နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/နိမိတ်ထင်ပုံ အပိုင်း
နိမိတ်ထင်ပုံ အပိုင်း
ကံ - ကမ္မနိမိတ် - ဂတိနိမိတ်
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရားများနှင့် နောင်အနာဂတ် ရှိနေသေး သူတို့အတွက် နောင်အနာဂတ်တွင် အကျိုးပေးတော့မည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေ ရာ၌ အရေးကြီးလှသော အချက်တစ်ရပ်မှာ မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးပင် ဖြစ်သည်။ သို့အတွက် အသင်သူတော်ကောင်းသည် ကံ ကမ္မနိမိတ် ဂတိနိမိတ်တို့၏ အကြောင်းအရာကိုလည်း ကြိုတင်၍ သိထားသင့်ပေသည်။
အကျဉ်းအားဖြင့် ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟု ပဋိသန္ဓေ၏ အာရုံတို့သည် သုံးမျိုးတို့ ရှိကုန်၏။ ထိုသုံးမျိုး သော အာရုံတို့တွင် ----
၁။ ကံ ---- ကံမည်သည်ကား အားထုတ်အပ်ပြီးကုန်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့တည်း။
၂။ ကမ္မနိမိတ် ---- အကြင်ဝတ္ထုကို (ဒါနဝတ္ထုစသည်ကို) အာရုံပြု၍ ကံကို အားထုတ်၏၊ ထိုဝတ္ထုသည် ကမ္မနိမိတ်မည်၏ = ကံ၏ အကြောင်းမည်၏။
တတ္ထ အတီတေ ကပ္ပကောဋိသတသဟဿမတ္ထကသ္မိမ္ပိ ကမ္မေ ကတေ တသ္မိံ ခဏေ ကမ္မံ ဝါ ကမ္မနိမိတ္တံ ဝါ အာဂန္တွာ ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၈။)
အာဂန္တွာတိ အာဂတံ ဝိယ ဟုတွာ။ (မူလဋီ၊၂၊၁၀၄။)
လွန်ခဲ့သော အတိတ်ဘဝ၌ မဆိုထားဘိ၊ လွန်ခဲ့သော ကမ္ဘာကုဋေတစ်သိန်းတို့၏ အထက်၌သော်မှလည်း ကံကိုပြုအပ်ပြီးသော် ထိုကံ ကမ္မနိမိတ်တို့တွင် ကံသည်သော်လည်းကောင်း, ကမ္မနိမိတ်သည်သော်လည်းကောင်း (တကယ်မလာသော်လည်း) လာသကဲ့သို့ ဖြစ်၍ မရဏာသန္န = သေခါနီးခဏ၌ထင်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၈၊၊)
၁။ ကံ ---- အဘိမုခီဘူတံ ဘဝန္တရေ ပဋိသန္ဓိဇနကံ ကမ္မံ ဝါ ။ ပ ။ တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကရဏဝသေန ဒွါရပတ္တံ ဟောတိ ။ ပ ။ ကမ္မံ ပန အတီတမေဝ၊ တဉ္စ မနောဒွါရဂ္ဂဟိတံ။ (အဘိဓမ္မတ္ထသင်္ဂဟ။)
လွန်ခဲ့သော ပထမအတိတ်ဘဝက ပြုခဲ့သော ကံပင် ဖြစ်ချင် ဖြစ်ပါစေ၊ လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပြုခဲ့သော ကံပင် ဖြစ်ချင်ဖြစ်ပါစေ၊ သတ္တဝါတစ်ဦးအတွက် သံသရာတစ်လျှောက်တွင် ပြုစုပျိုးထောင်ခဲ့သော ကံအများရှိသည်တွင် ပဋိသန္ဓေအကျိုးကို ပေးတော့မည့်ကံသည် စုတေခါနီးအခါဝယ် အခြားကံများထက် ထင်ရှားနေ၏။ အထူးသဖြင့် ဤယခုပစ္စုပ္ပန် လူဘဝ၏ ပဋိသန္ဓေအကျိုးကို ပေးတော့မည့် ကုသိုလ်စေတနာကံသည် အတိတ်ဘဝ စုတေခါနီးအခါဝယ် အခြားကံများထက် ထင်ရှားနေ၏။ လူအများတွင် မျက်နှာပေါ်လွင်သူကဲ့သို့ အတိတ်ဘဝ စုတေခါနီးဝယ် မနောဒွါရ၌ ဤပစ္စုပ္ပန်လူ့ဘဝ၏ ပဋိသန္ဓေအကျိုးကို ပေးတော့မည့်ကံသည် ပေါ်လွင်စွာ ထင်လာတတ်၏။ ဥပမာ - ကျောင်းဆောက်လှူခဲ့ဖူးသည် ဖြစ်အံ့၊ ကျောင်းလှူစဉ်က ဝမ်းမြောက် ဝမ်းသာ ကုသိုလ်စေတနာများ တဖွားဖွား ဖြစ်ခဲ့ငြားအံ့၊ သေခါနီး မရဏာသန္နအခါဝယ် ထိုကုသိုလ်စေတနာကို ပြန်၍ အမှတ်ရခြင်း, ထိုကုသိုလ်စေတနာကို ပြန်၍ အာရုံပြုနိုင်ခြင်း, ထိုကုသိုလ်စေတနာသည် မနောဒွါရ၌ ထင်လာခြင်းတည်း။ ဤကား ပုဗ္ဗေကတသညာဖြင့် ကံအာရုံထင်ပုံတည်း။
သမ္ပတိကတသညာ = ယခုပြုအပ်ဖူး၏ ဟူသော အမှတ်သညာဖြင့် ထင်ပုံကား သေခါနီးဝယ် အကျိုး ပေးတော့မည့် ကုသိုလ်ကို သို့မဟုတ် အကုသိုလ်ကို အသစ်တစ်ဖန် ထပ်မံ၍ ပြုနေသည်၏ အစွမ်းဖြင့် သေခါနီး မရဏာသန္နအခါဝယ် မနောဒွါရ၌ ထင်လာ၏၊ ထင်ပုံကား ---- သေခါနီး မရဏာသန္နအခါဝယ် ဝေဒနာနှိပ်စက်၍ မေ့မြောနေစဉ် သေငယ်ဇောမြောနေစဉ် ကျောင်းဆောက်လှူခဲ့သည့် ကံက အကျိုးပေးတော့မည် မှန်လျှင် ယခု လောလောဆယ် ကျောင်းရေစက်ချပွဲ ကျင်းပနေရသကဲ့သို့ ကုသိုလ်စေတနာတွေ အသစ်အသစ် ထပ်ကာထပ်ကာ တဖွားဖွား ဖြစ်နေ၏။ ဆွမ်းလှူသည့်ကံက အကျိုးပေးတော့မည် မှန်လျှင် သေခါနီး မရဏာသန္နအခါဝယ် အသစ်တစ်ဖန် ထပ်မံ၍ ဆွမ်းလောင်းလှူနေရသကဲ့သို့ မနောဒွါရ၌ ထင်လာ၏။ အလားတူပင် မကောင်းသည့် အကုသိုလ်ကံက အကျိုးပေးတော့မည် မှန်လျှင် ထိုမကောင်းမှုကိုပင် သေခါနီး၌ အသစ်တစ်ဖန် ထပ်မံ၍ ပြုနေရသကဲ့သို့ မနောဒွါရ၌ ထင်လာ၏။ သူ့အသက်ကို သတ်ခဲ့ဖူးလျှင် ယခုပင် သတ်ဖြတ်နေရသကဲ့သို့ အလွန် ကြမ်းတမ်းသော အခြင်းအရာများသည် သေခါနီး မနောဒွါရ၌ ထင်နေ၏။ ရှေးတုန်းက ဓားဖြင့် သူတစ်ပါးကို ခုတ်သတ်ခဲ့ဖူးလျှင် ထိုကံကလည်း အကျိုးပေးတော့မည် မှန်လျှင် သေခါနီးဝယ် ယခုပင် အသစ်တစ်ဖန် ခုတ်သတ်နေရသကဲ့သို့ ဒေါသဇောတွေ စောနေတတ်၏။ ယောဂီအများစုကို သုတေသနပြုကြည့်ရာ၌ ဤသမ္ပတိကတသညာဖြင့် ကံအာရုံထင်သည့် ယောဂီအရေအတွက်မှာ များပြားသည်ကို တွေ့ရ၏။
၂။ ကမ္မနိမိတ် ---- တံ ကမ္မကရဏကာလေ ရူပါဒိကမုပလဒ္ဓပုဗ္ဗမုပကရဏဘူတဉ္စ ကမ္မနိမိတ္တံ ဝါ ။ ပ ။ ကမ္မဗလေန ဆန္နံဒွါရာနံ အညတြသ္မိံ ပစ္စုပဋ္ဌာတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)
ကမ္မဿ နိမိတ္တံ ကမ္မနိမိတ္တံ ---- ပဋိသန္ဓေစသည့် ဝိပါက်အကျိုးတရားတို့ကို ဖြစ်စေတတ်သည့် စွမ်းအား ရှိသော ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ထိုကံဟု ခေါ်ဆိုအပ်သော စေတနာသည် ထိုထိုအာရုံကို အစွဲပြု၍ ထိုထို အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာခဲ့၏၊ ထိုကံကို ပြုစုပျိုးထောင်စဉ်က တွေ့ကြုံခဲ့သမျှ သက်ဆိုင်သော အာရုံကို ကမ္မနိမိတ်ဟု ခေါ်ဆို၏။ ထိုကမ္မနိမိတ်ဟူသည် ရူပါရုံစသည့် အာရုံ (၆)ပါးပင် ဖြစ်၏၊ ဒွါရ (၆)ပါး၌ ထိုက်သလို ထင်နိုင်၏။ ထိုရူပါရုံစသော ကမ္မနိမိတ်သည် အထက်တွင် ဖော်ပြထားသော အဘိဓမ္မတ္ထသင်္ဂဟကျမ်းနှင့်အညီ အချုပ်အားဖြင့် ဥပလဒ္ဓကမ္မနိမိတ် ဥပကရဏကမ္မနိမိတ်ဟု နှစ်မျိုးရှိ၏။
ထိုတွင် ဥပလဒ္ဓကမ္မနိမိတ်ဟူသည် တိုက်ရိုက်ရအပ်သော တိုက်ရိုက်သက်ဆိုင်သော ပဓာန = ပြဓာန်းသော အာရုံတည်း။ ဥပကရဏကမ္မနိမိတ်ဟူသည် ကံပြီးမြောက်ဖို့ရန် အဆောက်အဦ အခြံအရံမျှသာ ဖြစ်သော အပဓာန = မပြဓာန်းသော အာရုံတည်း။
