်သော အကျိုးတည်းဟူသော နိမိတ်အနက်ဟောတည်း။ စမ္မသ္မိံ ဒီပီနံ ဟန္တိ = အရေကြောင့် (= သားရေကြောင့်) သစ်တို့ကို သတ်ကြ၏ဟူရာ၌ အရေသည် သတ်ခြင်းကြောင့် ရအပ်သော အကျိုးလည်းဖြစ်၍ ထိုအကျိုးကို ရလိုသောကြောင့် သတ်ရသည့် အတွက် နိမိတ်အကြောင်းလည်း ဖြစ်သကဲ့သို့ ထို့အတူ --- အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ခြင်းတည်း ဟူသော အယောနိသောမနသိကာရကြောင့် ပန္တသေနာသန အမည်ရသော အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်နိုင်ခြင်း, အဓိကုသလဓမ္မ အမည်ရသော မြင့်မြတ်သော သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့၌ မမွေ့လျော်နိုင်ခြင်း ပျင်းရိခြင်း ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်းဟု ခေါ်ဆိုအပ်သော ရုန့်ရင်းသော ကိုယ်အမူအရာ၏ ဖြစ်ပေါ်လာရန် အကြောင်းဖြစ်သော စိတ်ညစ်နွမ်းကြောင်း သံကိလေသတရား တို့၏ ဖြစ်ပေါ်လာခြင်း စသည်တို့ ဖြစ်ပေါ်လာကြရ၏။

တစ်ဖန် ယင်းတောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်ခြင်း, သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ် တို့၌ မမွေ့လျော်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်း၏ အကြောင်း ဖြစ်ကုန်သော စိတ်ညစ်နွမ်း ကြောင်း သံကိလေသတရားတို့၏ ဖြစ်ပေါ်လာခြင်းကြောင့်လည်း အယောနိသောမနသိကာရ ဖြစ်ရပြန်၏။

သို့အတွက် တောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်ခြင်း, သမထ ဝိပဿနာ ဘာဝနာလုပ်ငန်း ရပ်တို့၌ မမွေ့လျော်နိုင်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင် ရှိခြင်း၏ အကြောင်းဖြစ်သော သံကိလေ သတရားတို့၏ ဖြစ်ပေါ်လာခြင်းသည် အကျိုးလည်း ဖြစ်၍ အကြောင်းလည်း ဖြစ်သည်ဟု မှတ်ပါ။ ထိုကြောင့် ယင်းတောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်နိုင်ခြင်း, သမထ ဝိပဿနာဘာဝနာတို့၌ မမွေ့လျော်နိုင်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်းဟူသော ရုန့်ရင်းသော ကိုယ်အမူအရာ၏ အကြောင်းဖြစ်ကုန်သော သံကိလေသ ဓမ္မတို့၏ ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာရသော အယောနိသောမနသိကာရသည်ပင် ထိနမိဒ္ဓတို့၏ အနီးစပ်ဆုံး အကြောင်း ပဒဋ္ဌာန်တရား ဖြစ်ရပေသည်။

မူလက တောကျောင်း တောင်ကျောင်းတို့၌ နေမှုကို စိတ်မဝင်စားသောသူသည် တောနေမှ တရားရ မှာလားဟု တောနေခြင်း = အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့၌ နေထိုင်ခြင်းကိုပင် အပြစ် မြင်ကာ နှလုံးသွင်း ထပ်မှားတတ်ပြန်သည်။ ဘာဝနာလုပ်ငန်းရပ်၌ ပင်ကိုယ်က စိတ်မဝင်စားသူသည် တရား အားထုတ်လျှင် ရူးတတ်သည်ဟု ထပ်၍ နှလုံးသွင်း မှားတတ်ပြန်၏။ ယင်းနှလုံးသွင်းမှားမှု အယောနိသော မနသိကာရသည်ပင် တောကျောင်းနေသည့် လုပ်ငန်း, သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းတို့၌ စိတ်စေတသိက်တို့ ထက်ထက်သန်သန် မရှိအောင် တားမြစ်တတ် ဖွဲ့ချည်ထားတတ် ဟန့်တားထားတတ်သည့်အတွက် ထိန မိဒ္ဓတို့၏ အနီးစပ်ဆုံး အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ရပြန်ပေသည်။

စိတ်ရောကိုယ်ပါ သွက်လက်ခြင်း မရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို ထိနဟုလည်းကောင်း, မှိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို မိဒ္ဓဟုလည်းကောင်း ခေါ်၏။ ဤစေတသိက် နှစ်ပါးသည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ရိုးဓမ္မတာတည်း။ ဤနှစ်ပါး ဖြစ်သည့်အခါ လုံ့လဝီရိယ ကင်း၍ ပျင်းသလို ဖြစ်နေ၏။ ဆိုင်ရာ အလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏၊ ဤနှစ်ပါး ဖြစ်ပုံသည် အိပ်ပျော်ခါနီးအခါ, တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။

အိပ်ချင်တိုင်းလည်း ထိနမိဒ္ဓ မဟုတ်ပေ၊ တစ်ချို့အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညှိုးနွမ်းမှုကြောင့် ဖြစ်ရသည်။ ထိုအိပ်ချင်မှုမျိုးကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌လည်း ဖြစ်တတ်ပေသည်။ နေပူမိသဖြင့် ညှိုးနွမ်းသော သစ်ပင်များသည်လည်း တွန့်ကာ ရှုံ့ကာ ငိုက်ကာနှင့် အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရ လေသည်။ ထိုကြောင့် အိပ်ချင်တိုင်းလည်း ထိနမိဒ္ဓ မဟုတ်၊ ထိုထိုကိစ္စတို့၌ စိတ်နှင့် စေတသိက်များသည် ထက်ထက်သန်သန် မရှိလှဘဲ တွန့်ဆုတ်ခြင်း ထိုင်းမှိုင်းခြင်းကိုသာ ထိနမိဒ္ဓဟု မှတ်ပါ။ ယခုကာလ၌လည်း လောကီရေး လုပ်ငန်းကိစ္စရပ် အမျိုးမျိုး၌ ဖြစ်စေ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်မျိုး၌ ဖြစ်စေ ပျင်းရိ ထိုင်းမှိုင်းကာ အိပ်ချင်ငိုက်မျဉ်းနေသူကို ထိနမိဒ္ဓအားကြီးသူဟု ခေါ်ဆိုကြလေသည်။

၁၄။ ဝိစိကိစ္ဆာ

ဝိဂတာ စိကိစ္ဆာတိ ဝိစိကိစ္ဆာ။ သဘာဝံ ဝါ ဝိစိနန္တော ဧတာယ ကိစ္ဆတိ ကိလမတီတိ ဝိစိကိစ္ဆာ။

၁။ ဝိစိကိစ္ဆာ သံသယလက္ခဏာ၊

၂။ ကမ္ပနရသာ၊

၃။ (က) အနိစ္ဆယပစ္စုပဋ္ဌာနာ၊

( ခ ) အနေကံသဂါဟပစ္စုပဋ္ဌာနာ ဝါ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနာ၊ (ဝိစိကိစ္ဆာယံ အယောနိသောမနသိကာရပဒဋ္ဌာနာ။)

ပဋိပတ္တိအန္တရာယကရာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၀။ ဝိသုဒ္ဓိ၊၂၊၁၀၁။)

