နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/နာမရူပပစ္စယာ သဠာယတနံ
နာမရူပပစ္စယာ သဠာယတနံ
နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏။
တတ္ထ နာမန္တိ ဝေဒနာဒိက္ခန္ဓတ္တယံ။ ရူပံ ပန သကသန္တတိပရိယာပန္နံ နိယမတော စတ္တာရိ ဘူတာနိ ဆ ဝတ္ထူနိ ဇီဝိတိန္ဒြိယန္တိ ဧဝံ ဘူတဝတ္ထာဒိကံ မတန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၁၉၆။)
နာမ် --- အရ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာ သုံးပါးကို အရကောက်ယူပါ။
ရုပ် --- အရ သဠာယတနအား ဧကန် အမြဲအားဖြင့် ကျေးဇူးပြုတတ်သော မိမိ၏ ခန္ဓာအစဉ်၌ အကျုံးဝင် သော မဟာဘုတ်လေးပါး, ဝတ္ထုရုပ် (၆)ပါး, ဇီဝိတိန္ဒြေတို့ကို ကောက်ယူပါ။
သဠာယတန --- အရ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနယ မနာယတန ဟူသော အာယတန (၆)ပါးကို ကောက်ယူပါ။
နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ -- ဟု ဧကသိသ် (ဧကသေသ်) ပြုထားသော နာမ်ရုပ်သည် --- ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ --- ဟု ဧကသိသ် (ဧကသေသ်) ပြုထားသော သဠာယတနအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်၏။ အရူပဘုံ၌ တည်ရှိသော နာမ်ခန္ဓာသုံးပါးသည် ခြောက်ခုမြောက် အာယတန ဖြစ်သော ဆဋ္ဌာယတန = မနာယတနအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။ ထိုကြောင့် သဠာယတနကို ဧကသေသ် ပြုထားသည်။ (အဘိ၊ဋ္ဌ၊၂၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၁၉၆။)
ရှင်းလင်းချက်များ
၁။ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့သည် မိမိတို့နှင့် ကလာပ်တူ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့အား သဟဇာတ နိဿယ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။
၂။ ဝတ္ထုရုပ် (၆)မျိုးတို့တွင် ဟဒယဝတ္ထုရုပ်သည် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေ မနာယတနအား သဟဇာတ နိဿယ အညမည ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။
၃။ ဟဒယဝတ္ထုရုပ်သည် ပဝတ္တိအခါ၌ ဘဝင် အဝင်အပါဖြစ်သော မနောဓာတ် မနောဝိညာဏဓာတ်တို့အား ပုရေဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ (ပဝတ္တိအခါ၌ မနောဓာတ် မနောဝိညာဏဓာတ်တို့သည် မိမိတို့နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မမှီ၊ မိမိတို့၏ေ့ရှ အခြားမဲ့စိတ်က ဥပါဒ်ခဲ့သော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်ကြသည်။ သို့အတွက် သဟဇာတပစ္စည်းကို မရ။)
၄။ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထုတို့သည် မိမိတို့ ဆိုင်ရာ ပဉ္စဝိညာဏ်ဟူသော မနာယတနအား ဝတ္ထုပုရေဇာတိန္ဒြိယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၅။ ရုပ်ဇီဝိတသည် ကလာပ်တူ ကမ္မဇရုပ်အား ဣန္ဒြိယ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (အနုဋီ၊၂၊၁၃၀။)
ဤသို့လျှင် မဟာဘုတ် (၄)ပါး, ဝတ္ထုရုပ် (၆)ပါး ဇီဝိတရုပ်တို့သည် ထိုက်သည့်အားလျော်စွာ သဟဇာတ နိဿယ ပုရေဇာတ ဣန္ဒြိယစသော ပစ္စယသတ္တိဖြင့် ဧကန်အားဖြင့် ဖြစ်ဆဲဖြစ်သော သဠာယတနအား ကျေးဇူးပြု၏။
ရူပါယတနစသော အာရုံတို့သည်လည်း အာရမ္မဏ ပုရေဇာတစသော ပစ္စယသတ္တိတို့ဖြင့် မနာယတန အား ကျေးဇူးပြုကြပါပေ၏။ သို့သော် အာရမ္မဏပစ္စည်းတရားများ ဖြစ်ကြသော ယင်းရူပါရုံစသည်တို့သည် အာရမ္မဏိက ပစ္စယုပ္ပန်တရားများ ဖြစ်ကြသော ဆိုင်ရာမနာယတနနှင့် အတူဖြစ်မှုဟူသော သဟဇာတ အဖြစ်လည်း မရှိ။ စက္ခုဝတ္ထုစသည့် ဝတ္ထုရုပ်တို့ကဲ့သို့ မနာယတန၏ မှီရာနိဿယ အဖြစ်လည်း မရှိ။ ဇီဝိတကဲ့သို့ ကလာပ်တူရုပ်တို့အား စောင့်ရှောက်ခြင်း အနုပါလန အဖြစ်လည်း မရှိ။ ထိုကြောင့် အကြောင်းတရားဖြစ်သော နာမရူပဝယ် ရူပအရ ရူပါရုံစသည်ကို မကောက်ယူခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၁၇။)
ဆက်၍ ဆိုဦးအံ့ --- ရူပါယတနစသော အပြင်အာယတနတို့သည် အာရမ္မဏ, အာရမ္မဏပုရေဇာတစသော ပစ္စယသတ္တိတို့ဖြင့် မနာယတနအား ကျေးဇူးပြုကြပါပေ၏။ သို့သော် စက္ခာယတနစသော အတွင်းအာယတန တို့ကဲ့သို့ မိမိသန္တာန်၌သာ အကျုံးဝင်သော သကသန္တတိပရိယာပန္န = သသန္တတိပရိယာပန္န တရားများကား မဟုတ်ကြပေ။ ပရသန္တတိပရိယာပန္န = အညသန္တတိပရိယာပန္န = သူတစ်ပါးသန္တာန်, ဗဟိဒ္ဓ သက်မဲ့သန္တာန်တို့၌ အကျုံးဝင်သော အာယတန = အာရုံများလည်း ဖြစ်နိုင်ကြ၏။ မိမိ သန္တာန်၌ ဖြစ်သော အပြင်အာယတနတို့သည် လည်းကောင်း, သူတစ်ပါးသန္တာန်၌ ဖြစ်သော အပြင်အာယတနတို့သည်လည်းကောင်း, ဗဟိဒ္ဓ သက်မဲ့သန္တာန်တို့၌ အကျုံးဝင်သော အပြင်အာယတနတို့သည်လည်းကောင်း -- ဤအဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးသော အပြင်အာယတန တို့သည် မနာယတနအား ဖြစ်ပေါ်လာအောင် အာရမ္မဏ အာရမ္မဏပုရေဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုနိုင်ကြသည်ချည်း ဖြစ်ကြ၏။ ဤပဋိစ္စသမုပ္ပါဒ်ပိုင်း၌ ဟောကြားပြသထားအပ်သော ရုပ်တရားများကား အဝိဇ္ဇာပစ္စယာ သင်္ခါရာမှ ဆက်သွယ်လာသော မိမိ၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော သသန္တတိ ပရိယာပန္နရုပ်များသာ ဖြစ်ကြ၏။ ဤသို့လျှင် မိမိ ရုပ်နာမ် သန္တာန်အစဉ်၌ အကျုံးဝင်သော ရုပ်တရားသည် သာလျှင် နာမရူပပစ္စယာ သဠာယတနံဝယ် ရူပအရ ပစ္စည်းတရား ဖြစ်သည်ဟု နိယမ = မြဲသော စည်းကမ်း ဥပဒေသပြု၍ မရနိုင်သောကြောင့် ရူပါရုံစသည်ကို မကောက်ယူရပေ။ (မူလဋီ၊၂၊၁၁၇။)
တစ်ဖန် စက္ခုစသော ဝတ္ထုရုပ်တို့သည် သဠာယတနတွင် ပါဝင်သော မနာယတနအား ကျေးဇူးပြုရာ၌ တစ်ခုတည်းသော အဖို့အားဖြင့်သာ ကျေးဇူးပြု၏။ ဥပမာ ၊ စက္ခုဝတ္ထုသည် စက္ခုဝိညာဏ်ဟူသော မနာယတနအား ကျေးဇူးပြုရာ၌ ဒဿနကိစ္စ = ရူပါရုံကို မြင်ခြင်းကိစ္စကို စီမံသော အမြဲ တစ်နည်းအားဖြင့်သာ ကျေးဇူးပြု၏။ သောတဝတ္ထုစသည်တို့က သောတဝိညာဏ်ဟူသော မနာယတနစသည်တို့အား ကျေးဇူးပြုရာ၌လည်း နည်းတူမှတ်ပါ။ ဤသို့ အမြဲ တစ်နည်းအားဖြင့်သာ ကျေးဇူးပြုသော နိယမ ဖြစ်၏။
ရူပါယတန ရူပါရုံ စသည်တို့က မနာယတနအား ကျေးဇူးပြုရာ၌ ဤသို့ အမြဲ တစ်နည်းအားဖြင့်သာ ကျေးဇူးပြုသော နိယမတရားမျိုးကား မဟုတ်။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ ဟူသော သတ္တိ အမျိုးမျိုးအားဖြင့်လည်း မနာယတနအား ကျေးဇူးပြု၏။ ဤသို့ ကျေးဇူးပြုပုံက နိယမ = အမြဲတစ်ခုတည်း မဟုတ်သောကြောင့် ထိုရူပါရုံစသည်ကို နာမရူပပစ္စယာအရ ရုပ်တရားစုတွင် မထည့်သွင်းဘဲထားခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၁၇။ မဟာဋီ၊၂၊၃၂၁။ အနုဋီ၊၂၊၁၃၀။)
တစ်နည်းကောက်ယူပုံ
နိယမတော စတ္တာရိဘူတာနိ ဆ ဝတ္ထူနိ ဇီဝိတိန္ဒြိယန္တိ ဧဝန္တိ ဧတ္ထ ဧဝံ - သဒ္ဒေန ဝါ ရူပါယတနာဒီနမ္ပိ သင်္ဂဟော ဒဋ္ဌဗ္ဗော။ (မူလဋီ၊၂၊၁၁၇။ မဟာဋီ၊၂၊၃၂၁။)
ဤနည်း၌ နာမရူပပစ္စယာ - ဝယ် ရူပအရတွင် ရူပါရုံစသည်ကိုလည်း ထည့်သွင်းကောက်ယူပါ။ အဋ္ဌကထာတွင်လာသော --- ဇီဝိတိန္ဒြိယန္တိ ဧဝံ -- ၌ ဧဝံ-သဒ္ဒါဖြင့် သိမ်းကျုံးကောက်ယူပါ။
ယင်းဧဝံ-သဒ္ဒါမှာ ပကာရအနက် ရှိ၏။ ယင်းပကာရအနက်ရှိသော ဧဝံ-သဒ္ဒါဖြင့် --- ဝိညာဏပစ္စယာ နာမရူပံ -- ဝယ် ရူပအရ တရားကိုယ်ကောက်ယူခဲ့သော ရုပ်တရားအားလုံးကိုပင် ဤနာမရူပပစ္စယာ သဠာယတနံတွင်လည်း ရူပအရ တရားကိုယ်ကောက်ယူပါဟု ဆိုလိုသည်။ အဋ္ဌကထာနှင့် မဆန့်ကျင်အောင် ယူသောနည်း ဖြစ်သည်။ (မူလဋီ၊၂၊၁၁၇။ မဟာဋီ၊၂၊၃၂၁။)