ကျောင်းလှူရာ၌ ကျောင်း၏ အသုံးအဆောင်နှင့်တကွ ဆွမ်းသင်္ကန်း စသည်တို့ကိုပါ အခြံအရံ အဖြစ်ဖြင့် ထည့်စွက် လှူဒါန်းကြ၏၊ ထိုတွင် သေခါနီးကာလ မရဏာသန္နအခါဝယ် မနောဒွါရစသည့် ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ မိမိလှူဒါန်းခဲ့သော ကျောင်းအာရုံနိမိတ်ကြီး ထင်လာလျှင် ထိုကမ္မနိမိတ်သည် ဥပလဒ္ဓကမ္မနိမိတ်တည်း။ ကျောင်းအသုံးအဆောင် ဆွမ်း သင်္ကန်း တစ်ခုခု ထင်လာလျှင် ထိုကမ္မနိမိတ်သည် ဥပကရဏကမ္မနိမိတ်တည်း။
စေတီတော် ဆင်းတုတော်စသည်အား ဆွမ်း ရေချမ်း ပန်း ဆီမီးတို့ကို လှူဒါန်းရာ၌ သေခါနီး မရဏာသန္န အခါဝယ် စေတီတော်နိမိတ် ထင်လာသည်ဖြစ်အံ့၊ ဆင်းတုတော်နိမိတ်စသည် ထင်လာသည်ဖြစ်အံ့၊ ထိုစေတီတော် ဆင်းတုတော်စသော အာရုံနိမိတ်သည် ဥပလဒ္ဓကမ္မနိမိတ်တည်း၊ ဆွမ်းစသော နိမိတ် ထင်လာ သည်ဖြစ်အံ့၊ ထိုဆွမ်းစသည်ကား ဥပကရဏကမ္မနိမိတ်တည်း။
အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းနှင့် ပဒုမ္မာကြာပန်းတို့ကို လှူဒါန်းရာ၌ အရှင်ပစ္စေကဗုဒ္ဓါကား ဥပလဒ္ဓကမ္မနိမိတ်တည်း၊ ဆွမ်းနှင့် ပဒုမ္မာကြာပန်းတို့ကား ဥပကရဏတည်း။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။
တစ်ဖန် အကုသိုလ်ဘက်၌လည်း သားငါးတို့ကို လက်နက် ပိုက်ကွန်စသည်တို့ဖြင့် သတ်ဖြတ်ရာ၌ စုတေခါနီး မရဏာသန္နအခါဝယ် သတ်ခဲ့သည့် သားကောင် ငါးကောင် သားတုံးတို့သည် ထင်လာသည်ဖြစ်အံ့၊ ထိုကမ္မနိမိတ်ကား ဥပလဒ္ဓကမ္မနိမိတ်တည်း။ လက်နက်စသည်တို့သည် ထင်လာကုန်သည် ဖြစ်အံ့၊ ထိုကမ္မနိမိတ်ကား ဥပကရဏကမ္မနိမိတ်တည်း။
လက္ခဏသံယုတ် အဋ္ဌိသုတ္တန် (သံ၊၁၊၄၄၆။) ၌ နွားသတ်သမား တစ်ဦးသည် နွားစသည်တို့ကို များစွာ သတ်၍ အသက်မွေးခဲ့သဖြင့် သေသည်၏ အခြားမဲ့၌ ငရဲသို့ ရောက်ရှိသွားကြောင်းကို ဘုရားရှင်သည် ဟောကြား ထားတော်မူ၏။ ထိုနောင် ထိုငရဲသား သတ္တဝါ၏ သန္တာန်ဝယ် ငရဲမှ ကျွတ်လွတ်၍ ပြိတ္တာဘဝသို့ ကူးပြောင်း ခါနီးတွင် ကမ္မနိမိတ်ထင်ပုံကို အဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏ ----
တဿ ကိရ နရကာ စဝနကာလေ နိမ္မံသကတာနံ ဂုန္နံ အဋ္ဌိရာသိယေဝ နိမိတ္တံ အဟောသိ။ သော ပဋိစ္ဆန္နမ္ပိ တံ ကမ္မံ ဝိညူနံ ပါကဋံ ဝိယ ကရောန္တော အဋ္ဌိသင်္ခလိကပေတော ဇာတော။ (သံ၊ဋ္ဌ၊၁၊၂၀၁။)
ထိုငရဲသား သတ္တဝါ၏ သန္တာန်ဝယ် ငရဲမှ စုတေခါနီးအခါ၌ အသားမရှိအောင် ပြုလုပ်ထားအပ်ကုန်သော နွားတို့၏ အရိုးစုအစုအပုံ နိမိတ်သည်သာလျှင် ထင်လာ၏၊ ဥပကရဏကမ္မနိမိတ်အာရုံတည်း။ ထိုငရဲသား သတ္တဝါသည် ငရဲဘဝတည်းဟူသော ဘဝတစ်ခုဖြင့် ဖုံးကွယ်ထားအပ်သည်လည်း ဖြစ်သော ငရဲမရောက်ခင် လူ့ဘဝက ပြုခဲ့သော ထိုကံသည် အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့သော ပညာရှိသူတော်ကောင်းတို့၏ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်ဝ၌ ထင်ရှားသကဲ့သို့ ပြုလျက် ထင်လာ၏။ ထိုနွားတို့ကို သတ်၍ အသက်မွေးခဲ့သည့် ထိုအကုသိုလ်ကံ၏ ကြွင်းကျန်နေသေးသော အကျိုးဆက်ကြောင့် ကောင်းကင်တွင် အရိုးစုပြိတ္တာ ဖြစ်နေရ၏။ (သံ၊ဋ္ဌ၊၁၊၂၀၁။)
လူ့ဘဝတွင် နွားတို့ကိုသတ်၍ အသားတခြား အရိုးတခြားပြု၍ အသားတို့ကို ရောင်း၍ အသက်မွေးခဲ့၏။ထိုနွားအစုအပုံ နွားရိုးအစုအပုံတို့ကို အာရုံပြု၍လည်း အကုသိုလ်တရားများသည် ထိုနွားသတ်ယောက်ျား၏ သန္တာန်ဝယ် အကြိမ်များစွာ ဖြစ်ခဲ့သည်သာတည်း။ နွားသတ်ခြင်းစသည့် ကြီးလေးသော အကုသိုလ်ကံတို့ကြောင့် ငရဲသို့ ရောက်ခဲ့ရ၏။ ပေါ့ပါးသော ကြွင်းကျန်နေသေးသော အကုသိုလ်ကံတို့ကြောင့် အရိုးစုပြိတ္တာဘဝသို့ ရောက်ခဲ့ရ၏။ ငရဲဘဝမှ ပြိတ္တာဘဝသို့ မကူးမီ စုတေခါနီးဝယ် မိမိသတ်ခဲ့သော နွားတို့၏ အရိုးအစုအပုံ အာရုံနိမိတ်များ ထင်လာခြင်းပင် ဖြစ်၏။ ဥပကရဏကမ္မနိမိတ်တည်း။ အကယ်၍ နွားအာရုံထင်ခဲ့မူကား ထို နွားအာရုံမှာ ဥပလဒ္ဓကမ္မနိမိတ်တည်း။
ဂေါပကသီဝလိ
မင်း၏ စီးပွားဥစ္စာတို့ကို စောင့်ရှောက်တတ်သော ဂေါပကအမျိုးအနွယ်၌ လူဖြစ်လာသော သီဝလိ အမည် ရှိသောသူသည် တာလပိဋ္ဌိကကျောင်းတိုက်အတွင်း၌ စေတီတော်တစ်ဆူကို တည်ဆောက် ကိုးကွယ်ခဲ့၏။ ထိုဘုရားဒါယကာဖြစ်သော ဂေါပကသီဝလိ၏ သန္တာန်ဝယ် သေရာညောင်စောင်းထက်၌ လျောင်းစက်စဉ် စေတီတော်အာရုံသည် ထင်လာ၏။ ထိုဘုရားဒါယကာ ဂေါပကသီဝလိသည် ထိုစေတီတော်ဟူသော အာရုံကိုပင် အာရုံယူ၍ ကွယ်လွန်သွားလေသော် နတ်ပြည်လောက၌ ဖြစ်လေ၏။ ဤကား ဥပလဒ္ဓကမ္မနိမိတ်အာရုံ ထင်ပုံတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၄၈။)
အဖြူရောင် ကမ္မနိမိတ်
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးကား အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံကို လှမ်း၍ ရှာဖွေ ရှုကြည့်သော်လည်း လွယ်လွယ်နှင့် ရှုမရဖြစ်နေ၏။ အဖြူရောင်ကိုသာ တွေ့မြင်နေ၏၊ ထိုအဖြူရောင်ကို ထိုးဖောက်၍ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့ကို ရှာဖွေကြည့်သော်လည်း လွယ်လွယ်နှင့် မတွေ့နိုင်ဖြစ်နေ၏။ သုံးရက်ခန့် ကြာသွား၏။ ထိုအဖြူရောင်ကို နှလုံးမသွင်းတော့ဘဲ မသေမီ သေခါနီး မရဏာသန္နအခါသို့ မတိုင်မီ ရှေးပိုင်း ဘက်သို့ ကျော်၍ ရုပ်နာမ်တို့ကို သိမ်းဆည်း ကြည့်လိုက်၏။ ထိုအခါတွင် ကျေးလက်တောသူတစ်ဦးက ရဟန်းတော်တစ်ပါးအား သစ်သီးဆွမ်း လှူဒါန်းနေသည့် ကံအာရုံနိမိတ်ကို တွေ့ရှိ၏။
အလှူခံ ရဟန်းတော်၏ သန္တာန်၌ တည်ရှိသော ရုပ်တရား နာမ်တရား, အလှူပေးသည့် အမျိုးသမီးငယ်၏ သန္တာန်၌တည်ရှိသော ရုပ်တရား နာမ်တရားတို့ကို တစ်လှည့်စီ ဆက်လက်၍ သိမ်းဆည်းလေရာ အလှူခံ ရဟန်းတော်၏ ရုပ်နာမ်သန္တာန်အစဉ်နှင့် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်တို့သည် ရုပ်နာမ်သန္တာန် တစ်ခုတည်းအဖြစ် ဆက်စပ်မှုမရှိဘဲ အစဉ်အတန်း တစ်ခုတည်း မဟုတ်ဘဲ, အလှူပေးနေသည့် အမျိုးသမီး၏ ရုပ်နာမ်သန္တာန် အစဉ်နှင့် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်တို့ကိုသာ အစဉ်အတန်း တစ်ခုတည်းအဖြစ် ဉာဏ်ဖြင့် တွေ့မြင်သွား၏၊ အတိတ် သစ်သီးဆွမ်း လှူဒါန်းစဉ် ဘဝင်မနောအကြည်ဓာတ်နှင့် ယခုလက်ရှိ ပစ္စုပ္ပန် ဘဝင်မနောအကြည်ဓာတ် တို့သည်လည်း အစဉ်အတန်း တစ်ခုတည်း ဖြစ်နေသည်ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခဲ့၏။ ထိုအခါတွင် သစ်သီးဆွမ်း လောင်းလှူစဉ် ဖြစ်ခဲ့သော စိတ်အစဉ်တို့ကို ဆက်လက်သိမ်းဆည်း၍ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေလေရာ ပညာမဲ့လျက် ဆင်းရဲလှသည့် ကျေးလက်တောသူဘဝကို နာကြည်းသဖြင့် ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်ရလိုကြောင်း ဆုတောင်းပန်ထွာခဲ့သည့် စိတ်အစဉ်တို့ကို တွေ့ရှိခဲ့၏။ ဤ၌ --