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန် စသော ဝိစိကိစ္ဆာဖြစ်ရာ (၈)ဌာနတို့၌ ဟုတ်လေသလော မဟုတ် လေသလော စသည်ဖြင့် ယုံမှားမှုဖြစ်နေလျှင် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုစားခြင်းမှ ကင်းသောကြောင့် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုသဖို့ရန် အလွန်ခဲယဉ်းသောကြောင့် ဝိစိကိစ္ဆာ မည်၏။ (ကုသ၍ လုံးလုံး မရနိုင်သည်ကား မဟုတ်၊ ဉာဏ်တည်းဟူသော ဆေးဖြင့် ကုသဖို့ရန် ခဲယဉ်းသောကြောင့်သာ ဤသို့ဆိုလိုသည်၊၊)

တစ်နည်း --- ဘုရားစစ် ဘုရားမှန် စသော သဘောမှန်, ပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စ စသော သဘောမှန်ကို စူးစမ်းရှာဖွေလတ်သော် စူးစမ်းရှာဖွေသူ၏ စိတ်ဓာတ် ပင်ပန်းကြောင်း သဘောတရား ဖြစ်ခြင်းကြောင့်လည်း ဝိစိကိစ္ဆာ မည်၏။

၁။ (၈-ဌာနတို့၌) ယုံမှားခြင်းသဘော လက္ခဏ၊

၂။ (၈-ဌာနတို့တွင်) အထူးထူးသောအာရုံ၌ စိတ်၏ တုန်လှုပ်ခြင်း (ကိစ္စ) ရသ၊

၃။ (က) (၈-ဌာန) အာရုံကို မဆုံးဖြတ်နိုင်ခြင်းဟူသော နှစ်လုံးနှစ်ခွကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

( ခ ) (၈-ဌာန) အာရုံ၌ အမျိုးမျိုး အဖုံဖုံ ယူတတ်သော

အခြင်းအရာအားဖြင့် ဖြစ်သောသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ ဝိစိကိစ္ဆာဖြစ်ရာ (၈-ဌာန) အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

ပဋိပတ်ကျင့်စဉ်၏ အန္တရာယ်ကို ပြုတတ်သော တရားဟု မှတ်ပါ။

သံသယလက္ခဏာ

၁။ တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဆိုတာ ဟုတ်မှ ဟုတ်ပါ့ မလား၊

၂။ မဂ္ဂင်ရှစ်ပါးတည်းဟူသော ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာနိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှ ဟုတ်ပါ့ မလား၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှား ရှိမှ ရှိပါရဲ့လား၊ ပရိယတ်တရားတော်တွေကော တကယ်မှ မှန်ကန်ပါ့မလား။

၃။ သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းကို တကယ်ကျင့်၍ သံသရာမှ ထွက်မြောက် ကြောင်းတရားကို တကယ်သိသည့် အရိယသံဃာစစ် သံဃာမှန်ဟူသည် တကယ်ထင်ရှား ရှိမှ ရှိပါ့မလား၊

၄။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့၏ အကျိုးတရားသည် တကယ်ထင်ရှား ရှိမှ ရှိပါ့မလား။

၅။ သံသရာ၏ ရှေးအစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်ခန္ဓာဟူသည် တကယ်ထင်ရှား ရှိမှ ရှိပါရဲ့လား၊ ယခုမှ ဖန်ဆင်းရှင် တစ်ဦးဦးက ဖန်ဆင်းလိုက်၍ ဖြစ်လာရသလား၊

၆။ သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ခန္ဓာငါးပါးဟူသည် တကယ်ထင်ရှား ရှိမှ ရှိနိုင်ပါ့မလား၊ နိဗ္ဗာန် မရသေးလျှင် နောက်၌ ရောက်ဖို့ရာ ဘဝ ရှိသေးတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၊ ယခုဘဝတွင်ပင် သေလျှင် ပြတ်သွားလေမလား၊

၇။ သံသရာ၏ ေ့ရှအစွန်းဟူသော အတိတ်ဘဝ အတိတ်အဖို့ ခန္ဓာငါးပါး, သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ အနာဂတ်အဖို့ ခန္ဓာငါးပါး နှစ်မျိုးလုံးသည်လည်း တကယ်ထင်ရှား ရှိမှ ရှိပါ့မလား၊

၈။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ --- ဤသို့စသည်ဖြင့် လာရှိသော ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ လည်ပတ်ပုံအစဉ်ကို ဖော်ပြသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား ဟူသည် တကယ်မှန်မှ မှန်ပါ့မလား။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ စွမ်းအင်သတ္တိ ကျန်ရစ်သည်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်နိုင်ပါ့မလား။ အဘိဓမ္မာနည်းအရ ဤ (၈)ဌာနတို့၌ ဤသို့ ဖြစ်လေသလော, ဤသို့ မဖြစ်လေသလော, ဟုတ်လေသလော, မဟုတ်လေသလော --- ဤသို့စသည်ဖြင့် ထက်ဝန်းကျင် ရွေ့လျားသည်၏ အစွမ်းဖြင့် ဝေ့လည်လည် ဖြစ်တတ်သော သဘောတရားကို သံသယ = ယုံမှားမှုဟု ခေါ်သည်။

နိစ္စံ နု ခေါ ဣဒံ, အနိစ္စံ နု ခေါတိအာဒိပဝတ္တိယာ ဧကသ္မိံ အာကာရေ သဏ္ဌာတုံ အသမတ္ထတာယ သမန္တတော သေတီတိ သံသယော။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

ဤရုပ်တရားသည် ဤနာမ်တရားသည် နိစ္စလေလော အနိစ္စလေလော ဤသို့စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် နိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ, အနိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ --- ဤသို့စသော တစ်ခုတည်းသော အခြင်းအရာ၌ ကောင်းစွာ တည်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ထက်ဝန်းကျင်၌ ဝေ့လည်လည် ဖြစ်တတ်သောကြောင့်လည်း သံသယ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

ဝိစိကိစ္ဆာကား ယင်းကဲ့သို့ ယုံမှားသံသယဖြစ်ခြင်း သဘောလက္ခဏာ ရှိပေသည်။

ကမ္ပနရသ --- ဝိစိကိစ္ဆာ၏ အထူးထူးသော အာရုံ၌ စိတ်၏ တုန်လှုပ်ခြင်း ကိစ္စဟူသည်ကား ဤသို့တည်း။

ဥဒ္ဓစ္စကား မိမိယူထားအပ်သောအာရုံ ယူထားပြီးသောအာရုံ၌သာလျှင် ရပ်တည်၍ ချာချာလည်တတ် လှုပ်ရှားတတ် တုန်လှုပ်တတ်၏။ ဝိစိကိစ္ဆာကား ရူပါရုံ စသည့် အာရုံတို့တွင် တစ်ခုတည်းသော အာရုံ၌သာ ဖြစ် သည် မှန်သော်လည်း -ဤသို့ ဖြစ်လေသလော, မဖြစ်လေသလော, ဤဟာလေလော, ထိုဟာလေလော, အခြား တစ်စုံတစ်ခုလေလော --- ဟု အခြား တစ်မျိုးမျိုးသော အာရုံယူသင့်သော အခြင်းအရာကို ငဲ့ကွက်မှု ရှိရကား အထူးထူးသော အာရုံ၌ စိတ်တုန်လှုပ်ခြင်း ကိစ္စရသ ဖြစ်သည်။ ဤကား အထူးမှတ်သားရန်တည်း။ (မဟာဋီ၊၂၊၁၅၃။)