မနာယတနအရ - တရားကိုယ်ကောက်ယူပုံ
နာမပစ္စယာ ဆဋ္ဌာယတနန္တိ ဟိ အဗျာကတဝါရေ ဝက္ခတိ။ (အဘိ၊၂၊၁၈၇။) (အဘိ၊ဋ္ဌ၊၂၊၁၆၅။)
အဗျာကတဝါရေ ဝက္ခတီတိ ကိဉ္စာပိ အကုသလဝါရေ ကုသလဝါရေ စ နာမပစ္စယာ ဆဋ္ဌာယတနန္တိ ဝုတ္တံ။ သုတ္တန္တဘာဇနီယေ ပန ဝိပါကဆဋ္ဌာယတနမေဝ ဂဟိတန္တိ အဓိပ္ပါယေန အဗျာကတဝါရမေဝ သာဓကဘာဝေန ဥဒါဟဋန္တိ ဒဋ္ဌဗ္ဗံ။ ပစ္စယနယေ ပန ဆဋ္ဌာ ဟောတိ တံ အဝကံသတောတိအာဒိနာ အဝိပါကဿပိ ပစ္စယော ဥဒ္ဓဋော၊ သော နိရဝသေသံ ဝတ္တုကာမတာယ ဥဒ္ဓဋောတိ ဝေဒိတဗ္ဗော။ (မူလဋီ၊၂၊၁၁၈။)
နာမပစ္စယာ ဆဋ္ဌာယတနံ = စေတသိက်နာမ်ကြောင့် ဆဋ္ဌာယတန = မနာယတနဖြစ်၏။ --- ဟူသော စကားရပ်သည် အကုသလဝါရ၌လည်း ပါ၏၊ ကုသလဝါရ၌လည်း ပါ၏။ သို့သော် ဤပဋိစ္စသမုပ္ပါဒ်ဝိဘင်း သုတ္တန္တဘာဇနီယနည်း၌ကား ဝိပါက် ဆဋ္ဌာယတန = မနာယတနကိုသာလျှင် အရကောက်ယူရ၏ဟု ဤသို့ သိစေလိုသော အဓိပ္ပါယ်ဖြင့် ဝိပါက်နှင့်ဆိုင်သော အဗျာကတဝါရဝယ် ပါသော နာမပစ္စယာ ဆဋ္ဌာယတနံ ကိုသာ သာဓကအဖြစ်ဖြင့် ထုတ်ပြသည်ဟု မှတ်သားပါ။
တစ်ဖန် ပဋ္ဌာန်းပစ္စည်း ကျေးဇူးပြုပုံကို ဖော်ပြရာ ပစ္စယနယ၌ကား ---
အဝိပါကံ ပန အဝိပါကဿ ဆဋ္ဌဿ အဝကံသတောဝ တတော ဝိပါကပစ္စယံ အပနေတွာ ဆဓာဝ ပစ္စယော ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၆၆။)
= ဝိပါက် မဟုတ်သော ကုသိုလ် နာမ်ခန္ဓာသုံးပါးသည် ဝိပါက်မဟုတ်သော ကုသိုလ် မနာယတနအား, ဝိပါက်မဟုတ်သော အကုသိုလ်နာမ်ခန္ဓာသုံးပါးသည် ဝိပါက်မဟုတ်သော အကုသိုလ် မနာယတနအား, ဝိပါက် မဟုတ်သော ကြိယာနာမ်ခန္ဓာသုံးပါးသည် ဝိပါက်မဟုတ်သော ကြိယာ မနာယတနအား ပစ္စယသတ္တိ (၆)မျိုးဖြင့် ကျေးဇူးပြု၏။ ---
ဤသို့ စသည်ဖြင့် ကျေးဇူးပြုပုံ ပစ္စယနယကို ထုတ်ဆောင်ပြထား၏။ ထိုပစ္စယနယကို ပရမတ္ထတရား များကို အကြွင်းအကျန် မရှိအောင် = ကုသိုလ် အကုသိုလ် ကြိယာပါမကျန်ရအောင် ဖွင့်ဆိုခြင်းငှာ အလိုရှိသည်၏ အဖြစ်ကြောင့် ထုတ်ဆောင်ပြထားသည်ဟု သိရှိပါလေ။ (မူလဋီ၊၂၊၁၁၈။)
ဤမူလဋီကာ၏ ဖွင့်ဆိုချက်အတိုင်း - အရာရာတွင် နည်းမှီး၍ သဘောပေါက်ပါ။ ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် အကြောင်းအကျိုး သိမ်းဆည်းပါက, ဝိပဿနာရှုပါက, ကုသိုလ် အကုသိုလ် ကြိယာတရားတို့သည် ဝိပါကဝဋ်တွင် အကျုံးမဝင်ဟု သဘောပေါက်နားလည်ပါက အပြစ် မဖြစ်နိုင်ပါ။
အဘယ်ကြောင့် သိနိုင်ပါသနည်း
နာမ်ရုပ်သည် သဠာယတနအား ကျေးဇူးပြု၏ = နာမ်ရုပ်ကြောင့် သဠာယတနဖြစ်၏ဟု အဘယ်ကြောင့် သိနိုင်ပါသနည်း ဟူမူ --- နာမ်ရုပ် ဖြစ်ခြင်းသည် ရှိလတ်သော် သဠာယတန၏ ဖြစ်ခြင်းကြောင့် နာမ်ရုပ်သည် သဠာယတနအား ကျေးဇူးပြု၏ဟု သိနိုင်ပေသည် ဟူပေ။ ထိုထို နာမ်၏လည်းကောင်း, ထိုထို ရုပ်၏ လည်းကောင်း ထင်ရှားရှိသည်၏ အဖြစ်သည် ရှိခဲ့ပါမူ ထိုထို အာယတနသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုထို နာမ်၏လည်းကောင်း ထိုထို ရုပ်၏လည်းကောင်း ထင်ရှား မရှိသည်၏ အဖြစ်သည် ရှိပါမူ ထိုထို အာယတနသည် ထင်ရှား မဖြစ်နိုင်ပေ။ ထိုသဠာယတန၏ ထိုနာမ်ရုပ်၏ ဖြစ်ခြင်းကြောင့် ဖြစ်လေ့ရှိသည်၏ အဖြစ် ဟူသော ထိုသဘောတရားသည် ပဋ္ဌာန်းပစ္စည်း ကျေးဇူးပြုပုံနည်းကို ပြရာ၌ပင် ထင်ရှားလာပေလတ္တံ့။ (အဘိ၊ဋ္ဌ၊၂၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၁၉၆။)
ပဋ္ဌာန်းပစ္စည်း ကျေးဇူးပြုပုံ
နာမ်က သဠာယတနအား ကျေးဇူးပြုပုံ
၁။ အရူပဘုံ၌ ပဋိသန္ဓေအခါဝယ် ပဋိသန္ဓေ စေတသိက် နာမ်တရားစုသည် ပဋိသန္ဓေဝိညာဏ် = မနာယတန အား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ဝိပါက အတ္ထိ အဝိဂတဟူသော (၇) ပစ္စယသတ္တိ တို့ဖြင့် အနည်းဆုံး ကျေးဇူးပြု၏။ အရူပ ဝိပါက် စေတသိက် နာမ်တို့တွင် အလောဘ အဒေါသ အမောဟ ဟူသော အချို့သော နာမ်များသည် (ပဋိသန္ဓေအခါ၌လည်းကောင်း, ပဝတ္တိအခါ၌လည်းကောင်း) ယှဉ်ဖက် သမ္ပယုတ်ဖြစ်သော ဝိပါက် မနာယတနအား ဟေတုပစ္စယသတ္တိဖြင့်လည်း ကျေးဇူးပြုနိုင်သေး၏။ ယင်း စေတသိက် နာမ်တရားစုတို့တွင် အကျုံးဝင်သော ဖဿ စေတနာဟူသော နာမ်အာဟာရတို့သည် မနာယတနအား အာဟာရပစ္စယသတ္တိဖြင့်လည်း ကျေးဇူးပြုနိုင်သေး၏။ ထိုကြောင့် ဟေတုပစ္စယသတ္တိဖြင့် ပို၍ ကျေးဇူးပြုသောအခါ (၈)ပစ္စည်း ဖြစ်သည်။ အာဟာရသတ္တိဖြင့် ပို၍ ကျေးဇူးပြုသောအခါ (၉)ပစ္စည်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၁၉၆။)
ဋီကာ = (မူလဋီ၊၂၊၁၁၈။ မဟာဋီ၊၂၊၃၂၂။) တို့၌ကား နာမ်ဣန္ဒြေထိုက်သော စေတသိက်တရားစုတို့က (= နာမ်ဇီဝိတိန္ဒြေ, ဥပေက္ခိန္ဒြေ, သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေတို့က) သမ္ပယုတ် မနာယတနအား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုသောအခါကို ရည်ရွယ်၍ (၁၀) ပစ္စည်းဟုလည်း အများဆုံး ပြသေး၏။
ယင်းအရူပဘုံဝယ် ပဝတ္တိအခါ၌လည်း ဝိပါက်စေတသိက် နာမ်တရားစုသည် သမ္ပယုတ် ဝိပါက် မနာယတနအား ဆိုခဲ့ပြီးသည့် နည်းအတိုင်းသာလျှင် ကျေးဇူးပြု၏။
ပြည်ဆရာတော်ဘုရားကြီး၏ မှာတမ်း
၁။ အလောဘ အဒေါသအခိုက် သဟဇာတစသော (၇) ပစ္စည်း၌ ဟေတုကို ထည့်၍ (၈) ပစ္စည်းတည်း။
၂။ ဖဿာဟာရအခိုက်လည်း ယခင် (၇) ပစ္စည်း၌ အာဟာရကိုထည့်၍ (၈) ပစ္စည်းတည်း။
၃။ မနောသေဉ္စတနာဟာရအခိုက် ယခင် (၇) ပစ္စည်း၌ သဟဇာတကမ္မ သဟဇာတအာဟာရ ထည့်၍ (၉) ပစ္စည်းတည်း။
၄။ အမောဟအခိုက် ယခင် (၇) ပစ္စည်း၌ ဟေတု ဣန္ဒြိယ မဂ္ဂ ထည့်၍ (၁၀) ပစ္စည်းတည်း။ ဤသို့ စသည်ဖြင့် ယထာရဟ = ထိုက်သလိုယူ။
ဤသို့လျှင် ပြည်ဆရာတော်ဘုရားကြီးက မိမိ၏ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနိဿယ (ပြည်၊၄၊၁၆၇။)၌ မိန့်မှာ ထားတော်မူ၏။
အနုဋီကာ (၂၊၁၃၀။)၌ကား စျာနာဒီနမ္ပိ ဝသေန ဝေဒိတဗ္ဗော -- ဟု စျာနပစ္စည်း စသည်ကိုပါ ထည့်သွင်း ၍ ဖွင့်ဆိုထားပေသည်။ သို့သော် အနည်းဆုံး (၇) ပစ္စည်း, အများဆုံး (၁၀) ပစ္စည်းသာ ဖြစ်သဖြင့် အတိုး အလျော့ကို စိစစ်၍ ယူလေ။
၂။ ပဉ္စဝေါကာရဘုံ၌ --- ပဋိသန္ဓေအခါဝယ် စေတသိက် နာမ်တရားစုသည် ဟဒယဝတ္ထု၏ အပေါင်းအဖော် ဖြစ်၍ မိမိတို့နှင့် ယှဉ်ဖက် သမ္ပယုတ် ပဋိသန္ဓေဝိညာဏ် = မနာယတနအား ယင်းသဟဇာတ အညမည နိဿယ သမ္ပယုတ္တ ဝိပါက အတ္ထိ အဝိဂတဟူသော (၇) ပစ္စယသတ္တိတို့ဖြင့် အနည်းဆုံး ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၆။ ဝိသုဒ္ဓိ၊၂၊၁၉၇။)
ဤ၌ --- ဟဒယဝတ္ထု၏ အပေါင်းအဖော် ဖြစ်၍ ---- ဟူသော ဤစကားရပ်ဖြင့် အရူပဘုံ၌ကဲ့သို့ အဖော်သဟဲ (= အဖော်သဟာယ်) မဲ့သော စေတသိက် နာမ်မဟုတ်၊ ဟဒယဝတ္ထုသည်လည်း စေတသိက် နာမ်နှင့် အတူတကွ ပဋိသန္ဓေ မနာယတနအား ကျေးဇူးပြု၏ --- ဤမျှသော အနက်ကိုသာ ပြ၏။ ဟဒယဝတ္ထုသည် မနာယတနအား ကျေးဇူးပြုသကဲ့သို့ စေတသိက် နာမ်သည်လည်း မနာယတနအား ကျေးဇူးပြု၏ဟူသော အနက်ကိုကား မလိုလားအပ်ပေ။ အဘယ်ကြောင့်နည်း? ဟဒယဝတ္ထုသည် မနာယတနအား ဝိပ္ပယုတ္တပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။ စေတသိက် နာမ်ကား ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးမပြု။ (သမ္ပယုတ္တပစ္စည်းဖြင့်သာ ကျေးဇူးပြုသောကြောင့် ဟူလိုသည်။) တစ်ဖန် စေတသိက် နာမ်မူကား မနာယတနအား ဝိပါက ဟေတုစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဟဒယဝတ္ထုကား မနာယတနအား ဝိပါက ဟေတုစသော ပစ္စယသတ္တိဖြင့် ကျေးဇူးမပြု ဖြစ်ပေသည်။ (မူလဋီ၊၂၊၁၁၈။ မဟာဋီ၊၂၊၃၂၂။)
