နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ
- ပဋိစ္စသမုပ္ပါဒ်ဝိဘင်းပါဠိတော်
- ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် သိမ်းဆည်းပုံ
- အလုပ်စခန်းကို စတင်အားသစ်ပုံ
- နိမိတ်ထင်ပုံ အပိုင်း
- ပဋိသန္ဓေအကြောင်း သိကောင်းစရာ
- အတ္ထနယ (၄) မျိုး = နည်း (၄) ထွေ
- (ကလလရေကြည် တည်စခိုက်) ပဋိသန္ဓေ ခန္ဓာငါးပါး
- ပဋိစ္စသမုပ္ပါဒ် ပထမနည်း
- အဝိဇ္ဇာပစ္စယာ သင်္ခါရာ
- ပဋ္ဌာန်းပစ္စည်းများ
- အဝိဇ္ဇာပစ္စယာသင်္ခါရာ
- သင်္ခါရပစ္စယာ ဝိညာဏံ
- ဝိညာဏပစ္စယာ နာမရူပံ
- နာမရူပပစ္စယာ သဠာယတနံ
- သဠာယတနပစ္စယာ ဖဿော
- ဖဿပစ္စယာ ဝေဒနာ
- ဝေဒနာပစ္စယာ တဏှာ
- ဥပါဒါနပစ္စယာ ဘဝေါ
- ဘဝပစ္စယာ ဇာတိ
- ဇာတိပစ္စယာ ဇရာမရဏံ
- ပဋိစ္စသမုပ္ပါဒ် ဒုတိယနည်း
- ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ
နိဗ္ဗာနဂါမိနိပဋိပဒါ - တတိယတွဲ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ
မြတ်စွာဘုရားသည် တရားတော်၏ နက်နဲပုံကို လေးနက်စွာ ဆင်ခြင်တော်မူခြင်း
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသည့် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှ သတ္တသတ္တာဟ = ခုနစ်ရက် ခုနစ်လီ = (၄၉)ရက် လွန်မြောက်၍ ရက်ပေါင်း (၅၀)သို့ ရောက်သော ဝါဆိုလဆန်း (၆)ရက် ကြာသပတေးနေ့ နံနက်ခင်းအခါဝယ် လင်းလွန်းပင်ရင်း၌ သီတင်းသုံးထိုင်နေရာမှ ထတော်မူပြီးလျှင် တစ်ဖန် အဇပါလနိဂြောဓ အမည်ရသည့် ဆိတ်ကျောင်းညောင်ပင်ရင်းသို့ပင် ကြွသွား ချဉ်းကပ်တော်မူလျက် ထိုအဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေကာ ထိုင်လျက် သီတင်းသုံးတော်မူလိုက်၏။ ထိုအခါ နား မျက်စိ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်မိကာ တစ်ပါးထီးတည်း ကိန်းအောင်း စံနေတော်မူသော မြတ်စွာဘုရားရှင်၏ သန္တာန်တော်ဝယ် ဤသို့သော စိတ်အကြံ အစည်သည် ဖြစ်တော်မူ၏ ----
အဓိဂတော ခေါ မျာယံ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော၊ အာလယရာမာ ခေါ ပနာယံ ပဇာ အာလယရတာ အာလယသမ္မုဒိတာ၊ အာလယရာမာယ ခေါ ပန ပဇာယ အာလယရတာယ အာလယသမ္မုဒိတာယ ဒုဒ္ဒသံ ဣဒံ ဌာနံ ယဒိဒံ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပါဒေါ၊ ဣဒမ္ပိ ခေါ ဌာနံ ဒုဒ္ဒသံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။ အဟဉ္စေဝ ခေါ ပန ဓမ္မံ ဒေသေယျံ၊ ပရေ စ မေ န အာဇာနေယျုံ၊ သော မမဿ ကိလမထော၊ သာ မမဿ ဝိဟေသာတိ။ (ဝိ၊၃၊၅။ ဒီ၊၂၊၃၁။)
သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ဖြင့် ငါဘုရားရှင် ကိုယ်တော်တိုင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်အပ်ပြီးသော ဤသစ္စာလေးပါး တရားအစုသည် မြေအထုကို ခံလင့်သော ရေထုပမာ နက်နဲလှစွာ၏၊ မြင်းမိုရ်တောင်ကြီးဖြင့် ဖုံးအုပ်၍ ထားအပ်သော မုန်ညင်းစေ့ပမာ မြင်နိုင်ခဲလှစွာ၏၊ အလွယ်ကလေးဖြင့် မြင်ဖို့ရန်ကား မစွမ်းနိုင်လေရာ၊ အကြိမ်တစ်ရာ ခွဲစိတ်ထားအပ်သော သားမြီးစွန်းတစ်ခုဖြင့် သားမြီးစွန်းတစ်ခုကို တည့်တည့်မှန်အောင် ထိုးရ ထောက်ရသည့်ပမာ လွန်စွာ သိနိုင်ခဲလှ၏၊ အလွယ်ကလေးဖြင့် ထိုးထွင်း သိဖို့ ရန်ကား မစွမ်းနိုင်လေရာ။
ငါထိုးထွင်း သိမြင်အပ်သော ဤလောကုတ္တရာတရားတော်သည်ကား ငြိမ်းချမ်းလှစွာ၏၊ မွန်မြတ်လှစွာ၏။
ဤသစ္စာလေးပါး တရားတော်သည် စိတ်ကူးယဉ် အတွေးအခေါ်ပညာရှင် တက္ကီသမားတို့၏ အကြံ ဝိတက်ဖြင့် သက်ဝင် ကျက်စားအပ်သော တရားမဟုတ်၊ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့်သာ သက်ဝင် ကျက်စား အပ်သော တရား ဖြစ်၏၊ သိမ်မွေ့လှစွာ၏၊ သမ္မာပဋိပဒါ = နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော အကျင့်မှန်ကို ကျင့်ကြံကုန်ဘိ ပညာရှိသူတော်ကောင်းတို့သည်သာ သိမြင်အပ်သော တရား ဖြစ်၏။
ဤသတ္တဝါအပေါင်းသည်ကား အာရုံ (၅)ပါး ကာမဂုဏ်တရားတည်းဟူသော ကာမာလယ, ထိုအာရုံ (၅)ပါး ကာမဂုဏ်တရားတို့ကို မှီဝဲသုံးဆောင်တတ်သော တဏှာလယ ---- ထိုကာမာလယ တဏှာလယ နှစ်ပါးတို့ဖြင့် မွေ့လျော်နေကြကုန်၏၊ ထိုအာလယ နှစ်ပါးတို့၌ ပျော်ပိုက် နှစ်ခြိုက်၍ နေကြကုန်၏၊ အစွဲကြီးစွဲကာ အခုံမင်ကြီး ခုံမင်၍ နေကြကုန်၏။ ယင်းသို့ အာလယနှစ်ပါးတို့ဖြင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခုံမင်၍ နေကြသော သတ္တဝါ အပေါင်းသည် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပွားနေသော ဤ ပဋိစ္စသမုပ္ပါဒ်တရားတော် ကိုသိမြင်နိုင်ခဲလှစွာ၏။
ကျွမ်းကျင်လိမ္မာသော ဥယျာဉ်မှူးသည် ကောင်းစွာ စိုက်ပျိုး စီမံထားအပ်သော, အပွင့်အသီးတို့ဖြင့် ဖူးပွင့်ဝေဆာလျက်ရှိသော, သစ်ပင် ပန်းပင် စသည်တို့နှင့် ပြည့်စုံသော ဥယျာဉ်တော်အတွင်းသို့ ချင်းနင်း ဝင်ရောက်လာသော ဘုရင်မင်းမြတ်သည် ထိုထို အပွင့်အသီးတို့ဖြင့် ဖူးပွင့်ဝေဆာလျက်ရှိသော ပန်းပင် သစ်ပင်အပေါင်းနှင့် ပြည့်စုံနေသော ဥယျာဉ်တော်ကို မြင်တွေ့ရသောအခါ ထိုထို ပြည့်စုံမှုကို ကြည့်ရှုရသဖြင့် ထိုထို ပြည့်စုံမှု သမ္ပတ္တိကို ခံစားရသဖြင့် ဥယျာဉ်တော်၌ အမွေ့လျော်ကြီး မွေ့လျော်လျက် ရှိ၏၊ အပျော်ကြီး ပျော်လျက် ရှိ၏၊ အနှစ်ခြိုက်ကြီး နှစ်ခြိုက်လျက် ရှိ၏၊ ဝမ်းအသာကြီး သာလျက် ရှိ၏။ ငြီးငွေ့မှုမရှိ ဖြစ်နေ၏။