ထပ်မံရှင်းလင်းချက် --- စိတ်လှုပ်ရှားဖွယ်ရာ ရူပါရုံတစ်ခုကို အာရုံယူသော် ထိုအာရုံ၌ စိတ်ငြိမ်ဝပ်စွာ မ- တည်တံ့ဘဲ ပျံ့လွင့်မှု လှုပ်ရှားမှု တုန်လှုပ်မှုကား ဥဒ္ဓစ္စသဘောတည်း။ ထိုရူပါရုံကိုပင် အတ္တလေလော, အတ္တ၏ ဥစ္စာလေလော, အတိတ်က ဖြစ်ခဲ့သလော, မဖြစ်ခဲ့သလော, ဤသို့စသည်ဖြင့် စွဲယူခြင်း = ရူပါရုံတစ်မျိုးတည်းကိုပင် အမျိုးမျိုးအဖုံဖုံ စွဲယူခြင်းသည် ဝိစိကိစ္ဆာ၏ အထူးထူးသော အာရုံ၌ တုန်လှုပ်မှုသဘောတည်းဟု မှတ်ပါ။ အတ္တ လေလောဟု စွဲယူခြင်းသည် အတ္တ မဟုတ်လေသလောဟူသော အခြားတစ်မျိုးသော စွဲယူမှုကို ငဲ့ကွက်မှု ရှိနေ၏။ အလားတူပင် ထိုရူပါရုံကိုပင် အတိတ်က ဖြစ်ခဲ့လေသလောဟု စွဲယူလျှင် မဖြစ်ခဲ့လေသလောဟူသော အခြား တစ်မျိုးသော အခြင်းအရာအားဖြင့် စွဲယူမှုကို ငဲ့ကွက်မှု ရှိနေ၏။ အတိတ်က မဖြစ်ခဲ့လေသလော စသည်ဖြင့် စွဲယူရာ၌လည်း အတိတ်က ဖြစ်ခဲ့လေသလော စသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် စွဲယူမှုကို ငဲ့မှု ရှိနေပုံ စသည်ကိုလည်း သဘောပေါက်ပါ။ ထိုသို့ ငဲ့ကွက်မှု ရှိနေခြင်းသည်ပင် အထူးထူးသော အာရုံ၌ တုန်လှုပ်သည်မည်သည် ဟူလိုသည်။

ပစ္စုပဋ္ဌာန် --- ရူပါရုံ စသည့် အာရုံကို အတ္တလေလော အတ္တ၏ ဥစ္စာလေလောဟု စွဲယူမှုသည် အတ္တဟူ၍ လည်းကောင်း, အတ္တ၏ ဥစ္စာဟူ၍လည်းကောင်း ယတိပြတ် ဆုံးဖြတ်ချက် မချနိုင်ခြင်းသဘော ဖြစ်၏၊ ထိုသို့ အာရုံကို ယတိပြတ် ဆုံးဖြတ်ချက် မချနိုင်ခြင်းသည် အတ္တ ဟုတ်လေသလော, မဟုတ်လေသလော, အတ္တ၏ ဥစ္စာလေလော, အတ္တ၏ ဥစ္စာ မဟုတ်လေသလောဟု စိတ်ကို နှစ်လုံးနှစ်ခွ ဖြစ်စေတတ်သည် မည်၏။ သို့အတွက် ဝိစိကိစ္ဆာသည် အာရုံကို ယတိပြတ် မဆုံးဖြတ်နိုင်ခြင်း စိတ်နှစ်လုံးနှစ်ခွဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။

ဤရူပါရုံသည် နိစ္စလေလော အနိစ္စလေလော, အတ္တလေလော အတ္တ မဟုတ်လေသလော, အတ္တ၏ ဥစ္စာ လေလော အတ္တ၏ ဥစ္စာ မဟုတ်လေသလောဟု အာရုံကိုယူမှုသည် နိစ္စဟုတ်၏ဟုလည်းကောင်း, အနိစ္စဟုတ်၏ဟု လည်းကောင်း, အတ္တဟုတ်၏ဟုလည်းကောင်း, အတ္တ မဟုတ်ဟုလည်းကောင်း, အတ္တ၏ ဥစ္စာဟုလည်းကောင်း, အတ္တ၏ ဥစ္စာ မဟုတ်ဟုလည်းကောင်း အာရုံကို ဧကန်အားဖြင့် ယူသည် မမည်ပေ။ ယင်းသို့ အာရုံကို နိစ္စလေ- လော အနိစ္စလေလော, အတ္တဟုတ်လေသလော မဟုတ်လေသလော, အတ္တ၏ ဥစ္စာ ဟုတ်လေသလော အတ္တ၏ ဥစ္စာ မဟုတ်လေသလော စသည်ဖြင့် အာရုံကို စွဲယူမှုသည် အာရုံ၌ ဧကန်မဟုတ်သော အထူးထူးသော သဘော ကို စွဲယူသည် မည်ပေသည်။ ထိုကြောင့် ဝိစိကိစ္ဆာကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်တွင် ဤဝိစိကိစ္ဆာတရားသည် အာရုံကို အမျိုးမျိုးအဖုံဖုံ ယူတတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်၊ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

ပဒဋ္ဌာန် --- ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့၌ နိစ္စလေလော, သုခလေလော, အတ္တလေလော, သုဘလေလော စသည်ဖြင့် နှလုံးသွင်းမှားခြင်း, ဘုရားစစ် ဘုရားမှန် ဟုတ်မှ ဟုတ်ပါ့မလား စသည်ဖြင့် နှလုံးသွင်းမှားခြင်းသည် အယောနိသောမနသိကာရတည်း။ ယင်းအယောနိသောမနသိကာရသည်ပင် ဝိစိကိစ္ဆာ၏ အနီးစပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်။

သတိပြုရန် --- ဤ (၈)ဌာနတို့၌ ယုံမှားခြင်းသည်သာ ဝိစိကိစ္ဆာအစစ် ဖြစ်သည်၊ ထိုဝိစိကိစ္ဆာသည် ပဋိပတ္တိ ကျင့်စဉ်၏ အန္တရာယ်ကို ပြုနိုင်၏။ သို့အတွက် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ် တရားတည်းဟူသော ဘုရားရှင်၏ ပဋိပတ်ကျင့်စဉ်ကို ကျင့်လိုသော အသင်ယောဂီသူတော်ကောင်းသည် ထို ဝိစိကိစ္ဆာတရားကို တဒင်္ဂအားဖြင့် ဆရာသမားတို့ထံမှ ကြားသိရသော သုတမယဉာဏ်ဖြင့် ရှေးဦးစွာ ပယ်ထားနိုင်ဖို့ လိုပေသည်။

