နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် သိမ်းဆည်းပုံ
ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် သိမ်းဆည်းပုံ
အပရော ----
၁။ ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။
၂။ ဣဓ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာတိ ဣမေ ပဉ္စ ဓမ္မာ ဣဓူပပတ္တိဘဝသ္မိံ ပုရေကတဿ ကမ္မဿ ပစ္စယာ။
၃။ ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မိံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာတိ ဧဝံ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန နာမရူပဿ ပစ္စယပရိဂ္ဂဟံ ကရောတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၅။) (ပဋိသံ၊၅၀။)
ကမ္မသဟာယတ္တာ ကိလေသဝဋ္ဋံ ကမ္မဝဋ္ဋေ ပက္ခိပိတွာ ဝုတ္တံ ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေနာတိ။ (မဟာဋီ၊၂၊၃၇၆။)
အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် တစ်နည်း ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် နာမ်ရုပ်၏ အကြောင်းတရား သိမ်းဆည်းခြင်းကို ပြုလုပ်၏။ (ကံ၏ အပေါင်းအဖော်ဖြစ်သောကြောင့် ကိလေသဝဋ်ကို ကမ္မဝဋ်၌ ထည့်သွင်း၍ ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်း ဖြင့်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားခြင်းဖြစ်သည်ဟု မှတ်ပါ။)
အတိတ်အကြောင်းတရား (၅) ပါး
အတိတ်ဘဝ၌ ကမ္မဘဝအမည်ရသော ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ----
၁။ သစ္စာလေးပါး အမှန်တရားကို မသိမှုသဘော, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှု သဘောကား အဝိဇ္ဇာတည်း။
၂။ လူ့ဘဝ = လူ့ခန္ဓာ, နတ်ဘဝ = နတ်ခန္ဓာ စသည့် ခန္ဓာငါးပါးတို့ကို ဖြစ်ပေါ်အောင် ပြုလုပ်ကြောင်း ကုသိုလ်တရား အကုသိုလ်တရားတို့ကား သင်္ခါရတည်း။
၃။ လူ့ဘဝ နတ်ဘဝစသည့် ထိုထိုဘဝ ထိုထို ကာမဝတ္ထုကို တွယ်တာတပ်မက်တတ်သော သဘောကား တဏှာတည်း။
၄။ ထိုထိုဘဝ ထိုထိုကာမဝတ္ထု အပေါ်၌ စိတ်ကပ်ရောက်စွဲနေခြင်း သဘောကား ဥပါဒါန်တည်း။ (ရင့်ကျက် သော တဏှာတည်း။)
၅။ ထိုထိုကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာသည် ဘဝမည်၏။ (ကမ္မဘဝတည်း။ ကံတည်း။ ဝိပဿနာရှုရာ၌ စေတနာကို ပဓာနထားပါ။ ကြောင်း-ကျိုးဆက်ရာ၌ ကံကို ပဓာနထားပါ။)
ဤတွင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ သင်္ခါရနှင့် ကံတို့ကား ကမ္မဝဋ်တည်း။ အတိတ်အကြောင်းတရား ငါးပါးတို့တည်း။ ယင်းအတိတ်အကြောင်းတရား ငါးပါးကြောင့် အောက်ပါ ပစ္စုပ္ပန် အကျိုးတရားငါးပါးတို့သည် ဖြစ်ပေါ်လာကုန်၏။ ယင်းအကျိုးတရားတို့ကား ဝိပါကဝဋ်တရားတို့တည်း။
ပစ္စုပ္ပန်အကျိုးတရား (၅) ပါး
၁။ အတိတ်ဖြစ်သော ဘဝတစ်ပါးကို ပစ္စုပ္ပန်ဘဝနှင့် တစ်ဖန် စပ်ခြင်းသဘော စပ်တတ်သော သဘောဟု ဆိုအပ်သော ပဋိသန္ဓေစိတ်သည် တစ်နည်း ဝိပါက်စိတ်သည် ဝိညာဏ်တည်း။
၂။ အမိဝမ်းသို့ သက်ဝင်သကဲ့သို့ ဖြစ်ခြင်းသဘောသည် နာမ်ရုပ်တည်း။
၃။ စက္ခုစသော ပသာဒသည် သဠာယတနတည်း။
၄။ အာရုံကို တွေ့ခြင်းသဘော တွေ့ထိတတ်သော သဘောသည် ဖဿတည်း။
၅။ အာရုံကိုခံစားခြင်းသဘော ခံစားတတ်သော အခြင်းအရာအားဖြင့် ဖြစ်တတ်သောသဘောသည် ဝေဒနာ တည်း။
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - အတိတ်အကြောင်းကြောင့် ဖြစ်သော ပစ္စုပ္ပန် အကျိုးတရားငါးပါးတည်း။
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
ဓမ္မကထိကနတ်သားကဲ့သို့သော အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ရွယ်တောင့်တ၍ ဤပစ္စုပ္ပန် ဘဝတွင် ပြုစုပျိုးထောင်နေသော ---- အဝိဇ္ဇာ+တဏှာ+ဥပါဒါန်+သင်္ခါရ+ကံ တို့ကား ပစ္စုပ္ပန်အကြောင်းတရား ငါးပါးတို့တည်း။ ကမ္မဝဋ်တည်း။ တစ်နည်း ကိလေသဝဋ် ကမ္မဝဋ်တည်း။
အနာဂတ်အကျိုးတရား (၅) ပါး
ဤပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်ထားသော ယင်းအကြောင်းတရားငါးပါးကြောင့် နောင်အနာဂတ်တွင် ထင်ရှားဖြစ်ပေါ်လာလတ္တံ့သော ဇာတိအမည်ရသော ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ကား အနာဂတ် အကျိုးတရားစုတို့တည်း၊ ဝိပါကဝဋ်တည်း။
ဤသို့လျှင် အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးတို့၌ ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် တစ်နည်းဆိုသော် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် နာမ်ရုပ်၏ အကြောင်းတရားတို့ကို သိမ်းဆည်းပါ။
ဤနည်းစနစ်မှာ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကား၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထားသောနည်း ဖြစ်ပါသည်။
ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း
