နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ဇာတိပစ္စယာ ဇရာမရဏံ
ဇာတိပစ္စယာ ဇရာမရဏံ
တစ်ဖန် ဇာတိတရားသည် ထင်ရှားမရှိလတ်သော် ဇရာမရဏတရားမည်သည် မရှိနိုင်။ သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသစသော တရားတို့သည်လည်း မရှိနိုင်ကုန်။ အလျော်အားဖြင့်မူကား ဇာတိတရားသည် ထင်ရှားရှိလတ်သော်သာလျှင် ဇရာမရဏတရားသည်လည်းကောင်း ဇရာမရဏဟု ခေါ်ဆိုအပ်သော ဒုက္ခတရားသည် တွေ့ထိအပ်သော မိုက်မဲသော သတ္တဝါ၏ သန္တာန်၌ ဇရာမရဏနှင့် စပ်သည်မူလည်း ဖြစ်ကုန်သော သောက ပရိဒေဝစသော တရားတို့သည်လည်းကောင်း, ထိုထို ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသနစသော ဒုက္ခတရားသည် တွေ့ထိအပ်သော မိုက်မဲသော သတ္တဝါ၏ သန္တာန်၌ ဇရာမရဏနှင့် မစပ်သည်မူလည်း ဖြစ်ကုန်သော သောက ပရိဒေဝ အစရှိကုန်သော တရားတို့သည်လည်းကောင်း ဖြစ်ပေါ်လာတတ်ကြကုန်၏။ ထိုကြောင့် ဤဇာတိသည် ဇရာမရဏ၏လည်း အကြောင်းရင်းဖြစ်၏၊ သောက ပရိဒေဝစသည်တို့၏လည်း အကြောင်းရင်းဖြစ်သည်ဟု သိရှိပါလေ။
ထိုဇာတိသည် ဇရာမရဏ သောက ပရိဒေဝ စသည်တို့အား သုတ္တန်နည်းပရိယာယ်အားဖြင့် ဥပနိဿယကောဋိဟူသော ဥပနိဿယ အမြွက်အားဖြင့် ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့်သာ ကျေးဇူးပြုသည်။ (အဘိဓမ္မာပဋ္ဌာန်းဒေသနာတော်၌ တိုက်ရိုက်ဟောကြားချက် မရှိသောကြောင့် သုတ္တန်နည်းပရိယာယ်အားဖြင့် ဥပနိဿယကောဋိဟု ဆိုသည်။) (အဘိ၊ဋ္ဌ၊၂၊၁၇၉။ ဝိသုဒ္ဓိ၊၂၊၂၁၀-၂၁၁။)
ဇရာမရဏကို အင်္ဂါတစ်ပါးသာ ပြုပုံ
ယသ္မာ ပန န အမရဏာ ဇရာ အတ္ထိ သဗ္ဗေသံ ဥပ္ပတ္တိမန္တာနံ ပါကာနန္တရဘေဒတော။ န စာဇရံ မရဏံ အပါကဘေဒါဘာဝါ၊ တသ္မာ တဒုဘယမေကမင်္ဂံ ကတံ၊ န နာမရူပံ ဝိယ ဥဘယဋ္ဌာနေ ဧကဇ္ဈံ ဥပ္ပတ္တိယာ, သဠာယတနံ ဝိယ ဝါ အာယတနဘာဝေန ကိစ္စသမတာယ။ (အနုဋီ၊၂၊၉၇။)
ပဋိစ္စသမုပ္ပါဒ်အင်္ဂါကို ပြရာ၌ ဇရာမရဏနှစ်ပါးကို အဘယ်ကြောင့် အင်္ဂါတစ်ပါးတည်း ပြုထားပါသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား --- ထိုဇရာမရဏ နှစ်ပါးလုံးသည် ဇာတိကြောင့် ဖြစ်ရခြင်းအားဖြင့် တူမျှ၏။ ထိုသို့ ဖြစ်ရာဝယ် မအိုဘဲ သေသူမရှိ၊ မရဏသို့ မဆိုက်သော ဇရာမည်သည် မရှိ။ အနည်းဆုံး ပရမတ်တရားတို့သည် ဌီအခိုက်၌ ရင့်ရ အိုရသေး၏၊ အိုခြင်းဟူသမျှလည်း မသေသော အိုခြင်းမည်သည် မရှိ၊ ဌီအခိုက်သို့ ရောက်၍ အိုလျှင် ဘင်အခိုက်၌ ဧကန်ပျက်ရမည်သာ၊ ထိုနှစ်ပါးတွင်လည်း မရဏသည် ဇရာကြောင့် ဖြစ်ရသည်မဟုတ်၊ ဇာတိကြောင့်သာ ဖြစ်ရ၏။ ထိုကြောင့် ထိုဇရာမရဏ နှစ်ပါးကို အင်္ဂါတစ်ပါးတည်း အဖြစ်ဖြင့် ဟောတော်မူသည်။ နာမရူပံဟူသော အင်္ဂါရပ်ကဲ့သို့ နာမ်ရုပ်နှစ်ပါးစုံ ဖြစ်ရာဌာန၌ တစ်ပေါင်းတည်း အတူတကွ ဖြစ်သောကြောင့် အင်္ဂါတစ်ပါးအဖြစ် ဟောကြားတော်မူသည်လည်း မဟုတ်။ သဠာယတနဟူသော အင်္ဂါရပ်ကဲ့သို့ အာယတန၏ အဖြစ်ဖြင့် ကိစ္စတူမျှသောကြောင့် အင်္ဂါတစ်ပါးတည်းအဖြစ် ဟောကြားထားတော်မူသည်လည်း မဟုတ်ပေ။ (အနုဋီ၊၂၊၉၇။)
အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ
အသင်သူတော်ကောင်းသည် အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်ထားသော ကမ္မဘဝတစ်ခုခုနှင့် အနာဂတ် ဇာတိ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အကယ်၍ အသင်သူတော်ကောင်းသည် အနာဂတ်တွင် ဓမ္မကထိက နတ်သားဘဝကို ဆုတောင်းထားသည် ဖြစ်အံ့။ မိမိအနှစ်ခြိုက်ဆုံး ကာမာဝစရ ကုသိုလ် ကမ္မဘဝတစ်ခုဖြင့် ဓမ္မကထိကနတ်သားဘဝ ဇာတိ = ပဋိသန္ဓေခန္ဓာ (၅)ပါးကို အကြောင်း အကျိုးစပ်လျက် သိမ်းဆည်းပါ။ အကယ်၍ ဗြဟ္မာဘဝကို ဆုတောင်း ထားသည် ဖြစ်အံ့၊ ရူပါဝစရစျာန်ကုသိုလ် ကမ္မဘဝတစ်ခုခုဖြင့် ဗြဟ္မာဘဝ ဇာတိ = ပဋိသန္ဓေ ခန္ဓာ (၅)ပါးကို အကြောင်း အကျိုးစပ်လျက် သိမ်းဆည်းပါ။ အကယ်၍ ရဟန်းဘဝကို ဆုတောင်းထားသည် ဖြစ်အံ့၊ မိမိ အနှစ်ခြိုက်ဆုံး ဖြစ်သော ကာမာဝစရ ကုသိုလ်ကံ = ကမ္မဘဝတစ်ခုခုကြောင့် ရဟန်းဘဝ၏ ဇာတိ = ပဋိသန္ဓေ ခန္ဓာ (၅)ပါး ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းပါ။
၁။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏။
ကမ္မဘဝက အကြောင်းတရား ဇာတိက အကျိုးတရား။
ဇာတိ --- ဓမ္မကထိကနတ်သားဘဝ၏ ဇာတိအခိုက်၌ ရုပ်တရားများမှာ စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ်, ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဟဒယဒသကကလာပ်ဟူသော အမျိုးအစားအားဖြင့် (ရဝ)သော ကမ္မဇရုပ်များသည်လည်းကောင်း, ဇီဝိတနဝက ကလာပ်နှင့်တကွ ရေတွက်သော် (၇၉)မျိုးသော ရုပ်တရားတို့သည်လည်းကောင်း စတင်၍ ဖြစ်ကြ၏။ နာမ်တရားများမှာ တိဟိတ် သောမနဿ ပဋိသန္ဓေဖြစ်လျှင် (၃၄)မျိုးသော နာမ်တရားတို့တည်း။
ဗြဟ္မာဘဝ --- အကယ်၍ ရူပါဝစရဗြဟ္မာဘဝ ဇာတိ ဖြစ်ခဲ့လျှင် ရုပ်ပိုင်းတွင် ဃာနဒသကကလာပ်, ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်များ လျော့နေမည် ဖြစ်သည်။ နာမ်ပိုင်းတွင် ပထမစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် နာမ်တရား (၃၄), ဒုတိယစျာန် ဝိပါက် ပဋိသန္ဓေ ဖြစ်လျှင် (၃၂), တတိယစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် (၃၁), စတုတ္ထစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် (၃၁)လုံးသော နာမ်တရားတို့ ဖြစ်ကြ၏။
ရဟန်းဘဝ --- အကယ်၍ သာသနာပြုနိုင်သည့် ရဟန်းဘဝ ပဋိသန္ဓေဇာတိဖြစ်လျှင် ရုပ်အမျိုးအစား (၃၀), တိဟိတ် သောမနဿ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၄) ရှိကြ၏။
ဤဆိုင်ရာ ဆိုင်ရာ ကမ္မဘဝကြောင့် ဇာတိဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ -- ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဇာတိက အကျိုးတရားဟု အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။
အကုသိုလ် ကမ္မဘဝနှင့် အရူပ ကမ္မဘဝ
ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော ဉာတပရိညာပညာနှင့် ပြည့်စုံသော ဤသို့ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်သော သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် (= ဤကား အကြောင်း တရား - ဤကား အကျိုးတရားဟုကောင်းစွာ ပိုင်းခြားမှတ်သားလျက်) တည်နေသော ယောဂါဝစရ ရဟန်းတော်သည် ဘုရားရှင်၏ သာသနာတော်မှ မခွဲနိုင်အောင် ဘုရားရှင်၏ သာသနာတော်၌ အမြစ်တွယ်သွားပြီ ဖြစ်၏။ အမြစ်အရင်းသို့ သက်ဝင်၍ တည်နေသည်မည်၏။ ဘုရားရှင်၏ သာသနာတော်၌ ထောက်ရာတည်ရာကို ရရှိသည်မည်၏။ ကောင်းရာ သုဂတိဟူသော လားရာဂတိမြဲသော စူဠသောတာပန် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
ထိုကြောင့် ဤပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းအထိ အကြောင်းတရား အကျိုးတရားတို့ကို စနစ်တကျ သိမ်းဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ဉာတပရိညာစခန်းသို့ ဆိုက်ရောက်ပြီး ဖြစ်သဖြင့် သုဂတိဘဝ တည်းဟူသော ကိန်းသေမြဲသော လားရာဂတိရှိသော စူဠသောတာပန် မည်ရကား ထိုသူတော်ကောင်းသည် မိမိပြုမိသော အကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဇာတိကား ဖြစ်ခွင့်မရှိတော့ပေ။ အကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဇာတိ ဖြစ်ခွင့်မရှိသဖြင့် နောင်အနာဂတ်တွင် အကုသိုလ် ကမ္မဘဝနှင့် အပါယ်ဇာတိကို အကြောင်း အကျိုးစပ်လျက် သိမ်းဆည်းရန်လည်း လိုအပ်မည် မထင်ပေ။ ပစ္စယပရိဂ္ဂဟဉာဏ်တိုင်အောင် ဉာဏ်အမြင် မပေါက်သေးသူတို့အတွက်သာ အကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဇာတိစသည်တို့ ဖြစ်ခွင့်ရှိနိုင်ပေသည်။ (သို့သော် ဘုရားအလောင်းတော်ကဲ့သို့သော ဆုကြီးပန် သူတော်ကောင်းများကိုကား ချွင်းချက်ထားပါ။)
အလားတူပင် သာသနာတော်တွင်း၌ ဉာတပရိညာစခန်းသို့ တိုင်အောင် ခရီးလမ်းပေါက်နေသော ယောဂီသူမွန်တစ်ဦး ဖြစ်နေသည့်အလျောက် အရူပါဝစရစျာန်ကုသိုလ် ကမ္မဘဝကြောင့် အရူပါဝစရ ဇာတိ ဖြစ်မှုသည်လည်း အလွန်နည်းပါးဖွယ်ရာသာ ရှိချေသည်။ ပုထုဇန်ဘဝဖြင့် အရူပဘုံသို့ ရောက်ရှိက ဆက်လက်၍ အရိယာသူတော်ကောင်း ဖြစ်နိုင်ရန် အခွင့်အလမ်းများ ဆုံးရှုံးသွားပြီ ဖြစ်သောကြောင့်တည်း။ အာဠာရရသေ့- ဥဒကရသေ့ - ဒေဝီဠရသေ့ကြီးတို့ကို အရှုံးကြီး ရှုံးသူများအဖြစ် ဘုရားရှင် ဟောကြားတော်မူခဲ့၏။ သို့သော် ဤဘဝတွင် သောတာပန်စသည့် အရိယာသူတော်ကောင်းဘဝသို့ ရောက်ရှိ၍ ရဟန္တာလည်း မဖြစ်နိုင်သေးသဖြင့် သံသရာခရီးလည်း ဆက်ရန် ရှိနေသေးသော် အရူပဘုံသို့ ရောက်လိုက ရောက်နိုင်သေး၏။ ထိုအရူပဘုံတွင် အထက်အထက် မဂ်ဉာဏ်ဖိုလ်ဉာဏ်များကိုလည်း ရပိုင်ခွင့်များလည်း ရှိပေ၏။ အသင်သူတော်ကောင်းသည် ဤကဲ့သို့ အရူပဘုံသို့ ရောက်နိုင်သည့် အခွင့်အလမ်းရှိသူ သူတော်ကောင်း ဖြစ်နေပါမူ အရူပကမ္မဘဝ တစ်ခုခုဖြင့် ဆိုင်ရာ အရူပဇာတိကို အကြောင်း အကျိုးစပ်လျက် = ဆိုင်ရာ အရူပကမ္မဘဝကြောင့် ဆိုင်ရာ အရူပဇာတိ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အရူပဇာတိ၏ တရားကိုယ်မှာ နာမ်ခန္ဓာ (၄)ပါးသာ ဖြစ်သည်။
တစ်ဖန် မိမိ၏ အနာဂတ် ဘဝသစ်တွင် ရရှိမည့် ဇာတိကြောင့် ဇရာမရဏဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းရာ၌ သမုတိသစ္စာနယ်မှ သိမ်းဆည်းနည်း ပရမတ္ထသစ္စာနယ်မှ သိမ်းဆည်းနည်းဟု နှစ်နည်းပင် ရှိနိုင်ပေသည်။ ဇာတိ ဇရာမရဏတို့ကို သမုတိသစ္စာနည်း ပရမတ္ထသစ္စာနည်းအားဖြင့် နှစ်မျိုးစီ ဖွင့်ဆိုထားသောကြောင့် ဖြစ်သည်။ သမုတိသစ္စာနယ်မှ (= သမ္မုတိသစ္စာနယ်မှ) သိမ်းဆည်းလိုခဲ့သော် ပဋိသန္ဓေ ဇာတိ ဖြစ်ရခြင်းကို အကြောင်းခံ၍ အိုမှုဇရာ သေမှုမရဏ ဖြစ်ရခြင်းကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်း အကျိုး သိမ်းဆည်းပါ ---
၂။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏။
ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား။
ဘဝတစ်ခု၌ တစ်ခုသော ပဋိသန္ဓေတည်နေရခြင်းသည် ထင်ရှားရှိခဲ့သော် တစ်ခုသော သေခြင်းတရားကား မြဲ၏။ သမ္မုတိမရဏတည်း။ ယင်းဇာတိနှင့် မရဏအကြားကား ဇရာတည်း။ ယင်းဇာတိကြောင့် ဇရာမရဏဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းပါ။ အနာဂတ်ဇာတိနှင့် အနာဂတ်ဇရာမရဏတည်း။
အကယ်၍ ပရမတ္ထသစ္စာနယ်မှ သိမ်းဆည်းရှုပွားလိုခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ရှိသော ကလာပ်တူ ရုပ်တရားတို့၏ ပြိုင်တူဖြစ်မှု = ဇာတိ, တည်မှု = ဇရာ, ပျက်မှု = မရဏကိုလည်းကောင်း, ဌာနအလိုက်ဖြစ်စေ, ကောဋ္ဌာသအလိုက်ဖြစ်စေ, တစ်ကိုယ်လုံးကို ဖြစ်စေ ခြုံ၍ ရုပ်အားလုံးတို့၏ ဖြစ်မှု တည်မှု ပျက်မှု = ဇာတိ-ဇရာ-မရဏကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း သိမ်းဆည်းပါ။
နာမ်တရား၌လည်း အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ အာယတနဒွါရအလိုက် ဖြစ်ပေါ်နေကြကုန်သော (၆)လိုင်းလုံး အတွင်း၌ ရှိကြသော နာမ်တရားတို့တွင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ကလာပ်တူ နာမ်တရားတို့၏ ဖြစ်မှု တည်မှု ပျက်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း သိမ်းဆည်းပါ။
ရုပ်-နာမ်ပရမတ်တို့၏ ဖြစ်မှု = ဥပါဒ်ကား ဇာတိတည်း။ တည်မှု = ဌီကား ဇရာတည်း။ ပျက်မှု = ဘင်ကား မရဏတည်း။ ဤကား ပရမတ္ထသစ္စာနယ်တည်း။
၃။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊
ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား ။
သတိ --- ပဋိသန္ဓေ ဘဝင် စုတိ ဟူသော ဝီထိမုတ်စိတ်တို့၌လည်း နည်းတူပင် ရှုပါ။ ဤရုပ်နာမ်တို့မှာ အနာဂတ်ဘဝ ရုပ်နာမ်တို့သာ ဖြစ်ကြသည်ကို အထူးဂရုပြု၍ မှတ်သားပါ။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ
ဤသောကပရိဒေဝ စသည်တို့ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်များ ဖြစ်ကြ၏။ ဇာတိရှိတိုင်း အမြဲ ဖြစ်ပေါ်လာကြသည်ကား မဟုတ်။ ကိလေသာ ကင်းစင်တော်မူကြသော ဘုရား ရဟန္တာ အရှင်မြတ်တို့၏ သန္တာန်၌ကား ဇာတိပင် ရှိသော်ငြားလည်း သောကစသည်တို့ကား ဖြစ်ခွင့် မရှိကြတော့ပေ။ ထိုကြောင့် ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်ဟု ဆိုခြင်းဖြစ်သည်။ ယင်းသောက စသည်တို့မှာ ဇာတိကို အကြောင်းခံ၍ ဖြစ်ကြသည်လည်းရှိ၏။ ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသနစသော ဘေးဒုက္ခတို့ဖြင့် တွေ့ထိသော သတ္တဝါ၏ သန္တာန်ဝယ် ယောနိသောမနသိကာရ မဖြစ်ပါက ရုပ်သဘော နာမ်သဘော အကြောင်းသဘော အကျိုးသဘော အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘော အသုဘသဘောတို့ကို တွင်တွင်ကြီး နှလုံးမသွင်းနိုင်ဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့်လည်းကောင်း အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် စသည်ဖြင့်လည်းကောင်း သားသမီး မြေး မြစ် ဇနီး ခင်ပွန်း ဘကြီး ဘထွေး မိကြီး မိထွေး အဘိုး အဖွား စသည်ဖြင့်လည်းကောင်း ရွှေ ငွေ စိန်ကျောက် စသည်ဖြင့်လည်းကောင်း မိုက်မဲ တွေဝေစွာ နှလုံးသွင်း နေပါက ယင်းသောကစသည်တို့သည် ဖြစ်ပေါ်လာတတ်ကုန်၏။ သို့သော် ယင်းဉာတိဗျသနစသော ဗျသန အမျိုးမျိုးတို့နှင့် တွေ့ကြုံရခြင်းမှာလည်း ဇာတိရှိသူ သတ္တဝါ၏ သန္တာန်၌သာ ကျရောက်နိုင်သဖြင့် ယင်းသောက စသည်တို့၏ အကြောင်းရင်းမှာလည်း ဇာတိပင် ဖြစ်သည်ဟု ဆိုရပြန်ပေသည်။ သို့အတွက် ဇာတိကို အကြောင်း ခံ၍ သောကစသည်တို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်းတရား အကျိုး တရားတို့ကို သိမ်းဆည်းပါ။
၃။ ဇာတိ ဖြစ်ခြင်းကြောင့် သောက ဖြစ်၏၊
ဇာတိက အကြောင်းတရား၊ သောကက အကျိုးတရား။
၄။ ဇာတိ ဖြစ်ခြင်းကြောင့် ပရိဒေဝ ။ ပ ။ ဥပါယာသ ဖြစ်၏၊
ဇာတိက အကြောင်းတရား၊ ပရိဒေဝ ။ ပ ။ ဥပါယာသက အကျိုးတရား ။
ဘဝစက်လည်ပတ်ပုံ
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်ဖြင့် သံသရာလည်ပတ်ပုံ ဘဝစက်ကို အဝိဇ္ဇာကို အစထား၍ သောက စသည်ကို အဆုံး၌ထားလျက် ဟောကြားထားတော်မူခဲ့၏။ သို့သော် ဤပဋိစ္စသမုပ္ပါဒ် ပထမနည်း အစပိုင်းတွင် ဖေါ်ပြခဲ့သည့်အတိုင်း သောကစသည်တို့ ဖြစ်လျှင်လည်း အဝိဇ္ဇာကား ကပ်၍ ပါဝင်လျက်ရှိ၏။ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော ဟူသည်နှင့် အညီ အာသဝေါတရားများ ဖြစ်ခြင်းကြောင့်လည်း အဝိဇ္ဇာကား ဖြစ်နေပြန်၏။ အဝိဇ္ဇာဖြစ်လျှင်လည်း တစ်ဖန်သင်္ခါရကား ဖြစ်နေဦးမည်သာ ဖြစ်သည်။ သင်္ခါရဖြစ်ပြန်လျှင် ဝိညာဏ် ဖြစ်ပြန်၍ --- ဤသို့စသည်ဖြင့် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)ချက်တို့သည် အရဟတ္တမဂ် မရသေးသမျှ ကာလပတ်လုံး အရဟတ္တမဂ်ကို ရသည့်တိုင်အောင် အမြဲမပြတ် အကြောင်းနှင့် အကျိုး ဆက်စပ်လျက် တစ်ရံတစ်ဆစ်မျှ ပြတ်စဲခြင်း မရှိဘဲ အဓွန့်ရှည်စွာ ဖြစ်လျက် လည်ပတ်နေဦးမည်သာ ဖြစ်ပေသည်ဟု သိပါလေ။
ကာရက ဝေဒကမှ ကင်းဆိတ်မှု
ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်သည် အဝိဇ္ဇာ အစရှိကုန်သော အကြောင်းတရားတို့ကြောင့် သင်္ခါရ စသော အကျိုးတရားတို့၏ ဖြစ်ခြင်းသဘောတရားသာ ဖြစ်ရကား ထိုအဝိဇ္ဇာစသော အကြောင်းတရားတို့မှ အခြားတစ်ပါးသော ----
ဗြဟ္မာ မဟာဗြဟ္မာ သေဋ္ဌော သဇိတာ။ (ဒီ၊၁၊၁၇။)
=ဗြဟ္မာတည်း၊ မဟာဗြဟ္မာတည်း၊ အလုံးစုံသော သတ္တဝါတို့ထက် မြတ်၏၊ စီမံတတ်၏။ (ဒီ၊၁၊၁၇။)
ဤသို့ ကြံဆအပ်သော သံသရာကို ပြုလုပ်တတ် ဖန်ဆင်းတတ်သော ဗြဟ္မာ ပဇာပတိနတ်, ပရမိဿရ ဟူသော ပရမီသွာနတ်, ပုရိသ စသူမှလည်းကောင်း, (ဖန်ဆင်းရှင် ပရမတ္တကို ဆိုလိုသည်။),
ငါ၏ ထိုအတ္တသည် အကျိုးစီးပွား ရှိသည် မရှိသည်ကို ပြောပြတတ်၏၊ သုခအစရှိသည်ကို ခံစားတတ်၏၊ အလုံးစုံသော အာရုံတို့ကို သိတတ်၏၊ မိမိကိုယ်တိုင် သိတတ် သူတစ်ပါးတို့သည် သိအပ်၏ ---- (ဇီဝအတ္တကို ဆိုလိုသည်။)
ဤသို့ ကြံဆအပ်သော သုခ ဒုက္ခကို ခံစားတတ်သော အတ္တမှလည်းကောင်း,
ဤနှစ်မျိုးသော ကာရကအတ္တ (ပရမတ္တ), ဝေဒကအတ္တ (ဇီဝအတ္တ)တို့မှ ကင်းဆိတ်ရကား ယင်းကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ကာရကအတ္တ ဝေဒကအတ္တတို့မှ ကင်းဆိတ်၏ဟု သိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။)
ဓုဝ - သုဘ - သုခ - အတ္တတို့မှ ဆိတ်
တစ်ဖန် ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ အဝိဇ္ဇာသည် ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် ခိုင်မြဲသည့် = ဓုဝသဘောမှ ကင်းဆိတ်၏။ ။ ပူပန်စေတတ် နှိပ်စက်တတ်သော အာသဝေါတရားစသော ကိလေသာတို့သည် ပူပန်စေအပ် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ပူပန်စေတတ် နှိပ်စက်တတ် သော ရာဂ ဒေါသ မာန်မာနစသော ကိလေသာကို ရခြင်းငှာ ထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုဘ၏ အဖြစ်မှလည်း ကင်းဆိတ်၏။ ။ ဖြစ်ခြင်း ပျက်ခြင်းသဘောသည် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် သုခ၏ အဖြစ်မှလည်း ကင်းဆိတ်၏။ ။ အာသဝစသော အကြောင်းတရားနှင့် စပ်သော = အကြောင်းတရား၌ စပ်သော ဖြစ်ခြင်းသဘောရှိသည်၏ အဖြစ်ကြောင့် အလိုသို့ လိုက်စေတတ်သည်ဖြစ်၍ ဖြစ်သော အတ္တ၏ အဖြစ်မှလည်း ကင်းဆိတ်၏။ ။ သင်္ခါရစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အားလုံးတို့သည်လည်း ထို့အတူ ဓုဝ-သုဘ-သုခ-အတ္တ တို့မှ ကင်းဆိတ်ကြကုန်သည်သာ ဖြစ်ကုန်၏။
တစ်နည်းဆိုရသော် ---- အဝိဇ္ဇာသည် ----
၁။ အတ္တလည်း မဟုတ်၊
၂။ အတ္တ၏ ဥစ္စာလည်း မဟုတ်၊
၃။ အတ္တ၌လည်း မရှိ၊
၄။ အတ္တလည်း မရှိ၊
သင်္ခါရအစရှိကုန်သော အင်္ဂါရပ်တို့သည်လည်း ထို့အတူပင်တည်း။ ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် သံသရာ ဘဝစက်သည် တစ်နည်း သံသရာဘဝစက်၏ အင်္ဂါရပ် (၁၂)ပါးတို့သည် ဓုဝ-သုဘ-သုခ-အတ္တဟူသော ဆိတ်သုဉ်းခြင်းဖြင့် ဆိတ်သုဉ်း၏ဟူ၍ သိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။ ဝိသုဒ္ဓိ၊၂၊၂၁၃။)
တစ်ဖန် ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ ----
၁။ မူလ (၂)ပါး,
၂။ အဓွန့်ကာလ (၃)ပါး,
၃။ အင်္ဂါ (၁၂)ပါး,
၄။ အစပ် (၃)ပါး,
၅။ အလွှာ (၄)ပါး,
၆။ ခြင်းရာ (၂၀) ရှိပေသည်။
မူလ (၂) ပါး
ထိုပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ဝယ် အဝိဇ္ဇာနှင့် တဏှာဟု အရင်းမူလ ပဓာနတရား နှစ်ပါးရှိ၏။ ထိုတွင် အဝိဇ္ဇာဟူသော အရင်းမူလ ပဓာနတရားသည် အဝိဇ္ဇာ သင်္ခါရဟူသော ရှေးအတိတ်ဖြစ်သော အကြောင်းအဖို့မှ စ၍ ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဟူသော ဝေဒနာတွင်ဆုံးသော ပစ္စုပ္ပန် အကျိုးဝိပါက်ကို ဆောင်ထားတတ်သောကြောင့် အရင်းမူလ ပဓာနတရား မည်၏။
ဝေဒနာ၏ နောက်၌ - ဝေဒနာပစ္စယာ တဏှာ - ဟု တဏှာကို တွေ့ရ၏။ ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ ရှေးအဖို့, နောက်အဖို့ဟု နှစ်ဖို့ရှိသည်တွင် အဝိဇ္ဇာသည် ရှေးအဖို့အတွက် အစဖြစ်၏၊ တဏှာသည် နောက်အဖို့ အတွက် အစဖြစ်၏။ ဥပါဒါန် ကမ္မဘဝဟူသော အကြောင်း, ဥပပတ္တိဘဝဟု ခေါ်ဆိုအပ်သော တစ်နည်း ဇာတိဟု ခေါ်ဆိုအပ်သော ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဟူသော အကျိုးတရားတို့ကို ဆက်သွယ်လျက် ယင်းတဏှာသည် ချဲ့တတ် ဖြန့်တတ်သောကြောင့် အနာဂတ်အဖို့ကို ဆက်စပ်လျက် ချဲ့တတ် ဖြန့်တတ်သော အရင်းမူလ ပဓာနတရား မည်၏။
ထိုေ့ရှပိုင်း ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်, နောက်ပိုင်း ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ဟု ဘဝစက် နှစ်မျိုးတို့တွင် ရှေးပိုင်း သံသရာဘဝစက်ကို ဒိဋ္ဌိစရိုက်ထူပြောသူတို့၏ အစွမ်းဖြင့် ဟောတော်မူအပ်၏၊ နောက်ပိုင်း သံသရာဘဝစက်ကို တဏှာစရိုက်ထူပြောသူတို့၏ အစွမ်းဖြင့် ဟောတော်မူအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။ ဝိသုဒ္ဓိ၊၂၊၂၁၃။)
မှန်ပေသည် ----- အဝိဇ္ဇာသည် ပရမတ္ထဓမ္မသဘာဝဟူသော တရားစစ် တရားမှန်တို့၏ မှန်သော သဘောကို မသိအောင် ဖုံးထား၏၊ ထိုဖုံးထားမှု အဝိဇ္ဇာသည် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း ဟူသော အယူမှားမှုကို ပြုလျက် နဂိုက ဒိဋ္ဌိစရိုက်ရှိနေသူတို့ကို သံသရာမှ မလွတ်နိုင်အောင် သံသရာထဲ၌ ဆွဲဆောင်၍ ထားသကဲ့သို့ ဖြစ်၏။ ထိုကြောင့် အဝိဇ္ဇာသည် ဒိဋ္ဌိစရိုက်ရှိသူတို့ကို သံသရာထဲ၌ ဆွဲဆောင် ထားတတ်၏။ တစ်နည်းဆိုရသော် ဒိဋ္ဌိစရိုက်ရှိသူတို့၏ အဝိဇ္ဇာသည် သံသရာကို ဆောင်တတ် ဖြစ်စေတတ်၏။
ဖဿ၏ ကိုယ်ပိုင် သဘာဝလက္ခဏာသဘောမှန်ဖြစ်သော ဖုသနသဘောကို အဝိဇ္ဇာက ဖုံးလွှမ်းထားသောကြောင့် အာရုံကို တွေ့ထိသောအခါ ဖဿကို မသိဘဲ အတ္တက တွေ့ထိ၏ဟု မှားမှားယွင်းယွင်း နှလုံး သွင်းခြင်းကို အဝိဇ္ဇာသည် ပြုလုပ်လျက် ဒိဋ္ဌိစရိုက် ရှိသူတို့ကို သံသရာထဲ၌ ဆွဲဆောင်ထားတတ်၏။ တစ်နည်း ဆိုသော် ဒိဋ္ဌိစရိုက်ရှိသူတို့၏ သန္တာန်ဝယ် သင်္ခါရ အစရှိသည်တို့၏ ဖြစ်ခြင်းဟူသော သံသရာကို ဆွဲဆောင် တတ်၏ ဖြစ်စေတတ်၏။ (မူလဋီ၊၂၊၁၂၆။)
ဤ၌ ဖဿ၏ အာရုံကိုတွေ့ထိတတ်သော ဖုသနသဘော, ဝေဒနာ၏ အာရုံ၏အရသာကို ခံစားတတ်သော အနုဘဝနသဘောကို --- အတ္တက တွေ့ထိ၏၊ အတ္တက ခံစား၏ --- ဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကို ပြုတတ်သော တရားကား အဝိဇ္ဇာမဟုတ်၊ ဒိဋ္ဌိတည်း။ ထိုဒိဋ္ဌိသည် အဝိဇ္ဇာကြောင့် ဖြစ်ရကား အကြောင်းဖြစ်သော အဝိဇ္ဇာအပေါ်၌ ဒိဋ္ဌိ၏ အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကို ပြုလုပ်တတ်သော ကတ္တုသတ္တိကို တင်စား ၍ အဝိဇ္ဇာကိုပင် အာရုံကို မှားယွင်းစွာ နှလုံးသွင်းမှုကို ပြုလုပ်တတ်သော ကတ္တားအဖြစ်ဖြင့် ဆိုထားသည်။ ဖလူပစာရ, တဒ္ဓမ္မူပစာရတည်း။ အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော စကား ဟူလိုသည်။ (အနုဋီ၊၂၊၁၃၆။)
တစ်နည်း --- သတ္တဝါဟူသည် အတ္တတည်း။ ထိုအတ္တသည် သေလျှင် ပြတ်၏ဟူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိတည်း။ ထိုဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ဖြတ်တောက်ပယ်စွန့့်ဖို့ရာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ။ ပ ။ ဖဿပစ္စယာ ဝေဒနာ တိုင်အောင်သော ပထမဘဝစက်ကို ဟောတော်မူအပ်၏။ သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ခြင်းက အဝိဇ္ဇာစသော အကြောင်းတရားတို့၏ အဆက်မပြတ်ခြင်းကို ထင်ရှားပြ၏။ အကျိုးတရားမရှိဘဲ အကြောင်းတရားမျှတွင် ရပ်နေလျှင်ကား သံသရာဘဝစက်သည် အဆက်ပြတ်၏ဟု ဆိုသင့်၏၊ သို့သော် ထိုသို့ အဆက်မပြတ်ပုံကို အကျိုးတရား၏ ဖြစ်ခြင်းက ထင်ရှားပြ၏။ သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ခြင်းက အဝိဇ္ဇာစသော အကြောင်းတရားတို့၏ မပြတ်မစဲခြင်းကို ထင်ရှားပြခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ဖြတ်တောက် ပယ်စွန့့်ဖို့ရာ ပထမဘဝစက်ကို ဟောတော်မူအပ်၏ဟု သိနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။ ဝိသုဒ္ဓိ၊၂၊၂၁၃၊၊)