အထက်ပါ ဝိစိကိစ္ဆာဖြစ်ရာ (၈)ဌာနတို့တွင် သိက္ခာသုံးရပ်လည်း ပါဝင်လျက် ရှိ၏။ ယင်း သိက္ခာသုံးရပ်တွင် သမာဓိသိက္ခာလည်း ပါဝင်လျက် ရှိ၏။ ယခုခေတ်၌ သမာဓိစခန်းနှင့် ပက်သက်၍ အမျိုးမျိုး ဝေဖန် သုံးသပ်ကြ၏။ အချို့ကလည်း သမထသည် သာသနာတွင်းတရား မဟုတ်၊ သာသနာပတရား ဖြစ်သည်၊ ဝိပဿနာသည်သာလျှင် သာသနာတွင်းတရား ဖြစ်သည်ဟုလည်း ဝေဖန်ကြပြန်၏။ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို သာသနာတွင်းတရား အဖြစ် လက်ခံနိုင်ပါလျှင် မဂ္ဂင် (၈)ပါးတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော သမ္မာသမာဓိကိုမှ အဘယ့်ကြောင့် သာသနာတွင်းတရားဟု လက်မခံနိုင်ရပါသနည်း၊ အလေးအနက် စဉ်းစားသင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။ အချို့ကလည်း ယခုခေတ်မှာ စျာန်မရနိုင်ဟု ဝေဖန်ကြပြန်၏။ ဘုရားရှင်၏ သမာဓိသိက္ခာ = သမာဓိကျင့်စဉ် အပေါ်၌ ယုံမှားသံသယရှိခြင်း ဝိစိကိစ္ဆာတစ်မျိုးပင်တည်း။ ယခုခေတ်မှာ သမာဓိထူထောင်လို့ မရနိုင်ပါဟု ယုံကြည်ချက် အပြည့်အဝဖြင့် စိတ်ကို တုံးတုံးချထားသူတစ်ဦးအဖို့ သမာဓိထူထောင်သည့် လုပ်ငန်းကို ပြုလုပ်ဖို့ရန် စိတ်ဆန္ဒကား လျော့သွားပြီ ဖြစ်၏။ ယင်းသံသယ ဝိစိကိစ္ဆာကလည်း သမာဓိဖြစ်ဖို့ရန် အန္တရာယ်ကို ပြုတော့ မည်သာ ဖြစ်သည်။ သမာဓိသိက္ခာဟူသော ပဋိပတ္တိကျင့်စဉ်၏ အန္တရာယ်ပင်တည်း။

ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ဥပါဒါနက္ခန္ဓာ (၅)ပါး, ဒုက္ခသစ္စာတရားတို့ကား ပညာသိက္ခာ၌ အကျုံးဝင်သော ပညာစခန်း ပညာကျင့်စဉ်များတည်း။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော ယင်းခန္ဓာ အာယတန ဓာတ် ဒုက္ခသစ္စာတရားတို့ကား သင်္ခတပရမတ်တရားတို့သာ ဖြစ်ကြ၏။ သင်္ခတပရမတ် ရုပ်တရား နာမ်တရားတို့သာ ဖြစ်ကြ၏။ ယင်းပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော ရုပ်တရား နာမ်တရားတို့ကား ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုအလိုက်သာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာရှိကြ၏။ ယင်းရုပ်ကလာပ် နာမ်ကလာပ် တို့ကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ သိမ်းဆည်း ရှုပွားနိုင်ပါမှ ရုပ်ပရမတ် နာမ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်၏။ သာဝကတို့သည် ယင်းရုပ်ကလာပ် နာမ်ကလာပ်တို့ကို ရှု၍ မရနိုင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မရှုနိုင်ဟု အချို့က အယူရှိကြပြန်၏။ ထိုအယူအဆကို လက်ခံကာ ဖားမြွေခဲသို့ ဇွတ် အတင်း စွဲယူထားသူကား အလွန်အားကြီးသော ဝိစိကိစ္ဆာတရားကို ယုယစွာ ရင်ဝယ်ပိုက်ထွေးထားသူသာ ဖြစ်၏။ ယင်းပုဂ္ဂိုလ်၏ သန္တာန်၌ ဘုရားဟောတော်မူသည့် ရုပ် (၂၈)ပါး ပရမတ်တရား, ဝီထိခေါ်သည့် စိတ္တနိယာမလမ်း ကြောင်း ဝီထိမုတ်ခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပွားသွားကြသော နာမ်ပရမတ်တရားတို့ကို သိအောင် ကြိုးစားအားထုတ်မည်ဟူသော ဆန္ဒဓာတ်မျှသည်ပင် ဖြစ်ဖို့ရန် အလွန် ခဲယဉ်းလျက် ရှိ၏။ ရုပ်ပရမတ် အစစ်ကို နာမ်ပရမတ်အစစ်ကို သိရေးကား မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။ ဝိစိကိစ္ဆာတရားက ပဋိပတ္တိကျင့်စဉ်၏ အန္တရာယ်ကိုပြုနိုင်ပုံ တစ်မျိုးတည်း။

နောက်တစ်မျိုး --- ဝိပဿနာဉာဏ်သည် အတိတ် အနာဂတ်ကို ရှု၍ မရနိုင်၊ အတိတ်သည် ချုပ်ဆုံးခဲ့ပြီး ဖြစ်၏၊ မရှိတော့ပြီ ဖြစ်၏၊ မရှိတော့သည့်တရားကို ဘယ်လိုလုပ် ရှုမလဲ။ အနာဂတ်သည်လည်း မရောက်ရှိလာသေး မဖြစ်ပေါ်လာသေး၊ မဖြစ်သေးတဲ့ တရားတစ်ခုကို ဘယ်လိုလုပ် ရှုမလဲ။ ဤသို့စသည်ဖြင့် ဆင်ခြေအမျိုးမျိုးပေးကာ အတိတ် အနာဂတ် ရှုမှုကို တွန်းလှန်ဖြိုဖျက်ထား၏။ အတိတ်ဘဝက ထူထောင်ခဲ့သည့် သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ဘဝ၌ ဒုက္ခသစ္စာဖြစ်မှုကို ရှု၍ မရနိုင်ဟုပင် ဆိုရာရောက်၏၊ ပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်သော သမုဒယသစ္စာကြောင့်လည်း နောင်အနာဂတ်တွင် ဒုက္ခသစ္စာဖြစ်မှုကို ရှု၍ မရနိုင်ဟုပင် ဆိုရာရောက်၏။ တစ်နည်း ဆိုရသော် အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရား ငါးပါးကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ ကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်း တရားငါးပါးကြောင့် --- ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း ရှု၍ မရနိုင်ဟု ဆိုရာရောက်၏။ ရှုဖို့ မလိုဟု ဆိုရာရောက်၏။ ကြောင်း-ကျိုးဆက် နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌ အလွန်ကြီးမားသော ဝိစိကိစ္ဆာတရား တစ်မျိုးပင်တည်း။ ယင်းဝိစိကိစ္ဆာ တရားကိုလည်း အလွန် ယုယကြင်နာစွာ ရင်ဝယ်ပိုက်ထွေးထားပါက ပဋိပတ္တိကျင့်စဉ်၏ အကြီးမားဆုံးသော အန္တရာယ်ကို ကြင်နာ ယုယစွာ မွေးမြူနေခြင်းပင် ဖြစ်၏။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ကျောခိုင်း၍ ထိုင်နေခြင်းပင် ဖြစ်၏။ ထိုကြောင့် အတိတ် အနာဂတ်ကို မရှုကောင်းပါဟူသော ပုံသေမူကို လက်ခံထားသော အသင်သူတော်ကောင်းသည် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ အပေါ်၌ ဖြစ်ပေါ် နေသော ဝိစိကိစ္ဆာတရားကို မည်သည့်နည်းနှင့်မျှ တဒင်္ဂပဟာန် သမုစ္ဆေဒပဟာန်တို့ဖြင့် ပယ်သတ်တွန်းလှန် နိုင်မည် မဟုတ်ပေ။ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ပုံစံမှန် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်တော့မည် လည်း မဟုတ်ပေ။ ယင်းသို့ မသိ မမြင်ကလည်း ယောဂီသူတော်ကောင်းအပေါင်းတို့ မျှော်လင့် တောင့်တထား အပ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးနှင့် ယောဂီသူတော်ကောင်းတို့သည် မျဉ်းဖြောင့်တစ်ကြောင်းပေါ်တွင် ကျောချင်းခိုင်းကာ သွားနေသကဲ့သို့ --- ဝေးသထက် ဝေးကွာသွားမည်သာ ဖြစ်ပေသည်။ ဤကား ဝိစိကိစ္ဆာတရားက ပဋိပတ္တိကျင့်စဉ်၏ အန္တရာယ်ကို ပြုတတ်ပုံ အမြွက်တည်း။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။