၁။ ခေတ်ပညာတတ် မြို့ကြီးသူဟု အသိမှားမှုသဘောကား အဝိဇ္ဇာတည်း။
၂။ ခေတ်ပညာတတ် မြို့ကြီးသူဘဝကို တွယ်တာတပ်မက်မှု သဘောကား တဏှာတည်း။
၃။ ခေတ်ပညာတတ် မြို့ကြီးသူဘဝသို့ စိတ်ကပ်ရောက်စွဲနေမှု သဘောကား ဥပါဒါန်တည်း။
၄။ ရဟန်းတော်အား သစ်သီးဆွမ်း လောင်းလှူသည့် ကုသိုလ်စေတနာအုပ်စုကား သင်္ခါရတည်း။
၅။ ခေတ်ပညာတတ် မြို့ကြီးသူဘဝကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ယင်းကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိကား ကံတည်း။
ကိလေသဝဋ် ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် အုပ်စုကား မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော ခုနှစ်ကြိမ် တဒါရုံ နှစ်ကြိမ်အနေဖြင့် ဖြစ်ခဲ့၏။ ဇောအသီးအသီး၌ လောဘဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)စီ ရှိ၏။ကမ္မဝဋ်ဖြစ်သော သင်္ခါရ ကံ အုပ်စုသည်လည်း မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော ခုနစ်ကြိမ် တဒါရုံ နှစ်ကြိမ် အနေဖြင့် ဖြစ်ခဲ့၏။ ဇောအသီးအသီး၌ ဝမ်းမြောက်ဝမ်းသာဖြင့် ဉာဏ်ယှဉ်လျက် ပြုစုပျိုးထောင်ခဲ့ခြင်းကြောင့် နာမ်တရား (၃၄)စီ အသီးအသီးရှိ၏။ ယင်းကိလေသဝဋ် မနောဒွါရဝီထိနှင့် ကမ္မဝဋ် မနောဒွါရဝီထိတို့ကား မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ခဲ့ကြသည်သာတည်း။ သို့သော် ဧကတ္တနည်းအားဖြင့် ကံတစ်ခုအဖြစ်ဖြင့်သာ သတ်မှတ်၍ ဖော်ပြခြင်း ဖြစ်သည်။ ဤ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားငါးပါးကို ထူထောင်ခဲ့သဖြင့် ဤဘဝတွင် သူမျှော်လင့်ခဲ့သည့် ခေတ်ပညာတတ် မြို့ကြီးသူ ဘဝကိုကား ရရှိခဲ့၏။ သို့သော် ဤ၌ တင်ပြလိုသောအချက်မှာ အဖြူရောင်ကမ္မနိမိတ် အကြောင်းတရားပင် ဖြစ်သည်။
အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
၁။ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
၂။ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
ဤသို့လျှင် ကာလသုံးပါးလုံး၌ အကြောင်းတရားနှင့် အကျိုးတရားသာ ရှိကြောင်းကို ယောဂါဝစရပုဂ္ဂိုလ် သည် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်းကို သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးက ညွှန်ကြားထား၏။ ယင်းညွှန်ကြားချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာရှိသည်ဟု သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် နောက်ထပ် ဒုတိယအတိတ်စသည့် ထိုထိုအတိတ်၌ ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ပထမအတိတ်၌ ပဋိသန္ဓေစသည့် ဝိပါကဝဋ်တရားတို့ ထင်ရှား ဖြစ်ပုံကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ဆက်လက်၍ သိမ်းဆည်းရပြန်၏။
ဤသို့ သိမ်းဆည်းလိုက်သောအခါ ဒုတိယအတိတ်ဘဝ မရဏာသန္နအခါတွင် အဖြူရောင် ကမ္မနိမိတ် အာရုံသည် ထင်နေပေ၏။ သေခါနီး မရဏာသန္နအခါ၏ ရှေးပိုင်းဘက်သို့ ဉာဏ်ကိုစေလွှတ်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သောအခါ မရဏာသန္နဇော မစောမီ ရှေးပိုင်းစောစောတွင် စာသင်ကျောင်းတစ်ခုကို ဆောက် လုပ် လှူဒါန်းသည့် ကုသိုလ်ကံကို ရှာဖွေတွေ့ရှိ၏။ ယင်းစာသင်ကျောင်းကို လှူဒါန်းသည့် အခမ်းအနားတွင် စာသင်ကျောင်းကို ပိတ်ဖြူမျက်နှာကြက်များ မိုးကာထား၏၊ စာသင်ကျောင်း၏ အတွင်းပတ်လည်တွင်လည်း ပိတ်ဖြူများကို ကာရံထား၏။ ထိုစာသင်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့သည့် ကုသိုလ်ကံက အကျိုးပေးဖို့ရန် အခွင့်သာလာသဖြင့် ယင်းကံ၏စွမ်းအင်ကြောင့် ဒုတိယအတိတ် သေခါနီး မရဏာသန္နအခါဝယ် မရဏာသန္နဇော စောသည့်တိုင်အောင် ယင်းစာသင်ကျောင်း ပေးလှူသည့် အခမ်းအနားတွင် အသုံးပြုခဲ့သော အဖြူရောင် ကမ္မနိမိတ်အာရုံ ထင်လာပေသည်။ ဥပကရဏကမ္မနိမိတ် အာရုံပင်တည်း။ ယင်းဒုတိယအတိတ်ဘဝ မရဏာသန္နဇော၏ အာရုံကိုပင် ပထမအတိတ်ဘဝ၏ ပဋိသန္ဓေ ဘဝင် စုတိတို့က ဆက်ခံ၍ အာရုံယူကြရ၏။ သို့အတွက် ထိုယောဂီ၏ ပထမအတိတ်ဘဝ၏ ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံမှာ အဖြူရောင် ကမ္မနိမိတ်အာရုံ ဖြစ်ပေသည်။ ဤအချက်ကို မမေ့ပါနှင့်။
[မှတ်ချက် ----- ထိုယောဂီ၏ ယခုဘဝ ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံမှာ ပထမအတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သော ရဟန်းတော်တစ်ပါးအား သစ်သီးဆွမ်း လောင်းလှူသည့် ကံအာရုံ ဖြစ်သည်။ ဤအချက်ကိုလည်း မမေ့ပါနှင့်။ ဘဝတစ်ခုနှင့် တစ်ခု ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံချင်း မတူညီပုံကို အထူးသတိပြုပါ။]
စုတိကျပုံ (၄) မျိုး
၁။ မရဏာသန္နဇောနောင် စုတိကျသော ဝါရ၊
၂။ မရဏာသန္နဇောနောင် ဘဝင်ကျ၍ ဘဝင်နောင် စုတိကျသော ဝါရ၊
၃။ မရဏာသန္နဇောနောင် တဒါရုံကျ၍ တဒါရုံနောင် စုတိကျသော ဝါရ၊
၄။ မရဏာသန္နဇောနောင် တဒါရုံကျ၍ တဒါရုံနောင် ဘဝင်ကျပြီးလျှင် ဘဝင်နောင် စုတိကျသော ဝါရ။
ဤသို့လျှင် စုတိကျပုံ ဝါရ (၄)မျိုး ရှိ၏။ ထိုယောဂီကား ဇောနောင် ဘဝင် အကြိမ်များစွာ ကျ၍ ဘဝင် နောင်တွင် စုတိကျသော ပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့၏။