ဤနည်းစနစ်ကို ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟု ဤကျမ်းတွင် ခေါ်ဝေါ်သုံးစွဲထားပါသည်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးတို့၌ အကြောင်းတရားတို့ကို တစ်စု, အကျိုးတရားတို့ကို တစ်စုထား၍ သိမ်းဆည်းသော စနစ်ပင် ဖြစ်သည်။ ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း၌ လာရှိသော ဥဒယဉာဏ် (၂၅), ဝယဉာဏ် (၂၅)ဟူသော ဥဒယဗ္ဗယဉာဏ် (၅၀)တို့ကို ရရှိအောင် ဝိပဿနာရှုပွားရာ၌ ယောဂါဝစရပုဂ္ဂိုလ်ဘက်က ကြိုတင်ရရှိ ထားသင့် သော အကြောင်း-အကျိုး သိမ်းဆည်းနည်းလည်း ဖြစ်သည်။ ဥဒယဗ္ဗယ ဝိပဿနာဉာဏ်အတွက် အလွန် ကျေးဇူးများသော ပစ္စယပရိဂ္ဂဟဉာဏ်တစ်မျိုးပင် ဖြစ်သည်။ (အကျယ်ကို နောက်တွင် တွေ့ရလတ္တံ့။)
ဤတိုင်အောင် ပဋိစ္စသမုပ္ပါဒ်နည်း (၅)နည်းတို့ကို ရှင်းလင်း တင်ပြခဲ့ပြီးလေပြီ။ ဤကျမ်းတွင်ကား အကြောင်းတရားတို့ကို စတင်ရှာဖွေသည့် အပိုင်း၌ အလယ်မှ အရင်းသို့သွားသော စနစ်ကို ဖော်ပြထားပါသည်။ အကြောင်းတရားတို့ကို ရှာဖွေတွေ့ရှိပြီးသောအခါ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် အပိုင်း၌ ဤ ပဉ္စမနည်းရှုကွက်ကို ဦးစွာဖော်ပြထားပါသည်။ ဤတွင် ကမ္မဝဋ် ဝိပါကဝဋ်တို့နှင့် ပတ်သက်၍ သိသင့်သော အချက်များကို ရှေးဦးစွာ တင်ပြပေအံ့ ----
ဧကဒေသတော ဇာနိတဗ္ဗံ = တစ်စိတ် တစ်ဒေသ သိရမည်
ယောဂါဝစရပုဂ္ဂိုလ်သည် ဤ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိလာသောအခါ ကံအကြောင်းကို တစ်နည်း ကံ-ကံ၏အကျိုးတရားကို တစ်စိတ်တစ်ဒေသအားဖြင့် သိရှိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။
ပါကကာလ = အကျိုးပေးရာကာလနှင့် စပ်၍ ကံ (၄) မျိုး
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ = မျက်မှောက်ဘဝ၌ အကျိုးပေးသော ကံ,
၂။ ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ၌ အကျိုးပေးသော ကံ,
၃။ အပရာပရိယဝေဒနီယကံ = တတိယဘဝမှ စ၍ အကျိုးပေးသော ကံ,
၄။ အဟောသိကံ = အကျိုးမပေးသော ကံ,
ဤသို့လျှင် ပါကကာလ = အကျိုးပေးရာ အချိန်ကာလနှင့် စပ်၍ ကံလေးမျိုး ရှိပေသည်။
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ = မျက်မှောက်သော ကိုယ်၏အဖြစ်၌ ခံစားအပ်သော အကျိုးရှိသော ကံ ---- တစ်ခုသော ဇောဝီထိအတွင်း၌ ဇော (၇)တန်တို့တွင် ပထမဇောနှင့်ယှဉ်သော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏။ ကုသိုလ်စေတနာလည်း ဖြစ်နိုင်၏။ အကုသိုလ်စေတနာလည်း ဖြစ်နိုင်၏။ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ဤပစ္စုပ္ပန် အတ္တဘော၌သာလျှင် အကျိုးကို ပေး၏။ ထိုသို့ ပစ္စုပ္ပန်အတ္တဘော၌ အကျိုးပေးဖို့ရန် မစွမ်းနိုင်သော်ကား ယင်းကံသည် ဖြစ်ပြီးသာဖြစ်၍ ကံ၏ အကျိုးတရားမူကား ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ မဟုတ်သဖြင့် အဟောသိကံ ဖြစ်လေသည်။
၂။ ဥပပဇ္ဇဝေဒနီယကံ = အခြားမဲ့သော ကိုယ်၏အဖြစ်၌ (= ပထမအနာဂတ်ဘဝ၌) ခံစားအပ်သော အကျိုး ရှိသောကံ ---- ကုသိုလ်ရေးဘက်၌လည်း ဒါန သီလ သမထ ဝိပဿနာစသော ထိုထို ကုသိုလ်ရေးကိစ္စကို ပြီးစေတတ်သော, အကုသိုလ်ရေးဘက်၌လည်း ထိုထို ပါဏာတိပါတ စသော အမှုကို ပြီးစီးစေတတ်သော သတ္တမဇောနှင့်ယှဉ်သော စေတနာသည် ဥပပဇ္ဇဝေဒနီယကံ မည်၏။ ထိုဥပပဇ္ဇဝေဒနီယကံသည် ပစ္စုပ္ပန် အတ္တဘော၏ အခြားမဲ့ဖြစ်သော ပထမအနာဂတ် အတ္တဘော၌ အကျိုးကိုပေးတတ်၏။ ထိုသို့ အကျိုးကို ပေးခြင်းငှာ မစွမ်းနိုင်ခဲ့သော် ယင်းကံသည် အဟောသိကံ မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၃၅-၂၃၆။)
၃။ အပရာပရိယဝေဒနီယကံ = ဤအတ္တဘောနှင့် ရှေးဦးစွာသော အနာဂတ် အတ္တဘောမှ တစ်ပါးသော အတ္တဘော အဆက်ဆက် အပြန်ပြန်၌ ခံစားအပ်သော အကျိုးရှိသော ကံ ----- ဇော (၇)တန်တို့တွင် ပထမဇောနှင့် သတ္တမဇောတို့၏ အကြား၌ အလယ်ဇော ငါးချက်နှင့် ယှဉ်သော စေတနာသည် အပရာပရိယဝေဒနီယကံ မည်၏။
၄။ တံ အနာဂတေ ယဒါ ဩကာသံ လဘတိ၊ တဒါ ဝိပါကံ ဒေတိ။ သတိ သံသာရပ္ပဝတ္တိယာ အဟောသိကမ္မံ နာမ န ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ထို အပရာပရိယဝေဒနီယကံသည် နောင်အနာဂတ်ဝယ် အကြင်အခါ၌ အကျိုးပေးဖို့ရန် အခွင့်ကိုရရှိ၏။ ထိုအခါ၌ အကျိုးကိုပေး၏။ သံသရာဟူသော မပြတ်မစဲဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် အဟောသိကံ မည်သည် မဖြစ်စကောင်းပေ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ပါကဒါနပရိယာယ = အကျိုးပေးရာ အလှည့်အကြိမ် အစဉ်အားဖြင့် ကံ (၄) မျိုး
၁။ ဂရုကံ = ကြီးလေးသော ကံ,
၂။ ဗဟုလကံ = (အာစိဏ္ဏကံ) = အကြိမ်များစွာ ပြုအပ် မှီဝဲအပ်ပြီးသော ကံ,
၃။ အာသန္နကံ = သေခါနီး၌ ပြုအပ် အောက်မေ့အပ်သော ကံ,
၄။ ကဋတ္တာကံ = ပြုအပ်ပြီးကာမျှသာ ဖြစ်သော ကံ ----