တဏှာမှ စ၍ ဇရာမရဏတိုင်အောင်သော ဒုတိယဘဝစက်ကို သဿတဒိဋ္ဌိ = အတ္တသည် မြဲ၏ဟု ယူသော အယူဝါဒကို ပယ်စွန့်ဖို့ရာ ဟောတော်မူ၏။ အဘယ်ကြောင့် သိနိုင်သနည်း --- ဖြစ်သမျှ အကြောင်း တရား အကျိုးတရားတို့မှာ တစ်ဘဝအတွက် ဇရာမရဏဟူသော အဆုံးသတ်တရား ရှိနေသည့်အတွက်ကြောင့် သဿတ = မြဲ၏ဟု မရှိနိုင်ကြောင်းကို ဒုတိယဘဝစက်က ထင်ရှားပြသောကြောင့် သိနိုင်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။ ဝိသုဒ္ဓိ၊၂၊၂၁၃။)
ပထမဘဝစက်၌ --- ဝိညာဏပစ္စယာ နာမရူပံ --- ဝယ် စက္ခုစသော အာယတနများ မပြည့်စုံသေးသော ကလလရေကြည်တည်စခိုက် ရုပ်နာမ်ဖြစ်ပုံကို ပြ၏။ ထိုနောက်မှ --- နာမရူပပစ္စယာ သဠာယတနံ --- ဟု စက္ခုစသော အာယတနတို့၏ ဖြစ်ပုံကို ပြ၏။ ထိုကြောင့် အမိဝမ်းတွင်း၌ ပဋိသန္ဓေတည်နေကြရသော ဂဗ္ဘသေယျကသတ္တဝါတို့၏ ဖြစ်ပုံနှင့် ကိုက်ညီသော အာယတနတို့၏ အစဉ်အတိုင်း ဖြစ်ပုံကို ပြသောကြောင့် ရှေးပိုင်း ဘဝစက်ကို ဂဗ္ဘသေယျကသတ္တဝါတို့အတွက် ဟောတော်မူအပ်၏ဟု သိနိုင်၏။
နောက်ပိုင်း ဘဝစက်၌ကား --- ဘဝပစ္စယာ ဇာတိ - ဟု ဟောတော်မူလိုက်လျှင် စက္ခုစသော အာယတန များလည်း ဥပပတ္တိဘဝ ဇာတိတို့အရတွင် ပါဝင်၏၊ ကိုယ်ထင်ရှားဖြစ်ကြရသော ဩပပါတိကသတ္တဝါတို့၌လည်း စက္ခုစသော အာယတနများသည် ပဋိသန္ဓေအခါ၌ တစ်ပြိုင်နက် ဖြစ်ကြ၏။ ထိုကြောင့် ဒုတိယဘဝစက်ကို ဩပပါတိကသတ္တဝါတို့အတွက် ဟောတော်မူသည်ဟု သိနိုင်ပါသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။ ဝိသုဒ္ဓိ၊၂၊၂၁၃။)
အဓွန့်ကာလ (၃) ပါး
အတိတ်-ပစ္စုပ္ပန်-အနာဂတ်ဟု အဓွန့်ကာလ သုံးပါး ရှိ၏။
၁။ အဝိဇ္ဇာ-သင်္ခါရတို့ကား အတိတ်တရားစုတို့တည်း။
၂။ ဝိညာဏ်မှသည် ဘဝတိုင်အောင် တရားစုတို့ကား ပစ္စုပ္ပန်တရားစုတို့တည်း။
၃။ ဇာတိ-ဇရာမရဏ နှစ်ပါးတို့ကား အနာဂတ်တရားစုတို့တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၈၁။ ဝိသုဒ္ဓိ၊၂၊၂၁၃။)
အင်္ဂါ (၁၂) ပါး
အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏဟု ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ် ရှိပေသည်။
အစပ် (၃) ပါး
၁။ သင်္ခါရနှင့် ပဋိသန္ဓေဝိညာဏ်၏ အကြား၌ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတို့ ဆက်စပ်နေသော အစပ်တစ်ခု။ (သင်္ခါရကား အတိတ်အကြောင်းတရားတည်း။ ပဋိသန္ဓေဝိညာဏ်ကား ပစ္စုပ္ပန်အကျိုးတရားတည်း၊၊)
၂။ ဝေဒနာနှင့် တဏှာ၏ အကြား၌ ပစ္စုပ္ပန်အကျိုးတရားနှင့် ပစ္စုပ္ပန်အကြောင်းတရားတို့၏ ဆက်စပ်နေသော အစပ်တစ်ခု။ (ဝေဒနာကား အတိတ်အကြောင်းကြောင့်ဖြစ်သည့် ပစ္စုပ္ပန်အကျိုးတရားတည်း။ တဏှာကား နောင်အနာဂတ် ဝိပါကဝဋ်အတွက် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ပစ္စုပ္ပန်အကြောင်းတရားတည်း။)
၃။ ဘဝနှင့် ဇာတိ၏ အကြား၌ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးတရားတို့ ဆက်စပ်နေသော အစပ် တစ်ခု။ (ဘဝကား ပစ္စုပ္ပန်အကြောင်းတရားတည်း။ ဇာတိကား အနာဂတ်အကျိုးတရားတည်း။) ဤသို့လျှင် အစပ်(၃)ပါး ရှိပေသည်။
အလွှာ (၄) ပါး
၁။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ - ဟူသော အတိတ်အကြောင်းတရား (၅)ပါး ---- တစ်လွှာ = အတိတ်အကြောင်း တစ်လွှာ။
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဟူသော ပစ္စုပ္ပန်အကျိုး (၅)ပါး ---- တစ်လွှာ = ပစ္စုပ္ပန်အကျိုး တစ်လွှာ။
၃။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ - ဟူသော ပစ္စုပ္ပန်အကြောင်းတရား (၅)ပါး ---- တစ်လွှာ = ပစ္စုပ္ပန်အကြောင်း တစ်လွှာ။
၄။ ဇာတိအမည်ရသော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဟူသော အနာဂတ်အကျိုးတရား(၅)ပါး ---- တစ်လွှာ = အနာဂတ်အကျိုး တစ်လွှာ။
ဤသို့လျှင် အလွှာ (၄)ပါး ရှိ၏။
ခြင်းရာ (၂၀)
အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)
၁။ အတိတ် အကြောင်းတရား (၅)ပါး
၂။ ပစ္စုပ္ပန် အကျိုးတရား (၅)ပါး
၃။ ပစ္စုပ္ပန် အကြောင်းတရား (၅)ပါး
၄။ အနာဂတ် အကျိုးတရား (၅)ပါး
ဤသို့လျှင် ခြင်းရာ (၂၀) ရှိ၏။
ယောဂါဝစရပုဂ္ဂိုလ်သည်ကား ယင်း မူလ (၂)ပါး, ကာလ (၃)ပါး, အင်္ဂါ (၁၂)ပါး, အစပ် (၃)ပါး, အလွှာ (၄)ပါး, ခြင်းရာ (၂၀)ဟူသော ယင်းသဘောတရားတို့၏ မပြတ်မစဲ လည်ပတ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်ပေသည်။
ဝဋ် (၃) ပါး လည်ပတ်ပုံ
သင်္ခါရနှင့် ဘဝ = ကမ္မဘဝတို့ကား ကမ္မဝဋ်တည်း။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ကား ဝိပါကဝဋ်တည်း။ ဤသို့လျှင် ဤဝဋ် (၃)ပါးတို့ဖြင့် ဝဋ် (၃)ပါးရှိသော ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်သည် ကိလေသဝဋ် မပြတ်မစဲသေးသမျှ ကာလပတ်လုံး မပြတ် သေးသော အကြောင်းတရားရှိသည်၏ အဖြစ်ကြောင့် ရဟတ်ပမာ လည်ပတ်၍သာ နေသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၂၁၆။)
အတိတ်အကြောင်းတရား (၅)ပါး၌ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် (၃)ပါးသည် ကိလေသဝဋ်တည်း။ သင်္ခါရနှင့် ကမ္မဘဝသည် ကမ္မဝဋ်တည်း။ ထိုကိလေသာ ကံတို့ကြောင့် ဤဘဝ၌ ပဋိသန္ဓေဝိညာဏ်မှစ၍ အကျိုး (၅)ပါး ဖြစ်ရကား ကိလေသနှင့် ကမ္မသည် ဝိပါကနှင့် ဆက်စပ်လျက် လည်ပတ်နေသကဲ့သို့ ဖြစ်သောကြောင့် ဝဋ္ဋ = ဝဋ်မည်၏။ ဝဋ္ဋသဒ္ဒါသည် အဖန်ဖန် အထပ်ထပ် လည်ပတ်ခြင်း အနက်ကို ဟော၏။ တစ်ဖန် ဝိညာဏ်စသော ပစ္စုပ္ပန်အကျိုးတရား (၅)ပါးသည်လည်း ပစ္စုပ္ပန်အကြောင်းတရားများဖြစ်ကြသော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသ, သင်္ခါရ ကမ္မဘဝဟူသော ကမ္မနှင့်ဆက်စပ်လျက် လည်ပတ်နေသကဲ့သို့ ဖြစ်သောကြောင့် ဝဋ္ဋ အမည်ရသည်။
ထိုပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ ရှေးဘဝ၌ ပြုစုပျိုးထောင်ခဲ့သော ကမ္မသမ္ဘာရ - အမည်ရသော အကျိုးတရားကို တိုးပွားစေတတ်ကုန်သော ကံအဆောက်အဦတို့ကား (၅)ပါးတို့တည်း။ (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတို့တည်း။) ဤပစ္စုပ္ပန်ဘဝ၌ ဝိပါကဓမ္မ အမည်ရသော အကျိုးတရားတို့ကား (၅)ပါး တို့တည်း။ (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့တည်း။)
ဤပစ္စုပ္ပန်ဘဝ၌ ပြုစုပျိုးထောင်ထားအပ်ကုန်သော ကမ္မသမ္ဘာရအမည်ရသော အကျိုးတရားကို တိုးပွား စေတတ်ကုန်သော ကံအဆောက်အဦတို့ကား (၅)ပါးတို့တည်း။ အနာဂတ်ဘဝ၌ ဝိပါကဓမ္မ အမည်ရသော အကျိုးတရားတို့ကား (၅)ပါးတို့တည်း။
ဤသို့လျှင် (၁၀)ပါးကုန်သော တရားတို့သည် ကမ္မ = ကံတည်း။ (၁၀)ပါးကုန်သော တရားတို့သည် ဝိပါက = ဝိပါက်အကျိုးတရားတည်း။ ဤသို့လျှင် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ပြုစုပျိုးထောင်ထားအပ်သော ကံသည် ကမ္မမည်၏။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် အကျိုးဝိပါက် မည်၏။ ဤသို့လျှင် ပစ္စယာကာရဝဋ္ဋ အမည်ရသော ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်သည် ကမ္မနှင့် ကမ္မဝိပါကသာ ဖြစ်၏ = ကံနှင့် ကံ၏ အကျိုးတရားသာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)
ဒသ ဓမ္မာ ကမ္မံ --- ကံ (၁၀)ပါး --- အကြောင်းတရား (၅)ပါးတွင် ပါဝင်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရတို့သည် ကံ၏ အဖော်သဟာယ် ဖြစ်၍ ကံနှင့် သဘောတူသောကြောင့်လည်းကောင်း, ကံအား ကျေးဇူးများသောကြောင့်လည်းကောင်း ကံဟု ဆိုနိုင်၏။ (မူလဋီ၊၂၊၁၂၇။) ထို (၅)ပါးသည် အတိတ်အကြောင်း (၅)ပါး, ပစ္စုပ္ပန်အကြောင်း (၅)ပါး အားဖြင့် (၁၀)ပါး ဖြစ်၏။ ဝိပါကဓမ္မ၌လည်း ပစ္စုပ္ပန်အကျိုး (၅)ပါး, အနာဂတ်အကျိုး (၅)ပါးအားဖြင့် (၁၀)ပါးပင် ဖြစ်၏။
တစ်ဖန် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မသင်္ခေပတည်း။ အဝိဇ္ဇာ တဏှာစသော အကြောင်း တရားတို့ကို အကျဉ်းချုံးထားအပ်သော ကံတည်း။ ပစ္စုပ္ပန် အနာဂတ်ဟူသော နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကသင်္ခေပတည်း။ ဝိညာဏ်စသည်တို့ကို အကျဉ်းချုံးထားသော ဝိပါက်တည်း။ ဤသို့လျှင် အလုံးစုံသော ဤ ဘဝစက်သည် ကမ္မသင်္ခေပသည်လည်းကောင်း, ဝိပါကသင်္ခေပသည်လည်းကောင်း ဖြစ်၏။
အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မဝဋ်တည်း။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကဝဋ်တည်း။ လည်ပတ်တတ်သော ကံနှင့် လည်ပတ်တတ်သော ဝိပါက်တည်း။ ဤသို့လျှင် အလုံးစုံလည်း ဖြစ်သော ဤဘဝစက်သည် ကမ္မဝဋ်သည်လည်းကောင်း, ဝိပါကဝဋ်သည်လည်းကောင်း ဖြစ်ပေ၏။
တစ်ဖန် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မဘဝတည်း။ ပစ္စုပ္ပန် အနာဂတ်ဟူသော နှစ်ဌာန တို့၌ ဝိပါကသည် ဝိပါကဘဝတည်း။ ဤသို့လျှင် အလုံးစုံလည်းဖြစ်သော ဤဘဝစက်သည် ကမ္မဘဝသည် လည်းကောင်း, ဝိပါကဘဝသည်လည်းကောင်း ဖြစ်ပေ၏။
အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မပဝတ္တတည်း = အဆက်မပြတ်ဖြစ်သော ကံအယဉ်တည်း။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကပဝတ္တတည်း = အဆက်မပြတ်ဖြစ်သော အကျိုးအယဉ်တည်း။ ဤသို့လျှင် အလုံးစုံလည်းဖြစ်သော ဤဘဝစက်သည် ကမ္မပဝတ္တသည်လည်းကောင်း, ဝိပါကပဝတ္တသည်လည်းကောင်း ဖြစ်ပေ၏။
တစ်ဖန် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မသန္တတိ = ကံအစဉ်အတန်းတည်း။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကသန္တတိ = ဝိပါက်အစဉ်အတန်းတည်း။ ဤသို့လျှင် အလုံးစုံလည်းဖြစ်သော ဤဘဝစက်သည် ကမ္မသန္တတိ = ကံအစဉ်သည်လည်းကောင်း, ဝိပါကသန္တတိ = ဝိပါက်အစဉ်သည်လည်းကောင်း ဖြစ်ပေ၏။
အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကိရိယာ = ပြုအပ်သော ကံ မည်၏။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာန တို့၌ ဝိပါကသည် ကိရိယာဖလ = ပြုအပ်သော ကံ၏ အကျိုး မည်၏။ ဤသို့လျှင် အလုံးစုံသော ဤဘဝစက် သည် ကိရိယာသည်လည်းကောင်း, ကိရိယာ၏ အကျိုးသည်လည်းကောင်း ဖြစ်ပေ၏ဟု မှတ်သားပါ။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)
ဧဝံ သမုပ္ပန္နမိဒံ သဟေတုကံ၊ ဒုက္ခံ အနိစ္စံ စလမိတ္တရဒ္ဓုဝံ။
ဓမ္မေဟိ ဓမ္မာ ပဘဝန္တိ ဟေတုသော၊ န ဟေတ္ထ အတ္တာ ဝ ပရော ဝ ဝိဇ္ဇတိ။
ဓမ္မာ ဓမ္မေ သဉ္ဇနေန္တိ၊ ဟေတု သမ္ဘာရ ပစ္စယာ။
ဟေတူနဉ္စ နိရောဓာယ၊ ဓမ္မော ဗုဒ္ဓေန ဒေသိတော။
ဟေတူသု ဥပရုဒ္ဓေသု၊ ဆိန္နံ ဝဋ္ဋံ န ဝဋ္ဋတိ။
ဧဝံ ဒုက္ခန္တကိရိယာယ၊ ဗြဟ္မစရိယိဓ ဝိဇ္ဇတိ။
သတ္တေ စ နုပလဗ္ဘန္တေ၊ နေဝုစ္ဆေဒေါ န သဿတံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)
ဤဆိုအပ်ခဲ့ပြီးသော အစီအရင်ဖြင့် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားကြောင့် ကောင်းစွာ ဖြစ်ပေါ်၍ လာသော အကြောင်းတရားနှင့်တကွ ဖြစ်သော = (ဝိပါကဟူသော အကျိုးတရားကို ဖြစ်စေတတ်သော ကံ ဟူသော အကြောင်းတရားနှင့်တကွ ဖြစ်သော, သင်္ခါရဟူသော အကျိုးတရားကို ဖြစ်စေတတ်သော အဝိဇ္ဇာ စသော အကြောင်းတရားနှင့်တကွ ဖြစ်သော) ဤဘဝစက်သည် = ဘဝစက်ဟု ခေါ်ဆိုအပ်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်သည် ---
၁။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရသည့်အတွက် ဒုက္ခသာတည်း။
၂။ ဖြစ်ပြီး၍ ပျက်စီးရသောကြောင့် အနိစ္စသာတည်း။
၃။ ဌီကာလမှ ဘင်ကာလသို့ ယိုင်လဲလျက် ဖောက်ပြန်ခြင်းသို့ ကပ်ရောက်သောအားဖြင့် လှုပ်ရှားတတ်၏။ (စလသာတည်း။)