ထိုယောဂီ၏ ပထမအတိတ် ပဋိသန္ဓေ ဘဝင် စုတိတို့သည် ဒုတိယအတိတ်ဘဝ မရဏာသန္နဇော၏ အာရုံဖြစ်သော အဖြူရောင် ကမ္မနိမိတ်ကိုသာ ဆက်လက်၍ အာရုံယူကြသဖြင့် ပထမအတိတ် သေခါနီးကာလ ဝယ် မရဏာသန္နဇော စောပြီးနောက် ဘဝင်များ နာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပြီးမှ စုတိစိတ်ကျခဲ့၏။ ယင်းဘဝင် စုတိတို့သည် အဖြူရောင် ကမ္မနိမိတ်ကိုသာ အာရုံပြုနေကြသဖြင့် ယခုဤဘဝတွင် ပထမအတိတ်၏ သေခါနီးကာလကို လှမ်း၍ ဉာဏ်ဖြင့်ရှုလိုက်သောအခါ ယင်းဘဝင် စုတိတို့၏ အာရုံဖြစ်သော အဖြူရောင် ကမ္မနိမိတ်ကိုပင် အချိန်ခပ်ကြာကြာ တွေ့ရှိနေရခြင်း ဖြစ်၏။ များသောအားဖြင့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့သည် သေခါနီးကာလဝယ် နာရီပေါင်းများစွာ ရက်ပေါင်းများစွာ မေ့မြောနေတတ်သူများ ဖြစ်ကြ၏။ ဘဝင်စိတ်များ အဖြစ်များနေခြင်းပင် ဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာ၏ တိကျမှန်ကန်မှုကား အလွန် အားရကျေနပ်ဖွယ် ရှိပါပေစွ။
သမ္မူဠှကာလကိရိယာ = တွေတွေဝေဝေဖြင့် သေရခြင်း
အညာ သမ္မူဠှကာလကိရိယာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၈။)
ကမ္မာဒိအနုဿရဏဗျာပါရရဟိတတ္တာ သမ္မူဠှကာလကိရိယာတိ ဝုတ္တာ။ အဗျာပါရေနေဝ ဟိ တတ္ထ ကမ္မာဒိဥပဋ္ဌာနံ ဟောတီတိ။ (မူလဋီ၊၂၊၁၀၄။)
ဂေါပကသီဝလိ၏ သေခြင်းမျိုးမှတစ်ပါး အခြားသော ပြင်းစွာတွေဝေသော သေခြင်းကို ပြုခြင်းမည်သည် ရှိသေး၏။ ဤ၌ ကံအစရှိသော အာရုံကို အောက်မေ့ကြောင်း အမှတ်ရကြောင်း ဗျာပါရမှကင်းသည်၏ အဖြစ်ကြောင့် သမ္မူဠှကာလကိရိယာ = ပြင်းစွာတွေဝေသော သေခြင်းကို ပြုခြင်းဟူ၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူသွားခြင်း ဖြစ်၏။ ထိုတွေတွေဝေဝေ သေခါနီးအခါ၌ ကံစသော အာရုံကို အောက်မေ့ဖို့ရန် ဗျာပါရ မရှိဘဲသာလျှင် ကံစသော အာရုံတစ်ပါးပါး၏ မရဏာသန္နအခါ ထင်လာနိုင်သောကြောင့်တည်း။ ဤ၌ သမ္မူဠှကာလကိရိယာ = ပြင်းစွာ တွေတွေဝေဝေဖြင့် သေရခြင်းဟူသည် အထက်တွင် ဖော်ပြထားသော ဂေါပကသီဝလိ ဘုရားဒါယကာ၏ သေခြင်းမျိုးလည်း ပါဝင်နေ၏။ သေခါနီးကာလဝယ် ကံစသော အာရုံကို ကြောင့်ကြဗျာပါရ ပြု၍ နှလုံးမသွင်းနိုင်ဘဲ အကျိုးပေးမည့် ကံ၏ စွမ်းအင်ကြောင့်သာ ကံစသော နိမိတ်အာရုံများ ထင်လာမှုကို ရည်ညွှန်းထားပေသည်။ သို့သော် သောတာနုဂတသုတ္တန်တွင်ကား ပုထုဇန်တို့၏ သေခြင်း အားလုံးကိုပင် မုဋ္ဌဿတိ = သတိလက်လွတ်၍ သေခြင်းဟု ဟောကြားထားတော်မူ၏။
သော မုဋ္ဌဿတိ ကာလံ ကုရုမာနော အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ။ (အံ၊၁၊၅၀၅။)
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ မုဋ္ဌဿတိ ကာလံ ကုရုမာနောတိ နယိဒံ ဗုဒ္ဓဝစနံ အနုဿရဏသတိယာ အဘာဝေန ဝုတ္တံ၊ ပုထုဇ္ဇနကာလကိရိယံ ပန သန္ဓာယ ဝုတ္တံ။ ပုထုဇ္ဇနော ဟိ မုဋ္ဌဿတိ ကာလံ ကရောတိ နာမ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
ရဟန်းတော်တစ်ပါးသည် အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ တရားတော်တို့ကို သင်သိ ကျင့်သိ ဤအသိနှစ်မျိုးဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်ထား၏။ ဗုဒ္ဓဝစန အမည်ရသော အတ္ထ = ပရမတ္ထဟု ခေါ်ဆိုသော လောကီ စိတ်စေတသိက် ရုပ်တရားတို့ကိုလည်းကောင်း၊ ယင်းပရမတ်တရားတို့၏ အကြောင်းတရားတို့ကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထား၏။ ဝိပဿနာဉာဏ်တို့ကို ရရှိအောင်လည်း ကြိုးစား အားထုတ်ထား၏၊ ထိုရဟန်းတော် သည် အရိယမဂ်သို့မဆိုက်မီ ပုထုဇန်ဘဝဖြင့် ကွယ်လွန်ခဲ့သော် စင်ကြယ်သော သီလ၌ ရပ်တည်နေသည့်အတွက် ကြောင့် နတ်ပြည် နတ်လောကသို့ ရောက်ရှိသွား၏။ ထိုရဟန်းတော်၏ သေခြင်းကို မုဋ္ဌဿတိကာလကိရိယာ = သတိလက်လွတ်၍ သေခြင်းဟု ဟောကြားထားတော်မူ၏။ ဤ၌ ဗုဒ္ဓဝစန အမည်ရသော တရားတော်တို့ကို အစဉ်လျှောက်၍ အောက်မေ့တတ် သိမ်းဆည်း ရှုပွားတတ်သော သတိ၏ မရှိခြင်းကြောင့် မုဋ္ဌဿတိကာလကိရိယာ = သတိလက်လွတ်၍ ကွယ်လွန်ခြင်းဟု ဟောကြားတော်မူသည်ကား မဟုတ်၊ ပုထုဇန်အဖြစ်ဖြင့် ကွယ်လွန် ခြင်းကိုသာ ရည်ရွယ်တော်မူ၍ ထိုသို့ ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (အံ၊၁၊၅၀၅။ အံ၊ဋ္ဌ၊၂၊၃၆၄။)
အထက်ပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ကား ဤသောတာနုဂတသုတ္တန်၌ ဟောကြားတော်မူအပ် သော မုဋ္ဌဿတိကာလကိရိယာ = သတိလက်လွတ်၍ ကွယ်လွန်ခြင်းမျိုးကို ရည်ရွယ်၍ ဖွင့်ထားသည်ကား မဟုတ်။ ဗုဒ္ဓဝစနအမည်ရသော တရားတော်တို့ကို တစ်နည်း ကုသိုလ်စေတနာကံစသော အာရုံတို့ကို အောက်မေ့တတ် သော သတိ မရှိဘဲ တွေတွေဝေဝေဖြင့် ကွယ်လွန်သည့် ပုထုဇန်မျိုးကို ရည်ရွယ်၍ ဖွင့်ဆိုထားပေသည်။
ထင်ရှားစေအံ့ ---- မျက်ကွယ်အရပ်သို့ (တစ်ဖက်သို့) မျက်နှာမူလျက် သွားနေသူ၏ နောက်မှ ထက်လှစွာ သော သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်လိုက်ကုန်၏။ လျောင်းလျက် အိပ်ပျော်နေသူ၏ ဦးခေါင်းကိုလည်း ထက်မြက်လှသော သန်လျက်ဖြင့် ဖြတ်လိုက်ကုန်၏၊ ရေ၌မူလည်း နှစ်၍ သတ်ကြကုန်၏။ ဤသို့ သဘော ရှိသော အခါမျိုး၌သော်မှလည်း အမှတ်မထား တစ်ပါးပါးသော ကံအာရုံသည်သော်လည်းကောင်း, ကမ္မနိမိတ် အာရုံသည်သော်လည်းကောင်း မရဏာသန္နအခါ ထင်လာသည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၈။)
ရေ၌နှစ်၍ အသတ်ခံရသူ
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာ၌ သေခါနီး မရဏာသန္နအခါ၌ တည်ရှိခဲ့ကြ ဖြစ်ခဲ့ကြသော ရုပ်နာမ်တို့ကိုလည်းကောင်း မရဏာသန္နအခါ ထင်ခဲ့သော အာရုံတို့ကိုလည်းကောင်း လှမ်း၍ ရှုလိုက်တိုင်း မောနေ၏။ ထိုသို့ မောမောနေသဖြင့် မရဏာသန္နမတိုင်မီ ေ့ရှပိုင်း ခပ်လှမ်းလှမ်းက ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို လှမ်းကျော်၍ သိမ်းဆည်းခိုင်းလိုက်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုကဲ့သို့ မသေမီ ခပ်လှမ်းလှမ်းက ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို လှမ်းကျော်၍ သိမ်းဆည်းလိုက်သောအခါ ရဟန်းတော်တစ်ပါးအား ဆွမ်းလောင်းလှူနေသည့် ကုသိုလ်စေတနာ နာမ်တရားစုတို့ကို သိမ်းဆည်း၍ ရလာ၏။ ရှေးသို့ ဆက်လက်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြန်ရာ ဆုတောင်းသည့် စိတ်အစဉ်တို့ကိုပါ သိမ်းဆည်း၍ ရရှိလာ၏။ သူ၏ ဆုတောင်းမှာ ---- အရှင်ဘုရားတို့ကဲ့သို့ ရဟန်းတော် ဖြစ်ပါရစေ ---- ဟူ၏။