ဤဥပမာအတူပင် ဤသတ္တဝါတို့သည်လည်း သံသရာဝဋ်ဆင်းရဲတည်းဟူသော ဥယျာဉ်ကြီးအတွင်း၌ ငြိကပ်မှီဝဲအပ်သော ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်သော ကာမာလယ, ငြိကပ်မှီဝဲတတ်သော တဏှာတို့ဖြင့် မွေ့လျော်သော တဏှာလယတည်းဟူသော အာလယနှစ်ပါးတို့ဖြင့် အမွေ့လျော်ကြီး မွေ့လျော်နေကြကုန်၏၊ အပျော်ကြီး ပျော်နေကြကုန်၏၊ အနှစ်ခြိုက်ကြီး နှစ်ခြိုက်နေကြကုန်၏၊ အခုံမင်ကြီး ခုံမင်နေကြကုန်၏၊ ဝမ်းအသာကြီး သာနေကြကုန်၏။
သံသရာဝဋ်၌ မငြီးငွေ့နိုင်ကြဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ နေထိုင်လျက် ရှိကြကုန်၏။ ယင်းသို့ အာလယ နှစ်ပါးတို့ဖြင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခုံမင်၍ နေကြသော သတ္တဝါအပေါင်းသည် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပွားနေသော ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို သိမြင်နိုင်ခဲလှစွာ၏။
ခပ်သိမ်းသော သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာဖြစ်သော, ကာမုပဓိ, ခန္ဓုပဓိ, ကိလေသုပဓိ, အဘိသင်္ခါရုပဓိ တည်းဟူသော ဒုက္ခ၏တည်ရာ ဥပဓိလေးဖြာတို့ကို အကုန်ပယ်စွန့်ရာဖြစ်သော, ကင်းရာဖြစ်သော, တဏှာအပြား (၁၀၈)ပါးတို့၏ ကုန်ခန်းရာဖြစ်သော, တစ်ထောင့်ငါးရာ ကိလေသာ = ရာဂတို့၏ ကင်းရာဖြစ်သော, ဆင်းရဲ ခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကိုကား သာ၍ပင် မြင်နိုင်ခဲလှစွာ၏။
ငါဘုရားရှင်ကလည်း ထိုမျှလောက် နက်နဲသော တရားတော်ကို ဟောကြားမိငြားအံ့၊ ဣန္ဒြေနုံ့သူ မကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ သတ္တဝါတို့ကလည်း ငါဘုရားရှင်၏ ထိုတရားတော်မြတ်ကို မသိမြင်နိုင် နားမလည်နိုင်ကြကုန်လျှင် ယင်းမသိမမြင်နိုင်သူ နားမလည်နိုင်သူ မကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ သတ္တဝါ တို့အား တရားဟောခြင်းသည် ငါဘုရားရှင်၏ အတွက်တာ ပင်ပန်း နွမ်းနယ်ရုံမျှသာ ဖြစ်လေရာ၏ ----
မြတ်စွာဘုရားရှင်၏ သန္တာန်ဝယ် ဤကဲ့သို့သော စိတ်အကြံအစည်သည် ဖြစ်တော်မူလာ၏။ ထို့ပြင်လည်း မြတ်စွာဘုရားရှင်၏ ဉာဏ်တော်ဝယ် အလွန်တရာ အံ့ဩဖွယ်ကောင်းကုန်သော ဤနှစ်ဂါထာတို့သည် ရှေးက မကြားဖူးကုန်ဘဲ ထင်ရှား ဖြစ်ပေါ်လာကြကုန်၏ ----
ကိစ္ဆေန မေ အဓိဂတံ၊ ဟလံ ဒါနိ ပကာသိတုံ။
ရာဂဒေါသပရေတေဟိ၊ နာယံ ဓမ္မော သုသမ္ဗုဓော။
ပဋိသောတဂါမိံ နိပုဏံ၊ ဂမ္ဘီရံ ဒုဒ္ဒသံ အဏုံ။