၄။ ဖြစ်ပြီးလျှင် ပြီးခြင်း ဘင်ခဏသို့ ကပ်ရောက်ရသောကြောင့် နည်းငယ်တိုလျ တစ်ခဏသာတည်း။
(ဣတ္တရသာတည်း။)
၅။ မြဲမြံခိုင်ခံ့ တည်တံ့သောသဘော မရှိ။ (အဓုဝသာတည်း။)
အကြောင်းတရားတို့ကြောင့် အကျိုးတရားတို့သည် သင့်သော အကြောင်းအားဖြင့် စ၍ ဖြစ်ကုန်၏။ မှန်ပေသည် --- ဤအကြောင်းတရား အကျိုးတရားတို့၌ မိမိသည်လည်းကောင်း, သူတစ်ပါးသည်လည်းကောင်း မရှိပေ။
ကံသည် အကျိုးတရားတို့ကို တိုးပွားစေတတ်သော စွမ်းအားရှိ၏၊ ယင်းကံကို အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရတို့က အားပေး ထောက်ပံ့ထား၏။ ထိုကြောင့် အကျိုးတရားတို့ကို တိုးပွားစေတတ်သော အကြောင်း ဟူသော အထောက်အပံ့ကြောင့် အကြောင်းတရားတို့သည် အကျိုးတရားတို့ကို ကောင်းစွာ ဖြစ်စေကုန်၏။ အဝိဇ္ဇာစသော အကြောင်းတရားတို့၏လည်း ချုပ်ငြိမ်းခြင်းငှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် မဂ္ဂင် (၈)ပါး အကျင့် မြတ်တရားတည်းဟူသော ကျင့်စဉ်တရားကို ဟောကြားတော်မူအပ်ခဲ့လေပြီ။ အဝိဇ္ဇာစသော အကြောင်းတရား တို့သည် ချုပ်ပြီးကုန်လတ်သော် သံသရာဝဋ်မြစ်ကား ပြတ်စဲလေပြီ၊ ပြတ်ပြီးသော ဝဋ်တရားသည် မလည်ပတ် တော့ပေ။ ဤသို့လျှင် ဝဋ်ဒုက္ခ၏ အဆုံးကို ပြုခြင်းငှာ ဤသာသနာတော်၌ ဗြဟ္မစရိယ အမည်ရသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ, အရိယမဂ် တည်းဟူသော မဂ္ဂဗြဟ္မစရိယ ကျင့်စဉ်သည်လည်း ထင်ရှားရှိနေ၏။ ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ သတ္တဝါကို = အတ္တကိုသော်မျှလည်း မရအပ် မရနိုင်သည်၏ အဖြစ်ကြောင့် အတ္တသည် သေလျှင်ပြတ်၏ ဟူသော ဥစ္ဆေဒအယူဝါဒသည် မဖြစ်တော့၊ အတ္တသည် မြဲ၏ဟူသော သဿတအယူဝါဒသည်လည်း မရှိတော့ပေ။ (အဘိ၊ဋ္ဌ၊၂၊၁၈၄။)
သစ္စပ္ပဘဝ = သစ္စာအမွန်အစ
ဤသို့ အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်လျက် အထပ်ထပ် မပြတ်တရစပ် ချာချာလည် လျက် လည်ပတ်နေသော ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ကို ---
၁။ အကျိုးသစ္စာတို့၏ အမွန်အစ စ၍ ဖြစ်ပေါ်လာရာ အကြောင်းသစ္စာအားဖြင့်လည်းကောင်း,
၂။ ကိစ္စအားဖြင့်လည်းကောင်း,
၃။ ဝါရဏ = တားမြစ်ခြင်းအားဖြင့်လည်းကောင်း,
၄။ ဥပမာတို့ဖြင့်လည်းကောင်း,
၅။ နက်နဲခြင်း ဂမ္ဘီရအပြားအားဖြင့်လည်းကောင်း,
၆။ နယ = နည်းအပြားအားဖြင့်လည်းကောင်း,
ထိုက်သည့်အားလျော်စွာ သိထိုက်ပြန်ပေသည်။
တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
ထိုတွင် အာသဝေါတရားတို့၏ အာရုံယူရာ (၃၁)ဘုံ နယ်မြေအတွင်း၌ ရှိသော လောကီကုသိုလ်ကံ အကုသိုလ်ကံ ဟူသမျှကို --- စေတနာ, စေတနာနှင့်ယှဉ်သော သမ္ပယုတ္တဓမ္မ --- ဟု အထူးမမ သာမညအားဖြင့် သမုဒယသစ္စာဟူ၍ သစ္စဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၅။)၌ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ထိုကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ --- ဟူသော ပါဠိရပ်၌ အဝိဇ္ဇာသည်လည်း သမုဒယသစ္စာ ဖြစ်၏၊ သင်္ခါရသည်လည်း သမုဒယသစ္စာပင် ဖြစ်၏။ သို့အတွက် အဝိဇ္ဇာကြောင့် ဖြစ်ကုန်သော သင်္ခါရတို့သည် အဝိဇ္ဇာ ဟူသော သမုဒယသစ္စာလျှင် အမွန်အစရှိကုန်သော သမုဒယသစ္စာတရားစုတို့တည်း။
သင်္ခါရကြောင့်ဖြစ်သော ဝိညာဏ်သည် သင်္ခါရဟူသော သမုဒယသစ္စာလျှင် အမွန်အစရှိသော ဒုက္ခသစ္စာ တရားစုတည်း။ (ဝိပါက်ဝိညာဏ်တို့ကား ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။)
(တစ်ဖန် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ တရားစုတို့ကား အကျိုးဝိပါက်တရားစုများသာ ဖြစ်ကြသဖြင့် ဒုက္ခသစ္စာတရားစုတို့သာ ဖြစ်ကုန်၏။ သို့အတွက် ---) ဝိညာဏ် စသည်တို့ကြောင့် ဖြစ်ကုန်သော ဝိပါက်ဝေဒနာ အဆုံးရှိကုန်သော တရားတို့သည် ဒုက္ခသစ္စာလျှင် အမွန်အစရှိကုန်သော ဒုက္ခသစ္စာတရားစု တို့တည်း။
ဝိပါက်ဝေဒနာကြောင့် ဖြစ်သော တဏှာသည် ဝိပါက်ဝေဒနာဟူသော ဒုက္ခသစ္စာလျှင် အမွန်အစရှိသော သမုဒယသစ္စာတရားတည်း။ တဏှာကြောင့် ဖြစ်သော ဥပါဒါန်သည် တဏှာဟူသော သမုဒယသစ္စာလျှင် အမွန် အစ ရှိသော သမုဒယသစ္စာတရားတည်း။
ဥပါဒါန်ကြောင့်ဖြစ်သော ကမ္မဘဝ ဥပပတ္တိဘဝသည် ဥပါဒါန်ဟူသော သမုဒယသစ္စာလျှင် အမွန်အစ ရှိသော သမုဒယသစ္စာ ဒုက္ခသစ္စာတရားတည်း။ (ကမ္မဘဝကား သမုဒယသစ္စာတရား၊ ဥပပတ္တိဘဝကား ဒုက္ခသစ္စာတရားတည်း။)
ကမ္မဘဝကြောင့်ဖြစ်သော ဇာတိသည် ကမ္မဘဝဟူသော သမုဒယသစ္စာလျှင် အမွန်အစရှိသော ဒုက္ခ သစ္စာတရားတည်း။ ဇာတိကြောင့်ဖြစ်သော ဇရာမရဏသည် ဇာတိဟူသော ဒုက္ခသစ္စာလျှင် အမွန်အစရှိသော ဒုက္ခသစ္စာတရားတည်း။ ဤသို့လျှင် ဤသံသရာဘဝစက်ကို သစ္စပ္ပဘဝ = သစ္စာအမွန်အစ သဘောအားဖြင့်လည်း သိထိုက်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆-၂၁၇။)
ကိစ္စအားဖြင့် သိသင့်ပုံ
ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ အဝိဇ္ဇာသည် အဝိဇ္ဇာ၏ တည်ရာ, အဝိဇ္ဇာသည် ဖုံးထားထိုက်သော သစ္စာ (၄)ပါးတည်းဟူသော ဝတ္ထုတို့၌ သတ္တဝါတို့ကို ပြင်းစွာ တွေဝေစေ၏ = ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အထင်မှားစေ အသိမှားစေ အမှတ်မှားစေ၏။ သင်္ခါရတို့ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
ထို့အတူ သင်္ခါရတို့သည် ပြုစီမံအပ်သော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရ ကာယသင်္ခါရ ဝစီသင်္ခါရ မနောသင်္ခါရကိုလည်း ပြုစီမံတတ်ကုန်၏။ ဝိညာဏ် ထင်ရှား ဖြစ်ပေါ်လာရန် ကျေးဇူး ပြုပေးတတ်ကုန်သော အကြောင်းတရားတို့လည်း ဖြစ်ကုန်၏။
ဝိညာဏ်သည်လည်း သိသင့်သိထိုက်သည့် ဝိညာဏ်၏ အာရုံယူရာ တည်ရာ အာရုံကိုလည်း သိ၏ = အာရုံယူနိုင်၏၊ သညာ ပညာတို့မှ ထူးသောအားဖြင့် တစ်မျိုးတစ်ဖုံအားဖြင့် တည်ရာ အာရုံကိုလည်း သိ၏ = အာရုံကို ရယူနိုင်၏။ နာမ်ရုပ် ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
နာမ်ရုပ်သည်လည်း အချင်းချင်း တစ်ပါးသည် တစ်ပါးကိုလည်း ထောက်ပံ့၏၊ သဠာယတန = အာယတန (၆)ပါး ထင်ရှား ဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။ သဠာယတန သည်လည်း စက္ခုစသော မိမိ၏ ရူပါရုံစသော ဆိုင်ရာအာရုံ၌လည်း ဖြစ်၏၊ ဖဿ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
ဖဿသည်လည်း အာရုံကိုလည်း တွေ့ထိတတ်၏၊ ဝေဒနာ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
ဝေဒနာသည်လည်း အာရုံ၏ အရသာကိုလည်း ခံစား၏၊ တဏှာ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
တဏှာသည်လည်း တပ်မက်ထိုက်သော တရား၌လည်း တပ်မက်၏၊ ဥပါဒါန် ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
ဥပါဒါန်သည်လည်း ဥပါဒါန်၏ အာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာတရား (၅)ပါးတို့ကိုလည်း စွဲလမ်းတတ် ၏၊ ဘဝ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
ဘဝသည်လည်း အမျိုးမျိုးသော ဂတိတို့၌လည်း (ရုပ်-နာမ် သန္တတိအစဉ်ကို) အထူးထူး ပစ်ချ၏ = (အမျိုးမျိုးသော ဂတိတို့၌ အထူးထူးသော ရုပ်နာမ် သန္တတိအစဉ်တို့ကို ဖြစ်စေ၏။) ဇာတိ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
ဇာတိသည်လည်း ခန္ဓာတို့ကိုလည်း ဖြစ်စေ၏၊ ထိုခန္ဓာတို့၏ ရှေးရှုဖြစ်ခြင်းသဘော၏ အဖြစ်ဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့် ဇရာမရဏ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
ဇရာမရဏသည်လည်း ခန္ဓာတို့၏ ရင့်ခြင်း ပျက်ခြင်း သဘောကိုလည်း စွဲမှီ၍ တည်၏၊ ဘဝတစ်ပါး၌ ထင်စွာဖြစ်ခြင်း အကျိုးငှာ ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။ သောကစသည်တို့၏ တည်ရာ ဖြစ်သောကြောင့်ပင်တည်း။
ထိုကြောင့် အဝိဇ္ဇာစသော အလုံးစုံသော ပုဒ်တို့၌ နှစ်ပါး အပြားအားဖြင့်ဖြစ်သော ကိစ္စအားဖြင့်လည်း ဤဘဝစက်ကို ထိုက်သည်အားလျော်စွာ သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၇၊၊)
ဇရာမရဏ --- ဇရာမရဏဖြစ်လျှင် အဝိဇ္ဇာဖြင့် တွေဝေမိုက်မဲသော သတ္တဝါ၏သန္တာန်ဝယ် သောကစသည် ဖြစ်တော့၏။ ထိုကြောင့် ဇရာမရဏကို သောကစသည်တို့၏ တည်ရာဟု ဆိုသည်။ သောကစသည် ဖြစ်လျှင် အဝိဇ္ဇာလည်း ပါဝင်တော့၏၊ အဝိဇ္ဇာပါဝင်လျှင် အဝိဇ္ဇာနှင့် အဖော်သဟာယ်ဖြစ်သော သင်္ခါရတို့လည်း ဖြစ်တော့၏၊ ထိုသင်္ခါရတို့ကြောင့် ဘဝသစ်၌ ခန္ဓာ (၅)ပါး ဖြစ်ဖို့ရန် ဇရာမရဏက ပကတူပနိဿယပစ္စယသတ္တိဖြင့် = ပကတိအားဖြင့် အားကြီးသောမှီရာ အကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးသည်။ ထိုကြောင့် ပစ္စယော စ ဟောတိ ဘဝန္တရပါတုဘာဝါယ = ဘဝတစ်ပါး ထင်ရှား ဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏ဟု ဆိုသည်။ တစ်နည်း --- စုတိစိတ်သည် (မရဏသည်) ပဋိသန္ဓေဝိညာဏ်အား အနန္တရပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏၊ ထိုကြောင့် ဘဝတစ်ပါး ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏ဟု ဆိုသည်။ (မူလဋီ၊၂၊၁၂၈။)
ကိစ္စ (၂) မျိုး
အဝိဇ္ဇာ = မောဟသည် ပရမတ္ထဓမ္မတည်းဟူသော သစ္စာ (၄)ပါး အာရုံတို့၌ တွေဝေစေခြင်း ကိစ္စရှိ၏။ ဤကိစ္စသည် မိမိသဘောအတိုင်း ဖြစ်သော သရသကိစ္စတည်း။ သင်္ခါရတို့ ထင်ရှားဖြစ်ဖို့ရန်လည်း ကျေးဇူးပြု၏။ ထိုကျေးဇူးပြုခြင်းသည် ဓမ္မန္တရဟူသော အခြားတစ်မျိုးသော တရား၏ အကြောင်းဖြစ်ခြင်း ကိစ္စတည်း။ ဤသို့ (၂)ကိစ္စ ရှိသောကြောင့် (၂)မျိုးသောအားဖြင့် ဖြစ်သော ကိစ္စအားဖြင့် သိအောင် ကြိုးစား အားထုတ်ပါဟု ဆိုသည်။ သင်္ခါရစသည်တို့၌လည်း နည်းတူ မှတ်ပါ။
မိစ္ဆာအယူကို တားမြစ်ကြောင်းတရား
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ဟူသော ဤစကားသည် --- ဗြဟ္မာ ဗိဿဏိုး အစိုးရသူ ပြုစီမံ၏ ပြုလုပ်တတ်သူ ဖန်ဆင်းတတ်သူ ထင်ရှားရှိ၏ - ဟု မှားမှားယွင်းယွင်း သိမြင်တတ်သော မိစ္ဆာအယူကို တားမြစ်ကြောင်း စကားတည်း။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ဟူသော ဤစကားရပ်သည် အတ္တ၏ ဘဝတစ်ပါးသို့ ပြောင်းသွားခြင်း ဟူသော မိစ္ဆာအယူကို တားမြစ်ကြောင်း စကားတည်း။ [ကံနှင့် ကံ၏အကျိုးတရားကို နားမလည်သူ မသိသူတို့ သည် ခန္ဓာကိုယ်၌ အတ္တကောင်ကလေးသည် ရှိ၏ - ဟု ယူဆ၍ ဘဝတစ်ခု ဆုံးသောအခါ - ထိုအတ္တကောင်ကလေးသည်ပင် ဘဝသစ်သို့ ပြောင်းရွှေ့သွား၏ - ဟု ယူဆတတ်ကြ၏။ ထိုအယူမှားကို တားမြစ်သောအားဖြင့် နောက်ဘဝ၌ ပဋိသန္ဓေဝိညာဏ်အသစ်သည် မိမိပြုအပ်သော ကံ (သင်္ခါရ)ကြောင့်သာ ဖြစ်၏ - ဟု ဟောတော် မူသဖြင့် - ဤဘဝမှ အတ္တက ပြောင်းရွှေ့သွားသည် မဟုတ်ပါ -- ဟု အတ္တပြောင်းရွှေ့မှု = အတ္တသင်္ကန္တိ အယူကို တားမြစ်ရာရောက်သည်။ လူသေသွားသောအခါ - အသက်ထွက်သွားပြီ - ဟု စွဲယူသော အသက် ဟူသည်မှာလည်း ဤအတ္တပင်တည်း။ အချို့ကား ဤအသက်ကိုပင် လိပ်ပြာဟုယူဆ၍ လိပ်ပြာနေဖို့ရန် အိမ်ကိုပင် ပြုလုပ်တတ်ကြသည်။ ဤအယူမှားအားလုံးကို သင်္ခါရပစ္စယာ ဝိညာဏံ --- ဟူသော စကားတော်က တားမြစ်သည်၊၊] (အဘိ၊ဋ္ဌ၊၂၊၁၈၆။ ဝိသုဒ္ဓိ၊၂၊၂၁၇။)
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏ဟူသော ဤစကားတော်သည် အတ္တဟူ၍ မှားသောအားဖြင့် ကြံစည်အပ်သော နာမ်နှင့်ရုပ်ဟူသော ဝတ္ထု၏ ကွဲပြားခြင်းကို ပြခြင်းကြောင့် နာမ်နှင့်ရုပ် မကွဲ တစ်လုံးတည်း တစ်ခဲတည်းဟူသော ဃနသညာကို တားမြစ်ကြောင်း စကားတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၈၆။ ဝိသုဒ္ဓိ၊၂၊၂၁၇။)