၁။ ရဟန်းတော်ဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။
၂။ ရဟန်းဘဝကို တွယ်တာတပ်မက်ခြင်းသဘောကား တဏှာတည်း။
၃။ ရဟန်းဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘောကား ဥပါဒါန်တည်း။
၄။ ဆွမ်းလောင်းလှူနေသည့် ကုသိုလ်စေတနာအုပ်စုတို့ကား သင်္ခါရတည်း။
၅။ ယင်းသင်္ခါရတရားတို့ ချုပ်ပျက်သွားသောအခါ ရုပ်နာမ်အစဉ်တွင် မြှုပ်နှံထားခဲ့သည့် ရဟန်းဘဝကို ဖြစ်စေနိုင်သည့် စွမ်းအင် ကမ္မသတ္တိကား ကံတည်း။
အကြောင်းတရားငါးပါးကား စုံညီသွားပြီ ဖြစ်၏။ ယင်းကမ္မသတ္တိကြောင့် လက်ရှိဘဝ၏ ပဋိသန္ဓေ ခန္ဓာ ငါးပါးစသည့် ဝိပါက်တရားတို့သည် ဖြစ်ပေါ်လာကြသည် ဖြစ်ပေါ်မလာကြသည်ကို အကြောင်းနှင့်အကျိုး ဆက် စပ်မှု ရှိမရှိကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်သောအခါ ယင်းကံကြောင့်ပင် ပဋိသန္ဓေ ခန္ဓာငါးပါးစသည့် အချို့ သော ဝိပါကဝဋ်တရားတို့ ထင်ရှား ဖြစ်ပေါ်လာရသည်ကိုလည်း ဉာဏ်ဖြင့် ရှုမြင်၍ ရရှိ၏။ ထိုအခါတွင်မှ မှန် မမှန်ကို ထပ်မံ၍ ဆန်းစစ်ရန်အတွက် သေခါနီး မရဏာသန္နအခါ ထိုအာရုံသည် တစ်ဖန်ပြန်၍ ထင်လာသည် မထင်လာသည်ကိုလည်းကောင်း, သေခါနီးကာလကို လှမ်း၍ ရှုလိုက်တိုင်း မောရခြင်း၏ အကြောင်းရင်းကို လည်းကောင်း သိရှိရန်အတွက် သေခါနီး မရဏာသန္နအခါ ရုပ်နာမ်တို့ကို နောက်ကြောင်းပြန်၍ (ဆွမ်းလောင်း လှူသည့် အချိန်မှစ၍ သေခါနီးသို့တိုင်အောင်) တစ်ဖန် သိမ်းဆည်းခိုင်းလိုက်သောအခါ ကြေကွဲဖွယ်ရာ မြင်ကွင်း တို့မှာ ဤသို့ ဖြစ်ကြ၏။ ----
သူတစ်ပါးတို့၏ ပစ္စည်းကို မတရား လုယက်ယူတတ်သည့် ဒုစရိုက်အိုး လူမိုက်ဆိုး ဖြစ်ခဲ့၏၊ တစ်နေ့တွင် ဖမ်းမိ၍ တုတ်ဓားတို့ဖြင့် ရိုက်ပုတ်မှု ထိုးခုတ်မှုကို ခံခဲ့ရ၏။ ဂုန်နီအိတ်တွင် ထည့်၍ ယင်းအိတ်ကို ကြိုးစည်းလျက် လှေပေါ်သို့ တင်သွားကာ ရေထဲသို့ ကန်ချခံခဲ့ရ၏။ ရေထဲ၌ အလွန့်အလွန် မောပန်းခဲ့၏။ သေခါနီး မရဏာသန္န ဇောအခိုက်တွင် အထက်တွင် ဖော်ပြခဲ့သော ရဟန်းတော်တစ်ပါးအား ဆွမ်းလောင်းလှူသည့် ကံအာရုံသည် အသစ်တစ်ဖန် ပြုလုပ်နေသည်၏ အစွမ်းဖြင့် ထင်လာ၏။ ယင်းကံအာရုံကို အောက်မေ့ဖို့ရန် ဗျာပါရ မရှိဘဲသာ လျှင် ယင်းကံအာရုံသည် မရဏာသန္နဇောအခိုက်ဝယ် မနောဒွါရ၌ ထင်လာနိုင်ပေသည်။
မရဏာသန္နဇောနှင့် အလွန်နီးကပ်နေသောအခိုက်, မရဏာသန္နဇောအခိုက်တို့၌ အလွန့်အလွန် မောပန်းနေရကား ထိုသို့ မောပန်းနေသည့်အခိုက်၌ တည်ရှိခဲ့ကြ ဖြစ်ခဲ့ကြသော ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ လှမ်းရှုလိုက်သောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ယခုပင် မောနေရသကဲ့သို့ ခံစားနေရ၏။ ပျော်ရွှင်ဖွယ်အာရုံကို လှမ်းရှုလိုက်က ပျော်ရွှင်မှု ဖြစ်တတ်သကဲ့သို့, ဝမ်းနည်းဖွယ်အာရုံကို လှမ်းရှုလိုက်က ဝမ်းနည်းမှု ဖြစ်တတ်သကဲ့သို့ မှတ်ပါ။
ထူးခြားမှု --- ထူးခြားမှုတစ်ခုကား မရဏာသန္နဇောအခိုက်၌ အသစ်တစ်ဖန် ပြုလုပ်နေသည်၏ အစွမ်းဖြင့် ထင်လာသော ထိုဆွမ်းလောင်းလှူနေသည့် ကုသိုလ်စေတနာ ကံအာရုံကို ဒဏ်ရာဒဏ်ချက်တို့ အပေါ်၌ စွဲလမ်းနေသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့က ထပ်မံ၍ ခြံရံထားကြပြန်၏။ ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ရှေးယခင် မသေမီ ခပ်စောစောပိုင်းက ဆွမ်းလောင်းလှူသည့် ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က အနုသယဓာတ်အဖြစ် ကိန်းဝပ် တည်နေခဲ့သော ယခုကဲ့သို့ သေခါနီးအခါကျမှ ဖြစ်ခွင့်ရှိကြသော ကိလေသဝဋ်တရားတို့ပင်တည်း။ သို့အတွက် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤဘဝဝယ် မွေးလာစဉ်က ဦးခေါင်း၌ ဒဏ်ရာဒဏ်ချက်တို့ပါ ကပ်ပါလာ ကြပေသည်။ နက်ယောင်နှင့်နက်သော, ခက်ယောင်နှင့်ခက်သော ဗုဒ္ဓအဘိဓမ္မာ၏ တိကျမှန်ကန်သည့် သာဓက တစ်ရပ်ပင်ဖြစ်သည်။ ဗုဒ္ဓအဘိဓမ္မာကား သန္ဒိဋ္ဌိကဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေစွတကား ---- ။
ဤအပိုင်းတွင် အသင်သူတော်ကောင်းသည် ဉာဏ်လင်းရောင်ခြည်၏ စွမ်းအင်ကို မမေ့သင့်ပေ။
လဟုကမရဏ = လျင်လျင်မြန်မြန် သေရမှု
သမ္မူဠှကာလကိရိယာ (= ပြင်းစွာ တွေတွေဝေဝေ သေခြင်း)မှတစ်ပါး လျင်လျင်မြန်မြန် သေရခြင်းမည်သည် ရှိသေး၏။ ဆောက်ရိုး၏ ထိပ်၌ နားနေသော ယင်ကောင်ငယ်ကို လက်ရိုက်ဖြင့် ပုတ်ခတ်၍ ကြိတ်ချေပစ်ကြကုန်၏။ ဤသို့ သဘောရှိသော အချိန်အခါမျိုး၌သော်လည်း အမှတ်မထား တစ်ပါးပါးသော ကံအာရုံသည်သော် လည်းကောင်း, ကမ္မနိမိတ်အာရုံသည်သော်လည်းကောင်း ထင်လာ၏။
ဤသို့ အကြိတ်အချေခံရသော ယင်ကောင်၏ သန္တာန်ဝယ် ရှေးဦးစွာ ကာယဒွါရ၌ ဖြစ်သော အာဝဇ္ဇန်း (= ပဉ္စဒွါရာဝဇ္ဇန်း)စိတ်သည် ဘဝင်ကို မလည်စေနိုင် မရပ်စေနိုင်၊ မနောဒွါရ၌ ဖြစ်သော အာဝဇ္ဇန်း (= မနောဒွါရာဝဇ္ဇန်း)စိတ်သည်သာလျှင် ဘဝင်ကို လည်စေနိုင်၏၊ ဘဝင်ကို ရပ်စေနိုင်၏။ (ဤသို့ အကြိတ်ချေခံရသော ယင်ကောင်၏ သန္တာန်ဝယ် ရှေးဦးစွာ ကာယဒွါရဝီထိ မဖြစ်ဘဲ မနောဒွါရဝီထိသာ အရင်ဖြစ်ရသည်ဟု ဆိုလို ပေသည်။)
မနောဒွါရာဝဇ္ဇန်းစိတ်က ဘဝင်ကို လည်စေပြီးနောက် ရပ်စေပြီးနောက်၌ ဇောစောပြီး၍ ဘဝင်သို့ သက်ရောက်၏။ (ပထမမနောဒွါရဝီထိတည်း။)
ဒုတိယဝီထိ အလှည့်အကြိမ်၌ ကာယဒွါရဝီထိ၌ ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဘဝင်အယဉ်ကို လည်စေ၏ ရပ်စေ၏။ ထိုပဉ္စဒွါရာဝဇ္ဇန်း၏ နောက်၌ ကာယဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော စိတ်တို့သည် ဖြစ်ကြကုန်၏။ ဇောစောပြီး၍ ဘဝင်သို့ သက်ပြန်၏။ (ဒုတိယကာယဒွါရဝီထိတည်း။)
တတိယဝီထိ အလှည့်အကြိမ်၌ မနောဒွါရာဝဇ္ဇန်းသည် ဘဝင်ကို လည်စေ၏။ ရပ်စေ၏။ ထိုမနောဒွါရာဝဇ္ဇန်း၏ နောက်၌ ဇောစော၍ဘဝင်သို့ သက်လေ၏။ (တတိယမနောဒွါရဝီထိတည်း။)
ဤတတိယဝီထိနောင် ဘဝင်ကျပြီးမှ ယင်ကောင်သည် သေလွန်၏၊ စုတိစိတ် ကျ၏။ ---- ဤစကားရပ်ကို အဘယ်အကျိုးငှာ ဆောင်ယူပြအပ်ပါသနည်းဟူမူ နာမ်တရားတို့၏ အာရုံမည်သည် ဤသို့ကလောက် လျင်မြန် စွာထင်၏ ---- ဤအနက်အဓိပ္ပါယ်ကို ပြခြင်းငှာ ဆောင်ယူပြအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၈။)