၃။ ဩပပါတိကသတ္တဝါတို့၏ --- ပဋိသန္ဓေအခါ၌ ထိုဝိပါက်စေတသိက် နာမ်တရားစုသည် မနာယတနမှ အခြားတစ်ပါးကုန်သော စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနဟူသော အာယတန (၅)ပါးတို့အား မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအဖော်ဖြစ်၍ သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ဟူသော (၆)ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ [ပဋိသန္ဓေအခါ ယင်းအာယတနတို့ ပဋိသန္ဓေစိတ်နှင့် အတူ ဥပါဒ်ချင်းပြိုင်၍ ဖြစ်ကြသည့် ဩပပါတိကစသည့် သတ္တဝါတို့အား အထူး ရည်ညွှန်း ထားသည်ဟု မှတ်ပါ။]
ဤပဋိသန္ဓေနာမ်တရားစုတို့တွင်လည်း အလောဘ အဒေါသ အမောဟဟူသော အချို့သော နာမ်တရား သည် ပဋိသန္ဓေ ဝိပါက်မနာယတနအား ဟေတုပစ္စယသတ္တိဖြင့်လည်းကောင်း, ဖဿ စေတနာဟူသော အချို့သော နာမ်တရားသည် ပဋိသန္ဓေ ဝိပါက်မနာယတနအား အာဟာရပစ္စယသတ္တိဖြင့်လည်းကောင်း -- ဤသို့လျှင် အခြားသော ပစ္စယသတ္တိအားဖြင့်လည်း ကျေးဇူးပြုနိုင်သေး၏။ ဤနည်းဖြင့် အတိုးအလျော့ကို သိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၆၆။)
၄။ ပဝတ္တိအခါ --- ပဉ္စဝေါကာရဘုံဝယ် ပဋိသန္ဓေအခါ၌ ကဲ့သို့ပင် ပဝတ္တိအခါ၌လည်း ဘဝင်-ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ-တဒါရုံ-စုတိဟူသော ဝိပါက်ဝိညာဏ်နှင့် ယှဉ်သော အသီးအသီးသော ဝိပါက်စေတသိက် နာမ်တရားစုသည် မိမိ မိမိတို့နှင့် ယှဉ်ဖက် သမ္ပယုတ်ဖြစ်သော ဝိပါက်ဝိညာဏ် မနာယတနအား အနည်းဆုံး သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ဝိပါက အတ္ထိ အဝိဂတ ဟူသော (၇) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (ဟေတု အာဟာရ ပစ္စယသတ္တိတို့ဖြင့်လည်း ကျေးဇူးပြုနိုင်သေး၏။) (အဘိ၊ဋ္ဌ၊၂၊၁၆၆။)
အဝိပါကနာမ် - အဝိပါကမနာယတန
၅။ အဝိပါက = ဝိပါက်မဟုတ်သော နာမ်က အဝိပါက = ဝိပါက်မဟုတ်သော မနာယတနအား =
(က) ကုသိုလ်စေတသိက် နာမ်သည် ကုသိုလ်ဝိညာဏ် = မနာယတနအား,
( ခ ) အကုသိုလ်စေတသိက် နာမ်သည် အကုသိုလ်ဝိညာဏ် = မနာယတနအား
( ဂ ) ကြိယာစေတသိက် နာမ်သည် ကြိယာဝိညာဏ် = မနာယတနအား,
အနည်းဆုံး သဟဇာတ နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတဟူသော (၆) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူး ပြု၏။ ဟေတုပစ္စယသတ္တိ အာဟာရပစ္စယသတ္တိတို့ဖြင့် အများဆုံး ကျေးဇူးပြုနိုင်ပုံကိုလည်း ဆိုခဲ့ပြီးအတိုင်း မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၆၆။ ဝိသုဒ္ဓိ၊၂၊၁၉၇။)
မကြွင်းမကျန်စေလိုပါ
ကုသိုလ် အကုသိုလ် ကြိယာတရားတို့ကို အဝိပါကတရားဟု ခေါ်၏။ မနာယတနအရတွင် ဝိပါက်ဝိညာဏ် ကိုသာ သုတ္တန်နည်းအရ ကောက်ယူရ၏။ ကုသိုလ် အကုသိုလ် ကြိယာများသည် မနာယတနတွင် မပါဝင်ပေ။ ဤ၌ အဝိပါကဖြစ်သော ကုသိုလ် အကုသိုလ် ကြိယာ မနာယတနတို့အား အဝိပါကဖြစ်သော ဆိုင်ရာ ဆိုင်ရာ ယှဉ်ဖက် သမ္ပယုတ်စေတသိက် နာမ်တရားစုတို့က ကျေးဇူးပြုပုံကို ထုတ်ဆောင်ပြခြင်းမှာ ယင်းပဝတ္တိ ဝိပါက် နာမ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ် = ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုးကို သိမ်းဆည်းရာ၌ ယင်းဝိပါက်နာမ်တရားတို့၏ အကြားအကြား၌ ယင်းဝိပါက်နာမ်တရားတို့နှင့် တစ်ခုတည်းသော ဝီထိစိတ်အစဉ်အတွင်းဝယ် ဖြစ်ပေါ်နေကြကုန်သော ကုသိုလ် အကုသိုလ် ကြိယာတို့ကိုပါ ထည့်သွင်း၍ ပရမတ္ထဓာတ်သားများကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ပဋ္ဌာန်းပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံကို တင်ပြလိုသောကြောင့် ထုတ်ဆောင်ပြခြင်း ဖြစ်သည်ဟု မှတ်ပါ။ (မူလဋီ၊၂၊၁၁၈။)
အသင်သူတော်ကောင်းသည် ဝီထိစိတ်အစဉ်များကို ပြန်လည်၍ အာရုံယူပါ။ ပဉ္စဒွါရဝီထိများ၌ ဘဝင်နှင့် ပဉ္စဝိညာဏ်တို့၏ အကြားတွင် ပဉ္စဒွါရာဝဇ္ဇန်းကြိယာ ရှိနေ၏။ တစ်ဖန် သန္တီရဏနှင့် တဒါရုံဝိပါက်တို့၏ အကြားတွင် ဝုဋ္ဌောဟူသော ကြိယာနှင့် ကုသိုလ် အကုသိုလ် (ကြိယာ)ဇောများသည် ထိုက်သလိုတည်ရှိနေကြ၏။ တစ်ဖန် မနောဒွါရဝီထိများ၌လည်း တဒါရုံဝိပါက်များ၏ ရှေးတွင် မနောဒွါရာဝဇ္ဇန်း ကြိယာစိတ်နှင့် ကုသိုလ် အကုသိုလ် (ကြိယာ)ဇောတို့လည်း ထိုက်သလို တည်ရှိနေကြ၏။ ဝိပါက်နာမ်တရားများနှင့် ဝိပါက်မနာယတန ကိုသာ ကွက်၍ အကြောင်းအကျိုး ဆက်သွယ်ပုံ ပဋ္ဌာန်းပစ္စယသတ္တိများကို ဖော်ပြခဲ့လျှင် ယင်းကုသိုလ် အကုသိုလ် (ကြိယာ)ဇောများနှင့် အာဝဇ္ဇန်းတို့အတွက် အကြောင်းအကျိုး ဆက်သွယ်ပုံ ပဋ္ဌာန်းပစ္စယသတ္တိများသည် ကြွင်းကျန်နေမည် ဖြစ်၏။ ထိုသို့ အကြွင်းမကျန်မရှိစေလို၍ ကုန်စင်အောင် ထုတ်ပြခြင်းသာ ဖြစ်သည်ဟူလိုသည်။ သို့အတွက် ယင်းကုသိုလ် အကုသိုလ် ကြိယာများကိုလည်း အကြောင်းအကျိုး သိမ်းဆည်းရာ၌ ရောနှော၍ သိမ်းဆည်းလျှင်လည်း အပြစ်ကား မဖြစ်နိုင်ပါ။ သို့သော် ယင်းကုသိုလ် အကုသိုလ်ဇောတို့မှာ ပစ္စုပ္ပန် အကြောင်း တရားများ ဖြစ်ကြသည့် ကမ္မဘဝစာရင်းတွင် ထိုက်သလို ပါဝင်ကြ၏။ သဠာယတနစာရင်းတွင်ကား တစ်နည်း မနာယတနတွင်ကား သုတ္တန်နည်းအရ မပါဝင်ဟုသာ မှတ်ပါ။ ကြိယာဇောတို့မှာ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ကြ၏။ ပုထုဇန်နှင့် သေက္ခအရိယာတို့၏ သန္တာန်၌ မဖြစ်ကြပေ။ သို့အတွက် ပုထုဇန် အဆင့်တွင် ရှိနေသေးသော အသင်သူတော်ကောင်း၏ သန္တာန်၌ ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်း ဟူသော ကြိယာစိတ်တို့သာ ဖြစ်နိုင်ကြသည်ဟုလည်း မှတ်သားပါ။
၆။ ထိုပဉ္စဝေါကာရဘုံ၌ပင်လျှင် ပဝတ္တိအခါဝယ် စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့အား စက္ခာယတန = စက္ခုဝတ္ထုစသည့် ဝတ္ထုရုပ်တို့ကို မှီ၍ ဖြစ်သော ပဉ္စဝိညာဏ်ဟူသော ဝိပါက်နာမ်, ဟဒယဝတ္ထုကို မှီ၍ ဖြစ်သော ဘဝင်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ဝိပါက်နာမ်သည် ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတဟူသော (၄) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၆။)
၇။ ထိုပဉ္စဝေါကာရဘုံ၌ပင်လျှင် ပဝတ္တိအခါဝယ် ကုသိုလ် အကုသိုလ် ကြိယာ ဟူသော အဝိပါကနာမ်သည်လည်း ထိုစက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့အား ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ဟူသော (၄)ပစ္စယသတ္တိတို့ဖြင့်ပင် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၆။)
[မှတ်ချက် --- အထက်ပါ အမှတ် (၆) နှင့် (၇) နှစ်ရပ်ကို ပေါင်းသော် ပစ္ဆာဇာတပစ္စည်းတရား ဖြစ်ထိုက် သော ဘဝင်နှင့်တကွသော ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားများ ကုန်သွားပြီ ဖြစ်သည်။ ပဝတ္တိအခါ၌ နာမ်တရားတို့သည် ရုပ်၏ ဌီအခိုက်သို့ ရောက်နေသည်သာလျှင်ဖြစ်သော စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန ဟူသော ကမ္မဇရုပ်အား ပစ္ဆာဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုကုန်၏။ ပဋိသန္ဓေနာမ်တရားတို့ကဲ့သို့ ဖြစ်ဆဲ ဥပါဒ်အခိုက်၌ တည်ရှိသော ကမ္မဇရုပ်အား ကျေးဇူး မပြုကုန်။ ထိုကြောင့် စက္ခာယတနစသည်တို့အား စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိများနှင့် မနောဒွါရ ဝီထိတို့၏ အတွင်း၌ တည်ရှိကြသော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ နာမ်တရားစုတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (သဟဇာတ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့်ကား ကျေးဇူးမပြုဟု မှတ်ပါ။) (မူလဋီ၊၂၊၁၁၈။ မဟာဋီ၊၂၊၃၂၂။ အနုဋီ၊၂၊၁၃၁။)]
