နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ပဋိစ္စသမုပ္ပါဒ် ဒုတိယနည်း
ပဋိစ္စသမုပ္ပါဒ် ဒုတိယနည်း
ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ရှုကွက်
အချို့အရာ၌ --- အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ပြတ်ပုံကိုဟောသော ဒေသနာတော်ကို ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဝေါ်သုံးစွဲထား၏။ ဤ၌ကား ယင်းပဋိလောမသဘောကို မဆိုလို။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)ပါးတို့တွင် အဆုံးဖြစ်သော ဇရာမရဏမှ စ၍ အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ အကြောင်းအကျိုး သိမ်းဆည်းခြင်းကို ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ရှုကွက်ဟု ဆိုလိုသည်မှတ်ပါ။
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမ်ရုပ်တို့ကို သိမ်းဆည်းပြီး၍ နာမရူပပရိစ္ဆေဒဉာဏ်၏ ကမ်းတစ်ဘက် သို့ ဆိုက်ရောက်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် နာမ်ရုပ်ဟု ဆိုအပ်ကုန်သော ထိုသင်္ခါရတရား တို့၏သာလျှင် ဇရာဟူသော ဌီကာလသို့ ရောက်ခြင်းကိုလည်းကောင်း, ဇရာသို့ ရောက်ပြီးကုန်သော သင်္ခါရတရားတို့၏ ပျက်ခြင်း မရဏ = ဘင်ကိုလည်းကောင်း ဉာဏ်ဖြင့်မြင်၍ --- ဤဇရာမရဏမည်သည် ဖြစ်မှု = ဇာတိရှိသော်သာလျှင် ဖြစ်နိုင်၏၊ ဇာတိသည်လည်း ကမ္မဘဝရှိသော်သာ ဖြစ်နိုင်၏၊ ဘဝမည်သည်လည်း ဥပါဒါန်ရှိသော်သာ ဖြစ်နိုင်၏၊ ဥပါဒါန် မည်သည်လည်း တဏှာရှိသော်သာ ဖြစ်နိုင်၏၊ တဏှာသည်လည်း ဝေဒနာရှိသော်သာ ဖြစ်နိုင်၏၊ ဝေဒနာသည်လည်း ဖဿရှိသော်သာ ဖြစ်နိုင်၏၊ ဖဿသည်လည်း သဠာယတန ရှိသော်သာ ဖြစ်နိုင်၏၊ သဠာယတနသည်လည်း နာမ်ရုပ်ရှိသော်သာ ဖြစ်နိုင်၏၊ နာမ်ရုပ်သည်လည်း ဝိညာဏ် ရှိသော်သာ ဖြစ်နိုင်၏၊ ဝိညာဏ်သည်လည်း သင်္ခါရတို့ ရှိကုန်သော်သာ ဖြစ်နိုင်၏၊ သင်္ခါရတို့သည်လည်း အဝိဇ္ဇာ ရှိသော်သာ ဖြစ်နိုင်ကုန်၏ --- ဤသို့လျှင် ပဋိလောမ ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းဖြင့် နာမ်ရုပ်၏ အကြောင်းတရားကို သိမ်းဆည်းခြင်းကို ပြုလုပ်၏။ ထိုသို့ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ယုံမှားခြင်း ဝိစိကိစ္ဆာတရားသည် ကင်းပျောက်နိုင်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၃၅။)
ဤနည်း၌ အနာဂတ် ဇရာမရဏမှ စ၍ ပထမအတိတ် အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ၏။ ဤနည်း၌လည်း အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ နည်းမှီး၍ သိလောက်ပေပြီ။
__________
ပဋိစ္စသမုပ္ပါဒ် တတိယနည်း
(အနုလောမ ပဋိစ္စသမုပ္ပါဒ်)
နွယ်ခွေသော ယောက်ျားသည် နွယ်၏ အလယ်ပိုင်းကို စတင် တွေ့ရှိ၍ အလယ်၌ ဖြတ်လျက် အထက် အဖျားပိုင်းသို့ တိုင်အောင် ဆွဲငင်ယူလျက် မိမိအလိုရှိရာ လုပ်ငန်း၌ အသုံးချသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ဘဝစက်တွင် အလယ်ဖြစ်သော ဝေဒနာမှ စ၍ ---