မူလဋီကာ၏ အကြောင်းပြချက်
အကြိတ်ချေခံရသော ယင်ကောင်၏ သန္တာန်ဝယ် ရှေးဦးစွာ ကာယဒွါရဝီထိ၌ ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းက အဘယ်ကြောင့် ဘဝင်ကို မလည်စေနိုင် မရပ်စေနိုင်ပါသနည်း၊ အဘယ်ကြောင့် ကာယဒွါရဝီထိ ရှေးဦးစွာ မဖြစ်ရပါသနည်းဟု မေးရန်ရှိ၏။ မိမိဟူသော ယင်ကောင်ငယ်သည် ကြံစည် စိတ်ကူးအပ်ဆဲဖြစ်သော တစ်စုံ တစ်ခုသော အာရုံ၏ ထင်ရှား ရှိနေသေးသည်၏ အဖြစ်ကြောင့်ပင်တည်း -- ဟု ဤသို့လျှင် ဓမ္မသိရိထေရ်ဟူသော ကေစိဆရာတို့က အကြောင်းပြကြကုန်၏။ ထိုကေစိဆရာတို့ဆိုအပ်သော အကြောင်းသည်ကား သင့်သော အကြောင်း မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ ---- ဘဝင်၏ အာရုံမှ အခြားတစ်ပါးသော ကြံစည်အပ်ဆဲ စိတ်ကူးဆဲ ဖြစ်သော အာရုံ၏ မရှိခြင်းကြောင့်လည်းကောင်း, အခြားတစ်ပါးသော အာရုံကို ကြံစည် စိတ်ကူး နေသော စိတ်၏ ဖြစ်နေရာအခါ၌ ဘဝင်ကို လည်စေခြင်း ရပ်စေခြင်း၏ပင် မဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း ဖြစ်သည်။
အမှန်စင်စစ်ကား ---- ဤကာယဒွါရဝီထိ၌ ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း၏ ဘဝင်ကို ရှေးဦးစွာ မလည်စေရာ၌ မရပ်စေရာ၌ = (ကာယဒွါရဝီထိ၏ ရှေးဦးစွာမဖြစ်ရာ၌) ဤ အကြောင်းတရားသည် ဖြစ်လေရာ၏ ----
တာနိဿ တမှိ သမယေ ဩလမ္ဗန္တိ အဇ္ဈောလမ္ဗန္တိ အဘိပ္ပလမ္ဗန္တိ (မ၊၃၊၂၀၃။)
ထိုသေခါနီး သတ္တဝါ၏ သန္တာန်ဝယ် ထိုကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံတို့သည် ထိုသေခါနီး မရဏာသန္နအခါ၌ တွဲရရွဲဆွဲသကဲ့သို့ ထင်လာကုန်၏၊ အလွန်တွဲရရွဲဆွဲသကဲ့သို့ ထင်လာကုန်၏၊ ရှေးရှု တွဲရရွဲ ဆွဲသကဲ့သို့ ထင်လာကုန်၏။
ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူခြင်းကြောင့် အဋ္ဌကထာ၌ ဖော်ပြထားအပ်ကုန်သော ပထမ မနောဒွါရိကဇောဝါရ, ဒုတိယကာယဒွါရိကဇောဝါရ, တတိယမနောဒွါရိကဇောဝါရဟူကုန်သော ဇောဝါရ သုံးမျိုးတို့သည် မဖြစ်ကုန်မီသာလျှင် ထိုယင်ကောင်၏ သန္တာန်ဝယ် ကံအစရှိသော အာရုံတစ်ခုခု၏ ထင်ခြင်းသည် ဖြစ်ရာပေ၏။ (ထိုယင်ကောင်သည် သေတော့မည် မှန်လျှင် အကြိတ်အချေ မခံရခင်ကတည်းက ကြိုတင်၍ ထိုယင်ကောင်၏ သန္တာန်၌ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ကြိုတင်၍ ထင်နေသည်သာ ဖြစ်၏ဟု ဆိုလိုသည်။)
အဘယ်ကြောင့်နည်းဟူမူ ---- တစ်ပါးမက များပြားလှစွာသော ဇောဝါရတို့၏ ဖြစ်ခြင်းကြောင့် ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံတို့တွင် အာရုံတစ်မျိုးမျိုး၏ လွန်စွာ တွဲရရွဲဆွဲသကဲ့သို့ ဖြစ်ခြင်းသည်လည်းကောင်း, ရှေးရှု တွဲရရွဲဆွဲသကဲ့သို့ ဖြစ်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာရ၏။ ဇောဝါရ တစ်ခုမျှလောက် ဖြင့်ကား ထိုအာရုံ၏ ထိုကဲ့သို့ လွန်စွာ တွဲရရွဲဆွဲသကဲ့သို့ ထင်ခြင်းသည်လည်းကောင်း ရှေးရှု တွဲရရွဲဆွဲသကဲ့သို့ ထင်ခြင်းသည်လည်းကောင်း မဖြစ်သင့်သောကြောင့်တည်း။ အထက်တွင် အဋ္ဌကထာ၌ ဖော်ပြထားသော မနော ဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိဟူသော ဇောဝါရဝီထိသုံးမျိုးတို့သည် မဆိုက်ရောက်လာကုန်မီ မဖြစ် ကုန်မီ အချိန်ပိုင်းတို့၌သာလျှင် ကြိုတင်၍ မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ၏ ထင်ခြင်းသည်သာ ဖြစ်သင့်သောကြောင့် အကြိတ်ချေခံရသော ယင်ကောင်ငယ်၏ သန္တာန်ဝယ် ကာယဒွါရဝီထိ၌ ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းက ဘဝင်ကို မလည်စေမူ၍ မရပ် စေမူ၍ မနောဒွါရဝီထိ၌ပါဝင်သော မနောဒွါရာဝဇ္ဇန်းကသာလျှင် ကံစသော တစ်ပါးပါးသော အာရုံရှိသော ရှေးဦးစွာသော ဘဝင်ကို လည်စေ၏ ရပ်စေ၏။
ထိုပထမမနောဒွါရဝီထိမှ နောက်၌ လက်ရိုက်ဖြင့် ပုတ်ခတ်ခံရခြင်းကြောင့် ယင်ကောင်ငယ်၏ သန္တာန် ဝယ် ဖြစ်ပေါ်လာသော ဖောဋ္ဌဗ္ဗာရုံ၏ အားကောင်းသည်၏ အဖြစ်ကြောင့် ဒုတိယဇောဝါရ၌ ကာယဝိညာဏဝီထိ သည် ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာ၏၊ ထိုနောင် ယင်းကာယဝိညာဏဝီထိ (= ကာယဒွါရဝီထိ) မဖြစ်မီ မနောဒွါရဇောဝါရဝီထိသည် ယူအပ်ပြီးသည်သာလျှင် ဖြစ်ကုန်သော ကံ အစရှိသော အာရုံသုံးမျိုးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ အစဉ်အားဖြင့် မနောဒွါရဇောသည် စောပြီး၍ = စောပြီးလတ်သော် ----
၁။ မူလဘဝင်ဟု ခေါ်ဆိုအပ်သည်မူလည်းဖြစ်သော,
၂။ အာဂန္တုကဘဝင်ဟု ခေါ်ဆိုအပ်သည်မူလည်းဖြစ်သော, တဒါရုံဖြစ်သော ဘဝင်သည် သက်၏။
(တဒါရုံကျ၏။)
၃။ တဒါရုံ၏ မရှိခြင်းသည် ဖြစ်လတ်သော် ဘဝင်သည်သာလျှင် သက်၏။ (ဘဝင်ကျ၏။)
[မူလပဋိသန္ဓေစိတ်နှင့် အမျိုးအစားတူသော ဝိပါက်စိတ်က တဒါရုံကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာသော် ယင်းတဒါရုံကို မူလဘဝင်ဟု ခေါ်ဆို၏။ ထိုမူလဘဝင်နှင့် အမျိုးအစားမတူသော ဝိပါက်စိတ်တစ်မျိုး က တဒါရုံကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာသော် ယင်းတဒါရုံကို အာဂန္တုကဘဝင်ဟု ခေါ်ဆိုသည်။]
ဧတသ္မိံ ဌာနေ ကာလံ ကရောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၈။)
ဧတသ္မိံ ဌာနေ ကာလံ ကရောတီတိ တဒါရမ္မဏာနန္တရေန စုတိစိတ္တေန, တဒါရမ္မဏာဘာဝေ ဝါ ဘဝင်္ဂသင်္ခါတေနေဝ စုတိစိတ္တေန စဝတီတိ အတ္ထော။ (မူလဋီ၊၂၊၁၀၄။)
တတိယမနောဒွါရဝီထိ ဖြစ်ပြီးနောက် ယင်ကောင်သည် စုတိစိတ်ကျသွားကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုထား၏။ ထိုအဋ္ဌကထာ စကားရပ်၏ ဆိုလိုရင်း အနက်သဘောမှာ ဤသို့ ဖြစ်၏။ ----
၁။ မရဏာသန္နဇော၏နောင်၌ တဒါရုံကျသော် တဒါရုံနောင် စုတိကျ၏။
၂။ မရဏာသန္နဇော၏နောင်၌ တဒါရုံမကျသော် ဇောနောင်၌ စုတိကျ၏။
ဤသို့ဆိုလို၏။ ဤကား လဟုကမရဏ = လျင်လျင်မြန်မြန်သေပုံကို ဖွင့်ဆိုသည့် စကားတည်း။ ယင်းသို့ လျင်လျင်မြန်မြန် သေရသူ မဟုတ်လျှင်ကား အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ----
၁။ မရဏာသန္နဇောနောင် စုတိကျသည်လည်း ရှိ၏။
၂။ မရဏာသန္နဇောနောင် ဘဝင်ကျ၍ ဘဝင်နောင် စုတိကျသည်လည်း ရှိ၏။