ရုပ်-နာမ် ခန္ဓာ (၅)ပါးကို ဉာဏ်၌ ကွဲပြားမှုမရှိဘဲ မခွဲခြားတော့ဘဲ အတ္တတစ်ခုဟု မှတ်ယူခြင်းကို --- ဃနသညာ --- ဟု ခေါ်၏။ နှစ်ခြမ်းစပ်နေသော ထန်းမြစ်ကို စားခါနီးတွင် ထက်ခြမ်းခွဲလိုက်သကဲ့သို့ ရုပ်နှင့် နာမ်ကို ခွဲ၍ --- ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏။ - ဟု ဟောတော်မူခြင်းသည် ထိုဃနသညာကို တားမြစ်တော် မူရာ ရောက်ပေသည်။ (မဟာဋီ၊၂၊၃၄၂။)
နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်၏ --- ဤသို့စသော စကားတော်များသည် --- အတ္တသည် မြင်၏၊ အတ္တသည် ကြား၏၊ အတ္တသည် နမ်းရှူ၏၊ အတ္တသည် စားသောက်၏၊ အတ္တသည် ထိသိ၏၊ အတ္တသည် သိ၏၊ အတ္တသည် တွေ့ထိ၏၊ အတ္တသည် ခံစား၏၊ အတ္တသည် တပ်မက်တတ်၏၊ အတ္တသည် စွဲလမ်း၏၊ အတ္တသည် ဘဝအနေအားဖြင့် ဖြစ်၏၊ အတ္တသည် ဇာတိအနေအားဖြင့် ဖြစ်၏၊ အတ္တသည် ဆွေးမြည့်၏၊ အတ္တသည် သေ၏၊ အတ္တသည် စိုးရိမ်သောကဖြစ်၏ = ဝမ်းနည်း၏၊ အတ္တသည် ငိုကြွေး၏၊ အတ္တသည် လွန်စွာဖြစ်သော ဒုက္ခ ရှိ၏၊ အတ္တသည် လွန်စွာဖြစ်သော ဒေါမနဿ ရှိ၏၊ အတ္တသည် လွန်စွာဖြစ်သော ပြင်းစွာပင်ပန်းခြင်း ဥပါယာသ ရှိ၏။ --- ဤသို့စသော မိစ္ဆာအယူကို တားမြစ်ကြောင်း စကားတည်း။ ထိုကြောင့် မိစ္ဆာအယူကို တားမြစ်ခြင်း အားဖြင့်လည်း ဤဘဝစက်ကို ထိုက်သည့်အားလျော်စွာ သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၈၆။ ဝိသုဒ္ဓိ၊၂၊၂၁၇။)
ဥပမာအားဖြင့် သိသင့်ပုံ
ဖဿ၏ ဖုသနလက္ခဏာ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း သဘောလက္ခဏာသည် မိမိဖဿ တစ်ပါးတည်း၏ ကိုယ်ပိုင်သဘာဝလက္ခဏာ ဖြစ်သောကြောင့် သလက္ခဏတည်း။ အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော နမနလက္ခဏာသည် နာမ်တရားအားလုံးနှင့် သက်ဆိုင်သော, ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးနှင့် သက်ဆိုင်သော သာမညလက္ခဏာတည်း။ အနိစ္စတာ ဒုက္ခတာ အနတ္တတာစသော လက္ခဏာသည် ရုပ်တရား နာမ်တရား အားလုံးနှင့် သက်ဆိုင်သော သာမညလက္ခဏာ ပင်တည်း။ ရုပ်တရား နာမ်တရားတို့၌ ထိုသဘာဝလက္ခဏာ သာမညလက္ခဏာတို့ကို ရှုခြင်း မြင်ခြင်းမှတစ်ပါး အခြား ရှုစရာ မြင်စရာ မရှိသောကြောင့် ထိုလက္ခဏာတို့ကို မမြင်နိုင်ခြင်းသည် အဝိဇ္ဇာ၏ ဖုံးလွှမ်းထားမှုကြောင့် ဖြစ်၏၊ ထိုကြောင့် အဝိဇ္ဇာသည် သူကာဏ်း (သူကန်း)နှင့် တူ၏။
သူကာဏ်းသည် လမ်းသွားရာ၌ ခြေနင်းပုံ မမြဲဘဲ ချော်၍ ချော်၍ နေတတ်၏။ ထိုခြေချော်ခြင်းသည် လဲခြင်းစသော ဒုက္ခ၏ အကြောင်း ဖြစ်၏။ ထို့အတူ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာကြကုန်သော သင်္ခါရတို့သည် သံသရာခရီးကို ဖြတ်ကျော်၍ သွားရာ၌ ခြေချော်ခြင်းနှင့် တူ၏။ အဝိဇ္ဇာကြောင့် မပြုသင့် မပြုထိုက်သော သံသရာလည်ကြောင်း သင်္ခါရတို့ကို ကြိုးစားအားထုတ်မိ၏။ ထိုခြေချော်မှု သင်္ခါရကြောင့် ဝိညာဏ်စသော ဝဋ်ဒုက္ခများ ဖြစ်ကြရလေသည်။
လမ်းသွားနေသော သူကာဏ်းသည် ခြေချော်လျှင် လဲကျသွားတတ်၏။ သင်္ခါရကြောင့် ဘဝသစ်၌ ပဋိသန္ဓေ ဝိညာဏ် ဖြစ်ခြင်းသည်လည်း ဘဝသစ်၌ လဲကျသွားခြင်းပင်တည်း။ လဲကျသော သူကာဏ်း၌ အနာ ဖြစ်တတ်၏၊ ဝိညာဏ်ကြောင့် ဖြစ်ပေါ်လာရသော နာမ်ရုပ်သည် ထိုအနာဖြစ်ခြင်းနှင့် တူ၏။ အဘယ်ကြောင့်နည်း --- ပကတိသော အနာသည် ဆင်းရဲ နာကျင်ခြင်းနှင့် ယှဉ်၍ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် သနံရည်တို့ကို ယိုထွက်စေသကဲ့သို့ ထို့အတူ ယင်းဝိညာဏ် နာမ်ရုပ် စသည်တို့ကိုလည်း အချိန်မီ လက္ခဏာယာဉ် (၃)ချက်တင်၍ တွင်တွင်ကြီး ဝိပဿနာ မရှုနိုင်ပါက ယင်းနာမ်ရုပ်တို့မှ ကိလေသာတည်းဟူသော မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် အပုပ်ရည် များသည် တစီစီ ယိုစီးထွက်လာတတ် ထွက်လာစေတတ်သောကြောင့်တည်း။
အနာဖြစ်လျှင် အနာမှည့်ရင့်သောအခါ ပေါက်ကွဲဖို့ရန် အနာ၏ ထိပ်ဖျား၌ အဖုကလေး ပေါ်လာတတ်၏၊ နာမ်ရုပ်ကြောင့် စက္ခာယတနစသော သဠာယတနဖြစ်ခြင်းသည် ထိုအဖုကလေး ပေါ်လာခြင်းနှင့် တူ၏။ တစ်နည်းဆိုသော် အနာသည် ကျယ်ပြန့် များပြားလာသောအခါ ဘေးပတ်လည်၌ အဖုကလေးများ ဖြစ်နေတတ်၏။ စက္ခာယတနစသော အာယတန (၆)ပါးသည် ထိုအနာစက် အဖုကလေးများနှင့် တူ၏။
အနာ၏ အဖုကလေးများ၌ အကြောင်းအားလျော်စွာ အထိအခိုက် များတတ်၏၊ ဝတ်ဆင်ထားအပ်သော အဝတ်နှင့်သော်လည်း အနည်းဆုံး ထိခိုက်မိတတ်သေး၏။ ထိခိုက်မိလျှင် နာကျင်မှုစသော ဒုက္ခ ဖြစ်တတ်၏။ စက္ခုစသော အာယတနတို့၌ စက္ခုသမ္ဖဿစသည်၏ ဖြစ်ခြင်းသည် အနာ၏ အဖုကလေးများကို ထိခိုက်ခံရခြင်းနှင့် တူ၏။ ဖဿကြောင့် စက္ခုသမ္ဖဿဇာဝေဒနာစသော သုခ ဒုက္ခ ဥပေက္ခာဟူသော ဝေဒနာ (၃)မျိုး ဖြစ်ခြင်းသည် အနာ၏ ထိခိုက်မှုကြောင့် ဒုက္ခဖြစ်ခြင်းနှင့် တူ၏။ (ဤနေရာ၌ ဝေဒနာ သုံးမျိုးလုံးကိုပင် ဒုက္ခဟု ဟောတော်မူသည်။)
အနာကြောင့် နာကျင်မှုစသော ဒုက္ခ ဖြစ်ပေါ်လာလျှင် ထိုဒုက္ခကို ကုစားလိုသော ဆန္ဒ ဖြစ်ပေါ်လာတတ်၏။ ဝေဒနာကြောင့် တဏှာဖြစ်ခြင်းသည် ထိုကုစားလိုခြင်းသဘောနှင့် တူ၏။ ကုစားသောအခါ အသိအလိမ္မာ ဉာဏ်ပညာမရှိသည့် မိုက်မဲ တွေဝေသောသူဖြစ်လျှင် မသင့်သော ဆေး မသင့်သော အစာအာဟာရတို့ကို စားသုံးမိတတ်၏။ တဏှာကြောင့် ဥပါဒါန်ဖြစ်ခြင်းသည် မိုက်မဲသည့်အလျောက် အသိဉာဏ် မရှိသည့်အလျောက် မသင့်သော ဆေး, မသင့်သော အစာအာဟာရကို စားမိခြင်းနှင့် တူ၏။
အနာကို ကုစားသောအခါ အသိအလိမ္မာ ဉာဏ်ပညာ မရှိက ကိုယ်၌ မသင့်သော လိမ်းဆေးကိုလည်း လိမ်းမိတတ်၏။ ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ခြင်းသည် ခန္ဓာအစဉ်ဝယ် မသင့်သော လိမ်းဆေးကို လိမ်းမိခြင်းနှင့် တူ၏။ အဘယ်ကြောင့်နည်းဟူမူ --- ကမ္မဘဝသည် နောင်အခါ၌ ဇာတိစသော ဒုက္ခ၏ အကြောင်းဖြစ်ရကား ထိုဒုက္ခ၏ အကြောင်းကို ဥပါဒိန္နခန္ဓာအစဉ်ဝယ် ကောင်းစွာ မြှုပ်နှံထားသောကြောင့်တည်း။ (ဥပါဒိန္နသဒ္ဒါသည် ကံ၏ အကျိုးဖြစ်သော ဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ်အစဉ်ကိုလည်းကောင်း, တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ ဥစ္စာ ဟု စွဲလမ်းအပ်သော ခန္ဓာကိုယ် တစ်ကိုယ်လုံးကိုလည်းကောင်း ဟော၏။ ဤနေရာ၌ နောက်အနက်သာ လျော်သည်၊၊)
အနာ၏ ဖောက်ပြန်ခြင်းဟူသည် ဖောရောင်ခြင်း, သွေးပြည် ဖြစ်ပေါ်လာခြင်းတည်း၊ မသင့်သော လိမ်းဆေးကို လိမ်းခြင်းသည် ထိုဖောက်ပြန်ခြင်းကို ဖြစ်စေတတ်၏။ ဘဝကြောင့် ဇာတိဖြစ်ခြင်းသည်လည်း ထို အနာ၏ ဖောက်ပြန်ခြင်းနှင့် တူ၏၊ အဘယ်ကြောင့်နည်းဟူမူ --- ဇာတိသည် နောက်ဘဝ၌ ဖြစ်ခြင်းအားဖြင့် ရှေးဘဝ အတ္တဘော အနာ၏ ဖောက်ပြန်ခြင်းသဘော ဖြစ်သောကြောင့်လည်းကောင်း, ထိုဇာတိကြောင့် ဖူးဖူးရောင်ခြင်း စသည်နှင့်တူသော ဒုက္ခအမျိုးမျိုး ဖြစ်လေ့ရှိသောကြောင့်လည်းကောင်း ဘဝကြောင့် ဇာတိ ဖြစ်ခြင်း သည်လည်း ထိုအနာ၏ ဖောက်ပြန်ခြင်းနှင့် တူ၏။
ဇာတိကြောင့် ဖြစ်ပေါ်လာသော ဇရာမရဏသည် အနာ၏ ဖောက်ပြန်ခြင်းကြောင့် အနာ၏ ရင့်ခြင်း ပေါက်ကွဲခြင်းနှင့် တူ၏၊ တစ်နည်းဆိုသော် အနာ၏ပင်ကိုယ်သဘောမှ မတူသော ဖြစ်ခြင်း ပေါက်ကွဲခြင်းနှင့် တူ၏။ အနာသည် ညှစ်မထုတ်ရဘဲ အလိုလိုပေါက်ကွဲလျှင် ရင့်ပြီး မှည့်ပြီးမှသာ ပေါက်ကွဲနိုင်၏၊ ထိုကြောင့် ပေါက်ကွဲခြင်း သဘောကို ယူလျှင် မှည့်ရင့်ခြင်းသဘောကိုလည်း မကင်းစကောင်းသော အဝိနာဘာဝနည်း အားဖြင့် ယူပြီး ဖြစ်တော့၏၊ ထိုကြောင့် ဇရာမရဏ = ရင့်ခြင်း သေခြင်း နှစ်မျိုးကို အနာပေါက်ကွဲခြင်းနှင့် တူ၏ ဟု ဆိုသည်။
တစ်နည်းဆိုသော် --- ဘေဒ = ပေါက်ကွဲခြင်းဟုဆိုလျှင် အနာ၏ နဂိုအနေအထားမှ ထူးခြားခြင်းဟူသော မတူသော ဖြစ်ခြင်းနှင့်လည်း ဆိုင်၏၊ ထိုကြောင့် ဝိသဒိသုပ္ပတ္တိ = မတူသော ဖြစ်ခြင်းဟူသော ဘေဒ = ပေါက်ကွဲ ခြင်းသည် ဇရာ၏ ဥပမာဖြစ်၍, ပျက်ခြင်းဟူသော ဘေဒ = ပေါက်ကွဲခြင်းသည် မရဏ၏ ဥပမာဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၆။ ဝိသုဒ္ဓိ၊၂၊၂၁၈။)
ဥပမာ တစ်နည်းဖြင့် ပြဆိုခြင်း
ဘဝစက်ကို ဥပမာဖြင့် နားလည်အောင် ပြရာ၌ ပြဆိုအပ်ပြီးသော နည်းသည် ဧကာဓိဋ္ဌာန = သူကာဏ်း တစ်ယောက်ဟူသော တည်ရာရှိသော ဥပမာအမျိုးမျိုးဖြင့် သိစေသော နည်းတည်း။ ယခု ဆက်လက် ပြအပ်လတ္တံ့သော နည်းကား နာနာဓိဋ္ဌာန = တိမ်သလာ, ပိုးအိမ်, ပိုးကောင်စသော အမျိုးမျိုးသော တည်ရာရှိသော ဥပမာတို့ဖြင့် သိစေသော နည်းတည်း။
တိမ်သလာ၏ အလွှမ်းမိုးခံရသော မျက်စိသည် လုံးလုံး မမြင်ဘဲလည်း ဖြစ်တတ်၏၊ နည်းနည်းပါးပါး မြင်သော်လည်း အမှားအယွင်းကို မြင်သော် မြင်တတ်၏။ ထို့အတူ အဝိဇ္ဇာလွှမ်းမိုးအပ်သူသည် ဒုက္ခသစ္စာစသည့် သစ္စာ (၄)ရပ်တို့ကို အပ္ပဋိပတ္တိ = လုံးလုံးမသိခြင်းလည်း ဖြစ်တတ်၏။ နည်းနည်းပါးပါး သိပြန်လျှင်လည်း မှန်မှန်ကန်ကန် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် စုံစုံလင်လင် မသိဘဲ မိစ္ဆာပဋိပတ္တိ = မှားမှားယွင်းယွင်း လွဲလွဲချော်ချော် သိတတ်၏၊ ထိုကြောင့် အဝိဇ္ဇာသည် တိမ်သလာနှင့် တူ၏။
ပိုးအိမ်ကို ပြုလုပ်သော ပိုးကောင်သည် မိမိပြုလုပ်အပ်သော ပိုးအိမ်၏ အစိတ်အပိုင်းတို့က မိမိကို ရစ်ပတ်စေသကဲ့သို့ အဝိဇ္ဇာသည် လွှမ်းမိုးအပ်သော အဝိဇ္ဇာသည် ဖုံးလွှမ်းထားအပ်သော သစ္စာ (၄)ပါးကို မသိသည့် လူပြိန်း လူအ လူန လူပျင်း လူဖျင်း လူမိုက်သည်လည်း ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပေါနောဘဝိက အမည်ရသည့် သင်္ခါရတို့ကို သံသရာဝဋ်အတွင်း၌ လည်နေအောင် မိမိကိုယ်ကို ရစ်ပတ်စေ၏။ သင်္ခါရတို့က ရစ်ပတ်ထားသဖြင့် သံသရာဝဋ်အတွင်း၌ လည်နေရ၏။ ထိုကြောင့် သင်္ခါရတို့သည် ပိုးအိမ်၏ အစိတ်အပိုင်းတို့နှင့် တူကုန်၏။
ေ့ရှသွားခေါင်းဆောင်ဖြစ်သော အမတ်ကြီး တစ်ယောက်ယောက်က နည်းပေးလမ်းပြ ပြုခြင်း ပညာသင်ပေးခြင်း စသောအားဖြင့် သိမ်းပိုက်အပ်မှသာ မင်းသားငယ်သည် မင်းအဖြစ်၌ တည်နိုင်သကဲ့သို့ သင်္ခါရတို့က ပဋိသန္ဓေဝိညာဏ်ကို အကျိုးဖြစ်ဖို့ရန် သိမ်းပိုက်အပ် ကျေးဇူးပြုအပ်မှသာလျှင် ဝိညာဏ်သည် နောက်ဘဝ ဟူသော ဂတိတို့၌ တည်နိုင်၏၊ ေ့ရှသွား ခေါင်းဆောင် အမတ်ကြီးနှင့် ကင်း၍ မင်းသားငယ်သည် မင်းအဖြစ်၌ မတည်နိုင်သကဲ့သို့ သင်္ခါရတို့၏ သိမ်းပိုက်မှုနှင့် ကင်း၍ ဝိညာဏ်သည် နောက်ဘဝဂတိတို့၌ မတည်နိုင်။ ထိုကြောင့် သင်္ခါရတို့သည် သိမ်းပိုက်အပ်သော ဝိညာဏ်သည် အမတ်ကြီး စသူတို့၏ သိမ်းပိုက်အပ်သော မင်းသားငယ်နှင့် တူ၏။ ဤဥပမာ၌ သိမ်းပိုက်မှုနှင့် ကင်း၍ တည်တံ့မှုကို မရခြင်းသည် ဥပမာနနှင့် ဥပမေယျ တို့၏ တူသည်၏ အဖြစ်တည်း။
မျက်လှည့်ဆရာသည် အမျိုးမျိုးသော မျက်လှည့်အရုပ်ကို ပြုလုပ်၍ ပြသကဲ့သို့ ဝိညာဏ်သည်လည်း ဘဝသစ်၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို ပြုလုပ်တတ် = အာရုံပြုတတ်၏။ တစ်နည်း --- ပဋိသန္ဓေဝိညာဏ်နှင့် သမ္ပယုတ်ဖြစ်သော ဝိတက်ဖြင့် ကြံဆ၍ ယူတတ်၏။ နတ်အရုပ်, လူအရုပ်, သားကောင်အရုပ်, ငှက်အရုပ် စသောအားဖြင့် အမျိုးမျိုးသော နာမ်ရုပ်ကိုလည်း ဖြစ်စေ၏။ ထိုကြောင့် ဝိညာဏ်သည် မျက်လှည့်ဆရာနှင့် တူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၆။ ဝိသုဒ္ဓိ၊၂၊၂၁၈။)
ယထာဥပဋ္ဌိတာနိ ကမ္မာဒီနိ စုတိအာသန္နဇဝနေဟိ ပရိကပ္ပေတွာ ဝိယ ဂဟိတာနိ ပဋိသန္ဓိဝိညာဏေန ပရိကပ္ပိတာနိ ဝိယ ဟောန္တိ၊ တံ ပနဿ ပရိကပ္ပနံ အတ္ထတော အာရမ္မဏကရဏမေဝါတိ ဝုတ္တံ ပရိ။ ပ ။ တောတိ။ (အနုဋီ၊၂၊၁၃၈။)