ဤသို့လျှင် အကျိုးပေးရာ အလှည့်အကြိမ် အစဉ်အားဖြင့် ကံသည် လေးမျိုး ပြားပြန်၏။
၁။ ဂရုကံ ---- တတ္ထ ကုသလံ ဝါ ဟောတု အကုသလံ ဝါ၊ ဂရုကာဂရုကေသု ယံ ဂရုကံ မာတုဃာတာဒိကမ္မံ ဝါ မဟဂ္ဂတကမ္မံ ဝါ၊ တဒေဝ ပဌမံ ဝိပစ္စတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ယံ ဂရုကန္တိ ယံ အကုသလံ မဟာသာဝဇ္ဇံ ကုသလံ မဟာနုဘာဝံ ကမ္မံ။ (မဟာဋီ၊၂၊၃၇၇။)
ထိုကံလေးမျိုးတို့တွင် ကုသိုလ်သည်မူလည်း ဖြစ်စေ, အကုသိုလ်သည်မူလည်း ဖြစ်စေ, ဂရုကကံ, အဂရုက ကံတို့တွင် = ကြီးလေးသောကံ, မကြီးလေးသောကံတို့တွင်, အကုသိုလ်အရာ၌ အမိကို သတ်ခြင်း = မာတုဃာတကကံ စသော ပဉ္စာနန္တရိယကံများနှင့် သေသည့်တိုင်အောင် မစွန့်လွှတ်သော နိယတမိစ္ဆာဒိဋ္ဌိ ကံများသည် ရှိကြ၏။ ကုသိုလ်အရာ၌ အာနုဘော်ကြီးသော မဟဂ္ဂုတ်ကံ = စျာန်ကုသိုလ်များသည် ရှိကြ၏။ ယင်းကံတို့ကား ဂရုကကံတို့တည်း။ အကုသိုလ်အရာ၌ အလွန်အပြစ်ကြီးသော ယင်းဂရုကကံတို့ကသာလျှင် ရှေးဦးစွာ အကျိုးပေး ၏။ ကုသိုလ်အရာ၌လည်း အလွန်အာနုဘော်ကြီးသော ယင်းဂရုကကံ အမည်ရသော မဟဂ္ဂုတ်ကံကသာလျှင် ရှေးဦးစွာ အကျိုးပေး၏။ အကျိုးကို ဖြစ်စေ၏။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
၂။ ဗဟုလကံ ---- တထာ ဗဟုလာဗဟုလေသုပိ ယံ ဗဟုလံ ဟောတိ သုသီလျံ ဝါ။ ဒုဿီလျံ ဝါ။ တဒေဝ ပဌမံ ဝိပစ္စတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
အကြိမ်များစွာပြုအပ် အကြိမ်များစွာမှီဝဲအပ်သော ဗဟုလကံ, အကြိ်မ်များစွာ မပြုအပ်, အကြိမ်များစွာ မမှီဝဲအပ်သော အဗဟုလကံတို့တွင်လည်း သုသီလျ = ကောင်းသော အကျင့်မူလည်း ဖြစ်သော, ဒုဿီလျ = မကောင်းသော အကျင့်မူလည်း ဖြစ်သော အကြိမ်များစွာပြုအပ် အကြိမ်များစွာမှီဝဲအပ်သော ကံသည် ရှိ၏၊ ထို ဗဟုလကံ = အာစိဏ္ဏကံကသာလျှင် ရှေးဦးစွာ အကျိုးကို ဖြစ်စေ၏။ ရှေးဦးစွာ အကျိုးပေး၏။
၃။ အာသန္နကံ ---- ယဒါသန္နံ နာမ မရဏကာလေ အနုဿရိတကမ္မံ။ ယဥှိ အာသန္နမရဏော အနုဿရိတုံ သက္ကောတိ၊ တေနေဝ ဥပပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
မရဏကာလေ အနုဿရိတန္တိ ပရိဗျတ္တဘာဝေန မရဏဿ အာသန္နကာလေ အနုဿရိတံ။ အာသန္နကာလေ ကတေ ဝတ္တဗ္ဗမေဝ နတ္ထီတိ ဟိ ဝုတ္တံ။ (မဟာဋီ၊၂၊၃၇၇။)
သေခါနီးကာလ၌ အဖန်တလဲလဲ အောက်မေ့အပ်သော ကံသည် အာသန္နကံ မည်၏။ သေခါနီးကာလ၌ ကပ်၍ပြုအပ်သော ကံ၏ အာသန္နကံ မည်မှုသည်ကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ ယင်း သေခါနီးကာလ မရဏာသန္နအခါ၌ ပြုအပ် အောက်မေ့အပ်သော ကံကို နီးကပ်သော သေခြင်းတရားရှိသော သတ္တဝါသည် အဖန်တလဲလဲ အောက်မေ့ခြင်းငှာ စွမ်းနိုင်ပါမူကား ထိုကံကသာလျှင် အကျိုးကို ဖြစ်စေ၏။ သေခါနီးကာလ မရဏာသန္န အခါဝယ် မရဏာသန္နဇော၏ အာရုံအဖြစ် ထင်ထင်ရှားရှား ပေါ်နေသော ကံမျိုး ဖြစ်သဖြင့် မရဏာသန္နဇောက ယင်းကံကို အဖန်တလဲလဲ အောက်မေ့နိုင်ခြင်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၃၆။ မဟာဋီ၊၂၊၃၇၇။)
၄။ ကဋတ္တာကံ ---- ဧတေဟိ ပန တီဟိ မုတ္တံ ပုနပ္ပုနံ လဒ္ဓါသေဝနံ ကဋတ္တာ ဝါ ပန ကမ္မံ နာမ ဟောတိ၊ တေသံ အဘာဝေ တံ ပဋိသန္ဓိံအာကဍ္ဎတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ဂရုကကံ ဗဟုလကံ အာသန္နကံ သုံးမျိုးတို့မှ လွတ်သော အဖန်ဖန် အထပ်ထပ် ရအပ်သော အာသေဝန ပစ္စည်းရှိသော ဤဘဝ၌ ဖြစ်စေ, ရှေးရှေး ဘဝများစွာ၌် ဖြစ်စေ ပြုအပ်သော ပြုအပ်ကာမျှဖြစ်သော ကံသည် ကဋတ္တာကံမည်၏။ အထက်ပါ ဂရုကကံ စသော ကံသုံးမျိုးတို့သည် မရှိလတ်သော် ဤကဋတ္တာကံက ပဋိသန္ဓေ အကျိုးကို ငင်၏။ ပဋိသန္ဓေအကျိုးကို ဖြစ်စေ၏။
ပဋိသန္ဓိဇနကဝသေန ဟိ ဂရုကာဒိကမ္မစတုက္ကံ ဝုတ္တံ။ (မဟာဋီ၊၂၊၃၇၇။)
ဂရုကကံ ဗဟုလကံ အာသန္နကံ ကဋတ္တာကံဟူသော ဤ ကမ္မစတုက္ကကို ပဋိသန္ဓေအကျိုးကို ပေးတတ်သော ဇနကကံ၏ အစွမ်းဖြင့် ဖွင့်ဆိုခြင်း ဖြစ်၏။
[မှတ်ချက် ---- သင်္ဂြိုဟ်ကျမ်း၌ကား ဂရုကကံ အာသန္နကံ အာစိဏ္ဏကံ ကဋတ္တာကံဟု အာသန္နကံကို နံပါတ်၊၂၊ အာစိဏ္ဏကံကို နံပါတ်၊၃၊ အရာ၌ထားသည်။ ဝိသုဒ္ဓိမဂ်၌ကား အာစိဏ္ဏကံကို နံပါတ်၊၂၊ အာသန္န ကံကို နံပါတ်၊၃၊ အရာ၌ထားသည်။ အားလုံး အသင့်ယုတ္တိရှိသည်ချည်းပင် ဖြစ်သည်။]
ကိစ္စနှင့်စပ်၍ ကံ (၄) မျိုး
၁။ ဇနကကံ = ဝိပါက် ကဋတ္တာရုပ်ကို ဖြစ်စေတတ်သောကံ,
၂။ ဥပတ္ထမ္ဘကကံ = အားပေးထောက်ပံ့တတ်သောကံ,
၃။ ဥပပီဠကကံ = ကပ်၍ ညှဉ်းဆဲ နှိပ်စက်တတ်သောကံ,
၄။ ဥပဃာတကကံ = ကပ်၍ဖြတ်တတ်သောကံ,
ဤသို့လျှင် ကိစ္စနှင့်စပ်သဖြင့် ကံလေးမျိုး ရှိ၏။