စာပေပရိယတ် ကျမ်းဂန်၏ အနက်အဓိပ္ပါယ်ကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ခြင်း ယုံမှားသံသယရှိခြင်း, တစ်စုံတစ်ခု အမှုကိစ္စကို ဖြစ်စေ, ခရီးသွားရာ၌ လမ်းကို ဖြစ်စေ ဟုတ်မှ ဟုတ်ပါ့မလား, ပြုလို့ တော်ပါ့မလား စသော ယုံမှားသံသယဖြစ်ခြင်း --- ဤသို့စသော ယုံမှားသံသယများလည်း ရံခါ ဖြစ်တတ်၏။ ရဟန္တာအရှင်မြတ် များပင် ဝိနည်းတော်ဆိုင်ရာ၌ ဤအမှုဟာ အပ်မှ အပ်ပါ့မလားဟု ယုံမှားတော်မူကြသေး၏။ ဤယုံမှားသံသယ ကား ဝိစိကိစ္ဆာ မဟုတ်၊ တစ်ချို့အရာ၌ စဉ်းစားကြံစည်တတ် ဝေဖန်တတ်သောဉာဏ်, တစ်ချို့အရာ၌ အကြံ သက်သက် ဝိတက်သဘောသာ ဖြစ်၏။ ဧကန် ယုံထိုက်သော ဘုရား စသည်ကို မယုံသင်္ကာ ဖြစ်နေရာ၌သာ ဝိစိကိစ္ဆာအစစ် ဖြစ်သည်။ ဤသို့ ဝိစိကိစ္ဆာ ဖြစ်သောအခါ ပညာရှိများထံ မေးမြန်းရမည်၊ သို့မှသာ ဝိစိကိစ္ဆာ ကင်းကွာလျက် ဘုရား စသည်တို့၌ ယုံကြည်မှုသဒ္ဓါတရား ဖြစ်ပေါ်လာနိုင်ပေမည်။ သို့သော် ကောင်းသထက် ကောင်းသော နည်းလမ်းကား အောက်ထစ်ဆုံး ပမာဏအားဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် ကြိုးစားခြင်း ပင်တည်း။ အကယ်၍ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် ပေါက်မြောက်ခဲ့ပါမူကား တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ချေသည်။

စိတ္တဿ ဌိတိ --- ဝိစိကိစ္ဆာစိတ်နှင့် ယှဉ်တွဲဖြစ်သော စေတသိက်တို့မှာ ဝိစိကိစ္ဆာနှင့်တကွ နာမ်တရား (၁၆)လုံးတို့ ဖြစ်ကြ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်ကြည့်ပါ။) ယင်းနာမ်တရား (၁၆)လုံးတို့တွင် ဧကဂ္ဂတာစေတသိက်လည်း ပါဝင်၏။ အခြားစိတ်များ၌ ယှဉ်သော ဧကဂ္ဂတာစေတသိက်သည် အာရုံတစ်ခုပေါ်၌ စိတ်အစဉ် = ဝီထိစဉ် အတော်များများ ရှည်အောင် ကျေးဇူးပြုပေးသကဲ့သို့ ဤဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ယှဉ်သော ဧကဂ္ဂတာသည် စိတ်အစဉ် = ဝီထိစဉ် အတော်များများ ရှည်အောင် ကျေးဇူးပြုမပေးနိုင်၊ ဤစိတ်သည် အား နည်းသော ဒုဗ္ဗလစိတ် ဖြစ်ခြင်းကြောင့် ဖြစ်နေသော ဝိစိကိစ္ဆာသဟဂုတ်စိတ်၏ ဥပါဒ် ဌီ ဘင် ခဏတ္တယမျှ = ခဏငယ်သုံးခု အခိုက်အတန့်မျှ တည်ရုံသာ ကျေးဇူးပြုနိုင်၏။ ထိုကြောင့် ဘုရားရှင်သည် ဝိစိကိစ္ဆာနှင့် ယှဉ်တွဲ နေသော ဧကဂ္ဂတာကို စိတ္တဿ ဌိတိဟု တစ်ပုဒ်သာ ဟောတော်မူသည်။ သဏိ္ဌတိ အဝဌိတိ စသည်ဖြင့်လည်း ကောင်း, သမာဓိန္ဒြိယံ စသည်ဖြင့်လည်းကောင်း ဟောတော်မမူ။ ဤ ဝိစိကိစ္ဆာစိတ်၌ ယှဉ်သော ဧကဂ္ဂတာသည် သမာဓိန္ဒြေလည်း မထိုက် ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

ကိလေသာ အသေးအဖွဲ

အကုသိုလ်တရားမှန်လျှင် အသေးအဖွဲပင် ဖြစ်လင့်ကစား မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော သဘော ရှိပေ၏။ အထူးသဖြင့် မိမိတို့၏ စိတ်အစဉ်၌ တည်ရှိသော ကိလေသာ အညစ်အကြေးတို့ကို သီလရေစင် သမထ ရေစင် ဝိပဿနာရေစင် မဂ်ရေစင် ဖိုလ်ရေစင်တို့ဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ရာ၌ ဆရာကောင်း သမားကောင်းတို့၏ အကူအညီကား များစွာပင် လိုအပ်လျက် ရှိပေသည်။ ဤ၌ အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ အခက်အခဲတစ်ရပ်ကို တင်ပြအပ်ပါသည်။

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ရဟန်းပြုပြီးနောက် ထိုပထမဝါတွင်းမှာပင် သမာပတ် (၈)ပါးတို့ကို ရရှိ တော်မူကာ လောကဓာတ်စကြဝဠာပေါင်း တိုက်တစ်ထောင်ကို ရှုမြင်ခြင်းငှာ စွမ်းနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ် အသိဉာဏ်ကို ဖြစ်စေတော်မူခဲ့လေသည်။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် တစ်နေ့သ၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်ထံသို့ ကြွရောက်တော်မူပြီးလျှင် မိမိ၏တရားနှင့် ပတ်သက်သည့် အခက်အခဲများကို တင်ပြ လျှောက်ထား၏။