ရာဂရတ္တာ န ဒက္ခန္တိ၊ တမောခန္ဓေန အာဝုဋာ။
(ဝိ၊၃၊၅-၆။ ဒီ၊၂၊၃၁။)
မေ = ငါဘုရားသည်။ ကိစ္ဆေန = ပါရမီဆယ်ပါး, အပြားသုံးဆယ်, သုံးသွယ်စရိယ, စွန့်ခြင်းကြီးငါးရပ် အစရှိသော ပါရမီတော်မြတ်အပေါင်းကို ခဲယဉ်းစွာ ဖြည့်ကျင့် ဆည်းပူးတော်မူခြင်းဖြင့်။ အဓိဂတံ = ရရှိသိမြင် အပ်သော။ ဣမံ ဓမ္မံ = ဤသစ္စာလေးချက် တရားနက်ကို။ ဒါနိ = ဣဒါနိ = ဘုရားဖြစ်လာ ယခု လောလောဆယ် အခါ၌။ ပကာသိတုံ = လူ နတ် ဗြဟ္မာ သတ္တဝါတို့အား ထင်ရှားစွာ ဟောပြတော်မူခြင်းငှာ။ ဟလံ = အခွင့်မလျော် မသင့်တော်သေးချေ။ အယံ ဓမ္မော = ဤ သစ္စာလေးချက် တရားနက်ကို။ ရာဂဒေါသပရေတေဟိ = ရာဂ ဒေါသ ပြွမ်းပြွမ်းထလျက် လွှမ်းမိုး နှိပ်စက်အပ်ကုန်သော သူတို့သည်။ န သုသမ္ဗုဓော = လင်းလင်း ထင်ထင် အလွယ်နှင့် သိမြင်ကြမည် မဟုတ်ချေ။
တမောခန္ဓေန = အဝိဇ္ဇာစု အမှောင်ထုသည်။ အာဝုဋာ = ပညာမျက်စိ ဘိတ်မရှိအောင် လွှမ်းဖိ အုပ်ဖုံး အပ်ကုန်သည် ဖြစ်၍။ ရာဂရတ္တာ = ကာမရာဂ ဘဝရာဂ ဒိဋ္ဌိရာဂတို့ဖြင့် တပ်မက်စွဲလမ်းကြသူ နတ်လူအပေါင်း တို့သည်။ နိပုဏံ = သိမ်မွေ့စွာသော။ ဂမ္ဘီရံ = မြေအထုကို ခံလင့်သော ရေထုပမာ နက်နဲလှစွာသော။ ဒုဒ္ဒသံ = မြင်းမိုရ်တောင်ကြီးဖြင့် ဖုံးအုပ်၍ ထားအပ်သော မုန်ညင်းစေ့ပမာ မြင်နိုင်ခဲလှစွာသော။ အဏုံ = အဏုမြူပမာ သိမ်မွေ့စွာသော။ ပဋိသောတဂါမိံ= သံသရာ့အဆန် နိဗ္ဗာန်သို့ ရောက်ကြောင်း သစ္စာလေးပါးတည်းဟူသော တရားကောင်းကို။ န ဒက္ခန္တိ = မြင်နိုင်ကြလိမ့်မည် မဟုတ်ကုန်။ (ဝိ၊၃၊၅-၆။ ဒီ၊၂၊၃၁။)
ဘုရားရှင်၏ သစ္စာလေးရပ် တရားမြတ်ကား ဤမျှ ခက်ခဲနက်နဲလှ၏။ ထိုသို့ ခက်ခဲနက်နဲသော သစ္စာ လေးပါးတို့တွင် ပဋိစ္စသမုပ္ပါဒ်တရားတော်လည်း ပါဝင်လျက်ပင် ရှိပေ၏။
သစ္စသံယုတ် ကူဋာဂါရသုတ္တန် စသည်တို့၌ သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင်ဟု ဟောကြားထားတော်မူသကဲ့သို့ အလားတူပင် သစ္စာလေးရပ်တို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားတော်ကိုလည်း အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ပါက သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ မလွတ်မြောက်နိုင်ကြောင်းကိုလည်း မဟာနိဒါနသုတ္တန် (ဒီ၊၂၊၄၇။) စသည်တို့၌ ဘုရားရှင် ကိုယ်တော်တိုင်ပင် ဟောကြားထားတော်မူခဲ့၏။
မည်မျှပင် အသိခက်၍ နက်နဲငြားသော်လည်း ထိုပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို မသိမမြင်ပါက သံသရာမှ မလွတ်မြောက်နိုင်သဖြင့် သံသရာမှ လွတ်မြောက်လိုသူတိုင်းသည် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိအောင် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။