၁။ ဇနကကံ ---- တတ္ထ ဇနကံ နာမ ကုသလမ္ပိ ဟောတိ အကုသလမ္ပိ။ တံ ပဋိသန္ဓိယမ္ပိ ပဝတ္တေပိ ရူပါရူပဝိပါကက္ခန္ဓေ ဇနေတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ထိုကံလေးမျိုးတို့တွင် ဇနကကံမည်သည် ကုသိုလ်လည်း ဖြစ်နိုင်၏။ အကုသိုလ်လည်း ဖြစ်နိုင်၏။ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ကဋတ္တာရုပ် = ဝိပါကရုပ်တရားများနှင့် ဝိပါက်နာမ်တရားတို့ကို ထိုဇနကကံက ဖြစ်စေ တတ်၏။ ဝိပါက်ရုပ်တရားဟူရာ၌ ကမ္မဇရုပ်များနှင့် ကမ္မပစ္စယ ဥတုဇရုပ်များကို ဆိုလိုသည်။ ကမ္မပစ္စယ ဥတုဇ ရုပ်တရားဟူသည် နတ်သား နတ်သ္မီးတို့၏ ဘုံဗိမာန် ဥယျာဉ် ပဒေသာပင် စသည်နှင့် စကြဝတေးမင်းတို့၏ စကြာရတနာ စသည်တို့ကဲ့သို့သော ကံလျှင် အကြောင်းရင်းခံရှိသော ဥတုဇရုပ်များတည်း။
၂။ ဥပတ္ထမ္ဘကကံ ---- ဥပတ္ထမ္ဘကံ ပန ဝိပါကံ ဇနေတုံ န သက္ကောတိ၊ အညေန ကမ္မေန ဒိန္နာယ ပဋိသန္ဓိယာ ဇနိတေ ဝိပါကေ ဥပ္ပဇ္ဇမာနကသုခဒုက္ခံ ဥပတ္ထမ္ဘေတိ၊ အဒ္ဓါနံ ပဝတ္တေတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
သုခဒုက္ခသန္တာနဿ, နာမရူပပ္ပဗန္ဓဿ ဝါ စိရတရပ္ပဝတ္တိဟေတုဘူတံ ဥပတ္ထမ္ဘကံ။ (မဟာဋီ၊၂၊၃၇၉။)
ဥပတ္ထမ္ဘကကံသည်လည်း ကုသိုလ်လည်း ဖြစ်နိုင်၏။ အကုသိုလ်လည်း ဖြစ်နိုင်၏။ ယင်း ဥပတ္ထမ္ဘကကံကား ပဋိသန္ဓေဝိပါက်စသည့် အကျိုးဝိပါက်တရားကို မိမိကိုယ်တိုင်က တိုက်ရိုက်ဖြစ်စေခြင်းငှာ မစွမ်းနိုင်။ အခြားတစ် ပါးသော ဇနကကံစသည်က ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ပဝတ္တိ အကျိုးဝိပါက်တရားများကို ဖြစ်စေခဲ့သော် ဖြစ်ဆဲဖြစ်သော ချမ်းသာသုခ သန္တာန်အစဉ်ကို ဆင်းရဲဒုက္ခ သန္တာန်အစဉ်ကို တစ်နည်းဆိုရသော် နာမ်ရုပ် အစဉ်ကို ကြာမြင့်သည်ထက် ကြာမြင့်စွာ ဖြစ်ပေါ်နေအောင် အားပေးထောက်ပံ့ထား၏။ ကိုယ်တိုင်က အကျိုးမပေးနိုင် သော်လည်း တစ်ပါးသော ကံက အကျိုးပေးခွင့်ရလာအောင်, အကျိုးပေးခွင့် ရနေပြန်လျှင်လည်း အကျိုးပေး သန်လေအောင်, အကျိုးပေးသည့် အခါမှာလည်း ထိုအကျိုးတရားများ ကြာရှည်စွာ ဖွံ့ဖြိုးတိုးတက်လေအောင် ကုသိုလ်အရာမှာဖြစ်စေ, အကုသိုလ်အရာမှာဖြစ်စေ လျော်စွာအားပေးထောက်မ ကူညီတတ်သော ကံဟု ဆိုလို သည်။
၃။ ဥပပီဠကကံ ---- ဥပပီဠကံ အညေန ကမ္မေန ဒိန္နာယ ပဋိသန္ဓိယာ ဇနိတေ ဝိပါကေ ဥပ္ပဇ္ဇမာနကသုခဒုက္ခံ ပီဠေတိ ဗာဓတိ၊ အဒ္ဓါနံ ပဝတ္တိတုံ န ဒေတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ဥပပီဠကံ သုခဒုက္ခပ္ပဗန္ဓေ ပဝတ္တမာနေ သဏိကံ သဏိကံ ဟာပေတိ။ (မဟာဋီ၊၂၊၃၇၉။)
ဤ ဥပပီဠကကံမှာလည်း ကုသိုလ်ကံ အကုသိုလ်ကံ နှစ်မျိုးလုံးပင် ဖြစ်နိုင်၏။ အခြားသော ဇနကကံစသော ကံက ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ပဝတ္တိအကျိုးဝိပါက်ကို ဖြစ်စေခဲ့သော် ဖြစ်ဆဲဖြစ်သော ချမ်းသာသုခ သန္တာန်အစဉ် ဆင်းရဲဒုက္ခ သန္တာန်အစဉ်ကို တစ်နည်းဆိုသော် ဖြစ်ဆဲဖြစ်သော နာမ်ရုပ်အစဉ်ကို ညှဉ်းဆဲတတ် နှိပ်စက်တတ်သော, ကြာမြင့်စွာသော ကာလပတ်လုံး ဆက်လက် ဖြစ်စေခြင်းငှာ အခွင့်မပေးတတ်သောကံသည် ဥပပီဠကကံတည်း။ ဖြစ်ပေါ်ဆဲဖြစ်သော သုခဒုက္ခ သန္တာန်အစဉ်၌ ထိုသုခဒုက္ခ အစဉ်သန္တတိကို တစ်နည်း ရုပ်နာမ် အစဉ်သန္တတိကို တဖြည်းဖြည်း ဆုတ်ယုတ်စေတတ်သော ကံတည်း။ တစ်ပါးသောကံကို အကျိုးပေးခွင့် မရလေ အောင်, အခွင့်ရ၍ အကျိုးပေးနေသော ကံကိုလည်း အကျိုးပေး မထက်သန်လေအောင်, ရပြီးသော အကျိုး တရားကိုလည်း မဖွံ့ဖြိုးလေအောင် ကပ်၍ နှိပ်စက်တတ်သော ကံဟူလိုသည်။
၄။ ဥပဃာတကကံ --- ဥပဃာတကံ ပန သယံ ကုသလမ္ပိ အကုသလမ္ပိ သမာနံ အညံ ဒုဗ္ဗလကမ္မံ ဃာတေတွာ တဿ ဝိပါကံ ပဋိဗာဟိတွာ အတ္တနော ဝိပါကဿ ဩကာသံ ကရောတိ။ ဧဝံ ပန ကမ္မေန ကတေ ဩကာသေ တံ ဝိပါကံ ဥပ္ပန္နံ နာမ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ဥပဃာတကကံသည်လည်း ကုသိုလ်လည်း ဖြစ်နိုင်၏။ အကုသိုလ်လည်း ဖြစ်နိုင်၏။ ယင်းကံသည် မိမိ ကိုယ်တိုင်က ကုသိုလ်လည်း ဖြစ်နိုင် အကုသိုလ်လည်း ဖြစ်နိုင်သဖြင့် မိမိမှတစ်ပါးသော အခြားအားနည်းသော ကံကို သတ်တတ်၏။ ကံကို သတ်တတ်၏ ဟူသည်မှာလည်း ထိုကံ၏ အကျိုးဝိပါက်ကို တားမြစ်ခြင်းပင်တည်း။ သို့အတွက် ဥပဃာတကကံသည် အခြားတစ်ပါးသော အားနည်းသော ကံကို သတ်၍ ထိုကံ၏ အကျိုးဝိပါက်ကို တားမြစ်၍ မိမိ၏ အကျိုးဝိပါက်၏ ဖြစ်ခွင့်ကို ပြုလုပ်တတ်၏။ ဤသို့လျှင် ဥပဃာတကကံသည် မိမိ၏ အကျိုး ဝိပါက်၏ ဖြစ်ခွင့်ကို ပြုလုပ်သည်ရှိသော် ထိုဝိပါက်တရားကို ဖြစ်ပေါ်လာစေသည် မည်၏ဟူ၍ ဆိုအပ်ပေသည်။ နှိပ်စက်ရုံတွင် မကဘဲ တစ်ပါးသော အားနည်းနေသော ကံကို လုံးဝအကျိုးမပေးနိုင်အောင်, ပေးပြီးသော အကျိုးများကိုလည်း ပြတ်သွားအောင် သတ်ဖြတ်သော ကံကို ဥပဃာတကကံဟု ခေါ်ဆိုသည် ဟူလိုသည်။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)
ဥပပီဠကကံနှင့် ဥပဃာတကကံ
ယင်းကံနှစ်မျိုးတို့၏ ထူးခြားမှုကို မဟာဋီကာတွင် ဤသို့လည်း ဆက်လက်၍ ဖော်ပြထား၏ ---- ဥပပီဠက ကံကား အခြားသော ကံ၏ အကျိုးဝိပါက်ကို ဖြတ်နိုင်၏။ မိမိမူကား မိမိ၏ အကျိုးဝိပါက်ကို မဖြစ်စေနိုင်။ ဥပဃာတကကံကား အားနည်းသော ကံတစ်ပါးကို ဖြတ်တောက်၍ မိမိ၏ အကျိုးဝိပါက်ကို ဖြစ်စေနိုင်၏။ ဤကား အထူးတည်း။