ဣဓာဟံ အာဝုသော သာရိပုတ္တ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သဟဿလောကံ ဩလောကေမိ။ အာရဒ္ဓံ ခေါ ပန မေ ဝီရိယံ အသလ္လီနံ၊ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ၊ ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ၊ သမာဟိတံ စိတ္တံ ဧကဂ္ဂံ။ အထ စ ပန မေ အနုပါဒါယ အာသဝေဟိ စိတ္တံ န ဝိမုစ္စတီတိ။ အထ နံ ထေရော အာဟ ယံ ခေါ တေ အာဝုသော အနုရုဒ္ဓ ဧဝံ ဟောတိ အဟံ ဒိဗ္ဗေန စက္ခုနာ။ ပ ။ ဩလောကေမီတိ၊ ဣဒံ တေ မာနသ္မိံ။ ယမ္ပိ တေ အာဝုသော အနုရုဒ္ဓ ဧဝံ ဟောတိ -- အာရဒ္ဓံ ခေါ ပန မေ ဝီရိယံ။ ပ။ ဧကဂ္ဂန္တိ၊ ဣဒံ တေ ဥဒ္ဓစ္စသ္မိံ။ ယမ္ပိ တေ အာဝုသော အနုရုဒ္ဓ ဧဝံ ဟောတိ - အထ စ ပန မေ အနုပါဒါယ အာသဝေဟိ စိတ္တံ န ဝိမုစ္စတီတိ။ ဣဒံ တေ ကုက္ကုစ္စသ္မိံ။ သာဓု ဝတာယသ္မာ အနုရုဒ္ဓေါ ဣမေ တယော ဓမ္မေ ပဟာယ ဣမေ တယော ဓမ္မေ အမနသိကရိတွာ အမတာယ ဓာတုယာ စိတ္တံ ဥပသံဟရတူ --- တိ ဧဝမဿ ထေရော ကမ္မဋ္ဌာနံ ကထေသိ။ (အံ၊ဋ္ဌ၊၃၊၂၂၅။)

၁။ အရှင်ဘုရား သာရိပုတ္တရာ ...တပည့်တော်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ကို လွန်သော နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခုအဘိညာဏ်မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင် ပါ၏။

၂။ တပည့်တော်သည် မတွန့်မဆုတ် လုံ့လကို အားထုတ်ပါ၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်ပါ၏၊ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏၊ စိတ်သည် တစ်ခုတည်းသောအာရုံ ရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည် ပါ၏။

၃။ ထိုသို့ ဖြစ်ပါလျက်လည်း တပည့်တော်၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါဘုရား ...၊

ဤသို့ တင်ပြလျှောက်ထားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်က အရှင်အနုရုဒ္ဓါမထေရ်မြတ် ကို ဤသို့ မိန့်ကြားပေးတော်မူ၏။

၁။ ငါ့ရှင်အနုရုဒ္ဓါ ...ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခုအဘိညာဏ်မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်၏ဟု ဤသို့ အကြံ ဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် မာန ဖြစ်၍နေ၏။

၂။ ငါ့ရှင်အနုရုဒ္ဓါ ...ငါသည် မတွန့်မဆုတ် လုံ့လကို အားထုတ်၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်၏၊ ကိုယ်သည် ပူပန်ခြင်း မရှိ ငြိမ်းအေး၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ ကောင်းစွာ တည်ကြည်၏၊ - ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် စိတ်ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်၍နေ၏။

၃။ ငါ့ရှင်အနုရုဒ္ဓါ ...ထိုသို့ ဖြစ်ပါလျက်လည်း ငါ၏စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါ တရားတို့မှ မလွတ်ကင်းသေး၊ --- ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် တွေးတောမှု = သံသယ ကုက္ကုစ္စ = သို့လောသို့လော တွေးတောယုံမှားမှု ဝိစိကိစ္ဆာနှင့် နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ ဖြစ်နေ၏။

ငါ့ရှင်အနုရုဒ္ဓါ ...တပည့်တော် တိုက်တွန်းတောင်းပန်စကား ပြောကြားလိုသည်မှာ --- အရှင်အနုရုဒ္ဓါ သည် မိမိသန္တာန်၌ ဖြစ်ပွားနေသော မာန ဥဒ္ဓစ္စ သံသယ ကုက္ကုစ္စတရားတို့ကို ပယ်စွန့်၍ ဤတရားတို့ကို နှလုံး မသွင်းမူ၍ အမြိုက်နိဗ္ဗာန်ဓာတ်သို့ မိမိ၏စိတ်ကို ပို့ဆောင်စေချင်ပါသည် --- ဟူ၍ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ကမ္မဋ္ဌာန်းတရား ဟောကြားပေးတော်မူလေသည်။ (မဟာဗုဒ္ဓဝင်၊၆-ပထမပိုင်း၊၁၆၂-၁၆၃။ အံ၊ဋ္ဌ၊၁၊၁၅၀။ အံ၊ဋ္ဌ၊၃၊၂၂၅။)

အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်သည်ပင် ဘာဝနာလုပ်ငန်းခွင်၌ ကြီးစွာသော အနှောင့်အယှက်တစ်ခု ဖြစ်တတ်သဖြင့် ထိုအကုသိုလ်များ စိတ်အစဉ်ဝယ် ဖြစ်ပေါ်မလာအောင် ကြိုးပမ်းဖို့ကား အထူးလိုအပ် ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ အောက်ပါ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ္တန်သည်လည်း အသင်သူတော်ကောင်း အတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။ ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

__________

အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ္တန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ ဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ အရှင်ရာဟုလာသည်လည်း အမ္ဗလဋ္ဌိက ကျောင်းတိုက်တော်၌ သီတင်းသုံးနေတော်မူ၏။ (ဝေဠုဝန်ကျောင်းတိုက်ကြီး၏ အာရာမ်အတွင်း၌ပင်လျှင် အစွန် အဖျားကျသော တစ်နေရာ၌ ကမ္မဋ္ဌာန်းကျောင်းအဖြစ် ဆောက်လုပ်ထားအပ်သော ဆိတ်ငြိမ်မှု ဝိဝေကသုခကို အလိုရှိကုန်သော သူတို့အတွက် ဆောက်လုပ် လှူဒါန်းထားအပ်သော အမ္ဗလဋ္ဌိက အမည်ရှိသော ပြာသာဒ်ဆောင် ကျောင်းတစ်ကျောင်း ဖြစ်၏။)

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်တွင် ဖလသမာပတ်ဝင်စားလျက် ကိန်းအောင်းတော်မူရာမှ ထတော်မူ၍ အမ္ဗလဋ္ဌိကကျောင်း အရှင်ရာဟုလာ အထံသို့ ချဉ်းကပ်တော်မူလေ၏။ အရှင်ရာဟုလာသည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်တော်မူ၍ နေရာကို ခင်းထားတော်မူ၏၊ ခြေဆေးရေကိုလည်း တည်ထား တော်မူ၏။ မြတ်စွာဘုရားသည် ခြေဆေးတော်မူရန် ခင်းထားသောနေရာ၌ ထိုင်ပြီးလျှင် ခြေတို့ကို ဆေးတော် မူ၏။ အရှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ရေကြွင်းရေကျန်ကို ရေအင်တုံထဲ၌ ချန်ထားတော်မူ၍ အရှင်ရာဟုလာကို မိန့်တော်မူ၏ --- ရာဟုလာ ...သင်သည် ဤအနည်းငယ်သော ရေကြွင်းရေကျန်ကို ခြေဆေး ရေအင်တုံထဲ၌ ချန်ထားသည်ကို မြင်၏လော --- ဟု မေးတော်မူ၏။ အရှင်ဘုရား ...မြင်ပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်း တရားသည် ဤအတူ နည်းပါးလှချေ၏။ ထိုနောက် မြတ်စွာဘုရားသည် အနည်းငယ်သော ရေကြွင်းရေကျန်ကို စွန့်ပစ်တော်မူလိုက်၍ အရှင်ရာဟုလာကို --- ရာဟုလာ ...အနည်းငယ်သော ရေကြွင်းရေကျန်ကို စွန့်ပစ်တော် မူလိုက်သည်ကို မြင်၏လော --- ဟု မေးတော်မူ၏။ အရှင်ဘုရား ...မြင်ပါ၏ဟု လျှောက်ထား၏။

ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်း တရားသည် ဤအတူ စွန့်ထားပြီး ဖြစ်သည်သာတည်း။