ဝေဒနာကြောင့် တဏှာဖြစ်ပုံ၊ တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ၊ ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ၊ ကမ္မဘဝကြောင့် ဇာတိဖြစ်ပုံ၊ ဇာတိကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ဖြစ်ပုံကို ဟောတော်မူ၏။
ဤနည်းအရ ပစ္စုပ္ပန်ဝေဒနာမှ စတင်သိမ်းဆည်း၍ ယင်းဝေဒနာကြောင့် တဏှာဖြစ်ပုံစသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အနာဂတ် ဇာတိ ဇရာမရဏစသည်သို့တိုင်အောင် ရှုရမည် သိမ်းဆည်းရမည် ဖြစ်သည်။ ဤနည်းတွင် ----
၁။ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ - တို့ကား ပစ္စုပ္ပန်တရားစုတို့တည်း။
၂။ ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား အနာဂတ်တရားစုတို့တည်း။
ဤနည်းကို အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်သို့လည်း ရှေးရှုဆောင်ယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။
အတိတ် အဆက်ဆက်သို့
၁။ ပထမအတိတ် --- ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ ပစ္စုပ္ပန် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
၁။ ဒုတိယအတိတ် --- ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ ပထမအတိတ် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
ဤသို့လျှင် အတိတ် အဆက်ဆက်သို့ သဘောပေါက်ပါ။
အနာဂတ် အဆက်ဆက်သို့
၁။ ပထမအနာဂတ် --- ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ ဒုတိယအနာဂတ် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
၁။ ဒုတိယအနာဂတ် --- ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ တတိယအနာဂတ် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
ဤသို့စသည်ဖြင့် အနာဂတ်အဆက်ဆက်သို့လည်း သဘောပေါက်ပါ။
မဇ္ဈတော ပန ပဋ္ဌာယ ယာဝ ပရိယောသာနာ ပဝတ္တာ ဒေသနာ ဆဠင်္ဂါ ဒွိသန္ဓိ တိသင်္ခေပါ။ (မဟာဋီ၊၂၊၂၄၅။)
အလယ်ဖြစ်သော ဝေဒနာမှ စ၍ အဆုံးဖြစ်သော ဇရာမရဏသို့တိုင်အောင် ဖြစ်ပေါ်လာသော ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် --- ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏဟု အင်္ဂါ (၆)ပါးရှိသော ဒေသနာတော်ဖြစ်၏။
ဝေဒနာနှင့် တဏှာ အကြားတွင် အကျိုးနှင့် အကြောင်း စပ်နေသော အစပ်တစ်ခု၊ ဘဝနှင့် ဇာတိ အကြားတွင် အကြောင်းနှင့် အကျိုး စပ်နေသော အစပ်တစ်ခုဟု အစပ်နှစ်ခုရှိသော ဒေသနာတော် ဖြစ်၏။
၁။ ဝေဒနာ = (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)ဟု အလွှာတစ်ခု၊
၂။ (အဝိဇ္ဇာ) တဏှာ၊ ဥပါဒါန်၊ (သင်္ခါရ)၊ ကမ္မဘဝ = ကံဟု အလွှာတစ်ခု၊
၃။ ဇာတိ = (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)ဟု အလွှာတစ်ခု၊
ဤသို့လျှင် အလွှာ (၃)ခုရှိသော ဒေသနာတော် ဖြစ်၏။ (မဟာဋီ၊၂၊၂၄၃။)
အစပ်တစ်ခု၊ အလွှာနှစ်ခု
သံယောဇနိယေသု ဘိက္ခဝေ ဓမ္မေသု အဿာဒါနုပဿိနော ဝိဟရတော တဏှာ ပဝဍ္ဎတိ။ တဏှာပစ္စယာ ဥပါဒါနံ ...(သံ၊၁၊၃၁၂-၃၁၅။)
= ရဟန်းတို့ ...သံယောဇဉ်ဖြစ်စရာ တရားတို့၌ သာယာဖွယ်ဟု ရှုမြင်လျက်နေထိုင်သော ရဟန်း၏ သန္တာန်၌ တဏှာသည် တိုးပွားလာ၏။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန်သည် ဖြစ်ပေါ်လာ၏။ (သံ၊၁၊၃၁၂-၃၁၅။)