များပြားသော အနာရောဂါရှိမှု အနာရောဂါထူပြောမှု စသည်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရား ကို အနီး၌ ချထားခြင်း အနီး၌ ကျရောက်စေခြင်းဖြင့် အခြားသောကံက ပေးနေသော အကျိုးတရားကို နှိပ်စက် တတ်သော ကံသည် ဥပပီဠကကံမည်၏။ (အခြားကံက ပေးနေသော အကျိုးတရားကို နှိပ်စက်တတ်သော ဥပပီဠက ကံဟူသည် အနာရောဂါ ထူပြောခြင်းစသည်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကို ထိုအခြားကံ၏ အကျိုးတရား အနီး၌ ကျရောက်စေခြင်း ချထားခြင်းပင် ဖြစ်သည်ဟု ဆိုလိုသည်။) ထိုအတူပင် အခြားကံက ပေးနေသော အကျိုးတရားကိုပင်လျှင် ကပ်၍ ဖြတ်တတ်သော ကံသည် ဥပဃာတကကံ မည်၏။ ဤသို့ ယူဆရာ၌ အကြောင်းမှာ ဤသို့ ဖြစ်၏။ ---- အခြားကံတစ်ပါးကို သတ်ဖြတ်၍ မိမိ၏ အကျိုးဝိပါက်အား အကျိုးပေးခွင့်ကို ပြုခြင်းဖြင့် အကျိုးကို ဖြစ်စေရန် ရင့်ကျက်လာခြင်း အကျိုးပေးခြင်း သဘောတရားသည် ဥပဃာတကကံ၌ ရှိသည် ဖြစ်ခဲ့သော် ဥပဃာတကကံ အမည်မရနိုင်ဘဲ ဇနကကံ မည်သည်သာ ဖြစ်ပေရာသည်။ ဇနကကံ စသည့် အမည်ရမှုကို အကျိုးဝိပါက်ကို အစွဲပြု၍သာ အလိုရှိအပ်ပေသည် = အကျိုးဝိပါက်ကို အစွဲပြု၍ ဇနကကံ စသည် အမည်ရမှုကို အလိုရှိအပ်ပေသည်။ ကံကို အစွဲပြု၍ အလိုမရှှိအပ်ပေ။ သို့အတွက် ဥပဃာတကကံဟူသည် အခြားအကျိုးပေးနေသော ကံတစ်ပါးကို မသတ်ဘဲ ထိုကံတစ်ပါး၏ အကျိုးဝိပါက်ကိုသာ ကပ်၍ ဖြတ်တတ် သတ်တတ်သောကံ ဖြစ်သည်ဟု ယူဆလျှင် သင့်မြတ်သကဲ့သို့ ထင်မြင်မိပေသည်။ စူးစမ်းဆင်ခြင်ပါလေ။ ---- ဤကား မဟာဋီကာဆရာတော်၏ မိန့်မှာချက်ပင် ဖြစ်သည်။ (မဟာဋီ၊၂၊၃၇၉။)
တစ်နည်း ကံလေးမျိုး အယူအဆ
၁။ ဇနကကံ ---- ပဋိသန္ဓေအခါ၌သော်လည်းကောင်း, ပဝတ္တိအခါ၌သော်လည်းကောင်း, ဣဋ္ဌဖြစ်သော ကုသလဝိပါက် နာမ်ခန္ဓာနှင့် ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ်ကံသည် ဇနကကံမည်၏။ ပဋိသန္ဓေ အခါ၌သော်လည်းကောင်း, ပဝတ္တိအခါ၌သော်လည်းကောင်း, အနိဋ္ဌဖြစ်သော အကုသလဝိပါက် နာမ်ခန္ဓာနှင့် ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ်သော အကုသိုလ်ကံသည် ဇနကကံ မည်၏။ (ကဋတ္တာရုပ် = ကမ္မဇရုပ်)
၂။ ဥပတ္ထမ္ဘကကံ ---- ကံတစ်ခုကို ပြုပြီးခဲ့သော် ထိုကံသည် အခြားတစ်ပါးသော ကုသိုလ်ဇနကကံက ဖြစ်စေအပ်သော အလိုရှိအပ် ကောင်းမြတ်သော သုဂတိပဋိသန္ဓေကဲ့သို့ ဣဋ္ဌဖြစ်သော အကျိုးတရားကို နှိပ်စက်တတ် ဖြတ်တတ်သော အကြောင်းတရား မဖြစ်ခြင်းဖြင့်လည်းကောင်း, ဇနကကံ၏ အကျိုးတရားကို တိုးပွားစေတတ် သော အကြောင်းတရား ဖြစ်ခြင်းဖြင့်လည်းကောင်း ဇနကကံ၏ အစွမ်းအာနုဘော်အားလျော်စွာ ထက်ဝန်းကျင် မွေးမြူအပ် ပြုစုအပ် ပွားစေအပ်သည်ဖြစ်၍ သာ၍ ရှည်မြင့်စွာဖြစ်သော ဝိပါက်ခန္ဓာအစဉ်ကို ဖြစ်ပေါ်လာ စေ၏။ ထိုကံမျိုးသည် ဥပတ္ထမ္ဘကကံ မည်၏။ (ဤကား ကုသိုလ်က ကုသိုလ်ကို ထောက်ပံ့ပုံတည်း။) (မဟာဋီ၊၂၊၃၇၉။)
အကယ်၍ ကံတစ်ခုကို ပြုပြီးခဲ့သော် ထိုကံသည် အခြားတစ်ပါးသော အကုသိုလ်ဇနကကံ တစ်ခုက ဖြစ်စေအပ်သော အလိုမရှိအပ် မကောင်းမြတ်၍ အနိဋ္ဌစင်စစ်ဖြစ်သော (အပါယ်ဒုဂ္ဂတိ ပဋိသန္ဓေကဲ့သို့သော) အကျိုးတရားကို နှိပ်စက်တတ် ဖြတ်တတ်သော အကြောင်းတရား မဖြစ်ခြင်းဖြင့်လည်းကောင်း အကုသိုလ် ဇနကကံ၏ အစွမ်း အာနုဘော်အားလျော်စွာ ထက်ဝန်းကျင် မွေးမြူအပ် ပြုစုအပ် ပွားစေအပ်သည်ဖြစ်၍ သာ၍ ရှည်မြင့်သော အနိဋ္ဌ အကျိုးဝိပါက်ခန္ဓာအစဉ်သည် ဖြစ်ပေါ်လာ၏။ ထိုကံမျိုးသည် ဥပတ္ထမ္ဘကကံ မည်၏။ (အကုသိုလ်ကံ တစ်ခုက အကုသိုလ်ကံတစ်ခု၏ အကျိုးတရားကို ထောက်ပံ့ပုံတည်း။) (မဟာဋီ၊၂၊၃၇၉။)
၃။ ဥပပီဠကကံ ---- ကုသိုလ်ဇနကကံသည် ဖြစ်စေအပ်သော ဣဋ္ဌဖြစ်သော ကုသိုလ်၏ အကျိုးတရားကို ယင်းကုသိုလ်ကံနှင့် တိုက်ရိုက် ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်ကံတစ်ခုက အနာရောဂါထူပြောခြင်း စသည့် အကြောင်းတရားဖြစ်ကာ နှိပ်စက်၏။ (ကုသိုလ်ဇနကကံကြောင့် လူ့ဘဝ လူ့ခန္ဓာအစဉ်ကဲ့သို့သော ဣဋ္ဌဖြစ်သော ဝိပါက်ခန္ဓာအစဉ်ကို ရရှိ၏၊ ကောင်းကျိုးတည်း။ အခြားအကုသိုလ်ကံ တစ်ခုကြောင့် ထိုလူ့ဘဝ၌ အနာရောဂါ ထူပြောရပြန်၏။ ယင်းသို့ဖြစ်သော် ထိုအကုသိုလ်ကံက မူလကုသိုလ် ဇနကကံ၏ အကျိုးတရားကို နှိပ်စက်သည် မည်၏။) ထိုနှိပ်စက်သော အကုသိုလ်ကံသည် ဥပပီဠကကံ မည်၏။ ယင်းအကုသိုလ်ကံသည် အတိတ် အကုသိုလ် ကံလည်း ဖြစ်နိုင်၏။ ပစ္စုပ္ပန် အကုသိုလ်ကံလည်း ဖြစ်နိုင်၏။
အကုသိုလ် ဇနကကံသည် ဖြစ်စေအပ်သော အနိဋ္ဌဖြစ်သော အကုသိုလ်၏ အကျိုးတရားကို ယင်းကံနှင့် တိုက်ရိုက် ဆန့်ကျင်ဘက်ဖြစ်သော ကုသိုလ်ကံတစ်ခုက ဓာတ်ညီညွတ်မှု စသည်ကို ဖြစ်စေတတ်သော အကြောင်း တရားဖြစ်ကာ နှိပ်စက်၏။ (အတိတ် အကုသိုလ် ဇနကကံတစ်ခုကြောင့် အနာရောဂါထူပြောနေ၏။ မကျန်း မမာဖြစ်နေ၏။ အတိတ်ကုသိုလ်ကံ တစ်ခုကြောင့်ဖြစ်စေ, သို့မဟုတ် ပစ္စုပ္ပန်တွင် ဒိဋ္ဌဓမ္မ အကျိုးပေးနိုင်သော ဘာဝနာ ပွားများအားထုတ်ခြင်းစသော ကုသိုလ်ကံတစ်ခုကြောင့် ဖြစ်စေ ဓာတ်ညီညွတ်မှုစသည်ကို ရရှိလာ၏၊ တစ်ဖန်ပြန်၍ ကျန်းမာလာ၏။) ထိုကုသိုလ်ကံမျိုးသည် အကုသိုလ်ကံ၏ အကျိုးတရားကို ကပ်၍နှိပ်စက်တတ် သော ဥပပီဠကကံ မည်၏။ (မဟာဋီ၊၂၊၃၈၀။)