ဤကား --- နာမရူပပစ္စယာ သဠာယတနံ - ဝယ် ပစ္စည်းတရားဘက်၌ နာမရူပံဟု ရှိရာ နာမအရ နာမ်တရားစုတို့က သဠာယတနအရ အာယတန (၆)ပါးတို့အား ထိုက်သလို ကျေးဇူးပြုပုံအပိုင်းတည်း။ ယခု တစ်ဖန် ယင်းပစ္စည်းတရားဘက်၌ ရှိသော ရူပံအရ ရုပ်တရားစုက အာယတန (၆)ပါးအား ကျေးဇူးပြုပုံကို ဆက်လက်ဖော်ပြအပ်ပါသည်။
ရုပ်က သဠာယတနအား ကျေးဇူးပြုပုံ
၁။ နာမရူပပစ္စယာ သဠာယတနံ - ဝယ် နာမရူပပစ္စယာဟူသော ပစ္စည်းတရားဘက်၌ တည်ရှိသော ရုပ်တရားစုတို့တွင် ပဋိသန္ဓေအခါ၌ ဟဒယဝတ္ထုရုပ်သည် ပဋိသန္ဓေဝိညာဏ်ဟူသော မနာယတနအား သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ဟူသော (၆) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၆။ ဝိသုဒ္ဓိ၊၂၊၁၉၈။)
၂။ အထူးမမ သာမညအားဖြင့် ဆိုရမူ မဟာဘုတ် (၄)ပါးတို့သည် ပဋိသန္ဓေအခါ၌ပင် ဖြစ်စေ ပဝတ္တိအခါ၌ပင် ဖြစ်စေ အကြင်အကြင် အာယတနသည် ဖြစ်ပေါ်လာ၏၊ ထိုထို အာယတန၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ကလာပ်တူ စက္ခာယတနစသော ရုပ်အာယတန (၅)မျိုးတို့အား သဟဇာတ နိဿယ အတ္ထိ အဝိဂတဟူသော (၄) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏ -- [စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီးလေးပါးက ယင်းကလာပ်တူ စက္ခာယတနအား (၄)ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ -- ဤသို့စသည်ဖြင့် သိပါလေ၊၊] (အဘိ၊ဋ္ဌ၊၂၊၁၆၆-၁၆၇။ ဝိသုဒ္ဓိ၊၂၊၁၉၈။)
၃။ ပဋိသန္ဓေအခါ၌ပင်ဖြစ်စေ ပဝတ္တိအခါ၌ပင်ဖြစ်စေ စက္ခုစသော ရုပ်အာယတန (၅)ပါးတို့အား မိမိတို့နှင့် အတူဥပါဒ်သည့် ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ကလာပ်တူ ဇီဝိတက အတ္ထိ အဝိဂတ ဣန္ဒြိယ ဟူသော (၃) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ (စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ဇီဝိတက ကလာပ်တူ ယင်းစက္ခာယတနအား ယင်း (၃) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ဤသို့ စသည်ဖြင့် သောတာယတနစသည် တို့၌လည်း နည်းတူ သဘောပေါက်ပါ။) (အဘိ၊ဋ္ဌ၊၂၊၁၆၇။ ဝိသုဒ္ဓိ၊၂၊၁၉၈။)
၄။ ကဗဠီကာရအာဟာရ --- စားမျိုလိုက်သော အစာအာဟာရဟူသော ဥတုဇအဋ္ဌကလာပ်တို့၌ တည်ရှိသော ဩဇာသည် အစာကို ကြေကျက်စေတတ်သော ပါစက တေဇောဓာတ် ဝမ်းမီး၏ အထောက်အပံ့ကိုရသော် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊ ယင်းဩဇဋ္ဌမကရုပ်ကလာပ်တို့ကား ဩဇာကြောင့် ဖြစ်ပေါ် လာသော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့တည်း။ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်တို့ကား ဘုတ်အဆက်ဆက် ရိုက်ခတ်ကျေးဇူးပြုသဖြင့် တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်နေကြ၏။ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား အာဟာရဇဩဇာတည်း။ ယင်းဩဇာသည် ကဗဠီကာရအာဟာရမည်၏။ တစ်နည်း အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသော စတုသမုဋ္ဌာနိကဩဇာသည် ကဗဠီကာရအာဟာရ မည်၏။ ယင်းအာဟာရကလည်း စက္ခာယတနစသော ရုပ်အာယတန (၅)မျိုးတို့အား အတ္ထိ အဝိဂတ အာဟာရဟူသော (၃) ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ဤသို့ ကျေးဇူးပြုမှုမှာလည်း အာဟာရကို မှီ၍ အသက်ရှင်လေ့ ရှိကြကုန်သော သတ္တဝါတို့၏ အာဟာရသည် အစဉ်လိုက်အပ်သော ကိုယ်၌ ပဝတ္တိအခါ၌သာလျှင် ကျေးဇူး ပြု၏။ ပဋိသန္ဓေအခါ၌ကား ကျေးဇူးမပြုနိုင်ပေ။ (အဘိ၊ဋ္ဌ၊၂၊၁၆၇။ ဝိသုဒ္ဓိ၊၂၊၁၉ဂ။)
[မှတ်ချက် --- ကဗဠီကာရအာဟာရ အမည်ရသော အထက်တွင် ဖော်ပြထားသော အာဟာရဇဩဇာသည် စက္ခုဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ကမ္မဇဩဇာစသည်အား အတ္ထိ အဝိဂတ အာဟာရပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးသဖြင့် အသစ်အသစ်သော ဩဇဋ္ဌမကရုပ်များ တိုးပွား လာရခြင်း ဖြစ်၏။ ယင်းသို့ တိုးပွားလာသဖြင့် ရုပ်တရားများသည် ပို၍ အားရှိကာ ခိုင်ခံ့ တည်တံ့လာ၏။ အာဟာရဇဩဇာက ထိုထို စက္ခုဒသကကလာပ် စသည်တို့၏ အတွင်း၌ တည်ရှိသော ဩဇာကို အားပေး ထောက်ပံ့လိုက်သဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ တိုးပွားလာသောအခါ ဩဇာနှင့်တကွသော စက္ခုဒသကကလာပ်စသည့် ထိုထို ကလာပ်အတွင်း၌ တည်ရှိသော ရုပ်တရားတို့သည်လည်း ခိုင်ခံ့ တည်တံ့ သွားကြသည်သာ ဖြစ်သည်။ ထိုကြောင့် အာဟာရက စက္ခာယတန စသည်အားလည်း ကျေးဇူးပြုပေးသည်ဟု ဆိုသည်။ သင့်တော်သော ဆေးဝါးများကို မှီဝဲပါက မျက်စိများလည်း အားကောင်းလာတတ်သည်ကို သတိပြု ကြည့်ပါ။ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံး ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်း ဖြစ်သည်။]
ရုပ်က မနာယတနအား ကျေးဇူးပြုပုံ
၁။ စက္ခုဝတ္ထုသည် စက္ခုဝိညာဏ် မနာယတနအား,
၂။ သောတဝတ္ထုသည် သောတဝိညာဏ် မနာယတနအား,
၃။ ဃာနဝတ္ထုသည် ဃာနဝိညာဏ် မနာယတနအား,
၄။ ဇိဝှါဝတ္ထုသည် ဇိဝှါဝိညာဏ် မနာယတနအား,
၅။ ကာယဝတ္ထုသည် ကာယဝိညာဏ် မနာယတနအား,
နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ဟူသော (၆)ပစ္စယ သတ္တိတို့ဖြင့် ပဝတ္တိအခါ၌သာ ကျေးဇူးပြု၏။ ပဋိသန္ဓေအခါ၌ ကျေးဇူးမပြု။ (ပဋိသန္ဓေအခါ၌ကား စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်တို့ ဥပါဒ်ခိုက်မဟုတ်၊ ပဋိသန္ဓေဝိညာဏ်တို့သာ ဥပါဒ်ခိုက် ဖြစ်သည်။) (အဘိ၊ဋ္ဌ၊၂၊၁၆၇။ ဝိသုဒ္ဓိ၊၂၊၁၉၈။)
၆။ ဟဒယဝတ္ထုသည် ပဉ္စဝေါကာရဘုံ၌ ပဉ္စဝိညာဏ်မှ ကြွင်းသော မနာယတနအား နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ (၅) ပစ္စယသတ္တိတို့ဖြင့် ပဝတ္တိအခါ၌ ကျေးဇူးပြု၏၊ ပဋိသန္ဓေအခါ၌ကား ကျေးဇူးမပြု။ (ပဋိသန္ဓေအခါ၌ ကျေးဇူးပြုမှုကို အထက်တွင် ဆိုခဲ့ပြီး ဖြစ်၏။) (အဘိ၊ဋ္ဌ၊၂၊၁၆၇။ ဝိသုဒ္ဓိ၊၂၊၁၉၈။)
နာမ်ရုပ်က သဠာယတနအား ကျေးဇူးပြုပုံ
၁။ ပဉ္စဝေါကာရဘုံဝယ် ပဋိသန္ဓေအခါ၌ စေတသိက် နာမ်ခန္ဓာသုံးပါး (တိဟိတ် သောမနဿပဋိသန္ဓေ ဖြစ်လျှင် ၃၃-လုံးသော စေတသိက်တို့)နှင့် ဟဒယဝတ္ထုရုပ်ဟု ဆိုအပ်သော နာမ်ရုပ်သည် ပဋိသန္ဓေဝိညာဏ် ဟူသော မနာယတနအား သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ဤကား အမြွက်မျှတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၆၇။ ဝိသုဒ္ဓိ၊၂၊၁၉၉။)
ဤတွင် သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတ စသော ပစ္စည်းတို့ကား နာမ်ရုပ်နှစ်မျိုးလုံးက မနာယတနအား ကျေးဇူးပြုမှုနှင့် သက်ဆိုင်၏။
သမ္ပယုတ္တ ဝိပါက ဟေတု အာဟာရ ဣန္ဒြိယစသော ပစ္စည်းတို့ကား စေတသိက်နာမ်က မနာယတနအား ကျေးဇူးပြုမှုနှင့် သက်ဆိုင်၏။
ဝိပ္ပယုတ္တပစ္စည်းကား ဟဒယဝတ္ထုရုပ်ပစ္စည်းတရားက မနာယတနအား ကျေးဇူးပြုမှုနှင့် သက်ဆိုင်၏။ ဤသို့ ထိုက်သလို ခွဲခြား၍ ယှဉ်စပ်ပါလေ။ (မူလဋီ၊၂၊၁၁၈။ မဟာဋီ၊၂၊၃၂၃။ အနုဋီ၊၂၊၁၃၁။)
ရုပ်က ရုပ်အာယတန (၅) ပါးအား ကျေးဇူးပြုပုံ
၁။ စက္ခုဒသကကလာပ်၌ တည်ရှိသော မဟာဘုတ်ရုပ်တရားက ကလာပ်တူ စက္ခာယတနအား,
၂။ သောတဒသကကလာပ်၌ တည်ရှိသော မဟာဘုတ်ရုပ်တရားက ကလာပ်တူ သောတာယတနအား,
၃။ ဃာနဒသကကလာပ်၌ တည်ရှိသော မဟာဘုတ်ရုပ်တရားက ကလာပ်တူ ဃာနာယတနအား,
၄။ ဇိဝှါဒသကကလာပ်၌ တည်ရှိသော မဟာဘုတ်ရုပ်တရားက ကလာပ်တူ ဇိဝှါယတနအား,
၅။ ကာယဒသကကလာပ်၌ တည်ရှိသော မဟာဘုတ်ရုပ်တရားက ကလာပ်တူ ကာယာယတနအား,
၆။ စက္ခုဒသကကလာပ်၌ တည်ရှိသော ရုပ်ဇီဝိတက ကလာပ်တူ စက္ခာယတနအား,