ပဋိသန္ဓေဝိညာဏ်သည် ဝိပါက်တရားဖြစ်၍ အထူးထူး အပြားပြား မကြံဆတတ်သော်လည်း လွန်ခဲ့သည့်ဘဝ စုတိ၏ အနီး၌ရှိသော မရဏာသန္နဇောတို့သည် အထူးထူး အပြားပြား ကြံဆ၍ ယူအပ်ပြီးသည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုပင် ပဋိသန္ဓေဝိညာဏ်သည် အာရုံပြု ရကား အကြောင်းဖြစ်သော မရဏာသန္နဇောက ကြံဆအပ်ပြီးသည့် အာရုံကိုပင် တင်စား၍ ပဋိသန္ဓေဝိညာဏ် က ကြံဆသည် အာရုံပြုသည်ဟု မိန့်ဆိုခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ တစ်နည်းဆိုသော် ---- သမ္ပယုတ္တေန ဝါ ဝိတက္ကေန ဝိတက္ကနတော။ (မဟာဋီ၊၂၊၃၄၃။) = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်ဖက် သမ္ပယုတ်ဖြစ်သော ဝိတက်ဖြင့် ကြံဆသည်ဟု ဆိုလိုသည်။ ဤ၌ ကြံဆ၏ ဟူသည် အာရုံပြုခြင်းပင်တည်း။ (အနုဋီ၊၂၊၁၃၈။ မဟာဋီ၊၂၊၃၄၃။)
မြေကောင်း၌ ပေါက်ရောက်ရသော တောသစ်ပင်အပေါင်းသည် စည်စည်ကားကား ကြီးပွားသကဲ့သို့ သဠာယတန = အာယတန (၆)ပါးတွင် မနာယတနသည် စေတသိက်ဟူသော နာမ်၌ တည်ရပါမှ, စက္ခာယတန စသော ရုပ်အာယတနသည် ဆိုင်ရာ ကလာပ်တူ ရုပ်အများ၌ တည်ရပါမှ အထပ်ထပ် ဖြစ်သောအားဖြင့် ကြီးပွား စည်ပင်ခြင်းသို့ ရောက်နိုင်၏။ (စက္ခုဒသကကလာပ်အတွင်း၌ ရှိသော စက္ခာယတန = စက္ခုအကြည် ဓာတ်သည် ကလာပ်တူဖြစ်သော ယင်းစက္ခုဒသကကလာပ်အတွင်း၌ပင် ရှိသော မိမိမှ ကြွင်းသော ကျန် (၉)မျိုးသော ရုပ်တရားများ၌ တည်ရပါမှ ဖြစ်နိုင်စွမ်းရှိ၏၊ အထပ်ထပ်ဖြစ်သောအားဖြင့် ကြီးပွားစည်ပင်ခြင်းသို့ ရောက်နိုင်၏။ သောတာယတနစသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။) ထိုကြောင့် သဠာယတနသည် တောအုပ်ကြီးနှင့် တူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၆။ ဝိသုဒ္ဓိ၊၂၊၂၁၈။)
ရှေးခေတ်က မီးရရှိရေးအတွက် မီးခတ်ဟုလည်းကောင်း မီးဆုံဟုလည်းကောင်း ခေါ်သော ပွတ်ခုံ ပွတ်ကျည်တို့ကို အသုံးပြုကြ၏။ ပွတ်ခုံ ပွတ်ကျည်တို့ကို နာနာပွတ်မှ မီးထွက်သကဲ့သို့ စက္ခာယတနစသော အတွင်း အဇ္ဈတ္တိကာယတနနှင့် ရူပါယတနစသော အပြင် ဗာဟိရာယတနတို့ ပွတ်တိုက် ထိခိုက်ပါမှ ဖဿသည် ဖြစ်ပေါ်လာနိုင်၏၊ ထိုကြောင့် ဖဿသည် ထွက်ပေါ်လာသော မီးနှင့် တူ၏။
မီးဖြင့် တွေ့ထိအပ်သော အတွေ့အထိခံရသော အရာဝတ္ထု၌ ပူလောင်သကဲ့သို့ ဖဿဖြင့် တွေ့ထိအပ် သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝေဒနာအပူ ဖြစ်၏။ ထိုကြောင့် ဝေဒနာသည် ပူလောင်ခြင်းနှင့် တူ၏။
အပူရှိန် ဟပ်သဖြင့် ရေငတ်၍ ဆားငန်ရေကို သောက်သောသူသည် သောက်လေသောက်လေ အငတ် မပြေသကဲ့သို့ ခံစားမှုဝေဒနာဖြစ်သူသည်လည်း တဏှာ အငတ်မပြေတော့ဘဲ တိုးပွားလေတော့၏၊ ထိုကြောင့် တဏှာသည် ရေငတ်ခြင်းနှင့် တူ၏။
ရေငတ်သူသည် ရေ၌ တောင့်တမှုကို ပြုသကဲ့သို့ တဏှာဖြင့် ထိုထိုအာရုံကို ငတ်နေသူ မက်မောနေ သူသည် ထိုထိုအာရုံများကို ရနိုင်သည့် ဘဝတို့၌ တောင့်တမှုကို ပြု၏၊ ထိုတောင့်တမှုကို ပြုခြင်းသည် ထိုသူ၏ ကာမုပါဒါန် ဒိဋ္ဌုပါဒါန်ပင်တည်း။ (သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့သည် ဒိဋ္ဌုပါဒါန်၌ အတွင်းဝင်၏။)
ငါးမျှားချိတ်၌ တပ်ထားအပ်သော အစာကို လိုချင်ခြင်း မက်မောခြင်းကြောင့် ငါးသည် ငါးမျှားချိတ်ကို စွဲယူသကဲ့သို့ ဥပါဒါန်ကြောင့် ထိုထိုဘဝကို စွဲယူပြန်၏ စွဲလမ်းပြန်၏။
မျိုးစေ့ရှိသော် အညွန့်အညှောက်သည် ဖြစ်ပေါ်လာ ပေါက်ရောက်လာသကဲ့သို့ ဘဝရှိခဲ့သော် ဇာတိသည် ဖြစ်ပေါ်လာတတ်၏၊ ပေါ်ပေါက်လာတတ်၏။
ပေါက်ရောက်လာသော သစ်ပင်၏ တစ်နေ့နေ့တွင် လဲကျရခြင်းသည် မချွတ်ဧကန် ဖြစ်ရသကဲ့သို့ ဇာတိတရား ထင်ရှားဖြစ်ပေါ်လာသော သတ္တဝါ၏ သန္တာန်ဝယ် မချွတ်ဧကန် မြေကြီးလက်ခတ်မလွဲ ဇရာမရဏတရား သည် ထင်ရှား ဖြစ်ပေါ်လာပေ၏။
ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဥပမာတို့ဖြင့်လည်း ဤဘဝစက်ကို ထိုက်သည့်အားလျော်စွာ သိရှိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၈၆-၁၈၇။ ဝိသုဒ္ဓိ၊၂၊၂၁၈။)
နက်နဲခြင်း (၄) ရပ်
၁။ အတ္ထဂမ္ဘီရတာ = အကျိုး၏ နက်နဲခြင်း = အနက်သဘော၏ နက်နဲခြင်း
၂။ ဓမ္မဂမ္ဘီရတာ = အကြောင်း၏ နက်နဲခြင်း = ပါဠိ၏ နက်နဲခြင်း
၃။ ဒေသနာဂမ္ဘီရတာ = ဟောကြားတော်မူအပ်သော ဝစီဘေဒသဒ္ဒဒေသနာတော်၏ နက်နဲခြင်း
= ဟောကြားတတ်သော ဒေသနာတော် ဉာဏ်တော်၏ နက်နဲခြင်း
၄။ ပဋိဝေဓဂမ္ဘီရတာ = ထိုးထွင်းသိတတ်သော ဉာဏ် + ထိုးထွင်း၍ သိအပ်သော သဘောတရား၏ နက်နဲခြင်း
ဤသို့လျှင် နက်နဲခြင်း = ဂမ္ဘီရတရား (၄)ပါး ရှိ၏။
၁။ အတ္ထဂမ္ဘီရတာ
အချို့သော ရေအိုင်သည် မနက်သော်လည်း မြက် သစ်ရွက်ဟောင်းတို့ဖြင့် ပြည့်နေသောကြောင့် နက်သည်ဟု ထင်ရ၏၊ ဤပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သဘောတရားသည်ကား ထိုရေအိုင်ကဲ့သို့ မနက်ဘဲ နှင့် နက်သည်ဟု ထင်ရသော တရားမျိုး မဟုတ်၊ အမှန်ပင် နက်နဲ ခက်ခဲသည် ဖြစ်၍ နက်နဲ ခက်ခဲသည်၏ အဖြစ်ဖြင့် ထင်ရသော တရားမျိုး ဖြစ်၏။
ထိုနက်နဲခြင်း (၄)မျိုးတို့တွင် အတ္ထဂမ္ဘီရဟူသည်ကား ဤသို့တည်း ---- ဇာတိကြောင့် ဇရာမရဏ မဖြစ်သည်ကား မဟုတ် ဖြစ်သည်သာ ဖြစ်၏။ အဘယ်ကြောင့်နည်း ---- ဇာတိရှိလျှင် ဧကန် အိုရ သေရခြင်း ကြောင့်တည်း။ (ဤစကားကား ဇာတိကြောင့် ဇရာမရဏဖြစ်ခြင်းကို ပြသော အနွယစကားတည်း။) ဇာတိကို ကြဉ်ဖယ်၍လည်း အခြားသော အကြောင်းကြောင့် ဇရာမရဏသည် မဖြစ်ပေ။ ဇာတိ မဖြစ်သူ မရှိသူအား ထိုဇရာမရဏ၏ မဖြစ်ခြင်း မရှိခြင်းကြောင့်တည်း။ (ဤစကားသည် - န - ဖြင့် တားမြစ်အပ်သောကြောင့် ဗျတိရေက = ပြောင်းပြန်စကားတည်း။) ဤသို့လျှင် အနွယ = အလျော်အားဖြင့်, ဗျတိရေက = ပြောင်းပြန် အားဖြင့် ပြအပ်သော စကားနှစ်ရပ်ဖြင့် ဇရာမရဏ၏ ဇာတိဟူသော အကြောင်းတရား ရှိပုံကို ထင်ရှားစေသည်ဟု အနုဋီကာ၊၂၊၁၃၉ - ၌ ကောက်ချက်ချထားသည်။
ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်ပုံအခြင်းအရာဟူသော ဤအပြားအားဖြင့်သာလျှင် ဇာတိကြောင့် ဇရာမရဏသည် တကွမပြတ် ပေါင်းစပ်လျက် အထက်အထက်၌ ဖြစ်ပေါ်လာ၏။ ဤသို့ ဇာတိဟူသော အကြောင်းခံကြောင့် တကွမပြတ် ပေါင်းစပ်လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ အဖြစ်ဟူသော သဘောတရား၏ ခဲယဉ်းစွာ ထိုးထွင်း၍ သိအပ်သည်၏အဖြစ် ထိုးထွင်း၍ သိနိုင်ခဲသည်၏အဖြစ်ကြောင့် ဇရာမရဏ၏ ဇာတိဟူသော အကြောင်းခံကြောင့် ကောင်းစွာ ဖြစ်သည်ဖြစ်၍ တကွမပြတ် ပေါင်းစပ်မိလျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏အဖြစ်ဟူသော သဘောတရားသည် ဂမ္ဘီရ = နက်နဲ၏။
ထို့အတူ ဇာတိ၏ ဘဝဟူသော အကြောင်းခံကြောင့် ကောင်းစွာဖြစ်သည်ဖြစ်၍ တကွမပြတ် ပေါင်းစပ် လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ အဖြစ်ဟူသော သဘောတရားသည် ဂမ္ဘီရ = နက်နဲ၏။ ပ ။ သင်္ခါရတို့၏ အဝိဇ္ဇာဟူသော အကြောင်းခံကြောင့် ကောင်းစွာဖြစ်သည်ဖြစ်၍ တကွမပြတ် ပေါင်းစပ်လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ အဖြစ်ဟူသော သဘောတရားသည် ဂမ္ဘီရ = နက်နဲ၏။ ထိုကြောင့် ဤဘဝစက်သည် အတ္ထဂမ္ဘီရ = အကျိုးအားဖြင့် နက်နဲ၏။ အတ္ထဂမ္ဘီရဝယ် အကြောင်းတရား၏ အကျိုးတရားကို အတ္ထဟူ၍ ဆိုအပ်ပေသည်။
ဟေတုဖလေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)
= အကြောင်း၏ အကျိုး၌သိသော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါမည်၏ ---- ဟု ဘုရားရှင် ဟောကြားထားတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၇ ။ ဝိသုဒ္ဓိ၊၂၊၂၁၉။)
ငရဲ တိရစ္ဆာန် ပြိတ္တာ လူ နတ်စသော အကြင် အကြင် ဇာတိသည် အကြင် အကြင် ပစ္စယသတ္တိဖြင့် ဇရာ မရဏအား ကျေးဇူးပြု၏၊ ထိုထိုဇာတိ ထိုထိုပစ္စယသတ္တိအားလျော်စွာ ဇရာမရဏ၏ ထင်ရှားစွာ ဖြစ်ခြင်း သဘောတရားသည် ခဲယဉ်းစွာ ထိုးထွင်း၍ သိအပ်သည်၏ အဖြစ်ကြောင့် ယင်းသဘောတရားကို ထိုးထွင်း၍ သိနိုင်ခဲသည်၏ အဖြစ်ကြောင့် ဂမ္ဘီရ = နက်နဲ၏ ဟူလိုသည်။ (မူလဋီ၊၂၊၁၃၀။) ဤသို့စသည်ဖြင့် အကျိုးတရားတို့၏ နက်နဲမှုကို သဘောပေါက်ပါလေ။
၂။ ဓမ္မဂမ္ဘီရတာ
အကြင်ဖြစ်ပုံ အခြင်းအရာအားဖြင့်လည်းကောင်း, အကြင် အခိုက်အတန့်အားဖြင့်လည်းကောင်း အဝိဇ္ဇာသည် ထိုထိုသင်္ခါရတို့အား ထိုထိုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုဖြစ်ပုံအခြင်းအရာ၏ ထိုအခိုက်အတန့်၏ ခဲယဉ်းစွာ ထိုးထွင်း၍ သိအပ်သည်၏ အဖြစ်ကြောင့် ထိုးထွင်း၍ သိနိုင်ခဲသည်၏ အဖြစ်ကြောင့် အဝိဇ္ဇာ၏ သင်္ခါရတို့အား ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် ဂမ္ဘီရ = နက်နဲ၏။ ထို့အတူ သင်္ခါရတို့၏ ဝိညာဏ်အား။ ပ ။ ဇာတိသည် ဇရာမရဏအား ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် နက်နဲ၏။ ထိုကြောင့် ဤဘဝစက်သည် ဓမ္မဂမ္ဘီရ = အကြောင်းအားဖြင့် နက်နဲ၏။ မှန်သည် ဓမ္မဂမ္ဘီရဝယ် ဓမ္မဟူသောအမည်သည် အကြောင်း၏အမည် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၇။ ဝိသုဒ္ဓိ၊၂၊၂၁၉။)
ဟေတုမှိ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)
= အဝိဇ္ဇာစသော အကြောင်းတရား၌ သိသော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါမည်၏ ---- ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။
၃။ ဒေသနာဂမ္ဘီရတာ
ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ကျွတ်ထိုက်သသူ ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ်ခံအား လျော်စွာ သစ္စာလေးပါးကို သိစေနိုင်သော ဂုဏ်သတ္တိရှိခြင်းဟူသော ထိုထိုအကြောင်းကြောင့် အနုလောမ ဒေသနာ ပဋိလောမဒေသနာစသော ထိုထိုအခြင်းအရာအားဖြင့် ဖြစ်စေထိုက်သည်၏ အဖြစ်ကြောင့် ဟောကြား အပ်သည်၏ အဖြစ်ကြောင့် ဟောကြားထားအပ်သော ဒေသနာတော်သည်လည်း နက်နဲ၏။ ထိုအနုလောမ ဒေသနာ ပဋိလောမဒေသနာစသော အမျိုးမျိုးသော ဒေသနာအပြား၌ သဗ္ဗညုတဉာဏ်တော်မှ တစ်ပါးသော ဉာဏ်သည် ထောက်တည်ရာကို မရရှိနိုင်ပေ။
၁။ အချို့သောသုတ်၌ အစ အဝိဇ္ဇာမှ စ၍ အဆုံး ဇရာမရဏသို့တိုင်အောင် အနုလောမအားဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
၂။ အချို့သောသုတ်၌ အဆုံး ဇရာမရဏမှ စ၍ အစ အဝိဇ္ဇာသို့တိုင်အောင် ပဋိလောမအပြန်အားဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
၃။ အချို့သောသုတ်၌ အနုလောမ ပဋိလောမအားဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
[ဤ ၁ -၂ - ၃ တို့ကား အစပ် (၃)ပါး အလွှာ (၄)ပါးရှိသော ဒေသနာတော်တို့တည်း။]
၄။ အချို့သောသုတ်၌ အလယ်မှ စ၍ အဆုံး ဇရာမရဏသို့တိုင်အောင် အနုလောမအားဖြင့် ဒေသနာ တော်ကို ဟောကြားထားတော်မူ၏။
၅။ အချို့သောသုတ်၌ အလယ်မှ စ၍ အစ အဝိဇ္ဇာသို့တိုင်အောင် ပဋိလောမအားဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
၆။ အချို့သောသုတ်၌ အစပ် (၃)ပါး, အလွှာ (၄)ပါးရှိအောင် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
(၁ -၂ - ၃ ဒေသနာမျိုးတည်း။)
၇။ အချို့သောသုတ်၌ အစပ် (၂)ပါး, အလွှာ (၃)ပါးရှိသော ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
(၄ - ၅ ဒေသနာမျိုးတည်း။)
၈။ အချို့သောသုတ်၌ အစပ် (၁)ပါး, အလွှာ (၂)ပါးရှိသော ဒေသနာတော်ကို ဟောကြားထားတော်မူ၏။ အောက်ပါ ဒေသနာတော်မျိုးတည်း။
သံယောဇနိယေသု ဘိက္ခဝေ ဓမ္မေသု အဿာဒါနုပဿိနော ဝိဟရတော တဏှာ ပဝဍ္ဎတိ။ တဏှာပစ္စယာ ဥပါဒါနံ ...။ (သံ၊၁၊၃၁၂-၃၁၅။)
= ရဟန်းတို့ ...သံယောဇဉ် ဖြစ်စရာတရားတို့၌ သာယာဖွယ်ဟု ရှုမြင်လျက် နေထိုင်သော ရဟန်း၏ သန္တာန်၌ တဏှာသည် တိုးပွားလာ၏။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန်သည် ဖြစ်ပေါ်လာ၏။ ...