ဤသို့စသည်ဖြင့် ဇရာမရဏစသည့် အဆုံးသို့တိုင်အောင် ဟောကြားထားတော်မူ၏။
ဤအထက်ပါ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကား ---
မဇ္ဈတော ပဋ္ဌာယ ယာဝ ပရိယောသာနာ ပဝတ္တာ ဒေသနာ၊ ဧကသန္ဓိ ဒွိသင်္ခေပါ။ (မဟာဋီ၊၂၊၂၄၅။)
ဤမဟာဋီကာအဖွင့်နှင့် အညီ အစပ်တစ်ခု အလွှာနှစ်ခုသာ ရှိသော ဒေသနာတော်ဖြစ်၏။ ကမ္မဘဝနှင့် ဇာတိအကြားတွင် အကြောင်းနှင့်အကျိုး ဆက်စပ်နေသော အစပ်တစ်ခုသာ ရှိ၏။ (အဝိဇ္ဇာ) တဏှာ၊ ဥပါဒါန် (သင်္ခါရ) ကမ္မဘဝဟူသော အလွှာတစ်ခု၊ ဇာတိ၊ ဇရာမရဏဟု ခေါ်ဆိုအပ်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော အလွှာတစ်ခု - ဤအလွှာနှစ်ခုရှိ၏။
ဤသို့လျှင် အစပ်တစ်ခု အလွှာနှစ်ခုသာ ရှိသော ဒေသနာတော်ဖြစ်၏။ ယင်းသို့ပင် အစပ်တစ်ခု အလွှာ နှစ်ခုသာ ရှိသော်လည်း ပြည့်စုံသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သာ ဖြစ်သည်။ အထက်တွင်ဖော်ပြထားသည့် အတိုင်း အတိတ်အဆက်ဆက်သို့လည်းကောင်း, အနာဂတ်အဆက်ဆက်သို့လည်းကောင်း ဉာဏ်ကိုစေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါက အစပ် (၃)ပါး, အလွှာ (၄)ပါးရှိသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်များနှင့် တရားကိုယ်အရချင်း, ရှုကွက်ချင်း အားလုံး တူညီသွားသောကြောင့် ပြည့်စုံသော ဒေသနာတော်သာ ဖြစ်သည်ဟု မှတ်ပါ။
လောကသုတ္တန်
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၃၃-၂၃၄)တို့၌ (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ ရှိသော ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော အကြောင်းတရား အသီးအသီးကြောင့် ဖြစ်သော ရုပ်တရားတို့ကို အကြောင်းနှင့် အကျိုး ဆက်စပ်လျက် ရုပ်တရားတို့၏ အကြောင်းတရားများကို သိမ်းဆည်းပြီးသောအခါ နာမ်တရားများ၏ အကြောင်းတရားများကိုလည်း သိမ်းဆည်းရန် ဤသို့ ညွှန်ကြားထား၏ ---
ဧဝံ ရူပကာယဿ ပစ္စယပရိဂ္ဂဟံ ကတွာ, ပုန စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏန္တိအာဒိနာ နယေန နာမကာယဿ ပစ္စယပရိဂ္ဂဟံ ကရောတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၄။)
စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ အယံ ခေါ ဘိက္ခဝေ ဒုက္ခဿ သမုဒယော။ (သံ၊၁၊၃၀၀။)
= စက္ခာယတနနှင့် ရူပါယတနကို အစွဲပြု၍ စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ စက္ခာယတန ရူပါယတန စက္ခုဝိညာဏ် ဤ (၃)ပါး ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်ပေါ်လာ၏၊ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏၊ ရဟန်းတို့ ...ဤသည်ကား ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယတရားတည်း။ (သံ၊၁၊၃၀၀။)
ကြွင်းကျန်သော အာယတနဒွါရတို့၌ နည်းတူသဘောပေါက်ပါ။ ဤအထက်ပါ နာမ်တရားတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းပုံကို ညွှန်ပြသော သုတ္တန်မှာ ဒုက္ခသုတ္တန် ဖြစ်သည်။ တစ်ဖန် လောကသုတ္တန် တွင် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် လည်ပတ်ပုံကို အလယ်မှ အဆုံးသို့တိုင်အောင် အောက်ပါအတိုင်း ဟောထား တော်မူ၏ ---