၇။ သောတဒသကကလာပ်၌ တည်ရှိသော ရုပ်ဇီဝိတက ကလာပ်တူ သောတာယတနအား,
၈။ ဃာနဒသကကလာပ်၌ တည်ရှိသော ရုပ်ဇီဝိတက ကလာပ်တူ ဃာနာယတနအား,
၉။ ဇိဝှါဒသကကလာပ်၌ တည်ရှိသော ရုပ်ဇီဝိတက ကလာပ်တူ ဇိဝှါယတနအား,
၁၀။ ကာယဒသကကလာပ်၌ တည်ရှိသော ရုပ်ဇီဝိတက ကလာပ်တူ ကာယာယတနအား,
သဟဇာတ နိဿယ ဝိပ္ပယုတ္တ ဣန္ဒြိယ အတ္ထိ အဝိဂတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏၊ ဤနည်းကို နိရောဓသမာပတ် ဝင်စားခိုက်၌ ရုပ်တရားတို့က ရုပ်အာယတန (၅)ပါးတို့အား ကျေးဇူးပြုမှုကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်သည်။ သို့သော် ဤနည်းမှာ အများစုနှင့် မသက်ဆိုင်သည့်အတွက် (အသင်သူတော်ကောင်းနှင့်လည်း မသက်ဆိုင်သေးသည့်အတွက်) ယေဘုယျနည်းသို့ လိုက်၍ ပဋိသန္ဓေအခါ၌ ပစ္စည်း အကြောင်းတရား ဖြစ်သော နာမ်ရုပ်သည် ပဝတ္တိအခါ၌လည်း အကြောင်းတရား ဖြစ်သည်သာဟု ထင်ရှား ပြလျက် မဖော်ပြခြင်း ဖြစ်သည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၃၂၃။)
အကြောင်း အကျိုး သိမ်းဆည်းပုံ ရှုကွက်
ဤအပိုင်းတွင် --- နာမရူပပစ္စယာ သဠာယတနံ အရ ---
၁။ နာမ်က သဠာယတနအား ကျေးဇူးပြုပုံ
၂။ ရုပ်က သဠာယတနအား ကျေးဇူးပြုပုံ
၃။ နာမ်ရုပ်က သဠာယတနအား ကျေးဇူးပြုပုံ --- ဟု
ဤသို့လျှင် အပိုင်းကြီး သုံးပိုင်းရှိ၏။ ထိုအပိုင်းကြီး သုံးပိုင်းကို ထပ်မံ၍ ခွဲတမ်းချလိုက်သော် အပိုင်းကြီး (၅)ပိုင်း ထွက်လာ၏။ ယင်းအပိုင်းကြီး (၅) ပိုင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
၁။ နာမ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ -
၂။ နာမ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ -
၃။ ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ -
၄။ ရုပ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ -
၅။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ -
ဤသို့ အပိုင်းကြီး (၅)ပိုင်း ရှိ၏။ ဤအပိုင်းကြီးများအတိုင်း ယခုအခါတွင် တိဟိတ် သောမနဿ ပဋိသန္ဓေ တည်နေခဲ့သော လူသား သူတော်ကောင်းတစ်ဦးကို ပုံစံထား၍ လူသားများနှင့် သက်ဆိုင်သည့် ရှုကွက် အပိုင်း ကိုသာ ပဓာနထား၍ တင်ပြပေအံ့ ---
၁။ နာမ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ
စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသည့် သမ္ပယုတ်တရားစုတို့တွင် စေတသိက်တရား များကို နာမ်ဟုလည်းကောင်း, အသိစိတ်ဝိညာဏ်ကို မနာယတနဟုလည်းကောင်း ကောက်ယူထားသည်။ ရှေးဦးစွာ ဤရှုကွက်ကို ရှုလိုသော အသင်သူတော်ကောင်းသည် မိမိသိမ်းဆည်း ရှုပွားလိုသော စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ တည်ရှိကြသော သမ္ပယုတ်တရားစုတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ ထိုနောင် ယင်းစိတ္တက္ခဏ၏ အတွင်း၌ စေတသိက်နာမ်ကြောင့် အသိစိတ် ဝိညာဏ် မနာယတန ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ ထိုသို့ မြင်သောအခါမှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဥပမာ - ပဋိသန္ဓေစိတ္တက္ခဏ၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းလိုသည် ဖြစ်အံ့၊ ပဋိသန္ဓေ စိတ္တက္ခဏ၌ (၃၄)လုံးသော သမ္ပယုတ်တရားစုတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ထိုနောင် (၃၃)လုံးသော စေတသိက် နာမ်ကြောင့် ပဋိသန္ဓေဝိညာဏ် မနာယတန ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ ဉာဏ်ဖြင့် မြင်သောအခါမှ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
၁။ ပဋိသန္ဓေ နာမ်တရား (၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏။
ပဋိသန္ဓေ နာမ်တရား (၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
(ဟဒယဝတ္ထု အပေါင်းအဖော်နှင့်တကွ ကျေးဇူးပြု၏ဟူသော စကားကို မမေ့ပါနှင့်။)
၂။ ဘဝင် နာမ်တရား (၃၃) ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏။
ဘဝင် နာမ်တရား (၃၃)က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
၃။ စုတိ နာမ်တရား (၃၃) ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏။
စုတိ နာမ်တရား (၃၃)က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။
၄။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၀) ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
၅။ စက္ခုဝိညာဏ် နာမ်တရား (၇) ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏။
စက္ခုဝိညာဏ် နာမ်တရား (၇)က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
၆။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၀) ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနာယတန ဖြစ်၏။
သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း မနာယတနက အကျိုးတရား။
၇။ သန္တီရဏ နာမ်တရား (၁၁) ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏။
သန္တီရဏ နာမ်တရား (၁၁)က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
၈။ ဝုဋ္ဌော နာမ်တရား (၁၁) ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏။
ဝုဋ္ဌော နာမ်တရား (၁၁)က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
၉။ ဇော နာမ်တရား (၃၃) ဖြစ်ခြင်းကြောင့် ဇော မနာယတန ဖြစ်၏။
ဇောနာမ်တရား (၃၃)က အကြောင်းတရား၊ ဇော မနာယတနက အကျိုးတရား။
(ဇော-၇-ကြိမ် ခွဲရှုပါ။)
၁၀။ တဒါရုံ နာမ်တရား (၃၃) ဖြစ်ခြင်းကြောင့် တဒါရုံ မနာယတန ဖြစ်၏။
တဒါရုံ နာမ်တရား (၃၃)က အကြောင်းတရား၊ တဒါရုံ မနာယတနက အကျိုးတရား။
(တဒါရုံ၌၊၂၊ကြိမ် ခွဲရှုပါ။)
၁၁။ မနောဒွါရာဝဇ္ဇန်း နာမ်တရား (၁၁) ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
မနောဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
၁၂။ ဇော နာမ်တရား (၃၃) ဖြစ်ခြင်းကြောင့် ဇော မနာယတန ဖြစ်၏။
ဇော နာမ်တရား (၃၃)က အကြောင်းတရား၊ ဇော မနာယတနက အကျိုးတရား။
(ဇော-၇-ကြိမ် ခွဲရှုပါ။)
၁၃။ တဒါရုံ နာမ်တရား (၃၃) ဖြစ်ခြင်းကြောင့် တဒါရုံ မနာယတန ဖြစ်၏။
တဒါရုံ နာမ်တရား (၃၃)က အကြောင်းတရား၊ တဒါရုံ မနာယတနက အကျိုးတရား။
(တဒါရုံ၊၂၊ကြိမ် ခွဲရှုပါ။)
ဤကား - နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ရူပါရုံကို အာရုံပြုကြသည့် ကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိ, မနောဒွါရဝီထိ ပထမအတန်း၌ စိတ္တက္ခဏတိုင်း၌ အကြောင်း အကျိုး သိမ်းဆည်းပုံ ဖြစ်သည်။ ဤနည်းကို နည်းမှီး၍ အတန်းတိုင်း အတန်းတိုင်း၌ စိတ္တက္ခဏတိုင်း၌ အကြောင်း အကျိုး သိမ်းဆည်းပါ။ မကောင်းအုပ်စု အကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌လည်း နည်းတူပင် ရှုပါ။ သောတဒွါရဝီထိစသည်တို့၌လည်း နည်းတူပင် ရှုပါ။ (၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စု ကုန်အောင်ရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း စေတသိက် အရေအတွက် အပြောင်းအလဲကို သတိပြုပါ။
၂။ နာမ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ
ဤအပိုင်းကား ပစ္ဆာဇာတပစ္စည်းပိုင်းပင် ဖြစ်သည်။ နာမ်အရ ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍ ဘဝတစ်လျှောက်၌ အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ စိတ်စေတသိက် နာမ်တရားစုတို့ကိုပင် အရကောက်ယူပါ။ ရုပ်အာယတနအရ ရှေးရှေးသော စိတ်နှင့် အတူ ဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနဟူသော ရုပ်အာယတန (၅)ပါးကို ကောက်ယူပါ။ ယင်းရုပ်အာယတနတို့သည် မိမိတို့ ဥပါဒ်သည့်အချိန်မှစ၍ ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ကံအရှိန် မကုန်သေးသမျှ ဘဝတစ်လျှောက်လုံး ဖြစ်နေကြ၏။ ရှေးရှေးစိတ်နှင့် အတူ ဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော ယင်းရုပ်အာယတနတို့အား နောက်နောက်သော စိတ္တက္ခဏ အတွင်း၌ တည်ရှိကြသော စိတ်+စေတသိက် = နာမ်တရားစုတို့က ပစ္ဆာဇာတပစ္စယသတ္တိဖြင့် အားပေးထောက်ပံ့ ထား၏။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
၁။ ပစ္ဆာဇာတ ဘဝင်နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။
ပစ္ဆာဇာတ ဘဝင်နာမ်တရားက အကြောင်းတရား၊ ရုပ်အာယတနက အကျိုးတရား။
(ရုပ်အာယတနကား ပုရေဇာတ, ဘဝင်နာမ်တရားကား ပစ္ဆာဇာတတည်း။ အမှတ်မထား တစ်ပါးပါးသော ဘဝင်ကို ယူ၍ရှုပါ။)
၂။ ပစ္ဆာဇာတ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။
ပစ္ဆာဇာတ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားက အကြောင်းတရား၊ ရုပ်အာယတနက အကျိုးတရား။
(ရုပ်အရ မိမိ ပဉ္စဒွါရာဝဇ္ဇန်း၏ ရှေးစိတ္တက္ခဏ ဘဝင်္ဂုပစ္ဆေဒနှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်သော ရုပ်အာယတန-၅-ပါးကို ကောက်ယူပါ။)
၃။ ပစ္ဆာဇာတ စက္ခုဝိညာဏ် နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။
ပစ္ဆာဇာတ စက္ခုဝိညာဏ် နာမ်တရားက အကြောင်းတရား ရုပ်အာယတနက အကျိုးတရား။
(ရုပ်အရ ပဉ္စဒွါရာဝဇ္ဇန်းနှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ရောက်သော ရုပ်အာယတန-၅-ပါးကို ကောက်ယူပါ။)
၄။ ပစ္ဆာဇာတ သမ္ပဋိစ္ဆိုင်း နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။
ပစ္ဆာဇာတ သမ္ပဋိစ္ဆိုင်းနာမ် တရားက အကြောင်းတရား၊ ရုပ်အာယတနက အကျိုးတရား။
(ရုပ်အရ စက္ခုဝိညာဏ်နှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်သော ရုပ်အာယတန-၅-ပါးကို ကောက်ယူပါ။)
၅။ ပစ္ဆာဇာတ သန္တီရဏ နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။
ပစ္ဆာဇာတ သန္တီရဏ နာမ်တရားက အကြောင်းတရား၊ ရုပ်အာယတနက အကျိုးတရား။
(ရုပ်အရ သမ္ပဋိစ္ဆိုင်းနှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်သော ရုပ်အာယတန-၅-ပါးကို ကောက်ယူပါ။)
၆။ ပစ္ဆာဇာတ ဝုဋ္ဌော နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။
ပစ္ဆာဇာတ ဝုဋ္ဌော နာမ်တရားက အကြောင်းတရား၊ ရုပ်အာယတနက အကျိုးတရား။
(ရုပ် = သန္တီရဏနှင့် အတူဥပါဒ်သော ရုပ်အာယတန-၅-ပါးတည်း။)
၇။ ပစ္ဆာဇာတ ပထမဇောနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။
ပစ္ဆာဇာတ ပထမဇောနာမ်တရားက အကြောင်းတရား၊ ရုပ်အာယတနက အကျိုးတရား။
(ရုပ် = ဝုဋ္ဌောနှင့် အတူဥပါဒ်သော ရုပ်အာယတန-၅-ပါးတည်း။)
၈။ ပစ္ဆာဇာတ ဒုတိယဇောနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်၏။ ပစ္ဆာဇာတ ဒုတိယဇော နာမ်တရားက အကြောင်းတရား၊ ရုပ်အာယတနက အကျိုးတရား။
(ရုပ် = ပထမဇောနှင့် အတူဥပါဒ်သော ရုပ်အာယတန-၅-ပါးတည်း။)
ဤမျှဆိုလျှင် ရှုကွက်ကို သဘောပေါက်သင့်ပြီ။ စက္ခုဒွါရဝီထိ၌ ကြွင်းကျန်နေသေးသော ဇော တဒါရုံ တို့ကို နည်းမှီး၍ ဆက်ရှုပါ။ ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရဝီထိတို့၌လည်း စိတ္တက္ခဏတိုင်းဝယ် နည်းမှီး၍ ရှုပါ။ မိမိ ရှုပွားနေသော ပစ္ဆာဇာတဝိညာဏ်၏ ရှေးရှေးစိတ်နှင့် အတူ ဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ရုပ်အာယတနငါးပါးကို ပစ္ဆာဇာတဖြစ်သော နောက်နောက် နာမ်တရားစုက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်သာ ဖြစ်သည်။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများ အတိုင်း (၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စု ကုန်စင်အောင် ရှုပါ။ အတန်းတိုင်း စိတ္တက္ခဏတိုင်း၌ အကွက်စေ့အောင် ရှုပါ။
၃။ ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ
ပဉ္စဝေါကာရဘုံ၌ နာမ်တရားတို့သည် မှီရာဝတ္ထုရုပ်ရှိပါမှ ဖြစ်နိုင်သည့် စွမ်းအားရှိကြ၏၊ မှီရာဝတ္ထုရုပ် မရှိက ဖြစ်နိုင်သည့် စွမ်းအားများ မရှိကြပေ။ ဆိုင်ရာ ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့က ဆိုင်ရာ ဆိုင်ရာ နာမ်တရားစု တို့အား ဝတ္ထုပုရေဇာတ နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဆိုင်ရာ နာမ်တရားတို့ ဖြစ်ပေါ်လာနိုင်သည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါရှုကွက်များကို ရှုပါ။
၁။ စက္ခုဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏။
စက္ခုဝတ္ထုရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
၂။ သောတဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် သောတဝိညာဏ် မနာယတန ဖြစ်၏။
သောတဝတ္ထုရုပ်က အကြောင်းတရား၊ သောတဝိညာဏ် မနာယတနက အကျိုးတရား။
၃။ ဃာနဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဃာနဝိညာဏ် မနာယတန ဖြစ်၏။
ဃာနဝတ္ထုရုပ်က အကြောင်းတရား၊ ဃာနဝိညာဏ် မနာယတနက အကျိုးတရား။
၄။ ဇိဝှါဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဇိဝှါဝိညာဏ် မနာယတန ဖြစ်၏။
ဇိဝှါဝတ္ထုရုပ်က အကြောင်းတရား၊ ဇိဝှါဝိညာဏ် မနာယတနက အကျိုးတရား။
၅။ ကာယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ကာယဝိညာဏ် မနာယတန ဖြစ်၏။
ကာယဝတ္ထုရုပ်က အကြောင်းတရား၊ ကာယဝိညာဏ် မနာယတနက အကျိုးတရား။
၆။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် မနောဓာတ် မနောဝိညာဏဓာတ် မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ မနောဓာတ် မနောဝိညာဏဓာတ် မနာယတနက အကျိုးတရား။
ဤရှုကွက်မှာ ခြုံ၍ရှုသော ရှုကွက် ဖြစ်သည်။ မနောဓာတ် မနောဝိညာဏဓာတ်ဟူသော မနာယတနတွင် ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ်စိတ်တို့လည်း ပါဝင်ကြ၏။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ, မနောဒွါရာဝဇ္ဇန်း ဇော တဒါရုံဟူသော ဝီထိစိတ်တို့လည်း ပါဝင်ကြ၏။ အရာကျယ်၏။ အကယ်၍ ဉာဏ်က ယင်းပရမတ်တရားတို့ကို မခြုံနိုင် မငုံနိုင် ဖြစ်ပါက အောက်ပါအတိုင်း အာယတနဒွါရ အလိုက် ခွဲ၍ ရှုပါ။ ထိုသို့ ရှုရာ၌ မနာယတနနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်ဖက် သမ္ပယုတ် တရားများ ဖြစ်ကြသည့် စေတသိက် နာမ်တရားတို့သည်လည်း မနာယတနကဲ့သို့ပင် ဆိုင်ရာ ဝတ္ထုရုပ်ကို ဆိုင်ရာ မနာယတနနှင့် အတူမှီ၍ ဖြစ်ကြ၏။ သို့အတွက် မနာယတနကို ဦးတည်၍ ယှဉ်ဖက် စေတသိက် တို့ကိုပါ ရောနှော၍ ရှုပါကလည်း အပြစ် မဖြစ်ပါ။
တစ်နည်း အာယတနဒွါရအလိုက် ခွဲရှုပုံ
၁။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
(ဤ၌ ဝတ္ထုရုပ်က ပဋိသန္ဓေ မနာယတနအား သဟဇာတစသော သတ္တိဖြင့် ကျေးဇူးပြု၏။ ပဝတ္တိအခါ ၌ကား ဆိုင်ရာ မှီရာဝတ္ထုရုပ်က ဆိုင်ရာမနာယတနအား ဝတ္ထုပုရေဇာတ နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ပဋိသန္ဓေအခါ၌ အကြောင်းနှင့်အကျိုး ပြိုင်တူ ဖြစ်၏၊ ပဝတ္တိအခါ၌ကား အကြောင်းဝတ္ထုရုပ်က ရှေးကဖြစ်၍ အကျိုးမနာယတနက နောက်မှ ဖြစ်သည်။)