ထိုနောက် မြတ်စွာဘုရားသည် ထို ခြေဆေးရေအင်တုံကို မှောက်၍ အရှင်ရာဟုလာကို --- ရာဟုလာ သင်သည် ဤရေအင်တုံကို မှောက်ထားသည်ကို မြင်၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ...မြင်ပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်းတရားသည် ဤအတူ မှောက်ထားပြီး ဖြစ်သည်သာတည်း။

ထိုနောက် မြတ်စွာဘုရားသည် ထိုခြေဆေးရေအင်တုံကို လှန်၍ အရှင်ရာဟုလာကို --- ရာဟုလာ ... သင်သည် ဤရေအင်တုံကို အချည်းနှီး ဘာမျှမရှိသည်ကို မြင်၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ... မြင်ပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်းတရားသည် ဤအတူ အချည်းနှီး ဘာမျှမရှိသည်သာတည်း။

ရာဟုလာ ...ဥပမာသော်ကား ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက် တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ေ့ရှခြေတို့ ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ေ့ရှကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏။ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ သို့ရာတွင် နှာမောင်းကိုမူကား စောင့်ရှောက်သည်သာတည်း။ (နှာမောင်းကို ပါးစပ်ထဲ၌ သွင်းထား၍ စောင့်ရှောက်သည်သာတည်း။)

ထိုဆင် ပြုလုပ်သောအရာ၌ ဆင်စီးသူရဲ၏ သန္တာန်၌ ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်လာ၏ ---ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုး ကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်လတ်သော် ေ့ရှခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ေ့ရှကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏။ သို့ရာတွင် နှာမောင်းကိုမူ စောင့်ရှောက်သည်သာတည်း၊ မင်းစီးဆင်သည် အသက်ကိုမူကား မစွန့်နိုင်သေးချေဟု စိတ်အကြံ ဖြစ်၏။

ရာဟုလာ ...အကြင်အခါ၌ကား ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက် တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ရောက်သော် ေ့ရှခြေတို့ဖြင့် လည်း အမှုကိစ္စကို ပြု၏။ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကိုပြု၏။ ပ ။ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နှာမောင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ထိုဆင် ပြုလုပ်သောအရာ၌ ဆင်စီးသူရဲအား ဤသို့သော အကြံ ဖြစ်ပေါ် လာ၏။

ရထားလှည်းသန်နှင့် အလားတူသော အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ရောက်သော် ေ့ရှခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ေ့ရှကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နှာမောင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ မင်းစီးဆင်သည် အသက်ကိုပင် စွန့်လွှတ်ထားပြီ၊ ယခုအခါ၌ မင်းစီးဆင် မပြုမလုပ်သော အမှုမည်သည် တစ်စုံတစ်ခုမျှ မရှိတော့ပြီ၊ဟု စိတ်အကြံ ဖြစ်၏။

ရာဟုလာ ...ဤဥပမာအတူပင်လျှင် သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော မည်သည့်ရဟန်းအားမဆို မပြုလုပ်သော (မပြုလုပ်နိုင်သော) အကုသိုလ် မကောင်းမှုသည်လည်း တစ်စုံတစ်ခုမျှ မရှိပြီဟူ၍ ငါဘုရားသည် ဟောတော်မူ၏၊ ရာဟုလာ ...ထိုကြောင့် ဤမုသာဝါဒ၌ ရယ်ရွှင်မြူးထူးလို၍မျှလည်း ချွတ်ယွင်းသောစကားကို မဆိုအံ့ဟု ဤသို့လျှင် သင်ချစ်သားသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

ရာဟုလာ ...ထိုငါဘုရား မိန့်ဆိုတော်မူမည့် စကားကို သင်ချစ်သားသည် အဘယ်သို့လျှင် အောက်မေ့ မှတ်ထင် ယူဆလေသနည်း။ ကြေးမုံ = မှန်သည် အဘယ်အကျိုး ရှိသနည်း --- ဟု မေးမြန်းတော်မူ၏။ အရှင်ဘုရား ကြေးမုံ = မှန်သည် ကြည့်ရှုရခြင်း အကျိုး ရှိပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...ဤဥပမာအတူသာလျှင် ကြည့်ရှု = ဆင်ခြင်၍ ကြည့်ရှု = ဆင်ခြင်၍ ကိုယ်အမူအရာကို ပြုရမည်၊ ကြည့်ရှု = ဆင်ခြင်၍ ကြည့်ရှု = ဆင်ခြင်၍ နှုတ်အမူအရာကို ပြုရမည်၊ ကြည့်ရှု = ဆင်ခြင်၍ ကြည့်ရှု = ဆင်ခြင်၍ စိတ်အမူအရာကို ပြုရမည်။

ရာဟုလာ ...သင်သည် အကြင်အမှုကို ကိုယ်ဖြင့်ပြုလိုသည် ဖြစ်အံ့၊ ထိုကိုယ်အမှုကို သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကို ဆင်းရဲစေခြင်း ငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါးတို့ကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလောဟု သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်သည်ရှိသော် ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလုပ်လို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကိုယ်ကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာ၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်း ငှာလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာ၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် စင်စစ် မပြုသင့် မပြုထိုက်ပေ။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကိုယ်ကို ဆင်းရဲစေခြင်းငှာလည်း မဖြစ်ရာ၊ သူတစ်ပါးကို ဆင်းရဲစေ ခြင်းငှာလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ဆင်းရဲစေခြင်းငှာလည်း မဖြစ်ရာ၊ ဤကိုယ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာမှုကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် ပြုသင့် ပြုထိုက်ပေ၏။

ရာဟုလာ ...သင်သည် ကိုယ်ဖြင့် အမှုကို ပြုနေဆဲဖြစ်သော်လည်း ထိုကိုယ်အမှုကို သင်သည် ဉာဏ် ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုနေဆဲဖြစ်၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော၊ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုနေဆဲဖြစ်၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် ရုပ်သိမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်သည်ရှိသော် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုနေဆဲဖြစ်၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသား ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤကိုယ်အမှုသည် ကောင်းမှုကုသိုလ်တည်း၊ ချမ်းသာ ကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့။ ရာဟုလာ ...ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် ကြိုးပမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ကိုယ်ဖြင့် အမှုကို ပြုပြီးသော်လည်း ထိုကိုယ်အမှုကို သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော၊ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေ တတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော ကိုယ် အမှုကို သင်ချစ်သားသည် ဆရာသမားထံ၌ ဖြစ်စေ ပညာရှိသတင်းသုံးဖော်တို့ထံ၌ ဖြစ်စေ၊ ပြောကြားရမည်၊ ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားရမည်၊ မိမိ၏ အပြစ်ကို ထင်စွာပြုရမည်။ ပြောကြားပြီး၍ ပွင့်ပွင့်လင်းလင်း တင်ပြ လျှောက်ထားပြီး၍ မိမိ၏ အပြစ်ကို ထင်စွာပြုပြီး၍ နောင်အခါ၌ (မည်သည့်အခါမျှ ဤအမှုမျိုးကို မပြု ကျင့်တော့ပါဟု) စောင့်စည်းခြင်းသို့ ရောက်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤကိုယ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏၊ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...သင်ချစ်သားသည် (ထိုပြုပြီးကုသိုလ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော) ထို နှစ်သက် ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားဖြင့် ပင်လျှင် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေရာ၏။