၃။ မရဏာသန္နဇောနောင် တဒါရုံကျ၍ တဒါရုံနောင် စုတိကျသည်လည်း ရှိ၏။
၄။ မရဏာသန္နဇောနောင် တဒါရုံကျ၍ တဒါရုံနောင် ဘဝင်ကျပြီးလျှင် ဘဝင်နောင် စုတိကျသည်လည်းရှိ၏။
ဤလျင်လျင်မြန်မြန်သေခြင်း = လဟုကမရဏကို ဖွင့်ဆိုပြရာ၌ စုတိစိတ်ကိုပင် ဘဝင်ဟူ၍ အဋ္ဌကထာ ဆရာတော်က ခေါ်ဝေါ်သုံးစွဲထားပေသည်။ မနောဒွါရ၏ ကံအစရှိသော အာရုံသည် မနောဒွါရ၌ လျင်လျင် မြန်မြန် ထင်ခြင်းသဘောရှိ၏၊ ဤသို့ လျင်လျင်မြန်မြန် မနောဒွါရ၌ ကံစသော အာရုံ၏ မရဏာသန္နသေခါနီး အခါ ထင်လာခြင်းကိုပင် ရည်ရွယ်တော်မူ၍ --- နာမ်တရားတို့၏ အာရုံမည်သည် ဤသို့ကလောက် လျင်မြန်စွာ ထင်၏ ---- ဟူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ မှန်ပေသည် နာမ်တရားဖြစ်သော မနောဒွါရ၏ အာရုံသည် လျင်မြန်သော ထင်ခြင်းရှိ၏ဟု မှတ်ပါ။ တစ်ဖန် ယင်ကောင်၏ သန္တာန်ဝယ် လက်ရိုက်ဖြင့် ပုတ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အားကြီးသော ရုပ်တရားဖြစ်သော ကာယဒွါရဝီထိစိတ်၏ အာရုံဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၌ ကာယဒွါရဝီထိစိတ် မဖြစ်သေးဘဲ မနောဒွါရ၏ အာရုံဖြစ်သော ကံအစရှိသော အာရုံတစ်ခုခု၌ ရှေးဦးစွာ မနောဒွါရဝီထိစိတ်၏ ဖြစ်ပုံကို ပြခြင်းအားဖြင့် နာမ်တရားတို့၏ အာရုံ၏ လျင်မြန်စွာ မနောဒွါရ၌ ထင်ခြင်းရှိသည်ကို ပြအပ်ပြီး ဖြစ်သည်ဟု မှတ်ပါ။
တစ်နည်း ---- စက္ခုစသော ရုပ်တရားတို့မှာ ရူပါရုံစသော အာရုံရှိသည်ဟု ဆိုရသော်လည်း ရုပ်တရားတို့ သည် အာရုံကို မယူတတ်သည့် အနာရမ္မဏတရားတို့သာ ဖြစ်ကြခြင်းကြောင့် မုချအားဖြင့် အာရုံရှိကြသည်ကား မဟုတ်။ မြင်တတ်သော ဌာနီဖြစ်သော စက္ခုအကြည်ဓာတ်ကို မှီ၍ ဖြစ်သော စက္ခုဝိညာဏ်ကို ထောက်၍ ဌာန ဖြစ်သော မှီရာ စက္ခုအကြည်ဓာတ် ရုပ်တရား၌ အာရုံရှိသည်ဟု တင်စား၍ ဌာနျူပစာရအားဖြင့် ဆိုရသည်။ ဤ အရူပ = နာမ်တရားတို့၏ အာရုံဟု ဆိုရာ၌ကား မုချဖြစ်သော အာရုံတည်း။ ထိုကြောင့် အကြင် နာမ်တရား တို့သည် အာရုံသည် မုချအားဖြင့် ရှိ၏၊ ထိုမုချအားဖြင့် အာရုံရှိသော နာမ်တရားတို့ကို ပြခြင်း အကျိုးငှာသာ လျှင် --- နာမ်တရားတို့၏ အာရုံမည်သည် ဤသို့ကလောက် လျင်မြန်စွာထင်၏ --- ဟူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မူလဋီ၊၂၊၁၀၄-၁၀၅။)
ဂတိနိမိတ်
ဂတိနိမိတ်မည်သည် ဖြစ်လတ္တံ့သော အရပ်၌ (ဖြစ်လတ္တံ့သော ဘုံဘဝ, ဘုံဌာန၌ တည်ရှိသော) တစ်မျိုး သော အရောင်အဆင်းတည်း။ ယင်းအရောင်အဆင်းသည် သေခါနီး မရဏာသန္နအခါ၌ ထင်လာ၏၊ ထိုဖြစ်လတ္တံ့သောအရပ် ဘုံဘဝတို့တွင် ငရဲ၌ ဖြစ်လတ္တံ့သော သတ္တဝါအဖို့ ငရဲနိမိတ်သည် ထင်လာလတ်သော် သံအိုးကြီးနှင့် တူသည်ဖြစ်၍ ထင်လာ၏။ လူ့ပြည် လူ့လောက၌ ဖြစ်လတ္တံ့သော သတ္တဝါ၏ သန္တာန်ဝယ် သေခါနီး မရဏာသန္နအခါ၌ ဂတိနိမိတ်သည် ထင်လာလတ်သော် ထိုလူဖြစ်မည့် သတ္တဝါအဖို့ ဦးစွာ ကိန်းအောင်း တည်နေရမည့် အမိ၏ ဝမ်းရေသည် (အမိ၏ သားအိမ်သည်) နီမြန်းသော ကမ္ဗလာယာဉ်နှင့် တူသည် ဖြစ်၍ မရဏာသန္နဇောအခိုက်၌ ထင်လာ၏။ နတ်ပြည်လောက၌ ဖြစ်ရတော့မည့် သတ္တဝါအဖို့ နတ်ပြည်လောက ဂတိနိမိတ်သည် ထင်လာလတ်သော် ပဒေသာပင်, နတ်ဘုံဗိမာန်, အိပ်ရာတိုက်ခန်း စသည်တို့သည် ထင်လာ ကုန်၏။ ဤသို့လျှင် ----
၁။ ကံသည်လည်းကောင်း,
၂။ ကမ္မနိမိတ်သည်လည်းကောင်း,
၃။ ဂတိနိမိတ်သည်လည်းကောင်း ----
အကျဉ်းအားဖြင့်ပဋိသန္ဓေ၏ အာရုံတို့သည် သုံးမျိုးတို့ ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၉။)
ကမ္မာဒီနံ ဘူမိစိတ္တုပ္ပါဒါဒိဝသေန ဝိတ္ထာရတော အနန္တော ပဘေဒေါတိ သင်္ခေပတောတိ အာဟ။ (မူလဋီ၊၂၊၁၀၅။)
ဘူမိစိတ္တုပ္ပါဒါဒိဝသေနာတိ ဣဒံ ကမ္မံ သန္ဓာယ ဝုတ္တံ ကမ္မနိမိတ္တဿပိ ဝသေန လဗ္ဘတေဝ တဿ ဆဠာရမ္မဏဘာဝတော။ ဂတိနိမိတ္တဿ ပန ပဘေဒေါ နီလာဒိကောယေဝ။ (အနုဋီ၊၂၊၁၁၅။)
ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံတို့၏ ဘုံ, စိတ္တုပ္ပါဒ်စသည်တို့၏ အစွမ်းဖြင့် အကျယ်အားဖြင့် အပြားသည် အဆုံးအပိုင်းအခြားမရှိ၊ ထိုကြောင့် အကျဉ်းအားဖြင့်ဟူ၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော် မူခြင်းဖြစ်၏။ ဘုံ, စိတ္တုပ္ပါဒ်တို့၏ အစွမ်းဖြင့်ဟူသော ဤစကားကို ကံအာရုံကို ရည်ရွယ်၍ မူလဋီကာဆရာတော် က ဖွင့်ဆိုသွားခြင်း ဖြစ်၏။ ကမ္မနိမိတ်၏ အစွမ်းအားဖြင့်လည်း ဘုံ, စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ခွဲခြားဝေဖန်မှုကို ရအပ်ရနိုင်သည်သာတည်း။ ထိုကမ္မနိမိတ်၏ အာရုံ (၆)ပါး ရှိသောကြောင့် ကမ္မနိမိတ်အတွက်လည်း ရနိုင်ခြင်း ဖြစ်သည်။ ဂတိနိမိတ် အပြားကား အညို အရွှေ အနီ အဝါ စသော ရူပါရုံ အမျိုးမျိုးတည်း။ (မူလဋီ၊၂၊၁၀၅။ အနုဋီ၊၂၊၁၁၅။) (ဂတိနိမိတ်ကို ရူပါရုံ တစ်မျိုးသာဟု ဖွင့်ဆိုထားသော်လည်း အသံ-အနံ့ စသော အာရုံများ လည်း ရနိုင်သေး၏ဟု ယူကြသေး၏။)
အနန္တရမုပ္ပဇ္ဇမာနဘဝေ ဥပလဘိတဗ္ဗမုပဘောဂဘူတဉ္စ ဂတိနိမိတ္တံ ဝါ ကမ္မဗလေန ဆန္နံ ဒွါရာနံ အညတြသ္မိံ ပစ္စုပဋ္ဌာတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)
ဂတိယာ နိမိတ္တံ ဂတိနိမိတ္တံ ---- ဟူသည်နှင့်အညီ နောက်ဖြစ်ရတော့မည့် ဘဝသစ်၏ အာရုံများသည်လည်း မရဏာသန္န သေခါနီးကာလဝယ် ကြိုတင်၍ ထင်လာတတ်၏။ ထိုဂတိနိမိတ်သည်လည်း ---- ဥပလဘိတဗ္ဗ ဂတိနိမိတ် ဥပဘောဂဘူတဂတိနိမိတ်ဟု နှစ်မျိုးပြားပြန်၏။ ဤ၌လည်း တိုက်ရိုက်ရအပ် ရောက်ထိုက်သော အရပ်သည် ဥပလဘိတဗ္ဗဂတိနိမိတ် မည်၏။ ထိုရောက်ရာအရပ်၌ တွေ့ကြုံခံစားရမည့် အသုံးအဆောင်များ သည် ဥပဘောဂဂတိနိမိတ် မည်၏။
ထိုတွင် လူ့ဘုံသို့ သွားရတော့မည့် သတ္တဝါ၏ သန္တာန်၌ မရဏာသန္နအခါဝယ် ကမ္ဗလာနီကဲ့သို့ နီသော အဆင်းအရောင်ရှိသော မိမိပဋိသန္ဓေတည်နေရတော့မည့် အမိ၏ ဝမ်းရေသည် ထင်လာလျှင် ထိုဂတိနိမိတ်ကား ဥပလဘိတဗ္ဗဂတိနိမိတ်တည်း။ အခြားဆိုင်ရာ လူ့အသုံးအဆောင် တစ်ခုခုထင်လာလျှင် ထိုဂတိနိမိတ်ကား ဥပဘောဂဂတိနိမိတ်တည်း။