၂။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဘဝင်မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဘဝင်မနာယတနက အကျိုးတရား။
၃။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။
၄။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
၅။ စက္ခုဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏။
စက္ခုဝတ္ထုရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
၆။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း မနာယတနက အကျိုးတရား။
၇။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
၈။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
၉။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပထမဇော မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပထမဇော မနာယတနက အကျိုးတရား။
(ဇော-၇-ကြိမ်စေ့အောင် ပုစံတူရှုပါ။)
၁၀။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပထမတဒါရုံ မနာယတနက အကျိုးတရား။
(ဒုတိယ တဒါရုံ၌လည်း နည်းတူရှုပါ။)
၁၁။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ အကြား၌ တည်ရှိသော ဘဝင်ကို အထက်ပါ ဘဝင်အတိုင်း ရှုပါ။ မနောဒွါရဝီထိ၌ တည်ရှိကြသော ဇော တဒါရုံတို့ကိုလည်း စက္ခုဒွါရဝီထိ၌ တည်ရှိကြသော ဇော တဒါရုံ ရှုကွက် အတိုင်းပင် ရှုပါ။
ပဋိသန္ဓေစိတ်သည် မိမိနှင့် အတူဥပါဒ်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ စုတိစိတ်သည် မိမိမှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော = စုတိစိတ်ပါ ထည့်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်တို့သည် အတီတဘဝင် တစ်ချက်လွန်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော မဇ္ဈိမာယုက စက္ခုဝတ္ထုရုပ်စသည့် ဆိုင်ရာ ဝတ္ထုရုပ်ကို အသီးအသီး မှီ၍ ဖြစ်ကြ၏။ ပဝတ္တိအခါ ကြွင်းကျန်သော ဘဝင်နှင့်တကွသော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော ဝီထိစိတ်တို့သည် မိမိ မိမိတို့နှင့် ရှေးစိတ္တက္ခဏနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို အသီးအသီး မှီ၍ ဖြစ်ကြ၏။ ဥပမာ - ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ သမ္ပဋိစ္ဆိုင်းသည် စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။ နာမ်ကမ္မဋ္ဌာန်း ဇယားများ၌ ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်း၌ ဝီထိစိတ္တက္ခဏတိုင်း၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ ကုသိုလ်ဇောစောသည့် အကောင်းအုပ်စု, အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုများကို ကုန်စင်အောင် ရှုပါ။ ဤသို့ ဝီထိစိတ်အစဉ်အတိုင်း အာယတနဒွါရအလိုက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်းကား ရောယှက် ရှုပ်ထွေးခြင်း ကင်းသဖြင့် ပို၍ ကောင်းမွန် လွယ်ကူပေသည်။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ ---- ဝတ္ထု ဖြစ်ခြင်းကြောင့် ဝေဒနာက္ခန္ဓာ ဖြစ်၏၊ ဝတ္ထုက အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။ ဤသို့ စသော ရှုကွက်နှင့် အတူတူပင် ဖြစ်သည်။
၄။ ရုပ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ
ယခုတစ်ဖန် နာမရူပပစ္စယာတွင် ပါဝင်သော ရုပ်တရားများက သဠာယတနတွင် ပါဝင်သော ရုပ် အာယတနတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပုံအပိုင်း၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။
စက္ခုဒသကကလာပ် အတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးသည် ကလာပ်တူ စက္ခာယတနအား သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ ကလာပ်တူ ဇီဝိတကလည်း အလားတူပင် စက္ခာယတနအား ဣန္ဒြိယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇဩဇာကလည်း စက္ခုဒသကကလာပ်၌ တည်ရှိသော ဩဇာအား အားပေးထောက်ပံ့လျက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့် စက္ခာယတနအား အာဟာရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက် ရှိ၏၊ အားပေးထောက်ပံ့လျက် ရှိ၏။ သောတာယတန စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါ။ ဤသို့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားကြောင့် ဆိုင်ရာ ဆိုင်ရာ အကျိုးတရား ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
၁။ စက္ခုဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏။ စက္ခုဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား ကလာပ်တူ စက္ခာယတနက အကျိုးတရား။
၂။ စက္ခုဒသကကလာပ်၌ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏။
စက္ခုဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။
၃။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇဩဇာ၏ အထောက်အပံ့ကိုရသော) စက္ခုဒသကကလာပ်၌ ရှိသော ဩဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား စက္ခာယတန ဖြစ်၏။ ။ စက္ခုဒသကကလာပ်၌ ရှိသော ဩဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား စက္ခာယတနက အကျိုးတရား။
၄။ သောတဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ သောတာယတန ဖြစ်၏။ ။ သောတဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ သောတာယတနက အကျိုးတရား။
၅။ သောတဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ သောတာယတန ဖြစ်၏။
သောတဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ သောတာယတနက အကျိုးတရား။
၆။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရသော) သောတဒသကကလာပ်၌ ရှိသော ဩဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား သောတာယတန ဖြစ်၏။ ။ သောတဒသကကလာပ်၌ ရှိသော ဩဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား သောတာယတနက အကျိုးတရား။
၇။ ဃာနဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ ဃာနာယတန ဖြစ်၏၊ ဃာနဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ ဃာနာယတနက အကျိုး တရား။
၈။ ဃာနဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ ဃာနာယတန ဖြစ်၏။
ဃာနဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ ဃာနာယတနက အကျိုးတရား။
၉။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရသော) ဃာနဒသကကလာပ်၌ ရှိသော ဩဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား ဃာနာယတန ဖြစ်၏။ ။ ဃာနဒသကကလာပ်၌ ရှိသော ဩဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား ဃာနာယတနက အကျိုးတရား။
၁၀။ ဇိဝှါဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ ဇိဝှါယတန ဖြစ်၏။
ဇိဝှါဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ ဇိဝှါယတနက အကျိုးတရား။
၁၁။ ဇိဝှါဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ ဇိဝှါယတန ဖြစ်၏။
ဇိဝှါဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ ဇိဝှါယတနက အကျိုးတရား။
၁၂။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရသော) ဇိဝှါဒသကကလာပ်၌ ရှိသော ဩဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား ဇိဝှါယတန ဖြစ်၏။ ။ ဇိဝှါဒသကကလာပ်၌ ရှိသော ဩဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား ဇိဝှါယတနက အကျိုးတရား။