ဤသို့စသည်ဖြင့် ဇရာမရဏစသည့် အဆုံးသို့တိုင်အောင် ဟောကြားထားတော်မူအပ်သော ဒေသနာတော်သည် ကမ္မဘဝနှင့် ဇာတိဟူသော အစပ်တစ်ခုသာရှိ၍ ပစ္စုပ္ပန်အကြောင်း တစ်လွှာ, အနာဂတ်အကျိုး တစ်လွှာဟူသော အလွှာ (၂)ပါးရှိသော ဒေသနာတော် ဖြစ်သည်။ ထိုကြောင့် ဤပဋိစ္စသမုပ္ပါဒ် ဘဝစက်သည် ဟောကြားတော်မူပုံ ဒေသနာအားဖြင့် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၇။ဝိသုဒ္ဓိ၊၂၊၂၁၉။)
၄။ ပဋိဝေဓဂမ္ဘီရတာ
အဝိဇ္ဇာစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး ရှိကြ၏။ ယင်း သဘာဝလက္ခဏာတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ထွင်းဖောက်၍ သိမြင်ရမည် ဖြစ်သည်။ ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာသည် ငြိုငြင်သဖြင့် ခဲယဉ်းသဖြင့် ထက်ဝန်းကျင် သက်ဝင်အပ်သည်၏ အဖြစ်ကြောင့် သိနိုင်ခဲသည်၏ အဖြစ်ကြောင့် နက်နဲ၏။ ထိုကြောင့် ဤဘဝစက်သည် ပဋိဝေဓဂမ္ဘီရ = ထိုးထွင်း၍ သိအပ်သော သဘောအားဖြင့် နက်နဲ၏။
ထင်ရှားစေအံ့ ---- ဤဘဝစက်၌ အဝိဇ္ဇာ၏ သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက် အဖြစ်တည်းဟူသော သဘော, ကိုယ်တိုင် မျက်မှောက်ပြုသောအားဖြင့် ပရမတ္ထဓမ္မတည်းဟူသော အာရုံ၏ သဘောမှန်ကို မြင်တတ် သော ဉာဏ်၏ ဆန့်ကျင်ဘက်၏ အဖြစ်တည်းဟူသော သဘော, သစ္စာ (၄)ပါးတို့ကို ထိုးထွင်း၍ မသိခြင်း, ထိုးထွင်း၍ သိခြင်းငှာ မပေးမူ၍ ဖုံးလွှမ်းထားတတ်သည်၏ အဖြစ်တည်းဟူသော သဘောသည် နက်နဲ၏။
သင်္ခါရတို့၏ အကျိုးတရားဖြစ်ပေါ်လာနိုင်သည့် အကြောင်းတရားတို့ကို ပြုစီမံတတ်သည်၏ အဖြစ် တည်းဟူသော သဘော, ထိုထိုကုသိုလ်ဆိုင်ရာ လုပ်ငန်း အကုသိုလ်ဆိုင်ရာ လုပ်ငန်းရပ်တို့ (ကုသိုလ်တရား အကုသိုလ်တရားတို့) ပြီးမြောက်အောင် အကြောင်းတရားတို့ကို (ဆိုင်ရာ စိတ်စေတသိက်တို့ကို) ပေါင်းစု သိမ်းယူတတ်သည်၏ အဖြစ်တည်းဟူသော သဘော, ရာဂနှင့်တကွဖြစ်သည်၏ အဖြစ်တည်းဟူသော သဘော (အပုညာဘိသင်္ခါရကို ရည်သည်။), ရာဂမရှိသည်၏ အဖြစ်တည်းဟူသော သဘော (ပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိ သင်္ခါရတို့ကို ရည်သည်။) ---- ဤသဘော အရပ်ရပ်သည်ကား နက်နဲ၏။ ဝိညာဏ်၏ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်တည်းဟူသော သဘောတရားသည် နက်နဲ၏။ မှန်သည် ----
ရဟန်းတို့ နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော ကာလပတ်လုံး ဤဝိညာဏ်ကို အာဂမသုတ = သင်သိ, အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတမရှိသော ပုထုဇန်သည် သက်ဝင် မျိုသိပ် ပြီးဆုံးစေအပ်ပြီ၊ ငါ့ဥစ္စာဟု ပြုအပ် မြတ်နိုးအပ်ပြီ၊ ဤဝိညာဏ်သည် ငါ၏ ဥစ္စာတည်း၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ အတ္တတည်းဟု ဤသို့ မှားမှားယွင်းယွင်း သုံးသပ်အပ်ပြီ (သံ၊၁၊၃၂၁။)
ဤသို့လျှင် ဝိညာဏ်ကို အတ္တဟု မှားမှားယွင်းယွင်း သုံးသပ်ခြင်း၏ ထူးသော တည်ရာအကြောင်းဟူ၍ ဟောတော်မူအပ်ပြီ။ ထိုကြောင့် ဝိညာဏ်၏ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။
တစ်ဖန် အတ္တသည် သိတတ်၏၊ တပြောင်းပြန်ပြန် ကျင်လည်တတ်၏ဟု ဝိညာဏ်၏ ဗျာပါရရှိသည်၏ အဖြစ်ဟူသော အာရုံကို လွန်လွန်ကဲကဲ နှလုံးသွင်းခြင်း၏ အားရှိသည်၏ အဖြစ်, ဘဝတစ်ပါးသို့ ပြောင်းသွားခြင်းဟု လွန်လွန်ကဲကဲ နှလုံးသွင်းခြင်း၏ အားရှိသည်၏ အဖြစ်ကြောင့် ဗျာပါရ မရှိသည်၏ အဖြစ်ဟူသော သဘော, ဘဝတစ်ပါးသို့ ပြောင်းသွားခြင်း မရှိဘဲ ပဋိသန္ဓေခဏ၌ ဝိညာဏ်၏ ထင်ရှားဖြစ်သည်၏ အဖြစ် ဟူသော သဘောတရားတို့သည်လည်း နက်နဲကုန်၏။
နာမ်ရုပ်၏ အတူတကွ ဖြစ်ခြင်းသဘော, အသီးအသီး ခွဲခြား၍ ဖြစ်ခြင်းသဘော, အသီးအသီး မခွဲခြားဘဲ ဖြစ်ခြင်းသဘော, အာရုံသို့ ညွတ်ခြင်းသဘော, ဖောက်ပြန်ခြင်းသဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၇-၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၁၉။)
နာမ်၏ ရုပ်နှင့်လည်းကောင်း, ရုပ်၏ နာမ်နှင့်လည်းကောင်း သမ္ပယုတ်မဖြစ်ခြင်းကြောင့် = မယှဉ်ခြင်းကြောင့် အသီးအသီး ခွဲခြား၍ ဖြစ်ခြင်း = ဝိနိဗ္ဘောဂသဘော ရှိ၏။ နာမ်၏ နာမ်နှင့် သမ္ပယုတ်ဖြစ်ခြင်းကြောင့် = စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ခြင်းကြောင့် အသီးအသီး မခွဲခြား မဝေဖန်အပ်သော = အဝိနိဗ္ဘောဂသဘော ရှိ၏။ တူသော ဖြစ်ခြင်း = ဧကုပ္ပါဒ, တူသောချုပ်ခြင်း = ဧကနိရောဓတို့ဖြင့် အသီးအသီး မခွဲခြား မဝေဖန်ခြင်း = အဝိနိဗ္ဘောဂသဘောကို အလိုရှိအပ်သော် ရုပ်၏လည်း ရုပ်နှင့် အဝိနိဗ္ဘောဂသဘောကို ရနိုင်သည်သာ ဖြစ်သည်။ တစ်နည်းဆိုသော် --- ရုပ်ခန္ဓာတစ်ပါးသာရှိသော အသညသတ်ဘုံ, နာမ်ခန္ဓာ လေးပါးသာရှိသော အရူပဘုံတို့၌ နာမ်နှင့်ရုပ်တို့၏ အတူတကွ မဖြစ်နိုင်ခြင်းကြောင့် အသီးအသီး ခွဲခြားဝေဖန်အပ်သော ဝိနိဗ္ဘောဂသဘောကိုလည်းကောင်း, ခန္ဓာ (၅)ပါးရှိသော ပဉ္စဝေါကာရဘုံ၌ နာမ်ရုပ်တို့၏ အတူတကွ ဖြစ်နိုင်ခြင်းကြောင့် အသီးအသီး မခွဲခြား မဝေဖန်အပ်သော အဝိနိဗ္ဘောဂသဘောကိုလည်းကောင်း သိရှိပါလေ။ (မူလဋီ၊၂၊၁၃၀။)
အထက်ပါ အဋ္ဌကထာစကားရပ်၌ အာရုံသို့ ညွတ်ခြင်းသဘောကား နာမ်ကို ရည်ညွှန်းသည်။ ဖောက်ပြန်ခြင်းသဘောကား ရုပ်ကို ရည်ညွှန်းသည်။
သဠာယတနအမည်ရသော အတွင်းအာယတန (၆)ပါးသည် ဣန္ဒြိယပစ္စည်းထိုက်၏။ သို့အတွက် ယင်းသဠာယတန၏ ဣန္ဒြိယပစ္စယသတ္တိဖြင့် အကြီးအကဲအဖြစ်ဟူသော သဘော, ပျက်စီးတတ်သည်၏ အဖြစ် ဟူသော သဘော, ဒွါရအဖြစ်ဟူသော သဘော, လယ်ယာနှင့်တူသည်၏ အဖြစ်ဟူသော သဘော, ရူပါရုံစသော အာရုံရှိသည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၁၉။)
စက္ခုစသော ဒွါရ၌ ရှေးရှု ကျရောက်လာကုန် ထင်လာကုန်သော ရူပါရုံစသည်တို့၏ ထင်ရှားပြခြင်း၌ လျောက်ပတ်သည်၏အဖြစ်ဟူသော လက္ခဏာရှိသော စက္ခုစသော အာယတနတို့၏ ထွန်းပြခြင်းသည် ဝိသယိဘာဝတည်း = ရူပါရုံအစရှိသော အာရုံရှိသည်၏ အဖြစ်တည်း။ မနာယတန၏ အာရုံကို သိခြင်းသဘောသည် ဝိသယိဘာဝတည်း = ဝိသယ = အာရုံရှိသည်၏ အဖြစ်တည်း။ ဆိုလိုသည်မှာ ရူပါရုံထင်ဖို့ရာ လျောက်ပတ် သည်၏ အဖြစ်ဟူသော လက္ခဏာရှိသောကြောင့် ရူပါရုံဟူသော အာရုံရှိသည်၏အဖြစ်သည် စက္ခု၏ ဝိသယိဘာဝတည်း။ သောတစသည်တို့၌လည်း ဤနည်းကို မှီးပါ။ (မူလဋီ၊၂၊၁၃၁။)
ဖဿ၏ အာရုံကို တွေ့ထိတတ်သည်၏ အဖြစ်ဟူသော သဘော = အာရုံကို တွေ့ထိသော အခြင်းအရာ အားဖြင့် ဖြစ်တတ်သည်၏ အဖြစ်ဟူသော သဘော, အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်းသဘော, ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးစုံတို့၏ ပေါင်းဆုံကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၁၉-၂၂၀။)
သံဃဋ္ဋန = အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်းသဘောသည် စက္ခုသမ္ဖဿစသော (၅)ပါးအတွက် ဖြစ်၏။ ဖုသန - သင်္ဂတိ - သန္နိပါတဋ္ဌတို့ကား - သဠာယတန = အာယတန (၆)ပါးလုံးအတွက် ဖြစ်၏။ ထိုတွင် ဖုသန = အာရုံကို တွေ့ထိခြင်း = တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ဖဿ၏ ကိုယ်ပိုင်သဘာဝလက္ခဏာတည်း။ သံဃဋ္ဋန = အာရုံကို ပွတ်ချုပ် ထိခိုက်ခြင်းသဘောကား ဖဿ၏ ကိစ္စရသ = လုပ်ငန်းကိစ္စတည်း။ သင်္ဂတိသန္နိပါတ = ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးတို့ ပေါင်းဆုံ ကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာရသော သဘောကား ယောဂီတို့ ဉာဏ်တွင် ရှေးရှုထင်လာသော အခြင်းအရာ = ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ (မူလဋီ၊၂၊၁၃၁။)
ဝေဒနာ၏ အာရုံ၏ အရသာကို ခံစားတတ်သည်၏အဖြစ်ဟူသော သဘော, သုခ၏အဖြစ် ဒုက္ခ၏အဖြစ် အလယ်အလတ် မဇ္ဈတ္တ = ဥပေက္ခာ၏အဖြစ်ဟူသော သဘောသည်, တစ်နည်း နိဇ္ဇီဝ = ဇီဝ မဟုတ်သော ဝေဒနာ၏ ခံစားတတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
အာရမ္မဏရသာနုဘဝနဋ္ဌ = အာရုံ၏ အရသာကို သုံးဆောင်ခံစားခြင်းသဘောသည် ဝေဒနာ၏ ကိစ္စရသတည်း။ ဝေဒယိတဋ္ဌ = ဇီဝမဟုတ်သော ဝေဒနာ၏ ခံစားတတ်သည့်သဘော ခံစားမှုသဘောသည် ဝေဒနာ၏ သဘာဝလက္ခဏာတည်း။ ဤသို့ လက္ခဏာအားဖြင့်လည်းကောင်း, ကိစ္စအားဖြင့်လည်းကောင်း ကွဲပြားသော ကြောင့် ဝေဒနာ၏သဘောကို အနုဘဝနဋ္ဌ ဝေဒယိတဋ္ဌဟု အဋ္ဌကထာ၌ နှစ်မျိုးခွဲထားသည်။ (မူလဋီ၊၂၊၁၃၁၊၊)
ပီတိနှင့် တကွသော တဏှာ၏ ထိုထိုအာရုံ ထိုထိုဘုံဘဝကို အလွန် နှစ်သက်တတ်သည်၏အဖြစ်ဟူသော သဘော, ထိုထက် သာ၍အားရှိသော တဏှာ၏ အာရုံသို့ သက်ဝင်၍ မျိုချ၍ ပြီးဆုံးစေခြင်းဟူသော သဘော, တစ်နည်း ---- မိမိကြိုက်နှစ်သက်ရာ အာရုံသို့ နွားရူးရှူးထိုး, နွားသိုးကြိုးပြတ်, နွားငတ်ရေကျကဲ့သို့ ---- အဟုန်ပြင်းပြင်း အတင်း စီးဆင်းသွားတတ်ရကား တောင်ပေါ်မှ အဟုန်ပြင်းပြင်း အတင်း စီးဆင်းလာသည့် တောင်ကျမြစ်နှင့် တူသည်၏ အဖြစ်ဟူသော သဘော, မာလောနွယ်နှင့်တကွ နွယ်ဟူသမျှသည် နီးရာ သစ်ပင်ကို နွယ်၍ တက်တတ်သကဲ့သို့ တဏှာသည်လည်း နီးရာ အာရုံကို နွယ်၍ တက်တတ် နှစ်သက်တတ် ကြိုက်တတ်ရကား မာလောနွယ်စသော နွယ်နှင့်တူသည်၏ အဖြစ်ဟူသော သဘော, သဗ္ဗာ နဒီ ဝင်္ကနဒီ = မြစ်ဟူသမျှ မြစ်ကောက်ချည်းသာ ဟူသည်နှင့်အညီ မာယာ သာဌေယျဟူသော အကွေ့အကောက် အလှည့်အပတ်များသော တဏှာ၏ မြစ်နှင့်တူသည်၏အဖြစ်ဟူသော သဘော, ကူးခပ်လွန်မြောက်နိုင်ခဲသော သဘောကြောင့် တဏှာ၏ သမုဒ္ဒရာ၏ အဖြစ်တည်းဟူသော သဘော, တဏှာ၏ ပြည့်စေနိုင် ပြည့်နိုင်ခဲသည်၏ အဖြစ်တည်းဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
လေးပါးသော ဥပါဒါန်၏ အာရုံကို စွဲမြဲစွာယူတတ်သည်၏ အဖြစ်ဟူသော အာဒါနသဘော, ကာမုပါဒါန် ၏ အာရုံကို အလွန် တပ်မက်မောသည်၏ အစွမ်းဖြင့် ယင်းအာရုံကို ခံယူသိမ်းပိုက် စွဲလမ်းခြင်းသဘော, ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်၏ အာရုံကို မှားသောအားဖြင့် စွဲစွဲမြဲမြဲ နှလုံးသွင်းတတ်သည်၏ အဖြစ်ဟူသော သဘော, မှားမှားယွင်းယွင်း သုံးသပ်တတ်သည်၏ အဖြစ်ဟူသော သဘော, ဒိဋ္ဌိကန္တာရော (အဘိ၊၁၊၉၄။) = ဒိဋ္ဌိခရီးခဲဟု ဘုရားရှင် ဟောတော်မူခြင်းကြောင့် ဒိဋ္ဌိခရီးခဲ၏ ကျော်လွှား လွန်မြောက်နိုင်ခဲ သည်၏ အဖြစ်ဟူသော သဘော, တစ်နည်း ဥပါဒါန်လေးပါးလုံး၏ အာရုံကို ခိုင်ခိုင်မြဲမြဲ စွဲယူတတ်သည့် အဖြစ်ကြောင့် ကျော်လွှား လွန်မြောက်နိုင်ခဲသည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
ကမ္မဘဝ၏ ပေါင်းစုရုံးစည်းခြင်းသဘော (= ပေါင်းစု၍ ယူတတ်သည်၏ အဖြစ်ဟူသော သဘော), အကျိုးတရားကို ဖြစ်ပေါ်လာအောင် အလွန်ပြုစီမံတတ်သည်၏ အဖြစ်ဟူသော သဘော, လေးပါးသော ယောနိ, ငါးပါးသော ဂတိ, ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ, ကိုးပါးသော သတ္တာဝါသတို့၌ ပစ်ချတတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
ဇာတိ၏ တစ်ခုသော ဘဝ၌ ခန္ဓာတို့၏ ရှေးဦးအစ အသစ်ဖြစ်ခြင်းဟူသော သဘော, အာယတနတို့၏ ပြည့်ပြည့်စုံစုံရှိသည်ဖြစ်၍ ဖြစ်ခြင်းသဘော, အမိဝမ်း၌ သက်ရောက်သကဲ့သို့ ဖြစ်ခြင်းဟူသော သဘော, လုံးလုံးလျောင်းလျောင်း ထင်ထင်ရှားရှား ဖြစ်ခြင်း၏ အစွမ်းဖြင့် ထင်ရှားဖြစ်ခြင်းဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
ဇရာမရဏ၏ ကုန်ခန်းခြင်းသဘော, ပျက်စီးခြင်းသဘော, ပြိုကွဲတတ် ပျက်ပြားတတ်သည်၏ အဖြစ်ဟူသော သဘော, မရဏအားဖြင့် ဖောက်ပြန်တတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