နတ်ပြည်လောကသို့ သွားရတော့မည့် သတ္တဝါ၏ သန္တာန်၌ သေခါနီးဝယ် မိမိရရှိတော့မည့် ဘုံဗိမာန် အာရုံသည် ထင်လာလျှင် ထိုအာရုံကား ဥပလဘိတဗ္ဗဂတိနိမိတ်တည်း။ နတ်သမီး, ပဒေသာပင်, ဥယျာဉ်တော်, ရေကန်စသည့် အာရုံတို့ထင်လာလျှင် ထိုအာရုံတို့ကား ဥပဘောဂဂတိနိမိတ်တည်း။ ငရဲသို့လားရောက်ရတော့ မည့် သတ္တဝါ၏ သန္တာန်၌ သေခါနီးဝယ် ထင်လာသော ငရဲဘုံနိမိတ်သည် ဥပလဘိတဗ္ဗဂတိနိမိတ်တည်း။ ခွေး ကျီး လင်းတ ငရဲထိန်း ငရဲမီးစသည် ထင်လာလျှင် ထိုထင်လာသော အာရုံနိမိတ်ကား ဥပဘောဂဂတိနိမိတ်တည်း။
တိရစ္ဆာန်ဖြစ်တော့မည့် သတ္တဝါ၏ သန္တာန်၌ သေခါနီး မရဏာသန္နအခါဝယ် ထင်လာသော တောတောင် အရပ်သည် ဥပလဘိတဗ္ဗဂတိနိမိတ်တည်း။ ချုံ ပိတ်ပေါင်းစသည်ကား ဥပဘောဂဂတိနိမိတ်တည်း။
ပြိတ္တာ ဖြစ်တော့မည့် သတ္တဝါ၏ သန္တာန်၌ သေခါနီး မရဏာသန္နအခါဝယ် အမိုက်မှောင်ကြီးများ ထင်လာ တတ်၏ ---- ဟု အဆိုရှိ၏။ ဤ၌လည်း သမုဒ္ဒရာ မြစ်ကမ်းစသော ပြိတ္တာတို့ နေထိုင်ရာအရပ်ဟူသော ဂတိနိမိတ် များသည်လည်း ထင်လာနိုင်သည်သာတည်း။ ပြိတ္တာတို့ နေထိုင်ရာ မြို့ ရွာ အရပ် စသည်ကား ဥပလဘိတဗ္ဗ ဂတိနိမိတ်တည်း။ ကျင်ကြီး ကျင်ငယ် နှပ် တံတွေးစသည့် ပြိတ္တာဘဝဝယ် သုံးဆောင်ခံစားရမည့် အသုံးအဆောင် တို့ကား ဥပဘောဂဂတိနိမိတ်တည်း။
ဤပြဆိုခဲ့ပြီးသော ဂတိနိမိတ်များသည် ရူပါရုံချည်းသာ ဖြစ်ကြ၏။ (အစိတ်စိတ်မှလွတ်သော ရူပါရုံ အပေါင်းအစုဟူသည် မရှိကောင်းသောကြောင့် ပရမတ်အစစ်ဖြစ်သော များစွာသော ရူပါရုံတို့၏ အပေါင်းအစု ဟု ဆိုလိုပေသည်။) ထိုဂတိနိမိတ် ထင်လာရာ၌ တချို့ မှာ မိမိနေရာအရပ်၌ တွေ့ကြုံ နေရသကဲ့သို့ ထင်တတ် ၏။ တချို့မှာ ထိုထိုဤဤမှ ဘွားကနဲပေါ်လာသကဲ့သို့ ထင်တတ်၏။ တချို့မှာ မိမိကိုယ်တိုင် ငရဲသို့ ရောက်နေ သကဲ့သို့ နတ်ပြည်သို့ ရောက်နေသကဲ့သို့ ထင်တတ်၏။ ယခုကာလဝယ် အချို့ပုဂ္ဂိုလ်တို့သည် အကြီးအကျယ် ဖျားနာ၍ မေ့မြောသွားရာ၌ ငရဲသို့ ရောက်သွားလေဟန် နတ်ပြည်သို့ ရောက်သွားလေဟန်, တောအုပ်ကြီးတစ်ခု အတွင်းသို့ မိတ်ဆွေတစ်စုဖြင့် ရောက်သွားလေဟန်, ပင်လယ်ကမ်းခြေရှိ မြို့ ရွာတစ်ခုသို့ ရောက်သွားလေဟန် ထင်လာတတ်ကြ၏။ (ပရမတ္ထဒီပနီ၊၂၅၆-ဣစ္ဆာသယ။)
ပရမတ္ထဒီပနီ၏ ဝါဒ
ကမ္မဗလေန ဆန္နံ ဒွါရာနံ အညတြသ္မိံ ပစ္စုပဋ္ဌာတိ = ထို ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံသုံးမျိုး တို့တွင် အာရုံတစ်မျိုးမျိုးသည် ပဋိသန္ဓေအကျိုးကို ပေးတော့မည့် ဇနကကံ၏ အစွမ်းကြောင့် ဒွါရ (၆)ပါးတို့တွင် တစ်ပါးပါး၌ ထင်လာပေ၏ဟု အရှင်အနုရုဒ္ဓါက အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် ဖွင့်ဆိုထား၏။ ဤ၌ ကမ္မဗလေန = ကံ၏ အစွမ်းကြောင့် ထင်သည် ဟူသော စကားသည် ယေဘုယျသာတည်းဟု လယ်တီဆရာတော်ဘုရားကြီးက ပရမတ္ထဒီပနီတွင် ဖွင့်ဆိုထား၏။
၁။ အချို့အမြဲလေ့လာအပ်သော အာရုံ, (အာစိဏ္ဏကံ)
၂။ သို့မဟုတ် စုတေခါနီး လောလောဆယ်ပြုအပ်သော အာရုံ, (အာသန္နကံ)
၃။ ဆွေမျိုးစသည်တို့က သတိပေး၍ သတိရအပ်သော အာရုံ,
၄။ ကိုယ်တိုင် တွေးတော စဉ်းစား၍ ပေါ်လာသော အာရုံ ----
ဤအာရုံများသည် ကံစွမ်းကြောင့် မဟုတ်ဘဲ အမြဲလေ့လာထားခြင်းစသော အကြောင်းတို့ကြောင့်လည်း သေခါနီးဝယ် ထင်လာနိုင်၏ ---- ဟု ဖွင့်ဆိုထား၏။ (ပရမတ္ထဒီပနီ၊၂၅၆-ဣစ္ဆာသယ။)
ဂတိနိမိတ်ထင်သူ
ယောဂီများကို သုတေသနပြုကြည့်ရာ ဤဂတိနိမိတ်ထင်သူမှာလည်း အရေအတွက်နည်းပါးသည်ကို တွေ့ရ၏။ ယောဂီတစ်ဦးသည် အတိတ်ဘဝ သေခါနီး မရဏာသန္နပိုင်းကို လှမ်း၍ ရှုလိုက်သောအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သောအခါ မရဏာသန္နဇော မတိုင်မီအပိုင်းတွင်ကား ကံအာရုံ, ကမ္မနိမိတ်အာရုံများ ထင်နေ ၏။ မရဏာသန္နဇောအခိုက်၌ကား ကမ္ဗလာနီရောင် အဆင်းရှိသော အမိဝမ်းရေ ဂတိနိမိတ်အာရုံ ထင်လာ၏။
မရဏာသန္နဇော မစောမီ စောစောပိုင်း အချိန်တွင်ကား စေတီတော်တစ်ဆူ၌ ဆွမ်း ပန်း ရေချမ်းများကို ဆက်ကပ်လှူဒါန်းနေသည့် ကံအာရုံ, သီလရှင်များကို စာသင်ပေးနေသည့် ကံအာရုံနှင့်, စေတီတော်အာရုံ, ဆွမ်း ပန်း ရေချမ်းအာရုံစသည့် ကမ္မနိမိတ်အာရုံများ ထင်နေ၏။ ယင်းကံကို ထူထောင်ခဲ့စဉ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို ဆက်လက်၍ ရှာဖွေကြည့်ရာ --- သံဃာတော်များကို ပြုစုလုပ်ကျွေးပါရစေ -- ဟူသော ဆုတောင်းခန်းကိုလည်း တွေ့ရ၏။ ကောင်းမှုကုသိုလ်ပြုစဉ်က ဖြစ်ခဲ့သော ရုပ်နာမ်တို့၌ ရှာဖွေတွေ့ရှိခြင်း ဖြစ်၏။
၁။ သံဃာတော်များကို ပြုစုလုပ်ကျွေးနိုင်သူဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။
၂။ ယင်းဘဝကို တွယ်တာ တပ်မက်ခြင်းသဘောကား တဏှာတည်း။
၃။ ယင်းဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းသဘောကား ဥပါဒါန်တည်း။
၄။ စေတီတော်အား ဆွမ်း ပန်း ဆီမီးလှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စုတို့ကား သင်္ခါရတည်း။
၅။ ယင်းသင်္ခါရ၏ ချုပ်ပျက်သွားသောအခါ ရုပ်နာမ်အစဉ်တွင် မြှုပ်နှံထားခဲ့သော သံဃာတော်ကို ပြုစု လုပ်ကျွေးနိုင်သည့် ဘဝကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော စွမ်းအင်ကမ္မသတ္တိကား ကံတည်း။ ဇနကကံ တည်း။ သီလရှင်များကို တရားဓမ္မစာပေ သင်ကြားပို့ချပေးသော ကံတို့ကား ဥပတ္ထမ္ဘကကံတို့တည်း။
ယင်းအကြောင်းတရားများကြောင့် ဤဘဝတွင် ပဋိသန္ဓေခန္ဓာငါးပါးစသည့် အချို့သော ဝိပါက်ရုပ်နာမ်တို့ ထင်ရှားဖြစ်ပေါ်လာရသည်ကိုကား ရှာဖွေတွေ့ရှိ၏။ သို့သော် မရဏာသန္နဇော မစောမီ အချိန်ပိုင်းတွင် ယင်း ကံအာရုံ ကမ္မနိမိတ်အာရုံများသည် ခပ်ကြာကြာ ထင်နေသော်လည်း မရဏာသန္နဇောအခါ၌ကား ကမ္ဗလာနီ အဆင်းကဲ့သို့ အရောင်တစ်ခုကို ဓာတ်မီးခြစ်ကို ခြစ်လိုက်သကဲ့သို့ ဝင်းကနဲ တစ်ချက်တွေ့လိုက်ရ၏၊ အမိဝမ်းရေ ဂတိနိမိတ် ထင်ခြင်း ဖြစ်၏။ စုတိစိတ်ကျသွား၏။ ဤဘဝ ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံကို တစ်ဖန်ပြန်၍ ဆန်းစစ်ကြည့်ရာ ထိုကမ္ဗလာနီရောင် ရူပါရုံကိုပင် အာရုံယူနေသည်ကို တွေ့ရပေသည်။ စေတီတော်အား ဆွမ်း ပန်း ဆီမီး လှူဒါန်းသည့် ကုသိုလ်စေတနာကံ၏ စွမ်းအားကြောင့် ထိုဂတိနိမိတ် ထင်လာရခြင်း ဖြစ်ပေသည်။ သံဃာတော်ကို ပြုစုလုပ်ကျွေးနိုင်သည့် ဘဝကိုလည်း ရရှိခဲ့ပေသည်။
__________