၁၃။ ကာယဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ ကာယာယတန ဖြစ်၏။
ကာယဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ ကာယာယတနက အကျိုးတရား။
၁၄။ ကာယဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကာယာယတန ဖြစ်၏။
ကာယဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ ကာယာယတနက အကျိုးတရား။
၁၅။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇဩဇာ၏ အထောက်အပံ့ကိုရသော) ကာယဒသကကလာပ်၌ ရှိသော ဩဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား ကာယာယတန ဖြစ်၏။ ကာယဒသကကလာပ်၌ ရှိသော ဩဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား ကာယာယတနက အကျိုးတရား။
[မှတ်ချက် ---- စားမျိုလိုက်သော အစာအာဟာရကား အစာသစ်အိမ်၏ အတွင်း၌ အစာသစ် ကောဋ္ဌာသ အဖြစ် တည်ရှိနေခိုက် ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ အစာအိမ်ဝန်းကျင်စသည်တို့၌ တည်ရှိသော ဇီဝိတ နဝကကလာပ်တို့တွင် ပါဝင်တည်ရှိသော အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ်ဟူသော ကမ္မဇဝမ်းမီး၏ အကူအညီကို ရရှိသောအခါ ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာသည် အာဟာရဇ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေ၏။ ယင်းအသစ်အသစ်သော အာဟာရဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော ဩဇာသည် မိမိမှ ကြွင်းကျန်သော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာ အသီးအသီးကို ခိုင်ခံ့အောင် အားပေးထောက်ပံ့လျက် ရှိ၏၊ ယင်းသို့ အားပေးထောက်ပံ့မှုကြောင့် စက္ခုဒသက ကလာပ်စသည့် ထိုထိုကလာပ်၌ တည်ရှိကြသော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာ အသီးအသီးသည် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့ကို ထပ်မံ ဖြစ်စေနိုင်ကြပြန်ကုန်၏။ ယင်းသို့ အားပေးထောက်ပံ့ခြင်း ဖြစ်စေခြင်းဖြင့် စက္ခာယတနစသော ရုပ်အာယတနတို့သည် တည်တံ့ ခိုင်ခံ့လာကုန်၏။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ ဩဇာက ရုပ်အာယတနတို့အား ကျေးဇူးပြုပုံ ရှုကွက်ကို ရှုပါ။]
၅။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ
နာမ်-အရ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော သမ္ပယုတ် စိတ်စေတသိက်တရားစု တို့တွင် စေတသိက် နာမ်ခန္ဓာသုံးပါးတို့ကို ကောက်ယူပါ။ ရုပ်တရားအရ ဆိုင်ရာ နာမ်တရားစုတို့၏ မှီ၍ ဖြစ်ရာ ဝတ္ထုရုပ်ကို ကောက်ယူပါ။ ပဉ္စဝေါကာရဘုံ၌ ယင်းနာမ်ရုပ်က သမ္ပယုတ် မနာယတနအား သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၇။ ဝိသုဒ္ဓိ၊၂၊၁၉၉။) ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ ---- နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏက္ခန္ဓာ ဖြစ်၏။ နာမ်ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား ---- ဟူသော ရှုကွက်နှင့် အတူတူပင် ဖြစ်သည်။ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ဆိုင်ရာ နာမ်ရုပ်ကြောင့် ဆိုင်ရာ မနာယတန ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ၊
၁။ ပဋိသန္ဓေ နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏။
ပဋိသန္ဓေ နာမ်ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
၂။ ဘဝင် နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏။
ဘဝင် နာမ်ရုပ်က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
၃။ စုတိ နာမ်ရုပ် ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏။
စုတိ နာမ်ရုပ်က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။
[မှတ်ချက် --- ဝတ္ထုအရ ဟဒယဝတ္ထုစသည့် ဝတ္ထုရုပ် (၆)မျိုးတို့သည်သာ ဤ၌ လိုရင်းပဓာန ဖြစ်သော်လည်း ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးကို ဦးတည်၍ မကင်းစကောင်းသော အဝိနာဘာဝနည်းအရ ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့် ဟဒယဝတ္ထုစသည့် ထိုထို ဝတ္ထုရုပ်တို့နှင့် နှလုံးအိမ်စသည့် ထိုထို ဌာန၌ အတူ ဖြစ်နေကြသည့် (၅၄-၄၄)စသော ရုပ်များကိုပါ ရောနှော၍ သိမ်းဆည်း ပါက ဝိပဿနာ ရှုပါကလည်း အပြစ်မဖြစ်ပါ။ သို့အတွက် ပဋိသန္ဓေ၌ နာမ်အရ စေတသိက် (၃၃), ရုပ်အရ ရုပ် (၃၀), ဘဝင်၌ နာမ်အရ စေတသိက် (၃၃), ရုပ်အရ (၅၄) ဤသို့ စသည်ဖြင့် ကောက်ယူနိုင်ပါသည်။ အရာရာ၌ နည်းတူ သဘောပေါက်ပါ။]
၄။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
ပဉ္စဒွါရာဝဇ္ဇန်း နာမ်ရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
(နာမ် = စေတသိက်-၁၀။ ရုပ် = ဘဝင်္ဂုပစ္ဆေဒနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုနှင့် တကွသော ရုပ်-၅၄၊၊)
၅။ စက္ခုဝိညာဏ် နာမ်ရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏။
စက္ခုဝိညာဏ် နာမ်ရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
(နာမ် = ယှဉ်ဖက်စေတသိက်-၇-လုံး။ ရုပ် = အတီတဘဝင် တစ်ချက်လွန်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခုဝတ္ထုနှင့်တကွ ရုပ်-၅၄။)
၆။ သမ္ပဋိစ္ဆိုင်း နာမ်ရုပ် ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနာယတန ဖြစ်၏။
သမ္ပဋိစ္ဆိုင်း နာမ်ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း မနာယတနက အကျိုးတရား။
(နာမ် = ယှဉ်ဖက် စေတသိက်-၇-လုံး။ ရုပ် = စက္ခုဝိညာဏ်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုနှင့် တကွ ရုပ်-၅၄။ သန္တီရဏစသည်တို့၌ နည်းမှီး၍ ရှုပါ။)
၇။ သန္တီရဏ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏။
သန္တီရဏ နာမ်ရုပ်က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
၈။ ဝုဋ္ဌော နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏။
ဝုဋ္ဌော နာမ်ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
၉။ ပထမဇော နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမဇော မနာယတန ဖြစ်၏။
ပထမဇော နာမ်ရုပ်က အကြောင်းတရား၊ ပထမဇော မနာယတနက အကျိုးတရား။
(ဇော-၇-ကြိမ် စေ့အောင် ရှုပါ။)
၁၀။ ပထမတဒါရုံ နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနာယတန ဖြစ်၏။
ပထမတဒါရုံ နာမ်ရုပ်က အကြောင်းတရား၊ ပထမတဒါရုံ မနာယတနက အကျိုးတရား။
(ဒုတိယ တဒါရုံ၌လည်း နည်းတူ ရှုပါ။)
၁၁။ မနောဒွါရာဝဇ္ဇန်း နာမ်ရုပ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
မနောဒွါရာဝဇ္ဇန်း နာမ်ရုပ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
[မနောဒွါရဝီထိ၌ ပါဝင်သော ဇောတဒါရုံတို့ကို စက္ခုဒွါရဝီထိ၌ ပါဝင်သော ဇော တဒါရုံ ရှုကွက် အတိုင်းပင် ဆက်ရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်းဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အကြောင်း အကျိုးတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင်ရှုပါ။ ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်းတို့ကို ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလို၍ ရောနှောရှုခြင်း ဖြစ်သည်။]
__________