ဤအထက်ပါ သဘောတရားလေးမျိုးလုံးသည် ဇရာ၏ သဘောမဟုတ်၊ မရဏ၏ သဘောသာတည်း။ ဇရာမရဏနှစ်မျိုးတွင် မရဏသည် ပဓာနဖြစ်သောကြောင့် မရဏ၏ နက်နဲမှုသဘောကိုသာ အဋ္ဌကထာက ပြထားသည်။ မှန်ပေသည် ---- အသစ်အသစ် ဖြစ်ကုန်သော ရုပ်နာမ်တို့၏ ကုန်ခြင်းကြောင့် ကျိုးသောသွား ရှိသူ၏အဖြစ် အစရှိသော ရင့်ကျက်ခြင်း၏ ဖြစ်ခြင်းသည် ဇရာတည်းဟု မှတ်ပါ။ တစ်နည်းဆိုသော် ---- အသစ် အဖြစ်မှ ကင်းခြင်းသဘောသည် ကုန်ခန်းခြင်း = ခယသဘောဟု ဆိုခြင်းငှာ သင့်ရကား ကုန်ခန်းခြင်း ခယသဘောကို ဇရာအတွက် ဖွင့်ဆိုသည်ဟု မှတ်ပါ။ တည်ခြင်း = ဌီသဘောမှ ပျက်ခြင်း = မရဏသဘော = ဘင်သဘောသို့ ပြောင်းလဲသွားခြင်း = ဝိပရိဏာမသဘောကိုကား ဇရာမရဏ နှစ်မျိုးလုံးအတွက် ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ တစ်နည်းဆိုသော် ရုပ်သန္တတိ နာမ်သန္တတိအစဉ်၏အစွမ်းဖြင့် ကုန်ခန်းတတ်သည်၏ အဖြစ် ပျက်စီးတတ်သည်၏ အဖြစ်ကား ဇရာ၏ ခယ ဝယ သဘောတည်း။ တစ်ဘဝ တစ်ခါသေခြင်း သမ္မုတိမရဏ, ဥပါဒ်-ဌီ-ဘင်ဟူသော ခဏအားဖြင့် သေခြင်း ခဏိကမရဏဟု မရဏနှစ်မျိုး ရှိ၏။ ရုပ်နာမ်တို့၏ ယင်းသမ္မုတိမရဏ ခဏိကမရဏ၏ အစွမ်းဖြင့် ပြိုကွဲပျက်စီးခြင်း ဘေဒသဘော, မရဏအားဖြင့် ဖောက်ပြန်ပျက်စီးခြင်း ဝိပရိဏာမသဘောကား မရဏ၏ ဘေဒဝိပရိဏာမသဘောတည်း။ ဇရာမရဏတို့၏ ယင်းသဘောတရားတို့ကား ယောဂါဝစရပုဂ္ဂိုလ်တို့ သိဖို့ရန် ခက်ခဲသောကြောင့် နက်နဲသည်ဟူ လိုသည်။ (မူလဋီ၊၂၊၁၃၁။)
ဤကား ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၏ နက်နဲခြင်း (၄)ရပ်တည်း။ ဤနက်နဲခြင်း (၄)ရပ်ကိုလည်း ထိုက်သည့်အားလျော်စွာ ယောဂါဝစရပုဂ္ဂိုလ်သည် သိရှိအောင် ကြိုးစားအားထုတ်ပါ။
တစ်ဖန် ဤဘဝစက်၌ (၁) ဧကတ္တနည်း, (၂) နာနတ္တနည်း, (၃) အဗျာပါရနည်း, (၄) ဧဝံဓမ္မတာနည်းဟု အတ္ထနယ = နည်းလေးထွေရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအတ္ထနယ (၄)မျိုးကိုလည်း သိအောင်ကြိုးပမ်းရမည် ဖြစ်ကြောင်းကို (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၀-၂၂၁။)တို့၌ ဖွင့်ဆိုထား၏။ ယင်းနည်းလေးပါး အကြောင်းကို ဤပဋိစ္စသမုပ္ပါဒ်ပိုင်း ပဉ္စမနည်း စာမျက်နှာ (၂၁၃) စသည်တို့၌ ရေးသားတင်ပြထားသည့် အတိုင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းပါလေ။
အတိတ်အဆက်ဆက် - အနာဂတ်အဆက်ဆက်သို့
ရှေးစာမျက်နှာ (၅၆၃-၅၆၄-၅၆၅)တို့၌ ဖော်ပြခဲ့သည့် ဇယားများအတိုင်း အသင်သူတော်ကောင်းသည် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်၍ သိမ်းဆည်းရဦးမည်သာ ဖြစ်သည်။
ဤဖော်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ် ပထမနည်းဟု ခေါ်ဆိုသော အနုလောမ ပဋိစ္စသမုပ္ပါဒ်ရှုကွက်မှာ ပစ္စုပ္ပန်ကို ဗဟိုထား၍ ---
၁။ ပထမအတိတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
၂။ ပစ္စုပ္ပန် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
၃။ အနာဂတ် --- ဇာတိ၊ ဇရာမရဏ --- သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ။
ဤကာလသုံးပါးအတွင်း၌ရှိသော တရားတို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံကို ညွှန်ပြသော ဒေသနာတော်နည်း ဖြစ်သည်။ သို့သော် ဤမျှဖြင့်ကား ပစ္စယပရိဂ္ဂဟ = အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကြီးကား မပြီးဆုံးသေးပါ။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့်လည်း ဆက်လက် သိမ်းဆည်းရဦးမည် ဖြစ်ပါသည်။ သိမ်းဆည်းပုံ စနစ်ကို လက္ခဏာဒိစတုက္ကပိုင်းတွင် စုပေါင်း၍ ရေးသားတင်ပြ ထားပါသည်။ ထိုအပိုင်းတွင် ကြည့်ပါ။
ဤနည်းကို နည်းမှီး၍ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့လည်း ရှုနိုင်ပါသည်။
ပုံစံများ -
၁။ ဒုတိယအတိတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
၂။ ပထမအတိတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
၃။ ပစ္စုပ္ပန် --- ဇာတိ၊ ဇရာမရဏ --- သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ။
၁။ တတိယအတိတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
၂။ ဒုတိယအတိတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
၃။ ပထမအတိတ် --- ဇာတိ၊ ဇရာမရဏ --- သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ။
ဤမျှဆိုလျှင် အတိတ်အဆက်ဆက်သို့ ရှုပုံ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘောပေါက်လောက်ပေပြီ။ သို့သော် သတိပြုရန် အချက်တစ်ရပ်ကား ဤသို့ ဖြစ်၏။ ဘဝတစ်ခုတွင် ပြုစုပျိုးထောင် ခဲ့သော ကံသည် ဘဝ နှစ်ခု သုံးခုကိုသော်လည်းကောင်း ဘဝပေါင်းများစွာကိုသော်လည်းကောင်း ပဋိသန္ဓေ စသော အကျိုးတရားများကို ပေးနေသည်လည်း ရှိတတ်ပါသည်။
သော ဟေတု သော ပဘဝေါ၊ တံ မူလံ သာဝ သာသနေ ခန္တီ။ (သုမေဓာထေရီဂါထာ ဂါထာနံပါတ်-၅၂၃။)
ဓနဉ္ဇာနီ, ခေမာ, သုမေဓာဟူသော အဆွေခင်ပွန်း အမျိုးသမီး (၃)ဦးတို့သည် ကောဏာဂုံဘုရားရှင်၏ သာသနာတော်တွင်း၌ သံဃအာရာမ်ဝယ် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ဖူးကြ၏။ သုမေဓာထေရီ အလောင်းအလျာ အမျိုးကောင်းသမီးအဖို့ ထိုကျောင်းလှူသည့် ကုသိုလ်စေတနာကပင် (ကုသိုလ်စေတနာပေါင်းများစွာကပင်) လူခန္ဓာ နတ်ခန္ဓာ ဟူသော ပဋိသန္ဓေပေါင်းများစွာကို အဆက်မပြတ် အကျိုးပေးကြောင်း လာရှိပေသည်။
သို့အတွက် ဘဝတစ်ခုတွင် အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ခဲ့သော အာသေဝနပစ္စည်း၏ အထောက် အပံ့ကောင်းကို အကြိမ်များစွာ ရရှိသော ကံသည် ဘဝများစွာ ပဋိသန္ဓေခန္ဓာစသော အကျိုးတရားများကို အဆက်မပြတ် ဖြစ်စေတတ်သည်လည်း ရှိ၏။ ယင်းသို့ ဖြစ်ခဲ့သော် ပထမအတိတ်ဘဝက အကြောင်းတရား များကြောင့် ပစ္စုပ္ပန်တွင် ခန္ဓာ (၅)ပါး အကျိုးဝိပါက်တရားများ ဖြစ်ပေါ်လာရသည်ဟူသော သတ်မှတ်ချက်, ဒုတိယအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အကြောင်းတရားများကြောင့် ပထမအတိတ်တွင် ခန္ဓာ (၅)ပါး အကျိုးဝိပါက် တရားများဖြစ်ပေါ်လာရသည်ဟူသော သတ်မှတ်ချက် --- ဤသို့စသော သတ်မှတ်ချက်များမှာ ယေဘုယျ သတ်မှတ်ချက်ဟု မှတ်ပါ။ တစ်နည်းဆိုရသော် အကျိုးဝိပါက် ခန္ဓာ (၅)ပါးတို့ ဖြစ်ပေါ်ရာဘဝမှ လွန်ခဲ့သော ဘဝတစ်ခုခုက ထူထောင်ခဲ့သော အကြောင်းတရားများကြောင့် အကျိုးတရားများ ဖြစ်ပေါ်လာကြရသဖြင့် ထိုအကြောင်းတရားတို့ကို ထူထောင်ခဲ့ရာ ဘဝသည် အကျိုးတရားတို့ဖြစ်ရာ ဘဝမှ ထောက်ဆ ကြည့်လိုက်သော် အတိတ်သာ ဖြစ်သဖြင့် အတိတ်အကြောင်းတရားဟုပင် သာမညအားဖြင့် ခေါ်ဆိုနိုင်ပါသည်။ ထိုအကြောင်းတရားတို့ကို ထူထောင်ခဲ့ရာ အတိတ်ဘဝသည် အကျိုးတရားတို့ ဖြစ်ပေါ်လာရာဘဝမှ ထောက်ဆ ကြည့်လျှင် ပထမအတိတ် ဒုတိယအတိတ် စသည်ဖြင့် ထိုက်သလို ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ --- အကျိုး တရား ဖြစ်ပေါ်လာရာ ဘဝမှ ဆိုင်ရာ အတိတ်ကိုပင် ပထမအတိတ် ဒုတိယအတိတ် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲထားသည်ဟု မှတ်သားပါ။
တစ်ဖန် အနာဂတ် အဆက်ဆက်သို့လည်း ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ မဟာဓနသူဌေးသားကဲ့သို့သော ပစ္ဆိမဘဝိက အတုများအဖို့ အနာဂတ်မှာ မသေချာသော သဘောရှိ၏။ ဤဘဝမှာပင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးတို့ အပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ကို ပြုတ်အောင် ဝိပဿနာ ရှုပွားသုံးသပ်နိုင်လျှင် အသင်သူတော်ကောင်းအတွက် နောင်အနာဂတ်ဘဝဟူသည် ရှိနိုင်တော့မည် မဟုတ်ပါ။ သို့သော် အစွဲမပြုတ်သေးလျှင်ကား အနာဂတ်ဘဝမှာ ရှိနေဦးမည်သာ ဖြစ်သည်။ ထိုအနာဂတ်ခန္ဓာတို့အပေါ်၌ စွဲနေသည့် တဏှာ-မာန-ဒိဋ္ဌိတို့ ဦးဆောင်သည့် ကိလေသာများကို ဖြိုဖျက်နိုင်ရေးအတွက်ပင် အနာဂတ် ရုပ်နာမ်တို့ကိုလည်း လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ရခြင်းပင် ဖြစ်သည်။
အနာဂတ် မရဏာသန္နဇော၏ အာရုံမှာ နောက်ထပ် အနာဂတ်တစ်ခုကို ဖြစ်စေမည့် ကံကြောင့် ထင်လာသော အာရုံပင် ဖြစ်၍ ထိုအာရုံကို အခြေခံ၍ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေလျက် နောက်ထပ် အနာဂတ်ဘဝသစ် ရုပ်နာမ်နှင့် အကြောင်းအကျိုးစပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ မည်သည့်ဘဝတွင် ဆုံးမည်ကို သဘောပေါက်အောင် ရှုပါ။ ပထမ အနာဂတ်တွင်ပင် သံသရာခရီးကို အဆုံးသတ်နိုင်မည့် ယောဂီသူတော်ကောင်းများလည်း ရှိနိုင်၏၊ ဒုတိယ အနာဂတ်ဘဝ စသည်တို့၌ သံသရာခရီးကို အဆုံးသတ်နိုင်မည့် သူတော်ကောင်းများလည်း ရှိနိုင်၏။ နာမည်ကျော် ဒါယကာတော်သိကြားမင်းကဲ့သို့သော သူတော်ကောင်းများလည်း ရှိနိုင်၏။ မဟာဓနသူဌေးသားတို့ကဲ့သို့ ပစ္ဆိမဘဝိက အတုများကား တစ်ခုသော ဘဝတွင် သံသရာခရီးကို အဆုံးသတ်လိုကလည်း အဆုံးသတ်နိုင်၍ မဆုံးလိုသေးဘဲ ဆက်လိုကလည်း နောက်ထပ် အနာဂတ်တစ်ခုသို့ ဆက်နိုင်သည်လည်း ရှိတတ်၏။ ဤဘဝ မှာပင် သံသရာခရီးကို အဆုံးသတ်နိုင်မည့် သူတော်ကောင်းများလည်း ရှိကောင်းရှိနိုင်၏။ မရဏာသန္နဇော အခိုက်၌ အကျိုးပေးတော့မည့် ကံ၏ စွမ်းအင်သတ္တိလည်း မရှိတော့သဖြင့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ် (၃)မျိုး တစ်မျိုးမျိုးမျှ မထင်လျှင်ကား နောက်ထပ်ဆက်ရန် ဘဝ မရှိတော့ပြီ ဖြစ်၏။ ထိုသို့ သံသရာခရီး ဆုံးသည့်တိုင်အောင် ရှုနိုင်ပါမှ ---
၁။ အကြောင်းတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် ထင်ရှားရှိနေခြင်းကြောင့် အကျိုးတရားများ ထင်ရှား ဖြစ်နိုင်ပုံ ထင်ရှားရှိနိုင်ပုံကိုလည်းကောင်း,
၂။ အကြောင်းတရားများ၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားများသည်လည်း အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားပုံကိုလည်းကောင်း,
ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်မည် ဖြစ်သည်။ ထိုအခါတွင်မှ --- အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော = အဝိဇ္ဇာ၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းမဲ့ချုပ်ခြင်းသည် ဖြစ်၏ --- ဤသို့စသော ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ရှုကွက်ကို သဘောကျနိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။
အနာဂတ် ရှုကွက်ပုံစံများ
၁။ ပစ္စုပ္ပန် --- အဝိဇ္ဇာ၊ သင်္ခါရ။
၂။ ပထမအနာဂတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
၃။ ဒုတိယအနာဂတ် --- ဇာတိ၊ ဇရာမရဏ စသည်။
၁။ ပထမအနာဂတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
၂။ ဒုတိယအနာဂတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
၃။ တတိယအနာဂတ် --- ဇာတိ၊ ဇရာမရဏ စသည်။
ဤသို့လျှင် အနာဂတ် အဆက်ဆက်သို့ ရှုပုံကိုလည်း သဘောပေါက်ပါ။ ထိုသို့ အနာဂတ် အဆက်ဆက်ကို ရှုရာ၌ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ကမ္မဘဝကြောင့် အနာဂတ် အဆက်ဆက် ဖြစ်နိုင်သည်လည်း ရှိ၏။ အတိတ်ဘဝ ထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် အနာဂတ်ခန္ဓာ (၅)ပါး ဖြစ်နိုင်သည်လည်း ရှိ၏။ ပထမ အနာဂတ်တွင် ပြုစုပျိုးထောင်လိုက်သော ကံကြောင့် ဒုတိယ အနာဂတ် ခန္ဓာ (၅)ပါးစသည်တို့ ဖြစ်ကြသည်လည်း ရှိ၏။ ဒုတိယ အနာဂတ်တွင် ပြုစုပျိုးထောင်သော ကံကြောင့် တတိယ အနာဂတ်ခန္ဓာ (၅)ပါး စသည်တို့ ဖြစ်ကြသည်လည်း ရှိ၏။ အသင်သူတော်ကောင်း ကိုယ်တိုင် တိတိကျကျသိအောင် ဆန်းစစ်ရှုပွားရမည် ဖြစ်သည်။ ထိုသို့ ဆန်းစစ် ရှုပွားရာ၌ မရဏာသန္နဇောအခိုက်၌ ထင်လာသော အာရုံနိမိတ်ကို အခြေခံ၍သာ ဆန်းစစ်ပါ။ မရဏာသန္နဇော၏ အာရုံများသည် အကျိုးပေးတော့မည့် ကံ၏ စွမ်းဟုန်ကြောင့် ထင်လာသော အာရုံနိမိတ်များ ဖြစ်ကြသဖြင့် အကျိုးပေးမည့် ကံကို ရှာဖွေရာ၌ ယင်းမရဏာသန္နဇော၏ အာရုံမှာ အဓိက သော့ချက် တစ်ခုပင် ဖြစ်သည်။ ယေဘုယျ စည်းကမ်းသို့လိုက်၍ အထက်ပါ --- အနာဂတ်ရှုကွက် ပုံစံများ --- ကို ဖော်ပြထားပါသည်။
__________