လောကဖြစ်ပုံ
စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ အယံ ခေါ ဘိက္ခဝေ လောကဿ သမုဒယော။ (သံ၊၁၊၃၀၁။)
= စက္ခုအကြည်ဓာတ်ကိုလည်းကောင်း, ရူပါရုံတို့ကိုလည်းကောင်း အစွဲပြု၍ စက္ခုဝိညာဏ်သည် ဖြစ်ပေါ် လာ၏။ စက္ခုအကြည် ရူပါရုံ စက္ခုဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿသည် ဖြစ်ပေါ်လာ၏။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာဖြစ်၏။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝဖြစ်၏၊ ဘဝ ဖြစ်ခြင်းကြောင့် ဇာတိဖြစ်၏၊ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဖြစ်ပေါ်လာကုန်၏။ ရဟန်းတို့ ...ဤသည်ကား လောက၏ ဖြစ်ခြင်းတည်း။ (ကြွင်းကျန်သော အာယတနဒွါရတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါ။) (သံ၊၁၊၃၀၁။)
လောကချုပ်ပုံ
စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ၊ အယံ ခေါ ဘိက္ခဝေ လောကဿ အတ္ထင်္ဂမော။ (သံ၊၁၊၃၀၂။)
= စက္ခုအကြည်ဓာတ်ကိုလည်းကောင်း, ရူပါရုံတို့ကိုလည်းကောင်း အစွဲပြု၍ စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ စက္ခုအကြည်ဓာတ် ရူပါရုံ စက္ခုဝိညာဏ် (၃)ပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿသည် ဖြစ်ပေါ်လာ၏။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏။ ထိုတဏှာ၏ သာလျှင် အရဟတ္တမဂ်ကြောင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဝဋ်ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ...ဤသည်ကား လောက ချုပ်ခြင်းတည်း။ (သံ၊၁၊၃၀၂။)
ဤအထက်ပါ ဒေသနာတော်များနှင့် အညီ အသင်သူတော်ကောင်းသည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၏ အလယ်ပိုင်းဖြစ်သော သဠာယတနမှစ၍ အဆုံးဖြစ်သော ဇာတိ ဇရာမရဏစသည်သို့တိုင်အောင် အကြောင်း တရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း တရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပေသည်။ အလားတူပင် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့လည်း ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင် ရှုပွားနိုင်ပေသည်။
ရှုကွက်ပုံစံ
၁။ ပစ္စုပ္ပန် --- သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ ပထမအနာဂတ် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
၁။ ပထမအတိတ် --- သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ ပစ္စုပ္ပန် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
၁။ ဒုတိယအတိတ် --- သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ ပထမအတိတ် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
ဤသို့စသည်ဖြင့် အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင် ရှုနိုင်ပေသည်။