၄။ ဥပဃာတကကံ ---- အကြင်ကံသည် ကုသိုလ် ဇနကကံ၏ စွမ်းအင်သတ္တိနှင့် စပ်သဖြင့် သာ၍ရှည်မြင့်သော ဝိပါက်ရုပ်နာမ်သန္တာန်အစဉ် ဖြစ်ထိုက်သည်လည်းဖြစ်သော ကောင်းကျိုးကိုသော်လည်း ဖြတ်တတ်သော အကြောင်းတရားဖြစ်ခြင်းဖြင့် ကပ်၍ သတ်တတ် ဖြတ်တတ်၏၊ ထိုကံသည် ဥပဃာတကကံ မည်၏။
အကြင်ကံသည် အကုသိုလ် ဇနကကံ၏ စွမ်းအင်သတ္တိနှင့်စပ်သဖြင့် သာ၍ရှည်မြင့်သော ဝိပါက်ရုပ်နာမ် သန္တာန်အစဉ် ဖြစ်ထိုက်သည်လည်းဖြစ်သော မကောင်းကျိုးကိုသော်လည်း ဖြစ်တတ်သော အကြောင်းတရား ဖြစ်ခြင်းဖြင့် ကပ်၍ သတ်တတ် ဖြတ်တတ်၏၊ ထိုကံသည် ဥပဃာတကကံ မည်၏။ (ဇနကကံ တစ်ခု၏ အကျိုး ဖြစ်သော ဝိပါက် ရုပ်နာမ်သန္တာန်အစဉ်ကို ကပ်၍ ဖြတ်တတ် သတ်တတ်သော ကံသည် ဥပဃာတကကံ မည်၏၊၊) (မဟာဋီ၊၂၊၃၈၀။)
ကံကိုသတ်ခြင်း ဖြတ်ခြင်းမည်သည် ထိုကံ၏ အကျိုးဝိပါက်ကို တားမြစ်ခြင်းပင်တည်း။ ထိုသို့ တားမြစ်ခြင်း သည်လည်း တားမြစ်သော ကံဟူသော မိမိ၏ အကျိုးဝိပါက်ကို ဖြစ်ပေါ်လာအောင် အခွင့်အလမ်းကို ပြုလုပ်ခြင်း ပင်တည်း။
ဗုဒ္ဓဝိသယနှင့် သာဝကဝိသယ = ဘုရားအရာနှင့် သာဝကအရာ
ဣတိ ဣမေသံ ဒွါဒသန္နံ ကမ္မာနံ ကမ္မန္တရဉ္စေဝ ဝိပါကန္တရဉ္စ ဗုဒ္ဓါနံ ကမ္မဝိပါကဉာဏေဿဝ ယာထာဝသရသတော ပါကဋံ ဟောတိ၊ အသာဓာရဏံ သာဝကေဟိ။ ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ တသ္မာ အယံ မုခမတ္တဒဿနေန ကမ္မဝိသေသော ပကာသိတောတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
ဗုဒ္ဓါဝေဏိကတာယ အသာဓာရဏေဿဝ ဉာဏဿ ဂေါစရဘာဝတော ကမ္မန္တရာဒိ အသာဓာရဏံ သာဝကေဟီတိ ဝုတ္တံ။ ဧကဒေသတော ဇာနိတဗ္ဗံ အနဝသေသတော ဇာနိတုံ န သက္ကာ အဝိသယတ္တာ။ သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတီတိ။ (မဟာဋီ၊၂၊၃၈၀။)
ဒိဋ္ဌဓမ္မဝေဒနီယကံမှ စ၍ ဤဥပဃာတကကံ တိုင်အောင် ဖော်ပြခဲ့သော ဤ (၁၂)မျိုးသော ကံတို့၏ -
၁။ ကမ္မန္တရ = ကံတို့၏ အားရှိသည်၏အဖြစ် အားမရှိသည်၏အဖြစ်ဟု ဆိုအပ်သော ထူးထွေကွဲပြားမှုသည် လည်းကောင်း,
၂။ ဝိပါကန္တရ = အကျိုးဝိပါက်တရားတို့၏ ယုတ်ညံ့သည်၏ အဖြစ်, မြင့်မြတ်သည်၏ အဖြစ်, မည်းညစ်သည် ၏ အဖြစ်, ဖြူစင်သည်၏ အဖြစ် စသော ထူးထွေကွဲပြားမှုသည်လည်းကောင်း,
ဤ (၂) မျိုးသော သဘောတရားသည် သဗ္ဗညု ဘွဲ့ထူးကြီးကို ခံယူတော်မူကြသော ရှင်တော်မြတ်ဘုရား တို့၏ ကံအထူး အကျိုးဝိပါက်အထူးကို သိတော်မူတတ်သော ကမ္မဝိပါကဉာဏ်တော်မြတ်အားသာလျှင် မဖောက်မပြန် ဟုတ်မှန်တိုင်းသော သဘော, ဟုတ်မှန်တိုင်းသော မိမိကိစ္စအားဖြင့် ထင်ရှားပေသည်၊ သာဝကတို့နှင့် မဆက်ဆံပေ။ ထိုကမ္မဝိပါကဉာဏ်တော်သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့နှင့်သာ သီးသန့် သက်ဆိုင်သည့် အာဝေဏိကဂုဏ်တော် တစ်ပါးလည်း ဖြစ်၏၊ သာဝကတို့နှင့် မဆက်ဆံဘဲ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့နှင့်သာ ဆက်ဆံသည့် အသာဓာရဏ ဉာဏ်တော်တစ်ပါးလည်း ဖြစ်၏။ ဤကမ္မန္တရ, ဝိပါကန္တရကား ထိုအာဝေဏိက အသာဓာရဏ ဖြစ်တော်မူသော ကမ္မဝိပါကဉာဏ်တော်၏သာလျှင် ကျက်စားရာအာရုံ ဖြစ်သောကြောင့် ကမ္မန္တရ ဝိပါကန္တရကို အကြွင်းအကျန်မရှိ ကုန်စင်အောင်သိမှုသည် သာဝကတို့နှင့် မဆက်ဆံသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ အရာသာဖြစ်၏။
သို့သော် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော ဝိပဿကပုဂ္ဂိုလ်သည် ကံတို့၏ အားရှိသည်၏အဖြစ် အားမရှိသည်၏ အဖြစ်ဟု ဆိုအပ်သော ကံတို့၏ ထူးထွေကွဲပြားမှု ကမ္မန္တရကိုလည်းကောင်း, အကျိုးဝိပါက်တရားတို့၏ ယုတ်ညံ့သည်၏ အဖြစ်, မြင့်မြတ်သည်၏ အဖြစ်, မည်းညစ်သည်၏ အဖြစ်, ဖြူစင်သည်၏ အဖြစ်စသော ဝိပါက်တရားတို့၏ ထူးထွေကွဲပြားမှု ဝိပါကန္တရကိုလည်းကောင်း ဧကဒေသ = တစ်စိတ် တစ်ဒေသအားဖြင့် သိသင့်၏ သိထိုက်၏ သိရမည်ဖြစ်၏။ ယင်းကမ္မန္တရ ဝိပါကန္တရတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိခြင်းငှာကား သာဝကတို့သည် မစွမ်းနိုင်ကုန်။ သာဝကတို့၏အရာ မဟုတ်သောကြောင့် ဖြစ်၏။ ထိုကမ္မန္တရ ဝိပါကန္တရတို့ကို အချင်းခပ်သိမ်း လုံးလုံးမသိခဲ့သော်မူ အကြောင်းတရားတို့ကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်သည် မပြည့်စုံပေ။ ထိုကြောင့် အရိပ်အမြွက်မျှကို ပြသဖြင့် ဤကံအထူးကို (ကမ္မန္တရ ဝိပါကန္တရကို) အဋ္ဌကထာဆရာတော်သည် ထင်ရှား ပြတော်မူ၏ဟု မှတ်ပါ။) (ဝိသုဒ္ဓိ၊၂၊၂၃၇။ မဟာဋီ၊၂၊၃၈၀။)
ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်များနှင့် အညီ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း လျက်ရှိသော အသင်သူတော်ကောင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက် ကံနှင့် ကံ၏ အကျိုးတရား ကိုကား တစ်စိတ်တစ်ဒေသအားဖြင့် သိအောင် ရှုပွားရတော့မည် ဖြစ်၏။ ယင်းသို့ ရှုရာ၌ အတိတ်ကံကြောင့်သာ ပစ္စုပ္ပန်၌ ပဋိသန္ဓေဝိပါက် နာမ်ရုပ်စသော အကျိုးဝိပါက်တရားများသည် ထင်ရှားဖြစ်ပေါ်လာကြသဖြင့်, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော (ဥပပဇ္ဇဝေဒနီယ) ကံကြောင့် သို့မဟုတ် အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့် နောင်အနာဂတ်၌လည်း (သံသရာခရီး မဆုံးသေး သူတို့အဖို့ ) ပဋိသန္ဓေဝိပါက် နာမ်ရုပ်စသော အကျိုးတရားများသည် ဖြစ်ပေါ်လာကြမည် ဖြစ်သဖြင့် ကံနှင့် ကံ၏အကျိုးကို (ကမ္မန္တရ ဝိပါကန္တရကို) တစ်စိတ်တစ်ဒေသ သိလိုပါက သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လိုပါက အတိတ်နှင့် အနာဂတ်မှာ မလွဲမရှောင်သာ ရှုပွားရတော့မည်သာဟု မှတ်ပါ။ အတိတ်ဘဝက ထူထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အတိတ် အကြောင်းတရားငါးပါးဟူသည် အတိတ်ခန္ဓာငါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော အတိတ်ခန္ဓာငါးပါး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ အလားတူပင် ပစ္စုပ္ပန် အကြောင်းတရားငါးပါးဟူသည်လည်း ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ခန္ဓာငါးပါး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ အနာဂတ် အကျိုးတရားငါးပါးဟူသည်လည်း အနာဂတ်ခန္ဓာငါးပါးတို့၏ အစိတ် အပိုင်း တစ်ခုမျှသာ ဖြစ်၏။ သို့အတွက် အတိတ် အကြောင်းတရားကြောင့် ပစ္စပ္ပန် အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန် အကြောင်းတရားကြောင့် အနာဂတ် အကျိုးတရားဖြစ်ပုံတို့ကို ဟုတ်တိုင်းမှန်စွာ ယထာဘူတဉာဏ်ဖြင့် သိမြင် လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုကား မလွှဲမရှောင်သာ သိမ်းဆည်း ရှုပွားရတော့မည်သာ ဖြစ်ပေသည်။
ကမ္မန္တရ - ဝိပါကန္တရ
ကမ္မန္တရန္တိ ကမ္မဝိသေသော ကမ္မာနံ ဗလာဗလဘေဒေါ။ ဝိပါကန္တရန္တိ ဝိပါကဝိသေသော၊ တဿ ဟီနပဏီတတာဒိဘေဒေါ။ (မဟာဋီ၊၂၊၃၇၉။)
ကမ္မန္တရဟူသည် ကံတို့၏ ထူးထွေကွဲပြားမှု = အားရှိသောကံ အားမရှိသောကံစသည့် ကံအမျိုးမျိုးတည်း။ ဝိပါကန္တရဟူသည် အကျိုးတရားတို့၏ ထူးထွေကွဲပြားမှု = ယုတ်ညံ့သော အကျိုးတရား မွန်မြတ်သော အကျိုး တရား စသည့် အကျိုးအမျိုးမျိုးတည်း။ တစ်နည်းဆိုသော် ဇနကကံ ဥပတ္ထမ္ဘကကံ ဥပပီဠကကံ ဥပဃာတကကံ ဟူသော ကံအမျိုးမျိုးသည် ကမ္မန္တရတည်း။ ယင်းကံအမျိုးမျိုးတို့၏ဆိုင်ရာ အကျိုးအမျိုးမျိုးသည် ဝိပါကန္တရတည်း။ (မဟာဋီ၊၂၊၃၇၉-၃၈၀။)
သတ္တဝါ တစ်ဦးတစ်ဦးမှာပင် ကံအမျိုးမျိုးရှိနိုင်၍ ယင်းကံ၏ အကျိုးတရားတို့လည်း အမျိုးမျိုးပင် ရှိနိုင် သည်။ ဘုရားရှင်၏ ဝိပါက်တော် (၁၂) ပါးကိုပင် ပုံစံထား၍ ကြည့်ပါ။ ဝိပါက်တော် တစ်မျိုးတစ်မျိုးအတွက် သီးသန့်ကံ တစ်မျိုးစီရှိ၏။ ဦးခေါင်းတော်ခဲရသည့် ဝိပါက်တော်အတွက် ကံတစ်မျိုး, ခါးတော်နာရသည့် ဝိပါက်တော်အတွက် ကံတစ်မျိုး, ဝမ်းတော်လားရသည့် ဝိပါက်တော်အတွက် ကံတစ်မျိုး ဤသို့ စသည်ဖြင့် ဆိုင်ရာ ဆိုင်ရာ ဝိပါက်တော်နှင့် ဆိုင်ရာဆိုင်ရာ ကံကား အသီးသီးပင် ရှိ၏။
အလားတူပင် သတ္တဝါ တစ်ဦးတစ်ဦးအဖို့ ဘဝတစ်လျှောက်ဝယ် တွေ့ကြုံခံစားရသည့် ဣဋ္ဌာရုံလည်း အမျိုးမျိုးရှိ၏။ အနိဋ္ဌာရုံလည်း အမျိုးမျိုးရှိ၏။ ဣဋ္ဌာရုံနှင့် တွေ့ကြုံရသည့််အခါ ဖြစ်ပေါ်သွားကြသော ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံတို့ကား ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာကြရသည့် ကုသလဝိပါက် တို့တည်း။ အနိဋ္ဌာရုံနှင့် တွေ့ကြုံရသည့်အခါ ဖြစ်ပေါ်သွားကြသော ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ, တဒါရုံတို့ကား အကုသိုလ်ကံကြောင့်် ဖြစ်ပေါ်လာကြရသည့် အကုသလဝိပါက်တို့တည်း။
ဣဋ္ဌာရုံမှာ ဘဝတစ်လျှောက်ဝယ် အမျိုးမျိုးရှိသဖြင့် ကုသလဝိပါက်လည်း အမျိုးမျိုးပင်ရှိရ၏၊ အနိဋ္ဌာရုံ မှာလည်း အမျိုးမျိုးပင် ရှိနိုင်သဖြင့် အကုသလဝိပါက်လည်း အမျိုးမျိုးပင် ရှိနိုင်၏။ ကုသလဝိပါက် အမည်ရသော ကောင်းကျိုး အမျိုးမျိုးကို တွေ့ကြုံခံစားရလျှင် ယင်းကုသလဝိပါက် အမျိုးမျိုး၏ အကြောင်းရင်းကံမှာလည်း အမျိုးမျိုးပင် ရှိနိုင်၏။ အလားတူပင် အကုသလဝိပါက်အမျိုးမျိုးကို တွေ့ကြုံခံစားရလျှင် ယင်း၏အကြောင်းရင်း အကုသိုလ်ကံမှာလည်း အမျိုးမျိုးပင် ရှိနိုင်၏။
ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် တွေ့ကြုံဆဲဖြစ်သည့် တွေ့ကြုံလတ္တံ့ဖြစ်သည့် ထိုများစွာကုန် သော ကံနှင့် ကံ၏ အကျိုးတရားတို့ကိုကား (ကမ္မန္တရ ဝိပါကန္တရတို့ကိုကား) သာဝကများသည် ကုန်စင်အောင် မသိနိုင်ပေ။ အတိတ် အနာဂတ်တို့၌လည်း နည်းတူပင် ဖြစ်၏။ သို့သော် ဘုရားရှင်ကား အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ပင် ကံနှင့် ကံ၏ အကျိုးတရားတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် သိမြင်တော် မူ၏။ သို့သော် သာဝကများသည် ကံအမျိုးမျိုးနှင့် ကံ၏ အကျိုးအမျိုးမျိုးကို ကုန်စင်အောင် မသိနိုင်သော်လည်း တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှကိုကား သိရှိရမည် ဖြစ်သည်။ ကံ-ကံ၏ အကျိုးတရားကို လုံးလုံးမသိခဲ့ လျှင်ကား ပစ္စယပရိဂ္ဂဟဉာဏ် မပြည့်စုံနိုင်။ သို့အတွက် ပဋိသန္ဓေခန္ဓာငါးပါးစသည့် အချို့အချို့သော အကျိုးဝိပါက်ခန္ဓာတို့ကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းတရားတို့ကိုကား ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက် သိရှိအောင် ကြိုးပမ်းရတော့မည်သာဟု သန္နိဋ္ဌာန်ကျ မုချပုံသေ မှတ်သား နာယူလေရာသည်။
လိုက်နာရမည့် စည်းကမ်းတစ်ရပ်
အကြောင်းတရားများကို ရှာဖွေရာ၌ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရရှိထားပြီး ဖြစ်သင့်သော အင်္ဂါရပ်တစ်ခုကို ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
ပစ္စယသမုပ္ပန္နေ ဟိ အပရိဂ္ဂဟိတေ ပစ္စယပရိဂ္ဂဟော န သက္ကာ ဟောတိ ကာတုံ၊ တသ္မာ ဓမ္မဋ္ဌိတိဉာဏဂ္ဂဟဏေနေဝ တဿ ဟေတုဘူတံ ပုဗ္ဗေ သိဒ္ဓံ နာမရူပဝဝတ္ထာနဉာဏံ ဝုတ္တမေဝ ဟောတီတိ ဝေဒိတဗ္ဗံ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)
ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုထားတော်မူသည်နှင့်အညီ ပစ္စယပရိဂ္ဂဟ = အကြောင်း တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စယသမုပ္ပန္နဟု ခေါ်ဆို အပ်သော အကျိုးရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြား မှတ်သားခြင်းဟူသော နာမရူပဝဝတ္ထာနဉာဏ်ကို ရှေးဦးစွာ ရရှိအောင် ကြိုးစား အားထုတ်ရမည် ဖြစ်ပါသည်။
ဆိုလိုသည်မှာ ဤသို့ဖြစ်၏ ---- အတိတ်အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလို သိမ်းဆည်း လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်ဘဝတွင် ထင်ရှားဖြစ်ပေါ်နေသည့် ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း, ထို အတိတ်အကြောင်းတရားများ၏ စွဲမှီရာ (ဆိုင်ရာ ရှေးရှေး အတိတ်အကြောင်းတရားများကြောင့် ထင်ရှား ဖြစ်ပေါ်နေသည့်) ပစ္စယုပ္ပန္နဓမ္မ အမည် ရသည့် အတိတ် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။ တစ်ဖန် ပစ္စုပ္ပန် အကြောင်းတရားငါးပါးကြောင့် တစ်နည်းဆိုသော် အတိတ်ဘဝတစ်ခုက ပြုစု ပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့် ထင်ရှား ဖြစ်ပေါ်လတ္တံ့သော အနာဂတ် အကျိုးတရားငါးပါး ဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရား နာမ်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် ပိုင်းခြား ယူလို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန် အကြောင်းတရားတို့၏ စွဲမှီ၍ဖြစ်ရာ ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့ကို လည်းကောင်း, ထိုပစ္စုပ္ပန် အကြောင်းတရားများကြောင့် (သို့မဟုတ် အတိတ်ဘဝက ထူထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့်) ထင်ရှား ဖြစ်ပေါ်လာမည့် အနာဂတ် အကျိုးတရားငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။
အတိတ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းနိုင်မှသာလျှင် ထိုအတိတ်ခန္ဓာငါးပါးတို့ကို စွဲမှီ၍ ဖြစ်ပေါ်ခဲ့ကြ ကုန်သော အတိတ်အကြောင်းတရားတို့ကိုလည်း ရှာဖွေရလွယ်ကူမည်။ အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန်အကျိုးတရားများ ထင်ရှားဖြစ်ပုံကိုလည်း ရှု၍ရရှိနိုင်မည် ဖြစ်သည်။ အလားတူပင် အနာဂတ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းနိုင်ပါမှလည်း ပစ္စုပ္ပန်အကြောင်းတရားများကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံ, သို့မဟုတ် အတိတ်က ထူထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်မည် ဖြစ်သည်။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူပင် သဘောပေါက်ပါ။
သို့အတွက် အသင်သူတော်ကောင်းသည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို မသိမ်းဆည်းရသေးမီ ရှေးအဖို့၌ အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးတို့ကို ကြိုတင်၍ သိမ်းဆည်း ထားပြီး ဖြစ်ရမည်ဟူသော ဤအချက်ကို ရှေးဦးစွာ ကြိုတင်၍ မှတ်သား နာယူထားလေရာသည်။
__________