ထိုသို့ ကြိုးပမ်းရာ၌ --- အသင်သူတော်ကောင်းသည် ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်ကိုကား ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ ခံယူနိုင်ရမည် ဖြစ်သည်။
၁။ သီလဝိသုဒ္ဓိ = သီလစင်ကြယ်အောင် ကြိုးစားပါ။
၂။ စိတ္တဝိသုဒ္ဓိ = နီဝရဏအညစ်အကြေးတို့မှ စိတ်ဓာတ် ဖြူစင်သန့်ရှင်းအောင် ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာခေါ်သည့် စျာန်သမာဓိ တစ်ခုခုကို ရအောင် ကြိုးစားပါ။
၃။ ဒိဋ္ဌိဝိသုဒ္ဓိ = ရုပ်နာမ်တို့၌ ဉာဏ်အမြင်သန့်ရှင်းအောင် = ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် = နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိအောင် ကြိုးစားပါ။
၄။ ထိုအခါတွင်မှ ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ တက်လှမ်းပါ။
အကယ်၍ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိတည်းဟူသော ဝိသုဒ္ဓိကျင့်စဉ်နှင့် မပြည့်စုံသေးဘဲ = သီလလည်း မစင်ကြယ်သေးဘဲ, ဥပစာရ အပ္ပနာ နှစ်ဖြာသောသမာဓိ တစ်ခုခုမျှလည်း မရှိသေးဘဲ, ရုပ်နာမ်ကိုလည်း ပရမတ်သို့ဆိုက်အောင် မသိမမြင်သေးဘဲ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို စင်ကြယ်အောင် ဆေးကြော သုတ်သင်နိုင်သည့် စွမ်းအင် အပြည့်အဝရှိသော ကင်္ခါဝိတရဏဝိသုဒ္ဓိ အမည်ရသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် ကြိုးပမ်း ခဲ့သော် = ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ထိုးထွင်းသိမြင်အောင် ကြိုးပမ်းခဲ့သော် အဆင့်ကျော်နေသဖြင့် သပိတ်ကွဲ ကိုယ်ကြေသာရှိချေမည်၊ ပိုးသာကုန်၍ မောင်ပုံစောင်းမတတ်သာ ရှိချေမည်။ အောင်မြင်မှု ရရှိဖို့ရန် မလွယ်ကူပေ။
သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေး၍ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ဖောက်ခွဲနိုင်ပါမှသာလျှင် ဤပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် လည်ပတ်ပုံကို ထွင်းဖောက် သိမြင်နိုင်သောကြောင့် ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)
ထိုကြောင့် တရားစစ် တရားမှန်ကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်း သူမြတ်လောင်း အပေါင်းတို့သည် ဘုရားရှင် ဟောကြားထားတော်မူသည့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ရှုကွက်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း ----