၁။ ပထမအနာဂတ် --- သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
၂။ ဒုတိယအနာဂတ် --- ဇာတိ၊ ဇရာမရဏ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။
ဤသို့စသည်ဖြင့် အနာဂတ်အဆက်ဆက်သို့လည်း ဉာဏ်ကိုစေလွှတ်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းနိုင် ရှုနိုင်ပေသည်။ ဤသို့ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကိုစေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင် ရှုပွားနိုင်ခဲ့သော် ဤ လောကသုတ္တန် ဒေသနာတော်မှာလည်း ပြည့်စုံသော ဒေသနာတော်သာ ဖြစ်ပေသည်။
__________
ပဋိစ္စသမုပ္ပါဒ် စတုတ္ထနည်း
(ပဋိလောမ ပဋိစ္စသမုပ္ပါဒ်)
နွယ်ခွေသော ယောက်ျားတစ်ဦးသည် နွယ်၏ အလယ်ပိုင်းကို ရှေးဦးစွာ တွေ့မြင်၍ ယင်းအလယ်ပိုင်းမှ ဖြတ်၍ အရင်းဘက်သို့ တဖြည်းဖြည်း သက်ဆင်းလျက် အရင်းသို့တိုင်အောင် ဖြတ်ယူ၍ မိမိ အလိုရှိရာ လုပ်ငန်းရပ်၌ အသုံးပြု၏၊ ဤဥပမာအတူ ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၏ အလယ်ပိုင်းဖြစ်သော ပစ္စုပ္ပန် ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရ (၄)ပါးမှ စတင်၍ အရင်းဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားများကို ဟောကြားတော်မူခဲ့၏။
ဤဒေသနာတော်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ရွယ်၍ ပြုစု ပျိုးထောင်နေသော ကမ္မဝဋ်တွင် အကျုံးဝင်သော ကမ္မဘဝ (သင်္ခါရ)တရားတို့က စတင်သိမ်းဆည်း၍ ယင်းကမ္မဘဝအမည်ရသော အာဟာရလေးပါးတို့၏ အကြောင်းရင်းများကို တစ်ဖန် သိမ်းဆည်းလျက် အရင်းဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ဤနည်း၌လည်း အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကိုစေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်ပေသည်။ ရှုကွက်ပုံစံများမှာ ဤသို့ဖြစ်၏ ---
၁။ ပစ္စုပ္ပန် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
၂။ ပထမအတိတ် --- သင်္ခါရ၊ အဝိဇ္ဇာ။
၁။ ပထမအတိတ် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
၂။ ဒုတိယအတိတ် --- သင်္ခါရ၊ အဝိဇ္ဇာ။
ဤသို့စသည်ဖြင့် အတိတ်အဆက်ဆက်သို့ ဉာဏ်ကိုစေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
၁။ ပထမအနာဂတ် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
၂။ ပစ္စုပ္ပန် --- သင်္ခါရ၊ အဝိဇ္ဇာ။
၁။ ဒုတိယအနာဂတ် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
၂။ ပထမအနာဂတ် --- သင်္ခါရ၊ အဝိဇ္ဇာ။
ဤသို့စသည်ဖြင့် အနာဂတ်အဆက်ဆက်သို့လည်း ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းနိုင် ရှုနိုင်ပေသည်။ ဤသို့လျှင် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ခဲ့သော် အစပ်(၃)ပါး, အလွှာ (၄)ပါးရှိသော ဒေသနာတော်များနှင့် တရားကိုယ်အရချင်း တူညီသွားသဖြင့် ဤအာဟာရ (၄)ပါးမှ စတင်၍ သိမ်းဆည်း ရှုပွားရသော ဤအာဟာရသုတ္တန် (သံ၊၁၊၂၅၃။) ဒေသနာတော်သည်လည်း ပြည့်စုံသော ဒေသနာတော်သာ ဖြစ်ချေသည်။
__________