ရာဟုလာ ...သင်ချစ်သားသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလိုသည် ဖြစ်အံ့ = ပြောဆိုလိုသည် ဖြစ်အံ့၊ ထိုနှုတ်အမှုကို သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏ = ပြောဆိုလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏ = ပြောဆိုလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲခြင်းကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ... ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် စင်စစ် မပြုသင့်ပေ။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏ = ပြောလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏၊ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိ သော နှုတ်အမှုကို သင်ချစ်သားသည် ပြုသင့် ပြုထိုက်ပေ၏။

ရာဟုလာ ...သင်သည် နှုတ်အမှုကို ပြုနေဆဲဖြစ်သော်လည်း = ပြောနေဆဲဖြစ်သော်လည်း ထိုနှုတ်အမှုကို သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုနေဆဲ ဖြစ်၏ = ပြောဆိုနေဆဲ ဖြစ်၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုနေဆဲ ဖြစ်၏ = ပြောဆိုနေဆဲ ဖြစ်၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏။ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် ရုပ်သိမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုနေဆဲ ဖြစ်၏ = ပြောဆိုနေဆဲ ဖြစ်၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် ကြိုးပမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် နှုတ်အမှုကို ပြုပြီးသော်လည်း ထိုနှုတ်အမှုကို သင်ချစ်သားသည် ဉာဏ် ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုမိပြီ = ပြောဆိုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါး နှစ်ဦး သားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ် သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်နှုတ်အမှုကို ပြုမိပြီ = ပြောဆိုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် ဆရာသမားထံ၌ ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ ဖြစ်စေ ပြောကြားရမည်၊ ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားရမည်၊ မိမိအပြစ်ကို ထင်စွာပြုရမည်။ ပြောကြားပြီး၍ ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားပြီး၍ မိမိ၏ အပြစ်ကို ထင်စွာပြုပြီး၍ နောင်အခါ၌ (မည်သည့်အခါမျှ ဤအမှုမျိုးကို မပြု ကျင့်တော့ပါဟု) စောင့်စည်းခြင်းသို့ ရောက်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် နှုတ်ဖြင့် အကြင်အမှုကို ပြုမိပြီ = ပြောဆိုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...သင်ချစ်သားသည် (ထိုဝစီကံမှု ကုသိုလ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော) ထိုနှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားဖြင့် သာလျှင် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေရာ၏။

ရာဟုလာ ...သင်ချစ်သားသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ သင်ချစ်သားသည် ထိုသို့ သဘော ရှိသော စိတ်အမှုကို ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤ စိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘော ရှိသော စိတ်အမှုကို သင်ချစ်သားသည် စင်စစ် မပြုသင့် မပြုထိုက်ပေ။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘော ရှိသော စိတ်အမှုကို သင်ချစ်သားသည် ပြုသင့် ပြုထိုက်ပေ၏။

ရာဟုလာ ...သင်ချစ်သားသည် စိတ်အမှုကို ပြုနေဆဲ ဖြစ်သော်လည်း ထိုစိတ်အမှုကိုသာလျှင် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲ ခြင်းငှာလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော၊ --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့ သဘောရှိသော စိတ်အမှုကို သင်ချစ်သားသည် ရုပ်သိမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော စိတ်အမှုကို သင်ချစ်သားသည် ကြိုးပမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် စိတ်အမှုကို ပြုလုပ်ပြီးသော်လည်း ထိုစိတ်အမှုကို သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာ လည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိသလော၊ --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော် - ငါသည် အကြင်အမှုကို စိတ် ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ် ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော စိတ်အမှုကို သင်ချစ်သားသည် ငြီးငွေ့ရမည်၊ ရှက်ရမည်၊ စက်ဆုပ်ရမည်၊ ငြီးငွေ့၍ ရှက်၍ စက်ဆုပ်၍ နောင်အခါ (ဤကဲ့သို့သော စိတ်အမှုမျိုးကို မည်သည့်အခါမျှ မပြုတော့အံ့ဟု) စောင့်စည်းခြင်းသို့ ရောက်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွား စေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...သင်ချစ်သားသည် (ထိုကဲ့ သို့သော စိတ်အပြုအမူမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော) ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေရမည်။

ရာဟုလာ ...လွန်လေပြီးသောအခါက ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်သော နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်သော စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြ ကုန်သော သမဏ ဗြာဟ္မဏအားလုံးတို့သည် ဤသို့ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်၏၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်၏။ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်၏။

ရာဟုလာ ...လာလတ္တံ့သော အနာဂတ်ကာလ၌ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်လတ္တံ့ ဖြစ်ကုန်သော နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်လတ္တံ့ ဖြစ်ကုန်သော စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်လတ္တံ့ ဖြစ်ကုန်သော သမဏ ဗြာဟ္မဏ အားလုံးတို့သည် ဤသို့ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ကြကုန်လတ္တံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ကြကုန်လတ္တံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ကြကုန်လတ္တံ့။

ရာဟုလာ ...ယခုအခါ၌ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်သော နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်သော စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်သော သမဏ ဗြဟ္မဏအားလုံးတို့သည် ဤသို့ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူ စင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်၏၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်၏၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်၏။

ရာဟုလာ ...ထိုကြောင့် ဤသာသနာတော်၌ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်အံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်အံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင် သန့်ရှင်းအောင် သုတ်သင်အံ့ဟု သင်ချစ်သားသည် ဤသို့သာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

ဤသို့လျှင် မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏၊ အရှင်ရာဟုလာသည် မြတ်စွာဘုရား၏ တရားစကားတော်ကို နှစ်သက် ဝမ်းမြောက်တော်မူလေ၏။ (မ၊၂၊၇၇-၈၃။)

ဉာဏ်ဖြင့် ဆင်ခြင်ပါ

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ရဟန်းတို့ ...ထိုသို့ ပုထုဇန် သတ္တဝါမှန်သမျှတို့သည် ဒိဋ္ဌိတည်းဟူသော တောက်ကို လည်ပင်း၌ ဆွဲကာ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သက္ကာယချည်တိုင်၌ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ချည်နှောင် ထားအပ်သည် ဖြစ်သောကြောင့် --- ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည် ဤ ငါတို့၏ စိတ်သည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ညစ်နွမ်းနေရပေ၏ --- ဟူ၍ မိမိတို့၏ စိတ်ကို အမြဲမပြတ် မကြာခဏ ဉာဏ်ဖြင့် ဆင်ခြင်ပေးပါ။ ရဟန်းတို့ ...စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏ (ပင်ပန်းကြရကုန်၏ ဆင်းရဲ ကြရကုန်၏)။ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏။ (သံ၊၂၊၁၂၃။)

ဤတွင် သတ္တဝါတို့၏ စိတ်ဓာတ်ကို ညစ်နွမ်းအောင် ပြုလုပ်ပေးနေသော စိတ်ဆိုး စိတ်ရိုင်း ဖြစ်အောင် ဖန်တီးပေးနေသော အကုသိုလ် စေတသိက် (၁၄)လုံးတို့ကို တင်ပြပြီးလေပြီ၊ ယခုအခါ၌ စိတ်ဓာတ်ကို ဖြူစင် သန့်ရှင်းအောင် ပြုပြင်ပေးနိုင်သော စွမ်းအား ရှိသော သောဘဏ အမည်ရသော တင့်တယ်ကောင်းမြတ်သော စေတသိက် (၂၅)လုံးတို့၏ လက္ခဏ ရသ စသည်တို့ကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

__________